ပုဂ္ဂလဝိသေသဒီပကကျမ်း
▬▬▬ஜ۩۞۩ஜ▬▬▬
ဘဒ္ဒန္တ နန္ဒိယထေရ် ပြုစီရင်သည်။
နိဒါန်း
▬▬
ဇိနော မယှံ ဇယံဒေတု။
ပုဂ္ဂလဝိသေသော ဇာနိတဗ္ဗော ဟူသည်နှင့်အညီ ဤလောက၌ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် စသည်တို့နှင့် ပြည့်စုံ၍ ထူးမြတ်သော ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ဗုဒ္ဓဘာသာဝင် သူတော်စင် ဟူသမျှတို့သည် သိအပ် သိသင့် သိထိုက်သည်၏ အဖြစ်ကြောင့် ဤဘုရားသာသနာတော်၌ ဇမ္ဗူဒိပ်မြေအပြင် နေလအသွင် ထင်ရှား၍ ဘုရင်မင်းနှစ်ပါးတို့ ကိုးကွယ်ခြင်းခံရသော လဇ္ဇီပေသလ သိက္ခာကာမ ဝိနယဓရ ပရိယတ္တိ ဝိသာရဒ ပိဋကတ္တယကောဝိဒ နိကာယဏ္ဏဝပါရဂူ ဖြစ်တော်မူသော စက္ကိန္ဒာဘိ သီရိသဒ္ဓမ္မဓဇ မဟာသုဓမ္မ ရာဇာဓိရာဇဂုရု တံဆိပ်နာမံတော်ရှိသော ရတနာပုရမြို့ အုတ်ကျောင်းဆရာတော် ဦးဗုဓ်ဟုဆိုအပ်သော ပုဂ္ဂိုလ်ထူးကြီးကို လည်းကောင်း၊ ထိုပုဂ္ဂိုလ်ထူးကြီး၏ ဓမ္မလမ်းမှန်စွာ ကျင့်ကြံပုံ, သာသနာပြုပုံတို့ကို လည်းကောင်း၊ အသုတပုဗ္ဗ ပုဂ္ဂလတို့ မုချဧကန် အမှန်တိတိ သိရှိကြစေခြင်း အကျိုးငှာ လည်းကောင်း၊ များစွာဗိုလ်လူ ဟိန္ဒဂူတို့ နည်းယူမှတ်သား ကျင့်တရားကို ပွားများ နိုင်စေခြင်းအကျိုးငှာလည်းကောင်း၊ ရည်သန်စိတ်ထား၍ မှတ်သားဖွယ် နည်းယူဖွယ် ကောင်းလှသော ပုဂ္ဂိုလ်ထူးကြီး၏ ကျင့်ကြံပုံ, သာသနာပြုပုံ စသည်ဥဿုံ အလုံးစုံ တို့ကို အာဂုံ ပါဠိ အဋ္ဌကထာတို့နှင့် နှိုင်းညှိသေချာ ဋီကာ စသည်တို့၌ လာရှိသည့် အတိုင်း ဤပုဂ္ဂလဝိသေသဒီပကကျမ်းကို စီရင်ရေးသားအပ်သတည်း။
……
ပုဂ္ဂလဝိသေသဒီပကျမ်း
▬▬▬▬▬▬▬▬▬▬
နမောတဿဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။
ဗုဒ္ဓံ ဓမ္မဉ္စ သံဃဉ္စ၊ ဝိသိဋ္ဌံ အဘိဝါဒိယ။
ဝိသေသပုဂ္ဂလံ ဝက္ခံ၊ ဒီပကံ မန္ဒဗုဒ္ဓိနံ။
အဟံ = ငါသည်၊
ဝိသိဋ္ဌံ = အရဟံအစ စံမပြနိုင်သော အနန္တဂုဏ်တို့ကြောင့် အလုံးစုံသောသူတို့ထက် ထူးချွန်တော်မူသော၊
ဗုဒ္ဓဉ္စ = မြတ်စွာဘုရားကိုလည်းကောင်း၊ ဓမ္မဉ္စ = ဆယ်ပါးသော တရားကို လည်းကောင်း၊
သံဃဉ္စ = ရှစ်ယောက်အရိယာ မြတ်သံဃာကိုလည်းကောင်း၊
အဘိဝါဒိယ-အဘိဝန္ဒာမိ = အထူးသဖြင့် ရှိခိုးပါ၏၊
အဘိဝါဒိယ-အဘိဝန္ဒိတွာ = အထူးသဖြင့် ရှိခိုးပြီး၍၊
မန္ဒဗုဒ္ဓိနံ = နှလုံးစုငုံ ပညာနုံသောသူတို့၏၊
အတ္ထာယ = အကျိုးငှာ၊ (ထည့်စပ်သည်။)
ဝိသေသပုဂ္ဂလဒီပကံ = သီလသမာ ဉာဏ်ပညာဖြင့် မှန်စွာကျင့်တတ် ထူးမြတ်သော ပုဂ္ဂိုလ်ကိုပြတတ် ဤသကတ်ကြောင့် ရအပ်မည်မှန်း ပုဂ္ဂလဝိသေသဒီပကကျမ်းကို၊
ဝက္ခံ = ဆိုပေအံ့။
(ဝိသေသပုဂ္ဂလံ၌ နိဂ္ဂဟိတ်အာဂုမ်ကြံ၍ ပုဒ်တစ်ပါးခြားသော်လည်း နဝံ ပန ဘိက္ခုနာ စီဝရလာဘေန-ကဲ့သို့ ဒီပကံနှင့် သမာသ်စပ်သည်။)
(၁) ရတနာသိင်္ဃ
နေပြည်တော်တည်ထောင်ခြင်း
▬▬▬▬▬▬▬▬▬▬▬▬
တမ္ပဒီပတိုင်း၊ ကေတုမတီ တောင်ငူမြို့တွင် ကောဇာသက္ကရာဇ် ၉၁၁-ခုနှစ်၌ မင်း အဖြစ်သို့ ရောက်ပြီးနောက် ၉၁၃-ခုနှစ် ကစ၍ ၉၄၃-ခုနှစ်တိုင် (၃၅) နှစ်ပတ်လုံး ဟံသာဝတီမှာ မင်းပြုသော ဟံသာဝတီ ဆင်ဖြူရှင် မင်းတရားကြီး၏ သားတော်ရင်း စစ်ဖြစ်သော ရတနာပူရ ဒုတိယမြို့တည် နန်းတည် ညောင်ရမ်း မင်းတရားမှ ဆယ်ဆက်မြောက် မဟာဓမ္မရာဇဓိပတိ တံဆိပ်နာမံတော်ရှိသော ထိပ်မိုးထိပ်ပန်း စေတီနှစ်ဆူ လောကသရဖူ စေတီဒါယကာ ဟံသာဝတီရောက်မင်းတရားလက်ထက် တလိုင်းမင်းက ညီ ဥပရာဇာ, သားမက် စောဖြူ, အမတ် ဗညားဒလတို့ကို ကြည်းဘက် ရေဘက် ရဲမက်အလုံးအရင်းများ ပေးအပ်၍ အကြိမ်ကြိမ် ချီတက်ဝန်းရံ တိုက်ခိုက် သည်တွင် အဝမင်းလည်း စစ်သည်ရဲမက် အင်အားကြီးစွာနှင့် တိုက်လှန်လုပ်ကြံ ပါသော်လည်း ဗိုလ်ပါရဲမက်တို့ မျိုးရိက္ခာပါးရှားသည်နှင့် သတ္တဝါတို့ ကံကြမ္မာ အလျောက် အရေးကုန်တွင် အောင်မြင်ခြင်းသို့ မရောက်နိုင်၍ သက္ကရာဇ် ၁၀၀၃၊ တန်ခူးလဆန်း ၈ ရက်၊ သောကြာနေ့ ရတနာပူရ အဝပြည်ကြီး ပျက်စီးတိမ်းယိမ်းခဲ့ လေသည်။
ဧရာဝတီမြစ်၊ ဒုဋ္ဌဝတီမြစ်၊ စမုံမြစ်၊ စမ္ပာမြစ်၊ ပန်းလောင်မြစ်တို့၏ စီးဆင်းကျလျှောရာ အဝဖြစ်၍ အဝမြို့ဟု တွင်သည်။ ယခုအခါ အင်းဝဟု ခေါ်ဝေါ်ကြသည်။ ရတနာပူရ အဝနေပြည်တော်ကြီး ပျက်စီး တိမ်းယိမ်းပြီးနောက် အဝမင်းနှင့်တကွ မိဖုရား ဆွေစိုး မျိုး မှူးကြီးမတ်ရာတို့ကို တလိုင်းပြည်သို့ ဆောင်ယူပါသွားလေရာ မြန်မာနိုင်ငံတော် အလုံး တိုင်းနေပြည်သူ ရှင်လူရဟန်းတို့သည် အာသဿရာဘုံမှ ခြေရောက် လျှံတောက်ညီးညီး သံဝဋ်မီးလျှင် အကြီးမဟဲ့ လောင်သကဲ့သို့ ပြည်တဲ့အလုံး ညှိုးချုံးပျောင်းပျဉ်း အလှိုင်းညှစ်သဖြင့် စိုးရိမ်ပူဆာ ခိုရာမဲ့ပြီး ဆင်းရဲကြီးစွာ ရောက်နေ ကြရာ အဝန်းယူဇနာ ကိုးရာပတ်ဝိုက် မဇ္ဈေတိုက်မှ ထွက်စိုက်ရာဟောင်း လေးကြိမ် လောင်းသော တကောင်းနန်းရိုး သတိုးအာဒိစ္စရာဇာမင်း၏ သားတော် ပြူစောထီးမင်း မှ ရိစ်ဖြူဖြန့်လွှား သား၏သားဖြင့် မပြားစီးလျက် လေးဆယ့်ခုနစ်ဆက် ဆင်းခဲ့ သက်သဖြင့် မြောက်ဘက်မြင်းမြေ ရဝေကဒန် ဗိမာန်ကွန်းဗူး ပွားလုံးထောင်သစ် တည်ဦးဖြစ်သော အထီးမဆွ ဥက္ကာမုခ နရိန္ဒကဲ့သို့ ခံတွင်းအာစက် မီးရှူးရောင်လက် ပြောင်ပြောင်ထွက်သဖြင့် ဂရက်ကျော်ကြား အလောင်းမင်းတရားသည် သုနာပရန် တမ္ပဒေသ မြန်မာတိုင်းလုံး ညှိုးချုံပူပန် တလိုင်းရန်ဟူသော အတောက်အပွား ငွားငွားလူလူ ရှိန်ပူညီးညီးသို့ သည့်မီးကို မိုးကြီးနဝတတ် ဘုန်းရည်အာဝဋ် ငြိမ်းလတ်စေပြီး ရတနာသိင်္ဃ နွတ္ထတံဆိပ် ခပ်နှိပ်မြေပေါ် သောင်းလုံးကျော်သော မြို့တော်နန်းတော်ကျုံးတော် ရွှေချက်သို စေတီတော်စသော အပြိုင်အညီ ခုနစ်လီမှန် သတ္တဋ္ဌာန်ကို သာသနာတော်နှစ် ၂၂၉၇၊ ကောဇာသက္ကရာဇ် ၁၁၁၅-ခု၊ ပထမ ဝါဆို လပြည့်ကျော် ၆ ရက်၊ ကြာသပတေးနေ့၊ လျင်မြန်မရှည် တည်လတ်တုံပြီး ရွှေထီး ရွှေနန်း သိမ်းမြန်းစိုးစံတော်မူခဲ့သတည်း။
(၂) ဆရာတော်
ဦးဗုဓ်၏ ဖွားမြင်ရာဌာန
▬▬▬▬▬▬▬▬▬
အလောင်းမင်းတရားကြီးမှစ၍ သားတော်အဆက် မပြက်ယှဉ်ကာ အစဉ်ဖြာလျက် သုနာပရန် တမ္ပဒိပ်ညွှန်း မြန်မာ့ဦးစွန်း မြေအဝှန်း၌ တောက်ထွန်းဂုဏ်ဝါ သာသနာကို ရာဇာမျိုးနွယ်၊ တန်ခိုးကြွယ်အောင်၊ ကိုးကွယ်၍ လာခဲ့ကြရာ သာသနာသက္ကရာဇ် ၂၃၂၅၊ ကောဇာသက္ကရာဇ် ၁၁၄၄-ခုနှစ်၊ ကုသဝတီ ပြည်ထောင် ဘုန်းရောင်လွှံ့ပတ် မန္ဓာတ်စက္ကဝတ်၊ ဗောဓိသတ်သူတော်ကောင်း ပွင့်ဆုတောင်းသည့် အလောင်းတော် မဟာသုဒဿနာမင်းကဲ့သို့ သန့်ရှင်းသော ဘူသီခရ မြေဌာန၌၊ အာယုဇ္ဈတရတည်၊ နတ်ပြည်တမျှ၊ အံ့မောရအောင်၊ အမရပူရ မြို့နန်းကို တည်ထောင်ဖန်ဆန်း၊ သိမ်းမြန်း စိုးစံလျက်၊ သီရိပဝရ ဝိဇယာနန္တ ယသတြိဝနာဒိတျာဓိပတိပဏ္ဍိတ မဟာဓမ္မ ရာဇာဓိရာဇာ ဘွဲ့တော် နာမံခံသော အောင်မြေလောကစေတီ ဒါယကာ အမရပူရ ပထမမြို့တည်နန်းတည် ဗဒုံမင်းတရားဟူ၍လည်းကောင်း၊ ဘိုးတော်မင်းတရားကြီး ဟူ၍လည်းကောင်း၊ ကျော်စောထင်ရှားသော မင်းတရားကြီးလက်ထက် ဘုန်းရောင် လွှံ့ပတ် မင်းမန္ဓာတ်၏ သြရသ်သားကြီး ယာဉ်ပျံစီး၍ ခရီးပြည်ရှာ လှည့်လည်ရာက ဂေါယာကျွန်းသူ အချို့လူကို အတူနောက်ပါ ခေါ်ပြီးကာလျှင် ဒီပါသပြေ ဤကျွန်းမြေ၌ တည်နေပေါင်းစု ချထားမှုကြောင့် သုနာပရန် တိုင်းရပ်မှန်သည် ရဋ္ဌန္တရ ဘူသေဋ္ဌဝယ် အခွန်ဘဏ္ဍာ များစွာထွက်လျက် ပြည့်နှက်အုပ်ထွေ လူနေအိမ်ခြေ တွက်ရေမွမ်းဖြင့် စည်ပင်လှရကား ဘုရင်မင်းမြတ်တို့၏ ကိုယ်ယုံကိုယ်ပွား မှူးမတ်များကို လွှဲအပ် ခန့်ထားတော်မူပြီးလျှင် အုပ်ချုပ်စီရင် ခွဲခန့်နေထိုင်စေရာဖြစ်၍ အနောက်ဘက် ကျော်စဉ်တလွှား၌ ကြေညာထင်ရှားလှသဖြင့် ရှေ့ဝေါဟာရကား ဗဒုံ၊ ယခု အလုံဟု ခေါ်တွင်သမုတ်သော ၎င်းမြို့ကြီး၏ အဝင်အပါ ကျေးလက်နယ်တကာ ရွာအပေါင်း တို့တွင်လည်း ဒုအာဇီဝ၊ ဒုဟေတုက အကြောင်း မကောင်းသဖြင့် အသက်မွေးမှု ပြုကြသော တောင်သူညစ်ကျု မိလက္ခုတို့၏ နေရာဒေသ ခေတ်ဂါမကဲ့သို့ မဟုတ်၊ ကိုယ်နှုတ်နှလုံး စောင့်သုံးသီလ မြဲစွဲကြသော ဓမ္မပါလရွာကြီးကဲ့သို့ ပျော်မှီးနေထိုင် စဖွယ် တင့်တယ်လျောက်ပတ်လျက် ကျမ်းဂန်ပိဋကတ် တတ်ကျွမ်းသော ကဝိသူမြတ်တို့ အဆက်မပြတ် စပ်ကာစပ်ကာ ဖြစ်ထွန်းပေါ်ပေါက်ရာ ဘူသေဋ္ဌ၌ ညောင် ဗုဒ္ဓဟေပင်မြတ် ပေါက်ရောက်လတ်ပြီး ဗောဓိအနီး မုစလိန္ဒာအိုင်နှင့်တူသော ရေကန်ကြီးကို တည်ရှိအမှတ် ယင်းသကတ်ကြောင့် ညောင်ကန်ဟု သမုတ်အပ်သော နိဂုမ်းရွာ၌ (ညောင်ကန်ရွာသည် ဘုတလင်-ညောင်ကန်-ကန္နီကားလမ်းမပေါ်မှာရှိပြီး ဘုတလင်မှ ခုနစ် မိုင်ခန့်ဝေးသည်။) ကောင်းခြင်းအာစာရ သီလသမ္ပန္နဂုဏ်တို့ဖြင့် ပြည့်စုံအသက်မွေးလေ့ ရှိကြသော ဦးအိုနှင့် ဒေါ်မွှေးတို့ စုလျားလက်ဆက် ချစ်သက်နှံကြရာ ဇနီးဒေါ်မွှေး၏ ဂဗ္ဘသေယျက ကြာတိုက်တွင် တိဟေတုကုက္ကဋ္ဌ ပုဂ္ဂလ အာဇာနီတို့ကဲ့သို့ ကလလရေကြည် စွဲတည်ကိန်းအောင်းသည်မှ ခါကောင်းအခွင့် ကိန်းနှင့်အကြိုက် သိုက်နှင့်ညီစွာ ကောဇာသက္ကရာဇ် ၁၁၄၉-ခု၊ နယုန်လပြည့်ကျော် ၅ ရက်၊ အင်္ဂါနေ့၌ နောင်ခါ ဘုရားသာသနာတော်ကြီး၌ ကျောက်ထီးတန္တု အလေးပြုလောက်သော ပါမောက်တစ်ဆူ ဇမ္ဗူကျော်ကြား ဆရာတော်ကြီး တစ်ပါးဖြစ်မည့် ကဝိလောင်းလျာ သားရတနာကို ဖွားသန့်စင်သတည်း။ ဖွားမြင်ပြီးနောက် ခမည်းတော် မယ်တော်တို့က ကဝိလောင်းလျာ သားကောင်းရတနာ ရသည်နှင့် ဝမ်းမြောက်ဝမ်းသာ နာမကရဏ မင်္ဂလာ အခမ်းအနား ကျင်းပပြီးလျှင် မောင်ပုတ် ဟူသော သညာ ဝေါဟာရ နာမကရဏ မှည့်ခေါ်ကြသတည်း။
မှတ်ရန်
▬▬▬
ဆရာတော်၏ ငယ်မည်မှာ ဦးပုတ်ဖြစ်လေသည်။ နေပြည်တော်သို့ ရောက်၍ မင်းဆရာ ဖြစ်သောအခါ ဆရာတော် သံဃာတော်တို့က အုတ်ကျောင်းဆရာတော် ဦးဗုဓ်ဟု ချီးကျူးခေါ်ဝေါ်ကြသောကြောင့် ပဝဂ် ပထမက္ခရာ ပ-မှ တတိယက္ခရာ ဗ-နှင့် ဗုတ်ဟု ဖြစ်လာလေသည်။ ထို့နောင် ဆရာတော်၏ ဂုဏ်ကို ကြည်ညိုလေးမြတ်သောကြောင့် ဗုတ်၏ တသတ်ကို ဖြုတ်၍ ဗုဓ်ဟု ရေးသားလျက် အထိမ်းအမှတ် ပြုထား ကြလေသည်။ ထို့ကြောင့် ငါတို့လည်း ဦးဗုဓ်ဟုရေးသား ဖော်ပြပေအံ့။
(၃) ဆရာတော်
လောင်းလျာ ကျောင်းအပ်နှံခန်း
▬▬▬▬▬▬▬▬▬▬▬▬
မောင်ဗုတ်သည် စာပေသင်ရန် အချိန်အရွယ်ရောက်သဖြင့် မိဘနှစ်ပါးတို့က မိမိတို့ ကိုးကွယ်ဆည်းကပ်သော ညောင်ကန်ရွာ အနောက်ကျောင်းဆရာတော် ဦးပြေထံ အပ်နှံပို့သ၍ စာပေသင်ကြားစေရာ သင်ပုန်းကြီးကို သင်ဆန်းကာမျှဖြင့် သင်ကြားရ ပြီးလျှင် မင်္ဂလသုတ်စသော ဘုရားရွှေနှုတ်တော်ထွက် ဓမ္မစက် ထိုဤ အလီလီ အသွယ်သွယ် စာငယ် ပေငယ်များကို တစ်ဆယ့်နှစ်နှစ် အရွယ်ကပင် ကုန်စင်ကူးခတ် တတ်မြောက်လေသတည်း။
(၄) ပဗ္ဗဇ္ဇမင်္ဂလာ
အဘိသိက်ခံပြီး ပညာသင်ခန်း
▬▬▬▬▬▬▬▬▬▬▬
အသက်တစ်ဆယ့်သုံးနှစ်အရွယ်ရောက်လတ်သော် ထိုအခါကာလ မိနှင့်ဖတို့သည် သာမဏရုပ်ဝါဖြင့် ကောင်းစွာ ဖူးမြင်လိုကြသည့် အာသာဆန္ဒအလျောက် ချီးမြှောက် ထိုက်သော သတို့သားကို တရားနှင့်အညီ ချီးမြှင့်ကြသဖြင့် သာမဏေရ အဖြစ်သို့ ရောက်လစ်သည့်အခါ ငယ်ဆရာ ဦးပြေက ကိုရင်ဗုဓ်၏ဉာဏ် ပဋိဘာန် ထက်သန် သော အခြေအနေကို သိပြီးဖြစ်သောကြောင့် ဆရာတော် ဦးသာပုံအား တပည့်တော် သင်ကြားနိုင်သမျှ မောင်ဗုဓ်ကို သင်ကြားရာ ကုန်ခမ်းပါပြီ၊ ဤကိုရင်သည် တပည့်တော်နှင့်မထိုက်၊ ဆရာတော်နှင့်သာ ထိုက်တန်သော တပည့် ဖြစ်ပါသည်ဟု လျှောက်ထားအပ်နှံလေသတည်း။
ဆရာတော် ဦးသာပုံကလည်း အပ်နှံသည့်အတိုင်း ဝမ်းမြောက်ဝမ်းသာ လက်ခံပြီးလျှင် စာပေပရိယတ်များကို သင်ကြားချပို့ရာ သုံးဆူပိဋကတ် ပရိယတ်ဓမ္မက္ခန်ကို အဖန်ဖန် မွှေနှောက် ထွင်းကာဖောက်လျက် စိန်ကျောက်အရှန် ဝဇီရစိန် အဟန် လျင်မြန်သော ဉာဏ်ဖြင့် ကြွင်းကျန်သည်မရှိ ပါဠိ, အဋ္ဌကထာ, ဋီကာ, အနု, မဓု, ဂဏ္ဌိ, နေတ္တိတစ်ခန်း, ဆန်း အလင်္ကာ, သဒ္ဒါမောဂ္ဂလာန်, အဘိဓာန်, ဗျာကရုဏ်း ကျမ်း အားလုံးကို ထုံးမှုန့်အလား ထွားထွားညက်ညက် ပြတ်ပြတ်ကွင်းကွင်း ဉာဏ်ဟုန် လင်း၍ ကြွင်းရစ်သည်မရှိ မွှေနှောက်မိသောကြောင့် သက်တော်စေ့ရောက်သောအခါ ဆရာတော် ဦးသာပုံကို ဥပဇ္ဈာယ်ပြုပြီး ဥပသမ္ပဒမင်္ဂလာ အဘိသိက်ခံယူရလေ သတည်း။
ရဟန်းအဖြစ်သို့ ရောက်လစ်သောအခါ ဥပဇ္ဈာယ်ထေရ်ဆရာက နောင်အခါ ဇမ္ဗူဒိပ်မြေ အပြင်ဝယ် နေလအသွင် ထင်ရှားမည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သောကြောင့် ဇမ္ဗုဓဇဟူသော ဘွဲ့နာမကို သတော်မူလေသတည်း။
(၅) ထက်သန်သော
ဝီရိယဖြင့်စာသင်ယူခြင်း
▬▬▬▬▬▬▬▬▬
ဆရာတော် ဦးသာပုံထံ စာပေပရိယတ် မပြတ်မလတ် ဆည်းကပ်အားထုတ် သင်ကြားနေရာ တစ်နေ့သ၌ မိုးရွာသောကြောင့် ဦးဗုဓ်အပေါ်၌ မိုးရေစွတ်နေသည်ကို နေရာမရွှေ့ဘဲ စာတက်နေသောကြောင့် ဆရာတော်က “ဟဲ့ ကိုဗုဓ် မိုးစွတ်ကုန်ပြီ နေရာရွှေ့ပါဦး”ဟု မိန့်ရာ မိုးစွတ်သည်နှင့် အရှင်ဘုရားနှင့် မဆိုင်ပါဘူး၊ စာသာ ပို့ချပါဟု လျှောက်လေသည်။ စာတက်ပြီး၍ ပြန်သောအခါ ဦးဗုဓ်ကိုယ်၌ မိုးရေရွှဲလျက် ရှိနေသတည်း။
စာသင်သားတို့ အကျိုးများစေခြင်းငှာ ဝီရိယကြောင့် ဉာဏ်ရင့်သန်လာပုံကို ပြဦးအံ့။
ဉာဏ်ပညာသည် ကမ္မဇပညာ ဝီရိယဇပညာဟူ၍ နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင် အတိတ်ဘဝက ဝီရိယဖြင့် ပြုလုပ် အားထုတ်ခဲ့ကြခြင်းဟူသော ကောင်းမှုကံ၏ အစွမ်းအားကြောင့် ပဋိသန္ဓေနေသည်ကစ၍ ပဋိသန္ဓေစိတ်နှင့် အတူတကွ ပါလာသော အသိအလိမ္မာဉာဏ်ပညာသည် ကမ္မဇပညာမည်၏။ ပဝတ္တိအခါ၌ ဝီရိယဖြင့်သာ ကောင်းစွာအားထုတ်၍ သင်ကြားဆည်းပူးအပ်သော အသိအလိမ္မာ ဉာဏ်ပညာသည် ဝီရိယဇပညာမည်၏။
တစ်နည်းကား စိန္တာမယပညာ၊ သုတမယပညာ၊ ဘာဝနာမယပညာ ဟူ၍ သုံးပါးအပြားရှိ၏။ ထိုသုံးပါးတို့တွင် သူတစ်ပါးတို့ ပြုလုပ်စီမံအပ်သောအရာတို့ကို တစ်ရံတစ်ခါမျှ တွေ့မြင်မှတ်သား သင်ကြား နာယူရသည်ဟူ၍ မရှိ၊ မိမိ၏စိတ်ကူး ဉာဏ်ဖြင့်သာ ကြံဖန်ထိုးထွင်း ပြုလုပ်အားထုတ်ခြင်းငှာ စွမ်းနိုင်သော အသိအလိမ္မာ ဉာဏ်ပညာသည် စိန္တာမယပညာ မည်၏။
သူတစ်ပါးတို့ လုပ်ကိုင်စီရင်သည်ကို တွေ့မြင်မှတ်သား သင်ကြားနာယူမှ သိရတတ် ရသော အသိအလိမ္မာ ဉာဏ်ပညာသည် သုတမယပညာ မည်၏။ သမထဘာဝနာ ဝိပဿနာဘာဝနာနှင့် ယှဉ်သော ဉာဏ်ပညာသည် ဘာဝနာမယပညာ မည်၏။
တစ်နည်း ယင်းစိန္တာမယပညာ၊ သုတမယပညာတို့ကို ထပ်ခါထပ်ခါ ပွားများစေ တတ်သော ဉာဏ်ပညာသည် ဘာဝနာမယပညာမည်၏။
ဤမှတစ်ပါးလည်း အဘိဓမ္မာပိဋကတ် ဉာဏဝိဘင်းပါဠိတော် ပဋိသမ္ဘိဒါမဂ်ပါဠိတော် တို့၌ ဟောတော်မူအပ်သော ဉာဏ်၏အမျိုးအမည်တို့သည် များစွာရှိကြကုန်သေး၏။ ကြည့်ရှုကြလေ။
ဉာဏ်ဖြစ်ခြင်း၏အကြောင်း ဉာဏ်ကောင်းအောင် လုပ်နည်းကား
- အဖန်တလဲလဲ မေးမြန်စုံစမ်းခြင်း၊
- အတွင်းအပနှစ်ဝသော ဝတ္ထုတို့ကို စင်ကြယ်အောင် ပြုလုပ်ခြင်း၊
- သဒ္ဓါစသော ဣန္ဒြေအဝဝတို့ကို ညီမျှအောင် ပြုလုပ်ခြင်း၊
- ပညာမဲ့သောပုဂ္ဂိုလ်တို့ကို ရှောင်ရှားခြင်း၊
- ပညာရှိသော ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ်ခြင်း၊
- နက်နဲသောကျမ်းဂန်တို့ကို သင်အံလေ့လာခြင်း၊
- ဉာဏ်ပညာတိုးပွားရာ တိုးပွားကြောင်းကိုသာ အဖန်တလဲလဲ နှလုံးသွင်းခြင်း-
ထိုစကားကို ထင်ရှားအောင် ပြဦးအံ့။
၁။ လယ်ယာကိုင်းကျွန်း လုပ်ကိုင်နည်း၊ ခြံဥယျာဉ်စိုက်ပျိုးနည်း၊ စာရင်းကိုနည်း၊ စာရင်းရှင်းလင်းနည်း၊ ရောင်းနည်း ဝယ်နည်း၊ ဆိုင်ရာဆိုင်ရာ မိမိ မသိမလိမ္မာသော အတတ်ပညာ နည်းနယတိုပကို သိမြင် လိမ္မာအောင် အဖန်တလဲလဲ သင်ကြား မေးမြန်းခြင်း၊ ခန္ဓာ အာယတန ဓာတ် သစ္စာစသော မိမိတို့ မသိမလိမ္မာသေးသော လောကုတ္တရာဘက်ဆိုင်ရာ ပညာအရပ်ရပ်တို့ကို မေးမြန်းစုံစမ်း သင်ကြားခြင်းသည် ပညာတိုးပွား ခြင်း၏ အကြောင်းတစ်ပါးဖြစ်၏။
၂။ မိမိခန္ဓာကိုယ်၌ ချွေးစသော အညစ်အကြေးတို့ကို စင်ကြယ်အောင် ရေမိုးချိုးခြင်း၊ နံစော် ညစ်ထေးသော အဝတ်တို့ကို ဖွပ်လျှော်ခြင်း၊ ရှည်သော ခြေသည်းလက်သည်း တို့ကို လှီးဖြတ်ခြင်း၊ ရှည်သော ဆံပင်တို့ကို ရိတ်ပယ်ခြင်းစသည်ဖြင့် ကိုယ်နှင့် စပ်သော အတွင်းဝတ္ထုကို စင်ကြယ်သန့်ရှင်းစေခြင်း၊ မိမိအိပ်ရာနေရာတို့ကို သန့်ရှင်း စင်ကြယ်အောင် ပြုလုပ်ခြင်း၊ မိမိအသုံးအဆောင်တို့ကို ရှုပ်ပွေအောင် မထားမူ၍ သန့်ရှင်းအောင်ထားခြင်း၊ မိမိတို့နေထိုင်ရာ ကျောင်းအိမ်တို့၌ အမှိုက်သရိုက် မရှိစေခြင်း၊ မိမိတို့ နေထိုင်ရာအရပ် အနီးအပါး၌လည်း အမှိုက်သရိုက် ရွှံ့ပုပ်ရေပုပ်တို့ မရှိစေခြင်းစသည်ဖြင့် အပြင်ဝတ္ထုကို စင်ကြယ်အောင်ပြုလုပ်ခြင်း စသည်လည်း ကြည်လင်သန့်ရှင်းသော ဆီမီးစာတို့မှ ကြည်လင်သော မီးရောင်ထွက်သည့်ပမာ ဉာဏ်ပညာ တိုးပွားခြင်း၏အကြောင်းတစ်ပါးဖြစ်၏။
၃။ သဒ္ဓါပညာစသော ဣန္ဒြေတရားတို့ကို ညီမျှအောင် ပြုလုပ်ခြင်းသည်လည်း ဉာဏ်ကြီးခြင်း အကြောင်းတစ်ပါး ဖြစ်၏။ ထိုစကားမှန်၏။ သဒ္ဓါ ပညာ စသော ဣန္ဒြေအများတို့တွင် တစ်ပါးပါးသော ဣန္ဒြေက လျောကျ၍နေသောအခါ မိမိတို့ ဆောင်ရွက်ဖို့ရာ ကိစ္စအရပ်ရပ်တို့ကို ဆောင်ရွက်ခြင်းငှာ မတတ်နိုင်ကြကုန်။
ဥပမာ - ငရုပ် ကြက်သွန် ဆီ ဆား များလွန်း နည်းလွန်းသော်လည်းကောင်း၊ ငရုပ် ကြက်သွန် များလွန်းသော်လည်းကောင်း နည်းလွန်းသော်လည်းကောင်း စား၍ အရသာမရှိသကဲ့သို့ ဖြစ်၏။ ထိုဣန္ဒြေအများတို့တွင် အထူးအားဖြင့် သဒ္ဓါနှင့် ပညာ၊ ဝီရိယနှင့် သမာဓိတို့ကို ညီမျှအောင်ပြုလုပ်ရာ၏။
