Skip to main content

ဓမ္မပဒဝတ္ထုတော်ကြီး (တတိယတွဲ)

ဓမ္မပဒဝတ္ထုတော်ကြီး (တတိယတွဲ)

▬▬▬▬ஜ۩۞۩ஜ▬▬▬▬

အဂ္ဂမဟာပဏ္ဍိတ ညောင်လေးပင်မြို့ တောရဆရာတော်
ပါဌ်လျှောက် ပြန်ဆို ရေးသားသည်။

မာတိကာ

၉ - ပါပဝဂ်

၁ - စူဠဧကသာဋကပုဏ္ဏားဝတ္ထု

၁ သဒ္ဓါနှင့် မစ္ဆေရ စစ်တိုက်ခြင်း
၂ ပုဏ္ဏားကြီး ဘုရင်ထံက ဆုရခြင်း
၃ မျက်နှာကျက်လှူသဖြင့် စတုက္ကဆုရခြင်း
၄ ဒေသနာတော်
၅ ဒေသနာတော်၌မှတ်ဖွယ်
၆ ဒေသနာတော်၏အကျိုး

၂ - သေယျသကမထေရ်ဝတ္ထု

၇ ဆရာတိုက်တွန်း၍ မကောင်းမှုပြုခြင်း
၈ ဒေသနာတော်
၉ ဒေသနာတော်၏အကျိုး

၃ - လာဇာနတ်သ္မီးဝတ္ထု

၁၀ ပေါက်ပေါက်လှူသော လယ်တောသူ နတ်စည်းစိမ်ရခြင်း
၁၁ နတ်စည်းစိမ် အမြဲတည်အောင်ပြုခြင်း
၁၂ ဓမ္မကထိကတို့ ပြောဆိုမည်ကို စိုးရိမ်တော်မူခြင်း
၁၃ ဘုရားရှင် တာဝန် ခွဲပေးခြင်း
၁၄ ဒေသနာတော်
၁၅ ဒေသနာတော်၏အကျိုး

၄ - အနာထပိဏ်သူဌေးကြီးဝတ္ထု

၁၆ အနာထပိဏ်သူဌေးကြီး မွဲသွားခြင်း
၁၇ အကျိုးလိုလားယောင်နတ်ကို နှင်ထုတ်ခြင်း
၁၈ နတ်ဖျင်းအား သိကြားမင်း ဒဏ်ပေးခြင်း
၁၉ သူဌေးကြီးအား နတ်က တောင်းပန်ကန်တော့ခြင်း
၂ဝ ဒေသနာတော်
၂၁ ဒေသနာတော်၏အကျိုး

၅ - အသညတပရိက္ခာရရဟန်းဝတ္ထု

၂၂ မကောင်းမှုကို အနည်းငယ်ဟု မမှတ်သင့်ခြင်း
၂၃ ဒေသနာတော်
၂၄ ဒေသနာတော်၏အကျိုး

၆ - ဗိဠာလပဒကသူဌေးဝတ္ထု

၂၅ စည်းစိမ်နှင့် အခြံအရံ အလိုရှိသောသူ
၂၆ သူဌေးကြီး ဗိဠာလပဒက၏ စိတ်ရိုင်း
၂၇ နိဗ္ဗာန်ဆော် စိတ်ကောင်းထားပုံ
၂၈ ဒေသနာတော်
၂၉ ဒေသနာတော်၏အကျိုး

၇ - မဟာဓနကုန်သည်ကြီးဝတ္ထု

၃၀ ကုန်သည်ကြီးကို ခိုးသူငါးရာ ကြံစည်ပုံ
၃၁ ကုန်သည်လိမ္မာ အတင့်မရဲခြင်း
၃၂ ဒေသနာတော်
၃၃ ဒေသနာတော်၏အကျိုး

၈ – ကုက္ကုဋမိတ္တမုဆိုးဝတ္ထု

၃၄ သူဌေးသ္မီးနှင့်မုဆိုး သားခုနစ်ယောက်ရခြင်း
၃၅ မုဆိုးရှစ်ယောက် ဘုရားကို လေးဖြင့်ချိန်နေပုံ
၃၆ ကုက္ကုဋမိတ္တမုဆိုးနှင့် သားသ္မီးတစု သောတာပန်တည်ခြင်း
၃၇ သောတာပန်တည်ရာ သူဌေးသ္မီး မပါခြင်း
၃၈ ဒေသနာတော်
၃၉ ဒေသနာတော်၏အကျိုး
၄၀ မုဆိုးမိသားတစုတို့၏ ရှေးအတိတ်
၄၁ စေတီဂေါပကလူကြီး ရွေးကောက်ခြင်း

၉ - ကောကခွေးမုဆိုးဝတ္ထု

၄၂ ရဟန်းကို သူယုတ်ဟု မုဆိုးညှဉ်းဆဲခြင်း
၄၃ မုဆိုးအသားကို မုဆိုးခွေးစားခြင်း
၄၄ဆေးသမားဖြစ်စဉ် အတိတ်၌ ယုတ်မာပုံ
၄၅ ဒေသနာတော်
၄၆ ဒေသနာတော်၏အကျိုး

၁၀ - မဏိကာရ ကုလူပကတိဿမထေရ်ဝတ္ထု

၄၇ ဆွမ်းစားသွားရင်း ပတ္တမြားခိုးဟု အရိုက်ခံရခြင်း
၄၈ ကြိုးကြာဝမ်း၌ ပတ္တမြားရ၍ တောင်းပန်ခြင်း
၄၉ မထေရ်မြတ် ပရိနိဗ္ဗာန် စံတော်မူခြင်း
၅ဝ ဒေသနာတော်
၅၁ ဒေသနာတော်၏အကျိုး

၁၁ - တယောဇနဝတ္ထု

၅၂ ကောင်းကင်၌ မီးခွေနှင့်ကျီး ဆုံစည်းခြင်း
၅၃ သမုဒ္ဒရာ၌ သဲအိုးဖြင့် လှေသူကြီးကတော် ပစ်ချရခြင်း
၅၄ ရဟန်းခုနစ်ပါး လိုဏ်ခေါင်း၌ ပိတ်မိခြင်း
၅၅ နွား မီးရှို့ သတ်သော ကျီးအတိတ်
၅၆ ခွေးလည်ပင်း သဲအိုးဆွဲသတ်သော မိန်းမအတိတ်
၅၇ လိုဏ်ခေါင်းပိတ်မိသော ရဟန်းတို့အတိတ်
၅၈ ဒေသနာတော်
၅၉ ဒေသနာတော်၏အကျိုး

၁၂ - သုပ္ပဗုဒ္ဓ သာကီဝင်မင်းကြီးဝတ္ထု

၆ဝ သုပ္ပဗုဒ္ဓမင်းကြီး ဘုရားရှင်အား ပြစ်မှားခြင်း
၆၁ မြေမျိုလိမ့်မည်ဟု မိန့်တော်မူခြင်း
၆၂ မြေမမျိုနိုင်အောင် နေထိုင်ခြင်း
၆၃ ဒေသနာတော်
၆၄ ဒေသနာတော်၏အကျိုး
၆၅ ခုနစ်ရက်မြောက်၌ မြေမျိုခြင်း

...

၁၀ - ဒဏ္ဍဝဂ်

၁- ဆဗ္ဗဂ္ဂီရဟန်းတို့ဝတ္ထု

၆၆ ကျောင်းလုရာမှ ရိုက်မှုဖြစ်ခြင်း
၆၇ ဒေသနာတော်
၆၈ ဒေသနာတော်၌ မှတ်ဖွယ်
၆၉ ဒေသနာတော်၏အကျိုး

၂ - ဆဗ္ဗဂ္ဂီရဟန်းတို့ဝတ္ထု (ဒုတိယ)

၇၀ ကျောင်းလုရာမှ လက်ဖြင့် ရွယ်မှုဖြစ်ခြင်း
၇၁ ဒေသနာတော်
၇၂ ဒေသနာတော်၏အကျိုး

၃ - များစွာသော သတို့သားငယ်တို့ဝတ္ထု

၇၃ မြွေရိုက်သောသူငယ်တို့ကို ဆုံးမခြင်း
၇၄ ဒေသနာတော်
၇၅ ဒေသနာတော်၏အကျိုး

၄ - ကောဏ္ဍဓာနမထေရ်ဝတ္ထု

၇၆ မထေရ်နှင့်အတူ မိန်းမပါသည်ဟု ထင်ရခြင်း
၇၇ နတ်က မိန်းမယောင်ဆောင်၍ နှောက်ယှက်ခြင်း အတိတ်
၇၈ ရဟန်းနှစ်ပါး ကွဲပြားရခြင်း
၇၉ ရဟန်းဖြစ်သောနေ့မှစ၍ ဝဋ်လိုက်ပုံ
၈ဝ ကောသလမင်းကြီး သာသနာသုတ်သင်ခြင်း
၈၁ ကောဏ္ဍဓာနမထေရ်အား ဘုရားရှင်ဆုံးမပုံ
၈၂ ဒေသနာတော်
၈၃ ဒေသနာတော်၏အကျိုး

၅ - ဝိသာခါစသော ဥပါသိကာမတို့ ဥပုသ်သုံးသောဝတ္ထု

၈၄ ဥပုသ်သည်တို့ ရည်ရွယ်ပုံတမျိုးစီ
၈၅ ဒေသနာတော်
၈၆ ဒေသနာတော်၏အကျိုး

၆ - စပါးကြီးမြွေပြိတ္တာဝတ္ထု

၈၇ မြွေပြိတ္တာ၏ ဆင်းရဲပုံ
၈၈ ကျောင်းမီးလောင်၍ ကျောင်းဒါယကာ လက်ပန်းပေါက် ခတ်ခြင်း
၈၉ လက်ပန်းပေါက် ခတ်နိုင်လောက်အောင် ဝမ်းသာပုံ
၉ဝ ရန်သူအား ရှေးဦးစွာအမျှဝေခြင်း
၉၁ ခိုးသူယောက်ျားပြန်ပြောင်း၍ တောင်းပန်ခြင်း
၉၂ ဒေသနာတော်
၉၃ ဒေသနာတော်၏အကျိုး

၇ - ရှင်မဟာမောဂ္ဂလာန်မထေရ်ဝတ္ထု

၉၄ တိတ္ထိတို့ စည်းဝေးဆုံးဖြတ် ပြုလုပ်ပုံ
၉၅ ရှင်မဟာမောဂ္ဂလာန် ပရိနိဗ္ဗာန်စံခြင်း
၉၆ ခိုးသူနှင့် တိတ္ထိတို့ မီးလောင်တိုက်သွင်းခြင်း
၉၇ မိဘလုပ်ကျွေးသော အမျိုးကောင်းသားအတိတ်
၉၈ မယားစကားကြောင့် မိဘကို နှိပ်စက်ခြင်း
၉၉ ဒေသနာတော်
၁ဝဝ ဒေသနာတော်၏အကျိုး

၈ - ဗဟုဘဏ္ဍိကရဟန်းဝတ္ထု

၁ဝ၁ သူကြွယ်ရဟန်း ကိုယ်ရုံစွန့်၍ အရွဲ့တိုက်နေပုံ
၁၀၂ မင်းသားသုံးယောက် ကိုင်းပြည်မှ ထွက်သွားရခြင်း
၁၀၃ မင်းသားတို့ကို ရေစောင့်ဘီလူးဖမ်းခြင်း
၁ဝ၄ ဘုရားလောင်း ဒေဝဓမ်တရားဟော၍ ပြန်ပေးခြင်း
၁၀၅ မင်းဖြစ်သောအခါ ဘီလူးအား ချီးမြှောက်ခြင်း
၁ဝ၆ ဒေသနာတော်
၁ဝ၇ ဒေသနာတော်၏အကျိုး

၉ - သန္တတိအမတ်ကြီးဝတ္ထု

၁၀၈ အရက်မူးနေသူကို ရဟန္တာဖြစ်အံ့ဟု မိန့်ခြင်း
၁ဝ၉ မိစ္ဆာဒိဋ္ဌိနှင့် သမ္မာဒိဋ္ဌိတို့၏ အကြံ
၁၁ဝ သန္တတိအမတ်ကြီး ဒုက္ခတွေ့ပုံ
၁၁၁ သန္တတိ အမတ်ကြီး ရဟန္တာဖြစ်၍ တန်ခိုးပြခြင်း
၁၁၂ အတိတ်ကောင်းမှု ပြန်လျှောက်ခန်း
၁၁၃ သန္တတိအမတ်ကြီး နိဗ္ဗာန်ဝင်ခန်း
၁၁၄ ဒေသနာတော်
၁၁၅ ဒေသနာတော်၏အကျိုး

၁၀ - ပိလောတိကတိဿမထေရ်ဝတ္ထု

၁၁၆ အဝတ်ဟောင်းပိုင်းကို ဆရာပြုခြင်း
၁၁၇ ဒေသနာတော်
၁၁၈ ဒေသနာတော်၏အကျိုး

၁၁ - သုခသာမဏေဝတ္ထု

၁၁၉ ဂန္ဓသူဌေးသည် တသိန်းတန်အစာကို တခမ်းတနားစားခြင်း
၁၂ဝ သူဌေးထမင်းစားလို၍ ကျွန်ခံခြင်း
၁၂၁ သုံးနှစ်ကျွန်ခံ၍ ထမင်းခွက်ရခြင်း
၁၂၂ စားခါနီး ပစ္စေကဗုဒ္ဓါ ကြွလာခြင်း
၁၂၃ လှူဒါန်းပြီးဆုတောင်း၍ သာဓုခေါ်ကြခြင်း
၁၂၄ ဂန္ဓသူဌေးဝမ်းမြောက်၍ စည်းစိမ်ထက်ဝက်ပေးခြင်း
၁၂၅ သမ္ပဒါလေးပါးနှင့် သူဌေးကြီးဖြစ်ခြင်း
၁၂၆ ယခုဘုရားလက်ထက် သုခသတို့သား ဖြစ်လာခြင်း
၁၂၇ ဘတ္တဘတိက တဖြစ်လဲ မောင်သုခ ရှင်ပြုခြင်း
၁၂၈ ကိုရှင်သုခ အောက်ဖိုလ်သုံးပါးရခြင်း
၁၂၉ ကိုရှင်သုခ ရဟန္တာဖြစ်ခြင်း
၁၃ဝ နေလွဲမှ ဆွမ်းစားသည်ဟု ကဲ့ရဲ့ကြခြင်း
၁၃၁ ဒေသနာတော်
၁၃၂ ဒေသနာတော်၏အကျိုး

...

၁၁ – ဇရာဝဂ်

၅ - ဝိသာခါ၏ အဖေါ်မိန်းမတို့ဝတ္ထု

၁၃၃ အရက်ခိုးသောက်လေ့ရှိသော မိန်းမများ
၁၃၄ ဘုရားရှေ့ အရက်မူး၍ နတ်ပူးသော မိန်းမများ
၁၃၅ ထိတ်လန့်စေပြီးမှ ဆုံးမခြင်း
၁၃၆ ဒေသနာတော်
၁၃၇ ဒေသနာတော်၏အကျိုး
၁၃၈ အရက်အတ္ထုပ္ပတ္တိအမြွက်

၂ - သိရိမာဝတ္ထု

၁၃၉ လှူဖွယ်ထက် အဆင်းလွန်ကဲသည်ဟုဆိုခြင်း
၁၄၀ ဆွမ်းခံသွားရာ ငှက်သင့်သကဲ့သို့ ဖြစ်ခြင်း
၁၄၁ သိရိမာအလောင်းကောင် ဖြစ်နေပုံ
၁၄၂ သိရိမာကို လာမကြည့်လျှင် ဒဏ်ငွေရှစ်ကျပ်
၁၄၃ သိရိမာလျှော့ဈေး ယူသူမရှိ
၁၄၄ ဒေသနာတော်
၁၄၅ ဒေသနာတော်၏အကျိုး

၃ - ဥတ္တရာထေရီမဝတ္ထု

၁၄၆ ဆွမ်းခံသွားစဉ် အားပြတ်၍ လဲခြင်း
၁၄၇ ဒေသနာတော်
၁၄၈ ဒေသနာတော်၏အကျိုး

၄ - များစွာသော အဓိမာနိကရဟန်းတို့ဝတ္ထု

၁၄၉ သုသာန်၏ကျေးဇူး
၁၅ဝ ဒေသနာတော်
၁၅၁ ဒေသနာတော်၏အကျိုး

၅ - ဇနပဒကလျာဏီ ရူပနန္ဒာထေရီမဝတ္ထု

၁၅၂ ရူပနန္ဒာသည် ရုပ်အဆင်း၌ တွယ်တာမက်မောနေပုံ
၁၅၃ ဆူးစူးသည်ကို ဆူးဖြင့်ထွင်သလို ဖန်ဆင်းပြခြင်း
၁၅၄ ရုပ်အဆင်းတို့၏ အိုနာသေရေး ဒုက္ခဘေးတို့ကိုပြခြင်း
၁၅၅ ရူပနန္ဒာ သောတာပန်တည်ခြင်း
၁၅၆ ဒေသနာတော်
၁၅၇ ဒေသနာတော်၌မှတ်ဖွယ်
၁၅၈ ဒေသနာတော်၏အကျိုး

၆-မလ္လိကာမိဖုယားဝတ္ထု

၁၅၉ မလ္လိကာမိဖုယား၏ မကောင်းမှု
၁၆၀ မလ္လိကာမိဖုယား ငရဲခံရခြင်း
၁၆၁ ငရဲမှလွတ်၍ တုသိတာ၌ဖြစ်ခြင်း
၁၆၂ ကောသလမင်းကြီး ဝမ်းသာ ဝမ်းနည်းခြင်း
၁၆၃ ဒေသနာတော်
၁၆၄ ဒေသနာတော်၏အကျိုး

၇ - လာဠုဒါယီမထေရ်ဝတ္ထု

၁၆၅ မဆိုင်သောတရား ဟောကြားခြင်း
၁၆၆ နွားတောင်းဂါထာ သင်ယူခြင်း
၁၆၇ နွားတောင်းသောအခါ ရွတ်ဆိုမိပုံ
၁၆၈ သားလျှောက်ပုံ ကောင်းသဖြင့် နွားတို့ကိုရခြင်း
၁၆၉ ဒေသနာတော်
၁၇ဝ ဒေသနာတော်၏အကျိုး

၈ - အာနန္ဒာမထေရ်၏ ဥဒါန်းဂါထာဝတ္ထု

၁၇၁ ဘုရားရှင်တိုင်း ဥဒါန်းကျူးတော်မူခြင်း
၁၇၂ ဒေသနာတော်

၉ - မဟာဓနသူဌေးသားဝတ္ထု

၁၇၃ ပညာကင်း၍ အမြှောက်ကြိုက်သော သူဌေးသား
၁၇၄ အရက်သမားဖြစ်၍ ကုဋေရာကျော်ကုန်ခြင်း
၁၇၅ အထွတ်အထိပ်ဖြစ်သင့်လျက် စားကြွင်းစားဖြစ်ခြင်း
၁၇၆ ဒေသနာတော်
၁၇၇ ဒေသနာတော်၏အကျိုး

...

၁၂ - အတ္တဝဂ်

၁ - ဗောဓိမင်းသားဝတ္ထု

၁၇၈ ဗောဓိမင်းသား သဘောထားနုခြင်း
၁၇၉ ကောင်းကင်ပျံ ငှက်ရုပ်ဖြင့် လက်သ္မားမင်းဖြစ်ခြင်း
၁၈ဝ ပုဆိုးအခင်း ဘုရားရှင် နင်းတော်မမူခြင်း
၁၈၁ ဗောဓိမင်းသား သားသ္မီးမရကြောင်းအတိတ်
၁၈၂ ဒေသနာတော်
၁၈၃ ဒေသနာတော်၌မှတ်ဖွယ်
၁၈၄ ဒေသနာတော်၏အကျိုး

၂ - သာကီဝင်မင်းသား ဥပနန္ဒမထေရ်ဝတ္ထု

၁၈၅ တရားဟောကောင်းလျက် လောဘကြီးခြင်း
၁၈၆ မြေခွေးတရားသူကြီးနှင့် ဖျံနှစ်ကောင်အတိတ်
၁၈၇ ဒေသနာတော်
၁၈၈ ဒေသနာတော်၏အကျိုး

၃-ပဓာနိကတိဿမထေရ်ဝတ္ထု

၁၈၉ ကိုယ်ချင်းမစာ တိုက်တွန်း နှိုးဆော်တတ်သောဆရာ
၁၉၀ အခါမဲ့တွန်သောကြက်ဖ အကြောင်းအမြွက်
၁၉၁ ဒေသနာဟော်
၁၉၂ ဒေသနာတော်၏အကျိုး

၄ - ကုမာရကဿပ မယ်တော်ထေရီမဝတ္ထု

၁၉၃ သန္ဓေရှိသောဘိက္ခုနီမနှင့် ဒေဝဒတ်၏ဖြတ်ထုံး
၁၉၄ ရှင်ဥပါလိ၏ဖြတ်ထုံး
၁၉၅ ဘိက္ခုနီမ၏ သားငယ်ကို ရှင်ဘုရင် မွေးမြူခြင်း
၁၉၆ ရဟန်းပြု၍ မယ်တော်နှင့် တွေ့ခြင်း
၁၉၇ ရွှေသမင်ဇာတ်အမြွက် အတိတ်
၁၉၈ ဒေသနာတော်
၁၉၉ ဒေသနာတော်၏အကျိုး

၅ - မဟာကာလ ဥပါသကာဝတ္ထု

၂ဝဝ ဥပုသ်သည်ကို သူခိုးဟု သတ်သွားခြင်း
၂၀၁ မဟာကာလ ဥပါသကာ၏ အတိတ်မကောင်းမှု
၂ဝ၂ ပြစ်မှုဆင်၍ လင်အား ရိုက်သတ်ခြင်း
၂ဝ၃ ဒေသနာတော်
၂ဝ၄ ဒေသနာတော်၏အကျိုး

၆ - အရှင်ဒေဝဒတ်ဝတ္ထု

၂၀၅ တဏှာသည် မာလောနွယ်နှင့်တူခြင်း
၂ဝ၆ ဒေသနာတော်
၂ဝ၇ ဒေသနာတော်၏အကျိုး

၇ - သံဃဘေဒပရိသက္ကနဝတ္ထု

၂ဝ၈ သင်းခွဲရန် အလိုကို ပြောကြားခြင်း
၂ဝ၉ ဒေသနာတော်
၂၁ဝ ဒေသနာတော်၏အကျိုး

၈ - ကာလမထေရ်ဝတ္ထု

၂၁၁ ဘုရားရှင်ထံသို့ပင် သွားခွင့်မပြုနိုင်ခြင်း
၂၁၂ ဒေသနာတော်
၂၁၃ ဒေသနာတော်၌မှတ်ဖွယ်
၂၁၄ ဒေသနာတော်၏အကျိုး

၉ - စူဠကာလ ဥပါသကာဝတ္ထု

၂၁၅ ဥပုသ်သည်ကို သူခိုးဟု ရိုက်နှက်ခြင်း
၂၁၆ ဒေသနာတော်
၂၁၇ ဒေသနာတော်၏အကျိုး

၁၀ - အတ္တဒတ္ထမထေရ်ဝတ္ထု

၂၁၈ မြတ်စွာဘုရား နှစ်သက်တော်မူသော ပူဇော်နည်း
၂၁၉ ဒေသနာတော်
၂၂ဝ ဒေသနာတော်၌ မှတ်ဖွယ်
၂၂၁ ဒေသနာတော်၏အကျိုး

...

၁၃ - လောကဝဂ်

၁ - မထင်ရှားသော ရဟန်းငယ်ဝတ္ထု

၂၂၂ ရဟန်းငယ်နှင့် ဝိသာခါ၏မြေးမ
၂၂၃ ဘုရားရှင်၏ ဩဝါဒ
၂၂၄ ဒေသနာတော်
၂၂၅ ဒေသနာတော်၏အကျိုး

၂ - သုဒ္ဓေါဒနမင်းကြီးဝတ္ထု

၂၂၆ ကပိလဝတ်ပြည်၌ ဦးစွာ ဆွမ်းခံကြွခြင်း
၂၂၇ ဒေသနာတော်
၂၂၈ ဒေသနာတော်၏အကျိုး

၃ - ငါးရာကုန်သော ဝိပဿက ရဟန်းတို့ဝတ္ထု

၂၂၉ ရေပွက်ပမာ ကိုယ်ခန္ဓာရှုခြင်း
၂၃ဝ ဒေသနာတော်
၂၃၁ ဒေသနာတော်၏အကျိုး

၄ - အဘယမင်းသားဝတ္ထု

၂၃၂ ကချေသည်မကြောင့် မင်းသား စိုးရိမ်ခြင်း
၂၃၃ ဒေသနာတော်
၂၃၄ ဒေသနာကော်၏အကျိုး

၅ - သမ္မဇ္ဇနမထေရ်ဝတ္ထု

၂၃၅ တရားအားမထုတ်ဘဲ တံမြက်လှည်းလေ့ရှိခြင်း
၂၃၆ ဒေသနာတော်
၂၃၇ ဒေသနာတော်၏အကျိုး

၆ - အင်္ဂုလိမာလမထေရ်ဝတ္ထု

၂၃၈ အင်္ဂုလိမာလမထေရ် နိဗ္ဗာန်ဝင်ခန်း
၂၃၉ ဒေသနာတော်
၂၄ဝ ဒေသနာတော်၏အကျိုး

၇ - ရက္ကန်းသည်သ္မီးဝတ္ထု

၂၄၁ သုံးနှစ် တရားအားထုတ်သော ရက္ကန်းသည် သတို့သ္မီး
၂၄၂ သတို့သ္မီးအတွက် ဘုရားရှင်ကြွသွားခြင်း
၂၄၃ သတို့သ္မီးစကားကို လူတို့ကဲ့ရဲ့ခြင်း
၂၄၄ အဓိပ္ပါယ်အကျယ် ရှင်းလင်းခြင်း
၂၄၅ ဒေသနာတော်
၂၄၆ ဒေသနာတော်၏အကျိုး
၂၄၇ သတို့သ္မီးသေ၍ ဖခင်ရဟန်းပြုခြင်း

၈ - သုံးကျိပ်သော ရဟန်းတို့ဝတ္ထု

၂၄၈ မြေပြင်ဖြင့်လာ၍ ကောင်းကင်ဖြင့် ပြန်သွားခြင်း
၂၄၉ ဒေသနာတော်
၂၅ဝ ဒေသနာတော်၏အကျိုး

၉ - စိဉ္စမာဏဝိကာမိန်းမဝတ္ထု

၂၅၁ တိတ္ထိတို့၏မိန့်ခွန်း
၂၅၂ စိဉ္စမာဏ စွပ်စွဲပုံ
၂၅၃ စိဉ္စမာဏ မြေမျိုခြင်း
၂၅၄ မဟာပဒုမဇာတ်အမြွက်
၂၅၅ ဒေသနာတော်
၂၅၆ ဒေသနာတော်၏အကျိုး

၁၀ - အသဒီသဒါနဝတ္ထု

၂၅၇ အလှူပြိုင်ပွဲကြီး
၂၅၈ မလ္လိကာမိဖုယား အစီအမံ ကျွမ်းကျင်ခြင်း
၂၅၉ ဆင်ဆိုးနှင့် အင်္ဂုလိမာလမထေရ်
၂၆ဝ အလှူကြီး၌ လေးပါဒမျှဟောခြင်း
၂၆၁ ဆင်ဆိုးကို မကြောက်သော အင်္ဂုလိမာလမထေရ်
၂၆၂ ကာလနှင့် ဇုဏှတို့ ဒိဋ္ဌဓမ္မ အကျိုးတမျိုးစီပေး
၂၆၃ ဒေသနာတော်
၂၆၄ ဒေသနာတော်၏အကျိုး

၁၁ - အနာထပိဏ်သူဌေး၏သားဝတ္ထု

၂၆၅ အသပြာရလိုမှုဖြင့် ဥပုသ်အတုစောင့်ခြင်း
၂၆၆ ဥပုသ်သည်အတုမှ အစစ်ဖြစ်ခြင်း
၂၆၇ ဒေသနာတော်
၂၆၈ ဒေသနာတော်၏အကျိုး

...

၁၄ - ဗုဒ္ဓဝဂ်

၁-မာဂဏ္ဍိယပုဏ္ဏားကြီးဝတ္ထု

၂၆၉ သ္မီးနှင့်တန်သူ တွေ့ပြီဆိုခြင်း
၂၇ဝ မာဂဏ္ဍီပုဏ္ဏေးမကြီး ဗေဒင်ကျွမ်းကျင်ပုံ
၂၇၁ မာရ်နတ် နှလုံးမသက်သာပုံ
၂၇၂ မာရ်နတ်သ္မီးသုံးယောက် ဖြားယောင်းပုံ
၂၇၃ ဒေသနာတော်
၂၇၄ ဒေသနာတော်၏အကျိုး
၂၇၅ မာဂဏ္ဍီတို့ အနာဂါမ်တည်ကြောင်း တရားတော်

၂ - နတ်ပြည်မှ သက်ဆင်းတော်မူသောဝတ္ထု

၂၇၆ ရာဇဂြိုဟ်သူဌေး စန္ဒကူးသပိတ်ဆွဲထားခြင်း
၂၇၇ စန္ဒကူးသပိတ်နှင့် တိတ္ထိဆရာကြီးတို့အကြောင်း
၂၇၈ ရှင်ပိဏ္ဍောလ၏ တန်ခိုးတော်
၂၇၉ သိက္ခာပုဒ်ပညတ်ခြင်းကြောင့် တိတ္ထိတို့ထကြွခြင်း
၂၈ဝ တန်ခိုးပြအံ့ဟု ပမာပြ၍ မိန့်တော်မူခြင်း
၂၈၁ တန်ခိုးပြပွဲအတွက် တိတ္ထိတို့လုံ့လပြုခြင်း
၂၈၂ ကဏ္ဍ၏ သရက်ပင်အကြောင်း
၂၈၃ တိတ္ထိတို့ မဏ္ဍပ်လေပွေမွှေ့ခြင်း
၂၈၄ ပူရဏကဿပရေ၌ ဆင်း၍သေခြင်း
၂၈၅ ဃရဏီဒါယိကာမ၏တန်ခိုး
၂၈၆ စူဠအနာထပိဏ်၏တန်ခိုး
၂၈၇ စီရမည်သော သာမဏေရီမ၏ တန်ခိုး
၂၈၈ စုန္ဒသာမဏေ၏ တန်ခိုး
၂၈၉ ဥပ္ပလဝဏ်ထေရီမ၏တန်ခိုး
၂၉ဝ ရှင်မောဂ္ဂလာန်၏ တန်ခိုး
၂၉၁ ဘုရားရှင်၏ ဝန်ကိုအခြားသူ မဆောင်နိုင်ခြင်း
၂၉၂ ရေမီးအစုံဖြစ်သော တန်ခိုးတော်ပြခြင်း
၂၉၃ တရားသိခြင်းနှင့် နိမ္မိတဘုရား
၂၉၄ တာဝတိံသာနတ်ပြည်သို့ ကြွခြင်း
၂၉၅ လူအများ ငိုကြွေးကြခြင်း
၂၉၆ ဘုရားကို ဖူးတွေ့လိုသောလူအပေါင်း
၂၉၇ ဘုရားအနီး နတ်တို့စည်းဝေးလာပုံ
၂၉၈ အင်္ကုရနတ်သားအကြောင်း
၂၉၉ ဣန္ဒကနတ်သားအကြောင်း
၃ဝဝ ရွေးချယ်၍ လှူသင့်ကြောင်း တရားတော်
၃၀၁ လင်းနို့သားရဟန်းငါးရာအကြောင်း
၃ဝ၂ ရှင်မောဂ္ဂလာန် ဘုရားထံ တက်သွားပုံ
၃၀၃ စောင်းတန်းသုံးသွယ်ဖြင့် သက်ဆင်းပုံ
၃ဝ၄ နတ်တို့ပူဇော်ပုံ အမျိုးမျိုး
၃ဝ၅ ဒေသနာတော်
၃ဝ၆ ဒေသနာတော်၏အကျိုး
၃ဝ၇ သင်္ကဿနဂိုရ်ပြည် အစလစေတီ၌ ပုစ္ဆာမေးခြင်း
၃၀၈ ရှင်သာရိပုတြာသီဟနာဒကြုံးဝါးခြင်း
၃ဝ၉ ပရောသဟဿဇာတ်အမြွက်

၃ - ဧကရပတ္တနဂါးမင်းဝတ္ထု

၃၁၀ ဘုရားပွင့်ခြင်းကို ရှာဖွေသောသီချင်း
၃၁၁ ဘုရားရှင်နှင့် ဥတ္တရလုလင်
၃၁၂ ဘုရားရှင် သင်ပေးသော သီချင်းအဖြေများ
၃၁၃ နဂါးမင်း ဝမ်းမြောက်၍ လူအများ ရေနစ်ခြင်း
၃၁၄ ဘုရားထံ၌ နဂါးမင်း ဝမ်းနည်းခြင်း
၃၁၅ ဒေသနာတော်
၃၁၆ ဒေသနာတော်၏အကျိုး

၄ - အာနန္ဒာမထေရ်၏ ဥပုသ်ပြဿနာဝတ္ထု

၃၁၇ ဘုရားရှင်ခုနစ်ဆူတို့၏ဥပုသ်
၃၁၈ ဒေသနာတော်
၃၁၉ ဒေသနာတော်၏အကျိုး

၅ -မမွေ့လျော်သောရဟန်းဝတ္ထု

၃၂ဝ ငွေတရာဖြင့်လူထွက်လိုသောရဟန်း
၃၂၁ ဝေပုံချခြင်းနှင့် မန္ဓာတုဇာတ်အမြွက်
၃၂၂ ဒေသနာတော်
၃၂၃ ဒေသနာတော်၏အကျိုး

၆ - အဂ္ဂိဒတ္တပုဏ္ဏားဝတ္ထု

၃၂၄ ကိုးကွယ်ရာ အလွဲအဆုံးအမပေးသောပုဏ္ဏား
၃၂၅ အရှင်မောဂ္ဂလာန်ကို မခန့်လေးစားပြောခြင်း
၃၂၆ အရှင်မောဂ္ဂလာန်၏တန်ခိုး
၃၂၇ မြတ်စွာဘုရားကြွသွားတော်မူခြင်း
၃၂၈ ဒေသနာတော်
၃၂၉ ဒေသနာတော်၏အကျိုး
၃၃ဝ အဂ္ဂိဒတ္တမထေရ် တန်ခိုးပြခြင်း

၇ - အာနန္ဒာမထေရ်၏ ပြဿနာဝတ္ထု

၃၃၁ ယောက်ျားအာဇာနည် ဖြစ်ရာအရပ်
၃၃၂ ဒေသနာတော်
၃၃၃ ဒေသနာတော်၏အကျိုး

၈ - များစွာကုန်သော ရဟန်းတို့ဝတ္ထု

၃၃၄ ချမ်းသာသုခရွေးချယ်ကြခြင်း
၃၃၅ ဒေသနာတော်
၃၃၆ ဒေသနာတော်၏အကျိုး

၉ - ကဿပဘုရား၏ ရွှေစေတီဝတ္ထု

၃၃၇ ရွှေစေတီ ပေါ်တော်မူခြင်း
၃၃၈ ဒေသနာတော်
၃၃၉ ဒေသနာတော်၏အကျိုး
၃၄ဝ ရွှေစေတီဝတ္ထုကို နှိုင်းချိန်စရာပြခြင်း

...

၁၅ - သုခဝဂ်

၁ - ဉာတိကလဟဝူပသမနဝတ္ထု

၃၄၁ ဆွေတော်မျိုးတော်တို့ ရေလုရာ၌ ရန်ပွဲဖြစ်ခြင်း
၃၄၂ မြတ်စွာဘုရား ကြွသွားဆုံးမခြင်း
၃၄၃ ဒေသနာတော်
၃၄၄ ဒေသနာတော်၏အကျိုး

၂ - မာရ်နတ်ဝတ္ထု

၃၄၅ မြတ်စွာဘုရား ဆွမ်းမဘုဉ်းပေးရသောနေ့
၃၄၆ ဒေသနာတော်
၃၄၇ ဒေသနာတော်၏အကျိုး

၃ - ကောသလမင်း စစ်ရှုံးဝတ္ထု

၃၄၈ ကောသလမင်းအစာဖြတ်၍ သေရန်ကြံရွယ်ခြင်း
၃၄၉ ဒေသနာတော်
၃၅ဝ ဒေသနာတော်၏အကျိုး

၄ - အညတရကုလဒါရိကာဝတ္ထု

၃၅၁ မင်္ဂလာနေ့ သံဃာအားလုပ်ကျွေးခြင်း
၃၅၂ ဒေသနာတော်
၃၅၃ ဒေသနာတော်၏အကျိုး

၅ - နွားပျောက်သော ဥပါသကာဝတ္ထု

၃၅၄ လူဆင်းရဲ၌ ဘုရားရှင်၏ ကရုဏာတော်
၃၅၅ ဘုရားရှင်က ထမင်းကျွေးခိုင်းခြင်း
၃၅၆ ဒေသနာတော်
၃၅၇ ဒေသနာတော်၏အကျိုး

၆ - ပဿေနဒီကောသလမင်းဝတ္ထု

၃၅၈ အစားကြီးခြင်းသည် ဆင်းရဲခြင်း၏အကြောင်း
၃၅၉ အတိုင်းအရှည်ဖြင့်စားခြင်းသည် ချမ်းသာခြင်း၏အကြောင်း
၃၆ဝ ဒေသနာတော်
၃၆၁ ဒေသနာတော်၏အကျိုး

၇ - တိဿမထေရ်ဝတ္ထု

၃၆၂ ဘုရားအလိုတော်ကျ ပူဇော်နည်း
၃၆၃ ဒေသနာတော်
၃၆၄ ဒေသနာတော်၏အကျိုး

၈ - သိကြားမင်း လုပ်ကျွေးသောဝတ္ထု

၅၆၅ ဘုရားရှင်၏ အညစ်အကြေး သိကြားမင်း ရွက်ဆောင်ခြင်း
၃၆၆ သောတာပန်တည်၍ သိကြားဖြစ်ခြင်း
၅၆၇ ဒေသနာတော်
၅၆၈ ဒေသနာတော်၏အကျိုး

...

၁၆-ပိယဝဂ်

၁- တယောပဗ္ဗဇိတဝတ္ထု

၃၆၉ မခွဲနိုင်ကြသောသူသုံးယောက်
၃၇ဝ ဒေသနာတော်
၃၇၁ ဒေသနာတော်၏အကျိုး

၂ - မထင်ရှားသော သူကြွယ်ဝတ္ထု

၃၇၂ သားသေသော ဒါယကာအား ဆုံးမခြင်း
၃၇၃ ဥရဂဇာတ်အမြွက်
၃၇၄ ဇဒေသနာတော်
၃၇၅ ဒေသနာတော်၏အကျိုး

၃ - ဝိသာခါဝတ္ထု

၃၇၆ မြေးသေသော ဝိသာခါအား ဆုံးမခြင်း
၃၇၇ ဒေသနာတော်
၃၇၈ ဒေသနာတော်၏အကျိုး

၄ - လိစ္ဆဝီ မင်းသားတို့ဝတ္ထု

၃၇၉ မိန်းမကြောင့် ရိုက်ပွဲဖြစ်ခြင်း
၃၈ဝ ဒေသနာတော်
၃၈၁ ဒေသနာတော်၏အကျိုး

၅ - အနိတ္ထိဂန္ဓ သတို့သားဝတ္ထု

၃၈၂ ရွှေရုပ်လိုလှသော မိန်းမကိုရှာစေခြင်း
၃၈၃ ရွှေရုပ်ထက်သာသောမိန်းကို တွေ့ရှိခြင်း
၃၈၄ သတို့သ္မီးသေဆုံးခြင်းနှင့် သတို့သား ဒုက္ခရောက်ခြင်း
၃၈၅ သတို့သား ဘုရားကြောင့် သက်သာရာရခြင်း
၃၈၆ ဒေသနာတော်
၃၈၇ ဒေသနာတော်၏အကျိုး

၆ - မထင်ရှားသော ပုဏ္ဏားဝတ္ထု

၃၈၈ လယ်ထွန်ရာသို့ ဘုရားရှင် နေ့စဉ်ကြွခြင်း
၃၈၉ စိတ်ဆင်းရဲသော ပုဏ္ဏားအား စောင်မတော်မူခြင်း
၃၉ဝ ဒေသနာတော်
၃၉၁ ဒေသနာတော်၏အကျိုး

၇ - သူငယ်ငါးရာတို့ဝတ္ထု

၃၉၂ အရှင်မဟာကဿပ၏ ဘုန်းတော်ကံတော်
၃၉၃ ဒေသနာတော်
၃၉၄ ဒေသနာတော်၏အကျိုး

၈ - အနာဂါမ်မထေရ်တပါးဝတ္ထု

၃၉၅ အနာဂါမ်ပုဂ္ဂိုလ်နှင့် သုဒ္ဓါဝါသဘုံ
၃၉၆ ဒေသနာတော်
၃၉၇ ဒေသနာတော်၏အကျိုး

၉ - နန္ဒိယဝတ္ထု

၃၉၈ အသွင်တူမှ အိမ်သူဖြစ်ခြင်း
၃၉၉ ကောင်းမှုရှင်မသေမီ နတ်ဗိမာန်ပေါ်ပေါက်ခြင်း
၄ဝဝ ကောင်းမှုရှင်ထံ နတ်သ္မီးတို့မှာကြားပုံ
၄ဝ၁ ဒေသနာတော်
၄ဝ၂ ဒေသနာတော်၏အကျိုး

...

၁၇ - ကောဓဝဂ်

၁ - ရောဟိနီမင်းသ္မီးဝတ္ထု

၄၀၃ ရောဟိနီ၏ နူနာရောဂါနှင့် ဆွမ်းစားကျောင်းအလှူ
၄၀၄ ကုသိုလ်ပြုခြင်းကြောင့် ဝေဒနာသက်သာခြင်း
၄၀၅ ရောဟိနီ၏ ရှေးအတိတ်မကောင်းမှု
၄ဝ၆ ဒေသနာတော်
၄ဝ၇ ဒေသနာတော်၏အကျိုး
၄၀၈ ရောဟိနီကို နတ်သားလေးဦးလုခြင်းနှင့် သိကြားမင်းဆုံးဖြတ်ပုံ

၂ - မထင်ရှားသော ရဟန်းဝတ္ထု

၄၀၉ သစ်ပင်စောင့်နတ် စိတ်ချုပ်တည်းပုံ
၄၁ဝ ဒေသနာတော်
၄၁၁ ဒေသနာတော်၏အကျိုး
၄၁၂ ဘုရားသခင်သည် နတ်အား သစ်ပင်ကို ညွှန်ပြတော်မူခြင်း

၃ - ဥတ္တရာ ဥပါသိကာမဝတ္ထု

၄၁၃ ဆင်းရဲသားမောင်ပုဏ္ဏ လယ်ထွန်သွားခြင်း
၄၁၄ ရှင်သာရိပုတြာအား ရေဒန်ပူလှူခြင်း
၄၁၅ မောင်ပုဏ္ဏ၏မယား ဆွမ်းလှူခြင်း
၄၁၆ မောင်ပုဏ္ဏ၏မယား ကုသိုလ်ပွားအောင်ပြောပြပုံ
၄၁၇ ရွှံ့မှ ရွှေဖြစ်ခြင်း
၄၁၈ မောင်ပုဏ္ဏ သူဌေးရာထူးရရှိခြင်း
၄၁၉ ရွှေအိုးများစွာရခြင်းနှင့် သောတာပန်တည်ခြင်း
၄၂ဝ သ္မီးဥတ္တရာ မိစ္ဆာဒိဋ္ဌိအိမ်၌ စိတ်ဆင်းရဲရခြင်း
၄၂၁ ဥတ္တရာခွင့်ပန်၍ ကုသိုလ်ရေး အားထုတ်ခြင်း
၄၂၂ သိရိမာ၏ ဒေါသနှင့် ဥတ္တရာ၏ မေတ္တာဓာတ်
၄၂၃ သိရိမာအား ဝိုင်းရိုက်ကြခြင်း
၄၂၄ ဘုရားရှင်ကို ကန်တော့ရမည်ဆိုခြင်း
၄၂၅ ဥတ္တရာ၏မေတ္တာ
၄၂၆ ဒေသနာတော်
၄၂၇ ဒေသနာတော်၏အကျိုး

၄ - မဟာမောဂ္ဂလာနတ္ထေရပဉှာဝတ္ထု

၄၂၈ မှန်သောစကားမျှဖြင့် နတ်ပြည်ရောက်ခြင်း
၄၂၉ လင်ဆိုး၏ မယားလိမ္မာ နတ်ပြည်ရောက်ခြင်း
၄၃ဝ အနည်းငယ် ကုသိုလ်မျှဖြင့် နတ်ပြည်ရောက်ခြင်း
၄၃၁ ဒေသနာတော်
၄၃၂ ဒေသနာတော်၏အကျိုး

၅ - ဘုရားခမည်းတော်ပုဏ္ဏားဝတ္ထု

၄၃၃ ဘုရားရှင် မိဟောင်းဖဟောင်းနှင့် တွေ့ခြင်း
၄၃၄ အတိတ်အကြောင်း ပြန်ပြောင်း၍ ဟောခြင်း
၄၃၅ မိဟောင်း ဖဟောင်း သင်္ဂြိုဟ်ရာ၌ ဇရာသုတ်ဟောခြင်း
၄၃၆ ဒေသနာတော်
၄၃၇ ဒေသနာတော်၏အကျိုး

၆ - ပုဏ္ဏာမည်သော အိမ်ကျွန်ဝတ္ထု

၄၃၈ အိမ်ကျွန်မပုဏ္ဏာ ဆန်ကွဲညံ့ လှူဒါန်းခြင်း
၄၃၉ အလှူ့ရှင်မျက်မှောက်ဘုရားရှင် ဘုဉ်းပေးတော်မူခြင်း
၄၄ဝ ဒေသနာတော်
၄၄၁ ဒေသနာတော်၏အကျိုး
၄၄၂ ဆန်ကွဲစားသိန္ဓောမြင်းငယ်ဇာတ်အမြွက်

၇ - အတုလျဥပါကာသဝတ္ထု

၄၄၃ စိတ်တိုင်းကျ တရားမနာရသဖြင့် ကဲ့ရဲ့ခြင်း
၄၄၄ ကဲ့ရဲ့အပ်သူ ချီးမွမ်းအပ်သူ အစစ်မရှိ
၄၄၅ ဒေသနာတော်
၄၄၆ ဒေသနာတော်၏အကျိုး

၈ - ဆဗ္ဗဂ္ဂီရဟန်းတို့ဝတ္ထု

၄၄၇ ခုံဘိနပ်စီးသော ရဟန်းများအကြောင်း
၄၄၈ ဒေသနာတော်
၄၄၉ ဒေသနာတော်၏အကျိုး

...

၁၈ - မလဝဂ်

၁-နွားသတ်သ္မား၏သားဝတ္ထု

၄၅ဝ အသားမပါ မစားနိုင်ဟုဆိုခြင်း
၄၅၁ နွားရှင်လျှာ ဖြတ်စား၍ ချက်ခြင်းမကောင်းကျိုးရပုံ
၄၅၂ သားဖြစ်သူသည် တက္ကသိုလ်သို့ ရောက်၍ ကြီးပွားခြင်း
၄၅၃ သာဝတ္ထိသို့ပြန်ရောက်၍ ဘုရားနှင့်တွေ့ခြင်း
၄၅၄ ပဌမနေ့ ဒေသနာတော်
၄၅၅ ဒေသနာတော်၏အကျိုး
၄၅၆ သောတာပန်တည်ပြီး နောက်တနေ့ တရားနာရခြင်း
၄၅၇ ဒုတိယနေ့ ဒေသနာတော်
၄၅၈ နွားသတ်သမား၏သား အနာဂါမ်တည်ခြင်း

၂ - မထင်ရှားသော ပုဏ္ဏားဝတ္ထု

၄၅၉ မြက်ပေါက်ရာမှ စရပ်တကာဖြစ်ခြင်း
၄၆ဝ ဒေသနာတော်
၄၆၁ ဒေသနာတော်၏အကျိုး

၃ - တိဿမထေရ်ဝတ္ထု

၄၆၂ သင်္ကန်း၌ စွဲလမ်းသောကြောင့် သန်းဖြစ်ခြင်း
၄၆၃ သန်းဘဝမှ တုသိတာတုံ၌ဖြစ်ခြင်း
၄၆၄ ဒေသနာတော်
၄၆၅ ဒေသနာတော်၏အကျိုး

၄ - လာဠုဒါယီမထေရ်ဝတ္ထု

၄၆၆ တရားမဟောတတ်ဘဲ ဝါကြွားမိခြင်း
၄၆၇ အကြွားလွန်၍ မစင်တွင်းလိမ့်ကျခြင်း
၄၆၈ ခြင်္သေ့ကိုပြိုင်သောဝက် ဇာတ်အမြွက်
၄၆၉ ဒေသနာတော်
၄၇ဝ ဒေသနာတော်၏အကျိုး

၅ - မထင်ရှားသောအမျိုးသားဝတ္ထု

၄၇၁ မိန်းမတို့၏ အညစ်အကြေး
၄၇၂ ဒေသနာတော်
၄၇၃ ဒေသနာတော်၏အကျိုး

၆ - စူဠသာရိ မည်သောရဟန်းဝတ္ထု

၄၇၄ ဆေးကုခြင်း အားထားသောရဟန်း
၄၇၅ ဒေသနာတော်
၄၇၆ ဒေသနာတော်၌မှတ်ဖွယ်
၄၇၇ ဒေသနာတော်၏အကျိုး

၇ - ငါးရာသောသီတင်းသည်တို့ဝတ္ထု

၄၇၈ သီလအငြင်းအခုံ အကြောင်း
၄၇၉ ဒေသနာတော်
၄၈ဝ ဒေသနာတော်၏အကျိုး

၈ - တိဿရဟန်းငယ်ဝတ္ထု

၄၈၁ အလှူရှင်တို့ကို ကဲ့ရဲ့သော ရဟန်း
၄၈၂ ကဲ့ရဲ့သောရဟန်း၏ မျိုးရိုးဇာတိကို စုံစမ်းကြခြင်း
၄၈၃ ကဋာဟကဇာတ် အမြွက်
၄၈၄ ဒေသနာတော်
၄၈၅ ဒေသနာတော်၏အကျိုး

၉ - ဥပါသကာငါးယောက်ဝတ္ထု

၄၈၆ တရားနာစဉ် အိပ်ပျော်ခြင်းစသည် အကြောင်း
၄၈၇ တရားနာငါးဦးတို့၏ အတိတ်အကြောင်း
၄၈၈ တရားနာရန် လွယ်သလော ခက်သလော
၄၈၉ ဒေသနာတော်
၄၉ဝ ဒေသနာတော်၏အကျိုး

၁၀ - မေဏ္ဍက သူဌေးကြီးဝတ္ထု

၄၉၁ မေဏ္ဍကသူဌေးကြီး အမည်တွင်ကြောင်း
၄၉၂ မေဏ္ဍကသူဌေးကြီး၏ အတိတ်အကြောင်း
၄၉၃ ငတ်မွတ်သောဘေးကြီး တွေ့ကြုံရပုံ
၄၉၄ စားခါနီး ပစ္စေကဗုဒ္ဓါ ကြွလာခြင်း
၄၉၅ မေဏ္ဍကသူဌေးကြီးအလောင်း ဆုတောင်းပုံ
၄၉၆ သူဌေးကတော်စသည်တို့၏ ဆုတောင်းပုံ
၄၉၇ ပစ္စေကဗုဒ္ဓါ ဆုပေး၍ ပြန်ကြခြင်း
၄၉၈ ဆေးပြီးသောအိုး ထမင်းပြည့်နေခြင်း
၄၉၉ မေဏ္ဍကသူဌေးကြီး၏ ဘုန်းကံ
၅ဝဝ စန္ဒပဒုမာ သူဌေးကတော်ကြီး၏ ဘုန်းကံ
၅ဝ၁ သား ချွေးမနှင့် ကျွန်တို့၏ ဘုန်းကံ
၅ဝ၂ ဘုရားထံတော်၌ မဂ်ဖိုလ် ရကြခြင်း
၅ဝ၃ ဒေသနာတော်
၅ဝ၄ ဒေသနာတော်၏အကျိုး

၁၁ – ဥဇ္ဈာနသညီမထေရ်ဝတ္ထု

၅၀၅ ကဲ့ရဲ့ရန် အပေါက်ရှာလေ့ရှိခြင်း
၅ဝ၆ ဒေသနာတော်
၅ဝ၇ ဒေသနာတော်၏အကျိုး

၁၂ - သုဘဒ္ဒပရိဗိုဇ်ဝတ္ထု

၅၀၈ ကုသိုလ်ပြုနောက်ကျ၍ နောက်ဆုံးမှ ဘုရားနှင့်တွေ့ရခြင်း
၅ဝ၉ ဒေသနာတော်
၅၁ဝ ဒေသနာတော်၏အကျိုး
၅၁၁ တတိယတွဲနိဂုံး

ဓမ္မပဒဝတ္ထုတော်ကြီး တတိယတွဲ မာတိကာပြီး၏။

---

ဓမ္မပဒဝတ္ထုတော်ကြီး (တတိယတွဲ)

▬▬▬▬ஜ۩۞۩ஜ▬▬▬▬

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၉ - ပါပဝဂ်

၁ - စူဠဧကသာဋကပုဏ္ဏားဝတ္ထု

အဘိတ္ထရေထကလျာဏေ- အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် စူဠဧကသာဋက ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သဒ္ဓါနှင့် မစ္ဆေရ စစ်တိုက်ခြင်း

ဝိပဿီ မြတ်စွာဘုရား၏ လက်ထက်တော်အခါ၌ မဟာ ဧကသာဋကပုဏ္ဏား မည်သည် ဖြစ်ဖူး၏။ ဤပုဏ္ဏားသည်ကား ယခုဘုရားရှင် လက်ထက်တော် အခါ၌ သာဝတ္ထိပြည်ကြီးဝယ် စူဠ ဧကသာဋက ပုဏ္ဏား မည်၏။ ဧကသာဋက မည်ကြောင်းကား ထိုပုဏ္ဏားအား ခါး၌ဝတ်ရန် ပုဆိုးမည်သည် တထည်ရှိ၏။ ပုဏ္ဏေးမအားလည်း တထည်ရှိ၏။ နှစ်ယောက်စလုံးသော သူတို့အား အပေါ်ရုံ ပုဆိုးမှာ တထည်တည်းသာ ရှိလေ၏။

အိမ်ပြင်ပသို့ သွားသောအခါ ပုဏ္ဏားကြီးသည်၎င်း ပုဏ္ဏေးမသည်၎င်း ထိုအပေါ်ရုံ ပုဆိုးကို ခြုံရုံ ရလေ၏။ ထိုအခါ တနေ့သ၌ ကျောင်းတော်ကြီးဝယ် တရားနာခြင်းကို ကြွေးကြော်လတ်သည် ရှိသော် ပုဏ္ဏားကြီးသည် အိုရှင်မ ... တရားနာခြင်းကို ကြွေးကြော်၏။

အသို့နည်း .... နေ့အခါ၌ တရားနာခြင်းသို့ သွားအံ့လော။ ထိုသို့ မဟုတ်မူကား ညဉ့်အခါ၌ သွားအံ့လော။ အပေါ်ရုံ ပုဆိုး မရှိခြင်းကြောင့် ငါတို့သည် တပြိုင်နက် အတူသွားခြင်းငှါ မတတ် ကောင်းဟုဆိုလေ၏။ ပုဏ္ဏေးမသည် အရှင် ကျွန်မသည် နေ့၌သွားပါအံ့ဟု ဆို၍ အပေါ်ရုံ ပုဆိုးကို ခြုံလျက် သွားလေ၏။ ပုဏ္ဏားကြီးသည် နေ့အဖို့ကို အိမ်၌ လွန်စေ၍ ညဉ့်အခါ၌ သွားပြီးလျှင် ဘုရားရှင်၏ ရှေ့တော်၌ နေလျက်သာ တရား နာလေ၏။

ထိုအခါ ပုဏ္ဏား၏ ကိုယ်အလုံးကို ပျံ့နှံ့လျက် ငါးပါးသော အပြားရှိသော ပီတိသည် ဖြစ်လေ၏။ ထိုပုဏ္ဏားကြီးသည် မြတ်စွာဘုရားကို ပူဇော်ခြင်းငှါ အလိုရှိသည်ဖြစ်၍ ဤအပေါ်ရုံ ပုဆိုးကို အကယ်၍ လှူချေငြားအံ့၊ ပုဏ္ဏေးမအား၎င်း ငါ့အား၎င်း ခြုံရုံခြင်းသည် မဖြစ်တော့လတ္တံ့ဟု ကြံစည်လေ၏။ ထိုအခါ ပုဏ္ဏားကြီးအား ဝန်တိုသော စိတ်တို့၏ တထောင်သည် ဖြစ်လေ၏။ တဖန် တကြိမ်သော ကြည်ညိုသော စိတ်သည် ဖြစ်ပြန်၏။ ထိုသဒ္ဓါစိတ်ကို နှိပ်စက်လျက် တဖန် ဝန်တိုခြင်း တထောင် ဖြစ်ပြန်လေ၏။

ဤသို့လျှင် ထိုပုဏ္ဏားကြီး၏ အားကြီးသော ဝန်တိုခြင်းသည် နှောင်ဖွဲ့ကာ ဖမ်းယူသကဲ့သို့ ကြည်ညိုသော စိတ်ကို တားမြစ်သည် သာလျှင်တည်း။ ပုဏ္ဏားကြီးသည် လှူအံ့ မလှူအံ့ဟု ကြံဆ စဉ်ပင်လျှင် ပဌမယာမ် လွန်သွားလေ၏။ မဇ္ဈိမယာမ်သို့ ရောက်လတ်သော် ထိုအခါ၌လည်း လှူခြင်းငှါ မတတ်နိုင်။ ပစ္ဆိမယာမ်သို့ ရောက်သည်ရှိသော် ထိုပုဏ္ဏားသည် ငါသည် သဒ္ဓါစိတ်နှင့်၎င်း၊ ဝန်တိုစိတ်နှင့်၎င်း အတူတကွ စစ်ထိုးစဉ်ပင်လျှင် နှစ်ယာမ် လွန်ကုန်ပြီ။

ငါ့အား ဤမျှသော ဤဝန်တိုစိတ်သည် တိုးတက် ပွားများလတ်သည် ရှိသော် အပါယ်လေးပါးတို့မှ ဦးခေါင်းကို ကြွချီမြှောက်ပင့်ခြင်းငှါ မပေးလတ္တံ့ကြ။ ထိုအပေါ်ရုံပုဆိုးကို လှူဒါန်းပေတော့အံ့ဟု ကြံ၍ ပုဏ္ဏားကြီးသည် ဝန်တိုသောစိတ် တထောင်ကို နှိပ်စက် ဖျက်ဆီးသဖြင့် သဒ္ဓါစိတ်ကို ရှေ့သွားပြု၍ ပုဆိုးကို ယူပြီးလျှင် မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ထားလျက် ငါအောင်ပြီ ငါအောင် ပြီ ဟု သုံးကြိမ် သည်းစွာသော အသံကို ပြုလေ၏။

ပုဏ္ဏားကြီး ဘုရင်ထံက ဆုရခြင်း

ပဿေနဒီ ကောသလ မင်းတရားကြီးသည် တရားနာစဉ် ထိုအသံကို ကြားရသဖြင့် ထိုပုဏ္ဏားကို မေးကြကုန်လော့၊ ထိုပုဏ္ဏားကား အဘယ်အရာ တစုံတခုကို အောင်သတဲ့နည်းဟု မိန့်ဆိုလေ၏။ ထိုပုဏ္ဏားကို မင်းချင်းယောက်ျား တို့သည် မေးအပ်သည်ရှိသော် ထိုအကြောင်းကို လျှောက်ကြား လေ၏။

ထိုစကားကို ကြားရလျှင် မင်းကြီးသည် ဤပုဏ္ဏားကား ပြုနိုင်ခဲသောအမှုကို ပြုဘိ၏။ ထိုပုဏ္ဏားအား ချီးမြှောက်ခြင်းကို ပြုပေအံ့ဟု ပုဆိုးတစုံကို ဆုချစေ၏။ ပုဏ္ဏားကြီးသည် ထိုပုဆိုး တစုံကိုလည်း မြတ်စွာဘုရားအားသာလျှင် လှူဒါန်းလေ၏။ တဖန် မင်းကြီးသည် နှစ်စုံ လေးစုံ ရှစ်စုံ တဆဲ့ခြောက်စုံ ဤသို့ နှစ်ဆတက်ပြု၍ ဆုချစေတော်မူလေ၏။ ပုဏ္ဏားကြီးသည် ထိုပုဆိုးစုံ တို့ကိုလည်း မြတ်စွာဘုရား အားသာလျှင် လှူဒါန်းလေ၏။

ထိုအခါ ပုဏ္ဏားကြီးအား မင်းတရားကြီးသည် သုံးဆဲ့နှစ်စုံသော ပုဆိုးတို့ကို ဆုချစေတော်မူပြန် လေ၏။ ပုဏ္ဏားကြီးသည် မိမိအား ပေးသည်ကို ယူ၍ ရတိုင်းရတိုင်းကို စွန့်သည်သာလျှင် တည်းဟု ပြောဆိုခြင်းမှ လွှတ်စိမ့်သောငှါ ထိုသုံးဆဲ့နှစ်စုံသော ပုဆိုးမှ မိမိအကျိုးငှါ တစုံ၊ ပုဏ္ဏေးမအကျိုး ငှါ တစုံ ဤနှစ်စုံတို့ကို ယူ၍ အစုံသုံးဆယ်တို့ကို မြတ်စွာဘုရား အားသာလျှင် လှူဒါန်းလေ၏။ မင်းကြီးသည် ထိုပုဏ္ဏားကြီးအား အကြိမ်တရာပင် ဆုချပြီးသော်လည်း တဖန် ဆုချလိုသေးသည် သာလျှင် ဖြစ်ခဲ့လေ၏။

(ရှေး၌ မဟာ ဧကသာဋက ပုဏ္ဏားကြီးသည် ခြောက်ဆဲ့လေးစုံသော ပုဆိုးတို့တွင် နှစ်စုံတို့ကို ယူလေ၏။ ဤ စူဠဧကသာဋက ပုဏ္ဏားသည်ကား သုံးဆဲ့နှစ်စုံကို ရသောအခါ နှစ်စုံတို့ကို ယူလေ၏။)

မင်းကြီးသည် မင်းလုလင်တို့ကို အချင်းတို့ ပုဏ္ဏားကြီးသည် ပြုနိုင်ခဲသော အမှုကို ပြုဘိ၏။ နန်းတော်တွင်း၌ ငါ၏ကမ္မလာ နှစ်ထည်တို့ကို ဆောင်ယူစေကြ ကုန်လော့ဟု မိန့်ဆိုသဖြင့် ထို မင်းလုလင်တို့လည်း မင်းကြီး မိန့်ဆိုတော်မူတိုင်း ပြုကြလေကုန်၏။ မင်းကြီးသည် အဘိုးတသိန်း ထိုက်ကုန်သော ကမ္ဗလာနှစ်ထည် တို့ကို ဆုချစေပြန်၏။ ပုဏ္ဏားကြီးသည် ဤကမ္ဗလာတို့သည် ငါ၏ကိုယ်၌ တင်ခြင်းငှါ မထိုက်တန်ကုန်။

ဤကမ္ဗလာတို့သည် ဘုရားရှင်၏ သာသနာတော်အားသာ လျော်ကန်သင့်မြတ်ကုန်၏ဟု ကမ္ဗလာ တထည်ကို ဂန္ဓကုဋိတိုက်တွင်း ဘုရားရှင်၏ ကိန်းစက်တော်မူရာ အိပ်ရာအထက် ဗိတာန်ပြု၍ ဖွဲ့ကြက်လေ၏။ တထည်ကို မိမိ၏အိမ်၌ မပြတ်ဆွမ်းဘုဉ်းပေးသော ရဟန်း၏ ဆွမ်းဘုဉ်းပေးရာ အရပ်၌ ဗိတာန်ပြု၍ ဖွဲ့ကြက်လေ၏။

မျက်နှာကျက်လှူသဖြင့် စတုက္ကဆု ရပြန်ခြင်း

ပဿေနဒီ ကောသလ မင်းတရားကြီးသည် ညချမ်းသောအခါ မြတ်စွာဘုရား၏ အထံတော်သို့ သွားသည်ရှိသော် ထိုကမ္ဗလာကို မှတ်သားမိသဖြင့် ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား အဘယ်သူ ပူဇော်ခြင်းကို ပြုပါသနည်းဘုရား ဟု မေးလျှောက်ခြင်းကြောင့် ဧကသာဋကပုဏ္ဏား ပူဇော်၏ဟု မိန့်တော်မူလျှင် ဤပုဏ္ဏားသည် ငါကြည်ညိုရာ၌သာ ကြည်ညိုဘိ၏ဟု ဆိုပြီးလျှင်

  1. ဆင်လေးစီး
  2. မြင်းလေးစီး
  3. အသပြာလေးထောင်
  4. မိန်းမလေးယောက်
  5. ကျွန်မိန်းမ လေးယောက်
  6. မင်းချင်းယောက်ျား လေးယောက်
  7. ရွာကြီးလေးရွာ

ဤသို့ ခုနစ်ခုမြောက် တိုင်အောင် လေးခု လေးခုပြု၍ သဗ္ဗစတုက္ကမည်သော ဆုတော်ကို ပုဏ္ဏားကြီးအား ဆုချစေတော်မူလေ၏။

ရဟန်းတို့သည် တရားသဘင်၌ စူဠဧကသာဋကပုဏ္ဏား ပြုအပ်သောကောင်းမှုသည် အံ့ဖွယ်ရှိပေစွ၊ တခဏခြင်းသာလျှင် အလုံးစုံသော လေးခုအပေါင်းကို ရလေ၏။ ယခုအခါ၌ ပြုအပ်သော ကောင်းမှု ကုသိုလ်ကံသည် ယခုနေ့ပင်လျှင် ကောင်းကျိုးကို ပေးဘိ၏တကားဟု စကားကို ပြောဆိုကြ လေကုန်၏။

ဘုရားရှင်သည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့်စည်းဝေးကြ ကုန်သနည်းဟု မေးတော်မူခြင်းကြောင့် ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရားဟု နားတော်လျှောက်သည်ရှိသော် ချစ်သားရဟန်းတို့ ဤ ဧက သာဋကပုဏ္ဏားသည် ပဌမယာမ်၌ ငါဘုရားအား လှူခြင်းငှါ အကယ်၍ တတ်နိုင်သည်ဖြစ်အံ့ အလုံးစုံ တဆဲ့ခြောက်ခုစီရှိသော သဗ္ဗသောဠသကဆုကို ရလေရာ၏။

မဇ္ဈိမယာမ်၌ တတ်နိုင်သည်ဖြစ်အံ့ အလုံးစုံ ရှစ်ခုစီရှိသော သဗ္ဗဋ္ဌကဆုကို ရလေရာ၏။ အားကြီးသော ပစ္ဆိမယာမ်၌ လှူခြင်းကြောင့် ဤပုဏ္ဏားသည် အလုံးစုံ လေးခုစီရှိသော သဗ္ဗစတုက္ကဆုကို ရလေ၏။

ကောင်းမှု ကုသိုလ်ကို ပြုလိုသောသူသည်ကား ဖြစ်သောစိတ်ကို မယုတ်စေမူ၍ ထိုခဏခြင်းသာ ပြုအပ်၏။ နှေးနှေးပြုသော ကုသိုလ်သည် စည်းစိမ်ချမ်းသာကို ပေးသည်ရှိသော် နှေးစွာ သာလျှင် အကျိုးပေး၏။ ထို့ကြောင့် စိတ်ဥပါဒ်သည် အခြားမဲ့၌သာလျှင် ကောင်းမှုကံကို ပြုအပ်၏ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော် မူလိုရကား ဤဂါထာကို မိန့်တော် မူလေ၏။

ဒေသနာတော်

၁၁၆။ အဘိတ္ထရေထ ကလျာဏေ၊ ပါပါ စိတ္တံ နိဝါရယေ။
ဒန္ဓံ ဟိ ကရောတော ပုညံ၊ ပါပသ္မိံ ရမတိ မနော။

ပုညံ၊ ကုသိုလ်ကောင်းမှုကို။
ဒန္ဓံ၊ နုန့်နုန့်နှေးနှေး။
ကရောတော၊ ပြုတတ်သောသူသည်။
မနော၊ စိတ်သည်။
ပါပသ္မိံ၊ မကောင်းမှု၌။
ဟိယသ္မာ၊ အကြင်ကြောင့်။
ရမတိ၊ မွေ့လျော်တတ်၏။
တသ္မာ၊ ထို့ကြောင့်။
ကလျာဏေ၊ ကုသိုလ် ကောင်းမှုတို့ကို။
အဘိတ္ထရေထ၊ လျင်မြန်ဆောစွာပြုလုပ်ရာ၏။
ပါပါ၊ မကောင်းမှုမှ။
စိတ္တံ၊ စိတ်ကို။
နိဝါရယေ၊ တားမြစ်ရာ၏။

ဒေသနာတော်၌ မှတ်ဖွယ်

[အကြင်သူသည် ကုသိုလ်ကိုကား ပြုချင်ပါ၏။ သို့ရာတွင် ပြည့်စုံမှ ပြည့်စုံ ပါမည်လားဟု ညွှန်ပျောင်း ခရီးသွားသော သူကဲ့သို့ နုန့်နှေးစွာ ပြုသည်ဖြစ်အံ့။ ထိုသူအား ဧကသာဋကပုဏ္ဏားကြီး ကဲ့သို့ မကောင်းမှု မစ္ဆေရ တထောင် ဖြစ်တတ်သဖြင့် မကောင်းမှု၌သာ စိတ်ပျော်တတ်၏။ ကုသိုလ် ပြုခိုက်သာ ကုသိုလ်၌ စိတ်ပျော်၍ ကုသိုလ်မှလွတ်သောအခါ မကောင်းမှုသို့ညွတ်၏။ ထို့ကြောင့် လျင်မြန်စွာသာပြုသင့်၏။

အိမ်၌နေသူ လူဖြစ်အံ့၊ ဆွမ်းလုပ်ကျွေး ခြင်းစသော ကုသိုလ်ပြုအံ့ဟု စိတ်ဖြစ်လာလျှင် သူတပါး ပြုခွင့်မရအောင် ငါလက်ဦးဟု နှလုံးပြု၍ လျှင်မြန်စွာပြုအပ်၏။ ရဟန်း သာမဏေဖြစ်အံ့ ဥပဇ္ဈာယဝတ် စသည်ကိုပြုလျှင် သူတပါးအား အခွင့်မပေးမူ၍ ငါလက်ဦးဟု နှလုံးပြု၍ လျင်မြန်စွာ ပြုအပ်၏။ ကာယဒုစ္စရိုက် စသော မကောင်းမှု အကုသိုလ်မှ အမြဲမပြတ် စိတ်ကို တားမြစ်ရာ၏ ဟူလို]။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

စူဠဧကသာဋကပုဏ္ဏားဝတ္ထုပြီး၏။

---

၂ - သေယျသက မထေရ်ဝတ္ထု

ပါပဉ္စပုရိသော - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အရှင်သေယျသက မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဆရာတိုက်တွန်း၍ မကောင်းမှုပြုခြင်း

ထိုသေယျသက သည်ကား လာဠုဒါယီမထေရ်၏ အတူနေ သဒ္ဓိဝိဟာရိက တပည့်ဖြစ်၏။ မိမိ၏ မမွေ့လျော်ခြင်းကို ထိုလာဠုဒါယီအား ပြောကြားလျှောက် ထားသဖြင့် ထိုလာဠုဒါယီသည် ပဌမ သံဃာဒိသိသ်အာပတ် သင့်လောက်သော အမှု၌ ဆောက်တည် စေအပ်သည်ဖြစ်ရကား မမွေ့လျော် မပျော်ပိုက်ခြင်း ဖြစ်တိုင်း ဖြစ်တိုင်း ထိုပဌမသံဃာဒိသိသ်အာပတ် သင့်လောက်သော အမှုကို ပြုပေ၏။

မြတ်စွာဘုရားသည် ထိုသေယျသကရဟန်း၏ ထိုအပြုအမူအရာကို ကြားရလျှင် သေယျသက ရဟန်းကို ခေါ်တော်မူစေ၍ သင်သည် ဤသို့ပြုလေ့ရှိ၏ ဟူသည် မှန်သလောဟု မေးတော် မူခြင်းကြောင့် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား မှန်ပါသည်ဘုရားဟု လျှောက်ကြားသည် ရှိသော် အဘယ့်ကြောင့် ဝန်လေးသော အမှုကို ပြုဘိသနည်းဟု မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောကျ်ား မလျောက်ပတ် ဤသို့စသည်ဖြင့် အထူးထူးအပြားပြား ကဲ့ရဲ့ပြီး လျှင် သိက္ခာပုဒ်ကို ပညတ်တော်မူ၍ ဤသို့သဘောရှိသော မကောင်းမှုသည်လည်း မျက်မှောက်၌၎င်း တမလွန်၌၎င်း ဆင်းရဲသော အကျိုးကို ဖြစ်စေတတ်သည်သာလျှင် ဖြစ်၏ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော် မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၁၁၇။ ပါပဉ္စေ ပုရိသော ကယိရာ၊ န နံ ကယိရာ ပုနပ္ပုနံ။
န တမှိ ဆန္ဒံ ကယိရာထ၊ ဒုက္ခော ပါပဿ ဥစ္စယော။

ပုရိသော၊ ယောက်ျားသည်။
ပါပံ၊ မကောင်းမှုကို။
စေကယိရာ၊ အကယ်၍ တကြိမ်တခါ ပြုမိငြားအံ့။
နံ၊ ထိုမကောင်းမှုကို။
ပုနပ္ပုနံ၊ အဖန်တလဲလဲ။
နကယိရာ၊ မပြုရာ။
တမှိ၊ ထိုမကောင်းမှု၌။
ဆန္ဒံ၊ ပြုလိုခြင်းကို။
ဝိနောဒေတွာ၊ ပယ်ဖျောက်၍။
နကယိရာထ၊ မပြုရာ။
ကိံ ကာရဏာ၊ အဘယ့်ကြောင့်နည်း ဟူမူကား။
ပါပဿ၊ မကောင်းမှု၏။
ဥစ္စယော၊ တိုးပွားခြင်းသည်။
ဒုက္ခော၊ ဆင်းရဲသို့ရောက်အောင် ဆောင်တတ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

သေယျသကမထေရ်ဝတ္ထုပြီး၏။

၃ - လာဇာနတ်သ္မီးဝတ္ထု

ပုညဉ္စေ- အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် လာဇာနတ်သ္မီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

(ဤဝတ္ထုကား ရာဇဂြိုဟ်ပြည်၌ဖြစ်၏)။

ပေါက်ပေါက်လှူသော လယ်တောသူ နတ်စည်းစိမ်ရခြင်း

အရှင်မဟာကဿပသည် ပိပ္ပလိလိုဏ်ဂူ၌ နေတော်မူလျက် ဈာန်ဝင်စားသဖြင့် ခုနစ်ရက်မြောက်သော နေ့၌ ဈာန်မှ ထတော်မူပြီးလျှင် ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့် ဆွမ်းခံရာ အရပ်ကို ကြည့်လတ်သည်ရှိသော် သလေး ကောက်ကြီးခင်း စောင့်သော မိန်းမတယောက်သည် သလေးနှံတို့ကိုယူ၍ ပေါက်ပေါက်လှော်သည်ကို မြင်ရလျှင် သဒ္ဓါတရားရှိသလော သဒ္ဓါတရားမရှိသလောဟု စူးစမ်းဆင်ခြင်လတ်သည်ရှိသော် သဒ္ဓါတရားရှိ၏ဟု သိတော်မူသဖြင့် ငါ့အားထောက်ပံ့ခြင်းငှါ တတ်နိုင်အံ့လော မတတ်နိုင်အံ့လောဟု စူးစမ်းဆင်ခြင်ပြန်သည်ရှိသော် သတို့သ္မီးသည် ကြောက်ရွံ့ခြင်းကင်းလျက် ရဲရဲရင့်ရင့် ငါ့ကို ထောက်ပံ့ခြင်းပြုလတ္တံ့။ ပြုပြီးလတ်သော်ကား စည်းစိမ်ကြီးကို ရပေလတ္တံ့ဟု သိတော်မူ၍ သင်္ကန်းရုံသဖြင့် သပိတ်ကို ကိုင်ယူလျက် သလေးစပါးခင်းအနီး၌သာ ရပ်တော်မူလေ၏။

အမျိုးသ္မီးသည်လည်း မထေရ်ကို မြင်လျှင် မြင်ခြင်း ကြည်လင်သော စိတ်ရှိရကား ငါးပါး အပြားရှိသော ပီတိနှံ့ထိသောကိုယ်ရှိသဖြင့် အရှင်ဘုရား ရပ်တော်မူပါဦးဘုရားဟု လျှောက်ဆို၍ ပေါက်ပေါက်တို့ကိုယူလျက် လျင်မြန်စွာသွားပြီးမှ မထေရ်၏သပိတ်၌ လောင်းထည့်၍ ငါးပါးသော တည်ခြင်းဖြင့် ရှိခိုးပြီးလျှင် အရှင်ဘုရား အရှင်ဘုရားတို့ သိမြင်အပ်သော တရားတော်သို့ ကပ်ရောက်နိုင်သောသူ ဖြစ်ရပါလို၏ဘုရားဟု ဆုတောင်းလေ၏။ ရှင်မဟာကဿပသည်လည်း တောင်းသည့်ဆုအတိုင်း ပြည့်စုံစေဟု ဝမ်းမြောက်ဝမ်းသာ အနုမောဒနာပြုတော်မူလေ၏။

ထိုသတို့သ္မီးသည်လည်း မထေရ်ကို ရှိခိုး၍ မိမိပေးလှူအပ်သော အလှူကို ဆင်ခြင်လျက် ပြန်လည်ခဲ့လေ၏။ ထိုလယ်ကံသင်း၏ သွားရာလမ်းခရီး၌ တခုသော တွင်းဝယ် အဆိပ်ထန်သော မြွေသည် အိပ်နေလေ၏။ ထိုမြွေသည် အရှင်မဟာကဿပမထေရ်၏ သင်္ကန်းဖြင့် ဖုံးလွှမ်းအပ်သော သလုံးမြင်းခေါင်းကို ကိုက်ခြင်းငှါ မတတ်နိုင်။ သတို့သ္မီးသည် အလှူကို ဆင်ခြင်အောက်မေ့လျက် ပြန်လည်ခဲ့သည်ရှိသော် ထိုအရပ်သို့ ရောက်လေ၏။

မြွေသည် တွင်းမှ ထွက်သဖြင့် သတို့သ္မီးကို ကိုက်၍ ထိုအရပ် လယ်ကံသင်း၌ပင် တိမ်းလဲစေလေ၏။ ထိုလယ်စောင့် သတို့သ္မီးသည် ကြည်ညိုသော စိတ်ဖြင့်သေလျှင် တာဝတိံသာ နတ်ပြည်ဝယ် ယူဇနာ သုံးဆယ်ရှိသော ရွှေဗိမာန်၌ အိပ်ရာမှ နိုးလာသကဲ့သို့ အလုံးစုံတန်းဆာဖြင့် ဆင်ယင်အပ်သော ကိုယ်ရှိသော သုံးဂါဝုတ်မျှသော အတ္တဘောဖြင့် ဖြစ်လေ၏။

တဆဲ့နှစ်ယူဇနာရှိသော နတ်ပုဆိုးကို ဝတ်လျက် တထည်ကိုရုံလျက် နတ်သ္မီးတထောင်ခြံရံအပ်သဖြင့် ရှေးကောင်းမှုကို ထင်ရှားပြခြင်းငှါ ရွှေပေါက်ပေါက်ဖြင့် ပြည့်သော တွဲရရွဲဆွဲသော ရွှေခွက်ဖြင့် တန်းဆာဆင်အပ်သော ဗိမာန်တံခါး၌ ရပ်လျက် မိမိ၏ စည်းစိမ်ကို ကြည့်ရှုပြီးလျှင် ငါသည် အဘယ်ကောင်းမှုကိုပြု၍ ဤစည်းစိမ်ကို ရဘိသနည်းဟု နတ်မျက်စိဖြင့် စူးစမ်းဆင်ခြင်လတ်သည်ရှိသော် ငါ့အရှင်ကောင်းဖြစ်သော ရှင်မဟာကဿပ မထေရ်မြတ်အား လှူအပ်သော ပေါက်ပေါက်၏ အကျိုးဆက်ကြောင့် ရ၏ဟုသိလေ၏။

နတ်စည်းစိမ် အမြဲတည်အောင်ပြုခြင်း

ထိုနတ်သ္မီးသည် ဤသို့ အနည်းငယ်သော ကောင်းမှုဖြင့် ဤသို့သဘောရှိသော စည်းစိမ်ကို ရပြီးလျှင် ယခုအခါ ငါသည် မေ့လျော့ခြင်းငှါမသင့်။ ထို့ကြောင့် အရှင်ကောင်းအား ဝတ်ကြီးဝတ်ငယ်ကိုပြု၍ ဤစည်းစိမ်ကို အမြဲတည်အောင် ပြုအံ့ဟုကြံလျက် နံနက်စောစောကပင်လျှင် ရွှေဖြင့်ပြီးသော တံမြက်စည်းနှင့် တံမြက်ချေးစွန့်စရာတောင်းကို ယူသွား၍ အရှင်မဟာကဿပ မထေရ်မြတ်၏ ပရိဝုဏ်ကျောင်းကို တံမြက်လှည်းပြီးလျှင် သောက်ရေ သုံးဆောင်ရေကို တည်ထားလေ၏။

မထေရ်သည် ထိုအခြင်းအရာကိုမြင်ရလျှင် တစုံတယောက်သော ပဉ္စင်းငယ်သည်၎င်း သာမဏေသည်၎င်း ဝတ်ကိုပြုသည် ဖြစ်လတ္တံ့ဟု မှတ်သားကာ နေလေ၏။ နတ်သ္မီးသည် နှစ်ရက်မြောက်သော နေ့၌လည်း ထိုရှေးအတူသာလျှင် ပြုပြန်လေ၏။ မထေရ်သည်လည်း ထို့အတူသာ မှတ်သားလေ၏။

သုံးရက်မြောက်သော နေ့၌ကား မထေရ်မြတ်သည် ထိုနတ်သ္မီး၏ တံမြက်လှည်းသံကို ကြားရသဖြင့်၎င်း သံကောက်ပေါက်တို့ဖြင့် ဝင်လာသော ကိုယ်ရောင်ကို မြင်ရသဖြင့်၎င်း တံခါးကို ဖွင့်တော်မူပြီးလျှင် ဤတံမြက်လှည်းသူကား အဘယ်သူနည်းဟု မေးတော်မူလေ၏။

အရှင်ဘုရား တပည့်တော်မသည် အရှင်ဘုရားတို့၏ အလုပ်အကျွေးဖြစ်သော လာဇာနတ်သ္မီးပါဘုရားဟု လျှောက်ကြားလျှင် ငါ့အား ဤသို့အမည်ရှိသော အလုပ်အကျွေး ဒါယိကာမမည်သည် မရှိသည် မဟုတ်ပါလောဟု မိန့်တော်မူ၏။

အရှင်ဘုရား တပည့်တော်မသည် သလေးခင်းလယ်တောကို စောင့်ရှောက်လျက် ပေါက်ပေါက်တို့ကိုလှူ၍ ကြည်ညိုသောစိတ်ရှိသဖြင့် ပြန်လည်လာသည်ရှိသော် မြွေကိုက်၍ သေခြင်းကြောင့် တာဝတိံသာနတ်ပြည်၌ ဖြစ်ရပါသည်။ တပည့်တော်မသည် အရှင်မြတ်ကိုမှီ၍ ဤစည်းစိမ်ကို ရပါသည်။

ယခုအခါ၌လည်း အရှင်ဘုရားတို့အား ဝတ်ကြီးဝတ်ငယ်ကိုပြု၍ စည်းစိမ်ကို အမြဲတည်အောင် ပြုအံ့ဟု နှလုံးပြုသဖြင့် လာပါသည်ဘုရားဟု လျှောက်ကြားလေသော် ယမန်နေ့၌၎င်း တဖန် ယမန်နေ့ (တမြန်မနေ့)၌၎င်း သင်သည်သာလျှင် ဤအရပ်ကို တံမြက်လှည်းသလော။ သင်သည်သာလျှင် သောက်ရေ သုံးဆောင်ရေ တည်ထားသလောဟု မေးပြန်လေ၏။

အရှင်ဘုရား ဟုတ်မှန်လှပါသည်ဘုရားဟု လျှောက်လတ်သော် နတ်သ္မီး ဖဲလော့ ဆုတ်လေလော့ သင်ပြုသောဝတ်သည် ပြုပြီးတိုင်းပင် ဖြစ်စေတော့။ ဤအခါမှစ၍ ဤအရပ်သို့ မလာလေနှင့်တော့ဟု မိန့်ဆိုတော်မူလေ၏။

ဓမ္မကထိကတို့ ပြောဆိုမည်ကို စိုးရိမ်တော်မူခြင်း

နတ်သ္မီးက အရှင်ဘုရား တပည့်တော်မ ကုသိုလ်ကို ဖျက်ဆီးတော်မမူပါနှင့်။ အရှင်ဘုရားတို့အား ဝတ်ပြု၍ တပည့်တော်မ၏ စည်းစိမ်ကို မြဲမြံစွာတည်အောင် ပြုခြင်းငှါ အခွင့်ပေးသနားတော်မူကြပါဘုရားဟု လျှောက်ပြန်ရှာလေ၏။ နတ်သ္မီး ဖဲလော့ ငါ့အား နောင်သောအခါ ဆန်းကြယ်သော ယပ်ကိုကိုင်လျက် နေထိုင်ကုန်သော တရားဟော ဓမ္မကထိက ပုဂ္ဂိုလ်တို့သည် အရှင်မဟာကဿပ မထေရ်ကြီးအား နတ်သ္မီးတယောက် လာရောက်၍ ဝတ်ကြီးဝတ်ငယ်ပြုလျက် သောက်ရေ သုံးဆောင်ရေ တည်ထားသတတ်ဟု ပြောဆိုစရာ မပြုလာနှင့်။

ဤနေ့မှစ၍ ဤအရပ်သို့ မလာလေနှင့်တော့ ဆုတ်ခွါ ဖဲသွားလေလော့ဟု မိန့်ဆိုလတ်သော် နတ်သ္မီးသည် အရှင်ဘုရား တပည့်တော်မ ကုသိုလ်ကို ဖျက်ဆီးတော်မမူပါနှင့်ဘုရားဟု အဖန်တလဲလဲ တောင်းပန်ရှာသည်သာတည်း။ မထေရ်သည် ဤနတ်သ္မီးကား ငါ့စကားကို မနာယူဟုကြံ၍ သင်နတ်သ္မီးသည် အတိုင်းအရှည်ကို မသိဟု လက်ဖျစ်တီးလေ၏။

ထိုနတ်သ္မီးသည် ထိုအရပ်၌ တည်တံ့စွာ နေခြင်းငှါ မဟုတ်နိုင်ရကား ကောင်းကင်သို့ ပျံတက်၍ လက်အုပ်ချီလျှက် အရှင်ဘုရား တပည့်တော်မ ရအပ်သောစည်းစိမ်ကို မဖျက်ဆီးပါလင့် အမြဲတည်အောင်ပြုခြင်းငှါ အခွင့်ပေးတော်မူကြပါဘုရားဟု ငိုကြွေးမြည်တမ်းလျက် ကောင်းကင်၌ တည်နေရှာလေ၏။

ဘုရားရှင် တာဝန် ခွဲပေးခြင်း

မြတ်စွာဘုရားသည် ဂန္ဓကုဋိတိုက်၌ သီတင်းသုံးတော်မူလျက်သာလျှင် ထိုနတ်သ္မီး၏ ငိုကြွေးသံကို ကြားတော်မူသဖြင့် ရောင်ခြည်တော်ကို ပျံ့နှံ့စေတော်မူလျက် နတ်သ္မီး၏ မျက်မှောက်၌နေ၍ တရားဟောတော်မူဘိသကဲ့သို့ နတ်သ္မီး စောင့်စည်း တားမြစ်ခြင်းကို ပြုခြင်းသာလျှင် ငါ့သား ကဿပ၏ တာဝန်တည်း။

ဤကောင်းမှုသည် ငါတို့အား အကျိုးရှိ၏ဟု မှတ်သားသဖြင့် ကောင်းမှုကို ပြုခြင်းသည်ကား ကောင်းမှုကုသိုလ်ဖြင့် အလိုရှိသော သူတို့၏ တာဝန်တည်း။ ကုသိုလ်ကောင်းမှု ပြုခြင်းသည် ပစ္စုပ္ပန်ဘဝ၌၎င်း တမလွန်ဘဝ၌၎င်း ချမ်းသာခြင်း၏ အကြောင်းသာ ဖြစ်၏ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားတော်ကို ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

ပုညေဉ္စ ပုရိသော ကယိရာ၊ ကယိရာ နံ ပုနပ္ပုနံ။
တမှိ ဆန္ဒံ ကယိရာထ၊ သုခေါ ပုညဿ ဥစ္စယော။

ပုရိသော၊ ယောက်ျားသည်။
ပုညံ၊ ကောင်းမှုကို။
စေကယိရာ၊ အကယ်၍ ပြုငြားအံ့။
နံ၊ ထိုကောင်းမှုကို။
ပုနပ္ပုနံ၊ အဖန်တလဲလဲ။
ကယိရာ၊ ပြုရာ၏။
တမှိ၊ ထိုကောင်းမှု၌။
ဆန္ဒံ၊ နှစ်သက်ခြင်း အားထုတ်ခြင်းကို။
ကယိရာထ၊ ပြုလေရာ၏။
ကိံ ကာရဏာ၊ အဘယ့်ကြောင့်နည်း ဟူမူကား။
ပုညဿ၊ ကောင်းမှု၏။
ဥစ္စယော၊ တိုးပွားခြင်းသည်။
သုခေါ၊ ချမ်းသာသို့ ရောက်အောင်ဆောင်တတ်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏ အဆုံး၌ နတ်သ္မီးသည် လေးဆဲ့ငါးယူဇနာရှိသော ကောင်းကင်ထက်၌ တည်လျက်သာလျှင် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။

လာဇာနတ်သ္မီးဝတ္ထုပြီး၏။

---

၄ - အနာထပိဏ် သူဌေးကြီးဝတ္ထု

ပါပေါပိ ပဿတိ ဘဒြံ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အနာထပိဏ် သူဌေးကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အနာထပိဏ်သူဌေးကြီး မွဲသွားခြင်း

အနာထပိဏ် သူဌေးကြီးသည် ဇေတဝန်ကျောင်းတော်ကြီးကို ရည်မှန်းသဖြင့် ငါးဆဲ့လေးကုဋေသော ဥစ္စာကို ဘုရားရှင်သာသနာတော်၌ စွန့်ကြဲ၍ မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်၌ နေတော်မူလတ်သည်ရှိသော် နေ့တိုင်း သုံးကြိမ်သော ကြီးစွာသော ဆည်းကပ်ခစားခြင်းတို့သို့ သွားရောက်လေ၏။

သွားလေတိုင်းပင် အဘယ်ဝတ္ထုကိုယူ၍ လာလေသနည်းဟု သာမဏေတို့သည်၎င်း ပဉ္စင်းငယ်တို့သည်၎င်း ငါ၏လက်ကိုသော်လည်း ကြည့်ရှုကုန်ရာ၏ဟု အချည်းနှီးသော လက်ရှိလျက် သွားဖူးသည် မည်သည် မရှိစဖူး -

  1. နံနက်စောစောက သွားသည်ရှိသော် ယာဂုကို ယူစေ၍သာ သွား၏။
  2. နံနက်စာ စားပြီးလတ်သော် ထောပတ်ဆီဦး အစရှိသော ဆေးတို့ကို၊
  3. ညချမ်းအခါ ပန်းနံ့သာ နံ့သာပျောင်း အဝတ်ပုဆိုးစသည်တို့ကို ယူစေ၍ ကျောင်းသို့သွား၏။

ဤသို့လျှင် နေ့တိုင်းနေ့တိုင်း အမြဲကာလပတ်လုံးသာ အလှူလှူ၍ သီလကို စောင့်ရှောက်၏။ နောက်အဖို့၌ ဥစ္စာကုန်ဆုံး ပျက်စီးပြုန်းတီးခြင်းသို့ ရောက်လေ၏။ ကုန်သွယ်ခြင်းကိုမှီ၍ အသက်မွေးသောသူတို့သည်လည်း ထိုအနာထပိဏ် သူဌေးကြီး၏လက်မှ ဥစ္စာတဆဲ့ရှစ်ကုဋေဖြစ်သော ကြွေးမြီကို ချေးယူကြကုန်၏။

ထိုသူဌေးကြီး၏ အမျိုးအနွယ်မှ ရသောဥစ္စာ သို့မဟုတ် ပေါင်းစုထားသော ဥစ္စာ ငွေ တဆဲ့ရှစ်ကုဋေတို့ကိုလည်း မြစ်ကမ်းနား၌ မြှုပ်၍ ထားလေရာ ရေကြောင့် ကမ်းပြိုလတ်သော် ထိုဥစ္စာအားလုံး သမုဒ္ဒရာသို့ ပါဝင်သွားကြကုန်၏။

ဤသို့ ဤအနာထပိဏ်သူဌေးကြီးအား အစဉ်အားဖြင့် ပစ္စည်းဥစ္စာကုန်ခြင်းသို့ ရောက်လေ၏။ ထိုသူဌေးကြီးသည် ဤသို့ပင်ဖြစ်သော်လည်း သံဃာတော်အပေါင်းအား အလှူလှူမြဲလှူသည်သာတည်း။ မွန်မွန်မြတ်မြတ် ပြု၍ကား လှူခြင်းငှါ မစွမ်းနိုင်ရှာလေ။

ထိုသူဌေးကြီးသည် တနေ့သ၌ ဘုရားရှင်က ဒါယကာသူဌေးကြီး ဒါယကာကြီး၏အိမ်၌ အလှူလှူရ၏လောဟု မိန့်တော်မူလတ်သော် မြတ်စွာဘုရား လှူရပါ၏။ လှူရပါသော်လည်း ထိုအလှူသည် ပုန်းရည်ဟင်းလျှင် နှစ်ခုမြောက်ရှိသော ဆန်ကွဲဆွမ်း ဖြစ်ပါသည်ဘုရားဟု လျှောက်ကြားလေ၏။

ထိုအခါ သူဌေးကြီးကို ဘုရားရှင်သည် ဒါယကာကြီး ခေါင်းပါးသော အလှူကို လှူရ၏တကားဟု မကြံလင့်။ စိတ်မွန်မြတ်သည်ရှိသော် ဘုရားစသည်တို့အား လှူသောအလှူသည် ခေါင်းပါးသောမည်သည်မရှိ။ စင်စစ်မူကား သင်ဒါယကာကြီးသည် ရှစ်ယောက်သော အရိယာပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူရလေပြီ။

ငါဘုရားသည် ဝေလာမပုဏ္ဏားဖြစ်သောအခါ ဇမ္ဗူဒိပ်တကျွန်းလုံးကို ထွန်တုံးကင်းအောင်ပြု၍ ကြီးစွာသော အလှူကို ဖြစ်စေလတ်သည်ရှိသော် သရဏဂုံ တည်သော တစုံတယောက်သော သူကိုမျှလည်း မရခဲ့။ မြတ်သော အလှူခံပုဂ္ဂိုလ်တို့မည်သည် ဤသို့လျှင် ရခဲကြကုန်၏။ ထို့ကြောင့် ငါ၏အလှူသည် ခေါင်းပါးလှ၏တကားဟူ၍ မကြံလင့်ဟု မိန့်တော်မူ၍ ဝေလာမသုတ်ကို ထိုသူဌေးကြီးအား ဟောကြားတော်မူလေ၏။

အကျိုးလိုလားယောင်နတ်ကို နှင်ထုတ်ခြင်း

ထိုအခါ သူဌေးကြီး၏ တံခါးမုခ်ဦး၌ စောင့်သောနတ်သည် မြတ်စွာဘုရားသည်၎င်း မြတ်စွာဘုရား၏ တပည့်သားတို့သည်၎င်း အိမ်သို့ ဝင်ကြွလာကြကုန်သည်ရှိသော် ထိုဘုရားနှင့် သာဝကတို့၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် တည်တံ့စွာနေခြင်းငှါ မတတ်နိုင်ရကား ဤသူတို့သည် ဤအိမ်သို့ မဝင်လာနိုင်ကြရအောင် သူဌေးကြီးကို ကွဲပြားပျက်စီးစေအံ့ဟုကြံ၍ သူဌေးကြီးကို ပြောဆိုလိုသော်လည်း အစိုးတရ စည်းစိမ်ရှင်ဖြစ်သော ကာလ၌ တစုံတခုသောစကားကို ဆိုခြင်းငှါ မတတ်နိုင်။

ယခုအခါ၌ကား ဤသူဌေးကြီးသည် ဆင်းရဲခဲ့လေပြီ။ ငါ့စကားကို နာယူပေလတ္တံ့ဟု နှလုံးပြုလျက် ညဉ့်အဖို့၌ သူဌေးကြီး၏ ကြက်သရေရှိသော တိုက်ခန်းသို့ဝင်၍ ကောင်းကင်၌ ရပ်တည်နေလေ၏။ ထိုအခါ နတ်ကိုမြင်လျှင် သင်အသူနည်းဟု မေးလေ၏။ အို အရှင်သူဌေးကြီး အကျွန်ုပ်ကား သင်သူဌေးကြီး၏ လေးခုဖြောက်ဖြစ်သော တံခါးမုခ်၌စောင့်သောနတ်ဖြစ်သည်။

အသင့်အား ဆုံးမခြင်းငှါ လာခဲ့ပေ၏ဟု ဆိုလတ်သော် ထိုသို့ဖြစ်မူ မိန့်ဆိုပါနတ်မင်းဟု တောင်းပန်လေ၏။ သူဌေးကြီး သင်သည် နောက်ကာလကို မကြည့်မူ၍သာလျှင် ရဟန်းဂေါတမ၏ သာသနာ၌ ဥစ္စာများကို ဖရိုဖရဲဖြန့်ကြဲလေဘိ၏။ ယခုအခါ ဆင်းရဲသောသူဖြစ်၍သော်လည်း ထိုဖြန့်ကြဲခြင်းကို မလွှတ်ဘဲနေသေးသည်သာတည်း။

ဤသို့ဖြစ်လျှင် နှစ်ရက် သုံးရက်ချည်းဖြင့်သာလျှင် စားစရာ ဝတ်စရာမျှကိုလည်း သင်မရတော့လတ္တံ့။ သင့်အား ရဟန်းဂေါတမဖြင့် အဘယ်အကျိုးရှိအံ့နည်း။ လွန်စွာစွန့်ကြဲခြင်းမှ ရှောင်ကြဉ်၍ ကုန်သွယ်လယ်လုပ် စသောအမှုတို့ကို အားထုတ်လျက် စည်းစိမ်ဥစ္စာကို ကောင်းစွာတည်စေဦးလော့ဟု ဆုံးမစကား ပြောကြားလေ၏။ ဤသည်ကား အသင်နတ်မင်းသည် အကျွန်ုပ်အား ပေးအပ်သောအဆုံးအမလောဟု ပြန်မေးလတ်သော် သူဌေးကြီး ဟုတ်မှန်ပေ၏ဟုဆိုလေ၏။

သွားချေလော့ ငါကား သင်နတ်ကဲ့သို့ သဘောရှိကုန်သော သူတို့၏ အရာသည်၎င်း အထောင်သည်၎င်း အသိန်းသည်၎င်း တုန်လှုပ်ချောက်ချား စိမ့်သောငှါ မတတ်ကောင်းသောသူဖြစ်၏။ သင်သည် မသင့်လျော်သောစကားကို ဆိုဘိ၏။ ငါ့အိမ်၌ သင်နေခြင်းဖြင့်လည်း အကျိုးမရှိ လျင်မြန်သည်ထက် လျင်မြန်စွာ ငါ၏နေအိမ်မှ ထွက်ခွါသွားလေလော့ဟု နှင်ထုတ်လေ၏။

နတ်ဖျင်းအား သိကြားမင်း ဒဏ်ပေးခြင်း

ထိုနတ်သည် သောတာပန်ဖြစ်သော ဘုရားရှင်၏ တပည့်အရိယာသာဝက၏ စကားကို ကြားရလျှင် တည်နေခြင်းငှါ မတတ်နိုင်ရကား သားငယ်သ္မီးငယ်တို့ကို ခေါ်ငင်လျက် ထွက်သွားရရှာလေ၏။ ထွက်သွားပြီးသော်ငြားလည်း တပါးသောအရပ်၌ နေရာအရပ်ကိုမရသဖြင့် သူဌေးကြီးကို သည်းခံစေပြီးလျှင် ထိုသူဌေးကြီးအိမ်၌သာ ပြန်နေပေအံ့ဟုကြံ၍ မြို့ကိုစောင့်ရှောက်သော နတ်သားသို့ ချဉ်းကပ်၍ မိမိပြုအပ်သော ပြစ်မှားခြင်းကိုပြောကြားပြီးလျှင် လာလှည့်ပါလော့ အကျွန်ုပ်ကို သူဌေးကြီး၏အထံသို့ ဆောင်ကာ သည်းခံစေ၍ နေရာအရပ်ကို ပေးစေပါလော့ (ပြန်ပေးအောင် ပြုပေးပါ)ဟုဆိုရှာလေ၏။

ထိုမြို့စောင့်နတ်သားသည် သင်ကား မလျောက်ပတ်သောစကားကို ဆိုခဲ့၏။ ငါသည် ထိုသူဌေးကြီး၏အိမ်သို့ သွားခြင်းငှါ မဝံ့ဟုဆို၍ ထိုနတ်ဆိုသော စကားကို ပယ်လေ၏။

ထိုနတ်သည် နတ်မင်းကြီး လေးယောက်တို့၏ အထံသို့သွားသဖြင့် ထိုနတ်မင်းကြီးတို့သည် ပယ်အပ်ပြန်လတ်သော် သိကြားနတ်မင်းသို့ ချဉ်းကပ်ပြန်သဖြင့် ထိုအကြောင်းကို ပြောကြားလျှောက်ထားပြီးလျှင် အရှင်မင်းကြီး အကျွန်ုပ်သည် နေစရာနေရာ မရပါသဖြင့် သားငယ်သ္မီးငယ်တို့ကို လက်ဖြင့်ယူလျက် ခိုကိုးရာမဲ့လှည့်လည်နေရပါသည်။ အကျွန်ုပ်အား နေစရာနေရာကို ပြန်ပေးစေပါလော့ဟု အထူးကောင်းမွန်စွာ တောင်းပန်လေ၏။

ထိုအခါ ထိုနတ်ကို သိကြားမင်းသည် ငါသည်လည်း သင်၏အကြောင်းကြောင့် သူဌေးကြီးကို ပြောဆိုခြင်းငှါ မစွမ်းဆောင်နိုင်။ တခုသောအကြောင်းကိုကား သင့်အားပြောပြလို၏ဟု ဆိုလေသော် ထိုနတ်သည် ကောင်းပါပြီ မိန့်တော်မူပါဟု အသနားခံလျှောက်လေ၏။

သွားချေ သူဌေးကြီး၏ စာရင်းကိုင် ဘဏ္ဍာစိုးအသွင်ကိုဖန်ဆင်း၍ သူဌေးကြီး၏ လက်မှ ကမ္ပည်းစာရင်းသို့ တင်ထားမှတ်သား၍ ထိုကုန်သွယ်ခြင်းကိုမှီ၍ အသက်မွေးသောသူတို့ ယူသွားသော တဆဲ့ရှစ်ကုဋေသောဥစ္စာကို မိမိ၏အာနုဘော်ဖြင့် သုတ်သင်တောင်းခံ၍ အချည်းနှီးသော တိုက်ခန်းတို့ကို ပြည့်စေပြီးလျှင် မဟာသမုဒ္ဒရာ၌ ပါဝင်သွားလေသော တဆဲ့ရှစ်ကုဋေသော ဥစ္စာလည်းရှိ၏။

ဤမှတပါးဖြစ်သော ဤမည်သောအရပ်၌ ဥစ္စာရှင်မရှိသော တဆဲ့ရှစ်ကုဋေသောဥစ္စာလည်း ရှိသေး၏။ ထိုအလုံးစုံကို ဆောင်ယူသဖြင့် သူဌေးကြီး၏ အချည်းနှီးသော တိုက်ခန်းတို့ကို ပြည့်စေလျက် ဒဏ်အမှုပြု၍ သည်းခံကန်တော့ချေလော့ဟု မိန့်ဆိုလိုက်လေ၏။

သူဌေးကြီးအား နတ်က တောင်းပန် ကန်တော့ရခြင်း

ထိုနတ်သည် ကောင်းပါပြီ အရှင်သိကြားမင်းဟု ဝန်ခံ၍ ဆိုအပ်ပြီးသော နည်းအားဖြင့် အလုံးစုံကို ပြုပြီးလျှင် တဖန် သူဌေးကြီး၏ ကြက်သရေရှိသော တိုက်ခန်းကို ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းစေလျှက် ကောင်းကင်၌ ရပ်တည်၍ ဤသူကား အသူနည်းဟုမေးလျှင် အကျွန်ုပ်ကား အသင်သူဌေးကြီး၏ လေးခုမြောက်သော တံခါးမုခ်၌စောင့်သော အလွန်မိုက်မဲတွေဝေသော နတ်ဖြစ်ပါသည်။

အကျွန်ုပ်သည် အလွန်မိုက်မဲတွေဝေခြင်းကြောင့် အရှင်သူဌေးကြီးတို့၏ အထံ၌ အကြင်အပြစ်ကို ပြုမိပါချေပြီ။ ထိုအပြစ်ကို သည်းခံတော်မူပါ။ အကျွန်ုပ်သည် သိကြားမင်း၏စကားဖြင့် ငါးဆဲ့လေးကုဋေသောဥစ္စာကို စုရုံးဆောင်ယူ၍ အချည်းနှီးသော တိုက်ခန်းပြည့်အောင် ဒဏ်အမှုကို ပြုပြီးပါပြီ။ နေစရာနေရာကို မရခြင်းကြောင့် ပင်ပန်းလှပါ၏ဟု ဆိုလေ၏။

အနာထပိဏ်သူဌေးကြီးလည်း ဤနတ်ကား ဒဏ်အမှုကိုလည်း အကျွန်ုပ်ပြုပြီးပါပြီဟုဆို၏။ မိမိ၏အပြစ်ကိုလည်း ဝန်ခံ၏။ ဘုရားသဗ္ဗညုအား ထိုနတ်ကို ပြဦးအံ့ဟု ကြံပြီးလျှင် အနာထပိဏ်သူဌေးကြီးသည် ထိုနတ်ကို ဘုရားရှင်၏အထံသို့ ခေါ်ဆောင်သွား၍ ထိုနတ်ပြုအပ်သောအမှုကို လျှောက်ကြားလေ၏။

နတ်သည် ဘုရားရှင်၏ ခြေတော်ရင်း၌ ဦးခေါင်းဖြင့်ဝပ်လျက် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဘုရားတပည့်တော်သည် အလွန်မိုက်မဲတွေဝေခြင်းကြောင့် ရှင်တော်မြတ်ဘုရားတို့၏ ဂုဏ်ကျေးဇူးတို့ကို မသိသဖြင့် ယုတ်မာသောအမှုဖြစ်သော စကားကို ဆိုမိပါချေပြီ။ ထိုအပြစ်ကို တပည့်တော်အား သည်းခံတော်မူကြပါဘုရားဟု ဘုရားသဗ္ဗညုကို ကန်တော့ပြီးလျှင် သူဌေးကြီးကို ကန်တော့လေ၏။

မြတ်စွာဘုရားသည် ကောင်းမှုမကောင်းမှုဖြစ်သော ကံတို့၏ အကျိုးအစွမ်းဖြင့် သူဌေးကြီးကို၎င်း နတ်ကို၎င်း ဆုံးမလိုသဖြင့် အနာထပိဏ်သူဌေးကြီး -

ဤလောက၌ ယုတ်မာသော ပုဂ္ဂိုလ်သည်လည်း -
အကြင်ရွေ့လောက် မကောင်းမှုသည် အကျိုးကို မဖြစ်စေသေး။
ထိုရွေ့လောက် ကောင်းသောအကျိုးကို မြင်ရသေး၏။
အကြင်အခါ ထိုသူအား မကောင်းမှုသည် အကျိုးကိုဖြစ်စေ၏။
ထိုအခါ မကောင်းသော အကျိုးကိုသာလျှင် မြင်ရချေ၏။

ကောင်းမှုနှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည်လည်း -
အကြင်ရွေ့လောက်ကောင်းမှုသည် အကျိုးမပေးသေး။
ထိုရွေ့လောက် မကောင်းကျိုးကို မြင်ရသေး၏။
အကြင်အခါ ကောင်းမှုသည် အကျိုးကိုပေး၏။
ထိုအခါ ကောင်းကျိုးကိုသာလျှင် မြင်ရ၏။

ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၁၁၉။ ပါပေါပိ ပဿတိ ဘဒြံ၊ ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတီ ပါပံ၊ အထ ပါပေါ ပါပါနိ ပဿတိ။

၁၂၀။ ဘဒြောပိ ပဿတိ ပါပံ၊ ယာဝ ဘဒြံ န ပစ္စတိ။
ယဒါ စ ပစ္စဏီ ဘဒြံ၊ အထ ဘဒြော ဘဒြာနိ ပဿတိ။

ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။
ပါပံ၊ မကောင်းမှုကံအသစ်သည်။
နပစ္စတိ၊ အကျိုးကိုမပေးသေး။
တာဝ၊ ထိုမျှလောက်။
ပါပေါပိ၊ မကောင်းမှုနှင့်ယှဉ်သောသူသည်လည်း။
ဘဒြံ၊ ကောင်းသောအကျိုးကို။
ပဿတိ၊ မြင်ရသေး၏။
ယဒါစ၊ အကြင်အခါ၌ကား။
ပါပံ၊ မကောင်းမှုကံသည်။
ပစ္စတိ၊ အကျိုးကိုပေး၏။
အထ၊ ထိုအခါ၌။
ပါပေါ၊ ယုတ်မာသောသူသည်။
ပါပါနိ၊ မကောင်းကျိုးတို့ကို။
ပဿတိ၊ မြင်ရ၏။

ယာဝ၊ အကြင်ရွေ့လောက်။
ဘဒြံ၊ ကောင်းမှုကံအသစ်သည်။
နပစ္စတိ၊ အကျိုးကိုမပေးသေး။
တာဝ၊ ထိုရွေ့လောက်။
ဘဒြောပိ၊ ကောင်းမှုရှိသောသူသည်လည်း။
ပါပံ၊ မကောင်းကျိုးကို။
ပဿတိ၊ မြင်ရသေး၏။
ယဒါစ၊ အကြင်အခါ၌ကား။
ဘဒြံ၊ ကောင်းမှုကံသစ်သည်။
ပစ္စတိ၊ အကျိုးကိုပေး၏။
အထ၊ ထိုအခါ၌။
ဘဒြာ၊ ကောင်းမှုရှိသောသူသည်။
ဘဒြာနိ၊ ကောင်းကျိုးတို့ကို။
ပဿတိ၊ မြင်ရ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏ အဆုံး၌ ထိုနတ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာဖြစ်တော်မူလေ၏။

အနာထပိဏ် သူဌေးကြီး ဝတ္ထုပြီး၏။

---

၅ - အသညတ ပရိက္ခာရ ရဟန်းဝတ္ထု

မာဝမညေထ ပါပဿ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မဲ့ မစောင့်စည်းသော ပရိက္ခရာရှိသော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မကောင်းမှုကို အနည်းငယ်ဟု မမှတ်သင့်ခြင်း

ထိုရဟန်းသည် အမှတ်မရှိသော ညောင်စောင်း အင်းပျဉ် အစရှိသော ပရိက္ခရာကို အပ၌ သုံးဆောင်ပြီးလျှင် ထိုအပ၌ပင်လျှင် စွန့်ပစ်ထားလေ့ရှိသတတ်။ ပရိက္ခရာသည် မိုဃ်းရေကြောင့်၎င်း နေပူခြင်းကြောင့်၎င်း ခြစသည်တို့ကြောင့်၎င်း၊ ပျက်စီး၏။

ထိုရဟန်းကို ရဟန်းအများတို့သည် ငါ့ရှင် ပရိက္ခရာမည်သည်ကို သိုမှီးအပ်သည်မဟုတ်လောဟု ဆိုဆုံးမအပ်သည်ရှိသော် ငါ့ရှင်တို့ ငါပြုအပ်သောအမှုသည် အနည်းငယ်သာတည်း။ ထိုပရိက္ခရာအတွက် ပျက်လိုပျက်စီး မသိုမှီးလိုသောစိတ်လည်း မရှိ၊ အမှတ်အသားလည်း မရှိဟုဆို၍ ထိုရှေးနည်းအတူ ပြုသည်သာလျှင်တည်း။

ရဟန်းတို့လည်း ထိုရဟန်း၏ အပြုအမူအရာကို မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းကို ခေါ်စေတော်မူ၍ ချစ်သားရဟန်း သင်ဤသို့ပြုသတတ်ဟူသည် မှန်သလောဟု မေးတော်မူလေ၏။ ထိုရဟန်းသည် မြတ်စွာဘုရားမေးအပ်သော်လည်း ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤအမှုကား အဘယ်ပါနည်း တပည့်တော် အနည်းငယ်မျှကို ပြုမိပါသည်။ ထိုပရိက္ခရာအတွက် ပျက်လိုပျက်စီး မသိုမှီးလိုသောစိတ် မရှိပါ၊ အမှတ်လည်းမရှိပါဟု ရှေးအတူသာလျှင် မထီမဲ့မြင်ပြုလျက် လျှောက်ကြားလေ၏။

ထိုအခါ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်းတို့ မည်သည်ကား ဤသို့ပြုခြင်းငှါ မသင့်။ မကောင်းမှုမည်သည်ကို အနည်းငယ်ဟူ၍ မထီမဲ့မြင် မအောက်မေ့အပ် လွင်တီးခေါင်၌ ထားအပ်သော ဟင်းလင်းပွင့်သော အဝရှိသော အိုးခွက်သည် မိုးရွာသောအခါ တပေါက်မျှဖြင့် အကယ်၍ကား မပြည့်ငြားသော်လည်း အဖန်တလဲလဲ ရွာသည်ရှိသော် ပြည့်လျှံသည်သာလျှင်တည်း။

ဤအတူ မကောင်းမှုကို ပြုသောပုဂ္ဂိုလ်သည် အစဉ်သဖြင့် များစွာသော မကောင်းမှုအစုကြီးကို ပြုသည်မည်၏ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၁၂၁။ မာဝ မညေထ ပါပဿ၊ န မန္ဒံ အာဂမိဿတိ။
ဥဒဗိန္ဒုနိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ။
ပူရတိ ဗာလော ပါပဿ၊ ထောကံ ထောကံပိ အာစိနံ။

မန္ဒံ၊ အနည်းငယ် ပြုအပ်သော အကုသိုလ်ကံသည်။
နအာဂမိဿတိ၊ အကျိုးပေးသောအားဖြင့် မရောက်လာလတ္တံ့။
ဣတိ၊ ဤသို့။
ပါပဿ၊ မကောင်းမှုကို။
မာဝမညေထ၊ မထီမဲ့မြင် မမှတ်ထင်ရာ။
ဥဒဗိန္ဒုနိပါတေန၊ တပေါက်တပေါက်မျှ ကျခြင်းဖြင့်။
ဥဒကုမ္ဘောပိ၊ ရေအိုးကြီးသည်လည်း။
ပူရတိယထာ၊ အစဉ်သဖြင့် ပြည့်သကဲ့သို့။
ဗာလော၊ မလိမ္မာသောသူသည်။
ထောကံထောကံပိ၊ အနည်းငယ် အနည်းငယ်မျှလည်းဖြစ်သော အကုသိုလ်ကို။
အာစိနံ-အာစိနန္တော၊ ပွားများစေမှု လုံ့လပြုသည်ရှိသော်။
ပါပဿ၊ မကောင်းမှုဖြင့်။
ပူရတိ၊ ပြည့်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြလေကုန်၏။

ဘုရားရှင်သည်လည်း လွင်တီးခေါင်၌ အိပ်ရာနေရာကိုခင်း၍ ထားမြဲတိုင်းကို ပြန်မပြုသော ရဟန်းအား ဤမည်သောအာပတ်သို့ရောက်၏ဟူ၍ သိက္ခာပုဒ်ကို ပညတ်တော်မူလေ၏။

အသညတ ပရိက္ခာရ ရဟန်းဝတ္ထုပြီး၏။

---

၆ - ဗိဠာလပဒကသူဌေး ဝတ္ထု

မာဝ မညေထ ပုညဿ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဗိဠာလပဒက သူဌေးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

စည်းစိမ်နှင့် အခြံအရံ အလိုရှိသောသူ

တပါးသော အခါကာလ၌ သာဝတ္ထိမြို့သူမြို့သားတို့သည် အပေါင်းအစုဖွဲ့သဖြင့် ဘုရားအမှူးရှိသော ရဟန်းသံဃာအား အလှူကို ပေးလှူကြကုန်၏။ ထိုအခါ တနေ့သ၌ ဘုရားရှင်သည် တရားအနုမေဝဒနာပြုတ်သည်ရှိသော် ဒါယကာတို့ ဤသာသနာ၌ -

အချို့သောသူသည် မိမိသာလျှင် အလှူကို လှူ၏။
သူတပါးကို မတိုက်တွန်းမနှိုးဆော်၊
ထိုသူသည် ဖြစ်လေရာ ဖြစ်လေရာသောဘဝ၌ စည်းစိမ်ပြည့်စုံခြင်းကိုရ၏၊
အခြံအရံပြည့်စုံခြင်းကိုမရ။

အချို့သောသူသည် မိမိကား အလှူကို မပေးလှူ၊
သူတပါးကိုကား တိုက်တွန်းနှိုးဆော်၏၊
ထိုသူသည် ဖြစ်လေရာ ဖြစ်လေရာဘဝ၌ အခြံအရံပြည့်စုံခြင်းကိုရ၏၊
စည်းစိမ်ပြည့်စုံခြင်းကိုမရ။

အချို့သောသူသည် မိမိလည်းမပေးမလှူ၊
သူတပါးကိုလည်း မတိုက်တွန်း မနှိုးဆော်၊
ထိုသူသည် ဖြစ်လေရာ ဖြစ်လေရာဘဝ၌ စည်းစိမ်ပြည့်စုံခြင်းကိုလည်းမရ
အခြံအရံပြည့်စုံခြင်းကိုလည်းမရ၊ စားကြွင်းစားလူဆင်းရဲဖြစ်၍ လှည့်လည်ရ၏။

အချို့သောသူသည် မိမိလည်းပေးလှူ၏။
သူတပါးကိုလည်း တိုက်တွန်းနှိုးဆော်၏၊
ထိုသူသည် ဖြစ်လေရာ ဖြစ်လေရာဘဝ၌ စည်းစိမ်ပြည့်စုံခြင်းကိုလည်းရ၏။
အခြံအရံပြည့်စုံခြင်းကိုလည်းရ၏ဟု ဟောတော်မူလေ၏။

ထိုအခါ၌ ပညာရှိသော ယောက်ျားတယောက်သည် ထိုတရားဒေသနာကို ကြားနာရသဖြင့် ဤအကြောင်းကား သြော်...အံ့ဖွယ်ရှိပေစွတကား။ ငါသည် ယခုအခါ နှစ်ပါးစုံပြည့်စုံခြင်းကို ဖြစ်စေတတ်သော ကုသိုလ်ကံကိုပြုအံ့ဟု ကြံလျက်ထ၍ ကြွသွားတော်မူသောအခါ မြတ်စွာဘုရားကို ဘုန်းတော်ကြီးသော မြတ်စွာဘုရား နက်ဖြန်တပည့်တော်တို့၏ ဆွမ်းကို ခံယူတော်မူကြပါဘုရားဟု လျှောက်ကြားလေ၏။

အဘယ်မျှလောက်ကုန်သော ရဟန်းတို့ဖြင့် သင့်အား အလိုရှိသနည်းဟု မိန့်တော်မူလျှင် မြတ်စွာဘုရား အလုံးစုံသော ရဟန်းတို့ဖြင့် အလိုရှိပါသည်ဘုရားဟု လျှောက်ကြားသဖြင့် ဘုရားရှင်သည် သည်းခံတော်မူလေ၏။

ထိုပညာရှိယောက်ျားသည်လည်း ရွာသို့ဝင်၍ အိုမိခင်ဖခင်တို့ ကျွန်တော်သည် နက်ဖြန်ကောင်းမှုအကျိုးငှါ ဘုရားအမှူးရှိသော ရဟန်းသံဃာကို ပင့်ဖိတ်အပ်ပြီ။ အကြင်သူသည် အကြင်မျှလောက်သော ရဟန်းတို့အား လှူခြင်းငှါ စွမ်းနိုင်၏။ ထိုသူသည် ထိုမျှလောက်သော ရဟန်းတို့အတွက် ယာဂုစသည်တို့၏ အကျိုးငှါ ဆန်အစရှိသည်တို့ကို ပေးလှူကြပါလော့ တခုတည်းသောအရပ်၌ ချက်စေ၍ အလှူကို လှူကြပါကုန်အံ့ဟု ကြွေးကြော်ကာ လှည့်လည်လေ၏။

သူဌေးကြီးဗိဠာလပဒက၏ စိတ်ရိုင်း

ထိုအခါ နိဗ္ဗာန်ဆော်ယောက်ျားကို သူဌေးတဦးသည် မိမိ၏ဈေးဆိုင်တံခါးသို့ ရောက်လာသည်ကို မြင်ရလျှင် ဤသူသည် မိမိစွမ်းနိုင်သမျှ ရဟန်းတို့ကိုသာ မပင့်ဖိတ်မူ၍ တရွာလုံးကို နှိုးဆော်လျက် လှည့်လည်လာဘိ၏ဟုဆို၍ အမျက်ထွက်လျက် သင်ယူခဲ့သောခွက်ကို ဆောင်ခဲ့ဟု ဆိုပြီးလျှင် လက်သုံးချောင်းတို့ဖြင့်ယူ၍ အနည်းငယ်သော ဆန်တို့ကို ပေးလေ၏။ ပဲနောက် ပဲလွန်းတို့ကိုလည်း ထို့အတူ ပေးလေ၏။

ထိုနေ့မှစ၍ ထိုသူဌေးသည် ဗိဠာလပဒကသူဌေးဟူသော အမည်ရှိသည်ဖြစ်လေ၏။ ထောပတ် တင်လဲစသည်တို့ကို ပေးသော်လည်း ပချုပ်ဖုံး အထွဋ်၌ ထည့်၍ တခုသောအထောင့်ကို ပြုလုပ်စောင်းငဲ့ပြီးလျှင် အပေါက် အပေါက်ယိုကျစေလျက် အနည်းငယ်မျှကိုသာလျှင် ပေးလေ၏။

နိဗ္ဗာန်ဆော် ဒါယကာသည် ကြွင်းသောသူတို့ ပေးလှူအပ်သော လှူဖွယ်ဝတ္ထုကို တပေါင်းတည်းပြု၍ ဤဗိဠာလပဒကသူဌေး ပေးလှူအပ်သော လှူဖွယ်ဝတ္ထုကိုကား အသီးအခြားသာလျှင် ယူခဲ့လေ၏။

ထိုဗိဠာလပဒကသူဌေးသည် ထိုနိဗ္ဗာန်ဆော်ပညာရှိ၏ အမူအရာကို မြင်ရလျှင် ဤသူသည် ငါပေးအပ်သော အလှူဝတ္ထုကို အသီးအခြားအဘယ့်ကြောင့် ယူဘိသနည်းဟုကြံ၍ ထိုနိဗ္ဗာန်ဆော်ဥပါသကာ၏ သွားလေရာနောက်၌ တယောက်သော ကျွန်ယုံအလုပ်အကျွေးငယ်ကို သွားတဲ့ချေ ဤနိဗ္ဗာန်ဆော်သည် အကြင်အမှုကိုပြု၏။ ထိုအမှုကို သိလေလော့ဟု စေလွှတ်လိုက်၏။

ထိုနိဗ္ဗာန်ဆော်လည်း သွားပြီးလျှင် သူဌေးအား များမြတ်သော အကျိုးသည် ဖြစ်ပါစေဟု နှလုံးပြုလျက် ယာဂု ဆွမ်း မုံ့တို့၏ အကျိုးငှါ ဆန်တစေ့နှစ်စေ့တို့ကို အနှံ့ထည့်၍ ပဲနောက် ပဲလွန်းစေ့တို့ကို၎င်း ဆီတင်လဲ စသောအပေါက်အစက်တို့ကို၎င်း အလုံးစုံသော ဘောဇဉ်တို့၌ထည့်လေ၏။

ကျွန်ယုံအလုပ်အကျွေးငယ်သည် ပြန်သွား၍ သူဌေးအား ပြောကြားလေ၏။ ထိုစကားကို ကြားရလျှင် သူဌေးသည် ထိုနိဗ္ဗာန်ဆော်သည် ပရိသတ်အလယ်၌ ငါ၏ကျေးဇူးမဲ့ကို အကယ်၍ ဆိုသည်ဖြစ်အံ့ ငါ့အမည်ကို ဆိုကာမျှ၌သာလျှင် ထိုနိဗ္ဗာန်ဆော်ကို ပုတ်ခတ်ကာ သတ်ပစ်အံ့ဟု ပုဆိုးအဝတ်ကြား၌ ဓားကိုဖွဲချည်၍ တဖန် မိုးသောက်သောနေ့၌ သွားပြီးလျှင် ဆွမ်းလုပ်ကျွေးရာအရပ်၌ နေလေ၏။

နိဗ္ဗာန်ဆော် စိတ်ကောင်းထားပုံ

ထိုနိဗ္ဗာန်ဆော် ပညာရှိယောက်ျားသည် ဘုရားအမှူးရှိသော ရဟန်းသံဃာအပေါင်းကို ဆွမ်းလုပ်ကျွေးပြီးလျှင် ဘုရားရှင်ကို ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်သည် လူအများကို တိုက်တွန်းနှိုးဆော်သဖြင့် ဤအလှူကို လှူဒါန်းအပ်ပါသည်ဘုရား။ ထိုအလှူ၌ တိုက်တွန်းနှိုးဆော်အပ်သော လူတို့သည် မိမိ၏အားအစွမ်းဖြင့် အများလည်းဖြစ် အနည်းလည်းဖြစ်ကုန်သော ဆန်စသည်တို့ကို လှူဒါန်းကြပါသည်ဘုရား။ ထိုအလုံးစုံသော သူတို့အား အကျိုးထူး အကျိုးမြတ်သည် ဖြစ်ပါစေဘုရားဟု လျှောက်ကြားလေ၏။

ထိုစကားကိုကြားရလျှင် ဗိဠာလပဒကသူဌေးသည် ငါကား ဤအမည်ရှိသောသူသည် လက်ဖျစ်ဖြင့်ယူ၍ ဆန်ပေးလှူအပ်ကုန်၏ဟူ၍ ငါ့အမည်ကို ဆိုကာမျှဖြစ်သောအခါ၌ ဤသူကို သတ်ပစ်အံ့ဟု နှလုံးပြု၍လာခဲ့ပေ၏။ ဤနိဗ္ဗာန်ဆော်သည်ကား အလုံးစုံသော သူတို့အား ချီးမြှောက်ခြင်းကို ပြုလျက် အကြင်သူတို့သည် ပြည်တောင်းစသည်တို့ဖြင့်ခြင်၍ ပေးလှူ၏။ အကြင်သူတို့သည်လည်း လက်ဖျစ်ဖြင့်ယူ၍ ပေးလှူ၏။ ခပ်သိမ်းသော ထိုသူတို့အား အကျိုးထူး အကျိုးမြတ်သည် ဖြစ်ပါစေဘုရားဟု ဆိုဘိ၏တကား။

ငါသည် ဤသို့သဘောရှိသော သူတော်ကောင်းကို အကယ်၍ မကန်တော့ချေသည်ဖြစ်အံ့ နတ်ဒဏ်မည်သည် ငါ၏ ထိပ်ထက်၌ ကျလတ္တံ့ဟု ပူပန်ကြံစည်လျက် သူဌေးသည် နိဗ္ဗာန်ဆော်၏ ခြေရင်း၌ဝပ်၍ အရှင်ငါ့အား သည်းခံပါဟုဆိုလေ၏။ နိဗ္ဗာန်ဆော်ဥပါသကာက ဤအကြောင်းကား အဘယ်အကြောင်းပါနည်းဟု ဆိုလတ်သော် အလုံးစုံသော ထိုအကြောင်းကို ပြောကြားလေ၏။

ထိုအမူအရာကို မြင်တော်မူလျှင် မြတ်စွာဘုရားသည် ဤအကြောင်းကား အဘယ်နည်းဟုအလှူ၌ အမှုကြီးငယ်ပြုသော နိဗ္ဗာန်ဆော်ကို မေးတော်မူလေ၏။ ထိုနိဗ္ဗာန်ဆော်သည် လွန်လေပြီးသောနေ့မှစ၍ အလုံးစုံသော ထိုအကြောင်းကို လျှောက်ကြားလေ၏။ ထိုအခါ သူဌေးကို မြတ်စွာဘုရားသည် ဒါယကာသူဌေး ဤသို့ဆိုသောအတိုင်း ဟုတ်မှန်သလောဟု မေးတော်မူသဖြင့် မြတ်စွာဘုရား ဟုတ်မှန်လှပါသည်ဘုရားဟု လျှောက်ကြားလတ်သော် ဒါယကာသူဌေး ကောင်းမှုမည်သည်ကို အနည်းငယ်မျှတကားဟု မအောက်မေ့သင့် ပညာရှိသောလူတို့သည် ကောင်းမှုကို ပြုကြကုန်လျက် ဟင်းလင်းပွင့်သောအိုးကို ရေဖြင့်ပြည့်စေသကဲ့သို့ အစဉ်အတိုင်းအားဖြင့် ကောင်းမှုဖြင့် ပြည့်စေကြကုန်သည်သာလျှင်တည်းဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၁၂၂။ မာဝ မညေထ ပုညဿ၊ န မန္ဒံ အာဂမိဿတိ။
ဥဒဗိန္ဒုနိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ။
ပူရတိ ဓီရော ပုညဿ၊ ထောကံ ထောကံပိ အာစိနံ။

မန္ဒံ၊ အနည်းငယ်ပြုအပ်သော ကုသိုလ်ကံသည်။
နအာဂမိဿတိ၊ အကျိုးပေးသောအားဖြင့် မရောက်လာလတ္တံ့ ။
ဣတိ၊ ဤသို့။
ပုညဿ၊ ကောင်းမှုကို။
မာဝမညေထ၊ မထေမဲ့မြင် မမှတ်ထင်ရာ။
ဥဒဗိန္ဒုနိပါတေန၊ ရေတပေါက်တပေါက်မျှ ကျခြင်းဖြင့်။
ဥဒကုမ္ဘောပိ၊ ရေအိုးကြီးသည်လည်း။
ပူရတိယထာ၊ ပြည့်သကဲ့သို့။
ဓီရော၊ ပညာရှိသည်။
ထောကံ ထောကံပိ၊ အနည်းအနည်းမျှလည်းဖြစ်သော ကုသိုလ်ကို။
အာစိနံ-အာစိနန္တော၊ ပွားများစေမှု လုံ့လပြုသည်ရှိသော်။
ပုညဿ၊ ကောင်းမှုဖြင့်။
ပူရတိ၊ ပြည့်၏၊

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ဗိဠာလပဒကသူဌေးသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာဖြစ်တော်မူလေ၏။

ဗိဠာလပဒကသူဌေးဝတ္ထုပြီး၏။

၇ - မဟာဓန ကုန်သည်ကြီးဝတ္ထု

ဝါဏိဇောဝ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် မဟာဓနမည်သော ကုန်သည်ကြီးကို အကြောင်းပြု၍ ဟောတော်မူ လေ၏။

ကုန်သည်ကြီးကို ခိုးသူငါးရာ ကြံစည်ပုံ

ထိုကုန်သည်ကြီး၏ အိမ်၌ ခိုးသူငါးရာတို့သည် အခွင့်ကို ရှာကုန်သည်ရှိသော် အခွင့်ကို မရကြလေကုန်။ တပါးသောအခါ၌ ကုန်သည်ကြီးသည် လှည်းငါးရာတို့ကို ဥစ္စာဘဏ္ဍာဖြင့် ပြည့်စေ၍ ရဟန်းတို့အား ဘုရားတပည့်တော်သည် ဤမည်သော အရပ်သို့ ကုန်သွယ်ခြင်းငှါ သွားပါအံ့။ ထိုအရပ်သို့ ကြွသွားလိုသော အရှင်ကောင်းတို့သည် ထွက်ကြွတော်မူကြပါဘုရား။ လမ်းခရီး၌ ဆွမ်းဖြင့် မပင်ပန်းကြရပါကုန် လတ္တံ့ဟု လျှောက်ကြားစေလေ၏။

ထိုစကားကို ကြားရလျှင် ငါးရာသော ရဟန်းတို့သည် ထိုကုန်သည်ကြီးနှင့် အတူတကွ ခရီး သွားကြကုန်၏။ ခိုးသူတို့သည်လည်း ထိုကုန်သည်ကြီး ထွက်သွားသတတ် ဟုသွား၍ တောအုပ်၌ နေကြလေကုန်၏။ ကုန်သည်ကြီးသည်လည်း သွား၍ တောအုပ်အဝ တခုသောရွာ၌ နေခြင်းကို ပြုလျက် နှစ်ရက် သုံးရက်တို့ ပတ်လုံး နွားလှည်းစသည်တို့ကို ပြုပြင် စီရင်လေ၏။

ထိုရဟန်းတို့အားကား မပြတ်ဆွမ်းကို လှူသည်သာလျှင်တည်း။ ခိုးသူတို့သည် ထိုကုန်သည်ကြီး ကြာမြင့်လွန်းသည်ရှိသော် သွားချေ။ ထိုကုန်သည်ကြီး ထွက်လာအံ့သော နေ့ကို သိပြီးမှ လာခဲ့ လော့ဟု ခိုးသူတယောက်ကို စေလွှတ်ကြကုန်၏။

ထိုခိုးသူသည် ထိုရွာသို့ ရောက်လျှင် တယောက်သော အဆွေခင်ပွန်းကို အဘယ်အခါ ကုန်သည်ကြီး ထွက်လတ္တံ့နည်းဟု မေးလေ၏။ ထိုအဆွေခင်ပွန်း သည် နှစ်ရက် သုံးရက် လွန်သောအခါ ထွက်လတ္တံ့ ဟု ပြောပြ၍ အဘယ်အကျိုးငှါ မေးသနည်းဟု ပြန်၍ မေးလေ၏။ ထိုအခါ ထိုအဆွေခင်ပွန်းအား ခိုးသူ ယောက်ျားက ငါတို့သည် ငါးရာကုန်သော ခိုးသူတို့ဖြစ်၍ ထို ကုန်သည်ကြီး၏ အကျိုးငှါ တောအုပ်၌ နေကြကုန်၏ဟု ပြောကြားလေ၏။

ရွာသား အဆွေ ခင်ပွန်းသည် ထိုသို့ဖြစ်မူ လျင်မြန်စွာ သွားချေလော့ ထွက်လာလတ္တံ့ဟု ပြောဆို ကာ လွှတ်လိုက်ပြီးလျှင် ခိုးသူတို့ကို တားမြစ်ရအံ့လော။ ထိုသို့မဟုတ် ကုန်သည်ကြီးကို တားမြစ် ရအံ့လောဟုကြံ၍ ငါ့အား ခိုးသူတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ကုန်သည်ကြီးကိုမှီ၍ ငါးရာသော ရဟန်းတို့သည့် အသက် ရှင်ကြကုန်၏။

ကုန်သည်ကြီးအား အမှတ်သညာကို ပေးအံ့ဟု နှလုံးပြုလျက် ရွာနေ အဆွေ ခင်ပွန်းသည် ထို ကုန်သည်ကြီး၏ အထံသို့သွား၍ အဘယ်နေ့၌ သွားကြပါကုန်အံ့နည်းဟု မေးလတ်သော် သုံးရက် မြောက်သောနေ့၌ သွားကြပါကုန်အံ့ဟု ဆိုလျှင် အကျွန်ုပ်၏စကားကို လိုက်နာကြပါကုန်လော့။ တောအုပ်၌ အသင်တို့၏ အကျိုးငှါ ခိုးသူ ငါးရာတို့သည် နေနှင့်ကြကုန်၏။ အဆောတလျင် မသွားကြပါလင့်ဟု တားမြစ်လေ၏။

ကုန်သည်လိမ္မာ အတင့်မရဲခြင်း

အသင်သည် အဘယ် အကြောင်းဖြင့် သိသနည်းဟု မေးသဖြင့် ထိုခိုးသူ ငါးရာတို့အတွင်း၌ အကျွန်ုပ်၏ အဆွေခင်ပွန်းရှိ၏။ ထိုအဆွေခင်ပွန်း ခိုးသူ၏ ပြောဆိုသောစကားဖြင့် အကျွန်ုပ် သိအပ်၏ဟု ဆိုလေလျှင် ထိုသို့ဖြစ်မူ ငါ့အား ဤအရပ်သို့ သွားခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း ပြန်လည်၍ အိမ်သို့သာလျှင် သွားတော့အံ့ဟု ဆိုလေ၏။

ထိုကုန်သည်ကြီး ကြာမြင့်လတ်သည်ရှိသော် တဖန် ထိုခိုးသူတို့ စေခိုင်းအပ်သော ယောက်ျားသည် လာပြီးလျှင် ထိုရွာနေ အဆွေ ခင်ပွန်းကို မေးပြန်သဖြင့် ထိုအကြောင်းကို ကြားရခြင်းကြောင့် ပြန်လည်၍ အိမ်သို့သာလျှင် သွားလိမ့်သတတ်ဟု ပြောဆိုလေသော် ပြန်သွား၍ ခိုးသူတို့အား ပြောကြားလေ၏။ ထိုစကားကို ကြားရလျှင် ခိုးသူတို့သည် ထိုတောအုပ်မှ ထွက်ခဲ့၍ တပါး လမ်းခရီး၌ နေကြကုန်၏။

ကုန်သည်ကြီး ကြာမြင့်ပြန်သည် ရှိသော် တဖန်လည်း ထိုငါးရာသော ခိုးသူတို့သည် ထိုအဆွေ ခင်ပွန်း၏ အထံသို့ စေလွှတ်ကြံပြန်ကုန်၏။ ထို အဆွေခင်ပွန်းသည် ထိုခိုးသူတို့ ထိုလမ်းခရီး၌ နေသည့် အဖြစ်ကိုသိပြန်လျှင် တဖန်ကုန်သည်ကြီးအား ပြောကြား သိစေပြန်လေ၏။

ကုန်သည်ကြီးသည် ဤရွာ၌လည်း ငါ့အား ချို့တဲ့ခြင်းမရှိ။ ဤသို့မချို့တဲ့သည် ရှိသော် ဤအရပ် သို့လည်း မသွားတော့အံ့။ ထိုအရပ်သို့လည်း မသွားတော့အံ့။ ဤအရပ်၌သာလျှင် နေတော့အံ့ ဟုကြံ၍ ရဟန်းတို့၏အထံသို့ သွားပြီးလျှင် အရှင်ဘုရားတို့ ခိုးသူတို့သည် လုယက်တိုက်ခိုက် လိုကုန်သည် ဖြစ်၍ လမ်းခရီး၌ နေကြကုန်သတတ်။ တဖန်ပြန်လည်လတ္တံ့ဟု ကြားပြန်၍ ဤမှ တပါးသော လမ်းခရီး၌ နေကြပြန်သတတ်။

တပည့်တော်သည် ထိုအရပ်သို့၎င်း ဤအရပ်သို့၎င်း မသွားသေးမူ၍ အတန်ငယ် ကာလပတ်လုံး ဤအရပ်၌သာလျှင် နေဦးအံ့။ အရှင်ကောင်းတို့သည် ဤအရပ်၌ နေလိုကုန်သည်ဖြစ်အံ့ နေတော်မူကြပါ။ ကြွလိုကုန်သည်ဖြစ်အံ့ မိမိ၏အလိုကို ပြုတော်မူကြပါဘုရားဟု လျှောက်ကြား လေ၏။

ရဟန်းတို့သည်လည်း ဤသို့ဖြစ်လတ်သော် ငါတို့သည် ပြန်လည်ကုန်အံ့ဟု ကုန်သည်ကြီးကို ပန်ကြား၍ တဖန် သာဝတ္ထိပြည်သို့သာ ပြန်သွား၍ ဘုရားရှင်ကို ရှိခိုးကာနေကြကုန်၏။ ဘုရားရှင် သည် ချစ်သားရဟန်းတို့ ကုန်သည်ကြီးနှင့် အတူတကွ မသွားကြကုန်ပြီလောဟု မေးတော် မူခြင်းကြောင့် မြတ်စွာဘုရား မသွားကြသည်မှန်ပါ၏။

မဟာဓန ကုန်သည်ကြီးအား လုယက် တိုက်ခိုက်ခြင်းငှါ လမ်းခရီး နှစ်သွယ်တို့၌ ခိုးသူတို့သည် နှောင့်ရှက် ပိတ်ပင်ကြပါကုန်၏။ ထို့ကြောင့် ကုန်သည်ကြီးသည် ထိုအရပ်၌သာလျှင် နေရခြင်းကြောင့် တပည့်တော်တို့သည် တဖန် ပြန်လာကြပါသည် ဘုရားဟု လျှောက်လတ်သော် ချစ်သားရဟန်းတို့ မဟာဓန ကုန်သည်ကြီးသည် ခိုးသူတို့ရှိသည်၏ အဖြစ်ကြောင့် လမ်းခရီးကို ကြဉ်ရှောင်ခဲ့၏။

အသက်ရှင်ခြင်းငှါ အလိုရှိသော ယောက်ျားသည် လတ်တလော သေစေတတ်သော အဆိပ်ကို ကြဉ်ရှောင်သကဲ့သို့ ရဟန်းသည်လည်း ဘဝသုံးပါးတို့သည် ခိုးသူတို့လုယက် တိုက်ခိုက်ရန် ထကြွသော လမ်းခရီးနှင့် တူကုန်၏ ဟု သိသဖြင့် မကောင်းမှုကို ကြဉ်ရှောင်ခြင်းငှါသင့်၏ဟု မိန့်တော်မူ၍ အနုသန္ဓေကိုစပ်လျက် တရားဟောကြားတော် မူလိုရကား ဤဂါထာကို မိန့်တော်မူ လေ၏။

ဒေသနာတော်

၁၂၃။ ဝါဏိဇောဝ ဘယံမဂ္ဂံ၊ အပ္ပသတ္ထော မဟဒ္ဓနော။
ဝိသံ ဇီဝိတုကာမောဝ၊ ပါပါနိ ပရိဝဇ္ဇယေ။

အပ္ပသတ္ထော၊ နည်းသောကုန်သည် အပေါင်းအဖေါ်ရှိသော။
မဟဒ္ဓနော၊ များသောဥစ္စာရှိသော။
ဝါဏိဇော၊ ကုန်သည်သည်။
ဘယံ၊ ဘေးဘျမ်းရှိသော။
မဂ္ဂံ၊ လမ်းခရီးကို။
ပရိဝဇ္ဇေတိ ဣ၀၊ ကြဉ်ရှောင်သကဲ့သို့၎င်း။
ဇီဝိတုကာမော၊ အသက် ရှင်လိုသောသူသည်။
ဝိသံ၊ လတ်တလော သေစေတတ်သောအဆိပ်ကို။
ပရိဝဇ္ဇေတိ ဣဝ၊ ကြဉ်ရှောင်သကဲ့သို့၎င်း။
ပဏ္ဍိတောဘိက္ခု၊ ပညာရှိသောရဟန်းသည်။
ပါပါနိ၊ အနည်းငယ်သော မကောင်းမှုတို့ကိုလည်း။
ပရိဝဇ္ဇယေ၊ ကြဉ်ရှောင်ရာ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုရဟန်းတို့သည် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်ကြလေကုန်၏။ ရောက်လာသော လူများအပေါင်း အားလည်း အကျိုးရှိသော တရား ဒေသနာ ဖြစ်တော်မူလေ၏။

မဟာဓနကုန်သည်ကြီးဝတ္ထု ပြီး၏။

---

၈ - ကုက္ကုဋမိတ္တမုဆိုးဝတ္ထု

ပါဏိမှိစေ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ကုက္ကုဋမိတ္တ အမည်ရှိသော မုဆိုးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သူဌေးသမီးနှင့်မုဆိုး သားခုနစ်ယောက်ရခြင်း

ရာဇဂြိုဟ်ပြည်၌ သူဌေးသမီးတယောက်သည် အရွယ်သို့ ရောက်လတ်သည် ရှိသော် ဘုံခုနစ်ဆင့် ရှိသော ပြာသာဒ်၏အထက် ကြက်သရေရှိသော တိုက်ခန်း၌ စောင့်ရှောက်ခြင်းငှါ အလုပ်အကျွေး ကျွန်မငယ် တယောက်ကိုပေး၍ ကျွေးမွေး ပြုစုအပ်သည်ဖြစ်လျက် တနေ့သ၌ ညချမ်းသောအခါ လေသာတံခါးဖြင့် လမ်းမ အလယ်ကို ကြည့်ရှုနေစဉ် -

ကျော့ကွင်းငါးရာ မြှောင့်တံစို့ ငါးရာ တို့ကိုယူလျက် သား သမင်တို့ကို သတ်ဖြတ်၍ အသက် မွေးသော တယောက်သော ကုက္ကုဋမိတ္တ အမည်ရှိသော မုဆိုးကြီးကို ငါးရာသော သမင်တို့ကို သတ်၍ ထိုသမင်တို့၏ အသားဖြင့် လှည်းကြီးကို ပြည့်စေလျက် လှည်းဦး၌ထိုင်ပြီးလျှင် အမဲသားကို ရောင်းခြင်းငှါ မြို့သို့ဝင်လာသည်ကိုမြင်ရလျှင် ထိုမုဆိုး၌ တပ်သောစိတ်ရှိသည်ဖြစ်၍ အလုပ်အကျွေး ကျွန်မငယ်၏လက်၌ စာလွှာကို ပေးသဖြင့် သွားချေ .. ထိုမုဆိုးကြီး၏ ပြန်သွားအံ့သော အချိန် ကာလကို သိပြီးမှ လာခဲ့ချေလော့ဟု စေလွှတ်လိုက်လေသတတ်။

ထိုကျွန်မငယ်သည် သွား၍ မုဆိုးကြီးအား စာလွှာကိုပေးပြီးလျှင် မေးမြန်းလေ၏။ ယနေ့ အမဲသားဟင်းမျိုးကိုရောင်း၍ နံနက်စောစောကြမှ ဤမည်သော တံခါးဖြင့် ထွက်၍ ပြန်သွားအံ့ဟု ဆိုလတ်သော် ကျွန်မငယ်သည် ထိုမုဆိုးကြီး ဆိုအပ်သော စကားကို ကြားရ၍ ပြန်သွားပြီးလျှင် သူဌေးသမီးအား ပြောကြားလေ၏။

သူဌေးသမီးသည် မိမိယူအပ်သည်နှင့် ယှဉ်သော အဝတ်တန်းဆာ အပေါင်းကို စီရင်ခန့်ရမ်းပြီးမှ နံနက်စောစောပင်လျှင် ညစ်နွမ်းသော ထမီအဝတ်ကိုဝတ်၍ ရေအိုးကိုရွက်လျက် ကျွန်မတို့နှင့် အတူတကွ ရေဆိပ်သို့ သွားလေဟန်ကဲ့သို့ ထွက်၍ ထိုအရပ်သို့ သွားပြီးလျှင် မုဆိုးကြီး၏ လာခြင်းကို ကြည့်ရှုမြှော်လင့်လျက် နေနှင့်လေ၏။

ထိုမုဆိုးကြီးသည်လည်း စောစောကပင်လျှင် လှည်းကို နှင်လျက် ထွက်လာလေ၏။ သူဌေးသမီး သည် မုဆိုးကြီး၏နောက်သို့ လိုက်သွားလေ၏။ မုဆိုးကြီးသည် သူဌေးသမီးကိုမြင်လျှင် ချစ်နှမ သင်ကား အဘယ်သူ၏ သမီးဖြစ်သနည်းဟု မေးပြီးလျှင် ငါကား သင့်ကို ဤမည်သောသူ၏သမီးဟု မသိ။ ငါ၏နောက်သို့ မလိုက်လာပါလင့်ဟု ဆိုလေ၏။ အရှင်သည် ကျွန်မကိုခေါ်ဆောင်သည် မဟုတ်ပါ။ ကျွန်မသည် မိမိ၏သဘောအားဖြင့် လာခဲ့ပါသည် အရှင် ဆိတ်ဆိတ်နေ၍ မိမိ၏ လှည်းကိုသာ မောင်းနှင်ပါလော့ဟု ဆိုလတ်သော် ထိုမုဆိုးကြီး သည်လည်း အဖန်တလဲလဲ သူဌေးသမီးကို တားမြစ်သည်သာတည်း။

ထိုအခါ မုဆိုးကြီးကို သူဌေးသမီးသည် အရှင့်သား ကြက်သရေမင်္ဂလာ မည်သည် မိမိအထံသို့ လာသည်ရှိသော် တားမြစ်ခြင်းငှါ မသင့်ဟု ဆိုလေ၏။ မုဆိုးကြီးသည် ထိုသူဌေးသမီးအပေါ်၌ ယုံမှား ကင်းသဖြင့် လာခြင်းအကြောင်းကို သိရလျှင် သူဌေးသမီးကို လှည်းထက်သို့ တင်လျက် သွားလေ၏။

ထိုသူဌေးသမီး၏ မိခင်ဖခင်တို့သည် ထိုမှဤမှ ရှာဖွေ၍ မမြင်ကုန်သည်ရှိသော် သေသည် ဖြစ်လတ္တံ့ဟု သေသူအလို့ငှါ ဆွမ်းကျွေးခြင်း မတကဘတ်အလှူကို ပြုလုပ်ကြရလေကုန်၏။ သူဌေးသမီးသည်လည်း ထိုမုဆိုးကြီးနှင့် အတူတကွ ပေါင်းသင်းနေထိုင်ခြင်းကို အစွဲပြု၍ အစဉ်အတိုင်း သား ခုနစ်ယောက် တို့ကို ဖွားမြင်ပြီးလျှင် ထိုသားတို့ကို အရွယ်သို့ ရောက်လတ်သည် ရှိသော် အိမ်ရာထောင်ခြင်းဖြင့် နှောင်ဖွဲ့လေ၏။

မုဆိုးရှစ်ယောက် ဘုရားကို လေးဖြင့်ချိန်နေပုံ

ထိုအခါ တနေ့သ၌ ဘုရားရှင်သည် နံနက်စောစော မိုးသောက်သောအခါ လောကကို ကြည့်ရှုသည် ရှိသော် ကုက္ကုဋမိတ္တကို သားခုနစ်ယောက်နှင့်တကွ ကိုယ်တော်မြတ်၏ ဉာဏ်တော် ကွန်ယက် အတွင်းသို့ ဝင်လာသည်ကို မြင်တော်မူရလျှင် ဤအကြောင်းကား အဘယ်နည်းဟု စူးစမ်း ဆင်ခြင်တော်မူသဖြင့် တကျိပ် ငါးယောက်ကုန်သော ထိုသူတို့၏ သောတာပတ္တိမဂ်ရကြောင်း ဥပနိဿယကို မြင်တော်မူခြင်းကြောင့် နံနက်စောစောကသာလျှင် သပိတ် သင်္ကန်းကို လွယ်ယူကာ မုဆိုးကြီး၏ ကျော့ကွင်းထောင်ရာ အရပ်သို့ ကြွသွားတော်မူလေ၏။

ထိုနေ့၌ကား ကျော့ကွင်းတွင်မိသော တကောင်သော သမင်မျှလည်းမရှိ။ ဘုရားရှင်သည် ထို မုဆိုးကြီး၏ ကျော့ကွင်းအနီး၌ ခြေတော်ရာ ရွှေစက်ကို ပြထားပြီးလျှင် ရှေ့မှချုံတခု၏ အရိပ် အောက်၌ နေတော်မူလင့်၏။ ကုက္ကုဋမိတ္တသည် နံနက်စောစောကသာလျှင် လေးကိုယူ၍ ကျော့ကွင်း ထောင်ရာသို့ သွားသဖြင့် အစမှစ၍ ကျော့ကွင်းတို့ကို ကြည့်ရှုလတ်သော် ကျော့ကွင်း၌မိသော သမင် တကောင်ကိုမျှလည်း မမြင်ရမူ၍ ဘုရားရှင်၏ ခြေတော်ရာ ရွှေစက်ကို မြင်လေ၏။

ထိုအခါ မုဆိုးကြီးအား အဘယ်သူသည် ငါထောင်အပ်သော သမင်တို့ကို လွှတ်ပစ်၍ သွားလေ ဘိသနည်းဟု ဤသို့သော အကြံဖြစ်ပေါ်လာ၏။ မုဆိုးကြီးသည် ခြေတော်ရာရှင်ဖြစ်သော မြတ်စွာဘုရား၌ ရန်ငြိုးဖွဲ့၍ သွားလေသော် ချုံအောက်၌ သီတင်းသုံး နေတော်မူသော ဘုရားရှင်ကို မြင်တွေ့လျှင် ဤသူသည် ငါ၏သမင်တို့ကို လွှတ်ပစ်အပ်သည် ဖြစ်ကုန်လတ္တံ့။ ထိုသူကို သတ်တော့အံ့ဟု လေးကိုတင်လေ၏။

ဘုရားသဗ္ဗညုသည် လေးကိုတင်နိုင်စိမ့်သောငှါ ပေး၍ လွှတ်စိမ့်သောငှါ မပေးဘဲ ထားလေ၏။ ထိုမုဆိုးကြီးသည် မြှားကိုလွှတ်ခြင်းငှါ သော်လည်း မတတ်နိုင်ရကား နံရိုးတို့မှ ကျိုးပဲ့ ကွဲအက်လေ သကဲ့သို့ ခံတွင်းမှ တံတွေး တစိစိ ယိုထွက်သဖြင့် ပင်ပန်းသော သဘောရှိလျက် နေရရှာလေ၏။

ထိုအခါ မုဆိုးကြီး၏သားတို့သည် အိမ်သို့သွားကြကုန်သဖြင့် ငါတို့၏ဖခင်သည် ကြာမြင့်လှ၏။ ဤသို့ ကြာမြင့်ရခြင်းကား အဘယ့်ကြောင့်နည်းဟု ဆိုလတ်သော် ချစ်သားတို့ ဖခင်၏အထံသို့ လိုက်သွားကြကုန်ဦးဟု မိခင်စေခိုင်းအပ် သောကြောင့် သားခုနစ်ယောက်တို့သည် လေးတို့ကို ကိုယ်စီယူကာ သွားကြသဖြင့် နံရိုးကျိုးလုမတတ် လေးကိုင်လျက် တံတွေး ယိုဆင်းသော အခြင်းအရာဖြင့် ရပ်နေသော ဖခင်ကိုမြင်ရလျှင် ဤသူကား ငါတို့ဖခင်၏ ရန်သူဖြစ်လတ္တံ့ ဟု နှလုံးပြုလျက် သားခုနစ်ယောက်စလုံး တို့ကလည်း လေးတို့ကိုတင်ကြပြီးလျှင် ဘုရားရှင်၏ တန်ခိုးအာနုဘော်တော်အားဖြင့် မုဆိုးသားတို့၏ ဖခင် ရပ်တည်နေသကဲ့သို့ ထို့အတူသာလျှင် ရပ်တည်နေကြရလေကုန်၏။

ကုက္ကုဋမိတ္တမုဆိုးနှင့် သားသမီးတစု သောတာပန်တည်ခြင်း

ထိုအခါ သားတို့၏ မိခင်သည် ငါ့သားတို့ကား ကြာမြင့်လှကုန်၏။ အကြောင်း အသို့နည်းဟု ချွေးမခုနစ်ယောက်တို့နှင့် အတူတကွ လိုက်သွား၍ ထိုအခြင်းအရာဖြင့် ရပ်နေကြကုန်သော ထိုရှစ်ယောက်သော သူတို့ကို မြင်သဖြင့် အဘယ်သူအား ပစ်ရန် ဤသူတို့သည် လေးတို့ကိုတင်၍ ရပ်နေကြကုန်ဘိသနည်းဟု ကြည့်ရှုလတ်သည်ရှိသော် ဘုရားသဗ္ဗညုကိုမြင်ရလျှင် လက်တို့ကို မြှောက်ချီလျက် ငါ့ဖခင်ကို မသတ်ကြပါနှင့်ဟု သည်းစွာသော အသံကိုပြုလေ၏။

ကုက္ကုဋမိတ္တ မုဆိုးကြီးသည် ထိုအသံကိုကြားရလျှင် ဪ ... ငါကား ချွတ်ချော် ပျက်စီး မှားယွင်းကြီး မှားယွင်းလေစွတကား။ ဤသူကား ငါ၏ယောက္ခမ ဖြစ်လေသတတ်။ ငါသည် အလွန်ဝန်လေးသော အမှုကို ပြုမိရလေခြင်းဟု ကြံစည်မိလေ၏။ ထိုမုဆိုးကြီး၏ သားတို့သည် လည်း ဤသူကား ငါတို့၏ အဘိုးဖြစ်လေသတတ်။ အလွန်ဝန်လေးသော် အမှုကိုပြုမိရလေခြင်းဟု ကြံစည်မိကြလေကုန်၏။

ကုက္ကုဋမိတ္တ မုဆိုးကြီးသည် ဤသူကား ငါ၏ယောက္ခမ ပါတကားဟု ချစ်ခင် မြတ်နိုးသော စိတ်ကို ဖြစ်စေလေ၏။ ထိုမုဆိုးကြီး၏ သားတို့သည်လည်း ငါတို့၏ အဘိုးပါတကားဟု ချစ်ခင်မြတ်နိုးသော စိတ်ကိုဖြစ်စေကြလေကုန်၏။ ထိုအခါ ထိုသူတို့၏မိခင်ဖြစ်သော သူဌေးသမီးသည် လေးတို့ကို မြန်မြန်စွန့်ပစ်၍ ငါ့ဖခင်ကို ကန်တော့ကြဟု ပြောဆိုလေ၏။ ဘုရားရှင်သည် ထိုသူတို့၏ နူးညံ့သောစိတ် ကိုသိတော်မူသဖြင့် လေးကို ချနိုင်စိမ့်သောငှါ ပေးလေ၏။

ထိုအလုံးစုံကုန်သော သူတို့သည် ဘုရားရှင်ကို ရှိခိုး၍ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်တို့အား သည်းခံတော်မူကြပါဘုရားဟု တောင်းပန် ကန်တော့ပြီးလျှင် တင့်အပ် လျောက်ပတ်သော အရပ်၌ နေကြလေကုန်၏။ ထိုအခါ ထိုသူတို့အား ဘုရားရှင်သည် အစဉ် အတိုင်း ဖြစ်သော တရားစကားကို ဟောကြားတော်မူလေ၏။ ဒေသနာတော်၏ အဆုံး၌ ကုက္ကုဋမိတ္တ မုဆိုးကြီးသည် သားခုနစ်ယောက် ချွေးမခုနစ်ယောက်တို့နှင့် အတူတကွ မိမိလျှင် တဆဲ့ငါးယောက် မြောက်ဖြစ်၍ သောတာပတ္တိဖိုလ်၌ တည်လေ၏။

သောတာပန်တည်ရာ သူဌေးသမီး မပါခြင်း

ဘုရားရှင်သည်လည်း ဆွမ်းအလို့ငှါ လှည့်လည်တော်မူပြီးလျှင် ဆွမ်းစားချိန်မှ နောက်အချိန်တွင် ကျောင်းတော်သို့ ကြွသွားတော်မူလေ၏။ ထိုအခါ ဘုရားသဗ္ဗညုကို ရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရား အဘယ်အရပ်သို့ ကြွသွားတော်မူပါသနည်း ဘုရားဟု မေးလျှောက်လေ၏။ ချစ်သားအာနန္ဒာ ကုက္ကုဋမိတ္တ မည်သော မုဆိုးကြီး၏ အထံသို့ ကြွသွား၏ဟု မိန့်တော်မူလျှင် မြတ်စွာဘုရား ရှင်တော်မြတ်ဘုရား တို့သည် သူ့အသက်သတ်ခြင်း အမှုကို မပြုအောင် ပြုအပ်ပါပြီလော ဘုရားဟု မေးလျှောက်လေ၏။

ချစ်သားအာနန္ဒာ သြော် မှန်ပေ၏။ ထိုကုက္ကုဋမိတ္တသည် မိမိလျှင် တဆဲ့ငါးယောက်မြောက် ရှိသည်ဖြစ်၍ မတုန်မလှုပ်သော ကြည်ညိုခြင်း၌ တည်သဖြင့် ရတနာသုံးပါးတို့၌ ယုံမှားခြင်း မရှိဘဲ သူ့အသက် သတ်ခြင်းအမှုကို မပြုသောသူ ဖြစ်ပြီဟု မိန့်တော်မူလျှင် ထို ရဟန်းတို့သည် မြတ်စွာဘုရား ထိုမုဆိုးအား မယားရှိသည် မဟုတ်ပါလော ဘုရားဟု လျှောက်ကြကုန်၏။

ချစ်သားရဟန်းတို့ ရှိသည်မှန်၏။ ထိုမယားကား မိဘအိမ်၌ သတို့သမီးငယ်ဖြစ်စဉ် သောတာပတ္တိ ဖိုလ်သို့ရောက်လေပြီဟု မိန့်လတ်သော် ရဟန်းတို့သည် ကုက္ကုဋမိတ္တမုဆိုးကြီး၏ မယားသည် သတို့သမီးငယ်ဖြစ်စဉ် ကာလကပင်လျှင် သောတာပတ္တိဖိုလ်သို့ ရောက်လျက် ထိုမုဆိုးအိမ်သို့ ရောက်သွား၍ သားခုနစ်ယောက်တို့ကို ရသတတ်။ ထိုသတို့သမီးသည် ဤမျှကာလပတ်လုံး လင်မုဆိုးကြီးက လေးကိုဆောင်ခဲ့လော့။ မြှားတို့ကိုယူခဲ့လော့။ လှံကိုယူခဲ့လော့။ ပိုက်ကွန်ကို ယူခဲ့လော့ဟု ဆိုအပ်သည်ရှိသော် ထိုလေး မြှား စသည်တို့ကို ပေးရလေ၏။

ထိုမုဆိုးကြီးသည် မယားပေးအပ်သော လေး မြှား စသည်တို့ကို ယူသွား၍ သူ့အသက်သတ်ခြင်းကို ပြုပေ၏။ အသို့နည်း သောတာပန်တို့ သည်လည်း သူ့အသက်သတ်ခြင်းကို ပြုကြကုန်သလောဟု စကားကို ဖြစ်စေကြလေကုန်၏။ ဘုရားရှင်သည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူခြင်းကြောင့် ဤမည်သော စကားဖြင့် စည်းဝေးကြပါသည်ဘုရားဟု နားတော် လျှောက်သည်ရှိသော် -

ချစ်သားရဟန်း သောတာပန်တို့မည်သည် သူ့အသက်သတ်ခြင်းကို မပြုကြကုန်။ ထိုမိန်းမသည်ကား လင်ယောက်ျား၏ စကားကို လိုက်နာအံ့ဟု လင်ကဆိုတိုင်းပြုဘိ၏။ ဤ လေး မြှား စသည်ကို ယူ၍ ဤ မုဆိုးကြီးသွားပြီးလျှင် သူ့အသက်သတ်ခြင်းကို ပြုနိုင်ပါစေသတည်း ဟူသော စိတ်သည် ထိုမိန်းမအား မရှိ။ လက်ဝါးပြင်၌ အနာမရှိသော် အဆိပ်ကို ကိုင်ယူသောသူအား ထိုအဆိပ်သည် လောင်ခြင်းငှါ မတတ်နိုင်။

ဤအတူသာလျှင် အကုသိုလ်စေတနာ မရှိခြင်းကြောင့် မကောင်းမှုကိုမပြု လိုသောသူအား လေး စသည်တို့ကို ထုတ်၍ ပေးသော်လည်း မကောင်းမှုမည်သည် မဖြစ်ဟု မိန့်တော်မူ၍ အနုသန္ဓေ စပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၁၂၄။ ပါဏိမှိ စေ ဝဏော နာဿ၊ ဟရေယျ ပါဏိနာ ဝိသံ။
နာဗ္ဗဏံ ဝိသ မနွေတိ၊ နတ္ထိ ပါပံ အကုဗ္ဗတော။

ပါဏိမှိ၊ လက်ဝါးပြင်၌။
ဝဏော၊ အနာသည်။
စေနာဿ၊ အကယ်၍မဖြစ်ငြားအံ့။
ပါဏိနာ၊ လက်ဖြင့်။
ဝိသံ၊ အဆိပ်ကို။
ဟရေယျ၊ ကိုင်ယူနိုင်ရာ၏။
အဗ္ဗဏံ၊ အနာမရှိသောလက်ကို။
ဝိသံ၊ အဆိပ်သည်။
နအနွေတိ၊ အစဉ်မလိုက်နိုင်။
အကုဗ္ဗတော၊ စေတနာမရှိခြင်းကြောင့် ပြုသော်လည်း မပြုသည်မည်သော သူအား။
ပါပံ၊ မကောင်းမှုသည်။
နတ္ထိ၊ မရှိ။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော လူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

မုဆိုးမိသားစုတို့၏ ရှေးအတိတ်

တပါးသောအခါ၌ ရဟန်းတို့သည် ကုက္ကုဋမိတ္တမုဆိုးကြီး၏ သားချွေးမတို့ နှင့်တကွ သောတာပတ္တိမဂ် ရခြင်း၏အကြောင်း ဥပနိဿယသည် အဘယ်နည်း အဘယ်အကြောင်းကြောင့် မုဆိုးအမျိုး၌ ဖြစ်ရှာလေဘိသနည်းဟု စကားကို ပြောကြားကြလေကုန်၏။

မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြ ကုန်သနည်းဟု မေးတော်မူခြင်းကြောင့် ဤမည်သော စကားဖြင့် စည်းဝေးကြပါသည်ဘုရားဟု နားတော် လျှောက်သည်ရှိသော် ချစ်သားရဟန်းတို့ ရှေးလွန်လေပြီးသောအခါ ဘုရားရှင်၏ ဓာတ်တော်စေတီကို စီရင်ပြုစုကြ ကုန်သည်ရှိသော် ဤသို့ပြောဆိုကြကုန်၏။

ဤ စေတီအလို့ငှါ မြေညက်သည် အဘယ်ဝတ္ထု ဖြစ်လတ္တံ့နည်း။ ရေသည် အဘယ်ဝတ္ထု ဖြစ်လတ္တံ့နည်းဟု ပြောဆိုသောအခါ ထိုသူတို့အား ဤသို့သော အကြံ ဖြစ်ပေါ်လေ၏။ ဆေးဒန်း မြင်းသီလာသည် မြေညက်ဖြစ်လတ္တံ့။ နှမ်းဆီသည် ရေဖြစ်လတ္တံ့ဟု အကြံဖြစ်၍ ထိုသူတို့သည် ဆေးဒန်း မြင်းသီလာကို ထောင်းကြိတ်၍ နှမ်းဆီဖြင့် နယ်၍ အုဌ်နှင့်စပ်လျက် ရွှေဖြင့် ချယ်စီပြီးလျှင် အတွင်း၌ စီကြကုန်၏။

အပြင်ပ မျက်နှာ၌ကား တခဲနက်ရွှေအုဌ်တို့ သည်သာလျှင် ဖြစ်ကြကုန်၏။ အုဌ်တချပ် တချပ်သည် အဘိုးတသိန်း ထိုက်တန်၏။ ထိုလူတို့သည် ဓာတ်တော် ဌာပနာသည် တိုင်အောင် စေတီပြီးလတ် သည်ရှိသော် ဓာတ်တော် ဌာပနာသောအခါ၌ များစွာသောဥစ္စာဖြင့် အလိုရှိ၍ အဘယ်သူကို အကြီးအမှူး ပြုကြရကုန်အံ့နည်းဟု ကြံစည်ကြကုန်၏။

ထိုအခါ တောရွာနေ သူဌေးတဦးသည် ငါကား အကြီးအမှူးဖြစ်အံ့ဟု ဓာတ်တော်ဌာပနာရာ၌ ငွေတကုဋေကို ထည့်လေ၏။ ထိုအခြင်းအရာကိုမြင်လျှင် ပြည်သူပြည်သားတို့သည် ဤမြို့နေ သူဌေးကား ဥစ္စာကိုသာလျှင် စုဆောင်းတတ်၏။ ဤသို့သဘောရှိသော စေတီ၌ အကြီးအမှူး ဖြစ်ခြင်းငှါ မတတ်နိုင်။

တောရွာနေ သူဌေးသည်ကား တကုဋေသော ဥစ္စာကိုထည့်၍ အကြီးအမှူးဖြစ်လေ၏ဟု ကဲ့ရဲ့ကြ ကုန်၏။ မြို့နေသူဌေးသည် ထိုသူတို့စကားကိုကြားရလျှင် ငါကား နှစ်ကုဋေသောဥစ္စာတို့တိုပေး၍ အကြီးအမှူးဖြစ်အံ့ဟု နှစ်ကုဋေသောဥစ္စာတို့ကို ပေးလေ၏။ တောရွာနေ သူဌေးသည် ငါသည် သာလျှင် အကြီးအမှူးဖြစ်အံ့ဟု သုံးကုဋေသော ဥစ္စာတို့ကို ပေးလေ၏။

ဤသို့ပွားစေသဖြင့် မြို့နေသူဌေးသည် ရှစ်ကုဋေတို့ကို ပေးလေ၏။ တောရွာနေ သူဌေးအား အိမ်၌ ကိုးကုဋေသော ဥစ္စာသည်သာလျှင် ရှိ၏။ မြို့နေသူဌေးအား ကုဋေလေးဆယ်ရှိ၏။ ထို့ကြောင့် တောရွာနေ သူဌေးသည် ငါကား ကိုးကုဋေ သောဥစ္စာကိုပေးအံ့ဟု အကယ်၍ ဆိုချေသည်ဖြစ်အံ့။ ထိုအခါငါ့အား ဥစ္စာမရှိ ဟူသောအဖြစ်သည် ထင်ရှားလတ္တံ့ဟု ကြံစည်မိလေ၏။

ထို့ကြောင့် ထိုတောရွာနေ သူဌေးသည် ဤသို့ဆိုလေ၏။ ငါကား ဤမျှလောက်သော ဥစ္စာကို ပေးအံ့။ သားမယားနှင့်တကွလည်း စေတီ၏ကျွန်ဖြစ်အံ့ဟု ဆို၍ သားခုနစ်ယောက် တို့ကို၎င်း ချွေးမ ခုနစ်ယောက်တို့ကို၎င်း မယားကို၎င်း ခေါ်၍ မိမိနှင့်တကွ စေတီအား ဆောင်နှင်းလေ၏။

စေတီဂေါပကလူကြီး ရွေးကောက်ခြင်း

ပြည်သူပြည်သားတို့သည် ဥစ္စာမည်သည်ကား ဖြစ်စေခြင်းငှါ တတ်နိုင်ကောင်း၏။ သားမယားနှင့် တကွလည်းဖြစ်သော ဤတောရွာနေ သူဌေးသည်ကား မိမိကိုယ်ကို ဆောင်နှင်းပေ၏။ ဤသူ သည်သာလျှင် အကြီးအမှူး ဖြစ်စေသတည်းဟုဆို၍ ထိုတောရွာနေ သူဌေးကို အကြီးအမှူး ပြုကြလေကုန်၏။

ဤသို့လျှင် ထိုတကျိပ်ခြောက်ယောက် စလုံးလည်းဖြစ်သော သူတို့သည် စေတီ၏ ကျွန် ဖြစ်ကြကုန်၏။ ပြည်သူပြည်သား တို့သည်ကား ထိုသူတို့ကို တော်လှန်သည်တို့ကို ပြုကြလေ ကုန်၏။ ဤသို့ တော်လှန်သော်လည်း စေတီကိုသာလျှင် သုတ်သင်ပြုစုလျက် အသက်ထက်ဆုံး နေ၍ ထိုကိုယ်အဖြစ်မှ စုတေကြကုန်သည် ရှိသော် နတ်ပြည်၌ ဖြစ်ကြလေကုန်၏။

ထိုသူတို့သည် ဘုရားရှင်နှစ်ဆူတို့၏ တခုသောအကြား ကာလပတ်လုံး နတ်ပြည်တို့၌ နေကြ ကုန်လျက် ဤငါတို့မြတ်စွာဘုရား ထင်ရှား ပွင့်တော်မူသောအခါ မယားသည် ထိုနတ်ပြည်မှ စုတေ၍ ရာဇဂြိုဟ်ပြည်ဝယ် သူဌေးသမီးအဖြစ်ဖြင့် ဖြစ်လာ၏။ ထိုသူဌေးသမီးသည် သတို့သမီးငယ် ဖြစ်လျက် ပင်လျှင် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။

သစ္စာလေးပါးကို မသိမမြင်ရသေးသောသူ၏ ပဋိသန္ဓေနေခြင်းမည်သည် ဝန်လေးလှ၏။ ထို့ကြောင့် ထိုသတို့သမီး၏ လင်ယောက်ျားသည် တပြောင်းပြန်ပြန် ကျင်လည်ကာသွား၍ မုဆိုးအမျိုး၌ ဖြစ်ရရှာလေ၏။ ထိုမုဆိုးအား မြင်သည်နှင့် တပြိုင်နက်သာလျှင် သူဌေးသမီးကို ရှေး၌ဖြစ်သော ချစ်ခင်ခြင်းသည် လွှမ်းမိုး ဖိစီးလေ၏။ ထိုစကား မှန်၏။ ထို့ကြောင့် ဤဂါထာကို ဟောတော်မူ အပ်သည်သာတည်း။

ပုဗ္ဗေဝ သန္နိဝါသေန၊ ပစ္စုပ္ပန္န ဟိတေန ဝါ။
ဧဝံ တံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ။

ဥပ္ပလံဝါ၊ ဥပ္ပလကြာမျိုးသည်၎င်း။
သေသံဝါ၊ ကြွင်းသောပဒုမာကြာမျိုး သည်၎င်း။
ဥဒကေ၊ ရေ၌။
ဇာယမာနံ၊ ဖြစ်လတ်သည်ရှိသော်။
ဥဘောဟိ၊ ရေနှင့် ညွှန်ပျောင်း အကြောင်းနှစ်ပါးတို့ကြောင့်။
ဇာယတေယထာ၊ ဖြစ်သကဲ့သို့။
ဧဝံ၊ ဤအတူ။
တံပေမံ၊ ထိုချစ်ခင်ခြင်းသည်။
ဇာယမာနံ၊ ဖြစ်လတ်သည်ရှိသော်။
ပုဗ္ဗေ၊ ရှေးဘဝ၌။
သန္နိဝါသေနဝါ၊ ကောင်းစွာပေါင်းသင်း နေဖူးခြင်းကြောင့်၎င်း။
ပစ္စုပ္ပန္နဟိတေနဝါ၊ မျက်မှောက်စီးပွားအကျိုး များမြောင် ရွက်ဆောင်ဖူးခြင်းကြောင့်၎င်း။
ဧဝံ၊ ဤအကြောင်းနှစ်ပါးတို့ကြောင့်။
ဇာယတေ၊ ဖြစ်၏။

ထိုသူဌေးသမီးသည် ရှေး၌ဖြစ်သော ချစ်ခင်ခြင်းအားဖြင့်သာလျှင် မုဆိုးအိမ်သို့ ရောက်သွားရလေ၏။ သူဌေးသမီး၏ သားတို့သည်ကား နတ်ပြည်မှ စုတေခဲ့ကြ၍ ထိုသူဌေးသမီးဝမ်း၌သာလျှင် ပဋိသန္ဓေ စွဲယူနေကြကုန်၏။ ထိုသူဌေးသမီး၏ ချွေးမတို့သည်လည်း ထိုထိုအရပ်၌ ဖြစ်ခဲ့ကြပြီးလျှင် အရွယ်သို့ ရောက်ကုန်သည်ရှိသော် ထိုသူတို့၏ အိမ်သို့သာလျှင် ရောက်သွားကြလေကုန်၏။ ဤသို့လျှင် ထိုအလုံးစုံသော သူတို့သည်လည်း ထိုအခါ ကဿပဘုရားရှင် စေတီတော်ကို သုတ်သင်ပြုစု ကြခြင်းကြောင့် ထိုကောင်းမှု၏ အာနုဘော်အားဖြင့် သောတာပတ္တိဖိုလ်သို့ ရောက်ကြလေကုန်၏။

ကုက္ကုဋမိတ္တမုဆိုးဝတ္ထု ပြီး၏။

---

၉ - ကောကခွေးမုဆိုးဝတ္ထု

ယောအပ္ပဒုဋ္ဌဿ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ကောကအမည်ရှိသော ခွေးမုဆိုးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရဟန်းကို သူယုတ်ဟု မုဆိုးညှင်းဆဲခြင်း

ထိုမုဆိုးသည် တနေ့သ၌ နံနက်အခါ လေးကိုထမ်း၍ ခွေးအပေါင်းခြံရံလျက် တောသို့ ထွက်သွား လတ်သည်ရှိသော် လမ်းခရီးအကြား၌ ဆွမ်းအလို့ငှါ ကြွဝင်လာသော ရဟန်းတော် တပါးကို မြင်ရလျှင် အမျက်ထွက်လှသဖြင့် ငါကား သူယုတ်ကို မြင်အပ်၏။ ယနေ့တစုံတခု ရခြင်း မဖြစ်တော့ လတ္တံ့ဟု ကြံလျက် ဖဲသွားလေသတတ်။

မထေရ်သည်လည်း ရွာ၌ ဆွမ်းအလို့ငှါ လှည့်လည်ပြီးလျှင် ဆွမ်းစားခြင်းကိစ္စ ပြုပြီးလတ်သော် တဖန်ကျောင်းသို့ ပြန်သွားလေ၏။ မုဆိုးသည်လည်း တောသို့ သွားလာလှည့်လည်၍ တစုံတခုကို မရဘဲ ပြန်လာသည်ရှိသော် တဖန် မထေရ်ကိုမြင်ပြန်လျှင် ယနေ့ငါသည် ဤသူယုတ်ကို မြင်ရသဖြင့် တောသို့သွားရာ တစုံတခုကိုမျှမရ။ ယခုတဖန်လည်း ငါ၏ရှေ့ရှုမျက်မှောက်ဖြစ်ပြန်ပြီ ထိုရဟန်းကို ခွေးတို့ဖြင့် ကိုက်ခဲစေတော့အံ့ဟု အချက်ပေး၍ ခွေးတို့ကို လွှတ်လေ၏။

မထေရ်သည် ဒါယကာ ဤသို့မပြုပါလင့်ဟု တောင်းပန်လေ၏။ ယနေ့ ငါကား သင်၏ မျက်မှောက် ရှေ့ရှု ဖြစ်ခြင်းကြောင့် တစုံတခုကိုမျှမရ။ တဖန်လည်းငါ၏ မျက်မှောက် ရှေ့ရှု အဖြစ်သို့ ရောက်လာပြန်သည်။ သင့်ကို ကိုက်ခဲစေအံ့ဟုဆို၍ ခွေးတို့ကို လွှတ်လိုက်သည် သာလျှင်တည်း။ မထေရ်မြတ်သည် သစ်ပင်တခုသို့ လျင်မြန်စွာ တက်ပြီးလျှင် တသူအတိုင်းအရှည် ရှိသောအရပ်၌ နေတော်မူရလေ၏။

ခွေးတို့လည်း သစ်ပင်ကို ခြံရံလျက် နေကြလေကုန်၏။ မုဆိုးသည် လိုက်သွားတဲ့၍ သစ်ပင်ကို တက်သော်လည်း အသင့်အား သေဘေးမှ လွတ်ခြင်းသည် မရှိဟုဆိုလျက် ထိုရဟန်းကို မြှားဦး ချွန်ဖြင့် ခြေဖဝါးအပြင်၌ ထိုးလေ၏။ မထေရ်သည် ဤသို့မပြုပါလင့်ဟု မုဆိုးကို တောင်းပန်လေ သည်သာတည်း။ မုဆိုးသည် ထိုရဟန်းတောင်းပန်ခြင်းကို နားမထောင် မနာယူမူ၍ အဖန်တလဲလဲ ထိုးသည်သာလျှင်တည်း။

မုဆိုးအသားကို မုဆိုးခွေးစားခြင်း

မထေရ်သည် တဘက်သော ခြေဖဝါးအပြင်ကို ထိုးသည်ရှိသော် ထိုခြေကို ကြွ၍ နှစ်ခုမြောက်သော ခြေကို အောက်သို့ တွဲလျားချသဖြင့် ထိုချသောခြေကို ထိုးပြန်သည်ရှိသော် ထိုခြေကိုလည်း ကြွ၍ထားရ၏။ ဤသို့မုဆိုးသည် ရဟန်း၏ တောင်းပန်ခြင်းကို နားမထောင် မနာယူမူ၍သာလျှင် ခြေဖဝါးပြင်နှစ်ဘက် တို့ကို ထိုးလေ၏။ မထေရ်၏ ကိုယ်အလုံးသည် မီးရှုးတို့ဖြင့် ရှို့မြှိုက်သကဲ့သို့ ဖြစ်ရှာလေ၏။ ထိုမထေရ်သည် ဆင်းရဲခြင်းဝေဒနာသို့ အစဉ်ရောက်သည် ဖြစ်ရကား သတိကို ရှေ့ရှု ထင်စေခြင်းငှါ မတတ်နိုင်သဖြင့် ရုံသောသင်္ကန်းလျော ကျသည်ကိုမျှလည်း မမှတ်သားနိုင် လျောကျသော ထိုသင်္ကန်းသည် ကောက မည်သော မုဆိုးကို ဦးခေါင်းမှစ၍ ခြုံရုံရစ်ပတ်လျက်သာ ကျလာလေ၏။

ခွေးတို့သည် မထေရ်ကြီး ကျလာပြီဟူသော အမှတ်ဖြင့် သင်္ကန်းကြားသို့ ဝင်ပြီးလျှင် မိမိသခင် ဖြစ်သော မုဆိုးကို ဆွဲထုတ်နုတ်ယူလျက် ခဲဝါးစားကြကုန်လျက် အရိုးမျှလောက်သာ ကြွင်းကျန် အောင် ပြုကြလေကုန်၏။ ခွေးတို့သည်သင်္ကန်းကြားမှ ထွက်၍ အပ၌ နေကြကုန်၏။ ထိုအခါ မထေရ်သည် ခွေးတို့အား သစ်ကိုင်း ခြောက်တခုကို ချိုး၍ ပစ်လေ၏။

ခွေးတို့သည် မထေရ်ကိုမြင်လျှင် ငါတို့ကား သခင်ကိုသာလျှင် ကိုက်၍ စားမိခဲ့ချေပြီဟု သိသဖြင့် တောသို့ဝင်ပြေးလေကုန်၏။ မထေရ်သည်လည်း ငါ၏ သင်္ကန်းကြားသို့ဝင်၍ ဤမုဆိုးသည် သေကြေ ပျက်စီးရလေ၏။ ငါ၏သီလသည် အပြစ်အနာ ကင်းပါ၏လောဟု အလို့လို့ ပူပန်ခြင်းကို ဖြစ်စေလေ၏။

ထိုမထေရ်သည် သစ်ပင်ထက်မှ ဆင်းသက်၍ ဘုရားရှင်၏ အထံတော်သို့ သွားပြီးလျှင် အစမှစ၍ ထိုအကြောင်းကို လျှောက်ကြားလေ၏။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်၏ သင်္ကန်းကိုမှီ၍ ထိုဒါယကာသည် ပျက်စီးရရှာလေ၏။ ထို့ကြောင့် တပည့်တော်အား ရဟန်း၏ အဖြစ်သည်မရှိပါပြီလော ဘုရားဟူ၍လည်း မေးလျှောက်လေ၏။

ဘုရားရှင်သည် ထိုရဟန်း၏စကားကို ကြားရလျှင် ချစ်သားရဟန်း သင်၏သီလသည် အပြစ်အနာ မရှိ သင့်အား ရဟန်း၏ အဖြစ်သည်ရှိ၏။ ထိုမုဆိုးကား မပြစ်မှားအပ်သောသူကို ပြစ်မှား မိခြင်းကြောင့် ပျက်စီးခြင်းသို့ရောက်ရလေ၏။ ထိုမုဆိုးသည်ယခုသာလျှင် သက်သက် မဟုတ်သေး ရှေးလွန်လေပြီးသောအခါ၌လည်း မပြစ်မှားအပ်သော သူတို့ကို ပြစ်မှားခြင်းကြောင့် ပျက်စီးခြင်းသို့ ရောက်ဖူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ထိုအကြောင်းကို ထင်ရှားပြလိုရကား အတိတ်ကို ဆောင်တော်မူလေ၏။

ဆေးသမားဖြစ်စဉ် အတိတ်၌ယုတ်မာပုံ

လွန်လေပြီးသောအခါ ဆေးသမားတယောက်သည် ဆေးကုခြင်းငှါ ရွာသို့ လှည့်လည်လတ်သော် တစုံတခုသော ဆေးကုဖွယ် အမှုကို မရခြင်းကြောင့် မွတ်သိပ်ဆာလောင်သော သဘောရှိသဖြင့် ထွက်လာခဲ့ပြီးလျှင် ရွာတံခါး၌ များစွာသော သူငယ်တို့ ကစားနေကြသည်တို့ကို မြင်ရလျှင် ဤ သူငယ်တို့ကို မြွေဖြင့်ကိုက်စေ၍ ဆေးကုရသည်ရှိသော် ထမင်းအာဟာရကို ရပေလတ္တံ့ဟု တခုသော သစ်ပင်၌ သစ်ခေါင်းဝတွင် ဦးခေါင်းကိုထုတ်၍ အိပ်နေသော မြွေကို ပြပြီးလျှင် အို သတို့သားငယ်တို့ ဤငှက်သည် သာလိကာငယ်တည်း။ ထိုသာလိကာကို ဖမ်းကြကုန်လော့ ဟုဆိုလေသတတ်။

ထိုအခါသတို့သားငယ် တယောက် သည် မြွေကို လည်ပင်း၌ မြဲစွာဆုပ်ကိုင်သဖြင့် ထိုသတ္တဝါ၏ မြွေဖြစ်ခြင်းကို သိရလျှင် ဟစ်ကြွေးမြည်တမ်းလျက် မနီးမဝေးသော အရပ်၌ ရပ်နေသော ဆေးသမား၏ ဦးထိပ်ထက်၌ ပစ်မိလေ၏။ မြွေသည် ဆေးသမား၏ ပခုံးရိုးကို ရစ်ပတ်လျက် ပြင်းစွာကိုက်ခဲခြင်းကြောင့် ထိုအရပ်၌ပင် အသက်ကုန်ခြင်းသို့ ရောက်စေလေ၏။

ဤသို့လျှင် ကောကမည်သော ဤခွေးမုဆိုးသည် ရှေး၌လည်း မပြစ်မှားအပ်သော သူကို ပြစ်မှားခြင်းကြောင့် ပျက်စီးခြင်းသို့ ရောက်ဖူးသည် သာလျှင်တည်း ဟု မြတ်စွာဘုရားသည် လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်လျက် တရားဟောကြားတော် မူလိုရကား ဤဂါထာ ကို မိန့်တော်မူလေ၏။

ဒေသနာတော်

၁၂၅။ ယော အပ္ပဒုဋ္ဌဿ နရဿ ဒုဿတိ၊ သုဒ္ဓဿ ပေါသဿ အနင်္ဂဏဿ။
တမေဝ ဗာလံ ပစ္စေတိ ပါပံ၊ သုခုမော ရဇော ပဋိဝါတံဝ ခိတ္တော။

ယော၊ အကြင်မလိမ္မာသောသူသည်။
အပ္ပဒုဋ္ဌဿ၊ ဘယ်သူအားမျှ မပြစ်မှားတတ်သော။
သုဒ္ဓဿ၊ ပြစ်မှုလွတ်ကင်း စင်ကြယ်ခြင်း ရှိသော။
အနင်္ဂဏဿ၊ ညစ်ကျုကိလေ ကင်းကွေပြီးသော။
ပေါသဿ၊ မွေးမြူပူဇော်ထိုက်သော။
နရဿ၊ သတ္တဝါအား။
ဒုဿတိ၊ ပုတ်ခတ်ခြင်း စသည်ဖြင့်ပြစ်မှား၏။
တမေဝဗာလံ၊ ထိုမလိမ္မာသောသူ၏ အထံသို့သာလျှင်။
ပါပံ၊ ပြစ်မှားသော ထိုမကောင်းမှုသည်။
ပဋိဝါတံ၊ လေညာသို့။
ခိတ္တော၊ ပစ်အပ်သော။
သုခုမော၊ သိမ်မွေ့သော။
ရဇော ဣဝ၊ မြူကဲ့သို့။
ပစ္စေတိ-ပတိဧတိ၊ မကောင်းကျိုး အဖြစ်ဖြင့် ရှေးရှုလှည့် ကာ ပြန်၍လာ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုရဟန်းသည် အရဟတ္တဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ် အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ကောကခွေးမုဆိုးဝတ္ထုပြီး၏။

---

၁၀ - မဏိကာရကုလူပကတိဿ မထေရ်ဝတ္ထု

ဂဗ္ဘမေကေ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ရွဲထွင်းသမား၏ ဆရာဖြစ်သော တိဿမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ လေ၏။

ဆွမ်းစားသွားရင်း ပတ္တမြားခိုးဟု အရိုက်ခံရခြင်း

ထိုတိဿမထေရ်သည် ရွဲထွင်းသမား တယောက်၏ အိမ်၌ တဆဲ့နှစ်နှစ်တို့ပတ်လုံး ဆွမ်းဘုဉ်းပေး သတတ်။ ထိုအိမ်၌ ဇနီး ခင်ပွန်းတို့သည် မိဘအရာ၌ တည်၍ မထေရ်ကို လုပ်ကျွေးသမှု ပြုစုကြ လေကုန်၏။

ထိုအခါ တနေ့သ၌ ထို ရွဲထွင်းသမားသည် မထေရ်၏ရှေ့၌ ဟင်းမျိုး အမဲသားကို စင်းခုတ် ဖြတ်လှီးလျက် နေလေ၏။ ထိုခဏ၌ ပဿေနဒီကောသလ မင်းကြီးသည် တခုသော ပတ္တမြား ရတနာကို ဤပတ္တမြားကိုသွေး၍ ထွင်းပြီးလျှင် ပို့လိုက်ရမည်ဟု စေလိုက်လေ၏။

ရွဲထွင်းသမားလည်း သွေးရှိသောလက်ဖြင့်သာလျှင် ထိုပတ္တမြားကို ခံယူ၍ ပအုပ်၏ အထက်၌ တင်ထား၍ လက်ဆေးခြင်းငှါ အတွင်းသို့ဝင်သွားလေ၏။ ထိုအိမ်တွင်ကား မွေးစားထားသော ကြိုးကြာငှက်သည်ရှိ၏။ ထိုကြိုးကြာငှက်သည် သွေးအနံ့ကြောင့် သားတစ် ဟူသော အမှတ်ဖြင့် ထို ပတ္တမြား ရတနာကို မထေရ်မြင်စဉ်သာလျှင် မျိုလေ၏။

ရွဲထွင်းသမားသည် ပြန်သာ၍ ပတ္တမြားကို မမြင်လေလျှင် ပတ္တမြားကို အဘယ်သူ ယူသနည်းဟု မယားကို၎င်း သားတို့ကို၎င်း အစဉ်အတိုင်း မေး၍ ထိုသားမယားတို့သည် မယူကြရကုန်ဟုဆိုသော် မထေရ်ယူသည်ဖြစ်လတ္တံ့ ဟု ကြံ၍ မထေရ်ယူလိမ့်မည်ဟု မယားနှင့် တိုင်ပင်လေ၏။

အရှင် ဤသို့မဆိုပါလင့် ဤမျှလောက် ကာလပတ်လုံး မထေရ်၏ တစုံတခု သော အပြစ်ကို ကျွန်မ မမြင်ရစဖူးပါ။ ထိုမထေရ်သည် ပတ္တမြားကိုယူသည် မဟုတ်နိုင်ဟုဆိုလျှင် ရွဲထွင်းသမားသည် လည်း မထေရ်ကို အရှင်ဘုရား ဤအရပ်၌ ထားသော ပတ္တမြားရတနာကို အရှင်ဘုရားတို့ ယူသလော ဟုမေးလေ၏။

ဒါယကာ ငါမယူ ဟုဆိုလျှင် အရှင်ဘုရား ဤအရပ်၌ တပါးသောသူမရှိ အရှင်ဘုရားတို့သည် သာလျှင် ယူသည်ဖြစ်လတ္တံ့။ တပည့်တော်အား ပတ္တမြားရတနာကို ပေးကုန်လော့ဟု စွပ်စွဲ တောင်းဆိုလေ၏။

ထိုရွဲထွင်းသမားလည်း ဆရာမထေရ် ဝန်မခံသည်ရှိသော် တဖန်မထေရ်သည် ပတ္တမြားကိုယူ၏။ နှိပ်စက်ညှဉ်းပန်း၍ မထေရ်ကို မေးအံ့ဟု မယားကိုဆိုပြန်လေ၏။ အရှင် ကျွန်မတို့ကို မဖျက်ဆီးပါ လင့် ကျွန်မတို့သည် ကျွန်အဖြစ်သို့ ရောက်ရခြင်းကား သင့်မြတ်သေး၏။

ဤသို့ သဘောရှိသော မထေရ်ကို ပြစ်မှားပြောဆိုခြင်းကား မသင့်မြတ်ဟုဆိုလျှင် ရွဲထွင်းသမား သည် အလုံးစုံသာဖြစ်သော ငါတို့သည် ကျွန်အဖြစ်သို့ ရောက်ရကုန်သော်လည်း ပတ္တမြားအဖိုးကို မမှီနိုင်ကြကုန်ဟုဆိုလျက် ကြိုးကိုယူ၍ မထေရ်၏ ဦးခေါင်းတော်ကို ရစ်ပတ်ပြီးလျှင် တုတ်ဖြင့် ရိုက်နှက် ပုတ်ခတ်လေ၏။

ကြိုးကြာဝမ်း၌ ပတ္တမြားရ၍ တောင်းပန်ခြင်း

မထေရ်မြတ်၏ ဦးခေါင်းတော်မှ၎င်း နားရွက် နှာခေါင်းတို့မှ၎င်း သွေးသည် ယိုစီးလေ၏။ မျက်စိတို့သည် ပြုတ်ထွက်အံ့လုမတတ် ဖြစ်သော အခြင်းအရာသို့ ရောက်ကုန်၏။ ထိုမထေရ်သည် ဆင်းရဲခြင်းဝေဒနာ ခံစားရသောအခြင်းအရာသို့ ရောက်သဖြင့် မြေ၌လဲလေ၏။ ကြိုးကြာငှက်သည် သွေးအနံ့ဖြင့် လာလတ်၍ သွေးကိုသောက်လေ၏။

ထိုအခါ၌ ကြိုးကြာငှက်ကို ရွဲထွင်းသမားသည် မထေရ်အပေါ်၌ဖြစ်သော အမျက်ဒေါသ၏ အစွမ်းအားဖြင့် နင်ငှက်မိုက်သည် အဘယ်ကို ပြုလာဘိသနည်းဟု ဆိုလျက် ခြေဖြင့် ကန်ကျောက်၍ ပစ်လိုက်လေ၏။ ကြိုးကြာငှက်သည် တချက်တည်းဖြင့်သာလျှင် သေ၍ ပက်လက် ဖြစ်နေလေ၏။

မထေရ်သည် ထို ပက်လက်ဖြစ်နေသော ကြိုးကြာငှက်ကိုမြင်လျှင် ဒါယကာ ဦးခေါင်း၌ရစ်၍ ချည်သောကြိုးကို ရှေးဦးစွာ ငါ့အား လျော့ခြင်းကိုပြု၍ ဤကြိုးကြာငှက်ကို သေသလော မသေ သလောဟု ကြည့်ရှုပါဦးလော့ဟု ဆိုလေ၏။ ထိုအခါ မထေရ်ကို ရွဲထွင်းသမားသည် ဤ ကြိုးကြာငှက်ကဲ့သို့ အရှင်သည်လည်း သေရလတ္တံ့ဟု ဆိုလေ၏။

ဒါယကာ ဤ ကြိုးကြာငှက်သည် ထိုပတ္တမြားကို မျိုအပ်၏။ ထို့ကြောင့် ဤကြိုးကြာငှက်သည် အကယ်၍ မသေသည်ဖြစ်အံ့ ငါသည် သေသော်လည်း သင့်အား ပတ္တမြားကို မပြောကြားလတ္တံ့ ဟုဆိုလျှင် ရွဲထွင်း သမားသည် ထိုကြိုးကြာငှက် သေကောင်၏ဝမ်းကို ဖေါက်ခွဲ၍ ပတ္တမြားကိုမြင်ရ လျှင် တုန်တုန် လှုပ်လှုပ် ထိတ်လန့်သော စိတ်ရှိသည်ဖြစ်၍ မထေရ်၏ ခြေရင်း၌ ဝပ်လျက် အရှင်ဘုရား တပည့်တော်အား သည်းခံတော်မူပါ မသိခြင်းကြောင့် တပည့်တော် ပြုမိပါသည်ဘုရား ဟု လျှောက်လေ၏။

ဒါယကာ သင့်အားလည်း အပြစ်မရှိ။ ငါ့အားလည်း အပြစ်မရှိ။ သံသရာဝဋ်အားသာလျှင် အပြစ်ရှိ၏။ သင့်အား ငါသည် သည်းခံ၏ဟု ဆိုလျှင် အရှင်ဘုရား တပည့်တော်အား အကယ်၍ သည်းခံသည် ဖြစ်ပါအံ့ ပြကတေ့ ရှေးနည်း အားဖြင့်သာလျှင် တပည့်တော်၏ အိမ်၌ နေထိုင်လျက် ဆွမ်းကို ခံယူတော်မူကြပါ ဘုရားဟု လျှောက်လေ၏။

မထေရ်မြတ် ပရိနိဗ္ဗာန်စံတော်မူခြင်း

ဒါယကာ ယခုအခါ ငါကား ဤနေ့မှစ၍ သူတပါးအိမ် အမိုးတွင်းသို့ မဝင်တော့အံ့ဟု ဆိုပြီးလျှင် အိမ်တွင်းသို့ ဝင်သော သူအားသာလျှင် ဤအပြစ်သည် ဖြစ်ရပေ၏။ ဤနေ့မှစ၍ ခြေတို့သည် မသယ်ပိုး မဆောင်ရွက်နိုင်ကုန်သည်ရှိသော် အိမ်တံခါး၌ ရပ်လျက်သာလျှင် ဆွမ်းကိုခံယူတော့အံ့ ဟု မိန့်တော်မူပြီး၍ ပိဏ္ဍပါတ် ဓုတင် ဆောက်တည်လျက် ဤဂါထာကို မိန့်ဆိုလေ၏။

ပစ္စတိ မုနိနော ဘတ္တံ၊ ထောကံ ထောကံ ကုလေ ကုလေ။
ပိဏ္ဍိကာယ စရိဿာမိ၊ အတ္ထိ ဇင်္ဃ ဗလံ မမံ။

မုနိနော၊ ရဟန်း၏အကျိုးငှါ။
ထောကံ ထောကံ၊ အနည်းငယ် အနည်းငယ်သော။
ဘတ္တံ၊ ဆွမ်းသည်။
ကုလေ ကုလေ၊ အိမ်တိုင်း အိမ်တိုင်း၌။
ပစ္စတိ၊ အဆင်သင့် ကျက်လျက်ရှိ၏။
ပိဏ္ဍိကာယ၊ ဆွမ်းအလို့ငှါ။
စရိဿာမိ၊ ငါ သွားလာ လှည့်လည်တော့အံ့။
မမံ၊ ငါ့အား။
ဇင်္ဃ ဗလံ၊ သလုံးမြင်းခေါင်း အားအစွမ်းသည်။
အတ္ထိ၊ ရှိ၏။

ဤစကားကိုသာလျှင် မိန့်ဆိုတော်မူ၍ မထေရ်သည် ထိုအနာဖြင့်သာ မကြာမြင့်မီ ပရိနိဗ္ဗာန် စံဝင်တော်မူလေ၏။

ကြိုးကြာငှက်သည် ရွဲထွင်းသမား၏ မယားဝမ်း၌ ပဋိသန္ဓေတည်နေ စွဲယူလေ၏။

ရွဲထွင်းသမားသည် စုတေမနေ သေလွန်လေသော် ငရဲ၌ ဖြစ်ရရှာလေ၏။

ရဲထွင်းသမားမယားသည် မထေရ်၌ ကြည်နူး သိမ်မွေ့သော စိတ်ရှိခြင်းကြောင့် သေ၍ နတ်ပြည်၌ ဖြစ်လေ၏။

ရဟန်းတို့သည် မြတ်စွာဘုရားကို ထိုသူတို့၏ တမလွန်ဘဝ လားရာဂတိကို မေးလျှောက်ကြလေ ကုန်၏။

ဘုရားရှင်သည် ချစ်သားရဟန်းတို့ ဤလောက၌ အချို့သောသူတို့သည် အမိဝမ်း၌ ဖြစ်ကုန်၏။

အချို့သောသူတို့သည် မကောင်းမှုကို ပြုလေ့ရှိကုန်သည်ဖြစ်၍ ငရဲ၌ဖြစ်ကြကုန်၏။

အချို့သောသူတို့သည်ပြုအပ်သော ကောင်းမှု ရှိကုန်သည်ဖြစ်၍ နတ်ပြည်၌ဖြစ်ကြကုန်၏။

အာသဝေါကင်းကွာ ရဟန္တာတို့သည်ကား ပရိနိဗ္ဗာန် စံလွန်တော်မူကြကုန်၏ဟု မိန့်တော်မူ၍ အနုသန္ဓေ စပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၁၂၆။ ဂဗ္ဘမေကေ ဥပ္ပဇ္ဇန္တိ၊ နိရယံ ပါပကမ္မိနော။
သဂ္ဂံ သုဂတိနော ယန္တိ၊ ပရိနိဗ္ဗန္တိ အနာသဝါ။

ဧကေ၊ အချို့သောသူတို့သည်။
ဂမ္ဘံ၊ လူဖြစ်သောမိခင်၏ဝမ်း၌။
ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကြကုန်၏။
ပါပကမ္မိနော၊ မကောင်းမှုကို ပြုကုန်သော။
ဧကေ၊ အချို့သော သူတို့သည်။
နိရယံ၊ ငရဲ၌။
နိဗ္ဗတ္တန္တိ၊ ဖြစ်ကြကုန်၏။
သုဂတိနော၊ ကောင်းသော သဘောရှိကုန်သော သူတို့သည်။
သဂ္ဂံ၊ နတ်ပြည်သို့။
ယန္တိ၊ သွားကြကုန်၏။
အနာသဝါ၊ ရဟန္တာတို့သည်။
ပရိနိဗ္ဗန္တိ၊ ပရိနိဗ္ဗာန် ပြုတော်မူကြကုန်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

မဏိကာရကုလူပဂတိဿမထေရ်ဝတ္ထု ပြီး၏။


၁၁ - တယောဇန ဝတ္ထု

န အန္တလိက္ခေ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် သုံးယောက်သောသူတို့ကို အကြောင်း ပြု၍ ဟောတော်မူလေ၏။

ကောင်းကင်၌ မီးခွေနှင့် ကျီး ဆုံစည်းခြင်း

ဘုရားသဗ္ဗညုသည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေထိုင်တော်မူစဉ် များစွာသော ရဟန်း တို့သည် ဘုရားအား ဖူးမြင်ခြင်းငှါ လာကြကုန်လျက် ရွာတခုသို့ ဆွမ်းအလို့ငှါ ဝင်ကြလေကုန် သတတ်၊ ရွာနေသူတို့သည် ထိုရဟန်းတို့၏ သပိတ်တို့ကိုယူ၍ ဆွမ်းစားစရပ်၌ နေစေပြီးလျှင် ယာဂု ခဲဖွယ်ကို လှူသဖြင့် ဆွမ်းအချိန်ကို ဆိုင်းငံ့ကုန်လျက် တရားနာကာ နေကြလေကုန်၏၊

ထိုခဏ၌ ဆွမ်းကိုချက်ပြီး၍ ဟင်းလျာကိုချက်သော တယောက်သော မိန်းမ၏အိုးမှ မီးလျှံ ထလတ်၍ အမိုးကို စွဲလောင်လေ၏၊ ထိုမီးလျှံထရာမှ တခုသော မြက်ဆုပ်ကရွတ် ခွေသည် တက်၍ တောက်လောင်လျက် ကောင်းကင်သို့ လွင့်ပျံသွားလေ၏၊

ထိုခဏ၌ ကျီးတကောင်သည် ကောင်းကင်ခရီးဖြင့် ပျံသွားစဉ် ထိုမီးလျှံ ကရွတ်၌ လည်ပင်းကို စွပ်သွင်းမိသဖြင့် မြက်နွယ်ရစ်ပတ်လျက် မီးလောင်ကာ ရွာလယ်၌ ကျလေ၏၊ ရဟန်းတို့သည် ထိုကျီးကို မြင်ရလျှင် ဪ ... အလွန် ဝန်လေးသော အမှုပါတကား၊ ငါ့သျှင်တို့ ကျီးသည် ရအပ် သော ဖေါက်ပြန်ခြင်းကို ကြည့်ရှုကြကုန်လော့၊ ဤကျီး၏ ပြုအပ်သော ကံကို ဘုရားသဗ္ဗညုကို ထား၍ အဘယ်သူ သိနိုင်အံ့နည်း၊ မြတ်စွာဘုရားကို ဤကျီး၏ ရှေးမကောင်းမှုကံကို မေးလျှောက်ကြ ကုန်အံ့ဟု ကြံ၍ ဖဲသွားကြလေကုန်၏။

သမုဒ္ဒရာ၌ သဲအိုးဖြင့်
လှေသူကြီးကတော် ပစ်ချရခြင်း

တပါးသော ရဟန်းတို့သည်လည်း ဘုရားရှင်အား ဖူးမြင်ခြင်းငှါ လှေစီး၍ သွားကြကုန်စဉ် လှေသည် သမုဒြာ အလယ်၌ မတုန်မလှုပ် ရပ်တည်လေ၏၊ ဤလှေစီးသူတို့တွင် လူယုတ်ရှိသည် ဖြစ်ရာ၏ဟု စာရေးတံကို စီရင်ကြကုန်၏၊ လှေသူကြီး၏ ဇနီးမယားသည် ပဌမအရွယ်၌တည်သဖြင့် ရှုချင်စဖွယ် ကြည်လင် သန့်ရှင်းသော ကိုယ်ရှိ၏၊ စာရေးတံသည် ထိုလှေသူကြီးကတော်အား ရောက်လေ၏။

စာရေးတံကို တဖန်ပြန်၍ စီရင်ကြကုန်ဦးလော့ဟု ဆိုခြင်းကြောင့် သုံးကြိမ်တိုင်အောင် စီရင်ကြ ကုန်၏၊ သုံးကြိမ် တိုင်အောင်လည်း ထိုမိန်းမအား သာလျှင် ရောက်လေ၏၊ လူတို့သည် အရှင် လှေသူကြီး အသို့ပြုမည်နည်းဟု လှေသူကြီးမျက်နှာကို ကြည့်ရှုကြကုန်၏၊ လှေသူကြီးသည် ဤ မိန်းမ၏အတွက် လူအများ သေကြေ ပျက်စီးစိမ့်သောငှါ မတတ်ကောင်း၊ ရေ၌ ထိုမိန်းမကိုပစ်ချ ကြကုန်လော့ဟု ဆိုလေ၏၊

ထိုမိန်းမကို ဆွဲယူ၍ ရေ၌ ပစ်ချအံ့ဟု ပြုအပ်သည်ရှိသော် သေဘေးမှ ကြောက်လန့် လှသောကြောင့် သည်းစွာ မြည်တမ်း ဟစ်အော်ခြင်းကိုပြုလေ၏၊ ထိုမြည်တမ်း ဟစ်အော်သံကို ကြားရလျှင် လှေသူကြီးသည် ဤမိန်းမအား ဆင်ယင်သော တန်ဆာတို့ ပျက်စီးကြသဖြင့် အဘယ် အကျိုး ရှိအံ့နည်း၊ အလုံးစုံသော တန်ဆာတို့ကို ချွတ်ယူပြီးလျှင် အဝတ်နွမ်း တထည်ကို ဝတ်စေ၍ ထို မိန်းမကို စွန့်ပစ်ကြကုန်လော့၊

ငါသည်ကား ဤမိန်းမ ရေပြင်၌ ပေါလော မျောပေါ်သည်ကို မြင်ရခြင်းငှါ မတတ်နိုင်၊ ထို့ကြောင့် ထိုမိန်းမကို ငါမမြင်ရအောင် သဲအိုးတလုံးကို လည်ပင်း၌ ချည်ဖွဲ့၍ သမုဒြာ၌ ပစ်ချကြကုန်လော့ ဟုဆိုလျှင် လူတို့သည် လှေသူကြီးဆိုတိုင်း ပြုလုပ်ကြရလေကုန်၏၊ ထိုမိန်းမကိုလည်း ကျရာ အရပ်၌သာလျှင် ငါးလိပ်တို့သည် လုယက် စားသောက်ကြလေကုန်၏၊

ရဟန်းတို့သည် ထိုအကြောင်းကို သိမြင်ကြရကုန်လျှင် မြတ်စွာဘုရားကို ထား၍ ဘုရားမှတပါး အဘယ်သူသည် ဤမိန်းမ၏ ကံကို သိနိုင်လတ္တံ့နည်း၊ မြတ်စွာဘုရားကို ထိုမိန်းမ၏ ကံကို မေးမြန်း လျှောက်ထားကြကုန်အံ့ဟု ကြံ၍ လိုရာ လိုရာအရပ်သို့ ရောက်လျှင် လှေမှဆင်းသက်၍ ဖဲကြ လေကုန်၏။

