Skip to main content

မဟာစည် ထေရဝုတ္တန္တဝိလာသိနီ

မဟာစည် ထေရဝုတ္တန္တဝိလာသိနီ

(ပထမတွဲ)

▬▬▬▬ஜ۩۞۩ஜ▬▬▬▬

မာတိကာ

၁။ ဗုဒ္ဓပ္ပဏာမ
၂။ ဓမ္မပ္ပဏာမ
၃။ သံဃပ္ပဏာမ
၄။ အာစရိယပ္ပဏာမ
၅။ အဘိယာစကနှင့် ပဋိညာဉ်

ပထမပိုင်း

၆။ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်ပြည်နယ်နှင့်တိုင်း

ဒုတိယပိုင်း

၇။ စစ်ကိုင်းတိုင်း ရွှေဘိုမြို့
၈။ ခရိုင်မြို့ဖြစ်ခဲ့ခြင်း
၉။ စစ်ကိုင်းတိုင်း မြို့နယ်များ
၁၀။ အမည်နာမ ၅-မည်ဖြင့် ထင်ရှားခဲ့ခြင်း
၁၁။ အလောင်းဘုရားနန်းစံရှစ်နှစ် တေးထပ်

တတိယပိုင်း

၁၂။ ပညာရှင်တို့ ပေါ်ထွန်းရာ

စတုတ္ထပိုင်း

၁၃။ ဆိပ်ခွန်ရွာကြီး
၁၄။ မြို့ဟုခေါ်ထိုက်သောရွာ

ပဉ္စမပိုင်း

၁၅။ မဟာစည် ဆရာတော်ဘုရားကိုယ်တိုင် ဖွဲ့ဆိုသည့် ဆိပ်ခွန်ရွာဘွဲ့

ဆဋ္ဌမပိုင်း

၁၆။ ဦးကံတော်-ဒေါ်အုပ်
၁၇။ မပူမပင်, မတောင့်မတ နေနိုင်ကြ
၁၈။ သူတို့နှစ်ဦး လွန်ထူးမြတ်ကြ
၁၉။ တန်ဆောင်မာသ ခါသမယ

သတ္တမပိုင်း

၂၀။ မဟာစည်ဆရာတော်လောင်းလျာ ပဋိသန္ဓေတည်
၂၁။ ပဋိသန္ဓေတည်နေရာလ ကောင်းမြတ်ခြင်း ကောင်းမြတ်မည့် လက္ခဏာဆောင်
၂၂။ ဆရာတော်လောင်းလျာကိုယ်ဝန်ကို စောင့်ရှောက်ခြင်း
၂၃။ ဒုတိယဝါဆိုလ

အဋ္ဌမပိုင်း

၂၄။ မဟာစည်လောင်းလျာ ဖွားမြင်တော်မူပြီ
၂၅။ မဟာစည်ဆရာတော်ဘုရား ဇာတာ
၂၆။ မဟာစည်ဆရာတော် ဇာတာဖွဲ့တေးထပ်
၂၇။ အချိန်ကောင်း ဖွားမြင်ခြင်း
၂၈။ ကောင်းမြတ်သောနိမိတ်
၂၉။ ဘုရားအလောင်းတော် တောထွက်ချိန်ထက် အနည်းငယ်နောက်ကျ
၃၀။ မိဘနှစ်ဦး ကြည်နူးဝမ်းမြောက်
၃၁။ ဆရာတော်လောင်းလျာဖွားမြင် လောကကြီးများစွာ အကျိုးရှိ
၃၂။ ဆိပ်ခွန်ရွာ တရွာလုံးလိုလို အမျိုးသမီးတွေ လာရောက်ကြည့်ရှုကြ

နဝမပိုင်း

၃၃။ ဆရာတော်ငယ်နာမည် မောင်သွင်
၃၄။ ဦးကံတော်-ဒေါ်အုပ်တို့မှာ သားသမီး ၇-ယောက်
၃၅။ ငှက်တွေ ရေသောက်ကန် ဆုံမိသည်နှင့်တူ
၃၆။ သံဝေဂယူစရာ
၃၇။ သံဝေဂယူစရာလင်္ကာ
၃၈။ မိခင်ကြီးဒေါ်အုပ် ဆရာတော်လောင်းလျာအား လွန်စွာစောင့်ရှောက်
၃၉။ တဖြည်းဖြည်း ကြီးပြင်းလာရာ ၆-နှစ်သားအရွယ်ရောက်

ဒသမပိုင်း

၄၀။ ပျဉ်းမနားကျောင်း ဆရာတော် အရှင်အာဒိစ္စ
၄၁။ အရှင်အာဒိစ္စထံ ပညာသင်
၄၂။ သက်တော် တဆယ့်နှစ်နှစ်အရွယ်ရောက်ခြင်း

ဧကာဒသမပိုင်း

၄၃။ ဆရာတော်လောင်းလျာ သာမဏေဝတ်ပြီ
၄၄။ ဥပဇ္ဈာယ်ဆရာတော် အရှင်အာဒိစ္စထေရ်
၄၅။ ဘွဲ့တော်နာမ ရှင်သောဘန
၄၆။ ဇာတ်ကြီးဆယ်ဘွဲ့
၄၇။ သင်ကြားလေ့ရှိခဲ့ခြင်း
၄၈။ ရှင်သောဘန ဇာတ်ကြီးဆယ်ဘွဲ့ သင်ယူတော်မူခြင်း
၄၉။ စာပေဖြင့် အချိန်ကို ကုန်လွန်စေခဲ့
၅၀။ ဝိနည်းပါဠိတော် ၅-ကျမ်း
၅၁။ ဝိနည်းအဋ္ဌကထာကျမ်းကြီးများ
၅၂။ ဝိနည်းပါဠိအဋ္ဌကထာများကို သင်ယူခြင်း
၅၃။ များများ မြန်မြန်သင်ယူ နှုတ်ရဆောင်သင့်သည်ကို လည်းဆောင်
၅၄။ ကစ္စည်းသဒ္ဒါကြီး
၅၅။ ဆရာတော်လောင်းလျာ ကစ္စည်းသဒ္ဒါကြီးသင်ယူခြင်း
၅၆။ အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း
၅၇။ ဆရာတော်လောင်းလျာ အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်းသင်ယူ
၅၈။ ပဒရူပသိဒ္ဓိကျမ်း
၅၉။ ဆရာတော်လောင်းလျာ ပဒရူပသိဒ္ဓိကျမ်းကို လေ့လာခြင်း
၆၀။ မုခမတ္တဒီပနီမည်သော နျာသပါဌ်
၆၁။ ဆရာတော်လောင်းလျာ နျာသကို လေ့လာခြင်း
၆၂။ ဋီကာကျော်ပါဌ်
၆၃။ ဋီကာကျော်ကျမ်းကို သင်ယူခြင်း
၆၄။ ဋီကာကျော်ကျမ်းကို အာဂုံဆောင်ခြင်း
၆၅။ ဂဏနဂမ္ဘီရခေါ် ဂဏန်းကျမ်းကြီး လေ့လာတွက်ချက်
၆၆။ အရှင်အာဒိစ္စ လူဝတ်လဲသဖြင့် သံဝေဂဖြစ်ခြင်း
၆၇။ မြောင်းကြီးဆရာတော် အရှင်အာစာရ
၆၈။ သဒ္ဒတ္ထဘေဒစိန္တာကျမ်း
၆၉။ သဒ္ဒတ္ထဘေဒစိန္တာကျမ်းကို သင်ယူခြင်း
၇၀။ ဘေဒစိန္တာကို နှုတ်ရဆောင်ခြင်း
၇၁။ အင်္ဂလိပ်ဘာသာကို လေ့လာခြင်း
၇၂။ အင်ကြင်းတော စေတီတော်ကြီး
၇၃။ တိုက်သူကြီးကျောင်း စာချဆရာတော် အရှင်ပရမထေရ်
၇၄။ အရှင်သောဘန အရှင်ပရမထံ ပြောင်းရွှေ့သီတင်းသုံး
၇၅။ ဝိဘင်းပါဠိအဋ္ဌကထာ ဋီကာကို သင်ယူခြင်း
၇၆။ ဝိဘင်းပါဠိအဋ္ဌကထာမူလဋီကာကို သင်ယူခြင်း

ဒွါဒသမပိုင်း

၇၇။ ရဟန်းပြုရန်စိတ်ကောင်းကြံ
၇၈။ ရဟန်းဘဝ ဒုလ္လဘသို့
၇၉။ ရဟန်းဒါယကာ ဦးအောင်ဘော် ရဟန်းဒါယိကာမ ဒေါ်သစ်
၈၀။ ဘုရင့်သား စစ်ဗိုလ်ကလေးလို အလွန်ကို လှပတင့်တယ်ကြည်ညိုဖွယ်
၈၁။ ဦးကံတော်နှင့် ဒေါ်အုပ်တို့ လွန်စွာဝမ်းမြောက်ကြ
၈၂။ ဝမ်းမြောက်ဝမ်းသာ ဖြစ်တော်မူလိမ့်မည်
၈၃။ တမျိုးစဉ်းစားဆင်ခြင်လိမ့်ဦးမည်

တေရသမပိုင်း

၈၄။ ဆက်လက်၍ စာပေကျမ်းဂန်သင်ယူခြင်း
၈၅။ စာပေချပို့တော်မူခြင်း
၈၆။ သီလကို လုံခြုံအောင် ထိန်းသိမ်းတော်မူခြင်း

စုဒ္ဒသမပိုင်း

၈၇။ ဓုတင်အကျင့်ကို ကျင့်တော်မူခြင်း
၈၈။ ပိဏ္ဍပါတ်ဓူဝင် ကျင့်တော်မူခြင်း
၈၉။ စက္ခုန္ဒြေချ ဆွမ်းခံ
၉၀။ ရသမျှ ဆွမ်းဘောဇဉ်ဖြင့် ရောင့်ရဲတော်မူခြင်း
၉၁။ ဆွမ်းခံခြင်းအကျင့်ကို အထင်မသေးရာ မထီမဲ့မြင်မပြုရာ
၉၂။ ဆွမ်းခံဘုဉ်းပေးသော ရဟန်း နတ်အများချစ်ခင်
၉၃။ နတ်တို့ကြည်ညိုချစ်ခင်မှုကို ငယ်စဉ်ကခံရ
၉၄။ ပတ္တပိုဏ်ဓူတင်ကိုလည်း ကျင့်တော်မူခြင်း
၉၅။ အရှင်မဟာကဿပလမ်းစဉ်
၉၆။ ရုက္ခမူဓုတင်ကို ဆောက်တည်၍ ကျင့်တော်မူခြင်း
၉၇။ ထိပ်တန်း ပဋိပတ္တိဝန်ဆောင်တို့ကို အတုယူကျင့်ခဲ့
၉၈။ ဧကာသနိက်ဓူတင်ကို ကျင့်တော်မူခြင်း
၉၉။ အနုသာသနီ ၂-ဂါထာ ပါဠိအနက်

ပန္နရသမပိုင်း

၁၀ဝ။ ပထမပြန်စာမေးပွဲ
၁၀၁။ ပထမငယ်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆို အောင်မြင်တော်မူခြင်း

သောဠသမပိုင်း

၁၀၂။ မယ်တော်ကြီး ဒေါ်အုပ် ကွယ်လွန်သဖြင့် သံဝေဂဖြစ်ခြင်း
၁၀၃။ မိခင်ကြီးရှိလျှင် ဘယ်လောက်ဝမ်းမြောက်ရှာမလဲ
၁၀၄။ သန်လျင်မြို့
၁၀၅။ သန်လျင်၌ ဝါဆိုတော်မူခြင်း

သတ္တရသမပိုင်း

၁၀၆။ ပထမလတ်တန်း ဖြေဆိုအောင်မြင်ခြင်း
၁၀၇။ ဆိပ်ခွန်ပြန်ကြွတော်မူခြင်း
၁၀၈။ ပထမကြီးတန်း ဝင်ရောက်ဖြေဆိုအောင်မြင်တော်မူခြင်း
၁၀၉။ ဝိနည်းငယ်လေးစောင်ကျမ်း
၁၁၀။ ဝိနည်းငယ် လေးစောင်ကျမ်း ပြန်ဆိုအောင်မြင်တော်မူခြင်း

အဋ္ဌာရသမပိုင်း

၁၁၁။ မန္တလေးမြို့တော်
၁၁၂။ သာသနာရောင် တောက်ပြောင်ထိန်ဝင်းလင်းလက်ရာ
၁၁၃။ မန္တလေးသာသနာဘွဲ့
၁၁၄။ ကျမ်းဂန်တတ် စာချဆရာတော်တွေ စာပေချပို့ သီတင်းသုံးကြ

ဧကူနဝီသတိမပိုင်း

၁၁၅။ မန္တလေးမြို့ အနောက်ပြင် ခင်မကန်ကျောင်းတိုက်ကြီး
၁၁၆။ သမိုင်းအကျဉ်း
၁၁၇။ ခင်မကန်မည်ခြင်း
၁၁၈။ နာယကဆရာတော်စဉ်ဆက်

ဝိသတိမပိုင်း

၁၁၉။ အရှင်သောဘန ခင်မကန်တိုက်၌ သီတင်းသုံးတော်မူခြင်း
၁၂၀။ တိုက်သစ်ဆရာတော် အရှင်ဣန္ဒဝံသာဘိဝံသ
၁၂၁။ အရှင်သောဘန အရှင်ဣန္ဒဝံသာဘိဝံသထံ လိုက်နာသင်ယူခြင်း
၁၂၂။ ချမ်းသာကြီးတိုက် စာချဆရာတော် အရှင်လက္ခဏ
၁၂၃။ အရှင်သောဘန အရှင်လက္ခဏထံ ပညာသင်ကြားခြင်း

ဧကဝီသတိမပိုင်း

၁၂၄။ ဇာတိရပ်ဌာန် ဆိပ်ခွန်သို့ ပြန်ကြွတော်မူခြင်း
၁၂၅။ မော်လမြိုင်မြို့
၁၂၆။ တောင်ဝိုင်းကလေး
၁၂၇။ အရှင်သောဘန မော်လမြိုင် တောင်ဝိုင်းကလေးသို့ ကြွတော်မူခြင်း
၁၂၈။ စာပေကြည့်ရှုလေ့လာတော်မူခြင်း

ဒွါဝီသတိမပိုင်း

၁၂၉။ သထုံမြို့ မူလမင်းကွန်းဇေတဝန် ဆရာတော်ဘုရားကြီး အရှင်နာရဒ မဟာထေရ်
၁၃၀။ ပဋိပတ်အလုပ် ကြိုးကုတ်တော်မူခြင်း
၁၃၁။ ကျမ်းဂန်များ ပြုစုတော်မူခြင်း
၁၃၂။ ပျံလွန်တော်မူခြင်း

တေဝီသတိမပိုင်း

၁၃၃။ အရှင်သောဘန တရားအားထုတ်ရန် ကြံစည်
၁၃၄။ သထုံ ဇေတဝန်ဆရာတော်ဘုရားကြီးထံ ရောက်ခြင်း
၁၃၅။ တရားရှာခရီး စတင်ခြင်း
၁၃၆။ ဖိနပ်မပါ ပရိက္ခရာရှစ်ပါးဖြင့်သာ ခရီးထွက်ခဲ့
၁၃၇။ ဇင်းကျိုက်ရွာ ဆွမ်းခံဝင်ကြွခြင်း

စတုဝီသတိမပိုင်း

၁၃၈။ သထုံသို့ ဆက်လက်ကြွခြင်း
၁၃၉။ သထုံမြို့
၁၄၀။ အရှင်သောဘန သထုံမြို့၌ ၆-ရက်ခန့် သီတင်းသုံးခြင်း
၁၄၁။ ကေလာသစေတီတော်ကို ဖူးမြင်ခြင်း
၁၄၂။ မြသပိတ်တော်ဘုရား ဖူးမြော်
၁၄၃။ ဝေပုလ္လတောင်ကြွ ဆရာတော်များ ကြည်ညိုခဲ့
၁၄၄။ ကျိုက်ထိုမြို့
၁၄၅။ ကျိုက်ထိုမြို့သို့ ကြွတော်မူခြင်း
၁၄၆။ ကျိုက်ထီးရိုး ဆံတော်ရှင်စေတီ
၁၄၇။ သမိုင်းအကျဉ်း
၁၄၈။ အရှင်သောဘန ကျိုက်ထီးရိုးဘုရားဖူးကြွတော်မူခြင်း
၁၄၉။ ကျိုက်ထီးရိုးရင်ပြင်တော်ပေါ်၌ ဆွမ်းခံခဲ့ခြင်း
၁၅၀။ ဆံတော်ရှင်အား အကြိမ်ကြိမ်ဖူးမြော်ပြီး ဆင်းကြွခဲ့
၁၅၁။ သထုံမြို့သို့ ပြန်လည်ရောက်ရှိခြင်း
၁၅၂။ ဇေတဝန်ဆရာတော်ဘုရားကြီးထံ ရောက်ပြီ

ပဉ္စဝီသတိမပိုင်း

၁၅၃။ တရားအလုပ် အားထုတ်ကြိုးပမ်းပြီ
၁၅၄။ စကားမပြောပဲ နေ့ညမနား အားထုတ်ခြင်း
၁၅၅။ ဗောဇ္ဈင်တရားများ၏ စွမ်းအင်ကြောင့် ခန္ဓာကိုယ်ခံ့ကျန်း
၁၅၆။ မော်လမြိုင် တောင်ဝိုင်းကလေးသို့ ပြန်ကြွတော်မူခြင်း
၁၅၇။ ဇေတဝန်ဆရာတော်ဘုရားကြီးထံ ပြန်ရန် ရည်ရွယ်ချက် ပျက်သုဉ်းခဲ့
၁၅၈။ ကျောင်းစောင့်အဖြစ် သီတင်းသုံးခြင်း
၁၅၉။ ကျောင်းထိုင်ပဓာန နာယကအဖြစ်ဖြင့် သီတင်းသုံးခြင်း
၁၆၀။ ပဋိပတ်လည်းလုပ် ပရိယတ်ကိုလည်း အားထုတ်

ဆဗ္ဗီသတိမပိုင်း

၁၆၁။ ဆိပ်ခွန်ပြန်ကြွ သီတင်းသုံး ရှေးဦးစွာ ကမ္မဋ္ဌာန်းပေးခြင်း
၁၆၂။ တရားအရသာ သိမြင်ကြခြင်း
၁၆၃။ ပထမဆုံး တရားအားထုတ်သူ ၃-ယောက်
၁၆၄။ ယောဂီပေါင်း ၅၀-ခန့် တိုးတက်လာခဲ့
၁၆၅။ မော်လမြိုင် တောင်ဝိုင်းကလေးပြန်ကြွ စာပေကျမ်းဂန်ချပို့
၁၆၆။ အဘယာရာမဆရာတော် အရှင်အဂ္ဂဓမ္မာဘိဝံသ
၁၆၇။ အရှင်သောဘန အဘယာရာမ ဆရာတော်ထံ စာပေအခက်အခဲများ လျှောက်ထား နည်းခံခဲ့ခြင်း
၁၆၈။ ဓမ္မာစရိယစာချတန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း

အဋ္ဌဝီသတိမပိုင်း

၁၆၉။ ဆိပ်ခွန်သို့ ပြန်ကြွတော်မူခြင်း
၁၇၀။ ဝိပဿနာလုပ်ငန်းတရားများ ဟောပြော ပဋိပတ္တိသာသနာပြု
၁၇၁။ ဝိပဿနာရှုနည်းကျမ်းကြီး ၂-တွဲ ပြုစီရင်တော်မူခြင်း
၁၇၂။ မဟာစည်ဆရာတော်ဟုတွင်ခြင်း

ဧကူနတိံသတိမပိုင်း

၁၇၃။ သတိုးသီရိသုဓမ္မ ဆာဦးသွင်
၁၇၄။ ပဋိပတ္တိဆရာရှာ မဟာစည် ဆရာတော်တွေ့
၁၇၅။ ကိုယ်တိုင်ဖူးတွေ့ အကဲခတ်လိုသဖြင့် ပင့်စေခြင်း
၁၇၆။ သမိဒ္ဓေါချောင်၌ တရားဟောရန်စီစဉ်ခြင်း
၁၇၇။ မဟာစည်ဆရာတော် စစ်ကိုင်းကြွလာပြီ
၁၇၈။ မဟာစည်ဆရာတော်အား ဆာဦးသွင် စုံစမ်းပြီ
၁၇၉။ အမူအရာအားလုံး၌ စိတ်တိုင်းကျ ကျေနပ်ခဲ့
၁၈၀။ တရားဟောစဉ်လည်း စုံစမ်းခဲ့
၁၈၁။ သီရိဓမ္မာသောကမင်းနှင့် နိဂြောဓသာမဏေပမာ
၁၈၂။ ငါးညတိုင် ဟောကြားခြင်း
၁၈၃။ ဒေါ်မာလာရီ ဆိပ်ခွန်သို့သွား တရားအားထုတ်
၁၈၄။ စစ်ကိုင်းတောင်ရိုး အောင်မြေဘုံစံချောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဉာဏုတ္တရ
၁၈၅။ မဟာစည်ဆရာတော်ထံ ကြွရောက်တရားအားထုတ်ခြင်း

တိံသတိမပိုင်း

၁၈၆။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ တည်ထောင်ခြင်း
၁၈၇။ မြေနေရာစုံစမ်းရှာဖွေကြခြင်း
၁၈၈။ သာသနာ့ရိပ်သာဟု ခေါ်ဝေါ်ရန် ဆုံးဖြတ်ခြင်း
၁၈၉။ စံကျောင်းတော်စသည် ဆောက်လုပ်ခြင်း
၁၉၀။ မဟာစည်ဆရာတော် တောင်ဝိုင်းကလေးသို့ ပြန်ကြွခြင်း
၁၉၁။ ကျောင်းဒါယကာ, ဒါယိကာမများ တိုက်ကျောင်း ပြင်ဆင်ကြ
၁၉၂။ မဟာသမယသုတ် မဟာဓမ္မသမာဒါနသုတ်စသည် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း
၁၉၃။ ဆိပ်ခွန်ခေတ္တပြန်ကြွတော်မူခြင်း
၁၉၄။ ၁၃၁၀-ခုနှစ် တောင်ဝိုင်းကလေး၌ ဝါဆိုတော်မူခြင်း
၁၉၅။ မဟာသတိပဋ္ဌာနသုတ် ပါဠိ-နိဿယကျမ်း စီရင်တော်မူခြင်း
၁၉၆။ မြို့ထောင့်စေတီ သာသနာ့ရိပ်သာ၌ သီတင်းသုံးတော်မူခြင်း
၁၉၇။ ရန်ကုန်သာသနာ့ရိပ်သာသို့ ကြွရောက်သီတင်းသုံးရန် ဝန်ခံတော်မူခြင်း

ဒွတ္တိံသတိမပိုင်း

၁၉၈။ ရန်ကုန်မြို့သို့ ကြွတော်မူပြီ
၁၉၉။ ဆာဦးသွင် အမှူးပြုသည့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ လူကြီးများ ကြိုဆိုခြင်း
၂၀ဝ။ သာသနာ့ရိပ်သာ ယခုပစ္စက္ခမြင်ကွင်း
၂၀၁။ မဟာစည်ဆရာတော်ဘုရားကြီး ရောက်စက ရန်ကုန် သာသနာ့ရိပ်သာ
၂၀၂။ ဒေါ်စောခင် ဦးဘိုးသင် ဒေါ်ဒေါ်ညွှန့် စသည့် ယောဂီ ၂၅-ဦး
၂၀၃။ အသံသွင်းကြိုးခွေဖွင့်ပြ တရားပေးတော်မူခြင်း
၂၀၄။ နေ့စဉ်စစ်ဆေးတော်မူခြင်း
၂၀၅။ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိခြင်း

တေတ္တိံသတိမပိုင်း

၂၀၆။ ဆဋ္ဌသင်္ဂါယနာတင်ရန် ဆုံးဖြတ်ခြင်း
၂၀၇။ ဗုဒ္ဓသာသနာအဖွဲ့သို့ လွှဲပြောင်းပေးခြင်း
၂၀၈။ ဆဋ္ဌသင်္ဂီတိပုစ္ဆက အဖြစ် ဆောင်ရွက်တော်မူခြင်း
၂၀၉။ သင်္ဂါယနာတင်ရန် ဉတ်ထားပုံ

စတုတ္တိံသတိမပိုင်း

၂၁၀။ အဋ္ဌကထာသင်္ဂါယနာတွင် စိစစ်ဟောပြောတော်မူခြင်း
၂၁၁။ မဖြစ်သင့်တာ ချီးကျူးတာ ဆရာတော်မကြိုက်
၂၁၂။ ဝိသုဒ္ဓိမဂ် ခြောက်လ
၂၁၃။ ပီတိကို ဝိပဿနာရှု
၂၁၄။ အဋ္ဌသာလိနီ အဋ္ဌကထာကိုလည်း စိစစ်တော်မူခြင်း
၂၁၅။ အဋ္ဌကထာသင်္ဂါယနာ ဒုတိယသန္နိပါတတွင် ပုစ္ဆကတာဝန် ထမ်းဆောင်ခြင်း
၂၁၆။ တတိယသန္နိပါတတွင် စိစစ်ခြင်း
၂၁၇။ စတုတ္ထသန္နိပါတတွင်လည်း စိစစ်လျှောက်ထားခြင်း

ပဉ္စတိံသတိမပိုင်း

၂၁၈။ ဋီကာသင်္ဂါယနာ ပထမသန္နိပါတတွင် ဝိဿဇ္ဇက တာဝန်ဆောင်ရွက်
၂၁၉။ ဋီကာသင်္ဂါယနာ အမေးအဖြေ စကားချီး
၂၂၀။ ဋီကာ ၃-မျိုး
၂၂၁။ ဝိနည်းဋီကာများ
၂၂၂။ သာရတ္ထဒီပနီ
၂၂၃။ ဋီကာသင်္ဂါယနာ ဒုတိယ (ပစ္ဆိမ)သန္နိပါတ
၂၂၄။ ဘက်စုံရသော ပုဂ္ဂိုလ်မြတ်

ဆတ္တိံသတိမပိုင်း

၂၂၅။ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဆဋ္ဌသင်္ဂါယနာ အခါတော်နေ့တွင် မဟာစည် ဆရာတော် ဘုရားကြီး၏ မိန့်ခွန်းတော်
၂၂၆။ ဒုတိယသင်္ဂါယနာ
၂၂၇။ တတိယသင်္ဂါယနာ
၂၂၈။ စတုတ္ထသင်္ဂါယနာ

သတ္တတိံသတိမပိုင်း

၂၂၉။ ဆဋ္ဌသင်္ဂါယနာ ဩသာနသောဓက တာဝန်ဆောင်ရွက်ခြင်း
၂၃၀။ အဋ္ဌကထာကျမ်းများကိုလည်း နောက်ဆုံးသုတ်သင်
၂၃၁။ ဋီကာကျမ်းခက်များ နောက်ဆုံးသုတ်သင်
၂၃၂။ ဆဋ္ဌသင်္ဂါယနာ ဝန်ဆောင်အဖွဲ့တွင် အရေးပါ ဆရာတော်
၂၃၃။ အလုပ်ပင်ပန်းလွန်း၍ ရံခါအနားယူရ
၂၃၄။ တိပိဋက ပါဠိ-မြန်မာ အဘိဓာန်လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်
၂၃၅။ အဘိဓာန် ပဋိဝိသောဓက အဖွဲ့ဝင်အဖြစ် တာဝန်ဆောင်ခြင်း
၂၃၆။ ပိဋကတ်တော်မြန်မာပြန် စိစစ်ရေးကော်မတီ
၂၃၇။ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာဂဏ္ဌိပဒကို သုတ်သင်ပြင်ဆင်တော်မူခြင်း
၂၃၈။ ပဋိသမ္ဘိဒါမဂ်ပါဠိတော်, အဋ္ဌကထာ, ဂဏ္ဌိပဒ သမိုင်းအကျဉ်း
၂၃၉။ ပဋိသမ္ဘိဒါမဂ္ဂဋ္ဌကထာ ဂဏ္ဌိပဒ
၂၄၀။ ပဋိသမ္ဘိဒါမဂ် ပါဠိတော်နိဿယ
၂၄၁။ မဟာစည်ဆရာတော်ဘုရားကြီး နောက်ဆုံးပြင်ဆင်ခြင်း
၂၄၂။ အရာရာပါဝင်ခဲ့ရ
၂၄၃။ ဝိသုဒ္ဓိမဂ် နိဿယကြီး တာဝန်ခံ သုတ်သင်ပြင်ဆင်တော်မူခြင်း

အဋ္ဌတိံသတိမပိုင်း

၂၄၄။ ကျမ်းဂန်များစွာကို ပြုစီရင်တော်မူခြင်း
၂၄၅။ ဝိပဿနာလမ်းညွှန်ကျမ်း
၂၄၆။ ကမ္မဋ္ဌာန်းဆရာတို့၏ မှတ်တမ်းကျမ်း
၂၄၇။ ဝိပဿနာရှုနည်းကျမ်း
၂၄၈။ ဝိပဿနာရှုနည်း ပြုစီရင်ပုံ
၂၄၉။ ကျမ်း၏အဆုံး၌လည်း
၂၅၀။ နိဒါန်း

ဧကူနစတ္တာလီသတိမပိုင်း

၂၅၁။ မဟာသတိပဋ္ဌာနသုတ် ပါဠိတော်နိဿယ
၂၅၂။ သုံးပါးလုံး ပြည့်စုံကောင်းမြတ်ခြင်း
၂၅၃။ မဟာသတိပဋ္ဌာန် တရားတော်ကြီးများနှင့် ဝေဒနာနုပဿနာ တရားတော်
၂၅၄။ နှုတ်ဆက်မိန့်ခွန်းတရားတော်

စတ္တာလီသတိမပိုင်း

၂၅၅။ မဟာစည်ဓမ္မဒေသနာ ဆောင်ပုဒ်များ
၂၅၆။ ဓမ္မစကြာတရားတော်ကြီး ဆောင်ပုဒ်များ အစွန်းပယ် အလယ်သွား
၂၅၇။ မဂ္ဂင်ရှစ်တန် လမ်းမှန်၏သရုပ်
၂၅၈။ အနု အလတ် အရင့် မဂ္ဂင် ၃-မျိုး
၂၅၉။ သစ္စာလေးတန် အမှန်လေးပါး
၂၆၀။ ဒုက္ခသစ္စာ
၂၆၁။ ဥပါဒါန်နှင့် ဥပါဒါနက္ခန္ဓာ
၂၆၂။ သမုဒယသစ္စာ
၂၆၃။ နိရောဓနှင့် မဂ္ဂသစ္စာ
၂၆၄။ ဉာဏ် ၃-ပါးနှင့် ၎င်းတို့၏ ဖြစ်ရာကာလ
၂၆၅။ သစ္စဉာဏ်၏ ကိစ္စ ၄-ပါး
၂၆၆။ သဠာယတနဝဂ္ဂသံယုတ် အာသီဝိသောပမသုတ် တရားတော်ကြီး ဆောင်ပုဒ်
၂၆၇။ အချို့ သရုပ်ဖော်ပြချက်
၂၆၈။ ဥပရိပဏ္ဏာသ ဥဒ္ဒေသဝိဘင်္ဂသုတ် မိန့်ခွန်းတော်
၂၆၉။ အကျယ်ဝေဖန်ချက်ဆိုင်ရာ ဆောင်ပုဒ်များ
၂၇၀။ ဈာန်အင်္ဂါစု
၂၇၁။ မဟာသတိပဋ္ဌာနသုတ် ဝန်ခံချက် မိန့်ခွန်းတော်
၂၇၂။ သံယုတ္တနိကာယ် မာလုကျပုတ္တသုတ် တရားတော်
၂၇၃။ သုတ်ရင်း၏ ဘာသာပြန်
၂၇၄။ နိဗ္ဗာန်နှင့်ဝေးပုံ
၂၇၅။ နိဗ္ဗာန်နှင့်နီးပုံ
၂၇၆။ ဒီဃနိကာယ်သက္ကပဥှသုတ် သိကြားမင်းအမေး ချမ်းသာရေး တရားတော်ကြီး ဆောင်ပုဒ်
၂၇၇။ ခက်ဆစ်မှတ်ဖွယ်များ
၂၇၈။ မဇ္ဈိမနိကာယ်ဝမ္မိကသုတ် တရားတော်ကြီး ဆောင်ပုဒ်များ
၂၇၉။ အဖြေဆောင်ပုဒ်များ
၂၈၀။ အမေးနှင့်အဖြေများ
၂၈၁။ ပဋိစ္စသမုပ္ပါဒ် တရားတော်ဆောင်ပုဒ်
၂၈၂။ အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုးပေါ်ပုံ
၂၈၃။ ပစ္စုပ္ပန်အကျိုးငါးပါး ပေါ်လာပုံ
၂၈၄။ ပစ္စုပ္ပန်အကျိုးမှ အကြောင်းသစ်ပေါ်၍ ထိုအကြောင်းကြောင့် အနာဂတ်အကျိုး ပေါ်ပုံ
၂၈၅။ အနာဂတ်အကျိုးငါးပါး ပေါ်လာပုံ
၂၈၆။ ဝိပဿနာရှုနည်း မူသေစည်း
၂၈၇။ ဝိပဿနာအခြေခံတရားတော် ဆောင်ပုဒ်
၂၈၈။ သမ္ပဇဉ်ခေါ်တဲ့ အသိဉာဏ်တရား လေးပါး
၂၈၉။ စိတ္တာနုပဿနာတရားတော် ဆောင်ပုဒ်
၂၉၀။ မူလပဏ္ဏာသပါဠိတော် ကောသမ္ဗိယသုတ် သာရဏီယခေါ် အောက်မေ့ဖွယ်ရာ တရားတော်
၂၉၁။ မူလပဏ္ဏသပါဠိတော် ကောသမ္ဗိယသုတ် သောတာပန်မဟာပစ္စဝေက္ခဏာ ၇-ပါး
၂၉၂။ နိဂုံး
၂၉၃။ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် သီလသုတသုတ်တရားတော် ဆောင်ပုဒ်
၂၉၄။ အရှင်မဟာကဿပ ရရှိသော ဩဝါဒတော်သုံးပါး
၂၉၅။ အကျဉ်းချုပ် ဩဝါဒဆောင်ပုဒ်
၂၉၆။ အင်္ဂုတ္တရပါဠိတော်လာ အရိယာဝါသသုတ်တရားတော်
၂၉၇။ အစောင့်တပါး
၂၉၈။ မှီရာလေးပါး
၂၉၉။ ပယ်ရန်အင်္ဂါငါးပါး
၃၀ဝ။ ဝါယောဓာတ်၏ လက္ခဏာ, ရသ, ပစ္စုပဋ္ဌာန်
၃၀၁။ ဒုက္ခဝေဒနာ၏ လက္ခဏာ, ရသ, ပစ္စုပဋ္ဌာန်
၃၀၂။ စိတ်၏ လက္ခဏာ, ရသ, ပစ္စုပ္ပဋ္ဌာန်
၃၀၃။ အနိစ္စာနုပဿနာ
၃၀၄။ ဝိပဿနာ၏ အကျိုးတရား
၃၀၅။ ဂုဏ်ခြောက်ထွေအရ ဆဠင်္ဂုပေက္ခာ ၆-ပါး
၃၀၆။ သီးသန့်သစ္စာများ
၃၀၇။ မဓုပိဏ္ဍိကသုတ် တရားတော်ဆောင်ပုဒ်
၃၀၈။ ဘဝတန်ဖိုးတရားတော်
၃၀၉။ ဓမ္မပဒပါဠိတော်
၃၁၀။ မဇ္ဈိမနိကာယ် မူလပဏ္ဏာသ စူဠတဏှာသင်္ခယသုတ် တရားတော်ဆောင်ပုဒ်
၃၁၁။ ခက်ဆစ်မှတ်ဖွယ်
၃၁၂။ ဓမ္မပဒဂါထာ
၃၁၃။ အကျဉ်းချုပ်ဩဝါဒ
၃၁၄။ ဟေမဝတသုတ္တန် တရားတော်ကြီးဆောင်ပုဒ်
၃၁၅။ (က) မူလပဏ္ဏာသပါဠိတော် သလ္လေခသုတ်တရားတော် ဆောင်ပုဒ်
၃၁၆။ ကိလေသာ ၄၄-ပါး ဖော်ပြချက်
၃၁၇။ (ခ) မူလပဏ္ဏာသပါဠိတော် သလ္လေခသုတ်တရားတော် အသေးစိတ် ဆောင်ပုဒ်
၃၁၈။ သုတ္တနိပါတ်ပါဠိတော် ပါရာယနဝဂ် အဇိတသုတ် တရားတော်ကြီး ဆောင်ပုဒ်များ
၃၁၉။ သုတ္တနိပါတ်ပါဠိတော် ပါရာယနဝဂ် ဟေမကသုတ် တရားတော် ဆောင်ပုဒ်
၃၂၀။ သုတ္တနိပါတ်ပါဠိတော် ပုရာဘေဒသုတ်တရားတော် ဆောင်ပုဒ်များ
၃၂၁။ အာဒိတ္ထသုတ်တရားတော် ဆောင်ပုဒ်
၃၂၂။ စူဠဝိဘင်္ဂသုတ်တရားတော် ဆောင်ပုဒ်
၃၂၃။ ကောင်းမြတ်ခြင်းလေးဖြာ မင်္ဂလာတရားတော်
၃၂၄။ နတ်ပြည်မှ မှာတမ်း စကားသုံးခွန်း
၃၂၅။ သုမနာထေရီဖြစ်စဉ် ဆောင်ပုဒ်
၃၂၆။ အနုပဒသုတ်မှ ကောက်နုတ်ချက် ဆောင်ပုဒ်
၃၂၇။ ဓမ္မပဒပါဠိတော် အဆိုးဆုံးနှင့် အကောင်းဆုံးတရားတော်
၃၂၈။ အတိုအထွာဆောင်ပုဒ်များ (က) မဓာနိယင်္ဂငါးပါး
၃၂၉။ (ခ) ပကတိလူတို့အား မြင်ဆဲ၌ ဖြစ်ရိုးဖြစ်စဉ်
၃၃၀။ (ဂ) ဝိပဿနာယောဂီတို့အား မြင်ဆဲ၌ ဖြစ်ရိုးဖြစ်စဉ်
၃၃၁။ (ဃ) မြင်ဆဲ၌ ရုပ်နာမ် ဒုက္ခသစ္စာခွဲပုံ
၃၃၂။ (င) သစ္စာလေးပါးဆောင်ပုဒ်
၃၃၃။ (စ) သစ္စာလေးပါးကို တပြိုင်နက်သိပုံ
၃၃၄။ (ဆ) အနုသယ ၂-မျိုးဆောင်ပုဒ်
၃၃၅။ ဣန္ဒြေထက်ကြောင်း ၉-ပါးဆောင်ပုဒ်
၃၃၆။ သမ္ပဇဉ်တရားလေးပါးဆောင်ပုဒ် သာတ္ထက သမ္ပဇဉ်
၃၃၇။ သပ္ပါယသမ္ပဇဉ်
၃၃၈။ ဂေါစရသမ္ပဇဉ်
၃၃၉။ အသမ္မောဟသမ္ပဇဉ်
၃၄၀။ မဟာသတိပဋ္ဌာနသုတ် နီဝရဏပိုင်း ဆောင်ပုဒ်များ (၁) ကာမစ္ဆန္ဒ
၃၄၁။ (၂) ဗျာပါဒ
၃၄၂။ (၃) ထိနမိဒ္ဓ
၃၄၃။ (၄) ဥဒ္ဓစ္စကုက္ကုစ္စ
၃၄၄။ (၅) ဝိစိကိစ္ဆာ
၃၄၅။ အာယတနဓမ္မာနုပဿနာ ဆောင်ပုဒ်များ
၃၄၆။ အရိယာအသီးသီးတို့မှာ ကင်းငြိမ်းသော သံယောဇဉ်များ
၃၄၇။ ဘောဇ္ဈင်္ဂဓမ္မာနုပဿနာ ဆောင်ပုဒ်များ
၃၄၈။ မဂ်ဝီထိစိတ်ဖြစ်စဉ် တရားတော်ဆောင်ပုဒ်များ
၃၄၉။ မဂ်ဝင်ပုံဥပမာ
၃၅၀။ မဂ်ဝင်ပုံဥပမေယျ
၃၅၁။ မဇ္ဈိမပဏ္ဏာသပါဠိတော် ရဋ္ဌပါလသုတ်လာ ဓမ္မုဒ္ဓေသ ၄-ပါးဆောင်ပုဒ်
၃၅၂။ ခန္ဓဝဂ္ဂသံယုတ် ပါဠိတော် ဥပါဒါပရိတဿနသုတ် တရားတော် ဆောင်ပုဒ်များ
၃၅၃။ လက္ခဏာ, ရသ, ပစ္စုပဋ္ဌာန် ဆောင်ပုဒ်များ

ဧကစတ္တာလီသတိမပိုင်း

၃၅၄။ ဝိပဿနာအလုပ်ပေးတရားတော်ကြီး
၃၅၅။ ဝိသုဒ္ဓိနှင့် ဉာဏ်စဉ်တရားတော်ကြီး
၃၅၆။ ဝိသုဒ္ဓိဉာဏကထာပါဌ်
၃၅၇။ ကမ္မဋ္ဌာန်းတရား အားထုတ်ရခြင်း၏အကြောင်း
၃၅၈။ ဓမ္မစကြာအသံလွှင့်တရားတော်
၃၅၉။ အနတ္တလက္ခဏသုတ် အသံလွှင့်တရားတော်
၃၆၀။ ဘဝပြဿနာ

ဒွိစတ္တာလီသတိမပိုင်း

၃၆၁။ အင်ဒိုနီးရှား သာသနာပြုမှတ်တမ်း
၃၆၂။ ဝိပဿနာအခြေခံတရားတော်
၃၆၃။ ဝိသုဒ္ဓိမဂ်မဟာဋီကာ သမယန္တရပိုင်း ဂဏ္ဌိနိဿယ
၃၆၄။ ဝိသုဒ္ဓိမဂ်မြန်မာပြန် အခြေခံနှင့်တကွ ဝိပဿနာပိုင်း
၃၆၅။ ဝိသုဒ္ဓိမဂ်မြန်မာပြန် ပထမတွဲကျမ်း
၃၆၆။ ဝိသုဒ္ဓိမဂ်မြန်မာပြန် ဒုတိယတွဲကျမ်း
၃၆၇။ ဝိသုဒ္ဓိမဂ်မြန်မာပြန် တတိယတွဲကျမ်း
၃၆၈။ ဝိသုဒ္ဓိမဂ် နိဒါနကထာ
၃၆၉။ အရိယာဝါသတရားတော်
၃၇၀။ မဟာစည်ဝတ်ရွတ်စဉ်

တေစတ္တာလီသတိမပိုင်း

၃၇၁။ ရက်လည်ဆွမ်း အနုမောဒနာကထာ
၃၇၂။ အသက် ၇၅-နှစ်တမ်း
၃၇၃။ အသက်ရှည်ဖို့ မျိုးစေ့ရုပ်
၃၇၄။ မရနိုင်တာတွေ
၃၇၅။ နတ်လဲအထင်မကြီးသင့်
၃၇၆။ ဗြဟ္မာလဲမတတ်နိုင်
၃၇၇။ ဘုရားလဲမတတ်နိုင်
၃၇၈။ အကြီးဆုံးရန်သူတွေ
၃၇၉။ အမြတ်ထုတ်ဖို့ အရေးကြီးသည်
၃၈၀။ ရုပ်ကိုယ်က အားမကိုးရဘူး
၃၈၁။ ပျောက်ပျက်မသွားတဲ့သတ္တိ
၃၈၂။ မဟာနာမ်မင်းက လျှောက်ပုံ
၃၈၃။ မြတ်စွာဘုရားက အားပေးပုံ
၃၈၄။ ဒကာမကြီး ဒေါ်သဲ၏ ဂုဏ်တွေ
၃၈၅။ အနုမောဒနာတရား
၃၈၆။ ဗြဟ္မာနှင့်တူသည်
၃၈၇။ လက်ဦးဆရာလဲဖြစ်သည်
၃၈၈။ လက်ဆောင်ပေးတာနှင့်တူသည်
၃၈၉။ သူ့နယ်မှာနေလျှင် သူ့အလိုလိုက်ရမည်
၃၉၀။ အကောင်းဆုံးကို ဆုတောင်းရန်
၃၉၁။ ဝမ္မိကသုတ်တရားတော်

စတုစတ္တာလီသတိမပိုင်း

၃၉၂။ ဝိသုဒ္ဓိမဂ်မဟာဋီကာပါဌ်
၃၉၃။ ဝိသုဒ္ဓိမဂ်မဟာဋီကာ နိဿယကျမ်းကြီး ရေးသားစီရင်ခြင်း
၃၉၄။ နိဿယကျမ်းကြီးလေးတွဲ
၃၉၅။ ကောင်းခြင်းဖုံဖုံ လွန်ပြည့်စုံ
၃၉၆။ ပညာရှင်တို့ အံ့ဩချီးကျူးရသည့်ကျမ်း
၃၉၇။ မဟာသတိပဋ္ဌာန် ဝိပဿနာရှုနည်း အကျဉ်းချုပ်
၃၉၈။ ပုရာဘေဒသုတ်တရားတော်
၃၉၉။ ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး
၄၀ဝ။ ဗြဟ္မစိုရ်တရားတော်
၄၀၁။ မေတ္တာပွားကျိုး
၄၀၂။ မေတ္တာအကျိုး ၁၁-ပါး
၄၀၃။ ဘာရသုတ္တန်တရားတော်

ပဉ္စစတ္တာလီသတိမပိုင်း

၄၀၄။ မဟာစည်သတိပဋ္ဌာန် အဖွဲ့လုံးဆိုင်ရာ စည်းမျဉ်းများ
၄၀၅။ မဟာစည်ဆရာတော်ဘုရားကြီး၏ ဩဝါဒကထာ
၄၀၆။ မဟာစည်သတိပဋ္ဌာန် အဖွဲ့လုံးဆိုင်ရာ စည်းမျဉ်း ပထမ ပလ္လင်ခံစကား
၄၀၇။ ကမ္မဋ္ဌာနာစရိယ ရဟန်းတော်များအတွက် စည်းမျဉ်း
၄၀၈။ (က) ပရိယတ္တိအရည်အချင်း
၄၀၉။ (ခ) ပဋိပတ္တိအရည်အချင်း
၄၁၀။ အထူးအားဖြင့်
၄၁၁။ (က) နေထိုင်ရေးမှာ
၄၁၂။ (ခ) သွားလာရေးမှာ
၄၁၃။ (ဂ) ဝတ်ရုံရေးမှာ
၄၁၄။ (ဃ) စားသောက်ရေးမှာ
၄၁၅။ (င) ဟောကြားရေးမှာ
၄၁၆။ (စ) ပြောဆိုရေးမှာ
၄၁၇။ (ဆ) ဆက်ဆံရေးမှာ
၄၁၈။ ကမ္မဋ္ဌာနာစရိယ ဥပါသကာများအတွက် စည်းမျဉ်း
၄၁၉။ (က) ပရိယတ္တိအရည်အချင်း
၄၂၀။ (ခ) ပဋိပတ္တိအရည်အချင်း
၄၂၁။ အထူးအားဖြင့်
၄၂၂။ (က) နေထိုင်ရေးမှာ
၄၂၃။ (ခ) သွားလာရေးမှာ
၄၂၄။ (ဂ) ဝတ်ရုံရေးမှာ
၄၂၅။ (ဃ) ဟောကြားရေးမှာ
၄၂၆။ (င) ပြောဆိုရေးမှာ
၄၂၇။ (စ) ဆက်ဆံရေးမှာ
၄၂၈။ ယောဂီရဟန်းတော်များအတွက် စည်းမျဉ်းများ
၄၂၉။ (က) နေထိုင်ရေးမှာ
၄၃၀။ (ခ) သွားလာရေးမှာ
၄၃၁။ (ဂ) ဝတ်ရုံရေးမှာ
၄၃၂။ (ဃ) စားသောက်ရေးမှာ
၄၃၃။ (င) ဟောကြားရေးမှာ
၄၃၄။ (စ) ပြောဆိုရေးမှာ
၄၃၅။ (ဆ) ဆက်ဆံရေးမှာ
၄၃၆။ ယောဂီဥပါသကာ ဥပါသိကာမများအတွက် စည်းမျဉ်းများ
၄၃၇။ (က) နေထိုင်ရေးမှာ
၄၃၈။ (ခ) သွားလာရေးမှာ
၄၃၉။ (ဂ) ဟောကြားရေးမှာ
၄၄၀။ (ဃ) ပြောဆိုရေးမှာ
၄၄၁။ (င) ဆက်ဆံရေးမှာ
၄၄၂။ ကမ္မဋ္ဌာန်းဌာနဆိုင်ရာ စည်းမျဉ်းများ
၄၄၃။ ရဟန်းတော်များအတွက် ဌာနဆိုင်ရာ သီးခြား စည်းမျဉ်းများ
၄၄၄။ ကျောင်းအနုမောဒနာ
၄၄၅။ ပါဠိရေစက်ချစာတန်း
၄၄၆။ မြန်မာသက်သက် ရေစက်ချစာတန်း
၄၄၇။ လောကဓံတရားတော်
၄၄၈။ ကထိန်ခေါ်ခြင်း၏အကြောင်း
၄၄၉။ ရဟန်းများရနိုင်သော အကျိုးငါးပါး
၄၅၀။ ကထိန်ဒကာမှာ ရသောအကျိုးငါးပါး
၄၅၁။ ၂၃-ကြိမ်မြောက် ပူဇော်ပွဲဩဝါဒကထာ
၄၅၂။ သလ္လေခသုတ်တရားတော်ကြီး
၄၅၃။ ဟေမဝတသုတ္တန်တရားတော်
၄၅၄။ ၂၄-ကြိမ်မြောက် ပူဇော်ပွဲ ဩဝါဒနှင့် ၂၄-ကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေး ဩဝါဒကထာ

ဆစတ္တာလီသတိမပိုင်း

၄၅၅။ ကာမသုတ္တန်တရားတော်
၄၅၆။ ဒုလ္လဘဝိနည်းဩဝါဒကထာ
၄၅၇။ ငွေရတုတရားတော်
၄၅၈။ နိဗ္ဗာန်ဆိုင်ရာတရားတော်
၄၅၉။ ဓမ္မစကြာတရားတော်ကြီး
၄၆၀။ ၂၆-ကြိမ်မြောက် ပူဇော်ပွဲဩဝါဒကထာ
၄၆၁။ အခြေခံစကား
၄၆၂။ မျှော်လင့်ယုံကြည်ခဲ့တဲ့အတိုင်း မဟုတ်ဘူး
၄၆၃။ အစကောင်းပေမယ့် အနှောင်းချွတ်ယွင်း
၄၆၄။ ဝိကာလဘောဇနသိက္ခာပုဒ်
၄၆၅။ ညစာမစားခြင်းအကျိုး
၄၆၆။ ဝိနည်းအလေးပြုရေး
၄၆၇။ အရုဏ်တက် သတိပြုရန်
၄၆၈။ သင်္ကန်းရုံသွားဖို့
၄၆၉။ ရွှေ, ငွေကို အပြစ်ကင်းအောင် အလှူခံဖို့
၄၇၀။ အကပ်ခံရေး
၄၇၁။ ကမ္မဋ္ဌာန်းဌာနနှင့် နစ္စဂီတ
၄၇၂။ တရားအလေးပြုရေး
၄၇၃။ မဂ်ဖိုလ်ရအောင်ညွှန်ပြဖို့
၄၇၄။ ရဟန်းတော်နှင့် နတ်ကန်တော့ပွဲ
၄၇၅။ အရှည်တည်တံ့ရေး
၄၇၆။ ကမ္မဋ္ဌာန်းကျောင်းများ မူလရည်ရွယ်ချက်မပျက်အောင်
၄၇၇။ သံယောဇဉ် မမွေးဖို့
၄၇၈။ သိမ်ထပ်, ကံထပ်ခြင်း
၄၇၉။ အညီအညွတ်ဆောင်ရွက်ရေး
၄၈၀။ မြို့တည်း ကမ္မဋ္ဌာန်းဌာနခွဲတူ
၄၈၁။ နောက်နှစ်အောက် အစီအစဉ်
၄၈၂။ ဟောပြောရေးစသည်အတွက် ညွှန်ကြားရေး
၄၈၃။ ဉာဏ်စဉ်တရားနာခွင့်
၄၈၄။ သီလဝန္တသုတ္တန်တရားတော်
၄၈၅။ ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်တရားတော်
၄၈၆။ တုဝဋ္ဋကသုတ်တရားတော်
၄၈၇။ သာရဏီယတရားတော်
၄၈၈။ မဟာပစ္စဝေက္ခဏာတရားတော်
၄၈၉။ အနတ္တလက္ခဏသုတ်တရားတော်
၄၉၀။ သမ္မာပရိဗ္ဗာဇနီယသုတ်တရားတော်
၄၉၁။ တက္ကသိုလ် ဝိပဿနာတရားတော်
၄၉၂။ မာကျပုတ္တသုတ်တရားတော်
၄၉၃။ သက္ကပဥှသုတ်တရားတော်
၄၉၄။ အဘိဓမ္မာတရားတော်
၄၉၅။ သြဝါဒဓမ္မအမွေ
၄၉၆။ မဟာသမယသုံးသုတ် တရားတော်
၄၉၇။ စူဠဝေဒလ္လသုတ်တရားတော်
၄၉၈။ ဓမ္မဒါယာသုတ်တရားတော်
၄၉၉။ ဗုဒ္ဓသာသနာအန္တရာယ် ကာကွယ်ရေးတရားတော်
၅၀ဝ။ ကမ္ဘာ့သာသနာပြုတရားတော်
၅၀၁။ မဟာစည်ဝိနိစ္ဆယသင်္ဂဟ
၅၀၂။ ၃၁-ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေး ဩဝါအမိန့်ခွန်းတော်
၅၀၃။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ၃၁-ကြိမ်မြောက် သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးတွင် ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး ဟောကြား တော်မူအပ်သော သြဝါဒမိန့်ခွန်းတော်

သတ္တစတ္တာလီသတိမပိုင်း

၅၀၄။ နောက်ဆုံး သြဝါဒခံယူပူဇော်ပွဲ ဩဝါဒတရားတော်
၅၀၅။ မဟာစည်ဆရာတော် ဘုရားကြီး၏ နောက်ဆုံး သြဝါဒခံယူ ပူဇော်ပွဲ ဩဝါဒ တရားတော်
၅၀၆။ ၁၃၃၅-ခုနှစ် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် နှစ်ပတ်လည် သြဝါဒတရားတော်
၅၀၇။ ၁၃၃၅-ခုနှစ် နတ်တော်လဆန်း ၈-ရက် (၂-၁၂-၁၉၇၃) တနင်္ဂနွေနေ့၌ ကျင်းပပြုလုပ်သော ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်၏ ၂၆-ကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးကြီး၌ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီး မိန့်ကြားတော်မူသည့် သြဝါဒကထာ
၅၀၈။ ၁၃၃၇-ခုနှစ် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် နှစ်ပတ်လည် သြဝါဒတရားတော်
၅၀၉။ ၁၃၃၇-ခုနှစ် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် နှစ်ပတ်လည် အစည်းအဝေးပွဲ၌ အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင်မဟာစည် ဆရာတော် ဘုရားကြီး ဟောကြား တော်မူသော သြဝါဒတရားတော်

အဋ္ဌစတ္တာလီသတိမပိုင်း

၅၁၀။ ၁၃၃၈-ခုနှစ် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဩဝါဒ တရားတော်
၅၁၁။ ၁၃၃၈-ခုနှစ် ပြာသိုလ်လဆန်း ၆-ရက် တနင်္ဂနွေနေ့ (၂၅-၁၂-၁၉၇၆) ၌ ကျင်းပသော ဗုဒ္ဓသာသနာ,ဂ္ဂဟအဖွဲ့ချုပ် နှစ်ပတ်လည် အစည်းအဝေးတွင် မိန့်ကြားတော်မူသော ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီး၏ သြဝါဒ တရားတော်
၅၁၂။ ၂၉-ကြိမ်မြောက် သင်းလုံးကျွတ် သြဝါဒမိန့်ခွန်းတော်
၅၁၃။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ၂၉-နှစ်မြောက် သင်းလုံးကျွတ် အစည်းအဝေး တွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီး ဟောကြားတော်မူသော ဩဝါဒမိန့်ခွန်းတော်
၅၁၄။ ၃၀-ကြိမ်မြောက် သင်းလုံးကျွတ် သြဝါဒမိန့်ခွန်းတော်
၅၁၅။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ၃၀-နှစ်မြောက် သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးတွင် ကျေးဇူးတော်တွင် မဟာစည် ဆရာတော်ဘုရားကြီး ဟောကြား တော်မူသော သြဝါဒမိန့်ခွန်းတော်
၅၁၆။ ၁၃၄၁-ခုနှစ် နှစ်ပတ်လည် သြဝါဒမိန့်ခွန်းတော်
၅၁၇။ ၁၉၇၉-၈၀-ခုနှစ်တွင် မိန့်ကြားတော်မူသော သြဝါဒမိန့်ခွန်းတော်

ဧကူနုပညာသတိမပိုင်း

၅၁၈။ ၁၃၄၂-ခုနှစ် နှစ်ပတ်လည် သြဝါဒတော်
၅၁၉။ ၁၉၈၀-၈၁-ခုနှစ်တွင် မိန့်ကြားတော်မူသော သြဝါဒမိန့်ခွန်းတော်
၅၂၀။ သင်းလုံးကျွတ် အစည်းအဝေး နောက်ဆုံး သြဝါဒတော်
၅၂၁။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ၃၃-ကြိမ်မြောက် (၂၅-၃-၁၉၈၂) နေ့က ကျင်းပသော သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးတွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော သြဝါဒမိန့်ခွန်းတော်

၅၂၂။ ကမ္မဝါစာများ
၅၂၃။ ကမ္ဘာတခွင် အသိဉာဏ်ပေးနေသော မဟာစည်ဆရာတော် ဘုရားကြီး၏ အင်္ဂလိပ်ဘာသာပြန် ဝိပဿနာကျမ်းစာများ
၅၂၄။ မြန်မာနှင့်ကမ္ဘာ ဝိပဿနာရှုနည်းပေးနေ

ပညာသတိမပိုင်း

၅၂၅။ ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့ ပူဇော်ပွဲ သုံးရပ်သို့ ကြွတော်မူခြင်း
၅၂၆။ သာသနာ ၂၅၀၀-ပြည့် အထိမ်းအမှတ်ပွဲတွင် ဝိဿဇ္ဇကတာဝန် ထမ်းဆောင်တော်မူခြင်း
၅၂၇။ ဖောင်တော်ဦး တန်ဆောင်း ရေစက်ချ အခမ်းအနားတွင်လည်း ဝိဿဇ္ဇက တာဝန် ထမ်းဆောင်တော်မူခြင်း
၅၂၈။ တောင်ပိုင်းရှမ်းပြည်နယ်၌ လှည့်လည်ကြွချီ တရားဟောခြင်း

.....

မဟာစည် ထေရဝုတ္တန္တဝိလာသိနီ

နိဒါန်း

ပရိယတ်, ပဋိပတ် စွယ်စုံဆရာတော်

ကျေးဇူးရှင် မဟာစည်ဆရာတော် ဘုရားကြီးသည် ပိဋကတ် သုံးသွယ်, နိကာယ် ငါးရပ်, ပါဠိ, အဋ္ဌကထာ, ဋီကာ, အနု, မဓု, ယောဇနာစသော ဗုဒ္ဓသာသနာ့ကျမ်းဂန် အရပ်ရပ်၌ တဘက်ကမ်းပေါက်ရောက် တတ်မြောက်ကျွမ်းကျင်တော်မူသည့်ပြင် ရုပ်နာမ်နှစ်ပါး တရားတို့ကို နှစ်ပေါင်း များမြောက်စွာ ရှုမှတ်ပွားများတော်မူခဲ့၍ ပဋိပတ္တိဌာန ရိပ်သာခွဲပေါင်း ၃၂၁ -ခုကို ပြုစုပျိုးထောင်ကာ ယောဂီပေါင်း ၇၉၉၉၅၇ -ယောက်တို့ကို တရားပြတော် မူခဲ့သည့်, ပဋိပတ်၌လည်း ကျွမ်းကျင်တော်မူသည့်, ပရိယတ်, ပဋိပတ် ဓူရနှစ်ရပ်ကို တတ်မြောက်ကျွမ်းကျင် ထမ်းဆောင်တော်မူခဲ့သည့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီး ဖြစ်တော်မူသည်။

သာသနာပြုပုဂ္ဂိုလ်ထူး

မြန်မာနိုင်ငံ၌ စာပေကျမ်းဂန် ရေးသားပြုစုခြင်း, ရဟန်း, ရှင်, လူ ယောဂီတို့အား တရားပြခြင်း, ဆဋ္ဌသင်္ဂါယနာတွင် ဆောင်ရွက်ခြင်း အစရှိသော သာသနာ့ကိစ္စ အဝဝကို ဆောင်ရွက်တော် မူခဲ့သည့်ပြင် အာရှ, ဥရောပ, အမေရိက တိုက်ကြီး များသို့ အကြိမ်ကြိမ် ကြွရောက်တော်မူ၍ တရားဒေသနာ ဟောပြဖြန့်ချီတော် မူခဲ့သည့် ပုဂ္ဂိုလ်ထူးမှာ မြန်မာလူမျိုးများနှင့် ကမ္ဘာသူကမ္ဘာသားတို့ ကံကောင်း ထောက်မသဖြင့် ပေါ်ပေါက်ခဲ့လေသည်။

လူ့ဘဝရကျိုးနပ်အောင်
ပြုလုပ် ကျင့်ဆောင်ခဲ့

ဆရာတော်ဘုရားကြီးသည် ကိုယ်တိုင်လည်း သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ် တို့နှင့် ပြည့်စုံသဖြင့် သူတစ်ပါးတို့အား သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်တို့နှင့် ပြည့်စုံရန် ထာဝစဉ် တိုက်တွန်းတော်မူကာ လူ့ဘဝရကျိုးနပ်အောင် နေ့, ညမအား ပြုလုပ်ဆောင်ရွက်တော်မူခဲ့သည့် ပုဂ္ဂိုလ်မြတ်ကြီးလည်း ဖြစ်တော်မူသည်။

အဖြစ်တော်စဉ် အကျဉ်းချုပ်

ဆရာတော်ဘုရားကြီးသည် ရွှေဘိုမြို့ ဆိပ်ခွန်ရွာ၌ အဘဦးကံတော် အမိ ဒေါ်ရွှေအုပ်တို့မှ သက္ကရာဇ် ၁၂၆၆-ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် ၃-ရက် သောကြာနေ့ နံနက် ၃ -နာရီ အချိန်တွင် ဖွားမြင်တော်မူခဲ့သည်၊ ငယ်နာမည် မောင်သွင်ဖြစ်သည်။ သက်တော် ၆-နှစ်သားအရွယ်တွင် စတင်ပညာသင်ကြား တော်မူ၍ ၁၂-နှစ်သား အရွယ်တွင် သာမဏေဝတ် သာသနာ့ဝန် ထမ်းဆောင်တော်မူခဲ့သည်၊ သက်တော် ၂၀-တွင် ရဟန်းပြု သာသနာ့ဝန် ထမ်းဆောင်တော်မူခဲ့လေသည်။

ပရိယတ္တိစာပေ နေ့ဝါ ညဝါ ကျမ်းစာအရပ်ရပ်ကို သင်ယူတော်မူခဲ့ပြီး စာမေးပွဲများကို ဖြေတော် မူခဲ့ရာ ငယ်, လတ်, ကြီး စာမေးပွဲများကို အောင်မြင်တော်မူခဲ့သည့်ပြင် ၁၃၀၃-ခုနှစ်တွင် အစိုးရစာချတန်း စာမေးပွဲတွင် ကျမ်းရင်း ၃-ကျမ်းနှင့်တကွ ဂုဏ်ထူး ဆောင် ၅-ကျမ်းကို အောင်မြင်တော် မူသဖြင့် “သာသနဓဇသိရီ ပဝရဓမ္မာစရိယ” ဘွဲ့တံဆိပ်တော်ကို အလှူခံ ရရှိတော်မူခဲ့လေသည်။

ငယ်ဆရာများနှင့်တကွ မန္တလေးမြို့အနောက်ပြင် ခင်မကန်တိုက်၌ ကျော်စောသော ဆရာတော်များထံ ပရိယတ္တိ ကျမ်းဂန်များကို သင်ကြားတော်မူခြင်း, သထုံ မင်းကွန်းဇေတဝန် ဆရာတော်ဘုရားကြီးထံ ပဋိပတ်ကို နည်းခံကျင့်ကြံခြင်းတို့ဖြင့် ပရိယတ်, ပဋိပတ် စွယ်စုံထူးချွန်သည့် ပုဂ္ဂိုလ်မြတ်ဖြစ်တော်မူခဲ့လေသည်။

ရွှေဘိုမြို့ဆိပ်ခွန်ရွာ၌ တရားပြသ သီတင်းသုံးစဉ် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် သဌေးကြီး ဆာဦးသွင်တို့၏ ပင့်လျှောက်သဖြင့် ၁၃၁၁-ခုနှစ်တွင် ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ သီတင်းသုံး၍ ထိုသည့် ၁၃၁၁-ခုနှစ် နတ်တော်လပြည့် နေ့မှစ၍ ဝိပဿနာတရားတော် ပြသတော်မူခဲ့လေသည်၊ ယင်းသို့ တရားပြသ သာသနာ ပြုတော်မူခဲ့ရာ များစွာအောင်မြင်ခဲ့လေသည်၊

ဆရာတော်ဘုရားကြီးသည် ဆဋ္ဌသင်္ဂီတိပုစ္ဆက, ဆဋ္ဌသင်္ဂါယနာ ဩသာန သောဓက, ဆဋ္ဌသင်္ဂါယနာ ဝန်ဆောင်အဖွဲ့ဝင်, နိုင်ငံတော် ဩဝါဒါစရိယ စသည့် တာဝန် အရပ်ရပ်ကို ဆောင်ရွက်တော်မူခဲ့လေသည်၊ သက်တော် ၇၉, သိက္ခာတော် ၅၈-ဝါ ရရှိရာ ၁၃၄၄-ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် ၁၀-ရက်နေ့ မွန်းလွဲ ၁-နာရီ ၃၆-မိနစ်အချိန်တွင် ရန်ကုန်မြို့သာသနာ့ရိပ်သာ မဟာစည် စံကျောင်းတော်၌ စုတိ ကမ္မဇရုပ် ချုပ်တော်မူခဲ့လေသည်။

မဟာစည်ထေရဝုတ္တန္တဝိလာသိနီကျမ်း ရေးသားခြင်း

ဆရာတော် ဘုရားကြီး သက်တော်ထင်ရှား ရှိစဉ်ကပင် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဂုဏ်ထူးဆောင် အမှုဆောင်လည်းဖြစ်, ဆရာတော်ဘုရားကြီး ၏ ရင်းချာသော ဓမ္မအကျိုးဆောင်, သာသနာ့အကျိုးဆောင် ဥပါသကာ မင်္ဂလာဦးအောင်မြင့်သည် မိမိအား ဆရာတော်ဘုရားကြီး ၏ အဖြစ်တော်စဉ် ကျမ်းကြီးတစောင် ဂါထာ ၁၀ဝဝ-ဖြင့် ရေးသားပြုစုပေးပါရန် လျှောက်ထားခဲ့လေသည်။

တဖန် ဆရာတော်ဘုရားကြီး စုတိကမ္မဇရုပ် ချုပ်တော်မူပြီးနောက် ယခင်က လျှောက်ထားဖူးသည့်အတိုင်း ဆရာတော်ဘုရားကြီး ၏ အဖြစ်တော်စဉ် ကျမ်းကြီးကို မဖြစ်မနေ ဦးပဉ္စင်း ဘာအလုပ်တွေရှိရှိ တပည့်တော်၏ စေတနာကို ငဲ့ညှာ သာသနာတော်ကို ထောက်ထားပြီး ရေးသားပြုစုပေးပါဟု အတန်တန် လျှောက်ထား ပြန်လေသည်၊

၎င်းပြင် အဂ္ဂမဟာပဏ္ဍိတ ရွှေစေတီဆရာတော်ဘုရားကြီး အရှင်သုန္ဒရ မဟာထေရ်, ဝက်လက် မစိုးရိမ်ဆရာတော် အရှင်တိဿစသည့် ကျောက်ထီးတန္တု အလေး ပြုအပ်သော အာစရိယမတ္တ ဆရာတော်ဘုရားကြီးများကလည်း တိုက်တွန်း မိန့်ကြားတော်မူပါသည်၊ ၎င်းပြင် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး ဦးပွင့်ကောင်းကလည်း ကိုယ်တိုင်ကိုယ်ကြပ် လျှောက်ထားလေသည်၊

ယင်းသို့ အလေးပြုအပ် ပမာဏပြုထိုက်သော ရဟန်းပုဂ္ဂိုလ်, လူပုဂ္ဂိုလ်တို့၏ တိုက်တွန်း တောင်းပန်မှုကြောင့် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ အဖြစ်တော်စဉ် မဟာစည်ထေရဝုတ္တန္တဝိလာသိနီ ကျမ်းကြီးကို ပေါ်ထွက်ပြီးသော အတ္ထုပ္ပတ္တိများ, ဆရာတော် ၏ တရားကျမ်းစာများ, သာသနာပြု မှတ်တမ်းများ, ဆရာတော်၏ မိန့်ကြားချက် ဩဝါဒများ, သက်ဆိုင်ရာပါဠိ, အဋ္ဌကထာ, ဋီကာကျမ်းများ, ဒီပဝံသ, မဟာဝံသ စသည့် သာသနာ့သမိုင်းများ, သီဟိုဠ် ဘာသာရေး ကျမ်းစာများ, ဆဋ္ဌသင်္ဂါ ယနာသမိုင်း မှတ်တမ်းများ, မိမိအထူး လေ့လာ စုဆောင်းထားသည့်မှတ်တမ်းများ စသည့် များလှစွာသော ကျမ်းဂန်စာပေတို့ကို မှီငြမ်းပြု၍ ဤမည်သော မဟာစည် ထေရဝုတ္တန္တဝိလာသိနီ အမည်ရှိသော ကျမ်းကြီးကို အပိုင်းကဏ္ဍ ပရိစ္ဆေဒပေါင်း ၁၀ဝ-ဖြင့် တန်ဆာဆင်၍ ရေးသားပြုပြင် စီရင်အပ်ပါသတည်း။

ပုဂ္ဂိုလ်နှစ်ဦး အထူးကျေးဇူးတင်

ဤမည်သော မဟာစည် ထေရဝုတ္တန္တ ဝိလာသိနီ ကျမ်းကြီးကို ပြုစီရင်ရာ၌ မိမိ ၏စာဆို, စာလိုက်တပည့်များ ဖြစ်ကြသော အစိုးရဓမ္မာစရိယ အရှင်ပညာသီဟ, အရှင်ပညာသာမိတို့သည် လက်နှိပ်စက် ရိုက်ပေးခြင်းဖြင့် ကူညီကြရာ မိမိ၏ ထို တပည့် ရဟန်းတော် ၂-ဦးအား အထူးကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါသည်။

သဒ္ဓါပညာရှေ့ထား၍ ကြည့်ရှုလေ့လာ

အို ထေရုပ္ပတ္တိ စာတော်ဖတ် သူတော်စင် .... ဘုရားမြတ်စွာ သာသနာ တခေတ် ဆန်းစေတော့ ဟူသောသဘောဖြင့် ဤဘုရားမြတ်စွာ သာသနာတော်တွင် မဟာစည်ဆရာတော်ဘုရားကြီး ပေါ်ပေါက်တော်မူခဲ့ပါသည်၊

အသင် ထေရုပ္ပတ္တိစာတော်ဖတ်သည် ကျေးဇူးရှင် မဟာစည် ဆရာတော် ဘုရားကြီး ၏ သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်တို့ကို အာရုံပြုပြီး သဒ္ဓါ, ပညာရှေ့သွားပြုကာ ဤထေရုပ္ပတ္တိ ကျမ်းကြီးကို ဖတ်ရှုလေ့လာ လိုက်နာပြီး သီလသိက္ခာ, သမာဓိသိက္ခာ, ပညာသိက္ခာတို့ တိုးတက်စည်ကား ပွားများပါစေသတည်းဟု ဆန္ဒပြုပါသည်။

သဒ္ဓါပညာ, မကွာမလွတ်, ကျမ်းတော်မြတ်, ဖတ်ရှုနိုင်ကြစေ၊
သီလ သမာ, ပညာသိက္ခာ, ယင်းသုံးဖြာ, စုံစွာတိုးတက်ကြပါစေ၊
ဘုရားမြတ်စွာ, သာသနာ, ရောင်ဝါနေသို့လင်းပါစေ၊

အရှင်ကေလာသ
ဓမ္မာစရိယ, ဂဏဝါစက, ဘီ-အေ (ဂုဏ်ထူး)
သာသနဇောတိပါလကျောင်း
မဟာဝိသုတာရာမတိုက်
ပခုက္ကူမြို့။

၁၃၄၆-ခုနှစ်၊ ဝါခေါင်လဆန်း ၁၁-ရက်နေ့။

အမှာစာ ဥယျောဇဉ်

▬▬▬▬▬▬▬

တထေသကော မဟာထေရော, ထေရဝါဒေါ မဟဂ္ဃကော၊
ယောဂိနော ထေရဝါဒီ စ, အညမညံ ဝိဘူသရေ။

မဟာထေရော - ကမ္ဘာတခွင်ဝယ် “မဟာစည် မဟာစည်”ဟု ပေါ်လွင်ထင်ရှား ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးသည်၊ ဝါ - သီလစသား ဂုဏ်ရည်အားဖြင့် နှစ်သားသဖွယ် ဂုဏ်ရည်ကြွယ်၍ တင့်တယ် ခန့်ညားလှသည့် ကျေးဇူးရှင် ဆရာတော်ဘုရားကြီးသည်၊ တထေသကော - ရှေးအစဉ်အလာ အဆက်ဆက်က ရိုးရာနည်းမျှဖြင့် အားမရ မရောင့်ရဲ ခိုင်မြဲ ကျမ်းဂန် လမ်းမှန် ရှာမှီးလေ့ရှိတော်မူပါပေ၏၊ ဝါ - ယူသည်းကင်းကွာ ရိုးရာမလိုက် အမှန်ကြိုက်လေ့, လိုက်လေ့လည်း ရှိတော်မူပါပေ၏။

ထေရဝါဒေါ - ထေရ်မြတ်ဇာနည် မဟာစည်၏ အရည်ပြည့်ဝ အသုံးချ ကိုယ်တွေ့ သတိပဋ္ဌာန် ကျင့်နည်းမှန် အဝဝသည်ကား၊ ဝါ - ဗုဒ္ဓနည်းကျ ဆရာ့ကျင့်ထုံးရ, အသုံးချ လက်တွေ့လည်းပြနိုင်သည့် သတိပဋ္ဌာန် ကျင့်နည်းမှန် ဝါဒသည်ကား၊ မဟဂ္ဃကော - မှန်ကန်မှု, ရှင်းလင်းမှု, သိလွယ်မှု, တိကျမှု, လေးနက်မှု, ကျစ်လျစ်မှု, ပြေပြစ်မှု, လိုက်ဖက်မှု, ကျိုးကြီးမှု ဟူသော ဤလက္ခဏာ ၉-ချက်တို့နှင့် ညီညွတ် လှသဖြင့် များမြတ်စွာဘိ တန်ဖိုးလည်း ရှိလှပါပေ၏၊

(ဝါ - မှန်ကန်မှုအခြေပါ, ရှင်းလင်းမှုဝေဆာ, သိလွယ်မှုမကွေကွာ, တိကျမှုအမြဲပါ, လေးနက်မှုတွဲပါ, ကျစ်လစ်မှုလည်း ရှိလှပါ, ပြေပြစ်မှုတထွေ, လိုက်ဖက်မှု အဆင်ပြေ, ကျိုးကြီးမှုလည်းဖြာဝေ ဤသို့အချက်ပေါင်းစုံ ညီလှသဖြင့် ဂုဏ်ရည် ကြွယ်ဝသည့် များမြတ်လှဘိ တန်ဖိုးလည်း ရှိပါပေ၏။)

ယောဂိနော စ - စိတ်နေဉာဏ်များ ကြီးမြင့်မားဖို့ ကြိုးစားအားထုတ်နေကြသည့် ရှင်, လူယောဂီ သူတော်စင်တို့သည်မူကား၊

ထေရဝါဒီ - စိတ်ကောင်း အသိမှန်တိုးတက်၍ မပစ်ရက်နိုင်သည့် တမည် ကောင်းချမ်းသာမျိုးကို မျှော်ကိုးအားကျ အသုံးချ သတိပဋ္ဌာန် ကျင့်နည်းမှန်ဝါဒကို လိုက်နာကျင့်သုံးလျက် ရှိကြပါပေ၏။

(ဧတေ - ကိုယ်စီ ကိုယ်စီ ဂုဏ်ရည်ရှိကြသည့် အဲသည့် သုံးမျိုးတို့သည်၊)

အညမည ဝိဘူသရေ - ပတ္တမြား သုံးသွယ် ချင်းချင်းခြယ်သို့ ရှုဖွယ်ပဝင်း အချင်းချင်းကို သန့်ရှင်းတင့်တယ် ခန့်ညားဖွယ် ပဓာနထား အသိမှန်ပွားမှု တန်ဆာ ပြုလျက် ယခုချိန်တိုင် ဆင်ပြင်နိုင်ကြပါစေသတည်း။

၁။ ထေရ်မြတ်ဇာနည် မဟာစည်၊
၂။ ထေရဝါဒ၊
၃။ ထေရဝါဒီယောဂီ ဟူ၍ ဤသုံးမျိုးသော အဆင်းတန်ဆာတို့သည် အချင်းချင်း အထောက်အကူပြုကာ အသရေ ရှိအောင် ခြယ်သကြကုန်၏။

ထေရ်မြတ်ဇာနည် မဟာစည်

▬▬▬▬▬▬▬▬▬▬▬

ကျေးဇူးရှင် မဟာစည်ထေရ်မြတ်, ကျင့်နည်းမှန်တရား, ယောဂီအပေါင်း ဤသုံးမျိုး တို့သည် အချင်းချင်း အဆင်းတန်ဆာအထူးများ ဖြစ်ဖွယ်ရှိပါသည်၊ ချဲ့ပါဦးမည် -ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ဗုဒ္ဓစာပေကျမ်းဂန် အမျိုးမျိုးကို ဆရာမြတ်များထံ အတန်တန် ဆရာ့နိဿနည်းအရ လေ့လာပြီးခဲ့ပါသည်၊

မိမိလေ့လာထားသလောက် တပည့်စာသင်သား ရဟန်းတော်တို့အား ဆင့်ပွား ပို့ချနေစဉ် သမဏသုခ=(ရဟန်းချမ်းသာ - ကိလေသာငြိမ်းချမ်းသာ) ကို သိခံစား နိုင်ရေးအတွက် သမဏဓမ္မ - (ရဟန်းတရား ကိလေသာ ငြိမ်းကြောင်းတရား) ကို အားထုတ်လိုသော ဆန္ဒမွန်ရှိလာသည့်အတိုင်း မွန်ပြည်နယ် သထုံမြို့ မူလမင်းကွန်း ဇေတဝန်ဆရာတော်ကြီးထံသို့ ကြွရောက်ကာ ဒေသနာနည်းကျ အသုံးချ သတိပဋ္ဌာန် ကျင့်နည်းမှန်ကို သမဏသုခရ၍ ကျေနပ်လောက်သည်အထိ လပေါင်းများစွာ စေ့စေ့စပ်စပ် ထိထိမိမိ ရိုရိုသေသေ လေ့လာအားထုတ်ခဲ့ရာ စိတ်ဓာတ်ဖွံ့ဖြိုး, အသိမှန်အဆင့်ဆင့်တိုး၍ မပစ်ရ က်နိုင်သည့် ချမ်းသာမျိုးကို ပိုင်နိုင်စွာ ရရှိ ခံစားခဲ့ပါသည်၊ ကောင်း, ဆိုး အမျိုးမျိုးသော လောကဓံတရားတို့၌ ဘက်မျှမျှထားနိုင်သည့် စိတ်ထားမျိုးများစွာ ထူးခြား ပြောင်းလဲတိုးတက် လာသည့် အဖြစ်လည်း အလွန် ထင်ရှားလှပါပေသည်။

ဤသို့ဖြစ်ရာ ယင်းသတိပဋ္ဌာန် ကျင့်စဉ်မှန်သည် ဗုဒ္ဓ မြတ်စွာ သာသနာတော်ကြီး၏ တကယ့် အနှစ်သာရအစစ် ဖြစ်ကြောင်းကို ကျေးဇူးရှင် ဆရာတော်ဘုရားကြီး ကိုယ်တိုင် မျက်မှောက် သိရှိပြီးဖြစ်ခဲ့ပါသည်၊ သို့သော်လည်း စိတ်ဓာတ်ဖွံ့ဖြိုးမှု, အသိမှန်တိုးမှုကြောင့် ဖြစ်ပေါ်လာသာ သမဏသုခမျိုးကို ခံစားစေရန် တပည့် ယောဂီ အဆက်ဆက်တို့အား ဒေသနာနည်းကျ အသုံးချ သတိပဋ္ဌာန် ကျင့်နည်း မှန်ကို မူလမင်းကွန်းဆရာတော် ဘုရားကြီး ၏ ကျင့်သုံးစဉ်အတိုင်း ရေးသား ဟောကြား ပြသတော်မမူလျှင် ဖြစ်စေ, ယင်းကျင့်နည်းမှန်ကို လက်တွေ့ ကျင့်သုံး ရှုမှတ်၍ စိတ်ဓာတ်ဖွံ့ဖြိုး အသိမှန်တိုးကာ မပစ်ရက်နိုင်သော ချမ်းသာမျိုးကို သိရှိ ခံစားနိုင်သော တပည့်ရဟန်းတော်နှင့် အမျိုးသား အမျိုးသမီးယောဂီများ ခြံရံလျက် မရှိလျှင်ဖြစ်စေ ဤသတိပဋ္ဌာန်နယ်ပယ် (ပြည်တွင်းပြည်ပ) ဓမ္မမိသားစုခေါ် လောကအကျိုးကို ဤမျှလောက် ထမြောက်အောင် ဆောင်တော်မူရာ ရောက်မည် မဟုတ်ပါ၊ သတိပဋ္ဌာန်ဓမ္မမိသားစု လောကအကျိုးကို ဤမျှလောက် ဆောင်တော်မမူလျှင် သတိပဋ္ဌာန်မိသားစုလောက၏ ဤမျှလောက် မှီခိုအားကိုးစရာ ဖြစ်တော်မူမည် မဟုတ်ပါ၊

ယခုသော်ကား အသုံးချသတိပဋ္ဌာန် ကျင့်နည်းမှန် (ဒေသနာနည်းကျ) ထေရဝါဒနှင့် ထေရဝါဒီ ယောဂီသူတော်စင် ၂-ပါးတို့၏ ခြယ်သမှုကြောင့် အနန္တကျေးဇူးရှင် ဆရာတော် ဘုရားကြီးသည် ဓမ္မမိသားစုလောက၏ မှီခိုအားကိုးရာ ဖြစ်တော်မူလျက် စံလွန်တော်မူ၍ အဓွန့်ရှည်စွာ တည်တံ့သည့်တိုင်အောင် ဓမ္မပဋိဂ္ဂါဟက ဓမ္မာနုဓမ္မပဋိပန္န (တရားမှန်ကိုခံယူ - တရားမြတ်အားလျော်သော အကျင့်မှန် လမ်းလျှောက်နေသူများ) ဖြစ်ကြသော ထေရဝါဒီ ယောဂီတပည့်များနှင့် ဗုဒ္ဓစာပေရှင် သူတော်စင်အများ ၏ နှုတ်ဖျား၌ “မဟာစည် - မဟာစည်”ဟု ဂုဏ်ရည်ဖော်ပြ ကျက်သရေမင်္ဂလာ ရှိသော စကားထူးကို လေးမြတ်စွာ ဖော်ကျူး သုံးစွဲလျက် ရှိကြပါပေသည်။

ထေရဝါဒရတနာ

▬▬▬▬▬▬

ကျေးဇူးရှင် ဆရာတော်ဘုရားကြီး ညွှန်ပြတော်မူခဲ့သော ထေရဝါဒရတနာခေါ် အသုံးချ ကိုယ်တွေ့သတိပဋိဋ္ဌာန် ကျင့်နည်းမှန်နှင့်တကွ အခြားဗုဒ္ဓယဉ်ကျေးမှု အခြေခံ ကျင့်ဝတ်လမ်းညွှန်မှု မှန်သမျှသည်လည်း မင်းကွန်း ဇေတဝန် ဆရာတော် ဘုရားကြီး၏ ပြညွှန်းတော်မူသည့်နည်းအရ ဖြစ်ပါသည်၊ ထိုမျှသာမက သဗ္ဗညုတ ဉာဏ်တော်ရှင် ဘုရားသခင်၏ နှုတ်တော်ထွက်နှင့် လုံးဝကိုက်ညီသောကြောင့် လည်းကောင်း၊ ထိုကျင့်နည်းမှန်အတိုင်း ရိုသေ စေ့စပ်စွာ ကျင့်သုံးခွင့် ရသဖြင့် စိတ်ကောင်းနှင့် အသိမှန် တိုးတက်၍ မပစ်ရက်နိုင်သည့် ငြိမ်းချမ်းသာထူးကို ရရှိကြသော ထေရဝါဒီ ယောဂီ သူတော်စင်တို့ ကိုယ်တိုင် သတိပဋ္ဌာန် ကျင့်နည်းမှန် တရားတော် ၏ ဂုဏ်ရည်သတ္တိကို အာမခံချက်အပြည့်နှင့် ရဲရဲတောက် ကိုယ်တွေ့ ဖော်ပြစွမ်းနိုင်သောကြောင့် လည်းကောင်း ကျေးဇူးရှင် မဟာစည်ဆရာတော် ဘုရားကြီးနှင့် ထေရဝါဒီ ယောဂီ ဤနှစ်လီတို့သည် ထေရဝါဒီ ရတနာကို ခြယ်သ ဆင်ယင် ထားသကဲ့သို့ ဖြစ်ပါပေသည်၊ ယင်းသို့ ခြယ်သ ဆင်ယင်ထားသောကြောင့် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး ၏ သာသနာ့လမ်းညွှန်ပြမှု, အထူးသဖြင့် ကိုယ်တွေ့သတိပဋ္ဌာန်ကျင့်နည်းမှန်ခေါ် ဩဝါဒရတနာသည် အခြားမမှန်ကန် သောနည်း, မှန်ကန်သော်လည်း မပြည့်စုံသော နည်းများနှင့်အတူ သမယန္တရခေါ် အခြားအယူဝါဒတို့ထက် လောကကျိုးကို (ယခုဘဝ နောက်ဘဝအတွက်) သာလွန်စွာ ရွက်ဆောင်နိုင်ပေရကား “မဟာစည် ထေရဩဝါဒ မဟာစည် ထေရဩဝါဒ” ဟု ဓမ္မမိသားစု လောက၌ မရှိလျှင် မဖြစ်သော ကိုယ်တွေ့ အသုံးချ သတိပဋ္ဌာန် ကျင့်နည်းမှန်တရပ် အဖြစ်ဖြင့် ပြည်တွင်းပြည်ပ ၂-ဌာနလုံး၌ ထင်ရှားလျက် ရှိပါပေသည်။

တနည်းအားဖြင့် ဆိုရပါလျှင် ဤဆိုလတ္တံ့အတိုင်း သရုပ်ပေါ်လာနိုင်ဖွယ်ရာ အချက် တို့လည်း ရှိပါသေးသည်။

မှန်ကန်မှု

▬▬▬

မှန်ကန်သော သတိပဋ္ဌာန် ဒေသနာနည်းကျ ဆရာ့ကျင့်ထုံးအရ ကျေးဇူးရှင် ဆရာတော်ဘုရားကြီး ကိုယ်တိုင် ဖြောင့်မှန်စွာ ကျင့်သုံးလေ့လာသဖြင့် မှန်ကန်သော အကျိုးတရား ကျေနပ်လောက်အောင် ဖြစ်ထွန်းခဲ့ရာ ယင်းမှန်ကန်သော အကျိုးတရား တို့ကို ရစိမ့်သောငှါ ထောင်ပေါင်းများစွာသော တပည့် ယောဂီ တို့ကိုလည်း မိမိ ကျင့်သုံးလေ့လာခဲ့သည့် အတိုင်း ကျင့်သုံးစေရာဝယ် ဟောညွှန်မှု မှန်သမျှလည်း မှန်ကန်မှု ရှိလှပါပေသည်။

ရှင်းလင်းမှု

▬▬▬▬

ဗုဒ္ဓအလိုတော်နှင့် မကိုက်ညီသည့် အယူအဆမှန်သမျှ အခြားအယူဝါဒတို့ ရှုပ်ထွေး ပါဝင်ခြင်း အလျင်းမရှိစေပဲ ဒေသနာနည်းကျ ဆရာ့ကျင့်ထုံးမှန်အတိုင်း ရှင်းရှင်း လင်းလင်း ကျင့်သုံးသဖြင့် အမြင်ကြည်လင် သန့်ရှင်းမှုကို ကျေနပ် လောက်အောင် ရခဲ့ရာ တပည့်ယောဂီတို့အား အလားတူ အမြင်ကြည်လင်စေရန် ဟောပြတော်မူခြင်း သည်လည်း ကြောင်းကျိုးပြ ဥပမာန ဥပမေယျ အဆုံးအဖြတ် စသည်တို့ဖြင့် ရှင်းလင်းမှု ရှိလှပါပေသည်။

သိလွယ်မှု

▬▬▬▬

ဆရာတော်ဘုရားကြီးသည် မြတ်ဗုဒ္ဓကိုယ်တိုင် ရိုးရိုးတိုက်ရိုက် (တန်ဆာမဆင် -မသွယ်ဝိုက်ပဲ) ဟောတော်မူအပ်သော သတိပဋ္ဌာန် ကျင့်နည်းမှန်နှင့်အညီ ဆရာ့ ကျင့်ထုံးအရ ရိုးရိုးလေးပင် ကျင့်သုံးတော်မူခဲ့သဖြင့် (ကျင့်သုံးနည်း ရိုးသော်လည်း) မရိုးနိုင်, မရောင့်ရဲနိုင်သော ဆန်းသစ်သောအကျိုး အမျိုးမျိုးအပေါ် အမြင်ကြည်လင်မှု ရှိတော်မူခဲ့ရာ တပည့် ယောဂီတို့အား အလားတူ အကျိုး ရရှိစေရန် နည်းလမ်း ပြညွှန်မှုသည်လည်း ကလေးသူငယ်တို့ကအစ သိလွယ်မှုလည်း ရှိလှပါပေသည်။

တိကျမှု

▬▬▬

ဗုဒ္ဓနည်းကျ တိကျသော သတိပဋ္ဌာန်ကျင့်နည်းမှန်အတိုင်း အားထုတ်တော်မူသဖြင့် ပြတ်သားသော (စိတ်အညစ်အကြေး စင်ကြယ်မှုကအစ) အကျိုးထူးတို့ကို ရတော်မူလာရာ တပည့်ယောဂီတို့အားလည်း အလားတူ အကျိုးရရှိစေရန် ကဗျာ, လင်္ကာ, စကားပြေ ဤနှစ်ထွေဖြင့် ဆိုဆုံးမတော်မူခြင်းသည် တိကျမှုလည်း ရှိလှပါပေသည်။

လေးနက်မှု

▬▬▬▬

တိကျလှ၍ လေးနက်သော သတိပဋ္ဌာန်ကျင့်နည်းမှန်အတိုင်း ကျင့်သုံးခဲ့သဖြင့် အလေးထားလောက်ဖွယ် အခြေခံရှိ၍ သဘောခိုင်မာသော အကျိုးတရားတို့ကို ခိုင်မာစွာ ရရှိတော်မူရာ တပည့်ယောဂီတို့အားလည်း အလားတူ အကျိုးရရှိစေရန် အာဂမယုတ္တိ, သဘာဝယုတ္တိ, ကိုယ်ပိုင် သုံးသပ်ချက်, ဝေဖန်ချက်, နှိုင်းယှဉ်ချက် စသော အချက်ပေါင်း များစွာတို့ဖြင့် လေးစားလောက်ဖွယ် အခြေပါ၍ ခိုင်မာလှရကား လေးနက်မှုလည်း ရှိလှပါပေသည်။

ကျစ်လစ်မှု

▬▬▬▬

ကျေးဇူးရှင်ဆရာတော်ဘုရားကြီးသည် သတိပဋ္ဌာန် ကျင့်နည်းမှန်ကို ဗုဒ္ဓနည်းကျ ဆရာ့ကျင့်ထုံး နည်းပြသည့်အတိုင်း စည်းကမ်းရှိရှိ အားထုတ်ခဲ့သဖြင့် ပကတိ ကိုယ်, နှုတ်, စိတ်ထား (အကောင်းထက် သာလွန် ထူးခြားသော ကိုယ်, နှုတ်, စိတ် ဖွံ့ဖြိုးရုံသာမက အသိမှန်များလည်း ထူးထူးခြားခြား တိုးတက်ရင့်ကျက် လာရကား ကိုယ်, နှုတ်, စိတ်ထား) သုံးပါးလုံး ယဉ်ကျေးသိမ်မွေ့ သိပ်သည်းပိရိမှုဟူသော အကျိုးထူးတို့ကို ရရှိတော်မူရာ တပည့်ယောဂီတို့အားလည်း အလားတူ အကျိုး ထူးကို ရရှိစေရန် ဗုဒ္ဓဥပဒေတော်ကြီးကို ဦးထိပ်ထား၍ မဟာစည် စည်းမျဉ်းများဖြင့် မဟာစည်ဩဝ ါဒနယ်မြေကို အုပ်ချုပ်ကာ နှုတ်ဖြင့် ပြောဆိုဆုံးမတော်မူခြင်း, စာပေဖြင့် ဆုံးမတော်မူခြင်းသည်လည်း ကျစ်လစ်မှု ရှိလှပေသည်။

ပြေပြစ်မှု

▬▬▬▬

သတိပဋ္ဌာန် အကျင့်မှန်ကို ကောင်းမွန် ဖြောင့်ဖြူးစွာ ကျင့်သုံးသဖြင့် မိမိ၏ အချိုးအစားကျလှ ချောမွေ့လှသော ကိုယ်, နှုတ်, စိတ်ထား အမူအရာတွေ ကောင်းမွန် ဖြောင့်ဖြူး၍ အစစအရာရာ ပြေလည်မှု အကျိုးတွေ ရရှိလာရာ တပည့် ယောဂီ တို့အားလည်း အလားတူ အကျိုးရရှိစေရန် အာမိသပဋိသန္တာရ (ပစ္စည်း လေးပါးဖြင့် ဖုံးလွှမ်းပိတ်ဆို့ခြင်း, မိမိနှင့် သူတစ်ပါးတို့ အဆက်ပြတ်လစ်ဟာမှု မရှိရအောင် လိုအပ်သော ဩဝါဒတရားဖြင့် ပျူငှါ လောကဝတ် အစေ့အစပ်ပြုခြင်း) တို့ဖြင့် လောကရေး ဓမ္မရေးတို့ဝယ် အဆက်အဆံ ကောင်းမွန်ဖြောင့်ဖြူးစေနိုင်သော အဆုံးအမပေးတော်မူခြင်းသည် ပြေပြစ်မှု ရှိလှပါပေသည်။

လိုက်ဖက်မှု

▬▬▬▬

မြတ်ဗုဒ္ဓကိုယ်တော်တိုင် စိတ်အညစ်အကြေး ကင်းစင်ဝေးမှုကအစ အကျိုး ၇-မျိုး ရရှိရန် တကြောင်းတည်းသော ခရီး, ယင်းသည်ကား ဤသတိပဋ္ဌာန် ၄-ပါး ပါပဲဟူ၍ ရဲရဲတောက် အာမခံချက်ထား၍ ကျင့်နည်းမှန်ပုံ, အကျိုးရမှန်ပုံ နှစ်ပါးကို ဟပ်စပ် အဆင်ပြေ အတွဲအဖက်အနေဖြင့် ဟောတော်မူချက်အတိုင်း သာသနာတော်ဝင် ကျင့်သုံးသူ ဆရာစဉ်ဆက်တို့ ကျင့်သုံးသဖြင့် မိမိတို့၏ အခြေအနေ အံချော်မှု မရှိကြပဲ အံဝင်ခွင်ကျ အကျိုးတို့ကို ရရှိခဲ့ကြပါသည်၊

ကျေးဇူးရှင် ဆရာတော်ဘုရားကြီးသည်လည်း ရှေးသာသနာဝင် ဆရာစဉ်ဆက်တို့ ကျင့်သုံးကြသည့်နည်းတူ ကျင့်နည်းမှန်နှင့် အကျိုးအမြတ် ဤနှစ်ရပ်ကို ဟပ်စပ် အဆင်ပြေ အတွဲအဖက်အနေဖြင့် အံဝင်ခွင်ကျ ကျင့်သုံးအားထုတ်တော်မူခဲ့သဖြင့် ဆရာတော်ဘုရားကြီး၏ တကိုယ်ရည်နှင့်စပ်၍ အဖုအထစ် အခက်အခဲ ကျေပျောက် ရှင်းလင်း၍ အဆင်ပြေလှသည့်အတွက် ပြေညီသော အကျိုးတို့ကို ရရှိတော်မူခဲ့ရာ တပည့်ယောဂီတို့အားလည်း အလားတူ အကျိုးထူးများ ဖြစ်ပွားစေရန် လုပ်ငန်းနှင့် အကျိုးနှစ်ရပ် ဟပ်စပ်အဆင်ပြေ အတွဲအဖက်အနေဖြင့် အံဝင်ခွင်ကျ ပြောဆို ဆုံးမတော်မူနိုင်ခြင်းသည် လိုက်ဖက်မှု ရှိလှပါ ပေသည်။

ကျိုးကြီးမှု

▬▬▬▬

ကျေးဇူးရှင် ဆရာတော်ဘုရားကြီးသည် မိမိအတွက် အရေးကြီးသော လုပ်ငန်း တရပ်၏ အင်္ဂါရပ်များကို စိစစ်လိုက်သော် သတိပဋ္ဌာန်လုပ်ငန်း ၏ အင်္ဂါရပ်များကို မြင်လာဟန်တူပါသည်၊ ယင်းတို့ကား -

(၁) မလုပ်မဖြစ်ခြင်း,
(၂) ကိုယ်တိုင် လုပ်မှ ဖြစ်ခြင်း,
(၃) အချိန်မီ လုပ်ရခြင်းနှင့်
(၄) အကျိုးရများခြင်း ဟူသော အင်္ဂါ ၄ -ရပ်တို့ပင်တည်း၊

ဤအချက် ၄-ချက်ကို မြင်တော်မူသော ကျေးဇူးရှင် ဆရာတော်ဘုရားကြီးသည် မူလမင်းကွန်း ဇေတဝန်ဆရာတော်ဘုရားကြီးထံ၌ ၄-လတိုင်တိုင် မိမိအတွက် အရေးအကြီးဆုံးသော လုပ်ငန်းကြီး ဖြစ်သည့် ဤသတိပဋ္ဌာန်အလုပ်ကို ကြိုးပမ်း အားထုတ်ခဲ့သဖြင့် ဗုဒ္ဓကိုယ်တော်တိုင် အာမခံထားတော်မူချက်အရ သတိပဋ္ဌာန် အကျိုး ၇-မျိုးကို ဧကန်ရရှိနိုင်ပါသည်၊

ထိုမှ နောက်ဆက်တွဲအကျိုးဟု ဆိုရသော ကောင်း, ဆိုး လောကဓံတို့အပေါ်ဝယ် ဘက်မျှစွာ ထားနိုင်စွမ်းရှိသည့် စိတ်ဓာတ်မျိုး ရင့်ကျက်မှုက အစ အကျိုးရင်းနှင့် နောက်ဆက်တွဲ အကျိုးများ ဝေဝေဆာဆာ ရရှိတော်မူရာ တပည့်ယောဂီတို့ အားလည်း ယင်းသို့သော အကျိုးမျိုးကို မိမိကဲ့သို့ ဝေဝေဆာဆာ ရရှိစေရန် အကျိုးရှိစွာ ဆုံးမသွန်သင်တော်မူရာဝယ် တပည့် ယောဂီများနှင့် ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးအတွက် ကျိုးကြီးမှုရှိလှပါပေသည်။

ဤမျှသော စကားအားဖြင့် မှန်ကန်မှုစသော အချက်တို့နှင့် ပြည့်စုံသော ဤအကျင့် လမ်းစဉ်ကို ကျေးဇူးရှင်ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် လိုက်နာ ကျင့်သုံးတော် မူသဖြင့် မိမိမှာ အလားတူအကျိုးများ ဖြစ်ထွန်းလာသောကြောင့် လည်းကောင်း၊ ယင်းအကျိုးရင်းနှင့် နောက်ဆက်တွဲအကျိုးတို့ကို ရစိမ့်သောငှါ တပည့် ယောဂီ တို့အားလည်း အဆိုပါအချက်တို့နှင့် ပြည့်စုံစွာ ညွှန်ပြအပ်သော အကျင့်လမ်းစဉ်မှန်ကို ကျင့်သုံးခွင့် ရကြသော တပည့်အများတို့သည် မှန်ကန်သော အကျိုးများကို ရရှိကြရုံသာမက ဆင့်ပွားကာ တိုက်တွန်း ဟောပြနိုင်စွမ်း ရှိသောကြောင့် လည်းကောင်း၊ ဆရာတော်ဘုရား ကြီးနှင့် ထေရဝါဒီ တပည့် ယောဂီတို့သည် ထေရဝါဒ ရတနာကို ခြယ်သဆင်ယင်ထားသကဲ့သို့ ဖြစ်ပါပေသည်၊

သို့ဖြစ်သောကြောင့် ကျေးဇူးရှင် ဆရာတော်ဘုရားကြီး၏ မှန်ကန်မှု စသော အချက်တို့နှင့် ပြည့်စုံသော ဩဝါဒအများသည် ဩဝါဒခံ လိုက်နာသူများအား နှစ်သိမ့်မှုကို အပြည့်ပေးနိုင်၍ မြတ်နိုးဖွယ်ကောင်းသော အဖိုးတန် ရတနာသဖွယ် တင့်တယ်ထည်ဝါ လှပါပေ ၏၊ သတိပဋ္ဌာန်မိသားစု လောကကျိုးကိုလည်း (ယခုဘဝ နောက်ဘဝအတွက်) မှန်ကန်စွာ ဆောင်ရွက်နိုင်ပေရကား “မဟာစည်ထေရဝါဒ မဟာစည်ထေရဝါဒ”ဟု ဓမ္မမိသားစုလောက၌ တကယ်လိုအပ်သော အသုံးခံ သတိပဋ္ဌာန် ကျင့်နည်းမှန်တရပ် အဖြစ်ဖြင့် (ပြည်တွင်းပြည်ပ နှစ်ဌာန) ဓမ္မ နယ်မြေဝယ် ထည်ဝါခန့်ညား ထင်ရှားလျက် ရှိပါပေသည်။

တပည့်များစွာ မြတ်နိုးစရာ

▬▬▬▬▬▬▬▬▬▬

တပည့်ယောဂီများကို ကြည့်ပါဦး၊ မဟာစည် ဆရာတော်ဘုရားကြီး၏ တပည့်ယောဂီ အများသည် ဆရာတော်ဘုရားကြီး၏ ဗုဒ္ဓဥပဒေ အခြေခံထားသော မဟာစည်မှ စည်းကမ်း ချမှတ်မှုကို လေးစားလိုက်နာ၍ သတိပဋ္ဌာန် ကျင့်နည်းအတိုင်း ရိုသေ မြတ်နိုးစွာ လေ့လာကျင့်သုံးလေရာ အခြေခံ ကိုယ်, နှုတ်ယဉ်ကျေး၍ စိတ်ဓာတ်ဖွံ့ဖြိုး အသိမှန်တိုးလျက် မရောင့်ရဲနိုင်သည့် ချမ်းသာမျိုးကို လက်ဆုပ်လက်ကိုင် ရရှိကြပေသည်။

ဗုဒ္ဓအလိုတော်ကျ ညွှန်ကြားဆုံးမတော်မူသော ကျေးဇူးရှင် ဆရာတော်ဘုရားကြီး၏ ဤကဲ့သို့သော တပည့်ယောဂီမျိုးသည် အခြားဘာသာရေး, သာသနာရေး၌ မရှိနိုင်ပါ၊ ဤကဲ့သို့သော ယောဂီဟူရာ၌ ကျင့်နည်းမှန်အတိုင်း ပြည့်ဝစွာ ကျေနပ်လောက်သည် အထိ ကျင့်သုံးသဖြင့် ဂုဏ်နှင့်လာဘ်ကို မငဲ့ပဲ သန့်ရှင်းမှုကို လိုလား၍ ရိုးသား ကျစ်လျစ်သော ယောဂီကိုသာ ဆိုလိုသည်။

ဤသို့လျှင် အဖိုးများစွာထိုက်သော မိုးကုတ်ပတ္တမြား သုံးသွယ်သည် အချင်းချင်း ချယ်လှယ်ကာ လွန်စွာကျက်သရေ ရှိသကဲ့သို့ မဟာထေရ, ထေရဝါဒ, ထေရဝါဒီ ဟူသော ဤသုံးလီသည် အချင်းချင်း တန်ဆာဆင်ကာ ပြည်တွင်းပြည်ပဓမ္မ မိသားစု လောကအလယ်ဝယ် တင့်တယ်လျက်ရှိပါပေသည်။

လောကတန်ဆာ မြတ်နိုးစရာ

▬▬▬▬▬▬▬▬▬▬▬

ကျေးဇူးရှင် ဆရာတော်ဘုရားကြီးသည် မွန်ပြည်နယ် သထုံမြို့ မူလမင်းကွန်း ဇေတဝန်ဆရာတော်ဘုရားကြီး ထံတော်၌ သတိပဋ္ဌာန် ကျင့်နည်းမှန်ကို ကိုယ်တွေ့ ဉာဏ်မြင်ပေါက်ရန် ၄-လတိုင်တိုင် ကျေနပ်လောက်သည်အထိ ကျင့်သုံး အားထုတ် ပြီးနောက် ယင်းကျင့်နည်းမှန် တရားတော်ကိုပင် လက်လှမ်းမီသလောက် ဆင့်ပွား ဟောညွှန် ပြသရာ၌လည်း အားထုတ်ခွင့်ရကြသော ရှင်, လူ အများတို့သည် လွန်စွာ ဝမ်းမြောက်ကြ၏၊

ဘာကြောင့် ထိုမျှလောက် ဝမ်းမြောက်ကြပါသနည်း? များစွာ အဖိုးထိုက် တန်လှသော သတိပဋ္ဌာန် ကျင့်နည်းမှန်ကို မှန်စွာသိရခြင်း, သိသည့်အတိုင်း စွမ်းနိုင်သမျှ ကျင့်သုံးကြခြင်းတို့ကြောင့် စိတ်ဓာတ်ဖွံ့ဖြိုး အသိမှန်တိုးတက်လျက် မပစ်ရက် နိုင်သော ချမ်းသာမျိုးကို အပိုင်ရမိ ခံစားသိရှိရသောကြောင့် ထိုမျှလောက် ဝမ်းမြောက် ကြပေသည်။ မကောင်းဘက်က ထက်မြက်စိတ်ထားနှင့် အယူလွဲမှု တန်ရုံကင်းဝေး ကွာလျက် မိမိတို့၏ လူပီသလာမှုကို ကောင်းစွာ နားလည် သဘောပေါက်ကြ သောကြောင့် ထိုမျှလောက် အားရကျေနပ်ကြပေသည်၊

ထိုသို့ဝမ်းမြောက်ကြသည့် လျော်ညီစွာ ကျယ်ပြန့်တွင်ကျယ်စွာ ဟောညွှန်စွမ်း နိုင်သော ကျေးဇူးရှင် ဆရာတော်ဘုရားကြီး ပေါ်ထွန်းချိန်မှစ၍ ဟောညွှန်ပြသည့် အတိုင်း လက်လှမ်းမှီသမျှ အားထုတ်ကြရာ တန်ရုံကျေနပ်မှု ရကြသော လူ့ယဉ်ကျေးမှု အခြေခံပါသော သတိပဋ္ဌာန် ဓမ္မမိသားစု များစွာ ပေါ်ပေါက်လာ၏၊ ထိုသူများကြောင့် လူ့လောကကြီးသည် နေချင့်စဖွယ်ကြီးဖြစ်ကာ ပျော်ရွှင်စရာ ကောင်းလာ၏၊

ထိုသူတို့ ၏ သန္တာန်ဝယ် မတရားမှုများ ခေါင်းပါးအားနည်းကာ တရားသဖြင့် ဖြစ်ရေး၌ အစွမ်းထက် အားကောင်းလာ၏၊ တရားသဖြင့်ဖြစ်သော ကိစ္စစုချည်း ထွန်းကားမှုမျိုး မဟုတ်စေကာမူ ယင်းသို့ဖြစ်ရန် အခွင့်ကောင်း အခါကောင်းတွေ လမ်းပွင့်လာ၏၊ ဤသို့လျှင် မဟာထေရ, ထေရဝါဒ, ထေရဝါဒီ ဟူသော ဤသုံးမျိုးသည် ဤသတိပဋ္ဌာန်ဓမ္မ ပျံ့နှံ့ရာ လောကကြီးကို ရွှန်းတဝေဝေ ကျက်သရေ မင်္ဂလာနှင့် ပြည့်အောင် ခြယ်လှယ် ဆင်သနိုင်ကြသော ကြီးပွားမှု, စည်ပင်မှု, ပျံ့နှံ့မှုတို့ကို ဆောင်ကာ မင်္ဂလာများ ဖြစ်ပါပေသည်။

တနည်းအားဖြင့်မူကား ထေရ, ထေရဝါဒ, ထေရဝါဒီဟူသော ဤသုံးမျိုးတို့တွင် ထေရဖြစ်သော ဆရာသည် ထေရဝါဒီ ဖြစ်သော တပည့်တော်တို့အပေါ်မှာ အာမိသာနုဂ္ဂဟ (ပစ္စည်းဖြင့် ချီးမြှောက်အားပေးမှု), ဓမ္မာနုဂ္ဂဟ (တရားဖြင့်ချီးမြှောက် အားပေးမှု)တို့ဖြင့် ဂရုစိုက်ခြင်းနှင့်တကွဖြစ်သော သဂါရဝ, အားထားခြင်းနှင့်တကွ ဖြစ်သော သပ္ပတိသ ရှိရသလို ထေရဝါဒီဖြစ်သော တပည့်တို့ကလည်း ယင်းကဲ့သို့ ထေရဖြစ်သော ဆရာအပေါ်၌ ရိုသေလေးစားခြင်း, မှီခိုခြင်း ရှိရလေသည်၊ ကိုင်းကျွန်းမှီ - ကျွန်းကိုင်းမှီမျိုးကဲ့သို့ ဆရာနှင့် တပည့်တို့သည် တူမျှသော အသက်မွေးမှု ရှိကြ၍ အရှည်ပူးတွဲ ကျင့်သုံးနေထိုင်နိုင်ကြပေတော့သည်။

ဤသို့ အချင်းချင်း သဂါရဝ, သပ္ပတိသဖြစ်ပါမှ ဆရာနှင့်တပည့်တို့သည် စိုက်ပျိုး ထားအပ်သော သစ်ပင်၏ ကြီးပွားခြင်းကဲ့သို့ သီလ, သမာဓိ, ပညာတို့ဖြင့် တိုးပွား၍ ကြီးပွားခြင်းဟူသော “ဝုဍ္ဎိ” စိုက်ပျိုးထားအပ်သော သစ်ပင် ၏ ကြီးပွားရုံတွင်မက အကိုင်း, အခက်, အလက်, အပွင့်, အသီးဝေဆာ၍ စည်ပင်ခြင်းကဲ့သို့ ပစ္စည်း လေးပါး ဂုဏ်သတင်းကောင်း၍ သင်းပျံ့ခြင်းဟူသော “ကိတ္တိ”, အခြွေအရံဟူသော ယသတို့နှင့်တကွ သီလ, သမာဓိ, ပညာတွေ ဝေဆာ၍ စည်ပင်ခြင်းဟူသော “ဝိရုဠှီ”, သစ်ပင် ၏တစ်နေရာ၌ စည်ပင်ရုံ တွင်မကပဲ အသီးမျိုးစေ့တို့ဖြင့် ပြန့်ပွား၍ အဆင့်ဆင့် ပျံ့နှံ့သွားသကဲ့သို့ ထို့အတူ ဆရာတပည့်တို့မှာလည်း သူတော်ကောင်း တပည့် အဆက်ဆက် ပြန့်ပွား၍ အရပ်ရပ်၌ ပျံ့နှံ့ခြင်းဟူသော “ဝေပုလ္လ”သို့ ရောက်နိုင်သည်သာတည်း။

ဤအချက်ကောင်း ၃-ရပ်ကို ခြုံငုံ သုံးသပ်မိသော အရှင်ကေလာသ မကွေးတိုင်း ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် ဂဏဝါစက ဘာသန္တရကောဝိဒဂန္ထန္တရကာရက ပါဠိကဗျဝိဒူ သာသနဓဇသိရီပဝရဓမ္မာစရိယ ဘီအေ (ကိုလံဘို) ဆရာတော်သည် ဆေးစက်ကျရာ အရုပ်ထင်ဟူသော လောကပြောဆိုရိုးအရ ထိုဆရာတော်၏ ကျွမ်းကျင် နိုင်နင်းလှသော ကဝိလက်ရာမြောက် ကဗျဗန္ဓ အသီအကုံး အနှုန်း အဖွဲ့ ပညာဖြင့် ဤမျှ ကျယ်ဝန်း ခန့်ညားသည့် မဟာစည်ထေရဝုတ္တန္တဝိလာသိနီမည်သော ဤ မဟာစည် ထေရုပ္ပတ္တိကျမ်းတစ်စောင်ကို အလွန်တိုတောင်းလှသော အချိန် အတွင်းဝယ် ပါဠိဂါထာပေါင်း တထောင်ဖြင့် ထည်ဝါခန့်ညားစွာ တန်ဆာဆင်၍ အခြားမှတ်သားဖွယ်ရာ အချက်အလက်များကိုလည်း သူ့နေရာနှင့်သူ အကွက်ကျ ထည့်သွင်းကာ သိုက်မြိုက်စွာ ရေးသားဖွဲ့ကုံးထားအပ်ပေသည်။

ယခု အမှာစကားရေးသူကိုယ်တိုင် ဂါထာတထောင် မဆိုထားဘိ ဂါထာတပုဒ်ကိုပင် ရေးဖို့ရန်လည်းကောင်း၊ ယင်းကို အခြေခံ၍ ထိုက်တန်သော အချက်အလက် အနည်းငယ် ထည့်သွင်း ရေးသားရန် လည်းကောင်း အလွန်ခဲယဉ်းလှသော်လည်း ဤအရှင်မူကား အလွန် ထက်မြက်လျင်မြန်စွာ ရေးသားနိုင်ပေစွ တကား၊ အလွန်လည်း အံ့ဩချီးမွမ်းဖွယ် ကောင်းပေစွတကား၊ အလွန်လည်း တန်ဖိုး ကြီးလေစွတကား။

အရှင်ပဏ္ဍိတာဘိဝံသ
ဩဝါဒါစရိယဆရာတော်
မဟာစည်သာသနာ့ရိပ်သာ
ရန်ကုန်မြို့
၁၅-၁၀-၁၉၈၅

.................