အဘယ်ကြောင့်နည်းဟူမူ။ သဒ္ဓါလွန်လျှင် ပညာနုံ့၏။ ကြည်ညိုသင့်သော ပုဂ္ဂိုလ်ကို မကြည်ညိုမူ၍ မကြည်ညိုသင့်သော ပုဂ္ဂိုလ်ကို ကြည်ညိုတတ်၏။ ယုံကြည်သင့်သော သူ၏ စကားကို မယုံကြည်မူ၍ မယုံကြည်သင့်သောသူ၏စကားကို ယုံကြည်တတ်၏။
ပညာလွန်လျှင်လည်း သဒ္ဓါ နုံ့တတ်၏။ စဉ်းလဲစဉ်းစား များတတ်၏။ ဆေးကြောင့် ဖြစ်သော ရောဂါကို ဆေးကုခက်သကဲ့သို့ စွဲမိစွဲရာကိုသာစွဲ၍ သူတစ်ပါးပြောဆို ဆုံးမသော်လည်း မရ၊ သူတစ်ပါးကိုလည်း မိမိမျှပင် မတတ်မလိမ္မာဟူ၍ ထင်တတ်၏။
သမာဓိလွန်လျှင် ဝီရိယ နုံ့သည်ဖြစ်၍ ပျင်းရိသော သဘောသို့ ရောက်တတ်၏။ ဝီရိယလွန်လျှင်လည်း သမာဓိ နုံ့သည်ဖြစ်၏ စိတ်ပျံ့လွင့်ခြင်းသို့ ရောက်တတ်၏။ ထို့ကြောင့် သမာဓိလွန်သော် ကျောက်၊ ဝီရိယလွန်သော် မျောက်ဟူ၍ ပညာရှိတို့ စပ်ဆိုအပ်ကုန်၏၊
သတိတရားမှာမူကား ဘယ်အခါမှ လွန်သည်ဟူ၍ မရှိ၊ သတိတရား အားကြီးလေလေ၊ ကောင်းလေလေ ဖြစ်၏။ မိုက်မဲ တွေဝေခြင်း၊ မယုံကြည်သင့်သောသူကို ယုံကြည်ခြင်း၊ စဉ်းလဲခြင်း၊ ပျံ့လွင့်ခြင်း၊ ပျင်းရိခြင်းစသည်တို့မှ စိတ်ကို စောင့်ရှောက်တတ်၏။ ခပ်သိမ်းသော ဟင်းလျာတို့၌ ဆားကို အလိုရှိအပ်သကဲ့သို့ ထို့အတူ အလုံးစုံသော အရာတို့၌ သတိကို လွန်စွာ အလိုရှိအပ်၏။
၄။ ဌာနာဌာနကောသလ္လဉာဏ ထက်သန်ခြင်း မရှိကြကုန်သည်ဖြစ်၍ မပြောသင့် မဆိုသင့် မလုပ်သင့် မကိုင်သင့်သော အရာတို့ကိုသာ ပြောဆိုလုပ်ကိုင်လေ့ရှိကြ ကုန်သော ဉာဏ်ပညာ ဗဟုသုတနည်းသော သူတို့ကို မှီဝဲဆည်းကပ်ခြင်းကို မပြုခြင်း သည်လည်း ဉာဏ်ကြီး၏ အကြောင်းဖြစ်၏။
၅။ အသိအလိမ္မာဉာဏ်ပညာ ဗဟုသုတ ရှိသောသူတို့ကို မှီဝဲဆည်းကပ်ခြင်း သည်လည်း ဉာဏ် ပညာကြီးခြင်း အကြောင်း ဖြစ်၏။
၆။ လောကီဘက်ဆိုင်ရာ လောကုတ္တရာဘက် အသိအလိမ္မာ ဉာဏ်ပညာ ဗဟုသုတ တိုးပွားခြင်း၏ အကျင့်ကောင်းဖြစ်သော နက်နဲသော စာပေကျမ်းဂန်တို့ကို သင်အံ လေ့လာခြင်းသည် ဉာဏ်ပညာ ကြီးပွားခြင်း၏ အကြောင်း ဖြစ်၏။
၇။ သွားလာသောအခါ ရပ်သောအခါ ထိုင်သောအခါ အိပ်သောအခါတို့၌ ဉာဏ်ပညာ တိုးပွားကြောင်းကိုသာ အဖန်ဖန် ကြံစည်စဉ်းစား နှလုံးထားခြင်းသည်လည်း ဉာဏ်ပညာကြီးခြင်း၏ အကြောင်း ဖြစ်၏။
ဤကား သမ္မောဟဝိနောဒနီ အဋ္ဌကထာ၌ လာသော ပညာတိုးပွားခြင်း၏ အကြောင်းတို့တည်း။
တစ်နည်းပြဦးအံ့။
- ရှေးဘဝက ဉာဏ်ပညာကြီးခြင်းအကြောင်းကို ဆုတောင်း၍ ကောင်းမှုပြုခဲ့ခြင်း၊
- အကြားအမြင် ပညာဗဟုသုတများခြင်း၊
- လူအမျိုးမျိုးတို့၏ ဘာသာစကားကို နားလည်ခြင်း၊
- ကျမ်းဂန်ပေစာတို့ကို နှုတ်၌ ဆောင်ထားခြင်း၊
- မသိသော အရာတို့ကို ကောင်းစွာ မေးမြန်းစုံစမ်းခြင်း၊
- ဆရာကောင်းထံ၌ နည်းကောင်းနာကောင်းကို နာခံမှတ်ယူခြင်း၊
- အရိယာတို့၏ အဖြစ်သို့ ရောက်ခြင်း၊
- ပညာရှိ အဆွေခင်ပွန်းကောင်းကို ပေါင်းဖော်မှီဝဲခြင်း၊
ဤ(၈)ပါးသော အကြောင်းတို့သည်လည်း ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၌လာသော ပညာ တိုးပွားခြင်း၏ အကြောင်းဖြစ်ကုန်၏။
တစ်နည်း ပြဦးအံ့။
- အသက်အရွယ် ကြီးရင့်သဖြင့် ပညာ ဒသကသို့ ရောက်ခြင်း၊ ပညာဒသကသို့ ရောက်သောအခါ ကိလေသာတို့ ခေါင်းပါးခြင်းသို့ ရောက်သဖြင့် အမှုန်မရှိသော ရေပမာ ဉာဏ်ပညာတိုးပွားခြင်းသို့ ရောက်ကုန်၏။
- အခြံအရံပေါများခြင်း၊
- မေးမြန်းစုံစမ်းခြင်း၊
- ဆရာကောင်းထံ၌ နည်းနာခံယူမှတ်သားခြင်း၊
- သင့်တင့်အောင် နှလုံးသွင်းခြင်း၊
- ဆွေးနွေးတိုင်ပင်ခြင်း၊
- ချစ်သောသူနှင့် အတူတကွ နေရခြင်း၊
- သင့်တင့်လျောက်ပတ်သော အရပ်၌ နေရခြင်း၊
ဤ(၈)ပါးသော အကြောင်းတို့သည်လည်း မိလိန္ဒပဥှာပါဠိတော်လာသော ပညာ ကြီးပွားခြင်း၏ အကြောင်းတို့ပေတည်း။ ဤသို့လျှင် ယခင်ပြဆိုအပ်ခဲ့ပြီးသော ပညာတိုးပွားခြင်း၏ အကြောင်းတို့ကို ကောင်းစွာမှတ်သား နှလုံးထား၍ ဉာဏ်ပညာ တိုးပွားအောင် ဆရာကောင်းတို့ထံ မှီဝဲဆည်းကပ်ပြီး နည်းနာရအောင် ကြံဆောင် အားထုတ်ကုန်ရာသည်။
နည်းပြကောင်းသောဆရာတို့ထံ
ဆည်းကပ်သင့်ကြောင်း
▬▬▬▬▬▬▬▬▬
ဆရာနည်းပြ၊ ပုံဟန်ကျက၊
သိဿနုနယ်၊ စာသင်ငယ်တို့၊
ပင်လယ်ဒီရေ၊ တိုးတက်လေသို့၊
ဉာဏ်နေ ဉာဏ်စ၊ ခဏမကြာ၊
တိုးတက်လာသည်၊ ဆရာစာပြလိုလှ၏-
ဟူ၍ ရှေးဆရာကြီးများ စပ်ဆိုတော်မူခဲ့သည်။
ဆရာနည်းပြကောင်းသော်လည်း မိမိကနည်းရအောင် မယူတတ်က ပညာသင်စ မဆုံးနိုင်ကြောင်း
ကဝိထင်ပေါ်၊ ပုဂ္ဂိုလ်ကျော်တို့၊
ထုတ်ဖော်မိန့်မှာ၊ နာနာနယ၊
ကျမ်းသတ္ထမှ၊ ခက်လှအဖု၊
ခက်ဆစ်စုကို၊ နုလှပျိုမျစ်၊
စာသင်သစ်တို့၊ ဟစ်ကျော်အော်အံ၊
ဖန်ဖန်လေ့ကျက်၊ သင်ပ့ါလျက်လည်း၊
အချက်မကျ၊ နည်း မရနိုင်၊
ဉာဏ်မပိုင်က၊ မနိုင်ဓိပ္ပါယ်၊
ရွယ်ရာမရောက်၊ ကြံမပေါက်ဘဲ၊
တောထဲဆင်ကန်း၊ မျက်ဆရမ်း၍၊
လှမ်းသွားသောပုံ၊ တစ်နေကုန်လည်း၊
ကုန်လေသည်သာ၊ ကုန်ရာမရောက်၊
တစ်နွေပေါက်လည်း၊ ပေါက်လေ သည်သာ၊
ပေါက်ရာမရောက်၊ တစ်ဝါဝင်လည်း၊
ဝင်လေသည်သာ၊ ပညာမဲ့လွတ်၊
တစ်ဝါကျွတ်လည်း၊ ကျွတ်လေ သည်သာ၊
ပညာမရင့်၊ တစ်ဝါဖြင့်လည်း၊
တတ်လိမ့်နိုးနိုး၊ တစ်မိုးဖြင့်လည်း၊
တတ်လိမ့်ထင်ထင်၊ တစ်ဆောင်း ဝင်လည်း၊
တတ်လိမ့်ပုံပုံ၊ တစ်နွေကုန်လည်း၊
တတ်လိမ့်နှယ်နှယ်၊ စာသင်ငယ်တို့၊
ထင်ဖွာ်များစွာ၊ ထင်ပြီးခါလျှင်၊
ကြံရာကြံဖွယ်၊ ကြံကြီးသွယ်၍၊
ဘယ်ခါနံမှ ဆုံးလိမ့်နည်း -
ဟူ၍ ရှေးဆရာကြီးများ စပ်ဆိုတော်မူခဲ့သည်။
(၆) အချိန်ကို မှန်မှန် အသုံးပြုခြင်း
▬▬▬▬▬▬▬▬▬▬▬▬
ညောင်ကန်ရွာ အရှေ့ဇေယျခုံကျောင်း မင်းကြီးဆရာတော် ဦးကွင်းထံ နေ့စဉ်သွား၍ စာတက်ရာ တစ်နေ့သ၌ စာတက်ချိန်ရောက်သွားသဖြင့် ဦးကွင်း စာချသောနေရာ၌ မတွေ့သောကြောင့် မေးမြန်းရာ ဦးပဉ္စင်းများက ကုဋီတက်နေကြောင်း လျှောက်ကြ သောအခါ
“ဝမ်းကားအောင်စားပြီး ကုဋီချည်းတက်နေသည်”-
ဟုဆိုပြီး စောင့်မနေဘဲ မိမိကျောင်းသို့ ပြန်လာခဲ့၍ စာကျက်နေလေသတည်း။ ထို့နောင် ဦးကွင်း ကုဋီဆင်းမှ လာသောအခါ “ဟဲ့ ကိုဗုဓ် မလာဘူးလား”မေးရာ ပြန်သွားကြောင်း တပည့်များက လျှောက်ကြလျှင် “ရိုင်းလိုက်လေ ဟရို့”ဟု ဦးကွင်း ညည်းညူလေသတည်း။
အချိန်၏ အဖိုးထိုက်တန်ကြောင်း သိမြင်ပြီးဖြစ်သော ပညာရှိကြီးတို့၏ စားကာ အိပ်ကာ၊ ပျော်ရွှင်ကာနှင့်၊ လိုရာမပြီး၊ ခရီးမလှ၊ အချည်းနှီးသော ကာလကို မကုန်ခန်း စေဘဲ ကြိုးစားအားထုတ်ပုံကို နည်းယူ၍ ပညာလိုလား အမျိုးကောင်းသားတို့သည် ဘုရားသာသနာတော်၏ ကြီးပွားရာကြီးပွားကြောင်း ပရိယတ္တိအလုပ်ကို လုံ့လ ကြိုးကုတ် အားထုတ်ကုန်ရာသတည်း။
(၇) ပရိယတ္တိနှင့်သာ ပျော်မွေ့နေခြင်း
ညောင်ကန်ရွာ၊ ကျောင်းတိုက် တစ်တိုက်တည်း ဦးဗုဓ်နှင့် ဦးကြီး အတူ သီတင်းသုံးဘက် ဖြစ်၏။ ဦးဗုဓ်မှာ သူ့ကျောင်းနှင့် သူတစ်ပါးတည်း တပည့်အခြွေအရံ ပရိသတ်မထားဘဲ နေ၏။
ဆွမ်းစားချိန်ကျလျှင် ဦးကြီးကျောင်းက သွားရောက် ပို့ကြရသည်။ စကားအရာ၌လည်းကောင်း၊ တရားအရာ၌လည်းကောင်း အပြော အဟော နည်းပါး၏။
စာပေပရိယတ် ကျမ်းဂန်ကိုသာ နှံ့စပ်အောင် မပြတ်မလပ် ကြည့်ရှု ချုပို့နေလေ့ရှိ၏။
ထိုဆရာတော်ကြီးကို သာသနာတော်၌ နောက်ဆုံး စာတတ်ပုဂ္ဂိုလ်ကြီး ဟူ၍ သမုတ်ကြ၏။
နောက်ဆုံးစာတတ်ဖြစ်ကြောင်း နေဝင်လို့ မိုးချုပ်၊ ရွှေဘုတ်ကအီ ဟူသော နိမိတ် တဘောင်လည်း ပေါ်ထွက်လာ၏။
စာတတ်မှာ ဗုဓ်အစ ဗုဓ်အလယ် ဗုဓ်အဆုံးဟု ရှေးပညာရှိများ ပြောရိုးစကားစဉ်လည်း ရှိ၏။ ဤဆရာတော်ကဲ့သို့ လူသူစသည်တို့နှင့် မရောမနှောဘဲ တစ်ပါးတည်း နေရခြင်းသည် ဝိဝေက ရခြင်းအကျိုးရှိ၏။
ဝိဝေက ရခြင်းသည် သာသနာတော်၏ အခြေဖြစ်သော ပရိယတ္တိဓမ္မကို မှန်ကန်စွာ အားထုတ် သင်ကြားရခြင်း အကျိုးရှိ၏။
ပရိယတ္တိဓမ္မကို မှန်ကန်စွာ အားထုတ်သင်ကြားရခြင်းသည် ပရိယတ္တိဉာဏ် ရင့်သန်၍ ကျမ်းဂန် ဂန္ထန္တရ တတ်မြောက်ခြင်း အကျိုးရှိ၏။
ပရိယတ္တိဉာဏ် ရင့်သန်၍ ကျမ်းဂန် ဂန္ထန္တရ တတ်မြောက်ခြင်းသည် ပရိယတ္တိ၌ လာသော ပဋိပတ်ကျင့်နည်းတို့ကို မှန်ကန်စွာ သိရခြင်းအကျိုးရှိ၏။
ပဋိပတ်ကျင့်နည်းတို့ကို မှန်ကန်စွာ သိရခြင်းသည် မဖောက်မပြန် မှန်ကန်စွာ ပဋိပတ်ကို ကျင့်ရခြင်းအကျိုးရှိ၏။
မဖောက်မပြန် မှန်ကန်စွာ ပဋိပတ်ကို ကျင့်ရခြင်းသည် မြန်မြန် နိဗ္ဗာန် မဂ်ဖိုလ်ရခြင်း အကျိုးရှိ၏။
ဤသို့ မုတ်မူ၍ လူယောက်ျား၊ လူမိန်းမ၊ ဖိုးသူတော်၊ မယ်သီလ၊ ရသေ့ စသည်တို့နှင့် ရောနှော၍ နေထိုင်ခြင်း၊ အမြို့မြို့ အရွာရွာ လူတအုန်းအုန်းနှင့်စုရုံးပြီး လှည့်ပတ် သွားလာခြင်းစသော အမှိုတို့ကို ပြုကျင့်ကြသော ပုဂ္ဂိုလ်တို့မှာ ဝိဝေကလည်း မရ၊ ပလိဗောဓလည်း မရပြတ်ခြင်းကြောင့် ရဟန်းတို့ ပြုကျင့်အပ်သော ပရိယတ် ပဋိပတ် အလုပ်မှ ဆုတ်ယုတ်၍ ဂိဇ္ဈကုဋ် ရောက်ရတတ်သည်။
ဝိသုဒ္ဓိမဂ် အဋ္ဌကထာနှင့် မညီဘဲ ပြည်ကျော်အောင် ဟန်ပေးပြီး အသက်မွေးနေ ကြသော ပုဂ္ဂိုလ်တို့ သတိပြုမိကြစေ။
(၈) ဆရာတော်နှင့်မောင်နီ
ညောင်ကန်ရွာ ဒါယကာ ဒါယိကာမအပေါင်းတို့က ဆရာတော် ဦးဗုဓ်သည် စကားမပြော တရားမဟော နေနိုင်ပေသည်ဟု ပြောကြရာ ဆရာတော်၏ မြေးတော်သူ မောင်နီက ဆရာတော် ငါ့ကို စကားပြောအောင် လုပ်မည်ဟု ပြောဆိုပြီးလျှင် ကျောင်းသို့ သွား၍ သုံးဆောင်ရေ သောက်ရေ ချိုးရေ စသည် ခပ်ခြင်း၊ တံမြက် လှည်းခြင်း အစရှိသော ဝတ်တို့ကို ပြုလုပ်ရာ စကားတစ်ခွန်းမျှ မေးမြန်း မပြု၊ သုံးရက်ရှိသောအခါ ဆရာတော်သည် စာကြည့်ရာက -
“ငနီလား-ဟဲ့”
မေးရာ မောင်နီက ဟုတ်ပါဘုရားဟု လျှောက်လေ၏။ ထိုအခါ ဆရာတော်က -
“ကုသိုလ် ဆိုတာ မနေတတ်က ရသည်”
ဟု အမိန့်ရှိလိုက်ရာ မောင်နီက ဝမ်းသာအားရ လက်ခမောင်းခတ်ခါ ကခုန်ပြီးလျှင် အရပ်ထဲသို့ ပြေးလာ၍ ငါ့ကို ဆရာတော် တရားဟောသည်ဟု ပြောပြလေ၏။ လူအပေါင်းတို့က “တော်ပါပေ့ကွယ်၊ မင်းကို ဆရာတော် စကားပြောခြင်းသည် ကုသိုလ်ထူးပေတယ်။ ငါတို့ အခေါက်များစွာ ဆရာတော်၏ ခြေတော်ရင် ရောက်ဖူးသော်လည်း တစ်ရံတစ်ခါမျှ စကားမပြော၊ စကားပြောဖို့ ဝေးစွ၊ ကြည့်ရုံမျှ မကြည့်ဖူးဘူး”ဟု ပြောဆိုကြလေ၏။
ထို့နောင် မောင်နီက ဆရာတော် စကားပြောသည်ကို နာခံရသဖြင့် တပည့်တော်မှာ ဃရာဝါသ ဗဟုကိစ္စများလှ၍ အလုပ်မအားနိုင်အောင် ဖြစ်ပါသောကြောင့် အရဟံ စသော ဂုဏ်တော် ကိုးပါး၏ ပါဌ်အနက်အဓိပ္ပါယ်ကို လွယ်လွယ်နှင့် မြန်မြန် ကျက်၍ ရအောင် အတိုချုပ်ရေး၍ ပေးသနားရန် လျှောက်ထားလေသော် -
“ငနီ တိုတိုလိုချင်သလား”
မေးရာ၊ မှန်ပါ၊ တိုတို လိုချင်ပါသည်ဘုရားဟု လျှောက်ရာ -
“နင် တိုတိုလိုချင်လျှင် မကျက်ဘဲ နေ”
ဟု မိန့်တော်မူသည်။
(၉) ဆရာတော်ဦးကွင်းနှင့် ဦးဗုဓ်
ဇေယျခုံကျောင်း ဆရာတော် ဦးကွင်းနှင့်အတူ ဆရာတော် ဦးဗုဓ်၊ ဦးကြီးတို့ နောက်တော်ကပါလျက် ခရီးလေးတိုင် ကွာဝေးသော လေးမြေရွာကျောင်းသို့ သီမာသမ္မုတိ ကံဆောင်ရန် ကိစ္စရှိ၍ ကြွသွားကြရာ ခရီးထွက်ကတည်းက ဆရာတော် ဦးကွင်းက ရာဇဝင်စကားရပ်တို့ကို မိန့်ကြားသွားရာ ဦးကြီးက မှန်ပါ၊ မှန်ပါနှင့် လိုက်လေ၏။ ဆရာတော် ဦးဗုဓ်မှာမူကား စကားတစ်ခွန်းမျှ မှန်ပါဟု မလိုက်ဘဲ နောက်တော်က လိုက်ခဲ့လေသတည်း။
ခရီးလမ်း အပန်းပြေ နားနေရား စရပ်တစ်ဆောင်သို့ ရောက်သောအခါ ဆရာတော် ဦးကွင်းက “ရာဇဝင်များ ကြည့်ရှုမှတ်သားရသည်မှာ တယ်ပြီး မထင်မြင်နိုင်ပါဘူး ကိုဗုဓ်ရယ်၊ ဤနေရာ၌ ဘယ်လိုများ ထင်မြင်ပါသနည်း”ဟု မေးမြန်းရာ ဆရာတော် ဦးဗုဓ်က -
“ကျောင်းကထွက်ကတည်းက ပြောလာသော စကားရပ်များမှာ တစ်ခုမျှ မမှန်ဘူး”
ဟု လျှောက်ထားလေ၏။ ဆရာတော်သည် ဓမ္မလမ်းမှန် မကျသောအရာတို့၌ ပုဂ္ဂိုလ်၏ မျက်နှာသို့ မလိုက်၊ ဓမ္မလမ်းမှန်ရာသို့ လိုက်၍ ပြောဆိုပြုကျင့် တတ်သော ဆရာတော်ကြီးတစ်ပါး ဖြစ်လေသည်။
ဓမ္မလမ်းမှန်ရာ မကျခဲ့သော် ဘယ်လိုပင် ဂုဏ်ထူးကြီးမြင့်သော ပုဂ္ဂိုလ် ဖြစ်စေကာမူ ပုဂ္ဂိုလ်မျက်နှာ မလိုက်ဘဲ ဓမ္မလမ်းမှန်ရာ လိုက်၍ ပြောဆိုပြုကျင့်ကြောင်း အထက်၌ များစွာ ထင်ရှားလတ္တံ့။
ပုဂ္ဂိုလ်မျက်နှာ မလိုက်မူ၍ ဓမ္မလမ်းကြောင်း မှန်ရာသို့ လိုက်ခြင်းသည်သာလျှင် လဇ္ဇီပေသလ သိက္ခာကာမ ဝိနယဓရ သီလဝန္တ အစစ်ဖြစ်သော ပုဂ္ဂိုလ်မြတ်တို့၏ အကျင့်ဖြစ်လေသည်။
(၁၀) ဥပုသ်အိမ်သိမ်နှင့် ဆရာတော်ဦးဗုဓ်
ညောင်ကန်ရွာ အနောက်တိုက် မိမိငယ်ဆရာ ဦးပြေကျောင်း၌ ရဟန်းအဖြစ်ရောက်မှ ပြန်၍ နေထိုင်ရာ၊ တစ်နေ့သ၌ ဥပုသ်အိမ်သိမ်၌ အမိုးအကာပျက်စီးနေသဖြင့် ဆရာတော် ဦးပြေက ဘုရားတန်ဆောင်းပျက်က ပျဉ်များကို ယူ၍ မိုးကာဖို့ရာ အမိန့်ရှိရာ ဦးဗုဓ်က -
“ဘုရားက ပစ္စည်း ဘယ်နှယ် မိုးရမှာလဲ”
ဟု ပြန်လျှောက်လေ၏။ ဦးပြေက အရေးမယူဘဲ မိုးကာထားလေ၏။ ထို့နောင် ဥပုသ်ပြုသောနေ့၌ ၎င်းသိမ်မှ ဥပုသ်မပြုဘဲ အခြားသိမ်သို့ သွား၍ ဥပုသ်ပြုလေ၏။
ဦးပြေက ဦးဗုဓ် စာကြည့်နေရာ သွား၍ “ကိုဗုဓ် ဘယ်မှာ သွားပြီး ဥပုသ်ပြုသလဲ၊ မအပ်လျှင် မအပ်ကြောင်းပြောပါ။ ကျုပ်က ဘုရားပစ္စည်း ဖြစ်သော်လည်း ပျက်စီးသွားမည့်အတူတူမို့ မိုးထားသည်”ဟု ပြောရာ -
“ပြောပေတဲ့ နားမှ မရှိဘဲ”
ဟု ဦးဗုဓ်က လျှောက်သောအခါ ဦးပြေက “ဟဲ့ ပဉ္စင်း မကြိုက်ဘူး။ သိမ်၌ မိုးကာ ထားသော ပျဉ်းများကို ဖျက်၍ သူ့နေရာကို ပြန်ထားလိုက်ကြ”ဟု တပည့်များကို စေခိုင်းရလေ၏။
(၁၁) ရှေးပုဂ္ဂိုလ်မြတ်တို့၏ စိတ်ကောင်းရှိပုံ
ဆရာတော် ဦးဗုဓ် ကျမ်းဂန်တတ်မြောက်လှ၍ ကျော်စောခြင်းကြောင့် ဝမ်းမြောက် ဝမ်းသာ ရှိကြသော လေးမြေရွာကျောင်း သြဇာအာဏာကောင်းလှသော ဆရာတော် ဦးပျော်နှင့် ရေပုတ္တလင်(ယခု ရေဘုတလင်ဟုရေးသည်။) ရွာကျောင်း ဘုန်းတော်ကြီး ဦးဉာဏတို့က “ဦးဗုဓ်သည် သာသနာတော်၌ အကျိုးကျေးဇူးများမည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သောကြောင့် သီတင်းသုံးနေထိုင်ရာ စသည်တို့၌ ချမ်းချမ်းသာသာ ဖာသုဝိဟာရ ဖြစ်ရန်အကျိုးငှာ အကြီးတော် အထိမ်းတော်တို့ကဲ့သို့ အလေးဂရုပြုပြီး စောင့်ရှောက် ပါမည်”ဟု အခွင့်တောင်းသောအခါ ဦးဗုဓ်က -
“အရှင်ဘုရားများ စိတ်သဘောအတိုင်း”
ဟု လျှောက်လေ၏။ ထိုအခါ အခွင့်ရသဖြင့် ဦးပျော်, ဦးဉာဏ အရှင်နှစ်ပါးတို့က ဝမ်းမြောက်ဝမ်းသာနှင့် ဦးဗုဓ် မငြိုမငြင်ရစေဘဲ အလိုရှိရာ ပြည့်စုံအောင် ဆောင်ရွက် လျက် အမြဲစောင့်ရှောက်ကြလေ၏။
(၁၂) ဆရာတော်ဦးဗုဓ်အား တံဆိပ်တော်ကပ်လှူခြင်း
ကုန်းဘောင် ပဝရ၊ သမ္မတ စောနှောင်း အလောင်းမင်းတရားကြီး၏ မြစ်တော် ဖြစ်သော၊ စတုတ္ထ ရတနာပုရ အဝမြို့တည် နန်းတည်၊ ဖလ်နန်းရှင် မင်းတရား၏ ရတနာဒေဝီ မဟေသီဟု သီင်္ဂီရွှေရောင် တောင်မိဖုရားခေါင်ဖြစ်သော နန်းမတော် မယ်နုက သုံးသိန်းသော အသပြာငွေတို့ကို မစ္ဆေ မဖက် ရက်ရက်ရောရော မက်မော မတွန့် ပေးစွန့်လွှတ်၍ ဆွတ်ဆွတ်ကြည်ဖြူ ဆောင်လုပ်လှူဒါန်းအပ်သော မြို့တော် အရှေ့မြောက်ထောင့် စေတီလှ တိုက်အတွင်းရှိ မဟာအောင်မြေဘုံစံ အုတ်ကျောင်း တော်ကြီး၌ သီတင်းသုံး နေတော်မူသော“ပုညာဘိသီရိသဒ္ဓမ္မဓဇမဟာဓမ္မရာဓိ-ရာဇဂုရု” တံဆိပ်တော်ရ ဆရာတော် ဦးဗုဓ်၏ နောင်တော် ပထမ အုတ်ကျောင်း ဆရာတော် ဦးပိုးအား ဖလ်နန်းရှင်မင်းတရားက အဆက်အနွယ်တော်မပြတ် တံဆိပ်တော်များ ကပ်လှူလိုပါကြောင်း လျှောက်ထားရာ ဆရာတော် ဦးဗုဓ်ကို စာသွင်းလိုက်သဖြင့် စတုတ္ထ ရတနာပုရအဝမြို့တည် နန်းတည် မဟာဝိဇယရံသီ စေတီဒါယကာ ဖလ်နန်းရှင် မင်းတရားက စက္ကိန္ဒာဘိဓဇမဟာဓမ္မရာဇဂုရု ပထမ တံဆိပ်တော်ကို ကပ်လှူပူဇော်တော်မူလေသည်။
(၁၃) ဆရာတော် ဦးဗုဓ် ဓမ္မလမ်းမှန်ကြိုက်ခြင်း
လေးမြေရွာကျောင်း ဦးပျော်တို့ သံဃာမှုဖြစ်ပွားရာ ဆုံးဖြတ်ချက် ဝိနိစ္ဆယ-ရလို၍ ရတနာပုရမြို့ ပထမအုတ်ကျောင်း ဆရာတော် ဦးပိုးထံ လျှောက်ထားရာ ဆရာတော် ဦးပိုးက ဝိနိစ္ဆယချပေးလိုက်လေသတည်း။
ထို ဝိနိစ္ဆယကထာကို ဦးပျော်က မကျေနပ်၍ ညောင်ကန်ရွာသို့ ဆရာတော် ဦးပိုးကြွလာသောအခါ ဆရာတော်ဦးပိုး ဦးဗုဓ်စသော သံဃာပရိသတ် အလယ် ဦးပိုး၏ ဝိနိစ္ဆယကို ဖတ်ပြောရာ ဆရာတော် ဦးဗုဓ်က -
“ရွှေပေါ်မှာပင် ထိုင်ရလို့ ဤဝိနိစ္ဆယမျိုးကို ချပေးလိုက်ရသလား”
ဟု နောင်တော် ဦးပိုးအား မေးမြန်းရာ ဦးပိုးက တစ်စုံတစ်ရာမှ ပြန်မပြောနိုင်ဘဲ ဆိတ်ဆိတ်နေရလေသတည်း။
(၁၄) ဆရာတော်ဦးဗုဓ် လောကီဂုဏ်ပကာသန အလိုမရှိခြင်း
ရတနာပုရ နေပြည်တော်မှ ဆရာတော် ဦးပိုးသည် မိမိ၏ ကျေးဇူးရှင် ငယ်ဆရာ ဦးပြေ ပျံလွန်တော်မူသောအခါ ဈာပနကိစ္စအတွက် ဆောင်ရွက်ရန် ညောင်ကန်သို့ ကြွလာ တော်မူရာ နန်းတော်က အမှုထမ်း အရာထမ်း အဆောင်အယောင် အသုံးခံ လက်နက်ကိုင်တို့ ဝန်းရံပါခဲ့လေသည်။
ဆရာတော် ဦးပိုး ရောက်၍ ဦးဗုဓ်ကို ခေါ်စေရာ ဦးဗုဓ်ကြွလာသောအခါ ကျောင်းလှေကား ပတ်လည်၌ သေနတ်လက်နက်များ ဝက်ခွဲစိုက်ထောင် ထားသည်ကို မြင်လေလျှင် “ဟင်” ဆိုပြီး ဆရာတော် ဦးဗုဓ် မိမိကျောင်းသို့ ပြန်ကြွလေ၏။
ထို့နောင် ဆရာတော် ဦးပိုးက “ကိုဗုဓ် လာခဲလှချည်လား”ဟု မေးရာ တပည့်များက ပြန်သွားကြောင်း လျှောက်ကြလေသော် “ဟဲ့ ထပ်ပင့်ပါဦး၊ ငါ ကျေနပ်အောင် အကျိုးသင့် အကြောင်းသင့် ပြောပါမည်”ဟု လျှောက်လိုက် မိန့် သဖြင့် ထပ်မံ၍ ပင့်ရာ ဆရာတော် ဦးဗုဓ် ကြွရောက်လာခဲ့လေ၏။
ရောက်လာသောအခါ “သည်လိုပါ ကိုဗုဓ်ကဲ့၊ ယခု ကြွလာရခြင်းမှာ နောက်က ပါလာသော အခြွေအရံ အသင်းအပင်းတို့ကား ကျုပ်ပယောဂ တစ်စုံတစ်ရာမျှ မပါ၊ ကျေးဇူးရှင် ဆရာတော် ပျံလွန်၍ ဈာပနကိစ္စဆောင်ရွက်ရန် နေရပ်ပြန်လိုကြောင်း နန်းတော် စာသွင်းရာ ပစ္စည်း လေးပါး ဒါယကာဖြစ်သော မင်းတရားက မိမိ ကိုးကွယ်သော ဆရာ၏ ဘေးအန္တရာယ် ကာကွယ် စောင့်ရှောက်ရန် သူ့အလိုနှင့် ထည့်လိုက်ခြင်း ဖြစ်ပါသည်။ ရဟန်းတို့ ပယောဂမဟုတ်ပါ”ဟု ပြောပြရာ ဆရာတော် ဦးဗုဓ်က -
