နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ
အချီနိဒါန်း
ဤကျမ်း ဖြစ်ပေါ်လာခြင်း၏ အကြောင်း
ကျောင်းနှင့် ကျောင်းအမ
ဂန္ဓာရုံ ကျောင်းတိုက်၌ နံကပ်တိုက် ၂-ခန်း၊ ကျောင်းကလေး ဆယ်ကျောင်းနှင့် ၃-ခန်းပတ်လည် နှစ်ထပ် ကျောင်းဒကာ ကျောင်းအမများ ဖြစ်ကြသော မန္တလေးမြို့ ဒါယက ဦးထွန်းလှိုင် ဒါယိကာမ ဒေါ်သိန်းတို့သည် ခပ်ရွယ်ရွယ် အချိန်မှစ၍ “အလှူရေစက် လက်နှင့်မကွာ” ဆိုရိုးအတိုင်း နှစ်စဉ် လစဉ် လက်နှင့်မကွာ လောက်အောင်ပင် လှူဒါန်းခဲ့ကြ၏။
အခုအချိန်မှာလည်း စစ်ကိုင်းမြို့၌ သံဃာ့ဆေးရုံကြီး၊ အမရပူရဆေးရုံ၊ သပိတ်ကျင်း မြို့၌ ဆေးရုံများအတွက် ထောက်ပံ့ လှူဒါန်း၍ မကြာသေး။ မန္တလေးမြို့ ကျောက်တော်ကြီး ဘုရားကိုလည်း အတော် များစွာ အကုန်အကျခံ၍ ပြုပြင်နေ၏။
အမရပူရ တောင်သမန် ကျောက်တော်ကြီးဝယ် “စေတီတော်ကြီးနှင့် တံတိုင်းကြီး များ၌၎င်း၊ တံတိုင်းအတွင်း၌၎င်း အမြစ်တွေ အတွင်ဝင်အောင် သစ်ပင်တွေ ပေါက်နေပါသည်”ဟု ဆွမ်းစားကျောင်း ဘုန်းကြီးက လျှောက်သောကြောင့် ထိုဘုန်းကြီးကို စေလွှတ်၍ တနေ့လျှင် လုပ်သား ဆယ်ယောက်ဖြင့် ပေါက်နေသော သစ်ပင်များကို အမြစ်ပါ မကျန်အောင် တူးစေ၍ ရှင်းလင်းနေသည်ကို ကြားရရုံမျှဖြင့် ထိုရှင်းလင်းရာ၌ အသုံးပြုဘို့ရန် ဒကာကြီး ဦးကျော်ဝင်းထံ နဝကမ္မ တသောင်းတန် အပ်နှံထား၏။ နောက်ထပ်လည်း တသောင်းတန် တာဝန်ယူထား၏။
မြေး ရှင်ပြု နားသ
ယခု ထောင့်သုံးရာ သုံးဆယ့်ရှစ် ခုနှစ်ဝယ် မြေး ယောက်ျားကလေးသည် ငယ်ပင် ငယ်သော် လည်း မိမိတို့နှင့် ချွေးမ၏ မိခင်ကြီးသည် အသက်အရွယ် ကြီးရင့်ကြပြီ ဖြစ်၍ တယောက်သော မြေးကလေး၏ ရှင်အဖြစ်ကို မြင်လိုကြပါသည်။
ထို့ကြောင့် မြေးငယ် မြေးမတို့၏ ရှင်ပြု နားသ မင်္ဂလာ၌ ဖိတ်စာဝေသောအခါ စာအုပ်ကလေးပေါ်၌ ဖိတ်စာ ရိုက်နှိပ်၍ ဝေလိုပါသောကြောင့် လူအများဖတ်၍ အကျိုးများမည့် စာအုပ်ငယ်တစ်အုပ်ကို ချီးမြှင့်ပါရန် လျှောက်ထားသည်။
နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ
ထိုသို့ တောင်းပန် လျှောက်ထားသေ၁အခါ ဗုဒ္ဓသာသနာတော်နှင့် မိမိ ကျောင်းတိုက်၌ ဤမျှလောက် ကျေးဇူးပြုနေသူ၏ တောင်းပန်မှုကို ပယ်ရှားခြင်းငှါ မသင့်သောကြောင့် ရေးဖို့ အကြောင်းအရာကို စဉ်းစားရပါသည်။
ဤအချိန်၌ သုတ်မဟာဝဂ္ဂ - မဟာပရိနိဗ္ဗာနသုတ် ပါဠိတော် အဋ္ဌကထာကို ပို့ချနေရာ ပရိနိဗ္ဗာန် စံတော်မမူမီ ဆယ်လခန့် အခန်းသို့ ရောက်နေ၏၊ ပရိနိဗ္ဗာန် စံတော်မူခါ နီးနေသေ၁ ဗုဒ္ဓမြတ်စွာသည် အားနည်းနေပါလျက်နှင့် ထိုထို အကြောင်းအရာတို့ကို မလစ်လပ်အောင် အထပ်ထပ် မိန့်တော်မူနေရ၏၊
“ဤအချက်တို့ကို ရေးပြရလျှင် အများအဘွက် ဗုဒ္ဓါနုဿတိ ဘာဝနာပင် ဖြစ်စရာ ရှိ၏” ဟု ယူဆ၍ ဤကျမ်းစာငယ်ကို စီစဉ်ရပါသတည်း။
အရှင်ဇနကာဘိဝံသ
၁၃၃၈-ခုနှစ်
တန်ဆောင်မုန်းလ
နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ
မာတိကာ
ဗုဒ္ဓမြတ်စွာ၏ ကာယဗလတော်
သစ္စာ ၄-ပါး တရားတော်
တရားကြေးမုံတော်ကြီး
သီလကို စဉ်းစားခြင်း
ဥပုသ်သည်နှင့် ယောဂီများ
သာမဏေနှင့် ရဟန်းတော်များ
ဂုဏ်တော်များ၌ အဝေစ္စပသာဒ
သတ္တလောက သြကာသလောက
ပေတဂတိ ရောက်သူများ
သင်းချိုင်း တစ္ဆေများ
တိရစ္ဆာနဂတိ
အပါယ်ကျလျှင် လွတ်ခွင့်မရ
မနုဿဂတိ
စကြဝဠာအနန္တ
ဒေဝဂတိ
စတုမဟာရာဇ်ဘုံ
လူမိန်းမနှင့် ရုက္ခဇိုဝ်းနတ်
အသုရာ၊ နဂါးစသည်
တာဝတိံသာ
ယာမာ စသည်
ဗြဟ္မာ့ပြည်
သတ္တလောကကို သိတော်မူပုံ
တဆင့်သိကြရပုံ
ပါဠိတော်
သင်္ခါရလောက
ဥတုစသည်တို့က ရုပ်ကိုပြုပုံ
အပါယ်မကျတော့
ပါဠိတော် မြန်မာပြန်
သောတာပန်ဖြစ်ဖို့ ခဲယဉ်းသလော
သတိပဋ္ဌာန်တရားတော်
အတ္တရှိ၏ဟု စွဲလမ်းပုံ
ဘဝပြောင်းရာ၌ အတ္တစွဲပုံ
အနတ္တ အနိစ္စ ဒုက္ခ
ရုပ် နာမ် ခန္ဓာ
အဝိဇ္ဇာနှင့် တဏှာအရင်းခံ
သံဝေဂ၀တ္ထု ရှစ်ပါး
ကဆယ့်တသီး မီးတွေလောင်
ကမ္မဋ္ဌန်းမှန်သမျှ အဝိဇ္ဇာနှင့် တဏှာ ကုန်စေ
ကာယဂတာသတိ ကမ္မဋ္ဌန်း
နိကာယ်ဆောင် မထေရ် ၂-ပါး
တစပဉ္စက ကမ္မဋ္ဌန်း
ဓာတ်ကြီး ၄-ပါး သဘော
အထည်ရုပ်နှင့် အမွှန်းတင်
ရုပ်ကလာပ်
သတ္တိလွန်ကဲပုံ
သွားခြင်းကိစ္စ၌ သတိဉာဏ်
ခြေမြှောက်သောအခါ အစိတ် ၃-ပါး
ခြေချသောအခါ အစိတ် ၃-ပါး
စကားပြောခြင်း၌ သတိနှင့် ဉာဏ်
ဆွမ်းတထပ်ကို တိုင်းပြည်နှင့်မလဲ
လိစ္ဆဝီမင်းများ ဝတ်ဆင်လာပုံ
ဝေဠုဝရွာငယ်၌ ဝေဒနာ ဖြစ်တော်မူပုံ
သမာပတ်ဖြင့် ရောဂါကို တားတော်မူပုံ
ဗုဒ္ဓမြတ်စွာ မိန့်တော်မူခြင်း
အရှင်သာရိပုတ္တရာ
တန်ခိုးပြ၍ နောက်ဆုံးကန်တော့ခြင်း
ပရိနိဗ္ဗာန်စံခါနီး ရောဂါ
နတ်ဗြဟ္မာတို့ လာကြပုံ
မယ်တော်ကြီး လာ၍မေးခြင်း
သောတာပန် တည်စေခြင်း
ပရိနိဗ္ဗာန် စံတော်မူပုံ
မယ်တော်ကြီး ငိုကြွေးခြင်း
သာဓုကီဠနသဘင်
ရေဝတီအမျိုးသမီး
ဓာတ်တော်များကို လက်တော်တင်၍
အရှင်မောဂ္ဂလ္လာန် ပရိနိဗ္ဗာန်စံပုံ
အရှင်မောဂ္ဂလန်ကို အသတ်ခိုင်းခြင်း
ဥက္ကစေလသုတ်
ပရိနိဗ္ဗာန်မစံပဲ နေတော်မူနိုင်
မာန်နတ်တန်ခိုး
မာရ်နတ် တောင်းပန်ခြင်း
၃-လ လွန်လျှင် ပရိနိဗ္ဗာန် စံတော်မူမည်
ဥဒါန်းကျူးတော်မူခြင်း
မြေလှုပ်ခြင်း၏ အကြောင်း ၈-ပါး
အရှင်အာနန္ဒာ တောင်းပန်ခြင်း
ဗုဒ္ဓမြတ်စွာ ပယ်တော်မူခြင်း
အရှင်အာနန္ဒာအား တရားဟောတော်မူရခြင်း
ဩဝါဒပေးတော်မူခြင်း
ဝေသာလီကို နောက်ဆုံး ကြည့်တော်မူခြင်း
မဟာပဒေသ ၄-ပါး
စုန္ဒ၏ နောက်ဆုံးဆွမ်းတော်
သူကရမဒ္ဒဝ၌ ပါဒ အမျိုးမျိုး
ဝမ်းတော်လားခြင်း
ကုသိနာရုံ ကြွတော်မူခြင်း
ရေသောက်တော်မူလိုခြင်း
မလ္လာမင်းသား ပက္ကုသ ချဉ်းကပ်ခြင်း
မိုးကြိုးပစ်သံ မကြားလိုက်
ရွှေရောင်ဝတ်စုံကို လှူဒါန်းခြင်း
ရုပ်တော် အကြည်ဆုံး ၂-ချိန်
ရေသုံးသပ်တော်မူခြင်း
ခေတ္တလျောင်းတော်မူခြင်း
စုန္ဒကို သဒ္ဓါတိုးစေခြင်း
ညောင်စောင်းငယ်၌ လျောင်းတော်မူခြင်း
ရှိသမျှကားတော် ကုန်ခြင်း
ရည်ရွယ်တော်မူချက် ၃-မျိုး
နတ်တို့ပူဇော်ကြခြင်း
ဝရုဏ ပါရဏတို့ ပူဇော်ကြပုံ
အာမိသနှင့် ဓမ္မပူဇာ
ဥပဝါဏမထေရ်ကို ဖယ်စေတော်မူခြင်း
နတ်များ ငိုကြခြင်း
သံဝေဂယူဘို့ ၄-ဌာန
စေတီတော်ကို ဖူးရခြင်းအကျိုး
မာတုဂါမများ၌ ပြုဘွယ်
အလောင်းတော်ဝယ် ပြုဘွယ်
စေတီ တည်ထိုက်သော ပုဂ္ဂိုလ် ၄-မျိုး
သီလရှိ ပုထုဇဉ်
ငိုရမှ သောကအေး
သောကကို ဖြေတော်မူခြင်း
အရှင်အာနန္ဒာ၏ဂုဏ်
မဟာသုဒဿနသုတ်ကို ဟောတော်မူခြင်း
မလ္လာမင်းတို့ လာ၍ ရှိခိုးကြခြင်း
သုဘဒ္ဒပရိဗိုဇ်ဝတ္ထု
သုဘဒ္ဒ နောက်ဆုံးမှ ကျွတ်ရခြင်း
ဗုဒ္ဓကိုယ်စား တရားတော်များ
နောင်အခါ ခေါ်ကြပုံ
သိက္ခာပုဒ်အချို့ နုတ်နိုင်ပုံ
အရှင်ကဿပ မနုတ်ဘို့ မိန့်ခြင်း
အရှင်ဆန္နအား ဗြဟ္မဒဏ်ပေး
သံသယရှိလျှင် မေးလိုက်ကြ
ကျိန်းစက်တော်မမူရ
နောက်ဆုံးစကားတော်
ပရိနိဗ္ဗာန်စံတော်မူခြင်း
သဟမ္ပတိဗြဟ္မာ၏ သံဝေဂ ဂါထာ
သိကြားမင်း၏ သံဝေဂ ဂါထာ
အရှင်အနုရုဒ္ဓါ၏ သံဂေဂ ဂါထာ
ရှင်အာနန္ဒာ၏ သံဝေဂ ဂါထာ
ပရိနိဗ္ဗာန် ၃-မျိုး
မီးငြိမ်းခြင်း ဥပမာ
ဓာတုပရိနိဗ္ဗာန်
နိဗ္ဗာန် ၂-မျိုးမှ တမျိုးနိဗ္ဗာန်
လက္ခဏ ရသ ပစ္စုပ္ပဋ္ဌာန်
နိဗ္ဗာန်၏ ဂုဏ်တော်တချို့
မဟာသုဒဿန သုတ်တော်
ဥပုသ်စောင့်၍ ကောင်းမှုကို ဆင်ခြင်
စကြာရတနာ ဆိုက်ရောက်လာခြင်း
စကြာရတနာ၏ အကြောင်းအရာ
စကြာရတနာကို လည်စေခြင်း
တိုင်းသူပြည်သားများ လိုက်ပါပုံ
အရှေ့ကျွန်း မင်းများ
စကြာမင်း၏ ဩဝါဒ
သမုဒ္ဒရာအတွင်း သက်ဆင်းပုံ
ဆင်ပျံတော်ရတနာ
မြင်းရတနာ- ပတ္တမြားရတနာ
မိဖုရားရတနာ
သူကြွယ်ရတနာ
သားတော်ကြီးရတနာ
စကြာမင်းတန်ခိုး ၄-မျိုး
ရေကန် စသည်ကို ဖန်ဆင်းခြင်း
ဓမ္မမည်သော ပြာသာဒ်
နန်းပြာသာဒ်၌ တရားကျင့်
မေတ္တာပွါးစေခြင်း
သုဘဒ္ဒါဒေဝီ တွေ့မြင်လို၍ လာခြင်း
သုဘဒ္ဒါဒေဝီ သံတော်ဦးတင်ခြင်း
စကားအပြော သင်ပေးရခြင်း
သင်ပေးသည့်အတိုင်း သံတော်ဦးတင်ရခြင်း
ဗြဟ္မာ့ပြည်သို့ လားခြင်း
ကျန်ရစ်သော ရတနာများ
စကြာမင်း၏ ရှေးကောင်းမှု
အကြောင်းနှင့် အကျိုး တူပုံ
အားလုံး အနိစ္စ
မာတိကာ ပြီး၏။
နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ
နမော တသ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဗုဒ္ဓမြတ်စွာ၏ ကာယဗလတော်
“ကာယဗလ - ကိုယ်၏အား” ဟူသည် တေဇော ဝါယောဓာတ်တို့၏ သတ္တိတည်း*။
ဗုဒ္ဓမြက်စွာသည် ၄-သင်္ချေနှင့် ကမ္ဘာတသိန်း ကာလပတ်လုံး ဆည်းပူးတော် မူအပ်ခဲ့သော ပါရမီ ကောင်းမှုတို့ကြောင့် ရအပ်သော နောက်ဆုံး ကိုယ်ခန္ဓာတော်ဝယ် ထိုတေဇောဓာတ် ဝါယောဓာတ် (အားခွန်ဗလ) တော်သည် ဆဒ္ဒန်ဆင်မျိုး တစီး၏ အားခွန်ဗလထက် ဆယ်ဆမျှ သာ၏။
ပကတိ ရိုးရိုးဆင်တို့၏ အားခွန်ဗလ အားဖြင့်ကား ကုဋေ တထောင်မျှ ပမာဏ ရှိအောင် ကြီးမားတော်မူ၏။ ထိုသို့ အားခွန်ဗလ ကြီးမားအောင် ခန္ဓာကိုယ်တော်ဝယ် အရိုးချင်း ဆက်သွယ်ပုံ ကလည်း အများနှင့် တူတော်မမူ။ အရိုးချင်း ဆက်ရမည့် နေရာဝယ် သံကွင်းချင်း ဆက်သကဲ့သို့ ကွင်းဆက် ဆက်၏။
[ပစ္စေကဗုဒ္ဓါတို့၏ အရိုးဆက်ပုံသည် ချိတ်ဆက်ဖြစ်၍ လူအများ၏ ဆက်ပုံမှာ တေ့ဆက်သာ ဖြစ်သည်။]
မဟာဝီရ
ထိုကဲ့သို့သော အားခွန်ဗလဖြင့် တောင့်တောင့်တင်းတင်း ရှိတော်မူလှသော ဘုရားရှင်သည် တောထွက်တော် မမူခင်ကပင် အခြား သာကီဝင် မင်းသားတို့ထက် ထူးခြားမြင့်ကြွယ် တင့်တယ် တော်မူရကား မိထွေးတော် ဂေါတမီ စသူတို့က “နရပုင်္ဂ၀ - လူ့နွားလားကြီး”ဟု ၎င်း၊ “နရာသဘ - လူ့ဥသဘကြီး”ဟု၎င်း တင်စား၍ ခေါ်ကြ၏။
ယသော်ဓရာကား သားတော် ရာဟုလာကို ပြောပြရာ၌ သား၏ ခမည်းတော် ဆိုတာ“နရသီဟ - လူ့ ခြင်္သေ့မင်း”ဟု သုံးစွဲလေ၏။
ထို့ကြောင့် ဗုဒ္ဓမြတ်စွာသည် လူအများထက် ထူးခြား၍ ဝါဝါဝင်းဝင်း ရွှေအဆင်းဖြင့် ပြည့်တင်း သပ္ပါယ်တော် မူသည့်အပြင် ကြီးမားသော အားခွန်ဗလကြောင့် တက်တက် ကြွကြွ လုံ့လဝီရိယနှင့် ပြည့်ဝနေသည်ကိုသာ အမြဲ ဖူးမြင်ကြရ၏။
ထို့ကြောင့် “မဟာဝီရ - ကြီးမြတ်သော ဝီရိယရှင်”ဟု လူ နတ် အများပင် အမွှန်းတင်ကြရပေသည်။
အမှာ
နောက်၌ အားတော် ကုန်ခန်း၍ နွမ်းနယ်တော်မူပုံကို တွေ့ရသောအခါ သံဝေဂ ယူကြဘို့ရန် ဤနေရာ၌ ဗုဒ္ဓမြတ်စွာ၏ ပင်ကိုယ် အားတော်ကို ထုတ်ဖော်၍ ပြရပါသည်။
သစ္စာ ၄-ပါး တရားတော်
ဗုဒ္ဓမြတ်စွာသည် ကောဋိရွာ၌ သီတင်းသုံးတော်မူသောအခါ အရိယာ ဖြစ်ဘို့ရာ သစ္စာ ၄-ပါး တရားကို ဟောတော်မူသည်။
ဘိက္ခုတို့ … အရိယာ အဖြစ်ကို ပြုတတ်သော ၄-ပါးသော သစ္စာတို့ကို မဂ်အား လျော်စွာ ဝိပဿနာ ဉာဏ်ဖြင့် မသိခြင်း၊ မဂ် ဖိုလ် တို့ဖြင့် ထိုးထွင်း၍ မသိခြင်းကြောင့် ဤမျှလောက် ရှည်လျားသော သံသရာ ကာလပတ်လုံး ငါဘုရား၏၎င်း၊ အသင်တို့၏ ၎င်း တဘဝမှ တဘဝသို့ ပြေးသွားရခြင်း၊ ဘဝ တရပ်၌ပင် အထပ်ထပ် လည်ရခြင်း ဖြစ်ခဲ့ပြီ။
အဘယ် ၄-ပါးတို့နည်း။
ဘိက္ခုတို့ … ဒုက္ခဖြစ်သော အရိယသစ္စာကို မဂ်အားလျော်စွာ ဝိပဿနာ ဉာဏ်ဖြင့် မသိခြင်း၊ မဂ်ဖိုလ်တို့ဖြင့် ထိုးထွင်း၍ မသိခြင်းကြောင့် ဤမျှလောက် ရှည်လျားသော သံသရာ ကာလပတ်လုံး ငါဘုရား၏၎င်း၊ အသင်တို့၏၎င်း တဘဝမှ တဘဝသို့ ပြေးသွားရခြင်း၊ ဘဝတရပ်၌ပင် အထပ်ထပ် လည်ရခြင်း ဖြစ်ခဲ့ပြီ။
ဘိက္ခုတို့ … ဒုက္ခ၏ ဖြစ်ကြောင်း သမုဒယမည်သော အရိယသစ္စာကို မဂ်အားလျော်စွာ ဝိပဿနာဉာဏ်ဖြင့် မသိခြင်း၊ မဂ်ဖိုလ်တို့ဖြင့် ထိုးထွင်း၍ မသိခြင်းကြောင့် ဤမျှလောက် ရှည်လျားသော သံသရာ ကာလပတ်လုံး ငါဘုရား၏၎င်း၊ အသင် တို့၏၎င်း တဘဝမှ တဘဝသို့ ပြေးသွားရခြင်း၊ ဘဝတရပ်၌ပင် အထပ်ထပ် လည်ရခြင်း ဖြစ်ခဲ့ပြီ။
ဘိက္ခုတို့ … ဒုက္ခ၏ ချုပ်ကြောင်း နိရောဓ မည်သော အရိယသစ္ခာကို မဂ်အားလျော်စွာ ဝိပသာနာဉာဏ်ဖြင့် မသိခြင်း၊ မဂ်ဖိုလ်တို့ဖြင့် ထိုးထွင်း၍ မသိခြင်း ကြောင့် ဤမျှလောက် ရှည်လျားသော သံသရာ ကာလပတ်လုံး ငါဘုရား၏၎င်း၊ အသင်တို့၏၎င်း တဘဝမှ တဘဝသို့ ပြေးသွားရခြင်း၊ ဘဝတရပ်၌ပင် အထပ်ထပ် လည်ရခြင်း ဖြစ်ခဲ့ပြီ။
ဘိက္ခုတို့ … ဒုက္ခနိရောဓမည်သော နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော မဂ္ဂင်ရှစ်ဖြာ အရိယသစ္စာကို မဂ် အားလျော်စွာ ဝိပဿနာဉာဏ်ဖြင့် မသိခြင်း၊ မဂ်ဖိုလ်တို့ဖြင့် ထိုးထွင်း၍ မသိခြင်းကြောင့် ဤမျှလောက် ရှည်လျားသော သံသရာ ကာလပတ်လုံး ငါဘုရား၏၎င်း၊ အသင်တို့၏၎င်း တဘဝမှ တဘဝသို့ ပြေးသွားရခြင်း၊ ဘဝတရပ်၌ပင် အထပ်ထပ် လည်ရခြင်း ဖြစ်ခဲ့ပြီ။
ဘိက္ခုတို့ … ငါဘုရားသည် ဒုက္ခမည်သော ထိုအရိယသစ္စာကို မဂ်အားလျော်စွာ ဝိပသာနာ ဉာဏ်ဖြင့် သိအပ်ပြီ၊ မဂ်ဖိုလ်တို့ဖြင့် ထိုးထွင်း၍ သိအပ်ပြီး
ဒုက္ခသမုဒယ မည်သော ထို အရိယသစ္စာကို မဂ်အားလျော်စွာ ဝိပသာနာဉာဏ်ဖြင့် သိအပ်ပြီ။ မဂ်ဖိုလ်တို့ဖြင့် ထိုးထွင်း၍ သိအပ်ပြီ။
ဒုက္ခ နိရောဓမည်သော ထို အရိယသစ္စာကို မဂ်အားလျော်စွာ ဝိပဿနာဉာဏ်ဖြင့် သိအပ်ပြီ။ မဂ်ဖိုလ်တို့ဖြင့် ထိုးထွင်း၍ သိအပ်ပြီ။
ဒုက္ခနိရောဓ မည်သော နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သေ၁ မဂ္ဂင်ရှစ်ဖြာ ထို အရိယသစ္စာကို မဂ် အားလျော်စွာ ဝိပဿနာဉာဏ်ဖြင့် သိအပ်ပြီ။ မဂ်ဖိုလ်တို့ဖြင့် ထိုးထွင်း၍ သိအပ်ပြီ။
ဘဝကို တပ်မက်တတ်သောတဏှာကို အကြွင်းမဲ့ ဖြတ်အပ်ပြီ။
ဘဝသို့ ဆောင်တတ်သော တဏှာ တည်းဟူသော ကြိုးသည် ကုန်ခန်းလေပြီ။
ယခုအခါ၌ ငါဘုရားမှာ နောက်ထပ် ဘဝ မရှိတော့။
ဤသို့ ဟောတော်မူသည်။
ဤသို့ ဟောတော်မူပြီးနောက် --
ဤတရား ဤတရားကား သီလတည်း၊
ဤဈာန် ဤဈာန်ကား သမာဓိတည်း၊
ဤဉာဏ် ဤဉာဏ်ကား ပညာတည်း။
သီလဖြင့် ထုံအပ်သော သမာဓိသည် များသော အကျိုးရင်းရှိ၏။ များသော အကျိုးဆက် ရှိ၏။
သမာဓိဖြင့် ထုံအပ်သော ပညာသည် များသော အကျိုးရင်းရှိ၏။ များသော အကျိုးဆက်ရှိ၏။
ပညာဖြင့် ထုံအပ်သော စိတ်သည် ကောင်းစွာသာလျှင် အာသဝေါတို့မှ လွတ်နိုင်၏။
ဤသို့ ဟောတော်မူသည်။
သစ္စာ ၂-ပါး၏ အဓိပ္ပါယ်
ဒုက္ခသစ္စာ ဆင်းရဲတာအမှန်
ပဋိသန္ဓေ နေရခြင်းသည် ဆင်းရဲ၏။ အိုရခြင်းသည် ဆင်းရဲ၏။ မကျန်းမမာ ဖျားနာရ အနာရောဂါ အမျိုးမျိုး ဖြစ်ရခြင်းသည် ဆင်းရဲ၏။ သေရခြင်း သေခါနီးနေခြင်းသည် ဆင်းရဲ၏။ ရွံမုန်းအပ် သူတို့နှင့် အတူနေရခြင်းသည် ဆင်းရဲ၏။ ချစ်အပ်သူနှင့် ကွဲ၍နေရခြင်းသည် ဆင်းရဲ၏။ လိုချင်တာကို မရခြင်းသည် ဆင်းရဲ၏။
(ထို ဆင်းရဲအားလုံးသည် ဤခန္ဓာကိုယ် ရှိနေသည့်အတွက် ဖြစ်ရသောကြောင့်) အချုပ်အားဖြင့် ဤ ခန္ဓာကိုယ်သည် ဆင်းရဲအားလုံး၏ အကြောင်းဖြစ်၍ မကောင်းသော ဒုက္ခတုံးကြီး ဖြစ်သတည်း။
သမုဒယ သစ္စာ
ဒုက္ခဖြစ်ကြောင်း အမှန်
တဏှာသည် တပ်မက် ခင်မင် လိုချင်တတ်၏။ “လောဘ”ဟုလည်း ခေါ်ရ၏။
ထို တဏှာ လောဘကို ဒုက္ခသစ္စာအားလုံး၏ အကြောင်းရင်း အခြေခံ အမှန်ပင် ဖြစ်သောကြောင့် “သမုဒယသစ္စာ”ဟု ခေါ်သည်။
ပဋိသန္ဓေနေရခြင်း ဆင်းရဲမှစ၍ ဆင်းရဲအမျိုးမျိုးသည် ဘဝသစ်ကို ရခြင်းကြောင့် ဖြစ်၏။ ထိုဘဝ အသစ်ကိုလည်း ဤ တဏှာလောဘ၏ လိုချင်မှုကြောင့် ရကြသည်။
ကာမ တဏှာ
လောကီအာရုံ ကာမဂုဏ်တွေကို လိုချင်မှုသည် ဤ တဏှာလောဘပင် ဖြစ်၏။
ဤတဏှာလောဘသည် ရလေ လိုလေ ဖြစ်၏။ ပစ္စည်းဥစ္စာ မရှိသူ၌ စားဘို့ သောက်ဘို့ ဝတ်ဘို့ နေဘို့လောက်ကို လိုချင်၏။ ထို လိုချင်သလောက် ရသောအခါ ကောင်းကောင်းစားဘို့ သောက်ဘို့ ဝတ်ဘို့ နေဘို့ လိုချင်ပြန်၏။ ထိုအတိုင်း ရပြန်သေ၁အခါ အပိုခံစားဘို့ အပိုသိမ်းထားဘို့ လိုချင်ပြန်၏။
ထို လိုချင်မှုကား မီးခိုးမဆုံး မိုးမဆုံးပင် ဖြစ်၏။
နွားကြီးလေ ဦးချိုရှည်လေ
နွားကလေး၌ ပေါက်ခါစ ဦးချိုကလေးသည် ပဌမသော် အဖုကလေးမျှသာ ဖြစ်၏။
ထို အဖုကလေးသည် နွားကလေး ကြီးတိုင်း ကြီးတိုင်း ရှည်၍ ရှည်၍ လာ၏။
ထို့အတူ တရားဖြင့် မထိန်းနိုင် မချုပ်တည်းနိုင်သော လောဘသည် ကလေးဘဝမှစ၍ တဖြည်းဖြည်း ကြီး၍ကြီး၍ လာခဲ့ရာ။ သေခါနီး တိုင်အောင် နောက်မဆုတ်နိုင်ပဲ ဖြစ်၏။ ထို လောဘ၏ တိုက်တွန်းမှုကြောင့် ပစ္စည်းရှာတိုင်း နေ့စဉ် နေ့စဉ် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေ ဖြစ်ရတတ်လေသည်။
သေခါနီး အချိန်
သေချိန်ရောက်၍ သေပေါက်သေဝသို့ ဝင်ရသောအခါ မရဏဒုက္ခ အမျိုးမျိုးကို ခံစားရင်းပင် တသက်လုံး တွယ်တာ စွဲလမ်းအပ်သော သက်မဲ့ ပစ္စည်းတို့ကို၎င်း၊ သက်ရှိ သံယောဇဉ်တို့ကို၎င်း မခွဲနိုင် မခွါရက် ဖြစ်နေရကား ထိုပစ္စည်း ထို သံယောဇဉ်တို့ကပင် အဝေးသို့မရောက်စေပဲ အိမ်အနီး အပါး၌ ပြိတ္တာ ဖြစ်အောင် သွေးဆောင်လေသည်။
ထိုသို့ အနီးအပါး၌ မဖြစ်ပဲ အခြား ဘဝသို့ ရောက်ပြန်လျှင်လည်း ဇာတိဒုက္ခစသော ဒုက္ခအမျိုးမျိုး နှင့် တွေ့ရမည်သ၁။ နတ်ဘဝ၌ ဖြစ်ရသူသည်ပင် နောက်ဆုံးအချိန်၌ အလွန်ပူဆွေးသော မရဏဒုက္ခနှင့် တွေ့ရပါသေးသည်။
[နိရောဓသစ္စာ၏ အဓိပ္ပါယ်ကို ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူခန်း၌ ပြပါမည်။ မဂ္ဂသစ္စာကိုကား အနာဂတ် သာသနာ ဓမ္မစကြာခန်း၌ ရှုပါ။]
တရားကြေးမုံတော်ကြီး
ဗုဒ္ဓမြတ်စွာသည် တောရွာ၌ ကျွတ်ထိုက်သော သတ္တဝါတို့အလိုက် နေထိုက်သမျှ နေတော်မူပြီး၍ နာဋိကာရွာသို့ ကြွတော်မူ၏။ ထိုရွာ၌ အရှင်အာနန္ဒာသည် ကွယ်လွန်ပြီးသော ရဟန်းယောက်ျား၊ ရဟန်းမိန်းမ၊ ဥပသကာယောက်ျား၊ ဥပါသိကာ မိန်းမတို့၏ ရောက်ရာဂတိကို မြတ်စွာဘုရားအား မေးလျှောက်၏။
ဗုဒ္ဓမြတ်စွာလည်း ထိုပုဂ္ဂိုလ်တို့၏ ရောက်ရာဂတိကို ဖြေတော်မူ၏၊
ဖြေတော်မူပြီးသောအခါ...
“အာနန္ဒာ ... ကွယ်လွန်တိုင်း ကွယ်လွန်တိုင်းသော ပုဂ္ဂိုလ်တို့၏ ရောက်ရာဂတိကို မေးကြလျှင် ငါဘုရား ပင်ပန်းရုံသာရှိမည်။ မည်သူကိုမျှ မမေးပဲ မိမိကိုယ်ကို မိမိ ဆုံးဖြတ်နိုင်ဘို့ရာ ဓမ္မာဒါသ (တရားတည်း ဟူသော ကြေးမုံမှန်ကြီး) ကို ပြတော်မူမည်” ဟု မိန့်တော်မူ၍ “တရားမှန်တော် ကြီး” ဟု ဆိုရလောက်အောင်ပင် မိမိကိုယ်ကို မိမိကြည့်နိုင် မြင်နိုင်သော တရားတော်ကို ဟောတော်မူပါသည်။
“အာနန္ဒာ အရိယာဖြစ်တော်မူသော ငါဘုရား၏ သာဝက (စကား နားထောင်သော တပည့်) ဖြစ်သူသည် အကြင်တရား တည်းဟူသော မှန်ကြီးနှင့် ပြည့်စုံသော မိမိကိုယ်ကို မိမိ သိမြင် ရသောအခါ
“ငါ့မှာငရဲသို့ ရောက်ဘို့ အကြောင်းလည်း ကုန်ပြီ၊
တိရစ္ဆာန်ဖြစ်ဘို့ အကြောင်းလည်း ကုန်ပြီ၊
ပြိတ္တာဖြစ်ဘို့ အကြောင်းလည်း ကုန်ပြီ၊
အပါယ်ဒုဂ္ဂတိသို့ ကျဘို့ အကြောင်းလည်း ကုန်ပြီ၊
ငါသည် သောတာပန် ဖြစ်ပြီ၊
ဖောက်ဖောက် ပြန်ပြန် အပါယ် ၄-ပါး၌ ကျရောက်ခြင်းသဘော မရှိတော့”
ဟု မိမိ ကိုယ်ကို မိမိဘာသာ ဖြေဆိုနိုင်၏။
ထိုသို့ ဖြေဆိုနိုင်ကြောင်း ဖြစ်သော တရားကြေးမုံ (မှန်ကြီး) ဟူသည် အဘယ်နည်း။ ဤသို့ မေးအံ့ …
၁။ အရိယာဖြစ်တော်မူသော မြတ်စွာဘုရား၏ တပည့်သာဝကသည် ဗုဒ္ဓမြတ်စွာ၏ အရဟတာ စသော ဂုဏ်တော်တို့ကို စေ့စေ့ငုငု ဉာဏ်ဖြင့် ရှု၍ အာရုံပြုသောအခါ ဗုဒ္ဓမြတ်စွာ၌ နှစ်နှစ်ကာကာ လွန်စွာ ကြည်ညိုသော သဒ္ဓါတရား ဖြစ်ပေါ်လာ၏။
ဤသို့ မြတ်စ္စာဘုရား၏ အပေါ်၌ “အဝေစ္စ + ပသာဒ (ဉာဏ်ဖြင့် သက်ဝင်၍ + ကြည်ညိုခြင်း)” ဟု ခေါ်ရလောက်အောင် ပညာရှေ့သွားရှိသော သဒ္ဓါတရားနှင့် ပြည့်စုံ၏။
၂။ အရိယာဖြစ်တော်မူသော မြတ်စွာဘုရား၏ တပည့်သာဝကသည် တရားတော်၏ သွာက္ခာတတာ စသော ဂုဏ်တော်တို့ကို စေ့စေ့ငုငု ဉာဏ်ဖြင့် ရှု၍ အာရုံပြုသောအခါ တရားတော်၌ နှစ်နှစ်ကာကာ လွန်စွာကြည်ညိုသော သဒ္ဓါတရား ဖြစ်ပေါ်လာ၏။ ဤသို့ တရားတော်၏ အပေါ်၌ “အဝေစ္စ + ပသာဒ (ဉာဏ်ဖြင့် သက်ဝင်၍ + ကြည်ညိုခြင်း)” ဟု ခေါ်ရလောက်အောင် ပညာရှေ့သွားရှိသော သဒ္ဓါတရားနှင့် ပြည့်စုံ၏။
၃။ အရိယာ ဖြစ်တော်မူသော မြတ်စွာဘုရား၏ တပည့်သာဝကသည် အရိယာ ဖြစ်ပြီးသော သံဃာတော်၏ သုပ္ပဋိပန္နတာ စသော ဂုဏ်တော်တို့ကို စေ့စေ့ငုငု ဉာဏ်ဖြင့်ရှု၍ အာရုံပြုသောအခါ အရိယာ သံဃာတော်၌ နှစ်နှစ်ကာကာ လွန်စွာ ကြည်ညိုသော သဒ္ဓါတရား ဖြစ်ပေါ်လာ၏။
ဤသို့ အရိယာသံဃာတော်၏ အပေါ်၌“ အဝေစ္စ + ပသာဒ = (ဉာဏ်ဖြင့်သက်ဝင်၍ + ကြည်ညိုခြင်း)” ဟု ခေါ်ရလောက်အောင် ပညာရှေ့သွားရှိသော သဒ္ဓါတရားနှင့် ပြည့်စုံ၏။
၄။ အရိယာဖြစ်သူတို့ အလွန် နှစ်သက်အပ်သော၊ မကျိုး မပေါက် မပြောက် မကျားသော၊ တဏှာဖြင့် လောကီစည်းစိမ်ကိုလည်း မတောင့်တသော၊ ပညာရှိတို့ ချီးမွမ်းအပ်သော၊ တဏှာ ဒိဋ္ဌိတို့ဖြင့် မသုံးသပ်အပ်သော၊ ဥပစာရသမာဓိ အပ္ပနာ-သမာဓိကို ဖြစ်စေနိုင်သော ငါးပါးသီလနှင့် ပြည့်စုံ၏။
ဤပြည့်စုံခြင်း ၄-ပါးသည် မိမိကိုယ်ကို စဉ်းစား၍ ကြည့်သောအခါ ငရဲ စသည်မှ လွတ်ပြီဟု သိမြင်နိုင်သော တရားတော် ကြေးမုံ မှန်ကြီး ဖြစ်၏။
ဤကြေးမုံမှန်ကြီးကိုကြည့်၍ မိမိကိုယ်ကို မိမိဘာသာ -
“ငရဲလဲ ကုန်ပြီ၊
တိရစ္ဆာန်အမျိုးလဲ ကုန်ပြီ၊
ပြိတ္တာဘဝလဲ ကုန်ပြီ၊
မကောင်းသော ဒုဂ္ဂတိဟူသမျှ ကုန်ပြီ၊
သောတာပန် ဖြစ်ပြီ”
ဟု ဖြေနိုင်သည်။
ဤသို့ မိမိ ကိုယ်ကိုကြည့်၍ မိမိဘာသာ ဖြေနိုင်ကြောင်း ကောင်းမြတ်သော တရား ထောက်မှန်ကြီး ဟူသည် ဤ ၄-ပါးပင် ဖြစ်သတည်း။
အဓိပ္ပါယ် ရှင်းပြချက်
သီလကို စဉ်းစားခြင်း
“မိမိကိုယ်ကို ငရဲစသည်မှ လွတ်ပြီ”ဟု ဆုံးဖြတ်နိုင်လောက်အောင် ပြည့်စုံရမည့် ဂုဏ်အင်္ဂါ ၄-ပါး တွင် ရှေးဦးစွာ မိမိသီလ၏ စင်ကြယ် - မစင်ကြယ်ကို စဉ်းစား သင့်ပါသည်။ ထို့ကြောင့် လူဝတ်ကြောင်ဖြစ်လျှင် ၅-ပါးသီလ၊ အာဇီဝဋ္ဌမကသီလနှင့် ပြည့်စုံနေပုံကို အာရုံပြုပါ။ မပြည့်စုံ၍ မဖြစ်။ ဧကန် ပြည့်စုံရမည့် သီလများ ဖြစ်ပါသည်။
၅-ပါးသီလကို အရိယာပုဂ္ဂိုလ်တို့သည် အလွန် နှစ်သက်ကြ၏။ အရိယာဖြစ်ပြီးသူသည် တဘဝ ပြောင်းသွားသော်လည်း နောက်ဘဝ၌ မည်သူ့ထံမှ သီလမခံရပဲ ၅-ပါးသီလ ပြည့်စုံနေ၏။
ထို့ကြောင့် ၅-ပါးသီလနှင့် အသက်မွေးဝမ်းကျောင်း စင်ကြယ်သော အာဇီဝဋ္ဌမက သီလသည် မပြည့်စုံလျှင် မဖြစ်။ ဧကန် ပြည့်စုံရမည့် (ခါးဝတ်ကဲ့သို့ မြဲရမည့်) ဂုဏ်အင်္ဂါတပါး ဖြစ်ပါသည်။
မှတ်ချက်
အသက်မွေးဝမ်းကျောင်း မစင်ကြယ်၍ အာဇီဝဋ္ဌမက သီလပျက်လျှင် ပါဏာတိပါတ သော်၎င်း၊ အဒိန္နာဒါနသော်၎င်း၊ မုသာဝါဒသော်၎င်း၊ ပျက်တတ်သောကြောင့် ၅-ပါး သီလကို စင်ကြယ်စေ လိုသော ပုဂ္ဂိုလ်သည် အာဇီဝဋ္ဌမကသီလကိုလည်း စောင့်ထိန်းပြီး ဖြစ်ရမည် ဟုမှတ်ပါ။
[ငါးပါးသီလ အာဇီဝဋ္ဌကေ သီလတို့ကို ရတနာ့ဂုဏ်ရည်၌ ပြထားပါသည်။]
ဥပုသ်သည်နှင့် ယောဂီသီလရှင်များ
ရှစ်ပါးသီလကို ထိန်းရသော ဥပုသ်သည်၊ သို့မဟုတ် ယောဂီ သူတော်စင် သီလရှင်ဖြစ်လျှင် မိမိ၏ ဥပုသ်သီလကို အလွန်စင်ကြယ်အောင် မာလာဂန္ဓ ဝိလေပန (ပန်း နံ့သာ ရေမွှေးဆပ်ပြာနှင့် မသိမသာ မျက်နှာချေ ပေါင်ဒါ သုံးစွဲမှု) ကိုပါ အထူး ရှောင်ကြဉ်ရပါသည်။
လှပအောင် ဝတ်ရ၊ အရသာခံ၍ စားရသော အဝတ် အစားများကို ရှောင်ရှား၍ သန့်ရှင်းရုံ အဝတ်၊ ကျန်းမာရုံ အစာများကိုသာ ဝတ်ရုံ စားသုံးနိုင်လျှင် ဣန္ဒြိယသံဝရ သီလလည်း စင်ကြယ်နိုင်ပါသည်။
သာမဏေများ
ရှင်သာမဏေများသည် မိမိတို့ အမြဲ ထိန်းသိမ်းရသော မထိန်းလျှင် မဖြစ်၊ ဧကန် ထိန်းရသော ၁၀ ပါးသီလကို၎င်း၊ ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်း ၄-ပါးတို့ကို နေ့စဉ် ဆင်ခြင်ရသော ပစ္စယသန္နိဿိတသီလကို၎င်း၊ ရွာတွင်းသို့ (ကျန်းမာရေး မထိခိုက်လျှင်) ဖိနပ်မစီးပဲ သင်္ကန်း ရုံလျက် စက္ခုန္ဒြေချ၍ သွားရခြင်း စသော သေခိယ သိက္ခာပုဒ်များကို၎င်း၊ မစောင့်ထိန်းလျှင် မဖြစ်၊ ဧကန် စောင့်ထိန်းရမည့် သိက္ခာပုဒ် သီလများ ဖြစ်ပါသည်။
ရဟန်းတော်များ
ရဟန်းဖြစ်သောအခါ ရှင်သာမဏေထက်ပင် ပို၍ ထိန်းသိမ်းရသော သိက္ခာပုဒ် သီလတော်များကို တပါးတလေမျှ မပျက်ရအောင် ထိန်းသိမ်းနိုင်မှသာ “သီလနှင့် ပြည့်စုံခြင်း”ဟူသော ၄-ပါးမြောက် ဂုဏ်အင်္ဂါနှင့် ပြည့်စုံနိုင်ပါသည်။
အကျိုးအဆက်ဆက်
ဆိုင်ရာ သီလများနှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည် မိမိသီလကို မကြာမကြာ ဆင်ခြင်တိုင်း စိတ် နှလုံး ရွှင်လန်း ဝမ်းမြောက်မှု ပါမောဇ္ဇ ဖြစ်၏။ ထို ဝမ်းမြောက်မှုမှ ဆက်၍ ကိုယ့်သီလကို နှစ်သက်မှု ပီတိ ဖြစ်၏။ ထိုပီတိမှ တဆင့်တက်၍ ကိုယ်ရော စိတ်ပါ၊ ငြိမ်းချမ်းမှု ပဿဒ္ဓိ ဖြစ်၏။ ထိုကဲ့သို့ နှစ်သက်ဘွယ် များနှင့် ပြည့်စုံနေသော ပုဂ္ဂိုလ်သည် ငရဲ တိရစ္ဆာန် ပြိတ္တာ မဖြစ်နိုင်တော့။ ဧကန်မုချ သုဂတိဘဝသို့သာ ရောက်ဘို့ ရှိတော့သည်။ အကယ်၍ မိမိ စောင့်ထိန်းရမည့် သီလထည်းမှ တပါးတလေမျှ ပျက်ခဲ့လျှင် တိရစ္ဆာန် ပြိတ္တာဘဝမှ မလွတ်ကြပဲ သာမန် လူများကဲ့သို့ ဖြစ်ရတတ်ပါ သေးသည်။
ထို့ပြင် - သီလပင် စင်ကြယ်စေကာမူ သံယောဇဉ် မကင်းတတ်သူတို့အတွက် ထို သံယောဇဉ်တို့ကပင် အနီးအပါးမှ ခွါ၍ မသွားနိုင်အောင် ဆွဲဆောင်၍ ထားတတ် သည်ကိုလည်း သတိပြုသင့်သေး၏။
ထို့ကြောင့် အရှည်ကိုမျှော်သော သူတော်စင် ဟူသမျှတို့သည် သက်ရှိ သက်မဲ့ သံယောဇဉ်တို့ကို မတွယ်တာနိုင်အောင် သတိထား၍ မိမိသီလကိုသာ ပွတ်သစ်စ ခရုသင်းကဲ့သို့ ဖြူစင်သန့်ရှင်းအောင် ကြိုးစားသင့်ကြပါသည်။
ဗုဒ္ဓ၏ဂုဏ်တော်များကို ဉာဏ်ဖြင့် သက်ဝင်၍ ကြည်ညိုပုံ
သိရီဘုန်းတော်
“ရွှေမျက်နှာတော်၊ လက် ခြေတော်မှ၊
စ၍မကြွင်း၊ ပင်လုံးဝင်းသည့်၊
ပန်းမင်းအနေ၊ ကျက်သရေ မင်္ဂလာ၊
စုဝေးကာဖြင့်၊ လွန်စွာတင့်တယ်၊
သပ္ပါယ်တော်မူသော သိရီဘုန်းတော်”
ဤ ဘုန်းတော်သည် ဘဂဝါဂုဏ်တော်တွင် ပါဝင်သော ဂုဏ်တော်များဝယ် တပါးမျှသာ ရှိသေး၏။
အဝေစ္စပသာဒ
ထိုမျှလောက် သပ္ပါယ်တော်မူသော ရုပ်အဆင်းတော်ကို ရတော်မူခြင်း၏ အကြောင်းမှာ အတုမရှိ ဖြည့်တော်မူအပ်ခဲ့သော ကောင်းမှု ပါရမီတော်များ ဖြစ်၏။ ထိုကောင်းမှု ပါရမီတော်များကြောင့် ထိုမျှလောက် သပ္ပါယ်တော်မူပုံကို ရတနာ့ဂုဏ်ရည် အစဆုံး ရုပ်ပုံတော်ဖွင့်၌ ပြခဲ့ပါပြီ။
ထိုအဖွင့်အတိုင်း ကြည့်ရှု၍ ရုပ်အဆင်း၏ သပ္ပါယ်တော်မူပုံကို ဉာဏ်ဖြင့် သက်ဝင်၍ ယုံကြည်သော အခါ ထိုဂုဏ်တော် အတွက် ဗုဒ္ဓမြတ်စွာ၌ အဝေစ္စ ပသာဒ (ဉာဏ်ဖြင့် သက်ဝင်၍ ယုံကြည်ခြင်း) ဖြစ်ပြီဟု မိမိဘာသာ ဆုံးဖြတ်၍၊ ထို ယုံကြည်ပုံကို မှန်၌ ကြည့်သလို ဉာဏ်ဖြင့် အထပ်ထပ် ရှုပါ။
အရဟံဂုဏ်တော်
“တထောင့်ငါးရာ၊ ကိလေသာတို့၊
ဝါသနာဓလေ့၊ အထုံငွေ့မျှ၊
မငွေ့ မရိပ်၊ ဝင်းဝင်းဖိတ်သို့၊
ရွှေစိတ်ပြန့်သင်း၊ လွန်သန့်ရှင်းသော၊
အရဟံဂုဏ်တော်.....”
ပြအပ်ခဲ့ပြီးအတိုင်း သက်တော်ထင်ရှား မြတ်ဘုရားကို ထင်မြင်လာသောအခါ ထိုမြတ်ဘုရား၏ ပုံတော်အတွင်း၌ ဤ အရဟံဂုဏ်တော်ကိုသွင်း၍ အာရုံပြုပါ။ အလွန် သပ္ပါယ်သော ရုပ်ပုံတော်ဝယ် “လောဘ-ဒေါသ” စသော ကိလေသာ အနောက်အကျုကင်း၍ သန့်ရှင်း စင်ကြယ်သော စိတ်တော်ကို ဖူးမြင်ရပါလိမ့်မည်။
အဝေပစ္စ ပသာဒ
သိရီဘုန်းဆော်ကြောင့် ကျက်သရေမင်္ဂလာ စုဝေးကာဖြင့် လွန်စွာ ဝင့်ထယ် သပ္ပါယ်တော်မူသော သက်တော်ထင်ရှား မြတ်ဘုရားအတွင်း၌ ကိလေသာ အနောက် အကျု ကင်း၍ သန့်ရှင်းသော စိတ်တော်ကို အာရုံပြုရသောအခါ ဗုဒ္ဓမြတ်စွာ အပေါ်၌ ဉာဏ်ဖြင့် သက်ဝင်၍ ကြည်ညိုသောစိတ် ဖြစ်ပေါ်လာပါလိမ့်မည်။
ထိုစိတ်ဖြစ်သောအခါ ဗုဒ္ဓမြတ်စွာ၏ အရဟံဂုဏ်တော်ကို ဉာဏ်ဖြင့် သက်ဝင်၍ ကြည်ညိုသော အဝေစ္စ ပသာဒဖြစ်ပြီဟု မိမိကိုယ်ကို ဆုံးဖြတ်နိုင်ပါသည်။
သမ္မာသမ္ဗုဒ္ဓဂုဏ်တော်
“သဗ္ဗဉ်ဉာဏ်အား၊ စွမ်းပကားဖြင့်၊
များသင်္ခါရ၊ ဝိကာရနှင့်၊
လက္ခဏပညတ်၊ နိဗ္ဗာန်ဓာတ်ဟု၊
၅-ရပ်သိရန်၊ ဉေယျဓမ်ကို၊
ဖောက်ပြန်မရှိ၊ ကိုယ်တော်တိုင်၊
သိတော်မူသော၊ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်..”
ဤဂုဏ်တော်၌ ပြအပ်သော သင်္ခါရ၊ ဝိကာရ၊ လက္ခဏ၊ နိဗ္ဗာန်၊ ပညတ် ဟူသော သိဘွယ် တရားငါးပါးကို အကြမ်းအားဖြင့် နားလည်အောင် ရတနာ့ဂုဏ်ရည် သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော် အဖွင့်ကို ကြည့်ပါ။
ထိုတရားတို့ကို သိတော်မူရာ၌ ရဟန္တာ သာဝကများကဲ့သို့ သူတပါးအထံမှ တဆင့်ကြားရ၍ သိတော်မူခြင်း မဟုတ်ပဲ ကိုယ်တော်၏ဉာဏ်ဖြင့် ထိုးထွင်း၍ သိတော်မူသောကြောင့်၎င်း၊ ထိုသို့ သိရာဝယ် တစုံတခုမျှ အမှားအယွင်း မရှိသော ကြောင့်၎င်း၊ “သမ္မာ ဗုဒ္ဓ = အမှန်အတိုင်း သိတော်မူသောဘုရား၊ သံဗုဒ္ဓ = ကိုယ်တော်တိုင် သိတော်မူသောဘုရား”ဟု ပညာရှိ လူ နတ် ဗြဟ္မာတို့ ချီးမွမ်းကြ ပါသည်။
ဤနေရာဝယ် သဗ္ဗညုတ ဉာဏ်တော်၏အစွမ်း ၃-ပါးကို ဖော်ပြသော အောက်ပါ လင်္ကာ ၃-ပုဒ်ကို အရကျက်၍ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ကို အာရုံပြုပါ။
၁။ သိရန်မှန်က မကျန်ရအောင်
လုံးဝစုံလင် အကုန်မြင်
သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
၂။ သိသည့်တရား များအပြား၌
ဟောထားစဖွယ် နည်းသွယ်သွယ်ကို
ခြယ်လှယ်စုံလင် အကုန်မြင်
သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
၃။ ကျွတ်ထိုက်ကြပေ များဝေနေ၏
ဣန္ဒြေစရိုက် သူ့အကြိုက်ကို
နှိုက်ချွတ်စုံလင် အကုန်မြင်
သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
အဝေစ္စပသာဒ
သိရီ ဘုန်းတော်ဖြင့် သပ္ပါယ်သော ရုပ်အဆင်း၌ အရဟံဂုဏ်တော်ဖြင့် သန့်ရှင်း စင်ကြယ်သော စိတ်တော်အစဉ်ဝယ် ဤသမ္မာသမ္ဗုဒ္ဓဂုဏ်တော်ဖြင့် သဗ္ဗညုတ ဉာဏ်တော်ကြီးကို မကြာမကြာ ယှဉ်လျက်ဖြစ်ပုံကို အာရုံပြုလိုက်ပါ။
ထိုသို့အာရုံပြု၍ သဒ္ဓါ ပညာ ၂-ပါးဖြင့် ယုံကြည်လာသောအခါ ဗုဒ္ဓမြတ်စွာ၏ သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်၌ အဝေစ္စပသာဒ (ဉာဏ်ဖြင့်သက်ဝင်၍ ကြည်ညိုခြင်း) ဖြစ်ပြီဟု မိမိကိုယ်ကို ဆုံးဖြတ် နိုင်ပါသည်။
ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်
“ဝိဇ္ဇာ ၃-ပါး၊ ဝိဇ္ဇာ ၈-ပါး၊ စရဏ ၁၅-ပါးနှင့် ပြည့်စုံတော်မူသော ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်...”
ဤဂုဏ်တော်၌ ပြအပ်သော ဝိဇ္ဇာဟူသည် ဉာဏ်ပညာတည်း၊ စရဏဟူသည် အကျင့်တည်း။ ဝိဇ္ဇာသည် သိမြင်တတ်သောကြောင့် မျက်လုံး နှစ်ဖက်နှင့်တူ၏။ စရဏသည် ကောင်းသောနေရာသို့ ရောက်ကြောင်း ဖြစ်သောကြောင့် ခြေနှစ်ဖက်နှင့် တူ၏။
ဗုဒ္ဓမြတ်စွာသည် ဝိဇ္ဇာဂုဏ် တည်းဟူသော ဉာဏ်ပညာ မျက်လုံးတော်နှစ်ဖက်၊ စရဏဂုဏ်တည်း ဟူသော ခြေတော် ၂-ဖက်နှင့် ပြည့်စုံတော်မူသောကြောင့် ဘုရား ဖြစ်တော်မူသည့်တိုင်အောင် လိုရာခရီးသို့ ရောက်တော်မူခဲ့ပါသည်။
ဝိဇ္ဇာ ၃-ပါး
“ပု-ဒိ-အာ”ဟု ပြောရိုးရှိသည့်အတိုင်း...
(ပု) ပုဗ္ဗေနိဝါသာနုဿတိဉာဏ်= ရှေးဖြစ်ဟောင်းကို အောက်မေ့နိုင် သိမြင်နိုင်သော ဉာဏ်တော်။
(ဒိ) ဒိဗ္ဗစက္ခုဉာဏ် = နတ်မျက်စိမျှမက အလွန် သေးငယ်သော အဆင်းကို၎င်း၊ တိုက်နံရံ စသည် ကွယ်နေသော အဆင်းကို၎င်း၊ အလွန်ဝေးကွာသော အရပ်၌ပင် ပကတိမျက်စိဖြင့် မြင်ရသကဲ့သို့ မြင်နိုင်သော ဉာဏ်တော်။
(အာ) အာသဝက္ခယဉာဏ်တော် = တသံသရာလုံး၌ စွဲကပ်၍ ပါလာသော ကိလေသာ အာသဝေါ တို့ကို ကုန်စေနိုင်သော ဉာဏ်တော်။ (အရဟတ္တမဂ်ဉာဏ်ဟုလည်း ခေါ်သည်။)
ဤ ၃-ပါးကို ဝိဇ္ဇာ ၃-ပါးဟု ခေါ်ရသည်။
ဝိဇ္ဇာရှစ်ပါး
ဝိပဿနာဉာဏ်၊ စေတောပရိယဉာဏ်၊ မနောမယိဒ္ဓိဉာဏ်၊ ဒိဗ္ဗသောတဉာဏ်၊ ဣဒ္ဓိဝိဓဉာဏ် ၍ ၅-ပါးကို ထပ်၍ ထည့်လျှင် ဝိဇ္ဇာရှစ်ပါးဖြစ်၏။
ဤ ၅-ပါး အကျယ်ကိုကား အဘိဓမ္မာ လေ့လာပြီးသူ၊ အထက်တန်း ကျမ်းစာများကို လေ့လာပြီးသူ ဖြစ်လျှင် အလွယ်တကူ သိနိုင်ပါသည်။ ဤနေရာ၌ ပြရုံဖြင့်ကား နားလည်မည် မဟုတ်ပါ။
စရဏတဆယ့်ငါးပါး
“သီ-ဣန်-ဘော-ဇာ၊ သဒ္ဓမ္မာခွန်၊ ရူပဈာန်ဟု၊ ၅-တန်စွန်းတယ်၊ ဆယ်စရဏ”
ဟူသည်နှင့်အညီ -
(၁) သီ = သီလ၊
(၂) ဣန် = ဣန္ဒြိယသံဝရ၊
(၃) ဘော = ဘောဇနေမတ္တညုတာ၊
(၄) ဇာ = ဇာဂရိယာနုယောဂ၊
(၅-၁၁) သဒ္ဓမ္မာ ခွန် = သူတော်ကောင်းတရား ခုနစ်ပါး၊
(၁၂-၁၅) ရူပဈာန် ၄-ပါး၊
ဤတဆယ့် ငါးပါးကို “စရဏ ၁၅-ပါး”ဟု ခေါ်၏။
သီလ
ဗုဒ္ဓမြတ်စွာသည် ဘုရားမဖြစ်မီ ဒုက္ကရစရိယာ ကျင့်တော်မူစဉ် အခါကပင် လောက၌ သူတော်ကောင်းတို့ စောင့်ထိန်းထိုက်သော သီလအားလုံးကို ဖြူစင်သန့်ရှင်းအောင် စောင့်သုံးတော် မူခဲ့၏။
ဘုရားဖြစ်တော်မူပြီးရာ အခါ၌မူ ထိုသီလအားလုံးသည် ပွတ်သစ်၈ ခရုသင်းကဲ့သို့ ဖြူစင်သန့်ရှင်း ပါသည်။ ဤနေရာဝယ် ဗုဒ္ဓမြတ်စွာ၏ သီလ တည်းဟူသော စရဏဂုဏ်နှင့် ပြည့်စုံတော်မူပုံကို လေးလေး မြတ်မြတ် အာရုံပြုလိုက်ပါ။
ဣန္ဒြိယ သံဝရ
စက္ခုန္ဒြေ သောတိန္ဒြေ စသော အားဖြင့် ဣန္ဒြေ ၆-ပါးရှိ၏။
မျက်စိဖြင့် အာရုံ အမျိုးမျိုးကို တွေ့မြင်ရာဝယ် သာယာမှု နှစ်သက်မှု ဟူသော လောဘလည်းမဖြစ် အောင်၊ စိတ်ဆိုးမှု ရွံမုန်းမှု မနှစ်သက်မှုဟူသော ဒေါသဆိုင်ရာ လည်း မဖြစ်အောင် ဘုရား အလောင်းတော် ဘဝကပင် အစဉ်သတိထား၍ စက္ခုန္ဒြေကို စောင့်စည်းတော် မူသောကြောင့် ဘုရားဖြစ်တော်မူရာ အခါ၌မူ အလွန် သန့်ရှင်းသော စက္ခုန္ဒြိယသံဝရနှင့် ပြည့်စုံတော်မူပါသည်။
နားနှင့်ဆိုင်ရာ သောတိန္ဒြေကို စောင့်စည်းတော်မူခြင်း၊
နှာခေါင်းနှင့် ဆိုင်ရာ ဃာနိန္ဒြေကို စောင့်စည်းတော်မူခြင်း၊
လျှာနှင့်ဆိုင်ရာ ဇိဝိန္ဒြေကို စောင့်စည်းတော်မူခြင်း၊
ခန္ဓာကိုယ်၏ အတွေ့အထိနှင့်ဆိုင်ရာ ကာယိန္ဒြေကို စောင့်စည်းတော်မူခြင်း၊
စိတ်မနောသက်သက်နှင့် ဆိုင်ရာ မနိန္ဒြေကို စောင့်စည်းတော်မူခြင်း
တို့၌လည်း ဘုရားအလောင်း ဘဝတုန်းက စ၍ အလွန် သန့်ရှင်းတော်မူခဲ့၏။ ဘုရား ဖြစ်တော်မူရာ အခါ၌မူ အလွန် သန့်ရှင်းစင်ကြယ်သော ဣန္ဒြိယသံဝရနှင့် ပြည့်စုံတော် မူပါသည်။
ဤနေရာဝယ် ဗုဒ္ဓမြတ်စွာ၏ ဣန္ဒြိယသံဝရ တည်းဟူသော စရဏဂုဏ်နှင့် ပြည့်စုံတော်မူပုံကို လေးလေးမြတ်မြတ် အာရုံပြုလိုက်ပါ။
ဘောဇနေ မတ္တညုတာ
အစား၊ အဝတ်၊ နေရာထိုင်ခင်းတို့၌ အဖိုးတန်၍ အကျိုး မများသော ပစ္စည်းတို့ကို မသုံးစွဲပဲ ကျန်းမာ၍ သတ္တဝါတို့ကို ဟောပြော နိုင်လောက်အောင် ကျေးဇူးပြုသော အစား၊ အဝတ်၊ နေရာ ထိုင်ခင်း တို့ကိုသာ သုံးစွဲတော်မူခြင်းသည် “ဘောဇနေ မတ္တညုတာ” မည်၏။
[ဘောဇနော - စား ဝတ်၊ နေမှု၌ + မတ္တ - ကိုယ်နှင့်သင့်တော်ရုံပမာဏကို + ညုတာ - သိခြင်း။]
ဗုဒ္ဓမြတ်စွာသည် တရံတခါ လူအများ၏ သဒ္ဓါတရားအလိုက် အဖိုးတန်သော ပစ္စည်းများကို သုံးစွဲတော်မူရသော်လည်း ထိုပစ္စည်းများကို သာယာတော် မမူပါ။ အမြဲအားဖြင့် ဆွမ်းခံ၍ ဘုဉ်းပေး တော်မူ၏။ သင်္ကန်းကိုလည်း တရံတခါ သုသာန်စသည်၌ ပစ်ထား အပ်သော အဝတ်ကို ယူတော်မူ၌ ပံသုကူသင်္ကန်း ချုပ်တော်မူပါသည်။
ကျောင်းနှင့် စပ်၍ များစွာသော အရပ်တို့၌ သစ်ပင်အောက်ဝယ် သီတင်းသုံးတော်မူ၍ ထို သစ်ပင်အောက်မှာပင် ပရိသတ်အများကို တရားဟောတော်မူပါသည်။
ဤနေရာဝယ် ဗုဒ္ဓမြတ်စွာ၏ ဘောဇနေ မတ္တညုတာ ဟူသော စရဏဂုဏ်နှင့် ပြည့်စုံတော်မူပုံကို လေးလေးမြတ်မြတ် အာရုံပြုလိုက်ပါ။
ဇာဂရိယာနုယောဂ
အအိပ် နည်းပါး၍ နိုးနိုးကြားကြား ရှိအောင် အမြဲအားထုတ်မှုကို “ဇာဂရိယာနုယောဂ”ဟု ခေါ်၏။
[ဇာဂရိယ - နိုးနိုးကြားကြားရှိ၍ အအိပ် နည်းပါးအောင် + အနုယောဂ - အားထုတ်ခြင်း၊]
ဗုဒ္ဓမြတ်စွာသည် သတ္တဝါအများကို ဟောပြော ဆုံးမရသော အချိန်က လူဝတ်ကြောင်များအတွက်၊ ရဟန်းတော်များ အတွက်၊ နတ်ဗြဟ္မာများ အတွက် အားဖြင့် များလှသောကြောင့် ကျိန်းစက်တော် မူဘို့ရာ အချိန်သည် လွန်စွာ နည်းပါး လှ၏။ ညဉ့်သန်းခေါင်ကျော် တိုင်အောင် နတ်များကို တရားဟောတော်မူရ၊ မေးလျှောက်သမျှ ပြဿနာများကို ဖြေတော်မူရ၏။
ဗုဒ္ဓမြတ်စွာ၏ နေ့စဉ်အလုပ်များ
ဗုဒ္ဓမြတ်စွာသည် နံနက်စောစော ထတော်မူ၍ ယနေ့အဘို့ ကျွတ်ထိုက်သူများကို ဉာဏ်တော်ဖြင့် ဖြန့်၍ ကြည့်ရှုတော်မူ၏။ ဉာဏ်တော်အတွင်း၌ ပါဝင် တွေ့မြင်လာလျှင် သင့်တော်သောအချိန်၌ ထိုသူရှိရာသို့ကြွ၍ တရားဟောတော်မူ၏။
နံနက်မိုးသောက် အလင်းရောက်သောအခါ ရောက်လေရာ မြို့ရွာတွင်းသို့ ကိုယ်တော် တပါးတည်း သီးခြားဖြစ်စေ၊ ရဟန်းတော်များနှင့် အတူဖြစ်စေ ဆွမ်းခံဝင်တော်မူ၏။ ဆွမ်းခံတော်မူရင်း မကြာ မကြာ တရားဟော၍ အကျွတ်တရား ရစေတော်မူခဲ့၏။
ဆွမ်းခံပြန်၍ ဆွမ်းဘုဉ်းပေးတော် မူပြီးနောက် ရဟန်းတော်အားလုံး ဆွမ်းစားပြီး သည့်တိုင်အောင် စောင့်ဆိုင်းတော် မူပြီးလျှင် စုံညီသောအခါ “အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ” အစရှိသော ဩဝါဒကို ပေးတော်မူ၏။
ထိုနေရာ၌ အချို့ရဟန်းတို့အား ကမ္မဋ္ဌာန်း ပေးတော်မူ၏။ ထိုနောက် ဂန္ဓကုဋိသို့ ဝင်တော်မူ၍ တခဏမျှ ကျိန်းစက်လိုလျှင် ကျိန်းစက်တော်မူ၏။ ထိုနောက် ထတော်မူ၍ ချွတ်ထိုက်သူများကို ကြည့်တော်မူပြီးလျှင် နေလွဲအချိန်၌ တရားနာ လာကြသော ပရိသတ်တို့အား တရားဟော တော်မူ၏။ ညနေစောင်း၍ ပရိသတ်များ ပြန်သွားသောအခါ ရေသုံးသပ်တော်မူ၏။ ထိုနောက် တခဏမျှ တပါးတည်း ကိန်းအောင်းတော်မူသည်။
နေဝင်၍ မကြာခင် ရဟန်းတော်များ ရောက်လာကြ၏။ အချို့က ပြဿနာမေးကြ၊ တချို့က ကမ္မဋ္ဌာန်းတောင်းကြ၊ တချို့က တရားဟောတော်မူရန် တောင်းပန်ကြ၏။ ဗုဒ္ဓမြတ်စွာလည်း အားလုံးအလိုကို ဖြည့်တော်မူ၏။
ထိုရဟန်းများ ပြန်သွားကြသောအခါ ညဉ့်ဦးယာမ် ကုန်လွန်၍ ၁၀-နာရီကျော် လူခြေတိတ်ချိန် လောက် ရောက်နေပြီ။ ထိုအခါ နတ်ဗြဟ္မာ အများပင် ဘုရားဖူး တရားနာ ပြသာနာ မေးဘို့ရန် လာကြ၏။ ထို နတ်ဗြဟ္မာများလည်း အလိုပြည့်၍ ပြန်ကြသောအခါ သန်းခေါင်ကျော်၍ နာရီပြန် ၂-ချက်လောက် ရှိပေမည်။
ထိုအခါမှစ၍ နောက်ဆုံး မိုးသောက်ယာမ်ကို ၃-ပိုင်း ပိုင်းပြီးလျှင် ပဌမပိုင်း အချိန်ဝယ် တနာရီ ကျော်ကျော် စင်္ကြံလျှောက်တော်မူ၏။
(တနေ့လုံး တညလုံး အထိုင် များသောကြောင့် ဖြေတော်မူခြင်း ဖြစ်ဟန်တူပါသည်။)
ဒုတိယပိုင်း အချိန်၌ ဂန္ဓကုဋိသို့ ဝင်တော်မူ၍ လျောင်းစက်တော်မူ၏။
တတိယပိုင်း အချိန်၌ကား အစ၌ ပြခဲ့သည့်အတိုင်း ချွတ်ထိုက်သူများကို ကြည့်ရှုတော် မူကာ ထိုနေ့အတွက် ကိစ္စလုပ်ငန်းများကို စတည်တော်မူပြန်သည်။
ဤသို့ ကျိန်းစက်တော်မူဘို့ရာ အချိန်သည် လွန်စွာ နည်းပါးတော်မူရကား “ဇာဂရိယာနုယောဂ”ဟူသော စရဏဂုဏ်နှင့် ပြည့်စုံတော်မူပုံကို လေးလေးမြတ်မြတ် အာရုံ ပြုလိုက်ပါ။
သူတော်ကောင်းတရား ၇ ပါး
“သဒ္ဓါ-သတိ၊ ဟိရီ ဩတ္တ၊ ဝီရိယနှင့်၊ သုတ-ပညာ၊ ခုနစ်ဖြာ၊ သဒ္ဓမ္မာဟုပြ” ဟူသည်နှင့်အညီ ဗုဒ္ဓမြတ်စွာသည် ပါရမီ ဖြည့်တော်မူစဉ် အခါ၌၎င်း၊ နောက်ဆုံး ဘဝဝယ် တောထွက်တော်မူပြီး နောက် ၆-နှစ်ပတ်လုံး ဒုက္ကရစရိယာ ကျင့်တော်မူစဉ် အခါ၌၎င်း သဒ္ဓါစသော ဤ သူတော်ကောင်း တရား ခုနစ်ပါးနှင့် ပြည့်စုံတော်မူ၏။
ဗုဒ္ဓမြတ်စွာ ဖြစ်တော်မူရာ အခါ၌ကား ထိုသူတော်ကောင်းတရား ခုနစ်ပါးသည် အထွတ်အထိပ်သို့ ရောက်အောင် ကြီးမားတော်မူ၏။
ဤနေရာဝယ် အားလပ်ချိန်မရအောင် အလွန် ကြီးမားသော ဝီရိယ ဟူသော စရဏဂုဏ်နှင့် ပြည့်စုံတော်မူပုံကို၎င်း၊ ပညာတော် တည်းဟူသော စရဏဂုဏ်နှင့် ပြည့်စုံတော်မူပုံကို၎င်း၊ လေးလေး မြတ်မြတ် အာရုံပြုလိုက်ပါ။
ဈာန်လေးပါး
ပဌမဈာန်ကို ရလျှင် -
ကာမဂုဏ်ကို လိုလားသော ကာမစ္ဆန္ဒ နီဝရဏ၊
ဒေါသ ဖြစ်တတ်သော ဗျာပါဒ နီဝရဏ၊
အအိပ် အငိုက်များ၍ စိတ်စေတသိက် တရားတို့ကို ထိုင်းမှိုင်းစေတတ်သော ထိနမိဒ္ဓနီဝရဏ၊
စိတ်တို့ကို မငြိမ်မသက်အောင် ပူပန်အောင် ပြုတတ်သော ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏ၊
ထိုယိုကိစ္စ၌ ယုံမှားသံသယ ဖြစ်တတ် ဝိစိကိစ္ဆာနီဝရဏ
တို့ကိုပယ်နိုင်၏။
ဒုတိယဈာန်ကိုရလျှင် တောင်တောင် ဤဤ ကြံစည်တတ်သော ဝိတက် ဝိစာရကို ပယ်နိုင်၏။
တတိယဈာန်ကို ရလျှင် မိမိရအပ်သောဈာန်ကို နှစ်သက်နေသေ၁ ပီတိကို ပယ်နိုင်၏။
စတုတ္ထဈာန်ကို ရလျှင် စိတ်ချမ်းသာ ခံစားမှုကို ပယ်၍ ထိုထို အာရုံ၌ အသင့်အားဖြင့် ရှုနိုင်၏။
ထို့ကြောင့် ဤ ဈာန် ၄-ပါးသည် အလွန်မြင့်မြတ်သော စရဏ တရားများ ဖြစ်ကြသည်။
အဝေစ္စပသာဒ
သပ္ပါယ်သော ရုပ်ပုံတော်ဝယ် စင်ကြယ်သော စိတ်တော် အစဉ်၌ သဗ္ဗညုတာ ဉာဏ်တော်ကြီး ယှဉ်လျက် ဖြစ်ရသည်မှာ ဤ ဝိဇ္ဇာ ၃-ပါး၊ ဝိဇ္ဇာ ၈-ပါး ဟူသော မျက်လုံးတော် ၂-ဖက်ဖြင့် အရာရာကို ကြည့်ရှု၍၎င်း၊ စရဏ ၁၅-ပါး တည်းဟူသော ခြေ ၂-ဖက်ဖြင့် သွက်သွက်လက်လက် ထက်ထက်မြက်မြက် နင်းသကဲ့သို့ ကျင့်ဟော်မူခြင်းဖြင့်၎င်း ဖြစ်၏။
ဤသို့ဖြစ်ပုံကို အာရုံပြု၍ ဤ ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော်သည် သဗ္ဗညုတာ ဉာဏ်တော်၏ အခြေခံ ဖြစ်ကြောင်းကို ကောင်းကောင်းကြီး ယုံကြည်သာအခါ ဗုဒ္ဓမြတ်ဗ္ဗာ၏ ဝိဇ္ဇာစရဏ သမ္ပန္န ဂုဏ်တော်၌ အဝေစ္စပသာဒ ဖြစ်ပြီဟု မိမိကိုယ်ကို ဆုံးဖြတ်နိုင်ပါသည်။
သုဂတဂုဏ်တော်
“ဒီပင်္ကရာ၊ ထွဋ်ချာသနင်း၊
ခြေတော်ရင်းမှ၊ စ၍ ဗောဓိ၊
မဏ္ဍိုင်ထိအောင်၊ သတိသမ္ပဇဉ်၊
မပြတ် ယှဉ်လျက်၊ သဗ္ဗဉ်ဉာဏ်ကော်၊
ရကြောင်းရော်၍၊ ကြွတော်မူခဲ့သော
သုဂတဂုဏ်တော်”...
ဗုဒ္ဓမြတ်စွာသည် ဝိဇ္ဇာစရဏ ဂုဏ်တော်ကြောင့် ဘုရားဖြစ်တော်မူသည့် တိုင်အောင် လိုရာခရီးသို့ ရောက်တော်မူခဲ့ပါသော်လည်း ဤတဘဝ၌သာ ပြည့်စုံတော်မူသော “ဝိဇ္ဇာစရဏ” ဂုဏ်တော် ကြောင့် မဟုတ်ပါ။ ထို ဝိဇ္ဇာစရဏ ဂုဏ်တော်၏ အခြေခံဖြစ်သော ပါရမီတော်များ ရှိပါသေးသည်။ ထို ပါရမီတော်များကား -
ဒါနပါရမီ
ဝေဿန္တရာမင်းဘ၀ စသည်တုန်းကကဲ့သို့ စွန့်ကြဲပေးကမ်း လှူဒါန်းရာဝယ် လောကီဂုဏ်ကိုလည်း မရည်ရွယ်၊ ဘဝစည်းစိမ်ကိုလည်း မတောင့်တပဲ၊ သဗ္ဗညုတ ဉာဏ်တော်ကို ရဘို့ရန်သာ ရည်စူး၍ ဆင်ဖြူတော် သားတော် သ္မီးတော် များကို စွန့်ကြဲပေးကမ်း လှူဒါန်းခဲ့ပါသည်။
ဤသို့ လောကီဂုဏ်သိရ် ဘဝစည်းစိမ်တို့ကို မတောင့်တပဲ လှူဒါန်းခဲ့ရာ ဘဝပေါင်း မရေမတွက် နိုင်အောင် မြားမြောင်ခဲ့ပါသည်။
ကြွင်းသော ပါရမီတော်များ
“သီလပါရမီ” စသော ကြွင်းသော ပါရမီတော်များကို ဖြည့်ကျင့်တော် မူခဲ့ရာ၌လည်း သဗ္ဗညုတ ဉာဏ်တော်ကို ရဘို့ရန်သာ ဖြည့်ကျင့်ခဲ့ပါသည်။ ထို ဖြည့်ကျင့်ပုံကို ရတနာ့ဂုဏ်ရည်၌ အကျဉ်း အားဖြင့် စုံလင်အောင် ပြထားပါသည်။
ဤသို့ ပါရမီဆယ်ပါးကို ၄-အသင်္ချေနှင့် ကမ္ဘာတသိန်း တိုင်အောင် ဖြည့်ကျင့်တော် မူခဲ့ရာ၌ “ဝေဿန္တရာမင်း ဘဝရောက်မှ ပါရမီ ဆယ်ပါးလုံး ပြည့်ပြီ”ဟု ဆိုနိုင်ပါသည်။
အခြေခံ ဂုဏ်တော် ၂-ပါး
ဤသို့ ဒီပင်္ကရာမြတ်စွာဘုရား၏ ခြေတော်ရင်း မှစ၍ ဝေဿန္တရာမင်း ဘဝတိုင်အောင် ပါရမီတော်တို့ကို ဖြည့်ကျင့်တော် မူခဲ့ပါသော်လည်း နောက်ဆုံးဘဝ၌ ပိဇ္ဇာစရဏနှင့် မပြည့်စုံသေးလျှင် ဘုရားအဖြစ်သို့ မရောက်နိုင်ပါ။
နောက်ဆုံးဘဝ၌ ဝိဇ္ဇာစရဏ သမ္ပန္နဂုဏ်နှင့် ပြည့်စုံပါသော်လည်း ၄-အသင်္ချေနှင့် ကမ္ဘာတသိန်း တိုင်အောင် ပါရမီဆယ်ပါးလုံး ဖြည့်လျက်ကြွခဲ့ခြင်း ဟူသော သုဂတဂုဏ်တော်က အခြေခံ မရလျှင်လည်း ဘုရားအဖြစ်သို့ မရောက်နိုင်ပါ။
ထို့ကြောင့် ဤ သုဂတ ဂုဏ်တော်နှင့် ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော်ကို သဗ္ဗညုတ ဉာဏ်တော်ကို ရဘို့ရန် အခြေခံဂုဏ်တော် ၂-ပါး ဟု မှတ်ပါ။
အဝေစ္စပသာဒ
သပ္ပါယ်သော ရုပ်ပုံတော်ဝယ် စင်ကြယ်သော စိတ်တော်အစဉ်၌ သဗ္ဗညုတ ဉာဏ်တော်ကြီး ယှဉ်လျက် သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ကို ရခြင်းမှာ ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော်အပြင် ၄-အသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်တော်မူနိုင်သော သုဂတ ဂုဏ်တော်ကြောင့်လည်း ဖြစ်ပါသည်။
ဤသုဂတဂုဏ်တော်၏ ဘုရားဖြစ်ဘို့ရန် အရင်းခံဖြစ်ကြောင်းကို ကောင်းကောင်း ယုံကြည်သောအခါ ဗုဒ္ဓမြတ်စွာ၏ သုဂတဂုဏ်တော်၌ ဉာဏ်ဖြင့် သက်ဝင်၍ ကြည်ညိုပြီဟု မိမိကိုယ်ကို ဆုံးဖြတ်နိုင်ပါသည်။
လောကဝိဒူ ဂုဏ်တော်
“သတ္ထောကာသ၊ သင်္ခါရဟု၊
လောက ၃-ဘုံ၊ အလုံးစုံကို၊
အကုန်အစင်၊ သိမြင်တော် မူသော
လောကဝိဒူဂုဏ်တော်”...