ဆဋ္ဌသင်္ဂီတိပုစ္ဆက, အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင်
မဟာစည်ဆရာတော်ဘုရားကြီး
အရှင်သောဘန မဟာထေရ်၏ အဖြစ်တော်စဉ်

မဟာစည်ထေရဝုတ္တန္တဝိလာသိနီ

▬▬▬▬ஜ۩۞۩ஜ▬▬▬▬

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓပ္ပဏာမ

▬▬▬▬

သောဘနဂမနော နာထော, ဘဝပင်္ကာ ပမောစယိ၊
ဝေနေယျေ သုသောဘနာယ, ဝန္ဒေတံ သိရသာဒရံ။

သောဘနဂမနော - မီးတဆယ့်တတန် ဧကန်ငြိမ်းရာ နိဗ္ဗာန်သာဝှန်းသို့ တင့်တယ်စွာ မြန်းကြွတော်မူသော၊
ယောနာထော - လူသုံးပါးတို့၏ အားထားကိုးကွယ်ရာ အစစ်ဖြစ်တော်မူငြား အကြင်ဘုရားရှင်သည်၊
ဝေနေယျေ - နှစ်ဆယ့်လေးအသင်္ချေ ကုဋေခြောက်ဆယ် စွန်းကယ် တသိန်း တွက်ကိန်း များလှ ဝေနေယျတို့ကို၊
သုသောဘနာယ - တင့်တယ်လှစွာ ဒေသနာပညာဖြင့်၊
ဘဝပင်္ကာ - လွန်စွာနစ်ကျွံ ဘဝ သံသရာညွန်ဗွက်မှ၊
ပမောစယိ - ဆွဲယူထုတ်ဖော် လွတ်စေတော်မူခဲ့လေပြီ၊
တံ နာထံ - လူသုံးပါးတို့၏ အားထား ကိုးကွယ်ရာ အစစ်ဖြစ်တော်မူငြား ထိုဘုရားရှင်ကို၊
အဟံ - မဟာစည်ထေရဝုတ္တန္တဝိလာသိနီ ဂုဏ်ရည်တင့်လျှမ်း ကျမ်းဂန်ပြုစု နှစ်ခု နာမ်ရုပ် အကျွန်ုပ်သည်၊
သိရသာ - ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်၊
အာဒရံ - လေးမြတ်ကြည်ညို ရိုသေလှစွာ၊
ဝန္ဒေ - ဆယ်လက်မြှောက်မိုး ရှိခိုးဦးချပါ၏၊
ဝါ - ချီးမွမ်းဩဘာ ထောမနာပါ၏။

[သာသနာတော်၌ ဖြစ်တောင့်ဖြစ်ခဲ ထူးမြတ်လှသော ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီး၏ အဖြစ်တော်စဉ် မဟာစည်ထေရဝုတ္တန္တဝိလာသိနီကျမ်းကြီး ပြီးစီးခြင်းကိုလိုလားပါသဖြင့် သုံးလောကတွင် အထူးမြတ်ဆုံးဖြစ်သော ဘုရားရှင်ကို “သောဘနဂမနောနာထော” စသော ဂါထာဖြင့် ရှိခိုးပါသည်။]

ဓမ္မပ္ပဏာမ

▬▬▬▬

သုသောဘနဂမနောပိ, ဘာဝေတွာန နိရန္တရံ၊
သုဘောဘနတ္တ သမ္ပတ္တော, ဝန္ဒေ တံ ဓမ္မမုတ္တမံ။

သုဘောဘနဂမနောပိ - ကိလေသာနယ် ငြိတွယ်မရှိ သန္တိဧကန် နိဗ္ဗာန်စခန်းသို့ တင့်တယ်စွာ မြန်းကြွတော်မူငြား ဘုရားရှင်သည်သော်လည်း၊
ယံ ဓမ္မံ - အကြင် မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်ထင်ပေါ် တရားတော်ကို၊
နိရန္တရံ - အစဉ်မပြတ် ကြားမလပ်အောင်၊
ဝါ - အခါခပ်သိမ်း၊
ဘာဝေတွာန - ဖြစ်စေတော်မူ၍၊
ဝါ - ပွားများတော်မူ၍၊
ဝါ - ဖြစ်စေတော်မူခြင်းကြောင့်၊
ဝါ - ပွားများတော်မူခြင်းကြောင့်၊
သူသောဘနတ္တံ - သုံးလောကအလယ် အတုမဲ့ တင့်တယ်မွန်မြတ်သော ပုဂ္ဂိုလ်၏ အဖြစ်သို့၊
ဝါ - သုံးလောက အလယ်တင့် တယ်မွန်မြတ်သော ပုဂ္ဂိုလ်ဟု ဆိုအပ်သော ဘုရားရှင် ၏အဖြစ်သို့၊
သမ္ပတ္တော - ကိလေသာအလုံး ချေမှုန်းဖျက်ဖျောက် ရောက်တော်မူပြီ၊
ဥတ္တမံ - မြတ်သော၊
တံ ဓမ္မံ - ထိုမဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်ထင်ပေါ် တရားတော်မြတ်ကိုလည်း၊
ဝန္ဒေ - ရိုသေမြတ်နိုး ရှိခိုးဦးချပါ၏။

[သုဘောဘနတ္တ-၌ ဆန်းကြောင့် နိဂ္ဂဟိတ်ကြေသည်၊ နိဂ္ဂဟိတ်ကို ဆောင်၍ အနက်ပေးရာ၏၊ ဆန်းကြောင့်မသွေ ယွင်းပျက်ချေ ဆောင်လေ နက်ပေးခါ - ဆန်းကြောင့်မသွေ ပိုလျှံပေ ပယ်လေ နက်ပေးပါ -နှင့် အညီတည်း။]

သံဃပ္ပဏာမ

▬▬▬▬▬

သောဘနာနံ မုနိန္ဒဿ, မာရာရိသုဝိဃာတိနံ၊
ပုတ္တာနံ အရိယသံဃံပိ, ဂဏံ ဝန္ဒာမိ အာဒရံ။

မုနိန္ဒဿ - အဂါရိက စသည်အပြား မုနိများ၏ ဦးဖျားသနင်း မုနိမင်း ဖြစ်တော်မူသော ဘုရားရှင်၏၊
သောဘနာနံ - ကိလေကင်းကွာ လွန်စွာထူးတင့် နိဗ္ဗာန်နန်းဖြင့်သို့ တင့်တယ်စွာ ကြွသွားတော်မူကြကုန်သော၊
မာရာရိသုဝိဃာတိနံ - မာရ်နတ်, မာရ်နတ်၏ ရန်စစ်ကို မြစ်ရင်းမကျန် တွန်းလှန် ချေမှုန်း ဖျောက်ဖျက်တော်မူကြကုန်သော၊
ပုတ္တာနံ - လွန်မြတ်ထူးခြား သားတော်တို့၏၊
ဂဏံ - သင်္ချာတွက်စစ် ရှစ်ယောက်အပေါင်းဖြစ်သော၊
အရိယသံဃံပိ - အရိယာ သံဃာတော်မြတ်ကိုလည်း၊
အာဒရံ - လေးမြတ် ကြည်ညို ရိုသေလှစွာ၊
ဝန္ဒာမိ - ယုံကြည် ရိုကျိုး ရှိခိုးပါ၏။

[ဗုဒ္ဓပ္ပဏာမ, ဓမ္မပ္ပဏာမ, သံဃပ္ပဏာမ -ဟူသော ပဏာမ ၃-မျိုးလုံး၌ မဟာစည် ဆရာတော်ဘုရားကြီး၏ ဘွဲ့တော်နာမ စကားလုံးများ ပါရှိစေ၍ ဝစီပဏာမ ပြုပါသည်။ ယင်းသို့ ရတနာ ၃ -ပါး၌ ပြုအပ်သော ပျပ်ဝပ်ညွတ်ကျိုး ရှိခိုးမှု စေတနာ စွမ်းအင်ကြောင့် အန္တရာယ် တစုံတရာ မကြုံရပဲ ဤကျမ်းကြီး ပြီးစီးလိမ့်မည်ဟု ယုံကြည်ပါသည်။]

အာစရိယပ္ပဏာမ

▬▬▬▬▬▬▬

နမာမိ ဝိသုတိကေပိ, ဝိသုတာရာမပုင်္ဂဝေ၊
မဟာစည်ထေရသေဋ္ဌမ္ပိ, ထိရေသု သဏ္ဌိတံ သုဓိံ။

ဝိသုတာရာမပုင်္ဂဝေ - သာသနာ့ဂိုဏ်း သမိုင်းပေါ်ထင် မဟာဝိသုတာရာမနိကာယ၏ ရှေ့သွားပုဗ္ဗင် ဖြစ်တော်မူကြကုန်သော၊
ဝိသုတိကေပိ - ပခုက္ကူမြို့ မဟာဝိသုတာရာမ နိကာယတက္ကသိုလ် ဗဟိုတိုက်ပျော် ဒီဃဒဿီ ကျေးဇူးရှင် ရေစကြိုဆရာတော်ဘုရားကြီး အရှင်ဂန္ထသာရမဟာထေရ်, အဂ္ဂမဟာပဏ္ဍိတ အရှင်ပညာမဟာထေရ်, အဘိဓဇမဟာရဋ္ဌဂုရု, အဂ္ဂမဟာပဏ္ဍိတ အရှင်သုန္ဒရမဟာထေရ်, အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒဝံသမဟာထေရ်, အဂ္ဂမဟာ ပဏ္ဍိတ အရှင်ဂန္ဓမာမဟာထေရ်, တိုက်အုပ်ဆရာတော် အရှင်နန္ဒိယမဟာထေရ်, တိုက်အုပ် ဆရာတော် အရှင်မာဃိန္ဒမဟာထေရ်တို့ကိုလည်းကောင်း၊
ထိရေသု - သီလ သမာဓိ, ပညာ ထိရဂုဏ်တို့၌၊
သဏ္ဌိတံ - မတ်မတ်ခိုင်ကျည် တည်တော်မူသော၊
သုဓိံ - နိကာယ်ငါးရပ် ပိဋကတ်ကို ကောင်းစွာမှတ်နိုင် ဆောင်စွမ်းနိုင်ဘိ ကဝိထွတ်မှူး ပုဂ္ဂိုလ်ထူး ဖြစ်တော်မူသော၊
မဟာစည်ထေရသေဋ္ဌမ္ပိ - အဂ္ဂမဟာပဏ္ဍိတ, ဆဋ္ဌသင်္ဂီတိ ပုစ္ဆက ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးကိုလည်း၊
နမာမိ - ရိုသေမြတ်နိုး ရှိခိုးဦးချပါ၏။

[မိမိသည် ပခုက္ကူမြို့ မဟာဝိသုတာရာမ ဆရာတော်ဘုရားကြီးတို့ကို အမှီတံကဲ သဟဲပြုရ, ယင်းဆရာတော်ဘုရားကြီးတို့ထံ ပညာရင်နို့ သောက်စို့ရသဖြင့် နိကာယ် ငါးခန်း ကျမ်းဂန်များချပို့ခြင်း, ကျမ်းဂန်များ မြောက်စွာတို့ကို ရေးသားခြင်းတို့ကို ပြုလုပ်နိုင်ပါသည်၊ သို့ဖြစ်၍ ကျေးဇူးတောင်ညိုမက ပိုသည့် ပခုက္ကူမြို့ မဟာဝိသုတာရာမ ဆရာတော် ဘုရားကြီးတို့ကိုလည်း ရှိခိုးပါသည်၊ ၎င်းပြင် ဤ အတ္ထုပ္ပတ္တိသခင် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးကိုလည်း ရှိခိုးပါသည်။]

အဘိယာစကနှင့် ပဋိညာဉ်

▬▬▬▬▬▬▬▬▬

ယာစိတောဟံ ကရိဿာမိ, သောဘနေန သုဓီမတာ၊
ဥပါသကေန ထေရဿ, ဥပ္ပတ္တိဒီပကံ သုတံ။

အဟံ - အရှင်ကေလာသ ခေါ်ဝေါ်ကြသား နှစ်ပါးနာမ်ရုပ် အကျွန်ုပ်သည်၊
သောဘနေန - ဥပါသကာဂုဏ် ကုံလုံပြည့်ကြွယ် တင့်တယ်သော၊
သုဓီမတာ - များဖြင့်လောက်ငံ ပညာဉာဏ်နှင့် ပြည့်စုံသော၊
ဥပါသကေန - ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး ဦးပွင့်ကောင်းနှင့် ဂုဏ်ထူးဆောင် အမှုဆောင်, ဗုဒ္ဓဓမ္မလောကစာစောင် အယ်ဒီတာချုပ် ရတနာ သုံးရပ်ကို မပြတ်မလပ် ဆည်းကပ် ကိုးကွယ်တတ်သော စာရေးဆရာ မင်္ဂလာ ဦးအောင်မြင့်သည်၊
ယာစိတော - အကြိမ်ကြိမ် ပျပ်ဝပ်တောင်းပန်အပ်သည်ဖြစ်၍၊
ထေရဿ - အဂ္ဂမဟာပဏ္ဍိတ, ဆဋ္ဌသင်္ဂီတိ ပုစ္ဆက ရန်ကုန်မြို့ သာသနာ့ရိပ်သာတည် မဟာစည်မထေရ်မြတ်ကြီး၏၊
ဥပ္ပတ္တိဒီပကံ - ထူးခြားကုံလုံ အဖြစ်စဉ် မျိုးစုံကိုပြ ထေရုပ္ပတ္တိဒီပက မည်သော မဟာစည်ထေရဝုတ္တန္တဝိလာသိနီကျမ်းကို၊
ကရိဿာမိ - ဂန္ထဓုရ ကိစ္စလပ်လျား ချိန်အကြား၌ ရေးသားပြုပြင် စီရင်ပေအံ့။

[မင်္ဂလာဦးအောင်မြင့်ကား သဒ္ဓါ, သီလ, သုတ, စာဂ အစရှိသော သူတော်ကောင်း တရား၌ ထာဝစဉ်မွေ့လျော်သည့် ဥပါသကာ သူတော်ကောင်း ဖြစ်၏။ ဦးအောင်မြင့်သည် မိမိအား မဟာစည် ဆရာတော်ဘုရားကြီး၏ အဖြစ်တော်စဉ်ကို ဂါထာ တစ်ထောင်ဖြင့် ရေးသားချီးမြှင့်ပါရန် လွန်ခဲ့သည့် ၃-နှစ်ခန့်ကတည်းက တောင်းပန်ခဲ့သည်၊ သို့ရာတွင် မိမိမှာ စာရေး စာချအလုပ်တွေ များလှသဖြင့် “ဦးအောင်မြင့် ... ဦးပဉ္စင်း အလုပ်တွေများသဖြင့် လောလောဆယ် ရေးဖို့တော့ မဖြစ်နိုင်ဘူး” စသည်ဖြင့် ပယ်မြစ်ခဲ့ရာ အကြိမ်ကြိမ် တောင်းပန်သဖြင့် အလုပ် ကိစ္စတွေကြားမှပင် တတ်စွမ်းသမျှ ရေးသား စီရင်ပါမည် ဟူလို။]

ပထမပိုင်း

▬▬▬▬

ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ပြည်နယ်နှင့်တိုင်း

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံဖြစ်လာသော ယခုခေတ်တွင် အောက်ပါအတိုင်း ပြည်နယ်နှင့်တိုင်းများ သတ်မှတ်၍ နိုင်ငံတော်အစိုးရတို့ တိုင်းပြည်ကို အုပ်ချုပ်ကြကုန်၏၊

(၁) ကချင်ပြည်နယ်,
(၂) ကယားပြည်နယ်,
(၃) ကရင်ပြည်နယ်,
(၄) ချင်းပြည်နယ်,
(၅) စစ်ကိုင်းတိုင်း ,
(၆) တနင်္သာရီတိုင်း,
(၇) ပဲခူးတိုင်း,
(၈) မကွေးတိုင်း,
(၉) မန္တလေးတိုင်း,
(၁၀) မွန်ပြည်နယ်,
(၁၁) ရခိုင်ပြည်နယ်,
(၁၂) ရန်ကုန်တိုင်း,
(၁၃) ရှမ်းပြည်နယ်,
(၁၄) ဧရာဝတီတိုင်းတို့ ဖြစ်ကုန်၏။

ပဒေသရဋ္ဌဘာဝေန, ဝိဘဇိတွာန ဝေါဟရုံ၊
အဓုနာပိ ဇနာဓိပါ, ရဋ္ဌဿ ဝုဍ္ဎိကာမိနော။

ဒုတိယပိုင်း

▬▬▬▬

စစ်ကိုင်းတိုင်း ရွှေဘိုမြို့

စစ်ကိုင်းတိုင်းအဝင်အပါ ရွှေဘိုမြို့သည် အလောင်းမင်းတရားကြီး ၏ ကောင်းမှုတော် ရွှေစေတီခေါ် မြို့ထောင့်စေတီ, ရွှေချက်သိုစေတီ, ရွှေတန်ဆာစေတီစသည့် စေတီပုထိုးဖြင့် လည်းကောင်း၊ ဓမ္မသုခကျောင်းတိုက်, ဝေဠုဝန်ကျောင်းတိုက်, ပုခန်းကျောင်းတိုက်, နေရဗန်ကျောင်းတိုက်, နန္ဒာရာမကျောင်းတိုက်, ရန်အောင် မင်္ဂလာ ကျောင်းတိုက် အစရှိသော လောကမျက်ရှု သဗ္ဗညုဘုရား စကားတော်, ဒေသနာတော်, ပိဋကတော်တို့ကို သင်ပြ ချပို့ရာ ကျောင်းတိုက်ကြီးတို့ဖြင့် လည်းကောင်း တင့်တယ် ရှုမောဖွယ်ကောင်းလှပေ၏၊

မြို့သူမြို့သား နယ်သူ နယ်သား လူရွယ်လူင ယ်တို့၏ အထက်တန်း ပညာရပ်များကို ဆည်းပူရာ အထက်တန်းကျောင်းကြီးများ, အလယ်တန်း ပညာရပ်တို့ကို ဆည်းပူးရာ အလယ်တန်းကျောင်းကြီးများတို့ဖြင့် လည်းကောင်း၊ မူလတန်းပညာ ရပ်များကို ဆည်းပူးရာ မူလတန်းကျောင်းများစွာ တို့ဖြင့်လည်းကောင်း၊ ရုံကြီးများစသည့် မြို့၏ ဖွယ်ရာ အစိုးရ အဆောက်အအုံတို့ဖြင့် လည်းကောင်း၊ တင့်တယ်သာယာလှပေ၏။

ရွှေဘိုဝှနဂရံနာမ, ဗုဒ္ဓသာသနိကေဟိစ၊
နာဂရိကသမ္ဗန္ဓေဟိ, မန္ဒိရေဟိ သုသောဘတိ။

ယင်း ရွှေဘိုမြို့၌ အိမ်ခြေတသောင်းကျော် လူဦးရေ ၄-သောင်းခန့်ရှိလေသည်၊ ဖော်ပြပါ ရွှေဘိုမြို့သည် ယခုအခါ စစ်ကိုင်းတိုင်းတွင် ပါဝင်၏။

ခရိုင်မြို့ ဖြစ်ခဲ့ခြင်း

▬▬▬▬▬▬▬

ရွှေဘိုမြို့သည် ယခင်က ခရိုင်မြို့ဖြစ်ရာ ယင်း ရွှေဘိုခရိုင်အတွင်း ရွှေဘို, ခင်ဦး, ဝက်လက်, ကန့်ဘလူ, ကျွန်းလှ, ရေဦး, ဒီပဲယင်း, တန့်ဆည်တို့ပါဝင်ကုန်၏။ မိုးကုတ်, သပိတ်ကျင်းမြို့တို့လည်း ရှေးက ရွှေဘိုခရိုင်အတွင်း ပါဝင်ဖူးသည်၊ ၁၉၆၅-ခုနှစ် အောက်တိုဘာ ၁-ရက်နေ့မှစ၍ မိုးကုတ်, သပိတ်ကျင်းမြို့နယ်များကို မန္တလေးခရိုင် အတွင်း ထည့်သွင်း သတ်မှတ်ခဲ့ကြကုန်၏။

ဝိသေသပဒေသတ္တေန, ရွှေဘိုဝှနာဂရံ သုဘံ၊
ပသိဒ္ဓံ မြန်မာဘူတလေ, ပုရေ ပုရံဝ သဏ္ဌိတံ။

စစ်ကိုင်းတိုင်းမြို့နယ်များ

▬▬▬▬▬▬▬▬▬

စစ်ကိုင်းတိုင်းတွင် မြို့နယ်ပေါင်း ၃၈-မြို့နယ်ပါဝင်သည်၊ ယင်းတို့မှာ-စစ်ကိုင်း, မြင်းမူ, မြောင်, ငါန်းဇွန် (ငဇွန်), ဖောင်းပြင်, မော်လိုက်, တမူး, ကလေးဝ, ကလေးမြို့, မင်းတပ်, မုံရွာ, ဘုတလင်, အရာတော်, ချောင်းဦး, ယင်းမာပင်, ကနီ, ဆားလင်းကြီး, ပုလဲ, ရွှေဘို, ခင်ဦး, ဝက်လက်, ကန့်ဘလူ, ကျွန်းလှ, ရေဦး, ဒီပဲယင်း, တန့်ဆည်, ကသာ, အင်းတော်, ထီးချိုင့်, ဗန်းမော်, ကောလင်း, ဝန်းသို, ပင်လယ်ဘူး, ခန္တီး, ဟုမ္မလင်း, လေးရှီး, လဟယ်နှင့် နန်းယွင်းတို့ဖြစ်သည်၊ ရွှေဘိုမြို့သည် စစ်ကိုင်းတိုင်းတွင် ထင်ရှားသည့် သာသနာ့ဝန်ဆောင် ပုဂ္ဂိုလ်ကျော် မြားမြောက်စွာတို့ ၏ ပေါ်ထွန်းရာ မြို့ထူးမြို့မြတ် ဖြစ်လေသည်။

ရွှေဘိုတိသုနာမဓေယျံ, ပညာတံ သုပရံ ဘဝေ၊
စစ်ကိုင်း ဣတိ သုရဋ္ဌမှိ, ဝိသိဋ္ဌပုရတ္တေန ဟိ။

အမည်နာမ ၅-မည်ဖြင့်
ထင်ရှားခဲ့ခြင်း

▬▬▬▬▬▬

ရွှေဘိုမြို့သည် ရွှေဘိုဟူသည့် အမည်အပြင် ရန်ကြီးအောင်မြို့ ဟူသောအမည်, မုဆိုးဘိုမြို့ဟူသောအမည်, ကုန်းဘောင်မြို့ဟူသော အမည်, ရတနာသိင်္ခဟူသော အမည်တို့ဖြင့် ထင်ရှားခဲ့လေသည်၊ ယင်းသို့ဖြင့် အမည်နာမ ငါးဝတို့ဖြင့် ထင်ရှား ခဲ့လေသည်၊ ရွှေဘိုမြို့ကို “ဥ ဩ အော် မည်, ကုန်းဘောင်တည်” ဟူသော သင်္ကေတအတိုင်း သက္ကရာဇ် ၁၁၁၅-ခုနှစ် ပထမဝါဆိုလဆုတ် ၆-ရက် ကြာသပတေး နေ့တွင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် ရွှေဘိုမြို့ နေရာတွင် ရတနာသိင်္ခ ကုန်းဘောင် နေပြည်တော်ကို စတင်၍ တည်ထောင်တော် မူခဲ့လေသည်။

သို့ဖြစ်၍ အလောင်းမင်းတရားကြီး၏ အဆက်အနွယ်များကို ကုန်းဘောင်ဆက်ဟူ၍ ခေါ်ဝေါ်ကြခြင်း ဖြစ်သည်၊ ရွှေဘိုမြို့၏ နာမည်ရင်းမှာ မုဆိုးဘိုဖြစ်သည်၊ ပုဂံပြည့်ရှင် အလောင်းစည်သူ မင်းတရားသည် တိုင်းခန်းလှည့်လည်တော်မူစဉ် ထိုဒေသသို့ ရောက်သောအခါ မြေဒူးမြို့တည်ရာအနီး မြင်းခွါတောင်၌ စေတီ ပုထိုးများ တည်ထား ကိုးကွယ်တော်မူပြီးနောက် ထိုမြင်းခွာတောင်ခြေမှ တူးမြောင်းကြီး ဖောက်လုပ်စေကာ ယင်းတူးမြောင်းတလျှောက် သင်းကနက်သားဖောင်ဖြင့် စုန်ဆင်းခဲ့ရာ တူးမြောင်းကြီး မိုင် ၅၀-ခန့်ရှိသောအခါ မဟာနန္ဒာကန်ကို ဆည်ဖို့တော်မူ၍ ရွှေတန်ဆာဘုရားကို တည်တော်မူကာ မုဆိုးငပိုအား ရွာတည် စေပြီးလျှင် စေတီစောင့်ထားတော် မူခဲ့လေသည်၊ ထိုရွာကို မုဆိုးငပို (ငဘို) ရွာ၊ ထိုမှတဆင့် မုဆိုးဘိုရွာ တွင်ကြောင်း ဆိုကြသည်၊ သို့ရာတွင် မုဆိုးဟူသော အမည်ကိုဖြုတ်၍ ယင်းမုဆိုးအစား ရွှေတပ်လျက် ရွှေဘိုဟု ခေါ်ဝေါ်ကြသဖြင့် ယနေ့တိုင် ရွှေဘိုဟုတွင်လေသည်။

မုဆိုးဘိုဣတိ ပုဗ္ဗေဟိ, ပေါရာဏေဟိ ဘိသမ္မတံ၊
သမ္ပတိ ပန ရွှေဘိုတိ, သဗ္ဗေဟိ အဘိလက္ခိတံ။

အလောင်းမင်းတရားကြီးသည် “ရွှေဘိုအောင်မြို့ ရွှေမြို့ကျုံးဝန်း နတ်ကွန်း ရေကန် ချိန်မှန်ပဟိုရ် ရွှေချက်သို” ဟူသော စာဆိုနှင့်အညီ မြို့တော်, ကျုံးတော်, နတ်ကွန်းတော်, ရေကန်တော်, ပဟိုရ်စင်, မင်းတရားကြီး၏ ချက်မြှုပ်ရာ၌ တည်သော ရွှေချက်သိုစေတီ ဟူသော ၇-ဌာနကို တပြိုင်တည်း တည်တော်မူခဲ့ လေသည်။

ဧကက္ခဏေ ဟိ ရာဇာ သော, သတ္တဋ္ဌာနဝရေဟိ ခေါ၊
ဘူပတိ ပတိဋ္ဌာပေတိ, ဘူတလေ မြန်မာ့သညိတေ။

အလောင်းမင်းတရားကြီးသည် သာယာရွှန်းစို ဖော်ပြ ပါ မြို့တော်ရွှေဘို၌ ၈-နှစ်တိုင် နန်းစံတော်မူခဲ့ပြီး နတ်ရွာစံ ကံတော်ကုန်သောအခါ သားတော်နောင်တော်ကြီးမင်း မှစ၍ ကုန်းဘောင်မင်း အဆက်ဆက်သည် စစ်ကိုင်း, အင်းဝ, အမရပူရ, မန္တလေးမြို့ များ၌ ရွှေ့ပြောင်း နန်းတည် စိုးစံခဲ့ကြသော်လည်း ရွှေဘိုမြို့သို့ ရံခါ မြန်းကြွ ကွန့်ချီကြကုန်၍ အောင်မြေနင်းကြကုန်၏။

ရွှေဘိုပုရသုဘူမိဟိ, ဇယဘူမိ အဟောသိစ၊
တေနဟိ ဗဟုဘူပါလာ, တံ ပတွာ ဘူမိမက္ကမုံ။

အောက်ပါ ကုန်းဘောင်မြို့တည် သက္ကရာဇ် ၁၁၁၅-ခု၊ အလောင်းဘုရား နန်းစံရှစ်နှစ် တေးထပ်ကို လေ့လာဖတ်ရှု၍ ဗဟုသုတဆည်းပူရာ၏။

အလောင်းဘုရား
နန်းစံရှစ်နှစ် တေးထပ်

▬▬▬▬▬▬▬▬

အောင်သပြေ ရေမြေစိုး၊
ဘေးတော်ဘိုး ဘဝရှင်။

မျိုးသာကီနတ်သွင်ငယ်၊
နားတင်တော်မူစမ်း။

ဥဩ အော် မြည်သည်၊
ကုန်းဘောင်တည် ပြည်တိုင်းမြို့နန်း။

များဗိုလ်ထု စစ်ခြေကို၊
တွက်ရေငယ် မခန်း။

ဥပရာဒလပန်းတို့မှ၊
ကြည်းရေလမ်း ထိန့်ဆူ။

သန်လျက်ခုံ ဘုံကြငှန်း၊
တိုက်သိမ်းမြန်း ခွန်တုတ်သာယူ။

လောင်းမန္ဓာတ် ဖုန်းလူငယ်၊
နတ်စစ်သူ ဗိုလ်လူမျိုးနှင့်၊
ဆတိုးလို့ ဆယ်ပြည်တိုင်၊
ယွန်းလိုက်တိုင်းနိုင်။

ရှစ်နှစ်ကျော် ရွှေနန်းပိုင်သည်၊
နိုင်ငံတော် ကျယ်ဝန်းလှလေး။ ။

တတိယပိုင်း


ပညာရှင်တို့ ပေါ်ထွန်းရာ

ရွှေဘိုမြို့ ရွှေဘိုနယ်သည် တိပိဋကတ်ကျမ်းတတ် ပညာရှင်တို့ ပေါ်ထွန်းရာ မြို့ထူး မြို့မြတ်ဖြစ်သည်၊ ရွှေဘိုနယ်မှ ပေါက်ဖွားသည့် ပရိယတ္တိဝန်ဆောင်, ပဋိပတ္တိ ဝန်ဆောင် သာသနာ့ဝန်ထမ်း ရဟန်းပညာရှိတို့မှာလည်း ပြည့်စုံစွာ မဖော်ထုတ်နိုင် အောင်ပင် များမြောက်လှကုန်၏။

ရွှေဘိုဝှသုပုရံ နာမ၊ ပညာရှိသည်။
ပဏ္ဍိတာနံ သုဝိညုနံ၊ အကြင်သူမွန် မြတ်ပညာရှင်တို့၏။
သဉ္စာတိဒေသဘာဝေန၊ ဖြစ်ပေါ်ရာ အရပ်ဒေသ ဖြစ်ခြင်းကြောင့်။
ပသိဒ္ဓံ မြန်မာ့ဘူတလေ၊ မြန်မာ့မြေပြင်၌ ထင်ရှားပေ၏။

ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီး၏ အဖြစ်တော်စဉ်ကို ဖော်ပြရာ “ဤ မဟာစည် ထေရဝုတ္တန္တဝိလာသိနီ”၌ အုတ်မြစ်အနေအားဖြင့် ရွှေဘိုနယ်ဖွား ပညာရှိ ပုဂ္ဂိုလ်များတို့၏ အမည်နာမတော်, ဘွဲ့တော်များကို လက်လှမ်းမီသမျှ ထုတ်ပြအပ်ပါသည်။

ရွှေဘိုသုဝိညုနာမာနိ၊ ရွှေဘိုနယ်ဖွား ပညာရှိတို့၏ အမည်နာမတော်တို့ကို။
ယထာဗလံ ယထာသတ္တိံ၊ အားလျော်သလို စွမ်းသမျှအတိုင်း။
မယာ ဟိ ဥဒ္ဓရိတာနိ၊ ငါသည် ထုတ်ဖော်အပ်ကုန်ပြီ။
မုခမတ္တန္တိ လက္ခယေ၊ စကားအစမျှသာ ဖြစ်သည်ဟု မှတ်စေကုန်။

အတုလယသမဟာဓမ္မရာဇာဓိရာဇဂုရု” ဘွဲ့တံဆိပ်တော်ရ အမေးတော်အဖြေ, နန်းစဉ်ပုစ္ဆာ အဖြေကျမ်း, ရဲတင်းလင်္ကာ စသည်တို့ကို ပြုစီရင်တော်မူခဲ့သော အလောင်းမင်းတရားကြီး၏ ဆရာ ဥသျှစ်ကျေးရွာ ဇာတိ အရှင်အတုလယသ (၁၀၇၆-၁၁၄၆)သည် ရွှေဘိုမြို့၌ ကြာမြင့်စွာသီတင်းသုံးတော်မူ၍ သာသနာ ပြုတော်မူခဲ့သည်။

ရတနာပူရ စတုတ္ထမြို့တည် မင်းတရားလက်ထက်တွင် ထင်ရှားသည့် မြောက်မြို့ ဆရာတော်အရှင် ခေမာစာရ (၁၁၁၆-၁၁၉၆) သည် ရွှေဘိုမြို့နယ် ရှားတောရွာ ဇာတိဖြစ်သည်။

မဟာအတုလယသဓမ္မရာဇဂုရု” ဘွဲ့တံဆိပ်တော်ရ ကျမ်းဂန်တတ်ဆရာတော် အရှင်မာလာသည် ရွှေဘိုမြို့နယ် ကန်တော်ရွာ ဇာတိဖြစ်သည်။

သုမနာစာရာဘိဓဇမဟာဓမ္မရာဇာဓိရာဇဂုရု” ဘွဲ့တံဆိပ်တော်ရ အလ္လကပ္ပ ဆရာတော်ဘုရားကြီး (၁၂၀၁-ဖွား) သည် ရွှေဘို တောင်လက်မင်းကြီးရွာ ဇာတိဖြစ်သည်။

ဝံသာဘိလင်္ကာရမဟာဓမ္မရာဇဂုရု” ဘွဲ့တံဆိပ်တော်နှင့် “ဝံသာဘိလင်္ကာရဓဇ-မဟာဓမ္မရာဇဂုရု” ဘွဲ့တံဆိပ်တော် ၂-ထပ်ရ သုံးပုံတံချူကျမ်းလင်္ကာ, သုံးပုံ အိတ်ထောင့်ကျမ်းသံပေါက်, စကားပြောကျမ်း, သဒ္ဒါ အတက်ကျမ်း, ငါးရာ့ငါးဆယ် စကားပြေဝတ္ထု, သဒ္ဒါကြီးနိဿယ, အဘိဓမ္မမေဒဒီပနီ စသည့် ကျမ်းပေါင်းများစွာကို ပြုစီရင်တော်မူခဲ့သော မုံတိုင်ပင် ဆရာတော် အရှင်ဝံသသည် ရွှေဘိုမြို့နယ် မုံတိုင်ပင်ရွာ ဇာတိဖြစ်သည်။

(ရွှေဘိုသာသနာဝင်ကြည့်)

ဇာဂရာဘိဓဇသဒ္ဓမ္မဝံသ ဓမ္မသေနာပတိ အတုလာဓိပတိ သိရီပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု” ဘွဲ့တံဆိပ်တော်ရ - နေတ္တိလီနတ္ထသင်္ဂဟကျမ်း,
နေတ္တိဟာရဝိဘာဝနီကျမ်း,
ရူပဘေဒဝိဘာဝနီကျမ်း,
ဂဏဘေဒဒီပနီကျမ်း,
နိဿယင်္ဂဝိနိစ္ဆယကျမ်း,
သီမာလင်္ကာရဝိနိစ္ဆယကျမ်း,
ဒသဓမ္မာလင်္ကာရအဋ္ဌကထာကျမ်း,
သီလဝိသောဓနီနှင့် သာသနဝိသောဓနီကျမ်း,
ပဋိစ္စသမုပ္ပါဒဒီပနီကျမ်း,
ဗောဇ္ဈင်္ဂဒီပနီကျမ်း, ဝဉ္စနာဒီပနီကျမ်း,
ဂမ္ဘီရာဂမ္ဘီရမဟာနိဗ္ဗုတ ဒီပနီကျမ်း,
ဝိနယဂရုဒီပနီကျမ်း, ဓမ္မောသဓဒီပနီကျမ်း,
ဩဝါဒါလင်္ကာရ ကထာကျမ်း,
ဓမ္မခတ္တိယောဝါဒ, ကေဝဋ္ဋောဝါဒ,
သီဟဠောဝါဒ, သန္ဒေသကထာ,
လင်္ကာသာသနဝိသုဒ္ဓိကထာ, ဥပဒေသကထာ,
ယွာဋီကာ, ဝိနယမဓု, မဟာသိဿကောဝါဒ,
စူဠသိဿကောဝါဒ, ဝိစိတြဝန္ဒနာကျမ်း,
သဒ္ဒါကြီး-သမာသ်ဂဏ္ဌိ, ဒါရုက္ခန္ဓသုတ်နိဿယ,
အဋ္ဌိကကမ္မဋ္ဌာန်း, ရွှေကျင်နိယံကျမ်း
စသည်တို့ကို ပြုစီရင်တော်မူခဲ့သော ရွှေကျင်နိကာယသမုဋ္ဌာပက ပထမ ရွှေကျင် ဆရာတော်ဘုရားကြီး အရှင်ဇာဂရသည် ရွှေဘိုခရိုင် ရွှေကျင်ရွာ ဇာတိဖြစ်သည်။

ဘေသဇ္ဇမဉ္ဇူသာနိဿယကျမ်းပြု “ဒီပါလင်္ကာရသိရီကဝိဓဇမဟာဓမ္မရာဇဂုရု” ဘွဲ့တံဆိပ်တော်ရ
ပထမလင်္ကာရာမဆရာတော်ဘုရားကြီး အရှင်ဒီပါလင်္ကာရ ၏တပည့်
နန္ဒမဉ္ဇူသာဘိကဝိဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု” ဘွဲ့တံဆိပ်တော်နှင့်
ပရိယတ္တိသာသနဟိတမူလဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ
(၁၂၀၉-၁၂၇၂) မန္တလေးမြို့ လင်္ကာရာမ ဆရာတော်ဘုရားကြီး အရှင်မဉ္ဇူသည် ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် လင်းဖြူရွာ ဇာတိဖြစ်သည်။

ပညာဒီပကဝိဓဇဒိသာပါမောက္ခတိပိဋကာလင်္ကာရ” ဘွဲ့တံဆိပ်တော်ရ
မင်္ဂလာသုတ္တန္တသာသနဝိသောဓနီကျမ်း,
သာသနသုဒ္ဓိဒီပကကျမ်း,
သာသနသုဒ္ဓိ ပဋိပတ္တိလင်္ကာရကျမ်း,
ပရမတ္ထဗျူဟာကျမ်း,
သာသနာလင်္ကာရမဂ္ဂ ပကာသနီကျမ်း,
ရာဇောဝါဒကျမ်း, သာသနဗျူဟာကျမ်း
အစရှိသော ကျမ်းဂန်ပေါင်း ၂၅ -ကျမ်း ခန့်တို့ကို ပြုစီရင်တော်မူခဲ့သော စတုဘုမ္မိက သာသနာဝင်ကို စတင်တော်မူခဲ့သော ဆရာတော်ဘုရားကြီး (၁၁၉၃-၁၂၇၇) သည် ရွှေဘိုမြို့ ဇာတိဖြစ်သည်။

ဂုဏဝါဘိလင်္ကာရသဒ္ဓမ္မဓဇမဟာဓမ္မရာဇဂုရု” ဘွဲ့တံဆိပ်တော်ရ
ပကိဏ္ဏကဝိဿဇ္ဇနာကျမ်းကြီး ပထမတွဲ, ဒုတိယတွဲ,
လုံးတော်ဩဝါဒကထာစာတမ်း, ပုစ္ဆာပကိဏ္ဏကကျမ်း
စသည်တို့ကို ပြုစီရင်တော်မူခဲ့သော ရတနာသိင်္ခမြို့ ပလိုင်းရွာမတွင်လည်း သီတင်းသုံးတော်မူဖူးသော လုံးတော်ဆရာတော်ဘုရားကြီး အရှင်ဂုဏဝါသည် ရွှေဘိုခရိုင် ဒီပဲယင်း ဇာတိဖြစ်သည်။

ဝိသုဒ္ဓါစာရကဝိဓဇမဟာဓမ္မရာဇဂုရု,
ဝိသုဒ္ဓါစာရကဝိဓဇာဓိပတိသိရီပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု,
အဂ္ဂမဟာပဏ္ဍိတ
ဘွဲ့တံဆိပ်တော် ၃-ထပ်ရ
ဝိသုဒ္ဓါရုံကစ္စည်းသုတ်နက်ကျမ်း,
ဆိဒ္ဒပိဓာနနီကျမ်း, ဝိနယကောသလ္လကျမ်း,
ဓာတွတ္ထသင်္ဂဟပါဌ် နိဿယကျမ်း,
ဆန္ဒောမဉ္ဇရီ ပါဌ်, ဂိဟိဝိနယစာတမ်း,
ဝိသုဒ္ဓါရုံ အဆုံးအဖြတ်ကျမ်း,
မုဒ္ဓဗောဓနိဿယကျမ်း,
မဓုသာရတ္ထသတ်ပုံကျမ်း,
နေတ္တိဟာရတ္ထဒီပနီကျမ်း,
ဒေါင်းမေတ္တာစာ,
သမ္ဗန္ဓဆက္ကသံ ဝဏ္ဏနာကျမ်း,
ဂိဟိစာရိတ္တကျမ်း
စသော ကျမ်းပေါင်း ၃၀-နီးပါးတို့ကို ပြုစီရင်တော်မူခဲ့သော (၁၂၀ဝ-၁၂၇၈) ဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီး အရှင်ဝိသုဒ္ဓါစာရသည် ရွှေဘိုခရိုင် စမွန်းရွာ ဇာတိဖြစ်သည်။

စန္ဒိမာဘိဝံသသိရီသဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု” ဘွဲ့တံဆိပ်တော်ရ
မူလပဏ္ဏာသအဋ္ဌကထာ နိဿယ,
ကုလဒူသက ဝိနိစ္ဆယ,
ဂမ္ဘီရတ္ထဒေသနာကျမ်း,
ဝိနည်းအဆုံးအဖြတ်
စသော ကျမ်းပေါင်းများစွာတို့ကို ပြုစီရင်တော်မူခဲ့သော (၁၁၄၈-၁၂၂၂) သီးလုံး ဆရာတော်ဘုရားကြီး အရှင်စန္ဒိမာသည် ရွှေဘိုခရိုင် ဆိပ်ခွန်ရွာအနီး သီးလုံးရွာ တောရကျောင်း၌ တရားအားထုတ် သာသနာပြုတော်မူခဲ့သည်။

ဉာဏာဘိလင်္ကာရကဝိဓဇမဟာဓမ္မရာဇဂုရု” ဘွဲ့တံဆိပ်တော်နှင့်
ဉာဏာဘိဓဇသိရီပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု
ဟူသော ဘွဲ့တံဆိပ်တော်၂-ထပ်ရ ကြေးသီးကုန်းဆရာတော် အရှင်ဉာဏသည် ရွှေဘိုမြို့နယ် ကြေးသီးကုန်းရွာ ဇာတိဖြစ်သည်။

လောကသိပ္ပရာသီကျမ်း, သံဒိဋ္ဌလက်ရိုးကျမ်း စသည့် လောကီဗေဒင်ကျမ်းဂန် အရပ်ရပ်တို့ကို ပြုစီရင်တော်မူခဲ့သော ပဒုမာရုံဆရာတော်ဘုရားကြီး အရှင်ပဒုမသည် ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် ကုလသင်ရွာ ဇာတိဖြစ်သည်။

ဣန္ဒကာဘိဓဇသိရီပဝရမဟာဓမ္မရာဇဂုရု” ဘွဲ့တံဆိပ်တော်နှင့်
ဣန္ဒကာဘိဓဇသိရီပဝရ မဟာဓမ္မ ရာဇာဓိရာဇဂုရု” ဘွဲ့တံဆိပ်တော်,
အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ
အရှင်ဣန္ဒက (နောက်လူဝတ်လဲ) ထရံကာ ဆရာကြီး ဦးအုန်းညွှန့်သည် ရွှေဘိုခရိုင် သရိုင်ရွာ ဇာတိဖြစ်သည်။

ကဝိန္ဒာလင်္ကာရမဟာဓမ္မရာဇာဓိရာဇဂုရု” ဘွဲ့တံဆိပ်တော်နှင့်
အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ
မောက်ကြိုးဆရာတော် ဘုရားကြီး အရှင်ကဝိန္ဒသည် ရွှေဘိုခရိုင် မောက်ကြိုးရွာ ဇာတိဖြစ်သည်။

ပရမတ္ထစက္ခုကျမ်း, သဒ္ဒစူဠကသဒ္ဒါငယ်ကျမ်း,
လောကစက္ခုကျမ်း, မနောဒိဋ္ဌဝန္ဒနာဘုရားရှိခိုးကျမ်း
အစရှိသည်တို့ကို ပြုစီရင်တော်မူခဲ့သော တတိယမြောက် ရွှေကျင်နိကာယ သာသနာပိုင် ဒီပဲယင်းဆရာတော် ဘုရားကြီး အရှင်ဉာဏဝရသည် ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ထောက်ရှာရွာ ဇာတိဖြစ်သည်။

ပညာလင်္ကာရသိရီဓဇမဟာဓမ္မရာဇာဓိရာဇဂုရု” ဘွဲ့တံဆိပ်တော်
ပညာသာမိဓဇမဟာဓမ္မရာဇာဓိရာဇဂုရု” ဘွဲ့တံဆိပ်တော်များနှင့်
အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ
ပေါင်းထောင်ကူဆရာတော် အရှင်ပညာသည် ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ပေါင်းထောင်ကူရွာ ဇာတိဖြစ်သည်။

အဘိဓမ္မတ္ထဒီပကကျမ်း,
ပရိတ်ကြီးဂဏ္ဌိကျမ်း
စသည်တို့ကို ပြုစီရင်တော်မူခဲ့သော ပုသိမ်မြို့ ဗိုလ်ကုန်း ဆရာတော်ဘုရားကြီး (၁၂၀၄-၁၂၇၇)သည် ရွှေဘိုဇာတိဖြစ်သည်။

အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ-

ဥဒယာ ယဿ ဧကဿ၊ အကြင်သူတော်ကောင်း တစ်ဦးတည်း၏ အဖြစ်တော်စဉ် ဖြစ်ပေါ်လာသည်ရှိသော်။
သဒ္ဓမ္မရံသိဇာလိနော၊ တရားတော်တည်းဟူသော ရောင်ခြည်တော်တို့၏ အဆင်းအရောင် အစုအဝေး ရှိတော်မူထသော။
ပဗုဇ္ဈိံ သု ဇနမ္ဗုဇာ၊ ရဟန်းလူပရိသတ်တို့သည် ပွင့်လင်းကုန်ပြီ။
ဇာတိက္ခေတ္တေ မဟာသရေ၊ ဇာတိဖြစ်ရာ ရွှေဘိုနယ်တည်းဟူသော မြစ်ကြီး အိုင်ကြီး၌။

အစရှိသော ၉-ဂါထာ ဂန္ထာရမ္ဘပါရှိသော ပရမတ္ထဒီပနီပါဌ်

စတုရာသီတိသဟဿ၊ ရှစ်သောင်းလေးထောင်။
ဓမ္မက္ခန္ဓာ ပဘင်္ကရာ၊ အပူဇော်ခံတော်မူထသော တရားတော် အစုအပေါင်းတို့သည်။
လောကမှိ ယဿ ဇောတေန္တိ၊ အကြင်သူတော်ကောင်း၏ ကျေးဇူးကြောင့် လောက၌ ထွန်းပကုန်၏။
နန္တဝဏ္ဏပဘဿရာ၊ အဆုံးမရှိသော အဆင်းအရောင်တို့ဖြင့် တောက်ပကုန်၏။

စသော ၄-ဂါထာဂန္ထာရမ္ဘပါရှိသော နိရုတ္တိဒီပနီပါဌ်,
ဝိပဿနာဒီပနီကျမ်း, စတုသစ္စဒီပနီကျမ်း,
ရောဂါန္တရဒီပနီကျမ်း, မဂ္ဂင်္ဂဒီပနီကျမ်း,
ဥတ္တမပုရိသဒီပနီကျမ်း, ဗောဓိပက္ခိယဒီပနီကျမ်း,
ပါရမီဒီပနီကျမ်း, ဓမ္မဒီပနီကျမ်း, လက္ခဏာဒီပနီကျမ်း
အစရှိသော ကျမ်းဂန်ပေါင်း ၁၀ဝ-ကျော်ကို ပြုစီရင်တော်မူခဲ့သော အဂ္ဂမဟာပဏ္ဍိတ, ဒီလစ် ဘွဲ့တံဆိပ်တော်ရ မုံရွာမြို့ လယ်တီ ဆရာတော်ဘုရားကြီး အရှင်ဉာဏ (၁၂၀၈-၁၂၈၅) သည် ရွှေဘိုခရိုင် ဒီပဲယင်း မြို့နယ် စိုင်ပြင်ရွာ ဇာတိဖြစ်သည်။

(မန္တလေးသာသနာဝင်ကျမ်းအတွဲ-၆၊ မဟာဇောတိကာရာမသာသနာဝင်ကြည့်)

ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ(မူလစာချ) ဘွဲ့တံဆိပ်တော်ရ မန္တလေးမြို့ တောင်ပြင် မင်းထင်တိုက် စာချအကျော် ဆရာတော်အရှင်တိဿ (၁၂၁၆-ဖွား)သည် ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ငုတောင်ရွာဇာတိ ဖြစ်သည်။

အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်နှင့်
ပထမကျော်, ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ (မူလစာချ)
အဘိဓမ္မာဝတာရ ဋီကာနိဿယသစ်ကျမ်း,
နိဗ္ဗာနဝိနိစ္ဆယကျမ်း, ကမ္မဝိနိစ္ဆယကျမ်း,
အာရမ္မဏဝိနိစ္ဆယကျမ်း, ဗောဓိပက္ခိယရှုဖွယ်ကျမ်း,
ပါရာယနရှုဖွယ်ကျမ်း, ဝီထိပုံသုံးချက်စုလင်္ကာကျမ်း,
အလင်္ကာရတ္ထဒီပနီကျမ်း, သီဟဠမဂ္ဂစေတိယဝန္ဒနာကျမ်း
စသော ကျမ်းဂန်ပေါင်းများစွာကို ပြုစီရင်တော် မူခဲ့သော မန္တလေးမြို့ ချမ်းသာကြီးတိုက် စာချအကျော် ဆရာတော်အရှင်ပဏ္ဍဝ (၁၂၁၄-၁၂၉၉) သည် ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ပေါင်းထောင်ကူရွာ ဇာတိ ဖြစ်သည်။

ပရိယတ္တိသာသနဟိတဓမ္မာစရိယ (မူလစာချ) မန္တလေးမြို့ အနောက်ပြင် ခင်မကန် တိုက် စာချဆရာတော် အရှင်သူရိယ (၁၂၁၆-ခုဖွား)သည် ရွှေဘိုခရိုင် ဆိပ်ခွန်ရွာ ဇာတိဖြစ်သည်။

အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ
မုဒ္ဓဗောဓနိဿယကျမ်း, ကလာပ်နိဿယကျမ်း,
မဏိဇောတိက ပုစ္ဆာကျမ်း,
မဏိဇောတိကဝိဿဇ္ဇနာကျမ်း,
ဓမ္မစကြာမြန်မာဋီကာကျမ်း,
ပဟေဠိပုစ္ဆာကျမ်း
စသည်တို့ကို ပြုစီရင်တော်မူခဲ့သော မန္တလေးမြို့ ပတ္တမြားဆရာတော် (နောက် မင်းကွန်းငွေတောရ ဆရာတော်) ဘုရားကြီး အရှင်ဇာဂရ (၁၂၄၅-၁၃၃၄)သည် ရွှေဘိုခရိုင် ဒီပဲယင်းမြို့တောင်မျက်နှာ နဂါးဗိုလ်ရွာ ဇာတိဖြစ်သည်။

အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ
ဝစ္စဝါစကအရကောက်ကျမ်း,
ဝစ္စဝါစကနိဿယကျမ်း, မဓုသာရတ္ထဒီပနီကျမ်း,
အာလမ္ဗဏာဒိဒီပနီကျမ်း, သဒ္ဒပဥှာဗျာကရဏကျမ်း,
ဝိနိစ္ဆယ အမျိုးမျိုး
စသည်တို့ကို ပြုစီရင်တော်မူခဲ့သော သုဓမ္မာဝင်စာချအကျော် စံကျောင်းဆရာတော် ဘုရားကြီး အရှင်နန္ဒိမာ (၁၂၄၇-၁၃၂၆) သည် ရွှေဘိုခရိုင် ကန့်ဘလူမြို့အပိုင် အိုင်ပေါင်းချောင်ရွာ ဇာတိဖြစ်သည်။

အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ
မဟာဗောဓိမဂ္ဂကထာကျမ်း, သုစရိတဝိနိစ္ဆယကျမ်း,
ရင်းမာတန်ရွာ မဟာထေရုပ္ပတ္တိကျမ်း
တို့ကို ပြုစီရင်တော်မူခဲ့သော ဒါးပိန်မြို့ ဇီးဖြူကုန်းကျောင်းတိုက် ဂိုဏ်းအုပ်ဆရာတော် ဘုရားကြီး အရှင်နာဂိန္ဒ (၁၂၄၄-၁၃၄၀) သည် ရွှေဘိုခရိုင် ရင်းမာတန်ရွာ ဇာတိဖြစ်သည်။

ပဋိပတ္တိအရာ လွန်စွာကျော်စောကိတ္တိရှိသော ရဟန္တာဟူ၍ပင် ကျော်စောသော ရွှေကူဆရာတော်ဘုရားကြီး အရှင်ကုမာရ (၁၂၅၇-၁၃၃၉) သည် ရွှေဘိုခရိုင် ခင်ဦးမြို့နယ် အင်ကြင်းပင်ရွာ ဇာတိဖြစ်သည်။

ပဒဿတ္ထော ဓာတုစတ္ထော၊ ပုဒ်၏ အနက်၊ ဓာတ်၏အနက်၊
ပစ္စယောစ ဝိဘတ္တိစ၊ ပစ္စည်း၊ ဝိဘတ်၊
ဂဏာဒေသော အာဂမောစ၊ ဂိုဏ်း၊ အာဒေသ၊ အာဂမ်၊
ဣတိ သုဋ္ဌုပလက္ခိတော၊ ဤသို့လျှင် ကောင်းစွာသိသော ဆရာတော်သည်။

ဟူသော ကျမ်းဦးဂါထာပါရှိသည့် အာချာတပဒဝိဘာဝနီကျမ်း,
ဥပသဂ္ဂပဒဝိဘာဝနီကျမ်း,
ဓာတုဝိဘာဝနီကျမ်း
စသည်တို့ကို ပြုစီရင်တော်မူခဲ့သော ကျမ်းဂန်တတ် ဟံသာဝတီ ရန်ကုန်မြို့တော် မျက်နှာမုတ်ကျွန်း သခွတ်ပင်ရွာ ပုညခေတ္တရာရာမကျောင်းတိုက် ဆရာတော် အရှင်ပရမသည် ရွှေဘိုမြို့ မြောက်မျက်နှာ ရွာသန်းရွာ ဇာတိ ဖြစ်သည်။

အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ
ရတနာ့ဂုဏ်ရည်ကျမ်း, အခြေပြုသင်္ဂြိုဟ်ကျမ်း,
အခြေပြုသဒ္ဒါကျမ်း, ဘာသာဋီကာကျမ်း,
ဝီထိနှင့် သုံးချက်စုဘာသာဋီကာကျမ်း,
ကိုယ်ကျင့်အဘိဓမ္မာကျမ်း,
ပါတိမောက် ဘာသာဋီကာကျမ်း,
ရူပသိဒ္ဓိ ဘာသာဋီကာကျမ်း,
ကစ္စည်းဘာသာဋီကာကျမ်း,
ကင်္ခါဘာသာဋီကာကျမ်း,
ပါရာဇိကဏ်ဘာသာဋီကာကျမ်း,
ပါစိတ်ဘာသာဋီကာကျမ်း,
မဟာဝါဘာသာ ဋီကာကျမ်း,
စူဠဝါဘာသာဋီကာကျမ်း,
ပရိဝါဘာသာဋီကာကျမ်း,
သုတ်သီလက္ခန် ဘာသာဋီကာကျမ်း,
သုတ်မဟာဝါဘာသာဋီကာကျမ်း,
အဋ္ဌသာလိနီဘာသာ ဋီကာကျမ်း,
သမ္မောဟဝိနောဒနီဘာသာဋီကာကျမ်း,
ပဉ္စပကြိုဏ်ဘာသာဋီကာကျမ်း
စသည့် ကျမ်းပေါင်း ၆၀-ကျော်တို့ကို ပြုစီရင်တော်မူခဲ့သော တောင်မြို့ (အမရပူရမြို့) မဟာဂန္ဓာရုံကျောင်းတိုက် ဆရာတော် အရှင်ဇနကာဘိဝံသ (၁၂၆၁-၁၃၃၉)သည် ရွှေဘိုခရိုင် သရိုင်ရွာ ဇာတိဖြစ်သည်။

အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ
ဘာဝနာအလုပ်ပြကျမ်း,
ဉာဏ်စဉ်ပေါင်းချုပ် ဝိပဿနာ အလုပ်ပေးကျမ်း,
ဝိပဿနာနီတိကျမ်း, ပဋိစ္စသမုပ္ပါဒ် အလင်းပြကျမ်း,
သုဒ္ဓဝိပဿနာအလုပ်ပြကျမ်း,
သုဒ္ဓဝိပဿနာရှုဖွယ်သံခိပ်ကျမ်း,
သစ္စာလေးပါး ဉာဏ်မြင်ပုံကျင့်စဉ်ကျမ်း
စသည့် ကျမ်းပေါင်းများစွာတို့ကို ပြုစီရင်တော်မူခဲ့သော ရန်ကုန်မြို့ မိုးညှင်း ဝိပဿနာ တိုက်သစ် ဆရာတော် အရှင်ဣနြ္ဒိယ (၁၂၆၅-ခုဖွား) သည် ရွှေဘိုခရိုင် ရေဦးမြို့ ဇာတိဖြစ်သည်။

ပရိယတ္တိသာသနာဟိတဓမ္မာစရိယ (သီးခြားစာချ) အစိုးရဓမ္မာစရိယ စစ်ကိုင်း တောင်ရိုး ဂန္ဓာရုံဆရာတော် အရှင်သုပညိန္ဒသည် ရွှေဘိုခရိုင် ဝက်လက်မြို့နယ် သခွတ်တောရွာ ဇာတိဖြစ်သည်။

ဒသပဥှာဗျာကရဏဒီပနီကျမ်း, အလင်္ကာသံခိပ်ကျမ်း စသည်တို့ကို ပြုစီရင်တော် မူခဲ့သော လေးကျွန်း သာယာချောင်ဆရာတော် အရှင်ဇောတဝရသည် ရွှေဘိုခရိုင် စည်တုံရွာ ဇာတိဖြစ်သည်။

ပရိယတ္တိသာသနဟိတဓမ္မာစရိယ (သီးခြားစာချ) စစ်ကိုင်းတောင်ရိုး ပါဠိကာရီ သုံးခွချောင်ဆရာတော် အရှင်ဝရသာမီဘိဝံသသည် ရွှေဘိုခရိုင် ညောင်ပင်ကြီးရွာ ဇာတိဖြစ်သည်။

ပရိယတ္တိသာသနဟိတဓမ္မာစရိယ (သီးခြားစာချ) အစိုးရဓမ္မာစရိယ ဘွဲ့တံဆိပ် တော်ရ ပစ္စယတ္ထဝ ဗောဓိနီကျမ်းပြု စစ်ကိုင်းတောင်ရိုး ဝိဇ္ဇာဒပ္ပဏချောင် ဆရာတော် အရှင်ဝိသုဒ္ဓိသည် ရွှေဘိုခရိုင် သရိုင်ရွာဇာတိ ဖြစ်သည်။

ပရိယတ္တိသာသနဟိတဓမ္မာစရိယ (သီးခြားစာချ) ဂဏဝါစက စာချဆရာတော် အရှင်တိလောကာဘိဝံသသည် ရွှေဘိုခရိုင် ဒီပဲယင်းတောင်လက် ထုံးဘိုရွာ ဇာတိဖြစ်သည်။

အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ပရိယတ္တိသာသနဟိတဓမ္မာစရိယ (မူလစာချ) ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မန္တလေးမြို့အနောက်ပြင် ဝိသုဒ္ဓါရုံတိုက် စည်ရှင်ကျောင်း ပိုက်ကျုံးဆရာတော် အရှင်ဇာေ နယျ ဗုဒ္ဓီဘိဝံသ (၁၂၆၄-ခုဖွား)သည် ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ချိုရွာဇာတိဖြစ်သည်။

ပရိယတ္တိသာသနဟိတဓမ္မာစရိယ (သီးခြားစာချ) ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မန္တလေးမြို့အနောက်ပြင် ဝိသုဒ္ဓါရုံတိုက် စည်ရှင်ကျောင်း အသောကာရုံဆရာတော် အရှင်သုဝဏ္ဏဇောတီဘိဝံသ (၁၂၆၄-၁၃၃၉)သည် ရွှေဘိုခရိုင် ဒီပဲယင်းမြို့အပိုင် ပန်းပုရွာဇာတိဖြစ်သည်။

ပရိယတ္တိသာသနဟိတဓမ္မာစရိယ (သီးခြားစာချ) မန္တလေးမြို့ မစိုးရိမ်တိုက်နာယက စာချဆရာတော် အရှင်စာရိန္ဒသည် ရွှေဘိုခရိုင် ရေဦးမြို့အပိုင် ဖလံကုန်ရွာ ဇာတိ ဖြစ်သည်။

နေတ္တိယောဇနာကျမ်း,
နာမိကဂဏသင်္ဂဟကျမ်း,
ဂမ္ဘီရဝိဝိဓဝိဿဇ္ဇနာကျမ်း,
သဝိနိစ္ဆယဥပသမ္ပဒ ကမ္မဝါစာ နိဿယကျမ်း,
အနန္တဘေဒဒီပကကျမ်း,
သုတ္တန္တိကမာတိကာအချိုးကျမ်း,
တိကမာတိကာသံခိပ်ကျမ်း,
ရတုရကန် အဲအန်လင်္ကာ ကဗျာကျမ်း,
ဋီကာကျော်သံခိပ်ကျမ်း,
ကင်္ခါသံခိပ်ကျမ်း, ရူပသိဒ္ဓိသံခိပ်ကျမ်း
စသည်တို့ကို ပြုစီရင်တော်မူခဲ့သော ရေဦးမြို့ လေးထပ်တိုက် ဆရာတော် အရှင်ဒေဝိန္ဒ (၁၂၅၄-၁၃၁၂) (ပရိသုဒ္ဓပြု) သည် ရွှေဘိုခရိုင် ရေဦးမြို့အပိုင် တမာတော်မြို့နယ် ချောင်းနားရွာ ဇာတိဖြစ်သည်။

တိပိဋကဓရ, တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ အရှင်သုမင်္ဂလာလင်္ကာရသည် ရွှေဘိုခရိုင် ဝက်လက်မြို့နယ် အင်ကြင်းပင်ရွာ ဇာတိဖြစ်သည်။

(အကျယ်၊ တိပိဋကဓရဝုတ္တန္တသန္ဒိပနီကျမ်းကြည့်)

ဒီဃဘာဏက, ဒီဃနိကာယကောဝိဒ စသည် ဘွဲ့တံဆိပ်တော်ရ အရှင် ကေတုမာလာသည် ရွှေဘိုခရိုင် ကျွန်းလှမြို့နယ် ရွာသစ်ရွာ ဇာတိဖြစ်သည်။

(ရွှေဘိုသာသနာဝင်ကြည့်)

ဤသို့ စသည်ဖြင့် ရွှေဘိုခရိုင်သည် ကျမ်းဂန်ပြု, ကျမ်းဂန်တတ် စာချဆရာတော်များ, ပရိယတ္တိဝန်ဆောင် ဆရာတော်များ, ပဋိပတ္တိဝန်ဆောင် ဆရာတော်များ, ဓမ္မသေနာပတိ, ရာဇာဓိရာဇဂုရု, ရာဇဂုရု, အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ, တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ, နိကာယ ဘာဏက ဘွဲ့တံဆိပ်တော်ရ စသည် ထူးချွန်သည့် သာသနာ့ဝန်ဆောင် ဆရာတော်တို့ ပေါ်ထွန်းရာ ဒေသမွန်ဖြစ်လေသည်။

ဧဝံ ဝုတ္တနိယာမေန၊ ဤသို့ဆိုအပ်ခဲ့ပြီးသော စည်းကမ်းသတ်မှတ်ချက်အတိုင်း။
ရွှေဘိုတိဘိဓာနံ သုဘံ၊ ရွှေဘိုဟုခေါ်သော မြို့သည်လည်းကောင်း၊ ရွာသည်လည်းကောင်း၊ ဒေသသည်လည်းကောင်း၊ သာယာသော မြို့၊ ရွာ၊ ဒေသသည်လည်းကောင်း။
ဝိဒူနံ သဉ္ဇာတိဒေသ-ဘာဝေန ပသိဒ္ဓံ ဘဝေ၊ ပညာရှိသူတို့၏ ဖြစ်ပေါ်ရာ အရပ်ဒေသ ဖြစ်ခြင်းကြောင့် ထင်ရှားပေ၏။

စတုတ္ထပိုင်း


ဆိပ်ခွန်ရွာကြီး

ဆိပ်ခွန်ရွာကြီးကား ရွှေဘိုခရိုင်အတွင်း ထင်ရှားသော ရွာကြီးတရွာဖြစ်သည်၊ ယခုအခါ အိမ်ခြေ ၁၂၀ဝ-ကျော်အထိ တိုးတက် စည်ကားလျက်ရှိသည်၊ ဆိပ်ခွန်ရွာကား ရှေးကျလှပြီဖြစ်သော သမိုင်းအဆက်ဆက် ထင်ရှားသည့်ရွာကြီး ဖြစ်လေသည်။ ဦးအောင်ဇေယျ ရွှေဘိုမြို့ကို တည်ထောင်စဉ်ကပင် ရွှေဘိုမြို့၏ အရန် ကျေးရွာများ အဖြစ် ထင်ရှားခဲ့လေသည်။ ဦးအောင်ဇေယျ မြို့တော် ၄၆-ရပ် ခေါင်းတို့ကို ဘွဲ့မည်ဂုဏ်ရည် ပေးသောအခါ ဆိပ်ခွန်ရွာခေါင်းကို “ဓမ္မသူရ”ဟူသော ဘွဲ့မည်ဂုဏ်ရည် ပေးကြောင်း သိရသည်။

ရွှေဘိုပဒေသသေဋ္ဌမှိ၊ ရွှေဘိုခရိုင်တည်းဟူသော အရပ်မြတ်၌။
ဆိပ်ခွန်ဂါမော သုပါကဋော၊ ဆိပ်ခွန်ရွာကြီးသည် ကောင်းစွာ ထင်ရှား၏။
ပေါရာဏော လက္ခညော စေဝ၊ ရှေးကျသည်လည်း ဖြစ်၏။ စည်းစိမ်ဥစ္စာ အင်္ဂါ လက္ခဏာနှင့် ပြည့်စုံသည်လည်း ဖြစ်၏။
မနုညော ရုစိရော ဘဝေ၊ နှစ်သက်ဖွယ်ရှိသည်လည်း ဖြစ်၏။ လှပတင့်တယ်သည်လည်း ဖြစ်၏။

မြို့ဟုခေါ်ထိုက်သောရွာ

စိန္တာမဏိဋီကာ၌ -

ဝိစိတ္တဒေဝါယတနံ၊ လှပဆန်းကြယ်၍ ကြည့်လောက်ရှုလောက်သော နတ်ကွန်း နတ်နန်းနှင့်တကွ။
ပါသာဒါပဏမန္ဒိရံ၊ ပြသာဒ်ဘုံဆောင် အဆောက်အအုံများနှင့် ဈေးရုံကြီးများ။
နဂရံ ဒဿယေ ဝိဒွါ၊ ပညာရှိသည် မြို့ကို ပြရာ၏။
ရာဇမဂ္ဂေါ ပသောဘိတံ၊ မင်းလမ်းမကြီး တင့်တယ်စည်ကားခြင်းနှင့်တကွသော။

ဟူသော ဂါထာဖြင့် မြို့အင်္ဂါကို ပြောသည်။

မြို့ဆိုတာ လှပဆန်းကြယ်၍ ကြည့်လောက် ရှုလောက်သော နတ်ကွန်း နတ်နန်း ရှိခြင်း, ပြသာဒ်ဘုံဆောင် အဆောက်အအုံများ, ဈေးရုံကြီးများ ရှိခြင်း, မင်းလမ်းမကြီး တင့်တယ်စည်ကားခြင်းတို့နှင့် ပြည့်စုံရမည်ဟု ဆိုလိုရင်းဖြစ်၏။ သို့ရာတွင် ထိုအဆိုမှာ နတ်ကိုးကွယ်သူများ စသည်ကို အဓိကထား၍ ဆိုခြင်းဖြစ်သည်၊

ဗုဒ္ဓဘာသာဝင်တို့ အဖို့မူကား ကျောင်းကန်ဘုရား စေတီပုထိုးစသည်တို့ဖြင့် တင့်တင့် တယ်တယ် ဖွယ်ဖွယ်ရာရာရှိခြင်း, လူနေအိမ်ခြေ စည်ကားခြင်း, ဈေး, လမ်းစသည် တို့ဖြင့် စည်ကားခြင်း စသည်နှင့် ပြည့်စုံမူ မြို့ဟုခေါ်ရန်ဖြစ်သည်၊ သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်တို့အတွက် မြို့အင်္ဂါ လက္ခဏာကို -

ဝိသိဋ္ဌထူပဝိဟာရံ၊ ထူးမြတ်သော စေတီပုထိုး ကျောင်းကန်နှင့်။
ပါသာဒါပဏမန္ဒိရံ၊ ပြသာဒ်ဘုံဆောင် အဆောက်အအုံများနှင့် ဈေးရုံကြီးများ။
နဂရံ ဒဿယေ ဝိဒွါ၊ ပညာရှိသည် မြို့ကို ပြရာ၏။
ဝိသာလမဂ္ဂသောဘိတံ၊ ကျယ်ဝန်းသော လမ်းမကြီး တင့်တယ်စည်ကားခြင်းနှင့်တကွသော။

ဟူ၍ မှတ်သားရာ၏။

သို့ဖြစ်၍ ဆိပ်ခွန်ရွာကို ဗုဒ္ဓဘာသာဝင်တို့ ခိုဝင်ဆည်းကပ်ရာ, ကုသိုလ်ပုညပြုလုပ်ရာ လူရပ်နတ်ထံ နိဗ္ဗာန်ဆိပ်ကမ်းဖြစ်သည့် အင်ကြင်းတောမြတ်စွာဘုရား စသည့် စေတီပုထိုးများ, ကျောင်းတိုက်များ, လှပတင့်တယ် ကြီးမားသော လူနေအိမ်ခြေ အဆောက်အအုံများ, ဈေးဆိုင်များ, ကျယ်ဝန်းသော လမ်းကြီးများတို့နှင့် ပြည့်စုံ ရကား ဆိပ်ခွန်မြို့ဟု ခေါ်ထိုက်သော ရွာကြီး ဖြစ်လေသည်။

ကာမံ ဆိပ်ခွန်ဂါမောဣတိ၊ ဆိပ်ခွန်ရွာဟု စင်စစ်ပင်သော်လည်း။
ဝေါဟာရော သမဇာယတိ၊ ခေါ်ဝေါ်မှုသည် ဖြစ်ပေါ်၏။
တထာပိ ဆိပ်ခွန်နဂရံ၊ သို့သော်လည်း ဆိပ်ခွန်မြို့ဟု။
နာမံ အရဟတိ ဟိ ခေါ၊ အမည်ကို ခေါ်ထိုက်ပေ၏။

ဖော်ပြပါ ဆိပ်ခွန်ရွာကြီးကား ရွှေဘိုမြို့၏ အနောက်ဘက် ၇-မိုင်ခန့် ကွာလှမ်းသည့် အရပ်၌ တည်ရှိ၏၊ မြန်မာ့စီးပွားရေးအတွက် တထောက်တခန်းမှ အားထားရသော ရွာကြီးဖြစ်သည်၊ ရွာ၏ပတ်ဝန်းကျင်တွင် ဆည်များ, ကန်များ ပေါများ၍ ကာဘိုး တူးမြောင်း ရောက်ရာအရပ်လည်း ဖြစ်သဖြင့် ဆန်စပါး ပဲမျိုးစုံ ထွက်ရာ အရပ်ဒေသလည်း ဖြစ်၏၊

၎င်းပြင် စိမ်းလဲ့ညိုမှောင်သော ဥယျာဉ်, သစ်ပင်များတို့ဖြင့်လည်း တင့်တယ်သာယာ လှ၏၊ ချည်ပါထည်ဟူ၍ နာမည်ကျော်သော အဝတ်အထည်များမှာ ဖော်ပြပါ ဆိပ်ခွန်ရွာမှ ထွက်လေသည်၊ စင်စစ်မူကား ရွှေဘိုနယ်၏ ယက်ကန်းမြို့ကလေးတမြို့ ဟု သိသာလျက်ရှိပေ၏။

ဆိပ်ခွန်ဝှဇနာလယော ဟိ၊ ဆိပ်ခွန်တည်းဟူသော လူတို့နေထိုင်ရာ ရွာသည်။
ဓနဓညနိပ္ဖာဒနော၊ ဥစ္စာဥစ္စာမျိုးစုံ စပါးမျိုးစုံတို့ကို ဖြစ်စေတတ်၏။
တန္တာလယေဟိ နေကေဟိ၊ များစွာကုန်သော ယက်ကန်းရုံများတို့ဖြင့်။
သဒါ အဝိဝိတ္တော ဟိ ခေါ၊ အခါခပ်သိမ်း ဆိတ်သုဉ်းကင်းမဲ့သည် မဟုတ်ပေ။

ပဉ္စမပိုင်း

မဟာစည်ဆရာတော်ဘုရားကိုယ်တိုင် ဖွဲ့ဆိုသည့် ဆိပ်ခွန်ရွာဘွဲ့

ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးသည် မိမိ၏ဇာတိချက်ကြွေ မွေးရပ်မြေ ဖြစ်သော ဆိပ်ခွန်ရွာကြီးကို အောက်ပါအတိုင်း ဝိပဿနာရှုနည်းကျမ်း နိဂုံး၌ ဖွဲ့ဆိုအနက်ယောဇနာတော်မူခဲ့လေသည်။

ပုရန္တု ယံ ဇယဋ္ဌာနံ၊ အကြင်မြို့သည် အောင်မြေအရပ် ဖြစ်၏။
အယျအောင်ဇေယျရာဇိနော၊ အလောင်းမင်းတရားကြီး၏။
တဿ ပစ္ဆိမဘာဂေ ယော၊ ထိုမြို့၏ အနောက်မျက်နှာအဖို့၌ အကြင်။
အာဝါသော နိဂမော သတံ၊ သူတော်ကောင်းတို့၏ နေထိုင်ရာ နိဂုံးရွာကြီး ရှိ၏။

တု - ကျမ်းပြုဆဲ၌ နေခိုက်ဌာန အာဝါသကား၊
အယျအောင်ဇေယျရာဇိနော - မြန်မာ့ရာဇဝင် ဥဒါန်းတွင်သော အရှင်အောင်ဇေယျ မည်နာမဖြင့် ပါကဋထင်ရှား အလောင်းမင်းတရား၏၊
ဇယဋ္ဌာနံ - ရန်သူခပင်း ငြောင့်တံသင်းကို နှိပ်နင်းပယ်ခြွေ အောင်မြေအရပ်ဖြစ်သော၊
ယံ ပုရံ - ရွှေဘိုဟုခေါ် အကြင်မြို့တော်သည်၊
အတ္ထိ - ရှိ၏၊
တဿ - ထိုရွှေဘိုမြို့၏၊
ပစ္ဆိမဘာဂေ - ခုနစ်မိုင်လောက် လှမ်းထောက်ဝေးကွာ အနောက်မျက်နှာအဖို့၌၊
သတံ - (သန္တာနံ) သဒ္ဓါသီလ စသည်ဂုဏ်ရည် စိုပြည်စုပေါင်း သူတော်ကောင်းတို့၏၊ အာဝါသော သာယာအေးမြ ရန်ဘေးပလျက် ရွှင်ပျကြည်စွာ နေထိုင်ရာဖြစ်သော၊
ယော နိဂမော - ဆိပ်ခွန်ရွာဟု သညာထင်ပေါ် ဝေးနီးကျော်၍ မြို့ခေါ်လုနီး အကြင် နိဂုံးရွာကြီးသည်၊
အတ္ထိ - ရှိ၏။

မဟာစည် ဆရာတော်ဘုရားကြီးသည် ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယ နိဂုံး၌လည်း-

ရွှေဘိုနဂရပစ္ဆိမေ - ရန်ကြီးအောင်နှင့် ကုန်းဘောင်ရွှေဘို မုဆိုးဘိုတဖြာ ရတနာသိင်္ခ ငါးမည်ရသည့် မြို့မှအနောက် ထွန်းတောက်သာယာ ခုနစ်မိုင်ကွာသောအရပ်၌၊
ဆိပ်ခွန်မဟာဂါမေ - ဆိပ်ခွန်ရွာကြီး၌၊
ဝါ - ကာဘိုး ရေတာ မူးမြစ်ညာမှ သွယ်ဖြာလာရောက် တူးမြောင်းပေါက်၍ မြားမြောက်လှစွာ စိမ်းညိုသာသည့် လယ်ယာဥယျာဉ် ပတ်ဝန်းကျင်နှင့် သစ်ပင် များစွာ ရိပ်ဝေဖြာ၍ သာယာပေတောင်း သူတော်ကောင်းတို့ စုပေါင်းနေရာ ဆိပ်ခွန်ရွာ ဟု သညာကျော်ဟည်း ရွာမြတ်ကြီး၌၊
ဝါ - လယ်ယာစိုက်ပျိုး ရောင်းဝယ်ရိုးနှင့် ချည်ပိုးသစ်ဆန်း အထည်ရက်လုပ်ငန်းဖြင့် အေးချမ်းစည်သာ ဆိပ်ခွန်ရွာဟု သညာကျော်ဟည်း ရွာမြတ်ကြီး၌။

ဟူ၍ ဆိပ်ခွန်ရွာ၏ ဂုဏ်ရည်ဂုဏ်ပုဒ်ကို ဖော်ထုတ်စပ်ဆိုတော်မူခဲ့လေသည်၊ ဤသို့ စသည်ဖြင့် ဆိပ်ခွန်ရွာကြီးသည် သာယာစိုပြည် ကျက်သရေရှိသော ရွာကြီး ဖြစ်လေသည်။

ဆိပ်ခွန်သံဝသထော ဧဝံ၊ ဆိပ်ခွန်ရွာ၌ နေထိုင်ရခြင်းသည် ဤသို့လျှင်။
သမန္တာရာမဏေယျကော၊ အရပ်ရှစ်မျက်နှာ အနီးအဝေးတို့၌ နှစ်သက်ဖွယ်ရှိ၏။
သမ္ပုဏ္ဏော ဆာယုဒကေဟိ၊ အရိပ်အာဝါသ ရေတို့ဖြင့် ပြည့်စုံ၏။
နိကေတာရာမဝတ္ထုဟိ၊ အိမ်ယာအဆောက်အအုံ ဥယျာဉ်ခြံမြေတို့ဖြင့် ပြည့်စုံ၏။

ယသ္မိံ ဒေသေ န သမ္မာနော၊ အကြင်အရပ်၌ မြတ်နိုးတနာလဲ မရှိ။
န ပိယော နစ ဗန္ဓဝေါ၊ ချစ်ကျွမ်းဝင်သူလဲ မရှိ။ ဆွေမျိုးဉာတကာလဲ မရှိ။
နစ ဝိဇ္ဇာဂမော ကောစိ၊ ကျမ်းဂန်တတ်သူ တဦးတလေမျှလဲ မရှိ။
န တတ္ထ ဒိဝသံ ဝသေ၊ ထိုအရပ်ကို တနေ့တရက်တောင် မနေရာ။

ယသ္မိံ ဒေသေ - အကြင်အရပ်၌၊
န သမ္မာနော - မြတ်နိုးတနာလဲ မရှိ၊
ဝ ါ - ခင်မင်တွယ်တာမှုလဲမရှိ၊
ဝါ - စိတ်ဝင်စားမှုလဲမရှိ၊
န ပိယော - ချစ်ကျွမ်းဝင်သူလဲ မရှိ၊
နစ ဗန္ဓဝေါ - ဆွေမျိုးဉာတကာလဲမရှိ၊
န စ ဝိဇ္ဇာဂ မောကောစိ - ကျမ်းဂန်တတ်သူ တဦးတလေမျှလဲမရှိ၊
တတ္ထ - ထိုအရပ်ကို၊
ဒိဝသံန ဝသေ - တနေ့တရက်တောင် မနေရာ။

ဟူသည်နှင့်အညီ မြတ်နိုးမှုမရှိတဲ့အရပ်, ချစ်ခင်သူမရှိတဲ့အရပ်, ဆွေမျိုးမရှိတဲ့အရပ်, ပညာတတ် မရှိတဲ့အရပ် မနေအပ်ဟူ၍ ပညာရှိကဝိတို့ မိန့်ဆိုကြသည်၊ ဖော်ပြပါ ဆိပ်ခွန်ရွာကြီးကား ရွာထဲရောက်မိလျှင် စိတ်ဝင်စားသူချည်းလိုလို ဖြစ်သည်၊ ရွာရောက်သူတိုင်းလိုလို နေချင်စိတ်ပေါက်ကြသည်၊

ရွာသူရွာသားတွေလဲ ဖော်ရွေကြသည်၊ ဧည့်သည် အာဂန္တု ရောက်လာလျှင် သည်ကြွပါ, ဟိုလာပါ, သည်ဟာသုံးဆောင်ပါ, ဟိုဟာစားပါ စသည်ဖြင့် ပျူပျူငှါငှါနှင့် ဖိတ်ခေါ်လေ့ ရှိကြသည်၊ ဆွေမျိုးရင်းချာလို ကြိုဆိုကြကုန်၏၊ ရဟန်းပညာရှိတွေလဲ ပေါ်ထွန်းရာ ဖြစ်၏၊ သို့ဖြစ်၍ ဆိပ်ခွန်ရွာသည် အလွန်လျှင် နေချင်စရာကောင်းသော အရပ်ဒေသ ဖြစ်လေသည်၊ ပတိရူပဒေသမွန်ဖြစ်လေသည်။

သာဓူနံ ပတိရူပေါတိ၊ သူတော်ကောင်းတို့နှင့် လျော်သည်ဟု ဆိုသောကြောင့်။
ဘဗ္ဗော သံဝသိတုံ ဟိ ခေါ၊ နေထိုင်ရန် သင့်လျော်ပေ၏။
သုသံဝသထအင်္ဂေဟိ၊ ကောင်းစွာနေထိုင်အပ်သော အင်္ဂါတို့ဖြင့်။
သမ္ပန္နော သောဘနော ဘဝေ၊ ပြည့်စုံ၏။ လှပတင့်တယ်ပေ၏။

နီတိကျမ်းတတ်ဆရာမြတ်တို့သည်-

ဓနဝါ သုတဝါ ရာဇာ၊ ဥစ္စာဓန ကြွယ်ဝသူလည်းကောင်း။ ဗဟုသုတ ရှိသူလည်းကောင်း။ မင်းစိုးရာဇာလည်းကောင်း။
နဒီ ဝဇ္ဇော ဣမေ ပဉ္စ၊ မြစ်ချောင်းရေကန်လည်းကောင်း။ ဆေးဆရာလည်းကောင်း။ ဤငါးမျိုးတို့သည်။
ယတ္ထ ဒေသေ န ဝိဇ္ဇန္တိ၊ အကြင်အရပ်၌ မရှိကုန်။
န တတ္ထ ဒိဝသံ ဝသေ၊ ထိုအရပ်၌ တနေ့တရက်မျှ မနေရာ။

ယတ္ထဒေသေ - အကြင်အရပ်၌၊
ဓနဝါ - ဥစ္စာဓနကြွယ်ဝသူလည်းကောင်း၊
သုတဝါ - ဗဟုသုတလောက်ငကုံလုံ ပြည့်စုံသူလည်းကောင်း၊
ရာဇာ - အကြီးအကဲ မင်းစိုးရာဇာ လည်းကောင်း၊
နဒီ - မြစ်ချောင်းရေတွင်း ရေကန် လည်းကောင်း၊
ဝဇ္ဇော - ဆေးဆရာလည်းကောင်း၊
ဣတိ - ဤသို့၊
ဣမေပဉ္စ - ဤ ၅-မျိုးတို့သည်၊
န ဝိဇ္ဇန္တိ - မရှိကုန်၊
တတ္ထဒေသေ - ထိုအရပ်၌၊
ဒိဝသံ - တနေ့တရက်မျှ၊
နဝသေ - မနေရာ၊

ဟူ၍ မနေထိုက်သော အရပ်တို့ကို ညွှန်းဆိုတော်မူကြသည်၊

(၁) ဥစ္စာဓနကြွယ်ဝသူ,
(၂) အကြားအမြင်ဗဟုသုတရှိသူ,
(၃) အကြီးအကဲ မင်းစိုးရာဇာ,
(၄) မြစ်ချောင်း ရေတွင်း ရေကန်,
(၅) ဆေးဆရာသမားတော်, ဒေါက်တာ

ဤ ၅-မျိုးမရှိလျှင် မနေရ ဟူ၏။

ဖော်ပြပါ ဆိပ်ခွန်ရွာကြီးကား ဖော်ပြပါအင်္ဂါ ၅-ပါးလုံး ပြည့်စုံပိုလျှံ၍နေရကား ဧကန္တပတိ ရူပဒေသစစ်မှန်လှပေ၏။

သပ္ပုရိသာနံ ယုတ္တောတိ၊ သူတော်ကောင်းတို့နှင့် သင့်လျော်သည်ဟု ဆိုသောကြောင့်။
ဘဗ္ဗော သံဝသိတုံ ဟိ ခေါ၊ နေထိုင်ရန် သင့်လျော်ပေ၏။
ဆိပ်ခွန်ဂါမောတိ သမ္ပန္နော၊ ဆိပ်ခွန်ရွာသည် ပြည့်စုံ၏။
ပဉ္စဟိ ဂါမင်္ဂေဟိ ပိ၊ ရွာ၏ အင်္ဂါ ၅-ပါးတို့ဖြင့်လည်း ပြည့်စုံပေ၏။

ဆဋ္ဌမပိုင်း

ဦးကံတော်-ဒေါ်အုပ်

▬▬▬▬▬▬▬▬

ဖော်ပြပါ ပတိရူပဂုဏ် ကုံလုံပြည့်စုံသည့် ဆိပ်ခွန်ရွာကြီး၌ ဦးကံတော်သည် နာမည်နှင့်လိုက်လျောညီထွေတကယ့်ကို ကံတော်သူဖြစ်သည်။ မဟာစည် ဆရာတော်ဘုရားကြီး ဖခင်ဖြစ်လေရာ ကံတော်ပုံကို အထူးဖော်ပြရန်ပင် မလိုတော့ချေ၊ သည်ခေတ် သည်ခါ သည်ထက် ဘယ့်နှယ်လုပ် ကံတော်မလဲ၊ ဒေါ်အုပ်လဲ ထူးမြတ်သော အမျိုးသမီးဖြစ်သည်၊ တကယ်တော့ ဥ-ကို တသတ်ပြီး (ဥတ်) ဒေါ်ဥတ်လို့ ရေးဖို့ကောင်းသည်၊ အမြတ်ဟောဥတ္တမသည် ပါဠိသက် သတ်ပုံအားဖြင့် ဥတ်ဖြစ်လေသည်၊ ဒေါ်ဥတ်ဆိုလျှင် မြန်မာလို ဒေါ်မြတ်ပင် ဖြစ်လေသည်။

ဦးကံတော်ဂဟပတိစ, ဒေါ်ဥတ်(အုပ်) တိ ဃရသာမိနီ၊
ဥဘော တေ ပုဂ္ဂလာဟေသုံ, ဓညာ သုကမ္မကာရိနော။

မပူမပင် မတောင့်မတ နေနိုင်ကြ

▬▬▬▬▬▬▬▬▬

ဦးကံတော်နှင့် ဒေါ်အုပ်တို့သည် လယ်ဧက ၁၂-ဧကခန့်ကို ပိုင်ဆိုင်သည့် စားနိုင်သောက်နိုင် မပူမပင် မတောင့်မတ မကြောင့်မကြနေနိုင်သော သူများ ဖြစ်ကုန်ကြ၏၊ ရှေးယခင်ကပင် တယောက်ထွက်၍ အလုပ်လုပ်လျှင် တအိမ်သားလုံး စားလောက်သည်၊ ဦးကံတော်တယောက် အလုပ်လုပ်ရုံနှင့် တအိမ်သားလုံး စားလောက်သည်။

ဦးကံတော်ဂေဟသာမိစ, ဒေါ်အုပ်တိဂေဟသာမိနီ၊
ဃရာဝါသံ သဏ္ဌဟိံသု, နိဒ္ဒုက္ခာ သုခိတာ ဟိ တေ။

သူတို့နှစ်ဦး လွန်ထူးမြတ်ကြ

▬▬▬▬▬▬▬▬▬

ဦးကံတော်နှင့် ဒေါ်အုပ်ဟူသော သူတို့ ၂ -ဦးသည် လွန်စွာထူးမြတ်သူများ ဖြစ်ကုန်၏၊ ဦးကံတော်သည် -

(၁) ရတနာ ၃-တန် ကံ, ကံ၏အကျိုးကို ယုံကြည်ခြင်း,
(၂) ၅ -ပါး, ၈-ပါးသီလစသော သီလအကျင့်နှင့် ပြည့်စုံခြင်း,
(၃) ကာမဂုဏ်နှင့် စပ်သော မြင် ကြား နံ တွေ့ထိမှုတို့ကို စွဲ၍ လောကမင်္ဂလာကို မယုံကြည်ခြင်း,
(၄) ကံတရားကိုသာ ယုံကြည်ခြင်း,
(၅) ဘုရားမြတ်စွာအဆုံးအမ သာသနာတော်အတွင်း၌သာ ကုသိုလ်ကောင်းမှုကို ပြုလုပ်ခြင်း

ဟူသော ဥပါသကာဂုဏ် ၅-ပါးနှင့် ကုံလုံလောက်ငသည့် သူတော်စင် သူတော်ကောင်း ဖြစ်သည်။

ဦးကံတော်ဇနသေဋ္ဌော ဟိ, သာဓု သပ္ပုရိသော သုဓီ၊
ဥပါသကသုဂုဏေသု, သံယုတ္တော သုဝိစက္ခဏော။

ဒေါ်အုပ်သည်လည်း သဘောဖြူအူစင်းသည့် မကွေးမကောက် ရှင်းရှင်းနှင့်ဘွင်းဘွင်း ပြောဆိုတတ်သည်၊ ပင်ကိုပကတိ ဖြောင့်မတ်သည်၊ ၅-ပါးသီလကို မကျိုး မပေါက်အောင် စောင့်ရှောက်လေ့ရှိသည့် အမျိုးသမီးကောင်းဖြစ်သည်၊ ဒေါ်အုပ်ကား ထိပ်တန်း သာသနာ့ဝန်ဆောင် သန္ဓေကို လွယ်ပိုက်ထိုက်သည့် အမျိုးသမီး ဖြစ်လေသည်။

ဒေါ်ဒေါ်အုပ်အင်္ဂနာ စေဝ, ကလျာဏေ သုသံယုတာ၊
ရူပဝတီ သီလဝတီ, ကုလပုတ္တီ ဟိတတ္ထိနီ။

တန်ဆောင်မာသ ခါသမယ

▬▬▬▬▬▬▬▬▬

တန်ဆောင်မာသ ခါသမယခေါ် တန်ဆောင်မုန်းလ ဗြိစ္ဆာရာသီကား ကြတ္တိကာကြယ်မင်း ထွန်းလင်း တောက်ပရာ လဖြစ်၏၊ အဲဒီ တန်ဆောင်မုန်း လရာသီမှာ ခဝဲပန်းတွေ လှပဆန်းတင့် ပွင့်ကုန်၏၊ ခဝဲပန်းရနံ့ သင်းပျံ့ကြိုင်လှိုင်ကုန် ၏၊ ဗုဒ္ဓမြတ်စွာသာသနာ၌ သဒ္ဓါသက်ဝင် ကြည်လင်ကြကုန်သော သူတော်စင်တို့ ကထိန် သင်္ကန်းလှူကပ်ခြင်း, ဆီမီးတန်ဆောင် ညှိထွန်းခြင်း, မသိုးသင်္ကန်း ရက်လုပ် လှူဒါန်းပွဲ စသည်များကိုလည်း ပြုကြ၏၊ သို့ဖြစ်၍ တန်ဆောင်မာသ ခါသမယကား ထူးမြတ်သော လရာသီဖြစ်လေသည်။ အကျော်အမော် ကဝိဓိုရ် ပုဂ္ဂိုလ်တဦး ဖြစ်သော စလေဦးပုညသည် -

မိုးဝသန်ချိန်ဆုံးလို့၊
တန်ဆောင်မုန်းဗြိစ္ဆာ။
ဖဝါးနှစ်စွန်းခါဝယ်၊
ကြတ္တိကာကြယ်မင်း။
ခဝဲပွင့်မာလာငယ်၊
သည်ချိန်ခါမွှေးပျံ့ထုံသင်း။
ဗာတ္တိံသ ညဉ့်နာရီမှာ၊
အဌ်စမ္မီနေ့သွင်း။
မြောက်လေပြေဆော်ညင်းလို့၊
အမင်းမင်းရာဇာ။
ဉတ်ကထိန်ခါသမယကိုလ၊
မဟာဒါန ပြုကြမြဲသာ။
ဆယ့်ရှစ်လုံး ပါဒ်သုညာမှာ၊
သံသရာနောင်အရေးကိုလ။
ထောက်တွေးကြံဆင်ခြင်၊
ကင်းလွတ်ကြောင်းအင်။
မြတ်ပုညကောင်းခွင်မှာ၊
နှစ်အစဉ်ပွဲပေရှင့်လေး။ ။

ဟူသော တေးထပ်ဖြင့် တန်ဆောင်မုန်းလကို သရုပ်ဖော်ခဲ့လေသည်။

ဆယ့်နှစ်ရာသီဘွဲ့ ပါဌ်နိဿကျမ်း၌လည်း-

ကတ္တိကမာသသေဋ္ဌေပိ, သမ္ပမောဒန္တိ မာနုဇာ၊
ကောသိတဘိပုပ္ဖာနိစ, ဝိကသန္တိ ဝါယန္တိ စ။

ကထိနမဟာဒါနမ္ပိ, ဒဒန္တိ သာဓဝေါ ဇနာ။
တဒါ စန္ဒကိရဏောပိ, အတီဝ ပဇ္ဇောတော အဟု။

အဟောသိ ဟိမပါတောစ, ဥတ္တရဝါတော ပဝါယတိ၊
ကတ္တိကဇောတိဆဏောပိ, အဟောသိ တသ္မိံ ဟိ ဝေ။

ဟူသော ၃-ဂါထာဖြင့် တန်ဆောင်မုန်းလကို ပါဠိဂါထာ ဖွဲ့ဆိုထားလေ၏။

သတ္တမပိုင်း

မဟာစည်ဆရာတော်လောင်းလျာ ပဋိသန္ဓေတည်

▬▬▬▬▬▬

ဖော်ပြပါ စာဖွဲ့မကုန် အစုံစုံအဖုံဖုံ ထူးမြတ်သာယာလှသော သက္ကရာဇ် ၁၂၆၅-ခုနှစ် တန်ဆောင်မာသ ခါသမယလောက်တွင် အဂ္ဂမဟာပဏ္ဍိတ ဆဋ္ဌသင်္ဂီတိပုစ္ဆက သာသနာ့ထိပ်တန်းဝန်ဆောင် မဟာစည်ဆရာတော် လောင်းလျာသည် ပညာရှိတို့ ဆက်တိုက်ပေါ်ထွန်းရာ ငါးမည်ရ ပြည်ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာ ဦးကံတော် ၏ဇနီး ဒေါ်အုပ် ၏ ဝမ်းကြာတိုက်၌ စွဲပိုက်သန္ဓေတည်နေတော်မူခဲ့လေသည်

ပဋိသန္ဓေတည်နေရာလ ကောင်းမြတ်ခြင်း
ကောင်းမြတ်မည့် လက္ခဏာဆောင်

▬▬▬▬▬▬▬▬▬

ဖော်ပြခဲ့သည့်အတိုင်း ဆရာတော်လောင်းလျာ စွဲလာသန္ဓေ တည်နေရာ လ,ကိုက အလွန်ကောင်းလေရာ တခေတ်တွင် အလွန်ကောင်းမည့် လက္ခဏာ, ထူးခြားမည့် လက္ခဏာဖြစ်လေသည်။

ကတ္တိကမာသသေဋ္ဌေဟိ, သန္ဓိဂ္ဂါဟော သမဘဝိ၊
မာတုကုစ္ဆိမှိ ဧတဿ, ဝိသိဋ္ဌလက္ခဏံ ဘဝိ။

တနည်းဆိုရသော် တန်ဆောင်မုန်းလရာသီသည် အေးစပြုသောလရာသီ ဖြစ်သည်၊ ဖာရင်ဟိုက်ဒီကရီ ၇၀-၇၅ ခန့် ရှိတတ်သည်၊ အေးမြချမ်းကြည်သော နှလုံးတော် ပိုင်ရှင် ကျေးဇူးရှင် ဆဋ္ဌသင်္ဂီတိပုစ္ဆက, အဂ္ဂမဟာပဏ္ဍိတ မဟာစည်ထေရ်မြတ် လောင်းလျာသည် ကမ္ဘာလောကကြီးကို ဓမ္မရေစင် အအေးဓာတ်ကို တိုက်ကျွေး ဝေငှရန် ဤမည်သောအေးစပြုရာ တန်ဆောင်မုန်း လရာသီလောက်တွင် မိခင် ဝမ်းကြာတိုက်၌ စွဲပိုက်သန္ဓေ တည်နေတော်မူခြင်း ဖြစ်လေသည်။

သန္ဓိဂ္ဂဟဏမာသောပိ, သီတလော သုန္ဒရော ဘဝိ၊
သီတလဓမ္မဒါနဿ, နိမိတ္တံ သုန္ဒရံ ဘဝိ။

ဆရာတော်လောင်းလျာ ကိုယ်ဝန်ကို စောင့်ရှောက်ခြင်း

▬▬▬▬▬▬▬▬▬

မွေးမိဆံထုံး ရွှေပန်းကုံးသို့ နှလုံးဝမ်းက သတ်မှတ်ရသည့် သားလှရွှေတောင် မိမျက်တောင်, မောင်ငယ်ရင်သွေး နာဘိသေးလော့ ရှေးရှေးဘဝ သံသာရ၌ မောင့်ဖနှင့်ငါ ရေသွန်းပါ၍ ဟင်္သာမောင်နှံ ငှက်သဏ္ဌာန်သို့ တူစံ လှည့်ရာ စွဲလာ သန္ဓေနေသည်ကစ သားလှချမ်း သာရစိမ့်ငှါဟု ပူဆာစပ်ခါး မစားတို့ရ ထကြွ ဖြည်းဖြည်း ကိုယ်ရေးကိုယ်ထက် ဆယ်ဆတက်၍ သက်ထက်ကြင်နာ မောင့်ကို သာလျှင် ချမ်းသာမြင်ကြောင်း လက်ဆယ်ချောင်းကို ခေါင်းမှာရွက်တင် မျက်နှာ မြင်လည်း ရွှေစင်အလား သားယောက်ျားကို ငါ့အားမြင်လို တောင်းဆုဆို၍ ညကို ရေချမ်း နံနက်ဆွမ်းဖြင့် ဖြန့်မွှမ်းတုလွတ် သုံးလူ့နတ်ကို မိမြတ်ပူဇော်ကုန်၏တည်း။

ဟူသည်နှင့်အညီ ဆရာတော်လောင်းလျာ၏ မိခင်ကြီး ဒေါ်အုပ်သည် ကိုယ်ဝန်ရှိပြီဟု သိကတည်းက မိမိ၏ ဝမ်းကြာတိုက်အတွင်းမှ ကိုယ်ဝန်သားကောင်းကလေး ချမ်းသာစေရန် ရည်သန်၍ ပူသော အစားအစာ, ခါးစပ်သော အစား အစာတို့ကို မစားမသောက် ပဲ ရှောင်ကြဉ်ခဲ့လေသည်၊ ထိုင်ရာမှထလျှင်လည်း ဘုရား ဘုရားဟု မြည်တကာ တဖြည်းဖြည်း ထရှာလေ၏၊ ကိုယ်ရေးကိုယ်တာ ချမ်းသာဖို့ဒုက္ခထက် ဆယ်ဆမက ဆင်းရဲဒုက္ခကိုခံ၍ ဆရာတော်လောင်းလျာ ကိုယ်ဝန်ကို စောင့်ရှောက် ခဲ့လေသည်၊

မီးရှူးသန့်စင်ဖွားမြင်လို့ ရှိလျှင်လည်း ကိုယ်လက်အင်္ဂါ အစိတ်အပိုင်း စုံလင်စွာပါရှိပြီး ရှုမငြီးအောင် လှပတဲ့သား ပုတ္တရွှေစင်ကိုသာ ဖွားမြင်ရပါလို၏ဟု အကြိမ်ကြိမ် ဆုတောင်း ပတ္ထနာပြုခဲ့လေသည်၊ ယင်းသို့စသည်ဖြင့် ကိုယ်ဝန်ကို စောင့်ရှောက် လာခဲ့ရသည်မှာ အချိန်အခါ သမယအားဖြင့် ၉-လခန့် ကြာညောင်းခဲ့လေပြီ

ဂဗ္ဘဿ ရက္ခဏံ ကာသံ, ဇနိကာ ပုတ္တကာမိနီ၊
သတိံသာ ဥပဋ္ဌာပေတွာ, ပုညာ ရတ္တိန္ဒိဝံ ဟိ ဝါ။

ဒုတိယဝါဆိုလ

▬▬▬▬▬

၁၂၆၆-ခုနှစ်သည် ဝါထပ်နှစ်ဖြစ်၍ လပေါင်း ၁၃-လဖြစ်၍ ရက်ပေါင်း ၃၈၄-ရက်ဖြစ်သည်၊ ဝါထပ်နှစ်၏ ပြက္ခဒိန်တွင် ဝါဆိုလကို နှစ်လထပ်ခြင်းကြောင့် ပထမဝါဆို, ဒုတိယဝါဆိုဟူ၍ ရက်ပေါင်း ၃၀-တိုးလာ ခြင်းကြောင့် ဝါထပ်နှစ်တွင် လပေါင်း ၁၃-လဖြစ်၍ ရက်ပေါင်း ၃၈၄-ရက် ဖြစ်သည်။ ဗေဒင်အခေါ် “ကရကဋ် ရာသီ” ဝါဆိုလတွင် ပြုဗ္ဗာသန်နှင့် လမင်းတို့ ယှဉ်ပြိုင်ကာမွန်းတည့်၏၊ ဖုသျှနက္ခတ်နှင့် နေမင်းတို့ယှဉ်ပြိုင်ကြ၏။ သို့ဖြစ်၍ စာဆိုတော် ဦးယာက -

ပျံ့မွှေးဝတ်ဆံ ရိုးတံမြရွက် ပုန်းညက်ရွှေလှော် မွှေးပေါင်းဖျော်၍ တောင်တော် မြင့်များ မြင်းမိုရ်ခါးက ပတ္တမြားဗိမာန် ပြုဗ္ဗာသန်နှင့် ယုဂန္ဓိုရ်မှ လှည့်သွားကြသော် နောက်က မကွာ ဗျိုင်းတာရာဝယ် ညီညာခံသ ရောင်ထွန်းပလျက် ဖုသျှနက္ခတ် ဖန်နေနတ်နှင့် လှည့်ပတ်ညီစွာ သွားသောခါတွင် မမြင်ဖဝါး အသုဉ်းညား၍ ပန်းများ လှိုင်ကြူ။

စသည်ဖြင့် ဖွဲ့ဆိုခဲ့လေသည်။

ဝါဆိုလကား အလွန်ကို ထူးမြတ်သော လဖြစ်သည်။

သန္ဓေတောထွက် ဓမ္မစက် ဟောမြွက်သံချို လဝါဆို” ဟူသည်နှင့်အညီ ဘုရားရှင် ပဋိသန္ဓေနေရာ လ, ကာမအနှောင် ပယ်ရှောင်ခွာဖျက် တောထွက်ရာလ, ဓမ္မစကြာ ဒေသနာရေအေး အမြိုက်ဆေး တိုက်ကျွေးရာ လလည်း ဖြစ်သည်၊ ၎င်းပြင် ရှေးယခင် အင်းဝခေတ်ဆီလောက်ကစ၍ ယခုတိုင်အောင် ရဟန်းခံပွဲများပြုရာ လကောင်း လမြတ်လည်း ဖြစ်လေသည်။ ဖော်ပြပါ ဝါဆိုလမှာ ပုန်းညက်ပန်း တွေလည်း ပွင့်ကုန်၏၊ နေသူရိယသည်လည်း ဥတ္တရာယဉ်စွန်း၌ တည်လေ၏။

ယင်းသို့ဖြစ်ကြောင်း-

အာသဠော နာမ မာသောပိ, အတီဝ ဝိသိဋ္ဌော ဘဝိ၊
ပဋိသန္ဓိံ ဂဏှိ ဗုဒ္ဓေါ, တသ္မိံ ဟိ မုနိ သုဓီ။
နိက္ခမိပိစ သမ္ဗုဒ္ဓေါ, ဓမ္မစက္ကံ ပဝတ္တယိ၊
ဥပသမ္ပဒကမ္မမ္ပိ, ကရောန္တိ တသ္မိံပိ ဟိ။

ပုန္နာဂဒုမာ ပုပ္ဖန္တိ, ပဝါယန္တိ ဒိသောဒိသံ၊
အာဒိတေ တိဋ္ဌတိ တမှိ, ဥတ္တရယာနကောဋိယံ။

ဟူ၍ ဆယ့်နှစ်ရာသီပါဌ်နိဿယကျမ်း၌ ဖော်ပြခဲ့လေသည်။

အဋ္ဌမပိုင်း

မဟာစည်ဆရာတော်လောင်းလျာ ဖွားမြင်တော်မူပြီ

▬▬▬▬▬▬▬

ယင်းသို့ ဘုရားရှင် ဓမ္မစကြာတရားဟောတော်မူရာ, ကာမအနှောင်ပယ်ရှောင် ခွာဖျက် တောထွက် ရဟန်းပြုတော်မူရာ, အစဉ်အဆက် ပဉ္စင်းခံပွဲ သဘင်များ ကျင်းပရာ ထူးမြတ်သော ဒုတိယဝါဆိုလပြည့်ကျော် ၃-ရက် သောကြာနေ့ နံနက် စက် ၃-နာရီသာသာ အချိန်တွင် ဓမ္မစကြာတရား ဒေသနာစသည်များကို ဟောတော်မူမည့်, ကာမအနှောင်ပယ်ရှောင်ခွာဖျက် လူ့ဘောင်မှထွက် ရဟန်းပြု တရားကျင့်တော် မူမည့် အဂ္ဂမဟာပဏ္ဍိတ, ဆဋ္ဌသင်္ဂီတိပုစ္ဆက မဟာစည်ဆရာတော် လောင်းလျာသည် ဘေးမခရန်မသီ ချမ်းကြည်စွာ မယ်တော်ဝမ်းကြာတိုက်မှ မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့လေသည်

လောက၌ ဆိုရိုးစကားရှိသည်၊ ယင်းဆိုရိုးစကားကား “ယောက်ျားဝါဆို မိန်းမပြာသို” ဖြစ်၏၊ ဝါဆိုလဖွား ယောက်ျားသည် ဘုန်းတန်ခိုး ကြီးတတ်သည်၊ ကျော်စောကိတ္တိ ရှိတတ်သည်၊ ပြာသိုလဖွား မိန်းမသည် ကြီးပွားတတ်သည်၊ မိဖုရား, သဌေးကတော် စသည် ဖြစ်တတ်သည်ဟူ၏။

ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးသည် ဝါဆိုလဖွားတည်း။

မဟာစည်ဆရာတော် ဇာတာဖွဲ့တေးထပ်

▬▬▬▬▬▬▬

ဆယ့်နှစ်စုံဒွေဧက်၊
ဝသန်ခေတ်ချိန်ခါ။
ဒုတိယလနွယ်တာ၊
ဆုတ်ပက္ခာကြိမ်ရေ့။
၃-ရက်မြောက်နေ့သောကြာ၊
မေထုန်မှာ လဂ်နှင့်ခြင်္သေ့။
ကြကဋ်စက်ဘုံမှာ၊
ငှက်ဂဠုန်ဆင်ဝှေ့။
ပူးမကွာညီညာမွှေ့ပါလို့၊
သီဟာမွေ့ဟိုင်းမှီ။
စန်းစနေမကာရ၊
ြုဂိဟ်ဇီဝမိဿမှတည်။
လင်းအရုဏ်မလာမီ၊
၃-နာရီသာသာရှိချိန်၌
မာတာမိအားတက်ရွှင်ကာ၊
ဖွားလျက်မြင်တာ။
မြတ်သုံးဝ မှူးမျက်ရတနာကို၊
ဦးထက်မှာ ပန်ယင်းနှင့်လေး။

အချိန်ကောင်း ဖွားမြင်ခြင်း

▬▬▬▬▬▬▬▬▬

ဆရာတော်လောင်းလျာ ဖွားမြင်ချိန်ကား “ပုညဝန္တာနံ ပစ္စုသသမယေ ဂဗ္ဘဝုဋ္ဌာနံ ဟောတိ”ဟူသည်နှင့်အညီ အလွန်ကို ကောင်းမြတ်သော မင်္ဂလာအချိန်ဖြစ်သည်၊ ဘုန်းရှင် ကံရှင် ပညာရှင်တို့ ၏ ယေဘုယျအားဖြင့် မနက်ဘက် အလင်းဘက်သို့ ရှေးရှုချိန်ကာလ ခါသမယတွင် ဖွားမြင်တော်မူရိုး ရှိသည့်အတိုင်း ဘုရားမြတ်စွာ သာသနာတဝက်နှင့် ဘုရားမြတ်စွာသာသနာ တဝက်ကျော်တွင် ထူးချွန်စွာ သာသနာ့ဝန်ကို ဆောင်မည့် မဟာထေရ်မြတ် လောင်းလျာသည်လည်း နံနက်ခင်း အလင်းဘက် တာစူချိန်တွင် မီးရှူးသန့်စင်ဖွားမြင်တော်မူခြင်း ဖြစ်လေသည်။

ပစ္စူသေ ပုညဝန္တာနံ, ဝုဋ္ဌာနံ ဂဗ္ဘတော ဘဝိ၊
ထေရင်္ကုရော ဟိ ဧသောပိ, ပုညဝါ သီလဝါ သုဓီ။

ကောင်းမြတ်သောနိမိတ်

▬▬▬▬▬▬▬▬▬

အတွေ့အကြုံရှိ စာပေပညာရှင်တို့သည် နံနက်ခင်း လင်းအားကြီးဘက် ဖွားမြင်သော ရူပနိကာယ်, သဒ္ဒနိကာယ်နှင့် ပြည့်စုံသည့် အမျိုးသား ယောက်ျားကို မြင်တွေ့ရလျှင် ဤပုဂ္ဂိုလ် ထူးချွန်မည်၊ ထိပ်တန်း ရောက်မည် စသည်ဖြင့် ပိုင်ပိုင်မိမိ သိကြကုန်၏၊ ယခု မဟာစည်ဆရာတော်လောင်းလျာ ပုဂ္ဂိုလ်မြတ် မနက်ခင်း ဖွားမြင်တော်မူခြင်း သည်လည်း ကောင်းမြတ်သော မင်္ဂလာနိမိတ်ပင် ဖြစ်လေတော့သည်။

ဝိဇာယနသမယောပိ, အတီဝသုန္ဒရော ဘဝိ၊
သုန္ဒရေ ဝိဇာယနံ ဟိ, သုန္ဒရနိမိတ္တံ ဘဝေ။

ဘုရားအလောင်း တောထွက်ချိန်ထက် အနည်းငယ်နောက်ကျ

▬▬▬▬▬▬▬▬▬

စင်စစ်ဧကန် အမှန်အားဖြင့်သော်ကား မဟာစည်ဆရာတော် လောင်းလျာ မီးရှူး သန့်စင် ဖွားမြင်တော်မူချိန်ကား အလောင်းတော်သိဒ္ဓတ် တောထွက်ချိန်ထက် အတန်ငယ်နောက်ကျသော အချိန်အခါ ဖြစ်လေသည်၊ အလောင်းတော်သိဒ္ဓတ္ထသို့ အတုလိုက်ကာ ကာမအနှောင် ပယ်ရှောင်ခွာဖျက် ထွက်မြောက်ကာ ရဟန်းပြုကာ သဗ္ဗညုမြတ်စွာ သာသနာကို ကြည်သာ ရွှင်လန်း ကျင့်ဖြည့်စွမ်းမည်ကိုလည်း ဖွားမြင်စက ပြောနေသည်ဟု ဆိုနိုင်လေသည်။

နိက္ခမနာ သိဒ္ဓတ္ထဿ, ပစ္ဆာ ဟိ သုဝိဇာယိ သော၊
သိဒ္ဓတ္ထသာသနဿေဝ, ဝုဒ္ဓိကရဏကာရဏံ။

မိဘနှစ်ဦး ကြည်နူးဝမ်းမြောက်

▬▬▬▬▬▬▬▬▬

ဆရာတော်လောင်းလျာ၏ မွေးသဖခင်, မွေးသမိခင်များ ဖြစ်ကြသော ဦးကံတော်နှင့် ဒေါ်အုပ်တို့သည် ရုပ်ရည်ရူပကာယ လှပချောပြေ ကျက်သရေရှိလှသည့် သား ယောက်ျားလေး ဖွားမြင်ပေါ်ပေါက် ရရှိလာရခြင်းအတွက် အလွန်ကို ဝမ်းမြောက် ကြကုန်၏၊ ငါတို့တတွေ ကံဇာတာကောင်းကြသဖြင့် သားလှလူချောကလေး၏ ပိုင်ရှင်ဖြစ်ကြရသည်ဟု သဘောပိုက်ကြကာ ဝမ်းသာရွှင်အိ ပီတိတွေ မှိုလို ပေါက်နေ ကြကုန်၏၊ ပုံစံပြောရလျှင် လောင်းသိဒ္ဓတ် ဖွားမြင်ကြောင်း သတင်းကောင်း ကြားရသည့် သုဒ္ဓေါဒနမင်းကြီးကဲ့သို့တည်း။

မာတာပိတရော မောဒန္တိ, ဇာတေ ထေရင်္ကုရေ ဝရေ၊
သိဒ္ဓတ္ထံ လုမ္ဗိနိဇာတံ, ရာဇာ သုဒ္ဓေါဒနော ဝိယ။

ဆရာတော်လောင်းလျာဖွားမြင် လောကကြီး များစွာအကျိုးရှိ

▬▬▬▬▬▬▬▬▬

ဆရာတော်လောင်းလျာ ဖွားမြင်ရာ ၁၂၆၆-ခုနှစ်က ရွှေဘိုတခရိုင်လုံး မိုးကောင်းသည်၊ ရွာသင့်ရာ အချိန်အခါ မိုးမှန်မှန်ရွာသဖြင့် ဆိပ်ခွန်ရွာ တရွာလုံး, ရွှေဘိုတခရိုင်လုံးလိုလို ဆန်စပါးတွေ များစွာရကြသည်၊ ရွှေဘိုခရိုင် ၏ အခြားသီးနှံ များ ဖြစ်သော နှမ်း, မြေပဲ, ဝါ, ပြောင်း, ပြောင်းဖူး, ပဲမျိုးစုံတို့လည်း များစွာရကြကုန်၏၊ ဆရာတော် လောင်းလျာ၏ ဖွားမြင်ခြင်းကား လူအများ များစွာအကျိုး ရှိလေသည်၊ ကြီးလျှင်ကား ကမ္ဘာအဝှန်းနှင့်ချီပြီး အကျိုးရှိမည့် ပုံပေတည်း၊ ဤကဲ့သို့ ပုဂ္ဂိုလ်ထူးကား တခါတလေသာ ပေါ်ထွန်းတတ်လေသည်

ထေရင်္ကုရဿ ဥပ္ပါဒေါ, လောကဿ သတ္ထကော ဘဝေ၊
ကာလေနကာလံ ဧဒိသော, ပုဂ္ဂလော ဟိ သမုဗ္ဘဝီ။

ဆိပ်ခွန်ရွာတရွာလုံးလိုလို အမျိုးသမီးတွေ လာရောက်ကြည့်ရှုကြ

▬▬▬▬▬▬▬▬▬

ဦးကံတော်ရဲ့ဇနီး ဒေါ်အုပ်မှာ သားယောက်ျား လူချောလူလှကလေး မျက်နှာ မြင်သည်ဆိုတဲ့ သတင်းဟာ ဆိပ်ခွန်ရွာ တရွာလုံး နှံ့သွားသည်၊ ထိုအခါ အမျိုးသမီးတွေ အလျှိုအလျှို တစုဝင်တစုထွက်, တယောက်ဝင် တယောက်ထွက် လာရောက်၍ ကြည့်ရှုမေးမြန်းကြကုန်၏၊ မင်္ဂလာစကားပြောကြသည်၊

တချို့ အမျိုးသမီးတွေက မအုပ်တို့များ တော်ရန်ကော သားယောက်ျားကလေး သူတို့ မွေးမွေးတတ်လွန်း, တို့များ တခါလာလည်း မိန်းကလေး, တခါလာလည်း မိန်းကလေးပဲ, ပြီးတော့ သတို့သားကလေးက ချောလိုက်တာ, အသားအရေကလဲ ဝါဝါဝင်းလို့, မျက်လုံးကလေးကလဲ ဝင်းလို့လှလိုက်တာ, ခုံးမျက်စက ၃-ရက်လလိုပဲ, နဖူးကလဲ ဆင်ဦးကင်း ခြောက်ပြစ်ကင်း, သူတို့များ တော်ရန်ကော, အိမ်ရောက်မှ အိမ်ကလူ တဆင့်ပြောရဦးမှာပဲ စသည်ဖြင့် ချီးမွမ်းကြသည်။ ဒေါ်အုပ်အား ခနဲ့ကြသည်။

ဆိပ်ခွန်ဂါမေ ဝသန္တိယော, နာရိယော သမလင်္ကတာ၊
အာဂန္တွာန ထောမေသုံ, သုဘံ ထေရင်္ကုရံ ဝရံ။

နဝမပိုင်း

ဆရာတော်ငယ်နာမည် မောင်သွင်

▬▬▬▬▬▬▬▬▬

ဦးကံတော်-ဒေါ်အုပ်မှာ ဆရာတော်အထက်က “မောင်တင်” ဟု သားတယောက် ပေါ်ပေါက်ဖြစ်ထွန်းပြီးသည်၊ သို့ဖြစ်၍ ဆရာတော်လောင်းလျာ၏ နာမည်ကို မောင်သွင် ဟူ၍ အမည်နာမ မှည့်ခေါ်ကြကုန်၏၊ သောကြာသား ဖြစ်၍ နေ့နံလည်း သင့်သည်။

မောင်သွင် ဣတိ သုကန္တမ္ပိ, ကိတ္တေသုံ အဘိဓာနကံ၊
ဘာဝမ္ပိ တေစ သန္ဓာယ, မာတာပိတာဒိဉာတယော။

ဦးကံတော် ဒေါ်အုပ်တို့မှာ သားသမီး ၇-ယောက်

▬▬▬▬▬▬▬▬▬

ဦးကံတော်-ဒေါ်အုပ်တို့မှာ သားသမီး ၇-ယောက် ထွန်းကားခဲ့သည်။ ၎င်းတို့မှာ -

၁။ ဦးတင်၊
၂။ ဦးသွင်၊ (ဆရာတော်လောင်းလျာ)
၃။ ဒေါ်ခင်၊
၄။ ဦးမှင်၊
၅။ ဦးဘရင်၊
၆။ ဒေါ်သင်၊
၇။ ဒေါ်စပ်

အားဖြင့် ၇-ယောက်ဖြစ်လေသည်။

ယင်း ၇-ယောက်အနက် ဦးတင်မှာ အသက် ၂၈-နှစ်တွင် ကွယ်လွန်လေသည်၊ ဒေါ်ခင်မှာ ၁၆ -နှစ် အရွယ်လောက်က ဆုံးခဲ့သည်၊ ဦးမှင်, ဦးဘရင်, ဒေါ်သင်တို့မှာ အသက် ၂၀-ကျော်တွင် ကွယ်လွန်ကြသည်၊ အငယ်ဆုံး ဒေါ်စပ်မှာ ၁၃၃၃-ခုနှစ် အသက် ၅၀-ခန့်တွင် အနိစ္စရောက်ခဲ့လေသည်။