“ပြောသည့်အတိုင်း မှန်လျှင် မထောင်းသာဘူး”
ဟု မိန့်လေသည်။ ဆရာတော် ဦးဗုဓ်သည် ထိုထိုဤဤ သွားလာလှည့်ပတ်ရာ သိုင်းသိုင်းဝိုင်းဝိုင်း ဆိုင်း ဘင် ခရာ တီးမှုတ် အရှုပ်ရှုပ် အထွေးထွေး ရှေ့တော်ပြေး နောက်တော်ပါတို့နှင့် လောကီမှာ ပြုလုပ်ကြသော ဂုဏ်ပကာသနတို့ကို အလျဉ်းအလို မရှိချေ။ အလိုမရှိကြောင်း ရတနာပူရ နေပြည်တော်သို့ ဖလ်နန်းရှင်မင်းတရား ပင့်ဆောင်သော အခန်း၌ ထင်ရှားလတ္တံ့။
လောကီ ဂုဏ်ပကာသန အလိုမရှိခြင်းသည် လဇ္ဇီပေသလ သိက္ခာကာမ ဝိနယဓရ သီလဝန္တအစစ်ဖြစ်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့၏ အကျင့်ထူး အကျင့်မြတ် ဖြစ်လေသည်။
ဆရာတော် ဦးဗုဓ်သည် မိမိသာ အလိုမရှိသည် မဟုတ်သေး၊ တစ်ပါးသော ပုဂ္ဂိုလ်တို့ကိုလည်း မိမိအပေါ် သူတစ်ပါးတို့ အထင်အမြင်ကြီးရန် လောကီ ဂုဏ်ပကာသန ရလိုမှု အကြောင်းကြောင့် သွားလာလှည့်ပတ်ရာ သိုင်းသိုင်း ဝိုင်းဝိုင်း ဆိုင်း ဘင် ခရာ တီးမှုတ် အရှုပ်ရှုပ် အထွေးထွေး ရှေ့တော်ပြေး နောက်တော်ပါတို့နှင့်လျော်စွာ ဖြစ်ဖို့ရန် ရှေးမဆွက တင်ကြို၍ ဝစီဝိညတ်ပြုခြင်း၊ ဘယ်မြို့ကဘယ်လို ဘယ်ပုဂ္ဂိုလ်က ဘယ်ကဲ့သို့ ဘယ်နေရာ ငါကြွစဉ်က တယ်နေရာကျသည်ဟု နိမိတ် သြဘာ ပရိကထာ စသည်ပြုလုပ်ခြင်းတို့ကို မကြိုက် မနှစ်သက်ချေ။
ဘုရားသာသနာတော်ထမ်း ရဟန်းတော်တို့မှာ မြတ်စွာဘုရား ပညတ်တော်မူသော ကုဋေ ကိုးထောင်ကျော်ရှိသော ဝိနည်းသိက္ခာပုဒ်တော်ဟု ဆိုအပ်သော အဓိသီလ သိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာသိက္ခာတို့ကို ရိုရိုသေသေ မပျောက်မပျက်ရအောင် စောင့်ရှောက်ထိန်းသိမ်း၍ နေခဲ့ပါမူ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ရှိခိုးထိုက် မြတ်နိုးထိုက် ပူဇော်ထိုက် မြတ်သော အလှူခံထိုက်သော ဂုဏ်ထူးကြီး အလိုလို တည်ရှိနေတော့သည်သာလျှင်တည်း။
ဤဆိုအပ်ခဲ့ပြီးသော ဂုဏ်ထူးသည် ရှိရန်အကျိုးငှာ အဓိသီလသိက္ခာ အဓိစိတ္တသိက္ခာ၊ အဓိပညာ သိက္ခာသုံးပါးတို့ကို တရားနှင့်ညီစွာ ကျင့်ကြံသင့်ပါလျက် ထိုသို့မဟုတ်မူ၍ ဘုန်းကံကြီးမားအောင် ဒါယကာ ဒါယိကာ ပေါများအောင် စားရသောက်ရအောင် ကျောင်းပေါအောင် ဇရပ်ပေါအောင် အခြွေအရံပရိသတ် ပေါအောင် အန္ဓပုထုဇဉ်တို့ မိမိအပေါ် အထင်အမြင်ကြီးအောင် ကျော်ကြားအောင် နှလုံးပိုက်လျက် ရဟန်းတို့နှင့် မလျောက်ပတ်သော ဝစီဝိညတ် ပြုခြင်း၊ နိမိတ်သြဘာ ပရိကထာ စသည်တို့ကို ပြုခြင်း၊ ပရိယာယ်မာယာကို အမြဲအသုံး ပြုခြင်း ဝိသုဒ္ဓိမဂ်အဋ္ဌကထာနှင့် အညီမကျင့်ဘဲ ယောဂီရောင် ဝိပဿနာယောင် ကမ္မဋ္ဌာန်းဆရာယောင် မဂ်ရိပ် မဂ်ယောင် ဖိုလ်ရိပ် ဖိုလ်ယောင် ဥတ္တရိမနုဿဓမ္မအရိပ်အယောင် ပြခြင်းစသော အမှုတို့ဖြင့် အသက်မွေးကြသော ပုဂ္ဂိုလ်မျိုးကို သာသနာတော်၌ အလွန်ယုတ်မာသော ပထမတန်း သူခိုးကြီးတစ်ဦးဖြစ်ကြောင်း- ယံ ဘိက္ခဝေ ပထမော မဟာစောရော -ဟု ပါရာဇိကဏ် ပါဠိတော်၌ မြတ်စွာဘုရား ဟောတော်မူသည်။
(၁၅) ဆရာတော် ဦးဗုဓ်၏ ဗလဝတရဖြစ်သော သမာဓိ
ဆရာတော် ဦးဗုဓ်သည် မိမိကျေးဇူးရှင် ဆရာတော် ပျံလွန်တော်မူပြီးနောက် ညောင်ကန်ရွာ အနောက်တိုက် (ရတနာမဉ္ဇူကျောင်းတိုက်၊ ဂိုဏ်းအုပ်ကျောင်း)၌ စိုက်ဆောက်အပ်သော ကျောက်ထီးအတူ ဖြန့်မိုးတော်မူ၍ လေးဆူသီလ မြတ်ဓမ္မကို ပွတ်သစ်စ ခရုသင်းကဲ့သို့ သန့်ရှင်းစင်ကြယ်စေလျက် ဂန္ထဓူရ ဝိပဿနာဓူရ တရား နှစ်ပါး၌ ပွားများ အားထုတ်ခြင်းကိုလည်း မယုတ်စေရ၊ နီးဝေးအရပ်မှ ပညာရင်နို့ သောက်စို့ရန် ဆည်းကပ် ဆိုက်ရောက်လာသမျှ သောတုဇန မန္ဒပုဂ္ဂိုလ်တို့၏ အလိုကို ဖြည့်လျက် ပရိယတ္တိသာသနဝိရုဠှကဖြစ်ရာ စာပေကျမ်းဂန်များ ပို့ချတော်မူခြင်း စသည်ဖြင့် သမဏကိစ္စ သာသနတ္တယအကျိုး မြော်ကိုးရွက်ဆောင်လျက် သီတင်းသုံး နေထိုင်တော်မူခဲ့သတည်း။
ငါတို့ဆရာများ မိန့်သံအဆင့်စကား ကြားရဖူးသည်ကား ထိုကျောင်းတိုက်၌ ဆရာတော် ဦးဗုဓ် သီတင်းသုံးနေစဉ်အခါ တစ်နေ့သ၌ ကျောင်းတိုင်မှီလျက် စာကြည့်နေရာ ကျောင်းဦး ပြာသာဒ်အတွင်းရှိ ပိဋကတ်တော်များ ထားရာ စာတိုက်ပေါ်သို့ ထက်ဖျားအာကာ အဇဋာက တိမ်လွှာရှက်ရုံ ပဇ္ဇုန်ဆူလှိုက် ချုန်းရိုက် ထစ်ကြိုး သွန်ကာဖြိုးလျက် မိုးကြိုးခလိုက်ရာ သဘာဝပကတိ စာကြည့်မပျက် တိုင်မှီလျက် တည်ရှိနေသည်ဟု ကြားရဖူးသည်။
(၁၆) နေပြည်တော် ဖလ်နန်းရှင် မင်းတရား ပင့်ဆောင်ခန်း
ရတနာပူရမြို့၊ ပထမအုတ်ကျောင်း ဆရာတော် ဦးပိုး ပျံလွန်တော်မူပြီးနောက် မင်း မိဖုရားနှစ်ပါးတို့က ကျမ်းဂန်တတ်အကျော် ကျောင်းတော်နှင့် သင့်လျော်မည့်ပုဂ္ဂိုလ်ကို ဆရာတော်တို့အား မေးလျှောက်ထားရာ မြို့နေတံဆိပ်တော်ရ ဆရာတော်တို့က ထိုကျောင်းတော်ကြီးကို ငါတို့ ဆက်ခံနိုင်မည်မဟုတ်၊
နောင်တော်၏ အရိပ်အရာကို ညီတော်သာ ဆက်ခံနိုင်မည်ဖြစ်၍ ညောင်ကန်ရွာ ဆရာတော် ဦးဗုဓ်ကို ပင့်၍ အုတ်ကျောင်းတော်ကြီး လှူဒါန်းသင့်ကြောင်း တညီ တညွတ်တည်း ညွှန်ကြားကြရာ မင်း မိဖုရား နှစ်ပါးတို့ကလည်း အလွန်ဝမ်းမြောက် ဝမ်းသာ ဖြစ်လေသည်။
ဆရာတော် ဦးဗုဓ်ပင့်ရမည် ပုဂ္ဂိုလ်များတွင် ဆရာတော် ဦးဗုဓ်အစ်ကိုတော်သူ ဆရာတော် ဦးသူ တစ်ပါးပါရှိလေရာ ဆရာတော် ဦးသူက အမိန့်ရှိသည်မှာ “ဦးဗုဓ်ကို ကြည်ညို ကိုးကွယ်လိုလျှင်သွားရောက် ပင့်ပေးမည်။ သို့ရာတွင် အလွန်ပင် စိတ်တိုသော ပုဂ္ဂိုလ်ဖြစ်၍ သူစိတ်တိုသည်ကို အကြည်ညိုမပျက်၊ ကိုးကွယ်နိုင်မှသာ ပင့်ကြပါ။ သည်းမခံနိုင်က ယခုက မပင့်ဘဲနေတာ ကောင်းလိမ့်မည် ထင်သည်”ဟု အမိန့်ရှိရာ -
နန်းမတော် မယ်နုက “မည်မျှလောက်ပင် စိတ်တိုသော်လည်း သည်းခံနိုင်ပါကြောင်း တပည့်တော်မ၏ ဦးခေါင်းက ဆံပင်ဆွဲ၍ ရိုက်စေကာမူ စိတ်မဆိုးပါ၊ ပင့်သာ ပင့်ပေးပါ၊ ကြည်ညိုကိုးကွယ်လိုပါသည်”ဟု လျှောက်ထားသဖြင့် မင်းတရား မိဖုရား နှစ်ပါး ပင့်လျှောက်စာနှင့် သုဓမ္မာ ဆရာတော် ငါးပါး၊ မဟာဒါန်ဝန်နှင့်တကွ ညောင်ကန်ရွာသို့ သွားရော ပင့်တော်မူရလေသည်။
ညောင်ကန်သို့ ရောက်သောအခါ မင်းတရား ပင့်လျှောက်လွှာကို ကပ်လေ၏။ ဆရာတော် ဦးဗုဓ်သည် ကြည့်ရှုတော်မူပြီးလျှင် -
“အင်း … ကောင်းပြီ၊ ကြွရမည်”
ဟု မိန့်လေ၏။ ကြွမည့်ရက် နံနက်ဆွမ်း ဘုဉ်းပေးပြီးသော် သင်္ကန်းကြီးကို အခေါက်လိုက် ဦးခေါင်းပေါ်တင်လျက် တောင်ဝှေးထောက်ခါ ကျောင်းပေါ်မှ ဆင်းခဲ့ရာ လှေကားရင်းတွင် ပေါင်းချုပ် လှည်းပြင်ထားသည်ကို မြင်လျှင် -
“ဤဟာ ဘာလုပ်ဖို့တုန်း”
မေးရာ မဟာဒါန်ဝန်က “ဆရာတော်ဘုရား စီး၍ ကြွရန်ပါဘုရား”ဟု လျှောက်လေသော် -
“ငါ ခြေထောက် မကျိုးဘူး”
ဟု မိန့်ဆို၍ ဖိနပ် မစီးဘဲ တောင်ဝှေး ထောက်ခါ ကြွလေသည်။ နံဘေး နှစ်ဘက်က အကြီးတော်၊ အထိန်းတော်တို့ကဲ့သို့ ဆောင်ရွက်ကြသော လေးမြေ ဆရာတော် ဦးပျော်, ရေဘုတလင် ဦးဉာဏ နှစ်ပါးတို့က စောင့်ရှောက်လျက် လိုက်ပါသွား ရလေသည်။
မြို့တော်က အပင့်လာသော သုဓမ္မာ ဆရာတော်၊ မဟာဒါန်ဝန်နှင့် နောက်ပါ အခြွေအရံတို့လည်း ကုန်းကြောင်း ခြေလျင် ခရီးဖြင့် လိုက်ပါရ၍ များစွာ ကိုယ်စိတ် ဆင်းရဲခြင်း ဖြစ်ကြရသော်လည်း ဆရာတော် ဦးဗုဓ် သိမည်ကို အထူး သတိပြုကြရလေ၏။ ကြွသွားသော ခရီးစဉ်မှာ -
- ညောင်ကန်ကျောင်းက ထွက်၊ နေ့ဆွမ်း အလုံ၊ နောင်ကြီးအိုင် ရွာကျောင်း၌ ဘုဉ်းပေးသည်။
- နေ့ဆွမ်း ဘုဉ်းပေးပြီး ကြွရာ အလုံမြို့ ကျောင်း၌ နေခိုသည်။ ထိုမှ ညနေ ကြွ၍ မုံရွာမြို့ ကျောင်း၌ တစ်ညဉ့် ကျိန်းသည်။
- ထိုမှ နံနက်ဆွမ်းစားပြီး ကြွရာ ချောင်းဦး ဆယ်ရွာ၊ ရွှေတောင်ကျောင်း၌ နေ့ဆွမ်း ဘုဉ်းပေးပြီး နေခိုသည်။ ထိုမှ ညနေ ကြွရာ အာလ္လကပ္ပရွာကျောင်း၌ တစ်ညဉ့် ကျိန်းသည်။
- ထိုမှ နံနက်ဆွမ်း ဘုဉ်းပေးပြီး ကြွရာ မြင်းမူမြို့ ယာကောက်တောရကျောင်း၌ နေ့ဆွမ်း ဘုဉ်းပေးပြီး နေခိုသည်။ ထိုမှ ကြွရာ ညောင်ပင်ဝန်းရွာ ကျောင်း၌ တစ်ညဉ့် ကျိန်းသည်။
- ထိုမှ နံနက်ဆွမ်းစားပြီး ကြွရာ တရော်ရွာကျောင်း၌ နေ့ဆွမ်း ဘုဉ်းပေးပြီး နေခိုသည်။ ထိုမှ ညနေ ကြွရာ ကောင်းမှုတော်ဘုရားကြီး၌ ဘုရားဝတ်တက်ပြီး ပူဇော် ဖူးမျှော်ရန် တစ်ညဉ့် ကျိန်းသည်။
- ထိုမှ နံနက် ဆွမ်းစားပြီး ကြွရာ စစ်ကိုင်းမြို့ ငါးထပ်ကြီးတိုက်၌ နေ့ဆွမ်း ဘုဉ်းပေးပြီး ထူပါရုံ စေတီကျောင်း၌ တစ်ညဉ့် ကျိန်းသည်။
ညောင်ကန်ရွာက စစ်ကိုင်းအထိ ငါးရက် ကြွလာရသည်။ ထိုအခါ စစ်ကိုင်းမြို့ရှိ ဆရာတော် သံဃာတော်တို့ လာရောက် အရိုအသေပြု၍ ဆည်းကပ်ကြလေသည်။ လေးထပ်ကျောင်း ဆရာတော်က ဆရာတော် ကြွလာရသည်မှာ ခရီးအတော် ပန်းပေ လိမ့်မည်ဟု လျှောက်ထားရာ -
“အင်း … ထိုင်နေရတာ အတော်ကြာပြီ၊ ယခုမှ အကြောများ စန့်သွားပေ တော့သည်”
ဟု မိန့်လေသည်။ ပင့်လာသော မဟာဒါန်ဝန်၊ မြို့ဘက်သို့ ကူး၍ နန်းတော် ဝင်ရောက် သံတော်ဦးတင်ရာ မင်းတရားက နံနက်ဆွမ်းကပ်ရန် မိန့်လေသည်။ မြို့တော်ရှိ ဆရာတော် သံဃာတော်တို့ နံနက်အခါ စစ်ကိုင်းဘက်သို့ ကူး၍ ဆရာတော်ထံ ဆည်းကပ်ကြလေသည်။
သုဓမ္မာ ဆရာတော်များက ဆရာတော် ဦးဗုဓ်မြို့တော်သို့ ကြွရောက်လာခြင်းကြောင့် သာသနာတော်ကျိုး တိုးပွားမည်ကို ဝမ်းမြောက် ဝမ်းသာရှိကြောင်း၊ လျှောက်ထား ကြရာ -
“ဤမြို့ကို တပည့်တော် မရောက်မီက အရှင်ဘုရား တို့ကတော့ ဘာလုပ် နေကြသလဲ”
ဟု ဆရာတော် ဦးဗုဓ်က ပြန်မေးရာ ထပ်၍ မလျှောက်ဝံ့ဘဲ သုဓမ္မာဆရာတော်တို့ ဆိတ်ဆိတ်နေကြလေ၏။
နံနက်ဆွမ်းကပ်ပြီးသော် မြို့ဘက်-အုဋ္ဌ်ကျောင်းတော်ကြီးသို့ နေ့ဆွမ်းဘုဉ်းပေးမီ ကြွရောက်လာတော်မူပါမည့် အကြောင်း နေ့ဆွမ်းဘုဉ်းပေးပြီး ကျောင်းတင်လှူဒါန်း ရေစက်သွန်းချလိုသည့်အကြောင်း ဒါယကာ မင်းတရားက စေလွှတ်ပင့်လျှောက်သည်ကို မဟာဒါန်ဝန်က လျှောက်ထားရာ -
“အင်း … ပင့်တာတော့ ကြွမှပေါ့၊ ကိုယ်တော်တို့ မြို့သံဃာတော်များက ရှေ့က ကြွကြပါ”
ဆိုပြီး သင်္ကန်းကြီးကို ဦးခေါင်းပေါ်တင်၍ နောက်က ကြွခဲ့ရာ နန်းတော်က အမိန့်နှင့် ရွှေထီးမိုးသော အမှုထမ်းတို့က ရွှေထီးလေးလက်ဖြန့်၍ မိုးရာ ဆရာတော် ဦးဗုဓ်က -
“ဘာတွေလဲ”
ဟု မေးသော် ဆရာတော်ဘုရားကို နေမပူရန် အမိန့်တော်နှင့် ရွှေထီးမိုး ကာရပါကြောင်း လျှောက်ရာ -
“ရှုပ်ပါသကွယ် မမိုးကြပါနဲ့၊ တော်ရာသွားကြ”
ဟု အမိန့်ရှိလေသည်။
မြစ်ဆိပ်ကမ်းသို့ ရောက်သောအခါ လှေတော်နှင့် ငြိမ်ငြိမ်သက်သက် လှော်ခတ် ပင့်ဆောင်သွားကြရသည်။ မြို့ဘက်ဆိပ်ကမ်းရောက်၍ ဝေါပေါ်သို့ ကြွရန် လျှောက်ရာ -
“ငါ့ခြေထောက် ကောင်းသည်”
ဟု မိန့်ပြီး မစီးဘဲ အုတ်ကျောင်းတော်ရောက် ကြွတော်မူသည်။ ကျောင်းတော် ရောက်သောအခါ မိမိနေရာအလို့ငှာ အဆန်းတကြယ် ပြုပြင်ခြယ်လှယ်ထားသော ညောင်စောင်းပေါ်၌ မထိုင်၊ ညောင်စောင်း အောက်၌သာ ထိုင်နေတော်မူ သည်။
(၁၇) မဟာအောင်မြေဘုံစံ အုဋ္ဌ်ကျောင်းတော်ကြီး တင်လှူခန်း
ဆရာတော် ပင့်ဆောင်ပြီးလျှင် ကျောင်းတင်လှူမည့် အခမ်းအနားကြီးကို ကြီးကျယ်စွာ ပြုပြင်စီရင်လျက် မြို့တွင်း မြို့ပြင် လေးပြင်လေးဌာန တံဆိပ်ရ,မရ ဆရာတော် သံဃာတော်တို့ကို ပင့်ဖိတ်လျက် မှူးတော် မတ်တော် သားတော် သမီးတော် မင်းမိဖုရား မောင်းမမိဿံ ခြွေရံသင်းပင်း စသော ရဟန်းပရိသတ် လူပရိသတ်တို့ဖြင့် စုံညီစွာ ခင်းကျင်းလျက် မဟာအောင်မြေဘုံစံ အုတ်ကျောင်းတော် ကြီးကို တင်လှူရပါမည့်အကြောင်း၊ သီလပေး ရေစက်ချ၊ တရားချီးမြှင့်တော်မူရန် ဆရာတော် ဦးဗုဓ်အား သံတော်ဆင့်က လျှောက်ထားပြီး မင်းစသော ပရိသတ်တို့ ကန်တော့ကြလေသည်။
ကန်တော့ကြသော အဆုံး၌ ဆရာတော် ဦးဗုဓ်က ဆုမပေးဘဲ မတုန်မလှုပ် နေတော်မူလျှင် အစ်ကို ဖြစ်သော ဆရာတော် ဦးသူက ယပ်ကို ဖယ်ချပြီး“ဟောဗျ၊ ယခုကပဲ စိတ်တိုနေပြီ၊ ဘာကို အလိုမကျသလဲ မသိရ”ဟု မိန့်သောအခါ ဆရာတော် ဦးဗုဓ်က -
“ရှိခိုးဆိုတာ (ပဉ္စပတိဋ္ဌိတ)လို့ စာကတော့ ဆိုသည်”
ဟု အမိန့်ရှိလိုက်ရာ မိဖုရားက သတိရ၍ ဘုရင်မင်းတရား၏ တတောင်အောက်က ကတ္တီပါ ခေါင်းအုံးကြီးကို ဆွဲထုတ်ခါ ပြန်၍ ကန်တော့ကြရလေသည်။
သီလပေး ရေစက်ချ၊ တရားဟောပြီးသည်၏အဆုံး၌ နာခံတော်က သြဘာစာ ဆုတောင်းစာများ ဖတ်ဆိုရသည်။
ထိုနောင် မင်းတရားက ဆရာတော်ဘုရား နောင်တော်က လွှဲအပ်ထားဘိသကဲ့သို့ ဆက်လက်ကိုးကွယ်ရခြင်းကြောင့် ဒါယကာတော် အလွန်ဝမ်းမြောက်လှပါကြောင်း၊ ပစ္စည်းလေးပါး ဒါယကာဟု မှတ်တော်မူပါ၊ အရှင်ဘုရား နောင်တော်ကဲ့သို့ တပည့်တော်အား ဆုံးမတော်မူပါဟု လျှောက်ထားရာ -
“အင်း… မင်းနှင့်တူအောင်ကျင့်က ငါတို့ ဆုံးမရန် မလို၊
မင်းနှင့်တူအောင် မကျင့်က ငါနဲ့မဆိုင် အဝီစိနဲ့သာ ဆိုင်သည်”
ဟု မိန့်တော်မူလေသည်။
(၁၈) မင်းနှင့်တကွ တပြည်လုံး
ကြည်ညို ကိုးကွယ်ရခြင်း
ဆရာတော် ဦးဗုဓ်သည် ဤကဲ့သို့ပင် တိုတိုတောင်တောင်း မိန့်တော်မူတတ်ငြား သော်လည်း ဘုရားသားတော်နှင့်အညီ ဖြည့်ကျင့်ဆည်းပူးအပ်သော ဖြူစင်သော သီလဂုဏ်, မယိမ်းမယိုင် မြဲမြန်ခိုင်ခံ့တော်မူလှသော သမာဓိဂုဏ်, ဝဇိရဉာဏ်ရှင် မုံဝင်အာသောက် ပြောင်ပြီးမြောက်၍ ပေါက်သားမာတင် စွယ်စုံရှင်ဖြစ်တော်မူသော ပညာဂုဏ်, ဂတိလေးပါး မလိုက်ခြင်း တည်းဟူသော အဂတိဂမနဂုဏ် ပစ္စည်း လေးပါးတို့၌ အာကလွှတ်ထွက် တံတွေးစက်ကဲ့သို့ ငဲ့ကွက်ခြင်းမရှိ၊ အလိုနည်းခြင်း တည်းဟူသော အပ္ပိစ္ဆတာဂုဏ် အစရှိသည်တို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဖြစ်သောကြောင့် မင်းမင်းဖုရားမှစ၍ တတိုင်းတပြည်လုံး ပျားပိတုံးကဲသို့ စုရုံးပြီး ကြည်ညို ကိုးကွယ်ဆည်းကပ် ကြရလေသည်။
မင်းမင်းဖုရားတို့ကလည်း အစလသဒ္ဓါဖြင့် နေ့စဉ်မပြတ် ဆွမ်းဝတ်များကို ဆက်ကပ် လှူဒါန်းတော်မူသည်။ နေ့စဉ် နေ့စဉ် စာရေးကြီးများကို စေလွှတ်၍ ဆရာတော် ဘုဉ်းပေးသောအခါ မည်သည့်ဟင်းကို ဘုဉ်းပေးသည် ကြည့်ပြီး မင်းမိဖုရားအား တင်လျှောက်စေရသည်။ ဆရာတော် စားသောက် ဟင်းလျာကို မှတ်၍ မပြတ် ချက်စေရသည်။
မိဖုရားက နေ့စဉ် အထူးချက်စေ၍ ကပ်လှူသော်လည်း ဟင်းပွဲတစ်ဘက်၌ ရှိသော ဟင်းခွက်ကို လျှပ်လျှပ်ပေါ်ပေါ် ကျော်၍ မနှိုက်၊ မိမိဘက်မျက်မှောက် ရောက်သော ဟင်းလျာကိုသာ ကောင်းဆိုးမရွေး ဘုဉ်းပေးတော်မူသည်။ မည်သည့်အာဟာရကို ဆရာတော် ကြိုက်တတ်မှန်း မည်သူမျှ ထင်ထင်ရှားရှား မသိရချေ။
ဆိုအပ်ပြီးသော ဂုဏ်တို့နှင့် ပြည့်စုံတော်မူသော “ဤပုဂ္ဂိုလ်ထူးကြီးကို” မင်းမိဖုရား မှစ၍ တတိုင်းတနိုင်ငံလုံး ရဟန်းရှင်လူတို့ ကြည်ဖြူနှစ်သက်စွာ ကိုးကွယ်ဆည်းကပ် မြတ်နိုးခြင်း ခံရသည့်အဖြစ်ကို သိရှိကြသော ရဟန်းရှင်လူ အပေါင်းတို့သည် ထူးမြတ်သော ဂုဏ်မရှိ၊ ယုတ်မာသော ပါပိစ္ဆာဂုဏ်၊ ပစ္စည်းတပ် မက်မောခြင်း၊ အလိုကြီးခြင်း စသော မဟိစ္ဆာဂုဏ်၊ မိမိကိုယ်မိမိ ပညာရှိကြီးဟု မှတ်ထင် ပလွှား မော်ကြွားတတ်သော ပဏ္ဍိတမာနီဂုဏ် စသည်တို့နှင့်သာ ပြည့်စုံကြသော ဟန်သမား ကြီးတို့ကို တတိုင်းတနိုင်ငံလုံ ကြည်ဖြူ နှစ်သက်စွာ ကိုးကွယ်ဆည်းကပ် မြတ်နိုးခြင်း ခံရမည်ဝေးစွ၊ မိမိတို့အနီးအပါးရှိ ရပ်ရွာမြို့ပြ တစ်ခုကမျှ အလုံးစုံသော ပုဂ္ဂိုလ်တို့ မကြည်ဖြူ၊ မနှစ်သက် မကိုးကွယ် မဆည်းကပ်၊ မမြတ်နိုးနိုင်ရခြင်း အကြောင်းကို ကွင်းပြင်ကြီး အလယ်ခေါင် ဆင်ပြောင်ကြီးမားမား ရပ်နေသကဲ့သို့ ထင်ရှားစွာ သိသင့် သိထိုက်လှလေတော့သတည်း။
သာဓက ထင်ရှားစွာနှင့် မြင်သွားအောင် ပြဦးအံ့။
ဤသာသနာတော်၌ ငါတို့လက်ထက် နောက်ဆုံး ကျော်ကြားတော်မူသော မန်လည် ဆရာတော်ကြီး၊ လယ်တီဆရာတော်ဘုရားကြီးများသည် မိမိတို့ သီတင်းသုံး နေတော်မူရာ မန်လည်မြို့၊ မုံရွာမြို့ကအစပြု၍ မြန်မာတနိုင်ငံလုံး၊ သီဟိုဠ်ကျွန်း၊ လန်ဒန်နေပြည်တော်တိုင်အောင် ကျော်ကြားလျက် များစွာသော ရဟန်းရှင်လူ အပေါင်းတို့ အလေးဂရုပြုပြီး ကြည်ဖြူနှစ်သက်စွာ ကိုးကွယ် ဆည်းကပ် မြတ်နိုးခြင်း ခံကြရလေသည်။
ဓမ္မလမ်းမှန်စွာ ပြုကျင့်နေထိုင်သွားခြင်းကြောင့် မည်သူ တစ်ဦး တစ်ယောက်ကမျှ အပြစ်တင်ချက် မကြားရ၊ မတွေ့ရဖူးချေ။
(၁၉) ဆရာတော်ဦးဗုဓ်နှင့်
နောင်တော် ဦးပိုး၏ ကပ္ပိယ
ပထမအုတ်ကျောင်းဆရာတော် ဦးပိုး၏ ကပ္ပိယ ဖိုးသူတော်က အရှင်ဘုရား နောင်တော်သည် ဤနေရာ၌ ဆွမ်းဘုဉ်းပေးပါသည်။ ဤနေရာ၌ စာပို့ချပါသည်။ ဤနေရာ၌ စာကြည့်ပါသည်။ ဤနေရာ၌ စင်္ကြန် လျှောက်ပါသည်၊ ညနေ ဤကွပ်ပြစ် ပေါ်၌ လေညင်းခံပါသည်။ အချိန်နှင့် အချိန် စည်းကမ်းထား၍ သီတင်းသုံးတော် မူခြင်းသည် ဣရိယာပုထ်မျှတ၍ ရောဂါကင်းခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း၊ အသက် ရှည်ခြင်း ဖြစ်တတ်ပါသည်ဘုရားဟု လျှောက်ထးရာ -
“အင်း … ဒါဖြင့် မင့်ဆရာ ဦးပိုးတော့ ဘာဖြစ်လို့ သေသလဲ”
ဟု မိန့်လေ၏။
(၂၀) ဘုရားသာသနာနှင့်
မိဖုရား သာသနာ
ဆရာတော်ကို ကျောင်းတင်လှူပြီးနောက် ကြီးကျယ် ခမ်းနားသော ကထိန်ပွဲကြီးကို ဆင်နွဲ ကျင်းပရာ နန်းမတော် မိဖုရား မယ်နုက ပိုး, ဖဲ, ကတ္တီပါ, သာခါ, သက္ကလပ် ထူးမြတ်သော သင်္ကန်း အမျိုးမျိုးတို့နှင့်တကွ ဒါနဝတ္ထု အစုစုတို့ကို လှူဒါန်းရန် စီမံပင့်ဖိတ်၍ ဆရာတော် သံဃာတော်ကြီး အသီးအသီးတို့ ကြွရောက်တော်မူလာကြ လေသတည်း။