ဗုဒ္ဓမြတ်စွာသည် သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်ကြောင့် အလုံးစုံသော တရားတို့ကို သိတော်မူရာ၌ လောက၏ အကြောင်းအရာကိုလည်း ကောင်းစွာ သိတော်မူခြင်း ကြောင့် လောကဝိဒူ ဂုဏ်ကို ရတော်မူပါသည်။
သိစရာလောကကား “သတ္တလောက၊ ဩကာသလောက၊ သင်္ခါရလောက” တည်း။
သတ္တလောက
အသက်ရှိသော ရေနေ ကုန်းနေ ကောင်းကင်နေသော သတ္တဝါအပေါင်းကို “သတ္တလောက” ဟု ခေါ်၏။ ထို သတ္တလောကသည် ငရဲသူ၊ ငရဲသား၊ တိရစ္ဆာန်၊ ပြိတ္တာ၊ လူ၊ နတ်၊ ဗြဟ္မာ အားဖြင့် အလွန်များ၏။ ထိုသတ္တဝါများကို ရောက်ရာဂတိ (ရောက်ရာဘဝ) အားဖြင့် ပိုင်းခြားသည်ရှိသော် ၅-မျိုးပြား၏။
ဂတိ ၅-ပါး
သတ္တဝါတို့ သေပြီးနောက် ရောက်အပ်သော ဘဝကို “ဂတိ” ဟု ခေါ်၏။
ထိုဂတိသည် “နိရယဂတိ၊ ပေတဂတိ၊ တိရစ္ဆာနဂတိ၊ မနုဿဂတိ၊ ဒေဝဂတိ”အားဖြင့် ၅-မျိုး ပြား၏။
နိရယဂတိ
လူအများက “ငရဲ”ဟု ခေါ်ဝေါ်အပ်သော ဘဝသည် “နိရယဂတိ” မည်၏။
ဤမြေကြီး၏ အောက်၌ ငရဲကြီး ရှစ်ထပ်ရှိ၏။ ငရဲငယ်တွေကား အလွန်များ၏။ ထို ငရဲကြီး ငရဲငယ် တို့၌ အကုသိုလ်ကံကြောင့် ရောက်နေရသော ငရဲသူ ငရဲသားတို့သည် အလွန် များ၏။ အချိန် ရှိသရွေ့ ဒုက္ခအမျိုးမျိုးကို ခံနေကြရ၏။
ဒု-သ-န-သော
လူဘဝတုန်းက သူတပါးတို့၏ မယားကို ကျူးလွန် ဖောက်ပြားများ သဌေးသား ၄-ယောက် တို့သည် “လောဟကုမ္ဘီ”ဟု ခေါ်အပ်သော သံရည်ပူငရဲ၌ ကျက်နေ ရသည်မှာ အနှစ် ၆-သောင်း သော်လည်း မလွတ်သေး။
ငရဲ၏ အထက်အပြင်သို့ ရောက်လာသောအခါ တယောက်နှင့် တယောက်မြင်ရ၍ မိမိပြောလိုသော စကားကို အပြည့်အစုံ မပြောနိုင်ပဲ “ဒု” “သ” “န” “သော” ဟု တလုံးစီ ပြောကာ နစ်မြုပ်ကြပြန်သည်။
မိမိယောက်ျားမှတပါး အခြားယောက်ျားနှင့် ဖောက်ပြားသောမိန်းမ တယောက်ကား ငရဲ၌ နှစ်ပေါင်း များစွာ ကျက်ပြီးနောက် ဤဘုရား လက်ထက်တော်သို့ ရောက်သောအခါ ဂိဇ္ဈကုဋ်တောင်၌ အရေမရှိ အချည်းဖြစ်၍ ကောင်းကင်သို့ သွားနေသော ပြိတ္တာမ ဖြစ်ရ၏။
ထိုပြိတ္တာမကို ပြိတ္တာဖြစ်သော ကျီး လင်းစာတို့က အစဉ်လိုက်၍ ထိုးဆွကြသော ကြောင့် ကယ်ပါ ယူပါ တစာစာ နှင့် အော်နေရလေသည်။
သတ္တလောက ဩကာသလောက
သတ္တဝါတို့၏ နေရာ လောကကို “ဩကာသလောက” ဟု ခေါ်၏။
ပြအပ်ခဲ့သော ငရဲသူ ငရဲသား သတ္တဝါအများကို “သတ္တလောက” ဟု၎င်း၊
ငရဲသူ ငရဲသားတို့၏နေရာ ငရဲကြီးရှစ်ထပ်နှင့် ငရဲငယ်များကို “ဩကာသလောက” ဟု၎င်း ခေါ်ရသည်။
အချို့သော ငရဲငယ်များသည် လူလောကနှင့် အတော်အတန် နီးဟန်တူ၏။
ဆိုအပ်ခဲ့သော သဌေးသား ၄-ယောက်တို့ လောဟကုမ္ဘီငရဲမှ “ဒု-သ-န-သော” ဟု အော်သံကို အိပ်၍ မပျော်ခိုက်ဖြစ်သော ကောသလမင်း ကြားရ၍ အလွန် ကြောက်လန့်သွား၏။
ရာဇဂြိုဟ်ပြည်၏ အနီး၌တည်ရှိသာ “တပေါဒါ” မြစ်သည် နဂါးပြည်မှ တက်လာခဲ့ရာ လောကုမ္ဘီငရဲ ၂-လုံး၏ အကြားဖြင့် စီးလာရသောကြောင့် မူလက အလွန်အေးမြသော ရေသည် ရေပူဖြစ်၍ “တပေါဒါမြစ်” ဟု ထင်ရှားလေသည်။ [တပ=ပူသော + ဥဒ=ရေ]
ပေတဂတိ
ပြိတ္တာတို့ ရောက်အပ်သောဘဝကို “ပေတဂတိ”ဟုခေါ်၏။
ပြိတ္တာတို့သည် အမျိုးအစား အလွန်များ၏။ “တစ္ဆေ၊ မှင်စာ၊ သရဲ၊ သဘက်”ဟု လူအများ ခေါ် အပ်သော သတ္တဝါတို့ကို “ပိတ္တာ (ပြိတ္တာ)” ဟု ခေါ်၏။
ထိုပြိတ္တာတို့သည် အမျိုးအစား များသည့်အပြင် တမျိုးတမျိုး၌ အရေးအတွက်လည်း အလွန်များ၏။ မန္တလေးမြို့ ဈေးချို အနောက် လူစည်ကားသော လမ်းမှာပင် မိန်းမတယောက် သေပြီး၍ ဆယ်လ ကျော်ကျော်ကြာမှ မူလအမျိုး၌ လူဝင်စားဖြစ်၏။
အိမ်၌ရှိသော အဝတ်အစားကို “သူ့အဝတ်”ဟု ပြောဆိုသောအခါ လူဝင်စားမှန်း သိရသော ကြောင့် “ညီး ... ဒီမှာ မဝင်စားခင်က ဘယ်မှာဖြစ်နေတုန်း”ဟု မေးကြသောအခါ “ဒီလမ်းမှာ ဖြစ်နေသည်”ဟု ပြော၏။
“မပျင်းဘူးလား” ဟု မေးသောအခါ “သူ့လို အဖော်တွေ ဒီလမ်းထဲမှာ အများကြီး ရှိတယ်၊ မပျင်းဘူး”ဟု ပြောသတဲ့။
“ဘာစားနေသလဲ”ဟု မေးသောအခါ “သွန်ပစ်လိုက်ကြသော ထမင်းလုံး ဟင်းပေါက်တွေကို ကောက်၍စားကြသည်”ဟု ပြောသတဲ့။
“ရှေးဘဝ အမေက ဆွမ်းတော်တင်၍ အမျှဝေသောအခါ သာဓုမခေါ်ပါ။ စွန့်ပစ်အပ်သော ဆွမ်းတော်တင်ကိုသာ လု၍စားကြသည်”ဟု ပြောပါသတဲ့။
အမြင်ပေါက်သူ၏ အပြော
အမြင်ပေါက်သော ဆရာတယောက်ကမူ “ကျုံးအနီးအပါးနှင့် နာရီစင် အကြား သွားလာ နေကြသော တစ္ဆေပြိတ္တာ အများကို မြင်နေရသည်”ဟု ပြောပါသတဲ့။ ထို တစ္ဆေပြိတ္တာတို့၌ ရဟန်းဘဝက လာသူများကိုလည်း တွေ့ရပါသည်တဲ့။
ထို တစ္ဆေပြိတ္တာတို့ကား အစား အဝတ် အနေ ချို့တဲ့ရုံမှတပါး အနှိပ်စက် မခံရသောကြောင့် သူတို့ချင်း အိမ်ထောင်ကျကာ သူတို့ဘဝနှင့်သူတို့ ပျော်၍ နေကြလေသည်။
သင်းချိုင်း တစ္ဆေများ
ထိုထို မြို့ရွာအနီးဝယ် “သုသာန် သင်းချိုင်း” ဟု သီးခြား ထားအပ်သော အရပ်၌ တစ္ဆေ ဟု ခေါ်အပ်သော ပြိတ္တာတွေ သာ၍များဟန် တူ၏။
ဆရာတော်ကြီး တပါးသည် သင်းချိုင်းသွား၍ ကမ္မဋ္ဌာန်းထိုင်သောအခါ တရားစာ ရွတ်သော အခါတို့၌ တချို့တစ္ဆေများသည် ရိုသေစွာ နာယူကြ၏။
တချို့ကား ရိုသေစွာ မနာယူပဲ အနှောင့်အယှက် ပြုကြသေးသတဲ့။
ထိုဆရာတော်ကြီး၏ ရှေ့မှာပင် တွင်းကလေးတခုမှ ပြိတ္တာ ၂-ကောင် ထွက်လာ၍ အစာ ရှာကြပြီးနောက် ထိုတွင်းငယ်လေးသို့ပင် ပြန်၍ ဝင်သွားကြသတဲ့။ သင်းချိုင်းမှ အချို့ ပြိတ္တာတို့သည် လူအများတို့ စားသောက်ပြီး အချိန်ဝယ် ရွာတွင်းသို့ လှည့်လည်၍ ထမင်းလုံး ဟင်းပေါက် ကောက်စားလေ့ ရှိကြဟန်တူ၏။
ရဟန်းတပါးသည် ထိုအချိန်ဝယ် ရွာတွင်းသို့ ကိစ္စရှိ၍ ဝင်သောအခါ ရွာ့ပြင်ဖက်၌ တစ္ဆေကလေးက သူ့အမေကို မြင်နိုင်သော ဆေးမြစ်ကိုပေး၍ “သူ့အမေ မြန်မြန်လာဘို့ ပြောပေးပါ” ဟု မှာလိုက်သတဲ့။
ထိုတစ္ဆေတို့ကို “သတ္တလောက”ဟု ခေါ်၍ သူတို့နေရာ သင်းချိုင်းအရပ်ကို “ပေတဩကာသ လောက”ဟု ခေါ်သည်။
ရဟန်းတော် တပါး
မော်လမြိုင်မြို့နယ် ဟုဆိုလောက်သော တနေရာ၌ တံငါလုပ်ဖြင့် အသက်မွေးသော မိတ်ဆွေ ၃-ယောက်တို့သည် လှေကလေးတစင်းဖြင့် တံငါလုပ်ရင်း မျောသွားလေရာ လူတေယောက်သည် ပျက်စီးသော လှေကိုဖက်၍ ကမ်းဘက်သို့ ရောက်လာ၏။
ထမင်းဆာလွန်း၍ ထိုထိုဤဤ သွားလေရာ မိမိ၏အရင် သေနှင့်သော ဇနီးဟောင်းနှင့် တွေ့၍ သူခေါ်ရာသို့ လိုက်သွားလေ၏။ ဇနီးဟောင်းက အစားအသောက်များကို ကျွေး၏။ နေဝင်၍ မှောင်လာသောအခါ “လာကြဟေ့ လာကြဟေ့”ဟုခေါ်၍ တရွာလုံး ထွက်သွားကြ၏။
သူတယောက်ထည်းဖြစ်၍ အလွန်ကြောက်သော်လည်း မသွားဝံ့တော့။ နံနက်စောစော ၌ကား တရွာလုံးလူတွေ ပြန်လာကြ၏။ ထိုယောက်ျားက ထိုဇနီးဟောင်းကို “မင်းတို့က ဘာတွေတုန်း”ဟု မေးသောအခါ “ကျုပ်တို့က နေ့စံ ညခံရသော ပြိတ္တာများ ဖြစ်သောကြောင့် ညအခါ၌ အားလုံး တောင်ပေါ်သွား၍ ခွေးစား ခံရသည်”ဟု ပြောပါတဲ့။
ထိုယောက်ျားသည် မနေဝံ့၍ ပြန်တော့မည်ဟု ပြောသောအခါ မိန်းမက လူသွားလမ်း ရောက်အောင် လိုက်ပို့၍ “သူ့အတွက် ကုသိုလ်ပြု၍ အမျှဝေပါ”ဟု မှာလိုက်သတဲ့။
ထိုယောက်ျားသည် မိမိနေရာသို့ ရောက်သောအခါ ကိုယ်တွေ့မြင်ခဲ့ရသော ပြိတ္တာ ဒုက္ခကို ကြောက်ရွံ့၍ လူ့ဘောင်၌ မနေဝံ့တော့ပဲ ဘုန်းကြီးလုပ်၍ သစ်သီးသစ်ရွက်ကို စားလျက် အလွန် အကျင့်ကောင်းသော ပုဂ္ဂိုလ်တပါး အဖြစ်ဖြင့် ပျံလွန်တော် မူပါသည်တဲ့။
ဂိဇ္ဈကုဋ်ပြိတ္တာများ
ဘုရားရှင် လက်ထက်တော်၌ ဂိဇ္ဈကုဋ်တောင်ဝယ် သီတင်း သုံးတော်မူကြသော အရှင်မောဂ္ဂလ္လာန် နှင့် အရှင်လက္ခဏတို့ နံနက်ဆွမ်းခံဘို့ရန် တောင်ပေါ်မှ ဆင်းလာ သောအခါ ကဿပဘုရားရှင်၏ နောက်ပိုင်း သာသနာဝယ် အကျင့်ပျက်ကြသော ရဟန်းသာမဏေ ပြိတ္တာများနှင့် လူဝတ်ကြောင် ယောက်ျား မိန်းမ ပြိတ္တာအများကို အရှင်မောဂ္ဂလ္လာန် မြင်တော်မူသည်။
ထိုပြိတ္တာတို့ကား လူ့အနီးအပါးက ပြိတ္တာတို့ကဲ့သို့ သက်သက်သာသာ မနေကြရ၊ ပြိတ္တာဖြစ် သော ကျီးလင်းတတို့က အမြဲလိုက်၍ ထိုးဆွနေသောကြောင့် ပြိတ္တာဒုက္ခကို အမြဲခံစားကြရသည်။
ထိုပြိတ္တာတို့ကို “သတ္တလောက”ဟု ခေါ်၍၊ ထိုပြိတ္တာတို့၏ နေရာအရပ် ဟူသမျှကို “ပေတ ဩကာသလောက”ဟု ခေါ်ရသည်။
တိရစ္ဆာနဂတိ
တိရစ္ဆာန်သတ္တဝါတို့၏ ရောက်ရာဘဝကို “တိရစ္ဆာနဂတိ”ဟုခေါ်၏။
တိရစ္ဆာန်တို့သည်လည်း ရေနေ ကုန်းနေအားဖြင့် အလွန်များကုန်၏။ ရေကန် ချောင်း မြောင်း မြစ် သမုဒ္ဒရာ တို့၌ ဖြစ်ကြရသေ၁ ငါးလိပ်စသော သတ္တဝါတို့သည် ရေနေ တိရစ္ဆာန်တို့တည်း။ ထို တိရစ္ဆာန်တို့ကို “သတ္တလောက” ဟု ခေါ်၏။
ထို ရေနေ တိရစ္ဆာန်တို့လည်း အလွန်များ၏။ ငါးဥ တခု၌ပင် ငါးလောင်းဥကလေးတွေ အလွန် များလေသည်။ ထို တိရစ္ဆာန်တို့၏ နေရာဖြစ်သော ရေကန် ချောင်း မြောင်း မြစ် သမုဒ္ဒရာ စသည်ကို“ဩကာသလောက”ဟုခေါ်သည်။
ကုန်းနေ တိရစ္ဆာန်တို့တွင် လူနှင့်ဝေးသော တိရစ္ဆာန်သတ္တဝါတွေ အလွန်များ၏။ ထိုတိရစ္ဆာန်တို့၏ နေရာ တော တောင် အရပ်ကို “ဩကာသလောက”ဟု ခေါ်၏။
လူတို့၏ အနီးအပါး၌ နေကြသေခါ ကျွဲ နွား မြင်း ကြက် ငှက် ဝက်များနှင့် ပိုးမွှား တိရစ္ဆာန်တို့သည် တအိမ်တအိမ်၌ အလွန် များရုံတွင်မက၊ ခြတောင်ပို့တခု ပရွက်တွင်း တတွင်း၌ပင် တိရစ္ဆာန်ကလေးတွေ အရေအတွက် များစွာရှိ၏။ လူတို့၏ ခန္ဓာကိုယ် အတွင်း၌လည်း ပိုးအမျိုး ၈၀ ရှိ၍ တမျိုးမျိုး၌ အရေအတွက် များစွာ ရှိလေသည်။ ထိုတိရစ္ဆာန်တို့၏ ဖြစ်ရာအရပ်ကို “ဩကာသလောက”ဟု ခေါ်ရသည်။
အပါယ်လေးပါး
ထိုငရဲ တိရစ္ဆာန် ပြိတ္တာ- ၃-မျိုးအပြင် အလွန် ကြီးမားသော ပြိတ္တာများကို “အသူရကာယ = (အသူရကာယ်)” ဟုခေါ်သည်။ ပြိတ္တာ အကြီးစားပင်တည်း။ အသုရကာယ်ကြီး တယောက်သည် ရေဆာလွန်းလှ၍ ဂင်္ဂါမြစ်၌ ရေသောက်ဘို့ရန် ဆင်းလေသော်၊ သူရောက်သော နေရာတိုင်း၌ ရေတွေခြောက်၍ တပေါက်မျှ မသောက်ရ၊
နံနက် စောစော ဆွမ်းခံလာသော ရဟန်းတော် ၃-ကျိပ်တို့ ထိုပြိတ္တာကြီးကိုမြင်၍ ပက်လက် အိပ်စေပြီးလျှင် သပိတ်ဖြင့် ရေခပ်၍ ပါးစပ်တွင်းသို့ လောင်းထည့်ကြ၏။ အလွန်ကြာသောအခါ “ရေ(ဝ)ပြီလား” ဟု ကြလေသည်။
“အရှင်ဘုရားတို့ လောင်းထည့်အပ်သော ရေတွေသည် လက်ချောင်း၏ အတွင်း ဘက်သို့ တစက်မှ မဝင်ပါ”ဟု ပြောရှာသတဲ့။ ဤကဲ့သို့ နှစ်ပေါင်းများ ရေမသောက်ရ အစာမစားရပဲ ဖြစ်နေသော ပြိတ္တာ အသုရာတို့သည် လူနှင့် အလွန် ဝေးကွာသော နေရာတို့ဝယ် အများအပြားပင် ရှိကြလေသည်။ ထို အသုရာတို့ကို ပြိတ္တာမှ တမျိုးခွဲ၍ အပါယ် ၄-ပါးဟု၎င်း၊ ပြိတ္တာတွင်း၌ သွင်း၍ အပါယ် ၃-ပါး၎င်း ခေါ်ကြသည်။
အပါယ်ကျလျှင်
အပါယ်ကျလျှင် လွတ်ခွင့် ရခဲ၏။ အပါယ် ၄-ပါးတွင် ပါဝင်ကြသော တိရစ္ဆာန်တို့သည် နိုင်ရာကို စားကြသော သတ္တဝါများဖြစ်၍ နောက်ထပ် အကုသိုလ်ကံတွေ အလွန်များရကား တကြိမ်တခါ အပါယ် ၄-ပါးကို ကျမိလျှင် နောက်ထပ် အကုသိုလ်တွေက ဆက်၍ ကျိုးပေးသောကြောင့် အပါယ် ၄-ပါးမှ လွတ်ဘို့ရန် အလွန် ခဲယဉ်းကြလေသည်။
ဘုရားအလောင်း စသော ပါရမီဖြည့် နေသူတို့ကမူ တိရစ္ဆာန် ဘဝသို့ ရောက်သော် လည်း သူတပါး အကျိုးဆောင်သော ကောင်းမှုတို့ကြောင့် အပါယ် ၄-ပါးမှ လွတ်မြောက်ဘို့ လွယ်ကူကြပါသည်။
မနုဿဂတိ
လူတို့၏ ရောက်အပ်ရာ (ဖြစ်ကြရာ) ဘဝကို “မနုဿဂတိ” ဟု ခေါ်၏။ လူအများ၏ နေရာ မြို့ရွာတို့ကို “ဩကာသလောက”ဟု ခေါ်သည်။
ထိုမြို့ရွာ အများ၏ တည်နေရာဖြစ်၍ စကြဝဠာတောင်ဟု ခေါ်အပ်သော ကျောက်တောင်ကြီးဖြင့် ပိုင်းခြားအပ်သော ဩကာသလောက တခုကို “စကြဝဠာ ကမ္ဘာတခု” ဟု ခေါ်သည်။ ထို စကြဝဠာကမ္ဘာတခု အတွင်းဝယ် အလယ်ဗဟို၌ မြင်းမိုရ်တောင်ကြီး ရှိသည်ဟု ကျမ်းစာတို့၌ ဆို၏။
နတ်တို့၏ နေရာဖြစ်သောကြောင့် လူတို့မျက်စိဖြင့် ကြည့်၍ မမြင်နိုင်ဟုလည်း ဆို၏။ ထိုမြင်းမိုရ်တောင်၏ ပတ်ဝန်းကျင်၌ ယုဂန္ဓိရ်တောင်၊ ဤသန္ဓိရ်တောင် စသော တောင်စဉ် ခုနစ်ထပ်သည် တဆင့်တဆင့်လျှင် တဝက်စီနိမ့်လျက် တည်ရှိကြ၏။ တောင် ၂-လုံး ၂-လုံးတို့၏ အကြား၌ “သီဒါ”ဟု ခေါ်အပ်သော မြစ်ခုနစ်စင်းတို့ တည်ရှိကြ၏။
ယို ယုဂန္ဓိရ်တောင်၏ အထက်ဆုံးမှု စ၍ အောက်လျှောက်ဝယ် နေ လ နက္ခတ် တာရာ ဂြိုဟ် တို့နှင့်တကွ မြစ် သမုဒ္ဒရာ တော တောင်တို့သည်၎င်း၊ မြို့ကြီး မြို့ငယ် ရွာကြီး ရွာငယ် အသွယ်သွယ် တို့သည်၎င်း ပါဝင်၏။ ထို အားလုံးကို “မနုဿ ဩကာသလောက (လူဘုံ)” ဟု ခေါ်ကြသည်။
ဤလူ့ဘုံဝယ် မြင်းမိုရ်တောင်၏ အရှေ့ အနောက် တောင် မြောက်ဘက် တို့ကို “အရှေ့ကျွန်း၊ အနောက်ကျွန်း၊ တောင်ကျွန်း၊ မြောက်ကျွန်း” ဟု ခေါ်၍ တကျွန်း တကျွန်းလျှင် ကျွန်းငယ် ၅-ရာ ရှိသည်ဟု ကျမ်းစာတို့၌ ဆိုသည်။
စကြဝဠာအနန္တ
စကြဝဠာ တံတိုင်းကြီးဖြင့် ပတ်ဝန်းကျင် ပိုင်းခြားအပ်သော ထို စကြဝဠာ အမျိုးအစားသည် မရေမတွက်နိုင်အောင် များပြား၏။ (မြားပစ်သောအခါ ထန်းပင်ရိပ် တနံမျှကို မြားလွန်၍ သွားသကဲ့သို့) အလွန်မြန်သော ခြေလှမ်းဖြင့် စကြဝဠာ ကမ္ဘာ တခုကို လွန်နိုင်လောက်အောင် မြန်သော တန်ခိုးရှင် ဖြစ်သော “ရောဟိတဿ” မည်သော ရသေ့တယောက်သည် စကြဝဠာ ကမ္ဘာတို့၏ အဆုံးကို ကြည့်လိုသော ဆန္ဒဖြင့် အမြန်ဆုံး သွားနေ၏။
စားရုံ သောက်ရုံ အပေါ့ အလေး စွန့်ရုံလောက်သာ နား၍ အခြား အချိန်၌ မရပ်မနားပဲ တသွားတည်း သွားနေ၏၊ ထို ရသေ့သည် အနှစ်တရာ အသက်ရှည်ဆေးကြောင့် အသက်တရာ ပြည့်သော် သေဆုံး၏။ ကမ္ဘာကား မဆုံးသေး။
သေသောအခါ ဤကမ္ဘာ၌ တွယ်တာမှုကြောင့် ဤကမ္ဘာ၌ ဖြစ်၏။ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူလာသော အခါ“ရောဟိတဿ”မည်သော နတ်သားအဖြစ်ဖြင့် သူ့ အကြောင်းကိုလာ၍ လျှောက်လေသည်။ ဗုဒ္ဓမြတ်စွာသည် “ကမ္ဘာလောက၏ အဆုံးကို ဤနည်းဖြင့် သွား၍ မရောက်နိုင်” ဟု မိန့်တော် မူပြီးလျှင် -
“လောက၏ အဆုံးဖြစ်သော နိဗ္ဗာန်ကို သစ္စာ ၄-ပါး သိသောဉာဏ်ဖြင့် ရောက်အောင် သွားနိုင်၏။ လောက အဆုံးဖြစ်သော နိဗ္ဗာန်သို့ မရောက်သေးသမျှ ဒုက္ခမှ မလွတ်နိုင်” ဟု မိန့်တော်မူသည်။ ထို့ကြောင့် “စကြဝဠာ အနန္တ၊ ကမ္ဘာအဆုံး မရှိ” ဟု ပြေစမှတ် ပြုကြသည်။
ဤကား “မနုဿဂတိ၊ မနုဿသတ္တလောက၊ မနုဿဩကာသလောက” ဆိုင်ရာတည်း။
ဒေဝဂတိ
နတ်နှင့်တကွ ဗြဟ္မာတို့ ရောက်အပ်သော ဘုံဘဝကို “ဒေဝဂတိ”ဟု ခေါ်၏။
ထိုဒေဝဂတိကို ရှေးဦးစွာ နတ်ဘုံ ဗြဟ္မဘုံအားဖြင့် ခွဲခြား၍ နတ်ဘုံသည် စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသဝတ္တိ အားဖြင့် ၆-ထပ် ရှိ၏။
စတုမဟာရာဇ်ဘုံ
ယုဂန္ဓိုရ်တောင်၏ အထက်အရပ်နှင့် ညီမျှသော မြင်းမိုရ်တောင်အပြင် ပတ်ဝန်းကျင် အရပ်သည်၎င်း၊ နေ လ နက္ခတ်တို့၏ တည်နေရာ လှည့်ပတ်သွားလာရာ ကောင်းကင် အရပ် သည်၎င်း၊ “စတုမဟာရာဇ် ဘုံဌာန” မည်၏။
ထိုအရပ်မှု အောက် တလျှောက်ဝယ် လူ့ဘုံနေရာ မြေအပြင် တိုင်အောင် သစ်ပင် တော တောင်တို့၌ နေကြသော ဘုမ္မဇိုဝ်း၊ ရုက္ခဇိုဝ်း၊ အာကာသဇိုဝ်းဟု ခေါ်အပ်သော နတ်အများသည် စတုမဟာရာဇ်ဘုံတွင် ပါဝင်ကြသော နတ်များတည်း။
ဤအောက်ပိုင်း၌ တချို့ နတ်များသည် ရုက္ခဇိုဝ်းနတ်ဟု ခေါ်ရသော်လည်း နတ်ကြီးများသာ နေရာ ဘုံဌာန ရှိကြ၏။ ထိုနတ်ကြီးများကို မှီခို၍ နေကြရသော နတ်တို့ကား ဘုံဌာန သီးခြားမရှိရုံသာမက အစားအသောက်လည်း ပြည့်စုံလှသည် မဟုတ်။ ပြိတ္တာများကဲ့သို့ပင် ဆင်းရဲကြရှာလေသည်။ အချို့နတ်များသည် လူတို့ကဲ့သို့ ကိုယ်ဝန်ဆောင်၍ မွေးဖွားရ၏။ အထက်နတ်များ၏ အမိန့်ဩဇာ ကိုလည်း နာခံရ၏။
ရုက္ခဇိုဝ်း နတ်မတယောက်
ဗုဒ္ဓမြတ်စွာ လက်ထက်တော်၌ ရဟန်းတပါးသည် ကျောင်းဆောက်လို၍ အနီးအပါးရှိ သစ်ပင်ကိုင်းကို ခုတ်ဘို့ရန် သစ်ပင်အနီးသို့ သွား၏။ ရုက္ခဇိုဝ်း နတ်မက “ကိုယ့်ဘုံဗိမာန်အတွက် သူများ၏ ဘုံဗိမာန်ကို မဖျက်သင့်ပါကြောင်း တောင်းပန်၏။ ထိုစကားကို နားမထောင်ပဲ ရဟန်းက သစ်ပင်ခုတ်ဘို့ ဓားကိုရွယ်လိုက်ရာ နတ်မသည် သူ၏ကလေးကိုပြ၍ တောင်းပန်မည်ဟု လုပ်တုန်း ဓားက လွန်သွားသဖြင့် ကလေးကို ခုတ်မိလေသည်။
ရုက္ခဇိုဝ်း နတ်မသည် ထိုရဟန်းကို ပြန်၍ နှိပ်စက်မည်ဟု ကြံသော်လည်း အထက် နတ်ကြီးများကို ကြောက်ရသောကြောင့် မနှိပ်စက်ပဲ မြတ်စွာဘုရားကို လာ၍ လျှောက်လေသည်။
ထိုအခါ မြတ်စွာဘုရားက တရားဟော၍ သောတာပန်တည်ပြီးနောက် ဇေတဝန် ကျောင်းတိုက် အတွင်းဝယ် မကြာမီက စုတေသွားသော နတ်သား၏နေရာ သစ်ပင် တပင်၌ နေဘို့ရန် မြတ်စွာဘုရားက မိန့်တော်မူသောကြောင့် နေဘို့ရန် နေရာကိုလည်း ကောင်းစွာ ရလေသည်။
(ပါစိတ် ပါဠိတော်၊ ဘူတဂါမဝဂ်၊ ဘူတဂါမ သိက္ခာပုဒ်။)
ပုနဗ္ဗသု၏အမိ
ဤ သူမလည်း နတ်ပင်ဖြစ်စေကာမူ ပြိတ္တာတို့ကဲ့သို့ အစားဆင်းရဲလှ၏။ အခါတပါး၌ ဇေတဝန်ကျောင်းဝယ် လူအများကိုမြင်၍ စားဘွယ် တစုံတရာကို ဝေငှနေသည်ဟု ထင်သောကြောင့် ကျသောအစာကလေးများကို ကောက်စားဘို့ရာ သမီးငယ် သားငယ်များကို လက်ဆွဲ၍ ဝင်သွားလေသည်။
အနားသို့ရောက်မှ ဗုဒ္ဓမြတ်စွာ၏ တရားသံကို ကြားရ၍ အလွန်စိတ်စိုက်လျက် နာယူနေ၏။ သားနှင့် သမီးကလေးတို့ကား အလွန်ဆာလှသဖြင့် “သွားကြစို့” ဟုခေါ်၏ “တိတ်တိတ်နေကြ” ဟု တားမြစ်၍ တရားကိုသာ စူးစိုက်စွာ နာလေသည်။
သမီးနှင့် သားကလေးတို့က “သွားကြစို့. .... သွားကြစို့”ဟု မကြာ မကြာ ပူဆာသောအခါ “အမေက ကိုယ့်သား ကိုယ့်သမီးကို ချစ်တယ်။ သင်တို့၏ အဖေကိုလည်း ချစ်တယ်။ သင်တို့ထက် ပိုပြီးတော့ ဟောဒီ တရားတော်ကို ချစ်တယ်”ဟု ငေါက်၍ပြောလိုက်ရာ ကလေးတွေ ငြိမ်သွားသဖြင့် တရားတော်ကို စူးစူးစိုက်စိုက် နာလိုက်ရာ တရားတော်ဆုံးတွင် သောတာပန် ဖြစ်လေသည်။
သောတာပန်ဖြစ်သော အခါ၌ကား အစား အဝတ် နေရာအပြည့်အစုံ ဖြစ်လာ လေသည်။
(သဂါထာဝဂ္ဂ - ယက္ခသံယုတ် ပုနဗ္ဗသုသုတ်။)
လူမိန်းမနှင့် ရုက္ခဇိုဝ်းနတ်
ဘုရားလက်ထက်တော်၌ ကုဋေများစွာ ကြွယ်ဝသော သဌေးသမီးခင်ပွန်း ရှိ၏။ ၂-ယောက်လုံးပင် သဌေးသား သဌေးသမီးများ ဖြစ်၍ ဘာအလုပ်မျှ မလုပ်တတ်ကြ။ မြှောက်ပင့် ကပ်ရပ်၍ စားကြသော လူအများနှင့် ပျော်ပျော်ပါးပါး စားသောက်လျက် နေရာ သဌေးသားဘက်က ပါသော စည်းစိမ်အားလုံး ကုန်သွား၏။
ဤနည်းအားဖြင့် ဆက်၍ ပျော်ပျော်ပါးပါး စားသောက်၍နေရာ သဌေးသမီးဘက်က ပါသော စည်းစိမ်များလည်း ကုန်သွားပြန်၏။ မိမိအိမ်ကိုမျှ မပိုင်တော့သဖြင့် အစွန်ကျသော ဇရပ်တခုသို့ သွား၍နေကြ၏။
တခုသော ည၌ကား ဒမြတွေရောက်လာရာ တောင့်တောင့် တင်းတင်း အရွယ်ကောင်းကောင်း ဖြစ်သော ထိုသူ့ကိုမြင်၍ မိမိတို့နှင့်အယူ ဒမြတိုက်ရာသို့ လိုက်ဘို့ ခေါ်လေသည်။ ထိုသူလည်း ဆင်းရဲလှသောကြောင့် ဒမြတို့နှင့်အတူ လိုက်သွားလေရာ အိမ်တအိမ်သို့ ဝင်ခါနီးဝယ် “အသင်က အိမ်အောက် လှေကား အနားက စောင့်နေ။ ဘယ်သူလာလာ အသေရိုက်”ဟု နည်းပေး၍ ဒုတ်ကောင်းကောင်း တချောင်းကို သူ၏ လက်၌ ထားလေသည်။
ဒမြတွေ အိမ်ပေါ် တက်သောအခါ တံခါးမဖွင့်မီ အိမ်ကလူတွေ နိုးသောကြောင့် ဒမြတွေ ဆင်းပြေးရာဝယ် သူပဲ ကျန်နေခဲ့၏။ အရပ်က ဝိုင်းဖမ်းသောအခါ သူ့ကို မိလေသည်။ ဆိုင်ရာသို့ပို့၍ သတ်မိန့် ချလေရာ ဒမြဖြစ်ကြောင်း မောင်းခတ်၍ သုသာန်သို့ ပို့လေသော် သဌေးဘဝတုန်းက သူနှင့် ပျော်ပါးနေကျ အထက်တန်း ပြည့်တန်ဆာမက အိမ်ပေါ်မှမြင်ရ၍ အာဏာသား တို့ကိုတောင်းပန်ပြီးလျှင် “ဒီမုန့် ဒီရေကို ပေးပါ” ဟု မှာလိုက်လေသည်။
နံနက်ပိုင်း သတ်ခါနီးဝယ် မုန့်နှင့်ရေကို ပေးသောအခါ “ဘယ်သူပေးတာတုန်း”ဟု မေးလေသော် မည်သည့် ပြည့်တန်ဆာမက ပေးကြောင်းကို ပြောပြခိုက်ဝယ် အလွန် ကျေးဇူးတင်နေတုန်းမှာ အရှင်မောဂ္ဂလ္လာန် ဆွမ်းခံ ကြွလာလေသည်။
ထိုအခါ ထိုမုန့်နှင့် ရေကို မစားသောက်တော့ပဲ အရှင်မောဂ္ဂလ္လာန်ကို အားလုံး လှူလိုက်၏။ အချိန်ကျ၍ သေသောအခါ ရုက္ခဇိုဝ်းနတ် ဖြစ်၏။ ထိုအခါ ပြည့်တန်ဆာမကို သာ၍စွဲလမ်း နေသောကြောင့် ဥယျာဉ်တခုသို့ သူ့မိခင်နှင့် အတူ ထွက်လာသော ပြည့်တန်ဆာမကို သူ့ တန်ခိုးဖြင့် မှောင်ကြီးကျစေ၍ ပွေ့ယူလာက သူ့ဗိမာန် အတွင်း၌ အတူ ပေါင်းသင်း၍ နေလေသည်။
၇-ရက်ကြာမှ “ကိုဒေဝရယ် အမေမျှော်ရော့မယ်” ဟု တောင်းပန်သောကြောင့် ဇေတဝန် ကျောင်းတော်ဝယ် ဗုဒ္ဓမြတ်စွာ တရားဟောချိန်၌ ပို့ရင်း တရားနာ၍ ၂-ယောက်လုံးပင် သောတာပန် တည်ကြလေသည်။ လူမိန်းမလည်း သူ့အမေထံ ပြန်ရောက်လေသည်။
[ပေတဝတ္ထု အဋ္ဌကထာ၊ ဥဠာရဝဂ်၊ ခေတ္တူမပေတဝတ္ထု။]
အသုရာ၊ နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ရက္ခိုသ်၊ စတုမဟာရာဇ်
မြင်းမိုရ်တောင်၏ အောက်ဝယ် “အသုရာ” ဟု ခေါ်ဝေါ်အပ်သော နတ်တမျိုးလည်း ရှိသေး၏။
ထို အသုရာတို့မူ အထက်ဝယ် ရေအတွင်း၌ ဝင်နေသော မြင်းမိုရ်တောင်၌ နေကြသော နတ်နဂါး တို့သည်၎င်း၊
ထိုမှ အထက် မြင်းမိုရ်တောင်ဝယ် နတ်ဂဠုန် တို့သည်၎င်း၊
ထိုမှ အထက် မြင်းမိုရ်တောင်ဝယ် နတ်ကုမ္ဘဏ်တို့သည်၎င်း၊
ထိုမှ အထက် မြင်းမိုရ်တောင်ဝယ် နတ်ရက္ခသ (ရက္ခိုသ်) တို့သည်၎င်း
အဆင့်ဆင့် နေကြ၏။
ထိုမှ အထက်၌ကား စတုမဟာရာဇ် နတ်မင်းကြီးတို့၏ နေရာ နတ်မြို့များ တည်ရှိကြပေသည်။ ထို စတုမဟာရာဇ် နတ်မြို့၌ နေကြသော နတ်တို့သည် သူတို့၏ အရေအတွက်အားဖြင့် အနှစ် (၅၀၀) ငါးရာ အသက်ရှည်သည်။
တာဝတိံသာ
မြင်းမိုရ်တောင်၏ ထိပ်တည့်တည့် အရပ်ဝယ် တာဝတိံသာ နတ်မြို့ရှိ၏။ သိကြားမင်း အုပ်ချုပ်၏။ ထို တာဝတိံသာနတ်မြို့၌ စူဠာမဏိ စေတီတော်လည်းရှိ၏။ ထိုနတ်တို့၏ စည်းစိမ်သည် စတုမဟာရာဇ် နတ်တို့၏ စည်းစိမ်ထက် သာလွန်၏။ နတ်သ္မီးတို့သည် ၁၆-နှစ် အရွယ်၌ပင် တသက်လုံး တည်နေကြ၏။ အထင်အရှား အိုခြင်းမရှိ၊ နတ်သား တို့လည်း ၁၆-နှစ်၊ သို့မဟုတ် အသက် ၂၀-အရွယ်၌ တသက်လုံး တည်နိုင်ကြ၏။
ထိုနတ်တို့၏ စည်းစိမ်သည် မြက်ပေါ်က နှင်းပေါက်နှင့် သမုဒ္ဒရာရေ ကွာခြားသလို လူ့စည်းစိမ်နှင့် ကွာခြား၏။ “ထိုနတ်စည်းစိမ်ကို ထောက်လျှင် လူ့စည်းစိမ်မှာ မြက်ပေါ်က နှင်းပေါက်လောက်သာ ရှိသည်”ဟု ဆိုလိုသည်။
ထိုကဲ့သို့ ဆိုသင့်၏။ ဘာ့ကြောင့်နည်း -
နတ်သ္မီး နတ်သားတို့သည် ထင်ရှားသော အိုခြင်း မရှိရုံသာမက၊ ကိုယ်၏အတွင်း၌ ကျင်ကြီး ကျင်ငယ်နှင့် တကွ သလိပ် သည်းခြေ သွေး လေ ဟူသမျှ အားလုံး ကင်း၍ သန့်ရှင်းပေသည်။ နတ်သြဇာကိုသာ စားနေကြသည့် အတွက် အစာကြောင့် အညစ်အကြေး လုံးဝ မဖြစ်တော့။
ပင်ကိုယ် ဘုံဗိမာန်တို့က ပျော်စရာကောင်းသည့်အပြင် နန္ဒနဥယျာဉ် စသော ဥယျာဉ် အများလည်း ရှိသေး၏။ အသက်တမ်းမှာမူ သူတို့၏ အရေအတွက် အားဖြင့် အနှစ်တထောင် အသက်ရှည်၏။
အောက်ပါ လင်္ကာသည် နတ်ပြည်ကို ဖွဲ့စီထားသော မန်လည် ဆရာတော်ဘုရား၏ လင်္ကာ ဖြစ်သည်။
[ဆောင်]
အပေါင်းရွှေညီ၊ ဘုံကိုယ်စီဝယ်၊
ကျူးသီမပြီး၊ ပျော်မငြီးဘို့၊
နတ်တီး နတ်ငြိမ့်၊ တခြိမ့်ခြိမ့်နှင့်၊
သိမ့်သိမ့်သဲသဲ၊ ရှုမရဲအောင်၊
နတ်ပွဲသဘင်၊ အမြဲရွှင်၏၊
မပင် မပူ၊ နတ်နန်းသူတို့၊
ပျူပျူငှါငှါ၊ ရွှေမျက်နှာဖြင့်၊
ကြည်သာ စိမ်းစိမ်း၊ မြမြရှိန်းတည်း၊
ငြိမ်းငြိမ်းအေးလျက်၊ ကုသိုလ်စက်ကြောင့်၊
မပျက် တရံ၊ စည်းစိမ်ခံ၍၊
မောင်နှံချစ်ပုံ၊ အသစ်ကြုံသို့၊
ဖော်စံရွှင်မြူး၊ ချစ်ကြည်နူးလျက်၊
အထူးမေတ္တာ၊ သက်ပမာဖြင့်၊
ချမ်းသာ မကင်း၊ ချစ်ငွေ့ သွင်းသည်၊
ချစ်ခြင်း အတုံ့အလှယ်တည်း။
ယာမာနတ်ပြည်
တာဝတိံသာ၏ အထက်၌ စတုမဟာရာဇ်နှင့် တာဝတိံသာ ဝေးကွာသလောက်ပင် ဝေးကွာသော အရပ်ဝယ် ယာမာနတ်ပြည် တည်ရှိ၏။
ရုပ်အဆင်းမှ စ၍ စည်းစိမ်ချမ်းသာ အရာရာဝယ် တာဝတိံသာ နတ်တို့ထက် သာလွန်၏။ အသက်တမ်းမှာ သူတို့အရေအတွက်အားဖြင့် အနှစ် (၂၀၀၀) နှစ်ထောင် ရှည်သည်။
တုသိတာနတ်ပြည်
ယာမာနတ်ပြည်၏ အထက်၌ တာဝတိံသာနှင့် ယာမာ ဝေးကွာသလောက်ပင် ဝေးသော ကောင်းကင်အရပ်ဝယ် တုသိတာနတ်ပြည် တည်ရှိသည်။
ရုပ်အဆင်းမှစ၍ စည်းစိမ်ချမ်းသာ အရာရာဝယ် ယာမာနတ်တို့ထက် သာလွန်၏။ အသက်တမ်းမှာမူ သူတို့အရေအတွက်အားဖြင့် အနှစ် (၄၀၀၀) လေးထောင် ရှည်သည်။
မှတ်ချက်
ငါတို့ဘုရားရှင်သည် သိဒ္ဓတ်မင်းသားဘဝသို့ မရောက်မီက ပါရမီအားလုံး ပြည့်နေပြီ ဖြစ်သောကြောင့် ထို တုသိတာနတ်ပြည်၌ အသက်တမ်းစေ့အောင် နေတော်မူခဲ့သည်။ ပါရမီ မပြည့်သေးရာ အခြားအခါ၌ကား ပါရမီဖြည့်ခွင့် မရသေးကြောင့် ထိုထို နတ်ပြည်၌ အသက်တမ်း စေ့အောင် နေလေ့မရှိ။ ရောက်ရာ နတ်ပြည်၏ အသက်တမ်း မပြည့်မီပင် စုတေဘို့ရန် ပြင်းထန်သော စိတ်ဖြင့် အဓိဋ္ဌာန်၍ စုတေပြီးနောက် လူ့ပြည်သို့ရောက်မှ ရသင့်ရာ ပါရမီများကို ဖြည့်ကျင့်တော်မူလေ့ရှိသည်။
ဤအချက်ကို ထောက်လျှင် နတ်ပြည်သည် စည်းစိမ်ခံစားဘို့ နေရာသာ ဖြစ်၏။ ပါရမီဖြည့်ဘို့ နေရာမဟုတ်။ ချမ်းသာဆင်းရဲ ၂-မျိုးစုံ တွဲနေသော ဤလူ့ပြည်သာလျှင် ပါရမီဖြည့်ဘို့ နေရာကောင်း ဖြစ်ကြောင်းကို မှတ်ပါ။
တိုက်ဟွန်းချက်
လူ့ဘဝကို ရနေသူတို့သည် မိမိဘဝ၏ နတ်ပြည်ထက်ပင် အဖိုးတန်ပုံကို သတိပြု၍ ကုသိုလ်တိုးပွားအောင် ကြိုးစားကြပါ။ ဤလူ့ဘဝ၌ သူတော်ကောင်းတို့အတွက် ဘုရားဆုလည်း ပန်နိုင်၊ အဂ္ဂသာဝက မဟာသာဝကဆုလည်း ပန်နိုင်၊ အထက်တန်း ဘိက္ခုနီဆုလည်း ပန်နိုင်၏။
ကုသိုလ်မျိုးမျိုးကို ပြု၍ လူ့ချမ်းသာ နတ်ချမ်းကိုလည်း ရနိုင်၏။ ထို့ကြောင့် လူ့ဘဝကို “ဘဝ ပဒေသာပင်ကြီး”ဟု ပဒေသာပင်ကြီးနှင့် ဥပမာပြု၍ ပြောဟောကြပါသည်။
မသူတော်တို့အတွက်ကား ဤလူ့ဘဝသည်ပင် မတရားမှု အမျိုးမျိုးတို့ကို ပြုနိုင်ရာ ဘဝဖြစ်သောကြောင့် မတရားမှု အမျိုးမျိုးကို ပြုကြ၍ လူနုံလူမွဲ လူဆင်းရဲ ဘဝနှင့် ငရဲတိရစ္ဆာန် ပြိတ္တာ ဘဝသို့ ရောက်ကြရလေသည်။
ဤသို့ အထက်လမ်း အောက်လမ်း ၂-လမ်း သွားနိုင်အောင် အခွင့်ပေးနေသော ဤလူ့ဘဝဝယ် အောက်လမ်းသွား မဖြစ်စေပဲ အထက်လမ်းသွား ဖြစ်အောင် သတိထား၍ ကုသိုလ်ကောင်းမှု အမျိုးမျိုးကို ကြိုးစားသင့်ပါသည်။
နိမ္မာနရတိ
တုသိတာနတ်ပြည်၏ အထက် ယာမာနှင့် တုသိတာ ဝေးကွာသလောက် ဝေးကွာသော အရပ်ဝယ် နိမ္မာနရတိ နတ်ပြည် တည်ရှိ၏။ ရုပ်အဆင်းမှစ၍ စည်းစိမ်ချမ်းသာ အရာရာဝယ် သုသိတာ နတ်တို့ထက် သာလွန်၏။ အသက်တမ်းမှာမူ သူတို့၏ အရေအတွက်အားဖြင့် အနှစ် (၈၀၀၀) ရှစ်ထောင် ရှည်သည်။
ပရနိမ္မိတဝသဝတ္တိ
နိမ္မာနရတိနတ်ပြည်၏ အထက်၌ တုသိတာနှင့် နိမ္မာနရတိ ဝေးကွာသလောက် ဝေးကွာသော အရပ်ဝယ် ပရနိမ္မိတဝသဝတ္တိ နတ်ပြည် တည်ရှိ၏။ ရုပ်အဆင်းမှစ၍ စည်းစိမ်ချမ်းသာ အရာဝယ် နိမ္မာနရတိနတ်တို့ထက် သာလွန်၏။ အသက်တမ်းမူ သူတို့၏ အရေအတွက်အားဖြင့် အနှစ် (၁၆၀၀၀) တသောင်း ခြောက်ထောင် ရှည်သည်။
နတ်မင်းများ
စတုမဟာရာဇ် တာဝတိံသာ ၂-ဌာန၌ သိကြားမင်း တယောက်တည်းသာ အုပ်စိုး၏။
စတုမဟာရာဇ် နတ်မင်းကြီး ၄-ယောက်ကား စတုမဟာရာဇ်ဘုံ အတွက် သိကြားမင်း၏ လက်အောက်က အုပ်ချုပ်ကြရသော နတ်မင်းများ ဖြစ်ကြသည်။
ယာမာ စသော အထက်နတ်ပြည် ၄-ထပ်တို့၌လည်း “သုယာမ နတ်မင်း၊ သန္တုဿိတနတ်မင်း” စသော ဆိုင်ရာဘုံ၏ အကြီးအကဲ နတ်မင်းများ ရှိကြသည်။
မာရ်နတ်ကား ပရနိမ္မိတဝသဝတ္တိနတ်ဘုံ၏ တနေရာ၌ သူ့လက်အောက်ခံ နတ်များနှင့် အတူ တည်ရှိ၏။ တိုင်းပြည်ဝယ် သူပုန်ထသောအခါ ထိုသူပုန်ခေါင်းဆောင်များ တန်ခိုးကြီးသကဲ့သို့ သူတို့ဆိုင်ရာ၌သာ တန်းခိုးကြီး၏။
ပရနိမ္မိတဝသဝတ္တိ နတ်ပြည်ကို ပိုင်သူမှာ မာရ်နတ် မဟုတ်။ အခြားနတ်မင်း တယောက်သာ ဖြစ်သည်။
ဗြဟ္မာ့ပြည်
နတ်ပြည် ၆-ထပ်၏ အထက်၌ ဗြဟ္မာပြည်ရှိ၏။
လူ့ပြည်တုန်းက လောကီအရုံ ကာမဂုဏ်ကို စက်ဆုပ်၍ အားထုတ်အပ်သော ဈာန်ကုသိုလ်ကြောင့် လူ့ဘဝမှ စုတေသောအခါ ဗြဟ္မာဖြစ်ကြရသည်။ ထို့ကြောင့် ဗြဟ္မာတို့သည် ကာမဘုံသားတို့ကဲ့သို့ အာရုံ ၅-ပါးကို ခံစားခြင်းမရှိကြ။
ယောကျ်ား မိန်းမဟု ကွဲပြားမှုလည်း မရှိကြ။ အားလုံးသော ဗြဟ္မာတို့သည် ယောက်ျား ပုံသဏ္ဌာန်ဖြင့် တသက်လုံး တည်နေကြ၏။ ကာမဂုဏ် မခံစားသောကြောင့် ယောဂီ သူတော်စင်များကဲ့သို့ အလွန်ငြိမ်သက်ကြပေသည်။
ဗြဟ္မာ ၃-မျိုး
ဆိုင်ရာဗြဟ္မာ အစုအဝေး၌ ဗြဟ္မာမင်းတယောက်စီ ရှိ၏။
“ဗြဟ္မပုရောဟိတ်”ဟု ခေါ်အပ်သော လက်အောက် ဗြဟ္မာများလည်း ရှိ၏။
“ဗြဟ္မပါရိသဇ္ဇာ” ဟု ခေါ်အပ်သော အခြွေအရံ ပရိသတ် ဗြဟ္မာများလည်း ရှိ၏။
လူ့ဘုံဝယ် ဈာန်ရစဉ်က ထိုဈာန်ကို အထပ်ထပ် လေ့လာသောကြောင့် ပဌမတန်း အဆင့်သို့ ရောက်သူသည် ဗြဟ္မာမင်း ဖြစ်၏။ အလယ်အလတ်တန်း အဆင့်သို့ ရောက်သူများသည် ဗြဟ္မပုရောဟိတ်များ ဖြစ်ကြ၏။ ရိုးရိုးဈာန်ကိုရသော ပုဂ္ဂိုလ်များသည် ဗြဟ္မာမင်း၏ အခြွေအရံ ပရိသတ်များ ဖြစ်ကြသည်။
ပဌမဈာန် ၃-ဘုံ
ဤသို့ ဗြဟ္မာ ၃-မျိုး ကွဲသောကြောင့် ကောင်းကင် တပြင်တည်းမှာပင် ပဌမဈာန် ၃-ဘုံ ကွဲပြား၏။
အခြွေအရံ ဗြဟ္မာတို့သည် အသင်္ချေယျကပ်၏ ၃-ဘို့ တဘို့၊ ဗြဟ္မပုရောဟိတ်တို့သည် အသင်္ချေယျကပ် တဝက်၊ ဗြဟ္မာမင်းတို့သည် အသင်္ချေယျ တကပ် အသက်ရှည်၏။
(ကမ္ဘာကြီး တည်သည်မှ စ၍ ပျက်သည့် တိုင်အောင် အသင်္ချေယျကပ် ၄-ကပ် ရှိ၏။)
ဒုတိယဈာန် ၃-ဘုံ
ဒုတိယဈာန် ရသူတို့ဖြစ်ရာ အထက် ကောင်းကင်၌လည်း တပြင်တည်းမှာပင် ဒုတိယဈာန် ၃-ဘုံ ကွဲပြား၏။ အခြွေအရံ ဗြဟ္မာတို့သည် မဟာကပ် ၂-ကပ်၊ ဗြဟ္မပုရောဟိတ်တို့သည် မဟာကပ် ၄-ကပ်၊ ဗြဟ္မာမင်းသည် မဟာကပ် ၈-ကပ် အသက် ရှည်၏။
တတိယဈာန် ၃-ဘုံ
တတိယဈာန် ရသူတို့ဖြစ်ရာ အထက် ကောင်းကင်၌လည်း တပြင်တည်းမှာပင် တတိယဈာန် ၃-ဘုံ ကွဲပြား၏။ အခြွေအရံ ဗြဟ္မာတို့သည် မဟာကပ် ၁၆-ကပ်၊ ဗြဟ္မပုရောဟိတ်တို့သည် မဟာကပ် ၃၂-ကပ်၊ ဗြဟ္မာမင်းသည် မဟာကပ် ၆၄-ကပ် အသက်ရှည်၏။
စတုတ္ထဈာန်ဘုံ
ထိုမှ အထက်ကောင်းကင်၌ စတုတ္ထဈာန် ရသူတို့သည် နာမ်တရား (စိတ်၊ စေတသိက်) တို့ကို စက်ဆုပ်သူမဟုက်လျှင် ဝေဟပ္ဖိုလ်ဘုံ၌ ဖြစ်၏။
စတုတ္ထဈာန် ရစဉ်က နာမ်တရားတို့ကို စက်ဆုပ်သူဖြစ်လျှင် နာမ်တရားမပါပဲ အသညသတ်ဘုံ၌ ဖြစ်၏။ ထိုဘုံတို့၌ မဟာကပ် ငါးရာ အသက်ရှည်၏။
သုဒ္ဓါဝါသ ၅-ဘုံ
အနာဂါမ် ရဟန္တာ ဖြစ်၍ စတုတ္ထဈာန်ကို ရလျှင် စုတေသော အခါ၌ ဖြစ်ကြရသော ဘုံဌာနကို “သုဒ္ဓါဝါသ”ဟုခေါ်၏၊
[သုဒ္ဓ - စင်ကြယ်သော အနာဂါမ်ရဟန္တာပုဂ္ဂိုလ် တို့၏ + အာဝါသ - နေရာဘုံ။]
ထို သုဒ္ဓါဝါသဘုံသည် အဝိဟာ၊ အတပ္ပါ၊ သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌာအားဖြင့် အဆင့်ဆင့်မြင့်သော ဘုံ ၅-ဘုံရှိ၏။
အဝိဟာဘုံ၌ ဗြဟ္မာတို့သည် မဟာကပ်တထောင် အသက်ရှည်၏။
အတပ္ပါဘုံ၌ ဗြဟ္မာတို့သည် မဟာကပ် ၂-ထောင် အသက်ရှည်၏။
သုဒဿာဘုံ၌ ဗြဟ္မာတို့သည် မဟာကပ် ၄-ထောင် အသက်ရှည်၏။
သုဒဿီဘုံ၌ ဗြဟ္မာတို့သည် မဟာကပ် ၈-ထောင် အသက်ရှည်၏။
အကနိဋ္ဌာဘုံ၌ ဗြဟ္မာတို့သည် မဟာကပ် ၁-သောင်း ၆-ထောင် အသက်ရှည်၏။
အောက်အောက် သုဒ္ဓါဝါသဘုံမှ အနာဂါမ်အဖြစ်ဖြင့် စုတေလျှင် ထိုဘုံ၌ပင် ထပ်၍လည်း ဖြစ်နိုင်၏။ အထက်အထက် သုဒ္ဓါဝါသဘုံ၌လည်း ဖြစ်နိုင်၏။
အရူပ ၄-ဘုံ
ထို သုဒ္ဓါဝါသဘုံ၏ အထက်၌ ရုပ်ကို စက်ဆုပ်သော ပုဂ္ဂိုလ်တို့၏နေရာ နာမ်တရားချည်းသာရှိသော အရူပဘုံ ၄-ဆင့် ရှိသေး၏။
(၁) အာကာသာနဉ္စာယတနဈာန်ကို ရသော ဗြဟ္မာတို့၏ နေရာ အာကာသာနဉ္စာယတနဘုံ၊ ထိုဘုံ၌ အသက် မဟာကပ် ၂-သောင်း ရှည်၏။
ထိုဘုံ၏ အထက်၌ ဝိညာဏဉ္စာယတနဈာန်ကို ရသော ဗြဟ္မာတို့၏နေရာ ဝိညာဏဉ္စာယတနဘုံ၊ ထိုဘုံ၌ အသက် မဟာကပ် ၄-သောင်း ရှည်၏။
ထိုဘုံ၏ အထက်၌ အာကိဉ္စညာယတနဈာန်ကို ရသော ဗြဟ္မာတို့၏နေရာ အာကိဉ္စညာယတနဘုံ၊ ထိုဘုံ၌ အသက် မဟာကပ် ၆-သောင်း ရှည်၏။
ထိုဘုံ၏ အထက်၌ နေဝသညာနာသညာယတနဈာန်ကို ရသော ဗြဟ္မာတို့၏နေရာ နေဝသညာနာသညာယတနဘုံ၊ ထိုဘုံ၌ အသက် မဟာကပ် ၈-သောင်း ရှည်၏။
အသက်တမ်း စေ့လျှင်
အောက်အောက် ဗြဟ္မာများနှင့်တကွ မဟာကပ် ၁ သောင်း အသက်ရှည်သော အထက်ဆုံး ဗြဟ္မာတို့သည် ပုထုဇဉ်ဖြစ်လျှင် အသက်ကမ်း စေ့သောအခါ အောက်အောက်ဘုံသို့ ပြန်ကြရာဝယ် အချို့မှာ လူ့ဘုံတိုင်အောင် ပြန်လာကြ၏။
အရိယာဖြစ်ပြီးသူတို့ကား ဗြဟ္မာပြည်သို့ရောက်လျှင် အောက်သို့ မပြန်တော့ပဲ ထိုဘုံ၌ ထပ်၍၎င်း၊ အထက်အထက်သို့ တက်၍၎င်း ဆက်ကာဆက်ကာ ရဟန္တာမဖြစ်မီ နေကြရ၏။
ရဟန္တာဖြစ်သောအခါ ရောက်ရာ ဗြဟ္မာဘုံ၌ ပရိနိဗ္ဗာန် စံကြရသည်။
ဤ အရူပဘုံများနှင့်တကွ အောက်ဆုံး ငရဲဘုံတိုင်အောင် စကြဝဠာတံတိုင်းအထိ “ဩကာသ လောက” ကမ္ဘာကြီးတခုဟု၎င်း၊ ထိုကမ္ဘာ၌ နေရာအမျိုးမျိုးဝယ် နေကြရသော သတ္တဝါအပေါင်းကို “သတ္တလောက”ဟု မှတ်ပါ။
သတ္တလောက သိတော်မူပုံ
သတ္တလောကကို သိတော်မူရာ၌ “ဤသတ္တဝါသည် မည်သည့်ဘုံမှ စုတေခဲ့၍ မည်သည့်ကံကြောင့် ဤဘုံ၌ ဖြစ်ရ၏” ဟု၎င်း၊ ရှေးရှေး ဘဝက လောဘ ဆိုင်ရာဝယ် လိုချင်မှု အားကြီးခဲ့သောကြောင့်၎င်း၊ ကံပြုရာ အခါတုန်းက ဂုဏ်ပကာသန လိုလားသော လောဘ၊ ဘဝစည်းစိမ်ကိုတောင့်တသော လောဘ၊ ဤသို့ လောဘခြံရံ၍ ကံပြုခဲ့သောကြောင့်၎င်း၊ ထိုကံအကျိုးပေးရာ ဤဘဝ၌ လောဘကြီးသူ လောကီအာရုံ ကာမဂုဏ် လိုက်စားသူ ဖြစ်ရ၏”ဟု အကြောင်းအကျိုး စုံလင်စွာ သိတော်မူ၏။
“ရှေးရှေးဘဝက ထိုထိုကိစ္စဝယ် ဒေါသအဖြစ် များသောကြောင့်၎င်း၊ ကံပြုရာ အခါတုန်းက မကျေနပ်မှု၊ စိတ်တိုမှု၊ စိတ်မချမ်းသာမှု ဤသို့ ဒေါသခြံရံ၍ ကံပြုခဲ့သောကြောင့်၎င်း၊ ထိုကံ အကျိုးပေးရာ ဤဘဝ၌ ဒေါသကြီးသူ၊ စိတ်ညစ်တတ်သူ၊ စိတ်ဆင်းရဲတတ်သူ ဖြစ်ရ၏” ဟု အကြောင်းအကျိုး စုံလင်စွာ သိတော်မူ၏။
“ရှေးရှေးဘဝက ဉာဏ်ပညာနည်းပါး၍ မစဉ်းစားတတ်၊ မဝေဘန်တတ်၊ မသိတတ်သော မောဟ အဖြစ်များသောကြောင့်၎င်း၊ ကံပြုရာ အခါတုန်းက ကံ ကံ၏အကျိုးကို နားမလည်ပဲ သူများပြုသလို လိုက်၍ ပြုရာ၌ မောဟခြံရံ၍ ပြုရာရောက်သောကြောင့်၎င်း၊ ထိုကံအကျိုးပေးရာ ဤဘဝ၌ စည်းစိမ်ဥစ္စာ ပေါများစေကာမူ ဉာဏ်ပညာ နည်းပါး၍ ထိုင်းမှိုင်း ဖျင်းအ၊ သူများပြောသမျှကို လိုက်နာရသော မောဟကြီးသူ ဖြစ်ရ၏”ဟု အကြောင်းအကျိုး စုံလင်စွာ သိတော်မူ၏။
“ရှေးရှေးဘဝက သဒ္ဓါကောင်းသူ ဖြစ်ခဲ့သောကြောင့်၎င်း၊ သဒ္ဓါခြံရံ၍ ကောင်းသော ကံကို ပြုခဲ့သောကြောင့်၎င်း၊ ထိုကံအကျိုးပေးရာ ဤဘဝ၌ သဒ္ဓါကောင်းသူ ဖြစ်တတ်၏။ ဘုရားကိစ္စ၊ တရားကိစ္စ၊ သံဃာ့ကိစ္စတို့၌ သဒ္ဓါတရား ထက်သန်စွာ ပြုလုပ်တတ်၏။ သိုသော် “ဉာဏ်မပါလျှင် သူများပြောသမျှကို ယုံကြည်၍ အမှားကိုလည်း ပြုမိတတ်၏”ဟု အကြောင်းအကျိုး စုံလင်စွာ သိတော်မူ၏။
“ရှေးရှေးဘဝက ဉာဏ်ပညာထက်သူ၊ အရာရာ စဉ်းစားသူ ဖြစ်ခဲ့သောကြောင့်၎င်း၊ ပညာရေး ကိစ္စ၌ အားပေးခဲ့သောကြောင့်၎င်း၊ ထိုကံအကျိုးပေးရာ ဤဘဝ၌ ပညာထက်သူ အရာရာ စဉ်းစားဝေဘန်တတ်သူ ပညာရေးဆိုင်ရာဝယ် အထက်တန်းရောက်သူ ဖြစ်ရ၏”ဟု အကြောင်းအကျိုး စုံလင်စွာ သိတော်မူ၏။
“ရှေးရှေးဘဝက လောဘ ဒေါသ မောဟ တမျိုးမျိုး အရင်းခံ၍ သူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း၊ သူ့အိမ်ရာကို ကျူးလွန်ခြင်း၊ လိမ်လည်လှည့်ပတ်ခြင်း၊ သေရည်အရက် သောက်စားမှု များစွာပြုခြင်းစသော သီလပျက်မှု ဒုစရိုက် အကုသိုလ်မှုတွင် တခုခုကိုပြုခဲ့သောကြောင့် ငရဲ၌ ဖြစ်ရ၏ဟု၎င်း၊ တိရစ္ဆာန်ဖြစ်ရ၏ဟု၎င်း၊ ပြိတ္တာအမျိုးမျိုး ဖြစ်ရ၏ဟု၎င်း အကြောင်းအကျိုး စုံလင်စွာ သိတော်မူ၏။
ဤသို့ သတ္တလောကဟူသော သတ္တဝါအပေါင်းကို ရိုးရိုးမျက်စိဖြင့် မသိ မမြင်နိုင်သော သေးသေးမွှားမွှား တိရစ္ဆာန်ကလေးများမှ စ၍ ကြီးကြီးမားမား တိရစ္ဆာန်များနှင့် လူ နတ် ဗြဟ္မာ သတ္တဝါ အမျိုးမျိုးသော သတ္တလောကကို အကြောင်းအကျိုး စုံလင်စွာ သိတော်မူပါသည်။
တဆင့်သိကြရပုံ
ဤသို့ ဘုံဌာနဖြစ်ရာဒေသ တည်းဟူသော ဩကာသလောကနှင့်တကွ လူ နတ် ဗြဟ္မာ ငရဲ တိရစ္ဆာန် ပြိတ္တာ ဟူသော သတ္တလောကကို ရှေးဦးစွာ ကိုယ်တော်တိုင် သဗ္ဗညုတဉာဏ်တော်ဖြင့် သိတော်မူ၍ လေးဆယ့်ငါးဝါ ကာလပတ်လုံး အကြောင်းပေါ်တိုင်း ဟောတော်မူသောကြောင့် ဘုရားလက်ထက်တော်မှစ၍ မိမိတို့လက်ထက် တိုင်အောင် လူကောင်း သူကောင်း သူတော်အပေါင်းတို့ သိကြရသဖြင့် ပါဏာတိပါတ စသော ဒုစရိုက်ဆယ်ပါး မကောင်းသော အကုသိုလ်များကို ရှောင်ရှားတတ်ကြ၏။ သုစရိုက် ၁၀-ပါးကို၎င်း၊ ဒါန သီလ ဘာဝနာစသော ပုညကိရိယဝတ္ထု ၁၀-ပါးကို၎င်း ကြိုးစားတတ်ကြပေသည်။
ဘုရားရှင် ပွင့်တော်မမူလျှင်ကား မျက်မြင် လူ့လောကနှင့်တကွ တိရစ္ဆာန်လောက လောက်ကိုသာ သိရသဖြင့် ကုသိုလ် အကုသိုလ်ကိုလည်း ခွဲခြား၍ မသိနိုင်သောကြောင့် သူကန်းလမ်းသွားရာ၌ မှားလမ်းကိုသာ အသွားများ၍ မှန်သောလမ်းကို သွားမိခြင်းက နည်းပါးသကဲ့သို့ ကောင်းသော ကုသိုလ်အလုပ်ကိုလည်း ပြုလုပ်မိကြ၊ မကောင်းသော အကုသိုလ်အလုပ်ကိုလည်း ပြုလုပ်ကြရာဝယ် အပါယ်ရောက်ကြောင်း မကောင်းမှုတွေကသာ များ၍နေစရာ ရှိပါသည်။
ထို့ကြောင့် ဘုရားရှင် ပွင့်တော်မူလာခြင်းသည် လူကောင်းသူကောင်း ပညာရှိ သူတော်ကောင်းတို့မှာ အလွန်ကျေးဇူးများပါပေသည်။
ပါဠိတော်
သော ဣမံ လောဘံ သဒေဝကံ သမာရကံ သဿမဏဗြာဟ္မဏိံ ပဇံ သဒေဝမနုဿံ သယံ အဘိညာ ဘစ္ဆိကတွာ ပဝေဒေတိ။
မြန်မာပြန်
ထို မြတ်စွာဘုရားသည် -
နတ်နှင့်တကွဖြစ်သော မာရ်နတ်နှင့်တကွ ဗြဟ္မာနှစ်ဆယ်နှင့်လည်း တကွ ဖြစ်သော ဤ အထက် သတ္တလောက ဩကာသလောကကို၎င်း၊
လူမင်း - အခြားလူများနှင့် တကွဖြစ်သော သာသနာတွင်း သာသနာပ ရသေ့ရဟန်း ပုဏ္ဏားနှင့် တကွဖြစ်သော အလယ်တန်း သတ္တလောကကို၎င်း၊
ငရဲ တိရစ္ဆာန် ပြိတ္တာ ဟူသော အောက်တန်း သတ္တလောကကို၎င်း၊
ကိုယ်တော်တိုင် သဗ္ဗညုတဉာဏ်တော်ဖြင့် သိ၍ အများသိအောင်လည်း ဟောပြတော်မူသည်။ ဤသို့ ဟောတော်မူသောကြောင့် မိမိတို့ တဆင့် သိကြရသည်မှာ အလွန် ကံကောင်းကြပါသည်။
[ဆောင်]
ဘုရားရှင်တော်၊ မပွင့်ပေါ်လျှင်၊
လူတော်အများ၊ စိတ်ကောင်းထားလည်း၊
ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊
ထိုထိုဘုံဘဝ၊ မသိရ၊
များလှ အပြစ်တွေ။
ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊
ဟောဖော်ညွှန်ကြား၊ မြတ်တရားကြောင့်၊
ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊
ထိုထိုဘုံဘဝ၊ သိကြရ၊
များလှ ကျေးဇူးပေ။
သင်္ခါရလောက
ဆိုင်ရာ အကြောင်းတရားတို့ ပြုအပ်သော ရုပ်တရား နာမ်တရားစုကို “သင်္ခါရလောက”ဟု ခေါ်၏။
ထို သင်္ခါရလောကဟူသည် ဩကာသလောက သတ္တလောကမှ တမျိုးတခြား မဟုတ်ပါ။
ဩကာသလောကဟု ခေါ်အပ်သော ဘုံဌာန အမျိုးမျိုးသည် သတ္တဝါတို့၏ ကံကိုအရင်းခံ၍ ဥတုကြောင့်ဖြစ်သော (ဥတုသည် ပြုအပ်သော) ရုပ်တရားတွေလည်း။ ထိုရုပ်တရားစုကိုပင် ဥတုသည် ပြုအပ်သောကြောင့် သင်္ခါရလောကဟု ခေါ်၏။ သတ္တလောက ဟူသည်လည်း ရုပ်နှင့်နာမ် ပေါင်းစပ်တည်နေသော သင်္ခါရလောက ပင်ဖြစ်၏။ လူ စိတ် သတ္တဝါဟု ဆိုလျှင် ခန္ဓာဟူသော ရုပ်အစုနှင့် အမြဲဖြစ်နေသော စေတသိက်အစုသာ ဖြစ်၏။
ကံက ရုပ်ကိုပြုပုံ
လူ၌ရှိသော ရုပ်စုကို မိမိပြုအပ်သော ရှေးကံက အမိဝမ်းဝယ် စတည်နေစဉ်ကပင် ရုပ်ဖြစ်အောင် ပြု၏။ အမြဲရုပ်တွေ ဖြစ်နေရာ၌လည်း ရှေးကံအသီးသီးက ပြုနေသော ရုပ်များလည်း ပါဝင်၏။ ထို့ကြောင့် ရုပ်အဆင်း လှ-မလှ စသောအားဖြင့် ကွဲပြားမှုကို ရှေးကံက ပြုထားသည်ဟု မှတ်ပါ။ ထိုရုပ်များကို ကမ္မဇရုပ် ဟု ခေါ်၏၊
(ကမ္မ - ကံကြောင့် + ဇ - ဖြစ်သောရုပ်။)
စိတ်က ရုပ်ကိုပြုပုံ
အမြဲ ဖြစ်နေသော စိတ် စေတသိက်တို့ကလည်း ခန္ဓာကိုယ်၌ ရုပ်ဖြစ်အောင် အမြဲ ပြုနေကြ၏။ ထို့ကြောင့် စိတ်ချမ်းသာသူ၌ ရုပ်တွေ ကြည်လင်နေ၏။ စိတ်ဆင်းရဲသူ၌ ရုပ်တွေ ညှိုးနွမ်းနေ၏။ ဤခန္ဓာကိုယ်ဝယ် ထိုရုပ်များကို စိတ္တဇရုပ်ကို ခေါ်၏။ (စိတ္တ - စိတ်ကြောင့် + ဇ - ဖြစ်သောရုပ်။)
ဥတုက ရုပ်ကိုပြုပုံ
အပြင်ပ၌ရှိသော အအေးအပူတွင် ပါဝင်သော အငွေ့ကို ဥတုဟုခေါ်၏။ ဤခန္ဓာကိုယ် အတွင်း၌ အပြင်ဘက်က ဥတုအငွေ့သည်၎င်း၊ အတွင်းက ဥတုအငွေ့သည်၎င်း၊ ရုပ်ကို ဖြစ်စေပြန်၏။
ထို့ကြောင့် ကောင်းမြတ်သော ဥတုဝယ် နေတတ်သူတို့သည် ရုပ်အဆင်း ကြည်လင်၍ ကျန်းမာကြ၏။ အပြင်က ဥတုအလိုက် မနေတတ်သူတို့သည် မကျန်းမမာဖြစ်ကြရ၏။ ရေ၌လည်း ထိုအငွေ့ပါ၏၊ ထို့ကြောင့် ရေချိုးမှားသူတို့သည် မသင့်သော ဥတုအငွေ့ကြောင့် မကျန်းမမာ ဖြစ်ကြရ၏။
ဥတုက ခန္ဓာကိုယ်ဝယ် ရုပ်ဖြစ်အောင် ပြုနေကြောင်းကို သိသူတို့သည် ဥတုနှင့် လျော်အောင် နေတတ်သောကြောင့် ကျန်းမာသော ရုပ်တွေသာ ဖြစ်နေသည်။ ဤရုပ်များကို ဥတုဇရုပ်ဟု ခေါ်၏။
(ဥတု - အအေး အပူ အငွေ့ကြောင့် + ဇ - ဖြစ်သောရုပ်။)
အာဟာရက ရုပ်ကိုပြုပုံ
စားသောက်သမျှ အစာကို “အာဟာရ”ဟု ခေါ်၏။
ထိုအာဟာရထဲမှ အဆီအနှစ် ဩဇာဟူသော ရုပ်တမျိုး ပါဝင်၏။ ထိုဩဇာသည် စားလိုက်သောအခါ ခန္ဓာကိုယ်၌ ရုပ်အမျိုးမျိုးကို ဖြစ်စေ၏။ ထို့ကြောင့် ဩဇာကောင်းသော အစာအာဟာရကို စားနေရသူတို့သည် ကျန်းမာ၏။ ဝဖြိုး၏။ ဩဇာမကောင်းသော ဩဇာကောင်းသော်လည်း မိမိနှင့် မသင့်သော အစာအာဟာရကို စားနေရသူတို့သည် ရောဂါများ၏။ ထို့ကြောင့် မသင့်သော အစာကို စားမိလျှင် ချက်ချင်းရောဂါရ၍ သို့မဟုတ် ရောဂါတိုး၍ သေကြရလေသည်။
ဆေးအမျိုးမျိုး၌ ပါသော ဩဇာသည် မိမိနှင့် သင့်မြတ်လျှင် ကောင်းသောရုပ်ကို ဖြစ်စေ၍ မိမိနှင့် မသင့်မြတ်လျှင် မကောင်းသော ရုပ်ကို ဖြစ်စေသောကြောင့် နဂို မကျန်းမမာသူတို့မှာ ရောဂါသက်သာခြင်း၊ ရောဂါတိုးခြင်း တို့ကို တွေ့ရလေသည်။
ဤသို့လျှင် ဤခန္ဓာကိုယ်သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူသော အကြောင်းတရားတို့က အချိန်ရှိသရွေ့ ပြုအပ်သောကြောင့် သင်္ခါရရုပ် အစုသာ ဖြစ်ချေသည်။
စိတ်စေတသိက်ကို
အကြောင်းတို့က ပြုပုံ
သတ္တဝါတို့၏ သန္တာန်၌ ကုသိုလ်စိတ်၊ အကုသိုလ်စိတ်၊ ဝိပါက်စိတ်၊ ကြိယာစိတ်ဟု စိတ် ၄-မျိုးရှိ၏။
ကြိယာစိတ်
ထိုတွင် ကြိယာစိတ် အများစုသည် ရဟန္တာဖြစ်ပြီး သူတို့၌သာ ဖြစ်ရသောကြောင့် အထူး သိဘွယ် မလိုပါ။
ဝိပါက်စိတ်
ဝိပါက်စိတ်တွေသည် ရှေးကံကြောင့် ဖြစ်ရ၏။ အမိဝမ်း၌ ပဋိသန္ဓေတည်နေစကပင် “ရှေးကံကြောင့် ပဋိသန္ဓေစိတ် ဟူသော ဝိပါက်စိတ် ဖြစ်ခဲ့၏။ ထို ဝိပါက်စိတ်သည် ရှေးကံကြောင့် ဖြစ်ရကား ကံကောင်းသူတို့၌ ကောင်းသော ပဋိသန္ဓေဝိပါက်စိတ် ဖြစ်၏။ ကံညံ့သူတို့၌ ညံ့သော ပဋိသန္ဓေဝိပါက်စိတ် ဖြစ်၏။ ကံမကောင်းသူတို့၌ ငရဲ တိရစ္ဆာန် ပြိတ္တာဘုံဝယ် မကောင်းသော ပဋိသန္ဓေဝိပါက်စိတ် ဖြစ်၏။
ထို့ကြောင့် လူအမျိုးမျိုး သတ္တဝါအမျိုးမျိုး၌ ပဋိသန္ဓေတည်နေစကပင် စိတ်ချင်း မတူခဲ့ကြသောကြောင့် တဘဝလုံး၌လည်း အများအားဖြင့် စိတ်ချင်း မတူကြချေ။ အိပ်ပျော်နေသောအခါ စိတ်တွေသည် ထို ပဋိသန္ဓေစိတ်မျိုးပင် ဖြစ်၏။ ဤစိတ်အားလုံးကို ဝိပါက်စိတ်ဟု ခေါ်၏။ ထို့ကြောင့် ဝိပါက်စိတ်ဟူသည် ရှေးကံပြုအပ်သော သင်္ခါရတရားပင်တည်း။
ကုသိုလ်စိတ်
သုစရိုက် ၁၀-ပါးဟု အများ နားလည်နေသော ကုသိုလ်စိတ်ဖြစ်ရာ အခါ၌၎င်း၊ ဒါန သီလ ဘာဝနာ စသော ပုညကြိယာဝတ္ထု ၁၀-ပါးတွင် တပါးပါးကို ပြုနေရာ အခါ၌၎င်း ဤ ကုသိုလ်စိတ်တွေ အထပ်ထပ်ဖြစ်နေကြပေသည်။ သူတော်ကောင်းစစ်စစ် ဖြစ်သူတို့ သန္တာန်ဝယ် ထိုကုသိုလ်စိတ်တွေက အဖြစ်များ၏။
ယခုဘဝ ဖြစ်သမျှသော ကုသိုလ်စိတ်တွေသည် ထုံးစံအတိုင်း ဖြစ်သည်နှင့် တပြိုင်နက် ဆက်၍ ပျက်ရသော်လည်း နောက်နောက်ဘဝ၌ ကောင်းကျိုးပေးဘို့ရန် ခန္ဓာအစဉ်ဝယ် ကမ္မသတ္တိ ဟူသော သတ္တိတမျိုးကိုမြှုပ်နှံ၍ ချုပ်ကြလေသည်။
ဘုရားအလောင်းစသော ပုဂ္ဂိုလ်တို့သည် ထိုကုသိုလ်စိတ်များဖြင့် ဒါနစသော ပါရမီကောင်းမှု အမျိုးမျိုးကို ပြုခဲ့ကြ၏။ ပြုသမျှကောင်းမှုတွေသည် ပြီးပြီးပျောက်ပျောက် မဟုတ်ပဲ နောက်နောက်အခါ၌ အကျိုးပေးဘို့ရန် ကမ္မသတ္တိကို မြှုပ်နှံ၍ ချုပ်သွားကြသောကြောင့် နောက်ဆုံးဘဝ၌ ပါရမီကုသိုလ်များသည် ဘုရားဖြစ်လောက်အောင် ပြည့်နေရကား အလွန်ထက်မြက်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် အဖြစ်ဖြင့် ထင်ရှားသော ဘုရားတဆူ ဖြစ်ရပေသည်။
အဂ္ဂသာဝက မဟာသာဝက ဘိက္ခု ဘိက္ခုနီလောင်းများလည်း ဤကဲ့သို့ ကုသိုလ်ပါရမီတွေ ပြည့်အောင် ဖြည့်ခဲ့ကြပေသည်။
ထို့ကြောင့် ကုသိုလ်စိတ်ဟူသည် မိမိကိုယ်တိုင် ရှေးကပြုအပ်ခဲ့သော သင်္ခါရတရား ပင်တည်း။
အကုသိုလ်စိတ်
ဒုစရိုက် ၁၀-ပါးဟု ခေါ်ဝေါ်အပ်သော - ပါဏာတိပါတ စသော မကောင်းမှု၊ အဒိန္နာဒါန စသော မကောင်းမှု၊ သူ့သားအိမ်ရာ ပြစ်မှားကျူးလွန်ခြင်း စသော ကာမေသုမိစ္ဆာစာရ မကောင်းမှု၊ လိမ်လည် လှည့်ပတ်ခြင်းစသော မုသာဝါဒ မကောင်းမှု၊ သေရည်သောက်မှု ဘိန်းစားမှုစသော မကောင်းမှုတို့ကို ပြုရာ အခါ၌ လောဘနှင့် ဆိုင်သော အကုသိုလ်စိတ်၊ ဒေါသနှင့် ဆိုင်သော အကုသိုလ်စိတ်၊ မနာလို ဝန်တိုမှု ဣဿာ မစ္ဆရိယနှင့်ဆိုင်သော အကုသိုလ်စိတ်၊ လှပသော သာယာဘွယ် ကောင်းသော အဆင်း အသံ အနံ့ အရသာ အတွေ့အထိများကို သာယာသောအခါ၌ ဖြစ်သော အကုသိုလ်စိတ် - တို့သည် ပုထုဇဉ်တို့သန္တာန်၌ အချိန်ရှိသရွေ့ အဖြစ်များနေ၏။
ဖြစ်ပြီး၍ ပျက်သောအခါ နောက်နောက်ဘဝ၌ မကောင်းသော အကျိုးကို ပေးဘို့ရန် မိမိ၏ ကမ္မသတ္တိကို မြှုပ်နှံ၍ ချုပ်သွားလေ၏။ ထို အကုသိုလ်စိတ်တို့လည်း ဆိုင်ရာအာရုံတို့ကို အကြောင်းပြု၍ မိမိကိုယ်တိုင် ပြုအပ်သောကြောင့် သင်္ခါရတရားများပင် ဖြစ်သည်။
ရုပ်နာမ် သင်္ခါရ
ပြအပ်ပြီးသေ၁ ရုပ်ဟူသမျှကို ရုပ်သင်္ခါရဟု၎င်း၊ ပြအပ်ပြီးသော စိတ်တို့နှင့် စိတ်ဖြစ်တိုင်း ပါရသော စေတသိက်တို့ကို နာမ်သင်္ခါရဟု၎င်း ခေါ်ရ၏။ ဗုဒ္ဓမြတ်စွာသည် သတ္တဝါတို့၏ ရုပ်နာမ်သင်္ခါရကို သိတော်မူသောကြောင့် ကျွတ်ထိုက်သော သတ္တဝါတို့ကို တရားဟောတော်မူရာဝယ် သူ၏ ရှေးကံ သင်္ခါရ ကိုလည်း ကြည့်တော်မူရ၏။ ယခု ဖြစ်ဆဲ နာမ်သင်္ခါရကိုလည်း ကြည့်တော်မူရ၏။ နာမ်သင်္ခါရတွင် ပါဝင်သော သဒ္ဓါ၏ အနုအရင့်၊ ပညာ၏ အနုအရင့်ကိုလည်း ကြည့်တော်မူရ၏။ ရာဂ ဒေါသစသော အဖြစ်များသော စရိုက်ဆိုး တို့ကိုလည်း ကြည့်တော်မူရ၏။
ထိုသို့ ကြည့်တော်မူပြီးမှ သဒ္ဓါ ပညာတို့ တိုးတက်လာအောင်၎င်း၊ ရာဂ ဒေါသတို့ကို နည်းပါး သွားအောင်၎င်း တရားဟောတော်မူရသည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာ၏ ရုပ်နမ်သင်္ခါရကို သိတော်မူ ခြင်းဟူသော လောကဝိဒူ ဂုဏ်တော်သည် သတ္တဝါများ အတွက် အလွန် ကျေးဇူးများသော ဂုဏ်တော် ဖြစ်ပါပေသည်။
အပါယ်မကျတော့
ဤနေရာဝယ် ရပ်တန့်၍ ပြအပ်ခဲ့သော အရဟံ စသော ပုဏ်တော် များကို၎င်း၊ လောကဝိဒူ ဂုဏ်တော်ကို၎င်း တပါးစီ တပါးစီ အထပ်ထပ် အာရုံပြုသောအခါ ဗုဒ္ဓမြတ်စွာ၏ အပေါ်၌ လေးလေး နက်နက် ဉာဏ်ဖြင့် သက်ဝင်၍ ယုံကြည်သော အဝေစ္စပဿဒ ဖြစ်၏။ လူဝတ်ကြောင် ဖြစ်လျှင် လူ့သီလ၊ သာမဏေဖြစ်လျှင် သာမဏေသီလ၊ ရဟန်း ဖြစ်လျှင် ရဟန်းတော်များ၏ သီလကို ပွတ်သစ်စ ခရုသင်းကဲ့သို့ ဖြူဝင်းနေအောင် စောင့်ထိန်းကာ ဤ ဗုဒ္ဓါနုဿတိ ဂုဏ်တော်ကို လေးလေး နက်နက် ယုံကြည်သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကို မိမိ ဤ တရား တည်းဟူသော ထောက်မှန်ကို ကြည့်၍ အပါယ်မကျနိုင်တော့ဟု ဝမ်းမြောက် ဝမ်းသာ ဆုံးဖြတ်နိုင်ပါသည်။
အမှာ
ကြွင်းန်သော ဘုရားဂုဏ်တော်များကို၎င်း၊ တရားဂုဏ်တော် ၆-ပါး၊ သံဃာ့ဂုဏ်တော် ၉-ပါးကို၎င်း ရတနာ့ဂုဏ်ရည် စာအုပ်ကိုကြည့်၍ သိကြပါလေတော့။
ပါဠိတော်
တသ္မာတိယာနန္ဒ ဓမ္မာဒါသံ နာမ ဓမ္မပရိယာယံ ဒေသေဿာမိ။ “ယေန သမန္နာဂတော အရိယသာဝကော အာကင်္ခမာနော အတ္တနာဝ အတ္တာနံ ဗျာကရေယျ၊ ခီဏနိရယောမှိ ခီဏတိရစ္ဆာနယောနိ ခီဏပေတ္ထိဝိသယော ခီဏာပါယဒုဂ္ဂတိ ဝိနိပါတော၊ သောတာပန္နောဟမသ္မိ အဝိနိပါတဓမ္မော နိယတော သမ္ဗောဓိပရာယဏော”တိ။
မြန်မာပြန်
နောက်၌ ဘုရားဂုဏ်တော်၉-ပါး၊ တရားဂုဏ်တော် ၆-ပါး၊ သံဃာ့ဂုဏ်တော် ၉-ပါး ဤဂုဏ်တော် များ၌ အဝေစ္စပသာဒ (ဉာဏ်ဖြင့် သက်ဝင်၍ ယုံကြည်ခြင်း) ၃-မျိုး၊ ငါးပါးသီလနှင့် ပြည့်စုံခြင်း ဤဂုဏ်အင်္ဂါ ၄-ပါးနှင့် ပြည့်စုံသူသည် မိမိကိုယ်ကို သောတာပန်ဖြစ်ပြီဟု ဆုံးဖြတ်နိုင်သည်။
သောတာပန်ဖြစ်ဘို့
ခဲယဉ်းသလော
ဤတရားမှန်ကြီးကို ကြည့်ရှုသောအခါ သောတာပန် ဖြစ်ဘို့ အကြောင်းမှာ ရတနာ ၃-ပါး၏ ဂုဏ်တော်ကို လေးလေးနက်နက် ကြည်ညိုခြင်းနှင့် လူဝတ်ကြောင်များ၌ ငါးပါးသီလ စင်ကြယ်ဘို့သာ ဖြစ်၏။ ထို့ကြောင့်လည်း ဝိသာခါ ကျောင်းအမသည် ဗုဒ္ဓမြတ်စွာကို ပဌမ ဖူးရစဉ် ၇-နှစ် အရွယ်ကပင် သောတာပန် တည်ခဲ့၏။
ဓမ္မာသောကမင်း၏ အသန္ဓိမိတ္တာဒေဝီသည် ဘုရားရှင်၏ အသံတော်နှင့် အထိုက် အလျောက် တူသော ကရဝိက်ငှက်၏ အသံကို ကြားရ၍ ဘုရားကို မဖူးလိုက်ရပဲ ကြည်ညိုသော အဝေစ္စပသာဒ (သဒ္ဓါ) နှင့် မောင်းမ ၇-ရာ နှင့်အတူ သောတပန် ဖြစ်ကြ၏။ [ဗုဒ္ဓါနုဿတိ ဘာဝနာစာအုပ် (၆၈) နံပါတ်၌ ပြခဲ့ပြီး၊] ဤသို့လျှင် ပင်ကိုယ်က ငါးပါးသီလ စင်ကြယ်သူများအတွက် ယခုလို သာသနာ အတွင်း၌ သောတာပန်ဖြစ်ဘို့ မခဲယဉ်း-ဟု မှတ်သင့်ပါသည်။
[ဆောင်]
ထောက်မှန်ပေါ်တွင်၊ ကိုယ့်အသွင်ကို၊
ဆင်ပြင်လိုဘိ၊ နေ့စဉ်ကြည့်သို့။
မိမိ သီလ၊ ဆိုင်သမျှကို၊
နေ့ည ခပင်း၊ လွန်သန့်ရှင်း၍၊
ပျံ့သင်း မွှေးမှု၊ အလေးပြုလျက်။
သုံးလူ့ထွတ်ထား၊ မြတ်ဘုရားနှင့်၊
တရားသံဃာ၊ အရိယာ၏ ဆိုင်ရာဂုဏ်တော်၊
ဉာဏ်၌မွေ့အောင်၊ ရွှင်ပျော်ရှုစား၊
သဒ္ဓါပွါးမူ၊ မလားအပါယ်၊
တရားကယ်မည်။...