ငှက်တွေ ရေသောက်ကန် ဆုံမိသည်နှင့်တူ

▬▬▬▬▬▬▬

တကယ်တော့ ဆွေရယ်မျိုးရယ် လင်ရယ် မယားရယ် မွေးချင်းသားချင်းရယ် ဆရာတပည့်ရယ် စသည်ဖြင့် ပေါင်းဆုံရတာဟာ ညနေချမ်း ရေကန်မှာ ရေသောက်ယင်း ဆုံမိကြသော ငှက်တွေနှင့်တူလှချေ၏၊ ငှက်တွေ သောက်ရေကန်မှာ ရေသောက်တုန်း ခဏဆုံမိသည်၊ ရေသောက်လို့ဝတော့ ကိုယ့်ဆိုင်ရာ ပျံသွားကြတော့ ကွဲကွာတော့တာပဲ၊ ခဏကလေး ပေါင်းဆုံမိကြတယ်၊ ဘာကြာလို့လဲ။

ဝိဟင်္ဂါနံ ယထာ သာယံ, ရဟဒမှိ သမာဂမော၊
ဧဝံဟိ လောကေ သတ္တာနံ, မုဟုတ္တံဝ သမာဂမော။

သံဝေဂယူစရာ

▬▬▬▬▬

လောကကြီး သံဝေဂယူစရာ ကောင်းလှသည်။

အတ္ထာ ဂေဟေ နိဝတ္တန္တေ, သုသာနေ မိတ္တဗန္ဓဝါ၊
သုကတံ ဒုက္ကဋံ ကမ္မံ, ဂစ္ဆန္တံ အနုဂစ္ဆတိ။

အတ္ထာ - ရတနာ ရွှေ ငွေ အထွေထွေသော စည်းစိမ်ဥစ္စာတို့သည်၊
ဂေဟေ-ဂေဟေဧဝ - နေမြဲနေရာ အိမ်ဂေဟာ၌သာလျှင်၊
နိဝတ္တန္တေ - သေသူနောက်သို့ မရောက်ပါလစ် ကျန်ရစ်လေကုန်၏
မိတ္တဗန္ဓဝါ - မိဘနှစ်ပါး သားနှင့်သမီး ဇနီး မိတ်ဆွေ ချစ်ကျွမ်းဝင်သူတို့သည်၊
သုသာနေ-သုသာနေဧဝ - သုသာန်သင်္ချိုင်း မြေလုတ်တိုင်းမှ၊
ဂေဟံ - အိမ်သို့၊
နိဝတ္တန္တေ - ပြန်သွားကြလေကုန်၏
သုကတံ - ကောင်းစွာပြုအပ်သော၊
ကမ္မံ - ကုသိုလ်သုစရိုက် ကံသည်လည်းကောင်း၊
ဒုက္ကဋံ - ယုတ်မာညစ်ကျူ မကောင်းပြုအပ်သော၊
ကမ္မံ - အကုသိုလ်ဒုစရိုက်ကံသည် လည်းကောင်း၊
ဂစ္ဆန္တံ - အတည်မကျ ဘဝတပါးသို့ ပြောင်းသွားရသောသူသို့၊
အနုဂစ္ဆတိ - အရိပ်ပမာ မကွာစဉ်စိုက် လိုက်လေ၏

ဟူသော ဒေသနာအတိုင်းပဲ ရွှေငွေတိုက်တာ အိမ်ဂေဟာနှင့် လယ်ယာမိုးမြေ ဆန်ရေစပါး စသည်တို့ တစိုးတစိမှ သေသူနောက် လိုက်ပါသည် မဟုတ်ချေ၊ ချစ်လှပါတယ်ဆိုတဲ့ ဆွေမျိုးသားချင်း စသည်တို့ ဆိုတာလည်း သုသာန်ကနေ ကိုယ့်အိမ်ကို ပြန်သွားကြတာပဲ၊ တကယ်တော့ မိမိပြုဖန် မိမိကံသာလျှင် ကိုယ့်နောက်က အရိပ်ပမာလိုက်လေ၏

သံဝေဂယူစရာ လင်္ကာ

▬▬▬▬▬▬▬▬

ရွှေငွေရတနာ ဥစ္စာမြားမြောင်
သုံးဆောင်ဖွယ်ရာ ဖြာဖြာစည်းစိမ်
အိမ်မှာနေရစ် စင်စစ်တံတွာ ဓမ္မတာတည်း
ကြင်နာလှစွာ လွန်စွာချစ်ငြား
သမီးသားနှင့် ဇနီးချစ်ခင်
အကြင်လင်လည်း မှန်ပင်မုချ၊
နောက်ကမပါ ဧကန်သာတည်း
ဖန်ခါဆည်းစု မိမိပြုသည့်
ကောင်းမှု မကောင်းမှု
အလုပ်စုသာ နောက်ကပါသည်
ကံသာ ကိုယ်ပိုင်ဥစ္စာတည်း

မိခင်ကြီး ဒေါ်အုပ် ဆရာတော်လောင်းလျာအား လွန်စွာစောင့်ရှောက်

ဆရာတော်လောင်းလျာ၏ မိခင်ကြီး ဒေါ်အုပ်သည် နို့ရည်မသန့်မစင် ဖြစ်မည်စိုး၍ အညှီအနံ့ အပုပ်အစပ် အစားအစာများကို မစားမသောက် ရှောင်ကြဉ်၏၊ ဆရာတော်လောင်းလျာ သူငယ်မောင်သွင်အား မှက်ခရုရောဂါ သူငယ် နာအမျိုးမျိုး ဖြစ်မည်စိုး၍ ဘုရားစင်ရှေ့မှောက်ဝယ် အမျိုးမျိုးအဖုံဖုံ တောင်းဆုချွေခဲ့လေသည်၊ ဆရာတော်လောင်းလျာသူငယ်အတွက် ပြုစုစောင့်ရှောက် ချုပ်တည်းရသော ဒုက္ခ အပူကို သီတဂူ စန်းအသွင် စန္ဒကူးနှင်းခဲအသွင် ထင်မှတ်ခဲ့လေသည်

ထေရင်္ကုရက္ခဏေဟိ၊ ဒုက္ခံ နာနာပ္ပကာရကံ
သုခန္တိ ဇနနီမညိ၊ စန္ဒစန္ဒနသာဒိသံ။

၎င်းပြင် မှက် ခြင် အမျိုးမျိုး, သန်းကြမ်းပိုးမှစ၍ မထိုး မကိုက်ရလေအောင် ခြင်ထောင်နှင့်ပိတ်ပါး အဖုံဖုံအုပ်လွှားလျက် အစားမဖြောင့် အနေအချိုးမကျအောင် တခဏမျှ မဖြစ်ရလေအောင် အလစ်မပေးပဲ ချစ်ခင်ခြင်း တည်းဟူသော ပီတိ ဓာတ်ဖြင့် မပြတ်စောင့်ရှောက်ခဲ့လေသည်

ဍံသာဒိပါဏဇာတေဟိ, ရက္ခဏာ ဝါယမံ ကရိ၊
ဇနနီ ပုတ္တကန္တာတိ, ဇာဂရာ သဗ္ဗဒါ ဟိ သာ။

တဖြည်းဖြည်းကြီးပြင်းလာရာ ၆-နှစ်သားအရွယ်ရောက်

▬▬▬▬▬▬▬▬▬

ဖခင်ကြီးဦးကံတော်, မိခင်ကြီး ဒေါ်အုပ်နှင့် ဆွေမျိုးဉာတိတို့သည် ထူးခြားစွာ ပေါ်ပေါက်ရရှိလာသည့် သာသနာ့ အညွှန့်အဖူး ပုဂ္ဂိုလ်ထူးလောင်းလျာကို ဥယျာဉ် ပျိုးသလို မညှိုးမခေါင် ကြီးပြင်းအောင် အမျိုးမျိုးအဖုံဖုံ အစွမ်းကုန်ပြုစု စောင့်ရှောက် ကြလေရာ ၆-နှစ်အရွယ်သို့ ရောက်လာခဲ့လေပြီ

သုခံ သော ပရိဟာရိတော, ဉာတိမဇ္ဈေ သုခေဓိတော၊
ကမေန ဝုဒ္ဓိမနွာယ, ဇာတိယာဝ ဆဗ္ဗဿိကော။

ဒသမပိုင်း

ပျဉ်းမနားကျောင်း
ဆရာတော် အရှင်အာဒိစ္စ
▬▬▬▬▬▬▬▬▬

ဆိပ်ခွန်ရွာ ပျဉ်းမနားကျောင်း ဆရာတော် အရှင်အာဒိစ္စသည် -

မကောင်းမြစ်တာ ကောင်းရာကိုလှစ်
အသစ်ဟောကျူး နာဖူးထပ်မံ
နတ်ထံတင်ရာ မေတ္တာလည်းပြု
ရဟန်းမှု ခြောက်ခုလွန်သေချာ။

ဟူသည်နှင့်အညီ ရပ်ရွာဒကာ, ဒကာမ, တပည့်တပန်းတို့အပေါ် မကောင်းမှု မပြုလုပ်မိအောင် တားမြစ်ခြင်း အစရှိသော ဒကာ, ဒကာမ, တပည့်တို့အပေါ် ကျင့်ဝတ်တရား ၆-ပါးနှင့်အညီ ကျင့်ကာ ကျောင်းထိုင်ဆရာတော် အရာတည်ရှိသည့် သာသနာ့ဝန်ဆောင်ကောင်း တစ်ပါးဖြစ်လေသည်၊ သို့ဖြစ်၍ ဦးကံတော်, ဒေါ်အုပ် တို့သည် ပျဉ်းမနားကျောင်း ဆရာတော် အရှင်အာဒိစ္စမထေရ်ကို ရိုသေလေးမြတ် ဆည်းကပ်ကိုးကွယ်ကြကုန်၏။

ဘဒ္ဒန္တအာဒိစ္စော ထေရော, ထိရေသု သဏ္ဌိတော သုဓိ၊
အာဝါသိကော သ ဟုတွာန, ဘာရဝါဟီ ဝိသာရဒေါ။

အရှင်အာဒိစ္စထံ ပညာသင်

▬▬▬▬▬▬▬▬▬

မျက်လုံးပမာ သားသည်းချာတို့
ကောင်းပါစေလို့ ပညာကိုလည်း
နုပျိုငယ်က သင်ချေမှတည့်
ထိုမှရွယ်ရောက် တံခွန်ဆောက်သို့
တယောက် ထင်ပေါ် နှံ့သိကျော်လိမ့်။

ဟူသည်နှင့်အညီ ဦးကံတော်, ဒေါ်အုပ်ဟူသော မိဘ ၂-ဦးတို့သည် ရုပ်ရည် ရူပကာယနှင့် ထူးထူးခြားခြား ပေါ်ပေါက်လာသော သားကလေးမောင်သွင် ငယ်ငယ်ရွယ်ရွယ်က စတင်ပညာသင်ကြား၍ ကြီးပြင်းလေလျှင် တံခွန်ဆောက် ပါရဂူပေါက် ပညာတတ်မြောက်စေလိုကြသဖြင့် ဆရာတော်လောင်းလျာ မောင်သွင် ၆-နှစ်သားအရွယ်တွင် မိမိတို့နေရာ ဆိပ်ခွန်ရွာ ပျဉ်းမနားကျောင်း ဆရာတော် အရှင်အာဒိစ္စထံအပ်နှံ၍ ပညာသင်ကြားစေကြကုန် ၏၊ ဆရာတော်လောင်းလျာ မောင်သွင်သည် ဆရာတော် အရှင်အာဒိစ္စထံမှာပင် သူငယ်တို့ တတ်သင့် တတ်ထိုက်သော အရေးအဖတ် စသည်များကို သင်ယူတတ်မြောက်ခဲ့လေသည်။

ဆဗ္ဗဿတောဝ ပဋ္ဌာယ, အာဒိစ္စထေရသန္တိကေ၊
သိက္ခိတဗ္ဗေ သုသိက္ခိတွာ, ဒက္ခော ဝိသာရဒေါ အဟု။

သက်တော်တဆယ့်နှစ်နှစ် အရွယ်ရောက်ခြင်း

▬▬▬▬▬▬▬

ယင်းသို့ဖြင့် ဆရာတော် အရှင်အာဒိစ္စထံ ကျောင်းသားဝတ်ဖြင့် ပညာသင်ကြားယင်း နေ့, ရက်, လ, နှစ်တွေ ကုန်လွန်၍ လာခဲ့လေရာ ဆရာတော်လောင်းလျာ မောင်သွင်သည် သက်တော် ၁၂-နှစ် အရွယ်တော် ခေတ်သို့ ရောက်ခဲ့လေပြီ၊ ရုပ်ဓာတ်ကြီးမားလာသလို နာမ်ဓာတ်ခေါ် အသိပညာသည်လည်း မြင့်မားရင့်သန်၍ လာလေ၏။

ဒွါဒသဝဿုဒ္ဒေသိကော, ထေရင်္ကုရော သုဇာတိမာ၊
ဗျတ္တတံ ယထာရဟံ သော ဟိ, ပတ္တော ဝီရိယဝါ သုဓီ။

ဧကာဒသမပိုင်း

ဆရာတော်လောင်းလျာ သာမဏေဝတ်ပြီ
▬▬▬▬▬▬▬

ယင်းသို့ ရုပ်ရည်ရူပကာယ လှပတင့်တယ် ၁၂-နှစ်သားအရွယ်တွင် မိဘ ၂-ဦး တို့သည် -

တာဒိသောပိ မဟာစာဂီ, ဒါယာဒေါ သာသနဿ န၊
ပစ္စယဒါယကော တွေဝ, ဝုစ္စတေ မနုဇာဓိပ။

မနုဇာဓိပ - တိုင်းသားပြည်သူ လူများသနင်း သီရိဓမ္မာသောကမင်း ဧကရာဇ်၊
တာဒိသောပိ - ကုဋေကုဋာ များမြောက်လှစွာသော ငွေအသပြာ တန်ဖိုးရှိသော ပစ္စည်းဥစ္စာတို့ကို ပေးကမ်းစွန့်လှူသူ ၏ အဖြစ်ဟူသော ရှုအပ်သော သဘောရှိသည်လည်းဖြစ်သော၊
မဟာစာဂီ - များမြောက်လှစွာ လေးဖြာသောပစ္စည်းကို စွန့်လှူခြင်း ရှိသော သင်မင်းကြီးကို၊
သာသနဿ - ဘုရားမြတ်စွာ သာသနာတော် ၏၊
ဒါယာဒေါ - ဘုရားမြတ်စွာသာသနာတော်က ပေးအပ်သော အမွေကို ခံယူသူဟူ၍၊
န ဝုစ္စတေ - မဆိုအပ် မဆိုပိုင် မဆိုနိုင်သေးသည်သာ၊
ပစ္စယဒါယကော တွေဝ - ပစ္စယဒါယကာ ဟူ၍သာလျှင်၊
ဝါ - လေးဖြာသော ပစ္စည်းဖြင့် ဘုန်းမီးနေလ တောက်ပထိန်ညီး ဘုရားရှင် သာသနာတော်မြတ်ကြီးကို ထောက်ပံ့ချီးမြှင့် လှူဒါန်းသူဟူ၍သာလျှင်၊
ဝုစ္စတေ - ခေါ်ဆိုပညတ် သမုတ်အပ်ပေသည်။

ယော တု ပုတ္တံ ဓီတရံဝါ, ပဗ္ဗဇ္ဇာပေတိ သာသနေ၊
သော သာသနဿ ဒါယာဒေါ, ပစ္စယဒါယကော အပိ။

မနုဇာဓိပ - တိုင်းသားပြည်သူ လူများသနင်း သီရိဓမ္မာသောကမင်း ဧကရာဇ်၊
ယော - အကြင်ပုဂ္ဂိုလ်သည်၊
ပုတ္တံဝါ - ရင်ကမွေးဖွား မိမိသားရင်းကို လည်းကောင်း၊
ဓီတရံဝါ - ချစ်၍မငြီး သမီးရင်းကိုသော် လည်းကောင်း၊
ပဗ္ဗဇ္ဇာပေတိ - ရှင်ရဟန်း ပြုစေ၏၊
သော - ထိုချစ်၍မငြီး မိမိသားရင်း သမီးရင်းကို ရှင်ရဟန်း ပြုစေသောသူ သည်သာလျှင်၊
သာသနဿ - ကြုံခဲလှစွာ ဘုရားရှင်သာသနာတော်မြတ်ကြီး၏၊
ဒါယာဒေါ (အပိ) - အမွေခံထိုက်သူမည်သည်လည်းကောင်း၊
ပစ္စယဒါယကောအပိ - ပစ္စည်းလေးဖြာဖြင့် ဘုရားမြတ်စွာ သာသနာကို ထောက်ပံ့ လှူဒါန်းသူ မည်သည်လည်းကောင်း၊
ဟောတိ - မုချစင်စစ်ဖြစ်ပေ၏။

ဟူ၍ တတိယသင်္ဂါယနာ သံဃနာယက အရှင်ေ မာဂ္ဂလိပုတ္တတိဿမဟာထေရ်က ဒီပစက္ကဝတ္တိ သီရိဓမ္မာသောကမင်းကြီးအား ဟောပြသည့် ဒေသနာတော်ကို နှလုံးသွင်းသဘောပေါက်ကြကာ ဘုရားမြတ်စွာ သာသနာ့အမွေကို ရလိုလှသည့်ပြင် ပစ္စယဒါယကာများလည်း ဖြစ်လိုလှသဖြင့် ဆရာတော်လောင်းလျာ ၁၂-နှစ်သား အရွယ်တွင် ၂-ဘက်ဆွေမျိုး စုံညီစွာဖြင့် ရဟန်းသံဃာတော် တို့အားလည်း တတ်စွမ်းသမျှ ဒါတဗ္ဗဝတ္ထု အခန်းခန်းကို လှူဒါန်းကြပြီး သာမဏေတို့၏ ပရိက္ခရာ စုံလင်စွာဖြင့် ဘုရားမြတ်စွာသာသနာတွင်းသို့ သွတ်သွင်း ချီးမြှင့်ကြကုန်၏။

ဦးကံတော် ဂဟပတိစ, ဒေါ်ဒေါ်အုပ် ဃရသာမိနီ၊
သာသနေ ဘူရိပညဿ, ဥဘော ပဝေသိသုံ တဒါ။

ဥပဇ္ဈာယ်ဆရာတော် အရှင်အာဒိစ္စထေရ်

▬▬▬▬▬▬▬

မဟာစည်ဆရာတော်ဘုရားကြီး ငယ်ရွယ်စဉ် ရှင်သောမဏေ ဝတ်ရာအခါက ‘ဥပဇ္ဈာယ်ကား အဘယ်အမည် ဘွဲ့ထူး ချီးသနည်း’ ဟု မေးခဲ့သော် မဟာစည် ဆရာတော်ဘုရားကြီး ငယ်စဉ် သာမဏေဝတ်စဉ် ဥပဇ္ဈာယ်ဆရာတော်ကား အရှင်အာဒိစ္စ မည်သည်ဟု ဖြေရာ၏၊ ဦးကံတော်, ဒေါ်အုပ်တို့သည် ငယ်ဆရာရင်း ဖြစ်သော အရှင်အာဒိစ္စကိုပင် ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေ ဝတ်စေကြကုန်၏။

ဥပဇ္ဈာယံ ကရိတွာန, အာဒိစ္စံ အာဂမာဓရံ၊
အလတ္ထ ပဗ္ဗဇ္ဇံ သော ဟိ, အာဒိစ္စဗန္ဓုသာသနေ။

ဘွဲ့တော်နာမ ရှင်သောဘန

▬▬▬▬▬▬▬▬▬

ဆရာတော်လောင်းလျာကား ရုပ်ရည်ရူပကာယလည်း တင့်တယ်လှပ အချိုး ကျသည်၊ အရပ်မြင့်သည်၊ အသံလည်း သာယာသည်၊ ဘဝများစွာအဆင်းလှ အသံသာကြောင်း ကောင်းမှုတွေများစွာ ပြုခဲ့သည့် “ကတပုည” ပုဂ္ဂိုလ်မြတ် ဖြစ်လေသည်။ ဘုရားမြတ်စွာ သာသနာတော်မှာလည်း ပရိယတ်, ပဋိပတ်ဂုဏ်တို့ဖြင့် တင့်တယ်မည့် ပုဂ္ဂိုလ် ဖြစ်လေသည်၊ သို့ဖြစ်၍ ဥပဇ္ဈာယ်ဆရာတော် အရှင် အာဒိစ္စထေရ်က ဆရာတော်လောင်းလျာ ၏ ဘွဲ့မည်နာမကို ရှင်သောဘနဟု မှည့်ခေါ် ဘွဲ့ပေးတော်မူသည်။

ပဋိစ္စကာရဏဒွယံ, ဥပဇ္ဈယော မဟာယတိ၊
သောဘနော ဣတိ အနွတ္ထ-သမညံ အဂ္ဂဟီ သုဓီ။

ဇာတ်ကြီးဆယ်ဘွဲ့

▬▬▬▬▬▬▬

ခုဒ္ဒကနိကာယ်အပါအဝင် ဇာတ်တော်ပေါင်း ၅၄၇ အနက် မဟာနိပါတ်လာ တေမိဇာတ်, ဇနကဇာတ်, သုဝဏ္ဏသာမဇာတ်, နေမိဇာတ်, မဟောသဓဇာတ်, ဘူရိဒတ်ဇာတ်, စန္ဒကုမာရဇာတ်, နာရဒဇာတ်, ဝိဓူရဇာတ် , ဝေဿန္တရာဇာတ်တို့မှာ ဘုရားရှင်၏ အလောင်းတော်ဘဝ သဗ္ဗညုတရွှေဉာဏ်တော် ရတော်မူရန် ရည်ရော်တော်မူ၍ ရင်သပ်ရှုမောအံ့ဩလောက်အောင် ပါရမီဖြည့်တော်မူပုံတွေကို ဟောကြားထား၏။

ယင်းဇာတ်တော်ကြီး ဆယ်ဘွဲ့ကို အဋ္ဌကထာ အဖွင့်ကိုပါယူ၍ မင်းဘူး ဦးဩဘာသ, အရှင်ပညာတိက္ခ, အရှင်နန္ဒမေဓာတို့ မြန်မာပြန်ဆို ရေးသားတော်မူခဲ့ကြသည်၊ မင်းဘူးဦးဩဘာသသည် တေမိဇာတ်, ဇနကဇာတ်, နေမိဇာတ်, မဟောသဓဇာတ်, စန္ဒကုမာရဇာတ်, နာရဒဇာတ်, ဝိဓူရဇာတ်, ဝေဿန္တရာဇာတ်တို့ကို ပြန်ဆို ရေးသားတော်မူခဲ့သည်၊

အရှင်ပညာတိက္ခသည် သုဝဏ္ဏသာမဇာတ်ကို ပြန်ဆိုတော်မူခဲ့၍ အရှင်နန္ဒမေဓာ သည် ဘူရိဒတ်ဇာတ်ကို ပြန်ဆိုရေးသားတော်မူခဲ့လေသည်၊ ယင်း ဇာတ်ကြီး ဆယ်ဘွဲ့ကို အတိုကောက်အားဖြင့် “တေ, ဇ, သု, နေ, မ, ဘူ, စံ, နာ, ဝိ, ဝေ”ဟူ၍ ခေါ်စမှတ် ပြုကြကုန်၏၊

ယင်း ဇာတ်ကြီးဆယ်ဘွဲ့ကို သင်ကြားလေ့လာလျှင် ဗဟုသုတလည်း အလွန် ကြွယ်ဝခြင်း, ဘုရားမြတ်စွာ သာသနာကိုလည်း ကျနစွာ ကြည်ညိုသက်ဝင်ခြင်း, မြန်မာစာအရေးအသား ကျွမ်းကျင်ခြင်း စသော အတိုင်းအဆမရှိသော အကျိုးများကို မုချပုံသေ ရနိုင်လေသည်။

ဇာတကဒသကံ နာမ, အတီဝ ရာမဏီယျကံ၊
ပရိစယေန ဧတဿ, ဗဟုဿုတော ဝိသာရဒေါ။

သင်ကြားလေ့ရှိခဲ့ခြင်း

▬▬▬▬▬▬▬▬

ရှေးယခင်က ဘုန်းတော်ကြီးကျောင်းများ၌ ယင်းဇာတ်ကြီးဆယ်ဘွဲ့ကို သင်ကြား ပေးလေ့ရှိရာ ထူးချွန်သည့် ပညာရှင်များစွာတို့ ပေါ်ထွန်းခဲ့ကုန်၏၊ ယင်း ဇာတ်တော်ကြီးများမှာ စာအုပ်အဖြစ် စီစဉ်လိုက်သောအခါ တတွဲ တတွဲလျှင် စာမျက်နှာ ၆၀ဝ, ၇၀ဝ-စသည်ရှိ၏၊ သာမန် ဇွဲဝီရိယဖြင့် ကုန်စင်အောင် မသင်နိုင်ကြချေ။

ဇာတကပဉ္ဇကံ နာမ, ဝိတ္ထိဏ္ဏံ သာရပူရိတံ၊
ဘိက္ခုနံ ဝိဇ္ဇာလယေပိ, ပုဗ္ဗေ ပရိစယံ ကရုံ။

ရှင်သောဘန ဇာတ်ကြီးဆယ်ဘွဲ့ သင်ယူတော်မူခြင်း

▬▬▬▬▬▬▬

ဥပဇ္ဈာယ်ဆရာတော် အရှင်အာဒိစ္စသည် အရှည်မြင်မြော် ဒီဃဒဿီဆရာတော် ဖြစ်လေသည်၊ မိမိ၏တပည့် ရှင်သောဘနကို မြန်မာစာပေ အရေးအသား အစီအကုံး ၌လည်း ထိပ်တန်းရောက်စေလိုသည်၊ သို့ဖြစ်၍ ဖော်ပြပါ “တေ, ဇ, သု, နေ, မ, ဘူ, စံ, နာ, ဝိ, ဝေ”ဟူသော ဇာတ်ကြီးဆယ်ဘွဲ့ကို အပြီးတိုင် သင်ယူစေတော် မူခဲ့လေသည်။

ဇာတကပဉ္စကံ သော ဟိ, သောဘနော သောဘနေ ရတော၊
ဥဂ္ဂဟေတွာ ဇာတကေသု, ဆေကော ဝိသာရဒေါ အဟု။

စာပေဖြင့် အချိန်ကို ကုန်လွန်စေခဲ့

▬▬▬▬▬▬▬▬▬

သာမဏေ ရှင်သောဘနသည် -

ကာဗျသတ္ထဝိနောဒေန, ကာလော ဂစ္ဆတိ ဓီမတံ၊
ဗျသနေန စ မူဠှာနံ, နိဒ္ဒါယ ကလဟေန ဝါ။

ဟူသော ဂါထာဝယ် ရှေ့ ၂-ပါဒလာ နီတိနှင့်အညီ ကျင့်ကြံတော်မူသည်၊ ထာဝစဉ် စာပေဖြင့်သာ အချိန်ကုန်လွန် စေတော်မူသည်၊ သို့ဖြစ်ရကား ရှင်သောဘနအဖို့ အလဟဿ အချိန်ဟူ၍ မရှိချေ၊ အချိန်ရှိတိုင်း အလုပ်ဖြစ်လေသည်။

ဝယသာ တရုဏေယေဝ, ဥဿာဟဝါ သုဓီတိမာ၊
သတ္ထာနံ ဝါစနေနေဝ, ကာလံ ခေပေတိ ဗုဒ္ဓိမာ။

ဝိနည်းပါဠိတော် ၅-ကျမ်း

▬▬▬▬▬▬▬▬▬

ဝိနည်း ၅-ကျမ်းသည် ရဟန်းသံဃာတော်များအတွက် ဘုရားဇိနော် ပညတ် ထုတ်ပြန်တော်မူအပ်သော သိက္ခာပုဒ် ဥပဒေတော် အမျိုးမျိုးတို့၏ တည်ရာ ကျမ်းကြီးများဖြစ်သည်၊ ယင်းဝိနည်း ၅-ကျမ်းမှာ ပါရာဇိကပါဠိ, ပါစိတ္တိယ ပါဠိ, မဟာဝဂ္ဂပါဠိ, စူဠဝဂ္ဂ ပါဠိ, ပရိဝါရပါဠိ အားဖြင့် ၅-ကျမ်းဖြစ်၏။ ယင်း ၅-ကျမ်းအနက် ပါရာဇိကပါဠိမှာ ဆဋ္ဌသင်္ဂါယနာ စာတော်မူ ၃၈၁, ပါစိတ္တိယပါဠိ ၄၇၀, မဟာဝဂ္ဂပါဠိ ၅၁၁, စူဠဝဂ္ဂပါဠိ ၅၀၈, ပရိဝါရ ပါဠိ ၃၉၀-အသီးအသီး ရှိလေသည်၊ ဖော်ပြပါ ဝိနည်း ပါဠိတော်ကြီးများမှာ စိတ်ဝင်စားစရာ ကောင်းလှ၏၊ ဝိနည်းပါဠိတော်ကြီးများကို လေ့လာကြည့်ရှု သင်ယူရလျှင် ဘုရားရှင် မဟာကရုဏာတော်ကိုလည်း ကြည်ညို မဆုံးနိုင် ဖြစ်ရလေသည်။

ဝိနယပိဋကံ တံ ဟိ, ဂမ္ဘီရံ ဒုန္နယံ သုဘံ၊
ကရုဏာယ စောဒိတေန, ဗုဒ္ဓေန ပညတ္တံ ဟိ ခေါ။

ဝိနည်းအဋ္ဌကထာကျမ်းကြီးများ

▬▬▬▬▬▬▬▬▬

သာသနာသက္ကရာဇ် ၉၅၀-ခန့်တွင် ကျမ်းပြုလိမ္မာ အဋ္ဌကထာဆရာ အရှင်မဟာ ဗုဒ္ဓဃောသသည် အဋ္ဌကထာသစ်များကို စီရင်တော်မူခဲ့လေရာ ဝိနည်း ၅-ကျမ်း အဋ္ဌကထာများကို စီရင်တော်မူခဲ့သည်၊ ယင်း ဝိနည်း အဋ္ဌကထာများမှာ ပါရာဇိကဏ် အဋ္ဌကထာ ပထမတွဲ, ပါရာဇိကဏ်အဋ္ဌကထာ ဒုတိယတွဲ, ပါစိတျာဒ်အဋ္ဌကထာ, စူဠဝဂ္ဂါဒိ အဋ္ဌကထာအားဖြင့် ၄-တွဲရှိသည်၊

ယင်း ၄-တွဲအနက် ပါရာဇိကဏ်အဋ္ဌကထာ ပထမတွဲမှာ ဆဋ္ဌသင်္ဂါယနာ စာတော်မူ ၃၄၅, ပါရာဇိကဏ် အဋ္ဌကထာ ဒုတိယတွဲမှာ ၃၁၂, ပါစိတျာဒိအဋ္ဌကထာမှာ ၄၃၇, စူဠဝဂ္ဂါဒိအဋ္ဌကထာမှာ ၂၆၅-အသီးသီးရှိလေသည်၊ ယင်း ကျမ်းကြီးများမှာလည်း ခက်ခဲကျယ်ဝန်းသည်၊ ဉာဏ်ပညာရှိသူ, ဇွဲဝီရိယရှိသူ တို့၏ အရာဖြစ်လေသည်။

ဝိနည်းပါဠိ, အဋ္ဌကထာများကို သင်ယူခြင်း

▬▬▬▬▬▬▬▬▬

ဥပဇ္ဈာယ်ဆရာတော် အရှင်အာဒိစ္စသည် မိမိတပည့် ရှင်သောဘန၏ ဉာဏ်ရည် ဉာဏ်သွား စွမ်းပကားကို အားရတော်မူသည်၊ သိတော်မူသည်၊ ဗျာကရုဏ်းကျမ်းများ မချပဲ ဝိနည်းပိဋကကို အဋ္ဌကထာတွဲဖက်၍ ချပို့လျှင် ဖြစ်လောက်သည်ဟု ပိုင်ပိုင်မိမိ သိတော်မူသည်၊ သို့ဖြစ်၍ ရှင်သောဘနအား သဒ္ဒါ, သင်္ဂြိုဟ်စသည့် ပိဋကအခြေခံ ကျမ်းများကို ချပို့ပေးတော်မမူပဲ ဇာတ်ကြီးဆယ်ဘွဲ့ကို သင်ယူစေတော်မူပြီး ဖော်ပြပါ ဝိနည်းပါဠိတော်ကြီးများကို ဖော်ပြပါ အဋ္ဌကထာကြီးများ တွဲဖက်၍ ချပို့ပေးတော် မူသဖြင့် သင်ယူတတ်မြောက်တော်မူခဲ့လေသည်၊ ဆရာတော် လောင်းလျာကား အံ့ဩလောက်အောင် ဉာဏ်ပညာ ထက်မြက်သူပေတည်း။

သန္တိကေ ဥပဇ္ဈာယဿ, ဝိနယပိဋကံ သုဘံ၊
သာဋ္ဌကထံ ဥဂ္ဂဟေတွာ, တေသု ဆေကော ဝိဒူ အဟု။

များများမြန်မြန် သင်ယူ နှုတ်ရ ဆောင်သင့်သည်ကိုလည်း ဆောင်

▬▬▬▬▬▬▬▬▬

ဆရာတာ်လောင်းလျာ သာမဏေရှင်သောဘနသည် -

ဗဟုံ လဟုံ စ ဂဟဏံ, သမ္မူပဓာရဏမ္ပိ စ၊
ဂဟိတအာသမ္မုဿနံ, ဧတံ သုဝိညုလက္ခဏံ။

ဗဟုံ လဟုံ စ - များများမြန်မြန်လည်း၊
ဂဟဏံ - အတတ်ပညာကို သင်ယူခြင်း လည်းကောင်း၊
သမ္မူပဓာရဏမ္ပိ စ - ကောင်းစွာအာဂုံ နှုတ်တက်ဆောင်ရွက်နိုင်ခြင်း လည်းကောင်း၊
ဂဟိတအသမ္မုဿနံ(စ) - သင်ယူအပ်သမျှကို မမေ့မပျောက်အောင် အလေ့အလာ ပြုခြင်း လည်းကောင်း၊
ဧတံ - များများသင် မြန်မြန်တတ် အာဂုံဆောင် သင်ယူအပ်သမျှ မမေ့ပျောက်ခြင်း ဟူသော ဤလက္ခဏာ ၄-ပါးသည်၊
သုဝိညုလက္ခဏံ - ထိပ်တန်း ပညာရှင်ဖြစ်မည့် လက္ခဏာတည်း။

ဟူသည်နှင့်အညီ -
များများလည်း သင်ယူ၏၊
မြန်မြန်လည်း သင်ယူ၏၊
သင်ယူပြီးသမျှကို ဆောင်မှတ်၏၊ မမေ့လည်း မမေ့ပျောက်၊
သို့ဖြစ်၍ သာမဏေဝတ်နှင့်ပင် စာပေကျမ်းဂန် များစွာတို့ကို တတ်မြောက် ကျွမ်းကျင်တော်မူခဲ့လေသည်

ဒဟရော ယုဝါ သမာနော, ဂန္ထဇာတေသု ကောဝိဒေါ၊
ဝိညူ ပဏ္ဍိတဇာတိကော, ကာမံ အစ္ဆရိယော ဘဝေ။

ကစ္စည်းသဒ္ဒါကြီး

▬▬▬▬▬▬

ကစ္စည်းသဒ္ဒါကြီးသည် သုတ်ပေါင်း ၆၇၃-သုတ်မျှ ပိဋကတ် ၃-သွယ် နိကာယ် ၅-ရပ် ပါဠိ, အဋ္ဌကထာ, ဋီကာ ကူးခတ်နည်း ချဉ်းနင်းနည်းကို ကျနပိုင်နိုင်စွာ နည်းပေးသည့် ထိပ်တန်း ဗျာကရုဏ်းကျမ်း ဖြစ်လေသည်၊ ယင်းကစ္စည်းကျမ်း ပေါ်ထွန်းချိန်ကို အေဒီ ၅-ရာစု, သို့မဟုတ် ၆-ရာစုလောက်တွင် ပေါ်ထွန်းကြောင်း ခန့်မှန်းကြသည်၊ ယင်းကစ္စည်းသဒ္ဒါကြီးသည် မြန်မာပြည် သာသနာ့ဝန်ထမ်းတို့အဖို့ မသင်မနေရ ကျမ်းကဲ့သို့ ဖြစ်လေသည်၊ အလွန်လျှင် ကျစ်လျစ် သိုသိပ် ကောင်းမွန်သော ဗျာကရုဏ်းကျမ်း ဖြစ်၏၊ ပိဋက ၃-ပုံ သမုဒ္ဒရာကူးခတ်ရန် ယာဉ်ကောင်းပေတည်း။

ကစ္စာယနသုဂန္ထောပိ, သုခုမော ဝိညုမာနိတော၊
တိပေဋကသာဂရဿ, တရဏာယ ယာနံဟိ ဝေ။

ဆရာတော်လောင်းလျာ ကစ္စည်းသဒ္ဒါကြီး သင်ယူခြင်း

▬▬▬▬▬▬▬▬▬

ဆရာတော်လောင်းလျာသည် ဖော်ပြပါ ကစ္စည်းသဒ္ဒါကြီးကျမ်းကိုလည်း ဥပဇ္ဈာယ် ဆရာတော် အရှင်အာဒိစ္စထံ၌ သင်ယူတော်မူခဲ့လေသည်၊ ဥပဇ္ဈာယ်ဆရာတော်သည် တပည့်၏ ဉာဏ်ရည် ဉာဏ်စွမ်းကို ယုံကြည်ပြီး ဖြစ်သဖြင့် သဒ္ဒါကြီးကို အနက် လောက်သာ ချပေးပြီး ရုပ်တွက်ပုံစသည်တို့ကို သီးခြားသင်ပြ ပေးတော်မမူပဲ နန်းကျောင်းမူသဒ္ဒါကြီးနိဿယ, ဒက္ခိဏာဝန်မူသဒ္ဒါကြီး နိဿယတို့ကို ကြည့်ရှုစေ တော်မူသည်၊ ဆရာတော်လောင်းလျာ ရှင်သောဘနသည် ဥပဇ္ဈာယ် ဆရာတော် ပေးအပ်သည့် နန်းကျောင်းမူသဒ္ဒါကြီးနိဿယ, ဒက္ခိဏာဝန်မူသဒ္ဒါကြီးနိဿယတို့ကို ကြည့်ရှုလေ့လာခြင်းဖြင့် ရုပ်တွက်ပုံ ရုပ်တွက်နည်း အဆုံးအဖြတ်၌ ကျွမ်းကျင်တော် မူခဲ့လေသည်

အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း

▬▬▬▬▬▬▬▬▬

အဘိဓမ္မတ္ထသင်္ဂဟခေါ် အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်းသည် ကရောင်း ၁၆-ချိုး ဆိုက်ငယ်ဖြင့် စာမျက်နှာ ၁၅၀, ၁၆၀-ခန့်ရှိသော ကျမ်းငယ်ကလေးဖြစ်၏၊ သို့ရာတွင် ချဲ့ဖွင့်လိုက်လျှင်ကား အဘိဓမ္မာ ၇-ကျမ်းနှင့်အမျှ ကျယ်ဝန်းလှ၏၊ ကျမ်းပြုသူမှာ ကဥ္စိဝရ (ကဥ္စိပူရ) တိုင်း ကာဝေရီမြို့ဇာတိ ပဝတ္တိသီဟိုဠ်ကျွန်း အနုရုဒ္ဓါထေရ် ဖြစ်၏။

အဘိဓမ္မတ္ထသင်္ဂဟံနာမ, ဂမ္ဘီရံ ဒုဒ္ဒသံ သုဘံ၊
အနုရုဒ္ဓါစရိယေန, ရစိတံ သာဓုထောမိတံ။

ဆရာတော်လောင်းလျာ အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း သင်ယူ

▬▬▬▬▬▬▬▬▬

ဆရာတော်လောင်းလျာသည် ဖော်ပြပါ အဘိဓမ္မတ္ထ သင်္ဂြိုဟ်ကျမ်းကိုလည်း ကျေးဇူးရှင် ဥပဇ္ဈာယ်ဆရာတော် အရှင်အာဒိစ္စထံ သင်ယူတော်မူခဲ့လေသည်၊ သင်္ဂြိုဟ်ကျမ်းလာ သရုပ်သဘော ဇောဝီထိ စသည်တို့ကို ကြေညက်အောင် ခွဲခြင်း, မှတ်ခြင်း, ပါဠိကို နှုတ်ရဆောင်ခြင်းဖြင့် သင်္ဂြိုဟ်ကျမ်းကို ပိုင်နိုင်အောင် သင်ယူတော်မူခဲ့လေသည်

ဘိဓမ္မတ္ထသင်္ဂဟမ္ပိ, ဥဂ္ဂဏှိ ဥဂ္ဂဟေ ဝိဒူ၊
ဥပဇ္ဈာယဿ ထေရဿ, သန္တိကေ သောဘနော ဝိဒွါ။

ပဒရူပသိဒ္ဓိကျမ်း

▬▬▬▬▬▬

ပဒရူပသိဒ္ဓိကျမ်းသည် ကျစ်လျစ်၏၊ သိုသိပ်၏၊ ကောင်းမွန် ပြည့်စုံ၏၊ မြန်မာနိုင်ငံ ၌ကား ယင်း ပဒရူပသိဒ္ဓိကျမ်းကို ကျမ်းစာပေါ်ထွန်းရာ သီဟိုဠ်ကျွန်းထက်ပင် အသုံးများသည်၊ ဆရာတော်ဦးဗုဓ်နိဿယ ရေးသား ပြုစီရင်တော်မူခဲ့သည်ကို ထောက်၍ ကုန်းဘောင်ခေတ် အလယ်ပိုင်းလောက်ကပင် မြန်မာပြည် သာသနာတော်၌ လွန်စွာခေတ်စား အသုံးများသော ကျမ်းဖြစ်ကြောင်း သိသာသည်။

နောက်တထစ် မုံရွာမြို့ လယ်တီဆရာတော်ဘုရားကြီးနှင့် တပည့်စဉ်ဆက်တို့ တွင်တွင်ကျယ်ကျယ် ချပို့တော်မူကြရာ ယခုတိုင် အရှိန်ကောင်းပြီး သာသနာ့သင်ရိုး ညွှန်းတမ်းကျမ်းများတွင် ပါဝင်ကာ အသုံးများလှသော ကျမ်းကြီးဖြစ်လေသည်၊ ကျမ်းပြုသူမှာ မူလဋီကာဆရာတော်၏တပည့် သီဟိုဠ်ကျွန်းတခွင်တွင် တိပိဋကဓရ ဆရာတော်အဖြစ် အလွန်လျှင် ထင်ရှားခဲ့သည့် ပဇ္ဇမဓုကျမ်း, ပဒရူပ သိဒ္ဓိဋီကာကျမ်း စသည်တို့ကို ပြုစီရင်တော်မူခဲ့သည့် အရှင်ဗုဒ္ဓပ္ပိယထေရ် ဖြစ်လေသည်။

ဆရာတော်လောင်းလျာ ပဒရူပသိဒ္ဓိကျမ်းကို လေ့လာခြင်း

▬▬▬▬▬▬▬▬▬

မဟာစည်ဆရာတော်လောင်းလျာ သာမဏေရှင်သောဘနသည် အလွန်လျှင် ဉာဏ်ပညာ ထူးချွန်သည့် ပုဂ္ဂိုလ်ထူး ဖြစ်သည်၊ ဖော်ပြပါ ပဒရူပသိဒ္ဓိကျမ်းကို “စက္ကိန္ဒာဘိဓဇမဟာဓမ္မရာဇာဓိရာဇဂုရု” “စက္ကိန္ဒာဘိသိရီ သဒ္ဓမ္မဓဇ မဟာဓမ္မရာဇာ ဓိရာဇဂုရု” ဘွဲ့တံဆိပ်တော် ၂-ထပ်ရ ညောင်ကန်ဆရာတော် ဦးဗုဓ်၏ နိဿယနှင့် တိုက်ဆိုင်ကြည့်ရှုလေ့လာခြင်းဖြင့် ပဒရူပသိဒ္ဓိကျမ်းကို တဘက်ကမ်းပေါက်ရောက် တတ်မြောက်အောင် လေ့လာတော်မူခဲ့လေသည်၊ ပဒရူပသိဒ္ဓိကျမ်းဖြင့် လိင်, ဂိုဏ်း, ကာရန်, ပုဒ်နေ, ပုဒ်ထား, ပုဒ်သွား, ပုဒ်လာ စသည်တို့ တတ်မြောက်တော်မူခဲ့လေသည်။

သုပဒရူပသိဒ္ဓိမ္ပိ, နိဿယသဟိတံ သုဘံ၊
ပရိစယံ ကရိတွာန, တာယ ဆေကော ဝိသာရဒေါ။

မုခမတ္တဒီပနီမည်သော နျာသပါဌ်

▬▬▬▬▬▬▬▬▬

နျာသကျမ်း၏ အမည်ရင်းမှာ မုခမတ္တဒီပနီဖြစ် ၏၊ ကစ္စည်းသဒ္ဒါကြီးကို ဖွင့်ဆိုသည့် ကျမ်းတို့တွင် နျာသသည် ဦးလည်းဦး၏၊ ကောင်းလည်းကောင်း၏၊ ပုဂံခေတ်, အင်းဝခေတ်, ကုန်းဘောင်ခေတ် ရှေ့ပိုင်းတိုင်အောင် မြန်မာသာသနာ့ ဝန်ထမ်းတို့ လွန်စွာအလေ့အလာပြုကြသည်၊ နောက်တွင် ပဒရူပသိဒ္ဓိ တွင်ကျယ်လာလေရာ နျာသကို တဖြည်းဖြည်း အသုံးနည်းလာလေသည်၊ ကျမ်းပြုသူမှာ နာမည်ကျော် ဝဇီရဗုဒ္ဓိဋီကာကျမ်းကို ကြိုးပမ်းစီရင်တော်မူသော သီဟိုဠ်ကျွန်း အရှင်ဝဇီရဗုဒ္ဓိထေရ် ဖြစ်၏၊ အရှင်ဝိမလဗုဒ္ဓိထေရ် စီရင်သည်ဟုလည်း ဆိုကြသည်၊ ၁၉၂၉-ခုနှစ် ဇမ္ဗူ့မိတ်ဆွေ ပိဋကတ်ပုံနှိပ်တိုက်ရိုက် ရွိုင်ဆိုက်စာမူ ၄၇၆ ရှိ၏။

ဆရာတော်လောင်းလျာ နျာသကိုလေ့လာခြင်း

▬▬▬▬▬▬▬▬

ဆရာတော်လောင်းလျာသည် အလွန်ကို ဉာဏ်ထက်မြက်သည်၊ ပညာသံဝတ္တနိက ရှေးကံကြောင့် စာပေကျမ်းဂန်တို့ကို လွယ်ကူစွာ ချဉ်းနင်းနိုင်လေသည်၊ အလွန် တရာမှ ခက်ခဲလှသော မုခမတ္တဒီပနီ အမည်တင့်ဆန်း ဖော်ပြပါ နျာသကျမ်းကြီးကို “ဉာဏာလင်္ကာဘိသဒ္ဓမ္မဓဇမဟာဓမ္မရာဇဂုရု” သွင်းထုခတ်နှိပ် တံဆိပ်တော်ရ ဆင်တဲဆရာတော် အရှင်ဉာဏသဒ္ဓမ္မပြုစီရင်သည့် နျာသနိဿယနှင့် တိုက်ဆိုင် ကြည့်ရှုလေ့လာခဲ့လေရာ နျာသကျမ်း၌ တတ်သိကျွမ်းကျင် ပါရင်ပေါက်ရောက် တတ်မြောက်တော်မူခဲ့လေသည်

နျာသပကရဏမ္ပိ, နိဿယသဟိတံ ဟိ သော၊
ဩလောကေတွာ နိဇ္ဈာယိတွာ, တမှိ ဆေကော ဝိဒူ အဟု။

ဋီကာကျော်ပါဌ်

▬▬▬▬▬▬

ဋီကာကျော်ကျမ်းသည် ထိပ်တန်းကျမ်းခက် ဖြစ်သည်၊ နာမည်ရင်းမှာ အဘိဓမ္မတ္ထဝိဘာဝိနီဋီကာ ဖြစ်၏၊ သာသနာသက္ကရာဇ် ၁၇၀၇-၁၇၄၀ တွင် သီဟိုဠ်ကျွန်း ပုလတ္ထိမြို့တွင် နန်းတက်သည့် မဟာပရက္ကမဗာဟု မင်းကြီး လက်ထက်တွင် ဝိနယသင်္ဂဟအဋ္ဌကထာ, သာရတ္ထဒီပနီဋီကာ, အင်္ဂုတ္တိုရ်ဋီကာ, အဘိဓမ္မတ္ထသင်္ဂဟသီဟိုဠ် နိဿယ, ဝိသုဒ္ဓိပထသင်္ဂဟ, ကမ္မဋ္ဌာနသင်္ဂဟ, မင်္ဂလသုတ္တဋီကာ, ပဥ္စိကာလင်္ကာရဋီကာ စသည့် ကျမ်းဂန်များစွာတို့ကို ပြုစီရင်တော်မူခဲ့သော အရှင်သာရိပုတ္တရာ၏ တပည့် အဘိဓမ္မာဝတာရဋီကာသစ် (အဘိဓမ္မတ္ထဝိလာသိနီ ဋီကာ)ကိုလည်း ပြုစီရင်တော်မူသည့် အရှင်သုမင်္ဂလသာမိ ထေရ် ပြုစီရင်တော်မူသည့် ကျမ်းဖြစ်သည်၊

ယင်းဋီကာကျော်ကျမ်းသည် ဗုဒ္ဓသာသနာအဖွဲ့ ပုံနှိပ်တိုက်ရိုက် ရွိုင်ဆိုက် ၂၇၉-စာမျက်နှာရှိသည်၊ “ဋီကာကျော်”ဟူရာ၌ “ဋီကာ”တပုဒ် ‘ကျော်’ တပုဒ်တည်း။ ဋီကာသည် ပါဠိစကားဖြစ်၏၊ “ဋီကိယတိ ဇနီယတိ အဋ္ဌကထာယ အတ္ထော ဧတာယာတိဋီကာ”ဟူသော ဝိဂြိုဟ်အရ အဋ္ဌကထာ၏ အနက်အဓိပ္ပါယ် သဘော သကန်ကို အကျယ်ဖွင့်ပြရာ ဖြစ်သောကြောင့် ဋီကာမည်၏၊ ပါဠိတော်၏ အဖွင့်သည် အဋ္ဌကထာမည်၏။ အဋ္ဌကထာ၏အဖွင့်သည် ဋီကာမည်၏၊ ဋီကာ ကျမ်းပေါင်းကား များစွာရှိလေသည်၊ ဤဋီကာကျော်ကား အဘိဓမ္မာ ၇-ကျမ်းလာ စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်တို့ကို အကျဉ်းချုံး၍ အရှင်အနုရုဒ္ဓါ ရေးသား စီရင်အပ်သော အဘိဓမ္မတ္ထသင်္ဂဟမည်သော သင်္ဂြိုဟ်ကျမ်း၏ အဖွင့်ဖြစ်သည်။

ကျော်” ဟူသော စကားကား ကျော်စောကိတ္တိ, ကျော်စောထင်ရှားသော အနက်ရှိသော မြန်မာစကား စစ်စစ်ဖြစ်သည်၊ ဋီကာကျမ်းများနှင့်တကွ သင်္ဂြိုဟ်ကျမ်း ၏အဖွင့် သင်္ဂြိုဟ်ဋီကာဟောင်း, သင်္ခေပဝဏ္ဏနာဋီ ကာများကို ကျော်မတပ်ပဲ ဤ အရှင်သုမင်္ဂလသာမိ၏ ဋီကာကိုမှ ကျော်တပ်ခဲ့ခြင်း၏ အကြောင်းကား ဤသို့တည်း။

အရှင်သုမင်္ဂလသာမိ၏ ဋီကာသည် မြန်မာနိုင်ငံသို့ ရောက်ခဲ့လေရာ စာချ ဆရာတော်များအစဉ်အဆက် ချပို့သောအခါ ပေါ်လွင်ထင်ရှား အဓိပ္ပာယ် စကားလုံး လှပသဖြင့် “ဋီကာလှ” ဟု ဦးစွာပထမတွင်သ ည်၊ သက္ကရာဇ် ၈၀၄-ခုနှစ် အင်းဝ နေပြည်တော် နရပတိမင်းလက်ထက် အရှင်အရိယဝံသသည် စစ်ကိုင်းတောင်ရိုး ရေငုံချောင်သို့ ရောက်ရှိ၍ ရေငုံဆရာတော်ထံ ခွင့်တောင်းပြီးလျှင် ဤဋီကာကျမ်းကို အထွက်, အတက်, သံဝဏ္ဏနာဆက္က, အချက်ကျကျ နယစုံစွာ ပို့ချသင်ကြားတော် မူသည်၊ ထိုအချိန်အခါမှ ဋီကာကျော် ကျမ်းဦးအစ ရတနတ္တယပဏာမ အဖွင့်ပလ္လင် တို့မျှဖြင့် ပညာမျက်စိအလင်းကို ရရှိလေသဖြင့် ကဝိမုံသောက် ပေါက်သားဇာနည် ကျမ်းတတ်ပုဂ္ဂိုလ်ကျော်မြတ် ဖြစ်ရသည်ကို အကြောင်းပြု၍ “ကျော်ရော့ဟဲဋီကာ” ဆိုသော ဆရာစဉ်ဆက်တို့၏ စကားအရ ဋီကာလှ အမည်ပျောက်၍ ဋီကာကျော် အမည်ဖြင့် ထင်ရှားလေသည် ၊ အရှင်အရိယဝံသသည်လည်း ထိုဋီကာကျော်၏ အဖွင့် မဏိသာရမဉ္ဇူသာ မည်သော ကျမ်းကြီးကို စီရင်တော်မူခဲ့လေသည်၊ ယင်းသို့ဖြင့် အရှင်သုမင်္ဂလ၏ ဋီကာကား ၃-မည်ရ, ၃-ဘွဲ့ခံဖြစ်လေသည်။

သုမင်္ဂလဿ ဋီကာ ဟိ, တိဓာ နာမေန ပါကဋာ၊
အဘိဓမ္မတ္ထဝိဘာဝိနီ, ဋီကာလှ အဝှယေနပိ၊
ဋီကာကျော် ဣတိနာမေန, သာသနေ သာရသမ္မတေ။

ဋီကာကျော်ကျမ်းကို သင်ယူခြင်း

ဆရာတော်လောင်းလျာ ရှင်သောဘနသည် ဥဇ္ဈာယ်ဆရာတော်ထံ ဖေါ်ပြပါ အဘိဓမ္မတ္ထဝိဘာဝိနီ, ဋီကာလှ, ဋီကာကျော်-ဟူသော အမည်ဖြင့် ကျော်စော ကိတ္တိ ရှိလှသော အရှင်သုမင်္ဂလသာမိ၏ သင်္ဂြိုဟ်ဋီကာကို ကျေးဇူးရှင် ဥပဇ္ဈာယ် ဆရာတော်ထံ ဆိုဝါဖြင့် သင်ယူတော်မူခဲ့လေသည်၊ ရှင်သောဘနကား မိုးဝကောင်းကင် သိန္ဓောနှင်သလို လျင်မြန်စွာ ကြည်လင်ပြတ်သားသော အသံဖြင့် ရွတ်ဆိုသင်ယူတော်မူခဲ့လေသည်။

ဋီကာကျော် ဂန္ထသေဋ္ဌမ္ပိ, သေဋ္ဌတ္တံ ဣစ္ဆန္တော ဝိဒွါ၊
ဥဂ္ဂဟံ မဟုဿာဟေန, ထေရဿ သန္တိကေ အကာ။

ဋီကာကျော်ကျမ်းကို အာဂုံဆောင်ခြင်း

ဆရာတော်လောင်းလျာသည် ဋီကာကျော်ကို ဆရာထံ တက်စကတည်းက စိတ်ဝင်စားသည်၊ ဋီကာကျော် စာနေစာသွား အရေးအသားကား ဆရာတော် လောင်းလျာ ၏ အာနှင့် လျှာနှင့် အံဝင်ခွင်ကျဖြစ်သည်၊ သို့ဖြစ်၍ ဋီကာကျော်ကို နှုတ်ရဆောင်လိုစိတ်တွေ ဖြစ်ခဲ့သည်၊ ယင်းသို့ အကြံဖြစ်သည့်အတိုင်း ဋီကာကျော် တကျမ်းလုံး နှုတ်ရဆောင်တော်မူခဲ့လေသည်၊ ယင်းသို့ နှုတ်ရဆောင်ရာ၌ ပင်ပန်းကြီးစွာ မကျက်မအံရ, သာမန် လှုပ်ကာ ရှားကာနှင့် ဋီကာကျော်ကျမ်းကို ကရားရေလွှတ် တတွတ်တွတ် ရတော်မူခဲ့လေသည်။ လက်ဖျစ်ရိုက်တီး မြေတုန် ဟည်းအောင် အံ့ချီးထိုက်သည့် ပုဂ္ဂိုလ်ပါပေတည်း။

ဋီကာကျော်ဂန္ထသေဋ္ဌမ္ပိ, မုခါရုဠှံ ကရီ သုဓီ၊
ဗျတ္တော တသ္မိံ ဂန္ထေပိ, ပါရဂေါ အကထံကထီ။

ဂဏနဂမ္ဘီရခေါ် ဂဏန်းကျမ်းကြီး လေ့လာတွက်ချက်

မဟာစည်ဆရာတော်လောင်းလျာ ရှင်သောဘနကား ကျက်ဉာဏ်သာ ကောင်းသည် မဟုတ်သေး၊ အနက်အနဲ အခက်အခဲကို ဖျက်ခွဲဖောက်ထွင်း သိမြင်နိုင်စွမ်းသည့် နက်နဲသောဉာဏ် (ဂမ္ဘီရ) ဉာဏ်နှင့်လည်း ပြည့်စုံသည့် ပုဂ္ဂိုလ်ထူး ဖြစ်သည်၊ သက် တော် ၁၆-နှစ်သားအရွယ်က ဂဏဂမ္ဘီရ (ဂဏနဂမ္ဘီရ)ခေါ် ဂဏန်းကျမ်း စာအုပ်ကြီးကို မိမိဘာသာ လေ့လာကြည့်ရှု တွက်ချက်ခြင်းဖြင့် သင်္ချာအရာ တတ်မြောက် ကျွမ်းကျင် နားလည်တော်မူခဲ့လေသည်။

ဂဏဂမ္ဘီရဂန္ထမ္ပိ, ဂမ္ဘီရဉာဏိကော ဝိဒွါ၊
သယံ ပရိစယိတွာန, ဂဏနေ ဝိဒွတ္တံ အကာ။

အရှင်အာဒိစ္စ လူဝတ်လဲသဖြင့် သံဝေဂဖြစ်ခြင်း

ဆရာတော်လောင်းလျာ၏ ဥပဇ္ဈာယ်ဆရာဖြစ်သော ပျဉ်းမနားကျောင်း ဆရာတော် အရှင်အာဒိစ္စသည် ဆရာတော်လောင်းလျာ ၁၇-နှစ်သား အရွယ်တွင် လူဝတ်လဲသဖြင့် ဆရာတော်လောင်းလျာ သံဝေဂဖြစ်ခဲ့သည်။

သံသာရဒေါဠအာရုဠှော, နရော ဥစ္စမ္ပိ ဧကဒါ၊
နီစမ္ပိ ဧကဒါ ယာတိ, ဝဇ္ဇံ ပုထုဇ္ဇနတ္တနံ။

သံသရာတည်းဟူသော ဧယဉ်ပုံခက် တက်စီးနေရသူမှာ ရံခါအမြင့် ရောက်လိုက် ရံခါအနိမ့် ရောက်လိုက်နဲ့ မတည်မြဲစွာ့ တကား၊ ပုထုဇဉ်အဖြစ် အပြစ် ကြီးမားလှချေ၏။

“ပစ္စည်း, မာတု, ဤနှစ်ခု, ဘိက္ခုအပ် ၂-စင်း” ဟူသည်နှင့်အညီ ရွှေငွေဓန စုဆောင်းတာရယ်, မာတုဂါမတွေ အရောဝင် ဆက်ဆံတာရယ် ဤ ၂-သွယ် အားဖြင့် ရဟန်းရဲ့အပ် ၂-စင်းပဲ၊ ရဟန်းကိုအပ်နှင့် ကလိတာပဲ။

ရှင်သောဘနသည် ဆရာတော် အရှင်အာဒိစ္စ လူဝတ်လဲသဖြင့် အားကိုးစရာ ဆရာ မရှိဖြစ်ခဲ့လေသည်။

ဟီနာယ အာဝတ္တနေန, အာဒိစ္စဿ တပဿိနော၊
သံဝေဂံ အလဘီ ဓီရော, သောဘနော သောဘနေ ရတော။

မြောင်းကြီးဆရာတော် အရှင်အာစာရ

ချည်ပါမြောက်ရွာ ရွှေသိမ်တော်ကျောင်း နာယကဆရာတော် အရှင်အာစာရသည် စာပေပို့ချ သင်ကြားမှု၌ ကျွမ်းကျင်တော်မူ၏၊ အထူးသဖြင့် သဒ္ဒတ္ထ ဘေဒစိန္တာ, ကစ္စာယနသာရ စသော သဒ္ဒါငယ်ကျမ်းခက်များကို နိုင်နင်းစွာ ချပို့နိုင်သည်၊ ဆရာတော်သည် မိမိထံမှောက် ရောက်ရှိလာသော စာသင်သားတို့ကို သဒ္ဒါ, သင်္ဂြိုဟ်, ဋီကာကျော်, ရူပသိဒ္ဓိ, ကင်္ခါ အစရှိသော ပိဋကတ် အခြေခံကျမ်းဂန်တို့ သေသပ် ကျနစွာ ချပို့တော်မူနိုင်၏။

ဘဒ္ဒန္တအာစာရော ထေရော, သွာစာရော သာသနေ သုဓီ၊
ဝါစယိတွာန သောတူနံ, ချည်ပါဂါမေ ဝသီ ဝသီ။

သဒ္ဒတ္ထဘေဒစိန္တာကျမ်း

သဒ္ဒတ္ထဘေဒစိန္တာကျမ်းသည် ပိဋကတ်သမုဒ္ဒရာကို ကူးခတ်ရာ၌ အလွန်လျှင် အထောက်အကူပြုသည့် ယာဉ်တစင်း ဖြစ်လေသည်၊ စာကောင်းပေမွန်ဟူ၍ အလွန်လျှင် ထင်ရှားခဲ့သည်၊ ဤဘေဒစိန္တာကျမ်း၌ ဂါထာ ၄၀ဝ-ရှိ၏၊ သို့ဖြစ်၍ ဒီဃဒဿီ အရှည်မြင်မြော် ပရိယတ္တိဝန်ဆောင် ဆရာတော်ဘုရားကြီးတို့သည် မန္တလေးမြို့, ပရိယတ္တိသာသနဟိတအသင်းက ကြီးမှူးကျင်းပသည့် သကျသီဟ စာသင်တန်း, ရန်ကုန်မြို့ စေတီယင်္ဂဏပရိယတ္တိ အသင်းက ကြီးမှူးကျင်းပသည့် စေတီယင်္ဂဏ စသည် စာမေးပွဲများတွင် စာသင်တန်း၌ သဒ္ဒတ္ထဘေဒစိန္တာကိုလည်း ပြဋ္ဌာန်းခဲ့ကြကုန်၏။

သာစွာ့ဌာနီ ပုဂံပြည်သာသနာရောင် တောက်စဉ်က ပုဂံသာသနာ၏ ထိပ်တန်း ပညာရှင်တပါး ဖြစ်တော်မူသော အရှင်သဒ္ဓမ္မသီရိမဟာထေရ်သည် ဤမည်သော သဒ္ဒတ္ထဘေဒစိန္တာကျမ်းကို ပြုစီရင်တော်မူခဲ့ လေသည်။

ကျမ်းဦး၌ -

သဒ္ဒတ္ထဘေဒဝါဒီနံ, ပဝရံ ဝရဝါဒိနံ၊
အဘိဝါဒိယ သဒ္ဒတ္ထ-ဘေဒစိန္တာဘိဓီယတေ။

ဟူသောဂါထာဖြင့် ဂန္ထာရမ္ဘပြုတော်မူ၍ မိမိရည်စူး မူချခဲ့သည့်အတိုင်း ကျမ်းစာကို အပြီးသတ်စီရင်တော်မူခဲ့လေသည်၊ အရှင်သဒ္ဓမ္မသီရိကား သမ္မာသမ္ဗောဓိဆုကြီးပန် ပုဂ္ဂိုလ်ဖြစ်သည့်အတိုင်း မလျှော့သောဇွဲလုံ့လဝီရိယ မြမြထက်သော ဉာဏ်ရည် ဉာဏ်သွားဖြင့် ပြုစီရင်တော်မူခဲ့ရာ ပညာရှိလုပ်မည့်သူတိုင်း ယင်း ဘေဒစိန္တာကျမ်းကို မျက်စိကျကြကုန်၏။

ဘေဒစိန္တာသုဂန္ထောပိ, ကဝိသေဋ္ဌေန ဂန္ထိတော၊
တရဏာယ သုနိကာယ သမုဒ္ဒဿ ယာနံ ဟိ ဝေ။

သဒ္ဒတ္ထဘေဒစိန္တာကျမ်းကို သင်ယူခြင်း

သာသနာတော် တဝက်လဲသည့် အနီး ခေတ်တလျှောက်တွင် အခက်အခဲကို ဖျက်ခွဲဖြိုခွင်း အလင်းဓာတ် ဖြည့်တင်းပေးမည့် မဟာထေရ်လောင်းလျာ ရှင်သောဘနသည် ဖော်ပြပါ ချည်ပါမြောက်ရွာ ရေသိမ်တော်ကျောင်း နာယက ဆရာတော် အရှင်အာစာရထံတွင် ဖော်ပြပါ သဒ္ဒတ္ထဘေဒစိန္တာကျမ်းကို ဆိုဝါဖြင့် သင်ယူတော်မူခဲ့လေသည်။

အာစာရထေရသီဟဿ, သွာစာရော သောဘနော ဝိဒွါ၊
ဘေဒစိန္တာသုဂန္ထဿ, သမ္မာသော သိက္ခနံ အကာ။

၁။ ဣမိနာ လဘိတပုညေန, ပါပုဏေယျမနုတ္တရံ၊
တံ ပတွာ သကလေ သတ္တေ, မောစေယျံ ဘဝဗန္ဓနာ။

ဘေဒစိန္တာကို နှုတ်ရဆောင်ခြင်း

သဘောဉာဏ်လည်းသက်, ကျက်ဉာဏ်လည်း ထက်သော ရှင်သောဘနသည် ဂါထာ ၄၀ဝ-ရှိ သဒ္ဒတ္ထဘေဒစိန္တာကျမ်းကို တရားရေလွှတ် တတွတ်တွတ်ရအောင် ကျက်ဆောင်တော်မူခဲ့လေသည်။

သဒ္ဒတ္ထဘေဒစိန္တမ္ပိ, ဝါစုဂ္ဂတံ ကရီ သုဓီ၊
သုစိန္တာမယဉာဏာယ, သဒါ ဥယျုတ္တမာနသော။

အင်္ဂလိပ်ဘာသာကို လေ့လာခြင်း

ဆရာတော်လောင်းလျာသည် ချည်ပါရွာ ရွှေသိမ်တော်ကျောင်းမှာနေစဉ် မိမိနှင့် ဆွေမျိုးတော်စပ်သော ဦးပဉ္စင်း ဦးစန္ဒိမာ ထံတွင် အင်္ဂလိပ်ဘာသာကိုလည်း အတော်အသင့် သင်ယူတော်မူခဲ့လေသည်။

အင်္ဂလိဘာရတိံ စာပိ, ဥဂ္ဂဏှိ ဥဂ္ဂဟာပရော၊
စန္ဒိမာဉာတိသေဋ္ဌဿ, သန္တိကေ ဝီရိယဝါ သုဓီ။

အင်ကြင်းတောစေတီတော်ကြီး

ဆိပ်ခွန်ရွာကြီး၏ အနောက်မြောက်ယွန်း တာ ၄၀ဝ-ခန့် အကွာတွင် အင်ကြင်းတော စေတီတော်ကြီး တည်ရှိလေသည်၊ နတ်, လူ, ဗြဟ္မာ, သတ္တဝါတို့၏ အကြည်ညို, အကိုးကွယ်ကို ခံယူတော်မူလျက်ရှိသည်၊ သီရိဓမ္မာသောကမင်း, နရပတိစည်သူမင်း, ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီး စသူတို့ အဆက်ဆက် တည်ထားမွမ်းမံ ပြုပြင်ခဲ့သော သမိုင်းဝင် စေတီတော်ကြီး ဖြစ်လေသည်၊ တန်ခူးလဆန်း ၈-ရက် နေ့မှစ၍ တန်ခူးလပြည့်နေ့အထိ ဗုဒ္ဓပူဇနိယပွဲတော်ကြီး ကျင်းပရိုးရှိသည်။

အင်ကြင်းတောစေတိယံ နာမ, တိလောကရာမဏေယျကံ၊
ဓမ္မသောကာဒိရာဇူဟိ, မာပိတံ သင်္ခတံ ဟိဒံ။

တိုက်သူကြီးကျောင်း စာချဆရာတော် အရှင်ပရမထေရ်

ဖော်ပြပါ စေတီတော်ကြီးအနီး ပတ်ဝန်းကျင်တွင် ရှေးယခင်က ကျောင်းများရှိခဲ့သည်၊ ထိုကျောင်းများကို ကျောင်းတိုက် တစ်တိုက်တည်းအဖြစ်ဖြင့် အင်ကြင်းတောတိုက် ဟူ၍ ခေါ်ဝေါ်ပညတ် သတ်မှတ်ခဲ့ကြကုန်၏၊ ယခုအခါထင်ရှားလှသော မဟာစည် ကျောင်းလည်း တကျောင်းအပါအဝင်ဖြစ်သည်၊ ရှေးအခါက ထိုကျောင်းကို မဟာစည် ကျောင်းဟုမခေါ်၊ ကျောင်းထိုင်ဆရာတော်များ အမည်ဖြင့် ခေါ်ဝေါ်ကြကုန်၏၊ ယခု မဟာစည်ကျောင်း၏ အနောက်မြောက်ဘက်နားတွင် သူကြီးကျောင်း ရှိလေသည်၊ ယင်းတိုက်သူကြီးကျောင်းသို့ စာချဆရာတော် အရှင်ပရမထေရ်အား ပင့်တင်ကပ်လှူ ကြကုန်၏။

ရှင်သောဘန အရှင်ပရမထံ ပြောင်းရွှေ့သီတင်းသုံး

ပဏ္ဍိတော သုတသမ္ပန္နော, ယတ္ထ အတ္ထီတိ စေ သုတော၊
မဟုဿာဟေန တံဌာနံ, ဂန္တဗ္ဗံဝ သုတေသိနာ။

ယတ္ထ - အကြင်အရပ်၌၊
သုတသမ္ပန္နော - အကြားအမြင်ဗဟုသုတနှင့် ပြည့်စုံသော၊
ပဏ္ဍိတော - ပညာရှိ ပုဂ္ဂိုလ်သည်၊
အတ္ထီတိ - ရှိ၏ဟူ၍၊
စေသုတော - အကယ်ကြားသိအံ့၊
ဧဝံသတိ - ဤသို့ ပညာရှိပုဂ္ဂိုလ်ရှိ၏ဟု ကြားသိသည် ရှိသော်၊
တံဌာနံ - ထိုပညာရှိပုဂ္ဂိုလ် နေထိုင်ရာအရပ်သို့၊
သုတေသိနာ - သုတလိုလား အမျိုးကောင်းသားသည်၊
မဟုဿာဟေန - သည်းထန်ပြင်းပြ ဝီရိယဖြင့်၊
ဂန္တဗ္ဗံ- သွားအပ် သွားသင့် သွားထိုက်သည်သာ။

ဟူသည်နှင့်အညီ ပညာတတ်လိုသည့်ဆန္ဒ ပြင်းပြနေသော ရှင်သောဘနသည် စာချဆရာတော် အရှင်ပရမ သီတင်းသုံးရာ သူကြီးကျောင်းသို့ ဆက်လက်၍ ပညာသင်ကြားရန် ပြောင်းရွှေ့ သီတင်းသုံးတော်မူလေသည်၊ ထိုအခါ ရှင်သောဘန သက်တော် ၁၉-နှစ် အရွယ်ခေတ်သို့ ချဉ်းနင်းရောက်ရှိစ ဖြစ်လေပြီ။

ဝိဘင်းပါဠိ, အဋ္ဌကထာ, ဋီကာကို သင်ယူခြင်း

ဝိဘင်းပါဠိတော်သည် အဘိဓမ္မာပိဋက၏ ဒုတိယမြောက် ကျမ်းစာဖြစ်သည်၊ ယင်း ဝိဘင်းပါဠိတော်၌ - ခန္ဓဝိဘင်း, အာယတနဝိဘင်း, ဓာတုဝိဘင်းစသည်ဖြင့် ဝိဘင်းပေါင်း ၁၈-ဝိဘင်း ပါရှိ၏၊ အဘိဓမ္မာကို ပါရဂူပေါက် တတ်မြောက်လို သူတိုင်း ဤဝိဘင်းပါဠိတော်ကြီးကိုလည်း သင်ယူလေ့လာရသည်၊ ဆဋ္ဌသင်္ဂါယနာ စာတော်မူ စာမျက်နှာ ၄၅၃-ရှိသည်။

ယင်းဝိဘင်းပါဠိတော်၏ အဖွင့်သံဝဏ္ဏနာ အဋ္ဌကထာကိုလည်း သမ္မောဟ ဝိနောဒနီ အမည်ဖြင့် ကျမ်းပြုလိမ္မာ အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသ ထေရ်သည်ပင် ပြုစီရင်တော်မူခဲ့လေသည်၊ အရှင်မဟာဗုဒ္ဓဃောသသည် -

စတုသစ္စဒသော နာထော, စတုဓာ ဓမ္မသင်္ဂဏိံ၊
ပကာသယိတွာ သမ္ဗုဒ္ဓေါ, တဿေဝ သမနန္တရံ။

ဥပေတော ဗုဒ္ဓဓမ္မေဟိ, အဋ္ဌာရသဟိ နာယကော၊
အဋ္ဌာရသန္နံ ခန္ဓာဒိ-ဝိဘင်္ဂါနံ ဝသေနဟံ။

ဝိဘင်္ဂံ ဒေသယိ သတ္ထာ, တဿ သံဝဏ္ဏနာက္ကမော၊
ဣဒါနိ ယသ္မာ သမ္မတ္တော, တသ္မာ တဿတ္ထဝဏ္ဏနံ။

ကရိဿာမိ ဝိဂါဟေတွာ, ပေါရာဏဋ္ဌကထာနယံ၊
သဒ္ဓမ္မေ ဂါရဝံ ကတွာ, တံ သုဏာထ သမာဟိတာ။

ဟူသော ဂန္ထာရမ္ဘ ၄-ဂါထာဖြင့် ကျမ်းကို စတင်တော်မူခဲ့လေသည်။

ကျမ်း၏အဆုံး၌လည်း -

ဧတ္တာဝတာ စ
သဒ္ဓမ္မံ ဒေသေန္တော, ဓမ္မဂရုဓမ္မဂါရဝယုတ္တာနံ၊
ဒေဝါနံ ဒေဝပုရေ, ဒေဝဂဏသဟဿပရိဝါရော။

စသော ၈-ဂါထာနှင့် “ပရမဝိသုဒ္ဓိသဒ္ဓါဗုဒ္ဓိဝီရိယပဋိမဏ္ဍိတေန” စသော ကျမ်းဆရာ၏ ဂုဏ်ရည်ပြ စုဏ္ဏိယစကား-

တာဝ တိဋ္ဌတု လောကသ္မိံ, လောကနိတ္ထရဏေသိနံ၊
ဒဿေန္တိ ကုလပုတ္တာနံ, နယံ ပညာဝိသုဒ္ဓိယာ။

အစရှိသော ဥယျောဇဉ် ၂-ဂါထာဖြင့် နိဂုံးအုပ်တော်မူခဲ့လေသည်၊ ယင်း သမ္မောဟဝိနောဒနီမည်သော ဝိဘင်း အဋ္ဌကထာမှာ ဆဋ္ဌသင်္ဂါယနာစာတော်မူ စာမျက်နှာ ၅၀၈-ရှိလေသည်၊ ယင်းအဋ္ဌကထာကို အရှင်အာနန္ဒာ ဖွင့်ဆိုသည့် လိနတ္ထပဒဝဏ္ဏနာ မည်သော မူလဋီကာမှာလည်း နက်နဲခက်ခဲလှ၏၊ သာမန် ပုဂ္ဂိုလ်တို့ ကျက်စား ချဉ်းနင်း လေ့လာအပ်သော အရာမဟုတ်ချေ၊ ယင်းဝိဘင်း မူလဋီကာမှာ ဆဋ္ဌသင်္ဂါယနာ စာတော်မူ ၂၃၅-ရှိသည်။

ဝိဘင်းပါဠိ, အဋ္ဌကထာ, မူလဋီကာကို သင်ယူခြင်း

ထိပ်တန်းပညာရှင်ဖြစ်ရန် ရည်သန်အားသစ်သော ရှင်သောဘနသည် သက်တော် ၁၉-နှစ် အရွယ်တော်ခေတ်တွင် ဖော်ပြပါ ဝိဘင်းပါဠိတော်, အဋ္ဌကထာ (သမ္မောဟဝိနောဒနီအဋ္ဌကထာ), မူလဋီကာတို့ကို ဆိုဝါဖြင့် သင်ယူလေ့လာ တော်မူခဲ့လေသည်။

အဋ္ဌကထာဋီကာဟိပိ, သဟိတံ ဝိဘင်္ဂမ္ပိစ၊
အသိက္ခိ သော ထေရင်္ကုရော, ထိရေန အတ္ထိကော သုဓီ။

ဒွါဒသမပိုင်း ရဟန်းပြုရန် စိတ်ကောင်းကြံ

ဆရာတော်လောင်းလျာ ရှင်သောဘနသည် သာမဏေဘဝကို ရသည်မှစ၍ “ဒသသီဆယ်ပါး ဘုရားမုခပါဌ် ရှင်ကျင့်ဝတ်ကို စောင့်ကြပ်မြဲထွေ ညီလှစေ” ဟူသည်နှင့်အညီ သာမဏေတို့ ပုံသေမုချ ကျင့်ရမည့် ဆယ်ပါးသီလကို မကျိုး မပေါက် မပြောက်မကျားအောင် ကျင့်ဆောင်တော်မူ၍ ဘုရားမြတ်စွာ သာသနာတော်သုံး ကျမ်းကြီး ကျမ်းငယ် အသွယ်သွယ်ကို နှုတ်ဝယ်အရောက် သင်ယူပေါက်မြောက်လေပြီ၊ ပဋိသန္ဓေနှင့် အသက်နှစ်ဆယ် ပြည့်ဖြိုးကြွယ်ပြီ ဖြစ်ရကား ရဟန်းပြုရန် ကြံစည်အားထုတ်လျက်ရှိလေပြီ၊ ရဟန်းပြုပြီးနောက် ရွပ်ရွပ်ချွံချွံ ပရိယတ်, ပဋိပတ်အ လုပ်ကို ကြိုးကုတ်အားထုတ်ရန် သန္နိဋ္ဌာန် ချပြီးဖြစ်လေသည်။

ဥပသမ္ပာဒယိတွာန, ယုဥ္ဇိဿံ သုဓုရဒွယေ၊
ဒုလ္လဘေ ဗုဒ္ဓုပ္ပါဒမှိ, ယထာသတ္တိ ယထာဗလံ။

ရဟန်းဘဝ ဒုလ္လဘသို့

ဆရာတော်လောင်းလျာ ရှင်သောဘနသည် ကြုံတောင့်ကြုံခဲ သာသနာ့ပွဲတော်၌ ရဟန်းဘဝဒုလ္လဘကို ရယူ၍ ပရိယတ္တိဝန်, ပဋိပတ္တိဝန်ကို အလွန်လျှင် ထက်မြက်ပြင်းထန်သော ဆန္ဒ, စိတ္တ, ဝီရိယ, ဝီမံသတို့ဖြင့် နွှဲလိုသည်ဖြစ်ရကား သက်တော် ၁၉-နှစ်နှင့် ၄-လရှိရာ ၁၂၈၅-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄-ရက် တနင်းလာနေ့တွင် အင်ကြင်းတောရတိုက် ဗဒ္ဓသိမ်တော်၌ ဂိုဏ်းချုပ် သုမေဓာ ဆရာတော်ဘုရားကြီး အရှင်နိမ္မလ မဟာထေရ်ကို ဥပဇ္ဈာယ်ပြု၍ သူကြီးကျောင်း ဘုန်းတော်ကြီး ဂန္ထဝါစက အရှင်ပရမ မဟာထေရ်စသော ကမ္မဝါ ဆရာတော်များနှင့် ၃၅-ပါးသော ကာရကသံဃာတော်တို့၏ ချီးမြှောက်မှုဖြင့် လောကိယသမ္ပဒါတို့ထက် ထူးမြတ် အထက်တန်းကျသော စတုပါရိသုဒ္ဓိ သီလနှင့် ပြည့်စုံကုံလုံခြင်းဟူသော ရဟန်းဘဝဒုလ္လဘကို ရရှိတော်မူခဲ့လေည်။

ဥပဇ္ဈာယံ ကရိတွာန, နိမ္မလံ ထေရပုင်္ဂဝံ၊
ဒုလ္လဘံ အလဘီ ဓီရော, သောဘနော သောဘနသာသနေ။

ရဟန်းဒါယကာ ဦးအောင်ဘော်, ရဟန်းဒါယိကာမ ဒေါ်သစ်

ဆရာတော်လောင်းလျာ ရဟန်းအဖြစ်သို့ ရောက်စဉ်က ဦးလေးဖြစ်သူ ဦးအောင်ဘော်နှင့် ဒေါ်သစ်တို့က သာသနာ့အမွေ လေးထွေသောမဂ်, လေးချက်သောဖိုလ်, ကိလေသာအပူ ဆိုသမျှ လုံးဝကင်းစင်ရာ အမတာစခန်း နိဗ္ဗာန်နန်းကို ရည်မှန်းကြကာ ပရိက္ခရာရှစ်ဖြာ လှူဒါန်းကြပြီး ရဟန်းဒါယကာ, ရဟန်းဒါယိကာမအဖြစ် ခံယူကြလေကုန်၏။

ဦးအောင်ဘော်ဂဟပတိစ, ဒေါ်ဒေါ်သစ်ဃရသာမိနီ၊
ပရိက္ခာရေ ပဒတွာန, သောဘနံ သမနုဂ္ဂဟုံ။

ဘုရင့်သားစစ်ဗိုလ်ကလေးလို အလွန်ကို လှပတင့်တယ်ကြည်ညိုဖွယ်

ထာဝစဉ် စိတ်ကောင်း နှလုံးကောင်းနှင့် ယှဉ်တော်မူ၍ ထူးထူးခြားခြား မိုးဦးပေါက်သစ် မျှစ်စို့ ထွားကျိုင်း ပျောင်းပျော့ အရပ်အမောင်းလဲကောင်း ယောက်ျားကောင်း လက္ခဏာပီသသော ဝါဝင်းထိန်ပြေ ကျက်သရေရှိသော ခန္ဓာကိုယ်ကို ကိလေသာ သူပုန်သူကန်နှင့် တိုက်ပွဲဝင်ရန် ဖန်ရည်စွန်းသည် သင်္ကန်းဖြင့် ဆင်မြန်းထားသည်မှာ လွန်စွာလှပတင့်တယ် လှပေသည်၊ ပြည်လှေး ပြည်မွှား သူပုန်သူကန်များကို တိုက်ထုတ် ချေမှုန်းရန် ရှေ့တန်း စစ်မြေပြင် ဆင်းဖို့အတွက် ချပ်ဝတ်တန်ဆာ စစ်ဝတ်စုံ ဝတ်ဆင်ထားသည့် ရေမြေသနင်း ဘုရင့်သားတော် စစ်ဗိုလ်ကလေးတမူ တူလှလေ၏။

မာရသေနဝိဃာတာယ, သုစီဝရဓရော ယတိ၊
သန္နဒ္ဓကဝစော ယုဒ္ဓေ, ရာဇပုတ္တောဝ သောဘတိ။

ဦးကံတော်နှင့် ဒေါ်အုပ်တို့ လွန်စွာဝမ်းမြောက်ကြ

ဆရာတော်လောင်းလျာ၏ ဖခင်ကြီး ဦးကံတော်နှင့် ဒေါ်အုပ်တို့သည် မိမိတို့၏ ရင်သွေး မျက်ရှု ပုလဲသွယ် သားရတနာ၏ ဘုရားမြတ်စွာ သာသနာ့ဝန်ထမ်း ရဟန်းမြတ်ဖြစ်သည့်အတွက် လွန်စွာဝမ်းမြောက် ကြကုန်၏၊ စကြာမင်း၏ ဖခင် ဖြစ်ဖို့ရာက လွယ်ကူသေးတယ်၊ ဘုန်းကြီးဖခင်ဖြစ်ဖို့ကား လွန်စွာခဲယဉ်းလှချေ၏၊ သို့ဖြစ်၍ ဆရာတော် လောင်းလျာ၏ ဖခင်ကြီး ဦးကံတော်မှာ ပီတိတွေ မှိုလို ပေါက်ခဲ့လေသည်။

စက္ကဝတ္တိဿ ပိတာတိ, သမညာ သုလဘာ ဟိ ဝေ၊
ဘိက္ခုပိတာတိ သမညာ, ပေါသာနံ အတိဒုလ္လဘာ။

မိခင်ကြီး ဒေါ်အုပ်အနေဖြင့် စက္ကဝတ်ဖျား မင်းတရား ၏ မယ်တော်ဖြစ်ရေးက လွယ်သေး၏၊ ဘုန်းကြီးမယ်တော် ဖြစ်ဖို့ဆိုတာ အလွန်ကိုမလွယ်တဲ့ ကိစ္စပဲ၊ လောကမှာ အမျိုးသမီးတထောင် ရှိပေမယ့် တယောက် ဘုန်းကြီးမယ်တော် မဖြစ်ရဘူး၊ ယခုမူ ထူးထူးချွန်ချွန် ဘုန်းကြီးမယ်တော်ဖြစ်ရခြင်းအတွက် ကတော့မလို ခုန်တော့မလောက် ဝမ်းမြောက်လှလေ၏။

စက္ကဝတ္တိဿ မာတာတိ, သုလဘာ နာမမိတ္ထီနံ၊
ဘိက္ခုမာတာတိ သမညာ, ဧသာ ပရမဒုလ္လဘာ။

ဝမ်းမြောက်ဝမ်းသာ ဖြစ်တော်မူလိမ့်မည်

ထိုစဉ်က ရဟန်းဖြစ်စ ရှင်သောဘနမှ တဖြစ်လဲ အရှင်သောဘနသည် ရဟန်း ဖြစ်ပြီးနောက် လွန်စွာဝမ်းမြောက်တော်မူပါလိမ့်မည်။

ငါကား သာကိယနွယ်ဖွား ဘုရားဇိနော် သားတော်ဖြစ်ရလေပြီ။ ငါတို့ရဲ့ ဖခင် ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကပိလဝတ် နိုင်ငံတော်သခင် ဘုရင်သုဒ္ဓေါဒန မင်းကြီး၏ မိဖုရားခေါင်ကြီး၏ ဝမ်းကြာတိုက်ဝယ် စွဲပိုက်သန္ဓေ တည်နေအခါ, တောထွက်တော်မူရာအခါ, အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရတော်မူတဲ့အခါ, ဓမ္မစကြာတရား ဟောကြားတော်မူတဲ့အခါ, တန်ခိုးပြာဋိဟာ ပြတော်မူတဲ့အခါ, တာဝတိံသာနတ်ပြည် ပဏ္ဍုကမ္ပလာ မြကျောက်ဖျာထက်ဝယ် နေမင်းသဖွယ် တင့်တယ်လွန်မင်း သီတင်းသုံးကာ မယ်တော်နတ်သား အမှူးထားတဲ့ သောင်းတိုက်စကြဝဠာမှ စည်းဝေးရောက်လာ နတ်ဗြဟ္မာတို့အား ထူးခြားလှတဲ့ အဘိဓမ္မာ ၇-ကျမ်းကို ဟောတော်မူပြီး မြ, ရွှေ, ငွေလျှမ်းတဲ့ စောင်းတန်း ၃-သွယ်ဖြင့် လူရပ်ဌာနီ သင်္ကဿနဂိုရ်ပြည် ဆင်းကြွတော်မူတဲ့အခါ, အာယုသင်္ခါရ လွှတ်တော်မူတဲ့ အခါ, နိဗ္ဗာန်ယူသိမ်း ငြိမ်းတော်မူတဲ့ အခါတွေမှာ သောင်းလောကဓာတ် မြေပထဗျာ အိုးထိန်းစက်ပုံ တုန်လှုပ်ခြင်းစတဲ့ အံ့ဖွယ် သရဲတွေ ထင်ရှားဖြစ်ကုန်၏။

သို့ကလောက် ထူးမြတ်တဲ့ဘုရားရှင်ဟာ ငါ့ရဲ့ဖခင်ဖြစ်နေပြီကော၊ ငါသည် လုံ့လ ဝီရိယ ဥဿဟ ဇွဲသန်သန်ဖြင့် မဆုတ်မနစ် ဝံ့ဝံ့ရဲရဲအားခဲ၍ ဘုရားမြတ်စွာ သာသနာ စက်ရောင် တောက်ပြောင်ထိန်ဝင်း လင်းလက်အောင် ကျင့်ဆောင် ရပေမည်ဟု ရွှေစိတ်တော်ကူးလိမ့်မည်ဟု မှန်းဆမိပေ၏။

မမ လောကဂ္ဂသတ္ထာ ဟိ, အတုလော ဥတ္တမော ဘဝေ၊
ဥဂ္ဂဟေတွာ မဟုဿာဟေန, ဇောတေဿံ ဇိနသာသနံ၊
ဣတိသင်္ကပ္ပေါ အပ္ပေဝ-နာမ တဿ ဘဝေယျ နု။

တမျိုးစဉ်းစား ဆင်ခြင်လိမ့်ဦးမည်

ယခုဆိုလျှင် ငါကား အမျိုးဇာတ်အားဖြင့် မြင့်မြတ်လှချေ ၏၊ ထိပ်တန်းကျလှချေ၏၊ ငါက ဘုရားရှင်ရဲ့ သားတော်ဆိုတော့ သုဒ္ဓေါဒန လောက ကျက်သရေဆောင် မင်းတရားကြီးဟာ ငါရဲ့ဘိုးတော်ဖြစ်နေပြီ၊ သမိုင်းတွင် ထာဝစဉ်ကောင်းခဲ့တဲ့ မယ်တော်မာယာဟာ ငါရဲ့ဘွားအေတော်ဖြစ်နေချေပြီ၊ တကယ်တော့ ငါဟာ သုဒ္ဓေါဒနမင်းကြီး, မယ်တော်မာယာ မိဖုရားကြီးတို့ရဲ့ မြေးတော်သူ ဖြစ်နေ၏၊

ဘုရားဇိနော် သားတော်ဖြစ်ရ ဓမ္မ၌ပျော်ကြောင်း နှစ်ဖော်ကြောင့် ရာဟုလဘဒ္ဒ အမည်ရသော ဘုရားရှင်ရင်သွေးတော် ရာဟုလာရဲ့ ညီတော်သူ ဖြစ်နေလေပြီ၊ ငါကား ပျင်းရိနေ၍ အလျင်းပင် မတော်မလျော်ပါချေ၊ ဆက်လက်၍ နိကာယ် ၅-ခန်း ကျမ်းဂန် ပင်လယ် အနက်အစောက်ကို အခေါက်ခေါက်အခါခါ ကူးမြောက်သင်ယူ ကြည့်ရှု လေ့လာပြီး ပဋိပတ်အလုပ် မဆုတ် မတွန့် ဝံ့ဝံ့ရဲရဲ ဇွဲဝီရိယကို စွဲကိုင်၍ ကျင့်ဆောင်ပါအံ့ စသည်ဖြင့် ထွေထွေထူးထူး ရွှေစိတ်တော်ကူးပါလိမ့်မည်။

အဘဝံ သုဒ္ဓေါဒနဿ, မာယာယစ နတ္တာ အဟံ၊
ရာဟုလဘဒ္ဒကနိဋ္ဌော, အဟော မမ ဥဠာရတာ၊
အာဂမေ ဩတရိတွာန, ကဿံ ဝါသဓုရံ အဟံ။

တေရသမပိုင်း ဆက်လက်၍ စာပေကျမ်းဂန် သင်ယူခြင်း

ရဟန်းသစ် အရှင်သောဘနသည် -

နိပုဏေ သုတမေသေယျ, ဝိစိနိတွာ သုတတ္ထိကော၊
ဘတ္တံ ဥက္ခလိယံ ပက္ကံ, ဘာဇနေပိ တထာ ဘဝေ။

သုတတ္ထိကော - ပရိယတ္တိဓမ္မ သုတလိုလား အမျိုးကောင်းသားသည်၊
ဝိစိနိတွာ - သင့်မသင့်ကို တွေးချင့်ထောက်လှမ်း စူးစမ်းဆင်ခြင်ပြီး၍၊
နိပုဏေ - ခက်ခဲသလောက် ဝင်ရောက်ဆုံးဖြတ်နိုင်သည် ဖြစ်၍ သိမ်မွေ့သော ဉာဏ်ရည်ဉာဏ်သွား စွမ်းပကားသခင် ပညာရှင်တို့ ၏အထံ၌၊
သုတံ - ကြားနာအပ်သင်ယူအပ်သော အတတ်ပညာကို၊
ဧသေယျ - မနားမနေ ရှာဖွေဆည်းပူး သင်ယူရာ၏၊
(ဟိ - နားလည်စိမ့်ငှါ ဥပမာဖြင့် ထင်လာစိမ့်ကြောင်း ဆိုပြန်ရှောင်းအံ့၊)
ဘတ္တံ - ထမင်းသည်၊
ဥက္ခလိယံ - ချက်တုန်း ထမင်းအိုး၌၊
ဌိတံ - တည်နေစဉ်က၊
ပက္ကံ - ကျက်ခဲ့ပါမူ၊
ဘာဇနေပိ - စားမည့်ခွက်၌လည်း၊
တထာ - ထိုအိုးတွင်းက ကျက်ခဲ့ပြီးသည့်အတိုင်း၊
ဘဝေ - ဖြစ်၏၊

ဟူသည်နှင့်အညီ ငယ်ငယ်ရွယ်ရွယ် ဆရာသမားထံ နည်းခံစဉ်က နူးနူး နပ်နပ် မရှိခဲ့လျှင် နောင်အခါ နူးနူးနပ်နပ် ရှိမည်မဟုတ်သည်ကို အဟုတ်မိမိ သိပါသဖြင့် ကြီးလျှင် နူးနပ် အရည်အချင်းပြည့် ဖြစ်လေအောင် ဆရာတော် အရှင်ပရမထံ ဆက်လက်၍ ပါဠိ အဋ္ဌကထာများကို သင်ယူတော်မူခဲ့လေသည်။

သန္တိကေ ပရမဿေဝ, တန္တိသံဝဏ္ဏနာဒယော၊
လောကဂ္ဂသာသနဿေဝ, ဝုဍ္ဎိယာ ဥဂ္ဂဟံ အကာ။

စာပေ ချပို့တော်မူခြင်း

ယင်းသို့ မိမိအတွက် ပါဠိ အဋ္ဌကထာ ဋီကာများကို သင်ယူယင်း တပည့်တပန်း ရဟန်းငယ်, သာမဏေကြီး, ငယ်တို့အားလည်း သဒ္ဒါ, သင်္ဂြိုဟ်စသည့် စာဝါငယ် များကို ချပို့တော်မူခဲ့လေသည်၊ ဆရာတော် လောင်းလျာကား စာပေသင်ယူမှု, ချပို့မှု ၂-ခုလုံး၌ ပျင်းရိခြင်း အလျှင်းရှိတော်မမူပါချေ။

“အိပ်မှုချစ်ခင် သဘင်လိုက်စား ပေါ့ပါးထကြွ လုံးလမရှိ ပျင်းရိ ကဲလွန် တံခွန်အမျက် ဤ ၅-ချက် ပျက်စီးခြင်း၏ အကြောင်းတည်း

ဟူသော ပျက်စီးခြင်းအကြောင်း, မကြီးပွားခြင်း၏ အကြောင်းတို့ကို ဝေးစွာ ရှောင်ကြဉ်တော်မူခဲ့သည်၊ သို့ဖြစ်၍ ထာဝစဉ် ကြီးပွားခဲ့သည်၊ အတက်ဒီဂရီကို ထာဝရနိစ္စ ပြနေတော်မူခဲ့လေသည်။

ဝါစယိတွာ သိဿကေပိ, ကစ္စာနသင်္ဂဟာဒယော၊
လောကနာထဿ စက္ကဿ, ဝုဒ္ဓိယာ ဝါယမံ ကရိ။

သီလကိုလုံခြုံအောင် ထိန်းသိမ်းတော်မူခြင်း

ရဟန်းငယ် အရှင်သောဘနသည် ပရိယတ္တိကို သင်ကြားခြင်း, ချပို့ခြင်းဖြင့် အားထုတ်နေစဉ်မှာပင် ပဋိပတ်၏ အောက်ခြေဖြစ်သော သီလကို လုံခြုံအောင် ထိန်းသိမ်းကျင့်ကြံတော်မူသည်

သီလသမ္ပတ္တိယာ ဘိက္ခု, သောဘမာနော တပေါဝနေ၊
ပဘာသမ္ပတ္တိယာ စန္ဒော, ဂဂနေ ဝိယ သောဘိတ။

အလင်းရောင်ပြည့်စုံသဖြင့် ငွေသော်တာလမင်းသည် မိုးဝကောင်းကင်အပြင်၌ အလွန်လျှင် တင့်တယ်သကဲ့သို့ ပါတိမောက္ခ, ဣနြ္ဒိယနှင့် ပစ္စယအာဇီ လေးလီသော သီလနှင့် ပြည့်စုံသဖြင့် သာသနာ့ဝန်ထမ်း ရဟန်းတော်သည် ခြိုးခြိုးခြံခြံ ကျင့်ကြံရာ ဘုရားမြတ်စွာ သာသနာတော်တည်းဟူသော တောအုပ်အလယ် တင့်တယ်လှပ ကျက်သရေ ရှိလှပေ၏-ဟူသော အဋ္ဌကထာဆရာ၏ မိန့်ဆိုချက်ကို ဦးထိပ်ရွက် လိုက်နာတော်မူကာ အရှင်သောဘနသည် ဗုဒ္ဓမြတ်စွာသာသနာ၌ မိမိကိုယ်တိုင် လည်း တင့်တယ်လိုသည်၊ ဘုရားမြတ်စွာ သာသနာတော်ကိုလည်း တင့်တယ်စေ လိုတော်မူခဲ့လေသည်။

၎င်းပြင် အရှင်သောဘနသည် -

သီလဝန္တံ န ဗာဓန္တိ, အာသဝါ ဒိဋ္ဌဓမ္မိကာ၊
သမ္ပရာယိကဒုက္ခာနံ, မူလံ ခဏတိ သီလဝါ။

သုဒ္ဓိလေးပုံ သီလကျေးဇူးဂုဏ်နှင့် ပြည့်စုံသော ရဟန်းကို မျက်မှောက်ဖြစ်တဲ့ သတ်မှု နှောင်ဖွဲ့မှု စသော အာသဝမည်သော ဘေးရန်အလှေးတို့ မနှောင့်ယှက်နိုင်၊ သီလရှိသော သီလဝန္တသိက္ခာကာမ ရဟန်းသည် တမလွန်ကျ နောက်ဘဝ၌ ဖြစ်သော ဆင်းရဲဒုက္ခ ၏အကြောင်း သီလပျက်စီးမှုကို ဖျက်ဆီးနိုင် ပယ်ရှားနိုင်၏၊ အဋ္ဌကထာ ဆရာတော် ၏ မိန့်မှာချက်ကို လေးလေးနက်နက် သဘောထား၍ သီလတည်း ဟူသော အောက်ခြေ ကျောက်မြေ မချွတ်ယွင်း မကျိုးပဲ့ မကွဲအက်အောင် စောင့်ရှောက်တော်မူခဲ့လေသည်။

၎င်းပြင် ရဟန်းတော် အရှင်သောဘနသည် -

အနေသနာယ စိတ္တမ္ပိ, အဇနေတွာ ဝိစက္ခဏော၊
အာဇီဝံ ပရိသောဓေယျ, သဒ္ဓါပဗ္ဗဇိတော ယတိ။

ဟူသည်နှင့်အညီ ဘုရားမြတ်စွာသာသနာနှင့် ကိုယ်ရေးကိုယ်တာကို ငဲ့ကွက်သည့် သဒ္ဓါပဗ္ဗဇိတပီပီ ဘုရားစက်ဆုပ် အယုတ်တမာ လေးဖြာပစ္စည်း ရှာမှီးရန်ကို ပြုဖို့ဝေးစွာ ကြံရုံမျှပင် ကြံစည်တော်မမူပဲ သီလကို သုတ်သင်တော်မူခဲ့ လေသည်။

သတော သမ္ပဇာနောယေဝ, သောဘနော သောဘနော သုဓီ၊
သီလံ သော ပရိသောဓေတွာ, ဇိနသာသနဘာရဓော။

စုဒ္ဒသမပိုင်း

ဓုတင်အကျင့်ကို ကျင့်တော်မူခြင်း
▬▬▬▬▬▬▬▬▬▬

ဓုတင်္ဂသေဝနာတိ ဒုက္ခပဋိပဒါစေဝ သလ္လေခဝိဟာရောစ” ဟူသည်နှင့်အညီ ဓုတင်ကိုမှီဝဲခြင်း, ဓုတင်ကို ကျင့်ခြင်းကား ဆင်းရဲပင်ပန်းသော အကျင့်လည်းဖြစ်၏၊ ကိလေသာအပေါင်းကို ခေါင်းပါးစေသော နေခြင်းလည်းဖြစ်၏၊ ဆင်းရဲသော အကျင့်ကို အမှီပြုပြီး မဆင်းမရဲ ချမ်းချမ်းသာသာ ဇိမ်ခံလိုမှု ကာမဂုဏ်အာရုံ တပ်မက်မှု ရာဂကို ငြိမ်းစေနိုင်၏၊ ခြိုးခြံခေါင်းပါးစွာ နေရသည့်အတွက် မောဟ ငြိမ်းကြောင်းလည်း ဖြစ်၏၊ အရှင်သောဘနသည် ရာဂ, ဒေါသ, မောဟတို့ပါးအောင်, နည်းအောင် ရည်ရွယ်၍ ဓုတင်ကျင့်ဝတ် ပဋိပတ်အချို့ကို လည်း ရဟန်းဖြစ်ပြီးစ ၄-လအတွင်းမှာပင် ကျင့်တော်မူခဲ့လေသည်၊ ကျင့်တော်မူ၍ ဘုရားရှင်၏ ရွှေစိတ်တော်ကို နှစ်သက်အားရ စေတော်မူခဲ့လေသည်။

ဧကစ္စာနိ ဓုတင်္ဂါနိ, သမာဒါယ ဝိစက္ခဏော၊
လေကဂ္ဂဇိနသေဋ္ဌဿ, စိတ္တံ အာရာဓယီ သုဓီ။

ပိဏ္ဍပါတ်ဓုတင်ကို ကျင့်တော်မူခြင်း
▬▬▬▬▬▬

ရဟန်းတော် အရှင်သောဘနသည် ဆွမ်းခံချိန် မတိုင်မရောက်ခင် စာတက်, စာချခြင်း, စေတိယင်္ဂဏဝတ်, ဗောဓိယင်္ဂဏဝတ် စသည်ကို ပြုလုပ်တော်မူပြီး ဘုရားရှင် (ဘုရားဆင်းတုတော်) ရှေ့တော်မှောက် ခြေ, လက်, နဖူး, တထောင်, ဒူးဟု ၅-ဦးတည်ရိုး, ကော်ရော်မျိုးဖြင့်, ရှိခိုးဦးချတော်မူပြီး “အတိရေကလာဘံ ပဋိက္ခိပါမိ၊ ပိဏပါတိကင်္ဂံသမာဒိယာမိ ဆွမ်းခံ၍ရသော ဆွမ်းထက် အပိုအလွန် ဖြစ်သော သံဃဘတ်စသား လာဘ်များကို ပယ်ပါ၏၊ ဆွမ်းအကျိုးငှါ လှည့်လည်ခြင်း အလေ့ရှိသော ရဟန်း၏အကြောင်းအင်္ဂါ စေတနာကို ဆောက ်တည်ပါ၏” ဟူသော စကား ၂-မျိုးတွင် တမျိုးမျိုးဖြင့် ဆောက်တည်တော်မူ၍ ဆွမ်းခံဝင် ကြွတော်မူသည်။

စက္ခုန္ဒြေချ ဆွမ်းခံ
▬▬▬▬▬▬▬

ဤစာပြုသူသည် မဟာစည်ဆရာတော်ဘုရားကို အနီးကပ်တွေ့ဆုံဖူးခွင့်ရသည်မှာ ကြာလှပြီဖြစ်သည်၊ ပခုက္ကူမြို့ မဟာဝိသုတာရာမ သာသနာ့ရိပ်သာဖွင့်စဉ် ၁၃၁၂-ခုနှစ်က ဆရာတော် ဘုရားကြီးကိုယ်တိုင် ကြွလာတော်မူသဖြင့် ထိုစဉ်က သာမဏေမျှသာ ဖြစ်သေးသော ဤစာပြုသူသည် ဆရာတော်၏ တရားပွဲကို သွားရောက် နာယူပါသေးသည်၊ ထိုစဉ်က စတင်ဖူးမြင်ရပြီး ဆဋ္ဌသင်္ဂါယနာတင်စဉ်ကလည်း နေ့စဉ်နေ့တိုင်း ဖူးမြင်ရသည့်ပြင် နောက်တွင် ဆရာတော်နှင့် ရင်းနှီးသွားပါသည်၊

စာပေရေးရာများ လျှောက်ထားခြင်း, ဆွေးနွေးခြင်းစသည်များဖြင့် ရင်းနှီးနေပါသည်၊ ရန်ကုန်ရောက်ရှိချိန် ရံခါဆရာတော်အား သွားရောက်တွေ့ဆုံ ဖူးမြော်ပါသည်၊ သိလိုသည့် အချက်ကိုလည်း လျှောက်ထားပါသည်၊ သို့ဖြစ်၍ ဆရာတော်နှင့် စပ်သည့် အကြောင်းအရာများကို ဆရာတော်ထံမှ လည်းကောင်း, အခြားပုဂ္ဂိုလ်များထံမှ လည်းကောင်း, ဤမဟာစည် ထေရဝုတ္တန္တဝိလာသိနီကျမ်းကြီး ရေးနိုင် လောက်အောင် လေ့လာသိရှိပါသည်၊ သို့ဖြစ်၍ ဆရာတော်ငယ်စဉ် ဆွမ်းခံဝင်စဉ်က စက္ခုန္ဒြေချ ဆွမ်းခံဝင်ပုံကို စာရှုသူတို့ စက္ခုအကြည်ဓာတ်စက်အကွင်း မှတ်ချက် ထင်လာအောင် ဖော်ပြဦးအံ့။

ဆရာတော်လောင်းလျာ အရှင်သောဘနသည် -

မက္ကဋောဝ အရညမှိ, ဝနေ ဘန္တော မိဂေါ ဝိယ၊
ဗာလော ဝိယ စ ဥတြသ္တော, န ဘဝေ လောလလောစနော။

အတ္တတ္ထကာမော - ကိုယ်ကျိုး ကိုယ့်စီးပွားကို လိုလားသော၊ ကုလပုတ္တော - အမျိုးကောင်းသား ရဟန်း သမဏေသည်၊ အရညမှိ - သစ်ပင်မျိုးစုံ တောရဂုံအတွင်း၌၊ မက္ကဋောဝ - ပြေးလွှားခုန်ပေါက် မငြိမ်သက်သော မျောက်ကဲ့သို့ လည်းကောင်း၊ ဝနေ - တောနက်ဂနိုင် မဟာမြိုင်အတွင်း၌၊ ဘန္တော - ဘေးရန်ပြောထူ ရန်သူဟူသမျှကို ကြောက်လန့်နေသောစိတ်ဖြင့် အမြဲ ထာဝစဉ် ထိတ်လန့်တုန်လှုပ်လျက်ရှိသော၊ မိဂေါဝိယ - သားသမင်ကဲ့သို့ လည်းကောင်း၊ ဥတြသ္တော - ကြောက်ဖွယ်အာရုံ ကြုံရာ ခဏ၌ ချိန်ဆမရှိ ထင်မိထင်ရာ လွန်စွာ ထိတ်လန့်တတ်သော၊ ဗာလောဝိယစ - ကလေးသူငယ် လူမမည်ကဲ့သို့ လည်းကောင်း၊ လောလလောစနော - လျှပ်ပေါ်လော်လည် မတည်ကြည်သော မျက်စိရှိသူသည်၊ န ဘဝေ - မုချစင်စစ် မဖြစ်ရာ။

ဟူသည်နှင့်အညီ မျက်စိအလိုမလိုက်ပဲ တည်ငြိမ်သော ဣန္ဒြေဖြင့်, သတိသမ္ပဇဉ် ယှဉ်၍ ဆွမ်းခံဝင် ကြွတော်မူလေ့ရှိသည်။

ဣနြ္ဒိယာနိ ရက္ခိတွာန, သတော သမ္ပဇာနောဝ သော၊
ပါဝိသိ အန္တရဃရေ, မေတ္တာပုဗ္ဗင်္ဂမော ဟိ ခေါ။

အဓော ခိပေယျ စက္ခူနိ, ယုဂမတ္တဒသော သိယာ၊

ဝနမက္ကဋလောလဿ, န စိတ္တဿ ဝသံ ဝဇေ။

စက္ခူနိ - မျက်စိတို့ကို၊ (မျက်လုံးအစုံတို့ကို)၊ အဓောခိပေယျ - ရှေးရှုမျက်မှောက် အောက်သို့ချထားရာ၏၊ ယုဂမတ္တဒသော - ဘေးရန်ကင်းပါက ထမ်းပိုးတပြန်မျှကို ကြည့်ရှုသူသည်၊ သိယာ - ဖြစ်ရာ၏၊ ဝနမက္ကဋလောလဿ - တောမျောက်နှယ် တရထည် လျှပ်ပေါ်လော်လည်သော၊ စိတ္တဿ-စိတ်၏၊ ဝသံ - အလိုအကြိုက်သို့၊ န ဝဇေ - မလိုက်မပါရာ။

ဟူသည်နှင့်အညီ မျောက်စိတ်လိုမတည်ငြိမ်သည့် စိတ်အလိုအကြိုက် မလိုက်ပဲ ထမ်းပိုး တပြန်မျှ လေးတောင်ခန့် ကြည့်ရှု၍ ဆွမ်းခံဝင်ကြွတော်မူသည်။

ဆရာတော်ကား -

ဩက္ခိတ္တစက္ခု - လေးတောင်ခန့်မျှ ကြည့်သဖြင့် ချအပ်သော မျက်လွှာရှိသည်ဖြစ်၍၊ အန္တရဃာရေ - ရွာတွင်း၌၊ ဂမိဿာမိ - သွားအံ့၊ ဣတိ - ဤသို့၊ သိက္ခာ - သင်ခြင်း ကျင့်ခြင်း အားထုတ်ခြင်းကို၊ ကရဏီယာ - ပြုအပ် ပြုသင့်ပြုထိုက်၏ဟူသော ဘုရားသဗ္ဗညု ဥပဒေတော်အတိုင်း လိုက်နာကျင့်ဆောင်တော်မူလေသည်။

ရသမျှဆွမ်းဘောဇဉ်ဖြင့် ရောင့်ရဲတော်မူခြင်း
▬▬▬▬▬▬▬

ဆရာတော်လောင်းလျာသည် ရရသမျှနှင့် ရောင့်ရဲတော်မူသည်၊ တခါက ကြုံဖူးသည်၊ ရွာတွင်းဆွမ်းခံ ဝင်ကြွလေရာ ပဲကြော်တခွက်မျှသာ ရသည်၊ ထိုအခါတွင် သီတင်းသုံးဖော် ရဟန်းတော်တို့၏ ဆွမ်းဝိုင်း၌ ဟင်းခွက် လေးဆယ်, ငါးဆယ်ဖြင့် ဘုဉ်းပေးနေကြသည်၊ ဆရာတော်လောင်းလျာ ရှင်သောဘနသည် ထို သီတင်း သုံးဖော် သံဃာတော်များထံမှ တောင်းယူခြင်း မပြုပဲ မိမိရသော ပဲကြော်တခွက်ဖြင့် ဘုဉ်းပေးမျှတတော်မူခဲ့လေသည်၊ ဆရာတော်ကား ငယ်စဉ်ကပင် ရရသမျှသော ဆွမ်းဘောဇဉ် ပစ္စည်းဖြင့် ရောင့်ရဲခြင်းအလေ့ ရှိတော်မူလေသည်။

ယထာလာဘသန္တောသော ဟိ, ဒဟရောဝ မဟာယတိ၊
ဒဒီပိ ဒုလ္လဘော ဟောတိ, တိလောကဂ္ဂဿ သာသနေ။

ဆွမ်းခံခြင်းအကျင့်ကို အထင်မသေးရာ မထီမဲ့မြင်မပြုရာ
▬▬▬▬▬▬▬▬▬▬

ပိဏ္ဍပါတ်ဓုတင်အကျင့်သည် အလွန်လျှင်ကောင်းမြတ်လှပေ၏၊ ရဟန်းဖြစ်စက ဝန်ခံခဲ့သော ပထမနိဿယနှင့် လျော်သော အကျင့်ရှိခြင်း, ဒုတိယ အရိယဝံသ၌ တည်ခြင်း, တပါးသူနှင့်မစပ်သော အသက်မွေးမှု ရှိခြင်း အစရှိသော အကျိုး ၁၅-ပါးကို ရရှိနိုင်၏၊ ဆွမ်းခံ၍ ဘုဉ်းပေးသုံးဆောင်ခြင်း အကျင့်ကို အထင်မသေး သင့်ကြောင်း, မထီမဲ့မြင် မပြုသင့်ကြောင်း ကျမ်းပြုလိမ္မာ အရှင်မဟာဗုဒ္ဓဃောသ အဋ္ဌကထာ ဆရာတော်သည် -

ပိဏ္ဍိယာလောပသန္တုဋ္ဌော, အပရာယတ္တဇီဝိကော၊
ပဟီနာဟာရလောလုပ္ပေါ, ဟောတိ စာတုဒ္ဒိသော ယတိ။

ဝိနောဒယတိ ကောသဇ္ဇံ, အာဇီဝဿ ဝိသုဇ္ဈတိ၊
တသ္မာဟိ နာတိမညေယျ, ဘိက္ခာစရိယာယ သုမေဓသော။

ဟူသော ဂါထာဖြင့် သတိပေးတော်မူခဲ့လေသည်။

ဂါထာအနက်

ပိဏ္ဍိယာလောပသန္တုဋ္ဌော - တဇွန်း တယောက်မ တလုတ်တခဲ ဆွမ်းဖြင့် ရောင့်ရဲသော၊ ဝါ - သလုံးမြင်းခေါင်း ခြေနှစ်ချောင်းဖြင့် အညောင်းဖြေကာ အိမ်တိုင်းရှာလျက် တလုတ်စာမျှသော ဆွမ်းဖြင့်ရောင့်ရဲသော၊ အပရာယတ္တဇီဝိကော - သူတစ်ပါးနှင့် မစပ်သွယ်လျှင်း အသက်မွေးခြင်းရှိသော၊ ပဟီနာဟာရ လောလုပ္ပေါ - ပယ်အပ်ပြီးသော အစာအာဟာရ လောလုပ္ပရှိသော၊ ယတိ - သာသနာ့ဝန်ထမ်း ရဟန်းတော်သည်၊ စာတုဒ္ဒိသော - အရပ်လေးမျက်နှာဝယ် ငြိတွယ် အပိတ်အပင် ကင်းရှင်း၍ အလိုရှိရာသို့ ချမ်းသာစွာသွားနိုင်သည်၊ ဟောတိ - မုချစင်စစ်ဖြစ်၏၊ ကောသဇ္ဇံ - ပျင်းရိငြီးငွေ့ခြင်းကိုလည်း၊ ဝိနောဒယတိ - ပုံသေမုချ ဖျောက်ပယ်ရာ၏၊ အဿ - ပိဏ္ဍပါတ်ဓုတင်ဖြင့် ထာဝစဉ်မွေ့ ဘုန်းဟေ့သားကျော် ထိုရဟန်းတော်၏၊ အာဇီဝေါ - အသက်မွေးခြင်းသည်၊ ဝိသုဇ္ဈတိ - အပြစ်မတွယ် စင်ကြယ်ပေ၏၊ တသ္မာဟိ - ထို့ကြောင့်သာလျှင်၊ သုမေဓသော - သံသာ နောင်ရေး မျှော်ခေါင်းတွေးဘိ ကောင်းသောပညာရှိသော ရဟန်းတော်သည်၊ ဘိက္ခာစရိယာယ - လွန်စွာလမ်းမှန် ဆွမ်းခံသော အကျင့်ကို၊ နာတိမညေယျ - မထီမဲ့မြင် မအောက်မေ့ရာ၊ ဝါ - အထင်မသေးရာ။

ဆွမ်းခံဘုဉ်းပေးသောရဟန်း နတ်အများချစ်ခင်
▬▬▬▬▬▬▬

ပိဏ္ဍပါတ်ဓုတင်ဆောင် (ဆွမ်းခံဘုဉ်းပေးသော) ရဟန်းကို နတ်တွေ ချစ်ခင် လေးမြတ်ကြကြောင်းကိုလည်း-

ပိဏ္ဍပါတိကဿ ဘိက္ခုနော, အတ္တဘရဿ အနညပေါသိနော၊
ဒေဝါပိ ပိဟယန္တိ တာဒိနော, နော စေ လာဘသိလောကနိဿိတော။