တိုက်တွန်းရှိ သင်္ကန်းပါးရှားသော ရဟန်းငယ်တစ်ပါးသည် ကျောင်း၌ ဝတ်ရုံနေကျ သင်္ကန်းဟောင်းကို ဝတ်ရုံလျက် သံဃာပရိသတ် အလယ်သို့ ဝင်ရောက်လာရာ ဆရာတော် ဦးဗုဓ်က ထိုရဟန်းငယ်ကို ရှေ့တော်သို့ ခေါ်၍ ဤကထိန်အလှူကို ကိုယ်တော် ခံယူပါဟု တိုက်တွန်းရာ နောင်တော် ဦးသူက မိန့်သည်မှာ -
“ကိုဗုဓ် နန်းမတော်က ကိုယ်တော့်ကို ရည်မှန်း၍ အဖိုးတန် ဝတ္ထု ပစ္စည်းတွေ လှူဒါန်းရန် စီမံခင်း ကျင်းထားသည်။ ရဟန်းငယ်ကို ကထိန် ခံစေလျှင် နန်းမတော့် စိတ်ထဲ၌ ကောင်းနိုင်ပါဦးမလား”ဟု မိန့်ရာ ဆရာတော် ဦးဗုဓ်က -
“ကိုယ်တော်တို့ ဘုရားသာသနာတော်မှာ နေသလား၊ မိနု သာသနာမှာ နေသလား”
ဟု မေးသောအခါ မည်သို့မျှ ပြန်မပြောနိုင်ဘဲ ဆိတ်ဆိတ်နေကြရကုန်၏။
(၂၁) သာသနာပိုင် တင်မြှောက်ခြင်း
ဆရာတော် ဦးဗုဓ် နေပြည်တော်သို့ ရောက်ပြီးနောက် သာသနာပိုင် မရှိ ဖြစ်နေရာ မြို့တော်ရှိ သုဓမ္မာဆရာတော်များနှင့် အနီးအဝေးရှိ ဆရာတော်တို့ သုဓမ္မာ၌ စည်းဝေးကြပြီးလျှင် ဆရာတော် ဦးဗုဓ်ကို ပင့်၍ သာသနာပိုင် အရာခံယူရန် လျှောက်ကြလေ၏။ ဆရာတော် ဦးဗုဓ်က -
“တပည့်တော် မလုပ်လိုဘူး၊ စကားပြောရမှာ ပျင်းသည်။ နေရာတိုင်း ဝန်လေး မခံလိုဘူး”
ဟု မိန့်လေ၏။ ဆရာတော် သံဃာတော်တို့ကလည်း ဆရာတော်က ငြင်းပယ်ပါလျှင် သာသနာပိုင် တင်မြှောက်ရန် ရွေးချယ်ဖို့ ခက်နေပါသည်။ ဆရာတော် ညွှန်ပြရာကို လိုက်နာကြရန် ဖြစ်ပါကြောင်း လျှောက်ထားကြရာ ဆရာတော် ဦးဗုဓ်က -
“ဟို စလင်းမြို့ 'ချစ်လောက်ကလေး' တော်လိမ့်မည် ထင်သည်”
ဟု မိန့်လေသည်။
ဦးချစ်လောက်ဟူသည် အဘိဓမ္မာဝတာရ အဋ္ဌကထာ နိဿယသစ်၊ ရာဇိန္ဒရာဇ ပုညဒီပနီ စသော ကျမ်းများကို ရေးသား စီရင်တော်မူသော စလင်းသာသနာပိုင် ဆရာတော် ဦးပညာသီဟပင်တည်း။
သုဓမ္မာ ဆရာတော်တို့ကလည်း နန်းတော်သို့ စာသွင်းရာ မင်းတရားက သွင်းစာအရ စလင်းဆရာတော်ကို ပင့်ရန် မဟာဒါန်ဝန်အား အမိန့်ပေလေ၏။ မဟာဒါန်ဝန်လည်း သုဓမ္မာဆရာတော် ငါးပါး နှင့်အတူ မဟာဒါန်စာရေးဆိုင်ရာ အမှုထမ်းတို့ကို လှေတော်နှင့် စေလွှတ် ပင့်စေသည်။ စလင်းဆရာတော် ဦးချစ်လောက် မြို့တော်သို့ ရောက်ကြောင်း ဆရာတော် ဦးဗုဓ်ထံ လျှောက်ထားရာ -
“နက်ဖြန်တော့ မောင်ချစ်လောက်ကို သုဓမ္မာသို့ တင်ရမည်”
ဟု အမိန့်ပေးလိုက်လေ၏။
အမိန့်ပေးလိုက်သည့်အတိုင်း နောက်ရက်၌ သုဓမ္မာဆရာတော်များနှင့် တံဆိပ်ရ,မရ ဆရာတော် သံဃာတော်တို့ သုဓမ္မာ၌ စုရုံးပြီး ဦးချစ်လောက်နှင့်အတူ နေကြလေ၏။ ထို့နောက် ဆရာတော် ဦးဗုဓ် သုဓမ္မာသို့ ကြွလာပြီးသော် -
“မောင်ချစ်လောက် မင့်ကို သာသနာပိုင်နေရာ ခန့်ထားရန် ငါက ပင့်စေသည်။ ပင့်သည့်အတိုင်း မြို့တော် သုဓမ္မာသို့ ရောက်ရုံမျှနှင့် သာသနာပိုင်အရာကို မတင် မြှောက်နိုင်သေး၊ အစမ်းအသပ် အစစ်အဆေး အမေး အမြန် ခံနိုင်မှသာ တင်မြှောက် ထိုက်သည်။ သို့ဖြစ်၍ -
မည်သည့် ဆရာတော်က သုတ်သုံးကျမ်းတွင် ပါရှိသော ခက်ခဲနက်နဲ ကြံစည်မရသော အချက်တို့ကို ကျေနပ်အောင် မေးတော်မူပါ။
မည်သည့် ဆရာတော်က ဝိနည်းငါးကျမ်း၌ပါသော ကြံစည်မရ အနက်အဓိပ္ပါယ် ငုပ်သော အချက်တို့ကို ကျေနပ်အောင် မေးတော်မူပါ။
မည်သည့်ဆရာတော်က အဘိဓမ္မာ ခုနစ်ကျမ်း၌ပါသော ဉာဏ်မဝင်စားနိုင်သော အဆစ်အဖုတို့ကို ပြေချောသွားအောင် မေးတော်မူပါ”
ဟု ဆရာတော် ဦးဗုဓ်က လျှောက်ရာ ရွှေမြို့တော်၌ ကျမ်းဂန်တတ်အကျော် ဆရာတော်တို့က ခက်ခဲနက်နဲသော အရာတို့ကို မေးလျှောက်ကြရာ စလင်း ဆရာတော်က သုတ္တ၊ သုတ္တာနုလောက၊ အာစရိယဝါဒ၊ အတ္တနောမတိနှင့်တကွ သုတ်သင် ရှင်းလင်း ဖြေဆိုခြင်း ပြုလိုက်ရာ ဆရာတော်တို့သည် အုတ်အုတ် ကျက်ကျက် အံ့ဩဘနန်း ဖြစ်ကြကုန်ပြီး ကျေနပ်ကြောင်း ဆရာတော် ဦးဗုဓ်ကို လျှောက်ထားရာ -
“အရှင်ဘုရားများ ကျေနပ်လျှင် အရှင်ဘုရားများ ထုံးစံရှိသည့်အတိုင်း သုဓမ္မာက ဆောင်ရွက်ကြပေတော့”
ဟု မိန့်ပြီးလျှင် ကျောင်းတော်သို့ ပြန်ကြွသွားလေသတည်း။
သုဓမ္မာဆရာတော်များနှင့် တံဆိပ်တော်ရ ဆရာတော်တို့ကလည်း စလင်းဆရာတော် ကို သာသနာပိုင် တင်မြှောက်ထိုက်ကြောင်း နန်းတော်သို့ စာသွင်းရာ မင်းတရားက သာသနာပိုင်တံဆိပ်တော်၌ ဘွဲ့ရင်း အရှင်ပညာသီဟကို မဖော်ဘဲ “မုနိန္ဒဘိဝံသ-ဓမ္မသေနာပတိမဟာဓမ္မရာဇာဓိရာဇဂုရု” ရေးထုခတ်နှိပ်လျက် မင်း မိဖုရား သားတော် သမီးတော် အခြွေအရံ မှူးတော် မတ်တော်စုံညီစွာနှင့် သုဓမ္မာသို့ ထွက်၍ လှူလိုပါကြောင်း ဆရာတော် ဦးဗုဓ်ကိုလည်း သုဓမ္မာဆရာတော်များက ပင့်ပေး တော်မူရန် လျှောက်ထားရာ သုဓမ္မာဆရာတော်တို့က မဟာဒါန်ဝန်ကို အပ်လိုက်သဖြင့် သုဓမ္မာသို့ ကြွလာတော်မူပါမည့် အကြောင်း “ဆရာတော် ဦးဗုဓ်ထံ” မဟာဒါန်ဝန် သွားရောက်လျှောက်ထားရာ “ဆရာတော် ဦးဗုဓ်”က တံဆိပ်တော် လှူဒါန်းသော ပွဲသည် ငါနှင့်မဆိုင် (မောင်ချစ်လောက်) နှင့်သာ ဆိုင်သည်ဟု မိန့်လိုက်လေ၏။
တံဆိပ်တော် အလှူခံပြီးနောက် စလင်းသာသနာပိုင် ဆရာတော်သည်။ သုဓမ္မာ ဆရာတော်များနှင့်အတူ “ဆရာတော် ဦးဗုဓ်” ထံ ရောက်လာကြရာ “ဆရာတော် ဦးဗုဓ်”က “မောင်ချစ်လောက်” မင်းနှင့် ထိုက်တန်သောကြောင့် သာသနာပိုင် အဖြစ်ကို ချီးမြှောက်၍ တံဆိပ်တော် အလှူခံရပေပြီ။ သာသနာပိုင်းနှင့် တူအောင် နေပါ။ ဘာမျှ မလုပ်နှင့် ကျမ်းဂန်အရာနှင့် စပ်လျဉ်းလာလျှင်၊ ငါ့တာဝန်ထားလေ။ သုတ္တန်သက်သက် ဝိနည်းသက်သက် အဘိဓမ္မာသက်သက် ဖြစ်ခဲ့သော် သုဓမ္မာ၌ မင့်ကို မေးခွန်းထုတ်သော ပုဂ္ဂိုလ်တို့က ဆောင်ရွက်ရန် တာဝန်ဖြစ်သည်၊ နန်းတော်- အိမ်တော်နှင့်စပ်သော အကြောင်းဖြစ်လျှင် ရှေးက ဆောင်ရွက်မြဲဖြစ်သော သုဓမ္မာ ပုဂ္ဂိုလ်တို့ တာဝန် ဖြစ်သည်။ မင်း ဘာမျှ လုပ်ကိုင်ရန်မရှိ။ ဘုရားသားတော် နှင့်အညီ နေထိုင်ပါလေဟု မိန့်တော်မူလေသည်။
(၂၂) ဆရာတော် ဦးဗုဓ် တရားဟောခြင်း
မဟာအောင်မြေဘုံစံ အုဋ္ဌ်ကျောင်းတော်ကြီး ဒါယိကာမ နန်းမတော်မယ်နုက မဟာ ကထိန်ပွဲကြီး ခင်းကျင်းလှူဒါန်းရာ တရား ချီးမြှောက်ရန် ဆရာတော် ဦးဗုဓ်ကို တိုက်တွန်း ကြသောကြောင့် ပရိတ်ရွတ်ပြီးဆုံးသောအခါ ဆရာတော်က “ဟေတု ပစ္စယော။လ။ အဝိဂတ ပစ္စယောတိ” ဟု။ ၂၄ ပစ္စည်း-ဥဒ္ဒေသမျှ ဟောတော်မူပြီး ဆိတ်ဆိတ်နေလျှင် ဘုရင်မင်းတရားက ရေစက်သွန်းချ အမျှပေးဝေရလေသည်။
ထိုအခါ ဆရာတော်ကြီးများက ဦးဗုဓ် စာတတ်သည်ဟု ကြည်ညို ပင့်ဘိတ်ပြီး ဧရာမ ကျောင်းတော်ကြီးကို လှူဒါန်း၍၊ ဧရာမ မိဖုရားကြီးက၊ ဧရာမ ကထိန်ပွဲကြီးကို ကျင်းပ လှူဒါန်းသည့်ပွဲမှာ တကဘဲဗျာ။ ရှားရှားပါးပါး ဟောလိုက်သည့် တရားက ဟေတုပစ္စယော တဲ့ဗျာဟု ပိုင်း၍ အပြစ်တင်ကြလေသော် ဆရာတော် ဦးဗုဓ်က ဧရာမ ကျောင်းတော်ကြီး လှူဒါန်းပြီး၊ ဧရာမ မိဖုရားကြီးက၊ ဧရာမ ကထိန်ပွဲကြီး ကျင်းပ လှူဒါန်းရာ၊ ဧရာမ ပဋ္ဌာန်းတရားတော်ကြီး ဟောလိုက်တာ ဘယ်သူက ဘာများ ပြောချင်ကြသေးသလဲဟု မိန့်ရာ မည်သည့် ပုဂ္ဂိုလ်မျှ ပြန်မချေပနိုင်ဘဲ ဆိတ်ဆိတ် နေကြရလေ၏။
ဓမ္မကထိက အလုပ် ခဲယဉ်းကြောင်း ဘော်ပြဦးအံ့။
သုတ္တသင်္ဂဟ ပါဠိတော်လာ၊ ဓမ္မကထိက အင်္ဂါကား၊၊
(၁) ဒါနကထာ သီလကထာ စေသော တရားတွေကို အစဉ်အတိုင်း ပြောရခြင်း၊
(၂) တရားနာ ပရိသတ်တို့အား ထင်မြင်လောက်သော တရားကို ဟောပြောရခြင်း၊
(၃) တရားနာ ပရိသတ်အပေါင်းတို့အား အစဉ်သနားခြင်းကို အစွဲပြု၍ ဟောပြောရခြင်း၊
(၄) ပစ္စည်းလာဘ်လာဘ အကျော်အစောကို ငဲ့ကွက်၍ တရားမဟောရခြင်း၊
(၅) မိမိကိုယ်ကို မချီးမြှောက်ဘဲ သူတစ်ပါးကို မကဲ့ရဲ့ မရှုတ်ချဘဲ တရားရှိတိုင်း ဖြောင့်ဖြောင့် ဟောပြောရခြင်း၊
(၆) ရှည်စွာသော သီချင်းသံနှင့် မဟောရခြင်း၊
အတ္တာနုမေဝ ပဌမံ၊
ပတိရူပေ နိဝေသယေ။
အထညမနုသာသေယျ၊
န ကိလိဿေယျ ပဏ္ဍိတော။
(ဓမ္မပဒ ပါဠိတော်-အတ္တဝဂ်။)
အတ္တာနမေဝ = မိမိကိုယ်ကိုသာလျှင်၊
ပဌမံ = သူတစ်ပါးကို မဟောမီ ရှေးဦးစွာ၊
ပတိရူပေ = သင့်လျော်လျောက်ပတ် ကောင်းမြတ်သော အကျင့်၌၊
နိဝေသယေ = သွင်းထားရာ၏။ (ဝါ) အကျင့် ပြည့်စုံအောင် ကျင့်ထားရာ၏၊
အထ-ပစ္ဆာ = ထိုနောက်မှ၊
အညံ = သူတစ်ပါးကို၊
အနုသာသေယျ = ဆုံးမဟောပြောရာ၏၊
ပဏ္ဍိတော = ကြောင်းကျိုးမြင်သိ ပညာရှိသည်၊
န ကိလိဿေယျ = မညစ်ညူး မယုတ်မာစေရာ။
ဤဘုရားဟော ဓမ္မပဒ ပါဠိတော်နှင့်အညီ ဓမ္မကထိက ပြုလုပ်သော ပုဂ္ဂိုလ်သည် သူတစ်ပါးတို့ကို မဟောမီ ရှေးအဖို့၌ မိမိကိုယ်ကို တရားတော်နှင့် ညီစွာ လျှောက်ပတ်သောအကျင့် ပြည့်စုံအောင် ကျင့်ထားအပ်၏။ မိမိကိုယ်ကျင့်တရား ပြည့်စုံပြီးသည့်နောင်မှ သူတစ်ပါးတို့ကို ဟောကြားအပ်၏။
ထိုသို့မဟုတ်မူ၍ မိမိ၌ အကျင့်တရား မပြည့်စုံဘဲနှင့် သူတစ်ပါးတို့ကိုသာ ပစ္စည်းဥစ္စာ ချွေတာရမည်၊ မည်သည့် အဝတ်ဝတ်မှ ငါတို့ ဟောမည်၊ တရားနှင့်လျော်သည်၊ မေတ္တာပို့ရမည်၊ မင်္ဂလာတရား ပွားရမည်၊ ကမ္မဋ္ဌာန်း ဘာဝနာ စီးဖြန်းရမည်၊ ဝိပဿနာအလုပ် လုပ်ရမည်၊ ပဋိပတ်အလုပ် အရေးကြီးသည်ဟု အမြို့မြို့ အရွာရွာ လှည့်လည်ပြီး ဟောပြောနေကြသော ဓမ္မကထိက ပုဂ္ဂိုလ်မျိုးကို သာသနာတော်၌ အလွန်ယုတ်မာသော မဟာအလဇ္ဇီပုဂ္ဂိုလ်ကြီး တစ်ဦးဟူ၍ အမြဲဧကန် မှတ်အပ် ကုန်၏။
(၂၃) အပ္ပိစ္ဆတာဂုဏ်နှင့် ပြည့်စုံခြင်း
ဆရာတော် ဦးဗုဓ်အား နန်းမတော် မိဖုရားကြီးက အထူးအဆန်း လှူဒါန်းဖွယ် အဖြာဖြာ ပဒေသာတွေ ငါးရာတန်, တစ်ထောင်တန် အဖန်ဖန် မပြတ် အထပ်ထပ် လှူဒါန်းတော်မူသည်။ လှူဒါန်းလာလျှင်လည်း မိမိ ကျောင်းပေါ်သို့ မတက်ရ၊ ခင်မင် သိမ်းပိုက်ခြင်း မရှိ၊ တိုက်တွင်းရှိ သံဃာများအား အလှည့်ကျ စာရင်းနှင့် မှတ်သား၍ ပေးဝေလှူဒါန်းစေသည်။ ပစ္စည်းလေးပါးတို့၌ အာမှလွှတ်ထွက် တံတွေးစက်ကဲ့သို့ ငဲ့ကွက်ခြင်း မရှီ၊ အလိုနည်းခြင်း ပစ္စယအပ္ပိစ္ဆတာဂုဏ်နှင့် ပြည့်စုံတော်မူသည်။
အပ္ပိစ္ဆတာဂုဏ်အပြားကို ပြဦးအံ့။
(၁) များများလှူလျှင် အနည်းငယ် အလှူခံခြင်း၊ နည်းနည်းလှူလျှင် နည်းသည်အောက်၊ အထူးသဖြင့်နည်းပြီး၊ အလှူခံခြင်း - အလျဉ်း အလှူမခံဘဲ နေခြင်းသည် ပစ္စယအပ္ပိစ္ဆတာ ဂုဏ်နှင့် ပြည့်စုံသည်မည်၏။ ဤဂုဏ်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည် လှူသမျှဝတ္ထု ပစ္စည်းကို အကြွင်းမဲ့ သိမ်းကျုံး၍ ယူလေ့မရှိ။
(၂) မဇ္ဈန္တိက မထေရ်ကြီးကဲ့သို့ မိမိသိမြင်အပ်သော ဥတ္တရိ မနုဿဓမ္မကို သူတပါးတို့ မသိစေရ၊ အရိပ်အမြွက်မျှ မထင်ရအောင် သိမ်းဆည်း ထားခြင်းသည်။ အဓိဂမ အပ္ပိစ္ဆတာနှင့် ပြည့်စုံသည် မည်၏။
(၃) သာကေတတိဿ မထေရ်ကြီးကဲ့သို့ ပိဋကတ် သုံးပုံ ဆောင်နေသော်လည်း မိမိအပေါ် ဗဟုဿုတ ရှိသည်၏ အဖြစ်ကို သူတပါးတို့ မသိစေရအောင် သိမ်းဆည်း ထားခြင်းသည် ပရိယတ္တိ အပ္ပိစ္ဆတာဂုဏ်နှင့် ပြည့်စုံသည် မည်၏။
(၄) ဒွေဘာသိတ နောင်တော် - မထေရ်ကြီးကဲ့သို့ မိမိဓုတင်ကျင့်မြတ် ပဋိပတ်ကို အနှစ်- ငါးဆယ်တိုင်တိုင် အတူနေသော ညီတော် ထေရ်ငယ်ကို မသိစေရအောင် လျှို့ဝှက်ထားခြင်းသည် ဓုတင်္ဂအပ္ပိစ္ဆတာ ဂုဏ်တော်နှင့်ပြည့်စုံသည်မည်၏။
ဤလေးပါးသော အပ္ပိစ္ဆတာ ဂုဏ်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်တို့သည် ဝိပဿနာ တရား အားထုပ်ခဲ့သော် မဂ်ဖိုလ် နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာတရား ပြည့်စုံနိုင်သည် ဟု ပါဠိ အဋ္ဌကထာ ဋီကာ စသည်တို့၌ လာရှိသည်။
မပြည့်စုံနိုင်ကို ဆိုဦးအံ့။ ။ပစ္စည်းလေးပါးတို့ကို အလွန်အလိုရှိပါလျှက် ပါပိစ္ဆာသဘော ရှိသည်ဖြစ်၍ ချုံကြို ချုံကြား၌နေပြီး ငါတို့က ကျောင်းကန် အရိပ်အာဝါသ ပစ္စည်း လာဘ်လာဘ အလိုမရှိဟု ပယ်မြစ်လျှက် ပစ္စယအပ္ပိစ္ဆတာ ဂုဏ်ရှိဟန်ဆောင်ပြီး ပစ္စည်းရှာမှီးခြင်း၊ ပစ္စယပဋိသေဝနကုဟနဝတ္ထု။ ။ ဈာန်မဂ်ဖိုလ်တရား ရခြင်းကို ပြကြောင်းဖြစ်သော၊ ဝိပဿနာအလုပ်၊ ကမ္မဋ္ဌာန်းအလုပ်တို့နှင့် မိမိကိုယ်ကို သီလရှိရောင် သမာဓိရှိရောင် ဟန်ဆောင်ပြီး ဥတ္တရိမနုဿဓမ္မ၏ အနီးအနားပြု၍ ပြောခြင်းဟုဆိုအပ်သော သာမန္တဇပ္ပနကုဟနဝတ္ထု။ ။ မိမိကို အရိယာဟူ၍၎င်း၊ ဈာနလာဘီပုဂ္ဂိုလ် ဟူ၍၎င်း၊ ယောဂီပုဂ္ဂိုလ်ဟူ၍၎င်း၊ သီလဝန္တပုဂ္ဂိုလ်ဟူ၍၎င်း၊ ချီးမွမ်းစေလိုသည်ဖြစ်၍ သွားခြင်း စသော ဣရိယာပုထ်တို့၌ ဈာန်သမာဓိဖြင့် ကောင်းစွာ တည်ကြည်သကဲ့သို့ သွားခြင်း စသည်ကိုပြုခြင်း၊ လူအများ မြင်ကောင်းသောအရပ်၌ ဈာန်ဝင်စားသကဲ့ မှိန်မှိန်ရှု၍ နေခြင်းဟု ဆိုအပ်သော ဣရိယာပထကုဟန ဝတ္ထုတို့ဖြင့်၊ မိမိကိုသူတပါး အထင်အမြင်ကြီးရန် အံ့ဩဘွယ်ဖြစ်အောင် ပြုလုပ်၍ ပစ္စည်းရှာမှီးခြင်း၊ ဒါယကာတို့ ကျောင်းသို့ရောက်လာလျှင် ငါတို့ကို အပင့်လာသလား၊ ကျောင်းဆောက်ရအောင် လာသလား။ ဤစရပ်က ဘယ်မြို့က ဘယ်သူဌေးကြီးက ဆောက်သည်ဟု လာဘ်လာဘနှင့် စပ်သော စကားကို ရှေးဦးစွာ ပြောခြင်းဟု ဆိုအပ်သော အာလပနာ စသော လပနဝတ္ထုဖြင့် ပစ္စည်း ရှာမှီးခြင်း၊ ဒါယကာတို့ ပစ္စည်းလှူခြင်း၌ အမှတ်သညာကို ဖြစ်စေတတ်သော ကာယဝိညတ် ဝစီဝိညတ်ကို ပြုခြင်း နိမိတ်စသော နေမိတ္တိကတာ ဝတ္ထုဖြင့် ပစ္စည်းရှာမှီးခြင်း၊ ထိုမှတစ်ပါး နိပ္ပေသိကာ၊ လာဘေန လာဘ နိဇီဂိသိတာ ဝတ္ထုတို့ဖြင့် ပစ္စည်းရှာမှီးခြင်းနည်းတို့ဖြင့် တနိုင်ငံလုံး လာဘ်လာဘတွေ ဒါယကာ ဒါယိကာမတွေ မိမိဖို့, မိမိကျောင်း, မိမိတိုက်တာ, မိမိကြီးပွားဖို့ဟု ကြံဆောင်ပြိး ပစ္စည်း ရှာမှီးကြသော မဟိစ္ဆာ ဟန်သမားတို့မှာမူကား တသက်လုံး သေအောင်ပင် ဝိပဿနာ လုပ်နေသော်လည်း မဂ်ဖိုလ်နိဗ္ဗာန်မရနိုင်ကြောင်း ပါဠိ အဋ္ဌကထာ ဋီကာတို့၌ လာချေသည်။ ကုဟနဝတ္ထု စသည်တို့၏ အကျယ်ကို (ဝါ) ဟန်သမားကြီးတို့၏ လိမ်နည်း အကျယ်ကို သိလိုက ဈာနဝိဘင်း ပါဠိတော် အဋ္ဌကထာ ဝိသုဒ္ဓိမဂ် အဋ္ဌကထာကြီးတို့၌ ကြည့်ရှုကြပါကုန်။
(၂၄) ရှေးပုဂ္ဂိုလ်ကြီးများ
ချွေတာရေး ဂရုပြုခြင်း
ဆရာတော် ဦးဗုဓ်သည် ပစ္စည်း၌ ခင်မင်ခြင်း မရှိသော်လည်း တစ်နေ့သ၌ အသက် (၁၆)နှစ်ရှိ ကျောင်းစာရေးငယ် တစ်ယောက် ယာဂုကျိုအိုးသို့ ခတ်၍ အကျန် အတန်ငယ် ရွေးကြီးမျှ လောက်သောဆားကို ပြာထဲသို့ ပစ်ချလိုက်ရာ ဆရာတော်အမှတ်မဲ့ နောက်က ကြွလာခိုက် မြင်လေလျှင် နောင်တသက်လုံး ဤကဲ့သို့ မလုပ်ရန် အလွန်ပင် သွန်သင်ဆုံးမလျက် ပြာထဲသို့ ရောက်သော ဆား၏အတွက် အကျိုးပျက်ပြားပုံကို နည်းမျိုးစုံတို့ဖြင့် အကျယ်တဝင့် ဟောပြောလေသည်။
ရှေးအခါက ရှင်ဘုရင်ပင် ဖြစ်သော်လည်း သာလွန်မင်းတရားကြီးများ ချွေတာရေး လိုက်စားကြောင်း ရာဇဝင်ကြည့်ရှုက သိနိုင်သည်။ ယခု ငါတို့ လက်ထက်၌မူကား ချွေတာရေးအမှု ဂရုမပြုကြခြင်းကြောင့် မည်သည့်အခြေအနေ ရောက်နေကြောင်း ဆင်ခြင်ကြည့်က သိနိုင်ကြသည်။
(၂၅) ဘုရင်နှင့် မိဖုရားတို့
မပြတ်ဆည်းကပ်ဖူးမျှော်ခြင်း
ဘုရာမင်းမြတ်နှင့် မိဖုရားတို့သည် ဆရာတော်ထံ မပြတ်မပြတ် လာရောက် ဖူးမျှော် ကန်တော့ကြသည်။ လာရောက်ကြသော်လည်း မည်သည့်အခါမျှ စကားမပြော၊ စာကြည့်လျက်သာ နေတော်မူ၏။ တစ်နေ့သ၌ မိဖုရားကြီးက အကြံရ၍ သမီးတော် ကလေးကို ကျောင်းတော်သို့ ရောက်သည့်အခါ လွှတ်ထားကြရမည်ဟု အထိမ်းတော် များကို အမိန့်ပေးလေသည်။ ထို့နောင် ကျောင်းတော်သို့ ရောက်သည့်အခါ သမီးတော် ကလေးကို လွှတ်ထားကြရာ သမီးတော်ကလေးသည် ငယ်ရွယ်သူဖြစ်၍ ကြောက်ရွံ့ ရမှန်း မသိ၊ သွားလိုရာ သွားပြီး ဆရာတော် အနီးအပါး ပြေးလွှား ကစားနေရာ ဆရာတော်သည် စာကြည့်နေရာက -
“ဟိုအနားက တချောက်ချောက်နှင့် ဘာသံလဲ ဟဲ့”
ဟု မေးရာ သံတော်ဆင့်များက သမီးတော်ကလေးပါဘုရားဟု လျှောက်ကြလေသော် -
“သမီးတော်ဖြင့်လဲ ကမြင်းလှချေကလား”
ဟု အမိန့်ရိသောအခါ အထိန်းတော်များက အခြားသို့ ချော့မော့ခေါ်သွားရလေ၏။
(၂၆) ဆရာတော်ဦးဗုဓ်
လူတို့၏ အလိုမလိုက်ခြင်း
တစ်ရံသောအခါ မင်းတရားက မဟာဒါန်ဝန်ကို ခေါ်၍ ငါတို့ကျောင်းတော်သို့ ထွက်တော်မူသောအခါ ကျောင်း မဟာရာမ်တံတိုင်းအတွင်က ပေါက်နေသော ဆီးပင်သည် တံတိုင်းပြင်ဘက်သို့ ကိုင်းနေသဖြင့် ငါတို့ လှည်းယာဉ်စီး၍ သွားရာ ဆီးကိုင်းနှင့် မလွတ်သောကြောင့် ဦးခေါင်းငုံ့လျှိုး၍ သွားရခြင်းသည် အနှောင့်အယှက် ဖြစ်သည်။ ထိုမလွတ်သော ဆီးကိုကို ပယ်ရန် ဆရာတော်ထံ အခွင့်တောင်းပါချေဟု ခိုင်းစေတော်မူသည်။ မဟာဒါန်ဝန် သွား၍ ဆရာတော်ကို လျှောက်ထားရာ ဆရာတော်က -
“နန်းတော်သို့ သွား၍ ငါ့ ဆီးပင်က နှောင့်ယှက်သည်မဟုတ်၊
မင်းတို့ ရှင်ဘုရင်ကသာ ငါ ဆီးပင်အောက် လာသည်။
ဆီးပင်အောက်လာသော မလွတ်သူ ဦးခေါင်းကိုသာ ဖြတ်ပယ်ရမည်။ ငါ့ ဆီးကိုင်ကို မဖြတ်ရ”
ဟု အမိန့်တော် ရှိတော်မူသည်။
မဟာဒါန်ဝန်က ပြန်၍ မင်းတရားထံ သံတော်ဦးတင်ရာ “ဆရာတော် မကြိုက်သည်ကို မလုပ်နဲ့ မောင်မင်း၊ ဆီးပင်နှင့် လွတ်အောင်သာ လှည်းယာဉ်လမ်း ဖောက်လုပ်ရန် စီမံလိုက်”ဟု အမိန့်ထုတ်ရလေသည်။ ဆရာတော်သည် ဓမ္မလမ်းကြောင်းမှန်မှန် ကျင့်သောကြောင့် ရှင်ဘုရင်ပင်ဖြစ်စေ လူတို့၏ အလိုသို့ မလိုက်၊ လူကို ဂရုမစိုက်။ အမှုမထား၊ ဘုရားတရားတော်ကိုသာ ဂရုစိုက်၍ အမှုထားတော်မူသည်။