ရှုဘွယ် ထောက်မှန် အစစ်တည်း။
ဝေသာလီမြို့သို့ ကြွတော်မူခြင်း
ဗုဒ္ဓ မြတ်စွာသည် နာဋိကာရွာ၌ ကျွတ်ထိုက်သော သတ္တဝါတို့ ရှိသမျှ နေတော် မူပြီးလျှင် ရဟန်း များစွာနှင့် အတူ ဝေသာလီမြို့သို့ ကြွတော်မူ၍ “အမ္ဗပါလီ” မည်သော ပြည့်တန်ဆာမ၏ ဥယျာဉ်၌ သီတင်းသုံးတော်မူ၏။ ထိုအရပ်၌ ရဟန်းတို့ကို မိန့်တော်မူသည်မှာ ဘိက္ခုတို့ ... ရဟန်းသည် ကာယာနုပဿနာ ဘာဝနာကို ပွါးများ၍ သော်လည်း နေလေ့ရှိရ၏။ ဝေဒနာနုပဿနာ ဘာဝနာကို ပွါးများ၍ သော်လည်း နေလေ့ရှိရ၏။ စိတ္တာနုပဿနာ ဘာဝနာကို ပွါးများ၍သော်လည်း နေလေ့ရှိရ၏။ ဓမ္မာ နုပသနာ ဘာဝနာကို ပွါးများ၍သော်လည်း နေလေ့ရှိရ၏။ ထိုထို ပွါးများ၍နေစဉ် လိုချင်မှု အဘိဇ္ဈာကို၎င်း၊ စိတ်ဆင်းရဲမှု ဒေါမနဿကို၎င်း ပယ်ဖျောက်နိုင်သည်။
ဘိက္ခုတို့ … ဤသာသန၁က်၌ ရဟန်းဖြစ်သူသည် ရှေ့ရှု အရပ်သို့ သွားသော်၎င်း၊ သွားပြီး၍ ပြန်သော်၎င်း ဉာဏ်ပညာဖြင့် ဆင်ခြင်၍ “ပုဂ္ဂိုလ် သတ္တဝါ ငါသွားသည် မဟုတ်။ ပုဂ္ဂိုလ် သတ္တဝါ ငါပြန်သည် မဟုတ်။ ဤသို့ ငါဟူသော အတ္တစွဲကို ဖျောက်၍ သွားလိုသောစိတ်၊ ပြန်လိုသော စိတ်ကြောင့် ရုပ်ခန္ဓာတွင် ပါဝင်သော ခြေတို့သည် မြှောက်လိုက် ရှေ့တိုးလိုက် အောက်ချလိုက် အားဖြင့် ဖြစ်နေပါတကား” ဟု ဉာဏ်ဖြင့်ဆင်ခြင်မှုကို ပြုလေ့ရှိ၏။
ရှေ့ရှုအရပ်ကို ကြည့်ရာအခါ၌၎င်း၊ ရှေ့ရှု မဟုတ်သော ဘေးအရပ်ကို ကြည့်ရာ အခါ၌၎င်း “ပုဂ္ဂိုလ် သတ္တဝါ ငါ ကြည့်သည် မဟုတ်၊ ကြည့်လိုသော စိတ်ကြောင့် မျက်လုံး၏ အထက် မျက်လွှာရှိ ရုပ်တို့၏ အထက်သို့ တက်၍ ဖြစ်ခြင်း၊ အောက်မျက်လွှာရှိ ရုပ်တို့၏ အောက်သို့ ကျ၍ ဖြစ်ခြင်း အားဖြင့် ရှေ့ရှုနေသော အာရုံကို မြင်နေသော စက္ခုဝိညာဏ ဝီထိစိတ်တွေ ဖြစ်နေပါတကား” ဟု ဉာဏ်ဖြင့် ဆင်ခြင်၍ ကြည့်လေ့ရှိ၏။
လက် ခြေတို့ကို ကွေးခြင်း ဆန့်ခြင်း၌လည်း “ပုဂ္ဂိုလ် သတ္တဝါ ကွေးသည် မဟုတ်၊ ဆန့်သည် မဟုတ်။ ကွေးလို ဆန့်လိုသော စိတ်များ ဖြစ်ပေါ်လာသောအခါ လက်ခြေတို့၌ ဖြစ်သော ရုပ်တို့သည် ကွေးသော အားဖြင့်၎င်း၊ ဆန့်သောအားဖြင့်၎င်း ဖြစ်ရပါသည်တကား”ဟု ဉာဏ်ဖြင့် ဆင်ခြင်၍ ကွေးလေ့ ဆန့်လေ့ရှိ၏။
သပိတ် သင်္ကန်းတို့ကို ဝတ်ရုံသုံးစွဲရာ အခါ၌၎င်း၊ စားရာ သောက်ရာ အခါ၌၎င်း၊ ခဲဘွယ် (သားရေစာ) တို့ကို ခဲရာအခါ၌၎င်း၊ လျက်ဘွယ်တို့ကို လျက်ရာအခါ၌၎င်း ထို့အတူပင် ဉာဏ်ဖြင့်ဆင်ခြင်၍ပြုလေ့ရှိ၏။
ကျင်ကြီး ကျင်ငယ် စွန့်ရာအခါ၌၎င်း၊ ဟိုနား ဒီနား ခရီးတို သွားရာအခါ၌၎င်း၊ ထိုင်ရာအခါ၌၎င်း၊ ရပ်ရာအခါ၌၎င်း၊ အိပ်ရာအခါ၌၎င်း၊ နိုးရာအခါ၌၎င်း၊ စကားပြောရာ အခါ၌၎င်း၊ တိတ်တိတ်နေရာ အခါ၌၎င်း၊ ပုဂ္ဂိုလ် သတ္တဝါ ငါမဟုတ်၊ ဝတ်ရုံ သုံးစွဲလိုသောစိတ် စသည်ကြောင့် ရုပ်တရားတွေ အမျိုးမျိုး ဖြစ်သောအခါ ဝတ်ရုံ သုံးစွဲနေသော အခြင်းအရာများကို တွေ့မြင် နေရပါတကားဟု ဉာဏ်ဖြင့် ဆင်ခြင်မှုကို ပြုလေ့ရှိ၏။
ဤသို့ ဆင်ခြင်သောအခါ ပုဂ္ဂိုလ်ဟု ဆိုအပ်သော အရာဝတ္ထုလည်း မရှိ၊ သတ္တဝါဟု ဆိုအပ်သော အရာဝတ္ထုလည်း မရှိ၊ အတ္တဟု ခေါ်အပ်သော အရာဝတ္ထု လည်း မရှိ။ အကြောင်းအားလျော်စွာ ရုပ်နာမ်တွေ ဖြစ်နေပါ တကားဟု သိမြင်လာနိုင်သည်။
အဓိပ္ပါယ်ရှင်းလင်းချက်
အတ္တရှိ၏ဟု စွဲလမ်းပုံ
များစွာသော လူတို့သည် ခန္ဓာကိုယ်အတွင်း၌ အတ္တဟု ခေါ်အပ်သော အကောင် ကလေး ရှိသေး၏။ ထိုထိုကိစ္စကို ပြုစရာရှိလျှင် အတ္တအကောင်ကလေး၏ အလိုအတိုင်း လက် ခြေတို့က သွားမှု စားမှု စသော ကိစ္စကို ပြုပေးရ၏။ စကားပြောလိုသောအခါ အတ္တအကောင် ကလေး၏ အလိုအတိုင်း ပါးစပ် လျှာကို လှုပ်ရှား၍ အသံထွက်အောင် ပြုပေးရ၏။ ထွက်သော အသံသည်ပင် အတ္တအကောင် ကလေး၏ အလိုအတိုင်း စကားပြောသံတွေ ထွက်နေရ၏။ အတ္တအကောင်လေးက သွားချင်လျှင် လက်ခြေတို့က သွားရ၏။ အတ္တအကောင် ကလေးက စားချင်လျှင် လက်ဖြင့် စားစရာကို ယူပေး၍ ပါးစပ်ဖြင့် စားရ၏။ အတ္တအကောင် ကလေးက အိပ်ချင်လျှင် အိပ်ရ၏။ တယောက်နှင့် တယောက် ချစ်ခြင်း မုန်းခြင်း ဟူသည်လည်း အတ္တ အကောင်ကလေး၏ ချစ်ခြင်း မုန်းခြင်းပင်တည်း။
ဤသို့ ခန္ဓာကိုယ်နှင့် ဆိုင်ရာဝယ် အစိုးရသော ခန္ဓာကိုယ် တခုလုံး၏ ပိုင်ရှင်ဖြစ်သော အတ္တ အကောင်ကလေးသည် ခန္ဓာကိုယ် အတွင်း၌ ရှိ၏ဟု ယူဆ၍ ထို အတ္တ အကောင်ကလေး ကိုပင်“အသက်ကောင်၊ ဝိညာဉ်ကောင်၊ လိပ်ပြာကောင်” ဟု အမျိုးမျိုး နာမည်တပ်၍ စွဲလမ်းကြသည်။ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ၊ သူ၊ ငါ ဟူသော အသုံးအနှုန်း၊ ဒီအကောင်၊ ဟိုအကောင်ဟူသော အသုံးအနှုန်း များလည်း ထိုအတ္တကို ခေါ်သော အသုံးအနှုန်းများပင်ဖြစ်သည်။
ဘဝပြောင်းရာ၌ အတ္တစွဲပုံ
ဤဘဝခန္ဓာကိုယ်သည် ထိုအတ္တကလေး၏ နေရာ ခန္ဓာအိမ်ပင် ဖြစ်၏။ ဤ ဘဝခန္ဓာအိမ်သည် ရွတ်တွယိုယွင်း အိုမင်းသောကြောင့် ဖြစ်စေ၊ ရောဂါတမျိုးမျိုး ဖြစ်၍ ခန္ဓာအိမ် မခိုင်မမြဲ ယိုင်လဲလု နေသောကြောင့် ဖြစ်စေ အတ္တ အကောင် ကလေးသည် ထိုခန္ဓာအိမ် အဟောင်းကိုစွန့်၍ ခန္ဓာအိမ်အသစ်သို့ ရွှေ့ပြောင်းပြန်၏။ ဤသို့အားဖြင့် ခန္ဓာအိမ်သာပျက်၍ အတ္တအကောင် ကလေးကား မည်သည့်အခါမျှ မပျက်ပဲ မြဲသော နိစ္စတရား ဖြစ်သည်ဟု စွဲလမ်းကြလေသည်။ ဤသို့ စွဲလမ်းကြသော်လည်း ဘဝပြောင်းရာ၌ အတ္တ အကောင်ကလေး ပြောင်းခြင်း မဟုတ်ပဲ ကံကြောင့် ဘဝအသစ် ဖြစ်ရပုံကို ပြပါဦးမည်။
ဘဝပြောင်းရာ၌ ကံကြောင့်
ကုသိုလ် အကုသိုလ် တို့သည် ဖြစ်ပြီး၍ ချုပ်သွားသောအခါ မိမိ၏ခန္ဓာအစဉ်၌ ကမ္မသတ္တိကို မြှုပ်နှံ၍ ချုပ်သွားကြောင်းကို သင်္ခါရလောက၌ ပြခဲ့ပါပြီ။ ထို့ကြောင့် ယခုဘဝဆုံးခါနီး (သေခါနီး) သောအခါ ယခုဘဝမှစ၍ လွန်လေပြီးသော ရှေးရှေးဘ၀ ဝယ် ပြုအပ်ခဲ့သော ကံဖြစ်စေ၊ ထိုကံ ပြုတုန်းက အသုံးပြုခဲ့က ကုသိုလ်နှင့် ဆိုင်ရာ လှူဘွယ်ဝတ္ထု စသည် ဖြစ်စေ၊ အကုသိုလ်နှင့်ဆိုင်ရာ သူ့အသက် သူ့ဥစ္စာ သူ့သားမယား စသော အာရုံဖြစ်စေ စိတ်အစဉ်၌ ထင်လာတတ်၏။ တချို့မှာ ရောက်ရမည့် ဘဝ၌ တွေ့ရမည့် အာရုံတွေ ထင်လာ၏။ ထိုထင်လာသော အာရုံသည် ကံကြောင့် ဖြစ်ရကား ဧကန်မုချ ထိုကံသည် နောက်ဘဝ၌ ရုပ်နာမ် ခန္ဓာ အသစ်ကို ဖြစ်စေပါသည်။
[ကုသလာ ကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာစ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။
ပဋ္ဌာန်းပါဠိတော်။]
အတ္တမဟုတ် အနတ္တ
ဗုဒ္ဓမြတ်စွာ ပွင့်တော်မူလသောအခါ ထိုအတ္တ မရှိကြောင်းကို ဓမ္မစကြာ ဟောတော် မူပြီးနောက် ငါးရက်မြောက်၌ “အနတ္တလက္ခဏ” သုတ်ကို ဟောတော်မူရပါသည်။ အတ္တမရှိသကဲ့သို့ အတ္တ၏ နာမည် ဖြစ်သော ပုဂ္ဂိုလ်လည်း မရှိ၊ သတ္တဝါလည်း မရှိ၊ ငါလဲမရှိ၊ သူလဲမရှိဟု မှတ်ပါ။ သို့သော် စကားပြောရာ၌ကား အများ နားလည်အောင် ပုဂ္ဂိုလ်၊ သတ္တဝါ၊ သူ၊ ငါ ဟု ခေါ်၍ ပြောနိုင်ပါသည်။
နိစ္စ မဟုတ် အနိစ္စ
လောကဝိဒူ ဂုဏ်တော်၌ ပြအပ်ခဲ့သော သတ္တလောက၊ သြကာသလောကနှင့် ရုပ်နာမ် ဟူသော သင်္ခါရလောကတို့သည် အတ္တမဟုတ်၊ အတ္တမရှိသော အနတ္တ တို့သာ ဖြစ်သကဲ့သို့ ဖြစ်ဘိုင်း ဖြစ်တိုင်း ပျက်နေရသောကြောင့် မမြဲသော အနိစ္စတို့သာ ဖြစ်ကြ၏။ ပျက်ပုံကလည်း အလွန်မြန်၏။ ရေပြင်၌ ဒုတ်ဖြင့် ခြစ်သောအခါ ရှေ့ကခြစ်သွား၍ ထင်နေသော ဒုတ်ရာသည် ချက်ချင်း ပျက်သကဲ့သို၎င်း၊ မိုးရွာ၍ ရေ၌ကျသော ရေပွက်သည် ချက်ချင်း ပျက်သကဲ့သို့၎င်း၊ ထို့အတူ ဖြစ်ပြီးသည်နှင့် တပြိုင်နက် စိတ် စေတသိက် ဟူသော နာမ်တရား တို့သည် ချက်ချင်း ပျက်ကြ၏။
စိတ်ပေါင်း တဆယ့်ခုနစ်ချက် ပျက်လျှင် ရုပ်တရားတို့က တကြိမ်ပျက်၏။ တဆယ့် ခုနစ်ချက် ဆိုသော်လည်း ကြာသည်မဟုတ်၊ လက်ဖြောက် တချက်တီးခန့် ကာလ၌ ကုဋေ သိန်းပေါင်းများစွာ ဖြစ်ကြ ပျက်ကြသည်။ ထို့ကြောင့် ရုပ်နာမ် သင်္ခါရ ဟူသမျှတို့ မမြဲသော အနိစ္စတို့သာ ဖြစ်ကြလေသည်။
သုခ မဟုတ် ဒုက္ခ
ဤ ရုပ် နာမ် ခန္ဓာတို့သည် အမြဲ ပျက်နေရသောကြောင့် (အမြဲသေနေရသကဲ့သို့) ဒုက္ခသာတည်း။ ပျက်ပြီး၍ နောက်ထပ် မဖြစ်ရလျှင် ငြိမ်း၏။ ယခု နောက်ထပ် မဖြစ်ပဲ မနေရ အကြောင်း အားလျော်စွာ ဖြစ်ရပြန်၏။ ဖြစ်လျှင်လည်း ပျက်ရပြန်၏။ ဤသို့ အငြိမ်မနေနိုင်ပဲ အဖြစ်အပျက် ဒဏ်ကို ခံနေရသောကြောင့် ရုပ်နာမ်အားလုံးပင် ဒုက္ခချည်းသာ ဖြစ်ကြလေသည်။
ထို့ပြင် ဓမ္မစကြာ၌ လာသည့်အတိုင်း အမိဝမ်းခေါင်း၌ ၁၀-လ ကြာအောင် ပဋိသန္ဓေ နေရသော ဇာတိဒုက္ခ၊ အိုရသော ဇရာဒုက္ခ၊ မကျန်းမမာ ဖျားနာရသော ဗျာဓိဒုက္ခ၊ သေခါနီး၌ ဆင်းရဲရသော မရဏဒုက္ခ တို့အပြင် ချစ်သူနှင့် ကွဲရခြင်းကြောင့်ဖြစ်သော (ပိယဝိပ္ပယောဂ) ဒုက္ခ၊ မုန်းသူနှင့် အတူနေရခြင်း ဟူသော (အပ္ပိယသမ္ပယောဂ) ဒုက္ခ၊ လိုချင်တာကို မရခြင်းကြောင့်ဖြစ်သော ဒုက္ခ-ဤသို့ ဆင်းရဲ ဟူသမျှသည် ဤခန္ဓာကိုယ်၌ ဖြစ်ရသောကြောင့် တကိုယ်လုံး ဒုက္ခတုံးကြီး တကား။
ရုပ် နာမ် ခန္ဓာ
ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော (မြေ ရေ မီး လေ) ဟူသော အထည်ကိုယ် အခံရုပ်ကြီး ၄-ပါး နှင့် ဝဏ္ဏ(အဆင်း)၊ ဂန္ဓ(အနံ့)၊ ရသ (အရသာ)၊ ဩဇာ (အစာ အဟာရတို့၌ ပါသော အဆီ အနှစ်) ဤ ရုပ်ရှစ်ပါး အနည်းဆုံး စုမိမှ ကလာပ် (ရုပ်အစု) တခု ဖြစ်၏။ ဤကဲ့သို့ ရုပ်ကလပ်တို့သည် ခန္ဓာကိုယ်၌ မရေမတွက်နိုင်အောင် များ၏။
လောဘ ဒေါသ မောဟ မာန (အထင်ကြီးမှု ၊ ဣဿာ (မနာလိုမှု)၊ မစ္ဆရိယ(ဝန်တိုမှု)၊ ဒိဋ္ဌိ (အယူမှားမှု)၊ ဝိစိကိစ္ဆာ(ယုံမှား သံသယဖြစ်မှု) စသော မကောင်းသော စေတသိက်များနှင့် အတူတွဲ၍ ဖြစ်သောစိတ်ကို အကုသိုလ်စိတ်ဟု ခေါ်၏။ အလောဘ၊ အဒေါသ၊ အမောဟ၊ သဒ္ဓါ၊ ပညာ၊ သတိ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ (သူ ချမ်းသာသည်ကို ဝမ်းမြောက်မှု) စသော စေတသိက်များနှင့် တွဲဘက်၍ဖြစ်မှသာ စိတ်ကို ကုသိုလ်စိတ်ဟု ခေါ်၏။
ထိုထိုကိစ္စ၌ အားထုက်သော ဝီရိယ၊ အာရုံတခုပေါ်၌ အတော်ကြာအောင် တည်ငြိမ် နေသော သမာဓိသည် အကုသိုလ်ဘက်၌လည်း ပါ၏။ ကုသိုလ်ဘက်၌လည်း ပါ၏။
ဝိပါက်စိတ်တို့သည် ကုသိုလ် အကုသိုလ်ကံ၏ အကျိုးတရားတို့သာ ဖြစ်ကြ၏။ ကြိယာစိတ်တို့လည်း များသောအားဖြင့် ရဟန္တာ သန္တာန်၌ ဖြစ်နိုင်၏။ ထို စိတ် စေဟသိက် အားလုံးကို “နာမ်”ဟု ခေါ်၏။ ဤ ရုပ်နာမ် ၂-ရပ် ပေါင်းစပ်နေသည်ကို “ခန္ဓာကိုယ်”ဟု ခေါ်၏။ ထို ခန္ဓာကိုယ်ကိုပင် ပုဂ္ဂိုလ်၊ သတ္တဝါ၊ သူ၊ ငါဟု ခေါ်ကြသည်။
အဝိဇ္ဇာနှင့် တဏှာ အရင်းခံ
ပြအပ်ခဲ့သော နာမ်တရားတို့တွင် အမှန်ကို မသိအောင် ဖုံးကွယ်တတ်သော မောဟကို “အဝိဇ္ဇာ” ဟုခေါ်၏။ အဝိဇ္ဇာက ဖုံးကွယ်၍ ထားသောကြောင့် အပြစ်ကို မမြင်နိုင်ပဲ လိုချင်မှု လောဘ ဖြစ်ရ၏။ ထိုလောဘကို “တဏှာ” ဟု၎င်း၊ တပ်မက်မှု တဏှာကိုပင် “ရာဂ”ဟု၎င်း ခေါ်၏။ ဤ ရုပ်နာမ် ခန္ဓာကိုယ်၏ အရင်းခံသည် အဝိဇ္ဇာနှင့် တဏှာ ပင်တည်း။
ထိုအဝိဇ္ဇာနှင့် တဏှာကြောင့် ရုပ်နာမ်ခန္ဓာကို အပြစ်မမြင်ပဲ လိုချင်နေသည့်အတွက် ထိုထိုကံကို ပြု၍ ဘဝ အဆက်ဆက်၌ ဆက်ကာဆက်ကာ ဖြစ်နေသော ရုပ် နာမ် ခန္ဓာ ဖြစ်ရ၏။ ထိုသို့ တဘဝပြီးတဘ၀ ဆက်ကာ ဆက်ကာ ဖြစ်နေခြင်းကိုပင် “သံသရာလည်ခြင်း”ဟု ခေါ်ရ၏။ သတ္တဝါတယောက်၏ သံသရာသည် အစ မထင်ရှားအောင်ပင် ကြာမြင့်ခဲ့ကြပြီ။
သံဝေဂဝတ္ထု ရှစ်ပါး
ရုပ် နာမ် ခန္ဓာ သံသရာသည် အစ မထင်ရှားအောင် ကြာခဲ့ပါသော်လည်း ထို သံသရာ အတွင်း၌ ချမ်းသာသုခဖြင့် ကျင်လည်ခဲ့ကြရသည် မဟုတ်ပါ။ လူ့ဘဝ၌ ဖြစ်သောအခါ အမိဝမ်းခေါင်း ကျဉ်းကျဉ်း မြောင်းမြောင်း မှောင်မှောင် မဲမဲထဲ၌ အလွန်သေးငယ်သော ရုပ်နာမ်ခန္ဓာကလေးမှ စ၍ တဖြေးဖြေး ကြီးရင့်ကာ ဆယ်လ ခညောင်းအောင် အောင်းခဲ့ရ၏။ မိခင်ရော သူငယ်ပါ သေရေး ရှင်ရေး စိတ်မအေးလောက်အောင် ဖွားမြင်ခဲ့ရ၏။
ဤသို့ “ဇာတိဒုက္ခ”ဟု ခေါ်ရသော ဒုက္ခအမျိုးမျိုးကို ခံစားပြီး၍ ဖွားမြင်ပြီးသောအခါ အိုရခြင်း နာခြင်း သေရခြင်း ဟူသော ဇရာဒုက္ခ ဗျာဓိဒုက္ခ မရဏဒုက္ခတို့နှင့် ရင်ဆိုင်ရပြန်၏။ ထိုဒုက္ခ အမျိုးမျိုးကြောင့် စိတ်ရော ကိုယ်ပါ အေးချမ်းစွာ မနေနိုင်ကြ။
ဤသို့ ဒုက္ခအမျိုးမျိုးကို ခံစား၍ သေသောအခါ အများစုက ငရဲ တိရစ္ဆာန် ပြိတ္တာဘဝ၌ သာ၍ ဆိုးဝါးသော ဒုက္ခကို ခံကြရ၏။
ဤနည်းအားဖြင့် အတိတ်ဘဝများစွာ သံသရာကလည်း ဒုက္ခမျိုးစုံကို အဖုံဖုံဖြင့် ကျင်လည်ခဲ့ရ၏။ အရိယာ မဖြစ်သေးသမျှ နောက်နောက် ဘဝ များစွာ သံသရာ ၌လည်း ဒုက္ခမျိုးစုံဖြင့် ကျင်လည် ရဦးမည်သာ။ ထို ဒုက္ခအမျိုးမျိုးမှ လွတ်ခွင့်ရတုန်း အခိုက်မှာလည်း စားဝတ်နေရေးအတွက် အစာရှာဖွေရသော ဒုက္ခတို့လည်း နည်းနည်း မဟုတ်ပါ။ နေ့စဉ် တွေ့နေရသော ဒုက္ခပင်ဖြစ်၏။ အစာရှာယင်းပင် မင်းပြစ်စသော အပြစ်နှင့် အလွန်ကြောက်ဖွယ် ကောင်းသော ဒုက္ခကို ခံရသေး၏။
ထို့ကြောင့် ဤ ပြခဲ့သော ဒုက္ခရှစ်ပါးကို သံသရာဝယ် ငြီးငွေ့သော သံဝေဂဉာဏ် ဖြစ်ဘို့ရန် “သံဝေဂဝတ္ထု ရှစ်ပါး”ဟု ဘုရားဟောတော်မူပါသည်။
[ဆောင်]
အမိဝမ်းခေါင်း၊ ဆယ်လညောင်းမျှ၊
အောင်းခဲ့ရချေ၊ တည်သန္ဓေနှင့်၊
လူ့ပြေ လူ့ရွာ၊ ရောက်ပြန်ပါလည်း၊
အို နာ သေရေး၊ ဒုက္ခဘေးကြောင့်၊
စိတ်အေး ကိုယ်ခိုင်၊ မနေနိုင်ခဲ့။
ဆိုင်ဆိုင် ဒုက္ခ၊ ခံပြီးမှလည်း၊
များလှ ပါယ်ရွာ၊ ရောက်ကြရှာ၏။
အတီတာရှေး၊ ဤဝဋ်ဘေးနှင့်၊
နောင်ရေး နာဂတ်၊ ဒုက္ခထပ်လိမ့်။
မပြတ်ခုခါ၊ ဖြစ်တုန်းမှာလည်း၊
အစာရှာရ၊ ထိုဒုက္ခကြောင့်၊
နေ့ည မဟူ၊ ကိုယ်စိတ် ပူ၍၊
သူသူ ငါငါ၊ မသက်သာသည်..
ရှစ်ဖြာသံဝေ ရကြောင်းတည်း။
တဆယ့်တသီး မီးတွေလောင်လို့
လူသတ္တဝါတို့၌ တဆယ့်တသီး မီးတွေလောင်နေ၏။ မီးတဆယ့်တပါးကား -
ဇာတိမီး (ပဋိသန္ဓေနေရခြင်း)၊
ဇရာမီး (အိုရခြင်း)၊
မရဏမီး (သေခါနီး ဒုက္ခခံရခြင်း)။
ရာဂမီး (တဏှာရာဂဖြင့် တပ်မက်ခင်မင် လိုချင်မီး)၊
ဒေါသမီး (စိတ် ဆိုးခြင်း၊ စိတ်တိုခြင်း၊ စိတ်ကောက်ခြင်း၊ စိတ်ဆင်းရဲခြင်း)၊
မောဟမီး (အကြောင်း အကျိုး မသိနိုင်အောင် ဖုံးလွှမ်းခြင်း)။
ဤ မောဟမီးကြောင့်ရောဂဖြင့် လိုချင်တာကို မရသောအခါ အပြစ်ကို မမြင်တော့ပဲ မိဘ ဆရာ စသည်တို့ အပေါ်ဝယ် သာ၍သာ၍ ဒေါသ ဖြစ်ရုံမက၊ ကိုယ့်အသက်ကိုပင် ဖျက်ဆီးသည်အထိ ဒုက္ခဖြစ်ရသည်။
သောကမီး။ ။ အချစ်ရာဂအလျောက် အိမ်ထောင်ကျသော အခါ၌ကား - သားကိစ္စ၊ သမီးကိစ္စ၊ ဆွေ့ကိစ္စ၊ မျိုးကိစ္စတို့ကြောင့် ဝမ်းနည်းရခြင်းဟူသော သောကမီး လောင်ပြန်၏။
ပရိဒေဝမီး။ ။ ဝမ်းနည်းရုံတွင်မက ငိုကြွေးရခြင်း ဟူသော ပရိဒေဝ မီးလည်း လောင်ပြန်၏။
ဒုက္ခ ဒေါမနသမီး။ ။ ကိုယ်ဆင်းရဲခြင်း ဟူသော ဒုက္ခမီး၊ စိတ်ဆင်းရဲရခြင်း ဟူသော ဒေါမနဿမီး တို့လည်း လောင်ပြန်၏။
ဥပါယာသမီး။ ။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုက လွန်ကဲသောအခါ အသက်ကိုမျှ မရှူနိုင်အောင် တက်သွားအောင် ပူပန်ရခြင်းဟူသော ဥပါယာသမီးလည်း လောင်ပြန်၏။
ဤ တဆယ့်တသီး မီးတို့ကား လူစသော ဘဝတို့၌ သူသူငါငါကို လောင်၍ နေပါသည်။
[ဆောင်]
သူသူ ငါငါ၊ ဖြစ်လေရာဝယ်၊
ဦးစွာ ကြိုဆီး၊ ဇာတိ မီးက၊
အပြီး ပုံသေ၊ လောင်မြိုက်လေ၏။
မသွေ တသီး၊ ရာဂမီးလည်း၊
အပြီးနောက်မှာ၊ ကပ်လျက်ပါ၏။
မကွာစေရ၊ မရဏဟု၊
တဘဝဖျက်ဆီး၊ လောင်သည့် မီးလည်း၊
ငြီးငြီးပြောင်ပြောင်၊ အမြဲလောင်၏။
လောင်ပုံလောင်အား၊ မထင်ရှားလည်း၊
နုထွားပျိုမျစ်၊ အရွယ်ဖြစ်သော်၊
အချစ်ရာဂ၊ မီးတွေ ထ၍၊
ဒေါသထန်ပြင်း၊ မောဟညှဉ်း၏။
မကင်းနိုင်အောင်၊ ထို့နောက် နောင်လည်း၊
တောက်လောင်ဖိစီး၊ သောကမီးကြောင့်၊
ဝမ်းနည်းဘွယ်တွေ၊ အထွေထွေနှင့်၊
ပရိဒေဝ၊ ငိုကြွေးကြလျက်၊
ဒုက္ခလည်းထပ်၊ ဒေါမနသ်နှင့်၊
ဆက်စပ်မကွာ၊ ဥပါယာသ၊
လွန်ပြင်းပြလျက်၊ သက်မျှမရှု၊
တက်အောင်ပူသည်၊
ဆူဆူမီးတောက် ဆယ့်တစ်တည်း။
ကမ္မဋ္ဌာန်းမှန်သမျှ
အဝိဇ္ဇာနှင့် တဏှာ ကုန်ဘို့သာ
အဝိဇ္ဇာနှင့်တဏှာကြောင့် သံသရာဝယ် ဒုက္ခအမျိုးမျိုးဖြင့် ကျင်လည်နေရပုံကို သိသောအခါ ထို အဝိဇ္ဇာနှင့် တဏှာကုန်အောင် ကြိုးစားရာနည်းကို ရှာကြရ၏။ ထိုနည်းကို ဘုရား တဆူ ပွင့်တော်မူမှသာ ဘုရားဟောတော်မူ၍ သိကြရ၏။ သမုဒ္ဒရာသို့ ဝင်ဘို့ရန် ဆိပ်ကမ်းများစွာ ရှိသကဲ့သို့ သံသရာ၏ တဖက်ကမ်းဖြစ်သော နိဗ္ဗာန်သို့ ဝင်ဘို့ရန်လည်း ကမ္မဋ္ဌာန်း တည်းဟူသော ဆိပ်ကမ်းတွေ အများအပြားပင် ရှိ၏။
ထိုကမ္မဋ္ဌာန်းကို အားထုတ်ယင်းပင် အဝိဇ္ဇာ တဏှာကို နည်း၍ နည်း၍ လာမှသာ ထိုကမ္မဋ္ဌာန်း လမ်းစဉ်သည် မှန်သောလမ်းစဉ် ဖြစ်၏။ ကမ္မဋ္ဌာန်း အားထုတ် သော်လည်း အဝိဇ္ဇာနှင့် တဏှာ မနည်းလျှင် ကမ္မဋ္ဌာန်းသော်လည်း မှားနေလိမ့်မည်။ သို့မဟုတ် မိမိကသော်လည်း အဝိဇ္pာနှင့် တဏှာ နည်းလိုသောဆန္ဒ မရှိသောကြောင့် ဖြစ်လိမ့်မည်။
ကမ္မဋ္ဌာန်းနည်း မှန်၍ မိမိဆန္ဒက အဝိဇ္ဇာနှင့် တဏှာ ကုန်စေလိုလျှင်ကား ကမ္မဋ္ဌာန်း ဟူသမျှသည် အဝိဇ္ဇာ တဏှာ နည်းပါးရာမှ တစ တစ ကုန်ဘို့သာ ဖြစ်သည်။ ထို့ကြောင့် ဤအချက်လည်း ကမ္မဋ္ဌာန်း အားထုတ်ယင်း တဏှာ နည်း-မနည်းကို ကြည့်ရှုရန် တရားကြေးမုံ ထောက်မှန်ကြီး ဖြစ်သည်ဟု မှတ်ပါ။
ကာယဂတာသတိ ကမ္မဋ္ဌာန်း
“ရဟန်းသည် မိမိ၏ ကိုယ်ကာယကို အဖန်ဖန် ရှု၍သော်လည်း နေရ၏”ဟု ဗုဒ္ဓမြတ်စွာ ဟောတော်မူ၏။
ထိုသို့ ဟောတော်မူသည့်အတိုင်း ကိုယ်ကာယကို ရှုရာ၌ ဆံပင်၊ မွေးညှင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ စသော “ကာယဂတာသတိ”ဟုလည်း ခေါ်အပ်သော ကမ္မဋ္ဌာန်းသည် တပါး အပါအဝင် ဖြစ်၏။
ရှင်အာနန္ဒာသည် ရဟန္တာ ဖြစ်ခါနီး၌ စင်္ကြံသွားယင်း ကာယဂတာသတိကို နှလုံးသွင်းတော်မူ၏။
ခေမာထေရီ အလောင်း ဖြစ်သော မိဖုရားကိုလည်း “သတိ ကာယဂတာ တျတ္ထု - အသင့်အား ကိုယ်ကာယ ဖြစ်သော သတိကို ဖြစ်စေလော့”ဟု ဗုဒ္ဓ မြတ်စွာက တိုက်တွန်းတော်မူ၏။
မထေရ်-၂-ပါး
ကေသာ လောမာ ရွတ်၍ တရားရပုံ
မလယ အရပ်၌ နေသော မဟာဒေဝထေရ်၏ အထံ၌ ကမ္မဋ္ဌာန်းတောင်းလာသော မထေရ် ၂-ပါး တို့သည် နိကာယ် ၂-ရပ် ၃-ရပ်ကို တတ်ကျွမ်းသူများ ဖြစ်ကြ၏။ သို့သော် ကမ္မဋ္ဌာန်း ဆရာတော်သည် ထိုနိကယ်ဆောင် မထေရ် ၂-ပါးအား “ကေသာ လောမာ နခါ ဒန္တာ တစော” စသော ကောဋ္ဌာသကမ္မဋ္ဌန်းကို ၄-လ ပတ်လုံး ရွတ်အံ၍ နေကြရန် ပေးတော်မူ၏။ ထိုမထေရ် ၂-ပါးသည် ဆရာညွှန်ပြသည့်အတိုင်း ၄-လပတ်လုံး “ကေသာ လောမာ နခါ ဒန္တာ တစော” စသော အားဖြင့် ရွက်အံနေစဉ်ပင် ၃၂-ပါးသော ကောဋ္ဌာသတို့ကို အလွန် ထင်မြင်လာရကား သောတာပန် ဖြစ်ကြပါသည်။
ဤမျှလောက် ထင်ရှားသော ရှေးသူတော်ကောင်းများ အသုံးပြုလေ့ရှိသော မြန်မာနိုင်ငံ၌ ရှေးခေတ်က ဘုန်းတော်ကြီး ကျောင်းများဝယ် သင်ပြလေ့ရှိသော “ကာယဂတာသတိ”ဟုလည်း ခေါ်အပ်သော ဤ ကောဋ္ဌာသကမ္မဋ္ဌာန်းကို တစော တိုင်အောင် အကျယ်ပြပါမည်။
ဆံပင်
ဦးခေါင်း အထက်၌ အရေအတွက် များစွာသော ဆံပင်တို့သည် အဆင်းအားဖြင့်၎င်း၊ ပုံသဏ္ဌာန်အားဖြင့်၎င်း၊ အနံ့ အားဖြင့်၎င်း၊ ပေါက်ရာအရပ် အားဖြင့်၎င်း၊ အကြောင်း အားဖြင့်၎င်း၊ မတင့်တယ်ကုန်၊ စက်ဆုပ်ဘွယ် ကောင်းကုန်၏။ ရွံရှာဘွယ် ကောင်းကုန်၏။ ဤ ဆံပင်တို့သည် ငါမဟုတ်။ သူမဟုတ်။ ငါ့ဥစ္စာလဲမဟုတ်၊ သူ့ဥစ္စာလဲမဟုတ်။ အချိန်ရှိသရွေ့ ဖြစ်ပျက်နေသော ပထဝီဓာတ် လွန်ကဲသော ရုပ်ကလာပ် အစုသာ ဖြစ်၍ အနိစ္စ ဒုက္ခ အနတ္တ တို့သာ ဖြစ်ကြသည်တကား။
မွေးညှင်း
တကိုယ်လုံး၌ အနှံ့ပေါက် နေသော များစွာသော မွေးညှင်းတို့သည် အဆင်း အားဖြင့်၎င်း၊ ပုံသဏ္ဌာန် အားဖြင့်၎င်း၊ အနံ့အားဖြင့်၎င်း၊ ပေါက်ရာ အရပ် အားဖြင့်၎င်း၊ အကြောင်းအားဖြင့်၎င်း မတင့်တယ်ကုန်၊ စက်ဆုက်ဘွယ် ကောင်းကုန်၏။ ရွံရှာဘွယ် ကောင်းကုန်၏။ ဤမွေးညှင်း တို့သည် ငါမဟုတ်။ သူ မဟုတ်။ ငါ့ဥစ္စာလဲ မဟုတ်။ သူ့ဥစ္စာလဲ မဟုတ်။ အချိန်ရှိသရွှေ ဖြစ်ပျက်နေသော ပထဝီဓတ် လွန်ကဲသော ရုပ်ကလာပ် အစုသာ ဖြစ်၍ အနိစ္စ ဒုက္ခ အနတ္တတို့သာ ဖြစ်ကြသည်တကား။
ခြေသည်း လက်သည်း
လက်ဖျား ခြေဖျားတို့၌ နှစ်ဆယ်သော လက်သည်း ခြေသည်းတို့သည် အဆင်းအားဖြင့်၎င်း၊ ပုံသဏ္ဌာန် အားဖြင့်၎င်း၊ အနံ့အားဖြင့်၎င်း၊ ပေါက်ရာ အရပ် အားဖြင့်၎င်း၊ အကြောင်းအားဖြင့်၎င်း၊ မတင့်တယ်ကုန်၊ စက်ဆုပ်ဘွယ် ကောင်းကုန်၏။ ရွံရှာဘွယ် ကောင်းကုန်၏။
ဤ ခြေသည်း လက်သည်း တို့သည် ငါမဟုတ်။ သူမဟုတ်။ ငါ့ဥစ္စာလဲ မဟုတ်။ သူ့ ဥစ္စာလဲ မဟုတ်။ အချိန် ရှိသရွေ့ ဖြစ်ပျက်နေသော ပထဝီဓာတ် လွန်ကဲသော ရုပ်ကလာပ်အစုသာ ဖြစ်၍ အနိစ္စ ဒုက္ခ အနတ္တ တို့သာ ဖြစ်ကြသည်ကား။
သွား
သွားဖုံး၌ ပေါက်သော သုံးဆယ့်နှစ်ချောင်းသော သွားအပေါင်းတို့သည် အဆင်း အားဖြင့်၎င်း၊ ပုံသဏ္ဌာန် အားဖြင့်၎င်း၊ အနံ့အားဖြင့်၎င်း၊ ပေါက်ရာ အရပ် အားဖြင့်၎င်း၊ အကြောင်းအားဖြင့်၎င်း၊ မတင့်တယ်ကုန်၊ စက်ဆုပ်ဘွယ် ကောင်းကုန်၏။ ရွံရှာဘွယ် ကောင်းကုန်၏။
ဤ ခြေသည်း လက်သည်း တို့သည် ငါမဟုတ်။ သူမဟုတ်။ ငါ့ဥစ္စာလဲ မဟုတ်။ သူ့ ဥစ္စာလဲ မဟုတ်။ အချိန် ရှိသရွေ့ ဖြစ်ပျက်နေသော ပထဝီဓာတ် လွန်ကဲသော ရုပ်ကလာပ်အစုသာ ဖြစ်၍ အနိစ္စ ဒုက္ခ အနတ္တ တို့သာ ဖြစ်ကြသည်ကား။
အရေ
တကိုယ်လုံးဝယ် အသား၏ အပေါ်၌ တည်နေသော အရေထူ အရေပါး အားဖြင့် နှစ်မျိုး ပြားသော အရေသည် အဆင်းအားဖြင့်၎င်း၊ ပုံသဏ္ဌာန် အားဖြင့်၎င်း၊ အနံ့ အားဖြင့်၎င်း၊ ပေါက်ရာ အရပ် အားဖြင့်၎င်း၊ အကြောင်းအားဖြင့်၎င်း၊ မတင့်တယ်ကုန်၊ စက်ဆုပ်ဘွယ် ကောင်းကုန်၏။ ရွံရှာဘွယ် ကောင်းကုန်၏။
ဤ ခြေသည်း လက်သည်း တို့သည် ငါမဟုတ်။ သူမဟုတ်။ ငါ့ဥစ္စာလဲ မဟုတ်။ သူ့ ဥစ္စာလဲ မဟုတ်။ အချိန် ရှိသရွေ့ ဖြစ်ပျက်နေသော ပထဝီဓာတ် လွန်ကဲသော ရုပ်ကလာပ်အစုသာ ဖြစ်၍ အနိစ္စ ဒုက္ခ အနတ္တ တို့သာ ဖြစ်ကြသည်ကား။
အဓိပ္ပါယ် ရှင်းလင်းချက်
တစပဉ္စက ကမ္မဋ္ဌာန်း
ဆံပင်၊ မွေးညှင်း၊ ခြေသည်း လက်သည်း၊ သွား၊ အရေ၊ ဤငါးပါးကို “တစပဉ္စက” ဟု ခေါ်၏။
[တစ - အရေးအားဖြင့် + ပဉ္စက - ငါးခုအပေါင်း၊]
ဤငါးပါးကိုပင် ဤစာ၌ ရေးပြသည့်အတိုင်း နှုတ်တက်ရအောင် ကျက်၍ ကမ္မဋ္ဌာန်း အားထုတ်ချိန်၌ သို့မဟုတ် အခွင့်ရသည့် အချိန်တိုင်း၌ ဖြေးဖြေး စဉ်းစား၍ ရွတ်ဆိုနေပါလျှင် “တစပဉ္စက ကမ္မဋ္ဌာန်း”ကို အားထုတ်ရာ ရောက်သောကြောင့် အဆင်းစသောအားဖြင့် ဆံပင် စသည်တို့၏ စက်ဆုပ်ဘွယ် ကောင်းပုံကို ရှင်းပြပါမည်။
ဆံပင်၌ စက်ဆုပ်ဘွယ်
ဆံပင်တို့သည် အဆင်းအားဖြင့် မည်းနက်သော အဆင်း ရှိကုန်၏။ ပုံသဏ္ဌာန်အားဖြင့် ရှည်၍ လုံးသော ပုံသဏ္ဌာန် ရှိကုန်၏။ ထိရလျှင် ကြမ်းသောကြောင့် စက်ဆုပ်ဘွယ် ကောင်းကုန်၏။ အနံ့အားဖြင့် ဆီလိမ်းမှု စသည်ကို မပြုပဲ ပင်ကိုယ်အတိုင်း ဖြစ်လျှင် အလွန် စက်ဆုပ်ဘွယ် ကောင်းကုန်၏။ မီး၌ ထည့်၍ အနံ့ခံလျှင် သာ၍ စက်ဆုပ်ဘွယ် ကောင်းသေး၏။
ဆံပင်တို့သည် သလိပ်၊ သည်းခြေ၊ သွေး၊ ပြည်၊ ကျင်ကြီး ကျင်ငယ် တို့ကြောင့် ပေါက်လာကြ၏။ ဤသို့ ပေါက်လာခြင်း၏ အကြောင်းအားဖြင့်လည်း ရွံရှာဘွယ် ကောင်းကုန်၏။
ဤဆံပင်တို့သည် မစင်ပေါ်၌ ပေါက်လာသော မှိုကဲ့သို့ သုံးဆယ့်တပါးသော ကောဋ္ဌာသ အစုအပုံပေါ်ဝယ် ထိပ်ဆုံးကျသာ ဦးခေါင်းပေါ်၌ ပေါက်ကြရ၏။ ထို့ကြောင့် ပေါက်ရာအရပ်အားဖြင့် စက်ဆုပ်ဘွယ် ကောင်းကုန်၏။
ဤသို့လျှင် ဆံပင်တို့သည် အဆင်း၊ ပုံသဏ္ဌာန်၊ အနံ့၊ ဖြစ်ရခြင်း၏ အကြောင်း၊ ဖြစ်ရာအရပ်၊ ဤသို့ ငါးပါးသော အပြားအားဖြင့် စက်ဆုပ် ရွံရှာဘွယ်ကောင်းပုံကို ဉာဏ်၌ထင်အောင် ဆင်ခြင်ကြည့်ရှု ရသည်။
ဆံပင်တို့သည် ရုပ်ကလာပ် အစုအဝေးသာ ဖြစ်၏။ ထို ရုပ်ကလာပ်တွင်လည်း ပထဝီဓာတ်၏ သတ္တိလွန်ကဲမှုကြောင့် မာသောကြမ်းသော အတွေ့ကို တွေ့ရ၏။
ရုပ်ကလာပ် အစုအဝေးသာ ဖြစ်သောကြောင့် “ငါဟု၎င်း၊ သူဟု၎င်း” ခေါ်ဆိုဘို့ရာ အတ္တမဟုတ်။ ဆံပင်အတွင်း၌ အတ္တလည်း မရှိ။ ထို့ကြောင့် အနတ္တ ဖြစ်၏။ အချိန်ရှိသရွေ့ ဖြစ်ပျက်နေသော ရုပ်ကလာပ် အစုသာ ဖြစ်သောကြောင့် အနိစ္စ ဒုက္ခ တို့သာ ဖြစ်လေသည်။ ဤ အချက်ကို ဝိပဿနာဉာဏ် တည်းဟူသော မှန်အပြင်တွင် ထင်မြင်လာအောင် ဆင်ခြင်ရပါသည်။
မွေးညှင်းစသည်
မွေးညှင်းစသော လေးပါးတို့၌လည်း -
အဆင်းအားဖြင့် စက်ဆုပ်ဘွယ်ကောင်းပုံ၊
ပုံသဏ္ဌာန် အားဖြင့် စက်ဆုပ်ဘွယ်ကောင်းပုံ၊
အနံ့အားဖြင့် စက်ဆုပ်ဘွယ်ကောင်းပုံ၊
သလိပ် သည်းခြေ သွေး ပြည် ကျင်ကြီး ကျင်ငယ် တို့ကြောင့် ဖြစ်ရကား အကြောင်းအားဖြင့် စက်ဆုပ်ဘွယ်ကောင်းပုံ၊
ဖြစ်ရာအရပ် အားဖြင့် စက်ဆုပ်ဘွယ်ကောင်းပုံ
တို့ကို ဉာဏ်ဖြင့် ဆင်ခြင်၍ ပထဝီဓတ် လွန်ကဲသော ရုပ်ကလာပ်သာ ဖြစ်ပုံကို၎င်း၊ ပုဂ္ဂိုလ် သတ္တဝါ သူ ငါ မဟုတ်ပုံကို၎င်း၊ ရုပ်ကလာပ် အစုအဝေးသာဖြစ်၍ ထိုရုပ်ကလာပ်တွင် ပထဝီဓာတ်၏ သတ္တိလွန်ကဲပုံကို၎င်း၊ ဝိပဿနာဉာဏ် တည်း ဟူသော မှန်ဝယ် ရှင်းရှင်း လင်းလင်း ထင်မြင်အောင် ဆင်ခြင်ရ ကြည့်ရှုရပါသည်။
[ဆောင်]
ငါ၏ကိုယ်မှာ၊ နံ့သာမွှေးကြိုင်၊
မြဲခိုင်လှစွာ၊ ကောင်းရာမမြင်၊
ဆံပင်သာရှိ၊ အမွေးရှိ၍၊
ရှိသည့်လက်သည်း၊ ခြေအသည်းနှင့်၊
သွားလည်းတထွေ၊ အရေတမျိုး၊
ညှီနံ့ဆိုးသည်၊ အသိုးအပုပ် ချည်းပါတကား။
ဓာတ်ကြီး ၄-ပါးသဘော
မည်သူမျှ ပြုပြင်ပြောင်းလွှဲ၍ မရပဲ သူ့သဘောအတိုင်း ဖြစ်နေသည်ကို ပါဠိလို “ဓာတု” မြန်မာလို “ဓာတ်”ဟု ခေါ်၏။
(အတ္တနော သဘာဝံ၊ မိမိ သဘောကို။
ဓာရေတိ၊ ဆောင်တတ်၏။
ဣတိ၊ ထို့ကြောင့်။
ဓာတု၊ ဓာတ် မည်၏။)
ထိုဓာတ်သည် ပါဠိလို “ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော” ဟု ၄-မျိုးရှိ၏။
မြန်မာလို “မြေ၊ ရေ၊ မီး၊ လေ”ဟု ခေါ်၏။ ထို ၄-ပါး တွင်--
ပထဝီ (မြေ)
ပကတိ မြေကြီးသည် အမာခံဖြစ်သကဲ့သို့ ပထဝီဓာတ် ဟူသော မြေလည်း ကက္ခဠှ (ခိုင်ခြင်း မာခြင်း) သဘော ရှိ၏။
အာပေါ (ရေ)
ပကတိ ရေသည် ဖုန့်မှုန့် မြေမှုန့် စသည်ကို ဖွဲ့စည်းသကဲ့သို့၊ အာပေါဓာတ်ဟူသော ရေလည်း အတူဖြစ်သော ရုပ် ခုနစ်ပါးကို ကျဲ၍ မနေအောင် စုစည်းခြင်း သဘောရှိ၏။
ထိုအာပေါဓာတ်သည် လွန်ကဲများလာသောအခါ အရေသာဖြစ်၍ ယိုခြင်း စီးသွားခြင်း သဘောရှိ၏။
တေဇော(မီး)
ပကတိမီးသည် ပူသကဲ့သို့၊ ကြေကျက်စေ သကဲ့သို့၊ ဆန်ကို ထမင်းဖြစ်အောင် နူးညံ့စေသကဲ့သို့၊ တေဇောဓာတ် ဟူသော မီးလည်း အပူသဘောဖြစ်၏။ ရင့်ကျက်စေ၏။ နူးညံ့စေ၏။
(သီတ တေဇော၌ အအေးငွေ့လည်းဖြစ်၏။)
[“သီတုဏှောတု သမညတာ တေဇောဓာတု”- သင်္ဂဟ။]
ဝါယော (လေ)
ပကတိလေသည် ပင့်မြှောက်နိုင်၊ ယိမ်းယိုင်သွားအောင် လှုပ်စေနိုင်သကဲ့သို့၊ ဝါယောဓာတ်ဟူသော လေလည်း အတူ ဖြစ်ဘက် ရုပ်တို့ကို ကျဲ၍မနေစေပဲ ပူးကပ် ကျပ်နေအောင် တွန်းပေးတတ်၏။ ထို ဝါယောဓာတ်၏ အစွမ်းကြောင့် တရံတခါ ရုပ်တို့သည် နေရာ ရွေ့၍ ဖြစ်ရ၏။
ဤသို့ ဓာတ်ကြီး ၄-ပါးသည် မိမိ သဘောအတိုင်းသာ ဖြစ်ကြ၏။ မိမိသဘောကို ဖြစ်တိုင်း ဖြစ်တိုင်း ဆောင်နေကြသည်။
[ဆောင်]
မာခြင်းခိုင်ခြင်း၊ သဘောရင်းကို၊
ခေါ်လျှင်းမသွေ၊ ပထဝီမြေတည်း။
ရေဟုခေါ်အပ်၊ အာပေါဓာတ်မှာ၊
ဖွဲ့စပ်စေလတ်၊ စီးစေတတ်၏။
မီးဓာတ်သဘော၊ ရုပ်တေဇောမူ၊
လောင်သောအနေ၊ ကြေကျက်စေ၏။
တထွေဝါယော၊ လေသဘောကား၊
ပင့်သော မြှောက်သော၊ ထောက်ကန်သောဟု၊
ပြောတိုင်းမှန်၏၊ ပြောင်းမလှည့်သည်...မြဲဘိ၊
ဓာတ်ကြီး သဘောတည်း။
၂-ပါးစီ သဘောတူ
ပထဝီနှင့် အာပေါ (မြေနှင့်ရေ) ၂-ပါးသည် အလေးဓာတ်ဖြစ်၍ သဘောတူ၏။
တေဇောနှင့် ဝါယော (မီးနှင့်လေ) ၂-ပါးသည် အပေါ့ဓာတ်ဖြစ်၍ သဘောတူ၏။
မြေနှင့်ရေ၊ မိတ်ဆွေတော်ကြ၊ သဘာဂ။
မီးနှင့်လေ၊ မိတ်ဆွေတော်ကြ၊ သဘာဂ။
အထည်ကိုယ်နှင့် အမွှန်းတင်
အပြင် ဩကာသလောက၌ -
ပထဝီ (မြေ) ဓာတ်၊
အပေါ (ရေ) ဓာတ်၊
ဝါယော (လေ) ဓာတ်၊
တေဇော (မီး) ဓာတ်၊
ဤ ဓာတ်ကြီး ၄-ပါးသည် အလွန် ထင်ရှား၍ အထည်ကိုယ် အမာခံရုပ်များ ဖြစ်သကဲ့သို့၊ ထို့အတူ အတွင်း သတ္တလောက (သတ္တဝါ ဟူသမျှ) ၌လည်း ဤဓာတ် ၄-ပါးပင် အထည် ကိုယ် အမာခံ ဖြစ်သည်။ ပင်ကိုယ် ရုပ်တခုသည် မျက်စိဖြင့် မမြင်နိုင်လောက်အောင် မှုန်မွှား သေးငယ်၏။
ဓာတ်ကြီး ၄-ပါးအပြင် -
ဝဏ္ဏ ( အဆင်း) ရုပ်၊
ဂန္ဓ (အနံ့) ရုပ်၊
ရသ (အရသာ) ရုပ်၊
ဩဇာ (အဆီအနှစ်) ရုပ်၊
ဤ ၄-ပါးသည် -
မျက်စိဖြင့် မြင်ရ၊
နားဖြင့် ကြားရ၊
နှာခေါင်းဖြင့် မွှေးရ နံရ၊
လျှာဖြင့် အရသာခံရ၊
ခန္ဓာကိုယ်၌ အဆီဩဇာကြောင့် ရုပ်တမျိုးကို ဖြစ်စေရသောကြောင့် ထင်ရှားကြပေ၏။
သို့သော် ဓာတ် ၄-ပါးကဲ့သို့ အမာခံ မဟုတ်ကြ။
ဓာတ်ကြီး ၄-ပါးကို မှီ၍သာ ဖြစ်ရသော အမွှန်းတင်ရုပ်များ ဖြစ်ကြသည်။
သူတို့ချည်းသက်သက် မဖြစ်နိုင်ကြ။
ရုပ်ကလာပ်
“ကလာပ-ကလာပ်”ဟူသောစကားသည် အစုအပေါင်း ဟူသော အနက်အဓိပ္ပါယ် ရှိ၏။
ဓာတ်ကြီး ၄-ပါးနှင့် ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာတို့သည် ခွဲ၍မရ။ အမြဲတွဲ၍သာ ဖြစ်ကြရ၏။
ထို ပေါင်းစပ်နေသော ရုပ်ရှစ်ပါးကို အဋ္ဌကလာပ်ရုပ် (ရှစ်ခုသော ရုပ်အပေါင်း) ဟုခေါ်၏။ ထို ရုပ်ကလာပ်ရှစ်ပါးသည် ကံကြောင့်၊ စိတ်ကြောင့်၊ ဥတုကြောင့်၊ အာဟာရကြောင့် ဖြစ်ကြရကား ကမ္မဇကလာပ်၊ စိတ္တဇကလာပ်၊ ဥတုဇကလာပ်၊ အာဟာရဇကလာပ်ဟု ရုပ်ကလာပ် ၄-မျိုး ကွဲပြား၏။
[ဥတုဟူသည် တေဇောဓာတ်၊ အာဟာရဟူသည် ဩဇာရုပ်။]
သတ္တိ လွန်ကဲပုံ
ရုပ်ရှစ်ပါး ပေါင်းနေသော အဋ္ဌကလာပ် ရုပ်သည် စိတ်ကြောင့် ဖြစ်ရသောအခါ စိတ်၏ အလိုအတိုင်း ပထဝီဓာတ် အာပေါဓာတ်တို့၏ အစွမ်းသတ္တိ လွန်ကဲသည်လည်း ရှိ၏။ တေဇော ဝါယောဓာတ်တို့က အစွမ်းသတ္တိ လွန်ကဲသည်လည်း ရှိ၏။
“လွန်ကဲ” ဟူရာ၌ အထည်ကိုယ်၏ ကြီးလာခြင်း မဟုတ်၊ သတ္တိ၏ သာလွန်ခြင်းသာ ဖြစ်၏။ တရံတခါ စိတ်၏ အလိုအတိုင်း ထို ရုပ်ကလပ်တွင် “ဝိညတ်”ဟု ခေါ်အပ်သော အခြင်းအရာ တမျိုးလည်း ပါဝင်၏။ ထို ဝိညတ်ကြောင့် စိတ်ကသွားလိုလျှင် ရုပ်ကလာပ်သည် ရှေ့တိုး၍ တိုး၍ ဖြစ်ရ၏။
ဤ “ဝိညတ်”ဟု ခေါ်အပ်သော ရုပ်လည်း အကောင်အထည် အထင်အရှား မဟုတ်။ စိတ်၏ ထူးခြားသော မူအရာ အခြင်းအရာ တမျိုးသာ ဖြစ်သည်။
[ဤမျှလောက် သိပြီးသူမှ နောက်၌ ပြမည့် အဓိပ္ပါယ်ကို နားလည်နိုင်ပါသည်။]
သွားခြင်းကိစ္စ၌ သတိနှင့်ဉာဏ်
ပါဠိတော်ဝယ် “ဂတေ သမ္ပဇာန ကာရီ - သွားခြင်း ကိစ္စ၌ (သွားရာ အခါ၌) သတိဉာဏ်ကို ပြုလေ့ ရှိ၏” ဟု မိန့်တော်မူ၏။ ထို့ကြောင့် သတိဉာဏ်ဖြစ်ပုံကို ပြပါမည်။
သွားရာအခါ၌ ရပ်နေရာမှ ပဌမခြေလှမ်းကို လှမ်းသောအခါ လှမ်းလိုသောစိတ် ဖြစ်၏။ ထို စိတ်ဖြစ်သည်နှင့် တပြိုင်နက် စိတ်ကြောင့်ဖြစ်သော ရုပ်ကလပ်လည်း ဖြစ်၏။ ထို စိတ္တဇကလာပ်၌ ရုပ်ပေါင်း ၉-ပါး ပါ၏။
[ပထဝီ အာပေါ တေဇော ဝါယောဟူသော ဓာတ်ကြီး ၄-ပါးနှင့် ဝဏ္ဏ ဂန္ဓ ရသ ဩဇာ ၄-ပါးအပြင် ကာယဝိညတ် တည်း။]
ထိုတွင် ကာယဝိညတ်သည် အတူဖြစ်သော ရုပ်တို့ကို စိတ်အလိုအတိုင်း ဖြစ်အောင် ပဲ့ကိုင်ပေး သကဲ့သို့ ဖြစ်၏။ ထို့ကြောင့် စိတ်က ခြေကို ရှေ့တိုးလိုသောအခါ ဖြစ်သမျှ ရုပ်ကလာပ်တွေသည် ရှေ့တိုးသော အခြင်းအရာအားဖြင့် ဖြစ်ကြရ၏။ စိတ်က ခြေကို မြှောက်လိုသောအခါ မြှောက်သော အခြင်းအရာအားဖြင့် ဖြစ်ကြရ၏။ စိတ်က ခြေကို ချလိုသောအခါ ချသော အခြင်းအရာအားဖြင့် ဖြစ်ကြရသည်။
ခြေတလှမ်း၌ အဖြစ်အပျက်များ
လက်ဖြောက် တချက်တီး အချိန်၌ ကုဋေ သိန်းပေါင်းများစွာ ရုပ်နှင့် စိတ် စေတသိက် ဟူသော နာမ်တရားတို့ ဖြစ်ကြသည်။ ဖြစ်တိုင်းလည်း ချက်ချင်း ပျက်ကြ၏။ ပျက်ပြီးလျှင် ဆက်၍ ဖြစ်ကြ၏။
ဤသို့ အဖြစ်နှင့် အပျက် ဆက်နေသောကြောင့် ပဌမခြေလှမ်း အတွင်း၌ ဖြစ်သမျှ ရုပ်နာမ်တို့သည် ဒုတိယခြေလှမ်းသို့ မရောက်ကြ။ ပဌမခြေလှမ်း အတွင်း၌ပင် ဖြစ်ကြ ပျက်ကြ၏။
ဒုတိယခြေလှမ်း အတွင်း၌ ဖြစ်သမျှ ရုပ်နာမ်တို့လည်း တတိယ ခြေလှမ်းသို့ မရောက်ကြ။ ဒုတိယ ခြေလှမ်း အတွင်း၌ပင် ဖြစ်ကြ ပျက်ကြ၏။
အစိက်ခြောက်ပါး
ပဌမ ခြေလှမ်းရာ၌ ခြေကို မြှောက်ခြင်း၊ ရှေ့တိုးခြင်း၊ အောက်ချခြင်း၊ ခြေချရာ အရပ်၌ထိခြင်း၊ ထိပြီးနောက် ဖိ၍နင်းခြင်း၊ ဤသို့ အစိတ်ငါးပါး ရှိ၏။
ဒုတိယ ခြေလှမ်းရာ၌ကား ရှေ့တိုးခြင်းကိစ္စ၌ ပဌမ ခြေလှမ်းတိုင်ရုံ တိုးခြင်း၊ ပဌမခြေလှမ်းကို လွန်၍တိုးခြင်းဟု ၂-မျိုး ခွဲရသောကြောင့် အစိတ် ၆-ပါးရှိသည်။
မြှောက်သောအခါ အစိတ် ၃-ပါး
ထိုအစိတ်၆-ပါးတွင်လည်း ခြေကို မြှောက်စဉ် အပိုင်း၌ များစွာသော စိတ်တွေဖြစ်၍ ထိုစိတ် များစွာကြောင့် နောက်ထပ်ဖြစ်သော ရုပ်တို့သည် မူလနေရာမှ အနည်းငယ် အထက်သို့ ရွှေ့၍ ရွှေ့၍ ဖြစ်ကြရ၏။ ထိုသို့ အထက်သို့ ရွှေ့၍ ရွှေ့၍ ဖြစ်ကြသည် ကိုပင် “မြှောက်သောရုပ်တွေ များစွာဖြစ်၏”ဟု ပြောကြသည်။ ဖြစ်လည်း အပျက် ချည်းသာ။
ရှေ့တိုးသော အခါ၌လည်း ရှေ့တိုးလိုသော စိတ်တွေ များစွာဖြစ်၍ ဖြစ်သမျှ စိတ်ကြောင့် ရှေ့တိုးသောရုပ်တွေ များစွာဖြစ်နေ၏။ ဖြစ်သမျှလည်း အပျက်ချည်းသာ။ ရှေ့ခြေကို ရှောင်၍ လွန်သောအခါ၌လည်း ရှောင်လိုသောစိတ် လွန်လိုသောစိက်တွေ များစွာဖြစ်၍ ထိုစိတ်ကြောင့် ရှင်သောရုပ် လွန်သောရုပ်တွေ များစွာဖြစ်ရ၏။ ဖြစ်သမျှလည်းအပျက် ချည်းသာ။
ချသောအခါ အစိတ် ၃-ပါး
အောက်ချသော အပိုင်း၌လည်း အောက်ချလိုသော စိတ်တွေ များစွာဖြစ်၍ စိတ်ကြောင့်ဖြစ်သော အောက်ချပုံ ရုပ်တွေ များစွာဖြစ်၏၊ ဖြစ်သမျှလည်း အပျက် ချည်းသာ။
အောက်ချပြီးနောက် ခြေ၏ ချရာ အရာဝယ် ထိသော အခိုက်၌လည်း ထိလိုသော စိတ်တွေ များစွာဖြစ်၍ ထိုစိတ်ကြောင့် ထိသောရုပ်တွေ များစွာ ဖြစ်ရ၏။ ဖြစ်သမျှလည်း အပျက်ချည်းသာ။
ထိပြီးနောက် ရှေ့သိုလှမ်းဘို့ရန် ဖိ၍ နင်းရသေး၏။ ထို ဖိ၍နင်းခိုက်၌လည်း ဖိ၍နင်းလိုသော စိတ်တွေ များစွာဖြစ်၍ ထိုစိတ်နှင့် ဖိသော ရုပ်တွေ များစွာဖြစ်ရ၏။ ဖြစ်သမျှလည်း အပျက် ချည်းသာ။
ဝါယောဓာတ် သတ္တိလွန်ကဲပုံ
ထိုသို့ ခြေလှမ်းရာ၌ မြှောက်သောအခါ ဖြစ်သောရုပ်တို့၌၎င်း၊ ရှေ့တိုးသောအခါ ဖြစ်သောရုပ် တို့၌၎င်း၊ ရှေ့ခြေကိုလွန်အောင် ရှောင်သော အခါဖြစ်သော ရုပ်တို့၌၎င်း၊ ကံကြောင့်ဖြစ်သော ရုပ်တွေ၊ စိတ်-ဥတု-အာဟာရ ကြောင့်ဖြစ်သော ရုပ်တွေ များစွာ ပါဝင်ကြ၏။ ထိုရုပ်တို့တွင် စိတ်ကြောင့်ဖြစ်သော ရုပ်တို့၌ စိတ်အလိုအတိုင်း စိတ္တဇ ဝါယောဓာတ်သည် သတ္တိလွန်ကဲလျက် ရှိ၏။
ထိုဝါယောဓာတ်၏ သတ္တိလွန်ကဲမှုကြောင့် နောက်နောက် ဖြစ်သမျှရုပ်တို့သည် ထိုနေရာ၌ ထပ်၍ မဖြစ်ပဲ ရွှေ၍ ရွှေ့၍ ဖြစ်ကြရသည်။ မသိမသာ ရွှေ့၍ ရွှေ့၍ ဖြစ်ကြရာဝယ် အဖြစ်များသောအခါ မြှောက်နေပုံ၊ ရှေ့တိုးနေပုံကို မြင်ရလေသည်။
ပထဝီဓာတ် သတ္တိလွန်ကဲပုံ
အောက်ချသောအခါ၌ကား အောက်ချလိုသော စိတ်အစွမ်းကြောင့် ပထဝီဓာတ်၏ သတ္တိ လွန်ကဲသော ရုပ်တွေ အောက်ဘက်သို့ ရွှေ့၍ ရွှေ့၍ ဖြစ်ကြရသည်း မသိမသာ ရွှေ့၍ ရွှေ့၍ ဖြစ်ကြရာဝယ် အဖြစ်များသောအခါ အောက်ချပုံ အောက်ထိပုံ ဖိ၍နင်းပုံကို မြင်ရလေသည်။
[စိတ်၊ စေတသိက်ကြောင့် ဖြစ်သော ရုပ်တို့သည် အထက် မြှောက်လိုက်၊ အောက်ချလိုက် ဖြစ်ရာဝယ် ခန္ဓာကိုယ်၌ အမြဲဖြစ်ပျက်နေသော ကံနှင့်ဖြစ်သောရုပ်၊ ဥတုကြောင့်ဖြစ်သောရုပ်၊ အာဟာရကြောင့်ဖြစ်သောရုပ်တို့လည်း အတူ တွဲ၍ ဖြစ်ကြ ပျက်ကြရလေသည်။]
နှမ်းအိုးခင်းထက် နှမ်းတွေကျက်သို့
ဤသို့ ရုပ်တွေ ဖြစ်ပျက်နေပုံကို သတိထား၍ ဉာဏ်ဖြင့် စူးစူးစိုက်စိုက် ကြည့်သော အခါ အဖြစ်တွေ မမြင်တော့ပဲ နှမ်းအိုးခင်းထဲ၌ နှမ်းတွေကျက်သကဲ့သို့ အပျက်တွေ ကိုသာ မြင်ရသောကြောင့် ခန္ဓာကိုယ်၌ ရှိသမျှရုပ်တွေကို နှစ်သက်တတ် သာယာ တတ်သော တဏှာ နည်းပါးလာ၏။ ထိုသို့ တဏှာနည်းလျှင် ဒေါသ မောဟတို့လည်း တစတစ နည်းပါး၍ အတော်ကြာလျှင် ကုန်ခန်းရလေ တော့သည်။
[ဆောင်]
အိုအိုလူများ၊ သတိထားလော့....