ဟူသောဂါထာဖြင့် မှတ်တမ်းတင်တော်မူခဲ့လေသည်။

ဂါထာအနက်

လာဘသိလောကနိဿိတော - လာဘ်သပ္ပကာ အကျော်အစောကို တပ်မက် မှီတွယ်သည်၊ နောစေဟောတိ - အကယ်တစေ မဖြစ်ပေအံ့၊ အတ္တဘရဿ - နည်းလည်းနည်းလစ် ပြစ်လည်းမတွယ် ရလွယ်သော ပစ္စည်းတို့ဖြင့် ကိုယ့်ကိုယ်ကိုသာ မွေးမြူသော၊ အနညပေါသိနော - သူတစ်ပါးကို မပြုစု မမွေးမြူသော၊ တာဒိနော - အလိုရှိအပ် မရှိအပ်ဟု ယင်းနှစ်ခုကို အတူပြု၍ ရှုနိုင်လေတုံ တာဒိဂုဏ်နှင့်ပြည့်စုံသော၊ ပိဏ္ဍပါတိ ကဿ ဘိက္ခုနော - ပိဏ္ဍပါတ်ဓုတင်ဆောင် ယောဂီရဟန်းအား၊ ဒေဝါ - ထက်ရပ်ပျော်အောင်း နတ်အပေါင်းတို့သည်၊ ပိဟယန္တိ - သဒ္ဓါဇောဝင် ကြည်ညိုချစ်ခင်ကြကုန်၏။

နတ်တို့ ကြည်ညိုချစ်ခင်မှုကို ငယ်စဉ်ကခံရ
▬▬▬▬▬▬▬

သို့ဖြစ်၍ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးကား အရွယ်တော်နုနယ် ငယ်စဉ်ကပင် သမ္မာဒေဝ နတ်မြတ် အပေါင်းတို့၏ ချစ်ခင်ကြည်ညိုမှုကို ရရှိတော် မူခဲ့လေသည်။

ဧဝံဟိ ဒဟရဿေဝ, သတော မဟာစည်ဓီမတော၊
တိဒသာပိ ပိဟယန္တိ, သံသုဒ္ဓဿ ယသဿိနော။

ပတ္တပိုဏ်ဓုတင်ကိုလည်း ကျင့်တော်မူခြင်း
▬▬▬▬▬▬▬

ရဟန်းတော် အရှင်သောဘနသည် ပတ္တပိုဏ်ဆွမ်းခံ၍ ခြိုးခြံခေါင်းပါးစွာ သပိတ်ထဲ ပါရှိသမျှကိုမဖယ်မရှား သုံးဆောင်ဘုဉ်းပေး၍လည်း ကျင့်ဆောင်တော်မူခဲ့လေသည်။

ဒုတိယဘာဇနံ ပဋိက္ခိပါမိ - ၂-ခုမြောက် စားခွက်ကိုပယ်ပါ၏၊ ပတ္တပိဏ္ဍိကင်္ဂံ သမာဒိယာမိ - တခွက်တည်း၌ စားဖွယ်ကိုသာယူ၍ စားလေ့ရှိသော ရဟန်း၏အကြောင်းအင်္ဂါ စေတနာကို ဆောက်တည်ပါ၏”

ဟူသော စကား ၂-ခွန်းတွင် တမျိုးမျိုးသော စကားဖြင့် ဆောက်တည်တော်မူ၍ သေခိယနှင့်အညီ ဆွမ်းခံဝင်တော်မူ၍ ရလာသော ဆွမ်းဘောဇဉ်တို့ကို သီတင်း သုံးဖော် သံဃာတော်များအားလည်း သင့်သလို လှူဒါန်း၍ ဘုဉ်းပေးတော်မူခဲ့ လေသည်။

အရှင်သောဘနသည် -

နာနာဘာဇနဝိက္ခေပံ, ဟိတွာ ဩက္ခိတ္တလောစနော၊
ခဏန္တောဝိယ မူလာနိ, ရသတဏှာယ သုဗ္ဗတော။

သရူပံ ဝိယ သန္တုဋ္ဌိံ, ဓာရယန္တော သုမာနသော၊
ပရိဘုဉ္ဇယျ အာဟာရံ၊ ကော အညော ပတ္တပိဏ္ဍိကော။

သုဗ္ဗတော - ညစ်ကြေးမတင် စင်ကြယ်ကောင်းမြတ်သော ကျင့်ဝတ်ရှိသော၊ သုမာနသော - ကိုယ့်တာ ကိုယ့်ရေး မျှော်တွေးဆင်ခြင် အလွန်လျှင်ကောင်းမွန်သော စိတ်နှလုံးရှိသော၊ ပတ္တပိဏ္ဍိကောဝ - ပတ္တပိုဏ်ဓုတင် နေ့စဉ်ကျင့်သုံး ယောဂီ ဘုန်းဘုရားသည်သာ၊ နာနာဘာဇနဝိက္ခေပံ - ခွက်ကြီးခွက်ငယ် အသွယ်သွယ်ရှိ စားဖွယ် ဘောဇဉ်၌ ပျံ့လွင့်ခြင်းကို၊ ဟိတွာ - ပယ်စွန့်၍၊ ရသတဏှာယ - ချိုချဉ်ခါးဖန် စပ်အငန်ဟု ခြောက်တန်ထွေပြား အရသာများ၌ တပ်မက်မှု တဏှာ၏၊ ဝါ - အရသာအမျိုးမျိုး ဆာလောင်မှု၏၊ မူလာနိ - အရင်းအမြစ်တို့ကို၊ ခဏန္တောဝိယ - တူးဖြိုဖျက်ဆီးသကဲ့သို့၊ ဩက္ခိတ္တလောစနော - သပိတ်တလုံးတည်းမှာသာ စူးစူးစိုက်စိုက် ချထားအပ်သော မျက်လွှာရှိသည်ဖြစ်၍၊ သရူပံ - မိမိခန္ဓာကိုယ် အတ္တဘောဟူသော ရုပ်တခုကိုသာ၊ ဓာရယန္တောဝိယ - ဆောင်သကဲ့သို့၊ သန္တုဋ္ဌိံ - သပိတ်တလုံးတည်း၌ ရောင့်ရဲတင်းတိမ်ခြင်းကို၊ ဓာရယန္တော - ဆောင်လျက်၊ အာဟာရံ - စားသောက်စရာ အာဟာရကို၊ ပရိဘုဉ္ဇယျ - ဘုဉ်းပေးသုံးဆောင်နိုင်ရာ၏၊ အညော - ပတ္တပိုဏ်ဓုတင် အစဉ်ထာဝရကျင့်သော ရဟန်းမှတပါးသော၊ ကော - အဘယ်ရဟန်းသည်၊ ပရိဘုဉ္ဇယျ - ဘုဉ်းပေး သုံးဆောင်နိုင်ရာအံ့နည်း။

ဟူသည်နှင့်အညီ ခုနစ် ရက်ခုနစ်လီ မိုးကြီးစွေနေတုန်း လျှပ်စီးလင်းလက်သလို မဟာတမ မှောင်ကျနေသော လောကအလယ် ကြုံတောင့်ကြုံခဲ ကြုံလာသော သာသနာ့ပွဲတော်မှာ သဒ္ဓါပညာ အပြည့်အဝဖြင့် လုပ်ရဲကိုင်ရဲသော ထိပ်တန်း အာဇာနည်ရဟန်းတို့၏ လမ်းစဉ်ကို လုပ်ကိုင်ကျင့်ဆောင်ရဲသူပေတည်း။

ပုထုဇဉ်အများတို့ ကြိုက်သော ဟို ဟာစပ်စပ် သည်ဟာစပ်စပ် ပါးစပ်သရမ်းမှုကို ပယ်နိုင်သူ ပုဂ္ဂိုလ်ထူးပေတည်း၊ အရှင်သောဘနကား သည်ခေတ် သည်သမယတွင် အတုခိုး၍ ချိန်စက်စရာချိန်ခွင်ဖြစ်၏၊ အားကျတိုင်းတာစရာ ပမာဏပုဂ္ဂိုလ်လည်း ဖြစ်၏။

ဘဒ္ဒန္တသောဘနော ထေရော, အာဇညော သုဝိရော ဝိဒွါ၊
အဓုနာ တုလဘူတောဝ, ပမာဏော ဟိ သုဓီတိမာ။

အရှင်မဟာကဿပ လမ်းစဉ်
▬▬▬▬▬▬▬▬▬▬

ဘုရားရှင် ရွှေလက်ထက်တော်က ဓုတင်ဆောင်ရဟန်းများအနက် (ဓုတင်၏ ဂုဏ်ကျေးဇူးကို ဟောပြောတတ်သော ရဟန်းများအနက်) အထူးချွန်ဆုံး အမြတ်ဆုံး ဧတဒဂ်ရ အရှင်မဟာကဿပ မထေရ်သည် သီတင်းသုံးရာကျောင်းမှ ဂေါစရဂါမ် မြို့တွင်း ဆွမ်းခံဝင်ကြွတော်မူစဉ် သွေးပြည်တရွှဲရွှဲနှင့် နူနာစွဲနေသော ဒကာ တယောက်က ဆွမ်းလောင်းလှူလေရာ နူနာစွဲသူ၏ လက်ချောင်းများပါ သပိတ်ထဲ ပြတ်ကျလေ၏၊ အရှင်မဟာကဿပသည် မိမိသီတင်းသုံးရာ ကျောင်းရောက်တော့ သပိတ်ထဲ ပါသမျှကို မရှောင်မဖယ်ပဲ နံရံမှီ၍ မရွံမရှာ ဘုဉ်းပေးတော်မူလေသည်။ ယင်းသို့ ဖြစ်ကြောင်း -

သေနာသနမှာ ဩရုယှ, နဂရံ ပိဏ္ဍာယ ပါဝိသိံ၊
ဘုဉ္ဇန္တံ ပုရိသံ ကုဋ္ဌိံ, သက္ကစ္စံ နံ ဥပဋ္ဌဟိံ။

သော မေ ပက္ကေန ဟတ္ထေန, အာလောပံ ဥပနာမယိ၊
အာလောပံ ပက္ခိပန္တဿ, အင်္ဂုလိစေတ္ထ ဆိဇ္ဇထ။

ကုဍ္ဍမူလဉ္စ နိဿာယ, အာလောပံ တံ အဘုဉ္ဇိဿံ၊
ဘုဉ္ဇမာနေဝါ ဘုတ္တေဝါ, ဇေဂုစ္ဆံ မေ န ဝိဇ္ဇတိ။

ဟူ၍ ထေရဂါထာပါဠိ မိလိန္ဒပဥှာပါဠိ တို့၌လာရှိလေသည်။

အရှင်သောဘနကား ဖော်ပြပါ အရှင်မဟာကဿပ လမ်းစဉ်ကို ထိုက်သလောက် လိုက်သူပေတည်း၊ သည်လိုပုဂ္ဂိုလ်မျိုး ဘုရားရှင် သာသနာတော်၌ တော်တော် များများ ပေါ်ပေါက်ဖို့လိုချေပြီတကား။

ဘဒ္ဒန္တသောဘနော ထေရော, ကဿပမနုဂေါ ဝိဒူ၊
သဗ္ဗညုဇိနစက္ကမှိ, သုဝိသိဋ္ဌသုဝိဒ္ဒသု။

ရုက္ခမူဓုတင်ကို ဆောက်တည်၍ ကျင့်တော်မူခြင်း
▬▬▬▬▬▬▬▬▬▬

ရဟန်းတော် အရှင်သောဘနကား ဓုတင်ကျင့်ဝတ်ကျင့်မှု၌ ရောင့်ရဲခြင်း မရှိပါချေ၊ ရံခါ ရုက္ခမူဓုတင်ကိုလည်း ဆောက်တည်၍ ကျင့်တော်မူခဲ့သေးသည်။

ဆန္နံ ပဋိက္ခိပါမိ - အုတ်ကြွပ်စသား အမိုး ၅-ပါးဖြင့် မိုးအပ်သော အရိပ်အာဝါသကို ပယ်ပါ၏၊ ရုက္ခမူလိကင်္ဂံ သမာဒိယာမိ - သစ်ပင်ရင်း သစ်ပင်အောက်၌ နေလေ့ ရှိသော ရဟန်း ၏အကြောင်းအင်္ဂါ စေတနာကို ဆောက်တည်ပါ၏”

ဟူသော စကား ၂-မျိုးတွင် တမျိုးမျိုးဖြင့် ဆောက်တည်၍ ရုက္ခမူဓုတင်ကို ကျင့်တော်မူခဲ့သည်။

အရှင်သောဘနသည် -

ရုက္ခမူလသေနာသနံ နိဿာယ ပဗ္ဗဇ္ဇာ” ဟူသော သဗ္ဗညုဘုန်းဘုရား၏ အာလုပ်ရင့်ဟူ မိန့်တော်မူချက်ကြောင့် တတိယနိဿယ အားလျော်သော အကျင့် အာစာရရှိသူအဖြစ် အစရှိသော အကျိုးအာနိသင် ၆-ပါးကို သင့်သလောက် ရရှိအောင် တပွဲတလမ်း စမ်းကြည့်သောထွေ ကြိုးပမ်းတော်မူခဲ့လေသည်၊ အဋ္ဌကထာ ကျမ်းပြုအကျော် အရှင်မဟာဗုဒ္ဓဃောသ ဆရာတော်သည် သစ်တပင်ရင်း, ဝါးတပင်အောက်ကို အထင်မသေးရန် -

ဝဏ္ဏိတော ဗုဒ္ဓသေဋ္ဌေန, နိဿယောတိ စ ဘာသိတော၊
နိဝါသော ပဝိဝိတ္တဿ, ရုက္ခမူလသမော ကုတော။

အာဝါသမစ္ဆေရဟရေ, ဒေဝတာပရိပါလိတေ၊
ပဝိဝိတ္တေ ဝသန္တော ဟိ, ရုက္ခမူလမှိ သုဗ္ဗတော။

အဘိရတ္တာနိ နီလာနိ, ပဏ္ဍူနိ ပတိတာနိ စ၊
ပဿန္တော တရုပဏ္ဏာနိ, နိစ္စသညံ ပနူဒတိ။

တသ္မာဟိ ဗုဒ္ဓဒါယဇ္ဇံ, ဘာဝနာဘိရတာလယံ၊
ဝိဝိတ္တံ နာတိမညေယျ, ရုက္ခမူလံ ဝိစက္ခဏော။

ဟူသော ၄-ဂါထာဖြင့် သတိပေးနှိုးဆော်တော်မူခဲ့လေသည်။

ဂါထာများအနက်

ဗုဒ္ဓသေဋ္ဌေန - သုံးလောကဓာတ် အမြတ်ထွတ်ထား ဘုရားရှင်သည်၊ ဝဏ္ဏိတော - ဖိုးနည်းရလွယ် စသည်ခြယ်လျက် သွယ်သွယ်ကျိုးပြ မိန့်ဟ ချီးမွမ်းတော်မူအပ်သော၊ နိဿယောတိစ ဘာသိတော - မှီရာ နိဿယဟူ၍လည်း ချီးပထုတ်ဖော် ဟောတော်မူအပ်သော၊ ရုက္ခမူလသမော - အောင်မြေရွေးကောက် သစ်ပင်ရင်း သစ်ပင်အောက်နှင့်တူသော၊ ပဝိဝိတ္တဿ - မျိုးမျိုးတန်တန် အသံကင်းတိတ် ဆိတ်ငြိမ်ခြင်းကို အလိုရှိသော ယောဂီပုဂ္ဂိုလ်၏၊ နိဝါသော - စံပျော်ဘိတောင်း နေရာကျောင်းသည်၊ ကုတောအတ္ထိ - အဘယ်မှာလျှင်ရှိပါအံ့နည်း။

ဟိ - ထက်ဆိုစကား မမှားဧကန် စင်စစ်မှန်၏၊ အာဝါသမစ္ဆေရဟရေ - ကျောင်းဗိမာန်နှင့်စပ် မစ္ဆေရဘေးရန်ကို ပယ်ဖျောက်ရာ ဖြစ်သော၊ ဒေဝတာ ပရိပါလိတေ - ရုက္ခစိုးနတ်တို့သည် မပြတ်ထာဝရ စောင့်ရှောက် အပ်ထသော၊ ပဝိဝိတ္တေ - အသံ ကင်းတိတ် ဆိတ်ငြိမ်သော၊ ရုက္ခမူလမှိ - အောင်မြေရွေးကောက် သစ်ပင်ရင်း သစ်ပင်အောက်၌။ ဝသန္တော - ဓမ္မနှင့်ပျော် နေထိုင်သော၊ သုဗ္ဗတော - တရားမစောင်း ကောင်းသောအကျင့်ရှိသော ယောဂီပုဂ္ဂိုလ်သည်၊ အဘိရတ္တာနိ - နုနယ်ပြောစည် နီသောအဆင်း ရှုခင်းရှိကုန်သော၊ နီလာနိ - ရင့်ရော်တုံလျှင်း စိမ်းညိုသော အသွေးအဆင်း မြင်ကွင်းရှိကုန်သော၊ ပဏ္ဍူနိ - မှည့်သောအခါ ဝါရော်ကုန်သော၊ ပတိတာနိစ - အညှာမှ ကြွေကျသည်လည်း ဖြစ်ကုန်သော၊ တရုပဏ္ဏာနိ - သစ်ပင်များ၏ သစ်ရွက်တို့ကို၊ ပဿန္တော - မျက်တွေ့ထင်ထင် ရှုမြင်ရသည်ဖြစ်၍၊ နိစ္စသညံ - မြဲ၏ဟူသော အမှတ်မှား သညာမှားကို၊ ပနုဒတိ -ဧကန်မဖောက် ပယ်ဖျောက်နိုင်၏။

တသ္မာဟိ (တသ္မာဧဝ) - ထို့ကြောင့်သာလျှင်၊ ဝိစက္ခဏော - သံသာနောင်ရေး မျှော်တွေးဆင်ခြင် ပညာရှင် ရဟန်းတော်သည်၊ ဗုဒ္ဓဒါယဇ္ဇံ - ဖွားတော်မူရာ တဖြာပွင့်ရာ ဒေသနာဓမ္မစက် ဟောမြွက်ရာမှန် နိဗ္ဗာန် ဝင်ရာ အခါလေးရပ်၌ မှီဝဲအပ်သော ပစ္စည်းဖြစ် ဘုန်းမီးနေလ မြတ်ဗုဒ္ဓ၏ မုချမသွေ အမွေတော်ဖြစ်သော၊ ဘာဝနာ ဘိရတာလယံ - ဘာဝနာအလုပ်၌ အားထုတ်မွေ့လျော် ပျော်ပိုက်သူတို့၏ နေရာဖြစ်သော၊ ဝိဝိတ္တံ - အသံကင်းတိတ် ဆိတ်ငြိမ်သော၊ ရုက္ခမူလံ - အောင်မြေရွေးကောက် သစ်ပင်ရင်း သစ်ပင်အောက်ကို၊ နာတိမညေယျ - မထီမဲ့မြင် မပြုရာ။

ထိပ်တန်း ပဋိပတ္တိဝန်ဆောင်တို့ကို အတုယူကျင့်ခဲ့

အရှင်သောဘနသည် ရှေးရှေးနောင်တော် ပဋိပတ္တိဝန်ဆောင် ပုဂ္ဂိုလ်မြတ်ကြီးတို့၏ နည်းနာနိဿယကို အတုလိုက်ကာ သဒ္ဓါပဗ္ဗဇိတပီပီ ယုံကြည်လေးမြတ်စွာ ကျင့်ဆောင်တော်မူခဲ့လေသည်။

ဘဒ္ဒန္တသောဘနော ထေရော, အတီတေ ဓုတဝါဒကေ၊
ပသန္နော အနုစရော အာသိ, ယတိ သေဋ္ဌဿသာသနေ။

ဧကာသနိက်ဓုတင်ကို ကျင့်တော်မူခြင်း
▬▬▬▬▬▬

မဟာစည် ဆရာတော်လောင်းလျာ ရဟန်းတော် အရှင်သောဘနသည် ဧကာသနိက် ဓုတင်၏ အကျိုးများဖြစ်သော အနာကင်းခြင်း, ကိုယ်ဆင်းရဲကင်းခြင်း, ပေါ့ပါး လျင်မြန်စွာ ထနိုင်ခြင်း, ခွန်အားဗလနှင့် ပြည့်စုံခြင်း, ချမ်းသာစွာနေရခြင်း, အတိရိက်ဝိနည်းကံမပြုပဲ စားခြင်းကြောင့် ဖြစ်နိုင်သော အာပတ်မသင့်ခြင်း, ရသတဏှာကို ပယ်ဖျောက်နိုင်ခြင်း, အပ္ပိစ္ဆတာ အစရှိသည်တို့အားလျော်သော အကျင့်ရှိသည်၏ အဖြစ်ဟူသော အကျိုးအာနိသင်တို့ကို အလိုရှိတော်မူသဖြင့်-

နာနာသနဘာဇနံ ပဋိက္ခိပါမိ - နေရာအများ၌ စားခြင်းကိုပယ်ပါ၏၊ ဧကာသနိကင်္ဂံသမာဒိယာမိ - တထိုင်တည်း၌သာ စားလေ့ရှိသော ရဟန်း၏ အကြောင်းအင်္ဂါ စေတနာကို ဆောက်တည်ပါ၏”

ဟူသော စကား ၂-မျိုးတွင် တမျိုးမျိုးဖြင့် ဧကာသနိက် ဓုတင်ကိုလည်း ဆောက်တည်၍ ကျင့်တော်မူခဲ့လေသည်၊ အဋ္ဌကထာ ဆရာတော် အရှင်မဟာ-ဗုဒ္ဓဃောသသည် ဧကာသနိက်ဓုတင် ဆောက်တည်ချင်လာအောင် အောက်ပါ အနုသာသနီ ၂-ဂါထာဖြင့် တိုက်တွန်းတော်မူခဲ့လေသည်။

အနုသာသနီ ၂-ဂါထာ ပါဠိအနက်
▬▬▬▬▬▬▬▬▬▬

ဧကာသနဘောဇနေ ရတံ, န ယတိံ ဘောဇနပစ္စယာ ရုဇာ၊
ဝိသဟန္တိ ရသေ အလောလုပ္ပေါ, ပရိဟာပေတိ န ကမ္မမတ္တနော။

ဣတိ ဖာသုဝိဟာရကာရဏေ, သုစိသလ္လေခရတူပသေဝိတေ၊
ဇနယေထ ဝိသုဒ္ဓမာနသော, ရတိမေကာသနဘောဇနေ ယတိ။

ဧကာသနဘောဇနေ - တနေရာတည်းဝယ် ဘုဉ်းပေးသုံးဆောင်ခြင်း၌၊ ရတံ - စိတ်က ချမ်းမြေ့ မွေ့လျော်သော၊ ယတိံ - သာသနာ့ဝန်ထမ်း ရဟန်းတော်ကို၊ ဘောဇနပစ္စယာ - အစားအစာ စားခြင်းလျှင် အကြောင်း ရှိကုန်သော၊ ရုဇာ - အနာရောဂါတို့သည်၊ နဝိသဟန္တိ - မနှိပ်စက်နိုင်ကုန်၊ ရသေ - ရသာရုံ၌၊ အလောလုပ္ပေါ - သည်ထက်သည်သာ သာ၍ ကောင်းသည်ဟူ၍ ပြင်းစွာ မက်မောခြင်း ကင်းသည်ဖြစ်၍၊ အတ္တနော - မိမိ၏၊ ကမ္မံ - ရဟန်းကိစ္စဝါသဓူရကို၊ ဝါ - ရဟန်းကိစ္စနှစ်ဓူရကို၊ နပရိဟာပေတိ - မုချပုံသေ မဆုတ်ယုတ်စေ။

ဣတိတသ္မာ - ထို့ကြောင့်၊ ဖာသုဝိဟာရကာရဏေ - ကိုယ်စိတ်မပန်း ချမ်းသာစွာ နေရခြင်း၏ အကြောင်း ဖြစ်သော၊ သုစိသလ္လေခရတူပသေဝိတေ - စင်ကြယ်သော တဏှာကို ခေါင်းပါး ပြုန်းတီး စေတတ်သော အကျင့်၌ မွေ့လျော် ပျော်ပိုက်သော သူတော်သူမြတ်တို့သည် လွန်စွာမှီဝဲအပ်သော၊ ဧကာသနဘောဇန - နေရာမများ တနေရာတည်းဝယ် စားသုံးခြင်း၌၊ ရတိံ - နှစ်သက်မွေ့လျော် ပျော်ပိုက်ခြင်းကို၊ ဝိသုဒ္ဓမာနသော - သန့်ရှင်း ဖြူစင်သော စိတ်နှလုံးရှိသော၊ ယတိ - သာသနာ့ဝန် အားသွန်ကြိုးပမ်း ရဟန်းတော်သည်၊ ဇနယေထ - ကြိုးပမ်း အားသစ် ဖြစ်စေရာ၏။

ဤကား အဋ္ဌကထာဆရာတာ်မိန့်ဆိုသည့် အနုသာသနီဂါထာနှင့် အနက်တည်း၊ ဤသို့ဖြင့် အရှင်သောဘနသည် ဧကာသနိက်ဓုတင်ကိုလည်း ကျင့်ဆောင်တော် မူခဲ့လေသည်။

သော ဧကာသနိကင်္ဂမ္ပိ, သမာဒိယ သုဓီတိမာ၊
ဝိနာယကဿ စိတ္တမ္ပိ, အာရာဓေတွာ စရီ ဝိဒွါ။

ဆရာတော်လောင်းလျာသည် အခြားသော ဓုတင်အချို့တို့ကိုလည်း အခါအားလျော်စွာ ကျင့်ဆောင် အားထုတ်တော်မူခဲ့လေသည်၊ ပရိယတ်အလုပ်ကို နေ့စဉ်ချပို့ခြင်း, သင်ယူခြင်းဖြင့် ကြိုးပမ်းတော်မူခဲ့လေသည်။

အရှင်သောဘနကား ငယ်စဉ်ကပင်-

“ရဟန်းကိစ္စ, နှစ်ဓူရ၌, လုံ့လအားသည်း, ဟိတ်ဟန်နည်း၍, ပစ္စည်းမသို, စိတ်မတို, ခင်ပျိုကြီးပွားကြောင်း”ဟူသော လင်္ကာနှင့်အညီ ကျင့်ကြံ ကြိုးပမ်းတော်မူသည့် ရဟန်းတော်မြတ်ပါပေတည်း။

ဧသော သာသနကိစ္စေသု, သတတံ ဝါယာမော သုဓီ၊
သုဓိဘူတဿ ဗုဒ္ဓဿ, ဝုဒ္ဓိဝိရုဠှိယာ ကရီ။

ပန္နရသမပိုင်း

ပထမပြန်စာမေးပွဲ
▬▬▬▬▬▬▬

သီပေါမင်း ပါတော်မူပြီးနောက် အင်္ဂလိပ်မင်းလက်ထက် သက္ကရာဇ် ၁၂၅၇-ခုနှစ် နယုန်လကစ၍ ပထမပြန်စာမေးပွဲကို နှစ်စဉ်ကျင်းပသည်၊ ပထမပြန်ကော်မတီတခု ခန့်ထား၍ စီမံအုပ်ချုပ်သည်၊ ပြဋ္ဌာန်းသော ကျမ်းစာများမှာ သဒ္ဒါ, သင်္ဂြိုဟ်, ဒွေမာတိကာ, အဘိဓာန်, အလင်္ကာ, ဆန်း, မာတိကာဓာတုကထာ, ယမိုက်, ပဋ္ဌာန်း ဘာသာပြန်တို့ဖြစ်သည်၊ ရူပသိဒ္ဓိ, ဋီကာကျော်, ကင်္ခါလာအဓိပ္ပါယ်တို့ကိုလည်း အဆင့်အတန်းလိုက် မေးရန် သတ်မှတ်ထားသည်။

အတန်းမှာလည်း -

(၁) ပထမငယ်,
(၂) ပထမလတ်,
(၃) ပထမကြီး,
(၄) ပထမကျော်

ဟူ၍ ၄-တန်း ထားပြီး တတန်းလျှင် မေးခွန်းပုစ္ဆာ တမျိုးစီထုတ်ကာ ၄-တန်းအတွက် ပုစ္ဆာ ၄-မျိုးစီ ထုတ်၍ စာရွက်ဖြင့်မေး, စာရွက်ဖြင့် ဖြေဆိုရသည်။

၁၂၆၀-ပြည့်နှစ်မှစ၍ ပထမကျော်တန်း စာမေးပွဲကို ရပ်စဲလိုက်သည်၊ သို့ရာတွင် ပထမကျော်ကို ပထမကြီး အောင်မြင်သူများထဲမှ အမှတ်အများဆုံးကို ရွေးချယ်၍ အအောင်ပေးသည်၊ ၁၂၉၉-ခုနှစ်တွင် ပထမပြန် စုံစမ်းရေး ကော်မတီတခု ဖွဲ့စည်းကာ စုံစမ်းအစီရင်ခံစေပြီးလျှင် ယင်းကော်မတီအစီရင်ခံစာအရ နာယက ဆရာတော်များ ပါဝင်သည့် ပထမပြန်ကော်မတီတခု ဖွဲ့စည်းကာ ပထမပြန် စာမေးပွဲကို စီမံ အုပ်ချုပ်ခဲ့သည်၊ အတန်းထားရာတွ င်လည်း ဓမ္မာစရိယ စာချတန်း တတန်းတိုး၍ ၄-တန်းထား၍ ကျင်းပခဲ့သည်၊ ပြဋ္ဌာန်းသော ကျမ်းစာများမှာ -

(၁) ပါရာဇိကဏ်ပါဠိအဋ္ဌကထာ,
(၂) သုတ်သီလက္ခန်ပါဠိ အဋ္ဌကထာ,
(၃) ဓမ္မသင်္ဂဏီပါဠိ အဋ္ဌကထာ - ဟူ၍ ကျမ်းရင်း ၃-ကျမ်းနှင့်

(၁) ပါစိတျာဒိပါဠိ အဋ္ဌကထာ,
(၂) ဝိဘင်္ဂါဒိပါဠိအဋ္ဌကထာ,
(၃) မဟာဝဂ္ဂါဒိပါဠိအဋ္ဌ ကထာ,
(၄) မဇ္ဈိမနိကာယပါဠိအဋ္ဌကထာ,
(၅) သံယုတ္တနိကာယပါဠိအဋ္ဌကထာ,
(၆) အင်္ဂုတ္တရနိကာယပါဠိအဋ္ဌကထာ

အားဖြင့် ဂုဏ်ထူး ၆-ကျမ်းဖြစ်လေသည်။

ဒုတိယကမ္ဘာစစ်အတွင်း ၁၃၀၄-ခုနှစ်မှစ၍ ၁၃၀၇-ခုနှစ်တိုင်အောင် ၄-နှစ်တိတိ ပထမပြန်စာမေးပွဲ မကျင်းပနိုင်ပဲ ရှိခဲ့သည်၊ စစ်ပြီးခေတ် ၁၃၀၈-ခုနှစ်မှစ၍ ဆက်လက်ကျင်းပခဲ့သည်၊ သက္ကရာဇ် ၁၃၁၂-ခုနှစ်တွင် ပါဠိတက္ကသိုလ်နှင့် ဓမ္မာစရိယ အက်ဥပဒေ ပြဋ္ဌာန်း၍ ယင်းဥပဒေအရ ပါဠိတက္ကသိုလ် တည်ထောင်ကာ ပါဠိတက္ကသိုလ်ဝင် ကျောင်းများမှ ဆရာတော် သံဃာတော်များ ပါဠိတက္ကသိုလ် ဗဟိုအဖွဲ့ ဖွဲ့စည်း၍ စာချတန်း စာမေးပွဲကို စီမံအုပ်ချုပ်လျက် ပထမပြန် စာမေးပွဲနှင့်အတူ မကျင်းပတော့ပဲ တသီးတခြားခွဲ၍ စာချတန်း စာမေးပွဲကို ကျင်းပသည်။

၁၃၁၃-ခုနှစ်တွင် ပါဠိပညာရေးအဖွဲ့ အက်ဥပဒေပြဋ္ဌာန်း၍ ယင်းဥပဒေအရ ဆရာတော် သံဃာတော်များ ပါဝင်သော ပါဠိပညာရေးအဖွဲ့ကို ဖွဲ့စည်းကာ စီမံ အုပ်ချုပ်လျက် ပထမပြန်စာမေးပွဲကို ဆက်လက်ကျင်းပခဲ့လေသည်။

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်အစိုးရ လက်ထက်တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ တာဝန်ယူ ကျင်းပ၍ သာသနာကို ချီးမြှောက်လျက်ရှိပေသည်။

ဤသည်လျှင် သာမန်သိရန် ပထမပြန်စာမေးပွဲ, ဓမ္မာစရိယ စာချတန်း စာမေးပွဲ သမိုင်း အကျဉ်းချုပ်တည်း။

သုတေသီနံ ဟိတတ္ထာယ, ဣတိဟာသကထာ အယံ၊
ပရိက္ခဏဒွယဿဟိ, သင်္ခေပေန သမုဒ္ဓတာ။

ပထမငယ်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆို အောင်မြင်တော်မူခြင်း
▬▬▬▬▬▬▬▬▬

ရဟန်းသိက္ခာ ဝါမျှမရသေးသော အရှင်သောဘန ရရှိပြီးစာပေအရည်အချင်းမှာ ပထမငယ်, ပထမလတ်, ပထမကြီးမက ဓမ္မာစရိယ စာချပုဂ္ဂိုလ် လုပ်နိုင်လောက် အောင်ဖြစ်၏၊ သို့ရာတွင် စာမေးပွဲဟူသည် အစဉ်အတိုင်းသာ ဝင်ရသည့် ထုံးစံ အတိုင်း ပထမငယ်တန်းဆိုင်ရာ ဘိက္ခုပါတိမောက်, သဒ္ဒါ, သင်္ဂြိုဟ်, ကင်္ခါ, ရူပသိဒ္ဓိ, ဋီကာကျော်, မာတိကာ ဓာတုကထာများကို အရဆောင် ကြည့်ရှုလေ့လာပြီး ၁၂၈၆-ခုနှစ် ရဟန်းဝါ မရမီမှာပင် အစိုးရ ပထမငယ်တန်းကို ဝင်ရောက်ဖြေဆိုရာ နှစ်ချင်းစွဲ အောင်မြင်တော်မူခဲ့လေသည်။

ပထမခုဒ္ဒဋ္ဌာနမ္ပိ, ဝိဿဇ္ဇေတွာ ဝိသာရဒေါ၊
ဇယံ ဇယန္တောဝ, တေသု ဂန္ထေသု ကောဝိဒေါ။

သောဠသမပိုင်း

မယ်တော်ကြီးဒေါ်အုပ်

ကွယ်လွန်သဖြင့် သံဝေဂဖြစ်ခြင်း

အရှင်သောဘန ရဟန်းသိက္ခာ ၁-ဝါအရတွင် အနန္တဂုဏ်အင် ကျေးဇူးရှင် မိခင်ကြီး ဒေါ်အုပ် မမျှော်လင့်ပဲ ကွယ်လွန်ခဲ့လေသည်၊ ထိုစဉ်က အရှင်သောဘနမှာ နုနုနယ်နယ် ရဟန်းငယ်မျှသာ ရှိသေးသည်၊ သို့ရာတွင် စိတ်မနုပါချေ၊ ပရိယတ္တိ စာပေများဖြင့် စိတ်ကို ထိန်းချုပ်ထားနိုင်ရုံမျှမက ဓူတင်ကျင့်ဝတ် ပဋိပတ်တို့ဖြင့် ကွပ်ကဲထိန်းအုပ် ထားလေရာ မယ်တော်ကွယ်လွန်ခြင်း အတွက် သောကဒုက္ခ မရောက်ပါချေ။

အဗလဒုဗ္ဗလဋ္ဌေန, အနဒ္ဓနိယဋ္ဌေန စ၊
တာဝကာလိကဋ္ဌေနာပိ, ကာယော ကုမ္ဘသမော သိယာ။

တကယ်တော့ ခန္ဓာကိုယ်ကြီးဟာ အိုးလို့ပဲ၊ အိုးဆိုတာ အားမရှိဘူး၊ အားနည်းတယ်၊ ကြာရှည်လေးမြင့် မတည်တံ့ဘူး၊ အခိုက်အတန့်သာ တည်တယ်၊ သို့ဖြစ်၍ ဘုရားရှင်က-
ကုမ္ဘူပမံ ကာယမိမံ ဝိဒိတွာ”လို့ ဟောတော်မူတယ်
စသည်ဖြင့် သံဝေဂ ဖြစ်တော်မူခဲ့ပါလိမ့်မည်။

ဇရာဓမ္မောစ ဗျာဓိစ, အထောပိ မရဏဓမ္မော၊
ကမ္မန္တိ နေသံ စတုန္နံ, ပါဋိဘာဂေါ န ဝိဇ္ဇတိ။

ဟူသည်နှင့်အညီ လောကကြီးထဲမှာ အာမခံလို့မရတာ ၄-မျိုးရှိတယ်၊ ဘယ်သူ သွားကျိုး ဆံဖြူ ငယ်မူယိုယွင်း အိုမင်းရင့်ရော် မှည့်ပျော်ချင်မလဲ၊ မဖျားမနာပါနဲ့ လို့လဲ အာမခံလို့မရဘူး, သေခြင်းတရားလဲ အာမဝန်တာခံလို့မရဘူး, ပုထုဇဉ် မှန်လျှင် သေချင်တဲ့လူရယ်လို့ ဘယ်သူရှိမလဲ၊ မိမိပြုခဲ့တဲ့ကံတွေ အကျိုးမပေး ပါနဲ့လို့လဲ အာမမခံနိုင်ဘူး။

အရှင်သောဘနသည် မိခင်ကြီး မိမိလူလားမမြောက်ခင် ကွယ်လွန်ရခြင်းအတွက် များစွာ သံဝေဂ ဖြစ်တော်မူသည်။

မိခင်ကြီးရှိလျှင်
ဘယ်လောက်ဝမ်းမြောက်ရှာမလဲ

ဆရာတော်လောင်းလျာ၏ မိခင်ကြီးဒေါ်အုပ်မှာ ဆရာတော်လောင်းလျာ လူလား မမြောက်ခင် ကွယ်လွန်ခဲ့လေပြီ၊ ဆရာတော် လူလားမြောက်၍ အထွတ်အထိပ် ရောက်စဉ်, မင်းဆရာဖြစ်စဉ်, ဆဋ္ဌသင်္ဂါယနာတွင် သင်္ဂါယနာကိစ္စ အဝဝကို ဆောင်ရွက်ချိန် စသည်အခါထူးများတွ င် မိမိသားကို ဖူးမြင်ရပါမူကား အတိုင်းမသိ ပီတိဆွတ်ဖျန်း စိတ်ရွှင်လန်း ချမ်းသာမည်သာတည်း။

ထေရင်္ကုရေ အဝဍ္ဎေပိ, ဇနနီ ဟိ ကာလံကရီ၊
ထေရဘာဝံ သာ ပဿေယျ, လဘေ အနပ္ပကံ သုခံ။

သန်လျင်မြို့

ရန်ကုန်တဘက်ကမ်း သန်လျင်မြို့သည် ယခုအခါ ရန်ကုန်တိုင်း သန်လျင်မြို့နယ်၏ ရုံးစိုက်ရာ ဖြစ်သည်၊ ယခင်က ဟံသာဝတီခရိုင်တွင် သန်လျင်မြို့နယ်အဖြစ် ထင်ရှားခဲ့သည်၊ ထိုစဉ်က သန်လျင်မြို့နယ်တွင် ကျောက်တန်းမြို့နယ်, သုံးခွ မြို့နယ်, ခရမ်းမြို့နယ်, သန်လျင်မြို့နယ်များ ပါဝင်ခဲ့သည်၊

သန်လျင်မြို့ကား ရှေးမြန်မာ ဘုရင်များလက်ထက်ကပင် ထင်ရှားသောမြို့ ဖြစ်သည်၊ မြို့တည်သူ ငသန်လျင်ကိုစွဲ၍ သန်လျင်မြို့ဟု တွင်သည်၊ တညင်မြို့ ဟုလည်း ခေါ်ကြသည်၊ သန်လျင်မြို့၌ ရေနံချက်စက်ရုံကြီး ၂-ရုံနှင့် ဖန်ချက်စက်ရုံရှိ၏၊ ကျိုက်ခေါက်စေတီမှာ သန်လျင်မြို့၏ ကျက်သရေဆောင် ထင်ရှားသော စေတီဖြစ်၏၊ ကျိုက်ခေါက်စေတီ၏ မြောက်စောင်းတန်း အဆင်းတွင် ဝန်ကြီး ပဒေသရာဇာ၏ အရိုးဂူတည်ရှိ၏။

သန်လျင်နာမဓေယျန, ဗလဝန္တေန မာပိတံ၊
နဂရံ သန်လျင်ဣတိ, သဗ္ဗေဟိ အဘိလက္ခိတံ။

သန်လျင်၌ ဝါဆိုတော်မူခြင်း

အရှင်သောဘနသည် ရဟန်းသိက္ခာ ၁-ဝါရပြီးနောက် ၁၂၈၇-ခုနှစ်တွင် ဖော်ပြပါ ရန်ကုန်တဘက်ကမ်း သန်လျင်မြို့သို့ ကြွတော်မူသည်၊ မိုးဦးကျချိန်၌ သန်လျင်မြို့သို့ ရောက်တော်မူသည်၊ ထိုမှတဖန် ဆိပ်ခွန်ဇာတိ ဘုန်းကြီးတပါး ရှိရာ ပုသိမ်သို့ ကြွတော်မူသည်၊ ထို့နောက်တွင် သန်လျင်မြို့သို့ ပြန်ကြွတော်မူကာ ဝါဆိုတော်မူ၍ စာပေများကြည့်ရှုလေ့လာခြင်း, ပဋိပတ်အလုပ်ကို ထိုက်သလောက်ပြုလုပ်ခြင်းဖြင့် အချိန်ကို လွန်စေတော်မူသည်။

သန်လျင်နဂရသေဋ္ဌေပိ, ဧကဝဿံ ဝသီ ဝသီ၊
ဓုရဒွယေ ပူရယိတွာန, ကိစ္စံ ကာတဗ္ဗကံ ကရီ။

သတ္တရသမပိုင်း

ပထမလတ်တန်း

ဖြေဆိုအောင်မြင်ခြင်း

၁၂၈၈-ခုနှစ်တွင်လည်း သန်လျင်မြို့၌ ဆက်လက်၍ သီတင်းသုံးတော်မူ၍ ပထမလတ်တန်း ပြဋ္ဌာန်းသည့် ဒွေမာတိကာ, သဒ္ဒါ, သင်္ဂြိုဟ်, မာတိကာ ဓာတုကထာ အရကောက်, အောက်ယမိုက် ၅-ကျမ်း စသည်တို့ကို ကရားရေလွှတ် တတွတ်တွတ်ရအောင် နှုတ်ရအောင် သဘောမိအောင်လည်း ကြည့်ရှု၍ ကင်္ခါ, ရူပသိဒ္ဓိ, ဋီကာကျော်လာ ဆိုင်ရာအဓိပ္ပါယ်တို့ကို ကြည့်ရှုလေ့လာတော်မူ၍ ရန်ကုန်ကြွလာ တော်မူကာ ရန်ကုန်မြို့ ကျောင်းတော်ရာတိုက်၌ ဝင်ရောက် တည်းခိုပြီး ပထမလတ်တန်းကို ဝင်ရောက်ဖြေဆိုရာ နှစ်ချင်းစွဲအောင်မြင်တော် မူခဲ့လေသည်။

မဇ္ဈိမပန္တိဌာနမ္ပိ, ဝိဿဇ္ဇေတွာ ဝိသာရဒေါ၊
ဇယံ ဇယန္တောဝ, တေသု ဂန္ထေသု ကောဝိဒေါ။

ဆိပ်ခွန် ပြန်ကြွတော်မူခြင်း

ပထမလတ်တန်း အောင်မြင်သဖြင့် အစိုးရလှူသည့် ဆုတော်ငွေကို ကျောင်း ဘုန်းကြီးအား လှူဒါန်းတော်မူ၍ ရန်ကုန်မှ ရွှေတိဂုံ, ဆူးလေ, ဗိုလ်တထောင် စသည့် တန်ခိုးကြီးစေတီပုထိုးများ ရှိခိုးဦးချ ဖူးမြော်တော်မူပြီး ဇာတိချက်ကြွေ မွေးရပ်မြေ ဖြစ်သော ဆိပ်ခွန်ရွာသို့ ပြန်ကြွတော်မူခဲ့လေသည်။

ဝေရိက္ခယေ နိဝေရော သော, ဒတွာ ဝန္ဒိတွာ သုဓီ၊
ဇာတိဘူမိံ ပစ္စာဂန္တွာ, ကာရိယံ ကာသိ ဗုဒ္ဓိမာ။

ပထမကြီးတန်း ဝင်ရောက်ဖြေဆို

အောင်မြင်တော်မူခြင်း

အရှင်သောဘနသည်-
ဝါယာမေထေဝ ပုရိသော, နနိဗ္ဗိန္ဒေယျ ဝဏ္ဍိတော - အမျိုးသား ကြိုးစားအားသစ်ရာ ပညာရှိ မငြီးမငွေ့ရာ” ဟူသည်နှင့်အညီ အချိန်ရှိသမျှ ကြိုးပမ်းသည်, စာပြန်သည်, စာကြည့်သည်, ပညာရှိလုပ်မည် ဟူ၍လည်း ထာဝစဉ် နှလုံးသွင်းတော်မူသည်၊

ပထမကြီးတန်း ပြဋ္ဌာန်းသည့် ဒွေမာတိကာ, သဒ္ဒ ါကြီးရှစ်စောင်, သင်္ဂြိုဟ်ကိုးပိုင်း, အဘိဓာန်, အလင်္ကာ, ဆန်း, ယမိုက်, ပဋ္ဌာန်း, ဘာသာပြန်အတွက် ဝိသုဒ္ဓိမဂ် (ဇာတ်အဋ္ဌကထာ) ကင်္ခါ, ရူပသိဒ္ဓိ, ဋီကာကျော်စသည့် ကျမ်းအစောင်စောင်တို့ကို ရရှိသဘောပေါက်အောင် ကျက်မှတ်လေ့လာ ကြည့်ရှုတော်မူပြီး ရွှေဘိုသို့ကြွရောက် စာမေးပွဲဖြေတော်မူရာ နှစ်ချင်းစွဲပင် အောင်မြင်တော်မူခဲ့လေသည်။

အဂ္ဂဂ္ဂေ ပရိက္ခဏေပိ, ပရိက္ခဏဝိစက္ခဏော၊
လဒ္ဓဇယော သုဋ္ဌု ဇယော, သောဘနော သောဘနေ ရတော။

ဝိနည်းငယ်လေးစောင်ကျမ်း

ဘိက္ခုပါတိမောက်, ဘိက္ခုနီပါတိမောက်, ခုဒ္ဒသိက္ခာပါဌ်, မူလသိက္ခာပါဌ်တို့ကို ဝိနည်းပါဠိတော် ကြီးများလောက် မကြီးကျယ်ပဲ ကျဉ်းငယ်သည့်အတွက် ဝိနည်းငယ် လေးစောင်ဟူ၍ သာသနာတော်၌ ဆရာစဉ်ဆက် သမုတ်ခဲ့ကြကုန်၏၊ ဖော်ပြပါ ဝိနည်းငယ်လေးစောင်ကို တပေါင်းတည်း စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေထားရာ ဒီမိုင်းဆိုက် စာမျက်နှာ ၁၅၀-ခန့်ရှိ၏။

ဘိက္ခုပါတိမောက်နှင့် ဘိက္ခုနီပါတိမောက်ကို သာသနာ့ဝန်ထမ်းတို့ အာဂုံနှုတ်တက် ရသူ များသော်လည်း ခုဒ္ဒသိက္ခာနှင့် မူလသိက္ခာကို နှုတ်တက်ရသည့် ပုဂ္ဂိုလ်ဦးရေ မများလှချေ၊ ခုဒ္ဒသိက္ခာပါဌ်မှာ သီဟိုဠ်ကျွန်းခေါ် လင်္ကာကျွန်း ၏ အလံတံခွန် ပုံပြုညွှန်သည့် ထူးချွန်စွာ စာပေတတ်မြောက်သော အရှင်သီရိထေရ် စီရင်တော်မူခဲ့သည့် ကျမ်းခက်ဖြစ်သည်။

ကျမ်းဦး၌ -

အာဒိတော ဥပသမ္ပန္န, သိက္ခိတဗ္ဗံ သမာတိကံ၊
ခုဒ္ဒသိက္ခံ ပဝက္ခာမိ, ဝန္ဒိတွာ ရတနတ္တယံ။

ဟူသော ဂါထာဖြင့် ဂန္ထာရမ္ဘပြု၍ ကျမ်းကိုစီရင်တော်မူခဲ့သည်။

နိဂုံး၌ -

အဓိသီလာဓိစိတ္တာနံ, အဓိပညာယ သိက္ခနာ၊
ဘိက္ခုကိစ္စမတော ခုဒ္ဒ-သိက္ခာယံ သမုဒါဟဋာ။

မဟတော ကိတ္တိသဒ္ဒဿ, ယဿ လောကဝိစာရိနော၊
ပရိဿမော န သမ္ဘောတိ, မာလုတဿေဝ နိစ္စတော။

တေန ဓမ္မသီရိကေန, တမ္ဗပဏ္ဏိယကေတုနာ၊
ထေရေန ရစိတာ ဓမ္မ-ဝိနယညူ ပသံသိတာ။

ဟူသော ၃-ဂါထာဖြင့် အထွတ်တပ်တော်မူခဲ့သည်၊ မူလသိက္ခာပါဌ်ကိုလည်း တိပိဋကတ်ကျမ်းဂန်တတ် သီဟိုဠ်ရဟန်းတော်တစ်ပါး စီရင်တော်မူခဲ့သည်။

ကျမ်းဦး၌ -

နတွာ သံဃံ ပဝက္ခာမိ, မူလသိက္ခံ သမာသတော၊
ဘိက္ခုနာ နဝကေနာဒေါ, မူလဘာသာယ သိက္ခိတုံ။

ဟူသော ဂါထာဖြင့် ဂန္ထရမ္ဘပြုတော်မူခဲ့သည်။

ဝိနည်းငယ်လေးစောင်

ပြန်ဆိုအောင်မြင်တော်မူခြင်း

အရှင်သောဘနသည် ဆိပ်ခွန်ရွာ၌ ကျင်းပသည့် ဝိနည်းစာပြန်ပွဲတွင်လည်း ဖော်ပြပါ ဝိနည်းငယ် လေးစောင်ပါဌ်ကို နှုတ်လွတ်ပြန်ဆို အောင်မြင်တော်မူခဲ့လေသည်။

စတုဂန္ထဝိနယေပိ, ဝါစုဂ္ဂတံ ကရီ သုဓီ၊
ဇယိတဗ္ဗံ သော ဇယိတွာ, ဝိနယေ ပါရဂူ အဟု။

အဋ္ဌာရသမပိုင်း

မန္တလေးမြို့တော်

“အင်္ဂါဦးလွင် ပဉ္စမသင်္ဂါယနာတင်” ဟူသည်နှင့်အညီ သက္ကရာဇ် ၁၂၁၄-ခုနှစ် တပေါင်းလဆန်း ၁၁-ရက်နေ့တွင် ရန်မာန်ပြီးမြောက် အထွတ်အထိပ်သို့ ရောက်တော်မူသော ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်း တရားကြီးသည် မြို့တော်, ကျုံးတော်, လောကမာရဇိန်စေတီတော်, သိမ်တော်ကြီး, သုဓမ္မာဇရပ်တော်ကြီး, အတုလဝေယန်ကျောင်းတော်ကြီး, ပိဋကတ်တိုက်တော်အားဖြင့် သာသနာ့အမွန် ခုနစ်ဌာနကို မြို့တော်တည်သည်နှင့် တပြိုင်နက်တည်တော်မူခဲ့လေသည်၊

အုတ်ကျစ် ကျော်ဧ မန္တလေး” ဟူသည့်အတိုင်း သက္ကရာဇ် ၁၂၂၁-ခုနှစ်တွင် နန်းမြို့ရိုး, သစ်တပ်, ရွှေနန်းတော်ပြာသာဒ်, မှန်နန်းတော်မှစ၍ ပြီးနေသဖြင့် ဒုတိယဝါဆို လဆန်း ၆-ရက် စနေနေ့ နံနက် ၆-နာရီကျော် အချိန်တွင် အမရပူရမြို့တော်ဟောင်းမှ မန္တလေးမြို့တော်သစ်သို့ ရွှေ့ပြောင်း စံတော်မူ ခဲ့လေသည်။

“မြို့ကျုံးစေတီ သိင်္ဂီလျှံမောင်း သိမ်ကျောင်းသုဓမ္မာ ရွှေစာအမြတ် ပိဋကတ်တိုက် သမိုက်မြဲမြံ ခုနစ်ဌာန်ကို ဆော်ဖန်အောင်စည် တပြိုင်တည်းက”

မန္တလေးသုပုရံ ရာဇာ, မာပေတွာ ရာဇသေခရော၊
အမရာ မန္တလေးပုရံ, သင်္ကမိတွာ ဝသီ ဝသီ။

သာသနာရောင်

တောက်ပြောင်ထိန်ဝင်း လင်းလက်ရာ

ရေမြေ့ရှင်မင်းတရား၏ လျှောက်ထားချက်အရ အမရပူရမြို့မှ ကျမ်းဂန်တတ် ဆရာတော် သံဃာတော် ၅၀ဝ-ကျော်တို့လည်း သက္ကရာဇ် ၁၂၁၉-ခု နတ်တော် လဆန်း ၅-ရက်နေ့မှစ၍ မန္တလေးမြို့တော်သစ်သို့ ပြောင်းရွှေ့ကာ ယာယီကျောင်း များ၌ စံနေတော်မူကြကုန်၏၊ ကျောင်းတိုက်များပြီးမှ မိမိတို့၏ ကျောင်းတိုက်များ၌ သီတင်းသုံးတော်မူ၍ ဓူရ ၂-ပါးကို ပွားများ အားသစ်တော်မူကြကုန်၏၊

ထိုအချိန်မှစ၍ ယခုတိုင် မန္တလေးမြို့သည် သာသနာရောင် တောက်ပြောင်ထိန်ဝင်း လင်းလက်ရာဌာနမွန် ဖြစ်လေသည်၊ ရှေးအခါက မန္တလေး အမရပူရ ကျောင်း တိုက်ပေါင်း ၂၁၇-တိုက်ရှိခဲ့သည်၊ ယခုမူ မန္တလေး တမြို့တည်းမှာပင် ကျောင်းတိုက်ပေါင်း ၂၅၀-ခန့် ရှိလေသည်။ ၎င်းပြင် မန္တလေးမြို့ကား ရွှေရောင် တောက်နေသော မဟာမြတ်မုနိ, အိမ်တော်ရာ, ချမ်းသာရ, ချမ်းသာကြီး, မန္တလေးတောင်တော်စေတီများ, မာရ်အောင်ရတနာစသည့် တန်ခိုးကြီးစေတီပုထိုး အမျိုးမျိုးတို့ဖြင့် အလွန်လျှင် တင့်တယ်လှပေ၏။

မန္တလေးနာဂရံ နာမ, သာသနဇောတနံ ဘဝိ၊
အာရာမေဟိပိ ထူပေဟိ, သီရိနိကေတနံ ဘဝိ။

“ဥဩတွန်သံသာ မန်းမြို့သံဃာ” လင်္ကာအရ သံဃာဦးရေ ၁၁၇၆၆-ပါး, သို့မဟုတ် ၁၁၀၆၆-ပါး ရှိခဲ့ဖူးကြောင်း သိရ၏၊ သက္ကရာဇ် ၁၃၄၆-ခုနှစ်တွင် ၁၂၇၇၀-ပါး ရှိကြောင်း သိရလေသည်။

မန္တလေးသာသနာနှင့်စပ်၍ အဂ္ဂမဟာသေနာပတိဝန်ရှင်တော် လယ်ကိုင်းမြို့စား သေနတ်ဝန်မင်းကြီးသည ် အောက်ပါ မန္တလေးသာသနာဘွဲ့ကို စပ်ဆိုခဲ့လေသည်။

မန္တလေးသာသနာဘွဲ့

မန်းမဏ္ဍလာ, ရှုတိုင်းမှာတည့်, သာယာကဲလွန်, နတ်ရေကန်ဝယ်, ဖန်ရည်ဆိုးတပ်, လွန်တင့်အပ်သား, သပ်သပ်ပါယ်ပါယ်, ကြီးငယ်သံဃာ, ရွှေဟင်္သာတို့, တျာတျာညံညံ, ပျော်မြူးစံလျက်, နိုင်ငံပြည်သူ, ပြောထူများစွာ, ဘမရာငှက်, ဝင်ထွက် သွယ်သွယ်, ပန်းဝတ် သယ်သည်, ကြည်ဖွယ် စုံပေါင်း, မကြုံတောင်းရှင့်, ပျံ့လှောင်းကြူထုံ, အမုန်ကြိုင်လှိုင်, ဆိုင်ကာဆိုင်ကာ, ခိုင်ညှာခက်ညွတ်, ဝိမုတ်ရသ်ဟု, သတပတ် ရွှေကြာ, ပွင့်စေငှါတည့်, သာသနအခြေ, အာကာဗွေဝယ်, ရွှေဘုန်းတော်မြတ်, တုလွှတ်ရဝိ, ရဲရဲညိသည်, ဒုတိယလျှံဝင်, နေပြဘင်လျှင်, ထောင်ရှင်လင်းစည်, ထွန်းလာသည်ကြောင့်, နှိုင်းယှဉ်စရာ, ဥပမာပင်, ဖွေရှာမမြင်, စည်ပင်လှစွာ, သာသနာနှင့်, ပြည်ရွာနိုင်ငံ, စံမရှိဖွယ်, ကြီးကျယ်ပြောဝ, တိုးတက်လှ၏

ဤသို့စသည်ဖြင့် မန္တလေးသာသနာကား စာဖွဲ့မကုန်နိုင်လောက်အောင် ခမ်းနားလှ ၏။ ထွန်းလင်းလှ၏၊ စည်ပင်လှ၏၊ အကျယ် မန္တလေးသာသနာဝင် ကျမ်းကြီးများ ပထမတွဲမှ ဒသမတွဲဆုံးသည် တိုင်အောင် ကြည့်ရှုရာ၏။

ကျမ်းဂန်တတ် စာချဆရာတော်တွေ

စာပေချပို့သီတင်းသုံးကြ

မန္တလေးမြို့၌ ပရိယတ္တိသာသနဟိတဓမ္မာစရိယ (သီးခြားစာချ) ဆရာတော်ကြီးများ, ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယ (မူလစာချ) ဆရာတော်ကြီးများတို့ -

ယောဇနာမျိုး, ကျမ်းရိုးငါးချက်, ဆက္ကဌပနာ, ပုစ္ဆာထွက်တက်, စုဒ်ဖက်နှိုင်းရှိ, ရှေ့နောက်ညှိ၍, သန္ဓိအနု, ကေဋုဘနည်း, ဝုတ္တောဒည်းက, ထုတ်နည်းပဌာန, ပစ္စယနှင့်, ဝါကျခွဲစိတ်, ပုဒ်နိစ္ဆယ, ယမကလှောက်, ဆယ့်ခြောက်ဟာရ, နယလေးတန်, ပဋ္ဌာန်သာသန, သဒ္ဓမ္မနေတ္တိ, ဉာသ်၏ ကောက်ပုံ, အစုံနှစ်ဖြာ, ကြိယာငါးချက်, စပ်လျက်ယှဉ်ကြ, အာဘောဂမှ, နယစုံလင်, တန်ဆာဆင်၍, ဟူသည်နှင့်အညီ -

နည်းမျိုးစုံ အနက်ယောဇနာနည်း, ဌာပနာပဉ္စက, ဌာပနာဆက္ကကျမ်းတက်နည်း စသည်မျိုးစုံ အဓိပ္ပါယ်ပြောလျက် စာပေကျမ်းဂန် ချပို့တော်မူလျက် ပရိယတ္တိ သာသနာ၏ ကျက်သရေကိုဖွင့်ကာ သီတင်းသုံး တော်မူကြကုန်၏။

မန္တလေးပုရသေဋ္ဌေ ဟိ, ပေဋကာ သတ္ထကောဝိဒါ၊
နာနန္တနယေဟိ ဝါစေန္တာ, သာသနံ သောဘနံ ကရုံ။

ဧကူနဝီသတိမပိုင်း

မန္တလေးမြို့အနောက်ပြင်

ခင်မကန်ကျောင်းတိုက်ကြီး

အနောက်ပြင် ခင်မကန် ကျောင်းတိုက်ကြီးသည် မန္တလေးမြို့ အနောက်ပြင် ပြည်ကြီးပျော်ဘွယ်ရပ် စကုတိုက်ကြီး၏ မြောက်ဘက်၌ တည်ရှိသည်၊ ကျောင်းတိုက်ကြီးကို မြင့်မား ခန့်ထည်လှသော မဟာရံတံတိုင်းကြီး ဝန်းရံလျက် တင့်တယ်ခမ်းနားစွာ တွေ့မြင်ရ၏၊ ကျောင်းတိုက်ကြီးအတွင်း၌ -

(၁) မြင်းဝန်ကျောင်း၊ (၂) နန်းမတော်ကျောင်း၊ (၃) မြို့ဘန်ကျောင်း၊ (၄) ရွှေတောင်ကျောင်း၊ (၅) လွှတောင်ကျောင်း၊ (၆) သာစည်ကျောင်း၊ (၇) မြကုံးကျောင်း၊ (၈) အလယ်တိုက်ကြီး၊ (၉) ဘွားတော်ကျောင်း၊ (၁၀) ထိမ်ပင်ကျောင်း၊ (၁၁) တရုတ်တန်းကျောင်း၊ (၁၂) ကျောက်ဆောက်ကျောင်း၊ (၁၃) သွပ်မိုးကျောင်း၊ (၁၄) ဝေဠုဝန်ကျောင်း၊ (၁၅) ပိဋကတ် အုတ်ကျောင်း၊ (၁၆) ရေလယ်ကျောင်း၊ (၁၇) ဓမ္မိကအုတ်ကျောင်း၊ (၁၈) ကျောင်းသစ်ကျောင်း၊ (၁၉) ခုံတော်ကျောင်း၊ (၂၀) အုတ်လှေကားကျောင်း၊ (၂၁) ပုပ္ပါးကျောင်း၊ (၂၂) မိုးထားကျောင်း၊ (၂၃) မန်ကျည်းပင်ကျောင်း၊ (၂၄) သဌေးကျောင်း၊ (၂၅) ရွှေလောင်းကျောင်း၊ (၂၆) ဇောတိကကျောင်း၊ (၂၇) မြန်အောင်ကျောင်း၊ (၂၈) ဗန်းမော်ကျောင်း၊ (၂၉) သိမ်ကျောင်း၊ (၃၀) မယ်ထီးကျောင်း၊ (၃၁) ကျောင်းကလေးကျောင်း အားဖြင့် ကျောင်းပေါင်း ၃၁-ကျောင်း ရှိ၏။

သမိုင်းအကျဉ်း

မန္တလေးမြို့တော်သစ်၌ ယာယီကျောင်းများ ဆောက်လုပ်ပြီးစီးသဖြင့် သက္ကရာဇ် ၁၂၁၉-ခုနှစ် နတ်တော်လဆန်း ၅-ရက်နေ့တွင် သံဃာတော် ၅၀ဝ-ကျော်တို့ကို အမရပူရမြို့တော်ဟောင်းမှ မန္တလေးမြို့တော်သစ်သို့ ပင့်ဆောင်စဉ်က ခင်မကန် ဆရာတော်ဘုရားကြီးလည်း ပါဝင်ခဲ့လေသည်။

မင်းတုန်းမင်းတရားသည် ခင်မကန်ဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူရန် အတွက် မြေသန့်စင် စေတော်မူပြီး အရံကျောင်း ၃-ကျောင်း, ပြာသာဒ် ၁-ဆောင်, ရေတွင်းစသည်တို့ကို ဆောက်လုပ်တူးဖော်စေပြီး ခင်မကန်ဆရာတော်ကြီးထံ -

ဣမံ ဘန္တေ သုဝိတ္ထိဏ္ဏံ, အာရာမံ ယတိနန္ဒနံ၊
သာသနဝုဒ္ဓိဘာဝါယ, ဒဒါမ သမ္ပဋိစ္ဆထ။

အရှင်မြတ်တို့ဘုရား လွန်စွာလည်း ကျယ်ဝန်းလှသော သာသနာ့ဝန်ထမ်း ရဟန်းတော်အပေါင်းတို့ ၏ နှစ်ထောင်းဝမ်းသာ မွေ့ပျော်ရာလည်းဖြစ်သော ဤ သံဃာအရံ ဗိမာန်တော်ကြီးကို ဘုရားမြတ်စွာ သာသနာတော် စည်ပင်ရန် အကျိုးငှါ လှူဒါန်းပါကုန်၏ ဘုရား၊ အရှင်မြတ်တို့သည် ရေမြေ့ရှင် ဒကာတော်အား အစဉ်သနား စောင့်ရှောက် ချီးမြှောက်ပါသဖြင့် အလှူခံတော်မူပါကုန် ဘုရားဟု လျှောက်ထား၍ လှူဒါန်းခဲ့လေသည်။

ခင်မကန်မည်ခြင်း

ကျောင်းတိုက်မူလအမည်မှာ “ပဏ္ဍိတာရာမ” မည်ကြောင်း ဆိုကြသည်၊ “မဏိဇောတိကာရာမ” လည်း ဖြစ်နိုင်၏၊ သို့ရာတွင် ဆရာတော်ဘုရားကြီး၏ ဇာတိချက်ကြွေ မွေးရပ်ရွာ၏ အမည် ခင်မကန်ကို အကြောင်းပြု၍ ခင်မကန်တိုက်ဟု တွင်လေသည်။

ခင်မကန် ဂါမဇာတေန, ထေရေန ဝသိတာ ပုရေ၊
တေနေဝ အယံ အာရာမော, ခင်မကန်ဣတိ အဝှယော။

နာယကဆရာတော်စဉ်ဆက်

ဖော်ပြပါ ခင်မကန်တိုက်ကြီး၏ နာယကဆရာတော်များမှာ-

“မဏိဇောတာလင်္ကာရ မဟာဓမ္မရာဇာဓိရာဇဂုရုဘွဲ့တံဆိပ်တော်, မဏိဇောတာဘိ သိရီသဒ္ဓမ္မဓဇမဟာဓမ္မရာဇာဓိရာဇဂုရု ဘွဲ့တံဆိပ်တော်, မဏိဇောတသဒ္ဓမ္မလင်္ကာရ မဟာဓမ္မရာဇာဓိရာဇာဂုရု” ဟူသော ဘွဲ့တံဆိပ်တော် ၃-ထပ်ရ အရှင်မဏိဇောတ-မဟာထေရ်

“ဝိမလာစာရာဘိဝံသ သိရိဓဇမဟာဓမ္မရာဇာဓိရာဇဂုရု” ဘွဲ့တံဆိပ်တော်ရ အရှင် ဝိမလာစာရမဟာထေရ်, အရှင်သူရိယမဟာထေရ်, အဂ္ဂမဟာပဏ္ဍိတ အရှင်ခန္တီမဟာထေရ်, အရှင်အာစိဏ္ဏမဟာထေရ်, အရှင်စာရိတ္တမဟာထေရ်, အရှင်ဝါသဝမဟာထေရ်, အရှင်ဇာဂရမဟာထေရ်, အရှင်ဉာဏိန္ဒမဟာထေရ် စသည်တို့သည် အနောက်ပြင် ခင်မကန်တိုက်ကြီး၏ အစဉ်အတိုင်း တိုက်အုပ် နာယက ဆရာတော်တို့ ဖြစ်ကြကုန်၏။

ဝိသတိမပိုင်း

အရှင်သောဘန ခင်မကန်တိုက်၌

သီတင်းသုံးတော်မူခြင်း

အရှင်သောဘနသည် မန္တလေးစာပြောနည်း, မန္တလေးစာချနည်းကို လေ့လာ သင်ကြားလိုသဖြင့် ရဟန်း သိက္ခာ ၄-ဝါအရ ၁၂၉၀-ပြည့်နှစ်တွင် ဖော်ပြပါ မန္တလေးအနောက်ပြင် ခင်မကန်တိုက် ဘွားတော်ကျောင်း၌ရောက်ရှိ သီတင်းသုံး တော်မူခဲ့လေသည်။

ခင်မကန်အာရာမေ သော ဟိ, ဘွားတော်ဣတိ နိကေတနေ၊
နာနာနယေ သိက္ခိတုံ သော, သမ္ပတ္တော သိက္ခနေပရော။

တိုက်သစ်ဆရာတော်

အရှင်ဣန္ဒဝံသာဘိဝံသ

ယခင်က ခင်မကန်တိုက် အလယ်တိုက်အနောက်ဘက် တိုက်သစ်ဆရာတော် အရှင်ဣန္ဒဝံသာဘိဝံသထေရ်ဟူ၍ သီတင်းသုံး၍ စာချတော်မူ၏၊ ဝါကျကိုင်တွယ်ပုံမှ စ၍ စာပေချပို့ပုံ နည်းမျိုးစုံ နိုင်နင်းသည်၊ ပရိယတ္တိသာသနဟိတ အသင်းကြီး၏ အကိုးကွယ်ခံ “ပရိယတ္တိသာသနဟိတဓမ္မာစရိယ” ပုဂ္ဂိုလ်လည်း ဖြစ်တော်မူသည်၊

စာပေချပို့ရာ၌ ဆွဲချသဘောမျိုး မဟုတ် ပါဠိ, အဋ္ဌကထာ, ဋီကာ, ဓာတ်ကျမ်း, အဘိဓာန်ကျမ်း, အလင်္ကာကျမ်း, ဆန်းကျမ်း စသည်တို့ကို ကြိုတင်ကြည့်ရှု လေ့လာ တိုက်ဆိုင်၍ ချပို့ရာ စာသင်သားတွေ များစွာသဘောကျကြသည်။

ဣန္ဒာဘိဝံသထေရော ဟိ, ဣန္ဒတုလျပရက္ကမော၊
ဩလောကေတွာ ဗဟုဂန္ထေ, ဝါစယီ သိဿကေ ဗဟူ။

အရှင်သောဘန အရှင်ဣန္ဒဝံသာဘိဝံသထံ

လိုက်နာသင်ယူခြင်း

အရှင်သောဘနသည် ဖော်ပြပါ စာချအကျော် ဆရာတော် အရှင်ဣန္ဒဝံသာဘိဝံသ ထံ၌ ဝါကျသွား ဝါကျလာ နယူပဒေ, အနုသန္ဓေ အထွေထွေကျမ်းရိုး အသွယ်သွယ်, အဓိပ္ပါယ်အဖြာဖြာ ဌပနာပဉ္စက ဌာပနာဆက္က စသည့် နည်းနာနယတို့ကို ကျနစွာ လေ့လာသင်ယူတော်မူခဲ့လေသည်။

ဣန္ဒဝံသာဘိဝံသဿ, သန္တိကေ သောဘနော သုဓီ၊
သုဓိနော စက္ကဿ ဟေတုံ, ဗဟုံ ဟိ ဥဂ္ဂဟံကရီ။

ချမ်းသာကြီးတိုက်

စာချဆရာတော် အရှင်လက္ခဏ

အရှင်လက္ခဏသည် မန္တလေးမြို့ အနောက်ပြင် ချမ်းသာကြီးတိုက် (ချမ်းသာကြီး မြောက်ဘက်တိုက်) ရတနာပုံအုတ်ကျောင်း၌ စာပေချပို့ သာသနာပြုတော်မူသည့် ထိပ်တန်း ပရိယတ္တိသာသနာ့ဝန်ဆောင် ဆရာတော် တပါး ဖြစ်တော်မူသည်၊ ဆရာတော် အရှင်လက္ခဏ ခေတ်ကောင်းစဉ်က ရံခါ စာလိုက် သံဃာ တော် ၈၀ဝ (ရှစ်ရာ) အထိ များပြားကြောင်း သိရ၏၊ ပရိယတ္တိ သာသနဟိတဓမ္မာစရိယ (မူလစာချ) ဘွဲ့ရပုဂ္ဂိုလ်လည်း ဖြစ်သည်၊

၁၂၉၀ ပြည့်နှစ်တွင် ကျောင်းဒါယကာကြီး ဦးထပ်, ကျောင်းဒါယိကာမကြီး ဒေါ်ထယ်တို့က သစ်သားကျောင်းကြီး ဆောက်လုပ်ပြီး ပရိယတ္တိစာချကျောင်း အမည်တပ်၍ ဆရာတော် အရှင်လက္ခဏ သီတင်းသုံးစာချရန် လှူဒါန်းကြကုန်၏၊ ၁၃၀၁-ခုနှစ်တွင် ပျံလွန်တော်မူသည်။

ဘဒ္ဒန္တလက္ခဏော ထေရော, ပါကဋော ဂဏဝါစကော၊
ဗဟဝေါ ဝါစယိတွာန, ဂတော ဒေဝသဟဗျတံ။

အရှင်သောဘန

အရှင်လက္ခဏထံ ပညာသင်ကြားခြင်း

မဟာစည် ဆရာတော်လောင်းလျာ ရဟန်းတော် အရှင်သောဘနသည် ဖော်ပြပါ ချမ်းသာကြီးတိုက် စာချအကျော် ဆရာတော် အရှင်လက္ခဏအထံ၌လည်း -

စာပြောပုံ ခုနစ်နည်းကိုဖြင့်, သိပ်သည်းသေခွေ, မှာခဲ့ပေအံ့, မှတ်လေ နောက်သား, ကျမ်းစကားမှာ, ရှေ့ဖျားအတက်, မိန့်မြွက်သံညင်း, လိုရင်းကိုကောက်, ထို့နောက် မပျက်, ပုဒ်စိတ်တွက်လော့, အချက်ကျကျ, ပိဏ္ဍတ္ထကို, အရကောက်ယူ, ပုဒ် ဟူသမျှ, စိတ်ဖွင့်ပြ၍, အဝယဝ, အတ္ထထွေပြား, အနက်များကို, ခွဲခြားဝေဖန်, တတန်ဝိနိစ္ဆယ, ဆုံးဖြတ်ချထား, ယင်းစကားကို, မြဲမြံလိုမှု, ကျမ်းဆိုရှုကာ, နည်းနာ စုံလင်, ပုံပြင်ဝတ္ထု, ရှေးသုံးပြုသည့် တခုခုကို, ကိုယ် ၏သက်သေ, ဥပဒေသ, ရှာဖွေပြလော့, မပေါ့တံထွာ, ဓမ္မတာလည်း, ပညာရှိများ, ပြောကြားစဉ်လာ, ခုနစ်ဖြာကို ယထာက္ကမ, နည်းလမ်းကျအောင်, ပြောကြားသင်မှ, သဘာဝနှင့်, ဓမ္မအခြေ, ပေါ်လေသည်ချည်း, ထို့နည်းတူစွာ, အလင်္ကာဟူ, မြန်မာမူလည်း, သိပ်သည်းကျန, ပြောသင့်ကြသည် ... စာချ စာပြ ဆရာ့သဘောတည်း

ဟူသည်နှင့်အညီ ကျမ်းတက်, လိုရင်းကောက်, ပုဒ်စိတ်တွက် ပိဏ္ဍတ္ထကောက်, အဝယဝတ္ထ, ဝိနိစ္ဆယဥပဒေသတို့ကို နည်းရအောင် လိုက်နာသင်ယူတော် မူခဲ့လေသည်။

သန္တိကေ လက္ခဏဿာပိ, ဓိတိမာ လက္ခဏတ္ထိကော၊
ဗဟဝေါ နယောပဒေသေ, ဥဂ္ဂဏှေ သောဘနော သုဓီ။

ဤသို့စသည်ဖြင့် မန္တလေးမြို့ အနောက်ပြင် ခင်မကန်ကျောင်းတိုက်ကြီး၌ တနှစ် ကျော်ကျော်မျှ သီတင်းသုံးတော်မူရုံမျှဖြင့် ဉာဏ်ပညာ ထက်မြက်သော အရှင်သောဘနအဖို့ လုံလောက်ခဲ့လေသည်။

ဧကဝဿာဓိကေနေဝ, သန္တိကေ ဂရုနံ ဝိဒွါ၊
မန္တလေးပုရေ သိက္ခန-ကိစ္စံ ဟိ သုနိဋ္ဌံ အကာ။

ဧကဝီသတိမပိုင်း

ဇာတိရပ်ဌာန် ဆိပ်ခွန်သို့

ပြန်ကြွတော်မူခြင်း

အရှင်သောဘန မန္တလေးမြို့ ကြွရောက်သီတင်းသုံးသည့် ၁၂၉၀-ပြည့်နှစ်က ရေမြက်ကြီးအင်း ရေလျှံသောနှစ်ဖြစ်၏၊ ထိုနှစ်တွင် အရှင်သောဘန၏ အစ်ကို ဝမ်းကွဲတယောက် အနိစ္စရောက်သဖြင့် ဆိပ်ခွန်သို့ ပြန်ကြွတော်မူသောအခါ သင်္ဘောဖြင့် ကျောက်မြောင်းသို့ ကြွတော်မူ၍ ထိုမှတဆင့် ရွှေဘိုဆိပ်ခွန်သို့ ကြွတော်မူသည်၊ ယင်းသို့ မိမိဆိပ်ခွန်သို့ရောက်ရှိ နေထိုင်စဉ် ဖခင် ဒါယကာကြီး ဦးကံတော်နှင့် ဆွေမျိုးဉာတိတို့အား တရားဓမ္မသွန်သင်ဟောပြ ညွှန်ကြားပေးခြင်းဖြင့် ချီးမြှောက်ခွင့်ရလေသည်။

နိဇဂါမံ သမ္ပတွာန, ပိတရာ သဟ ဉာတယော၊
ဓမ္မေန အနုဂ္ဂဟေတွာ, သော ကတဝေဒိတံ အကာ။

မော်လမြိုင်မြို့

မော်လမြိုင်မြို့သည် မြန်မာနိုင်ငံတွင် တတိယအကြီးအဆုံးမြို့ဖြစ်ပြီး ဒုတိယ အကြီးဆုံး ဆိပ်ကမ်းမြို့ဖြစ်သည်၊ သံလွင်မြစ်ဝ၏ ဝဲဘက်ကမ်းပေါ်တွင် တည်ရှိ၍ ပင်လယ်မှ ၂၈-မိုင်ဝေး၏၊ မော်လမြိုင်မြို့သည် အလျား ၇-မိုင်ခန့်ရှိပြီး အရှေ့မှ အနောက် ဆင်ခြေလျှောတည်ရှိ၏၊ အရှေ့ဘက်တောင်တန်း တလျှောက်ပေါ်၌ ကျိုက်သံလန်စေတီ, မဟာမြတ်မုနိစေတီ, ဇိနမာန်အောင်စေတီ စသည့် ပုထိုးအမျိုး မျိုးတို့ တည်ရှိကုန်၏၊

ယင်းစေတီပုထိုးအမျိုးမျိုးတို့မှာ ရှိခိုးဖူးမြင် ဦးတင်၍ အားမရနိုင်အောင် ကြည်နူးဖွယ် ကောင်းလှ၏၊ ကံကော်ပင် ကျောင်းတိုက်, တောင်လေးလုံးကျောင်းတိုက်, တောင်ပေါက်ကျောင်းတိုက် အစရှိသော ရဟန်း သံဃာတော်တို့ ဆိုင်ရာ စာသင်တိုက်ကြီးများနှင့် လူဘက်ဆိုင်ရာ ကောလိပ်ကျောင်းကြီး, အထက်တန်း ကျောင်းကြီးများ, လေယာဉ်ပျံကွင်းကြီး စသည်တို့လည်း ရှိကုန်၏၊ မြို့၏ တောင်ဘက် ၄-မိုင်ကွာတွင် တောင်ဝိုင်းကလေးတောင်နှင့် ရွှေနတ်တောင်ကြားတွင် မြို့သို့ရေပေးသော ကင်မွန်းချုံ ရေလှောင်ကန်ကြီးလည်း ရှိသည်၊

ဤသို့စသည်ဖြင့် မော်လမြိုင်မြို့သည် အလွန်လျှင်သာယာသော မြို့ဖြစ်သည်၊ ၁၂၃၅-ခုနှစ် တန်ခူးလက ကင်းဝန်မင်းကြီး သံအရာရှိအဖြစ်ဖြင့် ပြင်သစ်နိုင်ငံ ပရစ်မြို့သို့ အသွား မော်လမြိုင်သို့ ခေတ္တရောက်စဉ် မြို့၏ရှုမျှော်ခင်းကို ခရီးစဉ် ရကန်၌ -

“ကိုကိုနာဒ သာစွမည်တွင် စက်ယာဉ်ညင်နှင့် ရေပင်လယ်ချက် စခန်းသို့ ထွက်ခဲ့၍ တရက်နှင့်တည ကာလမကြာ ရှုလေရာပင် နတ်ရွာ တပြိုင် မော်လမြိုင်သို့ ရောက်တိုင်းဝင်ဆိုက် တွေ့ကြုံကြိုက်ရသည် မျှော်လိုက်တိုင်း လွန်နုပျို၏” ဟု ဖွဲ့ဆိုခဲ့သည်။

မော်လမြိုင်နဂရံနာမ, အတီဝရာမဏီယကံ၊
စေတိယေဟိ အာရာမေဟိ, အညေဟိ မန္ဒိရေဟိပိ။

တောင်ဝိုင်းကလေး

မော်လမြိုင်မြို့ တောင်ဘက် ၄-မိုင်ကွာတွင် တောင်စွယ်တခု ခပ်ဝိုင်းဝိုင်းဖြစ်၍ အတ္ထာနုဂတမည်နာမဖြင့် တောင်ဝိုင်းကလေးဟု တွင်လေသည်၊ မိုးများသော ဒေသဖြစ်သည့်အလျောက် တောင်ဝိုင်းကလေးသည် ထာဝစဉ် စိမ်းလန်းစိုပြည် ကျက်သရေရှိလှလေ၏၊ မြို့ရွာအူသံ မဆူညံပဲ တိတ်ဆိတ်လည်း တိတ်ဆိတ်သည်၊ ပရိယတ်, ပဋိပတ်အလုပ်ကိုလုပ်ရန် ဆီလျော်သောအရပ် ဒေသဖြစ်ရာ ရဟန်း သံဃာတော် ပျော်မွေ့ဖွယ်ရာ ကောင်းလှ၏။

တောင်ဝိုင်းကလေးပဒေသံဟိ, သဒ္ဒလံ နိလသဒ္ဒလံ၊
ပဋိသလ္လာနသာရုပ္ပံ, ဝိဝိတ္တံ ယတိနန္ဒနံ။

အရှင်သောဘန မော်လမြိုင်

တောင်ဝိုင်းကလေးသို့ ကြွတော်မူခြင်း

မော်လမြိုင်မြို့ တောင်ဝိုင်းကလေး၌ တိုက်ကျောင်းတွင် ထိုစဉ်က စာသင်သား ရဟန်းသာမဏေ ဦးရေ ၁၅-ပါးခန့် ရှိ၏၊ ထိုတိုက်ကျောင်း၏ နာယက ဆရာတော်ကြီးမှာ ရွှေဘိုခရိုင် ဆိပ်ခွန်ရွာသားဖြစ်သည်၊ မိမိအသက် ကြီးပြီဖြစ်၍ ကူညီ၍ စာချရန် ပုဂ္ဂိုလ်တပါးကို စဉ်းစားသောအခါ မဟာစည်ဆရာတော် လောင်းလျာ အရှင်သောဘနကို မြင်တော်မူသည်၊

သို့ဖြစ်၍ အရှင်သောဘနကို မန္တလေး ခင်မကန်တိုက်၌ သီတင်းသုံးစဉ်ကပင် စာပေးမှာယူထားသည်၊ သို့ဖြစ်၍ အရှင်သောဘနသည် ရဟန်းသိက္ခာ ၅-ဝါအရ ၁၂၉၁-ခုနှစ်တွင် မော်လမြိုင်မြို့ တောင်ဝိုင်းကလေးတိုက်ကျောင်းသို့ ကြွရောက် သီတင်းသုံးတော်မူ၍ ရဟန်းသိက္ခာ ၈-ဝါရသည်အထိ ၃-ဝါသီတင်း သုံး၍ စာပေ ချပို့တော်မူခဲ့လေသည်။

မော်လမြိုင်နဂရေစာပိ, တောင်ဝိုင်းကလေးပဒေသကေ၊
တိုက်ကျောင်းအာရာမေဝသိတွာ, ဝါစေတွာ စက္ကဘာရဓော။

စာပေကြည့်ရှု လေ့လာတော်မူခြင်း

အရှင်သောဘနသည် တောင်ဝိုင်းကလေးတိုက်ကျောင်း၌ စာပေပို့ချစဉ် ရရှိသော အချိန်ပိုများကို ပိဋကပါဠိ, အဋ္ဌကထာ, ဋီကာများကို ကြည့်ရှုခြင်းဖြင့် အသုံးပြုတော် မူသည်၊ အထူးအားဖြင့် ဒီဃနိကာယ်, မဇ္ဈိမနိကာယ်တို့၌ လာသော မဟာသတိပဋ္ဌာန သုတ်ကို အဋ္ဌကထာ, ဋီကာတွဲဖက်၍ သေသေချာချာ စေ့စေ့စပ်စပ် လေ့လာ ကြည့်ရှုတော်မူသည်။

ဝဏ္ဏနာ သဟိတေယေဝ, ပဿိတွာ အာဂမေ ဗဟူ၊
သဗ္ဗညုလောကသေဋ္ဌဿ, စိတ္တံ အာရာဓယီ ဝိဒူ။

ဒွါဝီသတိမပိုင်း

သထုံမြို့ မူလမင်းကွန်း ဇေတဝန်ဆရာတော်ဘုရားကြီး
အရှင်နာရဒမဟာထေရ်

ဆရာတော်ဘုရားကြီးသည် စစ်ကိုင်းမြို့မြောက်ဘက် ၁၀-မိုင်ခန့်ကွာလှမ်းသည့် မင်းကွန်းအနောက်ဘက် ကန်ကြီးကုန်းရွာ၌ အဖ ဦးညို, အမိ ဒေါ်ပိုင်တို့မှ သက္ကရာဇ် ၁၂၃၀-ပြည့်နှစ် တပို့တွဲလဆန်း ၅-ရက် စနေနေ့ ညနေ ၆-နာရီ အချိန်တွင် ဖွားမြင်တော်မူခဲ့လေသည်။

သက်တော် ၈-နှစ်အရွယ်တွင် ကန်ကြီးကုန်းရွာ စော်ကဲကျောင်း ဆရာတော်ကြီးထံ အပ်နှံ၍ ပညာသင်ကြားတော်မူခဲ့သည်၊ ပညာဉာဏ်ထူးချွန် ထက်မြက်သဖြင့် ကျောင်းသားဘဝ၌ပင် အခြေခံကျမ်းစာများ သင်ကြားတတ်မြောက်တော်မူခဲ့သည်၊ ၁၄-နှစ်သားအရွယ်တွင် စော်ကဲကျောင်း ဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ သာမဏေ ဝတ်ခဲ့သည်၊ သာမဏေဘွဲ့တော် ရှင်နာရဒဖြစ်သည်။

သာမဏေ ၄-ဝါအရလောက်တွင် ဝိနည်း ၅-ကျမ်းကို သင်ယူပြီးဆုံးခဲ့လေသည်၊ ဤသို့ စာဝါများကို သင်ကြားနေစဉ် အဖ ဦးညို ကွယ်လွန်လေသည်၊ တဖန် ၇-လ ခန့်အကြာတွင် မိခင်ကြီး ဒေါ်ပိုင်လည်း ကွယ်လွန် ပြန်၏၊ သို့ဖြစ်၍ ရှင်နာရဒသည် ၁၇-နှစ်အရွယ်တွင် လူထွက်၍ နှမ, အစ်မများနှင့်အတူ လုပ်ကိုင်စားသောက် နေလေသည်၊ သက်တော် ၂၀-ပြည့်မြောက်ရာ အခါတွင် မန်ကျည်းစုကျောင်း ဆရာတော် အရှင်လက္ခဏာကို ဥပဇ္ဈာယ်ပြု၍ ရဟန်းပြုတော်မူခဲ့လေသည်၊ ရဟန်းဘွဲ့ အရှင်နာရဒပင်ဖြစ်သည်။

ဥပဇ္ဈာယ်ဆရာတော် အရှင်လက္ခဏထံ၌ ကျမ်းစာများကို ဆက်လက် သင်ယူတော်မူပြီး မင်းကွန်း တောင်ပေါ်ကြီးကျောင်းတိုက် ၃-ဂိုဏ်းချုပ်ဆရာတော် အရှင်ရာဇိန္ဒထံ၌ နေထိုင်၍ ဆက်လက်ပညာသင်ကြားသည်၊ ၎င်းနောက် မန္တလေးမြို့ သို့ ကြွတော်မူ၍ မိုးကောင်းတိုက်, ဒက္ခိဏာဝန်တိုက်, မြတောင်တိုက်တို့၌ ဆက်လက် ပညာသင်ကြားတော်မူခဲ့လေသည်။

၎င်းနောက် ပြည်ခရိုင် ရွှေတောင်မြို့ ဝေဠုဝန်ကျောင်း ဆရာတော်ထံ၌ သီတင်း သုံးပြီးနောက် မင်းကွန်းဆရာတော် အရှင်ရာဇိန္ဒထံ ရောက်ရှိ နေထိုင်ကာ သာသနာကျိုးကို သယ်ပိုးဆောင်ရွက်တော်မူသည်။

ရဟန်းသိက္ခာ ၆-ဝါအရတွင် တဖန်လူဝတ်လဲကာ ရဟန်းဘဝမှဆင်းခဲ့ပြန်လေသည်၊ လူ့ဘဝ၌ တနှစ်ကျော် နေခဲ့ပြီးနောက် ဆရာတော် အရှင်ရာဇိန္ဒကိုပင် ဥပဇ္ဈာယ် ပြုကာ ရဟန်းဘောင်ပြန်တက်၍ စာပေကျမ်းဂန်အတန်တန်ကို ထက်သန်သော ဝီရိယဖြင့် သင်ယူခဲ့လေသည်၊ ၎င်းနောက် လက်ပံတန်းမြို့သို့ကြွ၍ စာဝါများ ပို့ချခဲ့ရာ တဝါမျှအကြာတွင် မင်းကွန်း အလယ်တောရ ဆရာတော်ထံ ခိုဝင်ဆည်းကပ်၍ ပဋိပတ်လမ်းစဉ်များကို နည်းခံ၍ နေထိုင်တော်မူခဲ့သည်။

ပဋိပတ်အလုပ်
ကြိုးကုတ်တော်မူခြင်း

ဆရာတော် အရှင်နာရဒသည် သက်တော် ၃၇-နှစ် အရွယ်တော်ခေတ်မှစ၍ ၃-နှစ် တိုင်တိုင် ပဋိပတ်အလုပ်ကို မဆုတ်မတွန့် ဝံ့ဝံ့ရဲရဲကြီး ကြိုးပမ်း အားထုတ်တော် မူသည်၊ သက်တော် ၄၀-တွင် မြို့လှသို့ ကြွတော်မူ၍ ပဋိပတ် လုပ်ငန်းများ တိုးတက်ရန် ဟောပြောဆုံးမတော်မူသည်၊ ထိုမှတဖန် သထုံမြို့သို့ ကြွတော်မူ၍ မင်းကွန်းဇေတဝန်ကျောင်းကို တည်ထောင်တော်မူကာ သီတင်းသုံးတော်မူသည်၊ သထုံမြို့တွင် ၁၀-နှစ်ကျော်မျှ သီတင်းသုံးတော်မူပြီး မူလမင်းကွန်း ဂူကလေးချောင်သို့ ပြန်ကြွတော်မူပြန်သည်။

တဖန် မူလမင်းကွန်းမှ သထုံမြို့သို့ တပည့်တပန်း ရဟန်းတော်များ၏ ပင့်လျှောက်ချက်အရ ကြွရောက်တော်မူ၍ သက်ဆုံးတိုင် သီတင်းသုံးတော်မူကာ တရားဓမ္မ ဟောပြ၍ သာသနာပြုတော်မူခဲ့သည်။

ကျမ်းဂန်များ ပြုစုတော်မူခြင်း

ဆရာတော်ဘုရားကြီးသည် ကျမ်းဂန်များစွာတို့ကိုလည်း ပြုစီရင်တော်မူခဲ့သည်။ ၎င်းတို့မှာ -

၁။ ပေဋကောပဒေသ အဋ္ဌကထာပါဌ်
၂။ ပေဋကောပဒေသနိဿယ (ပ, ဒု, တ)၊
၃။ သဇ္ဇေတာဝိဓိဝိဿဇ္ဇနာ
၄။ အာရဗ္ဘဝိဓိဝိဿဇ္ဇနာ
၅။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာနိဿယသစ်
၆။ တောလေးဆယ်အဖွင့်၊
၇။ မိလိန္ဒပဥှာအဋ္ဌကထာပါဌ်
၈။ နိဗ္ဗာနကထာ၊
၉။ နိဗ္ဗာန်လမ်းညွှန်ဒေသနာ၊
၁၀။ နိဗ္ဗာန်စာတန်း၊
၁၁။ သတိပဋ္ဌာနစာတန်း၊
၁၂။ သတိပစ္စယေခေါ် ဝိနိစ္ဆယသမူဟ၊
၁၃။ ကထိနဝိနိစ္ဆယ၊
၁၄။ ကထိန်နိဿယ၊
၁၅။ ဖလသမာပတ်၊
၁၆။ မဟာသဠာယတနသုတ်နိဿယ
၁၇။ မူလပရိယာယသုတ်နိဿယ
၁၈။ ပါဒပါဒါရဟဝိနိစ္ဆယ
၁၉။ ပဋိညာတကရဏဝိနိစ္ဆယ
၂၀။ သိမ်ခဏ်း၊
၂၁။ ဝိပဿနာဉာဏ်စဉ်ကျမ်းကြီး၊
၂၂။ အနုသယဆိုင်ရာ၊
၂၃။ အတိရိတ်ပြုပုံ အဆုံးအဖြတ်၊
၂၄။ ဥပေါသထအနုသန္ဓိဝိစယကထာ စသည်တို့ဖြစ်ကုန်၏။

ပျံလွန်တော်မူခြင်း

အလွန်လျှင် ပရိယတ်, ပဋိပတ်အလုပ်ကို အားထုတ်ကြိုးပမ်းတော်မူခဲ့သော သထုံမြို့ မူလမင်းကွန်း ဇေတဝန်ဆရာတော်ဘုရားကြီးသည် သက်တော် ၈၆-နှစ်ရှိရာ သက္ကရာဇ် ၁၃၁၆-ခုနှစ် တပေါင်းလဆုတ် ၁၀-ရက် နေ့တွင် ပျံလွန်တော် မူခဲ့လေသည်

ဇာတဿ မရဏံ ဟောတိ, ဇာတော ဒုက္ခာနိ ဖုဿတိ၊
ဗန္ဓံ ဝဓံ ပရိက္လေသံ, တသ္မာ ဇာတိံ န ရောစယေ။

ဇာတဿ - စွဲလာသန္ဓေ တည်နေသောသူအား၊
မရဏံ - စုတိပြတ်ကြွေ သေလွန်ရခြင်းသည်၊
ဟောတိ - မြေလက်ခတ်နဲ မြှောက်သည့်ခဲသို့ မလွဲပုံသေဖြစ်ရချေ၏၊
ဇာတော - စွဲလာသန္ဓေ တည်နေသူသည်၊
ဒုက္ခာနိ - ထွေထွေများလှ ဆင်းရဲဒုက္ခတို့ကို၊
ဖုဿတိ - ပုံသေမုချ ကြုံတွေ့ရ၏။
ဗန္ဓံ - တုပ်ချည်ဖွဲ့တည်း အဖမ်းအဆီးခံရခြင်းကို လည်းကောင်း၊
ဝဓံ - ညှဉ်းပန်နှိပ်စက် သတ်ဖြတ်ခြင်းကိုလည်းကောင်း၊
ပရိက္လေသံ - များလှထွေပြား ဘေးဥပဒ္ဒဝေါများကို လည်းကောင်း၊
ဖုဿတိ - ကြုံတွေ့ရ၏၊
တသ္မာ - ထို့ကြောင့်၊
ဇာတိံ - စွဲလာသန္ဓေ တည်နေခြင်းကို၊
န ရောစယေ - မကြိုက်မနှစ်သက်ရာ။

စွဲလာသန္ဓေ, နေခဲ့တုံးက, မရဏနှင့်, မုချဧကန်, ကြုံရမှန်၏၊ ဖန်ဖန်နဲနဲ, ဆင်းရဲဒုက္ခ, မုချမလွဲ, ကြုံရမြဲတည်း၊ ဖွဲ့စည်းခံရ, သတ်ခံရနှင့်, များပြားစွာလှ, ဥပဒ္ဒဝလည်း, မုချပုံသေ, ကြုံရလေသည်, သန္ဓေဇာတိ ကြောက်ဖွယ်တည်း။

တေဝီသတိမပိုင်း

အရှင်သောဘန
တရားအားထုတ်ရန်ကြံစည်

ဘုရားရှင်က -

အတ္တာနေဉ္စ ပိယံ ဇညာ, ရက္ခေယျ နံ သုရက္ခိတံ၊
တိဏ္ဏံ အညတရံ ယာမံ, ပဋိဇဂ္ဂေယျ ပဏ္ဍိတော။

မိမိကိုယ်ကို, ချစ်တယ်ဆိုက, ပျို လယ် အအို, ထိုထို သုံးသွယ်, တရွယ်ရွယ်ဝယ်, ဘုန်းကြွယ်ဇိန, သမဏခေါ်, ဓမ္မတော်ကို, လေးဖော် လုံ့လ, ဝီရိယဖြင့်, မုချဆင့်ဆင့်, ကျင့်လေမင့်” ဟူသည်နှင့်အညီ အရှင်သောဘနသည် မိမိကိုယ်ကိုချစ်သည်၊ မိမိကိုယ်ကို ချစ်သဖြင့် အထက်ဖော်ပြပါ သထုံမြို့မူလမင်းကွန်း ဇေတဝန်ဆရာတော် ဘုရားကြီးထံ ကြွရောက်၍ ရဟန်းတရား ပွားများအားသစ်ဖို့ ကြံစည် စိတ်ကူးတော်မူလေပြီ။

န တာဝတာ ဓမ္မဓရော, ယာဝတာ ဗဟု ဘာသတိ၊
ယော စ အပ္ပမ္ပိ သုတွာန, ဓမ္မံ ကာယေန ပဿတိ၊
သဝေ ဓမ္မဓရော ဟောတိ, ယော ဓမ္မံ နပ္ပမဇ္ဇတိ။

“ပိဋကတ်သုံးသွယ်, နိကာယ်ငါးဝ, နှုတ်ဖျား၌တွင်, ကျက်စားပင်လည်း, စင်စစ်မုချ, ဓမ္မဓရ, နာမအေးချို, မဆိုရာဘူး, ဓမ္မနုဓမ်, ကျင့်ကြံပေထ, နာမ်ကာယဖြင့်, လေးဝသစ္စာ, သီလေပါက, ဓမ္မဓရ, မုချစင်စစ်, ဖြစ်ကြီးဖြစ်သည်, ရှင်ချစ်မြတ်စွာ မိန့်ခွန်တည်း” ဟူသည်နှင့်အညီ အရှင်သောဘနသည် ဓမ္မဓရပုဂ္ဂိုလ်စစ်ဖြစ်ရန် သန္နိဋ္ဌာန် ချတော်မူကာ သထုံမြို့ ဇေတဝန်ဆရာတော်ဘုရားကြီးထံ ကြွရောက် တရား အားထုတ်ရန် ဆုံးဖြတ်ချက်ချတော်မူခဲ့လေသည်

ဗဟုမ္ပိ စေ သံဟိတ ဘာသမာနော၊
န တက္ကရော ဟောတိ နရော ပမတ္တော။

ဂေါပေါဝ ဂါဝေါ ဂဏယံ ပရေသံ,
န ဘာဂဝါ သာမညဿ ဟောတိ။

ယောနရော - အမှတ်မထင် အကြင်တယောက်ယောက်သော သူသည်၊
သံဟိတံ - အစီးအပွားရှိသော ပိဋကသုံးပုံကို၊
ဗဟုံ - အခေါက်ခေါက်အခါခါ များစွာ၊
ဘာသမာနောပိ - ကရားရေလွှတ် တတွတ်တွတ်ရွတ်ဆို သင်ကြား ပို့ချပြသ ပြောဟောပါသော်လည်း၊
ပမတ္တော - သတိမေ့လျော့ ပေါ့တန်သည် ဖြစ်၍၊
တက္ကရော - ဧကန် မုချပြုရမည့် ထိုအနိစ္စအစရှိသည်ဖြင့် နှလုံးသွင်းခြင်း ပြုသူသည်၊
စေ နဟောတိ - အကယ်စင်စစ် မဖြစ်ငြားအံ့၊
သော - ထိုတိပိဋကကျမ်းဂန္ထကို နိစ္စကြိုးကာ လက္ခဏာ သုံးအင် မဆင်ခြင် မရှုပွား ထိုပုဂ္ဂိုလ်စားသည်၊
ဂေါပေါ - အခစား နွားကျောင်းသားသည်၊
ဂါဝေါ - ကျောင်းသမျှ နွားတို့ကို၊
ဂဏယံ (ဂဏယန္တော) - စေ့အောင်ရေတွက်၍၊
ပရေသံ - နွားရှင် တခြားသူတပါးတို့အား၊
(နိယျာတေတိ) ဣဝ - ဆောင်သွင်းအပ်နှင်းရသကဲ့သို့၊
(ပရေသံ - တရားကျင့်ရန် ဆန္ဒကဲပို တပါးသော ပုဂ္ဂိုလ်တို့အား၊
နိယျာတေတိ - ဆောင်နှင်းပေးအပ်လိုက်ရသည် မည်၏)
သောနရော - ထိုချပို့ဟောပြောခြင်းများ အကျင့်ပါးသောသူသည်၊
သာမညဿ - မဂ်ဖိုလ်အထူး ရဟန်းကျေးဇူး၏၊
ဘာဂဝါ - အဖို့ရှိသူသည်၊
န ဟောတိ - မဖြစ်။

ပိဋကသုံးဝ, ကျမ်းဂန္ထကို, နိစ္စဟောပြ, ချပို့ကာပေ, နေပလေလည်း, ဓမ္မေရုပ်နာမ်, ဖြစ်ချုပ်ဟန်ကို, ဝေဖန်ရှုမှု, မပြုလေငြား, နွားကျောင်းသား သွင်, ပမာထင်၏၊ နွားရှင်အတွက်, ဆက်ဆက်မုချ, ပြုကျင့်ရသို့, မုချ ကိုယ့်တွက်, ကျိုးမသက်သည်, ဆက်ဆက်ကျင့်ဖို့ မှတ်ရာသော်- ဟူသော ဘုရားရှင်၏ အဆုံးအမတော်ကို လည်းကောင်း။

အပ္ပမ္ပိ စေ သံဟိတ ဘာသမာနော၊
ဓမ္မဿ ဟောတိ အနုဓမ္မစာရီ။

ရာဂဉ္စ ဒေါသဉ္စ ပဟာယ မောဟံ၊
သမ္ပဇာနော သုဝိမုတ္တစိတ္တော။

အနုပါဒိယာနော ဣဓဝါ ဟုရံဝါ၊
သ ဘာဂဝါ သာမညဿ ဟောတိ။

(ယောနရော - အမှတ်မထင် အကြင်သူသည်)၊
သံဟိတံ - အစီးအပွားရှိသော ဘုရားမုနိစကားတော်ကို၊
အပ္ပံဘာသမာနောပိ - အချအပို့ အပြောအဟော နည်းပါးသော်လည်း၊
ဓမ္မဿ - ပရိယတ္တိဓမ္မအား၊
ဝါ - လောကုတ္တရာ တရားအား၊
အနုဓမ္မစာရီ - လျော်သော စတုပါရိသုဒ္ဓိသီလ, ဓူတင်တေရသ အစရှိသော ပဋိပတ် အလုပ်ကို အားထုတ် ကျင့်ကြံသူသည်၊
စေဟောတိ - အကယ်ဖြစ်အံ့၊
(ဧဝံသတိ - ဤသို့ကျင့်သည် ရှိသော်၊
သောနရော -ထိုပိဋကကျမ်းဂန္ထကို ပို့ချမှု ဟောပြောမှုနည်း၍ တရားကျင့်သော သူသည်)
ရာဂဉ္စ - ရာဂကိုလည်းကောင်း၊
ဒေါသဉ္စ - ဒေါသကို လည်းကောင်း၊
မောဟဉ္စ - မောဟကိုလည်းကောင်း၊
ပဟာယ - ပယ်၍၊
သမ္ပဇာနော - ကောင်းစွာ အပြားအားဖြင့် သိသည်ဖြစ်၍၊
သုဝိမုတ္တစိတ္တော - ကိလေသာတို့မှ ကောင်းစွာလွတ်သော စိတ်ရှိသည်ဖြစ်၍၊
ဣဓဝါ - ဤပစ္စုပ္ပန် လောက အဇ္ဈတ္တခန္ဓာ, အာယတန, ဓာတ်၌လည်းကောင်း၊ ဟုရံဝါ - တမလွန်လောက ဗာဟိရခန္ဓာ, အာယတန, ဓာတ်၌လည်းကောင်း၊
အနုပါဒိယာနော -ဒိဋ္ဌိ, တဏှာဖြင့် ပြင်းစွာ စွဲလမ်းခြင်းမရှိသည်၊
ဟောတိ - ဖြစ်၏၊
သောနရော - ထိုပိဋကကျမ်းဂန္ထကို ချပို့ပြောဆိုခြင်းနည်း အကျင့်သည်းသော သူသည်၊
သာမညဿ - မဂ်ဖိုလ်အထူး ရဟန်းကျေးဇူး၏၊
ဘာဂဝါ - အဖို့ရှိသူသည်၊
ဟောတိ - ဖြစ်၏။

“တိပိဋက, ကျမ်းဂန္ထကို, ချပို့ဟောကြား, နည်းလေငြားလည်း, တရားကိုပင် အားထုတ်လျှင်ကား, သာမညဖလ, အကျိုးရသည် , ထူးလှ သာသနာ့ဇာနည် ပေတည်း” ဟူသော ဘုရားရှင်၏ အဆုံးအမတော်ကို အရှင်သောဘနသည် သဘော ပေါက်တော်မူပါသဖြင့် သထုံမြို့ မူလမင်းကွန်း ဇေတဝန်ဆရာတော်ဘုရားကြီးထံ ချဉ်းကပ်၍ တရားအားထုတ်ရန် ဆုံးဖြတ်ချက်ချလိုက်လေပြီ

သောဘနော သောဘနံယေဝ, သန္နိဋ္ဌာနံ အကာ သုဓီ၊
သထုံနဂရေ ထေရဿ, စရိတုံ ဓမ္မမုတ္တမံ။

သထုံ ဇေတဝန်
ဆရာတော်ဘုရားကြီးထံ ရောက်ခြင်း

ယောနိသော စိန္တေတွာန, နာရဒထေရသန္တိကံ၊
ကာလောဝ ဂမနဿာတိ, သန္နိဋ္ဌာနော မဟာသုဓီ။

ဟူသည်နှင့်အညီ အရှင်သောဘနသည် အမျိုးမျိုးအဖုံဖုံ သင့်မြတ်သော အကြောင်းစုံကို ကြံဆင်ခြင်တော်မူပြီး သထုံမြို့ ဇေတဝန်ဆရာတော်ဘုရားကြီးထံ သွားဖို့ရန် အချိန်တန်ပြီဟု ဆုံးဖြတ်ချက် ချတော်မူလေသည်

တရားရှာခရီး စတင်ခြင်း

ယင်းသို့ ဆုံးဖြတ်ချက်ချတော်မူပြီးနောက် တောင်ဝိုင်းကလေး ဆရာတော်ကြီးထံ ခွင့်ပန်ရလေသည်၊ ဆရာတော်ကြီးက အရှင်သောဘနကို တောင်ဝိုင်းကလေးမှ ထွက်ခွာရန် အလိုရှိတော်မမူချေ၊ သို့ရာတွင် တရားအားထုတ်မည့် ကိစ္စဖြစ်၍ တားမြစ်ကန့်ကွက်ရန် မသင့်မတော် မလျော်သည်ဖြစ်၍ ခွင့်ပြုတော်မူလိုက် လေသည်၊ ယင်းသို့ ခွင့်ရပြီးနောက် ၁၂၉၃-ခု ပြာသိုလပြည့်ကျော် ၅-ရက်နေ့တွင် တောင်ဝိုင်းကလေး ကျောင်းတိုက်မှ ထွက်ခဲ့၍ တရားရှာခရီးရှည်ကို စတင်တော်မူခဲ့ လေသည်

နာရဒမဟာထေရဿ, သန္တိကံ ဂမနံ သုဓီ၊
အတ္တပရဟိတတ္ထာယ, အာရဘီ ထိရစေတသာ။

ဖိနပ်မပါ ပရိက္ခရာရှစ်ပါးဖြင့်သာ ခရီးထွက်ခဲ့

အရှင်သောဘနသည် မိမိနှင့်စိတ်တူသဘောတူ ဆန္ဒတူ အရှင်တေဇဝန္တခေါ် ၆-ဝါရ ရဟန်းတော် တပါးနှင့်အတူ ထွက်တော်မူခဲ့သည်၊ တရားအားထုတ်ရန်ဖြစ်၍ သီလအတွက် တစုံတရာ သံသယဝင်ဖွယ်ရာ မရှိအောင် ဘုရားရှင်၏ ဝိနည်း သိက္ခာပုဒ်တော်တို့ကိုလည်း လိုက်နာရ ပလိဗောဓလည်း နည်းနိုင်သမျှ နည်းရမည် ဖြစ်သည့်ပြင် -

တိစီဝရဉ္စ ပတ္တောစ, ဝါသိ သူစိ စ ဗန္ဓနံ၊
ပရိဿာဝနေန အဋ္ဌေတေ, ယုတ္တယောဂဿ ဘိက္ခုနော။

ဟူသည်နှင့်အညီ ကမ္မဋ္ဌာန်းဘာဝနာအလုပ်ကို ကြိုးပမ်းအားသစ်သည့် ယုတ္တယောဂ ရဟန်း အားလျော်သော ပရိက္ခရာရှစ်ပါးကို ဆောင်ယူတော်မူ၍ ဖိနပ်ပင်မစီးပဲ ကပ္ပိယကာရကတယောက် ခေါ်ဆောင်၍ ထွက်ခဲ့လေသည်။

အဋ္ဌ သော ပရိက္ခာရေဝ, ဂဟေတွာ သောဘနော သုဓီ၊
အနုပါဟနော ဟုတွာန, ဂမီ ထေရဿ သန္တိကံ။

မုတ္တမဘက်သို့ ရောက်သောအခါ ကပ္ပိယကာရကကို ဇင်းကျိုက်ဘူတာအထိ ရထား လက်မှတ်ခံ ယူစေပြီးနောက် ပြန်လွှတ်လိုက်သည်။

ဇင်းကျိုက်ရွာ ဆွမ်းခံဝင်ကြွခြင်း

ဇင်းကျိုက်ဘူတာမှ လှမ်းမျှော်ကြည့်ရှုလိုက်လျှင် ရေတံခွန် ရေခါးတင် တသွင်သွင် ကျဆင်းနေသော တောင်ရံတခုကို မြင်နိုင်သည်၊ ဖော်ပြပါ ရေတံခွန် ရေခါးတင် ရှိရာသို့ အရှင်သောဘနနှင့် အရှင်တေဇဝန္တတို့, ပရိက္ခရာရှစ်သွယ် ကိုယ်ဝယ် ဆင်မြန်းလျက် ဖိနပ်မျှပင်မပါပဲ ကြမ်းတမ်းသော လမ်းပေါ်တွင် လျှောက်သွား နေကြကုန်၏။

အာကာသဂင်္ဂါသမ္မုခံ, ထေရာ ထိရေသု သဏ္ဌိတာ၊
ဓမ္မပရာ ဓမ္မစိန္တာ, ဂတာ အနပေက္ခာ သုတာ။

ရေတံခွန်အနီးသို့ ရောက်သောအခါ ယင်း ရေတံခွန်၏ အနောက်ဘက် ကျောင်းငယ် ကလေး တဆောင်ကိုတွေ့သဖြင့် ကျောင်းပိုင် ဘုန်းတော်ကြီးကို ပန်ကြားပြီး အရှင် တေဇဝန္တနှင့်အတူ ခေတ္တနားနေ အပန်းဖြေတော်မူသည်၊ နောက်တနေ့ (၁၂၉၃-ခု၊ ပြာသိုလဆုတ် ၈-ရက်နေ့) နံနက်တွင် ဇင်းကျိုက်ရွာဝင်၍ ဆွမ်းခံကြွကာ ဆွမ်းဘုဉ်းပေးတော်မူသည်

ပုဗ္ဗဏှသမယံ သော ဟိ, ဇင်းကျိုက်ဂါမေ မနောရမေ၊
ပိဏ္ဍတ္ထာယ စရိတွာန, ကာယဿ ယာပနံ ကရီ။

စတုဝီသတိမပိုင်း

သထုံသို့ ဆက်လက်ကြွခြင်း

ပြာသိုလဆုတ် ၉-ရက်နေ့တွင် ဇင်းကျိုက်ရွာမှ ထွက်ခွာခဲ့ပြီး ခရီးဆက်တော်မူရာ ကထွန်ရွာ ဘုန်းတော်ကြီးကျောင်းရောက်၍ ထိုကထွန်ရွာ ဘုန်းတော်ကြီးကျောင်း၌ ၉-ရက်နေ့ ညတည ကျိန်းစက်တော်မူသည်၊ ပြာသိုလဆုတ် ၁၀-ရက်နေ့ ဆွမ်းဘုဉ်း ပေးပြီး ကထွန်ရွာမှ ထွက်ကြွတော်မူခဲ့ရာ ထိုနေ့ညနေစောင်းတွင် ရင်းငြိမ်သို့ ရောက်တော်မူသည်၊ ရင်းငြိမ်ကျောင်းတွင် တညအပန်းဖြေပြီး နံနက်အခါ အရှင်တေဇဝန္တ၏ လူဖြစ်စဉ်က မိတ်ဆွေဒကာတဦးက ဆွမ်းကပ်သည်၊ ယင်းဒကာပင် သထုံအရောက် မော်တော်ကားဖြင့် ပို့ပေးလေသည်

သထုံမြို့

သထုံမြို့သည် သုဝဏ္ဏဘူမိဟူ၍ ဗုဒ္ဓစာ ပေတွင် ထင်ရှားသည့် မြို့ဖြစ်သည်၊ သို့ဖြစ်၍ “သုဝဏ္ဏဘုံ မြို့သထုံ”ဟုလည်း တချို့ကခေါ်ကြ၏၊ ယင်းသထုံမြို့ကား မုတ္တမကွေ့ကို မျက်နှာပြုလျက် မြသပိတ်ဘုရားနှင့် လဝတောင်ဘုရားတို့ တည်ရှိသည့် သထုံတောင်တန်းကို နောက်ခံပြုထားသည်၊ မြို့တည်နေပုံလည်း ထူးထူးခြားခြား စိတ်ဝင်စားစရာ ကောင်းလှသည်၊ သစ်ပင်မျိုးစုံဖြင့် စိမ်းစိုသာယာသော တောင်စောင်း ဆင်ခြေလျှောကို နောက်ခိုင်းကာ တောင်ကုန်းနှင့် မြေပြန့်အကြားရှိလေရာ ရှုမျှော်ခင်း သာယာလှပသော မြို့ဖြစ်လေသည်။

သထုံမြို့သည် မြန်မာနိုင်ငံတွင် မဆွလက်မွန် ဗုဒ္ဓအယူဝါဒ စတင်ပွင့်လင်းရာ ထူးခြားသော ဒေသဖြစ်သည်၊ သထုံမြို့နှင့် မြို့နယ်တဝိုက်တွင် ထင်ရှား စည်ကားသော ဘုရားပွဲတော်များရှိသည်၊ ယင်းတို့ကား တပို့တွဲလတွင် ကျင်းပသော မြသပိတ်ဘုရားပွဲတော်, တပေါင်းလတွင် ကျင်းပသော ရွှေစာရံဘုရားပွဲတော်, တန်ခူးလပြည့်တွင် ကျင်းပသော ဇင်းကျိုက်ဘုရားပွဲတော် စသည်တို့ဖြစ်ကုန်၏။

သထုံတိသုပုရံ နာမ, ဒုမဂိရီဟိ သောဘတိ၊
နာတိသီတံ နာတိဥဏှံ, သဗ္ဗဒါ ရာမဏီယကံ။

အရှင်သောဘန သထုံမြို့၌
၆-ရက်ခန့် သီတင်းသုံးခြင်း

အရှင်သောဘနသည် ဖော်ပြပါ သုဝဏ္ဏဘုံ မြို့သထုံ၌ ပြာသိုလဆုတ် ၁၁ -ရက်နေ့မှ တပို့တွဲလဆန်း ၁-ရက်နေ့အထိ ၆-ရက်မျှ ရပ်နားတော်မူ၍ ရတနာ ၃-ပါး၏ ဂုဏ်တော် ကျေးဇူးတော်များ ကို နှလုံးသွင်း သင့်မြတ်သော တရားကို ရှုမှတ် ဆင်ခြင်၍ သီတင်းသုံးတော်မူခဲ့လေသည်၊ အရှင်သောဘနသည် သထုံမြို့သို့ ရောက်နေသော်လည်း ရှေ့ဆက်လက်ပြီး ဘုရားဖူး ကြွလိုသေးသဖြင့် သထုံ ဇေတဝန်ဆရာတော်ဘုရားကြီးထံ ကြွတော်မမူသေးချေ။