သာသနာတော်၌ ရဟန်းကိစ္စ နှစ်ဓုရကို လမ်းမှန်စွာ မဆောင်ရွက် ဟန်သက်သက်ဖြင့် အသက်မွေးကြကုန်သော ဟန်သမားကြီးတို့သည်သာလျှင် လူတို့၏ အလိုလိုက်ခြင်း၊ ဂရုစိုက်ခြင်း၊ မျက်နှာရှိဥစ္စာရှိ၊ ဂုဏ်ရှိသော လူတို့ကိုသာ ဂရုစိုက်ခြင်း၊ မေးမြန်းခြင်း၊ တရားဟောခြင်း၊ ဂုဏ်သိမ်နည်းပါး ဥစ္စာပါးရှားသောလူတို့ကို အလေးဂရုမပြုခြင်း မမေးခြင်း၊ တရားမဟောခြင်းစသော အမှုတို့ကို ပြုကြကုန်၏။ ဤကဲ့သို့ ပြုကျင့်ခြင်း သည် ဟန်သမားကြီးတို့အပေါ်၌ အန္ဓပုထုဇဉ်တို့၏ ကြည်ညိုရာ မြတ်နိုရာ ကိုးကွယ်ရာ ဆည်းကပ်ရာ (ဆန္ဒဂတိဂမန) ဂုဏ်ကြီးတစ်ခုပေတည်း။
သည်သာမကသေး ရဟန်းတို့ ပြုလုပ်သော ဟန်အမူအရာတွေ ရဟန်း အချင်းချင်းမှ ဓာတ်သိသောကြောင့် ဟန်သမားကြီးတို့သည် မိမိတို့ထံ ရဟန်းသံဃာတော်များ ရောက်လာခဲ့သော် ဥပဇ္ဈာယ်ဆရာ ဘယ်သူလဲ၊ ဘယ်မှာနေလဲ၊ ဘယ်စာ ရသလဲ၊ ဘယ်အစာ မစားဘဲ နေနိုင်ပါ့မလား စသည်ဖြင့် စစ်ဆေး မေးမြန်းပြီး ကြာရှည်စွာ မနေစေလိုသော အမူအရာတို့ကို ပြုလုပ်လေ့ရှိတတ်ကြ၏။
(၂၇) ဝါဆို ဝါကပ် စာတမ်းထုတ်ခြင်း
ဆရာတော် ဦးဗုဓ်၏ နောင်တော်ဖြစ်သူ ဉာဏိန္ဒာဘိပဝရဓဇပဏ္ဍိတ မဟာဓမ္မရာဓိ-ရာဇဂရု တံဆိပ်တော်ရ သူရိယသိဒ္ဓန္တစသော ဗေဒင် နိဿယကျမ်းများကို စီရင်တော် မူသော ဆရာတော် ဦးသူသည် ဗေဒင်အရာ၌ တစ်ပါးသောပုဂ္ဂိုလ်တို့ထက် ထက်မြက် စူးရှ ပါမောက္ခဖြစ်သည့်အတိုင်း နန်းတော်သို့ ပင့်၍ သမားဖြူ- သမားညို ပုဏ္ဏား ပညာရှိ မြန်မာပညာရှိတို့နှင့် ညှိနှိုင်း တိုင်ပင်ပြီး ဝါဆိုဝါကပ်ကိစ္စအတွက် စာတမ်း ထုတ်ရန် ဆရာတော် ဦးဗုဓ်ထံ နန်းတော်က သံတော်ဆင့်များ စေလွှတ် လျှောက်ထားရာ -
“အင်း … ရှေးရှေးက မင်းတို့မှာ သမားဖြူ သမားညိုသာ ရှိကြသည်။ ယခု မင်း လက်ထက်၌ သမားဖြူ သမားညိုတွင်မက သမားနီပါ တိုးတက်နေပြီ ဖြစ်သော ကြောင့် ငါတို့ ရဟန်းက စွက်ဖက်ရန် မရှိ”
ဟု မိန့်လိုက်လေသည်။
(၂၈) ဆရာတော် ဦးကြီးအား မိန့်ပုံ
နောင်အခါ ပြည်ဆရာတော်ကြီး ဖြစ်လတ္တံ့သော ညောင်ကန်ရွာ၊ ဆရာတော်ကြီး ဦးကြီးကို မြို့တော်သို့ ပင့်၍ ကိုးကွယ်ရန် မင်းတရားက ဆရာတော် ဦးဗုဓ် လျှောက်ထားပြီး ပင့်ရာ ဆရာတော်ဦးကြီး ကြွလာတော်မူသောအခါ ဆရာတော် ဦးဗုဓ်ထံ ဝင်ရောက်လေ၏။ ဆရာတော်က နှုတ်မဆက်၊ စကားမပြော၊ စာကြည့်လျက်သာ နေတော်မူသည်။ နေ့ဆွမ်း ဘုဉ်းပေးသောအခါ ဆရာတော်နှစ်ပါး မျက်နှာချင်းဆိုင်ကာ ထိုင်လျက် -
“မောင်ကြီး မြို့တော်သို့ ရှင်ဘုရင်ပင့်၍ ကိုးကွယ်ခြင်းခံရသဖြင့် မင်းဆရာ ဖြစ်ပေပြီ။
ဘုရား အလိုတော်ကြိုက် လိုက်၍ ကျင့်မှ ဘုရားသား ဖြစ်မည်။
မင်း၏ အလိုကြိုက် လိုက်ပြီး ကျင့်လျှင် မင်း၏သား ဖြစ်မည်။ သတိထားနေလေ”
ဟု မိန့်ကြားလေ၏။
(၂၉) ရွှေဘိုနယ်က ကပ္ပိယကြီး
တစ်ရံရောအခါ ရွှေဘိုနယ်က အသက် (၅၀) ကျော်ရှိ ဒါယကာ တစ်ဦးသည် ကြွေးမြီ များပြား၍ ရှောင်ရှား ထွက်ပြေးလာရာ ဆရာတော် ကျောင်း၌ ကပ္ပိယလုပ်ပြီး နေ့စဉ်မပြတ် ဆည်းကပ် လုပ်ကျွေးနေရာ သုံးနှစ်ကြာသည့်တိုင်အောင် ဆရာတော်က “ဒကာ ဘယ်ကလဲ”ဟု မေးတော်မမူဖူးချေ။
တစ်နေ့သ၌ ကပ္ပိယကြီး၏ သားသမီးတို့သည် သတင်းကြား၍ လိုက်လာရာ ဖခင်ကို တွေ့သဖြင့် “ကြွေးရှင်များ ပူလှသောကြောင့် အဘကိုယ်တိုင် လိုက်၍ ရှင်းလင်းပါ” ဟု ပြောသောအခါ ဆရာတော် ထံသွား၍ “အရှင်ဘုရားကို တပည့်တော် ပြုစုလုပ်ကျွေး၍ နေသည်မှာ သုံးနှစ်ကြာရှိပါပြီ။ ယခုအခါ မနေသာ၍ နေရင်းရွာသို့ ပြန်ရပါဦးမည်ဘုရား”ဟု လျှောက်သောအခါမှ -
“ဒကာကြီး ဘယ်ရွာက ဘာကိစ္စကြောင့် လာခဲ့ရသလဲ”
ဟု မေးတော်မူသည်။ အကြွေး(၇၀၀)အတွက် ထွက်လာခဲ့ရာ ကြွေးရှင်များ ဆူပူလှ၍ သားသမီးများ လာရောက် ခေါ်သောကြောင့် အရှင်ဘုရား ခြေတော်ရင်းမှ မလွှဲသာ ထွက်ခွါလိုက်ပါ သွားရပါမည့်အကြောင်း လျှောက်ထားရာ ဆရာတော်က စာရေး၍ မိဖုရားထံ စေလွှတ်လိုက်သည်။ မိဖုရားက ငွေ(၇၀၀) ပေးလိုက်၍ ရကြောင်း လျှောက်ထားရာ -
“သင် ကြွေးမြီများ သွား၍ ဆပ်ပေးလေ”
ဟု မိန့်တော်မူသည်။ ငွေ (၇၀၀)ကို သားသမီးများအားပေးလိုက်၍ ကပ္ပိယကြီး မလိုက်ဘဲ တသက်လုံးပင် ဆရာတော်အား လုပ်ကျွေး၍ နေလေသတည်း။ ဆရာတော်သည် ဤကပ္ပိယကြီး လျှောက်ထားသော စကားများ အလေးဂရုပြုသတဲ့။
(၃၀) မယ်တော်ကြီး လိုက်လာကြောင်း
ညောင်ကန်ရွာမှ ဆရာတော်၏ မယ်တော်ကြီး လိုက်လာရာ အုဋ္ဌ်ကျောင်းတော်သို့ ရောက်၍ ဆရာတော် စာကြည့်နေခိုက် ဦးချရာ နှုတ်မဆက်သောကြောင့် မယ်တော်ကြီးက ဝမ်းနည်း၍ မျက်ရည်ကျလေ၏။ စာကြည့်ပြီး နေ့ဆွမ်းကပ်ခါနီးမှ မယ်တော်ကြီးကို -
“ခင်ဗျား ဘာပြုလို့ လာပြီး ငိုနေရသလဲ”
ဟု မေးရာ မယ်တော်ကြီးက ရောက်တာကြာပြီ၊ မကြည့်ဘဲနေလို့ ငိုနေရသည်ဟု လျှောက်ထားရာ ဆင်းရဲပင်ပန်းနေ၍ လိုက်လာရသည်ဟု လျှောက်ထားရာ -
“ဆင်းရဲတာနှင့် ငါနှင့်မဆိုင်။
ခင်ဗျား ရှေးဘဝက ဒါနကုသိုလ်နည်းပါးခဲ့ခြင်းကြောင့် ယခုလို ဆင်းရဲရခြင်း ဖြစ်သည်။
ဒါနကုသိုလ်များပြုရမည်။
ခင်ဗျား ယခု ခြုံလာသော တဘက်အနွမ်းကလေး ငါ့ကို လှူပြီး ဆုတောင်းရမည်”
ဟု မိန့်သောအခါ ပါလာသော တဘက်အနွမ်းကလေး မယ်တော်ကြီးက လှူရလေ၏။
“ဟဲ့ ကပ္ပိယ၊ ဤသူဟာ ငါ့ဒကာမကြီး ဖြစ်သည်၊ သင့်လျော်ရာခေါ်၍ ထားလိုက်ပါ”
ဟု မိန့်လေ၏။ ကပ္ပိယက ခေါ်၍ ကောင်းစွာထားပြီးလျှင် နန်းတော်သို့ သတင်း ပို့လေ၏။ မင်းတရားကြီး သိတော်မူသောအခါ မိဖုရားကြီးရောက်လာသတဲ့။ ဆရာတော် စိတ်ချမ်းသာအောင် ဂရုပြု၍ စောင့်ရှောက်ကြပါဟု အမိန့်ပေးလေသည်။ နန်းမတော် မိဖုရားကြီးက နန်းတော်သို့ ခေါ်စေပြီး အဝတ်အထည် စုံလင်စွာနှင့် ငွေ ငါးပိဿာ ချီးမြှင့်ပြီးလျှင် မဟာဒါန်ဝန်စာရေးများနှင့် ကျောင်းတော်သို့ ပို့စေသည်။ ဆရာတော်က -
“ဘယ်သူ့ဥစ္စာတွေလဲ”
ဟု မေးရာ မယ်တော်ကြီးက မိဖုရားကြိးတို့က ချီးမြှင့်လိုက်ကြောင်း လျှောက်သောအခါ -
“အင်း …ခင်ဗျား တဘက်ကလေး လှူသည့်အတွက် ဒိဋ္ဌိဓမ္မ အကျိုးပေးသည် မှတ်ထား။ ဤဝတ္ထုပစ္စည်းတွေ ခင်ဗျား တသက် ချမ်းချမ်းသာသာ သုံးစွဲ စားသောက်ပြီး ကုသိုလ်ကောင်းမှုများကို အားထုတ်နေပေတော့။
နောက်ကိုလည်း မလာခဲ့နဲ့။
ကိုင်း … သွားပေတော့။
စာကြည့်ပျက်သည်”
ဟု အမိန့်ရှိလိုက်လေသည်။
(၃၁) အဂတိဂမနဂုဏ်နှင့် ပြည့်စုံတော်မူခြင်း
ဖလ်နန်းရှင် မင်းတရားသည် ညီတော် ကုန်းဘောင်မင်းအား အိမ်ရှေ့အရာထား၍ ချီးမြှောက်ရာ နန်းမတော် မယ်နုကလည်း ဖလန်ကုံရွာနေ မောင်အိုငယ်ကို ချီးမြှောက်၍ ထားလေသည်။ နန်းမတော်ကို အခွင့်အရေး ပေးလွန်းသဖြင့် မောင်အိုငယ်တို့ ထကြွထောင်လွှားသည်ကို မြင်လျှင် ညီတော် ကုန်းဘောင်မင်းက နောင်တော်အား အထပ်ထပ် သတိပေးစကား လျှောက်ကြားလေသော် နောင်တော် ကလည်း - “ညီတော် - ကြက်မှာ အမြစ်၊ လူမှာ အချစ်ဟူသောစကား ကြားဖူးပါလိမ့်မည်”ဟု မိန့်တော်မူရာ ညီတော်မှာ ဆိတ်ဆိတ်နေရလေ၏။
နောင်မကြာမီ ကုန်းဘောင်မင်းနှင့် နန်းမတော် မယ်နုတို့ မသင့်မတင့် ဖြစ်ကြ၍ နောင်တော်က ညီတော်အား အမျက်ရှလေလျှင် ညီတော်မှာ အသက်ကိုပင် စိုးရိမ်ရသဖြင့် ဆရာတော် ဦးဗုဓ် တစ်ပါးသာလျှင် ငါ၏အသက်ကို ကယ်ဆယ်နိုင် တော့မည်ဟု ရည်ရွယ်အားထား၍ သွားရောက် လျှောက်ထားရာ ဆရာတော်က -
“လူမှုနှင့်ငါတို့ ဘာမျှ မဆိုင်၍ မတတ်နိုင်”
ဟု မိန့်တော်မူသည်။ ထိုအခါ ရသမျှလူကိုစုလျက် ရွှေဘိုသို့ ထွက်တော်မူရလေသည်။ ရွှေဘို အောင်မြေသို့ ရောက်၍ အလုံးအရင်းများစွာနှင့် ချီတော်မူလာပြီး စစ်ကိုင်းသို့ ရောက်လျှင် နောင်တော်ထံစေလွှတ်၍ နောင်တော် အသက်ကို ချမ်းသာလိုလျှင် မိနုနှင့် ငအိုငယ်တို့ကို ယခုပေးလိုက်ရမည်ဟု တောင်းဆိုလေသည်။
နောင်တော်ကလည်း အတ္တသမံ ပေမံ နတ္ထိ- ပါဌ်အရှိကြောင့် တောင်းဆိုသည့်အတိုင်း ပေးလိုက်ရ၍ စစ်ကိုင်းသို့ ရောက်သောအခါ အကျယ်ချုပ်နှင့်ထားရာ များစွာသော ဆရာတော် သံဃာတော်တို့ ကြွရောက်၍ အသက်ကို အလှူခံကြလေသည်။ ကုန်းဘောင်မင်းကလည်း ဆရာတော် ဦးဗုဓ်ကိုယ်တိုင် နှုတ်ယူ အလှူခံလာလျှင် ချမ်းသာပေးမည်ဟု လျှောက်ထားလေသည်။ ထိုအခါ ဆရာတော် ဦးဗုဓ်ထံသွား၍ လျှောက်ထားကြပြန်ရာ ဆရာတော် ဦးဗုဓ်က -
“လူမှုနှင့် ငါတို့ ဘာမျှ မဆိုင်၍ မတတ်နိုင်”
ဟု မိန့်တော်မူလိုက်သည်။ ဤစကားမျိုးကို ဆရာတော် ဦးဗုဓ်သာ မိန့်ဖူးသည်မဟုတ်၊ သာလွန်မင်းတရားကြီး ရှင်တရုပ် လုပ်ကြံစဉ်အခါက လေးထပ် ဆရာတော် ဘုရားကြီးလည်း မိန့်ဖူးကြောင်း သီလဝိသောဓနီကျမ်း၌ ပါရှိသည်။ ကြည့်ရှုကြလေ။ ထိုကျမ်းကြည့်ရှုပါက များစွာသော ပုဂ္ဂိုလ်ထူးကြီးတို့၏ ကျင့်နည်းကြံနည်းတွေကို သိရှိရ၍ ထိုပုဂ္ဂိုလ်ထူးကြီးတို့၏ ဂုဏ်ကို အာရုံပြုပြီး ကြည်ညိုသော ကုသိုလ် စိတ္တုပ္ပါဒ်တွေ ဖြစ်ပွားစေနိုင်သည်။ ပညာကင်းပ ဉာဏ်ကန်းစွကြောင့် အန္ဓအလေ့ မြင့်သရွေ့ကို လွေ့လွေ့ကြူးကြူး ပုဂ္ဂိုလ်ထူးချည်း ထင်မှတ်နေပါက ဒေဝဒတ်ကို ဆည်းကပ်မိသော အဇာတသတ်ကဲ့သို့ မဟာအဝီစိငရဲ ရောက်ရတတ်သည်။
မှတ်ရန်
ကုန်းဘောင်မင်း၏ စိတ်၌ ငါ သွားရောက်လျှောက်ထားစဉ်က “လူမှုနှင့် ငါတို့ ဘာမျှ မဆိုင်မတတ်နိုင်”ဟု မိန့်ဆိုဖူးသော ဆရာတော်သည် ယခု သူ့ကျောင်းအမ မိနုနှင့် ငအိုငယ်တို့ကို ရွေးနုတ်လာခဲ့လျှင် ဆရာတော်ပါ သတ်ပစ်မည်ဟု ကြံစည်ထားရာ အောက်ပါနည်းအတိုင်းပင် ပယ်တော်မူလိုက်သဖြင့် ဆရာတော်ကို လွန်စွာ ကြည်ညို လှ၍ နန်းတက်စိုးစံတော်မူသောအခါ မတုန်မလှုပ်သော အစလသဒ္ဓါဖြင့် ပူဇော်ချီးမြှင့် ကာ ကိုးကွယ်တော်မူလေသည်။
(၃၂) နန်းမတော်မယ်နု ဆရာတော်ဦးဗုဓ်အား နောက်ဆုံးဖူးမျှော်ရခြင်း
ကုန်းဘောင်မင်းသည် ရတနာပူရမြို့ နောင်တော်၏ အရိပ်အရာကို ခံယူသိမ်းပိုက်ပြီး နောက် မယ်နုကို ရာဇဝတ်ပြစ်ဒဏ်နှင့် ကွပ်မျက်စေရန် အာဏာသားတို့ လက်သို့ လွှဲအပ်လိုက်လေသတည်း။ အာဏာသားတို့လက် ရောက်သောအခါ မယ်နုက “ငါ နိမ့်ရာမှ မြင့်မြတ်သော ဘဝကို ရ၍ ခံဝံ့ခဲ့ရလေပြီ။ သေရမည်ကို ငါမကြောက်၊ သို့သော် ငါကိုးကွယ်သော အုဋ္ဌ်ကျောင်း ဆရာတော်ကို နောက်ဆုံး ဖူးမျှော် ကန်တော့ လိုသည်။ ငါသွားရောက်နိုင်ရန် အခွင့်ပေးနိုင်ကြပါမလားဟု မေးရာ မြို့ဝန် အာဏာသားတို့ကလည်း ရှေးအခါက ကျေးဇူးတော်ကို ထောက်၍ “နန်းမတော် အလိုရှိသည့်အတိုင်းပါပဲ”ဟု လျှောက်ကြပြီးလျှင် အုတ်ကျောင်းတော်ကြီးသို့ ပို့ကြလေ၏။
ကျောင်းတော်သို့ ရောက်၍ ဆရာတော် စာကြည့်နေရာတွင် ဦးချကာ “တပည့်တော်မ သည် ကုန်းဘောင်တို့ဘုန်း ဖုံးအုပ်လာ၍ သူ၏ကွပ်မျက်ခြင်း ခံရပါတော့မည်၊ ဤနေ့ကား ဆရာတော်ဘုရားကို နောက်ဆုံး ဖူးမျှော်ကန်တော့ရခြင်း ဖြစ်ပါကြောင်း ပါဘုရား”ဟု လျှောက်ရာ စာကြည့်ရာမှ -
“မိနု သူ့ကြွေးရှိလျှင် ဆပ်ရလိမ့်မည်”
ဟု မိန့်တော်မူလိုက်လေ၏။ မယ်နုလည်း ဦးချပြီ ကျောင်းပေါ်မှ ဆင်းခဲ့၍ “တော်ပြီ၊ ငါသေပျော်သည်၊ ငါသေဝံ့သည်၊ ဆရာတော်ဘုရားကို ငါကိုးကွယ်လာရာ ဘယ်အခါမှ စကားပြောခြင်း တရားဟောခြင်း မပြု၊ ဤနေ့မှ တရားဟောလိုက်သည်မှာ သူ့ကြွေး ရှိလျှင် ဆပ်ရမတဲ့ ဟဲ့၊ တော်ပြီ၊ သေလမ်းဖြောင့်အောင် ငါ့ကို ဆရာတော်က သေစရိတ် ပေးလိုက်သည်၊ ကိုင်း မင်းတို့ ရှင်ဘုရင်အမိန့်အတိုင်း စီရင်ကြပေတော့”ဟု ပြောလေ၏။
(၃၃) အမရပူရမြို့ ပြောင်းခြင်း
ကုန်းဘောင်မင်းတရားသည် ကောဇာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်တွင် ရတနာပူရမြို့မှ ဘိုးတော်မင်းတရား တည်ထောင်ခဲ့သော အမရပူရမြို့သို့ ပြောင်းရွှေ့စံတော်မူရာ အမရပူရမြို့ မြောက် မဟာမုနိ ရုပ်ရှင်တော် အရှေ့ ဘွားတော် မိဖုရားကြီး ဆောက်လုပ် လှူဒါန်းခဲ့သော မင်္ဂလာဘုံကျော်တိုက်တွင် ကုန်းဘောင်မင်း၏ နန်းမတော် မိဖုရားကြီးက ဝါဆိုကျောင်း ဆောက်လုပ်၍ ရတနာပူရမြို့ မဟာအောင်မြေဘုံစံ အုတ်ကျောင်း ဆရာတော် ဦးဗုဓ်ကို ပင့်ပြီးလျှင် တင်လှူ ကိုးကွယ်တော်မူသည်။ ထိုအခါမှစ၍ ညောင်ကန်ဆရာတော် ဦးဗုဓ် သီတင်းသုံးတော်မူ သည်ကို အစွဲပြု၍ ညောင်ကန်တိုက်ဟု တွင်သည်။
(၃၄) ပညာဝီမံသန အခန်း
သူရိယာဘိဝံသ သိရီပဝရဓမ္မသေနာပတိ မဟာဓမ္မရာဇာဓိရာဇဂုရု ရေးထုခတ်နှိပ် တံဆိပ်တော်ခံ သံဃရာဇာ ဖြစ်တော်မူသော ပခန်းကြီးမြို့ စီရင်စု၊ သဲအင်းရွာလျှင် ဖွားမြင်ရာ ဇာတိရှိသော သဲအင်း သာသနာပိုင် ဆရာတော်ဘုရားကြီးသည် အဟော ဝတ စည်ခဲ့သော မဆွလက်မွန် ဂုဏဝန် ပညဝါ မဟာမောဂ္ဂလိပုတ္တတိဿ ထေရိန္ဒကဲ့သို့ ဓမ္မဖြောင့်ဘိ ဂတိမစောင်း လမ်းကြောင်းတည့်မတ် ဓားကောင်းဖြတ်သို့ သုံးရပ်သော သာသနာတော်မြတ်ကို တည်းကွပ်စိုးအုပ်စဉ် မဟာဧကရာဇ် နေကဖြစ်သည့် ဒေဝစ်မူးမူး ရွေးများမှူးသည် ကျေးဇူးတော်ရှင် သာသနာပိုင် ဆရာတော်ဘုရားကြီးအား ညွတ်တွားဆယ်တန် ရှိဦးပန်လျက် ညောင်ကန်အကျော် ဆရာတော် ဦးဗုဓ်သည် လောကီလောကုတ် စုဒ်စောဝိဂြိုဟ် ကောက်နှုယ်ကျိုလျက် ထိုထို ဆစ်ပိုင်း မြင်းကောင်းစိုင်းသို့ ဓိမိုင်းဓိပတိ တမ္ပဒိဝယ် ကိတ္တိသဒ္ဒ ထုတိဃောသ ရုစိပည ချီးပသောအသံ နိုင်ငံမဆံ့ ကြားတိုင်းအံ့လျက် ပျံ့နှံ့ကျော်ကြားသည်ဖြစ်၍ အကျော်နှင့် အညှော် လျော်သည် မလျော်သည် အတည်တကျ သိပါရအောင် စမ်းသပ်လည်ဆယ် အသွယ်သွယ် အဝဝ မူလဇာတိ အနဂ္ဃိကို နှိုင်းညှိစုံ ထောက်တော်မူပါမည့်အကြောင်း လျှောက်ထားတောင်းပန်လေသည်။
ထိုအခါ ဆရာတော် ဘုရား၏ ကျော်ကြားရခြင်းမှာ ဓမ္မလမ်းမှန်သော ကျော်ကြားခြင်း ဖြစ်လေသည်။ ယခုအခါကဲ့သို့ သတင်းစာတိုက် စသည်တို့ မရှိသေးဘဲ ကျော်ကြားသင့် ကျော်ကြားထိုက်သော ဂုဏ်ထူးတွေ ရှိခြင်းကြောင့် တစ်ဦးစကား တစ်ဦးနားဆိုသလို တစ်ဦးနှင့်တစ်ဦး နားမဆံ့အောင် ချီးမွမ်းထောမနာကြသည့် အတွက် ဂရက်ကျော်ကြား ပြည်တလွှားမှာ ထင်ရှားခဲ့လေသည်။
ယခုအခါ ကျော်ကြားခြင်းမှာ ဓမ္မလမ်းမှန်သည်လည်း ရှိမည်။ ဓမ္မလမ်း မမှန်သည် လည်း ရှိမည်။ အဘယ့် ကြောင့်ဆိုသော် သတင်းစာတိုက်, ကြေးနန်းရုံး ဝါယာလက်, မော်တော်ကား, မီးရထား, မီးသင်္ဘော, လေယာဉ်ပျံ, ဘိုင်စကုတ်ရုပ်ရှင်, ဓာတ်ပုံဆရာ, သတင်းထောက်စသည်တို့ ရှိနေခြင်းကြောင့် ကျော်ကြားလိုသူတို့၏ ပယောဂ အကူ အစွက် ကောင်းခဲ့ပါမူ တစ်နေ့တစ်ရက်နှင့် ကမ္ဘာတဝှမ်းလုံး ကျော်ကြားစေနိုင်သည်။ ထို့ကြောင့် ယခုအခါ ကျော်ကြားတိုင်းသည် ဓမ္မလမ်းမှန်ကျလိမ့်မည် မဟုတ်ချေ။
ကျော်ကြားခြင်းသည် ပဓာန မဟုတ်၊ ဓမ္မလမ်းမှန်စွာ လုပ်၍ ကျော်ကြားရခြင်းသည် ကောင်းသော ကျော်ကြားခြင်းပေတည်း။ အကယ်၍ ကျော်ကြားခြင်းမျှကိုသာ ပဓာန ထားခဲ့သော် ကဿပဘုရား သာသနာတော်က ကပိလရဟန်းကြီး၊ ငါတို့ ဘုရား လက်ထက်က ဒေဝဒတ်ကြီးတို့ ယခုတိုင် ကျော်ကြားလျက် အဝီစိငရဲ၌ ရှိလေသည်။
မှူးမတ်အပေါင်းတို့က လျှောက်ထားတောင်းပန်သောအခါ သာသနာပိုင် ဆရာတော် ဘုရားကြီးသည် ရင်းနှီးသမ္ဘာ ကရုဏာအင် စည်ပင်သန်ထွား လေရကား ထံပါး ကပ်ဆည်း လက်နီးရင်းချာ ဓမ္မန္တေဝါသိက အစစ်ဖြစ်သော ဘုံကျော်ဆရာတော် သာသနာပိုင် ဦးဉေယျစသော များစွာသော တပည့်ကြီးငယ်တို့နှင့်တကွ သာသနာပိုင် ဆရာတော်ကြီး ကိုယ်တိုင် သုံးဆိုင်လုံးနတ် မုခပါဌ်ကို ပတ်ပတ်မွှေနှောက် အောက်ထက် ပြန်လှန် ဖန်ဖန်ခါခါ ခက်ရာခက်ဆစ် ဖွေစိစစ်လျက် အနှစ်သေတ္ထု အဆစ်အဖု စေငုသိပ်သည်း နည်းအသွယ်သွယ်တို့ဝယ် နက်ကျယ်ကွယ်ထောင့် မဖြောင့်ဝါကျ နေတ္တိဟာရ နည်းနယဝိတ္ထာ စသဒ္ဒါ ပိသဒ္ဒါ ကွစိသဒ္ဒါ ဝါသဒ္ဒါ နဝါသဒ္ဒါတို့နှင့်တကွ ဒုဂ္ဂဟိတ ဝိပရိတ မကျမန မရဖွေနည် ကွေ့လည်ထွေးရှုတ် ပါဌ် ခလုတ်တို့ကို ကုတ်ကုတ်ကတ်ကတ် တစ်လကျော်နှစ်လခန့် ကြည့်ရှုစုဆောင်းပြီး ဓမ္မသဘင်ပွဲကြီးယင်ရာ ဆရာတော် ဦးဗုဓ်ကို ပင့်ဖိတ်လတ်သော် ဆရာတော် ဦးဗုဓ်လည်း ညောင်ကန်ဆရာတော် ဦးဒီပ, ကျည်းကန် ဆရာတော် ဦးယုဂန္ဓရ, တိုက်ကြပ် ဦးဉာဏဝံသ ပစ္ဆာသမဏ တပည့်ရဟန်းတော် သုံးပါးနှင့်တကွ ဂဇာဆင်မင်း ဆဒ္ဒန်နင်းသို့ ဖြည်းညင်းမွေ့သိမ့် မေ့တိမ်မရှိ ဣန္ဒြိယသံဝရ ချအပ်သောမျက်လွှာဖြင့် ကြွလာတော်မူရာ သာသနာပိုင် ဆရာတော်ဘုရားကြီးလည်း တာရာများလယ် လမင်းကယ်သို့ တင့်တယ်သောအသရေဖြင့် ထေရာသန မဟာရဟ ဖလ်တိုင်ညောင်စောင်းဝယ် သပ္ပါယ်ရွှေကိုယ် တောင်မြင်းမိုရ်သို့ မယိုမယိုင် ကြံ့ခိုင်သော သမာဓိန္ဒြေဖြင့် ချွေရွှေများဖြင့် သင်္ဃာမထေရ် ဝန်းလည်ပတ်ခြံ ကျူနှယ် ရံလျက် စံနေတော်မူရာ ခမနီယ ယာပနီယ အာလပ သလ္လပ သာရဏီယကထာ ဝမ်းသာရွှင်မော ပြောဟောတော်မူကြပြီးလျှင် သာသနာပိုင် ဆရာတော်ကြီးက တာဝတိံသာ နတ်ပြည်ဝယ် မွှေးကြွယ်သော ပင်လယ်ကသစ်ပန်း၏ ရနံ့သည် ယူဇနာတစ်ရာတိုင်တိုင် လှိုင်ပျံ့သကဲ့သို့ ညောင်ကန် ဆရာတော် ဦးဗုဓ်၏ ဂုတ္တဒွါရ သီလပညာ သမာဓိက္ခန် ဂန္ထန္တရ နည်းလေးဝ၌ စ န သေသပ် ကြေးသေခတ်သို့ ပတ်ယတ်စုံလင် မာတင်ဂဇိန် ဉာဏိန္ဒြေ သပြေထုတ်ချင်း သတင်းဂုဏ်နှံ့ ပျံ့ပျံ့လှိုင်စည် ကျော်စောသည်ဖြစ်၍ ယုံမှားသင်္ကာ ဝိစိကိစ္ဆာ တွေဝေသော အရာတို့၌ စောကြောဆွေးနွေး မေးမြန်းလျှောက်ထားပါရစေဟု မေးခွင့်အရေး ပေးပါမည့် အကြောင်း တောင်းပန်လျှောက်ထားရာ ထိုအခါ ဆရာတော် ဦးဗုဓ်က -
“ဒေသနာတော်ဟူသည် နယသာဂရ ဉာဏသာဂရ ဒုက္ခောဂါဠှ အနစ္ဆရိယ အနန္တဂေါစရ သဗ္ဗညုတ ဉာဏ်တော်၏ ကျက်စားရာအာရုံဖြစ်၍ မောဟဂတိ မရှိချီချန် ဉာဏ်သက်၍ ထောက်မှီသမျှ ကြားလျှောက်ပါမည်”