သွားဆဲကာလ၊ ခါသမယဝယ်၊
ပဌမခြေလှမ်း ရုပ်နာမ်တန်းတို့၊
လှမ်း ဒုတိယ၊ မရောက်ကြဘူး။
ဒုတိယ ခြေလှမ်း၊ ရုပ်နာမ်တန်းလည်း၊
လှမ်း တတိယ၊ မရောက်ကြပင်။
တလှမ်းတွင်လည်း၊ မြှောက်စဉ် တမျိုး၊
ရှေ့တိုး တဖုံ၊ လွန်ပုံတဝ အောက်ချ တခင်း၊
ထိခြင်း တလွေ့၊၊ ဖိနင်းစေအောင်၊
တရွှေ့ရွှေ့မြန်း၊ အခန်းခန်း၌၊
ခြေလှမ်းပိုင်းခြား၊ အစိတ် ခြောက်ပါးဝယ်၊
သွယ်သွယ်နာမ်တန်း၊ ရုပ် အတန်းတို့၊
နှမ်းအိုးခင်းထက်၊ နမ်းတွေကျက်သို့၊
ဖြစ်ပျက်နေရ၊ အနိစ္စသည် …
ဒုက္ခ အနတ္တချည်းတည်း။
စကားပြောခြင်းကိစ္စ၌
သတိနှင့်ဉာဏ်
စကားပြောခြင်း ကိစ္စ၌ သတိနှင့် ဉာဏ်ကို အသုံးပြုလေ့ ရှိပုံကို ပြပါမည်။
စကားပြောခြင်းဟူသည် (က-ခ) စသော အက္ခရာစာလုံးတွေ ပေါင်း၍ အသံဖြစ်စေခြင်း တည်း၊ ဥပမာ-“ယောက်ျား”ဟု အသံ ဖြစ်စေရာ၌ -
(ယ)ဟူသော အက္ခရာ၊ (သြ) ဟူသော အက္ခရာ၊ (က်) ဟူသော အက္ခရာ၊ ဤစာလုံးတွေ ပေါင်း၍ ရွတ်သောအခါ “ယောက်”ဟု အသံထွက်လာ၏။
(က)ဟူသော အက္ခရာ၊ (ယ)ဟူသော အက္ခရာ၊ (အာ) ဟူသော အက္ခရား ဝိသဇ္ဇနီ နှစ်လုံး အက္ခရာ၊ ဤစာလုံးတွေပေါင်း၍ ရွတ်ဆိုသောအခါ “ကျား”ဟူသော အသံ ထွက်လာ၏။
ဤသို့ စကားပြောသံ ဟူသမျှကို အက္ခရာစာလုံး အပေါင်း၏ အသံဟု မှတ်ပါ။ ထို့ကြောင့် (က) စသော အက္ခရာ အသံတွေ ဖြစ်ရာ၌ (က) ဟူသော အသံတခု ဖြစ်ဘို့ရန် ရုပ် နာမ် သင်္ခါရတွေ များစွာ ဖြစ်ပျက်နေပုံကို ပြပါမည်။
ရှေးဦးစွာ လက်ဖြောက် တချက်တီးခန့် ကာလ၌ ကုဋေ သိန်းပေါင်းများစွာ ရုပ်သင်္ခါရ နာမ်သင်္ခါရ တွေ ဖြစ်ပျက်နေသည်ဟု သတိပြုခဲ့ပါ။
ပထဝီဓာတ်ချင်း ထိခိုက်ပုံ
(က)ဟု အသံပြုသောအခါ ရှေးဦးစွာ အသံပြုလိုစိတ် ဖြစ်၏။ ပြုလိုသောစိတ် ဖြစ်သည်နှင့် တပြိုင်နက် ထိုစိတ်ကြောင့်ဖြစ်သော ရုပ်များလည်း ဖြစ်၏။ ခန္ဓာကိုယ်၏ လည်ချောင်း စသော အရပ်၌လည်း ကံကြောင့် ဖြစ်သော ရုပ်တွေ များစွာ ဖြစ်နေ၏။
စကားပြောလိုသော စိတ်ကြောင့် ဖြစ်ရသောရုပ်တွင် “ဝစီပိညတ်”ဟု ခေါ်အပ်သော ထူးခြားသော အမူအရာတမျိုး ပါ၏။ ထို ဝစီဝိညတ်၏ ပဲ့ကိုင်ပေးသကဲ့သို့ ပါဝင် မှုကြောင့် စိတ္တဇရုပ်ကလာပ်နှင့် ကမ္မဇရုပ်ကလာပ်တွင် ပါဝင်သော ပထဝီဓာတ် တို့သည် သတ္တိ လွန်ကဲကုန်၏။
သတ္တိ လွန်ကဲသောကြောင့် လည်ချောင်း အရပ်၌ ပထဝီဓာတ်ချင်း ပွတ်တိုက် ထိခိုက်မိကြ၏။ လက်ဖြောက်တချက်တီးခန့် ကာလအတွင်း၌ ကုဋေ သိန်းပေါင်း များစွာ ဖြစ်ပျက်နေသော ရုပ်ကလာပ်ဝယ် ပထဝီဓာတ်ချင်း အထပ်ထပ် ထိခိုက်သော အခါ“က” ဟူသော အသံတခုသည် ပီပီသသ ပေါ်ထွက်လာ၏။
မှတ်ချက်
ကံကြောင့်ဖြစ်သော ပထဝီဓာတ်နှင့် စိတ်ကြောင့်ဖြစ်သော ပထဝီဓာတ်တို့ လည်ချောင်း အရပ်ဝယ် ပွတ်တိုက်ထိခိုက်ရာ၌ တဆက်တည်း ရှိကြသော ဥတုကြောင့်ဖြစ်သော ပထဝီဓာတ် အာဟာရ ကြောင့်ဖြစ်သော ပထဝီဓာတ် တို့နှင့်လည်း ထိခိုက်မိသည်သာ။ သို့သော် အသံကောင်းခြင်း မကောင်းခြင်းမှာ ကမ္မဇ ပထဝီဓာတ်သာ လိုရင်းဖြစ်သောကြောင့် ကမ္မဇပထဝီဓာတ်နှင့် စိတ္တဇ ပထဝီဓာတ် တို့၏ ထိခိုက်ပုံကိုသာ ပြကြပါသည်။
ဤသို့ အသံထွက်လာအောင် ပထဝီဓာတ်ချင်း ထိခိုက်မိရာ၌ ကုဋေ သိန်းပေါင်းများစွာ ထပ်ကာ ထပ်ကာ ထိခိုက်မိသောကြောင့် ရှေးရှေး ရုပ်တွေ ဖြစ်ပြီးသည်နှင့် တပြိုင်နက် ပျက်ကြပုံ၊ နောက်နောက် ရုပ်တွေ ဖြစ်ကြပုံ၊ ဖြစ်ပြီးသည်နှင့် တပြိုင်နက် ပျက်ကြပုံကို ဉာဏ်ဖြင့် ရှုကြည့်ပါ။ စိတ္တဇပထဝီဓာတ်နှင့် ကမ္မဇပထဝီဓာတ်တို့ ထိခိုက်ကြရာဝယ် ပထဝီ ၂-ပါး ၂-ပါး တစုံသည် သူတို့၏ သဘာဝအတိုင်း ကက္ခဠှ (ခက်မာခြင်း) သဘောကိုသာ ဆောင်နေကြသည်။
အနိစ္စ ဒုက္ခ အနတ္တ
▬▬▬▬▬▬▬
ထို(က)ဟူသော အသံသည် ငါမဟုတ်၊ သူ မဟုတ်၊ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်၊ ဖြစ်ပြီးတိုင်း ပျက်ရသောကြောင့် မမြဲသော အနိစ္စတို့သာ ဖြစ်၏။
ဖြစ်လိုက် ပျက်လိုက်နှင့် ငြိမ်ငြိမ် သက်သက် မရှိပဲ အဖြစ်အပျက် ဒဏ်ကို ခံနေရသော ဒုက္ခတို့သာ ဖြစ်၏။
ရုပ်ဓာတ်ချင်း ထိခိုက်မှုမှတပါး ထိခိုက်အောင် အသံ ဖြစ်အောင် ပြုပေးနိုင်သော အတ္တ အကောင် အထည် မရှိသောကြောင့် အနတ္တတို့သာ ဖြစ်ကြလေသည်။
[ဆောင်]
“က” သံတခု၊ ဖြစ်ပေါ်မှု၌၊
စိတ်ထုဆစ်ဆစ်၊ ရုပ်ထုဖြစ်ဘို့၊
သစ်သစ်ပေါ်အောင်၊ အတော်ဆောင်၏။
ဆောင်သည့်ရုပ်ဓာတ်၊ ထို ကလာပ်တွင်၊
ဝိညတ်စုစု၊ ပဲ့ကိုင်မှုဖြင့်၊
စိတ်ပြု ပထဝီ၊ ကံ ပထဝီတို့၊
အလီလီ အဖန်ဖန်၊ ပွတ်တိုက်ခံမှ
“က”သံပီပီ၊ နှုတ်၌မြည်သည်…
ထို ဤ အနိစ္စ၊ မှတ်ကုန်ကြ။
ထို ဤ ဒုက္ခ၊ မှတ်ကုန်ကြ။
ထို ဤ အနတ္တ၊ မှတ်ကုန်ကြ။
အမှာ
“ခ” သံတခု...။ပေ။.... ထို ဤ အနတ္တ၊ မှတ်ကုန်ကြ။
“ဂ” သံတခု...။ပေ။.... ထိုဤ အနတ္တ၊ မှတ်ကုန်ကြ။
“ဃ”သံတခု...။ပေ။.... ထို ဤ အနတ္တ၊ မှတ်ကုန်ကြ။
“င”သံတခု ...။ပေ။.... ထို ဤ အနတ္တ၊ မှတ်ကုန်ကြ။
ဤအတိုင်း “စ”သံတခု၊ “ဆ” သံတခု စသည်ဖြင့်
“အ အာ ဣ ဤ ဥ ဦ ဧ ဩ” တိုင်အောင် ရွတ်ပါ။
[“ယောက်ျား” ဟု ပြောရာ၌ “ယောက်”သံတခု၊ ဖြစ်ပေါ်မှု၌ စသည်။ “ကျား”သံတခု၊ ဖြစ်ပေါ်မှု၌ စသည်။ ဤသို့လည်း ရွတ်ဆိုနိုင်ပါသည်။ ပထဝီဓာတ်ချင်း ထိခိုက်မှုကြောင့် အသံ သဒ္ဒရုပ်တွေ ဖြစ်ရပုံ၊ ဖြစ်တိုင်း ပျက်ပုံကို သိဘို့သာ လိုရင်းဖြစ်ပါသည်။]
နေရာပြောင်း၍ရှုရပုံ
▬▬▬▬▬▬▬
(က-ခ) စသော အက္ခရာ ၅-လုံး ဖြစ်ဘို့ရန် လည်ချောင်း အရပ်၌ ပထဝီဓာတ်ချင်း ထိခိုက်ပုံကို၎င်း၊
(စ-ဆ) စသော အက္ခရာ ၅-လုံး ဖြစ်ဘို့ရန် အာစောက် အရပ်နှင့် လျှာလယ်အရပ်တို့ ထိခိုက်ကြ သောကြောင့် အာစောက်၌ ရှိသော ကမ္မဇ ပထဝီဓာတ်နှင့် လျှာလယ် အရပ်၌ ရှိသော စိတ္တဇပထဝီ ဓာတ်တို့ ထိခိုက်ပုံကို၎င်း၊
(ဋ-ဌ) စသော အက္ခရာ ၅-လုံးတို့ ဖြစ်ဘို့ရန် အာခေါင် ထိပ်ဗုကလေးအရပ်၌ လျှာ၏ အနီးအရပ်တို့ ထိခိုက်ကြသောကြောင့် ထိုအရပ်၌ရှိသော ပထဝီဓာတ်တို့ ထိခိုက်ကြပုံကို၎င်း၊
(တ-ထ) စသော အက္ခရာ ၅-လုံး ဖြစ်ဘို့ရန် သွားရင်းအရပ်နှင့် လျှာဖျားအရပ်တို့ ထိခိုက်ကြသောကြောင့် ထိုအရပ်တို့၌ ရှိသော ပထဝီဓာတ်တို့ ထိခိုက်ပုံကို၎င်း၊
(ပ-ဖ) စသော အက္ခရာ ၅-လုံး ဖြစ်ဘို့ရန် အထက်နှုတ်ခမ်းနှင့် အောက်နှုတ်ခမ်းတို့ ထိခိုက် ရသောကြောင့် ထိုနှုတ်ခမ်းတို့၌ ရှိသော ပထဝီဓာတ်ချင်း ထိခိုက်ပုံကို၎င်း၊ နေရာပြောင်း၍ ရှုမှတ်ရသေးသည်။
(ယ-ရ-လ-ဝ) စသော အက္ခရာတို့ ဖြစ်ပေါ်လာရာ၌လည်း ထိုအက္ခရာတို့ ဖြစ်ရာအရပ်ကို ပြောင်း၍ ရှုမှတ်ရသေး၏။
ဆရာများက နားလည်အောင်ပြောပါ။
ဆရာများက ပြောရန်
၁။ ကဝဂ် ပဉ္စ၊ အ အာ ဟ၊ အဋ္ဌ လည်ချောင်းမှာ။
၂။ စဝဂ် ပဉ္စ၊ ဣ ဤ ယ၊ အဋ္ဌ အာစောက်မှာ။
၃။ ဋဝဂ် ပဉ္စ၊ ရနှင့်ဠ၊ သတ္တ အာထိပ်မှာ။
၄။ တဝဂ် ပဉ္စ၊ လနှင့်သ၊ သတ္တ သွားရင်းမှာ။
၅။ ပဝဂ် ပဉ္စ၊ ဥ ဦမျှ၊ သတ္တ နှုတ်ခမ်းမှာ။
၆။ အစောက် လည်ချောင်း၊ ၂ ခုပေါင်း၊ ရွတ်ကြောင်း ဧကိုသာ။
၇။ လည်ချောင်းနှုတ်ခမ်း၊ ၂-ခုပြွမ်း၊ ရွတ်စမ်း ဩကိုသာ။
၈။ သွားနှင့်နှုတ်ခမ်း၊ ၂-ခုပြွမ်း၊ ရွတ်စမ်း ဝကိုသာ။
၉။ နိဂ္ဂဟိတ်သံ၊ နှာခေါင်းဌာန်၊ မှန်မှန်ရွတ်ကြပါ။
အမ္ဗပါလီလာခြင်း
▬▬▬▬▬▬
အမ္ဗပါလီ ပြည့်တန်ဆာမသည် သူ၏ဥယျာဉ်၌ ဗုဒ္ဓမြတ်စွာ ကြွရောက်လာတော် မူကြောင်းကို ကြရ၍ အခြွေအရံများနှင့်တကွ အကောင်းဆုံးယာဉ်ကိုစီးလျက် ဝေသာလီမြို့မှထွက်ပြီးလျှင် သူ၏ ဥယျာဉ်ရှိရာ အရပ်သို့ သွားသည်။
ဗုဒ္ဓထံမှောက်သို့ ရောက်သောအခါ ဟောတော်မူအပ်သော တရားတော်ကို နာယူပြီးလျှင် နက်ဖန်၌ သံဃာတော် များနှင့်အတူ ဆွမ်းဘုဉ်းပေး ကြွတော်မူပါရန် ပင့်လျှောက်သည်။ ဗုဒ္စွာမြတ်စွာသည် ဆိတ်ဆိတ် နေသောအားဖြင့် လက်ခံတော် မူသည်။
ဤသို့ လက်ခံတော်မူကြောင်းကို သိ၍ ပြန်သွားစဉ် ဝေသာလီမြို့မှ လိစ္ဆဝီမင်း များလည်း အကောင်းဆုံးယာဉ်ကို စီး၍ မြတ်စွာဘုရားအထံသို့ လာကြခြင်းနှင့် လမ်း၌ ဆုံမိသောအခါ အမ္ဗပါလီသည် ငယ်ကုန်သော လိစ္ဆဝီမင်းသားတို့ ယာဉ်၏ ဝင်ရိုးကို မိမိယာဉ်၏ ဝင်ရိုးဖြင့်၎င်း၊ မင်းသားငယ်တို့၏ ယာဉ်ဘီးနှင့် မိမိ၏ ယာဉ်ဘီးကို၎င်း၊ မင်းသားငယ်တို့၏ ယာဉ်ထမ်းပိုးနှင့် မိမိ၏ ယာဉ်ထမ်းပိုးကို၎င်း တိုက်မိအောင် သူ၏ ယာဉ်မောင်းသူကို အမောင်းခိုင်းလေသည်။
ဆွမ်းတထပ်နှင့် တိုင်းပြည် မလဲ
▬▬▬▬▬▬▬▬▬▬▬
ထိုသို့ တမင်္ဂလာ တိုက်စေသောကြောင့် များစွာသော မင်းသားတို့က “ဘာကြောင့် ဤသို့ ယာဉ်ချင်းတိုက်အောင် မောင်းစေရသနည်း” ဟု မေးကြသောအခါ “ယနေ့ မြတ်ဘုရားကို ဆွမ်းဘုဉ်းပေးဘို့ရန် နက်ဖန်အတွက် ပင့်ခဲ့ပြီ။ ဒါကြောင့် ဝမ်းမြောက်လွန်းလို့ ဤကဲ့သို့ တိုက်အောင် မောင်းစေရပါသည်”ဟု ဖြေသည်။
ထိုအခါ လိစ္ဆဝီမင်းတို့က “အဲဒီဆွမ်းတထပ်ကို ငါတို့လွှဲပေးပါ၊ တသိန်းပေးပါမည်”ဟု ပြောကြသည်။ အရှင့်သားတို့က အခွန်ထွက်သော ဇနပုဒ်နယ်ပယ်နှင့်တကွ ဝေသာလီ တမြို့လုံးကို ပေးစေကာမူ ဆွမ်းတထပ်ကို လွှဲပြောင်း၍ မပေးနိုင်ပါ။
ဤသို့ ပြောသောအခါ လိစ္ဆဝီမင်းတို့လည်း ဝမ်းနည်းသော လက္ခဏာဖြင့် လက်ဖျားခါ ကြကုန်ပြီ။
လိစ္ဆဝီမင်းများ ဝဟ်ဆင်လာပုံ
▬▬▬▬▬▬▬▬▬▬▬
ထိုလာရာအခါ၌ လိစ္ဆဝီမင်းတို့တွင် အချို့သော မင်းတို့သည် ညိုသော အဆင်းရှိအောင် တကိုယ်လုံးကို လိမ်းကျံ၍ ညိုသောအဝတ်ကို ဝတ်ပြီးလျှင် ညိုသောတန်ဆာကို ဆင်ထားကြကုန်၏။ ယဉ်ရထား၊ မြင်း၊ အဆင်တန်ဆာတို့သည် အညိုချည်းသာ ဖြစ်၏။
အချို့သော လိစ္ဆဝီမင်းတို့သည် ရွှေသောအဆင်း ရှိအောင် တကိုယ်လုံးကို လိမ်းကျံ၍ ရွှေသော အဝတ်ကို ဝတ်ပြီးလျှင် ရွှေသောတန်ဆာကို ဆင်ထားကြကုန်၏။ ယာဉ်ရထား၊ မြင်း၊ အဆင် တန်ဆာတို့သည် အရွှေချည်းသာဖြစ်၏။
အချို့သော လိစ္ဆဝီမင်းတို့သည် နီသော အဆင်းရှိအောင် တကိုယ်လုံးကို လိမ်းကျံ၍ နီသော အဝတ်ကို ဝတ်ပြီးလျှင် နီသော တန်ဆာကို ဆင်ထားကြကုန်၏။ သူတို့၏ ယာဉ်ရထားသည်၎င်း၊ မြင်းတို့သည်၎င်း အနီချည်းသာဖြစ်၍ နီသော တန်ဆာကိုသာ ဆင်ထားကြသည်။
အချို့သော လိစ္ဆဝီမင်းတို့သည် ဖြူသော အဆင်းရှိအောင် တကိုယ်လုံးကို လိမ်းကျံ၍ ဖြူသောအဝတ်ကို ဝတ်ပြီးလျှင် ဖြူသော တန်ဆာတို့ကို ဆင်ထားကြကုန်၏။ ယာဉ်ရထား၊ မြင်း၊ အဆင်တန်ဆာတို့သည် အဖြူချည်းသာဖြစ်၍ ဖြူသော တန်ဆာကိုသာ ဆင်ထားကြသည်။
ထို လိစ္ဆဝီပရိသတ်ကို ညွှန်ပြ၍ “ဘိက္ခုတို့ ... တာဝတိံသာနတ်တို့ကို မမြင်ဘူးသော ရဟန်းတို့သည် ဤလိစ္ဆဝီမင်း ပရိသတ်ကို ကြည့်လိုက်ကြလော့။ လိစ္ဆဝီမင်း ပရိသတ်ကို တာဝတိံသာ နတ်ပရိသတ်နှင့် အတူထား၍ ကြည့်လိုက်ကြလော့”ဟု မိန့်တော်မူ၏။
အမှာ
ဤသို့ မင်းပရိသတ်ကို ကြည့်ရှုစေတော်မူခြင်း၌ ရည်ရွယ်တော်မူချက်မှာ - အလွန် မကြာသော ကာလ၌ ဤလိစ္ဆဝီမင်းတို့သည် အဇာတသတ်မင်းနှင့် စစ်ဖြစ်၍ အများစုမှာ သေကြေ ပျက်စီးကြလိမ့်မည်။ ထိုအခါ သံဝေဂ ဖြစ်ကြဘို့ရန် သတိထား၍ သူတို့၏ တင့်တယ်ပုံကို ကြည့်ရှုဘို့ တိုက်တွန်းတော်မူသည်။
ဤမင်းပရိသတ်တို့၏ ယာဉ်ရထား မြင်းများနှင့်တကွ ဆင်တူ ဆင်ပြင်ပုံကို ထောက်၍ တာဝတိံသာ နတ်တို့လည်း ဤကဲ့သို့ ဆင်တူ ဝတ်ဆင်လေ့ရှိပုံကို သိနိုင်ပါသည်။
မင်းများ လက်ဖျားခါကြပြန်
▬▬▬▬▬▬▬▬▬▬
လိစ္ဆဝီမင်းတို့သည် မိမိတို့ယာဉ်မှ သက်ဆင်း၍ ဘုရား အထံတော်သို့ ရောက်သောအခါ တရားတော်ကို ကြားနာပြီးနောက် နက်ဖန် ဘိက္ခု သံဃာနှင့်အတူ ဆွမ်းဘုဉ်းပေး ကြွတော်မူရန် ပင့်လျှောက်ကြပြန်သည်။
ထိုအခါ ဗုဒ္ဓမြတ်စွာသည် “အမ္ဗပါလီက ပင့်လျှောက်သွားပြီ” ဟု မိန့်တော်မူ၏။ ထိုစကားကို ကြားသောအခါ၌လည်း “မိန်းမသားက တို့ကို နိုင်သွားပြီ”ဟု လက်ဖျားခါကြ၏။
ဆွမ်းဘုဉ်းပေး ကြွတော်မူခြင်း
▬▬▬▬▬▬▬▬▬▬▬
ထို ညဉ့်လွန်သောအခါ သံဃာများနှင့် အတူ အမ္ဗပါလီအိမ်သို့ ကြွတော်မူ၍ ဆွမ်းဘုဉ်းပေး တော်မူပြီး ဆွမ်းကိစ္စပြီးသောအခါ အမ္ဗပါလီသည် သူ၏ သရက် ဥယျာဉ်ကို ဘုရားအမှူးရှိသော သံဃာတော်အား လှူဒါန်းလေသည်။ ဗုဒ္ဓမြတ်စွာသည် တရားဟောတော်မူပြီး၍ ဥယျာဉ်သို့ ကြွတော်မူပြီးလျှင် ရဟန်းတို့အား -
ဤတရား ဤတရားကား သီလတည်း။
ဤဈာန် ဤဈာန်ကား သမာဓိတည်း။
ဤဉာဏ် ဤဉာဏ်ကား ပညာတည်း။
သီလဖြင့် ထုံအပ်သော သမာဓိသည် များသော အကျိုးရင်းရှိ၏။ များသော အကျိုးဆက် ရှိ၏။
သမာဓိဖြင့် ထုံအပ်သော ပညာသည် များသောအကျိုးရင်း ရှိ၏။ များသော အကျိုးဆက်ရှိ၏။
ပညာဖြင့်ထုံအပ်သေစိတ်သည် အာသဝေါ တရားတို့မှ လွတ်နိုင်၏”ဟု ဟောတော်မူသည်။
ဝေဠုဝရွာငယ်၌ ဝါကပ်တော်မူခြင်း
▬▬▬▬▬▬▬▬▬▬▬▬
ဗုဒ္ဓ မြတ်စွာသည် အမ္ဗပါလီ ဥယျာဉ်၌ ကျွတ်ထိုက်သော သတ္တဝါများ ရှိသလောက် သတင်းသုံးတော်မူပြီး၍ ဝေဠုဝရွာငယ်သို့ ကြွတော်မူ၏။ ထိုရွာငယ်၌ သံဃာအများ နေဘို့ရန် နေရာမရှိသောကြောင့် ရဟန်းများကို ဝေသာလီမြို့၏ ပတ်ဝန်းကျင်ဝယ် သီတင်းသုံးဘော်ရှိရာ အရပ်သို့ သွား၍ ဝါကပ်ဘို့ရန် မိန့်တော်မူသည်။
ပြင်းထန်သောဝေဒနာ ဖြစ်တော်မူခြင်း
▬▬▬▬▬▬
ဗုဒ္ဓမြတ်စွာသည် ဝေဠုဝရွာ၌ ဝါကပ်တော်မူပြီးသောအခါ ပရိနိဗ္ဗာန် စံရလောက်အောင် ပြင်းထန်သော ဝေဒနာဖြစ်လေသည်။
ဤဝါသည် နောက်ဆုံး ဖြစ်သောကြောင့် ဝါဆိုလပြည့်နေ့မှ ကဆုန်လပြည့်နေ့ တိုင်အောင် ရေတွက်လျှင် ဆယ်လအတွင်း ဝင်ခါစ၌ဖြစ်ရသော ဝေဒနာတည်း။ ဗုဒ္ဓမြတ်စွာသည် ထိုဝေဒနာကို သတိသမ္ပဇဉ် ဉာဏ်ဖြင့် ယှဉ်၍ သည်းခံတော်မူပြီ။
သမာပတ်ဖြင့် ရောဂါကို တားတော်မူခြင်း
▬▬▬▬▬▬▬▬▬▬
“ငါသည် အလုပ်အကျွေး ဒါယကာ - ဒါယိကာမ တို့ကို အသိမပေးပဲ၊ ရဟန်း သံဃာကိုလည်း ခွင့်မပန်ပဲ ပရိနိဗ္ဗာန် စံခြင်းငှါ မလျော်။ ထို့ကြောင့် ငါသည် ဤ ရောဂါကို ဝီရိယဖြင့် တွန်းလှန်၍ အသက်မသေအောင် ပြုစီမံနိုင်သော ဖလသမာပတ်ကို ဝင်စားသောအားဖြင့် ဆောက်တည်၍ နေရမှုကား ကောင်းလေစွ”ဟု အကြံတော် ဖြစ်၏။
ထို အကြံတော် ဖြစ်သည့်အတိုင်း ထိုရောဂါကို ဝီရိယဖြင့် တွန်းလှန်၍ အသက်မသေအောင် ခံနိုင်ရည်ရှိသော ဖလသမာပတ်ကို အတော်ကြာအောင် ဝင်စား၍ နေတော်မူသည်။ ထိုအခါ ထိုရောဂါသည် အခိုက်အတန့်မျှ အတော်ကြာ အောင် မပေါ်လာပဲ ငြိမ်းအေးသွားလေ၏။
ဗုဒ္ဓမြတ်စွာသည် ကျန်းကျန်းမာမာ ရှိသောအခါ ကျောင်းတော်မှ ထွက်၍ ကျောင်း အရိပ်၀ယ် ခင်းထားအပ်သော နေရာ၌ ထိုင်တော်မူပြီ။
အရှင်အာနန္ဒာ၏ မျှော်လင့်ချက်
▬▬▬▬▬▬▬▬▬▬▬▬
အရှင်အာနန္ဒာသည် မြတ်စွာဘုရား အထံတော်သို့ ချဉ်းကပ်၍ ဤစကားကို လျှောက်ထား၏။
မြတ်စွာဘုရား ... မြတ်စွာဘုရား၏ ကျန်းမာတော်မူခြင်းကို တွေ့မြင်ရပြီ။ သို့သော် တပည့်တော်၏ ကိုယ်ကာယသည်ကား မြတ်စွာဘုရား၏ ကျန်းမာတော် မမူခြင်းကြောင့် ပျော့ပျော့ ပျောင်းပျောင်း မရှိပဲ ခက်မာသကဲ့သို့ ဖြစ်နေပါသည်။ အရပ်မျက်နှာ တို့သည်လည်း မထင်ရှားတော့ပါ။
မြတ်စွာဘုရား၏ ကျန်းမာတော် မမူခြင်းကြောင့် ထိုမျှလောက် ကိုယ်ရောစိတ်ကို ဖောက်ပြန် ပါသော်လည်း သက်သာရာရသည့် အချက်တချက်တော့ ရှိပါ၏။ ထို အချက်ကား ဗုဒ္ဓမြတ်စွာသည် ရဟန်း သံဃာများကို အကြောင်းပြု၍ အရေးကြီးသော နောက်ဆုံး တရားတမျိုး မိန့်တော် မမူသေးခြင်းပင် ဖြစ်ပါသည်။
ဤသို့လျှောက်ထား၏။
[အရှင်အာနန္ဒာ၏ လျှောက်လိုသော အချက်ကား လောကီဆရာများ၌ အာစရိယမုဋ္ဌိ (ဆရာ့ လက်ထဲ၌ ဆုပ်ကိုင်သော ပညာတမျိုး) ရှိ၏။ ထို ပညာမျိုးကို နောက်ဆုံး အချိန်ကျမှ အလွန် ရင်းနှီးသော ကပည့်တို့အား ပြောပြလေ့ ရှိ၏။ “ဗုဒ္ဓမြတ်စွာ မှာလည်း ထိုကဲ့သို့ အာစရိယမုဋ္ဌိ တရားတမျိုး ရှိသေး၏”ဟု ယူဆလေသည်။]
ဗုဒ္ဓမြတ်စွာ မိန့်တော်မူခြင်း
▬▬▬▬▬▬▬▬▬▬
အာနန္ဒာ … ရဟန်းသံဃာများက မည်သည့် လက်ဆုပ်တရားကို တောင့်တ၍ နေသနည်း။ ငါသည် ဟောသင့်သော တရားအားလုံးကို အတွင်းအပ မကျန်ရအောင် ဟောတော်မူပြီးပြီ။
“ဤ ဘိက္ခု သံဃာကို ငါသာလျှင် ရွက်ဆောင်မည်။ ဘိက္ခု သံဃာကလည်း ငါ့ကိုသာ အားကိုးရမည်”။
ဤသို့ ယူဆသော ဆရာများသာ ဆရာ့လက်ဆုပ်တရား ချန်ထားတတ်၏။ ငါဘုရားမှာ ထိုကဲ့သို့ လျှို့ဝှက်၍ ချန်ထားအပ်သော ဆရာ့လက်ဆုပ် တရား မရှိ။
ထိုကဲ့သို့ လက်ဆုပ်တရား ချန်မထားသော မြတ်စွာဘုရားတည် ဘိက္ခုသံဃာကို အကြောင်းပြု၍ အဘယ်တရားကို မိန့်မြွက်ဘို့ လိုတော့အံ့နည်း။
အာနန္ဒာ … ယခုအခါ၌ ငါဘုရားသည် အရွယ်တော် ယိုယွင်း၍ အိုမင်းလာပြီ။ အသက် ရှစ်ဆယ်အကွင်း ရောက်နေသောကြောင့် နောက်ဆုံး အရွယ်သို့ ရောက်ပြီ။
အာနန္ဒာ … အိုသော လှည်းသည် ထိုထို နေရာ၌ ဖွဲ့ချည် တုပ်နှောင်၍ထားမှ သွားနိုင်သကဲ့သို့ ထို့အတူ ငါဘုရား၏ ခန္ဓာကိုယ်သည် ဖလသမာပတ် တည်းဟူသော လွန်ကြိုးဖြင့် နှောင်ဖွဲ့ ထားလိုက်သောအခါ သာ၍ ကျန်းမာ၏။
ထို့ကြောင့် အသင်တို့လည်း ဤဖလသမာပတ်ဖြင့် ချမ်းချမ်းသာသာ နေနိုင်ရန် “မိမိကိုယ်သာလျှင် သမုဒ္ဒရာ အလယ်၌ မှီခိုရာ ကျွန်းသဘွယ်ဖြစ်အောင် နေကြလော့။ မိမိကိုယ်ကို မိမိ ကိုးကွယ်ရာဖြစ်အောင် နေကြလော့၊ တရားတည်းဟူသော မှီခိုရာ ကျွန်းရှိအောင် နေကြလော့။ တရားတည်းဟူသော ကိုးကွယ်ရာရှိအောင် နေကြလော့။ ဤသို့ နေကြမှသာ အမြတ်ဆုံးပုဂ္ဂိုလ်များ ဖြစ်နိုင်ကြလိမ့်မည်။
ပြန်ကြွတော်မူခြင်းနှင့် အရှင်သာရိပုတ္တရာ
▬▬▬▬▬▬▬
ဗုဒ္ဓမြတ်စွာသည် ဝါကပ်တော်မူရာ ဝေဠုဝရွာငယ်မှ ထွက်တော်မူ၍ သာဝတ္ထိမြို့ ဇေတဝန် ကျောင်းတော်သို့ ကြွတော်မူပြီ။ အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားအား ပြုသင့်သော ဝတ်ကိုပြု၍ နေ့အခါ၌ နေရာအရပ်သို့ ကြွတော်မူပြီးလျှင် ဖလသမာပတ်ကို ဝင်စားတော်မူပြီ။
ထို့နောက် သမာပတ်မှထတော်မူ၍ ဘုရားရှင်တို့သည် ရှေးဦးစွာ ပရိနိဗ္ဗာန် စံတော် မူကြလေ သလော။ အဂ္ဂသာဝက တို့သည် ရှေးဦးစွာ ပရိနိဗ္ဗာန် စံကြလေသလော။ ဤသို့ စဉ်းစားတော်မူပြီ။
ထိုအခါ “အဂ္ဂသာဝကတို့သည် ရှေးဦးစွာ ပရိနိဗ္ဗာန်စံကြ၏”ဟု သိ၍ မိမိ၏ အသက်အပိုင်း အခြားကို ကြည့်သောအခါ ၇-ရက်လောက်သာ ရှိတော့သည်ဟု သိရ၍ ပရိနိဗ္ဗာန်ဆိုင်ရာ အရပ်ကို စဉ်းစားတော်မူသည်။
မယ်တော်ကြီးကို သတိရခြင်း
▬▬▬▬▬▬▬▬▬▬▬
ထိုအခါ မယ်တော်ကြီးကို သတိရလေသည်။ အရှင်သာရိပုတ္တရာ၏ မယ်တော် ကြီးသည် ၇-ယောက်သော သားတော် သမီးတော်ကို ဘိက္ခု၊ ဘိက္ခုနီ၊ ရဟန္တာများ ဖြစ်ကြသော်လည်း ဘုရား တရား သံဃာကိုမျှမကြည်ညိုသေး၊ ဗြဟ္မာကိုသာ ကိုးကွယ်ရာဟု အယူရှိသော သူဌေးကတော်ကြီး တည်း။
အရှင်သာရိပုတ္တရာသည် မယ်တော်ကြီးကို သတိရ၍ ကျွတ်ထိုက် မကျွတ်ထိုက်ကို စဉ်းစားပြန် သောအခါ ကျွတ်ထိုက်လောက်သော ကောင်းမှုပပါရမီ ရှိနေသည်ကို မြင်ရ၍ အဘယ်သူ့တရားဖြင့် တရားထူး ရမည်နည်း”ဟု စဉ်းစားပြန်သောအခါ မိမိတရားဖြင့်ပင် တရားထူး ရမည်ကို မြင်တော် မူ၍ “မိမိဖွားမြင်ခဲ့ရာ တိုက်ခန်း၌ပင် ပရိနိဗ္ဗာန်စံမည်” ဟု ဆုံးဖြတ်တော်မူသည်။
အမှာ
အရှင်သာရိပုတ္တရာ၊ အရှင်စုန္ဒ၊အရှင်ဥပသေန၊ အရှင်ရေဝတ ဟူသော သားတော် ၄-ပါး နှင့် စာလာ၊ ဥပစာလာ၊ သီသုပစာလာ ဟူသော သမီး၌ ၃-ပါး၊ ဤ သားတော် သ္မီးတော် များသည် ဘိက္ခု၊ ဘိက္ခုနီများဖြစ်၍ အားလုံး ရဟန္တာ ဖြစ်ကြသည်။
ဗုဒ္ဓအထံ ခွင့်ပန်တော်မူခြင်း
▬▬▬▬▬▬▬▬▬▬
ထိုသို့ ဆုံးဖြတ်ပြီးနောက် ရဟန္တာငါးရာ နှင့်အတူ ဗုဒ္ဓမြတ်စွာ အထံတော်သို့ ချဉ်းကပ်၍ ပရိနိဗ္ဗာန် စံဘို့ရန် ခွင့်ပြုတော်မူပါဟု လျှောက်ထားလေသည်။
ဗုဒ္ဓမြတ်စွာသည် ပရိနိဗ္ဗာန်စံတော့ဟု မိန့်တော်မူလျှင် သေခြင်း၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းရာ ရောက်၏။ ပရိနိဗ္ဗာန် မစံသေးနှင့်ဟု မိန့်တော်မူပြန်လျှင် သံသရာဝဋ်၏ ဂုဏ်ကို ပြောရာရောက်၏။
ဤသို့မိစ္ဆာဒိဋ္ဌိအယူ ရှိသူကို အပြစ်တင်ဘွယ် ရှိသောကြောင့် ထို ၂-မျိုးလုံးကို မိန့်တော်မမူပဲ “အဘယ်အရပ်၌ ပရိနိဗ္ဗာန်စံမည်နည်း”ဟု မိန့်တော်မူသည်။
ထိုအခါ မဂဓတိုင်း နာဠကရွာဝယ် မိမိဖွားမြင်ခဲ့ရာ တိုက်ခန်း၌ ပရိနိဗ္ဗာန်စံပါမည့် အကြောင်းကို လျှောက်ထားလေသည်။
ထိုအခါ ဗုဒ္ဓမြတ်စွာက “ပရိနိဗ္ဗာန်စံချိန်ကို မိမိဘာသာ သိပေတော့။ သို့ရာဝယ် အသင်၏ နောင်တော် ညီတော် ဖြစ်ကြသော ရဟန်းတို့မှာ အသင်ကဲ့သို့သော ရဟန်းတပါးကို ဖူးမြင်ဘို့ မလွယ်။ ထို့ကြောင့် ထိုနောင်တော် ညီတော်တို့အား ဩဝါဒတရားကို ဟောခဲ့ဦးလော့”ဟု မိန့်တော်မူသည်။
တန်ခိုးပြပြီး၍ နောက်ဆုံး ကန်တော့ခြင်း
▬▬▬▬▬▬▬▬▬
အရှင်သာရိပုတ္တရာသည် ထန်းတဖျား ပမာဏ ရှိသော အရပ်တိုင်အောင် တန်ခိုးဖြင့် တက်သွား၍ ဆင်းလာပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလေသည်။ ထိုနောက် ၂-ဆင့် ၃-ဆင့်မူ စ၍ ၇-ဆင့် ပမာဏတိုင်အောင် ကောင်းကင်သို့ အကြိမ်ကြိမ် တက်သွား၍ အမျိုးမျိုးသော တန်ခိုးကိုပြ၍ တရားဟောတော်မူသည်။ သာဝတ္ထိ တမြို့လုံး စုမိကြ၏။
အရှင်သာရိပုတ္တရာသည် ထန်း ၇-ဆင့် ပမာဏရှိသော ကောင်းကင်မှ သက်ဆင်း၍ မြတ်စွာဘုရား ကို ရှိခိုးပြီးလျှင် သွားချိန်တန်ပါပြီဘုရားဟု လျောက်ထားလေသည်။ ဗုဒ္ဓမြတ်စွာလည်း တရားစစ်သူကြီး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာကို ပို့တော်မူသည့် အနေအားဖြင့် တရားဟောရာ အရပ်မှ ထတော်မူ၍ ဂန္ဓကုဋိသို့ ရှေးရူ ကြွတော်မူပြီးလျှင် ပဒမြားပျဉ်ချပ်၌ ရပ်တော်မူသောအခါ အရှင်သာရိပုတ္တရာသည် သုံးကြိမ် လက်ျာရစ် လှည့်ပြီးလျှင် ၄-ဌာနတို့၌ ဝပ်ချ၍ ...
“မြတ်စွာဘုရား … ဤကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် ကမ္ဘာတသိန်း အလွန်ရှိသော တစ်အသင်္ချေထက်၌ အနောမဒဿီ မြတ်စွာဘုရား၏ ခြေတော်ရင်းဝယ် ရှင်တော်မြတ်ဘုရားကို ဖူးမြင်နိုင်ဘို့ရန် ဆုပန်ခဲ့ပါပြီ။ ထိုဆုပြည့်၍ ရှင်တော်ဘုရားကို ပဌမ ဖူးမြင်ခဲ့ရပါပြီ။ ယခု အခါ ဖူးမြင်ရခြင်းကား နောက်ဆုံး ဖူးမြင်ရခြင်း ဖြစ်ပါသည်။ နောက်ထပ် ရှင်ဘုရားတို့ကို ဖူးမြင်ခွင့် မရှိတော့ပါ။
ဤသို့ လျှောက်၍ လက်အုပ်ချီပြီးလျှင် ဗုဒ္ဓမြတ်စွာ မြင်တော်မူလောက်ရာ အရပ်တိုင်အောင် နောက်ဆုတ် နောက်ဆုတ် သွားပြီးလျှင် မမြင်လောက်ရာ အရပ် ရောက်မှ ဝပ်ချ၍ ဖဲသွား လေသည်။ ထိုအချိန်၌ မြေစောင့်နတ်များ၏ အလွန် ဝမ်းနည်းသည့် လက္ခဏာကြောင့် ကြီးစွာ မြေတုန်လှုပ်လေသည်။
ဗုဒ္ဓမြတ်စွာ၏ လိုက်၍ ပို့ကြဘို့ရန် အမိန့်တော် ရှိသောကြောင့် ထိုနေရာ၌ရှိကုန်သော ရဟန်း အားလုံးပင် လိုက်၍ပို့ကြလေသည်။ အရှင်သာရိပုတ္တရာသည် ဇေတဝန် ကျောင်းတိုက် တံခါးမုခ်သို့ ရောက်သောအခါ“ငါ့ရှင်တို့ … နေရစ်ကြတော့ မမေ့မလျော့ မပေါ့မဆ နေရစ်ကြတော့” ဟု မိန့်တော်မူ၍ မိမိ၏ ပရိသတ်ငါးရာ နှင့်အတူ ဇေတဝန်ကျောင်းတိုက်ကြီးကို ခွဲခွါတော်မူသည်။
လူအများ
▬▬▬▬
နောက်မှ ငို၍ လိုက်လာကြသော လူအများကိုလည်း “သင်္ခါရတရား ဆိုတာ ဒီလိုပဲ ခွဲခွါခြင်းသဘော ရှိ၏။ မမေ့မလျော့ သတိထား၍ တရားဖြင့် နေရစ်ကြတော့” ဟု ဩဝါဒ ပေး၍ ပြန်နစ်စေပြီးလျှင် လမ်းခရီး၌ ၇-ရက်ပတ်လုံး လူများကို ချီးမြှောက်လျက် ၇-ရက်မြောက် ညနေချိန်ကျမှု နာဠကသို့ ရောက်၍ ရွာတံခါး ပေါက်ဝယ် ပညောင်ပင်အောက်၌ ရပ်တည်နေစဉ် ဥပရေဝတ မည်သော တူတော်သူ သူငယ်တယောက် ရွာပြင်ထွက်လာသောအခါ အရှင်သာရိပုတ္တရာကို မြင်သောကြောင့် အနားကပ်၍ ဝပ်ချလေသည်။
နေရာပြင်စေခြင်း
▬▬▬▬▬▬
အရှင်သာရိပုတ္တရာသည်“သင်၏ အဖွား ရှိရဲ့လား” ဟုမေးတော်မူ၍ “သွားချေ၊ ငါလာတဲ့ အကြောင်းကို ပြောချေလော့။ ဘာကိစ္စကြောင့် လာသနည်း” ဟု မေးလျှင် ယနေ့ တရက် ရွာတွင်း၌ နေလိမ့်မည်။ မွေးဖွားရာ တိုက်ခန်းကို ရှင်းထားလိုက်ပါ။ ငါးရာသော ရဟန်းများအတွက် နေရာဌာနကိုလည်း ပြင်ထားလိုက်ပါ”ဟု အခိုင်းလေသည်။
ဥပရေဝတသည် မိန့်တော်မူသည့် အတိုင်း ပြန်သွား၍ မှာလိုက်သော စကားလုံးကို ပြောပြလေသည်၊ မယ်တော်ကြီးသည် “အဘယ်ကြောင့် ဤမျှလောက်သော ရဟန်းတို့၏ နေရာဌာနကို ပြင်စေရသနည်း။ ငယ်ရွယ်စဉ် အခါက ရဟန်းပြု၍ ကြီးသည့် အခါရောက်မှု လူဖြစ်လိုလေသလော”ဟု တွေးတောပြီးလျှင် မွေးဖွားရာ တိုက်ခန်းကို ရှင်းလင်းစေပြီး၍ ငါးရာသော ရဟန်းတို့ဘို့ နေရာဌာနကို ပြုပြီးပါကြောင်း အလျှောက်ခိုင်းလေသည်။
ပရိနိဗ္ဗာန်စံခါနီး ရောဂါဖြစ်ပုံ
▬▬▬▬▬▬▬▬▬▬
အရှင်သာရိပုတ္တရာသည် ရဟန်းများနှင့်အတူ ကြွလာ၍ ပြာသာဒ် (အုတ်တိုက်) သို့ တက်တော်မူကာ မိမိဖွားမြင်ခဲ့ရာ တိုက်ခန်းသို့ ဝင်တော်မူပြီးလျှင် ရဟန်းများကိုလည်း “မိမိ နေရမည့် ဌာနသို့ သွားကြတော့” ဟု ခွင့်ပြုတော် မူလေသည်။
ထိုရဟန်းများ သွားပြီး၍ မကြာမီပင် အရှင်သာရိပုတ္တရာ မထေရ်မြတ်မှာ ပရိနိဗ္ဗာန် စံရလောက်အောင် ပြင်းထန်သော သွေးဝမ်းရောဂါ ဖြစ်တော်မူ၏။ ခွက်တခွက် ထွက်သွားလျှင် ခွက်တခွက်က ဝင်ရ၏။ မယ်တော် ပုဏ္ဏေးမကြီးသည် “သား၏ ဖြစ်ပုံကို မနှစ်သက်”ဟု ဆို၍ မိမိအခန်းတံခါးကိုမှီကာ ခပ်လှမ်းလှမ်းမှ ရပ်၍ ကြည့်နေသည်။
နတ်ဗြဟ္မာတို့ လာကြပုံ
စတုမဟာရာဇ် နတ်မင်းကြီး လေးယောက်တို့သည် “နောက်ဆုံးဖူးမြင်ရာ အရပ်သို့ သွားအံ့”ဟု ကြံ၍ လာကြပြီးလျှင် ရှိခိုး၍ ရပ်နေကြကုန်ပြီ။ “အဘယ် အကျိုးငှါ လာကြသနည်း”ဟု အရှင် သာရိပုတ္တရာက မေးသောအခါ “ဂိလာနကို ပြုစု လုပ်ကျွေးလို၍ လာကြပါကြောင်း” လျှောက်ကြသည်။ “ဒီလိုဆိုလျှင်ရှိပါစေတော့၊ ပြုစုလုပ်ကျွေးမည့်သူ ရှိပါပြီ။ အသင်နတ်မင်းတို့ ပြန်ကြပေတော့”ဟု မိန့်တော်မူ၏။
နတ်မင်းကြီး လေးယောက်တို့ ပြန်သွားကြပြီးနောက် မကြာခင်ပင် သကြားမင်း လာပြန်၏။
ထိုသကြားမင်းကိုလည်း ထိုအတိုင်းပင် ပြန်လွှတ်၍ မကြာခင်ပင် ဗြဟ္မာမင်းကြီး တယောက် ရောက်လာပြန်၏။ ထိုဗြဟ္မာမင်းကြီးကိုလည်း “ပြုစုလုပ်ကျွေးမည့်သူ ရှိပါ၏”ဟု ပြော၍ ပြန်ဘို့ ခွင့်ပြုလိုက်သည်။
မယ်တော်ကြီး လာ၍မေးခြင်း
ရူပသာရီ အမည်ရှိသော မယ်တော် ပုဏ္ဏေးမကြီးသည် နတ်ဗြဟ္မာတို့၏ လာခြင်း ကို၎င်း၊ ပြန်သွားခြင်းကို၎င်း မြင်ရ၍ တိုက်ခန်း တံခါးပေါက်သို့ လာပြီးလျှင် “ချစ်သားစုန္ဒ၊ (သားတော်အငယ် မထေရ်ကို ခေါ်သည်။) ဘယ်လိုဖြစ်တာလဲ”ဟု မေး၏။
အရှင်စုန္ဒသည် မယ်တော်ကြီး လာကြောင်းကို မထေရ်အား လျှောက်သောအခါ မထေရ်မြတ်သည် “ဘာကြောင့်လာသနည်း”ဟု မေးတော်မူ၏။ မယ်တော်ကြီးက “သင် သားတော်ကို ကြည့်ဘို့ လာသည်”ဟု ပြောပြီးလျှင် “ချစ်သား … ကိုယ်ရောင် ကိုယ်ဝါ တောက်ပစွာဖြင့် ပဌမလာသူတွေက အဘယ်သူများနည်း”ဟု မေးသောအခါ နတ်မင်းကြီး လေးယောက် ဖြစ်ကြေခြင်းကို ဖြေတော်မူ၏။
အမေး။ ။“ချစ်သားက နတ်မင်းကြီး လေးယောက်တို့ထက် သာ၍ မြတ်သလောဟု မေးသောအခါ မိမိ၏မြတ်ကြောင်းကို မဆိုပဲ မြတ်စွာဘုရားကို ကြည်ညိုစေလို သောကြောင့် မြတ်စွာဘုရား၏ မြတ်ကြောင်းကို ဖြေတော်မူသည်မှာ -
အဖြေ။ ။ မယ်တော်ကြီး … ထို နတ်မင်းကြီး လေးယောက်တို့သည် သားတို့ဆရာ မြတ်စွာဘုရား၏ ပဋိသန္ဓေယူတော်မူရာ အခါမှစ၍ ဖွားတော်မူသည့် တိုင်အောင် သန်လျက်လက်ဆွဲ၍ စောင့်ရှောက် ကြရပါသည်။ ထို့ကြောင့် ထိုနတ်မင်းကြီး လေးယောက်တို့သည် ဘုရားရှင်ကိုထောက်လျှင် ကျောင်းစောင့် ကပ္ပိယလောက်သာ ဖြစ်ကြပါသည်။
အမေး။ ။ သူတို့ ပြန်သွားပြီးနောက် တယောက် လာပါသေးသည်။ ထိုသူကား အဘယ်သူပါနည်း။
အဖြေ။ ။ ထိုသူကား နတ်တို့၏ အရှင်သခင် ဖြစ်သော သကြားမင်း ဖြစ်ပါသည်။
အမေး။ ။ ချစ်သား၊ အသင်က သကြားနတ်မင်း ထက်တောင် မြတ်သေးသလား။
အဖြေ။ ။ မယ်တော်ကြီး ... သားတို့ဆရာ မြတ်စွာဘုရားသည် တာဝတိံသာ နတ်ပြည်မှ ဆင်းတော်မူသောအခါ၌ ဤသကြား ဆိုသူသည် သပိတ်နှင့် သင်္ကန်း တထည်ကို ပွေ့၍ လိုက်လာ ရပါသည်။ ထို့ကြောင့် သကြားနတ်မင်း ဆိုသူသည် သားတို့ဆရာ မြတ်ဘုရား၏ ပိတ် သင်္ကန်းကို ယူရသော ရှင်သာမဏေနှင့် တူပါသည်။
အမေး။ ။ ချစ်သား ... သကြားနတ်မင်း ပြန်သွားသောအခါ တကိုယ်လုံး လင်းထိန် နေအောင် ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာဖြင့် လာတဲ့သူက အဘယ်သူပါနည်း။
အဖြေ။ ။ မယ်တော်ကြီး ... အဲ့ သူကတော့ မယ်တော်ကြီးတို့ “ဘုရား-ဘုရား” ဟု ကိုးကွယ် ထားသော မဟာဗြဟ္မာမင်းကြီး ဖြစ်သည်။
အမေး။ ။ ချစ်သား ... အသင်တို့က မယ်တော်ကြီးတို့၏ ကိုးကွယ်ရာ ဖြစ်သော မဟာဗြဟ္မာ ထက်ပင် သာ၍ မြင့်မြတ်ပါသလော”ဟု မေးပြန်သည်း
အဖြေ။ ။ မယ်တော်ကြီး ဤမဟာဗြဟ္မာကြီး လေးယောက်တို့သည် သားတို့ဆရာ မြတ်စွာဘုရား၏ ဖွားမြင်တော်မူရာနေ့၌ ဘုရားအလောင်း ဖြစ်သော သတို့သား ကလေးကို ရွှေတဘက်ဖြင့် ခံယူကြရပါသည်။
သောတာပန် တည်စေခြင်း
ထိုသို့ မေးပြီးသောအခါ “ရူပသာရီ” အမည်ရှိသော မယ်တော် ပုဏ္ဏေးမကြီး စဉ်းစားမိသည်မှာ “သား၏ တန်ခိုး အာနုဘော်သည် သကြား ဗြဟ္မာတို့ လာရလောက်အောင် ကြီးကျယ် နေသည်မှာ မျက်မြင်အားဖြင့် ထင်ရှားနေပြီ။
သား၏ ဆရာဆိုသော ဗုဒ္ဓမြတ်စွာ၏ တန်ခိုးရှိန်စော် အာနုဘော်မှာ မည်မျှလောက် ကြီးကျယ်လိမ့်မည်နည်း”ဟု တွေးတော စဉ်းစားနေစဉ် တကိုယ်လုံး ကြက်သီး တဖြန်းဖြန်း ထလောက်အောင် ပီတိသောမနဿ ဖြစ်လာသည်။
ထိုအခိုက်မှာ “တရားဟောဘို့ အခါကောင်းပဲ”ဟု ယူဆ၍ မထေရ်မြတ်က တရားဟောတော် မူသည်မှာ မယ်တော်ကြီး သားတို့၏ ဗုဒ္ဓမြတ်စွာ ဖွားတော်မူရာအခါ၊ တောထွက်တော်မူရာအခါ၊ သဗ္ဗညုတဉာဏ်ကိုရ၍ ဘုရားဖြစ်တော်မူရာအခါ၊ ဓမ္မစကြာတရားကို ဟောတော်မူရာ အခါတို့၌ တသောင်းသော ကမ္ဘာ လောကဓာတ် တုန်လှုပ်ရပါသည်။
သီလအားဖြင့် တူသူမရှိပါ။
သမာဓိအားဖြင့် တူသူမရှိပါ။
ပညာ အားဖြင့် တူသူမရှိပါ။
ကိလေသာ အာသဝေါ ကုန်ခြင်းအားဖြင့် တူသူမရှိပါ။
သားတော်တို့၏ ဗုဒ္ဓမြတ်စွာသည် တထောင့်ငါးရာ ကိလေသာတို့မှ ကင်းကွာရာ၌ပင် ဝါသနာနှင့် တကွ အငွေ့အသက်မျှ မကျန်ရအောင် ကင်းကွာတော်မူပါသည်။
ဤသို့ စသည်ဖြင့် ဗုဒ္ဓမြတ်စွာ၏ “အရဟံ သမ္မာသမ္ဗုဒ္ဓေါ” စသော ဂုဏ်တော်များကို အားတော် နည်းလျက်ပင် ကျေးဇူးဆပ်သော အနေအားဖြင့် ဟောပြတော်မူလေရာ တရားတော် အဆုံး၌ မယ်တော်ကြီး သောတာပန် တည်လေသည်။
မယ်တော်ကြီး။ ။ ချစ်သား ဥပတိဿ … ဘာ့ကြောင့် ဤမျှလောက် အဖိုးတန်သော အမြိုက်ဆေးကို ဤမျှလောက် ကြာအောင် မပေးပဲ နေရသနည်း။
မထေရ်မြတ်။ ။ ဤသို့ လျှောက်သောအခါ “မယ်တော်ကြီးအား မွေးကျေးဇူး၏ တန်ဖိုးကို ပေးအပ်ပြီ။ ဤမျှဖြင့် သင့်တော်လောက်ပြီ”ဟု ကြံ၍ “မယ်ကြီး ... သွားတော့ သွားတော့” ဟု လွှတ်လိုက်ပြီးနောက် “စုန္ဒ ... ဘယ်အချိန် ရောက်နေပြီနည်း” ဟု မေးတော်မူသည်။
အရှင်စုန္ဒ။ ။ “အရုဏ်တက်ခါနီးလောက် မိုးသောက်အချိန် ရောက်နေပါပြီ”ဟု လျှောက်သောအခါ “သံဃာတော်များ စည်းဝေးပါစေ”ဟု မိန့်တော်မူပြီး၍ ထိုင်ဘို့ရန် ထူးပေးဘို့ မိန့်တော်မူသည်။
ပရိနိဗ္ဗာန် စံတော်မူပုံ
ရဟန်းများ ရောက်လာသောအခါ“ငါ့ရှင်တို့ … လေးဆယ့်လေးဝါ ကာလပတ်လုံး ငါနှင့်အတူ လှည့်လည်ကြကုန်သော အသင်တို့အား ငါ၏ အပေါ်၌ မနှစ်သက် အပ်သော ကာယကံ ဝစီကံ ရှိလျှင် သည်းခံကြပါ” ဟု မိန့်တော်မူသည်။
ရဟန်းတော်များကလည်း “အရှင်ဘုရား လေးဆယ့်လေးဝါ ကာလပတ်လုံး အရိပ်ကဲ့သို့ လိုက်ပါကြသော တပည့်တော်တို့သည် မနှစ်သက်အပ်သော (နှစ်သက်ဘွယ် မကောင်းသော) ကာယကံ ဝစီကံကို မတွေ့ခဲ့ရပါ။
အရှင်ဘုရားတို့ကသာ တပည့်တော်တို့၏ ကာယကံ ဝစီကံကို သည်းခံတော်မူပါ”ဟု လျှောက်ကြ လေသည်။ ထိုသို့ အချင်းချင်း တောင်းပန်ပြီးရာ အခါ၌ မထေရ်မြတ်သည် သင်္ကန်းကြီးကို ဆွဲ၍ မျက်နှာကို ဖုံးပြီးလျှင် လက်ျာနံပါးဖြင့် လျောင်းတော်မူ၏။
ထိုသို့ လျောင်းပြီးလျှင် သမာပတ်တို့ကို အစမှ အဆုံး၊ အဆုံးမှ အစတိုင်အောင် အဖန်ဖန် ဝင်စားပြီး၍ နောက်တကြိမ် ဝင်စားရာဝယ် စတုတ္ထဈာန် ဝင်စားပြီးသော အခါ ပရိနိဗ္ဗာန် စံတော်မူသည်။
ထိုအခါ၌ ဤမဟာပထဝီမြေကြီးသည် ပဲ့တင်ထပ်လျက် ဆက်ဆတ်ခါအောင် တုန်လှုပ်လေသည်။
မယ်တော်ကြီး၏ ငိုကြွေးခြင်း
မယ်တော်ကြီးသည် စကားပြောသံ မကြားသောကြောင့် “မိမိ၏ သားတော် ဘယ်လို နေပါလိမ့်မည်နည်း”ဟု သိလို၍ ထလာပြီးလျှင် ခြေဖဝါးတို့ကို ဆုပ်နယ်သောအခါ ပရိနိဗ္ဗာန် စံပြီးကြောင်း သိရ၍ ကျယ်စွာသော အသံကိုပြုလျက် ခြေတော်၌ မျက်နှာအပ်၍ ငိုကြွေးလေသည်။
“ချစ်သား … မယ်တော်တို့သည် ရှေးအခါက သား၏ဂုဏ်ကို မသိကြကုန်။ ဂုဏ်ကိုသိရာ ယခုအခါ၌ကား အသင်သားတော်ကို အမှူးပြု၍ ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာ၊ သိန်းပေါင်း များစွာသော ရဟန်းတော်တို့ကို ဤ တိုက်ပေါ်၌ ဆွမ်းကပ်ခြင်းငှါ အခွင့်မရ။
အင်္ကန်းလှူခြင်းငှါ အခွင့်မရတော့။ ရာပေါင်း ထောင်ပေါင်း များစွာသော ကျောင်း တို့ကို ဆောက်လုပ် လှူဒါန်းခြင်း အခွင့်မရတော့ ဟု ပြော၍ ငိုကြွေးလေသည်။
အရုဏ်တက်အခါ၌ကား ရွှေပန်းထိမ်သည်တို့ကို ခေါ်စေ၍ ရွှေတိုက်ကို ဖွင့်စေပြီးလျှင် ရွှေတုံးတို့ကို ချိန်ခွင်ကြီးဖြင့် ချိန်စေ၍ ငါးရာသော အထွတ်တပ်အပ်သော ပြဿာဒ် တို့ကို၎င်း၊ ငါးရာသော စေတီတို့ကို၎င်း ပြုကြဘို့ရန် ပေးလေသည်။
သကြား နတ်မင်းသည်လည်း ဝိသကြုံ နတ်သားကိုခေါ်၍ “အမောင် .... တရား စစ်သူကြီး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာသည် ပရိနိဗ္ဗာန် စံတော်မူပြီ။ ငါးရာသော အထွတ်တပ် အပ်သော ပြာသာဒ်တို့ကို၎င်း၊ ငါးရာသော စေတီတို့ကို၎င်း ဖန်ဆင်းလော့ ” ဟု ပြောပြီ။
သာဓုကီဠန သဘင်
အနိစ္စ စသည်နှင့်စပ်သော ဂီတတို့ကို ရွတ်ဆို၍ ပူဇော်ခြင်းကို “သာဓုကီဠန - သူတော်ကောင်း တို့၏ ပျော်မွေ့ခြင်း”ဟု ခေါ်၏။
မယ်တော်ကြီးသည် မြို့အလယ်၌ မဏ္ဍပ်ကြီးကို ဆောက်လုပ်စေ၍ မဏ္ဍပ်အလယ်၌ အကြီးဆုံး ပြသာဒ်ကို ထားပြီးလျှင် ကြွင်းသော ပြာသာဒ်တို့ကို အခြံအရံ အဖြစ်ဖြင့် ထား၍ သာဓု ကီဠနသဘင် ဆင်ယင်စေလေသည်။
ရေဝတီ သတိုးသ္မီး
ရေဝတီမည်သေ၁ မထေရ်မြတ်၏ ဥပါသိကာမသည် ငါလည်း မထေရ်မြတ်ကို ပူဇော်မည်ဟု ကြံစည်၍ ရွှေပန်းအိုး သုံးလုံးတို့ကို ပြုစေပြီး သိကြားမင်းလည်း အခြွေအရံတို့နှင့် အတူ မထေရ်မြတ်ကို ပူဇော်ဘို့ရန် ဆင်းလာ၏။
သိကြားမင်း လာသည်ဟု သိကြသောအခါ များစွာသော လူအပေါင်းသည် အလောင်းတော်ဘက် မျက်နှာပြု၍ နောက်ဆုတ် နောက်ဆုတ် သွားကြလရာ “ရေဝတီ” ဥပါသိကာမသည် ကိုယ်လေး လက်ဝန် ရှိသောကြောင့် နောက်ဆုတ် ယင်းပင် တနေရာ၌ တိမ်းရှောင်ပါသော်လည်း မရှောင်နိုင်တော့ပဲ လူတို့၏ အကြား၌ လဲသွားလေသည်။
လူဟာသည် တယောက်ကိုတယောက် မကြည့်နိုင်ပဲ ဥပါသိကာမကို နင်းသွားကြ လေသော် ထိုနေရာ၌ပင် ကွယ်လွန်၍ တာဝတိံသာ နတ်ပြည်၌ ဖြစ်လေသည်။ ထိုသို့ ဖြစ်ရပုံကို လူအများ တို့အား ပြောပြဘို့ရန် ဗိမာန်နှင့်တကွ ဆင်းလာ၍ မထေရ်မြတ်ကို ပူဇော်သော ကောင်းမှုကြောင့် နတ်ပြည်၌ ဖြစ်ရပုံကို၎င်း၊ ကုသိုလ်ကောင်းမှု၏ အကျိုးကျေးဇူး များပုံကို၎င်း ပြောပြ၍ မထေရ်မြတ်၏ သင်္ဂြိုဟ်ထင်းပုံကို လက်ျာရစ် လှည့်လည်ကာ ရှိခိုးပြီးလျှင် မိမိ၏နတ်ပြည်သို့ ပြန်လေသည်။
မီးသင်္ဂြိုဟ်၍ ဓာတ်တော်များကို
ဘုရားအထံ ယူလာပုံ
များစွာသော လူအပေါင်းတို့သည် ၇-ရက်ပတ်လုံး သာဓုကီဠနသဘင် ဆင်ယင်ကျင်းပ၍ အလုံးစုံသော နံ့သာမျိုးစုံ ထင်းပုံကို ပြု၏။ နံ့သာထင်းပုံသည် ကိုးဆဲ့ကိုးတောင် အမြင့်ရှိ၏။ မထေရ်မြတ်၏ အလောင်းတော်ကို နံ့သာထင်းပုံပေါ်သို့ တင်၍ ပန်းရင်း မြက်စည်းတို့ဖြင့် မီးလောင်စေကြကုန်ပြီ။
မီးသင်္ဂြိုဟ်ရာ သုသာန်၌ တညဉ့်ပတ်လုံး တရားပွဲဖြစ်၏။ အနုရုဒ္ဓါမထေရ်မြတ်သည် အလုံးစုံသော နံ့သာရေဖြင့် မီးကိုငြိမ်းစေပြီ။ ညီတော် စုန္ဒမထေရ်သည် ဓာတ်တော် တို့ကို ပုဝါရေစစ်၌ထည့်၍ မြတ်စွာဘုရားအား လျှောက်ဘို့ရန် ဓာတ်တော်သည့်ရာ ပုဝါရေစစ်ကို၎င်း၊ အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ သပိတ်၊ သင်္ကန်းကို၎င်း ယူ၍ သာဝတ္ထိမြို့သို့ သွားပြီ။
သာဝတ္ထိမြို့သို့ ရောက်သောအခါ အရှင် စုန္ဒမထေရ်သည် မိမိ၏ ဥပဇ္ဈာယ်ဖြစ်သော အရှင်အာနန္ဒာ အထံသို့ ရှေးဦးစွာ သွားပြီးမှ အရှင်အာနန္ဒာ နှင့်အတူ မြတ်စွာဘုရား အထံသို့ သွား၍ သပိတ်၊ သင်္ကန်းနှင့်ဓာတ်တော်များကို ဆက်ကပ်ပြီ။
ဓာတ်တော်များကို
လက်ပေါ်တင်၍ မိန့်တော်မူပုံ
ဗုဒ္ဓမြတ်စွာသည် ဓာတ်တော်ထည့်ရာ ပုဝါရေစစ်ကို ယူတော်မူ၍ လက်တော်အပြင်၌ ထားပြီးလျှင် ရဟန်းများကို မိန့်တော်မူသည်မှာ ဘိက္ခုတို့ … အတော်ကြာသော ရှေးရှေးနေ့က တန်ခိုးပြာဋိဟာ များစွာတို့ကိုပြပြီး၍ ပရိနိဗ္ဗာန်စံဘို့ရန် ခွင့်တောင်း သွားသော သာရိပုတ္တရာ၏ ပွတ်သစ်စ ခရုသင်းကဲ့သို့ ဖြူဖွေးသော ဓာတ်တော်တို့မှာ ထင်ရှားကုန်တော့၏။
ဘိက္ခုတို့ … ဤဓာတ်တော်၏ အရှင်ဖြစ်သာ ဤရဟန်းကား ကမ္ဘာတသိန်း အလွန်ရှိသော တသင်္ချေပတ်လုံး ပါရမီ ဖြည့်လာခဲ့သော ရဟန်းတည်း။
ငါဘုရား လည်စေအပ်သော ဓမ္မစကြာကို အတုလိုက်၍ လည်စေနိုင်သော ငါဘုရား၏ လက်ျာတော်ဝယ် ဒုတိယနေရာ၌ ထိုင်နိုင်သော ရဟန်းလည်းဖြစ်၏။
ဤရဟန်းသည် သာဝကတို့၏ အစည်းအဝေးကို ပြည့်စေနိုင်သော ရဟန်းလည်း ဖြစ်၏။ ဤရဟန်းသည် ငါဘုရားကို ထား၍ တသောင်းသော စကြဝဠာ၌ ပညာဖြင့် အတူမရှိသူလည်း ဖြစ်၏။
ဤ ရဟန်းသည် -
ကြီးသောပညာ ရှိသူလည်း ဖြစ်၏။
မြေကြီးထုကဲ့သို့ ထုထယ်ကြီးသော ပညာရှိသူလည်း ဖြစ်၏။
ရွှင်သော ပညာရှိသူလည်း ဖြစ်၏။
လျင်သော ပညာရှိသူလည်း ဖြစ်၏။
ထက်မြက်သော ပညာရှိသူလည်း ဖြစ်၏။
လောဘ ဒေါသ မောဟ အတုံးအခဲကို ဖောက်ခွဲနိုင်သော ပညာရှိသူလည်း ဖြစ်သည်။
ဤရဟန်းသည် ပစ္စည်းလေးပါးတို့၌ အလိုရမက် မကြီးသော ရဟန်းလည်းဖြစ်၏။
ဤရဟန်းကား -
တင်းတိမ် ရောင့်ရဲလွယ်သော ရဟန်းလည်း ဖြစ်၏။
အပေါင်းအဖော်တို့မှ ကင်းဆိတ်သော ရဟန်းလည်း ဖြစ်၏။
လူတို့နှင့် ရောနှောခြင်းမရှိသော ရဟန်းလည်း ဖြစ်၏။
လုံ့လဝီရိယ ကြီးမားသော ရဟန်းလည်း ဖြစ်၏။
မသူတော်တို့ကို အပြစ်တင်တတ် ကဲ့ရဲ့တတ်သော ရဟန်းလည်းဖြစ်၏။
တဆက်တည်းသော ဘဝငါးရာတို့ကို၎င်း၊ ထိုဘဝတို့၌ ရအပ်သော စည်းစိမ်ကြီး တို့ကို၎င်း စွန့်ခွါ၍ ရဟန်းပြုနိုင်သူလည်း ဖြစ်၏။
ဤရဟန်းသည် ငါဘုရား၏ သာသနာတော်၌ မြေကြီးအထုကဲ့သို့ သည်းခံနိုင်သူလည်း ဖြစ်၏။
ဦးချိုကျိုးသော နွားလားဥသဘကဲ့သို့ မာန်မာန မတက်ကြွသော ရဟန်းလည်းဖြစ်၏။
ဒွန်းစဏ္ဏား၏ သားကဲ့သို့ နှိမ့်ချအပ်သော စိတ်ထားရှိသူလည်း ဖြစ်၏။
ဤသို့ ဂါထာငါးရာဖြင့် အရှင်သာရိပုတ္တရာ၏ဂုဏ်ကို မိန့်တော်မူ၍ ဓာတ်တော်တို့ကို ဌာပနာဘို့ရာ စေတီတည်စေတော်မူသည်။
ရာဇဂြိုဟ်မြို့သို့ ကြွတော်မူခြင်းနှင့်
အရှင်မောဂ္ဂလ္လာန် ပရိနိဗ္ဗာန်စံခြင်း
ဗုဒ္ဓမြတ်စွာသည် အရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံတော်မူပြီးနောက် သာဝတ္ထိမြို့မှ ရာဇဂြိုဟ်မြို့သို့ ကြွတော်မူ၏။
ရောက်တော်မူပြီးနောက် မကြာမီပင် အရှင်မောဂ္ဂလ္လာန် ပရိနိဗ္ဗာန်စံဘို့ရန် အကြောင်း အရာ ဖြစ်ပေါ် လာ၏။ အကြောင်းအရာ ဖြစ်ပေါ်လာပုံက အခါတပါး၌ တိတ္ထိတို့သည် စုဝေး၍ အရှင်မောဂ္ဂလ္လာန် အကြောင်းကို ဆွေးနွေးကြလေသည်။
အမေး။ ။ ခေါင်းဆောင်လုပ်သူက ငါ့ရှင်တို့ ... ရဟန်းဂေါတမ၌ လာဘ သက္ကာရ ပေါများခြင်း၏ အကြောင်းကို သိကြရဲ့လား။
အဖြေ။ ။ မသိကြပါ။ အရှင်ဘုရားကော သိပါရဲ့လား။
ငါ့ရှင်တို့ ... ရှင်မောဂ္ဂလ္လာန်ကြောင့် လာဘသက္ကာရ ပေါများသည်။
ရှင်မောဂ္ဂလ္လာန်သည် နတ်ပြည်သို့ သွား၍ လူ့ဘဝတုန်းက ပြုခဲ့သော ကောင်းမှုကို မေးပြီးလျှင် လူပြည်သို့ ပြန်ရောက်သောအခါ “ဤမည်သော ကောင်းမှုကိုပြုလျှင် ဤသို့ စည်းစိမ်ကိုရ၏”ဟု လူတို့အား ပြောပြ၏။
ငရဲသို့ သွား၍လည်း မကောင်းမှုကိုမေး၍ “ဤမည်သော မကောင်းမှုကိုပြုလျှင် ဤမည်သော ဒုက္ခကို ခံကြရ၏”ဟု လူတို့အား ပြောပြ၏။
ထိုစကားကို ကြားရသော လူတို့သည် ရှင်မောဂ္ဂလ္လာန်အထံသို့ များစွာသော လာဘသက္ကာရကို ပို့ဆောင်ကြကုန်၏။
[ရိုးရာဖြစ်သော ပစ္စည်းလေးပါးကို လာဘ၊
အထူးတလည် ပြုအပ်သော ပစ္စည်းလေးပါးကို သက္ကာရဟု ခေါ်၏။]
ငါတို့သည် အရှင်မောဂ္ဂလ္လာန် ရှိနေသောကြောင့် လာဘသက္ကာရမှ ဆုတ်ယုတ်ကြရ၏။ ထိုမောဂ္ဂလ္လာန်ကို တစုံတခုသော အကြောင်းဖြင့် ဖျောက်ဖျက်ဘို့ လိုသည်။ ဤသို့ တိုင်ပင် ဆွေးနွေးကြပြီးလျှင် မိမိတို့ ဒါယကာများကို ငွေစုစေ၍ အသပြာတထောင် ရသောအခါ တောပုန်း ဒမြတို့ကို ခေါ်စေ၍ ငွေတထောင် ပေးပြီးလျှင် အရှင်မောဂ္ဂလ္လာန်ကို အသတ်ခိုင်းကြလေသည်။
တောပုန်းဒမြတို့သည် “ကာဠသိလာ” မည်သောတော၌ သီတင်းသုံးတော် မူနေသော ရှင်မောဂ္ဂလ္လာန်ကိုသတ်ဘို့ သွားကြလေသော် ရှင်မောဂ္ဂလ္လာန်သည် သံကောက်ပေါက်မှ ထွက်၍ ရှောင်ရှားတော်မူသည်။
ဒုတိယအကြိမ်၌ သတ်ဘို့ လာပြန်သောအခါ ကျောင်း၏အထွတ် တပ်အပ်သော နေရာကို ဖောက်၍ ကောင်းကင်သို့ ပျံကြွလေသည်။
တတိယအကြိမ် လာသောအခါ၌ကား မထေရ်မြတ်သည် “မိမိပြုအပ်ခဲ့ဘူးသော ရှေးကံက ဆွဲငင်လာပြီ” ဟု သိ၍ ရှောင်ရှားတော် မမူတော့။
ဒမြတို့သည် ဝိုင်း၍ သူတချက် ငါတချက် နှိပ်စက်ကြသည်မှာ အရိုးတွေ ကြေ၍ ဆန်ကွဲကဲ့သို့ ဖြစ်လေသည်။
[*“ရှေးကံ”ဟူသည် မယားအလိုလိုက်၍ မျက်မမြင် မိဘတို့ကို သတ်မိခဲ့သော ကံတည်း။ အကျယ်ကို ဓမ္မပဒအဋ္ဌကထာ ဒဏ္ဍဝဂ်၊ မဟာမောဂ္ဂလ္လာနတ္ထေရ ဝတ္ထု၌ ရှုပါ။]
မြတ်စွာဘုရားထံ ကြွခြင်း
သေလောက်ပြီဟူသော အမှတ်ဖြင့် ဆူးခြုံပေါ်၌ ပစ်ချခဲ့ကြလေသည်။ အရှင်မောဂ္ဂလ္လာန် မထေရ်မြတ်သည် “မြတ်စွာဘုရားကို ဖူးမြော်ပြီးမှ ပရိနိဗ္ဗာန် စံမည်” ဟု ကြံ၍ ကြေမွနေသော ခန္ဓာကိုယ်ကို ဈာန်တန်ခိုးဖြင့် ရစ်ပတ်၍ ကောင်းကင်မှ မြတ်စွာဘုရား အထံတော်သို့ လာပြီးလျှင် ရှိခိုးဝပ်ချ၍ “ကာဠသိလာ” မည်သော အရပ်၌ ပရိနိဗ္ဗာန်စံပါမည့် အကြောင်းကို လျှောက်ထားလေသည်။
တန်ခိုးပြ၍ ပရိနိဗ္ဗာန်စံခြင်း
“မောဂ္ဂလ္လာန် ငါဘုရားအထံ၌ တရားစကားကို ရဟန်းအများ နာယူရအောင် ဟောပြောခဲ့ပါ။ သင်ကဲ့သို့သော သာဝကကို နောက်ထပ် တွေ့ခွင့်မရှိတော့ပါ”ဤသို့ မိန့်တော်မူသောအခါ အရှင်မောဂ္ဂလ္လာန်သည် မြတ်စွာဘုရားကိုဝပ်ချ၍ ကောင်းကင်သို့ တက်ပြီးလျှင် အရှင်သာရိပုတ္တရာ ကဲ့သို့ပင် တန်ခိုးအမျိုးမျိုးကိုပြ၍ တရားဟောပြီးမှ မြတ်ဘုရားကို ရှိခိုးဝပ်ချပြီးလျှင် ကာဠသိလာ တောအုပ်သို့ ကြွ၍ ကိုယ်တော် တပါးတည်းပင် ပရိနိဗ္ဗာန် စံတော်မူလေသည်။
မြတ်ဘုရားသည် အရှင်မောဂ္ဂလ္လာန်၏ ဓာတ်တော်တို့ကို ယူ၍ စေတီ တည်စေတော် မူပြီ။
မှတ်ချက်
အရှင်မောဂ္ဂလ္လာန် မထေရ်မြတ်၏ ခိုးသားငါးရာတို့ လက်ချက်ကြောင့် ပရိနိဗ္ဗာန် စံရပုံသည် အလုံးစုံသော ဇမ္ဗူဒိပ်၌ ပျံ့နှံ့သွား၏။ အဇာတသတ်မင်းလည်း စုံစမ်း၍ သတ်သောသူတို့ကို၎င်း၊ အသတ်ခိုင်းသေ၁ တိတ္ထိတချို့ကို၎င်း ဖမ်း၍ အပြစ်ပေး လေသည်။
ဥက္ကစေလသို့ ကြွတော်မူခြင်းနှင့်
အရှင်မောဂ္ဂလ္လာန် ပရိနိဗ္ဗာန်စံခြင်း
အရှင်သာရိပုတ္တရာသည် တန်ဆောင်မုန်းလပြည့်၌ ပရိနိဗ္ဗာန် စံတော်မူ၏။
အရှင်မောဂ္ဂလ္လာန်သည် ထို့နောက် တဆယ့်ငါးရက် လွန်၍ တန်ဆောင်မုန်း လကွယ်နေ့၌ ပရိနိဗ္ဗာန်စံတော်မူ၏။
ဗုဒ္ဓမြတ်စွာသည် အဂ္ဂသာဝက ၂-ပါးတို့ ပရိနိဗ္ဗာန် စံတော်မူပြီးနောက် များစွာသော ရဟန်းအပေါင်း ခြံရံလျက် ဒေသစာရီ လှည့်လည်တော်မူသောအခါ ဥက္ကစေလမြို့သို့ ရောက်၍ ဂင်္ဂါမြစ်ဘေးဝယ် ငွေအဆင်းနှင့်တူသော သဲသောင်အပြင်၌ သီတင်း သုံးတော်မူပြီ။
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းအပေါင်းကို မိန့်တော်မူသည်မှာ...
ဘိက္ခုတို့ ... သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့ ပရိနိဗ္ဗာန်စံပြီးလေသော် ငါ၏ ဤပရိသတ်သည် သုည ကဲ့သို့ထင်ရ၏။ အကြင်အရပ်၌ သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့ နေကြ၏။ ထိုအရပ်၌ ငါ၏ ပရိသတ်သည် သုညမဟုတ်။ ထိုအရပ်၌ ငါဘုရားမှာ ကြည့်ရှု ငဲ့ကွက်စရာ မလိုတော့။
“အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လန်တို့ ရှိရာအရပ်၌ အလွန် စိတ်ချရသည်”ဟု မိန့်တော် မူလိုဟန် တူသည်။
ဘိက္ခုတို့ ... အတိတ်ကာလတုန်းက ပွင့်တော်မူကြသော မြတ်စွာဘုရားတို့၏ အဂ္ဂသာဝက တို့သည် ယခုအခါ ငါဘုရား၏ အဂ္ဂသာဝကနှင့် အလားတူသာ ဖြစ်ကြ၏။ နောင်အနာဂတ်ကာလ၌ ပွင့်ကြမည့် မြတ်စွာဘုရားတို့၏ အဂ္ဂသာဝက အစုံလည်း ငါဘုရား၏ အဂ္ဂသာဝက ဖြစ်သော သာရိပုတ္တရာ မောဂ္ဂလ္လာန်နှင့် အလားတူပင် ဖြစ်ကြလိမ့်မည်။
(ဂုဏ်အားဖြင့် မသာလွန်ကြ ဟူလို။)
ဘိက္ခုတို့ … သာဝကတို့၏ ငါဘုရား အဆုံးအမတော်ကို လိုက်နာ၍ ပြုကျင့်ကြသည်မှာ အံ့သြလောက်ပါပေ၏။
ဘိက္ခုတို့ … ငါဘုရား၏ သာဝကအစုံသည် ပရိသတ်လေးပါးတို့ ချစ်အပ်၊ မြတ်နိုးအပ်၊ အလေး ပြုအပ်ကြပုံမှာ အံ့ဩလောက်ပါပေ၏။
ဘိက္ခုတို့ … ဤမျှလောက် ကြီးကျယ်သော သာဝကအစုံ ပရိနိဗ္ဗာန် စံပါသော်လည်း ဘုရားမှာ သောက ပရိဒေဝ မဖြစ်ပါ။
ဘိက္ခုတို့ … ဖြစ်သောအရာဝတ္ထု မှန်သမျှသည် ပျက်မြဲသာလျှင် ဖြစ်၏၊ “မပျက်ပါစေနှင့်”ဟု အဘယ်မှာ တောင့်တ၍ ရနိုင်ပါအံ့နည်း။ တောင့်တ၍ မရနိုင်ပါ။
ဘိက္ခုတို့ … ကြီးစွာသော အနှစ်သာရနှင့် ပြည့်စုံသော သစ်ပင်ကြီး၏ ခက်မတို့သည် ကျိုးကုန် သကဲ့သို့၊ ဤအတူပင် များစွာသော ရဟန်းအပေါင်း၏ ခက်မနှင့်တူသော သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့ ပရိနိဗ္ဗာန် စံကြလေကုန်ပြီ။
ဖြစ်သော အရာဝတ္ထု မှန်သမျှသည် ပျက်မြဲသာလျှင် ဖြစ်၏။ ထို့ကြောင့် အသင်တို့သည် မိမိကိုယ်ကို သမုဒ္ဒရာ အလယ်က ကျွန်းငယ်နှင့် တူအောင် နေကြကုန်လော့။ တရားတည်း ဟူသော ကိုးကွယ်ရာရှိအောင် နေကြကုန်လော့။
ဘိက္ခုတို့ … ရဟန်းသည် -
ကာယာနုပဿနာဘာဝနာကို ပွါးများ၍သော်လည်း နေလေ့ရှိရ၏။
ဝေဒနာနုပသနာ ဘာဝနာကို ပွါးများ၍ သော်လည်း နေလေ့ရှိရ၏။
စိတ္တာနုပဿန ဘာဝနာကို ပွါးများ၍ သော်လည်း နေလေ့ရှိရ၏။
ဓမ္မာနုပသနာ ဘာဝနာကို ပွါးများ၍ သော်လည်း နေလေ့ရှိရ၏။
ဤသို့ ပွါးများ၍နေလျှင် လိုချင်မှု အဘိဇ္ဈာကို၎င်း၊ စိတ်ဆင်းရဲမှု ဒေါမနဿကို၎င်း ပယ်ဖျောက် နိုင်သည်။ ဤသို့ မိန့်တော်မူ၏။
ပရိနိဗ္ဗာန်မစံပဲ နေနိုင်ကြောင်းကို
အရိပ်အမြွက်မျှ မိန့်တော်မူခြင်း
ဗုဒ္ဓမြတ်စွာသည် ဥက္ကစေလမြို့မှ ဝေသာလီမြို့သို့ ကြွ၍ ဆွမ်းခံဝင်တော်မူသည်။
ဆွမ်းခံဝင်တော်မူပြီး၍ ဆွမ်းဘုဉ်းပေးတော်မူပြီးနောက် အရှင်အာနန္ဒာနှင့်အတူ နေ့အခါ၌ နေခြင်းငှါ စာပါလစေတီသို့ ကြွတော်မူပြီး အာနန္ဒာ …
ဝေသာလီမြို့သည် မွေ့လျော်ဘွယ်ကောင်း၏။
ဥဒေန စေတီသည် မွေ့လျော်ဘွယ်ကောင်း၏။
ဂေါတမက စေတီလည် မွေ့လျော်ဘွယ် ကောင်း၏။
သတ္တမ္ဗ စေတီသည် မွေ့လျော်ဘွယ် တောင်း၏။
ဗဟုပုတ္တတ စေတီသည် မွေ့လျော်ဘွယ်ကောင်း၏။
သာရန္ဒဒ စေတီသည် မွေ့လျော်ဘွယ်ကောင်း၏။
စာပါလ စေတီသည် မွေ့လျော်ဘွယ်ကောင်း၏။
အာနန္ဒာ ... ငါဘုရား ဖြစ်စေ၊ အခြားသူ ဖြစ်စေ၊ မည်သူမဆို ဆဒ္ဓိပါဒ်၊ ဝီရိယိဒ္ဓိပါဒ်၊ စိတ္တိဒ္ဓိပါဒ်၊ ဝီမံသိဒ္ဓိပါဒ် ဟူသော တန်ခိုး၏ အခြေခံဖြစ်သော ဤဣဒ္ဓိပါဒ် လေးပါးကို ပွါးများထားသူသည် အာယုကပ်ပတ်လုံးသော်၎င်း၊ အယုကပ်ပတ်လုံးထက် အကြွင်းအကျန် ပို၍သော်၎င်း မသေပဲ နေလိုလျှင် နေနိုင်၏။
အာနန္ဒာ ... ငါဘုရားသည် ဣဒ္ဓိပါဒ် ၄-ပါးကို မိမိသန္တန်၌ ဖြစ်စေအပ်ပြီ။ ကောင်းစွာ ပွါးများအပ်ပြီ။
အာနန္ဒာ.... မြတ်စွာဘုရားသည် အယုကပ်ပတ်လုံး သော်၎င်း၊ အာယုကပ် အကြွင်းအကျန် အပိုကာလပတ်လုံးသော်၎င်း ပရိနိဗ္ဗာန်မစံပဲ နေလိုလျှင် နေနိုင်၏။
ဤသို့ အရိပ်နိမိတ်ကို ပြုတော်မူသည်။
ဤသို့ အရိပ်နိမိတ် ပြုတော်မူပါသော်လည်း အရှင်အာနန္ဒာသည် အဓိပ္ပါယ်ကို ထိုးထွင်း၍သိခြင်းငှါ မစွမ်းနိုင်။ “မြတ်စွာဘုရားကို အာယုကပ်ပတ်လုံး တည်တော်မူပါ”ဟု မတောင်းပန်နိုင်၊
ဘာ့ကြောင့်နည်း– မာရ်နတ်က အရှင်အာနန္ဒာ၏စိတ်ကို နှောင့်ယှက်ထားသောကြောင့် တည်း။
ဗုဒ္ဓမြတ်စွာသည် အယုကပ်ပတ်လုံး နေနိုင်ကြောင်းကိုပင် နှစ်ကြိမ်မြောက် ထပ်၍ မိန့်တော်မူသည်။ အရှင်အာနန္ဒာသည် မာရ်နတ်က စိက်ကို နှောင့်ယှက်သောကြောင့် “အာယုကပ်ပတ်လုံး တည်တော်မူပါ”ဟု မလျှောက်ချေ။
“ဣဒ္ဓိပါဒ် ၄-ပါးကို မိမိသန္တာန်၌ဖြစ်အောင် ကြိုးစားအားထုတ်ပြီးသော ပုဂ္ဂိုလ်သည် အာယုကပ် ပတ်လုံးသော်လည်း မသေပဲ နေနိုင်၏။ အာယုကပ်၏ အကြွင်းအကျန် အပိုကာလပတ်လုံး သော်လည်း မသေပဲ နေနိုင်၏” ဟု သုံးကြိမ်မြောက် မိန့်တော်မူပြန်၏။
သို့သော် အရှင်အာနန္ဒာ၏ စိတ်ကို မာရ်နတ်က နှောင့်ယှက်ထားသောကြောင့် “မြတ်စွာဘုရား .... အာယုကပ်ပတ်လုံး တည်တော်မူပါဘုရား”ဟု မလျှောက်မိချေ။
မှတ်ချက်
“အာယုကပ်” ဟူသည် လူတို့၏ အသက်တမ်းတည်း။
“အာယုကပ်၏ အကြွင်းအကျန်” ဟူသည် အသက်တမ်းထက်ပို အလွန်ဖြစ်သော ကာလကည်း၊
“ဣဒ္ဓိပါဒ် လေးပါးကို ပွါးများ ထားသော ပုဂ္ဂိုလ်သည် ထိုအသက်တမ်း တိုင်အောင်၎င်း၊ အနည်းငယ် ပိုအောင်၎င်း နေနိုင်၏”ဟု မိန့်တော်မူလိုသည်။
မာရ်နတ်တန်ခိုး
မာရ်နတ်သည် ပုထုဇဉ်နှင့် သောတာပန်ပုဂ္ဂိုလ်တို့၏ စိတ်ကို နှောင့်ယှက်နိုင်၏။ “နှောင့်ယှက်” ဆိုသည်ကား ကြောက်မက်ဘွယ်ဖြစ်သော ရူပါရုံကိုလည်း ပြတတ်၏။ ကြောက်မက်ဘွယ် ဖြစ်သော သဒ္ဒါရုံကိုလည်း ကြားစေတတ်၏။ ထိုအာရုံကို မြင်၍ ပါးစပ်ဟနေသောအခါ ထို ပါးစပ်ပေါက်ဖြင့် သူ့လက်ကိုသွင်း၍ ဟဒယ နှလုံးကို ဆုပ်နယ်၏။ ထိုသိုဆုပ်နယ်ခြင်းကြောင့် ပကတိ အမှတ်သညာ ကင်း၏၊
အရှင်အာနန္ဒာ၏ ခံတွင်းဖြင့်ကား လက်ကိုသွင်းခြင်းငှါ မစွမ်းနိုင်။ ကြောက်မက်ဘွယ်သော အာရုံကိုပြ၍ ထိုအာရုံကို မြင်ရသောကြောင့် “မြတ်စွာဘုရား၏ အာယုကပ်ပတ်လုံး နေနိုင်၏” ဟူသော အရိပ်နိမိတ် စကားကို နားမလည်နိုင်ပဲ ရှိရသည်။
ထိုသို့ နားမလည်နိုင်မည်ကို မြတ်စွာဘုရား သိတော်မူပါသော်လည်း နောင်အခါ၌ သူ၏ နားမလည် ချက်ကိုပြ၍ သောကငြိမ်းအောင် တရားဟောဘို့ရန် ဤကဲ့သို့ အရိပ်နိမိတ် စကားကို မိန့်မြွက်တော်မူရသည်။
ပရိနိဗ္ဗာန်စံဘို့ရန်
မာရ်နတ် တောင်းပန်ခြင်း
ဗုဒ္ဓမြတ်စွာသည် အာယုကပ် ပတ်လုံး နေနိုင်ကြောင်းကို အရှင်အာနန္ဒာအား မိန့်တော်မူ၍ အရှင်အာနန္ဒာကို အခြား သစ်ပင်အောက်သို့ သွား၍နေဘို့ရန် မိန့်တော်မူသည်။
ထိုအခါ တပါးတည်း နေတော်မူသော မြတ်စွာဘုရား အထံသို့ မာရ်နတ်လာ၍ ပရိနိဗ္ဗာန်စံဘို့ရန် တောင်းပန် လျှောက်ထားလေသည်။
ဗုဒ္ဓမြတ်စွာသည် ဘုရားဖြစ်တော်မူပြီး၍ မကြာမီ ရှစ်သတ္တဟမြောက် အဇပါလ ညောင်ပင် အောက်ဝယ် သီတင်းသုံးတော်မူစဉ် တုန်းကလည်း ပရိနိဗ္ဗာန်စံဘို့ရန် မာရ်နတ်လာ၍ တောင်းပန်ခဲ့ဘူးသေး၏။
ထိုအချိန်တုန်းက ဗုဒ္ဓမြတ်စွာသည် ငါဘုရား၏ ဘိက္ခုပရိသတ်၊ ဘိက္ခုနီပရိသတ်၊ ဥပသကာ ပရိသတ်၊ ဥပါသိကာမပရိသတ် ဤပရိသတ်လေးပါးတို့ ငါဘုရား၏ တရားကို ပိုင်ပိုင် နိုင်နိုင် မဆောင်ရွက်နိုင်ကြသေး။
သူတပါးကို မဟောပြောနိုင်ကြသေး။ ဆန့်ကျင်ဘက် ပြောသူတို့ကို တရားသဖြင့် မနှိမ်နင်းနိုင်ကြသေး။ ထိုကဲ့သို့ ငါဘုရား၏ ပရိသတ်လေးပါးတို့ ဂုဏ်အရည်အချင်း မပြည့်စုံသေးသမျှ ဘုရား ပရိနိဗ္ဗာန်မစံနိုင်သေး”ဟု ပယ်ခဲ့ဘူးလေသည်။
ထို့ကြောင့် မာရ်နတ်သည် ထိုအချက်ကိုပြ၍ ယခုအခါ၌ ဗုဒ္ဓမြတ်စွာ၏ ပရိသတ် လေးပါးတွင် ဘိက္ခုပရိသတ်သည် ဗုဒ္ဓ၏ တရားတော်ကို ပိုင်ပိုင်နိုင်နိုင် ဆောင်ရွက် မှတ်သား၍ သူတပါးတို့အား ဟောပြောနိုင်ပါပြီ။ ဆန့်ကျင်ဘက် ပြောလာသူကို ကရားသဖြင့် နှိမ်နင်း၍ အကျိုး အကြောင်းနှင့် တကွ တရားကို ဟောပြနိုင်ပါပြီ။ ထို့ကြောင့် ယခုအချိန်အခါသည် ပရိနိဗ္ဗာန် စံဘို့ရန် သင့်လျော်သောအခါ ဖြစ်၍ ပရိနိဗ္ဗာန် စံတော်မူပါ။
ယခုအခါ ဘိက္ခုနီ ပရိသတ်သည် ဗုဒ္ဓ၏တရားတော်ကို ပိုင်ပိုင်နိုင်နိုင် ဆောင်ရွက် မှတ်သား၍ သူတပါးတို့အား ဟောပြောနိုင်ပါပြီ။ ဆန့်ကျင်ဘက် ပြောလာသူကို ကရားသဖြင့် နှိမ်နင်း၍ အကျိုး အကြောင်းနှင့် တကွ တရားကို ဟောပြနိုင်ပါပြီ။ ထို့ကြောင့် ယခုအချိန်အခါသည် ပရိနိဗ္ဗာန် စံဘို့ရန် သင့်လျော်သောအခါ ဖြစ်၍ ပရိနိဗ္ဗာန် စံတော်မူပါ။
[ဥပါသကာ ဥပါသိကာမ ပရိသတ်များကိုလည်း ဤအတိုင်း ပြည့်စုံပုံကို ပြ၍ ပရိနိဗ္ဗာန် စံချိန်တန်ပါကြောင်း လျှောက်သည်။]
သုံးလလွန်လျှင်
ပရိနိဗ္ဗာန်စံတော်မူမည်
ထိုအခါ ဗုဒ္ဓမြတ်စွာသည် “မာရ်နတ် … ငါဘုရား ပရိနိဗ္ဗာန်စံဘို့ကိစ္စ၌ အသင် ကြောင့်ကြ မစိုက်နှင့်တော့။ ဤအခါမူ နောက်၌ သုံးလလွန်လျှင် ငါဘုရား ပရိနိဗ္ဗာန်စံလိမ့်မည်” ဤသို့ မိန့်တော်မူ၍ အာယုသင်္ခါရကို စွန့်လွှတ်တော်မူသည်။
ထိုအာယုသင်္ခါရကို စွန့်လွှတ်သောအခါ ကြောက်မက်ဖွယ် ကောင်းသော ကြက်သီး မွေးညှင်း ထလောက်သော မြေလျင် အကြီးအကျယ်လှုပ်ရ၏။ နတ်၌ဖြစ်သော စည်ကြီးတို့သည် တီးသူမရှိပဲ အလိုလို မြည်ကုန်ပါပြီ။ အခါမဟုတ်ပဲ မိုးခြိမ်း၍ လျှပ်ပြက်ကုန်၏။
ဗုဒ္ဓမြတ်စွာသည်ကား အာယုသင်္ခါရကို လွှတ်ပြီးနောက် ပရိနိဗ္ဗာန် စံတော်မူဘို့ရန် နီးလာသည့် အရေးကို တွေး၍ နှစ်သက် ဝမ်းမြောက်သော ပီတိအဟုန်ကြောင့် ဥဒါန်းကျူးတော်မူပါသေးသည်။
မှတ်ချက်
အာယုဟူသည် မြန်မာတို့က “အသက်” ဟူ၍ ခေါ်အပ်သော ဇီဝိတိန္ဒြေတည်း။
ထိုဇီဝိတိန္ဒြေကို အဆက်ပြတ်မသွားအောင် ပြုစီမံနိုင်သော ဖလသမာပတ်ကို (အရဟတ္တဖိုလ် တရားကို) “အာယုသင်္ခါရ”ဟု ခေါ်၏။
ထို့ကြောင့် “၃-လမှ နောက်၌ ဖလသမာပတ်ကို မဝင်စားတော့”ဟု စွန့်လွှတ်တော်မူခြင်းကို “အာယုသင်္ခါရကို လွှတ်ခြင်း”ဟု ခေါ်သည်။
ဥဒါန်း
လောကသုံးဘုံ၊ အလုံးစုံကို၊ အကုန်သိမြင်၊ ဘုရားရှင်သည်၊ အကျိုးတရား၊ အစားစား၏၊ ဖြစ်ပွါးရာလည်းဖြစ်ထသော၊ အသစ်တဖန်ဘဝကို စီမံတတ်သည်လည်း ဖြစ်ထသော၊ ချိန်ခွင်ပမာ၊ ဉာဏ်ပညာဖြင့်၊ ကောင်းစွာချိန်အပ်၊ ပိုင်းဖြတ်အပ်သော ကာမာဝစရကံကို၎င်း၊ ချိန်ခွင်ပမာ၊ ဉာဏ်ပညာဖြင့် ကောင်းစွာပိုင်ပိုင်၊ မချိန်နိုင်သော မဟဂ္ဂုတ်ကံကို၎င်း၊ မဂ်အရဟတ္တ ရတုန်းကပင်၊ လုံးဝမငဲ့၊ စွန့်လွှတ်တော်မူခဲ့ပြီ။ သူရဲကောင်းကြီးသည် စစ်ဝတ်တန်ဆာကို ဖျက်ဆီးလိုက်သကဲ့သို့ ထို့အတူ မိမိသန္တာန်၌ မွေ့လျော်တော်မူသော ဗုဒ္ဓမြတ်စွာသည် မိမိသန္တာန်၌ အဖန်ဖန်ဖြစ်သော ကိလေသာကို ဖျက်ဆီးတော်မူပြီ။
လင်္ကာ
မုနိထွတ်တင်၊ ဘုရားရှင်သည်၊
များဖြင်အကျိုး၊ အမျိုးမျိုးဟု၊
ကောင်းဆိုး စစ်ပြင်၊ ပေးစွမ်းအင်ကို၊
ချိန်ခွင်ပမာ၊ ဉာဏ်ပညာဖြင့်၊
ကောင်းစွာ လှလှ၊ ချိန်၍ ရသည့်၊
တုလမည်ငြား၊ ကာမာဝစရကံတရားကို၎င်း၊
ချိန်ခွင်ပမာ၊ ဉာဏ်ပညာဖြင့်၊
ကောင်းစွာပိုင်ပိုင်၊ မချိန်နိုင်မှု၊
အကြောင်းပြု၍၊ တုလမည်ငြား၊
မဟဂ္ဂုတ်ကံတရားကို၎င်း၊
မဂ်အရဟတ္တ၊ ရတုန်းကပင်၊
လုံးဝမငဲ့၊ စွန့်လွှတ်ခဲ့၍၊
တကယ့်စစ်ပွဲ၊ နိုင်အောင် နွှဲသည့်၊
သူရဲခေါင်အုပ်၊ စစ်ဗိုလ်ချုပ်သည်၊
ဖွဲ့တုပ် စစ်ဝတ်၊ အားလုံး ချွတ်သို့၊
ဝဋ် ကိလေသာ၊ အဖြာဖြာကို၊
ကောင်းစွာ ဖျက်ဆီး၊ အားလုံး ပြီးသည်..