ဆ ရတ္တိယော ဝသိတွာန, သုဝဏ္ဏဘူမိမဏ္ဍလေ၊
ရတနတ္တယေ ဌပေတွာ, စိတ္တံ ပသာဒယီ သုဓီ။

ကေလာသစေတီတော်ကို ဖူးမြင်ခြင်း

အရှင်တေဇဝန္တ၏ ဆွေမျိုးများကပင် သထုံဘူတာမှ တောင်စွန်းဘူတာအထိ ရထားလက်မှတ် ဆက်ကပ်လှူဒါန်းကြသဖြင့် တောင်စွန်းဘူတာသို့ မီးရထားဖြင့် ဆက်လက်ကြွတော်မူသည်၊ တောင်စွန်းဘူတာမှ ခရီးထောက်လှမ်းကာ ကော့ကဒွတ် ကျောင်းကြီးသို့ ကြွတော်မူ၍ ထိုကျောင်းကြီး၌ ၇-ရက်ကြာမျှ အပင်ပန်းဖြေ နားနေတော်မူသည်၊ နားနေစဉ် အတောအတွင်း ဆွမ်းခံ၍ မျှတတော်မူသည်၊ ကော့ကဒွတ် ကျောင်းကြီးမှ နာမည်ကျော် ကေလာသတောင် စေတီတော်သို့ ကြွရောက် ဖူးမြော်တော်မူခဲ့လေသည်

ကေလာသနဂုတ္တမေဝ, စေတိယံ ဓာတုသဏ္ဌိတံ၊
ပူဇယိတွာ နမဿိတွာ, ပုညံ အနပ္ပကံ အကာ။

မြသပိတ်တော်ဘုရားဖူးမြော်

ကေလာသတောင်မှ ဆင်းတော်မူပြီး မြသပိတ်တောင်ပေါ်သို့ တက်ကြွတော်မူ၍ မြသပိတ်တောင် စေတီကိုလည်း သုံးလီစေတနာ မိုးသို့ရွာ၍ ကောင်းစွာဖူးမြော်တော် မူခဲ့လေသည်၊ ၎င်းပြင် မြသပိတ်တောင်ပေါ်ရှိ ကြောင်တရာကျောင်းသို့ ကြွရောက် ကြည့်ရှုလေ့လာတော်မူသည်။

မြသပိတ်ပဗ္ဗတေစာပိ, ဇိနဓာတုနိဓာနကံ၊
စေတိယံ သော နမဿိတွာ, သုပုညံ သဉ္စနံ အကာ။

ဝေပုလ္လတောင်ကြွ
ဆရာတော်များကြည်ညိုခဲ့

အရှင်သောဘနသည် အရှင်တေဇဝန္တနှင့်အတူ မြသပိတ်တောင် ကြောင်တရာ ကျောင်းမှ ဝေပုလ္လတောင်သို့ ခရီးဆက်တော်မူသည်၊ ထိုဝေပုလ္လတောင်ကျောင်း၌ သက်တော် ဝါတော်ကြီး၍ ဝိနယဂရုက သိက္ခာကာမ ဆရာတော်ကြီးနှင့် တပည့် ရဟန်းတော်တပါးကို ထူးခြားစွာတွေ့ရ၏၊ ဆရာတော်ကြီးမှာ ကျောင်းဝိုင်းအတွင်းရှိ ကျယ်ပြောသော ဓမ္မာရုံကြီးပေါ်ရှိ ရွှေပလ္လင်ကြီးပေါ် ထိုင်၍ ဘုရားဟော သုတ္တန် ပါဠိတော်ကြီးများကို ဟောရွတ်တော်မူလေ့ရှိသည်၊ နတ်များအား ဟောသည်ဟု သိရ၏၊ ဆရာတော်ကြီး၏တပည့် ရဟန်းတော် တပါးမှာလည်း မြေတွင်း လိုဏ်ဂူငယ်၌ တရားရှုမှတ်လေ့ရှိသည်ကို သိတော်မူခဲ့ရလေသည်၊ ဝေပုလ္လတောင်သို့ ရောက်ရသဖြင့် ပဋိပတ်အလုပ် ကြိုးကုတ်ဖို့ ပို၍ ထက်သန်တော်မူလာသည်

ဝေပုလ္လပဗ္ဗတဉ္စာပိ, ဝေပုလ္လဉာဏိကော ဝိဒွါ၊
ဝိပုလေ သမဏေ ဒိသွာ, ပဓာနေ သမ္ပဟံသိ ဝါ။

ကျိုက်ထိုမြို့

ကျိုက်ထိုမြို့သည် ရန်ကုန်, မော်လမြိုင် မီးရထားလမ်းပေါ်တွင် တည်ရှိသော နေချင်စရာ ကောင်းသော မြို့တမြို့ဖြစ်သည်၊ ရန်ကုန်မှ ၉၅-မိုင်၊ ပဲခူးမှ ၄၈-မိုင် ကွာလှမ်း၏၊ ဘူတာရုံကြီး, အထက်တန်း ကျောင်းကြီး, အလယ်တန်းကျောင်းများ, အစိုးရရုံများ စသည်တို့ဖြင့် စည်ကားလျက်ရှိ၏၊

ကျိုက်ထိုမြို့၌ သွန်းဘုရားကြီး, ရွှေဘုံသာစေတီ, ကျိုက်ပေါလောဘုရားစသည့် တန်ခိုးကြီး ဘုရားများလည်း တည်ရှိရာ ကျိုက်ထိုမြို့သည် ဗုဒ္ဓဘာသာဝင်တို့၏ လူရပ်နတ်ဌာန် နိဗ္ဗာန်ဆိပ်ဦးသဖွယ်လည်း ဖြစ်၏၊ မြို့ပေါ်၌ မဟာမေဃဝန် ကျောင်းတိုက်, ဘုရားကြီးတိုက်, မရမ်းချိုတိုက် အစရှိသော ကျောင်းတိုက်များလည်း တည်ရှိသည်၊ ယခုအခါ (၁၃၄၆-ခုနှစ်) ကျိုက်ထိုမြို့ပေါ်၌ သံဃာတော် ၃၅၀-ခန့်ရှိသည်ဟုသိရ၏၊ ကျိုက်ထိုမြို့အနီး ဆိပ်ဖူးတောင်, သေက္ချတောင်, ကင်ပွန်းတောင်, ဘုရားသုံးဆူတောင်, တိုက်တောင်တို့မှာလည်း သူတော်သူမြတ် နေထိုင်ရန် သင့်လျော်လှပေ၏၊ နာမည်ကျော် ကျိုက်ထီးရိုးဘုရား မှာလည်း ကျိုက်ထိုမြို့နယ်ရှိ ကမ္ဘာသိ ဆံတော်ရှင်စေတီ ဖြစ်လေသည်

ကျိုက်ထိုတိနဂရံနာမ, နာနာနဂေဟိ သောဘတိ၊
ထူပေဟိ တပေါဝနေဟိ, နာနာအာရာမဝတ္ထုဟိ။

ကျိုက်ထိုမြို့သို့ ကြွတော်မူခြင်း

အရှင်သောဘနသည် အရှင်တေဇဝန္တနှင့်အတူ ဝေပုလ္ထတောင်မှ ဖြတ်လမ်းခရီး အတိုင်း ခြေကျင် ကြွတော်မူခဲ့ရာ ၁၂၉၃-ခုနှစ် တပို့တွဲလဆန်း ၁၂-ရက်နေ့တွင် ဖော်ပြပါ ကျိုက်ထိုမြို့ မေဃဝန်ကျောင်းတိုက်သို့ ရောက်ရှိတော်မူသည်၊ မေဃဝန် ကျောင်းတိုက်၌ ၁၃-ရက်နေ့အထိ ၂-ရက် သီတင်းသုံးတော်မူ၍ အပင်ပန်းဖြေ နားနေတော်မူယင်း ဗုဒ္ဓါနုဿတိ ဘာဝနာကိုလည်း သင့်သလို ပွားများတော်မူသည်။

နဂရေကျိုက်ထိုနာမမှိ, မေဃဝနေ မနောရမေ၊
အာရာမေပိ ဝသိတွာန, ကိလမံ ဝိဂမံ အကာ။

ကျိုက်ထီးရိုး ဆံတော်ရှင်စေတီ

ကျိုက်ထီးရိုးဆံတော်ရှင်စေတီသည် ကြီးမား၍ မတ်စောက်သော ကျောက်တောင် တစု၏ အစွန်းအဖျားတွင် အံ့ဩဖွယ်ရာ တည်ရှိလေသည်၊ လုံးပတ်ပေ ၅၀-ခန့် ရှိသော ဦးခေါင်းဟန် ပုံသဏ္ဌာန်ရှိသော ကျောက်လုံးကြီးပေါ်တွင် ဉာဏ်တော် ၁၅-ပေခန့်မြင့်သော စေတီတော်ကို တည်ထား ကိုးကွယ်ခဲ့သည်၊ စေတီတော်တည်ရှိရာ ကျောက်လုံးကြီးသည် လူ ၁-ယောက် ၂-ယောက် တွန်းလိုက်ရုံမျှဖြင့် လှုပ်ရှား၏၊ ထိုကျောက်တုံးကို တွန်း၍ အောက်ခံကျောက် အကြားသို့ အပ်ချည်ကြိုးကို သွင်း၍ ဆွဲယူနိုင်သည်။ စေတီတော်နှင့်တကွ ကျောက်တုံးကြီးပါ အောက်သို့ မကျပဲ တည်ရှိနေသည်မှာ စင်စစ်ရင်သပ်ရှုမော အံ့ဩဖွယ် ဖြစ်လေသည်၊ လောကတခုလုံး ဤစေတီတဆူသာ ရှိမည်ဟု ထင်မိ၏။

ပတိဋ္ဌာနံ စေတိယဿ, ကာမံ အစ္ဆရိယံ ဘဝေ၊
လောကေ ဟိ ဤဒိသော ထူပေါ, မညေ ဧကောဝ သဏ္ဌိတော။

သမိုင်းအကျဉ်း

သုံးလောက၏ ဓမ္မရာဇ်ဖြစ်တော်မူသော ဘုရားရှင်သည် ရှစ်ဝါမြောက်တွင် တပည့် သားတော်, တတိယသာဝက အရှင်ဂဝမ္ပတိ အရှင်သူမြတ် လျှောက်ထား တောင်းပန်ချက်အရ နောက်လိုက်နောက်ပါ, ရဟန္တာ ရဟန်းပေါင်း ၂-သောင်း ခြံရံတော်မူကာ ရာမညတိုင်း သထုံမြို့သို့ ကြွတော်မူစဉ် ရတနာမဏ္ဍပ်၌ သီတင်းသုံးတော်မူ၍ သီဟရာဇာမင်းကြီးနှင့်တကွ တိုင်းသူပြည်သားတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူပြီး တရားနာ ပရိသတ်တို့အား သရဏဂုံသီလတို့၌ တည်စေတော်မူခဲ့လေသည်။

ထိုအခါ ဂစ္ဆတောင်မှ တိဿကုမာရရသေ့, ဗန္ဓဝတောင်မှ သီဟကုမာရရသေ့, ကုဿိန္နာရုံတောင်မှ ရသေ့တပါး, ဒိုးဂမောတွန်ဂလိုင်းတောင်မှ ဗုဒ္ဓဉာဏ ရသေ့တပါး, ဒိုးခလွန်တောင်မှ ရသေ့တပါး, မဲလံတောင်မှ ရသေ့တပါးပေါင်း ရသေ့ ၆-ပါးတို့သည် ဘုရားထံမှ တရားနာပြီးနောက် ထာဝရကိုးကွယ်စရာ လျှောက်ထား တောင်းပန်သဖြင့် ဘုရားရှင်က ရသေ့တပါးလျှင် ဆံတော်တဆူကျစီ ချီးမြှင့် ပေးသနားတော် မူခဲ့လေသည်

ဒိုးခလွန်းတောင်မှ ရသေ့နှင့် ကုဿိန္နာရုံတောင်မှ ရသေ့တို့သည် အိုမင်းမစွမ်း ရှိသောအခါ မိမိတို့ ရရှိသော ဆံတော်များကို ဒိုးကမောတွန်ဂလိုင်းတောင် ဗုဒ္ဓဉာဏရသေ့အား ပေးအပ်ခဲ့ကြ၍ ကွယ်လွန်သွားကြလေကုန်၏။

ဗုဒ္ဓဉာဏရသေ့သည် ဆံတော်ဓာတ်တဆူကို ဦးခေါင်းနှင့်တူသော ကျောက်တုံးကို သန်လျက်နှင့် ထွင်း၍ ဌာပနာကာ စေတီတည်ထား ကိုးကွယ်ခဲ့လေသည်၊ ၎င်း စေတီကို မွန်ဘာသာဖြင့် ကျိုက်အိသီရိုး၊ မြန်မာဘာသာဖြင့် ရသေ့ရွက်ဘုရား ဟူ၏၊ ကာလကြာသော် ကျိုက်အိသီရိုးမှ ကျိုက်ထီးရိုးအမည်သို့ ပြောင်းခဲ့လေသည်၊ ကျန် ဆံတော်နှစ်ဆူကိုလည်း ဒိုးခလွန်းတောင်နှင့် ကုဿိန္နာရုံတောင်များ၌ ဌာပနာ၍ စေတီတည်ခဲ့လေသည်၊ ကျိုက်ထီးရိုးစေတီတော်ကား အံ့သော်မပြီး ချီးသော်မကုန် အပုံကြီး ထူးခြားလှသော စေတီတော်မြတ်ပါတည်း

ကျိုက်ထီးရိုးစေတိယံနာမ, အစ္စန္တံ အစ္ဆေရံ ဘဝိ၊
နရမရာနံ ပုညေန, မာပိတံ ဂိရိဒုဂ္ဂမေ။

အရှင်သောဘန ကျိုက်ထီးရိုး
ဘုရားဖူး ကြွတော်မူခြင်း

အရှင်သောဘနသည် ၁၂၉၃-ခုနှစ် တပို့တွဲလဆန်း ၁၄-ရက်နေ့တွင် မေဃဝန် ကျောင်းတိုက်၌ နေ့ဆွမ်း ဘုဉ်းပေးတော်မူပြီး အရှင်တေဇဝန္တနှင့်အတူ ကျိုက်ထိုမြို့မှ ၉-မိုင်ဝေးသည့် ကင်မွန်းစခန်းသို့ ခြေကျင် ကြွတော်မူသည်တွင် ကားသမားက ကားပေါ်သို့ပင့်တင် လှူဒါန်းသဖြင့် ထိုနေ့ညနေ ကင်မွန်းစခန်းသို့ ရောက်တော်မူသည်၊ ကင်မွန်းစခန်းမှ ခက်ခဲစွာ ကျိုက်ထီးရိုးဆံတော်ရှင် စေတီကို မှန်းဆလျက် တက်ကြွတော်မူရာ ညဉ့် ၁၂-နာရီခန့် အချိန်တွင်မှ ကျိုက်ထီးရိုး ဆံတော်ရှင်သို့ ရောက်တော်မူသည်၊ ကျိုက်ထီးရိုး ဆံတော်ကိန်းဝပ်ရာ တောင်တော်ကား ပေပေါင်း ၃၂၀ဝ-မြင့်သည်ဟု သိရ၏၊ အရှင်သောဘနသည် မိုးရွာလိုက် လင်းလိုက် ကြားထဲမှ ခက်ခဲစွာ တက်ရောက်တော်မူခဲ့ခြင်းဖြစ်လေသည်

ကျိုက်ထီးရိုးဝှအစလမ္ပိ, အဘိရူဟိ မဟာမဟီ၊
ဒုက္ခေန ကသိရေနေဝ, ပဿိတုံ ဣစ္ဆန္တော သုဓီ။

ကျိုက်ထီးရိုး
ရင်ပြင်တော်၌ ဆွမ်းခံခဲ့ခြင်း

ကျိုက်ထီးရိုး ဆံတော်ရှင်စေတီ တော်ရင်ပြင်သို့ ရောက်သောအခါ စေတီတော်ကို ဖူးမြော်ကန်တော့ပြီး ရဟန်းတော်များအတွက် သီးသန့်နေရာဖြစ်သော သိမ် တန်ဆောင်းကြီးထဲတွင် သမံတလင်းပေါ်၌ ဖြစ်သလို ဘုရား အာရုံပြု၍ နေရသည်။

ခရီးပင်ပန်းမှုကြောင့် ခေတ္တမျှကျိန်းစက် အိပ်ပျော်သွားလေရာ ကျိုက်ထီးရိုး တောင်နေ ဘုန်းတော်ကြီး၏ ဆွမ်းခံရန် အချက်ပေး ခေါင်းလောင်းသံကြောင့် ရုတ်တရက် နိုးလာသည်၊ “ထတော်မူကြပါဘုရား, ထတော်မူကြပါဘုရား, အရုဏ် တက်ပြီး, ဆွမ်းခံဖို့ အချိန်ရောက်ပြီ”ဟု ကြွေးကြော်သော အသံကိုလည်း ကြားကြရသည်။

နာရီကို ကြည့်လိုက်သောအခါ နာရီပြန် ၂-ချက်သာ ရှိသေးကြောင်း သိရသည်၊ ပတ်ဝန်းကျင် ဘုရားဖူးများကို ကြည့်လိုက်သော အခါလည်း ဆွမ်းလောင်းရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်ပုံကိုလည်း မြင်ရသည်၊ ဘုရားဖူး ဘုန်းတော်ကြီး များလည်း သင်္ကန်းရုံ ပြင်ဆင်နေသည်ကို တွေ့ရသည်၊ သို့ဖြစ်၍ မတတ်သာတော့ပဲ “နောက်မှ ဝိနည်းကံအရ ပြုလုပ်ရတော့မည်”ဟု အကြံရကာ သင်္ကန်းရုံ၍ အများနည်းတူ ဆွမ်းခံတော်မူသည်၊ ဘုရားဖူးလာ ပရိသတ်တို့၏ စေတနာသဒ္ဓါတရားထက်သန်ခြင်းကြောင့် ဆွမ်းနှင့် ဆွမ်းဟင်းပါ ပြည့်စုံစွာ ရရှိလေသည်၊ ဆွမ်းခံပြီးသောအခါ ဒကာ တယောက်ကို ခေါ်၍-

“ဒကာ ... ယခု အရုဏ်မတတ်သေးဘူး၊ စောသေးတယ်၊ အရုဏ်တက်မှ စားရမယ့် ဆွမ်းတွေ ဖြစ်တယ်၊ အဲဒီဆွမ်းနှင့် ဟင်းတွေကို ဒကာလက်သို့ စွန့်လိုက်မယ်၊ ဒကာ့ သဘောအတိုင်း စားလိုကလဲ စားနိုင်တယ်၊ ဒကာ့ပစ္စည်းဟု မှတ်ပေတော့၊ ဦးပဉ္စင်း ကိုတော့ ဒီအချိန်မှာ စားလို့မဖြစ်သေးဘူး”ဟု အမိန့်ရှိပြီး စွန့်လိုက်လေသည်။

ဒကာကလည်း အရုဏ်မတက်သေးကြောင်း သိသည်၊ အရှင်တေဇဝန္တနှင့် အရှင်သောဘနတို့ ရဟန်းတော် ၂-ပါး တို့မှာလည်း အခြားဘုဉ်းပေးစရာ မရှိကြောင်းသိသည်၊ သို့ဖြစ်၍ အရုဏ်တက်လျှင် ဒကာသည် အရှင်သောဘနနှင့် အရှင် တေဇဝန္တတို့အား ဆက်ကပ်လှူဒါန်းလေသည်၊ အရှင်သောဘနသည် ဝိနည်း လုပ်ငန်း၌ ငယ်စဉ်ကပင် လိမ္မာတော်မူသည်

ဒဟရေ သောဘနော သော ဟိ, ဝိနယေ ကောဝိဒေါ သုဓီ၊
ထေရကာလေသု ပဂေဝ, ဝိနယေ အတိကောဝိဒေါ။

ဆံတော်ရှင်အား အကြိမ်ကြိမ် ဖူးမြော်ပြီး ဆင်းကြွခဲ့

အရှင်သောဘနသည် ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော်မြတ်ကြီးအား စိတ်ပါဝင်စားစွာ အားရပါးရသဒ္ဓါကြည်နူး ဖူးမြော်တော်မူပြီး တပို့တွဲလဆုတ် ၂-ရက် နေ့ နံနက်ဆွမ်းကိစ္စအပြီး တွင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးမှ ဖဲကြွတော်မူခဲ့ လေသည်။

ကျိုက်ထီးရိုးသုစေတိယမ္ပိ, စေတိယေ ပသန္နော သုဓီ၊ (ကျိုက်ထီးရိုးဆံတော်ရှင် စေတီကိုလည်း စိတ်ကြည်လင်တော်မူသော အရှင်သောဘနသည်) ဝန္ဒိတွာ ပူဇယိတွာန၊ ရှိခိုးပူဇော်တော်မူပြီး၍ ပုညံ အနပ္ပကံ ကရီ။ မရေမတွက်နိုင်သော ကောင်းမှုကို ပြုတော်မူခဲ့လေသည်။

သထုံမြို့သို့ ပြန်လည်ရောက်ရှိခြင်း

အရှင်သောဘနသည် ကျိုက်ထီးရိုးမှအပြန် ဆက်လက်၍ ကြွတော်မူရာ ကင်မွန်း စခန်း, ကော့ကဒွတ်ရွာတို့သို့ ဆက်လက် ကြွတော်မူသည်၊ တောင်စွန်းဘူတာမှ ခရီးဆက်လေရာ ဒုံဝန်းဘူတာရောက်လျှင် အရှင်သောဘန တပါးတည်းသာ ဆင်းခဲ့ပြီး ဒုံဝန်းဘူတာမှ ၅-မိုင်ခန့်ကွာလှမ်းသည့် ရွှေရောင်ပြတောင် ဘုန်းတော်ကြီး ဦးအုန်းခိုင်ကျောင်းသို့ ဆက်လက် ခရီးကြွတော်မူသည်။

ဦးအုန်းခိုင်မှာ ညအခါ ကျောင်းတွင် ကျိန်းလေ့မရှိပဲ သုသာန်များ၌သာ သီတင်းသုံး သုသာန်ဓူတင် ဆောက်တည်သည်ဟု သိရ၏၊ ဦးအုန်းခိုင်သည် အာရညကင်ဓူတင်, နိသိဇ်ဓူတင်, ပိဏ္ဍပါတ်ဓူတင်, ဧကာသနိက် ဓူတင်, ပတ္တပိုဏ်ဓူတင်, တိစီဝရိက် ဓူတင်, ရုက္ခမူဓူတင်တို့ကိုလည်း ဆောက်တည်လေ့ရှိသည်၊

အရှင်သောဘနသည်လည်း ၄-ညတိုင်တိုင် သုသာန်ဓူတင်ကို ကျင့်သုံးတော် မူခဲ့သည်၊ ယင်းသို့ဖြင့် ဦးအုန်းခိုင်ကျောင်း၌ ခေတ္တ သီတင်းသုံးတော်မူ၍ ဦးအုန်းခိုင် ၏ ပဋိပတ်အလုပ်ကို တစေ့တစောင်း နည်းယူတော်မူပြီး သထုံသို့ ဆက်လက်၍ ကြွတော်မူရာ ၁၂၉၃-ခုနှစ် တပေါင်းလဆန်း ၁-ရက်နေ့ ညနေတွင် သထုံမြို့ ယခင် တည်းခိုခဲ့ရာ ကျောင်းသို့ ဆိုက်ရောက်တော်မူသည်၊ ဤသို့ဖြင့် သထုံမြို့ ဇေတဝန်ဆရာတော်ဘုရားကြီးထံ ကြွရန် ခက်ခဲစွာ ကြိုးပမ်းတော်မူခဲ့လေသည်။

ဧဝဥှိ ကသိရေနေဝ, ဇေတဝန်ထေရသန္တိကံ၊ ဤသို့လျှင် နိစ္စံ ဓမ္မပရာယနော၊ အမြဲသဖြင့် တရားကို ကိုးကွယ်ရာရှိသော ဓီရော၊ ဉာဏ်ပညာရှိသော ထိုအရှင်သောဘနသည် ကသိရေနေဝ၊ ခက်ခဲစွာပင် ဇေတဝန်ထေရသန္တိကံ၊ ဇေတဝန်ဆရာတော်ကြီး၏ အထံတော်သို့ ဂန္တုံ၊ သွားခြင်းငှါ အာရဘီ။ အားထုတ်တော်မူခဲ့လေသည်။

ဇေတဝန်ဆရာတော်ဘုရားကြီးထံ ရောက်ပြီ

အရှင်သောဘနသည် ရက်အနည်းငယ် အပန်းဖြေကာ နားနေတော်မူပြီး မူလက ရည်ရွယ်ရင်း ဖြစ်သည့် ဇေတဝန်ဆရာတော်ဘုရားကြီးထံသို့ ဆက်လက် ကြွတော်မူရာ ထိုနှစ် (၁၂၉၃-ခုနှစ်) တပေါင်း လဆန်း ၅-ရက်နေ့တွင် သထုံမြို့ ကျုံးဟောင်း အတွင်းရှိ ဇေတဝန်ကျောင်းတိုက် (ဇေတဝန်ချောင်) ဆရာတော် ဘုရားကြီး အရှင်နာရဒ မဟာထေရ်ထံသို့ ဆည်းကပ်ခိုဝင် ရောက်ရှိတော်မူသည်၊ ထိုအခါ ဇေတဝန်ဆရာတော်ဘုရားမှာ သက်တော် ၆၃-နှစ် ရှိလေပြီ။

တိနောဒွိဧကသာကမှိ၊ ၁၂၉၃-ခုနှစ် သက္ကရာဇ်၌ ဖဂ္ဂုနေ ဇုဏှပက္ခကေ၊ တပေါင်းလ၏ လပြည့်ဖက်၌ ပဉ္စမေ၊ လဆန်း ၅-ရက်နေ့၌ သုဓီ၊ စင်ကြယ်သော ဉာဏ်ပညာရှိသော ထေရော၊ အရှင်သောဘနသည် ထေရဿ သန္တိကံ၊ ဇေတဝန်ဆရာတော်၏ အထံတော်သို့ သမ္ပတ္တော။ ရောက်ရှိတော်မူခဲ့လေသည်။

ပဉ္စဝီသတိမပိုင်း

တရားအလုပ် အားထုတ်ကြိုးပမ်းပြီ

ဓမ္မာရာမော ဓမ္မရတော, ဓမ္မံ အနုဝိစိန္တယံ၊ တရားလျှင် မွေ့လျော်ရာရှိသော, တရား၌ မွေ့လျော်သော, တရားကို အဖန်ဖန် ကြံစည်သော ဓမ္မံ အနုဿရံ ဘိက္ခု၊ တရားကို အဖန်ဖန် မမေ့အောက်မေ့သော ရဟန်းသည် သဒ္ဓမ္မာ န ပရိဟာယတိ။ သဒ္ဓမ္မမည်ရ ဗောဓိပက္ခိယဓမ္မမှ မယုတ်မလျော့ဟူသော လောကဥက္ကဌ် ဘုရားမြတ်၏ စကားနှင့် အညီ တရား၌ မွေ့လျော်, တရား၌ပျော်, တရားကိုကြံ, တရားကို အောက်မေ့သော အရှင်သောဘနသည် ရောက်မဆိုက် သာရဏီယကထာ အနည်းငယ်လျှောက်ထား အလ္လာပသလ္လာပ တန်းစေ့ရုံ လိပ်ပတ်လည် လျှောက်ထား ပြောကြားပြီး ကမ္မဋ္ဌာန်း တရားတောင်းလေသည်၊

ဇေတဝန်ဆရာတော် ဘုရားကြီးကလည်း မြင်မိုရ်တောင်ခြေမှ ငွေသဲဖြူ ဘော်ရောင် သွေးကို ပေးသည့်ပမာ စေတနာ သဒ္ဓါဗလဝဖြင့် အရှင်သောဘနအား ကမ္မဋ္ဌာန်း တရား ပေးသနား ချီးမြှင့်၍ အားထုတ်စေတော်မူလေသည်။

သမ္ပတ္တဒိဝသေယေဝ၊ ရောက်ရှိသော နေ့၌ပင်လျှင် မဟာယတိ၊ ကြီးမြတ်သော ရသေ့ဖြစ်သော ထိုအရှင်သောဘနသည် ထေရဿ သန္တိကေ၊ ဇေတဝန်ဆရာတော်၏ အထံတော်၌ ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန်းတရားကို ယာစိတွာန၊ တောင်းလျှောက်တော်မူပြီး၍ အနုယုဥ္ဇိ။ အားထုတ်တော်မူခဲ့လေသည်။

စကားမပြောပဲ
နေ့ည မနားအားထုတ်ခြင်း

အရှင်သောဘနသည် ဇေတဝန်ဆရာတော်ဘုရားကြီး ညွှန်ကြားတော်မူသည့်အတိုင်း ကမ္မဋ္ဌာန်း အလုပ်ကို အားထုတ် ကြိုးပမ်းတော်မူသည်၊ မီးပွတ်သော ယောက်ျား အလား မနေမနား ကြိုးစားအားထုတ်လေသည်၊ တရားအားထုတ်နေသည့် လေးလမျှကြာသော အခါကာလ သမယအတွင်း စကားလုံးဝမပြောပဲ အဆက်မပြတ် အားထုတ်တော်မူသည်၊ ညလုံးပေါက် အားထုတ်သော ညဉ့်များလည်း များစွာပါရှိ၏၊ နေ့လုံးပေါက် လူးလာတုံ့ခေါက် စင်္ကြံလျှောက်ကာ အားထုတ်သော နေ့များလည်း များလှချေ၏။

ဘာသိတံ အနိစ္ဆာရေတွာ၊ စကားကို မပြောပဲ အတ္တတ္ထပရတ္ထေဉ္စဝ၊ မိမိသူတပါးတို့၏ အကျိုးတို့ကို အပေက္ခန္တော၊ မျှော်လင့်တော်မူတတ်သော သုဓီတိမာ၊ ကောင်းသော ဉာဏ်ပညာရှိသော မဟာဝိဒွါ၊ မဟာပညာရှိဖြစ်သော ထိုအရှင်သောဘနသည် အာရဘတိ။ အားထုတ်တော်မူခဲ့လေသည်။

ဗောဇ္ဈင်တရားများ၏
စွမ်းအင်ကြောင့် ခန္ဓာကိုယ်ခံ့ကျန်း

ယင်းသို့ မနားမနေ တအားဖွေ၍ အားထုတ်ပါသော်လည်း ခန္ဓာကိုယ် ရူပကာယ မခံ့ကျန်းမှု, နေမကောင်းမှု လုံးဝမရှိပဲ ပင်ကိုကထက် ကျန်းမာသန်စွမ်း လန်းဆန်း လျက်ရှိ ၏၊ ယင်းသို့ဖြစ်ခြင်းမှာ တရားအားထုတ်သူ အရှင်သောဘန ၏ သန္တာန်မှာ သတိသမ္ဗောဇ္ဈင်စသော တရားများ၏ စွမ်းရည်သတ္တိကြောင့် ဖြစ်လေသည်။

တဒါ၊ ထိုအခါ၌ ဗောဇ္ဈင်္ဂဓမ္မဝသေန၊ ဗောဇ္ဈင်တရားတို့၏ အစွမ်းကြောင့် ထေရဿ ရူပကာယော ဟိ၊ အရှင်သောဘန၏ ရူပကာယသည် အရောဂေါ၊ အနာရောဂါ ကင်း၏၊ ကုသလော ဟိ ခေါ၊ ကျန်းမာ၏၊ အနာမယော ဟိ ခေါ။ အမြဲကျန်းမာသည်သာ ဖြစ်လေသည်။

မော်လမြိုင် တောင်ဝိုင်းကလေးသို့
ပြန်ကြွတော်မူခြင်း

ဇေတဝန်ဆရာတော်ဘုရားကြီးထံ ရောက်သည့်နေ့ကစ၍ တရားအားထုတ်ခဲ့ရာ လေးလခန့် ကြာမြင့်ခဲ့လေပြီ၊ယင်းသို့ တရားအားထုတ်၍ လေးလခန့် ကြာမြင့်ရာ ၁၂၉၄-ခုနှစ် ဝါဆိုလဆန်း ၇-ရက်နေ့တွင် မော်လမြိုင်မြို့ တောင်ဝိုင်းကလေး တိုက်ကျောင်း ဆရာတော်ကြီး မကျန်းမမာဖြစ်နေ၍ အမြန်ပြန်လာပါဟူသော ကြေးနန်းစာ တစောင်ကို အရှင်သောဘန ရရှိလေသည်၊ သို့ဖြစ်၍ အရှင် သောဘနသည် ၁၂၉၄-ခုနှစ် ဝါဆိုလဆန်း ၈-ရက်နေ့တွင် မော်လမြိုင် တောင်ဝိုင်း ကလေးသို့ ပြန်ကြွတော်မူရလေသည်။

သုဓီမတော၊ ကြီးမြတ်သော ဉာဏ်ပညာရှိသော ထိုအရှင်သောဘနသည် အဓိမတ္တ-ဂိလာနေန၊ အလွန်ပြင်းထန်သော အနာရောဂါရှိသော တောင်ဝိုင်းကလေး သမညိတံ၊ တောင်ဝိုင်းကလေးဟု အမည်ရသော ဧသော ဟိ၊ ထိုအာဝါသော (ကျောင်းတိုက်သို့) အသမ္ဘာဝိတော၊ မထင်မှတ်ပဲ ပစ္စာဂမိ။ ပြန်ကြွတော်မူခဲ့လေသည်။

ဇေတဝန်ဆရာတော်ကြီးထံ ပြန်ရန်
ရည်ရွယ်ချက် ပျက်သုဉ်းခဲ့

တိုက်ကျောင်း ဆရာတော်ကြီးမှာ သက်တော် ၇၈-နှစ်ရှိပြီဖြစ်၍ အထက်ပစ္ဆိမ အရွယ်သို့ရောက်နေပြီး ဇရာဒုဗ္ဗလ ဖြစ်နေလေရာ သည်းထန်ပြင်းပြသော ဝေဒနာ ဒဏ်ချက်ကလည်း နှိပ်စက်သဖြင့် မျှော်လင့်ချက် မရှိသော အခြေအနေသို့ ရောက်နေသည်ကို အရှင်သောဘန တွေ့ရလေသည်၊

သို့ရာတွင် စိတ်မလျှော့ပဲ အကောင်းဆုံးသော သမားတော်များ ၏ အကူအညီဖြင့် အတတ်နိုင်ဆုံး ပြုစုကုသသော်လည်း ဆရာတော်ဘုရားကြီးသည် အရှင်သောဘန ပြန်ရောက်၍ ၇-ရက်အကြာတွင် စုတိကမ္မဇရုပ် ချုပ်တော်မူခဲ့လေသည်။ သို့ဖြစ်၍ သထုံဇေတဝန် ဆရာတော်ဘုရားကြီး ၏ ခြေတော်ရင်းသို့ ပြန်ဦးမည်ဟူသော ရည်ရွယ်ချက်မှာ ပျက်သုဉ်းခဲ့လေသည်။

ထေရဿ ဒိဝင်္ဂတေန၊ တောင်ဝိုင်းကလေးဆရာတော်ကြီး ပျံလွန်တော်မူခြင်းကြောင့် သောဘနော ဝိဒွါ၊ ကောင်းမြတ်သော ဉာဏ်ပညာရှိသော သောဘနော၊ အရှင်သောဘနသည် ထေရဿ သန္တိကံ၊ ဇေတဝန်ဆရာတော်၏ အထံတော်သို့ ပုန ဂန္တုံ ဟိ၊ တဖန် ပြန်သွားခြင်းငှါ အနလံ ဟိ ခေါ။ မစွမ်းနိုင်သည်သာ ဖြစ်ခဲ့လေသည်။

ကျောင်းစောင့်အဖြစ် သီတင်းသုံးခြင်း

တိုက်ကျောင်းဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက် ကျန်ရစ်သော တပည့်များ အနက် အရှင်သောဘနသည် သိက္ခာ, ဝါ အကြီးဆုံးဖြစ်လေရာ တိုက်ကျောင်း၏ နာယက ကျောင်းထိုင်ဖြစ်ရမည့် အခြေအနေတွင် ရှိနေသည်၊ သို့ရာတွင် အရှင် သောဘနမှာ ၈-ဝါမျှသာ ရှိသေးသဖြင့် ကျောင်းထိုင်ရန် မသင့်မတော် မလျော်သေး ရကား ကျောင်းစောင့် အကြီးအကဲ အဖြစ်ဖြင့်သာ တောင်ဝိုင်း ဇေတဝန်ဆရာတော် ဘုရားကြီးကို အမှီပြု၍ ၂-နှစ်ခန့် သီတင်းသုံးတော်မူခဲ့လေသည်။

သောဘနဿေဝ၊ ကောင်းမြတ်သော သာသနဿ ဘိဝုဒ္ဓိယာ၊ သာသနာတော်ကြီး စည်ပင်တိုးတက်ခြင်းငှါ သောဘနော၊ အရှင်သောဘနသည် အာရက္ခော၊ ကျောင်းစောင့် ဟုတွာ ယေဝ၊ ဖြစ်ပြီးလျှင်ပင် တိုက်ကျောင်းအာရာမကေ၊ တိုက်ကျောင်းတိုက်၌ ဝသိ။ သီတင်းသုံးတော်မူခဲ့လေသည်။

ကျောင်းထိုင် ပဓာနနာယကအဖြစ်ဖြင့် သီတင်းသုံးခြင်း

အရှင် သောဘနသည်-

“ဆယ်ဝါပြည့်တင်း, ဝိဘင်းနှစ်ဖြာ, ကမ္မာကမ္မ, ခန္ဓကပုဒ်, နာမ်ရုပ်ပိုင်ပိုင်, ဟောပြနိုင်, ကျောင်းထိုင်ငါးအင်္ဂါ”

ဟူသည်နှင့်အညီ ၁၂၉၅-ခုနှစ်တွင် ၁၀-ဝါလည်းရ, အခြားအင်္ဂါများလည်း ပြည့်စုံပြ ဖြစ်သဖြင့် ကျောင်းထိုင်အဖြစ်ကို လက်ခံတော်မူ၍ တိုက်ကျောင်းကို ပဓာနနာယက အဖြစ်ဖြင့် အုပ်ချုပ်တော်မူကာ သီတင်းသုံးတော် မူခဲ့လေသည်။

သောဘနဿေဝ၊ ကောင်းမြတ်သော သာသနဿ ဝိရုဠှိယာ၊ သာသနာတော်ကြီး စည်ပင်ပြန့်ပွားခြင်းငှါ သောဘနော၊ အရှင်သောဘနသည် ပဓာနော၊ အကြီးအကဲ ဟုတွာ ယေဝ၊ ဖြစ်ပြီးလျှင်ပင် တိုက်ကျောင်းအာရာမကေ၊ တိုက်ကျောင်းတိုက်၌ ဝသိ။ သီတင်းသုံးတော်မူခဲ့လေသည်။

ပဋိပတ်လည်း လုပ်,
ပရိယတ်ကိုလည်း အားထုတ်

တောင်ဝိုင်းကလေးသို့ ပြန်လည်ကြွရောက်သည်မှစ၍ မိမိအားထုတ်ခဲ့သော တရား အလုပ်ကိုလည်း ဆက်လက် အားထုတ်တော်မူသည်၊ တပည့်တပန်း ရဟန်းငယ်, သာမဏေတို့အားလည်း ပရိယတ္တိကျမ်းဂန် ချပို့တော်မူခြင်း, မိမိအတွက် လိုအပ်သော ကျမ်းစာအရပ်ရပ်ကို ကြည့်ရှုတော်မူခြင်းတို့ဖြင့် ပရိယတ်အလုပ် ကိုလည်း ကြိုးပမ်းအားသစ်တော်မူခဲ့လေသည်၊ ဆရာတော်လောင်းလျာကား သက်တော်အရွယ် နုပျိုစဉ်ကပင်-

“ရဟန်းကိစ္စ, နှစ်ဓူရ၌, လုံ့လအားသည်း, ဟိတ်ဟန်နည်း၍, ပစ္စည်းမသို, စိတ်မတို, ခင်ပျိုကြီးပွားကြောင်း”

ဟူသော လင်္ကာနှင့်အညီ ကျင့်ဆောင်တော်မူခဲ့လေသည်။

သမ္ဗုဒ္ဓသာသနန္ဓရော၊ မြတ်စွာဘုရား၏ သာသနာတော်ကို ဆောင်ထားတော်မူတတ်သော သော၊ ထိုအရှင်သောဘနသည် လောကဂ္ဂဇိနစက္ကဿ၊ လောကတွင် အမြတ်ဆုံးဖြစ်သော မြတ်စွာဘုရားရှင်၏ စကြဝဠာနှင့်တူသော အမိန့်တော် (သာသနာတော်) ၏ စိရတာ ထာဘိဝုဒ္ဓိယာ၊ ကြာမြင့်စွာ တည်တံ့ခြင်းငှါ အထူးထူး တိုးတက်ခြင်းငှါ ဓုရေ၊ ဓုရနှစ်ပါး၌ အာရဘိတွာန။ အားထုတ်တော်မူခဲ့လေသည်။

ဆဗ္ဗီသတိမပိုင်း

ဆိပ်ခွန်ပြန်ကြွ သီတင်းသုံး
ရှေးဦးစွာ ကမ္မဋ္ဌာန်းပေးခြင်း

တောင်ဝိုင်းကလေးတိုက်ကျောင်း ဆရာတော် အရှင်သောဘနသည် သက္ကရာဇ် ၁၃၀ဝ-ပြည့်နှစ်တွင် ဆွေမျိုးဉာတကာတို့ကို သင်္ဂြိုဟ်ချီးမြှင့် ထောက်ပံ့ခြင်းအကျိုးငှါ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော ဆိပ်ခွန်ရွာသို့ ပြန်ကြွတော်မူ၍ အင်ကြင်းတော တိုက် မဟာစည်ကျောင်း၌ သီတင်းသုံးတော်မူသည်၊ ဆိပ်ခွန်ရှိ ဆွေမျိုးဉာတကာ, ဒကာ, ဒကာမတို့အား သတိပဋ္ဌာန် ဝိပဿနာလုပ်ငန်းကို ဟောကြား၍ လက်တွေ့ အားထုတ်နည်းကို ညွှန်ကြားပြသရန် ရည်ရွယ်ရင်း ရှိတော်မူသည့်အတိုင်း အင်ကြင်းတောတိုက် မဟာစည်ကျောင်း၌ အပ္ပမာဒ ဝိပဿနာတရားကို အကျယ် ဟောပြတော်မူခဲ့လေသည်။

သောဘနော စက္ကသောဘနော၊ ကောင်းမြတ်သော စကြဝဠာနှင့်တူသော အလင်းရောင်ရှိသော ဇိနစက္ကာနုဝတ္တကော၊ ဘုရားရှင်၏ အမိန့်တော်အတိုင်း ကျင့်သုံးသော သော ဟိ၊ ထိုအရှင်သောဘနသည် မဟောဃော ဝိယ၊ ရေအလျဉ်ကြီးကဲ့သို့ ဝိပဿနာဓမ္မံ၊ ဝိပဿနာတရားကို ဒေသေသိ။ ဟောကြားတော်မူခဲ့လေသည်။

တရားအရသာ သိမြင်ကြခြင်း

ဆရာတော်၏တရားကို ကြားနာကြရပြီး တရားကို လက်တွေ့အားထုတ်လိုသော သူတို့ တစစ ပေါ်ပေါက်လာသဖြင့် ကမ္မဋ္ဌာန်းတရားကိုပါ လက်တွေ့ပြသတော် မူသည်၊ ဆရာတော် သွန်သင်ညွှန်ကြားသည့်အတိုင်း လိုက်နာကျင့်ကြံ ကြိုးကုတ် အားထုတ်ကြကုန်သော သူတို့သည် တရားတော် ၏ မွန်မြတ်သည့် အရသာကို ထိုက်သည့်အားလျော်စွာ ကိုယ်တွေ့သိမြင်ကြရလေသည်။

ကထိတသုနိယာမေန၊ ဟောကြားတော်မူအပ်သော ကောင်းမွန်သော နည်းဖြင့် အာရဘန္တာ ဟိ ယောဂိနော၊ အားထုတ်ကုန်သော ယောဂီသူတော်ကောင်းတို့သည် ဒုလ္လဘံ၊ ရခဲသော သာဓုဝိဒိတံ၊ သူတော်ကောင်းတို့ သိအပ်သော ဓမ္မဿ ရသံ၊ တရား၏ အရသာကို ဝိန္ဒန္တိ။ သိမြင်ရရှိကြကုန်၏။

ပထမဆုံး တရားအားထုတ်သူ ၃-ယောက်

ယင်းသို့ ဆရာတော် စတင်တရားပြစဉ်က လက်မွန်မဆွ တရားအားထုတ်သူတို့မှာ ဦးထွန်းအေး, ဦးဘိုချုံ, ဆရာကြံတို့ဖြစ်ကုန်၏၊ သူတို့ ၃-ယောက်တို့သည် မနားမနေ တအားမွှေ၍ အားထုတ်ကြသူတို့ ဖြစ်ကုန်၏၊ သူတို့ ၃-ယောက်တို့သည် ဆေးလိပ် သောက်ရန်, ကွမ်းစားရန်အချိန်မျှကိုပင် မထားပဲ ကြိုးပမ်း အားထုတ်ခဲ့ကြကုန်၏၊ သူတို့ ၃-ယောက် ယင်းသို့ ပြင်းပြင်းထန်ထန် အားထုတ်သည့်အတွက် ၃-ရက် ကြာတဲ့အခါ ရုပ်နာမ်အဖြစ်အပျက်ကိုမြင်တဲ့ ဥဒယဗ္ဗယဉာဏ်ကို ရောက်ကြကုန်၏။

ဦးထွန်းအေး ဒါယကော စေဝ၊ ဦးထွန်းအေးဒါယကာသည်လည်းကောင်း ဦးဘိုးချုံ သပ္ပုရိသောပိစ၊ ဦးဘိုးချုံသူတော်ကောင်းသည်လည်းကောင်း ဦးကြံတိ တယော၊ ဦးကြံဟုဆိုအပ်သော ထိုသူ ၃-ယောက်တို့သည် ထေရဿ၊ အရှင်သောဘန၏ (အထံတော်၌) ပဌမံ ဝိပဿကာ ဟိ ခေါ။ ရှေးဦးစွာသော ဝိပဿနာအလုပ်ကို အားထုတ်သူတို့သာလျှင် ဖြစ်ကုန်၏။

ယောဂီပေါင်း ၅၀-ခန့် တိုးတက်လာခဲ့

ဤ ပထမယောဂီ ၃-ဦးတို့ အားထုတ်ပြီးနောက် ယင်း ယောဂီများကို အတုလိုက် အားကျ၍ တရားအားထုတ်ကြလေရာ ဆိပ်ခွန်ရွာတွင် ယောဂီပေါင်း ၅၀-ခန့်မျှ တိုးတက်လာခဲ့လေသည်၊ ထိုယောဂီများအနက် ဝိပဿနာဉာဏ် ပြည့်စုံသည့် အခြေသို့ ရောက်သော ယောဂီတို့များစွာ ပါရှိကုန်၏၊

ဤသို့ဖြင့် မိမိ၏ ရည်ရွယ်ရင်းအတိုင်း ဝိပဿနာလုပ်ငန်းကို အစပြု ဟောပြ ခဲ့သည်မှာ ထိုသည့် ၁၃၀ဝ-ပြည့်နှစ် တန်ဆောင်မုန်းလအထိ ဖြစ်လေသည်၊ အရှင်သောဘန၏ ဝိပဿနာလုပ်ငန်းကား အောင်မြင်စပြုလေပြီတကား။

တယော ဝိပဿကေ စေတေ၊ ထိုပထမ ဝိပဿနာ အားထုတ်သူ ၃-ယောက်တို့ကို အနု၊ နောက်မှ ဗဟူ၊ များစွာကုန်သော ယောဂီနော (ယောဂီတို့သည်) ဝိပဿကာ၊ ဝိပဿနာ အားထုတ်သူတို့သည် (ဖြစ်ကုန်၏)၊ တဒါ၊ ထိုအခါ၌ ထေရဿ သန္တိကေ၊ အရှင်သောဘန၏ အထံတော်၌ ပညာသမတ္တဂဏနာ၊ ဉာဏ်ပညာပြည့်စုံသူတို့သည် (များစွာကုန်၏)။

သတ္တဝီသတိမပိုင်း

မော်လမြိုင် တောင်ဝိုင်းကလေးပြန်ကြွ
စာပေကျမ်းဂန်ချပို့

အရှင်သောဘနသည် ဆိပ်ခွန်ရွာ၌ ၇-လခန့် သီတင်းသုံး၍ တရားပြသပြီးနောက် တာဝန်အရ မော်လမြိုင် တောင်ဝိုင်းကလေးသို့ ပြန်ကြွတော်မူရလေသည်၊ တောင်ဝိုင်းကလေးသို့ ရောက်သောအခါ တပည့်တပန်း ရဟန်းသာမဏေတို့အား စာပေချပို့၍ ဂန္ထဓူရဝန်ကို တွဲဖက်၍ ကြိုးပမ်းတော်မူရပြန်လေသည်။

ထေရသေခရော၊ ရဟန်းတို့တွင် အမြတ်ဆုံးဖြစ်သော အရှင်သောဘနသည် တောင်ဝိုင်းကလေး အာရာမမ္ပိ၊ တောင်ဝိုင်းကလေးကျောင်းသို့လည်း သမ္ပတွာ၊ ရောက်ရှိတော်မူပြီး၍ သာသနဿာဘိ ဝုဒ္ဓိယာ၊ သာသနာတော် တိုးတက်စည်ပင်ခြင်းငှါ ဂန္ထဓူရမ္ပိ၊ ပရိယတ်ဓူရကိုလည်း အနုယုဥ္ဇိ။ အားထုတ်တော်မူခဲ့လေသည်။

အဘယာရာမဆရာတော်
အရှင်အဂ္ဂဓမ္မာဘိဝံသ

အဘယာရာမဆရာတော်ဟု ကျော်ကြားသော အရှင်အဂ္ဂဓမ္မာဘိဝံသသည် မြင်းခြံ ခရိုင် ဗလုံရွာ၌ အဘဦးရွှေဇင်, အမိ ဒေါ်ရွှေမှဲ့တို့မှ သက္ကရာဇ် ၁၂၄၀-ပြည့်နှစ် တပေါင်းလဆန်း ၁၁-ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်တော်မူသည်။ ၁၀-နှစ်သား အရွယ်တွင် ဗလုံရွာဆရာတော် အရှင်နန္ဒမဉ္ဇူထေရ်ကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေ ဝတ်ခဲ့လေသည်၊ ဘွဲ့တော် ရှင်အဂ္ဂဓမ္မ ဖြစ်၏၊

သက်တော်၂၀-တွင် ရဟန်းပြု၍ ရဟန်းသိက္ခာ ၁-ဝါအရတွင် ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် ရေစကြိုဆရာတော်ဘုရားကြီး အရှင်ဂန္ထသာရထံ ရောက်ရှိ ပညာသင်ကြားတော်မူခဲ့ရာ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်ကြီး၌ ၈-နှစ်ကျော် ၉-နှစ်ခန့် ကြာမြင့်သည်၊ မဟာဝိသုတာရာမတိုက်ကြီး၌ ဂဏဝါစကအဖြစ်, တိုက်အုပ် အဖြစ်ဖြင့်လည်း ရေစကြိုဆရာတော်ကြီး၏ ချီးမြှောက်မှုကို ခံယူတော် မူရလေသည်။

ပခုက္ကူ၌ သီတင်းသုံးစဉ် မန္တလေးသို့ ကြွရောက်တော်မူ၍ ပရိယတ္တိ သာသနဟိတ အသင်း စာသင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုရာ နံပါတ် ၁-ဖြင့် အောင်မြင်တော်မူသည်၊ ရဟန်းသိက္ခာ ၉-ဝါအရတွင် မန္တလေးမြို့သို့ ပြောင်းရွှေ့ သီတင်းသုံးတော်မူသည်၊ မန္တလေးမြို့၌ အရှေ့ပြင် ခင်မကန်တိုက် ညဝါအကျော် အရှင်အရိယဝံသ, မိုးတား သာသနာပိုင်ဆရာတော် အရှင်သုဇာတ, မိုင်းကိုင် ဆရာတော်အရှင်ပဏ္ဍိတ, ဝိသုဒ္ဓါရုံဆရာတော်အရှင်ဝိသုဒ္ဓ စသည်တို့၏ အထံ၌လည်း ပညာသင်ကြားတော်မူခဲ့သည်၊

ပရိယတ္တိ သာသနဟိတအသင်း စာချတန်းကိုလည်း ဆက်လက်ဝင်ရောက်ဖြေဆိုရာ နံပါတ် ၁-ဖြင့်ပင် အောင်မြင်တော်မူသည်၊ မန္တလေးမြို့ ဝိသုဒ္ဓါရုံတိုက်၌ သီတင်းသုံး ပညာသင်ကြားစဉ် ဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီးက ဝိသုဒ္ဓါရုံဂဏဝါစကစာချအဖြစ် ချီးမြှောက်တော်မူသည်။

အိန္ဒိယနိုင်ငံ, သီဟိုဠ်နိုင်ငံများသို့ ကြွရောက်တော်မူ၍ သက္ကတဘာသာ, သီဟိုဠ် ဘာသာစသည်တို့ကို သင်ယူတော်မူခဲ့ရာ ဘာသန္တရပါရဂူအဖြစ် မြန်မာ့သာသနာ တွင် ထင်ရှားလေသည်။

ဝိသုဒ္ဓါရုံတိုက် သုဝဏ္ဏဝတီ အုတ်ကျောင်း၌ ကြာမြင့်စွာ သီတင်းသုံးတော်မူ၍ စာပေ ချပို့တော် မူခဲ့သည်၊ မန္တလေးမြို့ သဌေးဦးမင်း, ဒေါ်ဝင်းတို့က ၁၂၈၆-ခုနှစ်တွင် မန္တလေးမြို့ အနောက်ပြင် စိန်ပန်းရပ်၌ ဥယျာဉ်မြေ ၅-ဧကကို ဝယ်ယူကြပြီးလျှင် အလယ်တိုက်ကြီး, ဆွမ်းစားကျောင်း, သိမ်ကျောင်း, ရေတွင်း , အာရာမ်တံတိုင်း တို့ကို တည်ဆောက်စေရာ ၁၂၈၈-ခုနှစ်တွင် ပြီးစီးသဖြင့် အဘယာရာမတိုက်ဟု ကမ္ပည်းတပ်ကာ ရွှေကျင်နိကာယဥက္ကဋ္ဌ မဟာနာယက ဒီပဲယင်းသာသနာပိုင် ဆရာတော်ဘုရားကြီးထံ ရေစက်သွန်းချလှူဒါန်းခဲ့လေသည်။

၁၂၈၉-ခုနှစ် ဝါဆိုလဆန်း ၁၃-ရက်နေ့တွင် ဒီပဲယင်းဆရာတော်ဘုရားကြီးက သံဃာတော်များစွာဖြင့် ကိုယ်တိုင် လိုက်ပို့တော်မူကာ အဘယာရာမတိုက်သစ်ကို အရှင်အဂ္ဂဓမ္မာဘိဝံသအား အပ်နှင်း ချီးမြှောက်တော်မူလေသည်၊ ထိုအခါမှစ၍ အဘယာရာမဆရာတော်ဟု ထင်ရှားလေသည်။

ဆရာတော် အရှင်အဂ္ဂဓမ္မာဘိဝံသသည် မာဂဓ, သက္ကတ ကျမ်းစာများကို ချပို့၍ သာသနာကျိုးကို များစွာသယ်ပိုး ထမ်းရွက်တော်မူခဲ့လေသည်၊ ကျမ်းဂန်များစွာတို့ကို ပြုစီရင်တော်မူခဲ့သည်။

၎င်းတို့မှာ-
(၁) အဘိဓာန်နိဿယသစ်,
(၂) မောဂ္ဂလ္လာန်နိဿယသစ်,
(၃) မောဂ္ဂလ္လာန်ပဥ္စိကာနိဿယ,
(၄) သမ္ဗန္ဓစိန္တာစာကိုယ်ဋီကာနိဿယ,
(၅) ဏွာဒိဝုတ္တိနိဿယ,
(၆) မုဒ္ဓဗောဓနိဿယ,
(၇) အမရကောသနိဿယ,
(၈) ဟိတောပဒေသနိဿယ,
(၉) သာရတ္ထဝိလာသိနီပဥ္စိကာနိဿယ,
(၁၀) ကာတန္တနိဿယ,
(၁၁) ကာဗျဒဿ ဒဏ္ဍီနိဿယ,
(၁၂) ရဃုဝံသနိဿယ,
(၁၃) မေဃဒူတနိဿယ,
(၁၄) ဝိသုံဂါမဝိနိစ္ဆယ
စသည်တို့ဖြစ်ကုန်၏။

၁၂၉၄-ခုနှစ်တွင် ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယကဓမ္မသေနာပတိဖြစ်၍ ၁၂၉၅-ခုနှစ်တွင် “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူသည်၊ ၁၃၀၅-ခုနှစ် နတ်တော်လဆုတ် ၆-ရက်နေ့တွင် ပျံလွန်တော်မူသည်။

အဘယာရာမ ဆရာတော် အရှင်အဂ္ဂဓမ္မာဘိဝံသသည် ၁၃၀၂-ခုနှစ်တွင် မော်လမြိုင်မြို့ တောင်ဝိုင်းကလေးနှင့် တောင်ဝိုင်းကြီးအကြား မော်လမြိုင်မြို့ ဒိုင်းဝန်ကွင်း သစ်တောသဌေး ဦးဖိုးတန်, သဌေးကတော် ဒေါ်ကျင်မြင့်တို့ ဆောက်လုပ် လှူဒါန်းသည့် အဘယာရာမ (အဘယာရုံ) တိုက်၌ ဝါကပ်သီတင်း သုံးတော်မူသည်။

အရှင်သောဘန အဘယာရာမဆရာတော်ထံ
စာပေအခက်အခဲများ လျှောက်ထားနည်းခံခဲ့ခြင်း

အရှင်သောဘနသည် ဖော်ပြပါ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ, ဘာသန္တရပါရဂူ အဘယာရာမဆရာတော် အရှင်အဂ္ဂဓမ္မာဘိဝံသထံ မကြာမကြာကြွ ရောက်တော်မူ၍ စာပေဆိုင်ရာ အခက်အခဲများ လျှောက်ထားမေးမြန်း၍ နည်းခံ တော်မူခဲ့လေသည်၊ အရှင်သောဘနသည် ဖော်ပြခဲ့သည့်အတိုင်း စာပေခဲရပ် ပြဿနာတို့ကို မေးမြန်းခြင်းဖြင့်လည်းကောင်း၊ အဘယာရာမ ဆရာတော်၏ မောဂ္ဂလ္လာန်နိဿယ, အဘိဓာန်နိဿယ စသည်တို့ကို ကြည့်ရှုလေ့လာခြင်းဖြင့် လည်းကောင်း အဘယာရာမ ဆရာတော်ကို မိမိ၏ ဆရာတပါးဟူ၍ပင် မှတ်ယူတော် မူခဲ့လေသည်။

အဂ္ဂေန အတ္ထိကော ဝိဒွါ၊ အကျိုးကို အလိုရှိသော အမြတ်ဆုံး ပညာရှိဖြစ်သော အရှင်သောဘနသည် အဂ္ဂဓမ္မဿ သန္တိကေ၊ အရှင်အဂ္ဂဓမ္မ၏ အထံတော်သို့ ဥပသင်္ကမ္မ၊ ချဉ်းကပ်တော်မူ၍ ပုစ္ဆိတွာ၊ စာပေအခက်အခဲများကို မေးမြန်းတော်မူပြီးလျှင် ဂန္ထေသု၊ ကျမ်းဂန်တို့၌ နိက္ကင်္ခံ အကာ။ ယုံမှားသံသယ ကင်းတော်မူခဲ့လေသည်။

ဓမ္မာစရိယစာချတန်းစာမေးပွဲ
ဝင်ရောက်ဖြေဆိုခြင်း

၁၂၈၉-ခုနှစ်ကတည်းက ပထမကြီးတန်းကို ဖြေဆိုအောင်မြင်ခဲ့သော အရှင် သောဘနအဖို့ရာ စာချတန်း ဖြေဆိုဖို့ မခက်တော့ချေ၊ ကြည့်ရှုလေ့လာခြင်း, ချပို့ခြင်း, မေးမြန်ခြင်းစသည် ၄-နှစ်ကြာမျှ စာပေကျမ်းဂန်၌ လုပ်ရည်ကိုင်ရည် ရှိသဖြင့် အရှင်သောဘနသည် အတ္ထယောဇနာနည်း, ဝါကျဝိဘာဂနည်း, စာစပ်နည်း, ဂါထာစစ်နည်း, ထွက်နည်း, တက်နည်း, ဓာတွတ္ထပစ္စယတ္ထ အရကောက်နည်း, အာဘော်နည်း, သံဝဏ္ဏနာစစ်နည်း, အလင်္ကာထုတ်နည်း, ဉာသ်ကောက်နည်း, နေတ္တိဟာရ ထုတ်နည်း, ကတ္တားငါးတန် ထုတ်နည်းတို့ကို နိုင်နင်းကျွမ်းကျင် ခဲ့လေသည်၊

သို့ဖြစ်၍ ၁၃၀၃-ခုနှစ် နယုန်လတွင် ရန်ကုန်၌ ကျင်းပသည့် အစိုးရစာချတန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုတော်မူရာ ကျမ်းရင်း ၃-ကျမ်းနှင့်တကွ အင်္ဂုတ္တိုရ်ပါဠိ, အဋ္ဌကထာမှတပါး ဂုဏ်ထူးဆောင် ၅-ကျမ်း, ၂-ရပ်ပေါင်း ၈-ကျမ်းကို နှစ်ချင်းစွဲ အောင်မြင်တော်မူခဲ့လေသည်၊ ယင်းသို့ ဓမ္မာစရိယစာချတန်း ဖြေဆိုအောင်မြင်တော် မူသဖြင့် နိုင်ငံတော်အစိုးရတို့ ဆက်ကပ်လှူဒါန်းသည့် သာသနဓဇသိရီပဝရဓမ္မာစရိယ ဟူသော ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူလေသည်။

သခိလော မုဒုကော စေဝ၊ ယဉ်ကျေး၏ နူးညံ့၏ နိဝါတဝုတ္တိကော ယတိ၊ နှိမ့်ချသော အကျင့်ရှိသော ရသေ့ဖြစ်သော မဟာသုဓီ၊ ကြီးမြတ်သော စင်ကြယ်သော ဉာဏ်ပညာရှိသော ထိုအရှင်သောဘနသည် ဓမ္မာစရိယဋ္ဌာနေပိ၊ ဓမ္မာစရိယဘွဲ့နေရာ၌လည်း လဒ္ဓဇယော။ အောင်မြင်ခြင်းကို ရရှိတော်မူခဲ့လေသည်။

အဋ္ဌဝီသတိမပိုင်း

ဆိပ်ခွန်သို့ပြန်ကြွတော်မူခြင်း

ပထမကမ္ဘာစစ်ကြီးဖြစ်စဉ်က အရှုံးပေးခဲ့ရသော ဂျာမနီနိုင်ငံသည် လက်နက် အင်အား, လူအင်အားစု၍ ဗြိတိသျှ, ပြင်သစ်တို့ကို အပြင်းအထန်တိုက်ခိုက် လေသည်၊ ၁၃၀၃-ခုနှစ် နတ်တော်လဆုတ် ၅-ရက်နေ့တွင် ဂျပန်နိုင်ငံသည် ဗြိတိသျှနှင့် အမေရိကန် တို့အား စစ်ကြေငြာ၍ တချိန်တည်းမှာပင် ဟာဝိုင်အီကျွန်း ပုလဲဆိပ်ကမ်းကို ပြင်းပြင်းထန်ထန် ဗုံးကြဲ တိုက်ခိုက်လျက် အရှေ့ပိုင်း စစ်မျက်နှာသစ်တရပ် ဖွင့်လေသည်။

ထိုအခါ မကြာမြင့်မီ ဂျပန်တို့ မြန်မာပြည်သို့ ရောက်လာမည်ဟု ဗြိတိသျှတို့ တွက်ဆထားလေသည်၊ သို့ဖြစ်၍ ဂျပန်တို့ ဝင်လာမည်ထင်သည့် တောင်ပိုင်း ရှမ်းပြည်တွင် စစ်တပ်များ အများအပြား ချထားလေသည်၊ ၎င်းပြင် တနင်္သာရီနယ် ကိုလည်း ကာကွယ်ရန် စီမံခဲ့လေသည်၊ တောင်ဝိုင်းကလေးအနီး၌ လေယာဉ်ကွင်း ရှိရကား တောင်ဝိုင်းကလေး ပတ်ဝန်းကျင်ရှိ ကျောင်းဇရပ် အသီးသီးတွင် သီတင်းသုံး နေထိုင်ကြသော ရဟန်းရှင်လူများကို ၇-ရက်အတွင်း ဘေးကင်းရာသို့ ရွှေ့ပြောင်း နေထိုင်ကြရန် စစ်မိန့်ထုတ်လေသည်။ ပင်ကိုကမှ ဆိပ်ခွန်ကြွ တရားပြလိုသော ဆန္ဒပြင်းပြနေသော အရှင်သောဘနသည် စစ်မိန့်ထုတ်ပြီး မကြာမီ မိမိ၏ ဇာတိချက်ကြွေ မွေးရပ်မြေ ဖြစ်သော ဆိပ်ခွန်သို့ ပြန်ကြွတော်မူခဲ့လေသည်။

ယုဒ္ဓကာလန္တရော၊ စစ်ဖြစ်ပွားသော အခါကာလအတွင်း၌ သော ဟိ၊ ထိုအရှင်သောဘနသည် ဆိပ်ခွန်ဣတိ သမညိတံ၊ ဆိပ်ခွန်ဟု အမည်ရသော ဣဒ္ဓံ ဖီတံ မနောရမံ၊ ပြည့်စုံကြွယ်ဝသော နှစ်သက်ဖွယ်ရှိသော နိဇဂါမံ၊ မိမိရွာသို့ ပစ္ဆာဂမိ။ ပြန်ကြွတော်မူခဲ့လေသည်။

ဝိပဿနာလုပ်ငန်း တရားများဟောပြော
ပဋိပတ္တိသာသနာပြု

ဆရာတော်သည် ဒုတိယကမ္ဘာစစ်အတွင်းတွင် မိမိ၏ဇာတိချက်ကြွေ မွေးရပ်မြေ ဖြစ်သော ဆိပ်ခွန်ရွာ အင်ကြင်းတောတိုက် မဟာစည်ကျောင်း၌ အေးချမ်းစွာ သီတင်းသုံးတော်မူလျက် ဝိပဿနာအလုပ်တရားများကို ကျယ်ပြန့်စွာ ဟောပြော ညွှန်ပြခြင်းဖြင့် ပြုလုပ်နိုင်ခဲ့လေသည်၊ ဆရာတော်၏ စိတ်ပါဝင်စားအားထုတ် ချင်လာအောင် အဟောအပြောကောင်းခြင်း, လက်တွေ့ပြသပုံ ကောင်းခြင်း တို့ကြောင့် တရားအားထုတ်သူ ယောဂီများ တနေ့တခြား တိုးတက်များပြား လာလေ၏။

ထေရဿ ကိစ္စမာဂမ္မ၊ ဆရာတော်၏ အမှုကိစ္စကို မှီခြင်းကြောင့် ဗဟဝေါ ယောဂိနော ဘဝူ၊ များစွာကုန်သော ယောဂီတို့သည် ဖြစ်ပေါ်လာကြကုန်၏ တေ၊ ထိုယောဂီတို့သည် ဝိပဿနံ ဝဍ္ဎေတွာ၊ ဝိပဿနာဉာဏ်ကို တိုးပွားစေပြီးလျှင် ဓမ္မေန၊ တရားဖြင့် သုခေါ။ ချမ်းသာစွာ အဘိရမိံ။ အားထုတ်မွေ့လျော်ကြကုန်၏။

ဝိပဿနာရှုနည်းကျမ်းကြီး ၂-တွဲ
ပြုစီရင်တော်မူခြင်း

ဆရာတော်ထံ တရားအားထုတ်ကြသည့် ယောဂီသူတော်ကောင်းတို့သည် ဆရာတော် အရှင်သောဘန သွန်သင်ညွှန်ကြား ပြသသည့် ဝိပဿနာရှုနည်း တရား ဒေသနာတော်များကို လွန်စွာ သဘောကျကြကုန်၏၊ သို့ဖြစ်၍ ဆရာတော် သွန်သင် ဟောကြား ပြသသည့်အတိုင်း ကျမ်းကြီးတစောင်ပြုစုရန် လျှောက်ထား ကြကုန်၏၊ သို့ဖြစ်၍ ဆရာတော် အရှင်သောဘနသည် ၁၃၀၅-ခုနှစ် တပို့တွဲ လပြည့်နေ့တွင် ဝိပဿနာရှုနည်းကျမ်းကြီး (ပထမတွဲ, ဒုတိယတွဲ) ကို အပြီးသတ် စီရင်တော် မူခဲ့လေသည်။

ဂန္ထေသု ဆေကော၊ ကျမ်းဂန်တို့၌ လိမ္မာသော သုဓီ၊ ဉာဏ်ပညာရှိသော သောဘနော၊ အရှင်သောဘနသည် ဝိပဿနာ သုဒဿန-နယဒီပကနာမကံ၊ ဝိပဿနာ ကောင်းစွာမြင်ခြင်း နည်းကို ထွန်းလင်းစေတတ်သော အမည်ရှိသော ဂန္ထမ္ပိ၊ ကျမ်းကိုလည်း ရစယီ။ စီရင်တော်မူခဲ့လေသည်။

မဟာစည်ဆရာတော်ဟုတွင်ခြင်း

ဆရာတော် သီတင်းသုံးရာကျောင်းတိုက်၏ အဝင်ဝ၌ အလွန်လျှင် ကြီးမားသော ကုက္ကိုပင်ကြီးတပင် ရှိခဲ့လေသည်၊ ယင်းကုက္ကိုပင်ကြီး လေပြင်းဒဏ်ကြောင့် လဲသွားသောအခါ ယင်းကုက္ကိုပင်ကြီး ၏ ပင်စည်လုံးပတ်ကြီးမှာ အတွင်း၌ အနှစ် အသားမရှိ အခေါင်းဖြစ်နေသည်ကို တွေ့ကြရ၏၊

သက္ကရာဇ် ၁၂၉၅-ခုနှစ်က ဆိပ်ခွန်ရွာ ကျောင်းဒါယကာကြီး ဦးဖိုးတင်, ကျောင်း ဒါယိကာမကြီး ဒေါ်ခတို့သည် ဖော်ပြပါ ကုက္ကိုပင်ပင်လုံးကြီးကို ဖြတ်စေ၍ အနည်းငယ်ထွင်းလျက် ပြုပြင်စေကြပြီး သားရေများဖြင့် ကျက်စေ၍ စည်ကြီး ပြုလုပ်စေခဲ့ကြကုန်၏၊

ထိုစည်ကြီး ၏မျက်နှာဝမှာ ကျယ်သည့်ဘက်မှ အထက်နှင့်အောက် အချင်းလက်မ ၄၀, ဘေးတိုက်ဖီလာ အချင်း ၃၄-လက်မရှိ၏၊ ကျဉ်းသောဘက်မှ အထက်နှင့် အောက် အချင်း ၃၆-လက်မရှိ၏၊ ဘေးတိုက်ဖီလာ အချင်း ၃၁-လက်မရှိ၏၊ လုံးပတ် အနေအားဖြင့် ၁၂၆-လက်မရှိ၏၊ အလျား ၁၀၅-လက်မရှိ၏၊

ဆရာတော် အရှင်သောဘန တရားဟောခါနီးတွင် ထိုစည်ကြီးကို တီးခေါက်၍ ပရိသတ်စုဝေးစေသည်၊ ထိုစည်ကြီးကို အကြောင်းပြု၍ တည်ရာဌာန ကျောင်းတိုက် ကိုလည်း မဟာစည်ကျောင်းတိုက်ဟု ခေါ်ကြသည်၊ ထိုစည်ထားရာ စည်တော်ရုံ သည်ပင်လျှင် ကျောင်းငယ်တဆောင်ခန့် ရှိသည်။

ထိုစည်ကြီးကို ဘုရားဝတ်တက်ချိန်, နေ့လယ်မွန်းတည့် ၁၂-နာရီအချိန်တို့၌ ပတ်ဝန်းကျင်လူအများ ကြားသိစေရန် တီးပေးသည်၊ အရှင်သောဘန ကျောင်းတိုက်သို့ ရောက်ပြီးနောက် စည်ကြီးအချက်ပေးမှု တိုးလာသည်၊ ဘုရား ဝတ်တက်, နေ့လယ်မွန်းတည့်အပြင် အရှင်သောဘန တရားဟောခါနီး၌လည်း ထိုစည်ကြီးကိုပင်တီးကာ အချက်ပေး၍ ပရိသတ်စုဝေးစေသည်၊ ယင်းသို့ အရှင် သောဘနတရားဟောမှုနှင့် စည်ကြီးတို့ဆက်သွယ်နေရကား မဟာစည်ဆရာတော် ဟု အတွင်မြန်ခြင်းဖြစ်လေသည်။

စက္ကဿ ဝုဍ္ဎိကာမိနော၊ သာသနာတော် တိုးတက်လိုသော သောဘနထေရသေဋ္ဌဿ၊ အရှင်သောဘန ဆရာတော်မြတ်အား မဟာဘေရိ မုပါဒါယ၊ စည်တော်ကြီးကို အကြောင်းပြု၍ မဟာစည်ဣတိအဝှယော။ မဟာစည်ဟု အမည်ထင်ရှားလေသည်။

ဧကူနတိံသတိမပိုင်း

သတိုးသီရိသုဓမ္မ ဆာဦးသွင်

ဆာဦးသွင်သည် ဘုရားမြတ်စွာ သာသနာတော် စည်ပင်ပြန့်ပွားရေးကို စေတနာရှိ, ဝါသနာပါ, အနစ်နာခံ ဆောင်ရွက်ခဲ့သည့် ဥပါသကာပုဂ္ဂိုလ်ထူးဖြစ်လေသည်၊ မော်လမြိုင်မြို့၌ အဘ ဦးဖလ်, အမိဒေါ်ယဉ်တို့မှ ၁၂၄၀-ပြည့်နှစ် (ခရစ်နှစ် ၁၈၇၈) နတ်တော်လဆုတ် ၅-ရက်နေ့တွင် ဖွားမြင်ခဲ့သည်၊

ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ရာ ၁၉၀ဝ-ပြည့်နှစ်တွင် အက်(ဖ်) အေ စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သည်၊ ထို့နောက် အစိုးရ ပညာရေးဌာနသို့ ဝင်ရောက်ကာ ပညာအုပ်အဖြစ် အမှုထမ်းခဲ့သည်၊

၁၉၀၂-ခုနှစ်တွင် ပညာအုပ် အလုပ်မှ နုတ်ထွက်ပြီးနောက် မော်လမြိုင်မြို့တွင် ဆန်စက်ပိုင်ရှင်အဖြစ် လည်းကောင်း၊ လျှပ်စစ်ဓာတ်အား ကုမ္ပဏီပိုင်ရှင် အဖြစ်ဖြင့် လည်းကောင်း, စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်ခဲ့သည်၊ မြန်မာနိုင်ငံတော် အမျိုးသား အာမခံကုမ္ပဏီလီမိတက်၏ အုပ်ချုပ်သူ လူကြီးများ အဖွဲ့တွင်လည်း ဥက္ကဋ္ဌ အဖြစ်ဖြင့် ဆောင်ရွက်ခဲ့သည်။

ရန်ကုန်မြို့၌ ၁၉၁၁-ခုနှစ်တွင် သူရိယသတင်းစာတိုက်ကို စတင်တည်ထောင်စဉ် ဦးသွင်သည် သတင်းစာတိုက် တည်ထောင်သူများတွင် တဦးအပါအဝင် ဖြစ်သည့်ပြင် သူရိယသတင်းစာတိုက် အုပ်ချုပ်သူ လူကြီးများအဖွဲ့၏ ပထမဆုံး ဥက္ကဋ္ဌအဖြစ်ဖြင့်လည်း ရွေးချယ်တင်မြှောက်ခြင်းခံရသည်။

၎င်းပြင် ၁၉၂၄-ခုနှစ်မှစ၍ ၁၉၄၁-ခုနှစ်အတွင်း ရန်ကုန်ဆိပ်ကမ်း အုပ်ချုပ်ရေး အဖွဲ့ဝင်တာဝန်, ရန်ကုန်မြို့ စည်ပင်သာယာရေးအဖွဲ့တွင် အဖွဲ့ဝင်တာဝန်, မြန်မာနိုင်ငံ ဘိလပ်မြေ ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်သူ လူကြီးတာဝန်, မြန်မာပြည်ဆိုင်ရာ အိန္ဒိယသီးသန့်ဘဏ် လီမိတက်၏ အုပ်ချုပ်သူလူ ကြီးတာဝန်, မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌတာဝန် စသည်တို့ကို ထမ်းဆောင်ခဲ့သည်၊ ဦးသွင်သည် ကုန်သွယ်ဖောက်ကားခြင်း၌လည်း လွန်စွာကျွမ်းကျင်သည်။

ဆာဦးသွင်သည် တိုင်းသူပြည်သားတို့ ၏ အားထားယုံကြည်ခြင်း ခံရသူဖြစ်ခြင်း, သစ္စာသမာဓိနှင့် ပြည့်စုံခြင်း, အဂတိတရား မလိုက်စားခြင်း စသည်တို့ကြောင့် ၁၉၄၁-ခုနှစ်တွင် ဗြိတိသျှအစိုးရချီးမြှင့်သည့် ဆာဘွဲ့ကို ရရှိခဲ့သဖြင့် ဆာဦးသွင်ဟူ၍ ထင်ရှားလေသည်။

ဆာဦးသွင်သည် အစိုးရအမှုထမ်းတို့ လာဘ်စားမှု ကော်မတီတွင် လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် ထောက်ပံ့ရေး အဖွဲ့တွင်လည်းကောင်း၊ မြန်မာနိုင်ငံ အဆုတ် ရောဂါနှင့် အနာကြီးရောဂါ ပပျောက်ရေးအသင်းတွင်လည်းကောင်း ပါဝင်၍ တိုင်းကျိုး ပြည်ကျိုးကို သယ်ပိုး ထမ်းဆောင်ခဲ့သည်။

ဆာဦးသွင်သည် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းလူကြီးအဖြစ် တာဝန်, မဟာဗောဓိအသင်း ၏ ဒုတိယဥက္ကဋ္ဌ တာဝန်, အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့၌ ဓမ္မာရုံတည်ဆောက်လှူဒါန်းခြင်း, ဂျပန်နိုင်ငံ မိုဂျီမြို့ သံဃာရာမ၌ ကမ္ဘာအေးစေတီ စိန်ဖူးတော်တင်လှူခြင်း စသည်တို့ကိုလည်း ပြုလုပ်ခဲ့သည့်ပြင် ဗုဒ္ဓသာသနာ အဖွဲ့ဥက္ကဋ္ဌတာဝန်, တိပိဋကဓရ ရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ, ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ ဥက္ကဋ္ဌစသည့် တာဝန်တို့ကိုလည်း ဆောင်ရွက်ခဲ့လေသည်၊

ဆာဦးသွင်သည် သာသနာ့သမိုင်းတွင် လွန်စွာ ကျော်စောကိတ္တိ ရှိလှသော တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက, အဂ္ဂမဟာပဏ္ဍိတ, အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ အရှင်ဝိစိတ္တသာရာဘိဝံသ၏ သာသနာ့ ခမည်းတော် ရဟန်း ဒါယကာကြီးဖြစ်သည်၊

၁၉၅၀-ပြည့်နှစ်တွင် “သတိုးသီရိသုဓမ္မ”ဘွဲ့ကို ရရှိခဲ့သည်၊ ဖော်ပြပါ တိုင်းပြည် အကျိုး, သာသနာ အကျိုး သယ်ပိုးဆောင်သည့် သတိုးသီရိသုဓမ္မ ဆာဦးသွင်သည် အသက် ၈၈-နှစ်ရှိရာ ၁၃၂၇-ခုနှစ် တပို့တွဲလဆန်း ၁၂-ရက် [၁၉၆၇-ခု ဖေဖော်ဝါရီလ ၂-ရက်နေ့] တွင် ကွယ်လွန်သည်။

ဆာဦးသွင်မဟာသာလော ဟိ၊ ဆာဦးသွင်သည် ကြီးမြတ်သော သူဌေးဖြစ်၍ အနေကကိစ္စကာရကော၊ များစွာသော အမှုတို့ကို ပြုလုပ်တတ်၏ လောကသာသနဒွယေသု၊ လောကအကျိုး, သာသနာအကျိုး နှစ်မျိုးတို့၌ ယထာကမ္မံ ဂတော ဟိ ခေါ။ ပြုသော ကံအတိုင်း ရောက်ရှိသည်သာ ဖြစ်ခဲ့လေသည်။

ပဋိပတ္တိဆရာရှာ မဟာစည်ဆရာတော်တွေ့

“သတိုးသီရိသုဓမ္မ ဆာဦးသွင်” သည် ပရိယတ္တိ စာသင်တိုက်ကြီးများ၌ ကျောင်းကန်များ ဆောက်လုပ် လှူဒါန်းခြင်း, ပိဋကတ်ကျမ်းစာများ လှူဒါန်းခြင်း, ငွေပင်ငွေရင်း မ, တည် လှူဒါန်းခြင်း, ဆွမ်းသင်္ကန်းစသည် အကြိမ်ကြိမ် လှူဒါန်းခြင်း စသည်ဖြင့် ပရိယတ္တိသာသနာကိုလည်း များစွာ ချီးမြှောက်ခဲ့သည်။

ယင်းသို့ ချီးမြှောက်ရသော်လည်း အားမရနိုင်ပဲရှိရာ ပဋိပတ္တိ သာသနာတော်ကိုလည်း ချီးမြှောက်လိုသဖြင့် ၁၃၀၉-ခုနှစ် ဝါခေါင်လတွင် ပဋိပတ္တိဆရာ စုံစမ်းယင်း အထက် မြန်မာပြည်သို့ ခရီးထွက်ခဲ့သည်။

ဆာဦးသွင် ဧသိတုံ ဂတော, ကမ္မဋ္ဌာနာစရိယံ ဝရံ၊
မြန်မာရဋ္ဌဿ သေဋ္ဌဿ, ဂတော ဥပရိမံ ပုရံ။

မိမိ၏သမီး (ဒေါ်ခင်ခင်ကြီး) စစ်ကိုင်းမှာရှိနေသဖြင့် မန္တလေးမြို့မှတဆင့် စစ်ကိုင်းမြို့သို့ သွားသည်၊ တနေ့တွင် ဆာဦးသွင်သည် ဓမ္မမိတ်ဆွေများနှင့်အတူ စစ်ကိုင်းတောင်ရိုး ချပ်သင်းချောင်သို့ အလည်အပတ် သွားရောက်သည်၊ ထိုအချိန်တွင် ရေဦးမြို့မှ စက်ပိုင်သဌေး ဦးဘသင်လည်း ရောက်ရှိနေခိုက်ဖြစ်၍ ဆာဦးသွင်သည် ဦးဘသင်နှင့် တွေ့ရသည်၊

အလ္လာပ သလ္လာပ စကားစမြည် ပြောဆိုယင်း ပဋိပတ္တိဆရာတဦး အလိုရှိ၍ စုံစမ်းနေသည့်အကြောင်း စပ်မိသွားလေရာ ဦးဘသင်က ရွှေဘိုမြို့ ဆိပ်ခွန်ရွာ၌ သီတင်းသုံး တရားပြလျက်ရှိသော မဟာစည် ဆရာတော်မှာ သဌေးကြီး လိုအပ်ချက် ဥဿုံအလုံးစုံနှင့် ကုံလုံ ပြည့်ဝသည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း ပြောပြသည်တွင် ရုတ်တရက် အံ့အားသင့်ဝမ်းမြောက်ခြင်းဖြစ်ပြီး “သည်လိုဆိုလျှင် ဦးဘသွင်-ခင်ဗျားပြောတဲ့ မဟာစည်ဆရာတော်၏ တရားကို နာလိုပါသည်၊ ဦးဘသင်ကပဲ တာဝန်ယူ၍ ပင့်ပေးပါ”ဟု မေတ္တာရပ်ခံလေရာ ဦးဘသင်ကလည်း ဝမ်းမြောက် ရွှင်လန်းစွာ တာဝန်ယူ၍ ပင့်ပေးလေသည်။

ဦးဘသင်ဓနပ္ပတိ ဟိ, မဟာစည်ထေရသေခရံ၊
အာနယိ မဟာဇနဿ, ဟိတတ္ထာယ သုခါယ စ။

ကိုယ်တိုင်ဖူးတွေ့ အကဲခတ်လိုသဖြင့် ပင့်စေခြင်း

မဟာစည်ဆရာတော်၏ ပရိယတ်, ပဋိပတ် ၂-ရပ်လုံး စွယ်စုံ ပုဂ္ဂိုလ်၏အဖြစ်ကို ဆရာတော် ၏ ဝိပဿနာရှုနည်းကျမ်းကြီး ၂-တွဲကို ဖတ်ရှုရလျှင်ပင် ဧကန်မုချ သိနိုင် ၏၊ သို့ရာတွင် ဆာဦးသွင်သည် မဟာစည် ဆရာတော်ကို ကိုယ်တိုင်ဒိဋ္ဌ ဖူးတွေ့ရပြီး ဟောပုံ, ပြောပုံ, နေပုံ, ထိုင်ပုံ, ရုပ်ရည်ရူပကာယ ကိုယ်ပေါက် ကိုယ်ရောက်မှ စ၍ သေချာစေ့ငု ကြည့်ရှုဖူးတွေ့ အကဲခတ်လိုသဖြင့် ဝါတွင်းပင် ဖြစ်သော်လည်း ဆရာတော်ကို ပင့်ပေးရန် ဦးဘသင်အား တောင်ပန်ခြင်းဖြစ်သည်။

သာမံယေဝ ပဿိတွာန, ဣစ္ဆံ ဝီမံသိတုံ ဟိ ခေါ၊
တေန တံ ယာစိ အာနေတုံ, ထေရံ မဟာစည်ပုင်္ဂဝံ။

သမိဒ္ဓေါချောင်၌ တရားဟောရန် စီစဉ်ခြင်း

ဦးဘသင်သည် သက်ဆိုင်ရာပုဂ္ဂိုလ်တို့နှင့် တိုင်ပင်ပြီး မဟာစည်ဆရာတော်ကို ချပ်သင်းချောင်ဓမ္မာရုံ၌ တရားဟောရန် စီစဉ်ထား၏၊ သို့ရာတွင် ချပ်သင်းချောင် ဓမ္မာရုံမှာ တိုင်တွေများနေသဖြင့် အသေးစိတ် အကဲခတ်ရန် မဖြစ်နိုင်သဖြင့် တိုင် အတားအဆီး ကင်းရှင်းသော ဓမ္မာရုံ၌ စီစဉ်မှသာ မိမိရည်ရွယ်ချက် ပြည့်စုံမည်ဟု ကြံစည်၍ အခြားကျယ်၍ တိုင်နည်းသော ဓမ္မာရုံ၌ စီစဉ်ရန် ပြောကြားလေသည်။ ထို့ကြောင့် မဟာစည်ဆရာတော်၏ တရားပွဲကို သမိဒ္ဓေါချောင် ဆရာကြီး ဒေါ်မာလာရီ၏ ခွင့်ပြုချက်အရ ထိုသမိဒ္ဓေါချောင် ဓမ္မာရုံ၌ စီစဉ်ရလေသည်။

ဓမ္မုဿဝံ ဟိ ထေရဿ, သမိဒ္ဓေါဒယကန္ဒရေ၊
ဝီမံသိတုံ သုခတ္ထာယ, သဇ္ဇနံ ကပ္ပနံ အကာ။

မဟာစည်ဆရာတော် စစ်ကိုင်းကြွလာပြီ

ဒါနေဉ္စဝ ပဒါတုဉ္စ, ဓမ္မဉ္စ သုဏိတုမ္ပိ စ၊
ဘိက္ခုစ ပဿိတုေဉ္စဝ, ဝဿာနေ ဂန္တဗ္ဗံ ဟိ ခေါ။

ဟူသည်နှင့်အညီ အလှူဒါနမှုပြုလို၍ ကြွပါဟု လျှောက်ဆိုကာ ပင့်သော် လည်းကောင်း၊ တရားနာလို၍ ကြွပါဟု လျှောက်ဆိုကာ ပင့်သော်လည်းကောင်း၊ ရဟန်းသံဃာတော် အရှင်မြတ်တွေကို ဖူးမြော်လို၍ ကြွပါ လျှောက်ဆိုပင့်သော် လည်းကောင်း ဝါတွင်းဖြစ်ပေမယ့် ကြွကောင်း၏၊

သို့ဖြစ်၍ မဟာစည်ဆရာတော်သည် ၁၃၀၉ -ခုနှစ် ဝါခေါင်လဆုတ် ၂-ရက်နေ့တွင် တရားဟောရန် စစ်ကိုင်းသို့ ကြွတော်မူလာခဲ့လေသည်။

ဆာဦးသွင်ပုဗ္ဗင်္ဂမာနံ, ဇနာနံ ဟိ ဟိတာယ ခေါ၊
သောဘနော သုသောဘနေ, အဂါ ဇေယျပုရံ သုဘံ။

မဟာစည်ဆရာတော်အား ဆာဦးသွင် စုံစမ်းပြီ

၁၃၀၉-ခု ဝါခေါင်လဆုတ် ၂-ရက်နေ့တွင် ဖော်ပြခဲ့သည့်အတိုင်း သမိဒ္ဓေါချောင် ဓမ္မာရုံ၌ တရားဟောတော်မူရန် မဟာစည်ဆရာတော် ကြွလာတော်မူလေပြီ၊ ဆာဦးသွင်သည် ဆရာတော် ကားပေါ်မှ ဆင်းကတည်းက ဆရာတော်၏ ကြွပုံ လှမ်းပုံ ရှေ့သို့တက်ပုံ စသည်တို့ကို စုံစမ်းလေပြီ၊

ဓမ္မာသနပလ္လင်ပေါ် တက်စဉ်လည်း စုံစမ်းသည်၊ အကဲခတ်သည်၊ ဓမ္မာသန ပလ္လင်ပေါ်၌ ပတ်လည်ဝန်းကျင် ပေါင်ချင်းယှဉ်နေ တင်ပျဉ်ခွေ၍ ထိုင်နေစဉ်လည်း အကဲခတ်လေပြီ၊ တရားဟောစဉ် ကိုယ်နေကိုယ်ဟန် အမူအရာကိုလည်း စုံစမ်းလေပြီ။

ဆာဦးသွင်ဥပါသကော ဟိ, ဝီမံသတိ အနေကဓာ၊
မဟာစည်တိကိတ္တိဃောသံ, ထေရံ ထိရေသု သဏ္ဌိတံ။

အမူအရာအားလုံး၌ စိတ်တိုင်းကျ ကျေနပ်ခဲ့

ဆာဦးသွင်သည် ဆရာတော်၏ အမူအရာအားလုံး စိတ်တိုင်းကျခဲ့လေသည်။ ကြည်ညိုစရာတွေကို တွေ့ရသည်၊ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မနော မချောမပြေ ဣန္ဒြေခြောက်ထွေကို အတတ်နိုင်ဆုံး ဆုံးမထားသည့် ကိုယ်ပေါက် ကိုယ်ရောက်နှင့်လည်း ပြည့်စုံသည့် မဟာပုရိသပီသသည့် သာသနအာဇာနည် ပုဂ္ဂိုလ်ထူးကို ဖူးမြင်ရလေရာ ဆာဦးသွင်မှာ ဆရာတော်အား အလွန်ကြည်ညိုခြင်း ဖြစ်လေသည်။

ထေရဿ ကိရိယံ ဒိသွာ, ဆာဦးသွင် သမ္ပမောဒတိ၊
အပါသာဒိကတ္တံ နတ္ထိ, ပသာဒေါယေဝ ဇာယတိ။

တရားဟောစဉ်လည်း စုံစမ်းခဲ့

မဟာစည်ဆရာတော်သည် မာလုကျပုတ္တသုတ္တန်ကို နတ်စည်ကို ဆော်ရွမ်းသည့် ပမာလည်းကောင်း၊ သံဝါဟည်းဟည်း ပဲ့တင်တီးသကဲ့သို့လည်းကောင်း ဟောတော် မူခဲ့လေသည်၊ ဘုရားရှင်ဟောတော်မူသည့် ပါဠိတော်ကို ပိုင်ပိုင်မိမိ အာဘော်သိ သဘောပေါက်အောင် ဆိုင်ရာအဖွင့် သံဝဏ္ဏနာအဋ္ဌကထာ, ဋီကာတို့နှင့် တိုက်ဆိုင် ကြည့်ရှု နှုတ်ရဆောင်၍ ဟောတော်မူရာ ရောက်ရှိနာယူသမျှ ပရိသတ်တို့ သဘောကျ ကျေနပ်ကြသည်၊ ဆာဦးသွင်လည်း အလွန်လျှင် သဘောကျ ကျေနပ်လေသည်၊ အားလုံးပင် မူလကထင်သည်ထက် ပို၍ သဘောကျ ဝမ်းမြောက်ကြကုန်၏။

တဒါ သော မာလုကျပုတ္တ သုတ္တန္တံ ဒေသယီ သုဓီ၊
ပီတာ ပမုဒိတာ သဗ္ဗေ, ဓမ္မဿ သောတာရော ဇနာ၊
ဆာဦးသွင်မဟာသာလောပိ, ဟဋ္ဌော သမ္မဟဋ္ဌော အဟု။

သီရိဓမ္မာသောကမင်းနှင့် နိဂြောဓသာမဏေပမာ

သီရိဓမ္မာသောကမင်းကြီးသည် နိဂြောဓသာမဏေကို မြင်လျှင်မြင်ချင်း ခင်မင် လေးမြတ် ကြည်ညိုခြင်း ဖြစ်သကဲ့သို့ ဆာဦးသွင်သည်လည်း မဟာစည် ဆရာတော်ကို မြင်လျှင်မြင်ချင်း သဒ္ဓါတရားတဖွားဖွားဖြစ်ခဲ့သည်၊ သဒ္ဓါရွှမ်းစို ကြည်ညိုခဲ့သည်၊ ရှေးရှေးဘဝများစွာက တကွမကွာ မေတ္တာပေါင်းကူး အတူ နေထိုင်ခဲ့ဖူးသည့် ညီအစ်ကိုစသည် ဖြစ်ခဲ့လိမ့်မည်ဟု မှန်းဆ တွေးထင်ဖွယ်ရာဖြစ်၏၊ ဆရာတော် ၏ ငယ်နာမည်မှာလည်း မောင်သွင်(ဦးသွင်)ဖြစ်လေရာ ဆာဦးသွင်နှင့် နာမည်ချင်းလည်း ထပ်တူကျနေသည်၊ အလွန်ကို တိုက်ဆိုင်ထူးခြားလေသည်။

ပဿိတွာ ထေရံ သော ဟိ, အတီဝ ပသာဒေါ ဘဝိ၊
ဓမ္မာသောကောဝ နိဂြောဓေ, ဘာရတေ ပုဗ္ဗပုရေ ပုရေ။

ငါးညတိုင် ဟောကြားခြင်း

မဟာစည်ဆရာတော်သည် သမိဒ္ဓေါချောင်၌ ဆာဦးသွင်အမှူးရှိသော ပရိသတ် ၃၀ဝ -ကျော်အား ၅-ရက်တိုင် ဝိပဿနာလုပ်ငန်း တရားတော်များကို ဟောကြားတော် မူခဲ့လေသည်၊ ယင်း ၅-ရက်အနက် ပထမ ၃-ရက်မှာ မူလပထမ အစီအစဉ် အတိုင်း ဖြစ်၍ နောက် ၂-ရက်မှာ သမိဒ္ဓေါချောင် ဆရာကြီး ဒေါ်မာလာရီ၏ လျှောက်ထား တောင်းပန်ချက်အရ ထပ်၍ ဟောတော်မူခြင်း ဖြစ်လေသည်၊ သမိဒ္ဓေါချောင် သီလရှင်ဆရာကြီးသည် တရားနာပရိသတ် အလွန်သဘောကျ ကျေနပ်သည်ကို သိသဖြင့် ထပ်မံဟောရန် လျှောက်ထားရခြင်းဖြစ်သည်။

ပဉ္စာဟံ ထေရသေဋ္ဌော ဟိ, ဒေသယီ ဓမ္မဂမ္ဘီရံ၊
နာမမှိ သမိဒ္ဓေါဣတိ, ကန္ဒရေ ဇေယျာစလဝှေ။

ဒေါ်မာလာရီ ဆိပ်ခွန်သွား တရားအားထုတ်

သမိဒ္ဓေါချောင်ဆရာကြီး ဒေါ်မာလာရီသည် ကြားနာရုံမျှဖြင့် အားရတင်းတိမ်ခြင်း အလျင်းမရှိပါသဖြင့် ဆရာတော်သီတင်းသုံးရာ ဆိပ်ခွန်သို့သွားရောက်၍ သတိပဋ္ဌာန် ဝိပဿနာတရားကို လက်တွေ့အားထုတ် ရှုမှတ်ခဲ့လေသည်၊ အားထုတ်၍ ကိုယ်တွေ့ ဝိပဿနာဆိုင်ရာ အတွေ့အကြုံများကို သဌေးကြီး ဆာဦးသွင်သို့လည်း အကြောင်းကြားလေသည်။

အတိတ္တာ သုဏန္တိသာဟိ, မာလာရီ ဓမ္မကာမိနီ၊
အသေစနကမောဇဝံ, တထံ အပ္ပဋိဝါနိယံ၊
တေန သာ ဆိပ်ခွန်ဂါမံဝ, သမ္ပတွာ ဓမ္မမာရဘီ။

စစ်ကိုင်တောင်ရိုး အောင်မြေဘုံစံချောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဉာနုတ္တရ

အရှင် ဉာနုတ္တရမဟာထေရ်သည် မန္တလေးမြို့ ရွှေဘုန်းရှိန် လှေတန်းရပ်၌ ကျောက်ကုန်သည်ကြီး ဦးစံဘွား, ဒေါ်မြစ်တို့မှ ၁၂၆၂-ခုနှစ် နှောင်းတန်ခူးလဆန်း ၈-ရက် အင်္ဂါနေ့တွင် ဖွားမြင်တော်မူသည်၊ အရွယ်ရောက်သော် သာမဏေဝတ်, ရဟန်းပြု၍ သာသနာ့ဝန်ကို ထမ်းဆောင်တော်မူခဲ့သည်။

မန္တလေးမြို့ ကင်းဝန်မင်းကြီးတိုက် ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယ ဆရာတော် အရှင်ပညာထေရ်, စစ်ကိုင်းတောင်ရိုး ပထမဂန္ဓာရုံဆရာတော် အရှင် ဉာဏိန္ဒမဟာထေရ်, အင်းစိန်ခရိုင် သိမ်ချောင်းရွာ ပထမကျော် အရှင်ဣသိန္ဒ မဟာထေရ်, ဖျာပုံမြို့ စကြာရန်အောင်ဆရာတော် အရှင်သံဝရမဟာထေရ် စသည်တို့ထံ ပါဠိ, အဋ္ဌကထာ, ဋီကာကျမ်းဂန်တို့ကို သင်ယူတော်မူခဲ့လေသည်၊

ဆရာတော်သည် ငယ်စဉ်ကပင် မဟာဂန္ဓာရုံဆရာတော် ဘုရားကြီး နည်းနာ နိဿယ အတိုင်း တရားအားထုတ်ဖူးသည်၊ ထို့နောက် မိုးညှင်းဆရာတော် ဘုရားကြီး၏ ကမ္မဋ္ဌာန်းကို အားထုတ်ခဲ့သည်၊ ဆရာတော်သည် ဆဋ္ဌသင်္ဂါယနာတင်စဉ် သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ ဇမ္ဗူဒီပ ကျောင်းဆောင်၌ ကြာမြင့်စွာ သီတင်း သုံး၍ မြန်မာပြန် ပဋိဝိသောဓက, ဩသာနသောဓကစသော တာဝန်များကို ထမ်းဆောင်တော်မူခဲ့လေသည်၊

၁၃၁၈-ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို အလှူခံ ရရှိတော်မူသည်၊ ၁၃၄၄-ခုနှစ် တန်ဆောင်မုန်း လဆုတ် ၃-ရက်နေ့တွင် ဘဝနတ်ထံ ပျံလွန်တော် မူသည်။

ဉာနုတ္တရော မဟာထေရော, ဉာဏေန ဥတ္တရော သုဓီ၊
ယထာ ဗလံ ကိစ္စံ ကတွာ, ပစ္စုပ္ပန္နဘဝံ ဇဟိ။

မဟာစည်ဆရာတော်ထံ ကြွရောက်တရားအားထုတ်ခြင်း

ချောင်ဆရာကြီး ဒေါ်မာလာရီသည် ကိုယ်တိုင် အားထုတ်ရုံဖြင့် ရောင့်ရဲတင်းတိမ်ခြင်း မရှိသေးပဲ မိမိကဲ့သို့ပင် အခြားသူများ အသိဉာဏ်ပညာထူးများ ရစေလိုသဖြင့် ရင်းနှီးသည့် ပုဂ္ဂိုလ်များအား တိုက်တွန်းခဲ့လေသည်၊ ၎င်းပြင် ဖော်ပြပါ စစ်ကိုင်း တောင်ရိုး အောင်မြေဘုံစံချောင် ဆရာတော် အရှင်ဉာနုတ္တရအားလည်း တိုက်တွန်းသဖြင့် ဆရာတော် အရှင်ဉာနုတ္တရသည် ဆိပ်ခွန်သို့ကြွတော်မူ၍ မိမိအောက် အသက်, သိက္ခာ, ဝါငယ်သော မဟာစည်ဆရာတော်ထံ နည်းခံ၍ တရားအားထုတ်တော်မူခဲ့လေသည်။

ဉာနုတ္တရောပိ ဂန္တွာန, ထေရဿ သန္တိကံ သုဓီ၊
ဥပါသိကာယ ယာစိတော, ဘာဝနံ သမနုယုဥ္ဇိ သော။

တိံသတိမပိုင်း ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ တည်ထောင်ခြင်း

ဆာဦးသွင် အစရှိသော လူကြီးမင်းတို့သည် ၁၃၀၉-ခုနှစ် နတ်တော်လဆန်း ၁-ရက် နေ့တွင် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကို တည်ထောင်ကြကုန်၏၊ ယင်း ဗုဒ္ဓသာသနာ နုဂ္ဂဟအဖွဲ့တွင် ဆာဦးသွင်ကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြကုန်၏၊ အဖွဲ့ကြီး ရည်ရွယ်ချက်မှာ ဘုရားရှင်၏ ပရိယတ္တိသာသနာတော်, ပဋိပတ္တိသာသနာတော်ကို အစွမ်းကုန်ချီးမြှောက် ထောက်ပံ့ကူညီရန် ဖြစ်သည်။

နဝသံဝစ္ဆရာဓိကေ, တိသတေကသဟဿကေ၊
ဗုဒ္ဓသာသနာနုဂ္ဂဟ-သမီတိ သမ္ဘူတာ ဟိ ဝေ။

မြေနေရာ စုံစမ်းရှာဖွေကြခြင်း

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့၏ တည်ရာဌာနကြီးတခု ဖွင့်လှစ်ရန် နေရာရရှိရေးအတွက် ၁၃၁၀-ခုနှစ် နယုန်လဆုတ် ၁-ရက် ၆-ကြိမ်မြောက် ဗုဒ္ဓသာသနာနုဂ္ဂဟ အမှုဆောင် အစည်းအဝေးမှ ကော်မတီတခုဖွဲ့၍ နေရာ ရှာမှီးစေကြရာ ပထမတွင် အင်းလျားကန် အလယ်ရှိ သဌေးချင်းချောင်းခြံဖြစ်သော အလယ်ကျွန်းနေရာကို တင်ပြဆွေးနွေး ကြရာ မြို့နှင့် အလှမ်းဝေးခြင်း၊ ရေလယ်ကျွန်းဖြစ်၍ အသွားအလာ ခက်ခဲခြင်း၊ သူခိုးဒမြ စသည့် အန္တရာယ်မကင်းခြင်း စသည်တို့ကြောင့် မကြိုက်သေးပဲ ကန်တော်ကြီးအရှေ့မြောက် အိုရီယင့်ကလပ်နှင့် မျက်စောင်းထိုးရှိနေရာ ကွက်လပ် ကြီးနှင့် ဟာမစ်တိတ်လမ်းရှိ ဦးဘထွန်းပိုင် မြေနေရာ ကွက်လပ်တို့ကို ဆယ်ကြိမ်မြောက် အမှုဆောင် အစည်းအဝေး၌ ဆွေးနွေးစဉ်းစားကြရာ ဟာမစ်တိတ် လမ်းရှိ ဦးဘထွန်း မြေနေရာကိုသာ အထူးနှစ်ခြိုက်ကြကုန်၏၊

ထိုအခါ ဥက္ကဋ္ဌကြီး ဆာဦးသွင်က အမှုဆောင်လူကြီးများကို ဟာမစ်တိတ်လမ်းရှိ ဦးဘထွန်းမြေနေရာကို အကယ်၍ နှစ်ခြိုက်အလိုရှိကြပါလျှင် ယင်းဦးဘထွန်းပိုင် မြေကွက်လပ်၏ အနောက်ဘက်၌ ကပ်လျက် တည်ရှိနေသော မြေသည် မိမိပိုင် ဖြစ်ကြောင်း၊ သာသနာရေးအတွက် အသုံးပြုလိုကြပါလျှင် မိမိက လှူဒါန်းမည် ဖြစ်ကြောင်းဖြင့် ဖွင့်ဟဆိုလေရာ အမှုဆောင် လူကြီးမင်းများ သာဓုခေါ်၍ လက်ခံကြ လေသည်၊ ဆာဦးသွင် လှူဒါန်းသည့် ဟာမစ်တိတ်လမ်း ၅-ဧကကျော်ကျော်ရှိ ထိုခြံမြေကို ထိုနေ့အစည်းအဝေးမှာပင် လက်ခံအတည်ပြုကြသည်။

ပဋိပတ္တိသာသနာတော်ကို ချီးမြှောက်ရန် ကမ္မဋ္ဌာန်းဆရာရရှိရေးကို ဆွေးနွေးသော အခါတွင် ဥက္ကဋ္ဌကြီး ဆာဦးသွင်က မိမိသည် အဘက်ဘက်မှ စိတ်ချရသော ကမ္မဋ္ဌာန်းဆရာကို တွေ့ထားပြီးဖြစ်ကြောင်း ဖွင့်ဟ၍ ပြောပြပြီးလျှင် မဟာစည် ဆရာတော်ကိုပင့်ရန် ဝန်ကြီးချုပ်အား တိုက်တွန်းလေသည်။

နိမန္တေတုံဝ ဗျတ္တံ ဟိ, မဟာစည်ထေရကုဉ္ဇရံ၊
ဝေရိက္ခယံ နိဝေရံ တံ, ဝါစံ သော သမ္ပဝတ္တယီ။

သာသနာ့ရိပ်သာဟု ခေါ်ဝေါ်ရန် ဆုံးဖြတ်ခြင်း

မြေနေရာအားလုံးကို စည်မျက်နှာပြင်ပမာ ညီညာချောပြေအောင် ပြုပြင်ကြပြီး နောက် အဆောက်အအုံများ မဆောက်လုပ်မီ အန္တရာယ်ကင်းပရိတ်တော်များ ၇-ရက် ၇-လီ ၄၉-ရက်တိုင် ရွတ်ဖတ်ပူဇော်ကြရန်နှင့် ထိုနေရာကို သာသနာ့ရိပ်သာဟု မှည့်ခေါ်ရန် (၁၄-၁၁-၄၈) နေ့ ထိုခြံမြေ၌ အစစွာကျင်းပသော ၁၂-ကြိမ်မြောက် အမှုဆောင်အစည်းအဝေးက ဆုံးဖြတ်အတည်ပြုခဲ့လေသည်၊ ဆုံးဖြတ်သည့်အတိုင်း ၇-ရက် ၇-လီ ၄၉-ရက်တိုင် အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဖတ်ပူဇော်ကြသည်။

သာသနာ့ရိပ်သာတိ မနုည-ရုစိရဝေါဟာရမ္ပိစ၊
ဝေါဟရိတုံ နိစ္ဆိနန္တိ, ပဓာနသမိတိကာ ဇာနာ။

စံကျောင်းတော် စသည် ဆောက်လုပ်ခြင်း

သာသနာ့ရိပ်သာတွင် အုပ်ချုပ်တော်မူသည့် မဟာစည်ဆရာတော် သီတင်းသုံးရန် စံကျောင်းတော်ကို ၁၃၁၀-ခုနှစ် နတ်တော်လအတွင်း ဥက္ကဋ္ဌကြီး ဆာဦးသွင်, လေဒီသွင်နှင့် သားဖြစ်သူ ဦးစန်းမောင်, သမီး ဒေါ်ခင်ခင်ကြီးတို့က စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် ကျပ်ငွေ (၂၁၀ဝ၄) အကုန်အကျခံ၍ အမြန်ဆုံး ပြီးစီးအောင် ဆောက်လုပ်လှူ ဒါန်းကြကုန်၏၊ ၎င်းပြင် ကမ္မဋ္ဌာန်းကျောင်းဆောင် ၄-ဆောင်, ဆွမ်းစားကျောင်း, ယာယီမဏ္ဍပ်တော်ကြီးတို့ကို ဆောက်လုပ်ကြကုန်၏။

ထေရဿ ဝသနတ္ထာယ, နိကေတနမ္ပိ ကာရယုံ၊
ဆာဦးသွင်ဒမ္ပတိ ပုတ္တ-ဓီတရော သောဂတာ ဇနာ။

ဧကတိံသတိမပိုင်း မဟာစည်ဆရာတော် တောင်ဝိုင်းကလေးသို့ ကြွပြန်ခြင်း

မဟာစည်ဆရာတော်သည် ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက်၌လည်း မိမိ၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သည့် ဆိပ်ခွန်ရွာမှာပင် ဝိပဿနာတရားဓမ္မ နိစ္စထာဝရ ဟောပြသွန်သင် သာသနာပြု၍ သီတင်းသုံးတော်မူခဲ့လေသည်။

ဤအတောအတွင်းမှာပင် ဆာဦးသွင် တရားဟောပင့်သဖြင့် စစ်ကိုင်းသို့ တရား ဟောကြားတော်မူခဲ့သေးသည်၊ ၁၃၀၉-ခုနှစ် တန်ဆောင်မုန်းလတွင် မိမိကြာမြင့်စွာ သီတင်းသုံးခဲ့ရာ မော်လမြိုင် တောင်ဝိုင်းကလေးသို့ ကြွတော်မူသည်။

ပုဗ္ဗေနိဝုဋ္ဌပဒေသ-ဘူတံ တံ ရာမဏေယျကံ၊
တောင်ဝိုင်းကလေး ပဒေသံ သော, ဂတော ခေါ ရက္ခိတုံ သုဓီ။

ကျောင်းဒါယကာ, ဒါယိကာမများ တိုက်ကျောင်း ပြင်ဆင်ကြ

ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှ ထိုအချိန်အခါ ကာလသမယအထိ တောင်ဝိုင်းကလေး တိုက်ကျောင်းကို မဟာစည်ဆရာတော်၏ တပည့်တပါးဖြစ်သည့် ဦးပဉ္စင်း အရှင်ဝိမလက စောင့်ရှောက်နေသည်၊ သို့ရာတွင် စစ်အတွင်းက ရံခါကြိုးကြားသာ သွားရောက်နိုင်သဖြင့် ထိုကျောင်းတိုက်ရှိ ကျောင်းသုံးပစ္စည်းဆိုင်ရာ ပန်းကန် ခွက်ယောက် စသည်များ တော်တော်များများ ပျောက်ဆုံးခဲ့သည်၊

ကျောင်းအမိုး, စောင်းတန်းအမိုး စသည်တို့ကို ခွာလှစ်ယူကြသည်၊ အခင်း ပျဉ်ကြီးများ, ဆင့်တုံးများကိုလည်း ခွာယူကြ ဖြတ်တောက်၍ ယူကြသည်၊ ကျောင်း ဒါယကာ, ဒါယိကာမများက မဟာစည်ဆရာတော် သီတင်းသုံးလျှင် ပြင်မည်ဟု လျှောက်ထားရာ သင့်သလောက်နေမည်ဟု မယုတ်မလွန် မိန့်ကြားတော်မူသည်၊ ကျောင်းဒါယကာ, ဒါယိကာမတို့ ပြင်ဆင်ကြသည်။

ခဏ္ဍဖုလ္လသင်္ခရဏမ္ပိ, အကံသု သာဓဝေါ ဇနာ၊
မဟာစည်ထေရံ နိဿယ, ပုညေသု ပသုတာ တဒါ။

မဟာသမယသုတ်, မဟာဓမ္မသမာဒါနသုတ် စသည် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း

မဟာစည် ဆရာတော် မော်လမြိုင် တောင်ဝိုင်းကလေး တိုက်ကျောင်း၌ သီတင်း သုံးစဉ် ၁၃၀၉-ခု ပြာသိုလဆုတ် ၉-ရက်, ခရစ်သက္ကရာဇ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄-ရက်နေ့ နံနက် ၄-နာရီ မိနစ်၂၀-အချိန်တွင် လွတ်လပ်သော အချုပ်အချာ အာဏာပိုင် နိုင်ငံအဖြစ်သို့ ကြေငြာခိုက်နှင့် တိုက်တိုက်ဆိုင်ဆိုင် ကြုံလေသည်၊

မဟာစည်ဆရာတော်သည် မြန်မာတနိုင်ငံလုံး ကောင်းကျိုးချမ်းသာ ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေခြင်း အကျိုးငှါ ဘုရားရှင် ၏ကိုယ်တော်စား ရုပ်ပွား ဆင်းတုတော် ရှေ့၌ ဝတ်ပြုပြီးလျှင် မဟာသမယသုတ်, မဟာဓမ္မသမာဒါနသုတ် စသည်တို့ကို ရွတ်ဖတ်သရဇ္ဈာယ်တော်မူခဲ့သည်။

သမ္ဗုဒ္ဓပဋိမာယပိ, ပုရတော ဟိ သုဇာတိမာ၊
သုတ္တန္တေ သဇ္ဈာယိတွာန, ရဋ္ဌဿ မင်္ဂလံ အကာ။

ဆိပ်ခွန် ခေတ္တပြန်ကြွတော်မူပြန်ခြင်း

ယခင် တနှစ်ကျော်က ဆရာတော်ကိုယ်တိုင် ဦးဆောင်ဖွဲ့စည်းခဲ့သော ဆိပ်ခွန်ရွာ သဒ္ဓမ္မပါလ ဝိပဿနာ ဖြန့်ဖြူးရေးအသင်းအဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေး ကျင်းပရန် ရှိသဖြင့် ထိုသည့် ၁၃၀၉-ခုနှစ် တပေါင်းလဆန်းတွင် ရွှေဘိုဆိပ်ခွန်သို့ ပြန်ကြွတော်မူခဲ့လေသည်။

ဆိပ်ခွန်ဝှဇာတိဂါမမ္ပိ, ပဋိပဇ္ဇိ သုဓီတိမာ၊
သမိတိသုသန္နိပါတ-ကိစ္စေန သုကိစ္စေန ခေါ။

၁၃၁၀-ခုနှစ် တောင်ဝိုင်းကလေး၌ ဝါဆိုတော်မူခြင်း

ဆိပ်ခွန်၌ သဒ္ဓမ္မပါလဝိပဿနာ ဖြန့်ဖြူးရေးအသင်း စည်းဝေးပြီး လအနည်းငယ် ဆက်လက်သီတင်း သုံးတော်မူ၍ ဒါယကာ, ဒါ ယိကာမတို့ကို ချီးမြှောက်တော်မူပြီး ၁၃၁၀-ခုနှစ် ဝါဆိုဦးတွင် မော်လမြိုင် တောင်ဝိုင်းကလေးသို့ ပြန်ကြွတော်မူ၍ တောင်ဝိုင်းကလေးတိုက်ကျောင်း၌ ဝါဆို သီတင်းသုံးတော်မူ၍ ပရိယတ်, ပဋိပတ် အလုပ် ကြိုးကုတ်တော်မူခဲ့လေသည်။

ဝဿံသော ဝသိတွာန, တောင်ဝိုင်းကလေးဝှရာမကေ၊
အာရဘိတွာ ဓုရဒွယေ, မဟေသိသာသနန္ဓရော။

ဆိပ်ခွန်တိုက်ကျောင်း ရေစက်ချရန် ပြန်ကြွတော်မူခြင်း

ဆိပ်ခွန်ရွာ မဟာစည်ကျောင်း၌ ဆရာတော်သီတင်းသုံးရန် ရည်ရွယ်၍ တထပ်တိုက် ကျောင်းတကျောင်း ဆောက်လုပ်ရာ ပြီးစီးသဖြင့် ယင်းတိုက်ကျောင်း ရေစက်ချ အလှူခံရန် ပင့်သဖြင့် ဝါကျွတ်ပြီး ဆိပ်ခွန်သို့ကြွတော်မူသည်၊

ယင်းသို့ ဆိပ်ခွန်အပြန် ရန်ကုန်မြို့ ခေတ္တရောက်ခိုက် သာသနာ့ရိပ်သာ မြေကွက်ရှိ သံဃာတော်များ ၇ -ရက် ၇-လီ ၄၉-ရက် ပရိတ်ရွတ်ရာ နေရာဌာနကို ဆာဦးသွင် လိုက်ပို့ပြသသဖြင့် ကြည့်ရှုတော်မူခဲ့သည်၊ ၎င်းနောက် ဆက်လက်၍ ဆိပ်ခွန်သို့ ကြွတော်မူ၍ တိုက်ကျောင်းကို အလှူခံတော်မူခဲ့သည်။

ဆိပ်ခွန်ဂါမံ သမ္ပတွာန, သောဘနံ ဣဋ္ဌကာလယံ၊
သမ္ပဋိစ္ဆိတွာ သော ထေရော, ဝသီ ဓမ္မကထီ သုဓီ။