ဟု ဝန်ခံတော်မူပြီးနောက် လက်ထောက်လက်သီး တပည့်ကြီးတို့ အပြီးအခိုင် ဆိုင်ရာ ဆိုင်ရာ နာနာနယ နိပုဏဂမ္ဘီ အဆီသတ္တု ညှစ်ခါစုလျက် အနုအကြမ်း အခန်းအစုံ အာဂုံအာဂါ ယုတ္တာယုတ္တိ နှိုင်းညှိ ဆွေးနွေးရာ ဆရာတော် ဦးဗုဓ်က သုတ္တ, သုတ္တာနုလောမ, အာစရိယဝါဒ, အတ္တနောမတိ, ပါဠိ, အဋ္ဌကထာ, ဋီကာ, အနု, မဓု, လက်သန်း, ဂဏ္ဌိ, ယောဇနာ, သဒ္ဒါနည်း, ဆန်းနည်း, အလင်္ကာနည်း, နေတ္တိနည်းတို့၌ တံစဉ်းဖြင့် ဖြတ်သကဲ့သို့ တသမတ်တည်း နည်းအဝဝ စနမကျန် ကျမ်းဂန်အလာ ဂါထာ, စုဏ္ဏိယနှင့်တကွ သုတ်သင် ရှင်းလင်း မြင်းကောင်းနင်းသို့ မကြွင်းမကျန် ပင်ထွက်ဉာဏ်ဖြင့် ဝေဖန်ခင်းကျင်း တျင်းတျင်းကုန်စင် ပုံယင်တူးဖြို မငြိုမငြင် သန့်စင်စေတော်မူရာ သာသနာပိုင် ဆရာတော်ဘုရားကြီးကလည်း လည်းလျောင်း တော်မူရာ ဖလ်တိုင်ညောင်စောင်းထက်မှ ဆင်းသက်တော်မူပြီးလျှင် ကိုယ်တိုင်တော် စမ်းသပ်စုံထောက် ထက်နှင့် အောက်ကို မွှေနှောက်ဖွေရှာ ပဏ္ဍိတပညာဖြင့် သေချစစ်ဆေး ဆွေးနွေး စောကြောတော်မူရာ ရှေးနည်းသာလျှင် မတွန့်မထိတ် ကျိတ်လိပ်မြဲသေ ကေသရာပျံ ထွက်သံသို့ မကျန်မကြွင် စင်တလင်းသာ ဖြည်းညင်ပမာ သာယာနာဖွယ် သွယ်သွယ်ကျစ်လစ် ဝိသဇ်လေရာ သာဓုကာရံ အောင်သံရိုက်ဟီး ကောင်းချီး နုမော် သံတော်မြွက်ဟ ချီးပအံ့ဩ အဟော ဝတ ထောမနာကာရ ပြုပြီးလတ်သော် - “အကျော်ကား နည်းအညှော် သည်းပေသည်” ဟု မိန့်ဆိုတော်မူပြီးလျှင် ဉာဏ်ပူဇော်ရန်အလို့ငှာ သီးမျိုးစုံပဒေသာ သုံးပိဿာတန်ကို ပြုလုပ်ပြီး “စက္ကိန္ဒာဘိဓဇမဟာဓမ္မရာဇဂုရု”ဟူသော ပထမတံဆိပ်တော်မှသည် “စက္ကိန္ဒာဘိ သိရီသဒ္ဓမ္မဓဇ မဟာဓမ္မ ရာဇာဓိရာဇဂုရု” ဟူသော လွတ်ထုခတ်နှိပ် တံဆိပ်နာမံ တစ်ဖန်နောက်ထပ် ကပ်လှူပူဇော်တော်မူသည်။
ယာလက်ရုံးက မျက်လုံးသဖွယ် တစ်သွယ်ပခုံး အသုံးတောင်ဝှေး အရေးချေငံ ရှင်အာနန်သို့ ဉာဏ်နှစ် ဂမ္ဘီ သားမင်းဆီကို သိင်္ဂီဖလား ပညာနားဖြင့် ကြားနာမှတ်ယူ အလေးမူသော ညီတော်တပည့်အစစ် တစ်ခေါ်စလောက် လက်ထောက်ဖြစ်သူ ညောင်ကန်ဆရာတော် ငယ်ကိုလည်း ဒီပါလင်္ကာရဓဇ မဟာဓမ္မရာဇဂုရုဟူသော ပထမတံဆိပ်မှသည် ရေးထုခပ်နှိပ် မင်းပေးလိပ်ဖြင့် တံဆိပ်နာမံ တစ်ဖန်နာက်ထပ် ကပ်လှူပူဇော်တော်မူသည်။
ရှေးအခါ ပညာရှိပုဂ္ဂိုလ်ကျော်ကြီးတို့မှာ ပညာရဲရင့် ပွဲလယ်တင့်ဆိုသော စကားနှင့် အညီ ပရိသတ်အလယ်၌ ရဲရဲရင့်ရင့် အမေးအစမ်း ခံဝံ့ပေသည်။ ယခုအခါ အချို့ ပုဂ္ဂိုလ်ကျော်ကြီးတို့သည် မိမိတို့သန္တာန်၌ ပရိယတ္တိဉာဏ်မရှိ၊ ဟန်မျှသာ ရှိနေခြင်း ကြောင့် ပရိသတ်အလယ် အမေးအစမ်းခံဝံ့မည်ကို ဝေးစွ၊ သူတစ်ပါးတို့ ငါ့ကို မေးမှာလား၊ စမ်းမှာလား စသည်ဖြင့် တထိတ်ထိတ် တုန်တုန်လှုပ်လှုပ် ဖြစ်နေ ရခြင်းကြောင့် ပညာရှိ ပရိသတ်အလယ် မဝင်ဝံ့ချေ။ ဝိဝေက အလိုရှိသည့်အနေနှင့် ဟန်ဆောင်ပြီးလျှင် တော်ရာ ချောင်ခိုကပ်၍ အသပ္ပါယ အရပ်၌သာ လှည့်ပတ် သွားလာ နေတတ်ကြသည်။
(၃၅) ဓမ္မစကြာပြန် သာမဏေငယ်ကို ချီးမြှောက်ခြင်း
ဂူကြီးတိုက်က သာမဏေငယ်တစ်ပါးလာ၍ ဆရာတော် ဦးဗုဓ်ကို ဦးချပြီး စောင့်နေရာ ဆရာတော် စာကြည့်ပြီးသောအခါ သာမဏေငယ်က - “ဆရာတော် ဆရာတော်နဲ့ အတော်ကျော်လွန်းလို့ ခြေတော်ရင်း လာပါ၊ အာဂန္တုကဝတ် မကျေသည်ကို မြင်ရ၍ အနေရခက်လေသည်”ဟု လျှောက်ရာ ဆရာတော်က -
“အင်း … ဟုတ်ပါပေ့ … ဟုတ်ပါပေ့၊ ကိုင်း … ကိုင်း၊ သည်ဖျာပေါ်ကြွပါ”
ဟု ညွှန်ပြသောအခါ သာမဏေငယ်က ဦးချပြီး ထိုင်လေ၏။ ဆရာတော်က ဘာကိစ္စ ရှိသလဲဟု မေးရာ စာပြန်လို၍ လျှောက်ထားသည်။ ဘယ်စာကို ပြန်လိုပါသနည်း မေးရာ ဆရာတော်ဘုရား စီရင်သော ဓမ္မစကြာ ပါဌ်နိဿယကို ပြန်ဆိုလိုကြောင်း လျှောက်ထားလေသည်။
“အင်း … ကောင်းပါပေ့ဗျာ၊ သည်နေရထိုင်ပေါ် ကြွပါ၊ မိန့်ဆိုတော်မူပါ၊ နာပါရစေ”
ဟု တောင်းပန်သောအခါ သာမဏေငယ်က ပါဠိတော် ဦးစွာပြန်ဆိုပြီးမှ နိဿယကို ပြန်ဆိုလေသည်။ ထိုအခါ ဆရာတော်က -
“သာဓု … သာဓု … သာဓု … ဝမ်းမြောက်ရပေ၏၊ … ဝမ်းမြောက်ရပေ၏။”
ဟု မိန့်ပြီးသော် သင်္ကန်းတစ်စုံကို မောင်းထောင်ခွက်၌ ထည့်၍ -
“ဤသင်္ကန်းကို ကိုင်ရုံတော်မူပါ၊ တရားတော်ကို ကြည်ညိုလေးမြတ်သောအားဖြင့် တရားကို ဆောင်သော ပုဂ္ဂိုလ်ဖြစ်၍ ပူဇော်ချီးမြှောက်ပါသည်”
ဟု မိန့်လေ၏။
ဓမ္မစကြာပြန် သာမဏေကို ဆရာတော် ချီးမြှောက်ကြောင်း နန်းတော်က ကြားလျှင် မိဖုရားတစ်ဦးက ပဉ္စင်းလောင်းလျာအဖြစ်ဖြင့် ကိုးကွယ်ထားလေ၏။
(၃၆) ပေစာတစ်ချပ် ရေး၍ ထည့်လိုက်ခြင်း
တောင်တမန်တိုက်က ရဟန်းတစ်ပါးသည် ကင်္ခါစာကိုယ်တစ်စောင်ကို ရေးကူးရာ ပေစာတစ်ချပ်ကို မကူးဘဲချန်ထား၍ ကူးပြီးပေစာများကို ယူ၍ ဆရာတော် ဦးဗုဓ်ထံ လာပြီး ဤစာကို ကြည့်ရှုပေးတော်မူပါမည့်အကြောင်း လျှောက်ထားလေ၏။
“အင်း … ထားခဲ့၊ နက်ဖြန်တော့ လာယူလေ”
ဟု မိန့်လိုက်လေ၏။ ဆရာတော်သည် ထိုစာကြည့်ရာ (၁၀) ကြောင်းပေတစ်ချပ်ရှိ စာကျနေသည်ကို တွေ့ရ၍ အသစ်ပေတစ်ချပ် ရေးပြီးလျှင် ထည့်သွင်းထားလေ၏။ စာရှင် ရဟန်း လာယူသောအခါ -
“ဦးပဉ္စင်းပေစာတွင် စာတစ်ချပ် ကျနေ၍ ငါဖြည့်ပြီးရေးထည့်လိုက်သည်”
ဟု မိန့်လိုက်လေသည်။ ဦးပဉ္စင်းလည်း စာကိုယူ၍ တိုက်သို့ ပြန်လာပြီး မိမိချန်ထားသော ပေစာတစ်ချပ်နှင့် ဆရာတော် ရေးထည့်လိုက်သော ပေစာချပ် တိုက်ကြည့်ရာ အက္ခရာမှစ၍ အနေအထား တစ်လုံးတစ် ပါဒမျှ မတိမ်းဘဲ (၁၀) ကြောင်းပေချပ်ချင်းကိုက် မျဉ်းပိတ် အတိအကျဖြစ်နေသည်ကို မြင်ရသောကြောင့် တိုက်ရှိရဟန်းတို့သည် “ဘုရားပဲ”ဟု ချီးကျူးပြီးလျှင် ဆရာတော် ဦးဗုဓ်ရှိရာသို့ မျက်နှာမူ၍ ဦးချပူဇော်ကြလေသည်။
(၃၇) ထုံးအိုင်နှစ်ခံရသော စာ
သရက်တော်တိုက်က ရဟန်းတစ်ပါးသည် လက္ခဏ၊ ရသ အမည်တပ်ခါ မိမိ ဉာဏ်ထင်မြင်ရာ နေရာ မကျ ကမောက္ကမ ရေးသားထားသော ပေစာ(၁၀)ကြောင်းပေ သုံးအင်္ဂါကို ယူ၍ ဆရာတော် ဦးဗုဓ်ထံ လာပြီး -
“ဤစာစောင်၌ အမှားအယွင်းရှိသော အချက်များကို တွေ့ရှိပါက ထုံးစက်ပြတော်မူပါ ဘုရား”ဟု လျှောက်ထားရာ -
“နက်ဖြန် ညနေ လာယူလှည့်”
ဟု မိန့်လိုက်လေသည်။ ထိုစာစောင်ကို ဆရာတော် ကြည့်ပြီးသော် -
“ဟဲ့ … ဦးပဉ္စင်းတစ်ပါး လာစမ်း၊ သည်စာစောင်ကို ထုံးအိုးထဲတွင် နှစ်၍ ထားလိုက်”
ဟု အမိန့်ရှိသည်။ အမိန့်အတိုင်း ထားရလေ၏။ စာရှင်ရဟန်း လာသောအခါ -
“ကိုယ်တော့်စာစောင် ဟို ထုံးအိုးထဲမှာ နှစ်ထားသည်၊ ယူသွားလေ”
ဟု မိန့်တော်မူသည်။ စာရှင် ရဟန်းလည်း ယူသွားပြီးလျှင် တိုက်ရှိ သီတင်း သုံးဖော်များကို အားရစွာ ပြောပြ၍ ဆရာတော်ရှိရာ ဦးချပူဇော်ကြလေသည်။
(၃၈) ဆရာတော် ဦးဗုဓ်နှင့် မုံရွေး
ဆရာတော် ဦးဗုဓ်သည် မုံရွေးဆရာတော်ကို သဘင်သမားဟု ခေါ်လေ့ရှိ၏။ တစ်ရံတစ်ခါ တွေ့သော် -
“မင်း ဘယ်ဇာတ်များ က၍ နေပါသလဲ”
ဟု မေးမြန်းတော်မူသည်။ မုံရွေး ဆရာတော်ကလည်း ကုသပျို့, ပဉ္စာဝုဓပျို့, ဥတိန္နပျို့များကို ခင်းကျင်းနေကြောင်း လျှောက်ရာ -
“အင်း … တော်ပါပေ့၊
မုံရွေးတို့ ပိဋကတ် ကျမ်းဂန်အတတ်ကို မေးရန်မရှိ၊
နောင်လာသူ ရဟန်းရှင်လူတို့သည် ရာဇောယဝဒကျမ်းကို ကြည့်ရှုကြလျှင် သိရှိကြလိမ့်မည်”
ဟု မိန့်တော်မူခဲ့၏။
(၃၉) ပျံလွန်တော်မူခြင်း
ဇမ္ဗူဒိပ် မြေအပြင် နေလအသွင် ထင်ရှား၍ ဘုရင်မင်းနှစ်ပါးတို့က တစ်ဆူဘုရား တူအလားကဲ့သို့ နှစ်သက်ကြည်ဖြူ အလေးမူ၍ ကိုးကွယ်ခြင်းခံရသော ဤဆရာတော် ဘုရားကြီးသည် မင်္ဂလာဘုံကျော်တိုက်၊ ဝါဆိုကျောင်း၌ သီတင်းသုံးနေစဉ်အခါ ကျန်းမာမရှိ ဗျာဓိဒုက္ခ ဝင်ရောက်ခသဖြင့် ဘိသက္ကကျော် သမားတော်တို့နှင့် ကုသငြား သော်လည်း မြတ်စွာဘုရားရှင်တို့မှ တိမ်းရှောင်ပြေးပုန်းခြင်းငှာ မတတ်သာသော ခန္ဓာဘင်္ဂ မရဏသို့ ကောဇာသက္ကရာဇ် ၁၂၀၃-ခု၊ သက်တော် ၅၄ နှစ်၊ သိက္ခာတော် ၃၄ ဝါ အရမှာ ပြောင်းကြွပျံလွန်တော်မူလေသည်။
မင်းမိဖုရား သားတော် သမီးတော် မှူးတော် မတ်တော် စသော တပည့်အပေါင်းတို့က မြေတုန်ငြောင်းအောင် သာဓုကိဠနသဘင်ကြီး ဆင်ယင်ကျင်းပပြီး သင်္ဂြိုဟ်ပူဇော်ကြ လေသည်။ ဆရာတော်၏ အရိုးကို နန်းမတော် မိဖုရားကြီးက အထိမ်းအမှတ်ပြု၍ ပူဇော်ရန် အမရပူရမြို့ မြောက်ပြင် သင်းချိုင်း၊ ယခုမန္တလေးမြို့၊ ရသာတန်း၊ ရတနာဘုမ္မိရပ် အလယ်၌ ကောင်းမှုတော် စေတီပုံ တည်ထားတော်မူခဲ့လေသည်။
(၄၀) ဆရာတော် စီရင်ခဲ့သော ကျမ်းဂန်များ
၁။ ရူပသိဒ္ဓိစာကိုယ် နိဿယ၊
၂။ ရူပသိဒ္ဓိ ဋီကာ နိဿယ၊
၃။ သဒ္ဒနီတိ ပဒမာလာ နိဿယ၊
၄။ သဒ္ဒနီတိ ဓာတုမာလာ နိဿယ၊
၅။ သဒ္ဒနီတိ သုတ္တမာလာ နိဿယ၊
၆။ ထေရအပဒါန် ပါဠိတော် နိဿယ၊
၇။ ထေရီ အပဒါန် ပါဠိတော် နိဿယ၊
၈။ ဒွေမာတိကာ ပါဠိတော် နိဿယ၊
၉။ ခုဒ္ဒသိက္ခာ အဋ္ဌကထာ နိဿယ၊
၁၀။ သစ္စသံခိပ် အဋ္ဌကထာ နိဿယ၊
၁၁။ မုခမတ္တသာရ ဋီကာ နိဿယ၊
၁၂။ ဝုတ္တောဒယ စာကိုယ် နိဿယ၊
၁၃။ သမ္ဗန္ဓစိန္တာ စာကိုယ် နိဿယ၊
၁၄။ ဝီထိစိတ္တပကာသနီကျမ်း၊
၁၅။ မဇ္ဈိမဒေသ သီဟဠဒီပ မြန်မာရာဇဝင်ချုပ် -
စသော ကျမ်းပေါင်း ၃၇ ကျမ်း စီရင် ရေးသားတော်မူခဲ့လေသည်။
၎င်းနိဿယများ ကြည့်ရှု ချပို့ သင်ကြားတော်မူရသော ပညာရှင်တို့သည် ဆရာတော်၏ ဉာဏ်ကြီးပုံ သိကြရလေသည်။
(၄၁) ရှေးဆရာတော်ကြီးများ
သာသနာပြုပုံ
ဤဆရာတော်ကြီး သာသနာတော်၌ နောက်ဆုံး စာတတ်ဖြစ်ကြောင်း အောက်၌ ဖော်ပြခဲ့ပြီ။ သာသနာပြုပုံမှာ မြတ်စွာဘုရား လက်ထက်က ထင်ရှားရှိသော အရှင် မဟာကဿပ၊ အရှင်ဥပါလိ အစရှိသော ရဟန္တာမထေရ်မြတ်ကြီးတို့မှ ဆင်းသက်၍ ဆရာအစဉ်အဆက် ဆောင်ယူလာသော နည်းအတိုင်း သာသနာတော်၏ ကြီးပွားရာ ကြီးပွားကြောင်း မူလရင်းမြတ်ဖြစ်သော ပရိယတ္တိကို သင်ကြားအားထုတ်ခြင်း၊ သင်ကြားအားထုတ်၍ ပရိယတ္တိဉာဏ် ရင့်သန်တတ်မြောက်လာသောအခါ ချပို့ခြင်း၊ ကြည့်ရှုခြင်း၊ ပရိယတ္တိဒေသနာတော်၌ လာသော မှန်ကန်သော ပဋိပတ္တိနည်းတို့ကို မိမိကျင့်ခြင်း၊ သူတစ်ပါးတို့အား ဟောပြောခြင်း စသော အမှုတို့ဖြင့်သာလျှင် သာသနာပြုပြီး ပျံလွန်တော်မူလေပြီ။
ထိုဆရာတော်ကြီးမှ ဆင်းသက်၍ လာသော ဆရာတော်ကြီးတို့မှာလည်း သီပေါမင်း လက်ထက်တိုင်အောင် အထက်နည်းအတိုင်းသာ သာသနာ ကြီးပွားရေးကို အားထုတ်သွားကြလေသည်။ သီပေါမင်းတရား ရတနာဂီရိမြို့တော်သို့ ပြောင်းရွှေ့စံသည့်နောက် မန်လည်ဆရာတော်၊ လယ်တီဆရာတော်ကြီးများ လက်ထက်တိုင် အထက်နည်းအတိုင်းသာ သာသနာ ကြီးပွားရေးကို အားထုတ်သွားကြလေသည်။
တစ်စုံတစ်ခုသော နည်းသစ် နည်းဆန်း နည်းထူးတို့ဖြင့် ချဲ့ထွင်၍ သာသနာ မပြုခဲ့ကြချေ။ အကယ်၍ နည်းသစ် နည်းဆန်း နည်းထူးတို့ဖြင့် ချဲ့ထွင်၍ ပြုလုပ်က သာသနာ ကြီးပွားမည်မှန်လျှင် ထိုဆရာတော်ကြီးများ ချဲ့ထွင်၍ ပြုလုပ်ခဲ့ကုန်ရာ၏။ မည်သည့် ဆရာတော်တစ်ဦးမှ ချဲ့ထွင်၍ မပြု မလုပ်ခဲ့၊ ချဲ့ထွင်၍ ပြုလုပ်ကြောင်း သာသနာဝင် ကျမ်းများ၌ မတွေ့ဖူးချေ။
ယခုအခါ ငါတို့ လက်ထက်၌မူကား သာသနာပြု မင်ကင်းပနေခိုက်ဖြစ်သောကြောင့် သာသနာတော်၌ ဘုရားဟော ဒေသနာလာသောနည်း၊ ဝိသုဒ္ဓိမဂ် စသော အဋ္ဌကထာ လာသောနည်းတို့မှ အလွတ်ဖြစ်သော နည်းသစ် နည်းဆန်း နည်းထူးတို့ဖြင့် ချဲ့ထွင်၍ သာသနာပြုရောင်ပြလျက် ချိုမြိန်သော ကြံ၏ အရသာကို ကြံ၏အတွင်း၌ တည်သော ပိုးဖျက်သကဲ့သို့ ထို့အတူ ဖျက်၍ လာကြကုန်ပြီ။ အချို့သော ပုဂ္ဂိုလ်တို့ကလည်း ပရိယတ္တိ စာအလုပ် အရေးမကြီးပါဘူး၊ အကျင့်ဖြစ်သော ပဋိပတ္တိနှင့် ပဋိဝေဓသာလျှင် အရေးကြီးပါသည်၊ ပရိယတ္တိ မတတ်စေကာမူ ဝိပဿနာတရား အဘိဓမ္မာတရားကို လွယ်လွယ်ကလေး လျော့ဈေးသဘောနှင့် ဟောပြောနိုင်ပါသည်၊ သိစေနိုင်ပါသည်၊ တတ်မြောက်စေနိုင်ပါသည်ဟု ဟောပြောရေးသားချဲ့ထွင်ပြီး မိမိတို့ ကြီးပွားလမ်း ထွင်ကြကုန်ပြီ။
(၄၂) ပရိယတ္တိအလုပ်
အရေးမကြီးသော ပုဂ္ဂိုလ်တို့
သွားရာလမ်းကြောင်း
ထိုပရိယတ္တိအလုပ် အရေးမကြီးသော ပုဂ္ဂိုလ်တို့သည် ယခုအခါ သာသနာတော်၌ ဘုရားမရှိတော့ဘူးဟု ထင်မှတ်ပြီး ဘုရားမရှိက ငါတို့ လုပ်ချင်သလို လုပ်မည်၊ ပြောဟောမည်ချင်သလို ပြောဟောမည်ဟု ထင်သလို ပြုလုပ်နေကြသော ပုဂ္ဂိုလ်မျိုးသာ ဖြစ်လေသည်။
ဘုရားရှိကြောင်း သာဓက ထုတ်ဆောင်၍ ပြဦးအံ့။
သုတ်မဟာဝါ ပါဠိတော်၊ မဟာပရိနိဗ္ဗာနသုတ်၌ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူခါနီး -
“ယော ဝေါ အာနန္ဒ မယာ ဓမ္မော စ ဝိနယော စ ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္ထာ။ မာ စိန္တယိ တွံ အာနန္ဒ ဒေသိတော နော ဗဟုဓမ္မော၊ သော ဝေ မမစ္စယေန ဟေဿတိ ဒမကော သတ္ထာ”
အစရှိသည်ဖြင့် ငါဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသည့်နောက် ငါဘုရား ဟောကြားတော်မူခဲ့သော သုတ်၊ အဘိဓမ္မာ၊ ဝိနည်း ပိဋကတ်ဟု ဆိုအပ်သော ပရိယတ္တိစာတို့သည် ငါဘုရားအတူ သင်ချစ်သားတို့၏ အလေးမူရာ မြတ်နိုးရာ ကိုးကွယ်ရာ ပူဇော်ရာ ဖြစ်ရစ်လတ္တံ့၊ သင်တို့အပေါ်၌ ငါဘုရားအတူ ဆုံးမရစ်လတ္တံ့၊
သင်တို့ ဘာမျှ ပူစရာမရှိ၊ ငါဘုရားတစ်ဆူ ပရိနိဗ္ဗာန် စံယူတော်မူသော်လည်း ရှစ်သောင်း လေးထောင်သော ဘုရားအဆူဆူတို့ တည်ရှိရစ်လတ္တံ့ဟု မြတ်စွာဘုရား ဟောကြားတော်မူသောကြောင့် လည်းကောင်း၊ ပရိယတ္တိ ဓမ္မကို ဉာဏ်မျက်စိဖြင့် မမြင်လျှင် သက်တော်ထင်ရှား ငါဘုရားကို ပကတိမျက်စိဖြင့် ဖူးမြင်ရသော်လည်း ဖူးမြင်ရာ မရောက်ချေ။
ပရိယတ္တိဓမ္မကို ဉာဏ်မျက်စိဖြင့် မြင်မှသာလျှင် ငါဘုရားရှင်ကို ဖူးမြင်ရာ ရောက်ချေသည် ဟု ဝက္ကလိမထေရ်အား မြတ်စွာဘုရား ဟောတော်မူသောကြောင့် လည်းကောင်း၊ စူဠဝါ အဋ္ဌကထာ၊ သမုစ္စယက္ခန္ဓက၌ -
“မဟာပဒုမတ္ထေရော ပနာဟ - 'ကသ္မာ အတေကိစ္ဆော နာမ, နနု အယံ သမုစ္စယက္ခန္ဓကော နာမ ဗုဒ္ဓါနံ ဌိတကာလသဒိသော'”
ဟု ဝိနည်း၊ ပရိယတ်ဟု ဆိုအပ်သော သမုစ္စယက္ခန္ဓကကြီးသည် ဘုရားရှင် ကိုယ်တော်တိုင် တည်ရှိနေသည် နှင့်အတူဟု ဖွင့်ပြလျက် ရှိသောကြောင့်လည်း ကောင်း၊ ထိုပရိယတ္တိ စာအလုပ် အရေးမကြီးပါဘူးဟု ပြောဟောသော ပုဂ္ဂိုလ်တို့သည် ဘုရားရှင်ကို အရေးမကြီးဘူးဟု မရိုမသေ ပြောဆို ပုတ်ခတ်ရာရောက်သောကြောင့် မဟာအဝီစိငရဲသို့ ကျရောက်လတ္တံ့သော ပုဂ္ဂိုလ်တို့ဟု ဆိုက လွဲလှမည်မဟုတ်ချေ။
(၄၃) ပရမတ္ထဒေသနာ
ဟောစွမ်းနိုင်သော ပုဂ္ဂိုလ်ပြခြင်း
အကျဉ်းအားဖြင့် စိတ်စေတသိက် ရုပ် နိဗ္ဗာန်ဟူသော ပရမတ္ထတရား လေးပါး၊ အကျယ်အားဖြင့် ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ပဋိစ္စသမုပ္ပါဒ်၊ ပစ္စည်း၊ ပစ္စယုပ္ပန်၊ ပစ္စနိက်အားဖြင့် များပြားလှစွာသော အဘိဓမ္မာ ဒေသနာတော်သည် အလွန်တရာ သိမ်မွေ့နက်နဲ ခက်ခဲလှ၏။ သဗ္ဗညုတဉာဏ်၏ ကျက်စားရာ အာရုံလည်း ဖြစ်၏။ လွန်စွာ ကြားရ နာရခဲ့၏။ ဟုတ်မှန်သည့်အတိုင်း လွန်စွာ သိနားလည်နိုင်ခဲ့၏။ ဓမ္မက္ခန္ဓာ လေးသောင်းနှစ်ထောင်ရှိသော အဘိဓမ္မာ ပရမတ္ထဒေသနာကို -
“သဗ္ဗဉေယျဓမ္မာနံ ယထာသဘာဝဇာနနသမတ္ထာ၊ တေသံ ဒေသေတဗ္ဗပ္ပကာရ-ဇာနနသမတ္ထာ၊ ဗောဓေတဗ္ဗပုဂ္ဂလာနံ အာသယာဒိမုတ္တိကာဒိဝိဘာဝနသမတ္ထာ စ ပညာ၊ တဿာ စ ယထာဝုတ္တာ ဗလယောဂတောတိ အတ္ထော”
ဟူသော မူလဋီကာနှင့်အညီ အလုံးစုံသော ဉေယျဓံတရားတို့ကို မဖောက်မပြန် ဟုတ်မှန်သော သဘောအတိုင်း ကြွင်းမဲ့ကုန်စင် သိမြင်နိုင်သော အစွမ်းသတ္တိ၊ ဟောအပ်ဟောသင့် ဟောထိုက်သော ဒေသေတဗ္ဗ အပြားကို သိခြင်းငှာ စွမ်းနိုင်သော အစွမ်းသတ္တိ၊ သစ္စာလေးပါး မြတ်တရားကို သိစေအပ်၊ မြင်စေအပ်ကုန်သော ဓမ္နပဋဂ္ဂါဟက ဝေနေယျတို့၏ အလိုဆန္ဒ အဇ္ဈာသယ နှလုံးသွင်းကို သိခြင်း၊ ထင်ရှား စွာ ဟောပြခြင်းငှာ စွမ်းနိုင်သော အစွမ်းသတ္တိ ဤသုံးပါးသော အစွမ်းသတ္တိ ရှိတော်မူသော သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးတို့သာ ဟောစွမ်းနိုင်သည်။
ထိုသို့ဖြစ်လျက် ငါတို့က ဝိပဿနာ အဘိဓမ္မာ တရားများကို လွယ်လွယ်ကလေး လျှော့ဈေးသဘောနှင့် ဟောနိုင်ပါသည်။ သိစေနိုင်ပါသည်၊ဟု လျှော့ဈေး ပေးနေကြသော ပုဂ္ဂိုလ်တို့သည် -
“ဥသဘာ ရုက္ခာ ဂါဝိယော ဂဝါ စ၊
အဿော ကံသော သိင်္ဂါလီ စ ကုမ္ဘော။
ပေါက္ခရဏီ စ အပါကစန္ဒနံ။
လာဗူနိ သီဒန္တိ သိလာ ပ္လဝန္တိ၊ မဏ္ဍူကိယော ကဏှသပ္ပေ ဂိလန္တိ။
ကာကံ သုဝဏ္ဏာ ပရိဝါရယန္တိ၊ တသာ ဝကာ ဧဠကာနံ ဘယာ ဟိ။”
ဟု ကောသလမင်း လျှောက်ထားသော မဟာသုပိနဇာတ်လာ (၁)အချက်ဖြစ်သော အဖိုးတစ်သိန်းထိုက် စန္ဒကူးနံသာနှစ်ကို အသုံးမကျသော ရက်တက်ရည်ပုပ်နှင့် ရောင်းသည်ဟု မြင်မက်သော ကောသလမင်းအိပ်မက်ကို ဘုရားရှင် ဖြေတော်မူသည်နှင့် ညီလှပေ၏။
ထိုအိပ်မက်နှင့်ညီရုံသာ အလုပ်လုပ်နေကြသောကြောင့် အဟုတ်ဆိုရလျှင် သရုပ်ကိုပင် ကွဲမည့်ပုဂ္ဂိုလ်တို့မဟုတ်၊ အဘိဓမ္မာ သဘောကိုမူကား ပျိုမျစ်နုနယ် စာသင်ငယ်တို့လောက်မျှ သိကျွန်းနားလည်မည် မဟုတ်ချေ။ သရုပ်မျှ မကွဲဘဲ ဟိတ်ထုတ်ခါဖြင့် ဂိဇ္ဈကုဋ်စာတို့ လှည့်ညာတာကို မသိရှာတဲ့ လူအများတို့က အယူမှားကာ မှတ်ထင်ကြသော်လည်း ဇာတ်သဘင်ကရာ လူပျက် စကားလောက်မျှ မှတ်သားစရာ မရှိချေ။ လောကုတ္တရာဘက်၌ အဖျင်းဆုံး အညံ့ဆုံးဖြစ်သော ရှင်ရဟန်းငယ်တို့ သိရ တတ်ရသော သဒ္ဒါကျမ်း သင်္ဂြိုဟ်ကျမ်းတို့ကိုမျှ တတ်သိလိမ္မာခြင်း မရှိကြသော်လည်း မိမိကိုယ်ကို လူတတ် လူလိမ္မာကြီး ထင်ကာ တတ်သိလိမ္မာသော ဆရာသမားများ ထံမှာ နည်းနညခံခြင်းငှာ အလိုမရှိကြကုန်မူ၍ မိမိတို့ ကြည့်ရှုဖူးသော စာအုပ်တို စာအုပ်စတို့၌ ရှေ့စကား နောက်စကား စုံလင်စွာ မပါ၊ တစ်ပိုင်းတစ်စ ပါဠိတို ပါဠိစကလေးတွေကို ကျက်မှတ်ပြီးလျှင် ဆင်ခြင်စဉ်းစားမရှိ၊ အပြစ်ထိမည်ကိုလည်း အနည်းငယ်မျှ မကြောက်မူ၍ တောချုံအတွင်းမှာ ရောက်ရာပေါက်ရာ လှည်လည် ကျက်စား၍ နေရှာသော ကျွဲ ကန်းပမာကဲ့သို့ ထင်ရာ ပြုလုပ်တတ်ကြသော သူမိုက်တို့အမူအရာကို ပညာရှိတို့ ရယ်ဖွယ်ရာဖြစ်ကြောင်း သုဗောဓာလင်္ကာရကျမ်း၌ မိန့်လျက်ရှိသည်။