ရဟန်းခုနစ်ပါး လိုဏ်ခေါင်း၌ ပိတ်မိခြင်း

ထိုမှတပါး ခုနစ်ပါးသော ရဟန်းတို့သည်လည်း ဘုရားရှင်အား ဖူးမြင်ခြင်းငှါ သွားကြကုန်စဉ် ညချမ်းသောအခါ၌ ကျောင်းတခုသို့ဝင်၍ နေထိုင်ရန် အရပ်ကို မေးမြန်းကြကုန်၏၊ တခုသော ဥမင်လိုဏ်ခေါင်း၌လည်း ညောင်စောင်း ခုနစ်ခုတို့သည် ရှိကုန်၏၊ ထိုရဟန်းတို့သည် ထိုနေရာ ကိုသာလျှင်ရ၍ ထိုလိုဏ်ခေါင်း၌ ကျိန်းစက်ကြကုန်စဉ် ညဉ့်အဖို့၌ အထွဋ်တပ်သော အိမ်မျှ အတိုင်းအရှည်ရှိသော ကျောက်တုံးကြီးသည် လိမ့်လာ၍ လိုဏ် တံခါးကို ပိတ်မိလေ၏၊

ကျောင်းနေ ရဟန်းတို့သည် ငါတို့ကား ဤလိုဏ်ကို အာဂန္တုရဟန်းတို့အား ရောက်စေကြလေ ကုန်ပြီ၊ (နေရာပေးထားအပ်ကုန်ပြီ) ဤကျောက်တုံးကြီးသည်လည်း လိုဏ်တံခါးကို ပိတ်လျက် တည်လေပြီ၊ ထိုကျောက်တုံးကြီးကို ပယ်ရှားကြကုန်စိုအံ့ဟု ထက်ဝန်းကျင် ခုနစ်ရွာတို့မှ လူတို့ကို စည်းဝေးစေ၍ လုံ့လပြုကြကုန်သော်လည်း ရွှေ့စေခြင်းငှါ မတတ်နိုင်ကြကုန်၊

လိုဏ်တွင်း၌ ဝင်ရောက်နေကုန်သော ရဟန်းတို့သည်လည်း လုံ့လပြုကြကုန်သည် သာတည်း၊ ဤသို့ ပြုကြကုန်သော်လည်း ခုနစ်ရက်ပတ်လုံး ကျောက်တုံးကြီးကို ရွှေ့စေခြင်းငှါ မတတ်နိုင်ကြ လေကုန်၊ ထိုအာဂန္တုရဟန်းတို့သည် ခုနစ်ရက်ပတ်လုံး ဆာလောင် ငတ်မွတ်ခြင်းသို့ ရောက် ကြရကုန်လျက် ကြီးစွာသော ဆင်းရဲကို ခံစားကြရလေကုန်၏၊ ခုနစ်ရှက်မြောက် ကျသောနေ့၌ကား ကျောက်တုံး ကြီးသည် အလိုလိုသာလျှင် လိမ့်၍ ဖဲသွားလေ၏၊

ရဟန်းတို့လည်း ထွက်ခဲ့ကြ၍ ငါတို့၏ ဤမကောင်းမှုကို ဘုရားသဗ္ဗညုမှတပါး အဘယ်သူ သိနိုင်အံ့နည်း၊ ဘုရားရှင်ကို မေးမြန်း လျှောက်ထားကြကုန်အံ့ ဟုကြံ၍ ဖဲသွားကြလေကုန်၏၊ ထို ခုနစ်ပါးသော ရဟန်းတို့သည်လည်း ရှေးရဟန်းတို့နှင့် အတူတကွ လမ်းခရီးအကြား၌ ပေါင်းဆုံ မိကြသဖြင့် ခပ်သိမ်းသော ရဟန်းတို့သည် တပေါင်းတည်းသာလျှင် မြတ်စွာဘုရားသို့ ချဉ်းကပ်ကာ ရှိခိုး၍ တင့်အပ် လျောက်ပတ်သော အရပ်၌ နေကြကုန်လျက် မြတ်စွာဘုရားသည် ပဋိသန္တာရ အစေ့အစပ်စကား ပြောကြားအပ်ကုန်ရကား မိမိတို့ကိုယ်တိုင် မြင်ရသော အကြောင်းခံစားရသော အကြောင်းတို့ကို အစဉ်အတိုင်း မေးမြန်း လျှောက်ထားကြလေကုန်၏၊

ဘုရားရှင်သည် တို့ရဟန်းတို့အား လျှောက်သည့် အစဉ်အတိုင်း ဤသို့ မိန့်ကြားတော်မူ လေ၏။

နွားမီးရှို့ သတ်သော ကျီး အတိတ်

ချစ်သားရဟန်းများတို့ ရှေးဦးစွာထိုကျီးသည် မိမိပြုအပ်သော ကံအကျိုးကို သာလျှင် ခံစားရပေ၏၊ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ လယ်ထွန် ယောက်ျား တယောက်သည် မိမိနွားကို ဆုံးမသည်ရှိသော် ဆုံးမခြင်းငှါ မတတ်နိုင်၊ ထိုလယ်ထွန်ယောက်ျား၏ ထိုနွားသည် အတန်ငယ် သွားပြီးလျှင် အိပ်လေ၏၊ (ဝပ်လေ၏၊) ပုတ်ခတ်ရိုက်နှက်၍ ထစေအပ်သော်လည်း အတန်ငယ် သာ သွားပြီးလျှင် တဖန် အိပ်မြဲ အိပ်ပြန်လေ၏၊ ထိုလယ်ထွန်ယောက်ျားသည် လုံ့လပြု၍ ထိုနွားကို ဆုံးမခြင်းငှါ မတတ်နိုင်သည်ဖြစ်၍ အမျက်ဒေါသ ပြင်းစွာထွက်ခြင်းဖြင့် နှိပ်စက်အပ်သောကြောင့် ဤအခါမှစ၍ ချမ်းသာစွာ အိပ်စက်ရပေတော့အံ့ဟု ဆို၍ ကောက်ရိုး အပေါင်းအစုကိုကဲ့သို့ ပြုလျက် ကောက်ရိုးဖြင့် ထိုနွား၏လည်ကို ရစ်ပတ်ပြီးလျှင် မီးတိုက်လေ၏၊ နွားသည် ထိုနေရာ၌ ပင်လျှင် မီးလောင်၍ သေရှာလေ၏၊

ချစ်သားရဟန်းတို့ ထိုအခါ ထိုလယ်ထွန် ယောက်ျားသည် ထိုအကြောင်းကြောင့် ထိုမကောင်းမှုကို ပြုမိလေ၏၊ ထိုလယ်ထွန်ယောက်ျားသည် ထိုအကုသိုလ်ကံ၏ အကျိုးအားဖြင့် ရှည်ကြာစွာသော နေ့ညဉ့်ပတ်လုံး ငရဲ၌ကျက်ပြီး ခံရပြီးမှ အကျိုးကြွင်း၏ အစွမ်းဖြင့် ခုနစ်ကြိမ် ကျီးမျိုး၌ဖြစ်၍ ဤအတူ ကောင်းကင်၌ မီးလောင်သဖြင့်သာလျှင် သေရဖူးလေပြီ၊ ဤသို့ မိမိပြုအပ်သော ကံအကျိုးကို ခံစားရလေ၏။

ခွေးလည်ပင်း သဲအိုးဆွဲသတ်သော မိန်းမ အတိတ်

ချစ်သားရဟန်းတို့ ထိုမိန်းမသည်လည်း မိမိပြုအပ်သောကံ အကျိုးကိုသာလျှင် ခံစားရပေ၏၊ ထိုမိန်းမသည် လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ သူကြွယ်တဦး၏ မယားဖြစ်၍ ရေခပ်ခြင်း ဆန်ဖွပ် မောင်းထောင်းခြင်း ထမင်းချက်ခြင်း အစရှိသော ခပ်သိမ်းသော အမှုကိစ္စတို့ကို မိမိ လက်ဖြင့်သာလျှင် ပြုလေ၏။

ထိုမိန်းမ၏ ခွေးတကောင်သည် အိမ်၌ အမှုခပ်သိမ်းတို့ကိုပြုသော ထိုမိန်းမကို ကြည့်လျက်သာ နေလေ၏။ လယ်သို့ ထမင်းပို့ဆောင်သော်၎င်း ထင်း ဟင်းရွက် စသည်အကျိုးငှါ တောသို့သွား သော်၎င်း ထိုမိန်းမနှင့် အတူတကွသာလျှင် သွားလေ၏။ ထိုသို့အတူသွားသော အခြင်းအရာကို မြင်လျှင် လူငယ်တို့သည် အချင်းတို့ ခွေးမုဆိုး ထွက်သွားလေပြီ။ ယနေ့ ငါတို့သည် အမဲဟင်းဖြင့် စားကြရ ကုန်လတ္တံ့ဟု ပြက်ရယ်ပြုကြကုန်၏။

ထိုမိန်းမသည် ထိုလူငယ်တို့၏ ပြက်ရယ် စကားကြောင့် မျက်နှာမသာဖြစ်သဖြင့် ခွေးကို ခဲ လှံတံ စသည်တို့ဖြင့် ပုတ်ခတ်၍ ထွက်ပြေးစေလေ၏။ ခွေးသည် ပြန်လည်၍ တဖန် အမှီလိုက်ပြန်လေ၏။

[ထိုခွေးသည်ကား သုံးခုမြောက်သော ကိုယ်အဖြစ်၌ ထိုမိန်းမ၏လင် ယောက်ျား ဖြစ်ဖူးသတတ်။ ထို့ကြောင့် ချစ်ခင်ခြင်းကို ဖြတ်တောက်ခြင်းငှါ မတတ်နိုင်။ ထိုစကားမှန်၏။ အစမထင်သော အနမတဂ္ဂသံသရာကြီး၌ မယားသည်၎င်း၊ လင်ယောက်ျားသည်၎င်း မဖြစ်စဖူးကြသော သူတို့ မည်သည် အကယ်၍ကား မရှိကြကုန်။ ယင်းသို့ မရှိကြကုန်သော်လည်း နီးကပ်သော အတ္တဘော ၌ဖြစ်သော ဆွေမျိုးတို့အပေါ်၌ အတိုင်းအရှည် ထက်လွန်သော ချစ်ခင်ခြင်းသည် ဖြစ်တတ်၏။ ထို့ကြောင့် ထိုခွေးသည် ထိုမိန်းမအပေါ်၌ ဖြစ်သော ချစ်ခင်ခြင်းကို စွန့်ပစ်ခြင်းငှါ မတတ်နိုင်ရှာ]။

ထိုမိန်းမသည် ခွေးအား အမျက် ထွက်လှသဖြင့် လယ်ထွန်ရာ၌ လင်ယောက်ျား၏အဖို့ ယာဂု ပို့ဆောင်လတ်သည်ရှိသော် ကြိုးကို ရင်ခွင်၌ထား၍ သွားလေ၏။ ခွေးသည်လည်း ထိုမိန်းမနှင့် သာလျှင် အတူတကွ လိုက်သွား၏။ ထိုမိန်းမသည် လင်အား ယာဂုကို ပေးပြီးလျှင် အချည်းနှီးသော အိုးကို ယူလျက် တခုသော ရေရှိရာအရပ်သို့ သွားသဖြင့် အိုးကို သဲဖြင့်ပြည့်စေ၍ အနီး၌ကြည့် လျက်နေလေသောခွေးအား အသံကိုပြုလေ၏။

ခွေးသည် ငါ့အား ကြာမြင့်လှ လေပြီတကား။ ယနေ့မှ ချိုသာသော စကားကို ရအပ်ဘိ၏ဟု အမြီးလှုပ်လျက် (နှံ့လျက်) ထိုမိန်းမထံသို့ ချဉ်းကပ်လေ၏။ ထိုမိန်းမသည် ထိုခွေးကို လည်ပင်း၌ မြဲစွာကိုင်လျက် တခုသောကြိုးစွန်းဖြင့် အိုးကိုဖွဲ့ချည်၍ တခုသောကြိုးစွန်းကို ခွေး၏ လည်ပင်း၌ ဖွဲ့ချည်၍ အိုးကိုရှေ့သို့ ရှေးရှု လိမ့်စေလေ၏။

ခွေးသည် အိုးနောက်သို့ အစဉ်လိုက်ပါလျက် ရေ၌ကျ၍ ထိုနေ့၌ပင် သေရှရှာလေ၏။ ထို မိန်းမသည် ထိုအကုသိုလ်ကံ၏အကျိုးဖြင့် ရှည်ကြာစွာသော နေ့ညဉ့်ပတ်လုံး ငရဲ၌ ကျက်ပြီးမှ အကျိုးကြွင်း၏ အစွမ်းဖြင့် တရာသော ကိုယ်အဖြစ်၌ သဲအိုးကို လည်ပင်း၌ ဖွဲ့ချည်သဖြင့် ရေ၌ ပစ်ချခြင်းကြောင့် သေရဖူးလှလေပြီ ဤသို့ မိမိ ပြုအပ်သောကံ၏အကျိုးကို ခံစားရလေ၏။

လိုဏ်ခေါင်းပိတ်မိသော ရဟန်းတို့အတိတ်

ချစ်သားရဟန်းတို့ ခုနစ်ပါးသော သင်တို့သည်လည်း မိမိပြုအပ်သောကံ၏ အကျိုးကိုသာလျှင် ခံစားရလေ၏။ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ နေကုန်သော နွားကျောင်းသားသူငယ် ခုနစ်ယောက်တို့သည် တခုသော တောအုပ်အရပ်၌ ခုနစ်ရက်စီ အလှည့်အားဖြင့် နွားတို့ကို လှည့်လည်စေကြ ထိန်းကျောင်းကြ ကုန်သည်ရှိသော် တနေ့သ၌ နွားတို့ကို စီစစ်ရေတွက်၍ ပြန်လာကြစဉ် ဖွတ်ကြီးတကောင်ကိုမြင်၍ အစဉ်လိုက်ကြလေကုန်၏။

ဖွတ်ကြီးသည် ထွက်ပြေး၍ တောင်ပို့တခုသို့ ဝင်လေ၏။ ထိုတောင်ပို့ကြီးအားကား အပေါက်ခုနစ်ခု တို့ရှိကုန်၏။ သူငယ်တို့သည် ငါတို့ကား ယခုနေ့ ဖမ်းယူခြင်းငှါ မတတ်နိုင်ကြကုန်။ နက်ဖြန်လာ၍ ဖမ်းယူကြကုန်အံ့ ဟုဆိုလျက် တယောက် တယောက်သော သူငယ်သည် တခုတခုသော သစ်ခက်ချိုးအဆုပ်ကို ချိုးယူ၍ ခုနစ်ယောက်စလုံးဖြစ်သော နွားကျောင်းသားတို့သည် ခုနစ်ခုသော အပေါက်တို့ကို ဆို့ပိတ်ကာ ဖဲသွားကြလေကုန်၏။

ထိုနွားကျောင်းသားတို့သည် တဖန် မိုးသောက်သော နေ့၌ ထိုဖွတ်ကို မအောက်မေ့မိသဖြင့် တပါးသောအရပ်၌ နွားတို့ကို ထိန်းကျောင်းပြီးလျှင် ခုနစ်ရက်မြောက်သောနေ့၌ နွားတို့ကိုယူ၍ သွားကြကုန်သည်ရှိသော် ထိုတောင်ပို့ကို မြင်လျှင် သတိတဖန်ရပြန်သဖြင့် ထိုဖွတ်ကြီး၏ ဖြစ်ပျက်ပုံ အကြောင်းကား အဘယ်သို့နည်းဟု နှလုံးပြုလျက် မိမိ မိမိတို့ကိုယ်တိုင် ပိတ်အပ်ကုန်သော အပေါက် တို့ကို ဖွင့်လှစ်ကြလေကုန်၏။

ဖွတ်သည့် မိမိ၏ အသက်ရှင်ခြင်း၌ တွယ်တာကပ်ငြိ မြှော်လင့်ဖွယ် မရှိသည်ဖြစ်၍ အရိုးနှင့် အရေမျှသာ ကြွင်းကုန်လျက် တုန်တုန် လှုပ်လှုပ် ထွက်လာလေ၏။ နွားကျောင်းသားတို့သည် ထိုဖွတ်ကြီးကို မြင်ရလျှင် အစဉ်သနားခြင်းကိုပြု၍ ထိုဖွတ်ကြီးကို မသတ်ကြပါကုန်လင့်။ ခုနစ် ရက်ပတ်လုံး အစာပြတ်သည်ဖြစ်ခဲ့၏ဟု ထိုဖွတ်ကြီး၏ ကျောက်ကုန်းကို ဆုပ်နယ် သုံးသပ်ပြီးလျှင် ချမ်းသာစွာ သွားပါလေတော့ ဟုဆိုကာ လွှတ်လိုက်ကြလေကုန်၏။

ထိုနွားကျောင်းသား ခုနစ်ယောက်တို့သည် ဖွတ်ကို မသတ်ခြင်းကြောင့် ငရဲ၌ မခံကြရကုန်သေး သို့ရာတွင် ထိုနွားကျောင်းသား သူငယ် ခုနစ်ယောက်တို့သည် တပေါင်းတည်းဖြစ်၍ တဆဲ့လေးခု သော ဘဝတို့၌ ခုနစ်ရက် ခုနစ်ရက်တို့ပတ်လုံး ထမင်း အစာပြတ်သော သူတို့ ဖြစ်ရဖူးကုန်၏။ ချစ်သား ရဟန်းတို့ ထိုအခါ သင်တို့သည် နွားကျောင်းသား ခုနစ်ယောက် ဖြစ်ကြ၍ ထိုအကုသိုလ် ကံကိုပြုဖူးပြီ။ ဤသို့မိမိပြုအပ်သော ကံအကျိုးကို ခံစားရလေ၏ဟု မြတ်စွာဘုရားသည် ထို ရဟန်းတို့ မေးအပ်သော ပြဿနာကို ဖြေကြားတော်မူလေ၏။

ထိုအခါ ရဟန်း တပါးသည် မြတ်စွာဘုရားကို ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အသို့ပါနည်း မကောင်းမှုကံကို ပြုပြီးလျှင် -

ကောင်းကင်၌ ပျံသန်းသွားသောသူ အား၎င်း
သမုဒြာသို့ သွားသောသူအား၎င်း
တောင်ကြား လိုဏ်ခေါင်းသို့ သက်ဝင်သောသူအား၎င်း
လွတ်မြောက်ခြင်း မည်သည် မရှိပါတကား ဘုရားဟု လျှောက်ကြားလေ၏။

ဘုရားရှင်သည် ချစ်သားရဟန်းတို့ ဤ ရဟန်း လျှောက်ကြားသည့်အတိုင်း ဟုတ်မှန်ပေ၏။ ကောင်းကင် စသည်တို့တွင်လည်း အကြင်အရပ်၌ တည်သောသူသည် မကောင်းမှုကံ အကျိုးမှ လွတ်ကင်းနိုင်ရာ၏ ထိုအရပ်သည် တခုမျှလည်း မရှိဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရား ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၁၂၇။ န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊ န ပဗ္ဗတာနံ ဝိဝရံ ပဝိဿ။
န ဝိဇ္ဇတီ သော ဇဂတိပ္ပဒေသော၊ ယတ္ထဌိတော မုစ္စေယျ ပါပကမ္မာ။

အန္တလိက္ခေ၊ ကောင်းကင်၌။
ဥပ္ပတိတဿပိ၊ ပျံသန်းသွားသောသူအားလည်း။
၊ မကောင်းကျိုးမှမလွတ်။
သမုဒ္ဒမဇ္ဈေ၊ သမုဒြာအလယ်၌။
ဝါ၊ သမုဒြာ အလယ်သို့။
ပက္ခန္ဓဿပိ၊ သွားသော သူအားလည်း။
၊ မကောင်းကျိုးမှမလွတ်။
ပဗ္ဗတာနံ၊ တောင်တို့၏။
ဝိဝရံ၊ အကြားလိုဏ်ခေါင်းသို့။
ပဝိဿ-ပဝိဋ္ဌဿပိ၊ သက်ဝင် ကိန်းအောင်းသော သူအားလည်း။
၊ မကောင်းကျိုးမှမလွတ်။
ယတ္ထဇဂတိပ္ပဒေသေ၊ အကြင်အရှေ့အရပ်စသော မြေအဖို့၌။
ဌိတော၊ တည် သောသူသည်။
ပါပကမ္မာ၊ မကောင်းမှုကံအကျိုးမှ။
မုစ္ဆေယျ၊ လွတ်ရာ၏။
သောဇဂတိပ္ပဒေသော၊ ထိုအရှေ့အရပ်စသော မြေအဖို့သည်။
နဝိဇ္ဇတိ၊ မရှိ။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ ထိုရဟန်းတို့သည် သာတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေ ကုန်၏။ ရောက်လာသော လူများအပေါင်း အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

တယောဇနဝတ္ထုပြီး၏။


၁၂ - သုပ္ပဗုဒ္ဓ သာကီဝင်မင်းကြီးဝတ္ထု

နအန္တလိက္ခေ- အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် နိဂြောဓာရုံ ကျောင်းတော်၌ နေတော်မူစဉ် ဒေဝဒဟပြည်ကြီးရှင် သုပ္ပဗုဒ္ဓအမည် ရှိသော သာကီဝင်မင်းကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သုပ္ပဗုဒ္ဓမင်းကြီး ဘုရားရှင်အား ပြစ်မှားခြင်း

ထို သုပ္ပဗုဒ္ဓ သာကီဝင်မင်းကြီးသည် ဤသိဒ္ဓတ္ထမင်းသား ဂေါတမဘုရားသည် ငါ၏သ္မီးတော် ယသော်ဓရာကို စွန့်ပစ်လျက် တောထွက်၏ ဟူ၍၎င်း၊ ငါ၏သားတော် ဒေဝဒတ်ကို ရဟန်းပြုပေး ပြီးလျက် ငါ့သားတော်၏ ရန်သူအရာ၌ တည်၏ ဟူ၍၎င်း ဤသို့ အကြောင်း နှစ်ပါးတို့ကြောင့် မြတ်စွာဘုရားအပေါ်၌ ရန်ငြိုး ဖွဲ့ထားသဖြင့် တနေ့သ၌ ထိုဘုရားသဗ္ဗညုအား ဆွမ်းပင့်ဖိတ်ရာ အရပ်သို့ သွား၍ ဘုဉ်းပေးစိမ့်သောငှါ မပေးအံ့ဟု သွားရာ လမ်းခရီးကို ပိတ်လျက် ခရီးမ၌ သေသောက်ကာနေလင့်၏။

ထိုအခါ၌ ဘုရားရှင်သည် ရဟန်း သံဃာအပေါင်း ခြံရံလျက် ထိုသုပ္ပဗုဒ္ဓမင်းကြီး ရှိရာအရပ်သို့ ရောက်လာသည်ရှိသော် မြတ်စွာဘုရားကြွလာပြီဟု သုပ္ပဗုဒ္ဓမင်းကြီးအား ကြားလျှောက်ကြကုန်၏။ ထိုစကားကို ကြားလျှင် ထိုသုပ္ပဗုဒ္ဓမင်းကြီးသည် ရှေ့မှသွားကြချေ။ ထိုဂေါတမအား ဆိုကြ ကုန်လော့။ ဤဂေါတမသည် ငါ့ထက်ကြီးသောသူမဟုတ်။ ထို့ကြောင့် ထိုဂေါတမအား လမ်း ခရီးကို မပေးနိုင်ဟု ဆိုလေ၏။ အဖန်တလဲလဲ လျှောက်ဆိုအပ်သော်လည်း ထိုရှေးအတူ သာလျှင် နေလေ၏။ ဘုရားရှင်သည် ဦးရီးအထံမှ လမ်းခရီး ကိုမရသဖြင့် ထိုအရပ်မှ ဆုတ်နစ်ပြန်ကြွတော် မူခဲ့ရလေ၏။

မြေမျိုလိမ့်မည်ဟု မိန့်တော်မူခြင်း

ထို သုပ္ပဗုဒ္ဓသည်လည်း သူလျှိုယောက်ျား တယောက်ကို သွားချေ။ ထိုဂေါတမ၏ စကားကို နားထောင်ပြီးမှ လာလှည့်ဟု စေလွှတ်လေ၏။ ဘုရားရှင်သည်လည်း ပြန်လည်ခဲ့သည်ရှိသော် ပြုံးတော်မူခြင်းကို ပြုခြင်းကြောင့် ရှင်အာနန္ဒာမထေရ်က မြတ်ဘုရား ပြုံးခြင်းကို ထင်ရှားစွာ ပြုခြင်း၏အကြောင်းကား အဘယ်ပါနည်း ဘုရားဟု မေးအပ်သည်ဖြစ်၍ မြတ်စွာဘုရားသည် ချစ်သား အာနန္ဒာ သုပ္ပဗုဒ္ဓ ကိုမြင်၏လောဟုမိန့်တော်မူလေ၏။

မြတ်စွာဘုရား မြင်ပါသည်ဘုရားဟု လျှောက်လေသော် ငါကဲ့သို့သော ဘုရားရှင်အား ကြွရာလမ်း ခရီးကို မပေးခြင်းအားဖြင့် ထိုသုပ္ပဗုဒ္ဓမင်းကြီးသည် ဝန်လေးသောအမှု ပြုဘိ၏တကား ဤနေ့မှ ခုနစ်ရက် မြောက်သောနေ့၌ ပြာသာဒ်အောက် စောင်းတန်းခြေရင်း၌ မြေသို့သက်ဝင်ရ ရှာလတ္တံ့ (မြေမျိုလတ္တံ့) ဟု မိန့်တော်မူလေ၏။

သူလျှိုယောက်ျားသည် ထို မိန့်တော်မူသော စကားကို ကြားရပြီးလျှင် သုပ္ပဗုဒ္ဓမင်းကြီးအထံသို့ သွားရောက်သဖြင့် ငါ့တူ ဂေါတမသည် အဘယ်စကားကို ဆိုသနည်းဟု မေးအပ်သည်ရှိသော် ကြားခဲ့တိုင်းသောစကားကို ကြားလျှောက်လေ၏။

မြေမမျိုနိုင်အောင် နေထိုင်ခြင်း

သုပ္ပဗုဒ္ဓ မင်းကြီးသည် ထိုသူလျှို၏ လျှောက်ချက်စကားကို ကြားရလျှင် ယခုအခါ ငါ့တူ ဂေါတမဘုရား ဆိုသော စကား၌ အပြစ်မရှိသေး။ အကြင်စကားကို ထိုဂေါတမဘုရားသည် ဆို၏။ ထိုစကားသည် ထိုသို့ဆိုတိုင်း မချွတ်ဧကန် ဖြစ်တန်စေ ဤသို့ပင် ဖြစ်စေကာမူ ထိုရှင်ဂေါတမကို ယခုအခါ မုသာဝါဒဖြင့် နှိပ်ကွပ် ပြောဆိုမည်ဟူ၍၎င်း ထိုဂေါတမသည် ငါ့ကို ခုနစ်ရက် မြောက်သောနေ့၌ မြေသို့ဝင်ရလတ္တံ့ဟု အမှတ်မရှိ သာမန်အားဖြင့် မဆိုမူ၍ ပြာသာဒ်အောက် စောင်းတန်းခြေရင်း၌ မြေသို့ ဝင်ရလတ္တံ့ဟု နေရာအမှတ်အသားပြု၍ ဆိုဘိ၏။

ယခုအခါ ထိုငါသည် ဤနေ့မှစ၍ ထိုအရပ်သို့ မသွားဘဲ နေပေအံ့ဟူ၍၎င်း ထိုသို့ မသွားဘဲ နေသည်ရှိသော် ထိုစောင်းတန်းခြေရင်းနေရာ၌ မြေသို့မဝင်ရခြင်းကြောင့် ထိုဂေါတမဘုရားကို မုသာဝါဒဖြင့် နှိပ်စက်ရပေတော့အံ့ဟူ၍၎င်း ပြောဆိုပြီးလျှင် ထိုသုပ္ပဗုဒ္ဓမင်းကြီးသည် မိမိ၏ အသုံးအဆောင် အပေါင်း အလုံးကို ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်၏ အထက်သို့တင်၍ စောင်းတန်းလှေခါးကို ဖယ်ရှားဖြုတ်ထားစေပြီးလျှင် တံခါးကိုပိတ်စေသဖြင့် တံခါးတခုတခု၌ နှစ်ယောက် နှစ်ယောက်သော လက်ဝှေ့ လက်ပန်းသည်တို့ကိုထား၍ ငါကား မေ့လျော့သဖြင့် အောက်သို့ သက်ဆင်းလိုသည် အကယ်၍ ဖြစ်ခဲ့ငြားအံ့ ငါ့ကိုတားမြစ်ကြကုန် လော့ဟုဆို၍ ခုနစ်ဆင့်မြောက်သော ပြာသာဒ်၏ အပြင်ဝယ် ကြက်သရေရှိသော တိုက်ခန်း၌ နေလေ၏။

ဘုရားသဗ္ဗညုသည် ထိုအကြောင်းကို ကြားတော်မူလျှင် ၌ ချစ်သားရဟန်းတို့ သုပ္ပဗုဒ္ဓမင်းကြီးသည် သက်သက် ပြာသာဒ် အပြင်၌၎င်း ကောင်းကင်သို့ပျံတက်၍ ကောင်းကင်၌၎င်း နေသည်မူလည်း ဖြစ်စေ လှေဖြင့် သမုဒြာသို့ ကူးဝင်သည်မူလည်းဖြစ်စေ တောင်ကြားဥမင်လိုဏ်ခေါင်းသို့ ဝင်သည် မူလည်းဖြစ်စေ ဘုရားရှင်တို့ မိန့်မြွက်အပ်သော စကားတော်၏ နှစ်ဖို့ဖြစ်သော မည်သည်မရှိ။ ငါဘုရား မိန့်ဆိုအပ်သော အရပ်၌သာလျှင် သုပ္ပဗုဒ္ဓ မင်းကြီးသည် မြေသို့ဝင်ရလတ္တံ့ဟု မိန့်တော် မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားကော် မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၁၂၈။ န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊ န ပဗ္ဗတာနံ ဝိဝရံ ပဝိဿ။
နု ဝိဇ္ဇတီ သော ဗဂတိပ္ပဒေသော၊ ယတ္ထဋ္ဌိတံ နပ္ပသဟေယျ မစ္စု။

အန္တလိက္ခေ၊ ကောင်းကင်၌။
နိသီဒတု၊ နေသည်ဖြစ်စေ။
၊ သေခြင်းမှ မလွတ်။
သမုဒ္ဒမဇ္ဈေ၊ သမုဒြာအလယ်၌။
ဝါ၊ သမုဒြာ အလယ်သို့။
ပက္ခန္ဒတု၊ ကူးဝင်သွားသည်ဖြစ်စေ။
၊ သေခြင်းမှမလွတ်။
ပဗ္ဗတာနံ၊ တောင်တို့၏။
ဝိဝရံ၊ အကြားလိုဏ်ခေါင်းသို့။
ပဝိဿ-ပဝိသတု၊ ဝင်၍ နေသည်ဖြစ်စေ။
၊ သေခြင်း မှမလွတ်။
ယတ္ထဇဂတိပ္ပဒေသေ၊ အကြင်အရှေ့အရပ်စသော မြေအဖို့၌။
ဌိတံ၊ တည်သောသူကို။
မစ္စု၊ သေမင်းသည်။
နပ္ပသဟေယျ၊ မနှိပ်စက်မညှဉ်းဆဲနိုင်ရာ။
သောဇာတိပ္ပဒေသော၊ ထိုအရှေ့အရပ်စသော မြေအဖို့သည်။
နဝိဇ္ဇတိ၊မရှိ။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာကုန်သော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ခုနစ်ရက်မြောက်၌ မြေမျိုခြင်း

ခုနစ်ရက်မြောက်သောနေ့၌ ဆွမ်းအလို့ငှါ ကြွရာလမ်းခရီးကို ပိတ်ဆီးတားမြစ်သော အချိန်အခါတွင် ပြာသာဒ်အောက်၌ သုပ္ပဗုဒ္ဓမင်းကြီး၏ မင်္ဂလာ စီးတော်မြင်းသည် ထိတ်ထိတ် လန့်လန့် ဖြစ်လျက် ထိုထို နံရံကို ကန်ကျောက်လေ၏။

သုပ္ပဗုဒ္ဓမင်းကြီးသည် ပြာသာဒ် အထက်၌ နေလျက်သာလျှင် မြည်း၏ ဟီသံကိုကြားရလျှင် ဤ အသံကား အဘယ်အသံနည်းဟု မေးလေ၏။ မင်္ဂလာ မြင်းတော် ထိတ်ထိတ် လန့်လန့် ဖြစ်ကြောင်းကို သံတော်ဦးတင်ကြလေကုန်၏။

(ထိုမြင်းသည်ကား သုပ္ပဗုဒ္ဓမင်းကြီးကို မြင်ရမှသာလျှင် ငြိမ်သက်စွာ နေတတ်သည်။)

ထိုအခါ မြင်းကို သုပ္ပဗုဒ္ဓမင်းကြီးသည် ကိုင်လိုသည် သုံးသပ်လိုသည်ဖြစ်၍ နေရာအရပ်မှ ထသဖြင့် တံခါးသို့ ရှေးရှု ဖြစ်လေ၏။ တံခါးတို့သည် အလိုလိုသာလျှင် ဟင်းလင်းပွင့်ကုန်၏။ ဖယ်ရှား ဖြုတ်ထားသော စောင်းတန်းလှေခါးသည်လည်း မိမိတည်မြဲတိုင်း အရပ်၌သာလျှင် တည်လာ၏။

တံခါး၌ နေကြကုန်သော လက်ဝှေ့ လက်ပန်းသည်တို့သည် ထိုသုပ္ပဗုဒ္ဓမင်းကြီးကို လည်ပင်၌ ကိုင်၍ အောက်သို့ရှေးရှု ပစ်ချလိုက်ကြလေကုန်၏။ ဤသို့သော နည်းအားဖြင့် ခုနစ်ဆင့်သော ပြာသာဒ် အပြင်တို့၌လည်း တံခါးတို့သည် အလိုလိုသာလျှင် ပွင့်ကြကုန်၏။ စောင်းတန်းလှေခါး တို့သည်လည်း တည်မြဲတိုင်းသော အရပ်၌ တည်ကြကုန်၏။

ထိုထိုအရပ်၌ နေကြကုန်သော လက်ဝှေ့ လက်ပန်းသည် တို့သည်လည်း ထိုသုပ္ပဗုဒ္ဓမင်းကြီးကို လည်ပင်း၌သာလျှင်ကိုင်၍ အောက်သို့ရှေးရှုပစ်ချ လိုက်ကြလေကုန်၏။ထိုအခါ ပြာသာဒ်၏အောက် စောင်းတန်းခြေရင်း၌ ရောက်လာသည် သာလျှင်ဖြစ်သော ထိုသုပ္ပဗုဒ္ဓ သာကီဝင်မင်းကြီးကို မဟာပထဝီမြေကြီးသည် ဟင်းလင်းပွင့်ကာ ကွဲအက်လျက် ခံယူလေ၏။ ထိုသုပ္ပဗုဒ္ဓမင်းကြီးသည် ဝင်သွား၍ အဝီစိငရဲ၌ ဖြစ်ရရှာလေ၏။

သုပ္ပဗုဒ္ဓသာကီဝင်မင်းကြီးဝတ္ထုပြီး၏။

ဤတွင်ရွေ့ကား ကိုးခုမြောက်သော ပါပဝဂ်အဖွင့်ပြီး၏။


၁၀ - ဒဏ္ဍဝဂ်

၁၀ - ဆဗ္ဗဂ္ဂီရဟန်းတို့ဝတ္ထု

သဗ္ဗေတသန္တိ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကျောင်းလုရာမှ ရိုက်မှုဖြစ်ခြင်း

တပါးသောအခါ၌ သတ္တရသဝဂ္ဂီရဟန်းတို့သည် အိပ်ရာနေရာ ကျောင်းတို့ကို သုတ်သင်ပြုပြင်သည် ရှိသော် ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် ငါတို့ကား သင်တို့ထက် သိက္ခာဝါ ကြီးကြံကုန်၏။ ငါတို့အား ဤကျောင်းသည် ရောက်၏ ဟုဆိုလျှင် ထိုသတ္တရသဝဂ္ဂီ ရဟန်းတို့သည် ငါတို့ကား မပေး နိုင်ကြကုန်။ ငါတို့သည် ရှေးဦး စွာပြုပြင်သုတ်သင်အပ်၏ဟု ဆိုလတ်သော် ထိုဆဗ္ဗဂ္ဂီ ရဟန်းတို့သည် ရိုက်နှက်ပုတ် ခတ်ကြလေကုန်၏။

သတ္တရသဝဂ္ဂီရဟန်းတို့သည် သေဘေးမှ ကြောက်လန့်ကြ ကုန်သောကြောင့် သည်းစွာသော မြည်တမ်းခြင်းကို မြည်တမ်းကြကုန်၏။ ဘုရားရှင်သည် ထိုသတ္တရသဝဂ္ဂီ ရဟန်းတို့၏ အသံကို ကြားတော်မူလျှင် ဤအသံသည် အဘယ်အသံနည်းဟု မေးတော်မူခြင်းကြောင့် ဤမည်သော အသံဖြစ်ပါ သည်ဘုရားဟု လျှောက်ကြား အပ်သည်ရှိသော် ချစ်သားရဟန်းတို့ ဤအခါမှစ၍ ရဟန်းမည်သည် ဤသို့မပြုအပ်၊ အကြင် ရဟန်းသည်ပြု၏၊ ထိုရဟန်းသည် ဤမည်သော အာပတ်သို့ ရောက်၏ဟု ရိုက်နှက်ပုတ်ခတ်ခြင်းကြောင့် ပါစိတ်အာပတ် သင့်စေဟူသော ပဟာရဒါန သိက္ခာပုဒ်ကို ပညတ်တော်မူပြီးလျှင် -

ချစ်သား ရဟန်းတို့ ရဟန်းမည်သည် ငါကဲ့သို့ တပါးသော သူတို့သည်လည်း ဒဏ်မှ ကြောက်လန့် ကြကုန်၏။ သေခြင်းမှ ကြောက်လန့်ကြကုန်၏ ဟု အသိအလိမ္မာဉာဏ် ရှိသည် ဖြစ်၍ သူတပါးကို မပုတ်ခတ်အပ် မသတ် မညှဉ်းဆဲအပ်ဟု မိန့်တော်မူ၍ အနုသန္ဓေကိုစပ်လျက် တရားဟောကြားတော် မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၁၂၉။ သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊ သဗ္ဗေ ဘာယန္တိ မစ္စုနော။
အတ္တာနံ ဥပမံ ကတွာ၊ န ဟနေယျ န ဃာတယေ။

သဗ္ဗေ၊ အလုံးစုံသော သတ္တဝါတို့သည်။
ဒဏ္ဍဿ၊ ဒဏ်မှ။
တသန္တိ၊ ထိတ်လန့်ကြကုန်၏။
သဗ္ဗေ၊ အလုံးစုံသော သတ္တဝါတို့သည်။
မစ္စုနော၊ သေခြင်းမှ။
ဘာယန္တိ၊ ကြောက်ရွံ့ကြကုန်၏။
အတ္တာနံ၊ မိမိကိုယ်ကို။
ဥပမံကတွာ၊ ကိုယ်ချင်းစာနာ ဥပမာပြု၍။
နဟနေယျ၊ မညှဉ်းဆဲရာ။
နာဃာတယေ၊ မသတ်ပုတ်ရာ။

ဒေသနာတော်၌ မှတ်ဖွယ်

[သတ္တဝါအားလုံးတို့သည် မိမိ၌ အပြစ်ဒဏ် ကျရောက်လျှင် ထိုဒဏ်မှ ကြောက်လန့်ကြကုန်၏။ သေခြင်းမှလည်း ကြောက်လန့်ကုန်သည်သာတည်း။ ဤဒေသနာ၌ သဒ္ဒါကား အကြွင်းမရှိ အနက်ကား အကြွင်းရှိ၏။ အကြွင်းရှိပုံ ဥပမာကား လူအားလုံး စည်းဝေးကြရမည်ဟု ဘုရင်မင်း အမိန့်ထုတ်ပြန် သောအခါ မင်းအမတ်ကြီးတို့ကို ဖယ်ထား၍ ကြွင်းသော သူတို့သာစည်းဝေး ကြကုန်၏။ ထို့အတူ အားလုံးကြောက်လန့်ကြကုန်၏ဟုဆိုသော်လည်း -

၁။ ဆင်အာဇာနည်
၂။ မြင်းအာဇာနည်
၃။ နွားလားဥသဘအာဇာနည်
၄။ ရဟန္တာ

ဤလေးဦးတို့ကို ချန်ထား၍ ကြွင်းသောသူတို့သာ ကြောက်လန့်ကြကုန်၏ဟု မှတ်အပ်၏။ ထို လေးဦးတို့တွင် ရဟန္တာတို့ကား သက္ကာယဒိဋ္ဌိ ပယ်ပြီး ဖြစ်၍ မသေကောင်းသော သတ္တဝါကို မမြင်ရသောကြောင့် မကြောက်ကုန်။ ကျန်သုံးဦးတို့ကား သက္ကာယဒိဋ္ဌိ အလွန်အားကြီးလှသည် ဖြစ်၍ မိမိအား ဆန့်ကျင် အံတု ရန်ခုခံဝံ့သော သတ္တဝါကို မမြင်ရသောကြောင့် မကြောက် ကြကုန်]။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

ဆဗ္ဗဂ္ဂီရဟန်းတို့ဝတ္ထုပြီး၏။


၂-ဆဗ္ဗဂ္ဂီရဟန်းတို့ဝတ္ထု (ဒုတိယ)

သဗ္ဗေတသန္တိ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကျောင်းလုရာမှ လက်ဖြင့်ရွယ်မှုဖြစ်ခြင်း

တပါးသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုကျောင်းဟူသော အကြောင်းကြောင့်သာလျှင် ရှေး သိက္ခာပုဒ်၌ သတ္တရသဝဂ္ဂီရဟန်းတို့ကို ရိုက်နှက် ပုတ်ခတ် ကြလေကုန်၏။ ထိုကျောင်းဟူသော အကြောင်းကြောင့်သာလျှင် ထိုသတ္တရသဝဂ္ဂီ ရဟန်းတို့အား လက်ဝါးပြင်ကို ချီမိုးကြကုန်၏။ (ရွယ်ကုန်၏)

ဤအရာ၌လည်း မြတ်စွာဘုရားသည် ထိုသတ္တရသဝဂ္ဂီ ရဟန်းတို့၏ အသံကို ကြားတော်မူရလျှင် ဤအသံသည် အဘယ်အသံနည်းဟု မေးတော်မူသောကြောင့် ဤမည်သော အသံ ဖြစ်ပါသည် ဘုရားဟု လျှောက်ကြားသည်ရှိသော် ချစ်သားရဟန်းတို့ ဤအခါမှစ၍ ရဟန်းမည်သည် ဤသို့ မပြုအပ်။ အကြင်ရဟန်းပြု၏ ထိုရဟန်းအား ဤမည်သော အာပတ်သို့ ရောက်၏ဟု လက်ဝါးပြင် မိုးခြင်းကြောင့် ပါစိတ်အာပတ် သင့်စေဟူသော တလသတ္တိက သိက္ခာပုဒ်ကို ပညတ်တော်မူပြီးလျှင် -

ချစ်သား ရဟန်းတို့ ရဟန်းမည်သည် ငါကဲ့သို့ ထို့အတူ တပါးသော သူတို့သည်လည်း ဒဏ်မှ ထိတ်လန့်ကြကုန်၏။ ငါ့အသက်ကဲ့သို့ ထို့အတူ ထိုသူတို့၏အသက်ကို ချစ်မြတ်နိုးအပ်၏ဟု အသိအလိမ္မာဉာဏ် ရှိသည်ဖြစ်၍ သူတပါးကို မပုတ်ခတ်အပ် မညှဉ်းဆဲ့အပ်ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော် မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၁၃ဝ။ သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊ သဗ္ဗေသံ ဇီဝိတံ ပိယံ။
အတ္တာနံ ဥပမံ ကတွာ၊ န ဟနေယျ န ဃာဘယေ။

သဗ္ဗေ၊ ရဟန္တာတို့မှတပါး အလုံးစုံသော သတ္တဝါတို့သည်။
ဒဏ္ဍဿ၊ ဒဏ်မှ။
တသန္တိ၊ ထိတ်လန့်ကြကုန်၏။
သဗ္ဗေသံ၊ ရဟန္တာတို့မှတပါး အလုံးစုံသော သတ္တဝါတို့သည်။
ဇီဝိတံ၊ အသက်ကို။
ပိယံ၊ ချစ်မြတ်နိုးအပ်၏။
အတ္တာနံ၊ မိမိကိုယ်ကို။
ဥပမံကတွာ၊ ကိုယ်ချင်းစာနာ ဥပမာပြု၍။
နဟနေယျ၊ မညှဉ်းဆဲရာ။
နဃာတယေ၊ မသတ်ပုတ်ရာ။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

ဆဗ္ဗဂ္ဂီရဟန်းတို့ဝတ္ထု (ဒုတိယ) ပြီး၏။


၃ - များစွာသော သတို့သားငယ်တို့ဝတ္ထု

သုခကာမာနိ ဘူတာနိ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် များစွာကုန်သော သတို့သားငယ်တို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မြွေရိုက်သော သူငယ်တို့ကို ဆုံးမခြင်း

တပါးသောအခါ၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ ဆွမ်းအလို့ငှါ ကြွဝင်တော်မူသည်ရှိသော် လမ်းခရီးအကြား၌ များစွာကုန်သော သတို့သားငယ်တို့သည် အဆိပ်မရှိသော အိမ်မြွေမျိုးဖြစ်သော မြွေတကောင်ကို လှံတံဖြင့်ပုတ်ခတ် နေကြသည်တို့ကို မြင်တော်မူရလျှင် သတို့သားငယ်တို့ အဘယ်အမှုကို ပြုကြကုန် သနည်းဟု မေးတော်မူလျှင် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား မြွေကို လှံတံဖြင့် ပုတ်ခတ်ကြပါသည်ဘုရားဟု လျှောက်သည်ရှိသော် အဘယ့်ကြောင့်နည်းဟု မေးတော်မူပြန်လျှင် မြတ်စွာဘုရား ကိုက်အံ့သည်မှ ကြောက်လန့်သောကြောင့်ပါ ဘုရားဟု လျှောက်ပြန်သည်ရှိသော် သင်တို့သည် မိမိ၏ ချမ်းသာခြင်းကို ပြုကြကုန်အံ့ဟု ဤမြွေကို ပုတ်ခတ် သည်ရှိသော် ဖြစ်ရာဌာန ဘုံဘဝတို့၌ ချမ်းသာခြင်း ရကုန်သည် မဖြစ်ကြရကုန်လတ္တံ့။ မိမိ၏ ချမ်းသာခြင်းကို တောင့်တသဖြင့် သူတပါးကို ပုတ်ခတ်ခြင်းငှါ မသင့်ဟု မိန့်တော်မူ၍ အနုသန္ဓေ စပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာတို့ကို မိန့်တော်မူလေ၏။

ဒေသနာတော်

၁၃၁။ သုခကာမာနိ ဘူတာနိ၊ ယော ဒဏ္ဍန ဝိဟိံ သတိ။
အတ္တနော သုခမေသာနော၊ ပေစ္စ သော န လဘတေ သုခံ။

၁၃၂။ သုခကာမာနိ ဘူတာနိ၊ ယော ဒဏ္ဍေန န ဟိံ သတိ။
အတ္တနော သုခမေသာနော၊ ပေစ္စ သော လဘတေ သုခံ။

ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။
အတ္တနောသုခံ၊ မိမိ၏ချမ်းသာခြင်းကို။
သောနော၊ ရှာမှီးလျက်။
သုခကာမာနိ၊ မိမိကဲ့သို့ ချမ်းသာခြင်းကို အလိုရှိကုန်သော။
ဘူတာနိ၊ သတ္တဝါတို့ကို။
ဒဏ္ဍေန၊ တုတ်လှံတံဖြင့်။
ဝိဟိံ သတိ၊ ညှဉ်းဆဲ ပုတ်ခတ် ရိုက်ကာသတ်၏။
သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။
ပေစ္စ၊ တမလွန်ဘဝ၌။
သုခံ၊ ချမ်းသာခြင်းကို။
နလဘတေ၊ မရနိုင်။

ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။
အတ္တနောသုခံ၊ မိမိချမ်းသာခြင်းကို။
သောနော၊ ရှာမှီးလျက်။
သုခကာမာနိ၊ မိမိကဲ့သို့ ချမ်းသာခြင်းကို အလိုရှိကုန်သော။
ဘူတာနိ၊ သတ္တဝါတို့ကို။
ဒဏ္ဍေန၊ တုတ်လှံတံဖြင့်။
န ဝိဟိံ သတိ၊ မညှဉ်းဆဲ မပုတ်ခတ် မရိုက်သတ်။
သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။
ပေစ္စ၊ တမလွန်ဘဝ၌။
သုခံ၊ ချမ်းသာခြင်းကို။
လဘတေ၊ ရနိုင်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ ငါးရာမျှ အတိုင်းအရှည် ရှိသည်လည်း ဖြစ်ကုန်သော ထိုသတို့သားငယ် တို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

များစွာသော သတို့သားငယ်တို့ဝတ္ထု ပြီး၏။

၄ - ကောဏ္ဍဓာန မထေရ်ဝတ္ထု

မာဝေါစ ဖရုသံကိဉ္စိ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အရှင်ကောဏ္ဍဓာန အမည်ရှိသော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မထေရ်နှင့်အတူ မိန်းမပါသည်ဟု ထင်ရခြင်း

အရှင်ကောဏ္ဍဓာန မထေရ်၏ ရဟန်းပြုသောနေ့မှစ၍ တခုသောမိန်းမ အရုပ်သည် မထေရ်နှင့် အတူတကွ သွားလာ လှည့်လည်လျက် ရှိလေ၏။ ထိုမိန်းမ အရုပ်ကို မထေရ်သည် မမြင် လူများ အပေါင်းသည်ကား မြင်၏။ ရွာတွင်းသို့ ဆွမ်းအလို့ငှါ ကြွသွားသည်ရှိသော်လည်း ထိုမထေရ်အား လူတို့သည် ဆွမ်းတဇွန်းကို ပေးလှူ၍ အရှင်ဘုရား ဤဆွမ်းသည် အရှင်ဘုရားတို့အလို့ငှါ ဖြစ်ပါစေ။ ဤဆွမ်းသည်ကား အရှင်ဘုရားတို့၏ အပေါင်းအဖေါ်မ အလို့ငှါ ဖြစ်ပါစေဘုရား ဟု ဆိုလျက် နှစ်ခုမြောက်သော ဆွမ်းတဇွန်းကိုလည်း ပေးကမ်း လှူဒါန်းကြကုန်သတည်း။

နတ်က မိန်းမယောင်ဆောင်၍ နှောင့်ယှက်ခြင်းအတိတ်

ထိုရဟန်း၏ ရှေးမကောင်းမှုကံ အကြောင်းသည် အဘယ်နည်းဟူမူကား။ ကဿပမြတ်စွာဘုရား၏ လက်ထက်တော်အခါ၌ အဆွေခင်ပွန်းဖြစ်သော နှစ်ဦး ရဟန်းတို့သည် တမိဝမ်းတွင်းမှ သက်ဆင်း သောသူတို့နှင့်တူစွာ အလွန်တရာ ညီညွတ်ကြလေကုန်၏။ သက်တော်ရှည် ဘုရားရှင်တို့၏ လက်ထက်တော် တို့၌လည်း နှစ်တိုင်း တနှစ် တကြိမ်သော်၎င်း ခြောက်လ တကြိမ်သော်၎င်း ရဟန်းတို့သည် ဥပုသ်ပြုခြင်း အကျိုးငှါ စည်းဝေးကြကုန်၏။

ထို့ကြောင့် ထိုနှစ်ဦးသော ရဟန်းတို့သည်လည်း ဥပုသ်အိမ်သို့ သွားကြကုန်အံ့ဟု နေရာအရပ်မှ ထွက်ခဲ့ကြလေ၏။ ထိုနှစ်ဦးသော ရဟန်းတို့ကို တာဝတိံသာ နတ်ပြည်၌ဖြစ်သော နတ်သား တယောက်သည် မြင်ရလျှင် ဤရဟန်းတို့သည် အလွန်တရာ ညီညွတ်ကြကုန်၏။ ဤရဟန်းတို့ကို ကွဲပြားစိမ့်သောငှါ တတ်နိုင်ကောင်းအံ့လောဟု ကြံစည်ပြီးလျှင် မိမိ၏ မိုက်မဲတွေဝေသည့် အဖြစ်ကြောင့် ကြံစည်ပြီးသည့် အခြားမဲ့၌သာလျှင် ရောက်လာသဖြင့် ထိုနှစ်ဦးသော ရဟန်းတို့တွင် တဦးသောရဟန်းသည် ငါ့ရှင် တခဏမျှ ဆိုင်းငံ့ပါဦးလော့။ ကိုယ်လက် သုတ်သင်ခြင်းကိစ္စဖြင့် အလိုရှိပါသည် ဟုဆိုလတ်သော် ထိုနတ်သည် တယောက်သော လူမိန်းမရုပ်အဆင်းကို ဖန်ဆင်း တဲ့၍ မထေရ် ချုံတခုအတွင်းသို့ဝင်၍ ပြန်ထွက်သွားသော ကာလ၌ လက်တဘက်ဖြင့် ဆံပင် အပေါင်းကို လက်တဘက်ဖြင့် ထမီရှင်ဝတ်ကို တည်မြဲ တည်အောင် ကောင်းစွာ ဖေးဖေးမမ ပြုပြင်လျက် ထိုမထေရ်၏ နောက်နားမှ ထွက်လာခဲ့လေ၏။

ထို ကိုယ်လက် သုတ်သင်သော ရဟန်းသည် ထိုမိန်းမကိုမမြင်။ ထိုရဟန်းကို ဆိုင်းငံ့လျက် ရှေ့၌ နေသော ရဟန်းသည် ပြန်လည်၍ ကြည့်လတ်သည် ရှိသော် ထိုဆိုခဲ့ပြီးသော အခြင်းအရာဖြင့် ပြုပြင်လျက် ထွက်လိုက်လာသော မိန်းမကို မြင်ရလေ၏။ ထိုမိန်းမသည် ထိုရဟန်း မြင်သော အဖြစ်ကိုသိလျှင် ကွယ်ပျောက်လေ၏။

ရဟန်းနှစ်ပါး ကွဲပြားရခြင်း

ဆိုင်းငံ့နေသော ရဟန်းသည် ထိုကိုယ်လက် သုတ်သင်သော ရဟန်းကို မိမိထံသို့ ရောက်လာ သောအခါ ငါ့ရှင် သင်၏သီလ ပျက်ခဲ့ပြီဟုဆိုလေ၏။ ငါ့ရှင် ငါ့အား ဤသို့ သဘောရှိသော သီလ ပျက်ခြင်းဟူသည် မရှိရပါတကားဟု ဆိုလတ်သော် ယခုပင်လျှင် ငါသည် သင်၏နောက်မှ ထွက်လိုက်လာသော ဤမည်သောအမှု ကို ပြုလျက်ရှိသော မိန်းမပျိုကိုမြင်ရ၏။ သင်သည် ငါ့အား ဤသို့သဘောရှိသော သီလပျက်ခြင်းဟူသည် မရှိလှပါတကားဟူ၍ အဘယ့်ကြောင့် ဆိုလေဘိ သနည်း ဟု မေးလေ၏။

ထိုရဟန်းသည် ထိပ်ထက်၌ မိုးကြိုးလွှမ်းမိုး ပစ်ချဘိသကဲ့သို့ ငါ့ရှင် ငါ့ကို မဖျက်ဆီးလင့် ငါ့အား ဤသို့သဘောရှိသော သီလပျက်ခြင်းဟူသည် မရှိဟု ဆိုပြန်သည်ရှိသော် ဆိုင်းငံ့နေသော ရဟန်း ကလည်း ငါသည် ကိုယ်တိုင် မျက်စိတို့ဖြင့် မြင်အပ်၏။ သင့်အား အဘယ့်ကြောင့် ယုံကြည်နိုင် ပါအံ့နည်းဟု ဆိုပြီးလျှင် တုတ်လှံတံကျိုးသကဲ့သို့ တခြားစီ ကွဲ၍ ဖဲသွားလေ၏။

ဥပုသ်အိမ်၌လည်း ငါသည် ဤရဟန်းနှင့် အတူတကွ ဥပုသ်မပြုအံ့ဟု နှလုံးသွင်းလျက် နေလေ၏။ အစွပ်စွဲခံရသော ရဟန်းသည် အရှင်ဘုရား တပည့်တော်၏ သီလ၌ အဏုမြူမျှလည်းဖြစ်သော မည်းနက်ခြင်းသည် မရှိပါဘုရားဟု ရဟန်းတို့အား လျှောက်ကြားလေ၏။

ထိုရဟန်းသည်လည်း ငါကိုယ်တိုင် မြင်အပ်၏ဟု ဆိုလေ၏။ နတ်သားသည် ဆိုင်းငံ့သောရဟန်းကို ထိုကိုယ်လက် သုတ်သင်သော ရဟန်းနှင့် အတူတကွ ဥပုသ်ပြုခြင်းငှါ အလိုမရှိသည်ကိုမြင်ရလျှင် ငါပြုအပ်သော အမှုသည် ဝန်လေးလှ၏ တကားဟု ကြံစည်၍ အရှင်ဘုရား တပည့်တော်၏ အရှင် မြတ်အား သီလပျက်စီးခြင်း မရှိပါ။ တပည့်တော်သည်ကား စူးစမ်းခြင်း၏ အစွမ်းဖြင့် ဤအမှုကို ပြုမိပါသည်။ ထိုရဟန်းနှင့် အတူတကွ ဥပုသ်ပြုတော်မူကြပါဘုရားဟု လျှောက်လေ၏။

ထိုဆိုင်းငံ့နေသော ရဟန်းသည် ကောင်းကင်၌ရပ်လျက် ပြောဆိုသော ထိုနတ်၏စကားကို ယုံကြည်သောကြောင့် ဥပုသ်ပြုလေ၏။ ထိုသို့ပင်ပြုသော်လည်း မထေရ်အပေါ်၌ ရှေးကကဲ့သို့ နူးညံ့သောစိတ်ရှိသည်မဖြစ်။ နတ်၏ ရှေးမကောင်းမှုကံကား ဤမျှသာလျှင်တည်း။ အသက် ကုန်ဆုံးသောအခါ၌ကား မထေရ်တို့သည် အကြင်အကြင်ချမ်းသာခြင်းဖြင့် ဖြစ်ကြလေကုန်၏။

ရဟန်းဖြစ်သော နေ့မှစ၍ ဝဋ်လိုက်ပုံ

နတ်သားသည် အဝီစိငရဲ၌ ဖြစ်ရရှာ၍ နှစ်ဆူသော ဘုရားရှင်တို့၏ တခုသော အကြားကာလ ပတ်လုံး ထိုအဝီစိ၌ ကျက်ပြီးမှ ဤဂေါတမဘုရား ထင်ရှား ပွင့်တော်မူသောအခါ သာဝတ္ထိပြည်၌ ဖြစ်၍ ကြီးပွားခြင်းကို အစွဲပြုလျက် သာသနာတော်၌ ရှင်ပြုသဖြင့် ရဟန်းပဉ္စင်းအဖြစ်ကို ရလေ၏။ ထိုသူ၏ ရှင်ရဟန်းပြုသော နေ့မှစ၍ ထိုမိန်းမ၏အရုပ်သည် ထို့အတူသာလျှင် ထင်ရှားလာလေ၏။

ထို့ကြောင့် ထိုမထေရ်အား ကောဏ္ဍဓာနမထေရ် ဟူသော အမည်ကို မှည့်ခေါ်ကြကုန်၏။ ထို ကောဏ္ဍဓာန မထေရ်သည် ထိုအခြင်းအရာဖြင့် သွားလာ လှည့်လည်သည်ကို မြင်ရလျှင် ရဟန်း တို့သည် အနာထပိဏ် သူဌေးကြီးကို သူဌေးကြီး ဤသီလ မရှိသော ရဟန်းကို သင်၏ကျောင်းမှ နှင်ထုတ်လော့ ဤသီလမရှိသော ရဟန်းကိုမှီ၍ ကြွင်းသော ရဟန်းတို့အား အကျော်အစော မဲ့ဖြစ်၏ဟု ဆိုကြကုန်၏။

အရှင်ဘုရားတို့ ကျောင်းတော်၌ မြတ်စွာဘုရား ရှိပါသလောဘုရားဟု လျှောက်ထားသဖြင့် ဒါယကာကြီး ရှိ၏ ဟုဆိုလျှင် အရှင်ဘုရားတို့ ထိုသို့ဖြစ်မူ မြတ်စွာဘုရား သည်သာလျှင် သိတော်မူပါလိမ့် မည်ဘုရားဟု လျှောက်ဆိုလေ၏။ ရဟန်းတို့သည် သွား၍ ဝိသာခါအားလည်း ပြောကြားကြပြန်ကုန်၏ ဝိသာခါသည်လည်း ထိုရဟန်းတို့အား ထိုရှေးအတူသာလျှင် စကားတုံ့ ပေးလေ၏။

ကောသလမင်းကြီး သာသနာ သုတ်သင်ခြင်း

ရဟန်းတို့သည်လည်း ထိုအနာထပိဏ် ဝိသာခါတို့သည် စကားကို ဝန်မခံကြသောကြောင့် ကောသလ မင်းကြီးအား ပြောကြားကြကုန်၏။ မြတ်သောမင်းကြီး ကောဏ္ဍဓာန အမည်ရှိသော မထေရ်သည် မိန်းမတယောက်ကို ယူ၍ သွားလာ လှည့်လည်လျက် အလုံးစုံသော ရဟန်းတို့၏ အကျော်အစော မဲ့ကို ဖြစ်စေလေ၏။ ထိုမထေရ်ကို သင်မင်းကြီးတို့၏နိုင်ငံမှ နှင်ထုတ်ကြကုန် လော့ဟု ပြောကြားကြ လေကုန်၏။

အရှင်ဘုရား ထိုမထေရ်သည် အဘယ်အရပ်၌ နေပါသနည်းဘုရားဟု မေးလတ်သော် မြတ်သော မင်းကြီး ကျောင်းတိုက်တော်ကြီး၌ နေ၏ဟု ဆိုကြကုန်၏။ အဘယ်ကျောင်း၌ နေပါသနည်း ဘုရား ဟု မေးပြန်သော် ဤမည်သော ကျောင်း၌နေ၏ဟု ဆိုကြကုန်၏။ ထိုသို့ဖြစ်မူ ကြွနှင့်တော်မူကြပါ တကာတော်သည် ထိုရဟန်းကို ဖမ်းယူပါမည်ဘုရားဟု လျှောက်ကြားပြီးလျှင် ကောသလမင်းကြီး သည် ညချမ်းသောအခါ ကျောင်းတိုက်တော်ကြီးသို့ သွား၍ ထိုကျောင်းကို ယောက်ျား တို့ဖြင့် ဝန်းရံစေလျက် မထေရ်၏ နေရာအရပ်သို့ ရှေးရှု သွားလေ၏။

မထေရ်သည် လူသံအများကို ကြားရလျှင် ကျောင်းမှထွက်၍ ကျောင်းဦး၌ ရပ်နေလေ၏။ ထိုမထေရ်၏ နောက်နံပါး၌ တည်သော ထိုမိန်းမ အရုပ်ကို ကောသလမင်းကြီး မြင်ရလေ၏။ မထေရ်သည် ကောသလမင်း လာခြင်းကို သိသဖြင့် ကျောင်းပေါ်သို့ တက်လျက်နေလေ၏။

ကောသလမင်းကြီးသည် မထေရ်ကိုရှိမခိုး။ ထိုမိန်းမကိုလည်းမမြင်။ မင်းကြီးသည် တံခါးအကြား ၌၎င်း ညောင်စောင်းအောက်၌၎င်း ကြည့်သည်ရှိသော် မမြင်ရ၍သာလျှင် မထေရ်ကို အရှင်ဘုရား ဤအရပ်၌ မိန်းမတယောက်ကိုမြင်ရ၏။ ထိုမိန်းမသည် အဘယ်မှာနည်းဟု မေးလေ၏

မြတ်သောမင်းကြီး ငါမမြင်ဟုဆိုလျှင် ယခုပင် တကာတော်သည် အရှင်ဘုရားတို့၏ နောက်နံပါး၌ တည်နေသည်ကို မြင်ရပါသေး၏ဟူ၍ ဆိုသော်လည်း မြတ်သောမင်းကြီး ငါမမြင်ဟူ၍ ဆိုပြန်သဖြင့် ဤအကြောင်း အရာကား အသို့နည်းဟု ကြံပြီးလျှင် အရှင်ဘုရား ဤအရပ်မှ ရှေးဦးစွာထွက် တော်မူကြပါဦးလော့ဟု ဆိုသောကြောင့် မထေရ်သည် ထွက်၍ ကျောင်းဦး၌ ရပ်သည်ရှိသော် တဖန် မိန်းမသည် မထေရ်၏ နောက်နံပါး၌ ရပ်လာလေ၏။

ကောသလမင်းကြီးသည် ထိုမိန်းမကိုမြင်၍ တဖန် အထက်အပြင်သို့ တက်လေ၏။ မင်းကြီး လာသော အဖြစ်ကိုသိလျှင် မထေရ်သည် ထိုင်နေလေ၏။ တဖန်မင်းကြီးသည် ထိုမိန်းမကို အလုံးစုံသော အရပ်တို့၌ ကြည့်ရှုပြန်သော်လည်း မမြင်ရသောကြောင့် အရှင်ဘုရား ထိုမိန်းမ အဘယ်မှာနည်းဟု တဖန်မထေရ်ကိုမေးပြန်လေ၏။

မြတ်သောမင်းကြီး ငါမမြင်ဟု ဆိုသည်ရှိသော် အရှင်ဘုရား အသို့ ဆိုဘိသနည်း။ တကာတော် ယခုပင်လျှင် အရှင်ဘုရားတို့၏ နောက်နံပါး၌ မြင်အပ်၏ဟု ဆိုလေ၏။ မြတ်သောမင်းကြီး လူများ အပေါင်းသည်လည်း ငါ၏နောက်မှ နောက်မှ မိန်းမလိုက်၏ဟု ဆိုဘိ၏။ ငါသည်ကား မမြင်ဟု ဆိုလျှင် ကောသလ မင်းတရားကြီးသည် အတုအပ အရုပ်ဖြစ်တန်ရာ၏ဟု မှတ်သားလေ၏။

တဖန် မထေရ်ကို အရှင်ဘုရား ဤအရပ်မှ ရှေးဦးစွာ ထတော်မူကြပါဦးလော့ဟု ဆိုပြန် သောကြောင့် မထေရ်သည် ဆင်းသက်၍ ကျောင်းဦး၌ ရပ်ပြန်သည်ရှိသော် တဖန် ထိုရဟန်း၏ နောက်နံပါး၌ တည်သော မိန်းမကို မြင်ပြန်သဖြင့် အထက် အပြင်သို့ တက်ပြန်လေ၏။ တဖန် မမြင်ပြန်လေ။

ကောသလမင်းကြီးသည် တဖန် မထေရ်ကိုမေးပြန်သဖြင့် ထိုမထေရ်သည် မင်းကြီး ငါမမြင်ဟု ဆိုလတ်သော် ထိုမိန်းမကား အတုအပအရုပ် သာလျှင်တည်းဟု ဆုံးဖြတ်ခြင်းကိုပြု၍ မထေရ်ကို ဤသို့ လျှောက်ကြားလေ၏။ အရှင်ဘုရား ဤသို့ သဘောရှိသော သာသနာတော်၏ အညစ် အကြေးသည် အရှင်ဘုရားတို့၏နောက်မှ လိုက်နေသည်ရှိသော် တပါးသော တစုံတယောက်သော သူသည် အရှင်ဘုရားတို့အား ဆွမ်းကို မလှူဒါန်းလတ္တံ့။ အမြဲမပြတ် တပည့်တော်၏နန်းတော်သို့ ဝင်တော်မူကြပါဘုရား တကာတော် သည်သာလျှင် ပစ္စည်းလေးပါးတို့ဖြင့် လုပ်ကျွေးပါမည် ဘုရားဟု ဆို၍ မထေရ်ကို ပင့်ဖိတ်ပြီးလျှင် ဖဲသွားလေ၏။

ကောဏ္ဍဓာနမထေရ်အား ဘုရားရှင် ဆုံးမပုံ

ရဟန်းတို့သည် ငါ့ရှင်တို့ ယုတ်မာသောမင်း၏ အမူအရာကို ကြည့်ကြကုန်လော့။ ဤကောဏ္ဍဓာန ရဟန်းကို ကျောင်းတော်မှ နှင်ထုတ်ပါဟု ဆိုအပ်ပါလျက် ရောက်လာ၍ ပစ္စည်းလေးပါးတို့ဖြင့် ဖိတ်ကြားကာ သွားလေဘိ၏ဟု ကဲ့ရဲ့ကြလေကုန်၏။ ထိုမထေရ်ကိုလည်း အိုသီလမရှိသောရဟန်း ယခုအခါ၌ ကောသလ မင်းကြီးသည် လူစတုံးသောသူ ဖြစ်ပြီဟု ဆိုကြကုန်၏။

ထိုကောဏ္ဍဓာနမထေရ် သည်လည်း ရှေးကာလ၌ ရဟန်းတို့ကို တစုံတခုသော စကားကိုဆိုခြင်းငှါ မတတ်နိုင်သည်ဖြစ်ရကား အရှင်ဘုရားတို့သာ သီလ မရှိကုန်။ အရှင်ဘုရားတို့သာ လူစတုံးကြ ကုန်၏။ အရှင်ဘုရားတို့သာ မိန်းမကိုခေါ်၍ လှည့်လည် သွားလာကြကုန်၏ဟု ဆိုလေ၏။ ထို အဆိုခံရသော ရဟန်းတို့သည် သွား၍ မြတ်စွာဘုရားအား လျှောက်ကြားကြကုန်၏။

မြတ်စွာဘုရား ကောဏ္ဍဓာန မထေရ်သည် တပည့်တော်တို့ ပြောဆိုအပ်သည်ရှိသော် ဒုဿီလ အစရှိသော စကားတို့ကို ဆို၍ ဆဲရေး ပါသည်ဘုရားဟု လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရား သည် ထိုကောဏ္ဍ ဓာနမထေရ်ကို ခေါ်တော်မူစေ၍ ချစ်သားရဟန်း သင်သည် ရဟန်းတို့ကို ဤသို့ ဆိုသည်ဟု ငါကြားတော်မူရသည် မှန်သလောဟု မေးတော်မူလေ၏။

မြတ်စွာဘုရား မှန်ပါသည်ဘုရားဟု နားတော်လျှောက်လတ်သော် အဘယ့်ကြောင့် ဆိုသနည်းဟု မေးတော်မူ၏။ တပည့်တော်နှင့် အတူတကွ စကားပြောဆိုခြင်းကြောင့် ဆိုပါသည်ဘုရားဟု လျှောက်လတ်သော် ချစ်သား ရဟန်းတို့ သင်တို့သည် ဤကောဏ္ဍဓာနနှင့် အတူတကွ အဘယ့်ကြောင့် ပြောဆိုကြကုန်ဘိသနည်း ဟု မေးတော်မူလေ၏။

မြတ်စွာဘုရား ဤကောဏ္ဍဓာန မထေရ်၏နောက်မှ မိန်းမလိုက်နေသည်ကို မြင်ရသောကြောင့် ပြောဆိုကြပါသည်ဘုရားဟု နားတော် လျှောက်လတ်သော် ဤရဟန်းတို့သည် သင်နှင့်အတူတကွ မိန်းမလိုက်နေသည်ကို မြင်သောကြောင့် ဆိုကုန်သတတ်။ သင်သည် သူတို့မြင်သကဲ့သို့ မမြင်ဘဲ လျက်သာလျှင် ဤရဟန်းတို့နှင့် အတူတကွ အဘယ့်ကြောင့် ပြောဆိုဘိသနည်း။

ရှေးဘဝ၌ သင်၏ ယုတ်မာသော အယူကိုမှီ၍ ဤသို့သော သဘောသည် ဖြစ်ရသည် မဟုတ်လော။ ယခုအခါ အဘယ့်ကြောင့် ယုတ်မာသောအယူကို ယူပြန်ဘိသနည်းဟု မိန့်တော်မူလေ၏။ ရဟန်း တို့သည် မြတ်စွာဘုရား ဤရဟန်းသည် ရှေးဘဝ၌ ပြုအပ်သော မကောင်းမှုကံကား အဘယ်ပါနည်း ဘုရားဟု မေးလျှောက်ကြလေကုန်၏။

ထိုအခါ ရဟန်းတို့အား မြတ်စွာဘုရားသည် ကောဏ္ဍဓာနမထေရ်၏ ရှေးမကောင်းမှုကံကို ဟောတော်မူပြီးလျှင် ချစ်သားရဟန်း ဤမကောင်းမှုကံကိုအမှီပြု၍ သင်သည် ဤဖေါက်ပြန်သော အခြင်းအရာသို့ ရောက်ရ၏။ ယခုအခါ သင့်အား တဖန် ထိုသို့သဘောရှိသော ယုတ်မာသော အယူကို ယူခြင်းငှါ မသင့်။

တဖန် ရဟန်းတို့နှင့် အတူတကွ တစုံတခုသော စကားကို မဆိုလင့်။ အနားရေး၌ပြတ်သော ကြေးခွက်နှင့်တူစွာ အသံမရှိသည် ဖြစ်ဘိလော့။ ဤသို့ပြုသည်ရှိသော် နိဗ္ဗာန်သို့ရောက်သောသူ မည်သည်ဖြစ်လတ္တံ့ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ထို ရဟန်းကို ဆုံးမတော်မူလျက် ဤဂါထာတို့ကို မိန့်တော် မူလေ၏။

ဒေသနာတော်

၁၃၃။ မာဝေါ စ ဖရုသံ ကိဉ္စိ၊ ဝုတ္တာ ပဋိဝဒေယျုံ တံ။

ဒုက္ခာ ဟိ သာရမ္ဘကထာ၊ ပဋိဒဏ္ဍာ ဖုသေယျုံ တံ။

၁၃၄။ သစေ နေရေသိ အတ္တာနံ၊ ကံသော ဥပဟတော ယထာ။

ဧသ ပတ္တောသိ နိဗ္ဗာနံ၊ သာရမ္ဘော တေ န ဝိဇ္ဇတိ။

ကိဉ္စိ၊ တစုံတယောက်သော သူကိုမျှ။
ဖရုသံ၊ ကြမ်းကြုတ်သော စကားကို။
မာအဝေါစ၊ မဆိုလင့်။
ဝုတ္တာ၊ အဆိုခံရသော သူတို့သည်။
တံ၊ သင့်ကို။
ပဋိဝဒေယျုံ၊ ဆိုတုံ့ဆိုကုန်ရာ၏။
ဟိ၊ ထိုစကားသင့်စွ။
သာရမ္ဘကထာ၊ ချုတ်ချယ်လျက် အင်တူပြု၍ ဆိုသောစကားသည်။
ဒုက္ခာ၊ ဆင်းရဲကြောင်းဖြစ်၏။
ပဋိဒဏ္ဍာ၊ ရန်တုံ့ ရန်လှည့်ဖြစ်သော ဒဏ်ပြန်တို့သည်။
တံ၊ သင့်ကို။
ဖုသေယျ၊ ရောက်ကုန်ရာ၏။

ဥပဟတော၊ အနားရေး၌ ဖြတ်၍ထားအပ်သော။
ကံသောယထာ၊ ကြေးခွက်ကဲ့သို့။ (ကြေးခွက် အသံမထွက်အံ့သို့ ဟူလို)
အတ္တာနံ၊ မိမိကိုယ်ကို။
နေရေသိ-န ဤရေသိ၊ အကယ်၍ မတုန်မလှုပ်အောင် ပြုခြင်းငှါ တတ်နိုင်သည်ဖြစ်အံ့။
ဧဝံသတိ၊ ဤသို့တတ်နိုင်သည်ရှိသော်။
ဧသတွံ၊ ဤသို့ တတ်နိုင်သော သင်သည်။
နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။
ပတ္တော၊ မရောက်သေးသော်လည်း ရောက်သော သူမည်သည်။
အသိ၊ ဖြစ်၏။
တေ၊ သင့်အား။
သာရမ္ဘော၊ ချုတ်ချယ်ခြင်းသည်။
နဝိဇ္ဇတိ၊ မရှိ။
ဝါ၊ မဖြစ်လတ္တံ့။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာကုန်သောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ ကုန်၏။ ကောဏ္ဍဓာန မထေရ်သည်လည်း မြတ်စွာဘုရား ပေးသနာတော်မူအပ်သော အဆုံးအမ ဩဝါဒ၌တည်၍ ရဟန္တာအဖြစ်သို့ ရောက်တော်မူလေ၏။ မကြာမြင့်မီသာလျှင် ကောင်းကင်သို့ ပျံတက်၍ ရှေးဦးစွာ စာရေးတံကို ခံယူလေ၏။

ကောဏ္ဍဓာနမထေရ်ဝတ္ထုပြီး၏။

၅ - ဝိသာခါစသော ဥပါသိကာမတို့၏ ဥပုသ်သုံးသောဝတ္ထု

ယထာ ဒဏ္ဍေန - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ပုဗ္ဗာရုံ ကျောင်းတော်၌ နေတော်မူစဉ် ဝိသာခါ အစရှိကုန်သော ဥပါသိကာမ တို့၏ ဥပုသ်ကျင့်သုံးသော အမှုကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဥပုသ်သည်တို့ ရည်ရွယ်ပုံတမျိုးစီ

သာဝတ္ထိပြည်ဝယ် တခုသော ဥပုသ်နေ့ကြီး၌ ငါးရာမျှ အတိုင်းအရှည်ရှိကုန်သော မိန်းမတို့သည် ဥပုသ်ဆောက်တည် ကျင့်သုံးလိုကြကုန်သည်ဖြစ်၍ ကျောင်းတော်သို့ သွားကြကုန်သတတ်။ ဝိသာခါ ဒါယိယာမကြီးသည် ထိုငါးရာသော မိန်းမတို့တွင် အသက်အရွယ် ကြီးရင့်ကြကုန်သော မိန်းမကြီး တို့သို့ ချဉ်းကပ်၍ အမယ်အိုကြီးတို့ ဘယ်အကျိုးငှါ ဥပုသ်ကျင့်သုံးကြပါကုန်သနည်းဟု မေးမြန်း လေ၏။

ထိုမိန်းမကြီးတို့သည် နတ်တို့၏ စည်းစိမ်ချမ်းသာကို လိုလားတောင့်တ ကြသဖြင့် ဥပုသ်ကျင့်သုံး ကြပါကုန်၏ဟု ဆိုလတ်သည်ရှိသော် အသက်အရွယ် အလယ် အလတ်ဖြစ်သော မိန်းမတို့ကို မေးပြန်လေ၏။ ထိုမိန်းမလတ်တို့သည် လင်တူမိန်းမတည်းဟူသော ရန်သူမတို့နှင့် အတူနေရခြင်းမှ လွတ်ကင်းပါ စိမ့်သော အကျိုးငှါ ဥပုသ်ကျင့်သုံးကြပါကုန်၏ဟု ဆိုလတ်သည်ရှိသော် အသက် အရွယ် ငယ်ရွယ်နုပျိုသော မိန်းမတို့ကို မေးပြန်လေ၏။

ထိုမိန်းမငယ်တို့သည် ရှေးဦးစွာသော ကိုယ်ဝန်၌ သားယောက်ျားကို ရပါစိမ့်သောအကျိုးငှါ ဥပုသ် ကျင့်သုံးကြပါကုန်၏ဟု ဆိုလတ်သည်ရှိသော် သတို့သ္မီးပျို တို့ကို မေးပြန်လေ၏။ ထိုသတို့သ္မီးပျို တို့သည် ငယ်ရွယ်နုပျိုစဉ်သာလျှင် အမျိုးကောင်းသား လင်ယောက်ျား၏ အိမ်သို့ လိုက်သွားရ ပါစိမ့်သော အကျိုးငှါ ဥပုသ်ကျင့်သုံး ကြပါကုန်၏ဟု ဆိုလတ်သည်ရှိသော် ထိုငါးရာသော မိန်းမတို့၏ အလုံးစုံသော ထိုစကားကို ကြားရပြီးလျှင် ထိုမိန်းမတို့ကို ခေါ်သဖြင့် ဘုရားရှင်၏ အထံတော်သို့ သွား၍ အစဉ်အတိုင်းအားဖြင့် နားတော် လျှောက်ကြားလေသတည်း။

ထိုစကားကို ကြားတော်မူရလျှင် မြတ်စွာဘုရားသည် ဝိသာခါ ဤသတ္တဝါတို့၏ ကိုယ်တွင်း၌ ဇာတိ အစရှိသော တရားတို့ မည်သည်ကား လှံတံ လက်စွဲသော နွားကျောင်း သားနှင့်တူကုန်၏။ ပဋိသန္ဓေ နေခြင်းသည် အိုခြင်းအထံသို့၊ အိုခြင်းသည် နာခြင်း အထံသို့၊ နာခြင်းသည် သေခြင်း အထံသို့ ပို့လွှတ်ပြီးလျှင် ဓားမဖြင့် ဖြတ်ပိုင်းကြ ကုန်သကဲ့သို့ အသက်ကို ဖြတ်ပိုင်းကြ၏

ဤသို့ပင်ဖြစ်သော်လည်း ဝဋ်ကင်းရာ နိဗ္ဗာန်ကို တောင့်တသော သူတို့မည်သည် မရှိကြကုန်။ သံသရာ ဝဋ်ကိုသာလျှင် တောင့်တကြကုန်၏ ဟု မိန့်တော်မူ၍ အနုသန္ဓေကို စပ်လျက် တရား ဟောကြား တော် မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၁၃၅။ ယထာ ဒဏ္ဍေန ဂေါပါလော၊ ဂါဝေါ ပါဇေတိ ဂေါစရံ။

ဧဝံ ဇရာ စ မစ္စု စ၊ အာယုံ ပါဇေန္တိ ပါဏိနံ။

ဂေါပါလော၊ နွားကျောင်းသားသည်။
ဒဏ္ဍေန၊ လှံတံဖြင့်။
ဂါဝေါ၊ နွားတို့ကို။
ဂေါစရံ၊ ကျက်စားရာအရပ်သို့။
ပါဇေတိယထာ၊ မောင်းနှင်သကဲ့သို့။
ဧဝံတထာ၊ ထို့အတူ။
ဇရာစ၊ အိုခြင်းသည်၎င်း။
မစ္စုစ၊ သေခြင်းသည်၎င်း။
ပါဏိနံ၊ သတ္တဝါတို့၏။
အာယုံ၊ အသက်ကို။
ပါဇေန္တိ၊ မောင်းနှင်ကြကုန်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

ဝိသာခါစသော ဥပါသိကာမတို့၏ ဥပုသ်သုံးသောဝတ္ထုပြီး၏။

၆ - စပါးကြီးမြွေ ပြိတ္တာဝတ္ထု

အထ ပါပါနိ ကမ္မာနိ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ် စပါးကြီးမြွေပြိတ္တာကို အကြောင်း ပြု၍ ဟောတော်မူလေ၏။

မြွေပြိတ္တာ၏ ဆင်းရဲပုံ

တပါးသောအခါ ရှင်မောဂ္ဂလာန် မထေရ်သည် လက္ခဏမထေရ်နှင့် အတူတကွ ဂိဇ္ဈကုဋ်တောင်မှ သက်ဆင်းလတ်သည်ရှိသော် ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် နှစ်ဆဲ့ ငါးယူဇနာ အတိုင်းအရှည်ရှိသော စပါးကြီးမြွေ ပြိတ္တာကို မြင်တော်မူလေ၏။ ထိုစပါးကြီးမြွေ ပြိတ္တာ၏ ဦးခေါင်းမှ မီးလျှံတို့သည်ထ၍ အဆုံး အမြီးဖျားသို့ သွားကုန်၏။ အဆုံးမှထ၍ ဦးခေါင်းသို့သွားကုန်၏။ ဦးခေါင်းအမြီးဖျား နှစ်ပါး သော နေရာတို့မှထ၍ အလယ်၌ သက်ဝင် စုဝေးကြကုန်၏။

ရှင်မောဂ္ဂလာန်မထေရ်သည် ထိုစပါးကြီးမြွေ ပြိတ္တာကိုမြင်ရလျှင် ပြုံးရယ်ခြင်းကို ထင်ရှားစွာပြုတော် မူလေ၏။ လက္ခဏမထေရ်သည် ပြုံးတော်မူခြင်း အကြောင်းကို မေးအပ်သည် ရှိသော် ငါ့ရှင် လက္ခဏ ဤပြဿနာကို ဖြေဆိုခြင်းငှါ အခါမဟုတ်သေး။ မြတ်စွာဘုရား၏ အထံတော်၌ ငါ့ကို မေးလော့ ဟုဆို၍ ရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှါ လှည့်လည်ပြီးလျှင် မြတ်စွာဘုရား၏ အထံတော်သို့ ရောက်သောအခါ ရှင်လက္ခဏ မထေရ် မေးအပ်သည်ဖြစ်၍ ဖြေဆိုဟန်ကား -

ငါ့ရှင် လက္ခဏ ငါကား ထိုဂိဇ္ဈကုဋ်တောင်၌ တကောင်သော ပြိတ္တာကို မြင်ရ၏။ ထိုပြိတ္တာ၏ အတ္တဘောသည် ဤသို့သဘော ရှိသည်မည်၏။ ငါသည် ထိုပြိတ္တာကိုမြင်ရလျှင် ဤသို့သဘော ရှိသော အတ္တဘောကို ငါမမြင်စဖူး ပါတကားဟု ပြုံးရယ်ခြင်းကို ထင်ရှားစွာပြု၏ဟု ဆိုလေ၏။

မြတ်စွာဘုရား သည်လည်း ချစ်သား ရဟန်းတို့ ငါဘုရား၏ တပည့် သာဝကတို့သည် မျက်စိ အမြင်ရှိကြသည်ဖြစ်၍ နေကုန်စွတကားဟု ဤသို့အစရှိသော စကားဖြင့် မိန့်ဆိုတော်မူလျက် ရှင်မောဂ္ဂလာန်မထေရ်၏ စကားကို တန့်ရပ် စေပြီးလျှင် ချစ်သားရဟန်းတို့ ငါဘုရားသည်လည်း ထိုပြိတ္တာကို ဗောဓိမဏ္ဍိုင်၌ နေတော်မူစဉ်သာလျှင် အကယ်၍ကား မြင်အပ်၏။ ထိုသို့မြင် သော်လည်း အကြင် သူတို့သည် ငါ့စကားကို မယုံကြည်ကုန်ရာ။ ထိုမယုံကြည်သော သူတို့အား စီးပွား မရှိခြင်းဖြစ်ရာ၏ဟု ဟောတော်မမူ၊ ယခုအခါ၌ကား မောဂ္ဂလာန်ကို သက်သေရ၍ ဟောတော်မူရ၏ဟု မိန့်တော်မူ၏။ ရဟန်းတို့သည် ထိုစပါးကြီးမြွေပြိတ္တာ၏ ရှေးကပြုအပ်သော မကောင်းမှုကံကို မေးအပ်သည်ရှိသော် ဟောကြားတော် မူလေ၏။

ကျောင်းမီးလောင်၍ ကျောင်းဒါယကာ လက်ပန်းပေါက်ခတ်ခြင်း

ကဿပမြတ်စွာဘုရား၏ လက်ထက်တော်အခါ၌ သုမင်္ဂလ အမည်ရှိသော သူဌေးကြီးသည် ရွှေအုဌ်တို့ဖြင့် မြေကို ခင်း၍ ဥသဘနှစ်ဆယ် အတိုင်းအရှည်ရှိ သောအရပ်၌ ထိုမျှလောက် အတိုင်း အရှည် ရှိသောဥစ္စာဖြင့် ကျောင်းကို ဆောက်လုပ်စေပြီးလျှင် ထိုမျှလောက် အတိုင်း အရှည်ရှိသော ဥစ္စာဖြင့် ကျောင်းပူဇော်ခြင်းကိုလည်း ပြုစေလေ၏။

ထိုသုမင်္ဂလ သူဌေးကြီးသည် တနေ့သ၌ နံနက်စောစော၌သာလျှင် ကဿပ မြတ်စွာဘုရား၏ အထံတော်သို့ သွားလတ်သည်ရှိသော် မြို့တံခါးအနီး တခုသောစရပ်၌ ဖန်ရည်စွန်းသော အဝတ်ကို ဦးခေါင်းနှင့်တကွ ခြုံလျက် ရွှံ့ညွှန်အလိမ်းလိမ်း ကပ်ကုန်သော ခြေတို့ဖြင့် အိပ်နေသော ခိုးသူ တယောက်ကို မြင်ရလျှင် ဤသူကား ရွှံ့ညွန်အလိမ်းလိမ်း ကပ်သော ခြေရှိ၏။ ညဉ့်၌ သွားလာ လှည့်လည်၍ အိပ်သောသူ ဖြစ်လတ္တံ့ဟု ဆိုလိုက်မိလေ၏။ ခိုးသူသည် မျက်နှာကို ဖွင့်သဖြင့် သူဌေးကြီးကို မြင်လေလျှင် ဆိုတိုင်း ဟုတ်ပါစေ၊ သင့်အား ပြုအပ်သောအမှုကို ငါသိရပေတော့အံ့ဟု ရန်ငြိုးဖွဲ့ပြီးလျှင် ခုနစ်ကြိမ် တိုင်တိုင် လယ်ကိုမီးတိုက်၏။ ခုနစ်ကြိမ်တိုင်တိုင် နွားခြံ၌ နွားတို့၏ ခြေတို့ကို ခုတ်ဖြတ်၏။ ခုနစ်ကြိမ်တိုင်တိုင် အိမ်ကို မီးတိုက်၏။

ထိုခိုးသူသည် ဤမျှဖြင့်လည်း အမျက်ဒေါသကို ငြိမ်းအေးစေခြင်းငှါ မတတ်နိုင်ရကား ထို သူဌေးကြီး၏ အလုပ်အကျွေးငယ်နှင့်အတူတကွ အဆွေခင်ပွန်းဖွဲ့၍ သင်၏ သူဌေးကြီး နှစ်သက် မြတ်နိုးအပ်သော အရာကား အဘယ်နည်းဟု မေးအပ်သည်ရှိသော် ဂန္ဓကုဋိမှ တပါး ထိုသူဌေးကြီး လွန်စွာနှစ်သက် မြတ်နိုးအပ်သော အရာမရှိဟု ဆိုလေ၏။

ထိုစကားကိုကြားရလျှင် ထိုအတိုင်း ဟုတ်ပါစေ၊ ဂန္ဓကုဋီကို မီးတိုက်ပြီးမှ အမျက် ဒေါသကို ငြိမ်းအေးရစေတော့အံ့ ဟုကြံ၍ မြတ်စွာဘုရား ဆွမ်းအလို့ငှါ ဝင်လတ်သည်ရှိသော် သောက်ရေ သုံးဆောင်ရေ အိုးတို့ကိုခွဲ၍ ဂန္ဓကုဋိ ကျောင်းတော်ကြီး၌ မီးတိုက်လေ၏။

သူဌေးကြီးသည် ဂန္ဓကုဋိ မီးလောင်သတတ်ဟု ကြားရလျှင် လာလတ်သည်ရှိသော် မီးကျွမ်းသော အခါမှ ရောက်လာသဖြင့် ဂန္ဓကုဋိ မီးလောင်ကျွမ်းသည်ကို ကြည့်ရှုလျက် ဆံချည်တပင်ဖျားမျှလည်း နှလုံးမသာယာခြင်းကို မပြုမူ၍ လက်ဝဲ လက်ရုံးကို ခွေပြီးလျှင် လက်ျာလက်ဖြင့် ကြီးစွာသော လက်ပန်းပေါက်ခတ်ခြင်းကို ခတ်လေ၏။

လက်ပန်းပေါက် ခတ်နိုင်လောက်အောင် ဝမ်းသာပုံ

ထိုအခါ သူဌေးကြီးကို အနီး၌နေသော သူတို့သည် အရှင်သူဌေးမင်း အဘယ့်ကြောင့် ဤမျှ လောက်သောဥစ္စာကို စွန့်လွှတ်၍ ဆောက်လုပ်အပ်သော ဂန္ဓကုဋိ ကြီး မီးလောင်ကျွမ်းသောအခါ လက်ပန်းပေါက် ခတ်လေဘိသနည်းဟု မေးမြန်းကြလေကုန်၏။ သူဌေးကြီးသည် အမောင်တို့ ငါသည် ဤမျှလောက်သော ကောင်းမှုကံကိုပြု၍ မီးအစရှိသည်တို့နှင့် မဆက်ဆံသော ဘုရားရှင်၏ သာသနာတော်၌ ဥစ္စာကိုမြှုပ်နှံသိုမှီး သိမ်းဆည်းရအပ်ပေပြီ။

တဖန် ဤမျှလောက်သော ဥစ္စာကိုစွန့်၍ မြတ်စွာဘုရား၏အလို့ငှါ ဂန္ဓကုဋီကို ဆောက်လုပ်ခြင်းငှါ ရပေတော့လတ္တံ့ဟု နှစ်သက် ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ လက်ပန်းပေါက်ခတ်ရ ပေသည် အမောင်တို့ဟု ပြောဆိုလေ၏။ ထိုသုမင်္ဂလ သူဌေးကြီးသည် တဖန် ထိုမျှလောက်သောဥစ္စာကို စွန့်လွှတ်သဖြင့် ဂန္ဓကုဋီကို ဆောက်လုပ်စေပြီးလျှင် နှစ်သောင်းမျှသော ရဟန်းအပေါင်း အခြံအရံ ရှိသော ကဿပမြတ်စွာဘုရားအား အလှူ လှူဒါန်းပြန်လေ၏။

ရန်သူအား ရှေးဦးစွာ အမျှဝေခြင်း

သူဌေးကြီး ထိုသို့ ပြုလုပ်ပုံကို မြင်ရလျှင် ခိုးသူသည် ဤသို့ကြံစည်လေ၏။ ငါကား ဤ သူဌေးကြီးကို မသတ်မူ၍ မျက်နှာပျက်အောင် ပြုခြင်းငှါ မတတ်နိုင်သေးပါတကား။ ထိုသို့ မတတ်နိုင်သေးသည် ရှိပါစေ ထိုသူဌေးကြီးကို သတ်တော့အံ့ဟု ကြံစည်လျက် ဝတ်သော ပုဆိုးအကြား၌ ဓားငယ်ကို ဖွဲ့ချည်လျက် ခုနစ်ရက်ပတ်လုံး ကျောင်း၌ သွားလာလှည့်လည် သော်လည်း အခွင့်ကို မရခဲ့လေ။

သူဌေးကြီးသည်လည်း ခုနစ်ရက်တို့ပတ်လုံး ဘုရားအမှူးရှိသော ရဟန်းသံဃာ အား အလှူကြီးကို ပေးလှူ၍ မြတ်စွာဘုရားကို ရှိခိုးလျက် ဘုန်းတော်ကြီးတော် မူသော မြတ်စွာဘုရား ယောက်ျား တယောက်သည် ခုနစ်ကြိမ်တိုင်တိုင် တပည့်တော်၏လယ်ကို မီးတိုက်အပ်ပါပြီ။ ခုနစ်ကြိမ်တိုင်တိုင် နွားခြံ၌ နွားတို့၏ ခြေတို့ကို ခုတ်ဖြတ်ပါပြီ။ ခုနစ်ကြိမ်တိုင်တိုင် အိမ်ကို မီးတိုက်အပ်ပါပြီ။ ယခုအခါ ဂန္ဓကုဋိကိုလည်း ထိုသူသာလျှင် မီးတိုက်သည် ဖြစ်ပါလိမ့်မည်ဘုရား တပည့်တော်သည် ဤအလှူ၌ ရှေးဦးစွာ အလှူအဖို့ အမျှကို ထိုယောက်ျားအား ပေးဝေပါ ၏ဘုရားဟု လျှောက်ဆို လေ၏။

ခိုးသူယောကျ်ား ပြန်ပြောင်း၍ တောင်းပန်ခြင်း

ထိုခိုးသူသည် သူဌေးကြီး လျှောက်ဆိုသော ထိုစကားကို ကြားရလျှင် ငါပြုအပ်သောအမှုသည် စင်စစ် ဝန်လေးလေစွတကား။ ဤသို့အပြစ်ပြုသော ငါ့အပေါ် ဤသူဌေးကြီးအား အနည်းငယ်သော အမျက် ထွက်ခြင်းမျှလည်းမရှိ။ ဤအလှူ၌လည်း ငါ့အားသာလျှင် ရှေးဦးစွာ အလှူအဖို့ကို ပေးဝေဘိ၏။ ငါသည် ဤသူဌေးကြီးအပေါ်၌ ပြစ်မှားမိ၏။

ဤသို့သဘောရှိသော ယောကျ်ားကို ငါမကန်တော့သည်ရှိသော် နတ်တို့လက်နက် မိုးကြိုးစက် ဟူသော နတ်ဒဏ်သည်လည်း ငါ၏ထိပ်ထက်၌ ကျရာ၏ ဟုဆိုပြီးလျှင် သူဌေးကြီး၏ ခြေရင်း၌ ဝပ်လျက် အရှင်သူဌေးမင်း ကျွန်တော်အား သည်းခံတော်မူပါဟု ဆိုသဖြင့် ဤအမှုကား အဘယ်နည်း ဟု ဆိုလတ်သော် အရှင်သူဌေးမင်း ဤသို့ ဤမျှလောက်သောအမှုကို ကျွန်တော် ပြုလုပ်မိပါသည်။ ထို့ကြောင့် ကျွန်တော်အား သည်းခံတော်မူပါဟု ဆိုလေ၏။

ထိုအခါ ခိုးသူကို သူဌေးကြီးသည် ငါ့အား ဤမည် ဤမည်သော အမှုကို ဤမျှလောက် သင်ပြု သလောဟု အလုံးစုံကို မေးမြန်းသည်ရှိသော် ကျွန်တော် ပြုမိသည် မှန်ပါသည်ဟု ပြောဆိုလျှင် သင့်ကို ငါမမြင်အပ်စဖူးပါ တကား။ အဘယ့်ကြောင့် ငါ့အား အမျက်ထွက်၍ ဤသို့ပြုဘိသနည်းဟု မေးပြန်လေ၏။

ထိုခိုးသူသည် တနေ့သ၌ မြို့မှထွက်လာသော ထိုသူဌေးကြီး ဆိုအပ်သော စကားကို အောက်မေ့ စေပြီးလျှင် ဤသို့သော အကြောင်းကြောင့် ကျွန်တော်အား အမျက်ဒေါသကို ဖြစ်စေအပ်ပါသည်ဟု ဆိုလေ၏။ သူဌေးကြီးသည် မိမိ ဆိုအပ်သောစကားကို အောက်မေ့၍ အမောင် ဪ ... ဟုတ်ပေ၏။ ငါသည် ဆိုမိ၏ ထိုအပြစ်ကို ငါ့အား သည်းခံပါလော့ဟု ခိုးသူကို သည်းခံစေပြီးလျှင် အမောင် ထလော့။ သင့်အား သည်းခံပါ၏။ သွားလေတော့အမောင်ဟု ဆိုလေ၏။

အရှင်သူဌေးမင်း ကျွန်တော်အား အကယ်၍ သည်းခံတော်မူသည်ဖြစ်ပါအံ့ သားမယားနှင့်တကွ ကျွန်တော်ကို အိမ်၌ ကျွန်ပြုတော်မူပါဟု ဆိုလတ်သော် အမောင် ငါ ဤမျှလောက်သော စကားကို ဆိုသည်ရှိသော် သင်သည် ဤသို့ သဘောရှိသော ဖျက်ဆီးခြင်းကို ပြုဘိ၏။ အိမ်၌ နေသဖြင့်ကား အတူတကွ တစုံတခုကို ပြောဆိုခြင်းငှါ မတတ်ကောင်း။ အိမ်၌သင်နေသဖြင့် ငါ့အား ပြုဖွယ် ကိစ္စမရှိ။ သင့်အား သည်းခံပါ၏ သွားလေတော့ အမောင်ဟု ဆိုလေ၏။

ခိုးသူသည် ထိုအမှုကို ပြုမိခြင်းကြောင့် အသက်သေဆုံးသောအခါ အဝီစိငရဲ၌ ဖြစ်ရရှာလေ၏။ ရှည်မြင့်စွာသော ကာလပတ်လုံး ထိုအဝီစိငရဲ၌ ကျက်ပြီးမှကြွင်းသော အကျိုးအားဖြင့် ယခုအခါ ဂိဇ္ဈကုဋ်တောင်၌ မီးဖြင့်ကျက်လျက် ဆင်းရဲကိုခံစားရလေ၏။

ဤသို့လျှင် မြတ်စွာဘုရားသည် ထိုစပါးကြီးမြွေပြိတ္တာ၏ ရှေး၌ပြုအပ်သော မကောင်းမှုကံကို မိန့်တော်မူပြီးလျှင် ချစ်သားရဟန်းတို့ သူမိုက်တို့မည်သည်ကား ယုတ်မာသောအမှုတို့ကို ပြုကုန်စဉ် မသိတတ်ကြကုန်။ နောက်အခါ၌ကား မိမိသည် ပြုအပ်သောကံတို့ဖြင့် လောင်ကျွမ်းကုန်လျက် မိမိသည်ပင်လျှင် မိမိ၏တောမီးနှင့်အတူ ဖြစ်ကြကုန်၏ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရား ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၁၃၆။ အထ ပါပါနိ ကမ္မာနိ၊ ကရံ ဗာလော န ဗုဇ္ဈတိ။

သေဟိ ကမ္မေဟိ ဒုမ္မေဓော၊ အဂ္ဂိ ဒဍ္ဎောဝ တပ္ပတိ။

ဗာလော၊ မလိမ္မာသော သူမိုက်သည်။
ပါပါနိ၊ ယုတ်မာကုန်သော။
ကမ္မာနိ၊ မကောင်းမှုတို့ကို။
ကရံ ကရောန္တော၊ ပြုလုပ်နိုင်၏။
အထ၊ ထိုသို့ပြုလုပ်နိုင်သော်လည်း။
နဗုဇ္ဈတိ၊ မသိ။
သေဟိ၊ မိမိဥစ္စာဖြစ်ကုန်သော။
ကမ္မေဟိ၊ မကောင်းမှုတို့ကြောင့်။
ဒုမ္မေဓော၊ ပညာကင်းသူ လူမိုက်သည်။
အဂ္ဂိဒဍ္ဎောဝ၊ မီးလောင်လျက်သာလျှင်။
နိရယေ၊ ငရဲ၌။
တပ္ပတိ၊ ပူပန်ရ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

စပါးကြီးမြွေပြိတ္တာဝတ္ထုပြီး၏။

၇ - ရှင်မဟာမောဂ္ဂလာန်မထေရ်ဝတ္ထု

ယော ဒဏ္ဍေန - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ် ရှင်မဟာမောဂ္ဂလာန် မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ လေ၏။

တိတ္ထိတို့ စည်းဝေးဆုံးဖြတ် ပြုလုပ်ပုံ

တပါးသောအခါ၌ တိတ္ထိတို့သည် စည်းဝေးကြကုန်လျက် ငါ့ရှင်တို့ အဘယ်အကြောင်းကြောင့် ရဟန်းကြီး ဂေါတမအား လာဘ်ပူဇော် သက္ကာရများစွာ ဖြစ်ဘိသနည်း။ သိကြကုန်၏လော ဟု မေးမြန်း ပြောဆိုသဖြင့် ငါတို့ကား မသိကုန် သင်တို့ကား သိကြပါသလားဟု ပြန်၍ မေးလတ်သော် သြော် သိကြပါကုန်၏။

ရှင်မဟာမောဂ္ဂလာန် မည်သော မထေရ်တပါးကို မှီ၍ဖြစ်၏။ ထိုရှင်မဟာမောဂ္ဂလာန်သည် နတ်ပြည်သို့သွား၍ နတ်တို့ပြုအပ်သော ကုသိုလ်ကံကို မေးပြီးလျှင် ပြန်လာ၍ လူတို့အား ဤ မည်သော ကုသိုလ်ကံကို ပြုခြင်းကြောင့် ဤသို့ သဘောရှိသော စည်းစိမ်ချမ်းသာကို ခံစား ကြရကုန်၏ဟု ပြောဟောလေ၏။ ငရဲပြည်၌ဖြစ်သော သူတို့၏လည်း အကုသိုလ်ကံကို မေးပြီးလျှင် ပြန်လာ၍ လူတို့အား ဤမည်သော အကုသိုလ်ကံကို ပြုခြင်းကြောင့် ဤသို့ သဘောရှိသော ဆင်းရဲကို ခံစားကြရကုန်၏ဟု ပြောဟောလေ၏။

လူတို့သည် ထိုရှင်မဟာမောဂ္ဂလာန်၏ စကားကို ကြားရလျှင် များစွာသော လာဘ် ပူဇော် သက္ကာရကို ရှေးရှု ဆောင်ကြကုန်၏။ ထို ရှင်မဟာမောဂ္ဂလာန်ကို သတ်အံ့သောငှါ အကယ်၍ ငါတို့ တတ်နိုင်ကုန်သည်ဖြစ်အံ့ ထိုလာဘ် ပူဇော် သက္ကာရသည် ငါတို့အား ဖြစ်လတ္တံ့ဟု ကြံစည် တိုင်ပင်ကြလေကုန်၏။

ထိုတိတ္ထိတို့သည် ဤအကြောင်းကား ရှိ၏ဟု အလုံးစုံတူသော ဆန္ဒရှိကြကုန်သည်ဖြစ်၍ အမှတ်မရှိ တခုခုကိုပြုလျက် ထိုရှင် မဟာမောဂ္ဂလာန်ကို သတ်ကြ ကုန်စိုအံ့ဟု မိမိ၏အလုပ်အကျွေးဖြစ်သော သူတို့ကို တိုက်တွန်း နှိုးဆော်သဖြင့် အသပြာတထောင်ကို ရသည်ရှိသော် လူသတ်အမှုကိုပြု၍ လှည့်လည် သွားလာကုန်သော ခိုးသူတို့ကိုခေါ်စေ၍ အရှင်မဟာမောဂ္ဂလာန် မည်သော မထေရ် သည် ကာလသိလာ မည်သောအရပ်၌ နေ၏။ ထိုအရပ်သို့သွား၍ ထိုမထေရ်ကို သတ်ကြကုန်လော့ဟု ခိုးသူတို့အား အသပြာ တို့ကို ပေးကြလေကုန်၏။

ရှင်မဟာမောဂ္ဂလာန် ပရိနိဗ္ဗာန်စံခြင်း

ခိုးသူတို့သည် ဥစ္စာ၌ တပ်မက်မောသဖြင့် ဝန်ခံပြီးလျှင် မထေရ်ကို သတ်ကုန်အံ့ဟု သွား၍ ထိုမထေရ်၏ နေရာအရပ်ကို ဝန်းရံကြကုန်၏။ မထေရ်လည်း ခိုးသူတို့ ဝန်းရံသည့်အဖြစ်ကို သိတော်မူလျှင် သံကောက်ပေါက်ဖြင့် ထွက်၍ ဖဲသွားလေ၏။ ထိုခိုးသူတို့သည် ထိုနေ့၌ မထေရ်ကို မမြင်ရခြင်းကြောင့် တဖန်နောက်တနေ့၌ သွား၍ဝန်းရံကြပြန်၏။ မထေရ်လည်း သိတော်မူသဖြင့် အထွတ်ချက်ဝန်းကို ဖေါက်ခွဲ၍ ကောင်းကင်သို့ ပျံတက် ကြွသွားတော်မူလေ၏။

ဤသို့လျှင် ခိုးသူတို့သည် ရှေးဦးစွာသောလ၌၎င်း အလယ်ဖြစ်သောလ၌၎င်း ရှင်မဟာမောဂ္ဂလာန် မထေရ်ကို ဖမ်းယူအံ့သောငှါ မတတ်နိုင်ကြကုန်။ နောက်ဆုံးဖြစ်သော လသည် ရောက်လတ်သည် ရှိသော် မထေရ်မြတ်သည် မိမိပြုအပ်သော မကောင်းမှုကံ၏ ဆွဲငင်သောအဖြစ်ကို သိတော်မူ၍ ဖဲကြွတော်မမူဘဲ နေလေ၏။

ခိုးသူတို့သည် သွား၍ ရှင်မဟာမောဂ္ဂလာန် မထေရ်ကို ဖမ်းပြီးလျှင် ဆန်ကွဲတို့မျှလောက်ကဲ့သို့ အရိုးတို့ကို ပြုကုန်လျက် ချိုးဖဲ့ကြလေကုန်၏။ ထိုအခါ မထေရ်ကို သေပြီဟူသော အမှတ်ဖြင့် တခုသော ချုံနောက်ဖေး၌ ပစ်ထား၍ ဖဲသွားကြလေကုန်၏။ မထေရ်မြတ်သည်လည်း မြတ်စွာဘုရားကို ဖူးမြင်ပြီးမှသာလျှင် ပရိနိဗ္ဗာန်ပြုပေအံ့ဟု အတ္တဘောကို ဈာန်၏ ရစ်ပတ်ခြင်းဖြင့် ရစ်ပတ်၍ မြဲမြံခိုင်ခံ့အောင် ပြုပြီးလျှင် ကောင်းကင်ခရီးဖြင့် မြတ်စွာဘုရား အထံတော်သို့သွား၍ ဘုရားရှင်ကိုရှိခိုးလျက် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော် ပရိနိဗ္ဗာန် ပြုပါတော့မည်ဘုရားဟု လျှောက်ကြားလေ၏။

ချစ်သား မောဂ္ဂလာန် သင်ပရိနိဗ္ဗာန် ပြုတော့မည်လောဟု မေးတော်မူလျှင် မြတ်စွာဘုရား ပြုပါတော့မည်ဘုရားဟု လျှောက်ကြားလေ၏။ အဘယ်အရပ်သို့သွား၍ ပရိနိဗ္ဗာန်ပြုမည်နည်းဟု မေးတော်မူပြန်လျှင် မြတ်စွာဘုရား ကာလသိလာ မည်သော အရပ်သို့သွား၍ ပြုပါမည်ဘုရားဟု လျှောက်ကြားလေ၏။

ချစ်သား မောဂ္ဂလာန် ထိုသို့ဖြစ်မူ ငါဘုရားအား တရားဟောပြီးမှ သွားလော့ သင်ကဲ့သို့ သဘော ရှိသော ငါဘုရား၏ တပည့်သာဝကကို ယခုအခါ မြင်တွေ့ဖွယ်ရာ မရှိပြီဟု မိန့်တော်မူလျှင် ထို ရှင်မဟာမောဂ္ဂလာန် မထေရ်သည် မြတ်စွာဘုရား ဤသို့မိန့်တော်မူတိုင်း ပြုပါမည်ဘုရားဟု မြတ်စွာဘုရားကို ရှိခိုးလျက် ကောင်းကင်သို့ ပျံတက်ပြီးလျှင် ပရိနိဗ္ဗာန် စံတော်မူအံ့သောနေ့၌ ရှင်သာရိပုတြာ မထေရ်ပြုသကဲ့သို့ ထိုရှင်မဟာမောဂ္ဂလာန် မထေရ် သည် အထူးထူး အပြားပြား ရှိကုန်သော တန်ခိုးတို့ကို ပြုသဖြင့် တရားဟောပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ ကာလသိလာ အရပ်၏ တောအုပ်သို့ကြွသွား၍ ပရိနိဗ္ဗာန် ပြုတော်မူလေ၏။

ခိုးသူနှင့် တိတ္ထိတို့ မီးလောင်တိုက်သွင်းခြင်း

ရှင်မဟာမောဂ္ဂလာန် မထေရ်ကို ခိုးသူတို့သည် သတ်ကုန်သတတ်ဟူသော ဤစကားသည်လည်း ဇမ္ဗူဒိပ်ကျွန်း တကျွန်းလုံး ပြန့်နှံ့လေ၏။ အဇာတသတ်မင်းသည် ခိုးသူတို့ကို ရှာဖွေအံ့သော အကျိုးငှါ သူလျှိုယောက်ျားတို့ကို စေလွှတ်လေ၏။ ထိုခိုးသူတို့သည်လည်း သေတင်းကုပ်၌ သေသောက်ကြ ကုန်သည်ရှိသော် တယောက်သော သူသည် တယောက်သောသူ၏ ကျောက်ကုန်းကို ရိုက်နှက်ကာ ပုတ်ခတ်လေ၏။

ထိုပုတ်ခတ်ခံရသော ယောက်ျားသည် ပုတ်ခတ်သော ယောကျ်ားကို ကြိမ်းမောင်းလျက် ဟယ် ဆုံးမခက်သော သူယုတ်မာ နင်အဖို့ကြောင့် ငါ့ကျောက်ကုန်းကို ပုတ်ခတ်ဘိသနည်းဟု ဆိုလေ၏။ ဟယ် ခိုးသူပျက် အသို့နည်း။ နင်သည် ရှင်မဟာမောဂ္ဂလာန် မထေရ်ကို ရှေးဦးစွာ ပုတ်ခတ်ဘိ ၏လောဟု မေးလျှင် အသို့နည်း ငါပုတ်ခတ်သော အဖြစ်ကို နင်မသိလေသလောဟု ဆိုလေ၏။

ဤသို့လျှင် ငါပုတ်ခတ်သည် ငါပုတ်ခတ်သည်ဟုဆိုကုန်သော ခိုးသူတို့၏ စကားကို ကြားရလျှင် ထိုသူလျှို ယောက်ျားတို့သည် အလုံးစုံသော ထိုခိုးသူတို့ကိုဖမ်း၍ အဇာတသတ်မင်းကြီးအား လျှောက်ကြားကြလေကုန်၏။ အဇာတသတ်မင်းကြီးသည်လည်း ခိုးသူတို့ကို ခေါ်စေပြီးလျှင် သင်တို့သည် ရှင်မဟာမောဂ္ဂလာန် မထေရ်ကို သတ်မိလေသလောဟု မေးစစ်တော်မူလေ၏။

အရှင်မင်းကြီး သတ်မိ သည်မှန်လှပါ၏ဟု လျှောက်တင်လေသော် အဘယ်သူသည် သင်တို့ကို တိုက်တွန်း စေခိုင်းအပ်ကုန်သနည်းဟု မေးစစ်ပြန်လေ၏။ အရှင်မင်းကြီး အဝတ်မဆီးသော ရဟန်းတို့သည် တိုက်တွန်း စေခိုင်းအပ်ပါကုန်၏ဟု လျှောက်တင်လတ်သော် အဇာတသတ် မင်းသည် အဝတ်မဆီးသော ရဟန်းငါးရာတို့ကို ဖမ်းစေ၍ ခိုးသူငါးရာတို့နှင့် အတူတကွ မင်းယင်ပြင်၌ ချက် အတိုင်းအရှည်ရှိကုန်သော တွင်းတို့၌ စိုက်ထောင် မတ်တတ် မြှုပ်နှံစေပြီးလျှင် ကောက်ရိုးတို့ဖြင့် ဖုံးလွှမ်းစေသဖြင့် မီးတိုက်စေလေ၏။

ထိုအခါ ထိုတိတ္ထိတို့နှင့် ခိုးသူတို့၏ မီးလောင်သော အဖြစ်ကို သိလျှင် သံထွန်ဖြင့် ထွန်စေလျက် အားလုံးတို့ကို အပိုင်းပိုင်း ပြုစေလေ၏။ ရဟန်းတို့သည်လည်း တရားသဘင်၌ ရှင်မဟာမောဂ္ဂလာန် မထေရ်သည် မိမိအား မလျောက်ပတ်သည်သာလျှင် ဖြစ်သော သေခြင်းသို့ ရောက်တော်မူရ၏ဟု စကားကို ဖြစ်စေကြလေကုန်၏။

မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ချစ်သား ရဟန်းတို့ ယခုငါဘုရား လာတော်မူသော အခါ၌ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူခြင်းကြောင့် ဤ မည်သော စကားဖြင့် စည်းဝေးကြပါသည်ဘုရားဟု နားတော် လျှောက်ကြားသည်ရှိသော် ချစ်သား ရဟန်းတို့ မောဂ္ဂလာန်သည် ဤအတ္တဘော အားသာလျှင် မိမိနှင့် မလျောက်ပတ်သော သေခြင်းသို့ ရောက်ရ၏။

ရှေးဘဝ၌ ထိုမောဂ္ဂလာန် ပြုအပ်သော မကောင်းမှုကံနှင့်သော်ကား လျောက်ပတ်သော သေခြင်းကို ရလေ၏ဟု မိန့်တော်မူလျှင် မြတ်စွာဘုရား ထိုရှင်မောဂ္ဂလာန်၏ ရှေး၌ပြုအပ်သော မကောင်းမှုကံ သည်ကား အဘယ်ပါနည်းဘုရားဟု မေးလျှောက်အပ်သည်ဖြစ်ရကား အကျယ်ချဲ့၍ ဟောကြားတော် မူလေ၏။

မိဘလုပ်ကျွေးသော အမျိုးကောင်းသားအတိတ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌နေသော တယောက်သော အမျိုးကောင်းသားသည် ကိုယ်တိုင်သာလျှင် မောင်းထောင်းခြင်း ထမင်းချက်ခြင်း အစရှိသော အမှုတို့ကိုပြုလျက် မိခင် ဖခင် တို့ကို လုပ်ကျွေးမွေးမြူသတတ်။ ထိုအခါ ထိုအမျိုးကောင်းသား၏ မိခင်ဖခင်တို့သည် ထိုအမျိုး ကောင်းသားကို ချစ်သား သင်သည် တယောက်ထည်းသာလျှင် အိမ်၌၎င်း တော၌၎င်း အမှုကို ပြုရသဖြင့် ပင်ပန်းလှ၏။

သင့်အား တယောက်သော သတို့သ္မီးကို ဆောင်ယူကြကုန်အံ့ဟု ဆိုလေလျှင် အမျိုးကောင်းသား သည် မိခင်ဖခင်တို့ ကျွန်တော်အား ဤသို့ အိမ်ရာထောင်ခြင်း သဘောဖြင့် အလိုမရှိသေးပါ။ ကျွန်တော်သည် သင် မိခင်ဖခင်တို့ အသက်ရှည်သမျှ ကာလပတ်လုံး သင်မိခင် ဖခင်တို့အား မိမိလက်ဖြင့် လုပ်ကျွေးပါမည်ဟုဆို၍ အမျိုးကောင်းသား ပယ်ရှားအပ်ကုန်ရကား အဖန်တလဲလဲ ထိုအမျိုးကောင်းသားကို တောင်းပန်၍ သတို့သ္မီးကို ဆောင်ယူ ထိမ်းမြားကြကုန်၏။

ထိုသတို့သ္မီးသည် နှစ်ရက် သုံးရက်မျှပတ်လုံး သာလျှင် ထိုမိခင်ဖခင်တို့ကို ကောင်းစွာ လုပ်ကျွေး သဖြင့် နောက်အဖို့၌ ထိုမိခင် ဖခင်တို့အား မြင်ခြင်းကိုမျှလည်း အလိုမရှိလတ်သည်ဖြစ်၍ သင်၏ မိခင်ဖခင် တို့နှင့်အတူတကွ တခုတည်းသော အရပ်၌ နေခြင်းငှါ မတတ်နိုင်ဟု စောင်းမြောင်း ပြောဆိုလေရာ ထိုအမျိုးကောင်းသားသည် မိမိ၏စကားကို မယူသည် ရှိသော် ထိုအမျိုးကောင်း သား ပြင်ပသို့သွားသောအခါ၌ သင်ပေါင်းလျှော် အပိုင်း အမှိုက် တို့ကို၎င်း ယာဂုမြှုပ်ကို၎င်း ယူ၍ ထိုထိုအရပ်၌ ကြဲလျက် ထို အမျိုးကောင်းသား ပြန်ရောက်လာသဖြင့် ဤအမှုကား အဘယ် အမှုနည်းဟု မေးအပ်သည်ရှိသော် ထိုအမှုသည် ဤမျက်မမြင် အသက်ကြီးတို့၏ အမှုတည်း။

အလုံးစုံသောအိမ်ကို ညစ်နွမ်းသည်ကိုပြုလျက် လှည့်လည်ကြကုန်၏။ ဤသက်ကြီး မျက်မမြင် တို့နှင့် အတူတကွ တခုတည်းသောအရပ်၌နေခြင်းငှါ မတတ်နိုင် ဟု ထိုမယားသည် အမျိုး ကောင်းသားကို အဖန်တလဲလဲ ဆိုလေသည်ရှိသော် ဤသို့သဘောရှိသော ဖြည့်ဆည်းပူး အပ်ပြီးသော အဂ္ဂသာဝက ပါရမီရှိသော အမျိုးကောင်းသား သော်မှလည်း မိခင်ဖခင်တို့နှင့် အတူ တကွ ချစ်ခင်မြတ်နိုးသော မိတ်၏အဖြစ်သည် ပျက်စီးခဲ့လေသတည်း။

မယားစကားကြောင့် မိဘကိုနှိပ်စက်ခြင်း

ထိုအမျိုးကောင်းသားသည် ဤအတိုင်းဖြစ်ပါစေ ထိုသက်ကြီး မျက်မမြင်တို့အား ပြုအပ်သော အမှုကို သိရပေတော့လတ္တံ့ဟု ဆို၍ မိခင်ဖခင်တို့ကို ထမင်း ကျွေးမွေးပြီးလျှင် မိခင်ဖခင်တို့ ဤ မည်သောအရပ်၌ သင် မိခင်ဖခင်တို့၏ အဆွေအမျိုးတို့သည် လာရောက်ခြင်းကို တောင့်တ ကြပါကုန်၏။ ထိုအရပ်သို့ သွားကြကုန်စို့အံ့ ဟုဆို၍ မိဘတို့ကို ယာဉ်ထက်၌တင်ကာ ဆောင်ယူ သွားသည် ရှိသော် တောအုပ်အလယ်သို့ ရောက်သောကာလ ဖခင် ကြိုးတို့ကို ကိုင်ထားကြပါ နွားတို့သည် လှံတံအမှတ်ဖြင့် သွားကုန်လတ္တံ့။

ဤအရပ်၌ ခိုးသူတို့သည် နေကုန်၏။ ကျွန်တော် သက်ဆင်းဦးအံ့ဟု ဆို၍ ဖခင်၏ လက်၌ ကြိုးတို့ကို ပေးသဖြင့် သက်ဆင်းကာသွားလျက် အသံကို ပြောင်းလွှဲပြီးလျှင် ခိုးသူတို့ ထသော အသံကို ပြုလေ၏။ သက်ရွယ်ကြီးပြင်း အလင်းမရ မိနှင့်ဘတို့သည် အသံကို ကြားရလျှင် ခိုးသူတို့ ထပြီဟူသော အမှတ်ဖြင့် ငါတို့သားချစ် ငါတို့ကား အိုမင်းပြီ။ သင်သည် မိမိကိုယ်ကိုသာလျှင် စောင့်ရှောက်လေလော့ဟု ဆိုကြလေကုန်၏။

ထိုအမျိုးကောင်းသားသည် မိခင်ဖခင်တို့ ထိုသို့သော အခြင်းအရာဖြင့် မြည်တမ်းကြကုန် သော်လည်း ခိုးသူသံကိုပြုလျက် ထောင်းထု ရိုက်နှက်၍ သတ်ဖြတ်ပြီးလျှင် တောအုပ်၌ စွန့်ပစ်ပြီးမှ ပြန်လာ ခဲ့လေ၏။ မြတ်စွာဘုရားသည် ထိုရှင်မောဂ္ဂလာန်၏ ရှေး၌ ပြုအပ်သော မကောင်းမှုကံကို ဟောတော်မူပြီးလျှင် ချစ်သားရဟန်းတို့ မောဂ္ဂလာန်သည် ဤမျှလောက်သော အကုသိုလ်ကံကို ပြုသောကြောင့် အသိန်းမက များပြားလှစွာသော နှစ်တို့ပတ်လုံး ငရဲ၌ ကျက်ပြီးမှ အကျိုးကြွင်း အားဖြင့် အရာသော ကိုယ်၏အဖြစ်၌ ဤအတူသာလျှင် ထောင်းထု ရိုက်နှက်ခြင်းကြောင့် မှုန့်မှုန့် ညက်ညက်ကြေလျက် သေခြင်းကိုရလေပြီ။

ဤသို့လျှင် မောဂ္ဂလာန်သည် မိမိကံအားလျော်စွာ သာလျှင် ဖြစ်သော သေခြင်းကို ရအပ်ပြီ။ ငါးရာသော ခိုးသူတို့နှင့်တကွ ငါးရာသော တိတ္ထိတို့သည် မပြစ်မှားအပ်သော ငါ့သားတော် မောဂ္ဂလာန်၌ ပြစ်မှားမိခြင်းကြောင့် လျော်စွာသာလျှင်ဖြစ်သော သေခြင်းကို ရကြလေကုန်၏။ မပြစ်မှားအပ်သော။ ဝါ၊ ပြစ်မှားခြင်း မရှိသောသူအား ပြစ်မှားသောသူသည် ဆယ်ပါးသော အကြောင်းတို့ဖြင့် အကျိုးမရှိသော ပျက်စီးခြင်းသို့ ရောက်ရသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော် မူလိုရကား ဤဂါထာတို့ကို မိန့်တော်မူလေ၏။

ဒေသနာတော်

၁၃၇။ ယော ဒဏ္ဍေန အဒဏ္ဍေသု၊ အပ္ပဒုဋ္ဌေသု ဒုဿတိ။
ဒသန္န မညတရံ ဌာနံ၊ ခိပ္ပမေ၀ နိဂစ္ဆတိ။

၁၃၈။ ဝေဒနံ ဖရုသံ ဇာနိံ၊ သရီရဿ စ ဘေဒနံ။
ဂရုကံဝါပိ အာဗာဓံ၊ စိတ္တက္ခေပဉ္စ ပါပုဏေ။

၁၃၉။ ရာဇတောဝါ ဥပဿဂ္ဂံ၊ အဗ္ဘက္ခာနဉ္စ ဒါရုဏံ။
ပရိက္ခယဉ္စ ဉာတီနံ၊ ဘောဂါနဉ္စ ပဘင်္ဂုနံ။

၁၄၀။ အထဝဿ အဂါရာနိ၊ အဂ္ဂိ ဍယှတိ ပါဝကော။
ကာယဿ ဘေဒါ ဒုပ္ပညော၊ နိရယံ သောပပဇ္ဇတိ။

ယော၊ အကြင်သူသည်။
အဒဏ္ဍေသု၊ ကာယဒဏ္ဍ စသည်မှ ကင်းကြကုန်သော။
အပ္ပဒုဋ္ဌေသု၊ ဘယ်သူအားမျှ ပြစ်မှားခြင်း မပြုသော ပုဂ္ဂိုလ်တို့၌။
ဒဏ္ဍေန၊ ကိုယ်ဒဏ်စသည် ပေးခြင်းဖြင့်။
ဒုဿတိ၊ ပြစ်မှား၏။
သော၊ ထိုသူသည်။
ဒသန္နံ ဌာနာနံ၊ ဆယ်ပါးသော ဒုက္ခရောက်ကြောင်း ဒဏ်သင့်ခြင်းတို့တွင်။
အညတရံ၊ တပါးပါးသော။
ဌာနံ၊ ဒဏ်သင့်ခြင်းသို့။
ခိပ္ပမေဝ၊ လျင်စွာသာလျှင်။
နိဂစ္ဆတိ၊ ရောက်တတ်၏။

ဖရုသံ၊ ကြမ်းကြုတ်သော။
ဝေဒနံ၊ ဦးခေါင်းနာ စသော ဆင်းရဲ ဝေဒနာသို့၎င်း။
ဇာနိံ၊ ငြိုငြင်စွာ ရအပ်သော ဥစ္စာ၏ ဆုံးရှုံးခြင်းသို့၎င်း။
သရီရဿ၊ လက်ခြေစသောကိုယ်၏။
ဘေဒနဉ္စ၊ ပျက်စီးခြင်းသို့၎င်း။
ဂရုကံ၊ ကြီးလေးသော။
အာဗာဓံ ဝါပိ၊ ခြေလက် ကွေးခြင်း ဆွံ့ ခြင်း စသော အနာနှိပ်စက်ခြင်းသို့၎င်း။
စိတ္တက္ခေပဉ္စ၊ စိတ်ပျံ့လွှင့်၍ ရူးသွပ်ခြင်းသို့၎င်း။
ပါပုဏေ၊ ရောက်ရာ၏။

ရာဇတော၊ မင်းမှ။
ဥပဿဂ္ဂံဝါ၊ စည်းစိမ်ပျက်ချော ရာထူးလျောခြင်းစသော ဘေးသို့၎င်း။
ဒါရုဏံ၊ ကြမ်းကြုတ်သော။
အဗ္ဘက္ခာနဉ္စ၊ သမုတ်တလွဲ စွပ်စွဲခံရခြင်းသို့၎င်း။
ဉာတီနံ၊ အားထားလောက်သော ဆွေမျိုးတို့၏။
ပရိက္ခယဉ္စ၊ ကုန်ပျောက် ပြုန်းတီး ပျက်စီးခြင်းသို့၎င်း။
ဘောဂါနံ၊ ပစ္စည်းဥစ္စာတို့၏။
ပဘင်္ဂုနဉ္စ၊ ပုပ်ဆွေးခြင်း ပျက်စီးခြင်းသို့၎င်း။
ပါပုဏေ၊ ရောက်ရာ၏။

အထ၊ ထိုမှတပါး။
အဿ၊ ထိုသူ၏။
အဂါရာနိ၊ အိမ်တို့ကို။
အဂ္ဂိ၊ ပကတိမီး မိုဃ်းကြိုးမီးသည်၎င်း။
ပါဝကော၊ အလိုလို ထလောင်သော မီးသည်၎င်း။
ဍယှတိ၊ လောင်၏။
ဒုပ္ပညော၊ ပညာမရှိသော။
သော၊ ထိုဒဏ်ဆယ်ပါး တပါးပါး သင့်ပြီးသောသူသည်။
ကာယဿ၊ ကိုယ်ခန္ဓာ၏။
ဘေဒါ၊ ပျက်သည်မှ။
ပရံ၊ နောက်၌။
နိရယံ၊ ငရဲသို့။
ဝါ၊ ငရဲ၌။
ဥပပဇ္ဇတိ၊ ကျရောက်တတ် ဖြစ်တတ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

ရှင်မဟာမောဂ္ဂလာန်မထေရ်ဝတ္ထုပြီး၏။

၈ - ဗဟုဘဏ္ဍိက ရဟန်းဝတ္ထု

နနဂ္ဂစရိယာ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် များသော အသုံးအဆောင် ဘဏ္ဍာရှိသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သူကြွယ်ရဟန်း ကိုယ်ရုံစွန့်၍ အရွဲ့တိုက်နေပုံ

သာဝတ္ထိပြည်၌နေသော တယောက်သော သူကြွယ်သည် မယားသေလွန်သည့် အဖြစ်ကြောင့် ရဟန်းပြုသတတ်။ ထိုသူကြွယ်သည် ရဟန်းပြုလိုလတ်သည်ရှိသော် မိမိ၏နေစရာ ကျောင်း ပရိဝုဏ် ကို၎င်း မီးတင်းကုပ်ကို၎င်း ဘဏ္ဍာတိုက်ကို၎င်း ပြုစေပြီးလျှင် ဘဏ္ဍာတိုက်တခုလုံးကိုလည်း ဆီ ထောပတ် အစရှိသည်တို့ဖြင့် ပြည့်စေပြီးမှ ရဟန်းပြုလေ၏။

ရဟန်းပြုပြီးသော်ကား မိမိ၏ကျေးကျွန်တို့ကို ခေါ်စေပြီးလျှင် အလိုရှိတိုင်း အစာအာဟာရကို ချက်စေ၍ သုံးဆောင်လေ၏။ များသော အသုံးအဆောင် ဘဏ္ဍာလည်းရှိ၏။ များသော ပရိက္ခရာ လည်းရှိ၏။ ညဉ့်၌ ဝတ်ရုံသောသင်္ကန်း တခြားဖြစ်၏။ နေ့၌ ဝတ်ရုံသောသင်္ကန်း တခြား ဖြစ်၏။ နေ့အခါ အသီးအခြား အစွန်အဖျားဖြစ်သော ကျောင်း၌ နေ၏။

တနေ့သ၌ ထို ဗဟုဘဏ္ဍိကရဟန်း၏ သင်္ကန်း အိပ်ရာခင်းတို့ကို နေပူလှမ်းစဉ် ကျောင်းစဉ် ဒေသစာရီ လှည့်လည်ကြကုန်သော ရဟန်းတို့သည် မြင်ရှလျှင် ငါ့ရှင်တို့ ဤသင်္ကန်း အိပ်ရာခင်း တို့ကား အဘယ်သူ၏ သင်္ကန်း အိပ်ရာခင်းတို့နည်းဟု မေးသောကြောင့် တပည့်တော်၏ သင်္ကန်း အိပ်ရာခင်းတို့ပါတည်းဟု ဆိုသည်ရှိသော် ငါ့ရှင် မြတ်စွာဘုရားသည် သင်္ကန်း သုံးထည်တို့ကို ခွင့်ပြုတော်မူအပ်ကုန်၏။

သင်သည် အလိုနည်းသော ဘုရားရှင်၏ သာသနာတော်၌ ရဟန်းပြုလျက် ဤသို့ များသော ပရိက္ခရာရှိသည် ဖြစ်ဘိ၏ဟု ဆို၍ ထိုဗဟုဘဏ္ဍိက ရဟန်းကို မြတ်စွာဘုရား၏ အထံတော်သို့ ခေါ်ဆောင်၍ မြတ်စွာဘုရား ဤရဟန်းသည် အလွန်များသော ဘဏ္ဍာ ရှိပါသည်ဘုရားဟု လျှောက်ကြားကြလေကုန်၏။

မြတ်စွာဘုရားသည်လည်း ချစ်သားရဟန်း သင်သည် ပရိက္ခရာ ဘဏ္ဍာ များစွာရှိ၏ဟူသည် မှန်သလောဟု မေးတော်မူ၍ မြတ်စွာဘုရား မှန်ပါသည်ဘုရားဟု နားတော် လျှောက်သည်ရှိသော် ချစ်သားရဟန်း သင်သည် အဘယ့်ကြောင့် ငါဘုရား အလိုနည်းစေခြင်းငှါ တရားဟောအပ်လျက် ဤသို့ များသော ဘဏ္ဍာ ရှိသည်ဖြစ်ဘိသနည်းဟု မိန့်တော်မူလေ၏။

ထို ဗဟုဘဏ္ဍိက ရဟန်းသည် ထိုမျှလောက်ဖြင့်သာလျှင် အမျက်ထွက်သည်ဖြစ်၍ ယခုအခါ ဤသို့သောနည်းဖြင့် ကျင့်ပါတော့မည်ဘုရား ဟုဆိုလျက် ကိုယ်ရုံသင်္ကန်းကို စွန့်၍ ပရိသတ် အလယ်၌ တထည်သော သင်္ကန်းသာ ရှိသဖြင့် ရပ်နေလေ၏။ ထိုအခါ ဗဟုဘဏ္ဍိကရဟန်းကို မြတ်စွာဘုရားသည် ထောက်ပံ့တော်မူလျက် ချစ်သားရဟန်း သင်သည် ရှေးအခါ ၌ ဟိရိဩတ္တပ္ပကို ရှာမှီးဖူး၏။

ရေစောင့်ဘီလူးဖြစ်သော ကာလ၌သော်လည်း ဟိရိဩတ္တပ္ပကို ရှာမှီးလျက် တဆဲ့နှစ်နှစ်တို့ ကာလ ပတ်လုံး နေဖူး၏။ အဘယ့်ကြောင့် ယခုအခါ အလေးအမြတ် ပြုအပ်သော ဘုရားရှင် သာသနာ တော်၌ ရဟန်းပြုလျက် ပရိသတ်လေးပါး အလယ်၌ ကိုယ်ရုံသင်္ကန်းကို စွန့်ပစ်သဖြင့် ဟိရိဩတ္တပ္ပကို ပယ်စွန့်လျက် ရပ်နေဘိသနည်းဟု မိန့်တော်မူလေ၏။

ထို ဗဟုဘဏ္ဍိက ရဟန်းသည် မြတ်စွာဘုရား၏ စကားတော်ကိုကြားရလျှင် ရှက်ကြောက်ခြင်း ဟိရိဩတ္တပ္ပကို ဖြစ်စေသဖြင့် ထိုသင်္ကန်းကိုရုံ၍ မြတ်စွာဘုရားကို ရှိခိုးလျက် တင့်အပ် လျောက်ပတ်သောအရပ်၌ နေလေ၏။ ရဟန်းတို့သည် ထိုအကြောင်းကို ထင်ရှားစွာ ဖြစ်စိမ့်သောငှါ မြတ်စွာဘုရားကို လျှောက်ထား တောင်းပန်ကြကုန်၏။ ဘုရားရှင်သည် လွန်လေပြီးသော အတိတ်ကို ဆောင်၍ ဟောကြားတော်မူလေ၏။

မင်းသားသုံးယောက် တိုင်းပြည်မှ ထွက်သွားရခြင်း

လွန်လေပြီးသောအခါ ဗာရာဏသီမင်းကြီး၏ အဂ္ဂမဟေသီ မိဖုယားကြီး ဝမ်းတိုက်၌ ဘုရား အလောင်း ပဋိသန္ဓေ တည်နေ စွဲယူလေသတတ်။ ထိုဘုရားလောင်းကို အမည်မှည့်အံ့သောနေ့၌ မဟိံသမင်းသား ဟူသောအမည်ကို မှည့်ကြလေကုန်၏။

ထိုမဟိံသ မင်းသား၏ ညီတော်သည် စန္ဒမင်းသား အမည်ရှိလေ၏။ ထိုမင်းသားတို့၏ မယ်တော် နတ်ရွာလားသည် ရှိသော် မင်းကြီးသည် တပါးသော မိဖုယားငယ်ကို မိဖုယားကြီးအရာ၌ ထားလေ၏။ ထိုမိဖုယားသည်လည်း သားတော်ကို ဖွားမြင်သန့်စင်လေ၏။ သူရိယမင်းသား ဟု ထိုမင်းသား၏ အမည်ကို မှည့်ကြလေကုန်၏။

ထိုသူရိယမင်းသားကိုမြင်ရလျှင် မင်းကြီးသည် ကြည်လင် နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ သင်၏ သားတော်အလို့ငှါ ဆုတော်ကို ငါပေးမည်ဟု ဆိုလေ၏။ မိဖုယားကြီးသည်လည်း အရှင်မင်းကြီး အလိုရှိသောကာလ၌ ယူပါမည်ဘုရားဟု လျောက်တင်၍ အရွယ်သို့ ရောက်သောကာလ၌ မင်းကြီးကို အရှင်မင်းကြီး ဘုရားနှမ၏ သားတော် ဖွားသန့်စင်သော ကာလ၌ ဆုတော်ကို ပေးပါသည်။ ယခုအခါ ဘုရားနှမ၏ သားတော်အား ပြည်စည်းစိမ်ကို ပေးတော်မူပါဘုရား ဟုလျှောက်ကြား သံတော်ဦး တင်လေ၏။

မင်းကြီးသည် ငါ၏သားတော် နှစ်ယောက်တို့ကား မီးပုံကြီးကဲ့သို့ တောက်ပကုန်လျက် သွားလာ လှည့်လည် ကြကုန်၏။ ထိုသူရိယ မင်းသားငယ်အား ပြည်စည်းစိမ်ကို ပေးခြင်းငှါ မတတ်နိုင် ဟုဆို၍ ပယ်သော်လည်း ထိုမိဖုယားသည် အဖန်တလဲလဲ တောင်းသည်ကိုသာလျှင် မြင်ရ၍ ဤမိဖုယားသည် ငါ့သားတော်ကြီးတို့၏ အကျိုး မရှိခြင်းကိုလည်း ပြုရာ၏ ဟု သားတော်တို့ကို ခေါ်စေ၍ ချစ်သားတို့ ငါကား သူရိယမင်းသား ဖွားမြင်သော ကာလ၌ ဆုတော်ကို ပေးမိ၏။ ယခုအခါ ထိုသူရိယ မင်းသား၏ မယ်တော်သည် ပြည်စည်းစိမ်ကို တောင်း၏။

ငါကား ထိုသူရိယ မင်းသားအား ပေးခြင်းငှါ အလိုမရှိ။ ထိုသူရိယမင်းသား၏ မယ်တော်သည် သင်ချစ်သားတို့၏ အကျိုးမရှိခြင်းကိုလည်း ပြုရာ၏။ သွားလေကုန် သင်တို့သည် တော၌နေ၍ ငါလွန်သောအခါမှ ပြန်လာသဖြင့် ပြည်စည်းစိမ်ကို ယူရစ်ကြ ကုန်လော့ဟုဆို၍ လွှတ်လိုက်လေ၏။ ထိုမင်းသားတို့သည်လည်း ဖခမည်းတော်ကို ရှိခိုး၍ ပြာသာဒ်မှ ဆင်းသက်သည် ရှိသော် မင်းယင်ပြင်၌ ကစားလျက်နေသော သူရိယမင်းသားသည် မြင်လတ်၍ ထိုအကြောင်းကိုသိလျှင် နောင်တော်တို့နှင့် အတူတကွသာလျှင် ထွက်လိုက်လေ၏။

ထိုမင်းသားတို့ ဟိမဝန္တာသို့ ဝင်သောအခါ ကာလ၌ ဘုရားလောင်းသည် ခရီးမှဖဲ၍ အမှတ်မရှိသော သစ်ပင်ရင်း၌ နေပြီးလျှင် သူရိယမင်းသားကို အမောင် ညီတော်ချစ် ဤအိုင်သို့ သွားသဖြင့် ရေချိုး၍၎င်း သောက်၍၎င်း ငါတို့အလို့ငှါလည်း ပဒုမာကြာဖက်တို့ဖြင့် ရေကို ဆောင်ခဲ့ချေလော့ဟု ဆိုလေ၏။

မင်းသားတို့ကို ရေစောင့်ဘီလူးဖမ်းခြင်း

ထိုအိုင်သည်ကား ဝေဿဝဏ်နတ်မင်း၏ အထံမှ ရေစောင့် ဘီလူးတယောက် အပိုင်စား ရအပ်သော အိုင်ဖြစ်၏။ ဝေဿဝဏ် နတ်မင်းသည်လည်း ထိုဘီလူးကို ဒေဝဓမ္မ တရားသိကုန်သော သူတို့ကို သာလျှင် ဖယ်ထား၍ မသိကုန်သော သူတို့သည် ဤရေအိုင်သို့ ဆင်းသက်ကြ ကုန်သည်ဖြစ်အံ့ ထိုသူတို့ကို စားခြင်းငှါ သင်ရ၏ ဟုဆိုလေ၏။

ထိုအခါမှစ၍ ဘီလူးသည် ထိုအိုင်သို့ ဆင်းကုန်ဆင်းကုန်သော သူတို့ သူတို့ကို ဒေဝဓမ္မတရားတို့ကို မေးသဖြင့် မသိသောသူတို့ကိုစား၏။ သူရိယ မင်းသားသည်လည်း ထိုအိုင်သို့ မစူးစမ်း မဆင်ခြင် မူ၍သာလျှင် ဆင်းသက်မိလေ၏။ ဘီလူးသည် ဒေဝဓမ္မတရားတို့ကို သင်သိသလောဟု မေးအပ်သည်ရှိသော် ဒေဝဓမ္မတရားမည်သည်ကား လနှင့် နေတည်းဟု ဖြေဆိုလေ၏။

ထိုအခါ ထိုသူရိယမင်းသားကို သင်သည် ဒေဝဓမ္မတရားတို့ကို မသိဟု ရေထဲသို့သွင်း၍ မိမိ၏ဗိမာန်၌ ထားလေ၏။ ဘုရားလောင်း မဟိံသ မင်းသားသည်လည်း ထိုသူရိယမင်းသား ကြာမြင့်သည်ကို မြင်သိရလျှင် ညီတော် စန္ဒမင်းသားကို စေပြန်လေ၏။ ထိုစန္ဒ မင်းသားကိုလည်း ဘီလူးသည် ဒေဝဓမ္မတရားတို့ကို သိ၏လောဟု မေးပြန်သည်ရှိသော် ဒေဝဓမ္မတရား မည်သည်ကား အရပ် လေးမျက်နှာတည်းဟု ဖြေဆိုလေ၏။ ရေစောင့်ဘီလူးသည်လည်း ထိုစန္ဒမင်းသားကို ရေထဲသို့သွင်း၍ ထို့အတူသာလျှင် ထားလေ၏။

ဘုရားလောင်းသည်လည်း ထိုစန္ဒမင်းသား ကြာမြင့်လတ်သည် ရှိသော် အန္တရာယ်ဖြစ်တန်ရာ၏ ဟု ကိုယ်တိုင်သွား၍ နှစ်ယောက်သော ညီတော်တို့ ၏လည်း သက်ဆင်းသော ခြေရာကိုသာမြင်ရလျှင် ဤအိုင်ကို ဘီလူးသိမ်းဆည်းအပ်၏ဟု သိသဖြင့် သန်လျက်ကိုဖွဲ့လျက် ရပ်လေ၏။ ဘီလူးသည် ထိုမဟိံသ မင်းသား မသက်ဆင်းသည်ကို မြင်ရလျှင် တောအမှုလုပ် ယောကျ်ားအသွင်ဖြင့် လာလတ်၍ အိုယောက်ျားသင်သည် ခရီးပင်ပန်းလျက် အဘယ့်ကြောင့် ဤအိုင် သို့သက်ဆင်းကာ ရေချိုး၍၎င်း သောက်၍၎င်း ကြာစွယ် ကြာရင်းကို စားလျက် ပန်းတို့ကို ပန်ဆင်လျက် မသွားဘိ သနည်းဟု ဆိုလေ၏။

ဘုရားလောင်းသည် ထိုယောက်ျားကို မြင်ကတည်းကလျှင် ဤသူကား ထိုဘီလူးတည်း ဟု သိသဖြင့် သင်သည် ငါ၏ညီတော်တို့ကို ဖမ်းယူအပ်သလောဟု မေးလေ၏။ ငါသည် ဖမ်းယူ သည်မှန်၏ ဟုဆိုလတ်သော် အဘယ့်ကြောင့် ဖမ်းယူသနည်း ဟုမေးပြန်၏။ ငါကား ဤအိုင်သို့ ဆင်းကုန်သော ဆင်းကုန်သော သူတို့ကိုရ၏ ဟုဆိုလတ်သော် အသို့နည်း အလုံးစုံသော သူတို့ကိုပင် သင်ရလေ သလောဟု မေးပြန်လေ၏။

ဒေဝဓမ္မ တရား တို့ကို သိကုန်သော သူတို့ကို ဖယ်ထား၍ ကြွင်းကုန်သော သူတို့ကိုရ၏ဟု ဆိုလတ် သော် သင့်အား ဒေဝဓမ္မတရားတို့ဖြင့် အလိုရှိသလောဟု မေးလေ၏။ အလိုရှိသည် မှန်၏ဟု ဆိုလတ်သော် ငါဟောကြားပေအံ့ဟု ဆိုလေ၏။ ထိုသို့ဖြစ်မူ ဟောပါလော့ဟု ဆိုလတ်သော် ညစ်နွမ်းသော ကိုယ်ရှိသဖြင့် ဟောခြင်းငှါ မတတ်နိုင်ဟုဆိုလေ၏။

ဘုရားလောင်း ဒေဝဓမ် တရားဟော၍ ပြန်ပေးခြင်း

ဘီလူးသည် ဘုရားလောင်းကို ရေချိုးစေ၍ ရေကိုသောက်စေပြီးမှ တန်ဆာဆင်စေ၍ တန်ဆာ ဆင်အပ်သော မဏ္ဍပ်အလယ်၌ ပလ္လင်သို့ တင်ပြီးလျှင် မိမိသည် ထိုဘုရားလောင်း၏ ခြေရင်း၌ နေလေ၏။ ထိုအခါ ဘီလူးကို ဘုရားလောင်းသည် ရိုသေစွာ နာလေလော့ဟုဆို၍ ဤဂါထာကို ဟောလေ၏။

ဟိရိဩတ္တပ္ပ သမ္ပန္နာ၊ သုက္ကဓမ္မ သမာဟိတာ။
သန္တော သပ္ပုရိသာ လောကေ၊ ဒေဝဓမ္မာတိ ဝုစ္စရေ။

ဩတ္တပ္ပသမ္ဗန္နာ၊ အရှက်အကြောက်နှင့် ပြည့်စုံကြကုန်သော။
သုက္ကဓမ္မ သမာဟိတာ၊ ဖြူစင်သော တရားကို ဆောက်တည်ကြကုန်သော။
သန္တော၊ ကာယကံမှုစသည် ငြိမ်သက်ကြကုန်သော။
သပ္ပုရိသာ၊ သူတော်ကောင်းတို့ကို။
လောကေ၊ လောကသုံးပါး၌။
ဒေဝဓမ္မာတိ၊ ဒေဝဓမ္မတို့ဟူ၍။
ဝုစ္စရေ၊ ဆိုအပ်ကုန်၏၊

ဘီလူးသည် ဤတရားဒေသနာကို ကြားနာရလျှင် ကြည်ညိုလှသည်ဖြစ်၍ ဘုရားလောင်းကို ပညာရှိ သုခမိန် အကျွန်ုပ်သည် သင်သုခမိန်အား နှစ်သက် ကြည်ညိုလှပါ၏။ ညီတော် တယောက်ကို ပေးပါမည်။ အဘယ်ညီတော်ကို ဆောင်ခဲ့ရပါအံ့နည်းဟု မေးလေ၏။ ညီငယ် ဖြစ်သော သူရိယ မင်းသားကို ဆောင်ခဲ့ပါလော့ဟု ဆိုလျှင် ပညာရှိသုခမိန် သင်ကား သက်သက် ဒေဝဓမ္မတရားတို့ကို သိရုံသာ သိဘိ၏။ ထိုသို့သိသော်လည်း သင်သည် ဒေဝဓမ္မတရားတို့၌ မကျင့်လတ္တံ့ ဟု ဆိုလေ၏။

အကြောင်းကား အဘယ်နည်း ဟု ဆိုသည်ရှိသော် ညီတော်အကြီးကိုထား၍ ညီတော်အငယ်ကို ဆောင်ယူစေသော သင်သည် ကြီးသောသူအား အလေးအမြတ်ပြုအပ်သော အမှုကို မပြုဘိ၏ဟု ဆိုလေ၏။ ဒကရက္ခိုသ်ဘီလူး အကျွန်ုပ်သည် ဒေဝဓမ္မတရားတို့ကို သိပါသည်။ ထိုဒေဝဓမ္မ တရား တို့၌လည်း ကျင့်ပါသည်ဟုဆို၍ အကျွန်ုပ်တို့သည် ထိုညီတော် အငယ်ကိုမှီ၍ ဤတောသို့ ဝင်လာကြရပါသည်။

ထိုမင်းသား၏ အကျိုးငှါ အကျွန်ုပ်တို့၏ ဖခမည်းတော်ကို မင်းသားငယ်၏ မယ်တော်သည် ပြည်စည်းစိမ်ကို တောင်းပါသည်။ အကျွန်ုပ်တို့ အားလည်း ထိုဆုတော်ကိုမပေးမူ၍ အကျွန်ုပ်တို့ကို စောင့်ရှောက်ခြင်းငှါ တော၌ နေခြင်းကို ခွင့်ပြုတော်မူပါသည်။ ထိုမင်းသားငယ်သည် မပြန်လည်မူ၍ အကျွန်ုပ်တို့နှင့် အတူတကွ လိုက်ပါလာသည်။

ထိုမင်းသားငယ်ကို တော၌ ဘီလူးတယောက် စားပြီဟု ဆိုသော်လည်း တစုံတယောက်သော သူသည် မယုံကြည်ပါလတ္တံ့။ ထို့ကြောင့် အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းဘေးမှ ကြောက်လှသော ကြောင့် ထိုမင်းသားငယ် ကိုသာလျှင် ဆောင်ယူစေပါ၏ ဟု ဆိုလေ၏။ ဘီလူးသည် ဘုရားလောင်းအား ကြည်ညိုပြန်၍ ပညာရှိသုခမိန် ကောင်းလှပါပေ၏။

သင်သည်သာလျှင် ဒေဝဓမ္မ တရားတို့ကို သိပေ၏ဟု ဆိုပြီးလျှင် ညီတော် နှစ်ယောက်တို့ကို ဆောင်၍ ပေးလေ၏။ ထိုအခါ ဘီလူးကို ဘုရားလောင်းသည် ဘီလူး၏ အဖြစ်၌ အပြစ်ကို ဟောကြားပြောဆို၍ ငါးပါးသီလတို့၌ တည်စေလေ၏။

မင်းဖြစ်သောအခါ ဘီလူးအား ချီးမြှောက်ခြင်း

မဟိံသမင်းသားသည် ထိုရက္ခိုသ်ဘီလူး စီရင်အပ်သော စောင့်ရှောက်ခြင်း ရှိသည်ဖြစ်၍ ထိုတော၌ သာလျှင်နေလျက် ဘခမည်းတော် နတ်ရွာလားသည်ရှိသော် ဘီလူးကိုခေါ်၍ ဗာရာဏသီပြည်သို့ သွားသဖြင့် ပြည်စည်းစိမ်ကို သိမ်းပိုက်လျက် စန္ဒမင်းသားအား အိမ်ရှေ့မင်းအဖြစ်ကို သူရိယ မင်းသားအား စစ်သူကြီး အရာကို ပေးပြီးလျှင် ဘီလူးအား မွေ့လျော်ဖွယ်ဖြစ်သော အရပ်၌ နေရာ နတ်ကွန်းကို ဆောက်လုပ်စေ၍ အကြင် အခြင်းအရာဖြင့် ထိုလာဘ်သပ်ပကာ ပြန့်ပြောခြင်းသို့ ရောက်သည်ဖြစ်၏။ ထိုအခြင်းအရာဖြင့် ပြုလေ၏။

မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် ထိုအခါ -
ရေစောင့်ဘီလူးသည် ပရိက္ခရာများသော ရဟန်းဖြစ်လာ၏။
သူရိယမင်းသားသည် အာနန္ဒာဖြစ်လာ၏။
စန္ဒမင်းသားသည် သာရိပုတြာ ဖြစ်လာ၏။
မဟိံသမင်းသည်ကား ငါဘုရားသာလျှင် ဖြစ်တော်မူလာ၏ဟု ဇာတ်ကို ပေါင်းတော်မူလေ၏။

ဤသို့လျှင် ဘုရားရှင်သည် ဇာတ်တော်ကို ဟောကြားတော်မူ၍ ချစ်သားရဟန်း ဤသို့လျှင် သင်သည် ရှေးအခါ၌ ဒေဝဓမ္မတို့ကို ရှာမှီးလျက် အရှက်အကြောက်နှင့် ပြည့်စုံစွာ သွားလာ လှည့်လည်ပြီးလျှင် ယခုအခါ ပရိသတ်လေးပါး အလယ်၌ ဤသင်္ကန်း တထည်ကို ဆောင်သော နည်းဖြင့် ရပ်လျက် ငါဘုရား၏ ရှေ့တော်၌ အလိုနည်းသောသူ ဖြစ်ပါတော့မည်ဟု ဆိုသော သင်ချစ်သားသည် မသင့်သော အမှုကို ပြုဘိ၏။ အဝတ်သင်္ကန်းကို ပယ်စွန့်ခြင်း အစရှိသည်မျှဖြင့် ရဟန်းမည်သည် မဖြစ်သေးဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလို ရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၁၄၁။ န နဂ္ဂစရိယာ နဇဋာ န ပင်္ကာ၊ နာနာသကာ တဏ္ဍိလသာယိကာဝါ။
ရဇောဇလ္လံ ဥက္ကဋိကပ္ပဓာနံ၊ သောဓေန္တိ မစ္စံ အဝိတိဏ္ဏကင်္ခံ။

ယုံမှားသံသယကို မလွန်မြောက်နိုင်သေးသော သတ္တဝါကို -
အဝတ်မစည်း အချီးနှီးသော အကျင့် တို့သည် မသုတ်သင်နိုင်ကုန်။
ဆံကျစ်တို့သည် မသုတ်သင်နိုင်ကုန်၊
ကိုယ်၌လိမ်းကျံသော ရွှံ့ညွှန် တို့သည် မသုတ်သင်နိုင်ကုန်၊
အစာအငတ်ခံ နေခြင်းတို့သည် မသုတ်သင်နိုင်ကုန်၊
မြေ၌အိပ်ခြင်း တို့သည် မသုတ်သင်နိုင်ကုန်၊
မြူအညစ်အကြေး ယှက်ထွေးလိမ်းကျံခြင်းသည် မသုတ်သင်နိုင်ကုန်၊
ဆောက်ကြောင့်ထိုင်ခြင်း အကျင့်သည်လည်း မသုတ်သင်နိုင်ကုန်။

ထိုဂါထာ၌ -
နာနာသကာ - ဟူသည် အစာမစားဘဲ နေခြင်းတည်း။
တဏ္ဍိလသာယိကာ - ဟူသည် မြေ၌ အိပ်ခြင်းတည်း။
ရဇောဇလ္လံ - ဟူသည် ရွှံ့နွံလိမ်းကျံခြင်းဖြင့် ခန္ဓာကိုယ်၌ စွဲမှီသော မြူမှုန်တည်း။
ဥက္ကုဋိကပ္ပဓာနံ - ဟူသည် ဆောင့်ကြောင့် ထိုင်ခြင်းဖြင့် အားထုတ်ခြင်းတည်း။

ဆိုလိုသည်မှာ - သတ္တဝါတစ်ယောက်သည်“ငါသည် လောကမှ ထွက်မြောက်ရာ ဖြစ်သော စင်ကြယ်သော နိဗ္ဗာန်သို့ ရောက်လိမ့်မည်ဟု ကြံလျက် အဝတ်မစည်း အချည်းနှီးသော အကျင့် စသည်တို့တွင် တစ်မျိုးမျိုးသော အကျင့်ကို ကျင့်ရာ၏။ ထိုသူသည် မှားသောအယူသာ တိုးပွား ရာ၏ ပင်ပန်းမှုသာ ဖြစ်ရာ၏။ မှန်၏။ ထိုအဝတ်မစည်း အချည်းနှီးကျင့်ခြင်း စသည်တို့သည် ယုံမှား ခြင်း ရှစ်မျိုးကို မလွန်မြောက်နိုင်သောကြောင့် ယုံမှားသံသယကို မလွန်မြောက်နိုင်သော သတ္တဝါကို မစင်ကြယ်စေနိုင်ကုန်။

ဒေသနာတော်၏ အဆုံး၌ များစွာကုန်သော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကုန်၏။

ဗဟုဘဏ္ဍိက မထေရ်ဝတ္ထု ပြီး၏။

၉ - သန္တတိအမတ်ကြီးဝတ္ထု

အလင်္ကတော စေပိ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သန္တတိအမတ်ကြီးကို အကြောင်းပြု၍ ဟောတော် မူခဲ့သည်။

ထိုသန္တတိအမတ်ကြီးသည် အခါတစ်ပါး၌ ပဿေနဒီကောသလမင်းကြီး၏ သိမ်းဆည်း စိုးပိုင်ရာ ရွာတို့၏ အစွန်ဖြစ်သော ရွာငယ်တစ်ရွာတွင် ဘေးများစွာ နှောင့်ယှက်သောကြောင့် ပျက်စီးသည်ကို သိမ်းဆည်း စောင့်ရှောက် ငြိမ်သက်စေပြီးလျှင် ပြန်လာခဲ့၏။

ထိုအခါ သန္တတိအမတ်ကြီးအား ပဿေနဒီကောသလ မင်းကြီးသည် နှစ်သက် မြတ်နိုးတော်မူသည် ဖြစ်၍ ခုနစ်ရက်တို့ပတ်လုံး မင်းအဖြစ်ကို ဆောက်နှင်းအပ်နှံပြီးလျှင် ကခြင်း သီခြင်း၌ လိမ္မာ တတ်မြောက်သော မိန်းမငယ်တစ်ယောက်ကို ပေးသနားတော်မူ၏။ ထိုအမတ်ကြီးသည် ခုနစ်ရက် တို့ပတ်လုံး သူရာဖြင့် ယစ်မူး မေ့လျော့သည်ဖြစ်၍ ခုနစ်ရက်မြောက်သောနေ့၌ အလုံးစုံသော တန်ဆာဖြင့် တန်ဆာဆင်သဖြင့် မြတ်သော ဆင်ကျောက်ကုန်း၌နေလျက် ရေချိုးဆိပ်သို့ သွားသည် ရှိသော် ဆွမ်းအလို့ငှါ ကြွဝင်လာသော မြတ်စွာဘုရားကို တံခါးအကြား၌ မြင်ရလျှင် မြတ်သော ဆင်ကျောက်ကုန်းထက်၌ တည်လျက် ဦးခေါင်းကိုလှုပ်၍ ရှိခိုးလေ၏။

မြတ်စွာဘုရားလည်း ပြုံးခြင်းကို ပြုတော်မူသောကြောင့် မြတ်စွာဘုရား ပြုံးတော်မူခြင်းကို ပြုရာ၌ အကြောင်းကား အဘယ်ပါနည်းဘုရားဟု အာနန္ဒာ မထေရ် မေးအပ်သည်ရှိသော် ပြုံးတော်မူသော အကြောင်းကို ကြားတော်မူလိုသော် မြတ်စွာဘုရားသည် ချစ်သားအာနန္ဒာ သန္တတိအမတ်ကြီးကို ကြည့်ရှုလော့ ယနေ့ပင်လျှင် အလုံးစုံသော တန်ဆာဖြင့် တန်ဆာဆင်လျက် ငါဘုရား၏ အထံ တော်သို့ လာလတ်၍ လေးပုဒ်ရှိသော ဂါထာ၏ အဆုံး၌ အရဟတ္တဖိုလ်သို့ ရောက်ပြီးလျှင် ထန်း ခုနှစ်ဆင့် ပမာဏမြင့်သော ကောင်းကင်၌ နေထိုင်လျက် ပရိနိဗ္ဗာန် ပြုရပေလတ္တံ့ဟု မိန့်တော်မူလေ၏။

မိစ္ဆာဒိဋ္ဌိနှင့် သမ္မာဒိဋ္ဌိတို့၏အကြံ

လူများအပေါင်းသည် ရှင်အာနန္ဒာ မထေရ်နှင့်တကွ စကားဆိုသော မြတ်စွာဘုရား၏ စကားတော်ကို ကြားရလေ၏။

ထိုလူများအပေါင်းတို့တွင် မှားသော အယူအမြင် ရှိကုန်သော မိစ္ဆာဒိဋ္ဌိတို့သည် ရဟန်းဂေါတမ၏ အမူအရာကို ကြည့်ရှုကြကုန်လော့။ ပါးစပ်ဖျားမျှဖြင့်သာလျှင် ပြောဆိုလေ့ရှိ၏။ ယနေ့ ဤသန္တတိ အမတ်သည် သေရည်ယစ်မူးလျက် တန်ဆာ ဆင်မြဲတိုင်းသာလျှင် ထိုရဟန်း ဂေါတမ၏ အထံ တော်၌ တရားကိုကြားနာရ၍ ပရိနိဗ္ဗာန် ပြုရပေလတ္တံ့ဟု မိန့်တော်မူ၏။ ယနေ့ပင်လျှင် ထိုရဟန်း ဂေါတမကို မုသာဝါဒဖြင့် စွပ်စွဲ နှိပ်စက်ကြကုန်စို့အံ့ဟု ကြံစည်ကြကုန်၏။

ကောင်းသောအယူ အမြင်ရှိကုန်သော သမ္မာဒိဋ္ဌိတို့သည် မြတ်စွာဘုရားတို့၏ မြတ်သော အာနုဘော် သည် အံ့ဩဖွယ်ရှိပေစွ။ ယနေ့ မြတ်စွာဘုရား၏ တင့်တယ်ခြင်းကို၎င်း သန္တတိအမတ်ကြီး၏ တင့်တယ်ခြင်းကို၎င်း ရှုမြင်အံ့သောငှါ ရကြပေကုန်လတ္တံ့ဟု ကြံစည်မိကြကုန်၏။

သန္တတိအမတ်ကြီး ဒုက္ခတွေ့ပုံ

သန္တတိအမတ်ကြီးသည်လည်း ရေချိုးဆိပ်၌ နေ့အဖို့ပတ်လုံး ရေကစားခြင်းကို ကစား၍ ဥယျာဉ်သို့ သွားပြီးလျှင် သေသောက်ရာ မြေအပြင်၌ နေလေ၏။ ထိုကချေသည် မိန်းမသည်လည်း သဘင် အလယ်သို့ သက်ဝင်၍ ကခြင်း သီခြင်းကို ပြအံ့သောငှါ အားထုတ်လေ၏။

ထိုမိန်းမသည် ကိုယ်၏တင့်တယ်ခြင်းကို ပြခြင်းငှါ ခုနစ်ရက်ပတ်လုံး နည်းသောအစာ ရှိသည်၏ အဖြစ်ကြောင့် ထိုနေ့၌ ကခြင်း သီခြင်းကိုပြစဉ် ဝမ်းတွင်း၌ ဓားငယ်နှင့်တူသော လေသင်ဓုန်း တို့သည် ထ၍ နှလုံးသားကို ခွဲဖြတ်လျက် သွားလေ၏။ ထိုကချေသည်မသည် ထိုခဏ၌ပင်လျှင် ခံတွင်းသည်၎င်း၊ မျက်စိတို့သည်၎င်း ဟင်းလင်းပွင့်လျက် သေရှာခဲ့လေ၏။

သန္တတိအမတ်ကြီးသည် ထိုမိန်းမကို စုံစမ်းကြပါကုန်ဦးလော့ဟု ဆိုလတ်သဖြင့် အရှင် ချုပ်လေပြီ ဟု ဆိုကာမျှ၌သာလျှင် ကြီးစွာသော စိုးရိမ်ခြင်းဖြင့် နှိပ်စက် အပ်သည်ဖြစ်ရကား ထိုခဏ၌သာလျှင် အမတ်ကြီးအား ခုနစ်ရက်ပတ်လုံး သောက်အပ်သော သေအရက်တို့သည် အိုးကင်းပူ၌ကျသော ရေပေါက်ကဲ့သို့ ခန်းခြောက် ကုန်ပျောက်ခြင်းသို့ရောက်လေ၏။

ထိုအမတ်ကြီးသည် ငါ၏စိုးရိမ်ခြင်းကို မြတ်စွာဘုရားကိုထား၍ တပါးသော သူတို့သည် ငြိမ်းစေ ခြင်းငှါ မတတ် နိုင်ကြကုန်လတ္တံ့ဟု ဗိုလ်ပါ အပေါင်းခြံရံလျက် ညချမ်းသောအခါ မြတ်စွာဘုရား အထံတော်သို့ သွားပြီးလျှင် ရှိခိုးလျက် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော် အား ဤသို့သဘောရှိသော စိုးရိမ်ခြင်းသည် ဖြစ်ပါသည် ဘုရား။

တပည့်တော်၏ ထိုစိုးရိမ်ခြင်းကို ရှင်တော်မြတ်ဘုရား တို့သည် ငြိမ်းစေခြင်းငှါ တတ်နိုင်ကြ ပါလိမ့်မည်ဟု အားထားလာခဲ့ပါသည်ဘုရား တပည့်တော်၏ ကိုးကွယ်ရာ ဖြစ်တော်မူပါဘုရားဟု လျှောက်ကြားလေ၏။

သန္တတိအမတ်ကြီး ရဟန္တာဖြစ်၍ တန်ခိုးပြခြင်း

ထိုအခါ အမတ်ကြီးကို မြတ်စွာဘုရားသည် စိုးရိမ်ခြင်းကို ငြိမ်းစေခြင်းငှါ စွမ်းနိုင်သောသူ၏ အထံသို့ သာလျှင် သင်ရောက်လာခဲ့ပေ၏။ ဤသို့သော အခြင်းအရာဖြင့်သာလျှင် ဤကချေသည်မိန်းမ၏ သေသောကာလ၌ ငိုသော သင်၏ ယိုစီးသော မျက်ရည်တို့သည် လေးစင်းသော မဟာသမုဒြာ တို့၏ရေထက် အလွန် များပြားလှကုန်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ယံ ပုဗ္ဗေ တံ ဝိသောဓေဟိ၊ ပစ္ဆာ တေ မာဟု ကိဉ္စနံ။
မဇ္ဈေ စေ နော ဂဟိဿသိ ဥပသန္တော စရိဿသိ။

ပုဗ္ဗေ၊ ရှေးအခါ၌။
ယံကိဉ္စနံ၊ အကြင်စိုးရိမ် ကြောင့်ကြခြင်းသည်။
အတ္ထိ၊ ရှိ၏။
တံကိဉ္စနံ၊ ထိုစိုးရိမ် ကြောင့်ကြခြင်းကို။
ဝိသောဓေဟိ၊ သုတ်သင်ဖြတ်တောက်လေလော့။
တေ၊ သင့်အား။
ပစ္ဆာ၊ နောက်အခါ၌။
ကိဉ္စနံ၊ စိုးရိမ် ကြောင့်ကြခြင်းသည်။
မာအဟု၊ မဖြစ်စေလင့်။
မဇ္ဈေ၊ အလယ်ဖြစ်သော ပစ္စုပ္ပန်၌။
နောစေ ဂဟိဿသိ၊ အကယ်၍ မယူသည်ဖြစ်အံ့။
ဥပသန္တော၊ ငြိမ်းဧလျက်။
စရိဿသိ၊ သွားရလတ္တံ့။

ဂါထာ၏အဆုံး၌ သန္တတိ အမတ်ကြီးသည် အရဟတ္တဖိုလ်သို့ ရောက်၍ မိမိ၏ အာယုသင်္ခါရ အသက် အပိုင်းအခြားကို ကြည့်လတ်သည်ရှိသော် ထိုအသက်၏ နည်းပါးခြင်းကို၊ ဝါ၊ မဖြစ်တော့ လတ္တံ့သော အဖြစ်ကို သိရလျှင် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုခြင်းကို ခွင့်ပြုတော်မူပါဘုရားဟု မြတ်စွာဘုရားကို လျှောက်ကြားလေ၏။

မြတ်စွာဘုရားသည် ထိုအမတ်ကြီး ပြုအပ်သော ကောင်းမှုကံကို သိတော်မူသော်လည်း မုသာဝါဒဖြင့် နှိပ်စက်အံ့သောငှါ စည်းဝေးရောက်လာ ကြကုန်သော မိစ္ဆာဒိဋ္ဌိတို့သည် အခွင့်ကို မရကုန်လတ္တံ့ ဟူ၍၎င်း ဘုရားရှင်၏ တင့်တယ်ခြင်းကို၎င်း သန္တတိအမတ်ကြီး၏ တင့်တယ်ခြင်း ကို၎င်း မြင်ကြရ ကုန်အံ့ဟု စည်းဝေး ရောက်လာကြကုန်သော သမ္မာဒိဋ္ဌိတို့သည် ဤအမတ်ကြီး ပြုအပ်သော ကောင်းမှုကံကို ကြားနာရ၍ ကောင်းမှုတို့၌ ရိုသေစွာပြုကုန်လတ္တံ့ ဟူ၍၎င်း မှတ်သားတော်မူသဖြင့် ထိုသို့ဖြစ်မူ သင်ပြုအပ်သော ကောင်းမှုကံကို ငါ့အား ဟောပြောဦးလော့ဟု မိန့်တော်မူ၍ ဟောပြော သော်လည်း မြေ၌ တည်လျက် မဟောတဲ့မူ၍ ထန်းခုနစ်ဆင့်မျှဖြင့် အတိုင်း အရှည်ရှိသော ကောင်းကင်၌ တည်လျက် ဟောပြောရမည်ဟု မိန့်တော်မူ၏။

ထို အမတ်ကြီးသည် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ကောင်းလှပါပြီ ဘုရားဟု မြတ်စွာဘုရားကို ရှိခိုး၍ ထန်းတဆင့်ပမာဏ ရှိသော အရပ်သို့ တက်သဖြင့် သက်ဆင်းပြီးလျှင် တဖန် မြတ်စွာဘုရားကို ရှိခိုး၍ တက်ပြန်သည်ရှိသော် အစဉ်အတိုင်း ထန်းခုနစ်ဆင့် ပမာဏ မြင့်သော ကောင်းကင်၌ ထက်ဝယ် ဖွဲ့ခွေနေခြင်းဖြင့် ထိုင်နေလျက် မြတ်စွာဘုရား တပည့်တော်၏ ရှေးပြုအပ်သော ကောင်းမှုကံကို နာတော် မူကြပါဘုရားဟု လျှောက်ထားလေ၏။

အတိတ်ကောင်းမှု ပြန်လျှောက်ခန်း

ဤဘဒ္ဒကမ္ဘာမှ ကိုးဆဲ့တကမ္ဘာထက်၌ ဝိပဿီမြတ်စွာဘုရား ထင်ရှား ပွင့်တော်မူသောအခါ ဘုရားတပည့်တော်သည် ဗန္ဓုမတီ မည်သောမြို့၌ တခုသော အမျိုးအိမ်၌ဖြစ်၍ သူတပါးတို့အား ဖြတ်ခြင်းကို၎င်း နှိပ်စက်ခြင်းကို၎င်း မပြုကြောင်းဖြစ်သော အမှုသည် အဘယ်အမှုပါနည်းဟု ကြံစည်မိပါသည် ဘုရား။

ဤသို့ကြံစည်ပြီးလျှင် စူးစမ်း ဆင်ခြင်သည်ရှိသော် တရားနာစိမ့်သောငှါ ကြွေးကြော်သောအမှုကို မြင်ရပါသဖြင့် ထိုအခါမှစ၍ ထိုအမှုကိုပြုလျက် လူများ အပေါင်းကို ကောင်းစွာ ဆောက်တည်စေ သဖြင့် ကောင်းမှုတို့ကို ပြုခဲ့ပါသည်ဘုရား။ ဥပုသ်နေ့တို့၌လည်း ဥပုသ်ဆောက်တည်ကြပါကုန် လော့။ အလှူပေးကြပါကုန်လော့။ တရားနာကြပါကုန်လော့။ ဘုရားရတနာ အစရှိသည်တို့နှင့် တူသော တပါးသော ရတနာမည်သည်မရှိ။ ရတနာသုံးပါးတို့အား ပူဇော်သက္ကာရ ပြုကြပါကုန်လော့ ဟု ကြွေးကြော်ကာ သွားလာ လှည့်လည်ပါသည်ဘုရား။

ထိုတပည့်တော်၏ အသံကို ကြားရလျှင် ဘုရားရှင်၏ ခမည်းတော်ဖြစ်သော ဗန္ဓုမတီမင်းကြီးသည် တပည့်တော်ကို ခေါ်စေ၍ အမောင် အဘယ်အမှုကိုပြုလျက် သွားလာလှည့်လည် သနည်းဟု မေးသောကြောင့် အရှင်မင်းကြီး ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို ထင်ရှားစွာပြလျက် လူများ အပေါင်းကို ကုသိုလ်ကောင်းမှုတို့၌ ဆောက်တည်စေသဖြင့် သွားလာ လှည့်လည်ပါသည်ဟု လျှောက်တင်သည်ရှိသော် အဘယ်၌ နေလျက် သွားလာဘိသနည်းဟု တပည့်တော်ကို မေးပြန် သောကြောင့် အရှင်မင်းကြီး ခြေဖြင့်သာလျှင် သွားလာရပါသည် ဟု တပည့်တော် လျှောက်တင်သည် ရှိသော် အမောင် သင်ကား ဤသို့သွားလာခြင်းငှါ မထိုက်။

ဤပန်းဆိုင်းကို ဆင်မြန်း၍ မြင်းကျောက်ကုန်းထက်၌ နေလျက်သာ သွားလာ လှည့်လည်ချေ လော့ဟု တပည့်တော်အား ပုလဲကုံး ပုလဲဆိုင်းနှင့်တူသော ပန်းဆိုင်းကိုပေး၍ ယဉ်ကျေးသော မြင်းကို ပေးပါသည်ဘုရား။ ထိုအခါ မင်းကြီးသည် ပေးအပ်သော အဆောင်အရွက်ဖြင့် ထို့အတူ သာလျှင် ကြွေးကြော်လျက် သွားလာလှည့်လည်သော တပည့်တော်ကို တဖန် မင်းကြီးသည် ခေါ်စေတော် မူပြန်သဖြင့် အမောင် အဘယ်ကိုပြုလျက် လှည့်လည်ဘိသနည်း ဟု မေးပြန်သောကြောင့် အရှင် မင်းကြီး ထိုအမှုကိုသာလျှင် ပြုလျက် လှည့်လည်ပါသည်ဟု လျှောက်တင်ပြန်သည်ရှိသော် အမောင် ရထားသည်လည်း သင့်အား မလျောက်ပတ်သေးဟုဆို၍ -

တပည့်တော်အား များစွာသော စည်းစိမ်ဥစ္စာကို၎င်း မြတ်သော တန်ဆာကို၎င်း ပေး၍ ဆင်တစီး ကိုလည်း ပေးပြန်ပါသည်ဘုရား။ ထိုတပည့်တော်သည် အလုံးစုံသော တန်ဆာဖြင့် တန်ဆာ ဆင်လျက် ဆင်ကျောက်ကုန်းထက်၌ နေထိုင်သဖြင့် အနှစ် ရှစ်သောင်းတို့ပတ်လုံး တရားနာစိမ့် သောငှါ ကြွေးကြော်ခြင်း အမှုကို ပြုပါသည်ဘုရား။

ထိုတပည့်တော်၏ကိုယ်မှ ဤမျှလောက်သော ကာလပတ်လုံး စန္ဒကူးနံ့သည် လှိုင်ပါ၏။ ခံတွင်းမှ ကြာညိုနံ့သည် လှိုင်ပါ၏။ တပည့်တော်သည် ဤကောင်းမှုကို ပြုအပ်ပါသည်ဘုရား ဟု လျှောက်ထားလေ၏။

သန္တတိအမတ်ကြီး နိဗ္ဗာန်ဝင်ခန်း

ဤသို့လျှင် ထိုသန္တတိ အမတ်ကြီးသည် မိမိရှေး၌ပြုအပ်သော ကောင်းမှုကံကို ဟောပြောပြီးလျှင် ကောင်းကင်၌ နေလျက်သာလျှင် တေဇောကသိုဏ်း ဈာန်ကိုဝင်စား၍ ပရိနိဗ္ဗာန်ပြုလေ၏။ ကိုယ်မှ မီးလျှံတို့သည် ထလတ်၍ အသွေးကို လောင်ကျွမ်းစေ၏။ ရွှေဖြင့်ပြီးသော ပန်းတို့ကဲ့သို့သော ဓာတ်တော်တို့သည် ကြွင်းကျန်လေကုန်၏။

မြတ်စွာဘုရားသည် စင်ကြယ်သော အဝတ်တို့ကို ဖြန့်လေ၏။ ထိုအဝတ်၌ ဓာတ်တော်တို့သည် ကျလာကုန်၏။ ထိုဓာတ်တော်တို့ကို သပိတ်၌ထည့်၍ လူအများရှိခိုးရလျှင် ကောင်းမှုအဖို့ရှိသည် ဖြစ်လတ္တံ့ဟု ခရီးမ လေးဆုံ၌ စေတီတည်စေလေ၏။

ရဟန်းတို့သည် တရားသဘင်၌ ငါ့ရှင်တို့ သန္တတိ အမတ်ကြီးသည် ဂါထာ၏အဆုံး၌ အရဟတ္တဖိုလ် သို့ ရောက်သဖြင့် တန်ဆာဆင်ခြင်းနှင့်စပ်သည် ဖြစ်၍သာလျှင် ကောင်းကင်၌နေလျက် ပရိနိဗ္ဗာန် ပြု၏။ အသို့နည်း ထိုသန္တတိ အမတ်ကြီးကို သမဏ ဟူ၍လည်းဆိုခြင်းငှါ သင့်မည်လော၊ ထိုသို့မဟုတ် ဗြဟ္မဏဟူ၍လည်း ဆိုခြင်းငှါ သင့်မည်လောဟု စကားကို ဖြစ်စေကြလေကုန်၏။

မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူခြင်းကြောင့် ဤမည်သောစကားဖြင့် စည်းဝေးကြပါသည် ဘုရားဟု နားတော် လျှောက်သည်ရှိသော် ချစ်သားရဟန်းတို့ ငါ့သားတော်ကို သမဏဟူ၍ ဆိုခြင်း ငှါလည်းသင့်၏။ ဗြာဟ္မဏဟူ၍ ဆိုခြင်းငှါလည်း သင့်သည်သာတည်း ဟု မိန့်တော်မူ၍ တရား ဟောကြားတော်မူလိုရကား ဤဂါထာကိုမိန့်တော်မူလေ၏။

ဒေသနာတော်

၁၄၂။ အလင်္ကတော စေပိ သမံ စရေယျ၊
သန္တော ဒန္တော နိယတောဗြဟ္မစာရီ။
သဗ္ဗေသု ဘူတေသု နိဓာယ ဒဏ္ဍံ၊
သော ဗြာဟ္မဏော သော သမဏော သဘိက္ခု။

ယော၊ အကြင်ပုဂ္ဂိုလ်သည်။
အလင်္ကတောပိ၊ တန်ဆာဆင်ယင်လျက်ဖြစ်သော်လည်း။
သမံ၊ ကိုယ်နှုတ်စိတ်ညီညွတ်စွာ။
စေ စရေယျ၊ အကယ်၍ ကျင့်ငြားအံ့။
သန္တော၊ ရာဂစသည် ငြိမ်းခြင်းဖြင့် ငြိမ်း၏။
ဒန္တော၊ ဣန္ဒြေကို ဆုံးမတတ်၏။
နိယတော၊ လေးပါးသော မဂ္ဂနိယာမဖြင့်မြဲ၏။
ဗြဟ္မစာရီ၊ မြတ်သော အကျင့်ကို ကျင့်လေ့ရှိ၏။
သဗ္ဗေသု ဘူတေသု၊ အလုံးစုံသော သတ္တဝါတို့၌။
ဒဏ္ဍံ၊ ကာယဒဏ္ဍ အစရှိသည်ကို။
နိဓာယ၊ ချထားခြင်းကြောင့်။
သော၊ ထိုပုဂ္ဂိုလ်ကို။
ဗြာဟ္မဏော၊ မကောင်းမှုကို အပပြုသောကြောင့် ဗြာဟ္မဏမည်၏ဟူ၍၎င်း။
သော၊ ထိုပုဂ္ဂိုလ်ကို။
သမဏော၊ မကောင်းမှုကို ငြိမ်းစေတတ်သောကြောင့် သမဏဟူ၍၎င်း။
သ သော၊ ထိုပုဂ္ဂိုလ်ကို။
ဘိက္ခု၊ ကိလေသာစု ကွဲပျက်မှုကြောင့် ဘိက္ခုဟူ၍၎င်း။
ဝတ္တဗ္ဗော၊ ဆိုအပ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

သန္တတိအမတ်ကြီးဝတ္ထုပြီး၏။

၁၀ - ပိလောတိကတိဿမထေရ်ဝတ္ထု

ဟိရီ နိသေဓော - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ပိလောတိကမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အဝတ်ဟောင်းပိုင်းကို ဆရာပြုခြင်း

တပါးသောအခါ၌ ရှင်အာနန္ဒာမထေရ်သည် တယောက်သော ပုဆိုးနွမ်းတပိုင်းကိုဝတ်လျက် ခွက်လက်စွဲသဖြင့် ထမင်းအလို့ငှါ လှည့်လည်သော သူငယ်ကို မြင်ရလျှင် အသို့နည်း သင်အား ဤသို့လှည့်လည်ကာ အသက်မွေးရသောထက် ရှင်သာမဏေပြုရခြင်းသည် အလွန်မြတ်သည် မဟုတ်လောဟုဆိုလျှင် အရှင်ဘုရား တပည့်တော်ကို အဘယ်သူသည် ရှင်သာမဏေပြုပေးပါအံ့နည်း ဘုရားဟု လျှောက်သည်ရှိသော် ငါသည် ရှင်သာမဏေပြုပေးအံ့ဟု ထိုသူငယ်ကို ခေါ်သွားသဖြင့် မိမိလက်ဖြင့် ရေချိုးပေးပြီးလျှင် ကမ္မဋ္ဌာန်းကိုပေး၍ ရှင်သာမဏေပြုပေးလေ၏။

ဝတ်အပ်သော ထိုပုဆိုးနွမ်းပိုင်းကို ဖြန့်၍ ကြည့်ရှုသည်ရှိသော် ရေစစ် ကြက်စရာ ပြုလောက်ရုံကိုမျှ ယူစရာ တစုံတခုသော အရပ်ကို မမြင်ရသော်လည်း ခွက်နှင့် အတူတကွ တခုသော သစ်ကိုင်းထက်၌ ထားလေ၏။ ထိုသူငယ်သည်လည်း ရှင်ပြုပြီး၍ ပဉ္စင်းအဖြစ်ကို ရလတ်သည်ဖြစ်ရကား မြတ်စွာဘုရားရှင်တို့အား ဖြစ်သော လာဘ်ပူဇော်သက္ကာရကို ဘုဉ်းပေးသုံးဆောင်လျက် အဘိုးများစွာ ဆိုက်ကုန်သော သင်္ကန်းတို့ကို ဝတ်ဆင်ကာ လှည့်လည်လျက် ဆူဖြိုးသောကိုယ် ရှိလတ်သော် သာသနာတော်၌ ပျင်းရှိဆန့်ကျင်ခြင်းကြောင့် ငါ့အား လူများအပေါင်းသည် သဒ္ဓါကြည်ဖြူပေးလှူအပ်သော သင်္ကန်းကို ဝတ်ဆင်ကာ လှည့်လည်ခြင်းဖြင့် အဘယ်အကျိုး ရှိအံ့နည်း။

မိမိ၏ ပုဆိုးနွမ်းကိုသာလျှင် ဝတ်ဆင်ပေတော့အံ့ဟု ထိုအရပ်သို့သွား၍ ပုဆိုးနွမ်းကို ယူပြီးလျှင် မရှက်တတ်၍ အရှက်ကင်းမဲ့သောသူ ဤသို့သဘောရှိသော အဝတ်တို့ ဝတ်ဆင်ရာဌာနကို စွန့်ပစ်၍ ဤပုဆိုးနွမ်းပိုင်းကို ဝတ်ဆင်သဖြင့် ခွက်လက်စွဲလျက် ထမင်းအလို့ငှါ လှည့်လည်ရခြင်းသို့ သွားရောက်လိုဘိသလောဟု ထိုပုဆိုးနွမ်းကို အာရုံပြု၍ မိမိသည်ပင်လျှင် မိမိကိုယ်ကို ဆုံးမလေ၏။ ဆုံးမစဉ်သာလျှင် စိတ်ငြိမ်သက်လေ၏။

ထိုမထေရ်သည် ထိုပုဆိုးနွမ်းကို ထိုအရပ်၌သာလျှင် သိုမှီးကာ ပြန်နစ်၍ ကျောင်းသို့သာလျှင် သွားလေ၏။ ထိုရဟန်းသည် နှစ်ရက် သုံးရက် လွန်ပြန်သောအခါ တဖန် ပျင်းရိ ဆန့်ကျင်ပြန်ခြင်းကြောင့် ထို့အတူပင် ဆို၍ပြန်နစ်ခဲ့ပြန်၏။ တဖန်လည်း ထိုအတူသာလျှင်တည်း။

ဤသို့လျှင် ထိုပိလောတိကမထေရ် လူးလာ တုံ့ခေါက် အဖန်ဖန် လမ်းလျှောက်သည်ကို မြင်ရလျှင် ရဟန်းတို့သည် ငါ့ရှင် အဘယ်အရပ်သို့ သွားသသနည်းဟု မေးမြန်းကြကုန်၏။ ထိုမထေရ်သည် ငါ့ရှင်တို့ ဆရာ၏အထံသို့ သွားပါသည်ဟုဆို၍ ဤသို့သော နည်းဖြင့်သာလျှင် မိမိ၏ ပုဆိုးနွမ်းအပိုင်းကိုသာ အာရုံပြု၍ မိမိကိုယ်ကို တားမြစ်ခြင်းကြောင့် နှစ်ရက် သုံးရက်ဖြင့်သာလျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။

ရဟန်းတို့သည် ငါ့ရှင် အသို့နည်း ဤယခုအခါ ဆရာ၏အထံသို့ အဘယ့်ကြောင့် မသွားဘိသနည်း။ ဤခရီးသည် သင်၏သွားရာ လမ်းခရီးမဟုတ်လောဟု ဆိုကြကုန်၏။ ငါ့ရှင်တို့ ဆရာနှင့် အတူတကွ ရော့နှောဆက်ဆံခြင်း ရှိလတ်သော် သွားရ၏။ ယခုမူကား ရောနှောဆက်ဆံခြင်းကို တပည့်တော် ဖြတ်အပ်ပြီ။ ထို့ကြောင့် ဆရာ၏ အထံသို့ မသွားနိုင် ဟု ဆိုသဖြင့် ထိုရဟန်းတို့သည် မြတ်စွာဘုရားအား မြတ်စွာဘုရား ပိလောတိကမထေရ်သည် အရဟတ္တဖိုလ်ကို ပြောကြားပါသည် ဘုရားဟု လျှောက်ကြားကြလေကုန်၏။

ရဟန်းတို့ အဘယ်စကားကို ဆိုလေဘိသနည်းဟု မေးလျှင် မြတ်စွာဘုရား ဤမည်သောစကားကို ဆိုပါသည်ဘုရားဟု လျှောက်ကြားကြကုန်၏။ ထိုစကားကို ကြားတော်မူရလျင် ဘုရားရှင်သည် ချစ်သားရဟန်းတို့ သြော် ဟုတ်ပေ၏။ ငါ့သားတော်သည် ရောနှောဆက်ဆံခြင်း ရှိလတ်သော် ဆရာ၏အထံသို့ သွားရပေ၏။ ယခုမူကား ထိုငါ့သားတော်သည် ရောနှောဆက်ဆံခြင်းကို ဖြတ်အပ်ပြီ။ မိမိသည်ပင်လျှင် မိမိကိုယ်ကို တားမြစ်ခြင်းကြောင့် အရဟတ္တဖိုလ်သို့ ရောက်လေပြီဟု မိန့်တော်မူ၍ ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၁၄၃။ ဟိရီနိသေဓော ပုရိသော၊ ကောစိ လောကသ္မိံ ဝိဇ္ဇတိ။
ယောနိဒ္ဒံ အပ္ပဗောဓေတိ၊ အဿော ဘဒြော ကသာမိဝ။

၁၄၄။ အဿောယထာ ဘဒြော ကသာနိဝိဋ္ဌော၊
အာတာပိနော သံဝေဂိနော ဘဝထ။
သဒ္ဓါယ သီလေန ဝီရိယေန စ၊
သမာဓိနာ ဓမ္မဝိနိစ္ဆယေန စ။
သမ္ပန္နာဝိဇ္ဇာစရဏာ ပတိဿတာ၊
ဗဟိဿထ ဒုက္ခမိဒံ အနပ္ပကံ။

ဘဒြော၊ ကောင်းသော။
အဿော၊ မြင်းသည်။
ကသာ၊ ကိုယ်ပေါ်ကျလတ္တံ့သောကြိမ်လုံးမှ။
ဝါ၊ ကြိမ်လုံးကို။
အပဟရတိ ဣဝ၊ ပယ်သကဲ့သို့။
ယောပုရိသော၊ အကြင်ယောက်ျားသည်။
နိဒ္ဒံ၊ အိပ်ခြင်းကို။
အပ္ပဗောဓေတိ၊ ပယ်သောအားဖြင့် ကြားစေ၏။
ဟိရီနိသေဓော၊ အကြံဆိုးကို အရှက်ဖြင့် တားမြစ်တတ်သော။
သောပုရိသော၊ ထိုယောက်ျားသည်။
လောကသ္မိံ၊ လောက၌။
ကောစိ၊ တယောက် တလေသာ။
ဝိဇ္ဇတိ၊ ရှိ၏။
ဝါ၊ တနည်းကား။
ကောစိဝိဇ္ဇတိ၊ ရခဲ၏။

ဘဒြော၊ကောင်းသော။
အဿော၊ မြင်းသည်။
ကသာနိဝိဋ္ဌော၊ ကြိမ်လုံးဖြင့် ပုတ်ခတ်အပ်သည်ရှိသော်။
အာတာပီယထာ၊ လုံ့လရှိသကဲ့သို့။
သံဝေဂီယထာ၊ ထိတ်လန့်သကဲ့သို့။
တုမှေ၊ သင်ချစ်သားတို့သည်။
အာတာပိနော၊ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိကြကုန်သည်။
သံဝေဂိနော၊ ထိတ်လန့်ခြင်း သံဝေဂ ရှိကြကုန်သည်။
ဘဝထ၊ ဖြစ်ကြကုန်လော့။
သဒ္ဓါယစ၊ လောကီ လောကုတ္တရာ သဒ္ဓါတရားနှင့်၎င်း။
သီလေနစ၊ စတုပါရိသုဒ္ဓိသီလနှင့်၎င်း။
ဝီရိယေနစ၊ ဝီရိယနှင့်၎င်း။
သမာဓိနာစ၊ သမာဓိနှင့်၎င်း။
ဓမ္မဝိနိစ္ဆယေနစ၊ အကြောင်းဟုတ်သည် မဟုတ်သည်ကို သိခြင်းလက္ခဏာရှိသော ဆုံးဖြတ်ခြင်း ဉာဏ်နှင့်၎င်း။
သမ္ပန္နာ၊ ပြည့်စုံကြကုန်သည်ဖြစ်၍။
ဝိဇ္ဇာစရဏာ၊ ဝိဇ္ဇာစရဏ ရှိကြကုန်သည်ဖြစ်၍။
ပတိဿတာ၊ ထင်သောသတိ ရှိကြကုန်သည်ဖြစ်၍။
အနပ္ပကံ၊ အတိုင်းမသိသော။
ဣဒံဒုက္ခံ၊ ဤသံသရာဆင်းရဲကို။
ဇဟိဿယ၊ စွန့်ကြရကုန်လတ္တံ့။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာကုန်သော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ပိလောတိကတိဿမထေရ်ဝတ္ထုပြီး၏။

---

၁၁ - သုခသာမဏေဝတ္ထု

ဥဒကဉှိ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သုခသာမဏေကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဂန္ဓသူဌေးသည် တသိန်းတန်အစာကို တခမ်းတနား စားခြင်း

လွန်လေပြီးသောအခါ ဗာရာဏသီသူဌေးကြီးအား ဂန္ဓသတို့သားအမည်ရှိသော သားတယောက်သည် ရှိသည်ဖြစ်လေ၏။ ဗာရာဏသီမင်းကြီးသည် ဂန္ဓသတို့သား၏ ဖခင်သူဌေးကြီး ကွယ်လွန်လတ်သည်ရှိသော် ဂန္ဓသတို့သားကို ခေါ်စေ၍ များစွာသော ပူဇော်သက္ကာရဖြင့် ထိုသတို့သားအားသာလျှင် သူဌေးကြီးအရာကို ပေးလေ၏။ ထိုသတို့သားသည် ထိုနေ့မှစ၍ ဂန္ဓသူဌေးဟု ထင်ရှားခဲ့လေ၏။

ထိုအခါ ဂန္ဓသူဌေး၏ ဘဏ္ဍာစိုးသည် ဥစ္စာထားရာ တိုက်ခန်းတံခါးကို ဖွင့်လှစ်၍ အရှင်သူဌေး ဤမျှလောက်သော ဤဥစ္စာသည် သင်၏ အဘ၏ ဥစ္စာတည်း။ ဤမျှလောက်သောဥစ္စာသည် အဘိုး၏ဥစ္စာတည်းဟု ထုတ်၍ပြလေ၏။ ထိုဂန္ဓသူဌေးသည် ဥစ္စာစုကိုကြည့်ရှုပြီးလျှင် ထိုအဘ အဘိုးတို့သည် ဤဥစ္စာကို အဘယ့်ကြောင့်ယူ၍ မသွားကြကုန်သနည်းဟု ဆိုလေ၏။

အရှင်သူဌေး ဥစ္စာကို ယူ၍သွားကြသော မည်သည်မရှိ။ မိမိပြုအပ်သော ကုသိုလ်ကံ အကုသိုလ်ကံကို သာယူ၍ သတ္တဝါတို့သွားကြရကုန်၏ဟုဆိုလျှင် ထိုဂန္ဓသူဌေးသည် အဘ အဘိုးတို့ကား မလိမ္မာသည်အဖြစ်ကြောင့် ဥစ္စာကိုကောင်းစွာ စုဆောင်းပြီးလျှင် စွန့်ပစ်၍သွားကြလေကုန်၏။ ငါသည်ကား ထိုဥစ္စာကိုယူ၍ သွားပေအံ့ဟု ကြံစည်လေ၏။

ဤသို့ကြံစည်ပြီးလျှင် အလှူကိုမူလည်း လှူအံ့။ ပူဇော်ခြင်းကိုမူလည်း ပြုအံ့ဟု မကြံစည်မူ၍ ဤအလုံးစုံကိုစား၍ သွားပေအံ့ဟု ကြံစည်လေသတည်း။ ထိုဂန္ဓသူဌေးသည် --

တသိန်းသော ဥစ္စာကို စွန့်၍ ဖလ်ဖြင့်ပြီးသော ရေချိုးရုံကို ပြုလုပ်စေ၏။
တသိန်းသောဥစ္စာကိုပေး၍ ဖလ်ဖြင့်ပြီးသည်သာလျှင်ဖြစ်သော ရေချိုးပျဉ်ကို ပြုစေ၏။
တသိန်းသောဥစ္စာကိုပေး၍ နေရာပလ္လင်ကိုပြုစေ၏။
တသိန်းသော ဥစ္စာကိုပေး၍ ဘောဇဉ်စားခွက်ကို ပြုစေ၏။
တသိန်းသော ဥစ္စာကိုသာလျှင် ပေး၍ ဘောဇဉ်စားရာ၌ မဏ္ဍပ်ကိုပြုစေ၏။
တသိန်းသောဥစ္စာကိုပေး၍ စားခွက်ထည့်စရာအုပ်ကိုပြုစေ၏။
တသိန်းသောဥစ္စာဖြင့်သာလျှင် အိမ်၌ ခြင်္သေ့ခံသော လေသာပြုတင်းကို ကောင်းစွာထား၏။

မိမိ၏နံနက်စာအလို့ငှါ တထောင်ပေး၏။
ညဉ့်စာအလို့ငှါလည်း တထောင်ပေး၏။
လပြည့်သောနေ့၌ကား ဘောဇဉ်အလို့ငှါ တသိန်းပေးစေ၏။

ထိုတသိန်းတန် ထမင်းကို သုံးဆောင်အံ့သော နေ့၌ကား တသိန်းသော ဥစ္စာကိုစွန့်၍ မြို့ကို တန်ဆာဆင်ပြီးလျှင် ဂန္ဓသူဌေးထမင်းသုံးဆောင်သော အခြင်းအရာကို လာရောက်ကြည့်ရှုနိုင်ပါသတတ်ဟု စည်လည်စေလေ၏။

လူများအပေါင်းသည် ညောင်စောင်း အဆင့်ဆင့်ကိုဖွဲ့၍ စည်းဝေးလေ၏။ ထိုဂန္ဓသူဌေးသည်လည်း တသိန်းအဘိုးထိုက်သော ဖလ်ရေချိုးရုံဝယ် အဘိုးတသိန်းထိုက်သော ဖလ်ပျဉ်ထက်၌နေလျက် တဆဲ့ခြောက်လုံးသော နံ့သာရေအိုးတို့ဖြင့် ရေချိုးပြီးလျှင် ထိုတသိန်းတန် ခြင်္သေ့ခံသော လေသာပြုတင်းကိုလည်း ဖွင့်လှစ်၍ ထိုတသိန်းကုန် ပလ္လင်ထက်၌နေလေ၏။

ထိုအခါ ဂန္ဓသူဌေး၏ တသိန်းတန် စားခွက်ထည့်စရာအုပ်၌ ထိုတသိန်းတန် ဘောဇဉ်စားခွက်ကို ထည့်ထားပြီးလျှင် တသိန်းအဘိုးထိုက်တန်သော ဘောဇဉ်ကို ခူးခပ်ကြရလေ၏။ ထိုဂန္ဓသူဌေးသည် ကချေသည်အပေါင်း ခြံရံလျက် ဤသို့သဘောရှိသော စည်းစိမ်၏ ပြည့်စုံခြင်းဖြင့် ထိုတသိန်းတန် ဘောဇဉ်ကို သုံးဆောင်လေ၏။

သူဌေးထမင်းစားလို၍ ကျွန်ခံခြင်း

တပါးသောအခါ တောရွာသားတယောက်သည် မိမိ၏ရိက္ခာဆောင်ယူခြင်း အကျိုးငှါ ထင်းစသည်တို့ကို လှည်း၌ထည့်သွင်း တင်ဆောင်၍ မြို့သို့ရောက်သွားသဖြင့် အဆွေခင်ပွန်း၏အိမ်၌ နေရာယူလေ၏။ (တည်းခိုနေထိုင်၏) ထိုအခါ၌ကား လပြည့်နေ့ဖြစ်၏။

ဂန္ဓသူဌေး၏ စားသောက် သုံးဆောင်ခြင်း၏ တင့်တယ်ခြင်းကို ကြည့်ရှုစေသတည်းဟု မြို့၌စည်လည်စေကြလေကုန်၏။ ထိုအခါ တောရွာသားကို မြို့နေအဆွေခင်ပွန်းသည် သင်သည် ဂန္ဓသူဌေးစားခြင်း၏ တင့်တယ်ခြင်းကို မြင်ဖူး၏လောဟု မေးလေ၏။ အဆွေ မမြင်စဖူးဟု ဆိုလျှင် ထိုသို့ဖြစ်မူ လာလှည့် သွားကြကုန်စို့ ဂန္ဓသူဌေးသည် မြို့၌ စည်လည်စေ၏။ ကြီးစွာသော စည်းစိမ်ချမ်းသာကို ကြည့်ရှုကြကုန်စို့ဟု မြို့နေအဆွေခင်ပွန်းသည် ဇနပုဒ်နေ တောရွာသားအဆွေခင်ပွန်းကိုခေါ်၍ သွားလေ၏။

လူများအပေါင်းသည်လည်း ညောင်စောင်း အဆင့်ဆင့်တို့သို့ တက်၍ ကြည့်ရှုလေ၏။ တောရွာသားသည် ထမင်းနံ့ကိုနံ၍သာလျှင် မြို့နေအဆွေခင်ပွန်းကို ငါ့အား ထိုထမင်းခွက်၌ရှိသော ထမင်းအစု၌ စားလိုသော အာသာဖြစ်၏ဟု ဆိုလေ၏။ အဆွေ ထိုထမင်းကို မတောင့်တလင့် ရခြင်းငှါ မတတ်ကောင်း ဟုဆိုသော် အဆွေ မရသည်ရှိသော် အသက်မရှည်တော့အံ့ဟု ဆိုလေ၏။

မြို့နေ အဆွေခင်ပွန်းသည် တောရွာသားအဆွေခင်ပွန်းကို တားမြစ်ခြင်းငှါ မတတ်နိုင်ရကား ပရိသတ်အစွန်၌ရပ်လျက် အရှင်သူဌေး အရှင်သူဌေးအား ဦးညွှတ်ပါ၏ဟု သုံးကြိမ် သည်းစွာသော အသံကို မြွက်ဆိုသဖြင့် ဤသူ အဘယ်သူနည်းဟု ဆိုအပ်သည်ရှိသော် အရှင့်သား အကျွန်ုပ်ပါတည်းဟု ဆိုလေ၏။

ထိုသို့ သည်းစွာသောအသံ မြွက်ဆိုခြင်းကား အကြောင်းအသို့နည်းဟုမေးလျှင် တယောက်သော ဤတောရွာသားသည် ရှင်သူဌေးမင်းတို့၏ ခွက်၌ရှိသော ထမင်းအစု၌ စားလိုသော အာသာကို ဖြစ်စေပါ၏။ တခုသော ထမင်းဆုပ်ကို ကယ်မပေးသနားစေတော်မူကြပါကုန်လော့ဟု ဆိုလေ၏။ ရခြင်းငှါ မတတ်ကောင်းဟု ဆိုလတ်သော် အဆွေ သင်သည် သူဌေးစကားကို ကြား၏လောဟု မေးလေ၏။ ငါသည် ကြားရပေပြီ ထိုသို့ကြားရသော်လည်း ရလျှင် ငါအသက်ရှည်အံ့။ မရလျှင် ငါ့အား သေရခြင်းသည် ဖြစ်ပေတော့အံ့ဟု ဆိုခြင်းကြောင့် တဖန်လည်း မြို့သားအဆွေခင်ပွန်းသည် အရှင်သူဌေး ဤသူသည် မရသည်ရှိသော် သေရပါလိမ့်မည်။ ထိုသူအား အသက်ကို ပေးတော်မူကြပါကုန်ဟု ဆိုပြန်လေ၏။

အိုအချင်း ထမင်းတဆုပ် မည်သည်ကား တရာလည်း ထိုက်၏။ နှစ်ရာလည်း ထိုက်၏။ အကြင်အကြင်သူသည် တောင်း၏။ ထိုထိုသူအား ပေးရသည်ရှိသော် အကျွန်ုပ်အဘယ်ကိုစားရပါတော့အံ့နည်း ဟုဆိုလျှင် အရှင်သူဌေး ဤသူသည် မရချေသည်ရှိသော် သေရရှာလတ္တံ့။ ထိုသူအား အသက်ကို ပေးတော်မူကြပါကုန်ဟု ဆိုပြန်လေ၏။

အချည်းနှီး အဘိုးအခမဲ့ရခြင်းငှါ မတတ်ကောင်း။ မရလျှင် အကယ်၍ အသက်မရှည်နိုင်သည်ဖြစ်အံ့ ဤအတိုင်းမှန်ခဲ့လျှင် သုံးနှစ်တို့ပတ်လုံး ငါသူဌေး၏အိမ်၌ အခစားအမှုပြုလုပ်စေသတည်း။ ဤသို့ပြုနိုင်လျှင် ထိုသူအား ထမင်းခွက်ကို ပေးစေပေအံ့ဟု ဆိုလတ်သော် တောရွာသားသည် ထိုသူဌေးစကားကို ကြားရသဖြင့် အဆွေ ဤအတိုင်းပင် ဖြစ်ပါစေတော့ဟု အဆွေခင်ပွန်းကို ပြောဆိုပြီးလျှင် သားမယားကိုစွန့်၍ ထမင်းခွက်အလို့ငှါ သုံးနှစ်တို့ပတ်လုံး အခစားအမှု ငါပြုလုပ်ပေတော့အံ့ဟု သူဌေး၏အိမ်သို့ ဝင်လေ၏။

ထိုတောရွာသားသည် အခစားအမှု ပြုလုပ်သည်ရှိသော် အလုံးစုံသော ကိစ္စတို့ကို ရိုသေစွာ ပြုလုပ်လေ၏။ အိမ်၌၎င်း တော၌၎င်း ညဉ့်၌၎င်း နေ့၌၎င်း အလုံးစုံပြုအပ်သောအမှုတို့ကို ပြုလုပ်ခြင်းတို့သည်သာလျှင် ထင်ရှားလေကုန်၏။ ဘတ္တဘတိက ဟူ၍သာလျှင် တမြို့လုံး၌လည်း ကျော်စောထင်ရှားလေသတည်း။

သုံးနှစ်ကျွန်ခံ၍ ထမင်းခွက်ရခြင်း

ထိုအခါ ဘတ္တဘတိကအား အမှုလုပ်သော နေ့သုံးနှစ် ပြည့်သည်ရှိသော် ထမင်းစီရင်သော အိုးသူကြီးသည် အရှင်သူဌေး ဘတ္တဘတိကအား အမှုလုပ်သောနေ့ သုံးနှစ်ပြည့်ပြီ။ သုံးနှစ်တို့ပတ်လုံး အခစားအမှုပြုသဖြင့် ထိုဘတ္တဘတိကသည် ပြုနိုင်ခဲသောအမှုကို ပြုအပ်ပေ၏။ တခုသောအမှုမျှ ပျက်စီးချို့ယွင်းဖူးသော မည်သည် မရှိဟုဆို၏။

ထိုအခါ အိုးသူကြီးအား သူဌေးသည် မိမိအတွက် ညဉ့်နံနက်စာအလို့ငှါ နှစ်ထောင်တို့ကို၎င်း၊ ထိုဘတ္တဘတိကအတွက် နံနက်စာအလို့ငှါ တထောင်၎င်း ဤသို့လျှင် သုံးထောင်တို့ကို ပေးစေပြီးလျှင် ယနေ့ ငါ့အား ပြုအပ်သောအဆောင်အရွက်ကို ထိုဘတ္တဘတိကအားသာလျှင် ပြုကြကုန်လော့ဟု ဆိုလေ၏။

ဆိုပြီးသော်လည်း စိန္တာမဏိမည်သော ချစ်မယားတယောက်ကို ချန်ထား၍ ကြွင်းသော လူအပေါင်းကိုလည်း ယနေ့ထိုဘတ္တဘတိကကိုသာလျှင် ခြံရံကြကုန်လော့ဟုဆို၍ အလုံးစုံသော စည်းစိမ်ချမ်းသာကို ဆောင်နှင်းလေ၏။ ထိုဘတ္တဘတိကသည် သူဌေး၏ချိုးရေဖြင့် သူဌေး၏သာလျှင် ရေချိုးရုံဝယ် တသိန်းတန် ပျဉ်ချပ်ထက်၌ နေထိုင်ကာ ရေချိုး၍ ထိုသူဌေး၏ အဝတ်ပုဆိုးတို့ကို ဝတ်ဆင်ပြီးလျှင် သူဌေး၏သာလျှင် တသိန်းတန်ပလ္လင်၌ နေလေ၏။