မဟာသတိပဋ္ဌာနသုတ် ပါဠိ-နိဿယကျမ်း စီရင်တော်မူခြင်း

မဟာစည်ဆရာတော်သည် ဆိပ်ခွန်ရွာ မဟာစည်ကျောင်း၌ တိုက်ကျောင်းကို အလှူခံတော်မူပြီး ဝိပဿနာဖြန့်ဖြူးရေး အလုပ်ကိုပင် ဆက်လက် လုပ်ကိုင်တော် မူသည်၊ တရားအားထုတ်သူ ယောဂီများ တနေ့တခြား များပြားလာသဖြင့် မိမိ တပါးတည်း မနိုင်သဖြင့် စနစ်တကျ တရားအားထုတ်ပြီးဖြစ်၍ အရည်အချင်း ပြည့်စုံသော တပည့်များအား လက်ထောက်ဆရာအဖြစ် လွှဲအပ်တော်မူ၍ ကမ္မဋ္ဌာန်းပြစေတော်မူရသည်၊

ယင်းဆရာများအနက် ရှေးဦးမဆွ အစလက်မွန် တာဝန်လွှဲအပ်ခံရသော ဆရာများမှာ ဆရာကြံနှင့် ဆရာကြွက်တို့ ဖြစ်ကုန်၏၊ ယင်းဆရာကြီးတို့သည် ကမ္မဋ္ဌာန်းနည်းပြ ဆရာကြီးတို့ ဖြစ်လေရာ မဟာသတိပဋ္ဌာနသုတ်ကို ကရားရေလွှတ် တတွတ်တွတ် နှုတ်တက်အာဂုံရသူတို့ ဖြစ်ကြကုန်၏၊ ဆရာတော်၏ ဟောပြော မှုကြောင့် မဟာသတိပဋ္ဌာနသုတ်ကို အထိုက်အလျောက် သဘောလည်း ပေါက်ကြ ၏၊

သို့ရာတွင် ကျနစွာသဘောပေါက်ရန် လိုအပ်သည့်ပြင် အခြားယောဂီတရား ဝါသနာရှင်တို့အားလည်း မဟာသတိပဋ္ဌာနသုတ်တော် ဆိုလိုရင်းကို သဘောပေါက် နားလည်စေလိုသည့်အတွက် ဆရာတော်အား မဟာသတိပဋ္ဌာနသုတ် ပါဠိတော် နိဿယ တစောင် ရေးသားချီးမြှင့်ပါရန် လျှောက်ထားကြကုန်၏၊ သို့ဖြစ်၍ ဆရာတော်သည် ၁၃၁၁-ခုနှစ် ကဆုန်လဆုတ် ၁-ရက်နေ့အပြီး မဟာသတိပဋ္ဌာနသုတ် ပါဠိတော် နိဿယကို ရေးသားစီရင်တော်မူခဲ့လေသည်။

သတိပဋ္ဌာနသုတ္တဿ, နိဿယံ ယောဂိမာနိတံ၊
ရစယီ သမ္မာဆန္ဒေန, သမ္မာဆန္ဒေ သဒါယုတော။

မြို့ထောင့်စေတီ သာသနာ့ရိပ်သာ၌ သီတင်းသုံးတော်မူခြင်း

ရွှေဘိုမြို့ မြို့တောင့်စေတီခေါ် မော်ဓောမြင်သာစေ တီအနီး၌ ၁၃၁၈-ခုနှစ်ကပင် သာသနာ့ရိပ်သာ တည်ထောင်၍ တရားပြစေတော်မူခဲ့သည်၊ ထိုစဉ်က တရား ပြကြသော ကမ္မဋ္ဌာန်းဆရာများမှာ ဆရာတော်အရှင်မုနိန္ဒ, အရှင်ဝဏ္ဏိတို့ ဖြစ်ကြကုန်၏၊

မဟာစည်ဆရာတော်သည် ၁၃၁၁-ခုနှစ် တန်ဆောင်မုန်းလဆန်းတွင် ဖော်ပြပါ ရွှေဘိုမြို့ မြို့ထောင့်စေတီ သာသနာ့ရိပ်သာသို့ ကြွတော်မူ၍ ကမ္မဋ္ဌာန်းဌာနကို အားပေးရန် ရည်ရွယ်၍ သီတင်းသုံးတော်မူခဲ့လေသည်။

မြို့ထောင့်ပဓာနာရာမေပိ, ရွှေဘိုတိဝိဿုတေ ပုရေ၊
ယောဂီနံ ဟိတဘာဝါယ, ဝိဟရိ ဝိဟာရေ ဝိဒူ။

ရန်ကုန်သာသနာ့ရိပ်သာသို့ ကြွရောက် သီတင်းသုံးရန် ဝန်ခံတော်မူခြင်း

ယင်းသို့ မြို့ထောင့်စေတီ သာသနာ့ရိပ်သာ၌ သီတင်း သုံးတော်မူစဉ် ဝန်ကြီးချုပ် မြစ်ကြီးနားသို့ အသွားတွင် ရွှေဘိုမြို့သို့ ခေတ္တ ဝင်ရောက်၍ မြို့ထောင့်စေတီသို့ လာရောက်ဖူးမြော်သည်၊ ယင်းသို့ မြို့ထောင့် စေတီတော်သို့ လာရောက် ဖူးမြော်ယင်း မြို့ထောင့်စေတီသာသနာ့ရိပ်သာ၌ သီတင်းသုံးတော်မူလျက် ရှိသော မဟာစည်ဆရာတော် ကိုလည်း လာရောက်ဖူးမြော်သည်၊

ဖူးမြော်ပြီး အလ္လာပ သလ္လာပ ပြောဆိုလျှောက်ထားကာ ဝန်ကြီးချုပ်က ရန်ကုန်သို့ တရားဟောရန် ကြွရောက်ပါမည့် အကြောင်း လျှောက်ထားသည်၊ ဆရာတော် ကလည်း အလွန်လျှင် ကောင်းသော မိမိ၏ ပဓာနအလုပ်ဖြစ်၍ ကြွမည်ဟု ဝန်ခံတော်မူလိုက်သည်။

နိမန္တိတော အဂ္ဂါမစ္စ-ဘူတေန ဘူတဝါဒိနာ၊
ထေရိန္ဒော ပဋိညံ ဒါသိ, ယာတုံ အရိက္ခယံ ပုရံ။

ဒွတ္တိံသတိမပိုင်း ရန်ကုန်မြို့သို့ ကြွတော်မူပြီ

ဝန်ကြီးချုပ်သည် ဆရာတော်ထံမှ ပဋိညာဉ်ရရှိပြီးနောက် ဆရာတော်ကို ရွှေဘိုမှ စစ်ကိုင်း, မန္တလေးသို့ ပင့်ဆောင်ရန် အစီအစဉ်ပြုလုပ်၍ သက်ဆိုင်ရာလူကြီးများအား တာဝန် လွှဲအပ်ခဲ့လေသည်၊ စီစဉ်တိုင်ပင် ထားသည့်အတိုင်း ၁၃၁၁-ခုနှစ် တန်ဆောင်မုန်း လဆန်း ၅-ရက်နေ့တွင် မဟာစည်ဆရာတော်သည် တာဝန်ခံ ပုဂ္ဂိုလ်တို့၏ ပင့်ဆောင်ချက်ဖြင့် ရွှေဘိုအရှင် မုနိန္ဒကိုပါ ခေါ်ခဲ့၍ ရွှေဘိုမှ စစ်ကိုင်းမြို့ ဆင်များရှင်သာသနာ့ ရိပ်သာသို့ ကြွတော်မူသည်။

ထိုသည့် ၁၃၁၁-ခုနှစ် တန်ဆောင်မုန်းလဆန်း ၅-ရက်နေ့ညတွင် ဆင်များရှင် သာသနာ့ရိပ်သာ၌ တရားဟောတော်မူ၍ ထိုဆင်များရှင် ရိပ်သာမှာပင် အနားယူ ကျိန်းစက်တော်မူသည်၊ ဆရာတော်သည် ရွှေမင်းဝံဆရာတော် အရှင်ကောသလ္လ မထေရ်ကိုပါ အတူလိုက်ပါရန် လျှောက်ထား၍ တန်ဆောင်မုန်းလဆုတ် ၆-ရက်နေ့၌ မန္တလေးသို့ ကူးတော်မူသည်၊ မဟာစည်ဆရာတော်သည် ရွှေမင်းဝံ ဆရာတော် အရှင်ကောသလ္လမဟာထေရ်, ရွှေဘို အရှင်မုနိန္ဒထေရ်တို့နှင့်အတူ လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ကြွတော်မူသည်။

ကောသလ္လမုနိန္ဒာဝှယ-ထေရေဘိ ဓမ္မကာမိဘိ၊
အဂဉ္ဆိမဟာစည်ထေရော, သော ဝေရိက္ခယပုရံ သုဘံ။

ဆာဦးသွင်အမှူးပြုသည့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့လူကြီးများ ကြိုဆိုကြခြင်း

ဆာဦးသွင်အစရှိသော ရတနာသုံးရပ်ကို မပြတ်မလပ် ဆည်းကပ်ကိုးကွယ်လေ့ ရှိသော ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့မှ လူကြီးများ မင်္ဂလာဒုံလေဆိပ်သို့ ကိုယ်တိုင် ကိုယ်ကြပ် ဝမ်းမြောက် ရွှင်လန်းစွာ လာရောက် ကြိုဆိုနှုတ်ဆက် ဦးတင်ကြပြီး သာသနာ့ ရိပ်သာသို့ ပင့်ဆောင်ကြကုန်၏။

ဆာဦးသွင်အာဒယော သဗ္ဗေ, သောဂတာ ပုညကာမိနော၊
အာနေသုံ သမာဂန္တွာန, အာကာသယာနတိတ္ထတော။

သာသနာ့ရိပ်သာ ယခုပစ္စက္ခမြင်ကွင်း

ယခုအခါ မဟာစည်ဆရာတော်ဘုရားကြီး အုပ်ချုပ်၍ ပြုစုပျိုးထောင်ထားသော အချက်အချာ ရန်ကုန်မြို့ သာသနာ့ရိပ်သာကြီးမှာ ၁၈-ဧကခန့် ကျယ်ဝန်း၏၊ ယင်း ၁၈-ဧကခန့်ကျယ်ဝန်းသော မြေကွက်လပ်ကြီး အတွင်း၌ -
(၁) မဟာစည် စံကျောင်းတော်, (၂) သိမ်တော်ကြီး, (၃) ဖလ်ယဉ်ဓမ္မာရုံတော်ကြီး, (၄) မော်ကွန်းတင်ဓမ္မာရုံကြီး, (၅) ရိပ်သာဆေးပေးခန်း, (၆) သုခရိပ်သာဓမ္မရိပ်သာ, (၇) ကမ္မဋ္ဌာန်းကျောင်း ၁, (၈) ကမ္မဋ္ဌာန်းကျောင်း ၂, (၉) ကမ္မဋ္ဌာန်းကျောင်း ၃, (၁၀) ကမ္မဋ္ဌာန်းကျောင်း ၄, (၁၁) ဆွမ်းစားကျောင်းဟောင်း, (၁၂) ပိဋကတ်တိုက်, (၁၃) ဆယ်ခန်းတွဲ ကမ္မဋ္ဌာန်းတိုက် (က), (၁၄) ဆယ်ခန်းတွဲ ကမ္မဋ္ဌာန်းတိုက် (ခ), (၁၅) အောက်ထက်အအေးခန်းနှင့် စံကျောင်း, (၁၆) ဆယ်ခန်းတွဲ အုတ်ဂူတိုက်, (၁၇) အမျိုးသမီးယောဂီ တန်းလျား (က), (၁၈) အမျိုးသမီး ယောဂီတန်းလျား (ခ), (၁၉) အမျိုးသမီးယောဂီတန်းလျား (၈), (၂၀) အမျိုးသမီးယောဂီ တန်းလျား (ဃ), (၂၁) မဟာစည်ကျောင်းတော် (၂၂) ဆွမ်းစားကျောင်းတိုးချဲ့, (၂၃) အောက်ဆွမ်းစားကျောင်း, (၂၄) ဒေါ်ငွေစောနှင့် ဒေါ်သာမေဇရပ်, (၂၅) ဦးချက် -ဒေါ်စောဇရပ်, (၂၆) ဦးထင်ပေါ် -ဒေါ်သန်းခင်ဇရပ်, (၂၇) ဦးမောင်စိန်ဇရပ်, (၂၈) နယူးဆေးတိုက် ဒေါ်နုနုဇရပ်, (၂၉) ဒေါ်အေးကြည်, ဒေါ်တင်ဦးဇရပ်, (၃၀) ဟံသာအေး ၂ -ထပ်တိုက်, (၃၁) ဒေါ်ဓမ္မေသီ, ဒေါ်ပုည, ဒေါ်အဖိန် ၁-ထပ်တိုက်, (၃၂) သန္တာအေး ၁ -ထပ်တိုက်, (၃၃) ဒေါ်ဉာဏစာရီ, ဒေါ်သန်းသန်း,ဒေါ်ကြည်ကြည်သန်း, ဒေါ်စောခင်သိန်း ၁-ထပ်တိုက်, (၃၄) စန္ဒာမြိုင် ၂-ထပ်တိုက်, (၃၅) ဦးဘရှင် -ဒေါ်စိန်စိန်ဇရပ် ၁-ထပ်တိုက်, (၃၆) ဦးသက်ဖေ-ဒေါ်အေးခင်ဇရပ် ၁-ထပ်တိုက်, (၃၇) ဦးကျင်ပိုး, ဒေါ်ရွှေမှန်ဇရပ် ၁ -ထပ်တိုက်, (၃၈) ဒေါ်ကြွေ, ဦးအောင်ခင် ဓမ္မာရုံ ၁-ထပ်တိုက်, (၃၉) နာယကဆရာတော်စံကျောင်း ၁ -ထပ်တိုက်, (၄၀) ဒေါ်စောမြ မိသားစုဇရပ် ၁ -ထပ်တိုက်, (၄၁) နိုင်ငံခြားတိုက် (အမျိုးသားယောဂီ), (၄၂) အမှတ် ၁ -တိုက်, (၄၃) အမှတ် ၂ -တိုက်, (၄၄) အမှတ် ၃ -တိုက်, (၄၅) အမှတ် ၄-တိုက်, (၄၆) အမှတ် ၅ -တိုက်, (၄၇) ဒေါ်ဖွားခင်, ဦးစိန်ဖေ, ဒေါ်ဦးဇရပ်, (၄၈) အရိယာဝါသ (သံဃာ ယောဂီ), (၄၉) အလုပ်သမားတန်းလျား, (၅၀) ဟိတေသီဓမ္မာရုံ, (၅၁) ဆေးပေးခန်း, မီးဖို, (၅၂) သံဃာဝါသ, (၅၃) ငွေရတုသဘင် မုခ်ဦးပြာသာဒ်, (၅၄) ဒေါ်တင်တင်သိန်းဇရပ်, (၅၅) မဟာဓမ္မစာရိနီ (သက်ကြီးဆောင်), (၅၆) ဒေါ်မြ, ဒေါ်မြင့်ဇရပ်, (၅၇) စံရိပ်ငြိမ်, (၅၈) ရေလောင်းကန်နှင့် ထင်းရုံ, (၅၉) ဖလ်ယဉ်ဓမ္မာရုံ ရေချိုးခန်း အိမ်သာ, (၆၀) (က) (ခ) တိုက်အိမ်သာရေချိုးခန်း, (၆၁) ဆယ်ခန်းတွဲ (က) (ခ) အိမ်သာရေချိုးခန်း, (၆၂) သာသနာစာရ ၃ -ထပ်တိုက်ကျောင်း, (၆၃) သာသနပါလ ၃-ထပ်တိုက်ကျောင်း, (၆၄) သီတာအေး ၂ -ထပ်တိုက် ကျောင်း,
စသည့် အဆောက်အအုံကြီးငယ်တို့ဖြင့် ပြည့်ကျပ် စည်ကားလျက် ရှိပေ၏။

ဧဝဥှိ အဓုနာ ရိပ်သာ-အာရာမော ဝိရူဠှော ဘဝိ၊
ဣဒ္ဓံ ဖီတံစ သမ္ပတ္တော, သမ္ပတ္တာနံ မနောရမော။

မဟာစည်ဆရာတော်ဘုရားကြီး ရောက်စက ရန်ကုန်သာသနာ့ရိပ်သာ

မဟာစည်ဆရာတော် ရန်ကုန်မြို့ ကြွတော်မူစဉ်က သင်္ကန်း, သပိတ် အစရှိသော ပရိက္ခရာရှစ်ပါးနှင့် ဖိနပ်မှတပါး အခြားအပိုပစ္စည်း အသုံးအဆောင်များ မပါချေ၊ မှတ်စုမှတ်တမ်း စာအုပ်များပင် မပါချေ၊ ထိုစဉ်က ရန်ကုန်သာသနာ့ရိပ်သာ၌ အဆောက်အအုံများမှာ အနည်းငယ်မျှသာ ရှိသေးသည်၊ ဆရာတော်သီတင်းသုံးရန် စံကျောင်းတော်နှင့် ကမ္မဋ္ဌာန်းနည်းပြဆရာများ သီတင်းသုံးရန် ဆောက်လုပ် ထားသော သစ်သားကျောင်းငယ် ၄-ဆောင်, ဆွမ်းစားကျောင်းမျှသာ ရှိသေးသည်၊ ၁၃၁၁-ခု နှစ်ဦး တန်ခူးလဆုတ် ၅-ရက်နေ့ကပင် သိမ်သမုတ်ထားခဲ့သော အဆောက်အအုံမှာ မဆောက်ရသေးချေ၊ သံဃာ့ကံ ပြုနိုင်ရုံ ယာယီမျှသာ ရှိသေးသည်။

သာသနာ့ရိပ်သာသည် ဆရာတော် ကြွရောက် သီတင်းသုံးတော်မူပြီးနောက် တရှိန်တည်း တိုးတက်စည်ကား ကြီးပွားခဲ့လေသည်၊ ယောဂီပုဂ္ဂိုလ်များ အနေနှင့် လည်း ကမ္ဘာအနှံ့အပြား အံ့မခန်းဦးရေ သိန်းပေါင်းများစွာ ရှိလေပြီတကား၊ မဟာစည်ဆရာတော် ပေါ်ထွန်းခြင်းကား လောကသားတို့ အတိုင်းမသိ ကျေးဇူး ရှိလေပြီတကား။

မဟာစည်ထေရဥပ္ပါဒေါ, လောကဿ အတ္ထကော ဘဝေ၊
ကာလေန ကာလံ ဤဒိသော, ပုဂ္ဂလော ဟိ ဥပ္ပဇ္ဇတိ။

ဒေါ်စောခင်, ဦးဘိုးသင်, ဒေါ်ဒေါ်ညွှန့် စသည့် ယောဂီ ၂၅-ဦး

ဆရာတော်ရောက်လျှင်ရောက်ချင်း တရားအားထုတ်မည့် ယောဂီများ အဆင်သင့် မရှိသေးချေ၊ သို့ရာတွင် ဆရာတော်က တရားအားထုတ်လိုသူများရှိက တရား ပြမည်ဖြစ်ကြောင်း မိန့်ကြားတော်မူလေရာ ၁၃၁၁ -ခုနှစ် နတ်တော်လပြည့်နေ့တွင် တရားအားထုတ်လိုကြသော ဒေါ်စောခင်, ဦးဘိုသင်, ဒေါ်ဒေါ်ညွှန့် စသော ယောဂီပေါင်း ၂၅-ဦး ပေါ်ပေါက်ခဲ့လေသည်။

သို့ဖြစ်၍ ထိုသည့် ၁၃၁၁-ခုနှစ် နတ်တော်လပြည့်နေ့မှာပင် ဝိပဿနာအလုပ်ပေး တရားတော်ကြီးကို ဟောကြားတော်မူ၍ စတင် ကမ္မဋ္ဌာန်းပေးတော်မူသည်။ ယင်းသို့ မဟာစည်ဆရာတော် ရန်ကုန် သာသနာ့ရိပ်သာ၌ စတင်၍ တရားဟောရာ နှစ်, လ, ရက်တို့ကို အောက်ပါဂါထာဖြင့် မှတ်တမ်းတင်အပ်ပါသည်။

ဧကာဒသာဓိကေ ဝဿေ, တိသတေကသဟဿကေ၊
ပုဏ္ဏမေ မာဂသီရမှိ, ပဌမံ ဒေသယီ သုဓီ။

အသံသွင်းကြိုးခွေဖွင့်ပြ တရားပေးတော်မူခြင်း

နောက်ကာလတွင်လည်း ယောဂီအသစ် ရောက်လာတိုင်း ဤဝိပဿနာအလုပ်ပေး တရားတော်ကြီးကိုပင် ဟောကြားတော်မူ၍ ကမ္မဋ္ဌာန်းပေးတော်မူသည်၊ ယောဂီများ တနေ့တခြားများပြား၍ လာလေရာ ဆရာတော်ကိုယ်တိုင် မပေးနိုင်သဖြင့် ၁၃၁၃-ခု ဝါဆိုလမှစ၍ အသံသွင်းကြိုးခွေဖြင့် သွင်းထားသောတရားကိုပင် ဖွင့်ပြစေ၍ ကမ္မဋ္ဌာန်းပေးတော်မူသည်၊

၁၃၁၆-ခုနှစ်တွင် ထိုဝိပဿနာ အလုပ်ပေး တရားတော် ကြီးကို အသံသွင်း ကြိုးခွေမှ ကူးယူ၍ စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေခဲ့လေသည်၊ နောက်အချိန်များ၌လည်း အခါအားလျော်စွာ ထပ်မံပုံနှိပ်ခဲ့ရာ ၁၃၃၈-ခုနှစ်အထိ အကြိမ်ပေါင်း ၁၀-ကြိမ်အထိ ရိုက်နှိပ်ပြီး ဖြစ်လေသည်၊ ဆရာတော်ကား ကရုဏာ အပြည့်အဝဖြင့် အလွန်လျှင် ကြိုးပမ်းတော်မူပါပေသည်။

ဧဝံ သော ထေရသေဋ္ဌော ဟိ, အာရဘတိ သုဓီတိမာ
ကရုဏာယ သေဉ္စာဒိတော, ဇနာနံ သုဟိတာဝဟော

နေ့စဉ် စစ်ဆေးတော်မူခြင်း

ဝိပဿနာ အလုပ်ပေးတရားတော်ကြီးဖြင့် ကမ္မဋ္ဌာန်း ပေးတော်မူပြီးနောက် ယောဂီများကို နေ့စဉ် စစ်ဆေးတော်မူသည်၊ ယောဂီများသည် မိမိတို့ အတွေ့အကြုံ များကို မကွယ်မဝှက်ပဲ အမှန်အတိုင်း လျှောက်ထားကြရသည်။ ဆရာတော်သည် ယောဂီများ၏ အတွေ့အကြုံအလိုက် ပြုပြင်သင့်သည်များကို ပြုပြင်ပေးတော်မူသည်၊

ဤသို့ နေ့စဉ်စစ်ဆေးခြင်းမှာ မဟာစည်ဆရာတော် ကမ္မဋ္ဌာန်း၏ အားရကျေနပ်စရာ အချက် ဖြစ်လေသည်၊ ယောဂီပုဂ္ဂိုလ် လမ်းမှားသွားမည်ကို မစိုးရိမ်ရတော့ချေ၊ ဤနည်းဖြင့် မဟာစည်ဆရာတော်၏ ကမ္မဋ္ဌာန်းနည်းသည် တကမ္ဘာလုံး လွှမ်းခြုံအောင် ပျံ့နှံ့လာလေသည်

ဧဝံ ဒိဝါ ရတ္တိံတဿ, ထေရဿ ထိရဉာဏိနော
ကမ္မဋ္ဌာနနယော ဧသော, လောကေ ဟိ အဘိပတ္ထဋော

အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိခြင်း

ဆရာတော်သည် သိက္ခာတော် ၂၆-ဝါအရ ၁၃၁၁-ခုနှစ် နတ်တော်လပြည့်နေ့မှစ၍ ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ ဝိပဿနာလုပ်ငန်းတရားများကို ဟောကြားညွှန်ပြ သွန်သင်ဆုံးမတော်မူခဲ့ရာ ၁၃၁၅-ခုနှစ် နယုန်လအထိ တရားအားထုတ်ပြီး ရဟန်း ရှင်လူ ယောဂီပေါင်း (၃၈၁၂) ဦး ရှိခဲ့သည်။

ကမ္မဋ္ဌာန်းရိပ်သာခွဲပေါင်း မြန်မာပြည်အရပ်ရပ်၌ ၁၀ဝ-ကျော်ရှိသည့်ပြင် ယိုးဒယား (ထိုင်း) နိုင်ငံ, သီဟိုဠ်နိုင်ငံ (သီရိလင်္ကာနိုင်ငံ) တို့၌လည်း ပျံ့နှံ့လျက် ရှိခဲ့သည်၊ ရန်ကုန်သာသနာ့ရိပ်သာ၌ ၁၃၁၁-ခုနှစ် နတ်တော်လပြည့်မှစ၍ ၁၃၃၉-ခုနှစ် သီတင်းကျွတ် လပြည့်နေ့အထိ တရားအားထုတ်သူ ယောဂီဦးရေပေါင်း-

  • ၁။ ရဟန်းယောဂီ ၁၁၆၉၆-ပါး
  • ၂။ အမျိုးသားယောဂီပေါင်း ၆၅၆၇-ဦး
  • ၃။ သီလရှင်ယောဂီပေါင်း ၁၈၃၄-ဦး
  • ၄။ အမျိုးသမီးယောဂီပေါင်း ၁၇၂၀၇-ဦး
  • စုစုပေါင်း ၃၇၃၀၄-ဦး ဖြစ်လေသည်။

မြန်မာနိုင်ငံ အနယ်နယ်အစို့စို့ အမြို့မြို့အရွာရွာရှိ ကမ္မဋ္ဌာန်းဌာနခွဲပေါင်း၂၅၁-ရှိရာ တရား အားထုတ်ခဲ့ကြသော ရဟန်းရှင်လူ ယောဂီဦးရေပေါင်းမှာ ၁၃၃၉-ခုနှစ် သီတင်းကျွတ်လအထိ (၇၈၇၄၈၀)ဦး ဖြစ်လေသည်၊ ဤသို့စသည်ဖြင့် ဆရာတော်၏ လုပ်ငန်းသည် အံ့မခန်းအောင်မြင်ခဲ့လေသည်

ဤသို့ စသည်ဖြင့် အလွန်လျှင် ထူးချွန်တော်မူသော မဟာစည်ဆရာတော်သည် ရန်ကုန်မြို့ သာသနာ့ရိပ်သာသို့ ကြွရောက် သီတင်းသုံး၍ ၂-နှစ်ကြာရှိရာ ၁၃၁၃ -ခုနှစ်တွင် နိုင်ငံတော်အစိုးရတို့ လေးမြတ်ကြည်ဖြူ ဆက်ကပ်လှူဒါန်းသည့် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူခဲ့လေသည်၊

ဆရာတော်နှင့်အတူ ပခုက္ကူမြို့ မဟာဝိသုတာ ရာမတိုက် ဆရာတော် အရှင်သုန္ဒရ, အရှင်နန္ဒဝံသ, မန္တလေးမြို့ ဒက္ခိဏာရာမတိုက် သာသနာဇောတိကာရုံကျောင်း ဆရာတော် အရှင်နာရဒ, ရန်ကုန်မြို့ ကျောင်းတော်ရာ ရွှေကျင်တိုက် မန်းဦး ဆရာတော် အရှင်ဇောတိ, ညောင်လေးပင်မြို့ တောရကျောင်း ဆရာတော် အရှင်အရိယ, စစ်ကိုင်းတောင်ရိုး အတိသုဒ္ဓါရုံချောင်ဆရာတော် အရှင်ဇောတိပါလ တို့လည်း အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူကြသည်။

အဂ္ဂမဟာပဏ္ဍိတောတိ, ဂရုပါမိဝရေနာပိ
ပူဇေသုံ မြန်မာ့ဘူပါလာ, ပူဇာဝိဓိသုကောဝိဒါ

တေတ္တိံသတိမပိုင်း

ဆဋ္ဌသင်္ဂါယနာတင်ရန် ဆုံးဖြတ်ခြင်း

မြန်မာနိုင်ငံတော်ရှိ သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ အလို ဆန္ဒနှင့်အညီ ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ကြီး ကျင်းပရေးအတွက် ထောက်ပံ့ရန် နိုင်ငံတော်အစိုးရ၌ ဆန္ဒဖြစ်ပေါ်ခဲ့သည်။

၁၃၁၃-ခုနှစ် သီတင်းကျွတ်လဆန်း ၁-ရက်နေ့တွင် ပြည်ထောင်စု ပါလီမန် အစည်းအဝေးကြီး၌ ကမ္ဘာသူ, ကမ္ထာသားများ မျက်မှောက်တွေ့ကြုံနေရသော ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းရာ၌ လောကီကြီးပွားရေး အစီအစဉ် များဖြင့်သာ တင်းတိမ်မနေပဲ ထိုပြဿနာများ၏ အကြောင်းရင်း ဖြစ်သော လောဘမီး, ဒေါသမီး, မောဟမီးတို့ကို ငြိမ်းအေးစေရန် ဘာသာရေး အစီအစဉ်များကိုလည်း ပြုလုပ်ကြရမည် ဟူသော ပြည်ထောင်စု ပါလီမန်က အကြွင်းမဲ့ယုံကြည်ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ချက်ချမှတ်ကြသည်

ဆဋ္ဌသင်္ဂီတိကိစ္စံ တေ, ကာတုံ ရာဇသဘာယ ဝေ
နိစ္ဆိနန္တိ သဗ္ဗေ မစ္စာ, သမာနအဇ္ဈာသယာ ဟိ ယေ

ဗုဒ္ဓသာသနာအဖွဲ့သို့ လွှဲပြောင်းပေးခြင်း

ဆဋ္ဌသင်္ဂါယနာဆိုင်ရာ စီစဉ်ရေးကိစ္စများကို နိုင်ငံတော်အစိုးရက နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့သို့ ၁၃၁၃-ခု သီတင်းကျွတ်လဆုတ် ၁၃-ရက်နေ့တွင် လွှဲအပ်လေသည်

မြန်မာနိုင်ငံတော်အတွင်းရှိ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ, နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်ကြီးများ, နိုင်ငံတော် ဝိနည်းဓိုရ် ဆရာတော်ကြီး များ ပါဝင်သော သံဃာ့အစည်းအဝေး ၃-ကြိမ် ကျင်းပ၍-

  1. ထေရဝါဒနိုင်ငံများဖြစ်သော မြန်မာ, သီဟိုဠ်, ယိုးဒယား, ကမ္ဗောဒီးယားနှင့် လာအိုတို့ ပူးပေါင်းကြီးမှူးသည့် သင်္ဂါယနာ မဟာဓမ္မသဘင်ကြီး ဆင်ယင်ကျင်းပရန်
  2. ထိုသင်္ဂါယနာတွင် ဘုရားဟော ပါဠိတော်များ၌ ပမာဒလေခပုဒ်ပါဌ်များကို သုဓ်သင်ပြင်ဆင်ရန်
  3. သုဓ်သင်ပြင်ဆင်ပြီး ပါဠိတော်များကို သင်္ဂါယနာ တင်ပြီးလျှင် ပုံနှိပ်၍ ကမ္ဘာ အရပ်ရပ်သို့ ပျံ့နှံ့စေလျက် အဓွန့်ရှည်စွာ တည်စေရန်

ဆဋ္ဌသင်္ဂါယနာ ကိစ္စအတွက် ဝန်ဆောင်သံဃာ့အဖွဲ့, နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်ဗုဒ္ဓသာသနာ အဖွဲ့တို့အား အခါအားလျော်စွာ ဩဝါဒပေးတော်မူရန် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ, နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ, နိုင်ငံတော်ဝိနည်းဓိုရ် ဆရာတော်ကြီးများ ပါဝင်သည့် ဩဝါဒါစရိယ သံဃနာယကအဖွဲ့ကို ဖွဲ့စည်းတော်မူခဲ့ကြလေသည်။

သံဃာဘက်ဆိုင်ရာ ကိစ္စအဝဝကို ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်မှ သံဃာ့ ကိုယ်စားလှယ်တော် ၂၅-ပါး, သီဟိုဠ် (သီရိလင်္ကာ), ထိုင်း ကမ္ဗောဒီးယားနှင့် လောနိုင်ငံတို့မှ ကိုယ်စားလှယ်တော် တပါးစီ ပါဝင်သော ဘာရနိတ္ထာရသံဃသဘာ (သင်္ဂါယနာဝန်ဆောင်သံဃာ့အဖွဲ့) ကို ဖွဲ့စည်းတော်မူကြသည်။

ဝန်ဆောင်သံဃာ့အဖွဲ့၌ အဘိဓဇမဟာရဋ္ဌဂုရု ညောင်းရမ်း ဆရာတော်ဘုရားကြီး အရှင်ရေဝတက ဥက္ကဋ္ဌအဖြစ်ဖြင့် လည်းကောင်း, အဂ္ဂမဟာပဏ္ဍိတ ရန်ကုန်မြို့ ခြောက်ထပ်ကြီးဆရာတော် အရှင်ကောဏ္ဍညက ဒုတိယဥက္ကဋ္ဌအဖြစ်ဖြင့် လည်းကောင်း, ရန်ကုန်မြို့ ဗားကရာတောရ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်နာဂဝံသနှင့် မန္တလေးမြို့ ဝိဇ္ဇာလင်္ကာရကျောင်းတိုက် အဂ္ဂမဟာပဏ္ဍိတ အရှင်ဝိသုဒ္ဓါဘိဝံသတို့က အကျိုးတော်ဆောင်များ အဖြစ်ဖြင့်လည်းကောင်း ဆောင်ရွက်တော်မူကြသည်၊

၁၃၁၆-ခုနှစ် တပို့တွဲ လပြည့်နေ့တွင် အဘိဓဇမဟာရဋ္ဌဂုရု ညောင်းရမ်းဆရာတော် ဘုရားကြီး အရှင်ရေဝတ ဘဝနတ်ထံ ပျံလွန်တော်မူသဖြင့် အဘိဓဇ မဟာရဋ္ဌဂုရု မစိုးရိမ် ဆရာတော်ဘုရားကြီး အရှင်သူရိယာဘိဝံသက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် တော်မူခဲ့လေသည်။

ဆဋ္ဌသင်္ဂီတိပုစ္ဆကအဖြစ် ဆောင်ရွက်တော်မူခြင်း

ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ကြီးကို ပါဠိတော်သင်္ဂါယနာ, အဋ္ဌကထာသင်္ဂါယနာ, ဋီကာသင်္ဂါယနာ ဟူ၍ ၃-ကြိမ် ခွဲ၍ ကျင်းပတော်မူခဲ့ရာ ပါဠိတော် သင်္ဂါယနာကို ၁၃၁၆-ခုနှစ် ကဆုန်လပြည့်နေ့တွင် စတင်ဖွင့်လှစ် သင်္ဂါယနာတင်တော်မူရာ ၁၃၁၈-ခုနှစ် ကဆုန်လဆန်း ၁၀-ရက်နေ့တွင် ပြီးဆုံးခဲ့လေသည်၊

ယင်းသင်္ဂါယနာတင် အောင်ပွဲ အထိမ်းအမှတ် သာသနာ ၂၅၀ဝ ပြည့်အောင်ပွဲကို ၁၃၁၈-ခုနှစ် ကဆုန် လဆန်း ၁၂-ရက်မှ ကဆုန် လပြည့်ကျော် ၃-ရက်နေ့အထိ ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၌ ကျင်း ပခဲ့ကြသည်၊

နယ်များ၌ ကဆုန်လဆန်း ၁၄-ရက်နေ့မှ ကဆုန်လပြည့်ကျော် ၁-ရက်နေ့အထိ ကျင်းပခဲ့လေသည်၊ ဖော်ပြပါ တိပိဋက ပဉ္စနိကာယပါဠိတော် သင်္ဂါယနာအဂ္ဂမဟာပဏ္ဍိတ မဟာစည် ဆရာတော်ဘုရားကြီးသည် ပုစ္ဆကအဖြစ်ဖြင့် ဆောင်ရွက်တော်မူခဲ့လေသည်

ဝိနည်း ပိဋကသင်္ဂါယနာတင်စဉ် ပခုက္ကူမြို့ မဟာဝိဇယာရာမတိုက် အဂ္ဂမဟာပဏ္ဍိတ, အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော်ဘုရားကြီး အရှင်ဇဝနက ပဌမပါရာဇိကသိက္ခာပုဒ်ကို ပုစ္ဆကအဖြစ် ဆောင်ရွက်၍ ကျန်အားလုံး မဟာစည် ဆရာတော်က ပုစ္ဆကအဖြစ် ဆောင်ရွက်တော်မူခဲ့သည်၊ ဝိဿဇ္ဇကအဖြစ် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက, အဂ္ဂမဟာပဏ္ဍိတ, အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသက ဆောင်ရွက်တော်မူခဲ့လေသည်၊

ထိုစဉ်က ဆဋ္ဌသင်္ဂါယနာ သံဃမဟာနာယက ဥက္ကဋ္ဌ ဆရာတော်ဘုရားကြီး ဖြစ်တော်မူသော ရေဝတာဘိပဏ္ဍိတဓဇ သာသနဝံသ မဟာဓမ္မရာဇဂုရု, အဘိဓဇမဟာရဋ္ဌဂုရု ညောင်ရမ်း ဆရာတော်ဘုရားကြီးက -

သုဏာတု မေ ဘန္တေ သံဃော၊ မဟတီ အယံ ပရိသာ၊ အရှင်ဘုရားတို့ ... သံဃာတော်သည် တပည့်တော်၏ စကားကို နာယူစေချင်ပါသည်၊ ဤပရိသတ်ကြီးသည် များပြားလှပါ၏၊
ဧဝရူပါယ ပရိသာယ န သုကရာ သဗ္ဗသော ကထံ သာဝေတုံ၊ ဤသို့ များပြားလှသော ပရိသတ်၌ စကားအပြည့်အစုံ အကုန်ကြားအောင် ပြောကြားခြင်းငှါ မလွယ်ကူပါ၊
တသ္မာ အာယသ္မ တော စ သောဘနဿ သာသနာ့ရိပ်သာရာမာဓိဝါသိနော အာယသ္မ တော စ ဝိစိတ္တသာရာဘိဝံသဿ တိပိဋကဓရဓမ္မဘဏ္ဍာ ဂါရိကဿ ဝိနယပုစ္ဆန ဘာရဉ္စ ဝိနယဝိဿဇ္ဇန ဘာရဉ္စ အာဝဟိတုံ ဩကာသံ ဒမ္မိ၊ ထို့ကြောင့် သာသနာ့ရိပ်သာ မဟာစည်ဆရာတော် အရှင်သောဘနမထေရ်အား လည်းကောင်း, တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဖြစ်သော အရှင်ဝိစိတ္တသာရာဘိဝံသအား လည်းကောင်း, ဝိနည်းကို မေးမြန်းရန် တာဝန်ကိုလည်းကောင်း, ဝိနည်းကို ဖြေဆိုရန် တာဝန်ကိုလည်းကောင်း ရွက်ဆောင်ကြရန် အခွင့်ပေးပါ၏၊
ကရောထ တုမှေ အာဝုသော ဆဋ္ဌသင်္ဂီတိ ပုဗ္ဗင်္ဂမာနိ ဝိနယပုစ္ဆန ဝိနယဝိဿဇ္ဇန ကိစ္စာနိ ယထာဓမ္မံ ယထာဝိနယံ။ ငါ့ရှင်တို့ .. သင်တို့သည် ဆဋ္ဌသင်္ဂါယနာ၏ ရှေ့သွားဖြစ်ကုန်သော ဝိနည်းကိုမေးခြင်း, ဝိနည်းကိုဖြေခြင်း ကိစ္စတို့ကို ဓမ္မဝိနယ လာရှိအတိုင်း ပြုလုပ်ကြကုန်လော့”
ဟု ခွင့်ပေးတော်မူသည်၊ ယင်းသို့ ဆဋ္ဌသင်္ဂါယနာ သံဃမဟာနာယက ဥက္ကဋ္ဌ ဖြစ်တော်မူသော ညောင်းရမ်းဆရာတော်ဘုရားကြီး၏ ခွင့်ပြုချက်အရ မဟာစည် ဆရာတော်ဘုရားကြီးက ဆဋ္ဌသင်္ဂီတိပုစ္ဆကတာဝန်ကို ဆောင်ရွက်တော်မူ၍ အရှင် ဝိစိတ္တသာရာဘိဝံသက ဆဋ္ဌသင်္ဂီတိဝိဿဇ္ဇက အဖြစ်ဖြင့် ဆောင်ရွက်တော်မူခြင်း ဖြစ်လေသည်။

မဟာစည်ဆရာတော်ဘုရားကြီး ဆဋ္ဌသင်္ဂီတိပုစ္ဆကတာဝန်ကို ဆောင်ရွက်ရာ၌ -

သုဏာတု မေ ဘန္တေ သံဃော ယဒိ သံဃဿ ပတ္တကလ္လံ အဟံ အာယသ္မန္တံ ဝိစိတ္တသာရာဘိဝံသံ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကံ ဝိနယံ ပုစ္ဆေယျံ
“အရှင်ဘုရားတို့ ... သံဃာတော်သည် တပည့်တော်၏ စကားကို နာယူ စေချင်ပါသည်၊ သံဃာတော်အား သင့်လျော်လျောက်ပတ်သောအခါ (အင်္ဂါနှင့် ပြည့်စုံခြင်း) ရှိသည့်ကံဖြစ်ပါမူ တပည့်တော်သည် တိပိဋက ဓရဓမ္မဘဏ္ဍာဂါရိက ဖြစ်သော အရှင်ဝိစိတ္တသာရာဘိဝံသကို ဝိနည်းပိဋက ဆိုင်ရာကို မေးမြန်းစိစစ်ပါမည် ဘုရား”
ဟု ပါဠိ, မြန်မာ ၂-ဘာသာဖြင့် ဉတ်ထား၍ မေးမြန်းတော်မူခဲ့လေသည်

ဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသကလည်း-

သုဏာတု မေ ဘန္တေ သံဃော ယဒိ သံဃဿ ပတ္တကလံ အဟံ အာယသ္မတာ သောဘနတ္ထေရေန သံဃနာယကမဟာထေရဿ ပဋိနိဓိဘူတေန ဝိနယံ ပုဋ္ဌော ဝိဿဇ္ဇေယျံ
“အရှင်ဘုရားတို့ ... သံဃာတော်သည် တပည့်တော်၏ စကားကို နာယူစေချင် ပါသည်၊ သံဃာတော်အား သင့်လျော်လျောက်ပတ်သောအခါ (အင်္ဂါနှင့် ပြည့်စုံခြင်း) ရှိသည့်ကံဖြစ်ပါမူ တပည့်တော်သည် သံဃာနာယက မဟာထေရ်၏ ကိုယ်စား ဖြစ်တော်မူသော အရှင်သောဘန မထေရ်သည် မေးမြန်းအပ်သည်ဖြစ်၍ ဝိနည်း ပိဋကဆိုင်ရာကို ဖြေကြား လျှောက်ထားပါမည်ဘုရား
ဟူ၍ ပါဠိ, မြန်မာ ၂-ဘာသာဉတ်ထား၍ ဖြေဆိုတော်မူခဲ့လေသည်

ယင်းသို့ ဆရာတော် ၂-ပါးလုံး ဉတ်ထားပြီးနောက် မဟာစည်ဆရာတော်ဘုရားက -

ယံ တေန အာဝုသော ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန ဒုတိယံ ပါရာဇိကံ ကတ္ထ ပညတ္တံ
“သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော, မဖောက်မပြန် သယမ္ဘူဉာဏ်ဖြင့် ဉေယ ျဓံတရား ၅-ပါး ခပ်သိမ်းသော တရားတို့ကို ပိုင်းခြား ထင်ထင် သိမြင်တော်မူသော ထိုမြတ်စွာဘုရားသည် အကြင်ဒုတိယ ပါရာဇိက သိက္ခာပုဒ်ကို ပညတ်ထားတော်မူခဲ့ပေ၏၊ ထိုဒုတိယပါရာဇိက သိက္ခာပုဒ်ကို ဘယ်မြို့ ဒေသ ဘယ်ဌာန၌ သဗ္ဗညုဘုရားရှင်သည် ပညတ်တော်မူခဲ့ပါသနည်း ငါ့ရှင်”
စသည်ဖြင့် ပါဠိ -မြန်မာ ၂-ဘာသာဖြင့် သိက္ခာပုဒ်ပညတ်ရာ နိဒါန်းစသည်ကို မေး၍ ဝိဿဇ္ဇက ဆရာတော်က မေးသမျှကို ဖြေတော်မူပြီးလျှင် မဟာစည် ဆရာတော် ဘုရားကြီးသည် သင်္ဂါယနာတင်ရန် ဉတ်ကို အောက်ပါအတိုင်း ပါဠိ, မြန်မာ နှစ်ဘာသာဖြင့် ထားတော်မူခဲ့လေသည်

သင်္ဂါယနာတင်ရန် ဉတ်ထားပုံ

သုဏာတု မေ ဘန္တေ သံဃော အဟံ ဘန္တေ အာယသ္မန္တံ ဝိစိတ္တသာရာဘိဝံသ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကံ ဒုတိယဿ ပါရာဇိကဿ နိဒါနမ္ပိ ပုစ္ဆိံ ပုဂ္ဂလမ္ပိ ပုစ္ဆိံ ဝတ္ထုမ္ပိ ပုစ္ဆိံ ပညတ္တိမ္ပိ ပုစ္ဆိံ အနုပညတ္တိမ္ပိ ပုစ္ဆိံ အာပတ္တိမ္ပိ ပုစ္ဆိံ အနာ ပတ္တိမ္ပိ ပုစ္ဆိံ အညာနိပိ ဤဒိသာနိပုစ္ဆိတဗ္ဗ ဌာနာနိ အနေကာနိ ပုစ္ဆိံ၊ အရှင်ဘုရားတို့ ... သံဃာတော်သည် တပည့်တော်လျှောက်ထားသော စကားကို နားဆင်တော်မူစေလိုပါသည်။ တပည့်တော်သည် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ရဖြစ်တဲ့ အရှင်ဝိစိတ္တသာရကို ဒုတိယ ပါရာဇိက သိက္ခာပုဒ်၏ ပညတ်ရာဌာန နိဒါန်းကိုလည်း မေးပြီးပါပြီ အရှင်ဘုရား၊ အစွဲပြု၍ ပညတ်ရာ ဖြစ်သော အမှုကို လွန်ကျူးခဲ့သည့် ပုဂ္ဂိုလ်ကိုလည်း မေးပြီးပါပြီ အရှင်ဘုရား၊ သိက္ခာပုဒ် ပညတ်ခြင်း၏ အကြောင်းဝတ္ထု, လွန်ကျူးသော အမှု ကိုလည်း မေးပြီးပါပြီ အရှင်ဘုရား၊ မူလပညတ်ကိုလည်း မေးပြီးပါပြီ၊ အနုပညတ် ကိုလည်း မေးပြီးပါပြီ၊ အာပတ်သင့်ပုံကိုလည်း မေးပြီးပါပြီ၊ အာပတ်မသင့်ပုံ အာပတ်လွှတ်ပုံကိုလည်း မေးပြီးပါပြီ၊ ထိုမှတပါး အလားတူဖြစ်သော မေးသင့် မေးထိုက်တဲ့ အရာများစွာတို့ကိုလည်း မေးပြီးပါပြီ အရှင်ဘုရားတို့၊

ပုဋ္ဌော ပုဋ္ဌော စသော အာယသ္မာ ဝိစိတ္တသာရာဘိဝံ သော ဝိဿဇ္ဇေသိ၊ သို့ဖြစ်ပါ၍ ဤဒုတိယပါရာဇိက သိက္ခာပုဒ်သည် အညစ်အကြေးကင်းလျက် ကောင်းကောင်းကြီး သန့်ရှင်း စင်ကြယ်နေပါပြီ၊
ဣတိ ဟိဒံ ဘန္တေ ဣဒံ ဒုတိယံ ပါရာဇိကသိက္ခာ ပဒံ နိမ္မလံ သုပရိသုဒ္ဓံ တဿေဝ ဘဂဝတော ဝစနံ အရဟတော သမ္မာ သမ္ဗုဒ္ဓဿ၊ ပူဇော်အထူးကို ခံတော်မူ ထိုက်သော, မဖောက်မပြန် သယမ္ဘူဉာဏ်ဖြင့် ဉေယျဓမ်တရား ငါးပါးတို့ကို ပိုင်းခြား ထင်ထင်သိမြင်တော်မူပြီးသော ထိုမြတ်စွာဘုရားသခင်၏ ဟောကြားတော်မူခဲ့ရင်း, ပညတ်တော်မူခဲ့ရင်း စကားတော် အစစ်အမှန်ပင် ဖြစ်ပါသည်” အရှင်ဘုရားတို့ ....”။

တသ္မာ ယထာပုရေ မဟာကဿပါဒယော မဟာထေရဝရာ ပေါရာဏ သင်္ဂီတိကာရာ ဗြဟ္မစရိယသင်္ခါတဿ ဗုဒ္ဓသာသနဿ စိရဋ္ဌိတိယာ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယအတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ ဓမ္မဝိနယံ သင်္ဂါယိံသုစေဝ အနုသင်္ဂါယိံသုစ၊ သို့ဖြစ်ပါ၍ ရှေးအခါကာလက နှစ်ပေါင်း ၂၅၀ဝ-အတွင်း၌ အရှင်မဟာကဿပ အစရှိသော ရှေးသင်္ဂါယနာတင် မထေရ်မြတ်တို့သည် မဂ္ဂင်ရှစ်ပါးမြတ်သော အကျင့်တရားတည်းဟူသော ဗုဒ္ဓသာသနာတော်ကြီး ရှည်မြင့်စွာတည်တံ့စေခြင်းငှါ, များစွာသော လူအပေါင်း ၏အကျိုးစီးပွား ထွန်းကားစေခြင်းငှါ, လောကကို စောင့်ရှောက်ခြင်းငှါ, နတ်လူအများတို့၏ အကျိုးစီးပွားချမ်းသာတွေ ဖြစ်ထွန်းစေ ခြင်းငှါ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သုတ်, အဘိဓမ္မာ, ဝိနည်းတည်း ဟူသော ဓမ္မဝိနယတရားတော်မြတ်ကို ပထမစ၍လည်း သင်္ဂါယနာတင်ခဲ့ကြပါ ကုန်ပြီ။ ဒုတိယ, တတိယ, စတုတ္ထ, ပဉ္စမအကြိမ်တိုင်အောင် နောက်ထပ် ဆင့်၍လည်း လေးကြိမ်တိုင်တိုင် အနုသင်္ဂါယနာ တင်ခဲ့ကြပါကုန်ပြီ။

ဧဝမေဝ မယမ္ပိ ဒါနိ သဗ္ဗေဝ ဆဋ္ဌသင်္ဂီတိမဟာဓမ္မသဘာ ပရိယာပန္နာ ဣဒံ ဒုတိယပါရာဇိက သိက္ခာပဒံ ဧကတော ဂဏသဇ္ဈာယံ ကတွာ သမဂ္ဂါသမ္မောဒမာနာ ဟုတွာ သင်္ဂါယေယျာမ။ ဤအတူပင် သာသနာတော် သက္ကရာဇ် ၂၄၉၈-ခုမြောက်ဖြစ်သော ယခုအခါကာလ၌လည်း ဤဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ကြီး၌ ပါဝင်လျက်ရှိကြသော ထေရ, နဝ, မဇ္ဈိမ ဖြစ်ကြသော ဘုရား တပည့်တော်တို့အားလုံးသည် ဤဒုတိယပါရာဇိက သိက္ခာပုဒ်တော်ကို တပေါင်းတည်း ရွတ်ဆိုခြင်း ဂဏသဇ္ဈာယကို ပြုတော်မူကြ၍ သင်္ဂါယနာ တင်တော် မူကြပါကုန်စို့ ... သက်တော်ရှည် အရှင်ဘုရားတို့ .....”။

ဤသို့ သင်္ဂါယနာတင်ရန် ဉာတ်ထားပြီးမှ သံဃာတော်အားလုံး မူလ ဝိသောဓန, ပဋိဝိသောဓန, ဩသာနဝိသောဓနအားဖြင့် ၃-ကြိမ်ပြင်၍ ရိုက်နှိပ်ပြီး ဝိနည်းပါဠိတော် ဒုတိယပါရာဇိက သိက္ခာပုဒ်တော်ကို ဖတ်ရွတ်သင်္ဂါယနာတင်တော်မူကြသည်

ဤသို့စသည်ဖြင့် မဟာစည်ဆရာတော်ဘုရားကြီးသည် ပိဋက ၃-ပုံ, နိကာယ် ၅-ရပ် လုံးကို မေးတော်မူခဲ့လေသည်၊ ပုစ္ဆကတာဝန်ကို ၂-နှစ်ပတ်လုံး ဆောင်ရွက်တော် မူခဲ့လေသည်၊ မြန်မာ့သာသနာ ကံကောင်းသဖြင့် ဤကဲ့သို့သော ပုဂ္ဂိုလ်ထူး ပေါ်ပေါက်ခဲ့ခြင်း ဖြစ်လေသည်။

မဟာစည်ထေရသေဋ္ဌော ဟိ, အာဇညော ပုဂ္ဂလော ဝိဒွါ
ဆဋ္ဌသင်္ဂီတိသဘာယံ, ပဥှံ အနုယောဂံ အကာ

စတုတ္တိံ သတိမပိုင်း

အဋ္ဌကထာ သင်္ဂါယနာတွင် စိစစ်ဟောပြောတော်မူခြင်း

အဋ္ဌကထာကျမ်းများကိုလည်း ပထမ, ဒုတိယ, တတိယ, စတုတ္ထသန္နိပါတ လေးကြိမ်ခွဲ၍ သင်္ဂါယနာတင်တော်မူခဲ့ကြရာ ၁၃၁၈-ခုနှစ် နတ်တော်လပြည့်ကျော် ၉-ရက်နေ့မှစ၍ ပါရာဇိကကဏ္ဍအဋ္ဌကထာ ပထမ, ပါရာဇိကကဏ္ဍ အဋ္ဌကထာ ဒုတိယ, ပါစိတျာဒိအဋ္ဌကထာ, စူဠဝဂ္ဂါဒိအဋ္ဌကထာ, သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ, အဋ္ဌသာလိနီ အဋ္ဌကထာတို့ကို ပထမသန္နိပါတအဖြစ် သင်္ဂါယနာတင်တော်မူခဲ့ရာ ၁၃၁၈-ခုနှစ် တပို့တွဲလဆန်း ၁-ရက်နေ့တွင် ပြီးဆုံးခဲ့လေသည်၊

ယင်းအဋ္ဌကထာသင်္ဂါယနာ ပထမသန္နိပါတတွင် သင်္ဂါယနာတွင် ပါဝင်တော် မူကြသော ဆရာတော် သံဃာတော်များ, လာရောက် ကြည်ညိုကြသော ဒါယကာ, ဒါယိကာမတို့ ကြည်ညိုကြရန် ဖွင့်စနေ့တွင် အမေးအဖြေ အနည်းငယ်ပြုလုပ်ပြီး သင်္ဂါယနာ တင်တော်မူကြသည်၊ နောက်ရက်များ မှတ်သားဖွယ်များကို လျှောက်ထားလေသည်၊

ရှေ့ပိုင်းရက်အနည်းငယ် ပခုက္ကူမြို့ မဟာဝိဇယာရာမတိုက် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘုရားကြီး အရှင်ဇဝန, ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော် အရှင်သုန္ဒရဆရာတော်ဘုရားကြီးတို့က စိစစ်လျှောက်ထားတော် မူကြသည်၊ နောက်တွင် အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားကြီးက စိစစ်လျှောက်ထားတော်မူသည်။

ဆရာတော်သည် “အဋ္ဌကထာကို သင်္ဂါယနာတင်တဲ့အခါမှာ ပါဠိတော်များလို နေ့စဉ် မေးဖို့ဖြေဖို့ မလိုတဲ့အတွက် ကြည်ညိုမှတ်သားဖွယ်ကောင်းတဲ့ အချက်များကိုသာ ထုတ်ဆောင်၍ စိစစ်ပြောဆိုရမယ်လို့ ဝန်ဆောင်သံဃာ့အဖွဲ့က ဆုံးဖြတ်ချက် ချထားတဲ့အတိုင်း စိစစ်ပြောဆိုခဲ့သည်မှာ ၇-ရက်ရှိပါပြီ၊ အဲဒီ ၇-ရက် အတွင်းမှာ ပထမ, ဒုတိယ, တတိယသင်္ဂါယနာ ၃-တန် တင်တုန်းက အဋ္ဌကထာနှင့်တကွ ပါဠိတော်များကို သင်္ဂါယနာတင်ခဲ့တဲ့အကြောင်း ရှင်းလင်းပြောဆိုလို့ ပြီးသွားပါပြီ။

“ဒီကနေ့ပြောဖို့ရာ အလှည့်ကျနေတာကတော့ တတိယ သင်္ဂါယနာတင်ပြီးစက ကိုးတိုင်း ကိုးဌာနသို့ သာသနာပြု လွှတ်ခဲ့တဲ့အတွက် ယခုလက်ရှိ ထေရဝါဒ ငါးနိုင်ငံမှာ အဆက်မပြတ် သာသနာတည်ထွန်းပြီး သာသနာ့တာဝန်ကို ဆောင်ရွက် နေတဲ့အကြောင်း ပြောဖို့အလှည့်ကျနေပါတယ်၊ ဒါကြောင့် ယခုသင်္ဂါယနာ တင်နေဆဲဖြစ်တဲ့ သမန္တပါသာဒိကာ ဝိနည်းအဋ္ဌကထာမှာ ပြဆိုထားပုံကို စိစစ် လျှောက်ထားပါတော့မယ်ဘုရား”ဟူ၍ စကားပျိုးကာ စိစစ်လျှောက်ထားတော် မူခဲ့လေသည်၊

ဆရာတော်ကား သမိုင်း, ရာဇဝင်, တိပိဋကကျမ်းဂန္ထ အားလုံး ကျွမ်းကျင် တတ်မြောက်သည့် ပုဂ္ဂိုလ်ဖြစ်တော်မူပါပေသတည်း။

မဟာစည်ထေရမေဓာဝီ, ကဝီနံ ပဝရော ဝိဒွါ
ဣတိဟာသေသု နေကေသု, ဝိညူ ပဏ္ဍိတဇာတိကော

မဖြစ်သင့်တာ ချီးကျူးတာ ဆရာတော်မကြိုက်

မဟာစည်ဆရာတော်ဘုရားကြီးသည် မဖြစ်သင့်တာ ချီးကျူးတာ, ချီးကျူးသင့် တာထက် ပို၍ ချီးကျူ းတာ ဆရာတော် ကြိုက်နှစ်သက်တော်မမူပါချေ၊ ယင်းသို့ ကြိုက်နှစ်သက်တော်မမူကြောင်း အဋ္ဌကထာ သင်္ဂါယနာတင်စဉ်က အောက်ပါစိစစ် ချက်ဖြင့် သိသာလေသည်။

“... အဲဒါကိုပြီးစီးအောင် ဘယ်လောက်ကြာအောင် သူ ရေးရသတုံးဆိုတော့ ‘ဧကသံဝစ္ဆရေနေဝ’ လို့ ဆိုထားပါတယ်၊ တနှစ်ရေးရပါတယ်တဲ့၊ ဒီဝိနည်းအဋ္ဌကထာ ယခု စာအုပ်အရေအတွက်အားဖြင့် ၄-အုပ် ရှိတယ်။”

ဝိသုဒ္ဓိမဂ် ခြောက်လ

“အဲဒီတော့ ၄-အုပ်ရှိတဲ့ ဒီသမန္တပါသာဒိက ဝိနည်း အဋ္ဌကထာကြီးကို တနှစ် ရေးရတယ်ဆိုလျှင် ဝိသုဒ္ဓိမဂ်ကျမ်းကြီး နှစ်အုပ်ရှိတဲ့အတွက် အဲဒီ ဝိသုဒ္ဓိမဂ်ကိုလဲ ၆-လ လောက်တော့ ရေးရဖို့ ရှိနေပါတယ်၊ ဒါပေမယ်လို့ ဗုဒ္ဓဃောသ အတ္ထုပ္ပတ္တိ မှာတော့ တညတည်းနှင့် ၃-စောင်တောင် ပြီးတယ်လို့ ချီးကျူးပြီး ရေးထားပါတယ်၊ အဲဒီလို ချီးကျူးတာကလဲ ဖြစ်သင့်ဖြစ်ထိုက် သလောက်သာ ကောင်းပါတယ်၊ မဖြစ်သင့် မဖြစ်ထိုက်တာတွေကို သိပ်ပြီးချီးကျူးထားလျှင် မှန်ကန်တဲ့ ရေးသားချက် တွေ အပေါ်မှာလဲ နောင်လာ နောက်သားတွေက သံသယ ရှိနေတတ်ပါတယ်၊ ဒါကြောင့် ဒီလို ယုတ္တိမရှိအောင် ချီးကျူးတာတွေတော့ သိပ်မကောင်းပါဘူး

ဆရာတော်ကား ယထာဘူတကျကျ ရေးသူပြောသူကိုသာ နှစ်သက်တော်မူသည့် ပုဂ္ဂိုလ်မြတ် ဖြစ်တော်မူကြောင်း သိသာလေ၏။

မဟာစည်ထေရသေဋ္ဌဿ, ယထာဘူတံ ဟိ ရုစ္စတိ
ဘူတဝါဒိနော သုဓိနော, သဒါဝ တထဝါဒိနော

ပီတိကို ဝိပဿနာရှု

သီလက္ခန်အဋ္ဌကထာ သင်္ဂါယနာတင်စဉ်က ပီတိကို ဝိပဿနာရှုပုံကိုပါ အောက်ပါ အတိုင်း လျှောက်ထားသွားတော်မူပါသည်။

အဲဒီ ပီတိဖြစ်တဲ့အခါမှာ ဝိပဿနာရှုနည်းမရှိလျှင်တော့ ပီတိ ကုသိုလ်လောက်နှင့် ပြီးဆုံးသွားတော့တာပါပဲ၊ ဝိပဿနာလုပ်ငန်းစဉ် ရှိနေလျှင်တော့ အရဟတ္တဖိုလ် တိုင်အောင် ရောက်နိုင်တယ်ဆိုတာကို ဒီမှာ ပြထားပါတယ်၊

ပီတိံ ဥပ္ပါဒေတွာ တဒေဝ ခယတော ဝယတော သမ္မသန္တော အရဟတ္တံ ပါပုဏာတိ”တဲ့၊

ဒါဟာ အဋ္ဌကထာဆရာက သာတ္ထကသမ္ပဇဉ်ကို ပြယင်း ဝိပဿနာရှုပုံကိုပါ ထည့်ပြီးတော့ ဟောသွားတဲ့စကားဖြစ်ပါတယ်၊ မှတ်သားစရာ သိပ်ကောင်းပါတယ်

အဋ္ဌသာလိနီ အဋ္ဌကထာကိုလည်း စိစစ်တော်မူခြင်း

အဋ္ဌသာလိနီအဋ္ဌကထာကြီးကိုလည်း သင်္ဂါယနာ တင်စဉ်က စိစစ်တော်မူခဲ့သည်၊ ထိုစဉ်က ပုံမှန် အတိုင်း ၁-နာရီမှ ၁-နာရီ ၄၅-မိနစ်အထိ စိစစ်တော်မူသည်၊ ဆရာတော်သည် အချိန်ကို အလဟဿမဖြစ်စေပဲ ၁-နာရီ ထိုးခါနီး သာသနာ့ ရိပ်သာမှ မော်တော်ကားဖြင့် ကြွလာပြီး ၁-နာရီထိုးဖို့ ၅-မိနစ်ခန့် အလိုတွင် လိုဏ်ဂူတော်သို့ ရောက်ရှိပြီး မိမိနေရာ၌ သီတင်းသုံး တာဝန်ကျအတိုင်း စိစစ်တော်မူသည်၊

အဋ္ဌသာလိနီ အဋ္ဌကထာကြီး စိစစ် လျှောက်ထားတော်မူရာ အဆုံးတွင် -

“သို့ဖြစ်ပါ၍ ဘုရားတပည့်တော် လျှောက်ထားခဲ့သော ကြည်ညိုဖွယ်ရာ မှတ်သား ဖွယ်ရာ ဂုဏ်များနှင့်တကွ မလျှောက်ထားရပဲ ကြွင်းကျန်နေသော များလှစွာသော ကြည်ညိုဖွယ် မှတ်သားဖွယ် အနက်အဓိပ္ပါယ်တို့နှင့် ပြည့်စုံသော အဋ္ဌသာလိနီ အမည်ရှိသော ဓမ္မသင်္ဂဏီပါဠိတော် ၏ အဖွင့်ဖြစ်သော အဋ္ဌကထာကျမ်းကြီးကို အစဉ်ရောက်ရာအရပ်မှစ၍ တပေါင်းတည်း အညီအညွတ်ရွတ်ဆိုကာ ဝမ်းမြောက် ဝမ်းသာနှင့် သင်္ဂါယနာတင်ကြပါစို့ သက်တော်ရှည် အရှင်ကောင်းတို့” ဟု သာယာ နာပျော်ဖွယ် လျှောက်ထားတော်မူခဲ့လေသည်။ တကယ်တော့ သာသနာတော်၌ အစားရရန် မလွယ်သော ထေရ်ကျော်မဟတ် ပုဂ္ဂိုလ်မြတ်ပါတကား

မဟာစည်ထေရဝိဘာဝီ, ဉာဏီ ဒီဃဒဿီ သုဓီ
သုဓိသမ္ဗုဒ္ဓစက္ကမှိ, အစ္စန္တံ ဒုလ္လဘော ဟိ ခေါ

အဋ္ဌကထာသင်္ဂါယနာ ဒုတိယသန္နိပါတတွင် ပုစ္ဆကတာဝန်ထမ်းဆောင်ခြင်း

၁၃၀၉-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၅-ရက်နေ့မှစ၍ ၁၃၁၉-ခုနှစ် တပို့တွဲ လဆန်း ၄-ရက်နေ့အထိ -

  • ဒီဃနိကာယ်မဟာဝဂ္ဂအဋ္ဌကထာ, ပါထိကဝဂ္ဂအဋ္ဌကထာ,
  • ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာပထမ, ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာဒုတိယ,
  • မဇ္ဈိမနိကာယ်မူလပဏ္ဏာသအဋ္ဌကထာပထမ, မူလပဏ္ဏာသအဋ္ဌကထာဒုတိယ,
  • မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ, ဥပရိပဏ္ဏာသအဋ္ဌကထာ,
  • သံယုတ္တအဋ္ဌကထာပထမ, ဒုတိယ, တတိယ,
  • အဘိဓမ္မပိဋကမှ သမ္မောဟဝိနော ဒနီအဋ္ဌကထာ, ပဉ္စပကရဏအဋ္ဌကထာ

တို့ကို သင်္ဂါယနာတင်တော်မူခဲ့ကြသည်၊ ထိုစဉ် စိစစ်ခန်းကို အနီးစခန်း ဆရာတော်က ဆောင်ရွက်တော်မူခဲ့လေသည်၊ ဖွင့်ပွဲနေ့တွင် မဟာစည် ဆရာတော် ဘုရားကြီးက ပုစ္ဆကတာဝန် ဆောင်ရွက်၍ ဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသက ဝိဿဇ္ဇက အဖြစ် ဆောင်ရွက်တော်မူခဲ့လေသည်၊

ယင်းသည့် ဒုတိယသန္နိပါတ ဖွင့်ပွဲ နေ့ ၁-နာရီ အချိန်ခန့်တွင် မဟာစည်ဆရာတော်သည် -

အဋ္ဌကထာသင်္ဂီတိယာ အာဝုသော ပဌမေ သန္နိပါတေ သကလာ စ ဝိနယသံဝဏ္ဏနာ ဒီဃနိကာယေ စ သီလက္ခန္ဓဝဂ္ဂဝဏ္ဏနာ အဘိဓမ္မေ စ ဓမ္မသင်္ဂဟသံဝဏ္ဏနာ သံဂီတာ ထေရေ ဟိ ဆဋ္ဌသင်္ဂီတိကာရေဟိ၊ ငါ့ရှင်တို့ အဋ္ဌကထာ သင်္ဂါယနာ၏ ပထမ သန္နိပါတ၌ ဝိနည်းအဖွင့်အားလုံး, ဒီဃနိကာယ်၌ သီလက္ခန္ဓဝဂ်အဖွင့်နှင့် အဘိဓမ္မာ၌ ဓမ္မသင်္ဂဏီအဖွင့်တို့ကို ဆဋ္ဌသင်္ဂါယနာတင် မထေရ်များ သင်္ဂါယနာတင်ပြီးခဲ့ပြီ၊
ဣဒါနိ ပန ဒုတိယေသန္နိပါတေ ဒီဃနိကာယေ မဟာဝဂ္ဂဝဏ္ဏနာတော ပဋ္ဌာယ တဒဝသေသာနံ ယထာဝဝတ္ထိတသံဝဏ္ဏနာနံ သင်္ဂါယနောကာသော အနုပ္ပတ္တော၊ ယခုအခါမူကား ဒုတိယ သန္နိပါတ၌ ဒီဃနိကာယ် မဟာဝဂ်အဖွင့်မှစ၍ ထိုကျန်ရှိသော အဖွင့်ကျမ်းများကို သင်္ဂါယနာတင်ရန် အခါသင့်ပြီ၊
တသ္မာ ဣမိဿာ ဒုတိယသန္နိပါတသင်္ဂီတိယာ ပုဗ္ဗကိစ္စဝသေန ယထာနုပ္ပတ္တာယ မဟာဝဂ္ဂေ မဟာပဓာနသုတ္တသံဝဏ္ဏနာယ ပုစ္ဆာ ဝိဿဇ္ဇနံ ကာတုံ သမာရဘာမ၊ ထို့ကြောင့် ဤဒုတိယသန္နိပါတ သင်္ဂါယနာ၏ ရှေးဦးအစီအစဉ်အရ ရောက်ရှိလာသော မဟာဝဂ်၌ မဟာပဓာနသုတ်အဖွင့်ကို မေးခြင်း, ဖြေခြင်းတို့ကို ပြုလုပ်ရန် စတင်ကြပါကုန်စို့၊
မဟာပဓာန သုတ္တဿ အာဝုသော နိဒါနေ ပရိယာပန္နဿ ကရေရိကုဋိကာယန္တိ ပဒဿ အတ္ထော ကထံ အဋ္ဌကထာစရိယေန ကထိတော။ ငါ့ရှင် ... မဟာပဓာနသုတ်၏ နိဒါန်း၌ ပါဝင်သော “ကရေရိကုဋိကာယံ”ဟူသော ပုဒ်၏ အနက်ကို အဋ္ဌကထာဆရာသည် အဘယ်သို့ ဟောကြားတော်မူပါသနည်း။
စသည်ဖြင့် မေးတော်မူခဲ့လေသည်

တတိယသန္နိပါတတွင် စိစစ်ခြင်း

▬▬▬▬▬▬▬▬▬▬

၁၃၂၀-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၅-ရက်နေ့မှ စ၍ တပို့တွဲ လဆန်း ၃-ရက် နေ့အထိ ကျင်းပပြုလုပ်သည့် အဋ္ဌကထာ တတိယသန္နိပါတ၌ -

အင်္ဂုတ္တရအဋ္ဌ ကထာ ပထမ, ဒုတိယ, တတိယ,
ကင်္ခါဝိတရဏီ အဋ္ဌကထာ, ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ ပထမ, ဒုတိယ,
ခုဒ္ဒကပါဌအဋ္ဌကထာ, ဓမ္မပဒအဋ္ဌကထာ ပထမ, ဒုတိယ,
ဥဒါနအဋ္ဌကထာ, ဣတိဝုတ္တအဋ္ဌကထာ, သုတ္တနိပါတအဋ္ဌကထာ ပထမ, ဒုတိယ,
ဝိမာန ဝတ္ထုအဋ္ဌကထာ, ပေတဝတ္ထု အဋ္ဌကထာ

တို့ကို သင်္ဂါယနာ တင်တော်မူခဲ့ကြသည်၊ ထိုတတိယသန္နိပါတတွင်လည်း ရံခါ မဟာစည် ဆရာတော်က စိစစ်ချက်လျှောက်ထား၍ ရံခါအနီးစခန်းဆရာတော် ဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသတို့ လျှောက်ထားတော်မူကြသည်။

တတိယေ သန္နိပါတေပိအဘဏိ ယတိ သေခရော
ဝိစိနနကထံ ထေရောဆေကော သော ပေဋကေ ဝိဒွါ

စတုတ္ထသန္နိပါတတွင်လည်း စိစစ်လျှောက်ထားခြင်း

▬▬▬▬▬▬▬▬▬▬

သက္ကရာဇ် ၁၃၂၁-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၄-ရက်နေ့ မှစ၍ တပေါင်း လဆန်း ၆-ရက်နေ့ အထိ -

ထေရဂါထာအဋ္ဌကထာ ပထမ, ဒုတိယ, ထေရီဂါထာအဋ္ဌကထာ,
အပဒါနအဋ္ဌကထာ ပထမ, ဒုတိယ,
ဇာတကအဋ္ဌကထာ ပထမ, ဒုတိယ, တတိယ, စတုတ္ထ, ပဉ္စမ, ဆဋ္ဌမ, သတ္တမ,
မဟာနိဒ္ဒေသ အဋ္ဌကထာ, စူဠနိဒ္ဒေသနှင့် နေတ္တိအဋ္ဌကထာ,
ဗုဒ္ဓဝံသအဋ္ဌကထာ, စရိယပိဋကအဋ္ဌကထာ,
ဝိနယသင်္ဂဟအဋ္ဌကထာ

တို့ကို သင်္ဂါယနာ တင်တော်မူခဲ့ကြသည်၊ ထိုအဋ္ဌကထာ သင်္ဂါယနာစတုတ္ထသန္နိပါတ တွင်လည်း ဖော်ပြပါ ဆရာတော် ၃-ပါး သင့်သလို စိစစ်တော်မူခဲ့ကြသည်။

စတုတ္ထသန္နိပါတေပိဋ္ဌကထာယ သင်္ဂီတိယာ
ဝိစိနနကထံ ဓီရောအဘဏိ သုဝိသာရဒေါ

ပဉ္စတိံ သတိမပိုင်း

ဋီကာသင်္ဂါယနာ ပထမသန္နိပါတတွင် ဝိဿဇ္ဇကတာဝန် ဆောင်ရွက်

▬▬▬▬▬▬▬▬▬▬

သက္ကရာဇ် ၁၃၂၂-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၃-ရက်နေ့မှ ပြာသို လပြည့်ကျော် ၁၃-ရက်နေ့အထိ ကျင်းပပြုလုပ်သည့် ဋီကာသင်္ဂါယနာတင်ပွဲ၌ -

သာရတ္ထဒီပနီဋီကာ ပထမ, ဒုတိယ, တတိယ၊
ဝိမတိဝိနောဒနီ ဋီကာပထမ, ဒုတိယ၊
ဝဇိရဗုဒ္ဓိဋီကာ, ဝိသုဒ္ဓိမဂ္ဂ မဟာဋီကာ ပထမ, ဒုတိယ၊
ဓမ္မသင်္ဂဏီမူလဋီကာ, ဓမ္မသင်္ဂဏီ အနုဋီကာ၊
ဝိဘင်္ဂမူလဋီကာ, ဝိဘင်္ဂအနုဋီကာ၊
ပဉ္စပကရဏမူလဋီကာ, ပဉ္စပကရဏအနုဋီကာ

တို့ကို ဩဝါဒါစရိယ သံဃာ့နာယက ဆရာတော်များ, ဝန်ဆောင် ဆရာတော်များ, မူလဝိသောဓက ဆရာတော်များ, ပဋိဝိသောဓက ဆရာတော်များ ပါဝင်သော သင်္ဂီတိကာရက သံဃာတော် ၁၅၀-ခန့်တို့ သင်္ဂါယနာ တင်တော်မူကြသည်၊ ယင်းဋီကာ သင်္ဂါယနာ ပထမသန္နိပါတတွင် မဟာစည်ဆရာတော်ဘုရားကြီးသည် ဝိဿဇ္ဇကအဖြစ်ဖြင့် ဆောင်ရွက်တော်မူခဲ့လေသည်။

ယင်းသို့ အမေးအဖြေပြုလုပ်ခဲ့သည်မှာ ဖွင့်ပွဲနေ့တရက်သာ ဖြစ်လေသည်၊ ထိုစဉ်က ဋီကာသင်္ဂီတိ ပုစ္ဆက တာဝန် ဆောင်ရွက်သော ဆရာတော်မှာ အဂ္ဂမဟာပဏ္ဍိတ အနီးစခန်းဆရာတော် အရှင်ပဏ္ဍိတဖြစ်၍ မဟာစည်ဆရာတော်ကြီးက ဋီကာသင်္ဂီတိ ဝိဿဇ္ဇကအဖြစ် ဆောင်ရွက်တော်မူခဲ့လေသည်၊ ယင်း အမေးအဖြေများမှာ အလွန်မများလှ, သာသနာ့သမိုင်း, စာပေသမိုင်းအတွက် များစွာ အထောက်အကူ ပြုနိုင်သည့်အတွက် ဤ၌ မူရင်းအတိုင်း ဖော်ပြအပ်ပါသည်။

ဋီကာသင်္ဂါယနာ အမေးအဖြေ စကားချီး

▬▬▬▬▬▬▬▬

ဆဋ္ဌသင်္ဂီတိမဟာဓမ္မသဘာယ အာဝုသော ပုရိမသံဝစ္ဆရေသု သကလာစေဝ တိပိဋကပါဠိယော သကလာ စ တဒဋ္ဌ ကထာယော သင်္ဂီတိကာရကေဟိ ထေရေဟိ သင်္ဂီတာ၊ ဣဒါနိ တာသံ အဋ္ဌကထာနံ သံဝဏ္ဏနာဘူတာ ဋီကာယော သံပဌိတုံ ဩကာသော အနုပ္ပတ္တော၊ တသ္မာ တဿ ဋီကာသံပဌနဿ ပုဗ္ဗကိစ္စဝသေန ပုစ္ဆာဝိဿဇ္ဇနံ၊ ကရောမ။

ပတ္တမြားမျက်ရှင် လက်ဝါးပေါ်သို့ တင်၍ ပြဘိသည့် အလားထင်ရှားစွာ ဖြေဆိုမည် ဖြစ်ပေသော ငါ့ရှင် ... ဆဋ္ဌသင်္ဂီတိ မဟာဓမ္မသဘင်ကြီး၏ ရှေးဖြစ်သော နှစ်ကာလ တို့၌ အလုံးစုံကုန်သော ပိဋကတ်သုံး ပါဠိတော်တို့ကို လည်းကောင်း၊ အလုံးစုံ ကုန်သော ထိုပါဠိတော်၏ အဋ္ဌကထာကျမ်းတို့ကိုလည်းကောင်း သင်္ဂါယနာတင် ဖြစ်တော်မူကြကုန်သော ဆရာတော် သံဃာတော်အပေါင်း ဖြစ်တော်မူကြကုန်သည့် မဟာထေရ်မြတ်တို့သည် ပေါင်းစုညီညာ ကောင်းစွာ ရွတ်ဖတ်၍ တင်တော်မူအပ်ကြ ပါကုန်ပြီ။

ယခုအခါ၌ ထိုအဋ္ဌကထာကျမ်းတို့ ၏ အဖွင့်ဖြစ်၍ဖြစ်ကုန်သော ဋီကာကျမ်းဂန်တို့ကို ကောင်းစွာညီညာ ရွတ်ဖတ်ခြင်းငှါ အခွင့်အခါသည် ရောက်လာလတ်ပြီ၊ ထို့ကြောင့် ထိုဋီကာတို့ကို ကောင်းစွာညီညွတ် ရွတ်ဖတ်ခြင်း၏ ရှေးဦးစွာသော ကိစ္စ၏အနေ အားဖြင့် မေးခြင်း, ဖြေခြင်းဟု ဆိုအပ်သော ပုစ္ဆာ, ဝိဿဇ္ဇနာကို ပြုလုပ်ကြပါကုန်အံ့။

ဋီကာ ၃-မျိုး

▬▬▬▬

ပုစ္ဆာ။ ။ ဋီကာနာမ အာဝုသော ဗဟုဝိဓာဝိနယဋ္ဌကထာသံဝဏ္ဏနာပိ အတ္ထိသုတ္တန္တဋ္ဌ ကထာ သံဝဏ္ဏနာပိအဘိဓမ္မဋ္ဌကထာ သံဝဏ္ဏနာပိတာသု ကတရာ ပဌမတရံ သံပဌိတုံ သင်္ဂီတိ နာယကမဟာရေဟိ ဝိစိနိတာ

ဝိဿဇ္ဇနာ။ ။ တာသု ဘန္တေ ဝိနယဋ္ဌကထာသံဝဏ္ဏဘူတာ ဋီကာယော ပဌမတရံ သံပဌိတုံ သင်္ဂီတိနာယကမဟာထေရေဟိ ဝိစိနိတာ

အမေး။ ။ ပတ္တမြားမျက်ရှင်ကို လက်ဝါးပေါ်တင်၍ ပြဘိသည့်အလား ထင်ရှားစွာ ဖြေဆိုမည့် အို ငါ့ရှင် .... ဋီကာကျမ်းတို့မည်သည် များသောအပြားရှိကြပေကုန်၏၊ ဝိနည်း အဋ္ဌကထာကို ဖွင့်ဆိုကုန်သော ဋီကာ သံဝဏ္ဏနာကျမ်း တို့သည်လည်း ရှိကုန်၏၊ သုတ္တန်အဋ္ဌကထာကို ဖွင့်ဆိုကုန်သော ဋီကာသံဝဏ္ဏနာကျမ်းတို့သည်လည်း ရှိကြပေကုန်၏။ အဘိဓမ္မာ အဋ္ဌကထာကို ဖွင့်ဆိုကြကုန်သော အဘိဓမ္မာဋီကာ သံဝဏ္ဏနာကျမ်းတို့သည်လည်း ရှိကြကုန်၏၊ ဆိုအပ်ခဲ့ပြီးသော ဋီကာ သံဝဏ္ဏနာ ကျမ်းတို့တွင် ရှေးဦးစွာ ကောင်းစွာ ညီညာရွတ်ဖတ်ခြင်းငှါ သင်္ဂီတိနာယက မဟာထေရ်မြတ်တို့သည် အဘယ်မည်သော ဋီကာကျမ်းတို့ကို ရွေးချယ်စိစစ်၍ ထားအပ်ပါကုန်သနည်း ငါ့ရှင် ...။

အဖြေ။ ။ ဋီကာကျမ်းတို့မည်သည်မှာ ဝိနည်းအဋ္ဌကထာ ၏ အဖွင့်ဖြစ်သော ဋီကာ ကျမ်း, သုတ္တန်အဋ္ဌကထာ၏ အဖွင့်ဖြစ်သော ဋီကာကျမ်း, အဘိဓမ္မာ အဋ္ဌကထာ ၏အဖွင့်ဖြစ်သော ဋီကာကျမ်းအားဖြင့် သုံးပါးအပြားရှိပါကုန်သည်၊ ထိုသုံးပါးသော ဋီကာတို့တွင် အဘိဓမ္မာ၏ အဖွင့်ဖြစ်သော မူလဋီကာကျမ်းမြတ်မှာ ရှေးဦးစွာ ပြုအပ်သော ဋီကာဖြစ်၍ မူလဋီကာဟူ၍ပင် ခေါ်တွင်လျက်ရှိပါသည်။

သို့သော်လည်း “ဝိနယောနာမ ဗုဒ္ဓသာသနဿ အာယု” ဟူသော အဋ္ဌကထာ စကားနှင့်အညီ ဝိနည်းသည် မြတ်စွာဘုရားသခင် သာသနာတော်၏ အသက်သဖွယ် ဖြစ်သောကြောင့် သင်္ဂါယနာတင်စဉ်ကပင် ဝိနည်းပိဋကတ်ကို ရှေးဦးစွာသင်္ဂါယနာ တင်ခဲ့ကြပါကုန်ပြီ၊ ထိုအစဉ်ကို လိုက်၍ ယခုအခါကာလ၌လည်း ဝိနည်း၏ အဖွင့်ဖြစ်သော ဋီကာတို့ကို ရှေးဦးစွာ တပေါင်းတည်း အညီအညွတ် ရွတ်ဆိုလျက် သင်္ဂါယနာတင်သည့်အလား သံပဌနအမှုကို ပြုခြင်းငှါ သင်္ဂီတိနာယက ဖြစ်တော် မူကြသော မထေရ်မြတ်တို့သည် ရွေးချယ်သတ်မှတ်၍ ထားတော်မူအပ်ပါသည် အရှင်ဘုရား။

ဝိနည်းဋီကာများ

▬▬▬▬▬▬

ပုစ္ဆာ။ ။ တာပိ အာဝုသော တိဝိဓာ ဝဇိရဗုဒ္ဓိ သာရတ္ထဒီပ နီ ဝိမတိဝိနောဒနီ ဝသေနတာသု ကတရာ ပဌမံ သံပဌိတုံ မဟာထေရေဟိ ဝိစိနိတာ

ဝိဿဇ္ဇနာ။ ။ တာသု ဘန္တေ သာရတ္တဒီပနီနာမ ဋီကာ ဗဟုပကာရာစေဝ ပရိပုဏ္ဏတရာ စ ဝိညူနံ သမ္မာနိတတရာ စတသ္မာ သာ ပဌမံ သံပဌိတုံ မဟာထေရေဟိ ဝိစိနိတာ

အမေး။ ။ ပတ္တမြားမျက်ရှင် လက်ဝါးပေါ်သို့ တင်၍ ပြဘိသည့်အလား ထင်းရှားစွာ ဖြေဆိုပေလတ္တံ့သော အို ငါ့ရှင် .... ထိုဝိနည်းဋီကာ ကျမ်းကြီးတို့သည်လည်း သုံးမျိုး သုံးစားသုံးပါး အပြားရှိကြပါကုန်၏၊ ဝဇိရဗုဒ္ဓိဋီကာ, သာရတ္ထ ဒီပနီဋီကာ, ဝိမတိဝိနောဒနီဋီကာတို့၏ အစွမ်းအားဖြင့် သုံးမျိုးသုံးစား သုံးပါးတို့ ပြားကြပါကုန်၏။ ထိုဆိုအပ် ခဲ့ပြီးသော သုံးမျိုး သုံးစား သုံးပါးတို့တွင် အဘယ်မည်သော ဋီကာကျမ်းကို ရှေးဦးစွာ ကောင်းစွာ ညီညာ ရွတ်ဖတ်ခြင်းငှါ မဟာထေရ်မြတ်တို့သည် ရွေးချယ် စိစစ်၍ ထားအပ်ပါကုန်သနည်း ငါ့ရှင် ...။

အဖြေ။ ။ ဝိနည်းအဋ္ဌကထာ ၏ အဖွင့်ဖြစ်သော ဋီကာတို့သည်လည်း ဝဇိရ ဗုဒ္ဓိဋီကာ, သာရတ္ထဒီပနီဋီကာ, ဝိမတိဝိနောဒနီဋီကာဟူ၍ သုံးပါးအပြားရှိပါကုန်သည်၊ ထိုသုံးပါး တို့တွင် ဝဇိရဗုဒ္ဓိဋီကာ၌ ပြဆိုအပ်သော အချို့သော အချက်များကို သာရတ္ထဒီပနီ ဋီကာ၌ ရှင်းလင်း ဖော်ပြထားပါသည်၊ သာရတ္ထဒီပနီဋီကာ၌ ပြဆို ထားသော အချို့သော အချက်အလက်များကို ဝိမတိဝိနောဒနီဋီကာ၌ ရှင်းလင်း ဖော်ပြထားပါ သည်။ သို့ဖြစ်၍ ဝဇိရဗုဒ္ဓဋီကာသည် ဝိနည်းဋီကာတို့တွင် လက်ဦး ဋီကာကျမ်း ဖြစ်ကြောင်း ထင်ရှားပါသည်၊

သို့ပင်ဖြစ်ငြားသော်လည်း ထိုသုံးပါးသော ဋီကာတို့တွင် သာရတ္ထဒီပနီ အမည်ရှိသော ဝိနည်းဋီကာကျမ်းသည် အထူးသဖြင့် ကျေးဇူးများလှပါပေသည်။ အဖွင့်အဆို အဆုံး အဖြတ် အရာဌာနတို့၌လည်း အထူးသဖြင့် ပြည့်စုံပါပေသည်၊ ပညာရှိပုဂ္ဂိုလ်တို့၏ မြတ်နိုးခြင်းကိုလည်း အထူးသဖြင့် ရပါပေသည်။ သို့ဖြစ်၍ ထိုသာရတ္ထဒီပနီ အမည်ရှိသော ဝိနည်းဋီကာကျမ်းကို ရှေးဦးစွာတပေါင်းတည်း အညီအညွတ် ရွတ်ဆိုလျက် သင်္ဂါယနာတင်သည့်အလား သံပဌနကိစ္စကို ပြုခြင်းငှါ သင်္ဂီတိနာယက ဖြစ်တော်မူကြသော မဟာထေရ်မြတ်တို့သည် ရွေးချယ်သတ်မှတ်၍ ထားအပ် ပါသည် အရှင်ဘုရား ...။

သာရတ္ထဒီပနီ

▬▬▬▬▬

ပုစ္ဆာ။ ။ သာ ပနာဝုသော ကေန ကတ္ထ ကဒါ ကတာ

ဝိဿဇ္ဇနာ။ ။ သာ ပန ဘန္တေ ဘဒ္ဒန္တသာရိပုတ္တတ္ထေရေန သီဟဠဒီပေ ပရက္ကမ ဗာဟုရညော ကာလေ ပုလတ္ထိနဂရေ တေနေဝ ရညာ ကတေ ဇေတဝနေ နာမ အာရာမေ ကတာတထာ ဟိ ဘန္တေ တိဿာ ဋီကာယ နိဂမနေ-

အဇ္ဈေသိတော နရိန္ဒေနသော ဟံ ပရက္ကမဗာဟုနာ
သဒ္ဓမ္မဋ္ဌိတိကာမေနသာသနုဇ္ဇောတန ကာရိနာ

တေနေဝ ကာရိတေ ရမ္မေပါသာဒသတမဏ္ဍိတေ
နာနာဒုမဂဏာကိဏ္ဏေဘာဝနာဘိရတာလယေ

သီတလူဒကသမ္ပန္နေဝသံ ဇေတဝနေ ဣမံ
အတ္ထဗျဉ္ဇနသမ္ပန္နံအကာသိံသု ဝိနိစ္ဆယ”န္တိ အာဒိဝုတ္တံ

အမေး။ ။ ထိုမှတပါး ပတ္တမြားမျက်ရှင်ကို လက်ဝါးပေါ်သို့ တင်၍ ပြဘိသည့် အလား ထင်ရှားစွာ ဖြေဆိုပေလတ္တံ့သော အို ငါ့ရှင် .... ထိုဋီကာကျမ်းကြီးကို အဘယ်မည်သော ပုဂ္ဂိုလ်သည် အဘယ်အရပ်၌ အဘယ် အခါက စီရင်အပ်ခဲ့ပါသနည်း ငါ့ရှင် ....။

အဖြေ။ ။ ထိုသာရတ္ထဒီပနီ မည်သော ဝိနည်းဋီကာ ကျမ်းမြတ်ကို အရှင်သာရိပုတ္တရာ အမည်ရှိသော မထေရ်မြတ် ရေးသားတီထွင် စီရင်တော်မူအပ် ပါသည်၊ စီရင်ရာ ဌာနမှာ သီဟိုဠ်ကျွန်း၌ဖြစ်၍ စီရင်ရာ ကာလမှာ သာသနာ သက္ကရာဇ် ၁၆၉၆-ခုနှစ်မှ သာသနာ သက္ကရာဇ် ၁၇၂၉-ခုနှစ်အတွင်း၌ သီဟိုဠ်ကျွန်း တွင် အဘိသိက်ခံလျက် စိုးစံတော်မူသော ပရက္ကမဗာဟု မည်သော မင်းမြတ်၏ ကာလ၌ စီရင်တော် မူအပ်ပါသည်။

စီရင်ရာမြို့မှာ ယခုအခါ၌ ပေါလနရုဝဟူ၍ ခေါ်သော ပေါလတ္ထိနာဂရမည်သောမြို့၌ ထို ပရက္ကမဗာဟုမင်းသည်ပင် ဆောက်လုပ် လှူဒါန်းအပ်သော ဇေတဝန် အမည် ရှိသော ကျောင်းတိုက် အာရာမ်၌ စီရင်တော်မူခဲ့ပါသည်၊ ထိုစကား မှန်ကန်ကြောင်းကို သက်သေသာဓက ဖော်ပြရလျှင် ထိုသာရတ္ထဒီပနီဋီကာ၏ နိဂုံး၌ အဇ္ဈေသိတော နရိန္ဒေန - စသည်ဖြင့် ဋီကာကျမ်းဆရာ ကိုယ်တိုင်ပင်လျှင် ရေးသားတော်မူခဲ့ပါသည်။

ထိုဂါထာတို့၏ အနက်ကို မြန်မာပြန်၍ လျှောက်ထားလိုပါသေးသည်။

သဒ္ဓမ္မဋ္ဌိတိကာမေန - သူတော်ကောင်း တရား ၏ ရှည်မြင့်စွာ တည်တံ့ခြင်းကို လိုလားတော်မူသော၊
သာသနုဇ္ဇောတနကာရိနာ - သာသနာတော်၏ ထွန်းပခြင်းကို ပြုလေ့ရှိသော၊ ဝါ - သာသနာတော် ထွန်းပခြင်းငှါ ပြုစုလေ့ရှိသော၊
ပရက္ကမဗာဟုနာ - ပရက္ကမဗာဟု အမည်ရှိသော၊
နရိန္ဒေန - မင်းမြတ်သည်၊
အဇ္ဈေသိတော - သာရတ္ထ ဒီပနီဋီကာကျမ်းကို ရေးသားရန် တောင်းပန် လျှောက်ထားအပ်သည်ဖြစ်၍၊
သော အဟံ - သာရတ္ထဒီပနီကျမ်းပြု ဆရာငါသည်၊
တေနေဝ - ထိုပရက္ကမဗာဟုမင်းသည်ပင်လျှင်၊
ကာရိတေ - ဆောက်လုပ်လှူဒါန်းအပ်သော၊
ရမ္မေ - စိတ်နှလုံး မွေ့လျော် ပျော်ဖွယ်ရာ ဖြစ်သော၊
ပါသာဒသတမဏ္ဍိတေ - ပြသာဒ် ကျောင်းဆောင်ပေါင်း တစ်ရာတို့ဖြင့် တန်ဆာ ဆင်အပ်သော၊
နာနာဒုမဂဏာကိဏ္ဏေ - အထူးထူးသော သစ်ပင်အပေါင်းတို့ဖြင့် ပြိုးပြွမ်းသော၊
ဘာဝနာ ဘိရတာလယေ - ဘာဝနာ၌ မွေ့လျော်သော ရဟန်းတော်မြတ်တို့၏ ကိန်းဝပ်ရာ နေရာဖြစ်သော၊
သီတလူဒကသမ္ပန္နေ - အေးမြသော ရေနှင့်လည်း ပြည့်စုံသော၊
ဇေတဝနေ - ဇေတဝန် အမည်ရှိသော ကျောင်းတိုက်၌၊
ဝသံ-ဝသန္တော - သီတင်းသုံး နေထိုင်လျက်၊
အတ္ထဗျဉ္ဇနသမ္ပန္နံ - အနက်, သဒ္ဒါနှင့်ပြည့်စုံသော၊
သုဝိနိစ္ဆယံ - ကောင်းသော အဆုံးအဖြတ်ရှိသော၊
ဣမံ - ဤသာရတ္ထဒီပနီအမည်ရှိသော ဋီကာကျမ်းကို၊
အကာသိံ - ရေးသားတီထွင် စီရင်ခဲ့ပြီ။

ဤသို့ ထိုကျမ်း၏နိဂုံး၌ ကျမ်းပြုဆရာ ကိုယ်တိုင်ပင် ပြဆို၍ထားပါသည်။

သို့ဖြစ်၍ သာရတ္ထဒီပနီအမည်ရှိသော ထို ဝိနည်းဋီကာကျမ်းမြတ်ကို အရှင် သာရိပုတ္တရာ အမည်ရှိသော မထေရ်မြတ်သည် ပရက္ကမဗာဟုမင်း လက်ထက် သီဟိုဠ်ကျွန်း ပုလတ္ထိနဂရ အမည်ရှိသောမြို့၌ ထိုမင်းသည်ပင် ဆောက်လုပ်လှူဒါန်း အပ်သော ဇေတဝန် အမည်ရှိသော ကျောင်းတိုက် အာရာမ်၌ ရေးသားတီထွင် စီရင်တော်မူအပ်ပါသည် အရှင်ဘုရား။

ပုစ္ဆာ။ ။ ကထဉ္စာဝုသော တတ္ထ ဂန္ထာရမ္ဘော ပကာသိတော

ဝိဿဇ္ဇနာ။ ။ “မဟာကာရုဏိကံ ဗုဒ္ဓံဓမ္မဉ္စ ဝိမလံ ဝရံဝန္ဒေ အရိယသံဃဉ္စဒက္ခိဏေယျံ နိရင်္ဂံ”န္တိ အာဒိနာ ဘန္တေတတ္ထ ဂန္ထာရမ္ဘော အာစရိယေန ပကာသိတော

အမေး။ ။ အာဝုသော - ပတ္တမြားမျက်ရှင်ကို လက်ဝါးပေါ်သို့တင်၍ ပြဘိသည့် အလား ထင်ရှားစွာ ဖြေဆိုပေလတ္တံ့သော အို -ငါ့ရှင် .... ထိုသာရတ္ထဒီပနီမည်သော ဋီကာကျမ်းကြီး၌ ဂန္ထာရမ္ဘဟု ဆိုအပ်သော ရတနတ္တယ ပဏာမအစရှိသော စကားကို အဘယ်ကဲ့သို့ ပြဆိုအပ်ပါသနည်း ငါ့ရှင် ...။

အဖြေ။ ။ မဟာကာရုဏိကံ ဗုဒ္ဓံဓမ္မဉ္စ ဝိမလံ ဝရံဝန္ဒေ အရိယသံဃဉ္စဒက္ခိဏေယျံ နိရင်္ဂဏံ

အဟံ-သာရတ္ထဒီပနီဋီကာကျမ်းပြု ဆရာ ငါသည်၊
မဟာကာရုဏိကံ - သတ္တဝါအပေါင်းတို့အား သနားခြင်းကြီးစွာ မဟာကရုဏာ တော်နှင့် ပြည့်စုံတော်မူသော၊
ဗုဒ္ဓဉ္စ - သစ္စာလေးပါး တရားသိမြင် ဘုရားရှင် ကိုယ်တော်မြတ်ကို လည်းကောင်း၊
ဝိမလံ - အညစ်အကြေး ကင်းစင်သော၊
ဝရံ - မြတ်လှစွာသော၊
ဓမ္မဉ္စ - မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် ပရိယတ်အားဖြင့် ဆယ်ပါးသော တရားတော်မြတ်ကိုလည်းကောင်း၊
ဒက္ခိဏေယျံ - မြတ်သောအလှူကို ခံထိုက်သော၊
နိရင်္ဂဏံ - ကိလေသာအညစ်အကြေး ကင်းစင်တော်မူသော၊
အရိယ သံဃဉ္စ - အရိယာရှစ်ပါး အပေါင်းဟု ဆိုအပ်သော သံဃာတော်ကို လည်းကောင်း၊
ဝန္ဒေ-ဝန္ဒာမိ - လက်အုပ်မိုး၍ ရှိခိုးပါ၏ဘုရား။

ဤသို့စသည်ဖြင့် ရှေးဦးစွာ ရတနတ္တယပဏာမကို ပြုပြီးတော့ ထို့နောင် ထိုစဉ်အခါ ကာလက သံဃနာယက ဖြစ်တော်မူသော အရှင်ကဿပ မထေရ်ကြီးကိုလည်း ရှိခိုးခြင်း ပဏာမကို ပြုပါသည်၊ ထို့နောင် အရှင်သုမေဓာမည်သော ဂဏဝါစက ကျေးဇူးရှင် ဆရာမြတ်ကိုလည်း ရှိခိုးခြင်းပဏာမ မပြုပါသည်၊ ထိုသို့ ရတနတ္တယ ပဏာမ, အာစရိယပဏာမကို ပြုပြီးသည့်နောက် ရှေးအခါကာလက ပြုစီရင် ထားသော ဝိနည်းအဋ္ဌကထာ၏ အဖွင့် ဂဏ္ဌိ အမျိုးမျိုး, ဋီကာအမျိုးမျိုးတို့ ရှိငြားသော်လည်း ထိုဂဏ္ဌိဋီကာတို့ဖြင့် လိုအပ်သောအကျိုးကို မပြီးစေနိုင်သည်ဖြစ်၍ ဋီကာကျမ်းသစ်ကို စီရင်ပါမည်ဟု ဝန်ခံခြင်းပဋိညာဉ်ကိုပြု၍ ဂန္ထာရမ္ဘစကားကို ဖော်ပြတော်မူခဲ့ပါသည် အရှင်ဘုရား။

ပုစ္ဆာ။ ။ ကထဉ္စာဝုသော အဋ္ဌကထာယ ပဌမာရမ္ဘကထာ တတ္ထဝဏ္ဏိတာ

ဝိဿဇ္ဇနာ။ ။ သံဝဏ္ဏနာရမ္ဘေ ရတနတ္တယံ နမဿိတုကာမော တဿ ဝိသိဋ္ဌ ဂုဏယော ဂသန္ဒဿနတ္ထံ ယော ကပ္ပကောဋီဟီတိ အာဒိနာဘန္တေ အဋ္ဌကထာယ ပဌမာရမ္ဘဂါထာ အာစရိယေန ဝိတ္ထာရေန ဝဏ္ဏိတာ

အမေး။ ။ ပတ္တမြားမျက်ရှင်ကို လက်ဝါးပေါ်သို့ တင်၍ ပြဘိသည့်အလား ထင်ထင် ရှားရှား ဖြေကြားပေလတ္တံ့သော အို-ငါ့ရှင် .... သမန္တပါသာဒိက မည်သော ဝိနယ အဋ္ဌကထာကျမ်းကြီး၏ ရှေးဦးစွာသော ဂန္ထာရမ္ဘဟုဆိုအပ်သော ရတနတ္တယပဏာမ အစရှိသော ဂါထာတို့ကို ထိုသာရတ္ထဒီပနီမည်သော ဋီကာကျမ်းကြီး၌ အဘယ်သို့လျှင် ဖွင့်ဆိုအပ်ပါသနည်း ငါ့ရှင် ...။

အဖြေ။ ။ သံဝဏ္ဏနာကျမ်း ၏အစ၌ ရတနာသုံးပါးကို ရှိခိုးခြင်းငှါ အလိုရှိသော အဋ္ဌကထာ ဆရာသည် ထိုရှိခိုးအပ်သော ရတနာသုံးပါး ၏ လွန်ကဲထူးမြတ်သော ဂုဏ်ကျေးဇူးနှင့် ယှဉ်ခြင်း, ပြည့်စုံခြင်းကို ဖော်ပြခြင်းငှါ ယော ကပ္ပကောဋီဟိ အစရှိသော ဂါထာစကားရပ်ကို မိန့်ဆိုတော်မူသည်၊ ဤသို့စသည်ဖြင့် သာရတ္ထဒီပနီ ဋီကာကျမ်းပြုဆရာ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ဝိနည်း အဋ္ဌကထာ၌ ရှေးဦးစွာ ပြဆိုထားသော “ယော ကပ္ပကောဋီဟိ” အစရှိသော ဂန္ထာရမ္ဘဂါထာကို စကားအဆက်အစပ် အနုသန္ဓေနှင့်တကွ အကျယ် ဝိတ္ထာရ ဖွင့်ပြတော်မူခဲ့ပါသည်။

ထိုသို့ဖွင့်ပြတော်မူပုံကို အနည်းငယ် ဆက်လက်၍ လျှောက်ထား လိုပါသေးသည်။

အဆိုပါ အနုသန္ဓေစကားရပ်ကို ပြဆိုရာတွင် “ရှိခိုးအပ်သော ရတနာသုံးပါးမှ လွန်ကဲထူးမြတ်သော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသည်ကို ဖော်ပြခြင်းငှါ”ဟု ဋီကာဆရာ မိန့်ဆိုခဲ့ပါသည်၊ ထိုသို့ဆိုရာ၌ “လွန်ကဲထူးမြတ်သောဂုဏ်နှင့် ပြည့်စုံသည်ကို ပြရပါသနည်း”ဟု သိလိုသူနှင့် ပရဝါဒီတို့က မေးမြန်းဖွယ်ရှိပါသည်၊ သို့ဖြစ်၍ ထိုသို့သော မေးမြန်းဖွယ်အချက်ကို ဖြေရှင်းခြင်းငှါ “ဝိသိဋ္ဌဂုဏယောဂေန ဟိ” အစရှိသော နောက်စကားရပ်များကို မိန့်ဆိုတော်မူခဲ့ပါသည်။

အဋ္ဌကထာဆရာသည် မိမိရှိခိုးအပ်သော ရတနာမြတ်သုံးပါးမှာ လွန်ကဲထူးမြတ်သော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသည်ကို ပြသဖြင့် ထိုရတနာမြတ်သုံးပါး၏ စင်စစ် ရှိခိုးထိုက်သည် အဖြစ်ကို ထင်ရှားစေပါသည်၊ ဤအရာ၌ ဆိုလိုသည်မှာ “လွန်ကဲ ထူးမြတ်သော အရဟတာဂုဏ် အစရှိသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံပါမှ ရှိခိုးခြင်းငှါ ထိုက်တန်ပေသည်၊ ထိုသို့သော ဂုဏ်ကျေးဇူးနှင့် မပြည့်စုံသော (တော, တောင်, သစ်ပင်, နတ်, ဗြဟ္မာ အစရှိသော) အရာဝတ္ထုများ မှာ ရှိခိုးခြင်းငှါ မထိုက်မတန်”ဟု ဆိုလိုပါသည်။

“စင်စစ် ရှိခိုးထိုက်သော ရတနာမြတ် သုံးပါးကို ရှိခိုးခြင်းဝန္ဒနာ ပဏာမသည် မိမိ (ကျမ်းဆရာ) အလိုရှိအပ် တောင့်တအပ်သော အကျိုးကို ပြီးစေနိုင်သည်” ဟူ၍လည်း ဆိုပါသည်၊ ဆိုလိုသည်မှာ “ရှိခိုးခြင်းငှါ မထိုက်တန်သော (တော, တောင်, သစ်ပင်, နတ်) စသော အရာဝတ္ထုကို ရှိခိုးလျှင် ထိုရှိခိုးမှုဖြင့် မိမိအလိုရှိအပ် တောင့်တအပ်သော အကျိုးကို မပြီးစေနိုင်၊ စင်စစ် ရှိခိုးသင့် ရှိခိုးထိုက်သော ရတနာမြတ် သုံးပါးကို ရှိခိုးမှသာလျှင် ထိုရှိခိုးမှုဖြင့် မိမိအလိုရှိအပ်, တောင့်တ အပ်သော အကျိုးကို ပြီးစေနိုင်သည်၊

သို့ဖြစ်၍ အဋ္ဌကထာဆရာ ၏ ရှိခိုးခြင်းမှာ စင်စစ် ရှိခိုးထိုက်သော ရတနာမြတ်သုံးပါး ကိုသာလျှင် ရှိခိုးသောကြောင့် မိမိ အလိုရှိအပ်, တောင့်တအပ်သော အကျိုးကို ပြီးစေနိုင်ပါသည်၊ ထိုသို့ ပြီးစေနိုင်သည်ကို ထင်ရှားသိစေရန် မိမိရှိခိုးသော ရတနာမြတ်သုံးပါးမှာ လွန်ကဲ ထူးမြတ်သော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၍ စင်စစ် ရှိခိုးထိုက်သော ရတနာစစ် ဖြစ်ကြောင်းကို ဖော်ပြတော်မူသည်”ဟု ဆိုလိုပါသည်။

ဤအရာ၌ “သံဝဏ္ဏနာဟုခေါ်သော အဋ္ဌကထာကျမ်း ၏ အစတွင် ရတနတ္တယ ပဏာမကို ပြုခြင်း ၏အကျိုးကို ထိုထိုဋီကာကျမ်း, ဂဏ္ဌိကျမ်းတို့၌ အမျိုးမျိုး ချဲ့ထွင်၍ ပြကြသည်”ဟု မိန့်ဆိုပြီးလျှင် ထိုသို့ ပြဆိုပြီးလျှင် ထိုသို့ ပြဆိုထားကြပုံကိုလည်း -

သံဝဏ္ဏနာရမ္ဘေ ရတနတ္တယဝန္ဒနာ သံဝဏ္ဏေတဗ္ဗဿ ဓမ္မဿ ပဘဝနိဿယ ဝိသုဒ္ဓိပဋိဝေဒနတ္ထံ” စသည်ဖြင့် ဆက်လက်၍ ဖော်ပြထားပါသည်၊ ထိုစကားမှာ ဒီဃနိကာယ် သီလက္ခန္ဓဝဂ္ဂ အဋ္ဌကထာ၏ အဖွင့်ဖြစ်သော သီလက္ခန်ဋီကာဟောင်း၌ ထင်ရှားရှိပါသည်၊ ထိုဋီကာ၌ ပြဆိုထားပုံမှာ-

“သံဝဏ္ဏနာကျမ်း၏ အစ၌ ရတနာသုံးပါးကို ရှိခိုးခြင်းသည် ဖွင့်ဆိုမည့်ကျမ်းဂန် ဖြစ်သော, တရားတော်၏ အမွန်အစဖြစ်သော မှီရာ၏စင်ကြယ်ခြင်းကို ပြောကြားခြင်း အကျိုးရှိသည်”ဟူ၍ ဆိုပါသည်၊ ထိုစကားဖြင့် ဆိုလိုသည်မှာ “မြတ်စွာဘုရား ဟောကြားတော်မူအပ်သည့် သုတ်, ဝိနည်း, အဘိဓမ္မာဟုဆိုအပ်သော တရားတော် ကို ဖွင့်ဆိုမည့် အဋ္ဌကထာ၌ ဘုရား, တရား, သံဃာ ရတနာ သုံးပါးအား ရှိခိုးခြင်း ပဏာမကို ရှေးဦးစွာပြုလျှင် ထိုသို့ပြုခြင်းဖြင့် မိမိဖွင့်ဆိုမည့် သုတ်, ဝိနည်း, အဘိဓမ္မာ ဟူသောတရားတော်ကို အမွန်အစ မှီရာဖြစ်သောဒေသက ပုဂ္ဂိုလ်အားဖြင့် စင်ကြယ်ကြောင်း ဖော်ပြရခြင်း အကျိုးရှိသည်” ဟု ဆိုလိုပါသည်၊

ထိုသုတ်, ဝိနည်း, အဘိဓမ္မာဟူသော တရားတော်တို့ကို စတင်ထုတ်ဖော်၍ ဟောခဲ့သော ပုဂ္ဂိုလ်မှာ မြတ်စွာဘုရားပင်ဖြစ်၍ ထိုတရားတော်တို့၏ အမွန်အစ မှီရာမှာ မြတ်စွာဘုရားပင် ဖြစ်ပါသည်၊ သို့ဖြစ်၍ ထိုတရားတော်၏ အမွန်အစ မှီရာဖြစ်သော မြတ်စွာဘုရားနှင့် တရား သံဃာတော်တို့ကို ရိုသေစွာ ရှိခိုးသော ပဏာမစကားသည် ဖွင့်ဆိုမည့် တရားတော်ကို အမွန်အစမှီရာ အလိုအားဖြင့် စင်ကြယ်ကြောင်း ပြောကြားရခြင်း အကျိုးရှိသည်ဟု မိန့်ဆိုပါသည်။

“ထိုသို့ ပြောကြားခြင်းမှာလည်း ဓမ္မသံဝဏ္ဏနာဖြစ်သော အဋ္ဌကထာ တို့၌ ပညာရှိ တို့အား များစွာမြတ်နိုးခြင်းကို ဖြစ်စေနိုင်သည့် အကျိုးရှိသည်” ဟူ၍လည်း ဒုတိယ ထပ်ဆင့်၍ မိန့်ဆိုပြန်ပါသည်၊ ထိုစကားဖြင့် ဆိုလိုသည်မှာ-

“ဖွင့်ဆိုမည့်ကျမ်း၏ အမွန်အစ ဒေသက ပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရားတည်း ဟူသော မှီရာ၏ စင်ကြယ်ပုံကို ဖော်ပြထားသဖြင့် မိမိ ဖွင့်ဆိုရေးသားအပ်သည့် အဋ္ဌကထာတို့၌ ပညာရှိတို့အား များစွာမြတ်နိုးခြင်းကို ဖြစ်စေနိုင်သည်” ဟု ဆိုလိုပါသည်။

“ထိုသို့ မြတ်နိုးခြင်းကို ဖြစ်စေခြင်းငှါလည်း ထို အဋ္ဌကထာတို့ကို ကောင်းစွာ သင်ယူခြင်း, ဆောင်ထားခြင်း အစရှိသော သမ္မာပဋိပတ်ဖြင့် အလုံးစုံသော အကျိုး စီးပွားကို ဖြစ်စေနိုင်ခြင်း အကျိုးရှိသည်”ဟူ၍လည်း တတိယထပ်ဆင့်၍ မိန့်ဆိုပြန်ပါသည်၊ ထိုစကားဖြင့် ဆိုလိုသည်မှာ-

“ပညာရှိတို့က အဋ္ဌကထာကို မြတ်နိုးလျှင် ထိုအဋ္ဌကထာကို သင်ယူကြမည်, ဆောင်၍လည်း ထားကြမည်၊ ထိုအဋ္ဌကထာ၌ ပြဆိုထားသော အနက်အဓိပ္ပါယ်တို့ကို အဖန်ဖန် စဉ်းစား ဆင်ခြင်ကြမည် ၊ ထိုအဋ္ဌကထာ၌ ညွှန်ပြထားသည့်အတိုင်း သီလ, သမာဓိ အစရှိသော အကျင့်များကို ကျင့်ကြမည်၊ ဤသို့သော အစဉ်ဖြင့်ရအပ်သော အကျင့်သည် သမ္မာပဋိပတ် ဖြစ်ပါသည်၊ သမ္မာပဋိပတ်ကို ကျင့်သည်ရှိသော် ထိုသမ္မာပဋိပတ်ဖြင့် အလုံးစုံသော လောကီ လောကုတ္တရာ အကျိုးစီးပွားတို့ကို ပြီးစေနိုင်ပါသည်၊

ဤသို့ပြီးစေနိုင်သည့် အကျိုးကို အဋ္ဌကထာတို့၌ မြတ်နိုးခြင်းကိုပင် ဖြစ်စေသည်”ဟု ဆိုလိုပါသည်၊ ထို့ကြောင့် ထိုအလုံးစုံသော အကျိုးစီးပွားကို အများသော ပုဂ္ဂိုလ်တို့အား ပြီးစီးရရှိစေရန်အတွက် ရည်ရွယ်မျှော်လင့်၍ သံဝဏ္ဏနာ မည်သော အဋ္ဌကထာကျမ်း ၏ အစ၌ ရတနတ္တယပဏာမကို အဋ္ဌကထာဆရာ ပြုတော်မူသည် ဟူ၍လည်းဆိုလိုပါသည်။

ထို့ပြင် တနည်းအားဖြင့် ပြဆိုပြန်သည်မှာ “ရတနတ္တယပဏာမ ရတနာမြတ်သုံးပါးကို ရှိခိုးခြင်းသည် မင်္ဂလာဖြစ်ပါသည်၊ ထိုသို့ မင်္ဂလာဖြစ်သောကြောင့်လည်း အဋ္ဌကထာ ကျမ်း၏အစ၌ ရတနတ္တယပဏာမကို အဋ္ဌကထာဆရာ ပြုတော်မူသည်” ဟု ဆိုပါသည်။

ထို့ပြင် “အလုံးစုံသောအမှုကိစ္စတို့ကို ပြုရာတွင် ရှေးဦးစွာ ပြုသင့်သောပုဗ္ဗကိစ္စ ဖြစ်သောကြောင့်လည်း ရတနတ္တယပဏာမကို အဋ္ဌကထာဆရာ ရှေးဦးစွာ ပြုတော်မူသည်” ဟု ဆိုပါသည်၊ “သဒ္ဓါတရားနှင့်ပြည့်စုံသော သူတော်ကောင်း တို့သည် မည်သည့်ကိစ္စကိုမဆို ပြုလိုလျှင် ရှေးဦးစွာ ရတနာသုံးပါးကို ရှိခိုးပြီးမှ ပြုသင့်သည်၊ ထို့ကြောင့် အဋ္ဌကထာဆရာသည်လည်း ထိုပုဗ္ဗကိစ္စဖြစ်သော ရတနတ္တယပဏာမကို ရှေးဦးစွာပြုတော်မူသည်”ဟု ဆိုလိုပါသည်။

ထို့ပြင် “ပညာရှိတို့ ကောင်းစွာကျင့်အပ် ကျင့်ထိုက်သော အကျင့်ဖြစ်သော ကြောင့်လည်း ရတနတ္တယပဏာမကို အဋ္ဌကထာဆရာ ပြုတော်မူသည်” ဟု ဆိုပါသည်၊ ထို့ကြောင့်ပင် သာသနာဝင် ပညာရှင်တို့သည် ရတနာမြတ်သုံးပါးကို ရှိခိုးခြင်းဟူသော အကျင့်ကို အမြဲမပြတ် ရိုရိုသေသေ ပြုလေ့ရှိကြပါပေသည်။

ထို့ပြင် “နောင်လာနောက်သား ပုဂ္ဂိုလ်အများတို့အား ဒိဋ္ဌာနုဂတိ မြင်ရာ ကြားရာကို အတုလိုက် ကျင့်စေနိုင်သည့် အမှုဖြစ်သောကြောင့်လည်း ရတနတ္တယပဏာမကို အဋ္ဌကထာဆရာ ပြုတော်မူသည်”ဟု ဆိုပါသည်၊ ထိုစကားဖြင့်ဆိုလိုပါသည်။