ဝိနာ ဂုရုပဒေသန္တံ၊ ဗာလော'လင်္ကတ္တုမိစ္ဆတိ။
သမ္ပာပုဏေ န ဝိညူဟိ၊ ဟဿဘာဝံ ကထံ နု သော။
ဗာလော = သင့်မသင်ကို နှိုင်းချင့်စာနာတတ်သော ဉာဏ်ပညာ ကင်းမဲ့သော လူမိုက်သည်၊
ဂုရု-ပဒေသန္တံ = ပညာရှိတို့၏ အဆုံးအမ နည်းဥပဒေသကို၊
ဝိနာ = စွန့်ပစ်ပယ်ရှား၍၊
အလင်္ကတ္တုံ = ဟန်ရပန်ရ လှပတင့်တယ် ဖွယ်ဖွယ်ရာရာ တန်ဆာဆင်ခြင်းငှာ၊
ဣစ္ဆတိ = မလိမ္မာဘဲ လိမ္မာသလို ပြုလုပ်လို၏၊
သော = ဉာဏ်ပညာ ဗဟုသုတ ကင်းမဲ့သော ထိုလူမိုက်သည်။
ဝိညူဟိ = အသိအလိမ္မာ ဉာဏ်ပညာရှိသောသူတို့သည်၊
ဟဿဘာဝံ = လက်ခုတ်လက်ဝါးတီး၍ များများကြီး ရယ်ဖွယ်ရာအဖြစ်သို့၊
ကထံ န သမ္ပာပုဏေ = အဘယ်မှာလျှင် မရောက်ဘဲရှိနိုင်အံ့နည်း၊
သမ္ပာပုဏေ ဧဝ = မုချဧကန် ရောက်မည်မှန်၏။
(၄၄) သာသနာပနိရတ္ထက
အမှုများ သုတ်သင်ခြင်း
ယေသံ - ယေဟိ = အကြင်သူတို့သည်၊
အနေက သတ္ထန္တရောစိတာ = ပိဋကတ်သုံးပုံနှင့်တကွ ဗျာကရုဏ်း၊ အဘိဓာန်၊ ဆန်း၊ အလင်္ကာ စသော များစွာသော ကျမ်းအထူးတို့၌ သင်ကြားဆည်းပူးအပ်သော၊
ပညာ = အသိအလိမ္မာ ဉာဏ်ပညာကို၊
န သဉ္စိတာ = လုံ့လကြိုးကုတ် အားထုတ်၍ မဆည်းပူးအပ်၊
ဧတေ = ထိုဂန္ထန္တရ ဗဟုသုတ မရှိကုန်သော သူတို့သည်၊
ဝေ = စင်စစ်၊
သမ္မောဟဗ္ဘာဟတာဝ = တွေဝေခြင်းသည် ပြင်းစွာ နှိပ်စက်အပ်ကုန်သည် ဖြစ်၍ သာလျှင်၊
ကိဉ္စိပိ = တစ်စုံတစ်ခုသော အရာကိုမျှလည်း၊
နာဝဗုဇ္ဈန္တိ = မသိမမြင်ကြကုန်။
ဤသို့လျှင် သုဗောဓာလင်္ကာရကျမ်း၌ မိန့်အပ်သည်နှင့်အညီ ပရိယတ္တိ စာအလုပ် အရေးမကြီးဘဲ စားရသောက်ရ အိပ်ရရုံမျှ အရေးကြီးနေကြသော ဟန်သမားကြီး တို့သည်၊ အက္ခရစိန္တကာ သဒ္ဒါဉာဏ် အကြံလတ် ပရမတ်က ခပ်ချော်ချော် ပါဠိတော်ကို မလေ့လာ အဋ္ဌကထာကို မစုံစမ်း ဋီကာကျမ်းကို မကျွမ်းကျင် ဂန္ထန္တရ အစုစုမှာ စေ့ငုအောင်မဝင် ငယ်စဉ်က သင်ပုန်းကြီးနှင့် မင်္ဂလသုတ်မျှသာ သင်ခဲ့ဖူးသောကြောင့် သာသနာတော်၏ တည်ရာအစ အာဒိပဘဝမူလတရားကိုမျှ မှန်စွာမသိမမြင်နိုင်ကြ၍ အလင်္ကာကျမ်းလာ အပြစ်မကင်းသော အသင့်ယုတ္တိကင်းသော အနက်အဓိပ္ပါယ် ရှိသော သြစိတြဟီနဒေါသသင်သော စကား၊ အလိုရှိအပ်သော အနက်အဓိပ္ပါယ် မှတစ်ပါး အလိုမရှိအပ်သော အနက်အဓိပ္ပါယ်နှင့် ရှုပ်ထွေး၍ ယုံမှားသံသယ ရှိဖွယ်ဖြစ်သော သသံသယ ဒေါသသင်သောစကား၊ လောက၌ ဆိုရိုးဆိုစဉ် ပြောရိုးပြောစဉ် ဟောရိုးဟောစဉ် ရေးရိုးရေး စဉ်မကျသော ဝါကျကမစ္စုတ ဒေါသသင့်သော စကားတို့ဖြင့် ပြောဟော ရေးသားခြင်း၊ သဒ္ဒါနည်း မသိခြင်းကြောင့် ဘဂဝတော သာသနံဟု သာမီသံ အဖြစ်ဖြင့် စပ်အပ်သော သမ္ဗန်ကိုမျှ နားမလည်၍ မြတ်စွာဘုရား၏ သာသနာကို မိမိ၏ သာသနာဟု ရေးသားခြင်းအမှုတို့ကို ယုန်ချို လိပ်မွေး ပုစွန်သွေးနှင့် ခွေး၏လဘို့ ကြက်နို့ မြွေခြေတို့ကို ရှာဖွေစမ်းသပ်၍ မရ မတွေ့သကဲ့သို့ ပြိန်ဖျင်းစုတ်ချာ ယုတ်မာသော သူရူးစကားနှင့်သာ တူသောကြောင့် သာရအားဖြင့် မမှတ်အပ် မမှတ်သင့် မမှတ်ထိုက်။ ထိုဟန်သမားတို့ ရေးသားသော ကျမ်းစာအုပ်တို့ကိုလည်း အယူမှာခြင်း အရင်းပြု၍ ကျော်ကြားလိုသော သမုဋ္ဌာန်၊ ချွတ်ယွင်းသော အဘိဓေယျတ်၊ ထင်မိထင်ရာရေးသားခြင်းဟု ဆိုအပ်သော ကရဏပ္ပကာရ၊ သုတပညာ နည်းပါးစွာလျက် မိစ္ဆာမာန အားကြီးကြသော အန္ဓဗာလရှင်တို့သည် ကြည့်ရှုမိက ဝိပရိတတ္ထဉာဏ် အတန်တန် ဖြစ်ခြင်းအကျိုးဟု ဆိုအပ်သော ပယောဇဉ်ရှိခြင်းကြောင့် သာသနာပြု မြန်မာဘုရာရှိက သုဓမ္မာတင်၍ စမ်းသပ်လိုက်လျှင် ထို ကျမ်းငတ်ကျမ်းမွဲတို့ မီးထဲထည့်၍ ပြာကျပြီးသည့်နောက် ကောက်ယူ၍ တော်ရာလွှင်ပစ် ခံရမည့်စာအုပ်တို့ ဖြစ်လေသည်။ ထို့ကြောင့် မကြည့်မရှုအပ်၊ မကြည့်ရှုသင့် မကြည့်ရှုထိုက်။
(၄၅) သာသနာကွယ်ကြောင်း တရားပြခြင်း
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ဒေသေတဗ္ဗဓမ္မတို့ကို ဟောတော်မူရာ၌ သဘာဝနိရုတ္တိဖြစ်သော မူလမာဂဓဘာသာ၊ ပါဠိဘာသာဖြင့်သာ ဟောတော်မူအပ်၏။ ထိုဘာသာသည် တစ်ပါးသော ဘာသာတို့ကဲ့သို့ အချင်းခပ်သိမ်း တိမ်းယိမ်းပျက်ပြား လွှင့်ပါး ပျောက်ကွယ်ခြင်းမရှိ၊ နိရုတ္တိ ပဋိသမ္ဘိဒါ ဉာဏ်၏အရာ မဖောက်မပြန်သော ဘာသာဖြစ်၍ သဘာဝနိရုတ္တိ မည်၏။ အခြားသော ဘာသာတို့ထက် လွန်မြတ် ရှေးကျသောကြောင့် သေဋ္ဌိဘာသာ၊ မူလဘာသာလည်း မည်၏။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ သစ္စာလေးရပ်ကို ထိုးထွင်းသိမြင်ရာ မဂဓတိုင်း၌ ဖြစ်ပေါ်သောကြောင့် မာဂဓဘာသာလည်း မည်၏။ မြင့်မြတ်သော စကားတော်၏ အစီအစဉ် ဖြစ်သောကြောင့် ပါဠိဘာသာလည်း မည်၏။
မြတ်စွာဘုရားတရားတော်ကို ဟောပြောလိုသော ဓမ္မကထိက ပုဂ္ဂိုလ်တို့သည် ဘုရားဟော ပါဠိတော်မြတ်ကို ရှေးဦးစွာထုတ်ဆောင်၍ ပုဒ်ပါဌ် အက္ခရာ မှန်မှန် ကန်ကန် ရွတ်ဆိုလျက် မပျက်မကွက်သော ပါဠိဘာသာဖြင့်သာ ဟောအပ်၏။ နိရုတ္တိ ပဋိသမ္ဘိဒါဉာဏ်၏ အခြေခံဖြစ်သော ပါဠိတော်ကို ကွယ်ပျောက်အောင် မဖျက်ဆီးအပ်၊ ထိုနောင်မှ ပါဠိတော်၌ ရသင့်ရထိုက်သော အနက်အဓိပ္ပါယ်တို့ကို အဋ္ဌကထာ ဆရာများ ဖွင့်ပြအပ်သော သံဝဏ္ဏနာ နည်းအတိုင်း ရိုသေစွာလိုက်နာ၍ ဟောပြော အပ်၏။ အဋ္ဌကထာနည်းကို ကျော်လွန်၍ မဟုတ်မမှန်သော အနက်အဓိပ္ပါယ်တို့ဖြင့် ထင်ရာရမ်းဆ၍ မပြောမဟောအပ်။ အဋ္ဌကထာ ဆရာများသည် ပါဠိတော်၏အနက်ကို ဖွင့်ပြရာ သဒ္ဒကောသလ္လဉာဏ် ရင့်သန်စေခြင်းငှာ ဝစနတ္ထသံဝဏနာ နည်းဖြင့် ရှေးဦးစွာ ဖွင့်ပြကြသည်။ ထို့နောင် ယုံမှားသံသယ ကင်းစင်စေခြင်းငှာ ပဒတ္ထသံဝဏ္ဏနာ နည်းဖြင့် ဖွင့်ပြကြသည်။ သမ္ဘဝဗျတိစာရ ရှိသော အရာဌာနတို့၌ အဘိဓေယျတ္ထ သံဝဏ္ဏနာနည်း စသော နည်းအမျိုးမျိုးတို့ဖြင့် ဖွင့်ပြကြသည်။
နည်းယူဟန်ကား ကုသလာ ဓမ္မာ ဟူသောပုဒ်ကို ဟောပြောလိုသော ပုဂ္ဂိုလ်တို့သည် ကုသလာ ဓမ္မာတိဟူသော ပုဒ်ကို ရွတ်ပြီးသည်၏အခြားမဲ့၌
“ကုသလာ ဓမ္မာတိ ကုသလတ္တိကဿ ပဒဘာဇနေ ဝုတ္တလက္ခဏာ အနဝဇ္ဇသုခဝိပါကာ ကုသလသဘာဝါ”
ဟု အဋ္ဌကထာဖွင့်ပြသောကြောင့် ကုသလသဒ္ဒါ၏ သဘာဝတ္ထကို အနဝဇ္ဇ-အပြစ်မရှိခြင်း အနက်သဘောရှိသည်၊ သုခဝိပါက-ကောင်းသော အကျိုးပေးခြင်း အနက်သဘောရှိသည်၊ မည်သည့်အကြောင်းကြောင့် အပြစ်မရှိသည်၊ မည်ကဲ့သို့သော အကျိုးပေးသည်ကို ကောင်းသော အကျိုးပေးသည်ဟု ပါဠိ အဋ္ဌကထာ ဋီကာ စသည်တို့၌ လာသောနည်းအတိုင်း ဟောပြောအပ်၏။
ပရိယတ္တိ စာအလုပ် အရေးမကြီးသော ဂိဇ္ဈကုဋ်စာကြီးတို့သည် ပါဠိ ဘာသာကို နည်းကျအောင် သင်ကြားခြင်း ဥဂ္ဂဟလည်း မရှိ၊ အနက်ကို ဆွေးနွေး မေးမြန်းခြင်း ပရိပုစ္ဆာလည်း မရှိ၊ ကိုယ်တွေ့ ဒိဋ္ဌဖြစ်သော ဥဒါဟရုဏ် ပုံသက်သေတို့နှင့် ထင်မြင် နိုင်လောက်သော ဝိနိစ္ဆယလည်း မရှိ၊ အမှန်အကန် မသိခြင်း၊ မောဟသာ ဖိစီးနေခြင်းကြောင့် နိရုတ္တိပဋိသမ္ဘိဒါဉာဏ်၏ အခြေခံဖြစ်သော သဘာဝ နိရုတ္တိ မူလ မာဂဓ ပါဠိဘာသာကို ပယ်ဖျောက်၍ သံပေါက်စာမျှဖြင့် ဟောပြောခြင်း၊ ပါဠိတော်၏ အနက်သဘောကိုလည်း အဋ္ဌကထာနည်း မကျဘဲ ထင်ရာရမ်းဆ၍ ပြိန်ဖျင်း သေးသိမ်သော အနက်အဓိပ္ပါယ်တို့ဖြင့် ဟောပြောခြင်း စသည်ကို ပြုလုပ်တတ်ကြ၏။ ထိုသို့ပြုလုပ်ကြခြင်းသည် ပြလတ္တံ့ ဤ အင်္ဂုတ္တိုရ် ပါဠိတော်ကြီးနှင့် အညီ သာသနာတော် ကွယ်ပျောက်အောင် ဖျက်ဆီးရာရောက်ချေသည်။
“ဒွေ မေ ဘိက္ခဝေ ဓမ္မာ သဒ္ဓမ္မဿ သမ္မောသာယ အန္တရာဓာနာယ သံဝတ္တန္တိ၊ ကတမေ ဒွေ၊ ဒုန္နိက္ခိတ္တဉ္စ ပဒဗျဉ္ဇနံ အတ္ထော စ ဒုန္နိတော။ ဒုန္နိက္ခိတဿ ဘိက္ခဝေ ပဒဗျဉ္ဇနဿ အတ္ထောပိ ဒုန္နယော ဟောတိ၊ ဣမေ ခေါ ဘိက္ခဝေ ဒွေ ဓမ္မာ သဒ္ဓမ္မဿ သမ္မောသာယ အန္တရဓာနာယ သံဝတ္တန္တိ။”
အင်္ဂုတ္တိုရ် ပါဠိတော်နှင့်အညီ -
သာသနာကွယ်ကြောင်းတရားများ မှတ်သားလွယ်ရန် ဆောင်ပုဒ်ထုတ်ပြဦးအံ့။
အင်္ဂုတ္တိုရ်လာ၊ သာသနာကွယ်ကြောင်း၊ တရားပေါင်းကား၊
ရဟန်းများတို့၊ တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊
သိအောင်မပြု၊ ဓမ္မာနုဓမ္မတ်၊ ပဋိပတ်ကွာ၊ ဤငါးဖြာတည်း။
တစ်ဝါတစ်ပြင်၊ စာသင်ပယ်လျှော၊
ကျယ်မဟောကြ၊ ကျယ်မချနှင့်၊
ကျယ်စွမအံ၊ မကြံမစည်၊ ဤငါးမည်တည်း။
ဝါတစ်နည်းမှာ၊ အက္ခရာပုဒ်ပျက်၊ လေ့ကျက်သင်ကြ၊
ဒုဗ္ဗစမူ၊ စာချသူရှား၊ လာဘ်များအောင်ဖန်၊
ခိုက်ရန်ကွဲပြား၊ ဤတစ်ဆယ့်ငါးပါးသည်၊
မြတ်ဘုရားသာသနာ ကွယ်ကြောင်းပါတည်း။
ကွယ်ကြောင်းသဘာဝ၊ ယင်းဓမ္မကို၊
ပယ်လိုဆန္ဒ၊ စိတ်တွင်ျ၍၊ ထိုမှပြန်လောင်း၊
တည်ကြောင်းသာသနာ၊ ဆယ့်ငါးဖြာကို၊
ပွားလိုပါကြောင်း၊ ဆုပန်တောင်း၍၊
ကောင်းကောင်းကြီး အားထုတ်နိုင်ကြပါစေကုန်သတည်း။
(၄၆) သာသနာသုံးရပ် အရေးကြီးခြင်း
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် သင်္ချေလေးရပ် တစ်သိန်းကပ်တို့ပတ်လုံး လူသာမန်တို့ ကျင့်နိုင်ဖို့ဝေး ကြံတွေရုံမျှ ကြက်သီးထလောက်သော အကျင့်ထူး အကျင့်မြတ်တွေကို အသက်နှင့်လဲလှယ်၍ ကျင့်တော်မူပြီး တည်ထောင်ခဲ့သော သာသနာတော်မြတ်ကြီး ဖြစ်သောကြောင့် သာသနာသုံးရပ်တွင်
ပရိယတ္တိလည်း အရေးကြီးသင့်သည်။
ပဋိပတ္တိလည်း အရေးကြီးသင့်သည်။
ပဋိဝေဓလည်း အရေးကြီးသင့်သည်။
မည်သည့် သာသနာ အရေးကြီးသည်၊ မည်သည့် သာသနာ အရေးမကြီးဘူးဟု တစ်ဘက်သတ် မပြောမဟောရာ။ အရေးကြီးသည်ထက် အရေးကြီးသော သာသနာကို ပါဠိ အဋ္ဌကထာ ဋီကာ လာသော သာဓက ဉာပကထုတ်ဆောင်၍သာ ဟောပြောသင့်၏။ အတ္တနောမတိမျှနှင့် တစ်ဘက်သတ် ရမ်းဆပြီး ထင်မိထင်ရာ ပြောဟောကြသော ပုဂ္ဂိုလ်မျိုးကို (၃၁)ဘုံမှာ ပထမတန်း အမိုက်ဆုံး သတ္တဝါဟူ၍သာ မှတ်အပ်ကုန်၏။
အရေးကြီးသော သာသနာသုံးရပ်တို့တွင် အရေးကြီးသည်ထက် အရေးကြီးသော သာသနာကို သာဓက ဉာပက ဥပမာ ထင်ရှားစွာနှင့် မြင်သွားအောင် ပြဦးအံ့။
ပရိယတ္တိ သာသနာ အရေးကြီးခြင်းကြောင့် မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသည့်နောက် လေးလမြောက် ဝါခေါင်လပြည့်ကျော် ငါးရက်နေ့၊ မဂဓတိုင်း အဝင်အပါ ဝေဘာရ၊ ဝေပုလ္လ၊ ပဏ္ဍဝ၊ ဣသိဂိလိ၊ ဂိဇ္ဈကူဋဟု ဆိုအပ်သော ငါးလုံးသော တောင်တို့ဖြင့် ခြံရံအပ်သည်ဖြစ်၍ နွားခြံနှင့်တူသောကြောင့် ဂိရိဗ္ဗဇမည်သော ရာဇဂြိုဟ်ပြည်၊ ဝေဘာရတောင်ယံဝယ် စရည်းပင်ရောက်ရာ လိုဏ်ဝ၌ အဇာတသတ် သမုတိနတ်လျှင် စီရင်ခင်းကျင်း ဖန်ဆင်းအပ်သော ဗြဟ္မာ့ဗိမာန် နှိုင်းတန်သာယာ မင်္ဂလာမဏ္ဍပ်ကြီး၌ အရှင်မဟာကဿပ၊ အရှင်ဥပါလိ၊ အရှင်အာနန္ဒ အမှူးရှိသော ငါးရာကုန်သော ရဟန္တာမထေရ်မြတ်တို့ ခုနစ်လတို့ပတ်လုံး ပိဋကတ်သုံးပုံကို ပထမသင်္ဂါယနာ တစ်ကြိမ်တင်ခဲ့ကြရလေပြီ။
ထို့နောင် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူပြီးသည့်နောက် အနှစ်တစ်ရာ မြောက်သော အခါဝယ် ဝေသာလီပြည်၊ ဝါဠိကာရုံကျောင်း၌ ကာလသောကမင်းကို အမှီပြု၍ အရှင်အာနန္ဒ၏ တပည့် အရှင်မဟာယသ အမှူးရှိသော ခုနစ်ရာကုန်သော ရဟန္တာမထေရ်မြတ်တို့ ရှစ်လတို့ပတ်လုံး ပိဋကတ်သုံးပုံကို ဒုတိယသင်္ဂါယနာ တစ်ကြိမ် တင်ခဲ့ကြရလေပြီ။
ထို့နောင် မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသည့်နောက် နှစ်ရာသုံးဆယ့် ငါးနှစ်မြောက်သော အခါဝယ် ပါဋလိပုတ်ပြည်၊ အသောကာရုံကျောင်း၌ သီရိဓမ္မာသောကမင်းကို အမှီပြု၍ အရှင်မဟာမောဂ္ဂလိပုတ္တတိဿ အမှူးရှိသော တစ်ထောင်မျှလောက်ကုန်သော ရဟန္တာမထေရ်မြတ်တို့ ကိုးလတို့ပတ်လုံး ပိဋကတ် သုံးပုံကို တတိယသင်္ဂါယနာ တစ်ကြိမ် တင်ခဲ့ကြရလေပြီ။
ထို့နောင် မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသည့်နောက် မဟာဝင်ကျမ်း၏ အဆို သာသနာ သက္ကရာဇ် လေးရာ့ငါးဆယ် ရောက်သောအခါဝယ် သီဟိုဠ်ကျွန်း အစိတ်၊ မလယဇနပုဒ်၊ အာလောကမည်သော လိုဏ်၌ ဝဋ္ဋဂါမဏိမင်းကို အမှီပြု၍ အရှင်မဟာဓမ္မရက္ခိတ အမှူးရှိသော ငါးရာသော ရဟန္တာ မထေရ်မြတ်တို့သည် နောင်အခါ သတ္တဝါတို့ သတိပညာ သမာဓိ ယုတ်လျော့ကြ၍ ပိဋကတ်သုံးပုံကို နှုတ်တက်မဆောင် မရွက်နိုင်လတ္တံ့သည်ကို မြင်တော်မူကုန်၍ ပိဋကတ်သုံးပုံကို အဋ္ဌကထာနှင့်တကွ ပေထက်အက္ခရာတင်ထားပြီး အကြိမ် တစ်ရာတိုင်တိုင် တည်းဖြတ်၍ စတုတ္ထသင်္ဂါယနာ တစ်ကြိမ် တင်ခဲ့ကြရလေပြီ။
ထို့နောင် မန္တလေး ရတနာပုံမြို့တည် နန်းတည် မင်းတုန်းမင်းရားကြီးသည် သာသနာတော် ငါးထောင် ကာလပတ်လုံး မြဲမြံခိုင်ခံ့ တည်တံ့စေခြင်းအကျိုးကို မြှောက်ကိုး ရည်သန်တော်မူ၍ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပါဠိတော် အရပ်ရပ် တို့ကို ရှေးရှေးသော မင်းကောင်းမင်းမြတ်တို့ မထုလုပ် မကိုးကွယ်ဖူးသော ရတနာ ဆယ်ပါးအဝင် စကြင်ကျောက်တောင်ကြီးမှဖြစ်သော သလင်းကျောက်ဖြူပြားကြီး များကို ချောမောစွာ လုပ်ဆောင်စေ၍ ရွှေနန်းတော်ကြီးအတွင်းဝယ် ကြီးကျယ် ခမ်းနားစွာ တန်ဆောင်း ပြာသာဒ်တို့ကို ဆောက်လုပ်စေတော်မူ၍ သာသနာပိုင် ဆရာတော် အရှင်ဉေယျ၊ ဒက္ခိဏာရာမဆရာတော် အရှင်ဇာဂရ၊ ဆီးဘန်းနီ ဆရာတော် အရှင်နရိန္ဒ၊ မြင်းဝန် ဆရာတော် အရှင်သုမင်္ဂလ အမှူးရှိသော တံဆိပ်တော် ရ၊မရ တစ်ထောင်မျှ လောက်ကုန်သော ဆရာတော် သံဃာတော် တို့နှင့်တကွ ခန်းပတ်မြို့စား အတွင်းဝန်မင်းကြီး မဟာဥဇနာ၊ မင်းကြီး မင်းလှမဟာစည်သူခေါ် ယောမြို့စား၊ သံတော်ဆင့် မိုးခိုင်းမြို့စား မဟာသီရိ ဇေယျသူ၊ သံတော်ဆင့် နေမျိုးရာဇာစည်သူ စသော အမတ်တို့ကို ကြီးကြပ် ဆောင်ရွက်စေ၍ အလွန်လိမ္မာ တတ်မြောက်သော ကျောက်ဆစ်သမားတို့ကို အမိန့်တော်နှင့် ခေါ်စေပြီးလျှင် ကျောက်ပြားကြီး (၇၃၀)တို့ကို ငါးနှစ်ကျော် ခြောက်နှစ်တို့ပတ်လုံး ထုလုပ်စေတော်မူ၍ သာသနာ သက္ကရာဇ် ၂၄၁၅ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၂၃၃-ခုနှစ်တွင် သေလက္ခရာရုဠှ ပဉ္စမသင်္ဂါယနာ တစ်ကြိမ်တင်ခဲ့ကြလေပြီ။
ယခုအခါ၌လည်း ဆဋ္ဌမသင်္ဂါယနာ တင်သည့်နှင့် အလားတူစွာ အမြို့မြို့ အရွာရွာတို့၌ ပရိယတ္တိ စာပြန်ပွဲ၊ စာမေးပွဲကြီးတို့ ပြုလုပ်လျက် ရှိကြသည်။ မြတ်စွာဘုရား လက်ထက်တော်၌ အခြားသော နှစ်လရက်များ၌ မဂ်ဖိုလ် ရထိုက်သောသူ မရေမတွက်နိုင်အောင် ပေါများလျက် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ ဝါဆိုတော်မူရာ တစ်ခုသော ဝါတွင်းသုံးလမှာ မဂ်ဖိုလ်ရထိုသူ ဗုဒ္ဓဝေနေယျတစ်ယောက်မျှ မရှိ၊ ပြတ်လပ်သေးသည်။
ထို့ကြောင့် ဝါတွင်းသုံးလပတ်လုံး ဆွမ်းကပ် ရဟန်းတစ်ပါးကို ထား၍ အခြားသော ရဟန်းရှင်လူတို့ ငါဘုရားထံ မချဉ်းမကပ်စေနှင့်ဟု ပါရာဇိကဏ် နိသီဒနသန္တတ သိက္ခာပုဒ် ပါဠိတော်၌ မြစ်တားတော်မူကြောင်း၊ ၎င်းအဋ္ဌကထာ လာသည်နှင့်လျော်စွာ မဂ်ဖိုလ်ရထိုက်သူသည် သာသနာတော်အတွင်းပင် ဖြစ်သော်လည်း အခါခပ်သိမ်း မရှိ၊ မဂ်ဖိုလ်ရထိုက်သောသူပင် ဖြစ်သော်လည်း ကလျာဏမိတ္တဝိဟာရသပ္ပါယ စသည်ကို ရ၍ လွန်စွာ ကြိုးစားအားထုတ်မှ မဂ်ဖိုလ်ကို ရနိုင်သည်။
ထို့ကြောင့် ပဋိဝေဓသာသနာမှာ ရံခါပြတ်လပ်၍ ရံခါမှ ဖြစ်ထွန်း စည်ကားသည်။ ပဋိဝေဓသာသနာ ကွယ်နေငြားသော်လည်း သာသနာတော် တည်ရှိနိုင်သည်၏ အဖြစ်ကြောင့်လည်းကောင်း ခုဒ္ဒကနိကာယ် အဝင်အပါ သမ္မောဟဝိနောဒနီ အဋ္ဌကထာ၊ ဉာဏဝိဘင်္ဂ အဖွင့်၌လည်း -
“တတ္ထ ပဋိဝေဓော စ ပဋိပတ္တိ စ ဟောတိပိ န ဟောတိပိ၊ ဧကသ္မိဥှိ ကာလေ ပဋိဝေဓကရာ ဘိက္ခူ ဗဟူ ဟောန္တိ၊ ဧသ ဘိက္ခု ပုထုဇ္ဇနောတိ အဂုၤလိံ ပသာရေတွာ ဒဿေတဗ္ဗော ဟောတိ ဣမသ္မိံယေဝ ဒီပေ ဧကဝါရံ ကိရ ပုထုဇ္ဇနဘိက္ခု နာမ နာဟောသိ။ ပဋိပတ္တိပုရကာပိ ကဒါစိ ဗဟူ ဟောန္တိ၊ ကဒါစိ အပ္ပါ။၊ ဣတိ ပဋိဝေဓော စ ပဋိပတ္တိ စ ဟောတိပိ န ဟောတိပိ။ သာသနဋ္ဌိတိယာ ပန ပရိယတ္တိယေဝ ပမာဏံ”
ဟု ပဋိပတ္တိ ပဋိဝေဓသာသနာတော်တို့သည် ရံခါ ဖြစ်ထွန်းသည်လည်း ရှိ၏။ ရံခါ မဖြစ်ထွန်းသည်လည်း ရှိ၏။ သာသနာတော် ငါးထောင် တည်ခြင်းအကြောင်းကား ပရိယတ္တိသာသနာတော်သာ ပမာဏဟူ၍လည်းကောင်း၊ ပရိယတ္တိယာ ဌိတာယ သာသနံ ဌိတံ ဟောတိ ဟူ၍လည်းကောင်း၊ ဖွင့်ပြတော်မူသောကြောင့် အရေး အကြီးဆုံးသော သာသနာသုံးရပ်တို့တွင် ပရိယတ္တိသာသနာတော်မြတ်ကြီးသည် ပထမတန်း အရေး အကြီးဆုံး သာသနာဟူ၍ အမြဲဧကန် မှတ်အပ်ကုန်၏။
ဥပမာဆောင် ထင်အောင် ပြဦးအံ့။
ပရိယတ္တိ သာသနာတော်သည် ကန်ပေါင် ကန်ရိုးနှင့် တူ၏။
ပဋိပတ္တိ သာသနာတော်သည် ရေနှင့် တူ၏။
ပဋိဝေဓ သာသနာတော်သည် ကြာမျိုးငါးပါးနှင့် တူ၏။
ကန်ပေါင် ကန်ရိုး မရှိက ရေမတည်နိုင်၊ ရေမရှိက ကြာ မပေါက်နိုင်၊ ကြာပေါက် ရခြင်းသည် ရေတည်ရှိခြင်း အကြောင်းကြောင့်ဖြစ်၏။ ရေတည်ရှိရခြင်းသည် ကန်ပေါင် ကန်ရိုးတည်ရှိနေခြင်း မူလအကြောင်းရင်းကြောင့်သာ ဖြစ်၏။ ထို့အတူ ပရိယတ္တိ ကန်ပေါင်ရိုး မရှိက အသို့လျှင် ပဋိပတ္တိ ရေသည် ရှိနိုင်ပါ အံ့နည်း။ ပဋိပတ္တိ ရေ မတည်မရှိက အသို့လျှင် ပဋိဝေဒကြာ ပေါက်ရောက်နိုင် ပါအံ့နည်း။
တစ်နည်း
ပရိယတ္တိသည် မျက်စိနှင့် တူ၏။ ပဋိပတ္တိသည် သွားရာလမ်းကြောင်း ခရီးနှင့် တူ၏။ ပဋိဝေဓသည် ရောက်လိုရာ အရပ်ဒေသနှင့်တူ၏။ မျက်စိ မမြင်သောသူသည် ခရီးလမ်းကြောင်း ဖြောင့်ဖြောင့် မသွားနိုင်၊ ခရီးလမ်းကြောင်း ဖြောင့်ဖြောင့် မသွားနိုင်က မိမိလိုရာ အရပ်ဒေသ မရောက်နိုင်၊ ထို့အတူ ပရိယတ္တိ ဉာဏ်မျက်စိ မရှိက အသို့လျှင် ပဋိပတ္တိ လမ်းကြောင်းခရီး ဖြောင့်ဖြောင့် သွားနိုင်အံ့နည်း။ ပဋိပတ္တိ လမ်းကြောင်းခရီး ဖြောင့်ဖြောင့် မသွားနိုင်က အသို့လျှင် ရောက်လိုရာ အရပ်ဒေသ ပဋိဝေဓသို့ ရောက်နိုင်အံ့နည်း။