သူဌေးသည်လည်း မြို့၌ ဘတ္တဘတိကသည် ဂန္ဓသူဌေးအိမ်၌ သုံးနှစ်တို့ပတ်လုံး အခစားအမှုပြုလုပ်၍ ထမင်းခွက်ကို ရလေပြီ။ ထိုဘတ္တဘတိက၏ စားသောက် သုံးဆောင်ခြင်း၏ ပြည့်စုံခြင်းကို ကြည့်ရှုကြစေကုန်သတည်းဟု စည်လည်စေလေ၏။ များစွာသော လူအပေါင်းသည် ညောင်စောင်း အဆင့်ဆင့်တို့သို့တက်၍ ကြည့်ရှုရ၏။ ကြည့်ရာ ကြည့်ရာ အရပ်သည် တုန်လှုပ်သောအခြင်းအရာသို့ ရောက်လေ၏။ ကချေသည်တို့သည် ခြံရံ၍ ရပ်တည်ကြလေကုန်၏။ ဘတ္တဘတိက၌ ထမင်းခွက်ကို ခူးခပ်စေ၍ ထားကြလေ၏။

စားခါနီး ပစ္စေကဗုဒ္ဓါ ကြွလာခြင်း

ဘတ္တဘတိက လက်ဆေးသောအခါ ဂန္ဓမာဒနတောင်ဝယ် အရှင်ပစ္စေကဗုဒ္ဓါတဆူသည် ခုနစ်ရက်မြောက်သောနေ့တွင် သမာပတ်မှထ၍ ယနေ့ဘယ်အရပ်သို့ ဆွမ်းခံလှည့်လည်ခြင်းငှါ သွားရအံ့နည်းဟု စူးစမ်းဆင်ခြင်လတ်သည်ရှိသော် ဘတ္တဘတိကကို မြင်တော်မူလေ၏။ ထိုအခါ ရှင်ပစ္စေကဗုဒ္ဓါအား ဤဘတ္တဘတိကကား သုံးနှစ်တို့ပတ်လုံး အခစားအမှုပြုလုပ်သဖြင့် ထမင်းခွက်ကို ရ၏။

ထိုဘတ္တဘတိကအား သဒ္ဓါတရား ရှိလေသလော မရှိလေသလောဟု စူးစမ်းဆင်ခြင်ပြန်သည်ရှိသော် ရှိ၏ဟူ၍သာလျှင် သိတော်မူရသဖြင့် သဒ္ဓါတရားရှိသောသူ ဖြစ်သော်ငြားလည်း အချို့သောသူတို့သည် ချီးမြှောက်ထောက်ပံ့ခြင်းကို ပြုခြင်းငှါ မတတ်နိုင်ကုန် ငါ့အား ချီးမြှောက်ထောက်ပံ့ခြင်းကို ပြုခြင်းငှါ တတ်နိုင်လတ္တံလောဟု စူးစမ်းဆင်ခြင်တော်မူပြန်၏။

ထိုအခါ ဘတ္တဘတိကကို တတ်နိုင်လိမ့်မည်သာလျှင်တည်း။ ငါ့အားလည်း ချီးမြှောက်ထောက်ပံ့ခြင်းဟူသော အကြောင်းကို မှီ၍ ကြီးစွာသော စည်းစိမ်ချမ်းသာကို ရပေလတ္တံ့ဟု သိတော်မူပြီးလျှင် သင်္ကန်းကို ရုံတော်မူ၍ သပိတ်ကိုယူလျက် ကောင်းကင်ခရီးသို့ ပျံတက်သဖြင့် ပရိသတ်အကြားဖြင့် ကြွလာတော်မူပြီးလျှင် ဘတ္တဘတိက၌ ရပ်လျက်သာလျှင် ဖြစ်သော ကိုယ်တော်ကို ပြတော်မူလေ၏။

ထိုဘတ္တဘတိကသည် ရှင်ပစ္စေကဗုဒ္ဓါကို မြင်ရလျှင် ငါကား ရှေး၌မလှူဖူးသည်၏အဖြစ်ကြောင့် တခုသော ထမင်းခွက်အကျိုးငှါ သုံးနှစ်တို့ပတ်လုံး သူတပါးအိမ်၌ အခစားအမှုပြုလုပ်ရ၏။ ယခုအခါ ငါ့အား ဤထမင်းသည် တညဉ့်နှင့်တနေ့မျှသာ စောင့်ရှောက်ရာ၏။ ထိုထမင်းကို အရှင်မြတ်အား အကယ်၍ လှူငြားအံ့ များစွာကုန်သော ကမ္ဘာကုဋေ အထောင်တို့ပတ်လုံး စောင့်ရှောက်လတ္တံ့။ ထို့ကြောင့် ဤအရှင်မြတ်အားသာလျှင် ထိုထမင်းခွက်ကို လှူတော့အံ့ဟု ကြံမိလေ၏။

ထိုဘတ္တဘတိကသည် သုံးနှစ်တို့ပတ်လုံး အခစားအမှုပြုလုပ်သဖြင့် ရအပ်သော ထမင်းခွက်မှ တဆုပ်သော ထမင်းကိုမျှလည်း ခံတွင်း၌ မထည့်မသွင်းမူ၍ စားလိုသော တပ်ခြင်းကို ပယ်ဖျောက်ပြီးလျှင် ကိုယ်တိုင်သာလျှင် ထမင်းခွက်ကိုချီလျက် ရှင်ပစ္စေကဗုဒ္ဓါ၏အထံတော်သို့ သွားသဖြင့် ထမင်းခွက်ကို တပါးသူ၏ လက်၌ပေး၍ ငါးပါးသော တည်ခြင်းဖြင့် ရှိခိုးပြီးလျှင် ထမင်းခွက်ကို လက်ဝဲလက်ဖြင့် ကိုင်လျက် လက်ျာလက်ဖြင့် ရှင်ပစ္စေကဗုဒ္ဓါ၏သပိတ်၌ ဆွမ်းကို လောင်းထည့်လေ၏။

ရှင်ပစ္စေကဗုဒ္ဓါသည် ဆွမ်းထက်ဝက် ကြွင်းကျန်သောကာလ သပိတ်ကို လက်တော်ဖြင့် ပိတ်လေ၏။ ထိုအခါ ရှင်ပစ္စေကဗုဒ္ဓါကို အရှင်မြတ်ဘုရား တခုသာလျှင်ဖြစ်သော တယောက်စာ အဖို့ကို နှစ်ဘို့နှစ်ဖြာ ပြုခြင်းငှါ မတတ်ကောင်းပါဘုရား။ တပည့်တော်ကို ဤပစ္စုပ္ပန်ဘဝ၌ ချီးမြှောက်တော်မမူပါလင့်။ တမလွန်ဘဝ၌ ချီးမြှောက်ခြင်းကိုသာလျှင် ပြုတော်မူကြပါဘုရား အကြွင်းမပြုဘဲ အကြွင်းမဲ့ကိုသာလျှင် လှူပါမည်ဘုရားဟု လျှောက်ကြားလေ၏။

မိမိအလို့ငှါ အနည်းငယ်မျှကိုလည်း အကြွင်းမထားမူ၍ လှူသော အကြွင်းမဲ့အလှူမည်သည် အကျိုးကြီးလှ၏။

လှူဒါန်းပြီး ဆုတောင်း၍ သာဓုခေါ်ကြခြင်း

ထိုဘတ္တဘတိကသည် ထိုအခြင်းအရာဖြင့်ပြုလျက် အလုံးစုံကို လှူဒါန်းပြီးလျှင် တဖန်ရှိခိုး၍ အရှင်မြတ်ဘုရား တခုသောထမင်းခွက်ကိုမှီ၍ သုံးနှစ်တို့ပတ်လုံး တပည့်တော်သည် သူတပါးအိမ်၌ အခစားအမှုပြုလုပ်ရသဖြင့် ဆင်းရဲကို ခံစားရပါပြီ။ ယခုအခါ ဖြစ်လေရာ ဖြစ်လေရာဘဝ၌ ချမ်းသာခြင်းသည်သာလျှင် ဖြစ်ပါစေသတည်း။ အရှင်မြတ်ဘုရားတို့ သိတော်မူအပ်သော တရား၏သာလျှင် အဖို့ရှိသည်ဖြစ်ရပါလို၏ဘုရားဟု ဆုတောင်းပတ္ထနာ လျှောက်ကြားလေ၏။

ရှင်ပစ္စေကဗုဒ္ဓါသည် ဤသို့ဆုတောင်းသည့်အတိုင်း ပြည့်စုံစေသတည်းဟု မိန့်တော်မူပြီးလျှင် သင်ဘတ္တဘတိကအား အကြံအစည်တို့သည် အလုံးစုံသော အလိုကို ပေးစွမ်းနိုင်သော စိန္တာမဏိပတ္တမြားကျောက်ကဲ့သို့၎င်း လပြည့်ဝန်းကဲ့သို့၎င်း ပြည့်စုံစေကုန်သတည်းဟု အနုမောဒနာပြုတော်မူလိုရကား -

ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊ ခိပ္ပမေဝ သမိဇ္ဈတု။
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ၊ စန္ဒော ပန္နရသော ယထာ။

ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊ ခိပ္ပမေဝ သမိဇ္ဈတု။
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ၊ မဏိဇောတိရသော ယထာ။

ဣစ္ဆိတံ၊ အလိုရှိအပ်သော။
ပတ္တိတံ၊ တောင့်တအပ်သော ဆုမြတ်အပေါင်းသည်။
တုယှံ၊ သင့်အား။
ခိပ္ပမေဝ၊ လျင်စွာသာလျှင်။
သမိဇ္ဈတု၊ ပြည့်စုံစေသတည်း။
စန္ဒောပန္နရသော ယထာ၊ တဆဲ့ငါးရက် တက်ထွန်းသော လပြည့်ဝန်းကဲ့သို့။
သဗ္ဗေ၊ အလုံးစုံကုန်သော။
သင်္ကပ္ပါ၊ အကြံကောင်းတို့သည်။
ပူရေန္တု၊ ပြည့်စုံစေကုန်သတည်း။

ဣစ္ဆိတံ၊ အလိုရှိအပ်သော။
ပတ္ထိတံ၊ တောင့်တအပ်သော ဆုမြတ်အပေါင်းသည်။
တုယှံ၊ သင့်အား။
ခိပ္ပမေဝ၊ လျင်စွာသာလျှင်။
သမိဇ္ဈတု၊ ပြည့်စုံစေသတည်း။
မဏိဇောတိရသောယထာ၊ ခပ်သိမ်းသော အလိုကို ပြီးစေနိုင်သော မဏိဇောတိရသအမည်ရှိသော ပတ္တမြားကျောက်ကဲ့သို့။
သဗ္ဗေ၊ အလုံးစုံကုန်သော။
သင်္ကပ္ပါ၊ အကြံကောင်းတို့သည်။
ပူရေန္တု၊ ပြည့်စုံစေကုန်သတည်း။

ဤသို့မိန့်ဆို ဆုပေးတော်မူပြီးလျှင် ဤလူအပေါင်းသည် ဂန္ဓမာဒနတောင်သို့ ကြွရောက်သည်တိုင်အောင် ငါ့ကိုမြင်လျက် တည်ရစ်စေသတည်းဟု ဓိဋ္ဌာန်တော်မူ၍ ကောင်းကင်ခရီးဖြင့် ဂန္ဓမာဒနတောင်သို့ ကြွသွားတော်မူလေ၏။ လူများအပေါင်းသည်လည်း ထိုရှင်ပစ္စေကဗုဒ္ဓါကို ဖူးမြင်လျက်သာလျှင် တည်ရစ်လေ၏။

ထိုရှင်ပစ္စေကဗုဒ္ဓါသည် ဂန္ဓမာဒနတောင်သို့ ကြွသွားတော်မူ၍ ထိုဆွမ်းကို ငါးရာသော ပစ္စေကဗုဒ္ဓါတို့အား ဝေဖန်၍ပေးလှူလေ၏။ အလုံးစုံသော အရှင်ပစ္စေကဗုဒ္ဓါတို့သည် မိမိအား မျှတလောက်ရုံ ခံယူကြကုန်၏၊

[အနည်းငယ်သော ဆွမ်းသည် အဘယ်သို့လျှင် လောက်နိုင်အံ့နည်းဟု မကြံစည်အပ်။ ထိုစကားမှန်၏။ မကြံစည်အပ်သော အကြောင်းတရားလေးပါးတို့ကို ဟောတော်မူအပ်ပြီ။ ထိုအားလုံး မျှတခြင်း၌ ဤအရာကား ရှင်ပစ္စေကဗုဒ္ဓါတို့၏ အရာသာတည်း]။

များစွာသော လူအပေါင်းသည် အရှင်ပစ္စေကဗုဒ္ဓါတို့၏ဆွမ်းကို ဝေဖန်၍ လှူသည်ကို မြင်ရလျှင် ကောင်းချီးအထောင်တို့ကို ဖြစ်စေလေ၏။ မိုဃ်းကြိုးကျသဖြင့် ဖြစ်သော အသံကဲ့သို့ ဖြစ်လေ၏။

ဂန္ဓသူဌေး ဝမ်းမြောက်၍ စည်းစိမ်ထက်ဝက်ပေးခြင်း

ထိုကောင်းချီးပေးသောအသံကို ကြားရလျှင် ဂန္ဓသူဌေးသည် ဘတ္တဘတိကကား ငါပေးသော စည်းစိမ်ကို ဆောင်ခြင်းငှါ မတတ်နိုင်ရှာလေ။ ထို့ကြောင့် ဤလူများအပေါင်းသည် ပြက်ရယ်မှုကိုပြုလျက် စည်းဝေးကာ အော်ဟစ်ကြယောင်တကားဟု ကြံစည်မိလေ၏။ ထိုဂန္ဓသူဌေးသည် အကြောင်းကို သိခြင်းငှါ လူတို့ကို စေလွှတ်လေ၏။ ထိုစေလွှတ်သောလူတို့ လာလတ်၍ အရှင်သူဌေးမင်း စည်းစိမ်ချမ်းသာကို ဆောင်ကုန်သော သူတို့မည်သည်ကား ဤသို့သဘော ရှိကြသည်သာလျှင် ဖြစ်ကြပါစေသတည်းဟုဆို၍ ထိုအကြောင်းကို ပြောကြားကြလေကုန်၏။

ဂန္ဓသူဌေးသည် ထိုအကြောင်းကို ကြားရလျှင် ကြားရခြင်း ငါးပါးအပြားရှိသော နှစ်သက်ခြင်းပီတိဖြင့် နှံ့ထိသော ကိုယ်ရှိသည်ဖြစ်၍ အံ့ဖွယ်ရှိပေစွ။ ထိုဘတ္တဘတိကသည် ပြုနိုင်ခဲသောအမှုကို ပြုပေ၏။ ငါကား ဤမျှလောက်သော ကာလပတ်လုံး ဤသို့သဘောရှိသော စည်းစိမ်ချမ်းသာ ပြည့်စုံခြင်း၌ တည်လျက် တစုံတခုကို ပေးလှူခြင်းငါ မတတ်နိုင်ဟု ထိုဘတ္တဘတိကကို ခေါ်စေသဖြင့် သင်သည် ဤမည်သောအမှုကို ပြု၏ဟု ငါကြားရသည် မှန်သလောဟု မေးလျှင် အရှင်သူဌေးကြီး မှန်လှပါ၏ဟု ဆိုသည်ရှိသော် ယခု အသပြာတထောင်ယူ၍ သင့်အလှူအဖို့၌ ငါ့အားလည်း အဖို့အမျှပေးဝေဦးလော့ဟု ဆိုလေ၏။ ဘတ္တဘတိကလည်း သူဌေးဆိုတိုင်း ပြုလေ၏။ သူဌေးသည်လည်း ဘတ္တဘတိကအား အလုံးစုံသော မိမိဥစ္စာကို အလယ်၌ ထက်ဝက်ခွဲ၍ပေးလေ၏။

သမ္ပဒါလေးပါးနှင့် သူဌေးကြီးဖြစ်ခြင်း

[ပြည့်စုံခြင်းမည်သည်ကား လေးပါး အပြားရှိကုန်၏—

  1. ဝတ္ထု၏ ပြည့်စုံခြင်း၊
  2. ပစ္စည်း၏ ပြည့်စုံခြင်း။
  3. စေတနာ၏ ပြည့်စုံခြင်း။
  4. ဂုဏ်လွန်ကဲခြင်း၏ ပြည့်စုံခြင်း။

ဤလေးပါးတို့တည်း။ ထိုလေးပါးတို့တွင် နိရောဓသမာပတ်မှ ထကာမျှဖြစ်သော ရဟန္တာသည်၎င်း အနာဂါမ်ပုဂ္ဂိုလ်သည်၎င်း ဝတ္ထု၏ပြည့်စုံခြင်းမည်၏။ ပစ္စည်းတို့၏ တရားနှင့်အညီဖြစ်ပေါ်ခြင်းသည် ပစ္စည်း၏ပြည့်စုံခြင်းမည်၏။ လှူသည်မှ ရှေး၌၎င်း လှူဆဲကာလ၌၎င်း လှူပြီးသည်မှနောက်အဖို့၌၎င်း ဤသို့ သုံးပါးသော ကာလတို့၌ စေတနာ၏ ဝမ်းမြောက်ဝမ်းသာ ဉာဏ်နှင့်ယှဉ်သော သောမနဿသဟဂုတ် ဉာဏသမ္ပယုတ်အဖြစ်သည် စေတနာ၏ ပြည့်စုံခြင်းမည်၏။ အလှူခံပုဂ္ဂိုလ် သမာပတ်မှ ထသောအဖြစ်သည် ဂုဏ်လွန်ကဲခြင်း၏ပြည့်စုံခြင်းမည်၏]။

ဤ ဘတ္တဘတိကအားလည်း အာသဝေါကုန်ပြီးသော ရှင်ပစ္စေကဗုဒ္ဓါသည် မြတ်သောအလှူခံပုဂ္ဂိုလ်ဖြစ်၏။ အခစားအမှုပြုလုပ်၍ ရအပ်သောပစ္စည်းအဖြစ်ဖြင့် ပစ္စည်းသည် တရားသဖြင့်ဖြစ်၏။ သုံးပါးသောကာလတို့၌ စေတနာ၏ဖြူစင်ခြင်းသည် စေတနာ၏ပြည့်စုံခြင်းဖြစ်၏။ သမာပတ်မှ ထကာမျှဖြစ်သော အရှင်ပစ္စေကဗုဒ္ဓါသည် ဂုဏ်လွန်ကဲ၏။

ဤသို့ လေးပါးကုန်သော ပြည့်စုံခြင်းတို့သည်လည်း ပြည့်ပြည့်စုံစုံ ဖြစ်လေ၏။ ထိုပြည့်စုံခြင်းတို့၏ အာနုဘော်အားဖြင့် မျက်မှောက်ဖြစ်သော ကိုယ်အဖြစ်၌ ကြီးစွာသော စည်းစိမ်ချမ်းသာသို့ ရောက်လေ၏။ ထို့ကြောင့် ထိုဘတ္တဘတိကသည် ဂန္ဓသူဌေးအထံမှ စည်းစိမ်ချမ်းသာကို ရပေ၏။

နောက်အဖို့၌ကား ပြည့်ရှင်မင်းကြီးသည် ဘတ္တဘတိကပြုအပ်သောအမှုကို ကြားသိတော်မူရလျှင် ဘတ္တဘတိကကို ခေါ်စေသဖြင့် အသပြာတထောင်ပေး၍ အလှူအဖို့ကိုယူလျက် နှစ်သက်သောစိတ်ရှိသည်ဖြစ်၍ ကြီးစွာသော စည်းစိမ်ချမ်းသာကို ချီးမြှင့်မစပြီးလျှင် သူဌေးအရာကိုပေးလေ၏။ ဘတ္တဘတိကသူဌေးကြီးဟူ၍ ထိုသူအား အမည်ကို မှည့်ကြလေကုန်၏။

ယခုဘုရားလက်ထက် သုခသတို့သား ဖြစ်လာခြင်း

ထိုဘတ္တဘတိကသူဌေးသည် ဂန္ဓသူဌေးနှင့်အတူတကွ အဆွေခင်ပွန်းဖြစ်၍ အတူတကွသာလျှင် စားလျက် သောက်လျက် အသက်အတိုင်းတည်၍ ထိုကိုယ်၏အဖြစ်မှ စုတေမနေ သေလွန်သည်ရှိသော် နတ်ပြည်၌ဖြစ်သဖြင့် နှစ်ဆူသော ဘုရားရှင်တို့၏ တခုသောအကြားကာလပတ်လုံး နတ်စည်းစိမ်ချမ်းသာကို အစဉ်ခံစားပြီးလျှင် ဤဂေါတမမြတ်စွာဘုရား ထင်ရှားပွင့်တော်မူသောအခါ ကာလ၌ သာဝတ္ထိပြည်ဝယ် ရှင်သာရိပုတြာမထေရ်၏ အလုပ်အကျွေးဒါယကာအိမ်၌ ပဋိသန္ဓေ တည်နေစွဲယူလေ၏။

ထိုအခါ ဘတ္တဘတိကသူဌေးဖြစ်ဖူးသော သတို့သား၏မိခင်သည် ရအပ်သောကိုယ်ဝန်အစောင့်အရှောက်ရှိသည်ဖြစ်၍ နှစ်ရက်သုံးရက်လွန်သောအခါ ငါသည် ငါးရာသော ရဟန်းတို့နှင့်တကွ ရှင်သာရိပုတြာမထေရ်အား အရာမကများသော အရသာရှိသော ဘောဇဉ်ကိုလှူ၍ ဖန်ရည်စွန်းသောအဝတ်ကို ဝတ်ဆင်လျက် ရွှေခွက်ကိုယူပြီးလျှင် နေရာအစွန်၌ ထိုင်နေသဖြင့် ထိုရဟန်းတို့၏ စားကြွင်းကို စားရမူကား ကောင်းလေစွဟု ချင်ခြင်းဖြစ်သောကြောင့် ထိုအတိုင်းသာလျှင် ပြုသဖြင့် ချင်ခြင်းကို ပယ်ဖျောက်လေ၏။

ထိုမိခင်သည် ကြွင်းသောမင်္ဂလာတို့၌လည်း ထိုသို့သဘောရှိသည်သာလျှင်ဖြစ်သော အလှူကို ပေးလှူ၍ သားကိုဖွားမြင်ပြီးလျှင် အမည်မှည့်အံ့သောနေ့၌ အရှင်ဘုရား တပည့်တော်မ၏သားအား သိက္ခာပုဒ်တို့ကို ပေးသနားတော်မူကြပါဘုရားဟု မထေရ်ကို လျှောက်လေ၏။ မထေရ်သည် ထိုသတို့သား၏ အမည်ကား အဘယ်နည်းဟု မေးလေ၏။

အရှင်ဘုရား တပည့်တော်မ၏သား ပဋိသန္ဓေတည်နေစွဲယူသည်မှစ၍ ဤအိမ်၌ တစုံတယောက်သောသူအား ဆင်းရဲခြင်းမည်သည် မဖြစ်စဖူးပါဘုရား ထို့ကြောင့်သာလျှင် ထိုသတို့သားအား သုခကုမာရဟူသော အမည်သည် ဖြစ်သတ္တံ့ ဘုရားဟု လျှောက်သည်ရှိသော် ထိုသတို့သားအား ထိုသုခကုမာရဟူသောအမည်ကိုသာယူ၍ သိက္ခာပုဒ်တို့ကို ပေးလေ၏။ ထိုအခါ သတို့သား၏မိခင်သည် ငါသည် ငါ့သား၏အလိုကိုမဖျက်အံ့ဟု စိတ်ကိုဖြစ်စေလေ၏။ ထိုမိခင်သည် သတို့သား၏ နားထွင်းမင်္ဂလာစသည်တို့၌လည်း ထို့အတူ အလှူကို ပေးလှူလေ၏။

ဘတ္တဘတိက တဖြစ်လဲ မောင်သုခ ရှင်ပြုခြင်း

သတို့သားသည်လည်း ခုနစ်နှစ်မြောက် အရွယ်ရောက်သောကာလ မိခင် ကျွန်တော်သည် ရှင်သာရိပုတြာမထေရ်၏အထံတော်၌ ရှင်သာမဏေပြုခြင်းငှါ အလိုရှိပါသည်ဟု ပြောဆိုလေ၏။ မိခင်သည် ချစ်သား ကောင်းပြီ ငါသည် သင့်အလိုကို မဖျက်ဆီးအံ့ဟုဆို၍ ရှင်သာရိပုတြာမထေရ်ကို ပင့်ဖိတ်သဖြင့် ဆွမ်းကျွေးပြီးလျှင် အရှင်ဘုရား တပည့်တော်မ၏သားသည် ရှင်သာမဏေပြုခြင်းငှါ အလိုရှိပါသည်။

တပည့်တော်မသည် ဤသတို့သားကို ညချမ်းသောအခါ ကျောင်းတော်သို့ ဆောင်ပို့ပါမည်ဘုရားဟု ရှင်သာရိပုတြာမထေရ်ကို လွှတ်လိုက်၍ အဆွေအမျိုးတို့ကို စည်းဝေးစေပြီးလျှင် ငါ့သားအား လူဖြစ်သောကာလ ပြုအပ်သောကိစ္စကို ယနေ့ပင်လျှင် ပြုပေတော့အံ့ဟုဆို၍ သားကို တန်ဆာဆင်လျက် ကြီးစွာသောအသရေ တင့်တယ်ခြင်းအစုဖြင့် ကျောင်းတော်သို့ ဆောင်ပို့၍ ရှင်သာရိပုတြာမထေရ်အား အပ်နှင်းလေ၏။

ရှင်သာရိပုတြာမထေရ်သည်လည်း ထိုသတို့သားကို ချစ်သား ရှင်သာမဏေအဖြစ်မည်သည်ကား ပြုနိုင်ခဲ၏။ အလွန်မွေ့လျော်ခြင်းငှါ တတ်နိုင်ကောင်းအံ့လောဟု မိန့်တော်မူသောကြောင့် အရှင်ဘုရား အရှင်ဘုရားတို့၏ အဆုံးအမကို လိုက်နာပြုပါမည်ဘုရားဟု ဆိုသည်ရှိသော် ကမ္မဋ္ဌာန်းကိုပေး၍ ရှင်သာမဏေပြုပေးလေ၏။

မိခင်ဖခင်တို့သည်လည်း ထိုသတို့သား၏ ရှင်သာမဏေပြုခြင်းအားဖြင့် ပူဇော်သက္ကာရအမှုပြုလိုသည်ဖြစ်၍ ကျောင်းတွင်း၌သာလျှင် ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော ရဟန်းသံဃာအပေါင်းအား အရာမကများသော အရသာရှိသော ဘောဇဉ်ကို လှူဒါန်း၍ ညချမ်းသောအခါ မိမိအိမ်သို့ ပြန်သွားကြလေကုန်၏။

ရှစ်ရက်မြောက်သောနေ့၌ ရှင်သာရိပုတြာမထေရ်သည် ရဟန်းသံဃာအပေါင်း ရွာသို့ကြွဝင်သည်ရှိသော် ကျောင်း၌ပြုအပ်သော ကိစ္စကိုပြု၍ သာမဏေကို သပိတ်သင်္ကန်းကို ယူစေလျက် ရွာသို့ဆွမ်းအလို့ငှါ ဝင်တော်မူလေ၏၊ သာမဏေသည် လမ်းခရီးအကြား၌ ရေမြောင်းစသည်တို့ကိုမြင်ရ၍ ပဏ္ဍိတသာမဏေကဲ့သို့ မေးလေ၏။ ရှင်သာရိပုတြာမထေရ်သည်လည်း ထိုသုခသာမဏေအား ပဏ္ဍိတသာမဏေအတူသာလျှင် ဖြေကြားတော်မူလေ၏။

ကိုရင်သုခ အောက်ဖိုလ်သုံးပါး ရခြင်း

သုခသာမဏေသည် ထိုအကြောင်းတို့ကို ကြားရလျှင် အရှင်ဘုရားတို့သည် မိမိ၏သပိတ်သင်္ကန်းကို အကယ်၍ ယူကြပါကုန်သည်ဖြစ်အံ့ တပည့်တော် ပြန်လည်ချင်ပါသည်ဘုရားဟု ဆိုသောကြောင့် ရှင်သာရိပုတြာမထေရ်သည် ထိုသုခသာမဏေ၏အလိုကို မဖျက်မူ၍ သာမဏေ ငါ၏သပိတ်သင်္ကန်းကို ပေးလော့ဟု ဆို၍ သပိတ်သင်္ကန်းကို ယူအပ်သည်ရှိသော် ရှင်သာရိပုတြာမထေရ်ကို ရှိခိုး၍ ပြန်စဉ် အရှင်ဘုရား တပည့်တော်အလို့ငှါ အာဟာရကို ဆောင်ယူလာခဲ့သည်ရှိသော် အရာမကများသော အရသာရှိသော ဘောဇဉ်ကို ဆောင်ယူတော်မူခဲ့ကြပါဘုရားဟု လျှောက်လေ၏၊

အဘယ်အရပ်မှ ထိုဘောဇဉ်ကို ရနိုင်ပါအံ့၊ ဆောင်ယူလာ၏။ မြတ်စွာဘုရားသည် ရှင်သာရိပုတြာကို အောက်၌ဆိုအပ်ခဲ့ပြီးသော နည်းအားဖြင့်သာလျှင် ပြဿနာလေးပါးကို မေးတော်မူ၏။ ပြဿနာဖြေဆိုခြင်း၏ အဆုံး၌ သာမဏေသည် အရဟတ္တဖိုလ်သို့ ရောက်တော်မူလေ၏။

နေလွဲမှ ဆွမ်းစားသည်ဟု ကဲ့ရဲ့ကြခြင်း

မြတ်စွာဘုရားသည် အရှင်သာရိပုတြာမထေရ်ကို ခေါ်တော်မူ၍ သာရိပုတြာ သွားချေလော့ သင်သည် သာမဏေအား ဆွမ်းကိုပေးချေလော့ဟု မိန့်တော်မူလေ၏။ မထေရ်သည် ကြွလာတော်မူ၍ တံခါးကိုခေါက်လေ၏။ သာမဏေသည်လည်း ထွက်၍ ဆရာဥပဇ္ဈာယ်အား ဝတ်ကြီးဝတ်ငယ်ကိုပြုသဖြင့် ဆွမ်းစားခြင်းကိစ္စကို ပြုချေလော့ဟု ဆိုအပ်သည်ရှိသော် ရှင်သာရိပုတြာမထေရ်မြတ်အား ဆွမ်းဖြင့် အလိုမရှိသောအဖြစ်ကို သိရ၍ ခုနစ်နှစ်အရွယ်ရှိသော သတို့သားသည် ထိုခဏ၌ပင်လျှင် အရဟတ္တဖိုလ်သို့ ရောက်လျက် ငြိမ်းအေးရာ နိဗ္ဗာန်အရပ်ကို ဆင်ခြင်သုံးသပ်တော်မူလျက် ဆွမ်းစားခြင်းကိစ္စကို ပြုတော်မူပြီးလျှင် သပိတ်ကို ဆေးကြောလေ၏။

ထိုကာလ၌ နတ်မင်းကြီးလေးယောက်တို့သည် အစောင့်အရှောက်ကို လွှတ်ကြလေကုန်၏။ လနတ်သား နေနတ်သားတို့သည်လည်း ဗိမာန်တို့ကို လွှတ်ကြလေကုန်၏။ သိကြားမင်းသည်လည်း တံခါးသံကောက်ကြိုး ဆွဲငင်ရာ၌ အစောင့်အရှောက်ကို လွှတ်လေ၏။ နေသည် ကောင်းကင်အလယ်ကို လွန်သည်ဖြစ်၍သာလျှင် ထင်ရှားလေ၏။

ရဟန်းတို့သည် ညချမ်းအခါထင်၏။ သာမဏေသည်လည်း ယခုပင်လျှင် ဆွမ်းစားခြင်းကိစ္စကို ပြုဘိ၏။ အသို့နည်း ယနေ့နံနက်အခါသည် အားကြီးစွာ (အချိန်များစွာ) ဖြစ်၏။ ညချမ်းအခါသည် အချိန်နည်း၏ဟု ဆိုကြလေကုန်၏။

မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့ ယခု ငါလာတော်မူဆဲသောအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူသောကြောင့် ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရားဟု နားတော်လျှောက်ပြီးသော် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ယနေ့နံနက်အခါ အားကြီးစွာဖြစ်ပါ၏။ ညချမ်းအခါ နည်းပါ၏။ သာမဏေသည်လည်း ယခုပင် ဆွမ်းစားခြင်းကိစ္စကိုပြုဘိ၏။

စင်စစ်သော်ကား နေသည် မွန်းတည့်ခြင်းကို လွန်လျက်သာလျှင် ထင်ရှားပါသည်ဘုရားဟု နားတော်လျှောက်လတ်သည်ရှိသော် ချစ်သားရဟန်းတို့ ဘုန်းရှိသောသူတို့၏ ရဟန်းတရားကို အားထုတ်သောကာလ၌ ဤသင်တို့လျှောက်ကြားခြင်းသည် လျှောက်ကြားတိုင်း ဟုတ်မှန်ပေ၏။

ယနေ့ နတ်မင်းကြီးလေးယောက်တို့သည် ထက်ဝန်းကျင်မှ အစောင့်အရှောက်ကို ယူကြလေကုန်၏။ လနတ်သား နေနတ်သားတို့သည် ဗိမာန်တို့ကိုဆွဲငင်လျက် ရပ်တည်နေကြလေကုန်၏။ သိကြားမင်းသည် တံခါးသံကောက်ကြိုး ဆွဲငင်ရာ၌ အစောင့်အရှောက်ကို ယူလေ၏။ ငါဘုရားသည်လည်း တံခါးမုခ်ဦး၌ အစောင့်အရှောက်ကို ယူတော်မူရလေ၏။

ယနေ့ သုခသာမဏေသည် --
ရေမြောင်း၌ ရေကိုဆောင်ယူကုန်သော သူတို့ကို၎င်း
မြှားကိုဖြောင့်စွာပြုကုန်သော မြှားသမားတို့ကို၎င်း
လှည်းဘီးအစရှိသည်တို့ကို ပြုကုန်သော တစည်းရွေသမားတို့ကို၎င်း

မြင်ရသဖြင့် မိမိကိုယ်ကို ဆုံးမ၍ အရဟတ္တဖိုလ်သို့ ရောက်လေ၏ ဟုမိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

၁၄၅။ ဥဒကဉှိ နယန္တိ နေတ္တိကာ၊ ဥသုကာရာ ဒမယန္တိ တေဇနံ။
ဒါရုံ ဒမယန္တိ တစ္ဆကာ၊ အတ္တာနံ ဒမယန္တိ သုဗ္ဗတာ။

နေတ္တိကာ၊ ရေကို ဆောင်ယူတတ်ကုန်သော သူတို့သည်။
ဥဒကံ၊ ရေကို။
နယန္တိ၊ မိမိလိုရာသို့ ဆောင်ကြကုန်၏။
ဥသုကာရာ၊ လေးသမားတို့သည်။
တေဇနံ၊ မြှားကို။
ဒမယန္တိ၊ ဖြောင့်အောင် ပြုလုပ်ကြကုန်၏။
တစ္ဆကာ၊ တစည်းသမားတို့သည်။
ဒါရုံ၊ သစ်တုံးကို။
ဒမယန္တိ၊ မိမိတို့အလိုရှိတိုင်း အဖြောင့် အကောက် ပြုလုပ်ကြကုန်၏။
သုဗ္ဗတာ၊ ဆိုလွယ်သော စကားရှိသောသူတို့သည်။
အတ္တာနံ၊ မိမိကိုယ်ကို။
ဒမယန္တိ၊ မဂ်ဖိုလ်ရအောင် ဆုံးမကြကုန်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သုခသာမဏေဝတ္ထုပြီး၏၊

---

ဤတွင်ရွေ့ကား ဆယ်ခုမြောက်သော ဒဏ္ဍဝဂ်အဖွင့်ပြီး၏။

၁၁ - ဇရာဝဂ်

၁ - ဝိသာခါ၏ အဖေါ်မိန်းမတို့ဝတ္ထု

ကောနုဟာသော ကိမာနန္ဒော - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဝိသာခါ၏ အဆွေခင်ပွန်းမ ဖြစ်ကုန်သော မိန်းမတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

အရက်ခိုးသောက်လေ့ရှိသော မိန်းမများ

သာဝတ္ထိပြည်၌ ငါးရာသော အမျိုးကောင်းသားတို့သည် ဤသို့ပြုသည်ရှိသော် ဤမိန်းမတို့သည် မမေ့မလျော့နေခြင်းရှိသည် ဖြစ်ကြကုန်လတ္တံ့ဟု နှလုံးပြု၍ မိမိ မိမိ၏မယားတို့ကို ဝိသာခါ အမည်ရှိသော ဒါယိကာမကြီးအား လက်ခံသိမ်း ပိုက်စေကြလေကုန်၏။ အပ်နှင်းကြ၏။

ထိုငါးရာသော မိန်းမတို့သည် ဥယျာဉ်သို့ ၎င်း ကျောင်းသို့၎င်း သွားကြကုန်သည်ရှိသော် ဝိသာခါနှင့် အတူတကွသာလျှင် သွားကြကုန်၏။ ထိုငါးရာသော မိန်းမတို့သည် တပါးသောအခါ ခုနစ်ရက် ပတ်လုံး သေသောက်ပွဲသဘင် ဖြစ်လတ္တံ့ဟု သဘင်အရေး ကြွေးကြော်အပ်သည်ရှိသော် မိမိ၏ လင်ယောကျ်ားတို့အလို့ငှါ သေအရက်ကို စီရင်ကြလေကုန်၏။

ထိုယောက်ျားတို့သည် ခုနစ်ရက်ပတ်လုံး သေသောက်သဘင်ကို ကစားကြ၍ ရှစ်ရက်မြောက် သောနေ့၌ သဘင်အမှု ပြီးဆုံးခြင်းကြောင့် ကြင်ရာသက်ထား ချစ်မယားနှင့် ထွက်ခွါကာ ပြန်လာကြလေကုန်၏။

ထိုမိန်းမတို့သည်လည်း ငါတို့သည် လင်ယောက်ျားတို့၏ မျက်မှောက်၌ သေသောက်ခြင်းငှါ မရကြကုန် ကြွင်းကျန်သော သေတို့သည်လည်း ရှိကုန်သေး၏။ ဤသေကို ထိုလင်ယောက်ျားတို့ မသိအောင် သောက်ကြကုန်အံ့ဟု ကြံ၍ ဝိသာခါ၏ အထံသို့ သွားပြီးလျှင် ရှင်မဝိသာခါ ဥယျာဉ်ကြည့်ရှုခြင်းငှါ အလိုရှိကြပါကုန်၏ဟု ဆိုလတ်သည်ရှိသော် အမိတို့ကောင်းပါပြီ ထိုသို့ဖြစ်မူ ပြုလုပ်ဖွယ်အမှုကိစ္စ ဟူသမျှတို့ကိုပြု၍ ထွက်ကြကုန်လော့ဟု ဆိုလေသောကြောင့် ဝိသာခါနှင့် အတူတကွ သွားကြ၍ ဖုံးလွှမ်းသော အခြင်းအရာဖြင့် သေကို ဆောင်ယူစေကြလျက် ဥယျာဉ်၌ သေကိုသောက်၍ မေ့လျော့ပြီးလျှင် မူးမူးယစ်ယစ်ဖြစ်၍ သွားလာ လှည့်လည်ကြလေကုန်၏။

ဝိသာခါသည်လည်း ဤမိန်းမတို့သည် မသင့်လျော်သောအမှုကိုပြုအပ်၏။ ယခုအခါ ရဟန်းဂေါတမ ၏ အလုပ်အကျွေး တပည့်မဖြစ်သော ဝိသာခါသည် သေကိုသောက်လျက် လှည့်လည်၏ ဟူ၍ တိတ္ထိတို့သည်လည်း ကဲ့ရဲ့ကြကုန်လတ္တံ့ ဟုကြံပြီးလျှင် ထိုမိန်းမတို့ကို အမိတို့ အမိတို့သည် မသင့်လျော်သောအမှုကို ပြုဘိ၏။ ငါ့အားလည်း အကျော်အစောမဲ့ကို ဖြစ်စေအပ်၏။ လင်ယောက်ျား တို့သည်လည်း သင်တို့ကို အမျက်ထွက်ကြကုန်လတ္တံ့။ ယခုအခါ အဘယ်သို့ ပြုကြကုန်အံ့နည်းဟု ဆိုလေ၏။

ရှင်မ ဝိသာခါ မကျန်းမာသော လူနာအသွင်အပြင်ကို ပြကြကုန်အံ့ (မမာချင်ယောင်ဆောင် ကုန်အံ့) ဟု ဆိုလတ်သော် ထိုသို့ဖြစ်မူ မိမိအမှုဖြင့် ထင်ရှားကြကုန်လတ္တံ့ဟု ဆိုလေ၏။ ထိုမိန်းမတို့သည် အိမ်သို့ရောက်သွားကြလျှင် မကျန်းမာ လေဟန်ပြုကြကုန်၏။ ထိုအခါ ထိုမိန်းမ တို့၏ လင်ယောက်ျားတို့သည် ဤမည်သောမိန်းမ ဤမည်သော မိန်းမတို့သည် အဘယ်မှာနည်းဟု မေးလတ်သော် မကျန်းမာကြကုန်ဟု ကြားရလျှင် မချွတ်လျှင် ထိုမိန်းမတို့သည် ကြွင်းကုန်သော သေတို့ကို သောက်သည် ဖြစ်ကုန်လတ္တံ့ဟု မှတ်သား၍ ထိုမိန်းမတို့ကို ရိုက်နှက် ပုတ်ခတ်သဖြင့် အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်စေကြလေကုန်၏။

---

ဘုရားရှေ့ အရက်မူး၍ နတ်ပူးသော မိန်းမများ

ထိုမိန်းမတို့သည် ထိုမှတပါးသော သေသောက်ပွဲကြိမ်သော အခါ၌လည်း ထို့အတူသာလျှင် သောက်လိုပြန်သောကြောင့် ဝိသာခါသို့ချဉ်းကပ်၍ ရှင်မဝိသာခါ အကျွန်ုပ်တို့ကို ဥယျာဉ်သို့ ဆောင်ပါဦးလော့ဟု ဆိုပြန်သဖြင့် ရှေး၌လည်း သင်တို့သည် ငါ၏ အကျော်အစောမဲ့ကို ဖြစ်စေအပ်ဖူးပြီ သွားကြလေကုန်။

သင်တို့ကို ငါမဆောင်တော့အံ့ဟု ဝိသာခါ ပယ်လိုက်အပ် ကုန်သည်ရှိသော် ယခုအခါ ဤသို့ မပြုကြပါတော့အံ့ဟု နှစ်သိမ့်စေပြီးလျှင် တဖန် ဝိသာခါသို့ ချဉ်းကပ်လျက် ရှင်မ ဝိသာခါ ဘုရားအား ပူဇော်ခြင်းကို ပြုခြင်းငှါ အလိုရှိကြပါကုန်၏။ အကျွန်ုပ်တို့ကို ကျောင်းသို့ ဆောင်ပါလော့ ဟု ဆိုကြလေကုန်၏။

အမိတို့ ယခု အခါ သင့်လျော်ပေ၏။ သွားကြကုန်လော့။ ပူဇော်အံ့သော အစီအရင်ကို ပြုကြ ကုန်လော့ဟုဆိုလျှင် ထိုမိန်းမတို့သည် ပန်းတောင်း၌ နံ့သာပန်း စသည်တို့ကို ယူစေ၍ သေဖြင့် ပြည့်သော လက်ဆုပ်ဗူးငယ်တို့ကို လက်တို့ဖြင့်ဆွဲလျက် ကြီးသော အပေါ်ရုံအဝတ်တို့ကိုခြုံပြီးလျှင် ဝိသာခါသို့ ချဉ်းကပ်၍ ဝိသာခါနှင့် အတူတကွ ကျောင်းတော်သို့ ဝင်သဖြင့် တင့်အပ် လျောက်ပတ်သော အရပ်၌ ထိုင်ကာ လက်ဆုပ်ဗူးငယ်တို့မှ သေကိုသောက်ကြပြီးလျှင် ထိုသေဗူး တို့ကို စွန့်ပစ်၍ တရား သဘင်ဝယ် မြတ်စွာဘုရား၏ ရှေ့တော်၌ နေကြလေကုန်၏။

ဝိသာခါသည် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤမိန်းမတို့အား တရားဟောကြား တော်မူကြပါဘုရားဟု လျှောက်လေ၏။ ထိုမိန်းမတို့သည်လည်း ယစ်မူးခြင်း အဟုန်ကြောင့် တုန်လှုပ်သော ကိုယ်ရှိကုန်လျက် ကခုန်ကြကုန်အံ့ သီဆိုကြကုန်အံ့ ဟူသောစိတ်ကို ဖြစ်စေကြ လေကုန်၏။

ထိုအခါ မာရ်နတ်၏ အပင်းအသင်း ဖြစ်သော တယောက်သော နတ်သည် ဤမိန်းမတို့၏ ကိုယ်တို့၌ ပူးဝင်ပြီးလျှင် ရဟန်းဂေါတမ၏ရှေ့၌ ဖေါက်ပြန်သော အခြင်းအရာကို ပြဦးအံ့ဟုကြံ၍ ထိုမိန်းမတို့၏ကိုယ်တို့၌ ပူးဝင်လေ၏။ ထိုမိန်းမတို့တွင် အချို့သော မိန်းမတို့သည် မြတ်စွာဘုရား ၏ ရှေ့တော်၌ လက်ခုပ်တီး၍ ရယ်ရွှင်ကြကုန်၏။ အချို့သောမိန်းမတို့သည် ကခုန်ခြင်းငှါ အားထုတ်ကြ လေကုန်၏။

---

ထိတ်လန့်စေပြီးမှ ဆုံးမခြင်း

မြတ်စွာဘုရားသည် ဤအမှုကား အဘယ်နည်းဟု ဆင်ခြင်တော်မူလတ်သည်ရှိသော် ထို အကြောင်းကို သိတော်မူလျှင် ယခုအခါ မာရ်နတ်၏ အပင်းအသင်း ဖြစ်သော သူတို့အား အခွင့်ကို ရစေခြင်းငှါ မပေးအံ့။ ဤမျှလောက်သော ကာလပတ်လုံး ပါရမီတို့ကို ဖြည့်ဆည်းပူးသော ငါသည် မာရ်နတ်၏ အပင်းအသင်းဖြစ်သော သူတို့အား အခွင့်ကို ရစေခြင်းငှါ ဖြည့်ဆည်းပူးအပ်သည် မဟုတ်။ ထို့ကြောင့် ထိုမိန်းမတို့ကို ထိတ်လန့်စေခြင်းငှါ မျက်မှောင်တော်မွှေး အောက်မှ ညိုသော ရောင်ခြည်တော်တို့ကို လွှတ်တော်မူလေ၏။

ထိုခဏချင်း မှောင်ကြီးအတိ ဖြစ်လေ၏။ ထိုမိန်းမတို့သည် ထိတ်လန့်ကြကုန်၏။ သေအံ့သော ဘေးဖြင့်ကြောက်လန့်ကြကုန်၏။ ထို့ကြောင့် ထိုမိန်းမတို့၏ဝမ်း၌ ရှိသောသေသည် ကုန်ခန်း သွေ့ခြောက် ပျောက်ပျက်လေ၏။ မြတ်စွာဘုရားသည် ထိုင်နေတော်မူရာ ပလ္လင်တော်မှ ကွယ်ပျောက် လျက် မြင်းမိုရ်တောင်၌ ရပ်တော်မူ၍ ဥဏ္ဏလုံ မွေးရှင်တော်မှ ဖြူသော ရောင်ခြည်တော်ကို လွှတ်တော်မူပြန်လေ၏။

ထိုခဏ၌သာလျှင် လမင်းတထောင် တက်လာဘိသကဲ့သို့ ဖြစ်လေ၏။ ထိုအခါ ထိုမိန်းမတို့ကို ခေါ်တော်မူ၍ ငါဘုရား၏အထံသို့ လာကြကုန်သော သင်တို့သည် မေ့မေ့လျော့လျော့ ဖြစ်ကုန် လျက် လာခြင်းငှါမသင့်။ သင်တို့၏ မေ့လျော့ခြင်းကြောင့်သာလျှင် မာရ်နတ်၏ အပင်း အသင်း ဖြစ်သော့ နတ်သည် အခွင့်ကိုရ၍ သင်တို့သည် ရယ်ရွှင်ခြင်း စသည်တို့ ပြုရာမဟုတ်သော အရပ်၌ ရယ်ခြင်း စသည်တို့ကို ပြုစေဘိ၏။

ယခုအခါ သင်တို့သည် ရာဂအစရှိသော မီးတို့ကို ငြိမ်းစိမ့်သောငှါ အားထုတ်သည်ကို ပြုသင့်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

---

ဒေသနာတော်

၁၄၆။ ကောနု ဟာသော ကိမာနန္ဒော၊ နိစ္စံ ပဇ္ဇလိတေ သတိ။
အန္ဓကာရေန ဩနဒ္ဓါ၊ ပဒီပံ နဂဝေသထ။

နိစ္စံ၊ အမြဲ။ ပဇ္ဇလိတေ၊ ရာဂအစရှိသော တဆဲ့တပါးသောမီးတို့ဖြင့် တောက်လောင်ခြင်းသည်။
ဝါ၊ တောက်လောင်သော လူအပေါင်းသည်။
သတိ၊ ဖြစ်လျက်။ ဟာသော၊ ရယ်ရွှင်နေခြင်းသည်။
ကောနု၊ အဘယ်သဘောနည်း။
အာနန္ဒော၊ နှစ်သက်နေခြင်းသည်။
ကိံ၊ အဘယ်သဘောနည်း။
(မပြုသင့်သောသဘော မဟုတ်လော ဟူလို)
အန္ဓကာရေန၊ အဝိဇ္ဇာမှောင်ကြီးသည်။
ဩနဒ္ဓါ၊ မှေးယှက် အပ်ကုန်လျက်။
တုမှေ၊ သင်တို့သည်။
ပဒီပံ၊ ပညာဟူသော ဆီမီးကို။
ကိံ၊ အဘယ့်ကြောင့်။
နဂဝေသထ၊ မရှာကြ မပြုကြကုန်ဘိသနည်း။

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ ငါးရာသောမိန်းမ သူတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။

---

အရက် အတ္ထုပ္ပတ္တိ အမြွက်

မြတ်စွာဘုရားသည် ထိုမိန်းမတို့၏ မတုန်မလှုပ်သော အစလသဒ္ဓါ၌ တည်သည် အဖြစ်ကို သိတော်မူလျှင် မြင်းမိုရ်တောင်ထိပ်မှ သက်ဆင်း၍ ဘုရားနေရာ၌ နေတော်မူလေ၏။ ထိုအခါ ဘုရားရှင်ကို ဝိသာခါသည် မြတ်စွာဘုရား ဤသေ မည်သည်ကား ယုတ်ညံ့လှပါ၏။ ဤသို့ သဘောရှိသည်မည်သော ဤမိန်းမတို့သည် ရှင်တော်မြတ်ဘုရား ကဲ့သို့သော ဘုရားရှင်၏ ရှေ့တော်၌ နေလျက် ဣရိယာပုထ်မျှ ကိုလည်း တည်တံ့စေခြင်းငှါ မတတ်နိုင်ကြကုန်သဖြင့် ထ၍ လက်ခုပ်တီးကာ ရယ်ရွှင်ခြင်း သီဆိုခြင်း ကခုန်ခြင်း စသည်တို့ကို အားထုတ် ပြုလုပ်ကြပါသည် ဘုရားဟု လျှောက်ကြားလေ၏။

မြတ်စွာဘုရားသည် ဝိသာခါ ဒါယိကာမ ဟုတ်မှန်ပေ၏။ ဤသေမည်သည်ကား ယုတ်ညံ့သော သဘောရှိသည်သာတည်း။ ထိုသေကိုမှီ၍ များစွာသော သတ္တဝါတို့သည် အကျိုးမဲ့ပျက်စီးခြင်းသို့ ရောက်ဖူး ကြလေကုန်ပြီဟု မိန့်တော်မူသဖြင့် မြတ်စွာဘုရား ဤသေသည် အဘယ်ကာလ၌ စ၍ ဖြစ်ပါသနည်းဘုရားဟု မေးလျှောက်သည်ရှိသော် ထိုသေဖြစ်ပုံကို အကျယ်အားဖြင့် ဟောတော် မူခြင်းငှါ လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၍ ကုမ္ဘဇာတ်ကို ဟောကြားတော်မူလေ၏။

ဝိသာခါ၏ အဖေါ်မိန်းမတို့ဝတ္ထုပြီး၏။

---

၂ - သိရိမာဝတ္ထု

ပဿစိတ္တကတံ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ် သိရိမာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

လှူဖွယ်ထက် အဆင်းလွန်ကဲသည်ဟုဆိုခြင်း

ထိုသိရိမာသည် ရာဇဂြိုဟ်ပြည်၌ အလွန်အဆင်းလှသော ပြည့်တန်ဆာမ ဖြစ်သတတ်။ ထို သိရိမာသည် တခုသော ဝါတွင်းကာလ၌ သုမနသူဌေးကြီး၏ သား၏ မယားဖြစ်သော ပုဏ္ဏက သူဌေး၏ သ္မီးဖြစ်သော ဥတ္တရာ အမည်ရှိသော ဒါယိကာမအား ပြစ်မှားမိသဖြင့် ထို ဒါယိကာမကို ကြည်လင်နှစ်သက် စေလိုသောကြောင့် ထိုဥတ္တရာအမည်ရှိသော ဒါယိကာမအိမ်၌ ရဟန်းသံဃာ အပေါင်းနှင့်တကွ ပြုအပ်ပြီးသော ဆွမ်းဘုဉ်းပေးခြင်း ကိစ္စရှိသော ဘုရားရှင်ကို တောင်းပန် ကန်တော့ပြီးလျှင် ထိုနေ့၌ မြတ်စွာဘုရား၏ ဆွမ်းအနုမောနာ တရား ဒေသနာတော်ကို ကြားနာရ၍။

အကောဓေန ဇိနေကောဓံ၊ အသာဓုံ သာဓုနာ ဇိနေ။
ဇိနေ ကဒရိယံ ဒါနေန၊ သစ္စေနာလိကဝါဒိနံ။

အကောဓေန၊ အမျက်မထွက်သည်ဖြစ်၍။
ကောဓံ၊ အမျက်ထွက်သောသူကို။
ဇိနေ-ဇိနာတိ၊ အောင်မြင်၏။
အသာဓု၊ မကောင်းသောသူကို။
သာဓုနာ၊ ကောင်းသော သဘောရှိသည်ဖြစ်၍။
ဇိနေ၊ အောင်မြင်၏။
ကဒရိယံ၊ ဝန်တိုသောသူကို။
ဒါနေန၊ မိမိဥစ္စာ ပေးကမ်းခြင်းဖြင့်။
ဇိနေ၊ အောင်မြင်၏။
အလိက ဝါဒိနံ၊ မမှန်ချွတ်ယွင်း ပြောဆိုခြင်းရှိသောသူကို။
သစ္စေန၊ မှန်သောစကား ပြောကြားခြင်းဖြင့်။
ဇိနေ၊ အောင်မြင်၏။

ဟူသောဂါထာ၏အဆုံး၌ သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။

(ဤ ဆိုအပ်ခဲ့ပြီးသည်ကား ဤဝတ္ထု၌ အကျဉ်းတည်း။ အကျယ် စကားသည်ကား ကောဓဝဂ်၌ အနုမောဒနာဂါထာ အဖွင့်၌သာလျှင် ထင်စွာဖြစ်လတ္တံ့။)

ဤသို့လျှင် သိရိမာသည် သောတာပတ္တိဖိုလ်သို့ ရောက်ပြီးသည်ရှိသော် ရဟန်း သံဃာအပေါင်းကို ပင့်ဖိတ်၍ တဖန်မိုးသောက်သောနေ့၌ ကြီးစွာသော အလှူကြီးကို ပေးလှူပြီးလျှင် သံဃာအား အဋ္ဌကဘတ်ကို မပြတ် ပေးလှူစေလေ၏။ အစမှစ၍ မပြတ် ရှစ်ပါးသော ရဟန်းတို့သည် အိမ်သို့ ကြွသွားကြကုန်၏။ ထောပတ်ကို ခံယူတော်မူကြပါဘုရား နို့ရည်ကို ခံယူတော်မူကြပါဘုရား ဤသို့ အစရှိသော စကားတို့ကိုဆို၍ ထိုရဟန်းတို့၏ သပိတ်တို့ကို ပြည့်စေကြကုန်၏။

ရဟန်းတပါးရသော ဆွမ်းသည်ပင် သုံးပါးလေးပါးသော ရဟန်းတို့အား လောက်၏။ နေ့တိုင်း နေ့တိုင်း တဆဲ့ခြောက်သပြာ ကုန်စေသဖြင့် ဆွမ်းကို လှူဒါန်းအပ်၏။ ထိုအခါ တနေ့သ၌ ရဟန်းတပါးသည် သိရိမာ၏အိမ်၌ ရှစ်ပါးသော ရဟန်းတို့ကို ရည်၍လှူအပ်သော အဋ္ဌကဘတ် ဆွမ်းကို ဘုဉ်းပေးသုံးဆောင်ပြီးလျှင် သုံးယူဇနာ အထက်၌ တခုသောကျောင်းသို့ ရောက်သွား လေ၏။

ထို့နောက် ထိုရဟန်းကို ညနေချမ်းအခါ ဤသို့သဘောရှိသောအရပ်၌ နေစဉ် ငါ့ရှင်အဘယ်အရပ်၌ ဆွမ်းကို သုံးဆောင်၍ လာခဲ့သနည်းဟု မေးကြလေကုန်၏။ သိရိမာ၏ အဋ္ဌကဘတ်ကို တပည့်တော် သုံးဆောင်ခဲ့ပါသည်ဘုရားဟု ဆိုလတ်သော် ငါ့ရှင် နှစ်လိုဖွယ်ကို ပြု၍ လှူဒါန်းပါ သလောဟု မေးကြပြန်ကုန်၏။

ထိုသိရိမာ၏ဆွမ်းကို ချီးမွမ်းခြင်းငှါ မတတ်နိုင်။ အလွန်လျှင် မွန်မွန် မြတ်မြတ်ပြု၍ လှူဒါန်းပါသည်။ ရဟန်းတပါး ရသောဆွမ်းသည် သုံးပါးတို့အား၎င်း လေးပါးတို့ အား၎င်း လောက်၏။ ထိုသိရိမာ၏ လှူဖွယ်ဝတ္ထု ပစ္စည်းထက်လည်း အမြင်ရုပ်ပုံ အဆင်းသည် သာလျှင် သာ၍ လွန်ကဲပေ၏။ ထိုမိန်းမသည် ဤသို့ ဤသို့သဘောရှိ၏ ဟုဆိုလျက် သိရိမာ၏ ဂုဏ်ကျေးဇူးတို့ကို ချီးမွမ်း ပြောဆိုလေ၏။

---

ဆွမ်းခံသွားရာ ငှက်သင့်သကဲ့သို့ ဖြစ်ခြင်း

ထိုအခါ ရဟန်းတပါးသည် သိရိမာ၏ ဂုဏ်ကျေးဇူးနှင့်စပ်သော စကားကို ကြားတဲ့၍ မမြင်ရ သေးဘဲသာလျှင် ချစ်ခြင်းကို ဖြစ်စေသဖြင့် ငါသည်သွား၍ ထိုသိရိမာကို ရှုမြင်ခြင်းငှါ သင့်၏ဟု မိမိသိက္ခာဝါ အရေအတွက်ကို ပြောပြ၍ ထိုရဟန်းကို အစဉ်ကို မေးမြန်းလျှင် ငါ့ရှင် နက်ဖြန် ထို သိရိမာအိမ်၌သင်သည် သံဃာ့ထေရ်ဖြစ်၍ အဋ္ဌကဘတ်ကို ရနိုင်ပေလတ္တံ့ဟု ဆိုလတ်သည်ရှိသော် ထိုစကားကိုကြားရလျှင် ထိုခဏချက်ခြင်းပင် သပိတ် သင်္ကန်းကိုယူ၍ ဖဲသွားလေရာ နံနက် စောစော အရုဏ်တက် လတ်သည်ရှိသော် စာရေးတံပေးရာ အရပ်သို့ ဝင်သဖြင့် ရပ်လေရကား သံဃာ့ထေရ် ဖြစ်၍ ထိုသိရိမာ၏အိမ်၌ အဋ္ဌကဘတ်ကို ရလေ၏။

အကြင်ရဟန်းသည် ယမန်နေ့၌ ဆွမ်းဘုဉ်းပေးပြီး၍ ဖဲသွားလေ၏။ ထိုရဟန်း၏ ဖဲသွားသော အခါ၌ပင်လျှင် သိရိမာ၏ ကိုယ်၌လည်း အနာရောဂါ ဖြစ်ပေါ်လေ၏။ ထို့ကြောင့် ဆင်ယင်သော တန်ဆာတို့ကိုချွတ်၍ အိပ်လေ၏။ ထိုအခါ သိရိမာ၏ ကျွန်မတို့သည် အဋ္ဌကဘတ်ကိုရ၍ ကြွလာ ကြကုန်သော ရဟန်းတို့ကိုမြင်လျှင် ပြောကြားကြလေကုန်၏။

ထိုသိရိမာသည် မိမိလက်ဖြင့် သပိတ်တို့ကို လှမ်းယူ၍ ထိုင်နေစေခြင်းငှါ၎င်း လုပ်ကျွေးခြင်းငှါ၎င်း မတတ်နိုင်ရကား ကျွန်မတို့ကိုအမိတို့ သပိတ်တို့ကိုလှမ်းယူ၍ အရှင်ကောင်းတို့ကို ထိုင်နေစေလျက် ယာဂုသောက်စေပြီးမှ ခဲဖွယ်ကိုလှူ၍ ဆွမ်းစားချိန် တန်သောအခါ သပိတ်တို့ကို ပြည့်စေလျက် လှူကြပါကုန်လော့ဟု စေခိုင်းလေ၏။

ကျွန်မတို့သည်လည်း ကောင်းပါပြီအရှင်မဟု ရဟန်းတို့ကို ကြွဝင်စေပြီးလျှင် ယာဂုကို သောက် စေပြီးမှ ခဲဖွယ်ကိုလှူ၍ ဆွမ်းစားချိန် တန်သောအခါ ဆွမ်းဖြင့်သပိတ်တို့ကို ပြည့်စေပြီးလျှင် ထိုသိရိမာအား ပြောကြားကြကုန်၏။ သိရိမာသည် ငါ့ကိုချီပွေ့၍ ဆောင်ကြပါကုန်ဦးလော့ ဟု အရှင်ကောင်းတို့ကို ရှိခိုးပါဦးအံ့ ဟုဆိုသဖြင့် ကျွန်မတို့ ချီပွေ့လျက် ရဟန်းတို့၏ အထံတော်သို့ ဆောင်အပ်သည်ရှိသော် တုန်တုန် လှုပ်လှုပ် ဖြစ်သောကိုယ်ဖြင့် ရဟန်းတို့ကို ရှိခိုးရှာလေ၏။

ထိုရဟန်းသည် သိရိမာကို ကြည့်ရှုလျက် မကျန်းမမာ ဖြစ်နေသော်လည်း ဤမိန်းမ၏ အဆင်း တင့်တယ်ခြင်းသည် ဤသို့သဘော ရှိဘိသေး၏။ ကျန်းမာသောအခါ အလုံးစုံသော တန်ဆာဖြင့် တန်ဆာ ဆင်အပ်သည်ရှိသော် ဤသိရိမာ၏ အဆင်းပြည့်စုံခြင်းကား အဘယ်မှာဆိုဖွယ်ရာ ရှိအံ့နည်း ဟု ကြံစည်စိတ်ကူးမိလေ၏။ ထိုအခါ ထိုရဟန်းအား များစွာသော နှစ်အကုဋေပတ်လုံး ကိုယ်တွင်း၌ ကိန်းအောင်း စုဝေးတည်နေသော ကိလေသာသည် လှုပ်ရှား ဖြစ်ပေါ်လာလေ၏။

ထိုရဟန်းသည် ပညာအဆင်ခြင် ကင်းသည်ဖြစ်၍ ဆွမ်းကိုစားခြင်းငှါ မတတ်နိုင်ခြင်းကြောင့် သပိတ်ကို ယူကာ ကျောင်းသို့သွားပြီးလျှင် သပိတ်ကို ပိတ်လျက် တခုသော အရပ်၌ ထား၍ သင်္ကန်းထောင့်စွန်းကို ဖြန့်ခင်းကာ အိပ်ရှာလေ၏။ ထိုအခါ ထိုရဟန်းကို အဆွေခင်ပွန်းဖြစ်သော ရဟန်းတပါးသည် တောင်းပန်သော်လည်း ဆွမ်းဘုဉ်း ပေးခြင်းငှါ မတတ်နိုင်။ ထိုရဟန်းသည် ပြတ်ကင်းသော ဆွမ်းအာဟာရ ရှိသည် ဖြစ်ရှာလေ၏။

---

သိရိမာ အလောင်းကောင် ဖြစ်နေပုံ

ထိုနေ့၌သာလျှင် ညချမ်းအခါ သိရိမာသည် စုတေမနေ သေရှာလေ၏။ ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားအား ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဇီဝက၏ နှမငယ်ဖြစ်သော သိရိမာ သည် စုတေမနေ သေလွန်ရှာပါပြီ ဘုရားဟု သတင်းစကား စေလွှတ်လျှောက်ကြားလေ၏။

မြတ်စွာဘုရားသည်လည်း ထိုစကားကို ကြားတော်မူရလျှင် မင်းကြီး၏အထံသို့ သိရိမာ အလောင်းကို သင်္ဂြိုဟ်ဖွယ်ကိစ္စမရှိ။ လူသေပစ်စွန့်ရာ သုသာန်တစပြင်၌ သိရိမာအလောင်းကို ကျီးတို့သည် မစား နိုင်သော အခြင်းအရာဖြင့် တုံးလုံးအိပ်ထားစေ၍ စောင့်ရှောက်စေကြကုန် ဦးလော့ဟု သတင်းစကား ပြန်ကြား စေလွှတ်လိုက်လေ၏။

မင်းကြီးသည်လည်း ဘုရားမိန့်တော်မူတိုင်း ပြုလေ၏။ အစဉ်အတိုင်း သုံးရက်တို့သည် လွန်ကုန် သည်ဖြစ်၍ လေးရက်မြောက်သောနေ့၌ ကိုယ်သည် ဖူးဖူး ရောင်လေ၏။ ကိုးပေါက်သော ဒွါရ အမာဝတို့မှ ပိုးလောက်တို့သည် ယိုထွက်လေကုန်၏။ ကိုယ်အလုံးသည် ကွဲပျက်သဖြင့် သလေး ထမင်းချက်အိုး ဆူဝေခြင်းကဲ့သို့ ဖြစ်လေ၏။

---

သိရိမာကို လာမကြည့်လျှင် ဒဏ်ငွေရှစ်ကျပ်

ဗိမ္ဗိသာရ မင်းကြီးသည်လည်း ရာဇဂြိုဟ်မြို့ကြီး၌ အိမ်စောင့် သူငယ်တို့ကို ချန်ထား၍ သိရိမာကို ကြည့်ရှုခြင်းငှါ မလာကုန်သောသူတို့အား ရှစ်သပြာ မင်းဒဏ် သင့်စေရမည်ဟု စည်လည်စေ လေ၏။ ဘုရားရှင်၏ အထံတော်သို့လည်း မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာ အပေါင်းသည် သိရိမာကို ကြည့်ရှုခြင်းငှါ ကြွလာတော်မူစေချင်ပါသည်ဘုရား ဟူ၍လည်း စေလွှတ်လိုက်လေ၏။

မြတ်စွာဘုရားသည် ရဟန်းတို့အား သိရိမာကိုကြည့်ရှုခြင်းငှါ သွားကြကုန်စို့အံ့ ဟုမိန့်ကြား တော်မူလေ၏။ ထိုပဉ္ဇင်းငယ်သည်လည်း လေးရက်တို့ပတ်လုံး တစုံတယောက်သောသူ၏ စကားကို မနာယူမူ၍ ဆွမ်းအာဟာရ ဖြတ်လျက်သာ အိပ်စက်ကာ နေရှာလေ၏။ သပိတ်၌ဆွမ်းသည် ပုပ်သိုး သည်ဖြစ်၍ သပိတ်၌ အညစ်အကြေး တက်လေ၏။

ထိုအခါ ထိုပဉ္စင်းငယ်ကို ထိုအဆွေခင်ပွန်း ရဟန်းသည် ချဉ်းကပ်၍ ငါ့ရှင် မြတ်စွာဘုရားသည် သိရိမာကိုကြည့်ရှုခြင်းငှါ ကြွတော်မူ၏ဟု ပြောဆိုလေ၏။ ထိုရဟန်းငယ်သည် ထိုသို့သော အခြင်းအရာဖြင့် မွတ်သိပ်ဆာလောင်ခြင်း သဘောရှိသော်လည်း သိရိမာဟု ဆိုအပ်သော စကား အပိုဒ်၌သာလျှင် အဆောတလျင် ထတဲ့၍ အဘယ်စကားကို ဆိုလေဘိသနည်းဟုမေးလေ၏။

မြတ်စွာဘုရားသည် သိရိမာကို ကြည့်ရှုခြင်းငှါ ကြွသွားတော်မူ၏။ သင်သည်လည်း လိုက်ပါသွား အံ့လောဟု မေးသည်ရှိသော် လိုက်ပါဦးမည်ဟု ဆို၍ ဆွမ်းကိုစွန့်သဖြင့် သပိတ်ကို ဆေးပြီးလျှင် သပိတ်အိတ်၌ ထည့်သွင်းပြီးမှ ရဟန်းသံဃာတော် အပေါင်းနှင့် အတူတကွ လိုက်လာလေ၏။

မြတ်စွာဘုရားသည် ရဟန်းသံဃာ အပေါင်း ခြံရံတော်မူလျက် နံပါးတဘက်၌ ရပ်တော်မူ၏။ ရဟန်း သံဃာအပေါင်းသည်၎င်း မင်းပရိသတ်သည်၎င်း ဒါယကာ ပရိသတ်သည်၎င်း နံပါးတဘက် တဘက်၌ ရပ်တည်ကြလေကုန်၏။

---

သိရိမာ လျှော့ဈေး ယူသူမရှိ

မြတ်စွာဘုရားသည် မင်းကြီးကို မြတ်သောမင်းကြီး ဤမိန်းမကား အဘယ်သူနည်းဟု မေးမြန်း တော်မူလေ၏။ မြတ်စွာဘုရား ဇီဝက၏နှမ သိရိမာ အမည်ရှိသော မိန်းမပါဘုရားဟု လျှောက်ကြား လေသော် ဤမိန်းမကား သိရိမာလော ဟု မေးတော်မူပြန်၏။

မြတ်စွာဘုရား သိရိမာ ဟုတ်မှန်ပါသည်ဘုရား ဟုလျှောက်ဆိုပြန်လေသော် ထိုသို့ဖြစ်မူ တထောင်သော ဥစ္စာကိုပေး၍ သိရိမာကို ယူကြကုန်လော့ဟု မြို့တော်၌ စည်လည်စေလော့ဟု မိန့်တော်မူလေ၏။ မင်းကြီးသည် ထိုဘုရားရှင် မိန့်တော်မူတိုင်း ပြုလုပ်လေ၏။

တစုံတယောက်သော သူမျှလည်း - ဟန် ဟူ၍၎င်း၊ ဟောန် ဟူ၍၎င်း နှစ်သက်စွာ ပြောဆိုသော သူမည်သည် မရှိလေပြီ။ မင်းကြီးသည် မြတ်စွာဘုရားအား မြတ်စွာဘုရား မယူကြပါဘုရားဟု လျှောက်ကြားလေ၏။ ထိုသို့ဖြစ်မူ မြတ်သောမင်းကြီး အဘိုးကို လျှော့ချဦးလော့ဟု မိန့်တော် မူပြန်လေ၏။

မင်းကြီးသည် အသပြာ ငါးရာပေး၍ ယူကြကုန်လော့ဟု စည်လည်စေ ပြန်သော်လည်း ယူလိုသောသူ တစုံတယောက်ကိုမျှ မမြင်ရသဖြင့် နှစ်ရာ့ငါးဆယ်၊ နှစ်ရာ၊ တရာ၊ ငါးဆယ်၊ နှစ်ဆဲ့ငါးသပြာ၊ ဆယ်သပြာ၊ ငါးသပြာ တသပြာ၊ ငါးမူးတမတ်၊ တပဲ၊ တချင်ရွေးပေး၍ သိရိမာကို ယူကြစေကုန် သတည်းဟု စည်လည်စေ ပြန်သော်လည်း တစုံတယောက်သောသူမျှ ထိုသိရိမာ ကို အလိုမရှိ။

အဘိုးအခမရှိ အချည်းနှီး ယူကြစေကုန်သတည်းဟု စည်လည်စေပြန်လေ၏။ ဟန် ဟူ၍၎င်း၊ ဟောန် ဟူ၍၎င်း နှစ်သက်စွာ ပြောဆိုသောသူမည်သည် မရှိလေပြီ။ မင်းကြီးသည် မြတ်စွာဘုရား အချည်းနှီး အလကားဖြင့် သော်လည်း ယူလို့သူ မရှိပါဘုရားဟု လျှောက်ကြားလေ၏။

မြတ်စွာဘုရားသည် ချစ်သား ရဟန်းတို့ ကြည့်ရှုကြစမ်းလော့ များစွာသော လူအပေါင်းသည် ချစ်ခင် စုံမက်အပ်သော မာတုဂါမကို ဤရာဇဂြိုဟ်မြို့၌သာလျှင် တထောင်ပေးမှ ရှေးအခါ၌ တနေ့သာ ရကြလေကုန်၏။ ယခုအခါ အချည်းနှီး အဘိုးအခ မရှိခြင်းအားဖြင့် ယူလိုသော သူမျှလည်း မရှိ။

ချစ်သားရဟန်းတို့ ဤသို့သဘော ရှိသည်မည်သော ရုပ်အဆင်းသည် ကုန်ခြင်း ပျက်ခြင်းသို့ ရောက်ဘိသေး၏။ အခါခပ်သိမ်း နာကျင်လျက်ရှိသော အတ္တဘောကို ကြည့်ရှုကြကုန်လော့ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

---

ဒေသနာတော်

၁၄၇။ ပဿ စိတ္တကတံ ဗိမ္မံ၊ အရုကာယံ သမုဿိတံ။
အာတုရံ ဗဟုသင်္ကပ္ပံ၊ ယဿ နတ္ထိ ဓုဝံ ဌိတိ။

စိတ္တကတံ၊ အဝတ်တန်ဆာ ပန်း နံ့သာ စသည်တို့ဖြင့် ဆန်းကြယ်စွာ ပြုအပ်သော။
ဗိမ္ဗံ၊ ရှည်သင့် တိုသင့်သော အင်္ဂါကြီးငယ်တို့ဖြင့် တင့်တယ် လှပသော အရုပ်နှင့်တူသော။
သမုဿိတံ၊ သုံးရာသော အရိုးတို့ဖြင့် စိုက်ဆောက်အပ် ထသော။
အာတုရံ၊ အမြဲ နာကျင်လျက်ရှိသော။
ဗဟုသင်္ကပ္ပံ၊ များစွာသော လူအပေါင်းသည် များစွာသော အကြောင်းဖြင့် ကြံစည်စိတ်ကူး အပ်သော။
အရုကာယံ၊ အနာမာဝ ကိုးပေါက်တို့ဖြင့် အနာအတိဖြစ်သော ကိုယ်ကောင်ကို။
ပဿ၊ ကြည့်ရှုလေလော့။
ယဿ၊ ယင်းကိုယ်ကောင်အား။
ဓုဝံ၊ မြဲခြင်းသည်၎င်း။
ဌိတိ၊ တည်တံ့ခြင်းသည်၎င်း။
နတ္ထိ၊ မရှိလေစ္စတကား။

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ရှစ်သောင်း လေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါး တရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။ ထိုရဟန်းသည်လည်း သောတာပတ္တိဖိုလ်၌ တည်လေ၏

သိရိမာဝတ္ထုပြီး၏

---

၃ - ဥတ္တရာထေရီမ ဝတ္ထု

ပရိဇိဏ္ဏမိဒံ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဥတ္တရာမည်သော ထေရီမကိုအကြောင်း ပြု၍ ဟောတော်မူလေ၏။

---

ဆွမ်းခံသွားစဉ် အားပြတ်၍ လဲခြင်း

ဥတ္တရာထေရီမသည် ဖွားမြင်သည်မှစ၍ အရွယ်အားဖြင့် အသက်တရာ့ နှစ်ဆယ် ရှိသည်ဖြစ်၍ ဆွမ်းအလို့ငှါ သွားလာ လှည့်လည်သဖြင့် ရသောဆွမ်း ရှိလေရကား လမ်းခရီးအကြား၌ ရဟန်း တပါးကိုမြင်ရလျှင် ဆွမ်းဖြင့် ပန်ကြား၍ မြစ်ပယ်တော် မမူဘဲယူသော ထိုရဟန်းအား အလုံးစုံသော ဆွမ်းကို လှူဒါန်းလေသောကြောင့် ပြတ်ကင်းသော အာဟာရရှိသည် ဖြစ်လေသတတ်၊

ဤသို့ နှစ်ရက်မြောက်သော နေ့၌၎င်း သုံးရက်မြောက်သောနေ့၌၎င်း ထိုရဟန်းအားသာလျှင် ထို အရပ်၌ပင် ဆွမ်းကိုလှူပြန်လေသောကြောင့် ပြတ်ကင်းသော အာဟာရရှိသည် ဖြစ်လေ၏၊ လေးရက်မြောက်သောနေ့၌ကား ဆွမ်းအလို့ငှါ သွားလတ်သည်ရှိသော် တခုသော ကျဉ်းမြောင်းရာ အရပ်၌ မြတ်စွာဘုရားကို ဖူးမြင်ရသဖြင့် နောက်သို့ဆုတ်ခွါစဉ် တွဲလျားကျသော မိမိသင်္ကန်းစွန်းကို နင်းမိရာ ကောင်းစွာဆောင်ခြင်းငှါ မတတ်နိုင် မဟန်နိုင်ရကား ဦးစောက်ပြောင်းပြန် ဖြစ်၍ တိမ်းလဲသွားလေ၏။

မြတ်စွာဘုရားသည် ထိုဥတ္တရာထေရီမ၏ အထံသို့ ကြွသွားတော်မူ၍ နှမ သင်၏ အတ္တဘောသည် ဆွေးမြည့် အိုမင်း ယိုယွင်းခဲ့လေပြီ မကြာမြင့်မီသာလျှင် ပျက်စီးရပေလတ္တံ့ ဟု မိန့်တော်မူ၍ ဤ ဂါထာကို ဟောကြားတော်မူလေ၏။

---

ဒေသနာတော်

၁၄၈။ ပရိဇိဏ္ဏမိဒံ ရူပံ၊ ရောဂနိဠံ ပဘင်္ဂုနံ။
ဘိဇ္ဇတိ ပူတိ သန္ဒေဟော၊ မရဏန္တံ ဟိ ဇီဝိတံ။

ဘဂိနိ၊ နှမ။
တဝ၊ သင်၏။
ဣဒံရူပံ၊ ဤကိုယ်ကောင် ဟူသော ရုပ်သည်။
ပရိဇိဏ္ဏံ၊ ဆွေးမြည့်ယိုယွင်း အိုမင်းခဲ့လေ၏။
ရောဂနိဠံ၊ အနာရောဂါအားလုံးတို့၏ နေရာလည်းဖြစ်၏။
ပဘင်္ဂုနံ၊ အမြဲစိမ့်ထွက် ပုပ်အက်လျက်ရှိ၏။

(နုပျိုသော မြေခွေးငယ်ကိုလည်း မြေခွေးအိုဟု ဆိုသကဲ့သို့၎င်း၊ နုသေးသော ဆင်သမနွယ် ကိုလည်း နွယ်ပုပ်ဟု ဆိုသကဲ့သို့၎င်း ထို့အတူ ယနေ့ဖွားမြင်စဖြစ်၍ ရွှေရုပ်လိုတင့်တယ် သော်သည်း အမြဲ ယိုထွက်သော သဘောအားဖြင့် အပုပ်ဟု ဆိုအပ်၏ဟူလို)။

ပူတိ၊ ပုပ်သည်။
သံ သန္တော၊ ဖြစ်၍။
ဒေဟော၊ သင့်ကိုယ်သည်။
ဘိဇ္ဇတိ၊ မကြာမီ ပျက်စီးတတ်၏။
ဟိ၊ ထိုစကားသင့်စွ။
ဇီဝိတံ၊ အသက်သည်။
မရဏန္တံ၊ သေခြင်းအဆုံးရှိ၏။

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ ဥတ္တရာထေရီမသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏ လူများအပေါင်း အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ဥတ္တရာထေရီမ ဝတ္ထုပြီး၏။

---

၄ - များစွာသော အဓိမာနိကရဟန်းတို့ ဝတ္ထု

ယာနိမာနိ-အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရဟတ္တဖိုလ်ကို ရနိုးခြင်းရှိကုန်သော များစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

သုသာန်၏ကျေးဇူး

ငါးရာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရား၏ အထံတော်၌ ကမ္မဋ္ဌာန်းကို ယူ၍ တောသို့ သက်ဝင်သဖြင့် မဆုတ်မနစ် လုံ့လကြိုးကုတ် အားထုတ်ကြ ကုန်သည်ရှိသော် ဈာန်ကိုဖြစ်စေ ပြီးလျှင် ကိလေသာတို့၏ ဖြစ်ပေါ်လာခြင်း မရှိသဖြင့် ငါတို့အား ရဟန်းကိစ္စပြည့်စုံပြီ (တုံးပြီ) မိမိရအပ်သော ဂုဏ်ကျေးဇူးကို မြတ်စွာဘုရားအား လျှောက်ကြားကြကုန်စိုအံ့ဟု တိုင်ပင်ကာ ပြန်ကြွလာကြ ကုန်သတတ်။

မြတ်စွာဘုရားသခင်သည် ထိုရဟန်းတို့ အပတံခါးမုခ်ဦးသို့ ရောက်သော ကာလ၌သာလျှင် အရှင်အာနန္ဒာကို ချစ်သားအာနန္ဒာ ထိုရဟန်းတို့ဝင်လာ၍ ငါဘုရားကို ဖူးမြင်ခြင်းဖြင့် ပြုဖွယ်အမှု မရှိသေး။ သူကောင်စွန့်ပစ်ရာ သုသာန် သို့သွား၍ ထိုသုသာန်မှ ပြန်လာပြီး၍ ငါဘုရားကို ဖူးမြင်ကြ စေကုန်လော့ဟု မိန့်တော်မူလေ၏။ ရှင်အာနန္ဒာ မထေရ်သည် သွား၍ ထိုရဟန်းတို့အား ထို အကြောင်းကို ပြောကြားလေ၏။

ငါးရာသော ရဟန်းတို့သည် ငါတို့အား သူကောင်စွန့်ပစ်ရာသုသာန်ဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု မဆိုကြမူ၍သာလျှင် အရှည်ကို မြင်တော်မူလေ့ရှိသော ဘုရားသဗ္ဗညုသည် အကြောင်း တစုံတရာကို မြင်တော်မူအပ်သည် ဖြစ်လတ္တံ့ဟု နှလုံးပြုလျက် သူကောင်စွန့်ပစ်ရာ သုသာန်သို့ သွားကြပြီးလျှင် ထိုသုသာန်၌ အကောင်ပုပ်တို့ကို ကြည့်ရှုတွေ့မြင်ကြရ ကုန်သည်ရှိသော် တရက် နှစ်ရက် ခန့်လောက်က ပစ်ထားအပ်ကုန်သော အကောင်ပုပ်တို့၌ အရိုးစုဟု အဋ္ဌိကသညာကိုရ၍ ထိုခဏ၌ ပစ်ထားအပ်ကုန်သော လတ်ဆတ်သော ကိုယ်တို့၌ တပ်နှစ်သက်ခြင်း ရာဂကို ဖြစ်စေမိကြလေ ကုန်၏။

ထိုခဏ၌ မိမိတို့၏ညစ်နွမ်းခြင်း ကိလေသာ ရှိသည်အဖြစ်ကို သိကြရလေကုန်၏။ ဘုရားရှင်သည် ဂန္ဓကုဋိတိုက်တော်၌ သီတင်းသုံး နေတော်မူလျက်သာလျှင် ရောင်ခြည်တော်ကို နှံ့စေတော်မူ သဖြင့် ထိုရဟန်းတို့၏ မျက်မှောက်၌ စကားပြောဟောတော် မူဘိသကဲ့သို့ ချစ်သား ရဟန်းတို့ သင်တို့အား ဤသို့သဘောရှိသော အရိုးစုအပေါင်းကို မြင်ရ၍ ရာဂဖြင့် နှစ်သက်ခြင်းကို ဖြစ်စေခြင်းငှါ သင့်တော် လျော်ကန် ကောင်းအံ့လောဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြား တော်မူလေ၏။

---

ဒေသနာတော်

၁၄၉။ ယာနိမာနိ အပတ္တာနိ၊ အလာဗူနေဝ သာရဒေ။
ကာပေါတကာနိ အဋ္ဌီနိ၊ တာနိ ဒိသွာန ကာ ရတိ။

ယာနိမာနိအဋ္ဌီနိ၊ အကြင်အရိုးစုတို့ကို။
အပတ္တာနိ၊ စွန့်ပစ်အပ်ကုန်၏။
သာရဒေ-သာရဒါနိ၊ တန်ဆောင်မုန်းလ သာရဒကာလ၌ လေနေပူဖြင့် ထိခိုက်အပ်ကုန်သော။
အလာဗူနေဝ၊ ထိုထိုအရပ်၌ ဖရိုဖရဲဖြန့်ကြဲသော ဗူးတောင်းတို့ကဲ့သို့ ဖြစ်ကုန်သော။
ကာပေါတကာနိ၊ ခို၏ အဆင်းနှင့်တူသော အဆင်းရှိကုန်သော။
တာနိ အဋ္ဌီနိ၊ ထိုအရိုးစုတို့ကို။
ဒိသွာ၊ မြင်ရ၍။
တုမှာကံ၊ သင်တို့အား။
ရတိ၊ မွေ့လျော်ခြင်းသည်။
ကာ၊ ဘယ်အကျိုးရှိနိုင်အံ့နည်း။

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ ထိုရဟန်းတို့သည် တည်မြဲတိုင်းသာလျှင် အရဟတ္တဖိုလ်သို့ ရောက်သဖြင့် မြတ်စွာဘုရားကို လွန်စွာ ချီးမွမ်းကုန်လျက် လာလတ်၍ ရှိခိုးကြလေကုန်၏။

များစွာသော အဓိမာနိကရဟန်းတို့ ဝတ္ထုပြီး၏။

၅ - ဇနပဒကလျာဏီ ရူပနန္ဒာထေရီမ ဝတ္ထု

အဋ္ဌီနံ နဂရံ ကတံ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ဇနပဒကလျာဏီ အမည်ရှိသော ရူပနန္ဒာထေရီမကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

ရူပနန္ဒာသည် ရုပ်အဆင်း၌ တွယ်တာ မက်မောနေပုံ

ထိုဇနပဒကလျာဏီ မည်သော ရူပနန္ဒာမင်းသ္မီးသည် တနေ့သ၌ ဤသို့ကြံစည်လေ၏။ ငါ၏ မောင်တော်အကြီး သိဒ္ဓတ္ထမင်းသည် ပြည်စည်းစိမ်ကို စွန့်၍ ရဟန်းပြုပြီးလျှင် လောက၌ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရား ဖြစ်တော်မူပြီ၊

ထိုဘုရားရှင်၏ သားတော်ဖြစ်သော ရာဟုလာ မင်းသားသည်လည်း ရဟန်းပြုပြီ။ ငါ၏ချစ်လင် နန္ဒမင်းသား သည်လည်း ရဟန်းပြုပြီ။ ငါ၏မယ်တော် မိထွေးတော် ဂေါတမီသည်လည်း ရဟန်း ပြုချေပြီ။ ဤမျှလောက်သော ဆွေတော် မျိုးတော် အပေါင်းသည် ရဟန်းပြုသည် ရှိသော် ငါသည် အိမ်တော်၌နေသဖြင့် အဘယ်အမှု ပြုစရာရှိအံ့နည်း ရဟန်းပြုပါတော့အံ့ ဟု ကြံစည်၍ ရဟန်း မိန်းမတို့၏ ကျောင်းသို့ သွားသဖြင့် ရဟန်းပြုလေ၏။

ထိုမင်းသ္မီးသည် ဆွေတော်မျိုးတော်တို့ကို ချစ်ခင်သဖြင့်သာလျှင် ရဟန်းပြု၏။ သဒ္ဓါသံဖြင့် ရဟန်း ပြုသည်မဟုတ်။ အလွန် အဆင်းလှသည်အဖြစ်ကြောင့် ရူပနန္ဒာဟူ၍ ကျော်စောထင်ရှားလေ၏။ မြတ်စွာဘုရားသည် ရုပ်သည် အမြဲမရှိ ဆင်းရဲ၏။ ကိုယ်မဟုတ်။ ဝေဒနာသည် သညာသည် သင်္ခါရသည် ဝိညာဉ်သည် အမြဲမရှိ ဆင်းရဲ၏။ ကိုယ်မဟုတ်ဟူ၍ ဟောတော်မူသတတ်ဟု ကြားရ၍ ရူပနန္ဒာသည် ဤသို့ရှုချင်စဖွယ် ကြည်လင် နှစ်သက်ဖွယ်ရှိသော ငါ၏ရုပ်၌လည်း အပြစ်ကို ဟောကြားတော်မူရာ၏ဟု နှလုံးပြု၍ မြတ်စွာဘုရား၏ မျက်မှောက်တော် အဖြစ်သို့ မသွား ရောက်ဘဲ နေလေ၏။

သာဝတ္ထိပြည်၌နေသော မြို့သူမြို့သားတို့သည် နံနက်စောစော၌ပင်လျှင် အလှူကိုပေးလှူ၍ ကောင်းစွာ ဆောက်တည်အပ်သော ဥပုသ်ကျင့်သုံးခြင်း ရှိကုန်သဖြင့် စင်ကြယ်သော ကိုယ်ရုံတင် လွှမ်းကုန်လျက် နံ့သာ ပန်း စသည် လက်စွဲကြ ကုန်သည်ဖြစ်၍ ညချမ်းသောအခါ ဇေတဝန် ကျောင်းတော်၌ စည်းဝေးပြီးလျှင် တရားတော်ကို နာယူကြလေကုန်၏။

ရဟန်း မိန်းမ သံဃာအပေါင်း သည်လည်း ဘုရားရှင်၏ တရား ဒေသနာတော်၌ ဖြစ်သော ကုသိုလ် ဆန္ဒရှိလှသဖြင့် ကျောင်းတော်သို့သွား၍ တရားနာလေ၏။ တရားနာပြီး၍ မြို့သို့ဝင်လာကြ ကုန်သော သူတို့သည် ဘုရားရှင်၏ ဂုဏ်ကျေးဇူးနှင့်စပ်သော စကားကို ပြောဆိုကြကုန်လျက်သာ ဝင်လာ ကြကုန်၏။

(ထိုစကားသည် မှန်၏။ လေးပါးသော ပမာဏ အတိုင်းအရှည်ရှိသော လူအပေါင်း၌ အကြင် သတ္တဝါတို့အား ဘုရားရှင်ကို ဖူးမျှော်ကြရကုန်လျက် ကြည်ညိုခြင်းမဖြစ်။ ထိုသတ္တဝါတို့ကား အနည်းငယ်သာ ရှိကုန်၏။

ချဲ့ဦးအံ့။ ရုပ်လျှင် ပမာဏရှိသော သတ္တဝါတို့သည် မြတ်စွာဘုရား၏ လက္ခဏာတော်ကြီး လက္ခဏာ တော်ငယ်တို့ဖြင့် တန်ဆာဆင်အပ်သော ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ကိုယ်တော်ကို ဖူးမျှော်ရလျှင် ကြည်ညိုနိုင်ကြကုန်၏။

အသံလျှင် ပမာဏရှိသော သတ္တဝါ တို့သည်လည်း အရာမက များစွာသော ဇာတ်တော်တို့ကို အမှီပြု၍ ဖြစ်တော်မူသော မြတ်စွာဘုရား၏ ဂုဏ်တော် ကျော်စောသံကို၎င်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော တရားဟောတော် မူသော အသံတော်ကို၎င်း ကြားနာရလျှင် ကြည်ညိုနိုင်ကြကုန်၏။

ခေါင်းပါးခြင်းလျှင် ပမာဏရှိသော သတ္တဝါတို့သည်လည်း ထိုမြတ်စွာဘုရား၏သင်္ကန်း စသည်တို့၏ ခေါင်းပါးခြင်းကိုစွဲ၍ ကြည်ညိုနိုင်ကြကုန်၏။

တရားလျှင် ပမာဏရှိသော သတ္တဝါတို့သည်လည်း မြတ်စွာဘုရား၏ သီလသည် ဤသို့ သဘော ရှိ၏။ သမာဓိသည် ဤသို့သဘောရှိ၏။ ပညာသည် ဤသို့သဘော ရှိ၏။ မြတ်စွာဘုရားသည် သီလ အစရှိသော ဂုဏ်တို့ဖြင့် အတုမရှိ။ တုပြိုင် ဘက်ကင်းသော ပုဂ္ဂိုလ်ဖြစ်တော်မူ၏ဟု ကြည်ညိုနိုင်ကြ ကုန်၏။

မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ပြောဆိုကြကုန်သော ထိုသူတို့၏ ခံတွင်းသည် မဆန့် နိုင်အောင် ဖြစ်လေ၏။)

---

ဆူးစူးသည်ကို ဆူးဖြင့်ထွင်သလို ဖန်ဆင်းပြခြင်း

ရူပနန္ဒာသည် ရဟန်းမိန်းမတို့၏၎င်း ဒါယိကာမတို့၏၎င်း အထံမှ ဘုရားရှင်၏ ဂုဏ်ကျေးဇူးနှင့် စပ်သော စကားကို ကြားလျှင် ငါ့မောင်တော်ဘုရား၏ ဂုဏ်ကျေးဇူးကို အလွန်အကြူး ချီးမွမ်း ပြောဆိုကြကုန်သည်သာတည်း။ တနေ့ပတ်လုံး ငါ၏ရုပ်၌ အပြစ်ကိုပြောဆိုသော်လည်း အဘယ်မျှ လောက် ပြောဆိုနိုင်လတ္တံ့နည်း။ ငါသည် ရဟန်းမိန်းမတို့နှင့်အတူတကွသွား၍ မိမိကိုယ်ကို မပြုမူ၍ သာလျှင် ဘုရားရှင်ကိုဖူးမြင်၍ ထိုဘုရားရှင်၏ တရားတော်ကို နာပြီးမှလာရမူကား ကောင်းလေစွဟု ကြံစည်လေ၏။

ထိုရူပနန္ဒာသည် ငါကား ယနေ့တရားနာရာသို့ သွားပါအံ့ (လိုက်ပါအံ့) ဟု ရဟန်းမိန်းမတို့အား ပြောကြားလေ၏။ ရဟန်းမိန်းမတို့သည် ရူပနန္ဒာအား ဘုရားရှင်၏ အထံတော်သို့ ဆည်းကပ် ခစား ခြင်းငှါ သွားရောက်လိုသော ဆန္ဒဖြစ်သည်မှာ ကြာမြင့်လေစွတကား။ ယနေ့ ဘုရားရှင်သည် ရူပနန္ဒာကို အမှီပြု၍ အထူးထူးသော နည်းရှိသော ဆန်းကြယ်သော ဒေသနာကို ဟောကြား တော်မူလတ္တံ့ဟု နှစ်သက်သော စိတ်ရှိကြကုန်သည်ဖြစ်၍ ထိုရူပနန္ဒာကို ခေါ်လျက် ထွက်သွားကြ လေကုန်၏။ ရူပနန္ဒာသည် ထွက်သွားသော အခါမှစ၍ ငါကား မိမိကိုယ်ကို မပြပေအံ့ဟု ကြံစည်လေ၏။

မြတ်စွာဘုရားသည် ယနေ့ ရူပနန္ဒာသည် ငါဘုရားထံ ဆည်းကပ် ခစားခြင်းငှါ ရောက်လာလတ္တံ့ ထိုရူပနန္ဒာအား အဘယ်သို့ သဘောရှိသော တရားဒေသနာ သည် လျောက်ပတ်အံ့နည်းဟု ကြံဆင်ခြင်တော်မူလတ်သည်ရှိသော် ဤရူပနန္ဒာသည် ရုပ်အဆင်း၌ အလေးပြု၏။ အတ္တဘော၌ အားကြီးသော မြတ်နိုးခြင်း ရှိ၏။

ဆူးဖြင့် ဆူးကို နုတ်ထွင်ဘိသကဲ့သို့ ထိုရူပနန္ဒာအား ရုပ်ဖြင့်သာလျှင် ရုပ်၌ မာန်မူခြင်းမရှိအောင် ပြုခြင်းသည် လျောက်ပတ်အံ့ဟု ဆုံးဖြတ်ခြင်း ပြုတော်မူ၍ ထိုရူပနန္ဒာ၏ ကျောင်းတော်သို့ ဝင်လာ သောအခါ၌ အလွန်အဆင်းလှပသဖြင့် တဆဲ့ခြောက်နှစ်အရွယ်ရှိသော မိန်းမငယ်တယောက်ကို နီမြန်းသောအဝတ်ကို ဝတ်ဆင်လျက် အလုံးစုံသော တန်ဆာဖြင့် တန်ဆာဆင်အပ်သဖြင့် ယပ်ကို ကိုင်ကာ ကိုယ်တော်မြတ် အထံတော်၌ တည်လျက် ယပ်ခပ်နေဟန်ကို တန်ခိုး အာနုဘော် အစွမ်းဖြင့် ဖန်ဆင်းတော်မူအပ်၏။

ထိုဖန်ဆင်းအပ်သော မိန်းမကို ဘုရားရှင်သည်၎င်း မြင်တော်မူ၏။ ရူပနန္ဒာသည်လည်း မြင်ရလေ၏။ ကြွင်းသော သူတို့ကား မမြင်။ ရူပနန္ဒာသည် ရဟန်းမိန်းမတို့နှင့် အတူတကွ ကျောင်းတော်သို့ ဝင်လာ၍ ရဟန်းမိန်းမတို့၏ နောက်နံပါး၌ တည်လျက် ငါးပါးသော တည်ခြင်းဖြင့် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ရဟန်းမိန်းမတို့အကြား၌ နေသဖြင့် ခြေတော် ဖျားမှစ၍ ဘုရားရှင်ကို ကြည့်ရှု ဖူးမျှော်လတ်သည်ရှိသော် လက္ခဏာတော်ကြီး သုံးဆဲ့နှစ်ပါးတို့ဖြင့် ဆန်းကြယ်သော လက္ခဏာ တော်ငယ် ရှစ်ဆယ်တို့ဖြင့် ထွန်းတောက်ပခြင်းရှိသော တလံမျှသော ရောင်ခြည်တော်ဖြင့် ဝန်းရံအပ်သော မြတ်စွာဘုရား၏ ကိုယ်တော်ကို မြင်ရသဖြင့် လပြည့်ဝန်းကဲ့သို့ တင့်တယ်ခြင်း အသရေရှိသော မျက်နှာတော်ကို ကြည့်ရှုဖူးမျှော်နေစဉ် အနီး၌တည်သော မိန်းမငယ် ရုပ်အဆင်းကို မြင်ရလေ၏။

ထိုရူပနန္ဒာသည် မိန်းမငယ် ရုပ်အဆင်းကို ကြည့်၍ မိမိကိုယ်ကို ကြည့်လိုက်သည် ရှိသော် ရွှေဟင်္သာမင်း၏ ရှေ့၌ ကျီးမနှင့် တူစွာ မိမိကိုယ်ကို အောက်မေ့ မှတ်ထင်မိလေ၏။ တန်ခိုးဖြင့် ပြီးသော ရုပ်အဆင်းကို မြင်ရသောအခါမှစ၍ သာလျှင် ထိုရူပနန္ဒာ၏မျက်စိတို့သည် ချာချာလည် သကဲ့သို့ ဖြစ်ကုန်၏။

ထိုရူပနန္ဒာသည် ဤမိန်းမငယ်၏ ဆံပင်တို့သည် အလွန် တင့်တယ်လေစွ။ နဖူးပြင်သည် အလွန် တင့်တယ်လေစွ။ ဤသို့အလုံးစုံသောကိုယ် အစိတ်တို့၏ ရုပ်အဆင်းတင့်တယ်ခြင်းအသရေသည် ဆွဲငင်အပ်သော စိတ်ရှိရကား ထိုမိန်းမငယ်၏ ရုပ်အဆင်း၌ အားကြီးစွာသော ချစ်မြတ်နိုးခြင်း လည်းဖြစ်လေ၏။

---

ရုပ်အဆင်းတို့၏ အို နာ သေရေး ဒုက္ခဘေးတို့ကို ပြခြင်း

မြတ်စွာဘုရားသည် ထိုရုပ်အဆင်း၌ ရူပနန္ဒာ၏ အလွန်နှစ်ခြိုက် မွေ့လျော်သည်ကို သိတော်မူ သဖြင့် တရားဟောတော် မူလျက်သာလျှင် ထိုရုပ်အဆင်းကို တဆဲ့ခြောက်နှစ်အရွယ်ရှိသော အဖြစ်ကို လွန်မြောက်စေတော်မူ၍ အသက် နှစ်ဆယ်အရွယ်ရှိသည်ကို ပြုလုပ်ကာ ပြတော် မူလေ၏။

ရူပနန္ဒာသည် ကြည့်ရှုလျက် ဤ ရုပ်အဆင်းကား ရှေးနှင့် မတူတော့ပါတကားဟု အတန်ငယ် တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်လေ၏။ မြတ်စွာဘုရားသည် အစဉ်အားဖြင့်သာလျှင် မိန်းမ ငယ်၏ အဆင်းကို တကြိမ် သားဖွားသောမိန်းမအဆင်း အလယ်အလတ် ဖြစ်သော မိန်းမ၏ အဆင်း အိုမင်းရွတ်တူသော မိန်းမအိုကြီး၏ အဆင်း ဤသို့စသော အဆင်းရှိသည်ကို ပြုလုပ်ကာ ပြတော်မူလေ၏။

ထိုရူပနန္ဒာ ဘိက္ခုနီမသည်လည်း အစဉ်အားဖြင့်သာလျှင် ဤအရွယ် အဆင်းသည်လည်း ကွယ်ပျောက်ခဲ့လေပြီ တကား။ ဤအရွယ်အဆင်းသည်လည်း ကွယ်ပျောက်ခဲ့လေပြီ တကားဟု အတန်ငယ် အတန်ငယ် တပ်ခြင်း ကင်းသောစိတ် ရှိလေ၏။

အိုမင်းရွတ်တူသော အဆင်းရှိသည်ကို ပြသောကာလ၌ တပ်ခြင်းကင်းသည် ဖြစ်၍

  • သွားကျိုးသောမိန်းမအသွင်
  • ခေါင်းဖြူသောမိန်းမအသွင်
  • ခါးကိုင်းသော မိန်းမအသွင်
  • နံရိုးကျဲတဲ ကုန်းကွသောမိန်းမအသွင်
  • တောင်ဝှေးလျှင် အားထားစရာရှိသော မိန်းမအသွင်
  • တုန်တုန်ခိုက်ခိုက်ဖြစ်သော မိန်းမအသွင်ကို

မြင်ရလျှင် အလွန့်အလွန် တပ်ခြင်း ကင်းလေသတည်း။

ထိုအခါ ရူပနန္ဒာဘိက္ခုနီမအား ဘုရားရှင်သည် ထိုတန်ခိုးဖြင့် ဖန်ဆင်းသောမိန်းမကို အနာဖြင့် ပြင်းစွာနှိပ်စက်ဟန် ပြု၍ ပြတော်မူပြန်လေ၏။ ထိုဖန်ဆင်းအပ်သော မိန်းမသည် ထိုခဏ၌သာလျှင် တောင်ဝှေးနှင့် ထန်းရွက်ယပ်ဝန်းကို စွန့်ပစ်၍ သည်းစွာသော ငိုကြွေးမြည်တမ်းခြင်းကို မြည်တမ်း လျက် မြေ၌တိမ်းလဲစေပြီးလျှင် မိမိ၏ ကျင်ကြီးကျင်ငယ်၌ နစ်ကာ ထိုမှဤမှ အပြန်ပြန် လူးလှိမ့်ကာ နေရှာလေ၏။

ရူပနန္ဒာဘိက္ခုနီမသည် ထိုအခြင်းအရာကိုလည်း မြင်ရသဖြင့် အလွန့်အလွန် သာလျှင် တပ်ခြင်း ကင်းလေသတည်း။ မြတ်စွာဘုရားသည်လည်း ထိုဖန်ဆင်းအပ်သော မိန်းမ၏ သေသော အခြင်း အရာကို ပြတော်မူပြန်လေ၏။ ထို သေသော မိန်းမသည် ထိုခဏခြင်း၌သာလျှင် ဖူးဖူး ရောင်သည့် အဖြစ်သို့ ရောက်လေ၏။ ကိုးပါးသော အမာဝတို့မှ ပြည်ပုပ်အလုံးလိုက် အတောင့် လိုက်တို့သည်၎င်း ပိုးလောက်တို့သည်၎င်း ယိုထွက်လာကြလေကုန်၏။ ကျီးစသည် တို့သည် စည်းဝေးကုန်လျက် လုယက် ဆွဲငင်ကြ လေကုန်၏။

ထိုရူပနန္ဒာ ဘိက္ခုနီမသည်လည်း ထိုအခြင်းအရာကို ကြည့်ရှုလျက် ဤမိန်းမငယ်သည် ဤနေရာ၌ သာလျှင် အိုခြင်းသို့ရောက်၏။ နာခြင်းသို့ရောက်၏။ သေခြင်းသို့ ရောက်၏။ ဤငါ၏ အတ္တဘော တို့လည်း ဤအတူ သာလျှင် အိုခြင်း နာခြင်း သေခြင်း တို့သည် ရောက်လာကြကုန်လတ္တံ့ဟု ခန္ဓာကိုယ် အတ္တဘောကို အမြဲမရှိသောအားဖြင့် မြင်ရလေ၏။ အမြဲမရှိသောအားဖြင့် မြင်ရသော ကြောင့်သာလျှင် ဆင်းရဲသော အားဖြင့်၎င်း ကိုယ်မဟုတ်သော အားဖြင့်၎င်း မြင်ရသည် သာလျှင်တည်း။

---

ရူပနန္ဒာ သောတာပန်တည်ခြင်း

ထိုအခါ၌ ရူပနန္ဒာ ဘိက္ခုနီမအား သုံးပါးသော ဘုံဘဝတို့သည် ထိန်ထိန် တောက်လောင်ကုန် ဘိသကဲ့သို့၎င်း လည်ပင်း၌ ဖွဲ့အပ်ဆွဲငင်အပ်သော အကောင် ပုပ်ကဲ့သို့၎င်း ထင်လာကုန်၏။ ကမ္မဋ္ဌာန်းသို့ ရှေးရှု စိတ်သည် ပြေးဝင်လေ၏။ ဘုရားရှင်သည်လည်း ထိုရူပနန္ဒာ၏ အမြဲမရှိသော အားဖြင့် မြင်သည့် အဖြစ်ကို သိတော်မူ၍ အလိုလိုသာလျှင် မိမိ၏ ထောက်ရာတည်ရာကို ပြုခြင်းငှါ တတ်နိုင် ကောင်းအံ့လောဟု ကြည့်ရှုတော် မူလတ်သည်ရှိသော် မတတ်နိုင်ပေလတ္တံ့။ အပမှ အကြောင်းကို ရခြင်းငှါ သင့်၏ဟု ကြံေတော်မူ၍ ထိုရူပနန္ဒာအား လျောက်ပတ်သော အစွမ်းဖြင့် တရားစကား ဟောကြားမြွက်ဟ ပြတော် မူလိုရကား ဤဂါထာတို့ကို မိန့်တော်မူလေ၏။

အာတုရံ အသုစိံ ပူတိံ၊ ပဿ နန္ဒေ သမုဿယံ။ ဥဂ္ဃရန္တံ ပဂ္ဃရန္တံ၊ ဗာလာနံ အဘိပတ္ထိတံ။ ယထာ ဣဒံ တထာဧတံ၊ ယထာဧတံ တထာဣဒံ။ ဓာတုတော သုညတော ပဿ၊ မာ လောကံ ပုနရာ ဂမိ။ ဘဝေ ဆန္ဒံ ဝိရာဇေတွာ၊ ဥပသန္တော စရိဿတိ။

  • နန္ဒေ၊ ရူပနန္ဒာ။
  • အာတုရံ၊ အမြဲအစဉ် နာကျင်လေ့ ရှိသော။
  • အသုစိံ၊ မစင်ကြယ်သော။
  • ပူတိံ၊ အပုပ်အတိဖြစ်သော။
  • ဥဂ္ဃရန္တံ၊ အထက်ဒွါရတို့မှ ဖိတ်ဝေ လျှံတက် အန်ထွက်လျက်ရှိသော။
  • ပဂ္ဃရန္တံ၊ အောက်ဒွါရတို့မှ ယိုစီးကျဆင်းလျက် ရှိသော။
  • ဗာလာနံ၊ ပညာမျက်စိ မရှိစုံကန်း လူသရမ်းတို့သည်။
  • အဘိပတ္ထိတံ၊ တောင့်တမပျက် အလွန် နှစ်သက်အပ်သော။
  • သမုဿယံ၊ ရွံဖွယ်အပေါင်း စုဆောင်းလှောင်သို ကိုယ်ခန္ဓာကြီးကို။
  • ပဿ၊ ကြည့်ရှုလေလော့။
  • ဣဒံ၊ ဤအတ္တဘောကို။
  • ဓာတုတော၊ ဓာတ်အားဖြင့်။
  • သုညတော၊ ဆိတ်သောအားဖြင့်။
  • ပဿေယျယထာ၊ ရှုရာသကဲ့သို့။
  • တထာ၊ ထို့အတူ။
  • ဧတံ၊ ထို အတ္တဘောကို။
  • ပဿ၊ ရှုလော့။
  • ဧတံ၊ ထိုအတ္တဘောကို။
  • ဓာတုတော၊ ဓာတ် အားဖြင့်။
  • သုညတော၊ ဆိတ်သောအားဖြင့်။
  • ပဿေယျယထာ၊ ရှုရာသကဲ့သို့။
  • တထာ၊ ထို့အတူ။
  • ဣဒံ၊ ဤအတ္တဘောကို။
  • ပဿ၊ရှုလော့။
  • ပုန၊ တဖန်။
  • လောကံ၊ လောကသို့။
  • မာအာဂမိ၊ မရောက်လာစေလင့်။
  • ဘဝေ၊ ဘဝသုံးပါး၌။
  • ဆန္ဒံ၊ နှစ်သက်ခြင်းဆန္ဒကို။
  • ဝိရာဇေတွာ၊ တပ်ခြင်းကင်းစေ၍။
  • ဥပသန္တော၊ ငြိမ်းလျက်။
  • စရိဿတိ၊ ကျင့်ရလတ္တံ့။
  • ဝါ၊ နိဗ္ဗာန်ထုတ်ချောက် ရောက်ရလတ္တံ့ ။

ဘုရားရှင်သည် နန္ဒာမည်သော ရဟန်းမိန်းမကို အကြောင်းပြု၍ ဤသုတ္တန်ကို (ဤဂါထာတို့ကို) ဟောတော်မူလေပြီ။ ဤသို့လျှင် နန္ဒာမည်သော ဘိက္ခုနီမသည် ဒေသနာတော်သို့ အစဉ် လျှောက်၍ ဉာဏ်ကို စေလွှတ်သဖြင့် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။

ထိုမှ နောက်၌ ရူပနန္ဒာအား အထက်၌ ဖြစ်သော သုံးပါးသော မဂ်ဖိုလ်တို့အတွက် ဝိပဿနာ သုံးသပ်ပွားထုံခြင်း အကျိုးငှါ သုညတ ကမ္မဋ္ဌာန်းကို ဟောကြားတော်မူလို၍ နန္ဒာ ဤကိုယ်၌ အနှစ်ရှိ၏ဟု အမှတ်ကို မပြုလင့်။ ဤကိုယ်၌ အနည်းငယ်မျှလည်းဖြစ်သော အနှစ်သည်မရှိပေ။ ဤခန္ဓာ ကိုယ်သည် သုံးရာသောအရိုးတို့ကို စိုက်ထောင်၍ ပြုအပ်သော အရိုးစုမြို့ကြီးဖြစ်ပေ၏ဟု ဟောကြားတော်မူလို၍ ဤဂါထာကို မိန့်တော်မူလေ၏။

---

ဒေသနာတော်

၁၅၀။ အဋ္ဌီနံ နဂရံ ကတံ၊ မံသလောဟိတလေပနံ။ ယတ္ထ ဇရာစ မစ္စူစ၊ မာနော မက္ခောစ ဩဟိတော။

  • အဋ္ဌီနံ၊ စိုက်ထောင်အပ်သော အရိုးတို့ကို။
  • (နှာရုဝိနဒ္ဓံ၊ အကြောတို့ဖြင့် ချည်တုပ်လျက်)
  • မံသလောဟိတလေပနံ၊ အသားအသွေးတို့ဖြင့် လိမ်းကျံခြင်းရှိသော။
  • နဂရံ၊ ခန္ဓာအိမ်ကို။
  • ကတံ၊ ဆောက်လုပ်အပ်၏။
  • ယတ္ထ၊ ယင်းခန္ဓာအိမ်၌။
  • ဇရာစ၊ အိုခြင်းသည်၎င်း။
  • မစ္စုစ၊ သေခြင်းသည်၎င်း။
  • မာနောစ၊ မာန်ထောင်လွှားခြင်းသည်၎င်း။
  • မက္ခောစ၊ ကျေးဇူး ချေဖျက်ခြင်းသည်၎င်း။
  • ဩဟိတော၊ သက်ဝင်အရှည် ပေါင်းစုတည်၏။
---

ဒေသနာတော်၌မှတ်ဖွယ်

[ကောက်ပဲ စသည်တို့ကို လှောင်ထားရန် သစ်သားတိုင်စိုက်၍ နွယ်တို့ဖြင့် ချည်တုပ်သဖြင့် မြေညက်ဖြင့် လိမ်းကျံပြီးလျှင် ကျီကျဟူသော အပအိမ်ကို ဆောက်လုပ်ကြသကဲ့သို့ ထို့အတူ ကိုယ်တွင်း၌လည်း အရိုးပေါင်း သုံးရာတို့ကို တိုင်ထူစိုက်၍ အကြောကိုးရာတို့ဖြင့် တုပ်နှောင်ချည်ဖွဲ့ သဖြင့် အသားတစ်ကိုးရာနှင့်တကွသော သွေးရဲရဲတို့ဖြင့် လိမ်းကျံပြီးလျှင် အပေါ် အရေပါးဖြင့် ဖုံးလွှမ်းအပ်သော ခန္ဓာကိုယ် အတ္တဘောအိမ်ကိုလည်း ယိုယွင်း ဆွေးမြည့်ခြင်း လက္ခဏာရှိသော ဇရာကို၎င်း အသက်စွန့်ပစ်ရခြင်း လက္ခဏာ ရှိသော မစ္စု (မရဏ) ကို၎င်း ပြည့်စုံခြင်း စသည်ကိုစွဲ၍ မူးယစ် ထောင်လွှားခြင်း လက္ခဏာရှိသော မာနကို၎င်း ကောင်းစွာပြုစုဖူးသော သူတပါး၏ ကျေးဇူးကို ချေဖျက်ခြင်းလက္ခဏာရှိသော မက္ခဟူသော တရားဆိုးကို၎င်း သိုလှောင် သိမ်းဆည်း ထားဘို့ရန် ဆောက်လုပ်ရလေ၏။ ထိုစကားမှန်၏။ ဤခန္ဓာအိမ်၌ ဤသို့သဘောရှိသော ကိုယ်အနာ စိတ်အနာသည်သာလျှင် စုပေါင်းကာ တည်နေလေ၏။ သည်ထက်အလွန် ယူစရာ ရစရာ တစုံတရာ ဘာမျှမရှိ ဟူလို။]

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ရူပနန္ဒာ ထေရီမသည် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ လူများ အပေါင်း အားလည်း အကျိုးရှိသော တရားဒေသနာဖြစ်တော်မူလေ၏။

ဇနပဒကလျာဏီရူပနန္ဒာထေရီမဝတ္ထုပြီး၏၊

---

၆ - မလ္လိကာမိဖုယားဝတ္ထု

ဇီရန္တိဝေ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် မလ္လိကာမိဖုယားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

မလ္လိကာမိဖုယား၏ မကောင်းမှု

မလ္လိကာ မိဖုယားသည် တနေ့သ၌ ရေချိုးအိမ်သို့ ဝင်၍ မျက်နှာသစ်ပြီးလျှင် အောက်သို့ ညွတ်ကိုင်းသော ကိုယ်ရှိသဖြင့် သလုံးမြင်းခေါင်းကို ရေဆေးခြင်းငှါ အားထုတ်လေ၏။ ထိုမလ္လိကာ မိဖုယား နှင့်လည်း အတူတကွ သာလျှင် ဝင်လိုက်လာသော အကျွမ်းဝင်သော ခွေးတကောင်သည် ရှိ၏။ ထိုခွေးသည် မိဖုယားကို ထိုအခြင်းအရာဖြင့် အောက်သို့ ညွှတ်ကိုင်းသည်ကို မြင်ရလျှင် မသူတော်တို့၏ ပေါင်းသင်းဆက်ဆံခြင်းကို ပြုခြင်းငှါ အားထုတ်လေ၏။

မလ္လိကာမိဖုယားသည် အတွေ့ကို သာယာလျက် တည်နေလေ၏။ ကောသလ မင်းကြီး သည်လည်း ပြာသာဒ်အထက်၌ တည်နေလျက် လေသာနန်းပြုတင်းဖြင့် ကြည့်ရှုသည်ရှိသော် ထိုအခြင်းအရာကို တွေ့မြင်ရခြင်းကြောင့် ရေချိုးအိမ်မှ ပြန်တက်လာသောအခါ အယုတ်တမာမ၊ ပျက်စီးလေတော့လော့၊ အဘယ့်ကြောင့် ဤသို့သဘောရှိသောအမှုကို ပြုဘိသနည်းဟု ဆိုလေ၏၊

အရှင်မင်းကြီး အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါသနည်းဟု ဆိုလတ်သော် သင်သည် ခွေးနှင့် တကွ ရောယှက်ဘိ၏ ဟု ဆိုလေ၏၊ အရှင်မင်းကြီး ဤအမှုပြုခြင်းသည် မရှိရပါဟု ဆိုသော် ငါသည် ကိုယ်တိုင်မြင်အပ်၏၊ သင်၏စကားကို ငါမယုံနိုင်၊ အယုတ်တမာမ ပျက်စီးလေတော့လော့ ဟု ဆိုပြန်လေ၏။

မြတ်သောမင်းကြီး အမှတ်မရှိ တယောက်ယောက်သော သူသည် ဤရေချိုးအိမ်သို့ ဝင်သည် ရှိသော် ဤလေသာ ပြုတင်းပေါက်ဖြင့် ကြည့်ရှုသောသူအား တယောက် ထည်းပင်လျှင် နှစ်ယောက် အားဖြင့် ထင်တတ်၏ဟု မဟုတ်မမှန်သော စကားကို ပြောကြားလေ၏၊ အရှင်မင်းကြီး အကျွန်ုပ်၏ စကားကို အကယ်၍ မယုံသည်ဖြစ်အံ့ ဤရေချိုးအိမ်သို့ ဝင်လော့။ အကျွန်ုပ်သည် ရှင်မင်းကြီးကို ဤလေသာ ပြုတင်းဖြင့် ကြည့်ရှုပါအံ့ဟု ဆိုသည်ရှိသော် မင်းကြီးသည် တွေဝေသော သဘောရှိသည်ဖြစ်၍ ထိုမလ္လိကာ၏စကားကို ယုံကြည်သဖြင့် ရေချိုးအိမ်သို့ဝင်လေ၏၊

ထိုမလ္လိကာ မိဖုယား သည်လည်း လေသာနန်းပြုတင်း၌ ရပ်၍ကြည့်ရှုလျက် လွန်စွာ မိုက်လှသော မင်းကြီး အဖို့ကြောင့် ဆိတ်မနှင့် အတူတကွ ဤသို့ ပေါင်းသင်း ဆက်ဆံခြင်းကို ပြုလုပ်ဘိ သနည်းဟု ဆိုလေ၏၊ မင်းကြီးသည်လည်း မလ္လိကာမိဖုယား ငါကား ဤသို့သဘော ရှိသောအမှုကို မပြုရပါဟု ဆိုလတ်သော်လည်း ငါသည် ကိုယ်တိုင်မြင်ရ၏၊ သင့်စကားကိုငါမယုံနိုင်ဟုဆိုလေ၏၊

ထိုစကားကိုကြားလျှင် မင်းကြီးသည် မချွတ်ဧကန် ဤရေချိုးအိမ်သို့ ဝင်သည်ရှိသော် တယောက် ထည်းပင်လျင် နှစ်ယောက်အားဖြင့် ထင်တတ်၏ဟု ယုံကြည်မိလေ၏၊ မလ္လိကာမိဖုယားသည် ဤ မင်းကြီးကား အလွန် မိုက်မဲ တွေဝေသောကြောင့် ငါလှည့်စားသည်ကို ခံရရှာလေ၏၊ ငါသည် မကောင်းမှုကို ပြုမိချေပြီ၊ ဤမင်းကြီးကိုလည်း မဟုတ်မမှန်သော အားဖြင့် စွပ်စွဲမိချေပြီ။ ငါ၏ အမှုကို မြတ်စွာဘုရား သည်လည်း သိတော်မူလတ္တံ့။ နှစ်ပါးသော အဂ္ဂသာဝကတို့သည်၎င်း ရှစ်ကျိပ်သော မဟာသာဝက တို့သည်၎င်း သိတော်မူကြကုန်လတ္တံ့။ ငါသည် အလွန်တရာ ဝန်လေး စွာသောအမှုကို ပြုမိလေစွတကားဟု နောင်တပူပန် ကြံအောက်မေ့ရ ရှာလေသတည်း။

---

မလ္လိကာ မိဖုယား ငရဲခံရခြင်း

ဤမလ္လိကာမိဖုယားကြီးသည် ပဿေနဒီ ကောသလမင်းကြီး၏ အတုမရှိသော အသဒိသ အလှူကြီးကို ပေးလှူရာ၌ အဖော်ဖြစ်ဖူးလေ၏၊ ထိုအသဒိသ ဒါနအလှူကြီး၌လည်း တနေ့တည်း၌ ပြုအပ်သော စွန့်ကြဲခြင်းသည် ဥစ္စာတဆဲ့လေးကုဋေ ထိုက်တန်လေ၏။ မြတ်စွာဘုရား အလို့ငှါ လှူဒါန်းသော ထီးဖြူ ထိုင်တော်မူရာပလ္လင် သပိတ်ခြေ ခြေဆေးအင်းပျဉ် ဤလေးပါးသော အလှူ ဝတ္ထုတို့သည်လည်း အဘိုး မပြတ်နိုင်အောင် ထိုက်တန်ကုန် သည်သာလျှင် ဖြစ်ကုန်၏၊

ထိုမလ္လိကာ မိဖုယားကြီးသည် သေခါနီးသောကာလ ဤသို့သဘောရှိသော များစွာသော စွန့်ကြဲ လှူဒါန်းခြင်းကို မအောက်မေ့မိ နိုင်ရှာသဖြင့် ထိုမကောင်းမှုကံကိုသာ အောက်မေ့လျက် စုတေ့မနေ ကွယ်လွန်လေသော် အဝီစိငရဲ၌ ဖြစ်ရရှာလေ၏၊

ပဿေနဒီ ကောသလမင်းကြီးသည်ကား ထိုမလ္လိကာ မိဖုယားကြီးအပေါ်၌ အလွန်လျှင် ချစ်မြတ်နိုး လေ၏၊ ထိုမင်းကြီးသည် ကြီးစွာသော စိုးရိမ်ခြင်း နှိပ်စက်အပ်သည်ဖြစ်၍ မလ္လိကာမိဖုယား၏ အလောင်းကောင် သင်္ဂြိုဟ်ခြင်းကိစ္စကို ပြုစေပြီးလျှင် မလ္လိကာ မိဖုယား၏ ဖြစ်ရာအရပ်ကို မေးမြန်း လျှောက်ထားဦးအံ့ဟု ဘုရားရှင်၏ အထံတော်သို့ သွားလေ၏၊

ဘုရားရှင်သည် အကြင် အခြင်းအရာဖြင့် ပြုသည်ရှိသော် ကောသလမင်းကြီးသည် လာခြင်း အကြောင်းကို သတိမရ ထိုအခြင်းအရာဖြင့် ပြုတော်မူလေ၏၊ ကောသလ မင်းကြီးသည် မြတ်စွာဘုရား၏ အထံတော်၌ မှတ်သား အောက်မေ့ထိုက်သော တရားစကားကို ကြားနာပြီးလျှင် နန်းတော်သို့ ဝင်သောကာလ၌ အောက်မေ့မိ၍ အချင်းလုလင်တို့ ငါသည် မလ္လိကာမိဖုယား၏ ဖြစ်ရာအရပ်ကို မေးမြန်းအံ့ဟု ဘုရားရှင်၏ အထံတော်သို့သွားလေရာ မေ့လျော့ခဲ့လေ၏။

နက်ဖြန်မူကား မေးဖြစ်အောင်မေးအံ့ဟုဆို၍ တဖန် မိုးသောက်သော နေ့၌လည်း သွားပြန်လေ၏။ ဘုရားရှင်သည်လည်း အစဉ်အတိုင်း အားဖြင့် ခုနစ်ရက်တို့ပတ်လုံး ကောသလမင်းကြီး သတိ မရအောင် ပြုတော်မူလေ၏။

---

ငရဲမှလွတ်၍ တုသိတာ၌ဖြစ်ခြင်း

မလ္လိကာမိဖုယား သည်လည်း ခုနစ်ရက်ပတ်လုံးသာလျှင် ငရဲ၌ ကျက်ရခံရ၍ ရှစ်ရက်မြောက်သော နေ့၌ ထိုအဝီစိငရဲမှ စုတေလတ်သည်ရှိသော် တုသိတာ နတ်ပြည်၌ ဖြစ်လေ၏၊

[အဘယ့်ကြောင့် ကောသလမင်းကြီးအား ဘုရားရှင်သည် သတိမရသည့်အဖြစ်ကို ပြုတော်မူဘိ သနည်း ဟူမူကား ထိုကောသလမင်းကြီးသည် မလ္လိကာမိဖုယားအား အလွန်လျှင် ချစ်ခင်မြတ်နိုး ခြင်းနှလုံးကို ပွားစေခြင်း ဖြစ်လေသတတ်။ ထို့ကြောင့် မလ္လိကာ မိဖုယား၏ ငရဲ၌ ဖြစ်ရသည့် အဖြစ်ကို ကြားသိရလျှင် ဤသို့သဘောရှိသော ကြည်ညိုခြင်း နှင့်ပြည့်စုံသော မလ္လိကာသည် အဝီစိငရဲ၌ အကယ်၍ ဖြစ်ခဲ့ငြားအံ့ အလှူကိုပေးလှူ၍ အဘယ်ကိုပြုလုပ် ရတော့အံ့နည်းဟု မှားသောအယူကိုယူသဖြင့် ငါးရာသော ရဟန်းတို့အား အိမ်တော်၌ဖြစ်သော အမြဲ နိစ္စဘတ် ဆွမ်းဝတ်ကို ယုတ်စေပြီးလျှင် ငရဲ၌ ဖြစ်လေရာ၏]။

ထို့ကြောင့် ကောသလမင်းကြီးအား ဘုရားရှင်သည် ခုနစ်ရက်ပတ်လုံး သတိမရသည့် အဖြစ်ကို ပြုတော်မှု၍ ရှစ်ရက်မြောက်သောနေ့၌ ဆွမ်းအလို့ငှါ လှည့်လည်တော် မူလတ်သည်ရှိသော် ကိုယ်တော်တိုင် သာလျှင် မင်းအိမ်တံခါးသို့ ကြွသွားတော်မူလေ၏။ ကောသလမင်းကြီးသည် ဘုရားရှင် ကြွလာတော်မူ၏ဟု ကြားရလျှင် သပိတ်ကိုယူ၍ ပြာသာဒ်သို့ တက်စိမ့်သောငှါ အားထုတ် လေ၏။

ဘုရားရှင်သည် ရထားတင်းကုပ်၌ နေထိုင်ခြင်းငှါ အခြင်းအရာကို ပြတော်မူ၏။ ကောသလ မင်းကြီးသည် ဘုရားရှင်ကို ထိုရထားတင်းကုပ်၌သာ နေစေပြီးလျှင် ယာဂု ခဲဖွယ်ဖြင့် အမြတ်တနိုး ပြု၍ လှူဒါန်း ဆက်ကပ်၍ ရှိခိုးကာ နေလျက်သာလျှင် မြတ်စွာဘုရား တကာတော်သည် မလ္လိကာမိဖုယား၏ ဖြစ်ရာအရပ်ကို မေးမြန်း လျှောက်ထားအံ့ဟု လာပါသော်လည်း မေ့လျော့ ခဲ့ပါသည်။ ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား ထိုမလ္လိကာသည် အဘယ်အရပ်၌ ဖြစ်ရပါ သနည်းဘုရားဟု မေးမြန်းလတ်သော် မြတ်သောမင်းကြီး တုသိတာနတ်ပြည်၌ ဖြစ်လေပြီဟု မိန့်တော်မူလေ၏။

---

ကောသလမင်းကြီး ဝမ်းသာဝမ်းနည်းခြင်း

ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား မလ္လိကာ မိဖုယားသည် တုသိတာနတ်ပြည်၌ မဖြစ်သည်ရှိသော် တပါးသော အဘယ်သူသည် ဖြစ်နိုင်ပါအံ့နည်းဘုရား မြတ်စွာဘုရား မလ္လိကာ နှင့်တူသော မိန်းမသည် မရှိပါဘုရား၊ ထိုမလ္လိကာအား ထိုင်ရာ ထရာ စသည်တို့၌ နက်ဖြန် မြတ်စွာဘုရားအား ဤအလှူ ဝတ္ထုကို လှူဒါန်းအံ့ ဤကောင်းမှုကို ပြုလုပ်အံ့ဟု ဤလှူဒါန်းရန် စီရင်ခြင်းကို ဖယ်ထား၍ အခြားသောကိစ္စပင် မရှိပါဘုရား။

မြတ်စွာဘုရား ထိုမလ္လိကာ၏ ဘဝတပါး ပြောင်းသွားလေသော အခါကာလမှစ၍ တပည့်တော်၏ ခန္ဓာကိုယ်ကြီးသည် ဘာကိုမျှ မရွက်ဆောင်တတ် မပြုလုပ်တတ်တော့ပါ ဘုရားဟု လျှောက်ထား ရှာလေ၏။ ထိုအခါ ကောသလမင်းကြီးကို ဘုရားရှင်သည် မြတ်သော မင်းကြီး ထွေထွေရာရာ မကြံစည်လေလင့် ဤသေခြင်းသဘောသည် အလုံးစုံသော သတ္တဝါတို့အား မြဲသောသဘော ဖြစ်ပေ၏ဟု မိန့်တော်မူ၍ မြတ်သော မင်းကြီး ဤရထားသည် အဘယ်သူ၏ရထား ဖြစ်သနည်းဟု မေးတော်မူလေ၏။

ထိုစကားကိုကြားရလျှင် ကောသလမင်းကြီးသည် ဦးခေါင်းထက်၌ လက်အုပ်ကို တင်ချီလျက် မြတ်စွာဘုရား တပည့်တော်၏ ဘိုးတော် မင်းတရားကြီး၏ ရထား ဖြစ်ပါသည်ဘုရားဟု လျှောက်လေ၏။

ဤရထားကား အဘယ်သူ၏ ရထားနည်းဟု မေးပြန်လျှင် မြတ်စွာဘုရား တပည့်တော်၏ အဘ ခမည်းတော် မင်းတရား၏ ရထားပါဘုရားဟု လျှောက်ပြန်လေ၏။

ဤရထားကား အဘယ်သူ၏ ရထားနည်း ဟု မေးပြန်လျှင် မြတ်စွာဘုရား ဤရထားကား တပည့်တော်၏ ရထားပါဘုရား ဟု လျှောက်ကြားလေ၏၊

ဤသို့ လျှောက်ကြားလတ်သည်ရှိသော် ဘုရားရှင်သည် မြတ်သောမင်းကြီး သင့်ဘိုးတော်၏ ရထားသည် အဘယ် အကြောင်းကြောင့် သင့်ခမည်းတော်၏ ရထားသို့ မရောက်လေဘိသနည်း။ သင့်ခမည်းတော်၏ ရထားသည် အဘယ် အကြောင်းကြောင့် သင်၏ရထားသို့ မရောက်လေဘိ သနည်းဟု မိန့်တော်မူပြီးလျှင် -

ဤသို့သဘောရှိသည် မည်သော သစ်သားတုံး၏ သော်လည်း ဆွေးမြည့်ခြင်းသို့ ရောက်ရဘိသေး၏၊ ထိုခန္ဓာကိုယ် အတ္တဘောကား အဘယ်မှာ ဆိုဖွယ်ရာ ရှိတော့အံ့နည်း၊ မြတ်သောမင်းကြီး သူတော်ကောင်းတရား တခုအားသာလျှင် အိုမင်းဆွေးမြည့်ခြင်း မရှိ။ သတ္တဝါတို့အားကား မအိုမင်း မဆွေးမြည့် ခြင်း သဘောမည်သည် မရှိဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

---

ဒေသနာတော်

၁၅၁။ ဇီရန္တိ ဝေ ရာဇရထာ သုစိတ္တာ၊ အထော သရီရံပိ ဇရံ ဥပေတိ။ သတဉ္စ ဓမ္မော နဇရံ ဥပေတိ၊ သန္တော ဟဝေ သဗ္ဘိ ပဝေဒယန္တိ။

  • သုစိတ္တာ၊ ရတနာခုနစ်ပါး စသည်တို့ဖြင့် အလွန်ဆန်းကြယ်ကုန်သော။
  • ရာဇ ရထာ၊ မင်းစီးရထားတို့သည်။
  • ဝေ၊ စင်စစ်။
  • ဇီရန္တိ၊ ဆွေးမြည့်ကုန်၏။
  • အထော၊ ထိုမှတပါး။
  • သရီရံပိ၊ ခန္ဓာကိုယ်သည်လည်း။
  • ဇရံ၊ ဆွေးမြည့်ခြင်းသို့။
  • ဥပေတိ၊ ရောက်၏။
  • သတံ၊ သူတော်ကောင်းတို့၏။
  • ဓမ္မောစ၊ ကိုးပါးသော လောကုတ္တရာ တရားသည်ကား။
  • ဇရံ၊ ဆွေးမြည့်ခြင်းသို့။
  • နဥပေတိ၊ မရောက်။

[ချမ်းသာကိုသာ သန်သန်မာမာ ပျိုနုလျက် ဆောင်ရွက်တက်၏၊ ဖောက်ပြန် အိုမင်း ညှဉ်းပန်းခြင်း ကို မပြုတတ် ဟူလို]။

  • ဧဝံ၊ ဤသို့။
  • သန္တော၊ သူတော်ကောင်းတို့သည်။
  • သဗ္ဘိ၊ သူတော်ကောင်းတို့နှင့်။
  • ဟဝေ၊ စင်စစ်။
  • ပဝေဒယန္တိ၊ ပြောဟောကြကုန်၏။
---

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏ ။

မလ္လိကာမိဖုယားဝတ္ထု ပြီး၏။

---

၇ - လာဠုဒါယီမထေရ် ဝတ္ထု

အပ္ပဿုတာယံ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် လာဠုဒါယီမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

မဆိုင်သောတရား ဟောကြားခြင်း

ထိုလာဠုဒါယီမထေရ်ကား မင်္ဂလာပြုကုန်သောသူတို့၏အိမ်သို့ ရောက်သွား လျှင် “တိရောကုဋ္ဋေသု တိဋ္ဌန္တိ” အစရှိသောနည်းဖြင့် မင်္ဂလာမရှိသော ပေတဝတ္ထု တရားစသည်တို့ကို ဟောကြားလေ၏၊ မင်္ဂလာမရှိသည်ကို ပြုကုန်သော သူတို့၏ အိမ်သို့ ရောက်သွားလျှင် တိရောကုဋ္ဋသုတ် စသည်တို့ကို ဟောအပ်ကုန်လျက် “ဒါနဉ္စ ဓမ္မစရိယာစ” အစရှိသောနည်းဖြင့် မင်္ဂလာ စကားကို၎င်း၊ “ယံကိဉ္စိ ဝိတ္တံ ဣဓဝါဟုရံဝါ” အစရှိသော ရတနသုတ်ကို၎င်း ဟောကြားလေ၏၊

ဤသို့လျှင် ထိုထိုသောနေရာတို့၌ တပါးသော တရားစကားကို ဟောကြားအံ့ဟု ကြံ၍ တပါးသော တရားစကားကို ဟောကြားမိသော်လည်း ငါသည် မစပ်မဆိုင် ဟောကြားမိ၏ ဟု မသိတတ် ရဟန်းတို့သည် ထိုလာဠုဒါယီ၏ တရားစကားကို ကြားရလျှင် မြတ်စွာဘုရားအား ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား အသို့ပါနည်း မင်္ဂလာရှိသောနေရာ မင်္ဂလာမရှိသော နေရာတို့၌ လာဠုဒါယီ မထေရ် ရောက်သွားသည် ရှိသော် တပါးသောတရားကို ဟောအပ်လျက် တပါးသော တရားကို ဟောပါသည် ဘုရားဟု နားတော် လျှောက်ကြလေကုန်၏၊

ဘုရားရှင်သည် ချစ်သားရဟန်းတို့ ထိုလာဠုဒါယီ မထေရ်ကား ယခုသာလျှင် ဤသို့ဟောသည် မဟုတ်သေး။ ရှေး၌လည်း တပါးသောစကားကို ဆိုအပ်လျက် တပါးသော စကားကို ဆိုဖူးပြီဟု မိန့်တော်မူ၍ လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလေ၏။

---

နွားတောင်းဂါထာ သင်ယူခြင်း

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် အဂ္ဂိဒတ္တ အမည်ရှိသော ပုဏ္ဏား၏ သားဖြစ်သော သောမဒတ္တ အမည်ရှိသော သတို့သားသည် မင်းကြီးကို ခစားလေသတတ်။ ထိုသောမဒတ္တကို မင်းကြီးသည် ချစ်မြတ်နိုးအပ်၏။ နှလုံးကို ပွားစေအပ်၏။ အဂ္ဂိဒတ္တ ပုဏ္ဏားကြီးသည်ကား လယ်ထွန်ခြင်းအမှုကို အမှီပြု၍ အသက်မွေး၏။

ထိုပုဏ္ဏားကြီးအား နွားနှစ်ကောင်တို့သည် ရှိကုန်၏။ ထိုနွားနှစ်ကောင် တို့တွင် နွားတကောင်သည် သေရှာလေ၏။ ပုဏ္ဏားကြီးသည် သားကို ချစ်သား သောမဒတ္တ မင်းကြီးကို ငါ့အဖို့တောင်း၍ နွားတကောင် ဆောင်ခဲ့ချေလော့ဟု ဆိုလေ၏။

သောမဒတ္တသည် ငါကား မင်းကြီးကို အကယ်၍ တောင်းသည်ဖြစ်အံ့ ငါ၏ပေါ့လျော့သော အဖြစ်သည် ထင်ရှားလတ္တံ့ ဟုကြံ၍ ဖခင် ဖခင်တို့သည်သာလျှင် မင်းကြီးကို တောင်းကြပါကုန် လော့ဟုဆိုသဖြင့် ထိုသို့ဖြစ်မူ ငါ့သား ငါ့ကိုခေါ်ယူ၍ သွားချေလော့ဟု ဆိုသည်ရှိသော် ဤသို့ ကြံလေ၏။

ဤပုဏ္ဏားကြီးကား နုန့်သောပညာ ရှိ၏။ ရှေ့သို့တက်လော့ နောက်သို့ဆုတ်လော့ ဟူသော စကား မျှကိုလည်းမသိ။ တပါးသော စကားကို ပြောဆိုအပ်လျက် တပါးသော စကားကိုသာ ယောင်မှား ပြောဆိုတတ်၏။ ထိုဖခင်ပုဏ္ဏားကြီးကို သင်ပေးပြီးမှသာ ဆောင်ပေအံ့ဟုကြံပြီးလျှင် သောမဒတ္တ သည် ဖခင်ပုဏ္ဏားကြီးကိုခေါ်၍ ဗီရဏတ္ထမ္ဘက အမည်ရှိသော သုသာန်သို့သွား၍ မြက်စည်းတို့ကို ဖွဲ့စည်းပြီးလျှင် ဤမြက်စည်းကား မင်းကြီး၊ ဤမြက်စည်းကား အိမ်ရှေ့မင်း။ ဤမြက်စည်းကား စစ်သူကြီးဟု ပြုလုပ်သဖြင့် အစဉ်အတိုင်း ဖခင်ပုဏ္ဏားကြီးအား ပြပြီးသည် ရှိသော် သင်ဖခင်တို့သည် မင်းအိမ် နန်းတော်သို့ ရောက်လျှင် ဤသို့ ရှေ့သို့ တက်အပ်၏။ဤသို့ နောက်သို့ ဆုတ်အပ်၏။

မင်းကြီးကို ဤသို့မည်သည် သံတော်ဦးတင်အပ်၏။ အိမ်ရှေ့မင်းကို ဤသို့လျှောက်တင်အပ်၏။ မင်းကြီးသို့ ချဉ်းကပ်မိလျှင် ဇယတု မဟာရာဇ မြတ်သောမင်းကြီး အောင်တော်မူပါစေသတည်း ဟုဆို၍ ဤဂါထာကို ရွတ်ဆိုသဖြင့် နွားကို တောင်းကြပါကုန်လော့ဟု သင်ပေးပြီးမှ ဂါထာကို သင်ယူစေလေ၏။

ဒွေ မေ ဂေါဏာ မဟာရာဇ၊ ယေဟိ ခေတ္တံ ကသာမသေ။ တေသု ဧကော မတော ဒေဝ၊ ဒုတိယံ ဒေဟိ ခတ္တိယ။

  • မဟာရာဇ၊ မြတ်သောမင်းကြီး။
  • မေ၊ အကျွန်ုပ်အား။
  • ဒွေဂါဏာ၊ နွားနှစ်ကောင်တို့သည်။
  • သန္တိ၊ ရှိပါကုန်၏။
  • ယေဟိ၊ အကြင် နွားနှစ်ကောင်တို့ဖြင့်။
  • ခေတ္တံ၊ လယ်ကို။
  • ကသာမသေ၊ ထွန်ကြရပါကုန်၏။
  • ဒေဝ၊ အရှင်မင်းကြီး။
  • တေသု၊ ထိုနွားနှစ်ကောင်တို့တွင်။
  • ဧကော၊ နွားတကောင်သည်။
  • မတော၊ သေခဲ့လေ၏။
  • ခတ္တိယ၊ ရေမြေကို အစိုးရသော အရှင်မင်းကြီး။
  • ဒုတိယံ၊ အဖော်နွားကို။
  • ဒေဟိ၊ သနား ကယ်မတော်မူပါလော့။
---

နွားတောင်းသောအခါ ရွတ်ဆိုမိပုံ

ထိုအဂ္ဂိဒတ္တပုဏ္ဏားကြီးသည် တနှစ်မျှဖြင့် ထိုဂါထာကို လေ့လာခြင်းရှိအောင် ပြု၍ လေ့လာခြင်း ရှိသည့်အဖြစ်ကို သားအား ပြောကြားလေသဖြင့် ထိုသို့ဖြစ်မူ ဖခင် တစုံတခုသာလျှင်ဖြစ်သော လက်ဆောင်ကိုယူ၍ လာကြပါကုန်လော့။ ကျွန်တော်ကား ရှေးဦးစွာသွား၍ မင်းကြီး၏ အထံ၌ နေနှင့်ပါမည်ဟု ဆိုသည်ရှိသော် ချစ်သား ကောင်းပေပြီဟုဆို၍ လက်ဆောင်ကိုယူလျက် မင်းကြီး ၏အထံ၌ သောမဒတ္တ နေသောအခါ အားထုတ်ခြင်းသို့ ရောက်သည်ဖြစ်၍ မင်းအိမ်တော်သို့ သွားသည်ရှိသော် မင်းကြီးသည် နှစ်သက်သော စိတ်ရှိသဖြင့် ဝမ်းမြောက်ဝမ်းသာ စကားပြောကြား အပ်သည်ဖြစ်၍ ဖခင်ပုဏ္ဏားကြီး ကြာမြင့်သော ကာလမှ ရောက်လာပေစွတကား။ ဤနေရာ၌ နေထိုင်၍ အလိုရှိရာဝတ္ထုဖြင့် ဆိုဘိလော့ဟု မိန့်ဆိုလတ်သည်ရှိသော် ဤဂါထာကိုဆိုလေ၏။

ဒွေ မေ ဂေါဏာ မဟာရာဇ၊ ယေဟိ ခေတ္တံ ကသာမသေ။ တေသု ဧကော မတော ဒေဝ၊ ဒုတိယံ ဂဏှ ခတ္တိယ။

  • မဟာရာဇ၊ မြတ်သောမင်းကြီး။
  • မေ၊ အကျွန်ုပ်အား။
  • ဒွေဂေါဏာ၊ နွားနှစ်ကောင်တို့သည်။
  • သန္တိ၊ ရှိပါကုန်၏။
  • ယေဟိ၊ အကြင် နွားနှစ်ကောင်တို့ဖြင့်။
  • ခေတ္တံ၊ လယ်ကို။
  • ကသာမသေ၊ ထွန်ကြရပါကုန်၏။
  • ဒေဝ၊ အရှင်မင်းကြီး။
  • တေသု၊ ထိုနွား နှစ်ကောင်တို့တွင်။
  • ဧကော၊ နွားတကောင်သည်။
  • မတော၊ သေခဲ့လေ၏။
  • ခတ္တိယ၊ ရေမြေကိုအစိုးရသော အရှင်မင်းကြီး။
  • ဒုတိယံ၊ အဖော်နွားကို။
  • ဂဏှ၊ ယူငင်သိမ်းပိုက်တော်မူပါလော့။

မင်းကြီးသည် ဖခင်ပုဏ္ဏားကြီး အဘယ်ကို ဆိုသနည်း၊ တဖန်ဆိုဦးလော့ဟု အမိန့်ရှိပြန်သော်လည်း ထိုနွားပေး ဂါထာကိုသာလျှင် ဆိုပြန်လေ၏။

---

သားလျှောက်ပုံကောင်းသဖြင့် နွားတို့ကို ရရှိခြင်း

မင်းကြီးသည် ထိုပုဏ္ဏားကြီး ချွတ်ယွင်း၍ ဆိုသည့်အဖြစ်ကို သိတော်မူရလျှင် ပြုံးခြင်းကို ပြုတော်မူလျက် ချစ်သား သောမဒတ္တ သင်တို့၏အိမ်၌ နွားတို့ကား ပေါများလှယောင်တကား ဟု အမိန့်တော် ရှိလတ်သော် အရှင်မင်းကြီး အရှင် င်းကြီးတို့ ပေးသနားတော် မူအပ်ကုန်သည်ရှိသော် ပေါများလှသည် ဖြစ်ကြပါလိမ့်မည်ဘုရားဟု လျှောက်တင်ခြင်းကြောင့် ဘုရားလောင်း သောမဒတ္တ အား နှစ်သက်သဖြင့် ပုဏ္ဏားကြီးအား တဆဲ့ခြောက်ကောင်သော နွားတို့ကို၎င်း၊ တန်ဆာဆင်ရန် ဘဏ္ဍာကို၎င်း၊ နေထိုင်စရာ ရွာကို၎င်း ပုဏ္ဏားကြီးအား မြတ်သော ဆုလာဘ်တော်ကို ပေးသနား တော်မူ၍ များသော အခြံအရံနှင့်တကွ ပုဏ္ဏားကြီးကို လွှတ်လိုက်လေ၏၊

မြတ်စွာဘုရားသည် ဤတရား ဒေသနာတော်ကို မဆာင်တော်မူ၍ ထိုအခါ -

  • ဗာရာဏသီမင်းသည် ယခုအခါ အာနန္ဒာ ဖြစ်လာလေ၏၊
  • ပုဏ္ဏားကြီးသည် လာဠုဒါယီဖြစ်လာလေ၏၊
  • သောမဒတ္တသည်ကား ငါ ဘုရားသာလျှင် ဖြစ်လာလေ၏

ဟု ဇာတ်ကိုပေါင်းတော်မူ၍ ချစ်သားရဟန်းတို့ ယခုအခါ၌သာလျှင် မဟုတ်သေး ရှေးအခါ၌လည်း ဤလာဠုဒါယီသည် မိမိ၏ နည်းသော အကြားအမြင် ရှိသည် အဖြစ်ကြောင့် တပါးသော စကားကို ဆိုအပ်လျက် တပါးသောစကားကို ဆိုဘိ၏၊

နည်းသော အကြားအမြင်ရှိသော ယောက်ျားသည် နွားလားနှင့် တူသည်မည်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော် မူလေ၏။

---

ဒေသနာတော်

၁၅၂။ အပ္ပဿုတာယံ ပုရိသော၊ ဗလိဗဒ္ဓေါဝ ဇီရတိ။ မံသာနိ တဿ ဝဍ္ဎန္တိ၊ ပညာ တဿ န ဝဍ္ဎတိ။

  • အပ္ပဿုတော၊ နည်းသော အကြားအမြင် ရှိသော။
  • အယံပုရိသော၊ ဤ ယောက်ျားသည်။

[တကျမ်း နှစ်ကျမ်း တဝဂ် နှစ်ဝဂ် အယုတ်ဆုံး တသုတ် နှစ်သုတ်မျှ သင်ယူဖူးခြင်း မရှိသောကြောင့် အပ္ပဿုတ မည်၏၊ ကမ္မဋ္ဌာန်း တခုခုကို သင်ယူ၍ အားထုတ်သော ပုဂ္ဂိုလ်ကား ဗဟုဿုတ မည်သည်သာတည်း]။

  • ဗလိဗဒ္ဓေါဝ၊ နွားလားကဲ့သို့။
  • ဝါ၊ နွားကဲ့သို့။
  • ဇီရတိ၊ ကြီးပြင်း၏။

[နွားသည် ကြီးလတ်သော် မိဘ ဆွေမျိုးစသော သူတို့အား အကျိုးများစိမ့်သောငှါ ကြီးသည် မဟုတ်။ အကျိုးမပြီး အချည်းနှီးကြီးခြင်းသာ ဖြစ်သကဲ့သို့ အပ္ပဿုတ ပုဂ္ဂိုလ်သည်လည်း ဥပဇ္ဈာယ်ဝတ် ဆရာဝတ် အာဂန္တုကဝတ် စသည်တို့ကို မပြုတတ် ဘာဝနာမျှ မပွားများတတ် အကျိုးမပြီး အချည်းနှီး ကြီးခြင်းသာဖြစ်၏ ဟူလို]။

  • တဿ၊ ထိုအကြားအမြင် နည်းပါးသောယောက်ျားအား။
  • မံသာနိ၊ အသားတို့သည်သာလျှင်။
  • ဝဍ္ဎန္တိ၊ တိုးပွားကုန်၏။

[နွားသိုးအား ထမ်းပိုး ထွန်တုံး စသည်ကို မရုံးနိုင်ဟု တော၌ လွှတ်ထားရသည်ရှိသော် လှည့်လည် စားသောက်ကာ အသားတို့သာ တိုးပွားသကဲ့သို့ အပ္ပဿုတ ပုဂ္ဂိုလ်အားလည်း ဥပဇ္ဈာယ်ဆရာ စသည်တို့က လွှတ်ထား အပ်သည်ရှိသော် သလုံးမြင်းခေါင်း အားထား၍ ပစ္စည်းလေးပါး ရပြီးလျှင် ဆေးကောင်း ဝါးကောင်း မှီဝဲလျက် ခန္ဓာကိုယ်ကို မွေးမြူကာ အသားတို့သာ တိုးပွားသဖြင့် ဆူဖြိုးသောကိုယ်ရှိလျက် လှည့်လည်နေ၏ဟု ထင်ရှားလေ၏ ဟူလို]။

  • တဿ၊ ထိုယောက်ျားအား။
  • ပညာ၊ ပညာသည်။
  • န ဝဍ္ဎတိ၊ မတိုးပွား။

[ထိုအပ္ပဿုတယောက်ျား လူ့ငနွားအား လောကီပညာ လောကုတ္တရာ ပညာသည် လက်တသစ် မျှလည်း မတိုးပွား။ တောအုပ်၌ ချုံနွယ် စသည်တို့ အလား ခြောက်ပါးသော ဒွါရတို့ကိုမှီ၍ တဏှာ မာနစသော ယုတ်မာသော တရားသာလျှင် တိုးပွားလေ၏ ဟူလို]။

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော လူအပေါင်းသည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်လေ၏ ။

လာဠုဒါယီ မထေရ်ဝတ္ထုပြီး၏။

၈ - အာနန္ဒာမထေရ်၏ ဥဒါန်းဂါထာဝတ္ထု

အနေကဇာတိသံသာရံ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ နေတော်မူစဉ် နှစ်သက် ဝမ်းမြောက်စွာ ဥဒါန်းကျူးခြင်း၏ အစွမ်းဖြင့် ဥဒါန်းကျူး တော်မူသဖြင့် နောက်အဖို့၌ အာနန္ဒာမထေရ် မေးလျှောက်အပ်သည်ဖြစ်၍ ဟောကြားတော် မူလေ၏။

ဘုရားရှင်တိုင်း ဥဒါန်း ကျူးတော်မူခြင်း

ထိုသုံးလူ့ထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ နေတော်မူစဉ် နေမဝင်မီသာလျှင် မာရ်စစ်သည်အပေါင်းကို အောင်မြင် ဖျက်ဆီးတော်မူ၍ --

ပဌမယာမ်၌ ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို ဖုံးလွှမ်းတတ်သော အဝိဇ္ဇာ မှောင်တိုက်ကို ဖေါက်ခွဲတော်မူသဖြင့်၎င်း၊
မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုဉာဏ်တော်ကို သုဓ်သင်တော်မူသဖြင့်၎င်း။
ပစ္ဆိမယာမ်၌ သတ္တဝါတို့အား သနားခြင်းရှိသည့် အဖြစ်ကိုစွဲ၍ ပဋိစ္စသမုပ္ပါဒ်၌ ဉာဏ်တော်ကို ချသွင်း သက်ဝင် စေတော်မူသဖြင့်၎င်း ထိုပဋိစ္စသမုပ္ပါဒ် တရားတော်မြတ်ကို အနုလုံ ပဋိလုံအစွမ်းဖြင့် သုံးသပ်တော်မူလျက်

အရုဏ်တက်သောအခါ၌ အရဟတ္တမဂ်ဉာဏ် အရင်းခံရှိသော သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်း၍ သိတော်မူပြီးလျှင် သိန်းပေါင်းများစွာသော ဘုရားရှင်တို့သည် မစွန့်အပ်သော ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးခြင်းကို ဥဒါန်းကျူး လိုရကား ဤဂါထာတို့ကို ကျူးရင့် ရွတ်ဆိုတော်မူလေ၏။

ဒေသနာတော်

၁၅၃။ အနေကဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
ဂဟကာရ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။

၁၅၄။ ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ နကာဟသိ။
သဗ္ဗာ တေ ဖါသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ဝိသင်္ခတံ၊
ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္ဈဂါ။

ပုနပ္ပုနံ၊ အဖန်တလဲလဲ။
ဇာတိ၊ ပဋိသန္ဓေနေရခြင်းသည်။
ဒုက္ခာ၊ အို နာ သေမြဲ ရောယှက်တဲ့သောကြောင့် ဆင်းရဲလှပေ၏။
တသ္မာ၊ ထို့ကြောင့်။
ဂဟကာရ ဂဝေသန္တော၊ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော တဏှာတည်း ဟူသော လက်သမားကို ဒီပင်္ကရာဘုရား ခြေတော်ရင်း၌ ဆုတောင်းကာ ရှာဖွေလာသောင ါသည်။
အနေကဇာတိသံသာရံ၊ ပဋိသန္ဓေများစွာ သံသရာ ကာလပတ်လုံး။
အနိဗ္ဗိသံ အနိဗ္ဗိသန္တော၊ ဉာဏ်မရလေသောကြောင့်။
သန္ဓာဝိဿံ သံသရိံ၊ အတည်မကျ ကျင်လည်ရလေပြီ။

ဂဟ ကာရက၊ ခန္ဓာအိမ် ဆောက်လုပ်စားတတ်သော တဏှာလက်သမား။
တွံ၊ သင့်ကို။
မယာ၊ သဗ္ဗညုခေါ် ဉာဏ်တော်ပိုင်သား ငါဘုရားသည်။
ဒိဋ္ဌော၊ မြင်ရသည်။
အသိ၊ ဖြစ်ပြီ။
ပုန၊ တဖန်။
ဂေဟံ၊ ငါ့အတွက် ခန္ဓာအိမ်ကို။
နကာဟသိ၊ သင်မဆောက်လုပ် ရတော့လတ္တံ့ ။
တေ၊ သင်၏။
သဗ္ဗာ၊ အလုံးစုံကုန်သော။
ဖါသုကာ၊ ကိလေသာဟူသော အခြင်တို့ကို။
မယာ၊ ငါဘုရားသည်။
ဘဂ္ဂါ၊ ချိုးဖဲ့အပ်ကုန်ပြီ။
ဂဟကူဋံ၊ သင်ဆောက်လုပ်သော ခန္ဓာအိမ်၏ အဝိဇ္ဇာ ဟူသော အထွတ်ကို။
ဝိသင်္ခတံ၊ ငါဖျက်ဆီးအပ်ပြီ။
စိတ္တံ၊ ငါ၏စိတ်သည်။
ဝိသင်္ခါရ ဂတံ၊ နိဗ္ဗာန်သို့ အာရုံပြုခြင်းအစွမ်းဖြင့် သက်ဝင်လေပြီ။
တဏှာနံ၊ တဏှာတို့၏။
ခယံ၊ ကုန်ရာကုန်ကြောင်းဖြစ်သော အရဟတ္တဖိုလ်ကို။
အဇ္ဈဂါ၊ ငါရလေပြီ။

အာနန္ဒာမထေရ်၏ ဥဒါန်းဂါထာဝတ္ထုပြီး၏။

---

၉ - မဟာဓန သူဌေးသားဝတ္ထု

အစရိတွာ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဣသိပတန မည်သော မိဂဒါဝုန်တော၌ နေတော်မူစဉ် မဟာဓန သူဌေး၏သားကို အကြောင်းပြု၍ ဟောတော်မူ၏။

ပညာကင်း၍ အမြှောက်ကြိုက်သော သူဌေးသား

ထိုသူဌေးသားသည် ဗာရာဏသီပြည်၌ ကုဋေရှစ်ဆယ် စည်းစိမ်ကြွယ်ဝသော အမျိုး၌ ဖြစ်သတတ်။ ထိုအခါ သူဌေးသား၏ မိခင်ဖခင်တို့သည် ဤသို့ကြံကြကုန်၏။ ငါတို့၏အိမ်၌ များစွာသော ဥစ္စာ အစုရှိ၏။ ထိုဥစ္စာအစုကို ငါတို့၏သား လက်၌ထား၍ ချမ်းသာသည်အလျောက် အလိုရှိတိုင်း သုံးဆောင်ခြင်းကို ပြုအံ့၊ တပါးသောအမှုဖြင့် ပြုဖွယ်ကိစ္စမရှိဟု ကြံပြီးလျှင် ကခြင်း သီခြင်း တီးမှုတ်ခြင်းမျှကိုသာ သင်စေကြလေကုန်၏။

ထိုဗာရာဏသီပြည်၌ပင် ကုဋေရှစ်ဆယ် စည်းစိမ်ကြွယ်ဝသော အမျိုးတဦးဝယ် တယောက်သော သ္မီးသည်လည်း ရှိသည်ဖြစ်လေ၏။ ထိုသ္မီး၏ မိခင်ဖခင်တို့သည်လည်း ထို့အတူသာလျှင်ကြံ၍ သ္မီးကို ကခြင်း သီခြင်း တီးမှုတ်ခြင်းမျှကိုသာ သင်စေကြလေကုန်၏။

ထိုသူဌေး သားနှင့် သူဌေးသ္မီးတို့သည် အရွယ်သို့ရောက်ကြသော အခါကာလ၌ ထိမ်းမြားခြင်း မင်္ဂလာသည် ဖြစ်လေ၏။ ထိုမှ နောက်အဖို့၌ ထိုသူတို့၏ မိဘတို့သည် ကွယ်လွန်ကြလေကုန်၏။ ကုဋေရှစ်ဆယ့်နှစ်လီဖြစ်သော ဥစ္စာသည် တအိမ်တည်း ၌သာလျှင် ဖြစ်လေ၏။ သူဌေးသားသည် တနေ့သုံးကြိမ် မင်းအား ခစားခြင်းသို့ သွားရောက်၏။

ထိုအခါ ထိုဗာရာဏသီမြို့၌ သေသောက်ကြူးတို့သည် ဤသူဌေးသားကား သေသောက်သမား သည် အကယ်၍ဖြစ်ငြားအံ့ ငါတို့အား ချမ်းသာခြင်းသည် ဖြစ်ပေလတ္တံ့။ ထိုသူဌေးသားကို သေသောက် သမား အဖြစ်ကို ယူစေကြကုန်အံ့ဟု ကြံကြလေကုန်၏။

ထိုသေသောက်ကြူးတို့သည် သေကို ယူ၍ ခဲဖွယ် အမဲတို့ကို၎င်း ဆားခဲတို့ကို၎င်း ပုဆိုးစွန်၌ ဖွဲ့ထုပ်သဖြင့် အမြစ်အဖု တို့ကို ယူလျက် မင်းအိမ်မှ ပြန်လာသော သူဌေးသား၏ လာရာလမ်း ခရီးကို ကြည့်ရှုကာ နေကြသည် ရှိသော် လာသော သူဌေးသားကို မြင်ရလျှင် သေကို သောက်၍ ဆားခဲကို ခံတွင်း၌ ပစ်ထည့်သဖြင့် အမြစ်အဖု ကိုက်ခဲလျက် အရှင် သူဌေးသား အနှစ်တရာ ကာလပတ်လုံး အသက်ရှည်ပါလေလော့ အရှင်သူဌေးသားကိုမှီ၍ အကျွန်ုပ်တို့သည် စားနိုင် သောက်နိုင်သောသူတို့ ဖြစ်လိုကြပါကုန်၏ ဟု ဆိုကြလေကုန်၏။

အရက်သမားဖြစ်၍ ကုဋေရာကျော်ကုန်ခြင်း

သူဌေးသားသည် ထိုသေသောက်ကြူးတို့ စကားကိုကြားရလျှင် နောက်မှ လိုက်လာသော အလုပ် အကျွေးငယ်ကို ဤသူတို့သည် အဘယ်ကို သောက်ကြ ကုန်သနည်းဟု မေးလေ၏။ သခင့်သား တခုသော သောက်ဖွယ် အရည်ကို သောက်ကြပါကုန်၏ဟု ဆိုသော် ဤသောက်ဖွယ်အရည်သည် နှစ်သက်ဖွယ် ကောင်းသော သဘောရှိသလောဟု မေးမြန်းလေ၏။

အရှင့်သား အသက်ရှည်သော ဤလူ့ပြည်၌ ဤသောက်ဖွယ်နှင့်တူသော သောက်အပ်သည်နှင့် ယှဉ်သော အရည်မည်သည် မရှိဟု ဆိုလတ်သော် ထိုသူဌေးသားသည် ဤသို့ဖြစ်သည်ရှိသော် ငါသည်လည်း သောက်ခြင်းငှါ သင့်၏ဟု ကြံသဖြင့် အတန်ငယ် ဆောင်ယူစေ၍ သောက်၏။ ထို့နောက် များမကြာမီသာလျှင် ထိုသေသောက်ကြူးတို့သည် သူဌေးသား၏သေသောက်သည့် အဖြစ်ကိုသိကြလျှင် သူဌေးသားကို ခြံရံကြလေကုန်၏။

နောက်နောက်သောကာလ ရောက်လတ်သော် အခြံအရံများစွာ ဖြစ်လေ၏။ ထိုသူဌေးသားသည် တရာသောဥစ္စာဖြင့်၎င်း နှစ်ရာသောဥစ္စာဖြင့်၎င်း သေကို ဆောင်စေ၍ သောက်လေ၏။ အစဉ် အားဖြင့်သာလျှင် နေထိုင်ရာအရပ် စသည်တို့၌ အသပြာ အစုအပုံကိုထား၍ သေကိုသောက်လျက် ဤအသပြာဖြင့် ပန်းကို ဆောင်ယူခဲ့ချေလော့ ဤအသပြာဖြင့် နံ့သာကို ဆောင်ယူခဲ့ချေလော့ ဤသူသည် သီဆိုခြင်း၌လိမ္မာ၏။ ဤသူသည် ကခုန်ခြင်း၌ လိမ္မာ၏။ ဤသူသည် တီးမှုတ်ခြင်း၌ လိမ္မာ၏။ ဤသူအား တထောင်ပေးလော့။ ဤသူအား နှစ်ထောင်ပေးလော့ဟု ဆိုလေ၏၊

ဤသို့လျှင် ဖရိုဖရဲ ဖြန့်ကြဲလတ်သော် မကြာမြင့်မီပင်လျှင် မိမိ၏အပိုင်ဖြစ်သော ကုဋေရှစ်ဆယ် သော ဥစ္စာကို ကုန်ခန်းစေလေသောကြောင့် အရှင့်သား အရှင့်သား၏ ဥစ္စာကုန်ပါပြီဟု ဆိုသည်ရှိသော် ငါ့မယားပိုင်သော ဥစ္စာသည် မရှိလေတော့ပြီလော ဟုမေးလေ၊။ အရှင့်သား ရှိပါ၏ ဟုဆိုလတ်သော် ထိုသို့ရှိလျှင် ထိုဥစ္စာကို ဆောင်ယူခဲ့ချေလော့ဟု ဆိုလေ၏၊

ထိုမယားပိုင် ဥစ္စာကိုလည်း မိမိဥစ္စာ အတူသာလျှင် ကုန်ခန်းစေ၍ အစဉ်သဖြင့် လယ် အာရာမ် ဥယျာဉ် လှည်း စသည်ကို၎င်း၊ အယုတ်သဖြင့် အိုးခွက်ဖြစ်သော ဘဏ္ဍာကို၎င်း အခင်းအရုံ နေရာထိုင်ရာကို၎င်း မိမိ၏ အလုံးစုံသောဥစ္စာကို ရောင်းချကာ စားရလေ၏၊

ထို့နောက် သူဌေးသား အိုမင်းသောအခါ အကြင်သူတို့သည် ထို သူဌေးသား၏ မိဘဆွေမျိုး ဥစ္စာ ဖြစ်သော နေအိမ်ကိုဝယ်၍ ယူအပ်၏၊ ထို့ကြောင့် ထိုသူတို့သည် သူဌေးသားလင်မယားတို့ကို နေအိမ်မှ နှင်ထုတ်လိုက်ကြလေကုန်၏။

အထွတ်အထိပ်ဖြစ်သင့်လျက် စားကြွင်းစားဖြစ်ခြင်း

ထိုသူဌေးသားသည် မယားကို ခေါ်ဆောင်သဖြင့် သူတပါး၏အိမ် နံရံကို အမှီပြုကာနေလျက် အိုးခွက်ပိုင်းကို လက်စွဲပြီးလျှင် ထမင်းအလို့ငှါ လှည့်လည်၍ လူအပေါင်း၏ စားကြွင်းကိုစားခြင်းငှါ အားထုတ်ရရှာလေ၏၊ ထိုအခါ သူဌေးသားကို တနေ့သ၌ ဆွမ်းစားရာစရပ် တံခါး၌ရပ်လျက် ရဟန်းငယ်သာမဏေတို့ ပေးအပ်သော စားကြွင်းဖြစ်သော ဘောဇဉ်ကို ခံယူနေသည်ကို မြင်တော် မူရလျှင် ဘုရားရှင်သည် ပြုံးခြင်းကို ထင်စွာ ပြုတော်မူ၏၊

ထိုအခါ ဘုရားရှင်ကို ရှင်အာနန္ဒာ မထေရ်သည်လည်း ပြုံးခြင်းအကြောင်းကို မေးလျှောက်လေ၏၊ မြတ်စွာဘုရားသည် ပြုံးတော်မူခြင်းအကြောင်းကို ပြောကြားတော် မူလိုသည် ဖြစ်၍ ချစ်သား အာနန္ဒာ ဤဗာရာဏသီ မြို့၌သာလျှင် ကုဋေ ရှစ်ဆယ်သော ဥစ္စာကို ကုန်စေပြီးလျှင် မယားကို ခေါ်ဆောင်၍ ထမင်းအလို့ငှါ လှည့်လည်ရ ရှာသော မဟာဓန သူဌေးကြီး၏ သားဖြစ်သော ဤသူကို ကြည့်ရှုစမ်းလော့။

ဤသူဌေးသားသည် ပဌမအရွယ်၌ စည်းစိမ်ဥစ္စာတို့ကို မကုန်စေမူ၍ စီးပွားမှုတို့ကို အကယ်၍ ယှဉ်စေငြားအံ့၊ (ပြုလုပ်ငြားအံ့) ဤမြို့၌သာလျှင် ပဌမ သူဌေးကြီး ဖြစ်လေရာ၏၊ အိမ်မှထွက်၍ အကယ်၍ ရဟန်းပြုသည် ဖြစ်ငြားအံ့၊ အရဟတ္တဖိုလ်သို့ ရောက်လေရာ၏၊ ထိုသူဌေးသား၏ မယားသည်လည်း အနာဂါမိဖိုလ်၌ တည်လေရာ၏၊

မဇ္ဈိမအရွယ်၌ စည်းစိမ်ဥစ္စာတို့ကို မကုန်စေမူ၍ စီးပွားမှုတို့ကို အကယ်၍ ယှဉ်စေငြားအံ့၊ ဒုတိယ သူဌေး ဖြစ်လေရာ၏၊ ထွက်၍ ရဟန်းပြုလတ်သည်ရှိသော် အနာဂါမ် ဖြစ်လေရာ၏၊ ထို သူဌေးသား၏ မယားသည်လည်း သကဒါဂါမိဖိုလ်၌ တည်လေရာ၏၊

ပစ္ဆိမအရွယ်၌ စည်းစိမ်ဥစ္စာတို့ကို မကုန်စေမူ၍ စီးပွားမှုတို့ကို အကယ်၍ ယှဉ်စေငြားအံ့၊ တတိယ သူဌေး ဖြစ်လေရာ၏၊ ထွက်၍ ရဟန်းပြုလတ်သည်ရှိသော် သကဒါဂါမ် ဖြစ်လေရာ၏၊ ထို သူဌေးသား၏ မယားသည်လည်း သောတာပတ္တိဖိုလ်၌ တည်လေရာ၏၊

ယခုအခါ၌ကား ဤသူဌေးသားသည် လူ့စည်းစိမ်မှ ဆုတ်ယုတ်သည်ဖြစ်၍ ရဟန်းအဖြစ်ဟူသော မဂ် ဖိုလ် ဂုဏ်ကျေးဇူးမှလည်း ဆုတ်ယုတ်ခြင်းကြောင့်သာလျှင် ရေခြောက်သွေ့သော ညွှန်အိုင်၌ ကြိုးကြာငှက်ကဲ့သို့ ဖြစ်ရရှာလေ၏ဟု မိန့်တော်မူ၍ ဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၁၅၅။ အစရိတွာ ဗြဟ္မစရိယံ၊ အလဒ္ဓါ ယောဗ္ဗနေ ဓနံ။
ဇိဏ္ဏကောဉ္စာဝ ဈာယန္တိ၊ ခီဏမစ္ဆေဝ ပလ္လလေ။

၁၅၆။ အစရိတွာ ဗြဟ္မစရိယံ၊ အလဒ္ဓါ ယောဗ္ဗနေ ဓနံ။
သေန္တိ စာပါ တိခီဏာဝ၊ ပူရာဏာနိ အနုတ္ထုနံ။

ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို။
အစရိတွာ၊ မကျင့်သုံးမိခြင်းကြောင့်။
ယောဗ္ဗနေ၊ စွမ်းနိုင်သော အခါ၌။
ဓနံ၊ ပစ္စည်းဥစ္စာကို။
အလဒ္ဓါ၊ မရလိုက် ခြင်းကြောင့်။
ဝါ၊ မရလိုက်သော လူမိုက်တို့သည်။
ခီဏမစ္ဆေဝ၊ ငါးကုန်သည် သာလျှင်ဖြစ်သော။
ပလ္လလေ၊ ညွှန်ပျောင်း၌။
ဇိဏ္ဏကောဉ္စာဝ၊ တောင်ပန် ယွင်းယို ကြိုးကြာအိုကဲ့သို့။
ဈာယန္တိ၊ ကြံမှိုင်ကြရကုန်၏။

[မဖြစ်သေးသောစည်းစိမ်ကို ဖြစ်စေခြင်းငှါ၎င်း၊ ဖြစ်ပြီးသောစည်းစိမ်ကို စောင့်ရှောက်ခြင်းငှါ၎င်း စွမ်းနိုင်သောအခါက ပစ္စည်းဥစ္စာ မရလိုက် ကုန်သော လူမိုက်တို့အား ညွှန်ပျောင်း၌ ရေမရှိသကဲ့သို့ နေစရာမရှိခြင်း, ငါးကုန်သကဲ့သို့ ပစ္စည်းဥစ္စာ မရှိခြင်း, တောင်ပန်ယွင်းယို ကြိုးကြာအိုတို့ ပျံသန်း သွားလာ မပြုနိုင်ရှာသကဲ့သို့ ရေကြောင်းခရီး ကုန်းကြောင်းခရီး စသည်တို့ဖြင့် စည်းစိမ်ရအောင် မစွမ်းနိုင်ရှာခြင်း တို့သည် ဖြစ်ကုန်၏။ ထို့ကြောင့် ကြိုးကြာအို အတောင်ကျိုးတမျှ ကြံမှိုင်ကြ ရကုန်၏ဟူလို]။

ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။
အစရိတွာ၊ မကျင့်သုံးမိခြင်းကြောင့်။
ယောဗ္ဗနေ၊ စွမ်းနိုင်သောအခါ၌။
ဓနံ၊ ပစ္စည်းဥစ္စာကို။
အလဒ္ဓါ၊ မရလိုက်ခြင်းကြောင့်။
ဝါ၊ မရလိုက်သော လူမိုက်တို့သည်။
ပုရာဏာနိ၊ ရှေးကသုခ ခံစားရဖူးသည်တို့ကို။
အနုတ္ထုနံ အနုတ္ထုနန္တာ၊ ငြီးတွား စိုးရိမ်ကြကုန်လျက်။
စာပါ၊ လေးညှို့မှ။
အတိခီဏာ-ဝိနိမုတ္တာ၊ လွတ်ကုန်သော။
သရာဣဝ၊ မြှားတို့ကဲ့သို့။
သေန္တိ၊ သေခြင်းသို့ ကပ်ရောက်ကြရကုန်လတ္တံ့။

(လေးညှို့မှ လွတ်သော မြှားတို့သည် အဟုန်အားလျော်စွာ သွား၍ ကျရာအရပ်မှ ကောက်ယူ ထားခြင်း မရှိခြင်းကြောင့် ခြတို့အစာ ဖြစ်ကြရ ကုန်သကဲ့သို့ အချိန်ရှိခိုက် ပစ္စည်း မရလိုက်သော လူမိုက်တို့သည်လည်း အရွယ်သုံးပါး လွန်သွားခြင်းကြောင့် မိမိကိုယ်ကို ထုတ်ဆောင်ခြင်းငှါမတတ် နိုင်ရှာဘဲ သေခြင်းသို့သာ ချဉ်းကပ်ကြရကုန်လတ္တံ့ ဤအာရုံမျိုးကို ဤသို့ ငါတို့ ခံစားဖူး၏ စသည်ဖြင့် ရဖူးသော ခံစားခြင်းတို့ကိုသာ ငြီးတွားစိုးရိမ်ကာ နေကြရရှာကုန်၏ ဟူလို။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

မဟာဓနသူဌေးသားဝတ္ထုပြီး၏။

ဤတွင်ရွေ့ကား တဆဲ့တခုမြောက်သော ဇရာဝဂ်အဖွင့်ပြီး၏။

---

၁၂ - အတ္တဝဂ်

၁ - ဗောဓိမင်းသားဝတ္ထု

အတ္တာနဉ္စေ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဘေသကဠ မည်သော ပဲစင်းခုန်တော၌ နေတော်မူစဉ် ဗောဓိမင်းသားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဗောဓိမင်းသား သဘောထားနုခြင်း

ထိုဗောဓိမင်းသားသည် မြေအပြင်၌ တပါးသော ပြာသာဒ်တို့နှင့် မတူသော သဘောရှိသော ကောင်းကင်၌ ပျံတက်အံ့ သကဲ့သို့သော ကောကနုဒ အမည်ရှိသော ပြာဒ်သာဒ်ကို ဆောက်လုပ် စေ၍ လက်သမားကို သင်သည် တပါးသော အရပ်၌လည်း ဤသို့သဘောရှိသော ပြာသာဒ်ကို ဆောက်လုပ်ဖူးသလော။ ထိုသို့မဟုတ် သင် ဤသို့ဆောက်လုပ်ခြင်းသည် ရှေးဦးစွာပြုအပ်သော လက်မှု အတတ်သာလျှင်လောဟု မေးမြန်းလေသတတ်။

အရှင်မင်းသား ရှေးဦးစွာ ပြုအပ်သော လက်မှုအတတ်သာလျှင် ဖြစ်ပါသည်ဟု လျှောက်တင်လတ် သည်ရှိသော် ဗောဓိမင်းသားသည် ဤလက်သမားကား သူတပါးအလို့ငှါလည်း ဤသို့ သဘော ရှိသော ပြာသာဒ်ကို အကယ်၍ ဆောက်လုပ်သည်ဖြစ်အံ့ ဤပြာသာဒ်သည် အံ့ဩဖွယ် မရှိသည် ဖြစ်လတ္တံ့။

ဤလက်သမားကို ငါသည် သတ်ခြင်းငှါ၎င်း လက်သမား၏ လက် ခြေတို့ကို ဖြတ်ခြင်းငှါ၎င်း မျက်စိတို့ကို ထုတ်ပစ်ခြင်းငှါ၎င်း သင့်၏။ ဤသို့ ပြုသည်ရှိသော် သူတပါးအလို့ငှါ ပြာသာဒ်ကို မဆောက်လုပ်နိုင်လတ္တံ့ဟု ကြံလေ၏။ ထိုဗောဓိမင်းသားသည် ထိုအကြောင်းကို မိမိ၏ ချစ်လှစွာ သော အဆွေခင်ပွန်း သဉ္ဇီဝကပုတ္တ အမည်ရှိသော လုလင်အား ပြောကြားလေ၏။

ထိုလုလင်သည် ဤဗောဓိမင်းသားကား လက်သမားကို ယုံမှားမရှိ ဖျက်ဆီးလတ္တံ့။ အဘိုးများစွာ ထိုက်သော အတတ်ရှိသူသည် ငါမြင်သိလျက် မပျက်စီးပါစေလင့်။ ထိုလက်သမားအား အမှတ် သညာကိုပေးအံ့ဟု ကြံလေ၏။ ထိုသဉ္ဇီဝကပုတ္တ လုလင်သည် လက်သမားထံ ချဉ်းကပ်၍ ပြာသာဒ်၌ သင်ပြုဖွယ်ကိစ္စ ပြီးပြီလော မပြီးသေးလော ဟုမေးသဖြင့် ပြီးပါပြီဟု ဆိုလတ်သော် မင်းသားသည် သင့်ကိုဖျက်ဆီးလို၏။ မိမိကိုယ်ကို စောင့်ရှောက်လော့ဟု ဆိုလေ၏။

လက်သမားသည်လည်း အရှင်သဉ္ဇီဝကပုတ္တ၊ အသင်သည် အကျွန်ုပ်အား ပြောကြားသဖြင့် ကောင်းသောအမှုကို ပြုအပ်ပေ၏၊ အကျွန်ုပ်သည် ဤအရာ၌ ပြုစရာအမှုကို သိရပေအံ့ဟု ပြောဆိုပြီးလျှင် အချင်းလက်သမား၊ ငါတို့၏ပြာသာဒ်၌ ပြုအပ်သောအမှုသည် ပြီးပြီလော ဟု မင်းသား မေးအပ်သည်ရှိသော် အရှင်မင်းသား၊ မပြီးသေးပါ များစွာ ကြွင်းကျန်ပါသေးသည်ဟု လျှောက်ဆိုလေ၏၊

အဘယ်မည်သော အမှုသည် ကြွင်းကျန်သေးသနည်းဟု မေးလတ်သော် အရှင်မင်းသား၊ နောက်မှ ပြောကြားပါမည် သစ်တို့ကိုသာ ရှေးဦးစွာ ဆောင်စေပါဦးလော့ဟု ဆိုလေ၏၊ အဘယ် မည်သော သစ်တို့ကို ဆောင်စေရအံ့နည်းဟု မေးလတ်သော် အရှင်မင်းသား၊ အနှစ်မရှိကုန်သော ခြောက်သော သစ်တို့ကို ဆောင်ယူစေတော်မူပါဟု ဆိုလေ၏၊ ထိုဗောဓိမင်းသားလည်း ဆောင်စေ၍ ပေး၏။

ကောင်းကင်ပျံငှက်ရုပ်ဖြင့် လက်သမား မင်းဖြစ်ခြင်း

ထိုအခါ ဗောဓိမင်းသားကို အရှင်မင်းသား၊ ဤနေ့မှစ၍ အကျွန်ုပ်၏အထံသို့ မလာသင့်ပါ၊ အဘယ့်ကြောင့်နည်း ဟူမူကား၊ သိမ်မွေ့နူးညံ့သော (ပန်းခြူးနွယ်စသော) အမှုကို ပြုလုပ်စဉ် သူတပါးတို့နှင့်တကွ စကားပြောရသည်ရှိသော် ပြုဖွယ်အမှုကိစ္စ ပျံ့လွင့်တတ်ပါသည်၊ ထမင်း စားရန် အခါ၌ကား အကျွန်ုပ်၏ မယားသည်သာလျှင် ထမင်းကို ဆောင်ပို့လာပါလိမ့်မည် ဟု လျှောက်ဆို လေ၏၊ မင်းသားလည်း ကောင်းပြီဟု ဝန်ခံလေ၏၊

ထိုလက်သမားသည်လည်း တခုသော တိုက်ခန်းတွင်း၌ နေလျက် ထိုသစ်တို့ကို ရွေသဖြင့် မိမိ သားမယား အတွင်း၌ နေခြင်းငှါ လောက်သော ဂဠုန်ငှက်ရုပ်ကို ပြုလုပ်ပြီးလျှင် ထမင်းစားရန် အချိန်၌ မယားကိုအိမ်၌ ထင်ရှားရှိသော အလုံးစုံသော ဥစ္စာကိုရောင်းချ၍ ရွှေ ငွေကို ယူခဲ့ဟု မှာကြားပြောဆိုလေ၏။

မင်းသားသည်လည်း လက်သမား ထွက်မသွားနိုင် စိမ့်သောအကျိုးငှါ အိမ်ကိုဝန်းရံစေ၍ အစောင့် အရှောက်ကို ထားလေ၏။ လက်သမားသည်လည်း ငှက်ရုပ် ပြီးသောကာလ ယနေ့ အလုံးစုံသော သားငယ် သ္မီးငယ် တို့ကိုလည်း ခေါ်၍ လာလောဟု မယားကိုဆိုလျှင် နံနက်စာ စားပြီး လတ်သည်ရှိသော် သားမယားကို ငှက်ရုပ်၏ ဝမ်းတွင်း၌ နေစေလျက် လေသာပြူတင်းပေါက်ဖြင့် ထွက်၍ ပြေးလေ၏။

အစောင့် အရှောက်တို့က အရှင်မင်းသား လက်သမား ထွက်ပြေးပါပြီဟု ကြွေးကြော်ကြကုန်စဉ် သာလျှင် ထိုလက်သမားသည် သွား၍ ဟိမဝန္တာ၌ သက်ဆင်းသဖြင့် မြို့တခုဖန်ဆင်း တည်ထောင် ခြင်းကြောင့် ကဋ္ဌဝါဟန အမည်ရှိသော မင်းသည် ဖြစ်လေ၏။

ပုဆိုးအခင်း ဘုရားရှင် နင်းတော်မမူခြင်း

ဗောဓိမင်းသားသည်လည်း ပြာသာဒ်ပူဇော်ခြင်းကို ပြုလုပ်ဦးအံ့ဟု မြတ်စွာဘုရားကို ပင့်ဖိတ်၍ ပြာသာဒ်၌ လေးပါးသော နံ့သာမျိုးတို့ဖြင့် လိမ်းကျံသည်ကို ပြုပြီးလျှင် ရှေးဦးစွာ တံခါးခုံမှစ၍ ပုဆိုးအခင်းကို ဖြန့်ခင်းလေ၏။ ဗောဓိမင်းသားကား သားသ္မီးမရှိသတတ်။ ထို့ကြောင့်ငါသည် သားကို၎င်း သ္မီးကို၎င်း အကယ်၍ ရမည်ဖြစ်ခဲ့အံ့ မြတ်စွာဘုရားသည် ဤ ပုဆိုးအခင်းကို နင်းတော်မူလတ္တံ့ဟုကြံ၍ ဖြန့်ခင်းလေ၏။

ထိုမင်းသားသည် မြတ်စွာဘုရား ကြွလာသည်ရှိသော် ဘုရားရှင်ကို ငါးပါးသောတည်ခြင်းဖြင့် ရှိခိုး၍ သပိတ်ကို ယူပြီးလျှင် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဝင်တော်မူပါဘုရား ဟု လျှောက်ကြားလေ၏။ ဘုရားရှင်သည် ဝင်တော်မမူ ထိုဗောဓိမင်းသားသည် နှစ်ကြိမ်မြောက်၎င်း သုံးကြိမ်မြောက်၎င်း တောင်းပန်ပြန်လေ၏။

ဘုရားရှင်သည် ဝင်တော် မမူဘဲသာလျှင် ရှင်အာနန္ဒာကို ကြည့်ရှုတော်မူလေ၏။ ရှင်အာနန္ဒာ မထေရ်လည်း ကြည့်တော်မူသော အမှတ်ဖြင့်သာလျှင် မြတ်စွာဘုရား နင်းတော်မမူလိုသည့် အဖြစ်ကို သိရသဖြင့် ဗောဓိမင်းသားကို တကာတော်မင်းသား ပုဆိုးတို့ကို ရုပ်သိမ်းလော့။ မြတ်စွာဘုရားသည် ပုဆိုးအခင်းကို နင်းတော်မမူလတ္တံ့။ နောင်လာသူအပေါင်းကို ဘုရားရှင်သည် ကြည့်ရှုတော်မူ၏ ဟုဆို၍ ပုဆိုးတို့ကို ရုပ်သိမ်းစေတော်မူလေ၏။

ဗောဓိမင်းသားလည်း ပုဆိုးတို့ကို ရုပ်သိမ်းစေပြီးလျှင် ဘုရားရှင်ကို အိမ်တွင်းသို့ ပင့်သွားသဖြင့် ယာဂု ခဲဖွယ်ဖြင့် ကောင်းစွာ အမြတ်တနိုးပြု၍ တင့်အပ် လျောက်ပတ်သော အရပ်၌နေလျက် ရှိခိုးပြီးလျှင် မြတ်စွာဘုရား တပည့်တော်သည် ရှင်တော်မြတ်ဘုရားတို့အား ကျေးဇူးများသော ဒါယကာ ဖြစ်ပါသည်ဘုရား။

ကိုးကွယ် ဆည်းကပ်ခြင်းသို့ သုံးကြိမ်ရောက်သောသူ ဖြစ်ပါသည် ဘုရား။ အမိဝမ်း၌ တည်လျက် သော်လည်း ကိုးကွယ်ဆည်းကပ်ခြင်းသို့ တကြိမ်ရောက်သူ ဖြစ်ဖူးပါသတတ်၊ ငယ်ရွယ်သော သတို့သား ဖြစ်သောကာလ၌ နှစ်ကြိမ်မြောက်၊ သိကြားလိမ္မာသည့်အဖြစ်သို့ ရောက်သောကာလ၌ သုံးကြိမ်မြောက် ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်ပါသည်ဘုရား။

ထိုတပည့်တော်၏ ပုဆိုးအခင်းကို အဘယ့်ကြောင့် နင်းတော်မမူပါသနည်းဘုရားဟု လျှောက်ကြား လေ၏။ မင်းသား သင်သည် အဘယ်သို့ ကြံစည်၍ ပုဆိုးတို့ကို ခင်းလေဘိသနည်း ဟု မေးလတ်သော် မြတ်စွာဘုရား သားကို၎င်း သ္မီးကို၎င်း အကယ်၍ ရမည်ဖြစ်ပါအံ့ ဘုရားရှင်သည် ငါ၏ပုဆိုးအခင်းကို နင်းတော်မူလတ္တံ့ဟူ၍ ကြံစည်ပြီး ခင်းပါသည်ဘုရားဟု လျှောက်ကြားလေ၏။

ထို့ကြောင့်သာလျှင် ငါဘုရားသည် နင်းတော်မမူလေသတည်း ဟု မိန့်တော်မူလတ်သော် မြတ်စွာဘုရား အသို့ပါနည်း တပည့်တော်သည် သားကို၎င်း သ္မီးကို၎င်း မရနိုင်ကောင်းပါသလော ဘုရားဟု လျှောက်ကြားလေ၏။ မင်းသား မရနိုင်ကောင်းလတ္တံ့ ဟု မိန့်တော်မူလတ်သော် အဘယ့်ကြောင့်ပါနည်း ဘုရားဟု မေးလျှောက် ပြန်လေ၏။

ရှေးဖြစ်သော ကိုယ်အဖြစ်၌ မယားနှင့် အတူတကွ မေ့လျော့ခြင်းသို့ ရောက်သောကြောင့်တည်း ဟု မိန့်တော်မူလတ်သော် မြတ်စွာဘုရား အဘယ်သောကာလ၌ မေ့လျော့ခြင်းသို့ ရောက်ခဲ့ပါသနည်း ဘုရားဟု လျှောက်ပြန်လေ၏။ ထိုအခါ ဗောဓိမင်းသားအား ဘုရားရှင်သည် လွန်လေပြီးသော အကြောင်းကိုဆောင်၍ ဟောကြားတော်မူလေ၏။

ဗောဓိမင်းသား သားသ္မီးမရကြောင်း အတိတ်

လွန်လေပြီးသောအခါ အရာမက များစွာကုန်သော လူတို့သည် ကြီးစွာသော လှေ သင်္ဘောဖြင့် သမုဒ္ဒရာသို့ လွှင့်ကြလေကုန်၏။ လှေ သင်္ဘောသည် သမုဒ္ဒရာအလယ်၌ ပျက်ခဲ့လေ၏။ နှစ်ဦး ကုန်သော လင်မယားဖြစ်သော သူတို့သည် တခုသောပျဉ်ချပ်ကို ယူပြီးလျှင် သမုဒ္ဒရာရေလယ် ကျွန်းသို့ သက်ဝင်ကြလေကုန်၏။ ကြွင်းသော အလုံးစုံသော သူတို့သည် ထိုသင်္ဘောပျက်ရာ သမုဒ္ဒရာ၌သာလျှင် သေရှာကြရလေကုန်၏။

ထိုကျွန်း၌ကား များစွာသော ငှက်အပေါင်း (ငှက်အုပ်) သည် နေလေ၏။ ထိုလင်မယား နှစ်ယောက် တို့သည် တပါးသော စားစရာကို မမြင်မတွေ့ရသဖြင့် ဆာလောင်သော သဘောရှိသောကြောင့် ငှက်ဥတို့ကို မီးကျီးခဲတို့၌ ဖုတ်ကင်ကာ စားကြကုန်၏။ ထိုငှက်ဥတို့ မလောက်ကုန်သည်ရှိသော် ငှက်ငယ်တို့ကိုဖမ်း၍ စားကြလေကုန်၏။

ဤသို့လျှင် ပဌမ အရွယ်၌၎င်း မဇ္ဈိမအရွယ်၌၎င်း ပစ္ဆိမအရွယ်၌၎င်း စားကြကုန်သည်သာလျှင် တည်း။ တခုသော အရွယ်၌လည်း မမေ့မလျော့ခြင်းသို့ မရောက်ကြလေကုန်၊ ထိုသူနှစ်ယောက် တို့တွင် တယောက်မျှလည်း မမေ့မလျော့ခြင်းသို့ မရောက်ရှာ လေသတည်း။

မြတ်စွာဘုရားသည် ထိုဗောဓိမင်းသား၏ ဤသို့သော ရှေး မကောင်းမှုကို ဟောပြပြီးလျှင် မင်းသား သင်သည် ထိုအခါ၌ တခုသောအရွယ်၌ပင် မယားနှင့်တကွ မမေ့မလျော့ခြင်းသို့ အကယ်၍ ရောက်သည်ဖြစ်အံ့။ တခုသောအရွယ်၌ပင် သားသည်၎င်း သ္မီးသည်၎င်း ဖြစ်ထွန်းလေရာ၏။ သင်တို့တွင် တယောက်သော သူသည်လည်း မမေ့မလျော့ အကယ်၍ ဖြစ်ငြားအံ့။ ထိုမမေ့ မလျော့သော သူကိုစွဲ၍ သားသည်၎င်း သ္မီးသည်၎င်း ဖြစ်ထွန်းလေရာ၏။

မင်းသား မိမိကိုယ်ကို ချစ်မြတ်နိုးအပ်၏ဟု အောက်မေ့ မှတ်ထင်သောသူသည် သုံးပါးသော အရွယ်တို့၌ပင် မမေ့မလျော့ခြင်းဖြင့် ကိုယ်ကို စောင့်ရှောက်အပ်၏။ ဤသို့ အရွယ်သုံးပါးလုံး၌ စောင့်ရှောက်ခြင်းငှါ မတတ်နိုင်သောသူသည် တခုသောအရွယ်၌လည်း စောင့်ရှောက်အပ်သည် သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၁၅၇။ အတ္တာနဉ္စေ ပိယံ ဇညာ၊ ရက္ခေယျ နံ သုရက္ခိတံ။
တိဏ္ဏံ အညတရံ ယာမံ၊ ပဋိဇဂ္ဂေယျ ပဏ္ဍိတော။

အတ္တာနံ၊ မိမိကိုယ်ကို။
ပိယံ၊ ချစ်ခင်မြတ်နိုးအပ်၏ဟူ၍။
စေဇညာ၊အကယ်၍ သိငြားအံ့။
ဧဝံသတိ၊ ဤသို့ သိသည်ရှိသော်။
နံ၊ ထိုကိုယ်ကို။
သုရက္ခိတံ၊ ကောင်းစွာ စောင့်ရှောက်ရာကျအောင်။
ရက္ခေယျ၊ အရွယ်သုံးပါးလုံး စောင့်ရှောက်ရာ၏။
အသက္ကောန္တော၊ မတတ်နိုင်သည် ရှိသော်။
တိဏ္ဏံ အညတရံ ယာမံ၊ ညဉ့်သုံးယာမ်တို့တွင် တယာမ်ယာမ်၌။
(ဤကား တင်စား၍ ဆိုအပ်သော အလိုမရှိအပ်သော အနက်တည်း)
တိဏ္ဏံ အညတရံ ယာမံ၊ အရွယ်သုံးပါးတို့တွင် တပါးပါးသောအရွယ်၌။
(ဤကား အလိုရှိအပ်သော အနက်တည်း)
ပဏ္ဍိတော၊ ပညာရှိသည်။
အတ္တာနံ၊ မိမိကိုယ်ကို။
ပဋိဇဂ္ဂေယျ၊ သုတ်သင်ရာ၏။

ဒေသနာတော်၌ မှတ်ဖွယ်

[မိမိကိုယ်ကို ချစ်ခင်မြတ်နိုးအပ်၏ ဟုသိလျှင် ကောင်းစွာ စောင့်ရှောက်ရမည် ဟူရာ၌ --

လူဖြစ်သော သူသည် မိမိကိုယ်ကို စောင့်ရှောက်အံ့ဟု ပြာသာဒ် အထက်၌ လုံခြုံသော တိုက်ခန်း တွင်းသို့ ဝင်သဖြင့် အစောင့် အရှောက် အပြည့်အစုံထား၍ နေသော်၎င်း၊

ရဟန်းဖြစ်သောသူသည် လုံခြုံစွာ ပိတ်ဆို့အပ်သော တံခါးပြုတင်းရှိသော လိုဏ်ဂူ၌နေသော်၎င်း မိမိကိုယ်ကို စောင့်ရှောက်သည် သာတည်း။

စောင့်ရှောက်ပုံ တမျိုးကား --

လူဖြစ်သောသူသည် စွမ်းအားရှိသလောက် ဒါန သီလ စသော ကောင်းမှုတို့ကို ပြုသော်၎င်း၊

ရဟန်းဖြစ်သော သူသည် ဝတ်ကြီး ဝတ်ငယ် ပရိယတ် ပဋိပတ် အားထုတ်ခြင်းကို ပြုသော်၎င်း

မိမိကိုယ်ကို စောင့်ရှောက်သည်မည်၏။

ဤသို့ အရွယ်သုံးပါးလုံး၌ စောင့်ရှောက်ခြင်းငှါ မတတ်နိုင်သည်ရှိသော် တပါးပါးသောအရွယ်၌ ရှင်းလင်းအောင် သုတ်သင်ရမည်။

လူဖြစ်သောသူသည် ပဌမအရွယ်၌ မြူးတူးပျော်ပါးလေ့ ရှိခြင်းကြောင့် ကုသိုလ်မပြုနိုင်ခဲ့မူ မဇ္ဈိမ အရွယ်၌ မမေ့မလျော့ပြုအပ်၏။

မဇ္ဈိမအရွယ်၌ သားမယား ကျွေးမွေးရေးကြောင့် မပြုနိုင်ခဲ့မူ ပစ္ဆိမအရွယ်၌ ပြုရမည်သာတည်း၊

ဤသို့လျှင် လူဖြစ်သောသူသည် ကိုယ်ကိုရှင်းလင်းအောင် သုတ်သင်အပ်၏။

ထိုသို့မပြုနိုင်သူအား မိမိကိုယ်ကို ချစ်မြတ်နိုးသည်မမည် အပါယ်ရောက်အောင် ပြုလုပ်ခြင်းသာ ဖြစ်၏။

ရဟန်းဖြစ်သောသူသည် ပဌမအရွယ်၌ စာပေသင်ကြား သရဇ္ဈာယ် ရခြင်းကြောင့် ဝတ်အကျင့် မေ့လျော့ခဲ့အံ့ မဇ္ဈိမ အရွယ်၌ မမေ့မလျော့ ရဟန်းတရား အားထုတ်အပ်၏။

ပဌမ အရွယ်၌ သင်ယူခဲ့သော ပရိယတ်၏ အနက်အဓိပ္ပါယ်၏ အဆုံးအဖြတ် အကြောင်းဟုတ် မဟုတ်တို့ကို မေးမြန်းရပြန်သဖြင့် မဇ္ဈိမအရွယ်၌ မေ့လျော့ခဲ့အံ့ ပစ္ဆိမအရွယ်၌ မမေ့မလျော့ ရဟန်း တရား အားထုတ်ရမည်သာတည်း။

ဤသို့လျှင် ရဟန်းဖြစ်သော သူသည် ကိုယ်ကို ရှင်းလင်းအောင် သုတ်သင်အပ်၏။

ထိုသို့မပြုနိုင်သော ရဟန်းအား မိမိကိုယ်ကို ချစ်ခင်မြတ်နိုးသည်မမည်။ နောင်အခါ ပူပန်ခြင်း ဖြင့်သာလျှင် မိမိကိုယ်ကို ပူလောင်စေသည်မည်၏ဟူလို]။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ ဗောဓိမင်းသားသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ဗောဓိမင်းသား ဝတ္ထုပြီး၏။

---

၂ - သာကီဝင်မင်းသား ဥပနန္ဒမထေရ် ဝတ္ထု

အတ္တာနမေဝပဌမံ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် သာကီဝင်မင်းသားဖြစ်သော ရှင်ဥပနန္ဒကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တရားဟောကောင်းလျက် လောဘကြီးခြင်း

ထိုဥပနန္ဒမထေရ်သည် တရားစကားကို ဟောပြောခြင်းငှါ လိမ္မာလှပေသတတ်၊ ထိုမထေရ်၏ အလိုနည်းခြင်း အစရှိသည်နှင့် ယှဉ်သော တရားစကားကို ကြားနာရသဖြင့် များစွာကုန်သော ရဟန်းတို့သည် ရှင်ဥပနန္ဒကို သင်္ကန်းတို့ဖြင့် ပူဇော်၍ ဓုတင်တို့ကို ဆောက်တည်ကြလေကုန်၏။ ထိုရဟန်းတို့ စွန့်အပ်သော ပရိက္ခရာတို့ကို ရှင်ဥပနန္ဒသည်သာလျှင် ယူလေ၏။

ထိုရှင်ဥပနန္ဒသည် တခုသော ဝါတွင်းကာလ နီးကပ်လတ်သော် ဇနပုဒ်သို့ သွားလေ၏။ ထိုအခါ ထို ရှင်ဥပနန္ဒကို တခုသောကျောင်း၌ ရဟန်းငယ်နှင့် သာမဏေတို့သည် တရားဟောပုဂ္ဂိုလ်ဟု ချစ်ကြည် မြတ်နိုးသဖြင့် အရှင်ဘုရား ဤကျောင်း၌ ဝါကပ်တော်မူကြပါဘုရားဟု လျှောက်ကြား ကြလျှင် ဤကျောင်း၌ အဘယ်မျှလောက် ဝါဆိုသင်္ကန်း ရအပ်သနည်းဟု မေးလေ၏။

ထိုရဟန်းငယ်နှင့် သာမဏေတို့လည်း တပါးတထည်စီသော အဝတ်ကို ရအပ်ပါသည်ဘုရားဟု လျှောက်သည်ရှိသော် ထိုကျောင်း၌ ဘိနပ်ကိုထားခဲ့၍ တပါးသောကျောင်းသို့ သွားပြန်၏။

နှစ်ခု မြောက်သော ကျောင်းသို့ရောက်၍ ဤကျောင်း၌ အဘယ်မျှ ရအပ်သနည်းဟု မေးသဖြင့် နှစ်ထည်သော အဝတ်တို့ကို ရအပ်၏ဟု ဆိုသည်ရှိသော် ထိုကျောင်း၌ တောင်ဝှေးကို ထားခဲ့လေ၏။

သုံးခုမြောက်သောကျောင်းသို့ရောက်၍ ဤကျောင်း၌ အဘယ်မျှ ရအပ်သနည်းဟု မေးပြန်လေ၏။ သုံးထည်သော အဝတ်တို့ကို ရအပ်ကုန်၏ဟု ဆိုသည်ရှိသော် ထိုကျောင်း၌ ရေဗူးကို ထားခဲ့လေ၏။

လေးခုမြောက် သောကျောင်းသို့ရောက်၍ ဤကျောင်း၌ အဘယ်မျှ ရအပ်သနည်းဟု မေးသဖြင့် လေးထည်သော အဝတ်တို့ကို ရအပ်ကုန်၏ဟု ဆိုသည်ရှိသော် ကောင်းပြီ ဤကျောင်း၌ နေတော့ အံ့ဟု ဝန်ခံသဖြင့် ထိုကျောင်း၌ ဝါကပ်၍ လူတို့အား၎င်း ရဟန်းတို့အား၎င်း တရားစကားကို ဟောကြားတော်မူလေ၏။ ထို လူရှင်ရဟန်း တို့သည် ရှင်ဥပနန္ဒကို များစွာကုန်သော အဝတ် တို့ဖြင့်၎င်း သင်္ကန်းတို့ဖြင့်၎င်း ပူဇော်ကြလေကုန်၏။

ထိုဥပနန္ဒသည် ဝါကျွတ်လတ်သည် ရှိသော် ဤမှ တပါးသော ကျောင်းတို့သို့လည်း ငါသည် ပရိက္ခရာကို ထားအပ်သည်အဖြစ်ကြောင့် ဝါဆိုသင်္ကန်းကို ရထိုက်၏။ သင်တို့ ပို့လာကြကုန် လော့ဟု သတင်းစကား စေလွှတ်သဖြင့် အလုံးစုံ ဝါဆို သင်္ကန်းကို ဆောင်ယူစေပြီးလျှင် လှည်းကို အပြည့်တင်၍ ထွက်ခွါသွားလေ၏။

ထိုအခါ တခုသောကျောင်း၌ ရဟန်းငယ် နှစ်ပါးတို့သည် ပုဆိုးအဝတ် နှစ်ထည်တို့ကို၎င်း ကမ္ဗလာ တထည်ကို၎င်း ရကြ၍ အရှင့်အတွက် အဝတ်နှစ်ထည်တို့သည် ဖြစ်စေကုန်သတည်း။ တပည့်တော် အတွက်ကား ကမ္ဗလာ တထည်သာ ဖြစ်ပါစေဟု တသံတည်း ဆိုကြသဖြင့် ဝေဖန်ခြင်းငှါ မတတ်နိုင်ကုန်ရကား လမ်းခရီးအနီး၌ နေထိုင်လျက် ငြင်းခုံကြကုန်၏။

ထိုရဟန်းငယ် နှစ်ပါးတို့သည် ထိုရှင်ဥပနန္ဒမထေရ် ကြွလာသည်ကိုမြင်ရလျှင် အရှင်ဘုရား အရှင်ဘုရားတို့သည် တပည့်တော်တို့အား ဝေဖန်၍ ပေးတော်မူကြပါဘုရားဟု လျှောက်ဆိုကြလေ ကုန်၏။ သင်တို့သည်သာလျှင် ဝေဖန်ကြကုန်လော့ဟု ဆိုလတ်သော် အရှင်ဘုရား မတတ်နိုင်ကြပါ အရှင်ဘုရားတို့သည် တပည့်တော်တို့အား ဝေဖန်၍ ပေးတော်မူကြပါဘုရားဟု ဆိုကြလေကုန်၏

ထိုသို့ဖြစ်မူ ငါ၏စကား၌ တည်နိုင်ကြကုန်အံ့လော ဟုဆိုသော် တည်ကြပါမည် ဘုရားဟု ဝန်ခံကြကုန်၏။ ထိုသို့ဖြစ်မူ ကောင်းပြီဟုဆိုသဖြင့် ထိုရဟန်းနှစ်ဦးတို့အား ပုဆိုးအဝတ်နှစ်ထည်ကို ဝေပေးပြီးလျှင် ဤကမ္ဗလာသည်ကား တရားစကား ပြောကြား ဆုံးဖြတ်ကြကုန်သောငါတို့အား ရုံခြင်းငှါ ထိုက်၏ဟု ဆိုတဲ့၍ အဘိုးများစွာထိုက်သော ကမ္ဗလာကိုယူကာ ဖဲသွားလေ၏။

ရဟန်းငယ်တို့သည် နှလုံးမသာမယာရှိကြကုန်သည်ဖြစ်၍ ဘုရားရှင်၏ အထံတော်သို့ သွားပြီးလျှင် ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏။ ဘုရားရှင်သည် ချစ်သားရဟန်းတို့ ယခုသာလျှင် သင်တို့၏ဥစ္စာကိုယူ၍ သင်တို့ကို နှလုံးမသာခြင်း ရှိအောင် ပြုသည်မဟုတ်သေး။ ရှေး၌လည်း ပြုဖူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ လွန်လေပြီးသောအတိတ်ကို ဆောင်တော်မူလေ၏။

မြေခွေးတရားသူကြီးနှင့် ဖျံနှစ်ကောင်အတိတ်

လွန်လေပြီးသောအခါ ရေတိမ်ရာ မြစ်ကမ်းနား၌ ကျက်စားခြင်းကြောင့် အနုတီရစာရီ မည်သော ဖျံ၎င်း ရေနက်ရာ၌ ကျက်စားခြင်းကြောင့် ဂမ္ဘီရစာရီ မည်သော ဖျံ၎င်း ဤသို့ နှစ်ကောင်သော ဖျံတို့သည် ကြီးစွာသော ငါးကြင်းကို ရကြ၍ ငါ့အတွက် ခေါင်းပိုင်း ဖြစ်ပါစေလော့ သင့်အတွက် အမြီးပိုင်း ဖြစ်ပါစေလော့ဟု ငြင်းခုံခြင်းသို့ ရောက်ကြကုန်လျက် ဝေဖန်ခြင်းငှါ မတတ်နိုင်ကုန် ရကား မြေခွေးတကောင်ကိုမြင်ရလျှင် ဦးရီး ဤငါးကြင်းကို အကျွန်ုပ်တို့အား ဝေဖန်၍ ပေးပါဟု ပြောဆိုလေ၏။

ပြည့်ရှင်မင်းကြီးသည် ငါ့ကို တရားဆုံးဖြတ်ရာ ဌာန၌ ထားအပ်၏။ ထိုဌာန၌ ကြာမြင့်စွာ နေထိုင် ရခြင်းကြောင့် သလုံးမြင်းခေါင်းဖြင့် နေရစိမ့်သောငှါ။ ဝါ၊ ကောင်းစွာ ဆောင်ရွက်စိမ့်သောငှါ လာသည်ဖြစ်ခဲ့၏။ ယခုအခါ ငါ့အား အားလပ်ခွင့်မရှိဟု ဆိုလတ်သော် ဦးရီး မြေခွေးမင်း ဤသို့ မပြုကြပါလင့် ဝေဖန်၍သာ ပေးသနားတော်မူကြပါဟု တောင်းတောင်း ပန်ပန် ပြောဆိုကြလေ ကုန်၏။