အေးကြီး အေးရပြီတကား။
ကြီးစွာ မြေလှုပ်ခြင်း၏
အကြောင်း ရှစ်ပါး
ကြီးစွာ မြေလှုပ်ရာ၌ အရှင်အာနန္ဒာသည် တအံ့တဩ ဖြစ်သောကြောင့် အကြောင်းကို သိလို၍ မြတ်စွဘုရားအထံသို့ လာပြီးလျှင် ကြီးစွာ မြေလှုပ်ခြင်း၏ အကြောင်းကို မေးလျှောက်လေသည်။
ထိုအခါ မိန့်တော်မူသည်မှာ-
အာနန္ဒာ … ကြီးစွာ မြေလှုပ်ခြင်း၏ အကြောင်းတို့သည် ရှစ်ပါးရှိ၏။ ထိုရှစ်ပါးကား—အကြင်အခါ၌ မြေကိုခံသော ရေ၏အောက်၌ ရှိသောလေသည် ပြင်းစွာ တိုက်ခတ်၏။ ထိုအခါ၌ ရေသည် လှုပ်၏။ ရေလှုပ်သည်ရှိသော် မြေလည်း လှုပ်၏။ ဤကား ကြီးစွာ မြေလှုပ်ခြင်း၏ ပဌမအကြောင်းတည်း။
အာနန္ဒာ ... ဈာန်အဘိညာဉ် ရပြီးဖြစ်၍ တန်ခိုးဣဒ္ဓိပါဒ် ကြီးမားသော သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ မြေ၌ဖြစ်သောသညာကို အနည်းငယ်သာ ပွါးစေ၍ ရေ၌ဖြစ်သော သညာကို အတိုင်းအရှည် မရှိအောင် ဖြစ်စေ၏။ ထိုတန်ခိုးရှင်သည် ဤမြေကြီးကို ပြင်းစွာ တုန်လှုပ်စေနိုင်၏။ ဤကား ကြီးစွာ မြေတုန်လှုပ်ခြင်း၏ ဒုတိယ အကြောင်းတည်း။
အာနန္ဒာ ... အကြင်အခါ၌ ဘုရားအလောင်းသည် တုသိတာနတ်ပြည်မှ စုတေ၍ မယ်တော်ဝမ်းသို့ သက်ရောက်၏။ ထိုအခါ၌လည်း ဤမဟာပထဝီမြေကြီးသည် တုန်လှုပ်ရ၏။ ဤကား ကြီးစွာ မြေတုန်လှုပ်ခြင်း၏ တတိယအကြောင်းတည်း။
အာနန္ဒာ ... အကြင်အခါ၌ ဘုရားလောင်းသည် မယ်တော်ဝမ်းမှ ဖွားမြင်တော်မူ၏။ ထိုအခါ ဤ မဟာပထဝီမြေကြီးသည် ပြင်းစွာ တုန်လှုပ်၏။ ဤကား ကြီးစွာ မြေတုန်လှုပ်ခြင်း၏ စတုတ္ထ အကြောင်းတည်း။
အာနန္ဒာ ... အကြင်အခါ၌ မြတ်စွာဘုရားသည် အတုမရှိ မြတ်သော သဗ္ဗညုတဉာဏ်ကို ရတော်မူ၏။ (ဘုရားဖြစ်တော်မူ၏) ထိုအခါ၌ ဤ မဟာပထဝီ မြေကြီးသည် ပြင်းစွာ တုန်လှုပ်၏။ ဤကား ကြီးစွာ မြေတုန်လှုပ်ခြင်း၏ ပဉ္စမ အကြောင်းတည်း။
အာနန္ဒာ ... အကြင်အခါ၌ မြတ်စွာဘုရားသည် မိဂဒါဝုန်တော၌ ဓမ္မစကြာတရားကို ဟောတော် မူ၏။ ထိုအခါ ဤမဟာပထဝီမြေကြီးသည် ပြင်းစွာ တုန်လှုပ်၏။ ဤကား ကြီးစွာ မြေတုန်လှုပ်ခြင်း ၏ ဆဋ္ဌမ အကြောင်းတည်း။
အာနန္ဒာ ... အကြင်အခါ၌ မြတ်စွာဘုရားသည် သတိသမ္ပဇဉ်ဉာဏ်နှင့် ယှဉ်၍ အာယုသင်္ခါရကို စွန့်လွှတ်တော်မူ၏။ ထိုအခါ၌ ဤမဟာပထဝီ မြေကြီးသည် ပြင်းစွာ တုန်လှုပ်၏။ ဤကား ကြီးစွာ မြေတုန်လှုပ်ခြင်း၏ သတ္တမအကြောင်းတည်း။
အာနန္ဒာ ... အကြင်အခါ၌ မြတ်စွာဘုရားသည် ဝိပါက် ရုပ်နာမ် အကြွင်းအကျန် မရှိသော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူ၏။ ထိုအခါ ဤမဟာပထဝီမြေကြီးသည် ပြင်းစွာ တုန်လှုပ်၏။ ဤကား ကြီးစွာ မြေတုန်လှုပ်ခြင်း၏ အဋ္ဌမအကြောင်းတည်း။
အာနန္ဒာ ... ကြီးစွာ မြေလှုပ်ရခြင်း၏ အကြောင်းတို့သည် ဤရှစ်ပါးတို့တည်း။
(သာမန် အနည်းငယ် မြေလှုပ်ခြင်းတို့ကား ဤအကြောင်း ရှစ်ပါးတို့၌ မပါ။)
မြေလှုပ်ခြင်း၏ အကြောင်းရှစ်ပါးကို မိန့်တော်မူပြီးနောက် ပရိသတ်ရှစ်ပါးကို ပြတော်မူ၍ ထို ပရိသတ်၌ တရားဟောတော်မူခဲ့ပုံကို၎င်း၊ အဘိဘာယတန အမည်ရသော ဈာန်တရား ရှစ်ပါး ကို၎င်း၊ ဝိမောက္ခ ရှစ်ပါးကို၎င်း ဟောတော်မူသည်။
အာနန္ဒာ ... ယနေ့ စာပါလစေတီဝယ် နေတော်မူစဉ် မာရ်နတ်လာ၍ ငါဘုရား၏ ပရိသတ် လေးပါးတို့ အရည်အချင်း ဂုဏ်အင်္ဂါနှင့် ပြည့်စုံကြောင်းကို ညွှန်ပြ၍ ပရိနိဗ္ဗာန်စံဘို့ရန် တောင်းပန်၏။ ငါဘုရားကလည်း “မာရ်နတ် ... ငါဘုရား ပရိနိဗ္ဗာန်စံဘို့ရန် ကြောင့်ကြစိုက်၍ မနေနှင့်။ ဤနေ့မှ နောက်သုံးလ လွန်သောအခါ ပရိနိဗ္ဗာန်စံလိမ့်မည်”ဟု မိန့်တော်မူ၍ “ဇီဝိတိန္ဒြေကို ပြုစီမံနိုင်သော ဖလသမာပတ်ဟူသော အာယုသင်္ခါရကို သုံးလကျော်လျှင် မဝင်စား တော့အံ့” ဟု စွန့်လွှတ်တော်မူအပ်ပြီ။
အရှင်အာနန္ဒာ၏ တောင်းပန်ခြင်း
အာနန္ဒာ ... “စာပါလစေတီ၌ ငါဘုရားသည် အာယုသင်္ခါရကို လွှတ်တော်မူအပ်ပြီ”ဟု မိန့်တော်မူသောအခါ အရှင်အာနန္ဒာသည် “မြတ်စွာဘုရား ... များစွာသော လူအပေါင်း၏ စီးပွါး အလို့ငှါ များစွာသော လူအပေါင်း၏ ချမ်းသာခြင်းငှါ သတ္တဝါအပေါင်းကို သနား စောင့်ရှောက်တော်မူခြင်းငှါ၊ ကျွတ်ထိုက်ကြသော နတ်လူတို့၏ မဂ်ဖိုလ်ရဘို့ အကျိုးငှါ အာယုကပ် ပတ်လုံး တည်တော်မူပါ”ဟု လျှောက်ထားလေသည်။
ဗုဒ္ဓမြတ်စွာ ပယ်တော်မူခြင်း
အာနန္ဒာ ... လျှောက်ထားခြင်းငှါ မသင့်တော့။ ယခုအခါ၌ ငါဘုရားကို အာယုကပ်ပတ်လုံး တည်ဘို့ရန် မတောင်းပန်နှင့်တော့။ ယခုအချိန် တောင်းပန်ဘို့ရာ အခါမဟုတ်တော့။ ဤသို့ မိန့်တော်မူ၏။ ထိုအခါ အရှင်အာနန္ဒာသည် နှစ်ကြိမ်ထပ်၍ တောင်းပန်၏။
ဗုဒ္ဓမြတ်စွာက “မတောင်းပန်နှင့်တော့၊ တောင်းပန်ဘို့ရန် အချိန်အခါ မဟုက်ပြီ”ဟု နှစ်ကြိမ်မြောက် မိန့်တော်မူပါ သော်လည်း အရှင်အာနန္ဒ၊သည် အာယုကပ်ပတ်လုံး တည်နေဘို့ရန် သုံးကြိမ်မြောက် ထပ်၍ တောင်းပန်ပြန်၏။
ဗုဒ္ဓမြတ်စွာ။ ။ အာနန္ဒာ... ငါဘုရား၏ သဗ္ဗညုတ ဉာဏ်တော်ကို ယုံကြည်၏လော။ ... ယုံကြည်ပါသည် ဘုရား။
အာနန္ဒာ ... ထိုသို့ ယုံကြည်လျှင် အဘယ့်ကြောင့် သုံးကြိမ်တိုင်အောင် တောင်းပန်ရသနည်း။ ဤသို့ ပေးတော်မူပြီ။
“မြတ်စွာဘုရား... ဣဒ္ဓိပါဒ်လေးပါးကို ပွါးများပြီးသော ပုဂ္ဂိုလ်သည် အာယုကပ် ပတ်လုံးသော်၎င်း၊ အာယုကပ်ထက် အလွန် အကြွင်းအကျန် ကာလပတ်လုံးသော်၎င်း တည်နိုင်၏”ဟူသော စကား တော်ကို ကြားဘူးသောကြောင့် ဤကဲ့သို့ တောင်းပန် သည်ဟု လျှောက်သည်။
ချွတ်ယွင်းချက်
“အာနန္ဒာ ... ငါဘုရားသည် သင့်အား အာယုကပ်ပတ်လုံး တည်နိုင်၏” ဟု ထင်ထင် ရှားရှားကြီး အရိပ်အရောင်ကို ပြုအပ်ပါလျက် ထိုအခါတုန်းက “အာယုကပ်ပတ်လုံး တည်တော်မူပါဘုရား”ဟု အယင် မတောင်းပန်ခဲ့။
ထိုအခါတုန်းက တောင်းပန်လျှင် ငါဘုရားသည် နှစ်ကြိမ်လောက် ပယ်နိုင်စရာ ရှိသည်။ သုံးကြိမ် မြောက်သော် လက်ခံရမည်သာ။ အာနန္ဒာ ... ထိုအခါတုန်းက မတောင်းပန်ခြင်းသည် အသင်၏ ချွတ်ယွင်းချက်သာ ဖြစ်၏။
ဤသို့ “အာယုကပ်ပတ်လုံး တည်နိုင်၏”ဟု အရိပ်နိမိတ်ပြုခဲ့ရာ ဌာနများစွာကို ပြတော်မူ၍ “ထိုအချိန်က အသင် မတောင်းပန်ခြင်းသည် သင်၏ ချွတ်ယွင်းချက်ပင် ဖြစ်သည်”ဟု မိန့်တော်မူသည်။
အရှင်အာနန္ဒာအား
တရားဟောတော်မူရခြင်း
“အာနန္ဒာ ... ငါဘုရားသည် ဤ အကြောင်းအရာကို စောစောကပင် ဟောပြောအပ်သည် မဟုတ်လော။“အလုံးစုံသော ချစ်အပ်သူ မြတ်နိုးအပ်သူတို့နှင့် အမျိုးမျိုး ကွဲကွာ၍ ဖြစ်ရခြင်းသည် ရုပ်နာမ်ခန္ဓာတို့၏ သဘောပင်ဖြစ်၏။ မကွဲကွာအောင် တောင့်တ၍ မရနိုင်။ ဖြစ်ခြင်းသဘောရှိသော ရုပ်နာမ်ခန္ဓာ ဟူသမျှသည် (ငါဘုရား၏ ခန္ဓာပင် ဖြစ်စေကာမူ) မပျက်ပါစေနှင့်” ဟု တောင့်တ၍ မရနိုင်။
“အာနန္ဒာ … အသက်ဇီဝိတကို ပြုပြင်နိုင်သော ဖလသမာပတ်ကို သုံးလလွန်လျှင် မဝင်စား တော့အံ့” ဟု စွန့်လွှတ်တော်မူအပ်ပြီ၊ သုံးလလွန်လျှင် ပရိနိဗ္ဗာန်စံလိမ့်မည် ဟူသောစကားကို အမှန်ပင် ပြောဆိုအပ်ပြီ။ ထိုစကားကို ငါဘုရားသည် အသက်ဟူသော အကြောင်းကြောင့် သော်လည်း ပယ်ဖျက်တော့မည် မဟုတ်။
“အာနန္ဒာ … မဟာဝုန်တော ကူဋာဂါရသာလာသို့ သွားကြစို့”ဟု မိန့်တော်မူ၍ အရှင်အာနန္ဒာ နှင့်အတူ ဝေသာလီမြို့ မဟာဝုန်တော ကူဋာဂါရသာလာသို့ ကြွတော်မူသည်။
သံဃာတော်များအား
ဩဝါဒပေးတော်မူခြင်း
ဗုဒ္ဓမြတ်စွာသည် ကူဋာဂါရသာလာသို့ ရောက်တော်မူသောအခါ ဝေသာလီမြို့ကို မှီ၍နေကြသော ရဟန်းများကို စည်းဝေးစေဘို့ရန် အရှင်အာနန္ဒာကို မိန့်တော်မူ၏။ ဗုဒ္ဓမြတ်စွာသည် ရဟန်းများ စည်းဝေးရာသို့ ကြွတော်မူ၍ ခင်းထားအပ်ပြီးသော နေရာ၌ ထိုင်တော်မူပြီးလျှင် ဩဝါဒ တရားစကားကို မိန့်တော်မူသည်မှာ -
ဘိက္ခုတို့ .. အကြင်တရားတို့ကို ငါဘုရားသည် ထူးသောဉာဏ်ဖြင့် သိ၍ ဟောတော် မူအပ်ကုန်ပြီ။ ထိုတရားတို့ကို အသင်တို့သည် ကောင်းစွာ သင်ယူ၍ မှီဝဲထိုက်ကုန်၏။ မိမိသန္တာန်၌ ဖြစ်စေ ထိုက်ကုန်၏။ အကြိမ်များစွာ အလေ့အလာ ပြုထိုက်ကုန်၏။
ယင်းသို့ အလေ့အလာ ပြုလျှင် ဤမြတ်သော အကျင့်ဖြစ်သော သာသနာတော်သည် တာရှည် တည်တံ့နိုင်စရာရှိ၏။ အဘယ်တရားများနည်း -
သတိပဋ္ဌာန် လေးပါး၊
သမ္မပ္ပဓာန် လေးပါး၊
ဣဒ္ဓိပါဒ် လေးပါး၊
ဣန္ဒြေ ငါးပါး၊
ဗိုလ် ငါးပါး၊
ဗောဇ္ဈင် ခုနစ်ပါး၊
မဂ္ဂင် ရှစ်ပါး ဤတရားတို့တည်း။
ထိုနောက် ရဟန်းတို့ကို သိစေတော်မူသည်မှာ -
ဘိက္ခုတို့ .... ယခုအခါ၌ အသင်တို့ကို သိစေတော်မူမည်။ ရုပ်နာမ်နှစ် သင်္ခါရတို့သည် ပျက်စီးခြင်း သဘောရှိကုန်၏။ မမေ့မလျော့သော သတိတရားဖြင့် မိမိတို့၏ သီလ သမာဓိ ပညာ သုံးဖြာသော သိက္ခာကို ပြီးစီးအောင် ကြိုးစားကြလော့။
မကြာမီ ငါဘုရား၏ ပရိနိဗ္ဗာန်စံခြင်းဖြစ်လိမ့်မည်။ ဤအချိန်မှ စ၍ သုံးလလွန်လျှင် ငါဘုရား ပရိနိဗ္ဗာန်စံလိမ့်မည်။ ဤသို့ မိန့်တော်မူ၍ အောက်ပါ ဂါထာတို့ကို ဟောတော်မူပြီ။
ပရိပက္ကော ဝယော မယှံ၊
ပရိတ္တံ မမ ဇီဝိတံ။
ပဟာယ ဝေါ ဂမိဿာမိ၊
ကတံ မေ သရဏမတ္တနော။
အပ္ပမတ္တာ သတိမန္တော၊
သုသီလာ ဟောထ ဘိက္ခဝေါ။
သုသမာဟိတသင်္ကပ္ပါ၊
သစိတ္တမနုရက္ခထ။
ယော ဣမသ္မိံ ဓမ္မဝိနယေ၊
အပ္ပစတ္တော ဝိဟဿတိ။
ပဟာယ ဇာတိသံသာရံ၊
ဒုက္ခဿန္တံ ကရိဿတိ။
မြန်မာပြန်
ဘိက္ခုတို့ .... ငါဘုရား၏ အရွယ်တော်သည် ကြီးရင့်တော်မူပြီ။ ငါဘုရား၏ အသက်ဇီဝိတိန္ဒြေသည် အနည်းငယ်သာ ကျန်တော့၏။ အသင်တို့ကို စွန့်ခွါ၍ သွားရတော့မည်။ ငါဘုရားအတွက် မိမိ၏ ကိုးကွယ်ရာကို ပြုပြီးပြီ။
ဘိက္ခုတို့ .... အသင်တို့သည် မမေ့မလျော့ မပေါ့မဆပဲ အရာရာ၌ သတိထားလျက် စင်ကြယ်သော သီလရှိအောင် နေကြကုန်လော့။ သမာဓိတရား ကောင်းစွာ ထား၍ ကောင်းသော အကြံရှိသူများ ဖြစ်ကြလော့။ မိမိစိတ်ကို သတိထား၍ စောင့်ရှောက်ကြလော့။
အကြင်ပုဂ္ဂိုလ်သည် တရားသဖြင့် ဆုံးမရာ ဤသာသနာတော်၌ မမေ့မလျော့ နေရစ်လိမ့်မည်။ ထို မမေ့မလျော့ နေရစ်သူသည် ပဋိသန္ဓေနေရသော သံသရာကြီးကို ပယ်စွန့်၍ ဒုက္ခအားလုံး၏ ဆုံးဘို့ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်လိမ့်မည်။
ဤသို့ ဩဝါဒ ပေးတော်မူသည်။
ဝေသာလီမြို့ကို
နောက်ဆုံး ကြည့်တော်မူခြင်း
ဗုဒ္ဓမြတ်စွာသည် ဝေသာလီမြို့သို့ ဆွမ်းခံဝင်တော်မူပြီး၍ ဆွမ်းဘုဉ်းပေးတော်မူ ပြီးနောက် ဝေသာလီမြို့မှ ထွက်တော်မူခါနီးဝယ် မြို့တံခါးပေါက်၌ ရပ်တော်မူ၍ ဝေသာလီမြို့ကို ကြည့်တော်မူလိုသောအခါ (ဆင်တို့သည် နောက်ကို ကြည့်လိုသော အခါ တကိုယ်လုံး လှည့်၍ ကြည့်ရသကဲ့သို့) ဗုဒ္ဓမြတ်စ္စ၏ အရိုးဆက်တို့သည် ကွင်းဆက် ဖြစ်ရကား ဦးခေါင်းတော်ချည်း လှည့်၍ ကြည့်လို့မဖြစ်၊ ကိုယ်တော်ပါ လှည့်၍ ကြည့်ရတော့မည်။
ထိုသို့ မလှည့်ရအောင် ဝေသာလီမြို့သည် မြတ်ဘုရား ရပ်တော်မူရာ ရှေ့မှောက်သို့လည်၍ ရောက်ရပေသည်။ ထိုအခါ မြတ်စွာဘုရားသည် ဝေသာလီမြို့ကို ကြည့်တော်မူ၍ “အာနန္ဒာ … ဤကြည့်ခြင်းသည် နောက်ဆုံးကြည့်ခြင်း ဖြစ်လိမ့်မည်”ဟု မိန့်တော်မူသည်။
မှတ်ချက်
ဝေသာလီမင်းတို့သည် ၃-နှစ် လွန်သောအခါ အဇာတသတ်မင်းနှင့် စစ်ဖြစ်၍ ပျက်စီးကြလိမ့်မည်။ မြတ်စွာဘုရား၏ နောက်ဆုံး ကြည့်တော်မူကြောင်းကို ကြားရသောအခါ ထိုနေရာ၌ စေတီတည်၍ ကိုးကွယ်ခြင်းအားဖြင့် အကျိုး များလိမ့်မည်။ ဤသို့ကြံ၍ (အခြားမြို့မှ ထွက်တော်မူသောအခါ ကြည့်တော်မမူပဲ) ဤ ဝေသာလီမြို့မှ ထွက်တော်မူရာ၌သာ ကြည့်တော်မူသည်။
ဘဏ္ဍရွာ၌တရား
“အာနန္ဒာ ... ဘဏ္ဍရွာသို့ သွားကြစို့” ဟု မိန့်တော်မူ၍ ဘဏ္ဍရွာသို့ ရောက်တော် မူသောအခါ ရဟန်းတို့ကို တရားဟောတော်မူပြီး ဘိက္ခုတို့ … လေးပါးသော တရားတို့ကို မဂ်အားလျော်စွာ ဝိပဿနာဉာဏ်ဖြင့် မသိခြင်း၊ မဂ်ဖိုလ်တို့ဖြင့် ထိုးထွင်း၍ မသိခြင်းကြောင့် ဤမျှလောက် ရှည်လျားသော သံသရာ ကာလပတ်လုံး ငါဘုရား၏၎င်း၊ အသင်တို့၏၎င်း၊ တဘဝမှ တဘဝသို့ ပြေးသွားရခြင်း ဘဝတရပ်၌ပင် အထပ်ထပ် လည်ရခြင်း ဖြစ်ခဲ့ပြီ။
အဘယ် လေးပါးတို့နည်း။
ဘိက္ခုတို့ … အရိယာအဖြစ်ကို ပြုတတ်သောသီလကို မဂ်အားလျော်စွာ ဝိပဿနာဉာဏ်ဖြင့် မသိခြင်း၊ မဂ်ဖိုလ်တို့ဖြင့် ထိုးထွင်း၍ မသိခြင်းကြောင့် ဤမျှလောက် ရှည်လျားသော သံသရာ ကာလပတ်လုံး ငါဘုရား၏၎င်း၊ အသင်တို့၏၎င်း၊ တဘဝမှ တဘဝသို့ ပြေးသွားရခြင်း၊ ဘဝတရပ်၌ပင် အထပ်ထပ် လည်ရခြင်း ဖြစ်ခဲ့ပြီ။
ဘိက္ခုတို့ … အရိယာအဖြစ်ကို ပြုတတ်သော သမာဓိကို မဂ်အားလျော်စွာ ဝိပဿနာဉာဏ်ဖြင့် မသိခြင်း၊ မဂ်ဖိုလ်တို့ဖြင့် ထိုးထွင်း၍ မသိခြင်းကြောင့် ဤမျှလောက် ရှည်လျားသော သံသရာ ကာလပတ်လုံး ငါဘုရား၏၎င်း၊ အသင်တို့၏၎င်း၊ တဘဝမှ တဘဝသို့ သွားရခြင်း၊ ဘဝတရပ်၌ပင် အထပ်ထပ် လည်ခြင်း ဖြစ်ခဲ့ပြီ။
ဘိက္ခုတို့ … အရိယာအဖြစ်ကို ပြုတတ်သော ပညာကို မဂ်အားလျော်စွာ ဝိပဿနာဉာဏ်ဖြင့် မသိခြင်း မဂ်ဖိုလ်တို့ဖြင့် ထိုးထွင်း၍ မသိခြင်းကြောင့် ဤမျှလောက် ရှည်လျားသော သံသရာ ကာလပတ်လုံး ငါဘုရား၏၎င်း၊ အသင်တို့၏၎င်း တဘဝမှ တဘဝသို့ ပြေးသွားရခြင်း၊ ဘဝတရပ်၌ပင် အထပ်ထပ် လည်ခြင်း ဖြစ်ခဲ့ပြီ။
ဘိက္ခုတို့ … အရိယာအဖြစ်ကို ပြုတတ်သော ဝိမုတ္တိကို မဂ်အားလျော်စွာ ဝိပသနာဉာဏ်ဖြင့် မသိခြင်း၊ မဂ်ဖိုလ် ရသောအားဖြင့် ထိုးထွင်း၍ မသိခြင်းကြောင့် တဘဝမှ တဘဝသို့ ပြေးသွားရခြင်း၊ ဘဝတရပ်၌ပင် အထပ်ထပ် လည်ရခြင်း ဖြစ်ခဲ့ပြီ။
ဘိက္ခုတို့ … ငါဘုရားသည် အရိယာအဖြစ်ကို ပြုတတ်သော ထိုသီလကို မဂ်အားလျော်စွာ ဝိပဿနာဉာဏ်ဖြင့် သိအပ်ပြီ။
မဂ်ဖိုလ်တို့ဖြင့် ထိုးထွင်း၍ သိအပ်ပြီ။
အရိယာအဖြစ်ကို ပြုတတ်သော ထိုသမာဓိကို မဂ်အားလျော်စွာ ဝိပဿနာဉာဏ်ဖြင့် သိအပ်ပြီ။
မဂ်ဖိုလ်တို့ဖြင့် ထိုးထွင်း၍ သိအပ်ပြီ။
အရိယာအဖြစ်ကို ပြုတတ်သော ထိုပညာကို မဂ်အားလျော်စွာ ဝိပဿနာဉာဏ်ဖြင့် သိအပ်ပြီ။
မဂ်ဖိုလ်တို့ဖြင့် ထိုးထွင်း၍ သိအပ်ပြီ။
အရိယာအဖြစ်ကို ပြုတတ်သော ဝိမုတ္တိကို မဂ်အားလျော်စွာ ဝိပဿနာဉာဏ်ဖြင့် သိအပ်ပြီ။
ရသောအားဖြင့် ထိုးထွင်း၍ သိအပ်ပြီ။
ဘဝကို တပ်မက်တတ်သော တဏှာကို အကြွင်းမဲ့ ဖြတ်အပ်ပြီ။
ဘဝသို့ ဆောင်တတ်သော တဏှာ တည်းဟူသော ကြိုးသည် ကုန်ခန်းလေပြီ။
ယခုအခါ၌ ငါဘုရားမှာ နောက်ထပ်ဘဝ မရှိတော့။ ဤသို့ မိန့်တော်မူသည်။
မဟာပဒေသ ၄-ပါး
ဗုဒ္ဓမြတ်စွာသည် ဘဏ္ဍရွာ၌ နေတော်မူထိုက်သမျှ သီတင်းသုံးတော်မူပြီး၍ ဟတ္တိရွာ သို့၎င်း၊ အမ္မရွာသို့၎င်း၊ ဇမ္ဗုရွာသို့၎င်း၊ ဘောဂမြို့သို့၎င်း ကြွတော်မူပြီ။
ဘောဂမြို့သို့ ရောက်တော်မူ၍ အာနန္ဒစေတီ၌ သီတင်းသုံးတော်မူပြီ။
ထို အာနန္ဒစေတီ၌ ရဟန်းတို့ကို မိန့်တော်မူသည်မှာ -
ဘိက္ခုတို့ ... လေးပါးသော မဟာပဒေသတို့ကို ဟောတော်မူမည်။ ကောင်းစွာ နားစိုက်ကြ၊ ကောင်းစွာ နှလုံးသွင်းကြ။ ဤသို့ ... မိန့်တော်မူ၍ မဟာပဒေသ ၄-ပါးကို ဟောတော်မူသည်မှာ -
ဘိက္ခုတို့ … ဤသာသနာတော်၌ ရဟန်းတပါးသည် “ဤတရားကို မြတ်စွာဘုရား အထံတော်မူ နာယူအပ်ပါပြီ။ ဤတရားသည် ဓမ္မအစစ်၊ ဝိနယအစစ်၊ ဘုရားအဆုံးအမတော် အစစ် ဖြစ်ပါသည်”ဟု ပြောဆိုအံ့။ ထို ရဟန်း၏ ပြောအပ်သော စကားကို နှစ်လည်း မနှစ်သက်သေးပဲ၊ ကန့်လည်း မကန့်ကွက်သေးပဲ ပြောဆိုအပ်သော စကားကို ကောင်းစွာမှတ်၍ နဂိုရ်ရှိပြီးသော သုတ္တန်ပါဠိတော်၌ သွင်းချထိုက်၏။ ဝိနည်းပါဠိတော်၌ ထင်စွာ ပါဝင်စေထိုက်၏။
သုတ္တန် ပါဠိတော်၌ သွင်းချအပ်သည်ရှိသော် သုတ္တန်ပါဠိတော်၌ မပါဝင်အံ့။ ဝိနည်းပါဠိတော်၌ ကြည့်ရှုအပ်သော် ဝိနည်းပါဠိတော်၌ မတွေ့မြင်အံ့၊ ထိုစကားကို မြတ်ဘုရား၏ စကားမဟုတ်ဟု ဆုံးဖြတ်၍၊ ထိုစကားကို စွန့်လိုက်ကြလော့။
သုတ္တန်ပါဠိတော်၌ သွင်းချအပ်သည်ရှိသော် သုတ္တန်ပါဠိတော်၌ အကယ်၍ ပါဝင်အံ့။ ဝိနည်း ပါဠိတော်၌ ကြည့်ရှုအပ်သော် ဝိနည်းပါဠိတော်၌ အကယ်၍ တွေ့မြင်အံ့။ ထိုသို့ဖြစ်လျှင် မြတ်စွာဘုရား၏ စကားဟု ဆုံးဖြတ်ကြလော့။ ဤရှေးဦးစွာသော မဟာပဒေသကို ဆောင်ရွက် မှတ်သားကြလော့။
ဘိက္ခုတို့ … ရဟန်းတပါးသည် ဤသို့ပြောအံ့။ မည်သည့်ကျောင်းတိုက်၌ ပါမောက္ခမတေရ်ကြီး နှင့်တကွဖြစ်သော သံဃာတော်သည် သီတင်းသုံးတော်မူ၏၊ ထိုသံဃာ၏အထံမှ ဤတရား စကားကို ကြားနာအပ် ခံယူအပ်ပြီ။ ဤသို့ ပြောလာသည်ရှိသော် ရှေးနည်းအတိုင်းပင် စိစစ်၍ -
သုတ္တန်ပါဠိတော်၌ မသက်ဝင်လျှင်၎င်း၊ ဝိနည်း ပါဠိတော်၌ မတွေ့မြင်အပ်လျှင်၎င်း၊ စွန့်ပယ် ဘို့ရန်နှင့်၊
သုတ္တန်ပါဠိတော်၌ သက်ဝင်လျှင်၎င်း၊ ဝိနည်းပါဠိတော်၌ တွေ့မြင်အပ်လျှင်၎င်း မြတ်စွာဘုရား၏ စကားဟု ဆုံးဖြတ်ဘို့ရန် မိန့်တော်မူ၍ ဒုတိယမြောက် ဤမဟာ ပဒေသကိုလည်း ဆောင်ရွက် မှတ်သားကြဟု မိန့်တော်မူသည်၊
တတိယ ပဒေသ၌ သံဃာ့အထံမှ ကြားရသောစကား မဟုတ်ပဲ များစွာသော ဗဟုသုတရှိသော မထေရ်ကြီးတို့အထံမှ ကြားရသော စကားဖြစ်ခြင်းသာ ထူး၏။ စတုတ္ထ မဟာပဒေသ၌ တပါးသော ဗဟုသုတ ရှိသော မထေရ်ကြီးအထံမှ ကြးရသော စကားကို ပြောဆိုခြင်းသာ ထူး၏။
အမှာ
ဤမဟာပဒေသ လေးပါးကို ဟောတော်မူခြင်း၌ လိုရင်းကား - “မည်သူ့ထံမှ ကြားရသည်ဟု ဆိုသည်ဖြစ်စေ၊ သုတ္တန်ပါဠိတော်နှင့်ညီမှသာ၊ သို့မဟုတ် ဝိနည်း၌ အထင်အရှားရှိမှသာ လက်ခံရမည်”ဟု မိန့်တော်မူလိုရင်း ဖြစ်သည်။
(မဟာ - ကျယ်ဝန်းသော + ပဒေသ - တရားတော်၏ တည်ရာဌာန။)
စုန္ဒဥပါသကာ၏ နောက်ဆုံးဆွမ်းတော်
ဗုဒ္ဓမြတ်စွာသည် ဘောဂမြို့၌ နေတော်မူထိုက်သမျှ နေတော်မူပြီးလျှင် ပါဝါမြို့သို့ကြွတော်မူ၍ စုန္ဒဥပါသကာ၏ သရက်ဥယျာဉ်၌ သီတင်းသုံးတော်မူ၏။ စုန္ဒ ဥပါသကာသည် ဗုဒ္ဓမြတ်စွာ ကြွလာတော်မူကြောင်းကို ကြား၍ ဘုရားအထံတော်သို့ လာပြီးလျှင် တရားနာ၍ ပြန်ခါနီးဝယ် နက်ဖန်၌ သံဃာများနှင့်အတူ ဆွမ်းဘုဉ်းပေးတော်မူဘို့ရန် ပင့်လျှောက်၍ ပြန်သွားလေသည်။
ပန်းဘဲဆရာ၏ သားဖြစ်သော စုန္ဒဥပါသကာသည် မိမိအိမ်၌ မွန်မြတ်သော ခဲဘွယ်ဘောဇဉ်တို့ကို စီစဉ်ပြီးလျှင် များစွာသော သူကရမဒ္ဒဝ မည်သော အာဟာရ ကိုလည်း စီမံပြီး၍ မြတ်စွာဘုရားအား ဆွမ်းဘုဉ်းပေး ကြွတော်မူရန် လျှောက်ထားလေသည်။
မြတ်စွာဘုရားသည် ဘိက္ခု သံဃာများနှင့်အတူ စုန္ဒဥပါသကာ၏ အိမ်သို့ ကြွတော်မူ၍ ခင်းထားအပ်သော နေရာ၌ ထိုင်တော်မူပြီးလျှင် စုန္ဒဥပါသကာကို မိန့်တော်မူသည်မှာ -
“စုန္ဒ … အသင်သည် သူကရမဒ္ဒဝ မည်သော အကြင်စားဘွယ်ကို စီရင်အပ်ပြီ။ ထိုစားဘွယ်ဖြင့် ငါဘုရားကို ပြုစုလုပ်ကျွေးလော့။ အခြား ခဲဘွယ်ဘောဇဉ်ဖြင့် သံဃာများကို ပြုစု လုပ်ကျွေးလော့”ဟု မိန့်တော်မူသည်။
ထိုမိန့်တော်မူသည့်အတိုင်း သူကရမဒ္ဒဝ မည်သော အာဟာရဖြင့် မြတ်စွာဘုရားကို ပြုစု လုပ်ကျွေးပြီ။ အခြားခဲဘွယ်ဘောဇဉ်ဖြင့် ရဟန်း သံဃာတော်များကို ပြုစု လုပ်ကျွေးပြီ။ ပြုစုလုပ်ကျွေးပြီးနောက် မြတ်စွာဘုရားသည် စုန္ဒဥပသကာကို မိန့်တော်မူသည်မှာ -
စုန္ဒ ... သင်၏ ကြွင်းကျန်သော သူကရမဒ္ဒဝ အာဟာရကို တွင်းတူး၍ မြှုပ်လိုက်။ ဤ အစာကိုစားလျှင် မြတ်စွာဘုရားမှတပါး အခြားသော အစာကြေမည့် ပုဂ္ဂိုလ်ကို မြင်တော်မမူ။ ဤသို့ မိန့်တော်မူသောအခါ စုန္ဒ ဥပသကာသည် ကြွင်းကျန်သော သူကရမဒ္ဒဝ အာဟာရကို တွင်းတူး၍ မြုပ်ပြီးလျှင် မြတ်စွာဘုရား၏ အထံသို့ ပြန်လာပြီ။
မြတ်စွာဘုရားသည် စုန္ဒဥပါသကာကို တရားဟောတော်မူပြီး၍ ပြန်ကြွတော်မူခဲ့ပြီ။
မှတ်ချက်
သူကရမဒ္ဒဝ အစာ၌ နတ်တို့သည် နတ်ဩဇာကို ထည့်ထားသောကြောင့် မြတ်စွာဘုရားမှတပါး အခြားပုဂ္ဂိုလ်တို့စားလျှင် အစာကြေနိုင်မည် မဟုတ်ဟု မိန့်တော်မူသည်။
သူကရမဒ္ဒဝနှင့် စပ်၍ ဝါဒအမျိုးမျိုး
အဋ္ဌကထာ
သူကရမဒ္ဒဝန္တိ နာတိတရုဏဿ နာတိဇိဏ္ဏဿ ဧကဇေဋ္ဌကသူကရဿ ပဝတ္တမံသံ = အလွန်လည်း မငယ်သော အလွန်လည်း မအိုသော တကောင်သော ဝက်ကြီး၏ (ဝယ်သူမလာမီ) ဖြစ်နှင့်သော အသားကို စီမံသည်။
တံကိရ မုဒု စေ၀ သိနိဒ္ဓဉ္စ ဟောတိ = ထိုအသားသည် နုလည်းနု၏။ ညက်လည်း ညက်ညော၏။
တံ ပဋိယာ ဒါပေတွာ သာဓုကံ ပစာပေတွာတိအတ္ထော = ထိုဝက်သားကို စီမံစေပြီး၍ (ကောင်းမွန်စွာ ချက်စေပြီး၍)။
ဧကေဆရာ။ ။ သူကရမဒ္ဒပန္တိ ပန မုဒုဩဒနဿ ပဉ္စဂေါရသယူသပါစနဝိဓာနဿ နာမေတံ၊ ယထာဂဝနံနာမပါကနာမန္တိ - သူကရမဒ္ဒဝ ဟူသော ဤအမည်သည် နွားမှဖြစ်သော အရသာ ငါးမျိုး၏ အနှစ်အဆီဖြင့် ချက်နည်း အစီအရင်ကျအောင် ချက်အပ်သော နုညံ့သော ထမင်း၏ အမည်ဖြစ်၏။ ဥပမာ- “နွားမှဖြစ်သော သောက်ဖွယ်” ဟူရာ၌ ကျက်ပြီး နွားနို့၏ အမည် ဖြစ်သကဲ့သို့တည်း။ ဤသို့ ဧကေဆရာတို့ ဆိုကြသည်။
ကေစိဆရာ။ ။ သူကရမဒ္ဒဝံ နာမ ရသာယနပ်မိ၊ တံ ပန ရသာယနသတ္ထေ အာဂစ္ဆတိ၊ တံ စုန္ဒေန“ဘဂဝတော ပရိနိဗ္ဗာနံ န ဘဝေယျာ” တိ ရသာယနံ ပဋိယတ္တန္တိ = ရဃာယန ဆေးကျမ်း၌လာသော ရသာယန အစီအရင်အတိုင်း စီမံအပ်သော စားဖွယ် တမျိုးဖြစ်၏။ ထို ရသာယန အစားမျိုးသည် အသက် ရှည်စေနိုင်သောကြောင့် “ဗုဒ္ဓမြတ်စွာ၏ ပရိနိဗ္ဗာန်စံခြင်း သည်မဖြစ်ပါစေနှင့်”ဟု ကြံ၍ ထို သူကရမဒ္ဒဝကကိုစီမံသည်။ ဤသို့ကေစိဆရာတို့ ဆိုကြသည်။
ပါမောက္ခတယောက်ဝါဒ။ ။ ကျမ်းစာတို့၌ သူကရမဒ္ဒဝနှင့် စပ်၍ “အဋ္ဌကထာဝါဒ၊ ဧကေဝါဒ၊ ကေစိဝါဒ”ဟုသုံးဝါဒ ရှိသည့်အပြင် ဣန္ဒိယနိုင်ငံဝယ် ထင်ရှားကျော်စော သော အင်္ဂလိပ်မဂ္ဂဇင်း တစောင်၌ ပါမောက္ခ “လလစ်မိုဟန်ကား” အမ်အေ၊ ဘီအယ်လ် ရေးသားအပ်သော ဝါဒ တမျိုး ရှိသေး၏။ ထိုဝါဒကိုလည်း စဉ်းစားဘို့ရာ ပြပါဦးမည်။
၁။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူခြင်း၏ အကြောင်းကို ရေးထားအပ်သော တရုတ်စာပေ များ၌၎င်း၊ တိဘက်စာပေ များ၌၎င်း၊ မြတ်စွာဘုရား၏ နောက်ဆုံး အာဟာရနှင့်စပ်၍ ဝက်သားကို ဖော်ပြခြင်း မရှိကြု။
၂။ မဟာယာနဂိုဏ်း ကျမ်းစာများဝယ် မဟာပရိနိဗ္ဗာန်အကြောင်းကို ရေးသား ရာ၌၎င်း၊ သာဝက-ဝိနယ ကျမ်းဝယ် စုန္ဒ၏ ဆွမ်းလှူပွဲကို ပြရာ၌၎င်း “ဝက်သား”ဟူသော ပုဒ်ကိုမပြပါ။
၃။ သူကရ သဒ္ဒါသည် “ဝက်” ဟူသော အနက်ကိုသာ ဟော၏။ “ဝက်၏ အသား”ဟူသော အနက်ကိုမဟော။ “ဝက်၏အသား” ဟူသော အနက်ကို “သောကရ”ပုဒ်ကသာ ဟောပါသည်။
“ကစ္စည်း”ဏရာဂါတဿေဒမညတ္ထေသုစ”သုတ်ကို ကြည့်ပါ။
၄။ မဒ္ဒဝံ သဒ္ဒါလည်း “အသား” ဟူသော အနက်ကို မဟော။ “မုဒုနော + ဘာဝေါ မဒ္ဒဝံ”နှင့်အညီ နုညံ့သောအရာဝတ္ထု၏ ဖြစ်ကြောင်း ဖြစ်ရာ နူးနူးညံ့ညံ့ ပျော့ပျော့ ပျောင်းပျောင်း” ဟူသော အနက်ကို ဟော၏။ ထို့ကြောင့် “သူကရ + မဒ္ဒဝ” ၂-ပုဒ် ပေါင်းသော်လည်း “ဝက်သား”ဟု အနက် မဖြစ်ပါ။
၅။ “သူကရကဏ္ဍ”ဟု ခေါ်ဝေါ်အပ်သော သစ်ဥ သစ်ဖု တမျိုး ရှိ၏။ ထိုသစ်ဥ သစ်ဖုကို “တောဝက်”ဟူသော အမည်ဖြင့် ခေါ်ဝေါ်ကြ၏။
၆။ ဥတ္တရဒေသတွင်“ကဏ္ဍ၊ ကဏ္ဍမူလဖလ” ဟုခေါ်ဝေါ်အပ်သော သစ်ဥတမျိုး ရှိသေး၏။ ဣန္ဒိယနိုင်ငံ၌ သူတော် သူမြတ်တို့၏ အစာ ဖြစ်၏။ အမွေးထူ၍ ညိုမှောင်သော အရောင်ရှိသဖြင့် မြေကြီးမှ ထွက်သောအခါ ဝက်နှင့်တူ၏။ ထို့ကြောင့်““သူကရ”ဟု ခေါ်ဟန်တူသည်။
ပါဝါမြို့ တည်ရှိခဲ့ရာ “ပဒြောန”နယ်မြေတွင် အနှံ့အပြား ပေါက်၏။ ရောဂါဘယ များကို ဓာက်စာဖြင့်ကုသော ဟိန္ဒူဆေးဆရာတို့သည် ထိုဥကို အလွန် ချီးမွမ်းကြ၏။ အရည်ကျဲကျဲကျို၍ ဝမ်းမီးညံ့သူများကို တိုက်ရ၏။
၇။ စုန္ဒ ဒါယကာသည် မြတ်စွာဘုရားအား လှူအပ်သော သစ်ဥ သစ်ဖု၊ သို့မဟုတ် သစ်မြစ်ကို အရသာရှိအောင် များစွာအမွှန်းတင်၍ ပြင်ဆင် ထားပေလိမ့်မည်။ ထို့ကြောင့် ထိုဥတမျိုးကို နွားနို့နှင့် ပျစ်အောင် ကျို၍ စီရင်အပ်သော ပါယသ (နို့ဃနာ) တမျိုးသည် “သူကရ မဒ္ဒဝ”ပင် ဖြစ်သင့်ပါသည်။ ဤကား ထိုပါမောက္ခ၏ အလိုတည်း။
ထပ်မံ စဉ်းစားဘွယ်
၁။ “သီဟ”မည်သော စစ်သူကြီးသည် ဘုရားအထံတော်မူ တရား နာရ၍ သောတာပန် ဖြစ်ပြီးနောက် နက်ဖန် မြတ်စွာဘုရားကို ရဟန်း သံဃာများနှင့်အတူ ဆွမ်းဘုန်းပေး ကြွတော်မူဘို့ရန် ဖိတ်မံ၍ ပြန်လာပြီးလျှင် (ဝယ်မရောက်မီ ဖြစ်နှင့်သော) အသားများကို ဝယ်ယူဘို့ရန် တပည့်တယောက်ကို ဈေးသို့စေလွှတ်၏။
ထို့နောက် ညကပင် ချက်ပြုတ်တန်သမျှကို ချက်ပြုတ်၍ နံနက်အခါ၌ ဆွမ်း ခဲဘွယ် ဘောဇဉ် အားလုံးကို စီစဉ်ပြီးလျှင် ဆွမ်းဘုဉ်းပေးချိန်တန်ပါကြောင်း လျှောက်ထား ပုံကို “ပဟူတံ ဂါဒနီယံ ဘောဇနီယံ ပဋိယာဒါပေတွာ ဘဂဝတော ကာလံ အာရောစာပေတိ”ဟုသာ ကျမ်းဂန်၌ဆို၏။ အသားဟင်း ပါသော်လည်း ထိုအသား ဟင်းသည် ဘောဇဉ်ငါးပါးတွင် ပါဝင်ပြီး ဖြစ်သောကြောင့် အထူးမဆိုချေ။
၂။ ဤ၌ကား“ပဏီတံ ခါဒနီယံ ဘောဇနီယံ ပဋိယာဒါပေတွာ”ဟု ဆိုပြီးနောက် “ပဟူတဉ္စ သူကရမဒ္ဒဝံ”ဟု ဆိုပြီးမှ “ဘဂဝတော ကာလံ အာရောစာပေတိ”ဟု ဆိုသည်။ ဤသို့ သီးခြား ဆိုသဖြင့် “သူကရမဒ္ဒဝ” သည် ဘောဇနီယံကရ ဘောဇဉ်ငါးပါးတွင် ပါဝင်သော“မံသ မဟုတ်” ဟု ကောက်ချက်ချစရာရှိ၏၊
၃။ ထိုအပြင် နတ်တို့သည် “သူကရမဒ္ဒဝ”၌“ဩဇာကိုထည့်ကြ၏” ဟု ဆို၏၊ အခြားနေရာ၌ နတ်ဩဇာထည့်လျှင် ဆွမ်း၌သာ ထည့်လေ့ရှိ၏။ စုန္ဒဒါယကာ၏ ဆွမ်းအလှူဝယ် ဆွမ်း၌ နုတ်ဩဇာမထည့်ပဲ ဤ “သူကရမဒ္ဒဝ” ၌ ထည့်ကြကုန်၏၊ နတ်ဩဇာကို စားကြသော နတ်များသည် အသားမစားကြ။
မြတ်စွာဘုရား နောက်ဆုံး အာဟာရသည် ဝက်သား ဖြစ်လျှင် အသားမစားပဲ နတ်ဩဇာကိုသာ စားနေသော နတ်တို့သည် ဤဝက်သားဟင်း၌ နတ်သြဇာ ထည့်ဘို့ရန် ကြံစည်မည် မဟုတ်ပါ။ အသားဟင်း မဟုတ်သောကြောင့်သာ နတ်သြဇာ ထည့်ကြသည်”ဟု ယူဆဘွယ်ရှိ၏။
၄။ သံဃာတော်များနှင့်တကွ ဗုဒ္ဓမြတ်စွာသည် ဆွမ်းဘုဉ်းပေးဘို့ ကြွလာတော် မူပြီးသောအခါ၊ “ငါဘုရားကို သူကရမဒ္ဒဝဖြင့် ပြုစုလုပ်ကျွေး၍ ရဟန်းသံဃာများကို အခြား ခဲဘွယ် ဘောဇဉ်ဖြင့် ပြုစု လုပ်ကျွေးလော့” ဟု မိန့်တော်မူပြီးလျှင် ဘုရားရှင်သည် သူကရမဒ္ဒဝ ကိုသာ ဘုဉ်းပေး တော်မူ၏။ ဆွမ်းကို ဘုဉ်းပေးတော်မမူ။
ဝက်သားဟင်း ဖြစ်လျှင် “ဘုရားရှင်သည် နောက်ဆုံးအချိန်၌ ဝက်သားကိုချည်း ဘုဉ်းပေးတော်မူသည်”ဟု ပြောစမှတ် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူကရမဒ္ဒဝကို လေးလေး နက်နက် စဉ်းစားသောအခါ“ဝက်ပျိုသားဟင်း” မဟုတ်သည့် ဘက်မှ အားကောင်းနေပါသည်။
ဝမ်းတော်လားခြင်း
ရွှေပန်းထိမ်သည်၏ သားဖြစ်သော စုန္ဒ၏ ဆွမ်း (သူကရမဒ္ဒဝကို ဘုဉ်းပေးတော် မူပြီးသောအခါ မြတ်စွာဘုရားမှာ သွေးဝမ်းသွန်သောရောဂါ ဖြစ်၏။ သို့သော် သူကရမဒ္ဒဝကို ဘုဉ်းပေးတော် မူသောကြောင့် မဟုတ်ပါ။
ဆေးဆရာဖြစ်တုန်းက ဝမ်းကျဆေးကို သဌေးသားအား လိမ်၍ပေးဘူးသော အကုသိုလ်ကံ တည်းဟူသော ကမ္မဝဋ်လာသောကြောင့် ဖြစ်ပါသည်။
[ဆောင်]
ဖြစ်ထသမား၊ သဌေးသားကို၊
ဝမ်းလားအောင် ဆေး၊ လိမ်တိုက်ပေးလို့၊
ဝမ်းသွေးသွန်ဘိ။
ကုသိနာရုံသို့ ကြွတော်မူခြင်း
ထိုဝေဒနာကို မြတ်စွာဘုရားသည် သတိသမ္ပဇဉ်ဉာဏ်နှင့် ယှဉ်၍ သည်းခံတော်မူ၏။ မြတ်စွာဘုရားသည် “အာနန္ဒာ ... ကုသိနာရုံမြို့သို့ သွားကြစို့”ဟု မိန့်တော်မူ၍ ကုသိနာရုံသို့ ကြွတော်မူသည် ရှိသော် သစ်ပင်တပင် အောက်သို့ ရောက်သောအခါ “အာနန္ဒာ … လေးထပ် ရှိသော သင်္ကန်းကြီးကို ခင်းလိုက်တော့။ (နှစ်ထပ်သင်္ကန်း ကြီးကို ခေါက်၍ ခင်းစေတော်မူဟန် တူသည်။) ငါဘုရားသည် ပင်ပန်းတော်မူ၏၊ ထိုင်ဦးမည်” ဟု မိန့်တော်မူသည်။
ရေသောက်တော်မူလိုခြင်း
မြတ်စွာဘုရားသည် ထိုင်တော်မူပြီးသောအခါ “အာနန္ဒာ .. ရေအလိုရှိတော်မူသည်။ သောက်ရေကို ဆောင်ယူချေလော့”ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာ လျှောက်သည်မှာ မြတ်စွာဘုရား … အနီးအပါးက မြစ်ငယ်ကလေးကို ယခုပင် လှည်းငါးရာ ဖြတ်သွားသောကြောင့် နောက်ကျုနေပါ၏။
သိပ်မဝေးသော ကကုဓာမြစ်သည် ကြည်လင်သောရေ၊ သာယာဘွယ် ကောင်းသောရေ၊ အေးမြ သောရေ၊ ဖြူဖွေးသောရေ ရှိသည့်အပြင် အလွန် ကောင်းသော ဆိပ်ကမ်းရှိ၍ မွေ့လျော်ဘွယ် ကောင်းပါ၏။ အဲဒီ ကကုဓာမြစ်ရောက်မှ ဗုဒ္ဓမြတ်စွာသည် သောက်ရေတော်ကိုလည်း ရပါလိမ့်မည်။ ကိုယ်တော်ကိုလည်း အေးမြအောင် ပြုရပါလိမ့်မည်။
ရေများ ကြည်နေခြင်း
ဤသို့ လျှောက်သောအခါ ဗုဒ္ဓမြတ်စွာသည် နှစ်ကြိမ်မြောက် ထပ်၍ သောက်ရေကို ဆောင်ယူ ဘို့ရန် မိန့်တော်မူ၏။ အရှင်အာနန္ဒာသည် ရှေးအတိုင်း နှစ်ကြိမ်မြောက် လျှောက်သောအခါ သုံးကြိမ်မြောက် ထပ်၍ သောက်ရေကို ဆောင်ယူဘို့ရန် မိန့်တော်မူပြန်၏။
ထိုအခါ အရှင်အာနန္ဒာသည် သပိတ်ကို ယူ၍ လှည်းငါးရာ ဖြတ်သွားအပ်သော ထိုမြစ်ငယ်သို့ သွားရလေသည်။ အရှင်အာနန္ဒာ ရောက်လျှင်ပင် နဂိုရ်က နောက်ကျုနေသော ရေသည် အလွန်ကြည်လင်စွာ စီး၍နေ၏။
အရှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တန်ခိုးအာနုဘော် ကြီးပုံကို အံ့တဩဖြစ်၍ သပိတ်ဖြင့် ကြည်လင်သော ရေကို ခပ်ယူပြီးလျှင် မြတ်စွာဘုရားကို ဆက်ကပ် လေသည်။
မလ္လမင်းသား ပုက္ကုသ၏ ဘုရားအထံ ချဉ်းကပ်ခြင်း
ဗုဒ္ဓမြတ်စွာသည် ထို သစ်ပင်အောက်၌ သောက်တော်ရေကို သောက်တော်မူပြီး သောအခါ ပုက္ကုသ မည်သော မလ္လမင်းသားသည် ကုသိနာရုံမှ ပါဝါမြို့သို့ ခရီးသွားစဉ် ဗုဒ္ဓမြတ်စွာကို မြင်၍ ချဉ်းကပ်ပြီးလျှင် သင့်တင့် လျောက်ပတ်သော အရပ်၌ ထိုင်၍ မြတ်စွာဘုရားကို လျှောက်သည်မှာ -
မြတ်စွာဘုရား … ရဟန်းတော်များသည် ငြိမ်သက်သော နေခြင်းအားဖြင့် နေတော်မူသည်မှာ အံ့သြဖွယ် ကောင်းပါပေသည်။ ရှေးက အကြောင်းအရာတခု ဖြစ်ဘူးသည်မှာ - ကာလာမအနွယ် ဖြစ်သော အာဠာရ ရသေ့သည် ရှည်သောခရီးကို သွားစဉ် လမ်းမှ ဖဲ၍ အနီးဖြစ်သော သစ်ပင်အောက်၌ နေ့အခါ နေဘို့ရန် ထိုင်နေပါသည်။
လမ်း၌ လှည်းပေါင်း ငါးရာတို့သည် ကာလာမအနွယ်ဖြစ်သော အာဠာရ အရှင်ရသေ့ကို ကပ်၍ ကပ်၍ လွန်သွားကြပါပြီ။ ထိုအခါ လှည်းအပေါင်း၏နောက်မှ လိုက်လာသော ယောကျ်ား တယောက်သည် အာဠာရရသေ့ကို ချဉ်းကပ်၍..“အရှင်ဘုရား... လှည်းငါးရာတို့ လွန်သွားသည်တို့ ကို မြင်လိုက်ပါ၏လော”ဟု မေးလျှောက်သည်။ ... ဒကာ ... ငါမမြင်လိုက်။
ဒကာ။ ။ အရှင်ဘုရား ... လှည်းသံကို ကြားလိုက်ပါသလား။
အာဠာရ။ ။ ဒကာ ...အသံကိုလဲ ငါမကြားလိုက်။
ဒကာ။ ။ အရှင်ဘုရား ... အိပ်ပျော်နေပါသလား။
အာဠာရ။ ။ ဒကာ..ငါ အိပ်ပျော်မနေပါ။
ဒကာ။ ။ အရှင်ဘုရား ... သညာ (စိတ်) များ ရှိပါရဲ့လား။
အာဠာရ။ ။ အေး ...ငါ့မှာ သညာ (စိတ်) ရှိပါရဲ့။
ဒကာ။ ။ အရှင်ဘုရား … သညာ (စိတ်) ရှိပါလျက်၊ နိုး၍လည်း နေပါလျက် အရှင်ဘုရားအနီးသို့ ကပ်၍ ကပ်၍ လွန်သွားသော လှည်းငါးရာတို့ကို မြင်လဲ မမြင်လိုက်၊ အသံကိုလဲ မကြားလိုက်ဟု ဆို၏။ အရှင်ဘုရား၏ အဝတ်သင်္ကန်းကိုလဲ မြူမှုန်(ဖုံ) တွေ ရောပြွမ်းနေသည် မဟုတ်ပါလား ဘုရား။
အာဠာရ။ ။ အေး ... ဟုတ်တယ်။
ထိုအခါ ထိုယောကျ်ားသည် ရသေ့ရဟန်းတို့၏ ငြိမ်သက်သော တရားဖြင့် နေကြသည်မှာ အံ့သြဖွယ် ကောင်းပါပေစ္စ ဟု တအံ့တသြ ချီးမွမ်း၍ ကာလာမအနွယ်ဖြစ်သော အဠာရ ရသေ့ အပေါ်၌ လွန်ကဲသော ကြည်ညိုခြင်းကို လျှောက်ထား၍ ဖဲသွားသည်။
ဤသို့ လျှောက်သောအခါ ဗုဒ္ဓမြတ်စွာ မိန့်တော်မူသည်မှာ -
“ဒါယကာ ပုက္ကုသ … အကြင်ပုဂ္ဂိုလ်သည် စိတ်သညာ ရှိလျက် နိုးလည်း နိုးနေပါလျက် မိမိ အနားသို့ ကပ်၍ ကပ်၍ လွန်သွားသော လှည်းငါးရာတို့ကိုလည်း မမြင်လိုက်ရ။ အသံကိုလည်း မကြားလိုက်ရ။ အကြင်ပုဂ္ဂိုလ် တယောက်သည်ကား စိတ်သညာလည်းရှိပါလျက် နိုးလည်း နိုးနေပါ လျက် မိုးရွာစဉ်၊ တဂျုံးဂျုံး မိုးချုန်းစဉ်၊ လျှပ်စစ်တွေပြက်စဉ်၊ မိုးကြိုးလည်းပစ်စဉ် ဘာကိုမျှ မမြင်လိုက်ရ။ အသံကိုလည်း မကြားလိုက်ရ။ ထိုသူ နှစ်ယောက်တွင် ဘယ်သူ ဖြစ်ပုံက သာ၍ခက်ခဲသနည်း။ ဤသို့ မေးတော်မူသည်။
“မြတ်စွာဘုရား … လှည်းငါးရာမက၊ ခြောက်ရာ၊ခုနစ်ရာ၊ ရှစ်ရာ၊ ကိုးရာ၊ လှည်းပေါင်း တတောင်၊ လှည်းပေါင်း တသိန်းဖြစ်စေ နောက်ပုဂ္ဂိုလ်၏ အဖြစ်မျိုးက သာ၍ ခဲယဉ်းပါသည်”ဟု လျှောက်၏။
ပုက္ကုသ … အခါတပါး၌ ငါသည် အာတုမာမြို့ဝယ် ကောက်နယ်တလင်း၏ တဲကလေးတွင် သီတင်းသုံးတော်မူ၏။ ထိုအခါ မိုးရွာစဉ်၊ မိုးခြိမ်းစဉ် လျှပ်စစ်တွေ ပြက်စဉ်၊ မိုးကြိုး ပစ်လတ်သော် ကောက်နယ်တလင်း တဲကလေး အနီး၌ နေကြသော လယ်သမားညီနောင် နှစ်ယောက်တို့ သည်၎င်း၊ နွားကြီး လေးကောင် တို့သည်၎င်း မိုးကြိုးမှန်၍ သေကြလေသည်။
ပုက္ကုသ ... ထိုအခါ၌ အာတုမာမြို့မှ လူများထွက်၍ သေကြသော ညီနောင် နှစ်ယောက်နှင့် နွားလေးကောင်တို့ကို ကြည့်ကြလေသည်။
ပုက္ကုသ ... ထိုအခါ၌ ငါသည် ကောက်နယ်တလင်း၏ တဲကလေးမှ ထွက်၍ တဲကလေးအပေါက်၌ စင်္ကြံသွားနေ၏။ ထိုအခါ ယောက်ျား တယောက်သည် ငါ့အထံသို့ လာ၍ရပ်နေသည်။
“ဟိုက များစွာသော လူအပေါင်းသည် ဘာ့ကြောင့် စုဝေးနေကြသလဲ”ဟု ထိုသူ့ကို မေးသောအခါ မိုးရွာတုန်းက မိုးကြိုးပစ်သောကြောင့် ညီနောင်နှစ်ယောက်နှင့် နွားလေးကောင် သေပါသည်။ ထို့ကြောင့် လူအများ ထွက်လာ၍ စုမိကြပါသည်။
“မိုးကြိုးပစ်တုန်းက အရှင်ဘုရားသည် အဘယ်မှာ နေပါသနည်း”ဟု မေးသောကြောင့် ငါသည် ဤကောက်နယ်တလင်း၏ တဲကလေးထဲမှာပင် နေသည်ဟု ပြောလိုက်၏။
ဒကာ။ ။ အရှင်ဘုရားသည် မိုးရွာခြင်းကို မမြင်လိုက်ပါလား။
ဗုဒ္ဓ။ ။ ဒကာ ... ငါ မမြင်လိုက်။
ဒကာ။ ။ အသံကိုကော မကြားလိုက်ပါလား။
ဗုဒ္ဓ။ ။ အသံကိုလဲ မကြားလိုက်။
ဒကာ။ ။ အရှင်ဘုရား ... အိပ်ပျော်နေပါလား။
ဗုဒ္ဓ။ ။ ဒကာ ... အိပ်ပျော်မနေပါ။
ဒကာ။ ။ အရှင်ဘုရား .... သညာ(စိတ်) ရှိရဲ့လား။
ဗုဒ္ဓ။ ။ ဒကာ ... ရှိပါရဲ့။
ဒကာ။ ။ အရှင်ဘုရား ..... စိတ်သညာ ရှိပါလျက် နိုးလဲ နိုးနေပါလျက် မိုးရွာသည် ကို၎င်း၊ မိုးခြိမ်းသည်ကို၎င်း၊ လျှပ်စစ်ပြက်သည်ကို၎င်း၊ မိုးကြိုးပစ်သည်ကို၎င်း မြင်လည်းမမြင်၊ အသံကိုလဲ မကြားလိုက်ပါလား။
ဗုဒ္ဓ။ ။ အေး ... မြင်လဲမမြင်လိုက်။ ကြားလဲမကြားလိုက်။
ပုက္ကုသ … ထိုအခါ၌ ထိုယောက်ျားမှာ“ရဟန်းတော်တို့သည် ငြိမ်သက်သော နေနည်းဖြင့် နေတော်မူကြသည်မှာ အံ့သြဖွယ် ကောင်းပါပေစွ။ မဖြစ်စဖူး ထူးဆန်းပါပေစူ”ဟု ငါဘုရားအပေါ် မွန်မြတ်သော ကြည်ညိုခြင်းကို လျှောက်ထား၍ ပြန်သွားသည်။
ဤသို့ မြတ်စွာဘုရားက မိန့်တော်မူသောအခါ မလ္လမင်းသားဖြစ်သော ပုက္ကုသသည် ငါဘုရားကို ဤသို့လျှောက်၏။ “မြတ်စွာဘုရား ... ဒကာတော်သည် ကာလာမအနွယ် ဖြစ်သော အာဠာရ၌ ကြည်ညိုသမျှ သဒ္ဓါတရားတို့ကို လေထဲ လွှင့်လိုက်ပါပြီ။ မြစ်ထဲ မျောလိုက်ပါပြီ။
အလွန် နှစ်သက်ဖွယ် ကောင်းပါပေသည်။ မှောက်နေသော အိုးကို လှန်၍ ပြသကဲ့သို့၎င်း၊ မျက်စိ လည်နေသူအား လမ်းမှန်ကို ပြောပြသကဲ့သို့၎င်း၊ အမှောင် ခန်းထဲ၌ ဆီမီးရောင်ကို ထွန်းပြ သကဲ့သို့၎င်း ဗုဒ္ဓမြတ်စွာသည် ပရိယာယ်အမျိုးမျိုးဖြင့် တရားတော်ကို ထင်ရှားပြအပ်ပါပေပြီ။
ဒကာတော်သည် မြတ်စွာဘုရားကို၎င်း၊ တရားတော်ကို၎င်း၊ ဘိက္ခု သံဃာတော်ကို၎င်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ ယနေ့မှစ၍ “ဥပါသကာ မှတ်တော်မူပါ”ဟု လျှောက်လေသည်။
အမှာ
ဤသို့ ရတနာသုံးပါးကို ကိုးကွယ်၍ သရဏဂုံ တည်စေလိုသောကြောင့်သာ ဗုဒ္ဓမြတ်စွာသည် ကိုယ်တော်၏ တန်ခိုးကို မိန့်တော်မူပါသည်။ သရဏဂုံကို ယုံယုံကြည်ကြည် ဉာဏ်ဖြင့် သက်ပင်၍ တည်သူမှာ ငါးပါးသီလ စင်ကြယ် လုံခြုံပါမူ သောတာပန်ဖြစ်နိုင်သည် မဟုတ်ပါလော။
ရွှေရောင်ဝတ်စုံကို လှူဒါန်းခြင်း
မလ္လမင်းသား ဖြစ်သော ပုက္ကုသသည် ဥပါသကာ အဖြစ်ကို အသိအမှတ်ပြုပါဟု လျှောက်ပြီး နောက် မိမိသွားလေရာယူ၍ အရေးကြီးသော ကိစ္စ၌သာ ဝတ်လေ့ရှိသော ရွှေရောင်တောက် နေသော အဝတ်အစုံကို လက်ခံတော်မူပါရန် လျှောက်ထားသော အခါ “တထည်ဖြင့် ငါဘုရားကို လှူ၍ တထည်ဖြင့် အနန္ဒာကိုလှူလော့”ဟု မိန့်တော်မူသည်။
သင်္ကန်း လှူပြီးနောက် ပုက္ကုသကို တရားဟောတော်မူ၍ ပုက္ကုသသည် အလွန် ရွှင်လန်း ဝမ်းမြောက်စွာဖြင့် ဗုဒ္ဓမြတ်စွာကို ရှိခိုး၍ မိမိသွားမြဲ အရပ်သို့ သွားလေသည်။
အသားတော်ရောင်နှင့် အဝတ်ရောင်
ပုက္ကုသ ပြန်သွားသောအခါ အရှင်အာနန္ဒာသည် ရွှေရောင် တောက်နေသော အဝတ်အစုံကို မိမိအတွက်ပါ မြတ်စွာဘုရား၏ ကိုယ်တော်ကို ဆက်ကပ်လေသည်။ မြတ်စွာဘုရားသည် တထည်ကို ဝတ်၍ တထည်ကို အပေါ်၌ ခြုံတော်မူသောအခါ ရွှေရောင်ကို မြတ်စွာဘုရား၏ ကိုယ်တော်က လွှမ်းမိုးလိုက်သကဲ့သို့ ထင်ရလောက်အောင် အဝတ်၏ ရွှေရောင်သည် မှိန်သွား၏။
အရှင်အာနန္ဒာသည် ဗုဒ္ဓမြတ်စွာ၏ အရေအဆင်းတော်သည် အလွန် ကြည်လင်နေ ပါကြောင်း လျှောက်သောအခါ ...