“အဋ္ဌကထာကျမ်း၏အစ၌ ရတနတ္တယပဏာမကို ပြုပြီးမှ အဋ္ဌကထာကို ရေးသားစီရင်သွားသည်ကို တွေ့မြင်ကြရ ကြားသိကြရသောကြောင့် အဋ္ဌကထာကို သင်ယူလေ့လာကြသော နောင်လာနောက်သား ပုဂ္ဂိုလ်အများ တို့သည်လည်း တစုံတခုသော ကျမ်းကိုရေးလိုလျှင် အဋ္ဌကထာဆရာကဲ့သို့ပင် ရတနတ္တယပဏာမ ကို ပြုပြီးမှသာ ထိုထိုကျမ်းဂန်များကို ရေးသားကြပါသည်၊ ဤကဲ့သို့ ဒိဋ္ဌာနုဂတိ အတုလိုက်စေခြင်း အကျိုးလည်းရှိသည်”ဟု ဆိုလိုပါသည်။

“သို့ဖြစ်သောကြောင့် အဖွင့်သံဝဏ္ဏနာ အဋ္ဌကထာကျမ်း၏ အစ၌ ရတနာမြတ် သုံးပါးအား ရှိခိုးခြင်းပဏာမကို အဋ္ဌကထာဆရာ မဟာထေရ်မြတ် ပြုတော်မူသည်” ဟု ထိုထိုဋီကာ, ဂဏ္ဌိကျမ်းတို့၌ ရတနတ္တယပဏာမ ၏ အကျိုးများကို များပြားလှစွာ အကျယ်ဝိတ္ထာရဖွင့်ပြကြကြောင်း ဤသာရတ္ထဒီပနီဋီကာ၌ ဖော်ပြထားပါသည်။

သို့ဖြစ်လျှင် အရှင် သာရတ္ထဒီပနီဋီကာဆရာမြတ်သည်လည်း ထိုအခြားဆရာတို့ ကဲ့သို့ပင် ရတနတ္တယပဏာမ၏ အကျိုးကို အမျိုးမျိုး အကျယ် ဝိတ္ထာရ ဖွင့်ပါဦးမည်လော” ဟု မေးမြန်းလျှောက်ထားဖွယ်ရှိသောကြောင့် “မယံ ပန ဣဓာဓိပ္ပေတပယောဇန မေဝ ဒဿယိဿာမ” ဟု ဆက်လက်၍ မိန့်ဆိုသွားပါသည်၊

“သာရတ္ထဒီပနီဋီကာကျမ်းပြုဆရာ ငါတို့သည်ကား ဤအရာ၌ အဋ္ဌကထာဆရာ အလိုရှိအပ်သော (လိုရင်းဖြစ်သော) အကျိုးကိုသာလျှင် ရွေးကောက်၍ ဖော်ပြမည်” ဟု ဆိုလိုပါသည်။

သို့ဖြစ်၍ သံဝဏ္ဏနာအဋ္ဌကထာကျမ်း ၏ အစ၌ ရတနတ္တယပဏာမကို ပြုခြင်းသည် မိမိ ဝန်ခံထားသော အဋ္ဌကထာကျမ်း ၏ အန္တရာယ်မရှိပဲ ပြီးစီးခြင်းအကျိုးရှိသည်” ဟု သိအပ်သင့်ကြောင်း ပြဆိုထားပါသည်၊ ထို့ပြင် ဤအကျိုးကိုသာ အဋ္ဌကထာ ဆရာမြတ် အလိုရှိအပ်ကြောင်းကိုလည်း ပြဆိုပြီးလျှင် ထိုစကား မှန်ကန်ကြောင်းကို ပြီးစီးစေရန်လည်း သက်သေသာဓက ပြလို၍ -

ဣစ္စေဝ မစ္စန္တနမဿ နေယျံနမဿမာနော ရတနတ္တယံ ယံ
ပုညာဘိသန္ဒံ ဝိပုလံ အလတ္ထံ၊ တဿာနုဘာဝေန ဟတန္တရာယော။

ဟူသော အဋ္ဌကထာဆရာ ၏ ဂါထာစကားကိုပင် ထုတ်ဆောင်ပြပြန်ပါသည်၊ ထိုဂါထာကို အနက်မြန်မာပြန်ဆို၍ လျှောက်ထားလိုပါသေးသည်။

ဣစ္စေဝံ - ဤဆိုအပ်ခဲ့ပြီးသော အစဉ်ဖြင့်၊
အစ္စန္တနမဿနေယျံ - စင်စစ် ရှိခိုးပူဇော်ခြင်းငှါ ထိုက်တော်မူသော၊
ရတနတ္တယံ - ရတနာမြတ်သုံးပါး အပေါင်းကို၊
နမဿမာနော - ချီးကျူး မြတ်နိုး ရှိခိုးပူဇော်သော၊
အဟံ - အဋ္ဌကထာကျမ်းပြုဆရာ ငါသည်၊
ဝိပုလံ - ပြန့်ပြော ကြီးကျယ်သော၊
ယံ ပုညာဘိသန္ဒံ - အကြင် ကောင်းမှုအယဉ်ကို၊
အလတ္ထံ - ရရှိပြီ၊
တဿ - ထိုကောင်းမှုအယဉ်၏၊
အာနုဘာဝေန - အစွမ်း အာနုဘော်တော်ဖြင့်၊
ဟတန္တရာယော - ပယ်ဖျောက်အပ်ပြီးသော အန္တရာယ်ရှိသည် ဖြစ်၍၊ ဝါ - အန္တရာယ်ကို ပယ်ဖျောက်ပြီးသည် ဖြစ်၍
(ဝဏ္ဏယိဿံ - ဝိနည်း ပိဋကကို ဖွင့်ပြပေအံ့။)

ဤသို့ အဋ္ဌကထာမှာ ပြဆိုထားပါသည်၊ ထို့ ကြောင့် “အန္တရာယ်ကင်းပျောက်စေရန် အလို့ငှါ ရတနတ္တယပဏာမကို အဋ္ဌကထာဆရာ ပြုတော်မူသည်”ဟု ပြဆိုသော (မိမိဋီကာဆရာ၏) စကားသည် ထိုအဋ္ဌကထာစကားနှင့် ညီညွတ်လျက် ရှိသောကြောင့် “မိမိပြဆိုသည့်အတိုင်းပင် မှန်ကန်သည်”ဟု ဆိုလိုပါသည်။

ဤသို့ပြဆိုသည့် ဋီကာစကားရပ်တွင် “အန္တရာယ်မရှိပဲ ကျမ်းပြီးစီးခြင်းသည် အဘယ်အကြောင်း ကြောင့်ပါနည်း”ဟု မေးမြန်းဖွယ်ရှိသောကြောင့် ထိုအချက်ကို ဆက်လက်၍လည်း ဖော်ပြသွားပြန်ပါသည်၊ ဖော်ပြသွားပုံမှာ -

“ရတနတ္တယပဏာမကို ပြုသဖြင့် မိမိဝန်ခံထားသော သံဝဏ္ဏနာ အဋ္ဌကထာ ကျမ်းကြီး အန္တရာယ်မရှိပဲ ပြီးစီးသွားသည်မှာ ရတနာမြတ်သုံးပါးကို ပူဇော်မှု ကုသိုလ်ကံက ဉာဏ်ပညာကို ထက်မြက်စေသောကြောင့် ဖြစ်သည်”ဟု ရှေးဦးစွာ ပြဆိုပါသည်၊ ထိုစကားဖြင့် ဆိုလိုသည်မှာ-

“ရတနာသုံးပါးကို ပူဇော်မှုကုသိုလ်၏ အစွမ်းကြောင့် အဋ္ဌကထာဆရာမှာ ဉာဏ်ပညာ ထက်မြက်လာပါသည်၊ ထို့ကြောင့် အဋ္ဌကထာကျမ်းကို စီရင်ရေးသား ရာမှာ နှောင့်နှေးခြင်း အန္တရာယ်မရှိပဲ လွယ်ကူစွာ ပြီးစီးနိုင်ခြင်း အကျိုးရှိသွားသည်” ဟု ဆိုလိုပါသည်။

“ထိုသို့ ဉာဏ်ပညာထက်မြက်သည်မှာလည်း အဘယ်ကြောင့်ပါနည်း”ဟု ဆက်လက် မေးမြန်းဖွယ် ပေါ်လာပြန်ပါသည်၊ ထို့ကြောင့် ထိုအချက်ကို ရှင်းလင်းနိုင်စေရန် “တာယပညာပါဋဝဉ္စ ရာဂါဒိမလဝိဓမနတော” ဟု ဒုတိယ ထပ်ဆင့်၍ ဖြေရှင်း သွားပြန်ပါသည်။

ဆိုလိုသည်မှာ “ရတနာမြတ်သုံးပါးအား ရှိခိုးပူဇော်ခြင်းဖြင့် ရာဂအစရှိသော အညစ် အကြေးကို သုတ်သင် စင်ကြယ်စေနိုင်သည်၊ ထိုသို့ အညစ်အကြေး စင်ကြယ် သောကြောင့် ဉာဏ်ပညာ ထက်မြက်ခြင်း ပြီးစီးသည်” ဟု ဆိုလိုပါသည်။

ရတနာမြတ်သုံးပါးအား ရှိခိုး ပူဇော်ခြင်းဖြင့် ဉာဏ်ပညာထက်မြက်သည်မှာ အကြောင်း နှစ်မျိုးနှင့် စပ်ဆိုင်ပါသည်၊ ထိုနှစ်မျိုးတို့တွင် စိတ်အညစ်အကြေး စင်ကြယ်သောကြောင့် ဉာဏ်ပညာ ထက်မြက်သည်ဟု ပြသောအကြောင်းမှာ ပထမအကြောင်း ဖြစ်ပါသည်၊ ထိုပြဆိုချက်မှာ ဖြစ်သင့်သော သဘာဝယုတ္တိအားဖြင့် ပြဆိုချက်မျှသာ ဖြစ်သောကြောင့် ထိုစကားကို မြတ်စွာဘုရားဟောတော်မူသော အာဂမယုတ္တိဖြင့်လည်း ခိုင်မြဲစေရန်အတွက် “ယသ္မိံ မဟာနာမ သမယေ အရိယသာဝကော တထာဂတံ အနုဿရတိ” စသည်ဖြင့် သံယုတ်ပါဠိတော်မှ မဟာနာမသုတ်ကိုလည်း ထုတ်ဆောင်၍ ပြတော်မူပါသည်၊ ထိုသုတ်၏ အနက် အဓိပ္ပါယ်မှာ-

မဟာနာမ်မင်း ... အကြင်အခါကာလ၌ အရိယသာဝကသည် မြတ်စွာဘုရားကို နှလုံးသွင်း ဆင်ခြင်၏၊

(မြတ်စွာဘုရားကို နှလုံးသွင်း ဆင်ခြင်သည် ဟူသော ဤစကားနှင့် မြတ်စွာဘုရားကို ချီးကျူးလျက် ရှိခိုးပူဇော်သည် ဟူသော အဋ္ဌကထာ, ဋီကာတို့မှ စကားကို “သဘောအားဖြင့် အတူတူ” ဟု ယူစေလိုပါသည်)

မြတ်စွာဘုရားကို နှလုံးသွင်း ဆင်ခြင်နေသော ထိုအခါကာလ၌ နှလုံးသွင်းဆင်ခြင် နေသော ထိုအရိယ သာဝက၏ သန္တာန်မှာ ရာဂနှိပ်စက်အပ်သော စိတ်သည် မဖြစ်ပေ၊ ထိုအရိယသာဝက ၏ စိတ်ကို ရာဂမနှိပ်စက်နိုင်၊ မြတ်စွာဘုရားကို နှလုံးသွင်း ဆင်ခြင်နေသော ထိုအခါကာလ၌ ထို အရိယသာဝက၏ သန္တာန်တွင် ဖြောင့်မတ်သော စိတ်သာလျှင် ဖြစ်သည်ဟု ထိုသုတ်က ပြဆိုပါသည်။

ထိုသုတ်ပါဠိအရအားဖြင့် “ရတနာမြတ် သုံးပါးအား ရှိခိုးပူဇော်ခြင်းသည် ရာဂ, ဒေါသ အစရှိသော စိတ်အညစ်အကြေးကို သုတ်သင် စင်ကြယ်စေသည်” ဟူ၍ လည်း ကောင်း၊ “ထိုသို့ သုတ်သင်စင်ကြယ်စေသောကြောင့် အညစ်အကြေး ကင်းသော မီးခွက်သည် ကြည်လင် တောက်ပသကဲ့သို့ ဉာဏ်ပညာလည်း ထက်မြက်သည်” ဟူ၍ လည်းကောင်း သိနိုင်ပါသည်၊ သို့ဖြစ်၍ ရတနာမြတ်သုံးပါးအား ရှိခိုး ပူဇော်ခြင်းဖြင့် အညစ်အကြေးကို သုတ်သင်၍ စင်ကြယ်ပြီး ဖြစ်နေသောကြောင့် ဉာဏ်ပညာမှာ ထက်မြက်သည်၏အဖြစ် ပြီးစီးကြောင်းကို ပြဆိုသွားပါသည်။

ပညာထက်မြက်ခြင်း၏ အကြောင်း

တဖန် ပညာထက်မြက်ခြင်း၏ အကြောင်းကို ဤသို့လည်း ပြန်ပြန်ပါသည်။

အထဝါ - တနည်းပညာထက်မြက်ပုံကား၊
ရတနတ္တယပူဇနဿ - ရတနာမြတ်သုံးပါးအား ရှိခိုးပူဇော်ခြင်း၏၊
ပညာပဒဋ္ဌာနသမာဓိ ဟေတုတ္တာ - ပညာ၏ နီးသော အကြောင်း ပဒဋ္ဌာန်ဖြစ်သော သမာဓိ ၏ဟိတ်အကြောင်း (အရင်းခံအကြောင်း) ဖြစ်ခြင်းကြောင့်၊
ပညာပါဋဝံ - ဉာဏ်ပညာ၏ ထက်မြက်သည်၏ အဖြစ်သည်၊
သိဒ္ဓံ - ပြီးစီး၏။

ရတနာမြတ်သုံးပါးအား ရှိခိုးပူဇော်မှု ကုသိုလ်သည် ပညာ၏ ပဒဋ္ဌာန်ဖြစ်သည့် သမာဓိ၏ အကြောင်းဖြစ်သည်ဟု ဆိုပါသည်။ ထိုစကား၏ သက်သေသာဓက ကိုလည်း-

ဧဝံ ဥဇုဂတစိတ္တော ခေါ မဟာနာမ အရိယသာဝကော လဘတိ အတ္ထဝေဒံ စသည်ဖြင့် မဟာနာမသုတ်မှာပင် ထုတ်ဆောင်၍ ပြသွားပါသည်၊

အနက်အဓိပ္ပါယ်မှာ -

မဟာနာမ်မင်း ... ဤဆိုခဲ့ပြီးသော နည်းဖြင့် (မြတ်စွာဘုရားကို နှလုံးသွင်း ဆင်ခြင်လျက် ရာဂ, ဒေါသစသော အညစ်အကြေးကင်း၍ သန့်ရှင်းစင်ကြယ်ကာ) ဖြောင့်မတ်စွာ စိတ်ရှိသော အရိယသာဝကသည် အနက်အဓိပ္ပါယ်ကို သိသော ဉာဏ်ကိုလည်း ရ၏။ တရားဒေသနာကို သိသော ဉာဏ်ကိုလည်း ရ၏၊ တရားနှင့်စပ်၍ နှစ်သိမ့် အားရသောပါမောဇ္ဇကိုလည်းရ၏၊

နှစ်သိမ့်အားရသော ထိုအရိယသာဝကမှာ ဝမ်းမြောက်သော ပီတိ ဖြစ်ပေါ်လာ၏၊ ဝမ်းမြောက်သော စိတ်နှလုံးရှိသည့် ထိုအရိယ သာဝက၏နာမ်ရုပ်အပေါင်းတို့သည် ပူပန်မှု ကင်းဝေးလျက် ငြိမ်းအေးသွား၏၊ ငြိမ်းအေးသော ကိုယ်ရှိသည့် ထိုအရိယ သာဝကသည် ကိုယ်စိတ်ချမ်းသာကို ခံစားရ၏၊ ကိုယ်စိတ် ချမ်းသာနှင့် ပြည့်စုံနေသော ထိုအရိယသာဝက ၏စိတ်သည် ကောင်းစွာ တည်ကြည်လေ တော့သည်ဟု ထိုသုတ်ပါဠိက ပြဆိုပါသည်။

ထိုသုတ်ပါဠိအရဖြင့် “ရတနာမြတ်သုံးပါးအား ရှိခိုးပူဇော်ခြင်းဖြင့် စိတ်အညစ်အကြေး ကင်းခြင်းစသော အကြောင်း အဆင့်ဆင့် နှင့်ပြည့်စုံ၍ ကိုယ်စိတ်ချမ်းသာနှင့် ပြည့်စုံသူမှာ စိတ်တည်ကြည်ခြင်း သမာဓိ ဖြစ်ပေါ်လာသည်” ဟူသော ပြဆိုချက် ကတော့ ပြီးစီး ပြည့်စုံသွားပါပြီ၊ သို့သော်လည်း ဖြစ်ပေါ်လာသော ထိုသမာဓိကပညာ ၏ နီးသောအကြောင်း ပဒဋ္ဌာန်ဖြစ်ပုံကို အဘယ်သို့ သိရပါမည်နည်းဟု မေးမြန်းဖွယ် ရှိပြန်သည့်အတွက် -

သမာဟိတော ယထာဘူတံ ပဇာနာတိ”ဟူ၍ မြတ်စွာဘုရား ဟောထားသော စကားတော် ရှိကြောင်းကိုလည်း ထုတ်ဆောင်၍ ပြသွားပြန်ပါသည်။

သမာဟိတော - စိတ်တည်ကြည်သော ပုဂ္ဂိုလ်သည်၊
ယထာဘူတံ - ဟုတ်တိုင်းမှန်စွာ၊
ပဇာနာတိ - သိ၏

ဟူသော ဤပါဠိအရအားဖြင့် “သမာဓိမဖြစ်လျှင် ဉာဏ်ပညာမဖြစ်နိုင်၊ သမာဓိ ဖြစ်လျှင် ဉာဏ်ပညာဖြစ်သည်”ဟု သိရသောကြောင့် သမာဓိသည် ပညာ၏ ပဒဋ္ဌာန်ဖြစ်ကြောင်း သိနိုင်သည်ကို ရှင်းလင်းပြဆိုသွားပါသည်။

ဧဝံ - ဤဆိုခဲ့သည့် အခြင်းအရာအားဖြင့်၊
ပဋုဘူတာယ - ထက်မြက်သည်ဖြစ်၍ဖြစ်သော၊
ဝါ - ထက်မြက်သော အစွမ်းသတ္တိနှင့် ပြည့်စုံသော၊
ပညာယ - ပညာဖြင့်၊
ပဋိညာမဟတ္တကတံ-ဝန်ခံမှု ကြီးကျယ်ခြင်းက ပြုအပ်ဖြစ်စေအပ်သော၊
ခေဒံ - ပင်ပန်းခြင်းကို၊
အဘိဘုယျ - လွှမ်းမိုးငယ်ရှား၍။

အဋ္ဌကထာကျမ်းကြီးကို ရေးသားစီရင်မည်ဟူ၍ တာဝန်ယူသော အဋ္ဌကထာဆရာ၏ ဝန်ခံချက်သည် သေးငယ်သော တာဝန်မဟုတ်ပါ၊ အလွန်ကြီးလေးလှစွာသော တာဝန်ကြီး ဖြစ်ပါသည်၊ ဤအရာ၌ နှိုင်းချိန်ကြည့်ရန်မှာ ယခုခေတ်လောကတွင် ပညာရှိ ပရိသတ်များ အလယ်၌ ဖတ်ပြ ပြောဆိုရန်အတွက် စာကောင်းတပိုဒ်ကို ရေးရမည် ဆိုလျှင်ပင် ရဲရဲဝန်ခံရန် မလွယ်ကူလှပါ၊

ဤသို့ လောကရေးရာ သာမန်စာတပိုဒ်ကိုပင် ဝန်ခံ၍ ရေးရန်မလွယ်ကူသည်ကို ထောက်ဆ၍ကြည့်လျှင် မြတ်စွာဘုရား ဟောတော်မူအပ်သည့် သုတ်, ဝိနည်း, အဘိဓမ္မာပါဠိတော်တို့ကို မြတ်စွာဘုရား ၏ အလိုတော်ကျ မှန်ကန်စွာဖွင့်ပြသော အဋ္ဌကထာကျမ်းကြီး တစောင်ဖြစ်အောင် ရေးသားစီရင်ပါမည်ဟု ရဲရင့်စွာ တာဝန်ယူသော အဋ္ဌကထာဆရာ ၏ ထိုဝန်ခံချက် ပဋိညာဉ်ဟာ အလွန်ပင် ကြီးကျယ်ကြောင်း ထင်ရှားလှပါသည်၊

ထိုဝန်ခံချက် အားလျော်စွာ ရေးသား ပြုစုရမည့် တာဝန်မှာလည်း အလွန့်အလွန်ပင် ကြီးလေးလှပါပေသည်။ ထိုတာဝန် ကြီးလေးသလောက်ပင် ရေးသားပြုစုသောအခါ၌ ဉာဏ်မထက်မြက်လျှင် အကြီးအကျယ် ပင်ပန်းခြင်း ဖြစ်နိုင်သည်မှာလည်း ထင်ရှား လှပါသည်၊

သို့သော် အဋ္ဌကထာဆရာမှာမူကား ရတနတ္တယပဏာမကို မှီ၍ သမာဓိ ဖြစ်ပွားလျက် ရှိသဖြင့် ထိုသမာဓိဟူသော ပဒဋ္ဌာန်ကြောင့် အဋ္ဌကထာကို ရေးသား စီရင်နိုင်ရန် ဉာဏ်ပညာမှာလည်း ထက်မြက်လျက် ရှိပါသည်၊ ထိုထက်မြက်သော ဉာဏ်ပညာဖြင့် ပင်ပန်းဖွယ် ဟူသမျှကို လွှမ်းမိုးပယ်ရှား၍ အဋ္ဌကထာကျမ်းကို ပြီးစီးစေနိုင်သည်ဟု ဆိုလိုပါသည်။ ထို့ကြောင့် -

ပဋိညာမဟတ္တကတံ - ဝန်ခံမှုကြီးကျယ်ခြင်းက ပြုအပ်ဖြစ်စေအပ်သော၊
ခေဒံ - ပင်ပန်းခြင်းကို၊
ဧဝံ ပဋုဘူတာယ - ဤဆိုခဲ့သည့် အခြင်းအရာအားဖြင့် ထက်မြက်လှစွာသော၊
ပညာယ - ပညာဖြင့်၊
အဘိဘုယျ - လွှမ်းမိုးပယ်ရှား၍၊
သံဝဏ္ဏနံ - အဖွင့်ဖြစ်သော အဋ္ဌကထာကျမ်းကို၊
အနန္တရာယေန - အန္တရာယ် မရှိပဲ၊
သမာပယိဿတိ - ပြီးစေနိုင်ပါလတ္တံ့ ဟု မိန့်ဆိုတော်မူပါသည်။

သို့ဖြစ်၍ “အနန္တရာယေန ပရိသမာပနတ္ထံ - ရတနာမြတ်သုံးပါးအား ရှိခိုးခြင်း ပဏာမသည် ဝန်ခံထားသော ကျမ်းကို အန္တရာယ်မရှိပဲ ပြီးစေနိုင်ခြင်း အကျိုးရှိသည်” ဟု ပထမက မိမိဆိုခဲ့ကြောင်း ကိုလည်း ပြန်လည်စပ်ဟပ်လျက် ပြဆိုသွားပါသည်။

ထို့ပြင် အန္တရာယ်မရှိပဲ ကျမ်းကို ပြီးစေရာမှာ ပညာထက်မြက်သော အကြောင်းမှ တပါး အခြားအကြောင်းကြောင့်လည်း ပြီးစေနိုင်ပုံကို အထဝါစသည်ဖြင့် တနည်းတဖုံ ပြသွားပြန်ပါသည်။

ပြပုံမှာ -

ရတနာမြတ်သုံးပါးအား ရှိခိုးပူဇော်ခြင်းနှင့် အသက်, အဆင်း, ချမ်းသာ,ခွန်အား ဟူသော အကျိုး ၄-ပါးတို့ တိုးပွားကြသည်၊ ထိုအကျိုး ၄-ပါး တိုးပွားခြင်းဟူသော အကြောင်းကြောင့်လည်း ဝန်ခံထားသော ကျမ်းကို အန္တရာယ်မရှိပဲ စီရင်၍ ပြီးစေနိုင်သည်ဟု ဆိုပါသည်၊ ထိုစကားရပ်၌ ရတနာမြတ်သုံးပါးအား ရှိခိုးခြင်းဖြင့် အသက်, အဆင်း, ချမ်းသာ, ခွန်အားဟူသော အကျိုး ၄-ပါး တိုးပွားနိုင်ကြောင်းကို -

အဘိဝါဒနသီလိဿ, နိစ္စံ ဝုဍ္ဎာပစာယိနော၊
စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ, အာယု ဝဏ္ဏော သုခံ ဗလံ။

ဟူသော ဘုရားဟောပါဠိတော်ဖြင့် သာဓကလည်း ပြသွားပါသည်၊ ထိုပါဠိ၏ အနက်မှာ ရှင်လူအများပင် ထင်ရှားသိပြီး ဖြစ်နေပါသည်။

ထို့ပြင် တနည်းပြပြန်သည်မှာ-

“ရတနာမြတ်သုံးပါးအား ရှိခိုးခြင်း, အရိုအသေပြုခြင်းသည် အပရိဟာနိယတရား ဖြစ်၍ ပဋိဘာန်ဉာဏ်ပညာ မဆုတ်ယုတ်ခြင်းကို ဆောင်တတ် ဖြစ်စေတတ်သည်” ဟု ဆိုပါသည်၊ အပရိဟာနိယ တရားဖြစ်ကြောင်းကိုလည်း “သတ္တိမေ ဘိက္ခဝေ အပရိဟာနိယာဓမ္မ”စသည်ဖြင့် သာဓက ထုတ်ပြသွားပါသည်၊ ထိုအပရိဟာနိယ -မဆုတ်ယုတ်ကြောင်း တရားများမှာ -

  1. သတ္ထုဂါရဝတာ - မြတ်စွာဘုရား၌ရိုသေခြင်း၊ (ရိုသေသည်၏အဖြစ်)၊
  2. ဓမ္မဂါရဝတာ - တရားတော်၌ ရိုသေခြင်း၊
  3. သံဃဂါရဝတာ - သံဃာတော်၌ ရိုသေခြင်း၊
  4. သိက္ခာဂါရဝတာ - မိမိ၏သီလ, သမာဓိ, ပညာ အကျင့်သိက္ခာ၌ ရိုသေခြင်း၊
  5. သမာဓိဂါရဝတာ - သမာဓိ၌ ရိုသေခြင်း၊
  6. ကလျာဏမိတ္တတာ - မိတ်ကောင်း ဆွေကောင်းရှိခြင်း၊
  7. သောဝစဿတာ - ဆိုဆုံးမလွယ်ခြင်း၊ (အဆုံးအမကို နာယူလွယ်ခြင်း)၊

ဟူသော ဤ ၇-ပါးတို့ပင် ဖြစ်ပါသည်၊ ထို ၇ -ပါးထဲမှ သတ္ထုဂါရဝတာ, ဓမ္မဂါရဝတာ, သံဃဂါရဝတာ ဟူသော အပရိဟာနိယတရား သုံးပါးမှာ ရတနာမြတ်သုံးပါးအား ရှိခိုးခြင်းနှင့် သက်ဆိုင်ကြောင်း ဋီကာဆရာက သိစေပါသည်၊ သို့ဖြစ်၍ ရတနာမြတ် သုံးပါးအား ရှိခိုးခြင်းသည် အပရိဟာနိယတရား ဖြစ်သောကြောင့်လည်း ပညာ မဆုတ်ယုတ်ခြင်း ဖြစ်စေသည်၊ ပညာ မဆုတ်ယုတ်သောကြောင့် အဋ္ဌကထာ ကျမ်းကို ရေးသားစီစဉ်ရာမှာ နှောင့်နှေးခြင်း အန္တရာယ်မရှိပဲ လွယ်ကူစွာနှင့် ပြီးစေနိုင်သည်ဟု ဆိုလိုပါသည်။

ထို့ပြင် တနည်း ပြပြန်သည်မှာ ရတနာမြတ်သုံးပါးသည် ကြည်ညိုဖွယ်ဂုဏ်နှင့် ပြည့်စုံ၍ ကြည်ညိုခြင်း၏ တည်ရာဖြစ်ပွားရာ ဖြစ်သောကြောင့် ပသာဒဝတ္ထု မည်ပါသည်၊ ထိုပသာဒဝတ္ထု အစစ်ဖြစ်သော ရတနာမြတ်သုံးပါးအား ရှိခိုး ပူဇော်ခြင်းသည် လွန်ကဲသော ကောင်းမှုအထူးဖြစ်ပါသည်၊ ထိုသို့ ကောင်းမှု အထူးဖြစ်သောကြောင့်လည်း အဋ္ဌကထာကျမ်းကို ရေးသားစီရင်ရာတွင် အန္တရာယ် မရှိပဲ ပြီးစေနိုင်သည်ဟု ဆိုပါသည်။

ဤအရာ၌ လွန်ကဲသော ကောင်းမှုအထူးဖြစ်ကြောင်းကို ဓမ္မပဒ ပါဠိတော်, အပါဒါန် ပါဠိတော်များမှ ဤသို့ သာဓက ထုတ်ပြသွားပါသည်။

ပူဇာရဟေ ပူဇယတော, ဗုဒ္ဓေ ယဒိဝ သာဝကေ၊
ပပဉ္စသမတိက္ကန္တေ, တိဏ္ဏသောကပရိဒ္ဒဝေ။
တေ တာဒိသေ ပူဇယတော, နိဗ္ဗုတေ အကုတော ဘယေ၊
န သက္ကာပုညံ သင်္ခါတုံ, ဣမေတ္တမပိ ကေနစိ။

ပပဉ္မ သမတိက္ကန္တေ - တဏှာ, ဒိဋ္ဌိ, မာနတည်းဟူသော ပပဉ္စတရားကို လွန်မြောက်တော်မူကုန်ပြီးသော၊
ဝါ - ပပဉ္စတရားကို လွန်မြောက်တော် မူကုန်ပြီးသည်ဖြစ်၍၊
(ပူဇာရဟေ-၌စပ်ရမည်)
တိဏ္ဏသောကပရိဒ္ဒဝေ - ကူးမြောက် ကျော်လွန်ပြီးသော စိုးရိမ်ပူဆွေးခြင်း, ငိုကြွေးခြင်း ရှိတော်မူကုန်သော၊
ဝါ - စိုးရိမ် ပူဆွေးခြင်း, ငိုကြွေးခြင်းကို ကျော်လွန်တော်မူကုန်ပြီးသော၊
ဝါ - ကျော်လွန်တော် မူပြီးဖြစ်ကုန်၍၊
ပူဇာရဟေ - ပူဇော်ခြင်းငှါ ထိုက်တန်တော်မူကုန်သော၊
ဗုဒ္ဓေဝ - (ဗုဒ္ဓေ ဝါ) သက်တော်ထင်ရှား မြတ်စွာဘုရားတို့ကို လည်းကောင်း၊
ယဒိ - ထိုမြို့၊
သာဝကေ ဝါ - အသက်ထင်ရှားရှိသည့် တပည့်သာဝကတို့ကို လည်းကောင်း၊
ပူဇယတော - ပူဇော်သောသူ ၏၊
ပုညံ - ကောင်းမှုကိုလည်းကောင်း၊
(သင်္ခါတုံ - ၌စပ်)
နိဗ္ဗုတေ - ပရိနိဗ္ဗာန် စံတော်မူကုန်ပြီးသော၊
ဝါ - ပရိနိဗ္ဗာန်စံလွန်တော်မူပြီးဖြစ်ကုန်၍၊
အကုတောဘယေ - မည်သည့် အရပ်ကမျှ, မည်သည့် အကြောင်းကြောင့်မျှ ဘေးမရှိကုန်သော ၊
ဝါ - အချင်းခပ်သိမ်း ဘေးငြိမ်းတော်မူကုန်ပြီးသော၊
တာဒိသေ - ထိုသို့ သဘောရှိကုန်သော၊
တေ - ထို (ပရိနိဗ္ဗာန်စံပြီး) မြတ်စွာဘုရားတို့နှင့် ရဟန္တာသာဝက တို့ကို၊
ပူဇယတော - ပူဇော်သောသူ၏၊
ပုညံ - ကောင်းမှုကိုလည်းကောင်း၊
(သင်္ခါတုံ-၌ပင်စပ်)၊
ဣမံ - ဤပူဇော်ခြင်းကောင်းမှုသည်၊
ဧတ္တံ - (ဧတ္တကံ) ဤမျှသာအစွမ်းရှိသည်, ဤမျှသာ အကျိုးပေးနိုင်သည်ဟု၊
ကေနစိ အပိ - နတ်လူဗြဟ္မာ သတ္တဝါတို့တွင် တစုံတယောက်မျှသည်လည်း၊
ဝါ - ခန့်မှန်းခြင်း, ချင့်တွက်ခြင်း, ချိန်စက်ခြင်းတို့တွင် တစုံတခုသော တွက်ခြင်းမျိုး ဖြင့်လည်း၊
သင်္ခါတုံ - ရေတွက်ခြင်းငှါ၊
နသက္ကာ - မစွမ်းနိုင်ပေ။

ဤသို့ပြဆိုထားသောကြောင့် ရတနာမြတ်သုံးပါးအား ရှိခိုးပူဇော်ခြင်းသည် ပုညာတိသယ - လွန်ကဲ ထူးမြတ်သော ကောင်းမှုဖြစ်ကြောင်း ထင်ရှားပါသည်၊ ထို့ကြောင့် “ပုညာတိသယဖြစ်သော ဤကောင်းမှုသည် အလိုရှိအပ်သော အကျိုးကိစ္စကို ပြီးစေနိုင်သော အကြောင်း ဥပါယဖြစ်သည်” ဟူ၍လည်း မိန့်ဆိုပြီးလျှင် ထိုစကားမှန်ကန်ကြောင်း ထင်ရှားစေရန် နိဓိကဏ္ဍသုတ်မှ ဂါထာ ကိုလည်း ဤသို့ ထုတ်ဆောင်ပြတော်မူပါသည်။

ဧသ ဒေဝမနုဿာနံ, သဗ္ဗကာမဒဒေါ နိဓိ၊
ယံ ယံ ဒေဝါဘိပတ္ထေန္တိ, သဗ္ဗမေတေန လဗ္ဘတိ။

ဧသနိဓိ - ဤကောင်းမှုတည်းဟူသော ရတနာရွှေအိုးသည်၊
ဒေဝမနုဿာနံ - နတ်လူတို့၏၊
သဗ္ဗကာမဒဒေါ - အလုံးစုံသော အလိုကို ပေးတတ်သော ရတနာရွှေအိုးကြီး ပါပေတည်း။
ယံ ယံ - အကြင် အကြင် ကောင်းကျိုး ချမ်းသာကို၊
အဘိပတ္ထေန္တိ - နတ်လူတို့က လိုလား တောင့်တကုန်၏၊
တံတံ ဧဝသဗ္ဗံ - ထိုထို လိုလားတောင့်တတိုင်းသော ကောင်းကျိုး ချမ်းသာဟူသမျှ အလုံးစုံကိုပင်လျှင်၊
ဧတေန - ဤကောင်းမှုတည်း ဟူသော ရတနာရွှေအိုးဖြင့်၊
လဗ္ဘတိ - ရအပ် ရနိုင်ပေ၏။

ဤပါဠိအရဖြင့် ရတနတ္တယပဏာမ ကောင်းမှုသည် လိုအပ်သမျှကို ရစေနိုင်သော ဥပါယ အကြောင်းမှန်ဖြစ်ကြောင်း ထင်ရှားပြန်ပါသည်၊ ထို့ကြောင့် ထိုအကြောင်းမှန် ဥပါယဖြစ်သော ရတနတ္တယပဏာမကို ပြုသော အဋ္ဌကထာဆရာအား မိမိလိုလား အပ်သည့်အတိုင်း ကျမ်းကို ရေးသားပြုစုခြင်းအမှု ပြီးသည ်ဟူ၍ ဆုံးဖြတ်ချက် ချတော်မူပါသည်။

ထို့နောက် အထူးဝိသေသအားဖြင့် ဆက်လက်၍ ပြဆိုပြန်သည်မှာ ရတနာမြတ် သုံးပါးအား ရှိခိုးပူဇော်ခြင်းသည် ကုသိုလ်ကောင်းမှုကို စိုက်ပျိုးရာ လယ်မြေထဲမှာ အလွန်အကဲမရှိ အကောင်းဆုံး လယ်မြေသဖွယ်ဖြစ်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်, တရားထူး တရား မြတ်တို့ကို အာရုံပြု ဖြစ်ပွားရသောကြောင့် အပရိမေ - ယျပ္ပဘဝ -မနှိုင်းယှဉ် မရေတွက်နိုင်သည့် အစွမ်းအာနုဘော်ရှိသော ကောင်းမှုဖြစ်သည်၊ ပုညာတိသယ - လွန်ကဲထူးမြတ်သော ကောင်းမှုလည်းဖြစ်သည်၊

သို့ဖြစ်၍ လူ့လောက၌ အမျိုးမျိုးအထွေထွေ ဘေးရန်အန္တရာယ်တို့ များပြားစွာပင် ရှိငြားသော်လည်း ထိုရတနတ္တယပဏာမ ကောင်းမှုထူးက အန္တရာယ် အနှောင့် အယှက် ဟူသမျှကိုလည်း ပယ်ရှားနိုင်သည်၊ ညစ်ညူးကြောင်း ကိလေသာ တို့ကိုလည်း ပယ်ဖျက်နိုင်သည်၊ ကြောက်မက်ဖွယ်ဘေး အစရှိသော ကပ်ရောက်၍ နှိပ်စက်တတ်သော အကျိုးမဲ့ ဥပဒ္ဒဝေါ ဟူသမျှကိုလည်း တားမြစ်တတ်သည်ဟု မိန့်ဆိုပါသည်၊

သို့ဖြစ်၍ ရတနတ္တယပဏာမ ကောင်းမှုအထူးနှင့် ပြည့်စုံသော အဋ္ဌကထာဆရာမှာ မိမိမျှော်လင့်ရည်ရွယ်သည့် အတိုင်းပင် အဋ္ဌကထာကျမ်းကို ရေးသား စီရင်၍ ပြီးစေနိုင်သည်ဟု ဆိုလိုပါသည်၊ ဤအရာမှာ ဋီကာဆရာတော်က မိမိရှေးက ပြခဲ့သော အဆုံးအဖြတ် စကားနှင့်လည်း ပြန်လည်ဆက်စပ်၍ ပဏာမ အကျိုးပြု စကားကို ဤသို့ နိဂုံးချုပ်သွားပါသည်။

တသ္မာ - ရတနတ္တယပဏာမ ကောင်းမှုအထူးသည် အန္တရာယ်အနှောင့်အယှက်ကို ပယ်ရှားတတ်ခြင်း, ညစ်ညူးကြောင်း ကိလေသာကို ပယ်ဖျက်တတ်ခြင်း, ဘေး ဥပဒ္ဒဝေါတို့ကို တားမြစ်တတ်ခြင်းဟူသော ထိုအကြောင်းကြောင့် သံဝဏ္ဏနာ၏အစ၌၊
ရတနတ္တယ ပဏာမကရဏံ - ရတနာမြတ်သုံးပါးအား ရှိခိုးခြင်းကို ပြုခြင်းသည်၊
ယထာပဋိညာတသံ ဝဏ္ဏနာယ - ဝန်ခံထားတိုင်းသော အဖွင့်အဋ္ဌကထာကျမ်းကို၊
အနန္တရာယေန ပရိသမာပနတ္ထန္တိ - အန္တရာယ်မရှိပဲ ပြီးစေနိုင်ခြင်း အကျိုးရှိသည်ဟူ၍၊ ဝုတ္တံ - ရှေးက ငါဆိုအပ်ခဲ့သောစကားသည်၊
သုဝတ္တံ - ကောင်းစွာ ဆိုအပ်သော မှန်ကန်သော စကားပါပေတည်း

ဟူ၍ ရတနတ္တယပဏာမ၏ အကျိုးပြစကားကို နိဂုံးကမ္ပတ်အဆုံးသတ်သွားပါသည်။

ဤသို့ဖြစ်၍ ဝိနည်းအဋ္ဌကထာ ၏ အစ၌ပြဆိုထားသော “ယောကပ္ပကောဋီဟိ” အစရှိသော ဂါထာတို့ကို သာရတ္ထဒီပနီ ဋီကာ ကျမ်းပြုဆရာ အရှင်သာရိပုတ္တရာ မဟာထေရ်မြတ်သည် ယခု ဘုရားတပည့်တော် ဖော်ပြလျှောက်ထားခဲ့သော ဖွင့်ပုံ ဖွင့်နည်းစသည်ဖြင့် အကျယ် ဝိတ္ထာရ ဖွင့်ပြတော်မူအပ်ခဲ့ပါသည် အရှင်ဘုရား။


📑 ဋီကာသင်္ဂါယနာ

ဒုတိယ (ပစ္ဆိမ) သန္နိပါတ

ဋီကာသင်္ဂါယနာ ဒုတိယ (ပစ္ဆိမ) သန္နိပါတ သင်္ဂါယနာ တင်ပွဲကို ၁၃၂၃-ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၄ -ရက်နေ့မှစ၍ တပို့တွဲလဆန်း ၁၂-ရက်နေ့အထိ ကျင်းပခဲ့လေသည်။ ယင်းဋီကာသင်္ဂါယနာ ဒုတိယ(ပစ္ဆိမ) သန္နိပါတ၌ -

  • သီလက္ခန္ဓဝဂ္ဂဋီကာ, သီလက္ခန္ဓဝဂ္ဂ အဘိနဝဋီကာ ပထမ, ဒုတိယ၊
  • မဟာဝဂ္ဂဋီကာ, ပါထိကဝဂ္ဂဋီကာ, မူလပဏ္ဏာသဋီကာ ပထမ, ဒုတိယ,
  • မဇ္ဈိမနှင့် ဥပရိပဏ္ဏာသဋီကာ၊ သံယုတ္တဋီကာ ပထမ, ဒုတိယ,
  • အင်္ဂုတ္တရဋီကာပထမ, ဒုတိယ, တတိယ,
  • ကင်္ခါဝိတရဏီပုရာဏာဘိနဝဋီကာ,
  • နေတ္တိဋီကာနှင့် နေတ္တိဝိဘာဝနီ ဋီကာ

တို့ကို သင်္ဂါယနာ တင်တော်မူခဲ့ကြလေသည်။ ယင်းဋီကာသင်္ဂါယနာ ဒုတိယ (ပစ္ဆိမ) သန္နိပါတ အစဆုံးဖွင့်ပွဲ နေ့၌ မဟာစည်ဆရာတော်ဘုရားကြီးသည် ပုစ္ဆကအဖြစ်ဖြင့် ဆောင်ရွက်တော်မူ၍ တိပိဋကရေ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်အရှင် ဝိစိတ္တသာရာ ဘိဝံသသည် ဝိဿဇ္ဇကအဖြစ် ဆောင်ရွက်တော်မူခဲ့လေသည်။


🌟 ဘက်စုံရသော ပုဂ္ဂိုလ်မြတ်

မဟာစည် ဆရာတော်ဘုရားကြီးကား ပုစ္ဆကတာဝန်သာမက ဝိဿဇ္ဇက ပုဂ္ဂိုလ် တာဝန်ကိုလည်း စွမ်းဆောင်နိုင်လေသည်၊ ဋီကာသင်္ဂါယနာ ပထမ သန္နိပါတ ဖွင့်ပွဲနေ့တွင် ဝိဿဇ္ဇကအဖြစ် ဆောင်ရွက်ခဲ့ပုံကို ထောက်ရှုရာ၏။

မဟာစည်ထေရဝိသိဋ္ဌော, သဗ္ဗဋ္ဌာနေသု ကောဝိဒေါ၊
သာသနေ လောကသေဋ္ဌဿ, ကာမံ အစ္ဆေရပုဂ္ဂလော။


ဆတ္တိံသတိမပိုင်း

🗣️ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်

ဆဋ္ဌသင်္ဂါယနာအခါတော်နေ့တွင် မဟာစည် ဆရာတော်ဘုရားကြီး၏ မိန့်ခွန်းတော်

မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၁၅-ခုနှစ် ဝါခေါင်လပြည့်နေ့က ပထမ သင်္ဂါယနာအကြောင်းကို မြန်မာ့အသံမှ မိန့်ကြားတော်မူခဲ့လေသည်။ တဖန် ဝါခေါင်လထဲမှာပင် တနေ့တွင် အောက်ပါအတိုင်း သင်္ဂါယနာ အခါတော်မိန့်ခွန်းကို မိန့်ကြားတော်မူခဲ့လေသည်၊

ဆရာတော်ကြီးကား မရှိတော့ပြီ၊ စုတိကမ္မဇရုပ် ချုပ်ခဲ့လေပြီ၊ ဆရာတော်ဘုရားကြီး ၏ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်မိန့်ခွန်းတော်ကို, ဝါ - ရှေးဆီက ကြည်ညိုဖွယ် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ သင်္ဂါယနာ အခါတော်နေ့တွင် မိန့်ကြားအပ်သော ဒုတိယပိုင်း မိန့်ခွန်းတော်ကို အောက်ပါအတိုင်း ဖတ်ရှု ကြည်ညိုရာ၏။

နမော ဗုဒ္ဓဿ၊ နမော ဓမ္မဿ၊ နမော သံဃဿ၊
နမော သင်္ဂီတိကာရကာနံ မဟာကဿပါဒိမဟာထေရာနံ။

ဒီကနေ့ဟာ သင်္ဂါယနာ အခါတော်နေ့ကြီး ဖြစ်တယ်၊ ဒါကြောင့် ဒီကနေ့ သင်္ဂါယနာ အကြောင်းကို ပြောရလိမ့်မယ်၊ လွန်ခဲ့တဲ့နှစ် ဝါခေါင်လပြည့်တုန်းကလဲ ဒီအကြောင်းကို တကြိမ် ပြောခဲ့ဖူးတယ်၊ အဲဒီတုန်းကတော့ ပထမ သင်္ဂါယနာ တင်ပုံကို ပြောခဲ့တယ်၊ မှတ်မိကြသေးရဲ့လား၊ ယခုတော့ ဒုတိယ, တတိယ, စတုတ္ထ သင်္ဂါယနာတွေနဲ့ ရှေ့နှစ်မှာတင်မယ့် ဆဋ္ဌသင်္ဂါယနာ အကြောင်းများကို ပြောရလိမ့်မယ်။

ဒုတိယသင်္ဂါယနာ

ပထမ သင်္ဂါယနာ တင်ပြီးတဲ့နောက် အနှစ်တရာခန့်ကြာတဲ့အခါမှာ ဝေသာလီပြည်က ဝဇ္ဇီတိုင်းသား ရဟန်းတွေဟာ မပြုအပ်တဲ့အမှု ဆယ်မျိုးကို ပြုကောင်းတယ်လို့ ယူဆပြောဟောပြီး ဖောက်ပြန်စွာ ကျင့်နေကြသတဲ့၊ အဲဒီ ဆယ်မျိုးက ဘာတွေလဲ ဆိုယင် -

  1. သားချိုကျည်တောက်နဲ့ထည့်ပြီး ဆောင်ထားတဲ့ ဆားကို အလိုရှိတဲ့အခါမှာ ဆွမ်းနဲ့ရောပြီး စားကောင်းတယ်၊ သန္နိဓိအာပတ် မသင့်ဘူးလို့ ယူတာက တချက်။
  2. မွန်းလွဲတဲ့နောက် နေရိပ် လက်နှစ်သစ် ထွက်သည်တိုင်အောင် ဆွမ်း စားကောင်းတယ်၊ ဝိကာလဘောဇနပါစိတ် အာပတ်မသင့်ဘူးလို့ ယူတာက တချက်။
  3. ပဝါရိတ်သင့်တဲ့ ရဟန်းဟာ တခြား မြို့ရွာသို့ သွားစရာရှိယင် အတိရိတ် ဝိနည်းကံမပြုဘဲ ဆွမ်းစားကောင်းတယ်၊ အာပတ် မသင့်ဘူးလို့ယူတာက တချက်။
  4. တသိမ်တည်းမှာ ကိုယ့်ကျောင်းနှင့်ကိုယ် အသီး အသီးခွဲပြီး ဥပုသ်ပြုကောင်းတယ်၊ အာပတ်မသင့်ဘူးလို့ ယူတာက တချက်။
  5. သိမ်တွင်းမှာရှိနေတဲ့ သံဃာတွေ အစုံအလင် မရောက်သေးပေမယ့် သူတို့ ရောက်လာတော့ ကျေနပ်အောင် ပန်ကြားမယ်လို့ နှလုံးသွင်းပြီး ဝဂ်ဖြစ်လျက်နဲ့ ကံပြုကောင်းတယ်၊ အာပတ်မသင့်ဘူးလို့ ယူတာက တချက်။
  6. နိဿရည်းဆရာ, ဥပဇ္ဈာယ်ဆရာများ ပြုလုပ်တဲ့အမှုဆိုယင် ဘာမဆို လုပ်ကောင်း တာချည်းပဲ အပြစ်မရှိဘူးလို့ ဒီလို တထစ်ချ ယတာက တချက်။
  7. နို့ချဉ်မဖြစ်တတ်သေးတဲ့ နို့ရည်ပျက်ကို အတိရိတ်ဝိနည်းကံမပြုပဲ သောက်ကောင်းတယ်၊ အာပတ်မသင့်ဘူးလို့ ယူတာက တချက်။
  8. သေရည် မဖြစ်တတ်သေးတဲ့ သေနုကို သောက်ကောင်းတယ်လို့ ယူတာက တချက်။
  9. အမြိတ်အဆာမရှိတဲ့ နိသီဒိုင်အခင်းကို သုံးဆောင်ကောင်းတယ်လို့ ယူတာက တချက်။
  10. ရွှေငွေကို ခံယူကောင်းတယ်၊ အာပတ် မသင့်ဘူးလို့ ယူတာက တချက်။

ဒီဆယ်ချက်ပါပဲ၊ ဟိုခေတ်တုန်းကတော့ ဒါလောက်ဆိုယင် အပြစ်ကြီးလှပြီလို့ ယူဆပြီးတော့ အရှင်မဟာယသမထေရ်က သင်္ဂါယနာတင်ရန် နှိုးဆော်တိုက်တွန်း ခဲ့တယ်၊ ဒါကြောင့် သဗ္ဗာကာမိမထေရ်အမှူးရှိတဲ့ ဓမ္မဝါဒီမထေရ် ၇၀ဝ-တို့က အဲဒီ ချွတ်ယွင်းချက်ဆယ်ခုကို ရှင်းလင်း သုတ်သင် ပြီးတော့ ဝေသာလီပြည် ဝါလုကာရုံ ကျောင်းတိုက်မှာ ဒုတိယအကြိမ်မြောက် သင်္ဂါယနာ တင်တော်မူကြတယ်၊ ခုနစ်လ ကြာမှ ပြီးစီးသွားတယ်။

အဲသည်တုန်းက သင်္ဂါယနာတင်တဲ့ အရှင်မဟာယသတို့ ဓမ္မဝါဒီပုဂ္ဂိုလ်တွေက တဘက်, ဝဇ္ဇီတိုင်းသား အဓမ္မဝါဒီ ရဟန်းတွေကတဘက် ဒီလို နှစ်ဘက်ကွဲနေတယ်၊ ဝေသာလီပြည်ကို အုပ်စိုးနေတဲ့ ကာလာသောကမင်းကလည်း အစပထမမှာတော့ ဝဇ္ဇီတိုင်းသား အဓမ္မဝါဒီ ရဟန်းတွေဘက်က ဖြစ်နေတယ်၊

ဒါကြောင့် အဓမ္မဝါဒီရဟန်းတွေရဲ့စကားကို နားယောင်ပြီးတော့ သူက အရှင် မဟာယသတို့ကိုတောင် တားမြစ်ဖို့ အမိန့်ပေးလိုက်မိသေးတယ်၊ နောက်ကျတော့မှ သူ့နှမဖြစ်တဲ့ နန္ဒာထေရီရဟန္တာမက ပြောပြလို့ အရှင်မဟာယသတို့ကို ဓမ္မဝါဒီမှန်း သိသွားတယ်၊ ဒီတော့မှ ဝဇ္ဇီတိုင်းသားတွေကို စွန့်ပြီး အရှင်မဟာယသတို့ကို အားပေးချီးမြှောက်တယ်။

ဒါကြောင့် ဝဇ္ဇီတိုင်းသား အဓမ္မဝါဒီ ရဟန်းတွေဟာ အားကိုးစရာ မရှိတာနဲ့ လျှော့ပေးလိုက်ကြတယ်၊ ဒါပေမယ့် သူတို့က လုံးလုံး လျှော့တာတော့ မဟုတ်သေးဘူး၊ တခြားတနေရာမှာသွားပြီးတော့ သဘောတူ ပုဂ္ဂိုလ်ချင်း စုပေါင်းပြီး စင်ပြိုင်သင်္ဂါယနာတင်လိုက်ကြသေးတဲ့၊ သူတို့ သင်္ဂါယနာမှာ သံဃာဦးရေက ပိုပြီးတော့တောင် များသေးတယ်၊ သံဃာတစ်ထောင်တောင် ရှိဆိုပဲ၊

ဒါကြောင့် အဲဒီစင်ပြိုင်သင်္ဂါယနာအဖွဲ့ကို မဟာသင်္ဂီတိဂိုဏ်းလို့ သူတို့ဟာ သူတို့ အမည်ပေးထားကြတယ်၊ အရှင်မဟာယသ တို့ကတော့ ထေရဝါဒဂိုဏ်းလို့ပဲ ခေါ်ပါတယ်၊ အရှင်မဟာယသ အစရှိသော မထေရ်ကြီးများ ၏ အဆုံးအမအတိုင်း ကျင့်တဲ့ဂိုဏ်းလို့ ဆိုလိုတယ်။

တတိယသင်္ဂါယနာ

ဒုတိယသင်္ဂါယနာတင်ပြီးတဲ့နောက် သာသနာတော် အနှစ် (၂၂၀-ကျော် ၂၃၀) အတွင်းမှာ သာသနာ့ အရှုပ် အထွေးတွေ ပေါ်လာခဲ့ပြန်တယ်၊ ဘယ်လိုလဲ ဆိုတော့ကာ -

ဇမ္ဗူဒိပ်တကျွန်းလုံးကို အစိုးရတယ်ဆိုတဲ့ သီရိဓမ္မာသောကမင်းကြီးဟာ တိတ္ထိ ပရဗိုဇ်တွေ ကိုးကွယ်နေရာက ဗုဒ္ဓသာသနာကို သက်ဝင် ကြည်ညိုပြီး ကိုးကွယ် ဆည်းကပ်လာတယ်၊ အဲဒီအခါမှာ တတ္ထိပရဗိုဇ်တွေကို အလေးမပြုတော့ပဲ သာသနာတော်ကိုသာ အကြီးအကျယ် ချီးမြှောက် အားပေးနေတယ်၊

ဒီတော့ တိတ္ထိပရဗိုဇ်တွေမှာ လာဘ်လာဘချို့တဲ့တာနဲ့ သာသနာတော်တွင်းသို့ အများအပြားပဲ ဝင်လာကြတယ်၊ တချို့ကလည်း ကိုယ့်ဟာကို သင်္ကန်းဝတ်ပြီးတော့ ရဟန်းသံဃာများထံမှာ ဝင်ရောက်နေထိုင်ကြတယ်၊ ဒီလို ဝင်ရောက်လာကြတဲ့ ရဟန်းတု ရဟန်းယောင်တွေဟာ အကျင့်ကတော့ တတ္ထိတွေရဲ့ ကျင့်ဝတ်ကိုသာ ကျင့်တယ်၊

တချို့က နေကို မော့ကြည့်နေကြတယ်၊ တချို့က လ-ကို ကြည့်နေကြတယ်၊ မီးပူဇော်နေကြတယ် စသည်ဖြင့် တိတ္ထိတို့၏ ကျင့်ဝတ်အမျိုးမျိုးကို ထင်သလို ကျင့်နေကြတယ်၊ တိတ္ထိတို့ ၏ အယူဝါဒတရားတွေကိုလဲ ဟောပြောနေကြတယ်၊ ပြီးတော့ ရဟန်းကောင်း ရဟန်းမြတ်တွေ ဥပုသ်ပဝါရဏာ သံဃာ့ကံ ပြုရာများမှာ လည်း သူတို့က အတင်းဝင်လာကြတယ်၊

ဒါကြောင့် ပရိသတ် မစင်ကြယ်တာနဲ့ ပါဋလိပုတ်ပြည်က အသောကာရုံ ကျောင်းတော်မှာ ဥပုသ်ပဝါရဏာ မပြုနိုင်ပဲ ပြတ်စဲနေတာ ၇-နှစ်တောင် ကြာသွားသတဲ့၊ ဒီလို ရဟန်းတု ရဟန်းယောင်တွေနဲ့ ဖောက်ပြန်တဲ့အကျင့် အမျိုးမျိုးတွေ ပေါ်ပေါက်ပြီးတော့ သာသနာတော်မှာ အကြီးအကျယ် ရှုပ်ထွေး နေခဲ့တယ်၊ ဒါကြောင့် အဲဒီအရှုပ်အထွေးတွေကို ရှင်းလင်းသုတ်သင်ပြီးတော့ သင်္ဂါယနာတင်ရန်အတွက် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်က သံဃာတော် ၆-သိန်းထဲက သံဃာတစ်ထောင်ကို ရွေးချယ်တော်မူလိုက်တယ်၊ ဒီလို ရွေးချယ် ပြီးတော့ ပါဋလိပုတ်ပြည် အသောကာရုံ ကျောင်းတော်မှာ သာသနာတော် ၂၃၅-ခုနှစ် နယုန်လကစပြီး တတိအကြိမ် သင်္ဂါယနာတင်တော်မူကြရာ ၉-လကြာမှ ပြီးစီးသွားတယ်

အဲဒီ သင်္ဂါယနာတင်ပြီးတဲ့အခါမှာ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်က ၉-တိုင်း ၉-ဌာနသို့ သာသနာပြုရန် စေလွှတ်တော်မူတယ်၊ အဲဒီ ၉-ဌာနထဲမှာ မြန်မာပြည် လည်းပါတယ်၊ သီဟိုဠ်ကျွန်းလည်းပါတယ်၊ မြန်မာပြည်ကို အရှင်သောဏနဲ့ အရှင်ဥတ္တရမထေရ်တို့ ကြီးမှူးတဲ့ သာသနာပြုအဖွဲ့ ကြွလာတယ်၊

ဟိုတုန်းက သုဝဏ္ဏဘူမိလို့ခေါ်တဲ့ သထုံပြည်က စပြီး သာသနာပြုတော်မူကြတယ်၊ အဲဒီကတည်းကစပြီး မြန်မာပြည်အောက်ပိုင်းမှာ သာသနာတော်ဟာ အဆက်မပြတ် တည်ထွန်းလာခဲ့တယ်။

မြန်မာပြည် အထက်ပိုင်းမှာလဲ ပုဂံပြည် အနော်ရထာမင်း လက်ထက် သာသနာတော်နှစ် ၁၆၀၁-ခု၊ မြန်မာသက္ကရာဇ် ၄၁၉-ခုနှစ်ကစပြီး တည်ထွန်း လာခဲ့တယ်၊ အဲဒီတုန်းက အရှင်အရဟံအစရှိတဲ့ မထေရ်များကို သထုံမှ ပင့်ဆောင်ပြီးတော့ အနော်ရထာမင်းက သာသနာပြုခဲ့တယ်၊ ဒါကြောင့် ယခုထက်ထိ မြန်မာပြည်တဝန်းလုံးမှာ ထင်ရှားတည်ရှိနေတဲ့ ဗုဒ္ဓသာသနာတော်ဟာ တတိယ သင်္ဂါယနာမှ ဆင်းသက်လာခဲ့တဲ့ ထေရဝါဒဂိုဏ်း အဆက်အနွယ် ဖြစ်တယ်။

စတုတ္ထသင်္ဂါယနာ

သီဟိုဠ်ကျွန်းကိုတော့ ဒေဝါနံပိယတိဿမင်းလက်ထက် သာသနာတော် ၂၃၆-ခုနှစ်မှာ အရှင်မဟိန္ဒမထေရ် အမှူးရှိတဲ့ သာသနာပြုအဖွဲ့က ကြွရောက်ပြီး သာသနာ ပြုတော်မူခဲ့တယ်၊ ဒါကြောင့် သီဟိုဠ်မှာလဲ အဲဒီကတည်းကစပြီးတော့ ဗုဒ္ဓ သာသနာတော် တည်ထွန်းလာခဲ့တယ်၊ သာသနာနှစ် ၄၃၀-ကျော် ဝဋ္ဋဂါမဏိမင်း လက်ထက်မှာ သီဟိုဠ် တကျွန်းလုံး ဘေးရန် အကြီးအကျယ် တွေ့ခဲ့ရတယ်၊

တွေ့ပုံကတော့ ဝဋ္ဋဂါမဏိမင်းနန်းတက်လို့ ငါးလခန့်အကြာမှာ ဗြာဟ္မဏတိဿဆိုတဲ့ ဒမြကြီးက ပုန်ကန်ထကြွတယ်၊ ယခင် ကျေးကုလားမင်းများ၏ အဆက်အနွယ် ဖြစ်တဲ့ ကျေးကုလား ခုနစ်ဦးကလည်း အနုရာဓမြို့ကို လာပြီးတိုက်ကြတယ်၊ (ကျေးကုလား ဆိုတာ ယခု ‘တမယ်’လို့ ခေါ်တဲ့ လူမျိုးပါပဲ)
အဲဒီလို တိုက်ခိုက်ကြတဲ့ ရန်သူတွေရဲ့ ဒဏ်ကို မခံနိုင်လို့ နောက်ဆုံးကျတော့ ဝဋ္ဋဂါမဏိမင်းဟာ အနုရာဓမြို့မှာ အလွတ်ထွက်ပြေးရတယ်၊

တိမ်းရှောင်ပြီး မထင်ရှားတဲ့အသွင်နဲ့ ၁၄-နှစ်တိုင်တိုင် ပုန်းလျှိုးနေရတယ်၊ အနုရာဓမြို့မှာတော့ အဲဒီတုန်းက ကျေးကုလားတွေက အုပ်စုပြီး မင်းမူနေကြတယ်၊ တိုင်းပြည်ကလည်း မသာမယာ၊ မိုးကလဲခေါင်တာနဲ့ အဲဒီတုန်းက သီဟိုဠ်တကျွန်းလုံး မှာ ငတ်မွတ်ခေါင်းပါးတဲ့ ဘေးဆိုးကြီး ဆိုက်ရောက်နေတယ်၊ ဒါကြောင့် သံဃာတော် များမှာ ဆွမ်းအတွက် အလွန်ပင် ကျပ်တည်းတော်မူရှာကြတယ်၊ အများအားဖြင့် သံဃာတော်တွေဟာ အိန္ဒိယဘက်ကူးပြီး သီတင်းသုံးတော်မူကြရတယ်။

သီဟိုဠ်ကျွန်းတွင်ပဲ ကျန်နေကြတဲ့ မထေရ်များမှာလဲ ရသမျှ သစ်သီးသစ်ရွက်ပြုတ် ကလေး များနဲ့ပဲ မျှတပြီးနေတော်မူကြရတယ်၊ ဒီလို အာဟာရက မပြည့်စုံပေမယ့် ပိဋကတ်တွေကိုတော့ မမေ့ရအောင်ပဲ နှလုံးသွင်း ပြန်ဆိုနေတော်မူကြသတဲ့၊ ဝမ်းထဲက ပူလောင်နေပေမယ့် ရေကို ထောက်ပြီးတော့ သဲပေါ်မှာ ဝမ်းလျား မှောက်လျက် သရဇ္ဈာယ် ပြန်ဆိုတော်မူကြရှာသတဲ့၊
ဒီလိုမမေ့မပျောက် ရအောင် ခက်ခက်ခဲခဲ ဆောင်ခဲ့ရတာလဲ ပေထက်အက္ခရာ တင်ရခြင်းရဲ့ အကြောင်း တပါးပါပဲ။

နောက် ဝဋ္ဋဂါမဏိမင်းနန်းပြန်တက်လို့ ဘေးငြိမ်းတဲ့အခါမှာ အိန္ဒိယဘက်ကူးသွားတဲ့ မထေရ်များလဲ သီဟိုဠ်ကို ပြန်လာကြတယ်၊ အဲဒီမထေရ်များနဲ့ သီဟိုဠ်တွင်နေရစ်တဲ့ မထေရ်များဟာ ပိဋကတ်တော်များကို အချင်းချင်း တိုက်ဆိုင်နှီးနှော ကြည့်ကြတယ်၊ ဒီလို တိုက်ဆိုင်ကြည့်ကြတဲ့အခါမှာ တပုဒ်တဝါကျမျှ တိမ်းယိမ်း မှားယွင်းနေတာကို မတွေ့ကြရဘူးတဲ့။

ဒါပေမယ့် ခေတ်ပျက် ကာလပျက် ဘေးအန္တရာယ်တွေအကြားထဲမှာ ခဲခဲယဉ်းယဉ်း အာဂုံဆောင်လာခဲ့ ရတာတွေနဲ့ နောင်ကာလများမှာ အာဂုံဆောင် ခက်ခဲမည့် အရေးတွေကို ဆင်ခြင်တော်မူကြပြီးတော့ ပိဋကတ်တော်များကို ပေထက်အက္ခရာ တင်ရန် စဉ်းစား ဆုံးဖြတ်တော်မူကြတယ်၊

ဒီလို ဆုံးဖြတ်ပြီးတော့ မဟာဓမ္မရက္ခိတ မထေရ် အမှူးရှိသော မထေရ်ငါးရာတို့ မလယဇနပုဒ်, ယခု အာလုဝိဟာရခေါ်တဲ့ အာလောကလိုဏ်မှာ ပေထက်အက္ခရာ တင်တော်မူကြတယ်၊ တနှစ်ကြာမှ ပြီးတယ်၊
ဒီ ပေထက်အက္ခရာ တင်တာကိုပဲ စတုတ္ထဝိယသင်္ဂဟံ - စတုတ္ထသင်္ဂါယနာ တင်တာနဲ့ တူပါတယ်လို့ဆိုတဲ့ သာသနဝံသဒီပကျမ်းနှင့်အညီ စတုတ္ထသင်္ဂါယနာတင်တယ်လို့ အသိအမှတ်ပြုနေကြ ရတယ်။

ဒီနေရာမှာ အထူး သတိပြုစရာကတော့ ဝဋ္ဋဂါမဏိမင်းလက်ထက်မှာ စတုတ္ထ သင်္ဂါယနာ တင်တယ်လို့ ဆိုတာနဲ့ ဝဋ္ဋဂါမဏိမင်းကိုပဲ သင်္ဂါယနာရဲ့ ဒါယကာလို့ ထင်မှတ်ပြောဆိုနေကြတယ်၊ အဲဒါကတော့ မဟုတ်ပါဘူး၊ အကြောင်းကတော့ အဲဒီ စတုတ္ထသင်္ဂါယနာ တင်ရာမှာ ဝဋ္ဋဂါမဏိမင်းက ဘာအကူအညီမှ ပေးတယ်လို့ မထင်ရှားဘူး၊ အဲဒီဝဋ္ဋဂါမဏိမင်းဟာ အဘယဂိရိကျောင်းတိုက်ကို စတင်ပြီး တည်ထောင် ကိုးကွယ်တဲ့ ဒါယကာ ဖြစ်တယ်၊ ဒါကြောင့် သူက အဘယဂိရိဂိုဏ်းကို အားပေးတဲ့ အကြောင်းသာထင်ရှားတယ်၊

ပေထက် အက္ခရာတင်တဲ့ မထေရ်များမှာ အဘယဂိရိဂိုဏ်းကို အလေးမပြုတဲ့ မဟာဝိဟာရဝါသီဂိုဏ်းဝင်များ ဖြစ်နေပါတယ်၊ ဒိပြင် ထောက်ထားစရာ တချက် ကတော့ ဝဋ္ဋဂါမဏိမင်းက ဒါယကာခံပြီး သင်္ဂါယနာတင်တယ်ဆိုယင် သူ့မြို့တော် အနုရာဓမှာပဲ တင်စရာအကြောင်းရှိတယ်၊ သို့ဖြစ်ပါလျက် တကယ်သင်္ဂါယနာ တင်ရာ ဌာနက အနုရာဓမြို့တော်နဲ့ မိုင်ပေါင်း ၆၀-ကျော်ဝေးတဲ့ မလယဇနပုဒ် အာလောက လိုဏ်မှာ ဖြစ်နေတာကိုတွေ့ရတယ်၊

မကြာမီက ဆရာတော်များကိုယ်တိုင်လဲ အဲဒီလိုဏ်ကိုရောက်သွားလို့ သင်္ဂါယနာတင် မထေရ်များကို အာရုံပြုပြီး ကန်တော့ခံရသေးတယ်၊ ခုပြောခဲ့တဲ့ အကြောင်း များကြောင့် ပေထက်တင်တဲ့ သင်္ဂါယနာတင်မထေရ်များမှာ သာသနာပြုမင်း ဒါယကာ အကူအညီ မရှိပဲနဲ့ သင်္ဂါယနာကိစ္စကို အောင်မြင်စွာ ဆောင်ရွက်သွားတော် မူကြတယ်လို့ မှတ်ကြရမယ်။

ဒါကြောင့် အဲဒီ ပေထက်တင်တဲ့ စတုတ္ထသင်္ဂါယနာနနဲ့ နှိုင်းယှဉ်ထောက်ဆကြည့်ယင် ယခု ရှေ့နှစ်များတင်မယ့် ဆဋ္ဌသင်္ဂါယနာအတွက်တော့ အများကြီးပဲ အားတက်စရာ ကောင်းတယ်၊ ဘယ်လိုလဲဆိုယင် စတုတ္ထသင်္ဂါယနာတင်တုန်းက သီဟိုဠ်ဘုရင် ဝဋ္ဋဂါမဏိမင်းထံမှ အထောက်အပံ့ဆိုယင် ဘာမျှမရခဲ့ဘူး၊ ဒါတောင်မှ သင်္ဂါယနာ ကိစ္စဟာ အောင်မြင်ထမြောက်တဲ့ပြင် ယခုထက်တိုင် အဲဒီ သင်္ဂါယနာမှ ဆင်းသက် လာတဲ့ ပိဋကစာမူတွေကြောင့် အကျိုးများနေတာကို တွေ့ကြရတယ်မဟုတ်လား၊

ဒီတော့ ယခုဆဋ္ဌသင်္ဂါယနာ တင်လိုက်ယင် ပိုပြီးအကျိုးများသွားမယ်ဆိုတာ ဘာမှ ယုံမှားစရာမရှိတော့ဘူး၊ ဘာကြောင့်လဲဆိုယင် အခုတင်မယ့် ဆဋ္ဌသင်္ဂါယနာမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရက သိန်းတစ်ရာမက အကုန်ခံပြီးတော့ သင်္ဂါယနာတင်ရာတွင် ဒါယကာအဖြစ်နဲ့ အရာရာမှာ အင်တိုက်အားတိုက် ဆောင်ရွက်လျက် ရှိနေပါတယ်၊

ဒါတွင် မကသေးဘူး၊ သီဟိုဠ်, ယိုးဒယား, ကမ္ဗောဒီယား, လာအို -ဆိုတဲ့ ထေရဝါဒ နိုင်ငံခြားများကလည်း အစိုးရများကရော ပြည်သူ ပြည်သားများကပါ စိတ်အား ထက်သန်စွာနဲ့ အားပေးကြပါတယ်၊ ဒီလိုအားပေးတဲ့ ဒါယကာတွေ ပြည့်စုံတဲ့အတွက် ဆဋ္ဌသင်္ဂါယနာဟာ ခမ်းခမ်းနားနားကြီး အောင်မြင်ထမြောက် သွားတဲ့ပြင် အနာဂတ် သာသနာ အတွက်လည်း အတိုင်းမသိ ကျေးဇူးများသွားမယ် လို့ဆိုတာ ခန့်မှန်း နိုင်ပါတယ်၊ ဒါလဲ တချက်ပဲ။

ပြီးတော့ အဲဒီ ပေထက်အက္ခရာ တင်နေတုန်းက သင်္ဂါယနာတင်နေတယ် ဆိုတာကို သီဟိုဠ်ကျွန်းတွင် တောင်မှ အလှမ်းဝေးတဲ့ မြို့ရွာများက သိချင်မှ သိကြမယ်၊ ယခုတင်မယ့် ဆဋ္ဌသင်္ဂါယနာကိုတော့ မြန်မာပြည် တပြည်လုံးမှာ ယခုကတည်းက အနှံ့အပြား သိနေကြတဲ့ပြင် သီဟိုဠ်, ယိုးဒယား, ကမ္ဗောဒီးယား, လာအို -ဆိုတဲ့ ထေရဝါဒနိုင်ငံအားလုံးကလည်း သိပြီးဖြစ်နေပါတယ်၊ ပြီးတော့ ဥရောပတိုက်, အမေရိကတိုက်များနှင့်တကွ တကမ္ဘာလုံး ကတောင် သိတန်သလောက် သိပြီး ဖြစ်နေပါတယ်၊ ဒါလဲ အားတက်စရာတချက်ပါပဲ။

ပြီးတော့ စတုတ္ထသင်္ဂါယနာတင်တုန်းက သွားရေးလာရေးစသည် ယခုလို မလွယ်ကူတဲ့အတွက် သီဟိုဠ်ကျွန်းက သံဃာများတောင်မှ နယ်တိုင်းနယ်တိုင်းမှ စုံစုံလင်လင် ပါဝင်နိုင်ကြမယ် မထင်ပါဘူး၊ ယခု ဆဋ္ဌသင်္ဂါယနာမှာတော့ ပထမက စပြီး ဩဝါဒါစရိယာသံဃာနာယက အဖွဲ့ကြီး ဖွဲ့လိုက်ကတည်းက မြန်မာပြည်မှာ ထင်ရှားကျော်စောတဲ့ ပိဋကတ်ကျမ်းဂန်တတ် သီလဝန္တ လဇ္ဇီပေသလ သိက္ခာကာမ ပုဂ္ဂိုလ်တွေ နယ်တိုင်း နယ်တိုင်းမှ အစုံအလင် ပါဝင်နေတာကို တွေ့ရပါတယ်၊

အဲဒီနောက် ပါဠိဝိသောဓက အဖွဲ့တွေ ထပ်မံပြီး ဖွဲ့လိုက်တဲ့ အခါမှာလည်း ထင်ထင် ရှားရှား ကျမ်းဂန်တတ် ပုဂ္ဂိုလ်တွေဆိုယင် ကုန်သလောက်နီးပါး စုံလင်နေတာကို တွေ့ရပြန်တယ်၊ နောက်ဆုံး သင်္ဂါယနာတင်ပွဲကြီး ကျင်းပတဲ့အခါကျတော့ ပါဝင်သင့်တဲ့ မထေရ်ကြီးတွေ မှန်သမျှ မကျန်ရအောင် ပင့်ဆောင်ဖို့ရန်လည်း စီမံဆုံးဖြတ် ထားပါတယ်၊

ဒါတွင် မကသေးဘူး၊ ပထမ, ဒုတိယ, တတိယ, စတုတ္ထ သင်္ဂါယနာတွေမှာ ဆိုင်ရာ သူ့တိုင်းပြည်တွင်းက သံဃာများလောက်သာပါဝင် ဆောင်ရွက်သွားကြတယ်၊ သက္ကရာဇ် ၁၂၂၂-ခုမှစပြီး ၁၂၃၃-ခုနှစ်အတွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကျောက်ထက် အက္ခရာတင် ပဉ္စမသင်္ဂါယနာမှာလည်း အထက်မြန်မာပြည်က သံဃာလောက်သာ ပါဝင်နိုင်ခဲ့တယ်၊

အောက်မြန်မာပြည်ကတောင် မပါဝင်နိုင်ခဲ့ဘူး၊ ယခု ဆဋ္ဌသင်္ဂါယနာမှာတော့ ပြည်ထောင်စု မြန်မာတနိုင်ငံလုံးက ပါဝင်တဲ့အပြင် သီဟိုဠ်, ယိုးဒယား, ကမ္ဗောဒီးယား, လာအို - ဆိုတဲ့ ထေရဝါဒနိုင်ငံ အားလုံးကလည်း သံဃာတော်တွေ ပါဝင်လျက် ရှိနေပါတယ်၊ ဒါလည်း အားတတ်စရာတချက်ပဲ။

ပြီးတော့ စတုတ္ထသင်္ဂါယနာ ပေထက်အက္ခရာတင်တုန်းက မူတူပေစာဟာ အနည်းငယ်လောက်သာ ရနိုင်မယ်၊ နောက်မှ အဆင့်ဆင့်ကူးပြီး ယူကြရတာပဲ ဖြစ်မယ်၊ ဒီလို အဆင့်ဆင့် ကူးယူရတယ်ဆိုတော့ ပထမမူရင်းနဲ့ တသွေမတိမ်း ကိုက်ညီဖို့သာ သိပ်မလွယ်ဘူး။

ဒါတောင်မှ အဲဒီလို အဆင့်ဆင့် ကူးယူရတဲ့မူတွေက နိုင်ငံအနှံ့အပြားကို ပြန့်ပွား သွားတဲ့အထိ ဗုဒ္ဓသာသနာတော်ကြီး ယခုထက်တိုင် ခိုင်မြဲတည်တံ့ပြီး ကျေးဇူးများ နေတာကို ထင်ရှားတွေ့နေကြတယ် မဟုတ်လား၊ ယခု ဆဋ္ဌသင်္ဂါယနာ မှာဆိုယင် သင်္ဂါယနာတင် ပိဋကမူမှန်တွေကို စက်တင်ပုံနှိပ်ပြီးတော့ စာအုပ်တွေ ဖြန့်ချီဖို့ စီစဉ်ထားတယ်၊

ဒါကြောင့် မူမှန်ဖြစ်တဲ့ ပိဋကစာအုပ်တွေကို တသောင်းပဲဖြစ်ဖြစ်, တသိန်းပဲဖြစ်ဖြစ် လိုသလောက်ရနိုင်တယ်၊ အဲဒီမူတူ ပိဋကတွေဟာ တကမ္ဘာလုံး နိုင်ငံအနှံ့အပြားကို ပျံ့နှံ့သွားမယ်၊ ဒီလို ပျံ့နှံ့နေတဲ့ အတွက် ကမ္ဘာ့စစ်ဘေး အစရှိတဲ့ ဘေးရန်အန္တရာယ် တွေနဲ့ ဘယ်လိုပဲတွေ့တွေ့ ဒီပိဋကစာအုပ်တွေဟာ အကုန်လုံးတော့ ဘယ်နည်းနဲ့မှ ပျောက်ကွယ်မသွားနိုင်တော့ဘူး၊

ဒါကြောင့် ဒီဆဋ္ဌသင်္ဂါယနာဟာ အနာဂတ် သာသနာအတွက် အတိုင်းမသိ ကျေးဇူး များသွားနိုင်ပါတယ်၊ သာသနာတော်နှစ် ၅၀ဝဝအထိ ဒီပိဋကမူမှန်တွေဟာ တည်တံ့လည်း သွားနိုင်တယ်၊ ဒါလည်း အားတက်စရာတချက်ပဲ။

တချို့က သင်္ဂါယနာဆိုတာ သံဃာအားလုံးနဲ့ တိုင်ပင်ရမယ်၊ သံဃာအားလုံး ပါဝင်ရမယ်၊ သံဃာ အားလုံးက အညီအညွတ် သဘောတူရမယ်လို့ ဒီလို ထင်မှတ် ပြောဆိုနေကြတယ်၊ ဒါကတော့ ရှေးရှေး သင်္ဂါယနာတွေကို သေသေချာချာ စဉ်းစား မကြည့်လို့ပါပဲ၊

ပထမသင်္ဂါယနာမှာလည်း သံဃာ ၇-သိန်းရှိတဲ့အနက်က ၅၀ဝ-မျှသာ ပါဝင် ရပါတယ်၊ တတိယသင်္ဂါယနာမှာလည်း သံဃာ ၆-သိန်းရှိတဲ့အနက်က ၁၀ဝဝ-သာ ပါဝင် ရပါတယ်၊ ဒုတိယ သင်္ဂါယနာတင်တုန်းကတော့ မဟာသံဃိက ဂိုဏ်းသားတွေက သီးခြားခွဲပြီး စင်ပြိုင်တောင် သင်္ဂါယနာတင်လိုက်ကြသေးတယ်၊

စတုတ္ထသင်္ဂါယနာမှာလည်း သံဃာ ၅၀ဝ-မျှသာ ပါဝင်ရတယ်၊ ဒိပြင်ကျန်နေတဲ့ သံဃာတွေလည်း အဲဒီတုန်းက ရှိဦးမှာပါပဲ၊ မင်းတုန်းမင်းတရားကြီး လက်ထက်က အထက်မြန်မာပြည်မှာ သံဃာတော် ရှစ်သောင်းခန့် ရှိတယ်လို့ ပြောကြတယ်၊ အဲဒီတုန်းက ပဉ္စမသင်္ဂါယနာတင်ရာမှာတော့ သံဃာ ၂၄၀ဝ-သာ ပါဝင်ရပါတယ်။

ဒါတွေကို သေသေချာချာ စဉ်စားကြည့်ယင် သင်္ဂါယနာတင်တယ်ဆိုတာဟာ သံဃာတွေ ရှိသမျှ အကုန်လုံးကို တိုင်ပင်ဖို့, အကုန်လုံးပါဝင်ဖို့ အကုန်လုံး ညီညွတ် ဖို့က လိုရင်းမဟုတ်ဘူး၊ သီလဝန္တလဇ္ဇီ ပေသလသိက္ခာကာမဖြစ်တဲ့ ပိဋကတ် ကျမ်းဂန်ထက် ထင်ထင်ရှားရှား ပုဂ္ဂိုလ်တွေ အများအပြား ပါဝင်ဆောင်ရွက် သွားဖို့ကသာ လိုရင်းဖြစ်တယ်လို့ ထင်ရှားနေပါတယ်၊ တကယ်ဆိုတော့ ယခုတင်မယ့် ဆဋ္ဌသင်္ဂါယနာမှာ ထေရဝါဒနိုင်ငံ အားလုံးက ပါဝင်သင့်တဲ့ သံဃာတော်တွေ အများဆုံးပါဝင်နိုင်အောင် စီစဉ်ထားတယ်။

ဒါကြောင့် ယခုတင်မယ့် ဆဋ္ဌသင်္ဂါယနာဟာ နိုင်ငံနယ်ပယ် အားဖြင့်လည်း သံဃာတော် အစုံအလင်ဆုံးပါပဲ၊ အရေအတွက်အားဖြင့်လည်း သံဃာတော် အများဆုံးပါပဲ၊ ဒါလည်း အားတက်စရာ တချက်ပဲ။

တချို့က မင်းတုန်းမင်းတရားကြီးရဲ့ ကျောက်စာတော်တွေ ထင်ရှားရှိနေတဲ့အတွက် ပါဠိကို သုတ်သင်ပြီး သင်္ဂါယနာတင်စရာ မလိုသေးပါဘူးလို့လဲ ဆိုကြပြန်တယ်၊ ဒီစကားကတော့ ပါဠိကျမ်းဂန်တတ် ပုဂ္ဂိုလ်များရဲ့ အရာသာဖြစ်တယ်၊ ပါဠိမတတ်တဲ့ ပုဂ္ဂိုလ်တွေနဲ့တော့ ဘာမျှမဆိုင်ပါဘူး၊ ဒါကြောင့် သုတ်သင်စရာ လိုတယ်, မလိုဘူးလို့ တိတိကျကျ ဆုံးဖြတ်ဖို့ရာကတော့ ပါဠိဝိသောဓကဆရာတော်တွေရဲ့ ပြင်ဆင်ချက်များ အပေါ်မှာ တည်နေပါတယ်၊

ဝိသောဓကဆရာတော်တွေက မူကွဲတွေ့တိုင်း တွေ့တိုင်း ကျောက်စာမူကသာ မှန်တယ်၊ တခြားမှုတွေက မှားတယ်လို့ ဒီလိုချည်း ပြင်ဆင်ချက် ပေးကြမယ် ဆိုယင်တော့ သုတ်သင်စရာ မလိုဘူးလို့ပဲ ဆိုရပေလိမ့်မယ်၊ သို့ပေမယ့် ယခု ပါဠိပဋိဝိသောဓက ဆရာတော်တွေ ပါဠိမူ အမျိုးမျိုးနဲ့ရော, အဋ္ဌကထာ, ဋီကာ တွေနဲ့ရော, ဗျာကရုဏ်းကျမ်း, အဘိဓာန်ကျမ်း အမျိုးမျိုးနဲ့ရော တိုက်ဆိုင်ပြီး သုတ်သင်နေကြရာမှာ တွေ့ရတာကတော့ အဲဒီလို မဟုတ်ဘူး၊

ကျမ်းစာတအုပ် တအုပ်မှာကို ပြင်ဆင်ဆုံးဖြတ်ချက်တွေ ငါးဆယ် ခြောက်ဆယ်ထက် မနည်းရှိနေတယ်၊ အဲဒီအထဲမှာ ကျောက်စာမူကိုလည်း မှန်တယ်လို့ ဒီလို တဘက်သတ် ဆုံးဖြတ်မထားကြပါဘူး၊ အခြားမူတွေကို လက်ခံရတာလဲ ရှိနေပါတယ်။

ဆရာတော်ကိုယ်တိုင်လဲ ပိဋကတ်မြန်မာပြန်တွေကို ထပ်မံပြီး သုတ်သင်ရတဲ့ အဖွဲ့ထဲမှာ ပါဝင်နေလို့ ဒီအကြောင်းကို တာဝန်မဲ့ပုဂ္ဂိုလ်များထက် ပိုပြီးသိနေပါတယ်၊ တခါတရံ မူကွဲနေလို့ပဲဖြစ်ဖြစ်, အနက်အဓိပ္ပါယ် မဖြောင့်လို့ပဲဖြစ်ဖြစ် ခက်ခဲနေတဲ့ အခါများမှာ အင်မတန်ကို ဂရုစိုက်ရပါတယ်၊

ပါဠိမူအမျိုးမျိုးကို အဋ္ဌကထာ, ဋီကာများနဲ့ တိုက်ဆိုင်ကြည့်ရတယ်၊ ရှေးနိဿယ ပြန်ဆိုထားပုံ, ဆရာမြို့ဘာသာပြန်နဲ့ အင်္ဂလိပ်ဘာသာပြန်တို့က ဆိုထားပုံများ ကိုလည်း ကြည့်ရတယ်၊ ပါဠိအဘိဓာန်, သက္ကတ အဘိဓာန်ကြီးများနဲ့လည်း တိုက်ဆိုင်ပြီး ကြည့်ရတယ်၊ ဒီလိုကြည့်ရတဲ့အခါမှာ ကျောက်စာမူက ပိုပြီး ယုတ္တိရှိ တာကိုလည်း တွေ့ရတယ်၊ အခြားမူတွေက ပိုပြီး ယုတ္တိရှိတာကိုလည်း တွေ့ရတယ်၊ ဒီတော့ ယုတ္တိအရှိဆုံးကိုပဲ ယူပြီးတော့ မြန်မာပြန်မှာ မူတင်ထားရပါတယ်။

ပြီးတော့ ကျောက်စာမူဆိုတာကိုလည်း ပါဠိတော်လောက်သာရှိတာပဲ၊ အဋ္ဌကထာ, ဋီကာတွေကတော့ သင်္ဂါယနာတင် ကျောက်စာမူရယ်လို့ မရှိသေးဘူး၊ ပြီးတော့ တချို့ တချို့နေရာများမှာ ပါဠိတော်နဲ့ အဋ္ဌကထာ, အဋ္ဌကထာနဲ့ ဋီကာ အဆင်မပြေပဲ ဖြစ်နေတာတွေလည်း ရှိတယ်၊

အဲဒါတွေဟာ ယခု ဆဋ္ဌသင်္ဂါယနာမှာဖြင့် အဆင်ပြေသွားလိမ့်မယ်လို့ မျှော်လင့် ရတာပဲ၊ ဒါကြောင့် ယခု ဆဋ္ဌသင်္ဂါယနာ တင်တဲ့အတွက် အထင်အရှားရမယ့် အကျိုးတွေကို အကြမ်းအားဖြင့် ဖော်ပြရလျှင် -

  1. ထေရဝါဒနိုင်ငံအားလုံးက အကောင်းဆုံး မူမှန်အဖြစ်ဖြင့် လက်ခံနိုင်တဲ့ ပါဠိ, အဋ္ဌကထာ, ဋီကာ မူသန့်များကိုလည်းရမယ်။
  2. ပါဠိ, အဋ္ဌကထာ, ဋီကာကျမ်းအားလုံးပင် ပုံနှိပ်ပြီး စာအုပ်များ ဖြစ်ရမယ်၊ ပုံနှိပ်ကိုလည်း သန့်ရှင်းရမယ်။
  3. မူကလည်းသန့်, ပုံနှိပ်ပုံကလည်း သန့်တဲ့အတွက် ကြည့်ရှုပို့ချသင်ယူရာမှာ အထူးသဖြင့် လွယ်ကူသွားမယ်။
  4. စာမျက်နှာ အနေအထားအားဖြင့် တမူတည်းသာ ရှိတဲ့အတွက် ကျမ်းညွှန် ရန်လည်း လွယ်သွားမယ်။
  5. မူမှန်ပိဋကတော်တွေ နိုင်ငံတကာ အရပ်တိုင်းမှာ ပျံ့နှံ့နေတဲ့အတွက် ပိဋကတော်တွေ လုံးဝကွယ်ပျောက် ပျက်စီးသွားတယ် ဆိုတာလည်း မဖြစ်နိုင်တော့ဘူး။
  6. သဒ္ဓါတရားရှိသူတိုင်း ဒီဆဋ္ဌသင်္ဂါယနာကို အကြောင်းပြုပြီး နတ်ရွာနိဗ္ဗာန် ရောက်ကြောင်း ဖြစ်တဲ့ ကောင်းမှုအထူးတွေ ရသွားကြမယ်၊ အယုတ်ဆုံး သာဓု ခေါ်ရုံနဲ့လည်း ရသွားနိုင်တာပဲ။
  7. နောက် အနာဂတ်ကာလများမှာ ထေရဝါဒ ဗုဒ္ဓဘာသာဝင်နိုင်ငံ အားလုံးဟာ တပေါင်းတည်း စည်းလုံးမိပြီးတော့ သာသနာရေးအတွက် ထူးထူးခြားခြားကြီး ဆောင်ရွက်သွားနိုင်စရာ အကြောင်းလည်း ရှိနေပါတယ်။

ယခု ပြောခဲ့တာတွေဟာ အကြမ်းလောက်ပဲ ရှိပါသေးတယ်၊ အနုစိတ်ပြီး ပြောရမယ် ဆိုယင်တော့ အများကြီးပဲ ကျန်နေပါသေးတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဝင် လူရှင်ရဟန်းပုဂ္ဂိုလ်တိုင်း ဒီဆဋ္ဌသင်္ဂါယနာပွဲတော်ကြီးဟာ ငါတို့အတွက် ပေါ်လာရတယ်၊ ငါတို့ပါဝင်ပြီး သာသနာပြုရအောင် ပေါ်လာရတယ်၊ ငါတို့မှာ ကုသိုလ်အထူးတွေ တိုးပွားရအောင် ပေါ်လာရတယ်လို့ ဒီလို ယောနိသောမနသိကာရဖြင့် နည်းလမ်းမှန်စွာ နှလုံးသွင်းနိုင်ကြပါစေ။

အဲဒီလို နှလုံးသွင်းပြီးတော့ ဆဋ္ဌသင်္ဂါယနာနဲ့စပ်ပြီး မိမိတို့ ရသင့်ရထိုက်တဲ့ သာသနာပြုမှု အခွင့်အရေးတွေ, ကုသိုလ်ထူးတိုးပွားမှု အခွင့်အရေးတွေကို လက်မလွတ်ရအောင် သတိဆောင်ပြီး အရယူနိုင်ကြ ပါစေကုန်သတည်း။

သတ္တတိံသတိမပိုင်း

ဆဋ္ဌသင်္ဂါယနာ ဩသာနသောဓက တာဝန် ဆောင်ရွက်ခြင်း

ဆရာတော်ဘုရားကြီး၏ အလုပ်လုပ်တော်မူပုံမှာ သာမန်ပုဂ္ဂိုလ်များ အနေဖြင့် မယုံနိုင်လောက်အောင်ပင် ဖြစ်သည်၊ ဤစာပြုသူသည် ဆဋ္ဌသင်္ဂါယနာ၌ အစအဆုံး ပါဝင်ခဲ့သူဖြစ်ရာ ဆရာတော်ဘုရားကြီး ၏ လုပ်ဆောင်တော်မူပုံမှာ ကိုယ်တွေ့ မျက်မြင် ဖြစ်လေသည်၊

၁၃၁၆-ခုနှစ် ကဆုန်လပြည့်နေ့မှ စ၍ ၁၃၁၈-ခုနှစ် ကဆုန်လဆန်း ၁၀-ရက်နေ့အထိ ပါဠိပိဋက စာအုပ်ပေါင်း ၄၀-ကို သန္နိပါတ ၅-ကြိမ်ခွဲ၍ သင်္ဂါယနာ တင်တော် မူခဲ့လေသည်၊ ဆရာတော်ဘုရားကြီးသည် ထိုစဉ်က အများသိကြသည့်အတိုင်း ဆဋ္ဌသင်္ဂီတိပုစ္ဆက တာဝန်ကို ဆောင်ရွက်တော်မူခဲ့သည်သာမကပဲ ယင်းပါဠိတော် စာအုပ်ပေါင်း ၄၀-ကို နောက်ဆုံးသုတ်သင် ပြင်ဆင်တော်မူ၍လည်း သာသနာ့ တာဝန်ကို ထမ်းဆောင်တော်မူခဲ့လေသည်၊

သင်္ဂါယနာတင်ချိန် သန္နိပါတမဟုတ်သော အခါတွင် များသောအားဖြင့် ကမ္ဘာအေး ဇမ္ဗူဒီပကျောင်းဆောင် ဩသာနသောဓကရုံးခန်းသို့ ကြွရောက်တော်မူ၍ အခြား ဆရာတော် ၄-ပါး, အယ်ဒီတာ တယောက်နှင့်အတူ ပါဠိတော်များကို သုတ်သင်တော် မူခဲ့လေသည်။

ဆဋ္ဌသင်္ဂီတိကာလေပိ, မြန်မာ့ရဋ္ဌေ ပဝတ္တိတေ၊
ဩသာနသောဓကော ဟုတွာ, ဇိနသာသနဘာရဓော။

အဋ္ဌကထာကျမ်းများကိုလည်း နောက်ဆုံး သုတ်သင်

၎င်းပြင် ၁၃၁၈-ခုနှစ် နတ်တော်လပြည့်ကျော် ၉-ရက်နေ့မှစ၍ ၁၃၂၁-ခုနှစ် တပေါင်းလဆန်း ၆-ရက်နေ့အထိ အဋ္ဌကထာကျမ်း စာအုပ်ပေါင်း ၅၁-အုပ်ကို သန္နိပါတ ၄-ကြိမ်ခွဲ၍ သင်္ဂီတိကာရက သံဃာတော် ၃၀ဝ-ကျော်တို့ သင်္ဂါယနာ တင်တော်မူခဲ့ကြသည်၊

ထိုစဉ်က ဆရာတော်ဘုရားကြီးသည် အဋ္ဌကထာသင်္ဂါယနာ စိစစ်ရေးပုဂ္ဂိုလ် “အဋ္ဌကထာသင်္ဂီတိဝိစာရဏ”အဖြစ် တာဝန်အပြင် ယင်းအဋ္ဌကထာကျမ်းများ နောက်ဆုံး သုတ်သင်သည့် အဋ္ဌကထာဩသာနသောဓက တာဝန်ကိုလည်း ဆောင်ရွက်တော်မူခဲ့လေသည်၊

ထိုအခါ၌ ဆရာတော် အလွန်အလုပ်များနေပါပြီ၊ သို့ဖြစ်၍ ကမ္ဘာအေးပုံနှိပ်တိုက်မှ ၁၆-မျက်နှာ စာဖောင် ၁-ဖောင် ရံခါ ၂-ဖောင်ခန့်ကိုသာ သာသနာ့ရိပ်သာ ဆရာတော်ကြီးထံ ရုံးလုလင်က သွားရောက်ဆက်ကပ်ရလေသည်၊ နောက်တနေ့ တဖန် ဖောင်ကြမ်းများ ယူသွားဆက်ကပ်ပြီး ဆရာတော်ဘုရားကြီး ပြင်ပြီးဖောင်ကို ပြန်ယူခဲ့ပြီး ကမ္ဘာအေး ဇမ္ဗူဒီပကျောင်း ဩသာနသောဓက အဖွဲ့ဝင် ဆရာတော် များအား ဆက်ကပ်ရသည်၊

ဇမ္ဗူဒီပဩသာနသောဓက ဆရာတော်များက ဆရာတော်ဘုရားကြီး၏ မှတ်ချက် များကို ကြည့်ရှု မှီးငြမ်းပြုပြီး ပြင်ဆင်တော်မူကြလေသည်၊ ဆရာတော် အလုပ် အလွန်များ၍ မကြည့်ဖြစ်သောအခါလည်း ကြုံရသည်။

ဋ္ဌကထာသင်္ဂီတိကာလေ, ထေရော မဟာစည်ကုဉ္ဇရော၊
ဩသာနကသောဓကောပိ, ဟုတွာ သာသနဘာရဓော။

ဋီကာကျမ်းခက်များ နောက်ဆုံး သုတ်သင်

ဋီကာကျမ်းစာအုပ်ပေါင်း ၂၆-အုပ်ကို သန္နိပါတ ၂-ကြိမ်ခွဲ၍ ရန်ကုန်မြို့ ကမ္ဘာအေး သီရိမင်္ဂလာ ဆဋ္ဌသင်္ဂီတိ မဟာပါသဏ လိုဏ်ဂူတော်ကြီး၌ သင်္ဂါယနာ တင်တော်မူခဲ့ကြရာ ၁၃၂၂-ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၃-ရက်နေ့မှစ၍ ၁၃၂၂-ခုနှစ် ပြာသိုလပြည့်ကျော် ၁၃-ရက်နေ့အထိ ဋီကာ ၁၁-အုပ်ကို သင်္ဂီတိကာရက သံဃာတော် ၁၅၀-ပါးတို့ ပထမသန္နိပါတ အဖြစ်ဖြင့် သင်္ဂါယနာတင်တော် မူခဲ့ကြလေသည်၊

တဖန် ၁၃၂၃-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၄-ရက်နေ့မှ စ၍ တပို့တွဲလဆန်း ၁၂-ရက်နေ့အထိ ဋီကာကျမ်းပေါင်း ၁၅-အုပ်ကို သင်္ဂီတိကာရက ၁၅၀-ကျော်တို့ ဒုတိယသန္နိပါတအဖြစ် သင်္ဂါယနာတင်တော်မူခဲ့ ကျလေသည်၊

ထိုစဉ်က ဆရာတော်ဘုရားကြီးသည် ဋီကာသင်္ဂါယနာ ပထမသန္နိပါတ အဖွင့်နေ့တွင် အဖြေပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်တော်မူခဲ့လေသည်၊ ထိုစဉ်ကလည်း ဋီကာကျမ်းခက် တချို့ကို ဩသာနသောဓကဖြစ်၍ သုတ်သင်တော်မူခဲ့လေသည်၊ ထိုစဉ်ကလည်း စာဖောင်များ ဆရာတော်ထံ ဆက်ကပ်စေ၍ ဆရာတော်၏ အဆုံးအဖြတ်ကို ယူကြရလေသည်။

ဋီကာသင်္ဂီတိကလေပိ, ဋီကာဂန္ထဝိသောဓနေ၊
ဩသာနသောဓကော ဟုတွာ, သမ္ဗုဒ္ဓသာသနန္ဓရော။

ဆဋ္ဌသင်္ဂါယနာ ဝန်ဆောင်အဖွဲ့တွင် အရေးပါဆရာတော်

ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ကြီးတွင် သင်္ဂါယနာကိစ္စအဝဝကို စီမံရန် ဆဋ္ဌသင်္ဂါယနာ ဝန်ဆောင် သံဃာ့အဖွဲ့ကို နိုင်ငံတော်အစိုးရက ၁၃၁၅-ခုနှစ်ကပင် ကြိုတင်ဖွဲ့စည်းခဲ့လေသည်၊ ယင်းသို့ ဖွဲ့စည်းကြောင်းကို အတွဲ ၁၊ အမှတ် ၃၊ ၁၃၁၅-ခု ပထမဝါဆိုလ သင်္ဂါယနာစာစောင်တွင် ဓာတ်ပုံများ ဖော်ပြခဲ့လေသည်။

ယင်း ဆဋ္ဌသင်္ဂါယနာ ဝန်ဆောင်သံဃာ့အဖွဲ့တွင် ညောင်ရမ်းဆရာတော်ဘုရားကြီး အရှင်ရေဝတမဟာထေရ်က ဥက္ကဋ္ဌဖြစ်၍ ဆရာတော် အရှင်နာဂဝံသာဘိဝံသ, အရှင်ဝိသုဒ္ဓါဘိဝံသတို့က အကျိုးတော်ဆောင် ဆရာတော်များ ဖြစ်ကြသည်၊ မဟာစည် ဆရာတော်ဘုရားကြီးစသည့် ဆရာတော် ၂၀-ခန့်တို့သည် အဖွဲ့ဝင်များ အဖြစ် ပါဝင်ကြသည်။

မဟာစည် ဆရာတော်ဘုရားကြီးသည် ယင်းဆဋ္ဌသင်္ဂါယနာ ဝန်ဆောင်သံဃာ့ အဖွဲ့တွင် အရေးပါလှသော ဆရာတော်ဖြစ်၍ သင်္ဂါယနာဆိုင်ရာ စာပေကိစ္စအဝဝ, နိုင်ငံခြားများသို့ ကြွရောက်၍ သာသနာရေး ကိစ္စအဝ၀ ဆောင်ရွက်ဖွယ်တို့ကို ပြုလုပ် ဆောင်ရွက်တော်မူခဲ့လေသည်။

ဆဋ္ဌသင်္ဂီတိကာလေပိ သော, သင်္ဂီတိယာ ဓုရန္ဓရော၊
ဘာရနိတ္ထာရကော ဟုတွာ, သာသနကိစ္စကာရကော။

အလုပ်ပန်းလွန်း၍ ရံခါ အနားယူရ

ထိုစဉ်က ဆရာတော်မှာ သက်တော် ၅၀-ကျော်မျှသာ ရှိပါသေးသည်၊ အလုပ်နှင့် ခန္ဓာကိုယ်နှင့်ကား မမျှချေ၊ ရံခါ အလုပ်ပင်ပန်း၍ ပန်းဖျားဖျား, အားနည်းမှုတို့ ဖြစ်တတ်သဖြင့် အစိုးရဂေဟာတွင် ရံခါ တပတ်ခန့် အနားယူ၍ ကျန်းမာရေးကိစ္စ ဆောင်ရွက်ရသည်၊ ထိုစဉ်က သတင်းစာများတွင် မဟာစည်ဆရာတော် အနားယူခြင်း စသည်ဖြင့် ပါရှိလေသည်၊ ထိုစဉ် ဤစာပြုသူမှာ ၁၀-ဝါခန့်သာ ရှိသေးသည်၊ ဆရာတော်အနားယူသည့် အစိုးရ ဂေဟာသို့ ရောက်ခဲ့ဖူးပါသည်။

မဟာစည်ထေရသေဋ္ဌောပိ, မဟုဿာဟော မဟာသုဓီ၊
မဟာသုဓီနော စက္ကဿ, သတတံ ကိစ္စကာရကော။

တိပိဋက ပါဠိ, မြန်မာအဘိဓာန်လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခြင်း

ဆရာတော်ဘုရားကြီးသည် သက္ကရာဇ် ၁၃၁၂-ခုနှစ်ကစ၍ လုပ်ငန်း စတင်ခဲ့သော တိပိဋက ပါဠိ, မြန်မာအဘိဓာန်ကျမ်းကြီး ပြုစုရေးကိစ္စတွင် အဘိဓာန်စနစ် ရေးဆွဲရေးအဖွဲ့ဝင် အဖြစ်လည်း ပါဝင် ဆောင်ရွက်တော်မူခဲ့လေသည်။

အဘိဓာန်ပဋိဝိသောဓက အဖွဲ့ဝင်အဖြစ် တာဝန်ဆောင်ခြင်း

၎င်းပြင် အဘိဓာန်ကျမ်းပြုအဖွဲ့မှ ရေးပြီးစာမူများကို သုတ်သင် တည်းဖြတ်သည့် အဘိဓာန် ပဋိဝိသောဓက အဖွဲ့ဝင် အဖြစ်၌လည်း အဘိဓာန်စာမူကို သုတ်သင် တည်းဖြတ်ပြင်ဆင် တာဝန်ယူ ဆောင်ရွက်တော်မူခဲ့လေသည်။

ပိဋကတ်တော် မြန်မာပြန် စီစဉ်ရေးကော်မတီ

ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ကြီး ဆင်ယင်ကျင်းပစဉ်က ပိဋကသုံးပုံ ပါဠိတော် များကို ပါဠိ မတတ်သော မြန်မာပြည်ဖွား တိုင်းရင်းသားတို့ လွယ်ကူစွာ ကြည့်ရှုနိုင်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ယင်းပိဋကတ် ပါဠိတော်များကို မြန်မာပြန်ဆိုရန် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့က စီစဉ်ခဲ့လေသည်၊

သို့ဖြစ်၍ နိုင်ငံတော်သမ္မတသည် ပိဋကတ်တော် မြန်မာပြန် စီစဉ်ရေးကော်မတီ တရပ်ကို ဖွဲ့စည်းခဲ့လေသည်၊ ကျေးဇူးရှင် မဟာစည်ဆရာတော် ဘုရားကြီးသည် ယင်းပိဋကတ်တော် မြန်မာပြန် စီစဉ်ရေး ကော်မတီအဖွဲ့တွင် နာယကအဖြစ်ဖြင့် ပါဝင်ဆောင်ရွက်တော်မူခဲ့လေသည်၊ ယင်းကော်မတီ ၏ ဥက္ကဋ္ဌမှာ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဦးလင်းဖြစ်၍ သာသနာ့ညွှန်ကြားရေးဝန် ပထမကျော် ဦးကြီးဖေသည် ဒုတိယဥက္ကဋ္ဌ ဖြစ်လေသည်၊

သာသနာရေး အထူးအရာရှိ ဦးဘဆွေသည် အကျိုးဆောင်ဖြစ်၍ သာသနာရေး အရာရှိ ဦးခင်မောင်အေးသည် တွဲဖက်အကျိုးဆောင် ဖြစ်လေသည်။ ဆရာတော်သည် များစွာသော စာပေအဖွဲ့အစည်းတို့၌ ပါဝင်ကာ စာပေကိစ္စအဝဝကိုလည်း ရှေ့တန်းမှ ဆောင်ရွက်တော်မူခဲ့လေသည်။

အနေကဂန္ထကိစ္စေသု, ပုဗ္ဗင်္ဂမော မဟာယတိ၊
မဟာစည်ထေရကုဉ္ဇရော, လောကဂ္ဂသာသနန္ဓရော။

ပဋိသမ္ဘိဒါမဂ္ဂဋ္ဌကထာ ဂဏ္ဌိပဒကို သုတ်သင်ပြင်ဆင်တော်မူခြင်း

ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ၏ အနက်ကို ဖွင့်ပြသည့် ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ ဂဏ္ဌိပဒပါဠိကျမ်းသည် စာအုပ်အဖြစ်သို့ မရောက်ပဲ ပေဖြင့်သာ နှစ်ပေါင်း ရာထောင် ချီပြီး တည်ရှိခဲ့လေသည်၊

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်အစိုးရ သာသနာရေး ဦးစီးဌာနသည် ကျယ်ကျယ်ပြန့်ပြန့် ပရိယတ္တိ သာသနာ့ဝန်ဆောင်တို့ ကြည့်ရှု လေ့လာချပို့နိုင်ရန် ရည်သန်၍ ယင်းပေမူကို ကူးယူစေကာ စာအုပ်အဖြစ်သို့ ရိုက်နှိပ်ရန် ကြိုးပမ်းခဲ့ကြလေသည်။

သို့နှင့် သာသနာရေးဦးစီးဌာနသည် ရဟန်းပညာရှိ, လူပညာရှိများကို ယင်းစာမူကို ပြင်ဆင်ရန် လျှောက်ထားတိုက်တွန်း တာဝန်ပေးခဲ့လေသည်၊ ယင်းပုဂ္ဂိုလ်များအနက် မဟာစည် ဆရာတော်ဘုရားကြီးသည် လျှောက်ထား တာဝန်ပေးခဲ့ရသည့် ဆရာတော်ကြီးများအနက် တာဝန်အရှိဆုံး ပုဂ္ဂိုလ်အဖြစ်ဖြင့် ပါဝင်ခဲ့လေသည်၊

သို့ဖြစ်၍ ဆရာတော်ဘုရားကြီးသည် ယင်းပဋိသမ္ဘိဒါမဂ် ဂဏ္ဌိပဒပါဌ်ကိုလည်း ဆန္ဒ, စိတ္တ, ဝီရိယ, ဝီမံသခြံရံ ရှေးရှုသုတ်သင် ပြင်ဆင်ပေးတော်မူခဲ့လေသည် ၊ သို့ဖြစ်၍ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ ဂဏ္ဌိပဒပါဌ် နိဒါန်း၌ -

“ဣမဿ ပဋိဝိသောဓကပုဂ္ဂလာ ပန မဟာထေရော စေဝဥပါသကာ စ ဟောန္တိ၊ တတ္ထ မဟာထေရော ပန မရမ္မရဋ္ဌေ ရန်ကုန် နဂရေ သာသနာ့ရိပ်သာ အာရာမေ ဝသန္တော မဟာစည်ထေရောတိ ဝိသုတော အဂ္ဂမဟာပဏ္ဍိတော ပါဓိ ဘဒ္ဒန္တသောဘနထေရော” စသည်ဖြင့် လာရှိလေသည်။

ဆရာတော်ဘုရားကြီးသည် တာဝန်ယူမိလျှင် တာဝန် ကျေပွန်စွာ မဟုဿာဝ ဇွဲလုံ့လဖြင့် ဆောင်ရွက်တော်မူသည့် သာသနာ့ဝန်ဆောင် ပုဂ္ဂိုလ်မြတ်ကြီး ဖြစ်တော်မူသည်။

ပဋိသမ္ဘိဒါမဂ္ဂဋ္ဌ-ဂဏ္ဌိပဒဝိသောဓနေ၊
ထေရော မဟာစည်အဝှယော, ကိစ္စကာရီ ဝိသာရဒေါ။

ပဋိသမ္ဘိဒါမဂ် ပါဠိတော်, အဋ္ဌကထာ, ဂဏ္ဌိပဒ သမိုင်းအကျဉ်း

ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကြီးကို ဓမ္မသေနာပတိ လက်ယာတော်ရံ ဘုရားကိုကြဉ် ပညာအကြီးဆုံး တပည့်ကြီးဖြစ်တော်မူသော အရှင်သာရိပုတ္တရာ ဟောကြားတော် မူခဲ့ရာ နက်နဲသည်, ခက်ခဲသည်၊ သာမန်ပညာရှိသူ, သာမန်စာပေကျမ်းဂန် တတ်မြောက်သူတို့အဖို့ ကူးခတ်လေ့လာရန် မလွယ်ကူပါချေ၊ ယင်းပါဠိတော်၌ -

  1. မဟာဝဂ်,
  2. ယုဂနဒ္ဓဝဂ်,
  3. ပညာဝဂ်

အားဖြင့် ၃-ဝဂ်ရှိ၍ ၁-ဝဂ်တွင် ကထာပေါင်း ၁၀-ကထာစီ ပါရှိလေရာ ရှေးဦးစွာဖြစ်သော မဟာဝဂ်၌ -

  1. ဉာဏကထာ,
  2. ဒိဋ္ဌိကထာ,
  3. အာနာပါနဿတိကထာ,
  4. ဣနြ္ဒိယကထာ,
  5. ဝိမောက္ခကထာ,
  6. ဂတိကထာ,
  7. ကမ္မကထာ,
  8. ဝိပလ္လာသကထာ,
  9. မဂ္ဂကထာ,
  10. မဏ္ဍပေယျ ကထာ

အားဖြင့် ၁၀-ဖြစ်သည်၊ ယင်းသို့ မဟာဝဂ်၌ပါရှိသည့် ကထာကိုလည်း-

တဿုဒ္ဒါနံ -
ဉာဏံ ဒိဋ္ဌိ စ အဿာသာ, ဣနြ္ဒိယံ ဝိမောက္ခပဉ္စမာ၊
ဂတိကမ္မဝိပလ္လာသာ, မဂ္ဂေါ မဏ္ဍေန တေ ဒသ။

ဟူသော ဥဒါန်းစဉ်ဂါထာဖြင့် ဖော်ပြတော်မူခဲ့လေသည်။

ယုဂနဒ္ဓဝဂ်၌လည်း -

  1. ယုဂနဒ္ဓကထာ,
  2. သစ္စကထာ,
  3. ဗောဇ္ဈင်္ဂကထာ,
  4. မေတ္တာကထာ,
  5. ဝိရာဂကထာ,
  6. ပဋိသမ္ဘိဒါကထာ,
  7. ဓမ္မစက္ကကထာ,
  8. လောကုတ္တရကထာ,
  9. ဗလကထာ,
  10. သုညတာကထာ

အားဖြင့် ၁၀-ဖြစ်လေသည်၊ ယင်းသို့ဖြစ်ကြောင်းကိုလည်း-

တဿုဒ္ဒါနံ-
ယုဂနဒ္ဓါ သစ္စ ဗောဇ္ဈင်္ဂါ, မေတ္တာဝိဟာရပဉ္စမာ၊
ပဋိသမ္ဘိဒါဓမ္မစက္ကံ, လောကုတ္တရဗလသုညတာ။

ဟူသောဂါထာဖြင့် ဖော်ပြတော်မူခဲ့လေသည်။

ပညာဝဂ်၌လည်း -

  1. မဟာပညာကထာ,
  2. ဣဒ္ဓိကထာ,
  3. အတိသမယကထာ,
  4. ဝိဝေက ကထာ,
  5. စရိယာကထာ,
  6. ပါဋိဟာရိယကထာ,
  7. သမသီတိကထာ,
  8. သတိပဋ္ဌာနကထာ,
  9. ဝိပဿနာ ကထာ,
  10. မာတိကာကထာ

အားဖြင့် ၁၀-ကထာဖြစ်လေသည်။ သို့ဖြစ်၍ -

တဿုဒ္ဒါနံ -
ပညာ ဣဒ္ဓိ အဘိသမယော, ဝိဝေကော စရိယပဉ္စမော၊
ပါဋိဟာရိ သမသီတိ, သတိပဋ္ဌာနာ ဝိပဿနာ၊
မာတိကာ ပညာဝဂ္ဂမှိ, မာတိကာယ စ တေ ဒသ။

ဟူသော ဂါထာဖြင့် ကထာသရုပ်ကို ချုံး၍ ပြတော်မူခဲ့လေသည်။ ၎င်းပြင် ပါရှိသော ဝဂ်တို့ကိုလည်း -

မဟာဝဂ္ဂေါ ယုဂနဒ္ဓေါ, ပညာဝဂ္ဂေါ စ နာမတော၊
တယောဝ ဝဂ္ဂါ ဣမမှိ, ပဋိသမ္ဘိဒါပကရဏေ။

ဟူသော ဂါထာဖြင့် ဖေါ်ပြတော်မူခဲ့လေသည်၊ ထိုမှတပါး ယင်းပဋိသမ္ဘိဒါမဂ် ပါဠိတော်ကြီး နက်နဲသည်ဖြစ်၍ သမုဒ္ဒရာနှင့် တူကြောင်း နက္ခတ်တာရာ ကြယ်များစွာ တို့ဖြင့် ပြွမ်းသော ကောင်းကင်နှင့် တူကြောင်း, ကြီးကျယ်သော အင်းအိုင်ကြီးများနှင့် တူကြောင်း, ယင်းကျမ်းကြီးကို လေ့လာပို့ချ ဟောပြောပါက ဉာဏ်ပညာ ကျယ်ပြော နိုင်ကြောင်း, ဤကျမ်းလာအတိုင်း ကျင့်ကြံ အားထုတ်သော ယောဂီတို့ ဉာဏ်ပညာ တောက်ပနိုင်ကြောင်းကို-

အနန္တနယမဂ္ဂေသု, ဂမ္ဘီရော သာဂရုပမော၊
နဘံ စ တာရကာကိဏ္ဏံ, ထူလော ဇာတဿရော ယထာ၊
ကထိကာနံ ဝိသာလာယ, ယောဂီနံ ဉာဏဇောတနံ။

ဟူသော တဂါထာဖြင့် ဖေါ်ပြတော်မူခဲ့လေသည်၊ ယင်းကျမ်းကြီးမှာ ဆဋ္ဌသင်္ဂါယနာ စာတော်မူ ၄၁၉-မျက်နှာ ရှိလေသည်၊ ယင်းပါဠိတော်၏ အဖွင့်ကိုလည်း သီဟိုဠ်ကျွန်း၌ သာသနာသက္ကရာဇ် ၁၀၆၀-ခန့်တွင် ပေါ်ထွန်းသည့် အရှင် မဟာနာမထေရ် ပြုစီရင်ခဲ့ရာ ပထမ, ဒုတိယ ၂-တွဲရှိ၏။ ပထမတွဲ ဆဋ္ဌသင်္ဂါယနာမူ စာမျက်နှာ ၃၄၅၊ ဒုတိယတွဲ -၃၂၃ မျက်နှာရှိလေသည်။

ပဋိသမ္ဘိဒါမဂ္ဂဋ္ဌကထာ ဂဏ္ဌိပဒ

ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ၌ တိမ်မြုပ်ကွယ်ဝှက် အသိခက်သော ပုဒ်, အဓိပ္ပါယ်တို့ကို ဖွင့်ဆိုရာ အဋ္ဌကထာ ကျမ်းပြုဆရာတော် အရှင်နာမ၏ တပည့်အဆက်အနွယ် ပညာရှိတပါး, သို့မဟုတ် သီဟိုဠ်ကျွန်း ပုလပုရခေတ် ပညာရှင် တပါး, သို့မဟုတ် ဇိနာလင်္ကာရ စာကိုယ်ဋီကာကျမ်းပြု အရှင်ဗုဒ္ဓရက္ခိတထေရ် ရေးသား ဖွင့်ဆိုသည်ဟု ယူဆရသော ပဋိသမ္ဘိဒါမဂ္ဂဋ္ဌကထာ ပဏ္ဌိပဒကျမ်းသည်လည်း သီဟိုဠ်ကျွန်း၌ လည်းကောင်း၊ မြန်မာပြည်၌လည်းကောင်း ပေါ်ထွန်းခဲ့လေသည်၊ ကျမ်းပြု ဆရာတော်သည် ယင်း ပဋိသမ္ဘိဒါမဂ္ဂဋ္ဌကထာ ပဏ္ဌိပဒကျမ်၏ အစ၌ -

ဗုဒ္ဓံ ဝန္ဒိတွာ တိဘဝေသု အဂ္ဂံ, ကတဉ္ဇလီ သာဓုပသန္နစိတ္တော၊
ဓမ္မဉ္စ တေနာဓိစတုတ္တမံဟံ, သံဃဉ္စ တဿောရသိဇံ ဝိသိဋ္ဌံ။

အစရှိသော ၆-ဂါထာဖြင့် ရတနတ္တယပဏာမ စသည်ကို ဖော်ပြ၍ သန္ထာရပြုတော် မူခဲ့လေသည်၊ ကျမ်း၏အဆုံး၌လည်း-

ဧတ္တာဝတာ သမာရဒ္ဓေါ, ယောဂဏ္ဌိပဒနိစ္ဆယော၊
ပဋိသမ္ဘိဒါမဂ္ဂဿ, ဝဏ္ဏနာယ မယာဒိတော၊
သော ဒါနိ နိဋ္ဌံ သမ္ပတ္တော, အန္တရာယံ ဝိနာ ယထာ၊
တထာ ကလျာဏသင်္ကပ္ပါ, နိဋ္ဌံ ပပ္ပေါန္တု ပါဏိနံ။

အစရှိသော ၉-ဂါထာဖြင့် နိဂုံး အုပ်တော်မူခဲ့လေသည်။ ယင်းကျမ်းကို သက္ကရာဇ် ၁၃၄၅-ခုနှစ်က ကမ္ဘာအေး သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်၌ ရိုက်နှိပ်ခဲ့ရာ ဆဋ္ဌသင်္ဂါယနာဆိုက် စာမျက်နှာ ၄၀ဝ-ရှိလေသည်၊ ဤကား အလျဉ်းသင့်သဖြင့် ပဋိသမ္ဘိဒါမဂ် ပါဠိတော်, အဋ္ဌကထာ, ပဋိသမ္ဘိဒါမဂ္ဂဋ္ဌကထာ ဂဏ္ဌိပဒ သမိုင်းကို အမြွက်မျှ ထုတ်ပြခြင်းဖြစ်သည်။

ပဋိသမ္ဘိဒါမဂ် ပါဠိတော်နိဿယ

ယင်း ၃-ကျမ်းအနက် ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကို အမရပူရမြို့ ဆင်တဲတိုက် (ယခု မန္တလေးတောင်ပြင် ဆင်တဲတိုက်ကြီး) ၌ စာပေချပို့ ကျမ်းစာပြုစု သာသနာ ပြုတော်မူခဲ့သော “ဉာဏာလင်္ကာရာဘိသဒ္ဓမ္မဓဇမဟာဓမ္မဓဇ” ဘွဲ့တံဆိပ်တော်ရ ဆင်တဲဆရာတော်ဘုရားကြီး အရှင်ဉာဏသဒ္ဓမ္မ၏ တပည့်တပါးသည် ဆရာတော်၏ ချနက်အတိုင်း ပေသို့ ရေးတင်တော်မူခဲ့လေသည်၊ ယင်းသို့ဖြစ်ကြောင်း-

နတွာ ဝတ္ထုတ္တယံ သုခ-ဒ္ဒဒံ သာဓုံဝ နိဿယံ၊
လိခိဿာမိ အာစေရဿ, ဝါစနတ္ထံ ပရာမ္ပရာ။

သုခဒ္ဒဒံ - ချမ်းသာသုံးပါးကို ပေးတော်မူတတ်သော၊
ဝတ္ထုတ္တယံ - ရတနာသုံးပါး အပေါင်းကို၊
နတွာ - နမာမိ-ရှိခိုးပါ၏၊
နတွာ - ရှိခိုးပြီး၍၊
အာစေရဿ -ဆင်တဲဆရာတော်၏၊
ဝါစနတ္ထံ - ချနက်ဖြစ်သော၊
နိဿယံ - မှီရာ နိဿယကို၊
ပရမ္ပရာ - အဆင့်ဆင့်၊
သပ္ပုရိသေဟိ -သူတော်ကောင်းတို့သည်၊
ပေက္ခိတုံ - ကြည့်ရှုစိမ့်သောငှါ၊
သာဓုံဝ - ကောင်းစွာသာလျှင်၊
လိခိဿာမိ - ရေးတင်လိုက်အံ့ ......