ငါ၏စကား၌ တည်နိုင်ကြကုန်အံ့လောဟု မေးလတ်သော် ဦးရီး တည်ကြပါမည်ဟု ဝန်ခံပြောဆို ကြလေကုန်၏။ ထိုသို့ဖြစ်မူ ကောင်းပြီဟု ဆို၍ မြေခွေးသည် ငါးခေါင်းကိုဖြတ်၍ တခုသော အရပ်၌ထား၏။ ငါးအမြီးကို တခုသောအရပ်၌ ထားလေ၏။ ထားပြီးလတ်သည် ရှိသော်ကား အမောင်တို့ အကြင်ဖျံသည် မြစ်ကမ်းနား၌ ကျက်စား၏။ ထိုဖျံသည် အမြီးကို ယူစေသတည်း။ အကြင်ပျံသည် ရေနက်ရာ၌ ကျက်စား၏။ ထိုဖျံအား ငါးခေါင်းသည် ဖြစ်စေသတည်း။ ဤ အလယ်ပိုင်းသည်ကား တရားအဆုံးအဖြတ်၌ တည်သော ငါ၏ အတွက် ဖြစ်ပေလတ္တံ့ဟုဆို၍ ထိုဖျံနှစ်ကောင်တို့ကို သိသာစေလိုသည်ဖြစ်၍ -

အနုတီရစာရီ နင်္ဂုဋ္ဌံ၊ သီသံ ဂမ္ဘီရစာရိနော။
အထာယံ မဇ္ဈိမော ခဏ္ဍော၊ ဓမ္မဋ္ဌဿ ဘဝိဿတိ။

အနုတီရစာရီ၊ အနုတီရစာရီမည်သော ဖျံသည်။
နင်္ဂုဋ္ဌံ၊ ငါးကြင်းမြီးကို။
ဂဏှတု၊ ယူစေသတည်း။
ဂမ္ဘီရစာရိနော၊ ဂမ္ဘီရစာရီမည်သော ဖျံအား။
သီသံ၊ ငါးကြင်း ဦးခေါင်းသည်။
ဟောတု၊ ဖြစ်စေသတည်း။
အထ၊ ထိုမှတပါး။
အယံ မဇ္ဈိမောခဏ္ဍော၊ ဤအလယ်ပိုင်းသည်။
ဓမ္မဋ္ဌဿ၊ တရား၌ တည်သောသူ၏ အလို့ငှါ။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။

ဟူသော ဤဂါထာကို ရွတ်ဆိုပြီးလျှင် အလယ်ပိုင်းကို ကိုက်ချီလျက် ဖဲသွားလေ၏။ ထိုဖျံတို့ သည်လည်း နှလုံးမသာယာခြင်း ရှိကုန်သည်ဖြစ်၍ ထိုမြေခွေးကို မျှော်ကြည့်လျက် ရပ်တည် နေကြရရှာကုန်၏။

မြတ်စွာဘုရားသည် လွန်လေပြီးသော အကြောင်းကိုပြတော်မူ၍ ဤသို့လျှင် ဤ ဥပနန္ဒသည် လွန်လေပြီးသော အခါ၌လည်း သင်တို့ကို နှလုံးမသာယာခြင်းရှိအောင် ပြုဖူးသည်သာလျှင်တည်း ဟု ထိုရဟန်းတို့ကို သိစေတော်မူပြီးလျှင့် ဥပနန္ဒကို ကဲ့ရဲ့တော်မူလိုသဖြင့် ချစ်သား ရဟန်းတို့ သူတပါးကို ဆုံးမသောသူ မည်သည်ကား ရှေးဦးစွာသာလျှင် မိမိကိုယ်ကို သင့်တင့်လျောက်ပတ် ရာ၌ တည်စေအပ်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၁၅၈။ အတ္တာနမေဝ ပဌမံ၊ ပတိရူပေ နိဝေသယေ။
အထညမနုသာသေယျ၊ န ကိလိဿေယျ ပဏ္ဍိတော။

အတ္တာနမေဝ၊ မိမိကိုယ်ကိုသာလျှင်။
ပဌမံ၊ ရှေးဦးစွာ။
ပတိရူပေ၊ သင့်တင့်သော ဂုဏ်သဘော၌။
နိဝေသယေ၊ သွင်းထားရာ၏။
အထ၊ ထို့နောက်မှ။
အညံ၊ သူတပါးကို။
အနုသာသေယျ၊ ဆုံးမရာ၏။
ပဏ္ဍိတော၊ ပညာရှိသော သူသည်။
နကိလိဿေယျ၊ မညစ်နွမ်းစေရာ။

[မိမိကိုယ်တိုင်ကျင့်လျက် သူတပါးကိုဆုံးမလျှင် ချီးမွမ်းဖွယ်ဖြစ်၍ မညစ်နွမ်းနိုင်ဟူလို]။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုနှစ်ပါးသောရဟန်းတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။ များစွာသော လူအပေါင်းအားလည်း အကျိုးရှိသော တရား ဒေသနာ ဖြစ်တော်မူလေ၏။

သာကီဝင်မင်းသားဥပနန္ဒမထေရ် ဝတ္ထုပြီး၏။

၃ - ပဓာနိကတိဿမထေရ် ဝတ္ထု

အတ္တာနေဉ္စ အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ပဓာနိကတိဿမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

ကိုယ်ချင်းမစာ တိုက်တွန်း နှိုးဆော်တတ်သောဆရာ

ထို ပဓာနိကတိဿ မထေရ်သည် ဘုရားရှင်၏ အထံတော်၌ ကမ္မဋ္ဌာန်းကိုယူ၍ ငါးရာသော ရဟန်းတို့ကိုခေါ်လျက် တော၌ဝါကပ်ပြီးလျှင် ငါ့ရှင်တို့ သင်တို့သည် သက်တော်ထင်ရှားရှိသော ဘုရားရှင်၏ အထံတော်၌ ကမ္မဋ္ဌာန်းကို ယူအပ်ခဲ့ပေ၏။ မမေ့မလျော့မူ၍သာလျှင် ရဟန်းတရားကို အားထုတ်ကြကုန်လော့ဟု ဆုံးမသဖြင့် မိမိမူကား သွား၍ တုံးလုံးလှဲကာ အိပ်စက်လေ၏။

ထိုရဟန်းတို့သည် ပဌမယာမ်၌ စင်္ကြံသွား၍ မဇ္ဈိမယာမ်၌ ကျောင်းသို့သွား၍ ဝင်ကြကုန်၏။ ထိုတိဿမထေရ်သည်ကား အိပ်ပျော်ပြီးမှ နိုးလာသောအခါ ထိုရဟန်းတို့၏ အထံသို့ သွား၍ သင်တို့သည် တုံးလုံးလှဲကာ အိပ်စက်ကုန်အံ့ဟု နှလုံးပြု၍ လာကြကုန်သလော။ လျင်မြန်စွာ ထွက်၍ ရဟန်းတရားကို အားထုတ်ကြကုန်လော့ဟု ပြောဆိုပြီးလျှင် မိမိကိုယ်တိုင်ကား သွား၍ ရှေးနည်းအတူသာ အိပ်ပြန်၏။

တပါးသော ရဟန်းတို့သည် မဇ္ဈိမယာမ်တွင် ကျောင်းအပြင်၌ စင်္ကြံသွား၍ ပစ္ဆိမယာမ်၌ ကျောင်းတွင်းသို့ ဝင်ကြကုန်၏။ ထိုတိဿမထေရ်သည် တဖန်လည်း နိုးပြန်သဖြင့် ရဟန်းတို့၏ အထံတော်သို့ သွား၍ ရဟန်းတို့ကို ကျောင်းတွင်းမှ ထုတ်ပြီးလျှင် မိမိကိုယ်တိုင်ကား တဖန်သွား၍ ထို့အတူသာလျှင် အိပ်ပြန်၏။

ထိုမထေရ်သည် အခါခပ်သိမ်း ဤသို့ ပြုလတ်သည်ရှိသော် ရဟန်းတို့သည် သရဇ္ဈာယ်ခြင်းကို၎င်း ကမ္မဋ္ဌာန်းကို၎င်း နှလုံးသွင်းခြင်းငှါ မတတ်နိုင်ကြကုန်။ စိတ်သည် ချွတ်ယွင်းဖောက်ပြန်ခြင်းသို့ ရောက်ရလေ၏။ ထိုရဟန်းတို့သည် ငါတို့၏ ဆရာတော်ကား အလွန်လျှင် အားထုတ်အပ်သော လုံ့လရှိ၏။ ထိုဆရာကို စူးစမ်းကြကုန်ဦးအံ့ဟု စူးစမ်းကြသည်ရှိသော် ထိုဆရာ၏ အမူအရာကို မြင်ရလျှင် ငါ့ရှင်တို့ ငါတို့ကား ပျက်စီးကြလေကုန်ပြီ။ ငါတို့၏ဆရာသည် အချည်းနှီးသော မြည်တွန်ခြင်းဖြင့် မြည်တွန်ဘိသည်ဟု ပြောဆိုကြလေကုန်၏။ အလွန်လျှင် ငိုက်မျဉ်းခြင်းဖြင့် ပင်ပန်းကြကုန်သော ထိုတပည့်ရဟန်းတို့တွင် ရဟန်းတပါးမျှလည်း မဂ်ဖိုလ်တရားထူးကို ဖြစ်စေခြင်းငှါ မစွမ်းနိုင်။

---

အခါမဲ့တွန်သော ကြက်ဖအကြောင်း အမြွက်

ထိုရဟန်းတို့သည် ဝါကျွတ်လတ်ကုန်သည်ရှိသော် ဘုရားရှင်၏ အထံတော်သို့ သွားကြသဖြင့် ပြုအပ်သော ပဋိသန္ဓာရ အစေ့အစပ်စကား ရှိကုန်သည်ဖြစ်၍ ချစ်သားရဟန်းတို့ အသို့နည်း မမေ့မလျော့ ရဟန်းတရားကို အားထုတ်နိုင်ကြကုန်၏လောဟု မေးတော်မူလျှင် ထိုရဟန်းတို့သည် ထိုအကြောင်းအရာကို လျှောက်ကြားကြလေကုန်၏။

မြတ်စွာဘုရားသည် ချစ်သားရဟန်းတို့ ယခုသာလျှင် မဟုတ်သေး ရှေး၌လည်း ဤရဟန်းသည် သင်တို့၏ အန္တရာယ်ကို ပြုဖူးသည်သာလျှင်တည်းဟု မိန့်တော်မူခြင်းကြောင့် ထိုရဟန်းတို့ တောင်းပန်အပ်ရကား။

အမာတာပိတုသံဝဍ္ဎော၊ အနာစရိယကုလေ ဝသံ။
နာယံကာလမကာလံဝါ၊ အဘိဇာနာတိ ကုက္ကုဋော။

အမာတာပိတု သံဝဍ္ဎော၊ မိဘတို့ကိုမှီလျက် အဆုံးအမယူကာ ကြီးပွားရသည် မဟုတ်ရှာသော။
အနာစရိယ ကုလေဝသံ၊ ဆရာသမားအိမ်၌ မနေဖူးသော။
အယံကုက္ကုဋော၊ ဤကြက်ဖသည်။
ကာလံ၊ တွန်ချိန်ကာလ ဟုတ်သည်ကို၎င်း။
အကာလံဝါ၊ တွန်ချိန်ကာလ မဟုတ်သည်ကို၎င်း။
နာဘိဇာနာတိ၊ မသိတတ်ရှာ။

ဟူသော ဤ အကာလရဝိကြက်ဇာတ်ကို အကျယ်ချဲ့၍ ဟောတော်မူလေ၏။ ထိုအခါ အခါမဟုတ်သည်၌ တွန်လေ့ရှိသော ထိုကြက်ဖသည် ဤပဓာနိကတိဿမထေရ် ဖြစ်လာ၏။ ဤ ငါးရာသော ရဟန်းတို့သည် ထိုလုလင်တို့ ဖြစ်ဖူးလေကုန်ပြီ။ အရပ်မျက်နှာ၏ အကြီးဖြစ်သော ဒိသာပါမောက္ခဆရာသည် ငါဘုရားသာလျှင် ဖြစ်တော်မူလာ၏ဟု ဇာတ်ကို ပေါင်းတော်မူလေ၏။

မြတ်စွာဘုရားသည် ဤဇာတ်ကို ချဲ့ထွင်၍ ဟောကြားတော်မူပြီးလျှင် ချစ်သားရဟန်းတို့ သူတပါးကို ဆုံးမလိုသောသူ မည်သည်ကား မိမိကိုယ်ကို ကောင်းစွာယဉ်ကျေးအောင် ပြုအပ်၏။ ဤသို့ဆုံးမသော သူသည်သာလျှင် မိမိကိုယ်မိမိ ကောင်းစွာယဉ်ကျေးပြီးသည်ဖြစ်၍ ဆုံးမသည် မည်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူ၏။

---

ဒေသနာတော်

၁၅၉။ အတ္တာနဉ္စေ တထာ ကယိရာ၊ ယထာညမနုသာသတိ။
သုဒန္တော ဝတ ဒမေထ၊ အတ္တာဟိ ကိရ ဒုဒ္ဒမော။

ယထာ၊ အကြင်အခြင်းအရာဖြင့်။
အညံ၊ သူတပါးကို။
အနုသာသတိ၊ ဆုံးမ၏။
တထာ၊ ထိုအခြင်းအရာဖြင့်။
အတ္တာနဉ္စေ-အတ္တာနဉ္စေဝ၊ မိမိကိုယ်ကိုသာလျှင်လည်း။
ကယိရာ၊ ထိုနည်းတူစွာ ပြုကျင့်ရာ၏။
သုဒန္တောဝတ၊ မိမိကိုယ်ကိုပင် ယဉ်ကျေးပြီးသည်ဖြစ်၍သာလျှင်။
ဒမေထ၊ ဆုံးမရာ၏။
ဟိ၊ သင့်စွ။
အတ္တာ၊ မိမိကိုယ်သည်။
ဒုဒ္ဒမောကိရ၊ ဆုံးမခြင်းငှါ ခဲယဉ်းသတတ်။

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ ငါးရာစလုံးလည်း ဖြစ်ကုန်သော ထိုရဟန်းတို့သည် အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏။

ပဓာနိကတိဿမထေရ်ဝတ္ထုပြီး၏။

---

၄ - ကုမာရကဿပ မယ်တော် ထေရီမဝတ္ထု

အတ္တာဟိ အတ္တနော နာထော - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်ကုမာရကဿပ၏ မယ်တော်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

သန္ဓေရှိသော ဘိက္ခုနီမနှင့် ဒေဝဒတ်၏ ဖြတ်ထုံး

ထိုမထေရ်၏ မယ်တော်သည် ရာဇဂြိုဟ်ပြည်၌ သူဌေးသ္မီးဖြစ်၍ သိကြားလိမ္မာသည့်အဖြစ်သို့ ရောက်သောအခါမှစ၍ မိဘတို့ထံ ရဟန်းအဖြစ်ကို တောင်းပန်လေသတတ်။ အဖန်တလဲလဲ တောင်းပန်သော်လည်း မိခင်ဖခင်တို့၏ အထံမှ ရဟန်းအဖြစ်ကို မရရှာသောကြောင့် အရွယ်သို့ ရောက်လတ်သည်ရှိသော် လင်ယောက်ျားအိမ်သို့ လိုက်ပါသွားရသဖြင့် လင်ကို အိမ်ဦးနတ်ကဲ့သို့ ရိုသေစွာ လုပ်ကျွေးခြင်းရှိသည်ဖြစ်၍ အိမ်ကိုအုပ်ချုပ်ကာ နေရလေ၏။

ထိုအခါ မကြာမြင့်မီ ထိုသူဌေးသ္မီး၏ဝမ်း၌ သားငယ်ကိုယ်ဝန်တည်လာလေ၏။ သူဌေးသ္မီးသည် ကိုယ်ဝန်တည်သည့်အဖြစ်ကို မသိမူ၍သာလျှင် အရှင်လင်ယောက်ျားကို နှစ်သိမ့်စေလျက် ရဟန်းအဖြစ်ကို တောင်းပန်ပြန်လေ၏။

ထိုအခါ သူဌေးသ္မီးကို လင်ယောက်ျားသည် ကြီးစွာသော ပူဇော်သက္ကာရဖြင့် ရဟန်းမိန်းမတို့၏ ကျောင်းသို့ ဆောင်ပြီးလျှင် အကြောင်းခြင်းရာ မသိခြင်းကြောင့် ဒေဝဒတ်၏ အပင်းအသင်း ဖြစ်သော ရဟန်းမိန်းမတို့၏ အထံ၌ ရဟန်းပြုစေလေ၏။

နောက်အဖို့ဖြစ်သောအခါ၌ ရဟန်းမိန်းမတို့သည် ထိုသူဌေးသ္မီး ဘိက္ခုနီမ၏ ကိုယ်ဝန်ရှိသော အဖြစ်ကို သိရလျှင် ထိုရဟန်းမိန်းမတို့သည် ဤအမူအရာကား အဘယ်နည်းဟု မေးသည်ရှိသော် ရှင်မတို့ တပည့်တော်မ မသိရပါ။ အသို့ပါနည်း တပည့်တော်မ၏ ထိုရဟန်းသီလသည် စင်စစ် အပြစ်အနာကင်းသည်သာလျှင် ဖြစ်နိုင်ကောင်းပါအံ့လောဟု လျှောက်ကြားလေ၏။

ရဟန်းမိန်းမတို့သည် ထိုဘိက္ခုနီမကလေးကို ဒေဝဒတ်၏အထံသို့ ခေါ်ဆောင်၍ ဤရဟန်းမိန်းမကား သာသနာကို ကြည်ညို၍ ရဟန်းပြုပါ၏။ ဤရဟန်းမိန်းမ၏ ကိုယ်ဝန်တည်သောကာလကို တပည့်တော်မတို့ မသိကြရပါ။ ယခု အဘယ်သို့သာလျှင် ပြုရပါမည်နည်းဘုရားဟု မေးလျှောက်ကြလေကုန်၏။

ဒေဝဒတ်သည် ငါ့အဆုံးအမကို လိုက်နာလေ့ရှိကုန်သော ရဟန်းမိန်းမတို့အား အကျော်အစောမဲ့ မဖြစ်ပါစေလင့်ဟု ဤမျှကိုသာ ကြံစည်ပြီးလျှင် ထိုရဟန်းမိန်းမငယ်ကို လူထွက်စေကြရမည်ဟု ဆုံးဖြတ်မိန့်ဆိုလေ၏။

---

ရှင်ဥပါလိ၏ ဖြတ်ထုံး

ထိုစကားကို ကြားရလျှင် ဘိက္ခုနီမကလေးသည် ရှင်မတို့ တပည့်တော်မကို မဖျက်ဆီးကြပါကုန်လင့်။ တပည့်တော်မသည် ရှင်ဒေဝဒတ်ကို ရည်မှန်း၍ ရဟန်းပြုသည်မဟုတ်ပါ။ ကြွလာကြပါ တပည့်တော်မကို မြတ်စွာဘုရား၏ အထံ ဇေတဝန်ကျောင်းတော်သို့ ဆောင်ပို့ကြပါကုန်လော့ဟု ဆိုသောကြောင့် ထိုရဟန်းမိန်းမတို့သည် ရဟန်းမိန်းမငယ်ကိုခေါ်၍ ဇေတဝန်ကျောင်းတော်သို့ မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။

မြတ်စွာဘုရားသည် လူဖြစ်စဉ်အခါ၌ တည်သော သန္ဓေကိုယ်ဝန်ဖြစ်၏ဟု သိတော်မူသော်လည်း သူတပါးတို့ ကဲ့ရဲ့ပြောဆိုခြင်းမှ လွတ်စေခြင်းငှါ -

ပဿေနဒီကောသလ မင်းကြီးကို၎င်း
အနာထပိဏ် သူဌေးကြီးကို၎င်း
စူဠအနာထပိဏ် သူဌေးကြီးကို၎င်း
ဝိသာခါ ဒါယိကာမကြီးကို၎င်း
ထိုမှတပါး ထင်ရှားကုန်သော အမျိုးကြီးတို့ကို၎င်း

ခေါ်စေပြီးလျှင် ဥပါလိမထေရ်ကို ချစ်သားဥပါလိ သွားချေ။ ဤရဟန်းမိန်းမငယ်၏ အမှုကို ပရိသတ်လေးပါး အလယ်၌ ရှင်းလင်းသုတ်သင်ချေလော့ဟု စေခိုင်းတော်မူလေ၏။

ရှင်ဥပါလိမထေရ်သည် ပဿေနဒီကောသလ မင်းကြီး၏ ရှေ့သို့ ဝိသာခါဒါယိကာမကိုခေါ်စေ၍ ထိုသူတို့အား ထိုအဓိကရုဏ်းကို လက်ခံစေတော်မူ၏။ ဝိသာခါသည် တင်းတိမ်ကန့်လန့်ကာကို ထက်ဝန်းကျင် ကာရံစေ၍ တင်းတိမ်ကန့်လန့်ကာ၏ အတွင်း၌ ထိုရဟန်းမိန်းမငယ်၏ လက် ခြေ ချက် ဝမ်းပိုက်အဆုံးနေရာတို့ကို ကြည့်ရှုပြီးလျှင် လ ရက်နေ့တို့ကို စိစစ်တွက်ချက်သဖြင့် လူ့အဖြစ်၌ ဤရဟန်းမိန်းငယ် ကိုယ်ဝန်ကိုရ၏ဟု သိရ၍ အရှင်ဥပါလိမထေရ်အား ထိုအကြောင်းကို လျှောက်ကြားလေ၏။ ထိုနောင်မှ ရှင်ဥပါလိမထေရ်သည် ပရိသတ်လေးပါး အလယ်၌ ထိုရဟန်းမိန်းမငယ်၏ စင်ကြယ်သည့်အဖြစ်ကို တည်စေတော်မူလေ၏။

---

ဘိက္ခုနီမ၏ သားငယ်ကို ရှင်ဘုရင် မွေးမြူခြင်း

ထိုရဟန်းမိန်းမငယ်သည် ထို့နောင်မှ အခါတပါး၌ ပဒုမုတ္တရ မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဆုတောင်းခြင်းရှိ၍ ကြီးသော အာနုဘော်ရှိသောသားကို ဖွားမြင်လေ၏။ ထို့နောက် တနေ့သ၌ ကောသလမင်းကြီးသည် ရဟန်းမိန်းမတို့၏ ကျောင်းအနီးဖြစ်သော လမ်းခရီး၌ ဖြန့်မြန်းလတ်သည်ရှိသော် သူငယ်သံကို ကြားရလျှင် ဤအသံကား အဘယ်အသံ ဖြစ်သနည်းဟု မေးသောကြောင့် ဘဝရှင်မင်းကြီး ရဟန်းမိန်းမ တယောက်အား သားဖွားမြင်ပါသည်။ ဤအသံသည် ထိုသားငယ်၏ အသံဖြစ်ပါသည်ဟု သံတော်ဦးတင်လတ်သည်ရှိသော် ထိုသတို့သားကို မိမိ၏နန်းတော်အိမ်သို့ ဆောင်ယူ၍ နို့ထိန်းတို့အား ပေးလေ၏။

အမည်မှည့်အံ့သောနေ့၌ကား ကဿပဟူ၍ သူငယ်၏ အမည်ကို မှည့်ပြီးလျှင် မင်းသားတို့၏ အဆောင်အရွက်ဖြင့် ကြီးပွားရသောကြောင့် ကုမာရပဿပဟူ၍ ကောင်းစွာ သိကြလေကုန်၏။ ထိုကုမာရကဿပသတို့သားသည် ကစားရာရုံအဝန်း၌ သူငယ်တို့ကို ပုတ်ခတ်ခြင်းကြောင့် အမိမဲ့သား အဖမဲ့သားက ငါတို့ကို ပုတ်ခတ်ဘိသည်ဟု ဆဲရေးပြောဆိုလတ်သော် မင်းကြီးသို့ ချဉ်းကပ်၍ ခမည်းတော်ဘုရား သားတော်ကို အမိမဲ့သား အဖမဲ့သားဟူ၍ ဆိုကြပါသည် သားတော်အား မယ်တော်ကို မိန့်ကြားတော်မူပါဟု မေးလျှောက်သောကြောင့် ကောသလမင်းကြီးသည် နို့ထိန်းတို့ကို ပြ၍ ဤနို့ထိန်းမောင်းမတို့သည် သင်ချစ်သား၏ မယ်တော်တို့ ဖြစ်ကုန်၏ဟု မိန့်တော်မူသည်ရှိသော် သားတော်၏ မယ်တော်တို့သည် ဤမျှလောက် များပြားသည် မဖြစ်တန်ရာ။ သားတော်၏ မယ်တော်သည် တယောက်တည်းသာ ဖြစ်တန်ရာ၏။ သားတော်အား ထိုမယ်တော်ရင်းကိုသာ မိန့်ကြားတော်မူပါဟု လျှောက်တင်လေ၏။

---

ရဟန်းပြု၍ မယ်တော်နှင့် တွေ့ခြင်း

ထိုကောသလမင်းကြီးသည် ဤသတို့သားကို လှည့်ဖြားခြင်းငှါ မတတ်နိုင်ရာဟု ကြံ၍ ချစ်သား သင်၏ မယ်တော်ကား ဘိက္ခုနီမဖြစ်သည်။ သင်ချစ်သားကို ငါသည် ဘိက္ခုနီမကျောင်းမှ ဆောင်ယူခဲ့၏ဟု မိန့်ဆိုလတ်သော် ထိုသတို့သားသည် ထိုမျှလောက်သော စကားဖြင့် ကောင်းစွာဖြစ်သော ထိတ်လန့်ခြင်းရှိသည်ဖြစ်၍ ခမည်းတော်ဘုရား သားတော်ကို ရှင်ရဟန်းပြုတော်မူပါလော့ဟု လျှောက်တင်လေ၏။

ကောသလမင်းကြီးသည် ချစ်သား ကောင်းပြီဟုဆို၍ သတို့သားကို ကြီးစွာသော ပူဇော်သက္ကာရဖြင့် မြတ်စွာဘုရားထံတော်၌ ရှင်ရဟန်းပြုပေးလေ၏။ ထိုသတို့သားသည် ပဉ္စင်းအဖြစ် ရလတ်သည်ရှိသော် ကုမာရကဿပမထေရ်ဟူ၍ ထင်ရှား၏။

ထိုကုမာရကဿပမထေရ်သည် ဘုရားရှင်၏ အထံတော်၌ ကမ္မဋ္ဌာန်းကိုယူ၍ တောသို့ဝင်ပြီးလျှင် လုံ့လပြုသဖြင့် ဈာန်မဂ်ဖိုလ် အထူးကို ဖြစ်စေခြင်းငှါ မတတ်နိုင်ရကား တဖန် ကမ္မဋ္ဌာန်းကို အထူးပြု၍ ယူဦးအံ့ဟု ဘုရားရှင် အထံတော်သို့ သွားရောက်ပြီးလျှင် မိုက်တော၌ နေတော်မူလေ၏။

ထိုအခါ ထိုကုမာရကဿပမထေရ်ကို ကဿပမြတ်စွာဘုရားလက်ထက်တော်၌ အတူတကွ ရဟန်းတရားကို အားထုတ်၍ အနာဂါမိဖိုလ်သို့ ရောက်သဖြင့် ဗြဟ္မာ့ပြည်၌ဖြစ်သော ရဟန်းဗြဟ္မာသည် ဗြဟ္မာ့ပြည်မှ လာခဲ့၍ တဆဲ့ငါးပါးသော ပြဿနာတို့ကို မေးပြီးလျှင် ဤပြဿနာတို့ကို ဘုရားရှင်ကိုထား၍ တပါးသော ဖြေစွမ်းနိုင်သောသူမည်သည်မရှိ သွားချေ ဘုရားရှင်၏ အထံတော်၌ ဤပြဿနာတို့၏ အနက်ကို သင်ယူချေလော့ဟု စေလွှတ်လိုက်လေ၏။

ထိုကုမာရကဿပမထေရ်သည် ထိုအနာဂါမ်ဗြဟ္မာဆိုတိုင်းပြုသဖြင့် ပြဿနာကို ဖြေသည်၏ အဆုံး၌ အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ထိုကုမာရကဿပမထေရ် တောထွက်သောနေ့မှစ၍ တဆဲ့နှစ်နှစ်တို့ပတ်လုံး မယ်တော်ဖြစ်သော ဘိက္ခုနီမ၏ မျက်စိတို့မှ မျက်ရည်တို့သည် မပြတ်ဖြစ်ကုန်၏။

ထိုဘိက္ခုနီမသည် သားနှင့်ကွေကွင်းခြင်းကြောင့် ဆင်းရဲခြင်းသို့ ရောက်သည်ဖြစ်၍ မျက်ရည်စိုစွတ်သော မျက်နှာဖြင့်သာလျှင် ဆွမ်းအလို့ငှါ လှည့်လည်စဉ် လမ်းခရီးအကြား၌ မထေရ်ကို မြင်ရလျှင် မြင်ရခြင်း ချစ်သား ချစ်သားဟု မြည်တမ်းလျက် မထေရ်ကို အမှီရောက်စိမ့်သောငှါ ပြေးလိုက်သည်ရှိသော် ပြန်လည်၍ တိမ်းလဲလေ၏။

ထိုရဟန်းမိန်းမသည် သားမြတ်တို့မှ နို့ရည်ထွက်ကုန်သဖြင့် ထပြီးလျှင် စိုသော သင်္ကန်းရှိလျက် သွား၍ မထေရ်ကို ဆွဲကိုင်လေ၏။ မထေရ်သည် ဤငါ့မယ်တော်ကား ငါ့အထံမှ အသာအယာဆိုသောစကားကို အကယ်၍ ရသည်ဖြစ်အံ့ ပျက်စီးရှာလတ္တံ့။ ခက်ထန်တင်းမာသောစကားကို သာပြု၍ ဤမယ်တော်ဘိက္ခုနီမနှင့်တကွ ပြောဆိုဦးအံ့ဟု ကြံလေ၏။

ထို့နောင်မှ ထိုမယ်တော်ထေရီမကို အဘယ်အမှုပြုလျက် လှည့်လည်နေဘိသနည်း။ ချစ်ခင်ခြင်းမျှကိုလည်း ဖြတ်ခြင်းငှါ မတတ်နိုင်ဘိတကားဟု ဆိုလိုက်လေ၏။ ထိုထေရီမသည် မထေရ်၏ စကားကား အလွန်ခက်ထန်စွ တင်းမာလေစွတကားဟု ကြံ၍ ချစ်သား အသို့ဆိုဘိသနည်းဟုဆိုလျှင် တဖန်လည်း ရှေးနည်းအတူသာလျှင် ဆိုပြန်အပ်သည်ရှိသော် ဤသို့ကြံလေ၏။

ငါကား ဤသား၏ အကြောင်းကြောင့် တဆဲ့နှစ်နှစ်တို့ပတ်လုံး မျက်ရည်တို့ကို ဆည်းခြင်းငှါ မတတ်နိုင်။ ဤသားသည်ကား ဤသို့ ခက်ထန်တင်းမာသော စိတ်နှလုံးရှိဘိ၏။ ငါ့အား ဤသားဖြင့် အဘယ်အကျိုးရှိအံ့နည်းဟုကြံ၍ သား၌ဖြစ်သော ချစ်ခင်ခြင်းကို ဖြတ်လိုက်သည်ရှိသော် ထိုနေ့၌ပင်လျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။

---

ရွှေသမင်ဇာတ်အမြွက် အတိတ်

တပါးသောအခါ တရားသဘင်၌ ငါ့ရှင်တို့ ဒေဝဒတ်သည် ဤသို့ ဥပနိဿယအကြောင်းနှင့် ပြည့်စုံသော ကုမာရကဿပကို၎င်း ထေရီမကို၎င်း ဖျက်ဆီးဘိ၏။ မြတ်စွာဘုရားသည်ကား ထိုသူတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူ၏။ ဘုရားရှင်တို့မည်သည်ကား အလွန်တရာ လူအပေါင်းကို အစဉ်မပြတ် သနားတော်မူကုန်စွတကားဟု စကားကို ဖြစ်စေကြလေကုန်၏။

မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့ ယခု ငါလာဆဲအခါ၌ အဘယ်မည်သော စကားဖြင့် ပြောကြားစည်းဝေးနေကြကုန်သနည်းဟု မေးတော်မူသောကြောင့် ဤမည်သော စကားဖြင့် ပြောကြားစည်းဝေးနေကြပါသည်ဘုရားဟု နားတော်လျှောက်သည်ရှိသော် ချစ်သားရဟန်းတို့ ယခုသာလျှင် ငါဘုရားသည် ဤသူတို့၏ အထောက်အပံ့ ထောက်တည်ရာဖြစ်သည် မဟုတ်သေး ရှေး၌လည်း ငါဘုရားသည် ထိုသူတို့၏ ထောက်တည်ရာဖြစ်ဖူးသည်သာတည်းဟု မိန့်တော်မူ၍—

နိဂြောဓမေဝ သေဝေယျ၊ န သာခ မုပသံဝသေ။
နိဂြောဓသ္မိံ မတံ သေယျော၊ ယံ ဝေ သာခသ္မိံ ဇီဝိတံ။

နိဂြောဓမေဝ၊ နိဂြောဓမည်သော ရွှေသမင်ကိုသာလျှင်။
သေဝေယျ၊ မှီဝဲဆည်းကပ်ရာ၏။
သာခံ၊ သာခမည်သော ရွှေသမင်ကို။
နဥပသံဝသေ၊ မမှီဝဲရာ။
နိဂြောဓသ္မိံ၊ နိဂြောဓမည်သော ရွှေသမင်၏ ခြေရင်း၌။
မတံ၊ သေရခြင်းသည်။
သေယျော၊ မြတ်သေး၏။
သာခသ္မိံ၊ သာခမည်သော ရွှေသမင်ထံ၌။
ဝေ၊ စင်စစ်။
ယံဇီဝိတံ၊ အကြင်အသက်ရှည်ခြင်းသည်။
အတ္ထိ၊ ရှိ၏။
တံဇီဝိတံ၊ ထိုအသက်ရှည်ခြင်းသည်။
နသေယျော၊ မမြတ်။

ဟူသော ဤနိဂြောဓဇာတ်ကို အကျယ်အားဖြင့် ဟောတော်မူ၍ ထိုအခါ --

သာခမည်သော သမင်သည် ဒေဝဒတ်ဖြစ်လာ၏။
အခြံအရံပရိသတ်သည်လည်း ဒေဝဒတ်၏ အခြံအရံပရိသတ်ဖြစ်လာ၏။
သတ်ရန်အလှည့်သို့ရောက်သော သမင်မသည် ထေရီမဖြစ်လာ၏။
သားသည် ကုမာရကဿပဖြစ်လာ၏။
ကိုယ်ဝန်ဆောင်သော သမင်မအတွက် အသက်ကိုစွန့်၍သွားသော နိဂြောဓမည်သော သမင်မင်းသည်ကား ငါဘုရားသာလျှင် ဖြစ်လာ၏။

ဟု ဇာတ်ကို ပေါင်းတော်မူ၍ သား၌ ဖြစ်သောချစ်ခင်ခြင်းကို ဖြတ်သဖြင့် ထေရီမသည် မိမိသည်သာ မိမိ၏ကိုးကွယ်ရာ ပြုအပ်သည်အဖြစ်ကို ထင်ရှားစွာ ပြတော်မူလျက် ချစ်သားရဟန်းတို့ အကြင်ကြောင့် မိမိ၌တည်ရှိပြည့်စုံသော နတ်ပြည်လားခြင်းသည်၎င်း မဂ်ရခြင်းသည်၎င်း သူတပါးအလို့ငှါ ဖြစ်ခြင်းငှါ မတတ်ကောင်း။

ထို့ကြောင့် မိမိသည်သာလျှင် မိမိ၏ ကိုးကွယ်ရာဖြစ်၏ သူတပါးသည် အဘယ်အမှုကို ပြုနိုင်အံ့နည်းဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

---

ဒေသနာတော်

၁၆ဝ။ အတ္တာဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ။
အတ္တနာဟိ သုဒန္တေန၊ နာထံ လဘတိ ဒုလ္လဘံ။

အတ္တာဟိ၊ မိမိသည်သာလျှင်။
အတ္တနော၊ မိမိ၏။
နာထော၊ ကိုးကွယ်ရာ ဖြစ်၏။
ဟိ၊ ထိုစကားသင့်စွ။
ပရော၊ မိမိမှတပါးဖြစ်သော။
ကော၊ အဘယ်မည်သောသူသည်။
နာထော၊ အဘယ်သူ၏ ကိုးကွယ်ရာသည်။
သိယာ၊ ဖြစ်နိုင်ချိမ့်အံ့နည်း။
အတ္တနာဟိ၊ မိမိသည်သာလျှင်။
ဝါ၊ မိမိကိုယ်တိုင်သာလျှင်။
သုဒန္တေန၊ ကောင်းစွာဣန္ဒြေကို ဆုံးမခြင်းဖြင့်။
ဒုလ္လဘံ၊ ရခဲသော။
နာထံ၊ အရဟတ္တဖိုလ်တည်းဟူသော မှီခိုရာကို။
လဘတိ၊ ရနိုင်၏။

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ကုမာရကဿပ မယ်တော်ထေရီမ ဝတ္ထုပြီး၏။

---

၅ - မဟာကာလ ဥပါသကာဝတ္ထု

အတ္တနာဟိကတံပါပံ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် မဟာကာလ အမည်ရှိသော သောတာပန်ဥပါသကာ တယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

ဥပုသ်သည်ကို သူခိုးဟု သတ်သွားခြင်း

ထိုမဟာကာလ ဥပါသကာသည် လ၏ ရှစ်ရက်မြောက်သောနေ့၌ ဥပုသ်စောင့်သုံးလျက် ကျောင်းတော်၌ ညဉ့်သုံးယာမ်ပတ်လုံး တရားစကားကို နာကြားနေသတတ်။ ထိုအခါ ညဉ့်၌ ခိုးသူတို့သည် တခုသောအိမ်၌ ခြံစပ်ကို ဖောက်၍ ဥစ္စာထုပ်ကိုယူပြီးလျှင် ကြေးအိုးကြေးခွက်တို့၏ အသံကြောင့် နိုးသော အိမ်ရှင်တို့သည် အစဉ်လိုက်ကြခြင်းကြောင့် ယူအပ်သော ဘဏ္ဍာကို စွန့်ပစ်ကာ ပြေးကြလေကုန်၏။

ဥစ္စာရှင်တို့လည်း ခိုးသူတို့ကို လိုက်မြဲလိုက်ကြကုန်သည်သာတည်း။ ခိုးသူတို့သည် အရပ်လေးမျက်နှာတို့သို့ ကစင့်ကရဲ ပြေးဝင်ကြကုန်ပြီးလျှင် တယောက်သော ခိုးသူသည်ကား ကျောင်းသို့သွားရာ လမ်းခရီးကိုယူသဖြင့် မဟာကာလဥပါသကာသည် ညဉ့်၌ တရားစကားကို နာကြား၍ နံနက်စောစော ရေကန်ကမ်းနား၌ မျက်နှာသစ်စဉ် ရွှေ၌ဥစ္စာထုပ်ကို စွန့်ချထားခဲ့၍ ပြေးလေ၏။

ခိုးသူတို့ကို အစဉ်လိုက်လာသော လူတို့သည် ဥစ္စာထုပ်ကိုမြင်လျှင် သင်သည် ငါတို့၏အိမ်၌ ခြံစပ်ကိုဖောက်၍ ဥစ္စာထုပ်ကို ခိုးယူလာပြီးမှ တရားနာနေသော သူအလား သွားလာလှည့်လည်ဘိ၏ဟု ဆို၍ မဟာကာလသီတင်းသည်ကို ဆွဲငင်ဖမ်းဆီးသဖြင့် ထောင်းထုပုတ်ခတ်ရိုက်သတ်ကာ ပစ်ထားပြီးမှ သွားကြလေကုန်၏။

ထိုအခါ မဟာကာလသီတင်းသည် အလောင်းကောင်ကို နံနက်စောစောကလျှင် ရေအိုးကိုယူ၍ သွားကြကုန်သော ရဟန်းငယ်နှင့် သာမဏေတို့ မြင်ကြရလျှင် ကျောင်းတော်၌ တရားစကားကို နာကြားကာ အိပ်သော ဒါယကာသည် မလျောက်ပတ်သော သေခြင်းကို ရုရှာဘိ၏ဟုဆို၍ မြတ်စွာဘုရားကို လျှောက်ကြားကြလေ၏။

မြတ်စွာဘုရားသည် ချစ်သားရဟန်းတို့ ဤအတ္တဘော၌ ကာလမည်သော ဒါယကာသည် မလျောက်ပတ်သော သေခြင်းကို ရသောဟူသည် မှန်ပေ၏။ ရှေး၌ ပြုအပ်သော ကံအားသော်ကား ထိုဒါယကာသည် လျောက်ပတ်သော သေခြင်းကိုသာလျှင် ရအပ်ပေ၏ဟု မိန့်တော်မူသဖြင့် ထိုရဟန်းတို့ တောင်းပန်ခြင်းကြောင့် ထိုမဟာကာလဥပါသကာ၏ ရှေးမကောင်းမှုကံကို ဟောကြားတော်မူလေ၏။

---

မဟာကာလ ဥပါသကာ၏ အတိတ်မကောင်းမှု

လွန်လေပြီးသောအခါ ဗာရာဏသီမင်း၏နိုင်ငံတွင် တခုသော ပစ္စန္တရစ်ရာ၏ တောအုပ်ဝ၌ ခိုးသားထားပြတို့သည် ခရီးသွားသူတို့ကို ပုတ်ခတ်သတ်ဖြတ်ကြကုန်၏။ ဗာရာဏသီမင်းကြီးသည် တောအုပ်ဝ၌ မင်းခယောက်ျားတယောက်ကို ထားလေ၏။ ထိုမင်းခယောက်ျားသည် အခယူ၍ လူတို့ကို ဤမှာဘက်တောစခန်းမှ ထိုမှာဘက် တောစခန်းသို့ ပို့ဆောင်ရ၏။ ထိုမှာဘက်တောစခန်းမှ ဤမှာဘက်တောစခန်းသို့ ပို့ဆောင်ရ၏။

ထိုအခါ လူတယောက်သည် အလွန်အဆင်းလှသော မိမိ၏မယားကို လှည်းငယ်ထက်သို့ တင်လျက် ထိုတောအုပ်ဝသို့ ရောက်သွားလေ၏။ မင်းခယောက်ျားသည် ထိုမိန်းမကို မြင်လျှင် မြင်ခြင်း ချစ်ကြိုက်စုံမက်နှစ်သက်ခြင်းဖြစ်ရကား ထိုခရီးသွားသော ယောက်ျားက အရှင် ကျွန်တော်တို့အား တောအုပ်ကို လွန်မြောက်ပါစေလော့ လွန်မြောက်အောင် လိုက်ပို့ပါလော့ဟု ပြောဆိုသော်လည်း ယခုအချိန်အခါ မဟုတ်ပြီ မိုးချုပ်ပြီ၊ နံနက်စောစောကျမှသာလျှင် လွန်မြောက်စေအံ့ဟု ဆိုလေ၏။

ထိုခရီးသွားယောက်ျားသည် အရှင် အချိန်အခါရှိပါသေးသည်။ ယခုပင်လျှင် ကျွန်တော်တို့ကို ပို့ဆောင်ပါဦးဟု ဆိုလတ်သော် အိုအချင်းယောက်ျား ဆုတ်နစ်ရပ်ဆိုင်းပါဦးလော့။ အကျွန်ုပ်တို့၏အိမ်၌သာလျှင် ထမင်းအာဟာရသည်၎င်း နေစရာနေရာသည်၎င်း ဖြစ်ပါလတ္တံ့ဟု ဆိုလေ၏။ ထိုခရီးသွားယောက်ျားသည် ဆုတ်နစ်ရပ်ဆိုင်းခြင်းငှါ အလိုမရှိသည်သာတည်း။

မင်းခယောက်ျားသည် ငယ်သားယောက်ျားတို့အား အမှတ်သညာပေး၍ လှည်းကို ဆုတ်နစ်စေပြီးလျှင် အလိုမရှိသည်သာဖြစ်သော ခရီးသွားယောက်ျားအား တံခါးမုခ်၌ နေရာပေးသဖြင့် ထမင်းအာဟာရကို စီရင်ချက်ပြုတ်စေလေ၏။

---

ပြစ်မှုဆင်၍ လင်အား ရိုက်သတ်ခြင်း

ထိုမင်းချင်းယောက်ျား၏အိမ်၌ကား တခုသော ပတ္တမြားရတနာသည် ရှိ၏။ ထိုမင်းချင်းယောက်ျားသည် ပတ္တမြားရတနာကို လှည်းအတွင်း၌ ထည့်ထားစေ၍ နံနက်စောစောအချိန်ကာလ၌ ခိုးသူတို့ ဝင်လာသောအသံကို ပြုစေလေ၏။ ထိုမင်းချင်းယောက်ျား၏ ငယ်သားယောက်ျားတို့သည် အရှင် ပတ္တမြားရတနာကို ခိုးသူတို့ ခိုးယူသွားပါပြီဟု ပြောကြားကြလေကုန်၏။

မင်းခယောက်ျားသည် ရွာတံခါးတို့၌ အစောင့်အရှောက်ထားလျက် ရွာတွင်းမှ ထွက်ကုန်သောသူတို့ကို စူးစမ်းရှာဖွေကြကုန်လော့ဟု ဆိုလေ၏။ ခရီးသွားယောက်ျားသည်လည်း စောစောကသာလျှင် လှည်းယာဉ်ကို က၍ ထွက်သွားလေ၏။ ထိုအခါ ခရီးသွားယောက်ျား၏လှည်းကို သုတ်သင်ရှာဖွေကြသောသူတို့သည် မိမိတို့ကိုယ်တိုင် ထည့်ထားသော ပတ္တမြားရတနာကို မြင်ရလျှင် ခြိမ်းချောက်မောင်းမဲကုန်လျက် သင်ကား ပတ္တမြားကို ခိုးယူ၍ ထွက်ပြေးဘိ၏ဟု ပုတ်ခတ်၍ အရှင် အကျွန်ုပ်တို့သည် ခိုးသူကို ဖမ်းမိပါပြီဟုဆို၍ ရွာစားအား ပြကြလေကုန်၏။

ရွာစားသည်လည်း ငါ၏လက်အောက် အခစားယောက်ျား၏အိမ်၌ ရှေးဦးစွာ နေရာကိုပေး၍ ထမင်းပေးအပ်ကျွေးအပ်လျက် ပတ္တမြားကို ခိုးယူ၍ သွားဘိ၏။ ထိုယုတ်မာသော ယောက်ျားကို ဖမ်းယူခဲ့ကြကုန်လော့ဟု ဆို၍ ရိုက်နှက်ပုတ်ခတ်ကာ သတ်ပြီးလျှင် စွန့်ပစ်စေလေ၏။ ဤသည်လျှင် မဟာကာလသီတင်းသည်၏ ရှေးမကောင်းမှုကံတည်း။

ထိုမင်းချင်းယောက်ျားသည် ထိုဘဝမှ စုတေမနေ သေလွန်သည်ရှိသော် အဝီစိငရဲ၌ဖြစ်၍ ထိုငရဲ၌ ရှည်လျားစွာသော နေ့ညဉ့်ပတ်လုံး ကျက်ပြီးမှ အကျိုးအကြွင်းအားဖြင့် အရာမျှသော ကိုယ်အဖြစ်၌ ထို့အတူသာလျှင် ပုတ်ခတ်ရိုက်နှက်အပ်သည်ဖြစ်၍ သေခြင်းသို့ ရောက်ရဖူးလေပြီ။

ဤသို့လျှင် ဘုရားရှင်သည် မဟာကာလ၏ ရှေးမကောင်းမှုကံကို ဟောပြတော်မူပြီးလျှင် ချစ်သားရဟန်းတို့ ဤသို့လျှင် ဤသတ္တဝါတို့ကို မိမိပြုသော မကောင်းမှုအကုသိုလ်ကံသည်သာလျှင် အပါယ်လေးပါးတို့၌ နှိပ်စက်ဖျက်ဆီးဘိ၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

---

ဒေသနာတော်

၁၆၁။ အတ္တနာဟိ ကတံ ပါပံ၊ အတ္တဇံ အတ္တသမ္ဘဝံ။
အဘိမတ္ထတိ ဒုမ္မေဓံ၊ ဝဇိရံ ဝသ္မမယံ မဏိံ။

အသ္မမယံ၊ ကျောက်မှဖြစ်ပေါ်သော။
ဝဇိရံ၊ ဝဇိရစိန်သည်။
မဏိံ၊ ဖြစ်ပေါ်ရာဖြစ်သော ထိုကျောက်ကို။
အဘိမတ္ထတိဝ၊ စား၍အပေါက်ပေါက် အပိုင်းပိုင်း ပြုသကဲ့သို့။
တထာ၊ ထို့အတူ။
အတ္တနာ၊ မိမိကိုယ်တိုင်။
ကတံ၊ ပြုအပ်သည်ဖြစ်၍။
အတ္တဇံ၊ မိမိကိုယ်၌ဖြစ်သော။
အတ္တသမ္ဘဝံ၊ မိမိကြောင့်ဖြစ်သော။
ပါပံ၊ မကောင်းမှုအကုသိုလ်ကံသည်။
ဒုမ္မေဓံ၊ မကောင်းမှုဖြစ်ရာ ထိုပညာမရှိသောသူကို။
အဘိမတ္ထတိ၊ နှိပ်စက်ဖျက်ဆီး၏။

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ရောက်လာကုန်သော ရဟန်းတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

မဟာကာလဥပါသကာဝတ္ထုပြီး၏။

---

၆ - အရှင်ဒေဝဒတ်ဝတ္ထု

ယဿအစ္စန္တဒုဿိလျံ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

တဏှာသည် မာလောနွယ်နှင့် တူခြင်း

တနေ့သ၌ တရားသဘင်ဝယ် ရဟန်းတို့သည် ငါ့ရှင်တို့ ဒေဝဒတ်သည် သီလမရှိ ယုတ်မာသော အကျင့်ရှိ၏။ သီလမရှိသည့်အဖြစ်ဟု ဆိုအပ်သော တဏှာကို ပြုတတ်သောကြောင့်သာလျှင် တိုးပွားလာသော တဏှာဖြင့် အဇာတသတ်မင်းသားကို ချီးမြှောက်၍ များစွာသော လာဘ်ပူဇော်သက္ကာရကို ဖြစ်စေလျက် အဇာတသတ်မင်းသားကို ခမည်းတော်ကို သတ်ခြင်း၌ ဆောက်တည်စေပြီးလျှင် ထိုအဇာတသတ်နှင့် အတူတကွ တပေါင်းတည်းဖြစ်၍ အထူးထူးအပြားပြားသော အခြင်းအရာအားဖြင့် မြတ်စွာဘုရားအားလည်း သတ်ခြင်းငှါ လုံ့လပြုဘိ၏ဟု စကားကို ဖြစ်စေကြလေကုန်၏။

မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့ ယခု ငါလာဆဲအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူခြင်းကြောင့် ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရားဟု နားတော်လျှောက်သည်ရှိသော် ချစ်သားရဟန်းတို့ ယခုသာလျှင် မဟုတ်သေး ရှေး၌လည်း ဒေဝဒတ်သည် အထူးထူးအပြားပြားသော အခြင်းအရာအားဖြင့် ငါ့အား သတ်ခြင်းငှါ လုံ့လပြုဖူး၏ဟု မိန့်တော်မူ၍ ကုရုင်္ဂမိဂဇာတ် စသည်တို့ကို ဟောကြားတော်မူပြီးလျှင် ချစ်သားရဟန်းတို့ စင်စစ် သီလမရှိသောပုဂ္ဂိုလ်မည်သည်ကို သီလမရှိသည့်အဖြစ်ဟု ဆိုအပ်သော တဏှာကို ပြုတတ်သောကြောင့် ဖြစ်ပေါ်သော တဏှာသည် မာလောနွယ်သည် အင်ကြင်းပင်မင်းကို မြှေးယှက်ဖျက်ဆီးဘိသကဲ့သို့ မြှေးယှက်ဖျက်ဆီးလျက် ငရဲစသည်တို့၌ ပစ်ချ၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

---

ဒေသနာတော်

၁၆၂။ ယဿ အစ္စန္တဒုဿိလျံ၊ မာလုဝါ သာလမိဝေါတ္ထတံ။
ကရောတိ သော တထတ္တာနံ၊ ယထာ နံ ဣစ္ဆတီ ဒိသော။

မာလုဝါ၊ မာလောနွယ်သည်။
သာလံ၊ အင်ကြင်းပင်မင်းကို။
ဩတ္ထတံ ဣဝ၊ ထက်ဝန်းကျင် မြှေးယှက်ဖျက်ဆီး လွှမ်းမိုးဘိသကဲ့သို့။
ဧဝံ၊ ဤအတူ။
ယဿ၊ အကြင်ပုဂ္ဂိုလ်၏။
အစ္စန္တ ဒုဿိလျံ၊ နှစ်ဘဝ သုံးဘဝဆက်၍ လာသော သီလမရှိသောသူ၏ အဖြစ်တည်းဟူသော တဏှာသည်။
နံ၊ ထိုပုဂ္ဂိုလ်ကို။
ဩတ္ထတံ၊ ငရဲစသည်တို့၌ ကျစေလျက် မြှေးယှက်ဖိစီး၏။
ဒိသော၊ အကျိုးမဲ့ကို လိုလားသော ရန်သူသည်။
ယထာ၊ အကြင်အခြင်းအရာဖြင့်။
နံ၊ ထိုသူကို။
ဣစ္ဆတိ၊ အလိုရှိ၏။
တထာ၊ ထိုအခြင်းအရာဖြင့်။
သော၊ ထိုဒုဿီလပုဂ္ဂိုလ်သည်။
အတ္တာနံ၊ မိမိကိုယ်ကို။
ကရောတိ၊ ပြု၏။

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အရှင်ဒေဝဒတ်ဝတ္ထုပြီး၏။

---

၇ - သံဃဘေဒ ပရိသက္ကနဝတ္ထု

သုကရာနိ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် သံဃာကွဲပြားစေခြင်းငှါ လုံ့လပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

သင်းခွဲရန် အလိုကို ပြောကြားခြင်း

တနေ့သ၌ ဒေဝဒတ်သည် သံဃာကွဲပြားစေခြင်းငှါ လုံ့လပြုသည်ဖြစ်၍ ဆွမ်းအလို့ငှါ လှည့်လည်သော အရှင်အာနန္ဒာကို မြင်လျင် မိမိ၏အလိုကို ပြောကြားလေ၏။ ထိုစကားကိုကြားရလျှင် အရှင်အာနန္ဒာမထေရ်သည် ဘုရားရှင်၏ အထံတော်သို့သွား၍ မြတ်စွာဘုရားကို ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်သည် ဤရာဇဂြိုဟ်ပြည်၌ နံနက်အခါ သင်းပိုင်ကို ပြင်ဝတ်ပြီးလျှင် သပိတ်သင်္ကန်းကိုယူလျက် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းအလို့ငှါ ဝင်ပါသည်ဘုရား။

မြတ်စွာဘုရား တပည့်တော်ကို ဒေဝဒတ်သည် ရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှါ လှည့်လည်သည်ကို မြင်လေလျှင် တပည့်တော်ရှိရာအရပ်သို့ ချည်းကပ်၍ တပည့်တော်ကို ဤစကားကို ဆိုပါသည်ဘုရား။ ငါ့ရှင်အာနန္ဒာ ငါသည် ယနေ့ကို အစပြု၍ ယခုအခါ မြတ်စွာဘုရားကို ကြဉ်ဖယ်၍သာလျှင် ရဟန်းသံဃာအပေါင်းကို ကြဉ်ဖယ်၍သာလျှင် ဥပုသ်ကို၎င်း သံဃကံကို၎င်း ပြုပေတော့အံ့ဟူ၍ ဆိုပါသည်ဘုရား။

မြတ်စွာဘုရား ယနေ့ ဒေဝဒတ်သည် သံဃာကို သင်းခွဲပါလိမ့်မည်။ ဥပုသ်ကို၎င်း သံဃကံကို၎င်း ပြုပါလိမ့်မည်ဘုရားဟု ဤသို့သော စကားကို လျှောက်ကြားလေ၏။ ဤသို့လျှောက်ကြားလတ်သည်ရှိသော် မြတ်စွာဘုရားသည် ဤဥဒါန်းကို မြွက်ဆိုကျူးရင့်တော်မူလေ၏။

သုကရံ သာဓုနာ သာဓုံ၊ သာဓုံ ပါပေန ဒုက္ကရံ။
ပါပံ ပါပေန သုကရံ၊ ပါပမရိယေဟိ ဒုက္ကရံ။

သာဓုနာ၊ သူတော်ကောင်းသည်။
သာဓု၊ ကောင်းသောအမှုကို။
သုကရံ၊ ပြုလွယ်၏။
ပါပေန၊ ယုတ်မာသောသူသည်။
သာဓု၊ ကောင်းသောအမှုကို။
ဒုက္ကရံ၊ ပြုခြင်းငှါ ခဲယဉ်း၏။
ပါပေန၊ ယုတ်မာသောသူသည်။
ပါပံ၊ မကောင်းသောအမှုကို။
သုကရံ၊ ပြုလွယ်၏။
အရိယေဟိ၊ မြတ်သော သူတော်ကောင်းတို့သည်။
ပါပံ၊ မကောင်းသောအမှုကို။
ဒုက္ကရံ၊ ပြုခြင်းငှါ ခဲယဉ်း၏။

ဟူသော ဤဥဒါန်းစကားကို ကျူးရင့်တော်မူပြီးလျှင် ချစ်သားအာနန္ဒာ မိမိ၏ အစီးအပွားမရှိသော အမှုမည်သည်ကား ပြုခြင်းငှါလွယ်၏။ အစီးအပွားရှိသောအမှုသာလျှင် ပြုခြင်းငှါ ခဲယဉ်း၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

---

ဒေသနာတော်

၁၆၃။ သုကရာနိ အသာဓူနိ၊ အတ္တနော အဟိတာနိ စ။
ယံ ဝေ ဟိတဉ္စ သာဓုဉ္စ၊ တံ ဝေ ပရမ ဒုက္ကရံ။

ယာနိ၊ အကြင်အမှုတို့သည်။
အသာဓူနိ၊ အပြစ်ရှိ၍ အပါယ်လားကြောင်း မကောင်းကြကုန်။
အတ္တနော၊ မိမိ၏။
အဟိတာနိစ၊ အစီးအပွားမဲ့လည်းဖြစ်ကုန်၏။
တာနိ၊ ထိုအမှုတို့သည်။
သုကရာနိ၊ ပြုလွယ်ကြကုန်၏။
ယံ၊ အကြင်အမှုသည်။
ဝေ၊ စင်စစ်။
ဟိတဉ္စ၊ အစီးအပွားလည်းရှိ၏။
သာဓုဉ္စ၊ အပြစ်ကင်း၍ သုဂတိနိဗ္ဗာန်ရောက်ကြောင်း ကောင်းလည်းကောင်း၏။
တံ၊ ထိုအမှုသည်။
ဝေ၊ စင်စစ်။
ပရမဒုက္ကရံ၊ လွန်စွာပြုနိုင်ခဲ၏။

---

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သံဃဘေဒ ပရိသက္ကန ဝတ္ထုပြီး၏။

၈ - ကာလ မထေရ် ဝတ္ထု

ယောသာသနံ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ကာလမည်သော မထေရ်ကို အကြောင်းပြု၍ ဟောကြားတော်မူလေ၏။

ဘုရားရှင်ထံသို့ပင် သွားခွင့်မပြုနိုင်ခြင်း

သာဝတ္ထိပြည်၌ တယောက်သော မိန်းမသည် မိခင်အရာ၌တည်၍ ထိုကာလ မထေရ်ကို လုပ်ကျွေး သတတ်။ ထိုမိန်းမ၏ အိမ်နီးချင်းနေသူ လူတို့သည် ဘုရားရှင်၏ အထံတော်၌ တရားနာပြီးလျှင် ပြန်လာ၍ ဘုရားရှင်တို့ မည်သည်ကား အလွန် အံ့ဖွယ်ရှိပေကုန်စွ။ တရား ဟောခြင်းသည် အလွန်သာယာ နာပျော်ဖွယ်ရှိပေစွဟု ချီးမွမ်းကြကုန်၏။

ထိုမိန်းမသည် အိမ်နီးချင်းနေသူ လူတို့၏စကားကို ကြားရလျှင် အရှင်ဘုရား တပည့်တော်မ သည်လည်း ဘုရားရှင်၏ တရားဒေသနာတော်ကို နာလိုပါသည်ဘုရားဟု ထိုကာလ မထေရ်အား လျှောက်ထားလေ၏။ ထိုကာလ မထေရ်သည် ထိုဘုရားအထံသို့ မသွားလင့်ဟု ဒါယိကာမကို တားမြစ်လေ၏။ ထို ဒါယိကာမသည် တဖန် မိုးသောက်သောနေ့၌လည်း တောင်းပန်လေ၏။ သုံးကြိမ်တိုင်အောင် ထိုကာလမထေရ် တားမြစ်သော်လည်း တရားတော်ကို နာလိုသည်သာလျှင် ဖြစ်ခဲ့လေ၏။

[အဘယ့်ကြောင့် ထို ကာလမထေရ်သည် ထိုဒါယိကာမကို တားမြစ်ဘိသနည်း ဟူမူကား ဘုရားရှင်၏ အထံတော်၌ တရားနာရသည်ရှိသော် ငါ့အပေါ်၌ သဒ္ဓါပျက်ချေအံ့ဟု ထိုကာလ မထေရ်အား ဤသို့အကြံ ဖြစ်သတတ်။]

ထိုအလုပ်အကျွေး ဒါယိကာမသည် တနေ့သ၌ နံနက်စောစော၌သာလျှင် နံနက်စာထမင်းစားပြီး သည်ရှိသော် ဥပုသ်ဆောက်တည်၍ ချစ်သ္မီး အရှင်ကောင်းကို ကောင်းမွန်စွာ ဆွမ်းလုပ်ကျွေး ရစ်လော့ဟု ဆို၍ သ္မီးကို စေခိုင်းပြီးလျှင် ကျောင်းတော်သို့ သွားလေ၏။ ထိုဒါယိကာမ၏ သ္မီးသည် လည်း ထိုရဟန်းကို ကြွလာသောအခါ ဆွမ်းလုပ်ကျွေး၏ ဒါယိကာမကြီးကား အဘယ်သို့သွား သနည်းဟု မေးသည်ရှိသော် တရားနာခြင်းငှါ ကျောင်းတော်သို့ သွားပါသည် ဘုရားဟု လျှောက်ကြား လေ၏။

ထိုကာလမထေရ်သည် ထိုစကားကိုကြားလျှင် ကြားခြင်း ဝမ်း၌ဖြစ်သော ဒေါသဖြင့် ပူလောင် လတ်သည် ဖြစ်ရကား ယခုအခါ ဒါယိကာမကြီးသည် ငါ့အပေါ်၌ သဒ္ဓါပျက်ချေပြီဟု လျင်စွာ သွားတဲ့၍ ဘုရားရှင် အထံတော်၌ တရားနာနေသော ဒါယိကာမကိုမြင်လျှင် ဘုရားရှင်ကို မြတ်စွာဘုရား ဤမိန်းမသည် နုန့်နှေး ထိုင်းမှိုင်းလှပါသည် သိမ်မွေ့သော တရားစကားကို မသိနိုင်ပါ။ ဤမိန်းမအား ခန္ဓာ စသည်နှင့် စပ်သော သိမ်မွေ့သော တရားစကားကို မဟောမူ၍ ဒါနကထာကို၎င်း သီလကထာကို၎င်း ဟောခြင်းငှါ သင့်ပါသည်ဘုရားဟု လျှောက်လေ၏။

မြတ်စွာဘုရားသည် ထိုကာလ မထေရ်၏ ယုတ်မာသော အလို အဇ္ဈာသယကို သိတော်မူသဖြင့် သင်သည် ပညာမရှိသည် ဖြစ်၍ ယုတ်မာသော အယူကိုမှီလျက် ဘုရားရှင်တို့၏ အဆုံးအမကို တားမြစ် ကန့်ကွက်ဘိ၏။ မိမိကိုယ်ကို သတ်ခြင်းငှါသာလျှင် လုံ့လပြုဘိ၏ဟု မိန့်တော်မူ၍ ဤ ဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၁၆၄။ ယော သာသနံ အရဟတံ၊ အရိယာနံ ဓမ္မဇီဝိနံ။
ပဋိက္ကောသတိ ဒုမ္မေဓော၊ ဒိဋ္ဌိံ နိဿာယ ပါပိကံ။
ဖလာနိ ကဋ္ဌကဿေဝ၊ အတ္တဃာတာယ ဖလ္လတိ။

ဒုမ္မေဓော၊ ပညာမရှိသော။ ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ပါပိကံ၊ ယုတ်မာသော။ ဒိဋ္ဌိံ၊ အယူကို။ နိဿာယ၊ မှီ၍။ ဓမ္မဇီဝိနံ၊ တရားနှင့်အညီ အသက်မွေးခြင်း ရှိကုန်ထသော။ အရဟတံ၊ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော။ အရိယာနံ၊ အရိယာပုဂ္ဂိုလ်တို့၏။ သာသနံ၊ အဆုံးအမတော်ကို။ ပဋိက္ကောသတိ၊ တားမြစ်၏။ တဿပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်၏။ သာဒိဋ္ဌိ၊ ထိုယုတ်မာသောအယူသည်။ ကဋ္ဌကဿ၊ ဝါးဟု ဆိုအပ်သော သစ်ပင်၏။ ဖလာနိဣဝ၊ အသီးတို့ကဲ့သို့။ အတ္တဃာတာယ၊ မိမိကိုယ်ကို သတ်ခြင်းအလို့ငှါ။ ဖလ္လတိ၊ သီး၏။ ဝါ၊ ဖြစ်၏။

ဒေသနာတော်၌ မှတ်ဖွယ်

[ပညာမရှိသော ပုဂ္ဂိုလ်သည် မိမိ ပူဇော်သက္ကာရ ဆုတ်ယုတ်အံ့သည်မှ ကြောက်လန့်သဖြင့် ယုတ်မာသော အယူကိုမှီ၍ တရားနာအံ့ အလှူလှူအံ့ဟု ပြောဆိုသောသူတို့ကို တားမြစ် ပိတ်ပင်လျက် ဘုရားရှင်တို့၏ သာသနာ အဆုံးအမတော်ကို တားမြစ်ပိတ်ပင်လေ့ရှိ၏။ ထိုပုဂ္ဂိုလ်၏ တားမြစ်ပိတ်ပင် ခြင်းသည်၎င်း ယုတ်မာသောအယူသည်၎င်း ဝါးသီးနှင့် တူလေ၏၊

တူပုံကား ဝါးပင်သည် အသီး သီးသည်ရှိသော် မိမိကိုယ်ကို သတ်ခြင်းအကျိုးငှါ သီးသကဲ့သို့ ထို့အတူ ထိုပုဂ္ဂိုလ်သည်လည်း မိမိကိုယ်ကို သတ်ခြင်း အကျိုးငှါသာလျှင် ယုတ်မာသောအယူ ဖြစ်လေ၏။ ထို့ကြောင့် ဤဂါထာကို မိန့်ဆိုအပ် သည်သာလျှင်တည်း]။

ဖလံ ဝေ ကဒလိံ ဟန္တိ၊ ဖလံ ဝေဠုံ ဖလံ နဠံ။
သက္ကာရော ကာပုရိသံ ဟန္တိ၊ ဂဗ္ဘော အဿတရိံ ယထာ။

ဖလံ၊ ငှက်ပျောသီးသည်။ ဝေ၊ စင်စစ်။ ကဒလိံ၊ ငှက်ပျောပင်ကို။ ဟန္တိ ယထာ၊ သတ်သကဲ့သို့၎င်း။ ဖလံ၊ ဝါးသီးသည်။ ဝေဠုံ၊ ဝါးပင်ကို။ ဟန္တိယထာ၊ သတ်သကဲ့သို့၎င်း။ ဖလံ၊ ကျူသီးသည်။ နင်ဠံ၊ ကျူပင်ကို။ ဟန္တိယထာ၊ သတ်သကဲ့သို့၎င်း။ ဂဗ္ဘော၊ အဿတိုရ်ခြင်းငယ် ကိုယ်ဝန်သည်။ အဿဘရိံ၊ အမိအဿတိုရ် မြင်းမကို။ ဟန္တိယထာ၊ သတ်သကဲ့သို့၎င်း။ တထာ၊ ထို့အတူ။ သက္ကာရော၊ မိမိကို မှီ၍ဖြစ်သော လာဘ်ပူဇော်သက္ကာရသည်ကား။ ကာပုရိသံ၊ ပညာမရှိသော ပုဂ္ဂိုလ်ကို။ ဟန္တိ၊ သတ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ ဒါယိကာမသည် သောကာပတ္တိဖိုလ်၌တည်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ကာလမထေရ်ဝတ္ထုပြီး၏။

၉ - စူဠကာလ ဥပါသကာဝတ္ထု

အတ္တနာဟိ ကတံ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် စူဠကာလ အမည်ရှိသော ဥပါသကာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဥပုသ်သည်ကို သူခိုးဟု ရိုက်နှက်ခြင်း

တနေ့သ၌ မဟာကာလဝတ္ထု၌ ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင် ဥမင်ဖြင့် ဖေါက်၍ ခိုးကုန်သော သူခိုးတို့သည် ဥစ္စာရှင်တို့ အစဉ် လိုက်အပ်ကုန်သည် ရှိသော် တညဉ့်ပတ်လုံး ကျောင်းတော်၌ တရားစကားကို နာကြားသဖြင့် နံနက် စောစော ကျောင်းမှထွက်၍ သာဝတ္ထိပြည်သို့ ပြန်လာသော ထိုစူဠကာလ ဒါယကာ၏ရှေ့၌ ဥစ္စာထုပ်ကို စွန့်၍ ပြေးကြကုန်၏။

လူတို့သည် ထိုစူဠကာလကို မြင်ရလျှင် ဤသူသည် ညဉ့်၌ ခိုးမှုကိုပြုလျက် တရားနာလေဟန်ကဲ့သို့ သွားလာ လှည့်လည်ဘိ၏။ ထိုသူကို ဖမ်းဆီးကြကုန်လော့ ဟုဆို၍ စူဠကာလ ဥပါသကာကို ပုတ်ခတ် ရိုက်နှက်ကြလေကုန်၏။ ရေခပ်သော ကျွန်မတို့သည် ရေဆိပ်သို့သွားကြ ကုန်သည်ရှိသော် ထိုပုတ်ခတ် ရိုက်နှက်သော အခြင်းအရာကိုမြင်ကြ၍ အရှင်တို့ ဖဲကြကုန်လော့ ဤ စူဠကာလသည် ဤသို့သဘောရှိသော အမှုကို မပြုတတ်ပါဟု ပြောဆို၍ စူဠကာလကို လွှတ်စေကြကုန်၏။

ထိုစူဠကာလသည် ကျောင်းတော်သို့ သွား၍ အရှင်ဘုရားတို့ တပည့်တော်ကို လူတို့ရိုက်နှက် ဖျက်ဆီးအပ်ပါသည်ဘုရား။ ရေခပ်သော ကျွန်မတို့ကို မှီ၍ တပည့်တော်သည် အသက်ကို ရအပ် ပါသည် ဘုရားဟု ဆို၍ ရဟန်းတို့အား လျှောက်ကြားလေ၏။ ရဟန်းတို့လည်း အကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။

ဘုရားရှင်သည် ထိုရဟန်းတို့၏ စကားကို ကြားတော်မူရလျှင် ချစ်သားရဟန်းတို့ စူဠကာဏ ဒါယကာသည် ရေခပ်သော ကျွန်မတို့ကိုမှီ၍၎င်း မိမိ၏ခိုးမှုပြုခြင်း မရှိသည် အဖြစ်ကြောင့်၎င်း အသက်ကိုရပေ၏။ ဤသတ္တဝါတို့ မည်သည်ကား မိမိကိုယ်တိုင် မကောင်းမှုကံကိုပြု၍ ငရဲ စသည် တို့၌ မိမိကိုယ်တိုင်သာလျှင် ညစ်နွမ်းကြရကုန်၏။ ကုသိုလ်ကို ပြု၍မူကား နတ်ပြည်သို့၎င်း နိဗ္ဗာန် သို့၎င်း ရောက်ကြရကုန်၏။ ကိုယ်တိုင်သာလျှင် စင်ကြယ်ကြကုန်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၁၆၅။ အတ္တနာဟိ ကတံ ပါပံ၊ အတ္တနာ သံကိလိဿတိ။
အတ္တနာ အကတံ ပါပံ၊ အတ္တနာဝ ဝိသုဇ္ဈတိ။
သုဒ္ဓိ အသုဒ္ဓိ ပစ္စတ္တံ၊ နာညော အညံ ဝိသောဓယေ။

အတ္တနာဟိ၊ မိမိသည်လျှင်။ ပါပံ၊ မကောင်းမှုကို။ စေကတံ၊ အကယ်၍ ပြုအပ်သည်ဖြစ်အံ့။ အတ္တနာဝ၊ မိမိသည်သာလျှင်။ သံကိလိဿတိ၊ ညစ်နွမ်းပူပန်ရ၏။ အတ္တနာ၊ မိမိသည်။ ပါပံ၊ မကောင်းမှုကို။ စေအကတံ၊ အကယ်၍ မပြုအပ်သည်ဖြစ်အံ့။ အတ္တနာဝ၊ မိမိသည်သာလျှင်။ ဝိသုဇ္ဈတိ၊ စင်ကြယ်ရ၏။ သုဒ္ဓိ၊ ကုသိုလ်သည်၎င်း။ အသုဒ္ဓိ၊ အကုသိုလ်သည်၎င်း။ ပစ္စတ္တံ၊ အသီးအခြား မိမိ၌သာအကျိုးပေး၏။ အညော၊ တပါးသောသူသည်။ အညံ၊ တပါးသောသူကို။ နဝိသောဓယေ၊ မသုတ်သင်နိုင်။ (နကိလိဿတိ၊ ညစ်နွမ်းပူပန်ရအောင်မပြုနိုင်)။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ စူဠကာလသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

စူဠကာလဥပါသကာဝတ္ထုပြီး၏။

၁ဝ - အတ္တဒတ္ထ မထေရ်ဝတ္ထု

အတ္တဒတ္ထံ အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အတ္တဒတ္ထမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မြတ်စွာဘုရား နှစ်သက်တော်မူသော ပူဇော်နည်း

ဘုရားရှင်သည် ပရိနိဗ္ဗာန် စံယူတော်မူအံ့သောအခါ၌ ချစ်သား ရဟန်းတို့ ငါဘုရားသည် ဤလမှ လေးလ လွန်သောအခါ ပရိနိဗ္ဗာန် စံယူတော်မူအံ့ဟု မိန့်တော်မူလတ်သည် ရှိသော် ထိတ်လန့်ခြင်း သံဝေဂ ဖြစ်ကြကုန်သော ခုနစ်ရာသော ပုထုဇဉ် ရဟန်းတို့သည် မြတ်စွာဘုရား၏ အထံတော်ကို မစွန့်မူ၍ ငါ့ရှင်တို့ အဘယ်သို့ ပြုရပါကုန်အံ့နည်းဟု တိုင်ပင် ပြောဆိုကာ သွားလာ လှည့်လည် ကြကုန်၏။

အတ္တဒတ္ထမထေရ် သည်ကား ဤသို့ကြံစည်လေ၏။ ငါတို့ဆရာ ဘုရားမြတ်စွာသည် လေးလ လွန်သောအခါ ပရိနိဗ္ဗာန်ပြုတော်မူလတ္တံ့။ ငါသည်လည်း ရာဂ မကင်းသေး ဖြစ်ခဲ့၏။ ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်သာလျှင် အရဟတ္တဖိုလ် ရောက်စိမ့်သောငှါ လုံ့လပြုအံ့ဟု ကြံစည်၍ ထိုအတ္တဒတ္ထမထေရ်သည် ရဟန်း တို့၏အထံသို့ မသွားဘဲနေလေ၏။ ထိုအခါ အတ္တဒတ္ထမထေရ်ကို ရဟန်းတို့သည် ငါ့ရှင် အဘယ့်ကြောင့် သင်သည် ငါတို့၏အထံသို့ မလာဘိသနည်း။ တစုံတခု သော စကားကို မတိုင်ပင်ဘဲ နေဘိသနည်း ဟုဆို၍ ဘုရားရှင်၏ အထံတော်သို့ ခေါ်ဆောင် သဖြင့် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤအတ္တဒတ္ထမထေရ်သည် ဤသို့သဘော ရှိသည်ကို ပြုပါသည်ဘုရားဟု လျှောက်ကြားကြလေကုန်၏။

ထို အတ္တဒတ္ထမထေရ်ကို မြတ်စွာဘုရားသည် အဘယ့်ကြောင့် ဤသို့ ပြုဘိသနည်းဟု မေးမြန်း အပ်သည်ရှိသော် မြတ်စွာဘုရား ရှင်တော်မြတ်ဘုရားတို့သည် လေးလ လွန်သောအခါ ပရိနိဗ္ဗာန် ပြုတော်မူကြပါလိမ့်သတတ်။ တပည့်တော်သည် ရှင်တော်မြတ်ဘုရားတို့ သက်တော်ထင်ရှား ရှိစဉ် သာလျှင် ရဟန္တာအဖြစ်သို့ ရောက်စိမ့်သောငှါ လုံ့လပြုအံ့ဟူ၍ ကြံစည် အားထုတ်ကာ နေပါသည် ဘုရားဟု လျှောက်ကြားလေ၏။

ဘုရားရှင်သည် ထိုအတ္တဒတ္တ မထေရ်အား ကောင်းချီး ပေးတော်မူပြီးလျှင် ချစ်သားရဟန်းတို့ အကြင်ရဟန်းအား ငါ၌ ချစ်မြတ်နိုးခြင်းသည် ရှိ၏။ ထိုရဟန်းသည် အတ္တဒတ္ထ မထေရ်ကဲ့သို့ ဖြစ်ခြင်းငှါ သင့်ပေ၏။

နံ့သာ စသည်တို့ဖြင့် ပူဇော်ကြကုန်သော သူတို့သည် ငါဘုရားကို ပူဇော်ကြသည် မမည်ကုန်။ လောကုတ္တရာတရား ကိုးပါးအားလျော်သော အကျင့်မြတ်ဖြင့်သာလျှင် ငါဘုရားကို ပူဇော်ကြသည် မည်ကုန်၏။ ထို့ကြောင့် အတ္တဒတ္ထမထေရ်မှ တပါးသော ရဟန်းသည်လည်း အတ္တဒတ္ထ ရဟန်းနှင့် တူသည်သာလျှင် ဖြစ်ထိုက်ပေ၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၁၆၆။ အတ္တဒတ္ထံ ပရတ္ထေန၊ ဗဟုနာပိ နဟာပယေ။
အတ္တဒတ္ထ မဘိညာယ၊ သဒတ္ထပသုတော သိယာ။

အတ္တဒတ္ထံ၊ အနည်းငယ်မျှသော မိမိ၏ အကျိုးစီးပွားကို။ ဗဟုနာပိ၊ များစွာလည်းဖြစ်သော။ ပရတ္ထေန၊ သူတပါး၏အကျိုးစီးပွားဖြင့်။ နဟာပယေ၊ မဆုတ်ယုတ်စေရာ။ အတ္တဒတ္ထံ၊ မိမိ၏ အကျိုးစီးပွားကို။ အဘိညာယ၊ သိ၍။ သဒတ္ထပသုတော၊ မိမိအကျိုးစီးပွား၌ လုံ့လပြုသည်။ သိယာ၊ ဖြစ်ရာ၏။

ဒေသနာတော်၌ မှတ်ဖွယ်

[လူဖြစ်သောသူသည် အနည်းငယ် တချင်ရွေးမျှလည်း ဖြစ်သော မိမိ၏ အကျိုးစီးပွားကို အထောင် မျှလည်း ဖြစ်သော သူတပါး၏ အကျိုးစီးပွားဖြင့် မဆုတ်ယုတ်စေရ။ တချင်ရွေးမျှ ဖြစ်စေကာမူ မိမိ၏အကျိုးစီးပွားသည် ခဲဖွယ်ဘောဇဉ်ကို ဖြစ်စေနိုင်သည်။ သူတပါး၏ အကျိုးစီးပွားသည် မဖြစ်စေနိုင်။

ဤနေရာ၌ကား ကမ္မဋ္ဌာန်းကို အဦးပြု၍ ဟောတော်မူခြင်းကြောင့် ရဟန်း မည်သည် သံဃာအား ဖြစ်ပေါ်သော စေတီပြုပြင်ခြင်း စသော ကိစ္စကို၎င်း၊ ဥပဇ္ဈာယ် စသည်တို့၌ ကျင့်ဝတ်ကို၎င်း မဆုတ် မယုတ်စေရ၊ အဘိသမာစာရိက မည်သော ကျင့်ဝတ်ကို ဖြည့်ကျင့်မှသာလျှင် မဂ်ဖိုလ်တို့ကို မျက်မှောက်ပြု နိုင်ရသည်။ ထို့ကြောင့် ဤသို့ပြုသော ရဟန်းသည်လည်း မိမိအကျိုးစီးပွားကို ပြုသည် မည်သည်သာတည်း။

အကြင်ရဟန်းသည်ကား လွန်စွာအားထုတ်အပ်သော ဝိပဿနာ ရှိသည်ဖြစ်၍ ယနေ့၌၎င်း နက်ဖန် ၌၎င်း မဂ်ဖိုလ်နိဗ္ဗာန်ကို ရလိမ့်မည်ဟု တောင့်တကာ လှည့်လည်၏။ ထိုရဟန်းသည် ဥပဇ္ဈာယဝတ် စသည်တို့ကိုသော်လည်း ဆုတ်ယုတ်စေလျက် မိမိကိစ္စကိုသာ ပြုအပ်၏။ ဤသို့ သဘောရှိသော မိမိအကျိုးစီးပွားကို သိသဖြင့် ဤကား ငါ၏အကျိုးစီးပွား ဟု မှတ်သားလျက် မိမိ၏ ဥစ္စာဖြစ်သော အကျိုးစီးပွား၌ လွန်စွာအားထုတ် သင့်၏ဟူလို]။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ အတ္တဒတ္ထမထေရ်သည် ရဟန္တာအဖြစ်၌ တည်လေ၏။ ရောက်လာသော ရဟန်းတို့အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

အတ္တဒတ္ထမထေရ် ဝတ္ထုပြီး၏။

ဤတွင်ရွေ့ကား တဆဲ့နှစ်ခုမြောက်သော အတ္တဝဂ် အဖွင့်ပြီး၏။

---

၁၃ - လောကဝဂ်

၁ - မထင်ရှားသော ရဟန်းငယ်ဝတ္ထု

ဟီနံဓမ္မံ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော ရဟန်းငယ်တပါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရဟန်းငယ်နှင့် ဝိသာခါ၏ မြေးမ

အမှတ်မရှိသော မထေရ်တပါးသည် ရဟန်းငယ်နှင့် အတူတကွ စောစောကပင်လျှင် ဝိသာခါ ဒါယိကာမ၏ အိမ်သို့ကြွသွားတော်မူသတတ်။ ဝိသာခါ၏ အိမ်၌ ငါးရာကုန်သော ရဟန်းတို့အလို့ငှါ မုံ့ ယာဂုကို အမြဲမပြတ် ဝတ်တည်အပ်၏။ မထေရ်သည် ထိုဝိသာခါအိမ်၌ ယာဂုသောက်ပြီးလျှင် ရဟန်းငယ်ကို နေခဲ့စေ၍ မိမိကား တပါးသောအိမ်သို့ ကြွသွားလေ၏။

ထိုအခါ၌လည်း ဝိသာခါ၏ သား၏ သ္မီး မြေးမသည် အဘွား၏အရာ၌တည်၍ ရဟန်းတို့အတွက် အမှုကြီးငယ်ကိုပြု၏။ ထိုရဟန်းငယ်၏အလို့ငှါ ရေစစ်စဉ် ရေအိုးစရည်း၌ မိမိ၏မျက်နှာရိပ်ကိုမြင်၍ ရယ်လေ၏။ ရဟန်းငယ်သည်လည်း ထိုသတို့သ္မီးငယ်ကိုကြည့်၍ ရယ်မိလေ၏။ သတို့သ္မီးသည် ရဟန်းငယ် ရယ်သည်ကို မြင်ရလျှင် ဦးခေါင်းပြတ်က ရယ်ဘိ၏ဟု ဆိုလိုက်လေ၏။ ထိုအခါ သတို့သ္မီးကို ရဟန်းငယ်သည် နင်သာ ဦးခေါင်းပြတ် နင့်အမေ နင့်အဖေတို့လည်း ဦးခေါင်းပြတ် တွေဟုဆို၍ ဆဲရေးလေ၏။

ထိုသတို့ သ္မီးငယ်သည် ငိုယိုလျက် စဖိုအိမ်၌ အဘွားမ ဝိသာခါ၏ အထံသို့ သွားလေရကား ချစ်မြေး ဤငိုခြင်းကား အကြောင်း အဘယ်နည်းဟု မေးလတ်သော် သတို့သ္မီးငယ်သည် ထို အကြောင်းကို ပြောကြားလေ၏။ ဝိသာခါသည် ရဟန်းငယ်၏အထံသို့ လာ၍ အရှင်ဘုရား အမျက် ထွက်တော် မမူပါလင့် ဤသို့အမျက် ထွက်ခြင်းဟူသည် ပြတ်သောဆံပင် ပြတ်သော ခြေသည်း လက်သည်း ရှိသဖြင့် ဖြတ်အပ်သော အဝတ်အရုံကို ဝတ်ရုံလျက် အလယ်၌ပြတ်သော အိုးနားတို ခွက်လက် စွဲဆောင်ယူကာ ဆွမ်းအလို့ငှါ လှည့်လည်နေကျဖြစ်သော အရှင်မြတ် ဘုရားအား အလွန်တရာ ဝန်လေးလှသော အပြစ်မဟုတ်ပါ ဘုရားဟု လျှောက်ကြားလေ၏။

ရဟန်းငယ်သည် ဒါယိကာမကြီး သြော် ဟုတ်ပေပြီ သင်သည် ငါ၏ ပြတ်သောဆံပင် စသည် ရှိသည့်အဖြစ်ကို သိဘိ၏။ ဤသတို့သ္မီးငယ်သည် ငါ့ကို ဦးခေါင်းပြတ်ပြုလုပ်၍ ဆဲရေးခြင်းငှါ သင့်လေတော့ သလောဟု ပြောဆိုလတ်သော် ဝိသာခါသည် ရဟန်းငယ်ကို သိစေခြင်းငှါလည်း မတတ်နိုင်။ သတို့သ္မီးငယ်ကို သိစေခြင်းငှါလည်း မတတ်နိုင်။

ဘုရားရှင်၏ ဩဝါဒ

ထိုခဏတွင် မထေရ်ကြီးသည် လာလတ်၍ ဒါယိကာမကြီး ဤအမှုကား အဘယ်ပုံ ဖြစ်သနည်းဟု မေးတော်မူပြီးလျှင် ထိုအကြောင်းကို ကြားရသဖြင့် ရဟန်းငယ်ကို ဆုံးမလျက် ငါ့ရှင်ဖဲလော့ ဤ သတို့သ္မီးငယ်သည် ပြတ်သောဆံပင် ပြတ်သော ခြေသည်း လက်သည်း ပြတ်သော အဝတ်ရှိသော ပြတ်သော အိုးနား တို ခွက်လက်စွဲဆောင်ယူကာ ဆွမ်းအလို့ငှါ သွားသော သင့်အား ဆဲရေးသည် မဟုတ်။ ထို့ကြောင့် ဆိတ်ဆိတ်နေပါ လေလော့ဟု မိန့်ဆိုလေ၏။

အရှင်ဘုရား ဟုတ်မှန်လှပါပေ၏။ အရှင်ဘုရားတို့သည် မိမိတို့၏ အလုပ်အကျွေး ဒါယိကာမကို မခြိမ်းချောက်မူ၍ အဘယ့်ကြောင့် တပည့်တော်ကို ခြိမ်းချောက်တော် မူကြပါဘိသနည်း။ တပည့်တော်ကို ဦးခေါင်းပြတ်ဟူ၍ ဆဲရေးခြင်းငှါ သင့်ပါသလောဟု ပြန်၍ဆိုလေ၏။

ထိုခဏ၌ဘုရားရှင်သည် ကြွလာတော်မူ၍ ဤအမှုသည် အဘယ်ပုံ ဖြစ်သနည်းဟု မေးတော်မူ လေ၏။ ဝိသာခါသည် အစမှစ၍ ထိုအကြောင်းကို လျှောက်ကြားလေ၏။ ဘုရားရှင်သည် ထို ရဟန်းငယ်၏ သောတာပတ္တိဖိုလ်၏ ဥပနိဿယ အကြောင်းကို မြင်တော်မူသဖြင့် ငါဘုရားသည် ဤရဟန်းကို အလိုသို့ လိုက်စိမ့်သောငှါ သင့်ပေ၏ဟု ကြံတော်မူပြီးလျှင် ဝိသာခါ အသို့နည်း သင်၏ သတို့သ္မီးငယ်သည် ပြတ်သော ဆံပင်ရှိခြင်း စသည်မျှဖြင့်သာလျှင် ငါ၏တပည့် သာဝက တို့ကို ဦးခေါင်းပြတ်ပြု၍ ဆဲရေးခြင်းငှါ သင့်သလောဟ ုမိန့်တော်မူလေ၏။

ပဉ္စင်းငယ်သည် ထိုခဏ၌ပင်လျှင် ထထဲ့၍ လက်အုပ်ချီပြီးလျှင် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤပြဿနာကို ရှင်တော်မြတ် ဘုရားတို့သည်သာလျှင် ကောင်းစွာသိတော်မူကြ ပါကုန်၏။ တပည့်တော်တို့၏ ဥပဇ္ဈာယ်ဆရာသည်၎င်း ဝိသာခါ ဒါယိကာမကြီးသည်၎င်း မသိကြပါ ဘုရားဟု လျှောက်ဆိုလေ၏။

ဘုရားရှင်သည် ပဉ္စင်းငယ်၏ မိမိအားလျော်စွာ ဖြစ်ခြင်းကို သိတော်မူရသဖြင့် ကာမဂုဏ်ကို အကြောင်းပြု၍ ရယ်သောအဖြစ် မည်သည် ယုတ်သောသဘော တရားပေတည်း။ ယုတ်သော သဘောတရား မည်သည်ကို မှီဝဲခြင်းငှါ၎င်း မေ့လျော့ခြင်းနှင့် အတူတကွ နေခြင်းငှါ၎င်း မသင့်ဟုမိန့်တော်မူ၍ ဤဂါထာကိုဟောကြားတော်မူလေ၏။

ဒေသနာတော်

၁၆၇။ ဟီနံဓမ္မံ နသေဝေယျ၊ ပမာဒေန န သံဝသေ။
မိစ္ဆာဒိဋ္ဌိံ န သေဝေယျ၊ နသိယာ လောကဝဍ္ဎနော။

ဟီနံဓမ္မံ၊ ယုတ်သော ငါးပါးအာရုံ ကာမဂုဏ်တရားကို။ နသေဝေယျ၊ မမှီဝဲရာ။

[ထိုကာမဂုဏ်သည် ယုတ်ညံ့သောကြောင့် အယုတ်ဆုံး ကုလားအုပ် နွား စသော သတ္တဝါတို့ သော်လည်း မှီဝဲ၏။ ယုတ်ညံ့သော ငရဲ စသည်တို့၌ ဖြစ်စေတတ်သောကြောင့် ယုတ်သည်မည်၏။ ထိုကာမဂုဏ်ကို မမှီဝဲရာဟူလို]။

ပမာဒေန၊ သတိလွတ်ကင်း မေ့လျော့ခြင်းနှင့်။ နသံဝသေ၊ မပေါင်းသင်းရာ။ မိစ္ဆာဒိဋ္ဌိံ၊ မှားသောအယူကို။ နသေဝေယျ၊ မယူရာ။ လောကဝဍ္ဎနော၊ လောက၏ ကျယ်ပြန့် ပွားခြင်းသည်။ နသိယာ၊ မဖြစ်ရာ။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ရဟန်းငယ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာကုန်သော ပရိသတ်တို့အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

မထင်ရှားသော ရဟန်းငယ်ဝတ္ထုပြီး၏။

၂ - သုဒ္ဓေါဒနမင်းကြီးဝတ္ထု

ဥတ္တိဋ္ဌေ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် နိဂြောဓာရုံကျောင်းတော်၌ နေတော်မူစဉ် ခမည်းတော် သုဒ္ဓေါဒန မင်းကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကပိလဝတ်ပြည်၌ ဦးစွာ ဆွမ်းခံကြွခြင်း

တပါးသောအခါ မြတ်စွာဘုရားသည် ရှေးဦးစွာသော ကြွသွားတော်မူခြင်းဖြင့် ကပိလဝတ်ပြည်သို့ ကြွသွားတော်မူသဖြင့် ဆွေတော် မျိုးတော်တို့သည် ပြုအပ်သော ခရီးဦးကြိုဆိုခြင်း ရှိတော်မူလျက် နိဂြောဓာရုံ ကျောင်းတော်သို့ ရောက်တော်မူပြီးလျှင် ဆွေတော်မျိုးတော်တို့၏ မာန်မာနကို ချိုးဖျက် အံ့သောငှါ ကောင်းကင်၌ ရတနာစင်္ကြံကို ဖန်ဆင်းတော်မူ၍ ထိုစင်္ကြံ၌ စင်္ကြံကြွတော်မူလျက် တရားဟောတော်မူလေ၏။

ဆွေတော် မျိုးတော်တို့သည် ကြည်ညိုသော စိတ် ရှိကုန်သည်ဖြစ်၍ သုဒ္ဓေါဒနမင်းကြီးကို အစပြု၍ ရှိခိုးကြလေကုန်၏။ ထိုဆွေတော် မျိုးတော်တို့၏ အစည်းအဝေး၌ ကြာတော၌ ရွာသော မိုဃ်းနှင့် တူသော ပေါက္ခရဝဿမည်သော မိုဃ်းကိုရွာစေတော်မူလေ၏။

ထို မိုဃ်းရွာခြင်းကို အကြောင်းပြု၍ လူများအပေါင်းသည် စကားကို ဖြစ်စေအပ်သည်ရှိသော် ချစ်သားရဟန်းတို့ ယခုသာလျှင် မဟုတ်သေး ရှေး၌လည်း ငါသည် ဆွေတော် မျိုးတော်တို့၏ အစည်းအဝေး၌ ပေါက္ခရဝဿမည်သော မိုဃ်းကို ရွာစေဖူးသည် သာလျှင်တည်းဟု မိန့်တော်မူ၍ ဝေဿန္တရာဇာတ်ကို ဟောကြားတော်မူလေ၏။

တရားဒေသနာကို ကြားနာရပြီးလျှင် ဆွေတော် မျိုးတော်တို့သည် ဖဲသွားကြ ကုန်သည်ရှိသော် တယောက်သော သူမျှလည်း မြတ်စွာဘုရားကို မပင့်ဖိတ်လေ။ မင်းကြီးသည်လည်း ငါ့သားသည် ငါ၏နန်းတော်သို့ မလာမူ၍ အဘယ်အရပ်သို့ သွားလတ္တံ့နည်းဟုနှလုံးပြု၍ မပင့်ဖိတ်ဘဲသာ သွားလေ၏။ သွားပြီး၍သော်ကား အိမ်၌ နှစ်သောင်းသော ရဟန်းတို့ အလို့ငှါ ယာဂု စသည်တို့ကို စီရင်စေ၍ နေရာတို့ကို ခင်းစေလေ၏။

တဖန် မိုးသောက်သောနေ့၌ မြတ်စွာဘုရားသည်လည်း ဆွမ်းအလို့ငှါ ဝင်တော်မူလျက် အသို့နည်း ရှေးလွန်လေပြီးသော ဘုရားရှင်တို့သည် ခမည်းတော်၏မြို့သို့ ရောက်လျှင် ဖြောင့်ဖြောင့်တန်းတန်း ဆွေတော်မျိုးတော်တို့၏ အိမ်သို့ ဝင်ကြကုန်သလော။ သို့တည်းမဟုတ် အစဉ်သဖြင့် ဆွမ်းအလို့ငှါ ကြွချီ လှည့်လည်ကြကုန်သလောဟု ဆင်ခြင်တော်မူလတ်သည် ရှိသော် အစဉ်သဖြင့် ကြွချီ လှည့်လည်တော်မူကြလေကုန်၏ဟု မြင်တော်မူ၍ ရှေးဦးစွာသော အိမ်မှ စ၍ ဆွမ်းအလို့ငှါ ကြွချီ၍ ဝင်တော်မူလေ၏။

ရာဟုလာ၏မယ်တော် ယသောဓရာ မိဖုယားသည် ပြာသာဒ်အပြင်၌ နေလျက်သာလျှင် မြင်ရ သဖြင့် ထိုအကြောင်းကို မင်းကြီးအား ပြောကြား သံတော်ဦးတင်လေ၏။ သုဒ္ဓေါဒန မင်းကြီးသည် ဝတ်လဲတော်ပုဆိုးကို ကောင်းစွာ မဝတ်ဆင်နိုင်မူ၍ လျင်မြန်စွာ ထွက်လာခဲ့၍ မြတ်စွာဘုရားကို ရှိခိုးလျက် သားတော်ဘုရား အဘယ့်ကြောင့် ဒါယကာကြီးကို ဖျက်ဆီး နှိပ်စက်ဘိသနည်း ဆွမ်း အလို့ငှါ လှည့်လည်ခြင်းဖြင့် အလွန်လျှင် ရှက်ဖွယ်ကို ဖြစ်စေအပ်၏။

ရှင်တော်ဘုရားတို့သည် ရွှေထမ်းစင် စသည်တို့ဖြင့် ဤပြည်တွင်း၌သာလျှင် လှည့်လည် သွားလာ ပြီးလျက် ဆွမ်းအလို့ငှါ သွားခြင်းငှါ သင့်သည်မမည်ပါ။ အဘယ့်ကြောင့် ဒါယကာကြီးကို ရှက်စေ ဘိသနည်းဟု လျှောက်ဆိုလေ၏။

မြတ်သော ခမည်းတော်မင်းကြီး ငါဘုရားသည် ဒါယကာကြီးကို ရှက်စေသည်မဟုတ် မိမိ၏ အမျိုးအနွယ်သို့သာ အစဉ်လိုက်၍ ကျင့်ရပေ၏ဟု မိန့်တော်မူလတ်သော် သားတော်ဘုရား ဆွမ်း အလို့ငှါ လှည့်လည်သွားလာ၍ အသက်မွေးသော အနွယ်ဟူသည် အသို့ဖြစ်နိုင်ပါအံ့နည်းဟု လျှောက်ဆိုလေ၏။

မြတ်သောမင်းကြီး ဤဆွမ်းခံ၍ အသက်မွေးသော အနွယ်သည် သင်ဒါယကာကြီး၏အနွယ် မဟုတ်။ ဤအနွယ်သည် ငါဘုရား၏ အနွယ်ဖြစ်၏။ ထောင်ပေါင်း များစွာကုန်သော ဘုရားရှင် တို့သည် ဆွမ်းအလို့ငှါ လှည့်လည်၍ သာလျင် အသက်မွေးတော်မူကြကုန်၏ ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၁၆၈။ ဥတ္တိဋ္ဌေ နပ္ပမဇ္ဇေယျ၊ ဓမ္မံ သုစရိတံ စရေ။
ဓမ္မစာရီ သုခံ သေတိ၊ အသ္မိံ လောကေ ပရမှိစ။

၁၆၉။ ဓမ္မဉ္စရေ သုစရိတံ၊ န နံ ဒုစ္စရိတံ စရေ။
ဓမ္မစာရီ သုခံ သေတိ၊ အသ္မိံ လောကေ ပရမှိစ။

ဥတ္တိဋ္ဌေ၊ သူ့ အိမ်တံခါး ရပ်နားကြည်ဖြူ ခံယူအပ်သောဆွမ်း၌။ နပ္ပမဇ္ဈေယျ၊ မမေ့မလျော့ရာ။

ဆွမ်းခံသွားသော ကျင့်ဝတ်ကို ဆုတ်ယုတ်စေ၍ ဆွမ်းကောင်းရှာလျှင် မေ့လျော့သည် မည်၏ အိမ်စဉ်မပြတ် ဆွမ်းခံလှည့်လည်လျှင် မမေ့မလျော့သည် မည်၏ ဟူလို။

သုစရိတံ၊ ကောင်းစွာ ကျင့်အပ်သော။ ဓမ္မံ၊ ဆွမ်းခံခြင်းဟူသော အကျင့်ကို။ စရေ၊ ကျင့်ရာ၏။ ဓမ္မစာရီ၊ ဆွမ်းခံသဖြင့် ဝတ်အကျင့်ကို ဖြည့်ကျင့်လေ့ရှိသော ပုဂ္ဂိုလ်သည်။ အသ္မိံလောကေစ၊ ဤလောက၌၎င်း။ ပရမှိစ၊ တမလွန် လောက၌၎င်း။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ နေရ၏။

သုစရိတံ၊ ကောင်းစွာ ကျင့်အပ်သော။ ဓမ္မံ၊ ဆွမ်းခံသွားခြင်း ဟူသော အကျင့်ကို။ စရေ၊ ကျင့်ရာ၏။ ဒုစ္စရိတံ၊ မကောင်းသဖြင့် ကျင့်အပ်သော။ နံ၊ ထိုဆွမ်းခံအကျင့်ကို။ နစရေ၊ မကျင့်ရာ။ ဓမ္မစာရီ၊ တရားသဖြင့် ဆွမ်းခံအကျင့်ကို ကျင့်လေ့ရှိသောပုဂ္ဂိုလ်သည်။ အသ္မိံ လောကေစ၊ ဤလောက၌၎င်း။ ပရမှိစ၊ တမလွန်လောက၌၎င်း။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ နေရ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ ခမည်းတော် သုဒ္ဓေါဒန မင်းကြီးသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

သုဒ္ဓေါဒနမင်းကြီးဝတ္ထုပြီး၏။

၃ - ငါးရာကုန်သော ဝိပဿကရဟန်းတို့ဝတ္ထု

ယထာဗုဗ္ဗုဠကံ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းကုန်သော ငါးရာသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရေပွက်ပမာ ကိုယ်ခန္ဓာရှုခြင်း

ငါးရာသော ရဟန်းတို့သည် မြတ်စွာဘုရား၏ အထံတော်၌ ကမ္မဋ္ဌာန်းကိုယူ၍ တောသို့ဝင်ပြီးလျှင် လုံ့လကြိုးကုတ် အားထုတ်ကြရာ အရဟတ္တဖိုလ်သို့ မရောက်ကြလေသောကြောင့် အထူးပြု၍ ကမ္မဋ္ဌာန်းကို ယူကြကုန်ဦးအံ့ ဟု ဘုရားရှင်၏ အထံတော်သို့ ပြန်လာကြ ကုန်သည်ရှိသော် လမ်းခရီးအကြား၌ တံလျှပ်ပမာ ကမ္မဋ္ဌာန်းကို ပွားများလျက်သာလျှင် ကြွလာကြကုန်သတတ်။

ထိုရဟန်းတို့ ကျောင်းသို့ဝင်သော ခဏ၌ပင်လျှင် မိုဃ်းရွာသွန်းလေ၏။ ရဟန်းတို့သည် ထိုထို သို့သော ကျောင်းဦးမုခ်တို့၌ ရပ်လျက် လေအဟုန်ဖြင့် တက်၍ ပျက်ကွဲကုန်သော ရေပွက် ရေမြှုပ် တို့ကို မြင်ကြရလျှင် ဤကိုယ်သည်လည်း ဖြစ်ပြီးလျှင် ပျက်စီးတတ်သော အနက်သဘောကြောင့် ရေပွက်နှင့် တူသည်သာလျှင်တည်းဟု အာရုံကို ယူကြလေကုန်၏။

မြတ်စွာဘုရားသည် ဂန္ဓကုဋိ၌ နေတော်မူလျက်သာလျှင် ထိုရဟန်းတို့ကို ကြည့်ရှုတော်မူ၍ ထို ရဟန်းတို့နှင့် အတူတကွ စကားပြောကြားဘိ သကဲ့သို့ ရောင်ခြည်တော်ကို ပျံ့နှံ့စေလျက် ဤ ဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၁၇၀။ ယထာပုဗ္ဗုဠကံ ပဿေ၊ ယထာ ပဿေ မရီစိကံ။
ဧဝံ လောကံ အဝေက္ခန္တံ၊ မစ္စုရာဇာ န ပဿတိ။

ပုဗ္ဗုဠကံ၊ ရေပွက်ကို။ ပဿေယထာ၊ ဖြစ်ပြီးလျှင် ပျက်တတ်သည်ဟု ရှုရာသကဲ့သို့။ လောကံ၊ ခန္ဓာစသော လောကကို။ ပဿေ၊ ဖြစ်ပြီးလျှင် ပျက်တတ်ပါတကားဟု ရှုရာ၏။ မရီစိကံ၊ မျက်လှည့်ကို။ ဝါ၊ တံလျှပ်ကို။ ပဿေယထာ၊ ထင်တိုင်းမဟုတ်ဟု ရှုရာသကဲ့သို့။ လောကံ၊ ခန္ဓာစသော လောကကို။ ပဿေ၊ ထင်တိုင်း မဟုတ်ပါတကားဟု ရှုရာ၏။ ဧဝံ၊ ဤသို့။ လောကံ၊ ခန္ဓာအစရှိသော လောကကို။ အဝေက္ခန္တံ၊ ရှုသောသူကို။ မစ္စုရာဇာ၊ သေမင်းသည်။ နပဿတိ၊ မမြင်နိုင်။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုငါးရာသော ရဟန်းတို့သည် ရပ်တည်မြဲတိုင်း နေရာ၌ပင်လျှင် အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏။

ငါးရာကုန်သော ဝိပဿက ရဟန်းတို့ ဝတ္ထုပြီး၏။

၄ - အဘယမင်းသား ဝတ္ထု

ဧထပဿထိမံလောကံ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ် အဘယမင်းသားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကချေသည်မကြောင့် မင်းသား စိုးရိမ်ခြင်း

ထို အဘယမင်းသားသည် ပုန်ကန်သောင်းကျန်းသော ပစ္စန္တရစ်မှ ငြိမ်းစေပြီး၍ ပြန်လာသည် ရှိသော် ခမည်းတော် ဗိမ္ဗိသာရမင်းကြီးသည် နှစ်သက်လှသဖြင့် ကခြင်း သီခြင်း၌ လိမ္မာသော တယောက် သော ကချေသည်မကို ပေးပြီးလျှင် ထိုအဘယမင်းသားအား ခုနစ်ရက်ပတ်လုံး မင်းစည်းစိမ်ကို ပေးလေ၏။

ထိုအဘယမင်းသားသည် ခုနစ်ရက်ပတ်လုံး အိမ်တော်မှ အပသို့မထွက်မူ၍သာ မင်းစည်းစိမ်ကို ခံစား၍ ရှစ်ရက်မြောက်သောနေ့၌ မြစ်ဆိပ်သို့သွားသဖြင့် ရေချိုးပြီးမှ ဥယျာဉ်သို့ဝင်၍ သန္တတိ အမတ်ကြီးကဲ့သို့ ထိုမိန်းမ၏ ကခြင်း သီခြင်းကို ကြည့်ရှုကာနေလေ၏။ ကချေသည်မ သည်လည်း ထိုခဏ၌ပင်လျှင် သန္တတိ အမတ်ကြီး၏ ကချေသည်မကဲ့သို့ ဓားငယ်ကဲ့သို့ ဖြတ်တတ်သော လေသင်ဓုန်း တို့၏ အစွမ်းဖြင့် စုတေခြင်းကိုပြုလေ၏။

အဘယ မင်းသားသည် ထိုကချေသည်မ၏ သေခြင်းကြောင့် ဖြစ်သော စိုးရိမ်ခြင်းရှိရကား ငါ၏ ဤစိုးရိမ်ခြင်းကို မြတ်စွာဘုရားကို ဖယ်ထား၍ တပါးသောသူသည် ငြိမ်းစေခြင်းငှါ မတတ်နိုင်လတ္တံ့ ဟု မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်၏ စိုးရိမ်ခြင်းကို ငြိမ်းစေတော် မူကြပါဘုရားဟု လျှောက်ကြားလေ၏။

မြတ်စွာဘုရားသည် ထိုအဘယမင်းသားကို နှစ်သိမ့်စေ၍ အဘယမင်းသား အစမထင်သော သံသရာ၌ သင်မင်းသားသည် ဤမိန်းမ၏ ဤနည်းအတူသာလျှင် သေလွန်သော ကာလ၌ ငိုကြွေးရသဖြင့် ဖြစ်စေအပ်ကုန်သော မျက်ရည်တို့၏ အတိုင်းအရှည် ပမာဏသည် မရှိလေပြီဟု မိန့်တော်မူ၍ ထိုတရားဒေသနာ ဟောကြားခြင်းဖြင့် စိုးရိမ်ခြင်း ခေါင်းပါးသည့် အဖြစ်ကို သိတော် မူလျှင် အဘယမင်းသား မစိုးရိမ်လင့်။ ဤခန္ဓာကိုယ်မည်သည် မသိကုန်သောလူမိုက်တို့၏ နစ်မြုပ်ရာ အရပ်ဖြစ်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၁၇၁။ ဧထ ပဿထိမံ လောကံ၊ စိတ္တံ ရာဇ ရထူပမံ။
ယတ္ထ ဗာလာ ဝိသီဒန္တိ၊ နတ္ထိ သင်္ဂေါ ဝိဇာနတံ။

ဧထ၊ လာလှည့်ကြကုန်လော။ ရာဇရထူပမံ၊ ရတနာခုနစ်ပါး စသည်ဖြင့် ဆန်းကြယ်သောမင်း၏ ရထားကဲ့သို့။ စိတ္တံ၊ အဝတ် တန်ဆာစသည်ဖြင့် ဆန်းကြယ်သော။ ဣမံလောကံ၊ ဤခန္ဓာလောကစသော အတ္တဘောကို။ ပဿထ၊ ကြည့်ရှုကြကုန်လော့။ ယတ္ထ၊ ယင်း အတ္တဘော၌။ ဗာလာ၊ မသိကုန်သော လူမိုက်တို့သည်။ ဝိသီဒန္တိ၊ နစ်မြုပ်ကြကုန်၏။ ဝိဇာနတံ-ဝိဇာနန္တာနံ၊ ပညာရှိကုန်သော သူတို့အား။ သင်္ဂေါ၊ ရာဂစသော ကပ်ငြိခြင်းသည်။ နတ္ထိ၊ မရှိ။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ အဘယ မင်းသားသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာ သော ပရိသတ်တို့အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

အဘယမင်းသားဝတ္ထုပြီး၏။

၅ - သမ္မဇ္ဇနမထေရ်ဝတ္ထု

ယောပုဗ္ဗေ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် တံမြက်လှည်းလေ့ ရှိသောကြောင့် သမ္မဇ္ဇန မည်သော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တရားအားမထုတ်ဘဲ တံမြက်လှည်းလေ့ရှိခြင်း

ထိုသမ္မဇ္ဇန မထေရ်သည် နံနက်၌သော်၎င်း ညချမ်း၌သော်၎င်း ကာလကို၎င်း အတိုင်းအရှည်ကို၎င်း မပြုမူ၍ အစဉ်မပြတ် တံမြက်လှည်းလျက်သာလျှင် လှည့်လည်သတတ်။ ထိုသမ္မဇ္ဇန မထေရ်သည် တနေ့သ၌ တံမြက်ဆုပ်ကို ကိုင်ယူလျက် နေ့သန့်ရာ အရပ်၌နေသော ရေဝတမထေရ်၏ အထံသို့သွား၍ ဤမထေရ်ကား အလွန်ပျင်းရိဘိ၏။ လူအပေါင်း၏ သဒ္ဓါ၍ လှူအပ်သော ဆွမ်းကို စား၍ လာပြီးလျှင် ထိုင်နေဘိ၏။ ထိုမထေရ်အား တံမြက်ဆုပ်ကို ကိုင်ယူလျက် တခုသောအရပ်ကို တံမြက်လှည်းခြင်းငှါ မသင့်သလောဟု ဆိုလေ၏။

ရေဝတ မထေရ်သည် သမ္မဇ္ဇန မထေရ်အား အဆုံးအမကို ပေးဦးအံ့ဟုကြံ၍ ငါ့ရှင် လာလှည့် ပါဦးလော့ဟု ဆိုလတ်သော် အရှင်ဘုရား အဘယ်ပါနည်း ဘုရားဟု မေးလေ၏။ ငါ့ရှင် သွားလေဦး ရေချိုးပြီးမှ လာလှည့်ပါဦးလော့ဟု ဆိုလတ်သော် ထိုသမ္မဇ္ဇန မထေရ်သည် ရေဝတမထေရ် ဆိုတိုင်းပြုလေ၏။

ထိုအခါ သမ္မဇ္ဇနမထေရ်ကို ရေဝတမထေရ်သည် တင့်အပ် လျောက်ပတ်သော အရပ်၌ နေစေ ပြီးလျှင် ဆုံးမလိုရကား ငါ့ရှင် ရဟန်းမည်သည်ကား အခါခပ်သိမ်း တံမြက်လှည်းသဖြင့် လှည့်လည်ခြင်းငှါ မသင့်။ နံနက်စောစော၌သာလျှင် တံမြက်လှည်း၍ ဆွမ်းအလို့ငှါ လှည့်လည်ပြီး လျှင် ဆွမ်းခံရွာမှ ဖဲသဖြင့် ပြန်လာ၍ ညဉ့်သန့်ရာ အရပ်၌၎င်း နေ့သန့်ရာ အရပ်၌၎င်း နေလျက် သုံးဆဲ့နှစ်ပါးသော အခြင်းအရာရှိသော ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းကို သရဇ္ဈာယ်သဖြင့် အတ္တဘော၌ ကုန်ခြင်း ပျက်ခြင်းကို ထင်ထင် ရှားရှား ဖြစ်စေပြီးမှ ညချမ်းသောအခါ ထ၍ တံမြက်လှည်းခြင်းငှါ သင့်လျော်ပေ၏။ အခါခပ်သိမ်း တံမြက် မလှည်းတဲ့မူ၍ မိမိစီးဖြန်းခြင်း အခွင့်မည်သည်ကိုလည်း ပြုအပ်၏ဟု ဆုံးမစကား မိန့်ကြားတော်မူလေ၏။

ထိုသမ္မဇ္ဇန မထေရ်သည် ထိုအရှင်ရေဝတ မထေရ်၏ အဆုံးအမ၌တည်၍ မကြာမြင့်မီသာလျှင် အရဟတ္တဖိုလ်သို့ရောက်လေ၏။ ထိုထိုအရပ်သည် အမှိုက် များခဲ့လေ၏။

ထိုအခါ သမ္မနမထေရ်ကို ရဟန်းတို့သည် ငါ့ရှင်သမ္မနမထေရ် ထိုထိုအရပ်သည် အမှိုက်များခဲ့၏။ အဘယ့်ကြောင့် တံမြက်မလှည်းသနည်းဟု ဆိုကြလေကုန်၏။ အရှင်ဘုရားတို့ တပည့်တော်သည် မေ့လျော့သော ကာလ၌ ဤသို့ တံမြက်လှည်းခြင်း အမှုကို ပြုမိ၏။ ယခုအခါ မမေ့မလျော့သောသူ ဖြစ်ပါပြီ ဟု ဆိုလတ်သော် ရဟန်းတို့သည် ဤမထေရ်ကား အရဟတ္တဖိုလ်ကို ပြောကြားဘိ၏ဟု မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။

မြတ်စွာဘုရားသည် ချစ်သားရဟန်းတို့ ငါ့သားသမ္မဇ္ဇန မထေရ်သည် ရှေးအခါ မေ့လျော့သော ကာလ၌ တံမြက်လှည်းလျက် လှည့်လည်သည် မှန်ပေ၏။ ယခုအခါ၌ကား အရဟတ္တမဂ် အရဟတ္တဖိုလ် ချမ်းသာဖြင့် ကာလကိုလွန်စေသောကြောင့် တံမြက်မလှည်းပေဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၁၇၂။ ယော ပုဗ္ဗေဝ ပမဇ္ဇိတွာ၊ ပစ္ဆာ သော န ပမဇ္ဇတိ။
သော ဣမံလောကံ ပဘာသေတိ၊ အဗ္ဘာမုတ္တောဝ စန္ဒိမာ။

ယာ၊ အကြင်ပုဂ္ဂိုလ်သည်။ ပုဗ္ဗေဝ၊ ရှေး၌သာလျင်။ ပမဇ္ဇိတွာ၊ ဝတ်ပြုကာ သရဇ္ဈာယ်ကာဖြင့် မေ့လျော့၍။ ပစ္ဆာ၊ နောက်မှ။ သော၊ ထိုပုဂ္ဂိုလ်သည်။ နပမဇ္ဇတိ၊ မဂ်ဖိုလ် ချမ်းသာဖြင့် အချိန်လွန်စေလျက် မမေ့မလျော့။ သော၊ ထိုပုဂ္ဂိုလ်သည်။ အဗ္ဘာ၊ တိမ်တိုက်မှ။ မုတ္တော၊ လွတ်သော။ စန္ဒိမာဝ၊ ဩကာသ လောကကို ထွန်းလင်းစေသော လမင်းကဲ့သို့။ ဣမံလောကံ၊ ဤခန္ဓာစသော လောကကို။ ပဘာသေတိ၊ ထွန်းလင်းစေ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော ရဟန်းတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

သမ္မဇ္ဇနမထေရ်ဝတ္ထုပြီး၏။

၆ - အင်္ဂုလိမာလမထေရ်ဝတ္ထု

ယဿပါပံ အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အရှင်အင်္ဂုလိမာလ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အင်္ဂုလိမာလမထေရ် နိဗ္ဗာန်ဝင်ခန်း

အင်္ဂုလိမာလ မထေရ်၏ဝတ္ထုကို အင်္ဂုလိမာလ သုတ္တန်၏ အစွမ်းအားဖြင့် သိအပ်၏။ အင်္ဂုလိမာလ မထေရ်သည်ကား ဘုရားရှင်၏ အထံတော်၌ ရဟန်းပြု၍ အရဟတ္တဖိုလ်သို့ ရောက်တော်မူလေ၏။ ထိုအခါ အရှင် အင်္ဂုလိမာလမထေရ်သည် ဆိတ်ငြိမ်ရာအရပ်သို့ ချဉ်းကပ်သည် ဖြစ်၍ တပါးတည်း ကိန်းအောင်းတော်မူလျက် အရဟတ္တဖိုလ်ချမ်းသာကိုခံစားကာ နေတော်မူလေ၏။

ထိုအခါ ဤဥဒါန်းစကားကို မြွက်ဆို ကျူးရင့်တော်မူလေ၏။

ယော ပုဗ္ဗေဝ ပမဇ္ဇိတွာ၊ ပစ္ဆာ သော နပမဇ္ဇတိ။
သော ဣမံ လောကံ ပဘာသေတိ၊ အဗ္ဘာ မုတ္တောဝ စန္ဒိမာ။

[အနက်ကား ရှေ့သမ္မဇ္ဇန မထေရ်ဝတ္ထု၌ ပါလေပြီ]။

ဤသို့ စသောနည်းဖြင့် ဥဒါန်း မြွက်ဆို ကျူးရင့်တော်မူပြီးလျှင် ဝိပါက်ကမ္မဇရုပ် အကြွင်းမရှိသော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူလေ၏။ ရဟန်းတို့သည် ငါ့ရှင်တို့ အင်္ဂုလိမာလမထေရ်သည် အဘယ် ဘုံဘဝ၌ ဖြစ်လေဘိသနည်းဟု တရားသဘင်၌ စကားကို ဖြစ်စေကြလေကုန်၏။

မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သား ရဟန်းတို့ ယခုငါလာတော် မူဆဲကာလ အဘယ် စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူသောကြောင့် မြတ်စွာဘုရား အင်္ဂုလိမာလ မထေရ်၏ ဖြစ်ရာဌာန ဘုံဘဝနှင့် စပ်သောစကားဖြင့် စည်းဝေးကြပါသည် ဘုရားဟု နားတော် လျှောက်သည်ရှိသော် ချစ်သားရဟန်းတို့ ငါ့သားတော်သည် ပရိနိဗ္ဗာန် ပြုသည်သာတည်း ဟု မိန့်တော်မူလေ၏။

မြတ်စွာဘုရား ဤမျှ အတိုင်းအရှည်ရှိသော လူတို့ကို သတ်ဖြတ်လျက် ပရိနိဗ္ဗာန်ပြုပါသလော ဘုရားဟု လျှောက်ပြန်သည်ရှိသော် ချစ်သားရဟန်းတို့ ပရိနိဗ္ဗာန်ပြုသည်ကား မှန်၏။ ထို အင်္ဂုလိမာလ မထေရ်သည် ရှေး၌ တယောက်သော အဆွေခင်ပွန်းကောင်းကိုမျှ မရသောကြောင့် ဤမျှလောက်သော မကောင်းမှုတို့ကို ပြုမိရလေ၏။

နောက်၌ကား အဆွေ ခင်ပွန်းကောင်း အထောက်အပံ့ကို ရသောကြောင့် မမေ့မလျော့သောသူ ဖြစ်လေ၏။ ထို့ကြောင့် အင်္ဂုလိမာလ၏ ထိုမကောင်းမှုကံကို ကုသိုလ်ကံသည် ပိတ်ပင်အပ်ပြီဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၁၇၃။ ယဿ ပါပံ ကတံ ကမ္မံ၊ ကုသလေန ပဟိယျတိ။
သော ဣမံ လောကံ ပဘာသေတိ၊ အဗ္ဘာ မုတ္တောဝ စန္ဒိမာ။

ယဿ၊ အကြင်ပုဂ္ဂိုလ်၏။
ကတံ၊ ပြုအပ်ပြီးသော။
ပါပံ၊ မကောင်းမှုကံကို။
ကုသလေန၊ အရဟတ္တမဂ်ကုသိုလ်ဖြင့်။
ဝါ၊ ကုသိုလ်သည်။
ပဟိယျတိ၊ ပယ်အပ်၏။
သော၊ ထိုပုဂ္ဂိုလ်သည်။
အဗ္ဘာ၊ တိမ်တိုက်မှ။
မုတ္တော၊ လွတ်သော။
စန္ဒိမာဝ၊ လမင်းကဲ့သို့။
ဣမံ လောကံ၊ ဤခန္ဓာ စသောလောကကို။
ပဘာသေတိ၊ ထွန်းလင်းစေ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော ရဟန်းတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

အင်္ဂုလိမာလမထေရ်ဝတ္ထုပြီး၏။

၇ - ရက္ကန်းသည်သ္မီးဝတ္ထု

အန္ဓိဘူတော - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် အဂ္ဂါဠဝစေတီအရပ်၌ နေတော်မူစဉ် တယောက်သော ရက်ကန်းသည်၏သ္မီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သုံးနှစ် တရားအားထုတ်သော ရက္ကန်းသည် သတို့သ္မီး

တနေ့သ၌ အာဠဝီပြည်သူပြည်သားတို့သည် မြတ်စွာဘုရား အာဠဝီပြည်သို့ ရောက်လာတော်မူ သည်ရှိသော် ပင့်ဖိတ်၍ အလှူဒါနကို ပေးလှူကြလေကုန်၏။ မြတ်စွာဘုရားသည် ဆွမ်းစားခြင်း ကိစ္စ အပြီးအဆုံး၌ အနုမောဒနာ တရားဟောကြားတော်မူလိုသည်ဖြစ်၍ –

  1. အဓုဝံ မေ ဇီဝိတံ။
    မေ၊ ငါ၏။ ဇီဝိတံ၊ အသက်ရှင်ခြင်းသည်။ အဓုဝံ၊ မမြဲလေစွတကား။
  2. ဓုဝံ မေ မရဏံ။
    မေ၊ ငါ၏။ မရဏံ၊ သေရခြင်းသည်။ ဓုဝံ၊ မြဲလေစွတကား။
  3. အဝဿံ မယာ မရိတဗ္ဗမေဝ။
    မယာ၊ ငါသည်။ အဝဿံ၊ မချွတ်မယွင်း။ မရိတဗ္ဗမေဝ၊ သေရမည်သာတည်း။
  4. မရဏပရိယောသာနံ မေ ဇီဝိတံ။
    မေ၊ ငါ၏။ ဇီဝိတံ၊ အသက် ရှင်ခြင်းသည်။ မရဏပရိယောသာနံ၊ သေရခြင်းသာလျှင် အဆုံးသတ် ရှိချေ၏တကား။
  5. ဇီဝိတမေဝ အနိယတံ။
    ဇီဝိတမေဝ၊ အသက်ရှင်ခြင်းသည် သာလျှင်။ အနိယတံ၊ မမြဲလေစွတကား။
  6. မရဏံ နိယတံ။
    မရဏံ၊ သေရခြင်းကား။ နိယတံ၊ မြဲလေစွတကား။

ဤသို့ မရဏာနုဿတိ ကမ္မဋ္ဌာန်းကို ပွားများကြကုန်လော့ အကြင်သူတို့သည် သေခြင်း မရဏာနုဿတိကို မပွားများ။ ထိုသူတို့သည် နောင်သောအခါ လျင်သော အဆိပ်ရှိသောမြွေကို မြင်ရ၍ ကြောက်လန့်လျက် တုတ် လှံတံ လက်နက်ကင်းသော ယောက်ျားကဲ့သို့ ထိတ်လန့်ခြင်းသို့ ရောက်ကုန်သည်ဖြစ်၍ ကြောက်လန့်ဖွယ်သော အသံကို ယောင်ယမ်း မြည်တမ်းကုန်လျက် သေလွန်ခြင်းကို ပြုကြရရှာကုန်၏။

အကြင်သူတို့သည် သေခြင်းကို ပွားများအပ်၏။ ထိုသူတို့သည် ဝေးသော အရပ်မှသာလျှင် လျင်မြန်သော အဆိပ်ရှိသောမြွေကို မြင်ရ၍ လှံတံဖြင့် ဖမ်းယူကာ စွန့်ပစ်ပြီးလျှင် တည်သော ယောက်ျားကဲ့သို့ နောက်ကာလ၌ မထိတ် မလန့်ကြရကုန်။ ထို့ကြောင့် မရဏာနုဿတိ ကမ္မဋ္ဌာန်းကို ပွားများအပ်၏ဟု ဟောတော်မူလေ၏။

ထိုတရားဒေသနာကို ကြားနာပြီး၍လည်း ကြွင်းသောလူတို့သည် မိမိ မိမိကိစ္စကိုသာ လေ့လာ အားထုတ်ကြလေကုန်၏။ တဆဲ့ခြောက်နှစ် အရွယ်ရှိသော ရက်ကန်းသည် သတို့သ္မီးငယ် တယောက် သည် မြတ်စွာဘုရားတို့၏ စကားတော်သည်ကား အံ့ဩဖွယ် ရှိပေစွတကား။ ငါသည် မရဏာနုဿတိ ကမ္မဋ္ဌာန်းကို ပွားများခြင်းငှါ သင့်၏ဟု ညဉ့်ရော နေ့ပါ မရဏာနုဿတိ ကမ္မဋ္ဌာန်း ကိုသာလျှင် ပွားများ၏။

မြတ်စွာဘုရား သည်လည်း ထိုအာဠဝီပြည်မှ ထွက်ခဲ့၍ ဇေတဝန်ကျောင်းတော်သို့ ကြွသွားတော် မူလေ၏။ ထို သတို့သ္မီးငယ် သည်လည်း သုံးနှစ်တို့ပတ်လုံး မရဏာနုဿတိ ကမ္မဋ္ဌာန်းကို ပွားများသည် သာလျှင်တည်း။

သတို့သ္မီးအတွက် ဘုရားရှင် ကြွသွားခြင်း

ထိုအခါ တနေ့သ၌ မြတ်စွာဘုရားသည် နံနက်စောစော မိုးသောက်သောအခါ လောကကို ကြည့်ရှုတော် မူလတ်သည်ရှိသော် ထိုသတို့သ္မီးငယ်ကို ကိုယ်တော်၏ သဗ္ဗညုတညဏ်တော် ဟူသော ကွန်ရက်အတွင်း၌ ဝင်ရောက်နေသည်ကို မြင်တော်မူလျှင် အသို့ဖြစ်လတ္တံ့ နည်းဟု စူးစမ်း ဆင်ခြင်တော်မူပြန်လတ်သော် ဤသတို့သ္မီးငယ်သည် ငါဘုရား၏ တရားဒေသနာကို ကြားနာ ရသောနေ့မှစ၍ သုံးနှစ်ပတ်လုံး မရဏာနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်း ပွားများအပ်၏။

ယခုအခါ ငါဘုရားသည် အာဠဝီပြည်သို့ ကြွသွား၍ ဤ သတို့သ္မီးငယ်ကို ပြဿနာလေးပါး မေးသဖြင့် ထို သတို့သ္မီးငယ် ဖြေသည်ရှိသော် လေးပါးသော အဖြေနေရာတို့၌ ကောင်းချီး ပေးပြီးလျှင် ဤဂါထာကို ဟောပေအံ့။ သတို့သ္မီးငယ်သည် ဂါထာ၏ အဆုံး၌ သောတာပတ္တိဖိုလ်၌ တည်လတ္တံ့။ ထိုသတို့သ္မီးငယ်ကို မှီ၍ လူများအပေါင်းအားလည်း အကျိုးရှိသောတရား ဟောကြားခြင်း ဖြစ်လတ္တံ့ဟု သိတော်မူ၍ ငါးရာသော ရဟန်းတို့ဖြင့် ခြံရံတော်မူလျက် ဇေတဝန် ကျောင်းတော်မှ ထွက်ခဲ့ရာ အစဉ်သဖြင့် အဂ္ဂါဠဝကျောင်းတော်သို့ ရောက်တော်မူလေ၏။ အာဠဝီ ပြည်သူ ပြည်သားတို့သည် မြတ်စွာဘုရား ကြွလာတော်မူပြီ ဟူသောစကားကို ကြားရလျှင် ကျောင်းတော် သို့သွား၍ ပင့်ဖိတ်ကြလေကုန်၏။

ထိုအခါ ထို သတို့သ္မီးငယ်သည် မြတ်စွာဘုရား၏ ကြွလာတော် မူခြင်းကို ကြားရ၍ ငါ့ဖခင် ငါ့သခင် ငါ့ဆရာ ဖြစ်တော်မူသော လပြည့်ဝန်းနှင့်တူသော မျက်နှာ ရှိတော်မူသော မြတ်သော ဂေါတမ အနွယ်၌ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ကြွလာတော် မူပေတကားဟု နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ ဤနေ့မှငါသည် သုံးနှစ်တို့၏အထက်၌ ရွှေအဆင်းနှင့်တူသော အဆင်းရှိတော်မူသော မြတ်စွာဘုရားကို မြင်ဖူး၏။

ယခုအခါ ထိုမြတ်စွာဘုရား၏ ရွှေအဆင်းနှင့် တူသော အဆင်းရှိသော ကိုယ်တော်ကို ဖူးမြင် ရခြင်းငှါ၎င်း ချိုမြိန်သော အရသာ ဩဇာရှိသော ဩဝါဒ တရားတော်ကို နာကြားရခြင်းငှါ၎င်း ရပေတော့အံ့ဟု ကြံစည်လေ၏။

ထိုသတို့သ္မီး၏ ဖခင်သည်ကား ရက္ကန်းရက်ရာ တင်းကုပ်သို့ သွားသည်ရှိသော် ချစ်သ္မီး သူတပါး ဥစ္စာဖြစ်သော ပုဆိုးကို ရက္ကန်းစင်သို့ ဖခင် တင်ထားအပ်၏။ ထိုပုဆိုးအား တထွာမျှလောက် သာလျှင် မပြီးဆုံးသေး။ ကြွင်းကျန်သေး၏။ ထိုပုဆိုးကို ယနေ့ပြီးစေအံ့။ ထို့ကြောင့် လျင်မြန်စွာ ရက်ဖေါက်ကိုလုံး၍ ငါ့အထံ ဆောင်ယူခဲ့လော့ဟု မှာသွားလေ၏။

သတို့သ္မီးငယ်သည် ငါကား မြတ်စွာဘုရား၏ တရားတော်ကို နာလို၏။ ဖခင်သည်လည်း ငါ့ကို ဤသို့ မှာသွားခဲ့၏။ အသို့နည်း မြတ်စွာဘုရား တရားတော်ကို နာရအံ့လော။ ထိုသို့မဟုတ် ဖခင်ထံ ရက်ဖေါက်ကိုရောက်၍ လုံး၍ ဆောင်ယူရအံ့လောဟု ကြံစည်လေ၏။ ထို့နောင်မှ ဖခင်သည် ရက်ဖေါက်ကို မဆောင်ခဲ့သည် ရှိသော် ငါ့ကိုရိုက်မှုလည်း ရိုက်ရာ၏။ ပုတ်ခတ်မူလည်း ပုတ်ခတ် ရာ၏။ ထို့ကြောင့် ရက်ဖေါက်ကို လုံး၍ ထိုဖခင်အား ပေးပြီးလျှင် နောက်မှ တရားနာတော့အံ့ဟု သတို့သ္မီးအား ဤသို့သောအကြံ ဖြစ်လေ၏။ ဤသို့ကြံ၍ အင်းပျဉ်ထက်၌ထိုင်နေ လျက် ရက်ဖေါက်ကို လုံးလေ၏။ အာဠဝီပြည်သား တို့သည်လည်း မြတ်စွာဘုရားကို ဆွမ်း လုပ်ကျွေးပြီးလျှင် သပိတ်ကိုယူ၍ တရားနာခြင်းငှါ ရပ်တည်ကြလေကုန်၏။

သတို့သ္မီးစကားကို လူတို့ကဲ့ရဲ့ခြင်း

မြတ်စွာဘုရားသည် ငါကား အကြင် သတို့သ္မီးကို အကြောင်းပြု၍ ယူဇနာ သုံးဆယ်ရှိသော လမ်းခရီးကို လာခဲ့၏။ ထိုသတို့သ္မီးသည် ယခုလည်း အခွင့်မရသေး။ ထိုသတို့သ္မီး အခွင့် ရသည်ရှိသော် တရားဟောကြားခြင်းပြုအံ့ဟု ဆိတ်ဆိတ် နေတော်မူလေ၏။ ထိုသို့ ဆိတ်ဆိတ် နေတော်မူသော မြတ်စွာဘုရားကိုလည်း နတ်နှင့်တကွသော လောက၌ တစုံတယောက်သော သူသည် တစုံတခုသောစကားကို ဆိုခြင်းငှါမဝံ့။

ထို သတို့သ္မီးငယ်သည်လည်း ရက်ဖေါက်ကို လုံး၍ တောင်း၌ ထည့်သဖြင့် ဖခင်၏အထံသို့သွားစဉ် ပရိသတ်၏ အစွန်၌ရပ်၍ မြတ်စွာဘုရားကို ကြည့်ရှု ဖူးမျှော်လျက်သာလျှင် တည်နေလေ၏။ မြတ်စွာဘုရား သည်လည်း လည်တော်ကိုချီ၍ ထို သတို့သ္မီးကို ကြည့်ရှုတော် မူလေ၏။ သတို့သ္မီး ငယ်သည် ကြည့်ရှုတော်မူသော အကြောင်း အရာဖြင့် မြတ်စွာဘုရားသည် ဤသို့ သဘောရှိသော ပရိသတ်အလယ်၌ နေတော်မူ၍ ငါ့ကို ကြည့်ရှုတော်မူပေ၏။ ငါ၏လာခြင်းကို တောင့်တတော်မူ၏။ ကိုယ်တော်မြတ်၏ အထံတော်သို့ လာခြင်းကိုသာလျှင် တောင့်တတော်မူဘိ၏ ဟု သိလေ၏။ သတို့သ္မီးငယ်သည် ရက်ဖေါက်တောင်းကိုချထား၍ မြတ်စွာဘုရား၏ အထံတော်သို့ သွားလေ၏။

[အဘယ့်ကြောင့် သတို့သ္မီးငယ်ကို မြတ်စွာဘုရား ကြည့်ရှုတော်မူသနည်း ဟူမူကား မြတ်စွာဘုရား အား ဤသို့သော အကြံ ဖြစ်တော်မူသတတ်။ ဤသတို့သ္မီးငယ်သည် ဤအရပ်မှ သာလျှင် သွားသည်ရှိသော် ပုထုဇဉ်အဖြစ်ဖြင့် သေခြင်းကိုပြု၍ မမြဲသော လားရာဂတိ ရှိသည် ဖြစ်လတ္တံ့။ ငါဘုရား၏ အထံသို့လာ၍ သွားသည်ရှိသော် သောတာပတ္တိဖိုလ်သို့ ရောက်သဖြင့် မြဲသော လားရာဂတိ ရှိသည်ဖြစ်၍ တုသိတာနတ်ပြည်၌ ဖြစ်လတ္တံ့ဟု အကြံ ဖြစ်တော်မူ၏။ ထို့ကြောင့် ကြည့်ရှုတော်မူ၏။ ထိုသတို့သ္မီးငယ်အားလည်း ထိုနေ့၌ သေခြင်းမှ လွတ်ခြင်းမည်သည် မရှိလေသတတ်။

ထိုသတို့သ္မီးငယ်သည် ကြည့်ရှုတော်မူသော အမှတ်ဖြင့်သာလျှင် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့၏ အကြားသို့ ဝင်ပြီးလျှင် ရှိခိုးလျက် တင့်အပ် လျောက်ပတ်သော အရပ်၌ တည်နေလေ၏။ ဤသို့ သဘောရှိသော ပရိသတ် အလယ်၌နေ၍ ဆိတ်ဆိတ်နေသော မြတ်စွာဘုရားကို ရှိခိုးလျက် တည်သော ခဏ၌ပင်လျှင် မြတ်စွာဘုရားသည် သတို့သ္မီးငယ်ကို ဤသို့မေးခွန်း ပြဿနာ မိန့်ဆိုတော်မူလေ၏။

၁။ သတို့သ္မီး သင်သည် အဘယ်အရပ်မှ လာခဲ့လေသနည်း ဟု မေးလျှင် မြတ်စွာဘုရား မသိပါ ဘုရားဟု ဖြေ၏။
၂။ အဘယ် အရပ်သို့ သွားလတ္တံ့နည်းဟုမေးလျှင် မြတ်စွာဘုရား မသိပါ ဘုရားဟု ဖြေ၏။
၃။ မသိလေသလောဟု မေးလျှင် မြတ်စွာဘုရား သိပါသည်ဘုရားဟု ဖြေ၏။
၄။ သိ၏လောဟုမေးလျှင် မြတ်စွာဘုရား မသိပါဘုရားဟု ဖြေ၏။

ဤသို့လျှင် ထိုသတို့သ္မီးငယ်ကို မြတ်စွာဘုရားသည် လေးပါးသော မေးခွန်း ပြဿနာကို မေးတော်မူလေ၏။ များစွာသော လူအပေါင်းသည် ကဲ့ရဲ့သည်မှာ အိုအချင်းတို့ ကြည့်ရှုကြ ကုန်လော့။ ဤရက်ကန်းသည် သ္မီးငယ်သည် မြတ်စွာဘုရားနှင့်တကွ အလိုရှိတိုင်း အလိုရှိတိုင်း သောစကားကို ပြောဆိုဘိ၏။ ဤသတို့သ္မီးငယ်သည် အဘယ်အရပ်မှ လာခဲ့လေသနည်းဟု မေးတော်မူသည်ရှိသော် ရက်ကန်းသည်အိမ်မှ လာခဲ့ပါသည်ဘုရားဟု ဆိုအပ်သည် မဟုတ်ပါလော။ အဘယ်အရပ်သို့ သွားအံ့နည်းဟု မေးတော်မူသည်ရှိသော် ရက်ကန်း ရက်ရာ တင်းကုပ်သို့ သွားပါမည်ဘုရားဟု ဆိုအပ်သည် မဟုတ်ပါလောဟု ကဲ့ရဲ့လေ၏။

အဓိပ္ပါယ်အကျယ် ရှင်းလင်းခြင်း

မြတ်စွာဘုရားသည် များစွာသော လူအပေါင်းကို အသံတိတ်ဆိတ်အောင် ပြုတော်မူ၍—

၁။ သတို့သ္မီး သင်သည် အဘယ်အရပ်မှ လာခဲ့လေသနည်းဟု မေးအပ်သည်ရှိသော် အဘယ့်ကြောင့် မသိပါဘုရားဟူ၍ ဖြေဆိုဘိသနည်းဟု မေးတော်မူလေ၏။ မြတ်စွာဘုရား ရှင်တော်မြတ်ဘုရား တို့သည် တပည့်တော်မ၏ ရက်ကန်းသည် အိမ်မှလာသည့် အဖြစ်ကို သိတော် မူကြပါသည်ဘုရား။ အဘယ်အရပ်မှ လာခဲ့သနည်းဟု မေးတော်မူကြပါသော်လည်း အဘယ်သို့သော ဘဝမှလာ၍ ဤဘဝ၌ ဖြစ်လေသနည်းဟု မေးခြင်းကိုသာ ပြုတော်မူကြပါသည်။

ဘုရားတပည့်တော်မသည်ကား အဘယ်သို့သော ဘဝမှ လာ၍ ဤဘဝ၌ ဖြစ်၏ ဟူသည်ကို မသိပါ။ ထို့ကြောင့် ဤသို့ ဖြေဆိုပါသည် ဘုရားဟု လျှောက်လေ၏။ ထို့နောင်မှ သတို့သ္မီး ငယ်အား မြတ်စွာဘုရားသည် သတို့သ္မီး “သာဓု သာဓု” ကောင်းပေ၏။ ကောင်းပေ၏။ ငါဘုရား မေးလိုရင်း ဖြစ်သော ပြဿနာကို ကျေနပ်အောင် သင်သည် ဖြေဆိုနိုင်ပေ၏ဟု ရှေးဦးစွာ ကောင်းချီးပေး၍ ထို့ထက်အလွန်လည်း မေးတော်မူပြန်၏။

၂။ အဘယ်အရပ်သို့ သွားလတ္တံ့နည်းဟု တဖန်မေးအပ်သည်ရှိသော် အဘယ့်ကြောင့် မသိပါဘုရား ဟူ၍ ဖြေဆိုဘိသနည်း ဟု မေးပြန်လေ၏။ မြတ်စွာဘုရား ရှင်တော်မြတ်ဘုရား တို့သည် တပည့်တော်မကို ရက်ဖေါက်တောင်းကို ယူလျက် ရက်ကန်းရက်ရာ တင်းကုပ်သို့ သွားလတ္တံ့ဟု သိတော်မူကြပါသည်။ ဤဘဝမှ သွား၍ အဘယ်ဘဝ၌ ဖြစ်လတ္တံ့ နည်းဟု မေးခြင်းကိုသာ ပြုတော်မူကြပါသည်။

ဘုရား တပည့်တော်မသည်လည်း ဤဘဝမှ စုတေသည်ရှိသော် အဘယ်ဘဝသို့ သွား၍ ဖြစ်လိမ့်မည် ဟူသည်ကို မသိပါ။ ထို့ကြောင့် ဤသို့ဖြေဆိုပါသည်ဘုရားဟု လျှောက်လေ၏။ ထို့နောင်မှ သတို့သ္မီးငယ်အား မြတ်စွာဘုရားသည် ငါဘုရား မေးလိုရင်းသာဖြစ်သော ပြဿနာကို သင်သည် ဖြေဆိုနိုင်ဘိ၏ ဟု နှစ်ကြိမ်မြောက် ကောင်းချီးပေးတော်မူ၍ ထို့ထက် အလွန်လည်း မေးတော် မူပြန်၏။

၃။ ထို့နောင်မှ မသိလေသလောဟု မေးအပ်သည်ရှိသော် အဘယ့်ကြောင့် သိပါသည်ဘုရား ဟူ၍ ဖြေဆိုဘိသနည်းဟု မေးပြန်လေ၏။ မြတ်စွာဘုရား တပည့်တော်မသည် သေရအံ့သည်အဖြစ်ကို သိပါသည်။ ထို့ကြောင့် ဤသို့ ဖြေဆိုပါသည် ဘုရားဟု လျှောက်လေ၏။ ထို့နောင်မှ ထို သတို့သ္မီးငယ်အား မြတ်စွာဘုရားသည် ငါဘုရား မေးလိုရင်းဖြစ်သော ပြဿနာကို သင်သည် ဖြေဆိုနိုင်ဘိ၏ဟု သုံးကြိမ်မြောက် ကောင်းချီးပေးတော်မူ၍ ထို့ထက် အလွန်လည်း မေးတော် မူပြန်၏။

၄။ ထို့နောင်မှ သိ၏လောဟု မေးအပ်သည်ရှိသော် အဘယ့်ကြောင့် မသိပါ ဟူ၍ ဖြေဆိုဘိသနည်း ဟု မေးပြန်၏။ မြတ်စွာဘုရား သေရအံ့သည့် အဖြစ်ကိုသာလျှင် တပည့်တော်မ သိပါသည်။ တပည့်တော်မသည် ညဉ့်အခါ နေ့အခါ နံနက်အခါ စသည်တို့တွင်ကား ဤမည်သောအခါ၌ သေရအံ့ဟု မသိပါ။ ထို့ကြောင့် ဤသို့ဖြေဆိုပါသည် ဘုရားဟု လျှောက်လေ၏။

ထို့နောင်မှ သတို့သ္မီးငယ်အား မြတ်စွာဘုရားသည် ငါဘုရား မေးလိုရင်းဖြစ်သော ပြဿနာကို သင်သည် ဖြေဆိုနိုင်ဘိ၏ ဟု လေးကြိမ်မြောက် ကောင်းချီးပေးတော်မူ၍ ပရိသတ်ကို ခေါ်တော် မူပြီးလျှင် သင်တို့သည် ဤသတို့သ္မီးငယ် ဆိုအပ်သော ဤမျှလောက်သော စကားကိုမျှ မသိကြကုန်။

သင်တို့သည် သက်သက် ကဲ့ရဲ့ကြကုန်သည် သာလျှင်တည်း။ အကြင်သူတို့အား ပညာမျက်စိသည် မရှိ။ ထိုသူတို့သည် ကန်းကုန်သည်သာလျှင်တည်း။ အကြင်သူတို့အား ပညာမျက်စိသည် ရှိ၏။ ထို သူတို့သည်သာလျှင် မျက်စိအမြင်ရှိသူတို့ ဖြစ်ကုန်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော် မူလေ၏။

ဒေသနာတော်

၁၇၄။ အန္ဒိဘူတော အယံ လောကော၊ တနုကေတ္ထ ဝိပဿတိ။
သကုဏော ဇာလမုတ္တောဝ၊ အပ္ပေါ သဂ္ဂါယ ဂစ္ဆတိ။

အယံလောကော၊ ဤလူများအပေါင်းသည်။
အန္ဓိဘူတော၊ ပညာမျက်စိ စုံမရှိ၍ အကန်းအတိသာ ဖြစ်လေ၏။
ဧတ္ထ၊ ဤလောက၌။
တနုကော၊ အနည်းငယ်မျှသောသူသည်။
ဝိပဿတိ၊ အနိစ္စ စသောအားဖြင့် ရှုမြင်၏။
ဇာလမုတ္တော၊ မုဆိုးကွန်ရက်မှ လွတ်ထွက်သော။
သကုဏော၊ ငှက်သည်။
အပေါဣဝ၊ နည်းသကဲ့သို့။
မရန္တေသု၊ သေသောသူတို့တွင်။
သဂ္ဂါယ၊ နတ်ပြည်သို့။
ဂစ္ဆတိ၊ သွားသောသူသည်။
အပ္ပေါ၊ နည်းလှ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ သတို့သ္မီးသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ များစွာသော လူအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

သတို့သ္မီးသေ၍ ဖခင် ရဟန်းပြုခြင်း

ထိုသတို့သ္မီးငယ်သည်လည်း ရက်ဖေါက်တောင်းကို ယူလျက် ဖခင်၏အထံ သို့သွားလေ၏။ ထို ဖခင်ဖြစ်သော ရက္ကန်းသည်သည် ထိုင်လျက်သာလျှင် အိပ်ပျော်နေခိုက် ဖြစ်သောကြောင့် ထို သတို့သ္မီးငယ်သည် မမှတ်မသား သတိမထားမိသဖြင့် သာလျှင် ရက်ဖေါက်တောင်းကို တွန်းရွှေ့ လိုက်စဉ် ထိုရက်ဖေါက်တောင်းသည် လွန်းအစွန်း၌ ထိခိုက်မိသောကြောင့် အသံကိုပြုလျက် ကျသွားလေ၏။

ဖခင် ရက္ကန်းသည်သည် နိုးလျှင်နိုးခြင်း ကိုင်ယူအပ်သော အမှတ်ဖြင့်သာလျင် လွန်းကို ဆွဲငင်လိုက် လေ၏။ လွန်းဖျားသည် သွား၍ ထိုသတို့သ္မီးငယ်ကို ရင်ဘတ်၌ ထိုးမိ၏။ သတို့သ္မီးငယ်သည်လည်း ထိုနေရာ၌ပင်လျှင် သေလွန်ခြင်းကို ပြုရှာ၍ တုသိတာ နတ်ပြည်၌ ဖြစ်လေ၏။

ထိုအခါ သတို့သ္မီးငယ်၏ ဖခင် ရက္ကန်းသည်သည် သတို့သ္မီးငယ်ကို ကြည့်ရှုလတ်သည်ရှိသော် တကိုယ်လုံး သွေးအလိမ်း လိမ်းကပ်ငြိသဖြင့် လဲ၍သေနေသည်ကို မြင်ရရှာလေ၏။ ထိုအခါ ဖခင် ရက္ကန်းသည်အား ကြီးစွာသော စိုးရိမ်ခြင်း ဖြစ်လေ၏။ ထိုရက္ကန်းသည်သည် ငါ၏ စိုးရိမ်ခြင်းကို တပါးသောသူသည် ငြိမ်းအေးစေခြင်းငှါ မတတ်နိုင်ပေလတ္တံ့ဟု ငိုကြွေးလျက် ဘုရားရှင်၏ အထံ တော်သို့သွား၍ ထိုအကြောင်းကို လျှောက်ကြားပြီးလျှင် မြတ်စွာဘုရား တပည့်တော်၏ စိုးရိမ်ခြင်း ကို ငြိမ်းအေးစေတော်မူကြ ပါဘုရားဟု လျှောက်လေ၏။

မြတ်စွာဘုရားသည် ထိုရက္ကန်းသည် ဒါယကာကို ကောင်းစွာ နှစ်သိမ့်စေ၍ ဒါယကာ မစိုးရိမ်လင့်။ မသိအပ်သော အစရှိသော သံသရာ၌ ဤအတူသာလျှင် သ္မီးသေသော ကာလ၌ သင်၏ ယိုစီး ကျသော မျက်ရည်သည် လေးစင်းသော မဟာသမုဒြာရေထက်ပင် အလွန့်အလွန် များလှပြီဟု မိန့်တော်မူ၍ အနမတဂ္ဂ သုတ္တန်စကားကို ဟောကြားတော်မူလေ၏။ ရက္ကန်းသည်သည် နည်းသော စိုးရိမ်ခြင်း ရှိသည်ဖြစ်၍ မြတ်စွာဘုရားကို ရဟန်းအဖြစ် တောင်းပန်သဖြင့် ရဟန်းအဖြစ်ကို ရလတ်သည် ရှိသော် မကြာမြင့်မီသာလျှင် ရဟန္တာအဖြစ်သို့ ရောက်လေ၏။

ရက္ကန်းသည်သ္မီးဝတ္ထုပြီး၏။

၈ - သုံးကျိပ်သော ရဟန်းတို့ဝတ္ထု

ဟံသာဒိစ္စပထေ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် သုံးကျိပ်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မြေပြင်ဖြင့်လာ၍ ကောင်းကင်ဖြင့် ပြန်သွားခြင်း

တနေ့သ၌ သုံးကျိပ်မျှလောက်ကုန်သော အရပ်လေးမျက်နှာ၌ နေကြကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားသို့ ဆည်းကပ်ကြလေကုန်၏။ ရှင်အာနန္ဒာ မထေရ်သည် မြတ်စွာဘုရားအား ဝတ်ကြီး ဝတ်ငယ် ပြုအပ်သော အချိန်၌ လာလတ်၍ ထိုရဟန်းတို့ကိုမြင်လျှင် ဘုရားရှင်သည် ဤရဟန်းတို့နှင့် တကွ အစေ့အစပ် ပြောဆိုသော ပဋိသန္ဓာရကထာကိုပြုပြီးမှ ဝတ်ကိုပြုပေအံ့ဟု နှလုံးသွင်း၍ တံခါးမုခ်၌ ရပ်တည် စောင့်ဆိုင်းကာ နေလေ၏။

မြတ်စွာဘုရားသည်လည်း ထိုရဟန်းတို့နှင့် အတူတကွ ပဋိသန္ဓာရကထာကို ပြုပြီးလျှင် ထိုရဟန်း တို့အား အသက်ထက်ဆုံး နှလုံးသွင်းအပ် အောက်မေ့အပ်သော သာရဏီယ တရားစကားကို ဟောကြား မိန့်မြွက်တော်မူလေ၏။ တရားစကား ကြားနာရသောကြောင့် ထိုအလုံးစုံသော ရဟန်း တို့သည် အရဟတ္တဖိုလ်သို့ရောက်၍ ကောင်းကင်ခရီးဖြင့် ပျံတက်ကာ သွားကြလေကုန်၏။

ရှင်အာနန္ဒာ မထေရ်သည် ထိုရဟန်းတို့ ကြာမြင့်လတ် ကုန်သည်ရှိသော် ဘုရားရှင်သို့ ချဉ်းကပ် ပြီးလျှင် မြတ်စွာဘုရား ယခုပင်လျှင် သုံးကျိပ်မျှလောက်ရှိသော ရဟန်းတို့သည် ကြွလာကြ ပါကုန်၏။ ထိုရဟန်းတို့သည် အဘယ်မှာပါနည်း ဘုရားဟု မေးလျှောက်လေ၏။ ချစ်သားအာနန္ဒာ သွားကြကုန်ပြီဟု မိန့်တော်မူလျှင် မြတ်စွာဘုရား အဘယ်ခရီးဖြင့် ကြွသွားကြပါ သနည်းဘုရားဟု မေးလျှောက်ပြန်လေ၏။

ချစ်သား အာနန္ဒာ ကောင်းကင်ခရီးဖြင့် သွားကြကုန်၏ဟု မိန့်တော်မူလျှင် မြတ်စွာဘုရား အသို့ပါနည်း။ ရဟန္တာတို့ ဖြစ်ပါသလောဘုရားဟု မေးလျှောက်ပြန်လေ၏။ ချစ်သား အာနန္ဒာ ဟုတ်မှန်ပေ၏။ ငါဘုရားအထံ၌ တရားနာရသောကြောင့် အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏ဟု မိန့်တော်မူလေ၏။

ထိုခဏ၌ ကောင်းကင်ဖြင့် ဟင်္သာတို့သည် ပျံသန်းလာကြလေကုန်၏။ ဘုရားရှင်သည် ချစ်သား အာနန္ဒာ အကြင်ပုဂ္ဂိုလ်သည် လေးပါးသော ဣဒ္ဓိပါဒ်တို့ကို ကောင်းစွာ လေ့လာ ပွားများအပ်ကုန်၏။ ထိုပုဂ္ဂိုလ်သည် ဟင်္သာကဲ့သို့ ကောင်းကင်ခရီးဖြင့် သွားနိုင်၏ ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၁၇၅။ ဟံသာဒိစ္စပထေ ယန္တိ၊ အာကာသေ ယန္တိ ဣဒ္ဓိယာ။
နီယန္တိ ဓီရာ လောကမှာ၊ ဇေတွာ မာရံ သဝါဟနံ။

ဟံသာ၊ ဟင်္သာငှက်တို့သည်။
အာဒိစ္စပထေ၊ နေ၏ သွားရာဖြစ်သော ကောင်းကင်ခရီး၌။
ယန္တိ၊ သွားကြကုန်၏။
ဣဒ္ဓိမန္တာ၊ ဣဒ္ဓိပါဒ် လေးပါး ကောင်းစွာပွားကုန်သော ပုဂ္ဂိုလ်တို့သည်။
ဣဒ္ဓိယာ၊ တန်ခိုးဖြင့်။
အာကာသေ၊ ကောင်းကင်ခရီး၌။
ယန္တိ၊ သွားကြကုန်၏။
ဓီရာ၊ ပညာရှိတို့သည်။
သဝါဟနံ၊ စစ်သည် ဗိုလ်ပါနှင့်တကွသော။
မာရံ၊ မာရ်မင်းကို။
ဇေတွာ၊ အောင်တော်မူ၍။
လောကမှာ၊ လောကမှ။
နီယန္တိ၊ နိဗ္ဗာန်အရောက် ထွက်မြောက်ကြကုန်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

သုံးကျိပ်သောရဟန်းတို့ဝတ္ထုပြီး၏။

၉ - စိဉ္စမာဏဝိကာမိန်းမ ဝတ္ထု

ဧကံဓမ္မံ- အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် စိဉ္စမာဏဝိကာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တိတ္ထိတို့၏ မိန့်ခွန်း

ပဌမဗောဓိ၌ မြတ်စွာဘုရားအား များစွာဖြစ်၍ ဖြစ်ကုန်သော သာဝကတို့ သည်၎င်း၊ အတိုင်းအရှည် မရှိကုန်သော နတ်လူတို့သည်၎င်း အရိယာဘုံ အရိယာပုဂ္ဂိုလ်အဖြစ်သို့ ရောက်လတ်ကုန်သည် ရှိသော် ပျံ့နှံ့သော ဂုဏ်ကျေးဇူး အပေါင်းကြောင့် များစွာသော လာဘ်ပူဇော် သက္ကာရသည် ထင်ရှားဖြစ်လေ၏။ တိတ္ထိတို့သည် နေထွက်သောအခါ ပိုးစုန်းကြူးနှင့် တူစွာ ဖြစ်ကြလေကုန်၏။

ထိုတိတ္ထိတို့သည် ပျက်စီးသော လာဘ်ပူဇော်သက္ကာရ ရှိကုန်ရကား လမ်းခရီး အကြား၌ ရပ်တည်၍ ရဟန်းဂေါတမသည်သာ ဘုရားဖြစ်သလော။ ငါတို့သည်လည်း ဘုရားတို့တည်း ထိုရဟန်း ဂေါတမ အားသာလျှင် လှူသောအလှူသည် အကျိုးကြီးသလော။ ငါတို့အားလည်း လှူသောအလှူသည် အကျိုးကြီးသည် သာလျှင်တည်း။

ငါတို့အားလည်း ပေးလှူကြကုန်လော့။ ပူဇော်သက္ကာရကို ပြုကြကုန်လော့ဟု လူတို့ကို သိအောင် တောင်းရမ်းသော်လည်း လာဘ်ပူဇော်သက္ကာရကို မရသောကြောင့် ဆိတ်ကွယ်ရာ အရပ်၌ စည်းဝေး၍ အဘယ်သို့သော အကြောင်းဖြင့် ရဟန်း ဂေါတမ၏ ကျေးဇူးမဲ့ကို လူတို့အလယ်၌ ဖြစ်စေပြီးလျှင် လာဘ်ပူဇော်သက္ကာရကို ဖျက်ဆီးကြရကုန်အံ့နည်းဟု ကြံစည်ကြလေကုန်၏။

ထိုအခါ သာဝတ္ထိပြည်၌ စိဉ္စမာဏဝိကာ အမည်ရှိသော ပရိဗိုဇ်မ တယောက်သည် မြတ်သော လှပသော အဆင်းကို ဆောင်ယူ၏။ တင့်တယ်ခြင်း အစုသို့ ရောက်၏။ နတ်သ္မီးကဲ့သို့ ထို စိဉ္စမာဏဝိကာ၏ ကိုယ်မှ အရောင်တို့သည် ထွက်ကုန်၏။

ထိုအခါ ကြမ်းကြမ်းတမ်းတမ်း တိုင်ပင်လေ့ရှိသော တိတ္ထိတဦးသည် ဤသို့ဆို၏။ စိဉ္စမာဏဝိကာ ကိုစွဲ၍ ရဟန်းဂေါတမ၏ ကျေးဇူးမဲ့ကို ဖြစ်စေပြီးလျှင် လာဘ် ပူဇော်သက္ကာရကို ဖျက်ဆီးကြ ကုန်စို့အံ့ဟု ဆိုလတ်သော် ထိုတိတ္ထိတို့သည် ဤသို့သော အကြောင်းသည် ရှိ၏ဟု ဝန်ခံကြလေ ကုန်၏။

ထိုအခါ စိဉ္စမာဏဝိကာသည် တိတ္ထိကျောင်းအာရာမ်သို့ သွား၍ ရှိခိုးလျက် တည်လေ၏။ တိတ္ထိ တို့သည် ထိုစိဉ္စမာဏဝိကာနှင့်တကွ စကားမဆိုကြကုန်။ ထိုစိဉ္စမာဏဝိကာသည် ငါ့အား အဘယ် အပြစ်ရှိသနည်းဟု နှလုံးသွင်း၍ သုံးကြိမ်တိုင်အောင် အရှင်ကောင်းတို့ ရှိခိုးပါ၏ ဟု ဘုရားဟု ဆို၍ အရှင်ကောင်းတို့ အကျွန်ုပ်အား အဘယ်အပြစ် ရှိသနည်း။ အကျွန်ုပ်နှင့် အတူတကွ အဘယ့်ကြောင့် စကား မဆိုကြပါကုန်သနည်းဟု မေးလျှောက်လေ၏။

နှမ အသို့နည်း။ ရဟန်းဂေါတမသည် ငါတို့ကို ညှဉ်းဆဲဘိ၏။ လာဘ်ပူဇော်သက္ကာရကို ပျက်စီးအောင် ပြုလျက် သွားလာ လှည့်လည်နေသည်ကို သင် မသိလေသလောဟု မေးလျှင် အရှင်ကောင်းတို့ မသိရပါဟု ဆိုပြီးလျှင် ဤအရာ၌ တပည့်တော်မသည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလေသဖြင့် နှမ သင်သည် ငါတို့ချမ်းသာခြင်းကို အကယ်၍ အလိုရှိသည် ဖြစ်အံ့၊ မိမိ ကိုယ်ကိုစွဲ၍ ရဟန်းဂေါတမ၏ ကျေးဇူးမဲ့ကို ဖြစ်စေပြီးလျှင် လာဘ် ပူဇော်သက္ကာရကို ဖျက်ဆီးရမည်ဟု မိန့်ဆိုလေ၏။

စိဉ္စမာဏ စွပ်စွဲပုံ

ထိုစိဉ္စမာဏဝိကာသည် အရှင်ကောင်းတို့ ကောင်းလှပါပြီ။ ဤတာဝန်သည် အကျွန်ုပ်၏ တာဝန် ပါတည်း။ မကြံစည် မစိုးရိမ်ကြပါကုန်လင့်ဟု ဆို၍ ဖဲသွားပြီးလျှင် မိန်းမတို့မာယာ၌ လိမ္မာသည် အဖြစ်ကြောင့် ထိုနေ့မှစ၍ သာဝတ္ထိပြည်သူ ပြည်သားတို့ တရားနာ၍ ဇေတဝန်ကျောင်းတော်မှ ထွက်လာသောအခါ ပိုးပရံ အဆင်းနှင့် တူသော အဝတ်ကို ရုံသဖြင့် နံ့သာပန်း စသည်ကို လက်စွဲလျက် ဇေတဝန် ကျောင်းတော်သို့ ရှေးရှုပြုကာ သွား၏။

ဤအချိန်အခါ၌ အဘယ်အရပ်သို့ သွားအံ့နည်းဟု မေးအပ်သည်ရှိသော် သင်တို့အား ငါသွားရာ အရပ်ဖြင့် အဘယ်အကျိုး ရှိအံ့နည်းဟု ဆိုပြီးလျှင် ဇေတဝန် ကျောင်းတော်၏အနီး တိတ္ထိတို့ အာရာမ်၌ နေသဖြင့် နံနက်စောစောကလျှင် ဦးဦးဖျားဖျား ရှိခိုးခြင်းကို ရှိခိုး ကြကုန်စို့အံ့ဟု မြို့မှ ထွက်လာကုန်သော ဒါယကာ အပေါင်းသည် ဇေတဝန် ကျောင်းတော်တွင်း၌ နေခဲ့လေဟန်ဖြစ်၍ မြို့သို့ ပြန်ဝင်လာသော စိဉ္စမာဏဝိကာကို အဘယ်အရပ်၌ နေသနည်းဟု မေးလတ်သည်ရှိသော် သင်တို့အား ငါ့နေရာ အရပ်ဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု ဆိုပြီးလျှင် လခွဲလွန်သောအခါ မေးအပ်သည်ရှိသော် ဇေတဝန်ကျောင်းတော်၌ ရဟန်းဂေါတမနှင့် အတူတကွ ဂန္ဓကုဋိ တခုတည်း၌ နေ၏ဟု ဆိုလေ၏။

ပုထုဇဉ်ဖြစ်သော လူတို့အား ဤစိဉ္စမာဏဝိကာ ပြောသော စကားသည် ဟုတ်မှန်လေသလော မမှန်လေသလောဟု ယုံမှားခြင်းကို ဖြစ်စေ၍၎င်း သုံးလ လေးလ လွန်သောအခါ ပုဆိုးကြမ်းတို့ဖြင့် ဝမ်းကို ရစ်ပတ်သဖြင့် ကိုယ်ဝန်ဆောင်သော အသွင်ကိုပြ၍၎င်း အထက်၌ နီသော အဝတ်ပုဆိုးကို ခြုံရုံလျက် ရဟန်းဂေါတမကိုစွဲ၍ ကိုယ်ဝန် တည်လေသည်ဟု သူမိုက်တို့ကို ယုံကြည်စေ၍၎င်း ရှစ်လ ကိုးလ လွန်သောအခါ ဝမ်း၌ ဝန်းဝိုင်းသော သစ်သားကို ဖွဲ့သဖြင့် အထက်၌ အဝတ်ပုဆိုးကို ခြုံရုံလျက် လက်ဖမိုး ခြေဖမိုးတို့ကို နွားမေးရိုးဖြင့် ထုနှက်စေပြီးလျှင် အသားမို့မို့ တက်သည်တို့ကို ပြ၍၎င်း ပင်ပန်းနွမ်းနယ်သော ဣန္ဒြေရှိသည်ဖြစ်၍၎င်း ညချမ်းသောအခါ မြတ်စွာဘုရားသည် တန်ဆာဆင်အပ်သော တရားဟောပလ္လင်၌ နေတော်မူလျက် တရားဟောကြားတော်မူစဉ် တရား သဘင်သို့ သွားပြီးလျှင် မြတ်စွာဘုရားရှေ့၌ ရပ်လျက် ရဟန်းကြီး လူအပေါင်းအား ရှေးဦးစွာ တရားဟောဘိ၏။

သင်၏အသံသည် ချိုမြိန် သာယာလှပေ၏။ နှုတ်ခမ်းသည် ကောင်းစွာ စေ့စပ်ပေ၏။ အကျွန်ုပ် သည်ကား သင့်ကိုစွဲ၍ ကိုယ်ဝန်ကို ရပြီးလျှင် ပြည့်စုံသော ကိုယ်ဝန် ရှိခဲ့လေပြီ။ အကျွန်ုပ်အတွက် သားဖွားရာအိမ်ကို သင်မသိ။ ထောပတ်ဆီ စသည်တို့ကိုလည်းမသိ ကိုယ်တိုင်မပြုနိုင်သည်ရှိသော် အလုပ်အကျွေးတို့တွင် တယောက်ယောက်ကို ကောသလ မင်းကြီးကိုဖြစ်စေ အနာထပိဏ် သူဌေးကြီးကို ဖြစ်စေ ဝိသာခါ ဒါယိကာမကြီးကိုဖြစ်စေ ဤစိဉ္စမာဏဝိကာအား ပြုအပ်သည်နှင့် ယှဉ်သော အမှုကို ပြုပါလော့ဟု သင်မဆို။ မွေ့လျော်ငြင်းငှါ တခုသာလျှင် သိ၏။ ကိုယ်ဝန်၏ အစောင့်အရှောက်ကို မသိဟုဆိုလျက် မစင်တုံးကို ကိုင်ယူ၍ လဝန်းကို ဖျက်ဆီးအံ့သောငှါ လုံ့လ ပြုဘိသကဲ့သို့ ပရိသတ်လေးပါး အလယ်၌ မြတ်စွာ ဘုရားကိုစွပ်စွဲ ဆဲရေးလေ၏။

စိဉ္စမာဏ မြေမျိုခြင်း

မြတ်စွာဘုရားသည်လည်း တရားစကားကို ရပ်တံ့ထားတော်မူပြီးလျှင် ခြင်္သေ့မင်းကဲ့သို့ မကြောက် မရွံ့သော အသံတော်ကိုပြုလျက် နှမ သင်ဆိုသောစကား၏ မှန်သောအဖြစ်ကို၎င်း မမှန်သော အဖြစ်ကို၎င်း ငါသည်၎င်း သင်သည်၎င်း ငါနှင့် သင်သာ သိ၏ဟု မိန့်တော်မူလေ၏။

ရဟန်းကြီး ဪ.. ဟုတ်မှန်လှပေ၏။ သင်သည်၎င်း အကျွန်ုပ်သည်၎င်း ထိုသိသော အဖြစ်ကို အဘယ်သူတို့သည် သိနိုင်ကြကုန်အံ့နည်းဟု ဆိုလေ၏။ ထိုခဏ၌ သိကြားမင်း၏ နေရာဖြစ်သော ပဏ္ဍုကမ္ဗလာ ကျောက်ဖျာသည် ပူလောင်သော အခြင်းအရာကိုပြ၏။ သိကြားမင်းသည် ဆင်ခြင် လတ်သည်ရှိသော် စိဉ္စမာဏဝိကာ အမည်ရှိသောမိန်းမသည် မြတ်စွာဘုရားကို မဟုတ် မမှန်သော အားဖြင့် ဆဲရေး၏ဟု သိရသဖြင့် ဤဝတ္ထုအမှုကို သုတ်သင်အံ့ဟု လေးယောက်သော နတ်သားတို့နှင့် အတူတကွ သွားလေ၏။

နတ်သားတို့သည် ကြွက်ငယ်ယောင် ဆောင်ကြသည်ဖြစ်၍ သစ်သားဝန်း၏ ဖွဲ့ချည်သောကြိုးတို့ကို တပြိုင်တည်းသာလျှင် ကိုက်ဖြတ်ကြလေကုန်၏။ ခြုံရုံသော အဝတ်ပုဆိုးကို လေသည် မြှောက်ပင့် လေ၏။ သစ်သားဝန်းသည် ပြုတ်ကျလတ်သည်ရှိသော် ထိုစိဉ္စမာဏဝိကာ၏ ခြေဖမိုး၌ကျလေ၏။ နှစ်ဘက်သော ခြေဖျားတို့သည် ကျိုးကုန်၏။

လူတို့သည်လည်း ဟယ်... သူယုတ်မာ ဘုရားရှင်ကို စွပ်စွဲ ဆဲရေးဘိ၏ဟု ဦးခေါင်း၌ တံတွေးကို ကျစေ၍ ထွေးစွန့်၍ အုဌ်ခဲ လှံတံ အစရှိသည်တို့ လက်စွဲကုန်လျက် ဇေတဝန်ကျောင်းတော်မှ နှင်ထုတ်ကြလေကုန်၏။ ထိုအခါ မြတ်စွာဘုရား၏ မျက်စိတော် မြင်လောက်ရာ အရပ်ကို လွန်သော ကာလ စိဉ္စမာဏဝိကာအား မဟာပထဝီ မြေကြီးသည် ကွဲ၍ အကြားအပေါက်ကို ပေးလေ၏။ အဝီစိမှ မီးလျှံတို့သည် ထလာကုန်၏။

ထိုစိဉ္စမာဏဝိကာသည် ချစ်လှစွာသော မိဘဆွေမျိုးတို့ ပေးအပ်သော ကမ္ဗလာကို ခြုံရုံသည် အလား သွား၍ အဝီစိ၌ ဖြစ်ရှရှာလေ၏။ သာသနာတော်မှ အပဖြစ်သော တိတ္ထိတို့အား လာဘ် ပူဇော် သက္ကာရသည် ဆုတ်ယုတ်ရှာလေ၏။ မြတ်စွာဘုရားအား အတိုင်းထက် အလွန် တိုးပွား လေ၏။

တဖန် မိုးသောက်သောနေ့၌ တရားသဘင်ဝယ် ရဟန်းတို့သည် ငါ့ရှင်တို့ စိဉ္စမာဏဝိကာသည် ဤသို့ ပြန့်ပြောသော ဂုဏ်ကျေးဇူး ရှိသည်ဖြစ်၍ မြတ်သော အလှူကို ခံတော်မူထိုက်သော မြတ်စွာဘုရားကို မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲ ဆဲရေးခြင်းကြောင့် ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ရရှာလေ၏ဟု စကားကိုဖြစ်စေ ကြလေကုန်၏။

မဟာပဒုမဇာတ် အမြွက်

မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့ ယခုငါ လာတော်မူဆဲအခါ အဘယ် စကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူသောကြောင့် ဤမည်သော စကားဖြင့် စည်းဝေးကြပါသည် ဘုရားဟု နားတော် လျှောက်သည်ရှိသော် ချစ်သားရဟန်းတို့ ယခုသာလျှင် မဟုတ်သေး ရှေး၌လည်း ဤစိဉ္စမာဏဝိကာသည် ငါ့ကို မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲ ဆဲရေးခြင်း ကြောင့် ပျက်စီးခြင်းသို့ ရောက်ဖူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍—

နာဒိဋ္ဌာပရတော ဒေါသံ၊ အဏုံ ထူလာနိ သဗ္ဗသော။
ဣဿရော ပဏယေ ဒဏ္ဍံ၊ သာမံ အပ္ပဋိဝေက္ခိယ။

ဣဿရော၊ ရေ မြေသေဌ်နင်း ပြည့်ရှင်မင်းသည်။
ပရတော-ပရဿ၊ သူတပါး၏။
ဒေါသံ၊ အပြစ်ကို။
အဒိဋ္ဌာ၊ မမြင်မူ၍။
သဗ္ဗသော-သဗ္ဗာနိ၊ အလုံးစုံကုန်သော။
အဏုံထူလာနိ၊ ငယ်သောအပြစ် ကြီးသောအပြစ်တို့ကို။
သာမံ၊ ကိုယ်တိုင်။
အပ္ပဋိဝေက္ခိယ၊ မျက်မှောက်ထင်ထင် မဆင်ခြင်မူ၍။
ဒဏ္ဍံ၊ ဒဏ်ကို။
နပဏယေ၊ မဖြစ်စေရာ မထားရာ။

ဟူသော ဒွါဒသနိပါတ်၌ ဤမဟာပဒုမဇာတ်ကို အကျယ်ချဲ့၍ ဟောတော်မူလေ၏။ ထိုအခါ၌ ဤစိဉ္စမာဏဝိကာသည် ဘုရားလောင်း မဟာပဒုမမင်းသား၏ မယ်တော်၏ရန်သူ။ ဝါ၊ လင်တူ မင်းကြီး၏ နောက်မိဖုယားကြီးဖြစ်၍ ဘုရားလောင်းကို မသူတော်တို့၏ တရားဖြင့် ဖိတ်ကြား ဖြားယောင်းသဖြင့် ထိုမင်းသား၏ စိတ်ကို မရလေသောကြောင့် မိမိကိုယ်တိုင်သာလျှင် မိမိကိုယ်၌ ဖေါက်ပြန်သော အခြင်းအရာကို ပြုပြီးလျှင် လူနာအသွင်ကို ပြလျက် သင်မင်းကြီး၏ သားတော် သည် အလိုမပါသော ဘုရားနှမတော်ကို ဤသို့သော ဖေါက်ပြန် ပျက်စီးခြင်းသို့ ရောက်စေပါသည် ဘုရားဟု မင်းကြီးအား သံတော်ဦးစကား လျှောက်ကြားလေ၏။

မင်းကြီးသည် အမျက်တော်ရှိ၍ ဘုရားလောင်းကို ခိုးသူတို့ ပစ်ချရာ ချောက်၌ ပစ်ချလေ၏။ ထိုအခါ ဘုရားလောင်းကို တောင်ဝှမ်း၌ စောင့်သောနတ်သည် ခံယူ၍ နဂါးမင်း၏ ပါးပျဉ်းဟူသော တိုက်ခန်း၌ ထားလေ၏။ နဂါးမင်းသည် ထိုပဒုမမင်းသားကို နဂါးပြည်သို့ဆောင်၍ ထက်ဝက်သော ပြည်စည်းစိမ်ဖြင့် ကောင်းစွာ ဆောင်နှင်းလေ၏။

ထိုဘုရားလောင်းသည် နဂါးပြည်၌ တနှစ်ပတ်လုံး နေပြီးလျှင် ရသေ့ရဟန်း ပြုလိုရကား ဟိမဝန္တာတောအရပ်သို့ ရောက်သွား၍ ရသေ့ ရဟန်းပြုလျက် ဈာန် အဘိညာဉ်တို့ကို ဖြစ်စေတော် မူလေ၏။ ထိုအခါ ဘုရားလောင်း ရသေ့ကို တောသွားမုဆိုး တယောက်သည် မြင်၍ မင်းကြီးအား လျှောက်ကြားလေ၏။

မင်းကြီးသည် ထိုဘုရားလောင်း ရသေ့ထံသို့ သွားသဖြင့် ပြုအပ်သော အစေ့ အစပ် ရှိသည်ဖြစ်၍ အလုံးစုံသော ထိုအကြောင်းအရာကို ပြန်ပြောင်း၍ သိတော်မူရလျှင် ဘုရားလောင်းကို ပြည် စည်းစိမ်ဖြင့် ဖိတ်၍ ဘုရားလောင်း ရသေ့က အကျွန်ုပ်အား ပြည်စည်းစိမ်ဖြင့် ပြုဖွယ်ကိစ္စမရှိ။ သင်မင်းကြီးသာ မင်းကျင့် တရား ဆယ်ပါးတို့ကို မပျက်စေမူ၍ မလားအပ်သည်သို့ လားခြင်းကို ပယ်စွန့်လျက် တရားသဖြင့် မင်းပြုပါလော့ဟု ဆုံးမလေရကား မင်းကြီးသည် နေရာမှ ထ၍ ငိုကြွေး မြည်တမ်းလျက် မြို့တော်သို့ ပြန်သွားစဉ် လမ်းခရီး အကြား၌ အမတ်တို့ကို ငါဘုရင်မင်းမြတ်သည် အဘယ်သူကိုမှီ၍ ဤသို့ အကျင့်အာစာရနှင့် ပြည့်စုံသော သားကောင်းရတနာနှင့် ကွေကွင်းခြင်း သို့ ရောက်ရဘိ သနည်းဟု မေးလေ၏။

အရှင်မင်းကြီး မိဖုယားကြီးကြောင့် ကွေကွင်းရပါသည်ဘုရားဟု လျှောက်တင်ကြလေကုန်သော် မင်းကြီးသည် မိဖုယားကို ဦးခေါင်းစောက်ထိုး ခြေမိုဃ်းမျှော်ကိုင်လျက် ခိုးသူတို့ကို ပစ်ချရာ ချောက်၌ ပစ်ချစေပြီးမှ မြို့တော်သို့ ဝင်ပြီးလျှင် တရားသဖြင့် မင်းပြုစေလေ၏။

ထိုအခါ မဟာပဒုမ မင်းသားကား ဘုရားလောင်းဖြစ်လေ၏ မယ်တော်၏ရန်သူ။ ဝါ၊ လင်တူ ဖြစ်သော မိဖုယားကား စိဉ္စမာဏဝိကာ ဖြစ်လေ၏ ဟု မြတ်စွာဘုရားသည် ဤအကြောင်းကို ဟောတော် မူပြီးလျှင် ချစ်သားရဟန်းတို့ တခုသောတရားဟု ဆိုအပ်သော မှန်သောစကားကို စွန့်၍ မမှန်သော စကား၌ တည်လျက် စွန့်လွှတ်အပ်သော တမလွန်လောက၌ ရှိသော သူတို့အား မပြုနိုင်သော မကောင်းမှုမည်သည် မရှိဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၁၇၆။ ဧကံဓမ္မံ အတီတဿ၊ မုသာဝါဒိဿ ဇန္တုနော။
ဝိတ္ထိဏ္ဏ ပရလောကဿ၊ နတ္ထိ ပါပံ အကာရိယံ။

ဧကံဓမ္မံ၊ တခုသောသစ္စာတရားကို။
အတီတဿ၊ လွန်သော။
မုသာဝါ ဒိဿ၊ (ဆယ်ခွန်းတခွန်းမျှမမှန်) မဟုတ်မမှန်သောစကားကို ဆိုလေ့ရှိသော။
ဝိတ္ထိဏ္ဏပရလောကဿ၊ စွန့်လွှတ်အပ်သော တမလွန်လောကရှိသော။
ဇန္တုနော၊ သတ္တဝါအား။

[ဤသို့သော သူသည် လူ့ချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာ ဟူသော ချမ်းသာသုံးပါးကို မမြင်တတ်ရှာ]

အကာရိယံ၊ မပြုအပ်သည် မည်သော။
ပါပံ၊ မကောင်းမှုကံသည်။
နတ္ထိ၊ မရှိ။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

စိဉ္စမာဏဝိကာမိန်းမ ဝတ္ထုပြီး၏။

၁၀-အသဒိသဒါနဝတ္ထု

နဝေကဒရိယာ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အတုမရှိသော အလှူကြီးကို အကြောင်း ပြု၍ ဟောတော်မူလေ၏။

အလှူပြိုင်ပွဲကြီး

တပါးသောအခါ မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူပြီးလျှင် ငါးရာသောရဟန်းတို့ ခြံရံလျက် ဇေတဝန်ကျောင်းတော်သို့ ဝင်တော်မူလေ၏။ ကောသလမင်းကြီးသည် ဇေတဝန် ကျောင်းတော်သို့ သွား၍ မြတ်စွာဘုရားကို ပင့်ဖိတ်သဖြင့် နောက်နေ့၌ အာဂန္တုက ဒါနကို စီရင်ပြီးလျှင် ငါ၏အလှူကို ကြည့်ရှုကြစမ်းလော့ဟု ပြည်သူပြည်သားတို့ကို ခေါ်လေ၏။ ပြည်သူ ပြည်သားတို့သည် လာလတ်၍ မင်း၏အလှူကို မြင်ကြရသဖြင့် နောက်တနေ့၌လည်း ပြည်သူ ပြည်သားတို့သည် မြတ်စွာဘုရားကို ပင့်ဖိတ်၍ အလှူကို စီရင်ပြီးလျှင် အရှင်မင်းကြီး အရှင့် ကျွန်တော်မျိုးတို့၏ အလှူကိုလည်း ရှုစားတော်မှုပါဦးဟု မင်းကြီးအထံ စေလွှတ်ကြပြန့်ကုန်၏။

မင်းကြီးသည် ထိုပြည်သူပြည်သားတို့၏ အလှူကို မြင်တော်မူရလျှင် ဤပြည်သူပြည်သားတို့ကား ငါ့အလှူထက် အလွန့်အလွန် ပိုလွန်အောင်ပြုဘိ၏။ တဖန်အလှူကို ပြုဦးအံ့ဟု နောက်တနေ့၌ လည်း အလှူကို စီရင်ပြန်လေ၏။ ပြည်သူပြည်သားတို့ သည်လည်း ထိုမင်းကြီး၏ အလှူကို ပြင်ပြန်လျှင် နောက်တနေ့၌ စီရင်ကြပြန်ကုန်၏။

ဤသို့လျှင် မင်းကြီးသည် ပြည်သူ ပြည်သားတို့ကို ရှုံးစေခြင်းငှါ မတတ်နိုင်။ ပြည်သူပြည်သားတို့ သည်လည်း မင်းကြီးကို ရှုံးစေခြင်းငှါ မတတ်နိုင်ကြကုန်။ ထိုအခါ ခြောက်ကြိမ်မြောက် လှူရာ၌ ပြည်သူပြည်သားတို့သည် အဆအရာ အထောင် တိုးပွားစေ၍ အကြင်အခြင်း အရာနှင့် စီရင်သည် ရှိသော် ဤမည်သော အလှူဝတ္ထုသည် ဤသူတို့၏ အလှူ၌ မရှိဟူ၍ ဆိုခြင်းငှါ မတတ်ကောင်း။ ထို အခြင်းအရာဖြင့် အလှူကို စီရင်ကြကုန်၏။

မင်းကြီးသည် ထိုပြည်သူ ပြည်သားတို့၏ အလှူကို မြင်လျှင် ငါကား ဤပြည်သူ ပြည်သားတို့၏ အလှူထက် လွန်အောင်ပြုခြင်းငှါ အကယ်၍ မတတ်နိုင်သည်ဖြစ်အံ့ ငါ့အား အသက်ရှည်နေသဖြင့် အဘယ် အကျိုးရှိတော့အံ့နည်းဟု အကြောင်း ဥပါယ်ကို ကြံစည်လျက် စက်တော်ခေါ်လေ၏။

မလ္လိကာမိဖုယား အစီအမံ ကျွမ်းကျင်ခြင်း

ထိုအခါ မင်းကြီးသို့ မလ္လိကာမိဖုယားသည် ချဉ်းကပ်၍ မြတ်သောမင်းကြီး အဘယ့်ကြောင့် ဤသို့ စက်တော်ခေါ်ဘိသနည်း။ အဘယ့်ကြောင့် သင်မင်းကြီး၏ ဣန္ဒြေတို့သည် ပင်ပန်းသကဲ့သို့ ဖြစ်ဘိ သနည်းဟု မေးလေ၏။ မင်းကြီးသည် မိဖုယား ယခုသင် မသိလေသလောဟု ဆိုလေ၏။ အရှင် မင်းကြီး မသိရသေးပါဟု လျှောက်တင်လတ်သော် မင်းကြီးသည် မလ္လိကာမိဖုယားအား ထို အကြောင်းကို ပြောကြားလေ၏။

ထိုအခါ မင်းကြီးကို မလ္လိကာမိဖုယားသည် အရှင်မင်းကြီး မကြံစည်ပါလင့်။ စိတ်မပူပါလင့်။ အသို့ပါနည်း မြေကိုအစိုးရသော မင်းကြီးကို ပြည်သူပြည်သားတို့က ရှုံးစေအပ်သည်ကို အရှင် မင်းကြီး မြင်ဖူးပါသလော ကြားဖူးပါသလော။ အကျွန်ုပ်သည် အရှင်မင်းကြီး၏ အလှူကို ကောင်းစွာ စီရင်ပေးပါမည်ဟု ဆိုလေ၏။

မလ္လိကာမိဖုယားသည် အတုမရှိသော အသဒိသအလှူကို စီရင်လိုသောကြောင့် ဤသို့ဆိုပြီးလျှင် မြတ်သောမင်းကြီး သာလကလျာဏီ မည်သော ကြောင်လျှာသား နံပဲသားပျဉ်ချပ်တို့ဖြင့် ငါးရာ ကုန်သော ရဟန်းတို့၏အလို့ငှါ အကွေ့အတွင်း၌ နေရာမဏ္ဍပ်ကို ပြုစေပါလော့။ ကြွင်းကုန်သော ရဟန်းတို့သည် အကွေ့အပ၌ နေကြပါကုန်လတ္တံ့။

ထီးဖြူငါးရာတို့ကို ပြုစေပါလော့။ ထိုထီးဖြူ တို့ကို ကိုင်လျက် ငါးရာသော ဆင်တို့သည် ငါးရာသော ရဟန်းတို့၏ ဦးထိပ်တော်ထက်၌ ဆောင်းကုန် မိုးကုန်လျက် တည်ကြရကုန်လတ္တံ့။ ရှစ်စင်း ဖြစ်စေ ဆယ်စင်းဖြစ်စေ ရွှေနီပုဇွန်ခွံအုပ်သော လှေတော်တို့ကို ပြုစေပါလော။ ထိုလှေတော်တို့သည် မဏ္ဍပ်အလယ်၌ဖြစ်ကုန်လတ္တံ့။

နှစ်ပါး နှစ်ပါးသော ရဟန်းတော်တို့၏ အကြား၌ တယောက် တယောက်သော မင်းသ္မီးတို့သည် နေကုန်လျက် နံ့သာကို ကြိတ်ကုန် သွေးကုန်ရလတ္တံ့။ တယောက် တယောက်သော မင်းသ္မီး တို့သည် ယပ်ကိုကိုင်လျက် နှစ်ပါး နှစ်ပါးသော ရဟန်းတို့ကို ယပ်ခပ်ကာ တည်နေကြရကုန်လတ္တံ့။ ကြွင်းသော မင်းသ္မီးတို့သည် သွေးတိုင်း သွေးတိုင်းကုန်သော နံ့သာတို့ကို ဆောင်ယူ၍ ရွှေလှေတို့၌ ထည့်ကြရကုန်လတ္တံ့။

ထိုမင်းသ္မီးတို့တွင် အချို့သော မင်းသ္မီးတို့သည် ကြာညိုစည်းတို့ကို ကိုင်ယူ၍ ရွှေလှေတို့၌ ထည့်အပ်သော နံ့သာတို့ကို မွှေနှောက်သဖြင့် အထုံအနံ့ကို ယူစေကြရကုန်လတ္တံ့။ ပြည်သူ ပြည်သားတို့အား မင်းသ္မီးတို့ သည်လည်း မရှိကုန်။ ထီးဖြူတို့သည်၎င်း ဆင်တို့သည်၎င်း မရှိကုန်။ ဤ အကြောင်းတို့ဖြင့် ပြည်သူပြည်သားတို့ ရှုံးကြရကုန်လတ္တံ့။ မြတ်သောမင်းကြီး ဤသို့ ပြုတော်မူပါလော့ဟု လျှောက်တင်လေ၏။

ဆင်ဆိုးနှင့် အင်္ဂုလိမာလမထေရ်

မင်းကြီးသည် မိဖုယားကြီး ကောင်းလှပေစွ။ သင့်စကားသည် သင့်လျော်သော သဘောရှိ၏ ဟုဆို၍ မိဖုယားဆိုသော နည်းအားဖြင့် အလုံးစုံကိုပြုစေလေ၏။ တပါးသော ရဟန်းအလို့ငှါ ဆင်တစီး မလောက်ဘဲရှိလေ၏။ ထိုအခါ မင်းကြီးသည် မလ္လိကာမိဖုယားကို အဘယ်မိဖုယား တပါးသော ရဟန်းအလို့ငှါ ဆင်တစီး မလောက် လိုနေသည် အဘယ်သို့ ပြုကြရကုန်အံ့နည်းဟု ဆိုလေ၏။

အရှင်မင်းကြီး ဆင်ငါးရာတို့သည် မရှိကုန်သလောဟု မေးလတ်သော် မိဖုယားရှိ၏ဟု ဆိုပြီးလျှင် ကြွင်းသော ဆင်တို့ကား ဆင်ကြမ်း ဆင်ပျက်တို့ ဖြစ်ကုန်၏။ ထိုဆင်တို့သည် ရဟန်းတို့ကို မြင်လျှင်မြင်ခြင်း ဝေရမ္ဘမည်သော လေနီကြမ်းကဲ့သို့ ကြမ်းတန်းကြကုန်၏ ဟု ဆိုလေ၏။

အရှင်မင်းကြီး အကျွန်ုပ်သည် တစီးသော ကြမ်းသော ဆင်ငယ်၏ ထီးကို ကိုင်လျက် ရပ်တည် သင့်သော နေရာဌာနကို သိပါ၏ ဟု လျှောက်ဆိုလတ်သော် ထိုဆင်ကြမ်းကို အဘယ်နေရာဌာန၌ ထားရမည်နည်း ဟု မေးပြန်လေ၏။ အရှင်အင်္ဂုလိမာလ မထေရ်မြတ်၏ အထံတော်၌ ထားပါလော့ ဟု ဆိုလတ်သော် မင်းကြီးသည် မလ္လိကာမိဖုယားဆိုတိုင်း ပြုစေရလေ၏။

ဆင်ငယ်သည် အမြီးကို ပေါင်ကြား၌သွင်း၍ နားနှစ်ဘက်တို့ကို ချပြီးလျှင် မျက်စိတို့ကို စုံမှိတ်လျက် တည်နေလေ၏။ လူများအပေါင်းသည် ဤသို့ သဘောရှိသည် မည်သော ဆင်ကြမ်းအား ကြောက်ဖွယ် ဘေးရန် မရှိအောင် ပြုလုပ်နိုင်ပေစွတကား ဟု ဆင်ကိုသာလျှင် ကြည့်ရှုကြလေ ကုန်၏။

တဆဲ့လေးကုဋေ အလှူကြီး
ဖြစ်သော်လည်း လေးပါဒမျှ ဟောခြင်း

မင်းကြီးသည် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်ကို ဆွမ်းလုပ်ကျွေးပြီး လျှင် မြတ်စွာဘုရားကို ရှိခိုး၍ ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်၏ ဤအလှူရုံမဏ္ဍပ်၌ အပ်သော ဘဏ္ဍာကို၎င်း မအပ်သော ဘဏ္ဍာကို၎င်း အလုံးစုံကို ရှင်တော်မြတ်ဘုရားတို့အားသာလျှင် လှူပါ၏ ဘုရားဟု လျှောက်လေ၏။

ထိုအလှူ၌ တနေ့ခြင်းဖြင့်သာလျှင် စွန့်အပ်သော ဥစ္စာကား တဆဲ့လေး ကုဋေဖြစ်၏။ မြတ်စွာဘုရား အလို့ငှါ လှူဒါန်းသော ထီးဖြူ ထိုင်တော်မူရာ ပလ္လင် သပိတ်ခြေ ခြေဆေးအင်းပျဉ် ဤလေးပါးသော အလှူဝတ္ထုတို့သည် အဘိုးမပြတ်နိုင်အောင် ထိုက်တန်ကုန်သည် သာလျှင်တည်း။ တဖန် ဤသို့ သဘောရှိသော အမှုကိုပြုလုပ်၍ မြတ်စွာဘုရားတို့အား လှူခြင်းငှါ စွမ်းနိုင်သောသူ မည်သည်မရှိပြီ။ ထို့ကြောင့်သာလျှင် ဤအလှူသည် အတုမရှိသော အသဒိသ အလှူဟု ထင်ရှားလေ၏။ ထို အသဒိသအလှူသည် အလုံးစုံသော ဘုရားရှင်တို့အား တကြိမ်ဖြစ်မြဲဟူသတတ် ထိုအလုံးစုံသော အသဒိသအလှူ တို့အားလည်း မိန်းမသည်သာလျှင် စီရင်သတတ်။

ထိုကောသလ မင်းကြီးအား ကာလအမတ် ဇုဏှအမတ်ဟူ၍ အမတ်နှစ်ယောက် ရှိကုန်၏။

ထိုအမတ် နှစ်ယောက်တို့တွင် ကာလအမတ်သည် သြော် .. မင်းမျိုး၏ ဥစ္စာဆုတ်ယုတ်ခြင်းသာ ဖြစ်လေစွတကား၊ တရက်ခြင်းဖြင့်သာလျှင် တဆဲ့လေးကုဋေသော ဥစ္စာသည် ကုန်ခန်းခြင်းသို့ ရောက်ရှိလေ၏။ ဤရဟန်းတို့သည် ဤအလှူကို သုံးဆောင်ပြီးလျှင် သွား၍ လျောင်းကာ ကျိန်းစက်ကြကုန်လတ္တံ့ သြော် .. မင်းမျိုးသည် ပျက်စီးရရှာလေစွတကားဟု ကြံလေ၏။

ဇုဏှအမတ်သည်ကား မင်းကြီး၏ အလှူသည် သြော် .. ကောင်းစွာ ပေးလှူအပ်သော အလှူဖြစ်ပေစွ တကား။ မင်းအဖြစ်၌ မတည်သောသူသည် ဤသို့သဘောရှိသော အလှူကို ပေးလှူခြင်းငှါ မတတ်ကောင်း။ ခပ်သိမ်းသော သတ္တဝါတို့အား အလှူ၏အဖို့ကို မပေးသော မည်သည်မရှိ။ ငါသည်ကား ဤအလှူကို ဝမ်းမြောက်ရပေတော့အံ့ဟု ကြံလေ၏။

ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးစီးသောအဆုံး၌ မင်းကြီးသည် အနုမောဒနာတရား ဟောကြားစိမ့် သောငှါ မြတ်စွာဘုရား၏ သပိတ်တော်ကို ယူလေ၏။ ဘုရားရှင်သည် ဤမင်းကြီးကား ကြီးစွာသော ရေအလျဉ်ကို ဖြစ်စေသော ယောက်ျားကဲ့သို့ ကြီးစွာသော အလှူကို ပေးလှူဘိ၏။ လူများ အပေါင်းသည် စိတ်ကို ကြည်ညိုစေခြင်းငှါ တတ်နိုင်လေသလော ထိုသို့မဟုတ် မတတ်နိုင် လေသလာ ဟု ကြံစည်တော်မူလေ၏။

မြတ်စွာဘုရားသည် ထိုအမတ် နှစ်ယောက်တို့၏ စိတ်အကြံကို သိတော်မူ၍ မင်းကြီး၏ အလှူဒါနအား လျောက်ပတ်သော အနုမောဒနာ တရားကို အကယ်၍ ပြုအပ်သည်ဖြစ်အံ့ ကာလ အမတ်၏ ဦးခေါင်းသည် ခုနစ်စိတ်ကွဲလတ္တံ့။ ဇုဏှအမတ်သည် သောတာပတ္တိဖိုလ်၌ တည်လတ္တံ့ ဟု သိတော်မူရသဖြင့် ကာလအမတ်၌ အစဉ်သနားခြင်းကိုစွဲ၍ ဤသို့သဘောရှိသော အလှူကို ပေးလှူ၍တည်သော မင်းကြီးအား လေးပါဒရှိသော ဂါထာကိုသာလျှင် မိန့်တော်မူပြီးလျှင် နေရာမှထ၍ ကျောင်းတော်သို့ ကြွသွားတော် မူလေ၏။

ဆင်ဆိုးကိုမကြောက်သော အင်္ဂုလိမာလမထေရ်

ရဟန်းတို့သည် အင်္ဂုလိမာလ မထေရ်ကို ငါ့ရှင် အသို့နည်း။ ထီးကိုကိုင်ဆောင်းလျက် တည်နေသော ဆင်ကြမ်းကို မြင်ရသောကြောင့် ကြောက်သလောဟု မေးကြလေကုန်၏။ ငါရှင်တို့ မကြောက်ပါဟု ဆိုလတ်သော် ထိုရဟန်းတို့သည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ မြတ်စွာဘုရား အင်္ဂုလိမာလ မထေရ်သည် အရဟတ္တဖိုလ်ကို ပြောကြားပါသည်ဘုရားဟု လျှောက်ကြားကြ လေကုန်၏။ ဘုရားရှင်သည် ချစ်သားရဟန်းတို့ အင်္ဂုလိမာလသည် မကြောက်။ ရဟန္တာ ဥသဘတို့ အလယ်၌ ကြီးသော ဥသဘဖြစ်ကုန်သော ငါ့သားနှင့်တူသော ရဟန်းတို့သည် မကြောက်ကြကုန် ဟု မိန့်တော်မူပြီးလျှင် ဗြာဟ္မဏဝဂ်၌ ဤဂါထာကို ဟောကြားတော် မူလေ၏။

ဥသဘံ ပဝရံ ဝီရံ၊ မဟေသိံ ဝိဇိတာဝိနံ။
အနေဇံ နှာတကံ ဗုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဥသဘံ၊ မကြောက်ရွံ့ခြင်းကြောင့် ဥသဘနှင့် တူတော်မူထသော။
ပဝရံ၊ မြတ်တော်မူထသော။
ဝီရံ၊ ခိုင်မြဲသော လုံ့လဝီရိယ ရှိတော်မူထသော။
မဟေသိံ၊ သီလက္ခန္ဓ စသည်ကျေးဇူး ဂုဏ်အထူးကို ဆည်းပူး ရှာမှီးလေ့ရှိထသော။
ဝိဇိတာ ဝိနံ၊ အောင်အပ်သော မာရ်သုံးပါး ရှိထသော။
အနေဇံ၊ ဇောမည်သော တဏှာ ကင်းထသော။
နှာတကံ၊ ဆေးကြော သုတ်သင်အပ်သော ကိလေသာ ရှိထသော၊။
ဗုဒ္ဓံ၊ သစ္စာလေးပါး မြတ်တရားကို ပိုင်ခြား ထင်ထင် သိမြင်တော် မူပြီးထသော။
တံ၊ ထိုပုဂ္ဂိုလ်ကို။
ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။
အဟံ၊ ငါဘုရားသည်။
ဗြုမိ၊ ဟောတော်မူ၏။

ကာလနှင့် ဇုဏှတို့ ဒိဋ္ဌအကျိုး တမျိုးစီပေးပုံ

မင်းကြီးသည်လည်း နှလုံးမသာယာခြင်းသို့ ရောက်သည်ဖြစ်၍ ဤသို့ သဘောရှိသည် မည်သော ပရိသတ်ဖြင့် အလှူကို ပေးလှူလျက် တည်သော ငါ့အား လျောက်ပတ်သော အနုမောဒနာတရား ဟောကြားခြင်းကို မပြုမူ၍ ဂါထာ တခုမျှကိုသာ မိန့်တော်မူပြီးလျှင် ဘုရားရှင်သည် နေရာမှထ၍ ကြွသွားတော်မူလေ၏။

ငါသည် မြတ်စွာဘုရားအား လျောက်ပတ်သော အလှူကို မပြုမူ၍ မလျောက်ပတ်သော အလှူကို ပြုမိသည်ဖြစ်ပေလတ္တံ့။ အပ်သောဘဏ္ဍာကို မပေးလှူမူ၍ မအပ်သော ဘဏ္ဍာကိုပေးလှူမိသည် လည်း ဖြစ်ပေလတ္တံ့။ မြတ်စွာဘုရားသည် ငါ့အား အမျက်ထွက်တော်မူသည် ဖြစ်တန်ရာ၏ ဟူ၍၎င်း ဤသို့သော အသဒိသ အလှူ မည်သည်ကား အလှူအားလျော်စွာ အနုမောဒနာကို ပြုခြင်းငှါ သင့်လျော်၏ ဟူ၍၎င်း ကြံစည်ပြီးလျှင် ကျောင်းတော်သို့ သွားသဖြင့် ဘုရားရှင်ကို ရှိခိုး၍ မြတ်စွာဘုရား တကာတော်သည် လှူအပ်သည် နှင့်စပ်သော အလှူဒါနကို မလှူမိပါသလော ထိုသို့မဟုတ် အလှူအားလျော်စွာ အပ်သောဘဏ္ဍာကို မလှူမူ၍ မအပ်သော ဘဏ္ဍာကို လှူမိပါ သလောဘုရားဟု ဤစကားကို လျှောက်ကြားလေ၏။

မြတ်သောမင်းကြီး ဤအကြောင်းကား အဘယ်နည်းဟု မေးတော်မူလတ်သော် ရှင်တော်ဘုရား တို့သည် တကာတော်အား အလှူနှင့်လျော်စွာ တရား အနုမောဒနာကို မပြုပါဘုရား ဟု လျှောက်ကြားလေ၏။ မြတ်သောမင်းကြီး သင်မင်းကြီးသည် သင့်လျော် လျောက်ပတ်သည် သာလျှင် ဖြစ်သော အလှူကို လှူဘိ၏။

ထိုစကားမှန်၏။ ဤအသဒိသ အလှူမည်သည်ကား တဆူသော ဘုရားရှင်အား တကြိမ်သာလျှင် ပေးလှူခြင်းငှါ တတ်ကောင်း၏။ တဖန် ဤသို့သဘော ရှိသော အလှူမည်သည်ကို ပေးလှူနိုင်ခဲ၏ဟု မိန့်တော်မူလတ်သော် မြတ်စွာဘုရား ထိုသို့ဖြစ်ပါလျှင် အဘယ့်ကြောင့် တကာတော်အား အလှူနှင့် လျော်စွာ တရား အနုမာဒနာကို ပြုတော်မမူပါဘိသနည်း ဘုရားဟု လျှောက်ကြားလေ၏။

မြတ်သောမင်းကြီး ပရိသတ် မစင်ကြယ်သည့် အဖြစ်ကြောင့် ပြုတော်မမူဟု မိန့်တော်မူလတ်သော် မြတ်စွာဘုရား ပရိသတ်၏ အပြစ်ကား အဘယ်ပါနည်း ဘုရားဟု လျှောက်ပြန်လေ၏။

ထိုအခါ ကောသလမင်းကြီးအား မြတ်စွာဘုရားသည် နှစ်ယောက်သော အမတ်တို့၏ စိတ်အကြံကို မိန့်ကြားတော်မူပြီးလျှင် ကာလအမတ်၌ အစဉ်သနားသည်ကိုစွဲ၍ အနုမောဒနာ ပြုသည့်အဖြစ်ကို မိန့်ကြားတော်မူလေ၏။

မင်းကြီးသည်လည်း “အချင်း ကာလအမတ် သင် ဤသို့ကြံစည် အောက်မေ့သောဟူသည် မှန်သလော”ဟု မေးတော်မူ၍ မှန်ပါသည်ဟု လျှောက်တင်လတ် သည်ရှိသော် သင်၏ဥစ္စာကို မယူမူ၍ ငါ့သားမယားတို့နှင့်တကွ ငါသည် မိမိဥစ္စာကို ပေးလှူရာ သင့်အား အဘယ်နှိပ်စက်ခြင်း ရှိသနည်း။ သင်သွားလေလော့ အကြင်စည်းစိမ်ကို သင့်အား ငါပေးအပ်ပြီ။ ထိုစည်းစိမ်သည် ပေးပြီးတိုင်းသာလျှင် ဖြစ်စေဟူ၍၎င်း ငါ၏တိုင်းပြည်မှ ထွက်လော့ဟူ၍၎င်း ဆို၍ ထိုကာလ အမတ်ကို တိုင်းပြည်မှ နှင်ထုတ်ပြီးလျှင် -

ဇုက္ခအမတ်ကို ခေါ်စေသဖြင့် သင်ဤသို့ ကြံအောက်မေ့သော ဟူသည် မှန်သလောဟု မေးတော်မူ၍ မှန်ပါသည်ဟု လျှောက်တင်လတ် သည်ရှိသော် ဦးရီးကောင်းလှပေ၏ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိ၏။ သင် ဇုဏှ အမတ်သည် ငါ့ပရိသတ်ကိုယူ၍ ငါပေးလှူသောနည်းအားဖြင့် သာလျှင် ခုနစ်ရက်ပတ်လုံး အလှူကို ပေးလှူပါလော့ဟု ခုနစ်ရက် ပြည်စည်းစိမ်ကို ဆောင်နှင်း ပေးအပ်ပြီးလျှင် မြတ်စွာဘုရား မလိမ္မာသောသူ၏ အမူအရာကို ကြည့်တော် မူစမ်းကြပါဦးဘုရား။ တကာတော်သည် ဤသို့ပေးလှူအပ်သော အလှူ၌ ပုတ်ခတ်ခြင်းကို ပေးပါဘိသည် ဘုရား ဟု မြတ်စွာဘုရားကို လျှောက်ကြားလေ၏။

မြတ်စွာဘုရားသည် မြတ်သောမင်းကြီး ဟုတ်မှန်ပေ၏။ သူမိုက်တို့ မည်သည်ကား သူတပါး၏ အလှူကို နှစ်သက်ဝမ်းမြောက်ခြင်းကို မပြုနိုင်သဖြင့် ဒုဂ္ဂတိသို့သာ လားစရာ ရှိရှာကြလေကုန်၏။ ပညာရှိတို့သည်ကား သူတပါးတို့၏ အလှူကိုသော်လည်း နှစ်သက် ဝမ်းမြောက်၍ နတ်ပြည်သို့သာ လားစရာ ရှိကုန်သည်သာလျှင် ဖြစ်ကုန်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၁၇၇။ န ဝေ ကဒရိယာ ဒေဝလောကံ ဝဇန္တိ၊
ဗာလာ ဟဝေ နပ္ပသံသန္တိ ဒါနံ။
ဓီရောဝ ဒါနံ အနုမောဒမာနော၊
တေနေဝ သော ဟောတိ သုခီ ပရတ္ထ။

ကဒရိယာ၊ ဝန်တိုကုန်သောသူတို့သည်။ ဝေ၊ စင်စစ်။ ဒေဝလောကံ၊ နတ်ပြည်သို့။ နဝဇန္တိ၊ မရောက်နိုင်ကြကုန်။ ဗာလာ၊ မျက်မှောက် တမလွန် နှစ်တန် မသိကြကုန်သော သူတို့သည်။ ဟဝေ၊ စင်စစ်။ ဒါနံ၊ အလှူကို။ နပ္ပသံသန္တိ၊ မချီးမွမ်းနိုင်ကြကုန်။ ဓီရောဝ၊ ပညာရှိသည်သာလျှင်။ ဒါနံ၊ အလှူကို။ အနုမောဒမာနော၊ ဝမ်းမြောက်နိုင်၏။ တေနေဝ၊ ထို့ကြောင့်သာလျှင်။ သောဓီရော၊ ထိုပညာရှိသည်။ ပရတ္ထ၊ တမလွန်ဘဝ၌။ သုခီ၊ ချမ်းသာခြင်းရှိသည်။ ဟောတိ၊ ဖြစ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ဇုဏှအမတ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာဖြစ် တော်မူလေ၏။ ဇုဏှအမတ် သည်လည်း သောတာပန်ပုဂ္ဂိုလ်ဖြစ်၍ ခုနစ်ရက်ပတ်လုံး မင်းကြီး အလှူလှူသော နည်းအားဖြင့်သာလျှင် အလှူကို ပေးလှူလေ၏။

အသဒိသဒါနဝတ္ထုပြီး၏။

၁၁-အနာထပိဏ်သူဌေး၏ သားဖြစ်သော ကာလသတို့သားဝတ္ထု

ပထဗျာ ဧကရဇ္ဇေန - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အနာထပိဏ် သူဌေးကြီး၏သား ဖြစ်သော ကာလအမည်ရှိသော သတို့သားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အသပြာရလိုမှုဖြင့် ဥပုသ်အတု စောင့်ခြင်း