ရုပ်တော် အကြည်ဆုံး ၂-ချိန်
အာနန္ဒာ ... ငါဘုရားကိုယ်တော်၏ အဆင်းသည် နှစ်မျိုးသော အချိန်အခါတို့၌ အခြားအခါထက် သာလွန်၍ ကြည်လင်၏။ ပဌမအချိန် အခါကား ဘုရား ဖြစ်တော်မူမည့် ညဉ့် အခါတည်း။ ထိုညဉ့်၌ သုဇာတာ လှူအပ်သော နို့ဃနာဆွမ်းဝယ် နတ်တို့သည် နတ်သြဇာကို ထည့်ကြ၏။ ထို့ကြောင့် ထိုဆွမ်းကို ဘုဉ်းပေးသောအခါ ကြည်လင်သော အာဟာရရုပ်များ ဖြစ်၏။ ထို့ပြင်-ဘုရား ဖြစ်တော်မူ၍ “ကမ္ဘာ ကုဋေ မရေမတွက်နိုင်သော ကာလက စုတေသော ကိလေသာအစုကို ပယ်တော် မူအပ်ပြီ”ဟု ဆင်ခြင်လိုက်သောအခါ စိတ်သည် အလွန် ကြည်လင်၏။ ထို့ကြောင့် ဘုရားဖြစ်အခါ၌ ငါ၏ ကိုယ်တော်သည် အခြားအခါထက် ပို၍ ကြည်လင်သည်။
ယနေ့ကား သူကရမဒ္ဒဝ၌ နတ်တို့သည် နတ်သြဇာကို ထည့်ကြကုန်၏။ ထို သူကရမဒ္ဒဝကို ဘုဉ်းပေးရခြင်းဖြင့် အာဟာရကြောင့်ဖြစ်သော ရုပ်သည် ကြည်လင်၏။ ထို့ပြင်-ယနေ့ညဉ့်၏ နောက်ဆုံးအချိန့်၌ ရှေးဘုရားတို့ ဝင်အပ်သော အမြိုက်နိဗ္ဗာန်သို့ ဝင်ရမည်ဟု ဆင်ခြင်တော် မူသောအခါ ငါ၏စိက်သည် ဝမ်းမြောက်ဝမ်းသာ လွန်စွာ ကြည်လင်၏။ စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်များလည်း ကြည်လင်သည်။
ထို့ကြောင့် နောက်ဆုံးခါ၌လည်း ငါဘုရား၏ ကိုယ်အဆင်းတော်သည် အခြားအခါ တို့ထက် ပို၍ ကြည်လင်သည်။
ရေသုံးသပ်တော်မူခြင်း
ဤသို့ မိန့်တော်မူပြီးလျှင် “ကကုဓာမြစ်သို့ သွားကြစို့”ဟု မိန့်တော်မူ၍ ရဟန်းများနှင့် အတူ ကကုဓာမြစ်သို့ ကြွမူ၍ ကိုယ်တော်တိုင် ရေသို့ဆင်း၍ ရေသုံးသပ်တော်မူသည်။ ရေသုံးသပ်တော်မူသောအခါ မြစ်အတွင်း၌ ရှိကြသော ငါး လိပ်တို့သည်၎င်း၊ နှစ်ဖက်သော ကမ်းအနီး၌ ရှိသော တောအုပ်သည်၎င်း အားလုံး ရွှေအဆင်းရှိအောင် ဗုဒ္ဓကိုယ်ရောင်တော် ကူးစက်လေသည်။
ခေတ္တလျောင်းတော်မူခြင်း
ဗုဒ္ဓမြတ်စွာသည် ရေသုံးသပ်တော်မူပြီး၍ အနီးအပါး၌ရှိသော သရက်ဥယျဉ်သို့ ကြွတော်မူပြီးလျှင် အရှင်စုန္ဒကကို မိန့်တော်မူသည်မှာ-“စုန္ဒက … လေးထပ် ရှိသော သင်္ကန်းကြီးကို ခင်းလိုက်လော့၊ ငါဘုရား ပင်ပန်းတော်မူသည်။ လျောင်းဦးမည်” ဤသို့ မိန့်တော်မူ၏။
(ထိုအချိန်၌ အရှင်အာနန္ဒာသည် ရေသနုပ်ကို ရေညှစ်၍ နေရစ်သောကြောင့် အရှင်စုန္ဒကကို ခင်းစေတော်မူခဲ့သည်။)
အရှင်စုန္ဒကသည် သင်္ကန်းကြီးကို ခင်းပြီးသောအခါ ဗုဒ္ဓမြတ်စွာသည် လက်ျာ နံတောင်းဖြင့် လျောင်းတော်မူ၍ ထဘို့ရန်အချိန်ကို မှန်းလျက် ခေတ္တမျှ ကျိန်းစက်တော်မူသည်။
ဆွမ်းဒကာစုန္ဒ သဒ္ဓါတိုးစေခြင်း
ဗုဒ္ဓမြတ်စွာသည် ကျိန်းစက်ရာမှ နိုးတော်မူသောအခါ ရှင်အာနန္ဒာကို မိန့်တော် မူသည်မှ - ငါဘုရား ဝမ်းတော်လားခြင်းကို ကြားရ၍ ဆွမ်းဒါယကာဖြစ်သော စုန္ဒအား တစုံတယောက်က (သင်၏ဆွမ်းကို ဘုဉ်းပေးတော်မူသောကြောင့် ဗုဒ္ဓမြတ်စွာ ဝမ်းတော်ရသည်”ဟု စိတ်နှလုံး ချမ်းမသာဖြစ်၍ သဒ္ဓါတရား ပျက်သွားတောင် ပြောလျှင်) စုန္ဒကို နှလုံးမသာမယာ မဖြစ်အောင် ဤစကားကို ပြောရစ်လော့။
“ဒါယကာ စုန္ဒ ... သင့်မှာ အလွန်ကံကောင်းပါပေသည်။ ဗုဒ္ဓမြတ်စွာသည် ပရိနိဗ္ဗာန် စံတော်မူမည့်နေ့၌ အသင်၏ ဆွမ်းကို နောက်ဆုံး အဖြစ်ဖြင့် ဘုဉ်းပေးတော်မူပါသည်။ ဒါယကာ စုန္ဒ … ငါသည် မြတ်စွာဘုရား၏ အထံတော်မှ ကြားနာလိုက်ရသော စကားရှိပါသည်။
ဘုရား ဖြစ်မည့်နေ့၌ ဘုဉ်းပေးရသော သုဇာတာ၏ ဃနာနို့ဆွမ်း၊ ပရိနိဗ္ဗာန် စံမည့်နေ့၌ ဘုဉ်းပေးရသော စုန္ဒ၏ဆွမ်း၊ ဤဆွမ်းနှစ်မျိုးသည် အကျိုးပေးတူ၏။ အခြားသော ဆွမ်းတို့ထက် သာ၍ အကျိုးကြီး၏။
ထိုအကျိုးကား -
- အသက်ရှည်ခြင်း၊
- အဆင်းလှခြင်း၊
- ချမ်းသာကြီးခြင်း၊
- အခြွေအရံများခြင်း အကျိုးကိုဖြစ်စေနိုင်၏။
- နတ်ပြည်ကိုလည်း ဖြစ်စေနိုင်၏။
- အကြီးအကဲကိုလည်း ဖြစ်စေနိုင်၏။
ဤသို့ မြတ်စွာဘုရား အထံတော်မှ နာခံလိုက်ရပါသည်”ဟု ပြော၍ “စုန္ဒဥပါသကာကို စိတ်နှလုံး မသာမယာ မဖြစ်စေပဲ သဒ္ဓါတရား တိုးပွါးအောင် ပြောထိုက်၏” ဟု မိန့်တော်မူသည်။
ကုသိနာရုံသို့ ကြွတော်မူခြင်း
“အာနန္ဒာ ... ဟိရညဝတီမြစ်၏ ဟိုဘက်ကမ်း၌ တည်ရှိသော ကုသိနာရုံမြို့ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်သို့ သွားကြစို့”ဟု မိန့်တော်မူ၍ ဗုဒ္ဓမြတ်စွာသည် မရေတွက်နိုင်အောင် များမြောင်သော သံဃာများနှင့် အတူ ကြွတော်မူသည်။
[ဘုရား ပရိနိဗ္ဗာန်စံတော်မူခါနီးပြီဟု ကြားရသောကြောင့် ဘုရားအထံတော်သို့ ရောက်ပြီးသော ရဟန်းများသည် မပြန်ကြတော့ပဲ ထပ်၍ထပ်၍သာ ရောက်လာ ကြသောကြောင့် အရေအတွက်ကို မပြတော့ပဲ “များစွာသော ရဟန်းသံဃာနှင့် အတူ” ဟုသာ ပါဠိတော်၌ ဆိုထားသည်။]
ညောင်စောင်းငယ်၌ လျောင်းတော်မူခြင်း
ကုသိနာရုံမြို့သို့ ရောက်သောအခါ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်သို့ ကြွတော်မူ၍ မိန့်တော်မူသည်မှာ - အာနန္ဒာ … အင်ကြင်းပင်နှစ်ပင်တို့၏ အကြား၌ မြောက်ဘက် သို့ ဦးခေါင်း ထား၍ ညောင်စောင်းငယ်ကို ခင်းလိုက်လော့။
ငါဘုရား ပင်ပန်းတော်မူသည်။ လျောင်းတော်မူအံ့”ဟု မိန့်တော်မူ၍ အရှင်အာနန္ဒာ ခင်းပေးအပ်သော ညောင်စောင်းငယ်ပေါ်ဝယ် လက်ျာနံပါးဖြင့် စောင်းတော်မူ၍ လက်ျာခြေပေါ်ဝယ် လက်ဝဲခြေကို တင်တော်မူပြီးလျှင် သတိသမ္ပဇဉ် ဉာဏ်ဖြင့် ယှဉ်၍ မြတ်သော လျောင်းတော်မူခြင်းကို ပြုတော်မူပါသည်။
မှတ်ချက်
ထိုဥယျာဉ်ထည်း၌ မလ္လာမင်းတို့ လာသောအခါ ခေတ္တခဏမျှ လည်းလျောင်း၍ နေဘို့ရာ ညောင်စောင်းငယ် (ခဋင်ငယ်) ရှိ၏။ ထိုညောင်စောင်းငယ်ပေါ်၌ ဗုဒ္ဓမြတ်စွာ လျောင်းတော်မူ သောအခါ ခင်းစရာလည်း နှစ်ထပ်သင်္ကန်းကြီးမှ တပါး အခြား အခင်း မရှိ၊ ခေါင်းအုံးလည်း မရှိ။ ထိုနေရာ၌ပင် သာမန်ပုဂ္ဂိုလ်တို့ လည်းလျောင်းသည့် အနေအားဖြင့် လက်တော်ကို ခေါင်းအုံး၍ လျောင်းတော်မူဟန် တူပါသည်။
ရှိသမျှအားတော် ကုန်ခန်းခြင်း
ဗုဒ္ဓမြတ်စွာ၏ ပင်ကိုယ် အားတော်ကို ဤကျမ်းငယ်၏ အစ၌ ပြခဲ့ပြီးပါပြီ။
ပကတိဆင်တို့၏ ကုဋေတထောင်အားကို ဆောင်သော ယောက်ျားမြတ်၏ ထိုအားတော်သည် စုန္ဒ၏ သူကရမဒ္ဒဝ အာဟာရကို ဘုဉ်းပေးပြီးရာ အခါမှစ၍ ရေစစ်ထဲ၌ လှည့်အပ်သော ရေကဲ့သို့ အလုံးစုံ ကုန်ခန်းလေပြီ။
ပါဝါမြို့နှင့် ကုသိနာရုံမြို့သည် သုံးဂါဝုတ်မျှသာ ဝေး၏။ ထိုခရီးဝယ် ဗုဒ္ဓမြတ်စွာသည် နှစ်ဆယ့်ငါးဌာန၌ နား၍ နား၍ ကြီးစွာသော အားထုတ်ခြင်းဖြင့် ကြွတော် မူပါသော်လည်း နေဝင်ခါနီးမှ အင်ကြင်းဥယျာဉ်သို့ ရောက်တော်မူသည်။
ထို့ကြောင့် ရောက်တော်မူလျှင် ကြားရသူတို့ သံဝေဂဖြစ်ဖွယ်ရာ “အာနန္ဒာ ... ပင်ပန်းတော်မူသည်။ လျောင်းဦးမည်”ဟု မိန့်တော်မူပါသည်။
မေးဖွယ်။ ။ “ဗုဒ္ဓမြတ်စွာသည် ဤ ကုသိနာရုံမြို့သို့ ရောက်အောင် အဘယ်ကြောင့် ကြိုးကြိုး စားစား ကြွတော်မူရပါသနည်း” ဟု မေးဖွယ်ရှိ၏။
ရည်ရွယ်တော်မူချက် သုံးမျိုး
နောက်၌ “ဤမြို့ကလေးဝယ် ပရိနိဗ္ဗာန် စံတော်မမူသင့်ပါ” ဟု အရှင်အာနန္ဒာက လျှောက်သောအခါ မဟာသုဒဿနသုတ်ကို ဟောတော်မူရန် အခွင့် ပေါ်လာလိမ့်မည်။ ထိုအခါ -
“ကဿပမြတ်စွာဘုရား သာသနာတော်ဝယ် (ဘုရားပရိနိဗ္ဗာန် စံပြီးနောက်၌) သူတော်ကောင်း ရဟန်းတော်အား သစ်ရွက်ကျောင်းကို ဆောက်၍လှူခြင်း၊ ရေကန်တူးခြင်း၊ ရဟန်းအသုံးအဆောင် မှန်သမျှ အလုံးစုံကို လှူဒါန်းခြင်း ဟူသော ကောင်းမှုကို ပြုခဲ့သောကြောင့် လူ့ဘဝ၌ပင် နတ်စည်းစိမ်ကဲ့သို့ ကြီးကျယ်သော စကြာမင်းစည်းစိမ်ကို ဤကုသိနာရုံမြို့ဌာန၌ ရခဲ့ဘူး၏”ဟု ဟောတော်မူသည်ကို ကြားနာရသူတို့ ကောင်းမှု အနည်းငယ်ဖြင့် ကြီးကျယ်သော စည်းစိမ်ကို ရနိုင်ကြောင်းသိ၍ ကောင်းမှုပြုကြစေလိုသော ရည်ရွယ်တော်မူခြင်း တပါး၊
ဤ ကုသိနာရုံမြို့၌နေသော သုဘဒ္ဒပရိဗိုဇ်ကို နောက်ဆုံး ချွတ်ဘို့ရန် ရည်ရွယ်တော်မူခြင်း တပါး၊
ဓာတ်တော်ဝေသောအခါ ဓာတ်တော်ရဘို့ရန် မင်းအပေါင်းတို့ လာကြရာဝယ် ဝေပေးမည့်သူ မရှိလျှင် သွေးချောင်းစီးစရာ ရှိသောကြောင့် ဓာတ်တော်ဝေပေးမည့် ဒေါဏပုဏ္ဏားက ဤနေရာ၌သာ ရှိနိုင်ခြင်းတပါး၊
ဤအကြောင်း သုံးပါးကြောင့် ဗုဒ္ဓမြတ်စွာသည် အပင်ပန်းခံလျက် ကုသိနာရုံမြို့သို့ ရောက်အောင် ကြွတော်မူခဲ့ရပါသည်။
နတ်တို့ ပူဇော်ကြခြင်း
ဗုဒ္ဓမြတ်စွာသည် အင်ကြင်း ဥယျာဉ်ဝယ် ညောင်စောင်းငယ်ပေါ်၌ လျောင်းတော်မူသောအခါ ဤလျောင်းတော်မူခြင်းသည် မထသော လျောင်းတော်မူခြင်းဖြစ်၍ နတ်တို့သည် နောက်ဆုံး ပူဇော်ခြင်းအားဖြင့် ပူဇော်ကြကုန်၏။ ဦးခေါင်းတော်ဘက် ခြေရင်းတော်ဘက်၌ ရှိကြသော အင်ကြင်းပင်ပျို အစုံတို့သည် ပင်လုံးကျွတ် ပွင့်ကြကုန်၏။
ရုက္ခဇိုဝ်းနတ်တို့သည် ထို ပွင့်ရာ အကိုင်းအခက်တို့ကို လှုပ်ချ၍ ဗုဒ္ဓမြတ်စွာ၏ ကိုယ်တော်ကို ကြဲဖြန့်လျက်၎င်း၊ အထက်အထက်၌ ဖြန့်လျက်၎င်း၊ အထပ်ထပ် ဖြန့်လျက်၎င်း ပူဇော်ကြကုန်၏။ အခြားနတ်တို့လည်း ကောင်းကင်မှု မန္ဒာရဝ နတ်ပန်းတို့ကို ပူဇော်သောအားဖြင့် ကြဲချကြကုန်၏။ နတ်၌ဖြစ်သော စန္ဒကူး နံ့သာမှုန့်တို့ကို ကောင်းကင်မှ ကြဲချ၍ ပူဇော်ကြကုန်၏။ နတ်၌ဖြစ်သော တူရိယာတို့ကို တီးမှုတ်သောအားဖြင့် ပူဇော်ကြကုန်၏။
ဤနည်းအားဖြင့် ကောင်းကင်၌ နတ်တူရိယာသံတို့ ဖြစ်ကြသည်ဟု ဆိုရသည်။
ဝရုဏနှင့် ဝါရဏနတ်တို့ ပူဇော်ပုံ
ထိုနတ် နှစ်ယောက်သည် အလွန် အသက်ရှည်ကြ၏။
“ဘုရားအလောင်းသည် လူ့ပြည်၌ ဘုရားဖြစ်လိမ့်မည်ဟု ကြား၍ ပဋိသန္ဓေ နေသော အခါ ဤပန်းကုံးကို ယူ၍သွားမည်ဟု ပန်းကုံး ကြလေသည်။ ဘုရားအလောင်း ပဋိသန္ဓေနေသောအခါ ပန်းကုံး၍မပြီးသေး။
“အသင်တို့ ဘယ်သူ့ဘို့ ကုံးကြသနည်း”ဟု မေးသောအခါ “ကျုပ်တို့ ပန်းကုံးလို့ မပြီးသေးဘူး၊ မယ်တော်၏ ဝမ်းမှ ဖွားချိန်၌ ယူသွားမည်”ဟု ပြောကြ၏။
“မယ်တော်ဝမ်းမှဖွားပြီ” ဟု အခြားနတ်တို့က ပြောသောအခါ “တောထွက်တဲ့ နေ့ရောက်မှ ယူသွားမည်”ဟု ပြော၏။
အခြားနတ်တို့က “တောထွက်သွားပြီ”ဟု ပြောသောအခါ “ဘုရားဖြစ်တဲ့နေ့ ယူသွားမည်” ဟု ပြောကြပြန်၏။ ဤသို့ အဆက်ဆက်အားဖြင့် ထင်ရှားသော နေ့တွေသို့ ရောက်သော်လည်း ပန်းကုံး မပြီးသေး။
“ပရိနိဗ္ဗာန် စံတော်မူပြီ” ဟု ပြောသောအခါ “ဘုရားဖြစ်ရတာ ဘာမှ မကြာ ပါပဲလား” ဟု ပြော၍ မပြီးသေးသော ပန်းကုံးတို့ကို ယူလာကြပြီးလျှင် စကြဝဠာ အတွင်း၌ ဆန့်တန်းဘို့ နေရာမရသောကြောင့် စကြဝဠာ နှုတ်ခမ်းရစ်၌ ချိတ်ဆွဲ ရသည်။
ထိုနောက် သူတို့နှစ်ယောက် လက်အချင်းချင်း လည်ပင်းအချင်းချင်း ဆွဲကာ ဖက်ကာ ဗုဒ္ဓမြတ်စွာ၏ ဂုဏ်တော်တို့ကို ပြော၍ပြော၍ ဂုဏ်တော်ပွဲ သီချင်းများကို သီဆိုပြီးလျှင် သီချင်း အဆုံး အဆုံး၌ “မဟာယသော မဟာယသော”ဟု ကြွေးကြော်ကြလေသည်။
ဤနည်းအားဖြင့် “ကောင်းတင်၌ နတ်သီချင်းသံတို့လည်း ဖြစ်ကြသည်” ဟု ဆိုသည်။
(မဟာယသော - များသော ကျော်စောခြင်းရှိသူ။)
အာမိသပူဇာနှင့် ဓမ္မပူဇာ
ဆွမ်း သင်္ကန်း ပန်းစသော ပစ္စည်းများကို “အာမိသ”ဟု ခေါ်၏။ ထိုအာမိသဖြင့် ဗုဒ္ဓမြတ်စွာကို ပူဇော်ခြင်းသည် “အာမိသပူဇာ” မည်၏။
ဗုဒ္ဓမြတ်စွာ၏ ဩဝါဒတရားတော်ကို “ဓမ္မ”ဟု ခေါ်၏။ ထိုတရားတော်အတိုင်း ကျင့်၍ နေခြင်းသည် မြတ်စွာဘုရား အလိုတော်အတိုင်း ဖြစ်သောကြောင့် မြတ်စွာဘုရားကို ဓမ္မဖြင့် ပူဇော်သည် မည်၏။
အာနန္ဒာ ... ငါဘုရားကို ပန်းတို့ဖြင့် ပူဇော်ခြင်း၊ နတ်၌ဖြစ်သော တူရိယာတို့ကို တီး၍ ပူဇော်ခြင်း၊ နတ်၌ ဖြစ်သော ဂီတကို သီဆို၍ ပူဇော်ခြင်း ဤကဲ့သို့ ပူဇော်ခြင်းသည် ငါဘုရားကို အလေးပြုအပ် မြတ်နိုးအပ် ပူဇော်အပ်သည် မမည်။
အာနန္ဒာ ... ဘိက္ခု ဖြစ်စေ၊ ဘိက္ခုနီဖြစ်စေ၊ ဥပါသကာယောက်ျား ဖြစ်စေ၊ ဥပါသိကာမိန်းမဖြစ်စေ ငါဘုရား ဆုံးမအပ်သော တရားတော်အတိုင်း ကောင်းစွာ ကျင့်၍ နေ၏။ ထိုသူသည်သာ ငါဘုရားကို မြတ်နိုးရာရောက်၏။ ပူဇော်ရာ ရောက်၏။ အလေးဂရုပြုသည် မည်၏။ စိတ်ဖြင့် မြတ်နိုးသည်မည်၏။ ကောင်းသော ပူဇော်ခြင်းဖြင့် ပူဇော်သည် မည်၏။
ထို့ကြောင့် ဘိက္ခု ဖြစ်စေ၊ ဘိက္ခုနီဖြစ်ပေ၊ ဥပါသကာ ယောက်ျားဖြစ်စေ၊ ဥပါသိကာမိန်းမဖြစ်စေ မည်သူမဆို ငါဘုရား၏ ဩဝါဒတရားကို လိုက်နာပြုကျင့်၍ မိမိ၏စိတ်ကို ဆုံးမသောအားဖြင့် ကြိုးစားရမည်။
ဥပဝါဏထေရ်ကို နေရာမှ ဖယ်စေရခြင်း
အရှင် ဥပဝါဏထေရ်သည် တုတ်တုတ် ၀၀ ဖြစ်၏။ မြတ်စွာဘုရား၏ရှေ့၌ ယပ်ခပ်လျက် နေ၏၊ ထိုအချိန်၌ စကြဝဠာ တသောင်းမှ ရောက်လာကြသော နတ်တို့သည် အရှင်ဥပဝါဏ၏ ဘုရားရှေ့တော်၌ ကွယ်နေခြင်းကြောင့် ရဟန္တာပုဂ္ဂိုလ်ကို ထိုးဖောက်၍ နတ်မျက်စိဖြင့် မမြင်နိုင်။ ထို့ကြောင့် နတ်တို့သည် အရှင်ဉာဏမထရ်ကို ကဲ့ရဲ့ကြသည်။
“တို့မှာ အဝေးကြီးက မြတ်စွာဘုရားကို ဖူးမြင်လို၍ လာခဲ့ကြသည်။ မြတ်စွာဘုရား တို့လည်း လော၌ တခါတလေမှ ပွင့်တော်မူကြကုန်၏။ ယနေ့ကား ပရိနိဗ္ဗာန် စံတော်မူတော့မည်။ တန်ခိုးကြီးသော ရဟန်းကလည်း မြတ်စွာဘုရား၏ ရှေ့တော်၌ ကွယ်နေ၏၊ ငါတို့သည် နောက်ဆုံး အချိန်ဝယ် မြတ်စွာဘုရားကို ဖူးမြင်ခွင့်မရကြ”
ဤသို့ စိတ်ထည်း၌ ကြံ၍ အရှင်ဥပဝါဏကို ကဲ့ရဲ့ကြသည်။ ထိုသို့ကဲ့ရဲ့သော နတ်တို့မှာ အပြစ်ကြီးမည်စိုး၍ ဥပဝါဏမထေရ်ကို တနေရာသို့သွား၍ နေဘို့ရန် မိန့်တော် မူရသည်။
မှတ်ချက်
ထိုအချိန်မှာ ကုသိနာရုံမြို့၏ ၁၂-ယူဇနာ အတွင်း၌ သားမြီး၏ အဖျားလောက်သာ ကျယ်သော တနေရာဝယ် နတ်တို့ မရှိသော အရပ်ဟူ၍ မရှိ။ မြတ်စွာဘုရား၏ အနီးဆုံး အရပ်ဝယ် သားမြီးဖျား ပမာဏရှိသော အရပ်ကခု၌ အလွန် သိမ်မွေ့သော ကိုယ်ကို ဖန်ဆင်း၍ ဆယ်ယောက် ဆယ်ယောက်စီ စုဝေး၍ တန်ခိုးကြီးသောနတ်များ နေကြသည်။ ထိုနတ်တို့၏ နောက်၌ နှစ်ဆယ်စီ နှစ်ဆယ်စီ နေကြသည်။
ဤနည်းအားဖြင့် နောက်နောက်က နေသော နတ်တွေ အလွန် သေးငယ်အောင် ဖန်ဆင်း၍ နေကြရလေသည်။ ထိုနတ်တို့သည် တန်ခိုးကြီးသော ဥပဝါဏမထေရ်ကို နတ်မျက်စိဖြင့် ဖောက်ထွင်း၍ မမြင်နိုင်ကြသောကြောင့် ကဲ့ရဲကြလေသည်။
နတ်များငိုကြခြင်း
တချို့နတ်တို့က ကောင်းကင်၌ပင် မြေအသွင် ဖန်ဆင်း၍ ငိုကြ၏၊ အလယ်ကပြတ်၍ ကျသကဲ့သို့ ထိုထိုအရပ်၌ လဲ၍သွားကြ၏။ လဲ၍ကျရာအရပ်မှ ရှေ့သို့ လူးလိမ့် သွားပြီးလျှင် ဘုရားရှင်၏အနီး လဲကျရာအရပ်သို့ ပြန်လာကြကုန်၏။ တချို့နတ်တို့က လဲကျရာအလုပ်မှ တဖက်အရပ်သို့ လူးလိမ့်၍ သွားကြကုန်၏။ တချို့နတ်တို့က ရှေ့တကြိမ်သွားလိုက်၊ နောက်တကြိမ်ပြန်လိုက်၊ ဤသို့အားဖြင့် လူးလိမ့်ကြကုန်၏။
“ဗုဒ္ဓမြတ်စွာ၏ ပရိနိဗ္ဗာန်စံတော်မူခြင်းသည် မြန်လွန်းလှပါတကား။ မြန်လွန်းလှ ပါတကား။ လောက၌ ဉာဏ်မျက်လုံးတောင်ကြီး အလွန်လျင်စွာ ကွယ်ပျောက်တော် မူတော့မှာပဲ”ဟု ပြောကာ ပြောကာ ငိုကြရှာသည်။
အနာဂါမ် ရဟန္တာပုဂ္ဂိုလ်များမှတပါး ပုထုဇဉ် သောတာပန် သကဒါဂါမ် အနာဂါမ် တို့သည် မငိုပဲ မနေနိုင်ကြ။ အနာဂါမ် ရဟန္တာဖြစ်သော လူ နတ် ဗြဟ္မာတို့အား တရားသံဝေဂဖြင့် မငိုပဲ နေနိုင်ကြသည်။
[အနာဂါမိမဂ်ကိုရလျှင် ငိုတတ်သော သောက ဒေါမနဿကို ပယ်နိုင်၏။ ထို့ကြောင့် မငိုပဲ နေနိုင်ကြသည်။
သံဝေဂယူဘို့ရာ လေးဌာန
အရှင်အာနန္ဒာသည် “ဘုရား ပရိနိဗ္ဗာန် စံတော်မူသောအခါ ရှေးက ဘုရားအထံသို့ ကြွလာလေ့ ရှိကြသော၊ ဖူးမြင်ရရုံမျှဖြင့် စိတ်ကို တိုးပွါးစေနိုင်ကြ။ စိတ်နေစိတ်ထား ကြီးမားစေနိုင်ကြသော ရဟန်းတော်တို့သည် ကြွလာတော့မည် မဟုတ်”ဟု တွေး၍ ဝမ်းနည်းစကားကို လျှောက်ထားလေသည်။ ထိုအခါ မြတ်စွာဘုရားသည် သံဝေဇနိယဌာန လေးဌာနကို မိန့်တော်မူ၏။
ထို လေးဌာနကား -
ဘုရားဖွားတော်မူရာဌာန၊
ဘုရား ဖြစ်တော်မူရာဌာန၊
ဓမ္မစကြာတရား ဟောတော်မူရာ ဌာန၊
ပရိနိဗ္ဗာန် စံတော်မူရာဌာန များတည်း။
အာနန္ဒာ ... ငါဘုရား ပရိနိဗ္ဗာန်စံတော် မူသောအခါ ထိုလေးဌာနသည် သဒ္ဓါတရားကောင်းသော အမျိုးသားတို့ သံဝေဂယူရာ ဌာနများ ဖြစ်ကြလိမ့်မည်။ “ထို ဌာနများကို ကြည့်၍ သံဝေဂ ယူကြဘို့ရာ ထို သူတော်ကောင်းများ လာကြပါလိမ့်မည်”ဟု မိန့်တော်မူသည်။
ဖွားတော်မူရာဌာန
အာနန္ဒာ ... သဒ္ဓါတရား ကောင်းသော အမျိုးကောင်းသားတို့သည် ဗုဒ္ဓမြတ်စွာ ဖွားတော်မူရာ [ယခုအခါ နီပေါနှင့် ဣန္ဒိယပြည်နယ်စပ်အနီး နီပေါပြည် ရုမ္မိနိဒေသီ အရပ်၌ တည်ရှိသော] လုမ္ဗနီဥယျာဉ်သို့ လာ၍ ထိုနေရာကို စေ့စေ့ငုငု ကြည့်ရှုပြီးလျှင် “ဤနေရာ၌ ငါတို့ကိုးကွယ်ရာ ဗုဒ္ဓမြတ်စွာသည် ဖွားမြင်တော်မူခဲ့၏။
ယခုအခါ ထိုဗုဒ္ဓမြတ်စွာကို မဖူးမြင်ရတော့ပါတကား”ဟု သံဝေဂယူရင်း တရား နှလုံးသွင်းကာ တရားထူးရနိုင်မည့် သူတော်ကောင်း ရဟန်းများ လာကြလိမ့်မည်။ ထိုအခါ စိတ်ကို တိုးပွါးစေနိုင်သော ရဟန်းကောင်းများကို ဖူးမြင်ရပါလိမ့်မည်။
ဘုရားဖြစ်တော်မူရာဌာန
[ယခုအခါ ဘီဟာနယ် ဂါယာမြို့၏ တောင်ဘက် ခြောက်မိုင်အကွာတွင် တည်ရှိသော ဗုဒ္ဓဂါယာဟု ထင်ရှားသော အရပ်ရှိ၏။ ထိုအရပ်၌ ဗုဒ္ဓမြတ်စ္စာသည် သဗ္ဗညုတဉာဏ်တော်ကို ရ၍ ဘုရား ဖြစ်တော်မူ၏။]
အာနန္ဒာ ... သဒ္ဓါ တရားကောင်းသော အမျိုးကောင်းသားသည် ဘုရားဖြစ်တော်မူရာဌာနသို့ လာ၍ ထိုနေရာကို စေ့စေ့ငုငုကြည့်ရှုပြီးလျှင် “ဤနေရာ၌ ဗုဒ္ဓမြတ်စွာသည် သဗ္ဗညုတဉာဏ်တော်ကို ရ၍ ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူခဲ့၏။
ယခုအခါ ထိုဗုဒ္ဓမြတ်စွာကို မဖူးမြင်ရတော့ပါတကား”ဟု သံဝေဂယူရင်း တရားနှလုံးသွင်းကာ တရားထူးရမည့် ရဟန်းကောင်းများ လာကြလိမ့်မည်။ ထိုအခါ စိတ်ကို တိုးပွါးစေနိုင်သော ရဟန်းကောင်းများကို ဖူးမြင်ရပါလိမ့်မည်။
ဓမ္မစကြာ ဟောတော်မူရာဌာန
[ယခုအခါ ဣန္ဒိယ၌ ဗာရာဏသီမြို့ ဘူတာရုံမှ ခြောက်မိုင် အကွာတွင် တည်ရှိသော မိဂဒါဝုန်၌ ဓမ္မစကြာ ဟောတော်မူဌာနဟု သတ်မှတ်အပ်သော ဌာနတရပ်ရှိ၏။]
အာနန္ဒာ … သဒ္ဓါတရားကောင်းသော အမျိုးကောင်းသားသည် ဓမ္မစကြာ ဟောတော်မူရာ ဌာနသို့ လာ၍ ထိုနေရာကို စေ့စေ့ငုငုကြည့်ရှုပြီးလျှင် “ဤနေရာ၌ ဗုဒ္ဓမြတ်စွာသည် ဓမ္မစကြာတရားကို ဟောတော်မူခဲ့၏။
ယခုအခါ ထိုဗုဒ္ဓမြတ်စွာကို မဖူးမြင်ရတော့ပါ တကား”ဟု သံဝေဂယူရင်း တရား နှလုံးသွင်းကာ တရားထူးရမည့် ရဟန်းကောင်းများ လာကြလိမ့်မည်။ ထိုအခါ စိတ်ကို တိုးပွါးစေနိုင်သော ရဟန်းကောင်းများကို ဖူးမြင်ရပါလိမ့်မည်။
ပရိနိဗ္ဗာန် စံတော်မူရာ ဌာန
[ယခုအခါ ဥတ္တပရာဒက်ရှ် ပြည်နယ် ဂိုရပ်စ်ပုရ်မြို့နှင့် ၃၂-မိုင် အကွာတွင် တည်ရှိသော ကုသိနာရုံမြို့၌ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်ဟု ထင်ရှားသော ဌာနတရပ် ရှိ၏။ ထိုအရပ်၌ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတော်မူ၏။]
အာနန္ဒာ … သဒ္ဓါတရားကောင်းသော အမျိုးကောင်းသားသည် ငါဘုရား ပရိနိဗ္ဗာန်စံတော်မူရာ ဌာနသို့လာ၍ ထိုနေရာကို စေ့စေ့ငုငု ကြည့်ရှုပြီးလျှင် “ဤနေရာ၌ ဗုဒ္ဓမြတ်စွာသည် ပရိနိဗ္ဗာန် စံတော်မူခဲ့၏။
ယခုအခါ ဗုဒ္ဓမြတ်စွာကို မဖူးမြင်ရပဲ ပရိနိဗ္ဗာန် စံရာဌာနကိုသာ မဖူးမြင်ရတော့ပါ တကား”ဟု သံဝေဂယူရင်း တရားနှလုံးသွင်းကာ တရားထူးရမည့် ရဟန်း ကောင်းများ လာကြလိမ့်မည်။ ထိုအခါ စိတ်ကို တိုးပွါးစေနိုင်သော ရဟန်းကောင်း များကို ဖူးမြင်ရလိမ့်မည်။
စေတီတော်ကို ဖူးမြင်ရခြင်း၏ အကျိုး
အာနန္ဒာ ... ပြအပ်ခဲ့သော လေးဌာနတို့၌ တည်အပ်သော စေတီတော်ကိုဖြစ်စေ၊ (ဓာတ်တော် ဌာပနာရာ အခြားစေတီတော်ကိုဖြစ်စေ) ဖူးမြင်ဘို့ရန် ထက်သန်သော သဒ္ဓါတရား ရှိကြသော ဘိက္ခု၊ ဘိက္ခုနီ၊ ဥပါသကာ၊ ဥပါသိကာမ တို့သည် ပြအပ်ပြီးသော ဌာနသို့ မရောက်ခင် လမ်းခရီး အကြား၌ပင် ကြည်ညိုသော သဒ္ဓါစိတ်ဖြင့် ကွယ်လွန်ကြသည်ရှိသော် သုဂတိဘဝ နတ်ပြည် လောကသို့ ရောက်ကြရလိမ့်မည်။
မှတ်ချက်
ပါဠိတော်၌ “ယေ ကေစိ အာနန္ဒ - စေတိယစာရိကံ အာဟိဏ္ဍန္တာ ပသန္နစိတ္တာ ကာလံ ကရိဿန္တိ၊ သဗ္ဗေ တေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇိဿန္တိ”ဟု ဟောတော်မူ၏။
ဤပါဠိတော်၌ “ပသန္နစိတ္တာ”ပုဒ်ကို အထူး သတိပြုပါ။ စေတီတော်ကို ဖူးမြော်ဘို့ရန် သွားတုန်းကပင် ပသန္နစိတ် (ကြည်ညိုသောစိတ်) ဖြင့် သွား၍ မတော်တဆ လမ်းခရီးမှာ သေသော်လည်း “ဘုရားကို ကြည်ညိုသောစိတ်ဖြင့် သေသူ့အတွက် သုဂတိ နတ်ပြည်သို့ ရောက်ရလိမ့်မည်”ဟု ဆိုပါသည်။
သွားတုန်းက အပျော်ခရီးထွက်၍ ပျော်ယင်း ပါးယင်း သေသူတို့အတွက်ကား သူတို့စိတ် အားလျော်စွာ ရောက်သင့်ရာ ရောက်ကြပါလိမ့်မည်။
မာတုဂါမများအတွက် လျှောက်ထားခြင်း
အရှင်အာနန္ဒာသည် “မာတုဂါမများနှင့် စပ်၍ အဘယ်သို့ ကျင့်ရပါမည်နည်း” ဟု လျှောက်ထား သောအခါ အဒဿနံ အာနန္ဒ - “အာနန္ဒာ … မာတုဂါမကို မတွေ့မမြင်ရခြင်းသည် အကောင်း ဆုံးအကျင့် ဖြစ်၏”ဟုပဌမ မိန့်တော်မူသည်။
မှန်၏။ မိမိ၏ ပရိယတ် ပဋိပတ် တရား၌ စိတ်ဝင်စား၍ ကြိုးစားနေသော ရဟန်းမှာ မာတုဂါမကို မမြင်ရလျှင် လောဘစိတ်လည်း မဖြစ်။ စိတ်လှုပ်ရှားမှုလည်း မဖြစ်။ မိမိ၏ ပရိယတ် ပဋိပတ် တရားအပေါ်၌သာ စိတ်ဝင်စား၍ နေသောကြောင့် မမြင်ရခြင်းကို “အကောင်းဆုံး အကျင့်”ဟု ပဌမစည်း တားတော်မူသည်။
[နဂိုရ်ကပင် စိတ်မထိန်းပဲ ကြံချင်ရာ ကြံနေသူအတွက် မမြင်ရသော်လည်း စိတ်အားဖြင့် သွားနေမည်ဖြစ်သောကြောင့် မမြင်ရရုံမျှကို အကောင်းဆုံး အကျင့်ဟု မဆိုထိုက်သေးပါ။]
အရှင်အာနန္ဒာ။ ။ ဆွမ်းခံသွားရာဌာန စသည်တို့၌ မြင်ရသည်ရှိသော် ဘယ်သို့ ပြုကျင့်ရပါ မည်နည်း။
ဗုဒ္ဓမြတ်စွာ။ ။“အနာလာပေါ အာနန္ဒ = “အာနန္ဒာ... မြင်ရလျှင် စကား မပြောမိကောင် ကျင့်ခြင်းသည် မကောင်းဆုံး အကျင့်ဖြစ်၏”ဟု မိန့်တော်မူ၏။
မှန်၏။ စကားပြောမိလျှင် ရင်းနှီးမှု ဖြစ်၏။ ရင်းနှီးမှုဖြစ်လျှင် ဖောက်ပြန်မှု ဖြစ်တတ်၏။ ဖောက်ပြန်မှု ဖြစ်လျှင် သီလပျက်၍ အပါယ်လေးပါးသို့ ရောက်တတ်သည်။ ထို့ကြောင့် “စကား မပြောမိခြင်းကို အကောင်းဆုံး အကျင့်”ဟု ဒုတိယစည်း တားတော်မူသည်။
အရှင် အာနန္ဒာ။ ။ “စကားမပြောလျှင် မဖြစ်လောက်အောင်ပင် အကြောင်းပေါ်လာ ခဲ့သော် အဘယ်သို့ကျင့်ရပါမည်နည်း”ဟု မေးလျှောက်ပြန်သည်။
မှန်၏။ မာတုဂါမက “ယနေ့ ဘာနေ့ပါတုံးဘုရား”ဟုမေးလျှင်ပြန်၍ ဖြေရလိမ့်မည်။ “သီလပေးပါ”ဟု တောင်းလျှင် သီလပေးရလိမ့်မည်။ “ဟရားနာလိုပါသည်”ဟု လျှောက်လျှင် တရားစကား ပြောရလိမ့်မည်။ ပြဿနာမေးလျှင် ဖြေရလိမ့်မည်။ ဤသို့ ရဟန်းကောင်းများ ပြုထိုက်သော အလုပ်ဖြစ်၍ စကားမပြောပဲ နေသော ပုဂ္ဂိုလ်ကို ဒီကိုယ်တော်က “အ အကြီးပဲ”၊ ဒီကိုယ်တော်က “အထိုင်းကြီးပဲ”၊ ဒီကိုယ်တော်က “စားပြီးတော့ ပါးစပ်ကို ဖွဲ့တုပ်ထားသလို ထိုင်နေတာပဲ” ဤသို့ စသည်ဖြင့် အပြစ်တင်ကာ အကုသိုလ် ဖြစ်စရာရှိ၏။ ထို့ကြောင့် “စကားပြောခွင့်ကြုံလျှင် အဘယ်သို့ ကျင့်ရပါ) မည်နည်း”ဟု မေးလျှောက်သည်။
ဗုဒ္ဓမြတ်စွာ။ ။ သတိ အာနန္ဒ ဥပဌာပေတဗ္ဗာ = “အာနန္ဒာ - စကား မပြောပဲနေလို့ မဖြစ်လျှင် အမိလို့ သတိထားလိုက်၊ အမ နှမလို့ သတိထားလိုက်။ သမီးလို့ သတိ ထားလိုက်။ ဤသို့ သတိထားနိုင်လျှင် မေတ္တာစိတ်သာ ဖြစ်ဘို့ရှိ၏။ ဖောက်ပြန်သော စိတ်ကား မဖြစ်နိုင်တော့။ ထို့ကြောင့် စကားပြောခွင့်ကြုံလာလျှင် သတိထားဘို့ရာ တတိယစည်း တားတော်မူပြန်သည်။
ဤကား အဋ္ဌကထာ အဖွင့်တည်း။
ဋီကာ
သတီတိဝါကာယဂတာသတိဥပဋ္ဌပေတဗ္ဗာ = ဆံပင်၊ မွေးညှင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ၊ စသော ၃၂-ပါးသော ကောဋ္ဌာသ အစုအဝေးသာတည်း။ “ယောက်ျား၊ မိန်းမ မဟုတ်” ဟု သတိထားရမည်။ ဤဋီကာအဖွင့်သည် “သတိ ကာယဂတာတျတ္ထု” ဟူသော ပါဠိတော်နှင့် ညီ၏။
အလောင်းတော်ဝယ် ပြုကျင့်ဘွယ်
အရှင်အာနန္ဒာသည် “ပရိနိဗ္ဗာန် စံတော်မူပြီးသော ဗုဒ္ဓမြတ်စွာ၏ အလောင်းတော်၌ ရဟန်းသံဃာ ဖြစ်သေ၁ တပည့်တော်တို့က အဘယ်သို့ ပြုကျင့်ရပါမည်နည်း”ဟု မေးလျှောက်လေသည်။
ထိုအခါ ဗုဒ္ဓမြတ်စွာ မိန့်တော်မူသည်မှာ
အာနန္ဒာ အသင်တို့သည် ငါဘုရား၏ အလောင်းတော်ကို ပူဇော်ဘို့ရန် ကြောင့်ကြ မစိုက်ရစ်ကြနှင့်။
အာနန္ဒာ … အသင်တို့သည် အမြတ်ဆုံး အကျိုးဖြစ်သော အရဟတ္တဖိုလ်ကို ရအောင်သာ ကြိုးစားရစ်ကြ။ မမေ့မလျော့ မပေါ့ဆပဲ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကြသည်ဖြစ်၍ ပြင်းပြင်းထန်ထန် အားထုတ်ရစ်ကြ။ ပညာရှိ မင်းများသည်၎င်း၊ ပညာရှိ ပုဏ္ဏားများသည်၎င်း၊ ပညာရှိ သူကြွယ်များ သည်၎င်း ငါဘုရား၌ အလွန်ကြည်ညိုကြကုန်၏။
ထိုသူတို့သည် ငါဘုရား၏ အလောင်းတော်ကို ပူဇော်ကြလိမ့်မည်။
မှတ်ချက်
“အသင်တို့သည် ငါဘုရား၏ အလောင်းတော်ကို ပူဇော်ဘို့ရန် ကြောင့်ကြ မစိုက်ရစ်ကြနှင့်” ဟူသော အမိန့်တော်အရ ဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူသောအခါ ရဟန်းတော်များသည် ပူဇော်ဘို့ရန် အထူးကြောင့်ကြ မစိုက်ကြတော့ပါ။
ဤ စကားတော်အရ “ဘုန်းကြီးပျံ ကိစ္စ၌ တပည့် ရဟန်းများက လိုသည်ထက်ပို၍ ကြောင့်ကြ မစိုက်သင့်ကြ”ဟု မှတ်ပါ။
အရှင်အာနန္ဒာ ထပ်၍လျှောက်ခြင်း
“မြတ်စွာဘုရား ... ထို ပညာရှိမင်း စသူတို့သည် အလောင်းတော်၌ အဘယ်သို့ ပြုကျင့်ထိုက် ပါသနည်း”ဟု မေးသောအခါ အဘယ်သို့ ဖြေရပါမည်နည်း၊ ဤသို့ အရှင်အာနန္ဒာက ထပ်၍ လျှောက်ပြန်သည်။
“အာနန္ဒာ … စကြာမင်း၏အလောင်းကို အသစ်ဖြစ်သော ဝါချည်အဝတ်ဖြင့် ရစ်ပတ်၍ အသစ်ဖြစ်သော ဝါဂွမ်းဖြင့် ရစ်ပတ်ကြကုန်၏။
ဤသို့ အဝတ်တထပ် ဝါဂွမ်းတထပ်အားဖြင့် အထပ် ငါးရာတိုင်အောင် စကြာမင်းအလောင်းကို ရစ်ပတ်၍ ဆီထည့်ထားအပ်သော ရွှေခေါင်း၌ ထည့်ပြီးလျှင် အခြား ရွှေခေါင်းဖြင့် ဖုံး၍ နံ့သာထင်းပုံ ပေါ်သို့ တင်ပြီးမှ မီးသင်္ဂြိုဟ်ကြသည်။ ထိုနောက် အရိုးတို့ကို စေတီပုထိုးတည်၍ ကိုးကွယ်ကြသည်။
အာနန္ဒာ … ဤအတူပင် ဘုရား၏အလောင်း၌ ပြုကျင့်ကြရမည်။
[ဆီကိုစုပ်ယူနိုင်အောင် ဝါဂွမ်း အဝတ်ဖြင့် ရစ်ပတ်ဘို့ရန် မိန့်တော်မူသည်။]
စေတီတည်ထိုက်သော ပုဂ္ဂိုလ်လေးမျိုး
လောက၌ စေတီတည်၍ ကိုးကွယ်ထိုက်သော ပုဂ္ဂိုလ်သည် လေးမျိုးရှိ၏။
၁ - ဗုဒ္ဓမြတ်စွာ၊
၂ - ပစ္စေကဗုဒ္ဓါ၊
၃ - အရိယာ ဖြစ်ပြီးသော ဗုဒ္ဓမြတ်၏ ရဟန်းတော် သာဝက၊
၄ - စကြာမင်း
“အဘယ့်ကြောင့် ထိုလေးမျိုးကို စေတီတည်၍ ကိုးကွယ်ထိုက်သနည်း”ဟု မေးဖွယ်ရှိ၏။
ဗုဒ္ဓမြတ်စွာသည် ပင်ကိုယ်ကပင် လူ နတ် ဗြဟ္မာ သတ္တဝါအများ၏ ကြည်ကြည်ညိုညို ရိုရိုသေသေ လေးလေးမြတ်မြတ် ကိုးကွယ်ရာဖြစ်၍ စေတီတော်ကို ဖူးမြော်ရသော အခါ၌လည်း ထိုကဲ့သို့ပင် ကြည်ညိုစိတ်ဖြင့် ရိုသေမြတ်နိုး ရှိခိုး ပူဇော်ကြသူတို့သည် သေသောအခါ ထို ကြည်ညိုစိတ်ဖြင့် သေသွားလျှင် နတ်ပြည်သို့ ရောက်နိုင်၏။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာသည် စေတီပုထိုးတည်၍ ကိုးကွယ်ခြင်းငှါ ထိုက်တော်မူသည်။
ပစ္စေကဗုဒ္ဓါ၊ အရိယာဖြစ်ပြီးသော ဗုဒ္ဓမြတ်၏ ရဟန်းတော် သာဝက တို့၌လည်း နည်းတူ။
စကြာမင်းကား လေးကျွန်းလုံးကို တရားသဖြင့် အုပ်စိုး၍ လူအများကို ငါးပါးသီလ ကျင့်ဘို့ရန် တိုက်တွန်းသော မင်းကောင်း မင်းမြတ်ဖြစ်၏။ ထို့ကြောင့်ပင် အသက်ရှင်တုန်းက လူအများ၏ အကြည်ညိုကို ခံရ၏။ ကွယ်လွန်သောအခါ၌လည်း စေတီပုထိုးတည်ထားလျှင် ထိုမင်း၏ အဆုံး အမကို သတိရ၍ လိုက်နာနေထိုင်သူတိုင်းကို သုဂတိဘဝသို့ ရောက်စေနိုင်သည်။ ထို့ကြောင့် စကြာမင်းလည်း စေတီ ပုထိုး ထည်၍ ကိုးကွယ်ထိုက်သော ပုဂ္ဂိုလ် အမျိုးအစားတွင် ပါဝင်နိုင်သည်။
သီလရှိပုထုဇဉ်
“သီလရှိသော ပုထုဇဉ်ရဟန်း၏ အရိုးကို စေတီ တည်ထိုက်၏”ဟု အဘယ့်ကြောင့် ခွင့်ပြုတော် မမူပါသနည်းဟု မေးဖွယ်ရှိ၏။ အဋ္ဌကထာ၌ “အံ့ဩဘွယ် မကောင်း သောကြောင့်” ဟု ဖြေထား၏။
မှန်၏။ သီလရှိသော ပုထုဇဉ်ရဟန်းတို့၏ အရိုးကို စေတီပုထိုး တည်ဘို့ရန် ခွင့်ပြုတော်မူလိုက်လျှင် သီဟိုဠ်ကျွန်း တကျွန်း၌ပင် စေတီတည်ဘို့ရန် နေရာ မလောက်တော့။ ထိုမျှလောက် စေတီတွေ များနေလျှင်လည်း အံ့သြဘွယ် ကောင်းတော့မည် မဟုတ်။ ထို့ကြောင့် ပုထုဇဉ် ရဟန်းတို့၏ အရိုးကို စေတီတည် ဘို့ရန် ခွင့်ပြုတော် မမူချေ။
ထိုသို့ မအံ့ဩလောက်သည့်အတွက် စေတီတည်ဘို့ ခွင့်မပြုပါသော်လည်း “သီလရှိသော ရဟန်းတော် ဖြစ်လျှင် ပရိနိဗ္ဗာန်စံသော ရဟန္တာကဲ့သို့ ကြီးကျယ်စွာ ပူဇော်သင့်၏”ဟု အဋ္ဌကထာ ၌ မိန့်တော်မူပါသည်။
အရှင်အာနန္ဒာ၌ ပြင်းစွာ သောကဖြစ်ခြင်း
အရှင်အာနန္ဒာသည် မြတ်စွာဘုရား၏ အနီး၌ စဉ်းစားမိသည်မှာ -
ဗုဒ္ဓမြတ်စွာသည် သံဝေဂ ဖြစ်စရာ ကောင်းသော လေးဌာနကိုလည်း ဟောတော် မူပြီးပြီ။
စေတီတော်ကို ဖူးမြော်ဘို့ရန် သွားရာ၌ အကျိုးရှိသော အချက်အလက်ကိုလည်း ဟောတော် မူပြီးပြီ။
မာတုဂါမတို့၌ ပြုကျင့်ဖွယ် ပြဿနာ ကိုလည်း ဖြေတော်မူပြီးပြီ။
ကိုယ်တော်မြတ်၏ အလောင်းတော်၌ ပြုကျင့်ရမည့်ကိစ္စကိုလည်း မိန့်တော်မူပြီးပြီ။
စေတီ တည်၍ ကိုးကွယ်ထိုက်သော ပုဂ္ဂိုလ်လေးမျိုးကိုလည်း မိန့်တော်မူပြီးပြီ။
ဗုဒ္ဓမြတ်စွာသည် ဧကန်မုချ ယနေ့ ပရိနိဗ္ဗာန် စံတော်မူတော့မည်။
ဤသို့ စဉ်းစားရင်း စဉ်းစားရင်း ကြီးကျယ်စွာ ဝမ်းနည်းမှုသောက ဖြစ်လာလေသည်။
ငိုရမှ သောကအေး
ထိုသို့ သောကဖြစ်လျှင် ငိုလိုက်ရမှ သောက သက်သာ၏။ မငိုရလျှင် ရင်ထဲ၌ ဆို့နေသောကြောင့် သာ၍ အနေခက်၏။ မြတ်စွာဘုရား၏ ရှေ့တော်၌ ငိုခြင်းငှါ မသင့်တော်။ ဤသိုစဉ်းစား၍ အနီးအပါး၌ရှိသော တန်ဆောင်းဝန်းသို့ သွားပြီးလျှင် တံခါးရွက်တိုင်ကို ကိုင်၍ ငိုလျက် စဉ်းစားပြန်သည်။
ငါသည် သောတာပန်သာဖြစ်၍ အထက်မဂ်အကျိုးငှါ ပြုစရာကိစ္စ ရှိသေး၏။ ငါ့ကိုသနား စောင့်ရှောက် ချီးမြှောက်တော်မူသော နောင်တော် ဘုရားလည်း ပရိနိဗ္ဗာန်စံတော့မည်။ ဤသို့ တွေးကာ တွေးကာ သာ၍ သာ၍ သောကဖြစ်ရှာ လေသည်။
အရှင်အာနန္ဒာ၏ သောကကို ဖြေတော်မူရခြင်း
ဗုဒ္ဓမြတ်စွာသည် သံဃာ့ အလယ်၌ အရှင်အာနန္ဒာကို မြင်တော်မမူ သောကြောင့် မေးတော်မူသောတခါ တန်ဆောင်းဝန်းသို့ သွား၍ တံခါးတိုင်ကို ကိုင်လျက် ငိုနေပါကြောင်း လျှောက်ကြလေသည်။ ထိုအခါ မြတ်စွာဘုရား အမိန့်တော်အရ ခေါ်၍ ရောက်လာသောအခါ မိန့်တော်မူသည်မှာ -
အာနန္ဒာ ... ဝမ်းမနည်းနှင့်၊ မငိုကြွေးနှင့်။ စောစောကပင် အလုံးစုံ ချစ်အပ်သူတို့နှင့် ကွဲရမည့် အကြောင်း၊ ဖြစ်သောအရာ ဟူသမျှ ပျက်ခြင်းသာရှိကြောင်း၊ ငါဘုရား၏ ကိုယ်တော်ပင် ဖြစ်သော်လည်း “မပျက် ပါစေနှင့်”ဟု တောင့်တ၍ မရကြောင်းကို မိန့်တော်မူခဲ့ပြီ။
အာနန္ဒာ … အသင်သည် ငါဘုရားကို ကြီးမားသော ဓမတ္တာကာယကံ၊ မေတ္တာဝစီကံ၊ မေတ္တာမနောကံဖြင့် ပြုစုလုပ်ကျွေးခဲ့ပြီ။
အသင်သည် ရဟန္တာဖြစ်လောက်အောင် ကုသိုလ် ကောင်းမှု ပြုခဲ့ပြီ။
ကမ္မဋ္ဌာန်းကို အားထုတ်ရစ်လော့။
ကမ္မဋ္ဌာန်းကို အားထုတ်လျှင် လျင်မြန်စွာပင် အာသဝေါကင်းကွာ ရဟန္တာဖြစ်ရစ် လိမ့်မည်။
ဤသို့ မိန့်တော်မူ၍ သောကကို သက်သာစေတော်မူသည်။
အရှင်အာနန္ဒာ၏
ဂုဏ်များကို မိန့်တော်မူခြင်း
ဘိက္ခုတို့ … အတိတ်ကာလ၌ ပွင့်တော်မူကြသော ဘုရားရှင်တို့၏ အလုပ်အကျွေး တို့သည် ဤ အာနန္ဒာထက် မသာလွန်ကြတော့။ အနာဂတ်ကာလ၌ ပွင့်တော်မူကြမည့် ဘုရားရှင်တို့၏ အလုပ် အကျွေးများလည်း အာနန္ဒာထက် မသာလွန်ကြတော့။
ဘိက္ခုတို့ … အာနန္ဒာသည် အကြောင်းအကျိုးကို မြင်သိသော ပင်ကိုယ် ပညာလည်း ရှိ၏။ တခဏခြင်း ထိုးထွင်း၍ သိနိုင်သော ပညာလည်းရှိ၏။
ဤအချိန် ဤအခါသည် မြတ်စွာဘုရားကို ဘိက္ခုတို့၏ ဖူးမြင်ဘို့ရန် ချဉ်းကပ်ချိန် ဖြစ်၏။
ဤအချိန် ဤအခါသည် ဘိက္ခုနီတို့၏ မြတ်စွာဘုရားကို ဖူးမြင်ဘို့ရန် ချဉ်းကပ်ချိန် ဖြစ်၏။
ဤအချိန် ဤအခါသည် ဥပသကာ ယောက်ျားတို့၏ မြတ်စွာဘုရားကို ဖူးမြင်ဘို့ရန် ချဉ်းကပ်ချိန် ဖြစ်၏။
ဤအချိန် ဤအခါသည် ဥပါသိကာ ဒါယိကာမတို့ မြတ်စွာဘုရားကို ဖူးမြင်ဘို့ရန် ချဉ်းကပ်ချိန် ဖြစ်၏။
ဤအချိန် ဤအခါသည် မင်းတို့၏၎င်း၊ အမတ်ကြီးတို့၏၎င်း၊ တိတ္ထိတို့၏၎င်း၊ တိတ္ထိတပည့် တို့၏၎င်း ဖူးမြင်ဘို့ရန် အချိန်အခါ ဖြစ်၏။
ဤသို့ သိသည်။
အရှင်အာနန္ဒာ၌
အံ့သြဖွယ် ဂုဏ်လေးမျိုး
၁ - ဘိက္ခု ပရိသတ်သည် အရှင်အာနန္ဒာ၏ ကြည်ညိုဘွယ်ကောင်းပုံ ရုပ်အဆင်း သပ္ပါယ်ပုံ၊ ဗဟုသုတများပုံ၊ သံဃာ့အလယ် တင့်တယ်ပုံ ဤဂုဏ်ကို့ကို ကြားရ၍ ဖူးမြော်ဘို့ရန်လာကြကုန်၏။ ထိုအခါ မြင်ရလျှင်ပင် “ကြားရခြင်းနှင့် ညီပါပေ၏”ဟု တွေးကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြ၏။
အာနန္ဒာက ကျန်းမာချမ်းသာကြောင်းကို မေးပြီးလျှင် တရားအားထုတ်မှု၌ ကြိုးစားကြပါ။ ဆရာ ဥပဇ္ဈာယ်တို့၌ ဝတ်ကြီးဝတ်ငယ်ကို ဖြည့်ကျင့်ကြပါ။ ဤသို့စသော တရားစကားကို ကြားနာကြရ သည်ရှိသော် ထိုတရားစကားကို ကြားရခြင်းဖြင့် လွန်စွာပင် ဝမ်းမြောက်ကြ၏။
ရောက်လာသော ပရိသတ်က တရားစကားကို နားထောင်ကောင်းတုန်းမှာပင် အချိန်ကြာမည် စိုးသောကြောင့် တရားစကားကို ရပ်နားလိုက်၏။ ထိုအခါ တင်းတိမ်အားရခြင်းမရှိပဲ ပြန်ကြရသည်။
ဘိက္ခုနီပရိသတ်တို့ လာရာ၌လည်း ဤနည်းပင်။
ဥပါသကာ ပရိသတ်တို့ လာရာ၌ကား “ဥပါသကာတို့ ... သရဏဂုံ ၃-ပါးကို မပျက်ရအောင် စောင့်ရှောက်ကြပါရဲ့လား။ ငါးပါးသီလကို မပျက်ရအောင် စောင့်ရှောက်ကြပါရဲ့လား။ တလလျှင် ရှစ်ကြိမ်လောက် ဥပုသ်စောင့်ကြပါရဲ့လား။ မိဘတို့ကို ပြုစုလုပ်ကျွေးကြ ပါရဲ့လား။ သူတော်ကောင်း ရဟန်းတော်တို့ကို ပြုစုကြပါလား” ဤသို့မေး၏။
ဥပါသိကာ ဒါယိကာမတို့ လာရာ၌လည်း ဤနည်းအတူပင် မေး၏။ ထို ဥပါသကာ ဥပါသိကာမ တို့သည် အရှင် အာနန္ဒာ၏ စကားကို နားထောင်၍ အားမရသေးခင်ပင် အချိန်ကြာမည် စိုးသောကြောင့် အရှင်အာနန္ဒာက စကားဖြတ်လိုက်သောအခါ တရားနာ၍ အားရ တင်းတိမ်ခြင်း မရှိပဲ ပြန်သွားကြရသည်။
စကြာမင်း၌ ဂုဏ်လေးမျိုး
စကြာမင်းသည် မင်းပရိသတ်၊ ပုဏ္ဏား ပရိသတ်၊ သူကြွယ်ပရိသတ်၊ သမဏပရိသတ် ဟူသော (ထိုအခါ၌ ရသေ့ပရိသတ်) စသော ပရိသတ်လေးမျိုးတို့၏ စကြာမင်းကို ချဉ်းကပ်လာရာ၌ မြင်ရုံမျှဖြင့် ဝမ်းမြောက်ပုံ၊ ဩဝါဒစကား ကြားရုံဖြင့်လည်း ဝမ်းမြောက်ပုံ၊ ဩဝါဒစကားကို ကြားနာ၍ အားမရပဲ ပြန်ခဲ့ရပုံတို့ကို ဥပမာပြ၍ အရှင်အာနန္ဒာ၏ အံ့ဩဖွယ် လေးမျိုးကို ထပ်၍ မိန့်တော်မူသည်။
မဟာသုဒဿန သုတ်တော်
အရှင်အာနန္ဒာသည် ပရိနိဗ္ဗာန်စံတော်မူမည်ကို စိုးရိမ်လှ၍ နေ့ရက် ဆွဲနိုင်သမျှ ဆွဲထားလိုဟန် တူ၏။ ထို့ကြောင့် အောက်ပါ စကားကို လျှောက်ထားသည်။
“မြတ်စွာဘုရား ... ဤမြို့ငယ်ကလေး၌၊ မြေအနေအထား မညီညွှတ်သော မြို့ကလေး၌၊ မြို့ကြီးတို့၏ အခက်အလက်သဖွယ်ဖြစ်သော မြို့ကလေး၌ ပရိနိဗ္ဗာန် စံတော်မမူပါနှင့်။ စမ္ပာ ရာဇဂြိုဟ် သာဝတ္ထိ အစရှိသော မြို့ကြီးများ ရှိပါသည်။ ထိုမြို့ကြီးများ၌ ပစ္စည်းဥစ္စာ ပေါများသော မင်း ပုဏ္ဏား သဌေး သူကြွယ်တို့ အလွန်ပင် ကြည်ညိုကြပါသည်။ ထို မင်း ပုဏ္ဏား သဌေး သူကြွယ် တို့သည် အလောင်းတော်ကို ပူဇော်ကြပါလိမ့်မည်” ဤသို့လျှောက်သောအခါ၊
အာနန္ဒာ … ကုသိနာရုံမြို့ကို “မြို့ငယ်ကလေး၊ မညီညွတ်သော မြို့ကလေး၊ မြို့ကြီးများ၏ အခက် အလက်သဖွယ် ဖြစ်သော မြို့ကလေး”ဟု မပြောနှင့်။
အာနန္ဒာ … ငါဘုရားသည် မဟာသုဒဿန စက္ကဝတ္တိ မင်း ဖြစ်စဉ်က ဤနေရာသည် အလွန် ကြီးကျယ်သော ကုသဝတီ မင်းနေပြည် ဖြစ်ခဲ့ဘူးပြီ။ ကုသဝတီ မင်းနေပြည်သည် အရှေ့အနောက် အားဖြင့် အလျား တဆယ့်နှစ်ယူဇနာ၊ တောင်မြောက်အားဖြင့် အနံ ခုနစ်ယူဇနာ ရှိ၏။
ဤ ကုသဝတီ မင်းနေပြည်သည် တာဝတိံသာ နတ်ပြည်၌ “အာဠကမန္ဒာ” မည်သော မင်းနေပြည် ကဲ့သို့ ပြည့်လည်း ပြည့်စုံ၏။ စည်ပင်လည်း စည်ပင်၏။ များသော လူအပေါင်းလည်း ရှိ၏။ အမျိုးမျိုးသော လူအပေါင်းတို့ဖြင့် ရောပြွမ်းနေ၏။ သာယာဝပြော အစာပေါ၏။ ဤသို့ စသည်ဖြင့် ကုသဝတီ မင်းနေပြည်၏ ကြီးကျယ် ခမ်းနား၍ စည်ပင်သာယာပုံကို ဟောတော်မူသည်။
[ဤ မဟာသုဒဿနသုတ်ကို နောက်၌ သီးခြားပြပါမည်။]
မလ္လာမင်းတို့လာ၍ ရှိခိုးကြခြင်း
မြတ်စွာဘုရား၏ အလိုတော်ဖြင့် အရှင်အာနန္ဒာသည် ကုသိနာရုံမြို့တွင်းသို့ ဝင်၍ စည်းဝေး နေကြသော မလ္လာမင်းတို့အား ပြောပြသည်မှာ -
“ဝါသေဋ္ဌတို့ (ထိုမင်းများကို အနွယ်အားဖြင့် ခေါ်သည်။) ဤညဉ့်၏ နောက်ဆုံးအချိန်၌ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတော်မူလိမ့်မည်။ ပရိနိဗ္ဗာန် စံတော်မူပြီး ခါမှ ငါတို့မသိလိုက်၊ နောက်ဆုံးအချိန်၌ ငါတို့မဖူးလိုက်ရ” - ဟု နောင်တ မရကြနှင့်။ ဤသို့ ပြောသောအခါ မလ္လာမင်းတို့သည်၎င်း၊ မလ္လာမင်းသားတို့သည်၎င်း၊ မိဖုရားတို့ သည်၎င်း၊ ချွေးမတို့သည်၎င်း အလွန် စိတ်မချမ်းမသာဖြင့် ဆံပင်ကိုဖြန့်၍ -
“ဗုဒ္ဓမြတ်စွာသည် အလွန် လျင်မြန်စွာ ပရိနိဗ္ဗာန် စံတော်မူတော့မည်။ အလွန် လျင်မြန်စွာ ပရိနိဗ္ဗာန် စံတော်မူမည်။ ကမ္ဘာလောက၌ ဉာဏ်မျက်လုံးတော်ကြီး အလွန် လျင်မြန်စွာ ကွယ်တော့မည်” ဤသို့ပြောကာ မြည်တမ်းကြကုန်၏။
တချို့က လက်ရုံးနှစ်ဖက်ကို မြှောက်၍ မြှောက်၍ ငိုကြွေး မြည်တမ်းကြကုန်၏။ အလယ်၌ ပြတ်၍ ကျသကဲ့သို့ မြေကြီး၌ လဲကြကုန်၏။ လူးကြ လှိမ့်ကြကုန်၏။ ဤသို့ ငိုကြွေးမြည်တမ်းရင်း အင်ကြင်းဥယျာဉ်သို့ လာ၍ အရှင်အာနန္ဒာ အထံသို့ ချဉ်းကပ် ကြလေသည်။
ရှိခိုးစေပုံ အစီအစဉ်
အရှင်အာနန္ဒာသည် မလ္လာမင်း ပရိသတ်ကြီးကို ကြည့်၍ စဉ်းစားမိသည်မှာ- “ဤမလ္လာမင်း တို့ကို တယောက်စီ တယောက်စီ ရှိခိုးစေရလျှင် ညဉ့်သာ ကုန်သွား လိမ့်မည်၊ ရှိခိုး၍ပြီးမည် မဟုတ်။ ထို့ကြောင့် ဤမလ္လာမင်းတို့ကို အမျိုး အစဉ်အားဖြင့် ထားပြီးလျှင် အမျိုးနာမည်အားဖြင့် လျှောက်၍ ရှိခိုးစေရပါမူကား ကောင်းလေစွ”ဟု အကြံဖြစ်ပြီ။
ထိုအကြံအတိုင်း ရှိခိုးစေသည်မှာ မြတ်စွာဘုရား ... မည်သည့် အမျိုးအမည်ရှိသော မလ္လာမင်းသည် သားတော် သမီးတော် ကြင်ယာတော်နှင့် တကွ၊ ပရိသတ်နှင့်တကွ၊ အမတ် များနှင့်တကွ ဗုဒ္ဓမြတ်စွာ၏ ခြေတော်တို့ကို ဦးခေါင်းဖြင့်ရှိခိုးပါပြီဘုရား။
ဤသို့ သူ့အမျိုးနှင့် သူ့နာမည်တပ်၍ တခုစီ တခုစီ အနီးသို့ ဝင်ကာ ဝင်ကာ ရှိခိုးစေသောကြောင့် ညဉ့် ဦးယာမ် အတွင်းမှာပင် ရှိခိုးခြင်းကိစ္စကို ပြီးစီးစေလေသည်။
သုဘဒ္ဒ ပရဗိုဇ် ဝတ္ထု
သုဘဒ္ဒအကြံ ဖြစ်ခြင်း
သုဘဒ္ဒပရိဗိုဇ်သည် “ယနေ့ညဉ့် ၏ နောက်ဆုံးယာမ်၌ ရဟန်းဂေါတမ ပရိနိဗ္ဗာန် စံတော့မည်”ဟု ကြားရ၏။ ထိုအခါ သုဘဒ္ဒအကြံဖြစ်သည်မှာ ငါ့မှာ ရှေးဟောင်း နှောင်းဖြစ်ကို ပြောဆိုလေ့ ရှိကြသော သက်ကြီး ဝါကြီး ဆရာကြီးတို့ အထံမှ ကြားရဘူးသေ၁ အကြောင်းတခု ရှိ၏။
ထိုအကြာင်းကား “လောက၌ အရဟံ သမ္မာသမ္ဗုဒ္ဓဂုဏ်နှင့် ပြည့်စုံသော ဘုရားရှင် ဆိုတာ တရံတခါမှ ပွင့်တော်မူလာတတ်၏”ဟူသော အကြောင်းဖြစ်၏။ ထိုဂုဏ်နှင့် ပြည့်စုံသော ရဟန်း ဂေါတမသည် ယနေ့ညဉ့်၏ နောက်ဆုံးယာမ်၌ ပရိနိဗ္ဗာန် စံတော်မူလိမ့်မည်။
ငါ့မှာလည်း ယုံမှားသံသယ ဖြစ်နေသော အကြောင်းအရာတခု ရှိ၏၊ ထို ယုံမှား သံသယကို “ရဟန်း ဂေါတမသည် ရှင်းသွားအောင် တရားဟောနိုင်၏”ဟု ငါယုံကြည်သည်။ ဤသို့ အကြံ ဖြစ်၏။
သုဘဒ္ဒနှင့် အရှင်အာနန္ဒာ
သုဘဒ္ဒသည် ထိုယုံမှားသံသယကို ပယ်ဖျောက်လို၍ အင်ကြင်းဥယျာဉ်သို့ လာပြီးလျှင် အရှင်အာနန္ဒာ အထံ၌ ဗုဒ္ဓမြတ်ကို ဖူးမြင်ခွင့် ရဘို့ရန် ခွင့်တောင်းလေသည်။ ထိုအခါ အရှင်အာနန္ဒာက စဉ်းစားမိသည်မှာ - ဤ ပရိဗိုဇ်တို့သည် မိမိအယူကို စွဲစွဲလမ်းလမ်း ယူတတ်ကြ၏။ ထိုအယူကို စွန့်စေဘို့ရန် များစွာသောစကားကို ပြောတော်မူရလျှင် ဗုဒ္ဓမြတ်စွာမှာ ကိုယ်တော်၏ ပင်ပန်းခြင်း၊ နှုတ်တော်၏ ပင်ပန်းခြင်း ဖြစ်လိမ့်မည်။
ဤသို့ စဉ်းစားမိ၍ “ငါ့ရှင် သုဘဒ္ဒ … ဗုဒ္ဓမြတ်စွာကို မညှဉ်းဆဲပါနှင့်။ ဗုဒ္ဓမြတ်စွာသည် ပင်ပန်းတော် မူပါသည်”ဤသို့ခွင့်မပြုသောအခါ ရဟန်းသည် ငါ့ကိုခွင့်မပြု။ သို့သော် အလိုရှိသော ပုဂ္ဂိုလ်သည် သူ့အလိုကို လိုက်ထိုက်၏”ဟု ကြံ၍ နှစ်ကြိမ်မြောက် ခွင့်တောင်းပြန်သည်။ အရှင်အာနန္ဒာသည် ခွင့်မပြု၊ သုံးကြိမ်မြောက် ခွင့်တောင်း ပြန်လည်။ အရှင်အာနန္ဒာသည် ခွင့်မပြုချေ။
ဗုဒ္ဓမြတ်စွာ ခွင့်ပြုတော်မူခြင်း
ဗုဒ္ဓမြတ်စွာသည် သုဘဒ္ဒနှင့် အရှင်အာနန္ဒာ၏ အပြန်အလှန် စကား ပြောသံကို ကြားတော် မူသောအခါ“အာနန္ဒာ ... သုဘဒ္ဒကို မတားပါနှင့်။ သုဘဒ္ဒသည် ငါဘုရားကို ဖူးမြင်ခွင့်ရပါစေ။ သူမေးအပ်သော ပြဿနာသည် သိလိုသောကြောင့်သာ ဖြစ်၏။ညှဉ်းဆဲလိုသောကြောင့်မဟုတ်ပါ။ ငါဘုရား ဖြေတော်မူရလျှင် လျင်မြန်စွာ သိနိုင်ပါလိမ့်မည်” ဤသို့ မိန့်တော်မူသောအခါ အရှင် အာနန္ဒာက ဝင်ခွင့်ပြု၍ မြတ်စွာဘုရား အထံတော်သို့ ရောက်လာပြီးလျှင် ဝမ်းမြောက်စကားကို လျှောက်ပြီးမှ အနီးအပါး၌ ထိုင်လေသည်။
ပြဿနာမေးလျှောက်ခြင်း
အရှင်ဂေါတမ ... (တိတ္ထိဆရာကြီး ၆-ယောက်၏ နာမည်ကိုဖော်ပြ၍) သူတို့ အားလုံးသည် မိမိတို့ဝန်ခံသည့်အတိုင်း သိကြပါကုန်သလော။ သူတို့အားလုံးသည် မိမိတို့ ဝန်ခံသည်အတိုင်း မသိကြပါကုန်သလော။ သို့မဟုတ် တချို့ ဆရာကြီးတို့က သိ၍ တချို့ဆရာကြီးတို့က မသိကြပါသလော။
ဤသို့ လျှောက်သောအခါ “သုဘဒ္ဒ ... သူများ၏ အကြောင်းကို ဖြေနေဘို့ရန် အချိန်မရှိတော့။ သင့်အား တရားကိုဟောမည်။ ထိုတရားကို ကောင်းစွာ နာယူလော့”ဟု မိန့်တော်မူ၍ ဟောတော်မူသည်မှာ -
ဗုဒ္ဓမြတ်စွာ၏ အဖြေတရား
သုဘဒ္ဒ .. အကြင်သာသနာ၌ အရိယာ ဖြစ်ကြောင်း ကောင်းသော မဂ္ဂင်ရှစ်ပါး အကျင့်တရား မရှိ။
ထိုသာသနာ၌ ပဌမတန်း သောတာပန် ရဟန်းကိုလည်း မရနိုင်။
ဒုတိယတန်း သကဒါဂမ် ရဟန်းကိုလည်း မရနိုင်။
တတိယတန်း အနာဂါမ် ရဟန်းကိုလည်း မရနိုင်။
စတုတ္ထတန်း ရဟန္တာ ရဟန်းကိုလည်း မရနိုင်။
အကြင်သာသနာ၌ အရိယာအဖြစ်ကိုပြုနိုင်သော မဂ္ဂင် ရှစ်ပါး အကျင့်တရား ရှိ၏။
ထိုသာသနာ၌သာ သောတပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဟူသော ပုဂ္ဂိုလ် လေးမျိုးကို ရနိုင်သည်။
သုဘဒ္ဒ … ဤဘုရား၏ သာသနာတော်၌ အရိယာအဖြစ်ကို ပြုနိုင်သော မဂ္ဂင်ရှစ်ပါး အကျင့် တရားရှိ၍ ရဟန်းလေးမျိုးကို ရနိုင် တွေ့နိုင်သည်။
တိတ္ထိတို့ ဟောပြောအပ်သော တရားတို့သည် (မဂ္ဂင်ရှစ်ပါး အရိယာ အဖြစ်ကို ပြုတတ်သော တရားများ မရှိသောကြောင့်) သစ္စာလေးပါး တရားကို သိနိုင်သော ရဟန်းလေးမျိုးတို့မှ ကင်းကြ ဆိတ်သုဉ်းကြကုန်၏။
သုဘဒ္ဒ … ဤ ငါဘုရား၏ သာသနာတော်၌ ဘိက္ခုအမည်ခံသေ ပုဂ္ဂိုလ်တို့သည် မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်၍ ကောင်းစွာနေကြလျှင် ဤကမ္ဘာ လောကကြီးသည် ရဟန္တာတို့မှ မဆိတ်သုဉ်းပဲ ရဟန္တာများကို အမြဲပင် တွေ့နိုင်သည်။
ဤသို့ စသည်ဖြင့် မိန့်တော်မူသည်။
သုဘဒ္ဒ ရဟန်းပြုခွင့်တောင်းခြင်း
ဗုဒ္ဓမြတ်စွာ၏ တရားတော်၌ မဂ္ဂင်ရှစ်ပါးကို အကျဉ်းမျှ တွေ့ရသော်လည်း မဂ္ဂင်ရှစ်ပါး အကြောင်းကို သုဘဒ္ဒသည် ကြားဘူးနားဝ ရှိပါလိမ့်မည်။
“မဂ္ဂင်ရှစ်ပါးမရှိသော သာသနာ၌ အရိယာမရှိ၊ မဂ္ဂင်ရှစ်ပါးရှိသော သာသနာ၌သာ အရိယာ ရှိနိုင်၏” ဟု မိန့်တော်မူချက်ဖြင့် အလွန်နှစ်သက်လေရကား -
“မြတ်စွာဘုရား … အလွန် နှစ်သက်ဖွယ် ကောင်းပါပေသည်။
မှောက်နေသော အိုးကို လှန်ပြသကဲ့သို့၎င်း၊
ဖုံးအပ်သောပတ္ထုကို ဖွင့်ပြသကဲ့သို့၎င်း၊
လမ်းမှားနေသူကိုလမ်းမှန် ပြသကဲ့သို၎င်း၊
အမှောင်ခန်း၌ ဆီမီးထွန်းပြသကဲ့သို၎င်း
ဗုဒ္ဓမြတ်စွာသည် ပရိယာယ်အမျိုးမျိုးဖြင့် တရားတော်ကို ထင်ရှားအောင် ဟောပြ ပါပေသည်။
မြတ်စွာဘုရား … တပည့်တော်သည် မြတ်စွာဘုရားကို၎င်း၊ မြတ်ဘုရား၏ တရားတော်ကို၎င်း၊ အရိယာ သံဃာတော်ကို၎င်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ ဘုရားတပည့်တော် ကိုယ်တိုင်ပင် ရှင်အဖြစ်၊ ရဟန်းအဖြစ်ကို ရလိုပါသည်” ဟု လျှောက်လေသည်။
သုဘဒ္ဒ ရဟန္တာဖြစ်ခြင်း
မြတ်စွာဘုရား၏ အမိန့်တော်အရ အရှင်အာနန္ဒာသည် သုဘဒ္ဒကို သင့်တော်ရာ အရပ်သို့ ခေါ်ဆောင်၍ ရေဗူးထဲမှရေဖြင့် ဦးခေါင်းကိုဆွတ်ပြီးလျှင် တစပဉ္စက ကမ္မဋ္ဌာန်းကို ပြောပြ၍ ဆံချလေသည်။ ထိုနောက် သင်္ကန်းဝတ်၍ သရဏဂုံ ပေးပြီးလျှင် မြတ်စွာဘုရား အထံတော်သို့ ခေါ်ခဲ့လေသည်။ ဗုဒ္ဓမြတ်စွာသည် ရဟန်း ဖြစ်စေ၍ ကမ္မဋ္ဌာန်း ပေးတော်မူ၏။
သုဘဒ္ဒသည် ဥယျာဉ်၏ အစွန်အဖျား၌ စင်္ကြံသွားလျက် ကြိုးစားလေရာ ပဋိသမ္ဘိဒါဉာဏ်နှင့် တကွ ရဟန္တာအဖြစ်သို့ ရောက်၍ မြတ်စွာဘုရား၏ မျက်မှောက်တော်ဝယ် နောက်ဆုံး ရဟန္တာသာဝက ဖြစ်ရပသည်။
နောက်ဆုံးမှ သုဘဒ္ဒ ကျွတ်ရခြင်း
ရှေးက လယ်သမားဖြစ်ကြသော ညီနောင်နှစ်ယောက်တို့တွင် အကိုကြီးသည် သူ၏ဆိုင်ရာ လယ်မှ နို့ရည်ခဲချိန်ကစ၍ ကျီအတွင်းသို့ စပါးကို သွင်းသည်တိုင်အောင် အဦးအဖျားကို ယူ၍ နို့ရည်ခဲချိန်ဝယ် နို့ရည်ကို ထုတ်၍ ထောပတ် ဆီဦးတို့နှင့် ရောစပ်ပြီးလျှင် ပဌမလှူ၏။
မုန့်ဆန်း လုပ်၍ ဖြစ်ချိန်လောက်၌ အဦးအဖျားကို ယူပြီးလျှင် မုန့်ဆန်းလုပ်၍ လှူ၏။
ရိတ်ချိန်လောက်၌ အဦးအဖျားကိုယူပြီးလျှင် လှူ၏။
ရိတ်၍ အထုံး ဖွဲ့ချိန်လောက်၌ အဦးအဖျားကို ယူ၍လှူ၏။
ကောက်နယ်တလင်း၌ နယ်ဘို့ရန် အချိန်ဝယ် အဦးအဖျားကို ယူ၍လှူ၏။
ကောက်နယ် တလင်း၌ဖြစ်သော စပါးတို့ကို အဦးအဖျား ယူ၍လှူ၏။
စပါး (ဂိုဒေါင်)သို့ သွင်းသောအခါဝယ် အဦးအဖျားကို ယူ၍လှူ၏။
ဤသို့ အဦးအဖျားကို လှူခဲ့သော ကောင်းမှုကြောင့် အကိုကြီးဖြစ်သူသည် ဓမ္မစကြာ တရား ဟောတော်မူရာ ပဌမ တရားပွဲမှာပင် အညာသိ ကောဏ္ဍညထေရ် အဖြစ်ဖြင့် တရားထူးကို ရခဲ့သည်။
ထိုအခါတုန်းက ညီဖြစ်သောသူမှာ အားလုံးပြီးမှ တကြိမ်သာ လှူ၏။
ထို့ကြောင့် ညီဖြစ်ခဲ့သော သုဘဒ္ဒပရိဗိုဇ်သည် နောက်ဆုံး အချိန်ကျမှ တရားထူး ရလေသည်။
မှတ်ချက်
ဗုဒ္ဓမြတ်စွာ၏ ကုသိနာရုံမြို့၌ ပရိနိဗ္ဗာန် စံရခြင်း၏ အကြောင်းသုံးပါးတွင် “မဟာသုဒဿန စက္ကဝတ္တိ”သုတ်ကို ဟောတော်မူလိုခြင်း၊ သုဘဒ္ဒကို နောက်ဆုံး ရဟန္တာ ဖြစ်စေတော်မူလိုခြင်း ဟူသော အကြောင်းနှစ်ပါး ပြည့်စုံပြီ။
ဗုဒ္ဓကိုယ်စား တရားတော်များ
အာနန္ဒာ … ငါဘုရားပရိနိဗ္ဗာန်စံတော် မူပြီးသောအခါ တရားစကားတော်၏ ဆရာဖြစ်သော မြတ်စွာဘုရားသည် ကွယ်လွန်တော်မူပြီ။ ငါတို့မှာ ဆရာ မရှိတော့။ ဤသို့ မမှတ်ထင်ကြလင့်။
အာနန္ဒာ … ငါဘုရားသည် သုတ် အဘိဓမ္မာကို ဟောတော်မူအပ်၊ ထားတော်မူအပ်ပြီ။ ဝိနည်းကိုလည်း ဟောတော်မူအပ်၊ ထားတော်မူအပ်ပြီ။ ထို သုတ် အဘိဓမ္မာ ဝိနည်းသည် ငါဘုရား ကွယ်လွန်သောအခါ အသင်တို့၏ဆရာ ဖြစ်ရစ်လိမ့်မည်။
ယခုအခါ ငါဘုရား တပါးတည်းသာ ဟောတော်မူရ၏။ ငါဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးသောအခါ ထိုရှစ်သောင်း လေးထောင်သော ဓမ္မက္ခန္ဓာ တရားတော်တို့က အသင်တို့ကို ဆုံးမရစ်ကြလိမ့်မည်။
နောင်အခါ ခေါ်ကြပုံ
အာနန္ဒာ ... ယခုအခါ၌ ရဟန်းတို့သည် ငယ်သည် ဖြစ်စေ၊ ကြီးသည်ဖြစ်စေ အချင်းချင်း “အာဝုသော”ဟု ခေါ်ကြကုန်၏။
ငါဘုရား ကွယ်လွန်သောအခါ ကြီးသော ရဟန်းက ငယ်သော ရဟန်းကို ငယ်နာမည် အတိုင်း လည်း ခေါ်နိုင်၏။ မျိုးရိုးအနွယ်အားဖြင့်လည်း ခေါ်နိုင်၏။ အာဝုသော (ငါ့ရှင်) ဟုလည်း ခေါ်နိုင်၏။
ငယ်သော ရဟန်းက ကြီးသော ရဟန်းကို “ဘန္တေ (အရှင်ဘုရား)”ဟုလည်း ခေါ်နိုင်၏။ “အာယသ္မာ (သက်တော်ရှည် အရှင်)” ဟု လည်း ခေါ်နိုင်၏။
သိက္ခာပုဒ် အချို့ကို
နုတ်လိုလျှင် နုတ်နိုင်ပုံ
“အာနန္ဒာ … ငါဘုရား ကွယ်လွန်သောအခါ ခုဒ္ဒါနု ခုဒ္ဒက - ငယ်ကုန် သာ၍ ငယ်ကုန်သော သိက္ခာပုဒ်တို့ကို နုတ်လိုလျှင် နုတ်နိုင်၏” ဟု မိန့်တော်မူ၏။
ဤစကားတော်၌ “နုတ်လိုလျှင်”ဟူသောစကား၊ “ငယ်ကုန် သာ၍ ငယ်ကုန်သော သိက္ခာပုဒ်” ဟူသော စကားသည် စဉ်းစားစရာ ကောင်း၏။
ထို စကားတော်အရ နုတ်ခြင်းကို အလိုရှိ၍ ပယ်နုတ်ခဲ့သော် ဘုရား လက်ထက်တော်တုန်းက စိတ်မပါပဲ ကျင့်ရသည့် အဖြစ်မျိုး ရောက်၏။
ထို့အပြင် - ခုဒ္ဒါနု ခုဒ္ဒက သိက္ခာပုဒ်တို့တွင် ရွာတွင်း၌ စက္ခုန္ဒြေ မချပဲ သွားလာ နေထိုင်ခြင်း၊ သင်္ကန်းမရုံပဲ သွားလာနေထိုင်ခြင်း၊ ရွာတွင်း၌ ကျယ်စွာ ရယ်မောခြင်း၊ အသံကျယ်ကျယ် စကားပြောခြင်း၊ သင်္ကန်းတို့ကို မြှောက်ပင့်၍ သွားခြင်း၊ ရွာတွင်း ရွာပြင် ကျင်ငယ်စွန့်ရာ၌ မတ်မတ် ရပ်၍ စွန့်ခြင်း၊ ပွဲကြည့်ခြင်း၊ သီချင်းဆိုခြင်း စသည်ဖြင့် လူ့ကြီးလူကောင်း တို့သော်မှ မလုပ်ဝံ့ကြသော အလုပ်များကို လုပ်ခွင့် ရကြလိမ့်မည်။
ထို့ကြောင့် “နှုတ်လိုလျှင်”ဟူသော စကားကိုထည့်၍ သုံးစွဲတော်မူသည်။
“မနုတ်လိုလျှင် မနုတ်ကြနှင့်”ဟု မိန့်တော်မူလိုသည်။
အရှင်မဟာကဿပ
မနုတ်ဘို့ မိန့်တော်မူခြင်း
ထို့ကြောင့်ပင် သံဃာပရိသက်တွင် အကြီးဆုံးဖြစ်သော အရှင်မဟာကဿပသည် ဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက် သံဃာများ၏ အလယ်၌ မိန့်တော်မူသည်မှာ - ငါ့ရှင်တို့ ... များစွာသော သိက္ခာပုဒ်တို့ကို လူတို့သည် သိကြကုန်၏။ ဤအမှု ဤအမှုသည် ရဟန်း တို့အား အပ်၏။ ဤအမှု ဤအမှုကား ရဟန်းတော်များအား မအပ် = မပြုအပ်”ဟု လူအများ သိနေကြ၏။
ငါတို့သည် ငယ်ကုန် သာ၍ ငယ်ကုန်သော သိက္ခာပုဒ်တို့ကို ပယ်နုတ်ကြလျှင် “ရဟန်း ဂေါတမသည် အလောင်းတော်ကို မီးသင်္ဂြိုဟ်ရာ ကာလတိုင်ရုံ - မီးခိုးမတိတ်မီသာ သူ့သာဝက တို့အား သိက္ခာပုဒ်ကို ပညတ်ထားသည်။
သူ၏ တပည့်တို့ကလည်း သူတို့ဆရာ ရှိတုန်းသာ သိက္ခာပုဒ်၌ ကျင့်ကြသည်။ သူတို့ဆရာ မရှိသောအခါ သိက္ခာပုဒ်၌ မကျင့်ကြတော့”ဟု ပြောစရာ ဖြစ်ပါလိမ့်မည်။
ထို့ကြောင့် သံဃာတော်သည် မြတ်စွာဘုရား မပညတ်အပ်သေးသော သိက္ခာပုဒ်ကို အသစ် မပညတ်ပဲ၊ ပညတ်အပ်ပြီးသော သိက္ခာပုဒ်ကိုလည်း မနုတ်ပဲ ကျင့်ကြဘို့ရန် သဘောတူကြပါ လော့”ဟု မိန့်တော်မူသည်။
အရှင်ဆန္နအား
ဗြဟ္မဒဏ်ပေးဘို့ မိန့်တော်မူခြင်း
မြတ်စွာဘုရား၏ ငယ်ကျွန်ဖြစ်သော အရှင်ဆန္ဒသည် ဘုရားရှင်ကို ချစ်ခင်နေ သောကြောင့် သက်တော်ထင်ရှား ရှိစဉ်အခါ၌ တရားထူး မရရှာ။ ရဟန်း သံဃာတော်များကိုလည်း ရိုသေ လေးစားခြင်း မရှိ။ ထို့ကြောင့် ပရိနိဗ္ဗာန် စံတော်မူသောအခါ ဆန္ဒကို ဗြဟ္မဒဏ် (မြတ်သော ဒဏ်ပေးနည်းဖြင့် ဒဏ်) ပေးရစ်ကြ”ဟု မိန့်တော်မူ၏။
“ဗြဟ္မဒဏ်”ဟူသည် အရှင်ဆန္ဒက ဘာပြောပြော ရဟန်းတို့က ပြန်မပြောရ၊ မဆုံးမရ။ မသွန်သင်ရ။ သူလုပ်ချင်တာ လုပ်ပါစေ၊ ဂရုမစိုက်ပဲ ထားရသောဒဏ် ဖြစ်သည်။
အမှန်အားဖြင့် ရဟန်းသံဃာက သူကို အဖက်မလုပ်တော့ပဲ ပယ်ထားသောဒဏ် ပင်တည်း။
ဘုရားပရိနိဗ္ဗာန်စံ၍ သံဃာစည်းဝေးသော နေရာ၌ ထို အရှင်ဆန္ဒ မရှိချေ။ အရှင်ဆန္ဒက ကြမ်းတမ်းသောကြောင့် အရှင်အာနန္ဒာသည် ရဟန်းငါးရာနှင့် အတူ သူ၏နေရာ ကောသမ္ဗီပြည် ဃောသိတာရုံ ကျောင်းတိုက်သို့ လှေဖြင့် ကြွတော်မူ၍ ဗြဟ္မဒဏ် ပေးကြောင်းကို ပြောသောအခါ “ရဟန်းသံဃာများကို တပည့်တော်ကို မဆုံးမဘူးဆိုလျှင် တပည့်တော်ကို သတ်လိုက်တာပါပဲ ဘုရား”ဟု ပြော၍ ထိုနေရာ၌ပင် မူးမိုက်၍ လဲကျလေသည်။
ထိုနောက် တရားအားထုတ်လေရာ မကြာခင် ရဟန္တာ ဖြစ်လေသည်။
အရှင်ဆန္ဒသည် အရဟတ္တဖိုလ်သို့ ရောက်ပြီးနောက် အရှင်အာနန္ဒာ အထံသို့ လှ၍ “အရှင်ဘုရား အာနန္ဒာ …တပည့်တော်၏ ဗြဟ္မဒဏ်ကို ငြိမ်းပါလော့”ဟု လျှောက်၏။
ထိုအခါ အရှင်အာနန္ဒာသည် “အရဟတ္တဖိုလ်ကို မျက်မှောက်ပြုသည့်နေ့က စ၍ အရှင်၏ ဗြဟ္မဒဏ် သည် အလိုလိုငြိမ်းပါပြီ”ဟု မိန့်တော်မူသည်။
သံသယရှိလျှင် မေးလိုက်ကြ
ဗုဒ္ဓမြတ်စွာသည် ရဟန်းတို့ကို မိန့်တော်မူသည်မှာ - ဘိက္ခုတို့ ... တစုံတယောက်သော ရဟန်းမှာ ဘုရား၌ဖြစ်စေ၊ တရား၌ဖြစ်စေ၊ အရိယာသံဃာ၌ ဖြစ်စေ၊ မဂ်တရား၌ ဖြစ်စေ၊ အကျင့်တရား ၌ဖြစ်စေ ယုံမှားသံသယ ရှိနေလျှင် မေးလိုက်ကြ။
နောင်အခါမှ “မြတ်စွာဘုရား မျက်မှောက်တော်၌ မိမိယုံမှားခြင်းကို မမေးလိုက်မိ”ဟု နှလုံး မသာမယာ မဖြစ်ရစ်ကြနှင့်။ ဤသို့ မိန့်တော်မူသောအခါ ရဟန်းအားလုံးပင် ဆိတ်ဆိတ် နေကြသည်။
နှစ်ကြိမ်မြောက်လည်း မေးဘို့ရန် တိုက်တွန်းတော်မူ၏။ ရဟန်းအားလုံး ဆိတ်ဆိတ် နေကြသည်။
သုံးကြိမ်မြောက်လည်း မေးဘို့ရန် တိုက်တွန်းတော်မူ၏။ ရဟန်း အားလုံးပင် ဆိတ်ဆိတ် နေကြသည်။
မေးစေတော်မူခြင်း
ဘိက္ခုတို့ … ငါဘုရားကို ရိုသေခြင်းကြောင့် မမေးလိုကြလျှင် သီတင်းသုံးတော် တပါးကို မိမိ ကိုယ်စား မေးပါ။
ဤသို့ မိန့်တော်မူသော်လည်း မည်သူမျှ မမေးကြ။
အားလုံး ဆိတ်ဆိတ်နေကြသည်။
အရှင်အာနန္ဒာ လျှောက်ပုံ
အားလုံး ဆိတ်ဆိတ်နေရာ အခါ၌ အရှင်အာနန္ဒာ လျှောက်ထားသည်မှာ မြတ်စွာဘုရား ... အံ့ဩစရာ ကောင်းပါပေသည်။ မဖြစ်စဘူး ထူးဆန်းပါပေသည်။ တပည့်တော်သည် “ဤဘိက္ခုသံဃာတွင် တပါးတလေမျှ ဘုရားစသည် အပေါ်၌ ယုံမှားသံသယ မရှိ”ဟု ယုံကြည်ပါသည်။
ဤသို့ လျှောက်သောအခါ မိန့်တော်မူသည်မှာ - အနန္ဒာ .. ဤရဟန်း အပေါင်းတွင် တပါးတလေမျှ ဘုရား စသည်တို့၏ အပေါ်၌ ယုံမှား သံသယ မရှိ”ဟု အမှန်အတိုင်း သိသော ဉာဏ်သည်ပင် ငါဘုရားမှာ ဖြစ်ပြီ။
ဘာ့ကြောင့်နည်း ... “အနီးအပါး၌ ရှိကြသော ဤရဟန်းငါးရာတို့တွင် အောက်တန်း အကျဆုံး ပုဂ္ဂိုလ်မှာ သောတာပန်ဖြစ်၏။ သောတာပန် မှန်လျှင် ဘုရား စသည်တို့ အပေါ်၌ ကိုယ်တိုင် သိနေသောကြောင့် ယုံမှားသံသယ မဖြစ်တော့” ဤသို့ မိန့်တော်မူပါသည်။
ကျိန်းစက်တော် မမူရ
ဗုဒ္ဓမြတ်စွာ သွေးဝမ်းတော်လားပြီးရာ အခါမှစ၍ ပရိနိဗ္ဗာန် စံတော်မူသည့် တိုင်အောင် အချိန် အတွင်း၌ အလွန်ပင်ပန်းစွာ ကြွလာတော်မူပါလျက် ကုသိနာရုံမြို့သို့ ရောက်သော အခါ ညဉ့်ဦးယံ၌ မလ္လာမင်းတို့အား တရားဟောတော်မူရ၏။
သန်းခေါင်ယံ၌ သုဘဒ္ဒပရိဗိုဇ်ကို ကျွတ်တမ်းဝင်စေတော်မူရ၏။ မိုးသောက်ယံ၌ ရဟန်း သံဃာတော်များကို ဩဝါဒ ပေးတော် မူရ၏။ ဤသို့ အားတော် လွန်စွာ နည်းပါလျက် အဖက်ဖက်က မလစ်လပ်ရအောင် ဆောင်တော်မူရ သောကြောင့် အနည်းငယ်မျှ ကျိန်းစက်တော်မူခွင့် မရပါ။
နောက်ဆုံးစကားတော်
ယခုအခါ၌ အဆုန်လပြည့် ညဉ့်၏ အရုဏ် မတက်မီ နောက်ဆုံးအချိန် ရောက်ပြီဖြစ်၍ ပရိနိဗ္ဗာန် စံတော်မူခါနီးဝယ် လေးဆယ့်ငါးဝါ ပတ်လုံး ဆုံးမတော် မူအပ်သော ဩဝါဒတော်များကို “အပ္ပမာဒေန - သတိ” ဟူသောစကား တလုံးတည်း၌သွင်း၍ နောက်ဆုံးဩဝါဒကို အောက်ပါ အတိုင်း မိန့်တော် မူပါသည်။
ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိ။
ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။
ဈာန်ဝင်စားတော်မူခြင်း
ဗုဒ္ဓမြတ်စွာသည် နောက်ဆုံး ဩဝါဒကို မိန့်တော်မူပြီးသောအခါ ပဌမဈာန်ကို ဝင်စားတော်မူ၏။
ပဌမဈာန်၏ အာရုံသည် ပါဠိတော်အတိုင်း နှစ်ဆယ့်လေးပါးရှိ၏။ ထိုနှစ်ဆယ့်လေးပါး သောဌာနတို့၌ အာရုံတပါးစီကို အာရုံပြု၍ ပဌမဈာန်ကို နှစ်ဆယ့်လေးကြိမ် ဝင်စားတော်မူ၏။
ဒုတိယဈာန်၏ အာရုံသည် တဆယ့်သုံးပါး ရှိသောကြောင့် ဒုတိယဈာန်ကို တဆယ့်သုံးကြိမ် ဝင်စားတော်မူ၏။
တတိယဈာန်ကိုလည်း ထို့အတူ တဆယ့်သုံးကြိမ် ဝင်စားတော်မူ၏။
စတုတ္ထဈာန်၏ အာရုံသည် အရူပအာရုံတို့ပါ ပေါင်းလျှင် တဆယ့်ငါးပါး ရှိသောကြောင့် စတုတ္ထဈာန်ကို အရူပဈာန်နှင့် တကွ တဆယ့်ငါးကြိမ် ဝင်စားတော်မူ၏။
သို့သော် အကြိမ်ကြိမ် အထပ်ထပ် ဝင်စားတော် မူသောကြောင့် ထိုမျှမကပဲ ကုဋေ နှစ်သန်း လေးသိန်း အရေအတွက်ရှိသော ဈာန်သမာပတ်တို့ကို ဝင်စားတော်မူသည်။
ပရိနိဗ္ဗာန် စံတော်မူခြင်း
စတုတ္ထဈာန် ဝင်စားတော်မူပြီးနောက် ဈာန်အင်္ဂါတို့ကို ဆင်ခြင်တော်မူပြီးလျှင် ပဋိသန္ဓေနေတော် မူစဉ်က စိတ်နှင့်တူသော ဘဝင်စိတ်ဖြင့် ပရိနိဗ္ဗာန် စံတော်မူ သည်နှင့် တပြိုင်နက် မဟာပထဝီ မြေကြီးသည် ကြောက်မက်ဖွယ်ရာ ပြင်းစွာ မြည်ဟီး၍ ကြက်သီးထဖွယ် အကြီးအကျယ် တုန်လှုပ် လေသည်။
သဟမ္ပတိဗြဟ္မာ
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသည်နှင့် တပြိုင်နက် သဟမ္ပတိ ဗြဟ္မာမင်းသည် အောက်ပါ ဂါထာကို ရွတ်ဆိုပြီ။
သဗ္ဗေဝ နိက္ခိပိဿန္တိ၊
ဘူတာ လောကေ သမုဿယံ။
ယတ္ထ ဧတာဒိသော သတ္ထာ၊
လောကေ အပ္ပဋိပုဂ္ဂလော။
တထာဂတော ဗလပ္ပတ္တော၊
သမ္ဗုဒ္ဓေါ ပရိနိဗ္ဗုတော။
မြန်မာပြန်
လူ နတ် ဗြဟ္မာ၊ သတ္တဝါ၏၊
ဆရာတဆူ၊ ဖြစ်တော်မူသား၊
ပြိုင်သူအားလုံး၊ ယှဉ်သော်ရှုံးဘို့၊
ထွတ်ဘုန်းကာယ၊ ဉာဏ်ဗလနှင့်၊
လုံးဝစုံလင်၊ အကုန်မြင်၍၊
သဗ္ဗညုမည်၊ ဉာဏ်တော်တည်သည့်၊
ရွှေရည်ရုပ်ဝါ၊ ကိုယ်ခန္ဓာလည်း၊
စွန့်ခွါပစ်ရ၊ ဤလောကဝယ်၊
ကာယအားလုံး၊ ပစ်ရထုံးသည် ...
နှလုံးမရွှင်ဖွယ်တကား။
သိကြားမင်း
မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးသည်နှင့် တပြိုင်နက် သိကြားမင်းသည် အောက်ပါ ဂါထာကို ရွတ်ဆိုပြီ။
အနိစ္စာဝတ သင်္ခါရာ၊
ဥပ္ပါဒဝယ ဓမ္မိနော။
ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊
တေသံ ဝူပသမော သုခေါ။
မြန်မာပြန်
အဝိဇ္ဇာနှင့်၊ တဏှာ-ကမ္မ၊
အာဟာရဟု၊ စိတ်ဥတုတို့၊
ပြုပြုပြင်ပြင်၊ တသွင်သွင်ဖြင့်၊
အစဉ်ပြုလုပ်၊ နာမ်နှင့်ရုပ်ကို၊
သမုတ်ခေါ်ကြ၊ သင်္ခါရကား၊
ဖြစ်က ပျက်ရန်၊ သဘောမှန်သဖြင့်၊
ဧကန် မုချ၊ အနိစ္စလည်း၊
ဖြစ်၍ပြီးသော်၊ ပျက်စီးပြန်ရ၊
ဧကန္တမို့၊ နှစ်ဝ ရုပ်နာမ်၊
အေးကြောင်းမှန်သည်၊ နိဗ္ဗာန်မည်ခေါ်၊
ဓာတ်အနှစ်တော်သည်၊
အော်...အော်...ချမ်းသာကြောင်းပါတကား။
အရှင်အနုရုဒ္ဓါ
မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးသည်နှင့် တပြိုင်နက် အရှင်အနုရုဒ္ဓါသည် အောက်ပါဂါထာကို ရွတ်ဆိုပြီ။
၁။ နာဟု အဿာသ ပသာသော၊
ဌိတစိတ္တဿ တာဒိနော။
အနေဇော သန္တီမာရမ္ဘ၊
ယံ ကာလ မကရီ မုနိ။
မြန်မာပြန်
အရှင်ဘုရား ... သံဃာများကို၊
တရားသခင်၊ ဘုရားရှင်သည်၊
များဖြင့်အာရုံ၊ အဖုံဖုံဝယ်၊
လှုပ်တုန်တတ်ခြင်း၊ တဏှာကင်း၍၊
သန့်ရှင်းနိဗ္ဗာန်၊ ဝင်ဘို့ရန်ဟု၊
ရည်သန်သမှု၊ အကြောင်းပြုလျက်၊
ယခုအခါ၊ စံလွန်ပါပြီ၊
များစွာထုံးစံ၊ လောကဓံ၊
ခံနိုင်စွမ်းရည်၊ စိတ်တည်တည်ဖြင့်၊
ကြည်ကြည်လင်လင်၊ ကိုယ်လည်း ရွှင်လျက်၊
ထွက်ဝင်အသက်၊ နောက်မဆက်သည် ...