(၄၇) သာသနာတော်၏ မူလဓမ္မပြခြင်း
▬▬▬▬▬▬▬▬▬▬▬▬
သာသနာတော် အနှစ်လေးရာကျော် ပေထက်အက္ခရာ မတင်မီကာလ သီဟိုဠ်ကျွန်း၌ ပြည်ရွာကို လုယက်သော စဏ္ဍာလတိဿ သူပုန်ဘေးဖြစ်သောအခါ မိုးကောင်းစွာ မရွာ၊ မလုပ်ဆောင်ရ၍ ငတ်မွတ်ကြလတ်သော် သိကြားမင်းသည် ကြီးစွာသော ဖောင်ကို ဖန်ဆင်း၍ -
“အရှင်ဘုရားများ ပရိယတ္တိကို မဆောင်နိုင်ကုန်လတ္တံ့။ ဇမ္ဗူဒိပ်ကျွန်းသို့ ဤဖောင်ကို စီး၍ ကြွတော်မူကြပါကုန်။ ဖောင် မဆံ့လျှင် သစ်တုံးကိုပင် ရင်ဖြင့်အပ်၍ ကူးတော်မူကြပါ။ ဘေးရန် မဖြစ်ရအောင် တပည့်တော် စောင့်ရှောက်ပါအံ့”
ဟု ရဟန်းတော်တို့အား လျှောက်ကြား၏။
ထိုအခါ ခြောက်ကျိပ်သော ရဟန်းတို့သည် ဇမ္ဗူဒိပ် ကူးအံ့ဟု သွားကြပြီး သမုဒ္ဒရာ ကမ်းနားသို့ ရောက်မှပင် ငါတို့သည် ဇမ္ဗူဒိပ်ကျွန်းသို့ မကူးလိုပြီ။ ဤအရပ်၌သာ နေ၍ ပိဋကတ်သုံးပုံကို ဆောင်ရွက် စောင့်ရှောက်ကုန်အံ့ဟု ကတိကဝတ်ပြုလျက် သင်္ဘောဆိပ်က ပြန်ခဲ့ပြီးမှ သီဟိုဠ်ကျွန်း အစိတ်၊ မလယဇနပုဒ်သို့ သွား၍ သစ်ဖု သစ်မြစ် သစ်ရွက်တို့ဖြင့်သာ အာဟာရကိစ္စပြီးစေလျက် ပရိယတ္တိကို သရဇ္ဈာယ်တော်မူ ကြကုန်၏။
မိမိတို့ ကိုယ်ခန္ဓာ ခိုင်ခံ သန်မာစွာ ရှိနေစဉ်အခါ ထိုင်လျက် သရဇ္ဈာယ်တော် မူကြကုန်၏။ ကြာမြင့်လတ်သော် ဆွမ်းအဟာရ မမျှတရ၍ ကာယအင်အား လွန်နည်းပါးပြီး ထိုင်၍မျှ မသရဇ္ဈာယ်နိုင်ကြသောအခါ သဲကို စုပုံ၍ ဝမ်းအောက်က ထားပြီးမှ တစ်ခုတည်းသော အရပ်၌ ဦးခေါင်းဆိုက်ကုန်လျက် ပရိယတ္တိကို စိတ်ဖြင့်သာ ဆင်ခြင်ကြကုန်၏။
ဤသို့လျှင် ၁၂ နှစ်တို့ ပတ်လုံး အဋ္ဌကထာနှင့်တကွ ပိဋကတ်သုံးပုံကို မကွယ် မပျောက်ရအောင် ဆောင်ရွက်စောင့်ရှောက်တော်မူကြကုန်၏။ ၁၂ နှစ်စေ့၍ စဏ္ဍာလတိဿ သူပုန်ဘေးငြိမ်းသောအခါ ဗမ္ဗူဒိပ်ကျွန်းသို့ ကူး၍ ပိဋကတ်သုံးပုံ ဆောင်ရွက်စောင့်ရှောက်တော်မူကြသော ရဟန်းတော် ခုနစ်ရာတို့သည် အဋ္ဌကထာနှင့် တကွ ပိဋကတ်သုံးပုံကို တစ်ခုသော ပုဒ်ပါဌ် အက္ခရာ သဒ္ဒါကိုမျှလည်း မပျက်စီးရအောင် ဆောင်ယူ၍ သီဟိုဠ်ကျွန်း ကလ္လဂါမဇနပုဒ်၊ မန္တလာရာမကျောင်း တိုက်ကြီးသို့ ပြန်လာကြကုန်၏။
ထိုခုနစ်ရာသော မထေရ်မြတ်တို့၏ ပြန်လာကြောင်း ကြား၍ မလယဇနပုဒ်၌ ကျန်ရစ်ကြသော ခြောက်ကျိပ်သော မထေရ်မြတ်တို့သည် မန္တလာရာမကျောင်းတိုက် ကြီးသို့ သွား၍ ဖူးတွေ့ကြသော် မထေရ်ကြီး တို့နှင့်အတူ အဋ္ဌကထာနှင့်တကွ ပိဋကတ်သုံးပုံကို နှစ်ဦး တိုက်ဆိုင် တည်းဖြတ်ကြလေသည်။ တစ်လုံး တစ်ပါဒသော ပုဒ်အက္ခရာမျှ မချွတ်မလွဲကြ၊ ဂင်္ဂါရေနှင့် ယမုနာရေကို ရောနှောသော် ညီညွတ်သကဲ့သို့ ဇမ္ဗူရာဇ် ရွှေစင်ကို ဖြတ်၍ စံသော် အရောင်အလျှံ မထူးသကဲ့သို့ မထူးမခြား ညီညွတ်ကြလေသည်။
ထိုသို့ တိုက်ဆိုင် တည်းဖြတ်ကြသည်၏ အခြားမဲ့၌ ပိဋကတ်သုံးပုံဆောင် မထေရ်ချည်း ဖြစ်ကုန်သော သံဃာအစည်းအဝေးကြီးဝယ် ဤဆိုလတ္တံ့သော စကားအစဉ်သည် ထင်ရှားဖြစ်ပေါ်၍ လာခဲ့ပြီ။ ဂဏပါမောက္ခ သံဃနာယက မဟာထေရ်မြတ်တို့က သာသနာတော် အရှည်တည်ထွန်းခြင်းအကြောင်းရင်းမူလ ပထမတန်း အရေးအကြီးဆုံးဖြစ်သော တရားကား **ပရိယတ္တိ** ဖြစ်ပါသလော သို့မဟုတ် **ပဋိပတ္တိ** ဖြစ်ပါသလောဟု မေးခွန်းထုတ်လိုက်၏။
ထိုအခါ ပံသုကူဆောင် မထေရ်တို့က **ပဋိပတ္တိ**သည် သာသနာတော် အရှည် တည်ထွန်းခြင်း အကြောင်းရင်းမူလ ပထမတန်းအရေးအကြီးဆုံး တရားဖြစ်သည်ဟု မိန့်ဆိုကြ၏။ ဓမ္မကထိက မထေရ်တို့က **ပရိယတ္တိ**သည် သာသနာတော် အရှည်တည်ထွန်းခြင်းအကြောင်းရင်းမူလ ပထမတန်းအရေး အကြီးဆုံး တရား ဖြစ်သည် ဟု မိန့်ဆိုကြ၏။
ထိုအခါ ဂဏပါမောက္ခသံဃနာယက မဟာထေရ်မြတ်တို့က ဤစကားသည် သင်တို့ နှစ်ဦးနှစ်ဘက်ပြောသော အတ္တနောမတိမျှသာ ဖြစ်ချေသည်။ သူတစ်ပါးတို့ ယုံကြည်ခြင်းငှာ မတတ်ကောင်းသေး။ ဘုရားဟောပါဠိတော် သာဓကထုတ်ဆောင်၍ ယုံကြည်အောင် ပြကြပါလောဟု အမိန့်ရှိရာ ပံသုကူဆောင် မထေရ်တို့က ရဟန်း တို့သည် ကောင်းစွာ ပဋိပတ်ကို ကျင့်ကြံနေခဲ့လျှင် ဤလောကသည် ရဟန္တာတို့ဖြင့် မဆိတ်နိုင်ဟု ဟောတော်မူသော -
“ဣမေ စေ သုဘဒ္ဒ ဘိက္ခူ သမ္မာ ဝိဟရေယျုံ၊ အသုညော လောကော အရဟန္တေဟိ အဿ။”
အစရှိသော ပါဠိတော်ကို ထုတ်ဆောင်၍ ပြကြကုန်၏။ ထို့နောင် ဓမ္မကထိက မထေရ်တို့က အောက်၌ပြလတ္တံ့ ပါဠိတော်ကို ထုတ်ဆောင်၍ ပြလိုက်ရာ သာသနာတော် အရှည်တည်ထွန်းခြင်း အကြောင်းရင်းမူလ ပထမတန်း အရေး အကြီးဆုံး တရားကား ပဋိပတ္တိဟု ဆိုသော ပံသုကူဆောင် မထေရ်များရှုံး၍ သာသနာတော် အရှည်တည်ထွန်းခြင်း အကြောင်းရင်းမူလ ပထမတန်း အရေးအကြီးဆုံး တရားကား ပရိယတ္တိဟုဆိုသော ဓမ္မကထိက မထေရ်များ၏စကား အောင်ပွဲရကြောင်း မနောရထပူရဏီ အမည်ရသော ဒသမဝဂ်၊ ဧကဂုၤတ္တရ အဋ္ဌကထာ ဘိက္ခုပါစိတ်၊ သဟဓမ္မိကဝဂ်၊ ဝိလေခနသိက္ခာပုဒ်အဖွင့် တေရသကဏ် ဋီကာတို့၌ လာသည်။
ဓမ္မကထိကမထေရ်များ ဆောင်ပြသော သာဓကပါဠိတော်
▬▬▬▬▬▬▬▬▬▬▬▬
၁။ ယာဝ တိဋ္ဌန္တိ သုတ္တန္တာ၊ ဝိနယော ယာဝ ဒိဗ္ဗတိ။
တာဝ ဒက္ခန္တိ အာလောကံ၊ သူရိယေ အဗ္ဘုဋ္ဌိတေ ယထာ။
၂။ သုတ္တန္တေသု အသန္တေသု၊ ပမုဋ္ဌေ ဝိနယမှိ စ။
တမော ဘဝိဿတိ လောကေ၊ သူရိယေ အတ္ထင်္ဂတေ ယထာ။
၃။ သုတ္တန္တေ ရက္ခိတေ သန္တေ၊ ပဋိပတ္တိ ဟောတိ ရက္ခိတာ။
ပဋိပတ္တိယံ ဌိတော ဓီရော၊ ယောဂက္ခေမာ န ဓံသတိ။
၁။ ယာဝ = အကြင်မျှလောက်၊
သုတ္တန္တာ = သုတ် အဘိဓမ္မာ နှစ်ဖြာသော ပရိယတ်တို့သည်၊
တိဋ္ဌန္တိ = ပရိယတ္တိဓရ ပုဂ္ဂလတို့ ပို့ချသင်အံခြင်းကြောင့် တည်ရှိကုန်သေး၏၊
ယာဝ = အကြင်မျှလောက်၊
ဝိနယော = ဝိနည်းပရိယတ်သည်၊
ဒိဗ္ဗတိ = ကောင်းစွာ စောင့်ရှောက် ထွန်းတောက်ပသေး၏၊
တာဝ = ထိုမျှလောက်၊
သူရိယေ = ယူဇနာငါးဆယ် ပျံ့ကျယ်ကြီးပြင်း ဒေါင်းနေမင်းသည်၊
အဗ္ဘုဋ္ဌိတေ ယထာ = ရောင်ဝါရွှန်းစက် တလက် လက်နှင့် ပေါ်ထွက်၍ နေသကဲ့သို့၊
အာလောကံ = ဘဂဝါအခေါင်၏ သာသနာရောင်ကို၊
ဒက္ခန္တိ ယထာ = သာသနာဝင် ဗိုလ်လူရှင်တို့ တွေ့မြင်စောင့်ရှောက်နိုင်ကြကုန်သေး၏။
၂။ သုတ္တန္တေသု = သုတ်အဘိဓမ္မာ နှစ်ဖြာသော ပရိယတ်တို့သည်၊
အသန္တေသု = ပဋ္ဌာန်းကစ တစ်ကျမ်းမျှ မရှိကုန်လတ်သော်၊
ဝိနယမှိ စ = အာဏာပညတ် ဝိနည်း ပရိယတ်သည်လည်း၊
ပမုဋ္ဌေ = မာတိကာရောက် အကုန်ပျောက်လတ်သော်၊
သူရိယေ = ယူဇနာငါးဆယ် ပျံ့ကျယ်ကြီးပြင်း ဒေါင်းနေမင်းသည်၊
အတ္ထင်္ဂတေ ယထာ = အလင်းရောင်ပ မိုက်မှောင်ကျအောင် မြန်းကြွသွားသကဲ့သို့၊
လောကေ = လောက၌၊
တမော = သာသနာရောင်ပ မိုက်မှောင်ကျသည်၊
ဘဝိဿတိ = စင်စစ်မသွေ ဖြစ်ပေလတ္တံ့။
၃။ သုတ္တန္တေ = သုတ်ဝိနည်း အဘိဓမ္မာ သုံးဖြာသော့ရိယတ်တို့ကို၊
ရက္ခိတေ = ပရိယတ္တိဓရာ ပုဂ္ဂလတို့ ပို့ချစောင့်ရှောက်အပ်သည်၊
သန္တေ = ဖြစ်လတ်သော်၊
ပဋိပတ္တိ = ပဋိပတ္တိကို၊
ရက္ခိတာ = စောင့်ရှောက်အပ်သည်မည်သည်၊
ဟောတိ = ဖြစ်၏။
ပဋိပတ္တိယံ = ကျင့်နည်းအမြတ် ပဋိပတ်၌၊
ဌိတော = တည်သော၊
ဓီရော = ပညာရှိသည်၊
ယောဂက္ခေမာ = ယောဂကုန်ရာ အရဟတ္တဖိုလ် နိဗ္ဗာန်မှ၊
န ဓံသတိ = မလျှောမသက် မပျက်မစီးနိုင်။
ဤဆိုအပ်ခဲ့ပြီးသော စကားအစဉ်တို့ကြောင့် ဘုရားရှင်၏ **ပရိယတ္တိသာသနာ**ကို ရိုသေစွာ အားပေးချီးမြှောက် စောင့်ရှောက်ကြကုန်သော ရဟန်းရှင်လူအပေါင်း သူတော်ကောင်းတို့သည် **ပဋိပတ္တိ သာသနာ**၊ **ပဋိဝေဓသာသနာ**ကိုလည်း ရိုသေစွာ အားပေး ချီးမြှောက် စောင့်ရှောက်ရာ ရောက်သည်၏ အဖြစ်ကို အကျယ်တဝင့် မဆိုသော်လည်း အလိုလို ပြီးတော့သည်သာလျှင်တည်း။
(၄၈) အဖိုးအနဂ္ဃ ထိုက်တန်သော ပရိယတ္တိရတနာ
▬▬▬▬▬▬▬▬▬▬▬▬
ဤလောက၌ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးး မပွင့်ခဲ့ပါလျှင် **ပရိယတ္တိ ရတနာ**ကြီးကို စကြဝဠာ အနန္တရှိကြသော အဖိုးအနဂ္ဃထိုက်တန်သော စိန်ရွှေငွေ ပတ္တမြား စသော ရတနာတို့ဖြင့် စုပုံပြီး လဲလှယ် ဝယ်ယူငြားသော်လည်း ရနိုင်မည် မဟုတ်ချေ။
ဘုရားရှင်ပွင့်တော်မူလာခြင်း ကြောင့်သာလျှင် **ပရိယတ္တိ ရတနာ**ကြီး ပေါ်ထွန်း လာချေသည်။ ထို့ကြောင့် ဤပရိယတ္တိရတနာကြီးသည် စကြဝဠာ အနန္တရှိကြသော လောကီဥစ္စာ စိန်,ရွှေ,ငွေ,ပတ္တမြားစသော ရတနာတို့ထက် ဆက်ထက် သင်္ချေ ကုဋေကုဋာ ရေခါမဆုံးနိုင်အောင် သာလွန်ပြီး အဖိုးအနဂ္ဃထိုက်တန်သော ရတနာကြီး ဖြစ်သောကြောင့် “ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ”ဟူ၍ ဟောတော်မူသည်။
ထို့ကြောင့် သာသနာတော်ကြီးအတွင်း၌ ပရိယတ္တိရတနာကြီးကို မပျောက်မပျက် တည်ရှိပါရန် အကျိုးငှာ သမ္မာဆန္ဒရှိကြ၍ တွင်းပြင်နှစ်ဝ ကိုယ်ကာယ၌ များလှရောဂါ လေအနာနှင့် ဒူလာယှဉ်ဘက် ပါဒရက်ဟု ရောင်လျက်ဖောကာ ထုံကျင်နာဖြင့် ဖြာဖြာဖိစီး သေလုနီးလျက် သွေးအံထွက်၍ ပျောက်ပျက်ခန္ဓာ ပျံလွန်ရှာအောင် ဇီဝါအသက် မငဲ့ကွက်ဘဲ ဆောင်ရွက်အားထုတ် လွန်ကြိုးုကုတ်လျက် မယုတ်စေရ သင်အံ့ကြ၍ ပို့ချကြည့်ရှု ဤအမှုဖြင့် ဂရုစိုက်ခါ သာသနာကို တည်ပါစေကြောင်း ရည်ဆုတောင်းလျက် မြတ်ကျောင်းဝိဟာ တစာစာနှင့် နေရှာကြသော စာချ အကျော် ဆရာတော်ကြီးငယ်တို့မှစ၍ စာချစာသင် ရှင်ရဟန်းသာမဏေ အပေါင်းတို့တွင် အယုတ်ဆုံးအားဖြင့် သာမဏေငယ် ကလေးတစ်ပါးကိုပင် လောကီဥစ္စာ စိန်,ရွှေ, ငွေ,ပတ္တမြား စသော ရတနာတို့ထက် သာလွန်ပြီး အဖိုးအနဂ္ဃ ထိုက်တန်သော သာမဏေငယ်ကလေးဟူ၍ ခေါ်ဆိုထိုက်၏။
ဤစကားသည် မလွဲဧကန် အမြဲမှန်၏။ ဤလောက၌ အနည်းငယ်မျှသော လောကီ ဥစ္စာ စိန်,ရွှေ,ငွေ စသော ရတနာရှိသော လူတစ်ယောက်ကို လူ့အဖိုးတန်ကြီး, လူဂုဏ်တန်ကြီးဟု ခေါ်ဆိုကြသေး၏။ သာသနာတော်ကြီး၌ **ပရိယတ္တိဓရ သာမဏေ** ငယ်ကလေးမှာ အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း။ ဤသို့ အဖိုးအနဂ္ဃထိုက်တန်သော ပရိယတ္တိဓရ သာမဏေငယ်ကလေးမှစဿ စာချအကျော် ဆရာတော်ကြီးတို့တိုင် အောင် ပစ္စည်းလေးပါးတို့ဖြင့် အားပေးချီးမြှောက် ထောက်ပံ့ လှူဒါန်းနေကြသော ဒါယကာ ဒါယိကာမတို့သည် သာသနာတော်ကြီးကို ပြုစုရာ အားပေးရာ ချီးမြှောက်ရာ ထောက်ပံ့ရာ ရောက်သည်၏အဖြစ် မိမိတို့အလိုရှိအပ် တောင်းတအပ်သော လောကီလောကုတ္တရာ နှစ်ဖြာသော ချမ်းသာများရနိုင်သည်၏အဖြစ်ကို ယုံကြည်ခြင်း သဒ္ဓါ အစလဖြင့်ဘဂဝါဘုရာ့ သာသနာတွင်း၌ ရာဇာ့ ဒါယကာ မင်းကင်းပခိုက် သာသနာ့ဒါယကာ အရင်းချည်း ဖြစ်ကြရအောင်ကြိုးစားအားထုတ်၍ သာသနာတော် ပြုစု သုတ်သင်ကုန်ရာသည်။
နိဂုံး
▬▬
ဧတ္တာဝတာ စ ဓညာဓိဝါသဘူတဿ ဇလဂ္ဂနဂရဿ အဝိဒူရေ ပစ္ဆိမဒိသာဘာဂေ မဟာထူပေန ဥပသောဘိတော ဥဒပါနခါတာဝါသသမ္ပန္ဒော ဝိဝေကိစ္ဆိတာနံ ဥပသေဝိတော မဟာစတုဘူမိကာရာမောတိ အတိပါကဋော မဟာရာမော အတ္ထိ၊ တတ္ထ ဝသန္တဿ သာဋ္ဌကထေ ပိဋကတ္တယေ ကောဝိဒဿ ဂန္ထန္တရ ဗဟုဿုတဿ တိက္ခဂမ္ဘီရသူရဇဝနဟာသဉာဏေဟိ သမန္နာဂတဿ အနေကသိဿေဟိ ပရိဝုတဿ ဝိနယ ဂုရုနော လဇ္ဇီပေသလဿ သိက္ခာကာမဿ မဟာထေရဿ ဇေဋ္ဌသိဿဘူတေန ဂဏဝါစကောတိ ဝိဿုတေန သဒ္ဓမ္မဋ္ဌိတိကာမေန နန္ဒိယောတိ ဂရူဟိ ဂဟိတနာမဓေယျေန အနုတ္ထရေန ရတနာပူရနာမကေ ရာဇဋ္ဌာနိယေ ကုန်းဘောင် ရာဇဝံသေ ပုညဝန္တေဟိ ဗုဒ္ဓသာသနမာမကေဟိ ဒွိဟိ ဓမ္မရာဇူဟိ ဂရုံ ကတွာ စက္ကိန္ဒာဘိ ဓဇမဟာဓမ္မရာဇဂုရူဟိ စ ဒိန္နလဉ္ဆိတနာမဿ မဟာထေရသင်္ခါတဿ ပုဂ္ဂလဝိသေသဿ ဂုဏံ ပကာသေတွာ မန္ဒဗုဒ္ဓီနံ အတ္ထာယ ရစိတော အယံ ဂန္ထော အနန္တရာယေန နိဋ္ဌိတော။
စ = ကျမ်းပြီးအောင်မြင် နိဂုံးတင်အံ့၊
ဧတ္တာဝတ် = ဤမျှ အတိုင်းအရှည်ရှိသော စကားအစဉ်ဖြင့်၊
ဓညာဓိဝါသဘူတဿ = ရှေးဘုန်းရှေးကံ နှိုးဆော်ဖန်သူ အဖိုးတန်သောလူတို့၏ နေရာ ဖြစ်၍ဖြစ်သော၊
ဇလဂ္ဂနဂရဿ = ကြီးကျယ်ခမ်းနား ပင်စုံပွား၍ မားမားမို့မို့ လေပြေတို့လျှင် ယို့ယို့ လှုပ်ယိုင် ရဂုံမြိုင်နှင့် ဖြိုင်ဖြိုင်ဝေဆာ ရေဇာလတို့ ညွတ်ကာပြည့်လျှမ်း နဒီကမ်းမို့ အထူးကြို့သော ရေဦးမြို့၏၊
အဝိဒူရေ = ကုလလေးတာ ပြန်ငါးရာဖြင့် လှမ်းကွာခရီး ဆိတ်ငြိမ်မှီး၍ မနီးမဝေးသော၊
ပစ္ဆိမဒိသာဘာဂေ = အနောက် ဒိသာရပ်မျက်နှာအဖို့၌၊
မဟာထူပေန = ဒါယကာမွန် ပုသိမ်ဝန်သည် အလွန်သဒ္ဓါ တည်ကာပြုအပ် စေတီမြတ်ကြီးဖြင့်၊
ဥပသောဘိတော = ဖူးမြင်ရသူ များဗိုလ်လူတို့ ကြည်ဖြူသဒ္ဓါ တက်ကြွလာအောင် သာယာ တင့်တယ်ထသော၊
ဥဒပါနခါတာဝါသသမ္ပန္နော = ရေတွင်း ရေကန် ကျောင်းအရံတို့နှင့် ပြည့်စုံထသော၊
ဝိဝေကိစ္ဆိတာနံ = ကာယစိတ္တ ဝိဝေကကို လိုထရည်မှန်း မြတ်ရဟန်းတို့၏၊
ဥပသေဝိတော = မှီဝဲဆည်းကပ် သုံးနေအပ်ထသော၊
မဟာစတုဘူမိကာရာမောတိ = ရပ်လေးမျက်နှာ ကျေညာရိုက်ဟီး အံ့ချီးသမိုက် လေးထပ် ကြီးတိုက်ဟူ၍၊
အတိပါကဋော = အလွန်ထင်ရှားထသော၊
မဟာရာမော = စိတ်နေနှလုံး ရွှင်ပြုံးလျက် ကုန်လုံး အေးမြ ဘေးမခသော ကျောင်းတိုက်ကြီးသည်၊
အတ္ထိ = ရှိ၏၊
တတ္ထ - တသ္မိံ အာရာမေ = တင့်တယ်သိုက် မြိုက် ဂုဏ်ပေါင်းဆိုက်သော ထိုကျောင်းတိုက်ကြီး၌၊
ဝသန္တဿ = လာဘာလာဘံ လောကဓံကို သည်းခံနိုင်ဘိ သမာဓိဖြင့် ပကတိနှလုံး ကြည်ရွှင်ပြုံလျက် သီတင်းသုံးနေတော်မူထသော၊
သာဋ္ဌကထေ = အဋ္ဌကထာနှင့် တကွသော၊
ပိဋကတ္တယေ = ပိဋကတ်သုံးပုံ ကျမ်းမျိုးစုံ၌၊
ကောဝိဒဿ = ဂဏ္ဌိဌာန ဓိပ္ပါယ စသည်တို့နှင့် တကွ ဝိနိစ္ဆယဉာဏ်ပါ ရင့်သန်လိမ္မာတော်မူထသော၊
ဂန္ထန္တရ ဗဟုဿုတဿ = ပါဠိ အဋ္ဌကထာ ဋီကာ အနု မဓု ဂဏ္ဌိ နေတ္တိတစ်ခန်း ဆန်းအလင်္ကာ သဒ္ဒါ မောဂ္ဂလာန် အဘိဓာန် ဗျာကရုဏ်း စသော ကျမ်းအထူးထူးတို့၌ ဆည်းပူးအပ်သော ပရမီအဟုန်တို့ကြောင့် အာဂုံ ပါဠိ နေရာတိုင်း မိသဖြင့် ကဝိတစ်ဆူ ရည်တူလွန်ရှား များသော အကြားအမြင်ရှိထသော၊
တိက္ခဂမ္ဘီရ သူရဇဝနဟာသဉာဏေဟိ = ထက်သန်နက်နဲ ရင့်ရဲလျင်မြန် ရွှင်သော ဉာဏ်တို့နှင့်၊
သမန္နာဂတဿ = ပြည့်စုံထသော၊
အနေကသိဿေဟိ = အရာမက များပြားလှသော တပည့်တို့ဖြင့်၊
ပရိဝုတဿ = ခန္တီ မေတ္တာ ကရုဏာအင် စည်ပင်သန်ထွား ယင်းတရားကြောင့် ထံပါးဆည်းကပ် ခြံရံအပ်ထသော၊
ဝိနယဂုရုနော = ဝိနည်းကို အလေးပြုထသော၊
လဇ္ဇီပေသလဿ = မကောင်းမှု၌ ရှက်တတ် သီလကို ချစ်မြတ်ထသော၊
သိက္ခာကာမဿ = သိက္ခာသုံးပါး ကျင့်တရားကို လိုလား တောင့်တခြင်းရှိထသော၊
မဟာထေရဿ = ဝါနှစ်ဆယ်ကျော်ပြီး မဟာထေရ်ကြီး၏၊
ဇေဋ္ဌသိဿဘူတေန = တပည့်ကြီးဖြစ်၍ ဖြစ်ထသော၊
ဂဏဝါစကောတိ = ဂဏဝါစက သမ္မုတိရသဖြင့် စာချဟူ၍၊
ဝိဿုတေန = ကျော်စောထင်ရှားထသော၊
သဒ္ဓမ္မဋ္ဌိတိကာမေန = သူတော်ကောင်းတရား မြင့်ရှည်စွာ တည်ခြင်းကို အလိုရှိ ထသော၊
နန္ဒိယောတိ = နန္ဒိယဟူ၍၊
ဂရူဟိ = ကျောက်ထီးတန္တု အလေးပြုအပ် ဆရာမြတ်တို့သည်၊
ဂဟိတနာမဓေယျေန = နာမပညတ် မှည့်ခေါ်အပ်သော အမည်ရှိထသော၊
အနုတ္ထေရေန = ဆယ့်တစ်ဝါရ ဤခါကျအောင် နယဖွေရှာ ထေရ်ဆရာ၏ ထံမှာမှီနေ အနုထေရ်သည်၊
ရတနာပူရနာမကေ = ရတနာမျိုး ပြည့်ဖြိုးစုံလတ် ယင်းသကတ်ကြောင့် ရတနာပူရ အမည်ရှိသော၊
ရာဇဋ္ဌာနိယေ = သာသနာ့ ဒါယကာ မင်းရာဇာတို့ စုံရာဌာနီ မင်းနေပြည်ကြီး၌၊
ကုန်းဘောင် ရာဇဝံသေ = ဘုန်းရှင်ကွာပိန် နရာဇိန်တို့ သမ္ဘာရှိန်လက် ကုန်းဘောင် ဆက်၌၊
ပုညဝန္တေဟိ = နှလုံးလက်ရုံး ပြိုင်ဘက်ရှုံးအောင် ဘုန်းရှိကြကုန်သော၊
ဗုဒ္ဓသာသန မာမကေဟိ = ဘုရားသာသနာ မှန်စွာအားကိုး မြတ်နိုးကြကုန်သော၊
ဒွီဟိ = ညီရင်းနောင်ရင်း သမ္ဘာလင်း၍ နန်းတွင်းဝယ်ဖွား နှစ်ပါးကုန်သော၊
ဓမ္မရာဇူဟိ = ရတနာပူရ စတုတ္ထမြို့နန်းတည် ဖလ်နန်းရှင် မင်းတရား, အမရပူရ ဒုတိယ မြို့နန်းတည် ကုန်းဘောင်မင်းတရားတို့သည်၊
ဂရုံ ကတွာ = အစလသဒ္ဓါ မြတ်ပူဇာဖြင့် ဆရာအမှတ် အလေးအမြတ် ပြုကြကုန်၍၊
စက္ကိန္ဒာဘိဓဇမဟာဓမ္မရာဇဂုရူတိ စ = စက္ကိန္ဒာဘိဓဇ မဟာဓမ္မရာဇ ဂုရုဟူ၍ လည်းကောင်း၊
ဒိန္နလဉ္ဆိတနာမဿ = ချီးမြှင့်ကော်ရော လှူဒါန်းပူဇော်အပ်သော တံဆိပ် နာမံတော် ရှိထသော၊
မဟာထေရသင်္ခါတဿ = မဟာထေရ်ဟု ခေါ်ဆိုအပ်သော၊
ပုဂ္ဂလဝိသေသဿ = သီလသမာ ဉာဏ်ပညာဖြင့် မှန်စွာကျင့်လတ် ထူးမြတ်သော ပုဂ္ဂိုလ်ကြီး၏၊
ဂုဏံ = များဖြင်ဥဿုံ ကျေးဇူးဂုဏ်ကို၊
ပကာသေတွာ = ရှင်လူအများ ကြည်ညိုပွားအောင် ထင်ရှားပြ၍၊
မန္ဒဗုဒ္ဓီနံ = နှလုံးစုငုံ ပညာနုံ သောသူတို့၏၊
အတ္ထာယ = အကျိုးငှာ၊
ရစိတော = ရေးသား ပြုပြင် စီရင်အပ်သော၊
အယံ ဂန္ထော = ဤပုဂ္ဂလဝိသေသ ဒီပကကျမ်းသည်၊
အနန္တရာယေန = အန္တရာယ်မရှိသဖြင့်၊
နိဋ္ဌိတော = ပြီးဆုံးခြင်းသို့ ရောက်ပြီ။
ဆုတောင်း
▬▬▬▬
၁။ ဤသို့ပြုရ၊ ကုသလ၊ ပုညဝိသေသော။
၂။ သဗ္ဗညုဉာဏ်၊ တောင်းဆုပန်၊ အမှန်ပြည့်စေသောဝ်။
၃။ မိတေသခင်၊ ကန့်ကော်ရှင်၊ ဖူးမြင်ရစေသောဝ်။
၄။ ဗျာဒိတ်စကား၊ မိန့်သံများ၊ နာကြားရစေသောဝ်။
၅။ ပါရမီများ၊ မြတ်တရား၊ ဖြည့်ပွားနိုင်စေသောဝ်။
၆။ ဖြစ်လေရာရာ၊ ဘဝမှာ၊ ပညာကြွယ်စေသောဝ်။
၇။ ပညာကြွယ်ဝ၊ ဝေနေယျ၊ ပို့ချနိုင်စေသောဝ်။
၈။ သီရိဒုဋ္ဌာ၊ အတူသာ၊ မကြာဖြစ်စေသောဝ်။
၉။ ဖြစ်၍လာရာ၊ ဘုန်းသမ္ဘာ၊ ထိန်ဖြာလင်းစေသောဝ်။
၁၀။ ကျွန်မြတ်ဇမ္ဗူ၊ ငါလိုလူ၊ ပြိုင်သူကင်းစေသောဝ်။
၁၁။ မိစ္ဆာရန်မျိုး၊ အညွန့်ကျိုး၊ ဖြတ်ချိုးနိုင်စေသောဝ်။
၁၂။ ရန်ဘေးကင်းကွာ၊ သာသနာ၊ မှန်စွာပြုရပါစေသောဝ်။
၁၃။ သတ္တာသဗ္ဗေ၊ ပေးမျှဝေ၊ မသွေရစေသောဝ်။
၁၄။ ဤမြေထင်ရှား၊ သက်သေထား၊ သိကြားပါစေစောဝ်။
၁၅။ သောင်းတိုက်ဇမ္ဗူ၊ နတ်နှင့်လူ၊ ကြည်ဖြူသာဓုခေါ်စေသောဝ်။
ပုဂ္ဂလဝိသေသဒီပကကျမ်း ပြီး၏။
Comments
Post a Comment