ထိုကာလ သတို့သားသည် ထိုသို့သဘောရှိသော သဒ္ဓါခြင်းနှင့် ပြည့်စုံသော သူဌေးကြီး၏သား ဖြစ်လျက် မြတ်စွာဘုရား၏ အထံတော်သို့ သွားခြင်းငှါလည်း အလိုမရှိ။ အိမ်သို့ ကြွလာသောအခါ၌ ဖူးမြင်ခြင်းငှါလည်း အလိုမရှိ။ တရားကို နာခြင်းငှါလည်း အလိုမရှိ။ သံဃာတော်၏ အမှုကြီးငယ်ကို ပြုခြင်းငှါလည်း အလိုမရှိလေသတတ်။

ဖခင်သူဌေးကြီးသည် ချစ်သား ဤသို့ မပြုလင့်ဟု ဆိုသော်လည်း သူဌေးကြီး၏စကားကို မနာမယူ။ ထိုအခါ ကာလသတို့သား၏ ဖခင် အနာထပိဏ် သူဌေးကြီးသည် ဤသူကား ဤသို့သဘော ရှိသော အယူကိုယူ၍ လှည့်လည်နေလျှင် အဝီစိသို့သာ လားရာသည်ဖြစ်လတ္တံ့။ ငါမြင်ရစဉ် ငါ့သား ငရဲသို့ သွားရခြင်း ဟူသည်ကား မလျောက်ပတ်လေစွတကား။ ဤလောက၌ ဥစ္စာကိုပေးသဖြင့် မပျက်သော သတ္တဝါမည်သည်မရှိ ဥစ္စာဖြင့် ငါ့သားကို ဖြတ်အံ့ဟု ကြံလေ၏။

ထိုအခါ ကာလသတို့သားကို ချစ်သား ဥပုသ် ကျင့်သုံးသည်ဖြစ်၍ ကျောင်းတော်သို့ သွားသဖြင့် တရားနာပြီးမှ ပြန်လာခဲ့လော့ တရာသော အသပြာကို သင့်အားပေးအံ့ဟု ဆိုလေ၏။ ဖခင် အမှန် ပေးကုန်ပါအံ့လော့ဟု ပြန်မေးလတ်သော် ချစ်သား ပေးပါအံ့ဟု ဆိုလေ၏။ ထိုကာလသတို့သား သည် သုံးကြိမ်တိုင်အောင် ပဋိညာဉ် ဝန်ခံချက်ကို ယူပြီးလျှင် ဥပုသ် ကျင့်သုံးသည်ဖြစ်၍ ကျောင်းတော်သို့ သွားလေ၏။

တရားနာခြင်းဖြင့်ကား ထိုကာလ သတို့သားအား ပြုဖွယ်ကိစ္စသည်မရှိ။ ချမ်းသာရာအရပ် တခုခု တို့၌ အိပ်ပြီးလျှင် စောစောကတည်းက အိမ်သို့ ပြန်သွားလေ၏။ ထိုအခါ ထိုကာလ သတို့သားအား ဖခင် သူဌေးကြီးသည် ငါ၏သားသည် ဥပုသ် ကျင့်သုံးခဲ့လေပြီ။ ငါ့သား၏ အလို့ငှါ လျင်မြန်စွာ ယာဂု စသည်တို့ကို ဆောင်ယူ၍ လာကြကုန်လော့ဟုဆို၍ ပေးခိုင်းလေ၏။ ထို ကာလသတို့သား သည် အသပြာတို့ကို မယူရသေးသောကြောင့် မစားသေးအံ့ဟု ဆောင်ခဲ့တိုင်း ဆောင်ခဲ့တိုင်းသော ယာဂု စသည်ကို ပယ်လေ၏။

ထိုအခါ ကာလသတို့သား၏ ဖခင် သူဌေးကြီးသည် နှိပ်စက်ခြင်းကို သည်းမခံနိုင်သောကြောင့် အသပြာထုပ်ကို ပေးစေရလေ၏။ ထိုကာလသတို့သားသည် ထိုအသပြာထုပ်ကို လက်ဖြင့် ယူပြီးမှ သာလျှင် ယာဂုစသော အာဟာရ စားလေ၏။ ထိုအခါ ကာလသတို့သားကို တဖန် မိုးသောက် သောနေ့၌ သူဌေးကြီးသည် ချစ်သား တထောင်သော အသပြာကို သင့်အား ပေးဦးအံ့။

မြတ်စွာဘုရား ရှေ့တော်၌ တည်နေလျက် တခုသော တရားအပိုဒ်ကို သင်ကြားမှတ်ယူခဲ့ပြီးလျှင် ပြန်လာခဲ့လော့ဟု စေလိုက်လေ၏။ ထို ကာလ သတို့သားသည် ကျောင်းတော်သို့ သွားပြီးလျှင် မြတ်စွာဘုရား၏ ရှေ့တော်၌ တည်နေလျက်သာလျှင် တခုသော တရားအပိုဒ်ကို သင်ကြား မှတ်ယူ၍ ပြန်ပြေးခြင်းငှါ အလိုရှိသည်ဖြစ်၏။ ထိုအခါ ကာလသတို့သားအား မြတ်စွာဘုရားသည် မမှတ်သားနိုင်သော အခြင်းအရာကို ပြုတော်မူလေ၏။ ထိုကာလ သတို့သားသည် ထိုအပိုဒ်ကို မမှတ်သားနိုင်ရကား အထက်အပိုဒ်ကို သင်ယူဦးအံ့ဟုဆို၍ နာကြားသည် သာလျှင်တည်း။

[သင်ယူအံ့ဟု နာကြားသော သူတို့သည်သာလျှင် ရိုသေစွာ နာကြားကြသည် မည်ကုန်သတတ်။ ဤသို့သာလျှင် နာကြားကြကုန်သော သူတို့အား တရားတော်သည် သောတာပတ္တိမဂ် အစရှိသည် တို့ကို ပေးသတတ်]။

ဥပုသ်သည် အတုမှအစစ် ဖြစ်ခြင်း

ထိုကာလသတို့သား သည်လည်း သင်ယူဦးအံ့ဟု နာကြား၏။ မြတ်စွာဘုရားသည်လည်း မမှတ်သားနိုင်သော အခြင်းအရာကို ပြုတော်မူလေ၏။ ထိုကာလ သတို့သားသည်လည်း အထက် အပိုဒ်ကို သင်ယူဦးအံ့ဟုဆို၍ နာကြားစဉ်သာလျှင် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထို ကာလ သတို့သားသည် တဖန် မိုးသောက်သောနေ့၌ ဘုရားအမှူးရှိသော ရဟန်းသံဃာနှင့် အတူတကွ သာလျှင် သာဝတ္ထိပြည်သို့ ဝင်လေ၏။

သူဌေးကြီးသည် ထိုကာလသတို့သားကို မြင်လျှင် ယနေ့ ငါ့သား၏ အခြင်းအရာကား နှစ်သက်ဖွယ် ရှိပေစွဟု ကြံစည်လေ၏။ ထိုကာလ သတို့သားသည်လည်း ငါ့ဖခင်ကား ယနေ့ မြတ်စွာဘုရား၏ အထံတော်၌ (မျက်မှောက်တော်၌) အသပြာတို့ကို မပေးပါမူကား ကောင်းလေစွ အသပြာဟူသော အကြောင်းကြောင့် ငါ၏ ဥပုသ်ကျင့်သုံးသော အဖြစ်ကို မသိအောင် ဖုံးထားဘိပါမူကား ကောင်းလေစွ ဟူသော အကြံသည် ဖြစ်လေ၏။ မြတ်စွာဘုရားသည်ကား ထိုကာလသတို့သား၏ ယမန်နေ့၌ အသပြာ၏ အကြောင်းကြောင့် ဥပုသ်ကျင့်သုံးသည့်အဖြစ်ကို သိတော်မူလေ၏။

သူဌေးကြီးသည်လည်း ဘုရားအမှူးရှိသော ရဟန်းသံဃာအား ယာဂုကို လှူစေ၍ သားအားလည်း ပေးစေလေ၏။ ထိုကာလ သတို့သားသည် ထိုင်လျက် ဆိတ်ဆိတ်နေသည် ဖြစ်၍သာလျှင် ယာဂုကိုသောက်၏။ ခဲဖွယ်ကိုခဲ၏။ ထမင်းကိုစား၏။ သူဌေးကြီးသည် မြတ်စွာဘုရား၏ ဆွမ်းဘုဉ်း ပေးခြင်း ကိစ္စအဆုံး၌ သား၏ရှေ့၌ တထောင်သော ဥစ္စာထုပ်ကို ထားစေပြီးလျှင် ချစ်သား ငါသည် သင့်အား ဥစ္စာတထောင် ပေးအံ့ဆို၍ ဥပုသ်ကို ဆောက်တည်စေသဖြင့် ကျောင်းတော်သို့ စေလွှတ်၏။

ဤကား သင့်အလို့ငှါ အသပြာတထောင်တည်း ဟုဆိုလျှင် ထိုကာလ သတို့သားသည် မြတ်စွာ ဘုရား၏ ရှေ့တော်၌ အသပြာ ပေးသည်တို့ကို မြင်ရလျှင် ရှက်နိုးလှသောကြောင့် ကျွန်တော်အား အသပြာတို့ဖြင့် အလိုမရှိပါဟု ဆိုလေ၏။ ချစ်သား ယူသာယူလော့ ဟု ဆိုသော်လည်း မယူဘဲသာ နေလေ၏။

ထိုအခါ ကာလသတို့သား၏ ဖခင် အနာထပိဏ် သူဌေးကြီးသည် မြတ်စွာဘုရားကို ရှိခိုး၍ မြတ်စွာဘုရား ယနေ့ တပည့်တော်သား၏ အခြင်းအရာသည် နှစ်သက်ဖွယ် ရှိလှပါသည်ဘုရားဟု လျှောက်ဆိုလေသောကြောင့် သူဌေးကြီး အဘယ် အခြင်းအရာနည်းဟု မေးတော်မူသည်ရှိသော် တပည့်တော်သည် ဤ သတို့သားကို ရှေးဖြစ်သာ အခါ၌ သင့်အား အသပြာတထောင်ကို ပေးအံ့ဟုဆို၍ ကျောင်းတော်သို့ စေလွှတ်အပ်ပါသည်။

တဖန် မိုးသောက်သောနေ့၌ အသပြာတို့ကို မယူရသေးသောကြောင့် စားခြင်းငှါ အလိုမရှိပါ။ ယနေ့ကား ပေးသော်လည်း အသပြာတို့ကို အလိုမရှိပါဘုရား ဟု လျှောက်ကြားလေ၏။ ဘုရားရှင်သည် သူဌေးကြီး သြော် ... ဟုတ်မှန်ပေ၏။ ယနေ့ သင့်သား၏ သန္တာန်၌ စကြဝတေးမင်း စည်းစိမ်ထက်၎င်း နတ်ပြည်စည်းစိမ် ဗြဟ္မာ့ပြည်စည်းစိမ် တို့ထက်၎င်း သောတာပတ္တိဖိုလ်သည် သာလျှင် မြတ်လှပေပြီဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၁၇၈။ ပထဗျာ ဧကရဇ္ဇေန၊ သဂ္ဂဿ ဂမနေန ဝါ။
သဗ္ဗလောကာဓိပစ္စေန၊ သောတာပတ္တိဖလံ ဝရံ။

ပထဗျာ ဧကရဇ္ဇေန၊ စကြဝတေးမင်း၏ စည်းစိမ်ထက်၎င်း။ သဂ္ဂဿဂမနေန ဝါ၊ နတ်ပြည် ဗြဟ္မာ့ပြည်စည်းစိမ်ကို ရခြင်းထက်၎င်း။ သဗ္ဗလောကာဓိပစ္စေန၊ အလုံးစုံသော လောကကို အစိုးရခြင်းထက်၎င်း။ သောတာပတ္တိဖလံ၊ သောတာပတ္တိဖိုလ်သည်။ ဝရံ၊ မြတ်၏။

[ဤမျှလောက်သော အရပ်၌ မင်းအဖြစ် ပြုစေရသော်လည်း ငရဲ စသော အပါယ်လေးဘုံမှ မလွတ်နိုင်သေး။ သောတာပတ္တိဖိုလ် ရသောသူကား အပါယ်တံခါး ပိတ်ပြီဖြစ်၍ အညံ့ဆုံး အဖျင်းဆုံး ဖြစ်စေကာမူ ရှစ်ခုမြောက်သော ဘဝ၌ ပဋိသန္ဓေနေခြင်းမရှိ နိဗ္ဗာန်သို့ကူး၏။ ထို့ကြောင့် သောတာပတ္တိဖိုလ်မြတ်၏ ဟူလို။]

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

အနာထပိဏ်သူဌေး၏သား ဖြစ်သော ကာလသတို့သား ဝတ္ထုပြီး၏

ဤတွင်ရွေ့ကား တဆဲ့သုံးခုမြောက်သော လောကဝဂ်အဖွင့်ပြီး၏။

၁၄-ဗုဒ္ဓဝဂ်

၁-မာဂဏ္ဍိယပုဏ္ဏားကြီးဝတ္ထု

ယဿဇိတံ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဗောဓိမဏ္ဍိုင်၌ နေတော်မူစဉ် မာရ်နတ်မင်း၏ တဏှာဟူသောသ္မီး အရတီဟူသောသ္မီး ရာဂါဟူသောသ္မီး ဤ သ္မီး သုံးယောက်တို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

[ဒေသနာတော်သည်ကား သာဝတ္ထိပြည်၌ဖြစ်လေ၏။]

သ္မီးနှင့်တန်သူ တွေ့ပြီဆိုခြင်း

တဖန် ကုရုတိုင်း၌ မာဂဏ္ဍီအမည်ရှိသော ပုဏ္ဏားကြီး၏သ္မီးသည် မာဂဏ္ဍီ အမည်ရှိသည်သာလျှင် ဖြစ်သတတ်။ မြတ်သော အဆင်းကို ဆောင်သော သတို့သ္မီးဖြစ်၏။ ထိုမာဂဏ္ဍီအမည်ရှိသော သတို့သ္မီးကို တောင့်တကြကုန်သော များစွာကုန်သော များသောဥစ္စာရှိသော ပုဏ္ဏားမျိုးတို့ သည်၎င်း၊ များသော ဥစ္စာရှိသော မင်းမျိုးတို့သည်၎င်း သ္မီးကို အကျွန်ုပ်တို့အား ပေးပါလော့ဟု မာဂဏ္ဍီ ပုဏ္ဏားကြီး၏ အထံသို့ ပြောကြား စေလွှတ်ကြလေကုန်၏။

ထိုမာဂဏ္ဍီ ပုဏ္ဏားကြီးသည်လည်း သင်တို့သည် ငါ၏သ္မီးနှင့် မလျောက်ပတ် မထိုက်တန်ကြကုန် ဟုဆို၍ အလုံးစုံသော သူတို့ကို ပယ်သည်သာလျှင်တည်း။ ထိုအခါ တနေ့သ၌ မြတ်စွာဘုရား သည် နံနက်စောစော မိုးသောက်သောအခါ လောကကို ကြည့်တော်မူ လတ်သည်ရှိသော် ကိုယ်တော်မြတ်၏ သဗ္ဗညုတ ဉာဏ်တော် တည်းဟူသော ကွန်ရက်အတွင်း၌ဝင်ရောက်လာသော မာဂဏ္ဍီအမည်ရှိသော ပုဏ္ဏားကြီးကို မြင်တော်မူလျှင် အဘယ်သို့ဖြစ်လတ္တံ့နည်းဟု စူးစမ်း ဆင်ခြင်တော်မူသည်ရှိသော် ပုဏ္ဏားကြီး၏၎င်း ပုဏ္ဏေးမကြီး၏၎င်း သုံးပါးသော မဂ်ဖိုလ်တို့၏ အကြောင်း ဥပနိဿယ ပြည့်ဝစုံလင်ခြင်းကို မြင်တော်မူလေ၏။

ပုဏ္ဏားကြီးသည်လည်း ရွာပ၌ အမြဲမပြတ် မီးကိုလုပ်ကျွေး၏။ မြတ်စွာဘုရားသည် နံနက် စောစော ကလျှင် သပိတ်သင်္ကန်းကို ယူတော်မူ၍ ပုဏ္ဏားကြီး၏ မီးလုပ်ကျွေးရာဖြစ်သော ထိုအရပ်သို့ ကြွသွားတော် မူလေ၏။ ပုဏ္ဏားကြီးသည် မြတ်စွာဘုရား၏ ရုပ်အဆင်း အသရေကို ကြည့်ရှုလျက် ဤလောက၌ ဤသူနှင့်တူသော ယောက်ျားမည်သည်မရှိ။ ငါ့သ္မီးနှင့် လျောက်ပတ်ထိုက်တန်၏။

ဤသူအား ငါ့သ္မီးကိုပေးအံ့ ဟုကြံ၍ မြတ်စွာဘုရားကို အရှင် ရဟန်း အကျွန်ုပ်အား သ္မီးတယောက် ရှိပါသည်။ အကျွန်ုပ်သည် ထိုသတို့သ္မီးနှင့် လျောက်ပတ် ထိုက်တန်သော ယောက်ျားကို မမြင်ရ သေးသောကြောင့် ထိုသတို့သ္မီးကို တစုံတယောက်သောသူအား မပေးရသေးပါ။ အရှင်ဘုရားသည် ကား ထိုသတို့သ္မီးနှင့် လျောက်ပတ် ထိုက်တန်လှပါ၏။ အကျွန်ုပ်သည် သင်ရဟန်းအား သ္မီးကို ခြေရင်းအလုပ်အကျွေး ပြုလုပ်၍ပေးခြင်းငှါ အလိုရှိပါ၏။ အကြင်မျှလောက် ထိုသတို့သ္မီးကို ဆောင်ဦးအံ့။ ထိုမျှလောက် ဤအရပ်၌သာလျှင် ဆိုင်းငံ့ရပ်တည်လင့်ပါဦးဟု ဆိုလေ၏။

မြတ်စွာဘုရားသည် ထိုပုဏ္ဏားကြီး၏ စကားကို ကြားတော်မူရလျှင် နှစ်သက်ခြင်းကိုလည်း ပြုတော် မမူ။ တားမြစ်ခြင်းကိုလည်း ပြုတော်မမူ။ ပုဏ္ဏားကြီးသည်လည်း အိမ်သို့သွားသဖြင့် ပုဏ္ဏေးမကြီး အိုရှင်မ ယနေ့ ငါ့သ္မီးနှင့် လျောက်ပတ်ထိုက်တန်သော ယောက်ျားကို မြင်ရပြီ။ ထိုယောက်ျားအား သတို့သ္မီးကို ထိမ်းမြား အပ်နှင်းအံ့ဟုဆို၍ သ္မီးကို တန်ဆာဆင်စေပြီးလျှင် ခေါ်ဆောင်၍ ပုဏ္ဏေးမကြီးနှင့် အတူတကွ ထိုအရပ်သို့ သွားလေ၏။ လူများအပေါင်းသည်လည်း အုတ်အုတ် ကျက်ကျက် တခဲနက် ဖြစ်၍ ထွက်လေ၏။

မာဂဏ္ဍီပုဏ္ဏေးမကြီး ဗေဒင်ကျွမ်းကျင်ပုံ

မြတ်စွာဘုရားသည် ပုဏ္ဏားကြီး မှာထား ပြောကြားအပ်သော အရပ်၌ သီတင်းသုံး နေတော်မမူဘဲ ထိုအရပ်၌ ခြေတော်ရာ ပဒစေတီကို ပြထားတော်မူခဲ့ပြီးလျှင် တပါးသောအရပ်၌ ရပ်တန့်တည်နေ တော်မူလေ၏။

[ဘုရားရှင်တို့၏ ခြေတော်ရာ စေတီတော်သည် ဤခြေတော်ရာကို ဤမည်သောသူ ဖူးမြင်စေ သတည်းဟု ဓိဋ္ဌာန်၍ နင်းချတော်မူရာ အရပ်၌သာလျှင် ထင်သတတ် ကြွင်းသောအရပ်၌ ထို ခြေတော်ရာကို ဖူးမြင်ရသော သူမည်သည် မရှိလေသတတ်]။

ပုဏ္ဏားကြီးသည် မိမိနှင့်အတူတကွ သွားသော ပုဏ္ဏေးမကြီးက ထိုယောက်ျားကား အဘယ်မှာ နည်းဟု မေးအပ်သည်ရှိသော် ဤအရပ်၌ ဆိုင်းငံ့ ရပ်တည်ပါဦး ဟူ၍ ငါဆိုခဲ့သည်ဟု ပြောဆိုပြီးလျှင် ကြည့်ရှု ရှာဖွေလတ်သည်ရှိသော် ခြေတော်ရာကို မြင်ရသဖြင့် ဤခြေရာသည် ထိုယောက်ျား၏ ခြေရာပင်တည်းဟု ပြလေ၏။

ထိုပုဏ္ဏေးမကြီးသည် လက္ခဏာ ကြီးငယ်ကို သိကြောင်းဖြစ်သော ဗေဒင်၌ လိမ္မာလှသည်၏ အဖြစ်ကြောင့် ပုဏ္ဏားကြီး ဤခြေရာသည် ကာမစည်းစိမ်ကို ခံစားလေ့ရှိသောသူ၏ ခြေရာ မဟုတ်ဟု ဆိုလတ်သည်ရှိသော် ပုဏ္ဏားကြီးသည် အိုရှင်မ သင်ကား ရေခွက်၌ မိကျောင်းကို မြင်ဘိ၏။ ငါကား ထိုရဟန်းကို မြင်အပ်သဖြင့် သင့်အား သ္မီးကို ပေးပါအံ့ဟု ဆိုအပ်ပေပြီ။ ထိုရဟန်းသည်လည်း ငါ့စကားကို ဝန်ခံလေပြီဟု ဆိုသည်ရှိသော် ပုဏ္ဏားကြီး သင်သည် ဤသို့ အကယ်၍ကား ဆိုဘိ၏။ ထိုသို့ပင်ဖြစ်သော်လည်း ဤခြေရာသည် ကိလေသာ ကုန်ပြီးသောသူ၏ ခြေရာသာတည်းဟုဆို၍ ဤဂါထာကို ရွတ်ဆိုလေ၏။

ရတ္တဿ ဟိ ဥက္ကုဋိကံ ပဒံ ဘဝေ၊
ဒုဋ္ဌဿ ဟောတိ သာဟသာနုပီဠိတံ။
မူဠှဿ ဟောတိ အဝကဍ္ဎိတံ ပဒံ၊
ဝိဝဋစ္ဆဒဿ ဣဒမီဒိသံ ပဒံ။

ဗြာဟ္မဏ၊ အရှင်ပုဏ္ဏားကြီး။ ရတ္တဿ၊ ရာဂဖြင့်တပ်ခြင်း အလေ့ရှိသောသူ၏။ ပဒံ၊ ခြေရာသည်။ ဥက္ကုဋိကံ၊ အလယ်ခွက်ငြား ဆောင့်ကြွားကြွားရှိသည်။ ဘဝေ၊ ဖြစ်၏။ ဒုဋ္ဌဿ၊ အမျက်ထွက်ခြင်းဖြင့် ပြစ်မှားလေ့ရှိသောသူ၏။ ပဒံ၊ ခြေရာသည်။ သာဟသာနူပီဠိတံ၊ လျင်စွာနင်း၍ ဖနောင့်တွင်းနက်သည်။ ဟောတိ၊ ဖြစ်၏။ မုဒ္ဓဿ၊ မိုက်မဲစွာ တွေဝေလေ့ရှိသော သူ၏။ ပဒံ၊ခြေရာသည်။ အဝကဍ္ဎိတံ၊ ဒရွတ်ကြောင်းထင် အပျင်းဝင်၍ ဆွဲငင်အပ်သည်။ ဟောတိ၊ ဖြစ်၏။ ဤဒိသံ၊ ဤသို့ ရွှေခြေနင်းရာ ပမာတူလှ ညီစွာကျလျက် တရာ့ရှစ်ကွက် စက်တော်စုံလင် ကောင်းစွာထင်သော။ ဣဒံ၊ ဤခြေရာသည်ကား။ ဝိဝဋစ္ဆဒဿ၊ တဏှာအမိုး ဖွင့်ချိုးထွင်းဖေါက် ဘုံသုံးထောက်မှ ထွက်မြောက်လွတ်ကူး ပုဂ္ဂိုလ် ထူး၏။ ပဒံ၊ တွေ့ကြုံခဲအပ် ခြေရာမြတ်ပေတည်း။

မာရ်နတ် နှလုံးမသက်သာပုံ

ထိုသို့ဆိုသောအခါ ပုဏ္ဏေးမကြီးကို ပုဏ္ဏားကြီးသည် အိုရှင်မ အသံပွက်ကြမ်း မမြည်တမ်းစမ်း ပါလင့်။ အသံဆူတိတ် ဆိတ်ဆိတ်ဖြစ်၍သာလျှင် လာခဲ့ပါလော့ဟု ဆိုကာ သွားလတ်သည်ရှိသော် မြတ်စွာဘုရားကို မြင်တဲ့လျှင် ဤသူကား ထိုယောက်ျားပင်တည်းဟု ပုဏ္ဏေးမကြီးအား ပြပြီးလျှင် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ရှင်ရဟန်း သ္မီးကို သင့်အားပေးပါအံ့ဟု ဆိုလေ၏။

ဘုရားရှင်သည် ငါ့အား သင့်သ္မီးဖြင့် အလိုမရှိဟု မဆိုမူ၍ ပုဏ္ဏားကြီး စင်စစ်အားဖြင့် ဟုတ်မှန် သော အကြောင်းကို ငါဆိုဦးအံ့၊ သင်နားထောင်လတ္တံ့လောဟု မိန့်တော်မူသဖြင့် အိုရဟန်း ဆိုပါလော့ နာထောင်ပါအံ့ဟု နားတော်လျှောက်သည်ရှိသော် တောထွက်တော်မူသည်မှ စ၍ လွန်လေပြီးသော အကြောင်းကို ဆောင်ကာ ပြတော်မူလေ၏။

[ထိုသို့ ပြရာ၌ ဤဆိုလတ္တံ့သည်ကား အကျဉ်းစကားတည်း]၊

ဘုရားအလောင်းတော်သည် ပြည်စည်းစိမ်ကို စွန့်ပယ်ပြီးလျှင် ကဏ္ဍကမြင်းကို စီးသဖြင့် ဆန္ဒ အမတ်လျှင် အဖော်ရှိသည်ဖြစ်၍ တောထွက်လတ်စဉ် ပြည်တံခါး၌ ရပ်သဖြင့် မာရ်နတ်သားသည် ရှင်သိဒ္ဓတ် ပြန်လည် ဆုတ်နှစ်ပါလေဦးလော့။ သင့်အား ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ စကြာရတနာသည် ထင်ရှားဖြစ်ပါလိမ့်မည် ဟုဆိုလတ်သည်ရှိသော် မာရ်နတ်သား ငါကား ဤ စကြာရတနာ ရောက်အံ့သော အကြောင်းကို သိ၏။ ထိုသို့သိသော်လည်း ငါ့အား ထို စကြာရတနာ ဖြင့် အလိုမရှိဟု ဆိုလေ၏။

ထိုသို့ဆိုသည်ရှိသော် အဘယ်အကျိုးငှါ တောထွက်ဘိသနည်းဟု မေးပြန်သဖြင့် သဗ္ဗညုတ ညဏ်တော် တည်းဟူသော အကျိုးငှါ တောထွက်၏ဟုဆိုလျှင် ထိုသို့ဖြစ်မူ ယနေ့မှအစပြု၍ ကာမဝိတက် ကာမဂုဏ်နှင့် စပ်သောအကြံ အစရှိသည်တို့တွင် တခုသော အကြံကိုလည်း အကယ်၍ ကြံသည်ဖြစ်အံ့ အသင့်အား ပြုအပ်သောအမှုကို ငါသိရပေတော့အံ့ဟု ဆိုလေ၏။

မာရ်နတ်သားသည် ထိုအခါမှစ၍ အကြားအပေါက် အခွင့်ကိုကြည့်ရှုလျက် ခုနစ်နှစ်တို့ပတ်လုံး ဘုရားလောင်းသို့ အစဉ်လိုက်လေ၏။ မြတ်စွာဘုရား သည်လည်း ခြောက်နှစ်တို့ပတ်လုံး ပြုခြင်းငှါ ခဲယဉ်းသော အမှုသာလျှင်ဖြစ်သော ဒုက္ကရစရိယာကို ကျင့်၍ အသီးအခြားဖြစ်သော အားလုံ့လ အစွမ်းဟု ဆိုအပ်သော ယောက်ျားမြတ်တို့၏ အပြုအမူကိုမှီ၍ ဗောဓိပင်ရင်း၌ သဗ္ဗညုတ ဉာဏ်တော်ကို ထိုးထွင်း၍ သိတော်မူပြီးလျှင် အရဟတ္တဖိုလ် ချမ်းသာကို ခံစားတော်မူလျက် ပဉ္စမသတ္တာဟ၌ - ဆိတ်ကျောင်း ညောင်ပင်ရင်း၌ နေတော်မူလေ၏။

ထိုအခါ မာရ်နတ်သားသည် ငါကား ဤမျှလောက်သော ကာလပတ်လုံး အစဉ်လိုက်၍ အကြား အပေါက် အခွင့်ကို ကြည့်ရှုသော်လည်း ဤသိဒ္ဓတ် မင်းသား၏ တစုံတခုသော ချွတ်ယွင်းမှုကို မမြင်ရ။ ယခုအခါ ဤသိဒ္ဓတ်မင်းသား သည် ငါ၏အရာကို လွန်မြောက်သွားခဲ့လေပြီဟူ၍ နှလုံး မသာယာခြင်းသို့ ရောက်သည်ဖြစ်၍ လမ်းခရီးမကြီး၌ နေလေ၏။

မာရ်နတ်သ္မီးသုံးယောက် ဖြားယောင်းပုံ

ထိုအခါ မာရ်နတ်မင်း၏ တဏှာမည်သောသ္မီး အရတီမည်သောသ္မီး ရာဂါမည်သောသ္မီး ဤ သုံးယောက်သော သ္မီးတို့သည် ငါတို့၏ခမည်းတော် နတ်မင်းသည် မထင် ယခုအခါ အဘယ်မှာ နေပါဘိသနည်း ဟု ကြည့်ရှုကြသည်ရှိသော် ထိုသို့သော အခြင်းအရာဖြင့်နေသော မာရ်နတ်မင်းကို မြင်ကြရလျှင် ချဉ်းကပ်၍ ခမည်းတော် အဘယ့်ကြောင့် နှလုံး ဆင်းရဲခြင်းရှိသည် နှလုံးမသာယာ ခြင်းရှိသည် ဖြစ်ရပါသနည်းဟု မေးမြန်းကြလေကုန်၏။

မာရ်နတ်သားသည် သ္မီးသုံးယောက်တို့အား ထို အကြောင်းကို ပြောကြားလေ၏။ ထိုအခါ မာရ်နတ်မင်းကို သ္မီးသုံးယောက်တို့သည် ခမည်းတော် မကြံစည်ပါလင့် မပူပါလင့်။ ကျွန်မတို့သည် ထိုသိဒ္ဓတ်မင်းသား ဘုရားကို မိမိ၏အလို၌ ပါအောင် ပြု၍ ဆောင်ယူခဲ့ကြပါကုန်အံ့ဟု ဆိုကြ လေကုန်၏။ ချစ်သ္မီးတို့ ဤသိဒ္ဓတ်မင်းသား မြတ်ဘုရားကား တစုံတယောက်သော သူသည် အလို၌ပါအောင် ပြုခြင်းငှါ မတတ်ကောင်း ဟုဆိုလျှင် ဖခမည်းတော် ကျွန်မတို့ မိန်းမတို့ မည်သည်ကား ယခုပင်လျှင် ထိုဘုရား သိဒ္ဓတ်ကို ရာဂဟူသော ကျော့ကွင်း စသည်တို့ဖြင့် ဖွဲ့ချည်ကာ ဆောင်ယူခဲ့ကြပါကုန်အံ့။ သင် ဖခမည်းတော်တို့သည် မကြံစည်ပါကုန်လင့် ဟု မှာထား ပြောကြားခဲ့ပြီးလျှင် မြတ်စွာဘုရားသို့ ချည်းကပ်၍ ရှင်ရဟန်း သင်ရဟန်း၏ ခြေတော်ရင်း၌ လုပ်ကျွေးသမှု ပြုစုလိုကြပါကုန်၏ဟု ဆိုကြလေကုန်၏။

မြတ်စွာဘုရားသည် ထိုနတ်သ္မီး သုံးယောက်တို့၏ စကားကို စိတ်တော်ဖြင့် အသိအမှတ် ပြုတော် မမူ။ ဝါ၊ နှလုံးသွင်းခြင်း ပြုတော်မမူ။ မျက်စိတို့ကို ဖွင့်၍မျှ ကြည့်ရှုတော်မမူ။ တဖန် မာရ်နတ်မင်း၏ သ္မီးတို့သည် ယောက်ျားတို့၏ အလိုတို့ကား စင်စစ် အမြတ် အယုတ် အမျိုးမျိုး ဖြစ်ကြကုန်၏။ အချို့သော ယောက်ျားတို့အား သတို့သ္မီးပျိုတို့၌ ချစ်ခင် နှစ်သက်ခြင်း ဖြစ်ပေသည်။ အချို့သော ယောက်ျားတို့အား ပဌမအရွယ်၌ တည်သော မိန်းမလတ်တို့၌ ချစ်ခင် နှစ်သက် ခြင်း ဖြစ်ပေသည်။ အချို့သော ယောက်ျားတို့အား မဇ္ဈိမအရွယ်၌ တည်သော မိန်းမလတ်ကြီးတို့၌ ချစ်ခင် နှစ်သက်ခြင်း ဖြစ်ပေသည်။ အချို့သော ယောက်ျားတို့အား ပစ္ဆိမအရွယ်၌ တည်သော မိန်းမအိုကြီးတို့၌ ချစ်ခင်နှစ်သက်ခြင်း ဖြစ်ပေသည်။

အထူးထူးသော အခြင်းအရာတို့ဖြင့် ထိုသိဒ္ဓတ်ဘုရားကို ဖြားယောင်းကြကုန်အံ့ ဟုကြံ၍ တယောက် တယောက်သည် မိန်းမပျို အဆင်းအရွယ် စသည်တို့၏အစွမ်းဖြင့် တရာ တရာမျှလောက်သော ကိုယ်တို့ကို ဖန်ဆင်းပြီးလျှင် သတို့သ္မီးပျိုတို့ကို၎င်း တကြိမ်မျှ သားမဖွား သေးသော မိန်းမတို့ကို၎င်း တကြိမ်မျှသာ သားဖွားခြင်းရှိသော မိန်းမငယ်တို့ကို၎င်း မိန်းမလတ် တို့ကို၎င်း မိန်းမကြီးတို့ကို၎င်း ပြုလုပ်ဖန်ဆင်းလျက် ခုနစ်ကြိမ်တိုင်တိုင် ချဉ်းကပ်၍ မြတ်စွာဘုရား ကို အို ရှင်ရှဟန်း သင်ရဟန်း၏ ခြေတော်ရင်း၌ လုပ်ကျွေးသမှု ပြုစုလိုကြပါကုန်၏ဟု ဆိုကြလေကုန်၏။

ထိုစကားကိုလည်း မြတ်စွာဘုရားသည် စိတ်တော်ဖြင့် အသိအမှတ် ပြုတော်မမူ။ ဝါ၊ နှလုံးသွင်းခြင်း ပြုတော်မမူ။ အဘယ်ပုံ နေတော်မူသနည်း ဟူမူကား အတုမရှိ မြတ်လှစွာသော ဥပဓိလေးပါးတို့၏ ကုန်ရာ အနုတ္တရ ဥပဓိသင်္ခယ နိဗ္ဗာန်မြတ်၌ နှလုံးသွင်းလျက်သာ နေတော်မူလေ၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုမျှလောက်ဖြင့်လည်း ပြန်မသွားကြကုန်သော ထိုမာရ်နတ်မင်းသ္မီး သုံးယောက်တို့ကို ဖဲသွားကြကုန်လော့။ အဘယ်အာရုံကို မြင်၍ ဤသို့ လုံ့လ ပြုကြကုန်ဘိသနည်း ဟူ၍၎င်း ဤသို့ သဘောရှိသော ဖြားယောင်းပုံ အမျိုးမျိုးကို ကင်းသော ရာဂရှိသော ဘုရား ရဟန္တာ တို့၏ ရှေ့တော်၌ပြုခြင်းငှါ မထိုက်ဟူ၍၎င်း ဘုရားရှင်သည်ကား ရာဂ အစရှိသည်တို့ကို ပယ်အပ် ကုန်ပြီ အဘယ်သို့သော အကြောင်းဖြင့် ထိုဘုရားရှင်ကို မိမိအလိုသို့ ပါအောင် ဆောင်နိုင်ကြကုန် အံ့နည်း ဟူ၍၎င်းဆို၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၁၇၉။ ယဿ ဇိတံ နာဝဇီယတိ၊
ဇိတံ အဿ နောယာတိ ကောစိ လောကေ။
တံ ဗုဒ္ဓမနန္တဂေါစရံ၊
အပဒံ ကေန ပဒေန နေဿထ။

၁၈၀။ ယဿ ဇာလိနီ ဝိသတ္တိကာ၊
တဏှာ နတ္ထိ ကုဟိဉ္စိ နေတဝေ။
တံ ဗုဒ္ဓမနန္တဂေါစရံ၊
အပဒံ ကေနပဒေန နေဿထ။

ယဿ၊ အကြင်မြတ်စွာဘုရား၏။ ဇိတံ၊ အောင်အပ်သော ကိလေသာအပေါင်းသည်။ ဝါ၊ ကိလေသာအပေါင်းကို ထိုထိုမဂ်ဖြင့် အောင်တော်မူခြင်းသည်။ နာဝဇီယတိ၊ မကောင်းသဖြင့် အောင်ခြင်းမဟုတ်။ လောကေ၊ လောက၌။ ဇိတံ၊ အောင်အပ်ပြီးသော ကိလေသာ အပေါင်းသည်။ ကောစိ၊ တစုံတခုမျှ။ အဿ၊ ထိုမြတ်စွာဘုရား၏ နောက်သို့။ နောယာတိ၊ အစဉ်မလိုက်။ အနန္တဂေါစရံ၊ အဆုံးမရှိသော အာရုံကိုအာရုံပြုသော သဗ္ဗညုတ ညဏ်တော် ရှိတော်မူထသော။ အပဒံ၊ ရာဂအစရှိသော ခြေမရှိထသော။ တံဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို။ တုမှေ၊ သင်တို့သည်။ ကေနပဒေန၊ အဘယ်ခြေဖြင့်။ နေဿထ၊ ဆောင်နိုင်ကြကုန်လတ္တံ့နည်း။

ယဿ၊ အကြင်မြတ်စွာဘုရားအား။ ကုဟိဒ္ဓိ၊ တစုံတခုသောဘဝသို့။ နေတဝေ၊ ဆောင်ခြင်းငှါ။ ဇာလိနီ၊ ထက်အောက် ချုပ်စပ် မှေးယှက်တတ်သော ကွန်ရက်ရှိသော။ ဝါ၊ ကွန်ရက်ကို ပြုတတ်သော။ ဝါ၊ ကွန်ရက်နှင့်တူသော။ (တဏှာဟူလို) ဝိသတ္တိကာ၊ ရူပါရုံစသည်တို့၌ ကပ်ငြိတတ်သော။ ဝါ၊ ကပ်ငြိသောစိတ်၏ ဖြစ်ကြောင်းဖြစ်သော။ ဝါ၊ အဆိပ်ကို ဆောင်ယူလာတတ်သော။ ဝါ၊ အဆိပ်ပွင့် ပွင့်တတ် အဆိပ်သီး သီးတတ်သော။ ဝါ၊ အဆိပ်ကို သုံးဆောင်ဝံ့သော။ (တဏှာပင်တည်း) တဏှာ၊ တဏှာသည်။ နတ္ထိ၊ မရှိ။ အနန္တဂေါစရံ၊ အဆုံးမရှိသောအာရုံကို အာရုံပြုသော သဗ္ဗညုတ ဉာဏ်တော် ရှိတော်မူထသော။ အပဒံ၊ ရာဂအစရှိသော ခြေမရှိထသော။ တံဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို။ တုမှေ၊ သင်တို့သည်။ ကေနပဒေန၊ အဘယ်ခြေဖြင့်။ နေဿထ၊ ဆောင်နိုင်ကြကုန်လတ္တံ့နည်း။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော နတ်တို့အား သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။ မာရ်နတ်မင်းသ္မီး သုံးယောက် တို့သည်လည်း ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်ကြ လေကုန်၏။

မာဂဏ္ဍီတို့ အနာဂါမ်တည်ကြောင်း တရားတော်

မြတ်စွာဘုရားသည် ဤတရားဒေသနာကို ဆောင်တော်မူ၍ မာဂဏ္ဍီ အမည်ရှိသော ပုဏ္ဏားကြီး ငါဘုရားသည် ရှေးအခါ၌ ဤသုံးယောက်သော မာရ်နတ်မင်းသ္မီးတို့ကို မြင်ရဖူးလေပြီ။ သလိပ် (ချွဲခန်း) အစရှိသည်တို့ဖြင့် မှေးယှက် ရှုပ်ထွေးခြင်းမရှိသော အတ္တဘော ရွှေတုံးရွှေစိုင်နှင့်တူသော အတ္တဘောနှင့် ပြည့်စုံကြပေကုန်၏။

ထိုအခါ၌သော်လည်း ငါဘုရားအား မေထုနအမှု၌ အလိုဆန္ဒသည် မဖြစ်လေပြီ။ သင့်သ္မီး၏ ကိုယ်သည်ကား သုံးဆဲ့နှစ်ပါးသော အခြင်းအရာရှိသော အပုပ်ဖြင့် ဝန်းကျင်ပြည့်ဝ၏။ အပ၌ ဆန်းကြယ်စွာပြုလုပ်၍ ထားအပ်သော မစင် အညစ်အကြေးအိုးနှင့် တူလှပေ၏။ အဆုံးစကား ပြောကြားဦးအံ့။ ငါ၏ခြေသည် မစင် အညစ်အကြေးဖြင့် လိမ်းကျံသည် အကယ်၍ ဖြစ်ငြားအံ့ ဤ သတို့သ္မီး မာဂဏ္ဍီသည်လည်း တံခါးခုံတည်ရာအရပ်၌ တည်ငြားအံ့ ထိုသို့ပင် ဖြစ်စေကာမူ ထို သတို့သ္မီး မာဂဏ္ဍီ၏ကိုယ်၌ ငါဘုရားသည် ခြေကို မထိလိုဟု ဆိုပြီးလျှင် ဤဂါထာကို မိန့်တော်မူလေ၏။

ဒိသွာန တဏံှ အရတိံ စ ရာဂံ၊ နာဟောသိ ဆန္ဒော အပိ မေထုနသ္မိံ။
ကိမေဝိဒံ မုတ္တကရီသ ပုဏ္ဏံ၊ ပါဒါပိ နံ သမ္ဖုသိတုံ နဣစ္ဆေ။

တဏှစ၊ တဏှာမည်သော နတ်သ္မီးကို၎င်း။ အရတိံစ၊ အရတီ မည်သော နတ်သ္မီးကို၎င်း။ ရာဂံစ၊ ရာဂါမည်သော နတ်သ္မီးကို၎င်း။ ဒိသွာန၊ မြင်ရ၍။ မေထုနသ္မိံ၊ အချင်းချင်း နှစ်သက်ခြင်းတူသော သူတို့၏အမှု၌။ ဆန္ဒောအပိ၊ လိုအင်ဆန္ဒ အနည်းငယ်မျှသည်လည်း။ နာဟောသိ၊ မဖြစ်ခဲ့ဖူးလေပြီ။ မုတ္တကရီသပုဏ္ဏံ၊ ကျင်ငယ် ကျင်ကြီးတို့ဖြင့် အပြည့်ရှိသော။ ဣဒံ၊ ဤသတို့သ္မီး မာဂဏ္ဍီ ကို။ ဒိသွာန၊ မြင်ရ၍။ ကိမေဝ၊ အဘယ်မှာလျှင် လိုအင်ဆန္ဒ ဖြစ်နိုင်တော့အံ့နည်း။ နံ၊ ထိုသတို့သ္မီး မာဂဏ္ဍီကို။ ပါဒါပိ၊ ခြေတို့ဖြင့်လည်း။ သမ္ဖုသိတုံ၊ ထိခြင်းငှါ။ နဣစ္ဆေ၊ ငါအလိုမရှိခေ ။

ဒေသနာတော်၏ အဆုံး၌ မာဂဏ္ဍီပုဏ္ဏား ခင်ပွန်း လင်မယား နှစ်ဦးစလုံး တို့သည် အနာဂါမိဖိုလ်၌ တည်ကြလေကုန်၏။

မာဂဏ္ဍိယပုဏ္ဏားကြီးဝတ္ထုပြီး၏။

၂-နတ်ပြည်မှ သက်ဆင်းတော်မူသောဝတ္ထု

ယေ ဈာနပ္ပသုတာ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရား ဘုရားသည် သင်္ကဿ နဂိုရ်ပြည် မြို့တံခါး၌ များစွာသော နတ်လူတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

[ဒေသနာတော်သည်ကား ရာဇဂြိုဟ်ပြည်၌ ဖြစ်လေ၏]။

---

ရာဇဂြိုဟ်သူဌေး စန္ဒကူးသပိတ် ဆွဲထားခြင်း

အခါတပါး ရာဇဂြိုဟ် သူဌေးသည် ဘေးရန်မှ လွတ်ကင်းစိမ့်သောငှါ၎င်း မေ့လျော့ခြင်းဖြင့် လျှောကျွတ်ကျကုန်သော တန်ဆာ စသည်တို့ကို စောင့်ရှောက်စိမ့်သောငှါ၎င်း ပိုက်ကွန်ဖြင့် ပြုအပ်သော ပချုပ်အကာအရံကို ဝန်းရံစေပြီးလျှင်ဂင်္ဂါမြစ်၌ ရေကစားခြင်းကို ကစားလေ၏။

ထိုအခါ တခုသော စန္ဒကူးနီပင်သည် ဂင်္ဂါမြစ်ညာ အထက်ကမ်းနား၌ ပေါက်ရောက်လျက်ရှိရာ ဂင်္ဂါမြစ်ရေဖြင့် တိုးဝှေ့ တိုက်ပွတ်အပ်သော အမြစ် ရှိရကား လဲပြိုသဖြင့် ထိုထိုအရပ်၌ ကျောက်ဆောင်တို့၌ တိုက်ခိုက် ချိုးဖဲ့အပ်သည်ဖြစ်၍ ဖရိုဖရဲ ကစင့်ကရဲ ပြန့်ကြဲလေ၏။

ထိုနောင်မှ တခုသော အိုးစရည်းကြီး ပမာဏ ရှိသော စန္ဒကူး အသားတုံးသည် ကျောက်ခဲတို့ဖြင့် ထိခိုက် ပွတ်တိုက်လျက် ရေလှိုင်းတံပိုး ပုတ်ခတ်အပ်သည် ဖြစ်၍ အစဉ်အတိုင်းအားဖြင့် မျောလတ် သည်ရှိသော် မှော်သေး မှော်ညှင်း မှေးယှက်ကာ လာပြီးလျှင် ထိုသူဌေး၏ ကွန်ရက်၌ ငြိကပ် လေ၏။

သူဌေးသည် ဤအရာကား အဘယ်နည်း ဟုဆိုသဖြင့် သစ်သားတုံးဟု ကြားသိရပြီးလျှင် ထို သစ်သားတုံးကို ဆောင်စေ၍ ဤသစ်သားသည် အဘယ်သစ်သား ဖြစ်သနည်းဟု ဆိုသဖြင့် စူးစမ်းခြင်းငှါ ပဲခွပ်သွားအဖျားဖြင့် ရွေစေလေ၏။ ထိုခဏ၌ပင်လျှင် ချိတ်ရည် အဆင်းနှင့်တူသော အဆင်းရှိသော စန္ဒကူးနီသည် ထင်ရှားလေ၏။

သူဌေးကြီးသည်ကား သမ္မာဒိဋ္ဌိလည်း မဟုတ်။ မိစ္ဆာဒိဋ္ဌိလည်း မဟုတ်။ အလယ်အလတ်၌ တည်သော လျစ်လျူရှုခြင်း သဘောရှိ၏။ ထိုသူဌေးသည် ငါ့အိမ်၌ စန္ဒကူးနီကား များလှပေ၏။ ဤစန္ဒကူးနီဖြင့် အဘယ်အမှု ပြုရအံ့နည်းဟု ကြံစည်လေ၏။ ထိုအခါ သူဌေးအား ဤသို့သော အကြံသည် ဖြစ်ပေါ်လာလေ၏။ ဤလောက၌ ငါတို့ကား ရဟန္တာတို့တည်း။ ငါတို့ကား ရဟန္တာတို့တည်း ဟူ၍ ဆိုသော သူတို့သည် များလှကုန်၏။

ငါကား တယောက်သော ရဟန္တာကိုမျှလည်း မမြင်ရ။ အိမ်၌ ပွတ်ခုံကို ယှဉ်စေ၍ သပိတ်ကို ပွတ်ခံ စေပြီးလျှင် ဆိုင်း၌ထားပြီးမှ ဝါးလုံးအဆက်ဆက်ဖြင့် အတောင် ခြောက်ဆယ်မျှ အတိုင်းအရှည် ရှိသော ကောင်းကင်၌ တွဲရရွဲ ဆွဲစေ၍ ရဟန္တာသည် အကယ်၍ ရှိသည်ဖြစ်အံ့ ဤစန္ဒကူး သပိတ်ကို ကောင်းကင်ဖြင့် ကြွလာ၍ ယူကြပါစေကုန်သတည်းဟု ဆိုအံ့ အကြင်သူသည် ထိုသပိတ်ကို ယူနိုင်လတ္တံ့။ ထိုသူအား သားမယားနှင့်တကွ ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပေအံ့ဟု အကြံ ဖြစ်လေ၏။

ကြံစည်အပ်သော နည်းအားဖြင့်သာလျှင် သပိတ်ကို ပွတ်ခံစေပြီးလျှင် ဝါးလုံး အဆက်ဆက်ဖြင့် စိုက်ထောင်စေ၍ အကြင်ပုဂ္ဂိုလ်သည် ဤလောက၌ ရဟန္တာ ဟုတ်မှန်၏။ ထို ပုဂ္ဂိုလ်သည် ကောင်းကင်ဖြင့် ကြွလာပြီးလျှင် ဤသပိတ်ကို ခံယူပါစေသတည်း ဟု ဆိုလေ၏။

---

စန္ဒကူးသပိတ်နှင့် တိတ္ထိဆရာကြီးတို့အကြောင်း

ခြောက်ယောက်သော တိတ္ထိဆရာကြီးတို့သည် ငါတို့အားသာလျှင် လျောက်ပတ်၏။ ငါတို့အား သာလျှင် ထိုစန္ဒကူးသပိတ်ကို ပေးလော့ဟု ဆိုကြလေကုန်၏။ ထိုသူဌေးသည် ကောင်းကင်ဖြင့် ကြွလာ၍ ခံယူတော်မူကြပါ ကုန်လော့ဟု ဆိုလေ၏။ ထိုအခါ ခြောက်ရက်မြောက်သောနေ့၌ နာဋပုတ္တ နိဂဏ္ဌ တက္ကတွန်းသည် တပည့်တို့ကို သွားကြကုန်လော။ သူဌေးကြီးကို ဤသို့ ဆိုကြ ကုန်လော့။ ငါတို့ ဆရာအား လျောက်ပတ်၏။ အနည်းငယ်မျှသော ဝတ္ထု၏ အကြောင်းကြောင့် သာလျှင် ကောင်းကင်ဖြင့် ကြွလာခြင်းကို မပြုပါလင့်။ ဤသပိတ်ကို ငါ့အလို့ငှါ ပေးလှူပါဟူ၍ ဆိုချေလော့ဟု စေခိုင်းလိုက်လေ၏။ ထိုတက္ကတွန်း တပည့်တို့သည် သွားကြကုန်သဖြင့် သူဌေးကြီး ကို ဆရာမှာကြားတိုင်း ပြောဆိုကြလေကုန်၏။

သူဌေးကြီးသည် ကောင်းကင်ဖြင့် ကြွလာ၍ ယူခြင်းငှါ စွမ်းနိုင်သောပုဂ္ဂိုလ် သည်သာလျှင် ယူပါစေ သတည်းဟုဆိုလေ၏။ နာဋပုတ္တ တက္ကတွန်းသည် ကိုယ်တိုင် သွားလိုလတ်သည်ဖြစ်၍ အန္တေဝါသိက တပည့်တို့အား အမှတ်သညာ ပေးလေ၏။ ငါသည် တဘက်သော လက်ကို၎င်း ခြေကို၎င်း ကြွချီမြှောက်ပင့်၍ ပျံတက်ခြင်းငှါ အလိုရှိဘိ သကဲ့သို့ ဖြစ်ပေအံ့။ သင်တို့သည် ငါ့ကို ဆရာ အဘယ်သို့ပြုကြကုန်အံ့နည်း။ သစ်သားဖြင့်ပြီးသော သပိတ်၏ အကြောင်းကြောင့် ဖုံးလွှမ်းအပ်သော ရဟန္တာ၏ ဂုဏ်ကျေးဇူးကို လူများအပေါင်းအား ပြတော်မမူကြပါကုန်လင့် ဟုဆို၍ ငါ့ကို လက်တို့ ၌၎င်း ခြေတို့၌၎င်း ကိုင်ယူဆွဲငင်လျက် မြေ၌ လဲစေကြကုန်လော့ (လဲအောင် ပြုကြပါကုန်လော့) ဟုဆို၏။

ထိုနာဋပုတ္တတက္ကတွန်းသည် ထိုစန္ဒကူးသပိတ်ရှိရာ အရပ်သို့ သွားတဲ့၍ သူဌေးကို သူဌေးကြီး ငါ့အား ဤသပိတ်သည် လျောက်ပတ်၏။ သူတပါးတို့အား မလျောက်ပတ်။ သင့်အား အနည်း ငယ်မျှသော ဝတ္ထု၏ အကြောင်းကြောင့်သာလျှင် ကောင်းကင်သို့ပျံတက်ခြင်းကို မနှစ်သက်လင့် ငါ့အား သပိတ်ကို ပေးလော့ဟု ဆိုလေ၏။ အရှင်ဘုရား ကောင်းကင်သို့ ပျံတက်၍သာ ခံယူတော် မူကြပါလော့ဟု လျှောက်ထားလေ၏။

ထို့နောင်မှ နာဋပုတ္တတက္ကတွန်းသည် ထိုသို့ဖြစ်မူ ဖဲကြကုန်လော့ဟု ဆိုသဖြင့် အန္တေဝါသိက တပည့်တို့ကို ဖဲစေပြီးလျှင် ကောင်းကင်သို့ ပျံတက်တော့အံ့ဟု တဘက်သော လက်ကို၎င်း ခြေကို၎င်း ကြွချီ မြှောက်ပင့်လေ၏။ ထိုအခါ နာဋပုတ္တ တက္ကတွန်းကို တပည့်တို့သည် ဆရာ အဘယ့်ကြောင့် ဤကောင်းကင်ပျံခြင်း အမှုကို ပြုကြပါကုန်အံ့နည်း။

အလွန်တရာ ယုတ်ညံ့လှစွာသော သစ်သားသပိတ်၏ အကြောင်းကြောင့် ဖုံးလွှမ်းအပ်သော ရဟန္တာ၏ ဂုဏ်ကျေးဇူးတို့ကို လူများအပေါင်းအား ပြတော်မူသဖြင့် အဘယ်အကျိုး ရှိအံ့နည်း ဟုဆို၍ နာဋပုတ္တ တက္ကတွန်းကို လက်ခြေတို့၌ ကိုင်ယူ ဆွဲငင်လျက် မြေ၌ လဲစေကြလေကုန်၏။

ထိုနာဋပုတ္တ တက္ကတွန်းသည် သူဌေးကို သူဌေးကြီး ဤတပည့်တို့သည် ပျံတက်ခြင်းငှါ မပေးကြကုန်။ ငါ့အား သပိတ်ကို ပေးလော့ဟု ဆိုလေ၏။ အရှင်ဘုရား ကောင်းကင်သို့ ပျံတက်၍ ခံယူတော်မူကြပါ ဟုဆိုသဖြင့် ဤသို့လျှင် တိတ္ထိတို့သည် ခြောက်ရက်တို့ပတ်လုံး လုံ့လပြုကြ ကုန်သော်လည်း ထိုစန္ဒကူး သပိတ်ကို မရကြကုန်သည်သာတည်း။

---

ရှင်ပိဏ္ဍောလ၏ တန်ခိုးတော်

ခုနစ်ရက်မြောက်သောနေ့၌ ရှင်မောဂ္ဂလာန် မထေရ်မြတ်၏၎င်း ရှင်ပိဏ္ဍောလ ဘာရဒွါဇ မထေရ်မြတ်၏၎င်း ရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှါ လှည့်လည်ကြကုန်အံ့ဟု မြွက်ဆိုကာ ကြွသွား တော်မူပြီးလျှင် တခုသော ကျောက်ဖျာအပြင်၌ ရပ်၍ သင်္ကန်းကို ရုံသောကာလ၌ သေသောက်ကြူး တို့သည် စကားကို ဆိုကြကုန်၏။

အိုအချင်းတို့ ရှေးကာလ၌ ခြောက်ဦးသော ဆရာကြီးတို့သည် လောကဝယ် ငါတို့ကား ရဟန္တာ တို့ဖြစ်ကုန်၏ဟု ပြောဆိုလှည့်လည် သွားလာကြကုန်၏။ ရာဇဂြိုဟ်သူဌေး၏ သပိတ်ကို ဝါး အဆင့်ဆင့် စိုက်ထောင်လျက် ထားသောနေ့သည် ယနေ့ခုနစ်ရက်မြောက်ရှိခဲ့ပြီ။ ရဟန္တာသည် အကယ်၍ရှိငြားအံ့ ကောင်းကင်ဖြင့် ကြွလာ၍ ခံယူစေသတည်း ဟုဆိုရာ တဦးတယောက်မျှလည်း ငါကား ရဟန္တာဟူ၍ ကောင်းကင်၌ ပျံတက်နိုင်သော ပုဂ္ဂိုလ်မရှိ။ ယခုအခါ လောက၌ ရဟန္တာတို့၏ မရှိသောအဖြစ်သည် ထင်ရှား၏ဟု ပြောဆိုကြလေကုန်၏။

ထိုသေသောက်ကြူးတို့ ဆိုသောစကားကို ကြားတော်မူရလျှင် ရှင်မောဂ္ဂလာန်သည် ရှင်ပိဏ္ဍောလ ဘာရဒွါဇကို ငါ့ရှင် ဘာရဒွါဇ သင်သည် ဤသေသောက်ကြူးတို့ ဆိုသော စကားကို ကြား၏လော။ ဤသေသောက်ကြူးတို့သည် မြတ်စွာဘုရား၏ သာသနာတော်ကို စုံစမ်းလိုကုန်သကဲ့သို့ ဆိုကြ ကုန်ဘိ၏။ သင်သည်လည်း ကြီးသောတန်ခိုးရှိ၏။ ကြီးသောအာနုဘော်ရှိ၏။ ကြွသွားပါလော့ ထိုသပိတ်ကို ကောင်းကင်ဖြင့်သွား၍ ယူချေလော့ဟု ဆိုလေ၏။

ငါ့ရှင် မောဂ္ဂလာန် သင်သည် တန်ခိုးကြီးသော သူတို့တွင် အမြတ်ဆုံးသော ပုဂ္ဂိုလ် ဖြစ်ပေ၏။ သင်သည် ဤသပိတ်ကို ယူလော့။ သင်မယူလိုမှသာ အကျွန်ုပ်ယူပါအံ့ဟု ဆိုသဖြင့် ငါ့ရှင် သင်သာ ယူလော့ဟု ဆိုသည်ရှိသော် အရှင်ပိဏ္ဍောလ ဘာရဒွါဇသည် အဘိညာဉ်၏ အခြေဖြစ်သော စတုတ္ထဈာန်ကို ဝင်စား၍ ခြေမတော်ဖြင့် သုံးဂါဝုတ်ရှိသော ကျောက်ဖျာကို ယူပြီးလျှင် ခြေတော် ဖျားဖြင့် ဖုံးအုပ်တော်မူလျက် လဲဝါဂွမ်းစုကဲ့သို့ ကောင်းကင်၌ တည်စေသဖြင့် ရာဇဂြိုဟ်မြို့၏ အထက်၌ ခုနစ်ကြိမ်ပတ်လည် လှည့်လည်တော်မူလေ၏။

ထိုကျောက်ဖျာသည် သုံးဂါဝုတ် အတိုင်းအရှည်ရှိသော ရာဇဂြိုဟ်မြို့ကို ဖုံးအုပ်ဘိသကဲ့သို့ ထင်လေ၏။ ရာဇဂြိုဟ် မြို့သူမြို့သားတို့သည် “ကျောက်ဖျာသည် ငါတို့အပေါ်၌ လွှမ်းမိုးကာ ယူဘိ၏”ဟု ကြောက်လန့်ကုန်သဖြင့် ဗန်း စကောစသည်တို့ကို ထိပ်ထက်၌ တင်လျက် ပုန်းအောင်းကြလေကုန်၏။

ခုနစ်ခုမြောက်သော အကြိမ်၌ ပိဏ္ဍောလ ဘာရဒွါဇမထေရ်လည်း ကျောက်ဖျာကို ခွဲ၍ ကိုယ်တော်ကို ပြလေ၏။ များစွာသော လူအပေါင်းသည် ပိဏ္ဍောလ ဘာရဒ္ဓါဇ မထေရ်ကိုမြင်လျှင် ပိဏ္ဍောလ ဘာရဒ္ဓါဇ အရှင်မြတ်ဘုရား အရှင်ဘုရား၏ ကျောက်ဖျာကို မြဲမြံစွာပြု၍ ယူတော်မူပါ ဘုရား အလုံးစုံသော တပည့်တော်တို့ကို မဖျက်ဆီးပါလင့်ဘုရားဟု လျှောက်ဆိုကြသဖြင့် ပိဏ္ဍောလ မထေရ်သည် ကျောက်ဖျာကို ခြေဖျားတော်ဖြင့် ပစ်ချကာ လွှတ်လိုက်လေ၏။

ထိုကျောက်ဖျာသည် ကျသွား၍ တည်မြဲတိုင်းသော အရပ်၌သာလျှင် တည်လေ၏။ မထေရ်သည် သူဌေးကြီး၏ အိမ်ထက်၌ ရပ်တော်မူ၏။ ထိုပိဏ္ဍောလ ဘာရဒွါဇမထေရ်ကို မြင်ရလျှင် သူဌေးကြီးသည် ရင်ဖြင့်ဝပ်လျက် အရှင်သူမြတ်ဘုရား သက်ဆင်းတော် မူကြပါဘုရားဟု ဆို၍ ကောင်းကင်မှ သက်ဆင်းတော်မူသော ရှင်ပိဏ္ဍောလ မထေရ်ကို ထိုင်နေစေသဖြင့် စန္ဒကူး သပိတ်ကို ချယူစေ ပြီးလျှင် စတုမဓူ အရသာဖြင့် ပြည့်သည်ကိုပြု၍ မထေရ်မြတ်အား သပိတ်ကို လှူဒါန်းလေ၏။ မထေရ်မြတ်သည်လည်း သပိတ်ကိုယူ၍ ကျောင်းတော်သို့ ရှေးရှု ကြွတော်မူလေ၏။

ထိုအခါ အကြင်သူတို့သည် တောအုပ်သို့ သွားကြကုန်သည် ဖြစ်၍၎င်း ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်ကြ ကုန်သည်ဖြစ်၍၎င်း မထေရ်မြတ်၏ ထိုတန်ခိုးပြာဋိဟာကို မဖူးမြင်လိုက်ကြရကုန်။ ထိုသူတို့သည် စည်းဝေးကြကုန်သဖြင့် အရှင်ဘုရား တပည့်တော်တို့အားလည်း တန်ခိုးပြာဋိဟာကို ပြတော်မူပါ ဘုရားဟု မထေရ်နောက်သို့ အစဉ်လိုက်ကြလေကုန်၏။ မထေရ်မြတ်သည် ထိုလူတို့အား တန်ခိုး ပြာဋိဟာကို ပြတော်မူ၍ကျောင်းတော်သို့ ကြွသွားတော် မူလေ၏။

---

သိက္ခာပုဒ်ပညတ်ခြင်းကြောင့် တိတ္ထိတို့ထကြွခြင်း

မြတ်စွာဘုရားသည် ထိုပိဏ္ဍောလမထေရ်သို့ အစဉ်လိုက်၍ အုတ်အုတ် ကျက်ကျက် ကြွေးကျော် လျက်ရှိသော လူများအပေါင်း၏ အသံကို ကြားတော်မူလျှင် ချစ်သားအာနန္ဒာ ဤအသံကား အဘယ်သူ၏ အသံနည်းဟု မေးတော်မူလတ်သဖြင့် မြတ်စွာဘုရား ပိဏ္ဍောလ ဘာရဒ္ဓါဇ မထေရ်သည် ကောင်းကင်ဖြင့် ပျံတက် ၍ စန္ဒကူးသပိတ်ကို ယူအပ်ပါသည်။ ထိုပိဏ္ဍောလရဟန်း၏ အထံ၌ ဤအသံဖြစ်ပါ သည်ဘုရား ဟူသောစကားကို ကြားတော်မူလျှင် ပိဏ္ဍောလဘာရဒ္ဓါဇ ရဟန်းကို ခေါ်စေတော်မူ၍ သင်ဤသို့ပြု၏ ဟူသည် မှန်သလောဟု မေးတော်မူ၏။

မြတ်စွာဘုရား မှန်လှပါသည် ဘုရားဟု လျှောက်သည်ရှိသော် ဘာရဒွါဇ အဘယ့်ကြောင့် သင်သည် ဤသို့ ပြုဘိသနည်းဟု ဘာရဒ္ဓါဇ မထေရ်အား ကဲ့ရဲ့ ရှုံ့ချတော်မူပြီးလျှင် ထိုသပိတ်ကို အပိုင်းအပိုင်း ခွဲစိတ်စေတော်မူလျက် ရဟန်းတို့အား မျက်စဉ်းကြိတ် သွေးစိမ့်သောငှါ ပေးစေတော်မူ၍ တန်ခိုးမပြရဟု သိက္ခာပုဒ်ကို ပညတ်တော်မူလေ၏။

တိတ္ထိတို့သည် ရဟန်းဂေါတမကား ထိုသပိတ်ကို ခွဲစိတ်စေ၍ တန်ခိုးပြာဋိဟာပြခြင်းကို မပြုစိမ့် သောငှါ သိက္ခာပုဒ်ကို ပညတ်တော် မူသတတ် ဟူသောစကားကို ကြားရလျှင် ရဟန်းဂေါတမ၏ တပည့်သားတို့သည် ပညတ်အပ်သော သိက္ခာပုဒ်တော်ကို အသက်ဟူသော အကြောင်း ကြောင့်သော်လည်း မလွန်ကြူးကြကုန်။ ရဟန်းဂေါတမသည် မိမိပညတ်အပ်သော ထိုသိက္ခာပုဒ် ကို စောင့်ရှောက်လိမ့်မည်သာတည်း။ ယခုအခါ ငါတို့သည် အခွင့်ကို ရပေပြီဟု နှလုံးပြု၍ ထို တိတ္ထိတို့သည် မြို့မလမ်းခရီးတို့၌ ပြောကြားကုန်လျက် သွားလာ လှည့်လည်ကြကုန်၏။

ငါတို့သည် မိမိဂုဏ်ကျေးဇူးကို စောင့်ကုန်လျက် ရှေးအခါ၌ သစ်သားဖြင့်ပြီးသော သပိတ်၏ အကြောင်းကြောင့် မိမိဂုဏ်ကျေးဇူးကို လူများအပေါင်းအား မပြကြကုန် ရဟန်း ဂေါတမ၏ တပည့် တို့ကား သပိတ်၏ အကြောင်းကြောင့် မိမိဂုဏ်ကျေးဇူးကို လူများ အပေါင်းအား ပြကြကုန်ဘိ၏။ ရဟန်းဂေါတမသည် မိမိ၏ ပညာရှိသည်အဖြစ်ကြောင့် သပိတ်ကို ခွဲစိတ်စေပြီးလျှင် သိက္ခာပုဒ်ကို ပညတ်တော်မူ၏ဟု ဆိုကြကုန်လျက် ယခုအခါ ငါတို့သည် ထိုရဟန်း ဂေါတမနှင့်သာလျှင် အတူတကွ တန်ခိုးပြာဋိဟာပြခြင်းကို ပြုလိုကြကုန်၏ဟု ပြောဆိုကြလေကုန်၏။

---

တန်ခိုးပြအံ့ဟုပမာပြ၍ မိန့်တော်မူခြင်း

ဗိမ္ဗိသာရမင်းကြီးသည် ထိုစကားကိုကြားရလျှင် မြတ်စွာဘုရား၏ အထံတော်သို့ သွား၍ မြတ်စွာဘုရား ရှင်တော်မြတ်ဘုရားတို့သည် တန်ခိုးပြာဋိဟာ ပြခြင်းကို မပြုစိမ့်သောငှါ တပည့် သာဝကတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏ ဟူသည် မှန်ပါသလော ဘုရားဟု လျှောက်လတ်သော် မြတ်သောမင်းကြီး မှန်ပေ၏ဟု မိန့်ဆိုတော်မူလေ၏။ ယခုအခါ တိတ္ထိတို့သည် ရှင်တော်မြတ်ဘုရားတို့နှင့် အတူတကွ တန်ခိုးပြာဋိဟာ ပြခြင်းကို ပြုလိုကြကုန်၏ဟု ဆိုကြပါသည်။

ယခုအခါ အဘယ်သို့ ပြုတော်မူကြပါကုန်အံ့နည်း ဘုရားဟု မေးလျှောက်ပြန်သော် မြတ်သော မင်းကြီး ထိုတိတ္ထိတို့သည် ပြုလိုကြကုန်သည်ရှိသော် ငါတို့လည်း ပြုကြကုန်အံ့ ပြိုင်ကြကုန်အံ့ ဟုမိန့်တော်မူလေ၏။ ရှင်တော်မြတ်ဘုရားတို့သည် သိက္ခာပုဒ်ကို ပညတ်အပ်ပြီး မဟုတ်ပါလော ဘုရားဟု မေးလျှောက်ပြန် သည်ရှိသော် မြတ်သော မင်းကြီး ငါဘုရားသည် ငါဘုရား၏ အလို့ငှါ သိက္ခာပုဒ်ကို မပညတ်။ ငါ၏တပည့် သာဝကတို့ အလို့ငှါသာ ပညတ်တော်မူပေ၏ဟု မိန့်တော်မူလေ၏။

မြတ်စွာဘုရားတို့ကို ဖယ်ထား၍ တပါးသောသူတို့၌ သိက္ခာပုဒ်ကို ပညတ်ခြင်းမည်သည် ဖြစ်နိုင် ကောင်းပါအံ့လော ဘုရားဟု မေးပြန်သော် မြတ်သောမင်းကြီး ထိုသို့ ဖြစ်မူ သင့်ကိုပင်လျှင် ဤ အရာ၌တဖန် မေးဦးအံ့။ မြတ်သောမင်းကြီး နိုင်ငံတော်တွင်း၌ သင်၏ဥယျာဉ်သည် ရှိသည် မဟုတ်လောဟု မေးတော်မူလေ၏။ ရှိပါသည် မြတ်စွာဘုရားဟု လျှောက်လတ်သော် မင်းကြီး သင်၏ဥယျာဉ်၌ လူများအပေါင်းသည် သရက်သီး စသည်တို့ကို အကယ်၍ စားငြားအံ့ အဘယ် အမှုကို ပြုဘိသနည်းဟု မေးတော်မူလေ၏။

မြတ်စွာဘုရား မင်းဒဏ်ပေးခြင်း အမှုကို ပြုရပါသည်ဘုရားဟု လျှောက်လတ်သော် သင်မင်းကြီး သည်ကား စားခြင်းငှါ ရလေတုံ သလောဟု မေးတော်မူပြန်လေ၏ မြတ်စွာဘုရား ရပါသည်ဘုရား တပည့်တော် မင်းဒဏ်မရှိနိုင်ပါ၊ တပည့်တော်သည် မိမိ၏ဥစ္စာကို စားခြင်းငှါ ရနိုင်ပါ သည်ဘုရားဟု လျှောက်လေသော် မြတ်သောမင်းကြီး ယူဇနာသုံးရာရှိသော နိုင်ငံတော်၌ သင်မင်းကြီး၏ အာဏာသည် လွှမ်းမိုး၍ ဖြစ်နိုင်ဘိ၏။ မိမိ၏ဥယျာဉ် ၌ သရက်သီး စသည်တို့ကို စားသော်လည်း မင်းဒဏ်မရှိနိုင်၊ သူတပါးတို့အား မင်းဒဏ်ရှိနိုင်ဘိသကဲ့သို့ ထို့အတူ စကြဝဠာ ကုဋေတသိန်း၌ ငါဘုရား၏ အာဏာသည် လွှမ်းမိုး၍ ဖြစ်ဘိ၏။ မိမိ၏သိက္ခာပုဒ် ပညတ်ခြင်းဖြစ်သောကြောင့် လွန်ကြူးသော မည်သည်မရှိနိုင်ပြီ။ တပါးသော သူတို့အားကား ရှိနိုင်ပေ၏။ ငါဘုရားသည် တန်ခိုး ပြာဋိဟာပြခြင်းကို ပြုပေတော့အံ့ဟု မိန့်တော်မူလေ၏။

တိတ္ထိတို့သည် ထိုဘုရားရှင် မိန့်တော်မူသော စကားကို ကြားရလျှင် ယခုအခါ ငါတို့သည် ပျက်စီးသောသူတို့ ဖြစ်ကုန်ပြီ။ (ဒုက္ခရောက်ကုန်ပြီ) ရဟန်း ဂေါတမသည် သာဝကတို့ အလို့ ငှါသာလျှင် သိက္ခာပုဒ်ကို ပညတ်အပ်၏။ မိမိ အလို့ငှါ ပညတ်အပ်သည်မဟုတ်။ ကိုယ်တိုင်သာလျှင် တန်ခိုးပြာဋိဟာ ပြခြင်းကို ပြုခြင်းငှါ အလိုရှိသတတ်။ အဘယ်သို့သော အမှုကို ငါတို့ပြုကြရပါ ကုန်အံ့နည်းဟု တိုင်ပင်ကြလေကုန်၏။

မင်းကြီးသည်လည်း မြတ်စွာဘုရားကို မြတ်စွာဘုရား အဘယ်အခါ၌ တန်ခိုးပြာဋိဟာပြခြင်းကို ပြုတော်မူကြပါကုန်အံ့နည်း ဘုရားဟု မေးလျှောက်လေ၏။ မြတ်သောမင်းကြီး ဤနေ့မှ လေးလ လွန်သောအခါ ဝါဆိုလပြည့်နေ့၌ ပြုကုန်အံ့ဟု မိန့်ဆိုတော်မူလျှင် မြတ်စွာဘုရား အဘယ်အရပ်၌ ပြုတော်မူကြပါကုန်အံ့နည်း ဘုရားဟု မေးလျှောက်ပြန်သဖြင့် မြတ်သောမင်းကြီး သာဝတ္ထိပြည်ကို မှီ၍ ပြုကုန်အံ့ဟု မိန့်ဆိုတော်မူလေ၏။

[အဘယ့်ကြောင့်လျှင် မြတ်စွာဘုရားသည် ဤသို့ ဝေးက္ခာသောအရပ်ကို ညွှန်းပြတော်မူဘိသနည်း ဟူမူကား ထိုသာဝတ္ထိပြည်သည် အလုံးစုံသော ဘုရားရှင်တို့၏ မြတ်သော တန်ခိုးပြာဋိဟာပြခြင်းကို ပြုတော်မူရာ အရပ် ဖြစ်၏။ ထို့ကြောင့် ဝေးကွာသောအရပ်ကို ညွှန်းပြတော်မူဘိ၏။ ထိုမှတပါး လည်း များစွာသော လူအပေါင်း၏ စည်းဝေးနိုင် စိမ့်သောငှါလည်း ဝေးကွာသော အရပ်ကိုသာ ညွှန်းပြတော်မူသတည်း]။

---

တန်ခိုးပြပွဲအတွက် တိတ္ထိတို့ လုံ့လပြုခြင်း

တိတ္ထိတို့သည် ထိုစကားကို ကြားရလျှင် ဤနေ့မှ လေးလတို့ လွန်လတ်သောအခါ ရဟန်း ဂေါတမသည် သာဝတ္ထိပြည်၌ တန်ခိုးပြာဋိဟာပြခြင်းကို ပြုလတ္တံ့။ ယခုအခါ ထိုရဟန်းဂေါတမကို မလွှတ်မူ၍သာလျှင် အစဉ်မပြတ် လိုက်ကြကုန်အံ့။ လူများအပေါင်းသည် ငါတို့ကိုမြင်ရလျှင် ဤသို့ပြုလုပ်ခြင်းသည် အဘယ် အကြောင်းကြောင့်နည်းဟု မေးမြန်းလတ္တံ့။ ထိုသို့ မေးမြန်းသော အခါ လူများ အပေါင်းအား ငါတို့သည် ရဟန်းဂေါတမနှင့် အတူတကွ တန်ခိုးပြာဋိဟာပြခြင်း ကို ပြုကြကုန်အံ့ဟု ပြောပြီးဆိုပြီး ဖြစ်ကုန်၏။ ထိုရဟန်းဂေါတမသည် ထွက်ပြေးလတ္တံ့ ငါတို့သည် ထိုရဟန်းဂေါတမအား ထွက်ပြေးစိမ့်သောငှါ မပေးလိုသောကြောင့် အစဉ်မပြတ် လိုက်ကြရ ကုန်အံ့ဟု ပြောဆိုကြကုန်အံ့ဟူ၍ တိုင်ပင်ကြကုန်၏။

မြတ်စွာဘုရားသည် ရာဇဂြိုဟ်၌ ဆွမ်းအလို့ငှါ ကြွတော်မူ၍ ထွက်တော်မူလေ၏။ တိတ္ထိတို့ သည်လည်း မြတ်စွာဘုရား၏ နောက်တော်မှ သာလျှင် ထွက်၍ ဆွမ်းဘုဉ်းပေးခြင်းကို ပြုတော် မူရာအရပ်၌ နေကြကုန်၏။ နေရာအရပ်၌ တဖန် မိုးသောက်သောအခါ နံနက်စာ စားခြင်းကို ပြုကြကုန်၏။ လူတို့သည် ဤသို့ဘုရားရှင်၏ နောက်တော်မှ လိုက်ရခြင်းကား အကြောင်း အသို့နည်းဟု မေးကုန်လတ်သော် အောက်၌ ကြံစည်အပ်ပြီးသော နည်းအားဖြင့်သာလျှင် ပြောကြား လေကုန်၏။ လူများအပေါင်းသည်လည်း တန်ခိုးပြာဋိဟာ ပြခြင်းကို ဖူးမြင်ကုန်အံ့ဟု နှလုံးသွင်း၍ အမှီလိုက်လေ၏။

မြတ်စွာဘုရားသည် အစဉ်သဖြင့် သာဝတ္ထိပြည်သို့ ရောက်လေ၏။ တိတ္ထိတို့သည်လည်း မြတ်စွာဘုရားနှင့် အတူတကွ သာလျှင် သွား၍ အလုပ်အကျွေး ဒါယကာတို့ကို နှိုးဆော်တိုက်တွန်း သဖြင့် တသိန်းသော ဥစ္စာကိုရ၍ ရှား သည်တိုင်တို့ဖြင့် မဏ္ဍပ်တို့ကို ဆောက်လုပ်စေပြီးလျှင် ကြာညိုပန်းတို့ဖြင့် မိုးစေ၍ ဤမဏ္ဍပ်၌ တန်ခိုးပြာဋိဟာ ပြခြင်းကို ပြုကြကုန်အံ့ဟု နေထိုင်ကြ လေကုန်၏။

ပဿေနဒီ ကောသလ မင်းတရားကြီးသည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ မြတ်စွာဘုရား တိတ္ထိတို့သည် မဏ္ဍပ်ကို ဆောက်လုပ်အပ်ပြီ။ တကာတော်သည် ရှင်တော်မြတ်ဘုရားတို့ အလို့ငှါ မဏ္ဍပ်ကို ဆောက်လုပ်ပါမည် ဘုရားဟု လျှောက်လတ်သော် မြတ်သောမင်းကြီး သင့်တော် လောက်ပြီ။ ငါဘုရားအလို့ငှါ မဏ္ဍပ်ဆောက်လုပ်မည့် ဒါယကာရှိပြီဟု မိန့်တော်မူလေ၏။

မြတ်စွာဘုရား တကာတော်ကို ဖယ်ထား၍ တကာတော်မှတပါး အဘယ် ဒါယကာသည် ဆောက်လုပ်ခြင်းငှါ တတ်စွမ်းနိုင် ကောင်းပါအံ့နည်း ဘုရားဟု လျှောက်ပြန်လတ်သော် သိကြား နတ်မင်း တတ်စွမ်းနိုင်ပေလတ္တံ့ဟု မိန့်တော်မူလေ၏။ မြတ်စွာဘုရား အဘယ်အရပ်၌ တန်ခိုး ပြာဋိဟာ ပြခြင်းကို ပြုပါအံ့နည်းဘုရားဟု လျှောက်ပြန်လတ်သော် မြတ်သောမင်းကြီး ကဏ္ဍ အမည်ရှိသော ဥယျာဉ်စောင့်၏ သရက်ပင်ရင်း၌ ပြုပေအံ့ဟု မိန့်တော်မူလေ၏။

တိတ္ထိတို့သည် သရက်ပင်ရင်း၌ တန်ခိုးပြာဋိဟာ ပြခြင်းကို ပြုတော်မူလတ္တံ့ဟူသော စကားကို ကြားရလျှင် မိမိ၏ အလုပ်အကျွေး ဒါယကာတို့အား ပြောကြားပြီးလျှင် တယူဇနာအတွင်း ဖြစ်သော နေရာ၌ အယုတ်သဖြင့် ထိုနေ့ပေါက်သော သရက်ပင်ငယ်ကိုသော်လည်း နုတ်စေ၍ တော၌ ပစ်စေကြလေကုန်၏။

---

ကဏ္ဍ၏သရက်ပင် အကြောင်း

မြတ်စွာဘုရားသည် ဝါဆိုလပြည့်နေ့၌ သာဝတ္ထိမြို့တွင်းသို့ ဝင်တော်မူလေ၏။ မင်းကြီး၏လည်း ဥယျာဉ်စောင့်ဖြစ်သော ကဏ္ဍအမည်ရှိသော သူသည် ခါချဉ်တို့သည် ပြုအပ်သော အထုပ် အတွင်း၌ အလုံးကြီးသော တခုသော သရက်သီးမှည့်ကိုမြင်၍ ထိုသရက်သီး၏ အနံ့အရသာ၌ တပ်မက်မောသဖြင့် ကျရောက် နားလာကုန်သော ကျီးတို့ကို ပြေးစေပြီးလျှင် မင်းကြီး သုံးဆောင် စိမ့်သော အကျိုးငှါ ယူ၍သွားလတ်သည်ရှိသော် လမ်းခရီးအကြား၌ မြတ်စွာဘုရားကို မြင်ရသဖြင့် မင်းကြီးသည် ဤသရက်သီးကိုစား၍ ငါ့အား ရှစ်သပြာတို့ကို၎င်း တဆဲ့ခြောက်သပြာတို့ကို၎င်း ဆုတော်ချရာ၏။

ထိုမင်းကြီးပေးသော ဆုတော် အသပြာသည် ငါ့အား တခုသော ကိုယ်အဖြစ်၌သော်လည်း အသက် မွေးမြူခြင်းငှါ မစွမ်းနိုင်။ ငါသည် မြတ်စွာဘုရားအား ဤသရက်သီးကို အကယ်၍ လှူရ သည်ဖြစ်အံ့။ ထိုသို့ ပေးလှူရခြင်းသည် မချွတ်မယွင်း ငါ့အားဖြစ်လေရာရာ သံသရာ အဆက်ဆက် ရှည်မြင့်လှစွာသော ကာလပတ်လုံး အစီးအပွားကို ရွက်ဆောင် နိုင်သည် ဖြစ်ပေလတ္တံ့ဟုကြံ၍ ကဏ္ဍမည်သော ဥယျာဉ်စောင့်သည် ထိုသရက်သီး မှည့်ကို မြတ်စွာဘုရားအား ဆက်ကပ်လေ၏။

မြတ်စွာဘုရားသည် ရှင်အာနန္ဒာ မထေရ်ကို ကြည့်ရှုတော်မူလေ၏။ ထိုအခါ ရှင်အာနန္ဒာမထေရ် သည် နတ်မင်းကြီး လေးဦးတို့သည် လှူဒါန်းအပ်သော သပိတ်ကို သပိတ်အိတ်မှ ထုတ်ယူ၍ မြတ်စွာဘုရားရှင်၏ လက်တော်၌ ထားလေ၏။

ဘုရားရှင်သည် သပိတ်တော်ကို အနီးသို့ညွတ်၍ သရက်သီးကို ခံယူတော်မူပြီးလျှင် ထိုအရပ် ၌ပင်လျှင် နေတော်မူလိုသော အခြင်းအရာကို ပြတော်မူလေ၏။ ရှင်အာနန္ဒာမထေရ်သည် သင်္ကန်းကိုခင်း၍ ပေးလေ၏။ ထိုအခါ ခင်းထားသော သင်္ကန်းနေရာ၌ နေတော်မူလတ်သည် ရှိသော် မြတ်စွာဘုရားအား ရှင်အာနန္ဒာ မထေရ်သည် သောက်ရေကို စစ်၍ ထိုသရက်သီးမှည့်ကို နယ်လျက် အဖျော်ပြု၍ ဆက်ကပ်လေ၏။

မြတ်စွာဘုရားသည် သရက်သီးအဖျော်ကို သုံးဆောင်တော် မူပြီးလျှင် ကဏ္ဍမည်သော ဥယျာဉ် စောင့်ကို ဤသရက်စေ့ကို ဤအရပ်၌သာလျှင် မြေမှုန့်ကို ယက်၍စိုက်ပျိုးလော့ဟု မိန့်တော်မူ လေ၏။ ဥယျာဉ်စောင့်သည် ထို ဘုရား မိန့်တော်မူတိုင်း စိုက်ပျိုးခြင်းကို ပြုလေ၏။ ဘုရားရှင်သည် ထိုသရက်စေ့၏ အထက်၌ လက်ကို ဆေးတော်မူလေ၏။ လက်ကို ဆေးတော်မူအပ်ကာမျှပင် ထွန်တုံးမျှ အတိုင်းအရှည်ရှိသော ပင်စည်လုံးပတ် ရှိသည်ဖြစ်၍ အစောက်အားဖြင့် အတောင် ငါးဆယ်ရှိသော သရက်ပင်သည် ပေါက်ရောက်လာလေ၏။

အရပ်လေး မျက်နှာတို့၌ ကိုင်းမ တခုတခုစီ၎င်း အထက်၌ ကိုင်းမ တခု၎င်း ဤသို့ အကိုင်း ခက်မကြီးငါးခုတို့သည် အတောင်ငါးဆယ်စီ ရှိကြလေကုန်၏။ ထိုသရက်ပင်သည် ထိုတခဏခြင်း ၌သာလျှင် အပွင့်အသီးတို့ဖြင့် ဖုံးလွှမ်းအပ်သည်ဖြစ်၍ တခုတခု သောအရပ်၌ မှည့်သော သရက်သီး အခိုင်ကို ဆောင်လျက် (သီးလျက်) ရှိသည် ဖြစ်လေ၏။ နောက်တော်မှ လိုက်လာကြကုန်သော ရဟန်းတို့သည် သရက်သီးမှည့်တို့ကို စားကုန်လျက်သာလျှင် လိုက်လာကြရ လေကုန်၏။

ကောသလမင်းကြီးသည် ဤသို့သဘောရှိသော သရက်ပင် ပေါက်ရောက်ပေသတတ် ဟူသော စကားကို ကြားရလျှင် ထိုသရက်ပင်ကို တစုံတယောက်သောသူသည် ချိုးဖဲ့ဖြတ်လှဲခြင်း မပြုရဟု အစောင့်အရှောက် ထားလေ၏။ ထိုသရက်ပင်သည် ကဏ္ဍမည်သော ဥယျာဉ်စောင့် စိုက်အပ်သည် အဖြစ်ကြောင့် ကဏ္ဍသရက်ပင် ဟူ၍ သာလျှင် ထင်ရှား၏။

---

တိတ္ထိတို့မဏ္ဍပ် လေပွေမွှေ့ခြင်း

သသောက်ကြူးတို့သည်လည်း သရက်သီးမှည့်တို့ကို စားကြရသဖြင့် ဟယ် ယုတ်မာလှစွာသော တိတ္ထိပျက်တို့ ရဟန်းဂေါတမသည် ကဏ္ဍမည်သော သရက်ပင်ရင်း၌ တန်ခိုးပြာဋိဟာ ပြခြင်းကို ပြုတော်မူလိမ့်သတတ်ဟု ဆို၍ သင်တို့သည် တယူဇနာ၏ အတွင်း၌ ထိုနေ့ပေါက်သည် ဖြစ်သော သရက်ပင်ငယ် တို့ကိုသော်လည်း နုတ်စေအပ်ကုန်၏။

ဤသရက်ပင်သည်ကား ကဏ္ဍသရက်ပင်မည်သတည်း ဟု ဆိုကြ၍ ထိုသေသောက်ကြူးတို့သည် စားကြွင်း စားဖတ်ဖြစ်သော သရက်စေ့တို့ဖြင့် ပစ်ခတ်ကြလေကုန်၏။ သိကြားမင်းသည် ဝါတ ဝလာဟက မည်သော လေနတ်သားကို တိတ္ထိတို့ မဏ္ဍပ်ကို လေတို့ဖြင့် တိုက်ခွါ နုတ်ပစ်၍ မသန့်ပြန့်သော မြေအရပ်၌ ပစ်ချလေလော့ဟု စေခိုင်းလေ၏။ လေနတ်သားသည် ထိုသိကြားမင်း ဆိုတိုင်းပြု၏။

နေနတ်သားကိုလည်း နေအဝန်းကို ဆွဲငင်နှိမ့်ချလျက် ပူလောင်စေလော့ဟု စေခိုင်းလေ၏။ နေနတ်သားသည် ထိုသိကြားမင်း ဆိုတိုင်းပြု၏။ တဖန် လေနတ်သားကို လေပွေထစေလျက် သွားလေလော့ဟု စေခိုင်းပြန်လေ၏။ လေနတ်သားသည် ထိုသိကြားမင်းဆိုတိုင်း ပြုသည်ဖြစ်၍ တိတ္ထိတို့၏ ယိုစီးသော ချွေးရှိသော ကိုယ်၌ မြူစုဖြင့် ဖြန့်ကြဲလေ၏။

ထိုတိတ္ထိတို့ကိုယ်သည် နီသော မြေညက်စိုင်နှင့် တူကြကုန်၏။ မိုဃ်းနတ်သားကိုလည်း ကြီးစွာသော မိုဃ်းပေါက်တို့ကို ကျစေလော့ဟု စေခိုင်းပြန်လေ၏။ မိုဃ်းနတ်သားသည် သိကြားမင်း ဆိုတိုင်းပြု၏။ ထိုအခါ တိတ္ထိတို့၏ကိုယ်သည် အပြောက်အကွက်ရှိသော နွားကျား နှင့်အတူ ဖြစ်လေ၏။

---

ပူရဏကဿပ ရေ၌ဆင်း၍ သေခြင်း

ထိုတိတ္ထိတို့ တက္ကတွန်းတို့သည် ရှက်နိုးကြကုန်သည်ဖြစ်၍ ရှေးရှုရာ ရှေးရှုရာ အရပ်သို့သာလျှင် ပြေးလွှားကြရ လေကုန်၏။ ဤသို့ ပြေးလွှားကြရကုန်သည် ရှိသော် ပူရဏကဿပ အမည်ရှိသော တိတ္ထိ၏ အလုပ်အကျွေး လယ်ထွန် ယောက်ျား တယောက်သည် ယခုအခါ ငါ့ဆရာဖြစ်သော အရှင်ကောင်းတို့၏ တန်ခိုးပြာဋိဟာ ပြသောအခါတည်း။

သွား၍ တန်ခိုးပြာဋိဟာပြခြင်းကို ဖူးမြင်ဦးအံ့ဟု နွားတို့ကို လွှတ်လိုက်၍ နံနက်စောစောကလျှင် ဆောင်ယူခဲ့သော ယာဂုအိုးကို၎င်း ကြိုးကို၎င်း ယူခဲ့သဖြင့် လာလတ်သည်ရှိသော် ထိုအခြင်း အရာဖြင့် ပြေးလွှားနေသော ပူရဏကဿပကို မြင်ရလျှင် အရှင်ဘုရား ယနေ့ အရှင်ကောင်းတို့၏ တန်ခိုးပြာဋိဟာပြခြင်းကို ဖူးမြင်ဦးအံ့ဟု လာခဲ့ပါသည်။ အရှင်ဘုရားတို့ အဘယ်အရပ်သို့ သွားကြ ပါကုန်အံ့နည်းဟု မေးလျှင် သင့်အား တန်ခိုး ပြာဋိဟာဖြင့် အဘယ်အကျိုးရှိအံ့နည်း ဤအိုးကို၎င်း ကြိုးကို၎င်း ပေးပါလော့ဟု ဆိုလေ၏။

ထိုပူရဏကဿပသည် လယ်ထွန်သမား ပေးအပ်သော အိုးနှင့် ကြိုးတို့ကိုယူ၍ မြစ်ကမ်းနားသို့ သွားပြီးလျှင် အိုးကို ကြိုးဖြင့် မိမိလည်ပင်း၌ ဖွဲ့ချည်လျက် ရှက်နိုးလှသောကြောင့် တစုံတခွန်းသော စကားကိုမျှ မဆိုတဲ့မူ၍ ရေနက်ရာ အရပ်၌ ခုန်ချပြီးလျင် ရေပွက် ထစေလျက် သေ၍ အဝီစိငရဲ၌ ဖြစ်ရှာလေ၏။

---

ဃရဏီဒါယိကာမ၏ တန်ခိုး

မြတ်စွာဘုရားသည် ကောင်းကင်၌ ရတနာစင်္ကြံကို ဖန်ဆင်းတော်မူလေ၏။ ထိုရတနာစင်္ကြံ၏ တခုသော အစွန်းကား အရှေ့ စကြဝဠာ အနားရေး၌ ဖြစ်၏။ တခုသော အစွန်းကား အနောက် စကြဝဠာအနားရေး၌ဖြစ်၏။ မြတ်စွာဘုရားသည် အညီအညွတ် စည်းဝေး ရောက်လာသော သုံးဆဲ့ခြောက်ယူဇနာ အတိုင်းအရှည်ရှိသော ပရိသတ်၏ အလယ်၌ အရိပ်တိုးပွားသော နေမွန်း လွဲသောအခါ ယခုအခါကား တန်ခိုးပြာဋိဟာကို ပြတော်မူအံ့သော အခါတည်းဟု ဂန္ဓကုဋိတိုက်မှ ထွက်တော်မူ၍ ကျောင်းဦး၌ ရပ်တော်မူလေ၏။

ထိုသို့ ရပ်တော်မူသောအခါ မြတ်စွာဘုရားကို ဃရဏီ အမည်ရှိသော ကြီးသော တန်ခိုးနှင့် ပြည့်စုံ သော အနာဂါမ် တည်သော သီတင်းသည် ဥပါသိကာမ တယောက်သည် ချဉ်းကပ်၍ ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်မ ကဲ့သို့သော သ္မီးကောင်းရတနာ ရှိပါလျက် ရှင်တော်မြတ်ဘုရားတို့အား ပင်ပန်းစရာ ပြုဖွယ်ကိစ္စသည် မရှိသင့်ပါ။ တပည့်တော်မသည် တန်ခိုး ပြာဋိဟာကို ပြုပါမည်ဘုရားဟု လျှောက်ကြားလေ၏။

ချစ်သ္မီးဃရဏီ သင်သည် အဘယ်သို့သော တန်ခိုးပြာဋိဟာ ပြခြင်းကို ပြုအံ့နည်းဟု မေးတော် မူလျှင် မြတ်စွာဘုရား တခုသော စကြဝဠာတိုက်၌ မဟာပထဝီ မြေအပြင်ကြီးကို ရေပြုလုပ်၍ ရေကြက်မကဲ့သို့ ငုပ်၍ အရှေ့စကြဝဠာ နားခမ်း ရေး၌ ကိုယ်ကို ဖေါ်ပြပါမည်။ ထို့အတူ အနောက် စကြဝဠာ နားခမ်းရေး မြောက်စကြဝဠာ နားခမ်းရေး တောင်စကြဝဠာ နားခမ်းရေး၌၎င်း ထို့အတူ အလယ်၌၎င်း ဖေါ်ပြပါမည်။

ဤသူကား အဘယ်သူနည်းဟု မေးအပ်သည်ရှိသော် ဤရေကြက်မကား ဃရဏီ မည်သော ဥပါသိကာမတည်း။ ဤသည်လျှင် ရှေးဦးစွာ ဃရဏီ မည်သော ထိုမိန်းမ၏ အစွမ်းအာနုဘော် တည်း၊ ဘုရားရှင်၏ တန်ခိုးတော် အာနုဘော်တော်သည်ကား အဘယ်သို့ သဘောရှိသည် ဖြစ်လတ္တံ့နည်းဟု ဆိုကြရပါကုန်လတ္တံ့။ ဤသို့လျှင် တိတ္ထိတို့သည် ရှင်တော်မြတ်ဘုရားတို့ကို မမြင်ဝံ့မူ၍ သာလျှင် ထွက်ပြေးကြပါလိမ့်မည် ဘုရားဟု လျှောက်ကြားလေ၏။၊

ထိုအခါ ဃရဏီကို မြတ်စွာဘုရားသည် ချစ်သ္မီး ဃရဏီ သင်သည် ဤသို့သဘောရှိသော တန်ခိုးပြာဋိဟာပြခြင်းကို ပြုခြင်းငှါ စွမ်းနိုင်သည့်အဖြစ်ကို ငါဘုရား သိတော်မူ၏။ သို့ရာတွင် ဤ ပန်းအစည်း ပန်းတိုင်မုန်းတိုင်ကို သင်၏အကျိုးငှါ ဖွဲ့စည်းအပ်သည် မဟုတ်ပေဟု မိန့်တော်မူလျက် ပယ်တော်မူလေ၏။

ထိုဃရဏီသည် ငါ့အား မြတ်စွာဘုရားသည် ခွင့်ပြုတော်မမူ။ မချွတ်လျှင် ငါ့ထက်လွန်စွာ တန်ခိုး ပြာဋိဟာ ပြခြင်းကို ပြုခြင်းငှါ စွမ်းနိုင်သော တပါးသောသူ ရှိသေး၏ဟုကြံလျက် တင့်အပ် လျောက်ပတ်သော အရပ်၌နေလေ၏။

---

စူဠ အနာထပိဏ်၏ တန်ခိုး

မြတ်စွာဘုရားသည်လည်း ဤအတူသာလျှင် ထိုသူတို့၏ ဂုဏ်သည် ထင်ရှားသည် ဖြစ်လတ္တံ့ ဟု သုံးဆဲ့ခြောက်ယူဇနာ အတိုင်း အရှည်ရှိသော ပရိသတ်၏ အလယ်၌ ခြင်္သေ့မင်း အသံနှင့်တူသော မကြောက်မရွံ့ ရဲရင့်သော အသံကို ဆိုလတ္တံ့ဟု အောက်မေ့မှတ်သား နှလုံးထားတော်မူလျက် တပါးသော သူတို့ကိုလည်း သင်တို့သည် အဘယ်သို့လျှင် တန်ခိုးပြာဋိဟာပြခြင်းကို ပြုကြကုန်အံ့ နည်းဟု မေးမြန်းတော်မူလေ၏။

မြတ်စွာဘုရား ဤသို့လျှင် ပြုကြပါမည်ဘုရားဟု ဘုရားရှင်၏ ရှေ့တော်၌သာလျှင် ခြင်္သေ့မင်း၏ အသံနှင့်တူသော အသံကို မကြောက်မရွံ့ မြွက်ဆိုလျှောက်ကြား ကြလေကုန်၏။ ထိုသူတို့တွင် စူဠအနာထပိဏ် သူဌေးသည် ငါကဲ့သို့ သဘောရှိသော အနာဂါမ် တည်သော ဥပါသကာ သားကောင်း ရတနာ ရှိပါလျက် မြတ်စွာဘုရားအား ပင်ပန်းစရာ ပြုဖွယ်ကိစ္စသည် မရှိသင့်စွတကား ဟု ကြံပြီးလျှင် မြတ်စွာဘုရား တပည့်တော် တန်ခိုးပြာဋိဟာ ပြခြင်းကို ပြုပါမည်ဘုရား ဟု လျှောက်ထားသောကြောင့် အဘယ်သို့ ပြုမည်နည်း ဟု မေးအပ်သည်ရှိသော် --

မြတ်စွာဘုရား တပည့်တော်ကား တဆဲ့နှစ်ယူဇနာ ရှိသော ဗြဟ္မာကြီး၏ သဏ္ဌာန် အတ္တဘောကို ဖန်ဆင်း၍ ဤပရိသတ်၏ အလယ်၌ မိုဃ်းကြီး ထစ်ချုန်းမြည်ဟီး သည်နှင့်တူသော အသံဖြင့် ဗြဟ္မာတို့၏ လက်ပန်းပေါက် ခတ်ခြင်း မည်သည်ကို လက်ပန်းပေါက် ခတ်ပါမည်ဘုရား ဟု လျှောက်ပြီးလျှင် လူများအပေါင်းသည် ဤအသံကား အဘယ်အသံဖြစ် သနည်းဟု မေးလတ်သော် စူဠအနာထပိဏ်သူဌေး၏ ဗြဟ္မာတို့၏ လက်ပန်းပေါက်ခတ်သံ မည်သတတ် ဆိုကြပါလိမ့်မည်။ တိတ္ထိတို့သည်လည်း သူကြွယ်အားပင် ဤသို့သော အာနုဘော် ရှိသတတ်။ ဘုရားရှင်၏ အာနုဘော် ကား အဘယ်သို့ သဘောရှိသည် ဖြစ်လတ္တံ့ နည်းဟုဆို၍ ရှင်တော်မြတ်ဘုရားတို့ကို မမြင်ဝံ့ဘဲ သာလျှင် ထွက်ပြေးကြပါလိမ့်မည် ဘုရားဟု လျှောက်ကြားလေ၏။

မြတ်စွာဘုရားသည် သင်၏ အာနုဘော်ကို ငါဘုရား သိတော်မူ၏ဟု စူဠအနာထပိဏ် သူဌေးအား လည်း ထိုဃရဏီအတူသာလျှင် မိန့်ဆို၍ တန်ခိုးပြာဋိဟာ ပြခြင်းကို ခွင့်ပြုတော်မမူ။

---

စီရမည်သော သာမဏေရီမ၏ တန်ခိုး

ထို့နောင်မှ ပဋိသမ္ဘိဒါ လေးပါးသို့ ရောက်ပြီးသော ခုနစ်နှစ် အရွယ်သာ ရှိသော စီရအမည်ရှိသော သာမဏေရီမသည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်မသည် တန်ခိုးပြာဋိ ဟာပြခြင်းကို ပြုပါမည်ဘုရားဟု လျှောက်ကြားလေ၏။

ချစ်သ္မီး စီရ အဘယ်သို့ ပြုအံ့နည်းဟု မေးတော်မူလျှင် မြတ်စွာဘုရား မြင်းမိုရ်တောင်ကို၎င်း စကြဝဠာ တောင်ကို၎င်း ဟိမဝန္တာကို၎င်း ဆောင်ယူပြီးလျှင် ဤအရပ်၌ အစဉ်အတိုင်း ထား၍ တပည့်တော်မသည် ဟင်္သာမကဲ့သို့ ထိုထိုအရပ်မှ ထွက်လျက် မငြိမကပ် ပျံသန်းခြင်းကို ပြုပါမည် ဘုရား။ လူများအပေါင်းသည် တပည့်တော်မကို မြင်ရလျှင် ဤသူကား အဘယ်သူနည်းဟု မေးလတ်သော် စီရအမည်ရှိသော သာမဏေရီ တပည့်တော်မတည်းဟု ဆိုကြပါကုန်လတ္တံ့။

တိတ္ထိတို့သည် ခုနစ်နှစ်သ္မီးအရွယ် ရှိသော သာမဏေရီမ၏ ဤအာနုဘော်သည် ဤမျှလောက် ကြီးကျယ်ဘိ၏။ ဘုရားရှင်၏ အာနုဘော်ကား အဘယ်သို့ သဘောရှိသည် ဖြစ်လတ္တံ့နည်း ဟု မြတ်စွာဘုရားတို့ကို မမြင်ဝံ့ဘဲသာလျှင် ထွက်ပြေးကြရပါလိမ့်မည် ဘုရားဟု လျှောက်ကြားလေ၏။

[ဤမှ နောက်၌ ဤသို့သဘောရှိသော စကားတို့ကို ဆိုအပ်ပြီးသည်ကို အစဉ်လျှောက်သဖြင့် သာလျှင် သိအပ်ကုန်၏]၊

ထို စီရမည်သော သာမဏေရီမ အားလည်း မြတ်စွာဘုရားသည် သင်၏ အာနုဘော်ကို ငါဘုရား သိတော်မူ၏ဟု မိန့်ဆို၍ တန်ခိုးပြာဋိဟာ ပြုခြင်းကို ခွင့်ပြုတော်မမူ။

---

စုန္ဒသာမဏေ၏ တန်ခိုး

ထို့နောင်မှ ပဋိသမ္ဘိဒါလေးပါး သို့ရောက်၍ ကုန်ပြီးသော အာသဝေါရှိသော ဖွားသည်မှ ခုနစ်နှစ် အရွယ်အားဖြင့် မှတ်သားအပ်သော စုန္ဒမည်သော သာမဏေသည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် မြတ်စွာဘုရား တပည့်တော်သည် တန်ခိုးပြာဋိဟာကို ပြခြင်းကို ပြုပါမည်ဘုရားဟု လျှောက်ပြန်သည်ရှိသော် အဘယ်သို့ပြုအံ့နည်းဟု မေးအပ်သော် --

စုန္ဒသာမဏေသည် မြတ်စွာဘုရား တပည့်တော်သည် ဇမ္ဗူဒီပါကျွန်း၏ တံခွန်သဖွယ်ဖြစ်၍ ဖြစ်သော ဇမ္ဗူသပြေပင်ကြီးကို ပခုံးထက်၌ ထမ်းယူကာ လှုပ်ပြီးလျှင် ဇမ္ဗူသပြေသီးကြီးတို့ကို ချွေဆွတ် ဆောင်ယူလျက် ဤပရိသတ်အပေါင်းကို စားစေပါမည် ပင်လယ်ကသစ်ပွင့် တို့ကိုလည်း ယူဆောင်၍ ရှင်တော်မြတ်ဘုရားတို့ကို ရှိခိုးလာပါမည် ဘုရားဟု လျှောက်ကြားလေ၏။ ဘုရားရှင် သည် သင်၏ အာနုဘော်ကို ငါဘုရား သိတော်မူ၏ဟု စုန္ဒသာမဏေအားလည်း တန်ခိုးပြာဋိဟာပြခြင်းကို ပယ်တော်မူလေ၏။

---

ဥပ္ပလဝဏ်ထေရီမ၏ တန်ခိုး

ထို့နောင်မှ ဥပ္ပလဝဏ် အမည်ရှိသော ထေရီမသည် မြတ်စွာဘုရားကို ရှိခိုး၍ မြတ်စွာဘုရား တပည့်တော်မသည် တန်ခိုးပြာဋိဟာပြခြင်းကို ပြုပါမည်ဘုရားဟု လျှောက်ကြား ပြန်သောကြောင့် အဘယ်သို့ ပြုအံ့နည်းဟု မေးသည်ရှိသော် မြတ်စွာဘုရား တပည့်တော်မသည် ထက်ဝန်းကျင်မှ တဆဲ့နှစ်ယူဇနာ ရှိသော ပရိသတ်ကိုပြ၍ အဝန်းအားဖြင့် သုံးဆဲ့ခြောက်ယူဇနာ အတိုင်းအရှည် ရှိသော ပရိသတ်ဖြင့် ခြံရံလျက် စကြဝတေးမင်း၏ အဖြစ်ဖြင့် လာလတ်၍ ရှင်တော်မြတ်ဘုရား တို့ကို ရှိခိုးပါမည်ဘုရားဟု လျှောက်ကြားလေ၏။ ဘုရားရှင်သည် သင်၏ အာနုဘော်ကို ငါဘုရား သိတော်မူ၏ဟုဆို၍ ဥပ္ပလဝဏ်ထေရီမအားလည်း တန်ခိုးပြခြင်းကို ပယ်တော်မူလေ၏။

---

ရှင်မောဂ္ဂလာန်၏ တန်ခိုး

ထို့နောင်မှ ရှင်မောဂ္ဂလာန်မထေရ်သည် မြတ်စွာဘုရားကို ရှိခိုး၍ မြတ်စွာဘုရား တပည့်တော်သည် တန်ခိုးပြာဋိဟာပြခြင်းကို ပြုပါမည်ဘုရားဟု လျှောက်ကြားပြန်သောကြောင့် အဘယ်သို့ ပြုအံ့နည်း ဟု မေးအပ်သည်ရှိသော် မြတ်စွာဘုရား တပည့်တော်သည် မြင်းမိုရ်တောင်မင်းကို သွားတို့၏ အကြား၌ထား၍ ပဲနောက်စေ့ မုန်ညင်းစေ့ကဲ့သို့ ခဲပါမည် ဝါးပါမည် ဘုရားဟု လျှောက်ထားလေ၏။

တပါးသော အဘယ်အမှုကို ပြုဦးမည်နည်းဟု မေးတော်မူပြန်သော် ဤမြင်းမိုရ်တောင်မင်းကို မဟာ ပထဝီမြေကြီးပြုပြီးလျှင် သပေါ့သင်းဖြူးဖျာကဲ့သို့ လိပ်၍ လက်ချောင်းတို့၏ အကြား၌ ထည့်ထား ပါမည်ဘုရားဟု လျှောက်ကြားလေ၏။

တပါးသော အဘယ်အမှုကို ပြုဦးအံ့နည်းဟု မေးတော်မူပြန်သော် ဤ မဟာပထဝီမြေကြီးကို အိုးထိန်းစက်ကဲ့သို့ လည်စေ၍ လူများအပေါင်းကို မြေဆီဩဇာ စားစေပါမည်ဘုရားဟု လျှောက်ကြားလေ၏။

ဤမှတပါး အဘယ် အမှုကို ပြုဦးအံ့နည်းဟု မေးခတာ်မူပြန်သော် လက်ဝဲလက်ပေါ်၌ ဤမြေကြီးကို တင်ထား၍ ဤသတ္တဝါတို့ကို လက်ျာလက်ဖြင့် တပါးသောကျွန်း၌ ထားပါမည် ဘုရားဟု လျှောက်ကြားလေ၏။

ဤမှတပါး အဘယ်အမှုကို ပြုဦးအံ့နည်းဟု မေးတော်မူပြန်သော် မြင်းမိုရ်တောင်မင်းကို ထီးရိုး ပြုလုပ်၍ မဟာပထဝီ မြေကြီးကို မြှောက်ပင့်သဖြင့် ထိုထီးရိုး၏ အထက်၌ တင်ထားပြီးလျှင် ထီးလက်စွဲသော ရဟန်းကဲ့သို့ လက်တဘက်ဖြင့် ကိုင်စွဲလျက် ကောင်းကင်၌ စင်္ကြံသွားပါမည် ဘုရားဟု လျှောက်ကြားလေ၏။

မြတ်စွာဘုရားသည် သင်၏တန်ခိုး အာနုဘော်ကို ငါဘုရား သိတော်မူ၏ဟု မိန့်တော်မူ၍ ထို ရှင်မောဂ္ဂလာန်အားလည်း တန်ခိုး ပြာဋိဟာကို ပြခြင်းကို ခွင့်ပေးတော်မမူ။ ထိုရှင်မောဂ္ဂလာန်သည် မြတ်စွာဘုရားကား ငါ့ထက် လွန်ကဲစွာ တန်ခိုးပြာဋိဟာပြခြင်းကို ပြုခြင်းငှါ စွမ်းနိုင်သောသူကို သိတော်မူယောင်တကားဟု ကြံလျက် တင့်အပ်လျောက်ပတ်သော အရပ်၌ နေလေ၏။

---

ဘုရားရှင်၏ဝန်ကို အခြားသူ မဆောင်နိုင်ခြင်း

ထို့နောင်မှ ရှင်မောဂ္ဂလာန်ကို မြတ်စွာဘုရားသည် ချစ်သားမောဂ္ဂလာန် ဤပန်းအစည်းကို သင်၏ အကျိုးငှါ ဖွဲ့စည်းအပ်သည်မဟုတ်။ ငါဘုရားသည် အတုမရှိသောဝန်ကို ဆောင်တော်မူနိုင်၏။ ငါဘုရား၏ဝန်ကို ရွက်ဆောင်ခြင်းငှါ စွမ်းနိုင်သော တပါးသောသူ မည်သည်မရှိ။ ယခုအခါ ငါဘုရား၏ဝန်ကို ရွက်ဆောင်ခြင်းငှါ စွမ်းနိုင်သောသူမည်သည် အကြင်ကြောင့်ဖြစ်ရာ၏။

ထိုဖြစ်ခြင်းသည် အဖန်တလဲလဲ အံ့ဩဖွယ်ရှိသည် သာလျှင်တည်း။ အဟိတ် တိရစ္ဆာန်မျိုး၌ ဖြစ်သော ကာလ၌သော်လည်း ငါ၏ဝန်ကို ရွက်ဆောင်ခြင်းငှါ စွမ်းနိုင်သော တပါးသောသူ မည်သည် မရှိသည်သာတည်းဟု မိန့်တော်မူသဖြင့် မြတ်စွာဘုရား အဘယ်အခါ၌ ဖြစ်ပါသနည်း ဘုရားဟု ရှင်မောဂ္ဂလာန် မေးလျှောက်အပ်သည် ဖြစ်၍ မြတ်စွာဘုရားသည် လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၍ -

ယတောယတော ဂရုဓုရံ၊ ယတော ဂမ္ဘီရဝတ္တနီ။
တဒါသု ကဏှံ ယုဉ္ဇန္တိ၊ သောဿုတံ ဝဟတေ ဓုရံ။

ယတော ယတော၊ အကြင်အကြင်အရပ်၌။
ဓုရံ၊ ဝန်သည်။
ဂရု၊ လေးသည်။
ဟောတိ၊ ဖြစ်၏။
ယတော၊ အကြင်အရပ်မှ။
ဂမ္ဘီရဝတ္တနီ၊ ရေညွှန်များသဖြင့် သွားခြင်းငှါ ခက်ခဲသော ခရီးသည်။
ဟောတိ၊ ဖြစ်၏။
တဒါ၊ ထိုအရပ်၌။
ကဏှံ၊ ကဏှမည်သော နွားလား ဥသဘကို။
ယုဉ္ဇန္တိ၊ ကကုန်၏။
သော၊ ထိုကဏှမည်သော နွားလား ဥသဘသည်။
တံဓုရံ၊ ထိုလေးလံလှစွာသောဝန်ကို။
ဝဟတေ၊ ရွက်ဆောင်ရ၏။

ဟူသော ဤ ကဏှဥသဘဇာတ်ကို ချဲ့၍ တဖန် ထိုအကြောင်းကိုလျှင် အထူးပြု၍ ဟောတော်မူ လိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

မနာပမေဝ ဘာသေယျ၊ နာမနာပံ ကုဒါစနံ။
မနာပံ ဘာသမာနဿ၊ ဂရုံ ဘာရံ ဥဒဗ္ဗဟိ။
ဓနဉ္ဇ နံ အလဗ္ဘေသိ၊ တေန စတ္တမနော အဟု။

မနာပမေဝ၊ နှစ်လိုဖွယ်သော စကားကိုသာလျှင်။
သာသေယျ၊ ဆိုရာ၏။
အမနာပံ၊ နှစ်လိုဖွယ် မရှိသောစကားကို။
ကုဒါစနံ၊ တရံတဆစ်မျှ။
နဘာသေယျ၊ မဆိုရာ။
မနာပံ၊ နှစ်လိုဖွယ်သော စကားကို။
ဘာသမာနဿ၊ ဆိုသော ပုဏ္ဏား၏။
ဂရုံ၊ လေးလံစွာသော။
ဘာရံ၊ အလေးတင်သော လှည်းတရာဝန်ကို။
ဥဒဗ္ဗဟိ၊ ရွက်ဆောင်၏။
နံ၊ ထိုပုဏ္ဏားကို။
ဓနဉ္စ၊ ဥစ္စာကိုလည်း။
အလဗ္ဘေတိ၊ ရစေအပ်ပြီ။
တေန၊ ထိုဥစ္စာကို ရသောကြောင့်။
ဗြာဟ္မဏော၊ ပုဏ္ဏားသည်။
အတ္တမနော၊ ဝမ်းမြောက်သည်။
အဟု၊ ဖြစ်ပြီ။

ဤ နန္ဒိဝိသာလဇာတ်ကို အကျယ်ချဲ့၍ ဟောတော်မူလေ၏။ ဟောတော်မူပြီး၍ကား မြတ်စွာဘုရား သည် ရတနာစင်္ကြံသို့ တက်တော်မူပြီးသော် ရှေ့တော်၌ ပရိသတ်သည် တဆဲ့နှစ် ယူဇနာရှိလေ၏။ အနောက်အရပ်၌၎င်း မြောက်အရပ်၌၎င်း တောင်အရပ်၌၎င်း ထို့အတူသာလျှင် တဆဲ့နှစ်ယူဇနာစီ ရှိ၏။ ဖြောင့်ဖြောင့်သော်ကား နှစ်ဆဲ့လေးယူဇနာ အတိုင်းအရှည်ရှိသော ပရိသတ်၏ အလယ်၌ ဘုရားရှင်သည် ရေ မီး အစုံဖြစ်သော တန်ခိုးပြာဋိဟာ ပြခြင်းကို ပြတော်မူလေ၏။

ရေမီးအစုံဖြစ်သော တန်ခိုးတော် ပြခြင်း

ဤအစုံဖြစ်သော တန်ခိုးပြာဋိဟာ ပြခြင်းကို ပါဠိတော်အားဖြင့် ရှေးဦးစွာ ဤသို့သိအပ်၏။ မြတ်စွာဘုရား၏ အစုံဖြစ်သော တန်ခိုးပြာဋိဟာ ပြခြင်း၌ ထိုဉာဏ်တော်ဟူသည် အဘယ်နည်း ဟူမူကား ဤလောက၌ မြတ်စွာဘုရားသည် တပည့်သားတို့နှင့် မဆက်ဆံသော အစုံဖြစ်သော တန်ခိုးပြာဋိဟာပြခြင်းကို ပြုတော်မူ၏။

အထက်အဖို့ဖြစ်သော ကိုယ်တော်မှ မီးလျှံအစုသည်ဖြစ်၏
အောက်အဖို့ဖြစ်သော ကိုယ်တော်မှ ရေအယဉ်ဖြစ်၏
အောက်အဖို့ဖြစ်သော ကိုယ်တော်မှ မီးလျှံအစုသည် ဖြစ်၏
အထက်အဖို့သော ကိုယ်တော်မှ ရေအယဉ်သည် ဖြစ်၏
ရှေ့အဖို့ဖြစ်သော ကိုယ်တော်မှ မီး။ နောက်အဖို့ဖြစ်သော ကိုယ်တော်မှ ရေ။
နောက်အဖို့ဖြစ်သော ကိုယ်တော် မီး။ ရှေ့အဖို့ဖြစ်သော ကိုယ်တော်မှ ရေ။
လက်ျာမျက်စိတော်မှ မီး။ လက်ဝဲမျက်စိတော်မှ ရေ။
လက်ဝဲမျက်စိတော်မှ မီး။ လက်ျာမျက်စိတော်မှ ရေ။
လက်ျာနားတွင်းတော်မှ မီး။ လက်ဝဲနားတွင်းတော်မှရေ။
လက်ဝဲနားတွင်းတော်မှ မီး။ လက်ျာနားတွင်းတော်မှ ရေ။
လက်ျာနှာခေါင်းတွင်းတော်မှ မီး။ လက်ဝဲနှာခေါင်းတွင်းတော်မှ ရေ။
လက်ဝဲနှာခေါင်းတွင်းတော်မှ မီး။ လက်ျာနှာခေါင်းတွင်းတော်မှ ရေ။
လက်ျာပခုံးစွန်းတော်မှ မီး။ လက်ဝဲပခုံးစွန်းတော်မှ ရေ။
လက်ဝဲပခုံးစွန်းတော်မှ မီး။ လက်ျာပခုံးစွန်းတော်မှ ရေ။
လက်ျာလက်မောင်းတော်မှ မီး။ လက်ဝဲလက်မောင်းတော်မှ ရေ။
လက်ဝဲလက်မောင်းတော်မှ မီး။ လက်ျာလက်မောင်းတော်မှ ရေ။
လက်ျာနံပါးတော်မှ မီး။ လက်ဝဲနံပါးတော်မှ ရေ။
လက်ဝဲနံပါးတော်မှ မီး။ လက်ျာနံပါးတော်မှ ရေ။
လက်ျာခြေတော် မှ မီး။ လက်ဝဲခြေတော်မှ ရေ။
လက်ဝဲခြေတော်မှ မီး။ လက်ျာခြေတော်မှ ရေ။
လက်ချောင်း ခြေချောင်းတော်တို့မှ မီး။ လက်ချောင်း ခြေချောင်း တော်တို့မှ ရေ။
လက်ချောင်းကြား ခြေချောင်းကြားတို့မှ မီး။လက်ချောင်းကြား ခြေချောင်းကြားတော်တို့မှ ရေ။
တခု တခုသော မွေးတွင်းတော် တို့မှ မီးလျှံအစုသည် ဖြစ်၏။
တခု တခုသော မွေးတွင်းတော်တို့မှ ရေအယဉ် သည် ဖြစ်၏။

အညို အရွှေ အနီ အဖြူ အမောင်း ပြိုးပြိုးပြက် တခဲနက်သော ရောင်ခြည်တော် ခြောက်သွယ် တို့ဖြင့် ပကတိ အစစ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် စင်္ကြံ ကြွတော်မူ၏။

နိမ္မိတဘုရား သည် ရပ်မူလည်း ရပ်တော်မူ၏။
ထိုင်မူလည်း ထိုင်တော်မူ၏။
အိပ်ခြင်းကိုမူလည်း ပြုတော်မူ၏။။လ။
နိမ္မိတဘုရားသည် အိပ်ခြင်းကို ပြုတော်မူ၏။

ပကတိအစစ် ဖြစ်သော မြတ်စွာဘုရားသည် စင်္ကြံမူလည်း ကြွတော်မူ၏။ ရပ်လည်း ရပ်တော်မူ၏။ ထိုင်မူလည်း ထိုင်တော်မူ၏။

ဤသည်လျှင် မြတ်စွာဘုရား၏ အစုံဖြစ်သော တန်ခိုးပြာဋိဟာပြခြင်း၌ ဉာဏ်တော်မည်၏။

ဤတန်ခိုးပြာဋိဟာပြခြင်းကို မြတ်စွာဘုရားသည် ထိုရတနာစင်္ကြံ၌ စင်္ကြံ ကြွတော်မူလျက် ပြုတော်မူလေ၏။

[ထိုမြတ်စွာဘုရားအား တေဇောကသိုဏ်းလျှင် အာရုံရှိသော သမာပတ်၏ အစွမ်းဖြင့် အထက်အဖို့ဖြစ်သော ကိုယ်တော်မှ မီးလျှံ အစုသည် ဖြစ်၏။ အာပေါကသိုဏ်းလျှင် အာရုံရှိသော သမာပတ်၏ အစွမ်းဖြင့် အောက်အဖို့ဖြစ်သော ကိုယ်တော်မှ ရေအယဉ်သည် ဖြစ်၏။ တဖန် ရေ အယဉ် ဖြစ်ရာအရပ်မှ မီးလျှံအစုသည် ဖြစ်၏။ မီးလျှံအစု ဖြစ်ရာ အရပ်မှ ရေအယဉ်သည် ဖြစ်၏။

ဤသို့ပြခြင်း အကျိုးငှါ အောက်အဖို့ ဖြစ်သော ကိုယ်တော်မှ အထက်အဖို့ဖြစ်သော ကိုယ်တော်မှ အစရှိသော စကားရပ်ကို ဆိုအပ်၏၊ နောက် အလုံးစုံသော ပုဒ်တို့၌ ဤနည်းအတိုင်းသာဖြစ်၏။

ဤရေ မီးအစုံဖြစ်သော တန်ခိုးပြာဋိဟာ ပြတော်မူရာ၌ မီးလျှံအစုသည် ရေအယဉ် နှင့် မရောမရှက် ဖြစ်လေ၏။ ရေအယဉ်သည် မီးလျှံအစုနှင့် ထို့အတူ မရောမရှက်ဖြစ်လေ၏။ ထိုနှစ်ပါး အစုံဖြစ်သော တန်ခိုးပြာဋိဟာသည်လည်း ဗြဟ္မာ့ပြည်သို့တိုင်အောင်တက်၍ စကြဝဠာအနားရေး၌ ကျသတတ်။ ရောင်ခြည်တော် ခြောက်သွယ်ဟု ဆိုအပ်ကုန်သော ထိုမြတ်စွာဘုရား၏ ခြောက် သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့သည် အိုးတို့ဖြင့် သွန်းလောင်းအပ်သော ဦးပြီးလှော်ပြီးသော ရွှေကဲ့သို့၎င်း စက်ယန္တရား ကျည်တောက်ပြွန်မှ ယိုစီးကျထွက်သော ရွှေရှည် အယဉ်ကဲ့သို့၎င်း တခုသော စကြဝဠာတိုက်မှ ပျံတက်၍ ဗြဟ္မာပြည်ကို ထိခိုက်ပြီးလျှင် ပြန်လည်၍ စကြဝဠာ နားခမ်းရေးကိုသာလျှင် ယူကြလေကုန်၏။ စကြဝဠာတိုက် တတိုက်လုံးသည် ကောက်သော အခြင်း ရှိဘိသကဲ့သို့၎င်း တခုတည်းသော အလင်းရောင်ရှိသော ဗောဓိအိမ် ကဲ့သို့၎င်း ဖြစ်လေ၏]။

တရားသိခြင်းနှင့် နိမ္မိတဘုရား

---

ထိုနေ့၌ မြတ်စွာဘုရားသည် စင်္ကြံကြွတော်မူ၍ တန်ခိုးပြာဋိဟာ ပြခြင်းကို ပြုတော်မူလျက် အကြား အကြား၌ လူများအပေါင်းအား တရားဟောကြား တော်မူလေ၏။ ထိုသို့ ဟောကြားတော်မူသော်လည်း အားထုတ်ခြင်း ကင်းသည်ကို ပြုတော်မမူဘဲ ထိုလူများအပေါင်းအား သက်သာရာ နေထိုင်ရခြင်းကိုပေးတော်မူ၏။ ထိုခဏ၌ လူများအပေါင်းသည် ကောင်းချီးနုမော် သာဓုခေါ်ခြင်းကို ဖြစ်စေလေ၏။ ထိုလူများအပေါင်း၏ ကောင်းချီးနုမော် သာဓုခေါ်ခြင်းကို ဖြစ်စေသော ကာလ၌ မြတ်စွာဘုရားသည် ထိုမျှလောက် ကြီးစွာသော ပရိသတ်၏စိတ်ကို ကြည့်တော်မူလတ်သော် တယောက် တယောက်သောသူ၏ တဆဲ့ခြောက်ပါးသော အခြင်းအရာအစွမ်းဖြင့် စိတ်ဖြစ်ပုံကို သိတော်မူလေ၏။

(ဤသို့လျှင် မြတ်စွာဘုရားတို့၏ စိတ်တော်သည် လျင်မြန်သော ဖြစ်ခြင်း ရှိတော်မူ၏။)

အကြင် အကြင် ပုဂ္ဂိုလ်သည် အကြင်တရားတော်၌၎င်း အကြင် တန်ခိုးပြာဋိဟာပြခြင်း၌၎င်း ကြည်ညိုခြင်းရှိ၏။ ထိုထိုပုဂ္ဂိုလ်၏ အလိုအစွမ်း အားဖြင့်သာလျှင် တရားကိုလည်း ဟောတော်မူ လေ၏။ တန်ခိုးပြာဋိဟာ ပြခြင်းကိုလည်း ပြုတော်မူလေ၏။ ဤသို့တရားဟောတော်မူအပ်သော်၎င်း တန်ခိုးပြာဋိဟာပြခြင်းကို ပြတော်မူအပ်သော်၎င်း များစွာသောလူအပေါင်းသည် သစ္စာလေးပါးကို ထိုးထွင်း၍ သိသည်ဖြစ်လေ၏။ မြတ်စွာဘုရားသည်ကား ထိုအစည်းအဝေး၌ ကိုယ်တော်မြတ်၏ စိတ်တော်ကို ယူလျက် ပြဿနာ မေးခြင်းငှါ စွမ်းနိုင်သော တပါးသောသူကို မမြင်ရသောကြောင့် နိမ္မိတဘုရားကို ဖန်ဆင်းတော်မူလေ၏။

ထိုနိမ္မိတဘုရား မေးတော်မူသော ပြဿနာကို မြတ်စွာဘုရားသည် ဖြေတော်မူလေ၏။ မြတ်စွာဘုရားမေးတော်မူသော ပြဿနာကို နိမ္မိတဘုရားသည် ဖြေတော်မူလေ၏။ မြတ်စွာဘုရား၏ စင်္ကြံကြွတော်မူသော ကာလ၌ နိမ္မိတဘုရားသည် ရပ်ခြင်းစသော ဣရိယာပုထ်တို့တွင် တပါး ပါးသော ဣရိယာပုထ်ကို ပြုတော်မူလေ၏။ နိမ္မိတဘုရား စင်္ကြံကြွသော ကာလ၌ မြတ်စွာဘုရား သည် ရပ်ခြင်းစသော ဣရိယာပုထ်တို့တွင် တပါးပါးသော ဣရိယာပုထ်ကို ပြုတော်မူ၏။

ထိုအနက်ကို ပြခြင်းအကျိုးငှါ နိမ္မိတဘုရားသည် စင်္ကြံမူလည်း ကြွတော်မူ၏ အစရှိသော စကားကို ဆိုအပ်၏။ ဤသို့ပြုတော်မူသော မြတ်စွာဘုရား၏ တန်ခိုးပြာဋိဟာ ပြခြင်းကို ဖူးမြင်ရသဖြင့်၎င်း တရားစကားကို နာကြားရသဖြင့်၎င်း ထိုအစည်းအဝေး၌ ကုဋေနှစ်ဆယ်ရှိသော သတ္တဝါတို့အား သစ္စာလေးပါးကို ထိုးထွင်း၍ သိသည်ဖြစ်လေ၏။

တာဝတိံသာ နတ်ပြည်သို့ကြွခြင်း

---

မြတ်စွာဘုရားသည် တန်ခိုးပြာဋိဟာ ပြခြင်းကို ပြုတော်မူလျက်သာလျှင် လွန်လေပြီးသော ဘုရားရှင်တို့ ဤတန်ခိုးပြာဋိဟာ ပြခြင်းကို ပြုတော်မူပြီးလျှင် အဘယ်အရပ်၌ ဝါကပ်တော်မူကြ ကုန်ဘိသနည်းဟု ဆင်ခြင်တော်မူသည်ရှိသော် တာဝတိံသာနတ်ပြည်၌ ဝါကပ်၍ မယ်တော်အား အဘိဓမ္မာပိဋကတ်ကို ဟောတော်မူကြကုန်၏ဟု မြင်တော်မူရလျှင် လက်ျာခြေတော်ကိုကြွချီ၍ ယုဂန္ဓိုရ် တောင်ထိပ်၌ထားလျက် လက်ဝဲခြေတော်ကို ကြွချီ၍ မြင်းမိုရ်တောင်ထိပ်၌ ထားတော်မူ လေ၏။ ဤသို့လျှင် ယူဇနာတသိန်း ခြောက်သောင်း ရှစ်ထောင် ရှိသော အရပ်၌ သုံးခုသော ဖဝါးအကြိမ် နှစ်ခုသော ခြေလှမ်းခြင်းတို့သည် ဖြစ်ကုန်၏။

[မြတ်စွာဘုရားသည် ခြေတော်ကို ဖြန့်ဆန့်၍ နင်းတော်မူ၏ဟု မမှတ်သားအပ်။ ထိုစကားမှန်၏။ မြတ်စွာဘုရား၏ ခြေတော်ကို ချသောကာလ၌သာလျှင် တောင်တို့သည် ခြေတော်ရင်းသို့ ကိုင်းညွှတ်ကာ လာတဲ့၍ ခံယူကြရလေကုန်၏။ မြတ်စွာဘုရားသည် ခြေတော်နင်းပြီးသော ကာလ၌ ထိုတောင်တို့သည် ထ၍ မိမိနေရာ၌သာ တည်ကြလေကုန်၏။]

သိကြားမင်းသည် မြတ်စွာဘုရားကိုမြင်လျှင် ပဏ္ဍုကမ္ဗလာ ကျောက်ဖျာ၌ မြတ်စွာဘုရားသည် ဤဝါတွင်း သုံးလပတ်လုံး နေထိုင်သီတင်းသုံးခြင်းသို့ ကပ်ရောက်တော်မူလိမ့်မည်တကား များစွာသော နတ်တို့အားလည်း ကျေးဇူးများခြင်းသည် ဖြစ်ပေလတ္တံ့။ မြတ်စွာဘုရားသည် ဤ ပဏ္ဍုကမ္ဗလာ ကျောက်နေရာ၌ ဝါတွင်းသုံးလပတ်လုံး နေခြင်းသို့ ကပ်ရောက်လတ်သည်ရှိသော် တပါးသော နတ်တို့သည် လက်ကိုမျှလည်း ထားခြင်းငှါ မတတ်နိုင်ကြကုန်လတ္တံ့။

ဤ ပဏ္ဍုကမ္ဗလာ ကျောက်နေရာသည်ကား အလျားအားဖြင့် ယူဇနာခြောက်ဆယ် ရှိ၏။ အနံ အားဖြင့် ယူဇနာ ငါးဆယ်ရှိ၏။ အထုအားဖြင့် တဆဲ့ငါးယူဇနာ ရှိ၏။ မြတ်စွာဘုရား နေထိုင်တော်မူသော်လည်း အချည်းနှီးကဲ့သို့ ဖြစ်လတ္တံ့ဟု ကြံစည်လေ၏။ မြတ်စွာဘုရားသည် ထိုသိကြားမင်း၏ အလိုကို သိတော်မူ၍ မိမိ၏ ဒုကုဋ်သင်္ကန်းတော်ကို ပဏ္ဍုကမ္ဗလာ ကျောက် နေရာကို ဖုံးလွှမ်းမိစေလျက် ပစ်၏။ (ခင်းတော်မူ၏)

သိကြားမင်းသည် သင်္ကန်းတော်ကို ရှေးဦးစွာ ဖုံးလွှမ်းစေလျက် ခင်းတော်မူဘိ၏။ ကိုယ်တော်သည်ကား အနည်းငယ်သော နေရာ၌ နေထိုင်တော်မူလတ္တံ့ဟု ကြံစည်ပြန်လေ၏။ မြတ်စွာဘုရားသည် ထိုသိကြားမင်း၏ အလိုကို သိတော်မူ၍ နိမ့်သော အင်းပျဉ်ငယ်ကို ပံသုကူဓုတင်ဆောင် မထေရ်ကြီးသည် အတွင်းသွင်း၍ ထိုင်ဘိသကဲ့သို့ ပဏ္ဍုကမ္ဗလာ ကျောက်နေရာကို သင်္ကန်းတော်၏ အဖို့အတွင်း၌သာ သွင်းထား၍ နေထိုင်တော်မူလေ၏။

လူအများ ငိုကြွေးကြခြင်း

---

များစွာသော လူအပေါင်းသည်လည်း ထိုခဏ၌ပင်လျှင် မြတ်စွာဘုရားကို ကြည့်ရှုလတ်သည်ရှိသော် မမြင်ရလေပြီ။ လမင်းဝင်သော အခါကဲ့သို့၎င်း နေမင်းဝင်သောအခါကဲ့သို့၎င်း ဖြစ်လေ၏။ များစွာသော လူအပေါင်းသည် ဤသို့ ငိုကြွေးမြည်တမ်းသံကို ငိုကြွေးမြည်တမ်းလျက် ဤဂါထာကို ဆိုလေ၏။

ဂတောနု စိတ္တကူဋံဝါ၊ ကေလာသံဝါ ယုဂန္ဓရံ။
န နော ဒက္ခေမု သမ္ဗုဒ္ဓံ၊ လောကဇေဋ္ဌံ နရာသဘံ။

ဘော၊ အိုအချင်းတို့။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
စိတ္တကူဋံဝါ၊ စိတ္တကုဋ တောင်သို့မူလည်း။
ဂတောနု၊ ကြွသွားတော်မူလေသလော။
ကေလာသံဝါ၊ ကေလာသတောင်သို့မူလည်း။
ဂတောနု၊ ကြွသွားတော်မူလေသလော။
ယုဂန္ဓရံဝါ၊ ယုဂန္ဓရ တောင်သို့မူလည်း။
ဂတောနု၊ ကြွသွားတော်မူလေသလော။
နရာသဘံ၊ နတ်လူတို့ထက် မြတ်ခြင်းကြီးမြတ်တော်မူထသော။
လောကဇေဋ္ဌံ၊ လောကသုံးပါး၏ အကြီးအမှူး ဖြစ်တော်မူတတ်ထသော။
တံဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို။
နော၊ ငါတို့သည်။
နဒက္ခေမု၊ မမြင်ကြရပါကုန်တကား။

ဤဂါထာကို ရွတ်ဆိုလျက် ငိုကြွေး မြည်တမ်းလေ၏။ တပါးသော လူအပေါင်းသည် မြတ်စွာဘုရား တို့မည်သည်ကား ဆိတ်ငြိမ်ရာ၌မွေ့လျော်၏။ ထိုငါတို့မြတ်စွာဘုရားသည် ဤသို့သဘောရှိသော ပရိသတ်၌ ဤသို့သဘောရှိသော တန်ခိုး ပြာဋိဟာပြခြင်းကို ပြုမိ၏ဟု ရှက်စနိုးတော်မူသည်ဖြစ်၍ တပါးသော တိုင်းသို့၎င်း ဇနပုဒ်သို့၎င်း ကြွသွားတော်မူသည်ဖြစ်လတ္တံ့ ယခုအခါ မြတ်စွာဘုရားကို ငါတို့သည် ဖူးမြင်ကြရတော့မည် မဟုတ်ဟု ဆို၍ ငိုကြွေးမြည်တမ်းလိုရကား ဤဂါထာကို မိန့်ဆိုလေ၏။

ပဝိဝေကရတော ဓီရော၊ နိမံလောကံ ပုနေဟိတိ။
န နော ဒက္ခေမု သမ္ဗုဒ္ဓံ၊ လောကဇေဋ္ဌံ နရာသဘံ။

ဓီရော၊ မြဲမြံသော သမာဓိ ရှိတော်မူသော မြတ်စွာဘုရားသည်။
ပဝိဝေက ရတော၊ ဆိတ်ငြိမ်ရာ အရပ်၌ မွေ့လျော်တော် မူလေ့ရှိ၏။
ဣမံလောကံ၊ ဤလောကကို။
ပုန၊ တဖန်။
နဧဟိတိ၊ မကြွလာတော့လတ္တံ့။
နရာသဘံ၊ နတ်လူတို့ထက် မြတ်ခြင်းကြီး မြတ်တော်မူထသော။
လောကဇေဋ္ဌံ၊ လောက၏ အကြီးအမှူး ဖြစ်တော်မူထသော။
သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။
နော၊ ငါတို့သည်။
နဒက္ခေမု၊ မမြင်ကြရပါကုန်တကား။

ဘုရားကို ဖူးတွေ့လိုကြောင်းနှင့် ဇွဲကောင်းကြသော လူအပေါင်း

---

ထိုလူတို့သည် ရှင်မောဂ္ဂလာန်ကို အရှင်ဘုရား မြတ်စွာဘုရားသည် အဘယ်အရပ်၌ ရှိပါသနည်း ဘုရားဟု မေးကြလေကုန်၏။ ရှင်မောဂ္ဂလာန်သည် ကိုယ်တိုင် သိသော်လည်း ဤသို့ပြုလတ်သော် တပါးသော ရဟန်းတို့၏လည်း ဂုဏ်ကျေးဇူးတို့သည် ထင်ရှားစွာ ဖြစ်ကြကုန်၏ ဟု မြတ်သော အလိုတော်အားဖြင့် ရှင်အနုရုဒ္ဓါကို မေးမြန်းကြကုန်လော့ဟု မိန့်တော်မူလေ၏။

လူတို့သည် အနုရုဒ္ဓါမထေရ်ကို ရှင်မောဂ္ဂလာန်ဆိုတိုင်း အရှင်ဘုရား မြတ်စွာဘုရားသည် အဘယ် အရပ်မှာပါနည်း ဘုရားဟု မေးလျှောက်ကြလေကုန်၏။ တာဝတိံသာနတ်ပြည်ဝယ် ပဏ္ဍုကမ္ဗလာ ကျောက်နေရာ၌ ဝါကပ်တော်မူလျက် မယ်တော်အား အဘိဓမ္မာ ပိဋကတ်ကို ဟောကြားတော် မူခြင်းငှါ ကြွသွားတော်မူ၏ဟု မိန့်ဆိုတော်မူလျှင် အရှင်ဘုရား အဘယ်ကာလ၌ ပြန်ကြွလာပါ အံ့နည်း ဘုရားဟု မေးကြပြန်ကုန်၏။

သုံးလတို့ပတ်လုံး အဘိဓမ္မာပိဋကတ်ကို ဟောကြားတော်မူပြီးလျှင် မဟာပဝါရဏာနေ့၌ ပြန်ကြွလာတော်မူလတ္တံ့ ဟု မိန့်ဆိုလတ်သည်ရှိသော် လူတို့သည် မြတ်စွာဘုရားကို မဖူးမြင်ရသော် မသွားကြကုန်အံ့ဟု နှလုံးပြုလျက် ထိုသာဝတ္ထိပြည် တန်ခိုးပြရာ အရပ်၌သာလျှင် သစ်ခက်တပ်ကို ဖွဲ့ကြရကုန်၏။ ကောင်းကင်သည်သာလျှင် ထိုသူတို့အား အမိုးဖြစ်သတတ်။ များစွာသော ထိုပရိသတ်၏ကိုယ် အညစ်အကြေး မသန့်စင်သော အရာမည်သည် ထင်ရှားလာသည် ဖြစ်အံ့ မဟာပထဝီ မြေကြီးသည် ဟင်းလင်း အကြားအပေါက်ကို ပေးလေ၏။ အလုံးစုံသော အရပ်၌ မြေ အပြင်သည် ထက်ဝန်းကျင် စင်ကြယ်သည်သာ ဖြစ်လေ၏။

မြတ်စွာဘုရားသည် ရှေးဦးစွာကပင်လျှင် ရှင်မောဂ္ဂလာန်မထေရ်ကို ချစ်သား မောဂ္ဂလာန် သင်သည် ဤပရိသတ်အား တရားဟောရစ်လော့။ စူဠအနာထပိဏ် သူဌေးသည် အစာအာဟာရ ကျွေးမွေးလှူဒါန်းလတ္တံ့ဟု မိန့်တော်မူ၏။ ထို့ကြောင့် ထိုဝါတွင်းသုံးလ ပတ်လုံး စူဠအနာထပိဏ် သူဌေးသည်သာလျှင် ထိုပရိသတ်အား နံနက်စာ စားအံ့သောအခါ ယာဂုထမင်းကို၎င်း ခဲဖွယ်, ကွမ်း ဆီ, နံ့သာ, ပန်း, ဆင်ယင်စရာ တန်ဆာတို့ကို၎င်း ပေးလေ၏။ ရှင်မဟာမောဂ္ဂလာန်သည် တရားတော်ကို ဟောတော်မူလေ၏ တန်ခိုးပြာဋိဟာကို ဖူးမြင်ခြင်းငှါ ရောက်လာတိုင်း ရောက်လာ တိုင်း ဖြစ်သောသူတို့သည် မေးအပ်သော ပြဿနာတို့ကိုလည်း ဖြေဆိုတော်မူလေ၏။

ဘုရားအနီး နတ်တို့ စည်းဝေးလာပုံ

---

မြတ်စွာဘုရားကိုလည်း မယ်တော်အား အဘိဓမ္မာတရား ဟောကြားတော်မူခြင်းငှါ ပဏ္ဍုကမ္ဗလာ ကျောက်နေရာ၌ ဝါကပ်တော်မူလတ်သည်ရှိသော် တသောင်းသော စကြဝဠာ၌ နေကုန်သော နတ်ဗြဟ္မာတို့သည် ခြံရံကြလေကုန်၏။ ထို့ကြောင့် ဤဂါထာအပေါင်း ကို မိန့်ဆိုအပ်၏။

တာဝတိံသေ ယဒါ ဗုဒ္ဓေါ၊ သိလာယံ ပဏ္ဍုကမ္ဗလေ။
ပါရိဆတ္တကမူလမှိ၊ ဝိဟာသိ ပုရိသုတ္တမော။
ဒသသု လောကဓာတူသု၊ သန္နိပတိတွာန ဒေဝတာ။
ပယိရူပါသန္တိ သမ္ဗုဒ္ဓံ၊ ဝသန္တံ နဂမုဒ္ဓနိ။
နကောစိ ဒေဝေါ ဝဏ္ဏေန၊ သမ္ဗုဒ္ဓဿ ဝိရောစတိ။
သဗ္ဗေဒေဝေ အတိက္ကမ္မ၊ သမ္ဗုဒ္ဓေါဝ ဝိရောစတိ။

ယဒါ၊ အကြင်အခါ၌။
ပုရိသုတ္တမော၊ ယောက်ျား တကာတို့ထက် မြတ်တော်မူသော။
ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။
တာဝတိံသေ၊ တာဝတိံသာနတ်ပြည်၌။
ပါရိဆတ္တက မူလမှိ၊ ပင်လယ်ကသစ်ပင်ရင်း၌။
ပဏ္ဍုကမ္ဗလေ၊ ပဏ္ဍုကမ္ဗလာ အမည်ရှိသော။
သိလာယံ၊ ကျောက်ဖျာ၌။
ဝိဟာသိ၊ နေတော်မူ၏။

တဒါ၊ ထိုအခါ၌။
ဒသသုလောကဓာတူသု၊ တသောင်းသော လောကဓာတ်တို့၌။
ဒေဝတာ၊ နေကြကုန်သော နတ်တို့သည်။
သန္နိပတိတွာန၊ စည်းဝေးကြ၍။
နဂမုဒ္ဓနိ၊ မြင်းမိုရ်တောင်ထိပ်၌။
ဝသန္တံ၊ သီတင်းသုံး နေတော်မူသော။
သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။
ပယိရူပါသန္တိ၊ ဆည်းကပ်ကြလေကုန်၏။

ကောစိ၊ တစုံတယောက်သော။
ဒေဝေါ၊ နတ်ဗြဟ္မာသည်။
သမ္ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
သန္တိကေ၊ ထံတော်ပါးနီး၌။
ဝဏ္ဏေန၊ အရောင်အဆင်းအားဖြင့်။
နဝိရောစတိ၊ မတင့်တယ် မထွန်းပနိုင်။
တနည်းကား။
သမ္ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
ဝဏ္ဏေန၊ အဆင်းအရောင်တော်ကြောင့်။
နဝိရောစတိ၊ မတောက်ပနိုင်။
သမ္ဗုဒ္ဓေါဝ၊ မြတ်စွာဘုရားသည်သာလျှင်။
သဗ္ဗေဒေဝေ၊ အလုံးစုံသော နတ် ဗြဟ္မာတို့ကို။
အတိက္ကမ္မ၊ လွန်၍။
ဝိရောစတိ၊ တင့်တယ်တော်မူပေ၏။

ဤသို့လျှင် အလုံးစုံသော နတ်ဗြဟ္မာတို့ကို ကိုယ်တော်မြတ်၏ ကိုယ်တော်ရောင်ဖြင့် နှိပ်နင်း လွှမ်းမိုး၍နေတော်မူသော မြတ်စွာဘုရား၏ အထံတော်သို့ မယ်တော်သည် တုသိတာနတ်ပြည်မှ လာ၍ လက်ျာနံပါး၌ နေထိုင်လေ၏။ ဣန္ဒက နတ်သားသည်လည်း လာ၍ လက်ျာနံပါး၌သာလျှင် နေလေ၏။ အင်္ကုရနတ်သားသည် လက်ဝဲနံပါး၌ နေလေ၏။ ထိုအင်္ကုရနတ်သားသည် တန်ခိုးကြီးသော နတ်တို့ စည်းဝေး ရောက်လာကြကုန်သည်ရှိသော် ဖဲသွားရ၍ တဆဲ့နှစ်ယူဇနာ ကွာလှမ်းသောအရပ်၌ နေရာကိုရလေ၏ ဣန္ဒကနတ်သားသည်ကား ထိုလက်ျာနံပါး၌သာ နေလေ၏။

အင်္ကုရနတ်သား အကြောင်း

---

မြတ်စွာဘုရားသည် ထိုနတ်သား နှစ်ယောက်စလုံးတို့ကိုလည်း ကြည့်ရှုတော်မူ၍ ကိုယ်တော်မြတ် ၏ သာသနာတော်၌ မြတ်သော အလှူကို ခံထိုက်သော ပုဂ္ဂိုလ်တို့အား ပေးလှူအပ်သော အလှူ၏ အကျိုးကြီးမြတ်သည်အဖြစ်ကို အပြားအားဖြင့် သိစေတော်မူလိုသည်ဖြစ်၍ အင်္ကုရနတ်သား သင်သည် ရှည်ကြာသော အသက် အပိုင်းအခြားရှိသော အနှစ်တသောင်း အတိုင်းအရှည်ရှိသော ကာလတို့ပတ်လုံး တဆဲ့နှစ်ယူဇနာရှိသော ခုံလောက် အစဉ်ကိုပြု၍ ကြီးစွာသောအလှူကို ပေးလှူဘိ၏။

ယခုအခါ ငါဘုရား၏ အစည်းအဝေးသို့ ရောက်လာသည်ရှိသော် တဆဲ့နှစ်ယူဇနာ အတိုင်းအရှည်ရှိသော အရပ်၌ နေရာကို ရဘိ၏။ ဤအရာ၌ အကြောင်းကား အဘယ်နည်းဟု မိန့်တော်မူလေ၏။ ထိုစကားမှန်၏။ ဤဂါထာ အပေါင်းကိုလည်း ဆိုအပ်သည်သာတည်း။

ဩလောကေတွာန သမ္ဗုဒ္ဓေါ၊ အင်္ကုရဉ္စာပိ ဣန္ဒကံ။
ဒက္ခိဏေယျံ ဝိဘာဝေန္တော၊ ဣဒံ ဝစနမဗြဝိ။
မဟာဒါနံ တယာဒိန္နံ၊ အင်္ကုရ ဒီဃမန္တရေ။
အတိဒူရေ နိသိန္နောသိ၊ အာဂန္တွာ မမ သန္တိကေ။

သမ္မာသမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။
အင်္ကုရဉ္စာပိ၊ အင်္ကုရ နတ်သားကို၎င်း။
ဣန္ဒကဉ္စ၊ ဣန္ဒက နတ်သားကို၎င်း။
ဩလောကေတွာန၊ ကြည့်ရှုတော်မူလတ်၍။
ဒက္ခိဏေယျံ၊ မြတ်သော အလှူခံအား လှူရခြင်း၏အကျိုးကြီးသည် အဖြစ်ကို။
ဝိဘာဝေန္တော၊ ထင်ရှား ပြတော် မူလိုသည်ဖြစ်၍။
ဣဒံဝစနံ၊ ဤစကားကို။
အဗြဝိ၊ မိန့်ဆိုတော်မူလေ၏။

အင်္ကုရ၊ အင်္ကုရနတ်သား။
တယာ၊ သင်သည်။
ဒီဃမန္တရေ၊ ရှည်စွာသော အနှစ်တသောင်းတို့ပတ်လုံး။
မဟာဒါနံ၊ ကြီးစွာသော အလှူကို။
ဒိန္နံ၊ ပေးလှူအပ်ပြီ။
မမသန္တိကေ၊ ငါ၏ ထံပါးအနီးသို့။
အာဂန္တွာ၊ ရောက်လာသည် ရှိသော်။
အတိဒူရေ၊ အလွန်ဝေးသောအရပ်၌။
နိသိန္နော၊ နေရသည်။
အသိ၊ ဖြစ်လေဘိသလော။

ထိုမေးသော အသံတော်သည် မြေအပြင်သို့ ရောက်လေ၏။ ထိုအသံတော်ကို အလုံးစုံသော ပရိသတ်တို့သည်လည်း ကြားသိကြရလေကုန်၏။ ဤသို့ မိန့်တော်မူသည်ရှိသော်—

စောဒိတော ဘာဝိတတ္ထေန၊ အင်္ကုရော ဧတမဗြဝိ။
ကိံ မယှံ တေန ဒါနေန၊ ဒက္ခိဏေယျေန သုညတံ။
အယံ သော ဣန္ဒကော ယက္ခော၊ ဒဇ္ဇာ ဒါနံ ပရိတ္တကံ။
အတိရောစတိ အမှေဟိ၊ စန္ဒော တာရဂဏေ ယထာ။

ဘာဝိတတ္ထေန၊ ထင်ရှားပြခြင်းငှါ အလိုရှိတော်မူသော မြတ်စွာဘုရားသည်။
စောဒိတော၊ တိုက်တွန်းအပ်သည်ရှိသော်။
အင်္ကုရော၊ အင်္ကုရနတ်သားသည်။
ဧတံ၊ ဤစကားကို။
အဗြဝိ၊ လျှောက်ဆိုလေ၏။
ဘန္တေ၊ ရွှေဘုန်းတော်သခင် ရှင်ပင်ဘုရား။
မယှံ၊ တပည့်တော်အား။
ဒက္ခိဏေယျေန၊ မြတ်သောအလှူခံ ပုဂ္ဂိုလ်မှ။
သုညတံ-သုညတေန၊ ကင်းဆိတ်သော။
တေနဒါနေန၊ ထိုအလှူကြီးဖြင့်။
ကိံ၊ အဘယ်အကျိုး ရှိပါအံ့နည်းဘုရား။

အယံသောဣန္ဒကောယက္ခော၊ ဤဣန္ဒကနတ်သားသည်။
ပရိတ္တကံ၊ အနည်းငယ်သော။
ဒါနံ၊ အလှူကို။
ဒဇ္ဇာဒတွာ၊ ပေးလှူပြီး၍။
တာရဂဏေ-တာရာဏေဟိ၊ ကြယ်အပေါင်းတို့ထက်။
စန္ဒော၊ လသည်။
အတိရောစတိယထာ၊ အလွန်တင့်တယ်သကဲ့သို့။
အမှေဟိ၊ တပည့်တော်တို့ထက်။
အတိရောစတိ၊ အလွန်တင့်တယ်ပါသည်ဘုရား။

ဣန္ဒကနတ်သား အကြောင်း

---

ဤသို့ အင်္ကုရနတ်သား လျှောက်ဆိုလတ်သည်ရှိသော် မြတ်စွာဘုရားသည် ဣန္ဒကနတ်သားကို ဣန္ဒကနတ်သား သင်သည်ငါဘုရား၏ လက်ျာနံပါး၌ နေထိုင်၏။ အဘယ့်ကြောင့် မဖဲသွားမူ၍ သာလျှင် နေထိုင်ရဘိသနည်းဟု မိန့်တော်မူလေ၏။ မြတ်စွာဘုရားကို တပည့်တော်သည် ကောင်းသော လယ်တာမြေရာ၌ အနည်းငယ်သော မျိုးစေ့ကို စိုက်ပျိုးသော လယ်ထွန်သမားကဲ့သို့ မြတ်သော အလှူခံပုဂ္ဂိုလ်၏ ပြည့်စုံခြင်းကို ရပါသည်ဘုရားဟု မြတ်သောအလှူခံအား လှူရခြင်း၏ အကျိုးကြီးသည်အဖြစ်ကို ထင်ရှားပြလိုရကား ဤဂါထာအပေါင်းကို ဆိုလေ၏။

ဥဇ္ဇင်္ဂလေ ယထာ ခေတ္တေ၊ ဗီဇံ ဗဟုကံ ရောပိတံ။
န ဝိပုလံ ဖလံ ဟောတိ၊ နာပိ တောသေတိ ကဿကံ။
တထေဝ ဒါနံ ဗဟုကံ၊ ဒုဿီလေသု ပတိဋ္ဌိတံ။
န ဝိပုလံ ဖလံ ဟောတိ၊ နာပိ တောသေတိ ဒါယကံ။
ယထာပိ ဘဒ္ဒကေ ခေတ္တ၊ ဗီဇံ အပ္ပမ္ပိ ရောပိတံ။
သမ္မာဓာရေ ပဝတ္တန္တေ၊ ဖလံ တောသေတိ ကဿကံ။
တထေဝ သီလဝန္တေသု၊ ဂုဏဝန္တေသု တာဒိသု။
အပ္ပကမ္ပိ ကတံ ကာရံ၊ ပုညံ ဟောတိ မဟပ္ဖလံ။

ဥဇ္ဇင်္ဂလေ၊ ကြပ်တည်းမြေပြင်ဖြစ်သော။
ခေတ္တေ၊ လယ်၌။
ရောပိတံ၊ စိုက်ပျိုးအပ်သော။
ဗဟုကံ၊ များစွာသော။
ဗီဇံ၊ မျိုးစေ့သည်။
ဝိပုလံ၊ များစွာ ပြန့်ပြောသော။
ဖလံ၊ အသီးသည်။
နဟောတိယထာ၊ မဖြစ်သကဲ့သို့။
ကဿကံ၊ လယ်လုပ်သမားကို။
နာပိတောသေတိယထာ၊ မနှစ်သက်စေသကဲ့သို့၎င်း။

တထေဝ၊ ထို့အတူသာလျှင်။
ဒုဿီလေသု၊ သီလမရှိသောပုဂ္ဂိုလ်တို့၌။
ဗဟုကံ၊ များစွာ။
ပတိဋ္ဌိတံ၊ တည်သော။
ဝါ၊ ပေးလှူအပ်သော။
ဒါနံ၊ အလှူသည်။
ဝိပုလံ၊ များစွာပြန့်ပြောသော။
ဖလံ၊အကျိုးသည်။
နဟောတိ၊ မဖြစ်။
ဒါယကံ၊ အလှူရှင်ကို။
နာပိတောသေတိ၊ နှစ်သက်လည်း မနှစ်သက်စေတတ်။

ဘဒ္ဒကေ၊ ကောင်းသော။
ခေတ္တ၊ လယ်၌။
ရောပိတံ၊ စိုက်ပျိုးအပ်သော။
အပ္ပံ၊ အနည်းငယ်မျှသော။
ဗီဇံ၊ မျိုးစေ့သည်။
သမ္မာဓာရေ၊ မစဲမပြတ်ကောင်းသော ရေအယဉ်ရှိသော မိုဃ်းသည်။
ပဝတ္တန္တေ၊ ရွာလတ်သည်ရှိသော်။
ဖလံ၊ အသီးသည်။
ကဿကံ၊ လယ်ထွန်သမားကို။
တောသေတိယထာပိ၊ နှစ်သက်စေသကဲ့သို့၎င်း။

တထေဝ၊ ထို့အတူသာလျှင်။
သီလဝန္တေသု၊ သီလဝန် ဖြစ်ကုန်သော။
ဂုဏဝန္တေသု၊ ဂုဏဝန်ဖြစ်ကုန်သော။
တာဒိသု၊ သည်းခံခြင်း ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသောပုဂ္ဂိုလ်တို့၌။
ကတံ၊ ပြုအပ်သော။
အပ္ပကံပိ၊ အနည်းငယ်မျှလည်း ဖြစ်သော။
ကာရံ၊ ကုသိုလ်ဟု ဆိုအပ်သော။
ပုညံ၊ ကောင်းမှုသည်။
မဟပ္ဖလံ၊ များသောအကျိုးရှိသည်။
ဟောတိ၊ ဖြစ်ပါသည်ဘုရား။

ထို ဣန္ဒကနတ်သား ရှေး၌ပြုအပ်သော ကောင်းမှုကံသည် အဘယ်နည်း ဟူမူကား ထိုဣန္ဒက နတ်သား အလောင်းသည် အနုရုဒ္ဓါမထေရ် ရွာတွင်းသို့ ဆွမ်းအလို့ငှါ ကြွဝင်လတ်သည်ရှိသော် မိမိ အလို့ငှါ ဆောင်ယူလာခဲ့သော တယောက်မျှသော ဆွမ်းကို ပေးလှူစေဖူးသတတ်။

ထိုအခါ၌ ပြုအပ်သော ထိုဣန္ဒက နတ်သား၏ ကောင်းမှုသည် အင်္ကုရနတ်သားသည် အနှစ် တသောင်းတို့ပတ်လုံး တဆဲ့နှစ်ယူဇနာ တိုင်တိုင် ခုံလောက် အစဉ်ကိုပြု၍ ပေးလှူအပ်သော အလှူထက် သာလွန်၍ အကျိုးကြီးမြတ်သည်ဖြစ်လေ၏။ ထို့ကြောင့်ဤသို့ လျှောက်ဆိုလေ၏။

ရွေးချယ်၍ လှူသင့်ကြောင်း တရားတော်

---

ဤသို့ လျှောက်ဆိုလတ်သည်ရှိသော် မြတ်စွာဘုရားသည် အင်္ကုရနတ်သား အလှူမည်သည်ကား ရွေးချယ်စိစစ်၍ လှူခြင်းငှါသင့်၏။ ဤသို့ ရွေးချယ် စိစစ်၍ ပေးလှူသည်ရှိသော် ကောင်းသော လယ်မြေတို့၌ စိုက်ပျိုးအပ်သော မျိုးစေ့ကဲ့သို့ များသော အကျိုးရှိသည်ဖြစ်၏။ သင်သည်ကား ထိုသို့သော အခြင်းဖြင့် မပြုဘိ။ ထို့ကြောင့် သင်၏ အလှူသည် များသော အကျိုးရှိသည်မဖြစ်ဟု မိန့်တော်မူ၍ ဤအနက်ကို ထင်စွာပြလိုရကား။

ဝိစေယျ ဒါနံ ဒါတဗ္ဗံ၊ ယတ္ထ ဒိန္နံ မဟပ္ဖလံ။
ဝိစေယျ ဒါနံ သုဂတပ္ပသတ္ထံ၊
ယေ ဒက္ခိဏေယျာ ဣဓ ဇီဝလောကေ။
ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ။
ဗီဇာနိ ဝုတ္တာနိ ယထာ သုခေတ္တေ။

ယတ္ထ၊ အကြင်ပုဂ္ဂိုလ်၌။
ဝါ အကြင်ပုဂ္ဂိုလ်အား။
ဒိန္နံ၊ ပေးလှူအပ်သော အလှူသည်။
ယသ္မာ၊ အကြင်ကြောင့်။
မဟပ္ဖလံ၊ များသောအကျိုးရှိ၏။
တသ္မာ၊ ထို့ကြောင့်။
ဝိစေယျ၊ ရွေးချယ်စိစစ်၍။
တတ္ထ၊ ထိုပုဂ္ဂိုလ်၌။
ဝါ၊ ထိုပုဂ္ဂိုလ်အား။
ဒါနံ၊ အလှူကို။
ဒါတဗ္ဗံ၊ ပေးလှူအပ်၏။
ဝိစေယျ၊ ရွေးချယ်စိစစ်၍။
ဒါနံ၊ လှူခြင်းကို။
သုဂတပ္ပသတ္ထံ၊ မြတ်စွာဘုရားတို့သည် ချီးမွမ်းအပ်၏။
ဣဓ ဇီဝလောကေ၊ ဤသတ္တလောက၌။
ယေဒက္ခိဏေယျာ၊ အကြင် မြတ်သော အလှူခံပုဂ္ဂိုလ်တို့သည်။
သန္တိ၊ ရှိကုန်၏။
ဧတေသု၊ ထိုမြတ်သော အလှူခံပုဂ္ဂိုလ်တို့၌။
ဝါ၊ တို့အား။
ဒိန္နာနိ၊ ပေးလှူအပ်သော အလှူတို့သည်။
သုခေတ္တေ၊ လယ်တာမြေကောင်း၌။
ဝုတ္တာနိ၊ စိုက်ပျိုးအပ်ကုန်သော။
ဗီဇာနိယတာ၊ မျိုးစေ့တို့ကဲ့သို့။
မဟပ္ဖလာနိ၊ များသော အကျိုးရှိကုန်၏။

ဤသို့ မိန့်တော်မူပြီးလျှင် ထိုထက် အလွန်လည်း တရားစကား ဟောကြားတော်မူလိုသော သုံးလူ့ထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသည် ဤဂါထာတို့ကို မိန့်ကြားတော်မူလေ၏။

တိဏဒေါသာနိ ခေတ္တာနိ၊ ရာဂဒေါသာ အယံ ပဇာ။
တသ္မာဟိ ဝီတရာဂေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။
တိဏဒေါသာနိ ခေတ္တာနိ၊ ဒေါသဒေါသာ အယံ ပဇာ။
တသ္မာဟိ ဝီတဒေါသေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။
တိဏဒေါသာနိ ခေတ္တာနိ မောဟဒေါသာ အယံ ပဇာ။
တသ္မာဟိ ဝီတမောဟေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။
တိဏဒေါသာနိ ခေတ္တာနိ၊ ဣစ္ဆာဒေါသာ အယံ ပဇာ။
တသ္မာဟိ ဝိဂတိစ္ဆေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။

ခေတ္တာနိ၊ လယ်တို့သည်။
တိဏဒေါသာနိ၊ မြက်ပင် ပေါက်ရောက်ခြင်းကြောင့် အပြစ်ရှိကုန်၏။
အယံပဇာ၊ ဤသတ္တဝါအပေါင်းသည်။
ရာဂဒေါသ၊ ရာဂကြောင့် အပြစ်ရှိကုန်၏။
တသ္မာဟိ၊ ထို့ကြောင့်သာလျှင်။
ဂီတရာဂေသု၊ ရာဂကင်းကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၌။
ဒိန္နံ၊ ပေးလှူအပ်သော အလှူသည်။
မဟပ္ဖလံ၊ များမြတ်သော အကျိုးရှိသည်။
ဟောတိ၊ ဖြစ်၏။

ခေတ္တာနိ၊ လယ်တို့သည်။
တိဏဒေါသာနိ၊ မြက်ပင် ပေါက်ရောက်ခြင်းကြောင့် အပြစ်ရှိကုန်၏။
အယံပဇာ၊ ဤသတ္တဝါအပေါင်းသည်။
ဒေါသဒေါသာ၊ ဒေါသကြောင့် အပြစ်ရှိကုန်၏။
တသ္မာဟိ၊ ထို့ကြောင့်သာလျှင်။
ဝီတဒေါသေသု၊ ဒေါသကင်းသော ရဟန္တာ ပုဂ္ဂိုလ်တို့၌။
ဒိန္နံ၊ ပေးလှူအပ်သော အလှူသည်။
မဟပ္ဖလံ၊ များမြတ်သော အကျိုးရှိသည်။
ဟောတိ၊ ဖြစ်၏။

ခေတ္တာနိ၊ လယ်တို့သည်။
တိဏဒေါသာနိ၊ မြက်ပင် ပေါက်ရောက်ခြင်းကြောင့် အပြစ်ရှိကုန်၏။
အယံပဇာ၊ ဤသတ္တဝါအပေါင်းသည်။
မောဟဒေါသာ၊ မောဟကြောင့် အပြစ်ရှိ၏။
တသ္မာဟိ၊ ထို့ကြောင့်သာလျှင်။
ဝီတမောဟေသု၊ မောဟကင်းသော ရဟန္တာပုဂ္ဂိုလ်တို့၌။
ဒိန္နံ၊ ပေးလှူအပ်သော အလှူသည်။
မဟပ္ဖလံ၊ များမြတ်သော အကျိုးရှိသည်။
ဟောတိ၊ဖြစ်၏။

ခေတ္တာနိ၊ လယ်တို့သည်။
တိဏဒေါသာနိ၊ မြက်ပင်ပေါက် ရောက်ခြင်းကြောင့် အပြစ်ရှိကုန်၏။
အယံပဇာ၊ ဤသတ္တဝါ အပေါင်းသည်။
ဣစ္ဆာဒေါသာ၊ မကောင်းသော အလိုရမ္မက်ကြောင့် အပြစ်ရှိ၏။
တသ္မာဟိ၊ ထိုကြောင့် သာလျှင်။
ဝိဂတိစ္ဆေသု၊ ကင်းသော အလိုရမ္မက်ရှိကုန်သော ရဟန္တာ ပုဂ္ဂိုလ်တို့၌။
ဒိန္နံ၊ ပေးလှူအပ်သော အလှူသည်။
မဟပ္ဖလံ၊ များမြတ်သော အကျိုးရှိသည်။
ဟောတိ၊ ဖြစ်၏။

ဒေသနာတော်၏ အဆုံး၌ အင်္ကုရနတ်သားသည်၎င်း ဣန္ဒကနတ်သားသည်၎င်း သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။ တာဝတိံသာနတ်ပြည်၌ ကြားတော်မူအပ်သော ဒေသနာတော်သည် များစွာသော လူအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

လင်းနို့သား ရဟန်းငါးရာအကြောင်း

---

ထို့နောင်မှ မြတ်စွာဘုရားသည် နတ်ပရိသတ်၏ အလယ်၌ နေတော်မူလျက်ပင် မယ်တော်ကို အကြောင်းပြု၍ ကုသလာဓမ္မာ အကုသလာဓမ္မာ အဗျာကတာဓမ္မာ အစရှိသော အဘိဓမ္မာ ပိဋကတ်ကို ဖြစ်စေတော်မူ၏။ (ဟောကြားတော်မူလေ၏) ဤသို့လျှင် သုံးလတို့ပတ်လုံး မပြတ် အဘိဓမ္မာပိဋကတ်ကို ဟောကြားတော်မူလေ၏။

ထိုသို့ပင် ဟောတော်မူသော်လည်း ဆွမ်းခံလှည့်လည်သင့်သော အခါ၌ ငါဘုရားပြန်ကြွလာသည် တိုင်အောင် ဤမျှလောက်သော တရားဒေသနာတော်ကို ဟောရစ်စေသတည်းဟု နိမ္မိတ ဘုရားကို ဖန်ဆင်းတော်မူပြီးလျှင် ဟိမဝန္တာသို့ ကြွသွားတော်မူ၍ နဂါးပြည်၌ဖြစ်သော နာဂလတာမည်သော နွယ်ချိုတန်ပူကို ခဲတော်မူသဖြင့် အနဝတတ်အိုင်၌ မျက်နှာသစ်တော်မူပြီးလျှင် မြောက်ကျွန်းမှ ဆွမ်းကို ဆောင်ယူတော်မူ၍ အင်ကြင်းပင်ကြီး တည်းဟူသော တန်ဆောင်း၌ နေထိုင်တော်မူလျက် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုတော်မူလေ၏။

ရှင်သာရိပုတြာမထေရ်သည် ထိုအရပ်သို့ ကြွသွား၍ မြတ်စွာဘုရားအား ဝတ်ကြီး ဝတ်ငယ်ကို ပြုစုတော်မူ၏။ ဘုရားရှင်သည် ဆွမ်းဘုဉ်းပေးခြင်း ကိစ္စ ပြီးဆုံးသော အခါ၌ ချစ်သား သာရိပုတြာ ယနေ့ငါဘုရားသည် ဤမျှလောက်သော အဘိဓမ္မာတရားကို ဟောအပ်ပြီ သင်သည် မိမိ၏ တပည့်ဖြစ်သော ရဟန်းတို့အား ပို့ချလော့ဟု ရှင်သာရိပုတြာမထေရ်အား မိန့်ကြားတော်မူလေ၏။

ရေမီးအစုံဖြစ်သော တန်ခိုးပြာဋိဟာ ပြတော်မူရာ၌ ကြည်ညိုသည်ဖြစ်၍ ငါးရာသော အမျိုးကောင်း သားတို့သည် ရှင်သာရိပုတြာ မထေရ်၏ အထံတော်၌ ရဟန်းပြုကြကုန်သတတ် ထိုငါးရာသော ရဟန်းတို့ကို ရည်မှန်းတော်မူ၍ အရှင်သာပုရိတြာမထေရ်ကို ဤသို့မိန့်ကြားတော်မူလေ၏]။

မိန့်ကြားတော်မူပြီးသည် ရှိသော်ကား နတ်ပြည်သို့ ကြွသွားတော်မူ၍ နိမ္မိတ ဘုရားသည် ဟောအပ်သော နေရာမှစ၍ ကိုယ်တော်တိုင် တရားကို ဟောကြားတော်မူပြန်လေ၏ ရှင်သာရိပုတြာ မထေရ်သည်လည်း ကြွတော်မူ၍ ထိုငါးရာကုန်သော ရဟန်းတို့အား အဘိဓမ္မာ တရားကို ဟောကြား တော်မူလေ၏။ ထိုငါးရာ ကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားသည် နတ်ပြည်၌ နေတော်မူစဉ် သာလျှင် အဘိဓမ္မာ ခုနစ်ကျမ်းကို ဆောင်နိုင်သော ပုဂ္ဂိုလ်တို့ ဖြစ်ကြလေကုန်၏။

[ထိုငါးရာသော ရဟန်းတို့သည်ကား ကဿပ မြတ်စွာဘုရား၏ လက်ထက်တော်အခါ၌ လင်းနို့ သားငယ် ငါးရာဖြစ်၍ တခုသော တိုက်ခန်း အတွင်း၌ တွဲလျားဆွဲကုန်လျက် မထေရ်နှစ်ပါးတို့သည် စင်္ကြံသွား၍ အဘိဓမ္မာတရားကို သရဇ္ဈာယ်ကြကုန်စဉ် ကြားနာရသဖြင့် အသံ၌ အာရုံကို ယူကြဖူး ကုန်သတတ်]။

ထို လင်းနို့သားငယ် ငါးရာတို့သည် ဤသည်တို့ကား ခန္ဓာတို့မည်ကုန်၏။ ဤသည်တို့ကား ဓာတ်တို့ မည်ကုန်၏။ ဤသို့ အစရှိသည်တို့ဖြင့် မသိမူ၍ အသံ၌ အာရုံကို ယူခြင်းမျှဖြင့်သာလျှင် ထိုလင်းနို့အဖြစ်မှ စုတေသည်ရှိသော် နတ်ပြည်၌ ဖြစ်ကြလေကုန်၏။ ထိုနတ်သားတို့သည်လည်း နှစ်ဆူသော ဘုရားရှင်တို့၏ တခုသော အကြားကာလပတ်လုံး နတ်စည်းစိမ်ကို အစဉ်အတိုင်း ခံစားပြီး၍ ထိုနတ်ပြည်မှ စုတေခဲ့ပြန်သော် သာဝတ္ထိပြည်ဝယ် အမျိုးကောင်းအိမ်တို့၌ ဖြစ်ကြ ကုန်၏။

ရေမီးအစုံဖြစ်သော တန်ခိုးပြာဋိဟာ ပြတော်မူသော အခါ၌ ဖြစ်သော ကြည်ညိုခြင်း ရှိကုန်သည ဖြစ်၍ အရှင်သာရိပုတြာ၏ အထံတော်၌ ရဟန်းပြုကြပြီးလျှင် အလုံးစုံသော သူတို့၏ ရှေးဦးစွာ အဘိဓမ္မာ ခုနစ်ကျမ်းကို ဆောင်နိုင်သော ပုဂ္ဂိုလ်တို့ဖြစ်ကြလေကုန်၏။ မြတ်စွာဘုရားသည်လည်း ထိုသို့သော နည်းအားဖြင့် ထိုဝါတွင်း သုံးလပတ်လုံး အဘိဓမ္မာ ဒေသနာကို ဟောကြားတော် မူလေ၏။

ဤအဘိဓမ္မာ ဒေသနာတော်၏ အဆုံး၌ ကုဋေ ရှစ်သောင်းသော နတ်တို့အား သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။ မယ်တော် မဟာမာယာသည်လည်း သောတာပတ္တိဖိုလ်၌ တည်လေ၏။

ရှင်မောဂ္ဂလာန် ဘုရားထံ တက်သွားပုံ

---

ထိုသုံးဆဲ့ခြောက်ယူဇနာ အဝန်းရှိသော ပရိသတ်သည်လည်း ယခုအခါ ခုနစ်ရက်မြောက်သောနေ့၌ သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့ ဖြစ်လတ္တံ့ဟု နှလုံးသွင်းခြင်းကိုပြု၍ ရှင်မဟာမောဂ္ဂလာန် မထေရ်သို့ ချဉ်းကပ်လျက် အရှင်ဘုရား မြတ်စွာဘုရား၏ သက်ဆင်းတော်မူအံ့သော နေ့ကို သိစိမ့်သောငှါ သင့်လျော်ပါသည်ဘုရား။ တပည့်တော်တို့သည် မြတ်စွာဘုရားကို မဖူးမြင်ရဘဲ ပြန်သွားကြလိမ့်မည် မဟုတ်ပါ ဘုရားဟု လျှောက်ကြားလေ၏။

ရှင်မဟာမောဂ္ဂလာန်မထေရ်သည် ထိုစကားကို ကြားရလျှင် ကောင်းပြီ ဒါယကာတို့ဟု ဆို၍ ထိုနေရာ၌ပင် မြေပြင်၌ ငုပ်လျှိုးလျက် မြင်းမိုရ်တောင် ခြေရင်းသို့ တက်သော ငါမောဂ္ဂလာန်ကို ပရိသတ်တို့သည် မြင်ကြပါစေကုန်သတည်းဟု ဓိဋ္ဌာန်တော်မူသဖြင့် ပတ္တမြားရတနာဖြင့် သီကုံး အပ်သော ဖြော့သောအဆင်း ရှိသော ကမ္ဗလာကြိုးကဲ့သို့ ထင်ရှားသော သဘောရှိသည်ဖြစ်၍ သာလျှင် မြင်းမိုရ်တောင်၏ အူတိုင်သဖွယ် အလယ်နေရာဖြင့် တက်တော်မူလေ၏

လူတို့သည်လည်း ထို အရှင်မောဂ္ဂလာန်ကို တယူဇနာသို့ တက်ရောက်ပြီ။ နှစ်ယူဇနာသို့ တက်ရောက်ပြီဟု ကြည့်ရှု ကြလေကုန်၏။ ရှင်မောဂ္ဂလာန် မထေရ်သည်လည်း မြတ်စွာဘုရား ခြေတော်တို့ကို ဦးခေါင်းဖြင့် ရွက်ချီသကဲ့သို့ တက်ရောက်ပြီးလျှင် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ပရိသတ်တို့သည် ရှင်တော်ဘုရားတို့ကို ဖူးမြင်ပြီးမှသာလျှင် သွားခြင်းငှါ အလိုရှိကြပါသည်။ အဘယ်ကာလ၌ သက်ဆင်းတော် မူကြပါကုန်အံ့နည်း ဘုရားဟု လျှောက်ကြား လေ၏။

ချစ်သား မောဂ္ဂလာန် သင်၏ နောင်တော်ကြီး ဖြစ်သော ရှင်သာရိပုတြာသည် အဘယ် အရပ်၌ ဝါကပ်ဘိသနည်းဟု မေးတော်မူပြီးလျှင် မြတ်စွာဘုရား သင်္ကဿနဂိုရ်ပြည်၌ ဝါကပ်ပါသည်ဘုရား ဟု လျှောက်သဖြင့် ချစ်သားမောဂ္ဂလာန် ငါဘုရားသည် ဤနေ့မှ ခုနစ်ရက်မြောက်ဖြစ်သော သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၌ သင်္ကဿနဂိုရ်ပြည် မြို့တံခါး၌ သက်ဆင်းပေအံ့။ ငါဘုရားကို ဖူးမြင်လိုသော သူတို့သည် ထိုသင်္ကဿနဂိုရ်ပြည်သို့ လာကြစေကုန်သတည်း ဟူ၍၎င်း သာဝတ္ထိပြည်မှ သင်္ကဿနဂိုရ်ပြည် မြို့တံခါးတိုင်အောင် ယူဇနာ သုံးဆယ်တို့ တိုင်တိုင် ရှိကုန်၏။

ဤမျှအတိုင်းအရှည်ရှိသော လမ်းခရီး၌ တစုံတယောက်သောသူအား လမ်း၌ စားရိက္ခာ ဆောင်ဖွယ်ကိစ္စသည်မရှိ။ ဥပုသ်စောင့်သုံးကြ ကုန်သည်ဖြစ်၍ အနီးဖြစ်သော ကျောင်းသို့ တရား နာခြင်းငှါ သွားကြကုန်ဘိသကဲ့သို့ လာကြကုန်ရာ၏ ဟူ၍၎င်း ထိုပရိသတ်တို့ကို ပြောကြား လေလော့ဟု မိန့်တော်မူလေ၏။ ရှင်မောဂ္ဂလာန်မထေရ်သည် မြတ်စွာဘုရား ကောင်းပါပြီဘုရားဟု ဝန်ခံပြီးလျှင် ဘုရားရှင် မိန့်တော်မူတိုင်း ပြောကြားလေ၏။

စောင်းတန်းသုံးသွယ်ဖြင့် သက်ဆင်းပုံ

သဗ္ဗညုမြတ်စွာဘုရားသည် ဝါကျွတ်လတ်သည်ဖြစ်၍ ပဝါရဏာပြုပြီးသည် ရှိသော် သိကြားမင်း အား မြတ်သောသိကြားမင်း၊ လူ့ပြည် ခရီးသို့သွားတော့အံ့ဟု ပြောကြားလေ၏။ သိကြားမင်းသည် ရွှေဖြင့်ပြီးသော စောင်းတန်း လှေကား။ ပတ္တမြားဖြင့် ပြီးသော စောင်းတန်း။ ငွေဖြင့်ပြီးသော စောင်းတန်း ဤသုံးသွယ်သော စောင်းတန်းတို့ကို ဖန်ဆင်းလေ၏။

ထိုသုံးသွယ်သော စောင်းတန်းတို့၏ အခြေတို့သည် သင်္ကဿနဂိုရ်ပြည် မြို့တံခါး၌ တည်ကြ ကုန်၏။ စောင်းတန်းဦးတို့ကား မြင်းမိုရ်တောင်ထိပ်၌ တည်ကြလေကုန်၏။ ထိုသုံးသွယ်သော စောင်းတန်း တို့တွင် --

လက်ျာနံပါး၌ ရွှေဖြင့် ပြီးသော စောင်းတန်းကား နတ်တို့အလိုငှါ ဖြစ်လေ၏။
လက်ဝဲနံပါး၌ ငွေဖြင့်ပြီးသော စောင်းတန်းကား ဗြဟ္မာကြီးတို့ အလို့ငှါ ဖြစ်လေ၏။
အလယ်၌ ပတ္တမြားဖြင့် ပြီးသော စောင်းတန်းကား မြတ်စွာဘုရား၏ အလို့ငှါ ဖြစ်လေ၏။

လူနတ်တို့ဆရာ ဘုရားမြတ်စွာသည်လည်း မြင်းမိုရ်တောင်ထိပ်၌ ရပ်တော်မူလျက် နတ်ပြည်မှ သက်ဆင်းတော်မူအံ့ သောအခါ ရေမီး အစုံဖြစ်သော တန်ခိုးပြာဋိဟာပြခြင်းကို ပြုတော်မူ၍-

အထက်သို့ ကြည့်တော်မူလေ၏။
ထိုအခါ ဗြဟ္မာ့ပြည် တိုင်အောင် တပြင်တည်းတို့သာ ဖြစ်ကြကုန်၏။
ထို့နောက် အောက်သို့ ကြည့်တော်မူလေ၏။
ထိုအခါ အဝီစိတိုင်အောင် တပြင်တည်းဖြစ်လေ၏။
ထို့နောက် တူရူအရပ် အထောင့် အရပ်ကို ကြည့်တော်မူလေ၏။
ထိုအခါ များစွာကုန်သော စကြဝဠာ တသိန်းတို့သည် တပြင်တည်းတို့သာ ဖြစ်ကြလေကုန်၏။
နတ်တို့သည် လူတို့ကိုမြင်ကြရကုန်၏။
လူတို့သည်လည်း နတ်တို့ကို မြင်ကြရကုန်၏။
အလုံးစုံသော သူတို့သည် မျက်မှောက် ထင်ထင် မြင်ကြရလေကုန်၏။

မြတ်စွာဘုရားသည် ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့ကို လွှတ်တော်မူ လေ၏။ ထိုနေ့၌ မြတ်စွာဘုရား ကြက်သရေတော်ကို ကြည့်ရှု ဖူးမျှော်ကြရလေသောကြောင့် သုံးဆဲ့ခြောက် ယူဇနာအဝန်းရှိသော ပရိသတ်၌ တယောက်သော သူမျှလည်း ဘုရားအဖြစ်ကို မတောင့်တသောသူ မည်သည်မရှိ။

ရွှေစောင်းတန်းဖြင့် နတ်တို့သက်ဆင်းကြကုန်၏။
ငွေစောင်းတန်းဖြင့် ဗြဟ္မာကြီးတို့ သက်ဆင်းလာကြကုန်၏။
ပတ္တမြားစောင်းတန်းဖြင့် မြတ်စွာဘုရား သက်ဆင်းမြန်းကြွလာတော်မူလေ၏။

---

နတ်တို့ပူဇော်ပုံ အမျိုးမျိုး

ဂန္ဓဗ္ဗနတ်သားဖြစ်သော ပဉ္စသီခနတ်သားသည် ဥသျှစ်သီးမှည့် အဆင်းနှင့် တူသော ဗေဠုဝ မည်သော စောင်းကို ပိုက်ယူကာ လက်ျာနံပါး၌တည်၍ မြတ်စွာဘုရားအား သာယာစွာသော အသံရှိသော ဂန္ဓဗ္ဗနတ်စောင်း၏ အသံဖြင့် ပူဇော်ခြင်းကိုပြုလျက် သက်ဆင်းလေ၏။

သိကြားမင်း၏ ကူညီဘော် ကူညီဘက် ဖြစ်သော မာတလိ နတ်သားသည် လက်ဝဲနံပါး၌တည်၍ နတ်၌ဖြစ်သော နံ့သာပန်း အထူးကို ကိုင်ကာ ရှိခိုးပူဇော်လျက် သက်ဆင်းလေ၏။ မဟာ ဗြဟ္မာကြီးသည် ထီးကိုမိုး၏။ သုယာမနတ်သားသည် သားမြီးယပ်ကိုယပ်ခပ်၏။

မြတ်စွာဘုရားသည် ဤသို့သော အခြံအရံနှင့်တကွ သက်ဆင်းတော်မူပြီးလျှင် သင်္ကဿနဂိုရ်ပြည် မြို့တံခါး၌ တည်တော်မူလေ၏။ အရှင်သာရိပုတြာ မထေရ်သည်လည်း ကြွလာတော်မူ၍ ဘုရားရှင်ကို ရှိခိုးလျက် အကြင်ကြောင့် အရှင်သာရိပုတြာ မထေရ်သည် ထိုသို့သဘောရှိသော ဘုရားရှင်၏ အသရေတော်ဖြင့် သက်ဆင်းတော်မူသော ဘုရားရှင်ကို ဤနေ့မှရှေး၌ မမြင်အပ်စဖူး ထို့ကြောင့်–

န မေ ဒိဋ္ဌော ဣတော ပုဗ္ဗေ၊ န သုတော ဥဒ ကဿစိ။
ဧဝံ ဝဂ္ဂုဂတော သတ္ထာ၊ တုဿိတာ ဂဏိမာ ဂတော။

တုဿိတာ၊ တုဿိတာစံ မယ်တော်ထံမှ။
ဝါ၊ နတ်ပြည်မှ။
ဂဏိံ၊ လူပေါင်းစုံညီ သင်္ကဿနဂိုရ်ပြည်သို့။
အာဂတော၊ သက်ဆင်းကြွလာတော် မူသည်ဖြစ်၍။
ဧဝံဝဂ္ဂုဂတော၊ သို့စဉ်ကလောက် ထွန်းတောက်ပသော အသရေတို့ဖြင့် တင့်တယ် ကောင်းမြတ်သော။
သတ္ထာ၊ ငါတို့ဆရာ ဘုရားမြတ်စွာကို။
ဣတော၊ ဤနေ့မှ။
ပုဗ္ဗေ၊ ရှေး၌။
မေမယာ၊ ငါသည်။
နဒိဋ္ဌော၊ မမြင်ရစဖူး။
ဥဒ၊ ထိုမှတပါး။
ကဿစိ၊ တစုံတယောက်သောသူ၏အထံမှ။
နသုတော၊ မကြားရဖူးပါတကား။

ဤသို့ အစရှိသော စကားတို့ဖြင့် မိမိ၏နှစ်သက်ခြင်းကို ပြပြီးလျှင် မြတ်စွာဘုရား ယနေ့ အလုံးစုံသော နတ်လူတို့သည် ရှင်တော်မြတ်ဘုရားတို့အား ချစ်မြတ်နိုးကြပါကုန်၏။ တောင့်တကြ ပါကုန်၏ ဘုရားဟု လျှောက်ကြားလေ၏။ ထိုအခါ ထို အရှင်သာရိပုတြာကို မြတ်စွာဘုရားသည် ချစ်သား သာရိပုတြာ ဤသို့သဘောရှိသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံတော်မူကြကုန်သော ဘုရား ရှင်တို့ကို ချစ်မြတ်နိုးကုန်သည်သာတည်းဟု မိန့်တော်မူ၍ တရားဟောကြားလို ရကား ဤဂါထာကို မိန့်တော်မူလေ၏။

---

ဒေသနာတော်

၁၈၁။ ယေ ဈာနပ္ပဿုတာ ဓီရာ၊ နေက္ခမ္မူပသမေ ရတာ။
ဒေဝါပိ တေသံ ပိဟယန္တိ၊ သမ္ဗုဒ္ဓါနံ သတီမတံ။

ယေဓီရာ၊ အကြင်ပညာရှိတို့သည်။
ဈာနပ္ပဿုတာ၊ ဈန်နှစ်ပါးတို့၌ အာဝဇ္ဇနစသော ငါးပါးသော ဝသီဘော်တို့ဖြင့် လေ့လာခြင်း ရှိကုန်၏။
နေက္ခမ္မူပသမေ၊ ကိလေသာ ငြိမ်းရာနိဗ္ဗာန်ဟု ဆိုအပ်သော နေက္ခမ္မ၌။
(ပဗ္ဗဇ္ဇာ နိက္ခမကို ဤနေရာ၌ မယူအပ်)
ရတာ၊ မွေ့လျော်ကြကုန်၏။
သတီမတံ၊ သတိရှိကြကုန်သော။
သမ္ဗုဒ္ဓါနံ၊ သစ္စာလေးပါး သိမြင်ပြီးကြကုန်သော။
တေသံဓီရာနံ၊ ထိုပညာရှိတို့အား၊
ဒေဝါပိ၊ နတ်တို့သည်လည်း(လူတို့ပါယူ)
ပိဟယန္တိ၊ ချစ်မြတ်နိုးကုန်၏။

[ငါတို့သည် ဘုရားဖြစ်ရမူ ကောင်းလေစွဟု လိုလားတောင့်တ ကြကုန်၏ဟူလို]။

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ကုဋေသုံးဆယ် အတိုင်းအရှည် ရှိကုန်သော သတ္တဝါတို့အား သစ္စာလေးပါး တရားကို ထိုးထွင်း၍ သိခြင်းသည်ဖြစ်လေ၏။ ရှင်သာရိပုတြာမသရ်၏ သဒ္ဓိဝိဟာရိက တပည့်ဖြစ်သော ငါးရာသော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။

---

သင်္ကဿနဂိုရ်ပြည် အစလစေတီ၌ ပုစ္ဆာပေးခြင်း

[ရေမိး အစုံဖြစ်သော တန်ခိုးပြာဋိဟာ ပြခြင်းကို ပြုတော်မူပြီးလျှင် နတ်ပြည်၌ ဝါကပ်တော်မူသဖြင့် သင်္ကဿနဂိုရ်ပြည် မြို့တံခါး၌ သက်ဆင်းတော်မူခြင်းကို အလုံးစုံသော ဘုရားရှင်တို့သည် မစွန့်အပ်သည်သာလျှင် ဖြစ်သတတ်။ ထိုသင်္ကသနဂိုရ်ပြည် မြို့တံခါး၌ လက်ျာခြေတည်ရာ အရပ်သည် အစလစေတီ တည်ရာမည်သည် ဖြစ်သတတ်]။

မြတ်စွာဘုရားသည် ထိုသင်္ကဿနဂိုရ်ပြည် မြို့တံခါး အစလစေတီ နေရာ၌ ရပ်တည်တော်မူလျက် ပုထုဇဉ် စသည်တို့၏ အရာ၌ ပြဿနာကို မေးတော်မူလေ၏။ ပုထုဇဉ်တို့သည် မိမိ၏အရာ၌ ပြဿနာကို ဖြေဆိုကြပြီးသည်ရှိသော် သောတာပန်ပုဂ္ဂိုလ်၏အရာ၌ ပြဿနာကို ဖြေခြင်းငှါ မတတ်နိုင်ကုန်။ ထို့အတူ သကဒါဂါမ် ပုဂ္ဂိုလ် စသည်တို့၏အရာ၌ သောတာပန် စသော ပုဂ္ဂိုလ်တို့ မတတ်နိုင်ကြကုန်။ ရှင်မဟာမောဂ္ဂလာန်၏အရာ၌ ကြွင်းသော မဟာသာဝကတို့ မတတ်နိုင် ကြကုန်။ ရှင်သာရိပုတြာ၏အရာ၌ ရှင်မောဂ္ဂလာန် မတတ်နိုင်။ ဘုရားရှင်၏ အရာ၌လည်း ရှင်သာရိပုတြာသည်လည်း ဖြေခြင်းငှါ မတတ်နိုင်သည် သာလျှင်တည်း။

ထိုမြတ်စွာဘုရားသည် အရှေ့အရပ် မျက်နှာကို အစပြု၍ အလုံးစုံသော အရပ် မျက်နှာတို့သို့ ကြည့်ရှုတော်မူလေ၏။ အလုံးစုံသော အရပ်မျက်နှာတို့၌ ဟင်းလင်း အပြင် တပြင်တည်းသာလျှင် ဖြစ်လေ၏။ အရပ်ရှစ်မျက်နှာတို့၌ နတ်လူတို့သည်၎င်း အထက်၌ ဗြဟ္မာ့ပြည် တိုင်အောင် နေကုန်သောဗြဟ္မာတို့သည်၎င်း အောက်မြေ၌ တည်ကုန်သော နတ်ဘီလူး နဂါး ဂဠုန်တို့သည်၎င်း လက်အုပ်ချီ၍ မြတ်စွာဘုရား ဤတပည့်တော်တို့ နေရာအရပ်၌ ဤပြဿနာကို ဖြေစွမ်းနိုင်သော သူသည် မရှိပါ။ ထိုဘုရားရှင် သီတင်းသုံးရာ အရပ်၌သာလျှင် စူးစမ်း ရှာဖွေတော်မူကြပါဘုရားဟု ဆိုကြလေကုန်၏။ မြတ်စွာဘုရားသည် သာရိပုတြာကား ပင်ပန်းဘိ၏။ ဤသာရိပုတြာသည်–

ယေစ သင်္ခတဓမ္မာသေ၊ ယေစ သေခါ ပုထူ ဣဓ။
တေသံ နိပကော ဣရိယံ၊ ပုဋ္ဌော မေ ဗြူဟိ မာရိသ။

မာရိသ၊ ငါ၏ သားကြီးဖြစ်သော သာရိပုတြာ။
ဣဓ၊ ဤလောက၌။
သင်္ခတာ၊ သင်္ခတမည်ကုန်သော။
ပုထူ၊ များစွာကုန်သော။
ယေစဓမ္မာ၊ အကြင် တရားတို့သည်၎င်း။ (သေအနက်မရှိ)
သေခါ၊ သေခ မည်ကုန်သော။
ပုထူ၊ များစွာကုန်သော။
ယေစဓမ္မာ၊ အကြင်တရားတို့သည်၎င်း။
သန္တိ၊ ရှိကုန်၏။
တေသံ၊ ထိုတရားတို့၏။
နိပကော၊ ရင့်ကျက်ခြင်းသည်။
ကော၊ အဘယ်နည်း။
ဣရိယံ၊ ဖြစ်ခြင်းသည်။
ကိံ၊ အဘယ်နည်း။
ပုဋ္ဌော၊ မေးအပ်သော ငါ၏သားကြီး သာရိပုတြာသည်။
မေ၊ ငါ့အား။
ဗြူဟိ၊ ဖြေကြားဘိလော။

ဤသို့ ဘုရားရှင်အရာ၌ဖြစ်သော ဤဗုဒ္ဓပြဿနာကို ကြားရသဖြင့် မြတ်စွာဘုရားသည် ငါ့ကို သေက္ခ အသေက္ခပုဂ္ဂိုလ်တို့၏ မဂ်ဖိုလ်သို့ ရောက်ကြောင်း ဖြစ်သော အကျင့်ကို မေးတော်မူ၏ဟု မေးသောပြဿနာ၌ အကယ်၍ကား ယုံမှားမရှိ။ ထိုသို့ပင် ယုံမှားမရှိသော်လည်း ခန္ဓာ အစရှိသော တရားတို့တွင် အဘယ်တရားကို အဦးပြုသဖြင့် ဤအကျင့်ကို ဖြေဆိုရသော်လည်း ငါသည် မြတ်စွာဘုရား၏ အလိုကို ယူခြင်းငှါ မတတ်နိုင်ပေလတ္တံ့ဟု မြက်စွာဘုရား၏ အလိုတော်၌ ယုံမှားဖြစ်လျက် ရှိချေ၏။

ထို သာရိပုတြာသည် ငါဘုရား နည်းကို မပေးသည်ရှိသော် ဖြေခြင်းငှါ မတတ်နိုင်ပေလတ္တံ့။ ထို သာရိပုတြာအား နည်းကို ပေးဦးအံ့ဟု နည်းပြတော်မူလိုသည်ဖြစ်၍ ချစ်သား သာရိပုတြာ ဤ ဘူတရုပ်ကို ရှု၏လောဟု မိန့်တော်မူလေ၏။

[မြတ်စွာဘုရားအား သာရိပုတြာသည် ငါ၏အလိုကိုယူ၍ ဖြေဆိုသည် ရှိသော် ခန္ဓာ၏ အစွမ်းဖြင့် ဖြေဆိုပေလတ္တံ့ဟု အကြံ ဤသို့ ဖြစ်တော်မူသတတ်။

ရှင်သာရိပုတြာအား နည်းပေးတော် မူသည်နှင့်တကွ ထိုပြဿနာသည် နည်းတရာအားဖြင့်၎င်း နည်းတထောင် အားဖြင့်၎င်း နည်းတသိန်း အားဖြင့်၎င်း ထင်လေ၏။ ထို ရှင်သာရိပုတြာသည် မြတ်စွာဘုရား ပေးတော်မူအပ်သော နည်း၌ တည်၍ ထိုပြဿနာကို ဖြေဆိုလေ၏။

မြတ်စွာဘုရားကို ဖယ်ထား၍ တပါးသောသူသည် ရှင်သာရိပုတြာ၏ ပြဿနာသို့ ရောက်ခြင်းငှါ စွမ်းနိုင်သောသူမည်သည် မရှိသတတ်]။

---

ရှင်သာရိပုတြာ သီဟနာဒကြုံးဝါးခြင်း

ထို့ကြောင့်သာလျှင် ရှင်သာရိပုတြာသည် မြတ်စွာဘုရား၏ ရှေ့တော်၌ မြတ်စွာဘုရား တပည့်တော်သည် တကမ္ဘာပတ်လုံး မိုဃ်းရွာသော်လည်း ဤမျှ လောက်သော မိုဃ်းရေ မိုဃ်းပေါက်တို့ကား မဟာသမုဒြာ၌ ကျကုန်၏။ ဤမျှလောက်သော မိုဃ်းရေ မိုဃ်းပေါက်တို့ကား မြေ၌ ကျကုန်၏။ ဤမျှလောက်သော မိုးရေ မိုဃ်းပေါက်တို့ကား တောင်၌ကျကုန်၏ဟု ရေတွက်၍ ဂဏန်းသင်္ချာ ရေးသားခြင်းသို့ တင်ခြင်းငှါ စွမ်းနိုင်ပါသည် ဘုရားဟု ခြင်္သေ့မင်း၏ အသံနှင့် တူသော ရဲဝံ့သော အသံကို ရွတ်ဆိုကြုံးဝါးတော် မူလေသတတ်။

မြတ်စွာဘုရားသခင်သည်လည်း ရှင်သာရိပုတြာကို ချစ်သား သာရိပုတြာ သင်ရေတွက်ခြင်းငှါ စွမ်းနိုင်သည့်အဖြစ်ကို ငါဘုရားသိတော်မူ၏ ဟု မိန့်တော်မူလေ၏။ ထို အရှင်သာရိပုတြာ၏ ပညာတော်အား နှိုင်းယှဉ်စရာ ဥပမာမည်သည်မရှိ ထို့ကြောင့် ဤသို့မိန့်ဆိုတော်မူလေ၏။

ဂင်္ဂါယ ဝါလုကာခီယေ၊ ဥဒကံ ခီယေ မဟဏ္ဏဝေ။
မဟိယာ မတ္တိကာ ခီယေ၊ န ခီယေ မမဗုဒ္ဓိယာ။

ဂင်္ဂါယ၊ ဂင်္ဂါမြစ်၌။
ဝါလုကာ၊ သဲသည်။
ခီယေ၊ ကုန်မူလည်းကုန်ရာ၏။
မဟဏ္ဏဝေ၊ သမုဒြာ၌။
ဥဒကံ၊ ရေသည်။
ခီယေ၊ ကုန်မူလည်းကုန်ရာ၏။
မဟိယာ၊ မြေ၌။
မတ္တိကာ၊ မြေမှုန့်သည်။
ခီယေ၊ ကုန်မူလည်းကုန်ရာ၏။
မမ၊ တပည့်တော် သာရိပုတြာ၏။
ဝိဿဇ္ဇနေ၊ ဖြေဆိုရာ၌။
ယာဗုဒ္ဓိ၊ အကြင်ပညာသည်။
အတ္ထိ၊ ရှိ၏။
သာဗုဒ္ဓိ၊ ထိုပညာသည်။
နခီယေ၊ မကုန်နိုင်ရာ။

[ဤသို့သော အနက်အဓိပ္ပါယ်ကို ဆိုလို၏။ ပညာ အထုနှင့်ပြည့်စုံတော် လူသုံးပါးတို့၏ အားကိုးရာ စင်စစ် ဖြစ်တော်မူသော မြတ်စွာဘုရား တပည့်တော်သည် တခုသောပြဿနာကို ဖြေဆိုသည် ရှိသော် သဲတလုံးကို၎င်း ရေတပေါက်ကို၎င်း မြေမှုန့်ပိုင်း တဖွဲ့ကို၎င်း ထည့်၍ ပြဿနာတို့၏ အရာဖြင့်၎င်း အထောင်ဖြင့်၎င်း အသိန်းဖြင့်၎င်း ဖြေဆိုပြီးသည်ရှိသော် ဂင်္ဂါ၌ သဲအစရှိသည်တို့တွင် တခုခုကို တခုသော အရပ်၌ အကယ်၍ ပစ်ငြားအံ့ အလွန်လျင်မြန်စွာ ဂင်္ဂါစသည်တို့၌ သဲ စသည် တို့သည် ကုန်ခြင်းသို့ ရောက်ကုန်ရာ၏။ တပည့်တော်၏ ပြဿနာတို့ကို ဖြေခြင်းသည် ကုန်ခြင်းသို့ မရောက်နိုင်သည်သာတည်း မြတ်စွာဘုရားဟု ဆိုလိုရင်းဖြစ်သည်]။

---

ပရောသဟဿ ဇာတ်အမြွက်

ဤသို့ ပညာကြီးသော ရဟန်းဖြစ်သော်လည်း ဘုရားအရာ၌ မေးအပ်သော ပြဿနာ၏ အဆုံးကို၎င်း အစွန်းကို၎င်း မမြင်သောကြောင့် မြတ်စွာဘုရားသည် ပေးအပ်သော နည်း၌တည်၍ သာလျှင် ပြဿနာကို ဖြေဆိုတော်မူရလေ၏။

ထိုစကားကို ကြားရလျှင် ရဟန်းတို့သည် စကားကို ဖြစ်စေကြသည်မှာ အကြင် ပြဿနာကို မေးအပ်သည်ရှိသော် အလုံးစုံသော လူများအပေါင်းသည်လည်း ဖြေဆိုခြင်းငှါ မစွမ်းနိုင်။ ထို ပြဿနာကို တရားစစ်သူကြီးဖြစ်သော ရှင်သာရိပုတြာမထေရ် တပါးတည်းသာလျှင် ဖြေဆိုနိုင် ပေ၏ဟု စကားကို ဖြစ်စေကြကုန်၏။

မြတ်စွာဘုရားသည် ထိုစကားကို ကြားတော်မူရလျှင် ယခုသာလျှင် သာရိပုတြာသည် လူများ အပေါင်း ဖြေဆိုခြင်းငှါ မစွမ်းနိုင်သော ပြဿနာကို ဖြေဆိုသည်မဟုတ်သေး။ ရှေး၌လည်း ဤ သာရိပုတြာသည် ဖြေဆိုဖူးသည် သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော် မူခြင်းငှါ...