ဖြစ်ပျက်ငြိမ်းတော့ပြီတကား။
၂။ အသလ္လီနေန စိတ္တေန၊
ဝေဒနံ အဇ္ဈဝါသယီ။
ပဇ္ဇောတဿေ၀ နိဗ္ဗာနံ၊
ဝိမောက္ခော စေတသော အဟု။
မြန်မာပြန်
ဗုဒ္ဓမြတ်စွာ၊ ဝေဒနာသည်၊
လွန်စွာပြင်းပြ၊ ခံခက်လှလည်း၊
လုံးဝမလွန့်၊ စိတ်မတွန့်ပဲ၊
မရွံ့ကြည်ဖြူ၊ ခံတော်မူ၍၊
အပူမီးတောက်၊ ငြိမ်းကာ ပျောက်သို့၊
နောက်နောက်ဝဋ်မီး၊ ကျွတ်လွတ်ပြီးသည်...
ငြိမ်းကြီး ငြိမ်းလေပြီတကား။
အရှင်အာနန္ဒာ
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသည်နှင့် တပြိုင်နက် အရှင်အာနန္ဒာသည် အောက်ပါ ဂါထာကို ရွတ်ဆိုပြီး။
တဒါသိ ဘိံ သနကံ၊
တဒါသိ လောမဟံသနံ။
သဗ္ဗကာရ ဝရူပေတေ၊
သမ္ဗုဒ္ဓေ ပရိနိဗ္ဗုသော။
မြန်မာပြန်
သီလ သမာဓိ၊ ပညာပြည့်၍၊
များဘိဥဿုံ၊ ဂုဏ်တော် စုံသည့်၊
သုံးဘုံထင်ရှား၊ မြတ်ဘုရား၏၊
တရားနိဗ္ဗူ၊ စံတော်မူသော်၊
ဗိုလ်လူများလှ၊ ကြက်သီးထ၍၊
ကြောက်ရအောင်ပင်၊ မြေငလျင်ကြီး၊
ပဲ့ကင်ဟီးသည် …
အံ့ကြီး အံ့ဖွယ်ပါတကား။
အမှာ
ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူသောအခါ -
မလ္လာမင်းတို့၏ အလောင်းတော် ပူဇော်ပုံမှစ၍ ဓာတ်တော်ဝေပုံ၊ ပူဇော်ကြပုံ၊
အဇာတသတ်မင်းနှင့် အရှင်မဟာကဿတို့ စုပေါင်း၍ ဌာပနာပုံ၊
နောင်အခါ ဓမ္မာသောကမင်းက ဖော်၍ တိုင်းပြည်အနှံ့ ဖြန့်ပုံတို့ကို “ဗုဒ္ဓဝင် အမေးအဖြေ” စာအုပ်ငယ် ဧကာဒသမ အခဏ်း၌၎င်း၊
အချို့ကို “ဗုဒ္ဓါနုဿတိဘာဝနာ”ကျမ်းစာငယ်၌၎င်း၊
အရှင်မဟာကဿထေရ် ကြွလာ၍ အလောင်းတော်ကို ရှိခိုးပုံနှင့်တကွ ဝန်ဆောင်ပုံကို “အနာဂတ် သာသန၁ရေး”ကျမ်း သံဃာရတနာအခဏ်း၌၎င်း၊
ပြထားပြီဖြစ်၍ အထူး မရေးတော့ပဲ ဗုဒ္ဓမြတ်စွာ၏ ပရိနိဗ္ဗာန် အကြောင်းကိုသာ ရေးပါမည်။
နိဗ္ဗာန်= ပရိနိဗ္ဗာန်
ပရိနိဗ္ဗာန် သုံးမျိုး
နိဗ္ဗာန်နှင့် ပရိနိဗ္ဗာန်သည် သဘောတူ၏။ ထို ပရိနိဗ္ဗာန်သည်
၁။ ကိလေသာတို့၏ ငြိမ်းအေးခြင်း ဟူသော ကိလေသပရိနိဗ္ဗာန်၊
၂။ ရုပ်ခန္ဓာတော်၏ ငြိမ်းအေးခြင်း ဟူသော ခန္ဓပရိနိဗ္ဗာန်၊
၃။ ဓာတ်တော်တို့၏ ငြိမ်းအေးခြင်း ဟူသော ဓာတုပရိနိဗ္ဗာန်
အားဖြင့် ၃-ပါး အပြားရှိ၏။
ကိလေသ ပရိနိဗ္ဗာန်
သတ္တဝါတိုင်း၌ ရှိသော လောဘ ဒေါသ မောဟ စသော ကိလေသာတို့သည် စိတ်ကို ပူလောင် စေကြကုန်၏။ တဏှာရာဂ လောဘမီး၏ ပူလောင်မှုကြောင့် ဆရာ မိဘ စသူတို့၏ စကားကို နားမထောင်နိုင်ပဲ လုပ်ချင်ရာ လုပ်ကြသူတွေ၊ အလိုမကျသော ဒေါသမီးကြောင့် ကိုယ့်ကိုယ်ကိုပင် သေကြောင်းကြံသူတွေကို ကြည့်လျှင် လောဘ ဒေါသမီးတို့ ပူလောင်ပုံမှာ အလွန်ထင်ရှား၏။
ထိုသို့ လောဘမီး ဒေါသမီး အလောင်ခံရခြင်းမှာလည်း မောဟမီးက အကြောင်း အကျိုး မသိ မမြင်နိုင်အောင် ဖုံးကွယ် ထားသောကြောင့် ဖြစ်၏။
ဥပမာ - ကလေးငယ်သည် ပူမှန်း မသိသောကြောင့် မီးကို ကိုင်ချင်သကဲ့သို့ (တချို့မှာ ကိုင်မိသကဲ့သို့) တည်း။ ဗုဒ္ဓမြတ်စွာသည် အရဟတ္တဖိုလ်ကို ရသောအခါ ထို ကိလေသာ အပူမီးတို့ အလုံးစုံကုန်၍ ငြိမ်းအေးကြလေတော့၏။
ထို့ကြောင့်“ကိလေသ ပရိနိဗ္ဗာနံ၊ ဗုဒ္ဓမြတ်စွာ၏ ကိလေသ ပရိနိဗ္ဗာန်သည်။ ဗောဓိပလ္လင်္ကေ အဟောသိ၊ ဘုရားဖြစ်ရာ မဟာဗောဓိပလ္လင်၌ ဖြစ်ခဲ့ပြီ။”ဟု ဉာဏဝိဘင်္ဂ အဋ္ဌကထာ မိန့်သည်။
ခန္ဓ ပရိနိဗ္ဗာန်
ရုပ်နာမ် ၂-ရပ် ပေါင်းစပ်၍ တည်နေသော ဤ ခန္ဓာကိုယ်သည် အေးချမ်း ငြိမ်သက်ခြင်း မရှိသော အပူတုံးသာ ဖြစ်၏။ ဇာတိမီး ဇရာမီး မရဏမီးစသော (ရှေး၌ ပြအပ်ခဲ့သော) မီးတဆယ့်တပါးသည် ဤ ခန္ဓာကိုယ်၌ တမျိုးပြီးတမျိုး လောင်လျက် ရှိ၏။
ဓမ္မစကြာ ပါဠိတော်၌ လာသော ချစ်သူနှင့်ကွဲရခြင်း၊ မုန်းသူနှင့် တွဲရခြင်း၊ အလိုရှိတာ မရခြင်းကြောင့် ဖြစ်ရသော ဒုက္ခများလည်း အပူများပင် ဖြစ်၏။
ထို့ကြောင့် သတ္တဝါတိုင်း၏ ခန္ဓာကိုယ်သည် ဒုက္ခအပူ မီးအပူတို့ဖြင့် အမြဲပူ၍နေ၏။
အခြားသူ၏ ခန္ဓာကိုယ်ကို မဆိုထားဘိ၊ ဗုဒ္ဓမြတ်စွာ၏ ခန္ဓကိုယ်တော်သော်မှလည်း ဝမ်းတော် လားချိန်မူစ၍ “အားတော် နည်းပါးရကား ၃-ဂါဝုတ် ခရီး၌ မကြာမကြာ နားတော်မူရခြင်း၊ ရေသောက်တော်မူလိုသောကြောင့် ရေခပ်စေတော်မူရခြင်း အားဖြင့် ခန္ဓာကိုယ်၏ အပူဒဏ်ကို ပင်ပန်းကြီးစွာ ခံတော်မူရပါသေးသည်။
ထို့ကြောင့် ညောင်စောင်းကလေး အပေါ်မှာပင် ဈာန်ပေါင်းများစွာ အကြိမ်ကြိမ် အခါခါခါ ဝင်စား တော်မူပြီး၍ စတုတ္ထဈာန်မှ ထတော်မူသောအခါ ပဋိသန္ဓေ နေတော်မူတုန်းက ဖြစ်သော မဟာဝိပါက် ပဌမစိတ်နှင့်တူသော ဘဝင်စိတ်ဖြင့် ပရိနိဗ္ဗာန် စံတော်မူခြင်းသည် ရုပ် နာမ် ခန္ဓာ ဟူသော အပူတုံးကြီး၏ ငြိမ်းအေးခြင်း ဟူသော ခန္ဓပရိနိဗ္ဗာန်ပင် ဖြစ်ပါသည်။
ထို့ကြောင့် “ခန္ဓပရိနိဗ္ဗာနံ ကုသိနာရာယံ - ခန္ဓပရိနိဗ္ဗာန်သည် ကုသိနာရုံမြို့၌ ဖြစ်ခဲ့ပြီ။”ဟု ဉာဏဝီဘင်္ဂအဋ္ဌကထာ မိန့်သည်။
မီးငြိမ်းခြင်း ဥပမာ
ဤခန္ဓာပရိနိဗ္ဗာန် ဖြစ်တော်မူပုံကိုပင် ရည်ရွယ်တော်မူ၍ နိဗ္ဗန္တိ ဓီရာ ယထယံ ပဒီပေါ = ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ ဖြစ်သော ပညာရှိတို့သည် နောက်ဆုံး ဝိညာဉ် ဖြစ်သော စုတိစိတ်တော်၏ ချုပ်ခြင်းအားဖြင့် ငြိမ်းအေးတော်မူကြပြီ။
ဥပမာ - တောက်နေသော ဆီမီးသည် ဆီကုန်သောအခါ ငြိမ်းသကဲ့သို့ ဖြစ်သည်”ဟု ရတနသုတ်၌ ဗုဒ္ဓမြတ်စွာ မိန့်တော်မူ၏။
ဤ မဟာပရိနိဗ္ဗာနသုတ် ပါဠိတော်၌လည်း“ပဇ္ဇောတဿ၀ နိဗ္ဗာနံ၊ ဝိမောက္ခော စေတသော အဟု - ပရိနိဗ္ဗာန် စုတိစိတ်တော်၏ လွတ်မြောက်တော်မူခြင်းသည် မီးငြိမ်းပုံနှင့် တူသည်”ဟု အရှင်အနုရုဒ္ဓါ မိန့်တော်မူသည်။
ဓာတု ပရိနိဗ္ဗာန်
ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်အားလုံး စုပေါင်း၍ ဓာတ်ပေါင်း ကိုယ်တော်ကို ဓာတ်မီးလောင်ပြီးမှ ငြိမ်းခြင်းကို “ဓာတု ပရိနိဗ္ဗာန်” ဟု ခေါ်၏။
ချဲ့ပါဦးမည် - သာသနာတော်ကို ကိုးကွယ်မည့်လူ တယောက် တလေမျှ မရှိလောက်အောင် သာသနာ ဆုတ်ယုတ်သောအခါ နေရာဌာန အသီးသီး၌ တည်တော်မူသော ဓာတ်တော်များသည် ဘုရားဖြစ်ရာ ဗောမိပင်၌ စုပေါင်းကာ ရွှေတုံးကြီးကဲ့သို့ဖြစ်၍ ရောင်ခြည်တော် လွှတ်လိမ့်မည်။
ထို ရောင်ခြည်တော်ကို ဖူးမြင်ရသောအခါ နတ် ဗြဟ္မာ တို့သည် ကပျာကယာ လာကြပြီးလျှင် အရိုးတော် ရွှေတုံးကြီး၌ တေဇောဓာတ် လောင်နေသည်ကို မြင်ရသောအခါ“ယခုမှ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတော်မူတာပဲ၊ ယခုမှ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတော်မူတာဘဲ” ဟု ပြောကာ ပြောကာ အလွန်ဝမ်းနဲစွာ ငိုကြွေးကြ လေ၏။ အနာဂါမ် ရဟန္တာ နတ် ဗြဟ္မာ တို့ကား “ဖြစ်လေသမျှ ပျက်ရသည်သာ”ဟု တရားသဘောကို တွေးကာ သံဝေဂဉာဏ်ဖြင့် သည်းခံနိုင်ကြပေသည်။
လင်္ကာ
ဓာတ်တော်မွေတော်၊ ကြွင်းပါသော်လည်း၊
ချွတ်ချော်သာသနာ၊ နောင်သောခါဝယ်၊
ရှိန်ဝါ ပျောက်ကြွေ၊ ကွယ်ပချေသော်၊
ထွေထွေရပ်နယ်၊ ဓာတ်သွယ်သွယ်လည်း၊
ကိုးကွယ်ကြမည့်၊ လူမရှိ၍၊
ဗောဓိပင်မှာ၊ စုပေါင်းကာဖြင့်၊
ရောင်ဝါလွှတ်ပြီး၊ ရွှေတုံးကြီးသို့၊
ဓာတ်မီးလောင်တောက်၊ ကုန်ဆုံးပျောက်က၊
လာရောက်ကြရှာ၊ နတ် ဗြဟ္မာတို့၊
သာသနာ ဗုဒ္ဓ၊ ယခုမှပင်၊
မုချအတည်၊ ကွယ်ရပြီဟု၊
ငိုမြည်တမ်းတ၊ သံဝေဂဖြင့်၊
မရယူကျုံး၊ ကိုယ် စိတ်ချုံးသည် …
နောက်ဆုံး သာသနာ့ ပွဲတော်ဘုရား။
နိဗ္ဗာန် ၂-မျိုးမှ တမျိုးနိဗ္ဗာန်
ရဟန္တာအားလုံး၌ ရနိုင်သော ကိလေသ ပရိနိဗ္ဗာန်၊ ခန္ဓပရိနိဗ္ဗာန် ၂-မျိုးသည် “သိပံ ပတ္ထေထ ဘိက္ခဝေ၊ သိဝံ ပတ္ထေတွာ ဒါနံဒါတဗ္ဗံ = ဘိက္ခုတို့ ... ဘေးခပ်သိမ်းတို့၏ အေးငြိမ်းရာ နိဗ္ဗာန်ကို တောင့်တကြလော့။ နိဗ္ဗာန်ကို တောင့်တ၍ ဒါနကို ပြုကြလော့။ သီလကို ဆောက်တည်ကြလော့။ ဘာဝနာကို ပွါးစေကြလော့” ဤသို့ ဗုဒ္ဓမြတ်စွာ တိုက်တွန်းတော် မူအပ်သော နိဗ္ဗာန် မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည် “ဒုက္ခခပ်သိမ်း အေးငြိမ်းရာ ဖြစ်သော အသင်္ခတဓာတ် နိဗ္ဗာန် တရားတော်မြတ်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏”ဟု လူအများ တောင့်တအပ် ဆုတောင်း အပ်သေ အသင်္ခတဓာတ် နိဗ္ဗာန် တရားမြတ် မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည် “ငါဘုရားသည် ယနေ့ညဉ့်၏ နောက်ဆုံးအချိန်၌ ရှေး ဘုရားရှင်တို့ ဝင်အပ်သော အမြိုက်နိဗ္ဗာန်သို့ ဝင်ရတော့မည်”ဟု ဆင်ခြင်တော် မူသော အခါ“စိတ်တော်သည် အလွန်ကြည်၏”ဟု မိန့်တော်မူအပ်သော နိဗ္ဗာန် မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည် “အနေဇော သန္တိ မာရဗ္ဘ၊ ယံ ကာလမကရီ မုနိ = ငါးဖြာအာရုံ ကာမဂုဏ်၌ တုန်လှုပ်တတ်စွာ တဏှာ ကင်းပြီးသော အကြင် မုနိထွတ်တင် ဘုရားရှင်သည် ဒုက္ခခပ်သိမ်း အေးငြိမ်းရာနိဗ္ဗာန်ကို ရည်ရွယ်တော်မူ၍ ကွယ်လွန်ချိန်ကို ပြုတော်မူပြီ” ဟု အရှင်အနုရုဒ္ဓါ မိန့်တော်မူအပ်သော စကားတော် အရ ဘုရားရှင် ရည်ရွယ်တော်မူအပ်သော သန္တိသုခ အမတ မဟာနိဗ္ဗာန် မဟုတ် သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် နှစ်မျိုးသည် “နိဗ္ဗာနံ ပန လောကုတ္တရ သင်္ခါတံ စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ မဂ္ဂဖလာန မာရမ္မဏဘူတံ ဝါနသင်္ခါတာယ တဏှာယ နိက္ခန္တတ္တာ နိဗ္ဗာနန္တိ ပဝုစ္စတိ”ဟု အဘိဓမ္မတ္ထသင်္ဂဟ ကျမ်း၌ “မဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်”ဟု၎င်း၊
“နိဗ္ဗာနံ ပရမံ သုခံ”ဟု ဓမ္မပဒ အဋ္ဌကထာ၊ သုခဝဂ်၊ ဧကဥပါသကဝတ္ထု၌ “နိဗ္ဗာန်သည် အမြတ်ဆုံး သုခ”ဟု၎င်း၊
“အသင်္ခတာ စ ဓာတု”ဟု ဓမ္မသင်္ဂဏီရူပကဏ္ဍ ဥဒ္ဒေသ၌ “အသင်္ခတဓာတ်” ဟု၎င်း ဟောတော်မူအပ်သော နိဗ္ဗာန် မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည် သစ္စာ ၄-ပါးတွင် နိရောဓသစ္စာ အဖြစ်ဖြင့် ပါဝင်သော၊ သောတာပတ္တိမဂ်ကို ရလျှင်ပင် ဝိသာခါကဲ့သို့ ၇-နှစ်သ္မီးအရွယ် သူငယ်မတို့ ထိုက်တန်သမျှ မြင်အပ်သော၊ တခါမြင်ပြီးလျှင် ဒိဋ္ဌိဝိစိကိစ္ဆာတို့ ကင်းကွာရကြောင်း ဖြစ်သော၊ တခါမြင်ဘို့ရန်လည်း ငါးပါးသီလ လုံခြုံမှု အခြေခံရသော နိဗ္ဗာန် မဟုတ်သေးပါ။
ထို့ကြောင့် ယခုအခါ၌ အကြောင်းတရားတို့ မပြုအပ်သောကြောင့် “အသင်္ခတဓာတ်”ဟု အမည်တော်ရသော၊
ဘုရားရှင်သာမက ရဟန္တာ ဟူသမျှတို့သည် ပရိနိဗ္ဗာန် မဝင်စံခင်ကာလ၌ မကြာ မကြာ အာရုံပြု၍ နေအပ်သော၊
ပရိနိဗ္ဗာန် စံတော်မူပြီး နောက်လည်း မပျောက်မပျက် ဆက်လက် တည်ရှိရစ်သော၊
လူအများတို့ ဆုတောင်းအပ်သော၊
ဘုရားရှင်လည်း ဆုတောင်းဘို့ရန် တိုက်တွန်းတော်မူအပ်သော -
နိဗ္ဗာန်တရားတော်မြတ်ကို ရိုသေလေးမြတ်စွာ ရေးသားပူဇော်ပါမည်။
လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်
ရှေးပညာရှိများ ဖွင့်ပြပုံ
စိတ် စေတသိက် ရုပ် နိဗ္ဗာန်ဟူသော ပရမတ္ထ တရားတို့သည် ရူပါရုံမှတပါး မျက်စိဖြင့် မြင်ကောင်းသော တရားများ မဟုတ်ပါ။ ထိုသို့ မမြင်ကောင်းသော်လည်း ရှေးပညာရှိ အဋ္ဌကထာ ဆရာတို့သည် မျက်စိဖြင့် မြင်ရသကဲ့သို့ ဉာဏ်ထည်း၌ ထင်မြင်လာအောင် လက္ခဏာအားဖြင့်၎င်း၊ ကိစ္စရသ သမ္ပတ္တိရသ တမျိုးမျိုးအားဖြင့်၎င်း၊ ဉာဏ်ဖြင့် ရှုစားသော ယောဂီပုဂ္ဂိုလ် ပညာရှိ ပုဂ္ဂိုလ်တို့၏ ဉာဏ်အား ထင်လာသော အခြင်းအရာ အားဖြင့်၎င်း၊ အနီးဆုံး အကြောင်းဟူသော ပဒဋ္ဌာန်အားဖြင့်၎င်း ဖွင့်ပြကြပါသည်။
နိဗ္ဗာန်ကိုလည်း ဉာဏ်၌ ထင်လာမြင်လာအောင် လက္ခဏ ရသ ပစ္စုပဋ္ဌာန် အားဖြင့် ဖွင့်ပြရမည် ဖြစ်၍ ထိုသို့ မဖွင့်ပြမီ သန္တိလက္ခဏာ ရှိသော နိဗ္ဗာန်နှင့် တဖက်တလမ်း (ဟိုဘက်ကမ်း ဤဘက်ကမ်းကဲ့သို့) ကွာလှမ်းသော ရုပ်နာမ်၏ မငြိမ်မသက် ဖြစ်ပျက်ပုံကို ရှေးဦးစွာ ပြပါမည်။
သင်္ခတဓာတ်
ရုပ်နာမ်တို့သည် အဝိဇ္ဇာ တဏှာ ကံစသော အကြောင်းတို့က ပြုအပ်သော သင်္ခတဓာတ် (ပြုပြင်အပ်သောဓာတ်) ဖြစ်၏။ ပြု၍ ဖြစ်သောအခါ ချက်ချင်း ပျက်၏။ ပျက်ပြီးလျှင်လည်း ထပ်၍ ဖြစ်၏။ ဖြစ်လျှင်လည်း ပျက်ပြန်၏။ ဤသို့ ဖြစ်+ပျက်၊ ဖြစ်+ပျက် ဆက်၍နေသော အစဉ်သည် လက်ဖျောက်တချက်တီးခန့် ကာလ၌ ကုဋေသိန်းပေါင်း များပင်တည်း။
[စိတ် စေတသိက်တို့ တဆယ့်ခုနစ်ကြိမ် ပျက်ပြီးမှ ရုပ်က တကြိမ်သာ ပျက်၏။]
ဤအချိန်ကလေး၌ ဤမျှလောက် များအောင် ဖြစ်ပျက်နေရသော ရုပ်နာမ်သည် အဘယ်မှ ငြိမ်သက်အေးမြ၍ သုခ ဖြစ်နိုင်တော့အံ့နည်း။ အဖြစ်အပျက်ဒဏ်ကို အမြဲခံနေရသောကြောင့် အမြဲပင် ဒုက္ခဖြစ်၏။ … “ဥဒယဗ္ဗယ ပဋိပီဠနဋ္ဌေန ဒုက္ခာ = အဖြစ်အပျက်ဒဏ်ကို အမြဲခံနေ ရသောကြောင့် ရုပ်နမ်ဟူသမျှ ဒုက္ခချည်းသာ။
သန္တိလက္ခဏာ
“လက္ခဏ” ဟူသည် မှတ်သားကြောင်း အမှတ်အသား၊ မှတ်သားအပ်သော သဘောတည်း။ လူ တယောက်၌ အများနှင့်မတူသော ထူးခြားသော အမှတ်အသား ရှိသကဲ့သို့ ပရမတ္ထတရား ၄-ပါး ၌လည်း တပါးနှင့်တပါး မတူအောင် ထူးခြားသော အမှတ်အသား ထူးခြားသော သဘောရှိ၏။ နိဗ္ဗာန်အတွက် ထူးခြားသောလက္ခဏာ (အမှတ်အသား) ကား သန္တိလက္ခဏာတည်း။
သန္တိဖြစ်ပုံ
ရုပ် စိတ် စေတသိက် နာမ်တို့သည် ပြအပ်ခဲ့သည့်အတိုင်း အမြဲ ဖြစ်+ပျက်၊ ဖြစ်+ပျက် နေရကား ငြိမ်ငြိမ်သက်သက် မရှိကြ။ အမြဲ ပူလောင်နေသကဲ့သို့၊ ငြိမ်းငြိမ်း အေးအေးလည်း မရှိကြ။ အသင်္ခတဓာတ် “နိဗ္ဗာန်တရားမြတ်ကား အဖြစ်မရှိသော ကြောင့် အပျက်လည်း မရှိ။ အဖြစ် အပျက် လှုပ်လှုပ်ရွရွ မရှိသောကြောင့် အလွန် ငြိမ်သက်၏။ အဖြစ်အပျက် အပူအလောင် မရှိသောကြောင့် အလွန် အေးငြိမ်း၏။ ထို ငြိမ်သက် အေးငြိမ်းခြင်းသည် နိဗ္ဗာန်၏ “သန္တိ” ဟု ခေါ်ရာ ထူးခြားသော လက္ခဏာ ဖြစ်သည်။
အစ္စုတရသ
ရုပ် နာမ် ခန္ဓာတို့သည် ရှေးဦးစွာ ဖြစ်ရ၏။ ဖြစ်ပြီးသောအခါ ပျက်ရခြင်းအားဖြင့် ပင်ကိုယ် သဘောမှရွှေ့လျောရ၏။ နိဗ္ဗာန်၏ သန္တိသဘောကား ဘယ်အခါမှ မပျောက်မပျက် သောကြောင့် ပင်ကိုယ်သဘောမှ မရွေ့ခြင်း ဟူသော ထူးသော အရသာ ရှိ၏။
အနိမိတ္တပစ္စုပဋ္ဌာန်
ကမ္မဋ္ဌာန်း အားထုတ်သော ပုဂ္ဂိုလ်ဖြစ်စေ၊ တရားသဘောကို စဉ်းစားသော ပညာရှင် ဖြစ်စေ၊ ဉာဏ်ဖြင့်ရှုသောအခါ အမှန်အတိုင်း ထင်လာ၏။ ထိုသို့ ထင်လာသည်ကို “ပစ္စုပဋ္ဌာန်”ဟု ခေါ်၏။
နိဗ္ဗာန်၏သဘောကို ဉာဏ်ဖြင့်ရှုသော အခါ (စိတ် စေတသိက် ရုပ်တို့မှာ သဘော အထည်ကိုယ် ရှိသကဲ့သို့) “အထည်ကိုယ် မရှိသောအရာ”ဟု ဉာဏ်အား ထင်လာသည်။
[နိမိတ္တဓမ္မာ သင်္ခါရာ၊ တေ ဟိ သနိမိတ္တာ ဝိယ သဂိဂ္ဂဟာ ဝိယ ဥပဋ္ဌဟန္တိ။ အဋ္ဌသာလိနီ လောကုတ္တရကုသိုလ် အဖွင့် အနုဋီကာ။]
ပဒဋ္ဌာန်
နီးကပ်သော အကြောင်းကို ပဒဌာန (ပဒဋ္ဌာန်)ဟု ခေါ်၏။
(စိတ်သည် ယှဉ်ဘက် စေတသိက် မှီရာရုပ် ဟူသော နီးကပ်သော အကြောင်း ရှိသကဲ့သို့) နိဗ္ဗာန်မှာ နီးကပ်သော အကြောင်း မရှိ။
အရိယာတို့ သန္တာန်၌ နိဗ္ဗာန်တရား ပေါ်လာဘို့ရန် ဒါန သီလ ဘာဝနာ စသော ဝေးသော အကြောင်းကား များရှိရပါသည်။
သန္တိက္ခဏံ အစ္စုတ-ရသံ နိဗ္ဗာန အမတံ။
အနိမိတ္တ ဥပဋ္ဌာနံ၊ ပဒဋ္ဌာနံ န လဗ္ဘတိ။
နိဗ္ဗာန အမတံ၊ အမြိုက်နိဗ္ဗာန်သည်။
သန္တိလက္ခဏံ၊ ငြိမ်သက်ငြိမ်းအေးခြင်း လက္ခဏာ ရှိ၏။
အစ္စုတရသံ၊ ပင်ကိုယ်သဘောမှ မရွေ့လျောခြင်း သမ္ပတ္တိရသ ရှိ၏။
အနိမိတ္တ ဥပဋ္ဌာနံ၊ အထည်ကိုယ်ဟန် - ပုံသဏ္ဌာန် မရှိတရားဟု ဉာဏ်အား ထင်လာ၏။
ပဒဋ္ဌာနံ၊ နီးစွာသော အကြောင်းကို။
န လဗ္ဘတိ၊ မရအပ်။
နိဗ္ဗာန်၏ ဂုဏ်တော်တချို့
---ခယဂုဏ်တော်
ထို နိဗ္ဗာနဓာတ် တရားမြတ်ကို သောတာပတ္တိမဂ်ဖြင့် မြင်လိုက်သည်နှင့် တပြိုင်နက် ရာဂစသော ကိလေသာ အချို့သည်၎င်း၊ ထို ကိလေသာ ရှိသူတိုင်း (၇-ဘဝနောက် ရရှိမည့်) ရုပ်နာမ်တို့ သည်၎င်း ကုန်ခန်းကြရတော့၏။
အထက် မဂ်များကို ရသောအခါလည်း ဤနည်းအတိုင်း ကိလေသာ အပူတွေ ကုန်ရပေသည်။ ထို့ကြောင့် သန္တဖြစ်သော ထိုနိဗ္ဗာန်သည် ကိလေသာတို့၏၎င်း၊ ရုပ်နာမ်တို့၏၎င်း ကုန်ခန်းကြောင်း ခယဂုဏ်နှင့် ပြည့်စုံပါသည်။
---ဝိရာဂဂုဏ်တော်
တပ်မက်ခြင်း သဘောကို ပါဠိလို“ရာဂ”ဟု ခေါ်၏။ ထိုရာဂသည် ရုပ်နာမ်ခန္ဓာ အပေါ်၌၎င်း၊ ခန္ဓာနှင့် စပ်သော ပညတ်အပေါ်၌၎င်း ဖြစ်ရသော တရားတည်း။
ရုပ်နာမ်တို့၏ ကုန်ကြောင်းဖြစ်သော နိဗ္ဗာန်သည် ထိုရာဂနှင့် လုံးလုံး မစပ်တော့ရကား “ဝိရာဂ ရာဂမရှိ”ဟူသော ဂုဏ်နှင့်လည်း ပြည့်စုံပါသည်။
---အမတဂုဏ်တော်
“သေခြင်း”ဆိုသည်မှာ တဘဝအတွက် နောက်ဆုံး ပျက်ခြင်းတည်း။
ထို အပျက်ဟူသည်လည်း အဖြစ် ရှိပြီးမှ ပေါ်လာ၏။ ပျက်ဘို့ ရှေးရှုနေသော (ပျက်ဘို့ပြင် နေသော) သဘောကို “အိုခြင်း=ဆွေးမြေ့ခြင်း ဟု ခေါ်၏။ ပါဠိလို ဇာတိ၊ ဇရာ၊ မရဏ၊ မြန်မာလို “ဖြစ်ခြင်း၊ ရင့်ခြင်း (အိုခြင်း)၊ သေခြင်း (ပျက်ခြင်း) ဟူသော သဘောသည် ရုပ်တရား နာမ်တရား တို့၏ သဘောဖြစ်၏၊
ရုပ်နာမ်အားလုံး ကုန်ဆုံးပြီးသော ထိုနိဗ္ဗာန်သည် သေခြင်း “မတ” မရှိရကား အမတဂုဏ်နှင့် လည်း ပြည့်စုံပါသည်။
---ပဏီတဂုဏ်တော်
နိဗ္ဗာနဓာတ် တရားမြတ်သည် ရဟန္တာပုဂ္ဂိုလ်များအတွက် (စား၍ မဝနိုင်အောင် အရသာရှိသော အစာကဲ့သို့) မကြာမကြာ အာရုံပြု၍ နေချင်စရာ ကောင်းလောက် အောင် အရသာရှိသော တရားတော် ဖြစ်၏။
ဗုဒ္ဓမြတ်စွာသည် (ဖလသမာပတ်ကို ဝင်စားကာ) ထိုနိဗ္ဗာန်ကို အာရုံပြု၍ မကြာမကြာ သီတင်းသုံးတော် မူလေ့ရှိ၏။ တရားဟောတော် မူတုန်းမှာပင် ပရိသတ်က သာဓု-ခေါ်နေတဲ့ အခါ ဗုဒ္ဓမြတ်စွာသည် နိဗ္ဗာန်ကို အာရုံပြု၍ နေတော်မူ၏။ သာဓု-ခေါ်ပြီးမှ တရားကို ဆက်၍ ဟောတော်မူ၏။
နိဗ္ဗာန်တရားတော်သည် ရဟန္တာ ဖြစ်ပြီး ပုဂ္ဂိုလ်အတွက် ဤမျှလောက် အရသာရှိသော တရားထူး တရားမွန် ဖြစ်သောကြောင့် ပဏီတဂုဏ်နှင့်လည်း ပြည့်စုံပါသည်။
---ယဒဇ္ဈဂါ (ယံ+အဇ္ဈဂါ)
ထို နိဗ္ဗာန်တရားတော်ကို ဤသာသနာတော်၌ ဗုဒ္ဓမြတ်စွာသည် အစဆုံးသိတော်မူ တွေ့မြင်တော်မူရ၏။ တွေ့မြင်ရာဌာနနှင့် ကာလကား ဘုရားဖြစ်ရာ ဗောဓိရိပ်သာ၌ ကဆုန်လပြည့် ညဉ့် အရုဏ်တက်တော့မည့်ဆဲဆဲ အချိန်အခါတည်း။
---နိရောဓသစ္စာ
ထိုအချိန်ဝယ် ဗုဒ္ဓမြတ်စွာသည် ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဟူသော သစ္စာ၄-ပါးကို ပိုင်းခြားထင်ထင် သိမြင်တော်မူ၏။
ထိုသိမြင်တော်မူဘို့ရာဝယ် “နိရောဓသစ္စာ” ဟူသည် ဤ နိဗ္ဗာနဓာတ် တရားမြတ်ပင် ဖြစ်၏။
ထိုအချိန်၌ မျက်စိအောက်သို့ ရောက်နေသော အရာဝတ္ထုကို မြင်ရသကဲ့သို့ ဗုဒ္ဓမြတ်စွာသည် မဂ်ဉာဏ်ဖြင့် ခယ ဝိရာဂ အမတ ဂုဏ်အပေါင်းနှင့် ပြည့်စုံသော နိဗ္ဗာန် ဟူသော နိရောဓသစ္စာကို ထင်ထင်ရှားရှား မြင်တော်မူပါသည်။
---ဥပမာဆောင် ထင်ရှားအောင် ပြအံ့
အဏုမြူဓာတ်၏ စွမ်းအားကို ရှာဖွေကြသော လောကီ ပညာချွန်တို့သည် အလွန်ကြိုးစားသောအခါ ထိုအဏုမြူအားကို တွေ့မြင်ကြရ၏၊ ထိုတွေ့မြင်အပ်သော ထိုဓာတ်အားသည် သူတို့တွေ့မှ ဖြစ်သည် မဟုတ်၊ နဂိုရ်သဘာဝ အတိုင်း ရှိနေသောအား ဖြစ်သကဲ့သို့၎င်း၊ လေးနက်သော ကျမ်းစာ၏ အဓိပ္ပါယ်ကို အမှန် သိအောင် စဉ်းစားကြသော စာပေ ပညာချွန်တို့သည် ရက်ပေါင်း များစွာ အတော် ကြိုးစားသောအခါ ထိုအဓိပ္ပါယ်ကို သိရ၏။
ထို သိအပ်သော အကြောင်းအရာ အဓိပ္ပါယ်စာသည် ထိုအချိန်မှ ဖြစ်ရဘည် မဟုတ်ပဲ နဂိုသဘာဝ အတိုင်းပင် ရှိနေသကဲ့သို့၎င်း၊ ဟရားထူရအောင် အားထုတ်သော ယောဂီသူမွန်သည်လည်း နိဗ္ဗာန်နှင့်တကွ သစ္စာ၄-ပါးကို သိရအောင် တရားအားထုတ် သောအခါ အလွန့်အလွန် ကြိုးစားမှ ထိုတရားကို သိရ၏၊
ထို သိအပ်သော နိဗ္ဗာန်သည် ထိုအချိန်မှ ဖြစ်ပေါ်လာသော တရားမဟုတ်၊ သဘာဝအတိုင်း ရှိနေသော သန္တိသုခ တရားသာ ဖြစ်ပါသည်။
---သမံနတ္ထိ
ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်း လေးထောင်ဟူသော ပရိယတ်တရား၊ ကိလေသာတို့ကို သူ့နည်း သူ့ဟန်ဖြင့် ပယ်နိုင်သော ဈာန်တရား၊ မြေလျှိုးမိုးပျံ ပုံသဏ္ဌာန် အမျိုးမျိုးကို ဖန်ဆင်းနိုင်ခြင်း စသော တန်ခိုးရှိသော အဘိညာဉ်တရား၊ ဆိုင်ရာ ကိလေသာကို အကြွင်းအကျန် မရှိအောင် ပယ်နိုင်သော မဂ်တရား၊ ဖိုလ်တရားတို့သည် ဆိုင်ရာ အကျိုး အမျိုးမျိုးကို ပေးနိုင်ကြသော်လည်း နိဗ္ဗာန်နှင့် တန်းတူသောတရား တပါးမျှ မရှိပါချေ။
---ဒိဋ္ဌဓမ္မိကနိဗ္ဗာန်
ပရိနိဗ္ဗာန်စံတော်မမူမီ ဖလသမာပတ် ဝင်စားသောအခါ ဗုဒ္ဓမြတ်စွာ၏ စိတ်တော်၌ မကြာမကြာ ထင်ပေါ်နေသေ၁ နိဗ္ဗာန်ကို မျက်မှောက်ဘဝ၌ အာရုံပြုရသောကြောင့် “ဒိဋ္ဌဓမ္မိကနိဗ္ဗာန်”ဟု ခေါ်၏။
ဝိပါက်စိတ်များနှင့် ကမ္မဇရုပ်များကို “ဥပါဒိ”ဟု ခေါ်၏၊
ထိုဥပါဒိ ရှိစဉ်အခါ၌ အာရုံပြုရသောကြောင့် “သဥပါဒိသေသနိဗ္ဗာန်”ဟုလည်း ခေါ်သည်။
---သမ္ပရာယိက နိဗ္ဗာန်
ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတော်မူပြီးသောအခါ တည်ရှိရစ်သော ထိုနိဗ္ဗာန်ကိုပင် “သမ္ပရာယိက နိဗ္ဗာန်”ဟု ခေါ်၏၊
ဝိပါက် နာမက္ခန္ဓာနှင့် ကဋတ္တာရုပ် ဟူသော ကမ္မဇရုပ် အကြွင်းအကျန် မရှိသော ကြောင့် “အနုပါဒိသေသနိဗ္ဗာန်” ဟုလည်း ခေါ်သည်။
ထို့ကြောင့် “ဗုဒ္ဓမြတ်စ္စာ ပရိနိဗ္ဗာန် စံတော်မူပြီးသော်လည်း ဗုဒ္ဓမြတ်စွာ သိတော်မူ အပ်ပြီးသော အသင်္ခတ နိဗ္ဗာနဓာတ် သည်ကား ယနေ့တိုင်အောင် တည်ရှိနေသည်”ဟု မှတ်ပါ။
[ခုဒ္ဒကဝတ္ထု အဋ္ဌကထာ၊ ဒု ဝဂ်-နိဗ္ဗာနသုတ် အဖွင့်။]
---သုခ ၂-မျိုး
သုခသည် ဝေဒယိတသုခ၊ သန္တိသုခဟု ၂-မျိုး ရှိ၏။
ယခုခေတ် လူအများတို့ မြင်ရ ကြားရ နမ်းရ စားသောက်ရ တွေ့ထိရသောအခါ ဖြစ်ပေါ်လာသော ကိုယ်ချမ်းသာခြင်း၊ စိတ်ချမ်းသာခြင်းကို “ဝေဒယိတသုခ” ဟု ခေါ်၏။
ထိုသို့ ခံစားမှုမရှိပဲ ဒုက္ခခပ်သိမ်း ငြိမ်းအေးခြင်းသဘောကို “သန္တိသုခ”ဟု ခေါ်သည်။
---ဝေဒယိတသုခ
ခံစားမူဟူသော ဝေဒယိတသုခသည် ခံစား၊ စံစား၍ ကုန်ကုန် သွားသည့်အတွက် အသစ်အသစ် ရအောင် ပစ္စည်းဥစ္စာ ရှာရခြင်းစသော ဒုက္ခဖြင့် ထူထောင်ရ၏၊ ထို အသစ်အသစ် ရအောင် ထူထောင်ရသော ဒုက္ခကား ခံစားရသော သုခနှင့် အဆမတန်ချေ။
ထိုသို့ဒုက္ခဖြင့် ထူထောင်ပြီး နောက် ပေါ်ပေါက်ရရှိသော သုခ ကလေးဖြင့် တင်းမတိမ် နိုင်ကြသောကြောင့် အပိုအမို အကြွေးယူကာ မတရား ခံစားမှုအတွက် အပါယ်သွား၍ သုခကြွေးတွေကို အတိုးနှင့်တကွ ဒုက္ခဖြင့် ဆပ်ကြရလေသည်။
---သန္တိသုခ
ထိုကဲ့သို့ ခံစားမှုနှင့် မရောသော သန္တိသုခ သဘောကား ရုပ်နာမ်သင်္ခါရတို့ ချုပ်ငြိမ်းသဖြင့် အေးမြ ငြိမ်းချမ်းခြင်း သဘောတည်း။
ထင်ရှားစေအံ့ - လောကီအာရုံ ကာမဂုဏ်တွေ ပြည့်စုံလှသော သဌေးတယောက်သည် နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ် ခံစားဘို့ အာရုံများကို ပြင်ဆင်၍ အစေခံတို့က နှိုးလာသောအခါ“အအိပ် ဖျက်ရ မည်လား”ဟု ကြိမ်းဝါး မောင်းမဲမည်သာ။
ထိုသူ၏ အိပ်နေစဉ်အခါ၌ ခံစားမှု အထင်အရှားမရှိ၊ သို့ပါလျက် နှစ်ခြိုက်စွာ အိပ်ရမှုကိုပင် ခံစားမှု သုခထက် နှစ်သက်၍ “အိပ်ရ ကောင်းလိုက်တာ” ဟု အမွှန်း တင်ကြသေး၏။
ရုပ်နမ်အားလုံး ကင်း၍ ငြိမ်းချမ်းခြင်း သန္တိသုခကား “မည်မျှလောက် ကောင်းလိမ့်မည်” ဟု မှန်းဆသင့်တော့ သတည်း။
---နိရောဓသမာပတ်ကို ဝင်စားခြင်း
စိတ် စေတသိက်နှင့် စိတ်ကြောင့် ဖြစ်သော ရုပ်များ၏ အသစ်မဖြစ်ပဲ ချုပ်ငြိမ်းနေအောင် ပြုနိုင်သော သမာပတ်ကို “နိရောဓသမာပတိ” ဟုခေါ်၏။
အနာဂါမ် ရဟန္တာဖြစ်ပြီး ဈာန်အကုန်ရပြီး ပုဂ္ဂိုလ်သာ ထိုသမာပတ်ကို ဝင်စားနိုင်၏။ အနာဂါမ် ရဟန္တာ အရှင်မြတ်တို့သည် ရုပ်နာမ် ခန္ဓာကြီးကို လေးလံလှသော ဝန်ထုပ်ကြီးကဲ့သို့ မှတ်ထင်တော် မူကြကုန်၏။
ထို့ကြောင့် ရုပ်နာမ်ခန္ဓာမှ ကင်းနိုင်သမျှ ကင်းဘို့ရာ နိရောဓသမာပတ်ကို ဝင်စား တော်မူကြ၏၊ ထို သမာပတ်အတွင်း၌ ခံစားမှု လုံးဝမရှိ။ နာမ်တရားနှင့် အချို့ရုပ်များ အသစ်မဖြစ်ပဲ ရပ်စဲနေခြင်းသာ တည်း။ ထို ရပ်စဲခြင်းသည်ပင် ချမ်းသာသေးလျှင် ရုပ်နာမ်အားလုံး ချုပ်ငြိမ်း နေသော နိဗ္ဗာန်သည် အဘယ်မှာ မချမ်းသာပဲ ရှိအံ့နည်း။
---ထင်ရှားရှိသောနိဗ္ဗာန်
ထိုသန္တိသုခ နိဗ္ဗာနဓာတ် တရားမြတ်သည် ဘာမျှမရှိသော (အဘာဝ) ပညတ် မဟုတ်ပါ။ အများဆိုင် ဘုံပစ္စည်းကဲ့သို့ တပါးတည်းလည်း မဟုတ်ပါ။ ကိုယ့်နိဗ္ဗာန်နှင့် ကိုယ် အသီးသီး ရကြပါသည်။ ထို့ကြောင့်ပင် ရဟန္တာအရှင်တို့သည် ခန္ဓာကိုယ် ထင်ရှားရှိစဉ် မိမိသိအပ်သော နိဗ္ဗာန်ကို အာရုံပြုလျက် ဖလသမာပတ် ဝင်စား၍ နေလေ့ရှိကြပါသည်၊
ထို သမာပတ်ကို ဝင်စားခိုက်၌ နိဗ္ဗာန်ကို အာရုံပြု၍ နေရသည်မှာ အလွန်သုခ ရှိပါသည်တဲ့။
ထို့ကြောင့်ပင် ထေရာထေရီ အလီလီတို့ ရွှေပြည်နိဗ္ဗာန် ဝင်စံခါနီးဝယ် ဥဒါန်းကျူးကာ ရုပ်နာမ် ခန္ဓာဝန်ကြီးကို အပြီးသတ် ပစ်ချတော်မူကြပါသည်။
---ရတနသုတ် ပါဠိတော်
ခယံ ဝိရာဂံ အမတံ ပဏီတံ၊
ယဒဇ္ဈဂါ သကျမုနီ သမာဟိတော။
န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ၊
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
သန္တံ၊ ဖြစ်ပျက်မစပ် အငြိမ်းဓာတ်ဖြင့် မပြတ်ပုံသေ အေးမြပေထသော။
ခယံ၊ ရုပ်နာမ်ဆူဆူ အပူခပ်သိမ်း ကုန်ငြိမ်းကြောင်းလည်း ဖြစ်ပေထသော။
ဝိရာဂံ၊ ရုပ်နာမ်အဆက် အကုန်ပျက်သဖြင့် မတပ်မက်ကြောင်းလည်း ဖြစ်ပေထသော။
အမတံ၊ ဇရာ မရဏ ရှာမရအောင် ကာလပုံသေ အမြုတေလည်း ဖြစ်ပေထသော။
ပဏီတံ၊ အရသာရှိ စားဖွယ်၏သို့ သိ၍မ၀ မွန်မြတ် ပေထသော။
ယံ ဓမ္မံ၊ အသင်္ခတ နိဗ္ဗာနဓာတ် အကြင် တရားတော်မြတ်ကို။
သမာဟိတော၊ ဘာဝနာ ကမ္မဋ္ဌာန်း လွန်ကြိုးပမ်းသဖြင့် စိတ်စွမ်းတည်ဘိ သမာဓိ ရှိတော်မူသော။
သကျမုနိ၊ သာကီနွယ်ဖွား ငါတို့ဘုရားသည်။
ယဒဇ္ဈဂါ၊ ဗောဓိအောင်မြေ ပလ္လင်ဗွေ၌ လေးထွေသစ္စာ သိသောခါဝယ် ကောင်းစွာ လှလှ ရတော် မူခဲ့လေပြီ။
တေန ဓမ္မေန၊ အသင်္ခတ နိဗ္ဗာနဓာတ် ထိုတရားတော်မြတ်နှင့်။
သမံ၊ တန်းတူထား၍ ရှုစားလောက်သော။
ကိဉ္စိ၊ တမျိုးတခြား တရားဆိုင်ရာ တစုံတခုသော ရတနာသည်။
န အတ္ထိ၊ လူဘုံ နတ်ရောက် အကုန် ပေါက်အောင် မွှေနှောက်ရှာဖွေ မရှိပါချေ။
ဓမ္မေ၊ အသင်္ခတ နိဗ္ဗာနဓာတ် တရားမြတ်၌။
ပဏီတံ၊ တရားများစွာ ရတနာထက် ကဲသာ မြတ်မွန် တုဘက်လွန်သော။
ဣဒမ္မိ ရတနံ၊ ရတနာဖြစ်ကြောင်း ကောင်းထက်ကောင်းသည့် ဂုဏ်ပေါင်းကိုခြုံ ဤခယဝိရာဂ စသော ဂုဏ်တော်သည်။
အတ္ထိ၊ စင်စစ်ဧကန် အမှန်မသွေ ရှိပါပေ၏။
ဧတေန သစ္စေန၊ မှန်ကန်လှစွာ ဤဝစီသစ္စာကြောင့်။
ပါဏီနံ၊ ဘေးရန်ခပ်သိမ်း အေးငြိမ်းကြလို များလူဗိုလ်တို့အား။
သုဝတ္ထိ၊ တင့်တယ်ဘို့ရန် အတန်တန်ဖြင့် ဘေးရန်ခပ်သိမ်း အေးငြိမ်းခြင်းသည်။
ဟောတု၊ စင်စစ်မသွေ ဖြစ်ပါ စေသတည်း။
နိဗ္ဗာန် = ပရိနိဗ္ဗာန် ပြည့်စုံပြီ။
---မဟာသုဒသန သုတ်တော်
---အရှင်အာနန္ဒာ လျှောက်ခြင်း
အရှင် အာနန္ဒာသည် ပရိနိဗ္ဗာန် စံတော်မူရာ ညောင်စောင်းငယ်၌ လျောင်းတော်မှုသော ဗုဒ္ဓမြတ်စွာအား လျှောက်ထားသည်မှာ မြတ်စွာဘုရား … သေးငယ်သော မြေအနေအထာ၊ မညီညွတ်သော၊ အခြားမြို့ကြီးများ၏ အခက်အလက်ဖြစ်သော၊ ဤမြို့ကလေး၌ ပရိနိဗ္ဗာန် စံတော်မမူသင့်ပါ။ အခြားသော စမ္ပာ ရာဇဂြိုဟ် သာဝတ္ထိ စသော မြို့ကြီးများ၌ ပရိနိဗ္ဗန် စံသင့်ပါသည်။ ထိုမြို့များ၌ရှိကြသော မင်း ပုဏ္ဏား သဌေး သူကြွယ်တို့သည် ဗုဒ္ဓမြတ်စွာ၏ အလောင်းတော်ကို ပူဇော်ကြပါလိမ့်မည်။ ဤသို့ လျှောက်သောအခါ...
---ကုသဝတီ မင်းနေပြည်
အာနန္ဒာ … ဤကုသိနာရုံမြို့ကို“မြို့ကြီးများ၏ အခက် အလက်နှင့်တူသော မြို့ငယ်ကလေး”ဟု မပြောနှင့်။ ငါဘုရားသည် ဤမြို့နေရာ၌ မဟာသုဒဿန စကြာမင်း ဖြစ်စဉ်က“ကုသဝတီ” မည်သော နေပြည်တော်ကြီး ဖြစ်ခဲ့ဘူးပြီ။
ထိုကုသဝတီ မင်းနေပြည်သည် အလျား တဆယ့်နှစ်ယူဇနာ အနံ ခုနစ်ယူဇနာ တိုင်အောင် ကျယ်ဝန်း၏။ “အာဠကမန္ဒာ”မည်သော နတ်တို့၏ မင်းနေပြည်ကဲ့သို့ သာယာဝပြော အစားပေါ၏။ မြို့နေသူ လူအများရှိ၏။
လူအမျိုးစုံလည်း ရောပြွမ်းနေ၏။ ဆင်သံ မြင်းသံ ရထားသံ တီးမှုတ်သံ တို့ဖြင့် အလွန် စည်စည်ညံညံ ရှိ၏။ “စားလှည့်ကြပါ သောက်လှည့်ကြပါ”ဟု ကြွေးကြော်သံလည်း ညံ့လျက်နေ၏။
[မြို့-ရွာ ဟူသည် ရဟန်းတော်များ၏ ကျောင်းတိုက်ကဲ့သို့ ဆိတ်ငြိမ်မနေရ။ သို့သော် အသံချဲ့စက် တို့ဖြင့် ဆူညံခြင်းကား သူများ အနှောင့်အယှက်ဖြစ်၍ ရိုင်းသည်။]
---မြို့ရိုးခုနစ်ထပ်
အာနန္ဒာ … ကုသဝတီ မင်းနေပြည်ကို မြို့ရိုးခုနစ်ထပ်ဖြင့် ကာရံအပ်၏။ ရွှေမြို့ရိုး၊ ငွေမြို့ရိုး၊ ကျောက်မျက်ရွဲမြို့ရိုး၊ ဖလ်မြို့ရိုး၊ ပတ္တမြားနီမြို့ရိုး၊ ပတ္တမြားပြောက်မြို့ရိုး၊ ရတနာပေါင်းစုံမြို့ရိုး ဤသို့ မြို့ရိုး ခုနစ်ထပ်ဖြင့် ကာရံအပ်၏။
---တံခါးခုနစ်ထပ်
မြို့ရိုးတထပ် တထပ်၌ ရွှေတံခါးပေါက် စသောအားဖြင့် တံခါးပေါက်လည်း ခုနစ်ပေါက်ရှိ၏။
တံခါး တပေါက်တပေါက်၌ ခုနစ်တိုင် ခုနစ်တိုင် တံခါးတိုင်တို့ကို စိုက်ထားအပ်ကုန်၏။ တံခါးတိုင် တတိုင်လျှင် တဆယ့်ငါးတောင် လုံးပတ်ရှိ၍ တဆယ့်ငါးတောင် မြေဝင်နက်အောင် စိုက်ထား အပ်၏။
အမြင်အားဖြင့် လူ၏ လက်ခုတ်တဖောင် တဆယ့်နှစ်ပြန်လောက် မြင့်၏။ ထို တံခါးတိုင်တို့တွင် တချို့က ရွှေတိုင်၊ တချို့က ငွေတိုင် စသောအားဖြင့် မြို့ရိုးကဲ့သို့ ခုနစ်မျိုးရှိသည်။
---ထန်းပင်အစဉ် ခုနစ်ထပ်
သဲတို့ဖြင့် ရောပြွမ်းသော ညီညာသော မြေအပြင်ဝယ် မြို့ရိုးခုနစ်ထပ်တို့၏ အကြား၌ ထန်းပင် အစဉ် ခုနစ်ထပ်ရှိကုန်၏။
အမြင့်အားဖြင့် အတောင် ရှစ်ဆယ် ရှိကုန်၏။ ရွှေထန်းပင်အစဉ်၊ ငွေထန်းပင်အစဉ် စသောအားဖြင့် ရတနာ ခုနစ်ပါးနှင့်ပြီးသော ထန်းပင် အစဉ်များ ဖြစ်၏။ လေတိုက် သောအခါ ထန်းပင်များ၏ အရွက်တို့မှ သာယာနာပျော်ဖွယ် အသံများ ပေါ်ထွက် ကုန်၏။
ထိုအသံသည် ကောင်းစွာ ကျွမ်းကျင်သူ တီးအပ်သော တူရိယာသံနှင့် တူ၏။ ထိုအခါတုန်းက သောက်ကြူးတို့သည် ထိုထန်းရွက်တို့၏ အသံဖြင့် ကကြ ခုန်ကြ ပြုံးပျော်ကြလေသည်။
---ဥပုသ်စောင့်သုံး၍
ကောင်းမှုတို့ကို ဆင်ခြင်ခြင်း
မဟာသုဒဿနမင်းသည် ဥပုသ်နေ့တိုင်း၌ နံနက်စောစောကပင် တသိန်းကုန် အလှူကို လှူလေ့ ရှိ၏။ ထိုနောက် နံ့သာ ရေအိုး တဆယ့်ခြောက်လုံးတို့ဖြင့် ခေါင်းလျှော် ရေချိုးပြီး၍ နံနက်စာ သုံးဆောင်တော်မူ၏။
ထိုနောက် ဥပုသ်စောင့်သုံးပြီးလျှင် သန့်ရှင်းဖြူစင်သော အဝတ်ကို လက်ကန်တော့ တင်၍ နန်းတော်ပြာသာဒ်၏ အထက်ထပ်ဝယ် တင်ပလ္လင်ခွေ၍ ထိုင်နေကာ မိမိ၏ ဒါန သီလ စသော ကောင်းမှု အပေါင်းကို ဆင်ခြင်လေ့ရှိ၏။
---စကြာရတနာ ဆိုက်ရောက်လာခြင်း
ထို ဥပုသ်နေ့၌လည်း ထိုကဲ့သို့ အလှူကြီး ပေးပြီးလျှင် ဥပုသ်စောင့်သုံး၍ မိမိ၏ကောင်းမှုကို ဆင်ခြင်နေစဉ်၊ မြို့သူမြို့သား လူအများတို့လည်း ညနေစာ ထမင်းကို စားပြီး၍ မိမိတို့ အိမ်တံခါးပေါက် အနီးငယ် ခင်းထားအပ်သော ခဋင်၌ ထိုင်၍ စကားစမြည် ပြောဆိုနေကြကုန်စဉ်၊ လမ်း၌ ကလေးများလည်း ကစားနေကြ ကုန်စဉ်၊ အရှေ့ ကောင်းကင်၌ လပြည့်ဝန်းကြီး နှစ်စင်း ထွက်လာသကဲ့သို့ ထင်ရလောက်အောင် အရောင်အဝန်းတခု ပေါ်လာလေသည်။
လူတို့သည် တအံ့တဩ ကြည့်ရှု ပြောဆိုနေကြစဉ် အရောင်အဝန်း တခုသည် လပြည့်ဝန်းမှ တဖြေးဖြေး ဝေးကွာ၍ အောက်ဘက်သို့ နီးကာ နီးကာ ကုသဝတီ နေပြည်တော်သို့ ရှေးရှု လာလေသည်။ လူအများလည်း စကြာရတနာ လာရာသို့ ရှေးရှု သွားကြကုန်၏။
ထိုစကြာရတနာသည်လည်း မဟာသုဒသနမင်း၏ အကျိုးငှါ မိမိလာရကြောင်းကို သိစေသကဲ့သို့ မြို့ရိုး၏ အထက်၌ ခုနစ်ကြိမ်တိုင်တိုင် လှည့်ပြီးမှ နန်းတော်ကို လက်ျာရစ်လှည့်၍ ခြင်္သေ့ခံသော ပလ္လင်၏ တည်ရာအရပ်၌ အလွန်လည်းမမြင့် အလွန်လည်း မနိမ့်ပဲ နံ့သာ ပန်း စသည်တို့ဖြင့် ပူဇော်လိုသူတို့ လှမ်း၍၎င်း၊ ပစ်တင်၍၎င်း၊ လွယ်ကူစွာ ပူဇော်နိုင်လောက်သော အရပ်၌ ရပ်တည် လာသည်။
---စကြာရတနာကို ကြည့်ရှုခြင်း
မဟာသုဒဿန မင်းသည် ထက်ဝယ် ဖွဲ့ခွေထိုင်နေ၍ မိမိ၏ ကောင်းမှုတို့ကို ဆင်ခြင်နေစဉ် နန်းတော်၏ တံခါးပေါက်တို့မှ ဝင်လာသော အရောင်အဝါကို မြင်ရ၍ ထို အရောင်အဝါ ပေါ်လာရာ အရပ်ကို ကြည့်ရှုလိုသော ဆန္ဒ ဖြစ်နေစဉ် အခြွေအရံ အပေါင်းက အလွန်ချစ်စရာကောင်းသော စကားလက်ဆောင်ဖြင့် လာ၍ စကြာရတနာ ဆိုက်ရောက်နေပါကြောင်းကို သံတော်ဦး တင်ကြ လေသည်။
ထိုအခါ မဟာသုဒသနမင်းသည် လွန်စွာ နှစ်သက်ဝမ်းမြောက်သော ပီတိသောမနဿ စိတ်ဖြင့် တကိုယ်လုံး ပျံ့နှံ့၍ တင်ပလ္လင်ခွေကို ဖြေပြီးလျှင် ခြင်္သေ့ခံသော တံခါးအနီးသို့ သွား၍ ထို စကြာ ရတနာကို မြင်ရသောအခါ“ငါသည်စကြာမင်း ဖြစ်လေသလော” ဟု စဉ်းစားမိလေသည်။
---စကြာရတနာ၏ အကြောင်းအရာ
စကြာရတနာ ဟူသည် ယခုအခါ မြင်နေရသော လှည်းဘီးကဲ့သို့ ပုံသဏ္ဌာန်ရှိသော စက်ဝိုင်း တမျိုးပင်တည်း။
ထိုစက်ဝိုင်း၌ “အကန့် = ဒေါက်ဆံ” ဟု ခေါ်အပ်သော အရာဝတ္ထုသည် တထောင်တိတိ ပါရှိ၏။ ယခု လှည်းဘီးများကဲ့သို့ အကန့် ဒေါက်ဆံတို့၏ ဘေး ပတ်လည်၌ အကွပ်တကူ ပါရှိ၏။ အလည် တည့်တည့်၌ ပုံတောင်း (ပဒေါင်း) လည်း ပါရှိ၏။ သို့သော် ထိုပဒေါင်းသည် ဝင်ရိုး ထိုးလောက် အောင် ထုတ်ချင်းပေါက်သော အပေါက် မဟုတ်။ ဘေး ၂-ဖက်၌ အပေါက်အရာသာ ရှိသည်။
ထိုပဒေါင်းသည် ဣန္ဒနီလာ ပတ္တမြား အတိ ပြီး၏။ အလယ်၌ အပေါက်နေရာသည် အလွန် ကောင်းသော ငွေအတိ ပြီး၏၊ ထို ပဒေါင်းအပေါက်၌ သန့်ရှင်းစင်ကြယ်၍ ပြေပြစ် ညက်ညော သော သွား ပုံသဏ္ဌာန် ပါရှိ၏။ (ခွေးသွားစိတ် မျိုးတည်း)။
ထို သွား ပုံသဏ္ဌာန်ကြောင့် စကြာရတနာသည် ပြုံးနေသကဲ့သို့ တင့်တယ်၏။
ထိုပဒေါင်းပေါက်သည် လဝန်းကဲ့သို့ ဝန်းဝိုင်း၏။ နှစ်ဖက်အစွန်းတို့၌ ငွေပြားဖြင့် ကွပ်ထား၏၊ ပဒေါင်း၌၎င်း၊ ပဒေါင်းအပေါက်၌၎င်း၊ ပတ်ဝန်းကျင် ငွေပြားတို့၌၎င်း၊ အရေး အသားကလေးတွေ အလွန် ထင်ရှားစွာ ပေါ်နေ၏။
ပဒေါင်းနှင့် အကွပ်တို့၏ အကြား၌ အကန့်ဒေါက်ဆံတို့ကို ရတနာ ခုနစ်ပါးဖြင့် ပြုလုပ်ထားအပ်၏။ နေရောင်ကဲ့သို့ အရောင်လည်း ထွက်ကုန်၏။ ထို အကန့် ဒေါက်ဆံတို့၌ အရေးအကြောင်းတို့သည် တချို့က ရေအိုးငယ် ပုံဏ္ဌာန်ရှိ၍ အချို့က ပတ္တမြား ရွှဲလုံးငယ် ပုံသဏ္ဌာန်ရှိ၏၊ သူ့နေထုနှင့်သူ လှပအောင် ခွဲခြားထား သောကြောင့် ထိုအကန့် ဒေါက်ဆံတို့သည် အလွန်ကြည့်ရှုဖွယ် တင့်တယ် ကုန်၏။
အကန့် ဒေါက်ဆံတို့၏ ဘေးပတ်ဝန်းကျင်က အကွပ်တကူသည်လည်း တက်သစ်စ နေရောင် အပေါင်းကဲ့သို့ နီမြန်းသော သန့်ရှင်း ပြေပြစ် ညက်ညောသော သန္တာ ခေါ်သော ရတနာများ ဖြစ်ကြ၏။ အကွပ်တကူ အဆက် အဆက်တို့၌ နီမြန်းသော ဇမ္ဗူရစ် ရွှေပြားတို့သည် အကွပ်တကူ တခုနှင့်တခု ခြားနားအောင် လုံးသော အရေအသားတို့ဖြင့် ပိုင်းပိုင်းခြားခြား ထင်ရှားကုန်၏။
အကွပ်တကူအဝိုင်း၏ ဘေးအပြင်၌ကား (ယခုအခါ လှည်းဘီးတို့၌ ပတ်ဝန်းကျင် အဆုံးဝယ် တပ်ထားအပ်သောသံပတ်၊ စက်ဘီးတို့၌ ပတ်ဝန်းကျင် အဆုံးဝယ် တပ်ထားအပ် တာယာတို့ကဲ့သို့ နေရာမျိုး၌ကား) အကန့် ဒေါက်ဆံ ဆယ်ခု ဆယ်ခုတို့၏ အကြားတိုင်အောင် ဝင်သွားသော သန္တာရိုးတံ ရှိ၏။
ထိုသန္တာရိုးတံ၌ ပုလွေကဲ့သို့ ဝိုင်းဝန်းသာ အပေါက် ရှိရကား အပြင်ဘက်က လေကို ယူနိုင်၏။ ထို့ကြောင့် ကောင်းကင်သို့ လည်သောအခါ ထိုအပေါက်တို့မှ ဝင်လာသော လေသံသည် ကျွမ်းကျင်သူတို့ တီးအပ်သော တူရိယာသံကဲ့သို့ အလွန် သာယာဖွယ် ကောင်း၏။
ထို သန္တာရိုးတံ၏ အတက်၌ ထီးဖြူပါရှိ၏။ ထိုထီးဖြူ၏ ဘေး ၂-ဖက် တို့၌ တွဲလျားကျသော ပန်းကုံး အစဉ်အတန်း နှစ်တန်းပါရှိ၏။
ထို့ကြောင့် အကန့်ဒေါက်ဆံ ဆယ်ခု ဆယ်ခုတို့၏ အကြားအကြား၌ သန္တာရိုးတံ တခု တခု ပါသောကြောင့် စကြာရတနာဝယ် သန္တာရိုးတံပေါင်း တရာရှိ၏။ သန္တာရိုးတံ တရာ၏ အပေါ်၌ ထီးဖြုတရာရှိ၏။ ထီးဖြူ၏ ဝဲယာ၌ ပန်းကုံး အစည်းပေါင်း နှစ်ရာရှိ၏။
ထိုမျှလောက်သော အဆောင်အယောင်ဖြင့် တင့်တယ်သော အကွပ်တကူ အဝန်း အဝိုင်းဝယ် နှစ်ဖက်သော ပဒေါင်းပေါက်၏အဆုံး၌ ခြင်္သေ့နှုတ်ခမ်းကဲ့သို့ အပေါက်ဝ နှစ်ခုရှိ၏။ ထိုအပေါက်ဝ နှစ်ခုမှ ပုလဲသွယ် နှစ်ခုတို့သည် တွဲရရွဲ ဆွဲနေကုန်၏။ ထို ပုလဲသွယ်တို့သည် တသွယ်မက စုပေါင်း၍ တည်နေသောကြောင့် တသွယ် တသွယ်လျှင် ထန်းပင်လုံးပမာဏ ရှိ၏၊
လပြည့်ဝန်း၏ အရောင်အပေါင်းကဲ့သို့ အလွန် တင့်တယ်ကုန်၏။ ထို စကြာရတနာသည် ကောင်းကင်သို့ လည်၍သွားသောအခါ ထိုပုလဲသွယ် နှစ်သွယ် တို့ကလည်း ဝဲဘက် ယာဘက်၌ လှည့်ပတ်လျက် လည်နေသောကြောင့် စကြာကြီး သုံးခုတို့ တပေါင်းတည်း လည်နေသကဲ့သို့ ထင်ရပေသည်။
ဤကား စကြာရတနာ၏ အကြောင်းအရာတည်း၊
စကြာရတနာကို လည်စေခြင်း
မဟာသုဒဿနမင်းသည် စကြာရတနှာကို မြင်ရသောအခါ ခြုံထားအပ်သော အဝတ်ကို လက်ကန်တော့ တင်ပြီးလျှင် လက်ဝဲလက်ဖြင့် ရွှေကရားကို ကိုင်၍ လက်ျာလက်ဖြင့် စကြာရတနာ၏ အထက်၌ရေကို သွန်းလောင်းရင်း “အရှင် စကြာရတနာ လည်တော်မူပါ။ အရှင် စကြာရတနာ အောင်တော်မူပါ”ဟု ပြောဆိုလေသည်။
ထိုစကား၏ အခြားမဲ့၌ပင် စကြာရတနာသည် မဟာသုဒဿနမင်းကို ဆောင်ယူကာ ကောင်းကင်သို့ တက်သွား၍ အစဆုံး လည်ခြင်းဖြင့် လည်၏။ ထိုအချိန်မှ၍ မဟာသုဒဿနမင်းကို “စကြာရတနာအရှင် = စကြာမင်း”ဟု ခေါ်နိုင်လေသည်။
စကြာရတနာ ကောင်းကင်သို့ တက်သောအခါ မင်း၏ အခြွေအရံ ဖြစ်သော နန်းတွင်းသူ လူအများ နှင့်တကွ အိမ်ရှေ့မင်းစသော အခြွေအရံများလည်း ကောင်းကင်သို့ လိုက်သွား၍ မင်းကို ခြံရံကြလေသည်။
တိုင်းသူ ပြည်သားများ လိုက်ပါပုံ
လိုက်လိုသော တိုင်းသူပြည်သားသို့ လိုက်နိုင်ခြင်း အကျိုးငါှ မြို့တော်၌ စည်လည်စေ၏။ များစွာသော လူတို့က စကြာရတနာ၏ အသံကို ကြားတုန်းကပင် မိမိတို့ ကိစ္စကို ပယ်၍ နံ့သာပန်း စသည်ကို လက်စွဲကုန်လျက် စုဝေးပြီး ဖြစ်၏။
ထိုလူအပေါင်းတို့သည်လည်း ကောင်းကင်သို့ လိုက်သွား၍ စကြာမင်းကို ခြံရံကြကုန်၏။ မင်းနှင့်အတူ လိုက်လိုသော စိတ်ရှိသူ ဟူသမျှသည် ကောင်းကင်သို့ ရောက်နိုင်ကြသည်သာ။ ဤ နည်းအားဖြင့် စကြာရတနာ၏နောက်၌ စကြာမင်း၏ အခြံအရံ ပရိသတ်သည် အလျား အနံ တဆယ့်နှစ်ယူဇနာ ရှိ၏။ ထို ပရိသတ်တွင် အင်္ဂါချွတ်ယွင်းသူလည်း မပါ၊ အဝတ်အစား ညစ်နွမ်းသူလည်း မပါ၊ သန့်ရှင်းသော အဝတ်ကိုသာ ဝတ်၍ လိုက်ပါကြလေသည်။
စကြာရတနာ လှည့်လည်ပုံ
စကြာရတနာသည် ထို ပရိသတ်ကြီးကို ဆောင်ယူ၍ သစ်ပင်ထိပ်ဖျားတို့၏ အထက်၌ အလွန်လည်း မမြင့်၊ အလွန်လည်း မနိမ့်သော ကောင်းကင်အရပ်ဖြင့် လှည့်လည်၏။
စကြာရတနာ ပရိသတ်သည် သစ်ပင်တို့၏ အပွင့် အသီး အညွှန့်တို့ကို ခူးလိုလျှင် လက်လှမ်း၍ ခူးနိုင်၏။ မြေ၌တည်သူ လူတို့ကလည်း “ဤသူသည် စကြာမင်း၊ ဤသူသည် အိမ်ရှေ့မင်း၊ ဤသူသည် စစ်သူကြီး” ဤသို့ ကွဲကွဲပြားပြား မြင်နိုင်၏။
ပရိသတ်အများတွင် ရပ်လိုသူက ရပ်၍ လိုက်နိုင်၏။ ထိုင်လိုသူ ထိုင်၍ လိုက်နိုင်၏။ လျောင်းလိုသူက လျောင်း၍ လိုက်နိုင်၏။ ပုံဆွဲခြင်း စသော အတတ်ကို တတ်သူ တို့ကလည်း မိမိ ကိစ္စကိုပြု၍ လိုက်နိုင်ကုန်၏။
ဤသို့ လှည့်လည် သွားလာနေသော စကြာရတနာသည် ပြအပ်ပြီးသော ပရိသတ်ကြီးကို ဆောင်၍ မြင်းမိုရ်တောင်၏ ဝဲဘက်ကျသော မဟာသမုဒ္ဒရာ၏ အထက် အရပ်ဖြင့် ယူဇနာ ၇-ထောင်ရှိသော အရှေ့ကျွန်းသို့ သွားလေသည်။
အရှေ့ကျွန်း မင်းများ
စကြာမင်း၏ ပရိသတ်သည် အဝန်းအဝိုင်းအားဖြင့် သုံးဆယ့်ခြောက်ယူဇနာ ရှိ၏။ ထိုမျှလောက်သော ပရိသတ်တို့ နေထိုင်လောက်သော၊ အစာအာဟာရလည်း ရလွယ်သော၊ အရိပ် ရေတို့နှင့်လည်း ပြည့်စုံသော၊ သန့်ရှင်း စင်ကြယ်သော မြေအပြင် ရှိသော အရပ်၏ အထက်အဘို့၌ ထို စကြာရတနာသည် ရပ်တည်နေ၏၊
စကြာရတနာ ရပ်နေသောကြောင့် လိုက်ပါလာသော လူအပေါင်းလည်း သက်ဆင်း၍ ရေချိုးခြင်း၊ စားသောက်ခြင်း စသော အလိုရှိရာ ကိစ္စကိုပြု၍ နေကြစဉ် စကြာမင်းလည်း ထိုအရပ်၌ စစ်အင်္ဂါ လေးပါးနှင့်တကွ ခေတ္တ နေထိုင်လေသည်။
စကြာမင်း ရောက်လာသောအခါ အရှေ့ကျွန်း၌ နေကြသော မင်းအများတို့သည် “အခြားမင်းတပါး ရောက်လာပြီ” ဟု ရသော်လည်း စကြရတန၏ တန်ခိုးကြောင့် စစ်သည်ဗိုလ်ပါစုရုံးမှုကို မပြုကြပဲ မိမိတို့၏ စည်းစိမ်အားလျော်စွာ လက်ဆောင် ယူပြီးလျှင် -
“မဟာရာဇာ ... ကြွတော်မူပါ။ အရှင်မင်းမြတ်၏ ကြွလာခြင်းသည် ကောင်းသော လာခြင်း ဖြစ်ပါ၏။ အကျွန်ုပ်တို့ ပြုဘို့ရာ အလုပ်ရှိလျှင် အမိန့်ပေးတော်မူပါ” ဤသို့ သံတော်ဦး တင်ကြသောအခါ -
စကြာမင်း၏ ဩဝါဒ
စကြာမင်းသည် အလွန်ချိုသာသော အသံဖြင့် ပါဏာတိပါတ စသော အမှုတို့၏ အပြစ်ကို ပြော၍ -
“သူ့ အသက်ကို မသတ်ထိုက်ပါ။
ဥစ္စာရှင်တို့ ကျေကျေနပ်နပ် မပေးအပ်သော သူ့ဥစ္စာကို မယူထိုက်ပါ။
ကာမဂုဏ်တို့၌ မတော် မတရား မှားမှားယွင်းယွင်း မပြုထိုက်ပါ။
မုသား မပြောထိုက်ပါ။
သေရည် အရက်ကို မသောက်ထိုက်ပါ”။
ဤသို့ ငါးပါးသီလ စောင့်ထိန်းချီရန် ပြော၍ “အခွန်အတုပ် ကောက်ခံရာ၌လည်း ရှေးမင်း ကောင်းတို့၏ မစဉ်အလာ အတိုင်းသာ ကောက်ခံကြပါ”ဟု ပြောလေသည်။
အားလုံးသော မင်းများလည်း “မဟာသုဒဿန စကြာမင်း”၏ နောက်လိုက် အဖြစ်ဖြင့် ဝန်ခံကြလေသည်။
သမုဒ္ဒရာ အတွင်းသို့ သက်ဆင်းခြင်း
အရှေ့ကျွန်း၌ မင်းအများကို ဩဝါဒပေးပြီးသောအခါ လိုက်ပါလာသော လူအများ လည်း နံနက်စာ စားပြီးပြီဖြစ်၍ စကြာရတနာသည် မဟာသုသာနမင်း၏ အလို အားဖြင့် ကောင်းကင်သို့ တက်ပြီးလျှင် မြင်းမိုရ်တောင်၏ အရှေ့ဘက် သမုဒ္ဒရာ အတွင်းသို့ သက်ဆင်းလေသည်။
စကြာရတနာ ဆင်းလာသောအခါ ရေအပြင်သည်လည်း ရှေးဦးစွာ အောက်သို့ လျှော့၍ လျော့၍ သွား၏။ တယူဇနာမျှ အောက်သို့ရောက်သောအခါ ဘေးပတ်ပတ်လည် ရေပြင်ကြီးက ကျောက်မျက်ရွဲ နံရံကြီး ကာထားသကဲ့သို့ တည်နေ၏။
တယူဇနာမျှလောက်သော ရေပြင်ပေါ်၌ စကြာရတနာ ရပ်တည်နေ၏။
သမုဒ္ဒရာအပြင်ဝယ် အမျိုးမျိုးသော ရတနာတို့သည် ထိုအရပ်၌ ပြည့်နေကုန်၏။ စကြာမင်း ပရိသတ်သည် ရတနာတို့ကို အလိုရှိတိုင်း ယူကြ၏။ ထိုသို့ ယူပြီးသောအခါ စကြာရတနာသည် ပြန်၍ ဆုတ်လာ၏။ စကြာရတနာ ပြန်၍ဆုတ်လာသောအခါ လာတုန်းက နောက်ဆုံးဖြစ်သော ပရိသတ်သည် ရှေ့ကဖြစ်နေ၏။ စကြာမင်းသည် အလယ်၌ ရောက်နေ၏။ စကြာရတနာသည် အဆုံး၌ ဖြစ်နေ၏။
သမုဒ္ဒရာရေပြင်သည် ပြန်၍ ဆုတ်သွားသော စကြာရတနာနှင့် ကွဲရမည်ကို မခံနိုင်သကဲ့သို့ လည်နေသော စကြာရတနာ၏ အကွပ်တကူကို ထိလျက် ထိလျက် လိုက်လာသည်။
တောင်ကျွန်း စသည်သို့ လှည့်လည်တော်မူခြင်း
ဤနည်းအားဖြင့် စကြာမင်းသည် အရှေ့မဟာသမုဒ္ဒရာ အဆုံးအပိုင်းအခြားရှိသော အရှေ့ကျွန်းကို အောင်တော်မူပြီး၍ တောင်သမုဒ္ဒရာ အပိုင်းအခြား ရှိသော တောင်ကျွန်းကို အောင်တော်မူလို သောကြောင့် စကြာရတနာ ညွှန်ပြအပ်သော လမ်းဖြင့် မြင်းမိုရ်တောင်၏ တောင်ဘက်သမုဒ္ဒရာသို့ ရှေးရှုသွားပြီးလျှင် ကောင်ကျွန်းသို့ ရောက်သောအခါ စကြာရတနာ ရပ်တန့်ပုံ၊ ဖောင်ကျွန်း၌ ရှိသော မင်းအများတို့ လာရောက် ခစားကြပုံ၊ ထိုမင်းများကို ဩဝါဒပေးပြီး၍ တောင်ကျွန်း သမုဒ္ဒရာ၌ သက်ဆင်းပုံ၊ ပြန်လာပုံ အစီအစဉ်မှာ အရှေ့ကျွန်းအတိုင်းပင်တည်း။
တောင်ကျွန်း၌ရှိသော မင်းများနှင့်တကွ တောင်သမုဒ္ဒရာကို အောင်နိုင်ပြီး၍၊
အနောက်ကျွန်း၌ နေသော မင်းများနှင့်တကွ အနောက်သမုဒ္ဒရာကို၎င်း၊
ထို့နောက် မြောက်ကျွန်း၌ရှိသော မင်းများ နှင့်တကွ မြောက်သမုဒ္ဒရာကို အောင်နိုင်ပုံ ကို၎င်း
ရှေးနည်းအတိုင်းပင် သိနိုင်ပါပြီ။
ဤသို့ အောင်နိုင်ပြီးသော အခါရောက်မူ “သမုဒ္ဒရာလေးစင်း အဆုံးအပိုင်းအခြား ရှိသော လေးကျွန်းလုံးကို အစိုးရသော စကြာမင်း”ဟု ဆိုရပေသည်။
ထိုသို့ သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသော လေးကျွန်းလုံးကို အောင်ပြီး၍ စကြာရတနာ ညွှန်ပြအပ်သော ကောင်းကင်လမ်းဖြင့် မိမိ၏ ကုသဝတီ နေပြည်တော်သို့ ပြန်လာခဲ့၏။
ပြန်ရောက်သောအခါ စကြာရတန၁သည် နန်းတော်အတွင်း၏ တံခါးပေါက်ကို တန်ဆာဆင် သကဲ့သို့ ရပ်တည်နေ၏။ ညဉ့် ကာလ၌ မီးထွန်းဘွယ်မလို။ စကြာရတနာ အရောင်သည် ညဉ့်အမှောင်တို့ကို ပယ်နိုင်၏။ အမှောင်ကို အလိုရှိသူတို့ အတွက်မှာ အမှောင်လည်း ရနိုင်ပါ၏။ ဤကား စကြာရတနာဖြင့် လေးကျွန်းလုံးလှည့်လည်ပုံနှင့် အောင်နိုင်ပုံအစဉ်တည်း၊
ဆင်တော်ရတနာ အကြောင်း
နေရာပြင်ဆင်ထားပုံ
စကြာရတနာ ဖြစ်ပေါ်လာသော အခါမှစ၍ အခြားသော ရတနခများလည်း ဖြစ်ပေါ်လာ လိမ့်မည်”ဟု သိကြသော အမတ်တို့သည် မင်္ဂလာဆင်တော် ထားရာ အရပ်ကို သန့်ရှင်း စင်ကြယ်သော မြေအပြင်ရှိအောင် ပြုစေပြီး၍ စန္ဒကူး ရွှေ အစရှိသော နံ့သာတို့ဖြင့် သုတ်လိမ်းပြီးလျှင် အောက်အပြင်၌ ဆန်းကြယ်သော အဆင်းအနံ့ရှိသော ပန်းအမျိုးမျိုးတို့ကို ဖြန့်ထားကြ၏။
အထက်၌ ရွှေကြယ်တို့၏ အကြား အကြားဝယ် တွဲလျားကျသော နှစ်သက်ဘွယ် ပန်းကုံးတို့ဖြင့် တန်ဆာဆင်အပ်သော ဗိတာန် မျက်နှာကြက်ကို ပြုစီမံပြီး၍ “အရှင်မင်းမြတ် … ဆင်ပျံတော်ရတနာ ဆိုက်ရောက် လာဘို့ရန် ကြံစည်တော် မူပါ”ဟု သံတော်ဦးတင်ကြကုန်၏။
ဆင်ပျံတော်ရတနာ ဆိုက်ရောက်လာပုံ
ထိုစကြာမင်းသည် ရှေး၌ ဆိုအပ်ပြီးသော နည်းဖြင့် ကြီးစွာသော အလှူဒါနကို ပေးလှူပြီး၍၎င်း၊ ဥပုသ်သီလကို ဆောက်တည်ပြီး၍၎င်း၊ မိမိကောင်းမှု၏ပြည့်စုံပုံကို ဆင်ခြင်လျက် စာဂါနုဿတိ ဘာဝနာ ပွါးများ၍ နေလေသည်။
ထိုအခါ စကြာမင်း၏ ကောင်းမှု အာနုဘော်သည် နှိုးဆော်အပ်သည်ဖြစ်၍ ဆဒ္ဒန်ဆင်မှသော်၎င်း၊ ဥပေါသထဆင်မျိုးမှသော်၎င်း ဆင်ရတနာ ဆိုက်ရောက်လာ၏။
ထိုဆင် ရတနာသည် ထွက်ခါစနေဝန်း၏ အရောင်ကဲ့သို့ အလွန်နီသော ခြေ၊ အလွန်နီသော လည်ပင်း၊ အလွန်နီသော နှုတ်ခမ်းတို့ဖြင့် တန်ဆာဆင်အပ်သော အလွန်စင်ကြယ်သော ဖြူသောကိုယ် ရှိ၏။ မြေ၌ တည်သော ခုနစ်ပါးသော အင်္ဂါရှိ၏။ (နှာမောင်း၊ လက်ခြေလေးဘက်၊ အင်္ဂါဇာတ်၊ အမြီးတို့တည်း။)
ကောင်းသော ပုံသဏ္ဍာန်ရှိသော အင်္ဂါကြီးငယ်တို့နှင့် ပြည့်စုံ၏။ ပွင့်သော ပဒုမ္မာကြာနီပန်းကဲ့သို့ တင့်တယ်သော နှာမောင်း အဖျားရှိ၏။ ကောင်းကင်သို့ ပျံနိုင်၏။ ထိုကဲ့သို့ လှတင့်တယ်သော ဆင်ပျံတော်ရတနာသည် ဆဒ္ဒန်ဆင်မျိုးမှ လာလျှင် အငယ်ဆုံးဆင်သည် လာ၏။ ဥပေါသထဆင် မျိုးမှလာလျှင် အကြီးဆုံး ဆင်သည် လာ၏။
လေးကျွန်းလုံးလှည့်ပတ်ပုံ
ဆင်ထိန်းတို့သည် ပြင်ဆင်ထားအပ်သော ဆင်တင်းကုပ်၌ ဆင်ပျံတော်ရတနာ ရောက်လာ သည်ကို မြင်ရ၍ အလွန်ရွှင်လန်း ဝမ်းမြောက်စွာဖြင့် စကြာမင်းအား သံတော်ဦး တင်ကြကုန်၏။