ပရောသဟဿံပိ သမာဂတာနံ၊
ကန္ဒေယျုံ တေ ဝဿသတံ အပညာ။
ဧကောဝ သေယျော ပုရိသော သပညော၊
ယော ဘာသိတဿ ဝိဇာနာတိ အတ္ထံ။

သမာဂတာနံ၊ အညီအညွတ် စည်းဝေးကုန်သော သူတို့၏။
ပရောသဟဿမ္ပိ၊ တထောင်ထက် အပိုအလွန်သည်လည်း။
စေသိယာ၊ အကယ်၍ ဖြစ်ငြားအံ့။
အပညာ၊ ပညာမရှိကုန်သော။
တေ၊ ထိုတထောင်ကျော်ဖြစ်သော သူတို့သည်။
ဝဿသတံ၊ အနှစ်တရာ ကာလပတ်လုံး။
ကန္ဒေယျုံ၊ ငိုကြွေးမူလည်း ငိုကြွေး ကုန်ရာ၏။
ဘာသိတဿ၊ ဆိုအပ်သောစကား၏။
အတ္ထံ၊ အနက်ကို။
နဝိဇာနန္တိ၊ မသိနိုင်ကြကုန်။
ယောပုရိသော၊ အကြင်ယောက်ျားသည်။
ဘာသိတဿ၊ ဆိုအပ်သောစကား၏။
အတ္ထံ၊ အနက်ကို။
ဝိဇာနာတိ၊ သိ၏။
သပညာ၊ ပညာရှိသော။
ဧကောဝ၊ တယောက်ထည်းသာလျှင်ဖြစ်သော။
သောပုရိသော၊ ထိုယောက်ျားသည်။
သေယျော၊ တထောင်မကသော ထိုသူတို့ထက် မြတ်၏။

ဤဇာတ်ကို အကျယ်အားဖြင့် ဟောကြားတော်မူလေ၏။

နတ်ပြည်မှသက်ဆင်းတော်မူသောဝတ္ထုပြီး၏။

---

၃ - ဧရကပတ္တ နဂါးမင်းဝတ္ထု

ကိစ္ဆော မနုဿပဋိလာဘော - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဗာရာဏသီပြည်ကို အမှီပြု၍ ကုက္ကိုပင် ခုနစ်ပင်အနီး၌ နေတော်မူစဉ် ဧရကပတ္တ အမည်ရှိသော နဂါးမင်းကိုအကြောင်းပြု၍ ဟောတော်မူလေ၏။

---

ဘုရားပွင့်ခြင်းကို ရှာဖွေသော သီချင်း

နဂါးမင်းသည် ရှေးအခါ ကဿပမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းငယ်တပါးဖြစ်၍ ဂင်္ဂါမြစ်၌ လှေကိုစီးသွားသည်ရှိသော် တခုသော ပြိတ်မြက်ချုံ ပြိတ်ရွက်ကို ဆွဲကိုင်ပြီးလျှင် လှေ၏အဟုန်ဖြင့် သွားသော်လည်း မလွတ်လိုက်မိ ပြိတ်ရွက်သည် ပြတ်သွားလေသတတ်။ ထိုရဟန်းငယ်သည် ဤပြိတ်မြက်ပြတ်သော အာပတ်ကား အနည်းငယ်သာတည်းဟု နှလုံးသွင်း၍ အာပတ်ကို ဒေသနာ မကြားမိဘဲ အနှစ် နှစ်သောင်းတို့ပတ်လုံး တော၌ ရဟန်းတရားကို အားထုတ်သော်လည်း သေခါနီး ကာလ၌ ပြိတ်ရွက်သည် လည်ပင်း၌ ဆွဲရစ်အပ်သကဲ့သို့ ဖြစ်ရကား အာပတ်ကို ဒေသနာကြား ကုစားလိုသော်လည်း တပါးရဟန်းကို မမြင်ရခြင်းကြောင့် ငါ၏ သီလသည် မစင်ကြယ်ဟု ဖြစ်သော နှလုံးမသာယာခြင်း ရှိသဖြင့် ထိုရဟန်းအဖြစ်မှ စုတေမနေ ပျံလွန်လေသည်ရှိသော် တခုသော သစ်သားကျင်းဟု ဆိုအပ်သော တလုံးထွင်း လှေပမာဏ ရှိသော နဂါးမင်း၏ အဖြစ်ဖြင့် ဖြစ်လေ၏။

ထိုနဂါးမင်း၏အမည်သည် ဧရကပတ္တ ဟူသော အမည်သာလျှင် ဖြစ်လေ၏။ ထိုဧရကပတ္တ နဂါးမင်း သည် နဂါးမင်းဖြစ်သော ခဏ၌သာလျှင် အတ္တဘောကို ကြည့်ရှုပြီးလျှင် ဤမျှလောက်သော ကာလပတ်လုံး ရဟန်းတရားကို အားထုတ်ပါလျက် အဟိတ် ပဋိသန္ဓေ နေသော အမျိုး ဖြစ်သော ဖါးလျှင် အစာရှိသော အရပ်၌ ဖြစ်ရလေသည်ဟု နှလုံး မသာယာသည် ဖြစ်လေ၏။ ထိုနဂါးမင်းသည် နောက်အဖို့၌ သ္မီးတယောက်ရ၍ ဂင်္ဂါမြစ်လယ် ရေအပြင်၌ ကြီးစွာသော ပါးပျဉ်းကို ဖြန့်မိုးလျက် သ္မီးကို ထိုပါးပျဉ်း၌ထားပြီးလျှင် ကစေလျက် သီချင်းကို သီဆိုစေလေ၏။

[ထိုနဂါးမင်း၏ အကြံကား ဤအရပ်၌ ဤသို့သော အကြောင်းအားဖြင့် ဘုရားရှင် ပွင့်တော်မူသည် ရှိသော် ထိုဘုရားရှင်၏ ပွင့်တော်မူခြင်း အကြောင်းကို ငါမချွတ် ကြားရလတ္တံ့ ဟု ဤသို့သော အကြံသည် ဖြစ်လေသတတ်]။

အကြင်သူသည် ငါ၏သီချင်း၏ အဖြေသီချင်းတုံ့ကို ဆောင်နိုင်၏။ ထိုသူအား ကြီးစွာသော နဂါး စည်းစိမ်နှင့်တကွ သ္မီးကို ပေးအံ့ဟုဆို၍ လခွဲတကြိမ် ဥပုသ်နေ့၌ ထိုသ္မီးကို ပါးပျဉ်း၌ ထားလေ၏။ ထိုသ္မီးသည် ပါးပျဉ်း၌ရပ်ကာ က,ပြလျက်။

ကိံ သု အဓိပတိ ရာဇာ၊ ကိံ သု ရာဇာ ရဇိဿရော။
ကထံသု ဝိရဇော ဟောတိ၊ ကထံ ဗာလောတိ ဝုစ္စတိ။

ကိံ သု၊ အဘယ်ကို။
အဓိပတိ၊ အစိုးရသောသူသည်။
ရာဇာ၊ မင်းမည်ပါသနည်း။
ကိံ သု၊ အဘယ်သို့လျှင်။
ရာဇာ၊ မင်းသည်။
ရဇိဿရော၊ မြွေကိုသာ အစိုးရသောသူ ဖြစ်ပါသနည်း။
ဝါ၊ မြွေကသာ အစိုးရခြင်းရှိသောသူ ဖြစ်ပါသနည်း။
ကထံသု-ကေန ကာရဏေန၊ အဘယ်သို့သော အကြောင်းဖြင့်။
ဝိရဇော၊ မြူကင်းသော သူမည်သည်။
ဟောတိ၊ ဖြစ်ပါသနည်း။
ကတံ၊ အဘယ်သို့သော အကြောင်းကြောင့်။
ဝါ၊ အဘယ်သူကို။
ဗာလောတိ၊ ဗာလဟူ၍။
ဝုစ္စတိ၊ ဆိုအပ်ပါသနည်း။

ဟူသော ဤသီချင်းကို သီဆိုလေ၏။

---

ဘုရားရှင်နှင့် ဥတ္တရလုလင်

အလုံးစုံ ဇမ္ဗူဒီပါကျွန်း၌ နေကြကုန်သော သူတို့သည် နဂါးသတို့သ္မီးပျိုကို ယူကြကုန်အံ့ဟု သွား၍ မိမိ၏ ပညာအစွမ်းဖြင့် အဖြေသီချင်းတို့ကိုပြုလျက် သီဆိုကြကုန်၏။ ထိုနဂါးသတို့သ္မီးပျိုသည် ထိုအဖြေ သီချင်းကိုပယ်၏။ ထိုနဂါးပျိုမသည် လခွဲတကြိမ် ပါးပျဉ်း၌ ရပ်၍ ဤသို့ သီချင်း သီဆိုစဉ်ပင် နှစ်ဆူသော ဘုရားရှင်တို့ တခုသော အကြားကာလသည် ကုန်လွန်လေ၏။

ထိုအခါ မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၍ တနေ့သ၌ နံနက်စောစောအခါ လောကကို ကြည့်ရှုတော်မူလတ်သည် ရှိသော် ဧရကပတ္တနဂါးကို အစပြု၍ ဥတ္တရအမည် ရှိသော လုလင်ကို ကိုယ်တော်မြတ်၏ သဗ္ဗညုတညဏ် ကွန်ရက်အတွင်းသို့ ဝင်ရောက်လာသည်ကို မြင်တော်မူလေ သဖြင့် အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု ဆင်ခြင်တော်မူပြန်သည်ရှိသော် ယနေ့ကား ဧရကပတ္တ နဂါးမင်း၏သ္မီးကို ပါးပျဉ်း၌ ထား၍ က,စေသောနေ့ဖြစ်၏။

ဤဥတ္တရလုလင်သည် ငါပေးအပ်သော အဖြေ သီချင်းတုံ့ကို သင်ယူလျက်သာလျှင် သောတာပန် ဖြစ်၍ ထိုအဖြေသီချင်းတုံကို ယူပြီးလျှင် နဂါးမင်း၏ အထံသို့သွားလတ္တံ့။ ထို ဧရကပတ္တ နဂါးမင်း သည် ထိုအဖြေ သီချင်းတုံကို ကြားရလျှင် ဘုရားပွင့်တော်မူပြီဟု သိသဖြင့် ငါဘုရား၏ အထံတော်သို့လာလတ္တံ့။ ငါဘုရားသည် ထိုနဂါးမင်း လာသည်ရှိသော် များစွာသော အစည်းအဝေးကြီး၌ ဂါထာကို ဟောကြားရပေအံ့။ ဂါထာ၏အဆုံး၌ ရှစ်သောင်း လေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လတ္တံ့ဟု မြင်တော်မူလေ၏။ မြတ်စွာဘုရားသည် ထိုအရပ်သို့ ကြွသွားတော်မူ၍ ဗာရာဏသီပြည်မှ မနီးမဝေးသောအရပ်၌ ကုက္ကိုပင် ခုနစ်ပင်ရှိ၏။ ထိုကုက္ကိုပင်တို့၏ အနီး၌ သီတင်းသုံး နေတော်မူလေ၏။

ဇမ္ဗူဒီပါကျွန်း၌ နေကုန်သော သူတို့သည် သီချင်း၏ အဖြေသီချင်းတုံ့ကို ယူ၍ စည်းဝေးကြ လေကုန်၏။ မြတ်စွာဘုရားသည် မနီးမဝေးသောအရပ်၌ သွားသော ဥတ္တရလုလင်ကို မြင်တော်မူ ရလျှင် ဥတ္တရလုလင် လာဦးလော့ဟု မိန့်တော်မူလေ၏။ မြတ်စွာဘုရား အဘယ်ပါနည်းဘုရားဟု မေးလျှောက်လတ်သော် ဤအရပ်သို့ ရှေးဦးစွာ လာလှည့်ဦးလော့ဟု မိန့်တော်မူလေ၏။

ထိုအခါ လာ၍ ရှိခိုးလျက် ထိုင်နေသော ဥတ္တရလုလင်ကို အဘယ်သို့ သွားအံ့နည်းဟု မေးတော် မူလေ၏။ ဧရကပတ္တနဂါးမင်းသ္မီး၏ သီချင်းသီဆိုရာ အရပ်သို့ သွားပါအံ့ဘုရားဟု လျှောက်လတ် သော် သီချင်း၏ အဖြေ သီချင်းတုံ့ကို သင်သိ၏လောဟု မေးတော်မူလေ၏။ မြတ်စွာဘုရား သိပါသည်ဘုရားဟု လျှောက်လတ်သော် ရှေးဦးစွာ ထိုသင်သိသော အဖြေ သီချင်းတုံ့ကို ရွတ်ဆိုဦး လော့ဟု မိန့်တော်မူလေ၏။

ထိုအခါ ထိုအဖြေ သီချင်းတုံ့ကို မိမိသိသော အမှတ်ဖြင့်သာလျှင် လျှောက်တင်သောအခါ ဥတ္တရလုလင်ကို ချစ်သားဥတ္တရ ဤအဖြေသီချင်းတုံ့သည် မဟုတ်သေး။ ငါသည် သင့်အား အဖြေ သီချင်းတုံ့ကို သင်ပေးဦးအံ့ ထိုအဖြေသီချင်းတုံ့ကိုယူ၍ သင်သွားလတ္တံ့လောဟု မိန့်တော်မူလေ၏။

---

ဘုရားရှင် သင်ပေးသော သီချင်း အဖြေများ

မြတ်စွာဘုရား ကောင်းပါပြီဘုရားဟု ဝန်ခံသဖြင့် ထိုအခါ ဥတ္တရလုလင်ကို မြတ်စွာဘုရားသည် ချစ်သား ဥတ္တရ သင်သည် နဂါးသတို့သ္မီးပျိုမ သီချင်းဆိုပြီး သောကာလ၌။

ဆဒွါရာဓိပတိ ရာဇာ၊ ရဇ္ဇမာနော ရဇိဿရော။
အရဇ္ဇံ ဝိရဇော ဟောတိ၊ ရဇ္ဇံ ဗာလောတိ ဝုစ္စတိ။

ဆဒွါရာဓိပတိ၊ ခြောက်ဒွါရကို အစိုးရသောသူသည်။
ရာဇာ၊ မင်းမည်၏။
ရဇ္ဇမာနော၊ တပ်ခြင်းရှိသောသူသည်။
ရဇိဿရော၊ မြူကိုသာ အစိုးရသောသူ ဖြစ်၏။
ဝါ၊ မြူကသာ အစိုးရခြင်းရှိသောသူ ဖြစ်၏။
အရဇ္ဇံ-အရဇ္ဇမာနော၊ တပ်ခြင်းမရှိသောသူသည်။
ဝိရဇော၊ မြူကင်းသောသူမည်သည်။
ဟောတိ၊ ဖြစ်၏။
ရဇ္ဇံ-ရဇ္ဇမာနော၊ ကာမဂုဏ်၌ တပ်သောကြောင့်။
ဝါ၊ တပ်သောသူကို။
ဗာလောတိ၊ ဗာလဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။

ဟူသော ဤအဖြေ သီချင်းတို့ကို သီဆိုလေလော့ဟု မိန့်တော်မူလေ၏။

[နဂါးပျိုမ၏ သီချင်း၏ အနက်အဓိပ္ပါယ်ကား—
၁။ ကိံ သုအဓိပတိ ရာဇာဟူသည် အဘယ်ကို အစိုးရသော သူသည် မင်းမည်သောသူ ဖြစ်ပါသနည်း။
၂။ ကိံ သုရာဇာ ရဇိဿရော ဟူသည် အဘယ်သို့လျှင် မင်းသည် မြူကိုသာ အစိုးရသောသူ မည်သည် ဖြစ်ပါသနည်း။ ဝါ၊ မြူကသာ အစိုးရခြင်းရှိသောသူ မည်သည် ဖြစ်ပါသနည်း။
၃။ ကထံသု ဝိရဇော ဟောတိ ဟူသည် အဘယ် အကြောင်းကြောင့် ထိုမင်းသည် မြူကင်းသောသူ မည်သည် ဖြစ်ပါသနည်း။
၄။ ကထံ ဗာလောတိ ဝုစ္စတိ ဟူသည် အဘယ်အကြောင်းကြောင့်၊ ဝါ၊ အဘယ်သူကို ဗာလဟူ၍ ဆိုအပ်ပါသနည်း။ ဤကား အနက် အဓိပ္ပါယ်တည်း။
အဖြေဖြစ်သော သီချင်းတုံ့၏ အနက်အဓိပ္ပါယ်ကား -
၁။ ဆဒွါရာဓိပတိ ရာဇာ ဟူသည် အကြင်သူသည် ခြောက်ပါးသော ဒွါရတို့ကို အစိုးရသော အရှင်ဖြစ်၏။ တခုသော ဒွါရ၌သော်လည်း ရူပါရုံ စသည်တို့သည် မနှိပ်စက်အပ် ဤသူသည် မင်း မည်၏။
၂။ ရဇ္ဇမာနော ရဇိဿရော ဟူသည် အကြင်သူသည်ကား ထိုထိုအာရုံတို့၌ တပ်နှစ်သက်လေ့ရှိ၏။ ထိုသို့ တပ်နှစ်သက်လေ့ရှိသော သူသည် မြူအညစ်အကြေး ကိုသာ အစိုးရသောသူ မည်၏။ ဝါ၊ မြူကသာ အစိုးရခြင်းရှိသောသူမည်၏။
၃။ အရဇ္ဇံ ဟူသည် တပ်ခြင်းမရှိသောသူသည် မြူကင်းသောသူ မည်သည် ဖြစ်၏။
၄။ ရဇ္ဇံ ဟူသည် တပ်ခြင်းရှိသောကြောင့် ဝါ၊ တပ်ခြင်း ရှိသော သူကို ဗာလဟူ၍ ဆိုအပ်၏ ဤကား အနက်အဓိပ္ပါယ်တည်း။

ဤသို့ ဥတ္တရလုလင်အား မြတ်စွာဘုရားသည် အဖြေသီချင်းတို့ကို သင်ပေး၍ ချစ်သား ဥတ္တရ သင်သည် ဤအဖြေသီချင်းကို သီဆိုသည်ရှိသော် ဤအဖြေ သီချင်း၏ အတုံ့ဖြစ်သော ဤသီချင်း တပုဒ်ကို နဂါးပျိုမက သီဆိုလိမ့်ဦးမည် ဖြစ်လတ္တံ့။

ကေနဿု ဝုယှတိ ဗာလော၊ ကထံ နုဒတိ ပဏ္ဍိတော။
ယောဂက္ခေမီ ကထံ ဟောတိ၊ တံမေ အက္ခာဟိ ပုစ္ဆိတော။

ဗာလော၊ လူမိုက်ကို။
ကေန၊ အဘယ်တရားသည်။
ဝုယှတိ၊ မျှောအပ်သနည်း။
ပဏ္ဍိတော၊ ပညာရှိသောသူသည်။
ကထံ၊ အဘယ်သို့သောအကြောင်းဖြင့်။
နုဒတိ၊ မျှောတတ်သော တရားကို ဖျက်ဆီးပယ်နုတ်ပါသနည်း။
ယောဂက္ခေမီ၊ ယောဂလေးပါး ကုန်ခြင်းရှိသောသူ မည်သည်။
ကထံဟောတိ၊ အဘယ်သို့ ဖြစ်ပါသနည်း။
တံ၊ ထိုပြဿနာကို။
ပုစ္ဆိတော၊ မေးအပ်သော သင်သည်။
မေ၊ ငါ့အား။
အက္ခာဟိ၊ ဖြေကြားပါဦးလော့။

ဤသို့ သီဆိုအပ်သည်ရှိသော် ထိုနဂါးမင်းအား သင်သည် ဤအဖြေ သီချင်းတုံ့ကို သီဆို လေလော့ဟု မိန့်တော်မူလေ၏။

ဩဃေန ဝုယှတိ ဗာလော၊ ယောဂါ နုဒတိ ပဏ္ဍိတော။
သဗ္ဗယောဂဝိသံယုတ္တော၊ ယောဂက္ခေမီတိ ဝုစ္စတိ။

ဗာလော၊ သူမိုက်ကို။
ဩဃေန၊ သြဃလေးပါးသည်။
ဝုယှတိ၊ မျှောအပ်၏။
ပဏ္ဍိတော၊ ပညာရှိသောသူသည်။
ယောဂါ-ယောဂေန၊ သမ္မပ္ပဓာန်ဟူသော လုံ့လဖြင့်။
နုဒတိ၊ ဩဃလေးပါးကို ဖျက်ဆီး ပယ်နုတ်၏။
သဗ္ဗယောဂ ဝိသံယုတ္တော၊ အလုံးစုံသော ယောဂလေးပါးနှင့် မယှဉ်သောပုဂ္ဂိုလ်ကို။
ယောဂက္ခေမီတိ၊ ယောဂလေးပါး ကုန်ခြင်းရှိသောသူဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။

[ထိုအဖြေ သီချင်း ဂါထာ၏ အနက်အဓိပ္ပါယ်ကား ကာမောဃ အစရှိသော လေးပါးသော ဩဃဖြင့် သူမိုက်ကိုမျှောအပ်၏။ ထိုဩဃလေးပါးကို ပညာရှိသောသူသည် သမ္မပ္ပဓာန်ဟု ဆိုအပ်သော လုံ့လဖြင့် ပယ်နုတ်၏။ အကြင်ပုဂ္ဂိုလ်သည် အလုံးစုံသော ကာမယောဂ စသည်တို့ဖြင့် ယှဉ်ခြင်းမရှိ။ ထိုပုဂ္ဂိုလ်ကို ယောဂလေးပါး ကုန်ခြင်းရှိသောသူ မည်၏ဟု ဆိုအပ်၏။ ဤကား အနက်အဓိပ္ပါယ် တည်း။ ]

---

နဂါးမင်း ဝမ်းမြောက်၍ လူအများ ရေနစ်ခြင်း

ဥတ္တရလုလင်သည် ဤအဖြေသီချင်းတုံ့ကို သင်ယူစဉ်ပင်လျှင် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုဥတ္တရလုလင်သည် သောတာပန်ဖြစ်၍ ထိုဂါထာကို ယူသွားပြီးလျှင် အိုအချင်းတို့ ငါကား သီချင်း၏ အဖြေသီချင်းတုံ့ကို ယူဆောင်ခဲ့၏။ ငါ့အား အခွင့်ပေးကြပါကုန်လော့ ဟုဆိုလျက် အကြားကွက်လပ်မရှိ တည်သော များစွာသော လူအပေါင်းအား ပုဆစ်ဒူးဖြင့်နင်းလျက် သွားလေ၏။

နဂါးပျိုမသည် ဖခင် နဂါးမင်းကြီး၏ ပါးပျဉ်း၌ တည်လျက် က,စဉ် ကိံ သုအဓိပတိ ရာဇာ ဟူသော သီချင်းကို သီဆို၏။ ဥတ္တရ လုလင်သည် ဆဒွါရာဓိပတိ ရာဇာ ဟူသော အဖြေသီချင်းကို သီဆိုလေ၏။

တဖန် နဂါးပျိုမသည် ကေနဿုဝုယှတိ ဟူ၍ ဥတ္တရလုလင်အား သီချင်းကို သီပြန်လေ၏။ ထို့နောင်မှ နဂါးပျိုမအား အဖြေသီချင်းတုံ့ကို သီဆိုသော ဥတ္တရလုလင်သည် ဩဃေနဝုယှတိ ဟူသော ဤဂါထာကို ဆိုလေ၏။

နဂါးမင်းသည် ထိုအဖြေသီချင်းတုံ့ကို ကြားရလျှင် ကြားရခြင်း ဘုရားရှင်၏ ပွင့်တော်မူကြောင်းကို သိရ၍ ငါကား နှစ်ဆူသော ဘုရားရှင်တို့၏ တခုသော အကြားကာလပတ်လုံး ဤသို့သဘော ရှိသောသူ၏ စကားသံမည်သည်ကို မကြားရစဖူး။ အိုအချင်းတို့ စင်စစ် လောက၌ ဘုရားရှင် ပွင့်တော်မူပြီဟု နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ အမြီးဖြင့် ရေကို ပုတ်ခတ်လေ၏။

ကြီးစွာသော လှိုင်းတံပိုးတို့သည် ထကြလေကုန်၏။ ကမ်းနှစ်ဘက်တို့သည် ပြိုပျက်လေကုန်၏။ ထိုမှာဘက်မှ၎င်း ဤမှာဘက်မှ၎င်း တဥသဘ မျှလောက်သော အရပ်၌ လူတို့သည် ရေ၌ နစ်မြုပ်ကြလေကုန်၏။ နဂါးမင်းကြီးသည် ဤမျှလောက်သော များစွာသော လူအပေါင်းကို ပါးပျဉ်း၌ ထားကာ ဆယ်ယူလျက် ကြည်းကုန်း၌ တည်စေလေ၏။

---

ဘုရားထံ၌ နဂါးမင်း ဝမ်းနည်းခြင်း

နဂါးမင်းသည် ဥတ္တရလုလင်သို့ ချဉ်းကပ်၍ အရှင် မြတ်စွာဘုရားသည် အဘယ်အရပ်၌ ရှိပါသနည်းဟု မေးလေ၏။ မြတ်သော နဂါးမင်းကြီး တခုသော သစ်ပင်ရင်း၌ သီတင်းသုံး နေတော်မူ၏ဟု ဆိုလတ်သော် နဂါးမင်းသည် အရှင် လာပါလော့ သွားကြကုန်စိုအံ့ဟု ဥတ္တရ လုလင်နှင့် အတူတကွ သွားလေ၏။ လူများ အပေါင်းသည်လည်း နဂါးမင်းနှင့် အတူသာလျင် လိုက်သွားလေ၏။

နဂါးမင်းသည် သွားသဖြင့် ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့၏ အတွင်းသို့ ဝင်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ငိုကြွေးမြည်တမ်းကာ နေလေ၏။ ထိုအခါ နဂါးမင်းကို မြတ်စွာဘုရားသည် မြတ်သောနဂါးမင်းကြီး ဤသို့ နှလုံးကြည်ကွဲခြင်းကား အဘယ်နည်းဟု မိန့်ဆိုတော်မူလေ၏။

မြတ်စွာဘုရား တပည့်တော်သည် ရှင်တော်မြတ်ဘုရား ကဲ့သို့သော ကဿပ မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်၍ အနှစ်နှစ်သောင်းတို့ ကာလပတ်လုံး ရဟန်းတရားကို အားထုတ်ပါသည် ဘုရား။ ထိုအားထုတ်အပ်သော ရဟန်းတရားသည် တပည့်တော်ကို အဟိတ် တိရစ္ဆာန်ဘဝမှ ထုတ်ဆောင်ခြင်းငှါ မတတ်နိုင်ပါဘုရား။ အနည်းငယ်မျှသော ပြိတ်မြက်ရွက်ကို ဖြတ်မိခြင်းမျှကိုမှီ၍ အဟိတ်ပဋိသန္ဓေကို ယူလျက် ရင်ဖြင့်တွား၍ သွားရာဖြစ်သော အရပ်၌ ဖြစ်ရပါသည်ဘုရား။

ဘုရားရှင်နှစ်ဆူတို့၏ တခုသော အကြား ကာလပတ်လုံး လူ၏အဖြစ်ကိုလည်း မရပါ။ သူတော် တရား ကြားနာရခြင်းကိုလည်း မရပါ။ ရှင်တော်မြတ်ဘုရားကဲ့သို့သော ဘုရားအား ဖူးမြင်ခြင်း ကိုလည်း မရခဲ့ပါဘုရားဟု လျှောက်ကြားလတ်သော် မြတ်စွာဘုရားသည် ထိုနဂါးမင်း၏ လျှောက်ချက်စကားကို ကြားနာရ၍ မြတ်သော နဂါးမင်းကြီး လူ၏ အဖြစ်မည်သည်ကား ရခဲသည် သာလျှင်တည်း။ သူတော်ကောင်းတရားကို နာကြားရခြင်းသည်လည်း ထို့အတူ ရခဲ၏။ ဘုရား ပွင့်တော်မူသော ကာလလည်း ထို့အတူ ရခဲ၏။ ဤ လူ၏အဖြစ် စသည်ကို ငြိုငြင်သဖြင့် ပင်ပန်း သဖြင့် ရအပ်၏ဟု မိန့်တော်မူ၍ တရားစကား ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

---

ဒေသနာတော်

၁၈၂။ ကိစ္ဆော မနုဿပဋိလာဘော၊ ကိစ္ဆံ မစ္စာန ဇီဝိတံ။
ကိစ္ဆံ သဒ္ဓမ္မသဝနံ၊ ကိစ္ဆော ဗုဒ္ဓါနမုပ္ပါဒေါ။

မနုဿပဋိလာဘော၊ လူ၏အဖြစ်ကို ရခြင်းသည်။
ကိစ္ဆော၊ ငြိုငြင်၏။
မစ္စာနံ၊ သတ္တဝါတို့၏။
ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။
ကိစ္ဆံ၊ ငြိုငြင်၏။
ဝါ၊ ရခဲ၏။
သဒ္ဓမ္မသဝနံ၊ သူတော်ကောင်းတရားကို နာရခြင်းသည်။
ကိစ္စံ၊ ငြိုငြင်၏။
ဝါ၊ ရခဲ၏။
ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။
ဥပ္ပါဒေါ၊ ပွင့်တော်မူခြင်းသည်။
ကိစ္ဆော၊ ငြိုငြင်၏။
ဝါ၊ အလွန်တရာရခဲ၏။

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ ရှစ်သောင်း လေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။ နဂါးမင်းသည်လည်း ထိုနေ့၌ သောတာပတ္တိဖိုလ်ကို ရသင့်လေရာ၏။ ထိုသို့ပင် ရသင့်သော်လည်း တိရစ္ဆာန် ဖြစ်သောကြောင့် မရရှာလေ။ ထိုဧရကပတ္တ နဂါးမင်းသည် ပဋိသန္ဓေ နေခြင်း, အရေဟောင်း စွန့်ခြင်း, လွတ်လွတ် ကျွတ်ကျွတ် အိပ်ပျော်ခြင်း, ဇာတ်တူ နဂါးမနှင့် မေထုန်မှီဝဲခြင်း, စုတိခြင်းဟု ဆိုအပ်သော အကြင်ငါးပါးသော အရာဌာနတို့၌ နဂါးတို့ မည်သည် နဂါး၏ ကိုယ်ကိုသာလျှင် ယူရခြင်းကြောင့် ပင်ပန်းကြရကုန်၏။ ထိုငါးပါးသော အရာဌာနတို့၌ မပင်ပန်းသောသူ၏ အဖြစ်သို့ ရောက်ရသဖြင့် လုလင်၏ အသွင်အားဖြင့်သာလျှင် လှည့်လည် သွားလာခြင်းငှါ ရလေ၏။

ဧရကပတ္တနဂါးမင်းဝတ္ထုပြီး၏။

၄ - အာနန္ဒာမထေရ်၏ ဥပုသ် ပြဿနာဝတ္ထု

သဗ္ဗပါပဿ အကရဏံ - အစံရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အရှင်အာနန္ဒာမထေရ်၏ ပြဿနာမေးခြင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘုရားရှင် ခုနှစ်ဆူတို့၏ ဥပုသ်

ထိုပြဿနာကို ရှင်အာနန္ဒာမထေရ်သည် နေ့သန့်စင်ရာ အရပ်၌နေလျက် မြတ်စွာဘုရားသည် ခုနစ်ဆူသော ဘုရားရှင် (ဝိပဿီ သိခီ ဝေဿဘူ ကကုသန် ကောဏာဂုံ ကဿပ ဂေါတမ) တို့၏ မယ်တော် ခမည်းတော်တို့ကို၎င်း အသက် အပိုင်းအခြားကို၎င်း ပွင့်ရာဗောဓိပင်ကို၎င်း သာဝက အစည်း အဝေးကို၎င်း အဂ္ဂသာဝက အစည်းအဝေးကို၎င်း မြတ်သောတပည့် အလုပ် အကျွေးကို၎င်း ထိုအလုံးစုံကို ဟောကြားတော်မူ၏။ ဥပုသ်ကိုကား ဟောတော် မမူသေး။

အဘယ်သို့နည်း ထိုဘုရားရှင်တို့၏ ဥပုသ်သည်လည်း ဤဥပုသ်ပင် ဖြစ်သလော တပါးသောဥပုသ် ဖြစ်သလောဟု ကြံစည်တော်မူလေသတတ်။ ထိုအာနန္ဒာမထေရ်သည် ဘုရားရှင်သို့ ချဉ်းကပ်၍ ထိုအကြောင်းကို မေးလျှောက်လေ၏။ အကြင်ကြောင့် ထိုမြတ်စွာဘုရားတို့၏ ကာလ အပြားသည် သာလျှင်ရှိ၏။ ဩဝါဒ ဂါထာစကား အပြားကားမရှိ။

ချဲ့ဦးအံ့။ ဝိပဿီမြတ်စွာဘုရားသည် ခုနစ်ခုမြောက် ခုနစ်ခုမြောက်ဖြစ်သော နှစ်၌ တကြိမ် တကြိမ် ဥပုသ် ပြုတော်မူ၏။ ထိုဝိပဿီဘုရားရှင်၏ တနေ့ ပေးအပ်သော အဆုံးအမသည်သာလျှင် ခုနစ်နှစ်တို့ပတ်လုံး စွမ်းနိုင်သည် ဖြစ်လေ၏။

သိခီမြတ်စွာဘုရားသည်၎င်း ဝေဿဘူ မြတ်စွာဘုရားသည်၎င်း ခြောက်ခုမြောက် ခြောက်ခုမြောက် ဖြစ်သော နှစ်၌ ဥပုသ်ပြုတော်မူကြကုန်၏။

ကကုသန် မြတ်စွာဘုရားသည်၎င်း ကောဏဂုံမြတ်စွာဘုရားသည်၎င်း နှစ်တိုင်း နှစ်တိုင်း ဥပုသ်ပြုတော်မူကြကုန်၏။

ကဿပ မြတ်စွာဘုရားသည် ခြောက်ခုမြောက် ခြောက်ခုမြောက်ဖြစ်သောလ၌ တကြိမ် တကြိမ် ဥပုသ်ပြုတော်မူ၏။ ထိုကဿပမြတ်စွာဘုရား၏ တနေ့ ပေးအပ်သော အဆုံးအမ သည်သာလျှင် ခြောက်လပတ်လုံး စွမ်းနိုင်သည်ဖြစ်လေ၏။

ထို့ကြောင့် ငါတို့ မြတ်စွာဘုရားသည် ထိုရှေးဘုရားရှင်တို့၏ ဤကာလ အထူးအပြားကို ဟောကြား တော်မူပြီးလျှင် ထိုရှေးဘုရားရှင်တို့၏ အဆုံးအမ ဂါထာသည်ကား ဤဂါထာသည်သာလျှင်တည်း ဟု မိန့်တော်မူ၍ အလုံးစုံသော ဘုရားရှင်တို့၏ တူသည်သာလျှင် ဖြစ်သော ဥပုသ်ကို ထင်ရှား ပြတော်မူလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၁၈၃။ သဗ္ဗပါပဿ အကရဏံကုသလဿ ဥပသမ္ပဒါ
သစိတ္တပရိယောဒပနံဧတံ ဗုဒ္ဓါန သာသနံ

၁၈၄။ ခန္တိ ပရမံ တပေါ တိတိက္ခာ
နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ
နဟိ ပဗ္ဗဇိတော ပရူပဃာတီ
နသမဏော ဟောတိ ပရံ ဝိဟေဌယန္တော

၁၈၅။ အနုပဝါဒေါ အနုပဃာတောပါတိမောက္ခေ စ သံဝရော
မတ္တညုတာ စ ဘတ္တသ္မိံသန္တဉ္စ သယနာသနံ
အဓိစိတ္တေ စ အာယောဂေါဧတံ ဗုဒ္ဓါန သာသနံ

သဗ္ဗပါပဿ၊ အလုံးစုံသော အကုသိုလ်ကို။ ယံအကရဏံ၊ အကြင် မပြုခြင်းသည်၎င်း။ ကုသလဿ၊ ကုသိုလ်ကို။ ယာဥပသမ္ပဒါ၊ အကြင်ပြည့်စုံစေခြင်းသည်၎င်း။ ယံသစိတ္တံပရိယောဒပနံ၊ အကြင်မိမိစိတ်ကို ဖြူစင်စေခြင်းသည်၎င်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤအလုံးစုံသည်။ ဗုဒ္ဓါန-ဗုဒ္ဓါနံ၊ အလုံးစုံသော မြတ်စွာဘုရားတို့၏။ သာသနံ၊ အဆုံးအမတော်တည်း။

တိတိက္ခာ၊ သည်းခံခြင်းဟု ဆိုအပ်သော။ ခန္တီ-ခန္တိ၊ သည်းခံခြင်း ခန္တီသည်။ ပရမံ၊ မြတ်သော။ တပေါ၊ အကျင့်တည်း။ နိဗ္ဗာနံ၊ ကိလေသာမှ ငြိမ်းခြင်းနိဗ္ဗာန်ကို။ ပရမံ၊ မြတ်၏ဟူ၍။ ဗုဒ္ဓါ၊ ဘုရားပစ္စေက, သာဝက, တို့သည်။ ဝဒန္တိ၊ ဟောကြားတော်မူကြကုန်၏။ ပရူပဃာတီ၊ သူတပါးကို သတ်ဖြတ်ညှဉ်းဆဲလေ့ ရှိသောသူသည်။ ပဗ္ဗဇိတော၊ ရဟန်းမည်သည်။ နဟိဟောတိ၊ မဖြစ်။ ပရံ၊ သူတပါးကို။ ဝိဟေဌယန္တော၊ ညှဉ်းဆဲသောသူသည်။ သာမဏော၊ ရဟန်း မည်သည်။ နဟောတိ၊ မဖြစ်။

အနုပဝါဒေါ၊ မစွပ်စွဲမကဲ့ရဲ့ခြင်းသည်၎င်း။ အနုပဃာတော၊ မညှဉ်းဆဲ မသတ်ဖြတ်ခြင်းသည်၎င်း။ ပါတိမောက္ခေ၊ အကြီးဖြစ်သော ပါတိမောက္ခသံဝရသီလ၌။ သံဝရောစ၊ စောင့်စည်း ပိတ်ပင်ခြင်းသည်၎င်း။ ဘတ္တသ္မိံ၊ ဆွမ်းဘောဇဉ်၌။ မတ္တညုတာစ၊ အတိုင်းအရှည်ကို သိသည်၏ အဖြစ်သည်၎င်း။ သန္တဉ္စသယနာသနံ၊ ဆိတ်ငြိမ်ရာဖြစ်သော ကျောင်း၌နေခြင်းသည်၎င်း။ အဓိစိတ္တေ၊ ရှစ်ပါးသော သမာပတ်ဟုဆိုအပ်သော စိတ်ကို အစိုးရခြင်း အဓိစိတ္တသိက္ခာ၌။ ဂေါစ၊ လုံ့လပြုခြင်းသည်၎င်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤအလုံးစုံသည်။ ဗုဒ္ဓါနံ၊အလုံးစုံသော မြတ်စွာဘုရားတို့၏။ သာသနံ၊ အဆုံးအမတော်တည်း။

[အနုပဝါဒဖြင့် နှုတ်၌ဖြစ်သော သီလကိုဟောအပ်၏။ အနုပဃာတဖြင့် ကိုယ်၌ ဖြစ်သော သီလကို ဟောအပ်၏။ ပါတိမောက္ခေစ သံဝရောဖြင့် ပါတိမောက္ခသံဝရသီလ, ဣန္ဒြိယသံဝရသီလကို ဟောအပ်၏။ မတ္တညုတာဖြင့် အာဇီဝ ပါရိသုဒ္ဓိသီလ, ပစ္စယသန္နိဿိတသီလကို ဟောအပ်၏။ သန္တဉ္စ သယနာသနဖြင့် လျောက်ပတ်သော အိပ်ရာနေရာကျောင်းကို ဟောအပ်၏။ အဓိစိတ္တဖြင့် သမာပတ် ရှစ်ပါးကိုဟောအပ်၏။ ဤသို့လျှင် ဤဂါထာဖြင့် သိက္ခာ သုံးပါးတို့ကိုလည်း ဟောအပ်ကုန်သည်သာလျှင်တည်း။ ]

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

အာနန္ဒာမထေရ်၏ ဥပုသ်ပြဿနာဝတ္ထုပြီး၏။

---

၅ - မမွေ့လျော်သော ရဟန်းဝတ္ထု

နကဟာပဏဝသေန - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် သာသနာတော်၌ မမွေ့လျော်သော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ငွေတရာဖြင့် လူထွက်လိုသောရဟန်း

ထိုရဟန်းသည် သာသနာတော်၌ ရဟန်းပြုသဖြင့် ရအပ်သော ပဉ္စင်းအဖြစ် ရှိလတ်သည်ရှိသော် ဤမည်သော အရပ်သို့သွား၍ ပါဠိသင်ခြင်းကို သင်ယူချေလော့ဟု ဥပဇ္ဈာယ်ဆရာ စေအပ်သည် ဖြစ်၍ ထိုအရပ်သို့ သွားသတတ်။ ထိုအခါ ထိုရဟန်း၏ ဖခင်အား အနာရောဂါသည် ကပ်ရောက်လေ၏။

ဖခင်သည် သားရဟန်းကို ဖူးမြင်လိုသည်ဖြစ်လျက် ထိုသားရဟန်းကို ပင့်ခေါ်ခြင်းငှါ စွမ်းနိုင်သော တစုံတယောက်သောသူကို မရသောကြောင့် သား၌ဖြစ်သော စိုးရိမ်ခြင်းဖြင့် ယောင်ယမ်း မြည်တမ်းလျက်သာလျှင် သေခြင်းအနီးသို့ ရောက်လတ်သည် ဖြစ်၍ ဤအသပြာကား ငါ့သား ရဟန်း၏ သပိတ်သင်္ကန်းဘိုးကို ပြုရစ်ပါလော ဟု အသပြာတရာကို ညီ၏လက်၌ ပေးခဲ့၍ စုတေ မနေ သေလွန်ခြင်းကို ပြုလေ၏။

ထိုဖခင်၏ညီသည် ပဉ္စင်းငယ် လာသောအခါ ခြေရှင်း၌ဝပ်လျက် လူးလဲကာ ငိုကြွေးပြီးလျှင် အရှင် ဘုရား အရှင်ဘုရား၏ ဖခင်သည် ယောင်ယမ်း မြည်တမ်းလျက်သာလျှင် စုတေမနေ သေလွန်ခြင်းကို ပြုရလေ၏။ တပည့်တော်၏ လက်၌ ထိုဖခင် ဒါယကာကြီးသည် အသပြာတရာကို ထားခဲ့၏။ ထိုအသပြာဖြင့် အဘယ်သို့ ပြုရပါအံ့နည်းဟု လျှောက်လေ၏။

ပဉ္စင်းငယ်သည် ငါ့အား အသပြာတို့ဖြင့် အလိုမရှိဟု ပယ်ပြီးလျှင် နောက်အဖို့၌ ငါ့အား သူတပါး အိမ်ဝယ် ဆွမ်းအလို့ငှါ လှည့်လည်၍ အသက်မွေးခြင်းဖြင့် အဘယ်အကျိုး ရှိအံ့နည်း။ ထိုအသပြာ တရာကိုမှီ၍ အသက်မွေးမြူခြင်းငှါ တတ်ကောင်း၏။ လူထွက်တော့အံ့ဟု ကြံလေ၏။

ထိုသို့ အကြံဖြစ်သော ပဉ္စင်းငယ်သည် မမွေ့လျော်ခြင်းဖြင့် နှိပ်စက်အပ်သည် ဖြစ်ရကား စွန့်လွှတ် အပ်သော သရဇ္ဈာယ်ခြင်း ကမ္မဋ္ဌာန်း စီးဖြန်းခြင်း ရှိသည်ဖြစ်၍ ဖြော့တော့သော အနာရောဂါ ရှိသောသူကဲ့သို့ ဖြစ်လေ၏။ ထိုအခါ ပဉ္စင်းငယ်ကို ရဟန်းငယ် သာမဏေတို့သည် ဤသို့ ညစ်နွမ်းသော ကိုယ်ရှိခြင်းသည် အဘယ်ပါနည်းဟု မေးကြသောကြာင့် ငြီးငွေ့သည်ဖြစ်၏ဟု ဆိုလတ်သော် ဆရာဥပဇ္ဈာယ်တို့အား ပြောကြားကြလေကုန်၏။

ထိုအခါ ပဉ္စင်းငယ်ကို ထိုဆရာ ဥပဇ္ဈာယ်တို့သည် မြတ်စွာဘုရား၏ အထံတော်သို့ ဆောင်၍ မြတ်စွာဘုရားအား ပြကြကုန်၏။ ဘုရားရှင်သည် သင်ကား ငြီးငွေ့၏ဟူသည် မှန်သလောဟု မေးတော်မူသောကြောင့် မြတ်စွာဘုရား မှန်ပါကြောင်းပါ ဘုရားဟု လျှောက်သည်ရှိသော် အဘယ့်ကြောင့် ဤသို့ ပြုဘိသနည်း။ သင့်အား အသက်မွေးမှုကြောင်း တစုံတခု ရှိသလောဟု မိန့်တော်မူလေ၏။

မြတ်စွာဘုရား ရှိပါသည်ဘုရားဟု လျှောက်သည်ရှိသော် သင့်အား အဘယ်ပစ္စည်း ရှိသနည်းဟု မေးတော်မူပြန်၏။ မြတ်စွာဘုရား အသပြာတရာ ရှိပါသည်ဘုရားဟု လျှောက်သည်ရှိသော် ထိုသို့ဖြစ်မူ ရှေးဦးစွာ တစုံတခုသော အရပ်၌ ကျောက်စရစ်ကို ဆောင်ခဲ့လော။ ထိုမျှလောက်ဖြင့် အသက်မွေးမြူခြင်းငှါ တတ်နိုင်ကောင်းအံ့လော မတတ်နိုင်အံ့လောဟု ရေတွက်၍ သိကြရကုန်အံ့ ဟူ၍ မိန့်တော်မူလေ၏။

ဝေပုံချခြင်းနှင့် မန္ဓာတုဇာတ်အမြွက်

ထိုပဉ္ဇင်းငယ်သည် ကျောက်စရစ်ကို ဆောင်ယူခဲ့လေ၏။ ထိုအခါ ပဉ္စင်းငယ်ကို မြတ်စွာဘုရားသည် ရှေးဦးစွာ အသုံးအဆောင် အလို့ငှါ အသပြာငါးဆယ်ကို ထားလော့။ နွားနှစ်ကောင်တို့ အလို့ငှါ နှစ်ဆဲ့လေး အသပြာကို ထားလော့။ ဤမျှ လောက်သော အသပြာကို မျိုးစေ့အလို့ငါ၎င်း ထမ်းပိုး ထွန်တုံး အလို့ငှါ၎င်း ပေါက်တူး ပဲခွပ် ပုဆိန် အလို့ငှါ၎င်း ထားလော့။ ဤသို့ရေတွက်အပ်သည် ရှိသော် ထိုအသပြာတရာသည် မလောက်မမျှ ဖြစ်ခဲ့လေ၏။

ထိုအခါ ရဟန်းငယ်ကို မြတ်စွာဘုရားသည် ချစ်သားရဟန်း သင်၏ အသပြာတို့သည် အနည်းငယ် သာ ဖြစ်ကုန်၏။ ဤအသပြာတို့ကိုမှီ၍ တောင့်တခြင်း တဏှာလောဘကို အဘယ်သို့လျှင် ပြည့်စေနိုင်အံ့နည်းဟု မိန့်တော်မူပြီးလျှင် လွန်လေပြီးသောအခါ စကြဝတေးမင်း၏ မင်းအဖြစ်ကို ပြုစေ၍ လက်ပန်းပေါက်ခတ်ကာမျှ၌ တဆဲ့နှစ်ယူ ဇနာရှိသော အရပ်၌ ခါးအတိုင်းအရှည်မျှဖြင့် ရတနာမိုဃ်းကို ရွာစေခြင်းငှါ စွမ်းနိုင်ကြကုန်သော မင်းကြီးတို့သည် အကြင် ရွေ့လောက် သုံးကျိပ် ခြောက်ယောက်သော သိကြားတို့သည် စုတေကုန်၏။

ထိုမျှလောက်သော ကာလပတ်လုံး နတ်မင်းအဖြစ်ကို ပြု၍သော်လည်း သေသောအခါ တောင့်တခြင်း တဏှာ လောဘကို မပြည့်စေနိုင်မူ၍သာလျှင် သေခြင်းကို ပြုကြရလေကုန်၏ ဟု မိန့်တော်မူ၍ ထို ပဉ္စင်းငယ် တောင်းပန်အပ်ရကား လွန်လေပြီးသောအကြောင်း ကိုဆောင်တော်မူ၍ မန္ဓာတုဇာတ်ကို ချဲ့တော်မူသဖြင့်။

ယာဝတာ စန္ဒိမသူရိယာ ပရိဟရန္တိ၊ ဒိသာ ဘန္တိ ဝိရောစမာနာ
သဗ္ဗေဝ ဒါသာ မန္ဓာတု၊ ယေ ပါဏာ ပထဝိဿိတာ

စန္ဒိမသူရိယာ၊ လ နေ တို့သည်။ ယာဝတာ၊ အကြင်မျှလောက်သော အရပ် ဒေသတို့ဖြင့်။ ပရိဟရန္တိ၊ မြင်းမိုရ်တောင်ကို လှည့်လည် သွားကြကုန်၏။ ဒိသာ ဒိသာသု၊ အရပ် ဆယ်မျက်နှာတို့၌။ ဝိရောစမာနာ၊ တင့်တယ်ကြကုန်လျက်။ ဘန္တိ၊ ထွန်းလင်း တောက်ပကြကုန်၏။ ဧတ္တကေပဒေသ၊ ဤမျှလောက်သော အရပ်ဒေသ၌။ ပထဝိနိဿိတာ၊ မြေပြင်ကိုမှီ၍ နေကြကုန်သော။ ယေပါဏာ၊ အကြင်သတ္တဝါတို့သည်။ သန္တိ၊ ရှိကြကုန်၏။ သဗ္ဗေ၊ အလုံးစုံကုန်သော။ တေ ပါဏာ၊ ထိုသတ္တဝါတို့သည်။ မန္ဓာတု၊ မန္ဓာတ်မင်းကြီး၏။ ဒါသာဧဝ၊ ကျေးကျွန်တို့ချည်းသာ ဖြစ်ကုန်၏။

ဟူသော ဤဂါထာကို ဟောတော်မူလေ၏။ ဤဂါထာ၏ အခြားမဲ့၌ ဤနှစ်ခုသော ဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၁၈၆။ န ကဟာပဏဝဿေနတိတ္ထိ ကာမေသု ဝိဇ္ဇတိ
အပ္ပသာဒါ စုခါ ကာမာဣတိ ဝိညာယ ပဏ္ဍိတော

၁၈၇။ အပိဒိဗ္ဗေသု ကာမေသုရတိံ သော နာဓိဂစ္ဆတိ
တဏှက္ခယရတော ဟောတိသမ္မာသမ္ဗုဒ္ဓ သာဝကော

ကဟာပဏဝသေန၊ အသပြာမိုဃ်း ရွာသဖြင့်လည်း။ ကာမေသု၊ ဝတ္ထု ကိလေ နှစ်ထွေသော ကာမတို့၌။ တိတ္တိ၊ ရောင့်ရဲခြင်းမည်သည်။ နဝိဇ္ဇတိ၊ မရှိ။ ကာမာ၊ ကာမဂုဏ်တို့သည်။ အပ္ပသာဒါ၊ သာယာဖွယ် မရှိကြကုန်။ ဝါ၊ သာယာဖွယ်ကား နည်းပါးလှကုန်၏။ ဒုက္ခာ၊ ဆင်းရဲခြင်းသာ များလှကုန်၏။ ဣတိ၊ ဤသို့။ ဝိညာယ၊ သိ၍။ ပဏ္ဍိတော၊ ပညာရှိသော။ သော သမ္မာသမ္ဗုဒ္ဓ သာဝကော၊ ထိုဘုရားရှင်၏ တရားတော် နာကြား တပည့်သားသည်။ အပိဒိဗ္ဗေသု၊ နတ်စည်းစိမ်ပင် ဖြစ်ကုန်သော်လည်း။ ကာမေသု၊ ကာမဂုဏ်တို့၌။ ရတိံ၊ မွေ့လျော် ခြင်းကို။ နာဓိဂစ္ဆတိ၊ မရနိုင်။ တဏှက္ခယရတော၊ တဏှာကုန်ရာ အရဟတ္တဖိုလ် နိဗ္ဗာန်၌ လွန်စွာမွေ့လျော်သည်။ ဟောတိ၊ ဖြစ်၏။ (အရဟတ္တဖိုလ် နိဗ္ဗာန်ကို တောင့်တလျက်နေ၏ ဟူလို) ။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ ထိုငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူလေ၏။

မမွေ့လျော်သော ရဟန်းဝတ္ထုပြီး၏။

---

၆ - အဂ္ဂိဒတ္တပုဏ္ဏားဝတ္ထု

ဗဟုံ ဝေ သရဏံ ယန္တိ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် သဲပုံစု၌ နေတော်မူလျက် အဂ္ဂိဒတ္တ အမည်ရှိသော ကောသလ မင်းကြီး၏ ပုရောဟိတ်ပုဏ္ဏားကို အကြောင်း ပြု၍ ဟောတော်မူလေ၏။

ကိုးကွယ်ရာအလွဲ အဆုံးအမ ပေးသောပုဏ္ဏား

ထို အဂ္ဂိဒတ္တပုဏ္ဏားသည် မဟာကောသလ မင်းကြီး၏ ပုရောဟိတ်ပုဏ္ဏား ဖြစ်ဖူးလေသတတ်။ ထိုအခါ ထိုပုရောဟိတ်ပုဏ္ဏားကြီးကို ခမည်းတော် မဟာကောသလမင်းကြီး နတ်ရွာစံလတ်သည် ရှိသော် ပဿေနဒီ ကောသလ မင်းကြီးသည် ငါ့ခမည်းတော်၏ ပုရောဟိတ်ပုဏ္ဏားတည်းဟု အလေးဂရုပြုသဖြင့် ထိုပုရောဟိတ် အရာ၌ပင်လျှင် ထား၍ ထိုအဂ္ဂိဒတ္တ ပုဏ္ဏားကြီးအား မိမိထံသို့ ခစားခြင်းငှါ ရောက်လာသောအခါ၌ ခရီးဦးကြိုဆိုခြင်းကို ပြုလုပ်၏။

ပုရောဟိတ်ဆရာ ဤအရပ်၌ နေထိုင်ကြပါလော့ဟု ဆို၍ မင်းကြီးနှင့် တူသောနေရာကို ပေးစေ လေ၏။ အဂ္ဂိဒတ္တပုဏ္ဏားသည် ဤမင်းကား ငါ၌ အလွန်လျှင် အလေးဂရု ပြုလုပ်ဘိ၏။ ဘုရင်မင်း တို့၏စိတ်ကို အမြဲကာလ၌သာလျှင် ယူခြင်းငှါ မတတ်ကောင်း။ မင်း၏ စည်းစိမ်ချမ်းသာ မည်သည် ကား တူမျှသော အရွယ်ရှိသော သူနှင့်သာလျှင် အတူတကွ ချမ်းသာ၏။ ငါသည်လည်း ကြီးရင့် ခဲ့လေပြီ။ ရဟန်းပြုခြင်းငှါ ငါ့အားသင့်၏ဟု ကြံစည်လေ၏။

ထိုပုရောဟိတ် ပုဏ္ဏားသည် ပဿေနဒီကောသလ မင်းကြီးကို ရဟန်း အဖြစ်ကို ခွင့်ပြုစေ၍ မြို့တော်၌ စည်လည်စေလျက် ခုနစ်ရက်ဖြင့် အလုံးစုံသော မိမိ၏ဥစ္စာကို အလှူဝ၌စွန့်ကြဲ လှူဒါန်းပြီးလျှင် သာသနာတော်မှ အပဖြစ်သော ရသေ့ ရဟန်းပြုလေ၏။ ထို အဂ္ဂိဒတ္တ ပုဏ္ဏားကိုမှီ၍ တသောင်းသော ယောက်ျားတို့သည် အတုလိုက်၍ ရဟန်းပြုကြလေကုန်၏။

ထိုအဂ္ဂိဒတ္တ ပုဏ္ဏားသည် တသောင်းသော ရသေ့ ရဟန်းတို့နှင့် အတူတကွ အင်္ဂတိုင်း မဂဓတိုင်း တို့၏၎င်း ကုရုတိုင်းတို့၏၎င်း အကြား၌ နေခြင်းကိုပြု၍ ချစ်သားတို့ အကြင်သူအား ကာမဂုဏ်ကို ကြံစည်စိတ်ကူးသော ကာမဝိတက် အစရှိသော တရားတို့သည် ဖြစ်ကုန်ငြားအံ့ ထိုသူသည် မြစ်မှ သဲလက်ခုပ် တခုတခု ထုတ်ဆောင်၍ ဤအရပ်၌ လောင်းစေသတည်းဟု ဤသို့သော အဆုံးအမကို ပေး၏။

ထို တသောင်းသော ရသေ့ ရဟန်းတို့သည် ကောင်းလှပါပြီဟု ဝန်ခံကြပြီးလျှင် ကာမဝိတက် စသည်တို့ဖြစ်သောအခါ ထိုဩဝါဒအတိုင်း ပြုကြလေကုန်၏။ တပါးသောအခါ၌ ကြီးစွာသော သဲစုသည်ဖြစ်လေ၏။ ထိုသဲပုံကြီးကို အဟိဆတ္တ မည်သော နဂါးမင်းသည် သိမ်းပိုက်လေ၏။ အင်္ဂတိုင်း မဂဓတိုင်း၌ နေသောသူတို့သည်၎င်း၊ ကုရုတိုင်း၌ နေကုန်သော သူတို့သည်၎င်း လတိုင်း လတိုင်း ထိုရသေ့ ရဟန်း တသောင်းတို့အား များစွာသော ပူဇော်သက္ကာရကို ရှေးရှုဆောင်၍ အလှူလှူကြကုန်၏။

ထိုအင်္ဂတိုင်းသား မဂဓတိုင်းသားနှင့် ကုရုတိုင်းသားတို့အား အဂ္ဂိဒတ္တ ပုဏ္ဏားသည် တောင်တော အာရာမ် သစ်ပင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကြကုန်လော့ ဤသို့ကိုးကွယ်ရာဟု ဆည်းကပ် ခြင်းသည် အလုံးစုံသော ဝဋ်ဆင်းရဲမှ ကင်းလွတ်ကြကုန်လတ္တံ့ ဟူသော ဤအဆုံးအမကိုပေး၏။ မိမိ၏ အတွင်းနေ တပည့်တို့ကိုလည်း ဤအဆုံးအမဖြင့် ဆုံးမလေ၏။

အရှင်မောဂ္ဂလာန်ကို မခန့်လေးစား ပြောခြင်း

ငါတို့ ဘုရားလောင်းသည်လည်း မြတ်သော တောထွက်ခြင်းကို ပြုသဖြင့် သဗ္ဗညုတဉာဏ်တော်သို့ ရောက်တော်မူပြီးလျှင် ထိုအခါသာဝတ္ထိပြည်ကို မှီ၍ ဇေတဝန်ကျောင်းတော်၌ နေတော်မူလျက် နံနက်စောစောအခါ၌ လူအပေါင်းကို ကြည့်ရှုတော်မူလတ်သည်ရှိသော် အတွင်းနေ တပည့်တို့နှင့် တကွ အဂ္ဂိဒတ္တအမည် ရှိသောပုဏ္ဏားကို ကိုယ်တော်မြတ်၏ သဗ္ဗညုတဉာဏ်တော် တည်းဟူသော ကွန်ရက်အတွင်းသို့ ဝင်ရောက်လာသည်ကို မြင်တော်မူလျှင် အလုံးစုံလည်းဖြစ်သော ဤ သူတို့သည် အရဟတ္တဖိုလ်၏ ဥပနိဿယနှင့် ပြည့်စုံကြကုန်၏ဟု သိတော်မူ၍ ညချမ်းသောအခါ အရှင်မဟာ မောဂ္ဂလာန်မထေရ်ကို ချစ်သားမောဂ္ဂလာန် အဂ္ဂိဒတ္တပုဏ္ဏားသည် များစွာသော လူအပေါင်းကို ဆိပ်ကမ်းမဟုတ်သော အရပ်ဖြင့် သက်ဝင်စေသည်ကို မြင်ရ၏လော၊ သွားတဲ့ချေ ထိုသူတို့အား အဆုံးအမကို ပေးချေလော့ဟု မိန့်တော်မူလေ၏။

မြတ်စွာဘုရား ထိုသူတို့ကား များပြားလှပါကုန်၏ တယောက် အထီးတည်းဖြစ်သော တပည့်တော် အား ရဲဝံ့သောအရာ မဟုတ်ပါ။ ရှင်တော်မြတ်ဘုရားတို့ သည်လည်း အကယ်၍ ကြွလိုက်လာ တော်မူ ကြကုန်သည်ဖြစ်အံ့ ရဲဝံ့ခြင်းတို့သည် ဖြစ်ကြပါလိမ့်မည် ဘုရားဟု လျှောက်ကြား လတ်သော် ချစ်သား မောဂ္ဂလာန် ငါဘုရားသည်လည်း ကြွလိုက်လာအံ့၊ သင်သည် ရှေ့က သွားနှင့်ချေလောဟု မိန့်တော်မူလေ၏။

ရှင်မောဂ္ဂလာန် မထေရ်သည် ရှေ့က သွားစဉ်သာလျှင် ကြံစည်ပုံကား ဤသူတို့ကား အားလည်း ကြီးကုန်၏။ များလည်းများကုန်၏။ အလုံးစုံသော သူတို့၏ တညီတညွတ်တည်း စည်းဝေးရာ အရပ်၌ တစုံတခွန်းသော စကားကို အကယ်၍ ဆိုချေငြားအံ့ အလုံးစုံသော သူတို့သည်လည်း အစု အစုအားဖြင့် ထကြကုန်ရာ၏ဟု ကြံ၍ မိမိ၏ အာနုဘော်အားဖြင့် ကြီးသော မိုဃ်းရေမိုဃ်းပေါက် ရှိသော မိုဃ်းကိုရွာစေလေ၏။

ကြီးစွာသော မိုဃ်းရေ မိုဃ်းပေါက်တို့သည် ကျကုန်သည် ရှိသော် ထ၍ထ၍ မိမိ မိမိ၏ သစ်ရွက် မိုးသော ကျောင်းသို့ ဝင်ကြကုန်၏။ ရှင်မောဂ္ဂလာန် မထေရ်သည် အဂ္ဂိဒတ္တ ပုဏ္ဏား၏ သစ်ရွက်မိုး ကျောင်းတံခါး၌ရပ်လျက် အဂ္ဂိဒတ္တဟုမိန့်ဆိုတော်မူလေ၏။ ထိုအဂ္ဂိဒတ္တပုဏ္ဏားသည် ရှင်မောဂ္ဂလာန် မထေရ်၏ အသံကို ကြားရလျှင် ဤလောက၌ ငါ့ကို အမည်အားဖြင့် ခေါ်ခြင်းငှါ စွမ်းနိုင်သော သူမည်သည် မရှိ။ ငါ့ကို အမည်အားဖြင့် ခေါ်သော သူကား အဘယ်သူ ဖြစ်လေဘိသနည်းဟု ခက်ထန်သော မာန်မူခြင်း ရှိသည့်အဖြစ်ကြောင့် ငါ့ကိုခေါ်သော ဤသူကား အဘယ်သူ ဖြစ်ဘိ သနည်းဟု ဆိုလေ၏။

ပုဏ္ဏားကြီး အကျွနု်ပ်ပေတည်းဟု ဆိုလတ်သော် သင် အဘယ်စကားကို ပြောဆိုသနည်းဟု ဆိုလေ၏။ ယနေ့တညဉ့်မျှ ငါ့အလို့ငှါ ဤအရပ်၌ နေစရာအရပ်ကို ပြောကြားစမ်းပါလောဟု ဆိုသည်ရှိသော် ဤအရပ်၌ နေစရာမရှိ တယောက်အား သစ်ရွက်မိုး ကျောင်းတဆောင်သာ ဖြစ်၏ဟု ဆိုလေ၏။

အဂ္ဂိဒတ္တ လူတို့ မည်သည် လူတို့၏အထံသို့၊ နွားတို့သည် နွားတို့၏အထံသို့၊ ရဟန်းတို့သည် ရဟန်းတို့၏ အထံသို့ သွားကြစမြဲ ဖြစ်ကုန်၏။ ဤသို့ မပြုပါလင့် ငါ့အား နေစရာအရပ်ကို ပေးပါလော့ဟု ဆိုလတ်သော် အသို့နည်း သင်ကား ရဟန်းလောဟု မေးလေ၏။ ရဟန်း ဟုတ်မှန်ပါ၏ဟု ဆိုလတ်သော် သင်အကယ်၍ ရဟန်းဖြစ်ခဲ့အံ့ သင်၏ ထမ်းပိုးပြာစစ်သည် အဘယ်မှာနည်း။ ရဟန်းပရိက္ခရာကား အဘယ်နည်း ဟု မေးလေ၏။

ငါ့အား ပရိက္ခရာသည် ရှိပါ၏။ ထိုပရိက္ခရာကို အသီးအခြား ယူ၍ လှည့်လည်သွားလာခြင်းငှါ ဆင်းရဲလှ၏။ ထို့ကြောင့် ပုဏ္ဏားကြီး ကိုယ်တွင်းဖြင့် သာယူ၍ သွားလာ လှည့်လည်ပါ၏ဟု ဆိုလတ်သော် ထိုအဂ္ဂိဒတ္တ ပုဏ္ဏားသည် သင်ကား ယူ၍ လှည့်လည် သွားလာနိုင်လတ္တံ့လောဟု ဆိုတဲ့၍ မထေရ်မြတ်အား အမျက်ထွက်လေ၏။

အရှင်မောဂ္ဂလာန်၏ တန်ခိုး

ထိုအခါ အဂ္ဂိဒတ္တပုဏ္ဏားကို ရှင်မောဂ္ဂလာန်သည် အဂ္ဂိဒတ္တ ငါတို့ကို အမျက် မထွက်ပါလင့် ငါ့အား နေစရာအရပ်ကို ပြောကြားပါလော့ ဟုဆိုလေ၏။ ဤအရပ်၌ နေစရာအရပ် မရှိဟုဆိုလျှင် ဤသဲပုံစု၌ အဘယ်သူ နေသနည်းဟု မေးလေ၏။ တခုသော နဂါးမင်း နေ၏ဟု ဆိုလျှင် ငါ့အား ဤနေရာကို ပေးပါလော့ဟုဆိုလေ၏။

ပေးခြင်းငှါ မတတ်ကောင်း။ ထိုနေရာ၌ နဂါးမင်း၏ အမှုသည် ဝန်လေး၏ ဟုဆိုလျှင် ထိုသို့ ဝန်လေးသည် ဖြစ်ပါစေ ငါ့အား ပေးသာပေးပါလော့ဟု ဆိုလေ၏။ ထိုသို့ဖြစ်မူ သင်သည်သာလျှင် သိလေလော့ဟု ဆိုလျှင် ရှင်မောဂ္ဂလာန် မထေရ်သည် သဲပုံစုသို့ ရှေးရှု ကြွသွားတော်မူလေ၏။ နဂါးမင်းသည် ထိုကြွလာသော ရှင်မောဂ္ဂလာန်ကိုမြင်လျှင် ဤရဟန်းကား ဤအရပ်သို့လာ၏။

ငါရှိသည် အဖြစ်ကို မသိလေယောင်တကား အခိုးလွှတ်၍ ထိုရဟန်းကို သတ်အံ့ဟုကြံလျက် အခိုးလွှတ်လေ၏။ ရှင်မောဂ္ဂလာန်သည် ဤနဂါးမင်းကား ငါသာလျှင် အခိုးလွှတ်ခြင်းငှါ စွမ်းနိုင်၏ တပါးသော သူတို့သည် မစွမ်းနိုင်ကြကုန်ဟု အောက်မေ့ မှတ်သားယောင် တကားဟု ကြံ၍ မိမိကိုယ်တိုင်လည်း အခိုးလွှတ်လေ၏။

နှစ်ဦးစလုံးဖြစ်သော သူတို့၏ကိုယ်မှ ထွက်သော အခိုးတို့သည် ဗြဟ္မာ့ပြည် တိုင်အောင် တက်လေ ကုန်၏။ နှစ်ခုသော အခိုးတို့သည်လည်း ရှင်မောဂ္ဂလာန် မထေရ်ကို မညှဉ်းဆဲ မနှိပ်စက်မူ၍ နဂါးမင်းကိုသာလျှင် ညှဉ်းဆဲ နှိပ်စက်ကြကုန်၏။ နဂါးမင်းသည် အခိုးအဟုန်ကို သည်းခံခြင်းငှါ မတတ်နိုင်ရကား အလျှံကို လွှတ်ပြန်လေ၏။ ရှင်မောဂ္ဂလာန် မထေရ်သည်လည်း တေဇော ကသိုဏ်းလျှင် အာရုံရှိသော သမာပတ်ကို ဝင်စားတော်မူ၍ ထိုနဂါးမင်းနှင့် အတူတကွသာလျှင် အလျှံလွှတ်လေ၏။

မီးလျှံတို့သည် ဗြဟ္မာ့ပြည်တိုင်အောင် တက်လေကုန်၏။ နှစ်ခုသော မီးလျှံတို့သည်လည်း ရှင်မောဂ္ဂလာန်ကို မညှဉ်းဆဲ မနှိပ်စက်မူ၍ နဂါးမင်းကိုသာလျှင် ညှဉ်းဆဲ နှိပ်စက်ကြကုန်၏ ထိုအခါ နဂါးမင်း၏ ကိုယ်အလုံးသည် မီးရှုးတို့ဖြင့် ထက်ဝန်းကျင် လောင်ကျွမ်းသော ကိုယ်ရှိသကဲ့သို့ ဖြစ်လေ၏။

ရသေ့အပေါင်းကား ကြည့်ရှုလျက် နဂါးမင်းသည် ရဟန်းကို ရှို့မြှိုက်လေ၏။ ရဟန်းသည်ကား ကောင်းသော ရဟန်းဖြစ်ပေစွ။ ငါတို့၏ စကားကို နားမထောင်ခြင်းကြောင့် ပျက်စီးရှာရ၏ဟု ကြံကြကုန်၏။ ရှင်မောဂ္ဂလာန်သည်လည်း နဂါးမင်းကို ဆုံးမပြီးလျှင် မာန်ဟူသော အဆိပ် အတောက် မရှိသည်ကိုပြု၍ သဲပုံစု၌ အခွေတို့ဖြင့် ဝန်းရံ၍ စုလစ်မွန်းချွန် တပ်သော စရပ်ဝန်း ပမာဏရှိသော ပါးပျဉ်းကို ဖန်ဆင်း၍ ရှင်မောဂ္ဂလာန်၏ ထိပ်တော်ထက်၌ ဆောင်လေ၏။

မြတ်စွာဘုရား ကြွသွားတော်မူခြင်း

ရသေ့အပေါင်းတို့သည် နံနက် စောစောသာလျှင် ရဟန်း၏ သေသည့် အဖြစ်ကို၎င်း မသေသည့် အဖြစ်ကို၎င်း သိကြရကုန်အံ့ဟု မထေရ်၏ အထံသို့ သွားကြသဖြင့် သဲပုံစုထက်၌ နေတော်မူသော မထေရ်ကို မြင်ကြရလျှင် လက်အုပ် ချီ၍ ချီးမွမ်းထောမနာကြကုန်လျက် ရှင်ရဟန်း အသို့နည်း နဂါးမင်းသည် မနှိပ်စက်အပ်လေသလောဟု မြွက်ဆိုကြလေကုန်၏။

အသို့နည်း ငါ၏အထက်၌ ပါးပျဉ်းကို မိုးလျက် တည်နေသော နဂါးမင်းကို သင်တို့ မမြင်ကြကုန်ဘိ သလော ဟု မိန့်တော်မူလျှင် ရသေ့တို့သည် အချင်းတို့ ရဟန်း၏ အမှုသည်ကား အံ့ဩဖွယ် ရှိပေစွတကား။ ဤသို့ သဘောရှိသည်မည်သော နဂါးမင်းကို ဆုံးမအပ်ပြီဟု ဆို၍ ရှင်မောဂ္ဂလာန် မထေရ်ကို ခြံရံလျက် တည်နေကြကုန်၏။

ထိုခဏ၌ မြတ်စွာဘုရားသည် ကြွလာတော်မူ၏။ ရှင်မောဂ္ဂလာန် မထေရ်သည် မြတ်စွာဘုရားကို မြင်လျှင် နေရာမှ ထလျက် ရှိခိုးလေ၏။ ထိုအခါ ရှင်မောဂ္ဂလာန်ကို ရသေ့တို့သည် ဤ ရဟန်းကြီးကား သင့်ထက် ကြီးမြတ်လေသလောဟု မေးမြန်းကြကုန်၏။ ဤရဟန်းကြီးကား ဘုန်းခြောက်ပါးနှင့် ပြည့်စုံတော်မူသော ငါတို့၏ဆရာတည်း။ ငါသည် ဤရဟန်းကြီး၏ တပည့် တည်းဟု ဆိုလေ၏။ ဘုရားရှင်သည် သဲပုံအစုအထက်၌ နေတော်မူလေ၏။

ရသေ့အပေါင်းသည် ရှေးဦးစွာ ဤသည်ကား တပည့် ဖြစ်သောသူ၏ တန်ခိုး အာနုဘော်တည်း။ ဤဆရာဖြစ်သောသူ၏ တန်ခိုးအာနုဘော်သည်ကား အဘယ်သို့ သဘောရှိသည်ဖြစ်လတ္တံ့နည်း ဟု လက်အုပ်ချီလျက် မြတ်စွာဘုရားကို အလွန်ချီးမွမ်းလေ၏။

ဘုရားရှင်သည် အဂ္ဂိဒတ္တ ပုဏ္ဏားကို ခေါ်တော်မူ၍ အဂ္ဂိဒတ္တ သင်သည် ရှေးဦးစွာ တပည့်တို့အား၎င်း အလုပ်အကျွေး ဒါယကာတို့အား၎င်း အဆုံးအမ ပေးသည်ရှိသော် အဘယ်သို့ ပြောဆို၍သာလျှင် ပေးဘိသနည်းဟု မိန့်တော်မူလေ၏။

ဤတောင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကြကုန်လော့
ဤတောကို ဤအာရာမ်ကို ဤသစ်ပင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကြကုန်လော့
ဤတောင် စသည်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်းသို့ ရောက်သော သူသည် အလုံးစုံသော ဆင်းရဲမှလွတ်နိုင်၏ ဤသို့ သာဝကနှင့် ဥပါသကာတို့အား အဆုံးမပေးပါသည်ဟု လျှောက်ကြား လတ်သော် -

မြတ်စွာဘုရားသည် အဂ္ဂိဒတ္တ ဤတောင်စသည်တို့ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သောသူသည် ဆင်းရဲမှ မလွတ်နိုင်။ ဘုရား တရား သံဃာ ရတနာသုံးပါးကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်းသို့ ရောက်သောသူတို့သည် အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှ လွတ်နိုင်၏ဟု မိန့်တော်မူ၍ ဤဂါထာ တို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၁၈၈။ ဗဟုံ ဝေ သရဏံ ယန္တိပဗ္ဗတာနိ ဝနာနိစ
အာရာမရုက္ခစေတျာနိမနုဿာ ဘယတဇ္ဇိတာ

၁၈၉။ နေတံ ခေါ သရဏံ ခေမံနေတံ သရဏမုတ္တမံ
နေတံ သရဏမာဂမ္မသဗ္ဗဒုက္ခာ ပမုစ္စတိ

၁၉ဝ။ ယောစ ဗုဒ္ဓဉ္စ ဓမ္မဉ္စသံဃဉ္စ သရဏံ ဂတော
စတ္တာရိ အရိယသစ္စာနိသမ္မာပညာယ ပဿတိ

၁၉၁။ ဒုက္ခံ ဒုက္ခသမုပ္ပါဒံဒုက္ခဿ စ အတိက္ကမံ
အရိယံ အဋ္ဌင်္ဂိကံ မဂ္ဂံဒုက္ခူပ သမဂါမိနံ

၁၉၂။ ဧတံခေါ သရဏံ ခေမံဧတံ သရဏမုတ္တမံ
ဧတံ သရဏမာဂမ္မသဗ္ဗဒုက္ခာ ပမုစ္စတိ

မနုဿာ၊ လူတို့သည်။ ဘယတဇ္ဇိတာ၊ ဘေးဖြင့် ထိတ်လန့်ကုန်သည်ဖြစ်၍။ ဗဟုံ-ဗဟူ၊ များစွာကုန်သော။ ပဗ္ဗတာနိစ၊ တောင်တို့ကို၎င်း။ ဝနာနိစ၊ တောတို့ကို၎င်း။ အာရာမရုက္ခစေတျာနိစ၊ အာရာမ် ဥယျာဉ် အဓိကရသစ်ပင် တည်းဟူသော စေတီတို့ကို၎င်း။ ဝေ၊ စင်စစ်။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ယန္တိ၊ ဆည်းကပ်ကြကုန်၏။

ဧတံသရဏံ၊ ဤအလုံးစုံသော ကိုးကွယ်ရာ တောတောင် အစရှိသည်သည်။ ခေါ၊ စင်စစ်။ ခေမံ၊ ဘေးကင်းကြောင်း ကိုးကွယ်ရာသည်။ ၊ မဟုတ်။ ဧတံ သရဏံ၊ ဤတောတောင် စသော အလုံးစုံသော ကိုးကွယ်ရာသည်။ ဥတ္တမံ၊ မြတ်သောကိုးကွယ်ရာသည်။ ၊ မဟုတ်။ ဧတံသရဏံ၊ ဤတောတောင်စသော ကိုးကွယ်ရာကို။ အာဂမ္မ၊ စွဲ၍။ ဧကောပိ၊ တယောက်သော သူမျှသည်လည်း။ သဗ္ဗဒုက္ခာ၊ ဇာတိအစရှိသော ခပ်သိမ်းသော ဝဋ်ဆင်းရဲမှ။ နပမုစ္စတိ၊ မလွတ်နိုင်။

ယောစ၊ အကြင်သူသည်ကား။ ဗုဒ္ဓဉ္ဓ၊ မြတ်စွာဘုရားကို၎င်း။ ဓမ္မဉ္မ၊ တရားတော်ကို၎င်း။ သံဃဉ္စ၊ သံဃာတော်ကို၎င်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂတော၊ ဆည်းကပ်၏။ စတ္တာရိ၊ လေးပါးကုန်သော။ အရိယသစ္စာနိ၊ အရိယသစ္စာတို့ကို။ သမ္မာ၊ ကောင်းစွာ။ ပညာယ၊ ပညာဖြင့်။ ပဿတိ၊ မြင်၏။

ဒုက္ခဉ္စ၊ ဒုက္ခသစ္စာကို၎င်း။ ဒုက္ခသမုပ္ပါဒဉ္စ၊ ဒုက္ခကို ဖြစ်စေတတ်သော သမုဒယသစ္စာကို၎င်း။ ဒုက္ခဿ အတိက္ကမဉ္စ၊ ဒုက္ခကိုလွန်မြောက်ရာဖြစ်သော နိရောဓသစ္စာကို၎င်း။ ဒုက္ခူပသမဂါမိနံ၊ ဒုက္ခ၏ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော။ အရိယံ၊ မြတ်သော။ အဋ္ဌင်္ဂိကံ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော။ မဂ္ဂဉ္စ၊ မဂ္ဂသစ္စာကို၎င်း။ ပဿတိ၊ မြင်၏။

တဿ၊ ထိုသူ၏။ ဝါ၊ သစ္စာလေးပါး သိပြီးသောသူ၏။ ဧတံသရဏံ၊ ဤဘုရား တရား သံဃာဟူသော ကိုးကွယ်ရာသည်။ ခေါ၊ စင်စစ်။ ခေမံ၊ ဘေးကင်းကြောင်းဖြစ်၏။ ဧတံသရဏံ၊ ဤသုံးပါးသော ကိုးကွယ်ရာသည်။ ဥတ္တမံ၊ မြတ်၏။ သောစ ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်လည်း။ ဧတံသရဏံ၊ ဤသုံးပါးသော ကိုးကွယ်ရာကို။ အာဂမ္မ၊ စွဲ၍။ သဗ္ဗဒုက္ခာ၊ အလုံးစုံသော ဝဋ်ဆင်းရဲမှ။ ပမုစ္စတိ၊ လွတ်နိုင်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ အလုံးစုံလည်း ဖြစ်ကုန်သော ထိုရသေ့တို့သည် ပဋိသမ္ဘိဒါလေးပါးတို့နှင့် တကွ အရဟတ္တဖိုလ်သို့ရောက်၍ မြတ်စွာဘုရားကို ရှိခိုးလျက် ရဟန်းအဖြစ်ကို တောင်းပန်ကြ လေကုန်၏။ မြတ်စွာဘုရားသည်လည်း သင်္ကန်းတော် တည်းဟူသော တိုက်ခန်းမှ လက်ျာ လက်တော်ကို ဆန့်တန်းတော်မူ၍ “ဧထ ဘိက္ခဝေါ သမ္မာစရထ ဗြဟ္မစရိယံ

ဘိက္ခဝေါ၊ ရဟန်းတို့။ ဧထ၊ ရိုသေတုပ်ကွ လာကြကုန်လော့။ ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို။ သမ္မာစရထ၊ ကောင်းစွာ ကျင့်ကြကုန်လော့။

ဤသို့ အစရှိသောစကားကို မိန့်မြွက်တော်မူ၏။ ထို ရသေ့တို့အား ထိုခဏခြင်း၌သာလျှင် ရှစ်ပါးသော ပရိက္ခရာတို့ကို ဆောင်ကုန်လျက် ဝါခြောက်ဆယ်ရပြီးသော မထေရ်ကြီးတို့ကဲ့သို့ ဖြစ်ကြလေကုန်၏။

အဂ္ဂိဒတ္တမထေရ် တန်ခိုးပြခြင်း

၎င်းနေ့သည်လည်း အလုံးစုံကုန်သော အင်္ဂတိုင်း မဂဓတိုင်း ကုရုတိုင်း၌ နေကုန်သော သူတို့၏ ပူဇော်သက္ကာရကိုယူ၍ လာသောနေ့ ဖြစ်လေ၏။ ထိုသူတို့သည် ပူဇော်သက္ကာရကိုယူ၍ လာကြ ကုန်သည်ရှိသော် အလုံးစုံလည်း ဖြစ်ကုန်သော ထိုရသေ့ဖြစ်ဖူးသော ရဟန်းတို့ကို၎င်း ဗုဒ္ဓသာဝက ဖြစ်သော ရဟန်းတို့ကို၎င်း မြင်ကြရလျှင် အသို့နည်း ငါတို့၏ အဂ္ဂိဒတ္တပုဏ္ဏားသည် မြတ်လေ သလော ထိုသို့မဟုတ် ရဟန်းကြီးဂေါတမသည် မြတ်လေသလောဟု ကြံ၍ ရဟန်းဂေါတမ၏ လာရောက်ရခြင်းကြောင့် အဂ္ဂိဒတ္တပုဏ္ဏားသာလျှင် မြတ်၏ဟု အောက်မေ့ မှတ်ထင်ကြလေကုန်၏။

မြတ်စွာဘုရားသည် ထိုတိုင်းသူတိုင်းသားတို့၏ အလိုကို ကြည့်ရှုတော်မူ၍ အဂ္ဂိဒတ္တ ပရိသတ်၏ ယုံမှား တွေးတောခြင်းကို ဖြတ်လော့ဟု မိန့်တော်မူလေ၏။ အဂ္ဂိဒတ္တသည် ငါသည်လည်း ဤ ယုံမှားဖြတ်ခြင်းမျှလောက် ကိုသာလျှင် တောင့်တရပေလတ္တံ့ ဟု နှလုံးပြုသဖြင့် တန်ခိုးအာနုဘော် အစွမ်းအားဖြင့် ခုနစ်ကြိမ် ကောင်းကင်သို့ ပျံတက်၍ အဖန်တလဲလဲ သက်ဆင်းပြီးလျှင် ဘုရားရှင် ကို ရှိခိုးလျက် ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား ဘုန်းတော် ခြောက်စုံ ဂုဏ်တော် အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် တပည့်တော်၏ဆရာ ဖြစ်ပါသည်ဘုရား။ တပည့်တော်သည် တပည့်သာဝက ဖြစ်ပါသည် ဘုရားဟု လျှောက်ကြားသဖြင့် သာဝက အဖြစ်ကို ထင်ရှားစွာ ပြလေ၏။

အဂ္ဂိဒတ္တပုဏ္ဏားဝတ္ထုပြီး၏။

---

၇ - အာနန္ဒာမထေရ်၏ပြဿနာဝတ္ထု

ဒုလ္လဘော - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အရှင်အာနန္ဒာ မထေရ်၏ ပြဿနာ မေးလျှောက်ခြင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ယောက်ျားအာဇာနည် ဖြစ်ရာအရပ်

ရှင်အာနန္ဒာမထေရ်သည် တနေ့သ၌ နေ့သန့်ရာ အရပ်၌နေလျက် ဆင်အာဇာနည်သည် ဆဒ္ဒန် ဆင်မျိုး၌၎င်း ဥပေါသထ ဆင်မျိုး၌၎င်း ဖြစ်၏။ မြင်းအာဇာနည်သည် သိန္ဓောမြင်းအမျိုး၌၎င်း ဝလာဟကမြင်းမင်းအမျိုး၌၎င်းဖြစ်၏။ နွားလား ဥသဘ အာဇာနည်သည် ဒက္ခိဏပထအရပ်၌ ဖြစ်၏။ ဤသို့ အစရှိသည်တို့ကို ဟောကြားတော်မူသော မြတ်စွာဘုရားသည် ဆင်အာဇာနည် အစရှိသည်တို့၏ ဖြစ်ရာအရပ် စသည်တို့ကို ဟောကြားတော် မူအပ်ကုန်၏။

ယောက်ျား အာဇာနည်သည်ကား အဘယ်အရပ်၌ ဖြစ်ဘိသနည်းဟု ကြံစည်မိလေ၏။ ထိုရှင် အာနန္ဒာမထေရ်သည် ဘုရားရှင်သို့ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌ နေလျက် ဤသို့ ကြံစည်မိသော အကြောင်းကို မေးလျှောက်လေ၏။ မြတ်စွာဘုရားသည် ချစ်သားအာနန္ဒာ ယောက်ျားအာဇာနည်သည်ကား အလုံးစုံသော အရပ်၌မဖြစ်။ အဖြောင့်အားဖြင့် ကား ယူဇနာသုံးရာ အလျားရှည်သော အပြန့်အားဖြင့် ယူဇနာ နှစ်ရာ့ငါးဆယ်ရှိသော အဝန်းအားဖြင့် ယူဇနာကိုးရာ အတိုင်းအရှည်ရှိသော မဇ္ဈိမဒေသအရပ်၌ဖြစ်၏။

ဖြစ်သော်လည်း ဟုတ်ဟုတ် ငြားငြားသော အမျိုး၌ ဖြစ်သည်မဟုတ်။ များသော ဥစ္စာနှစ်ရှိသော ခတ္တိယ မဟာသာလမင်းမျိုး၊ များသောဥစ္စာနှစ်ရှိသော ဗြာဟ္မဏမဟာသာလ ပုဏ္ဏားမျိုးတို့တွင် တပါးပါးသော အမျိုး၌သာလျှင် ဖြစ်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၁၉၃။ ဒုလ္လဘော ပုရိသာဇညောနသော သဗ္ဗတ္ထ ဇာယတိ
ယတ္ထ သော ဇာယတိ ဓီရောတံကုလံ သုခမေဓဘိ

ပုရိသာ ဇညော၊ ယောက်ျားအာဇာနည်ကို။ ဒုလ္လဘော၊ ခဲယဉ်းသဖြင့် ရအပ်၏။ ဝါ၊ ရခဲ၏။ သော၊ ထိုယောက်ျား အာဇာနည်သည်။ သဗ္ဗတ္ထ၊ အလုံးစုံ သောအရပ် အလုံးစုံသောအမျိုး၌။ နဇာယတိ၊ မဖြစ်။ ဓီရော၊ မတုန်မလှုပ် ပညာရှိသော။ သော၊ ထိုယောက်ျား အာဇာနည်သည်။ ယတ္ထ၊ အကြင် အမျိုး၌။ ဇာယတိ၊ ဖြစ်၏။ တံကုလံ၊ ထိုအမျိုးသည်။ သုခံ၊ ချမ်းသာခြင်း ရှိသည်ဖြစ်၍။ ဧဓတိ၊ ကြီးပွား၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

အာနန္ဒာမထေရ်၏ပြဿနာဝတ္ထုပြီး၏။

၈ - များစွာကုန်သော ရဟန်းတို့ဝတ္ထု

သုခေါဗုဒ္ဓါနံ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် များစွာကုန်သော ရဟန်းတို့၏ စကားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

ချမ်းသာ သုခ ရွေးချယ်ကြခြင်း

တနေ့သ၌ ငါးရာသော ရဟန်းတို့သည် ခစားလုပ်ကျွေး စည်းဝေးရာဖြစ်သော စရပ်၌ နေကြကုန် လျက် ငါ့ရှင်တို့ ဤလောက၌ ချမ်းသာခြင်းဟူသည် အဘယ်နည်း ဟူသောစကားကို ဖြစ်စေကြလေ ကုန်၏။

ထိုစကားကို ပြောကြားရာ၌ အချို့သော ရဟန်းတို့သည် မင်းတို့၏ စည်းစိမ်ချမ်းသာနှင့်တူသော ချမ်းသာခြင်း မည်သည်မရှိဟု ဆိုကြကုန်၏။ အချို့သော ရဟန်းတို့သည် ကာမဂုဏ် ငါးပါး၌ မွေ့လျော်သည့်အစွမ်းဖြင့် ဖြစ်သော ချမ်းသာခြင်းနှင့်တူသော ချမ်းသာခြင်း မည်သည်မရှိဟု ဆိုကြကုန်၏။ အချို့သော ရဟန်းတို့သည် သလေးဆန်ကောင်းကို သားပြွမ်းချက်၍ စားရခြင်း စသည်တို့၌ သာယာခြင်းသုခနှင့် တူသော ချမ်းသာ ခြင်းမည်သည်မရှိဟု ဆိုကြလေကုန်၏။

မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ နေရာ အရပ်သို့ကြွသွားတော်မူ၍ ချစ်သားရဟန်းတို့ ယခု ငါလာဆဲအခါ၌ အဘယ်သော စကားဖြင့် တညီတညွတ်တည်း စည်းဝေးနေကြကုန်ဘိသနည်းဟု မေးတော်မူသောကြောင့် ဤမည်သောစကားဖြင့် စည်းဝေးနေကြပါသည် ဘုရားဟု နားတော် လျှောက်သည်ရှိသော် ချစ်သားရဟန်းတို့ အဘယ်သို့ ပြောဆိုကြကုန်ဘိသနည်း။ ဤအလုံးစုံသော ချမ်းသာခြင်းသည် လည်း ဝဋ်ဆင်းရဲ၌ အကျွမ်းဝင်သည် သာတည်း။

ဤလောက၌ ဘုရားပွင့်တော်မူခြင်းသည်၎င်း
သူတော်ကောင်း တရားကို နာရခြင်းသည်၎င်း
သံဃာ၏ အညီအညွတ် ဖြစ်ခြင်းသည်၎င်း
ဝမ်းမြောက်ဝမ်းသာ ဖြစ်သောသူ၏ အဖြစ်သည်၎င်း

ဤ သဘောတရားသည်သာလျှင် သုခမည်၏ ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော် မူလေ၏။

---

ဒေသနာတော်

၁၉၄။ သုခေါ ဗုဒ္ဓါနမုပ္ပါဒေါ၊ သုခါ သဒ္ဓမ္မဒေသနာ။
သုခါ သံဃဿ သာမဂ္ဂီ၊ သမဂ္ဂါနံ တပေါ သုခေါ။

ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏။
ဥပ္ပါဒေါ၊ ပွင့်တော်မူခြင်းသည်။
သုခေါ၊ ချမ်းသာ၏။

[ဘုရားရှင်တို့ ပွင့်တော်မူကြကုန်သည်ရှိသော် ရာဂတည်းဟူသော ခရီးခဲ စသည်တို့မှ ထုတ်ဆောင် တတ်သောကြောင့် ဟူလို]။

သဒ္ဓမ္မဒေသနာ၊ သူတော်ကောင်းတရားကို ဟောကြားခြင်းသည်။
သုခါ၊ ချမ်းသာ၏။

[တရားဟောခြင်းကို အကြောင်းပြု၍ ဇာတိစသည်မကင်းသော သတ္တဝါတို့သည် ဇာတိစသည်တို့မှ လွတ်မြောက်ကြကုန်သောကြောင့် ဟူလို]။

သံဃဿ၊ သံဃာ၏။
သာမဂ္ဂီ၊ စိတ်ညီညွတ်ခြင်းသည်။
သုခါ၊ ချမ်းသာ၏။
သမဂ္ဂါနံ၊ စိတ်ညီညွတ်ခြင်း ရှိကုန်သောသူတို့၏။
တပေါ၊ ခြိုးခြံသော အကျင့်သည်။
သုခေါ၊ ချမ်းသာ၏။

[အညီအညွတ် တူမျှသော စိတ်ရှိကြကုန်သော ပုဂ္ဂိုလ်တို့အား ဘုရား စကားတော်ကို သင်ကြားခြင်း ဓုတင်ဆောင်ခြင်း ရဟန်းတရား အားထုတ်ခြင်းငှါ ချမ်းသာလွယ်ကူသောကြောင့်တည်း။ ထို့ကြောင့် ချစ်သားရဟန်းတို့သည် အညီအညွတ် စည်းဝေးကြကုန်သည်ဖြစ်အံ့ အညီအညွတ် ထကြွကြ ကုန်သည်ဖြစ်၍ အညီအညွတ် သံဃအမှုကိစ္စတို့ကို ပြုကြကုန်သည်ဖြစ်အံ့။ ချစ်သားရဟန်းတို့ ရဟန်းတို့အား ကြီးပွားခြင်းကိုသာ အလိုရှိအပ်၏ ဆုတ်ယုတ်ခြင်းကို အလိုမရှိအပ်ဟု ဟောကြား တော်မူလေ၏။]

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ ထိုငါးရာသော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။ များစွာသော လူအပေါင်းအားလည်း အကျိုးရှိသော ဒေသနာဖြစ်တော်မူလေ၏။

များစွာကုန်သော ရဟန်းတို့ဝတ္ထုပြီး၏။

[ဤဆိုလတ္တံ့သော ဝတ္ထုကား မြန်မာအက္ခရာ စာမူတို့၌ မရှိသဖြင့် သီဟိုဠ် အက္ခရာစာမူတို့မှ ထုတ်နုတ်၍ ဗဟုဿုတ အကျိုးငှါ ပါဠိစာကိုယ်နှင့် တကွ ထည့်သွင်းဖေါ်ပြပါသည်]။

---

၉ - ကဿပ ဒသဗလဿ သုဝဏ္ဏစေတိယဝတ္ထု

ပူဇာရဟေတိ ဣမံ ဓမ္မဒေသနံ သတ္ထာ စာရိကံ စရမာနော ကဿပ ဒသ ဗလဿ သုဝဏ္ဏစေတိယံ အာရဗ္ဘ ကထေသိ။

တထာဂတော သာဝတ္ထိတော နိက္ခမိတွာ အနုပုဗ္ဗေန ဗာရာဏသိံ ဂစ္ဆန္တော အန္တရာမဂ္ဂေ တောဒေယျ ဂါမဿ သမီပေ မဟာဘိက္ခုသံဃပရိဝါရော အညတရံ ဒေဝဋ္ဌာနံ သမ္မာပုဏိ၊ တတြ နိသိန္နော သုဂတော ဓမ္မဘဏ္ဍာဂါရိကံ ပေသေတွာ အဝိဒူရေ ကသိကမ္မံ ကရောန္တံ ဗြာဟ္မဏံ ပက္ကောသာပေသိ၊ သော ဗြာဟ္မဏော အာဂန္တွာ တထာဂတံ အနဘိဝန္ဒိတွာ တမေဝ ဒေဝဋ္ဌာနံ ဝန္ဒိတွာ အဋ္ဌာသိ၊ သုဂတောပိ ဣမံ ပဒေသံ ကိန္တိ မညသိ ဗြာဟ္မဏာတိ အာဟ၊ အမှာကံ ပဝေဏိယာ အာဂတ စေတိယဋ္ဌာနန္တိ ဝန္ဒာမိ ဘောဂေါတမာတိ၊ ဣမံ ဌာနံ ဝန္ဒန္တေန တယာ သာဓုကတံ ဗြာဟ္မဏာတိ သုဂတော တံ သမ္ပဟံသေသိ၊ တံ သုတွာ ဘိက္ခူ ကေနနုခေါ ကာရဏေန ဘဂဝါ ဧဝံ သမ္ပဟံသေသီတိ သံသယံ သဉ္ဇနေသုံ၊ တတော တထာဂတော တေသံ သံသယမပနေတုံ မဇ္ဈိမ နိကာယေ ဃဋိကာရ သုတ္တန္တံ ဝတွာ ဣဒ္ဓါနုဘာဝေန ကဿပ ဒသဗလဿ ယောဇနုဗ္ဗေဓံ ကနကစေတိယံ အပရဉ္စ ကနကစေတိယံ အာကာသေ နိမ္မိနိတွာ မဟာဇနံ ဒဿေတွာ ဗြာဟ္မဏ ဧဝံဝိဓာနံ ပူဇာရဟာနံ ပူဇာ ယုတ္တတရာဝါတိ ဝတွာ မဟာပရိနိဗ္ဗာနသုတ္တေ ဒဿိတနယေနေဝ ဗုဒ္ဓါဒိကေ စတ္တာရော ထူပါရဟေ ပကာသေတွာ သရီရစေတိယံ ဥဒ္ဒိဿစေတိယံ ပရိဘောဂစေတိယန္တိ တီဏိ စေတိယာနိ ဝိသေသတော ပရိဒီပေတွာ ဣမာ ဂါထာ အဘာသိ။

ပူဇာရဟေ ပူဇယတော၊ ဗုဒ္ဓေ ယဒိဝ သာဝကေ။
ပပဉ္စ သမတိက္ကန္တေ၊ တိဏ္ဏေသောက ပရိဒ္ဒဝေ။
တေ တာဒိသေ ပူဇယတော၊ နိဗ္ဗုတေ အကုတော ဘယေ။
န သက္ကာ ပုညသင်္ခါတုံ၊ ဣမေတ္တမပိ ကေနစီတိ။

တတ္ထ ပူဇိတုံ အရဟာ ပူဇာရဟာ၊ ပူဇိတုံ ယုတ္တာတိ အတ္ထော။ ပူဇာရဟေ ပူဇယတောတိ အဘိဝါဒနာဒီဟိ စတူဟိစ ပစ္စယေဟိ ပူဇေန္တဿ ပူဇာရဟေ ဒဿေတိ ဗုဒ္ဓေတိ အာဒိနာ။ ဗုဒ္ဓေတိ သမ္မာသမ္ဗုဒ္ဓေ။ ယဒီတိ ယဒိဝါ။ အထဝါ တိအတ္ထော။ တတ္ထ ပစ္စေက ဗုဒ္ဓေတိ ကထိတံ ဟောတိ။ သာဝကေစ ပပဉ္စသမတိက္ကန္တေတိ သမတိက္ကန္တတဏှာ ဒိဋ္ဌိမာန ပပေဉ္စ။ တိဏ္ဏသောက ပရိဒ္ဒဝေတိ အတိက္ကန္တ သောက ပရိဒ္ဒဝေ။ ဣမေ ဒွေ အတိက္ကန္တေတိ အတ္ထော။ ဧတေဟိ ပူဇာရဟတ္တံ ဒဿိတံ။ တေတိ ဗုဒ္ဓါဒယော။ တာဒိသေတိ ဝုတ္တဂဟဏဝသေန။ နိဗ္ဗုတေတိ ရာဂါဒိနိဗ္ဗုတိယာ။ နတ္ထိ ကုတောစိ ဘဝတောဝါ အာရမ္မဏတောဝါ ဧတေသံ ဘယန္တိ အကုတောဘယာ။ တေ အကုတောဘယေ။ နသက္ကာ ပုည သင်္ခါတုန္တိ ပုညံ ဂဏေတုံ နသက္ကာ။ ကထန္တိစေ။ ဣမေတ္တမပိ ကေနစီတိ ဣမံ ဧတ္တကံ ဣမံ ဧတ္တကန္တိ ကေနစီတိ။ အပိသဒ္ဒေါ ဣဓသမ္ဗန္ဓိတဗ္ဗော။ ကေနစိ ပုဂ္ဂလေ န မာနေန ဝါ။ တတ္ထပုဂ္ဂလေနာတိ တေန ဗြဟ္မာဒိနာ။ မာနေနာတိ တိဝိဓေနံ မာနေန တီရဏေန ဓာရဏေန ပူရဏေန ဝါ။ တီရဏံ နာမဣဒံ ဧတ္တကန္တိ နယ တော တိရဏံ။ ဓာရဏန္တိ တုလာယဓာရဏံ။ ပူရဏံ နာမအဒ္ဓပ္ပသတပတ္ထနာဠိကာ ဒိဝသေန ပူရဏံ။ ကေနစိ ပုဂ္ဂလေန ဣမေဟိ တီဟိ မာနေဟိ ဗုဒ္ဓါဒိကေ ပူဇယ တော ပုညံ ဝိပါကဝသေန ဂဏေတုံ န သက္ကာ။ ပရိယန္တရဟိတတောတိ ဒွီသု ဌာနေသု ပူဇယတော ကိံ ဒါနံ ပဌမံ ဓရမာနေ ဗုဒ္ဓါဒီ ပူဇယတော နသက္ကာ ပုညံ သင်္ခါတုံ၊ ပုန တေ တာဒိသေ ကိလေသပရိနိဗ္ဗာန နိမိတ္တေန ခန္ဓပရိနိဗ္ဗာနေန နိဗ္ဗုတေပိ ပူဇယတော န သက္ကာ သင်္ခါတုန္တိ ဘေဒါ ယုဇ္ဇန္တိ။ တေန ဟိ ဝိမာန ဝတ္ထုမှိ-

တိဋ္ဌန္တေ နိဗ္ဗုတေစာပိ၊ သမံ စိတ္တံ သမံ ဖလံ။
စေတောပသာဒဟေတုမှိ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိန္တိ။

ဒေသနာဝသာနေ သော ဗြာဟ္မဏော သောတာပန္နော အဟောသီတိ။ ယောဇနိကံ ကနကစေတိယံ သတ္တာဟမာကာသေဝ အဋ္ဌာသိ၊ မဟန္တေန သမာ ဂမောစာ ဟောသိ၊ သတ္တာဟံ စေတိယံ နာနပ္ပကာရေန ပူဇေသုံ၊ တတော ဘိန္န လဒ္ဓိကာနံ လဒ္ဓိဘေဒေါ ဇာတော၊ ဗုဒ္ဓါနုဘာဝေန တံ စေတိယံ သကဋ္ဌာန မေဝ ဂတံ၊ တတ္တေဝ တင်္ခဏေ မဟန္တံ ပါသာဏစေတိယံ အဟောသိ၊ တသ္မိံ သမာဂမေ စတုရာသီတိယာ ပါဏသဟဿာနံ ဓမ္မာဘိသမယော အဟောသီတိ။

ကဿပဒသဗလဿ သုဝဏ္ဏစေတိယဝတ္ထု နဝမံ။

ဗုဒ္ဓဝဂ္ဂဝဏ္ဏနာ နိဋ္ဌိတာ။

---

၉ - ကဿပဘုရား၏ ရွှေစေတီဝတ္ထု

ပူဇာရဟေ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဒေသစာရီကို ကြွချီတော်မူစဉ် ကဿပမြတ်စွာဘုရား၏ ရွှေစေတီတော်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

ရွှေစေတီ ပေါ်တော်မူခြင်း

ရှေးဘုရားတို့ကဲ့သို့ လာခြင်း ကောင်းတော်မူသော ဂေါတမနွယ်ဘွား ငါတို့ မြတ်စွာဘုရားသည် သာဝတ္ထိပြည်မှ ထွက်ခွါတော်မူခဲ့၍ အစဉ်အတိုင်း အားဖြင့် ဗာရာဏသီပြည်သို့ ကြွသွားတော် မူလတ်သည်ရှိသော် လမ်းခရီး အကြား တောဒေယျပုဏ္ဏား ရွာအနီး၌ များစွာသော ရဟန်း သံဃာအပေါင်း ခြံရံတော်မူလျက် အမှတ်မရှိ တခုသော နတ်ကွန်းနေရာသို့ ကောင်းစွာရောက် တော်မူလေ၏။

ထိုအရပ်၌ သီတင်းသုံး နေထိုင်တော်မူသော မြတ်စွာဘုရားသည် တရားဘဏ္ဍာစိုးဖြစ်သော "အရှင်အာနန္ဒာကို စေလွှတ်တော်မူ၍ မနီးမဝေးသော အရပ်၌ လယ်ထွန်ခြင်းအမှုကို ပြုလျက် နေသော ပုဏ္ဏားတယောက်ကို ခေါ်ခိုင်းတော် မူလိုက်လေ၏။ ထိုလယ်ထွန်သမားပုဏ္ဏားသည် လာရောက်ပြီးလျှင် မြတ်စွာဘုရားကိုကား ရှိမခိုးမူ၍ ထိုနတ်ကျွန်းနေရာကိုသာလျှင် ရှိခိုးလျက် ရပ်တည်နေလေ၏။

ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည်လည်း ပုဏ္ဏားကြီး ဤနေရာကို အဘယ်အရာဝတ္ထုဟူ၍ မှတ်ထင် အောက်မေ့ဘိသနည်းဟု မိန့်တော်မူလေ၏။ အရှင်ဂေါတမ ဤနေရာကား အကျွန်ုပ်တို့၏ အစဉ်အဆက်မှ လာသော စေတီနေရာဌာန ဟူ၍ အမှတ်ပြုကာ ရှိခိုးပါသည်ဟု ဖြေကြားလတ်သော် ပုဏ္ဏားကြီး ဤနေရာကို ရှိခိုးသော အသင်သည် ကောင်းသော အမှုကို ပြုအပ်ပေ၏တကားဟု မြတ်စွာဘုရားသည် ထိုပုဏ္ဏားကြီးကို ကောင်းစွာ ရွှင်လန်း ဝမ်းသာ စေတော်မူလေ၏။

ထိုစကားကိုကြားရလျှင် ရဟန်းတို့သည် အဘယ်သို့သော အကြောင်းဖြင့် မြတ်စွာဘုရားသည် ဤသို့ကောင်းစွာ ရွှင်လန်းဝမ်းသာ စေတော်မူဘိသနည်းဟု ယုံမှားသံသယကို ဖြစ်စေကြ လေကုန်၏။ ထို့နောင်မှ မြတ်စွာဘုရားသည် ထိုရဟန်း တို့၏ ယုံမှားသံသယကို ပယ်ဖျောက်ခြင်းငှါ မဇ္ဈိမနိကာယ်၌လာသော ဃဋိကာရသုတ္တန်ကို ဟောတော်မူပြီးလျှင် တန်ခိုး အာနုဘော်တော် အားဖြင့် ကဿပ မြတ်စွာဘုရား၏ တယူဇနာ အမြင့်ရှိသော ရွှေစေတီတော်ကို၎င်း တပါးသော ရွှေစေတီတော်ကို၎င်း ကောင်းကင်၌ ဖန်ဆင်းတော်မူ၍ ထုတ်ဆောင်တော်မူ၍ များစွာသော လူအပေါင်းကို ပြတော်မူလျက် ဖူးမြင်စေတော်မူလျက် ပုဏ္ဏားကြီး ဤသို့ သဘောရှိကုန်သော ပူဇော်ခြင်းငှါ ထိုက်ကုန်သော စေတီတော်တို့အား ပူဇော်ရခြင်းသည် အထူးအားဖြင့် သင့်လျော် သည်သာတည်းဟု မိန့်တော်မူသဖြင့် မဟာပရိနိဗ္ဗာနသုတ္တန်၌ ပြတော်မူအပ်သော နည်းအားဖြင့် သာလျှင် ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာသာဝက စကြဝတေးမင်းဟု ဆိုအပ်သော လေးဦးသော စေတီထိုက်သော ပုဂ္ဂိုလ်တို့ကို ဟောပြတော်မူပြီးလျှင် --

ကိုယ်တော် ဓာတ်တော် စသော သရီရ စေတီတော်ကို၎င်း
ရုပ်ပွားဆင်းတု ဟူသော ဥဒ္ဒိဿ စေတီတော်ကို၎င်း
သင်္ကန်းစသော ပရိက္ခရာနှင့်တကွ သုံးဆောင်ရာ ဗောဓိပင် စသော ပရိဘောဂ စေတီတော်ကို၎င်း

ဤသို့ စေတီတော် သုံးမျိုးတို့ကို အထူးအားဖြင့် ဟောပြတော်မူ၍ ဤဂါထာတို့ကို ဟောကြား တော်မူလေ၏။

---

ဒေသနာတော်

ပူဇာရဟေ ပူဇယတော၊ ဗုဒ္ဓေ ယဒိဝ သာဝကေ။
ပပဉ္စ သမတိက္ကန္တေ၊ တိဏ္ဏသောက ပရိဒ္ဒဝေ။

တေ တာဒိသေ ပူဇယတော၊ နိဗ္ဗုတေ အကုတောဘယေ။
န သက္ကာ ပုည သင်္ခါတုံ၊ ဣမေတ္တမပိ ကေနစိ။

ပူဇာရဟေ၊ ပူဇော်ခြင်းငှါ ထိုက်ကုန်သော။
ပပဉ္စ သမတိက္ကန္တေ၊ တဏှာ ဒိဋ္ဌိ မာန ဟူသော သံသရာနယ်ချဲ့ တရား သုံးပါးတို့ကို လွန်မြောက်ပြီး ကုန်သော။
တိဏ္ဏသောကပရိဒ္ဒဝေ၊ စိုးရိမ်ပူဆွေး ငိုကြွေးခြင်းတို့ကို လွန်မြောက်ပြီးကုန်သော။
ဗုဒ္ဓေဝါ၊ သဗ္ဗညု ဘုရားရှင်တို့ကို၎င်း။
ယဒိဝါ၊ ထိုမှတဖြာ ပစ္စေကဗုဒ္ဓါတို့ကို၎င်း။
သာဝကေဝါ၊ ဘုရားတပည့်သား သာဝကတို့ကို၎င်း။
ပူဇယတောစ၊ ပူဇော်သောသူ၏၎င်း။

တာဒိသေ၊ ထိုသို့ဆိုအပ်ပြီးသော သဘောရှိကုန်သော။
နိဗ္ဗုတေ၊ ကိလေသာမီး ငြိမ်းပြီးနိဗ္ဗာန် စံလွန်တော်မူကြကုန်သော။
အကုတောဘယေ၊ ဘဝအာရုံ တစုံတခုမှ ဘေးရန်မခကြကုန်သော။
တေ၊ ထိုနိဗ္ဗာန်စံကြ ဘုရား ပစ္စေကဗုဒ္ဓါ သာဝက တို့ကို။
ပူဇယတောစ၊ ပူဇော်သောသူ၏၎င်း။
ပုညံ၊ ကောင်းမှုကို။
ဣမံ၊ ဤကောင်းမှုသည်။
ဧတ္တံ၊ အကျိုးဤမျှရှိ၏။
ဣမံ၊ ဤကောင်းမှုသည်။
ဧတ္တံ၊ အကျိုးဤမျှရှိ၏။
ဣတိ၊ ဤသို့။
ကေနစိအပိ၊ ဗြဟ္မာနတ်လူ တစုံတယောက် သာသူသည်လည်း။
တနည်းကား။
ကေနစိအပိ၊ တစုံတခုသော မှန်းဆခြင်း ချိန်ဖြင့်ချိန်ခြင်း ခွက်ဖြင့်ချင့်ခြင်း အားဖြင့်လည်း။
သင်္ခါတုံ၊ အကျိုးအာနိသင် အားဖြင့် ရေတွက်ခြင်းငှါ။
နသက္ကာ၊ မတတ်ကောင်း။

[ထိုသို့ သက်တော် ထင်ရှားရှိသော ဘုရား စသည်တို့ကို၎င်း ပရိနိဗ္ဗာန် စံပြီးသော ဘုရား စသည် တို့ကို၎င်း ပူဇော်သောသူ၏ ကောင်းမှုအကျိုး မရေတွက်နိုင် သောကြောင့်သာလျှင် ဝိမာနဝတ္ထု ပါဠိတော်၌ -

တိဋ္ဌန္တေ နိဗ္ဗုတေစာပိ၊ သမံ စိတ္တံ သမံ ဖလံ။
စေတောပသာဒဟေတုမှိ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။

တိဋ္ဌန္တေစ၊ သက်တော်ထင်ရှား ဘုရားစသည်၌၎င်း။
နိဗ္ဗုတေစာပိ၊ နိဗ္ဗာန်ယူသွား ဘုရားစသည်၌၎င်း။
စိတ္တံ၊ စိတ်သည်။
သမံ၊ ညီမျှသည် ရှိသော်။
ဖလံ၊ အကျိုးသည်။
သမံ၊ ညီမျှလေ၏။
စေတောပသာဒ ဟေတုမှိ၊ စိတ်ကြည်ညိုခြင်း အကြောင်းကြောင့်။
သတ္တာ၊ သတ္တဝါတို့သည်။
သုဂ္ဂတိံ၊ သုဂတိဘဝသို့။
ဂစ္ဆန္တိ၊ လားကြ ရောက်ကြကုန်၏။

ဤသို့ ဟောတော်မူလေပြီ ဟူလို]။

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ ထိုလယ်ထွန်သမား ပုဏ္ဏားကြီးသည် သောတာပန်ပုဂ္ဂိုလ် ဖြစ်လေ၏။ တယူဇနာရှိသော ရွှေစေတီတော်ကြီးသည် ခုနစ်ရက်ပတ်လုံး ကောင်းကင်၌ သာလျှင် တည်လေ၏ ကြီးကျယ်သောအားဖြင့် အစည်းအဝေးကြီးသည်လည်း ဖြစ်လေ၏။ ခုနစ်ရက်ပတ်လုံး စေတီတော် ကြီးကို အထူးထူး အပြားပြားအားဖြင့် ပူဇော်ကြလေကုန်၏။

ထိုအခါ ပျက်သောအယူဝါဒ ရှိသော မိစ္ဆာဒိဋ္ဌိတို့အား မိစ္ဆာအယူ ပျက်စီးခြင်းဖြင့် ဖြစ်လေ၏။ ဘုရားရှင်၏ အာနုဘော်အားဖြင့် ထိုစေတီတော်ကြီးသည် မိမိနေရာသို့သာ ရောက်သွားလေ၏။ ထိုနေရာ၌သာလျှင် ထိုခဏ၌ ကြီးကျယ်သော ကျောက်စေတီ တဆူ ဖြစ်ပေါ်လာတော်မူလေ၏။ ထိုအစည်းအဝေး၌ ရှစ်သောင်း လေးထောင်သော သူတို့အား သစ္စာလေးပါး တရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။

ကဿပဘုရား၏ ရွှေစေတီဝတ္ထုပြီး၏၊

---

ရွှေစေတီဝတ္ထုကို နှိုင်းချိန်စရာပြခြင်း

[ရာဇဂြိုဟ်ပြည်၌ မထင်ရှားသော ပုဏ္ဏားတယောက်သည် ရဟန်းကြီး ဂေါတမ၏ အတိုင်းအရှည် ပမာဏကို ယူခြင်းငှါ မတတ်ကောင်းဟု ကြားသိရသဖြင့် မြတ်စွာဘုရား၏ ဆွမ်းအလို့ငှါ ကြွဝင်တော် မူသောအခါ အတောင် ခြောက်ဆယ်ရှိသော ဝါးလုံးကိုယူ၍ မြို့တံခါး၏အပ၌ ရပ်တဲ့ပြီးလျှင် ဘုရားရှင် ကြွရောက်တော်မူလတ်သည်ရှိသော် ဝါးလုံးကိုင်လျက် အနီး၌ ရပ်လေ၏။ ဝါးလုံးသည် မြတ်စွာဘုရား၏ ပုဆစ် ဒူးခေါင်းတော်မျှလောက်သာ ရောက်လေ၏။

တဖန်မိုးသောက် နောက်တနေ့၌ နှစ်ခုသော ဝါးလုံးတို့ကို ဆက်ပြီးလျှင် အနီး၌ရပ်တည်နေလေ၏။ ဘုရားရှင်သည်လည်း နှစ်ခုသော ဝါးလုံးတို့၏ အထက်၌ ခါးတော်မျှကိုသာလျှင် ထင်ရှားစွာ ပြတော်မူလျက် ပုဏ္ဏား အဘယ်အမှုကို ပြုဘိသနည်းဟု မိန့်တော်မူလေ၏။

ရှင်တော်ဘုရားတို့၏ အတိုင်းအရှည် ပမာဏကို ယူပါသည်ဟု လျှောက်ကြားလတ်သော် ပုဏ္ဏား သင်သည် အလုံးစုံသော စကြဝဠာတိုက်ကို ပြည့်စေလျက် တည်ရှိကုန်သော ဝါးတို့ကို ဆက်စပ်ကာ အကယ်၍လည်း လာခဲ့ငြားအံ့ ငါဘုရား၏ အတိုင်း အရှည် ပမာဏကို ယူခြင်းငှါ သင်မတတ်နိုင် လတ္တံ့။

ထိုစကား မှန်၏။ ငါဘုရားသည် လေးသင်္ချေနှင့် ကမ္ဘာတသိန်းပတ်လုံး အကြင်အခြင်းအရာဖြင့် ငါ၏ အတိုင်းအရှည် ပမာဏကို သူတပါး ယူနိုင်ရာ၏။ ထိုအခြင်းအရာဖြင့် ပါရမီတော်တို့ကို ဖြည့်ကျင့်အပ်သည် မဟုတ်ကုန်။ ပုဏ္ဏား ရှေးဘုရားတို့ကဲ့သို့ လာခြင်း ကောင်းတော်မူသော ဘုရားရှင်သည် အတုမရှိ မနှိုင်းယှဉ်အပ် မိန့်တော်မူ၍ ဓမ္မပဒ၌ -

တေ တာဒိသေ ပူဇယတော၊ နိဗ္ဗုတေ အကုတောဘယေ။
န သက္ကာ ပုည သင်္ခါတုံ၊ ဣမေတ္တမပိ ကေနစိ။

ဟူ၍ ဂါထာကို ဟောကြားတော်မူလေ၏။ ဂါထာ၏အဆုံး၌ ရှစ်သောင်း လေးထောင်သော သူတို့ သည် အမြိုက်နိဗ္ဗာန် တရားတော်ကို သောက်စို့ကြရလေကုန်၏။ ဤကား သုတ်သီလက္ခန် အဋ္ဌကထာ ၄-သောဏဒဏ္ဍသုတ်၌ ပါရှိသောစကားရပ် ဖြစ်သည်။

ဤတွင်ရွေ့ကား တဆဲ့လေးခုမြောက်သော ဗုဒ္ဓဝဂ်အဖွင့်ပြီး၏။

---

၁၅-သုခဝဂ်

၁ - ဉာတိကလဟ ဝူပသမနဝတ္ထု

သုသုခံဝတ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် သက္ကတိုင်းတို့၌ နေတော်မူစဉ် ခိုက်ရန်ဖြစ်သော အဓိကရုဏ်းကို ငြိမ်းစေခြင်းငှါ ဆွေတော် မျိုးတော်တို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

ဆွေတော်မျိုးတော်တို့ ရေလုရာ၌ ရန်ပွဲဖြစ်ခြင်း

သာကီဝင် မင်းသားတို့သည် ကပိလဝတ်ပြည်၏၎င်း ကောလိယပြည်၏၎င်း အကြား၌ ရောဟိနီ အမည်ရှိသော မြစ်တခုသည်ရှိ၏။ ထိုမြစ်ကို တခုတည်းသာ ဖြစ်သော ကန်သင်း အဆီးအတားဖြင့် ဖွဲ့စေ၍ ကောက်ပင်တို့ကို စိုက်ပျိုးလုပ် ဆောင်ကြကုန်သတတ်။

ထိုအခါ နယုန်လ၌ ကောက်ပင်တို့သည် ညှိုးနွမ်းကုန်သည် ရှိသော် နှစ်ပြည်ထောင်စလုံး၌ နေကြကုန်သော သူတို့၏ လယ်ထွန်အမှုလုပ်သမား တို့သည် စည်းဝေးကြလေကုန်၏။ ထို နှစ်ပြည်ထောင်သားတို့တွင် ကောလိယပြည်၌ နေသောသူတို့သည် ဤရေကို နှစ်ပြည်ထောင်သား တို့ ဆောင်ယူအပ်သည် ရှိသော် သင်တို့အားလည်း မလုံလောက်လတ္တံ့။ ငါတို့အားလည်း မလုံလောက်လတ္တံ့။ ငါတို့၏ ကောက်ပင်သည်ကား ရေတကြိမ် သွန်းခြင်းဖြင့်သာလျှင် အောင်မြင် ပြည့်စုံလတ္တံ့။ ဤရေကို ငါတို့အား ပေးကြပါကုန်လော့ဟု ဆိုကြလေကုန်၏

ကပိလဝတ်ပြည်သားတို့သည်လည်း သင်တို့သည် ကျီတို့၌ပြည့်စေ၍ နေကြကုန်သည်ရှိသော် ငါတို့သည် ဇမ္ဗူရာဇ်ရွှေ နီလာ-သို့မဟုတ် အဖြစ်အကြေး ကင်းသော အသပြာ ပတ္တမြား မည်းနက်သော အသပြာတို့ကိုလည်း ယူ၍ တောင်း အိတ် ပချုပ် စသည်တို့ကို လက်စွဲလျက် သင်တို့၏ အိမ်တံခါး၌ လှည့်လည်ခြင်းငှါမတတ် နိုင်ကြကုန်လတ္တံ့။ ငါတို့၏ ကောက်ပင်သည်လည်း ရေတကြိမ်နှုန်းခြင်းဖြင့်သာလျှင် အောင်မြင် ပြည့်စုံပေလတ္တံ့။ ဤရေကို ငါတို့အား ပေးကြပါကုန် လောဟု ဆိုကြလေကုန်၏။

ငါတို့ကား မပေးနိုင်ကြကုန်ဟု ဆိုသော် ငါတို့လည်း မပေးနိုင်ကြကုန်ဟု ဆိုသဖြင့် ဤသို့စကားကို ကျယ်ပွားစေလျက် တယောက်သော သူသည် ထ၍ တယောက်သောသူအား ပုတ်ခတ်ခြင်းကို ပေးလေ၏။ ထိုသူကလည်း ထိုသူအား ပြန်လည် ပုတ်ခတ်ခြင်းကို ပေးလေ၏။ ဤသို့အချင်းချင်း ပုတ်ခတ်ကြ၍ မင်းမျိုးတို့၏ ဇာတ်ရင်းကို ထိခိုက် ချုတ်ချယ်လျက် ခိုက်ရန် ငြင်းခုံခြင်းကို ပွားစေကြ လေကုန်၏။

ကောလိယပြည်သား လယ်အမှုလုပ်သမားတို့သည် သင်တို့သည် ကပိလဝတ်ပြည်၌ နေကုန်သော သူငယ်တို့ကိုယူ၍ သွားကြကုန်လော။ အကြင် ကပိလဝတ်ပြည်သားတို့သည် အိမ်ခွေး တောခွေး စသော သတ္တဝါတို့ကဲ့သို့ မိမိ၏ နှမတို့နှင့် အတူတကွ ပေါင်းဖော် နေထိုင်ကြလေကုန်၏။ ထိုကပိလဝတ်ပြည်သားတို့၏ ဆင်တို့သည်၎င်း မြင်းတို့သည်၎င်း ကာ ဒိုင်း လက်နက်တို့သည်၎င်း ငါတို့အား အဘယ်သို့ အန္တရာယ်ကို ပြုနိုင်ကြကုန်လတ္တံ့ နည်းဟုဆိုကြကုန်၏။

ကပိလ ဝတ်ပြည်သား လယ်အမှုလုပ် သမားတို့သည်လည်း သင်တို့သည် ယခုအခါ နူနာ စွဲသော သူငယ်တို့ကို ယူ၍ သွားကြကုန်လော့။ အကြင် ကောလိယပြည်သားတို့သည် ကိုးကွယ်ရာမဲ့ နေစရာ အိုးအိမ်မဲ့ကုန်လျက် တိရစ္ဆာန်တို့ကဲ့သို့ ကလောပင်၌ နေကြရကုန်၏။ ထိုကောလိယ ပြည်သားတို့၏ ဆင်တို့သည်၎င်း မြင်းတို့သည်၎င်း ကာ ဒိုင်း လက်နက်တို့သည်၎င်း ငါတို့အား အဘယ်သို့ အန္တရာယ် ပြုနိုင်ကြကုန် လတ္တံ့နည်းဟု ဆိုကြကုန်၏။

ထိုလယ်အမှုလုပ်သမားတို့သည် သွား၍ ထိုအမှု၌ စီရင်နိုင်ကုန်သော အမတ်တို့အား တိုင်ကြား ပြောဆိုကြလေကုန်၏။ အမတ်တို့သည် မင်းဆွေမင်းမျိုးတို့အား ပြောကြားကြကုန်၏။ ထို့နောင်မှ သာကီဝင် မင်းမျိုးတို့သည် နှမတို့နှင့် အတူတကွ ပေါင်းဖော်ခြင်းကိုပြု၍ နေထိုင်ကုန်သော သူတို့၏ အစွမ်းကို၎င်း ခွန်အားကို၎င်း ပြကြကုန်စို့အံ့ဟု စစ်ရေးဆင်လျက် ထွက်ခဲ့ကြလေကုန်၏

ကောလိယ မင်းသားတို့သည်လည်း ကလောပင်၌ နေကုန်သော သူတို့၏ အစွမ်းကို၎င်း ခွန်အား ကို၎င်း ပြကြကုန်စို့အံ့ဟု စစ်ရေးဆင်လျက် ထွက်ခဲ့ကြလေကုန်၏။

---

မြတ်စွာဘုရား ကြွသွားဆုံးမခြင်း

မြတ်စွာဘုရားသည်လည်း နံနက်စောစောအခါ၌ လောကကို ကြည့်ရှုတော် မူလတ်သည်ရှိသော် ဆွေတော်မျိုးတော်တို့ကို မြင်ရလျှင် ငါဘုရား ကြွမသွားသည် ရှိသော် ဤသူတို့သည် ပျက်စီးကြ ကုန်လတ္တံ့။ ငါဘုရားသည် သွားခြင်းငှါသင့်၏ ဟု ကြံ၍ တကိုယ်တော် တည်းသာလျှင် ကောင်းကင်ဖြင့် ကြွသွားတော်မူသဖြင့် ရောဟိနီ မြစ်၏အလယ် ကောင်းကင်ထက်၌ ထက်ဝယ် ဖွဲ့ခွေ နေတော်မူလေ၏။

ဆွေတော် မျိုးတော်တို့သည် မြတ်စွာဘုရားကို မြင်တဲ့လျှင် လက်နက်တို့ကို စွန့်လျက် ရှိခိုးကြ လေကုန်၏။ ထိုအခါ မင်းသားတို့ကို မြတ်စွာဘုရားသည် မြတ်သော မင်းကြီး ဤခိုက်ရန် ဖြစ်ခြင်း မည်သည် အဘယ်အကြောင်းကြောင့် ဖြစ်သနည်း ဟု မိန့်တော်မူလေ၏။

မြတ်စွာဘုရား မသိပါဘုရားဟု လျှောက်လတ်သော် အဘယ်သူ ယခုသိမည်နည်း ဟု မေးတော် မူပြန်၏။ အိမ်ရှေ့မင်း သိပါလတ္တံ့။ စစ်သူကြီး သိပါလတ္တံ့ ဟု ဤသို့သောနည်းဖြင့် ဤအမှုလုပ်တို့ တိုင်အောင်သော သူတို့ကို မေးတော်မူသောကြောင့် မြတ်စွာဘုရား ရေအတွက် ခိုက်ရန် ငြင်းခုံခြင်း အဓိကရုဏ်း ဖြစ်ပါသည်ဘုရားဟု လျှောက်ကြား ကြလေကုန်၏။

မြတ်သောမင်းကြီး ရေသည် အဘယ်မျှ ထိုက်တန်သနည်းဟု မေးတော်မူလျှင် မြတ်စွာဘုရား ရေသည် အနည်းငယ်မျှသာ အဘိုး ထိုက်တန်ပါသည် ဘုရားဟု လျှောက်ကုန်၏။ မြတ်သော မင်းကြီး မင်းမျိုးတို့သည် အဘယ်မျှ အဘိုး ထိုက်တန်ကြကုန်သနည်း ဟု မေးတော်မူပြန်လျှင် မြတ်စွာဘုရား မင်းမျိုးတို့မည်သည်ကား အဘိုး အတိုင်းမသိ ထိုက်တန်ကြပါသည် ဘုရားဟု လျှောက်ကြကုန်၏။

သင်တို့အား အနည်းငယ်မျှသော ရေကိုမှီ၍ အဘိုး အတိုင်းမသိ ထိုက်တန်သော မင်းတို့ကို ဖျက်ဆီးခြင်းငှါ မသင့်လေစ္စတကားဟု မိန့်တော်မူလျှင် ထိုလူတို့သည် ဆိတ်ဆိတ်နေကြ လေကုန်၏။ ထိုအခါ ထိုလူတို့ကို မြတ်စွာဘုရားသည် ခေါ်တော်မူ၍ မြတ်သော မင်းကြီး ဤသို့ သဘောရှိသော အမှုကို အဘယ့်ကြောင့် ပြုကြကုန်ဘိသနည်း။ ငါဘုရား မရှိလတ်သည်ရှိသော် ယနေ့ သွေးသည် မြစ်ကဲ့သို့ စီးသည် ဖြစ်ရာပြီ။ သင်တို့ပြုသော အမှုသည် မသင့်လေစွတကား။

သင်တို့သည် ငါးပါးသောရန်ဖြင့် ရန်ရှိကြကုန်သည် ဖြစ်၍ နေကြကုန်ဘိ၏။
ငါဘုရားသည် ရန်မရှိသည် ဖြစ်၍ နေတော်မူ၏။
သင်တို့သည် ကိလေသာဖြင့် နာကျင်ခြင်း ရှိကုန်သည်ဖြစ်၍ နေကြကုန်ဘိ၏။
ငါဘုရားသည် ကိလေသာဖြင့် နာကျင်ခြင်း မရှိသည်ဖြစ်၍ နေတော်မူ၏။
သင်တို့သည် ကာမဂုဏ်ကို ရှာမှီးရာ၌ လုံ့လ ကြောင့်ကြပြုကြ၍ နေကြကုန်ဘိ၏။
ငါဘုရားသည် လုံ့လ ကြောင့်ကြ မရှိသည်ဖြစ်၍ နေတော်မူ၏-

ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

---

ဒေသနာတော်

၁၉၅။ သုသုခံ ဝတ ဇီဝါမ၊ ဝေရိနေသု အဝေရိနော။
ဝေရိနေသု မနုဿေသု၊ ဝိဟရာမ အဝေရိနော။

၁၉၆။ သုသုခံ ဝတ ဇီဝါမ၊ အာတုရေသု အနာတုရာ။
အာတုရေသု မနုဿေသု၊ ဝိဟရာမ အနာတုရာ။

၁၉၇။ သုသုခံ ဝတ ဇီဝါမ၊ ဥဿုက္ကေသု အနုဿုကာ။
ဥဿုက္ကေသု မနုဿေသု၊ ဝိဟရာမ အနုဿုကာ။

ယေမယံ၊ အကြင်ငါတို့သည်။
ဝေရိနေသု၊ ငါးပါးသော ရန်ရှိကုန်သော။
မနုဿေသု၊ လူတို့၌။
အဝေရိနော၊ ရန်မရှိကုန်သည်ဖြစ်၍။
ဝိဟရာမ၊ နေနိုင်ကြကုန်၏။
တေမယံ၊ ထိုငါတို့သည်။
ဝေရိနေသု၊ ရန်ငါးပါးရှိကုန်သော သူတို့၌။
အဝေရိနော၊ ရန်ကင်းကုန်လျက်။
သုသုခံ၊ အလွန်ချမ်းသာစွာ။
ဇီဝါမ ဝတ၊ အသက်ရှည်ကြရကုန်၏ တကား။

[အကြင် လူတို့သည် နံရံစပ် ဖေါက်ခြင်းစသည် အစွမ်းအားဖြင့်၎င်း၊ အကြင်ရဟန်းတို့သည် ဆေးကုခြင်း စသည် အစွမ်းဖြင့်၎င်း အသက်မွေးခြင်းကို ဖြစ်စေကြလျက် ငါတို့ကား ချမ်းသာစွာ အသက်ရှည်ကြရကုန်၏ ဟုဆိုကြကုန်၏ ထိုသူတို့ထက် ငါဘုရားတို့သာ အလွန်ချမ်းသာစွာ အသက် ရှည်ကြ ရကုန်၏ ဟူလို]။

ယေမယံ၊ အကြင်ငါတို့သည်။
အာတုရေသု၊ ကိလေသာဖြင့် နာကျင်ခြင်း ရှိကြကုန်သော။
မနုဿေသု၊ လူတို့၌။
အနာတုရာ၊ ကိလေသာဖြင့် နာကျင်ခြင်း မရှိကုန်သည် ဖြစ်၍။
ဝိဟရာမ၊ နေနိုင်ကြကုန်၏။
တေမယံ၊ ထိုငါတို့သည်။
အာတုရေသု၊ ကိလေသာဖြင့် နာကျင်ခြင်းရှိကုန်သော သူတို့၌။
အနာတုရာ၊ နာကျင်ခြင်း ကင်းကုန်လျက်။
သုသုခံ၊ အလွန် ချမ်းသာစွာ။
ဇီဝါမ ဝတ၊ အသက်ရှည်ကြရကုန်၏ တကား။

ယေမယံ၊ အကြင်ငါတို့သည်။
ဥဿုက္ကေသု၊ ကာမဂုဏ် ရှာဖွေမှု လုံ့လကြောင့်ကြ ပြုကြကုန်သော။
မနုဿေသု၊ လူတို့၌။
အနုဿုက္ကာ၊ လုံ့လ ကြောင့်ကြ မပြုကုန်သည်ဖြစ်၍။
ဝိဟရာမ၊ နေနိုင်ကြကုန်၏။
တေမယံ၊ ထိုငါတို့သည်။
ဥဿုက္ကေသု၊ ကာမအရာ လွန်စွာ ကြောင့်ကြ အားထုတ်ခြင်း ရှိကြသော သူတို့၌။
အနုဿုက္ကာ၊ အားထုတ်ခြင်း ကင်းကုန်လျက်။
သုသုခံ၊ အလွန်ချမ်းသာစွာ။
ဇီဝါမဝတ၊ အသက်ရှည်ကြရကုန်၏တကား။

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

ဉာတိကလဟဝူပသမနဝတ္ထုပြီး၏။

---

၂-မာရ်နတ်ဝတ္ထု

သုသုခံဝတ ဇီဝါမ-အစရှိသော ဤတရား ဒေသနာကော်ကို မြတ်စွာဘုရားသည် ပဉ္စသာလမြို့ ပုဏ္ဏားတို့ရွာ၌ နေတော်မူစဉ် မာရ်နတ်သားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

မြတ်စွာဘုရား ဆွမ်းမဘုဉ်းပေးရသောနေ့

တနေ့သ၌ မြတ်စွာဘုရားသည် ငါးရာကုန်သော သတို့သ္မီးတို့၏ သောတာပတ္တိမဂ် ရကြောင်း ဥပနိဿယကို မြင်တော်မူ၍ ထိုရွာကို အမှီပြုလျက် နေတော်မူလေ၏။ ထိုသတို့သ္မီးတို့သည်လည်း တခုသော နက္ခတ်ပွဲသဘင်နေ့၌ မြစ်သို့သွား၍ ရေချိုးပြီးလျှင် တန်ဆာ ဆင်ခြင်းနှင့် စပ်ကုန် သည်ဖြစ်၍ ရွာသို့ရှေးရှု သွားကြ လေကုန်၏။

မြတ်စွာဘုရားသည်လည်း ထိုရွာသို့ဝင်၍ ဆွမ်းအလို့ငှါ လှည့်လည်တော်မူ၏။ ထိုအခါ မာရ်နတ်သည် အလုံးစုံ ရွာ၌နေသော သူတို့၏ ကိုယ်၌ ပူးဝင်၍ အကြင်အခြင်းအရာဖြင့် ပြုသည်ရှိသော် မြတ်စွာဘုရားသည် တယောက်မ မျှသော ဆွမ်းကိုလည်း မရ။

ထိုသို့သော အခြင်းအရာဖြင့် ပြုသောကြောင့် အကြင် အကြင် ဆေးမြဲတိုင်းသော သပိတ်ဖြင့် ထွက်ကြွခဲ့သော မြတ်စွာဘုရားကို ရွာတံခါး၌ ရပ်လျက် ရှင်ရဟန်း ဆွမ်းရပါ၏လော ဟု လျှောက်ဆို လေ၏။

ယုတ်မာစွာသော မာရ်နတ် အသို့နည်း။ သင်သည် အကြင်အခြင်းအရာဖြင့် ပြုသည်ရှိသော် ငါဘုရားသည် ဆွမ်းကိုမရရာ။ ထိုသို့သော အခြင်းအရာဖြင့် ပြုသည်မဟုတ်လောဟု မိန့်တော်မူလျှင် မြတ်စွာဘုရား ထိုသို့ဖြစ်မူ တဖန်ဝင်ကြွတော် မူကြပါလော့ဟု ဆိုလေ၏။

[အကယ်၍ တဖန် ဝင်သည်ဖြစ်အံ့ အလုံးစုံသော သူတို့၏ကိုယ်၌ ပူးဝင်၍ ဤရဟန်းဂေါတမ၏ ရှေ့တော်၌ လက်ခုပ်တီးလျက် ရဟန်းဂေါတမအား ပျက်ရယ် ပြောင်လှောင်ခြင်းကို ပြုအံ့ဟု မာရ်နတ်အား ဤသို့ အကြံ ဖြစ်သတတ်]။

ထိုခဏ၌ သတို့သ္မီး ငါးရာတို့သည် ရွာတံခါးသို့ ရောက်လာကြ၍ မြတ်စွာဘုရားကိုမြင်လျှင် ရှိခိုးလျက် တင့်အပ် လျောက်ပတ်သော အရပ်၌ တည်နေကြကုန်၏။ မာရ်နတ်သည်လည်း မြတ်စွာဘုရားကို မြတ်စွာဘုရား ဆွမ်းမရကြ ကုန်သည်ရှိသော် ဆာလောင်ခြင်း ဟူသော ဆင်းရဲခြင်းဖြင့် နှိပ်စပ်အပ်ကုန် ပြီလောဟု လျှောက်ဆိုလေ၏။

ဘုရားရှင်သည် မာရ်နတ်ယုတ် ငါတို့သည် ယနေ့ တစုံတခုကို မရသော်လည်း အာဘဿရဘုံ၌ မဟာဗြဟ္မာကြီးတို့ကဲ့သို့ ပီတိဟူသော ချမ်းသာဖြင့်သာလျှင် လွန်စေကြကုန်အံ့ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

---

ဒေသနာတော်

၁၉၈။ သုသုခံ ဝတ ဇီဝါမ၊ ယေသံ နော နတ္ထိ ကိဉ္စိနံ။
ပီတိဘက္ခာ ဘဝိဿာမ၊ ဒေဝါ အာဘဿရာ ယထာ။

ပါပိမ၊ မာရ်နတ်ယုတ်။
ယေသံနော၊ အကြင်ငါတို့အား။
ကိဉ္စနံ၊ ရာဂစသော တစုံတခုသော ကြောင့်ကြခြင်းသည်။
နတ္ထိ၊ မရှိ။
တေမယံ၊ ထိုငါတို့သည်။
သုသုခံ၊ အလွန်ချမ်းသာစွာ။
ဇီဝါမဝတ၊ အသက်ရှည်ကြရကုန်၏ တကား။
အာဘဿရာ၊ အာဘဿရဘုံ၌ ဖြစ်ကုန်သော။
ဒေဝါ၊ ဗြဟ္မာတို့သည်။
ပီတိ ဘက္ခာယထာ၊ ပီတိဟူသော အစာရှိကုန်သကဲ့သို့။
မယံပိ၊ ငါတို့သည်လည်း။
ပီတိဘက္ခာ၊ ပီတိဟူသော အစာရှိကုန်သည်။
ဘဝိဿာမ၊ ဖြစ်ကုန်အံ့။

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ ငါးရာစလုံးလည်း ဖြစ်ကုန်သော သတို့သ္မီးတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။

မာရ်နတ် ဝတ္ထုပြီး၏။

---

၃-ကောသလမင်း စစ်ရှုံးဝတ္ထု

ဇယံဝေရံ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ကောသလမင်းကြီး၏ စစ်ရှုံးခြင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

ကောသလမင်း အစာဖြတ်၍ သေရန်ကြံရွယ်ခြင်း

ကောသလမင်းကြီးသည် ကာသိက မည်သော ရွာကိုမှီ၍ တူဖြစ်သော အဇာတသတ်မင်းနှင့် အတူတကွ စစ်ထိုးလတ်သည်ရှိသော် အဇာတသတ်မင်းမှ သုံးကြိမ် တိုင်တိုင်လည်း စစ်ရှုံးရှာ ရလေသတတ်။ သုံးကြိမ်မြောက် ရှုံးသောအခါ၌ ငါသည် ခံတွင်း နို့ရည်နံ့မှ မစင်သေးသော သူငယ်ကိုသော်လည်း စစ်ရှုံးစေခြင်းငှါ မတတ်နိုင်။ ငါ့အား အသက်ရှင်ခြင်းဖြင့် အဘယ်အကျိုး ရှိတော့အံ့နည်း ဟု ကြံ၍ ကောသလမင်းကြီးသည် အစာဖြတ်ခြင်းကို ပြုလျက် ညောင်စောင်း ထက်၌ စက်တော်ခေါ်လေ၏။

ထိုအခါ ကောသလမင်းကြီး၏ ထိုအကြောင်းသည် မြိုအလုံးကိုလည်း ပျံ့နှံ့လေ၏။ ရဟန်းတို့သည် မြတ်စွာဘုရားအား ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ကောသလမင်းကြီးသည် ကာသိက ရွာကိုမှီ၍ သုံးကြိမ်တိုင်တိုင် စစ်ရှုံးခဲ့လေသတတ်။ ထိုကောသလမင်းကြီးသည် ယခုအခါ စစ်ရှုံးသဖြင့် ပြန်လာ၍ ခံတွင်းနို့ရည်နံ့မှ မစင်သေးသော သူငယ်ကို ရှုံးစေခြင်းငှါ မတတ်နိုင် ငါ့အား အသက် ရှင်ခြင်းဖြင့် အဘယ်အကျိုး ရှိတော့အံ့နည်းဟု ကြံ၍ အာဟာရ ဖြတ်ခြင်းကို ပြုလျက် ညောင်စောင်း ထက်၌ စက်တော် ခေါ်ပါသတတ် ဘုရားဟု လျှောက်ကြားကြလေကုန်၏။

ဘုရားရှင်သည် ထိုရဟန်းတို့၏ စကားကို ကြားရလျှင် ချစ်သားရဟန်းတို့ နိုင်သောသူသည်လည်း ရန်ပွား၏။ ရှုံးသောသူသည်ကား နှလုံးမသာမယာ ဆင်းရဲစွာ အိပ်စက်ရသည် သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

---

ဒေသနာတော်

၁၉၉။ ဇယံ ဝေရံ ပသဝတိ၊ ဒုက္ခံ သေတိ ပရာဇိတော။
ဥပသန္တော သုခံ သေတိ၊ ဟိတွာ ဇယပရာဇယံ၊

ဇယံ-ဇယန္တော၊ သူတပါးကို အောင်သောသူသည်။
ဝေရံ၊ ရန်ကို။
ပသဝတိ၊ ပွားစေ၏။
ပရာဇိတော၊ ရှုံးသောသူသည်။
ဒုက္ခံ၊ ဆင်းရဲစွာ။
သေတိ၊ နေရ၏။

[အဘယ်အခါ ရန်သူ၏ ပျက်စီးခြင်းကို မြင်နိုင်ရပါအံ့နည်းဟု ကြံလျက် ဣရိယာပုထ် လေးပါးလုံး၌ ဆင်းရဲစွာ နေထိုင်ရ၏ဟူလို။]

ဥပသန္တော၊ ငြိမ်းပြီးသော ကိလေသာရှိသော ရဟန္တာသည်။
ဇယပရာဇယံ၊ အောင်ခြင်း ရှုံးခြင်းကို။
ဟိတွာ၊ စွန့်၍။
သုခံ၊ ချမ်းသာစွာ။
သေတိ၊ နေရ၏။

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

ကောသလမင်း စစ်ရှုံးဝတ္ထုပြီး၏။

၄-အညတရ ကုလဒါရိကာဝတ္ထု

နတ္ထိ ရာဂသမော - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော သတို့သ္မီးငယ်ကို အကြောင်းပြု၍ ဟောတော်မူ လေ၏။

မင်္ဂလာနေ့ သံဃာအား လုပ်ကျွေးခြင်း

ထိုသတို့သ္မီးငယ်အား မိခင်ဖခင်တို့သည် ထိမ်းမြားခြင်း မင်္ဂလာပြုလုပ်ပြီးလျှင် မင်္ဂလာပြုသောနေ့၌ မြတ်စွာဘုရားကို ပင့်ဖိတ်ကြကုန်သတတ်။ မြတ်စွာဘုရားသည် ရဟန်းအပေါင်း ခြံရံတော်မူလျက် ထိုအိမ်သို့ကြွ၍ နေထိုင်တော်မူလေ၏။ ထိုချွေးမငယ်သည်လည်း ရဟန်း သံဃာတော် အပေါင်း၏ အလို့ငှါ သောက်တော်ရေစစ် စသည်တို့ကို ပြုလုပ်လျက် ထိုမှဤမှ အဖန်ဖန် သွားလာလျက် ရှိလေ၏။ ထိုသူငယ်မ၏ ခင်ပွန်း ယောက်ျားသည်လည်း သူငယ်မကို ကြည့်ရှုကာ ရပ်တည် နေလေ၏။

ထိုယောက်ျားသည် တပ်နှစ်သက်သော ရာဂ၏ အစွမ်းဖြင့် ကြည့်ရှုနေစဉ် ကိုယ်တွင်း၌ ကိလေသာ သည် အကြိမ်များစွာ ဖြစ်ပေါ်လေ၏။ ထိုသတို့သားသည် အဝိဇ္ဇာဟူသော မောဟမှောင်ဖြင့် နှိပ်စက်ခြင်းကြောင့် ဘုရားရှင်ကိုလည်း မလုပ်ကျွေးနိုင်။ ရှစ်ကျိပ်သော မဟာထေရ်ကြီးတို့ကိုလည်း မလုပ်ကျွေးနိုင်ရှာ။ လက်ကို ဆန့်တန်းကာ ဇနီးသတို့သ္မီးမိန်းမငယ်ကို ဆွဲကိုင်လိုက်အံ့ဟု ဤသို့သော စိတ်အကြံကိုကား ပြုလေဘိ၏။

မြတ်စွာဘုရားသည် ထိုသတို့သား၏ အလိုကို ကြည့်ရှုတော်မူပြီးလျှင် အကြင် အခြင်းအရာဖြင့် ပြုသည်ရှိသော် ထိုမိန်းမငယ်ကို မမြင်နိုင်။ ဤသို့သော အခြင်းအရာဖြင့် ပြုတော် မူလေ၏။ ထို သတို့သားသည် သတို့သ္မီးငယ်ကို မမြင်ရသည်ရှိသော် မြတ်စွာဘုရားကို ဖူးမျှော်လျက် ရပ်တည် နေလေ၏။

ဘုရားရှင်သည် ထိုသတို့သား ဖူးမျှော်ကာ တည်နေသောအခါ၌ သတို့သ္မီးငယ်ကို --

  • ရာဂဟူသော မီးနှင့်တူသော မီးမည်သည် မရှိ။
  • ဒေါသဟူသော အပြစ်နှင့်လည်း တူသော အပြစ်မည်သည်မရှိ။
  • ခန္ဓာဝန်ကို ဆောင်ရွက်ခြင်းကြောင့် ဖြစ်သော ဆင်းရဲခြင်းနှင့်လည်း တူသော ဆင်းရဲခြင်း မည်သည် မရှိ။
  • နိဗ္ဗာန်ချမ်းသာနှင့် တူသော ချမ်းသာခြင်းမည်သည်လည်း မရှိသည် သာလျှင်တည်း ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

၂ဝဝ။ နတ္ထိ ရာဂသမော အဂ္ဂိ၊ နတ္ထိ ဒေါသသမော ကလိ။
နတ္ထိ ခန္ဓသမာ ဒုက္ခာ၊ နတ္ထိ သန္တိပရံ သုခံ။

ရာဂသမော၊ ရာဂနှင့်တူသော။ အဂ္ဂိ၊ မီးသည်။ နတ္ထိ၊ မရှိ။ ဒေါသသမော၊ ဒေါသနှင့်တူသော။ ကလိ၊ အပြစ်သည်။ နတ္ထိ၊ မရှိ။ ခန္ဓသမာ၊ အမြဲမပြတ် ရွက်ဆောင်ရသော ခန္ဓာနှင့်တူကုန်သော။ ဒုက္ခာ၊ ဆင်းရဲခြင်းတို့သည်။ နတ္ထိနသန္တိ၊ မရှိကုန်။ သန္တိပရံ၊ နိဗ္ဗာန်ထက်လွန်မြတ်သော။ သုခံ၊ ချမ်းသာခြင်းသည်။ နတ္ထိ၊ မရှိ။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ သတို့သ္မီးသည်၎င်း သတို့သားသည်၎င်း သောတာပတ္တိဖိုလ်၌ တည်ကြလေ ကုန်၏။ ထိုသောတာပန် တည်ပြီးသောအခါ၌ မြတ်စွာဘုရားသည် ထိုသတို့သား သတို့သ္မီးတို့အား အချင်းချင်းမြင်သော အခြင်းအရာကို ပြုတော်မူလေ၏။

အညတရကုလဒါရိကာ ဝတ္ထုပြီး၏။

၅-နွားပျောက်သော ဥပါသကာဝတ္ထု

ဇိဃစ္ဆာ - အစရှိသော ဤတရားဒေသနာကို မြတ်စွာဘုရားသည် အာဠဝီပြည်၌ နေတော်မူစဉ် နွားပျောက်သော ဒါယကာတယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

လူဆင်းရဲ၌ ဘုရားရှင်၏ကရုဏာတော်

တနေ့သ၌ မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော် ဂန္ဓကုဋိ၌ နေတော်မူလျက်သာလျှင် နံနက်စောစောအခါ လောကကို ကြည့်ရှုတော်မူလတ်သည် ရှိသော် အာဠဝီပြည်၌ လူဆင်းရဲ တယောက်ကို မြင်တော်မူရ၍ ထိုလူဆင်းရဲ၏ ဥပနိဿယနှင့် ပြည့်စုံခြင်းကို သိတော်မူသဖြင့် ငါးရာသော ရဟန်းခြံရံလျက် အာဠဝီပြည်သို့ ကြွသွားတော်မူလေ၏။

အာဠဝီပြည်သူ ပြည်သားတို့သည် မြတ်စွဘုရားကို ပင့်ဖိတ်ကြကုန်၏။ ထိုလူဆင်းရဲသည်လည်း မြတ်စွာဘုရား ကြွလာတော်မူသတတ်ဟု ကြားရ၍ မြတ်စွာဘုရား၏ အထံတော်၌ တရားနာအံ့ဟု စိတ်ကို ပြုလေ၏။ ထိုနေ့၌ပင်လျှင် ထိုလူဆင်းရဲ၏ နွားတကောင်သည် ထွက်ပြေးလေ၏။ ထိုလူဆင်းရဲသည် အသို့နည်း နွားကို ရှာဖွေရအံ့လော။ ထိုသို့မဟုတ် တရားကို နာရအံ့လောဟု ကြံသည်ရှိသော် နွားကိုရှာပြီးမှ နောက်၌ တရားနာအံ့ဟု နှလုံးပြုလျက် နံနက်စောစောကပင်လျှင် အိမ်မှ ထွက်ခွါသွားလေ၏။

အာဠဝီပြည်၌ နေသောသူတို့သည်လည်း ဘုရားအမှူးရှိသော ရဟန်း သံဃာအပေါင်းကို နေထိုင် စေ၍ ဆွမ်းလုပ်ကျွေးပြီးမှ အနုမောဒနာ ပြုစေခြင်း အကျိုးငှါ သပိတ်ကို ယူကြလေကုန်၏။ မြတ်စွာဘုရားသည်လည်း ဤသူဆင်းရဲကို မှီ၍ ငါသည် ယူဇနာ သုံးဆယ်ရှိသော ခရီးသို့ လာခဲ့၏။ ထိုသူဆင်းရဲသည် နွားကို ရှာဖွေခြင်းငှါ တောသို့ ဝင်ဆဲဖြစ်သေး၏။ ထိုလူဆင်းရဲ လာမှသာလျှင် တရားဟောအံ့ဟု ဆိတ်ဆိတ် နေတော်မူလေ၏။

ထိုသူဆင်းရဲသည်လည်း နေ့လည်၌ နွားကို တွေ့မြင်ရလျှင် နွားအုပ်အတွင်း၌ ထည့်သွင်းခဲ့၍ တပါးသော အမှုသည် အကယ်၍ကားမရှိ။ ထိုသို့ မရှိသော်လည်း မြတ်စွာဘုရားအား ရှိခိုးခြင်း မျှကိုသာလျှင် ပြုတော့အံ့ဟု နှလုံးပြုလျက် ဆာလောင်ခြင်းဖြင့် နှိပ်စက်အပ်သော်လည်း အိမ်သို့ သွားခြင်းငှါ စိတ်ကို မပြုတဲ့မူ၍ လျင်မြန်စွာဘုရား၏ အထံတော်သို့ လာသဖြင့် မြတ်စွာဘုရားကို ရှိခိုး၍ တင့်အပ်လျောက်ပတ်သော အရပ်၌ နေလေ၏။

ဘုရားရှင်က ထမင်းကျွေးခိုင်းခြင်း

မြတ်စွာဘုရားသည် ထိုသူဆင်းရဲ၏ တည်နေလာသော ကာလ၌ အလှူ၌ အမှုကြီးငယ် ရွက်ဆောင် သောသူကို သံဃာ၏ စိုးစဉ်း ကြွင်းကျန်သော ထမင်း ရှိသလောဟု မိန့်တော်မူလေ၏။ မြတ်စွာဘုရား အလုံးစုံ ရှိပါသေးသည် ဘုရားဟု လျှောက်ဆိုလတ်သည်ရှိသော် ဤသူကို ကျွေးမွေးဦးလော ဟု မိန့်တော်မူပြန်၏။

ထိုအလှူ၌ ဆောင်ရွက်သောသူသည် မြတ်စွာဘုရား မိန့်ကြားသော နည်းဖြင့်သာလျှင် ထိုသူကို နေစေ၍ ယာဂု ခဲဖွယ် ဘောဇဉ်တို့ဖြင့် ရိုသေစွာ ကျွေးမွေးလေ၏။ ထိုသူဆင်းရဲသည် ထမင်း စားပြီးသည်ရှိသော် ခံတွင်းကို ဆေးကြောလေ၏။

(သုံးပုံသော ပိဋကတ်တို့၌ ဤနေရာကို ဖယ်ထား၍ တပါးသောနေရာ၌ မြတ်စွာဘုရား၏ ထမင်းကျွေးရန် စီရင်ခြင်း မည်သည် မရှိလေသတတ်)။

ငြိမ်းဧပြီးသော ပူပန်ခြင်း ရှိသော ထိုသူဆင်းရဲ၏ စိတ်သည် တည်တည် ကြည်ကြည် ဖြစ်လေ၏။ ထိုအခါ သူဆင်းရဲအား မြတ်စွာဘုရားသည် အစဉ်အတိုင်းဖြစ်သော တရားစကားကို ဟောကြား တော်မူသဖြင့် သစ္စာလေးပါးတို့ကို ပြတော်မူလေ၏။ ထိုသူဆင်းရဲသည် ဒေသနာတော်၏ အဆုံး၌ သောတာပတ္တိဖိုလ်၌ တည်လေ၏။ မြတ်စွာဘုရားသည်လည်း အနုမောဒနာကို ပြုပြီးလျှင် နေရာမှ ထ၍ ဖဲကြွတော်မူလေ၏။ များစွာသော လူအပေါင်းသည် မြတ်စွာဘုရားကို အစဉ် လိုက်ကာ ပြန်နစ်လေ၏။

ရဟန်းတို့သည် မြတ်စွာဘုရားနှင့် အတူတကွ သွားကြကုန်စဉ်သာလျှင် ငါ့ရှင်တို့ မြတ်စွာဘုရား၏ အမှုကို ကြည့်ရှုကြစမ်းပါကုန်လော။ တပါးသောနေ့တို့၌ ဤသို့သော သဘောမရှိ။ ယနေ့၌မူကား ထိုလူကို မြင်လျှင် မြင်ခြင်း ယာဂု စသည်တို့ကို စီရင်၍ ပေးစေလေ၏ဟု ကဲ့ရဲ့ကြကုန်၏။

မြတ်စွာဘုရားသည် ပြန်နှစ်တော်မူ၍ ရပ်တော်မူလျက် ချစ်သား ရဟန်းတို့ အဘယ်စကားကို ပြောဆိုကြကုန်ဘိသနည်းဟု မေးတော်မူသဖြင့် ထိုအကြောင်းကို ကြားသိတော်မူရလျှင် ချစ်သား ရဟန်းတို့ ဟုတ်မှန်လှပေ၏။ ယူဇနာသုံးဆယ် ရှိသော ခရီးခဲသို့ ကြွလာသော ငါဘုရားသည် ထိုဒါယကာ၏ ဥပနိဿယ အကြောင်းကို မြင်တော်မူ၍ ကြွလာခဲ့ပေ၏။

ထိုသူဆင်းရဲသည် အလွန်လျှင် မွတ်သိပ် ဆာလောင်ဘိ၏။ နံနက် စောစောမှစ၍ နွားကို ရှာဖွေလျက် တော၌ လှည့်လည် သွားလာရ၏။ မွတ်သိပ် ဆာလောင်ခြင်း ဟူသော ဆင်းရဲခြင်းဖြင့် တရားတော်ကို ဟောကြားအပ်သော်လည်း ထိုးထွင်း၍ သိခြင်းငှါ မတတ်နိုင် လတ္တံ့ဟု ကြံ၍ ဤသို့ စီရင်ခြင်းကို ပြုတော်မူရ၏။ မွတ်သိပ် ဆာလောင်ခြင်း တည်းဟူသော အနာရောဂါနှင့်တူသော အနာရောဂါမည်သည် မရှိဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၂၀၁။ ဇိဃစ္ဆာ ပရမာ ရောဂါ၊ သင်္ခါရာ ပရမာ ဒုက္ခာ။
ဧတံ ဉတွာ ယထာဘူတံ၊ နိဗ္ဗာနံ ပရမံ သုခံ။

ဇိဃစ္ဆာ၊ မွတ်သိပ် ဆာလောင်ခြင်းသည်။ ပရမာ၊ လွန်ကဲသော။ ရောဂါ၊ အနာမည်၏။

[တပါးသော အနာရောဂါသည် တကြိမ် ကုသသော် ပျောက်မှုလည်း ပျောက်၏။ တခဏ အစွမ်းဖြင့် ကွာမူလည်း ကွာ၏။ ဆာလောင်မွတ်သိပ်ခြင်း ရောဂါကိုကား နေ့စဉ်အမြဲ ကုစား အပ်သည်သာတည်း။ ထို့ကြောင့် ဤရောဂါသည် ကြွင်းသော ရောဂါတို့ထက် လွန်ကဲသည် မည်၏ ဟူလို]။

သင်္ခါရာ၊ ခန္ဓာငါးပါး တည်းဟူသော သင်္ခါရတို့သည်။ ပရမာ၊ လွန်ကဲကုန်သော။ ဒုက္ခာ၊ ဒုက္ခတို့မည်ကုန်၏။ ဧတံ၊ ဤသဘောကို။ ယထာဘူတံ၊ ဟုတ်သော အတိုင်း။ ဉတွာ၊ သိ၍။ ပဏ္ဍိတော၊ ပညာရှိသောသူသည်။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ သစ္ဆိကရောတိ၊ မျက်မှောက်ပြု၏။ နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။ ပရမံ၊ ချမ်းသာတကာတို့ထက် လွန်မြတ်သော။ သုခံ၊ ချမ်းသာခြင်းမည်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

နွားပျောက်သော ဥပါသကာဝတ္ထုပြီး၏။

၆ - ပဿေနဒီ ကောသလမင်းဝတ္ထု

အာရောဂျာ ပရမာလာဘာ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပဿေနဒီ ကောသလမင်းကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အစားကြီးခြင်းသည် ဆင်းရဲခြင်း၏ အကြောင်း

အခါတပါး၌ ပဿေနဒီ ကောသလမင်းကြီးသည် ဆန်တစရွတ် (တစိတ်) ချက်ထမင်းကို ထို ထမင်းအား လျောက်ပတ်သော စားမဲဟင်းလျာဖြင့် ပွဲတော်တည်၏။ တနေ့သ၌ နံနက်စာထမင်း ပွဲတော် တည်ပြီးသည်ရှိသော် ထမင်းကြောင့် ဖြစ်သော ယစ်ခြင်းကို မပျောက်မီ မြတ်စွာဘုရား၏ အထံတော်သို့ သွား၍ ပင်ပန်းသော သဘောရှိလှသဖြင့် တပြောင်းပြန်ပြန် ထိုမှ ဤမှ လူးလဲ လေ၏။ ငိုက်မျည်းခြင်းဖြင့် နှိပ်စက်အပ်သည် ဖြစ်သော်လည်း ဖြောင့်ဖြောင့် အိပ်ခြင်းငှါ မတတ် နိုင်သောကြောင့် တင့်အပ် လျောက်ပတ်သော အရပ်၌ နေလေ၏။

ထိုအခါ ကောသလမင်းကြီးကို မြတ်စွာဘုရားသည် မြတ်သောမင်းကြီး အသို့နည်း အပင်ပန်း မဖြေမီသာလျှင် လာခဲ့လေသလောဟု မိန့်တော်မူလေ၏။ မြတ်စွာဘုရား ဟုတ်မှန်လှပါသည် ထမင်းသုံးဆောင်ပြီးသော အခါမှစ၍ တပည့်တော်အား ကြီးစွာသော ဆင်းရဲခြင်းသည် ဖြစ်ပါသည် ဘုရားဟု လျှောက်ကြားလတ်သော် ထိုအခါ ကောသလမင်းကြီးကို မြတ်စွာဘုရားသည် မြတ်သောမင်းကြီး အလွန်များစွာ စားခြင်းသည် ဤသို့ ဆင်းရဲခြင်း ဖြစ်တတ်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

မိဒ္ဓီ ယဒါ ဟောတိ မဟဂ္ဃသောစ၊ နိဒ္ဒါယိတာ သမ္ပရိသတ္တသာယီ။
မဟာဝရာဟောဝ နိဝါပပုဋ္ဌော၊ ပုနပ္ပုနံ ဂဗ္ဘမုပေတိ မန္ဒော။

ယဒါ၊ အကြင်အခါ၌။ ပုရိသော၊ ယောက်ျားသည်။ မိဒ္ဓီစ၊ ငိုက်မျည်းခြင်း ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ မဟဂ္ဃသောစ၊ အတိုင်းအရှည်မရှိ များစွာ အစားကြူးသည်လည်း။ ဟောတိ၊ ဖြစ်၏။ နိဝါပပုဋ္ဌော၊ အစာကျွေး၍ မွေးမြူအပ်သော။ မဟာဝရာဟောဝ၊ အိမ်ဝက်ကြီးကဲ့သို့။ နိဒ္ဒါယိတာ၊ ငိုက်မျည်းခြင်း အလေ့ရှိသည်။ သမ္ပရိဝတ္တသာယီ၊ တပြောင်းပြန်ပြန် လူးလဲ၍ အိပ်လေ့ရှိ သည်။ ဟောတိ၊ ဖြစ်၏။ တဒါ၊ ထိုအခါ၌။ လက္ခဏာနိ၊ အနိစ္စ, ဒုက္ခ, အနတ္တ ဟူသော လက္ခဏာတို့ကို။ မနသိကာတုံ၊ နှလုံးသွင်းခြင်းငှါ။ နသက္ကောတိ၊ မတတ်နိုင်။ အမနသိကရောန္တော၊ နှလုံးမသွင်းနိုင်သည်ဖြစ်၍။ မန္ဒော၊ ပညာနည်းသော။ သောပုရိသော၊ ထိုယောက်ျားသည်။ ပုနပ္ပုနံ၊ တဖန်တလဲလဲ။ ဂဗ္ဘံ၊ အမိဝမ်းတိုက်သို့။ ဥပေတိ၊ ကပ်ရောက်ရ၏။

အတိုင်းအရှည်ဖြင့် စားခြင်းသည် ချမ်းသာခြင်း၏အကြောင်း

ဤဂါထာဖြင့် ဆုံးမ၍ မြတ်သောမင်းကြီး စားခြင်းမည်သည်ကား အတိုင်း အရှည်အားဖြင့် စားခြင်းငှါ သင့်လျော်၏။ အတိုင်းအရှည်ဖြင့် စားသောသူသည် ချမ်းသာစွာဖြစ်၏ဟု ဆုံးမတော် မူပြီးလျှင် ထို့ထက်အလွန် ဆုံးမတော်မူပြန်လိုသည်ဖြစ်၍ ဤဂါထာကို မိန့်တော်မူလေ၏။

မနုဇဿ သဒါ သတိမတော၊ မတ္တံ ဇာနတော လဒ္ဓဘောဇနံ။
တနုကဿ ဘဝန္တိ ဝေဒနာ၊ သဏိကံ ဇီရတိ အာယုပါလယံ။

သဒါ၊ အခါခပ်သိမ်း။ သတိမတော၊ သတိရှိသော။ လဒ္ဓဘောဇနံ၊ ရအပ်သော ဘောဇဉ်ကို။ မတ္တံဇာနတော၊ အတိုင်းအရှည်ကို သိထသော။ အဿမနုဇဿု၊ ထိုသူအား။ ဝေဒနာ၊ ဝေဒနာတို့သည်။ တနုကာ၊ ခေါင်းပါးကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ အာယုပါလယံ၊ အသက်ကို စောင့်ရှောက်လျက်။ သဏိကံ၊ နှေးနှေး။ ဇီရတိ၊ အစာကြေ၏။

ကောသလမင်းကြီးသည် ဂါထာကို သင်ယူခြင်းငှါ မတတ်နိုင်။ အနီး၌တည်နေသော နှမ၏သား တူတော်ဖြစ်သော သုဒဿနအမည်ရှိသော လုလင်ကို ချစ်သား ဤဂါထာကို သင်ယူလော့ဟု ဆိုလေ၏။ ထိုလုလင်သည် ထိုဂါထာကို သင်ယူပြီးလျှင် မြတ်စွာဘုရား အဘယ်သို့ ပြုရပါမည်နည်း ဘုရားဟု မေးလျှောက်လေ၏။

ထိုအခါ လုလင်ကို မြတ်စွာဘုရားသည် မင်းကြီး ထမင်းသုံးဆောင်စဉ် နောက်ဆုံး ထမင်းဆုပ် ပြုသောကာလ ဤဂါထာကို ရွတ်ဆိုလေလော့ဟု မိန့်တော်မူ၍ မင်းကြီးသည် အနက်ကို မှတ်သား မိသဖြင့် အကြင်ထမင်းဆုပ်ကို စွန့်လတ္တံ့။ ထိုထမင်းဆုပ်၌ ထမင်းလုံး အရေအတွက် အားဖြင့် မင်းကြီးအလို့ငါှ ပွဲတော် ထမင်းချက်သောကာလ ထိုမျှ အတိုင်းအရှည်ရှိသော ဆန်စေ့တို့ကို ပယ်နုတ်လေလော့ဟု မိန့်တော်မူလေ၏။

ထိုလုလင်သည် မြတ်စွာဘုရား ကောင်းလှပါပြီဘုရား ဟု ဝန်ခံ၍ ညချမ်းအခါ၌၎င်း နံနက်အခါ၌၎င်း မင်းကြီး ထမင်း ပွဲတော်တည်စဉ် နောက်ဆုံး ထမင်းဆုပ် ပြုသောအခါ ထိုဂါထာကိုရွတ်၍ မင်းကြီးသည် စွန့်အပ်သော ထမင်းဆုပ်၌ ထမင်းလုံး အရေအတွက်အားဖြင့် ဆန်စေ့တို့ကို ယုတ်စေလေ၏။ မင်းကြီးသည်လည်း ထိုတူ သုဒဿန လုလင်၏ဂါထာကို ကြားရလျှင် တထောင် တထောင်သော ဥစ္စာကို ပေးစေလေ၏။

ထိုမင်းကြီးသည် နောက်အခါ၌ တကွမ်းစား (တစလယ်) ချက် ထမင်းအတိုင်း အရှည်ဖြင့် ကောင်းစွာတည်တံ့နိုင်၍ ချမ်းသာခြင်းသို့ ရောက်သဖြင့် ခေါင်းပါး ပိန်ကြုံသော ကိုယ်ရှိသည် ဖြစ်လေ၏။ ထိုအခါ တနေ့သ၌ မြတ်စွာဘုရား၏ အထံတော်သို့သွား၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ယခုအခါ တပည့်တော်အား ချမ်းသာခြင်း ဖြစ်ပါပြ။ီ သားသမင်ကို၎င်း မြင်းကို၎င်း လိုက်၍ ဖမ်းခြင်းငှါ စွမ်းနိုင်သော သဘော ရှိပါပြီဘုရား။

ရှေးအခါ၌ တပည့်တော်၏တူ အဇာတသတ်မင်းနှင့်တကွ စစ်ထိုးခြင်းသည်သာလျှင် ဖြစ်ရပါသည်။ ယခုအခါ ဝဇိရ အမည်ရှိသော ချစ်သ္မီးကို တူအား ဆောင်နှင်း၍ ထိုကာသိကရွာကို သတို့သ္မီး အားသာလျှင် ရေချိုးကသယ်မုန့်ဘိုး ပေးလိုက်ပါပြီ။ ထိုတူ အဇာတသတ်နှင့်တကွ ခိုက်ရန် ဖြစ်ခြင်းသည် ငြိမ်းပါပြီ။ တပည့်တော်အား ဤအကြောင်းကြောင့်လည်း ချမ်းသာခြင်းသည် သာလျှင် ဖြစ်ရပါသည် ဘုရား။

အမျိုး၏ အမွေဥစ္စာဖြစ်သော မင်းသုံး နန်းစဉ် ပတ္တမြားရတနာသည် တကာတော်၏ နန်းတော် တွင်း၌ ရှေးဖြစ်သော နေ့တွင် ပျောက်ဆုံးခဲ့ပါသည်။ ထို ပတ္တမြား ရတနာသည်လည်း ယခုအခါ လက်တွင်းသို့ ရောက်၍ လာပါပြီ။ ဤအကြောင်းကြောင့်လည်း တပည့်တော်အား ချမ်းသာခြင်း သည်သာလျှင် ဖြစ်ရပါသည်ဘုရား။

ရှင်တော်မြတ်ဘုရားတို့၏ တပည့်သား သာဝကတို့နှင့် အတူတကွ အကျွမ်းဝင်ခြင်းကို အလို ရှိသဖြင့် သာကီဝင် မင်းဆွေ မင်းမျိုး သတို့သ္မီးသည်လည်း တပည့်တော်၏ နန်းတော်သို့ ရောက်လာပါပြီ။ ဤအကြောင်းကြောင့်လည်း တပည့်တော်အား ချမ်းသာခြင်းသည်သာလျှင် ဖြစ်ရပါသည် ဘုရားဟု လျှောက်ထားလေ၏။

ဘုရားရှင်သည် မြတ်သောမင်းကြီး အနာမရှိခြင်းမည်သည် မြတ်သောလာဘ်မည်၏။ ရရသမျှသော ပစ္စည်းဖြင့် ရောင့်ရဲ နှစ်သက်ခြင်းနှင့် တူသော ဥစ္စာသည်၎င်း အကျွမ်းဝင်ခြင်းနှင့် တူသည် သာလျှင် ဖြစ်သော မြတ်သော ဆွေမျိုးသည်၎င်း နိဗ္ဗာန်နှင့်တူသော လွန်ကဲသော ချမ်းသာခြင်း မည်သည်၎င်း မရှိဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၂၀၂။ အာရောဂျာ ပရမာ လာဘာ၊ သန္တုဋ္ဌီ ပရမံ ဓနံ။
ဝိဿာသာ ပရမာ ဉာတိ၊ နိဗ္ဗာနံ ပရမံ သုခံ။

အာရောဂျာ၊ အနာကင်းခြင်းတို့သည်။ ပရမာ၊ လွန်ကဲကုန်သော။ လာဘာ၊ လာဘ်တို့တည်း။

(အာရောဂျံ-ဟု၎င်း၊ အာရောဂျ ပရမာလာဘာ ဟု၎င်း မူကွဲ ရှိသေးသည်။)

[ရောဂါသည်အား ရှိသော လာဘ်သည် လာဘ်မမည်။ ရောဂါကင်းသော သူအား လာဘ်အားလုံး ရောက်လာနိုင်ကြကုန်၏ဟူလို]။

သန္တုဋ္ဌီ၊ မိမိရအပ်သော ဥစ္စာဖြင့် ရောင့်ရဲ နှစ်သက်ခြင်းသည်။ ပရမံ၊လွန်ကဲသော။ ဓနံ၊ ဥစ္စာတည်း။ ဝိဿာသာ၊ အကျွမ်းဝင်ခြင်းသည်။ ပရမာ၊ ကောင်းမြတ်သော။ ဉာတိ၊ အဆွေအမျိုးတည်း။

[မိရင်း ဖရင်း ဖြစ်စေကာမူ ခင်ခင်မင်မင် အကျွမ်းတဝင် မရှိလျှင် ဆွေမျိုးမဟုတ်။ သူစိမ်းသာ မည်၏။ အကျွမ်းတဝင်ရှိလျှင် မိဘက် ဖဘက်က မစပ်သော်လည်း ကောင်းမြတ်သော ဆွေမျိုး မည်၏ ဟူလို။]

နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။ ပရမံ၊ လွန်ကဲသော။ သုခံ၊ ချမ်းသာတည်း။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

ပဿေနဒီကောသလမင်းကြီးဝတ္ထုပြီး၏။

၇-တိဿမထေရ်ဝတ္ထု

ပဝိဝေကရသံ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေသာလီပြည်၌ နေတော်မူစဉ် အမှတ်မရှိသော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘုရားအလိုကျ ပူဇော်နည်း

မြတ်စွာဘုရားသည် ချစ်သားရဟန်းများတို့ ငါဘုရားသည် ဤနေ့မှစ၍ လေးလတို့ဖြင့် လွန်သော အခါ ပရိနိဗ္ဗန် စံလွန်တော်မူပေအံ့ဟု မိန့်တော်မူသည်ရှိသော် မြတ်စွာဘုရား၏ အထံတော်၌ ရဟန်း ခုနစ်ရာတို့သည် ထိန့်လန့်ခြင်းသို့ ရောက်ကြလေကုန်၏။ ရဟန္တာပုဂ္ဂိုလ်တို့အား ဓမ္မသံဝေဂ ဖြစ်လေ၏။ ပုထုဇဉ်တို့သည် မျက်ရည်တို့ကို ဆည်းခြင်းငှါ မတတ်နိုင်ကြကုန်။

ရဟန်းတို့သည် အစုအစု ဖြစ်၍ အဘယ်သို့ ပြုကြရပါကုန်အံ့နည်းဟု တိုင်ပင်ကာသာ လှည့်လည် သွားလာ ကြကုန်၏။ ထိုအခါ တိဿမထေရ် အမည်ရှိသော ရဟန်းတပါးသည် မြတ်စွာဘုရား သည် လေးလလွန်သောအခါ ပရိနိဗ္ဗာန် စံယူတော်မူလတ္တံ့။ ငါသည်လည်း ရာဂမကင်းသေးသော သူဖြစ်၏။ မြတ်စွာဘုရားသည် သက်တော်ထင်ရှား ရှိစဉ်သာလျှင် ငါသည် အရဟတ္တဖိုလ်ကို ယူခြင်းငှါ သင့်၏ဟု ဣရိယာပုထ် လေးပါးတို့၌ တယောက်အထီးတည်း နေထိုင်လေ၏။ ရဟန်းတို့၏ အထံသို့ သွားခြင်းသည်၎င်း၊ တစုံတယောက်သော ရဟန်းနှင့် အတူတကွ စကား ပြောဆိုခြင်းသည်၎င်း မရှိ၊ ထိုအခါ တိဿမထေရ်ကို ရဟန်းတို့သည် ငါ့ရှင်တိဿ အဘယ့်ကြောင့် ဤသို့ ပြုဘိသနည်းဟု မေးမြန်းကြလေကုန်၏။

တိဿမထေရ်သည် ထိုရဟန်းတို့၏ စကားကို နားမထောင်ဘဲသာ နေလေ၏။ ထိုရဟန်းတို့သည် တိဿ မထေရ် အကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားကြ၍ မြတ်စွာဘုရား ရှင်တော် မြတ်တို့အပေါ်၌ တိဿ မထေရ်အား ချစ်ခင်မြတ်နိုးခြင်းသည် မရှိပါဘုရားဟု လျှောက်ဆိုကြ လေကုန်၏။ မြတ်စွာဘုရားသည် တိဿ ရဟန်းကို ခေါ်စေတော်မူ၍ ချစ်သားတိဿ အဘယ့်ကြောင့် ဤသို့ပြုဘိသနည်းဟု မေးတော်မူလေ၏။

ထိုတိဿ မထေရ်သည် မိမိအလိုကို လျှောက်ကြား လတ်သည်ရှိသော် ချစ်သားတိဿ ကောင်းပေစွ ကောင်းပေစွဟု ကောင်းချီး ပေးတော်မူပြီးလျှင် ချစ်သား ရဟန်းတို့ ငါဘုရား၌ ချစ်ခင်မြတ်နိုးခြင်း ရှိသောသူသည် တိဿ ရဟန်းနှင့် တူသည်သာလျှင် ဖြစ်ကြကုန်လော။ နံ့သာပန်း စသည်တို့ဖြင့် ပူဇော်ခြင်းကို ပြုကြကုန်သော်လည်း ငါဘုရားကို ပူဇော်ကြသည် မမည်ကုန်။ လောကုတ္တရာ တရားကိုးပါး အားလျော်သော အကျင့်ကို ကျင့်ကုန်သော သူတို့ သည်သာလျှင် ငါဘုရားကို ပူဇော်ကြသည် မည်ကုန်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၂၀၃။ ပဝိဝေကရသံ ပိတွာ၊ ရသံ ဥပသမဿစ။
နိဒ္ဒရော ဟောတိ နိပ္ပါပေါ၊ ဓမ္မပီတိရသံ ပိဝံ။

ဓမ္မပီတိ ၊ တရားအရသာကို သောက်စို့ရသောသူသည်။ ပဝိဝေကရသဉ္စ၊ ဆိတ်ငြိမ်ရာ၌ တယောက်ထည်း နေသဖြင့် ရအပ်သော ချမ်းသာခြင်း အရသာကို ၎င်း။ ဥပသမဿ၊ ကိလေသာ ငြိမ်းခြင်း၏။ ဝါ၊ နိဗ္ဗာန်၏။ ရသဉ္စ၊ အရသာကို၎င်း။ ပိတွာ၊ သောက်ရသောကြောင့်။ နိဒ္ဒရောစ၊ ရာဂစသော အပူကင်းသည်၎င်း။ နိပ္ပါပေါစ၊ ယုတ်မာခြင်းကင်းသည်၎င်း။ ဟောတိ၊ ဖြစ်၏။ ရသံ၊ လောတ္တရာ တရားကိုးပါး၏ အစွမ်းဖြင့် ဖြစ်သော အရသာကို။ ပိဝံ ပိဝန္တောပိ၊ သောက်စို့ရသော်လည်း။ နိဒ္ဒရောစ၊ ရာဂစသော အပူကင်းသည်၎င်း။ နိပ္ပါပေါစ၊ ယုတ်မာခြင်းကင်းသည်၎င်း။ ဟောတိ၊ ဖြစ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ တိဿမထေရ်သည် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ များစွာသော လူအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

တိဿမထေရ် ဝတ္ထုပြီး၏။

၈ - သိကြားမင်း လုပ်ကျွေးသောဝတ္ထု

သာဟုဒဿန - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝရွာ၌ နေတော်မူစဉ် သိကြားမင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘုရားရှင်၏ အညစ်အကြေး သိကြားမင်း ရွက်ဆောင်ခြင်း

မြတ်စွာဘုရားအား အာယုသင်္ခါရကို လွှတ်တော်မူပြီးသည်ရှိသော် သွေးသွန်သော အနာရောဂါ၏ ဖြစ်သည် အဖြစ်ကို သိရလျှင် သိကြားနတ်မင်းသည် ငါကား မြတ်စွာဘုရား၏ အထံတော်သို့ သွား၍ သူနာအလုပ်အကျွေး ပြုခြင်းငှါ သင့်၏ဟု ကြံ၍ သုံးဂါဝုတ် အတိုင်းအရှည်ရှိသော အတ္တဘောကို စွန့်သဖြင့် မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် လက်တို့ဖြင့် ခြေတော်တို့ကို သုံးသပ် ဆုပ်နယ်ကာ နေလေ၏။

ထိုအခါ သိကြားမင်းကို မြတ်စွာဘုရားသည် ဤသူကား အဘယ်သူနည်းဟု မိန့်တော်မူလေ၏။ မြတ်စွာဘုရား တပည့်တော်ကား သိကြားနတ်မင်း ဖြစ်ပါသည် ဘုရားဟု လျှောက်လတ်သော် အဘယ့်ကြောင့် လာသနည်းဟု မိန့်တော်မူပြန်၏။

မြတ်စွာဘုရား မကျန်းမမာ ဖြစ်ကုန်သော ရှင်တော်မြတ်ဘုရား တို့ကို လုပ်ကျွေးခြင်းငှါ လာပါသည် ဘုရားဟု လျှောက်သည်ရှိသော် သိကြားမင်း နတ်တို့အား လူတို့၏ အနံ့သည် ယူဇနာတရာမှစ၍ လည်ပင်း၌ ဆွဲထား အပ်သော အကောင်ပုပ်ကဲ့သို့ ဖြစ်ဘိ၏။ သင်သိကြားမင်းသည် ပြန်သွားလေ လော။ ငါ့အား သူနာပြု အလုပ်အကျွေးဖြစ်သော ရဟန်းတို့သည် ရှိကုန်၏ဟု မိန့်တော်မူလေ၏။

မြတ်စွာဘုရား တပည့်တော်သည် ယူဇနာ ရှစ်သောင်း လေးထောင် မြင့်သော မြင်းမိုရ်တောင်ထိပ်၌ တည်နေလျက် ရှင်တော်မြတ်ဘုရားတို့၏ သီလဟူသော အနံ့ကို နမ်းရှုပ်ရပါ သောကြောင့် ရောက်လာပါသည်။ တပည့်တော်သာလျှင် လုပ်ကျွေးပါမည် ဘုရားဟု လျှောက်ကြားပြီးလျှင် သိကြားမင်းသည် မြတ်စွာဘုရား၏ ကိုယ်လက်တော် သုတ်သင်ရာ အညစ်အကြေးအိုးကို သူတပါး အား လက်ဖြင့်သော်လည်း ထိစိမ့်သောငှါ မပေးဘဲ ဦးခေါင်း၌သာလျှင် ထားတဲ့၍ ထုတ်ဆောင် သဖြင့် မျက်နှာ၏ ရှုံ့ခြင်း တွန့်ခြင်းမျှကိုလည်းမပြု။ နံ့သာအိုးကို ရွက်ဆောင်ရဘိ သကဲ့သို့ ဖြစ်လေ၏။ ဤသို့ မြတ်စွာဘုရားကို စောင့်ရှောက် သုတ်သင်၍ မြတ်စွာဘုရား ချမ်းချမ်းသာသာ ရှိသောအခါ၌သာလျှင် ပြန်သွားလေ၏။

ရဟန်းတို့သည် မြတ်စွာဘုရား၌ သိကြားမင်း၏ ချစ်ကြည် မြတ်နိုးခြင်းကား အံ့ဩစဖွယ် ကြီးကျယ် လေစွ။ ဤသို့ သဘောရှိသည်မည်သော နတ်၌ဖြစ်သော စည်းစိမ်ကိုစွန့်၍ မျက်နှာရှုံ့ခြင်း တွန့်ခြင်းမျှ ကိုလည်း မပြုသဖြင့် နံ့သာအိုးကို ထုတ်ဆောင်ဘိသကဲ့သို့ မြတ်စွာဘုရား၏ ကိုယ် လက်တော် သုတ်သင်ရာ အညစ်အကြေးအိုးကို ဦးခေါင်းဖြင့် ရွက်ဆောင်လျက် လုပ်ကျွေးခြင်းကို ပြုဘိ၏ဟု စကားကို ဖြစ်စေကြလေကုန်၏။

သောတာပန်တည်၍ သိကြားပျိုဖြစ်ခြင်း

မြတ်စွာဘုရားသည် ထိုရဟန်းတို့၏စကားကို ကြားရလျှင် ချစ်သားရဟန်း တို့ အဘယ်သို့ ပြောဆို ကြကုန်ဘိသနည်း။ သိကြားနတ်မင်းသည် ငါဘုရား၌ အကြင် ချစ်ကြည်မြတ်နိုးခြင်းကိုပြု၏။ ဤသို့ ချစ်ကြည်မြတ်နိုးခြင်းကို ပြုခြင်းသည် အံ့ဩဖွယ်မရှိ။ ဤသိကြားနတ်မင်းသည် ငါဘုရားကိုမှီ၍ အိုလေပြီးသော သိကြား၏ အဖြစ်ကို စွန့်လျက် သောတာပန်ဖြစ်သဖြင့် နုပျိုသော သိကြား၏ အဖြစ်သို့ ရောက်ပေ၏။

ငါဘုရားသည် သေဘေးမှ ထိတ်လန့် ကြောက်ရွံ့သည် ဖြစ်၍ ပဉ္စသီခမည်သော ဂန္ဓဗ္ဗနတ်သားကို ရှေ့သွားပြုသဖြင့် ရောက်လာသောအခါ ဣန္ဒသာလ မည်သော လိုဏ်ဂူ၌ နတ်ပရိသတ်၏ အလယ်တွင် နေသော ထိုသိကြားမင်းအား။

ပုစ္ဆ ဝါသဝ မံ ပဉှံ၊ ယံကိဉ္စိ မနသိစ္ဆသိ။
တဿ တဿေဝ ပဉှဿ၊ အဟံ အန္တံ ကရောမိ တေ။

ဝါသဝ၊ သိကြားနတ်မင်း။ မနသိ၊ သင်၏စိတ်၌။ ယံကိဉ္စိ၊ အမှတ်မရှိ တစုံ တခုသော ပြဿနာကို။ ဣစ္ဆသိ၊ မေးမြန်းရန် အလိုရှိ၏။ မံ၊ ငါဘုရားကို။ တံ ပဉှံ၊ ထိုပြဿနာကို။ ပုစ္ဆ၊ မေးဘိလော့။ အဟံ၊ ငါဘုရားသည်။ တဿတေ၊ ထိုသင့်အား။ တဿေဝ ပဉှဿ၊ ထိုပြဿနာ၏သာလျှင်။ အန္တံ၊ အဆုံးကို။ ကရောမိ၊ ပြုပေအံ့။

ဟူ၍ မိန့်တော်မူပြီးလျှင် ထိုသိကြားမင်း၏ ယုံမှားသံသယကို ပယ်ဖျောက်တော်မူလျက် တရား ဟောကြားတော်မူလေပြီ။ တရားဒေသနာတော်၏ အဆုံး၌ တဆဲ့လေးကုဋေသော သတ္တဝါတို့အား သစ္စာလေးပါး တရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။ သိကြားမင်း သည်လည်း ထိုင်၍ နေမြဲတိုင်းသာလျှင် သောတာပတ္တိဖိုလ်သို့ရောက်၍ ပျိုသော သိကြားငယ် ဖြစ်လေ၏။

ဤသို့လျှင် ထိုသိကြားမင်းအား ငါဘုရားသည် များသောကျေးဇူးရှိဖူး၏။ သိကြားမင်း၏ ငါဘုရား၌ ချစ်ကြည် မြတ်နိုးခြင်း မည်သည်အံ့ဩဖွယ်မရှိ။ ချစ်သား ရဟန်းတို့ အရိယာပုဂ္ဂိုလ်တို့အား ဖူးမြင်ရခြင်း သည်လည်း ချမ်းသာ၏။ ထိုအရိယာ ပုဂ္ဂိုလ်တို့နှင့် အတူတကွ တခုတည်းသော အရပ်၌ အတူနေထိုင်ရခြင်း သည်လည်း ချမ်းသာ၏။ မလိမ္မာကုန်သော သူမိုက်တို့နှင့် အတူတကွ ဖြစ်၍ကား ဤအလုံးစုံသည် ဆင်းရဲ၏ဟု မိန့်တော်မူ၍ ဤဂါထာအပေါင်းကို ဟောကြားတော် မူလေ၏။

ဒေသနာတော်

၂၀၄။ သာဟု ဒဿန မရိယာနံ၊ သန္နိဝါသော သဒါ သုခေါ။
အဒဿနေန ဗာလာနံ၊ နိစ္စမေဝ သုခီ သိယာ။

၂၀၅။ ဗာလသံဂတ စာရီဟိ၊ ဒီဃမဒ္ဓါန သောစတိ။
ဒုက္ခော ဗာလေဟိ သံဝါသော၊ အမိတ္တေနေဝ သဗ္ဗဒါ။

၂၀၆။ ဓီရောဝ သုခသံဝါသော၊ ဉာတီနံဝ သမာဂမော။
တသ္မာဟိ ဓီရံ ပညဉ္စ၊ ဗဟုဿုတဉ္စ ဓောရယှံ။

၂၀၇။ သီလဓုတဝန္တ ဓရိယံ၊ တံတာဒိသံ သပ္ပုရိသံ။
သုမေဓံ ဘဇေထ၊ နက္ခတ္တပထံဝ စန္ဒိမာ။

အရိယာနံ၊ အရိယာဖြစ်သော သူတော်ကောင်းတို့ကို။ ဒဿနံ၊ ဖူးမြင်ရခြင်းသည်။ သာဟု၊ ကောင်း၏။ သန္နိဝါသော၊ သူတော်ကောင်းတို့နှင့် အတူတကွ နေရခြင်း ဝတ်ကြီးဝတ်ငယ်ကို ပြုခွင့်ရခြင်းသည်။ သဒါ၊ အခါခပ်သိမ်း။ သုခေါ၊ ချမ်းသာ၏။ ဗာလာနံ၊ သူမိုက်တို့ကို။ အဒဿနေန၊ မမြင်ရခြင်းကြောင့်။ နိစ္စမေဝ၊ အမြဲသာလျှင်။ သုခီ၊ ချမ်းသာခြင်းရှိသည်။ သိယာ၊ဖြစ်ရာ၏။

ဟိ၊ ထိုစကားသင့်စွ။ ဗာလသံဂတစာရီ၊ မလိမ္မာသူ လူမိုက်နှင့် အတူတကွ လှည့်လည် သွားလာခြင်း ရှိသောသူသည်။ ဒီယံ၊ ရှည်မြင့်စွာသော။ အဒ္ဓါနံ၊ ကာလပတ်လုံး။ သောစတိ၊ စိုးရိမ်ရ၏။ အမိတ္တေန၊ လက်နက်ရှိသော ရန်သူ မြွေဆိုး စသော ရန်သူနှင့်။ သံဝါသော၊ အတူတကွ နေရခြင်းသည်။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ဒုက္ခောဣဝ၊ ဆင်းရဲသကဲ့သို့။ ဧဝံ၊ ဤအတူ။ ဗာလေဟိ၊ မလိမ္မာသောသူ လူမိုက်တို့နှင့်။ သံဝါသော၊ အတူတကွ နေရခြင်းသည်။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ဒုက္ခော၊ ဆင်းရဲ၏။

ဉာတီနံ၊ မိဘစသော ဆွေမျိုးတို့နှင့်။ သမာဂမော၊ အတူတကွ ပေါင်းဖေါ်ရခြင်းသည်။ သုခသံဝါသော၊ ချမ်းသာစွာ ပေါင်းဖေါ်ရခြင်း ရှိသကဲ့သို့။ ဓီရောဝ၊ ပညာရှိသော သူသည်သာလျှင်။ သုခသံဝါသော၊ ချမ်းသာစွာပေါင်းဖေါ်ရခြင်း ရှိသည်။ ဟောတိ၊ ဖြစ်၏။

တသ္မာဟိ၊ ထို့ကြောင့်သာလျှင်။ ဓီရဉ္စ၊ တည်ကြည်သော သမာဓိလည်း ရှိထသော။ ပညဉ္စ၊ လောကုတ် လောကီ နှစ်လီသော ပညာလည်း ရှိထသော။ ဗဟုဿုတဉ္စ၊ အရအမိ ဗဟုဿုတလည်း ရှိထသော။ ဓောရယှဉ္စ၊ အရဟတ္တဖိုလ်သို့ ရောက်စေတတ်သော ဝန်ကို ဆောင်လေ့လည်း ရှိထသော။ သီလဓုတဝန္တံ၊ သီလအကျင့် ဓုတင်အကျင့်လည်း ရှိထသော။ အရိယံ၊ ကိလေသာတို့မှ ဝေးကွာသည် လည်းဖြစ်ထသော။ တံတာဒိသံ၊ ထိုသို့သဘောရှိသော။ သုမေဓံ၊ ကောင်းမြတ် တင့်တယ်သော ပညာရှိသော။ သပ္ပုရိသံ၊ သူတော်ကောင်းကို။ နက္ခတ္တပထံ၊ နက္ခတ်တာရာ ကြယ်တကာပျံသန်း ကောင်းကင်လမ်းသို့။ စန္ဒိမာ၊ လမင်းသည်။ ဘဇတိဣဝ၊ ဆည်းကပ်သကဲ့သို့။ ဘဇေထ၊ ဆည်းကပ်ရာ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

သိကြားမင်းလုပ်ကျွေးသောဝတ္ထုပြီး၏။

ဤတွင်ရွေ့ကား တဆဲ့ငါးခုမြောက်သော သုခဝဂ်အဖွင့်ပြီး၏။

၁၆ - ပိယဝဂ်

---

၁-တယောဇနပဗ္ဗဇိတဝတ္ထု

အယောဂေ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သုံးဦးသော ရဟန်းပြုသော သူတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မခွဲနိုင်ကြသောသူ သုံးယောက်

သာဝတ္ထိပြည်၌ တဦးသောအမျိုးဝယ် အမိအဘတို့အား ချစ်ခင်အပ်သည် ဖြစ်၍ နှလုံးကို ပွားစေတတ်သော တယောက်ထည်းသော သတို့သားသည် ရှိသတတ်။ ထိုသတို့သားသည် တနေ့သ၌ အိမ်၌ပင့်ဖိတ်အပ်ကုန်သည်ဖြစ်၍ အနုမောဒနာ တရားဟောခြင်းကို ပြုကြကုန်သော ရဟန်းတော် တို့၏ တရားစကားကို ကြားနာရသဖြင့် ရဟန်းပြုလိုသည် ဖြစ်သောကြောင့် မိခင် ဖခင်တို့ကို ရဟန်းအဖြစ်ကို တောင်းပန်လေ၏။ မိခင်ဖခင်တို့သည် ခွင့်မပြုကြလေကုန်။

ထိုသတို့သားအား ငါကား မိခင်ဖခင်တို့၏ မမြင်ကြကုန်စဉ်သာလျှင် အပသို့ သွား၍ ရဟန်း ပြုတော့အံ့ဟု ဤသို့သော အကြံဖြစ်လေ၏။ ထိုအခါ သတို့သား၏ ဖခင်သည် ပြင်ပသို့ ထွက်သွား သည်ရှိသော် ဤသားကို စောင့်ရှောက်လေလော့ဟု မိခင်ကို လက်ခံစေလေ၏။ အပ်နှံခဲ့လေ၏။ မိခင်သည် ပြင်ပသို့ ထွက်သွားသော်လည်း ဖခင်ကို လက်ခံစေလေ၏။

ထိုအခါ တနေ့သ၌ ဖခင်ပြင်ပသို့ သွားသည်ရှိသော် မိခင်သည် သားကိုစောင့်ရှောက်အံ့ဟု တံခါးပေါင် တဖက်ကို မှီပြီး တံခါးပေါင်တဖက်ကို ခြေတို့ဖြင့် ဖိကန်သဖြင့် မြေ၌ထိုင်လျက် ချည်ကိုငင်၏။ ထိုသတို့သားသည် ဤမိခင်ကို လှည့်စား၍ သွားအံ့ဟုကြံလျက် မိခင် အတန်ငယ် ဖယ်ပေးပါ။ ကိုယ်လက်သုတ်သင်ခြင်းကို ပြုပါရစေဦးဟု ဆိုခြင်းကြောင့် ထိုမိခင်သည် ခြေတို့ကို ကွေးလိုက်သည် ရှိသော် ထွက်၍ လျင်မြန်စွာ ကျောင်းသို့ သွားပြီးလျှင် ရဟန်းတို့၏အထံသို့ ချဉ်းကပ်သဖြင့် အရှင်ဘုရားတို့ တပည့်တော်ကို ရဟန်းပြုပေးတော်မူကြပါဘုရားဟု တောင်းပန်၍ ထိုရဟန်းတို့၏ အထံ၌ ရဟန်း ပြုလေ၏။

ထိုအခါ ထိုသတို့သား၏ ဖခင်သည် ပြန်လည်လာ၍ ငါ့သား အဘယ်မှာနည်းဟု မိခင်ကိုမေးလေ၏ အရှင် ဤအရပ်၌ ရှိပါသည်ဟုဆိုလျှင် ဖခင်သည် ငါ့သား အဘယ်မှာ ရှိသနည်းဟု လိုက်လံ ကြည့်ရှုရာ သတို့သားကိုမတွေ့မြင် ရလေသောကြောင့် ကျောင်းသို့သွားသည် ဖြစ်လတ္တံ့ဟု နှလုံးပြုလျက် ကျောင်းသို့ လိုက်သွားသည်ရှိသော် ရဟန်းဖြစ်နေသော သားကိုမြင်ရလျှင် ငိုကြွေး မြည်တမ်းလျက် ချစ်သား အဘယ့်ကြောင့် ဖခင်ကိုနှိပ်စက် ဖျက်ဆီးဘိသနည်းဟု ဆို၍ ငါ့သား ရဟန်းပြုသည်ရှိသော် ယခုအခါ ငါသည် အိမ်၌နေသဖြင့် အဘယ် အမှုကိုပြုလုပ်ရအံ့နည်း အဘယ် အကျိုး ရှိတော့အံ့နည်းဟု မိမိကိုယ်တိုင်လည်း ရဟန်းတို့၏ အထံ၌ တောင်းပန်၍ ရဟန်းပြုလေ၏။

ထိုအခါ သတို့သား၏ မိခင်သည် ငါ၏သားသည်၎င်း လင်ယောက်ျားသည်၎င်း အဘယ်ကြောင့် ကြာမြင့်ကြရကုန်ဘိသနည်းဟု တွေးတောလျက် အသို့နည်း ကျောင်းသို့သွား၍ ရဟန်းပြုလေ သလောဟု ထိုသားအဖတို့ကို လိုက်လံကြည့်ရှု လိုသည်ဖြစ်၍ ကျောင်းသို့ လိုက်သွားသည်ရှိသော် သားအဘ သားအဖ နှစ်ဦးလုံးတို့ပင် ရဟန်းပြုနေကြသည် တို့ကိုမြင်ရလျှင် ဤသူတို့၏ ရဟန်း ပြုသောအခါ ငါ့အား အိမ်ဖြင့် အဘယ်အကျိုး ရှိအံ့နည်းဟုကြံ၍ မိမိကိုယ်တိုင်လည်း ဘိက္ခုနီမ ကျောင်းသို့ သွားသဖြင့် ရဟန်းပြုလေ၏။

ထိုသုံးဦးသော သူတို့သည် ရဟန်းပြုပြီးကြ ကုန်သော်လည်း တခြားစီဖြစ်ခြင်းငှါ ကင်း၍နေခြင်းငှါ မတတ်နိုင်ကြကုန်။ ရဟန်းတို့၏ ကျောင်း၌၎င်း ဘိက္ခုနီမတို့၏ ကျောင်း၌၎င်း တပေါင်းတည်း သာလျှင် နေကြ၍ စကားပြောကြားလျက် နေ့ကိုကုန်လွန်စေကြကုန်၏။ ထိုသုံးဦးသော သူတို့သည် ရဟန်းယောက်ျားတို့ကို၎င်း ရဟန်းမိန်းမတို့ကို၎င်း နှောက်ယှက်နှိပ်စက်ကြကုန်၏။

ထိုအခါ တနေ့သ၌ ရဟန်းတို့သည် ထိုသုံးဦးသောသူတို့၏ ပြုပုံ အမူအရာကို မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။ ဘုရားရှင်သည် တိုသုံးဦးသော သူတို့ကို ခေါ်စေတော်မူပြီးလျှင် သင်တို့သည် ဤသို့ ပြုကြကုန်၏ဟူသည် မှန်သလောဟု မေးတော်မူသောကြောင့် မှန်လှပါသည် ဘုရားဟု နားတော် လျှောက်သည်ရှိသော် အဘယ့်ကြောင့် ဤသို့ ပြုကြကုန်ဘိသနည်း ဤ အမူအရာသည် ရဟန်းတို့ အားထုတ်သင့်သော အမူအရာ မဟုတ်ဟု မိန့်တော်မူသဖြင့် မြတ်စွာဘုရား တပည့်တော်တို့သည် တခြားစီဖြစ်ခြင်းငှါ မတတ်နိုင်ကြပါဘုရားဟု လျှောက်ကြား ကြလေကုန်၏။

ရဟန်းပြုသော အခါမှစ၍ ဤသို့ ပြုခြင်းသည် မသင့် ချစ်အပ်သော သတ္တဝါ သင်္ခါရတို့ကို မမြင်ရခြင်းသည်၎င်း မချစ်အပ်ဘော သတ္တပါသင်္ခါရတို့ကို မြင်ရခြင်းသည်၎င်း ဆင်းရဲခြင်းသာလျှင် ဖြစ်၏။ ထို့ကြောင့် သတ္တဝါတို့၌၎င်း သင်္ခါရတို့၌၎င်း တစုံတခုကို ချစ်ခြင်းကို၎င်း မချစ်ခြင်းကို၎င်း ပြုခြင်းငှါ မသင့်ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြား တော်မူလေ၏။

ဒေသနာတော်

၂၀၈။ အယောဂ ယုဉ္ဇမတ္တာနံ၊ ယောဂသ္မိံ စ အယောဇယံ။
အတ္ထံ ဟိတွာ ပိယဂ္ဂါဟီ၊ ပိဟေတတ္တာနုယောဂိနံ။

၂၀၉။ မာ ပိယေဟိ သမာဂဉ္ဆိ၊ အပ္ပိယေဟိ ကုဒါစနံ။
ပိယာနံ အဒဿနံ ဒုက္ခံ၊ အပ္ပိယာနဉ္စ ဒဿနံ။

၂၁၀။ တသ္မာ ပိယံ နကယိရာ၊ ပိယာ ပါယောဟိ ပါပကော။
ဂန္ထာ တေသံ န ဝိဇ္ဇန္တိ၊ ယေသံ နတ္ထိ ပိယာပိယံ။

အယောဂေ၊ မသင့်သောအားဖြင့် နှလုံးသွင်းခြင်း၌။
ဝါ၊ ဝေသိယာဂေါစရ စသော အဂေါစရ ခြောက်ပါးကို မှီဝဲခြင်း၌။
အတ္တာနံ၊ မိမိကိုယ်ကို။
ယုဉ္ဇယုဉ္ဇန္တော၊ အားထုတ်လေ့ရှိထသော။
ယောဂသ္မိံ၊ သင့်သောအားဖြင့် နှလုံးသွင်းခြင်း၌။
အယောဇယံ အယောဇယန္တော၊ အားမထုတ်လေ့ရှိသော။
အတ္ထံ၊ အဓိသီလ စသော သိက္ခာသုံးပါးအကျိုးတရားကို။
ဟိတွာ၊ ပယ်စွန့်၍။
ပိယဂ္ဂါဟီ၊ ကာမဂုဏ် ငါးဖြာစုံမက်စရာကို လွန်ကဲစွာ စွဲလမ်းလေ့ရှိသောသူသည်။
အတ္တာနုယောဂိနံ၊ မိမိကိုယ်ကို ကောင်းစွာ အားထုတ်လေ့ရှိသော ပုဂ္ဂိုလ်တို့အား။
ပိဟေတိ၊ တောင့်တ၏။

[ကာမဂုဏ် စုံမက်၍ လူထွက်ပြီးသောအခါ မိမိကိုယ်ကို ကောင်းစွာ အားထုတ်သော အကျင့် ကောင်းရှိသော အကြင်ရဟန်းတို့သည် သီလ စသည် ပြည့်စုံခြင်းကြောင့် နတ်လူတို့အထံမှ ပူဇော်သက္ကာရ ရကြကုန်၏။ ထိုရဟန်းတို့အား တောင့်တ၏။ ငါသည်လည်း ဤသို့သဘောရှိသည် ဖြစ်မူ ကောင်းလေစွဟု အလိုရှိ၏ဟူလို။ ]

ပိယေဟိ၊ ချစ်အပ်ကုန်သောသတ္တဝါသင်္ခါရတို့နှင့်။
ကုဒါစနံ၊တရံတဆစ်မျှ၊
မာသမာဂဏ္ဍိ၊ မပေါင်းဖော်လင့်။
အပိယေဟိ၊ မချစ်အပ်သော သတ္တဝါ ဆင်္ခါရထို့နှင့်။
ကုဒါစနံ၊ တရံတဆစ်မျှ။
မာသမာဂဉ္ဆိ၊ မပေါင်းဖော်လင့်။
ပိယာနံ၊ ချစ်အပ်သော သတ္တဝါ သင်္ခါရတို့ကို။
အဒဿနံ၊ ကွေကွင်းသဖြင့် မမြင်ရခြင်းသည်။
ဒုက္ခံ၊ ဆင်းရဲ၏။
အပ္ပိယာနံ၊ မချစ်အပ်သော သတ္တဝါသင်္ခါရတို့ကို။
ဒဿနံ၊ ချဉ်းကပ်သဖြင့် မြင်ရခြင်းသည်။
ဒုက္ခံ၊ ဆင်းရဲ၏။

တသ္မာ၊ ထို့ကြောင့်။
ကိဉ္စိ၊ တစုံတစုသော သတ္တဝါသင်္ခါရကို။
ပိယံ၊ ချစ်ခြင်းကို။
နကယိရာ၊ မပြုရာ။
ဟိ၊ ထိုစကားသင့်စွ။
ပိယာပါယော၊ ချစ်သောသူတို့နှင့် ကွေကွင်းခြင်းသည်။
ပါပကော၊ ယုတ်မာ၏။
ယေသံ၊ အကြင်ပုဂ္ဂိုလ်တို့အား။
ပိယာပိယံ၊ ချစ်ခြင်း မုန်းခြင်းသည်။
နတ္ထိ၊ မရှိ။
တေသံ၊ ထိုပုဂ္ဂိုလ်တို့အား။
ဂန္ထာ၊ အဘိဇ္ဈာစသော ကာယဂန္တတို့သည်။
နဝိဇ္ဇန္တိ၊ မရှိကုန်။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ်စသည် တို့သို့ ရောက်ကြ လေကုန်၏။ ထိုသုံးဦးသော သူတို့သည်ကား ငါတို့ကား တသီး တခြားဖြစ်ခြင်းငှါ (ကင်း၍နေခြင်းငှါ) မတတ်နိုင်ကြကုန်ဟု လူထွက်၍ အိမ်သို့သာလျှင် ပြန်သွားကြလေကုန်၏။

တယောဇနပဗ္ဗဇိတဝတ္ထုပြီး၏။

---

၂ - မထင်ရှားသော သူကြွယ်ဝတ္ထု

ပိယတောဇာယတီ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော သူကြွယ်တဦးကို အကြောင်းပြု၍ ဟောတော်မူ လေ၏။

သားသေသော ဒါယကာအား ဆုံးမခြင်း

ထိုသူကြွယ်သည်လည်း မိမိ၏သား သေဆုံးလတ်သော် သား၌ ဖြစ်သော စိုးရိမ်ခြင်းသည် လွန်စွာ နှိပ်စက်အပ်သည် ဖြစ်၍ သင်းချိုင်းသို့သွားကာ ငိုကြွေးရှာလေ၏။ သား၌ဖြစ်သော စိုးရိမ်ခြင်းကို ကောင်းစွာတန့်ရပ်စေခြင်းငှါ မတတ်နိုင်။ မြတ်စွာဘုရားသည် နံနက်စောစောအခါ လောကကို ကြည့်ရှုသော်မူလတ် သည်ရှိသော် သူကြွယ်၏ သောတာပတ္တိမဂ်ရကြောင်း ဥပနိဿယကို မြင်တော် မူ၍ ဆွမ်းခံရွာမှ ဖဲလျက် တယောက်သော နောက်လိုက်နောက်ပါ ရဟန်းကို ခေါ်တော်မူ၍ ထို သူကြွယ်၏ အိမ်တံခါးသို့ ကြွသွားတော်မူလေ၏။

သူကြွယ်သည် မြတ်စွာဘုရား၏ ကြွလာသည့်အဖြစ်ကို ကြားရလျှင် ငါနှင့် အစေ့အစပ်စကား ပြောကြားခြင်းကို ပြုလိုသည် ဖြစ်လတ္တံ့ ဟု မြတ်စွာဘုရားကို ဝင်စေ၍ အိမ်၏ အလယ်၌ နေရာကို ခင်းစေပြီးမှ မြတ်စွာဘုရား ထိုင်နေတော်မူသည် ရှိသော် လာ၍ တင့်အပ်လျောက်ပတ်သော အရပ်၌ နေလေ၏။

ထိုအခါ သူကြွယ်ကို မြတ်စွာဘုရားသည် ဒါယကာ အသို့နည်း ဆင်းရဲဒုက္ခ ရရှိနေသလောဟု မေးတော်မူသောကြောင့် ထိုသူကြွယ်သည် သားနှင့် ကွေကွင်းခြင်းကြောင့် ဖြစ်သော ဆင်းရဲကို လျှောက်ကြားလတ် သည်ရှိသော် ဒါယကာ ကြံစည် တွေးတောခြင်း မပြုလေလင့်။ ဤသေခြင်း မည်သည်ကား တခုတည်းသော အရပ်၌သာလျှင် တယောက်ထည်းသော သူအားသာလျှင် ဖြစ်သည် မဟုတ်။

အကြင်မျှလောက် ဘဝ၏ ဖြစ်ခြင်းမည်သည် ရှိ၏။ ထိုမျှလောက် ခပ်သိမ်းသော သတ္တဝါတို့အား ဖြစ်သည်သာလျှင်တည်း။ တခုသော သင်္ခါရသည်လည်း မြဲသော မည်သည်မရှိ။ ထို့ကြောင့် သေခြင်း သဘောရှိသော အရာဝတ္ထု ဟူသမျှသည် သေတတ်၏တကား။ ပျက်စီးခြင်း သဘော ရှိသော အရာဝတ္ထုဟူသမျှသည် ပျက်စီးတတ်၏ တကားဟု အသင့်အားဖြင့် ဆင်ခြင်သင့်၏။

စိုးရိမ် ပူဆွေးခြင်းကို မပြုသင့်။ ရှေး ပညာရှိတို့သည်လည်း သား၏ သေဆုံးသော ကာလ၌ သေခြင်း သဘောရှိသော အရာဝတ္ထု ဟူသမျှသည် သေတတ်၏တကား။ ပျက်စီးခြင်း သဘော ရှိသော အရာဝတ္ထုဟူသမျှသည် ပျက်စီးတတ်၏ တကားဟု နှလုံးပြုလျက် စိုးရိမ် ပူဆွေးခြင်းကို မပြုမူ၍ မရဏာနုဿတိ ကမ္မဋ္ဌာန်းကိုသာ ပွားများကြလေကုန်၏ ဟု မိန့်တော်မူလျှင် ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား အဘယ်သူတို့သည် ဤသို့ ပြုကြပါသနည်း အဘယ်အခါ၌ ပြုကြပါသနည်း။ တပည့်တော်အား ပြောကြားတော်မူကြပါ ဘုရားဟု လျှောက်ထား တောင်းပန် အပ်သောကြောင့် ထို အကြောင်းကို ထင်ရှားစွာ ပြခြင်းငှါ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၍။

ဥရဂဇာတ်အမြွက်

ဥရဂေါဝ တစံ ဇိဏ္ဏံ၊ ဟိတွာ ဂစ္ဆတိ သံတနုံ။
ဧဝံ သရီရေ နိဗ္ဘောဂေ၊ ပေတေ ကာလင်္ကတေ သတိ။

ဍယှမာနော န ဇာနာတိ၊ ဉာတီနံ ပရိဒေဝိတံ။
တသ္မာ ဧတံ န သောစာမိ၊ ဂတော သော တဿ ယာဂတိ။

သာမိ၊ အရှင်။
မမပုတ္တော၊ အကျွန်ုပ်၏သားသည်။
ဥရဂေါ၊ မြွေသည်။
ဇိဏ္ဏံ၊ ဟောင်းသော။
တစံ၊ အရေကို။
ဟိတွာ၊ စွန့်ပယ်၍။
ဂစ္ဆေယျဣဝ၊ သွားသကဲ့သို့။
ဧဝံ၊ ဤအတူ၊
သံတနုံ၊ မိမိ၏ကိုယ်ကို။
ဟိတွာ၊ စွန့်ပယ်၍။
ဂစ္ဆတိ၊ သွား၏။
သရီရေ၊ ဇီဝိန်ကင်းသော ကိုယ်ကောင်သည်။
ဧဝံ၊ ဤသို့။
နိဗ္ဘောဂေ၊ သုံးဆောင်ဖွယ် မဟုတ်လတ်သည် ရှိသော်။
ပေတေ၊ ဘဝတပါး တဖန် ပြန်သွားသည် ရှိသော်။
ကာလင်္ကတေ၊ သေသည်ရှိသော်။
ကောအတ္ထော၊ သနားခြင်း ငိုကြွေးခြင်းဖြင့် အဘယ်အကျိုး ရှိတော့အံ့နည်း။

ဍယှမာနော၊ တံစူးထိုးစွပ် မီးရှို့အပ်သော ဤကိုယ်ကောင်သည်။
သုခဒုက္ခံ၊ ချမ်းသာဆင်းရဲကို။
နဇာနာတိယထာ၊ မသိတတ် သကဲ့သို့။
ဧဝံ၊ ဤအတူ။
ဉာတီနံ၊ ဆွေမျိုးတို့၏။
ပရိဒေဝိတံ၊ ငိုကြွေးခြင်းကိုလည်း။
န ဇာနာတိ၊ မသိတတ်။
တသ္မာ၊ ထို့ကြောင့်။
ဧတံ၊ ဤသေသော သား၏ ကိုယ်ကောင်ကို။
အဟံ၊ အကျွန်ုပ်သည်။
နသောစာမိ၊ မစိုးရိမ်နိုင်။
တဿ၊ ထိုသား၏။
ယာဂတိ၊ အကြင် လားရာဂတိသည်။
အတ္ထိ၊ ရှိ၏။
တံဂတိံ၊ ထိုလားရာဂတိသို့။
သော၊ ထိုသားသည်။
ဂတော၊ သွားလေသတည်း။

ဤသို့ ပဉ္စကနိပါတ်၌ ဥရဂဇာတ်ကို အကျယ်ချဲ့တော်မူပြီးလျှင် ဤသို့ရှေး၌ ပညာရှိတို့သည် ချစ်သောသား သေဆုံးလတ်သည် ရှိသော် ယခုအခါ သင် ဒါယကာကြီးသည် အမှုတို့ကိုစွန့်လွှတ်၍ ကင်းသောအစာ ရှိသည်ဖြစ်၍ ငိုကြွေးလျက် သွားလာ လှည့်ပတ်သကဲ့သို့ ထို့အတူ သွားလာ လှည့်ပတ်ခြင်းကို မပြုမူ၍ မရဏာနုဿတိ ကမ္မဋ္ဌာန်းဘာဝနာ၏ အာနုဘော် အစွမ်းအားဖြင် စိုးရိမ်ခြင်းကို မပြုဘဲ အာဟာရကို သုံးဆောင် စားသောက်နိုင်ကြလေကုန်၏။ အမှုကိုလည်း စီရင်နိုင်ကြလေကုန်၏။

ထို့ကြောင့် ချစ်လှစွာသော သား သေလေစွတကား ဟု မကြံစည်လင့် စိုးရိမ်ခြင်းသည်၎င်း ဘေးရန်သည်၎င်း ဖြစ်လတ်သည်ရှိသော် ချစ်ခြင်းကိုသာမှီ၍ ဖြစ်တတ်၏ဟု မိန့်တော်မူ၍ ဤ ဂါထာကို ဟောကြားတော်မူလေ၏ ။

ဒေသနာတော်

၂၁၁။ ပိယတော ဇာယတီ သောကော၊ ပိယတော ဇာယတီ ဘယံ။
ပိယတော ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

ပိယတော၊ ချစ်ခြင်းကြောင့်။
သောကော၊ စိုးရိမ်ခြင်းသည်။
ဇာယတိ၊ ဖြစ်၏။
ပိယတော၊ ချစ်ခြင်းကြောင့်။
ဘယံ၊ ဘေးရန်သည်။
ဇာယတိ၊ ဖြစ်၏။
ပိယတော၊ ချစ်ခြင်းမှ။
ဝိပ္ပမုတ္တဿ၊ လွတ်သောသူအား။
သောကော၊ စိုးရိမ်ခြင်းသည်။
နတ္ထိ၊ မရှိ။
ဘယံ၊ ဘေးရန်သည်။
ကုတောအတ္ထိ၊ အဘယ်မှာရှိအံ့နည်း ၊

(ဝဋ်ဆင်းရဲလျှင် အကြောင်းရှိသော စိုးရိမ်ခြင်းသည်၎င်း ဘေးရန်သည်၎င်း ဖြစ်လတ်သည်ရှိသော် ချစ်ခင်အပ်သော သတ္တဝါကို၎င်း သင်္ခါရကို၎င်း အမှီပြု၍ ဖြစ်တတ်၏။ ထိုချစ်ခင်ခြင်းမှ ကင်းလွတ် သောသူအား ထိုနှစ်ပါးစုံ မရှိဟူလို)။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ သူကြွယ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူလေ၏။

မထင်ရှားသောသူကြွယ်ဝတ္ထုပြီး၏။

---

၃-ဝိသာခါဝတ္ထု

ပေမတော ဇာယတီ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ဝိသာခါ ဒါယိကာမကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မြေးသေသော ဝိသာခါအား ဆုံးမခြင်း

ထိုဝိသာခါသည် သား၏သ္မီးဖြစ်သော သုဒတ္တာ အမည်ရှိသော သူတို့သ္မီး မြေးမကို မိမိ၏အရာ၌ ထား၍ အိမ်၌ ရဟန်းသံဃာအတွက် အမှုကြီးငယ်ကို ပြုလုပ်ဆောင်ရွက်စေသတတ် တပါးသော အခါ ထိုမြေး သုဒတ္တာသည် စုတေမနေ ကွယ်လွန်ရှာလေ၏။

ဝိသာခါသည် သေပြီးသော သုဒတ္တာ၏ အလောင်းကောင် ပစ်စွန့်မြှုပ်နှံခြင်းကို ပြုလုပ်စေပြီးလျှင် စိုးရိမ်ခြင်းကို တည်တံ့စိမ့်သောငှါ မတတ်နိုင်လေရကား ဆင်းရဲလှသဖြင့် နှလုံး မသာယာခြင်း ရှိလှသဖြင့် ဘုရားရှင်၏ အထံတော်သို့သွား၍ ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌ နေရှာလေ၏။ ထိုအခါ ထိုဝိသာခါကို မြတ်စွာဘုရားသည် ဝိသာခါ သင်သည် အဘယ့်ကြောင့် ဆင်းရဲသည်ဖြစ်၍ နှလုံး မသာယာသည်ဖြစ်၍ မျက်ရည်နှင့်မျက်ခွက် ငိုကြွေးလျက်နေဘိသနည်း ဟု မိန့်တော်မူလေ၏။

ဝိသာခါသည် ထိုအကြောင်းကို လျှောက်ကြားပြီးလျှင် မြတ်စွာဘုရား တပည့်တော်မ၏ ချစ်ဖွယ် ကောင်းလှသော ထိုသတို့သ္မီးငယ်သည် ဝတ်ကြီးဝတ်ငယ်နှင့်ပြည့်စုံသူ ဖြစ်ပါသည်ဘုရား။ ယခုအခါ ထိုသို့ သဘောရှိသောသူကို မမြင်ရတော့ပါဘုရားဟု လျှောက်ကြားပြန်လေ၏။

ဝိသာခါ သာဝတ္ထိပြည်ကြီး၌ လူတို့သည် အဘယ်မျှ အရေအတွက် ရှိကုန်သနည်းဟု မေးတော်မူလျှင် မြတ်စွာဘုရား လူဦးရေ ခုနစ်ကုဋေ ရှိကုန်၏ဟု ရှင်တော်မြတ်ဘုရား တို့သည်သာလျှင် တပည့်တော်မအား မိန့်မြွက်တော် မူဖူးပါသည်ဘုရားဟု လျှောက်ကြားလေ၏။ ဤမျှလောက်သော ဤလူအပေါင်းသည် သင့်မြေးနှင့်တူသည် အကယ်၍ဖြစ်ငြားအံ့ ထိုသင့်မြေးနှင့် တူသောသူကို အလိုရှိရာသလောဟု မိန့်တော်မူလျှင် မြတ်စွာဘုရား မှန်လှပါ အလိုရှိပါသည် ဘုရားဟု လျှောက်ကြားလေ၏။

အဘယ်မျှလောက်သော လူတို့သည် သာဝတ္ထိ ပြည်ကြီး၌ နေ့တိုင်း သေလွန်ကြကုန်ဘိသနည်းဟု မေးတော်မူလျှင် မြတ်စွာဘုရား များစွာသော သူတို့ပင် သေလွန်ကြပါသည် ဘုရားဟု လျှောက်ကြားလေ၏။ ဤသို့ ဖြစ်သည်ရှိသော် သင့်အား စိုးရိမ်ခြင်းကင်းသော အခါသည် မဖြစ် ရာသည် မဟုတ်တုံလော။ ညဉ့် နေ့တို့ပတ်လုံး ငိုကြွေး မြည်တမ်းလျက်သာလျှင် သွားလာ လှည့်လည်ရာ၏ ဟု မိန့်တော်မူလျှင် မြတ်စွာဘုရား ဟုတ်မှန်စေတော့ဘုရား တပည့်တော်မ သိပါ ပြီဘုရားဟု လျှောက်ကြားလေ၏။

ထိုအခါ ဝိသာခါကို မြတ်စွာဘုရားသည် ထိုသို့ သိသည်ဖြစ်မူ မစိုးရိမ်လင့်တော့။ စိုးရိမ်ခြင်း သည်၎င်း ဘေးရန်သည်၎င်း ချစ်ခြင်း တဏှာပေမကြောင့်သာ ဖြစ်တတ်၏ဟု မိန့်တော်မူ၍ ဤ ဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၂၁၂။ ပေမတော ဇာယတီ သောကော၊ ပေမတော ဇာယတီ ဘယံ။
ပေမတော ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

ပေမတော၊ ချစ်ခြင်းကြောင့်။
သောကော၊ စိုးရိမ်ခြင်းသည်။
ဇာယတိ၊ ဖြစ်၏။
ပေမတော၊ ချစ်ခြင်းကြောင့်။
ဘယံ၊ ဘေးရန်သည်။
ဇာယတိ၊ ဖြစ်၏။
ပေမတော၊ ချစ်ခြင်းမှ။
ဝိပ္ပမုတ္တဿ၊ လွတ်သောသူအား။
သောကော၊ စိုးရိမ်ခြင်းသည်။
နတ္ထိ၊ မရှိ။
ဘယံ၊ ဘေးရန်သည်။
ကုတောအတ္ထိ၊ အဘယ်မှာရှိအံ့နည်း။

[ပေမ ဟူသည်ကား သားသ္မီး စသည်တို့၌ ပြုအပ်သော မြတ်နိုးခြင်း ချစ်ခင်ခြင်းပင်တည်း။ ]

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

ဝိသာခါဝတ္ထုပြီး၏။

---

၄- လိစ္ဆဝီမင်းသားတို့ဝတ္ထု

ရတိယာ ဇာယတီ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေသာလီ ပြည်ကို အမှီပြု၍ စုလစ်မွန်းချွန်တပ်သော ကျောင်း၌ နေတော်မူစဉ် လိစ္ဆဝီ မင်းသားတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မိန်းမကြောင့် ရိုက်ပွဲဖြစ်ခြင်း

ထိုလိစ္ဆဝီ မင်းသားတို့သည် တခုသော ပွဲလမ်းသဘင် ကျင်းပသောနေ့၌ အချင်းချင်း မတူကုန်သော တန်ဆာတို့ဖြင့် တန်ဆာဆင်ကုန်သည် ဖြစ်၍ ဥယျာဉ်သို့ သွားခြင်းငှါ မြို့မှ ထွက်ကြလေကုန် သတတ်။ မြတ်စွာဘုရားသည် ဆွမ်းအလို့ငှါ ဝင်တော်မူသည်ရှိသော် လိစ္ဆဝီ မင်းသားတို့ကိုမြင်လျှင် ရဟန်းတို့ကို ဤသို့သိစေတော်မူလေ၏။

ချစ်သားရဟန်းတို့ လိစ္ဆဝီ မင်းသားတို့ကို မြင်ကြကုန်၏လော။ အကြင်သူတို့သည် တာဝတိံသာ နတ်တို့ကို မမြင်ဖူးကြကုန်။ ထိုသူတို့သည် ဤလိစ္ဆဝီ မင်းသားတို့ကို ကြည့်ရှုကြကုန်လော့ဟု မိန့်တော်မူပြီးမှ မြို့သို့ဝင်တော်မူလေ၏။

လိစ္ဆဝီမင်းသားတို့သည်လည်း ဥယျာဉ်သို့ သွားကြကုန်သည်ရှိသော် ပြည့်တန်းဆာမ ဖြစ်သော မိန်းမတယောက်ကို ခေါ်၍ သွားကြပြီးလျှင် ထို ပြည့်တန်းဆာမကိုမှီ၍ ငြူစူခြင်းဖြင့် နှိပ်စက်ကုန် ရကား အချင်းချင်း ပုတ်ခတ် ကြကုန်သောကြောင့် သွေးတို့သည် မြစ်ရေအယာဉ်ကဲ့သို့ ဖြစ်ကုန်၏။ ထိုအခါမှ လိစ္ဆဝီမင်းသားတို့ကို ညောင်စောင်းဖြင့်ယူ၍ ထမ်းဆောင်ကာ လာကြကုန်၏။

မြတ်စွာဘုရားသည်လည်း ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြုအပ်ပြီးသည်ရှိသော် မြို့မှ ထွက်ခွါတော် မူလာ၏။ ရဟန်းတို့ သည်လည်း လိစ္ဆဝီမင်းသားတို့ကို ထိုအခြင်းအရာဖြင့် ထမ်းဆောင် ယူလာ သည်တို့ကို မြင်ရလျှင် ဘုရားရှင်ကို မြတ်စွာဘုရား လိစ္ဆဝီမင်းတို့သည် နံနက်စောစောကလျှင် တန်ဆာဆင်ခြင်းနှင့် စပ်ကုန်သည် ဖြစ်၍ တာဝတိံသာ နတ်တို့ကဲ့သို့ မြို့မှထွက်လျက် ယခုအခါ တယောက်သော မိန်းမကို အမှီပြု၍ ဤသို့သော ပျက်စီးခြင်းသို့ ရောက်ကြရပါကုန်ပြီ ဘုရားဟု လျှောက်ကြားကြလေကုန်၏။ ဘုရားရှင်သည် ချစ်သား ရဟန်းတို့ စိုးရိမ်ခြင်းသည်၎င်း ဘေးရန် သည်၎င်း ဖြစ်သည်ရှိသော် မွေ့လျော်ခြင်းကိုမှီ၍ ဖြစ်တတ်သည် သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၂၁၃။ ရတိယာ ဇာယတီ သောကော၊ ရတိယာ ဇာယတီ ဘယံ။
ရတိယာ ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

ရတိယာ၊ မွေ့လျော်ခြင်းကြောင့်။
သောကော၊ စိုးရိမ်ခြင်းသည်။
ဇာယတိ၊ ဖြစ်၏။
ရတိယာ၊ မွေ့လျော်ခြင်းကြောင့်။
ဘယံ၊ ဘေးရန်သည်။
ဇာယတိ၊ ဖြစ်၏။
ရတိယာ၊ မွေ့လျော်ခြင်းမှ။
ဝိပ္ပမုတ္တဿ၊ လွတ်သောသူအား။
သောကော၊ စိုးရိမ်ခြင်းသည်။
နတ္ထိ၊ မရှိ။
ဘယံ၊ ဘေးရန်သည်။
ကုတောအတ္ထိ၊ အဘယ်မှာ ရှိအံ့နည်း။

[ရတိ-ဟူသည် ကာမဂုဏ် ငါးပါးတို့၌ မွေ့လျော်ခြင်းပင်တည်း]။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောလူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေ ကုန်၏။

လိစ္ဆဝီမင်းသားတို့ ဝတ္ထုပြီး၏။

---

၅-အနိတ္ထိဂန္ဓသတို့သားဝတ္ထု

ကာမတော - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အနိတ္ထိဂန္ဓ အမည်ရသော သတို့သားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရွှေရုပ်လိုလှသော မိန်းမကို ရှာစေခြင်း

ထို အနိတ္ထိဂန္ဓ သတို့သား ဗြဟ္မာ့ပြည်မှ စုတေသော သတ္တဝါဖြစ်၍ သာဝတ္ထိ ပြည်တွင် များစွာသော စည်းစိမ်ရှိသော အမျိုး၌ဖြစ်သတတ်။ ဖွားမြင်သောနေ့မှ စ၍ မိန်းမ၏ အနီးသို့ ကပ်ရောက်ခြင်းကို အလိုမရှိ။ မိန်းမယူချီသည်ရှိသော် ငို၏။ အဝတ် ခေါင်းခု အခွေဖြင့်ယူ၍ နို့တိုက်ကြရကုန်၏။

ထို အနိတ္ထိဂန္ဓ သတို့သားသည် အရွယ်သို့ ရောက်လတ်သည်ဖြစ်၍ မိခင်ဖခင်တို့သည် ချစ်သား သင့်အားထိမ်း မြားခြင်းပြုအံ့ဟု ဆိုသည်ရှိသော် ကျွန်တော်အား မိန်းမဖြင့်အလိုမရှိပါဟု ပယ်ပြီး လျှင် အဖန်တလဲလဲ တောင်းပန်အပ်သည် ဖြစ်ရကား ရွှေပန်းထိမ်သည် ငါးရာတို့ကို ခေါ်စေသဖြင့် ရွှေနီနိက္ခတထောင်ကိုပေးစေ၍ အလွန်လျှင် ကြည်လင်နှစ်သက် ဖွယ်ရှိသော တခဲနက် ထုလုပ် အပ်သော မိန်းမရုပ်ကို ပြုလုပ်စေပြီးလျှင် တဖန်မိခင် ဖခင်တို့သည် ချစ်သား သင်ချစ်သားသည် ထိမ်းမြားခြင်းကို မပြုသည်ရှိသော် အမျိုးအနွယ်သည် မတည်တံ့နိုင်လတ္တံ့။

သင့်အလို့ငှါ သတို့သ္မီးငယ်ကို ဆောင်ကုန်အံ့ဟု ဆိုလတ်သည်ရှိသော် ထိုသို့ဖြစ်မူ ကျွန်တော် အလို့ငှါ ဤသို့ သဘောရှိသော သတို့သ္မီးကို အကယ်၍ ဆောင်နိုင်ကြကုန်သည်ဖြစ်အံ့ မိဘတို့၏ စကားကို လိုက်နာပါအံ့ဟုဆို၍ ရွှေဖြင့်ပြီးသော မိန်းမရုပ်ကိုပြ၏။ ထိုအခါ သတို့သား၏ မိခင် ဖခင်တို့သည် လိမ္မာသိကြား ထင်ရှားကုန်သော ပုဏ္ဏားတို့ကိုခေါ်စေ၍ ငါတို့၏သားသည် ကြီးသော ဘုန်းကံရှိ၏။ မချွတ် ဤသတို့သားနှင့် အတူတကွ ပြုဖူးသော ကုသိုလ်ရှိသော သတို့သ္မီးသည် ရှိသည်ဖြစ်လတ္တံ့ ဟုဆို၍ သွားကြပါကုန်လော့ ဤရွှေဖြင့်ပြီးသော မိန်းမရုပ်ကိုယူ၍ ဤသို့ သဘောရှိသော သတ္တိသ္မီးကို ဆောင်ယူခဲ့ကြပါကုန်လော့ဟု စေလွှတ်ကြလေကုန်၏။

ရွှေရုပ်ထက် သာသော မိန်းမကို တွေ့ရှိခြင်း

ထိုပုဏ္ဏားတို့လည်း ကောင်းပါပြီဟု ဝန်ခံ၍ ခရီးဒေသစာရီ လှည့်လည် သွားလာကြသဖြင့် မဒ္ဒတိုင်း သာဂလမြို့သို့ ရောက်ကြလေ၏။ ထိုမြို့၌လည်း တယောက်သော တဆဲ့ခြောက်နှစ်ရွယ် တင့်တယ် လှပသော သတို့သ္မီးသည်ရှိသည် ဖြစ်လေ၏။ ထိုသတို့သ္မီးကို ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်၏ အထက်အပြင်၌ မိခင်ဖခင်တို့သည် ခြံရံလျက် နေစေကြကုန်၏။

ထိုပုဏ္ဏားတို့သည်လည်း ဤမြို့၌ ဤသို့သဘောရှိသော သတို့သ္မီးသည် အကယ်၍ရှိသည်ဖြစ်အံ့ - ဤရွှေဖြင့်ပြီးသော မိန်းမရုပ်ကို မြင်လျှင် ဤရွှေရုပ်သည် ဤအမည်ရှိသော အမျိုး၏ သ္မီးကဲ့သို့ အလွန်အဆင်း လှပ၏ဟူ၍ ဆိုကြကုန်လတ္တံ့ဟု ရွှေဖြင့်ပြီးသော မိန်းမရုပ်ကို ရေချိုးဆိပ်လမ်းခရီး၌ ထား၍ တင့်အပ် လျောက်ပတ်သော အရပ်၌ နေကြလေကုန်၏။

ထိုအခါ ထိုသတို့သ္မီး၏ အထိန်းတော်သည် သတို့သ္မီးကို ရေချိုးပေးပြီးမှ မိမိကိုယ်တိုင်လည်း ရေချိုးလိုသည်ဖြစ်၍ ရေဆိပ်သို့ လာခဲ့လေ၏။ ထိုရွှေဖြင့် ပြီးသော မိန်းမရုပ်ကို မြင်လျှင် ငါ၏ သ္မီးပါတကား ဟူသော အမှတ်အသားဖြင့် သြော် ဆုံးမ ခက်လှချေ၏တကား ယခုပင်လျှင် ငါသည် ရေချိုးပေး၍ ထွက်လာခဲ့၏။ နင်ကား ငါ့ထက် ရှေးဦးစွာ ဤရေဆိပ်သို့ ရောက်လာရ သလောဟု လက်ဖြင့် ပုတ်ခတ်ပြီးလျှင် ကြမ်းတန်း မာတင်းခြင်းရှိသည် အဖြစ်ကို၎င်း၊ တုန်လှုပ်ခြင်းမရှိသည် အဖြစ်ကို၎င်း သိရသဖြင့် ငါကား ငါ့သ္မီးဟူသော အမှတ်သညာကို ပြုမိချေပြီ။ ဤအရုပ်သည် အဘယ်သို့သော အရုပ်ဖြစ်လေဘိသနည်း ဟု ဆိုလေ၏။

ထိုအခါ အထိန်းတော်ကို ထိုပုဏ္ဏားတို့သည် အမိ သင်၏ သ္မီးသည် ဤသို့ သဘောရှိသလောဟု မေးကြလေကုန်၏။ ဤရွှေရုပ်ကား ငါ့သ္မီးအထံ၌ အဘယ်မျှ အဘိုးထိုက်တန်အံ့နည်း ငါ့သ္မီးလောက်မလှ ဟုဆိုလျှင် ထိုသို့ဖြစ်မူ သင့်သ္မီးကို အကျွန်ုပ်တို့အား ပြစမ်းပါလော့ဟု ပြောဆိုကြလေကုန်၏။

ထိုအထိန်းတော်သည် ပုဏ္ဏားတို့နှင့်အတူတကွ အိမ်သို့သွား၍ မိဘရှင်တို့အား ပြောကြား သိစေလေ၏။ မိခင် ဖခင်တို့သည် ပုဏ္ဏားတို့နှင့် အတူတကွ ပြုအပ်သော ဝမ်းမြောက်ဝမ်းသာ ရှိကြကုန်သည်ဖြစ်၍ သ္မီးကို သက်ဆင်းစေပြီးလျှင် ပြာသာဒ်အောက် ရွှေဖြင့်ပြီးသော မိန်းမရုပ်၏ အနီး၌ ယှဉ်ပြိုင်ကာ ထားကြလေကုန်၏။

ရွှေရုပ်သည် အရောင်အဝါ ကင်းပျောက် မွဲခြောက်လျက် ရှိလေ၏။ သတို့သ္မီးကား တောက်ဝင်း ထိန်ပြောင် အရောင်နှင့်တကွ ဖြစ်လေ၏။ ပုဏ္ဏား တို့သည် ရွှေဖြင့်ပြီးသော မိန်းမရုပ်ကို မိဘ တို့အား အပ်နှင်းခဲ့၍ သတို့သ္မီးငယ်ကို ဝန်ခံစေပြီးလျှင် အနိတ္ထိဂန္ဓသတို့သား၏ မိခင် ဖခင်တို့အား ပြောကြား ကြလေကုန်၏။ ထိုမိခင် ဖခင်တို့လည်း နှစ်သက်သော စိတ်ရှိကြကုန်သည်ဖြစ်၍ သွားကြ လေကုန်။ ထိုသတို့သ္မီးငယ်ကို လျင်မြန်စွာ ဆောင်ယူခဲ့ကြကုန်လော့ဟု များစွာသော ပူဇော် သက္ကာရဖြင့် ကောင်းစွာ စေလွှတ်ကြလေကုန်၏။

ရွှေရုပ်ထက်လှသော သတို့သ္မီး သေဆုံးခြင်းနှင့်
သတို့သား ဒုက္ခရောက်ခြင်း

သတို့သားသည်လည်း ထိုအကြောင်းအရာကို ကြားသိရလျှင် ရွှေဖြင့်ပြီးသော အရုပ်ထက်သော် လည်း လွန်စွာ အဆင်းလှပသော သတို့သ္မီးငယ်သည် ရှိသတတ်ဟု ကြားရ၍ ကြားရခြင်း၏ အစွမ်းဖြင့်သာလျှင် ချစ်ခင်ခြင်းကို ဖြစ်စေလျက် လျင်မြန်စွာ ဆောင်ယူလာပါစေလော့ဟု ဆိုလေ၏။

ထိုသတို့သ္မီးငယ်သည် လည်းယာဉ်ထက်သို့ တင်၍ ဆောင်ယူလာအပ်သည်ရှိသော် အလွန် သိမ်မွေ့ နူးညံ့လှသည် အဖြစ်ကြောင့် ယာဉ်တောက်သဖြင့် ဖြစ်စေအပ်သော အနာရောဂါကြောင့် လမ်းခရီး အကြား၌သာလျှင် စုတေမနေ သေရှာခဲ့လေ၏။ သတို့သားသည်လည်း လာပြီလော လာပြီလောဟု မပြတ် မေးမြန်းရှာ၏။

အလွန်ပင် ချစ်ခင်ခြင်းဖြင့် မေးမြန်းသော ထိုသတို့သားအား အဆောတလျင်သာလျှင် မပြောကြား တဲ့သေးမူ၍ နှစ်ရက် သုံးရက်ပတ်လုံး ပြန့်လွင့်ခြင်းကို ပြုပြီးမှ ထို သေရှာလေသော အကြောင်းကို ပြောကြားကြကုန်၏။ သတို့သားသည် ထိုသို့ သဘောရှိသည်မည်သော မိန်းမနှင့် အတူတကွ ပေါင်းဖေါ်ခြင်းကို ငါမရလေတကားဟု ဖြစ်သောနှလုံး မသာယာခြင်း ရှိသည်ဖြစ်၍ တောင်ကြီး ဖိဘိသကဲ့သို့ စိုးရိမ်ခြင်းဟူသော ဆင်းရဲခြင်းသည် လွှမ်းမိုးကာ ဖိအပ်ရှာလေ၏။

သတို့သား ဘုရားကြောင့် သက်သာရာရခြင်း

မြတ်စွာဘုရားသည် ထိုသတို့သား၏ အကြောင်း ဥပနိဿယကို မြင်တော်မူ၍ ဆွမ်းအလို့ငှါ ကြွတော်မူသည်ရှိသော် ထိုအိမ်တံခါးသို့ ရောက်သွားတော်မူလေ၏။ ထိုအခါ သတို့သား၏ မိခင် ဖခင်တို့သည် မြတ်စွာဘုရားကို အိမ်တွင်းသို့ ပင့်သွင်း၍ ရိုသေစွာ ဆွမ်းလုပ်ကျွေး ကြလေကုန်၏။ ဘုရားရှင်သည် ဆွမ်း ဘုဉ်းပေးခြင်းကိစ္စ၏ အဆုံး၌ အနိတ္ထိဂန္ဓ သတို့သားကား အဘယ်မှာနည်းဟု မေးတော်မူ၏။

မြတ်စွာဘုရား သတို့သားသည် အစာအာဟာရ ဖြတ်ခြင်းကိုပြု၍ တိုက်ခန်းတွင်း၌ နေပါသည် ဘုရားဟု လျှောက်ဆိုသည်ရှိသော် ထိုသတို့သားကို ခေါ်ကြကုန်လော့ဟု မိန့်တော်မူလေ၏။ သတို့သား လာလတ်၍ ဘုရားရှင်ကို ရှိခိုးလျက် တင့်အပ် လျောက်ပတ်သော အရပ်၌ နေလေ၏။

ဘုရားရှင်သည် သတို့သား အသို့နည်း အားကြီးသော စိုးရိမ်ခြင်း ဖြစ်ဘိသလောဟု မိန့်တော်မူလျှင် မြတ်စွာဘုရား စိုးရိမ်ခြင်းဖြစ်သည် မှန်ပါသည်ဘုရား။ ဤသို့ သဘောရှိသည်မည်သော မိန်းမသည် လမ်းခရီးအကြား၌ သေသည်ဟု ကြားရပါသောကြောင့် စိုးရိမ်ခြင်းကြီးစွာ ဖြစ်ရပါသည်။ ထိုကြောင့် ထမင်းသည်လည်း တပည့်တော်အား မနှစ်သက် စေပါဘုရားဟု လျှောက်ကြားလေ၏။

ထိုအခါ သတို့သားကို ဘုရားရှင်သည် သတို့သား အဘယ်ကိုမှီ၍ သင့်အား စိုးရိမ်ခြင်း ဖြစ်ရ ဘိနည်း သင်သိ၏လောဟု မေးတော်မူလျှင် မြတ်စွာဘုရား မသိပါဘုရားဟု လျှောက်ကြားလေ၏။ သတို့သား ဝတ္ထုကာမကိုမှီ၍ အားကြီးသော စိုးရိမ်ခြင်းသည် ဖြစ်ရတတ်၏။ စိုးရိမ်ခြင်းသည်၎င်း ဘေးရန်သည်၎င်း ဝတ္ထုကာမ ကိလေသာကမကိုမှီ၍ ဖြစ်တတ်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၂၁၄။ ကာမတော ဇာယတီ သောကော၊ ကာမတော ဇာယတီ ဘယံ။
ကာမတော ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

ကာမတော၊ ဝတ္ထုကာမ ကိလေသာကာမကြောင့်။
သောကော၊ စိုးရိမ်ခြင်းသည်။
ဇာယတိ၊ ဖြစ်၏။
ကာမတော၊ ဝတ္ထုကာမ ကိလေသာကာမကြောင့်။
ဘယံ၊ ဘေးရန်သည်။
ဇာယတိ၊ ဖြစ်၏။
ကာမတော၊ ဝတ္ထုကာမ ကိလေသာကာမမှ။
ဝိပ္ပမုတ္တဿ၊ လွတ်သောသူအား။
သောကော၊ စိုးရိမ်ခြင်းသည်။
နတ္ထိ၊ မရှိ။
ဘယံ၊ ဘေးရန်သည်။
ကုတောအတ္ထိ၊ အဘယ်မှာရှိအံ့နည်း။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ အနိတ္ထိဂန္ဓ သတို့သားသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

အနိတ္ထိဂန္ဓသတို့သား ဝတ္ထုပြီး၏။

---

၆ - မထင်ရှားသော ပုဏ္ဏားဝတ္ထု

တဏှာယဇာယတိ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော ပုဏ္ဏားတယောက်ကို အကြောင်းပြု၍ ဟောတော် မူလေ၏။

လယ်ထွန်ရာသို့ ဘုရားရှင်နေ့စဉ်ကြွခြင်း

ထိုပုဏ္ဏားသည် မိစ္ဆာအယူရှိသော သူတယောက်ဖြစ်၍ တနေ့သ၌ မြစ်ကမ်းနားသို့သွား၍ လယ်ကို သုတ်သင်သတတ်။ မြတ်စွာဘုရားသည် ထိုပုဏ္ဏား၏ အကြောင်းဥပနိဿယ၏ ပြည့်စုံခြင်းကို မြင်တော်မူ၍ ထိုပုဏ္ဏား၏ အထံသို့ ကြွသွားတော်မူလေ၏။ ပုဏ္ဏားသည် ဘုရားရှင်ကို မြင်သော် လည်း အရိုအသေ ပြုအပ်သောအမှုကို မပြုမူ၍ ဆိတ်ဆိတ်နေလေ၏။

ထိုအခါပုဏ္ဏားကို ဘုရားရှင်သည် ရှေးဦးစွာ ခေါ်တော်မူလျက် ပုဏ္ဏား အဘယ်အမှုကို ပြုသနည်း ဟု မိန့်မြွက်တော်မူလေ၏။ အို အရှင် ဂေါတမ လယ်ကို သုတ်သင်၏ဟု စကားတုံ့ပြန်သဖြင့် ဘုရားရှင်သည် ဤမျှလောက်သော စကားကိုသာ မိန့်တော်မူ၍ ကြွသွားတော်မူလေ၏။

တဖန် မိုးသောက်သော နေ့၌လည်း လယ်ထွန်ခြင်းငှါ လာသော ပုဏ္ဏား၏အထံသို့ ကြွသွား တော်မူ၍ ပုဏ္ဏား အဘယ်အမှုကို ပြုသနည်း ဟု မေးတော်မူသောကြောင့် အို အရှင် ဂေါတမ လယ်ကိုထွန်၏ဟု စကားတုံ့ ပြန်သည်ကို ကြားတော်မူရပြီးလျှင် ဖဲကြွတော်မူလေ၏။

တဖန်မိုးသောက်သော နေ့၌လည်း ထို့အတူ မေးမြန်းတော်မူပြန်လေ၏။ အို အရှင်ဂေါတမ လယ်ကိုစိုက်ပျိုး၏။ ရေသွန်း၏။ စောင့်၏။ ဤသို့အစရှိသည်ဖြင့် စကားတုံ့ ပြန်သည်ကိုကြားတော် မူရပြီးလျှင် ဖဲကြွသွားတော်မူလေ၏။

ထိုအခါ မြတ်စွာဘုရားကို တနေ့သ၌ ပုဏ္ဏားသည် အို အရှင်ဂေါတမ အသင်ကား အကျွန်ုပ်၏ လယ်ကို သုတ်သင်သောနေ့မှစ၍ လာခဲ့ပေ၏။ အကျွန်ုပ်၏ ကောက်ပင်သည် အကယ်၍ ပြည့်စုံ အောင်မြင်သည် ဖြစ်ငြားအံ့၊ အသင့်အတွက်လည်း ခွဲဝေခြင်းကို ပြုပေအံ့၊ အသင့်အား မပေးမူ၍ ကိုယ်တိုင် မစားသောက်ပါအံ့ ယခုအခါ ဤနေ့မှစ၍ အသင်သည် အကျွန်ုပ်၏ အဆွေခင်ပွန်း တည်းဟု ဆိုလေ၏။

စိတ်ဆင်းရဲသော ပုဏ္ဏားအား စောင်မတော်မူခြင်း

ထိုမှ နောက်ဖြစ်သော အခါတပါး၌ ပုဏ္ဏား၏ ကောက်ပင်သည် ပြည့်စုံ အောင်မြင်လေ၏။ ထို ပုဏ္ဏားကြီးသည် ငါ၏ပြည့်စုံအောင်မြင်သော ကောက်ပင်ကို ယခုအခါ နက်ဖြန်၌ ရိတ်ဖြတ် စေတော့အံ့ဟု ကြံ၍ ရိတ်ဖြတ်ခြင်း အကျိုးငှါ ပြုအပ်သော ကိစ္စကို ပြုပြီးသည်ရှိသော် ညဉ့်အခါ၌ မိုဃ်းကြီးရွာ၍ အလုံးစုံသော ကောက်ပင်ကို ဆောင်ယူကာ မျောစေသောကြောင့် လယ်သည် အချည်းနှီး ပြု၍ ထားအပ်သည်နှင့်တူစွာ ဖြစ်ခဲ့လေ၏။

မြတ်စွာဘုရားသည်ကား ရှေးဦးစွာသောနေ့၌ပင်လျှင် ထိုကောက်ပင်သည် မပြည့်စုံလတ္တံ့ဟု သိတော်မူ၏။ ပုဏ္ဏားသည် နံနက်စောစောက သာလျှင် လယ်ကို ကြည့်ရှု့ဦးအံ့ဟု သွားလတ်သည် ရှိသော် အချည်းနှီးသော လယ်မြေကို မြင်ရလျှင် အားကြီးစွာဖြစ်သော စိုးရိမ်ခြင်း ရှိသဖြင့် ရဟန်း ဂေါတမသည် ငါ၏လယ်ကို သုတ်သင်သော နေ့မှစ၍ လာခဲ့ပေ၏။ ငါသည်လည်း ထိုရဟန်း ဂေါတမကို ဤကောက်ပင် ပြည့်စုံအောင်မြင် သည်ရှိသော် အသင့်အတွက်လည်း ခွဲဝေခြင်းကို ပြုပေအံ့၊ အသင့်အား မပေးမူ၍ ကိုယ်တိုင် မစားသောက်ပါအံ့ ယခုအခါ ဤနေ့မှစ၍ အသင်သည် အကျွန်ုပ်၏ အဆွေခင်ပွန်းတည်းဟု ဆိုဖူး၏။

ငါ၏ ထိုနှလုံး အလိုသည်လည်း အပြီးအဆုံးသို့ မရောက်ဟု ကြံစည်လေ၏။ ထိုပုဏ္ဏားကြီးသည် အစာအာဟာရဖြတ်ခြင်းကိုပြု၍ ညောင်စောင်း၌ အိပ်စက်လေ၏။ ထိုအခါ ဘုရားရှင်သည် အိမ် တံခါးသို့ ကြွရောက်တော်မူလေ၏။ ပုဏ္ဏားကြီးသည် ဘုရားရှင်ကြွလာခြင်းကို ကြားသိရလျှင် ငါ၏ အဆွေခင်ပွန်းကို ဆောင်ယူခဲ့၍ ဤအရပ်၌ နေစေကြပါကုန်လော့ဟု ဆိုလတ်သဖြင့် အခြံအရံ ပရိသတ်သည် ထိုပုဏ္ဏားဆိုတိုင်း ပြုလေ၏။

မြတ်စွာဘုရားသည် နေတော်မူပြီးလျှင် ပုဏ္ဏားကြီးသည် အဘယ်မှာနည်းဟု မေးမြန်းတော်မူ သောကြောင့် တိုက်ခန်း၌ အိပ်နေပါသည် ဘုရားဟု လျှောက်ဆိုလတ်သည်ရှိသော် ထိုပုဏ္ဏားကို ခေါ်ကြကုန်လော့ဟု ခေါ်စေတော်မူပြန် သောကြောင့် ရောက်လာပြီးလျှင် တင့်အပ် လျောက်ပတ် သောအရပ်၌ နေသော ပုဏ္ဏားကို ပုဏ္ဏားကြီး အသို့ဖြစ်ဘိသနည်းဟု မိန့်တော်မူလေ၏။

အိုအရှင်ဂေါတမ ရှင်တော်ဘုရားတို့သည် တပည့်တော်၏ လယ်ကို သုတ်သင်သော နေ့မှစ၍ ကြွလာတော်မူပေ၏။ တပည့်တော်လည်း ကောက်ပင် ပြည့်စုံ အောင်မြင်သည် ရှိသော် ရှင်တော် ဘုရားတို့အတွက် ခွဲဝေခြင်းကို ပြုပါအံ့ဟု ဆိုဖူး၏။ တပည့်တော်၏ ထိုနှလုံးအလိုသည် မပြည့်မစုံ ဖြစ်ရပါသည်။ ထို့ကြောင့် တပည့်တော်အား စိုးရိမ်ခြင်းသည် ဖြစ်ရပါသည်။ ထမင်းသည်လည်း တပည့်တော်အား မနှစ်သက်စေပါဘုရားဟု လျှောက်ကြားလေ၏။

ထိုအခါ ပုဏ္ဏားကြီးကို မြတ်စွာဘုရားသည် ပုဏ္ဏားကြီး အဘယ်ကိုမှီ၍ သင့်အား စိုးရိမ်ခြင်း ဖြစ်ရဘိသနည်း သင်သိ၏လောဟု မေးတော်မူလျှင် အိုအရှင် ဂေါတမ တပည့်တော် မသိပါ ရှင်တော်ဘုရား သိပါသလောဘုရားဟု လျှောက်ဆိုသည်ရှိသော် ပုဏ္ဏားကြီး ငါကား သိသည် မှန်၏။ စိုးရိမ်ခြင်းသည်၎င်း ဘေးရန်သည်၎င်း ဖြစ်ပေါ်လတ်သည် ရှိသော် ခြောက်ဒွါရ၌ ဖြစ်သော တဏှာကိုမှီ၍ ဖြစ်တတ်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၂၁၅။ တဏှာယ ဇာယတီ သောကော၊ တဏှာယ ဇာယတီ ဘယံ။
တဏှာယ ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတောဘယံ။

တဏှာယ၊ ခြောက်ဒွါရ၌ဖြစ်သော တဏှာကြောင့်။
သောကော၊ စိုးရိမ်ခြင်း သည်။
ဇာယတိ၊ ဖြစ်၏။
တဏှာယ၊ ခြောက်ဒွါရ၌ ဖြစ်သော တဏှာကြောင့်။
ဘယံ၊ ဘေးရန်သည်။
ဇာယတိ၊ ဖြစ်၏။
တဏှာယ၊ ခြောက်ဒွါရ၌ ဖြစ်သောတဏှာမှ။
ဝိပ္ပမုတ္တဿ၊ လွတ်သောသူအား။
သောကော၊ စိုးရိမ်ခြင်းသည်။
နတ္ထိ၊ မရှိ။
ဘယံ၊ ဘေးရန်သည်။
ကုတောအတ္ထိ၊ အဘယ်မှာ ရှိအံ့နည်း။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ပုဏ္ဏားကြီးသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

မထင်ရှားသောပုဏ္ဏားဝတ္ထုပြီး၏။

၇-သူငယ်ငါးရာတို့ဝတ္ထု

သီလဒဿနသမ္ပန္နံ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ် လမ်းခရီးအကြား၌ ငါးရာသော သူငယ်တို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

အရှင်မဟာကဿပ၏ ဘုန်းတော်ကံတော်

တနေ့သ၌ မြတ်စွာဘုရားသည် ရှစ်ကျိပ်သော မထေရ်တို့နှင့် အတူတကွ ရဟန်းငါးရာ ခြံရံလျက် ရာဇဂြိုဟ်မြို့သို့ ဆွမ်းအလို့ငှါ ကြွဝင်တော်မူသည်ရှိသော် တခုသော ပွဲလမ်းသဘင် ကျင်းပသော နေ့၌ ငါးရာသော သူငယ်တို့ကို မုံ့တောင်းတို့ကို ထမ်းဆောင်စေလျက် မြို့ မှထွက်၍ ဥယျာဉ်သို့ သွားကြသည်တို့ကို မြင်တော်မူလေ၏။ ထို သူငယ်တို့သည်လည်း မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ဖဲသွားကြကုန်၏။ ထိုသူငယ်တို့သည် ရဟန်းတပါးကိုမျှလည်း မုံ့ကိုခံယူတော်မူပါ ဘုရားဟု မဆိုကြလေကုန်။

မြတ်စွာဘုရားသည် ထိုသူငယ်တို့သွားပြီးသော ကာလ၌ ရဟန်းတို့ကို ချစ်သားရဟန်းတို့ မုံ့တို့ကို စားသောက် သုံးဆောင်ကြကုန်လတ္တံ့လောဟု မိန့်တော်မူလေ၏။ မြတ်စွာဘုရား မုံ့တို့သည် အဘယ်မှာပါနည်းဘုရားဟု လျှောက်ကြားကြကုန်သော် မုံ့တောင်းတို့ကို ထမ်းဆောင်စေလျက် လွန်သွားကြကုန်သော သူငယ့်တို့ကို မြင်ကြရကုန်သည် မဟုတ်လောဟု မိန့်တော်မူလေ၏။

မြတ်စွာဘုရား ဤသို့သဘော ရှိကြပါကုန်သော်လည်း သူငယ်တို့သည် တစုံတယောက်သော ရဟန်းအား မုံ့ကို မလှူဒါန်းကြပါ ဘုရားဟု လျှောက်ကြ ပြန်သည်ရှိသော် ချစ်သား ရဟန်းတို့ ထိုသူငယ်တို့သည် ငါဘုရားရှင်ကို၎င်း သင်တို့ကို၎င်း မုံ့တို့ဖြင့် အကယ်၍ကား မဖိတ်ကြားကြကုန်။ ထိုသို့ပင် မဖိတ်ကြားကြကုန်သော်လည်း မုံ့ရှင်ဖြစ်သော ရဟန်းသည် နောက်မှလိုက်ပါလာ၏။ မုံ့တို့ ဘုဉ်းပေးသုံးဆောင်၍သာလျှင် ကြွသွားခြင်းငှါ သင့်၏ဟု မိန့်တော်မူလေ၏။

[မြတ်စွာဘုရားတို့အား တဦးတယောက်သော ပုဂ္ဂိုလ်၌သော်လည်း ငြူစူ စောင်းမြောင်းခြင်း သည်၎င်း ပြစ်မှားခြင်းသည်၎င်း အကြင်ကြောင့် မရှိ။ ထို့ကြောင့် ဤစကားကို မိန့်တော်မူပြီးလျှင် ရဟန်းသံဃာကို ခေါ်တော်မူပြီးလျှင် တခုသော သစ်ပင်ရင်း အရိပ်ထဲ၌ သီတင်းသုံး နေထိုင်တော် မူလေ၏။]

သူငယ်တို့သည် ရှင်မဟာကဿပ မထေရ်မြတ်ကို နောက်မှကြွလာသည်ကို မြင်ရလျှင် ဖြစ်သော ချစ်ကြည်မြတ်နိုးခြင်း ရှိကြကုန်လျက် ပီတိအဟုန်ဖြင့် ပြည့်သော ကိုယ်ရှိကြကုန်သည်ဖြစ်၍ မုံ့တောင်းတို့ကို ချတဲ့ပြီးလျှင် ရှင်မဟာကဿပမထေရ်ကို ငါးပါးသောတည်ခြင်းဖြင့် ရှိခိုး၍ မုံ့တို့ကို တောင်းတို့နှင့် တကွသာ ချီကြွမြှောက်ပင့်လျက် အရှင်ဘုရား ခံယူတော် မူပါဘုရားဟု ရှင်မဟာ ကဿပမထေရ်ကို လျှောက်ဆိုကြလေကုန်၏။

ထိုအခါ သူငယ်တို့ကို ရှင်မဟာကဿပ မထေရ်သည် ဤငါတို့ဆရာ ဘုရားမြတ်စွာသည် ရဟန်း သံဃာ အပေါင်းကို ခေါ်တော်မူ၍ သစ်ပင်ရင်း၌ သီတင်းသုံး နေတော်မူ၏။ သင်တို့၏ လှူဖွယ်ဝတ္ထု ကို ယူကာသွား၍ ရဟန်းသံဃာ အပေါင်းအား ခွဲခြမ်း ဝေဖန်ခြင်းကို ပြုကြကုန်လော့ လှူဒါန်းကြ ကုန်လော့ဟု မိန့်တော်မူလေ၏။

ထိုသူငယ်တို့သည် အရှင်ဘုရား ကောင်းလှပါပြီဘုရားဟု ပြန်လည်ဆုတ်နစ်၍ ရှင်မဟာကဿပ မထေရ်နှင့် အတူတကွသာလျှင် သွားကြသဖြင့် မုံ့တို့ကိုလှူဒါန်းပြီးလျှင် ကြည့်ရှုကာ တင့်အပ် လျောက်ပတ်သော အရပ်၌ တည်လျက် ဘုဉ်းပေး သုံးဆောင်တော်မူခြင်း၏ အဆုံး၌ ရေကို ဆက်ကပ် လှူဒါန်းကြလေကုန်၏။

ရဟန်းတို့သည် သူငယ်တို့ကား မျက်နှာကြည့်သဖြင့် ဆွမ်းလှူကုန်၏။ မြတ်စွာဘုရားကို၎င်း မထေရ်ကြီးတို့ကို၎င်း မုံ့တို့ဖြင့် မပန်ကြားမူ၍ ရှင်မဟာကဿပ မထေရ်ကိုမြင်လျှင် မုံ့တောင်း တို့နှင့် တက္ခသာလျှင် ယူ၍လာကြကုန်ဘိ၏တကားဟု ကဲ့ရဲ့ရှုတ်ချကြလေကုန်၏။

မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ စကားကို ကြားတော်မူရသဖြင့် ချစ်သား ရဟန်းတို့ ငါ၏ သားတော်ဖြစ်သော မဟာကဿပနှင့်တူသော ရဟန်းကို နတ်လူတို့ ချစ်မြတ်နိုးအပ်၏။ ထို ရဟန်းအား ပစ္စည်းလေးပါးဖြင့် ပူဇော်ခြင်းကို ပြုကြကုန်သည်သာတည်းဟု မိန့်တော်မူ၍ ဤ ဂါထာကို ဟောကြားတော်မူလေ၏။

---

ဒေသနာတော်

၂၁၆။ သီလဒဿနသမ္ပန္နံ၊ ဓမ္မဋ္ဌံ သစ္စဝါဒိနံ။
အတ္တနော ကမ္မကုဗ္ဗာနီ၊ တံ ဇနော ကုရုတေ ပိယံ။

သီလ ဒဿနသမ္ပန္နံ၊ စတုပါရိသုဒ္ဓိသီလ မဂ်ဉာဏ်ဖိုလ်ဉာဏ်နှင့်ပြည့်စုံထသော။
ဓမ္မဋ္ဌံ၊ လောကုတ္တရာတရား ကိုးပါး၌ တည်ထသော။

[လောကုတ္တရာတရားကို မျက်မှောက်ပြုပြီးသောသူ ဟူလို။]

သစ္စဝါဒိနံ၊ သစ္စာဉာဏ်ဖြင့် အမှန်ကို ဆိုလေ့ရှိထသော။
အတ္တနော ကမ္မ ကုဗ္ဗာနံ၊ သိက္ခာသုံးခု မိမိအမှုကို ပြုလုပ် ဖြည့်ကျင့်တတ်သော။
တံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။
ဇနော၊ လူများအပေါင်းသည်။
ပိယံ၊ ချစ်ကြည်အားကိုး မြတ်နိုးခြင်းကို။
ကုရုတေ-ကရောတိ၊ ပြု၏။

[ဖူးမျှော်လို ရှိခိုးလို ပစ္စည်းလေးပါးဖြင့် ပူဇော်လိုသည်သာ ဟူလို]။

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ အလုံးစုံလည်း ဖြစ်ကုန်သော ထိုသူငယ် ငါးရာတို့သည် သောတာပတ္တိ ဖိုလ်၌ တည်ကြလေကုန်၏။

သူငယ်ငါးရာတို့ဝတ္ထုပြီး၏။

---

၈-အနာဂါမ် မထေရ်တပါးဝတ္ထု

ဆန္ဒဇာတော - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အနာဂါမ် မထေရ်မြတ် တပါးကို အကြောင်းပြု၍ ဟောတော်မူ လေ၏။

---

အနာဂါမ်ပုဂ္ဂိုလ်နှင့် သုဒ္ဓါဝါသဘုံ

တနေ့သ၌ ထိုအနာဂါမ် မထေရ်ကို ဥပဇ္ဈာယ်ယူကြသော သဒ္ဓိဝိဟာရိက တပည့်တို့သည် အရှင်ဘုရား အရှင်ဘုရားအား တရားထူး ဝိသေသ ရခြင်းသည်။ဝါ။ ရအပ်သော တရားထူးသည် ရှိပါသလော ဘုရားဟု မေးမြန်းကြလေကုန်၏။

မထေရ်သည် အနာဂါမိဖိုလ်သို့ လူတို့သော်လည်း ရောက်နိုင်ကြကုန်၏။ အရဟတ္တဖိုလ်သို့ ရောက်သော အခါ၌သာလျှင် ထိုရဟန်းတို့နှင့် အတူတကွ စကားပြောဆိုပေအံ့ဟု နှလုံးပြုပြီးလျှင် ရှက်နိုးလှသဖြင့် တစုံတခုသော စကားကို မပြောမဆိုမူ၍ စုတေမနေ ပျံလွန်ခြင်းကို ပြုလေသည် ရှိသော် သုဒ္ဓါဝါသ ဗြဟ္မာ့ပြည်၌ ဖြစ်လေ၏။

ထိုအခါ အနာဂါမ်မထေရ်၏ သဒ္ဓိဝိဟာရိက တပည့်တို့သည် ငိုကြွေးကြ၍၎င်း မြည်တမ်းကြ၍၎င်း မြတ်စွာဘုရား၏ အထံတော်သို့ သွားကြကုန်သဖြင့် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ငိုကြွေးကုန် လျက်သာလျှင် တင့်အပ် လျောက်ပတ်သော အရပ်၌ နေကြကုန်၏။

ထိုအခါ ရဟန်းတို့ကို မြတ်စွာဘုရား သည် ချစ်သားရဟန်းတို့ အဘယ့်ကြောင့် ငိုကြွေးကြကုန်ဘိ သနည်းဟု မိန့်တော်မူလေ၏။ မြတ်စွာဘုရား တပည့်တော်တို့၏ ဥပဇ္ဈာယ်ဆရာသည် စုတေမနေ ပျံလွန်ခြင်းကို ပြုပါသည်ဘုရားဟု လျှောက်ကြကုန်သော် ချစ်သားရဟန်းတို့ ထိုသို့ စုတေသည်ပင် ဖြစ်စေကာမူ မကြံကြကုန်လင့် မပူဆွေးကြကုန်လင့်။ ဤသေခြင်းသည် မြဲသော သဘောတရား မည်ပေ၏ဟု မိန့်တော်မူလေ၏။

မြတ်စွာဘုရား ဟုတ်မှန်လှပါသည်ဘုရား။ တပည့်တော်တို့သည်လည်း သိကြပါကုန်၏ဘုရား။ စင်စစ်သော်ကား တပည့်တော်တို့သည် ဥပဇ္ဈာယ်ဆရာကို တရားထူးရခြင်းကို မေးလျှောက်ကြ ပါသည်ဘုရား။ ထိုဥပဇ္ဈာယ်ဆရာသည် တစုံတခုသောစကားကို မဆိုမူ၍သာလျှင် စုတေမနေ ပျံလွန်ခြင်းကို ပြုရရှာပါသည်။ ထို့ကြောင့် တပည့်တော်တို့သည် ဆင်းရဲဒုက္ခ ရောက်ကြရပါသည် ဘုရားဟု လျှောက်ကြားကြ ကုန်သည်ရှိသော် မြတ်စွာဘုရားသည် ချစ်သား ရဟန်းတို့ မကြံကြကုန်လင့်။ သင်တို့၏ ဥပဇ္ဈာယ်ဆရာသည် အနာဂါမိဖိုလ်သို့ ရောက်အပ်၏။ လူတို့သည် လည်း ဤအနာဂါမိဖိုလ်သို့ ရောက်နိုင်ကြကုန်ဘိ၏။ ငါသည် အရဟတ္တဖိုလ်သို့ ရောက်မှသာလျှင် ရဟန်းတို့အား စကားပြောကြားအံ့ဟု ထို သင်တို့ဆရာ ရှက်နိုးလှသဖြင့် သင်တို့အား တစုံ တခုသော စကားကို မဆိုမူ၍ စုတေမနေ ပျံလွန်ခြင်းကို ပြုပြီးလျှင် သုဒ္ဓါဝါသ ဗြဟ္မာ့ပြည်၌ ဖြစ်လေပြီ။ ထို့ကြောင့် ချစ်သားရဟန်းတို့ သင်တို့သည် သက်သာရာရကြကုန်လော့။ သင်တို့၏ ဥပဇ္ဈာယ် ဆရာသည် ကာမ တဆဲ့တဘုံတို့၌ ဖွဲ့ယှက်ခြင်း ကင်းသောစိတ်ကို ရလေပြီဟု မိန့်တော်မူ၍ ဤ ဂါထာကို ဟောကြားတော်မူလေ၏။

---

ဒေသနာတော်

၂၁၇။ ဆန္ဒဇာတော အနက္ခာတေ၊ မနသာ စေ ဖုဋော သိယာ။
ကာမေသုစ အပဋိဗန္ဓစိတ္တော၊ ဥဒ္ဓံသောတောတိ ဝုစ္စတိ။

ယောဘိက္ခု၊ အကြင်ရဟန်းသည်။
ဆန္ဒဇာတော၊ ဖြစ်သော ပြုလိုသောဆန္ဒ ရှိ၏။
ဝါ၊ အားထုတ်ခြင်းသို့ရောက်၏။
အနက္ခာတေ၊ နိဗ္ဗာန်၌။

[ဤ အမည်ရှိသောသူသည် ပြုအပ်၏ ဟူ၍၎င်း၊ အညိုအဝါ စသည်တို့တွင် ဤသို့ သဘောရှိ၏ ဟူ၍၎င်း မဆိုအပ်သောကြောင့် နိဗ္ဗာန်သည် အနက္ခာတ မည်၏ဟူလို]။

မနသာ၊ စိတ်ဖြင့်။
ဖုဋ္ဌော၊ အပြည့်အနှံ့ရောက်သည်။
စေသိယာ၊ အကယ်၍ ဖြစ်ငြားအံ့။
ကာမေသု၊ ကာမတဆဲ့တဘုံတို့၌။
အပဋိဗန္ဓစိတ္တောစ၊ ဖွဲ့ယှက်ကပ်ငြိသော စိတ်မရှိသည်လည်း။
စေသိယာ၊ အကယ်၍ ဖြစ်ငြားအံ့။
သောဘိက္ခု၊ ထိုရဟန်းကို။
ဥဒ္ဓံသောတောတိ၊ ဥဒ္ဓံသောတဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။

(ဤသို့သဘောရှိသော ရဟန်းသည် အဝိဟာ, အတပ္ပါ, သုဒဿာ, သုဒဿီ အကနိဋ္ဌ-ဟူသော သုဒ္ဓါဝါသ ငါးဘုံတို့တွင် အောက်အောက်ဘုံ၌ဖြစ်၍ ပဋိသန္ဓေ အစွမ်းဖြင့် အကနိဋ္ဌဘုံသို့ ရောက်အောင် သွားတတ်၏။ ထို့ကြောင့် ဥဒ္ဓံသောတ ဟု ဆိုအပ်၏။ ဥပဇ္ဈာယ်သည် ဤသို့သဘော ရှိ၏ဟူလို။)

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ ထိုရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။ များစွာသော လူအပေါင်းအားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူလေ၏။

အနာဂါမ်မထေရ်တပါး ဝတ္ထုပြီး၏။

---

၉ - နန္ဒိယဝတ္ထု

စိရပ္ပဝါသိံ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဣသိပတနအရပ်၌ သီတင်းသုံး နေတော်မူစဉ် နန္ဒိယ အမည်ရှိသော သတို့သားကို အကြောင်းပြု၍ ဟောတော်မူ လေ၏။

---

အသွင်တူမှ အိမ်သူ ဖြစ်ခြင်း

ဗာရာဏသီပြည်၌ သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းတဦးအား နန္ဒိယ အမည်ရှိသော သားသည် ရှိသတတ်။ ထိုနန္ဒိယ သတို့သားသည် မိခင်ဖခင် တို့နှင့် လျောက်ပတ် သင့်တော်သော သတို့သား ဖြစ်၏။ ရတနာသုံးပါး၌ ကြည်ညိုခြင်း သဒ္ဓါတရားနှင့်လည်း ပြည့်စုံ၏။ သံဃာအား လုပ်ကျွေး ခစားတတ်သော သူသည်လည်း ဖြစ်လေ၏။

ထိုအခါ မိခင်ဖခင်တို့သည် နန္ဒိယသတို့သား၏ အရွယ်သို့ ရောက်လတ်သော ကာလ၌ မျက်မှောက် ဖြစ်သော မျက်နှာချင်းဆိုင်အိမ်မှ ဦးရီး၏သ္မီး ရေဝတီအမည်ရှိသော သူငယ်မကို ယူဆောင်ခြင်းငှါ အလိုရှိကြကုန်၏။ ထိုရေဝတီသည်ကား ရတနာသုံးပါး၌ ကြည်ညိုယုံကြည်ခြင်း မရှိ။ ပေးကမ်း လှူဒါန်းခြင်း အလေ့လည်း မရှိ။

နန္ဒိယသတို့သားသည် ထိုရေဝတီကို အလိုမရှိ။ ထိုအခါ နန္ဒိယသတို့သား၏ မိခင်သည် ရေဝတီကို ချစ်သ္မီးရေဝတီ သင်သည် ဤငါတို့အိမ်၌ ရဟန်းသံဃာ၏ နေရာအရပ်ကို နံ့သာစသည်တို့ဖြင့် လိမ်းကျံ၍ နေရာတို့ကို ခင်းပါလေလော့ သပိတ်ခြေတို့ကို ထားပါလေလော့ ရဟန်းတို့ ကြွလာသောအခါ သပိတ်ကို လှမ်းယူစေ၍ နေထိုင်စေသဖြင့် ဓမ္မကရိုဏ်ဖြင့် သောက်ရေကို စစ်ပေးပြီးလျှင် ဆွမ်းစားပြီးသော အခါ၌ သပိတ်တို့ကို ဆေးပါလော့ ဤအမှုကြီးငယ်ကို ရွက်ဆောင် သည်ရှိသော် ငါ၏သားအား နှစ်သိမ့်စေတတ်သောသူ ဖြစ်ပေလတ္တံ့ဟု သွန်သင်စကား ပြောကြား လေ၏။ ထိုရေဝတီသည် နန္ဒိယသတို့သား၏ မိခင်ဆိုတိုင်း ပြုလုပ်လေ၏။

ထိုအခါ ရေဝတီကိုဆုံးမခြင်းငှါ ခံ့ပေသည် ချစ်သားဟု သားအား ပြောကြားလတ်သည်ရှိသော် ထိုသို့ ဖြစ်မူကောင်းပါပြီဟု ဝန်ခံလေ၏။ နေ့ရက်ကို ပိုင်းခြား မှတ်သားစေ၍ ထိမ်းမြားခြင်း မင်္ဂလာ ကိုပြုလုပ်ကြလေကုန်၏။ ထိုအခါ ရေဝတီကို နန္ဒိယ သတို့သားသည် ရဟန်းသံဃာကို၎င်း ငါ၏ မိဘတို့ကို၎င်း အကယ်၍ သင်လုပ်ကျွေး ပြုစုနိုင်သည်ဖြစ်အံ့၊ ထိုသို့လုပ်ကျွေး ပြုစုနိုင်သည် ရှိသော် ဤအိမ်၌ နေခြင်းငှါ ရလတ္တံ့၊ မမေ့မလျော့သောသူ ဖြစ်ဘိလော့ဟု ဆိုလေ၏။

ရေဝတီသည်လည်း ကောင်းပါပြီဟု ဝန်ခံ၍ နှစ်ရက် သုံးရက်တို့ပတ်လုံး ကြည်ညိုသော သဒ္ဓါ တရားရှိသော သူကဲ့သို့ ဖြစ်၍ လင်ယောကျ်ားကို လုပ်ကျွေးပြုစုကာ နေထိုင်စဉ် သားနှစ်ယောက် တို့ကို ဖွားမြင်လေ၏။ နန္ဒိယလုလင်၏ မိဘတို့သည်လည်း စုတေမနေ ကွယ်လွန်ကြလေကုန်၏။ အိမ်၌ အလုံးစုံသော စည်းစိမ် ချမ်းသာသည် ထိုရေဝတီအား သာလျှင်ဖြစ်လေ၏၊

---

ကောင်းမှုရှင်မသေမီ နတ်ဗိမာန် ပေါ်ပေါက်ခြင်း

နန္ဒိယ သတို့သားသည်လည်း မိခင်ဖခင်တို့၏ စုတေမနေ ကွယ်လွန်လေသောအခါမှစ၍ မြတ်သော အလှူရှင်ကြီးတယောက် ဖြစ်လျက် ရဟန်း သံဃာအား အလှူကို ဖြစ်စေလေ၏။ အထီးကျန်သောသူ ခရီးသွားသော သူတို့အားလည်း အိမ်တံခါး၌ ပြကတေ့ ပေးလှူမြဲဖြစ်သော ဝတ်ကို ဖြစ်စေလေ၏။

ထိုနန္ဒိယ သတို့သားသည် နောက်အဖို့၌ မြတ်စွာဘုရား၏ တရား ဒေသနာတော်ကို ကြားနာ ရသဖြင့် ကျောင်းလှူခြင်း၌ ရအပ်သော အကျိုးကို မှတ်သားလျက် ဣသိပတန မဟာဝိဟာရ ကျောင်းတိုက် ကြီး၌ တိုက်ခန်း လေးသွယ်တို့ဖြင့် တန်ဆာဆင်အပ်သော မုခ်ထွတ် လေးခုရှိသော ကျောင်းကို ဆောက်လုပ်စေပြီးလျှင် ညောင်စောင်း အင်းပျဉ်စသည်တို့ကို ခင်းစေသဖြင့် ထို ကျောင်းကို ပြီးစေလျက် ဘုရားအမှူးရှိသော ရဟန်းသံဃာအပေါင်းအား အလှူကိုပေးလှူ၍ မြတ်စွာ ဘုရားအား မြတ်သော အလှူရေစက်ကို သွန်းချ လှူဒါန်း ပူဇော်လေ၏။

မြတ်စွာဘုရား၏ လက်တော်၌ မြတ်သော အလှူရေစက် ကျရောက် တည်ရှိသည်နှင့် တပြိုင်နက် သာလျှင် တာဝတိံသာ နတ်ပြည်ဝယ် အလုံးစုံသော အရပ်မျက်နှာတို့၌ တဆဲ့နှစ်ယူဇနာရှိသော အထက်သို့ ယူဇနာတရာ အစောက်မြင့်သော ရတနာ ခုနစ်ပါးဖြင့် ပြီးသည်ဖြစ်၍ နတ်သ္မီး အပေါင်းနှင့် ပြည့်စုံသော နတ်၏ ပြာသာဒ်သည် ပေါ်ပေါက်နှင့်လေ၏။

ထိုအခါ တနေ့သ၌ ရှင်မဟာ မောဂ္ဂလာန်မထေရ်သည် ဒေသစာရီ ကြွချီတော်မူလတ်သည်ရှိသော် ထိုပြာသာဒ်၏အနီး၌ ရပ်လျက် မိမိထံမှောက်သို့ ရောက်လာကုန်သော နတ်သားတို့ကို နတ်သားတို့ နတ်သ္မီး အပေါင်း ခြံရံလျက်ရှိသော အဘယ်သူအား ဤနတ်ပြာသာဒ်သည် ပေါ်ပေါက် နေသနည်း ဟု•မေးမြန်းတော်မူလေ၏။ ထိုအခါ ရှင်မောဂ္ဂလာန်အား နတ်သားတို့သည် ဗိမာန်ရှင်ကို ကြားလို ကုန်သည်ဖြစ်၍ အရှင်ဘုရား နန္ဒိယအမည်ရှိသော အကြင် သူကြွယ်သည် ဣသိပတန အရပ်၌ မြတ်စွာဘုရားအား ကျောင်းကို ဆောက်လုပ်၍ လှူဒါန်းပါသည်။ ထို နန္ဒိယသူကြွယ်၏ အလို့ငှါ ဤဗိမာန်သည် ပေါ်ပေါက်နှင့်ပါသည်ဘုရားဟု လျှောက်ကြားကြလေကုန်၏။

---

ကောင်းမှုရှင်ထံ နတ်သ္မီးတို့ မှာကြားပုံ

နတ်သ္မီး အပေါင်းသည်လည်း ထိုရှင်မောဂ္ဂလာန်ကို မြင်ရလျှင် ပြာသာဒ်ထက်မှ သက်ဆင်းတဲ့၍ အရှင်ဘုရား တပည့်တော်မတို့ကား နန္ဒိယ သတို့သား၏ ခြေရင်း အလုပ်အကျွေးတို့ ဖြစ်ကြပါ ကုန်အံ့ဟု. ဤပြာသာဒ်၌ ဖြစ်နှင့်ရပါကုန်၏။ ထိုဗိမာန်ရှင် နန္ဒိယ သတို့သားကို မမြင်ရပါ သောကြောင့် အလွန်လျှင် ပျင်းရိ ငြီးငွေ့လှပါပြီ ဘုရား။ လူ့စည်းစိမ်ကိုစွန့်၍ နတ်စည်းစိမ်ကို ယူရခြင်းသည် မြေခွက် ကိုခွဲ၍ ရွှေခွက်ကို ယူရခြင်းနှင့် တူပါသည်ဘုရား။ ဤနတ်ပြည်သို့ လာရောက်ခြင်း အကျိုးငှါ ထိုနန္ဒိယ သတို့သားကို အမိန့်ရှိတော်မူပါ ဘုရားဟု လျှောက်ကြားကြ လေကုန်၏။

ရှင်မောဂ္ဂလာန် မထေရ်သည်လည်း ထိုတာဝတိံသာ နတ်ပြည်မှ ပြန်လာ၍ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရား လူ့ပြည်၌ တည်နေကြကုန်သည်သာလျှင် ဖြစ်ကုန်သော ပြုအပ်သော ကောင်းမှုရှိသော သူတို့အလို့ငှါ နတ်ပြည်၌ စည်းစိမ်သည် ဖြစ်နှင့်ကောင်းပါသလော ဘုရားဟု မေးလျှောက်လေ၏။

ချစ်သားမောဂ္ဂလာန် နတ်ပြည်၌ နန္ဒိယသူကြွယ်၏ အလို့ငှါဖြစ်သော နတ်စည်းစိမ်ကို သင် ကိုယ်ထိုင် မြင်ခဲ့ပြီ မဟုတ်လော။ အဘယ့်ကြောင့် ငါဘုရားကို မေးမြန်းဘိသနည်းဟု မိန့်တော်မူလျှင် မြတ်စွာဘုရား ဤအတိုင်း ဖြစ်ပါသည်ဘုရားဟု လျှောက်လေ၏။

ထိုအခါ မြတ်စွာဘုရားသည် ရှင်မောဂ္ဂလာန် မထေရ်ကို ချစ်သား မောဂ္ဂလာန် အဘယ့်ကြောင့် ဤစကားကို သင်ဆိုဘိသနည်း ကြာမြင့်စွာ ကွေကွင်းခြင်းရှိသော သားသ္မီးကို၎င်း ညီအစ်ကိုကို၎င်း ကွေကွင်းရာအရပ်မှ ရောက်လာသော သူကို၎င်း ရွာတံခါး၌ တည်သော တစုံ တယောက်သော သူသည် မြင်ရလျှင် လျင်မြန်စွာ အိမ်သို့သွား၍ ဤမည်သော သူသည် ရောက်လာပြီဟု ပြောကြား ရာ၏။

ထိုအခါ ထိုသူ၏ အဆွေအမျိုးတို့သည် အလွန် ရွှင်လန်းဝမ်းမြောက်ကြကုန်သည်ဖြစ်၍ လျင်မြန်စွာ ထွက်လာခဲ့ပြီးလျှင် ချစ်သား လာရောက်ခဲ့ပြီလား ချစ်သား အနာရောဂါကင်း၍ ကျန်းကျန်းမာမာ ရှိပါ၏လား စသည်ဖြင့် နှုတ်ဆက်ခြင်းကို ပြုလျက် ထိုကွေကွင်းနေသော သူကို အလွန်နှစ်သက် ဝမ်းမြောက်ကုန်သကဲ့သို့ ဤအတူသာလျှင် ဤလူ့ပြည်၌ ပြုအပ်သော ကောင်းမှုရှိသော မိန်းမကို၎င်း ယောက်ျားကို၎င်း ဤလောကကို စွန့်၍ တမလွန်ဘဝသို့ သွားသည်ရှိသော် ဆယ်ပါး အပြားရှိသော နတ်၏ လက်ဆောင်ကိုယူ၍ ငါရှေးဦးစွာ ငါရှေးဦးစွာ-ဟု ခရီးဦးကြိုဆိုလျက် နတ်တို့သည် လွန်စွာ ဝမ်းမြောက်ကြကုန်၏ဟု မိန့်တော်မူ၍ ဤ ဂါထာတို့ကို ဟောကြားတော် မူလေ၏။

---

ဒေသနာတော်

၂၁၈။ စိရပ္ပဝါသိံ ပုရိသံ၊ ဒူရတော သောတ္ထိမာဂတံ။
ဉာတိမိတ္တာ သုဟဇ္ဇာစ၊ အဘိနန္ဒိန္တိ အာဂတံ။

၂၁၉။ တထေဝ ကတပုညမ္ပိ၊ အသ္မာလောကာ ပရံဂတံ။
ပုညာနိ ပဋိဂ္ဂဏှန္တိ၊ ပိယဉာတီဝ အာဂတံ။

စိရပ္ပဝါသိံ၊ ကြာမြင့်စွာ ကွေကွင်းခြင်း ရှိသော။
သောတ္ထိံ၊ ရအပ်သော စည်းစိမ်ချမ်းသာရှိသည်ဖြစ်၍။
ဒူရတော၊ ဝေးစွာသော အရပ်မှ။
အာဂတံ၊ ချမ်းသာစွာ ရောက်လာသော။
ပုရိသံ၊ ယောက်ျားကို။
ဉာတိစ၊ မိမျိုးဖမျိုး ဖြစ်သော သူတို့သည်၎င်း။
မိတ္တာစ၊ အဆွေခင်ပွန်းတို့သည်၎င်း။
သုဟဇ္ဇာစ၊ နှလုံး အကျွမ်းဝင်သူတို့သည်၎င်း။
အာဂတံ၊ ရောက်လာပြီတကား ဟူ၍။
အဘိနန္ဒန္တိ၊ အလွန်နှစ်သက် ဝမ်းမြောက်ကြကုန်၏။

တထေဝ-တေနကာရဏေန၊ ထိုအကြောင်းဖြင့် သာလျှင်။
ကတပုညမ္ပိ၊ ပြုအပ်ပြီးသော ကောင်းမှုရှိသော ပုဂ္ဂိုလ်ကိုလည်း။
အသ္မာလောကာ၊ ဤလောကမှ။
ပရံ လောကံ၊ တမလွန်ဘဝသို့။
ဂတံ၊ ရောက်သွားသည်ရှိသော်။
ပုညာနိ၊ ကောင်းမှုတို့သည်။
ပိယဉာတီ၊ ချစ်ခင်သော အဆွေအမျိုးတို့သည်။
ပိယာတိ၊ ချစ်ခင်အပ်သော အဆွေအမျိုးကို။
ပဋိဂ္ဂဏှန္တိ ဣဝ၊ ဝမ်းမြောက်စွာ ကြိုဆိုကြကုန်သကဲ့သို့။
အာဂတံ၊ ရောက်လာပြီတကားဟူ၍။
ပဋိဂ္ဂဏှန္တိ၊ အာယု ဝဏ္ဏ စသော သမ္ပတ္တိကို ပေးသောအားဖြင့် ဝမ်းမြောက်စွာ ကြိုဆိုကြကုန်၏။

(ကုသိုလ်တို့သည် မိဘဆွေမျိုးအရာ၌ တည်၍ ကြိုဆိုကြကုန်၏ ဟူလို။)

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

နန္ဒိယဝတ္ထုပြီး၏။

ဤတွင်ရွေ့ကား တဆဲ့ခြောက်ခုမြောက်သော ပိယဝဂ်အဖွင့်ပြီး၏။

---

၁၇ - ကောဓဝဂ်

၁ - ရောဟိနီမင်းသ္မီးဝတ္ထု

ကောဓံဇဟေ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် နိဂြောဓာရုံ ကျောင်းတော်၌ နေတော်မူစဉ် ရောဟိနီမည်သော မင်းသ္မီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

ရောဟိနီ၏ နူနာရောဂါနှင့် ဆွမ်းစားကျောင်း အလှူ

တပါးသောအခါ အရှင်အနုရုဒ္ဓါ မထေရ်သည် ငါးရာသော ရဟန်းတို့နှင့် အတူတကွ ကပိလဝတ်ပြည်သို့ ကြွသွားတော်မူသတတ်။ ထိုအခါ အရှင်အနုရုဒ္ဓါ မထေရ်၏ ဆွေတော် မျိုးတော် တို့သည် အနုရုဒ္ဓါမထေရ်မြတ်ကြွလာပြီ ဟူသော စကားကို ကြားရလျှင် မထေရ်မြတ်၏ နှမဖြစ်သော ရောဟိနီမည်သော မင်းသ္မီးကို ထားခဲ့၍ မထေရ်မြတ်၏ အထံဖြစ်သော ကျောင်းတော်သို့ သွားရောက်ကြလေကုန်၏။

ရှင်အနုရုဒ္ဓါ မထေရ်သည် ဆွေတော် မျိုးတော်တို့ကို ရောဟိနီကား အဘယ်မှာနည်းဟု မေးတော်မူလေ၏။ အရှင်ဘုရား အိမ်၌ ရှိပါသည်ဘုရားဟု လျှောက်ကြကုန်သော် အဘယ့်ကြောင့် ဤကျောင်းသို့ မလာဘိသနည်းဟု မေးတော်မူပြန်လေ၏။ အရှင်ဘုရား ထိုရောဟိနီ၏ကိုယ်၌ ဆဝိရောဂါမည်သော အရေ၌ဖြစ်သော အနာရောဂါ ဖြစ်နေသည်ဟု ရှက်နိုးလှသဖြင့် မလိုက်လာပါ ဘုရားဟု လျှောက်ကြကုန်သည်ရှိသော် ထိုအနုရုဒ္ဓါ မထေရ်သည် ရောဟိနီကို ခေါ်ချေကြ ကုန်လော့ဟု ခေါ်စေတော် မူသောကြောင့် အဝတ် သင်တိုင်းကို ဝတ်ဆင်၍ ရောက်လာသော ရောဟိနီကို ရောဟိနီ အဘယ့်ကြောင့် မလာဘိသနည်းဟု မိန့်တော်မူလေ၏။

အရှင်ဘုရား တပည့်တော်မ၏ ကိုယ်၌ အရေ၌ ဖြစ်သော အနာရောဂါသည် ဖြစ်နေပါသည်။ ထို့ကြောင့် ရှက်နိုးလှသဖြင့် မလာရပါဘုရားဟု လျှောက်ကြားလတ်သော် အသို့နည်း သင်သည် ကောင်းမှုပြုခြင်းငှါ မသင့်လေသလောဟု မေးတော်မူလေ၏။ အရှင်ဘုရား အဘယ်ကောင်းမှုကို ပြုရပါမည်နည်း ဘုရားဟု မေးလျှောက်လတ်သည် ရှိသော် ဆွမ်းစား စရပ်ကို ဆောက်လုပ် လေလော့ဟု မိန့်တော်မူလေ၏။

အဘယ်ဥစ္စာကိုယူ၍ ဆောက်လုပ်ရပါအံ့နည်း ဘုရားဟု မေးလျှောက်ပြန်လတ်သော် သင့်အား ဝတ်ဆင်သော တန်ဆာသည် မရှိလေပြီလောဟု မိန့်တော်မူလေ၏။ အရှင်ဘုရား ရှိပါသည် ဘုရားဟု လျှောက်ကြားလတ်သော် အဘိုးမည်မျှ ထိုက်တန်အံ့နည်းဟု မေးတော်မူလေ၏။ အဘိုးတသောင်း ထိုက်တန်ပါလိမ့်မည် ဘုရားဟု လျှောက်ကြားလတ်သော် ထိုသို့ဖြစ်မူ ထို တန်ဆာကိုစွန့်၍ ရောင်း၍ ဆွမ်းစားစရပ် ဆောက်လုပ် လေလော့ဟု မိန့်တော်မူပြန်လေ၏။

အရှင်ဘုရား အဘယ်သူသည် တပည့်တော်မ အတွက် ဆောက်လုပ်ပေးပါလိမ့်မည်နည်း ဘုရားဟု လျှောက်ပြန်လတ်သော် အနုရုဒ္ဓါမထေရ်မြတ်သည် အနီး၌ တည်နေကုန်သော ဆွေတော် မျိုးတော် တို့ကို ကြည့်ရှု၍ သင်တို့၏ တာဝန် ဖြစ်စေလော့ဟု မိန့်တော်မူလေ၏။ အရှင်ဘုရား အရှင်ဘုရား တို့သည်ကား အဘယ်အမှုကို ပြုလုပ်တော်မူကြပါအံ့နည်း ဘုရားဟု လျှောက်ကြားလတ်သည် ရှိသော် ငါသည်လည်း ဤအရပ်၌ ရှိသည်ဖြစ်လတ္တံ့ဟု မိန့်ဆိုတော်မူပြီးလျှင် ထိုသို့ဖြစ်မူ ထို ဆွမ်းစား စရပ်၏ အလို့ငှါ သစ်သား အဆောက်အဦးတို့ကို ဆောင်ယူကြကုန်လော့ဟု မိန့်တော်မူလေ၏။

---

ကုသိုလ်ပြုခြင်းကြောင့် ဝေဒနာသက်သာခြင်း

ဆွေတော်မျိုးတော်တို့သည် ကောင်းပါပြီ အရှင်ဘုရားဟု ဝန်ခံ၍ ဆောင်ယူ ကြလေကုန်၏။ ရှင်အနုရုဒ္ဓါ မထေရ်မြတ်သည် ဆွမ်းစားစရပ်ကို စီရင်တော်မူလျက် ရောဟိနီကို အမိန့်ရှိသည်မှာ ဘုံနှစ်ဆင့်ရှိသော ဆွမ်းစားစရပ်ကို ဆောက်လုပ်စေသဖြင့် အထက်၌ ပျဉ်ချပ်တို့ကို ခင်းသော ကာလမှစ၍ စရပ်၏ အောက်ထပ်ကို အမြဲမပြတ် တံမြက်လှည်း၍ နေရာတို့ကို ခင်းကျင်းလေလော့ အမြဲမပြတ် သောက်ရေအိုးတို့ကို တည်ထားလေလော့ဟု မိန့်ဆိုတော်မူလေ၏။

ရောဟိနီသည် အရှင်ဘုရား ကောင်းလှပါပြီဘုရားဟု ဝန်ခံ၍ ဆင်မြန်းသော တန်ဆာကိုရောင်း ပြီးလျှင် ဘုံနှစ်ဆင့်ရှိသော ဆွမ်းစား စရပ်ကို ဆောက်လုပ်စေ၍ အထက်၌ ပျဉ်ချပ်ခင်းသော ကာလမှစ၍ စရပ်၏ အောက်ထပ်ကို .တံမြက်လှည်းခြင်း စသည်တို့ကို ပြုလုပ်လေ၏။ ရဟန်းတို့သည် အမြဲမပြတ် နေထိုင်ကြရကုန်၏။

ထိုအခါ ရောဟိနီအား ဆွမ်းစားစရပ်ကို တံမြက်လှည်းစဉ်သာလျှင် အရှေ့၌ ဖြစ်သော အနာ ရောဂါသည် ညှိုးနွမ်းလာလေ၏။ ဆွမ်းစားစရပ် ပြီးလတ်သည် ရှိသော် မြတ်စွာဘုရား အမှူး ရှိသော ရဟန်းသံဃာတော် အပေါင်းအား ပင့်ဖိတ်၍ ဆွမ်းစားစရပ်ကို ပြည့်စေသဖြင့် သီတင်းသုံး နေထိုင်တော်မူသော မြတ်စွာဘုရား အမှူးရှိသော ရဟန်း သံဃာတော်အပေါင်းအား မွန်မြတ်သော ခဲဖွယ်ကို လှူဒါန်း ဆက်ကပ်လေ၏။

မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးသည်ရှိသော် ဤအလှူသည် အဘယ်သူ၏ အလှူနည်းဟု မေးတော်မူလေ၏။ ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်၏ နှမဖြစ်သော ရောဟိနီမင်းသ္မီး၏ အလှူဖြစ်ပါသည် ဘုရားဟု လျှောက်ကြားလတ်သော် ထို ရောဟိနီသည်ကား အဘယ်မှာနည်းဟု မေးတော်မူပြန်၏။

မြတ်စွာဘုရား အိမ်၌ ရှိပါသည်ဘုရားဟု လျှောက်ကြားလတ်သော် ထိုရောဟိနီကို ခေါ်ချေလော့ဟု မိန့်တော်မူလေ၏။ ရောဟိနီသည် လာခြင်းငှါ အလိုမရှိဘဲနေလေ၏။ ထိုအခါ ရောဟိနီကို မြတ်စွာဘုရားသည် အလိုမရှိသော်လည်း ခေါ်စေတော်မူသည် သာလျှင်တည်း။ ရောက်လာပြီး သည်ရှိသော် ရှိခိုးလျက်နေသော ရောဟိနီကို ရောဟိနီ အဘယ်ကြောင့် မလာဘဲနေဘိသနည်းဟု မိန့်တော်မူလေ၏။

မြတ်စွာဘုရား တပည့်တော်မ၏ကိုယ်၌ အရေ၌ဖြစ်သော အနာရောဂါသည် ရှိနေပါသည်ဘုရား။ ထို့ကြောင့် ရှက်နိုးလှသဖြင့် မလာဘဲ နေရပါသည်ဘုရားဟု လျှောက်ကြားလတ်သော် အဘယ်ကို မှီ၍ သင့်အား ဤအနာရောဂါ ဖြစ်ဘိသနည်း သိ၏လောဟု မေးတော်မူလေ၏။

မြတ်စွာဘုရား မသိပါဘုရားဟု နားတော် လျှောက်လတ်သော် သင်၏ အမျက်ထွက်ခြင်းကို မှီ၍ ဤအနာရောဂါ ဖြစ်၏ဟု မိန့်တော်မူလေ၏။ မြတ်စွာဘုရား တပည့်တော်မသည် အဘယ် မကောင်းမှုကို ပြုမိပါသနည်း ဘုရားဟု နားတော် လျှောက်ပြန်သော် ထိုသို့ဖြစ်မူ နားထောင် လေလော့ဟု မိန့်တော်မူလေ၏။ ထိုအခါ ရောဟိနီအား မြတ်စွာဘုရားသည် လွန်လေပြီးသော အကြောင်းကို ဤသို့ ဆောင်တော်မူလေ၏။

---

ရောဟိနီ၏ ရှေးအတိတ် မကောင်းမှု

လွန်လေပြီးသောအခါ၌ ဗာရာဏသီပြည့်ရှင် မင်းကြီး၏ မိဖုယားကြီးသည် မင်းကြီး၏ တယောက် သော ကချေသည်မအား ရန်ငြိုးဖွဲ့ပြီးလျှင် ထိုကချေသည်မအား ဆင်းရဲခြင်းကို ဖြစ်စေအံ့ဟု ကြံ၍ များစွာသော ခွေးလေးသီးတို့ကို ဆောင်ယူစေပြီးလျှင် ထိုကချေသည်မကို မိမိအထံသို့ ခေါ်စေ၍ အကြင် အခြင်းအရာဖြင့် ကချေသည်မသည် မသိ။

ထိုအခြင်းအရာဖြင့် ကချေသည်မ၏ အိပ်ယာ၌၎င်း အပေါ်လွှမ်း စုလျား ကော်ဇောအခင်း စသည်တို့ အကြားတို့၌၎င်း ခွေးလေးသီးမှုန့်တို့ကို ထားစေလေ၏။ ပျက်ရယ်မှု ပြုသကဲ့သို့ ထိုကချေသည်မ၏ကိုယ်၌ ဖြန့်ကြဲလေ၏။ ထိုခဏခြင်းပင်လျှင် ကချေသည်မ၏ ကိုယ်သည် မီးလောင်ဖုနှင့်တူသော ယားနာဖု အပေါင်း ဖြစ်ရှာလေ၏။

ကချေသည်မသည် ယားယံလှသဖြင့် အိပ်ယာ၌ သွား၍ အိပ်လေ၏။ ထိုအိပ်ယာ၌လည်း ကချေသည်မအား ခွေးလေးသီးမှုန့်တို့သည် ကိုက်ခဲဘိသကဲ့သို့ ပြင်းပြသော ဝေဒနာသည် ဖြစ်ရရှာလေ၏။ ထိုအခါ ရောဟိနီသည် မိဖုယားကြီး ဖြစ်ဖူးလေသတည်း။

မြတ်စွာဘုရားသည် ဤလွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၍ ရောဟိနီ ထိုအခါ သင်ရောဟိနီသည် ထိုသို့သော မကောင်းမှုကံကို ပြုဖူးလေပြီ။ အနည်းငယ်မျှလည်း ဖြစ်သော အမျက်ထွက်ခြင်းကို လည်းကောင်း ငြူစူခြင်း ကိုလည်းကောင်း ပြုခြင်းငှါ မသင့်သော သဘော ရှိသည် သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

---

ဒေသနာတော်

၂၂ဝ။ ကောဓံ ဇဟေ ဝိပ္ပဇဟေယျ မာနံ၊
သံယောဇနံ သဗ္ဗမတိက္ကမေယျ။
တံ နာမရူပသ္မိံ အသဇ္ဇမာနံ၊
အကိဉ္စနံ နာနုပတန္တိ ဒုက္ခာ။

ကောဓံ၊ အမျက်ဒေါသကို။
ဇဟေ၊ စွန့်ရာ၏။
မာနံ၊ မာန်မာနကို။
ဝိပ္ပဇဟေယျ၊ ပယ်စွန့်ရာ၏။
သဗ္ဗသံယောဇနံ၊ အလုံးစုံသော သံယောဇဉ်ကို။
အတိက္ကမေယျ၊ လွန်မြောက်ရာ၏။
နာမရူပသ္မိံ၊ နာမ်ရုပ်၌။
အသဇ္ဇမာနံ၊ တွယ်တာ ကပ်ငြိခြင်းမရှိသော။
အကိဉ္စနံ၊ ရာဂစသော ကြောင့်ကြခြင်း မရှိသော။
တံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။
ဒုက္ခာ၊ ဆင်းရဲတို့သည်။
နာနုပတန္တိ၊ မကျနိုင်ကြကုန်။

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။ ရောဟိနီသည်လည်း သောတာပတ္တိဖိုလ်၌ တည်သည်ဖြစ်၍ ထိုခဏခြင်း၌သာလျှင် ရောဟိနီ၏ကိုယ်သည် ရွှေအဆင်းနှင့် တူသော အဆင်းရှိသောကိုယ် ဖြစ်လေ၏။

---

ရောဟိနီကို နတ်သားလေးဦး လုခြင်းနှင့် သိကြားမင်း ဆုံးဖြတ်ပုံ

ထိုရောဟိနီသည် ထိုကိုယ်အဖြစ်မှ စုတေမနေ ကွယ်လွန်လေသည်ရှိသော် တာဝတိံသာ နတ်ပြည်ဝယ် နတ်သား လေးယောက်တို့၏ နယ်နိမိတ် အပိုင်းအခြား၌ဖြစ်၍ ကြည်လင် နှစ်သက်ဖွယ် တင့်တယ်သော ရုပ်အဆင်း အထူးသို့ ရောက်သည်ဖြစ်လေ၏။

နတ်သား လေးယောက်တို့သည်လည်း ထိုရောဟိနီနတ်သ္မီး ကိုမြင်လျှင် ဖြစ်သော ချစ်ခင်ခြင်း ရှိကုန်သည်ဖြစ်၍ ငါ၏အပိုင်းအခြား အတွင်း၌ ဖြစ်၏ဟု ပြောဆိုကြကုန်လျက် သိကြားနတ်မင်း၏ အထံသို့ သွားပြီးလျှင် ဤနတ်သ္မီးကိုမှီ၍ တရားတွေ့ခြင်း ဖြစ်ရပါသည်။ ထိုတရားကို စီရင် ဆုံးဖြတ်တော်မူပါဟု လျှောက်ကြားကြလေကုန်၏။

သိကြားမင်းသည်လည်း ထိုရောဟိနီ နတ်သ္မီးကို ကြည့်ရှု၍သာလျှင် ဖြစ်သော ချစ်ခင်ခြင်း ရှိသည်ဖြစ်၍ ဤနတ်သ္မီးကို မြင်ရသောကာလမှစ၍ အသင်တို့၏ စိတ်သည် အဘယ်သို့ ဖြစ်ကြကုန်ဘိ သနည်းဟု မေးစစ်လေ၏။ ထိုအခါ နတ်သား တယောက်သည် အရှင်မင်းကြီး ကျွန်တော်မျိုး၏ သန္တာန်၌ဖြစ်သော စိတ်ကား စစ်မြေပြင်၌ စည်ကြီးကဲ့သို့ ငြိမ်သက်ခြင်းငှါ မတတ်နိုင်ပါဟု လျှောက်လေ၏။

နှစ်ယောက်မြောက် ဖြစ်သော နတ်သားသည် ကျွန်တော်မျိုး၏စိတ်ကား တောင်ကျ မြစ်ကဲ့သို့ လျင်မြန်စွာဖြစ်လျက် ရှိပါသည်ဟု လျှောက်လေ၏။ သုံးယောက်မြောက်ဖြစ်သော နတ်သားသည် ကျွန်တော်မျိုး၏ မျက်စိတို့သည် ဤနတ်သ္မီးကို မြင်ရသောကာလမှစ၍ ပုဇွန်၏ မျက်စိကဲ့သို့ ထွက်ကုန်ပါသည်ဟု လျှောက်လေ၏။ လေးယောက်မြောက်ဖြစ်သော နတ်သားသည်ကား ကျွန်တော်မျိုး၏ စိတ်သည် စေတီ၌ စိုက်အပ်သော တံခွန်ကဲ့သို့ မတုန်မလှုပ် တည်တံ့ခြင်းငှါ မတတ်နိုင်ပါဟု လျှောက်လေ၏။

ထိုအခါ နတ်သားတို့ကို သိကြားမင်းသည် အမောင်နတ်သားတို့ ရှေးဦးစွာ သင်တို့၏ စိတ်တို့သည် နှိမ်နင်းနိုင်သော သဘော ရှိကြကုန်သေး၏။ ငါသည်ကား ဤနတ်သ္မီးကို ရသည်ရှိသော် အသက် ရှင်အံ့။ မရချေသည်ရှိသော် ငါ့အား သေရခြင်း ဖြစ်ပေလတ္တံ့ဟု ဆိုလေ၏။ နတ်သားတို့သည် အရှင်မင်းကြီး အရှင်မင်းကြီးတို့၏ သေခြင်းဖြင့် အလိုမရှိပါဟု ဆိုကုန်၍ ထိုရောဟိနီ နတ်သ္မီးကို သိကြားမင်းအား စွန့်၍ ဖဲသွားကြလေကုန်၏။

ထိုရောဟိနီနတ်သ္မီးသည် သိကြားမင်း၏ လွန်စွာ ချစ်ခင်မြတ်နိုးအပ် နှစ်လိုခြင်းကို ပွားစေ တတ်သော နတ်သ္မီးဖြစ်လေ၏။ ဤမည်သော ကစားပွဲသို့ ကျွန်မတို့ သွားချင်ကြပါသည်ဟု ဆိုသည်ရှိသော် သိကြားမင်းသည် ထိုနတ်သ္မီး၏ စကားကို ပယ်ရှားခြင်းငှါ မတတ်နိုင်ရှာလေ သတည်း။

ရောဟိနီမင်းသ္မီးဝတ္ထုပြီး၏။

---

၂−မထင်ရှားသော ရဟန်းဝတ္ထု

ယောဝေ ဥပ္ပတိတံ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် အဂ္ဂါဠဝစေတီ၌ နေတော်မူစဉ် အမှတ်မရှိသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

သစ်ပင်စောင့်နတ် စိတ်ချုပ်တည်းပုံ

မြတ်စွာဘုရားသည် ရဟန်းသံဃာအား ကျောင်းကို ခွင့်ပြုတော်မူလတ်သည် ရှိသော် ။ဝါ။ ခွင့်ပြုတော်မူခြင်းကြောင့် ရာဇဂြိုဟ်ပြည်၌ သူဌေး စသော သူတို့သည် ကျောင်းတို့ကို ဆောက်လုပ် ကြကုန်သည်ရှိသော် အာဠဝီတိုင်းသား ရဟန်းတပါးသည် မိမိအလို့ငှါ ကျောင်းကို ဆောက်လုပ် လိုသောကြောင့် နှစ်လိုဖွယ် ကောင်းသော သစ်ပင်တပင်ကိုမြှင်လျှင် ဖြတ်ခြင်းငှါ အားထုတ်လေ၏။

ထိုသစ်ပင်၌ဖြစ်သော နေသော ငယ်ရွယ်နုပျိုသော တဦးသော နတ်သည် နုပျိုသော သားငယ်ကို ရင်ခွင်ဖြင့် ပိုက်ချီကာ ရပ်လျက် အရှင်မြတ် တပည့်တော်၏ ဗိမာန်ကို မဖြတ်ပါလင့်။ သားငယ်ကို ပိုက်ချီလျက် နေစရာ မရှိသဖြင့် သွားလာ လှည့်လည်ခြင်းငှါ မတတ်နိုင်ပါဘုရားဟု လျှောက်ထား တောင်းပန်ရှာလေ၏။

ထိုရဟန်းသည် တပါးသော အရပ်၌ ဤသို့သဘောရှိသော သစ်ပင်ကို မရနိုင်လတ္တံ့ဟု ထိုနတ်၏ စကားကို နားမထောင်ရကား နတ်သည် ဤသားငယ်ကိုလည်း ရှေးဦးစွာ ကြည့်ရှုရလျှင် ရှောင်ကြဉ် ပေလတ္တံ့ ဟု နှလုံးပြု၍ သားငယ်ကို သစ်ကိုင်း၌ ထားလေ၏။ ထိုရဟန်းသည်လည်း မြှောက်ချီ အပ်သော ပုဆိန်ကို တည်တံ့စိမ့်သောငှါ မတတ်နိုင်ရကား နတ်သူငယ်၏ လက်ရုံးကို ဖြတ်မိလေ၏။

နတ်သည် အားကြီးစွာဖြစ်သော အမျက်ဒေါသ ရှိခြင်းကြောင့် ပုတ်ခတ်၍ ထိုရဟန်းကို သတ်တော့အံ့ ဟု လက်နှစ်ဘက်တို့ကို မြှောက်ချီပြီးမှ ရှေးဦးစွာ ဤသို့ ကြံလေ၏ ဤရဟန်း သည်လည်း သီလရှိသော ရဟန်းဖြစ်၏။ ငါသည် ဤရဟန်းကို အကယ်၍ သတ်မိငြားအံ့ ငရဲသို့ လားရပေ တော့အံ့။ ကြွင်းသော နတ်တို့သည်လည်း မိမိ၏ သစ်ပင်ကို ဖြတ်ကုန်သော ရဟန်းတို့ကို မြင်လျှင် ဤမည်သော နတ်သည် ရဟန်းကို ဤသို့သတ်လေ၏ဟု ငါ့ကို နှိုင်းယှဉ်ခြင်းကိုပြု၍ ရဟန်းတို့ကို သတ်ကြကုန်လတ္တံ့။

ဤရဟန်းသည်လည်း အရှင်သခင်ရှိသော ရဟန်းဖြစ်၏။ အရှင်သခင် ဖြစ်သော မြတ်စွာဘုရားအား သာလျှင် လျှောက်ကြားတော့အံ့ဟု ကြံပြီးလျှင် မြှောက်ချီသော လက်တို့ကို ပယ်၍ ငိုကြွေးလျက် မြတ်စွာဘုရား၏ အထံတော်သို့သွားသဖြင့် ရှိခိုးပြီးလျှင် တင့်အပ် လျောက်ပတ်သောအရပ်၌ ရပ်တည် နေလေ၏။ ထိုအခါ နတ်ကို မြတ်စွာဘုရားသည် နတ် အဘယ်သို့ ဖြစ်ဘိသနည်း ဟု မိန့်တော်မူလေ၏။

နတ်သည် ဘုန်းတော် ကြီးတာ်မူသော မြတ်စွာဘုရား ရှင်တော်မြတ်ဘုရားတို့၏ တပည့် ရဟန်း သည် တပည့်တော်အား ဤမည်သော အမှုကို ပြုပါသည်ဘုရား။ တပည့်တော်သည် ထိုရဟန်းကို သတ်ခြင်းငှါ အလိုရှိသည်ဖြစ်လျက် ဤမည်သော အကြောင်းကို ကြံစည်ပြီးလျှင် မသတ်မူ၍ သာလျှင် ဤဘုရားရှင် ရှိတော်မူရာ အရပ်သို့ လာပါသည် ဘုရားဟု အလုံးစုံသော ထိုအကြောင်းကို အကျယ်အားဖြင့် လျှောက်ကြားလေ၏။

မြတ်စွာဘုရားသည် ထိုလျှောက်ချက်စကားကို ကြားတော်မူရလျှင် နတ် ကောင်းပေစွ ကောင်းပေစွ သင်သည် ကောင်းသော အမှုကို ပြုအပ်ပေ၏။ ပြေးသော ရထားကို ရပ်တားနှိပ်နင်း နိုင်ဘိသကဲ့သို့ ဤသို့ထွက်သော အမျက်ဒေါသကို ရပ်တား နှိပ်နင်းလျက် လာခဲ့ပေသည် တကားဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

---

ဒေသနာတော်

၂၂၁။ ယောဝေ ဥပ္ပတိတံ ကောဓံ၊ ရထံ ဘန္တံဝ ဝါရယေ။
တမဟံ သာရထိံ ဗြုမိ၊ ရသ္မိဂါဟော ဣတရော ဇနော။

ယော၊ အကြင်သူသည်။
ဝေ၊ စင်စစ်။
ဥပ္ပတိတံ၊ ဖြစ်သော။
ကောဓံ၊ အမျက်ဒေါသကို။
ဘန္တံ၊ အဟုန်ဖြင့် လျင်စွာပြေးသွားသော။
ရထံ၊ ရထားကို။
ဝါရယေ ဣဝ၊ တားမြစ်နိုင်ဘိသကဲ့သို့။
ဝါရယေ၊ တားမြစ်နိုင်ရာ၏။
တံ၊ ထိုသူကို။
သာရထိ၊ လိမ္မာသောရထားထိန်းဟူ၍။
အဟံ၊ ငါဘုရားသည်။
ဣမိ၊ ဟောတော်မူ၏။
ဣတရော၊ ဤသူမှတပါးသော။
ဇနော၊ ပြည့်ရှင်မင်း အိမ်ရှေ့မင်း စသည်တို့၏ ရထားထိန်းသည်။
ရသ္မိဂါဟော၊ ကြိုးဆွဲသမား ကြိုးကိုင်သမားသာ မည်၏။

(မြတ်သော ရထားထိမ်း မမည်ဟူလို) ။

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ နတ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ် အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူ၏။

---

ဘုရားသခင်သည် နတ်အား သစ်ပင်ကို ညွှန်ပြတော်မူခြင်း

နတ်သည် သောတာပန် ဖြစ်ပြီးသော်လည်း ငိုကြွေး မြည်တမ်းလျက်သာ နေလေ၏။ ထိုအခါ ထိုနတ်ကို မြတ်စွာဘုရားသည် နတ် အကြောင်းကား အသို့နည်းဟု မေးတော်မူလျှင် မြတ်စွာဘုရား တပည့်တော်၏ ဗိမာန်သည် ပျက်စီးခဲ့ပါပြီ။ ယခုအခါ အဘယ်သို့ ပြုရပါအံ့နည်းဘုရား ဟု လျှောက်လတ်သော် နတ် မကြံစည်လင့်။ မစိုးရိမ်လင့်။ ငါဘုရားသည် သင့်အား ဗိမာန်ကို ပေးအံ့ဟု မိန့်တော်မူ၏။

ဇေတဝန်ကျောင်းတော် ဂန္ဓကုဋိအနီး ရှေးဖြစ်သောနေ့၌ စုတေလေပြီးသော နတ်ရှိသော သစ်ပင် တပင်ကို ညွှန်ပြတော်မူလျက် ဤမည်သော အရပ်၌ ရှိသော သစ်ပင်သည် နတ်သားမှ ဆိတ်၏။ ထိုသစ်ပင်သို့ ချဉ်းကပ်ချေလောဟု မိန့်တော်မူလေ၏။ နတ်သည် သစ်ပင်သို့ ချဉ်းကပ်လေ၏။

ထိုနေ့မှစ၍ ဤနတ်၏ ဗိမာန်သည် ဘုရားရှင်ပေးအပ်သော ဗိမာန်တည်းဟု တန်ခိုးကြီးသော နတ်တို့သော်လည်း လာ၍ ထိုနတ်ကို တုန်လှုပ်စေခြင်းငှာ မတတ်နိုင်ကြ။ မြတ်စွာဘုရားသည် ထိုအကြောင်းကို အကြောင်းရှင်းပြု၍ ရဟန်းတော်တို့အား ဘူတဂါမ် သိက္ခာပုဒ်ကို ပညတ်တော်မူ လေ၏။

မထင်ရှားသော ရဟန်း ဝတ္ထုပြီး၏။

၃ - ဥတ္တရာဥပါသိကာမဝတ္ထု

အကောဓေန ဇိနေကောဓံ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ဥတ္တရာ၏ အိမ်၌ ဆွမ်းဘုဉ်းပေးခြင်း ကိစ္စကို ပြုတော်မူပြီးသည်ရှိသော် ဥတ္တရာမည်သော ဒါယိကာမကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဆင်းရဲသား မောင်ပုဏ္ဏ လယ်ထွန်သွားခြင်း

ထိုဂါထာကို ဟောတော်မူရာ၌ ဤဆိုလတ္တံ့သည်ကား စကားအစဉ်တည်း။ ရာဇဂြိုဟ်ပြည်၌ သုမနအမည်ရှိသော သူဌေးကိုမှီ၍ ပုဏ္ဏ အမည်ရှိသော သူဆင်းရဲသည် အခစားအမှုပြုလျက် အသက်မွေးသတတ်။ ထိုပုဏ္ဏအား မယားသည်၎င်း ဥတ္တရာအမည်ရှိသော သ္မီးသည်၎င်း ဤသို့ နှစ်ယောက်ကုန်သော အိမ်၌ နေသောသူတို့သည် ရှိကုန်၏။

ထိုအခါ တနေ့သ၌ ခုနစ်ရက်ပတ်လုံး နက္ခတ်သဘင် ကစားရမည်ဟု ရာဇဂြိုဟ်ပြည်၌ ကြွေးကြော်ခြင်းကို ပြုကြကုန်၏။ ထိုစကားကို ကြားရလျှင် သုမနသူဌေးသည် နံနက်စောစောကသာလျှင် ရောက်လာသော ပုဏ္ဏကိုခေါ်၍ အမောင် ငါတို့၏ ထက်ဝန်းကျင် အမှုလုပ် လူအပေါင်းသည် နက္ခတ်သဘင်ကို ကစားခြင်းငှါ အလိုရှိ၏။ အမောင်ကား အသို့နည်း နက္ခတ်သဘင်ကို ကစားအံ့လော သို့တည်းမဟုတ် အခစားအမှုကို ပြုလုပ်အံ့လောဟု ဆိုလေ၏။

အရှင်သူဌေးကြီး နက္ခတ်သဘင် ပျော်ရွှင် ကစားခြင်းမည်သည် ဥစ္စာရှိသူတို့ အလို့ငှါ ဖြစ်ပေါ် ရပါသည်။ ကျွန်တော်၏အိမ်၌ကား နက်ဖြန်အလို့ငှါ ယာဂုကြိုစရာ ဆန်မျှလည်း မရှိသေးပါ။ ကျွန်တော်အား နက္ခတ်သဘင် ကစားခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း။ နွားတို့ကို ရသည်ရှိသော် လယ်ထွန်ခြင်းငှါ သွားပါ့မည်ဟု ဆိုရကား ထိုသို့ဖြစ်မူ နွားတို့ကို ယူလော့ဟု ဆိုလေ၏။

ထိုပုဏ္ဏသည် အားရှိသော နွားတို့ကို၎င်း ထွန်ကို၎င်း ယူခဲ့ပြီးလျှင် နှမ မြို့သူမြို့သားတို့သည် နက္ခတ်သဘင်ကို ပျော်ရွှင်စွာ ကစားကြကုန်၏။ ငါကား ဆင်းရဲခြင်းကြောင့် အခစားအမှု ပြုလုပ်ခြင်းငှါ သွားပေအံ့။ ငါ၏အလို့ငှါလည်း ယနေ့ များများနှစ်ဆဖြစ်သော ရိက္ခာကို ချက်၍ ထမင်းကို ဆောင်ခဲ့လေလော့ဟု ဆိုလျက် မယားအား မှာထား၍ လယ်တောသို့ သွားလေ၏။

ရှင်သာရိပုတြာအား ရေဒန်ပူလှူခြင်း

ရှင်သာရိပုတြာမထေရ်သည်လည်း ခုနစ်ရက်ပတ်လုံး နိရောဓသမာပတ်ကို ဝင်စားတော်မူသည်ဖြစ်၍ ထိုနေ့၌ ထပြီးလျှင် ငါသည် အဘယ်သူအား ယနေ့ ချီးမြှောက်ခြင်းကို ပြုသင့်ပေသနည်းဟု ကြည့်ရှုလတ်သည်ရှိသော် မိမိ၏ ဉာဏ်တည်းဟူသော ကွန်ရက်အတွင်းသို့ ဝင်ရောက်လာသော ပုဏ္ဏကို မြင်တော်မူလျှင် ဤပုဏ္ဏသည် သဒ္ဓါတရားရှိအံ့လော ငါ့အား ချီးမြှောက်ခြင်းကို ပြုခြင်းငှါ တတ်နိုင်ကောင်းအံ့လောဟု ကြည့်ရှုပြန်သည်ရှိသော် ထိုပုဏ္ဏ၏ သဒ္ဓါတရားရှိသည်အဖြစ်ကို၎င်း ချီးမြှောက်ခြင်းငှါ စွမ်းနိုင်သည်အဖြစ်ကို၎င်း ထိုချီးမြှောက်ခြင်းဟူသော အကြောင်းကြောင့်သာလျှင် ပုဏ္ဏအား များစွာသော စည်းစိမ်ချမ်းသာ ရအံ့သည်ကို၎င်း သိတော်မူသဖြင့် သပိတ်သင်္ကန်းကို ယူတော်မူလျက် ထိုပုဏ္ဏ၏ လယ်ထွန်ရာအရပ်သို့ သွားပြီးလျှင် ရေတွင်း၏ ကမ်းပါး၌ ချုံတခုကိုကြည့်ရှုကာ ရပ်တော်မူလေ၏။

ပုဏ္ဏသည် ရှင်သာရိပုတြာမထေရ်ကိုမြင်လျှင်မြင်ခြင်း လယ်ထွန်ခြင်းကို ရပ်ထား၍ ငါးပါးသော တည်ခြင်းဖြင့် ရှင်သာရိပုတြာမထေရ်ကို ရှိခိုးပြီးလျှင် ဒန်ပူဖြင့် အလိုတော်ရှိသည်ဖြစ်လတ္တံ့ဟု နှလုံးပြု၍ ဒန်ပူကို ဖြတ်တောက်ခြင်းကို ပြု၍ ပေးလှူလေ၏။ ထိုအခါ ပုဏ္ဏအား မထေရ်မြတ်သည် သပိတ်ကို၎င်း ရေစစ်ကို၎င်း ထုတ်၍ပေးတော်မူလေ၏။ ပုဏ္ဏသည် သောက်ရေဖြင့် အလိုတော်ရှိသည်ဖြစ်လတ္တံ့ဟု သပိတ်နှင့်ရေစစ်ကို ယူပြီးလျှင် သောက်ရေကိုစစ်၍ လှူဒါန်းဆက်ကပ်လေ၏။

ရှင်သာရိပုတြာမထေရ်သည် ဤသူကား သူတပါးတို့၏ အိမ်နောက်၌ နေရရှာ၏။ ထိုအိမ်တံခါးသို့ အကယ်၍ ငါသွားခဲ့ငြားအံ့။ ဤသူ၏ မယားသည် ငါ့ကိုဖူးမြင်ခြင်းငှါ မရနိုင်လတ္တံ့။ အကြင်မျှလောက် ကာလပတ်လုံး ဤပုဏ္ဏ၏ အလို့ငှါ ထမင်းကိုယူ၍ ခရီးလမ်းမသို့ ရောက်လာ၏။ ထိုမျှလောက် ကာလပတ်လုံး ဤအရပ်၌သာလျှင် ဖြစ်ဦးအံ့ ဆိုင်းငံ့ကာ နေဦးအံ့ဟု ကြံစည်တော်မူလေ၏။

မောင်ပုဏ္ဏ၏ မယား ဆွမ်းလှူခြင်း

ထို ရှင်သာရိပုတြာသည် ထိုအရပ်၌သာလျှင် အတန်ငယ်ကာလကို လွန်စေတော်မူပြီးလျှင် သူဆင်းရဲမ၏ ခရီးလမ်းမသို့ တက်သည်အဖြစ်ကို သိတော်မူသဖြင့် မြို့တွင်းသို့ ရှေးရှုကြွသွားတော်မူလေ၏။ သူဆင်းရဲမသည် ခရီးလမ်းမအလယ်၌ ရှင်သာရိပုတြာမထေရ်ကို မြင်ရလျှင် ဤသို့ ကြံမိလေ၏။

ငါသည် တရံတခါ လှူဖွယ် ဝတ္ထုရှိလျက် အရှင်မြတ်ကိုမမြင်။ တရံတခါ ငါ၏အရှင်မြတ်ကို မြင်ရပါ၏ လှူဖွယ်ဝတ္ထုမရှိ။ ယနေ့မူကား ငါသည် အရှင်မြတ်ကိုလည်း မြင်ရ၏။ ဤလှူဖွယ်ဝတ္ထုသည်လည်း ရှိခဲ့၏။ ငါ့အား ချီးမြှင့်ခြင်း ပြုပါလိမ့်မည်လောဟု ကြံပြီးလျှင် ထိုသူဆင်းရဲမသည် ထမင်းခွက်ကိုချ၍ မထေရ်မြတ်ကို ငါးပါးသော တည်ခြင်းဖြင့် ရှိခိုးပြီးလျှင် အရှင်ဘုရား ဤဆွမ်းကို ညံ့ဖျင်း၏ ဟူ၍၎င်း မွန်မြတ်၏ ဟူ၍၎င်း ကြံစည်တော်မမူပါဘဲ အရှင်ဘုရားတို့၏ ကျေးကျွန်တပည့်မအား ချီးမြှောက် ထောက်ပံ့ခြင်းအမှုကို ပြုတော်မူကြပါဘုရားဟု လျှောက်ကြားလေ၏။

မထေရ်မြတ်သည် သပိတ်ကို ညွှတ်တော်မူပြီးလျှင် ထိုသူဆင်းရဲမသည် လက်တဘက်ဖြင့် ထိုထမင်းခွက်မှ (ထမင်းကို) ဆွမ်းကို လှူဒါန်းစဉ် ထက်ဝက်သော ဆွမ်းကို လှူအပ်သည်ရှိသော် တန်ပြီဟူ၍ လက်တော်ဖြင့် သပိတ်ကို ပိတ်တော်မူ၏။

ထိုသူဆင်းရဲမသည် အရှင်ဘုရား တယောက်စာအတွက် တခုသောအဖို့ကို နှစ်ဖို့ပြုခြင်းငှါ မတတ်ကောင်းပါဘုရား။ အရှင်ဘုရားတို့၏ ကျေးကျွန်အား ဤပစ္စုပ္ပန်လောကအတွက် ချီးမြှောက်သင်္ဂြိုဟ်ခြင်းကို ပြုတော်မမူပါဘဲ တမလွန်လောကအတွက် ချီးမြှောက်သင်္ဂြိုဟ်ခြင်းကို ပြုတော်မူကြပါဘုရား။ အကြွင်းမဲ့သာလျှင် လှူခြင်းငှါ အလိုရှိပါသည်ဘုရားဟု လျှောက်ကြားပြီးလျှင် အလုံးစုံသော ဆွမ်းကိုသာလျှင် ရှင်သာရိပုတြာမထေရ်မြတ်၏ သပိတ်တော်၌ လောင်းထည့်သဖြင့် အရှင်ဘုရားတို့ သိမြင်အပ်သော တရား၏သာလျှင် အဖို့ရှိသည်ဖြစ်ပါစေသောဟု ပတ္ထနာအမှု ဆုတောင်းခြင်းကို ပြုလေ၏။

ရှင်သာရိပုတြာမထေရ်သည် ဤသို့ တောင်းသည့် ဆုအတိုင်း ပြည့်စုံစေသောဟု မိန့်တော်မူပြီးလျှင် ရပ်တော်မူလျက်သာလျှင် အနုမောဒနာကိုပြု၍ ရေရလွယ်၍ ချမ်းသာရာအရပ်တခု၌ နေထိုင်ကာ ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုတော်မူလေ၏။

မောင်ပုဏ္ဏ၏ မယား ကုသိုလ်ပွားအောင် ပြောပြပုံ

သူဆင်းရဲမသည်လည်း အိမ်သို့ ပြန်လည်၍ ဆန်တို့ကို ရှာပြီးလျှင် ထမင်းကို ချက်ရပြန်လေ၏။ ပုဏ္ဏသည်လည်း ရှစ်မင်းပယ်မျှလောက်သော အရပ်ကို လယ်ထွန်ပြီးလျှင် မွတ်သိပ် ဆာလောင်ခြင်းကို သည်းခံခြင်းငှါ မတတ်နိုင်ရကား နွားတို့ကို လွှတ်လိုက်၍ တခုသော သစ်ပင်ရိပ်သို့ ဝင်သဖြင့် လမ်းခရီးကို မျှော်ကြည့်ကာ နေရှာလေ၏။ ထိုအခါ ပုဏ္ဏ၏မယားသည် ထမင်းကိုယူ၍ သွားသည်ရှိသော် ထိုပုဏ္ဏကို မြင့်လျှင်မြင်ခြင်း ဤပုဏ္ဏသည် မွတ်သိပ်ဆာလောင်ခြင်းဖြင့် နှိပ်စက်ခြင်းကြောင့် လမ်းခရီးကို မျှော်ကြည့်ကာ နေရှာလေ၏၊ ငါ့ကို အလွန်လျှင် ကြာမြင့်လှဘိ၏ဟု မောင်းမဲ၍ နှင်တံရိုးဖြင့် အကယ်၍ ပုတ်ခတ်သည်ဖြစ်အံ့ ငါပြုအပ်သော ကောင်းမှုသည် အကျိုးမရှိ ဖြစ်တော့အံ့၊

ထိုခင်ပွန်းသည် ပုဏ္ဏအား ရှေးဦးမဆွ ကြိုတင်၍သာလျှင် ပြောကြားပေတော့အံ့ဟုကြံ၍ အရှင် ယနေ့ တနေ့ပတ်လုံး စိတ်ကို ကြည်ဖြူစေပါလော့။ ကျွန်မပြုအပ်သော ကောင်းမှုကို အကျိုးမဲ့ မပြုပါလင့်။ ကျွန်မသည် နံနက်စောစောကသာလျှင် ထမင်းကို ဆောင်ယူခဲ့လေရာ လမ်းခရီး အကြား၌ တရားစစ်သူကြီးဖြစ်သော ရှင်သာရိပုတြာကို ဖူးမြင်ရ၍ ထိုထမင်းကို ထိုရှင်သာရိပုတြာအား လှူဒါန်းပြီးမှ တဖန် ပြန်သွား၍ ထမင်းချက်ပြီး လာရပါသည်။ စိတ်ကို ကြည်ဖြူစေပါလော့ဟု တင်ကြိုကာ ဆိုရှာလေ၏။

ထိုသူဆင်းရဲပုဏ္ဏသည် ချစ်နှမ သင်သည် အဘယ်စကားကို ဆိုသနည်းဟု မေးလေသောကြောင့် တဖန် ထိုအကြောင်းကို ကြားပြန်လတ်သော် ချစ်နှမ ငါ့အလို့ငှါ ဆောင်ခဲ့သော ထမင်းကို ရှင်သာရိပုတြာအား ပေးလှူခြင်းအားဖြင့် သင်ပြုအပ်သော အမှုသည် ကောင်းလေစွတကား။ ငါသည်လည်း ရှင်သာရိပုတြာအား ယနေ့ နံနက်စောစောကပင်လျှင် ဒန်ပူနှင့် မျက်နှာသစ်တော်ရေကိုလည်း လှူရလေပြီဟု ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ထိုမယားဆိုသော စကားကို အလွန် နှစ်သက်ဝမ်းမြောက်လေ၏။

အလွန်နေမြင့်သော အခါကာလ၌ ရအပ်သော ထမင်းရှိသောကြောင့် ပင်ပန်းသောကိုယ်ရှိသည်ဖြစ်ရကား ထိုမယား၏ ရင်ခွင်၌ ဦးခေါင်းထားသည်ကိုပြု၍ အိပ်ပျော်ခြင်းသို့ ရောက်လေ၏။

ရွှံ့မှ ရွှေ ဖြစ်ခြင်း

ထိုအခါ မောင်ပုဏ္ဏ၏ နံနက်စောစောကပင်လျှင် လယ်ထွန်သော နေရာအရပ် တခုလုံးသည် မြေမှုံကို အစပြု၍ နီသောရွှေဖြစ်၍ မဟာလှေကားပန်းပွင့် အစုကဲ့သို့ တင့်တယ်လျက် တည်လေ၏။ မောင်ပုဏ္ဏ နိုးလတ်သဖြင့် ကြည့်ရှုပြီးလျှင် မယားကို ချစ်နှမ ထိုလယ်ထွန်ရာ အရပ်တခုလုံးသည် ငါ့အားရွှေ့ဖြစ်၍ထင်၏ဟု ဆိုပြီးလျှင် အသို့နည်း အလွန်နေမြင့်သော အခါကာလ၌ ရအပ်သော ထမင်းရှိသည်အဖြစ်ကြောင့် ငါ၏မျက်စိတို့သည် လည်လေကုန်သလောဟု ဆိုလေ၏။

မယားသည်လည်း အရှင် ကျွန်မအားလည်း ဤအတူသာလျှင် ထင်၏ဟု ဆိုလတ်သော် မောင်ပုဏ္ဏသည် ထတဲ့၍ ထိုလယ်ထွန်ထားရာ အရပ်သို့ သွားပြီးလျှင် တခုသော အစိုင်အခဲကို ယူသဖြင့် ထွန်တုံးစွန်း၌ ပုတ်ခတ်လိုက်သည်ရှိသော် ရွှေ၏အဖြစ်ကို သိရသောကြောင့် သြော် အံ့ဖွယ်ရှိလှပေ၏တကား။ တရားစစ်သူကြီးဖြစ်သော ရှင်သာရိပုတြာအား ပေးလှူအပ်သော အလှူဒါနသည် ယနေ့ပင်လျှင် အကျိုးကိုပြအပ်ပေပြီ။

ဤမျှလောက်သော ဥစ္စာကို ဖုံးလွှမ်း၍ သုံးဆောင်ခြင်းငှါ မတတ်ကောင်းပေတကားဟု နှလုံးပြုလျက် မယားသည်ဆောင်ယူခဲ့သော ထမင်းခွက်ကို ရွှေဖြင့်ပြည့်စေ၍ မင်းအိမ်သို့ သွားပြီးလျှင် မင်း၏ပြုအပ်သော အခွင့်ရရှိလတ်သည်ရှိသော် ဝင်သွားသဖြင့် မင်းကြီးကို ရှိခိုးလေသောကြောင့် အမောင်တို့ အကြောင်းအဘယ်သို့ ရှိသနည်းဟု မိန့်ဆိုလတ်သည်ရှိသော် အရှင်မင်းကြီး ယနေ့ အရှင့်ကျွန်တော်မျိုး လယ်ထွန်ရာ အရပ်တခုလုံးသည် ရွှေဖြင့် ပြည့်သည်သာလျှင်ဖြစ်၍ တည်နေပါသည် ဤရွှေကို ဆောင်ယူစေခြင်းငှါ သင့်လျော်ပါသည်ဘုရားဟု သံတော်ဦးတင်လေ၏။

(ဤနေရာ၌ မင်းကြီးဟု သာမညဆိုသော်လည်း ဗိမ္ဗိသာရမင်းကြီးဟု သိအပ်၏။)

သင် အဘယ်သူ ဖြစ်သနည်းဟု မိန့်လတ်သော် ကျွန်တော်မျိုးသည် ပုဏ္ဏမည်သောသူ ဖြစ်ပါသည်ဘုရားဟု လျှောက်တင်လေ၏။ သင်သည် ယနေ့ အဘယ်သို့သော ကောင်းမှုကို ပြုလေဘိသနည်းဟု မေးပြန်လတ်သော် ကျွန်တော်မျိုးသည် ယနေ့ နံနက်စောစောကပင်လျှင် ရှင်သာရိပုတြာအား ဒန်ပူကို၎င်း မျက်နှာသစ်တော်ရေကို၎င်း လှူဒါန်းပါသည်။ ကျွန်တော်မျိုး၏ မယားသည်လည်း ပို့ဆောင်လာသော ထမင်းကို ရှင်သာရိပုတြာအားသာလျှင် လှူဒါန်းရပါသည်ဘုရားဟု လျှောက်တင်လေ၏။

ထိုစကားကို ကြားရလျှင် မင်းကြီးသည် အချင်းတို့ ယနေ့ပင်လျှင် တရားစစ်သူကြီးဖြစ်တော်မူသော ရှင်သာရိပုတြာအား ပေးလှူအပ်သော အလှူသည် အကျိုးကို ပြလေသတတ်ဟု မိန့်ဆိုတော်မူ၍ အမောင်ပုဏ္ဏ ငါအဘယ်သို့ ပြုရအံ့နည်းဟု မေးလေ၏။ များစွာသော လှည်းအထောင်တို့ကို စေလွှတ်၍ ရွှေကိုဆောင်ယူစေတော်မူကြပါဘုရားဟု လျှောက်တင်သဖြင့် မင်းကြီးသည် လှည်းတို့ကို စေလွှတ်တော်မူလေ၏။

မောင်ပုဏ္ဏ သူဌေးရာထူး ရရှိခြင်း

မင်းချင်းယောက်ျားတို့သည် မင်းကြီး၏ဥစ္စာဟုဆို၍ ယူကြကုန်သည်ရှိသော် ယူတိုင်းယူတိုင်းသော ရွှေသည် မြေစိုင်ခဲသာလျှင်ဖြစ်၏။ မင်းချင်းယောက်ျားတို့သည် ပြန်သွား၍ မင်းကြီးအား လျှောက်ကြားခြင်းကြောင့် သင်တို့သည် အဘယ်သို့ဆို၍ ယူဘိသနည်းဟု မေးမြန်းအပ်သည်ရှိသော် အရှင်မင်းကြီးတို့၏ ဥစ္စာဟုဆို၍ ယူပါသည်ဟု လျှောက်တင်ကြလေကုန်၏။

အမောင်တို့ ငါသည် အဘယ်အရပ်မှ ရလတ္တံ့နည်းဟု မိန့်ဆိုပြီးလျှင် မောင်ပုဏ္ဏ၏ ဥစ္စာဟုဆို၍ ယူကြကုန်လော့ဟု မိန့်တော်မူလိုက်သည်ရှိသော် ထိုမင်းချင်းယောကျ်ားတို့သည် မင်းကြီးဆိုတိုင်း ပြုကြလေကုန်၏။ ယူတိုင်းယူတိုင်းသော ဥစ္စာသည် ရွှေသာလျှင် ဖြစ်လေ၏။

အလုံးစုံသော ရွှေတို့ကို ဆောင်ယူပြီးလျှင် မင်းယင်ပြင်၌ အစုအပုံ ပြုကြကုန်၏။ အတောင်ရှစ်ဆယ်မြင့်သော အစုအပုံသည်ဖြစ်လေ၏။ မင်းကြီးသည် မြို့သူမြို့သားတို့ကို စည်းဝေးစေပြီးလျှင် ဤမင်းနေပြည်တော်၌ တစုံတယောက်သောသူအား ဤမျှလောက်သော ရွှေသည် ရှိသလောဟု မေးလေ၏။ အရှင်မင်းကြီး မရှိပါဟု လျှောက်တင်လတ်သော် ထိုသူအား အဘယ်ရာထူးကို ပေးကမ်းချီးမြှောက်ခြင်းငှါ သင့်မည်နည်းဟု မေးတော်မူပြန်လေ၏။

အရှင်မင်းကြီး သူဌေးတို့ ဆောင်းသောထီးကို ပေးကမ်းချီးမြှောက်ခြင်းငှါ သင့်လျော်လျောက်ပတ်ပါသည်ဟု လျှောက်တင်လတ်သော် မင်းကြီးသည် များသောဥစ္စာရှိသည်ကို အစွဲပြု၍ ဗဟုဓနသူဌေးမည်သောသူ ဖြစ်စေဟု များစွာသော စည်းစိမ်နှင့်တကွ ထိုပုဏ္ဏအား သူဌေးဆောင်းသော ထီးကို ပေးသနားတော်မူ၍ သူဌေးရာထူးဖြင့် ချီးမြှောက်လေ၏။

ရွှေအိုးများစွာ ရခြင်းနှင့် သောတာပန် တည်ခြင်း

ထိုအခါ မင်းကြီးကို သူဌေးမောင်ပုဏ္ဏက အရှင်မင်းကြီး ကျွန်တော်မျိုးတို့သည် ဤမျှလောက်သော ကာလပတ်လုံး သူတပါးအိမ်၌ နေကြပါကုန်၏။ ကျွန်တော်မျိုးအား နေရာအရပ်ကို သနား ကယ်မတော်မူကြပါဦးဟု လျှောက်တင်လေ၏။ ထိုသို့ဖြစ်မူ ကြည့်ရှုစမ်းလော့ ထိုချုံသည် ထင်ရှား၏။ ထိုချုံကို သုတ်သင်ရှင်းလင်းပြီးလျှင် အိမ်ဆောက်ချေလော့ဟု ရှေးသူဌေးတဦး၏ အိမ်နေရာအရပ်ကို ညွှန်ကြားတော်မူလေ၏။

ထိုပုဏ္ဏသူဌေးသည် ထိုအရပ်၌ နှစ်ရက်သုံးရက်ဖြင့်သာလျှင် အိမ်ရာကို သုတ်သင်စေသဖြင့် ထိုအိမ်နေရာ၌ ရွှေအိုးအပေါင်းသည် တအိုးနှင့်တအိုး ထိခိုက်လျက်ရှိ၏။ ထိုရွှေအိုးအပေါင်းကို ထုတ်ဖော်၍ မင်းကြီးကို အရှင်မင်းကြီး ရွှေအိုးအပေါင်းကို ယူငင်သိမ်းပိုက်တော်မူပါဘုရားဟု သိသာအောင် လျှောက်တင်လေ၏။

သင်၏ ကောင်းမှုကြောင့် ရအပ်သော ရွှေအိုးအပေါင်းကို သင်သာ ယူလေလော့ဟု မိန့်တော်မူပြန်သဖြင့် များစွာသော ဥစ္စာကိုရ၍ အိမ်ကို ဆောက်လုပ်စေပြီးလျှင် အိမ်တက်မင်္ဂလာကို၎င်း ထီးဆောင်းမင်္ဂလာကို၎င်း တပြိုင်နက်တည်းသာလျှင် ပြုလုပ်လျက် ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းအား အလှူကို လှူဒါန်းလေ၏။

ထိုအခါ ပုဏ္ဏသူဌေးအား မြတ်စွာဘုရားသည် အနုမောဒနာပြုတော်မူလျက် အစဉ်အတိုင်းသော တရားစကားကို ဟောကြားတော်မူလေ၏။ တရားစကား ဟောကြားတော်မူပြီးသည့် အဆုံး၌ ပုဏ္ဏသူဌေးသည်၎င်း ပုဏ္ဏသူဌေး၏ မယားသည်၎င်း သ္မီး ဥတ္တရာသည်၎င်း ဤသုံးယောက်သောသူတို့သည် သောတာပန်ဖြစ်ကြလေကုန်၏။

သ္မီးဥတ္တရာ မိစ္ဆာဒိဋ္ဌိအိမ်၌ စိတ်ဆင်းရဲရခြင်း

နောက်အဖို့၌ ရာဇဂြိုဟ်သူဌေးကြီးသည် ပုဏ္ဏသူဌေး၏သ္မီး ဥတ္တရာကို မိမိ၏သားအား ပေးစိမ့်သောငှါ အလိုရှိသည့်ဖြစ်၍ ပုဏ္ဏသူဌေးအား ဖိတ်ကြားတောင်းရမ်းလေ၏။ ပုဏ္ဏသူဌေးသည် အကျွန်ုပ်ကား မပေးနိုင်ပါဟု ဆိုလတ်သော် ဤသို့ မပြုစေချင်ပါ ဤမျှလောက်သော ကာလပတ်လုံး ငါတို့ကိုမှီ၍နေသဖြင့်သာလျှင် သင်သည် စည်းစိမ်ချမ်းသာကို ရအပ်ပေ၏။ ငါ့သားအား သ္မီးဥတ္တရာကို ပေးစေချင်ပါသည်ဟု ဆိုလေ၏။

ထိုသူဌေးမင်း၏ သားသည် မှားသော အယူရှိသော မိစ္ဆာဒိဋ္ဌိဖြစ်ပါသည်။ အကျွန်ုပ်၏သ္မီးသည် ရတနာသုံးပါးတို့နှင့် ကင်း၍နေခြင်းငှါ မတတ်နိုင်ပါ။ ထို့ကြောင့် ထိုသူဌေးမင်း၏ သားအား သ္မီးဥတ္တရာကို မပေးနိုင်ပါဟု ဆိုလေ၏။ ထိုအခါ ပုဏ္ဏသူဌေးကို များစွာသော သူဌေးအပေါင်းစသော အမျိုးကောင်းသားတို့သည် ရာဇဂြိုဟ်သူဌေးကြီးနှင့် ချစ်ကျွမ်းဝင်ခြင်းကို မဖျက်ပါလင့် (မိတ်မဖျက်ပါလင့်) ထိုသူဌေးသားအား သ္မီးဥတ္တရာကို ပေးပါလော့ဟု တောင်းပန်စကား ပြောကြားကြလေကုန်၏။

ထိုပုဏ္ဏသူဌေးသည် သူဌေးအပေါင်း စသော အမျိုးကောင်းသားတို့၏ စကားကို ဝန်ခံပြီးလျှင် ဝါဆိုလပြည့်နေ့၌ သ္မီးကို ပေးရလေ၏။ ထိုသ္မီးဥတ္တရာသည် လင့်အိမ်သို့ ရောက်သွားသောအခါမှစ၍ ရဟန်းယောက်ျားကို၎င်း ရဟန်းမိန်းမကို၎င်း ဆည်းကပ်ခြင်းငှါ၎င်း အလှူပေးခြင်းငှါ၎င်း တရားနာခြင်းငှါ၎င်း မရရှာခဲ့လေပြီ။

ဤသို့လျှင် နှစ်လခွဲတို့သည် လွန်လတ်ကုန်သည်ရှိသော် အနီးအပါး၌ နေသော အလုပ်အကျွေးကို ယခုအခါ ဝါတွင်းကာလ၏ အကြွင်းဖြစ်သော နေ့ရက်သည် အဘယ်မျှ ရှိသေးသနည်းဟု မေးလေ၏။ အရှင်မ တဆဲ့ငါးရက် ရှိပါသေး၏ဟု ပြောဆိုလတ်သော် ဥတ္တရာသည် ဖခင်၏ အထံသို့ အဘယ့်ကြောင့် သ္မီးဖြစ်သူ ကျွန်တော်မကို ဤသို့သဘောရှိသော နှောင်အိမ်၌ ထည့်သွင်းထားကြပါကုန်သနည်း။

သံပူကပ်ခြင်းဖြင့် တံဆိပ်ခတ်သည်ကိုပြု၍ သူတပါး၏ ကျေးကျွန်မဟု ပြောကြားခြင်းသည် သ္မီးအား မြတ်ပါသေး၏။ ဤသို့သဘောရှိသော မိစ္ဆာဒိဋ္ဌိအမျိုးအား ပေးခြင်းသည် မသင့်လှပါ။ ရောက်လာသောအခါမှစ၍ ရဟန်းတော်ကို ဖူးမြင်ရခြင်းစသော ကုသိုလ်ကောင်းမှုတို့တွင် တခုမျှလည်း ဖြစ်သော ကုသိုလ်ကောင်းမှုကို ပြုလုပ်ခြင်းငှါ မရပါဟု သတင်းစကားကို စေလွှတ်လိုက်လေ၏။

ဥတ္တရာခွင့်ပန်၍ ကုသိုလ်ရေး အားထုတ်ခြင်း

ထိုအခါ ဥတ္တရာ၏ ဖခင်ဖြစ်သော ပုဏ္ဏသူဌေးသည် ငါ့သ္မီးကား ဆင်းရဲလေစွတကားဟု နှလုံးမသာယာသည်အဖြစ်ကို ပြောကြားသိစေလျက် တသောင်းငါးထောင်သော အသပြာတို့ကို ပို့လိုက်လေ၏။

အဘယ်သို့ဆို၍ သနည်းဟူမူကား ဤရာဇဂြိုဟ်ပြည်၌ သိရိမာအမည်ရှိသော ပြည့်တန်ဆာမသည် ရှိ၏။ နေ့တိုင်း တထောင်သော ဥစ္စာကို ယူလေ့ရှိ၏။ ဤအသပြာတို့ဖြင့် ထိုသိရိမာကို ခေါ်စေပြီးလျှင် လင်ယောက်ျား၏အလို့ငှါ ခြေရင်းစောင့် အလုပ်အကျွေး ပြုလုပ်ထားပြီးမှ မိမိကိုယ်တိုင် ကုသိုလ်ကောင်းမှုတို့ကို ပြုစေသတည်းဟု ဆို၍ ပို့လိုက်လေ၏။

ထိုဥတ္တရာသည် သိရိမာကို ခေါ်စေပြီးလျှင် သူငယ်ချင်းမ ဤအသပြာတို့ကို ယူ၍ တဆဲ့ငါးရက်ပတ်လုံး ညည်း၏မိတ်ဆွေကို အလေးဂရုလုပ်ကျွေးမှုဖြင့် ပြုစုစမ်းပါလေလော့ဟု ဆိုလေ၏။ သိရိမာသည် ကောင်းပါပြီဟု ဝန်ခံလေ၏။

ဥတ္တရာသည် သိရိမာကို ခေါ်ဆောင်လျက် လင်ယောက်ျား၏အထံသို့ သွားရောက်လတ်သော် လင်ယောက်ျားက သိရိမာကို မြင်ရလျှင် ဤကား အဘယ်သို့သော အကြောင်းအရာနည်းဟု ဆိုလတ်သော် အရှင်သား ဤတဆဲ့ငါးရက်ပတ်လုံး ကျွန်မ၏သူငယ်ချင်း သိရိမာသည် အရှင့်သားတို့ကို လုပ်ကျွေးသမှုပြုစုပါစေ။ ကျွန်မသည်ကား ဤတဆဲ့ငါးရက်ပတ်လုံး အလှူဒါနကိုလည်း လှူဒါန်းလိုပါသည်။ တရားတော်ကိုလည်း နာကြားလိုပါသည်ဟု ခွင့်ပန်စကားပြောကြားလေ၏။ သူဌေးသားသည် အလွန်အဆင်းလှသော သိရိမာဟူသော မိန်းမကို မြင်ရလျှင်ဖြစ်သော ချစ်ခင်နှစ်သက်ခြင်းရှိသည်ဖြစ်၍ ကောင်းပေပြီဟု ဝန်ခံလေ၏။

ဥတ္တရာသည်လည်း ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းကို ပင့်ဖိတ်ပြီးလျှင် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား။ ဤတဆဲ့ငါးရက်ပတ်လုံး တပါးသော အရပ်သို့ မကြွမူ၍ ဤအိမ်၌သာလျှင် ဆွမ်းကို ခံယူတော်မူအပ်ပါသည်ဘုရားဟု လျှောက်ကြား၍ မြတ်စွာဘုရား၏ ဝန်ခံခြင်း ပဋိညာဉ်ကိုယူသဖြင့် ယခုအခါ ဤနေ့မှစ၍ အကြင်ရွေ့လောက် သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့သည် ရှိ၏။ ထိုရွေ့လောက် သဗ္ဗညုဘုရားကို ဆည်းကပ်ခြင်းငှါ၎င်း တရားတော်ကို နာခြင်းငှါ၎င်း ရပေတော့အံ့ဟု ဝမ်းမြောက်သောစိတ်ရှိလျက် ဤသို့ယာဂုကို ကြိုကြပါကုန်လော့၊ ဤသို့သဘောရှိသော မုံ့တို့ကို ကြော်ချက်ကြပါကုန်လော့ဟု စဖိုအိမ်၌ အလုံးစုံသော ကိစ္စတို့ကို စီရင်လျက် လှည့်လည်သွားလာနေ၏။

ထိုအခါ ဥတ္တရာ၏လင်သည် နက်ဖြန် သီတင်းကျွတ်လပြည့် ပဝါရဏာနေ့ ဖြစ်လတ္တံ့ဟု စဖိုအိမ်သို့ ရှေးရှုလျက် လေသာပြုတင်း၌ ရပ်၍ အဘယ်အမှုကိုပြုလျက် ထိုအမိုက်မ ဥတ္တရာသည် လှည့်လည်နေဘိသနည်းဟု ကြည့်ရှုလတ်သည်ရှိသော် ချွေးအလိမ်းလိမ်းကပ်လျက် ပြာဖြင့်ပြွမ်းလျက် မီးသွေးအိုးမဲတို့ဖြင့် လိမ်းကျံလျက် ထိုအခြင်းအရာဖြင့် စီမံလျက် သွားလာလှည့်လည်နေသော ပုဏ္ဏသူဌေး၏သ္မီး ထိုဥတ္တရာကို မြင်ရလျှင် သြော် .. အလွန်မိုက်စွတကား။ ဤသို့သဘောရှိသောအရပ်၌ ဤစည်းစိမ်ချမ်းသာကို မခံစား။ ဦးပြည်းရဟန်းတို့ကို လုပ်ကျွေးအံ့ဟု ဝမ်းမြောက်သောစိတ်ရှိလျက် သွားလာလှည့်လည်ဘိ၏ဟု ရယ်လျက် ဖဲသွားလေ၏။

သိရိမာ၏ ဒေါသနှင့် ဥတ္တရာ၏ မေတ္တာဓာတ်

ထိုဥတ္တရာ၏လင်ယောက်ျား ဖဲသွားသည်ရှိသော် ထိုလင်ယောက်ျား၏ အထံ၌နေသော သိရိမာသည် အဘယ်ကို ကြည့်ရှု၍ ဤသူဌေးသား ရယ်ရွှင်ဘိသနည်းဟု ထိုလေသာပြုတင်းဖြင့်သာလျှင် ကြည့်ရှုလတ်သည်ရှိသော် ဥတ္တရာကို မြင်ရ၍ ဤဥတ္တရာကို ကြည့်လျက် ဤသူဌေးသား ရယ်ဘိ၏။ မချွတ်လျှင် ဤသူဌေးသားအား ဤဥတ္တရာနှင့်တကွ အကြွမ်းတဝင်ပေါင်းဖော်ယဉ်ပါးခြင်း ရှိ၏ဟု ကြံမိလေ၏။

[ထိုသိရိမာသည် တဆဲ့ငါးရက်မျှ ထိုအိမ်၌ သူစိမ်းပြင်ပဖြစ်သော မိန်းမဖြစ်၍ နေရသော်လည်း ထိုစည်းစိမ်ကို ခံစားလျက် မိမိ၏ သူစိမ်းပြင်ပမိန်းမ၏အဖြစ်ကို မသိမူ၍ ငါသည် အိမ့်ရှင်မတည်းဟူသော အမှတ်သညာပြုမိရှာသတတ်]။

ထိုသိရိမာသည် ဥတ္တရာအပေါ်၌ ရန်ငြိုးဖွဲ့လျက် ဥတ္တရာအား ဆင်းရဲခြင်းကို ဖြစ်စေအံ့ဟု ပြာသာဒ်မှ ဆင်းသက်၍ စဖိုအိမ်သို့ ဝင်ပြီးလျှင် မုံ့ကြော်ရာ၌ ကျိုက်ကျိုက်ဆူသော ထောပတ်ကို ယောက်မ (ယောက်ချို) ဖြင့် ခပ်ယူ၍ ဥတ္တရာရှိရာသို့ ရှေးရှုသွားလေ၏။

ဥတ္တရာသည် လာသော ထိုသိရိမာကို မြင်ရလျှင် ငါ့သူငယ်ချင်းမသည် ငါ့အား များစွာကျေးဇူးရှိသောသူဖြစ်ပေ၏။ စကြဝဠာသည် အလွန်ကျဉ်းမြောင်းလှသေး၏။ ဗြဟ္မာ့ပြည်သည် အလွန်နိမ့်လှသေး၏။ ငါ၏သူငယ်ချင်းမ၏ ဂုဏ်ကျေးဇူးကား များလှပေ၏။ ငါသည် ဤသိရိမာကိုမှီ၍ အလှူကိုလှူဒါန်းခြင်းငှါ၎င်း တရားကိုနာခြင်းငှါ၎င်း ရဘိလေ၏။

ဤသိရိမာအပေါ်၌ ငါ၏အမျက်ထွက်ခြင်း အကယ်၍ ရှိသည်ဖြစ်အံ့ ဤထောပတ်သည် ငါ့ကို ပူလောင်ပါစေသတည်း အကယ်၍ မရှိသည်ဖြစ်အံ့ မပူလောင်ပါစေသတည်းဟု သိရိမာကို မေတ္တာဖြင့် ပျံ့နှံ့စေလေ၏။ သိရိမာသည် ဥတ္တရာ၏ ဦးခေါင်းထိပ်ထက်၌ သွန်းလောင်းအပ်သော ကျိုက်ကျိုက်ဆူလှသော ထောပတ်သည် အေးသောရေကဲ့သို့ ဖြစ်လေ၏။

သိရိမာအား ဝိုင်းရိုက်ကြခြင်း

ထိုအခါ ထိုထောပတ်ကို ဤထောပတ်သည် ဧပြီးသောထောပတ်ဖြစ်လတ္တံ့ဟု အောက်င၍ ယောက်မကို ပြည့်စေလျက် ယူလာပြန်သော သိရိမာကို ဥတ္တရာ၏ ကျွန်မတို့ မြင်ကြလျှင် မိမဆုံးမ ဖမဆုံးမ ဟယ်သူယုတ်မ ဖဲလေလော့။ နင်သည် ငါတို့၏သခင်မအား ကျိုက်ကျိုက်ဆူသော ထောပတ်ကို သွန်းလောင်းခြင်းငှါ မလျော်ပါတကားဟု ကြိမ်းမောင်းကုန်လျက် ထိုမှဤမှထ၍ လက်တို့ဖြင့်၎င်း ခြေတို့ဖြင့်၎င်း ကန်ကျောက်ပုတ်ခတ်ပြီးလျှင် မြေ၌လဲစေကြလေကုန်၏။

ဥတ္တရာသည် တားမြစ်ပါသော်လည်း တားမြစ်ခြင်းငှါ မတတ်နိုင်ရှာ။ ထိုအခါ ဥတ္တရာသည် သိရိမာ၏အထက်၌နေလျက် အလုံးစုံသော ကျွန်မတို့ကို တားမြစ်ပြီးလျှင် အဘယ့်ကြောင့် သင်သည် ဤသို့သဘောရှိသော ဝန်လေးသောအမှုကို ပြုဘိသနည်းဟု သိရိမာကို ပြောဆိုဆုံးမ၍ ရေနွေးဖြင့် ရေချိုးစေသဖြင့် အကြိမ်တရာချက်ပြီးသော ဆီဖြင့် ဆုတ်နယ်ပေးလေသောကြောင့် ထိုခဏ၌ သိရိမာသည် မိမိ၏သူစိမ်းပြင်ပမိန်းမ၏အဖြစ်ကို သိရသဖြင့် ငါကား သူဌေးသားလင်ယောက်ျား၏ ပြုံးရယ်ခြင်းမျှဟူသောအကြောင်းကြောင့် ဤဥတ္တရာ၏အထက်၌ ကျိုက်ကျိုက်ဆူသော ထောပတ်ကို သွန်းလောင်းခြင်းအားဖြင့် ဝန်လေးသောအမှုကို ပြုမိချေပြီ။

ဥတ္တရာသည် ထိုသိရိမာကို ဖမ်းဆီးကြတဲ့ဟု ကျွန်မတို့ကို မစေခိုင်းပါတကား ငါ့ကိုညှဉ်းဆဲခြင်းပြုသော ကာလ၌လည်း အလုံးစုံသော ကျွန်မတို့ကို တားမြစ်ပြီးလျှင် ငါ့အား ပြုသင့်ပြုထိုက်သော အမှုကိုသာလျင် ပြုပေ၏။ ငါသည် ဤဥတ္တရာကို အကယ်၍ မကန်တော့မတောင်းပန်သည်ဖြစ်အံ့ ငါ၏ဦးခေါင်းသည် ခုနစ်စိတ်ကွဲရာ၏တကားဟု ကြံ၍ ထိုဥတ္တရာ၏ ခြေရင်း၌ ဝပ်လျက် အရှင်မ အကျွန်ုပ်အား သည်းခံပါလော့ဟု ဆိုရှာလေ၏။

ဘုရားရှင်ကို ကန်တော့ရမည် ဆိုခြင်း

ငါကား ဖခင်ရှိသော သ္မီးဖြစ်သည်။ ဖခင် သည်းခံသည်ရှိသော် ငါလည်း သည်းခံပါ၏ဟု ဆိုလတ်သော် သခင်မ ထိုသို့ဖြစ်ပါစေ သင်၏ဖခင်ဖြစ်သော ပုဏ္ဏသူဌေးကိုလည်း တောင်းပန်ကန်တော့ပါမည်ဟု ဆိုလေ၏။ ပုဏ္ဏသူဌေးကား ငါ၏သံသရာဝဋ်၌ ဖြစ်စေတတ်သော ဖခင်ဖြစ်၏ သံသရာဝဋ်ပြတ်ခြင်းကို ဖြစ်စေတတ်သောဖခင် သည်းခံသည်ရှိသော်ကား ငါသည်းခံအံ့ဟုဆိုလျှင် သံသရာဝဋ်ပြတ်ခြင်းကို ဖြစ်စေတတ်သော သင်၏ဖခင်ကား အဘယ်သူနည်းဟု မေးလေ၏။

သစ္စာလေးပါးကိုသိသော သဗ္ဗညုမြတ်စွာဘုရားတည်းဟု ဆိုလတ်သော် အကျွန်ုပ်အား ထိုဘုရားရှင်နှင့်အတူတကွ အကျွမ်းဝင်ခြင်း မရှိပါဟု ဆိုလေ၏။ ငါပြုလုပ်ပေးမည် မြတ်စွာဘုရားသည်နက်ဖြန် ရဟန်းသံဃာအပေါင်းကိုခေါ်၍ ဤအိမ်သို့ ကြွလာလတ္တံ့။ သင်သည် အကြင်အကြင် ရအပ်သော ပူဇော်သက္ကာရကိုယူ၍ ဤအိမ်သို့သာ လာပြီးလျှင် ဘုရားရှင်ကို တောင်းပန်ကန်တော့ပါလော့ဟု ဆိုလတ်သော် ထိုသိရိမာသည် သခင်မ ကောင်းပါပြီဟု ဝန်ခံပြီးမှထ၍ မိမိအိမ်သို့ သွားပြီးလျှင် အခြံအရံဖြစ်သော့ ငါးရာသောမိန်းမတို့ကို စေခိုင်းသဖြင့် အထူးထူးအပြားပြားသော ခဲဖွယ်တို့ကို၎င်း ဟင်းလျာတို့ကို၎င်း ပြည့်စုံစေ၍ တဖန် မိုးသောက်သောနေ့၌ ထိုပူဇော်သက္ကာရကို ယူလျက် ဥတ္တရာ၏အိမ်သို့ လာတဲ့၍ ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်း၏သပိတ်၌ ထည့်ခြင်းငှါမဝံ့ဘဲ ရပ်နေလေ၏။ ထိုအလုံးစုံသော လှူဖွယ်ဝတ္ထုကိုယူ၍ ဥတ္တရာသည်သာလျှင် စီမံပြုလုပ်လေ၏။ သိရိမာသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စပြီးသောအဆုံး၌ အခြံအရံနှင့်တကွ ဘုရားရှင်၏ခြေတော်ရင်း၌ ဝပ်လျက်နေရှာလေ၏။

ဥတ္တရာ၏ မေတ္တာ

ထိုအခါ သိရိမာကို မြတ်စွာဘုရားသည် သင်၏အပြစ်ကား အဘယ်နည်းဟု မေးတော်မူလျှင် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်မသည် ယမန်နေ့က ဤမည်သောအမှုကို ပြုမိပါသည်ဘုရား။ ထိုအခါ တပည့်တော်မ၏ သူငယ်ချင်းမ ဥတ္တရာသည် တပည့်တော်မကို ပုတ်ခတ်ညှဉ်းဆဲကုန်သော ကျွန်မတို့ကို တားမြစ်၍ တပည့်တော်မအား ကျေးဇူးဥပကာရကိုသာလျှင် ပြုပါသည်။

ထိုတပည့်တော်မသည် ဤဥတ္တရာ၏ ဂုဏ်ကျေးဇူးကိုသိ၍ ဥတ္တရာကို တောင်းပန်ကန်တော့ပါသည်ဘုရား။ ထိုအခါ တပည့်တော်မကို ဤဥတ္တရာသည် ရှင်တော်မြတ်ဘုရားတို့ သည်းခံကုန်သည်ရှိသော် သည်းခံပါမည်ဟူ၍ ဆိုပါသည်ဘုရားဟု လျှောက်ထားလေ၏။

ချစ်သ္မီးဥတ္တရာ ဤသို့သိရိမာ လျှောက်ချက်အတိုင်း ဟုတ်မှန်လေသလောဟု မေးတော်မူလျှင် မြတ်စွာဘုရား ဟုတ်မှန်ပါသည်။ တပည့်တော်မ၏ဦးခေါင်း၌ သူငယ်ချင်းမ သိရိမာသည် ကျိုက်ကျိုက်ဆူသော ထောပတ်ကို သွန်းလောင်းပါသည်ဘုရားဟု လျှောက်ကြားလေ၏။ ထိုအခါ သင်သည် အဘယ်သို့ ကြံစည်ဘိသနည်းဟု မေးတော်မူလျှင် မြတ်စွာဘုရား စကြဝဠာသည် အလွန်ကျဉ်းမြောင်းလှသေး၏။ ဗြဟ္မာ့ပြည်သည် အလွန်နိမ့်လှသေး၏။ ငါ၏သူငယ်ချင်းမ သိရိမာ၏ ဂုဏ်ကျေးဇူးသည်သာလျှင် များလှပေ၏ ဟူ၍၎င်း ငါကား ဤသိရိမာကိုမှီ၍ အလှူလှူဒါန်းခြင်းငှါ၎င်း တရားတော်ကို နာကြားခြင်းငှါ၎င်း ရခဲ့ပေ၏။

ဤသိရိမာ၏အပေါ်၌ ငါ၏အမျက်ထွက်ခြင်းသည် အကယ်၍ ရှိသည်ဖြစ်အံ့ ဤထောပတ်သည် ငါ့ကို ပူလောင်ပါစေသတည်း။ အကယ်၍ မရှိသည်ဖြစ်အံ့ မပူလောင်ပါစေသတည်းဟူ၍၎င်း ကြံစည်ပြီးလျှင် ဤသိရိမာကို မေတ္တာဖြင့် ပျံ့နှံ့စေပါသည်ဘုရားဟု လျှောက်ကြားလေ၏။

မြတ်စွာဘုရားသည် ချစ်သ္မီး ဥတ္တရာ ကောင်းပေစွ-ကောင်းပေစွ။ ဤသို့ အမျက်ဒေါသကို အောင်ခြင်းငှါ သင့်လျော်ပေ၏ဟု မိန့်တော်မူပြီးလျှင် --

အမျက်ထွက်သောသူမည်သည်ကို အမျက်မထွက်ခြင်းဖြင့် အောင်အပ်ပေ၏။
ဆဲရေးရေရွတ်သောသူကို မဆဲရေးခြင်း မရေရှုတ်ခြင်းဖြင့် အောင်အပ်ပေ၏။
မပေးကမ်းလို လွန်စွာဝန်တိုသောသူကို မိမိ၏ဥစ္စာကို ပေးကမ်းခြင်းဖြင့် အောင်အပ်ပေ၏။
မမှန်စကားမုသားဆိုတတ်သောသူကို အဟုတ်အမှန်မဖေါက်ပြန်သော သစ္စာစကားပြောကြားခြင်းဖြင့် အောင်အပ်ပေ၏

ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၂၂၂။ အကောဓေန ဇိနေ ကောဓံ၊ အသာဓုံ သာဓုနာ ဇိနေ။ ဇိနေ ကဒရိယံ ဒါနေန၊ သစ္စေနာလီက ဝါဒိနံ။

ကောဓံ၊ အမျက်ထွက်သောသူကို။ အကောဓေန၊ အမျက်မထွက်ခြင်းဖြင့်။ ဇိနေ-ဇိနာတိ၊ အောင်မြင်နိုင်၏။ အသာဓုံ၊ မကောင်းသောသူကို။ သာဓုနာ၊ ကောင်းခြင်းဖြင့်။ ဇိနေ-ဇိနာတိ၊ အောင်မြင်နိုင်၏။ ကဒရိယံ၊ မပေးကမ်းလို လွန်စွာဝန်တိုသောသူကို။ ဒါနေန၊ ပေးကမ်းခြင်းဖြင့်။ ဇိနေ-ဇိနာတိ၊ အောင်မြင်နိုင်၏။ အလီကဝါဒိနံ၊ မမှန်ချွတ်ယွင်းပြောဆိုခြင်းရှိသောသူကို။ သစ္စေန၊ မှန်သောစကားကိုဆိုခြင်းဖြင့်။ ဇိနေ-ဇိနာတိ၊ အောင်မြင်နိုင်ရာ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ သိရိမာသည် ငါးရာသော မိန်းမတို့နှင့်အတူတကွ သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဥတ္တရာဥပါသိကာမဝတ္ထုပြီး၏။

---

၄ - မဟာမောဂ္ဂလာနတ္ထေရပဉှာဝတ္ထု

သစ္စံဘဏေ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်စဉ် ရှင်မောဂ္ဂလာန်မထေရ်၏ မေးလျှောက်အပ်သော ပြဿနာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မှန်သောစကားမျှဖြင့် နတ်ပြည်ရောက်ခြင်း

တနေ့သ၌ ရှင်မောဂ္ဂလာန်မထေရ်သည် နတ်ပြည်သို့ ဒေသစာရီကြွချီခြင်းကို ကြွသွားတော်မူပြီးလျှင် တန်ခိုးကြီးသော နတ်တဦး၏ ဗိမာန်တံခါးဝ၌ ရပ်တော်မူလျက် မိမိ၏အထံသို့လာ၍ ရှိခိုးလျက် ရပ်တည်လာသော ထိုနတ်ကို ဤသို့ မိန့်တော်မူလေ၏။ နတ် သင်နတ်၏ စည်းစိမ်ချမ်းသာသည် ကြီးကျယ်လှ၏။ အဘယ်ကောင်းမှုကို ပြုခဲ့၍ ဤနတ်စည်းစိမ်ကို ရဘိသနည်းဟု မိန့်တော်မူလျှင် အရှင်ဘုရား တပည့်တော်ကို မေးတော်မမူကြပါနှင့်ဘုရားဟု လျှောက်ကြားတောင်းပန်လေ၏။

[နတ်သည် နည်းပါးလှသော ကောင်းမှုကံဖြင့် ရှက်နိုးလှသောကြောင့် ဤသို့ လျှောက်လေသတတ်]။

ရှင်မောဂ္ဂလာန်မထေရ်သည် မလျှောက်ဘဲ မရှိစေရ။ လျှောက်ဆိုရမည်သာတည်းဟု မိန့်ဆိုအပ်သည်ရှိသော် ထိုနတ်သည် အရှင်ဘုရား တပည့်တော်သည် အလှူကိုလည်း မလှူစဖူးပါ။ ပူဇော်ခြင်းကိုလည်း မပြုစဖူးပါ။ သူတော်ကောင်းတရားကိုလည်း မကြားနာစဖူးပါ။ သက်သက် မှန်သောစကားမျှကို ကောင်းစွာစောင့်ရှောက်ဖူးပါသည်ဘုရားဟု လျှောက်ကြားလေ၏။

လင်ဆိုး၏ မယားလိမ္မာ နတ်ပြည်ရောက်ခြင်း

ရှင်မောဂ္ဂလာန်မထေရ်သည် တပါးသော ဗိမာန်တံခါးဝတို့သို့လည်း ကြွသွားတော်မူ၍ တပါးသော နတ်သ္မီးတို့ကိုလည်း မေးမြန်းတော်မူလေ၏။ ထိုနတ်သ္မီးတို့သည်လည်း ထိုရှေးနည်းအတူသာလျှင် လျှို့ဝှက်ကြသဖြင့် ရှင်မောဂ္ဂလာန်မထေရ်ကို တားမြစ်ခြင်းငှါ မတတ်နိုင်ကြကုန်သည်ရှိသော် တယောက်သော နတ်သ္မီးသည် ရှေးဦးစွာ လျှောက်ထားပုံကား အရှင်ဘုရား တပည့်တော်မသည် အလှူဒါနအစရှိသော ကောင်းမှုတို့တွင် ပြုဖူးသော ကောင်းမှုမည်သည် မရှိပါဘုရား။ တပည့်တော်မသည်ကား ကဿပမြတ်စွာဘုရား ထင်ရှားပွင့်တော်မူသောကာလ၌ သူတပါးကျွန်မဖြစ်ခဲ့ရဖူးပါသည်ဘုရား။

ထိုတပည့်တော်မ၏ လင်ယောက်ျားသည် အလွန်လျှင် ရက်စက်ကြမ်းကြုတ်လှပါသည်။ ဆွဲကိုင်မိတိုင်းဖြစ်သော သစ်သားထင်းချောင်းဖြင့်သော်၎င်း သစ်သားထင်းတုံးဖြင့်သော်၎င်း ဦးခေါင်းကို အပေါက်အပြဲ ရိုက်ခွဲတတ်ပါသည်ဘုရား။ ထိုတပည့်တော်မသည် အမျက်ဒေါသဖြစ်လတ်သည်ရှိသော် ဤယောက်ျားကား နင့်အရှင်သခင် ဖြစ်သည် သံပူကပ်၍ တံဆိပ်ခတ်ခြင်းကို ပြုခြင်းငှါ၎င်း နှာခေါင်းစသည်တို့ကို ဖြတ်ခြင်းငှါ၎င်း အစိုးရပေ၏။ အမျက်မထွက်နှင့်ဟု မိမိကိုယ်ကိုသာ အနည်းနည်း အဖုံဖုံ ဖြောင်းဖြောင်းဖြဖြ ပြောဆိုဆုံးမလျက် အမျက်ထွက်ခြင်းမည်သည် မပြုရစဖူးပါဘုရား ထိုသို့ အမျက်မှထွက်ဖူးသောကြောင့် တပည့်တော်မသည် ဤနတ်၏စည်းစိမ်ချမ်းသာကို ရပါသည်ဘုရားဟု လျှောက်ကြားလေ၏။

အနည်းငယ် ကုသိုလ်မျှဖြင့် နတ်ပြည်ရောက်ခြင်း

တယောက်သော နတ်သ္မီးလျှောက်ထားပုံကား အရှင်ဘုရား တပည့်တော်မသည် ကြံခင်းကို စောင့်ရှောက်၍နေစဉ် ရဟန်းတော်တပါးအား ကြံချောင်းကို လှူခဲ့ပါသည်ဘုရား။

တယောက်သော နတ်သ္မီးသည်ကား တလုံးသော တည်သီးကို လှူခဲ့ဖူးပါသည်ဘုရား။
တယောက်သော နတ်သ္မီးသည်ကား တလုံးသော သခွါးသီးကို လှူခဲ့ဖူးပါသည်ဘုရား။
တယောက်သော နတ်သ္မီးသည်ကား တလုံးသော ဖက်သက်တရော်သီးကို လှူခဲ့ဖူးပါသည်ဘုရား။
တယောက်သော နတ်သ္မီးသည် သစ်မြစ်တဆုပ်ကို လှူခဲ့ဖူးပါသည်ဘုရား။
တယောက်သော နတ်သ္မီးသည်ကား တမာရွက်တဆုပ်ကို လှူခဲ့ဖူးပါသည်ဘုရား။

ဤသို့အစရှိသော နည်းဖြင့် မိမိတို့ ပြုခဲ့ဖူးသော အနည်းငယ်မျှသော အလှူကို လျှောက်ကြားပြီးလျှင် ဤသို့သော အကြောင်းကြောင့် တပည့်တော်မတို့သည် ဤနတ်၏စည်းစိမ်ချမ်းသာကို ရအပ်ပါသည်ဘုရားဟု လျှောက်ကြားကြလေကုန်၏။

ရှင်မောဂ္ဂလာန်မထေရ်သည် ထိုနတ်သ္မီးတို့ ပြုအပ်သော ကောင်းမှုကံကို ကြားသိတော်မူရ၍ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား --

မှန်သောစကားကို ဆိုကာမျှဖြင့်၎င်း
အမျက်ထွက်ခြင်းကို ငြိမ်းစေကာမျှဖြင့်၎င်း
အလွန်နည်းပါးသော တည်သီးအစရှိသည်ကို လှူကာမျှဖြင့်၎င်း

နတ်စည်းစိမ်ချမ်းသာကို ရခြင်းငှါ တတ်နိုင်ကောင်းပါမည်လော ဘုရားဟု နားတော်လျှောက်လေ၏။

ချစ်သားမောဂ္ဂလာန် အဘယ့်ကြောင့် ငါဘုရားကို မေးလျှောက်ဘိသနည်း။ သင့်အား နတ်တို့သည် ဤအကြောင်းအရာကို ဆိုအပ်ပေပြီ မဟုတ်တုံလောဟု မိန့်တော်မူလတ်သော် မြတ်စွာဘုရား ဟုတ်မှန်လှပါသည်ဘုရား ဤမျှလောက်သော အနည်းငယ်သော ကောင်းမှုဖြင့် နတ်စည်းစိမ်ကို ရသင့်ရထိုက်သည်ဟူ၍ မှတ်ထင်ရပါသည်ဘုရားဟု နားတော်လျှောက်လေ၏။

ထိုအခါ ရှင်မောဂ္ဂလာန်ကို မြတ်စွာဘုရားသည် ချစ်သား မောဂ္ဂလာန် --

မှန်သောစကားမျှကို ဆိုသောကြောင့်၎င်း
အမျက်ထွက်ခြင်းမျှကို ပယ်စွန့်သောကြောင့်၎င်း
အနည်းငယ်မျှသော အလှူကို ပေးလှူရသောကြောင့်၎င်း

နတ်ပြည်သို့ ရောက်နိုင်ပေသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၂၂၃။ သစ္စံ ဘဏေ နကုဇ္ဈေယျ၊ ဒဇ္ဇာ အပ္ပမ္ပိ ယာစိတော။ ဧတေဟိ တီဟိ ဌာနေဟိ၊ ဂစ္ဆေ ဒေဝါန သန္တိကေ။

သစ္စံ၊ မှန်သောစကားကို။ ဘဏေ၊ ဆိုရာ၏။

[မှန်ကန်သော သစ္စာကို ပြရမည်။ ပြောရမည်။ သစ္စာ၌ တည်စေရမည်ဟူလို]။

နကုဇ္ဈေယျ၊ သူတပါးအား အမျက်မထွက်ရာ။ ယာစိတော၊ တောင်းအပ်သည်ရှိသော်။ အပ္ပမ္ပိ၊ အနည်းငယ်ကိုသော်လည်း။ ဒဇ္ဇာ-ဒဒေယျ၊ ပေးလှူရာ၏။

[သီလရှိသော ရဟန်းမြတ်တို့သည် ပေးကြပါဟု မတောင်းရမ်းမူ၍သာလျှင် အိမ်တံခါး၌ ရုပ်ရုံသာ ရပ်ကုန်သော်လည်း အနက်သဘောအားဖြင့် တောင်းရမ်းသည်မည်ကုန်၏။ ဤသို့ သီလရှိသော ရဟန်းမြတ်တို့သည် ရပ်လာတောင်းခံအပ်သည်ရှိသော် လှူစရာ အနည်းငယ်မျှရှိလျှင် အနည်းငယ်မျှကိုလည်း လှူရမည်ဟူလို]။

ဧတေဟိ တီဟိ ဌာနေဟိ၊ ဤသုံးပါးသော အကြောင်းတို့ဖြင့်။

(ဤသုံးပါးတို့တွင် တပါးပါးသော အကြောင်းဖြင့်ဟူလို။)

ဒေဝါနံ၊ နတ်တို့၏။ သန္တိကေ၊ အထံသို့။ ဂစ္ဆေ၊ ရောက်ရာ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြလေကုန်၏။

မဟာမောဂ္ဂလာနတ္ထေရပဉှာဝတ္ထုပြီး၏။

---

၅ - ဘုရားခမည်းတော်ပုဏ္ဏား ဝတ္ထု

အဟိံ သကာယာ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာကေတမြို့ကို အမှီပြု၍ အဉ္ဇနမည်သော တောအုပ်၌ နေတော်မူစဉ် ရဟန်းတို့ မေးလျှောက်အပ်သော ပြဿနာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘုရားရှင် မိဟောင်း ဖဟောင်းနှင့်တွေ့ခြင်း

မြတ်စွာဘုရားသည် ရဟန်းသံဃာအပေါင်းခြံရံတော်မူလျက် သာကေတမြို့သို့ ဆွမ်းအလို့ငှါ ကြွဝင်တော်မူသောအခါ သာကေတမြို့၌နေလေ့ရှိသော အသက်အရွယ်အားဖြင့် ကြီးရင့်သော ပုဏ္ဏားကြီးတယောက်သည် သာကေတမြို့မှ ထွက်လတ်သည်ရှိသော် မြို့တံခါးအတွင်း၌ မြတ်စွာဘုရားကို ဖူးမြင်ရလျှင် ခြေတော်တို့၌ဝင့်၍ ဖမျက်တို့၌ မြဲစွာ ဖက်လျက် ချစ်သား သားသ္မီးတို့မည်သည် အိုမင်းသောကာလတို့၌ မိခင်ဖခင်တို့ကို စောင့်ရှောက်လုပ်ကျွေးအပ်သည်မဟုတ်ပါလော။ အဘယ့်ကြောင့် ဤမျှလောက်သော ကာလပတ်လုံး ခမည်းတော် မယ်တော်ဖြစ်သော တပည့်တော်တို့အား ကိုယ်တော်ကိုမျှ မပြလေဘိသနည်း။ ခမည်းတော်ကား ရှေးဦးစွာ ဖူးမြင်အပ်သည်ဖြစ်ပြီ မယ်တော်ကြီးကိုလည်း တွေ့ရမြင်ရလေအောင် ကြွတော်မူပါဦးဟု မြတ်စွာဘုရားကို ပင့်၍ မိမိ၏အိမ်သို့ သွားလေသတတ်။

မြတ်စွာဘုရားသည် ထိုအိမ်သို့ ကြွသွားတော်မူ၍ ခင်းထားအပ်သောနေရာ၌ ရဟန်းသံဃာအပေါင်းနှင့်တကွ နေတော်မူလေ၏။ ပုဏ္ဏေးမကြီးသည်လည်း လာလတ်၍ ဘုရားရှင်၏ခြေတော်တို့၌ဝပ်၍ ချစ်သား ဤမျှလောက်သော ကာလပတ်လုံး အဘယ်အရပ်သို့ ကြွသွားနေဘိသနည်း။ အိုမင်းသော ကာလ၌ မိခင်ဖခင်တို့ကို လုပ်ကျွေးမွေးမြူအပ်ကုန်သည်မဟုတ်ပါလောဟု ဆိုပြီးလျှင် သားသ္မီးတို့ကို လာကြကုန်လော့ နောင်တော်ကြီးကို ရှိခိုးကြကုန်လော့ဟုဆို၍ ရှိခိုးစေလေ၏။

ထိုနှစ်ယောက်ကုန်သောသူတို့သည်လည်း နှစ်သက်စိတ်ရှိကုန်သည်ဖြစ်၍ ဘုရားအမှူးရှိသော ရဟန်းသံဃာကို ဆွမ်းလုပ်ကျွေးပြီးလျှင် ဘုန်းတော်ကြီးမားသားတော်ဘုရား ဤအိမ်၌သာလျှင် အမြဲမပြတ် ဆွမ်းခံတော်မူကြပါဘုရားဟု လျှောက်ကြားလေသောကြောင့် ဘုရားရှင်တို့မည်သည် တခုသောအရပ်၌သာလျှင် အမြဲမပြတ် ဆွမ်းမရပ်မခံကြကုန်ဟု မိန့်တော်မူလတ်သည်ရှိသော် ထိုသို့ဖြစ်မူ မြတ်စွာဘုရား အကြင်သူတို့သည် ရှင်တော်ဘုရားတို့ကို ဆွမ်းပင့်ဖိတ်ခြင်းငှါ လာကြကုန်၏။ ထိုသူတို့ကို တပည့်တော်တို့၏ အထံသို့ စေလွှတ်တော်မူပါဘုရားဟု လျှောက်ကြားကြလေကုန်၏။

မြတ်စွာဘုရားသည် ထိုနေ့မှစ၍ ပင့်ဖိတ်ခြင်းငှါ လာကုန်သောသူတို့ကို သွား၍ ပုဏ္ဏားကြီးအား ပြောကြားကြကုန်လော့ဟု စေလွှတ်တော်မူလေ၏။ ထိုသူတို့သည် သွား၍ ကျွန်တော်တို့သည် နက်ဖြန် ကောင်းမှုအလို့ငှါ မြတ်စွာဘုရားကို ပင့်ဖိတ်ကြပါကုန်၏ဟု ပုဏ္ဏားကြီးကို ပြောဆိုကြကုန်၏။ ပုဏ္ဏားကြီးသည် တဖန် မိုးသောက်သောနေ့၌ မိမိ၏အိမ်မှ ထမင်းခွက် ဟင်းခွက်တို့ကို ယူ၍ မြတ်စွာဘုရားနေတော်မူရာ အရပ်သို့သွား၏ တပါးသောအရပ်၌ ပင့်ဖိတ်ခြင်းမရှိလျှင် ဘုရားရှင်သည် ပုဏ္ဏားကြီး၏အိမ်၌သာလျှင် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုတော်မူ၏။

ထိုနှစ်ယောက်သောသူတို့သည်လည်း မိမိ၏လှူဖွယ်ဝတ္ထုကို အမြဲမပြတ် မြတ်စွာဘုရားအား လှူဒါန်းကြကုန်လျက် တရားစကားကို နာကြားကြရကုန်သောကြောင့် အနာဂါမိဖိုလ်သို့ ရောက်ကြရလေကုန်၏။

အတိတ်အကြောင်း ပြန်ပြောင်း၍ ဟောခြင်း

ရဟန်းတို့သည် တရားသဘင်၌ ငါ့ရှင်တို့ ပုဏ္ဏားကြီးသည် မြတ်စွာဘုရား၏ ခမည်းတော်ကား သုဒ္ဓေါဒန မင်းကြီး ဖြစ်၏။ မယ်တော်ကား မဟာမာယာ မိဖုယားကြီး ဖြစ်၏ဟု သိ၏။ ဤသို့ သိလျက်သာလျှင် ပုဏ္ဏေးမကြီးနှင့်တကွ မြတ်စွာဘုရားကို ငါတို့၏သားဟု ဆိုဘိ၏။ မြတ်စွာဘုရား သည်လည်း ထိုသူတို့ ဆိုတိုင်းသာလျှင် သည်းခံတော်မူလေ၏။ အကြောင်းကား အဘယ် သို့နည်းဟု စကားကို ဖြစ်စေကြလေကုန်၏။


မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ စကားကို ကြားတော်မူရလျှင် ချစ်သားရဟန်းတို့ နှစ်ဦးစလုံး ဖြစ်ကုန်သော ထိုသူတို့သည် မိမိ၏သားကိုသာလျှင် သားဟူ၍ ဆိုကြကုန်၏ဟု မိန့်တော်မူ၍ လွန်လေပြီးသော အတိတ်အကြောင်းကို ဆောင်တော်မူလေ၏။


ချစ်သား ရဟန်းတို့ လွန်လေပြီးသောအခါ ဤပုဏ္ဏားကြီးသည် အကြား အပြတ်မရှိ။ ဘဝငါးရာတို့ ကာလပတ်လုံး ငါဘုရား၏ ဖခင်ဖြစ်ခဲ့ဖူး၏။ ဘဝငါးရာတို့ ကာလပတ်လုံး ဘထွေးဖြစ်ခဲ့ဖူး၏။ ဘဝငါးရာတို့ကာလပတ်လုံး ဘကြီးဖြစ်ခဲ့ဖူး၏။


ထိုပုဏ္ဏေးမကြီးသည်လည်း အကြားအပြတ်မရှိသည် ဖြစ်၍သာလျှင် ဘဝငါးရာတို့ ကာလပတ်လုံး ငါဘုရား၏ မိခင် ဖြစ်ခဲ့ဖူး၏ ဘဝငါးရာတို့ ကာလပတ်လုံး မိထွေးဖြစ်ခဲ့ဖူး၏။ ဘဝငါးရာတို့ ကာလပတ်လုံး မိကြီးဖြစ်ခဲ့ဖူး၏။


ဤသို့ ငါဘုရားသည် ဘဝတထောင့်ငါးရာ ကာလပတ်လုံး ပုဏ္ဏားကြီး၏ လက်၌ကြီးခဲ့ရ၏။ ဘဝတထောင့်ငါးရာ ကာလပတ်လုံး ပုဏ္ဏေးမကြီး၏ လက်၌ကြီးခဲ့ရ၏။ ဤသို့ ဘဝ သုံးထောင်တို့ ပတ်လုံး ထို ပုဏ္ဏားကြီး ပုဏ္ဏေးမကြီးတို့၏ သားအဖြစ်ကို ပြတော်မူ၍ ဤ ဂါထာတို့ကို ဟောကြားတော်မူလေ၏။


ယသ္မိံ မနော နိဝိသတိ၊ စိတ္တဉ္စာပိ ပသီဒတိ။
အဒိဋ္ဌပုဗ္ဗကေ ပေါသေ၊ ကာမံ တသ္မိံ ပိ ဝိဿသေ။


ပုဗ္ဗေဝ သန္နိဝါသေန၊ ပစ္စုပ္ပန္နဟိတေနဝါ။
ဧပံ တံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ။


ဘိက္ခဝေ၊ ချစ်သား ရဟန်းတို့။
အဒိဋ္ဌပုဗ္ဗကေ၊ ဤဘဝ၌ ရှေးကမမြင်ဖူးသော။
ယသ္မိံ ပေါသေ၊ အကြင်ပုဂ္ဂိုလ်၌။
မနော၊ စိတ်နှလုံးသည်။
နိဝိသတိ၊ သက်ဝင်၍တည်၏။
စိတ္တံ၊ စိတ်သည်။
ပသီဒတိစာပိ၊ ကြည်ညိုလည်း ကြည်ညို၏။
တသ္မိံ ပေါသေ၊ ထိုပုဂ္ဂိုလ်၌။
ကာမံ၊ စင်စစ်။
ပုဗ္ဗသိနေဟေနေဝ၊ ရှေး၌ဖြစ်သော ချစ်ခြင်းဖြင့်သာလျှင်။
ဝိဿသေ၊ ချစ်ကျွမ်းဝင်၏။


ပုဗ္ဗေ၊ ရှေးဘဝ၌။
သန္နိဝါသေနဝါ၊ အတူမကင်း နေဖူးခြင်းကြောင့်၎င်း။
ပစ္စုပ္ပန္နဟိတေနဝါ၊ မျက်မှောက် စီးပွား တိုးပွား လွန်မင်း ဆောင်ရွက်ခြင်းကြောင့်၎င်း။
ဧဝံ၊ ဤသို့ အကြောင်းနှစ်ပါးကြောင့်။
တံပေမံ၊ ထိုချစ်ခင်ခြင်းသည်။
ဇာယတေ၊ ဖြစ်၏။
ကိမိဝ၊ ဥပမာ အဘယ်ကဲ့သို့နည်း ဟူမူကား။
ဥဒကေ၊ ရေ၌။
ဥပ္ပလံဝါ၊ ဥပ္ပလကြာသည်၎င်း။
ပဒုမံဝါ၊ ပဒုမာကြာသည်၎င်း။
ဇာယတေ ယထာ၊ ရေနှင့်ညွှန်ပျောင်း အကြောင်းနှစ်ပါးကြောင့် ဖြစ်သကဲ့သို့တည်း။

---

မိဟောင်း ဖဟောင်း သင်္ဂြိုဟ်ရာ၌ ဇရာသုတ်ဟောခြင်း

မြတ်စွာဘုရားသည် သုံးလပတ်လုံးသာလျှင် ထိုအမျိုးကိုမှီ၍ နေတော်မူလေ၏။ ထိုနှစ်ဦးသော သူတို့သည်လည်း အရဟတ္တဖိုလ်ကို မျက်မှောက်ပြု၍ ပရိနိဗ္ဗာန် ပြုကြလေကုန်၏။ ထိုအခါ ထို ပရိနိဗ္ဗာန်စံသောသူတို့အား များစွာသော ပူဇော် သက္ကာရကို ပြု၍ နှစ်ဦးစလုံးတို့ကို တခုသော အထွတ် စုလစ်မွန်းချွန်ရှိသော တလားကြီးသို့သာလျှင် တင်၍ ဆောင်ယူကြလေကုန်၏။ မြတ်စွာဘုရားသည်လည်း ငါးရာသော ရဟန်းအပေါင်း ခြံရံလျက် ထိုဆောင်ယူကြကုန်သော သူတို့နှင့်အတူ တကွသာလျှင် သုသာန်သို့ ကြွတော်မူလေ၏။


မြတ်စွာဘုရားတို့၏ မယ်တော် ခမည်းတော်တို့တည်းဟု များစွာသော လူအပေါင်းသည် လိုက်ပို့ရန် ထွက်လေ၏။ မြတ်စွာဘုရားသည်လည်း သုသာန်အနီး တဆောင်သော စရပ်သို့ဝင်၍ နေတော် မူလေ၏။ လူတို့သည် မြတ်စွာဘုရားသို့ ရှိခိုး၍ တင့်အပ် လျောက်ပတ်သော အရပ်၌ တည်နေ ကြကုန်လျက် မြတ်စွာဘုရား ရှင်တော်မြတ်ဘုရားတို့သည် မယ်တော် ခမည်းတော်တို့ စုတေမနေ ကွယ်လွန်ကြချေပြီဟု ကြံစည် အောက်မေ့ခြင်း ပြုတော်မမူကြပါကုန်လင့် ဘုရားဟု မြတ်စွာဘုရား နှင့်တကွ ပဋိသန္ဓာရ အစေ့အစပ် ပြုကြကုန်၏။


မြတ်စွာဘုရားသည် သင်တို့ဤသို့ မဆိုကြကုန်လင့်ဟု ပယ်မြစ်တော်မမူဘဲ ပရိသတ်၏ အလို ဟူသော အာသယကို ကြည့်ရှုတော်မူ၍ ထိုခဏအားလျော်စွာ တရားဟောကြားတော်မူလိုသော မြတ်စွာဘုရားသည်။


အပ္ပံ ဝတ ဇီဝိတံ ဣဒံ၊ ဩရံ ဝဿသတာပိ မီယတိ။
ယာစေပိ အတိစ္စဇီဝတိ၊ အထခေါ သော ဇရသာပိ မီယတိ။


ဣဒံ ဇီဝိတံ၊ ဤအသက်ရှင်ခြင်းသည်။
အပ္ပံဝတ၊ နည်းပါးလေစွတကား။
ဝဿသတာပိ၊ အနှစ်တရာမှ သော်လည်း။
ဩရံ၊ အတွင်း၌။
မီယတိ၊ သေရ၏။
ယော၊ အကြင်သူသည်။
အတိစ္စ၊ လွန်၍။
စေပိဇီဝတိ၊ အကယ်၍လည်း အသက်ရှည်ခဲ့ငြားအံ့။
အထခေါ၊ ထိုသို့ရှည်သော်လည်း။
သော၊ ထိုသူသည်။
ဇရသာပိ၊ ရင့်ရော်မှည့်ဝင်း အိုမင်းခြင်းဖြင့်လည်း။
မီယတိ၊ သေရ၏။


ဇရာသုတ္တန်ကို ဟောကြားတော်မူလေ၏။ ဒေသနာတော်၏ အဆုံး၌ ရှစ်သောင်း လေးထောင် သော သတ္တဝါတို့အား သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။


ရဟန်းတို့သည် ပုဏ္ဏားကြီး၏၎င်း ပုဏ္ဏေးမကြီး၏၎င်း ပရိနိဗ္ဗာန် ပြုသည့်အဖြစ်ကို မသိကြသော ကြောင့် မြတ်စွာဘုရား ထိုပုဏ္ဏား ပုဏ္ဏေးမကြီးတို့၏ တမလွန်ဘဝ လားရာအရပ်သည် အဘယ် ပါနည်းဘုရားဟု မေးလျှောက်ကြလေကုန်၏။


ဘုရားရှင်သည် ချစ်သား ရဟန်းတို့ ဤသို့သဘောရှိကုန်သော အသေခမုနိတို့၏ တမလွန်ဘဝ လားရာအရပ် မည်သည်မရှိ။ ဤသို့သဘောရှိသော သူတို့သည် ရွေ့လျောခြင်း မရှိသော သေခြင်း ကင်းသော မြတ်သောနိဗ္ဗာန်သို့ သာလျှင် ရောက်ကြကုန်၏ ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။


ဒေသနာတော်

၂၂၄။ အဟိံသ ကာယာ မုနယော၊ နိစ္စံ ကာယေန သံဝုတာ။
တေ ယန္တိ အစ္စုတံ ဌာနံ၊ ယတ္ထ ဂန္တွာ န သောစရေ။


မုနယေ၊ အသေခ မုနိတို့သည်။
အဟိံသ ကာယာ၊ မညှဉ်းဆဲသောကိုယ် ရှိကြကုန်၏။
နိစ္စံ၊ အမြဲ။
ကာယေန၊ ကာယဒွါရဖြင့်။
သံဝုတာ၊ လုံခြုံအောင် စောင့်ရှောက်ကြကုန်၏။


[ကာယဒွါရဟူသည် ဒေသနာမျှသာဖြစ်သည်။ ဒွါရသုံးပါးစလုံး စောင့်ရှောက်ကြကုန်၏ဟူလို။


တေ၊ ထိုအသေခမုနိတို့သည်။
ယတ္ထဌာနေ၊ အကြင်နိဗ္ဗာန်အရပ်သို့။
ဂန္တွာ၊ သွားရောက်၍။
နသောစရေ၊ မစိုးရိမ် မပင်ပန်းကြကုန်။
အစ္စုတံ၊ ရွှေလျောခြင်းမရှိသော။
တံဌာနံ၊ ထိုနိဗ္ဗာန်အရပ်သို့။
ယန္တိ၊ ရောက်ကြကုန်၏။


ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသောလူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေ ကုန်၏။


ဘုရားခမည်းတော် ပုဏ္ဏားဝတ္ထုပြီး၏။

---

၆ - ရာဇဂြိုဟ်သူဌေး၏ ပုဏ္ဏာမည်သော အိမ်ကျွန်မဝတ္ထု

သဒါဇာဂရမာနာနံ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဂိဇ္ဈကုဋ်တောင်၌ နေတော်မူစဉ် ရာဇဂြိုဟ်သူဌေးကြီးပုဏ္ဏာမည်သော ကျွန်မကို အကြောင်းပြု၍ ဟောတော်မူ လေ၏။


အိမ်ကျွန်မပုဏ္ဏာ ဆန်ကွဲမုံ့လှူဒါန်းခြင်း

တနေ့သ၌ ထိုပုဏ္ဏာ အမည်ရှိသော ကျွန်မအား များစွာသော စပါးကို ထောင်းစိမ့်သောငှါ ပေးကြ ကုန်သတတ်။ ထိုကျွန်မသည် ညဉ့်၌ပင်လျှင် မီးထွန်းကာ စပါးထောင်းရသည်ဖြစ်၍ အပင်အပန်း ဖြေခြင်းငှါ ချွေးစွတ်သောကိုယ်ဖြင့် အပြင်ဘက် လေလာရာအရပ်၌ တည်နေလေ၏။ ထိုအခါ မလ္လာမင်းသား ဖြစ်သော ရှင်ဒဗ္ဗသည် ရဟန်းတို့အား အိပ်ယာနေရာကို• ညွှန်းပြ နေရာချထား တတ်သော ရဟန်းဖြစ်၏။


ထိုရှင်ဒဗ္ဗသည် တရားနာပြီး၍ မိမိကျောင်းသို့ သွားကြကုန်သော ရဟန်းတို့အား လက်ချောင်းကို မီးတိုင်ကဲ့သို့ ထွန်းလင်း တောက်ပစေလျက် ရှေ့မှ ရှေ့မှ ခရီးညွှန်ပြခြင်း အကျိုးငှါ သွားသဖြင့် ရဟန်းတို့ အလို့ငှါ အရောင်အလင်းကို ဖန်ဆင်းတော်မူလေ၏။ ပုဏ္ဏာအမည်ရှိသော ကျွန်မသည် ထိုအလင်းရောင်ဖြင့် လှည့်လည် ကြွသွားကြကုန်သော ထိုအလုံးစုံသော ရဟန်းတို့ကို မြင်ရလျှင် ငါကား မိမိ၏ဆင်းရဲခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ဤအချိန် အခါ၌သော်လည်း အိပ်ခြင်းသို့ မကပ်ရောက်ရသေး။


အရှင်ကောင်းတို့သည် အဘယ့်ကြောင့် ကျိန်းစက်တော်မမူကြသေး ကုန်ဘိသနည်းဟု ကြံ၍ မချွတ်လျှင် တပါးသော ရဟန်းအား မကျန်းမမာ မချမ်းသာခြင်းသည်၎င်း ဖြစ်လတ္တံ့။ မြွေတို့ကြောင့် ဘေးရန် ဥပဒ္ဒဝေါသည်မူလည်း ဖြစ်လတ္တံ့ဟု အမှတ်သညာ ပြုပြီးလျှင် နံနက်စောစောကလျှင် ဆန်ကွဲကိုယူ၍ ရေဖြင့်ဆွတ်လျက် လက်ဝါးပြင်၌ မုံ့ပြုလုပ်သဖြင့် မီးကျီးစုတို့၌ ကင်၍ဖုတ်၍ ခါးပိုက်ရင်ခွင်၌ ထည့်ပြီးလျှင် ရေဆိပ်လမ်းခရီး၌ စားအံ့ဟု အကြံပြု၍ ရေခတ်အိုးကိုယူကာ ရေဆိပ်သို့ ရှေးရှု ထွက်သွားလေ၏။


မြတ်စွာဘုရားသည်လည်း ရွာသို့ကြွဝင်တော်မူခြင်းငှါ ထိုခရီးသို့သာ ကြွသွားတော်မူလေ၏။ ပုဏ္ဏာ အမည်ရှိသော ကျွန်မသည် မြတ်စွာဘုရားကို မြင်တဲ့လျှင် အကြံဖြစ်သည်မှာ တပါးသောနေ့တို့၌ မြတ်စွာဘုရားကို ဖူးမြင်ရသော်လည်း ငါ့အား လှူဖွယ်ဝတ္ထုမရှိ။ လှူဖွယ်ဝတ္ထု ရှိသော်လည်း မြတ်စွာ ဘုရားကို မဖူးမြင်ရ။ ယခုမူကား လှူဖွယ်ဝတ္ထုလည်း ငါ့အားရှိ၏။ မြတ်စွာဘုရားသည်လည်း မျက်မှောက်ထင်ထင် ဖြစ်တော်မူ၏။ ကြမ်းတမ်း ညံ့ဖျင်း၏ ဟူ၍၎င်း မွန်မြတ်၏ဟူ၍၎င်း ကြံစည်တော်မမူဘဲ အကယ်၍ အလှူခံပါမူကား ငါသည် ဤမုံ့ကို လှူလိုပါ၏ဟု ကြံပြီးလျှင် ရေခတ်အိုးကို တခုသော အရပ်၌ ချထား၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင့် မြတ်စွာဘုရား ကြမ်းတမ်း သော ဤမုံ့အလှူကို ခံတော်မူလျက် တပည့်တော်မအား ချီးမြှင့်ခြင်းကို ပြုတော်မူကြပါဘုရားဟု လျှောက်ကြားလေ၏။


မြတ်စွာဘုရားသည် ရှင်အာနန္ဒာ မထေရ်ကို ကြည့်ရှုတော်မူသဖြင့် ထို ရှင်အာနန္ဒာသည် ထုတ်ဆောင်၍ ဆက်ကပ်အပ်သော နတ်မင်းကြီး လေးဦးလှူသော သပိတ်ကို ညွတ်တော်မူ၍ မုံ့ကို ခံယူတော်မူလေ၏။


ပုဏ္ဏာမည်သော ကျွန်မသည်လည်း မုံ့ကို မြတ်စွာဘုရား၏ သပိတ်၌ လောင်းထည့်ပြီး၍ သာလျှင် ငါးပါးသော တည်ခြင်းဖြင့် ရှိခိုးလျက် မြတ်စွာဘုရား ရှင်တော်မြတ်ဘုရားတို့ သိမြင်အပ်သော တရားသည်သာလျှင် တပည့်တော်မအား ပြည့်စုံပါစေသား ဘုရားဟု လျှောက်ကြားလေ၏။ ဘုရားရှင်သည် ဤသို့ တောင်းသည့်ဆုအတိုင်း ပြည့်စုံစေသတည်းဟု ရပ်လျက်သာလျှင် အနုမောဒနာ ပြုတော်မူလေ၏။

---

အလှူ့ရှင်မျက်မှောက် ဘုရားရှင် ဘုဉ်းပေးတော်မူခြင်း

ပုဏ္ဏာမည်သော ကျွန်မသည်လည်း ငါ့အား မြတ်စွာဘုရားသည် ချီးမြှောက်ခြင်းကို ပြုတော်မူသဖြင့် မုံ့ကိုအကယ်၍ကား ခံယူတော်မူ၏။ ထိုသို့ပင် ခံယူသော်လည်း ဤမုံ့ကို ဘုဉ်းပေးတော် မူလိမ့်မည်မဟုတ်။ မချွတ်လျှင်ရှေ့နား၌ ကျီးအား၎င်း ခွေးအား၎င်း စွန့်ကြဲခဲ့၍ မင်းကြီး၏၎င်း မင်းသား၏၎င်း အိမ်သို့ကြွတော်မူ၍ မွန်မြတ်သော ဘောဇဉ်ကို ဘုဉ်းပေး သုံးဆောင်တော် မူလတ္တံ့ဟု ကြံစည်ရှာလေ၏။


မြတ်စွာဘုရားသည် ဤပုဏ္ဏာမည်သော ကျွန်မသည် အဘယ်သို့ ကြံစည်လေဘိသနည်းဟု ဆင်ခြင်တော်မူလတ်သည်ရှိသော် ပုဏ္ဏာ၏ စိတ်အကြံကို သိတော်မူရလျှင် ရှင်အာနန္ဒာမထေရ်ကို ကြည့်တော်မူလျက် နေထိုင်အံ့သော အခြင်းအရာကို ပြလေ၏။ ရှင်အာနန္ဒာ မထေရ်သည် သင်္ကန်းကို ခင်း၍ ပေးလေ၏။ မြတ်စွာဘုရားသည် မြို့ပ၌သာလျှင် နေတော်မူလျက် ဆွမ်းဘုဉ်း ပေးခြင်း ကိစ္စကို ပြုတော်မူလေ၏။


နတ်တို့သည် အလုံးစုံသော စကြဝဠာတိုက်၌ နတ်လူတို့အား သုံးဆောင်ခြင်းငှါ လျောက်ပတ်သော ဩဇာအရသာကို ပျားလဘို့ကဲ့သို့ ညှစ်၍ ထို ဆန်ကွဲမုံ့၌ ထည့်သွင်းကြလေကုန်၏။ ပုဏ္ဏာ မည်သော ကျွန်မသည်လည်း ကြည့်ရှုလျက်သာလျှင် ရပ်နေလေ၏။ မုံ့ဆွမ်းဘုဉ်းပေးပြီးသော အဆုံး၌ ရှင်အာနန္ဒာသည် ရေကို ဆက်ကပ်လေ၏။


မြတ်စွာဘုရားသည် မုံ့ဆွမ်းဘုဉ်းပေးတော် မူပြီးသည်ဖြစ်၍ ပုဏ္ဏာမည်သော ကျွန်မကို ခေါ်တော် မူပြီးလျှင် ပုဏ္ဏာ အဘယ့်ကြောင့် သင်သည် ငါ၏ တပည့်သား သာဝကတို့ကို ရေရွတ်ပြောဆိုဘိ သနည်းဟု မိန့်တော်မူလေ၏။


မြတ်စွာဘုရား ရေရွတ်ပြောဆိုခြင်း မပြုမိပါဘုရားဟု လျှောက်လတ်သော် ထိုသို့ဖြစ်လျှင် သင်သည် ငါ၏ တပည့်သား သာဝကတို့ကိုကြည့်၍ အဘယ်သို့ ဆိုဘိသနည်းဟု မိန့်တော် မူပြန်လေ၏။ မြတ်စွာဘုရား တပည့်တော်မသည် ငါ့မှာမူကား ဤဆင်းရဲဒုက္ခ နှိပ်စက်ခြင်းကြောင့် အိပ်ခြင်းသို့ မကပ်ရောက်ရသေး။ အရှင်ကောင်းတို့သည် အဘယ်အကျိုးငှါ ကျိန်းစက်တော် မူခြင်းသို့ မကပ်ရောက်ကြ ကုန့်ဘိသနည်းဟု ကြံပြီးလျှင် မချွတ်လျှင် တစုံတယောက်သော ရဟန်းအား မကျန်းမမာ မချမ်းသာခြင်းသည်၎င်း ဖြစ်လတ္တံ့။ မြွေကြောင့် ဘေးရန် ဥပဒ္ဒဝေါသည် မူလည်း ဖြစ်လတ္တံ့ဟု ဤမျှလောက်ကိုသာ ကြံစည်မိပါသည်ဘုရားဟု လျှောက်ကြား လေသောကြောင့် ဘုရားရှင်သည် ထိုပုဏ္ဏာမည်သော ကျွန်မ၏ စကားကို ကြားသိတော်မူ၍ ချစ်သ္မီး ပုဏ္ဏာ သင်သည် ထိုရွေ့လောက် ဆင်းရဲဒုက္ခ နှိပ်စက်ခြင်းကြောင့် မအိပ်နိုင်။ ငါ့ဘုရား၏ တပည့်သား သာဝကတို့ကား အခါခပ်သိမ်း နိုးကြားခြင်းကို အဖန်ဖန်လေ့လာ အားထုတ်ကြ ခြင်းကြောင့် မအိပ်နိုင်ကြကုန်ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။


ဒေသနာတော်

၂၂၅။ သဒါ ဇာဂရမာနာနံ၊ အဟောရတ္တာနုသိက္ခိနံ။
နိဗ္ဗာနံ အဓိမုတ္တာနံ၊ အတ္ထံ ဂစ္ဆန္တိ အာသဝါ။


သဒါ၊ အခါခပ်သိမ်း။
ဇာဂရမာနာနံ၊ နိုးကြားတတ်ကြကုန်သော။
အဟော ရတ္တာနုသိက္ခိနံ၊ နေ့ညဉ့်ပတ်လုံး သိက္ခာ သုံးပါးကို ကျင့်ကြကုန်သော။
နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။
အဓိမုတ္တာနံ၊ အလိုရှိခြင်းနှလုံးသွင်းခြင်း ရှိကြကုန်သော ပုဂ္ဂိုလ်တို့အား။
အာသဝါ၊ အာသဝေါတရား လေးပါးတို့သည်။
အတ္ထံ၊ ချုပ်ခြင်းသို့။
ဂစ္ဆန္တိ၊ ရောက်ကုန်၏။


ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ ရပ်မြဲတိုင်းသာလျှင် ဖြစ်သော ပုဏ္ဏာ အမည်ရှိ သောကျွန်မသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ် အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူလေ၏။


ဆန်ကွဲစား သိန္ဓောမြင်းငယ် ဇာတ်အမြွက်


မြတ်စွာဘုရားသည် ဆန်ကွဲမီးဖုတ် မုံ့ဖြင့် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုပြီး၍ ကျောင်းတော်သို့ ကြွသွားတော်မူလေ၏။ ရဟန်းတို့သည် တရားသဘင်၌ ငါ့ရှင်တို့ မြတ်စွာဘုရားသည် ပုဏ္ဏာ အမည်ရှိသော အိမ်ကျွန်မ လှူဒါန်းအပ်သော ဆန်ကွဲ မီးဖုတ်မုံ့ဖြင့် ဆွမ်းဘုဉ်းပေးခြင်း ကိစ္စကို ပြုတော်မူသဖြင့် ပြုနိုင်ခဲသော အမှုကို ပြုတော်မူပါပေ၏ တကားဟု စကားကို ဖြစ်စေကြ လေကုန်၏။


မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့ ယခု ငါလာဆဲဖြစ်သောအခါ၌ အဘယ် မည်သော စကားဖြင့် စည်းဝေးကြကုန်ဘိသနည်းဟု မေးတော်မူသောကြောင့် ဤမည်သော စကားဖြင့် စည်းဝေးကြပါသည်ဘုရား ဟု နားတော် လျှောက်သည်ရှိသော် ချစ်သားရဟန်းတို့ ယခုသာလျှင် မဟုတ်သေး။ ရှေး၌လည်း ငါဘုရားသည် ဤပုဏ္ဏာမည်သော ကျွန်မ ပေးအပ် ကျွေးအပ်သော ဆန်ကွဲကို သုံးဆောင် စားသောက်ဖူးသည် သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူသဖြင့်—


ဘုတွာ တိဏပရိဃာသံ၊ ဘုတွာ အာစာမကုဏ္ဍကံ။
ဧတံ တေ ဘောဇနံ အာသိ၊ ကသ္မာ ဒါနိ န ဘုဉ္ဇသိ။


ယတ္ထ ပေါသံ န ဇာနန္တိ၊ ဇာတိယာ ဝိနယေနဝါ။
ပဟု တတ္ထ မဟာဗြဟ္မေ၊ အပိ အာစာမကုဏ္ဍကံ။


တွဉ္စခေါ ဓံ ပဇာနာသိ၊ ယာဒိသာယံ ဟယုတ္တမော။
ဇာနန္တော ဇာနမာဂမ္မ၊ န တေ ဘက္ခာမိ ကုဏ္ဍကံ။


အဿပေါတက၊ အိုမြင်းငယ်။
တွံ၊ သင်သည်။
တိဏပရိဃာသံ၊ သူတပါး စားကြွင်း မြက်ငုတ်ကို။
ဘုတွာ၊ စား၍။
အာစာမကုဏ္ဍကံ၊ အမယ်အိုကျွေးသော ထမင်းချိုးနှင့် ဆန်ကွဲမှုန့်ကို။
ဘုတွာ၊ စား၍။
ဝဍ္ဎိတော၊ ကြီးပွားရ၏။
ဧတံ၊ ဤယခု ငါကျွေးသော အစာသည်။
တေ၊ သင်၏။
ဘောဇနံ၊ စားနေကျ အစာသည်။
အာသိ၊ ဖြစ်၏။
ဣဒါနိ၊ ယခုအခါ၌။
ကသ္မာ၊ အဘယ့်ကြောင့်။
နဘုဉ္ဇသိ၊ မစားဘိသနည်း။


မဟာဗြဟ္မေ၊ မြတ်သော ပုဏ္ဏားကြီး။
ယတ္ထ၊ အကြင်အရပ်၌။
ပေါသံ၊ သတ္တဝါတဦးကို။
ဇာတိယာဝါ၊ အမျိုးဇာတ်အားဖြင့်၎င်း။
ဝိနယေနဝါ၊ အကျင့် အာစာရ အားဖြင့်၎င်း။
နဇာနန္တိ၊ ပြည့်စုံ မပြည့်စုံဟု မသိကြကုန်။
တတ္ထ၊ ထိုအရပ်၌။
အာစာမကုဏ္ဍကံအပိ၊ ထမင်းချိုး ဆန်ကွဲမှုန့်ကိုသော်လည်း။
ဘက္ခိတုံ၊ စားခြင်းငှါ။
ပဟု၊ စွမ်းနိုင်၏။


တွဉ္စ၊ သင်သည်ကား။
မံ၊ အကျွနု်ပ်ကို။
အယံဟယော၊ ဤမြင်းသည်။
ယာဒိသော၊ အကြင်သို့ သဘောရှိသော။
ဟယုတ္တမော၊ အဘိုးတန် မြင်းကောင်း ဖြစ်၏ဟူ၍။
ပဇာနာသိခေါ၊ သိသည်သာလျှင်တည်း။
ဇာနန္တော၊ အားစွမ်းကို သိသော အကျွန်ုပ်သည်။
ဇာနံ၊ အားစွမ်းကို သိသောသင့်ကို။
အာဂမ္မ၊ စွဲ၍။
တေ၊ သင်၏။
သန္တိကေ၊ အထံ၌။
ကုဏ္ဍကံ၊ ဆန်ကွဲမှုန့်ကို။
နဘက္ခာမိ၊ မစားအံ့


ဟူ၍ ဤဆန်ကွဲစား သိန္ဓောမြင်းငယ်ဇာတ်ကို အကျယ်ချဲ့၍ ဟောတော်မူလေ၏။


ရာဇဂြိုဟ်သူဌေး၏ ပုဏ္ဏာမည်သော အိမ်ကျွန်မဝတ္ထုပြီး၏။

---

၇ - အတုလျ ဥပါသကာဝတ္ထု

ပေါရာဏမေတံ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အတုလျမည်သော ဥပါသကာကို အကြောင်းပြု၍ ဟောတော် မူလေ၏။


စိတ်တိုင်းကျ တရားမနာရသဖြင့် ကဲ့ရဲ့ခြင်း

ထိုဥပါသကာသည် သာဝတ္ထိပြည်၌ နေလေ့ရှိသော ဥပါသကာဖြစ်၍ ငါးရာသော ဥပါသကာ အပေါင်း အခြံအရံရှိသဖြင့် တနေ့သ၌ ထိုဥပါသကာတို့ကိုခေါ်၍ တရားနာခြင်း အကျိုးငှါ ကျောင်းတော်သို့ သွားရောက်ပြီးလျှင် ရေဝတမထေရ်၏ အထံတော်၌ တရားနာလိုသည်ဖြစ်၍ ရေဝတမထေရ်ကို ရှိခိုးကာ နေလေ၏။


ထိုရေဝတမထေရ်ကား ခြင်္သေ့ကဲ့သို့ တယောက်ထည်းတည်း ကိန်းအောင်းခြင်း၌ မွေ့လျော်လေ့ ရှိ၏။ တပါးတည်း နေထိုင်လေ့ရှိ၏။ ထို့ကြောင့် အတုလျဒါယကာနှင့်တကွ တစုံတခုသော စကားကိုမျှ မိန့်ဆိုတော်မမူ။ အတုလျဥပါသကာသည် ဤမထေရ်ကား တစုံ တခွန်းသော စကားကိုမျှ မဆိုဟု အမျက်ထွက်သဖြင့် ရှင်သာရိပုတြာ၏ အထံတော်သို့သွား၍ တင့်အပ်လျောက် ပတ်သောအရပ်၌ ရပ်နေလေ၏။


ရှင်သာရိပုတြာမထေရ်သည် အဘယ် အကြောင်းကြောင့် လာကြကုန်သနည်းဟု ဆိုအပ်သည် ရှိသော် အရှင်ဘုရား တပည့်တော်သည် ဤသီတင်းသည် ဥပါသကာတို့ကိုခေါ်၍ တရားနာခြင်း အကျိုးငှါ ရေဝတမထေရ်အထံသို့ ချဉ်းကပ်ပါသည်ဘုရား။ ရေဝတမထေရ်သည် တပည့်တော်အား တစုံတခွန်းသော စကားကိုမျှ မဆိုပါဘုရား။ ထို့ကြောင့်တပည့်တော်သည် ထိုရေဝတမထေရ်အား အမျက်ထွက်သဖြင့် ဤအရပ်သို့ ရောက်လာပါသည်။ တပည့်တော်တို့အား တရားဟောတော် မူကြပါဘုရားဟု လျှောက်ကြားသည်ရှိသော် ဒါယကာတို့ ထိုင်ကြကုန်လော့ဟု မိန့်တော်မူပြီးလျှင် များစွာပြု၍ အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူလေ၏။


အတုလျဥပါသကာသည်လည်း တရားစကား မည်သည်ကား အလွန် သိမ်မွေ့လှ၏။ ရှင်သာရိပုတြာသည် များစွာသော အဘိဓမ္မာတရားကိုသာလျှင် ဟောတော်မူလေ၏။ ငါတို့အား ဤအဘိဓမ္မာတရားဖြင့် အဘယ်အကျိုး ရှိအံ့နည်းဟု အမျက်ထွက်သဖြင့် ပရိသတ်ကိုခေါ်၍ ရှင်အာနန္ဒာမထေရ်၏ အထံတော်သို့ သွားရောက်ပြန်လေ၏။


ရှင်အာနန္ဒာမထေရ်သည်လည်း ဒါယကာတို့ အဘယ်အကြောင်းရှိသနည်းဟု ဆိုလတ်သည်ရှိသော် အရှင်ဘုရား အကျွန်ုပ်တို့သည် တရားနာခြင်း အကျိုးငှါ ရေဝတမထေရ်သို့ ချဉ်းကပ်ကြပါကုန်သည် ဘုရား။ ရေဝတမထေရ်အထံ၌ အာလာပ သလ္လာပ စကားပြောဟောခြင်းမျှကိုလည်း မရမူ၍ အမျက်ထွက်သဖြင့် ရှင်သာရိပုတြာမထေရ်၏ အထံတော်သို့ ရောက်သွားကြပါသည်ဘုရား။ ရှင်သာရိပုတြာသည်လည်း တပည့်တော်တို့အား အလွန်သိမ်မွေ့လှသော များစွာသော အဘိဓမ္မာ တရားတော်ကိုသာလျှင် ဟောတော်မူပါသည်ဘုရား။