စကြာမင်းသည် လျင်မြန်စွာ လိုက်လာ၍ ထိုဆင်ရတနာကို မြင်ရသောအခါ ကြည်လင် ရွှင်ပျသော စိတ်ဖြင့်“ဆင်ရတနာသည် ယဉ်ကျေးပြီးဖြစ်ပါမူကား ကောင်းလေစွ”ဟု စိတ်၌ ကြံလိုက်လျှင်ပင် ယဉ်ကျေးပြီး ဖြစ်ကြောင်းကို ပြသောအားဖြင့် နှာမှောင်းကို ဆန့်တန်း၍ နားရွက်တို့ကို အောက်ချလျက် စကြာမင်း၏ အနီးသို့ ကပ်လာသည်။
စကြာမင်း စီးလိုကြောင်းကို သိရ၍ ဒခြွေအရံတို့က ဆင်ရတနာကို ရွှေတန်ဆာ ရွှေဇာဖြင့်ဖုံး၍ ရွှေအလံ စိုက်ပြီးလျှင် အနီးသို့ ပို့ဆောင်ကြကုန်၏။ စကြာမင်းသည် ထို ဆင်ရတနာကို အောက်မြေ၌ မဝပ်စေပဲ ၇-တောင် မြင့်သော လှေကားဖြင့် တက်၍ ကောင်းကင်သို့ သွားလိုသော စိတ်ဖြစ်၏။
ထိုအခါ ဆင်မင်းသည် လိုက်လိုသော ပရိသတ်နှင့် အတူ ယူဆောင်၍ ကောင်းကင်သို့ ပျံသွားလေ သည်။ ထိုသို့ ပျံသွား၍ အရှေ့ကျွန်း အရှေ့သမုဒ္ဒရာ၊ တောင်ကျွန်း တောင်သမုဒ္ဒရာ၊ နောက်ကျွန်း အနောက်သမုဒ္ဒရာ၊ မြေ-က်ကျွန်း မြောက်သမုဒ္ဒရာ စုံအောင် လှည့်ပြီးလျှင် နံနက်စာစားချိန် မရောက်မီပင် ကုသဝတီ နေပြည်တော်သို့ ပြန်လာလေသည်။
(ဆင်ပျံရာဖြင့် လှည့်လည်ရာ၌ ထိုကျွန်း၌နေသော မင်းများကို အထူး ပြောဆို ဆုံးမဘွယ် မလိုတော့။)
မြင်းပျံတော်ရတနာအကြောင်း
မြင်းပျံတော်ရတနာ ဖြစ်ပေါ်လာပုံ၊ လေးကျွန်းလုံး၌ လှည့်လည်ပုံမှာ ရှေးအတိုင်းပင်တည်း။
ထိုမြင်းရတနာသည် သိန္ဓောမြင်းမျိုးမှ လာ၏။ နီမြန်းသောခြေ ရှိ၏။ နီမြန်းသော နှုတ်သီးရှိ၏။ လရောင်အစုကဲ့သို့ ဖြူဖွေးသော သန့်ရှင်းသော ညက်ညောသော တခဲနက် လုံးသောကိုယ် ရှိ၏။ လည်ပင်းသည် ဣန္ဒနီလာ ပတ္တမြားညိုရောင်နှင့် တူ၏။
ဦးခေါင်းသည် မည်းနက်သော အဆင်းရှိ၏။ ဖြူဆံမြက်နှင့်တူသော သိမ်မွေ့သော လုံးသော ဖြောင့်သော ဆံတို့နှင့်လည်း ပြည့်စုံ၏။ ကောင်းကင်သို့ သွားနိုင်၏။ စကြာမင်းသည် ထို မြင်းပျံတော်ရတနာကို စီး၍ နောက်ပါ ပရိသတ်တို့နှင့်တကွ လေးကျွန်းလုံးကို လှည့်ပတ်ပြီးလျှင် နံနက်စာ စားချိန်မရောက်မီ နေပြည်တော်သို့ ပြန်လာလေသည်။
မဏိရတနာ
မြင်းပျံတော်ရတနာ ဖြစ်ပြီးသောခါ ပတ္တမြားရတနာ ဖြစ်ပေါ်လာ၏။
ထိုပတ္တမြားရတနာသည် အလျား လေးတောင်ရှိ၏။ လှည်းပဒေါင်းများ လုံးသကဲ့သို့ အညီအမျှ လုံး၏။ နှစ်ဘက်သော အစွန်းတို့မှ ထွက်ပေါ်လာသော အလွန် စင်ကြယ်သော ပုလဲနှစ်သွယ်ဖြင့်၎င်း ရွှေပဒုမ္မာတို့ဖြင့်၎င်း တန်ဆာ ဆင်အပ်၏။ အခြံအရံ ပတ္တမြားပေါင်း ရှစ်သောင်းလေးထောင် ရှိ၏။
ကြယ်တာရာ အပေါင်းတို့ဖြင့် ခြံရံအပ်သော လပြည့်ဝန်း၏ အသရေကဲ့သို့ အသရေ ကိုဖြန့်လျက် ဝေပုလ္လတောင်မှ ထွက်ပေါ်လာ၏။ ထိုပတ္တမြားရတနာကို ပုလဲဇာ ကွန်ယှက်၌ ထား၍ ဝါးအဆင့်ဆင့် ဆက်ပြီးလျှင် အတောင်ခြောက်ဆယ် မြင့်သော ကောင်းကင်သို့ တင်ထားအပ်သော အခါ ညဉ့်အချိန်ဝယ် ပတ်ဝန်းကျင် တယူဇနာတိုင်အောင် အရောင်အလင်းကို ဖြန့်နိုင်၏။
ထို ပတ္တမြားအရောင်သည် အရုဏ်တက်ချိန်ကဲ့သို့ ထင်ထင်ရှားရှား ဖြစ်ရကား ထို ပတ္တမြား အရောင်ကို အရုဏ်ရောင်ထင်၍ လယ်လုပ်သူတို့က လယ်ထွန်ကြ။ ဈေးရောင်းသူတို့က ဈေးတံခါး ဖွင့်ကြ၊ ထိုထို အတတ်သည် ဟို ဆိုင်ရာအလုပ်ကို ပြုလုပ်ကြလေသည်။
မိဖုရားရတနာ
ပတ္တမြားရတနာ ဖြစ်ပေါ်လာပြီးနောက် မိဖုရား ရတနာ ဖြစ်ပေါ်လာ၏။
ထို မိဖုရားရတနာကို မဒ္ဒမင်းမျိုးမှသော်လည်း မိဖုရားခေါင် တင်မြှောက်ဘို့ရန် ဆောင်ယူ ကြကုန်၏။ မြောက်ကျွန်းမှသော်လည်း စကြမင်း၏ ဘုန်းကံကြောင့် အလိုလို ရောက်လာ၏။ ထို မိဖုရားရတနာသည် အလွန်လှပသော ပုံသဏ္ဌာန်ရှိ၏။ မြင်ရလျှင်ပင် မျက်လုံးတို့ကို ကြည်လင်-စေနိုင်၏။ အခြားကိစ္စကို မရွက်ဆောင်ပဲ တနေ့လုံး ကြည့်နေရသော်လည်း တင်းတိမ်နိုင်အောင် ရှုချင်စဖွယ် တင့်တယ်၏။
ကြည့်နေလျှင်ပင် စိတ်ကို ကြည်လင် ရွှင်လန်း စေနိုင်၏။ အဆင်းအားဖြင့်၎င်း၊ ကိုယ်အနေအထား အားဖြင့်၎င်း လွန်စွာ ပြည့်စုံ၏။ မြင့်လည်းမမြင့် နိမ့်လည်းမနိမ့်၊ ပိန်လည်းပိန်၊ ဝလည်းမဝ။ မည်းလည်း မမည်း၊ ဖြူလည်းမဖြူသောကြောင့် အပြစ်ခြောက်ပါး ကင်းစင်၏။
တဆယ့်နှစ်တောင်ရှိသော အရပ်တိုင်အောင် ကိုယ်၏အရောင် လင်း၏။ နတ်မိဖုရားများလောက် မလှသော်လည်း လူတို့တွင်ကား အလှဆုံးဖြစ်၏။ ကိုယ်အတွေ့မှာ လဲအစု ဂွမ်းအစုကဲ့သို့ အလွန် နူးညံ့၏။ မင်းတရား အေးချိန်အခါဝယ် သူ၏ ကိုယ်အတွေ့မှာ နွေးနေ၏။ မင်းတရား ပူအိုက်ချိန်ဝယ် သူ၏ကိုယ်အတွေ့မှာ အေးနေ၏။ စန္ဒကူးအနံ့ကဲ့သို့ ကိုယ်မှ သင်းပျံ့၏။ စကားပြောသောအခါ ခံတွင်းမှ ကြညိုပန်းအနံ့ သင်းပျံ့၏။
မင်းတရားလာသည်ကို မြင်လျှင် ထိုင်နေရာမှ လျင်စွာထ၍ မင်းတရား ထိုင်ပြီးမှ ယပ်ခပ်ပေးခြင်း စသော ကိစ္စကိုပြု၍ နောက်မှထိုင်၏။ ထိုင်ပြီးနောက် ချိုသာသော အသံဖြင့် “ဘာလုပ်ပေးရမှာတုံး”ဟု မေးလေ့ ရှိ၏။
မင်းတရား၏ မြတ်နိုးဘွယ်ကိုသာ ပြုလေ့ရှိ၏။ မင်းတရား၏ ချစ်ဖွယ်ကိုသာ ပြောလေ့ရှိ၏၊ ထို အကျင့်များသည် ပရိယာယ် ဟန်ဆောင်သော အကျင့်မဟုတ်။ စိတ်ရင်းအတိုင်း ဖြစ်သော အကျင့်များ ဖြစ်သည်။ မင်းတရားကိုလွန်၍ အခြားသော ယောက်ျားကို စိတ်ဖြင့်မျှ မတောင့်တ။
ထိုဂုဏ်များတွင် အလွန် အဆင်းလှခြင်းစသော ဂုဏ်တို့သည် မိဖုရား၏ ပင်ကိုယ် အတိုင်း ရှိနေသော ဂုဏ်တို့သာ ဖြစ်၏။ လူတို့၏ အဆင်းကို လွန်ခြင်း၊ အတွေ့ ကောင်းခြင်း၊ ပူသောအခါ အေး၍ အေးသောအခါ နွေးခြင်း၊ စန္ဒကူးအနံ့ သင်းပျံ့ခြင်း၊ ကြာညိုပန်း အနံ့ကဲ့သို့ ခံတွင်း ရနံ့ထွက်ခြင်း စသော ဂုဏ်တို့ကား စကြာမင်း၏ ဘုန်းကံကြောင့် ဖြစ်ပေါ်လာသော ဂုဏ်ထူးများ ဖြစ်သည်။
သူကြွယ်ရတနာ
ဣတ္ထိရတနာ ဖြစ်ပေါ်လာပြီးနောက် စကြာမင်း၏ ရွှေငွေစသော ဥစ္စာဓနဖြင့် ပြုထိုက်သမျှ ကိစ္စတို့ကို အလွယ်တကူ ပြီးစေခြင်းအကျိုးငှါ သူကြွယ်ရတနာလည်း အထင်အရှား ဖြစ်ပေါ်လာ၏။
ထို သူကြွယ်ရတနာသည် ပင်ကိုယ်အားဖြင့် သူကြွယ် အမျိုး၌ မွေးဖွားသူဖြစ်၏။ စကြာမင်း၏ ဥစ္စာအစုကို တိုးပွါးစေတတ်သေ၁ သဌေးလည်းဖြစ်၏။ စကြာရတနာ ပေါ်လာသော အခါ၌ကား ကံ၏အကျိုးကြောင့် ဖြစ်သော ဒိဗ္ဗစက္ခုသည် အထင်အရှား ဖြစ်၏။ ထို ဒိဗ္ဗစက္ခုကြောင့် မြေ၏ တယူဇနာ အရပ်ဝယ် ဥစ္စာရှင်ရှိသော ရွှေအိုး၊ ဥစ္စာရှင်မရှိသော ရွှေအိုးကို ခွဲခွဲခြားခြား မြင်နိုင်၏။
ထို သူကြွယ်ရတနာသည် ထိုကဲ့သို့ မြင်နိုင်ပုံကို သိ၍ အလွန် နှစ်သက်သော “စိတ်ရှိရကား “အရှင်မင်းမြတ် … ဓနဖြင့် ပြုဘွယ်ဟူသမျှကို အကျွန်ုပ်ပြုပါမည်။ အရှင်မင်းမြတ် ကြောင့်ကြ စိုက်ဘွယ်မလိုတော့ပါ” ဤသို့ မင်းတရားကို ဓနဖြင့် ဖိတ်မန်ပြီးလျှင် ဓနဖြင့်ပြုရမည့် ကိစ္စ အားလုံးကို ပြီးစီးစေသည်။
စုံစမ်းခြင်း
အခါတပါး၌ စကြာမင်းသည် သူကြွယ်ရတနာကို စုံစမ်းလိုသည်ဖြစ်၍ လှေဖြင့် ဂင်္ဂါမြစ် အလယ်သို့ သွား၍ သူကြွယ်ရတနာကို ပြောသည်မှာ “သဌေးကြီး ... အကျွန်ုပ်မှာ ရွှေငွေဖြင့် အလိုရှိနေ၏” ဤသို့ပြောသောအခါ “မဟာရာဇာ … ရွှေငွေဖြင့် အလိုရှိတော်မူလျှင် ကမ်းတဖက်သို့ လှေကိုကပ်ပါစေ”ဟု သံတော်ဦးတင်၏။
“သဌေးကြီး ... ဤမြစ်အလယ်၌ပင် အလိုရှိသည်။” ဤသို့ ပြောသောအခါ သူကြွယ် ရတနာသည် လက်နှစ်ဖက်ဖြင့် ရေကို သုံးသပ်၍ ရွှေငွေဖြင့် ပြည့်သော အိုးကို ရေမှ ထုတ်ပြလေသည်။
ထိုနောက် “မဟာရာဇာ ဤမျှလောက်သော ရွှေငွေဖြင့် တော်လောက်ပါပြီလော။”
“မဟာရာဇာ ... ဤမျှ လောက်သော ရွှေငွေဖြင့် အကျွန်ုပ်၏ကိစ္စကို ပြုအပ်ပါပြီလော။”
“မဟာရာဇာ... ဤမျှလောက်သော ရွှေငွေဖြင့် အရှင်မင်းမြတ်ကို ပူဇော်အပ်ပါပြီလော။”
ဤသို့ သံတော်ဦးတင်ပြီ။
ထိုအခါ မဟာရာဇာကလည်း “ဤမျှဖြင့် တော်လောက်ပပြီ၊ ဤမျှလောက်သော ရွှေငွေဖြင့် ပူဇော်အပ်ပါပြီ။” ဤသို့ပြောပြီ။
သားတော်ကြီးရတနာ
သူကြွယ်ရတနာ ဖြစ်ပေါ်လာပြီးနောက် စကြာမင်း၏ အလုံးစုံသော ကိစ္စကို စီမံနိုင်ခြင်း အကျိုးငှါ သားတော်ကြီးရတနာ ဖြစ်ပေါ်လာ၏။
ထိုသားတော်ကြီး ရတနာဟူသည် ပင်ကိုယ်ဓာတ်ခံ ရှိနေသော အကြီးဆုံး သားတော် ဖြစ်သည်။ ပင်ကိုယ်ကပင် ကောင်းကျိုးမြင်သိ ပညာရှိ၏။ ထက်မြက်၏။ ထိုးထွင်း၍ သိနိုင်သော ပညာရှိ၏။ ရှင်ဘုရင်၏ ဘုန်းကံ အာနုဘော်ကို အမှီပြု၍၎င်း၊ မိမိ၏ ကံအစွမ်းကြောင့်၎င်း၊ သူတပါး၏ စိတ်ကို သိနိုင်သောဉာဏ် ဖြစ်ပေါ်လာ၏။
ထိုဉာဏ်ကြေင့် တဆယ့်နှစ်ယူဇနာရှိသော မင်းပရိသတ်၏ စိုက်နေစိတ်ထားတို့ကို သိစွမ်းနိုင်၏။ “ဤသူကား မင်း၏ စီးပွါးကို လိုလားသူတည်း။ ဤသူကား မင်း၏စီးပွါးကို မလိုလားသူတည်း။” ဤသို့ ခွဲခြား၍ သိနိုင်၏။
ထို့ကြောင့် ခမည်းတော်မင်းမြတ်သို့ ချဉ်းကပ်၍ “အရှင်မင်းမြတ် … တိုင်းရေးပြည်ရေး ကိစ္စ၌ ကြောင့်ကြစိုက်တော်မမူပါနှင့်။ သားတော်သာလျှင် ဆောင်ရွက်ပါမည်”ဟု သံတော်ဦးတင်သည်။
ဤသို့ အရည်အချင်းနှင့် ပြည့်စုံသော သားတော်ကြီး ရတနာ ဖြစ်ပေါ်လာသောအခါ စကြာမင်းမှာ ရတနာခုနစ်ပါးနှင့် ပြည့်စုံလေ၏။
စကြာမင်း၏ တန်ခိုးလေးပါး
၁။ မဟာသုဒဿန စကြာမင်းသည် အလွန်အဆင်းလှ၏။ ရှုချင်စဘွယ် တင့်တယ်၏။ မြင်ရသူတို့၏စိတ်ကို ကြည်လင်စေ၏။ ကိုယ်လုံး ကိုယ်ရပ်နှင့် ပြည့်စုံ၏။ အခြား လူတို့ထက် သာလွန်၏။
၂။ မဟာသုဒဿန စကြာမင်းသည် အခြားလူတို့ထက် ပို၍ အသက် ရှည်၏။
၃။ မဟာသုဒဿန စကြာမင်းသည် ရောဂါကြီး ရောဂါငယ် အသွယ်သွယ်သော အနာရောဂါ မရှိ။ စားလိုက်သော အစာကို ကြေကျက် စေနိုင်သော ဝမ်းမီးနှင့် ပြည့်စုံ၏။ ထိုဝမ်းမီးသည် ညံ့လည်း မညံ့၊ လွန်လည်း မလွန်၊ အခြားလူတို့၏ ဝမ်းမီးထက် သာ၏။
၄၊ မဟာသုဒဿန စကြာမင်းသည် ပုဏ္ဏား သူကြွယ်တို့ ချစ်ခင်မြတ်နိုးအပ်၏။ ဥပမာ - အဘကို သားသ္မီးတို့က ချစ်ခင် မြတ်နိုးသကဲ့သို့ ဖြစ်၏။ မဟာသုဒဿနမင်းကလည်း ပုဏ္ဏား သူကြွယ်တို့ကို ချစ်ခင် မြတ်နိုး၏။ ဥပမာ - အဘက သားသမီးတို့ကို ချစ်ခင် မြတ်နိုးသကဲ့သို့ ဖြစ်၏။
အခါတပါး၌ မဟာသုဒဿန စကြာမင်းသည် စစ်အင်္ဂါလေးပါးနှင့်အတူ ဥယျာဉ်သို့ ထွက်တော်မူ၏။
ထိုအခါ ပုဏ္ဏား သူကြွယ်တို့က ချဉ်းကပ်၍ “အရှင်မင်းမြတ် ... ဖြေးဖြေး ကြွတော်မူပါ။ တိုင်းသူ ပြည်သား လူအများက အရှင်မင်းမြတ်ကို အတော်ကြာအောင် ဖူးမြင် လိုကြသည်” ဤသို့ သံတော်ဦး တင်ကြ၏။
မဟာသုဒဿန စကြာမင်းကလည်း ရထားထိန်းကို “ဖြေးဖြေးမောင်းပါ။ ငါသည် ပုဏ္ဏား သူကြွယ်တို့ကို အတော်ကြာအောင် ကြည့်ရှု၍ သွားလိုသည်”ဟု မိန့်တော်မူသည်။
ရေကန်တို့ကို ဖန်ဆင်းခြင်း
မဟာသုဒဿန စကြာမင်းသည် “ထို ထန်းပင်တို့၏အကြား၌ လေးအပြန်တရာ ဝေးကွာသော နေရာတိုင်းဝယ် ရေကန်တို့ကို ဖန်ဆင်းရမူကား ကောင်းလေစွ”ဟု အကြံဖြစ်၏။ ထိုသို့ ကြံလိုက်သည်နှင့် တပြိုင်နက် ရေကန်များ ပေါ်ပေါက်လာကုန်၏။
ထိုရေကန်များကို ရွှေအုတ်တို့ဖြင့်၎င်း၊ ငွေအုတ်တို့ဖြင့်၎င်း၊ ကျောက်မျက်ရွဲအုတ်တို့ဖြင့်၎င်း၊ ဖလ်အုတ်တို့ဖြင့်၎င်း စီထားအပ်ကုန်၏။ ရေကန်တကန်လျှင် တက်ကြ ဆင်းကြဘို့ရာ လှေကား လေးစင်း ရှိ၏။ တစင်းသည် ရွှေအတိ ပြီး၏။ တစင်းသည် ငွေအတိ ပြီး၏။ တစင်းသည် ကျောက်မျက်ရွဲအတိ ပြီး၏၊ တစင်းသည် ဖလ်အတိ ပြီး၏။
ရွှေလှေကား၏ တိုင်တို့သည် ရွှေတိုင်များဖြစ်၏။ တိုင်တို့၌ တန်းထားအပ်သော လက်ရုံးတန်း တို့သည်၎င်း၊ နဖူးစီးသည်၎င်း ငွေတန်းများ ဖြစ်ကြ၏။ ငွေလှေကား၏ တိုင်တို့သည်၎င်း၊ လက်ရုံးတန်းတို့သည်၎င်း၊ နဖူးစီးသည်၎င်း ရွှေအတိ ပြီးကုန်၏။
ကျောက်မျက်ရွဲ လှေကား၏ တိုင်တို့သည် ကျောက်မျက်ရွဲတို့ပင်တည်း။ လက်ရုံးတန်း တို့သည်၎င်း၊ နဖူးစီးသည်၎င်း ဖလ်အတိ ပြီးကုန်၏။ ဖလ်လှေကား၏ တိုင်တို့ သည်၎င်း၊ လက်ရုံးတန်းတို့သည်၎င်း၊ နဖူးစီးသည်၎င်း ကျောက်မျက်ရွဲအတိ ပြီးကုန်၏။
ထိုရေကန်တို့ကို နှစ်ထပ်သော ဝရံကာတို့ဖြင့် ကာရံအပ်ကုန်၏။ ဝရံတာ တထပ်သည် စီထားအပ်သော အုတ်တို့၏ အစွန်း၌ဖြစ်၏။ ဝရံတာ တထပ်ကား ရေကန် အပိုင်းအခြား၏ အဆုံး၌ဖြစ်၏။
ထို ဝရံတာတို့သည်လည်း ရွှေဝရံတာ ငွေဝရံတာ နှစ်မျိုးပင် ကွဲပြား၏။ ရွှေဝရံတာ၏ တိုင်တို့သည် ရွှေအတိ ပြီးကုန်၏။ လက်ရုံးတန်းသည်၎င်း၊ နဖူးစီးသည်၎င်း ငွေအတိ ပြီး၏။ ငွေဝရံတာ၏ တိုင်တို့သည် ငွေအတိ ပြီးကုန်၏။ လက်ရုံးတန်းသည်၎င်း၊ နဖူးစီးသည်၎င်း ရွှေအတိ ပြီး၏။
ပန်းပင်များကို စိုက်စေခြင်း
“ရေကန်သို့ လာ၍ ရေချိုးကြ ရေသောက်ကြပြီးလျှင် ပြန်သွားသော လူတို့သည် ကြာညို ကြာဖြူ ကြာနီဟူသော ဥပ္ပလကြာပန်း၊ ပဒုမာကြာပန်း၊ ကုမုဒြာကြာပန်း၊ ပုဏ္ဍရိက်ကြာပန်းတို့ကို ပန်ဆင်၍ ပြန်သွား ကြပါမူ ကောင်းလေစွ”ဟု အကြံဖြစ်သောကြောင့် ထိုရေကန်ထဲ၌ ပန်းပင်ကြိုးကို ပေါက်စေလိုသောဆန္ဒ ဖြစ်၏။
ဆန္ဒဖြစ်သည်နှင့် တပြိုင်နက် ရေကန်တွင်း၌ ဥတုသုံးပါးလုံး ပွင့်သော ကြာပန်းများ ပေါ်ပေါက်လာကုန်၏၊ ဆွတ်ခူးလိုသူတို့အတွက် မည်သူ့ကိုမျှ အတားအဆီး မရှိရ။
ပြုစုသူများကို ထားခြင်း
ထိုနောက် ရေကန်တို့၏ ကမ်းပေါ်၌ ရေချိုးပေးသော ယောကျ်ားတို့ကိုလည်း ထားစေ၏။ ထိုယောက်ျားတို့က လာလာသမျှ လူအပေါင်းကို ရေခပ်ပေးခြင်း၊ ချေးတွန်းပေးခြင်း စသည်ဖြင့် ရေချိုးပေးကြသည်။
စားဘွယ်၊ သောက်ဘွယ်၊ အဝတ်၊ ယာဉ်ရထား၊ မိန်းမ၊ ရွှေ၊ ငွေမှစ၍ ရေကန်၏ အနီးအပါး၌ လှူဘွယ် ပစ္စည်းများကို ထားစေ၏။ ရေချိုးပြီးသောအခါ ထမင်းဆာ သူသည် ထမင်းစားနိုင်၏။ အဖျော် သောက်လိုသူသည် အဖျော်သောက်နိုင်၏။ အဝတ်ကိုလဲလှယ်၍ ဝတ်လိုသူသည် အဝတ်ကို လဲလှယ်၍ ဝတ်နိုင်၏။
ယာဉ်ရထားကို အလိုရှိသူသည် ယာဉ်ရထားကို စီးသွားနိုင်၏။ အလိုရှိလျှင် အိမ်ထိအောင် ယူသွား နိုင်၏၊ အလိုမရှိလျှင် ထားခဲ့နိုင်၏။ ကောင်းမြတ်သော အိပ်ရာတို့၌ မိန်းမများနှင့်အတူ စည်းစိမ် ခံစားလိုသူသည် စည်းစိမ်ခံစားနိုင်၏။ ဒခလိုရှိလျှင် အိမ်သို့ ခေါ်သွားနိုင်၏။ ရတနာခုနစ်ပါးဖြင့် ပြုအပ်သော တန်ဆာတို့ကို ဖန်ဆင်၍လည်း စည်းစိမ် ခံစားနိုင်၏။ အလိုရှိလျှင် အိမ်သို့ ယူသွားနိုင်သည်။
များစွာသော ဥစ္စာကို ဆက်သကြခြင်း
ပစ္စည်းပေါများသော ပုဏ္ဏား သူကြွယ်တို့သည် စဉ်းစားကြသည်မှာ - “ဤ စကြာမင်း သည် ဤမျှလောက် အလှူဒါနကို ပေးနေသော်လည်း တိုင်းသူ ပြည်သားတို့ကို မည်သည့် ပစ္စည်းကို မဆက်သစေ။ မင်းတရားက မဆက်သစေသော်လည်း ငါတို့ အလိုက်သိထိုက်၏။” ဤသို့ တိုင်ပင်ပြီး၍ များစွာသောဥစ္စာကို ဆက်သကြကုန်၏။
ထိုအခါ မဟာသုဒဿနမင်းက မိန့်သည်မှာ- “အမောင်တို့ ... သင်တို့ပစ္စည်းဥစ္စာ အစုကို ဆက်သဘို့ မလိုပါ။ ငါ့မှာ တရားသော အခွန်အတုပ်ဖြင့် ပြုစီမံအပ်သော ဥစ္စာတွေ များစွာ ရှိပါသည်။ သင်တို့ ယူဆောင်အပ်ခဲ့သော ဥစ္စာသည် သင်တို့အတွက် ဖြစ်ပါစေ။ ငါ၏ ဘဏ္ဍာတော် မူလည်း ဆောင်ယူသွားကြပါဦး” ဤသို့ ပြော၏။
မိမိတို့ ဆက်သအပ်သော ဥစ္စာတို့ကို ထိုသို့ ပယ်အပ်သည်ရှိသော် တနေရာသို့သွား၍ သဘောတူ တိုင်ပင်ကြသည်မှာ- “ဤ ဥစ္စာတွေကို မင်းတရားက ပယ်အပ်သော်လည်း မိမိတို့အိမ်သို့ပြန်ယူရန် မသင့်တော့။ အကျွန်ုပ်တို့သည် မင်းတရားဘို့ အိမ်တဆောင် ပြုရလျှင် ကောင်းမည် ထင်သည်” ဤသို့ တိုင်ပင်ပြီး၍ ထိုအကြောင်းကို သံတော်ဦးတင်သောအခါ ဆိတ်ဆိတ်နေသော အားဖြင့် လက်ခံ၏။
သိကြားမင်း ဖန်ဆင်းပေးခြင်း
ထိုအကြောင်းကို သိကြားမင်းသိ၍ ဝိသကြုံနတ်ကို ခေါ်ပြီးလျှင် “အမောင်… မဟာသုဒဿနမင်းဘို့ ဓမ္မ-မည်သော ပြသာဒ် အိမ်တော်ကို ဖန်ဆင်းပါ” ဤသို့ ခိုင်း၍ ဝိသကြုံနတ်သားကို လွှတ်လိုက်လေသည်။
ဝိသကြုံနတ်သားသည် မဟာသုဒဿနမင်း၏ ရှေ့တော်မှောက်၌ “အရှင်မင်းမြတ်ဘို့ မမ္မ-မည်သော ပြသာဒ်အိမ်တော်ကို ပြုလုပ်လိုပါသည်”ဟု ပြော၏။ မဟာသုဒဿနမင်းလည်း ဆိတ်ဆိတ်နေသောအားဖြင့် လက်ခံလေသည်။
ဓမ္မမည်သော ပြာသာဒ်အိမ်တော်
ဝိသကြုံနတ်သားသည် မဟာသုဒဿနမင်း၏ တရားကျင့်ဘို့ရာ ဓမ္မ-မည်သော နန်းပြာသာဒ်ကို ဖန်ဆင်းလေသည်။
ဓမ္မ-မည်သော နန်းပြာသာဒ်သည် အရှေ့အနောက်အားဖြင့် တယူဇနာရှိ၍ တောင်မြောက်အနံအားဖြင့် ယူဇနာဝက်ရှိ၏။ ယောက်ျားတို့၏ လက်ခုပ်သုံးဖောင်လောက် မြင့်အောင် အခြေခံအုတ်ခုံကို စီထား၏။ တချို့အုတ်ကား ရွှေ၊ တချို့အုတ်ကား ငွေ၊ တချို့အုတ်ကား ကျောက်မျက်ရွဲ၊ တချို့အုတ်ကား ဖလ်အုတ်များ ဖြစ်ကြသည်။
ဓမ္မနန်းပြာသာဒ်၏ တိုင်တို့သည် ရှစ်သောင်းလေးထောင်ရှိကုန်၏။ တချို့တိုင်သည် ရွှေ၊ တချို့တိုင်သည် ငွေ၊ တချို့တိုင်သည် ကျောက်မျက်ရွဲ၊ တချို့တိုင်သည် ဖလ်တိုင်များ ဖြစ်ကြ၏။
ထိုဓမ္မနန်းပြာဿဒ်ကို လေးမျိုးသော အဆင်းရှိသော ပျဉ်ချပ်ငယ်တို့ဖြင့် ခင်းအပ်၏။ ထိုဓမ္မ-နန်းပြာသာဒ်၌ လှေကားပေါင်း နှစ်ဆယ့်လေးစင်းရှိ၏။ တချို့လှေကားသည် ရွှေ၊ တချို့လှေကားသည် ငွေ၊ တချို့လှေကားသည် ကျောက်မျက်ရွဲ၊ တချို့လှေကားသည် ဖလ်လှေကားများ ဖြစ်သည်။
လှေကား၏ တိုင်တို့သည် ရွှေတိုင်များဖြစ်၍ လက်ရုံးတန်းတို့သည်၎င်း၊ နဖူးစီးသည်၎င်း၊ ငွေဖြင့် ပြုလုပ်အပ်ကုန်၏။ ငွေလှေခါး၏တိုင်တို့သည် ငွေတိုင်များဖြစ်၍ လက်ရုံးတန်းတို့သည်၎င်း၊ နဖူးစီးသည်၎င်း ရွှေဖြင့် ပြုအပ်ကုန်၏။
ကျောက်မျက်ရွဲလှေကား၏ တိုင်တို့သည် ကျောက်မျက်ရွဲတိုင်များဖြစ်၍ လက်ရုံးတန်းတို့သည်၎င်း၊ နဖူးစီးသည်၎င်း ဖလ်ဖြင့် ပြုအပ်ကုန်၏။
ဖလ်လှေကား၏ တိုင်တို့သည် ဖလ်တိုင်များဖြစ်၍ လက်ရုံးတန်းတို့သည်၎င်း၊ နဖူးစီးသည်၎င်း ကျောက်မျက်ရွဲဖြင့် ပြုအပ်ကုန်၏။
ဓမ္မ-နန်းပြာသာဒ်၌ အထွတ်တို့သည် ရှစ်သောင်းလေးထောင်ရှိကုန်၏။ ရွှေအထွတ်စသောအးဖြင့် အဆင်းလေးမျိုးရှိကုန်၏။
ရွှေအထွတ်တပ်အပ်သော အဆောင်၌ ငွေပလ္လင်ကို ခင်းထား၏။ ငွေအထွတ်တပ်အပ်သော အဆောင်၌ ရွှေပလ္လင်ကို ခင်းထား၏။ ကျောက်မျက်ရွဲအထွတ်တပ်အပ်သော အဆောင်၌ ဆင်စွယ်ပလ္လင်ကို ခင်းထား၏။ ဖလ်အထွတ်တပ်အပ်သော အဆောင်၌ စန္ဒကူးနှစ်တို့ဖြင့် ပြုအပ်သော ပလ္လင်ကို ခင်းထား၏။
ရွှေအထွတ်တပ်အပ်သော ပြာသာဒ်၏ တံခါးအနီး၌ ငွေထန်းပင်တည်ရှိ၏။ ထိုငွေထန်းပင်၏ ပင်စည်သည် ငွေဖြစ်၏။ အရွက်တို့သည်၎င်း၊ အသီးတို့သည်၎င်း၊ ရွှေအတိပြီးကုန်၏။
ငွေအထွတ်တပ်အပ်သော ပြာသာဒ်၏ တံခါးအနီး၌ ရွှေထန်းပင်တည်ရှိ၏။ ထိုရွှေထန်းပင်၏ ပင်စည်သည် ရွှေဖြစ်၏။ အရွက်တို့သည်၎င်း၊ အသီးတို့သည်၎င်း ငွေအတိပြီးကုန်၏။
ကျောက်မျက်ရွဲအထွတ်တပ်အပ်သော ပြာသာဒ်၏ တံခါးအနီး၌ ဖလ်ထန်းပင်တည်ရှိ၏။ ထိုဖလ်ထန်းပင်၏ ပင်စည်သည် ဖလ်ဖြစ်၏။ အရွက်တို့သည်၎င်း၊ အသီးတို့သည်၎င်း ကျောက်မျက်ရွဲအတိပြီးကုန်၏။
ဖလ်အထွတ်တပ်အပ်သော ပြာသာဒ်၏ တံခါးအနီး၌ ကျောက်မျက်ရွဲထန်းပင်တည်ရှိ၏။ ထိုကျောက်မျက်ရွဲထန်းပင်၏ ပင်စည်သည် ကျောက်မျက်ရွဲဖြစ်၏။ အရွက်တို့သည်၎င်း၊ အသီးတို့သည်၎င်း ဖလ်အတိပြီးကုန်၏။
ဓမ္မ-ပြာသာဒ်ဝယ် အကျယ်ဆုံးဖြစ်သော အထွတ်တပ်အပ်သော ပြာသာဒ်၏ တံခါးပေါက်၌ အလုံးစုံရွှေအတိပြီးသော ထန်းတောဥယျာဉ်ကို ဖန်ဆင်း၏။ ထိုဥယျာဉ်၌ နေ့အခါဝယ် နေထိုင်၏။
ဓမ္မမည်သော နန်းပြာသာဒ်ကို နှစ်ထပ်သော ဝရံတာတို့ဖြင့် ကာရံအပ်၏။ တထပ်သည် ရွှေအတိပြီး၏။ တထပ်သည် ငွေအတိပြီး၏။ ရွှေဝရံတာ၏ တိုင်တို့သည် ရွှေတိုင်များဖြစ်၍ လက်ရုံးတန်းတို့သည်၎င်း၊ နဖူးစီးသည်၎င်း ငွေအတိပြီး၏။ ငွေဝရံတာ၏ တိုင်တို့သည် ငွေတိုင်များဖြစ်၍ လက်ရုံးတန်းတို့သည်၎င်း၊ နဖူးစီးသည်၎င်း ရွှေအတိပြီး၏။
ဓမ္မနန်းပြာသာဒ်ကို နှစ်ထပ်သော ရွှေခြူဇာတို့ဖြင့် ကာရံအပ်၏။ တထပ်သော ဇာသည် ရွှေအတိပြီး၏။ တထပ်သောဇာသည် ငွေအတိပြီး၏။ ရွှေအတိပြီးသော ဇာ၏ခြူတို့သည် ငွေအတိပြီး၏။ ငွေအတိပြီးသော ဇာ၏ခြူတို့သည် ရွှေအတိပြီး၏။
ထိုခြူကလေးတွေ ဆွဲထားအပ်သော ဇာကို လေတိုက်သောအခါ ထွက်ပေါ်လာသောအသံသည် ကျွမ်းကျင်သူတီးမှုတ်အပ်သော တူရိယာငါးပါး၏ အသံကဲ့သို့ သာလည်း သာယာ၏။ တပ်မက်ဘွယ်လည်း ကောင်း၏။ နှစ်သက်ဖွယ်လည်း ကောင်း၏။ ယစ်မူးဘွယ်လည်း ကောင်း၏။
ထိုအခါတုန်းက ကုသဝတီမင်းပြည်၌ သေသောက်ကြူးတို့သည် ရွှေခြူးဇာတို့၏အသံဖြင့် ကကြ၊ ခုန်ကြ၊ မြူးပျော်ကြလေသည်။
ဓမ္မ-နန်းပြာသာဒ်ပြီးသောအခါ အရောင်တောက်နေသည့်အတွက် မျက်စိတို့ကို ရှောင်လွှဲရလောက်အောင် အကြည့်ခက်သတတ်။
ရေကန်ကို ဖန်ဆင်းခြင်း
ဓမ္မ-နန်းပြာသာဒ်၏ ရှေ့၌ ဓမ္မမည်သော ရေကန်ကို ဖန်ဆင်း၏။
ထိုဓမ္မမည်သော ရေကန်သည် အရှေ့အနောက် အလျားအားဖြင့် တယူဇနာရှိ၏။ တောင်မြောက်အနံအားဖြင့် ယူဇနာဝက်ရှိ၏။ လှေကားနှစ်ဆယ့်လေးစင်းတို့ကို တပ်ထား၏။ ထိုလှေကားတို့၌ ရွှေ၊ ငွေ၊ ကျောက်မျက်ရွဲ၊ ဖလ်တို့ဖြင့် ပြုလုပ်ပုံတို့မှာ ရှေးအတိုင်းပင်တည်း။
ထိုဓမ္မရေကန်ကို ဝရံတာနှစ်ထပ်ကာရံ၍ ရွှေ၊ ငွေ၊ ကျောက်မျက်၊ ဖလ်တို့ဖြင့် ပြုလုပ်ပုံတို့မှာ ရှေးအတိုင်းပင်ဖြစ်သည်။
ထိုဓမ္မရေကန်ကို ထန်းပင်အစဉ် ခုနစ်ထပ်တို့ဖြင့် ကာရံအပ်၏။ ထိုထန်းပင်အစဉ်တို့၏ ရွှေ၊ ငွေ၊ ကျောက်မျက်ရွဲ၊ ဖလ်တို့ဖြင့် ပြီးပုံသည်၎င်း၊ အရွက်အသီးကို ရတနာလေးမျိုးဖြင့် ပြီးပုံသည်၎င်း၊ ထန်းရွက်တို့မှ သာယာသောအသံဖြစ်ပုံသည်၎င်း ရှေးနည်းအတိုင်းပင်တည်း။
နန်းပြသာဒ်တက်၍ တရားကျင့်
မဟာသုဒဿနစကြာမင်းသည် ဓမ္မ-နန်းပြာသာဒ်နှင့် ဓမ္မရေကန်ပြီးစီးသောအခါ ထိုခေတ်၌ သမဏအမည်ခံ၊ ဗြဟ္မဏအမည်ခံသော အလှူခံပုဂ္ဂိုလ်တို့အား အလုံးစုံသော လှူဘွယ်တို့ကို လှူပြီး၍ ဓမ္မနန်းပြာသာဒ်သို့ တက်လေသည်။
ထိုနန်းပြာသာဒ်ဝယ် အကျယ်ဝန်းဆုံးဖြစ်သော အထွတ်တပ်ထားအပ်သော မဟာဝိယူဟမည်သော နန်းမဆောင်သို့ သွား၍ တံခါးပေါက်အနီး၌ ရပ်လျက် -
“ကာမဂုဏ်ကို ကြံစည်တတ်သော ဟဲ့ ကာမဝိတက်... အသင်သည် ဤတံခါးပေါက်၌သာ ရပ်တန့်ရစ်လော့။ ဤမှနောက်၌ အဆောင်တော်တွင်းသို့ မလိုက်ခဲ့နှင့်။”
“သူတပါး၏ ပျက်စီးခြင်းကို ကြံစည်တတ်သော ဟဲ့ ဗျာပါဒဝိတက်... အသင်သည် ဤတံခါးပေါက်၌သာ ရပ်တန့်ရစ်လော့။ ဤမှနောက်၌ အဆောင်တော်တွင်းသို့ မလိုက်ခဲ့နှင့်။”
“သူတပါးကို ညှဉ်းဆဲဘို့ရန် ကြံစည်တတ်သော ဟဲ့ ဝိဟိံသာဝိတက်... အသင်သည် ဤတံခါးပေါက်၌သာ ရပ်တန့်ရစ်လော့။ ဤမှ နောက်၌ အဆောင်တော်တွင်းသို့ မလိုက်နှင့်။”
ဤသို့ ပြောဆိုပြီးလျှင် အထက်၌ အထွတ်တပ်အပ်သော ကျယ်ဝန်းသော ခန်းမဆောင်သို့ ဝင်၍ ရွှေပလ္လင်၌ ထိုင်လျက် ဈာန်ရဘို့ရန် ကရားအားထုတ်သည်။
ထိုအခါ ပဌမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်တို့ကို အစဉ်အတိုင်း ဝင်စား၍ နေနိုင်သည်။
မေတ္တာပွါးစေခြင်း
မဟာသုဒဿနစကြာမင်းသည် လောကီဈာန်တို့ကို ရပြီး၍ ကျယ်ဝန်းသော ခန်းမဆောင်မှ ထွက်ပြီးလျှင် အထွတ်တပ်အပ်သော ရွှေအတိပြီးသော နန်းတော်သို့ ဝင်၍ ငွေပလ္လင်၌ ထိုင်လျက် အရှေ့အရပ်၌နေသော သတ္တဝါအပေါင်းကို မေတ္တာဖြန့်၍ နေ၏။
ထိုနောက် တောင်အရပ်၌ နေသော သတ္တဝါအပေါင်းကို မေတ္တာဖြန့်၍ နေ၏။
ထိုနောက် အနောက်အရပ်၌ နေသော သတ္တဝါအပေါင်းကို မေတ္တာဖြန့်၍ နေ၏။
ထိုနောက် မြောက်အရပ်၌ နေသော သတ္တဝါအပေါင်းကို မေတ္တာဖြန့်၍ နေ၏။
ထိုနောက် အထက်အရပ်၌ နေသော သတ္တဝါအပေါင်းကို၎င်း၊
အောက်အရပ်၌ နေသော သတ္တဝါအပေါင်းကို၎င်း၊
လေးထောင့်အရပ်၌ နေသော သတ္တဝါအပေါင်းကို၎င်း မေတ္တာဖြန့်၍ နေသည်။
မေတ္တာဖြန့်ပြီးသောအခါ ထိုအတိုင်းပင် အရပ်ဆယ်မျက်နှာ၌ ရှိကြသော သတ္တဝါအပေါင်းကို ကရုဏာဖြန့်၍၎င်း၊ မုဒိတာဖြန့်၍၎င်း၊ ဥပေက္ခာဖြန့်၍၎င်း နေသည်။
(ဤ ၄-ပါးကို “ဗြဟ္မဝိဟာရ - မြတ်သောနေကြောင်းတရား”ဟု ခေါ်၏။ “ဗြဟ္မစိုရ်တရား”ဟု မြန်မာလို ခေါ်သည်။ သတ္တဝါအများ၏ စီးပွါးကို လိုလားသော သူတော်ကောင်းတိုင်းပင် ဤတရားဖြင့် နေလေ့ရှိကြသည်။)
စကြာမင်း၏ စည်းစိမ်များ
ကုသဝတီမင်းနေပြည်အမှူးရှိသော မြို့တော်ပေါင်း ရှစ်သောင်းလေးထောင်၊
ဓမ္မပြာသာဒ်အမှူးရှိသော ပြာသာဒ်ပေါင်း ရှစ်သောင်းလေးထောင်၊
ရွှေပလ္လင်အစရှိသော ပလ္လင်ပေါင်း ရှစ်သောင်းလေးထောင်၊
ဆင်ရတနာအမှူးရှိသော ဆင်တော်ပေါင်း ရှစ်သောင်းလေးထောင်၊
မြင်းရတနာအမှူးရှိသော မြင်းတော်ပေါင်း ရှစ်သောင်းလေးထောင်၊
ဝေဇယန္တာရထားအမှူးရှိသော ရထားပေါင်း ရှစ်သောင်းလေးထောင်၊
ပတ္တမြားရတနာအစရှိသော ပတ္တမြားပေါင်း ရှစ်သောင်းလေးထောင်၊
သုဘဒ္ဒဒေဝီမည်သော ဣတ္ထိရတနာအမှူးရှိသော မိဖုရားပေါင်း ရှစ်သောင်းလေးထောင်၊
သူကြွယ်ရတနာအမှူးရှိသော သူကြွယ်ပေါင်း ရှစ်သောင်းလေးထောင်၊
သားကြီးရတနာအမှူးရှိသော ခတ္တိယပေါင်း ရှစ်သောင်းလေးထောင်၊
နို့စားနွားမပေါင်း ရှစ်သောင်းလေးထောင်၊
အဝတ်ကုဋေပေါင်း ရှစ်သောင်းလေးထောင်၊
ညဉ့်နံနက်တိုင်း ထမင်းပို့ရသော ထမင်းချက်အိုးပေါင်း ရှစ်သောင်းလေးထောင်
ဤကား မဟာသုဒဿနစကြာမင်း၏ စည်းစိမ်အကျဉ်းချုပ်တည်း။
ဆင်တို့ကို အနှစ်တရာမှ ရှုစားခြင်း
မဟာသုဒသနစကြာမင်းသည် ရအပ်ပြီးသော ဈာန်ချမ်းသာဖြင့် အလွန်မွေ့လျော်၏။
ဈာန်သမာပတ်ဖြင့် နေသောပုဂ္ဂိုလ်မှာ အသံသည် အနှောင့်အယှက်ဆူးငြောင့်သဖွယ် ဖြစ်၏။
ထိုအချိန်၌ ရှစ်သောင်းလေးထောင်သော ဆင်တို့ကလည်း ဆင်ထိန်းများနှင့်အတူ ညနေတကြိမ်၊ နံနက်တကြိမ် ဆည်းကပ်လေ့ရှိကြ၏။ ထိုအသံတို့ကြောင့် ငြီးငွေ့သော်လည်း လုံးလုံးမလာကြနှင့်တော့ဟု တားမြစ်လိုက်လျှင် ရနေကျ အစာအာဟာရတို့ကို မှန်မှန်မရမည်စိုးသောကြောင့် လုံးလုံးမပိတ်ပဲ “အနှစ်တရာကျမှ တကြိမ်သာ လာကြတော့။ တကြိမ်လာရာ၌လည်း ရှစ်သောင်းလေးထောင်၏ တဝက် (လေးသောင်းနှစ်ထောင်သာ) လာကြစေတော့”ဟု သားကြီးရတနာကို အမိန့်ပေးလေသည်။
သုဘဒ္ဒဒေဝီလာခြင်း
သုဘဒ္ဒဒေဝီသည် စကြာမင်းကို မဖူးတွေ့ရသည်မှာ အလွန်ကြာနေပြီဖြစ်၍ ဖူးတွေ့လိုသော ဆန္ဒဖြစ်သောကြောင့် မောင်းမမိဿံအခြွေအရံတို့ကို ခေါ်၍ ပြောသည်မှာ-
“ရှင်မတို့... သင်တို့သည် ခေါင်းလျှော်ရေချိုးကြပြီး၍ ရွှေသောအဝတ်တို့ကို ဝတ်ခဲ့ခြုံခဲ့ကြ။ မင်းတရားကို မတွေ့ရသည်မှာ ကြာမြင့်လှပြီ။ ယနေ့ မင်းတရားကို ဖူးတွေ့ရန် သွားကြစို့” ဟု ပြောလေသည်။
ထိုသို့ပြောပြီးလျှင် သားကြီးရတနာကို ပြောပြန်သည်မှာ- “အချင်း သားကြီးရတနာ... စစ်အင်္ဂါလေးပါးကိုပြင်ပါလော့။ မင်းတရားကို မဖူးတွေ့ရသည်မှာ ကြာမြင့်လှပြီဖြစ်၍ ယနေ့ဖူးတွေ့ဘို့ရန် မောင်းမမိသံနှင့်အတူ သွားမည်” ဤသို့ပြောပြလေသည်။
သားကြီးရတနာဟူသည် သုဘဒ္ဒဒေဝီ၏သားကြီးမဟုတ်။ စကြာမင်းမဖြစ်မီက ရနှင့်သော သားကြီးရတနာဖြစ်သည်။
အားလုံးပြင်ဆင်ပြီးသောအခါ သုဘဒ္ဒဒေဝီသည် မောင်းမမိဿံအခြွေအရံနှင့်အတူ ဓမ္မပြာသာဒ်တော်သို့ တက်သွား၍ မဟာဝိယူဟအဆောင်တော်သို့ ချဉ်းကပ်ပြီးလျှင် အတွင်းတိုင်အောင် မဝင်ဝံ့သောကြောင့် တံခါးဘောင်ကို လက်ဆွဲ၍ ရပ်နေလေသည်။
မင်းတရား ထွက်တော်မူလာခြင်း
ထိုအခါ မဟာသုဒဿနစကြာမင်းသည် များစွာသော အသံကို ကြားရ၍ မဟာဝိယူဟအဆောင်တော်မှ ထွက်လာသည်ရှိသော် သုဘဒ္ဒါဒေဝီကို တွေ့ရ၍ “မိဖုရား... အဲဒီမှာပဲ ရပ်နေပါ။ အတွင်းသို့ မဝင်ခဲ့ပါနှင့်” ဤသိုပြော၍ ယောကျ်ားတယောက်ကို အမိန့်ပေးသည်မှာ-
“အမောင်... မဟာဝိယူဟအဆောင်တော်မှ ရွှေပလ္လင်ကိုထုတ်၍ ရွှေထန်းတောဥယျာဉ်၌ ခင်းလိုက်လော့”ဤသို့ အမိန့်ပေးသောအခါ ထိုယောက်ျားသည် ရွှေပလ္လင်ကိုထုတ်၍ ရွှေထန်းတော၌ ခင်းထားလိုက်ပြီ။
မဟာသုဒဿနစကြာမင်းသည် ထိုထန်းတောသို့ ဆင်း၍ ရွှေပလ္လင်ပေါ်၌ လက်ျာနံပါးဖြင့် လျောင်း၍ နေလေသည်။
သုဘဒ္ဒဒေဝီ လိုက်လာခြင်း
သုဘဒ္ဒဒေဝီသည် လိုက်လာ၍ မဟာသုဒဿနစကြာမင်း၏ အထူးကြည်လင်ပုံ၊ အရေအဆင်းများ အလွန်စင်ကြယ်ပုံကို မြင်ရ၍ “ဤသို့ အထူးစင်ကြယ်သောအခါ ဘဝပြောင်းတတ်သည်”ဟု ကြားဘူးသောကြောင့် စကြာမင်း၏ ဘဝပြောင်းမည်ကို စိုးရိမ်သည့်အတွက် အောက်ပါစကားတို့ကို သံတော်ဦးတင်လေသည်။
အရှင်မင်းမြတ်... အရှင်မင်းမြတ်မှာ ကုသဝတီမင်းနေပြည်အမှူးရှိသော “ရှစ်သောင်းလေးထောင်သော မြို့တော်များရှိပါသည်။ ဤမြို့တော်တို့၌ နှစ်သက်သောဆန္ဒကို ဖြစ်စေတော်မူပါ။ အသက်၌ ငဲ့ကွက်တော်မူပါ။
အရှင်မင်းမြတ်... အရှင်မင်းမြတ်မှာ ဓမ္မ-ပြာသာဒ်အမှူးရှိသော ပြာသာဒ်ပေါင်း ရှစ်သောင်းလေးထောင်ရှိပါသည်။ ဤပြာသာဒ်တို့၌ နှစ်သက်သောဆန္ဒကို ဖြစ်စေတော်မူပါ။ အသက်၌ ငဲ့ကွက်တော်မူပါ။
အရှင်မင်းမြတ်... အရှင်မင်းမြတ်မှာ မဟာဝိယူဟအဆောင်တော်အမှူးရှိသော ရှစ်သောင်းလေးထောင်သော အထွတ်တပ်အပ်သော အဆောင်များရှိပါသည်။ ဤအဆောင်တို့၌ နှစ်သက်သောဆန္ဒကို ဖြစ်စေတော်မူပါ။ အသက်ကို ငဲ့ကွက်တော်မူပါ။
အရှင်မင်းမြတ်... အရှင်မင်းမြတ်မှာ ရှစ်သောင်းလေးထောင်သော ရွှေပလ္လင်၊ ရှစ်သောင်းလေးထောင်သော ငွေပလ္လင်၊ ရှစ်သောင်းလေးထောင်သော ဆင်စွယ်ပလ္လင်၊ ရှစ်သောင်းလေးထောင်သော စန္ဒကူးနှစ်ပလ္လင်တို့ ရှိကြပါသည်။ ဤပလ္လင်တို့၌ နှစ်သက်သောဆန္ဒကို ဖြစ်စေတော်မူပါ။ အသက်၌ ငဲ့ကွက်တော်မူပါ။
အရှင်မင်းမြတ်... အရှင်မင်းမြတ်မှာ ဥပေါသထဆင်မင်းအမှူးရှိကုန်သော ရွှေတန်ဆာ၊ ရွှေအလံ၊ ရွှေဇာတို့ဖြင့် ဖုံးအုပ်အပ်ကုန်သော ရှစ်သောင်းလေးထောင်သော ဆင်တော်များရှိပါသည်။ ဤဆင်တော်တို့၌ နှစ်သက်သောဆန္ဒကို ဖြစ်စေတော်မူပါ။ အသက်၌ ငဲ့ကွက်တော်မူပါ။
ထိုနောက် ဝလာဟကမြင်းမင်းအမှူးရှိသော ရှစ်သောင်းလေးထောင်သော မြင်းတို့၌၎င်း၊
ဝေဇယန္တာရထားအမှူးရှိသော ရှစ်သောင်းလေးထောင်သော ရထားတို့၌၎င်း၊
ပတ္တမြားရတနာအမှူးရှိသော ရှစ်သောင်းလေးထောင်သော ပတ္တမြားတို့၌၎င်း၊
မိဖုရားရတနာဖြစ်သော မိမိအမှူးရှိသော ရှစ်သောင်းလေးထောင်သော မိဖုရားတို့၌၎င်း၊
သူကြွယ်ရတနာအမှူးရှိသော ရှစ်သောင်းလေးထောင်သော သူကြွယ်တို့၌၎င်း၊
သားတော်ကြီးရတနာအမှူးရှိသော ရှစ်သောင်းလေးထောင်သော မင်းတို့၌၎င်း၊
ရှစ်သောင်းလေးထောင်သော နို့စားနွားမတို့၌၎င်း၊
ကုဋေပေါင်း ရှစ်သောင်းလေးထောင်သော အဝတ်တို့၌၎င်း၊
ရှစ်သောင်းလေးထောင်သော ပွဲတော်ချက်အိုးတို့၌၎င်း -
နှစ်သက်သောဆန္ဒကို ဖြစ်စေတော်မူပါ။ အသက်၌ ငဲ့ကွက်တော်မူပါ။
ဤသို့ သံတော်ဦးတင်လေသည်။
မဟာသုဒဿနမင်း ပြန်၍မိန့်တော်မူပုံ
မိဖုရား... သင်သည် ကြာမြင့်စွဲသော ကာလပတ်လုံး နှစ်သက်ဖွယ်စကားကိုသာ ပြောဆိုခဲ့ပါလျက် နောက်ဆုံးအချိန်ကျမှ အဘယ့်ကြောင့် မနှစ်သက်ဖွယ်စကားတို့ကို ပြောရသနည်း။ ဤသို့ အပြစ်တင်သောအခါ သုဘဒ္ဒဒေဝီက ပြန်၍ သံတော်ဦးတင်သည်မှာ -
အရှင်မင်းမြတ်... “မိန်းမသားတို့မည်သည် ရဟန်းတော်တို့၏ ပြောရိုးစကားကို နားမလည်ပါ။ အဘယ်သူ သံတော်ဦးတင်ရမှာပါနည်း”ဟု မေးလျှောက်သည်။
ထိုအချိန်၌ သုဘဒ္ဒဒေဝီက စကြာမင်းကို ရဟန်းဟူ၍ မှတ်ထင်နေလေသည်။
ထိုသို့ သုဘဒ္ဒဒေဝီက သံတော်ဦးတင်သောအခါ စကားပြောသင်ပေးသည်မှာ - “မိဖုရား... သင်သည် ဤသို့သောစကားကို ပြောပါ -
အရှင်မင်းမြတ်.... ချစ်အပ်မြတ်နိုးအပ်သော သက်ရှိသက်မဲ့ အလုံးစုံတို့နှင့် တသီးတခြားဖြစ်ရခြင်း၊ ကွေကွင်း၍ဖြစ်ရခြင်း၊ ဘဝမတူပဲ တမျိုးတဖုံဖြစ်ရခြင်းသည် ထုံးစံပင်ဖြစ်ပါသည်။ အရှင်မင်းမြတ်သည် သက်ရှိသက်မဲ့ စည်းစိမ်တို့အပေါ်၌ ငဲ့ကွက်ခြင်းကင်းသော ကွယ်လွန်မှုကို ပြုတော်မမူပါနှင့်။
သက်ရှိသက်မဲ့စည်းစိမ်တို့၌ ငဲ့ကွက်တွယ်တာ၍ ကွယ်လွန်ခြင်းကို သူတော်ကောင်းတို့ ကဲ့ရဲ့အပ်ပါ၏။ အရှင်မင်းမြတ်သည် ကုသဝတီမင်းနေပြည်အမှူးရှိသော ရှစ်သောင်းလေးထောင်သော မြို့တို့၌ တွယ်တာမှုဆန္ဒကို ပယ်စွန့်တော်မူပါ။ အသက်၌ ငဲ့ကွက်တော်မမူပါနှင့်။
ဤသို့ပြောင်းပြန်ပြင်၍ သံတော်ဦးတင်ဘို့ရန် သင်ပေးလေသည်။
ပြင်၍ သံတော်ဦး တင်ရခြင်း
ဤသို့ အမိန့်ပေးသောအခါ သုဘဒ္ဒဒေဝီသည် မျက်ရည်တွေကျလာသောကြောင့် စကြာမင်းမမြင်လောက်သည့် အရပ်သို့ သွား၍ အားရပါးရ အသံတိတ်ငိုကြွေးပြီးမှ မျက်ရည်တို့ကို သုတ်၍ ပြန်လာပြီးလျှင် မဟာသုဒဿနစကြာမင်း သင်ပေးသည့်အတိုင်း ပြင်၍ သံတော်ဦးတင်ရှာလေသည်။
ဗြဟ္မာ့ပြည်သို့ လားတော်မူခြင်း
သုဘဒ္ဒဒေဝီ သံတော်ဦးတင်ပြီးနောက် မကြာမီပင် မဟာသုဒဿန စကြာမင်းသည် ရောဂါ အထူး မခံရပဲ (ကောင်းမွန်သော ထမင်းကို စားပြီးသောအခါ ထမင်းအဆီ ယစ်ခြင်းနှင့် တူသော) အနည်းငယ်သာ ဝေဒနာကို ခံစား၍ ကာမဂုဏ် အာရုံများသော လူ့စည်းစိမ်ကို စွန့်ခွာပြီးလျှင် ဈာန်ချမ်းသာဖြင့် ပျော်မွေ့ရမည့် ဗြဟ္မာ့ပြည်သို့ ပြောင်းရွှေ့လေသည်။
---မှတ်ချက်
မဟာသုဒဿန စကြာမင်းသည် မင်းသားအရွယ် သူငယ်ဘဝဖြင့် ရှစ်သောင်း လေးထောင် နှစ်ပေါင်းကြာအောင် လွတ်လပ်စွာ ပျော်ပျော်ပါးပါး ကစား၍ နေလေသည်။
ရှစ်သောင်း လေးထောင် နှစ်ပေါင်းကြာအောင် အိမ်ရှေ့မင်းအဖြစ်ကို ပြုလေသည်။
ရှစ်သောင်း လေးထောင် နှစ်ပေါင်းအောင် စကြာမင်း အဖြစ်ကို ပြုလေသည်။
ရှစ်သောင်း လေးထောင် နှစ်ပေါင်း ကြာအောင် လူဝတ်ကြောင် အဖြစ်ဖြင့် ဓမ္မ-နန်းပြာသာဒ်၌ မြတ်သော တရားအကျင့်ကို ဈာန်ရသည့်တိုင်အောင် ကျင့်လေသည်။
ဈာန်ရပြီးနောက် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မာစိုရ် တရားလေးပါးကို မိမိ သန္တာန်၌ နှစ်ပေါင်း အတော်ကြာအောင် ဖြစ်စေလေသည်။
---ကျန်ရစ်သော ရတနာများ
မဟာသုဒသနမင်း၏ ဗြဟ္မာ့ပြည် စံပြီးနောက် ခုနစ်ရက် မြောက်သောအခါ -
- ခုနှစ်ထပ်သော ရကနာမြို့ရိုးတို့သည်၎င်း၊
- ခုနစ်စဉ်သော ရတနာထန်းပင်တို့သည်၎င်း၊
- ရှစ်သောင်း လေးထောင်သော ရေကန်တို့သည်၎င်း၊
- ဓမ္မ-ပြာသာဒ်၊ ဓမ္မ-ရေကန်၊ စကြာရတနာသည်၎င်း
ဤအားလုံး ကွယ်ပျောက် ကြလေသည်။
ဆင်ရတနာ စသော ရတနာ ၇-ပါးတို့တွင် အသက်ရှိ ကုန်သော ရတနာတို့သည် မဟာသုဒဿန စကြာမင်း ကွယ်လွန်သည်နှင့် တပြိုင်နက်ပင် ကွယ်လွန်ကြကုန်၏။
အသက် ကျန်သေးလျှင်ကား ဆင်ရတနာသည် လာခဲ့ရာ ဆင်အမျိုးသို့ ပြန်သွား၏။
မြင်းရတနာသည် ဝလာဟက မြင်းမျိုးသို့ ပြန်သွား၏။
ပတ္တမြား ရတနာသည် ထွက်ခဲ့ရာ ဝေပုလ္လတောင်သို့ ပြန်သွား၏။
မိဖုရားရတနာ၏ ထူးသော အာနုဘော်သည် ကွယ်ပျောက်သွား၏။
သူကြွယ်ရတနာ၏ ဒိဗ္ဗစက္ခုသည် ဒိဗ္ဗစက္ခုမဟုတ်ပဲ ပင်ကိုယ် အတိုင်းသာ ဖြစ်တော့၏။
သားတော်ကြီး ရတနာ၏ ပင်ကိုယ်ရိုးရာ ဉာဏ်ပညာမှတပါး ထူးခြားသော အဘိဉာဏ်သည် ကွယ်ပျောက်လေတော့၏။
ထိုကြောင့် ဘုန်းရှင် ကံရှင်ကြောင့် ဖြစ်ပေါ်လာသော စည်းစိမ်ဥစ္စာ အရာဝတ္ထု မှန်သမျှသည် ဘုန်းရှင်ကံရှင် ကွယ်လွန်သောအခါ ပျောက်ကွယ်ရသည်မှာ ဓမ္မတာဖြစ်ကြောင်းကို သတိပြုသင့် ကြပါသည်။
---စကြာမင်းဖြစ်ကြောင်း ကောင်းမှု
သစ်ရွက်ကျောင်း
ကဿပမြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်အခါ သာသနာတော်ဝယ် ဘုန်းတော်ကြီး တပါးသည် တော၌ နေတော်မူ၏။
မဟာသုဒဿန စကြာမင်း၏ အလောင်းဖြစ်သော ဒါယကာသည် အိမ်ပိုင်ယာပိုင် ရှိသောကြောင့် “ဂဟပတိ”ခေါ်ရသော်လည်း အလုပ် လုပ်၍ စားရသော သာမန် ဂဟပတိဖြစ်၏။
ထိုဒါယကာသည် တနေ့သောအခါ မိမိအလုပ်ကိစ္စဖြင့် တောသို့ ဝင်သွားသည်ရှိသော် တောကျောင်း ဘုန်းတော်ကြီးကို မြင်၍ အနီးသို့ ချဉ်းကပ်ပြီးလျှင် ဘုန်းကြီး၏ ထိုင်နေရာအရပ်၊ စင်္ကြံသွားရာ အရပ်ကိုသာမြင်၍ ကျောင်းကို မမြင်ရသဖြင့် “ဤနေရာ၌ နေတော်မူပါသလား”ဟု လျှောက်ထားလေသည်။
ဤနေရာ၌သာ နေကြောင်းကို ကြားရ၍ မိမိအလုပ်ကိုမလုပ်ပဲ တော၌ရှိသော သစ်ပင်တို့ကို ဖြတ်တောက်၍ သစ်ရွက်ကျောင်း ဆောက်ပြီးလျှင် သစ်ရွက် မိုးကာ၍ သစ်ရွက်နံရံကို မြေညက်နှင့် သုတ်လိမ်း၍၎င်း၊ တံခါးတပ်၍၎င်း၊ သစ်သား အခင်းကို ပြုပြီး၍၎င်း၊ သင့်တော်သော အရပ်က နေ၍ တောကျောင်း ဘုန်းတော်ကြီး အသုံးပြု - မပြုကို အကဲခတ်လေသည်။
တောကျောင်း ဘုန်းတော်ကြီးသည် ရွာတွင်းမှ ဆွမ်းခံ ပြန်လာအခါ သစ်ရွက်ကျောင်း သို့ဝင်၍ သစ်သားခင်း၌ ထိုင်နေလေည်။
---ဆွမ်းခံပင့်ခြင်း
ဥပါသကာသည် အနီးလာ၍ “သစ်ရွက်ကျောင်းကလေး လျှောက်ပတ်ပါရဲ့လား ဘုရား”ဟု မေး လျှောက်လေသည်။
“ဥပါသကာ ... လျောက်ပတ်ပါ၏”
ဤသို့ မိန့်တော်မူသောအခါ အမြဲသီတင်းသုံးဘို့ လျှောက်လေသည်။
“တောကျောင်း ဘုန်းတော်ကြီး အမြဲနေလိမ့်မည်”ဟု သိရသောကြောင့် “လူတို့သည် သုမင်္ဂလ၊ ဒုမင်္ဂလ ရှိသောအခါ ကြွလာခြင်းကို အလိုရှိကြပါကုန်၏။ ထို့ကြောင့် အခြားပင့်ဖိတ်ရာ အရပ်သို့ ကြွ၍လည်း တပည့်တော်၏ အိမ်သို့ဝင်ပြီး ဆွမ်းကိစ္စကို ပြီးစေတော်မူ”ဤသို့ လျှောက်လေသည်။
---အသုံးဝင်သော ပစ္စည်းများ
သစ်ရွက်ကျောင်းကလေး၌ ဖျာကို၎င်း၊ ညောင်စောင်း အင်းပျဉ်ကို၎င်း ခင်းထား၏။
နောက်မှီ ပျဉ်ချပ်ကိုလည်း ထိုင်ရာအရပ်၌ ချထား၏။
ခြေဆေးသောအခါ ပွတ်စရာကိုလည်း ထား၏။
ရေကန်ကိုလည်း တူး၏၊
စင်္ကြံလမ်းလုပ်၍ သဲတို့ကို ခင်းထား၏။
တောသမင်တို့ လာ၍ ကျောင်းကလေး၏ နံရံကို ပွတ်တိုက်သောကြောင့် မြေညက်များ ကွာကျသည် တို့ကို မြင်၍ ကျောင်းကလေးကို ဆူးစည်းတို့ဖြင့် ကာရံ၏။
သမင်တို့၏ ရေကန်သို့ သက်ဆင်း၍ ရေကို မွှေနှောက်ကြသည်ကို မြင်သောင့် ကန်၏ အတွင်း၌ ကျောက်ခဲကိုဖြင့် စီထား၏။
ကန်၏ ပြင်ဘက်၌ ဆူးစည်းကို ကာရံထား၏။
ဆူးစည်း၏ အတွင်းအစွန်၌ ထန်းပင်တို့ကို စိုက်ပျိုးထား၏။
စင်္ကြံကြီး၌ တံံမြက်လှည်းအပ်ပြီးသော အရပ်ကို တောသမင်တို့ မွှေနှောက်ကြသည်ကို မြင်၍ စင်္ကြံကိုလည်း ဆူးစည်းဖြင့် ကာရံ၏။
ဆူးစည်း၏ အတွင်းအစွန်၌ ထန်းပင်အစဉ်ကို စိုက်၏။
သင်္ကန်း စသည်ကို လှူခြင်း
ဤပြအပ်ပြီးသော နည်းဖြင့် နေရာ ကျောင်းကို အကာအရံနှင့် တကွ ပြီးစီးစေ၍ တောကျောင်း၊ ဘုန်းတော်ကြီးတွက် တိစီဝရိက်င်္ကန်း၊ ဆေး၊ ရေအိုး၊ ရေခွက်၊ အပ်နဖားထွင်းစူး၊ သင်ဓုန်း၊ လက်သည်းလှီးဓား၊ အပ်၊ တောင်ဝှေး၊ ဖိနပ်၊ ရေဗူး၊ ထီး၊ ဆီမီးခွက်၊ နဖာကော်၊ ပဝါရေစစ်၊ ဓမ္မကရိုဏ်ရေစစ်၊ သပိတ်၊ ခွက်၊ အခြားသော ရဟန်း အသုံးအဆောင် အားလုံးကို လှူဒါန်းလေသည်။
---သီလထိန်းခြင်း ဥပုသ်စောင့်ခြင်း
ထို စကြာမင်းအလောင်း ကျောင်းဒကာသည် ရဟန်း အသုံးအဆောင် ဟူသမျှကို အပြည့်အစုံ လှူရုံသာမက ငါးပါးသီလကိုလည်း အမြဲစောင့်ထိန်း၏။ ဥပုသ်နေ့များ၌ ဥပုသ်စောင့်မှုကိုလည်း ပြု၏။ ဤသို့ ငါးပါးသီလ စောင့်ထိန်းမှု၊ ဥပုသ်စောင့်သော အားဖြင့် စက္ခုန္ဒြေ သောတိန္ဒြေ စသော ဣန္ဒြေ ခြောက်ပါးကို ဆုံးမမှု - ဤ အလုံးစုံကိုလည်း ပြု၍ အသက်ထက်ဆုံး တောကျောင်း ဘုန်းတော်ကြီးကို ပြုစုလုပ်ကျွေးလေသည်။
---နောက်ဘဝ ဂတိ
စကြာမင်းအလောင်း ကျောင်းဒကာ၏ လိုလေသေး မရှိအောင် အပြည့်အစုံ လှူအပ်သော ရဟန်း အသုံးအဆောင်ကို သုံးဆောင်၍ တောကျောင်း ဘုန်းတော်ကြီးသည် ထိုအရပ်၌ပင် သီတင်းသုံး တော်မူလျက် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန် စံတော်မူသည်။
ကျောင်းဒကာ ဖြစ်သော စကြာမင်း၏ အလောင်းသည်လည်း ဒါန၊ ငါးပါးသီလ၊ မျက်စိစသော ဣန္ဒြေတို့ကို ဆုံးမကြောင်းဖြစ်သော ဥပုသ် သီလ ဤသုံးမျိုးကိုပြု၍ စုတေသောအခါ နတ်ပြည်၌ ဖြစ်ပြီးလျှင် နတ်သက်စေ့၍ စုတေသောအခါ ဤလူ့ပြည်၌ ကုသဝတီ မင်းနေပြည်ငယ် မဟာသုဒဿန စကြာမင်း ဖြစ်လာ လေသည်။
---အလှူပေး အလှူခံ
စကြာမင်းအလောင်း ကျောင်းဒကာ၏ လှူဘွယ်ဝတ္ထု အစုစုကို မှန်းခြေအားဖြင့် တန်ဖိုးတွက် သောအခါ နေ့စဉ် ဆွမ်းဝတ်မှတပါး ကျောင်း၊ ရေကန် စသော ပစ္စည်းများ၏ တန်ဖိုးသည် ယခုခေတ် ငွေဖြင့် တထောင်ထက် မကျော်နိုင်ပါ။ သို့သော် လိုလေသေး မရှိအောင် ကြောင့်ကြ စိုက်ပုံမှာ အလွန် ကျေနပ်ဘွယ်ကောင်းပါသည်။ စိတ်စေတနာလည်း အလွန်ထက်သန်ပုံရပါသည်။
ကျောင်းဒကာက သဒ္ဓါထက်သန်သလောက် တောကျောင်းဘုန်းတော် ကြီးကလည်း ရဟန္တာ ဖြစ်သည့်တိုင်အောင် သီလသိက္ခာ ပြည့်စုံပါပေသည်။
ကျောင်းဒကာ သည်လည်း ဒါနဘက်က တာဝန်ကျေရုံမျှမက၊ ငါးပါး သီလကိုလည်း ူဖူစင် သန့်ရှင်းအောင် စောင့်ရှောက်၍ ဥပုသ်နေ့၌ မျက်စိ၊ နား၊ နှာခေါင်း ဆိုင်ရာအာရုံများသို့ စိတ်မသွားအောင် ဥပုသ်စောင့်လျက် စိတ်ကို ဆုံးမထားပုံမှာ လည်း အားရကျေနပ်ဘွယ် ကောင်းပါပေသည်။
ဤသို့ ဆရာ-ဒကာ ပြည့်စုံစွာဖြင့် အကြောင်း ကောင်းခဲ့သောကြောင့်သာ ဆရာသည် ပရိနိဗ္ဗာန် စံ၍၊ ဒကာဖြစ်သူမှာ နတ်ပြည်၌ ပဌမဖြစ်ပြီးမှ စကြာမင်းဘဝ၌ ဒုတိယ ဖြစ်ရလေသည်။
---အကြောင်းနှင့် အကျိုး တူပုံ
ရှစ်သောင်း လေးထောင်သောမြို့၊ ရှစ်သောင်း လေးထောင်သော ပြာသာဒ်၊ ရှစ်သောင်း လေးထောင်သော အထွတ်တပ်အပ်သော နန်းမအဆောင်တို့သည် သစ်ရွက်ကျောင်း တကျောင်း ဟူသော ကောင်းမှုကြောင့် ဖြစ်လာသော အကျိုးဆက်များ ဖြစ်၏။
ထန်းပင် အစဉ် ခုနစ်ထပ် မြို့ရိုးအရပ်တို့သည် စိုက်ခဲ့သော ထန်းပင်အစဉ်၏၎င်း၊
ရေကန် ကမ္မဋ္ဌာန်းကျောင်းတို့၌ ကာရံအပ်သော စည်းရိုး၏၎င်း အကျိုးဆက်များ ဖြစ်ကြ၏။
ရှစ်သောင်း လေးထောင်သော ဆင်ရတနာ၊ ရှစ်သောင်းလေးထောင်သော မြင်းရတနာ တို့သည် ထိုင်ဘို့ရန် လှူအပ်သော အင်းပျဉ်၏ အကျိုးဆက်များ ဖြစ်ကြ၏။
ရှစ်သောင်း လေးထောင်သော ပလ္လင်သည် လျောင်းဘို့ရန် လှူအပ်သော ညောင်စောင်းငယ်၏ အကျိုးဆက်များ ဖြစ်၏။
ရှစ်သောင်းလေးထောင်သော ပတ္တမြားတို့သည် နေ့စဉ်လှူအပ်သော ဆီမီး တခွက်၏ အကျိုး ဆက်များ ဖြစ်ကြ၏။
ရှစ်သောင်း လေးထောင်အာ ရေကန်တို့သည် ရေကန်တကန်၏ အကျိုးဆက်များ ဖြစ်ကြ၏။
ရှစ်သောင်း လေးထောင်သော မိဖုရား၊ ရှစ်သောင်း လေးထောင်သော သားတော်များ၊ ရှစ်သောင်း လေးထောင်သော သူကြွယ်များသည် အသုံး အဆောင်အဖြစ်ဖြင့် လှူအပ်သော အိုးခွက်၊ ရေစစ်၊ အပ်ထွင်းစူး၊ သင်ဓုန်း၊ လက်သည်းလှီးဓား၊ သံကောက်၊ နားကလော်၊ ခြေပွတ်၊ ဖိနပ်၊ ထီး၊ တောင်ဝှေး ဟူသော အလှူဒါန၏ အကျိုးဆက်များ ဖြစ်ကြ၏။
ရှစ်သောင်း လေးထောင်သော နို့စားနွားမတို့သည် နွားနို့ စသော အလှူ၏ အကျိုးဆက်များ ဖြစ်ကြ၏။
ကုဋေပေါင်း ရှစ်သောင်း လေးထောင်သော အဝတ်တို့သည် သင်္ကန်းအလှူဒါန၏ အကျိုးဆက် များဖြစ်ကြ၏။
ရှစ်သောင်း လေးထောင်သော ဆွမ်းချက်အိုးတို့သည် ဆွမ်းအလှူ၏ အကျိုးဆက်များ ဖြစ်ကြ၏။
ဤသို့အားဖြင့် အလှူရှင်ကလည်း သဒ္ဓါ သီလ ပြည့်စုံစွာဖြင့် လှူသင့်ကို ပေးလှူသော ကောင်းမှုကြောင့်၎င်း၊ အလှူခံ ပုဂ္ဂိုလ်ကလည်း သီလ သိက္ခာ ပြည့်စုံစွာဖြင့် ကောင်းမွန်စွာ ကျင့်ကြံ နေထိုင်ခြင်းကြောင့်၎င်း ကောင်းမှု၏အကျိုးကို အပြည့်အစုံ ရပေသည်။
---အတုယူဘွယ်
ဤဝတ္ထု၌ -
- အလှူဒါယကာဘက်ကလည်း သဒ္ဓါတရား ထက်သန်ပုံ၊
- ရဟန်းများအား လျောက်ပတ်သော ပစ္စည်းကိုသာ လှူပုံ၊
- ဒါနဖြင့် တင်းမတိမ်ပဲ ငါးပါးသီလ စင်ကြယ်စွာ ထိန်းသိမ်းပုံ၊
- ဥပုသ်နေ့၌ ဥပုသ်စောင့်၍ စိတ်ကိုဆုံးမပုံ -
ဤအားလုံးကို လေးလေးနက်နက် စဉ်းစား၍ မိမိကိုယ်တိုင် ထိုကဲ့သို့ ဖြစ်အောင် သူတော်ကောင်း တိုင်း အတုယူဘွယ် ကောင်းလှ၏။ အလှူခံ ပုဂ္ဂိုလ်ကလည်း ရဟန်းတော်ပီပီ သီလသိက္ခာ စင်ကြယ်စွာဖြင့် ဘာဝနာကမ္မဋ္ဌာန်း လွန်ကြိုးပမ်းမှုကို အတုယူသင့်ပါသည်။
---ပါဠိတော်
တိဏ္ဏံ ခေါ မေ ဣဒံ ကမ္မာနံ ဖလံ၊ တိဏ္ဏံ ကမ္မာနံ ဝိပါကာ။ ယေနာဟံ ဧတရဟိ ဧဝံ မဟိဒ္ဓိကော ဧဝံ မဟာနုသာဝေါ။ သေယျထိဒံ။ ဒါနဿ ဒမဿ သံယမဿတိ …
ငါ့မှာ ယခုအခါ၌ ဤမျှလောက် တန်ခိုးကြီးခြင်း၊ ဤမျှသော အရှိန်အဝါ ကြီးခြင်းသည် …
- စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း ဟူသော ဒါန၊
- မိမိစိတ်ကို ဆုံးမကြောင်း ဥပုသ်စောင့်ခြင်း ဟူသော ဒမ၊
- မိမိကိုယ်ကို စောင့်စည်းကြောင်းဖြစ်သော ၅-ပါးသီလ၊
ဤကံ ၃-မျိုးတို့၏ အကျိုး အရှိန်အဝါ ဖြစ်သည်။
ဧဝံ နာတိ မဟန္တမ္ပိ၊ ပုညံ အာယတနေ ကတံ။
မဟာဝိပါကံ ဟောတီတိ၊ ကတ္ထဗ္ဗံ တံ ဝိဘာဝိနာ။
လင်္ကာ
ဤသို့ ပေါင်းစု၊ ကြောင်းကျိုးရှုသော်၊
ကောင်းမှုအရွယ်၊ မကြီးကျယ်လည်း၊
စိတ်ဝယ်ဖြစ်ပွါး၊ သဒ္ဓါအားနှင့်၊
ဉာဏ်အားသီလ၊ ကြီးကျယ်ကြ၍၊
ဒါနအလှူခံ စင်ကြယ်ပြန်မူ၊
ကံဟူသရွေ့၊ အကျိုးတွေ့မှာ၊
တစေ့ ညောင်လောက်၊ ပင်ကြီးပေါက်သည် ...
နောက်နောက်ယူဘွယ် အတုတည်း။
မဟာသုဒသနသုတ် ပြည့်စုံပြီ။
---အမှာ
ပရိနိဗ္ဗာန် စံတော်မူရာ ညောင်စောင်းငယ်ဝယ် လျောင်းတော်မူသော ဗုဒ္ဓမြတ်စွာအား အရှင် အာနန္ဒာသည် ဤသေးငယ်သော မြို့ကလေး၌ ပရိနိဗ္ဗာန် မစံသင့်ပါကြောင်း လျှောက်သောကြောင့် ယခုအခါ သေးငယ်သော်လည်း ရှေးက ကြီးကျယ်ခဲ့ကြောင်းကို ပြ၍ ကြီးကျယ်သမျှလည်း အနိစ္စချည်းသာ ဖြစ်ကြောင်းကို ပြတော်မူလို၍ မဟာသုဒဿနသုတ်ကို ဟောတော်မူပြီးသောအခါ အောက်ပါ တရားကို မိန့်တော်မူ လိုပါသည်။
---အားလုံးအနိစ္စ
အာနန္ဒာ .... ဉာဏ်ဖြင့် စေ့စေ့ငုငု ကြည့်ရှုစမ်းလော့။
အားလုံးသော စကြာမင်း၏ စည်းစိမ်တို့သည် ရုပ် နာမ် သင်္ခါရတို့သာ ဖြစ်ကြ၏။
ရုပ် နာမ် ဖြစ်သောကြောင့်ပင် ထိုစည်းစိမ် အားလုံး ကွယ်ပျောက်ခဲ့ကုန်ပြီ။ ပျက်စီး ခဲ့ကုန်ပြီ။
ရုပ် နာမ် သင်္ခါရ ဟူသမျှတို့၌ ဝိပဿနာဉာဏ်ဖြင့် အဖန်ဖန်ရှု၍ ငြီးငွေသင့်လှပြီ။
ဝိပဿနာမှ တက်၍ အရိယာမဂ်ဖြင့် စက်ဆုပ်သင့်လှပြီ။
အရိယာဖိုလ်သို့ ရောက်၍ လွတ်မြောက်သင့်လှပြီ။
အာနန္ဒာ ... ဤ ကုသဝတီမြို့အရပ်၌ ငါသည် စကြာမင်း အဖြစ်ဖြင့် ၆-ကြိမ် တိုင်အောင် ခန္ဓာကိုယ်ကို ပစ်ချခဲ့ဘူးပြီ။
ယခုအကြိမ်ကား ၇-ကြိမ်မြောက် ပစ်ချရခြင်း ဖြစ်လိမ့်မည်။
ဤသို့ မိန့်တော်မူကာ အောက်ပါ ဂါထာကို ဟောတော်မူပါသည်။
အနိစ္စာ ဝတ သင်္ခါရာ၊
ဥပ္ပါဒဝယ ဓမ္မိနော။
ဥပဇ္ဇိတွာ နိရုဇ္ဈန္တိ၊
တေသံ ဝူပသမော သုခေါ။
သင်္ခါရာ၊ အကြောင်း အတန်တန် ပြုစီမံ၍ ရုပ်နာမ်အသစ် ဖြစ်ဖြစ်သမျှ သင်္ခါရတို့သည်။
အနိစ္စာ ဝတ၊ စင်စစ်ဧကန် အမှန်မုချ မမြဲလေကုန်တကား။
ဥပ္ပါဒဝယ ဓမ္မိနော၊ အဖြစ်သဘော ပျက်သဘောတို့ အတောမသတ် အထပ်ထပ် အထွေထွေ လည်ပတ်၍ နေကြကုန်၏။
ဥပဇ္ဇိတွာ၊ အကြောင်းအားလျော်စွာ ပေါ်လာပြီး၍။
နိရုဇ္ဈန္တိ၊ ချက်တဖြုတ် ရုတ်တရက် ချုပ်ပျက်ကြလေကုန်၏။
တေသံ (သင်္ခါရာနံ)၊ အဖြစ်အပျက်ဒဏ် အမြဲခံသည့် ရုပ်နာမ်နှစ်ဝ ထိုသင်္ခါရတို့၏။
ဝူပသမော၊ ကင်းရာ ကုန်ရာ ငြိမ်းအေးစွာသည့် နိဗ္ဗာနဓာတ် အမြိုက်ရပ်သည်။
သုခေါ၊ ဖြစ်ပျက် မစပ် အငြိမ်းဓာတ်ဖြင့် မပြတ်ပုံသေ ချမ်းသာပေတကား။
နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ ပြည့်စုံပါပြီ။
အရှင်ဇနကာဘိဝံသ
Comments
Post a Comment