အဘိဓမ္မာတရားတော်ကြီးဖြင့် ငါတို့အား အဘယ်အကျိုး ရှိအံ့နည်းဟု ထိုရှင်သာရိပုတြာအား လည်း အမျက်ထွက်သဖြင့် ဤအရပ်သို့ ရောက်လာကြပါသည်။ အရှင်ဘုရား တပည့်တော်တို့အား တရားစကား ဟောကြားတော်မူပါဘုရားဟု လျှောက်ကြားလေ၏။ ထိုသို့ဖြစ်မူ ထိုင်၍နာကြ ကုန်လော့ဟု မိန့်တော်မူပြီးလျှင် ရှင်အာနန္ဒာမထေရ်သည် ထိုသီတင်းသည် ဥပါသကာတို့အား အလွန်သိလွယ်အောင် ပြု၍ အနည်းငယ်သော တရားစကားကို ဟောကြားမိန့်မြွက်တော်မူလေ၏။


ကဲ့ရဲ့အပ်သူ ချီးမွမ်းအပ်သူ အစစ်မရှိ

ထိုသီတင်းသည် ဥပါသကာတို့သည် ရှင်အာနန္ဒာမထေရ်အားလည်း အမျက်ထွက်ပြန်သဖြင့် ဘုရားရှင်၏ အထံတော်သို့ သွားပြီးလျှင် ရှိခိုးလျက် တင့်အပ် လျောက်ပတ်သော အရပ်၌ နေကြလေကုန်၏။


ထိုအခါ ထိုဒါယကာတို့ကို မြတ်စွာဘုရားသည် ဥပါသကာတို့ အဘယ် အကြောင်းကြောင့် ရောက်လာ ကြကုန်သနည်းဟု မိန့်တော်မူလေ၏။ မြတ်စွာဘုရား တရားနာခြင်း အကျိုးငှါ ရောက်လာကြ ပါသည်ဘုရားဟု လျှောက်ကြားလတ်သော် သင်တို့သည်တရားကို နာကြားရပြီလောဟု မိန့်တော် မူပြန်လေ၏။


မြတ်စွာဘုရား တပည့်တော်တို့သည် အစဦးစွာ ရေဝတမထေရ်သို့ ချဉ်းကပ်ကြပါသည်ဘုရား။ ထိုရေဝတမထေရ်သည် တပည့်တော်တို့နှင့် အတူတကွ တစုံတခွန်းသော စကားကိုမျှ မဆိုပါ ဘုရား။ ထိုရေဝတမထေရ်အား အမျက်ထွက်သဖြင့် ရှင်သာရိပုတြာမထေရ်သို့ ချဉ်းကပ်ကြပါသည်။ ထိုရှင်သာရိပုတြာမထေရ်သည် တပည့်တော်တို့အား များလှစွာသော အဘိဓမ္မာတရားကို ဟောကြားပါသည်ဘုရား။ ထိုအဘိဓမ္မာတရားကို မမှတ်သားနိုင် ပါသောကြောင့် အမျက်ထွက် သဖြင့် ရှင်အာနန္ဒာမထေရ်သို့ ချဉ်းကပ်ကြပါသည်။


ရှင်အာနန္ဒာမထေရ်သည် တပည့်တော်တို့အား အနည်းငယ်မျှသော တရားကိုသာလျှင် ဟောကြား ပါသည်ဘုရား။ ထိုရှင်အာနန္ဒာမထေရ်အားလည်း အမျက်ထွက်သဖြင့် ဤအရပ်သို့ ရောက်လာကြ ပါသည် ဘုရားဟု လျှောက်ဆိုလတ်သည်ရှိသော် မြတ်စွာဘုရားသည် အတုလျဥပါသကာ၏ စကားကို ကြားတော်မူရလျှင် ဒါယကာ အတုလျ ထိုကဲ့ရဲ့ခြင်းသည် ရှေးအခါမှစ၍ အလေ့အလာ ဖြစ်သည်သာတည်း။


ဆိတ်ဆိတ်နေသောသူကို၎င်း များများပြောဆိုတတ်သော သူကို၎င်း နည်းနည်းပြောဆိုတတ်သော သူကို၎င်း ကဲ့ရဲ့ကြကုန် စမြဲသာတည်း။ စင်စစ် ကဲ့ရဲ့အပ်သည်သာလျှင် ဖြစ်သော သူသည်၎င်း စင်စစ်ချီးမွမ်းအပ်သည် သာလျှင် ဖြစ်သောသူသည်၎င်း မရှိ။


ပြည့်ရှင်မင်းကြီးတို့ကိုလည်း အချို့သော သူတို့သည် ကဲ့ရဲ့ကြကုန်၏။ အချို့သောသူတို့သည် ချီးမွမ်းကြကုန်၏။ မဟာပထဝီမြေကြီးကို၎င်း လနေတို့ကို၎င်း အချို့သောသူတို့သည် ကဲ့ရဲ့ကြ ကုန်၏။ အချို့သော သူတို့သည် ချီးမွမ်းကြကုန်၏။


ပရိသတ်လေးပါး၏ အလယ်၌ နေတော်မူလျက် တရားစကား ဟောကြားတော်မူသော မြတ်စွာဘုရား ကိုသော်လည်း အချို့သော သူတို့သည် ကဲ့ရဲ့ကြကုန်၏။ အချို့သော သူတို့သည် ချီးမွမ်းကြကုန်၏။


အန္ဓဗာလ ဖြစ်သော သူမိုက်တို့၏ ကဲ့ရဲ့ခြင်းသည်၎င်း ချီးမွမ်းခြင်းသည်၎င်း ပမာဏမဟုတ်။ လျင်စွာ သိနိုင်မှတ်နိုင်သော ပညာရှိသောသူ၏ ကဲ့ရဲ့ခြင်းသည် ကဲ့ရဲ့ခြင်းမည်၏။ ချီးမွမ်းခြင်းသည် ချီးမွမ်းခြင်း မည်၏ ဟုမိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။


ဒေသနာတော်

၂၂၆။ ပေါရာဏမေတံ အတုလျ၊ နေတံ အဇ္ဇတနမိဝ။
နိန္ဒန္တိ တုဏှိမာသီနံ၊ နိန္ကန္တိ ဗဟုဘာဏိနံ။
မိတဘာဏိမ္ပိ နိန္ဒန္တိ၊ နတ္ထိ လောကေ အနိန္ဒိတော။


၂၂၇။ န စာဟု နစဘဝိဿတိ၊ န စေတရဟိ ဝိဇ္ဇတိ။
ဧကန္တံ နိန္ဒိတော ပေါသော၊ ဧကန္တံ ဝါ ပသံသိတော။


၂၂၈။ ယဉ္စေ ဝိညူ ပသံသန္တိ၊ အနုဝိစ္စ သုဝေသုဝေ။
အစ္ဆိန္နဝုတ္တိံ မေဓာဝိံ၊ ပညာသီလ သမာဟိတံ။


၂၂၉။ နိက္ခံ ဇမ္ဗောနဒဿေဝ၊ ကော တံ နိန္ဒိတုမရဟတိ။
ဒေဝါပိ နံ ပသံသန္တိ၊ ဗြဟ္မုနာပိ ပသံသိတော။


အတုလျ၊ အတုလျမည်သော ဒါယကာ။
ဧတံ၊ ဤကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းသည်။
ပေါရာဏံ၊ ရှေးမှစ၍ ဖြစ်၏။
ဧတံ၊ ဤကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းသည်။
အဇ္ဇတနမိဝ၊ ယခုမှ ဖြစ်သကဲ့သို့။
နဟောတိ၊ မဟုတ်။
တုဏှိမာသီနံပိ၊ ဆိတ်ဆိတ် နေလေ့ရှိသော သူကိုလည်း။
နိန္ဒန္တိ၊ ကဲ့ရဲ့ကြကုန်၏။


[ဤပုဂ္ဂိုလ်ကား အသို့နည်း။ အ,အကဲ့သို့ နားပင်းကဲ့သို့ ဘာတခုမျှ မသိတတ်သကဲ့သို့ ဆိတ်ဆိတ် သာ နေဘိ၏ဟု ကဲ့ရဲ့ကြကုန်၏ ဟူလို]။


ဗဟုဘာဏီနံပိ၊ များများ ပြောဆိုလေ့ရှိသောသူကိုလည်း။
နိန္ဒန္တိ၊ ကဲ့ရဲ့ကြကုန်၏။


[ဤပုဂ္ဂိုလ်ကား လေခပ်သော ထန်းရွက်ကဲ့သို့ တဖြစ်ဖြစ် တတောက်တောက် အသံပြုနိုင်၏။ ဤပုဂ္ဂိုလ်အား စကားကုန်သည်ဟူ၍ပင်မရှိဟု ကဲ့ရဲ့ကြကုန်၏ဟူလို]။


မိတဘာဏိမ္ပိ၊ နည်းနည်း ပြောဆိုလေ့ရှိသော သူကိုလည်း။
နိဒ္ဒန္တိ၊ ကဲ့ရဲ့ကြကုန်၏။


[ဤပုဂ္ဂိုလ်ကား ရွှေငွေ အလား မိမိ၏ စကားကို အမှတ်ထားသောကြောင့် တခွန်း နှစ်ခွန်း လောက်သာပြောပြီး ဆိတ်ဆိတ် နေလေတော့သည် ဟု ကဲ့ရဲ့ကြကုန်၏ ဟူလို။ ]


လောကေ၊ လောက၌။
အနိန္ဒိတော၊ မကဲ့ရဲ့အပ်သောသူ မည်သည်။
ဝါ၊ အကဲ့ရဲ့လွတ်သောသူ မည်သည်။
နတ္ထိ၊ မရှိ။


ဧကန္တံ၊ စင်စစ်အားဖြင့်။
နိန္ဒိတော၊ ကဲ့ရဲ့အပ်သော။
ပေါသောဝါ၊ ယောက်ျားသည်၎င်း။
ဧကန္တံ၊ စင်စစ်အားဖြင့်။
ပသံသိတော၊ ချီးမွမ်းအပ်သော။
ပေါသောဝါ၊ ယောက်ျားသည်၎င်း။
နစအဟု၊ ရှေးအတိတ်၌လည်း မဖြစ်စဖူး။
နစဘဝိဿတိ၊ နောင် အနာဂတ်၌လည်း မဖြစ်လတ္တံ့ ။
ဧတရဟိစ၊ ယခုပစ္စုပ္ပန်၌ လည်း။
နဝိဇ္ဇတိ၊ မရှိ။


အစ္ဆိန္နဝုတ္တိံ၊ မကျိုးမပြတ်သော အကျင့်သိက္ခာ ရှိသော။
ဝါ၊ မပျက်စီးသော အသက်မွေးခြင်းရှိသော။
မေဓာဝိံ၊ ထက်မြက်သော ဓမ္မောဇ ပညာဖြင့် ပညာရှိသော။
ပညာသီလသမာဟိတံ၊ လောကီ လောကုတ္တရာပညာ စတုပါရိသုဒ္ဓိသီလနှင့် ပြည့်စုံသော။
ယံဘိက္ခု၊ အကြင်ရဟန်းကို။
ဝိညူ၊ ပညာရှိတို့သည်။
သုဝေ သုဝေ၊ နေ့တိုင်း နေ့တိုင်း။
အနုဝိစ္စ၊ ချီးမွမ်းသင့် ကဲ့ရဲ့သင့်ကို သိရှိ၍။
ပသံ-သန္တိ၊ ချီးမွမ်းကြကုန်၏။


တံဘိက္ခုံ၊ ထိုရဟန်းကို။
ဇမ္ဗောနဒဿ၊ ဇမ္ဗူရာဇ်ရွှေ၏။
နိက္ခံ ဣဝ၊ တနိက္ခ ကဲ့သို့။
ကော၊ အဘယ်သူသည်။
နိန္ဒိတုံ၊ ကဲ့ရဲ့ခြင်းငှါ။
အရဟတိ၊ ထိုက်အံ့နည်း။
နံဘိက္ခုံ၊ ထိုရဟန်းကို။
ဒေဝါပိ၊ နတ်တို့သည်လည်း။
ပသံသန္တိ၊ ချီးမွမ်းကြကုန်၏။


[လူပညာရှိတို့လည်း ချီးမွမ်းကြကုန်၏ ဟူလို]။


သောဘိက္ခု၊ ထိုရဟန်းကို။
ဗြဟ္မုနာပိ၊ စကြဝဠာတိုက်တသောင်း ဗြဟ္မာအပေါင်းသည်လည်း။
ပသံသိတော၊ ချီးမွမ်းအပ်၏။


ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ ငါးရာသော ဥပါသကာတို့သည်လည်း သောတာပတ္တိဖိုလ်၌ တည်ကြ လေကုန်၏။


အတုလျ ဥပါသကာဝတ္ထုပြီး၏။

---

၈-ဆဗ္ဗဂ္ဂီရဟန်းတို့ ဝတ္ထု

ကာယပ္ပကောပံ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်း ပြု၍ ဟောတော်မူလေ၏။


ခုံဘိနပ်စီးသော ရဟန်းများအကြောင်း

တနေ့သ၌ မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် လက်နှစ်ဘက် တို့ဖြင့် တောင်ဝှေးတို့ကို ကိုင်လျက် သစ်သားခြေနင်း ခုံဘိနပ်ကို စီး၍ ကျောက်ဖျာ၌ စင်္ကြံ သွားကြကုန်သော ထိုဆဗ္ဗဂ္ဂီရဟန်းတို့၏ ခဋ-ခဋ ဟူသောအသံကို ကြားတော်မူရလျှင် ချစ်သား အာနန္ဒာ ဤအသံကား အဘယ်မည်သော အသံနည်းဟု မေးတော်မူသောကြောင့် ခြေနင်းကိုစီး၍ စင်္ကြံ သွားကုန်သော ဆဗ္ဗဂ္ဂီရဟန်းတို့ကို အစွဲပြု၍ မြည်သော ခဋ-ခဋ ဟူသော အသံ ဖြစ်ပါသည် ဘုရားဟု လျှောက်ကြားသဖြင့် သိက္ခာပုဒ်တော်ကို ပညတ်တော်မူပြီးလျှင် ရဟန်းမည်သည်ကား ကိုယ်စသည်တို့ကို စောင့်ရှောက်ခြင်းငှါ သင့်၏ဟု မိန့်တော်မူ၍ တရားဟောကြားတော် မူလိုရကား ဤဂါထာတို့ကို ဟောတော်မူလေ၏။


ဒေသနာတော်

၂၃၀။ ကာယပ္ပကောပံ ရက္ခေယျ၊ ကာယေန သံဝုတော သိယာ။
ကာယဒုစ္စရိတံ ဟိတွာ၊ ကာယေန သုစရိတံ စရေ။


၂၃၁။ ဝစီပကောပံ ရက္ခေယျ၊ ဝါစာယ သံဝုတော သိယာ။
ဝစီဒုစ္စရိတံ ဟိတွာ၊ ဝါစာယ သုစရိတံ စရေ။


၂၃၂။ မနောပကောပံ ရက္ခေယျ၊ မနသာ သံဝုတော သိယာ။
မနောဒုစ္စရိတံ ဟိတွာ၊ မနသာ သုစရိတံ စရေ။


၂၃၃။ ကာယေန သံဝုတာ ဓီရာ၊ အထော ဝါစာယ သံဝုတာ။
မနသာ သံဝုတာ ဓီရာ၊ တေ သုပရိသံဝုတာ။


ကာယပ္ပကောပံ၊ ကာယ ဒုစရိုက်ကို။
ရက္ခေယျ၊ စောင့်ရှောက်ရာ၏။
ကာယေန၊ ကာယဒွါရဖြင့်။
သံဝုတော၊ စောင့်ရှောက်သည်။
သိယာ၊ ဖြစ်ရာ၏။


[ကာယဒွါရ၌ ဒုစရိုက်ဝင်လာခြင်းကို မြစ်တားကာ စောင့်ရှောက်လျက် ပိတ်အပ်သော တံခါး ရှိသောသူ ဖြစ်ရမည်ဟူလို]။


ကာယဒုစ္စရိတံ၊ ကာယဒုစရိုက်ကို။
ဟိတွာ၊ စွန့်၍။
ကာယေန၊ ကာယဒွါရဖြင့်။
သုစရိတံ၊ ကောင်းသောအကျင့်ကို၊
စရေ၊ ကျင့်ရာ၏။


ဝစီပကောပံ၊ ဝစီဒုစရိုက်ကို။
ရက္ခေယျ၊ စောင့်ရှောက်ရာ၏။
ဝါစာယ၊ ဝစီဒွါရဖြင့်။
သံဝုတော၊ စောင့်ရှောက်သည်။
သိယာ၊ ဖြစ်ရာ၏။
ဝစီဒုစ္စရိတံ၊ ဝစီဒုစရိုက်ကို။
ဟိတွာ၊ စွန့်၍။
ဝါစာယ၊ ဝစီဒွါရဖြင့်။
သုစရိတံ၊ ကောင်းသော အကျင့်ကို။
စရေ၊ ကျင့်ရာ၏။


မနောပကောပံ၊ မနောဒုစရိုက်ကို။
ရက္ခေယျ၊ စောင့်ရှောက်ရာ၏။
မနသာ၊ မနောဒွါရဖြင့်။
သံဝုတော၊ စောင့်ရှောက်သည်။
သိယာ၊ ဖြစ်ရာ၏။
မနောဒုစ္စရိတံ၊ မနောဒုစရိုက်ကို။
ဟိတွာ၊ စွန့်၍။
မနသာ၊ မနောဒွါရဖြင့်။
သုစရိတံ၊ ကောင်းသော အကျင့်ကို။
စရေ၊ ကျင့်ရာ၏။


ဓီရာ၊ ပညာရှိတို့သည်။
ကာယေန၊ ကာယဒွါရဖြင့်။
သံဝုတာ၊ လုံခြုံစွာ ပိတ်ဆို့ကြကုန်၏။
အထော၊ ထိုမှတပါး။
ဝါစာယ၊ ဝစီဒွါရဖြင့်။
သံဝုတာ၊ လုံခြုံစွာ ပိတ်ဆို့ကြကုန်၏။
မနသာ၊ မနောဒွါရဖြင့်။
သံဝုတာ၊ လုံခြုံစွာ ပိတ်ဆို့ကြကုန်၏။
တေဓီရာ၊ ထိုပညာရှိတို့သည်။
ဝေဧကန္တေန၊ စင်စစ်အားဖြင့်။
သုပရိသံဝုတာ၊ ကောင်းစွာ ထက်ဝန်းကျင် လုံခြုံစွာ ပိတ်ဆို့နိုင်ကြသောသူတို့ ဖြစ်ကုန်၏။


ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။


ဆဗ္ဗဂ္ဂီရဟန်းတို့ဝတ္ထုပြီး၏။


ဤတွင်ရွေ့ကား တဆယ်ခုနစ်ခု မြောက်သော ကောဓဝဂ်အဖွင့်ပြီး၏။

၁၈ - မလဝဂ်

၁-နွားသတ်သမား၏သား ဝတ္ထု

ပဏ္ဍုပလာသောဝ ဒါနိသိ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် တယောက်သော နွားသတ်သော ယောက်ျား၏ သားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အသားမပါ မစားနိုင်ဟု ဆိုခြင်း

သာဝတ္ထိပြည်၌ တယောက်သော နွားသတ်ယောက်ျားသည် နွားတို့ကို သတ်သဖြင့် ကောင်းမြတ် သော အသားတို့ကိုယူ၍ ချက်စေပြီးလျှင် သားမယားတို့ နှင့်အတူတကွ နေထိုင်လျက် အသား ကိုလည်းစား၏။ အဘိုးအားဖြင့် ရောင်းချ၍လည်း အသက်မွေးခြင်းကို ပြုတတတ်။

ထိုနွားသတ် ယောက်ျားသည် ဤသို့ ငါးဆဲ့ငါးနှစ်တို့ ကာလပတ်လုံး နွားသတ်ခြင်း အမှုကိုပြုလျက် အနီးဖြစ်သော ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူသော မြတ်စွာဘုရားအား တနေ့ သ၌မျှလည်း တယောက်မ တဇွန်းမျှသော ယာဂုကို၎င်း ဆွမ်းကို၎င်း မလှူဒါန်းစဖူး။

ထိုနွားသတ် ယောက်ျားသည်ကား အမဲသားနှင့် ကင်း၍ ထမင်းစားလေ့ မရှိ။ ထိုနွားသတ် ယောက်ျားသည် တနေ့သ၌ နွားသားကို ရောင်းချပြီးလျှင် မိမိအတွက် ချက်စရာ အလို့ငှါ တခုသော အသားတုံးကို မယားအားပေး၍ ရေချိုးခြင်းငှါ သွားလေ၏။

ထိုအခါ နွားသတ်ယောက်ျား၏ အဆွေခင်ပွန်းသည် အိမ်သို့လာ၍ နွားသတ်သမား၏ မယားကို ငါ့အား ရောင်းအပ်သော နွားသားကို အနည်းငယ်ပေးပါ။ ငါ၏အိမ်၌ ဧည့်သည် ရောက်လာပါသည် ဟု ဆိုလေ၏။ ရောင်းအပ်သော နွားသားမရှိပြီ။ သင်၏ အဆွေခင်ပွန်းသည် အမဲသား အားလုံး ရောင်းပြီးသဖြင့် ယခု ရေချိုးခြင်းငှါ သွားပါသည်ဟု ဆိုလတ်သော် ဤသို့မပြုပါလင့် အမဲသားတုံး အကယ်၍ ရှိသေးသည်ဖြစ်အံ့ ပေးပါဦးဟု ဆိုလေ၏။

သင်၏ အဆွေခင်ပွန်း အလို့ငှါ ထားအပ်သော အမဲသားကို ဖယ်ထား၍ တပါးသော အမဲသား မရှိပါဟု ဆိုလတ်သော် ထိုအမဲသား အလိုရှိသောသူသည် ငါ၏သူငယ်ချင်းအလို့ငါ ထားအပ်သော အမဲသားမှတပါး အခြားသော အမဲသားမရှိ။ ထိုငါ၏ သူငယ်ချင်းသည်လည်း အမဲနှင့်ကင်း၍ ထမင်းမစားနိုင်။ ဤနွားသတ်သမား၏ မယားသည် ပေးဝံ့လိမ့်မည် မဟုတ်ဟု ကြံ၍ ကိုယ်တိုင် သာလျှင် ထိုအမဲသားကိုယူ၍ ဖဲသွားလေ၏။

နွားသတ်ယောက်ျားသည်လည်း ရေချိုးပြီး၍ ပြန်လာသည်ရှိသော် မယားသည် မိမိချက်အပ်သော ဟင်းရွက် ကျက်နှင့်တကွ ခူးထည့်၍ ထမင်းကို ဆောင်ယူလာသောအခါ အမဲသား အဘယ်မှာ နည်းဟု မေးလေ၏။ အရှင့်သား မရှိပြီဟု ဆိုလတ်သော် ငါကားချက်စိမ့်သောငှါ ကိုယ်တိုင် ပေးခဲ့၍ သွားသည်မဟုတ်လောဟု ဆိုလေ၏။

သင်၏ အဆွေခင်ပွန်း ဖြစ်သော သူသည် လာလတ်၍ ငါ၏အိမ်၌ ဧည့်သည် ရောက်လာပါသည် ရောင်းအပ်သော အမဲသားကို ပေးပါဟုဆိုသဖြင့် အကျွန်ုပ်သည် သင်၏ အဆွေခင်ပွန်း အလို့ငှါ ထားအပ်သော အမဲသားမှ တပါးသော အမဲသား မရှိပါ။ ထိုသင်၏ သူငယ်ချင်းသည်လည်း အမဲသားနှင့်ကင်း၍ မစားနိုင်ဟု ဆိုပါလျက်လည်း အနိုင့်အထက် ပြုသဖြင့် ထိုအမဲသားကို ကိုယ်တိုင် သာ ယူကာ သွားပါသည်ဟု ဆိုလတ်သော် ငါကား အမဲသားနှင့်ကင်း၍ ထမင်းကိုမစားနိုင် ထိုအမဲ ကိုပြန်၍ ယူဆောင်ချေလော့ဟု ဆိုလေ၏။

နွားရှင် လျှာဖြတ်စား၍ ချက်ခြင်း မကောင်းကျိုးရပုံ

အရှင့်သား ပြန်၍ ဆောင်ယူခြင်းငှါ အဘယ်သို့ တတ်နိုင်ပါတော့အံ့နည်း စားပါအရှင် ဟု ဆိုလတ် သည်ရှိသော် နွားသတ်ယောက်ျားသည် ငါ့ကား မစားနိုင်ဟုဆို၍ ထိုထမင်းကို ယူသိမ်း စေပြီးလျှင် ဓားကိုယူလျက် အိမ်နောက်ဖေး၌ ရပ်တည်နေသော နွားသည်ရှိလေ၏။ ထိုနွား၏ အထံသို့ သွားပြီးလျှင် ခံတွင်းမှ လက်ကိုထည့်သွင်း၍ လျှာကိုငင်ထုတ်လျက် ဓားဖြင့် လျှာအရင်းမှ ဖြတ်ယူကာ လာ၍ မီးကျီးတို့၌ ဖုတ်ကင်စေသဖြင့် ထမင်းအထက်၌ထား၍ ထိုင်နေလျက် ထမင်း တဆုပ်ကို စားပြီးလျှင် တခုဓသာ အမဲသားပိုင်းကို ခံတွင်း၌ ထားလေ၏။

ထိုခဏခြင်းသာလျှင် နွားသတ်ယောက်ျား၏လျှာသည် ပြတ်၍ ထမင်းခွက်၌ ကျလေ၏။ ထိုအခါ၌ သာလျှင် ကံနှင့် တူစွာသော အကျိုးဝိပါက်ကို ရရှာလေ၏။ ထိုနွားသတ် ယောက်ျားသည်လည်း နွားကဲ့သို့ သွေးအလျဉ်သည် ခံတွင်းမှ ယိုစီးလျက် အိမ်တွင်းသို့ဝင်၍ ပုဆစ်ဒူးတို့ဖြင့် လှည့်ပတ် သွားလာကာ အော်ဟစ် မြည်တမ်းရှာလေ၏။

ထိုအခါ၌ နွားသတ်ယောက်ျား၏ သားသည် အဘကိုကြည့်ရှုလျက် အနီး၌ရပ်လျက်ရှိ၏။ ထိုအခါ ထိုသားကိုမိခင်သည် ချစ်သားနွားကဲ့သို့ အိမ်၏အလယ်၌ ပုဆစ်ဒူးတို့ဖြင့် သွားလာ လှည့်ပတ်ကာ အော်ဟစ် မြည်တမ်းရှာသော ဤသင့်ဖခင် နွားသတ်ယောက်ျားကို ကြည့်ရှုလော့။ ဤဆင်းရဲခြင်း သည် သင်၏ဦးခေါင်းထက်၌ ကျလတ္တံ့။ ငါမိခင်ကိုလည်း မကြည့်မူ၍မူ၍ မိမိ၏ချမ်းသာခြင်းကို ပြုလုပ်ကာ ထွက်ပြေးပေတော့ဟု ဆိုလေ၏။

ထိုသားသည် သေဘေးမှ ကြောင့်လှသောကြောင့် မိခင်ကို ရှိခိုး၍ ထွက်ပြေးလေ၏။ ထွက်ပြေး သွားသည်ရှိသော်ကား တက္ကသိုလ်ပြည်သို့ ရောက်သွားလေ၏။ နွားသတ် ယောက်ျားသည်လည်း နွားကဲ့သို့ အိမ်၏အလယ်၌ အော်ဟစ်မြည်တမ်းလျက် သွားလာ လှည့်ပတ်၍ အသက် သေဆုံးသည် ရှိသော် အဝီစိငရဲ၌ ဖြစ်ရှာလေ၏။ နွားသည်လည်း သေဆုံးရှာလေ၏။

သားဖြစ်သူသည် တက္ကသိုလ်သို့ရောက်၍ ကြီးပွားခြင်း

နွားသတ်ယောက်ျား၏ သားသည်လည်း တက္ကသိုလ်ပြည်သို့ သွား၍ ရွှေပန်းထိမ်သည်အမှု အတတ်ကို သင်ယူလေ၏။ ထိုအခါ ထိုသူငယ်၏ ဆရာသည် ရွာတခု သွားသည်ရှိသော် ဤသို့ သဘောရှိသော တန်ဆာမည်သည်ကို ပြုလုပ်ရမည်ဟု ဆို၍ဖဲသွားလေ၏။ ထိုသူငယ်သည်လည်း ထိုသို့သဘောရှိသော တန်ဆာကို ပြုလုပ်လေ၏။

ထိုအခါ ထိုသူငယ်၏ ဆရာသည် ပြန်လာ၍ တန်ဆာကို မြင်ရလျှင် ဤသူငယ်ကား အမှတ်မရှိ တစုံတခုသော အရပ်သို့သွား၍ အသက်မွေးခြင်းငှါ စွမ်းနိုင်လောက်ပြီဟု အရွယ်သို့ရောက်သော မိမိ၏သ္မီးကို ထိမ်းမြား အပ်နှင်းလေ၏။ ထိုနွားသတ် ယောက်ျားသားသည် သားသ္မီးတို့ဖြင့် ကြီးပွား စည်ပင်လေ၏။

သာဝတ္ထိသို့ ပြန်ရောက်၍ ဘုရားနှင့် တွေ့ခြင်း

ထို့နောင်မှ ထိုသူ၏ သားတို့သည် အရွယ်သို့ ရောက်ကုန်သည်ဖြစ်၍ အတတ်ပညာကို သင်ကြား တတ်မြောက်ပြီးလျှင် နောက်အဖို့၌ သာဝတ္ထိပြည်သို့ သွားကြသဖြင့် ထိုသာဝတ္ထိပြည်၌ အိမ်ရာ တည်ထောင်၍ နေကြကုန်သည်ရှိသော် သဒ္ဓါ ပသန္နနှင့် ပြည့်စုံကြလေကုန်၏။ ထိုသူတို့၏ အဖသည်လည်း တက္ကသိုလ်ပြည်၌ တစုံတခုသော ကုသိုလ်ကောင်းမှုကို မပြုမူ၍သာလျှင် အိုခြင်းသို့ ရောက်လေ၏။

ထိုအခါ နွားသတ်ယောက်ျား သား၏ သားတို့သည် ငါတို့အဘကား အိုမင်းပြီဟု မိမိ၏ အထံသို့ ခေါ်စေ၍ အဘ၏ နတ်ရွာနိဗ္ဗာန် မဂ်ဖိုလ်အကျိုးငှါ အလှူကို ပေးလှူကြကုန်စို့အံ့ဟု ဘုရား အမှူး ရှိသော ရဟန်းသံဃာ အပေါင်းကို ပင့်ဖိတ်ကြကုန်၏။

ထိုသားတို့သည် တဖန်မိုးသောက်သောနေ့တွင် အိမ်တွင်း၌ ဘုရားအမှူးရှိသော ရဟန်းသံဃာကို နေထိုင်တော်မူစေလျက် ရိုသေစွာ လုပ်ကျွေးပြီးလျှင် ဆွမ်းဘုဉ်း ပေးပြီးသော အဆုံး၌ မြတ်စွာဘုရားကို ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်တို့သည် ဖခင်အတွက် ဤ ဇီဝဘတ်ကို လှူဒါန်းပါသည်ဘုရား တပည့်တော်တို့၏ ဖခင်အလို့ငှါ အနုမောဒနာ ပြုတော်မူကြပါ ဘုရားဟု လျှောက်ကြားကြလေကုန်၏။

မြတ်စွာဘုရားသည် ထိုနွားသတ်ယောက်ျား၏ သားကို ခေါ်တော်မူပြီးလျှင် ဒါယကာ သင်သည် ကား အသက်အရွယ် ကြီးရင့်လေပြီ။ မှည့်ရင့်သောကိုယ်ရှိပြီ။ ဖြော့တော့သော အဆင်းရှိသော ဖက်ရွက် လျော်နှင့်တူပြီ။ သင့်အားတမလွန်ဘဝသို့ သွားခြင်းငှါကုသိုလ်ဟူသော ရိက္ခာထုပ်မရှိသေး မိမိ တည်ရာကိုပြုလော့။ ပညာရှိဖြစ်လော့။ မိုက်မဲ တွေဝေသောသူ မဖြစ်လင့် ဟု အနုမောဒနာ ပြုတော်မူလျက် ဤနှစ်ဂါထာတို့ကို ဟောကြားတော်မူလေ၏ ။

ပဌမနေ့ ဒေသနာတော်

၂၃၄။ ပဏ္ဍုပလာသောဝ ဒါနိသိ၊ ယမပုရိသာပိစ တေ ဥပဋ္ဌိတာ။
ဥယောဂမုခေစ တိဋ္ဌသိ၊ ပါထေယျံပိစ တေ နဝိဇ္ဇတိ။

၂၃၅။ သော ကရောဟိ ဒီပမတ္တနော၊ ခိပ္ပံ ဝါယမ ပဏ္ဍိတော ဘဝ။
နိဒ္ဓန္တမလော အနင်္ဂဏော၊ ဒိဗ္ဗံ အရိယဘူမိံ ဥပေဟိသိ။

ဘောဥပါသက၊ အို ဒါယကာ။ တွံ၊ သင်သည်။ ဣဒါနိ၊ ယခုအခါ၌။ ပဏ္ဍု ပလာသောဝ၊ ဖြော့တော့သော အဆင်းရှိသော ဖက်ရွက်လျော်ကဲ့သို့။ အသိ၊ ဖြစ်ခဲ့ပြီတကား။ ယမပုရိသာပိစ၊ သေမင်း၏တမန် ယောင်္ကျားတို့သည်လည်း။ တေ၊ သင်၏။ ဥပဋ္ဌိတာ၊ အနီး၌ တည်လာကုန်၏။ တွံ၊ သင်သည်။ ဥယောဂမုခေစ၊ ဆုတ်ယုတ်ခြင်း၏ အဝ၌သာလျှင်။ တိဋ္ဌတိ၊ တည်၏။ တေ၊ သင်အား။ ပါထေယျံပိစ၊ ကုသိုလ်ဟူသော ရိက္ခာထုပ်သည်လည်း။ နဝိဇ္ဇတိ၊ မရှိသေး။

[ခရီးသွားသူအား ဆန်စသော ရိက္ခာထုပ်ကဲ့သို့ တမလွန် ခရီးသွားအံ့သော သင့်အား ကုသိုလ် ရိက္ခာထုပ် မရှိသေးပါတကား ဟူလို]။

သောတွံ၊ ထိုသင်သည်။ အတ္တနော၊ မိမိ၏။ ဒီပံ၊ ကျွန်းကြီးနှင့် တူသော ကုသိုလ်ဟူသော မှီခိုရာကို။ ကရောဟိ၊ ပြုလော။

[သမုဒြာ၌ လှေပျက်လတ်သော် ကျွန်းဟူသော မှီခိုရာကဲ့သို့ ကုသိုလ်ဟူသော မှီခိုရာကို ပြုရမည်ဟူလို]။

ခိပ္ပံ၊ လျင်စွာ။ ဝါယမ၊ လုံ့လပြုလော့။ ပဏ္ဍိတော၊ ပညာရှိသည်။ ဘဝ၊ ဖြစ်လော့။

[မိမိအတွက် ကုသိုလ် မှီခိုရာပြုသဖြင့် ပညာရှိ ဖြစ်စေရမည်။ သေဝသို့ မရောက်မီ ပြုစွမ်း နိုင်သောအခါ ကုသိုလ်ပြုသော သူသည် ပညာရှိမည်၏။ ထိုသို့သော ပညာရှိဖြစ်စေရမည်။ အန္ဓဗာလလူမိုက်ကြီး မဖြစ်စေလင့်ဟူလို]။

ဧဝံ၊ ဤသို့ပြုသည်ရှိသော်။ နိဒ္ဓန္တမလော၊ ထုတ်အပ်ပြီးသော ရာဂစသော အညစ်အကြေး ရှိသည်ဖြစ်၍။ အနင်္ဂဏော၊ ကိလေသာငြိ မရှိသည်ဖြစ်၍။ အရိယဘူမိံ၊ အရိယာတို့၏ ဖြစ်ရာဖြစ်သော။ ဒိဗ္ဗံ၊ သုဒ္ဓါဝါသငါးဘုံသို့။ ဥပေဟိသိ၊ ရောက်ရလတ္တံ့ ။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ နွားသတ်သမား၏ သားဖြစ်သော ထိုဒါယကာ အဘိုးကြီးသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော ဒေသနာတော် ဖြစ်တော်မူလေ၏။

သောတာပန်တည်ပြီး နောက်တနေ့ တရားနာရခြင်း

ထိုဥပါသကာ၏ သားသ္မီးတို့သည် တဖန် နောက်တနေ့ ကောင်းမှုအကျိုးငှါလည်း မြတ်စွာဘုရားကို ပင့်ဖိတ်ပြီးလျှင် အလှူလှူ၍ ဆွမ်းဘုဉ်းပေးခြင်း ကိစ္စ ပြီးစီးသော မြတ်စွာဘုရားကို အနုမောဒနာ တရား ဟောကြားတော် မူသောအခါ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤဆွမ်း သည်လည်း တပည့်တော်တို့၏ ဖခင်အတွက် အသက်ရှင်စဉ် ရည်မှန်း၍ လှူအပ်သော ဆွမ်းသည် သာလျှင် ဖြစ်ပါသည်ဘုရား။ ဤဖခင်အားသာလျှင် အနုမောဒနာ ပြုတော်မူကြပါဘုရားဟု လျှောက်ကြားကြကုန်၏။

ဘုရားရှင်သည် ထိုသူအား အနုမောဒနာ ပြုလိုသည်ဖြစ်၍ ဤနှစ်ဂါထာတို့ကို ဟောကြားတော် မူလေ၏။

ဒုတိယနေ့ ဒေသနာတော်

၂၃၆။ ဥပနီတဝယောစ ဒါနိသိ၊ သံပယာတော ယဿသန္တိကေ။
ဝါသောပိစ တေ နတ္ထိ အန္တရာ၊ ပါထေယျံ တေ န ဝိဇ္ဇတိ။

၂၃၇။ သော ကရောဟိ ဒီပမတ္တနော၊ ခိပ္ပံ ဝါယမ ပဏ္ဍိတော ဘဝ။
နိဒ္ဓန္တမလော အနင်္ဂဏော၊ န ပုန ဇာတိဇ္ဇရံ ဥပေဟိသိ။

ဘော ဥပါသက၊ အို ဒါယကာ။ တွံ၊ သင်သည်။ ဒါနိ၊ ယခုအခါ၌။ ဥပနီတ ဝယောစ၊ လွန်လေပြီးသော အရွယ်ရှိသည်လည်း။ အသိ၊ ဖြစ်၏။

[အရွယ်သုံးပါးစလုံးတို့ကိုလွန်၍ သေဝ၌တည်ပြီဟူလို]။

ယမဿ၊ သေမင်း၏။ သန္တိကေ၊ အထံ၌။ ဝါ၊ အထံသို့။ သံပယာတော၊ သွားအံ့သောငှါ စီရင်လျက် တည်သည်။ အသိ၊ ဖြစ်၏။

[သေဝသို့ ဝင်ရန် အသင့် ပြင်ပြီးပြီဟူလို]။

တေ၊ သင်အား။ အန္တရာ၊ အကြား၌။ ဝါသောပိစ၊ နေရခြင်းသည်လည်း။ နတ္ထိ၊ မရှိလတ္တံ့ ။

[ခရီးသွားသူတို့သည် ထိုထိုကိစ္စ ပြုလုပ်ကြလျက် ခရီးအကြား၌ နေကြသကဲ့သို့ ဤအတူ တမလွန် သွားသူတို့ မနေနိုင်ကြ။ တမလွန်သွား မည်သည် နှစ်ရက် သုံးရက် ဆိုင်းငံ့ပါဦး။ အလှူလှူပါဦးအံ့။ တရားနာကြားပါဦးအံ့ စသော စကားတို့ကို ပြောဆိုခြင်းငှါ မတတ်ကောင်း။ ဤလူ့ပြည်မှ သေလျှင်ပင် တမလွန်၌ ဖြစ်ရသည်သာတည်း။ ထို့ကြောင့် အကြားနေခြင်း မရှိလတ္တံ့ဟု ဆိုအပ် သည်ဟူလို]။

တေ၊ သင်အား။ ပါထေယျံပိစ၊ ကုသိုလ်ဟူသော ရိက္ခာထုပ်သည်လည်း။ နဝိဇ္ဇတိ၊ မရှိသေး၊

[ဤစတုတ္ထ ပါဒကို အောက်၌ ဆိုပြီးသော်လည်း ဥပါသကာကြီးအား အဖန်ဖန် မြဲမြံစိမ့်သောငှါ ထပ် ဟောအပ်၏ဟူလို]။

သောတွံ၊ ထိုသင်သည်။ အတ္တနော၊ မိမိ၏။ ဒီပံ၊ ကျွန်းကြီးနှင့် တူသာ ကုသိုလ်ဟူသော မှီခိုရာကို။ ကရောဟိ၊ ပြုလော့။ ခိပ္ပံ၊ လျင်စွာ။ ဝါမယ၊ လုံ့လပြုလော့။ ပဏ္ဍိတော၊ ပညာရှိသည်။ ဘဝ၊ ဖြစ်လော့၊ နိဒ္ဓန္တမလော၊ ထုတ်အပ်ပြီးသော ရာဂစသော အညစ်အကြေး ရှိသည်ဖြစ်၍။ အနင်္ဂဏော၊ ကိလေသာငြိ မရှိသည်ဖြစ်၍။ ပုန၊ တဖန်။ ဇာတိဇ္ဇရံ၊ ပဋိသန္ဓေနေခြင်း အိုခြင်းသို့။ နဥပေဟိသိ၊ မကပ်ရလတ္တံ့ ။

ဇာတိနှင့်ဇရာကိုဆိုသဖြင့် ဗျာဓိနှင့် မရဏလည်း ပါဝင်ပြီးဖြစ်၏ ဟူလို]။

နွားသတ်သမား၏သား အနာဂါမ် တည်ခြင်း

[အောက် နှစ်ဂါထာတို့ဖြင့် အနာဂါမိမဂ်ကို ဟောတော်မူအပ်၏။ ဤ အထက် နှစ်ဂါထာတို့၌ အရဟတ္တမဂ်ကို ဟောတော်မူအပ်၏။

ဤသို့ပင် ဟောတော်မူသော်လည်း ပြည့်ရှင်မင်းကြီးသည် မိမိ၏ခံတွင်း အတိုင်းအရှည် ပမာဏဖြင့် ထမင်းလုပ်ဆုပ်၍ သားတော်အား ပေးကျွေးပါသော်လည်း ထို မင်းသားငယ်သည် မိမိ၏ခံတွင်း အတိုင်းအရှည် ပမာဏ တန်လောက်ရုံကိုသာ ယူနိုင်သကဲ့သို့ ထို့အတူ မြတ်စွာဘုရားသည် အထက် မဂ်၏ အစွမ်းဖြင့် တရားဟောကြားတော်မူသော်လည်း ဒါယကာသည် မိမိ၏ အကြောင်း ဥပနိဿယ၏ အစွမ်းဖြင့် အောက် သောတာပတ္တိဖိုလ်သို့ ရောက်၍ ဤနောက် အနုမောဒနာ တရား၏ အဆုံး၌ အနာဂါမိဖိုလ်သို့ ရောက်လေ၏။ ကြွင်းသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏]။

နွားသတ်သမား၏ သားဝတ္ထုပြီး၏။

၂ - မထင်ရှားသော ပုဏ္ဏားဝတ္ထု

အနုပုဗ္ဗေန - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော ပုဏ္ဏားတယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မြက်ပေါက်ရာမှ စရပ်တကာ ဖြစ်ခြင်း

ထိုပုဏ္ဏားသည် တနေ့သ၌ နံနက် စောစောကသာလျှင် ထွက်၍ ရဟန်းတို့၏ သင်္ကန်းရုံရာအရပ်၌ သင်္ကန်းရုံတော်မူကြကုန်သော ရဟန်းတို့ကို ကြည့်ရှုကာ ရပ်တည် နေလေသတတ်။ ထိုနေရာ အရပ်သည်ကား စည်ပင် ပေါက်ပွါးသော မြက်ပင်ရှိနေရာ ဖြစ်လေ၏။ ထိုအခါ တပါးသော ရဟန်း သည် သင်္ကန်းကို ရုံစဉ် သင်္ကန်းအနားသည် မြက်ပင်တို့၌ ဖြစ်သဖြင့် ထိသဖြင့် ဆီးနှင်းပေါက် တို့ဖြင့် စိုစွတ်၏။

ပုဏ္ဏားသည်လည်း ဤနေရာအရပ်ကို မြက်ပင် မရှိအောင် ပြုခြင်းငှါ သင့်၏ဟု ကြံ၍ တဖန် မိုးသောက် နောက်တနေ့၌ ပေါက်တူးကို ယူသွား၍ ထို နေရာအရပ်ကို ရွေပေါက်သဖြင့် ကောက်နယ်တလင်းဝန်းနှင့် တူသော နေရာ ဖြစ်လေ၏။

တဖန် မိုးသောက် နောက်တနေ့၌ ထိုအရပ်သို့ သွားသဖြင့် ရဟန်းတို့သည် သင်္ကန်း ရုံတော် မူကြကုန်သည်ရှိသော် တပါးသော ရဟန်း၏ သင်္ကန်း အနားသည် မြေ၌ကျ၍ မြေမှုန့်၌ ဖြစ်သည်ကို ထိခိုက် လူးလဲသည်ကို မြင်ပြန်လျှင် ဤအရပ်၌ သဲဖြန့်ကြဲခြင်းငှါ သင့်၏ဟုကြံ၍ သဲကို ဆောင်ယူကာ ကြဲဖြန့်လေ၏။

ထိုအခါ တနေ့သ၌ နံနက်ဆွမ်းမစားမီ ။ဝါ။ မွန်းမတည့်မီ နေပူသည် ပြင်းပြစွာ ဖြစ်လေ၏။ ထိုအခါ၌လည်း သင်္ကန်းရုံသော ရဟန်းတို့၏ကိုယ်မှ ချွေးယိုစီးသည်တို့ကို မြင်ပြန်လျှင် ဤအရပ်၌ ငါကား မဏ္ဍပ်ဆောက်လုပ်ခြင်းငှါ သင့်၏ဟုကြံ၍ မဏ္ဍပ်ကို ဆောက်ပြန်လေ၏။

တဖန် မိုဃ်းသောက် နောက်တနေ့၌ နံနက်စောစောကပင်လျှင် မိုဃ်းရွာလေ၏။ မိုဃ်းစွေ လျက်ရှိ၏။ ထိုအခါ၌လည်း ပုဏ္ဏားသည် ရဟန်းတို့ကို ကြည့်ရှုလျက်သာလျှင် ရပ်နေသဖြင့် မိုဃ်းရေစွတ်သော သင်္ကန်းရှိသော ရဟန်းတို့ကို မြင်ပြန်၍ ဤအရပ်၌ ငါသည် စရပ် ဆောက်လုပ်ခြင်းငှါ သင့်၏ဟု ကြံ၍ စရပ်ဆောက်လုပ်စေပြီးလျှင် ယခုအခါ စရပ်သာဓုခေါ်ခြင်းကို ပြုဦးအံ့ဟု အကြံပြု၍ --

ဘုရား အမှူးရှိသော ရဟန်း သံဃာအပေါင်းကို ပင့်ဖိတ်၍ အတွင်း၌၎င်း အပ၌၎င်း ရဟန်းတို့ကို နေစေတော်မူလျက် အလှူပေး၍ ဆွမ်းဘုဉ်းပေးပြီးသော အဆုံး၌ အနုမောဒနာ ပြုစိမ့်သောငှါ မြတ်စွာဘုရား၏ သပိတ်တော်ကို ယူပြီးလျှင် ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်သည် ရဟန်းတော်တို့၏ သင်္ကန်းရုံသော ကာလ၌ ဤအရပ်၌ ကြည့်ရှုကာ ရပ်နေလျက် ဤအမှုကို၎င်း၊ ဤအမှုကို၎င်း ပြုဦးအံ့ဟု ကြံစည်ပုံ ပြုလုပ်ပုံကို အစမှစ၍ ဖြစ်ဖြစ် သမျှ အလုံးစုံသော ထိုအကြောင်းအရာကို လျှောက်ကြားလေ၏။

မြတ်စွာဘုရားသည် ထိုပုဏ္ဏား၏ လျှောက်ကြားသော စကားကို ကြားတော်မူရလျှင် ပုဏ္ဏား ပညာ ရှိသောသူတို့ မည်သည်ကား ခဏတိုင်း ခဏတိုင်း အနည်းငယ်မျှ အနည်းငယ်မျှသော ကုသိုလ်ကို ပြုလုပ်ကြကုန်လျက် အစဉ်အတိုင်း အားဖြင့် မိမိ၏ အကုသိုလ်ဟူသော အညစ်အကြေးကို ထုတ်ပစ်ကြကုန်သည် သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၂၃၈။ အနုပုဗ္ဗေန မေဓာဝီ၊ ထောကံထောကံ ခဏေခဏေ။
ကမ္မာရော ရဇတဿေဝ၊ နိဒ္ဓမေ မလမတ္တနော။

ကမ္မာရော၊ ရွှေပန်းထိမ်သည်သည်။ ရဇတဿ၊ ရွှေငွေ၏။ မလံ၊ အညစ်အကြေးကို။ နိဒ္ဓမတိဣဝ၊ ထုတ်သကဲ့သို့။ မေဓာဝီ၊ ထက်မြက်သော ပညာရှိသောသူသည်။ အနုပုဗ္ဗေန၊ အစဉ်အားဖြင့်။ ခဏေခဏေ၊ အခွင့်ရတိုင်း အခွင့်ရတိုင်း။ ထောကံ ထောကံ၊ အနည်းငယ် အနည်းငယ်သော ကုသိုလ်ကို။ ကရောန္တော၊ ပြုလျက်။ အတ္တနော၊ မိမိ၏။ မလံ၊ ရာဂအစရှိသော အညစ်အကြေးကို။ နိဒ္ဓမေ၊ ထုတ်ရာ၏။

(ရွှေကို တကြိမ်မျှ မီးချ၍ တူဖြင့်ထု၍ အညစ်အကြေး ထုတ်၍ တန်ဆာ အထူးပြုလုပ်ခြင်းငှါ မရစကောင်း။ အကြိမ်ကြိမ် မီးချကာ တူဖြင့်ထု၍ အညစ်အကြေးကို ထုတ်ရသည်။ ထို့နောင်မှ တန်ဆာအထူး ပြုလုပ်ရသကဲ့သို့ အဖန်ဖန် ကုသိုလ်ပြုလျက် ပညာရှိသည် မိမိ၏ ရာဂစသော အညစ်အကြေးကို ထုတ်ပစ်ရမည်။ ဤသို့ အညစ်အကြေး ထုတ်ပြီးသည်ရှိသော် ကိလေသာ ကင်းသော ရဟန္တာဖြစ်၏ဟူလို)။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ပုဏ္ဏားသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ များစွာသော လူအပေါင်း အားလည်း အကျိုးရှိသော တရားဒေသနာဖြစ်တော်မူလေ၏။

မထင်ရှားသောပုဏ္ဏားဝတ္ထုပြီး၏။

၃ - တိဿမထေရ်ဝတ္ထု

အယသာဝမလံ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် တိဿမထေရ် အမည်ရှိသော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သင်္ကန်း၌ စွဲလမ်းသောကြောင့် သန်းဖြစ်ခြင်း

ထိုတိဿမထေရ်သည် သာဝတ္ထိပြည်၌ နေသော အမျိုးသား တယောက် ဖြစ်၍ ရဟန်း ပြုပြီးလျှင် ရအပ်သော ပဉ္စင်းအဖြစ် ရှိရကား တိဿမထေရ်ဟု ထင်ရှားတော်မူသတတ်။

ထိုတိဿ မထေရ်သည် နောက်အဖို့၌ ဇနပုဒ်ကျောင်း၌ ဝါဆိုသည်ဖြစ်၍ ရှစ်တောင်ရှိသော ထူထဲသော သင်္ကန်းလျာပုဆိုးကို ရသဖြင့် ဝါကျွတ်လတ်သည်ရှိသော် ထိုသင်္ကန်းလျာပုဆိုးကို ယူကာ ပြန်သွား၍ အစ်မ၏ လက်၌ထားလေ၏။ ထိုအစ်မသည် ဤပုဆိုးကား ငါ့မောင်တော်အား မလျောက်ပတ်ဟု ထိုပုဆိုးကို ထက်လှစွာသောပဲခွပ်ဖြင့် ခုတ်စင်း၍ အမျှင်အမျှင် ပြုပြီးလျှင် ဆုံငယ်၌ထောင်း၍ သိပ်သွင်း၍ ပုတ်ခတ်၍ လုံး၍ သိမ်မွေ့သော ချည်ဖြစ် အောင်ငင်၍ ပုဆိုးကို ရက်စေလေ၏။

တိဿမထေရ်သည်လည်း ချည်ကို၎င်း အပ်တို့ကို၎င်း စီရင်ပြီးလျှင် သင်္ကန်းချုပ်တတ်သော ပဉ္စင်းပျို သာမဏေတို့ကို စည်းဝေးစေလျက် အစ်မ၏ အထံသို့ သွား၍ ငါ့ပုဆိုးကို ပေးကြကုန်လော့ သင်္ကန်းချုပ် စေတော့အံ့ဟုဆိုလေ၏။ ထိုအစ်မသည် ကိုးတောင်ရှိသော ပုဆိုးကို ထုတ်ဆောင်၍ မောင်ငယ်ဖြစ်သော တိဿမထေရ်၏ လက်၌ ထားလေ၏။

တိဿမထေရ်သည် ထိုပုဆိုးကိုယူကာ ဖြန့်လျက် ကြည့်ရှုပြီးလျှင် ငါ့ပုဆိုးသည်ထူ၏။ ရှစ်တောင်ရှိ၏။ ဤပုဆိုးကာသိမ်မွေ့၏။ ကိုးတောင်ရှိ၏။ ဤပုဆိုးသည် ငါ့ပုဆိုး မဟုတ်။ ဤပုဆိုးသည် သင်တို့ပုဆိုးသာတည်း။ ငါ့အား ဤသင်တို့ပုဆိုးဖြင့် အလိုမရှိ။ ငါ့အားထိုပုဆိုး ကိုသာ ပေးကြပါလော့ဟု ဆိုလေ၏။

အရှင်ဘုရား ဤပုဆိုးသည် အရှင်ဘုရားတို့၏ ပုဆိုးသာတည်း။ ထိုပုဆိုးကိုသာ ယူတော်မူကြပါ ဘုရားဟု လျှောက်ကြားလတ်သော် တိဿမထေရ်သည် အလိုမရှိသည်သာ ဖြစ်လေ၏။ ထိုအခါ တိဿ မထေရ်အား မိမိပြုအပ်သော ကိစ္စ အလုံးစုံကို ပြောကြားလျှောက်ထားပြီးလျှင် အရှင်ဘုရား ဤပုဆိုးသည် အရှင်ဘုရားတို့၏ ပုဆိုးသာတည်း ထိုပုဆိုးကိုသာ ယူတော်မူကြပါ ဘုရားဟု ဆက်ကပ်လေ၏။

ထိုတိဿ မထေရ်သည် ပုဆိုးကိုယူ၍ ကျောင်းသို့ သွားပြီးလျှင် သင်္ကန်းချုပ်ခြင်း အမှုကို ဖြစ်စေ လေ၏။ ထိုအခါ တိဿမထေရ်၏ အစ်မသည် သင်္ကန်းချုပ်သော ပုဂ္ဂိုလ်တို့အလို့ငှါ ယာဂုဆွမ်း စသည်တို့ကို ပြည့်စုံစေလေ၏။ သင်္ကန်းချုပ်၍ ပြီးသောနေ့၌ကား ပိုလွန်သော ပူဇော်သက္ကာရကို ပြုစေလေ၏။

တိဿမထေရ်သည် သင်္ကန်းကို ကြည့်ရှုလျက် ထို သင်္ကန်း၌ဖြစ်သော နှစ်သက်စုံမက်ခြင်း ရှိသည်ဖြစ်၍ ယခုအခါ နက်ဖြန်၌ ထိုသင်္ကန်းကို ရုံတော့အံ့ဟု နှလုံးသွင်းလျက် ခေါက်၍ သင်္ကန်းတန်းဝါး၌ ထားပြီးလျှင် ထိုညဉ့်အခါ၌ နံနက်က သုံးဆောင်အပ်သော အာဟာရကို အစာ ကြေစေခြင်းငှါ မတတ်နိုင်ရကား စုတေမနေ ပျံလွန်လေ၍ ထိုသင်္ကန်း၌ သန်း အဖြစ်ဖြင့် ဖြစ်ရရှာ လေ၏။

သန်းဘဝမှ တုသိတာဘုံ၌ ဖြစ်ခြင်း

တိဿမထေရ်၏ အစ်မသည်လည်း တိဿမထေရ် ပျံလွန်တော်မူခြင်းကို ကြားရလျှင် ရဟန်းတို့၏ ခြေတော်ရင်းတို့၌ လူးလဲလျက် ငိုကြွေးရှာလေ၏။ ရဟန်းတို့သည် ထိုတိဿ မထေရ်၏ အလောင်းကောင်ကို သင်္ဂြိုဟ် ဖုတ်ကြည်းခြင်း ကိစ္စကိုပြု၍ သူနာပြုအလုပ်အကျွေး မရှိခြင်းကြောင့် ထိုသင်္ကန်းသည် သံဃာအားသာလျှင် ရောက်၏။ ထိုသင်္ကန်းကို ဝေဖန်ကြကုန်စို့အံ့ ဟု ထုတ်ယူကြလေကုန်၏။

ထိုသန်းသည် ဤရဟန်းတို့ကား ငါ့ဥစ္စာကို လုယက် ဖျက်ဆီးကုန်၏ဟု ဟစ်အော် မြည်တမ်းလျက် ထိုမှ ဤမှ ပြေးသွားလေ၏။ မြတ်စွာဘုရားသည် ဂန္ဓကုဋီ၌ နေတော်မူလျက်သာလျှင် ဒိဗ္ဗသောတ အဘိညာဉ်ဖြင့် ထိုအသံကို ကြားတော်မူရ၍ ချစ်သားအာနန္ဒာ တိဿရဟန်း၏ သင်္ကန်းကို ခုနစ်ရက်ထားခြင်းငှါ ဆိုချေဦးလော့ဟု မိန့်တော်မူလေ၏။

ရှင်အာနန္ဒာမထေရ်သည် ဘုရားမိန့်တော်မူတိုင်း ပြုစေလေ၏။ ထိုသန်း သည်လည်း ခုနစ်ရက် မြောက်သောနေ့၌ စုတေခြင်းကိုပြု၍ တုသိတာ နတ်ပြည်၌ ဖြစ်လေ၏။ မြတ်စွာဘုရားသည် ရှစ်ရက်မြောက်သောနေ့၌ တိဿရဟန်း၏ သင်္ကန်းကိုဝေဖန်၍ ယူကြကုန်လော့ဟု အမိန့် ပေးတော်မူလေ၏။ ရဟန်းတို့သည် ဘုရားမိန့်တော်မူတိုင်း ပြုကြကုန်လေ၏။

ရဟန်းတို့သည် တရားသဘင်၌ အဘယ့်ကြောင့် မြတ်စွာဘုရားသည် တိဿရဟန်း၏ သင်္ကန်းကို ခုနစ်ရက်တို့ပတ်လုံး ထားစေ၍ ရှစ်ရက်မြောက်သောနေ့၌ ယူခြင်းငှါ ခွင့်ပြုတော်မူပါသနည်းဟု စကားကို ဖြစ်စေကြလေကုန်၏။

မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့ ယခု ငါလာဆဲဖြစ်သောအခါ၌ အဘယ် မည်သောစကားဖြင့် စည်းဝေးကြကုန်ဘိသနည်းဟု မေးတော်မူသောကြောင့် ဤမည်သော စကားဖြင့် စည်းဝေးကြပါသည် ဘုရားဟု နားတော် လျှောက်သည်ရှိသော် ချစ်သား ရဟန်းတို့ တိဿရဟန်းသည် မိမိ၏ သင်္ကန်း၌ သန်းတိရစ္ဆာန်အဖြစ်ဖြင့် ဖြစ်လေ၏။ သင်တို့သည် သင်္ကန်းကို ဝေဖန်အပ်သည်ရှိသော် ဤရဟန်းတို့သည် ငါ့ဥစ္စာကို လုယက် ဖျက်ဆီးကြကုန်၏ဟု ဟစ်အော် မြည်တမ်းလျက် ထိုမှဤမှ ပြေးသွားလေ၏။

သန်းဖြစ်ရှာသော ထိုတိဿရဟန်းသည် သင်တို့ သင်္ကန်းကို ယူအပ်သည်ရှိသော် သင်တို့၌ စိတ်ပြစ်မှား၍ ငရဲ၌ဖြစ်ရာ၏။ ထို့ကြောင့် ငါဘုရားသည် သင်္ကန်းကို ဆိုင်းထားစေ၏။ ယခု အခါ၌ကား ဤတိဿရဟန်းသည် တုသိတာနတ်ပြည်၌ ဖြစ်ပြီ။ ထို့ကြောင့် သင်ချစ်သားတို့အား ငါဘုရားသည် သင်္ကန်းကို ယူခြင်း၌ ခွင့်ပြုတော်မူ၏ဟု မိန့်တော်မူ၍ တဖန် ရဟန်းတို့က မြတ်စွာဘုရား ဤတဏှာ မည်သည် ဝန်လေးလှပါသည်တကားဟု လျှောက်ပြန်လတ်သော် ချစ်သားရဟန်းတို့ ဤသတ္တဝါတို့၏ တဏှာမည်သည်ကား ဝန်လေးသည်။

မှန်ပေ၏။ ဥပမာကား သံမှဖြစ်သော အညစ်အကြေး သံချေးသည် တက်၍ သံကိုသာလျှင် စား၏။ ဖျက်ဆီး၏ မသုံးဆောင်ကောင်းအောင် ပြု၏။ ဤအတူလျှင် ဤတဏှာသည် ဤသတ္တဝါတို့၏ ကိုယ်တွင်း သန္တာန်၌ ဖြစ်၍ ထိုသတ္တဝါတို့ကို ငရဲ စသည်တို့၌ ဖြစ်စေလေ၏။ ပျက်စီးခြင်းသို့ ရောက်စေဘိ၏ ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၂၃၉။ အယသာဝ မလံ သမုဋ္ဌာယ၊ တတုဋ္ဌာယ တမေဝ ခါဒတိ။
ဧဝံ အတိဓောန စာရီနံ၊ သာနိကမ္မာနိ နယန္တိ ဒုဂ္ဂတိံ။

မလံ၊ အညစ်အကြေး သံချေးသည်။ အယသာဝ၊ သံမှသာလျှင်။ သမုဋ္ဌာယ၊ ဖြစ်၍။ တတော၊ ထိုသံမှ။ ဥဋ္ဌာယ၊ ထ၍။ တမေဝ၊ ထိုသံကိုပင်လျှင်။ ခါဒတိဣဝ၊ စားသကဲ့သို့။ ဧဝံတထာ၊ ဤအတူ။ အတိဓောနစာရီနံ၊ ပစ္စည်းလေးပါးကို မဆင်ခြင်မူ၍ သုံးဆောင်သော ရဟန်းကိုသာ။ သာနိ ကမ္မာနိ၊ မိမိ၌ဖြစ်၍ မိမိဥစ္စာ ဖြစ်ကုန်သော ထိုအကုသိုလ်ကံတို့သည်။ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝသို့။ နယန္တိ၊ ဆောင်ကြကုန်၏။

(ပစ္စည်းလေးပါးကို ဓောန ဟုခေါ်သည်။ ဤအကျိုးငှါ ဤပစ္စည်း မှီဝဲပါ၏ဟု ဆင်ခြင်၍ သုံးဆောင်ခြင်း အမှတ်သညာကို ပြုရသည်။ ထိုအမှတ်သညာကို မပြုဘဲ လွန်၍ ကျင့်သော ရဟန်းသည် အတိဓာနစာရိရဟန်း မည်၏။ ပစ္စည်းလေးပါးတို့ကို မဆင်ခြင်ဘဲ သုံးဆောင်သော ရဟန်းဟူလို)။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

တိဿမထေရ်ဝတ္ထုပြီး၏။

၄ - လာဠုဒါယီမထေရ်ဝတ္ထု

အသဇ္ဈာယမလာ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် လာဠုဒါယီမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တရားမဟောတတ်ဘဲ ဝါကြွားမိခြင်း

သာဝတ္ထိပြည်၌ ငါးကုဋေမျှ အတိုင်းအရှည် ရှိသော အရိယာ သာဝကဖြစ်သော လူတို့သည် နေကြ ကုန်သတတ်။ နှစ်ကုဋေမျှ အတိုင်းအရှည်ရှိသော ပုထုဇဉ် တို့လည်း နေကြကုန်သည်သာတည်း။

ထိုလူတို့တွင် မဂ်ဖိုလ်ကို ရပြီးကုန်သော အရိယာ သာဝကတို့သည် နံနက်အခါ အလှူကို ပေးလှူ၍ နေလွဲသောအခါ ထောပတ် ဆီပျား တင်လဲ သင်္ကန်းလျာပုဆိုး စသည်တို့ကိုယူလျက် ကျောင်းတော် သို့သွား၍ တရားစကားကို ကြားနာကြကုန်၏။ တရားနာပြီး၍ ပြန်သွားသော အခါ၌လည်း ရှင်သာရိပုတြာ ရှင်မောဂ္ဂလာန်တို့၏ ဂုဏ်ကျေးဇူးနှင့်စပ်သော စကားကို ပြောဆိုကြကုန်၏။

ဥဒါယီမထေရ်သည် ထိုသူတို့၏ စကားကိုကြားလျှင် သင်တို့သည် ရှေးဦးစွာ ဤရှင်သာရိပုတြာ ရှင်မောဂ္ဂလာန်တို့၏ တရားကိုနာရ၍ ဤသို့ပြောဆိုကြကုန်သေး၏။ ငါ၏တရားစကားကို နာရလျှင် အဘယ့်ကြောင့် မပြောဆိုဘဲ နေနိုင်ကြကုန်လတ္တံ့နည်းဟု ပြောဆို၏။ လူတို့သည် ထိုဥဒါယီ မထေရ်၏ စကားကို ကြားရလျှင် ဤမထေရ်သည် တရားဟောသော ဓမ္မကထိက ပုဂ္ဂိုလ်တပါး ဖြစ်တော်မူလတ္တံ့ ဟု မှတ်ထင်၍ ဤမထေရ်မြတ်၏ အထံတော်၌ ငါတို့သည် တရားစကား နာကြားခြင်းငှါ သင့်၏ဟုနှလုံးပြု၍ ထိုလူတို့သည် တနေ့သ၌ ဥဒါယီ မထေရ်ကို တောင်းပန်ပြီးလျှင် အရှင်ဘုရား ယနေ့ တပည့်တော်တို့၏ တရားနာအံ့သောနေ့ ဖြစ်ပါသည်ဘုရား။ ထို့ကြောင့် အရှင်ဘုရား သံဃာအား အလှူကို ပေးပြီးနောက် အရှင်ဘုရားတို့သည့် တပည့်တော်တို့အား နေ့အခါ တရားဟောတော် မူကြပါဘုရားဟု လျှောက်ကြားကြလေကုန်၏။ ထိုဥဒါယီမထေရ် သည်လည်း ထိုလူတို့အား သည်းခံတော်မူလိုက်လေ၏။

အကြွားလွန်၍ မစင်တွင်း လိမ့်ကျခြင်း

လူတို့တရားနာအံ့သောအခါ၌ လာရောက်ကြပြီးလျှင် အရှင်ဘုရား တပည့်တော်တို့အား တရား ဟောတော်မူကြပါဘုရားဟု လျှောက်လတ်သည်ရှိသော် ဥဒါယီမထေရ်သည် တရားဟောနေရာ၌ နေထိုင်တော်မူသဖြင့် ဆန်းကြယ်သော ယပ်ကိုကိုင်ပြီးလျှင် တုန်တုန်လှုပ်လှုပ်ဖြစ်လျက် တပုဒ် တပါဒ တပိုဒ်မျှသော တရားကိုလည်း ဟောစရာ မမြင်ခြင်းကြောင့် ငါကား ပါဠိကိုသာ အသံဖြင့် ထင်ရှားအောင် ဖေါင်ဖေါင် ရွတ်ဆို၍ ဟောပြောအပ်သော သရဘညဝတ်ကို ရွတ်ဆိုပေအံ့ဟု ဆိုပြီးလျှင် တပါးသော ဓမ္မကထိကပုဂ္ဂိုလ်သည် တရားစကားကို ဟောကြားပါစေဦးလော့ဟုဆို၍ သက်ဆင်းတော်မူလေ၏။

ထိုလူတို့သည် တပါးသော ဓမ္မကထိက ပုဂ္ဂိုလ်ကို တရားစကားကို ဟောကြားစေပြီးလျှင် အသံဖြင့် ပါဠိသက်သက် ရွတ်ဆိုစိမ့်သောငှါ တဖန် ထိုဥဒါယီမထေရ်ကို တရားဟော ပလ္လင်နေရာသို့ တက်စေကြပြန်ကုန်၏။ ထိုဥဒါယီသည် တဖန်လည်း တစုံတခုသော တရားကို မမြင်ခြင်းကြောင့် ငါကား ညဉ့်အခါ၌ ဟောပေအံ့။ တပါးသော သရဘာဏက ပုဂ္ဂိုလ်သည် အသံဖြင့် ပါဠိတော် သက်သက် ရွတ်ဆိုပါစေဦးလော့ ဟုဆို၍ တရားဟော ပလ္လင်နေရာထက်မှ ဆင်းသက်ပြန်လေ၏။

ထိုလူတို့သည် တပါးသော သရဘာဏက ပုဂ္ဂိုလ်ကို အသံဖြင့် ပါဠိရွတ်ခြင်းကို ရွတ်ဆိုစေပြီးလျှင် တဖန်ညဉ့်အခါ၌ ဥဒါယီမထေရ်ကို ပင့်ဆောင်ကြပြန်ကုန်၏။ ထိုဥဒါယီ မထေရ်သည် ညဉ့်၌လည်း တစုံတခု ဟောစရာတရားကို မမြင်ခြင်းကြောင့် ငါကား နံနက်စောစော မိုးသောက်သောအခါ၌ ဟောပေအံ့။ ညဉ့်၌ တပါးသော တရားဟော ပုဂ္ဂိုလ်ကို ဟောကြားပါစေဦးလော့ ဟုဆို၍ ဆင်းသွား ပြန်လေ၏။

ထိုဒါယကာတို့သည် တပါးသော တရားဟောပုဂ္ဂိုလ်ကို ညဉ့်၌ ဟောကြားစေ၍ တဖန် နံနက် စောစော မိုးသောက်သောအခါ ဥဒါယီ မထေရ်ကို ပင့်ဆောင် ကြပြန်ကုန်၏။ ထိုဥဒါယီ မထေရ်သည် တဖန်လည်း တစုံတခုသော ဟောစရာတရားကို မမြင်ပြန်ဘဲ ရှိရှာလေ၏။ များစွာသော လူအပေါင်းသည် အုတ်ခဲ လှံတံ စသည်တို့ကို ကိုင်စွဲပြီးလျှင် အမိုက်မဲကြီး အရှင်သည် ရှင်သာရိပုတြာ ရှင်မောဂ္ဂလာန်တို့၏ ဂုဏ်ကျေးဇူးကို ဆိုအပ်သည်ရှိသော် ဤသို့၎င်း ဤသို့၎င်း ပြောဆိုဘိ၏။

ယခုအခါ အဘယ့်ကြောင့် မဟောကြားနိုင်ဘိသနည်းဟု ခြိမ်းချောက်ခြင်းကြောင့် ထွက်ပြေးသော ဥဒါယီမထေရ်ကို အစဉ်လိုက်ကြလေကုန်၏။ ထိုဥဒါယီမထေရ်သည် ထွက်ပြေးလတ်စဉ် တခုသော အိမ်သာ၌ လိမ့်ကျသွားရှာလေ၏။ များစွာသော လူအပေါင်းသည် ယနေ့ ဥဒါယီမထေရ်သည် ရှင်သာရိပုတြာမထေရ်၏ ဂုဏ်တော် ကျေးဇူးတော်နှင့် စပ်သောစကားကို ဖြစ်စေလတ်သည် ရှိသော် ငြူစူလှသဖြင့် မိမိ၏ တရားဟောပုဂ္ဂိုလ်၏ အဖြစ်ကို ထင်ရှား ပြပြီးလျှင် လူတို့သည် ပူဇော်သက္ကာရပြု၍ တရားကို နာကြကုန်အံ့ဟု ဆိုသည် ရှိသော် လေးကြိမ်တိုင်တိုင် တရားဟော ပလ္လင်နေရာ၌ နေလျက် ဟောအပ်သည်နှင့်စပ်ယှဉ်သော တစုံတခုသော တရားစကားကို မမြင်ရခြင်းကြောင့် အရှင်သည် တပည့်တော်တို့၏ အရှင်ဖြစ်သော ရှင်သာရိပုတြာမထေရ်နှင့် အတူတကွ အစုံယူခြင်းကို ယူဘိ၏ဟု အုတ်ခဲ လှံတံ စသည်တို့ကို ကိုင်စွဲ၍ ခြိမ်းချောက် ခြင်းကြောင့် ထွက်ပြေးစဉ် အိမ်သာ၌ လိမ့်ကျသွားရှာလေ၏ဟု စကားကို ဖြစ်စေကြလေကုန်၏။

ခြင်္သေ့ကို ပြိုင်သောဝက် ဇာတ်အမြွက်

မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့ ယခု ငါလာဆဲ ဖြစ်သောအခါ အဘယ် စကားဖြင့် စည်းဝေးကြကုန်ဘိသနည်းဟု မေးတော်မူသောကြောင့် ဤမည်သော စကားဖြင့် စည်းဝေးကြပါသည်ဘုရားဟု နားတော် လျှောက်သည်ရှိသော် ချစ်သား ရဟန်းတို့ ယခုသာလျှင် မဟုတ်သေး။ ရှေး၌လည်း ဤလာဠုဒါယီသည် မစင်တွင်း၌ နစ်မြုပ်ကာ နေရဖူးသည်သာလျှင် တည်းဟု မိန့်တော်မူ၍ လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလျက် -

စတုပ္ပဒေါ အဟံ သမ္မ၊ တွံပိ သမ္မ စတုပ္ပဒေါ။
ဧဟိ သမ္မ နိဝတ္တဿု၊ ကိံ နု ဘီတော ပလာယသိ။

အသုစိပူတိလောမောသိ၊ ဒုဂ္ဂန္ဓော ဝါသိ သူကရ။
သစေ ယုဇ္ဈိတုကာမောသိ၊ ဇယံ သမ္မ ဒဒါမိ တေ။

သမ္မ၊ အချင်း ခြင်္သေ့မင်း။ အဟံ၊ ငါကား။ စတုပ္ပဒေါ၊ အခြေလေးချောင်း ရှိ၏။ သမ္မ၊ အချင်း ခြင်္သေ့မင်း။ တွံပိ၊ သင်သည်လည်း။ စတုပ္ပဒါ၊ အခြေလေးချောင်းရှိ၏။ သမ္မ၊ အချင်း ခြင်္သေ့မင်း။ ဧဟိ၊ လာလှည့်ပါလော့။ နိဝတ္တဿု၊ ပြန်နစ်ခဲ့ပါဦးလော့။ ဘီတော၊ ငါ့ကို ကြောက်သောကြောင့်။ ပလာယသိ ကိံ နု၊ ထွက်ပြေး တိမ်းရှောင်ဘိသလော။

သူကရ၊ ဝက်ယုတ်မာ။ တွံ၊ သင်သည်။ အသုစိ၊ မစင်ကြယ်။ ပူတိလောမော၊ ပုပ်နံ့ထောင်းထောင်း အနံ့မကောင်းသော အမွေးရှိသည်။ အသိ၊ ဖြစ်၏။ ဒုဂ္ဂန္ဓော၊ စက်ဆုပ်ဖွယ်ကောင်းသော အနံ့ရှိသည်ဖြစ်၍။ ဝါသိ၊ လှိုင်၏။ ယုဇ္ဈိတုကာမော၊ စစ်ထိုးလိုသည်။ သစေအသိ၊ အကယ်၍ ဖြစ်ငြားအံ့။ သမ္မ၊ အချင်းဝက်မိုက်။ တေ၊ သင့်အား။ ဇယံ၊ အောင်ခြင်းကို။ ဒဒါမိ၊ ငါပေး၏။

ဤဇာတ်ကို အကျယ်ချဲ့၍ ထိုအခါ ခြင်္သေ့သည် ရှင်သာရိပုတြာ ဖြစ်လာ၏။ ဝက်သည် လာဠုဒါယီ ဖြစ်လာ၏ဟု ဟောတော်မူလေ၏။ မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဆောင်တော် မူပြီးလျှင် ချစ်သားရဟန်းတို့ လာဠုဒါယီအမည်ရှိသော ရဟန်းသည် အနည်းငယ်မျှသာလျှင် ဖြစ်သော တရားကို သင်ယူအပ်၏။ သရဇ္ဈာယ်ခြင်းကိုကား မပြု။ အမှတ်မရှိ အလုံးစုံသော ပရိယတ်ကို သင်ယူပြီးလျှင် သရဇ္ဈာယ်ခြင်းကို မပြုခြင်းသည် ထို သင်ယူအပ်သော ပရိယတ်၏ အညစ်အကြေးသာလျှင် ဖြစ်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၂၄ဝ။ အသဇ္ဈာယမလာ မန္တာ၊ အနုဋ္ဌာနမလာ ဃရာ။
မလံ ဝဏ္ဏဿ ကောသဇ္ဇံ၊ ပမာဒေါ ရုက္ခတော မလံ။

မန္တာ၊ သင်အပ်ကုန်သော ပရိယတ် အတတ် အစရှိသည်တို့သည်။ အသဇ္ဈာယမလာ၊ မသရဇ္ဈာယ်ခြင်းလျှင် အညစ်အကြေး ရှိကုန်၏။

[အလုံးစုံ သင်ယူအပ်သော ပရိယတ်သည်၎င်း အတတ်ပညာ သည်၎င်း သရဇ္ဈာယ်ခြင်း အားထုတ်ခြင်း မပြုသောသူအား ပျောက်ပျက်၏။ အကုန် မမှတ်မိနိုင်သောကြောင့် ဟူလို။ ]

ဃရာ၊ အိမ်တို့သည်။ အနုဋ္ဌာနမလာ၊ ထကြွလုံ့လ မပြုခြင်းလျှင် အညစ် အကြေးရှိကုန်၏။

[အိုးအိမ်ထူထောင်၍ နေသောသူအား ထထကြွကြွ လုံ့လရှိ၍ပြုပြင်ခြင်း စသည်တို့ကို မပြုပြင်လျှင် အိမ်မည်သည် ပျက်စီးတတ်သောကြောင့်ဟူလို]။

ကောသဇ္ဇံ၊ ပျင်းရိခြင်းသည်။ ဝဏ္ဏဿ၊ ကိုယ်အဆင်း၏။ မလံ၊ အညစ်အကြေးတည်း။

[ရဟန်းဖြစ်စေ လူဖြစ်စေ ပျင်းရိသည့်အစွမ်းဖြင့် ကိုယ်ကို ပြုပြင် သုတ်သင်ခြင်းကို၎င်း အသုံး အဆောင်ကို ပြုပြင် သုတ်သင်ခြင်းကို၎င်း မပြုပြင်လေ့ရှိသောသူ၏ ကိုယ်သည် အဆင်းမလှ သောကြောင့် ဟူလို။ ]

ပမာဒေါ၊ မေ့လျော့ခြင်းသည်။ ရက္ခတော၊ စောင့်ရှောက်ခြင်း၏။ မလံ၊ အညစ်အကြေးတည်း။

[နွားတို့ကို ထိန်းကျောင်းသောသူ မေ့လျော့သဖြင့် အိပ်ပျော်နေသည်ရှိသော် သို့မဟုတ် ကစား နေသည်ရှိသော် နွားတို့သည် ဆိပ်ကမ်း မဟုတ်သည်၌ ကူးခြင်းစသည်ကြောင့်၎င်း သားရဲခိုးသူ စသည်တို့၏ ဘေးကြောင့်၎င်း သူတပါး၏ လယ်ယာသို့ဝင်၍ စားခြင်းကြောင့်၎င်း ပျက်စီးခြင်းသို့ ရောက်တတ်ကုန်၏။ မိမိသည်လည်း ဒဏ်ထားခြင်းအပြောအဆို ခံရခြင်းသို့လည်း ရောက်တတ်၏။ ရဟန်းကိုသော်လည်း စက္ခုစသော ခြောက်ဒွါရတို့ကို စောင့်ရှောက်ခြင်းမှ မေ့လျော့ခြင်းကြောင့် ကိလေသာရန်သူတို့သည် သက်ဝင်၍ သာသနာတော်မှ ရွေ့လျောစေတတ်ကုန်၏။ ထို့ကြောင့် ဟူလို။]

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

လာဠုဒါယီမထေရ် ဝတ္ထုပြီး၏။

၅−မထင်ရှားသော အမျိုးသားဝတ္ထု

မလိတ္တိယာ ဒုစ္စရိတံ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌နေတော်မူစဉ် အမှတ်မရှိသော အမျိုးသားတယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မိန်းမတို့၏ အညစ်အကြေး

ထိုအမျိုးသား အလို့ငှါ တူသော အမျိုးရှိသော သတို့သ္မီးငယ်ကို ဆောင်ယူကုန်သတတ်။ ထိုသတို့သ္မီးငယ်သည် ဆောင်ယူလာသောနေ့မှစ၍ လင်ကိုလွန်၍ ကျင့်လေ့ရှိ၏။ ထိုအမျိုးသားသည် ထိုသတို့သ္မီး၏ အလွန်ကျင့်ခြင်းဖြင့် ရှက်နိုးသောကြောင့် တစုံတယောက်သောသူ၏ မျက်မှောက်အဖြစ်သို့ ကပ်ရောက်ခြင်းငှါ မတတ်နိုင်ရကား ဘုရားအား ဆည်းကပ်ခြင်း စသည်တို့ကိုဖြတ်၍ နှစ်ရက် သုံးရက်လွန်မှ မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌နေလျက် ဒါယကာ အဘယ့်ကြောင့် မထင်ဘိသနည်းဟု မိန့်တော်မူလတ်သော် ထိုအကြောင်းကို လျှောက်ကြားလေ၏။

ထိုအခါ ထိုအမျိုးသားကို မြတ်စွာဘုရားသည် ဒါယကာ ရှေးအခါ၌လည်း ငါဘုရားသည် မိန်းမတို့ မည်သည်ကား မြစ်အစရှိသည်တို့နှင့် တူကုန်၏။ ပညာရှိသောသူသည် ထိုမိန်းမတို့၌ အမျက် ထွက်ခြင်းကို မပြုအပ်ဟု မိန့်ဆိုဖူးပြီ။ သင်သည်ကား ထိုအကြောင်းကို ဘဝဖြင့် ဖုံးလွှမ်းသောကြောင့် မမှတ်သားနိုင်ဟု မိန့်တော်မူလတ်သော် ထိုဒါယကာ တောင်းပန်အပ်သည်ဖြစ်၍—

ယထာ နဒီစ ပန္ထောစ၊ ပါနာဂါရံ သဘာ ပပါ။
ဧဝံ လောကိတ္ထိယော နာမ၊ ဝေလာ တာသံ န ဝိဇ္ဇတိ။

လောကေ၊ လောက၌။ နစ၊ မြစ်သည်၎င်း။ ပန္ထောစ၊ လမ်းခရီးသည်၎င်း။ ပါနာဂါရဉ္စ၊ သေတင်းကုပ်သည်၎င်း။ သဘာစ၊ သဘင် ဘုံစရပ်သည်၎င်း။ ပပါစ၊ ရေတွင်းသည်၎င်း။ ဝါ၊ ရေအိုးစင်သည်၎င်း။ ဣတိဣမေ၊ ဤအရာတို့သည်။ သဗ္ဗသာဓာရဏာ ယထာ၊ သူခပ်သိမ်းတို့နှင့် ဆက်ဆံကုန်သကဲ့သို့။ ဧဝံ၊ ဤအတူ။ လောကေ၊ လောက၌။ ဣတ္ထိယောနာမ၊ မိန်းမတို့မည်သည်။ သဗ္ဗသာဓာရဏာ၊ သူခပ်သိမ်းတို့နှင့် ဆက်ဆံကြကုန်သည်သာတည်း။ တာသံ၊ ထိုမိန်းမတို့အား။ ဝေလာ၊ စည်းကမ်း အပိုင်းအခြားသည်။ နဝိဇ္ဇတိ၊ မရှိ။

ဤသို့ ဇာတ်ကို အကျယ်ချဲ့၍ ဒါယကာ --

မိန်းမအား လင်ကိုလွန်၍ ကျင့်ခြင်းအားဖြင့် အညစ် အကြေးဖြစ်၏။
အလှူကို ပေးလှူသော သူအား ဝန်တိုခြင်းသည် အညစ်အကြေးဖြစ်၏။
ဤပစ္စုပ္ပန်လောက တမလွန်လောက၌ သတ္တဝါတို့အား အကုသိုလ်ကံသည် ဖျက်ဆီးတတ်သော အနက်သဘောကြောင့် အညစ်အကြေးဖြစ်၏။
အဝိဇ္ဇာသည်ကား အလုံးစုံသော အညစ်အကြေးတို့ထက် လွန်ကဲသော အညစ်အကြေးဖြစ်၏-

ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၂၄၁။ မလိတ္ထိယာ ဒုစ္စရိတံ၊ မစ္ဆေရံ, ဒဒတော မလံ။
မလာ ဝေ ပါပကာ ဓမ္မာ၊ အသ္မိံ လောကေ ပရမှိစ။

၂၄၂။ တတော မလာ မလတရံ၊ အဝိဇ္ဇာပရမံ မလံ။
ဧတံ မလံ ပဟန္တွာန၊ နိမ္မလာ ဟောထ ဘိက္ခဝေါ။

ဒုစ္စရိတံ၊ လင်ကို လွန်ကြူး၍ ကျင့်သော အကျင့်သည်။ ဣတ္ထိယာ၊ မိန်းမ၏။ မလံ၊ အညစ်အကြေးမည်၏။

[အလွန် ကျင့်လေရှိသော မိန်းမကို လင်ယောက်ျားက သော်လည်း အိမ်မှ ထုတ်ပစ်တတ်၏။ မိဘတို့ထံ သွားပြန်လျှင် နင်သည် ဆွေမျိုးဂုဏ် မရိုမသေ ဖျက်ဆီး၏။ မျက်စိတို့ဖြင့် မရှုအပ်သော မိန်းမတယောက် ဖြစ်၏ဟု ထိုမိန်းမကို နှင်ထုတ်ပစ်တတ်၏။ ထိုမိန်းမသည် ခိုကိုးရာမဲ့ ဒုက္ခကြီးစွာရောက်ရရှာ၏။ ထို့ကြောင့်ဟူလို။]

မစ္ဆေရံ၊ ဝန်တိုခြင်းသည်။ ဒဒတော၊ ပေးကမ်းသောသူ၏။ မလံ၊ အညစ်အကြေးမည်၏။

[အကြင်သူအား လယ်ထွန်သောအခါ ဤလယ်ပြည့်စုံလျှင် သလာကဘတ်စသည် လှူဒါန်းမည်ဟု ကြံပြီးလျှင် လယ်ပြည့်စုံသော်လည်း ဝန်တိုသောစိတ် ဖြစ်ခြင်းကြောင့် လှူလိုသော စိတ်ကို တားမြစ်၏။ ထိုသူသည် ဝန်တိုသဖြင့် လှူလိုသောစိတ် မကြီးပွားလတ်သော် လူနတ်နိဗ္ဗာန် သုံးတန် သော ချမ်းသာကို မရနိုင်။ ထို့ကြောင့် ဟူလို]။

ပါပကာ၊ ယုတ်မာကုန်သော။ ဓမ္မာ၊ အကုသိုလ်တရားတို့သည်။ အသ္မိံ လောကေစ၊ ဤလောက၌၎င်း။ ပရမှိစ၊ တမလွန်လောက၌၎င်း။ ဝေ၊ စင်စစ်။ မလာ၊ အညစ်အကြေးတို့ မည်ကုန်၏။

တတောမလာ၊ ထိုသို့ ဆိုအပ်ခဲ့ပြီးသော အညစ်အကြေး အပေါင်းထက်။ မလတရံ၊ လွန်ကဲစွာသော အညစ်အကြေးကို။ ကထေမိ၊ ငါဟောဦးအံ့။ အဝိဇ္ဇာ၊ မသိတတ်သော အဝိဇ္ဇာသည်။ ပရမံ၊ လွန်ကဲစွာသော။ မလံ၊ အညစ်အကြေး မည်၏။ ဘိက္ခဝေါ၊ ငါ၏ချစ်သား ရဟန်းများတို့။ တုမှေ၊ သင်ချစ်သားတို့သည်။ ဧတံမလံ၊ ဤအဝိဇ္ဇာဟူသော အညစ်အကြေးကို။ ပဟန္တွာန၊ ပယ်သတ်စွန့်ခွါ၍။ နိမ္မလာ၊ အညစ်အကြေး မရှိကြကုန်သည်။ ဟောထ၊ ဖြစ်ကြကုန်လော့။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

မထင်ရှားသော အမျိုးသားဝတ္ထုပြီး၏။

***

၆ - စူဠသာရိမည်သော ရဟန်းဝတ္ထု

သုဇီဝံ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် စူဠသာရိ အမည်ရှိသော ရှင်သာရိပုတြာမထေရ်၏ ဥပဇ္ဈာယ်ယူ အတူနေ တပည့် ရဟန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဆေးကုခြင်း အားထားသော ရဟန်း

ထို စူဠသာရိမည်သော ရဟန်းသည် တနေ့သ၌ ဆေးကုသော အမှုကို ပြုခြင်းကြောင့် မွန်မြတ်သော ဘောဇဉ်ကို ရသဖြင့် ယူ၍ ထွက်လတ်သည် ရှိသော် လမ်းခရီးအကြား၌ ရှင်သာရိပုတြာ မထေရ်ကို မြင်လေလျှင် အရှင်ဘုရား ဤ မွန်မြတ်သော ဘောဇဉ်ကို တပည့်တော်သည် ဆေးကုသောအမှု ပြုခြင်းကြောင့် ရအပ်ပါသည်ဘုရား။ အရှင်ဘုရားတို့သည် တပါးသော နေရာတို့၌ ဤသို့သဘော ရှိသော မွန်မြတ်သော ဘောဇဉ်ကို မရနိုင်ကြကုန်လတ္တံ့။ ဤဘောဇဉ်ကို ဘုဉ်းပေးတော်မူကြပါ ဘုရား။ တပည့်တော်သည် အရှင်ဘုရားအား ဆေးကုသော အမှုပြုလုပ်၍ မြဲသော ကာလပတ်လုံး ဤသို့သဘောရှိသော အစာအာဟာရကို ဆောင်ပို့ပါမည် ဘုရားဟု လျှောက်ကြားလေ၏။

ရှင်သာရိပုတြာမထေရ်သည် ထိုစူဠသာရိရဟန်း၏ စကားကို ကြားတော်မူရ၍ ဆိတ်ဆိတ်နေ၍ သာလျှင် ဖဲသွားလေ၏။ ရဟန်းတို့သည်လည်း ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏။

ဘုရားရှင်သည်လည်း ချစ်သား ရဟန်းများတို့ အရှက်မရှိသော ရဟန်း မည်သည်ကား ကိုယ်နှုတ် နှလုံး ကြမ်းကြုတ်၏။ ကျီးနှင့်တူသည်ဖြစ်၍ နှစ်ဆဲ့တပါး အပြားရှိသော မရှာမှီးအပ်သည်ကို ရှာမှီးခြင်းဟူသော အနေသန၌ တည်လျက် ချမ်းသာစွာ အသက်မွေးရပေ၏။ အရှက်အကြောက် နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည်ကား ဆင်းရဲငြိုငြင်စွာ အသက် မွေးရပေ၏ ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၂၄၃။ သုဇီပံ အဟိရိကေန၊ ကာကသူရေန ဓံသိနာ။
ပက္ခဒ္ဒိနာ ပဂဗ္ဘေန၊ သံကိလိဋ္ဌေန ဇီဝိတံ။

၂၄၄။ ဟိရိမတာ စ ဒုဇ္ဇီဝံ၊ နိစ္စံ သုစိဂဝေသိနာ။
အလိနေနာ ပဂဗ္ဘေန၊ သုဒ္ဓါဇီဝေန ပဿတာ။

ဘိက္ခဝေ၊ ချစ်သား ရဟန်းတို့။ အဟိရိကန၊ အရှက်အကြောက် မရှိသော ရဟန်းသည်။ သုဇီဝံ၊ အသက်မွေး လွယ်လှပေ၏။ ကာကသူရေန၊ ရဲသောကျီးကန်း စသည်အစွမ်းဖြင့်၎င်း။ ဓံသိနာ၊ သူတပါး၏ ဂုဏ်ကျေးဇူးကို ဖျက်ဆီးသဖြင့်၎င်း။ ပက္ခန္ဒိနာ၊သူတပါးပြုသည်ကို မိမိပြုသကဲ့သို့ ပြသဖြင့်၎င်း။ ပဂဗ္ဘေန၊ ကိုယ်ကြမ်း နှုတ်ကြမ်း နှလုံးကြမ်းဖြင့် ကြမ်းတမ်းသဖြင့်၎င်း။ သုဇီဝံ၊ လွယ်ကူစွာ အသက်မွေးအပ်၏။ ဧဝံ၊ ဤသို့။ သံကိလိဋ္ဌေန-သံကိလိဋ္ဌဘာဝေန၊ ညစ်ညူးသောသူ၏ အဖြစ်ဖြင့်။ ဇီဝိတံ၊ ယုတ်မာသော အသက်မွေးခြင်းမည်သည်။ ဟောတိ၊ ဖြစ်၏။

ဟိရိမတာစ၊ အရှက်အကြောက်ရှိသော ရဟန်းသည်ကား၊ ဒုဇ္ဇီဝံ၊ အသက်မွေး ခဲယဉ်းလှပေ၏။ နိစ္စံ၊ အမြဲ။ သုစိဂဝေသိနာ၊ စင်ကြယ်သော ကာယကံမှု စသည်ကို ရှာမှီးသဖြင့်၎င်း။ အလိနေန၊ အသက်မွေးခြင်းကို မကပ်ငြိသဖြင့်၎င်း။ အပ္ပဂဗ္ဘေန၊ မကြမ်းတမ်းသဖြင့်၎င်း။ ဒုဇ္ဇီဝံ၊ ခဲယဉ်းစွာ အသက်ကိုမွေးအပ်၏။ ဧဝံ၊ ဤသို့။ သုဒ္ဓါဇီဝေန၊ စင်ကြယ်သော အသက်မွေးခြင်းရှိသော ရဟန်းသည်၊ ပဿတာ၊ အမြတ်ဟု ရှုသဖြင့်။ ဒုဇ္ဇီဝံ၊ ခဲယဉ်းစွာ အသက်မွေးအပ်၏။

ဒေသနာတော်၌ မှတ်ဖွယ်

(ရှက်ကြော ကြောက်ကြော ပြတ်သော ရဟန်းသည် အမိမဟုတ်သော သူကိုသာလျှင် ငါ့အမိ ဟူ၍၎င်း အဖ မဟုတ်သော သူကိုသာလျှင် ငါ့အဖဟူ၍၎င်း ဤသို့ စသည်ပြောဆိုလျက် နှစ်ဆဲ့တပါးသော အနေသန အမှု၌ တည်၍ လွယ်ကူစွာ အသက်မွေးခြင်းငှါ တတ်နိုင်လေ၏၊
ကျီးရဲသံဘောကား ရဲတင်းလှသောကျီးသည် အမျိုးအိမ်တို့၌ ယာဂုစသည်တို့ကို ယူလိုသည် ရှိသော် နံရံစသည်တို့၌ နားတဲ့၍ မိမိအားကြည့်ရှုသည် အဖြစ်ကို သိလျှင် မကြည့်ယောင် တခြား နှလုံးသွင်းယောင် အိပ်ငိုက်ယောင် ဟန်ပန်ဆောင်လျက် လူတို့၏ အလစ်ကို မှတ်သားကာ ပျံချပြီးလျှင် “သုသု” ရွှေးရွှေးဟု မောင်းနှင်ကုန်စဉ်သာလျှင် ခွက်မှ နှုတ်သီးအပြည့်ယူ၍ ပျံပြေး လေ၏။
ဤအတူ အရှက်အကြောက် ကင်းသော ပုဂ္ဂိုလ်သည်လည်း ရဟန်းတို့နှင့် အတူ ရွာသို့ဝင်၍ ယာဂုဆွမ်းရှိရာ အရပ်စသည်တို့ကို မှတ်သားထားလေ၏။ ထိုရွာ၌ ရဟန်းတို့သည် ဆွမ်းခံပြီး မျှလောက်ရုံယူ၍ ဆွမ်းစားကျောင်းသို့ သွားသဖြင့် ဆင်ခြင်ကာ ယာဂုသောက်ပြီးလျှင် ကမ္မဋ္ဌာန်း စီးဖြန်းကြ သရဇ္ဈာယ်ကြ ဆွမ်းစားကျောင်းကို တံမြက်လှည်းကြကုန်၏။
ဤရဟန်းကား တစုံတခုမပြုဘဲ ရွာသို့သာ ရှေးရှုသွားလေ၏။ ရဟန်းတို့က ဤရဟန်းကို ကြည့်ကြပါကုန်လော့ဟုဆို၍ ကြည့်ရှုသော်လည်း ထိုရဟန်းသည် မကြည့်ရှုယောင် တခြားနှလုံး သွင်းယောင် အိပ်ငိုက်ယောင် သင်္ကန်း ကမ္ပတ်သီး ဖြုတ်ယောင် သင်္ကန်းကို ပြုပြင်ယောင် ဟန်ပန် ဆောင်လျက် ငါ့အား ဤမည်သော ကိစ္စရှိ၏ဟု ပြောဆိုကာ နေရာမှထ၍ ရွာသို့ဝင်ပြီးလျှင် နံနက်အခါက မှတ်သားထားသော အိမ်တို့တွင် တအိမ်အိမ်သို့ ချဉ်းကပ်သဖြင့် အိမ်သားတို့က အနည်းငယ် တံခါးရွက် ပိတ်လျက် တံခါးဝ၌ နေလျက် မြည်တမ်း ပြောဆိုကြကုန်သော်လည်း လက်တဖက်ဖြင့် တံခါးရွက်ကို တွန်း၍ အတွင်းဝင်ထိုင်၏။
ထိုအခါ ထိုရဟန်းကို မြင်ရလျှင် အလိုမရှိကြကုန်သော်လည်း နေရာ၌ နေစေ၍ ယာဂုစသည် တို့တွင် ရှိရာကို ဆက်ကပ်ကြကုန်၏။ အလိုရှိတိုင်း သုံးဆောင်၍ အကြွင်းကိုသပိတ်ဖြင့် ယူ၍ဖဲသွား၏။ ဤရဟန်းကား ရဲတင်းသော ကျီးမည်၏။ ဤသို့ အရှက်မရှိသောရဟန်းသည် အသက်မွေး ချောင်၏ဟူလို။
သူတပါးဂုဏ် ဖျက်ဆီးပုံကား ဤမည်သော မထေရ်ကြီးတို့သည် အလိုနည်းလှကုန်၏ အစရှိသည် တို့ကို ဆိုခြင်းဖြင့် ဂုဏ်ကြီးသော မထေရ်ကြီးတို့၏ ဂုဏ်ကို ဖျက်ဆီးခြင်းဖြင့် ဖျက်ဆီး၏။ ထိုသို့ ဂုဏ်ကြီးသူတို့၏ဂုဏ်ကို ဆိုလေ့ရှိသော ရဟန်း၏ စကားကို ကြားရလျှင် ဤရဟန်းလည်း အလို နည်းခြင်း စသောဂုဏ်နှင့် ပြည့်စုံ၏ဟု မှတ်ထင်လျက် ဒါယကာတို့က လှူသင့်သည်ဟု မှတ်ထင်ကြ ရကုန်၏။
ထိုရဟန်းကား ထိုလာဘ်ရသော အခါမှစ၍ ပညာဖြင့် ဆင်ခြင်တိုင်းထွာတတ်ကုန်သော ယောက်ျား ပညာရှိတို့၏ စိတ်နှစ်သက်လောက်အောင် အလိုနည်းခြင်း ဂုဏ်ကို ဆောင်ခြင်းငှါ မတတ်နိုင်ရကား ထိုရနေကျ လာဘ်မှ သော်လည်း ဆုတ်ယုတ်တတ်၏။ ဤသို့ ဂုဏ်ဖျက်ပုဂ္ဂိုလ်သည် မိမိ၏ လာဘ်ကို၎င်း သူတပါး၏ လာဘ်ကို၎င်း ဖျက်ဆီးတတ်သည် သာတည်း။
သူတပါး ပြုသည်ကို မိမိပြုသကဲ့သို့ ပြခြင်းကား သူတပါးတို့ပြုအပ်သော အမှုကိစ္စတို့ကို သော်လည်း မိမိပြုအပ်သော အမှုကိစ္စကဲ့သို့ ပြလိုသော ရဟန်းသည် နံနက်စောစော၌ ရဟန်းတော် တို့သည် စေတီယင်ပြင် စသည်တို့၌ ဝတ်ကြီး ဝတ်ငယ်ပြု၍ ကမ္မဋ္ဌာန်း နှလုံးသွင်းခြင်းဖြင့် အနည်းငယ် ထိုင်နေပြီးလျှင် ထ၍ ရွာသို့ဝင်ကြ ကုန်သည်ရှိသော် မျက်နှာသစ်၍ ဖြော့တော့သော သင်္ကန်း ဝတ်ရုံခြင်း မျက်စိ ဆေးကွင်းခြင်း ဦးခေါင်း လိမ်းကျံခြင်း စသည်တို့ဖြင့် ကိုယ်ကို တန်ဆာဆင်လျက် တံမြက်လှည်းသကဲ့သို့ နှစ်ချက်သုံးချက် တံမြက်ခတ်ပြီးလျှင် တံခါးမုခ်သို့ ရှေးရှု သွားလေ၏။
လူဒါယကာတို့သည် နံနက်စောစော စေတီဖူးမြင်ကုန်အံ့ ပန်းပူဇော်ကုန်အံ့ဟု လာကြကုန်သည် ရှိသော် ထိုရဟန်းကို မြင်ရလျှင် ဤကျောင်းတိုက်ကြီးသည် ဤရဟန်းငယ်ကို မှီ၍ သုတ်သင်ခြင်း ရ၏။ ဤရဟန်းကို မမေ့ကြပါလင့်ဟု ဆို၍ ထိုရဟန်းအား လှူသင့်သည်ဟု မှတ်ထင်ကြကုန်၏။
ဤသို့သော သူတပါး ပြုသည်ကို မိမိပြု သကဲ့သို့ ပြုတတ်သော ရဟန်းသည်လည်း အသက်မွေး ချောင်လေ၏။ ကိုယ် နှုတ် စိတ်ကြမ်းတမ်းသဖြင့်လည်း အသက်မွေး ချောင်သေး၏။ ဤသို့အသက် မွေးသဖြင့် အသက်ရှည်သော ရဟန်းသည် ညစ်နွမ်းသော ရဟန်းဖြစ်လျက် အသက်ရှည်သည် မည်၏။ ထိုအသက်မွေးခြင်းသည် ယုတ်မာ၏ဟူလို။
အရှက်အကြောက်နှင့် ပြည့်စုံသော ရဟန်းကား အသက်မွေးကျပ်၏။ ထိုရဟန်းသည် အမိစသည် မဟုတ်သောသူတို့ကို ငါ၏အမိ စသည်တို့ဟု မဆိုမူ၍ မတရားသဖြင့်ရသော ပစ္စည်းတို့ကို မစင်ကဲ့သို့ စက်ဆုပ်လှဖြင့် တရားနှင့် အညီရှာမှီးလျက် အိမ်စဉ်အတိုင်း ဆွမ်းခံကာ အသက် မွေးရကား အသက်မွေးကျပ်လှ၏ဟူလို။
စင်ကြယ်သော ကာယကံမှု စသည်တို့ကို ရှာမှီးသဖြင့်၎င်း အသက်မွေးခြင်းကို မကပ်ငြိ မငဲ့ကွက် သဖြင့်၎င်း ကျပ်တည်းစွာ အသက်မွေးရကား အသက်မွေးစင်ကြယ်သော ပုဂ္ဂိုလ်မည်၏။ ဤသို့ အသက်မွေး စင်ကြယ်သော ရဟန်းဖြစ်သောကြောင့် ထိုသို့ အသက်မွေးခြင်းကိုသာလျှင် မြင့်မြတ် လှပေသည်ဟု မြင်သိတော်မူရကား ဆင်းရဲ ခေါင်းပါးသော အသက်မွေးခြင်း၏ အစွမ်းဖြင့် ငြိုငြင်စွာ အသက်မွေးခြင်းသာဖြစ်လေ၏ ဟူလို)။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

စူဠသာရိမည်သောရဟန်းဝတ္ထုပြီး၏။

***

၇ - ငါးရာသော သီတင်းသည်တို့ဝတ္ထု

ယော ပါဏံ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ငါးရာသော သီတင်းသည်တို့ကို အကြောင်းပြု၍ ဟောတော်မူ လေ၏။

သီလအငြင်းအခုံ အကြောင်း

ထိုငါးရာသော သီတင်းသည် ဥပါသကာတို့တွင် အချို့သော ဥပါသကာတို့က သူ့အသက်ကို လျင်စွာချခြင်းမှ ကြဉ်ရှောင်ကြောင်း ဖြစ်သော စေတနာဟု ဆိုအပ်သော သိက္ခာပုဒ်ကိုသာလျှင် စောင့်ရှောက်ကြကုန်၏။ ထိုမှတပါးကုန်သော ဥပါသကာတို့သည် ထိုမှတပါးကုန်သော သိက္ခာပုဒ် တို့ကို စောင့်ရှောက်ကြကုန်၏။

ထိုဥပါသကာတို့သည် တနေ့သ၌ ငါကားပြုနိုင်ခဲသော အမှုကိုပြု၏။ စောင့်နိုင်ခဲသော အကျင့်ကို စောင့်ရှောက်၏။ ဤသို့ အငြင်းအခုံတို့သည် ဖြစ်ကုန်ရကား မြတ်စွာဘုရား၏ အထံတော်သို့ သွား၍ ရှိခိုးလျက် ထိုအကြောင်းကို လျှောက်ကြားကြ လေကုန်၏။

ဘုရားရှင်သည် ထိုသူတို့၏စကားကို ကြားတော်မူရလျှင် တခုသော သီလကိုသော်လည်း ညစ်နွမ်းခြင်း ရှိသည်ကို မပြုမူ၍ အလုံးစုံသော သီလတို့သည်သာလျှင် စောင့်ရှောက်နိုင်ခဲသော သီလတို့ဖြစ်ကြကုန်၏ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၂၄၅။ ယော ပါဏမတိပါတေတိ၊ မုသာဝါဒဉ္စ ဘာသတိ။
လောကေ အဒိန္နံ အာဒိယတိ၊ ပရဒါရဉ္စ ဂစ္ဆတိ။

၂၄၆။ သုရာမေရယပါနဉ္စ၊ ယောနရော အနုယုဉ္ဇတိ။
ဣဓေဝပေသော လောကသ္မိံ၊ မူလံ ခဏတိ အတ္တနော။

၂၄၇။ ဧဝံ ဘောပုရိသ ဇာနာဟိ၊ ပါပဓမ္မာ အသညတာ။
မာ တံ လောဘော အဓမ္မောစ၊ စိရံ ဒုက္ခာယ ရန္ဓယုံ။

ယောနရော၊ အကြင်သူသည်။ ပါဏံ၊ သူ့အသက်ကို။ အတိပါတေတိ၊ လျင်စွာချ၏။ မုသာဝါဒဉ္စ၊ မဟုတ်မမှန်သော စကားကိုမူလည်း။ ဘာသတိ၊ သူတပါးအကျိုး ပျက်လောက်အောင် ပြောဆို၏။ လောကေ၊ သတ္တလောက၌။ အဒိန္နံ၊ အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော သူတပါးဥစ္စာကို။ အာဒိယတိ၊ ခိုးယူ၏။ ပရဒါရဉ္စ၊ သူတပါး၏ မယားကိုမူလည်း။ ဂစ္ဆတိ၊ သွားလာလွန်ကြူး၏။

ယောနရော၊ အကြင်သူသည်။ သုရာမေရယ ပါနဉ္စ၊ သုရာငါးပါး မေရယငါးပါးတို့ကို သောက်ခြင်းကိုလည်း။ အနုယုဉ္ဇတိ၊ အားထုတ်၏။ ဧသောနရော၊ ဤသူသည်။ ဣဓေဝ လောကသ္မိမ္ပိ၊ ဤပစ္စုပ္ပန် လောက၌ပင်လျှင်။ အတ္တနော၊ မိမိ၏။ မူလံ၊ လယ်ယာစသော ပစ္စည်းရင်းကို။ ခဏတိ၊ တူးဖြိုဖျက်ဆီး၏ (အရက်သမား မွဲတတ်၏ဟူလို။)

ဘောပုရိသ၊ အိုငါးပါးသီလ မလုံသော ယောက်ျား။ ဧဝံ၊ ဤသို့။ တွံ၊ သင်သည်။ ဇာနာဟိ၊ သိလေလော့။ ပါပဓမ္မာ၊ ယုတ်မာသော တရားတို့သည်။ အသညတာ၊ ကိုယ်ကိုစောင့်စည်းခြင်း စသည်တို့မှ ကင်းကြကုန်၏။ လောဘောစ၊ လောဘသည်၎င်း။ အဓမ္မောစ၊ ဒေါသသည်၎င်း။ ဣမေ၊ ဤအကုသိုလ် တရားတို့သည်။ စိရံ၊ ကြာမြင့်စွာ။ ဒုက္ခာယ၊ ငရဲဒုက္ခစသည် အကျိုးငှါ။ တံ၊ သင့်ကို။ မာရန္ဓယုံ၊ မရစ်ပတ် မညှဉ်းဆဲကြပါစေကုန်လင့်။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ငါးရာကုန်သော သီတင်းသည် ဥပါသကာတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။ ရောက်လာကုန်သော သူတို့အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ငါးရာသောသီတင်းသည်တို့ဝတ္ထုပြီး၏။

***

၈ - တိဿရဟန်းငယ်ဝတ္ထု

ဒဒန္တိဝေ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် တိဿအမည်ရှိသော ရဟန်းငယ်တပါး ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အလှူရှင်တို့ကို ကဲ့ရဲ့သော ရဟန်း

ထိုတိဿရဟန်းငယ်သည် အနာထပိဏ်သူဌေးကြီး၏၎င်း ဝိသာခါ ဒါယိကာမကြီး၏၎င်း ဤသို့ အစရှိကုန်သော ငါးကုဋေ အတိုင်းအရှည် ရှိသော အရိယာ သာဝကတို့၏ အလှူကို ကဲ့ရဲ့လျက် သွားလာ လှည့်လည်သတတ်။ ကောသလမင်းတရားကြီး၏ အတုမရှိသော အသဒိသဒါန အလှူကြီးကိုသော်လည်း ကဲ့ရဲ့သည်သာလျှင်တည်း။

ထိုသို့ အလှူရှင်တို့၏ အလှူပေးလှူရာ၌ အေးသော ခဲဖွယ်ဘောဇဉ်ကို ရသည်ရှိသော် အေးအေးကြီး ဟု ကဲ့ရဲ့၏။ ပူသော ခဲဖွယ်ဘောဇဉ်ကိုရသော် ပူပူကြီးဟု ကဲ့ရဲ့၏။ အနည်းငယ်ကို ပေးလှူရာ၌ လည်း အဘယ့်ကြောင့် ဤသူတို့သည် နည်းနည်းကလေး လှူကုန်ဘိသနည်းဟု ကဲ့ရဲ့၏။ အများကို လှူရာ၌လည်း ဤသူ တို့၏အိမ်၌ ထားစရာနေရာ မရှိယောင်တကား ဟူ၍၎င်း ရဟန်းတို့အား မျှတလောက်ရုံဖြစ်သော ခဲဖွယ် ဘောဇဉ်ကို လှူအပ်သည် မဟုတ်တုံလော ဤမျှ လောက်သော ယာဂုဆွမ်းကို အကျိုးမဲ့သာလျှင် စွန့်ကြဲဘိ၏ ဟူ၍၎င်း ကဲ့ရဲ့၏။

မိမိ၏ အဆွေအမျိုးတို့ကို အကြောင်းပြု၍သော်ကား ငါတို့၏ ဆွေမျိုးတို့အိမ်၌ အရပ်လေးမျက်နှာ တို့မှ ကြွရောက်လာကြကုန်သော ရဟန်းတို့၏ ရေတွင်း သဖွယ်ဖြစ်၍ ဖြစ်၏။ အံ့ဩဖွယ်ရှိပေ၏။ ဤသို့ စသော စကားတို့ကို ဆိုလျက် ချီးမွမ်းခြင်းကို ဖြစ်စေလေ၏။

ကဲ့ရဲသောရဟန်းငယ်၏ မျိုးရိုးဇာတိကို စုံစမ်းကြခြင်း

(ထို ရဟန်းငယ်သည်ကား တယောက်သော တံခါးစောင့်၏ သားဖြစ်၍ ဇနပုဒ်သို့ သွားလာ လှည့်လည်ကြကုန်သော လက်သမားတို့နှင့် အတူတကွ လှည့်လည် လတ်သည်ရှိသော် သာဝတ္ထိပြည်သို့ရောက်၍ ရဟန်းပြုသောသူဖြစ်၏)။

ထိုအခါ ရဟန်းတို့သည် ဤသို့ လူတို့၏ အလှူစသည်တို့ကို ကဲ့ရဲ့သော ထို ရဟန်းငယ်ကိုမြင်ရလျှင် ထိုရဟန်းငယ်ကို စူးစမ်း ဆင်ခြင်ကြကုန်စို့အံ့ဟု ကြံပြီးလျှင် ငါ့ရှင် သင်၏အဆွေအမျိုးတို့သည် အဘယ်အရပ်၌ နေကြကုန်သနည်းဟု မေးပြီး၍ ဤအမည်ရှိသောရွာ၌ နေ၏ ဟူသောစကားကို ကြားသိရ၍သာလျှင် နှစ်ပါး သုံးပါးကုန်သော ပဉ္စင်းငယ်တို့ကို စေလွှတ်ကြလေကုန်၏။

ထိုပဉ္စင်းငယ်တို့သည် ထိုရွာသို့သွား၍ ရွာသူရွာသားတို့သည် ဆွမ်းစားစရပ်၌ နေစေကြကုန်လျက် ပြုစုအပ်သော ပူဇော်သက္ကာရ ရရှိကြကုန်သည်ရှိသော် ဤရွာမှထွက်၍ ရဟန်းပြုသော ထိဿ အမည်ရှိသော ပဉ္စင်းငယ်တပါးသည် ရှိ၏။ ထိုပဉ္စင်းငယ် တိဿ၏ အဆွေအမျိုးတို့သည် အဘယ် သူတို့ပေနည်းဟု မေးကြလေကုန်၏။

လူတို့သည် ဤရွာ၌ အမျိုးသားတို့အိမ်မှထွက်၍ ရဟန်းပြုသော သူငယ်သည် မရှိရပါ ဘုရားဟု လျှောက်၍ ဤအရှင်တို့သည် အဘယ်သူကို ပြောဆိုကြပါကုန်သနည်းဟု ကြံပြီးလျှင် အရှင်ဘုရား တယောက်သော တံခါးစောင့်၏သားသည် လက်သမားတို့နှင့် အတူတကွ လှည့်လည်၍ ရဟန်း ပြုသော တိဿ အမည်ရှိသော သူတယောက်ရှိပါသည်။ ထိုသူကို ရည်စူး၍ ဆိုကြကုန်ယောင် တကားဟု လျှောက်ကြား လတ်သော် ပဉ္စင်းငယ်တို့သည် ထိုရွာ၌ တိဿရဟန်း၏ ကုံလုံကြွယ်ဝ အစိုးရသော အဆွေအမျိုးတို့၏ မရှိသည်အဖြစ်ကို သိရလျှင် သာဝတ္ထိပြည်သို့ ပြန်သွားကြ၍ အရှင်ဘုရားတို့ အကြောင်းမဲ့သက်သက် သာလျှင် တိဿရဟန်းသည် မြည်တမ်းလျက် သွားလာ လှည့်လည်ဘိ၏ဟု ဆို၏။

ထိုအကြောင်းကို ရဟန်းတို့အား လျှောက်ကြားကြ လေကုန်၏။ ရဟန်းတို့သည်လည်း ထို အကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။

ကဋာဟကဇာတ် အမြွက်

မြတ်စွာဘုရားသည် ချစ်သား ရဟန်းတို့ ယခုအခါ၌သာလျှင် ကဲ့ရဲ့ရှုတ်ချသော စကားကိုဆိုလျက် လှည့်လည်သွားလာသည် မဟုတ်သေး။ ရှေး၌လည်း ကဲ့ရဲ့ရှုတ်ချသော စကားကို ဆိုဖူးသည် သာလျှင်တည်းဟု မိန့်တော်မူ၍ ရဟန်းတို့ တောင်းပန်သောကြောင့် လွန်လေပြီးသော အတိတ် အကြောင်းကို ဆောင်တော်မူလျက်—

ဗဟုံပိ သော ဝိကတ္ထေယျ၊ အညံ ဇနပဒံ ဂတော။
အနွာဂန္တွာန ဒူသေယျ၊ ဘုဉ္ဇ ဘောဂေ ကဋာဟက။

သော၊ ထိုသူသည်။ အညံ၊ တပါးသော။ ဇနပဒံ၊ ဇနပုဒ်သို့။ ဂတော၊ သွားသည်ရှိသော်။ ဗဟုံပိ၊ များစွာလည်း။ ဝိကတ္ထေယျ၊ ကဲ့ရဲ့ရှုတ်ချရာ၏။ ကဋာဟက၊ ကဋာဟက အမည်ရှိသောသူ။ အနွာဂန္တွာန၊ နောက်တဖန် လာလတ်သည်ရှိသော်။ ဒူသေယျ၊ ဖျက်ဆီးရာ၏။ ဘောဂေ၊ စည်းစိမ်ချမ်းသာတို့ကို။ ဘုဉ္ဇ၊ သုံးဆောင်ခံစားလော့။

ဟူ၍ ဤ ကဋာဟကဇာတ်ကို အကျယ်ချဲ့၍ ဟောတော်မူလေ၏။

ချစ်သား ရဟန်းတို့ အကြင်ပုဂ္ဂိုလ်သည် တပါးသော သူတို့သည် အနည်းငယ်ကို၎င်း အများကို၎င်း ကြမ်းတမ်းသောခဲဖွယ်ဘောဇဉ်ကို၎င်း မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို၎င်း ပေးလှူသည်ရှိသော် ထိုသူအား၎င်း တပါးသော သူတို့အား၎င်း ပေး၍ မိမိအား မပေးလှူသည်ရှိသော် မျက်နှာ မသာမယာ ဖြစ်တတ်၏။ ထိုပုဂ္ဂိုလ်အား ဈာန်သည်၎င်း ဝိပဿနာသည်၎င်း မဂ်ဖိုလ်စသည်တို့ သည်၎င်း မဖြစ်နိုင်ကြကုန် ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာတို့ကို ဟောကြားတော် မူလေ၏။

ဒေသနာတော်

၂၄၈။ ဒဒန္တိ ဝေ ယထာသဒ္ဓံ၊ ယတ္ထ ပသာဒနံ ဇနော။
တတ္တ ယောစ မံကု ဟောတိ၊ ပရေသံ ပါနဘောဇနေ။
န သော ဒိဝါဝါ ရတ္တိံ ဝါ၊ သမာဓိ အဓိဂစ္ဆတိ။

၂၄၉။ ယဿစေတံ သမုစ္ဆိန္နံ၊ မူလဃစ္ဆံ သမူဟတံ။
သ ဝေ ဒိဝါဝါ ရတ္တိံ ဝါ၊ သမာဓိ အဓိဂစ္ဆတိ။

ယတ္ထ၊ အကြင်အမှတ်မရှိသော ပုဂ္ဂိုလ်၌။ ပသာဒနံ၊ ကြည်ညိုခြင်းသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ တဿ၊ ထိုပုဂ္ဂိုလ်အား။ ဇနော၊ လူအပေါင်းသည်။ ယထာသဒ္ဓံ၊ ကြည်ညိုသည် အားလျော်စွာသာလျှင်။ ဝေ၊ စင်စစ်။ ဒဒန္တိ၊ ပေးလှူကြကုန်၏။ ပရေသံ၊ သူတပါးတို့၏။ တတြ ပါနဘောဇနေ၊ ထိုအဖျော်ဘောဇဉ် စသည်လှူရာ၌။ ယောစ၊ အကြင်ပုဂ္ဂိုလ်သည်ကား။ မံကု၊ နည်းပါးလေခြင်း ကြမ်းတမ်းလေခြင်းဟု မျက်နှာ မသာသည်။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ ဒိဝါဝါ၊ နေ့၌၎င်း။ ရတ္တိဝါ၊ ညဉ့်၌၎င်း။ သမာဓိံ၊ သမာဓိကို။ အနဓိဂစ္ဆတိ၊ မရနိုင်။

ယဿစ၊ အကြင်ပုဂ္ဂိုလ်အားကား။ ဧတံ၊ ဤမျက်နှာ မသာခြင်းဟူသော အကုသိုလ်ကို။ သမုစ္ဆိန္နံ၊ ကောင်းစွာဖြတ်အပ်ပြီ။ မူလဃစ္ဆံ၊ အမြစ်ဖြတ်ခြင်းကို။ ကတွာ၊ ပြု၍။ သမူဟတံ၊ အကြွင်းမရှိ နုတ်အပ်ပြီ။ သော၊ ထိုပုဂ္ဂိုလ်သည်။ ဝေ၊ စင်စစ်။ ဒိဝါဝါ၊ နေ့၌၎င်း။ ရတ္တိဝါ၊ ညဉ့်၌၎င်း။ သမာဓိံ၊ သမာဓိကို။ အဓိဂစ္ဆတိ၊ ရနိုင်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

တိဿ ရဟန်းငယ် ဝတ္ထုပြီး၏။

***

၉-ဥပါသကာ ငါးယောက် ဝတ္ထု

နတ္ထိရာဂသမောအဂ္ဂိ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ငါးယောက်သော ဥပါသကာတို့ကို အကြောင်းပြု၍ ဟောတော် မူလေ၏။

တရားနာစဉ် အိပ်ပျော်ခြင်း စသည်အကြောင်း

ထိုငါးယောက်သော ဒါယကာတို့သည် တရားတော်ကို နာလိုကုန်သည်ဖြစ်၍ ကျောင်းတော်သို့ သွားပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တင့်အပ် လျောက်ပတ်သော အရပ်၌ နေကြလေကုန် သတတ်။

ဘုရားရှင်တို့အားလည်း ဤသူကား မင်းတည်း။ ဤသူကား ပုဏ္ဏားတည်း။ ဤသူကား ကြွယ်ဝ သောသူတည်း။ ဤသူကား ဆင်းရဲသားတည်း။ ဤသူအား မွန်မွန်မြတ်မြတ်ပြု၍ တရားဟောအံ့ ဤသူအား မဟောအံ့ ဤသို့စိတ်တော်သည် မဖြစ်။ အမှတ်မရှိ တယောက်ယောက်သောသူကို အကြောင်းပြု၍ တရားဟောတော် မူသည်ရှိသော် တရားတော်၌ ရိုသေခြင်းကို ရှေ့သွားပြုတော် မူ၍ ကောင်းကင် မြစ် ရေတံခွန် စီးကျဘိသကဲ့သို့ ဟောကြားတော်မူလေ၏။

ဤသို့ဟောကြားတော် မူတတ်သော မြတ်စွာဘုရား၏ အထံတော်၌ နေကြကုန်သော ထိုသူတို့တွင်

တယောက်သောသူသည် ထိုင်လျက်သာလျှင် အိပ်ပျော်လျက် နေလေ၏။
တယောက်သော သူသည် လက်ချောင်းဖြင့် မြေ၌ ရေးခြစ်လျက်နေလေ၏။
တယောက်သောသူသည် သစ်ပင်တပင်ကို လှုပ်လျက် နေလေ၏။
တယောက်သောသူသည် ကောင်းကင်သို့ တမော့မော့ ကြည့်လျက် နေလေ၏။
တယောက်သောသူသည်ကား ရိုသေစွာ နာကြားရလေ၏။

ရှင်အာနန္ဒာ မထေရ်မြတ်သည် မြတ်စွာဘုရားကို ယပ်ခတ်လျက် ထိုဒါယကာ ငါးဦးတို့၏ အမူအရာကို ကြည့်ကာ မြတ်စွာဘုရားကို မြတ်စွာဘုရား ရှင်တော်ဘုရားတို့သည် ဤငါးဦးသော သူတို့အား ကြီးစွာသောမိုဃ်းသည် ခြိမ်းသံ ခြိမ်းဘိသကဲ့သို့ တရားတော်ကို ဟောတော်မူကြပါ၏။ ဤသူတို့ကား ရှင်တော်ဘုရားတို့သည် တရားဟောတော် မူကြကုန်သော်လည်း ဤမည်သော အမှုကို၎င်း ဤမည်သော အမှုကို၎င်း ပြုလုပ်ကာ နေကြပါသည်ဘုရားဟု လျှောက်ကြားလေ၏။

တရားနာငါးဦးတို့၏ အတိတ်အကြောင်း

ချစ်သားအာနန္ဒာ သင်သည် ဤဒါယကာ ငါးဦးတို့ကို မသိလေသလောဟု မေးတော်မူလျှင် မြတ်စွာဘုရား မှန်လှပါ မသိပါဘုရားဟု လျှောက်ကြားလေ၏။

ထိုဒါယကာ ငါးဦးတို့တွင် အကြင် ဒါယကာသည် အိပ်ပျော်လျက် နေ၏။ ထို ဒါယကာသည် ဘဝငါးရာတို့ပတ်လုံး မြွေအမျိုး၌ဖြစ်၍ အခွေတို့၌ ဦးခေါင်းထားလျက်သာ အိပ်ပျော်လေ့ရှိဖူး၏။ ယခုအခါ၌လည်း ထိုဒါယကာအား အိပ်ခြင်းအလေ့ရှိ၏ အိပ်ပျော်နေဆဲဖြစ်၏။ ထို့ကြောင့် ထို ဒါယကာ၏ နားတွင်းသို့ ငါဘုရားဟောသော တရားသံသည် မဝင်နိုင်ဟု မိန့်တော်မူလတ်သော် မြတ်စွာဘုရား အသို့ပါနည်း အစဉ်အတိုင်းအားဖြင့် ဟောကြားတော်မူကြပါသလား ထိုသို့မဟုတ်မူ အကြား အကြားအားဖြင့် ဟောကြားတော်မူကြပါသလား ဘုရားဟု လျှောက်ကြားပြန်သဖြင့် ချစ်သား အာနန္ဒာ ထိုဒါယကာ၏ ရံခါလူအဖြစ်ကို၎င်း ရံခါနတ်အဖြစ်ကို၎င်း ရံခါနဂါးအဖြစ်ကို၎င်း ဤသို့ အကြားအကြား၌ ဖြစ်သောသူ၏ ဘဝတို့ကို သဗ္ဗညုတ ဉာဏ်တော်ဖြင့်သော်လည်း ပိုင်းခြားခြင်းငှါမတတ်နိုင်။ အစဉ်အတိုင်း အားဖြင့်သာလျှင် ဤဒါယကာသည် ဘဝငါးရာတို့ ပတ်လုံး နဂါးမျိုး၌ဖြစ်၍ အိပ်ပျော်နေရသော်လည်း အိပ်ခြင်း၌ မရောင့်ရဲနိုင်သေးသည် သာလျှင်တည်း။

လက်ချောင်းတို့ဖြင့် မြေကို ရေးခြစ်လျက်နေသော ယောက်ျားသည်လည်း ဘဝငါးရာတို့ပတ်လုံး တီမျိုး၌ဖြစ်၍ မြေကိုတူးနေရလေ၏။ ယခုအခါ၌လည်း မြေကိုတူးလျက်သာလျှင် ငါဘုရား ဟောတော်မူသော တရားသံကို မကြားရနိုင်ရှာ။

သစ်ပင်ကို လှုပ်လျက်နေသော ထိုယောက်ျားသည်လည်း အစဉ်အတိုင်းအားဖြင့် ဘဝငါးရာတို့ ပတ်လုံး မျောက်မျိုး၌ ဖြစ်ဖူးလေ၏။ ယခုအခါ၌လည်း ရှေး၌ လေ့ကျက်ဖူးသည် အစွမ်းဖြင့် သစ်ပင်ကို လှုပ်နေသည်သာလျှင်တည်း။ ထိုယောက်ျား၏ နားတွင်းသို့ ငါဘုရား ဟောတော်မူသော တရားသံသည် မဝင်နိုင်ရှာ။

ကောင်းကင်သို့ မော့ကြည့်၍နေသော ထိုပုဏ္ဏားသည်လည်း ဘဝငါးရာတို့ပတ်လုံး၊ နက္ခတ် ဖတ်တတ်သောသူ၏ အဖြစ်ဖြင့် ဖြစ်ဖူးလေ၏။ ယခုအခါ ရှေး၌ လေ့ကျက်ဖူးသည်အစွမ်းဖြင့် ယနေ့၌လည်း ကောင်းကင်သို့သာလျှင် မော့ကြည့်နေ၏။ ထိုပုဏ္ဏား၏ နားတွင်းသို့ ငါဘုရား ဟောတော် မူသော တရားသံသည် မဝင်နိုင်ရှာ။

ရိုသေစွာ တရားနာလျက် ထိုင်နေသောဤသူကား အစဉ်အတိုင်းအားဖြင့် ဘဝငါးရာတို့ပတ်လုံး ဗေဒင်သုံးပုံတို့၏ ကမ်းတဖက်သို့ ရောက်သည်ဖြစ်၍ ဗေဒင်ကို သရဇ္ဈာယ်သော ပုဏ္ဏား၏အဖြစ်ဖြင့် ဖြစ်ဖူးလေ၏။ ယခုအခါ၌လည်း ဗေဒင်ကို ရှေ့နောက် နှီးနှောသကဲ့သို့ ရိုသေစွာနာကြားဘိ၏ဟု မိန့်တော်မူလေ၏။

တရားနာရန် လွယ်သလော ခက်သလော

မြတ်စွာဘုရား ရှင်တော်ဘုရားတို့၏ ဟောတော်မူအပ်သော တရားဒေသနာတော်သည် အရေ စသည်တို့ကို ဖြတ်လျက် ရိုးတွင်းချဉ်ဆီကို ထိခိုက်၍ တည်ပါသည်ဘုရား။ အဘယ်ကြောင့် ဤ ဒါယကာတို့သည် ရှင်တော်ဘုရားတို့ တရားဟောတော် မူကြပါကုန်သော်လည်း ရိုသေစွာ မနာနိုင်ကြပါသနည်း ဘုရားဟု လျှောက်ကြားလေ၏။

ချစ်သားအာနန္ဒာ ငါဘုရား၏ တရားတော်ကို ချမ်းသာစွာ နာအပ်သော အလွန်တရာ နာချင်စရာ ကောင်းလှသောတရားဟု အမှတ်ကို ပြုဘိယောင်တကားဟု မိန့်တော်မူလတ်သော် မြတ်စွာဘုရား အသို့ပါနည်း ဆင်းရဲစွာ နာအပ်သော အလွန်တရာ နာချင်စရာ မကောင်းလှသော တရား ဖြစ်ပါသလား ဘုရားဟု လျှောက်ကြားလေ၏။ ချစ်သားအာနန္ဒာ သြော် ဆင်းရဲစွာနာအပ်သော တရားဟူသည် ဟုတ်မှန်၏ဟု မိန့်တော်မူ လတ်သော် မြတ်စွာဘုရား အဘယ်အကြောင်းကြောင့် ပါနည်းဘုရားဟု လျှောက်ပြန်လေ၏။

ချစ်သားအာနန္ဒာ ဘုရားဟူ၍၎င်း တရားဟူ၍၎င်း သံဃာဟူ၍၎င်း ဤသို့သောပုဒ်ကို ဤသတ္တဝါတို့ သည် များစွာသော ကမ္ဘာကုဋေ တသိန်းတို့၌သော်လည်း မကြားအပ်စဖူး။ ထို့ကြောင့် ဤ တရားတော်ကို နာခြင်းငှါ မတတ်နိုင်ကြကုန်။ မသိအပ်သော အစရှိသော သံသရာ၌ ဤသတ္တဝါ တို့သည် တပါးမက များသော အပြားရှိသော မဂ်ဖိုလ်မှ ဖီလာ တိရိစ္ဆာနကထာ ဖြစ်သော စကားကိုသာလျှင် ကြားရနာရကုန်လျက် လာကြရကုန်၏။

ထို့ကြောင့် သေသောက်ရာ ပျော်ရွှင်စွာ ကစားရာ တလင်းဝန်း စသည်တို့သို့ သီဆိုကြကုန်လျက် ကခုန်ကြကုန်လျက် သွားလာ လှည့်လည်နိုင်ကြကုန်၏။ တရားတော်ကို နာခြင်းငှါ မတတ်နိုင် ကြကုန်ဟု မိန့်တော်မူလတ်သော် မြတ်စွာဘုရား အဘယ် တရားကိုမှီ၍ ထိုသူတို့သည် မတတ်နိုင်ကြ ပါကုန်သနည်း ဘုရားဟု မေးလျှောက်ပြန်လေ၏။

ထိုအခါ ရှင်အာနန္ဒာအား မြတ်စွာဘုရားသည် ချစ်သား အာနန္ဒာ ရာဂကို မှီ၍ ဒေါသကိုမှီ၍ မောဟကိုမှီ၍ တဏှာကိုမှီ၍ မတတ်နိုင်ကြကုန်။ ရာဂမီးနှင့်တူသော မီးမည်သည်မရှိ ထိုရာဂ မီးသည် ပြာကို မကြွင်းစေမူ၍ သတ္တဝါတို့ကို လောင်၏။ နေခုနစ်စင်း ထင်ရှားစွာ ထွက်ခြင်းကို မှီ၍ဖြစ်သော ကမ္ဘာဖျက်မီးသည်လည်း တစုံတခုကို မကြွင်းစေမူ၍လျှင် လောကကို အကယ်၍ကား လောင်၏။

ထိုသို့ပင် လောင်သော်လည်း ထိုကမ္ဘာဖျက်မီးသည် ရံခါလောင်သည်သာတည်း။
ရာဂဟူသောမီး၏ မလောင်သောကာလမည်သည်မရှိ။
ထို့ကြောင့်ရာဂနှင့်တူသော မီးသည်၎င်း
ဒေါသနှင့်တူသော ဖမ်းယူတတ်သော သူသည်၎င်း
မောဟနှင့် တူသော ကွန်ယက်သည်၎င်း
တဏှာနှင့်တူသော မြစ်သည်၎င်း
မရှိ
ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၂၅၀။ နတ္ထိ ရာဂ သမော အဂ္ဂိ၊ နတ္ထိ ဒေါသ သမော ဂါဟော။
နတ္ထိ မောဟ သမံ ဇာလံ၊ နတ္ထိ တဏှာ သမာ နဒီ။

ရာဂသမော၊ ရာဂနှင့်တူသော။ အဂ္ဂိ၊ မီးသည်။ နတ္ထိ၊ မရှိ။

[အခိုးအလျှံ စသည်တို့တွင် တစုံတခုကိုမျှ မပြမူ၍ ကိုယ်တွင်း၌သာ ထလောင်ခြင်း၏ အစွမ်း အားဖြင့် ရာဂနှင့်တူသော မီးမည်သည် မရှိ]။

ဒေါသသမော၊ ဒေါသနှင့်တူသော။ ဂါဟော၊ ဖမ်းယူတတ်သော သူသည်။ နတ္ထိ၊ မရှိ။

[ဘီလူးဖမ်းခြင်း စပါးကြီးမြွေဖမ်းခြင်း မိကျောင်း လပိုင် ဖမ်းခြင်း အစရှိသည်တို့သည် တခုသော အတ္တဘော၌သာလျှင် ဖမ်းယူခြင်းငှါ စွမ်းနိုင်ကြကုန်၏။ ဒေါသဖမ်းခြင်းကား အလုံးစုံသော ဘဝတို့၌ တဖမ်းတည်းသာ ဖမ်းသောကြောင့် ဒေါသနှင့်တူသော ဖမ်းယူတတ်သောသူ မရှိဟူလို။ ]

မောဟသမံ၊ မောဟနှင့်တူသော။ ဇာလံ၊ ကွန်ယက်သည်။ နတ္ထိ၊ မရှိ။

[ဖွဲ့တတ် ရစ်ပတ်တတ်သော အနက်သဘောကြောင့် မောဟနှင့်တူသော ကွန်ယက်မရှိဟူလို]။

တဏှာသမာ၊ တဏှာနှင့်တူသော။ နဒီ၊ မြစ်သည်။ နတ္ထိ၊ မရှိ။

[ဂင်္ဂါစသောမြစ်တို့အား ပြည့်သော ကာလသည်၎င်း ယုတ်သော ကာလသည်၎င်း ချောက်သွေ့ သော ကာလသည်၎င်း ထင်ရှားသေး၏။ တဏှာအား ပြည့်သောကာလသည်၎င်း ချောက်သွေ့သော ကာလသည်၎င်းမရှိ။ အမြဲ ယုတ်လျော့သည် ဖြစ်၍သာလျှင် ထင်ရှား၏။ ပြည့်နိုင်ခဲသော အနက် သဘောကြောင့် တဏှာနှင့်တူသော မြစ်မည်သည်မရှိ ဟူလို။ ]

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ ရိုသေစွာ တရားတော်ကို နာကြားသော ဥပါသကာသည် သောတာပတ္တိ ဖိုလ်၌ တည်လေ၏။ ရောက်လာသော သူတို့အားလည်း အကျိုးရှိသော ဒေသနာဖြစ်တော်မူလေ၏။

ဥပါသကာငါးယောက်ဝတ္ထုပြီး၏။

၁၀-မေဏ္ဍကသူဌေးကြီးဝတ္ထု

သုဒဿဝဇ္ဇ - အစရှိသော ဤဟရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဘဒ္ဒိယမြို့ကို အမှီပြု၍ မြလေးတော၌ နေတော်မူစဉ် မေဏ္ဍက သူဌေးကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မေဏ္ဍကသူဌေးကြီး အမည်တွင်ကြောင်း

မြတ်စွာဘုရားသည် အင်္ဂတိုင်း ဥတ္တရတိုင်းတို့၌ ဒေသစာရီ ကြွချီတော်မူလတ်သည်ရှိသော် -

မေဏ္ဍက သူဌေးကြီး၏၎င်း
ထိုသူဌေးကြီး၏ စန္ဒပဒုမာ အမည်ရှိ သော သူဌေးကတော်ကြီး၏၎င်း
သားဖြစ်သော ဓနဉ္စယ သူဌေး၏၎င်း
ချွေးမ ဖြစ်သော သုမနဒေဝီ၏၎င်း
ထိုမေဏ္ဍကသူဌေးကြီး၏ မြေးဖြစ်သော ဝိသာခါ၏၎င်း
ကျွန်ဖြစ်သော ပုဏ္ဏ၏၎င်း

ဤသူတို့၏ သောတာပတ္တိဖိုလ်၌ တည်အံ့သော အကြောင်း ဥပနိဿယကို မြင်တော်မူ၍ ဘဒ္ဒိယ မြို့သို့ ကြွသွားတော်မူပြီးလျှင် မြလေးတော၌ နေတော်မူသတတ်။ မေဏ္ဍကသူဌေးကြီးသည် မြတ်စွာဘုရား၏ ကြွလာတော်မူခြင်းကို ကြားရလေ၏။

အဘယ့်ကြောင့် ဤသူဌေးကြီးသည် မေဏ္ဍကသူဌေး မည်သနည်း ဟူမူကား ထိုသူဌေးကြီး၏ အိမ်နောက်ဘေး၌ ရှစ်မင်းပယ်စားမျှလောက်သော အရပ်၌ ဆင် မြင်း နွားလားဥသဘ အတိုင်း အရှည်ရှိကုန်သော ရွှေဖြင့်ပြီးသော ဆိတ်ရုပ်တို့သည် မြေကို ဖေါက်ခွဲပြီးလျှင် ကျောက်ကုန်းဖြင့် ကျောက်ကုန်းကို ထိခိုက်ကုန်လျှက် အိမ်နောက်ဖေးမှ ပေါ်ပေါက်လာကြကုန်သတတ်။

ထိုရွှေဆိတ်ရုပ်တို့၏ ခံတွင်းတို့၌ ငါးပါးသော အဆင်း ရှိသော ချည်ထွေး ချည်ခင်တို့ကို ထည့်ထား အပ်ကုန်၏။ ထောပတ်ဆီပျား တင်လဲ စသည်တို့ဖြင့်၎င်း အဝတ်ပုဆိုး ရွှေ ငွေ စသည်တို့ဖြင့်၎င်း အလိုရှိသည်ရှိသော် ထိုရွှေဆိတ်ရုပ်တို့၏ ခံတွင်းမှ ချည်ထွေး ချည်ခင်တို့ကို နုတ်ပယ် လိုက်သည် ဖြစ်အံ့ တခုသော ရွှေဆိတ်ရုပ်၏ ခံတွင်းမှသော်လည်း ဇမ္ဗူဒီပါကျွန်း၌ နေကုန်သော သူတို့အား သုံးဆောင်ခြင်းငှါ လောက်သော ထောပတ် ဆီ ပျားတင်လဲ အဝတ် ပုဆိုး ရွှေငွေ တို့သည် ထွက်ကျလာကုန်၏။ ထိုအခါမှစ၍ မေဏ္ဍကသူဌေးကြီး ဟူ၍ ထင်ရှား ကျော်စောလေ၏။

မေဏ္ဍကသူဌေးကြီး၏ အတိတ်အကြောင်း

ထိုမေဏ္ဍကသူဌေးကြီး၏ ရှေး၌ ပြုအပ်သော ကောင်းမှုကံသည် အဘယ်နည်းဟူမူကား ဝိပဿီ ဘုရားရှင်လက်ထက်တော်၌ ဤသူဌေးကြီးသည် အဝရောဇ အမည်ရှိသော သူကြွယ်၏တူဖြစ်၍ ဦးရီးနှင့်တူသော အမည်ရှိသော အဝရောဇ မည်သောသူ ဖြစ်လေ၏။

ထိုအခါ ထိုသူ၏ ဦးရီးသည် မြတ်စွာဘုရား၏ ဂန္ဓကုဋီကို ဆောက်လုပ်ခြင်းငှါ အားထုတ်လေ၏။ ထိုတူ အဝရောဇသည် ဦးရီး၏ အထံသို့သွား၍ ဦးရီး ကျွန်တော်တို့ နှစ်ယောက်စလုံးတို့သည် အတူတကွသာလျှင် ဆောက်လုပ်ကြကုန်စိုအံ့ဟု ဆိုလတ်သော် ငါကား သူတပါးတို့နှင့် အတူတကွ ဆက်ဆံသည်ကို မပြုမူ၍ တယောက်အထည်းတည်းသာလျှင် ဆောက်လုပ်ပေအံ့ဟု ဆိုလေ၏။

ဦးရီးသည် ပယ်သောအခါကာလ၌ ဤအရပ်၌ ဂန္ဓကုဋိကို ဆောက်လုပ်သည်ရှိသော် ဤအရပ်ဝယ် ကုဉ္ဇရ အမည်ရှိသော စရပ်ကို ရခြင်းငှါ သင့်၏ဟု ကြံပြီးလျှင် တောအုပ်မှ သစ်သား အဆောက် အဦးတို့ကို ဆောင်ယူစေ၍ သည်တိုင်တခုကို ရွှေဖြင့် ခြယ်စီ၏။ သည်တိုင်တခုကို ငွေဖြင့်ခြယ်စီ၏။ သည်တိုင်တခုကို ပတ္တမြားဖြင့် ခြယ်စီ၏။ သည်တိုင်တခုကို ရတနာ ခုနစ်ပါးဖြင့် ခြယ်စီ၏။

ထုတ်လျောက် တံခါးပေါင် တံခါးမ တံခါးရွက် လေသာပြူတင်း အခြင် ရနယ် အမိုး အုဌ်ဟု ဆိုအပ်သော အလုံးစုံတို့ကိုလည်း ရွှေ စသည်တို့ဖြင့် ခြယ်စီ မွမ်းမံအပ်သည် တို့ကိုသာလျှင် ပြုလုပ်စေသဖြင့် ဂန္ဓကုဋိတိုက်၏ မျက်မှောက် ရှေးရှုရာ အရပ်၌ မြတ်စွာဘုရား အလို့ငှါ ရတနာ ခုနစ်ပါးဖြင့်ပြီးသော ကုဉ္ဇရအမည်ရှိသော စရပ်ကို ဆောက်လုပ်စေလေ၏။

ထိုစရပ်၏ အထက်၌ တခဲနက် ရွှေနီဖြင့် ပြီးကုန်သော ကမ္ဗလာ သန္တာဖြင့် ပြီးကုန်သော အချွန်အထွတ် ထုပိကာတို့သည် ဖြစ်ကုန်၏။ ကုဉ္ဇရစရပ်၏ အလယ်ဖြစ်သော အရပ်၌ ရတနာ မဏ္ဍပ်ကို ဆောက်လုပ်စေလေ၏။ တရားဟောပလ္လင်နေရာကို တည်ထားစေလေ၏။ ထို တရားဟောပလ္လင် နေရာ၏ အခြေတို့သည် တခဲနက် ရွှေနီဖြင့် ပြီးသည်သာလျှင်ဖြစ်ကုန်၏။

လေးခုသော အပေါင်တို့သည် ထို့အတူ ရွှေနီတခဲနက်ဖြင့် ပြီးကုန်၏။ လေးခုသော ရွှေဆိတ်ရုပ် တို့ကိုလည်း ပြုလုပ်စေ၍ တရားဟော ပလ္လင်နေရာ၏ အခြေလေးခုတို့၏ အောက်၌ထားလေ၏။ နှစ်ခုသော ရွှေဆိတ်ရုပ်တို့ကို ပြုလုပ်စေ၍ ခြေတော်ချရာ ခြေနင်းပျဉ်၏ အောက်၌ထားလေ၏။ ခြောက်ခုသော ရွှေဆိတ်ရုပ်တို့ကို ပြုလုပ်စေပြန်၍ မဏ္ဍပ်ကို ထက်ဝန်းကျင်မှ ဝန်းရံစေလျက် ထားလေ၏။

တရားဟော ပလ္လင်နေရာတော်ကို ရှေးဦးစွာ ချည်ဖြင့် ပြီးကုန်သောကြိုးတို့ဖြင့် ရက်လုပ်စေပြီးလျှင် အလယ်၌ ရွှေချည်ဖြင့် ပြီးကုန်သော အထက်၌ ပုလဲဖြင့်ပြီးကုန်သော ချည်တို့ဖြင့် ရက်လုပ်စေ၏။ တရားဟောပလ္လင် နေရာတော်၏ နောက်မှီတံကဲပျဉ်ကား စန္ဒကူးဖြင့်ပြီးသော တံကဲ ဖြစ်လေ၏။

ဤသို့လျှင် ကုဉ္ဇရစရပ်ကို ပြီးစေပြီးလျှင် စရပ်ပူဇော် သာဓုခေါ် ပွဲကြီးသဘင်ကို ဆင်ယင် ကျင်းပ လတ်သည်ရှိသော် ခြောက်သန်း ရှစ်သိန်းကုန်သော ရဟန်းတော်တို့နှင့် အတူတကွ ဝိပဿီ မြတ်စွာဘုရားကို ပင့်ဖိတ်၍ လေးလတို့ပတ်လုံး အလှူကြီးကို ပေးလှူလေ၏။ အဆုံးဖြစ်သောနေ့၌ တိစီဝရိက် သင်္ကန်းသုံးထည်ကို လှူလေ၏။ ထိုရဟန်းတို့တွင် အငယ်ဖြစ်သော သံဃာအား အဘိုး တသိန်းထိုက်သော သင်္ကန်းသည် ရောက်လေ၏။

ငတ်မွတ်သော ဘေးကြီး တွေ့ကြုံရပုံ

ဤသို့လျှင် ဝိပဿီဘုရားထင်ရှား ပွင့်တော်မူသောအခါ ကောင်းမှုကို ပြုလုပ်စေပြီးလျှင် ထိုဘဝမှ စုတေမနေ သေလွန်သည်ရှိသော် နတ်ပြည် လူ့ပြည်၌ သာလျှင် ကျင်လည်သဖြင့် ဤဘဒ္ဒကပ်၌ ဗာရာဏသီပြည်ဝယ် များသော ဥစ္စာရှိသောအမျိုး၌ဖြစ်၍ ဗာရာဏသီသူဌေးကြီး အမည်ရှိသောသူ ဖြစ်လေ၏။

ထိုသူဌေးကြီးသည် တနေ့သ၌မင်းအား ခစားခြင်းသို့ သွားလတ်သည်ရှိသော် ပုရောဟိတ် ပုဏ္ဏားကိုမြင်လျှင် ဆရာပုဏ္ဏား အသို့နည်း နက္ခတ်ကို တခဏမျှ စူးစမ်း ဆင်ခြင်ကြ ပါကုန်၏လော ဟု ဆိုလေ၏။ သြော် စူးစမ်းဆင်ခြင်ပါ၏ ဟူ၍၎င်း ငါတို့အား တပါးသော အမှုအဘယ်မှာ ရှိအံ့နည်း ဟူ၍၎င်း ဆိုလတ်သော် ထိုသို့ ဖြစ်မူ ဇနပုဒ်၌ အဖြစ်အပျက်သည် အဘယ်သို့ ဖြစ်အံ့နည်းဟု မေးလေ၏။

တခုသောဘေးသည် ဖြစ်လတ္တံ့ ဟု ဆိုလတ်သော် ဘေးမည်သည် အဘယ်ဘေးနည်း ဟု မေးပြန်လေ၏။ သူဌေးကြီး ငတ်မွတ်ခေါင်းပါးသောဘေးဟု ဆိုပြန်လတ်သော် အဘယ်အခါ ဖြစ်အံ့နည်း မေးပြန်လေ၏။ ဤနေ့မှ သုံးနှစ်လွန်သောအခါ ဖြစ်လတ္တံ့ဟု ဆိုလတ်သော် ထို စကားကို ကြားရလျှင် ဗာရာဏသီ သူဌေးသည် များစွာသော လယ်ထွန်ခြင်းအမှုကိုပြုစေ၍ အိမ်၌ရှိသော ဥစ္စာဖြင့်လည်း စပါးကိုသာလျှင် ဝယ်ယူသဖြင့် နှစ်ရာ့ငါးဆယ်ကုန်သော ကျီတို့ကို ဆောက်လုပ်စေပြီးလျှင် အလုံးစုံသော ကျီတို့ကို စပါးတို့ဖြင့် ပြည့်စေလေ၏။

ကျီတို့သည် မဆန့်ကုန်သည်ရှိသော် အိုးထုပ်ကြီးစသည်တို့ကို ပြည့်စေ၍ ကြွင်းသော စပါးကို မြေ၌ တွင်းတို့ကိုတူး၍ မြှုပ်ထားလေ၏။ မြှုပ်ပြီး သိုမှီးပြီးသည်မှ ကြွင်းသော စပါးကို မြေနှင့်တကွနယ်၍ နံရံတို့ကို လိမ်းကျံစေ၏။ ထိုသူဌေးကြီးသည်, အခါတပါး၌ ငတ်မွတ်ခြင်းဘေး ရောက်လဘ်သည် ရှိသော် အကြင်အကြင် ထားအပ်သော စပါးကို သုံးဆောင် စားသောက်လျက် ကျီတို့၌၎င်း အိုးထုပ်ကြီးစသည်တို့၌၎င်း ထားအပ်သော စပါးကုန်လတ်သည်ရှိသော် ကျေးကျွန်အခြွေအရံတို့ကို ခေါ်စေ၍ အမောင်တို့ သွားကြလေကုန်လော့။ တောင်ခြေရင်းသို့ဝင်၍ အသက်မွေးကြကုန်လျက် ဝပြောသော ကာလ၌ ငါ၏အထံသို့ လာလိုကုန်သော သူတို့သည် လာကြကုန်လော့။ မလာလိုကုန်သော သူတို့သည် ထိုတောင်ခြေရင်း၌ပင် အသက်မွေးကြကုန်လော့ဟု ဆိုလေ၏။

ထိုကျေးကျွန် အခြွေအရံတို့သည် ငိုကြွေးကုန်လျက် မျက်ရည်နှင့် မျက်ခွက် ရှိကုန်သည်ဖြစ်၍ သူဌေးကြီးကို ရှိခိုးသဖြင့် တောင်းပန် ကန်တော့ကြကုန်သောကြောင့် ခုနစ်ရက်ပတ်လုံး နေစေ ပြီးလျှင် ထိုသူဌေးဆိုတိုင်း ပြုကြရကုန်၏။ ထိုသူဌေးကြီး၏ အထံ၌ကား အမှုကြီးငယ်ကို ပြုတတ်သော ပုဏ္ဏအမည်ရှိသော ကျွန်တယောက်သည်သာလျှင် ကျန်ရစ်ခဲ့လေ၏။

ထိုပုဏ္ဏ အမည်ရှိသော ကျွန်နှင့် အတူတကွ သူဌေးကတော်သည်၎င်း သူဌေးသားသည်၎င်း သူဌေးချွေးမသည်၎င်း ဤငါးယောက်သော သူတို့သည်သာလျှင် ရှိကုန်၏။ ထိုငါးယောက်သော သူတို့သည် မြေ၌ တွင်းတို့၌ သိုမှီးသိမ်းဆည်း၍ ထားအပ်သော စပါးသည်ပင် ကုန်ပြန်သည် ရှိသော် နံရံ၌ကပ်၍ ထားအပ်သော မြေကို ခါပြီးလျှင် ရေဖြင့် ဆွတ်လျက် ထိုနံရံမှရအပ်သော စပါးဖြင့် မျှတကြလေကုန်၏။

စားခါနီး ပစ္စေကဗုဒ္ဓါ ကြွလာခြင်း

ထိုစဉ်အခါ ထိုပာရာဏသီ သူဌေးကြီး၏ဇနီး အိမ်ရှင်ဖြစ်သော သူဌေးကတော်ကြီးသည် ငတ်မွတ်ခြင်းဘေး လွှမ်းမိုးစဉ် နံရံ၌ ကပ်ထားသော စပါးရှိသော မြေလည်း ကုန်ခဲ့ပြန်သောကြောင့် နံရံအခြေတို့၌ ကြွင်းသောမြေကို ခါပြီးလျှင် ရေဖြင့်ဆွတ်၍ တစလယ်ခွဲမျှလောက်သော စပါးကို ရသဖြင့် ထောင်းဖွပ် ပြီးလျှင် တစလယ်သောဆန်ကို ရလတ်သည်ရှိသော် ငတ်မွတ် ခေါင်းပါးသော ကာလ သူခိုးတို့သည် များပြားလှကုန်၏ဟု ခိုးသူဘေးမှကြောက်သဖြင့် တခုသောအိုး ၌ထည့်၍ ပိတ်လျက် မြေ၌ မြှုပ်ထားလေ၏။

ထိုအခါ၌ သူဌေးကတော်ကြီးကို သူဌေးကြီးသည် မင်းအား ခစားရာမှ ပြန်လာ၍ ရှင်မ မွတ်သိပ် ဆာလောင်လှပါ၏။ တစုံတခုသော စားဖွယ် သောက်ဖွယ် ရှိပါသလောဟု ဆိုလေ၏။ သူဌေး ကတော်ကြီးသည် ရှိသည်ကို မရှိဟု မဆိုတဲ့မူ၍ ဆန်တစလယ် ရှိပါသည်ဟု ဆိုလေ၏။ ထိုဆန် တစလယ်သည် အဘယ်မှာနည်းဟု မေးလျှင် ခိုးသူဘေးမှ ကြောက်သောကြောင့် ကျွန်တော်မ မြှုပ်နှံ၍ ထားပါသည်ဟု ပြောဆိုလေ၏။

ထိုသို့ဖြစ်မူ ထိုဆန်တစလယ်ကိုထုတ်၍ တစုံတခု ချက်ပါလော့ဟု ဆိုလတ်သော် အရှင်သူဌေး ကြီး ယာဂုကို အကယ်၍ ကြိုရသည်ဖြစ်အံ့ နှစ်ခါ နှစ်ကြိမ် သုံးဆောင်ရလတ္တံ့။ ထမင်းကို အကယ်၍ ချက်ရသည်ဖြစ်အံ့ တခါတကြိမ်သာလျှင် သုံးဆောင်ရလတ္တံ့။ အဘယ်ကို ချက်ရပါအံ့နည်းဟု မေးလေ၏။

ငါတို့အား တပါးသော အကြောင်း အထောက်အပံ့သည် မရှိလေပြီ။ ထမင်းကိုစား၍ သေကြပါစို့ ထမင်းကိုသာ ချက်ပါလော့ဟုဆိုလျှင် သူဌေးကတော်ကြီးသည် ထမင်းကိုချက်၍ ငါးခုသော အဖို့အစု တို့ကိုပုံလျက် သူဌေးကြီး၏အဖို့ ထမင်းတို့ကိုခူး၍ ရွှေ့၌ထားလေ၏။ ထိုခဏ၌ ဂန္ဓမာဒနတောင်မှ ပစ္စေကဗုဒ္ဓါ တဆူသည် ခုနစ်ရက်ပတ်လုံး နိရောဓသမာပတ် ဝင်စားရာမှ ထတော်မူ၏။

[သမာပတ်အတွင်း၌ကား သမာပတ်အစွမ်းဖြင့် မွတ်သိပ်ခြင်းသည် မနှိပ်စက်နိုင်သတတ်။ သမာပတ်မှ ထလတ်ကုန်သော အရှင်မြတ်တို့အား သော်ကား မွတ်သိပ်ခြင်း အားကြီးသည်ဖြစ်၍ ဝမ်းရေအပြင်ကို လောင်ကျွမ်းကုန် သကဲ့သို့ဖြစ်၏။ ထိုပစ္စေကဗုဒ္ဓါ စသော အရိယာတို့သည် ဆွမ်း ရရာ အရပ်ကို ကြည့်ရှု၍ ကြွသွားကြရကုန်၏။ ထိုနေ့၌လည်း ထိုအရှင်မြတ်တို့အား ပေးလှူကြ ရကုန်သည် ရှိသော် စစ်သူ့ကြီးအရာ စသည်တို့တွင် အမှတ်မရှိ တပါးပါးသော အရာ ဌာနနှင့် ပြည့်စုံခြင်းကို ရနိုင်ကြကုန်၏]။

ထို့ကြောင့် ထိုရှင်ပစ္စေကဗုဒ္ဓါ သည်လည်း ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့် ကြည့်ရှုတော်မူလတ်သည် ရှိသော် အလုံးစုံသော ဇမ္ဗူဒီပါကျွန်း၌ မွတ်သိပ်သောဘေးသည် ဖြစ်၏။ သူဌေးကြီး၏အိမ်၌လည်း ငါးယောက်သော သူတို့အလို့ငှါ ဆန်တစ လယ်ထမင်းကိုလည်း ချက်အပ်၏။ ဤသူတို့ သဒ္ဓါတရား ရှိကုန်အံ့လော ငါ့အား သင်္ဂြိုဟ် ထောက်ပံ့ခြင်းကို ပြုခြင်းငှါ စွမ်းနိုင်ကြကုန်အံ့လောဟု ကြည့်ရှုတော်မူလတ်သော် ထိုသူတို့၏ သဒ္ဓါတရားရှိသည့် အဖြစ်ကို၎င်း သင်္ဂြိုဟ်ထောက်ပံ့ခြင်း ကိုပြုခြင်းငှါ စွမ်းနိုင်သည်အဖြစ်ကို၎င်း မြင်ဗောာ်မူရလျှင် သပိတ် သင်္ကန်းကိုယူ၍ သူဌေးကြီး၏ ရှေ့တူရူအရပ် တံခါးဝ၌ ရပ်တော်မူလျက်သာလျှင် မိမိကိုယ်တော် ကို ပြတော်မူလေ၏။

မေဏ္ဍက သူဌေးကြီးအလောင်း ဆုတောင်းပုံ

သူဌေးကြီးသည် ထိုရှင်ပစ္စေကဗုဒ္ဓါကို မြင်ရလျှင် ကြည်လင် နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ရှေးအခါ၌လည်း ငါသည် အလှူဒါနကို မလှူလေသောကြောင့် ဤသို့ သဘောရှိသော ငတ်မွတ်သောဘေးကို တွေ့မြင်ရ၏။ စင်စစ်အားဖြင့် ဤ ထမင်းသည် ငါ့ကို တရက်မျှသာလျှင် စောင့်နိုင်ရာ၏။ ရှင်ပစ္စေကဗုဒ္ဓါအား လှူအပ်သော အလှူသည် များစွာကုန်သော ကမ္ဘာကုဋေတို့၌ ငါ၏ စီးပွားချမ်းသာကို ဆောင်နိုင်သည်ဖြစ်လတ္တံ့ဟု နှလုံးသွင်း၍ ထိုထမင်းခွက်ကို ပယ်သဖြင့် အရှင် ပစ္စေကဗုဒ္ဓါသို့ ချဉ်းကပ်ပြီးလျှင် ငါးပါးသော တည်ခြင်းဖြင့် ရှိခိုး၍ အိမ်သို့ပင့် ဆောင်လျက် နေရာ၌နေထိုင်သော ပစ္စေကဗုဒ္ဓါ၏ခြေတို့ကို ဆေးကြောပြီးလျှင် ရွှေခြေဆေးအင်းပျဉ်၌ ထား သဖြင့် ထမင်းခွက်ကို ယူလျက် ရှင်ပစ္စေကဗုဒ္ဓါ၏ သပိတ်တော်၌ ဆွမ်းကို လောင်းလှူလေ၏။

ဆွမ်းသည် ထက်ဝက်မျှ ကြွင်းကျန်လတ်သည်ရှိသော် ရှင်ပစ္စေကဗုဒ္ဓါသည် လက်ဖြင့် သပိတ်ကို ပိတ်တော်မူလေ၏။ ထိုအခါ ထိုရှင်ပစ္စေကဗုဒ္ဓါကို အရှင်ဘုရား ဤဆွမ်းသည် တစလယ်သော ဆန်ဖြင့် ငါးယောက်သော သူတို့အလို့ငှါ ချက်အပ်သော ထမင်း၏ တခုသော အဖို့မျှသာ ဖြစ်ပါသည်။ ဤငါးဖို့တဖို့မျှဖြစ်သော ထမင်းကို နှစ်ဖို့ပြုခြင်းငှါ မတတ်ကောင်း ပါဘုရား။ တပည့်တော်အား ဤပစ္စုပ္ပန်ဘဝ၌ သင်္ဂြိုဟ်ထောက်ပံ့ခြင်းကို ပြုတော်မမူကြပါလင့်။ တပည့်တော် သည် အကြွင်းမဲ့ လှူလိုပါသည် ဘုရားဟု လျှောက်ကြား၍ အလုံးစုံသောဆွမ်းကို လှူဒါန်းလေ၏။

လှူဒါန်းပြီး၍သော်ကား အရှင်ဘုရား တဖန်ဖြစ်လေရာ ဖြစ်လေရာအရပ်၌ ဤသို့သဘောရှိသော ငတ်မွတ်သော ဘေးကိုမမြင်ရပါလို။ ဤအခါမှစ၍ အလုံးစုံ ဇမ္ဗူဒီပါကျွန်း၌ နေကုန်သော သူတို့အား မျိုးထမင်းကို ပေးခြင်းငှါ စွမ်းနိုင်သောသူ ဖြစ်ရပါလို၏။ မိမိလက်ဖြင့် အမှုကို ပြု၍ အသက် မမွေးရပါလို။ နှစ်ရာ့ငါးဆယ်သောကျီတို့ကို သုတ်သင်စေ၍ ဦးခေါင်းကို ရေချိုးပြီးလျှင် ထိုကျီတို့၏ တံခါး၌ ထိုင်လျက် အထက်သို့ကြည့်သော ခဏ၌သာလျှင် တပည့်တော်အား သလေးနီ မိုဃ်း အယာဉ်တို့သည် ကျ၍ အလုံးစုံသော ကျီတို့၌ ပြည့်ပါစေကုန်သတည်း။ ဖြစ်တိုင်း ဖြစ်တိုင်းသော ဘဝ၌လည်း ဤမယားသည်၎င်း ဤသားသည်၎င်း ဤချွေးမသည်၎င်း ဤ ကျွန်သည်၎င်း ဖြစ်ပါစေ ဘုရားဟု ပတ္ထနာအမှု ဆုတောင်းခြင်းကို ပြုလေ၏။

သူဌေးကတော် စသည်တို့၏ ဆုတောင်းပုံ

ထိုသူဌေးကြီး၏ဇနီး သူဌေးကတော်ကြီးသည်လည်း ငါ၏ လင်ယောက်ျား သည် မွတ်သိပ်ခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်ပါလျက် ငါသည် စားသောက်ခြင်းငှါ မတတ်ကောင်းဟု ကြံ၍ မိမိအဖို့ကို ရှင်ပစ္စေကဗုဒ္ဓါအား လှူ၍ အရှင်ဘုရား ယခုအခါ၌ ဖြစ်လေရာ ဖြစ်လေရာ သံသရာဘဝ အဆက်ဆက်၌ ဤသို့သဘော ရှိသော ငတ်မွတ်သောဘေးကို မတွေ့မကြုံရပါလို။ ထမင်းအိုးကို ရှေ့တွင်ထား၍ အလုံးစုံသောဇမ္ဗူဒီပါကျွန်း၌ နေသော သူတို့အား ထမင်းကိုပေးဝေသော်လည်း တပည့်တော်မ၏ မထသေးသမျှ ကာလပတ်လုံး ခူးယူရာအရပ်သည် ပြည့်မြဲတိုင်း -ပြည့်သည် သာလျှင် ဖြစ်ပါစေသတည်း။ ဤလင်ယောက်ျားသည်၎င်း ဤသားသည်၎င်း ဤချွေးမသည်၎င်း ဤကျွန်သည်၎င်း ဖြစ်ပါစေဘုရားဟု ပတ္ထနာအမှု ဆုတောင်းခြင်းကို ဖြစ်စေလေ၏။

ထိုသူဌေးကြီး၏သားသည်လည်း မိမိ၏အဖို့ ထမင်းကို ရှင်ပစ္စေကဗုဒ္ဓါအား လှူ၍ အရှင်ဘုရား ဤနေ့မှစ၍ ဤသို့ သဘောရှိသော ငတ်မွတ်သော ဘေးကို မတွေ့မမြင်ရပါလို။ တပည့်တော်သည် အသပြာတထောင်ရှိသော အိတ်တလုံးကို လွယ်၍ အလုံးစုံသော ဇမ္ဗူဒီပါကျွန်း၌နေသော သူတို့အား အသပြာကိုပေးသော်လည်း ဤအသပြာတထောင်ရှိသော အိတ်သည် ပြည့်မြဲတိုင်းသာ ပြည့်ပါ စေသတည်း။ ဤအမိအဘတို့သည်သာ ဖြစ်ကြပါစေကုန်သတည်း ဤမယား ဤကျွန် သည်သာ ဖြစ်ပါစေဘုရားဟု ဆုတောင်းခြင်းကို ဖြစ်စေလေ၏။

ထိုသူဌေးကြီး၏ ချွေးမသည်လည်း မိမိ၏အဖို့ ထမင်းကို ရှင်ပစ္စေကဗုဒ္ဓါအား ပေးလှူ၍ အရှင်ဘုရား ဤဘဝမှစ၍ ဤသို့သဘောရှိသော ငတ်မွတ်သော ဘေးကို မတွေ့မမြင်ရပါလို။ တပည့်တော်မ သည် စပါးတောင်းတခုကို ရှေ့တွင် တည်ထား၍ အလုံးစုံသော ဇမ္ဗူဒီပါကျွန်း၌ နေသော သူတို့အား မျိုးထမင်းကို ပေးကမ်းသော်လည်း ကုန်သောအဖြစ်သည် မထင်ပါစေသတည်း။ ဖြစ်လေတိုင်း ဖြစ်လေတိုင်းသောဘဝ၌ ဤယောက္ခမ ယောက်ျားသူ ယောက္ခမ မိန်းမသူတို့သည်သာ ဖြစ်ကြပါစေ ကုန်သတည်း ဤလင်သည်သာလျှင် ဤကျွန်သည်သာလျှင် ဖြစ်ပါစေဘုရားဟု ပတ္ထနာအမှု ဆုတောင်းခြင်းကို ဖြစ်စေလေ၏။

ထိုသူဌေးကြီး၏ ပုဏ္ဏအမည်ရှိသော ကျွန်သည်လည်း မိမိ၏အဖို့ထမင်းကို ရှင်ပစ္စေကဗုဒ္ဓါအား ပေးလှူ၍ ဤကိုယ် အဖြစ်မှစ၍ ဤသို့ သဘောရှိသော ငတ်မွတ်ခြင်းဘေးကို မကြုံမတွေ့ မမြင်ရပါလို။ အလုံးစုံသော ဤသခင်တို့သည်သာ ဖြစ်ကြပါစေကုန်သတည်း။ တပည့်တော်သည် လယ်ထွန်သည်ရှိသော် ဤ လက်ျာဘက်၌ သုံးခု ဤလက်ဝဲဘက်၌ သုံးခု အလယ်၌တခု ဤသို့ အားဖြင့် သစ်သားကျင်းမျှ အတိုင်းအရှည်ရှိကုန်သော ခုနစ်ခု ခုနစ်ခုသော အရေအသား တို့သည် ဖြစ်ပါစေကုန်သတည်း ဘုရားဟု ဆုတောင်းခြင်းကို ဖြစ်စေလေ၏။

[ထိုပုဏ္ဏမည်သောကျွန်သည် ထိုနေ့၌ စစ်သူကြီးအရာကို တောင့်တ၍ ရခြင်းငှါ စွမ်းနိုင် သော်ငြားလည်း သခင်တို့၌ ချစ်ခင်လှသဖြင့် ဤသခင်တို့သည်သာလျှင် ဖြစ်ကြပါစေကုန် သတည်း ဟု ပတ္ထနာအမှု ဆုတောင်းခြင်းကို ပြုရှာလေသတည်း]။

ပစ္စေကဗုဒ္ဓါ ဆုပေး၍ ပြန်ကြွခြင်း

ရှင်ပစ္စေကဗုဒ္ဓါသည် အလုံးစုံသောသူတို့၏လည်း ပတ္ထုနာအမှုဆုတောင်းခြင်းကို ပြုသောအဆုံး၌ ဤသို့ဆုတောင်းတိုင်း ပြည့်စေသတည်းဟု မိန့်တော်မူ၍—

ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊ ခိပ္ပမေဝ သမိဇ္ဈတု။
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ၊ စန္ဒော ပန္နရသော ယထာ။

ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊ ခိပ္ပမေဝ သမိဇ္ဈတု။
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ၊ မဏိဇောတိရသော ယထာ။

ဣစ္ဆိတံ၊ အလိုရှိအပ်သော။
ပတ္ထိတံ၊ တောင့်တအပ်သော စီးပွားချမ်းသာ မင်္ဂလာအပေါင်းသည်။
တုယှံ၊ သင်အား။
ခိပ္ပမေဝ၊ လျင်စွာသာလျှင်။
သမိဇ္ဈတု၊ ပြည့်စုံစေသတည်း။
သဗ္ဗေ၊ အလုံးစုံသော။
သင်္ကပ္ပါ၊ အကြံအစည်တို့သည်။
စန္ဒောပန္နရသောယထာ၊ ဆဲ့ငါးရက် တက်ထွန်းသော လပြည့်ဝန်းကဲ့သို့။
ပူရေန္တု၊ ပြည့်စုံစေကုန်သတည်း။

ဣစ္ဆိတံ၊ အလိုရှိအပ်သော။
ပတ္ထိတံ၊ တောင့်တအပ်သော စီးပွားချမ်းသာ မင်္ဂလာအပေါင်းသည်။
တုယှံ၊ သင်အား။
ခိပ္ပမေဝ၊ လျင်စွာသာလျှင်။
သမိဇ္ဈတု၊ ပြည့်စုံစေသတည်း။
သဗ္ဗေ၊ အလုံးစုံကုန်သော။
သင်္ကပ္ပါ၊ အကြံအစည်တို့သည်။
မဏိဇောတိရသောယထာ၊ အလိုဟူသမျှကို ပြီးစေနိုင်သော မဏိဇောတိရသ် ကျောက်မြတ်ရတနာ ကဲ့သို့။
ပူရေန္တု၊ ပြည့်စုံစေကုန်သတည်း။

ဤသို့လျှင် ရှင်ပစ္စေကဗုဒ္ဓါသည် ဝမ်းမြောက်ဝမ်းသာ အနုမောဒနာပြုတော်မူလျှင် ငါသည် ဤ သူတို့၏ စိတ်ကို ကြည်ညိုစိမ့်သောငှါ သင့်၏ဟု ကြံတော်မူလျက် ဂန္ဓမာဒန တောင်သို့ ရောက်သည် တိုင်အောင် ဤသူတို့သည် ငါ့ကို ဖူးမြင်ကြရပါစေကုန်သတည်းဟု ဓိဋ္ဌာန်တော်မူ၍ ဖဲကြွသွား တော်မူလေ၏။

ထိုသူတို့သည်လည်း ဖူးမြင်ကြကုန်လျက်သာ တည်နေကြလေကုန်၏။ ထိုပစ္စေကဗုဒ္ဓါသည် ကြွသွားတော်မူ၍ ထိုဆွမ်းကို ငါးရာသော ပစ္စေကဗုဒ္ဓါတို့နှင့် အတူတကွ ခွဲခြမ်း ဝေဖန်တော် မူလေ၏။ ထိုဆွမ်းသည် ရှင်ပစ္စေကဗုဒ္ဓါ၏ အာနုဘော်ကြောင့် အလုံးစုံသော ပစ္စေကဗုဒ္ဓါ ငါးရာတို့အားလည်း လောက်လောက်ငှငှ ဖြစ်၏။ ထိုလှူဒါန်းသော သူတို့သည် ကြည့်ရှုလျက် သာလျှင် တည်နေကြလေကုန်၏။

ဆေးပြီးသောအိုး ထမင်း ပြည့်နေခြင်း

မွန်းတည့်သောကာလကို လွန်လတ်သည် ရှိသော်ကား သူဌေးကတော်ကြီးသည် ထမင်းအိုးကို ဆေး၍ စလောင်းအုပ်လျက် ထားလေ၏။ သူဌေးကြီးသည်လည်း မွတ်သိပ် ဆာလောင်ခြင်းဖြင့် နှိပ်စက်ခြင်းကြောင့် ဘုံးလုံးလှဲ၍ အိပ်ပျော်ခြင်းသို့ ရောက်ရှာလေ၏။

ထိုသူဌေးကြီးသည် ၎င်းညချမ်းသော အခါနိုး၍ မယားကို ရှင်မငါသည် အလွန်လျှင် မွတ်သိပ် ဆာလောင်လှ၏။ ထမင်းအိုး အပြင်၌ ချိုးကပ်သော ထမင်းလုံးတို့သည် ရှိသေးသည် မဟုတ်လော ဟု ဆိုရှာလေ၏။ သူဌေးကတော်ကြီးသည် ထမင်းအိုးကိုဆေး၍ ထားသည် အဖြစ်ကို သိပါလျက် လည်း မရှိဟူသော စကားကို မဆိုတဲ့မူ၍ ထမင်းအိုးကိုဖွင့်ပြီးမှ ပြောကြားပေအံ့ဟု ထ၍ ထမင်းအိုးအနီးသို့ သွားပြီးလျှင် ထမင်းအိုး ဖွင့်လိုက်သည်ရှိသော် ထိုမျှ လောက်သာလျှင် မြလေးငုံ အဆင်းနှင့် တူသော အဆင်းရှိသော ထမင်းဖြင့် ပြည့်လျက် ရှိလေ၏။

ထမင်းအိုး စလောင်းဖုံးသည် ကြွလျက် တည်လေ၏။ သူဌေးကတော်ကြီးသည်လည်း ထိုထမင်းကို မြင်လျှင်မြင်ခြင်း နှစ်သက်ဝမ်းမြောက်ခြင်းဖြင့် ပျံ့နှံ့သော ကိုယ်ရှိသည်ဖြစ်၍ သူဌေးကြီးကို အရှင် သူဌေးကြီး ထဦးလော့ ကျွန်တော်မသည် ထမင်းအိုးကို ဆေး၍ ပိတ်ထားပါသည်။ ထိုထမင်းအိုး သည်ကား မြလေးငုံ အဆင်းနှင့်တူသော အဆင်းရှိသော ထမင်းဖြင့် ပြည့်နေပြီ။ ကောင်းမှုတို့ မည်သည်ကား ပြုအပ်သော သဘောရှိကုန်၏။ အလှူမည်သည်ကား ပေးအပ်သည်နှင့် ယှဉ်၏။ အရှင်သူဌေးမင်း ထဦးလော့ သုံးဆောင်ပါဦးလော့ဟု ဆိုလေ၏။

သူဌေးကတော်ကြီးသည် နှစ်ယောက်သော သားအဖတို့အားလည်း ကျွေးမွေး ပေးကမ်းလေ၏။ ထိုသားအဖ နှစ်ယောက်တို့သည်စားပြီး၍ ထကြကုန် သည်ရှိသော် ချွေးမနှင့်တကွ အတူထိုင်လျက် ကျွန်ပုဏ္ဏအား ထမင်းကိုပေ လေ၏။ ခူး၍ ယူရာယူရာ အရပ်သည် မကုန်နိုင်။ ယောက်မဖြင့် တကြိမ် ခူး၍ယူသော အရာ၌သာလျှင် ထင်၏။ ထိုနေ့၌ပင်လျှင် ကျီစသည်တို့သည် ရှေး၌ပြည့်ဖူး သော နည်းအားဖြင့် သာလျှင် ပြည့်ကြလေကုန်၏။

သူဌေးကြီး၏ အိမ်၌ ထမင်း ဖြစ်၏။ မျိုးထမင်းတို့ဖြင့် အလိုရှိကြကုန်သော သူတို့သည် လာ၍ ယူကြပါစေကုန်သတည်းဟု မြို့၌ကြွေးကြော်ခြင်းကို ပြုစေလေ၏။ လူတို့သည် ထိုသူဌေးကြီး ၏အိမ်မှ မျိုးထမင်းကို ယူကြလေကုန်၏။ ဇမ္ဗူဒီပါ ကျွန်းတကျွန်းလုံး၌ နေကုန်သောသူတို့သည် ထိုဗာရာဏသီသူဌေးကြီးကိုမှီ၍ အသက်ရှင်ခြင်းကို ရကြလေကုန်သည်သာတည်း။

မေဏ္ဍကသူဌေးကြီး၏ ဘုန်းကံ

ထိုဗာရာဏသီသူဌေးကြီးသည် ဤဘဝမှ စုတေမနေ သေလွန်သည်ရှိသော် နတ်ပြည်၌ဖြစ်၍ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်လျက် ဤငါတို့ဘုရား ထင်ရှား ပွင့်တော်မူသောအခါ ဘဒ္ဒိယ မြို့ဝယ် သူဌေးအမျိုး၌ ဖြစ်လေ၏။ ထိုသူဌေးကြီး၏ သူဌေးကတော်ကြီးသည်လည်း များသော စည်းစိမ်ဥစ္စာ ရှိသော အမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သည်ရှိသော် ထိုသူဌေးကြီး၏ အိမ်သို့သာ ရောက်သွားလေ၏။

ထိုသူဌေးကြီး၏ ရှေးကောင်းမှုကံကို မှီ၍ အိမ်၏ နောက်ဘေး၌ ဆိုအပ်ပြီးသော အပြား ရှိကုန်သော ဆိတ်ရုပ်တို့သည် ပေါ်ပေါက် လာကြကုန်၏။ သားသည်လည်း ထိုသူတို့၏ သားသည်သာလျှင် ချွေးမသည် ချွေးမသည်သာလျှင် ကျွန်သည် ကျွန်သည်သာလျှင် ဖြစ်လေ၏။ ထိုအခါ တနေ့သ၌ မေဏ္ဍက သူဌေးကြီးသည် မိမိ၏ကောင်းမှုကို စုံစမ်းလိုသည်ဖြစ်၍ နှစ်ရာ့ငါးဆယ်သော ကျီတို့ကို သုတ်သင်စေပြီးလျှင် ဦးခေါင်းကို ရေချိုးလျက် တံခါး၌ ထိုင်နေ၍ အထက်သို့ ကြည့်ရှုလေ၏

အလုံးစုံသော ကျီတို့ကို ဆိုအပ်ခဲ့ပြီးသော အပြားရှိသော သလေးနီ စပါးတို့သည် ပြည့်စေကြလေ ကုန်၏။ ထိုသူဌေးကြီးသည် ကြွင်းသောသူတို့၏ ကောင်းမှုတို့ကိုလည်း စူးစမ်းလိုသည် ဖြစ်ရကား မယားကို၎င်း သားစသော သူတို့ကို၎င်း သင်တို့၏ ကောင်းမှုတို့ကိုလည်း စူးစမ်းကြ ကုန်ဦးလော့ဟု ဆိုလေ၏။

စန္ဒပဒုမာ သူဌေးကတော်ကြီး၏ ဘုန်းကံ

ထိုအခါ သူဌေးကြီး၏ဇနီး သူဌေးကတော်ကြီးသည် အလုံးစုံသော တန်ဆာကိုဆင်လျက် များစွာသော လူအပေါင်း၏ ကြည့်ရှုစဉ်ပင်လျှင် တစလယ်မျှသော ဆန်ကိုယူ၍ ထိုဆန်တို့ဖြင့် ထမင်းကို ချက်စေပြီးမှ တံခါးမုခ်၌ ခင်းအပ်သော နေရာ၌ နေထိုင်လျက် ရွှေယောက်မကို ကိုင်ပြီးလျှင် ထမင်းဖြင့် အလိုရှိကုန်သော သူတို့သည် လာကြစေကုန်သတည်းဟု ကြွေးကြော စေသဖြင့် လာတိုင်းလာတိုင်း ကုန်သော လူတို့၏ ဆောင်ယူခဲ့သော ခွက်တို့ကို ပြည့်စေလျက် ပေးလေ၏။

တနေ့ပတ်လုံးပင် ပေးသော်လည်း ယောက်မဖြင့် ခူး၍ ယူရာအရပ်သည်သာ ထင်၏။ ရှေးဘုရားရှင် တို့အား၎င်း ရဟန်းသံဃာတော် အပေါင်းအား၎င်း လက်ဝဲလက်ဖြင့် ထမင်းအိုးကို လက်ျာလက်ဖြင့် ယောက်မကိုကိုင်လျက် ဤအတူသာလျှင် သပိတ်၌ ပြည့်စေသဖြင့် ဆွမ်းကို လှူဒါန်းဖူးသည် အဖြစ်ကြောင့် ထိုသူဌေးကတော်ကြီး၏ လက်ဝဲ လက်ဘဝါးအပြင်၌ ပြည့်စေလျက် ပဒုမာကြာ လက္ခဏာ ဖြစ်ပေါ်လေ၏။

လက်ျာလက်ဘဝါးအပြင်၌ ပြည့်စေလျက် လဝန်း လက္ခဏာ ဖြစ်ပေါ်လေ၏။ အကြင်ကြောင့် ဓမကရိုဏ် ရေစစ်ကို ကိုင်လျက် ရဟန်းသံဃာတော် အပေါင်းအား ရေကိုစစ်၍ လှူဒါန်း ဆက်ကပ်ကာ ထိုမှ ဤမှ အဖန်ဖန် လှည့်လည်ခဲ့ဖူး၏။ ထို့ကြောင့် သူဌေးကတော်ကြီး၏ လက်ျာ ခြေဖဝါး အပြင်၌ ပြည့်စေလျက် လဝန်းလက္ခဏာ ဖြစ်ပေါ်လေ၏။ လက်ဝဲခြေဖဝါးအပြင်၌ ပြည့်စေလျက် ပဒုမာကြာ လက္ခဏာ ဖြစ်ပေါ်လေ၏။ ထိုသူဌေးကတော်ကြီးအား ဤ လက္ခဏာ ပါရှိသော အကြောင်းကြောင့် စန္ဒပဒုမာ ဟူသောအမည်ကို မှည့်ခေါ် ကြလေကုန်၏။

သားချွေးမနှင့် ကျွန်တို့၏ ဘုန်းကံ

ထိုသူဌေးကြီး၏ သားသည်လည်း ဦးခေါင်းကို ရေချိုးပြီးလျှင် အသပြာ တထောင်ရှိသော အိတ်ကို ယူ၍ အသပြာဖြင့် အလိုရှိကုန်သော သူတို့သည် လာကြပါစေကုန်သတည်း ဟု ဆိုလျက် လာကုန်လာကုန်သော သူတို့၏ ယူလာခဲ့သော ခွက်တို့ကို ပြည့်စေသဖြင့် ပေးကမ်းလေ၏။ အိတ်၌ အသပြာ တထောင်သည် ဖြစ်မြဲတိုင်းပင်ဖြစ်လေ၏။

ထိုသူဌေးကြီး၏ ချွေးမသည်လည်း အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာဆင်ပြီးလျှင် စပါး တောင်းကိုယူ၍ ဟင်းလင်းအပြင်၌ နေထိုင်လျက် မျိုးထမင်းတို့ဖြင့် အလိုရှိကြကုန်သော သူတို့သည် လာကြပါစေကုန်သတည်းဟု ဆိုသဖြင့် လာကုန် လာကုန်သော သူတို့၏ ယူလာခဲ့သော ခွက်တို့ကို ပြည့်စေလျက် ပေးကမ်းလေ၏။ တောင်းသည် ပြည့်မြဲတိုင်းသာလျှင် ပြည့်သည် ဖြစ်လေ၏။

ထိုသူဌေးကြီး၏ ပုဏ္ဏအမည်ရှိသော ကျွန်သည်လည်း အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာ ဆင်လျက် ရွှေထမ်းပိုးတို့၌ ရွှေကြိုးတို့ဖြင့်နွားတို့ကို ကစေပြီးလျှင် ရွှေနှင်တံကို ကိုင်၍ နွား နှစ်ကောင်းတို့အား နံ့သာလက် ငါးချောင်းရာတို့ကို ပေးသဖြင့် ဦးချို တို့၌ရွှေအစွပ်တို့ကိုစွပ်ပြီးလျှင် လယ်သို့သွား၍ မောင်နှင်လေ၏။

ဤလက်ျာဘက်၌ သုံးခု ဤလက်ဝဲဘက်၌သုံးခု အလယ်၌တခု ဤသို့ ခုနစ်ခုကုန်သော အရေး အသားတို့သည်ကွဲ၍ သွားကြလေကုန်၏။ ဇမ္ဗူဒီပါကျွန်း၌နေသော သူတို့သည် ထမင်း၊ မျိုးစပါး၊ ငွေ၊ ရွှေ စသည်တို့တွင် အကြင်အကြင် အလိုရှိရာကို မေဏ္ဍကသူဌေးကြီး၏ အိမ်မှသာလျှင် ယူကြရလေကုန်၏။

ဘုရားထံတော်၌ မဂ်ဖိုလ် ရကြခြင်း

ဤ ငါးယောက်သော သူတို့သည် ကြီးမြတ်သော ဘုန်းကံရှိကြကုန်၏။ ဤသို့ အာနုဘော် ကြီးမြတ်သော သူဌေးကြီးသည် မြတ်စွာဘုရား ကြွလာတော်မူသတတ်ဟု ကြားသိရလျှင် မြတ်စွာဘုရားအား ခရီးဦးကြိုဆိုခြင်းကို ပြုဦးအံ့ဟု ထွက်လာလတ်သည် ရှိသော် လမ်းခရီး အကြား၌ တိတ္ထိတို့ကိုမြင်ရသဖြင့် ထိုတိတ္ထိတို့က သူဌေးကြီး သင်သည် ကုသိုလ်ကောင်းမှု ပြုအပ်၏ဟု အယူရှိသောသူ ဖြစ်ပါလျက် ကုသိုလ်ကောင်းမှု မပြုအပ်ဟု အယူရှိသော ရဟန်း ဂေါတမ၏ အထံသို့ အဘယ့်ကြောင့် သွားရဘိသနည်းဟု ဆို၍ တားမြစ်အပ်သော်လည်း ထို တိတ္ထိတို့၏ စကားကို မနာမယူမူ၍ သွားပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တင့်အပ် လျောက်ပတ်သော အရပ်၌ နေလေ၏။

ထိုအခါ မေဏ္ဍက သူဌေးကြီးအား မြတ်စွာဘုရားသည် အစဉ်အတိုင်းဖြစ်သော တရားစကားကို ဟောကြားတော်မူလေ၏။ မေဏ္ဍက သူဌေးကြီးသည် ဒေသနာတော်၏ အဆုံး၌ သောတာပတ္တိ ဖိုလ်သို့ ရောက်၍ မြတ်စွာဘုရားအား တိတ္ထိတို့သည် ကျေးဇူးမဲ့ကိုဆို၍ မိမိအား တားမြစ်သော အဖြစ်ကို လျှောက်ကြားလေ၏။ ထိုအခါ သူဌေးကြီးကို မြတ်စွာဘုရားသည် သူဌေးကြီး ဤ သတ္တဝါတို့ မည်သည်ကား ကြီးကျယ် များမြောင်သော်လည်း မိမိ၏ အပြစ်ကို မမြင်နိုင်ကြကုန်။ ထင်ရှားမရှိ သော်လည်း သူတပါး တို့၏ အပြစ်ကို ထင်ရှားရှိသည်ဟု ပြုလုပ်၍ ထိုထို အရပ်တို့၌ ဖွဲကိုကဲ့သို့ လွှင့်ကြဲတတ်ကြကုန်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၂၅ဝ။ သုဒဿံ ဝဇ္ဇမညေသံ၊ အတ္တနော ပန ဒုဒ္ဒသံ။
ပရေသံ ဟိ သော ဝဇ္ဇာနိ၊ ဩဖုဏာတိ ယထာဘုသံ။
အတ္တနောပန ဆာဒေတိ၊ ကလိံ ဝ ကိတဝါ သဌော။

အညေသံ၊ သူတပါးတို့၏။
ဝဇ္ဇံ၊ အပြစ်ကို။
သုဒဿံ၊ မြင်လွယ်၏။

[အဏုမြူမျှလောက် သေးငယ်သော ချွတ်ချော်ခြင်း ဖြစ်စေကာမူ လွယ်ကူစွာမြင်နိုင်၏ဟူလို]။

အတ္တနော၊ မိမိ၏။
ဝဇ္ဇံပန၊ အပြစ်ကိုကား။
ဒုဒ္ဒသံ၊ မြင်နိုင်ခဲ၏ ။

[အလွန်ကြီးစေကာမူ မြင်ရန်ခဲယဉ်း၏ဟူလို]။

ဟိ၊ ထိုစကားသင့်စွ။
သော၊ ထိုသူတပါး၏အပြစ်သာမြင် မိမိအပြစ် မမြင်လေ့ရှိသောသူသည်။
ဘုသ၊ ဖွဲကို။
ဩဖုဏာတိယထာ၊ လွှင့်သကဲ့သို့။
ပရေသံ၊ သူတပါးတို့၏။
ဝဇ္ဇာနိ၊ အပြစ်တို့ကို။
ဩဖုဏာတိ၊ လွှင့်တတ်၏

[မြင့်သောနေရာ၌ထား၍ ဖွဲ့လွှင့်ကြဲ သကဲ့သို့ ထိုသူသည် သံဃာ့အလယ် စသည်တို့၌ သူတပါးတို့၏ အပြစ်တို့ကို လွှင့်ကြဲတတ်၏ဟူလို]။

သဌော၊ စဉ်းလဲသော ငှက်မုဆိုးသည်။
ကလိံ၊ အပြစ်ရှိသော မိမိကိုယ်ကို။
ကိတဝါဝ၊ သစ်ခက်ကျိုးစသည်တို့ဖြင့် ဖုံးလွှမ်းဘိသကဲ့သို့။
အတ္တနော၊ မိမိ၏။
ဝဇ္ဇံပန၊ အပြစ်ကိုကား။
ဆာဒေတိ၊ ဖုံးလွှမ်း၏။

[ငှက်တို့၌ ပြစ်မှားသည့် အစွမ်းဖြင့် ကိုယ်သည် ကလိမည်၏။
သစ်ခက် ကျိုးစသည်ကို ဖုံးလွှမ်းခြင်းသည် ကိတဝါမည်၏။
ငှက်မုဆိုးသည် သဌ မည်၏။
ငှက်မုဆိုးသည် ငှက်တို့ကို ဖမ်းသတ်လိုသည်ရှိသော် သစ်ခက်ကျိုး စသည်ကို ဖုံးလွှမ်းခြင်းကဲ့သို့ (မိမိကိုယ်ကို ဖုံးလွှမ်းဘိသကဲ့သို့) ထို့အတူ မိမိအပြစ်ကို ဖုံးလွှမ်းထား၏ဟူလို]။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

မေဏ္ဍကသူဌေးကြီးဝတ္ထုပြီး၏၊

၁၁ - ဥဇ္ဈာနသညီ မထေရ်ဝတ္ထု

ပရဝဇ္ဇာနုပဿိဿ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ဥဇ္ဈာနသညီ အမည်ရှိသော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကဲ့ရဲ့ရန် အပေါက်ရှာလေ့ ရှိခြင်း

ထိုဥဇ္ဈာနသညီမထေရ်သည် ဤသူသည် ဤသို့ဝတ်ဘိ၏။ ဤသို့ ရုံဘိ၏ဟု ကဲ့ရဲ့ရှုတ်ချလျက် ရဟန်းတို့၏ အကြားအပေါက် ချွတ်ယွင်းခြင်းကိုသာ ရှာဖွေလျက် လှည့်ပတ် သွားလာလေ့ ရှိသတတ်။

ရဟန်းတို့သည် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤမည်သော မထေရ်သည် ဤသို့ ပြုလုပ်တတ်ပါသည် ဘုရားဟု မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။ ချစ်သားရဟန်းတို့ ဝတ်ကို အဦးပြုခြင်း၌ တည်၍ ဤသို့ပြောဆို ဆုံးမတတ်သော ရဟန်းကို စွပ်စွဲ အပြစ်တင်ခြင်းငှါ မထိုက်ပေ။

အကြင်ပုဂ္ဂိုလ်သည်ကား အမြဲမပြတ် ကဲ့ရဲ့လိုသော အမှတ်သညာ ရှိသည်၏ အဖြစ်ဖြင့် သူတပါး တို့၏ အကြားအပေါက်ကို ရှာမှီးလျက် ဤသို့ဆို၍သာ သွားလာ လှည့်ပတ်လေ့ရှိ၏။ ထိုပုဂ္ဂိုလ်အား ဈာန်စသော တရားထူးတို့တွင် တခုသော အရားအထူး သည်လည်း မဖြစ်နိုင်လတ္တံ့။ သက်သက် အာသဝေါတရား တို့သည်သာလျှင် တိုးပွားကြကုန်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြား တော်မူလေ၏။

ဒေသနာတော်

၂၅၁။ ပရဝဇ္ဇာနုပဿိဿ၊ နိစ္စံ ဥဇ္ဈာနသညိနော။
အာသဝါ တဿ ဝဍ္ဎန္တိ၊ အာရာ သော အာသဝက္ခယာ။

ပရဝဇ္ဇာနုပဿိဿ၊ သူတပါး၏ အပြစ်ကို အဖန်ဖန် ရှုလေ့ရှိသည် ဖြစ်၍။
နိစ္စံ၊ အမြဲ။
ဥဇ္ဈာနသညိနော၊ ကဲ့ရဲ့ရှုတ်ချလိုသော အမှတ်သညာရှိသော။
တဿ၊ ထိုရဟန်းအား။
ဝါ၊ အာသဝေါတရားတို့သည်။
ဝဍ္ဎန္တိ၊ တိုးပွားကုန်၏။

[ဈာန်စသောတရားထူးကား မတိုးပွားဟူလို]။

သော၊ ထိုရဟန်းသည်။
အာသဝက္ခယာ၊ အာသဝေါတရား လေးပါးတို့၏ ကုန်ရာအရဟတ္တမဂ်မှ။
အာရာ၊ လွန်စွာဝေး၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

ဥဇ္ဈာနသညီမထေရ်ဝတ္ထုပြီး၏။

၁၂-သုဘဒ္ဒ ပရိဗိုဇ်ဝတ္ထု

အာကာသေ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ကုသိနာရုံပြည်ဝယ် အကွေ့ဖြစ်သော မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန်ပြုအံ့သော ညောင်စောင်းထက်၌ လျောင်းစက်တော်မူစဉ် သုဘဒ် ပရိဗိုဇ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကုသိုလ်ပြု နောက်ကျ၍
နောက်ဆုံးမှ ဘုရားနှင့် တွေ့ရခြင်း

ထိုသုဘဒ်ပရိုဗိုဇ်ကား လွန်လေပြီးသောအခါ၌ ညီနှင့် အစ်ကို နှစ်ယောက်သည် တကြိမ် စိုက်ပျိုးသော စပါး၌ ကိုးကြိမ် တိုင်တိုင် အဦးအဖျားဟူသော အလှူကို ပေးလှူလတ်သည်ရှိသော် အလှူ ပေးလှူခြင်းငှါ အလိုမရှိခြင်းကြောင့် ဆုတ်နစ်ကာ ချန်နေခဲ့၍ အဆုံး၌ ပေးလှူလေ၏။

ထို့ကြောင့် ပဌမဗောဓိ၌၎င်း မဇ္ဈိမဗောဓိ၌၎င်း မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ မရခဲ့ရှာလေသတတ်။ ပစ္ဆိမဗောဓိ၌ကား မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုရှန်ကာလ ရောက်လတ်သော် ငါသည် သုံးပါးသော ပြဿနာတို့၌ မိမိ၏ ယုံမှားခြင်းကို အသက်အရွယ် ကြီးရင့်ကုန်သော ပရိဗိုဇ် ရဟန်း တို့ကို မေးမြန်းပြီးလျက် ရဟန်းဂေါတမကိုကား ငယ်၏ ဟူသော အမှတ်သညာဖြင့် မမေးမိ။

ရဟန်းဂေါတမ အားလည်း ယခုအခါ ပရိနိဗ္ဗာန် ပြုတော်မူအံ့သော အခါဖြစ်၏။ နောင်သောအခါ ငါ့အား ရဟန်းဂေါတမကို မမေးလိုက်မိသော အကြောင်းကြောင့် နှလုံးမသာယာခြင်းသည် ဖြစ်ရာ၏ဟု နှလုံးပြုလျက် မြတ်စွာဘုရားသို့ ချဉ်းကပ် လေသောကြောင့် ရှင်အာနန္ဒာမထေရ်သည် တားမြစ်အပ်သော်လည်း မြတ်စွာဘုရားသံည် အခွင့်ပေးခြင်း ပြုတော်မူသဖြင့် ချစ်သား အာနန္ဒာ သုဘဒ်ပရိဗိုဇ်ကို မတားမြစ်လင့် ငါဘုရားကို ပြဿနာ မေးပါစေဟု မိန့်တော်မူလတ်သော် တင်းတိမ်၏ အတွင်းသို့ ဝင်စေ၍ ညောင်စောင်းအောက်၌ နေလျက် အိုအရှင် ရဟန်းဂေါတမ အသို့ပါနည်း ကောင်းကင်၌ ခြေရာမည်သည် ရှိပါသလော။ ဤသာသနာတော်မှ အပ၌ ရဟန်း မည်သည် ရှိပါသလော။ မြဲသော သင်္ခါရတို့မည်သည် ရှိကုန်သလောဟု ဤပြဿနာတို့ကို ။ ထိုအခါ သုဘဒ်ပရိဗိုဇ်အား မြတ်စွာဘုရားသည် ထိုခြေရာ စသည်တို့၏ မရှိခြင်းကို မိန့်ကြားတော် မူလိုလျက် ဤဂါထာတို့ ဖြင့် တရားဟောကြားတော်မူလေ၏။

ဒေသနာတော်

၂၅၂။ အာကာသေ၀ ပဒံ နတ္ထိ၊ သမဏော နတ္ထိ ဗာဟိရေ။
ပပဉ္စာဘိရတာ ပဇာ၊ နိပ္ပပဉ္စာ တထာဂတာ။

၂၅၃။ အာကာသေဝ ပဒံ နတ္ထိ၊ သမဏော နတ္ထိ ဗာဟိရေ။
သင်္ခါရာ သဿတာ နတ္ထိ၊ နတ္ထိ ဗုဒ္ဓါနမိဉ္ဇိတံ။

အာကာသေ၊ ကောင်းကင်၌။
ပဒံ၊ ခြေရာသည်။
နတ္ထိဧဝ၊ မရှိသည်သာလျှင်တည်း။
ဗာဟိရေ၊ ငါ၏ သာသနာတော်မှ အပ၌။
သမဏော၊ မဂ်ရ ဖိုလ်ရရဟန်းမည်သည်။
နတ္ထိဧဝ၊ မရှိသည်သာလျှင်တည်း။
ပဇာ၊ သတ္တဝါ အပေါင်းသည်။
ပပဉ္စာဘိရတာ၊ သံသရာစက်ကို ချဲ့တတ်ကုန်သော ပပဉ္စတရားတို့၌သာ အလွန် မွေ့လျော်ကြ ကုန်၏။
တထာဂတာ၊ ဘုရားရှင်တို့သည်။
နိပ္ပပဉ္စာ၊ သံသရာစက်ကို ချဲ့တတ်သော ပပဉ္စတရား မရှိကြကုန်။

အာကာသေ၊ ကောင်းကင်၌။
ပဒံ၊ ခြေရာသည်။
နတ္ထိဧဝ၊ မရှိသည်သာလျှင်တည်း။
ဗာဟိရေ၊ ဤသာသနာတော်မှ အပ၌။
သမဏော၊ မဂ်ရဖိုလ်ရ ရဟန်း မည်သည်။
နတ္ထိ၊ မရှိ။
သဿတာ၊ မြဲကုန်သော။
သင်္ခါရာ၊ ခန္ဓာငါးပါး သင်္ခါရ တရားတို့သည်။
နတ္ထိ၊ မရှိကုန်။
ဗုဒ္ဓါနံ၊ ဘုရားရှင်တို့အား။
ဣဉ္ဇိတံ၊ တဏှာ မာန ဒိဋ္ဌိတို့ဖြင့် တုန်လှုပ်ခြင်းသည်။
နတ္ထိ၊ မရှိ။

[တဏှာ မာန ဒိဋ္ဌိဟူသော တုန်လှုပ်ကြောင်း တရားသုံးပါးတို့တွင် သင်္ခါရတရား မြဲသေး၏ဟု ယူနိုင်ကြောင်း တရားတခုမျှ ဘုရားရှင်အား မရှိဟူလို]။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ သုဘဒ်ပရိဗိုဇ်သည် အနာဂါမိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

သုဘဒ္ဒပရိဗိုဇ်ဝတ္ထုပြီး၏။

ဤတွင်ရွေ့ကား တဆယ့်ရှစ်ခု မြောက်သော မလဝဂ်အဖွင့်ပြီး၏။

တတိယတွဲ နိဂုံး

မဟာမိတ္တကုလေ ဇာတော၊ ပန်းမောင် တိ ဒန္တစာရိကော။
မနောရမံ ဓမ္မပဒ၊ ဋ္ဌကထံ ပါဠိဘာသိတံ။
မြန်မာ့ဘာသာ ဝတ္ထုဘာဝါ၊ ကုမာရကဿပါ ယတိ။
ပုံညထာဝရ လာဘာယ၊ မဉ္စ ဗုဒ္ဓဃုသီယတိ။

မဟာမိတ္တကုလေ၊ သာသနာကပ်ညောင်း သူတော်မြတ် အပေါင်းတို့၏ လမ်းကြောင်းသဘာဝ ကလျာဏမိတ်စစ် ဂုဏ်သနစ်ဖြင့် ထွန်းသစ်ကျော်ဟီး ကောင်းမြတ်သော မျိုးရိုးကြီး၌။

ဇာတော၊ ပါရမီညွန့်ဖူး ကောင်းမှုထူးကို ဖြည့်ဖူးသည် အလျောက် ထွန်းပေါက်သန့်စင် ကောင်းစွာ ဖွားမြင်သော။

ဒန္တစာရိကော၊ ကိုယ်နှုတ်နှလုံး ယဉ်ယဉ်သုံးလျက် ဆုံးမချက်ပိုက် ကိုယ်၌စာနာ ဝါသနာဖြင့် ညီညာတင့်အောင် ပြုကျင့်လေ့ရှိသော။

ပန်းမောင် တိ၊ ယုတ်မာကျင့်ညံ့ မပြုဝံ့ဘဲ နူးညံ့လေအောင် မောင်ပန်းမောင်ဟု ခေါ်တွင်စေမှုဖြင့် ညစ်ကျုဖီလာ အမည်သာသော ဥပါသကာသည်။

မနောရမံ၊ သူမြတ်တို့နှုန်း အမှိုက်ထုံးဟု နှလုံး ထွတ်မြတ် မွေ့လျော်အပ်သော။

ပါဠိဘာသိတံ၊ ဘာသာထက်ဖျား ပါဠိအားဖြင့် ထင်ရှားရှိသော။

ဓမ္မပဒဋ္ဌကထံ၊ နိဗ္ဗာန်ပေးကြောင်း ဂုဏ်ပေါင်းကြို့ခ ဓမ္မပဒ အဋ္ဌကထာ ကျမ်းကြီးစွာကို။

မြန်မာ့ဘာသာ ဝတ္ထုဘာဝါ၊ သာသနာမြတ်နိုး မြန်မာမျိုးတို့၏ အကျိုးများစွာ ဖြစ်စိမ့်ငှါဟု မြန်မာ့သနစ် ဝတ္ထုသွား စကားပြေ ဖြစ်စေသော အဖြစ်ဖြင့်။

ပုညထာဝရ လာဘာယ၊ ငါးထောင်နှစ်စွဲ တည်မလွဲဟု အမြဲထာဝရ မြတ်ပုညကို လက်ရသိမ်းချုပ် ထိန်းအုပ်နိုင်ပါစေခြင်း အကျိုးငှါ။

ကုမာရကဿပါယတိ၊ သီဟိုဠ်ဘာသာ ဓမ္မပဒမှ မာဓဘာသာ ဓမ္မပဒ ဖြစ်အောင် ပြန်ဆို ရေးသား စိမ့်သောငှါ အရှင်ဗုဒ္ဓဃောသကို တောင်းပန်သော အရှင်ကုမာရကဿပ ကဲ့သို့ မိမိကိုယ်ကို အတူပြုကျင့်ပေ၏။

မဉ္စ၊ များစွာရာကျော် သံဃာတော်၏ နှစ်ဖော်ဓူရ ဖြည့်ကြသိပ်သည်း ညောင်လေးပင် တောရကျောင်းတိုက်ကြီး၌ ဦးစီးဖြစ်ခိုက် ကြုံကြိုက် ပဓာန ဥက္ကဋ္ဌအနေ ငါမထေရ်ကိုလည်း။

ဗုဒ္ဓဃုသီယတိ၊ မာဂဓဘာသာ ဓမ္မပဒမှ မြန်မာ့ဘာသာ ဓမ္မပဒဝတ္ထုတော်ကြီး ဖြစ်ပေါ်လာစိမ့် သောငှါ အရှင်ဗုဒ္ဓဃောသ မဟုတ်ဘဲ အရှင်ဗုဒ္ဓဃောသမထေရ်မြတ်ကို ကဲ့သို့ အတူပြုကျင့်ပေ၏။

ဣတိ အရိယောတိ နာမဓေယျေန ထေရေန ဝိရစိတေ မြန်မာ့ဘာသာ ဓမ္မပဒဝတ္ထု ပကရဏေ ဒသသု ဝဂ္ဂေသု အဋ္ဌနဝုတိယာ ဝတ္ထူဟိ ပဋိမဏ္ဍိတော တတိယဘာဂေါ သိဝံ ဂတော။

ဣတိ၊ ဤဆိုအပ်ပြီးသော အစီအစဉ်အားဖြင့်။

အရိယောတိနာမဓေယျေန၊ ဥပဇ္ဈာယ် ဆရာသခင် ကျေးဇူးရှင်တို့က အရိယ ဟု မှည့်ခေါ်အပ်သော အမည် ရှိသော။

ထေရေန၊ ညောင်လေးပင်တောရ ကျောင်းတိုက်ကြီး၌ သီတင်းသုံး နေထိုင်လေ့ရှိသော မထေရ်သည်။

ဝိရစိတေ၊ အထူးသဖြင့် စီရင် ရေးသားအပ်သော။

မြန်မာ့ ဘာသာ ဓမ္မပဒဝတ္ထု၊ ပကရဏေ၊ မြန်မာ ဘာသာပြန် ဓမ္မပဒဝတ္ထုတော်မည်ပြီး စကားပြေ ကျမ်းကြီး၌။

ဒသသု၊ ဆယ်ခုကုန်သော။

ဝဂ္ဂေသု၊ ဝဂ်တို့၌။

ပရိယာပန္နေဟိ၊ အကျုံးဝင်ကုန်သော။

အဋ္ဌနဝုတိယာ၊ ကိုးဆဲ့ရှစ်ခုသော။

ဝတ္ထူဟိ၊ ဝတ္ထုကြီးတို့ဖြင့်။

ပဋိမဏ္ဍိတော၊ တန်ဆာဆင်အပ်သော။

တတိယဘာဂေါ၊ တတိယတွဲသည်။

သိဝံ၊ ဘေးကင်းငြိမ်းချမ်း ဆုံးခန်းသို့။

ဂတော၊ ရောက်ချေပြီ။

ဓမ္မပဒဝတ္ထုတော်ကြီး - လေးတွဲအနက်
တတိယတွဲ ဤတွင်ပြီး၏။

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ ပေါင်းချုပ် ၁, ၂, ၃ (အရှင်ကေလာသ) ဓ...