ဟူသော တဂါထာပါဌ်နိဿယဖြင့် ကျမ်းဦးအစ၌ ဖော်ပြခဲ့လေသည်။

ယင်းစာမူကို နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့က ရရှိခဲ့ရာ ညောင်တုန်းမြို့ ရွှေဟင်္သာ တောရတိုက် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော် အရှင်ဝိမလက သုတ်သင်၍ ဗုဒ္ဓသာသနာအဖွဲ့သို့ ပြန်လည် အပ်နှင်းတော်မူခဲ့လေသည်။

မဟာစည်ဆရာတော်ဘုရားကြီး နောက်ဆုံး ပြင်ဆင်ခြင်း

၎င်းနောက် ဆဋ္ဌသင်္ဂါယနာ ဝန်ဆောင်အဖွဲ့၏ စီစဉ်ချက်အရ နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့မှ ရိုက်နှိပ်ထုတ်ဝေမည် ဖြစ်သဖြင့် ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးအား နောက်ဆုံး သုတ်သင်ပြင်ဆင်ရန် တာဝန်လွှဲအပ်ပြန် လေသည်။

ဆရာတော်ဘုရားကြီးသည် မဟုဿာဟ ဇွဲလုံ့လဖြင့် ဉာဏ်စွမ်းကုန်ထုတ်သုတ်သင် ပြင်ဆင်တော်မူ၍ နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ကို ရိုက်နှိပ်စေခဲ့ရာ ၁၃၂၁-ခုနှစ်တွင် စာအုပ်အဖြစ်သို့ ရောက်လေသည်၊ ယင်းပဋိသမ္ဘိဒါမဂ် ပါဠိတော် နိဿယမှာ ဆဋ္ဌသင်္ဂါယနာဆိုက်ဖြင့် စာမျက်နှာ ၃၇၆-ရှိလေသည်။

အရာရာ ပါဝင်ခဲ့ရ

ဆရာတော်ဘုရားကြီးသည် တိက္ခ, ဟာသ, ဇဝနဉာဏ်နှင့် ဒဠှဘူရီ, ဂမ္ဘီရပညာ စုံလင်သူ ပုဂ္ဂိုလ်ထူး ဖြစ်ရကား သာသနာရေးရာဟူသမျှဝယ် အရာရာတိုင်းလိုပင် ပါဝင်ခဲ့ရလေသည်၊ ဆရာတော်ဘုရားကြီးကား တသောင်း တယောက် မုံသောက် မာတင် ဘက်စုံပညာရှင်ပုဂ္ဂိုလ်မြတ်ကြီးပါတည်း။

ပဋိသမ္ဘိဒါမဂ္ဂပါဠိ-နိဿယောပိ သုဓီမတာ၊
မဟာထေရေန သေဋ္ဌေန, မဟုဿာဟေန သောဓိတော။

ဝိသုဒ္ဓိမဂ်နိဿယကြီး တာဝန်ခံ သုတ်သင်ပြင်ဆင်တော်မူခြင်း

သမ္ဗန္ဓစိန္တာနိဿယ, သဒ္ဒတ္ထဘောဒစိန္တာနိဿယ, ကစ္စာယနာသာရနိဿယ, ကစ္စာယနသာရသရူပတ္ထ ဒီပနီ, ငါးရာ့ငါးဆယ်ဇာတ် ပါဠိတော်နိဿယသစ်, ဋီကာကျော်နိဿယသစ်, ဓာတုမာလာ လက်သန်းကျမ်း ပါဠိနိဿယ, ခန္ဓဝိဘာဝိနီ ဋီကာပါဌ်, ခန္ဓဝဂ္ဂသံယုတ် ပါဠိတော်နိဿယ, သဠာယတနဝဂ္ဂသံယုတ် ပါဠိတော် နိဿယ, မဟာဝဂ္ဂသံယုတ် အဋ္ဌကထာနိဿယ စသည် ကျမ်းပေါင်းများစွာတို့ကို ပြုစီရင်တော်မူခဲ့လေသော “မေဓာဘိဝံသ သဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု” ဘွဲ့ တံဆိပ်တော်ရ ပြည်ဆရာတော်ဘုရားကြီးသည် ဝိသုဒ္ဓိမဂ် အဋ္ဌကထာ နိဿယကို သဒ္ဒဝိနိစ္ဆယ, အတ္ထဝိနိစ္ဆယစသည်တို့ဖြင့် တန်ဆာဆင်၍ ကျယ်ဝန်းစွာ ပြုစီရင်တော် မူခဲ့လေသည်၊

ယင်းကျမ်းကြီးကို ၁၃၂၇-ခုနှစ်ကစ၍ နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့က ရိုက်နှိပ်ခဲ့ရာ ပထမတွဲ, ဒုတိယတွဲ, တတိယတွဲ, စတုတ္ထတွဲ, ပဉ္စမတွဲအားဖြင့် ၅-တွဲ ရှိလေသည်၊ ယင်းသို့ ယင်းနိဿယကြီး ရိုက်နှိပ်စဉ်က ဆရာတော်ဘုရားကြီးသည် ဗုဒ္ဓသာသနာ အဖွဲ့ ပုံနှိပ်တိုက်မှ နေ့စဉ်လိုလိုပင် စာဖောင်များ ဆက်ကပ်ရာ ကျနစွာ ကြည့်ရှု၍ သုတ်သင်ပြင်ဆင်တော်မူခဲ့လေသည်၊

ဆရာတော်ဘုရားကြီး၏ ကြိုးပမ်းပြင်ဆင်မှုကြောင့် စာနေစာထားမှစ၍ သန့်ရှင်း ကောင်းမွန်သည့် ဝိသုဒ္ဓိမဂ်နိဿယကြီးများ ဖြစ်လာလေသည်၊ ဆရာတော် ဘုရားကြီးကား ပရိယတ္တိသာသနာ, ပဋိပတ္တိသာသနာ ထိပ်တန်း ဝန်ဆောင်ကြီး ဖြစ်တော်မူပါပေသည်။

ဝိသုဒ္ဓိမဂ္ဂံ သောဓေသိ, ဝိသုဒ္ဓိမဂ္ဂကောဝိဒေါ၊
မဟာစည်ထေရပုင်္ဂဝေါ, သမ္ဗုဒ္ဓသာသနန္ဓရော။

အဋ္ဌတိံသတိမပိုင်း

ကျမ်းဂန်များစွာတို့ကို ပြုစီရင်တော်မူခြင်း

ဆရာတော်ဘုရားကြီးသည် ကျမ်းဂန် များစွာတို့ကိုလည်း ပြုစီရင်တော်မူခဲ့လေသည်၊ ၎င်းတို့မှာ -

၁။ ဝိပဿနာလမ်းညွှန်ကျမ်း။
၂။ ကမ္မဋ္ဌာန်းဆရာတို့၏ မှတ်တမ်းကျမ်း။
၃။ ဝိပဿနာရှုနည်းကျမ်း (ပထမတွဲ)။
၄။ ဝိပဿနာရှုနည်းကျမ်း (ဒုတိယတွဲ)။
၅။ မဟာသတိပဋ္ဌာနသုတ်ပါဠိတော်နိဿယကျမ်း။
၆။ မဟာသတိပဋ္ဌာန်တရားတော် (အကျဉ်း ၄-ပိုင်း)
၇။ မဟာသတိပဋ္ဌာနသုတ်တရာတော်အကျယ် (ကာယာနုပဿနပိုင်း)။
၈။ ဝေဒနာနုပဿနာတရားတော်။
၉။ နှုတ်ဆက်မိန့်ခွန်းတရားတော်။
၁၀။ မဟာစည်ဓမ္မဒေသနာဆောင်ပုဒ်များ။
၁၁။ ဝိပဿနာအလုပ်ပေးတရားတော်ကြီး။
၁၂။ ဝိသုဒ္ဓိနှင့် ဉာဏ်စဉ်တရားတော်ကြီး။
၁၃။ ဝိသုဒ္ဓိဉာဏကထာပါဌ်။
၁၄။ ကမ္မဋ္ဌာန်းတရားအားထုတ်ရခြင်းအကြောင်း။
၁၅။ ဓမ္မစကြာအသံလွှင့်တရားတော်။
၁၆။ အနတ္တလက္ခဏသုတ်အသံလွှင့်တရားတော်။
၁၇။ ဘဝပြဿနာ။
၁၈။ အင်ဒိုနီးရှားသာသနာပြုမှတ်တမ်း။
၁၉။ ဝိပဿနာအခြေခံတရားတော်။
၂၀။ ဝိသုဒ္ဓိမဂ်မဟာဋီကာ သမယန္တရပိုင်း ဂဏ္ဌိနိဿယ။
၂၁။ ဝိသုဒ္ဓိမဂ်မြန်မာပြန် အခြေခံကျမ်းများနှင့်တကွ ဝိပဿနာပိုင်း။
၂၂။ ဝိသုဒ္ဓိမဂ်မြန်မာပြန် (ပထမတွဲ)။
၂၃။ ဝိသုဒ္ဓိမဂ်မြန်မာပြန် (ဒုတိယတွဲ)။
၂၄။ ဝိသုဒ္ဓိမဂ်မြန်မာပြန် (တတိယတွဲ)။
၂၅။ ဝိသုဒ္ဓိမဂ်မြန်မာပြန် (စတုတ္ထတွဲ)။
၂၆။ ဝိသုဒ္ဓိမဂ္ဂနိဒါကထာ။
၂၇။ အရိယဝါသတရားတော်။
၂၈။ မဟာစည်ဝတ်ရွတ်စဉ်။
၂၉။ ရက်လည်ဆွမ်းအနုမောဒနာကထာ။
၃၀။ ဝမ္ပိကသုတ်တရားတော်။
၃၁။ ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယ (ပထမတွဲ)။
၃၂။ ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယ (ဒုတိယတွဲ)။
၃၃။ ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယ (တတိယတွဲ)။
၃၄။ ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယ (စတုတ္ထတွဲ)။
၃၅။ မဟာသတိပဋ္ဌာန်ဝိပဿနာရှုနည်းအကျဉ်းချုပ်။
၃၆။ ပုရာဘေဒသုတ်တရားတော်။
၃၇။ ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး (ပထမတွဲ)။
၃၈။ ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး (ဒုတိယတွဲ)။
၃၉။ ဗြဟ္မစိုရ်တရားတော်။
၄၀။ ဘာရသုတ္တန်တရားတော်ကြီး။
၄၁။ မဟာစည်သတိပဋ္ဌာန်အဖွဲ့လုံးဆိုင်ရာ စည်းမျဉ်းရပ်များ။
၄၂။ ကျောင်းအနုမောဒနာတရားတော်။
၄၃။ လောကဓံတရားတော်။
၄၄။ ၂၃-ကြိမ်မြောက် ပူဇော်ပွဲဩဝါဒကထာ။
၄၅။ သလ္လေခသုတ်တရားတော်ကြီး(ပထမတွဲ)။
၄၆။ သလ္လေခသုတ်တရားတော်ကြီး (ဒုတိယတွဲ)။
၄၇။ ဟေမဝတသုတ္တန်တရားတော်။
၄၈။ ၂၄-ကြိမ်မြောက်ပူဇော်ပွဲဩဝါဒကထာ နှင့် ၂၄-ကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေး ဩဝါဒ။
၄၉။ ကာမသုတ္တန်တရားတော်။
၅၀။ ဒုလ္လဘဝိနည်းဩဝါဒကထာ။
၅၁။ ငွေရတုတရားတော်။
၅၂။ နိဗ္ဗာန်ဆိုင်ရာတရားတော်ကြီး
၅၃။ ဓမ္မစကြာတရားတော်။
၅၄။ ၂၆-ကြိမ်မြောက်ပူဇော်ပွဲဩဝါဒကထာ။
၅၅။ သီလဝန္တသုတ္တန်တရားတော်။
၅၆။ ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင်တရားတော်။
၅၇။ တုဝဋ္ဋကသုတ္တန်တရားတော်။
၅၈။ သာရဏီယတရားတော်။
၅၉။ မဟာပစ္စဝေက္ခဏတရားတော်။
၆၀။ အနတ္တလက္ခဏသုတ္တန်တရားတော်။
၆၁။ သမ္မာပရိဗ္ဗာဇနိယသုတ္တန်တရားတော်။
၆၂။ တက္ကသိုလ်ဝိပဿနာတရားတော်။
၆၃။ မာလုကျပုတ္တသုတ်တရားတော်။
၆၄။ သက္ကပဥှသုတ်တရားတော်။
၆၅။ အဘိဓမ္မာတရားတော်။
၆၆။ ဩဝါဒဓမ္မအမွေ။
၆၇။ မဟာသမယသုံးသုတ်တရားတော်။
၆၈။ စူဠဝေဒလ္လသုတ်တရားတော်။
၆၉။ ဓမ္မဒါယာဒသုတ်တရားတော်။
၇၀။ ဗုဒ္ဓသာသနာ့အန္တရာယ်ကာကွယ်ရေးတရားတော်။
၇၁။ ကမ္ဘာ့သာသနာပြုတရားတော်။
၇၂။ မဟာစည်ဝိနိယဝိနိစ္ဆယသင်္ဂဟ။
၇၃။ ၃၁-ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေး ဩဝါဒမိန့်ခွန်းတော်။
၇၄။ နောက်ဆုံးဩဝါဒပူဇော်ပွဲဩဝါဒတော်။
၇၅။ ၁၃၃၅-ခုနှစ် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် နှစ်ပတ်လည် ဩဝါဒတရားတော်။
၇၆။ ၁၃၃၇-ခုနှစ် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် နှစ်ပတ်လည် ဩဝါဒတရားတော်။
၇၇။ ၁၃၃၈-ခုနှစ် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် နှစ်ပတ်လည် ဩဝါဒတရားတော်။
၇၈။ ၂၉-ကြိမ်မြောက် သင်းလုံးကျွတ်ဩဝါဒမိန့်ခွန်းတော်။
၇၉။ ၃၀-ကြိမ်မြောက် သင်းလုံးကျွတ်ဩဝါဒမိန့်ခွန်းတော်။
၈၀။ ၁၃၄၁-ခုနှစ် နှစ်ပတ်လည်ဩဝါဒမိန့်ခွန်းတော်။
၈၁။ ၁၃၄၂-ခုနှစ် နှစ်ပတ်လည်ဩဝါဒမိန့်ခွန်းတော်။
၈၂။ သင်းလုံးကျွတ်အစည်းအဝေးနောက်ဆုံးဩဝါဒတရားတော်။
၈၃။ ကမ္မဝါစာများ (စီစဉ်သုတ်သင်)-

စသည်တို့ ဖြစ်ကုန်၏။

ဝိပဿနာလမ်းညွှန်ကျမ်း

ဖော်ပြပါကျမ်းများအနက်-

ဝိပဿနာလမ်းညွှန်ကျမ်းသည် ဆရာတော်ဘုရားကြီး ပထမဆုံး ပြုစီရင်ခဲ့သည့်ကျမ်း ဖြစ်လေသည်၊ ဆရာတော်ကြီးသည် မင်းကွန်းဇေတဝန်ဆရာတော် ဘုရားထံ မှီခို သီတင်းသုံး၍ သတိပဋ္ဌာန် ရှုမှတ်နည်းကို မဂ်, ဖိုလ်, နိဗ္ဗာန် ဧကန် ရောက်စေနိုင်သော လမ်းကောင်းလမ်းမှန် ရောက်စေနိုင်သည်ဟု ယုံကြည်သဖြင့် မိမိ၏ ဆွေမျိုး ဉာတိတို့အား ဟောကြားရန် ဆန္ဒဖြစ်ပေါ်စဉ် ညီတယောက် ကွယ်လွန်သွား ခဲ့လေရာ တရားမဟောလိုက်ရသဖြင့် များစွာ နောင်တရခဲ့လေသည်၊

သို့ဖြစ်ရာ သက္ကရာဇ် ၁၃၀ဝ-ပြည့်နှစ် ကဆုန်လအတွင်းတွင် သီတင်းသုံးမြဲဖြစ်သော မော်လမြိုင်တောင်ဝိုင်းကလေး တိုက်ကျောင်းမှ ထွက်ခွါခဲ့၍ မိမိ ၏ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာသို့ ကြွရောက်တော်မူလာပြီးလျှင် ၇-လခန့် သီတင်းသုံး၍ လာရောက်ကြသော ဆွေမျိုး ဉာတိများနှင့် အခြားဥပါသကာ, ဥပါသိကာမတို့အား သတိပဋ္ဌာန်ရှုမှတ်နည်း ဝိပဿနာအလုပ်ပေး တရားတော်ကြီးကို ဟောကြား ညွှန်ပြတော်မူခဲ့လေသည်။

ဆရာတော်သည် ထိုစဉ်က မိမိပြသဟောညွှန်သည့်အတိုင်း ကျမ်းဂန်အရပ်ရပ်တို့နှင့် နှီးနှောတိုက်ဆိုင်၍ ဝိပဿနာ လမ်းညွှန်ကျမ်း အမည်ဖြင့် ပြုစီရင်တော်မူ၍ ဒါယကာ ဦးထွန်းဟန်, ဦးဘိုးချုံတို့အား ပေးအပ်ခဲ့လေသည်။

ဦးထွန်းဟန်, ဦးဘိုးချုံးတို့သည် ဆိပ်ခွန်ရွာ ကျောင်းအမကြီး ဒေါ်ဆင်ကို စာအုပ် ဒါယိကာမ ခံယူစေ၍ ၁၃၀ဝ-ပြည့်နှစ် (ခရစ်သက္ကရာဇ်-၁၉၃၉) ခုနှစ်တွင် ရွှေဘိုမြို့ ဈေးတန်း သီရိစန္ဒာစာပုံနှိပ်တိုက်တွင် စတင်ရိုက်နှိပ်ထုတ်ဝေ ဖြန့်ချီခဲ့ကြလေသည်၊ တဖန် ဒုတိယအကြိမ် ၁၃၃၈-ခုနှစ်တွင် ရန်ကုန်မြို့ သင့်ဘဝပုံနှိပ် တိုက်တွင် ရိုက်နှိပ်စေ၍ ဒုတိယအကြိမ် ရန်ကုန်မြို့ သာသနာ့ရိပ်သာ ဦးဝိစာရိန္ဒက ထုတ်ဝေ ခဲ့လေသည်။

ဆရာတော်သည် ကျမ်းဦး၌ -

ဝန္ဒိတွာ သဓမ္မသံဃံ, နိဗ္ဗာနမဂ္ဂဒေသကံ၊
ကဿံ ဝိပဿနာမဂ္ဂ-ဒေသကံ မဂ္ဂပါပကံ။

ဟူသောဂါထာဖြင့် ရတနတ္တယပဏာမ, ပဋိညာဉ်ဖော်ပြကာ ဂန္ထာရမ္ဘပြု၍ စီရင်တော် မူလေသည်၊ ပထမအကြိမ် ရိုက်စဉ်က ကျမ်းစာမျက်နှာဖုံး၌ မော်လမြိုင်မြို့ တောင်ဝိုင်းကလေးတိုက်ကျောင်း ဘုန်းတော်ကြီးသည် ဆိပ်ခွန်ရွာသို့ တရားဟော လာစဉ် တပည့်တို့အား သတိပဋ္ဌာန်ရှုမှတ်နည်း အကျဉ်းချုပ်မှတ်သားရန် ရေးသား၍ ပေးခဲ့သော ဝိပဿနာလမ်းညွှန်ကျမ်း သီရိစန္ဒာ စာပုံနှိပ်တိုက် ဈေးတန်း ရွှေဘိုမြို့ ၁၉၃၉-ခုနှစ်ဟု ပါရှိလေသည်၊ ဒုတိယအကြိမ်ရိုက် ယင်းကျမ်းမှာ ကရောင်း ၁၆-ချိုး စာမျက်နှာ ၉၄-ပါရှိလေသည်၊ ပထမအကြိမ် ရိုက်နှိပ် ထုတ်ဝေစဉ်က မောင်ထွန်းဟန်, မောင်ဘိုးချုံတို့က နိဒါန်းရေးသားခဲ့ကြလေသည်။

ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေသောအခါ ရန်ကုန်မြို့ သာသနာ့ရိပ်သာ အရှင် ကလာသက “ပထမဆုံး ပေါ်ထွက်ခဲ့သည့် မဟာစည်သာသနာ ခေတ်ဦး စာအုပ်” ဟူသော ခေါင်းစီးဖြင့် နိဒါန်းရေးသား စီရင်ခဲ့လေသည်။

ဝိပဿနာလမ်းညွှန်ဂန္ထော, သုသာရော သာဓုမာနိတော၊
ရစိတော ထေရသေဋ္ဌေန, မဟာစည်ကဝိကေတုနာ။

ကမ္မဋ္ဌာန်းဆရာတို့၏ မှတ်တမ်းကျမ်း

ဆရာတော်ဘုရားကြီးသည် ကမ္မဋ္ဌာန်းဆရာများ လက်ကိုင်ပြုထိုက်သော ကမ္မဋ္ဌာန်း ဆရာတို့၏ မှတ်တမ်းကျမ်းကိုလည်း ၁၃၀၈-ခုနှစ်က ပြုစုစီရင် ရေးသားတော် မူခဲ့လေသည်။

ဝိပဿနာရှုနည်းကျမ်း

ဆရာတော်ဘုရားကြီးသည် ပဋိပတ်ဝန်ဆောင်များ အားကိုး ပြုထိုက်သည့် ဝိပဿနာ ရှုနည်းကျမ်းကြီးကိုလည်း ဥပါသကာ သူတော်စင်တို့က လျှောက်ထား တောင်းပန် သဖြင့် ပြုစီရင်တော်မူခဲ့လေသည်။

ထိုစဉ်က မဟာမိတ်တို့က မြန်မာပြည် အရပ်ရပ်၌ ဗုံးကြဲနေသော အချိန် ဖြစ်လေသည်၊ တနိုင်ငံလုံး ဗုံးသံများ ဂျိုးဂျိုး ဂျိန်းဂျိန်း ဆူညံနေသည်၊ ရွှေဘိုမြို့ သို့လည်း နေ့စဉ်လိုလိုပင် လာရောက်ဗုံးကြဲနေသည်၊ သို့ရာတွင် ယင်းဗုံးသံများ အကြားမှာပင် ခုနစ်လမျှဖြင့် ဝိပဿနာရှုနည်းကျမ်းကြီး ပထမတွဲ, ဒုတိယတွဲ ၂-တွဲကို ပြီးမြောက်အောင် စီရင်တော်မူခဲ့လေသည်။

ဝိပဿနာရှုနည်း ပြုစီရင်ပုံ

ယင်း ကျမ်းကြီး ၂-ကျမ်းအနက် ပထမတွဲကို အခန်း -၁, အခန်း -၂, အခန်း -၃, အခန်း-၄ အားဖြင့် အခန်းပေါင်း ၄-ခန်းတို့ဖြင့် တန်ဆာဆင်၍ ပြုစီရင်တော်မူခဲ့ လေသည်၊

ပထမအခန်းတွင် သတိပေးစကားနှင့် သီလဝိသုဒ္ဓိစသည့် အချက်အလက်ပေါင်း များစွာတို့ဖြင့်လည်းကောင်း၊ ဒုတိယအပိုင်း၌ စိတ္တဝိသုဒ္ဓိ, မဂ်ပွားနည်း နှစ်ပါး, အမြတ်စားဝိပဿနာနှင့် သမာဓိစသော အချက်အလက်တို့ဖြင့် လည်းကောင်း၊ ဝိပဿနာနှင့် သမာဓိစသော အချက်အလက်တို့ဖြင့် လည်းကောင်း၊ အခန်းတတိယ ပိုင်းတွင် ပရမတ်နှင့် ပညတ်ဝိပဿနာ၏ အာရုံစသော အစုံစုံ အဖုံဖုံသော သိမှတ်ဖွယ်တို့ဖြင့် လည်းကောင်း၊ အခန်း ၄-စတုတ္ထပိုင်းတွင် တဇ္ဇာပညတ်၏ အနက်အဓိပ္ပါယ် စသည့် မှတ်သားဖွယ်ရာ အဖြာဖြာတို့ဖြင့် လည်းကောင်း တန်ဆာဆင်၍ ပြုစီရင်တော်မူခဲ့လေသည်။

ဒုတိယတွဲကို အခန်း -၅, အခန်း -၆, အခန်း -၇အားဖြင့် အခန်း ၃-ခန်းတို့ဖြင့် တန်ဆာဆင်၍ ပြုစီရင်တော်မူခဲ့လေသည်၊ ယင်းကျမ်း၌ အခန်း ၅-တွင် အားထုတ်ပုံ, ဝိပဿနာ ၏ပရိကမ်, အခြေခံရှုမှတ်ပုံ စသည်တို့ဖြင့် ဖော်ပြထားတော်မူသည်၊ အခန်း ၆-တွင် ဉာဏ်စဉ်အဆုံးအဖြတ်, သောတာပန်စစ်တမ်း, ဖလသမာပတ် ဝင်စားပုံ, နိဗ္ဗာနကထာ စသည်တို့ကို ဖော်ပြတော်မူခဲ့လေသည်။ အခန်း ၇-တွင် မဟာဝိပဿနာ ၁၈-ပါဠိအနက် စသည်တို့ကို ဖော်ပြတော်မူခဲ့လေသည်။

ကျမ်းဦး၌ -

၁။ အဟော ဗုဒ္ဓေ အဟော ဓမ္မော, အဟော သံဃော အနုတ္တရော၊
ဣတိစိတ္တံ ပဟံသေတွာ, ဝိပဿိတွာ တဒါဂတေ။

၂။ ဝိပဿနာနယံ ကဿံ, သီဃံ မဂ္ဂါဒိပါပကံ၊
ဒိဋ္ဌေဓမ္မေဝ သာဓူနံ, ယထာဝုတ္တံ ဝိပဿတံ။

အနုတ္တရော - အရဟတာ အစရှိသော ဂုဏ်တော်တို့ကြောင့် အလွန်အကဲမရှိ အမြတ်ဆုံးဖြစ်တော်မူပေသော၊
ဗုဒ္ဓေါ - တလောကလုံးကို အကုန်သိတော်မူသော မြတ်စွာဘုရားသည်၊
အဟော - ဪ ... ပြောပြ၍ မပြီးအောင် အံ့ချီးဖွယ်, ကြည်ညိုဖွယ် ကောင်းပါပေစွတကား၊
အနုတ္တရော - သွာက္ခာတာ အစရှိသော ဂုဏ်တော်တို့ကြောင့် အလွန်အကဲမရှိ အမြတ်ဆုံး ဖြစ်တော်မူသော၊
ဓမ္မော - မဂ်လေးပါး, ဖိုလ်လေးပါး, နိဗ္ဗာန်, ပရိယတ်အားဖြင့် ၁၀ -ပါးသော တရားတော်မြတ်သည်၊
အဟော - ဪ ... ပြောပြမပြီးအောင် အံ့ချီးဖွယ်, ကြည်ညိုဖွယ် ကောင်းပါပေစွ တကား။

အနုတ္တရော - သုပ္ပဋိပန္နတာ အစရှိသော ဂုဏ်တော်တို့ကြောင့် အလွန်အကဲမရှိ အမြတ်ဆုံး ဖြစ်တော်မူသော၊
သံဃော-မဂ်ပုဂ္ဂိုလ်လေးပါး, ဖိုလ်ပုဂ္ဂိုလ်လေးပါး အပေါင်းတည်း ဟူသော သံဃာတော်သည်၊
အဟော - ဪ... ပြောပြမပြီးအောင် အံ့ချီးဖွယ်, ကြည်ညိုဖွယ် ကောင်းပါပေစွ တကား၊
ဣတိ - ဤသို့ ဆင်ခြင်အောက်မေ့လျက်၊
စိတ္တံ - စိတ်ကို၊
ပဟံသေတွာ - အထူးကြည်လင် ရွှင်လန်းစေပြီး၍၊
တဒါဂတေ - ထိုအခိုက်အတန့်၌ ဖြစ်ကုန်သော အောက်မေ့ဆင်ခြင် ကြည်လင် ရွှင်လန်းသော စိတ်နှင့်တကွ ၎င်း၏မှီရာ ရုပ်တရားတို့ကို၊
ဝိပဿတွာ - ရှုမှတ်ပြီး၍။

ယထာဝုတ္တံ - ဤကျမ်း၌ ပြဆိုအပ်သည့်အတိုင်း၊
ဝိပဿတံ - ရှုမှတ်ကြလျှင်၊
ဝါ - ရှုမှတ်ကြကုန်သော၊
သာဓူနံ -သူတော်ကောင်းတို့ကို၊
ဒိဋ္ဌေဝဓမ္မေ - မျက်မှောက်ဘဝ၌ပင်လျှင်၊
သီဃံ - ခုနစ်ရက်, တဆယ့်ငါးရက်ကာလ စသည်အတွင်း လက်ငင်းလျင်မြန်စွာ၊
မဂ္ဂါဒိပါပကံ - မဂ်, ဖိုလ်, နိဗ္ဗာန်သို့ ရောက်စေနိုင်သော၊
ဝိပဿနာ နယံ - ဝိပဿနာရှုနည်းကျမ်းကို၊
အဟံ - ငါသည်၊
ကဿံ - ရေးသားစီရင်ပါအံ့သတည်း

ဟူသော ၂-ဂါထာ ပါဠိအနက်ဖြင့် ဂန္ထာရမ္ဘပြုတော်မူခဲ့လေသည်။

ကျမ်း၏ အဆုံး၌လည်း

၁။ နဂရေ မော်လမြိုင်နာမေ, မဏ္ဍလစလပါဒကေ၊
ဂိဉ္ဇကာဝသထာရာမံ, ယော ထေရောစိရမာဝသီ။

ယော ထေရော - ဝိပဿနာရှုနည်း သိပ်သည်းလမ်းမှန် ကျမ်းဂန်ကို ရေးရန်ခန့်ညား သဒ္ဓါအားနှင့် ဉာဏ်ပွားတည်ကြည် အကြင်မထေရ်သည်၊
မော်လမြိုင် နာမေ - မော်လမြိုင် အမည်ရှိသော၊
နဂရေ - မြို့၌၊
မဏ္ဍလစလပါဒကေ - တောင်ဝိုင်းမည်ရ တောင်ခြေဝ၌၊
(သဏ္ဌိတံ - ကောင်းစွာတည်ရှိသော၊)
ဂိဉ္ဇကောဝ သထာရာမံ - တိုက်ကျောင်း အမည်ရှိသောတိုက်ကို၊
ဝါ - ကျောင်းတိုက်၌၊
စိရံ - ၁၂၉၁-ခုမှ ၁၃၀၃-ခုနှစ်တိုင်အောင် ရှည်မြင့်စွာသော ကာလပတ်လုံး၊
အာဝသီ - ဂန္ထဝါသ နှစ်ဓူရဖြင့် ကြောင့်ကြပြုလုပ် စောင့်ထိန်းချုပ်လျက် စိုးအုပ်ခဲ့လေပြီ။

၂။ ပုရန္တု ယံ ဇယဋ္ဌာနံ, အယျအောင်ဇေယျရာဇိနော၊
တဿ ပစ္ဆိမဘာဂေ ယော, အာဝါသော နိဂမော သတံ။

တု - ကျမ်းပြုဆဲ၌ နေခိုက်ဌာန အာဝါသကား၊
အယျအောင်ဇေယျ ရာဇိနော - မြန်မာရာဇဝင် ဥဒါန်းတွင်သော အရှင်အောင်ဇေယျ မည်နာမဖြင့် ပါကဋထင်ရှား အလောင်းမင်းတရား၏၊
ဇယဋ္ဌာနံ -ရန်သူခပင်း ငြောင့်တံသင်းကို နှိမ်နင်းပယ်ခြွေ အောင်မြေအရပ်ဖြစ်သော၊
ယံ ပူရံ - ရွှေဘိုဟုခေါ် အကြင်မြို့တော်သည်၊
အတ္ထိ - ရှိပါပေ၏၊
တဿ - ထိုရွှေဘိုမြို့၏၊
ပစ္ဆိမဘာဂေ - ခုနစ်မိုင်လောက် လှမ်းထောက်ဝေးကွာ အနောက်မျက်နှာအဖို့၌၊
သတံ - (သန္တာနံ) သဒ္ဓါ, သီလ စသည့်ဂုဏ်ရည် စိုပြည်စုပေါင်း သူတော်ကောင်း တို့၏၊
အာဝါသော - သာယာ အေးမြ ရန်ဘေးပလျက် ရွှင်ပြကြည်စွာ နေထိုင်ရာဖြစ်သော၊
ယောနိဂမော - ဆိပ်ခွန်ရွာဟု သညာထင်ပေါ် ဝေးနီးကျော်၍ မြို့ခေါ်လုနီး အကြင် နိဂုံးရွာကြီးသည်၊
အတ္ထိ - ရှိ၏။

ဤရွာ၌ပင် ဤကျမ်းပြုမထေရ်သည် ခမည်းတော် ဦးကံတော်နှင့် မယ်တော်ဒေါ်အုပ် တို့မှ ၁၂၆၆-ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် ၃-ရက် (၂၉-၇-၁၉၀၄) သောကြာနေ့ နံနက် ၃-နာရီအချိန်တွင် ဖွားမြင်တော်မူခဲ့လေသည်။

၃။ မဟာဘေရိဝိဟာရသ္မိံ, ဧတသ္မာ ပစ္ဆိမုတ္တရေ၊
သာလာဒါယ မဟာထူပ-ဝရဿာပိ ဥပန္တိကေ၊

၄။ ဝသန္တော သောဘနော နာမ, ဝီသဝဿော တထေသကော၊
ဥပါသကေဟိ သဒ္ဒမ္မရတစိတ္တေဟိ ယာစိတော။

၅။ ဟိတတ္ထာယ ဟိတေသီနံ, ဝုဒ္ဓိယာ သာသနဿ စ၊
ဝိပဿနာနယံ နာမ, ယံ ဂန္ထံ ကာတုမာရဘိ။

ဧတသ္မာ - ဤဆိပ်ခွန်ရွာမှ၊
ပစ္ဆိမုတ္တရေ ဒိသာဘာဂေ - တာလေးရာကျော် ကွာလှမ်းလောက်သည့် အနောက် မြောက်အရပ်အဖို့၌၊
သာလာဒါယ မဟာတူပဝရဿာပိ - အင်ကြင်းမည်ခေါ် စေတီတော်မြတ်ကြီး ၏လည်း၊
ဥပန္တိကေ - တောင်ဘက်မျက်နှာ မကွာဆက်စပ် အနီးအရပ်၌၊
(သဏ္ဌိတေ - ကောင်းစွာတည်ရှိသော)
မဟာဘေရိ ဝိဟာရသ္မိံ - မဟာစည်ကျောင်း၌၊
ဝသန္တော - သီတင်းသုံး နေထိုင်ဆဲဖြစ်သော၊
ဝိသဝဿေ - ရဟန်းသိက္ခာ ဝါနှစ်ဆယ် ရှိပြီးသော၊

(ဤမထေရ်သည် ၁၂၇၈-ခုနှစ် နယုန်လတွင် ရှင်သာမဏေပြုခဲ့သည်၊ ၁၂၈၅-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၅-ရက်နေ့တွင် ရဟန်းအဖြစ်သို့ ရောက်ခဲ့သည်၊ သို့ဖြစ်၍ ၁၃၀၅-ခုနှစ်မှာ ရဟန်းသိက္ခာ ဝါ နှစ်ဆယ်ပြည့်လျက်ရှိသည်)

တထေသကော - ပရမ္ပရာဂတ ရိုးရာနည်းမျှဖြင့် အားမရ ရောင့်ရဲခြင်းမရှိ ခိုင်မြဲကျမ်းဂန် လမ်းမှန်ကိုရှာလေ့ရှိသော၊
သောဘနောနာမ - အရှင်သောဘန အမည်ရှိသော၊
သော ထေရော - ထို မထေရ်သည်၊ (အာရဘိ၌ စပ်)၊
သဒ္ဓမ္မရတစိတ္တေဟိ - ပရိယတ်, ပဋိပတ်, ပဋိဝေဓဟူသော သူတော်ကောင်းတရား၌ နှစ်ခြိုက် ရွှင်ပျော် မွေ့လျော်စိတ်ရှိကုန်သော၊
ဥပါသကေဟိ - ဩကပ်ဓိဂမာ ခိုင်မြဲသော သဒ္ဓါဖြင့် ရတနာသုံးရပ်ကို ဆည်းကပ်လေ့ရှိသော ဥပါသကာတို့သည်၊
ဟိတေသီနံ - စီးပွားစစ် စီးပွားမှန်ကို ရှာကြံလေ့ရှိသော ပုဂ္ဂိုလ်တို့၏၊
ဟိတတ္ထာယ စ - မဂ်ဖိုလ်နိဗ္ဗာန်ဟူသော အကျိုးစီးပွားအလို့ငှါ လည်းကောင်း၊
သာသနဿစ - ပရိယတ်, ပဋိပတ်, ပဋိဝေဓ, သီလ, သမာဓိ, ပညာတည်းဟူသော သာသနာတော် ၏၊
ဝုဒ္ဓိယာ စ - လွန်ခဲ့သည့် နှစ်ထောင့်ငါးရာကျော်ကာလ ရှေးခေတ်ကကဲ့သို့ ပြည့်ဝစည်ကား ကြီးပွားတိုးတက်ခြင်းအလို့ငှါ၊
ယာစိတော - ဉာဏ်ကျဉ်းလတ်ကျယ် ပုဂ္ဂိုလ်တိုင်း နားလည်အောင် ဖွယ်ဖွယ်ရာရာ စုံလင်စွာဖြင့် ဝိပဿနာကျမ်းတခု ပြုစုရန်တောင်းပန် လျှောက်ထားအပ်သည်ဖြစ်၍၊
ဝိပဿနာနယံနာမ - ဝိပဿနာရှုနည်းမည်သော၊
ယံ ဂန္ထံ - အကြင်ကျမ်းကို၊
ကာတုံ - ရေးသား တီထွင်စီရင် ပြုစုခြင်းငှါ၊
အာရဘိ - အားထုတ်ခဲ့လေပြီ။

၆။ သော နိဗ္ဗုတေ သတ္ထရိ သတ္တသီတိမေ,
ဝဿေ စတုဗ္ဗီသသတေဟိ ပစ္ဆတော၊
သာကေန ပဉ္စာဓိကတေရသ သတေ,
မာဃဿ သမ္ပုဏ္ဏ ဒိနမှိ နိဋ္ဌိတော။

သော - ဝိပဿနာရှုနည်းကျမ်းသည်၊
သတ္ထရိ - လူနတ်ဗြဟ္မာသတ္တဝါအပေါင်းတို့၏ မကောင်းမြစ်တား ကောင်းရာ ညွှန်တတ်သည့် ဆရာမြတ် အစစ်တဆူဖြစ်တော်မူသော ဘုရားသခင်သည်၊
နိဗ္ဗုတေ - မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်ဝယ် ဒုက္ခနယ်အဆုံးသတ် ရုပ်နာမ်ဇာတိ ရုပ်သိမ်း၍ ချုပ်ငြိမ် းသည့် အလိုအားဖြင့် ထွတ်ဖျား သုညံ နန်းနိဗ္ဗာန်သို့ ဝင်စံတော်မူပြီးလတ်သော်၊
အတိက္ကန္တဝဿာနံ - တနှစ်ချင်းအားဖြင့် လွန်သွားသော နှစ်တို့၏၊
စတုဗ္ဗီသ - သတေဟိ-နှစ်ဆယ့်လေးရာတို့မှ၊
ဝါ - နှစ်ထောင့်လေးရာတို့မှ၊
ပစ္ဆတော - နောက်၌၊
သတ္တသီတိမေဝဿေ - ရှစ်ဆယ့်ခုနစ်ခုမြောက်သော နှစ်၌၊
ဝါ - သာသနာတော် ၂၄၀၇-ခုမြောက်နှစ်၌၊
သာကေန - သကမင်းတို့၏နှစ်ကို စွဲမြဲ၍ ခေါ်ဝေါ်အပ်သော ကောဇာသက္ကရာဇ် မြန်မာနှစ် အလိုအားဖြင့်၊
ပဉ္စာဓိက တေရသ သတေ - ငါးခု အလွန်ရှိသော ဆယ့်သုံးရာမြောက်နှစ်၌၊
ဝါ - တထောင့်သုံးရာ ငါးခုမြောက်သောနှစ်၌၊
မာဃဿ - တပို့တွဲလ၏၊
သမ္ပုဏ္ဏဒိနမှိ - လပြည့်နေ့၌၊
နိဋ္ဌိတော - ခုနစ်ပိုင်းလုံး အပြီးအဆုံးသို့ ရောက်သတည်း။

၇။ ယထာ စာယံ ဂတော သိဒ္ဓိံ, နန္တရာယေန ကေဝလီ၊
တထာ ကလျာဏသင်္ကပ္ပါ, သိဇ္ဈန္တု သဗ္ဗဇန္တုနံ။

- မျှော်လင့်တောင့်တ အာသီသကား၊
အယံ - ဝိပဿနာရှုနည်း ဤကျမ်းကြီးသည်၊
ကေဝလီ - ဆုံးဖွယ် ဥဿုံ အလုံးစုံ ပြည့်ဝ စေ့ဝစုံလင်သည်ဖြစ်၍၊
အနန္တရာယေန - အန္တရာယ်မရှိပဲ၊
သိဒ္ဓိံ - ပြီးစီးခြင်းသို့၊
ဂတောယထာ - ရောက်သကဲ့သို့၊
တထာ - ထို့အတူ၊
သဗ္ဗဇန္တူနံ - ခပ်သိမ်းသော သတ္တဝါတို့ ၏၊
ကလျာဏသင်္ကပ္ပါ - မိမိသူတပါး မည်သူအားမျှ ထိပါးမခတ် ချမ်းသာစေတတ်သည့် ကောင်းမြတ်သော အကြံအစည်တို့သည်၊
ကေဝလီ - ကြံတိုင်း ဥဿုံ အလုံးစုံပြည့်ဝ စေ့ဝစုံလင်သည်ဖြစ်၍၊
အနန္တရာယေန - အန္တရာယ်မရှိပဲ၊
သိဇ္ဈန္တု - ပြီးစီးပါစေကုန်သတည်း။

၈။ ယာဝေ ကောပျတ္ထိ လောကသ္မိံ, ပညာနံ ဓိဂမာရဟော။
တဝါယံ ဒဿယံ သူဇုံ, နယံ လောကဿ တိဋ္ဌတံ။

လောကသ္မိံ - လောက၌၊
ပညာနံ - ဝိပဿနာပညာ, မဂ်ဖိုလ်ပညာတို့ကို၊
အဓိဂမာရဟော - ရထိုက်သော၊
ဧကောပိ - ပုဂ္ဂိုလ်တဦးတယောက်မျှသော်လည်း၊
ယာဝ - အကြင်မျှလောက်ကာလပတ်လုံး၊
အတ္ထိ - ရှိသေး၏၊
တာဝ - ထိုမျှလောက် ကာလပတ်လုံး၊
အယံဂန္ထော - ဝိပဿနာရှုနည်း ဤကျမ်းကြီးသည်၊
လောကဿ - လူအပေါင်းအား၊
သူဇုံ - မမှားမယွင်း အလွန်ဖြောင့်စင်းသော၊
နယံ - ဝိပဿနာရှုနည်းကို၊
ဒဿယံ (ဒဿယန္တော) - နေ, လ အလား ထင်ရှားဖော်ပြလျက်၊
တိဋ္ဌတံ (တိဋ္ဌတု) - မကွယ်ပပဲ တည်မြဲတည်တံ့ပါစေသတည်း။

ဟူသော ရှစ်ဂါထာပါဠိ, နိဿယဖြင့် ဓူရနှစ်ပါးဖြင့် သီတင်းသုံးခဲ့ရာဌာန, ကျမ်းပြု သီတင်းသုံးခဲ့ရာ ဌာန, ကျမ်းပြုခြင်း၌ ရည်ရွယ်ချက်, ကျမ်းပြီးချိန် တောင့်တချက် စသည်တို့ကို ဖော်ပြပါ နိဂုံးအုပ်တော်မူခဲ့လေသည်။

ဖော်ပြပါ ဝိပဿနာရှုနည်းကျမ်းကြီး ၂-တွဲကို ဒုတိယကမ္ဘာစစ် အတွင်းက စစ်ကိုင်း ခရိုင် ရွာသစ်ကြီး ရွာ၌ ဦးသုန္ဒရ ဂဏဝါစက (ယခု အဂ္ဂမဟာပဏ္ဍိတ ရွှေစေတီ ဆရာတော်ဘုရားကြီး အရှင်သုန္ဒရ) က တည်းဖြတ် ပရုဖတ်ကြည့်ရှု၍ တာဝန်ခံ ပုံနှိပ်တော်မူပြီး ၁၃၀၆-ခုနှစ်က ပထမတွဲ စတင်ပေါ်ထွက်ခဲ့ရာ ၁၃၀၉-ခုနှစ်က ဒုတိယတွဲ စတင်ပေါ်ထွက်ခဲ့လေသည်၊

ယင်းကျမ်းကြီးများကို ထပ်ကာထပ်ကာ ပုံနှိပ်ထုတ်ဝေခဲ့ရာ ယခုအထိ ၉-ကြိမ် တိုင်ခဲ့လေပြီ၊ တာဝန်ခံ၍ ပုံနှိပ်သော အဂ္ဂမဟာပဏ္ဍိတ ရွှေစေတီဆရာတော်အဖြစ် ထင်ရှားကျော်စောလတ္တံ့ ဖြစ်သော ဂဏဝါစက ဦးသုန္ဒရသည့် စာမူကြီးမရောက်မီ တညတွင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက အရှင်မဟာမောဂ္ဂလာန်အား “သည် စာမူကြီး ကောင်းလိုက်တာ သင်ဖြန့်ဝေရမည်”ဟု အိပ်မက်မက်သည်ဟု မိမိအား ရွှေစေတီဆရာတော် ဘုရားကြီးကိုယ်တိုင် အမိန့်တော်ရှိပါသည်၊ သို့ဖြစ်၍ ဂဏဝါစက အရှင်သုန္ဒရသည် စာမူကြီးကို အစအဆုံးကြည့်ရှုပြီး အောက်ပါအတိုင်း သတိပဋ္ဌာန်သမိုင်းကို ဖော်ပြ၍ မြန်မာ, ပါဠိဂါထာ ဂါထာ အနက်တို့ဖြင့် နိဒါန်း ကျမ်းဦးအမှာ ထောမနာကို ရွှင်ရွှင်မြူးမြူး ကြည်လင်ပြတ်သားစွာ ရေးသားစီရင် ပြုစုတော်မူခဲ့လေသည်။

နိဒါန်း

အပ္ပမာဒေါ အမတံ ပဒံ၊ မမေ့ခြင်း, အမှတ်ရခြင်းသည် မသေရခြင်း၏ အကြောင်းတည်း၊
ပမာဒေါ မစ္စုနော ပဒံ=မေ့ခြင်း, အမှတ်မရခြင်းသည် သေခြင်း၏အကြောင်းတည်း”

ဤသို့ ဘုရားမိန့်ခွန်းတော်ကို ယုံကြည်သော သူတိုင်းပင် သေခြင်းကင်းလိုလျှင်, သေရမည်ကို ကြောက်လျှင် မမေ့မှု, အမှတ်ရမှု, သတိတည်းဟူသော အပ္ပမာဒ တရားကို အလေးအမြတ်ပြု၍ ပွားစေထိုက်လှပါပေ၏။

ထိုအပ္ပမာဒကို ပွားစေလိုလျှင် -

ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိဝေါ၊ ရဟန်းတို့ .... ယခု ဆရာဘုရားက သင်တို့အား မှာထားအမိန့်ရှိခဲ့မည်၊ ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ။ သင်္ခါရ တို့သည် ပျက်ကြသည်ချည်းပင်၊ မမေ့မှု, အမှတ်ရမှု သတိဖြင့် သီလ, သမာဓိ, ပညာကို ပြီးစေရစ်ကြရမည်”ဟု နောက်ဆုံးမိန့်မှာခဲ့သော ဤအဆုံးအမတော် ကိုလည်း ရိုသေလိုက်နာရာရောက်၏၊ သို့ဖြစ်၍ ပရိနိဗ္ဗာန် ပြုတော်မူခါ နီးဆဲဆဲ၌ ပိဋကသုံးပုံ၏ လိုရင်းအတိုချုပ် အနေအားဖြင့် မှာထားတော်မူချက်ကို ရိုသေ လိုက်နာလိုသော သူတိုင်းပင် ဤအပ္ပမာဒတရားကို အလေးအမြတ်ပြု၍ ပွားစေ ထိုက်လှပါပေ၏။

ဤမျှသာမကေသေး -

အပ္ပမာဒနှင့် သတိပဋ္ဌာန်သည် အမှတ်ရမှုသတိ ၏ အမည်ချည်းဖြစ်သောကြောင့် အနက် သဘောအားဖြင့် အတူတူသာတည်း၊ ထို့ကြောင့် အပ္ပမာဒကို ပွားသော သူသည်-

ယေသံ ကေသဥ္စိ ဘိက္ခဝေ စတ္တာရောသတိပဋ္ဌာနာ အာရဒ္ဓါ၊ ရဟန်းတို့ ... သတိပဋ္ဌာန်တရား လေးပါးကို ပွားများပြီးစီးစေသော သူသည်
အာရဒ္ဓေါ တေသံ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ သမ္မာဒုက္ခက္ခယဂါမီ ဆင်းရဲ အမှန်ကုန်ရာသို့ ဆိုက်ရောက်သော အဋ္ဌင်္ဂိကအရိယမဂ်ကို ပြီးစေအပ်ပြီ” ဟူသော -

ဤမိန့်ခွန်းတော်နှင့်အညီ မဂ်, ဖိုလ်, နိဗ္ဗာန်ကိုလည်း ရနိုင် ၏၊ သို့ဖြစ်၍ မဂ်, ဖိုလ်, နိဗ္ဗာန်ကို ရလိုသောသူသည် ဆုတောင်းရုံမျှဖြင့် အားရကျေနပ်၍ မနေသင့်၊ အပ္ပမာဒ -သတိပဋ္ဌာန်လုပ်ငန်းကို ပြီးစီးအောင်သာ လျင်မြန်စွာ အားထုတ်သင့်ပေ၏။

ဤမျှသာမကေသေး -

စတုန္နံ ခေါ ဗြာဟ္မဏ သတိပဋ္ဌာနာနံ ဘာဝိတတ္တာ ဗဟုလီ ကတတ္တာ၊ အို-ပုဏ္ဏား .... သတိပဋ္ဌာန်လေးပါးကို ဆရာတပည့် အဆက်ဆက် ပွားစေခြင်း, များစွာ လေ့လာခြင်းကြောင့်
တထာဂတေ ပရိနိဗ္ဗုတေ သဒ္ဓမ္မော စိရဋ္ဌိကော ဟောတိ=သူတော်ကောင်းတရား တည်းဟူသော သာသနာတော် သည် ဘုရားပရိနိဗ္ဗာန်စံပြီးသည့် နောက်ကာလ၌ ရှည်မြင့်စွာ တည်တံ့နိုင်ပေသည်” ဟူသော -

ဤဖြေဆိုတော်မူချက်နှင့်အညီ သတိပဋ္ဌာန်ကို ပွားစေသောသူသည် သာသနာတော် ကို အရှည်တည်အောင် ပြုစုနေရာလည်း ရောက်၏၊ သို့ဖြစ်၍ သာသနာတော် အရှည် တည်တံ့ခြင်းကို အလိုရှိသော သူတိုင်းပင် အပ္ပမာဒ -သတိပဋ္ဌာန်အလုပ်ကို အားထုတ်သင့်လှပါပေ၏။

အပ္ပမာဒကို မပွားစေသော သူသည်ကား ပြောင်းပြန် ပြအပ်သော မိန့်ခွန်းတော် များနှင့်အညီ အဖန်ဖန် သေ၍ သေ၍သာ နေရချေတော့မည်၊ သေခါနီးဆဲဆဲတွင် အရေးတကြီး မှာခဲ့သော မိဘ ၏စကားကို မနာယူသူကဲ့သို့ ဘုရားသခင်၏ နောက်ဆုံး မိန့်မှာချက်ကို မနာခံရာလည်း ရောက်၏၊ ရထိုက်သော မဂ်, ဖိုလ်, နိဗ္ဗာန်မှလည်း ချော်လွဲအောင် ပြုရာလည်း ရောက်၏၊ သာသနာတော်ကို တိုအောင် ပြုရာလည်း ရောက်၏။

ဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူသည်မှ နောက်၌ အနှစ်တထောင်ကျော်တိုင်အောင် ဤ အပ္ပမာဒတရားကို ဗုဒ္ဓဘာသာဝင် လူရှင်ရဟန်းတို့ အထူး လေ့လာပွား စေခဲ့ကြသည် ဟူ၍လည်းကောင်း၊ ထိုပုဂ္ဂိုလ်မြတ်တို့ ၏ နှလုံးဓာတ်တို့၌ ဤအပ္ပမာဒတရား ကိန်းဝပ် ကွန့်မြူးခဲ့ပြီဟူ၍ လည်းကောင်း၊ အဋ္ဌကထာ, ဋီကာ, ဒီပဝင်, မဟာဝင်, သာသနာဝင် စသော ကျမ်းတို့ဖြင့် ထင်ရှား၏၊

အကြောင်းကား ထိုကာလအတွင်း အရိယာဖြစ်သူတို့၏ အကြောင်းအရာကို ထိုကျမ်းတို့၌ ပြဆိုထားသောကြောင့်ပင်တည်း၊ ထိုအနှစ်တထောင်ကျော်မှ နောက်ကာ လ၌ကား ထိုသို့သောပြဆိုချက်ကို များစွာမတွေ့ရသောကြောင့် အပ္ပမာဒ အလုပ်ကို အားထုတ်သူ နည်းပါးခဲ့သည်ဟု ယူဆဖွယ်ရှိ၏၊ ကြာမြင့် စွာသော ကာလမှစ၍ အစဉ်အဆက် လေ့လာပွားစေမှု နည်းပါးခဲ့ကြသည့်အတွက် ဤအပ္ပမာဒသတိပဋ္ဌာန် အားထုတ်နည်းကို ကျနစွာ သိရန်ပင် နောင်လာ နောက်သားတို့မှာ မလွယ်ကူပဲ ရှိခဲ့လေပြီ၊ ဝမ်းနည်းဖွယ် ကောင်းလေစွ။

သို့သော်လည်း ဤ”အပ္ပမာဒတရား လုံးဝကွယ်သွားပြီ” ဟူ၍ကား မမှတ်အပ်ပေ၊ အတ္တဟိတ အစစ်အမှန်ကို ရှာမှီးလေ့ရှိသော ပုဂ္ဂိုလ်မြတ်တို့၏ သန္တာန်၌ကား ဤ အပ္ပမာဒတရားသည် တည်လျက်ပင် ရှိခဲ့ပေသည်၊ တည်ရှိပုံကို အနီးကာလအားဖြင့် ဖော်ပြရလျှင် သီးလုံးတောရဆရာတော်ဘုရားကြီးသည် ဤအပ္ပမာဒပဋိပတ်အရာ၌ နေလအလားကဲ့သို့ ထင်ရှားတော်မူခဲ့လေသည်။

တဆင့်စကား ကြားရသည်မှာ ရှိန်းမကားရွာ၌ သိမ်သမုတ်ကိစ္စအတွက် မန္တလေး, စစ်ကိုင်းစသော ဌာနများမှ “ရာဇဂုရု”တံဆိပ်တော်ရ ဆရာတော်ဘုရားကြီးများကို စုဝေးမိကြရာတွင် လျှောက်ထား တောင်းပန်သောကြောင့် သီးလုံးဆရာတော် ဘုရားကြီးက သံဃာ့ပရိသတ်အား တရားပြ ဆုံးမတော်မူသတတ်၊

ဟောသောအခါမှာလည်း “မိမိသဘောကျ နှလုံးသွင်းအားထုတ်သည့်အတိုင်း ဟောပါမည်”ဟု စကားပလ္လင် ခံပြီးလျှင် အနာဂါမိ မဂ်, ဖိုလ်တိုင်အောင် ဝိပဿနာရှုပုံ, ဝိပဿနာဉာဏ်များ ဖြစ်ပုံ, မဂ်, ဖိုလ်သို့ ရောက်ပုံ, ဖလသမာပတ် ဝင်စားပုံတို့ကို ကျနစွာဟောတော်မူသတတ်၊ ဟောအပ်သော ထိုတရားတော်သည် ကျမ်းဂန်တတ်ဖြစ်ကြသော ထိုဆရာတော်ကြီးများပင် အံ့ဩလောက်အောင် နက်နဲ သိမ်မွေ့သတတ်၊

ထိုကြောင့် သင်္ဂဇာဆရာတော်က “ယခု အရှင်ဘုရား ဟောကြားသည့်အတိုင်း ကျမ်းပြုစုတော်မူပါက အလွန် ကောင်းလိမ့်မည်”ဟု လျှောက်ထားသတတ်၊ ထိုအခါ၌ ဆရာတော်ကြီး အမိန့်တော်ရှိသည်မှာ “ဦးအဂ္ဂရေ ဟောမှု, ကျင့်မှုကတော့ ကိုယ် သဘောကျသည့်အတိုင်း ပြုကျင့်နိုင်သည်၊ ကျမ်းရေးသားလျှင်တော့ သူတပါး ကျမ်းများနှင့် တူညီစေရသည်၊

ငါတို့ရှိခိုက်မှာ နားလည်အောင် ဖြေပြနိုင်သော်လည်း ငါတို့က မကြာမီ သေသွား ကြသည်၊ ထိုအခါမှာ ထူးသောအချက်၌ ငြင်းခုံမှု ဖြစ်ပွားနေရစ်ကြမည်ကို စိုးရိမ်ရသည်”ဟု မိန့်တော်မူသတတ်၊ ရှေးဟောင်း အတ္ထုပ္ပတ္တိများကို မြဲမြံစွာ မှတ်သားလေ့ရှိသော ဆိပ်ခွန်ရွာ အင်ကြင်းတောတိုက်သစ် ဆရာတော်ထံမှ မှတ်သားရဖူးသော တဆင့်ကြား စကားပေတည်း။

မှတ်ချက်

အထက်ပါ တဆင့် ကြားစကားကို ထောက်ဆသောအားဖြင့် သီးလုံး ဆရာတော်ဘုရားကြီးသည် မိမိ၏အားထုတ်ပုံအတိုင်း ကျမ်းဂန်မရေးခဲ့ဟု ထင်ရှား သိရ၏၊ ထိုသို့မရေးခဲ့ခြင်းမှာလည်း ထိုခေတ်ကာလက လိုက်နာမည့်ပုဂ္ဂိုလ် နည်းပါးသောကြောင့်ဟု ယူဆဖွယ်ရှိပေ၏၊

“အားထုတ်ပုံနှင့် ကျမ်းဂန်မတူ” ဟူရာ၌လည်း အမည်ဝေါဟာရမျှကိုသာ စွဲ၍ ဆိုသည်ဖြစ်ရာ၏၊ သဘောအနက် အားဖြင့်ကား တူညီသည် ဟူ၍သာ ယူသင့်ပေသည်။

ဤသီးလုံးဆရာတော်ကြီး၏ တပည့်များစွာတို့တွင် တပါးအပါအဝင် ဖြစ်သော စစ်ကိုင်းတောင်ရိုး အလယ်တောရ ဆရာတော်ကြီးသည် တပါးသော ကိစ္စ၌ ကြောင့်ကြမစိုက်မူ၍ အပ္ပမာဒပဋိပတ်၌သာ မွေ့လျော်တော်မူသတတ်။

ထို ဆရာတော်ဘုရားကြီးထံမှ နည်းနိဿယကို မှတ်သားခံယူဖူးသော မင်းကွန်း ဇေတဝန်ဆရာတော် ဘုရားကြီးသည် လွန်ခဲ့သောနှစ်ပေါင်း (၃၀) ကျော်ကာလမှစ၍ အပ္ပမာဒသတိပဋ္ဌာန်လုပ်ငန်းတရားကို ပေါ်လွင်ထင်ရှားစွာ ဟောကြားညွှန်ပြခဲ့ပေ၏၊ ယခုထက်တိုင် သထုံမြို့ ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံးတော်မူလျက် ရှိတော်မူ၏။

ဤဇေတဝန်ဆရာတော်ဘုရားကြီးထံ၌ လေးလခန့် သီတင်းသုံးလျက် အပ္ပမာဒ ပဋိပတ်၏ နည်းနိဿယကို ခံယူဖူးသည် အားလျော်စွာ(ဤကျမ်းပြုပုဂ္ဂိုလ်သည်) မော်လမြိုင် တောင်ဝိုင်းကလေးတိုက်ကျောင်း ဆရာတော်သည်လည်း အတ္တဟိတ အစစ်ကို ရှားမှီးလေ့ ရှိသူတို့အား ဤအပ္ပမာဒဝိပဿနာ လုပ်ငန်းတရားကို ဟောကြားတိုက်တွန်းခဲ့သည်မှာ နှစ်ပေါင်းအတန်ကြာခဲ့ပေပြီ။

အထူးအားဖြင့်ကား ၁၃၀ဝ-ပြည့်နှစ်က သီတင်းသုံးမြဲဌာန မော်လမြိုင်မြို့မှ ရွှေဘိုမြို့ မိမိ ၏ဇာတိအရပ် ဆိပ်ခွန်ရွာသို့ ကြွလာပြီးလျှင် အင်ကြင်းတောရတိုက် မဟာစည် ကျောင်း၌ ၇-လခန့် သီတင်းသုံးလျက် အပ္ပမာဒ ဝိပဿနာတရားကို အကျယ် ဟောကြားတော်မူခဲ့ပေ၏။

ထိုအခါ သမ္မာဆန္ဒရှိသူ လူများစွာတို့သည် ဆရာတော်၏ သွန်သင်ညွှန်ပြချက် အတိုင်း လိုက်နာ၍ အားထုတ်စပြုခဲ့ကြရာ တရားတော် ၏ မွန်မြတ်သော အရသာကို ထိုက်သည်အားလျော်စွာ တွေ့မြင်ကြရသောကြောင့် ဤ အပ္ပမာဒလုပ်ငန်းကို လမ်းဟောင်း လမ်းမှန်အစစ်ဟု တထစ်ချယုံကြည်ကြပြီးလျှင် တသက်ပတ်လုံး အားထုတ်ရန် ရည်သန်ဆုံးဖြတ်သူတို့ များစွာပင်ရှိခဲ့ကြလေပြီ။

ထို့ကြောင့် ထိုအခါမှစ၍ ဤအရပ်၌ နှစ်စဉ်နှစ်တိုင်း အခွင့်သာသော အချိန်များ၌ အားထုတ်သူတို့သည် ပြတ်စဲခြင်း မရှိပဲ တိုးတက်များပြားလျက်သာ ရှိခဲ့ပေ၏၊ ထိုတရားအားထုတ်သူတို့ ၏ ဉာဏ်အဆင့် တိုးမြှင့်ခဲ့ရသည်မှာလည်း တရားကို သိမြင်သူတို့အား ယုံမှားဖွယ်မရှိ ဖြစ်ပေသည်။

ဆရာတော်သည် ယခု ၁၃၀၃-ခုနှစ်မှစ၍ စစ်ဘေးရန်ကြောင့် ဇာတိအရပ် ဆိပ်ခွန်ရွာ သို့ တဖန်ကြွလာကာ အင်ကြင်းတောတိုက် မဟာစည်ကျောင်း၌ သီတင်းသုံး ခိုက်တွင်-

ဝိပဿနာမဂ်, ဖိုလ်, နိဗ္ဗာန်ကိုရလိုသော သမ္မာ ဆန္ဒရှိကြပါလျက် လမ်းမှန်ကို ဧကန်မသိကြသောကြောင့် မိမိတို့၏ လိုလားချက်ကို မပြည့်စေနိုင်သူတို့သည်လည်း များစွာရှိကြပါသည်၊ ဤအရပ်၌ အားထုတ်သူတို့သည်လည်း တနှစ်ထက် တစ်နှစ် တိုးတက် ပွားများလျက် ရှိကြပါသည်၊ ထိုသူတို့အား နားလည်စေရန် ပြည့်စုံ ခိုင်ခံ့သော ကျမ်းတခုလိုနေပါသည်၊

သို့ဖြစ်၍ စီးပွားမှန်ကို လိုလားသူတို့အား ထိုစီးပွားမှန်ကိုရစေရန် သာသနာတော် ကိုလည်း ကြီးပွားစေရန် ဉာဏ်-နု, လတ်, ရင့် ပုဂ္ဂိုလ်တိုင်းနှင့် သင့်လျော်သော ဝိပဿနာကျမ်း တခုကို ပြုစုစီရင်တော်မူပါ”ဟု တပည့်ဥပါသကာတို့က တောင်းပန် သောကြောင့် ဆရာတော်သည် -

အဆက်ဆက်သော ဟိတတ္ထိကပုဂ္ဂိုလ်များစွာတို့အား ဝိပဿနာမဂ်ဖိုလ်ဟူသော အကျိုးစီးပွားအစစ်ကို ရစေလျက် ပဋိပတ်, ပဋိဝေဓသာသနာတော် အားလည်း ကြီးပွားစေမည်ကို မြော်မြင်တော်မူ၍ ဤဝိပဿနာရှုနည်းကျမ်းကို ရေးသား စီရင်တော်မူပေသည်။

နည်းမှန်ကိုပြလျက် နည်းမှားကို ပယ်ဖျောက်လေ့ရှိသော ဤဆရာတော်၏ အစွမ်းကြောင့် အသစ်သဖွယ် ဖြစ်ပေါ်လာသော ဝိပဿနာရှုနည်းနှင့် ထို နည်းကိုပြသော ဤကျမ်းကြီးသည် သူတော်ကောင်းတို့ နှလုံး၌ အပ္ပမာဒတရားကို ပေါ်လွင်ထင်ရှားစေသည့်ပြင် မြဲမြံတည်တံ့သည်ကိုလည်း ပြပေပြီ၊ စီးပွားအစစ်ကို လိုလားသူတို့အဖို့ ဝမ်းမြောက်ဖွယ်ကြီးတခု ဖြစ်ပါကြောင်း။

ဧတ္ထေဒံ ဝုစ္စတိ ဂါထာရုစိကာနမတ္ထာယ ဝိညူနံ

၁။ ယော အပ္ပမာဒေါ အမတဿ ဝေ ပဒံ, သမ္မာဒနော သေဋ္ဌသိက္ခတ္တယဿာပိ၊
အရိယမဂ္ဂဉ္စ အာရာဓယေ ဘာဝိတော, ကရောတိ သဒ္ဓမ္မစိရဋ္ဌိတိမ္ပိ ဝေ

၂။ သော နိဗ္ဗုတေပိဓ ဇိနေ စိရံ မနေ, လလာသ ဝိညူ နေကကောဋိနံ၊
ပစ္ဆာတွာနာရာဓိတတာယ ပါယသော, ဒုဗ္ဗောဓောသွာသိ ပစ္ဆိမာနံ ပုနာပိ

၃။ တထာပိ သော တိဋ္ဌတိယေဝ ကေသုစိ, တသ္မိံဟိ သီးလုံးဝနိကောသိ ဝိဿုတော၊
တသိဿဘူတော စ ဇေယျဒ္ဒိဝေမဇ္ဈ-အာရညကဝါသီ တသ္မိံဝ ရရာမ

၄။ လဒ္ဓညာယော စသ္မာ သန္ထာဂါရေ ဇေတ-ဝနေ ဝုတ္ထပုဗ္ဗော ပကာသေတိ ဧတံ၊
သာဓိကတ္တိံ သဝဿာ ပဘုတျဇ္ဇပိ, သုဓမ္မနာမေ ဝသတေ ပုရမှိ သော

၅။ ထေရဿ စေတဿ ဥပန္တိကေ အယံ, ဝသိယ သိက္ခိတဝိပဿနာနယော၊
ဣဒပ္ပဏေတာပိ ဟိတေသိသာဓုနံ, နိယောဇကော တမှိ စိရဿ ကာလတော

၆။ ထေရဿိမဿာနယဝိပ္ပဟာယိနော, ပဘာဝသမ္ဘူတဝိပဿနာနယော၊
တမပ္ပမာဒံ ဝိဒိတဉ္စ သုဋ္ဌိတံ, ပုနာပျကာသိ သာဓုမာနသေ အဟော

၇။ သွာယဉ္စ နာသေတွစိရဿုတာနယံ, ဒုဗ္ဗောဓပေါရာဏနယဉ္စ ဒီပယေ၊
သာဓူနံ စိတ္တေ စာပမာဒံ ဌပေန္တော, ပါပေတု သန္တိံတုဝဋံ တိတေသကေတိ

ဧတ္ထ - ကျမ်းသစ်ထွန်းလင်း ဖြစ်ပေါ်ခြင်း၏ အကြောင်းရင်းမူလ ပဘဝကို ဖော်ပြစဉ်လာ ဤနိဒါန်းအရာ၌၊
ဂါထာရုစိတာနံ - ဖွဲ့ဆိုသိုက်မြိုက် ဂါထာ၌ နှစ်သက်ခြင်းရှိကုန်သော၊
ဝိညူနံ - မာဂဓိတာ ပါဠိအရာ၌ လိမ္မာတတ်သိ ပညာရှိတို့၏၊
အတ္ထာယ - ဂွမ်းလွှာဆီစိမ့် ချိုအီဆိမ့်သို့ နှစ်သိမ့်ရွှင်မြူး ကြည်နူးအားရခြင်း အကျိုးငှါ၊
ဣဒံဂါထာသမူဟဝစနံ - ဆန်းအလင်္ကာ သဒ္ဒါသညီ နည်းစုံမှီ၍ ဖွဲ့စီရေးသား ဂါထာ အပေါင်းတည်းဟူသော ဤစကားကို၊
ဝုစ္စတိ - ချီးကျူးစပ်ဟပ် မြွက်ဆိုအပ်ပါသတည်း။

(၁) ယော အပ္ပမာဒေါ - ခြောက်ဒွါရ၌, ဖြစ်ခိုက်ရုပ်နာမ်, သဘောမှန်ကို, အမြန် လက်ငင်း, ဉာဏ်ထင်လင်း အောင်, ချက်ချင်းမှတ်ရှု, မမေ့မှုတည်းဟူသော အကြင် အပ္ပမာဒတရားသည်၊
အမတဿ - သေခြင်း ကင်းပြတ်, နိဗ္ဗာန်ဓာတ် ၏၊
ပဒံစ - ရောက်ရန်အကြောင်း, အကျင့်ကောင်းသည်လည်း၊
ဝေ(ဧကန္တေန) - စင်စစ်ဧကန်, အမှန်အားဖြင့်၊
ဟောတိ - ဖြစ်ပေ၏၊
သေဋ္ဌသိက္ခတ္တယဿာပိ - သီလ သမာဓိ, အသိပညာ, ထူးမြတ်စွာသော, သိက္ခာ သုံးပါး, အကျင့်တရားအပေါင်းကိုလည်း၊
သမ္ပာဒနောစ - အရဟတ္တဖိုလ်တိုင်, ပြီးစီးနိုင်သည်လည်း၊
ဟောတိ - ဖြစ်ပေ၏၊
ဘာဝိတော - မနားမရပ်, ပွားစေအပ်သည်ရှိသော်၊
အရိယမဂ္ဂဉ္စ - ရှစ်ပါးအင်္ဂါ, စုံလင်စွာဖြင့်, အရိယာမဂ်ငြမ်း, ထွက်ရပ်လမ်းကိုလည်း၊
အာရာဓယေ(အာရာဓယတိ) လေးကြိမ်တိုင်တိုင်, ပြီးစေနိုင်၏၊
သဒ္ဓမ္မစိရဋ္ဌိတိမ္ပိ - သူတော်ကောင်းများ, မြတ်တရားဟု, သုံးပါးသိက္ခာ, သာသနာ၏, ရှည်စွာခိုင်ခံ့, တည်တံ့ခြင်းကိုလည်း၊
ဝေ(ဧကန္တေန) - စင်စစ်ဧကန်, အမှန်အားဖြင့်၊
ကရောတိ - မြားမြတ်ကျူရုံ, ဆက်တည်ပုံသို့, အထုံကူးဆက်, မကွယ်ပျက်အောင်, နွယ်ဆက်မပြတ်, ပြုလုပ်တတ်ပါပေ၏။

(၂) ဇိနေ - အပ္ပမာဒ, ပဓာနဖြင့်, သုံးဝသိက္ခာ, သာသနာကို, ကောင်းစွာ တည်ထောင်, ငါးမာရ် အောင်သည့်, ခေါင်းဆောင်ရှေ့သွား, မြတ်ဘုရားသည်၊
နိဗ္ဗုတေပိ - နိဗ္ဗာန်စခန်း, ရွှေပြည်နန်းသို့, ကြွမြန်း ဝင်စံတော်မူပြီးသော်လည်း၊
သော အပ္ပမာဒေါ - ခြောက်ဒွါရ၌, ဖြစ်ခိုက်ရုပ်နာမ်, သဘောမှန်ကို, အမြန်လက်ငင်း, ဉာဏ်ထင်လင်းအောင်, ချက်ချင်းမှတ်ရှု, မမေ့မှု တည်းဟူသော ထိုအပ္ပမာဒ တရားသည်၊
ဣဓ - လူ့ဘုံဌာန, ဤလောက၌၊
အနေကကောဋိနံ - ကုဋေမက, များလှစွာကုန်သော၊
ဝိညူနံ - နည်းယူလျက်, အဆက်ဆက်ပွား, ကျင့်သောအားဖြင့်, တရားမြင်သိ, ပညာရှိတို့၏၊
မနေ - ဖြူစင်မြင့်မြတ်, နှလုံးဓာတ်၌၊
စိရံ - နှစ်တထောင်ကျော်မျှ ရှည်မြင့်စွာသော ကာလပတ်လုံး၊
လလာသ - စမ္ပာယ်လွန့်လူး, လွန်ပျံ့ပျူးလျက်, ကွန့်မြူး ကိန်းဝပ်ခဲ့လေသတတ်၊
တု - ရှေးကာလက, အပ္ပမာဒတရား, လူအများ၌, ပြန့်ပွားရှည်ကြာ, တည်ထွန်း ခဲ့ပါသော်လည်း၊
ပစ္ဆာ - နှစ် တထောင်ကျော်, ထိုရော်ခါမှ, နောက်ကာလ၌၊
ပါယသော - များသောအားဖြင့်၊
ဝါ - ရာ ထောင်သိန်းသောင်း, များစွာသော ရဟန်းရှင်လူ အပေါင်းသည်၊
တဿ - ထိုအပ္ပမာဒတရား၏၊
ဝါ - ထိုအပ္ပမာဒတရားကို၊
အနာရာဓိတတာယ - တပည့်စဉ်ဆက်, နွယ်မပျက်အောင် ယူလျက်မသွေ, မပြီးစေ အပ်ခဲ့သည်၏ အဖြစ်ကြောင့်၊
သော - ထိုအပ္ပမာဒတရားသည်၊
ပစ္ဆိမာနံ - နောင်လာ (နောက်သား) နောက်ပွား ပုဂ္ဂိုလ်များတို့အား၊
ဝါ - နောင်လာ နောက်ပွား ပုဂ္ဂိုလ်များတို့သည်၊
ပုနာပိ - တဖန်လည်း၊
ဒုဗ္ဗောဓော - တရားကျင့်ရန်, အမှန်လိုလား, ဆန္ဒများလျက်, လိုက်စားသော်လည်း သိနိုင်ခဲသည်၊
အာသိ - ဝမ်းနည်းစဖွယ်, အားသေးငယ်၍, ကွယ်လုမတတ်, ဖြစ်လတ်ခဲ့လေပြီ။

(၃) တထာပိ - ထိုသို့နောက်ပွား, ပုဂ္ဂိုလ်များတို့, နားမလည်ပဲ, သိနိုင်ခဲသော်လည်း၊
သော - ထို အပ္ပမာဒတရားသည်၊
ကေသုစိ - စီးပွားမှန်ကို, ရှာကြံလိုသည့်ပုဂ္ဂိုလ်အချို့၌၊
တိဋ္ဌတိယေဝ - စဉ်လာမပျက်, တည်လျက်ရှိသေးသည်သာတည်း၊
ဟိ - ရှေးရိုးစဉ်လာ, မှန်စွာမပျက်, တည်တံ့ချက်ကို, အမြွက်မျှဖြင့် လှစ်ဖွင့်ဦးအံ့၊
သီးလုံးဝနိကော - သီးလုံးတောရ, အာဝါသ၌, မျှတစံမှီး, သီးလုံးတောရ ဆရာတော်ဘုရားကြီးသည်၊
တသ္မိံ အပ္ပမာဒေ - အပ္ပမာဒ ပဋိပတ် ထိုအကျင့်မြတ်၌၊
ဝိဿုတော - နေလအလား ထင်ရှားတော်မူသည်၊
အာသိ - ဖြစ်ခဲ့လေပြီ။

(ဤဆရာတော်ဘုရားကြီး၏ သီတင်းသုံးရာ သီးလုံးတောရကျောင်းမှာ ဆိပ်ခွန်ရွာမှ မြောက်ဘက် ၂-မိုင်ခန့် ကွာသောအရပ်၌ ရှိသည်)။

တဿိဿဘူတော - ထိုသီးလုံးဆရာတော်ဘုရားကြီး တပည့်တစ်ပါး ဖြစ်တော် မူပေသော၊
ဇေယျဒ္ဒိဝေမဇ္ဈအရညကဝါသိ စ - စစ်ကိုင်းတောင်ဌာန, အလယ်တောရ၌, မျှတ စံပျော်, အလယ်တောရ ဆရာတော်သည်လည်း၊
တသ္မိံ ဧဝ - အပ္ပမာဒပဋိပတ်, ထိုအကျင့်မြတ်၌သာလျှင်၊
ဝရရာမ - မနောဓာတ်၌ မပြတ်ဆိုက်၍, နှစ်ခြိုက်ရွှင်ပျော်, မွေ့လျော်တော် မူသတတ်။

(၄) အသ္မာ မဟာထေရသ္မာ - ထိုအလယ်တောရ ဆရာတော်ဘုရားထံမှ၊
လဒ္ဓညာယော -လက်ဆုပ် လက်ကိုင်, ပိုင်ပိုင်မိမိ, ရအပ်သောနည်း ရှိတော်မူသော၊
သန္တာဂါရေ - မင်းကွန်းမည်တောင်, ဂူကလေးချောင်၌၊
ဇေတဝနေ - ဇေတဝန်သမိုက်, တောကျောင်းတိုက်၌၊
ဝုတ္တပုဗ္ဗော - ရှေးအခါက, မျှတကြည်နူး ကြာမြင့်စွာ, သီတင်းသုံးဖူးသော၊
ယော မဟာထေရောစ - မင်းကွန်းဇေတဝန်ဆရာတော်, ခေါ်ဝေါ်ပညတ် အကြင် မထေရ်မြတ်သည်လည်း၊
ဧတံ အပ္ပမာဒံ - သတိပဋ္ဌာန်, ဓမ္မက္ခန်၌ လေးတန်ခွဲခြား ဤအပ္ပမာဒတရားကို၊
သာဓိကတ္တိံသဝဿာ - အနှစ်သုံးဆယ်, စွန်းကယ်ကြာစွာ့, အခါကာလမှ၊
ပဘုတိ - စ၍၊
ပကာသေတိ - ကရုဏာရှေ့သွား, ပညာအားဖြင့်, ထင်ရှားဟောပြတော်မူပေ၏၊
အဇ္ဇပိ - ယခုလည်း၊
သော မဟာထေရော - ထိုမထေရ်မြတ်သည်၊
သုဓမ္မနာမေ - သုဓမ္မဟု ရှေးက အမည်ရှိသော၊
ဝါ - သထုံ အမည်ရှိသော၊
ပုရမှိ - မြို့၌၊
ဝသတေ - ဇေတဝန်သမိုက်, တောကျောင်းတိုက်၌, ယာပိုက်လေးလီ, မျှညီရွှင်ပြုံး, သီတင်းသုံးလျက် ရှိတော်မူပေ၏၊

(ဤဆရာတော်ဘုရားကြီးသည် ၁၃၁၆-ခုနှစ် တပေါင်းလဆုတ် ၁၀-ရက်နေ့ သက်တော် ၈၆-နှစ်တွင် ကွယ်လွန်တော်မူလေပြီ၊ အဋ္ဌမရိုက်၌ ဖြည့်စွက်သည်။)

(၅) - ပြဖွယ်လိုရင်း, ထိုအခင်းကို, ရှင်လင်းဆက်လိုက်ဦးအံ့၊
ဧတဿ ထေရဿ - မင်းကွန်း ဇေတဝန်, အမည်မွန်ဖြင့်, ထူးချွန်ထင်ရှား, ဤ ဆရာတော်ဘုရား ၏၊
ဥပသန္တိကေ - အနီးမျက်မှောက်, ရှေ့တော်အောက်၌၊
ဝသိယ-ဝသိတွာ - လေးလပတ်လုံး သီတင်းသုံးနေထိုင်လျက်၊
သိက္ခိတဝိပဿနာနယော - သင်-ကျင့်- ရှု -မှတ်, ဝိပဿနာ မှန်စွာရှုနည်း, နိဿယည်း ရှိတော်မူသော၊
ဝါ - ဝိပဿနာရှုနည်း, နိဿယနည်းကို, သိမ်းဆည်းအသင့်, သင်ကျင့်ခဲ့ဖူး သည်ဖြစ်၍၊
ဣဒပ္ပဏေတာ - ဝိပဿနာ, မှန်စွာရှုလမ်း, ဤသည့် ကျမ်းကို, ကြိုးပမ်းတီထွင်, စီရင် ပြုစုတော်မူသော၊

(ဣမံ ဂန္ထံ ပကဋ္ဌေန နေတိ ကရောတီတိ ဣဒပ္ပဏေတာ)။

အယမ္ပိမဟာထေရော - အရှင်သောဘန, ဘွဲ့နာမဖြင့်, ဉာဏရွှင်ကြည်, ဤမထေရ် သည်လည်း၊
ဟိတေသိသာဓုနံ - မဂ် ဖိုလ် နိဗ္ဗာန်, စီးပွားမှန်ကို, ရရန်လိုလား, လိုက်စားသူ အပေါင်း, သူတော်ကောင်းတို့ကို၊
တမှိ - ထိုအပ္ပမာဒစခန်း သတိပဋ္ဌာန်လုပ်ငန်း၌၊
စိရဿ ကာလတော - ဆယ်နှစ်ကျော်မျှ ရှည်မြင့်စွာသော ကာလမှ၊
ပဋ္ဌာယ - စ၍၊
နိယောဇကော - အကျိုးဖောက်လျက် နှိုးဆော်ပြညွှန်း တိုက်တွန်းလေ့ ရှိတော်မူပေသတည်း။

(၆) အနယဝိပ္ပဟာယိနော - အသင့်ကျမ်းဂန်, ရှေးနည်းမှန်ကို, ထုတ်ပြန်ဖော်ကြား, ပြသောအားဖြင့်, နည်းမှားကို ပယ်ဖျောက်လေ့ရှိတော်မူသော၊
ဣမဿ ထေရဿ - ယူသည်းကင်းကွာ, ရိုးရာမလိုက်, အမှန်ကြိုက်သော, ဤ ကျမ်းပြုမထေရ်၏၊
ပဘာဝ သမ္ဘုတ ဝိပဿနာနယော - ကရုဏာနှင့်, ပညာစရှိ, စွမ်းသတ္တိကြောင့်, ပိရိသေသပ်, ဖြစ်ပေါ်လတ်သည့်, ဝိပဿနာ, မှန်စွာရှုနည်းကျမ်းမြတ်ကြီးသည်၊
တံ အပ္ပမာဒံ - အပ္ပမာဒ, ပဋိပတ်, ထိုအကျင့်မြတ်ကို၊
သာဓုမာနသေ - မိမိ သူတပါး, နှစ်ဦးသား၏, စီးပွားမှန်ကို, ပြီးစေလိုသည့်, ပုဂ္ဂိုလ်အပေါင်း, သူတော်ကောင်းတို့၏, ရင့်ညောင်းမြင့်မြတ်, စိတ်နှလုံးဓာတ်၌၊
ပုနာပိ - သာသနာ ထွန်းသစ်, ရှေးခေတ်တူစွာ, တဖန်တခါလည်း၊
ဝိဒိတဉ္စ - လက်ဝယ်တင်ထား, ပတ္တမြားသို့, ထင်ရှားအပ်သည်ကို လည်းကောင်း၊
သုဋ္ဌိတဉ္စ - မလှုပ်မယိုင်, ခိုင်ခိုင်ခံ့ခံ့, ကောင်းစွာတည်တံ့သည်ကိုလည်းကောင်း၊
အကာသိ - ပြုပေပြီ၊
အဟော - လက်ပမ်းပေါက်ခတ်, သောမနသိဖြင့်, စိတ်ဓာတ်ရွှင်မြူး အံ့ချီးကျူးလျက်, ဪ … အထူးပင် ဝမ်းမြောက်ဖွယ် ကောင်းပါပေစွတကား။

(၇) - အာသီဝါစာ, မင်္ဂလာကို, သာယာကြည်နူး, ဆိုလိုက်ဦးအံ့၊
သွာယံ (သော အယံ ဝိပဿနာ နယဂန္ထော) - ဝိပဿနာရှုနည်း, သိပ်သည်း ကျစ်လျစ်, ထိုကျမ်းသစ်သည်၊
အစိရဿုတံ - မကြာမီက ထွန်းပထင်ရှားခဲ့သော၊
အနယံ - ဝိပဿနာ, စပ်ဆိုင်ရာဝယ်, ကြံကာမတ္တ, မတိမျှဖြင့်, ညွှန်ပြသောအား, လမ်းဖဲ့သွားသည့်, နည်းမှားဟူသမျှကို၊
နာသေတု - ရောင်ခြည်တထောင်, ထိန်းဝင်းပြောင်သည့်, နေရောင်အလင်း, မှောင်ကိုခွင်းသို့, ပယ်ရှင်းဖျက်ဆီးပါစေသတည်း၊
ဒုဗ္ဗောဓပေါရာဏနယဉ္စ - သိနိုင်ခဲလှ, အလိုတော်ကျသည့်, ရှေးကနည်းဟောင်း, မတိမ်းစောင်းသော, နည်းကောင်းလမ်းမှန်ကိုလည်း၊
ဒီပယေ(ဒီပတု) - လက်ဝယ်တင်ထား, ပတ္တမြားသို့, ထင်ရှားဖော် ပြပါစေသတည်း၊
သာဓူနံ - မိမိသူတပါး, နှစ်ဦးသား၏, စီးပွားအမြတ်, ပြီးစေတတ်သည့်, စိတ်ဓာတ် ရင့်ညောင်း, သူတော်ကောင်းတို့ ၏၊
စိတ္တေစ - သိင်္ဂီရွှေစင်, ဂုဏ်တူဆင်သည့်, ကြည်လင် ထူးမြတ်, နှလုံးဓာတ်၌လည်း၊
အပ္ပမာဒံ - ခြင်္သေ့အဆီ, တူညီစွာသား, အပ္ပမာဒတရားကို၊
ဌပေန္တော - မယိုမစိမ့်, ချိုဆိမ့်တန့်နား, အားကိုးထား၍, ဝင်စားခိုင်မြဲ, အသည်း စွဲအောင်, ယှဉ်တွဲတင်ထားလျက်၊
ဟိတေသကေ - မဂ်ဖိုလ်နိဗ္ဗာန်, စီးပွားမှန်ကို, ရရန်လိုလား, ပုဂ္ဂိုလ်အများတို့ကို၊
တုဝဋံ - တဘဝလုံး, မဆုံးရှုံးအောင်, ကျင့်သုံးဖို့ရာ, နည်းမှာညွှန်ပြော, ရက် မကောစေပဲ, အဆောလျင်မြန်စွာ၊
ဝါ - ပက္ခ တလ, စသည်အတွင်း, လက်ငင်းလျင်မြန်စွာ၊
သန္တိံ - မီးတဆယ့်တတန်, ငြိမ်းရာမှန်သည့်, နိဗ္ဗာန်အောင်ခန်း, အေးမြို့နန်းသို့၊
ပါပေတု - စခန်းမထောက်, လမ်းမနှောင့်ပဲ, ဖြောင့်ဖြောင့်သာယာ, ပို့ဆောင်ပါစေ သတည်း။
ဣတိ - နိဒါန်းဆိုင်ရာ ဤမှာအပြီးတည်း။

ဦးသုန္ဒရ (ဂဏဝါစက)
ပိဋကကျောင်း
အင်ကြင်းတောတိုက်
ဆိပ်ခွန်ရွာ၊ ရွှေဘို

ယင်း ဝိပဿနာရှုနည်းကျမ်းကြီးကို ၁၃၀၆-ခုနှစ်မှစ၍ အဆက်မပြတ် ပုံနှိပ်ထုတ်ဝေ ခဲ့ရာ ယခုအထိ ၉-ကြိမ် ရှိလေပြီ။ ရွိုင်ဆိုက်ဖြင့် စာမျက်နှာ ၅၀ဝ-ကျော်စီရှိ အမတာကြငှန်း နိဗ္ဗာန်နန်း၏ လမ်းညွှန် ကျမ်းတော်ကြီးများ ဖြစ်လေသည်။

ဝိပဿနာရှုနည်းဂန္ထော, နိဗ္ဗာနမဂ္ဂဒေသကော၊ နိပ္ဖာဒိတော ထေရိန္ဒေန, မဟာစည်ကဝိကေတုနာ

ဧကူနစတ္တာလီသတိမပိုင်း
မဟာသတိပဋ္ဌာနသုတ်ပါဠိတော် နိဿယ

ဆရာတော်ဘုရားကြီးသည် ပထမလက်ထောက် ကမ္မဋ္ဌာန်းနည်းပြဆရာကြီးများ ဖြစ်ကြသော ဆရာကြံနှင့် ဆရာကြွယ်တို့က မဟာသတိပဋ္ဌာနသုတ် ပါဠိတော်ကြီးကို ဝိပဿနာလုပ်ငန်းစဉ် ထင်ရှားပေါ်လွင်ရန် ပါဠိအနက်အလုံးစုံ အာဂုံဆောင်လိုသဖြင့် နိဿယကျမ်းတစောင် ရေးသားချီးမြှင့်ပါရန် အတန်တန် လျှောက်ထား တောင်းပန် သဖြင့် မှတ်ချက်အဓိပ္ပါယ်တို့ဖြင့် တန်ဆာဆင်၍ မဟာသတိပဋ္ဌာနသုတ် ပါဠိတော် နိဿယကို ၁၃၁၁ -ခုနှစ် ကဆုန်လပြည့်ကျော် ၁-ရက်နေ့တွင် အပြီးသတ် စီရင်တော်မူခဲ့လေသည်။

ဆရာတော်သည် ကျမ်း၏အစ၌ -

၁။ ယေနေဝ ယန္တိ နိဗ္ဗာနံ, ဗုဒ္ဓါ တေသဉ္စ သာဝကာ၊
ဧကာယနေန မဂ္ဂေန, သတိပဋ္ဌာနသညိနာ

၂။ တံဒီပကဿ သုတ္တဿ, သုဗောဓော အတ္ထနိဿယော၊
သင်္ခေပေသိန မတ္ထာယ, သင်္ခေပေန ကရီယတေ

ဗုဒ္ဓါစ - အလုံးစုံသော ဘုရားရှင်တို့သည်လည်းကောင်း၊
တေသံသာဝကာ စ - ထိုဘုရားရှင်တို့၏ အလုံးစုံသော တပည့်သာဝက တို့သည်လည်းကောင်း၊
ဧကာယနေန - နိဗ္ဗာန်သို့သွားရန် တခုတည်းသော လမ်းမှန်, တကြောင်းတည်းသော လမ်းမှန်ဖြစ်သော၊
သတိပဋ္ဌာနသညိနာ - သတိပဋ္ဌာန်းအမည်ရှိသော၊
ယေနေဝမဂ္ဂေန - အကြင် လမ်းဖြင့်သာလျှင်၊
နိဗ္ဗာနံ - နိဗ္ဗာန်သို့၊
ယန္တိ - ကြွသွားထွက်မြောက် ဆိုက်ရောက်တော်မူကြကုန်၏။

တံ ဒီပကဿ - သတိပဋ္ဌာန် ထိုလမ်းမှန်ကို ဝေဖန်ညွှန်ကြား ထင်ရှားဖော်ပြသော၊
သုတ္တဿ - မဟာသတိပဋ္ဌာနသုတ်၏၊
သုဗောဓော - ကြည့်ရှုမြင်ရုံဖြင့်ပင် သိမြင်လွယ်သော၊
အတ္ထနိဿယော - အနက်မြန်မာ ဘာသာပြန်မှီငြမ်း နိဿယကျမ်းကို၊
သင်္ခေပေသီနံ အတ္ထာယ - အကျဉ်းရှာသူ ရဟန်းရှင်လူတို့ အလွယ်တကူ မှတ်သား ဆောင်ထားနိုင်ခြင်းအကျိုးငှါ၊
သင်္ခေပေန - လိုရင်းစကား အကျဉ်းအားဖြင့်၊
မယာ - အရှင်သောဘန ငယ်နာမဖြင့် ဌာနစွဲမှီ မဟာစည်ဟု အမည်ပညတ် ငါမထေရ်မြတ်သည်၊
ကရီယတေ -အသစ်တီထွင် စီရင်ရေးသား အပ်ပေသတည်း .....

ဟူသော ၂-ဂါထာ ပါဌ်နိဿယဖြင့် ဂန္ထာရမ္ဘပြုတော်မူခဲ့လေသည်။

မဟာစည်ဆရာတော်ဘုရားကြီး၏ မဟာသတိပဋ္ဌာနသုတ် ပါဠိတော် နိဿယသည် အလွန်လျှင် ပြည့်စုံကောင်းမွန်သဖြင့် “တောထွက်လျှင် သတိပဋ္ဌာန်စာစောင်ကို ယူဆောင်၍ ထွက်ရသည်” ဟူ၍ ရှေးပဋိပတ် ဝန်ဆောင် ဆရာတော်ဘုရားကြီးတို့ မိန့်ဆိုသည့်အတိုင်း တောထွက်၍ တရားအားထုတ်သူတိုင်း ဤမဟာစည် သတိပဋ္ဌာန်သုတ် ပါဠိတော်နိဿယကို ယူဆောင်၍သွားသင့်ပါသည်၊

ဤနိဿယနိဒါန်းရေးသူ မဟာစည် ကမ္မဋ္ဌာန်း နည်းပြဆရာတော် အရှင်ဝိစာရက “ဤနိဿယကို ကြည့်ရှုခြင်းဖြင့် လက်ငင်းအကျိုးများမှာ -

(၁) နိဿယပင် ဖြစ်သော်လည်း မြန်မာစကားပြေလိုပင် ဖတ်လွယ်သိလွယ်ခြင်း
(၂) သဘာဝကျကျအားထုတ်ပြီး ပုဂ္ဂိုလ်များမှာ ကိုယ်တွေ့နှင့် တိုက်ရိုက်ညီညွတ်နေ သည်ကို တွေ့ရခြင်း၊
(၃) အားထုတ်ဆဲပုဂ္ဂိုလ်များမှာ အကူအညီ အထောက်အပံ့ ရနိုင်ခြင်း
(၄) အားမထုတ်ရသေးသော ပုဂ္ဂိုလ်များမှာ အားထုတ်ရန် နည်းနိဿယကို ကျကျနန ရသွားနိုင်ခြင်း -

စသော ဤလက်ငင်းအကျိုးများကို ခံစားရရှိနိုင်ပါလိမ့်မည်” ဟု ဆရာတော် ဘုရားကြီး၏ မဟာသတိပဋ္ဌာနသုတ် ပါဠိတော်နိဿယ၏ ဂုဏ်ကျေးဇူးတို့ကို ဖော်ပြခဲ့လေသည်။

၎င်းပြင် ဤနိဿယကျမ်း အမှာရေးသူ မင်္ဂလာ ဦးအောင်မြင့်ကလည်း “ဤမည်သော မဟာသတိပဋ္ဌာနသုတ် ပါဌ်နိဿယကျမ်းသည် ပျားလဘို့၏ အရသာ ကဲ့သို့ ချိုမြိန်ကောင်းမြတ်သော (၁) ကြာဝတ်ဆံ, (၂) ကြာရိုး, (၃) ကြာစွယ်တို့ဖြင့် အဆင့်ဆင့် တင့်တယ်သာယာလှသော နတ်ရေကန်ပမာ ဝိမုတ္တိရသထူးကို ဧကန် ပေးစွမ်းနိုင်သည့် ဗုဒ္ဓပါဝစနအစစ် (၁) မဟာသတိပဋ္ဌာနသုတ်ပါဠိတော်, (၂) ၎င်း ပါဠိတော်၏ နိဿယ, (၃) မှတ်ချက်အဓိပ္ပါယ်များတို့ဖြင့် တင့်တယ်စွာ စီရင် ထားသော ကျမ်းမြတ်တစောင် ဖြစ်ပါသည်” ဟု ချီးကျူးဖော်ပြခဲ့လေသည်။

သုံးပါးလုံး ပြည့်စုံကောင်းမြတ်ခြင်း

ဆရာတော်သည် ပရိယတ်၌ ကျွမ်းကျင်တတ်မြောက်ပြီး သတိပဋ္ဌာန်တရား ပွားများ ကျင့်ကြံပြီး ဤနိဿယကျမ်းကို ပြုစီရင်တော်မူသည်မှာ သဘာဝ ကျလှပေသည်၊ ဤကျမ်းကား နိဒါန်း, ဂန္ထာရမ္ဘကောင်းခြင်း ဟူသောဂုဏ်, ကျမ်းဂန် စာသား၏ ပြည့်စုံကောင်းမြတ်ခြင်းနှင့် ပြည့်စုံသည့်အပြင်-

(၁) နှစ်ထောင့်လေးရာ, ကိုးဆယ်မှာ, စွန်းလာသုံးခုကျော်၊
(၂) သာသနာနှစ်, သက္ကရာဇ်, ရောက်လစ်အခါသော်၊
(၃) တထောင့်သုံးရာ, ဆယ့်တစ်ဖြာ, မြန်မာနှစ်အခေါ်၊
(၄) ကဆုန်ဆုတ်လတ်, တရက်မှတ်, ပြီးလတ်ဤကျမ်းတော်၊
(၅) ဆယ့်သုံးခုတွင်, ဖြည့်ပြင်ဆင်, စက်တင်နှိပ်ပြီးသော်၊
(၆) သတိပဋ္ဌာန်, မဂ်လမ်းမှန်, သွားရန်ညွှန်ပြဖော်၊
(၇) လမ်းမှန်သွားကြ, နိဗ္ဗာန်ရ, ဒုက္ခငြိမ်းစေသော်،

ဟူသော သံပေါက် ၇-ပုဒ် ကျမ်းအဆုံး နိဂုံး ၏ ကောင်းခြင်းနှင့်လည်း ပြည့်စုံသည်၊ ယင်းကျမ်းကို ၁၃၁၃-ခုနှစ်ကစ၍ ပြင်ဆင်ဖြည့်စွက် ရိုက်နှိပ်ထုတ်ဝေခဲ့ရာ အကြိမ်ပေါင်း များလှလေပြီ၊ ကရောင်း ၁၆-ချိုး ဆိုက်ဖြင့် စာမျက်နှာ ၃၀ဝ-ကျော် ရှိလေသည်။

သတိပဋ္ဌာနနိဿယော, သုသာရေ သာဓုမာနိတော၊ ရစိတော ထေရပါဒေန, မဟာစည်ဝှ သုဝိညုနာ

မဟာသတိပဋ္ဌာန်တရားတော်ကြီးများနှင့် ဝေဒနာနုပဿနာတရားတော်

ဆရာတော်ဘုရားကြီးသည် ဥပါသကာ, ဥပါသိကာ သူတော်စင်များ မဟာသတိပဋ္ဌာန် တရားတော်ကြီးကို လေးလေးစားစား အားထားယုံကြည်ရန် သတိပဋ္ဌာန်လေးပါးကို ပွားများအားထုတ်ရန်, ပွားများအားထုတ်ကြ၍ မဂ်ဖိုလ်နိဗ္ဗာန် လျင်မြန်စွာ ရစေလိုသော ဆန္ဒပြင်းပြသဖြင့် မဟာသတိပဋ္ဌာန်တရားတော်ကြီးကို ပထမပိုင်း, ဒုတိယပိုင်း, တတိယပိုင်း, စတုတ္ထပိုင်း အားဖြင့် ၄-ပိုင်းခွဲ၍ ၁၃၁၃-ခုနှစ်က တန်ခူးလပြည့်ကျော် ၁၄-ရက် ဥပုသ်နေ့ည, ကဆုန်လဆန်း ၈-ရက်နေ့ည, ကဆုန်လပြည့် ဥပုသ်နေ့ည, ကဆုန်လပြည့်ကျော် ၈-ရက်နေ့ည အားဖြင့် ၄-ဥပုသ် မြန်မာ့အသံမှ ဟောပြောတော်မူပြီး ကျမ်းစာအုပ် အဖြစ်ဖြင့် ရိုက်နှိပ်ထုတ်ဝေတော် မူခဲ့ရာ လွန်စွာ အကျိုးများလေသည်။

၎င်းပြင် မဟာသတိပဋ္ဌာနသုတ် တရားတော် အကျယ် (ကာယာနုပဿနာပိုင်း) ဝေဒနာနုပဿနာ တရားတော်တို့ကိုလည်း ၁၃၁၃-ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့ ညနှင့် ၁၃၁၅-ခုနှစ် ဝါခေါင် လကွယ်နေ့ည အသံလွှင့်ဟောကြား၍ ကျမ်းစာအုပ် အဖြစ် စီစဉ်ရိုက်နှိပ်ထုတ်ဝေတော်မူရာ ကရောင်း ၁၆-ချိုးဆိုက် စာမျက်နှာ ၄၁-ရှိလေသည်။

မဟာသတိပဋ္ဌာနဉ္စ, အဒေသယိ သုဓီတိမာ၊ မရမ္မပဝတ္တိဝုတ္တန္တ-ဌာနတော ဟိ သုဇာတိမာ

နှုတ်ဆက်မိန့်ခွန်း တရားတော်

▬▬▬▬▬▬▬▬▬▬▬

သက္ကရာဇ် ၁၃၁၄-ခုနှစ် ဝါဆိုလဆန်းစလောက်တွင် ဆရာတော်ဘုရားကြီး အလုပ်အလွန်လုပ်သဖြင့် ပန်းဖျားဖျားလေရာ ရန်ကုန်ဆေးရုံကြီး အထူးခန်းတွင် တက်ရောက်အကုသခံတော်မူရလေသည်၊ ထိုစဉ်က သရက်တောတိုက် တောင်ဘီလူး ကျောင်းမှ ဆရာတော်ကြီး အရှင်ကေတုမာလာသည် ဆေးရုံကြွလာပြီး မဟာစည် ဆရာတော်ဘုရားကြီးအား -

အာဗာဓေ မေ သမုပ္ပန္နေ, သတိ မေ ဥဒပဇ္ဇထ၊
အာဗာဓော မေ သမုပ္ပန္နော, ကာလော မေ နပ္ပမဇ္ဇိတုံ။

ဟူသော ဥတ္တိယမထေရ် ကျူးရင့်သော ဂါထာကို ၃-ခေါက်ရွတ်ပြီး ဟောကြားတော် မူလေသည်၊ မဟာစည်ဆရာတော်ဘုရားကြီးသည် တောင်ဘီလူးဆရာတော် ဘုရားကြီးအား အလွန်ကျေးဇူးတင်လျက်ရှိပြီး ဆေးရုံမှဆင်းသောအခါ ယင်း ဂါထာကို -

မေ - ငါအား၊
အာဗာဓေ - မကျန်းမာမှု ရောဂါဝေဒနာသည်၊
သမုပ္ပန္နေ - ဖြစ်ပေါ်လာလတ်သော်၊
သတိ - အမှတ်ရမှု သတိသည်၊
မေ - ငါ့အား၊
ဥဒပဇ္ဇထ - ဖြစ်ခဲ့လေပြီ၊
ကိန္တိ - အဘယ်လိုဖြစ်သနည်းဟူမူကား၊
မေ - ငါ၏သန္တာန်၌၊
အာဗာဓော - မကျန်းမမာ ရောဂါဝေဒနာသည်၊
သမုပ္ပန္နော - ဖြစ်ပေါ်၍ လာခဲ့လေပြီ၊
ဣမိနာ ဧဝ အာဗာဓေန - ဤရောဂါဖြင့်ပင်လျှင်၊
မရဏံပါပုဏေယျ - သေခြင်းသို့ရောက်မူလည်း ရောက်နိုင်ချေ၏၊
တသ္မာ - ထို့ကြောင့်၊
ဣဒါနိ - ယခု၊
မေ - ငါ့အား၊
ပမဇ္ဇိတုံ - ရှုမှတ်မှု မရှိပဲ မေ့လျော့၍ နေခြင်းငှါ ၊
န ကာလော - အချိန်အခါ မဟုတ်ပေ၊
အထခေ ါ - အမှန်အားဖြင့်ကား၊
နပ္ပမဇ္ဇိတုံကာလော - မမေ့မလျော့ပဲ တမှတ်တည်းမပြတ် ရှုမှတ်သွားရမည့် အခါကာလပေတည်း၊
ဣတိ - ဤသို့နှလုံးသွင်း ဆင်ခြင်လျက်၊
သတိ - အမှတ်ရမှုသတိသည်၊
ဥဒပဇ္ဇထ - ဖြစ်ခဲ့လေပြီ -

ဟူ၍ အနက်ယောဇနာအဓိပ္ပါယ်ရေး၍ အသံသွင်းကာ ရွှေဘိုသို့ ဆွေမျိုးဉာတိ များအား “နှုတ်ဆက်မိန့်ခွန်း တရားတော်” အမည်ဖြင့် ပေးပို့တော်မူခဲ့လေသည်၊ ယင်းတရားတော်ကို ၁၃၁၇-ခုနှစ်က ပုံနှိပ် ထုတ်ဝေခဲ့ရာ ကရောင်း ၁၆-ချိုး ၁၀-မျက်နှာ ရှိလေသည်။

နှုတ်ဆက်မိန့်ခွန်းတရားတော်တိ, သမညာ ဓမ္မဒေသနာ၊
ထေရေန ဘာသိတာ ဧသာ, သုန္ဒရာ သာဓုပတ္ထိတာ။

စတ္တာလီသတိမပိုင်း

မဟာစည်ဓမ္မဒေသနာ ဆောင်ပုဒ်များ

▬▬▬▬▬▬▬▬▬▬▬▬

ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီးသည် ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ စတင်၍ ဝိပဿနာတရား ဟောကြားတော်မူသည်မှစ၍ အခါအားလျော်စွာ တရားပွဲများ၌ တရားဆောင်ပုဒ်များကို ချပို့သင်ကြားတော်မူလေ့ရှိသည်၊

၎င်းတရားတော် ဆောင်ပုဒ်များကို တရားပွဲအလိုက် စာရွက်စာတန်းများ ရိုက်နှိပ်၍ ဝေငှခဲ့သော်လည်း တလုံးတစည်းတည်း စုဆောင်းပြီးသား မရှိခဲ့ချေ၊ သို့နှင့် မင်္ဂလာ ဦးအောင်မြင့်က မိမိထံရှိပြီးသား တရားဆောင်ပုဒ်များနှင့် သင်္ဃန်းကျွန်း ရိက္ခာတော်ရ ဦးဖေသင်ထံမှ ရရှိသော တရားဆောင်ပုဒ်များကို တပေါင်းတည်းပြု၍ “မဟာစည်ဓမ္မေ ဒသနာဆောင်ပုဒ်များ”အမည်ဖြင့် စာအုပ်ရိုက်နှိပ် ထုတ်ဝေခဲ့ရာ အကြိမ်ပေါင်း များလှလေပြီ၊

ယင်းဆောင်ပုဒ်များမှာ ဘုရားမြတ်စွာဟောကြားတော်မူသော ဆိုလိုရင်းအဓိပ္ပာယ်ကို ပေါ်လွင်စွာ စီရင်တော်မူခဲ့ရာ ယင်းဆောင်ပုဒ်များ ကြည့်ရှုလေ့လာရွတ်ဆို ပွားများလျှင် တရားပေါက် အလင်းရောက်နိုင်လေသည်၊ သို့ဖြစ်၍ ထေရုပ္ပတ္တိ စာစောင်ဖတ်တို့ လွယ်ကူစွာ မှတ်ဖတ်ပွားများလေ့လာနိုင်ရန် အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

ဓမ္မစကြာတရားတော်ကြီး ဆောင်ပုဒ်များ

▬▬▬▬▬▬▬▬▬▬▬▬

အစွန်းပယ် အလယ်သွား

  1. ကာမချမ်းသာ, သုံးဆောင်တာ, ပယ်ခွာရှောင်ရမည်၊
  2. မသုံးဆောင်ပဲ, ကိုယ်ညှဉ်းဆဲ, ဒါလဲရှောင်ရမည်၊
  3. အစွန်း ၂-သွယ်, လမ်းမှာပယ်, အလယ်လမ်းမှန်သည်၊
  4. လမ်းမှန်ကိုလျှောက်, ဉာဏ်မြင်ပေါက်, ဆိုက်ရောက်နိဗ္ဗာန်ပြည်၊

မဂ္ဂင်ရှစ်တန် လမ်းမှန်၏သရုပ်

မှန်စွာမြင်သိ, ကြံမိမှန်ကန်၊ (ပညာက္ခန္ဓာ ၂-ပါး)
မှန်စွာပြောပြု, ရှာမှုလမ်းမှန်။ (သီလက္ခန္ဓာ ၃-ပါး)
မှန်စွာကြောင့်ကြ, မှတ်ရမှန်ကန်၊ (သမာဓိက္ခန္ဓာ ၃-ပါး)
စူးစိုက်ကပ်, ရှစ်ရပ်မဂ်လမ်းမှန်။ (သမာဓိက္ခန္ဓာ ၃-ပါး)

အနု အလတ် အရင့် မဂ္ဂင် ၃-မျိုး

  1. မူလ, ပုဗ္ဗ, အရိယ, သုံးဝမဂ္ဂင်မြတ်
    (မူလမဂ္ဂင်, ပုဗ္ဗဘာဂဝိပဿနာမဂ္ဂင်, အရိယမဂ္ဂင်၊)
  2. ဖြစ်ပွားစေလျှင်, ဤမဂ္ဂင်, ပြေးဝင်နိဗ္ဗာန်ဓာတ်

သစ္စာလေးတန် အမှန်လေးပါး

  1. ဒုက္ခသစ္စာ- ဆင်းရဲအစစ်အမှန်၊
  2. သမုဒယသစ္စာ-ဆင်းရဲဖြစ်ကြောင်း အစစ်အမှန်၊
  3. နိရောဓသစ္စာ-ဆင်းရဲငြိမ်းရာ အစစ်အမှန်၊
  4. မဂ္ဂသစ္စာ- ဆင်းရဲငြိမ်းရာ ဆိုက်ရောက်ကြောင်း အကျင့်လမ်းကောင်း အစစ်အမှန်၊

ဒုက္ခသစ္စာ

  1. ဖြစ်အိုသေရေး, စိုးရိမ်ဆွေး, ငိုကြွေးကိုယ်နာကျင်၊
  2. နှလုံးမသာ, စိတ်ပြင်းစွာ, ပူတာဆင်းရဲပင်၊
  3. မုန်းသူနှင့်တွဲ, ချစ်သူကွဲ, ဆင်းရဲအမှန်ပင်၊
  4. မရတာလို, ဒုက္ခဆို, တိုတိုပြောရလျှင်၊
  5. စွဲလမ်းနိုင်ရာ, ငါးခန္ဓာ, သစ္စာဒုက္ခပင်၊

ဥပါဒါန်နှင့် ဥပါဒါနက္ခန္ဓာ

  1. ထင်လွဲသာယာ, စွဲလမ်းတာ, နှစ်ဖြာဥပါဒါန်
  2. ငါ, ငါ့ဥစ္စာ, စွဲနိုင်တာ, ဥပါဒါနက္ခန်
  3. ရုပ်, ဝေ, သညာ, သင်္ခါရာ, ဝိညာဤငါးတန်၊

သမုဒယသစ္စာ

  1. ကာမတဏှာ, ကောင်းနိုးရာ, သာယာနှစ်သက်မှု၊
  2. ဘဝတဏှာ, သဿတာ, ထင်ကာနှစ်သက်မှု၊
  3. ဝိဘဝမှာ, ဥစ္ဆေဒါ, ထင်ကာနှစ်သက်မှု၊
  4. ဆင်းရဲပွားရန်, အကြောင်းမှန်, သုံးတန်တဏှာစု

နိရောဓနှင့် မဂ္ဂသစ္စာ

  1. တဏှာချုပ်က, နိရောဓ, ဒုက္ခအငြိမ်းမှန်၊
  2. ငြိမ်းရာကိုပင်, ဆိုက်ရောက်မြင်, မဂ္ဂင်အကျင့်မှန်

ဉာဏ် ၃-ပါးနှင့် ၎င်းတို့၏ ဖြစ်ရာကာလ

  1. ရှေးနောက်ကာလ, မဂ်ခဏမှာ, လေးသစ္စာ, သိတာသစ္စဉာဏ်
  2. သိသင့်, ပယ်သင့်, ဆိုက်, ပွားသင့်, သိနှင့်ကိစ္စဉာဏ်
  3. ကိစ္စပြီးလျှင်, ပြီးကြောင်းမြင်, ခေါ်တွင်ကတဉာဏ်

သစ္စဉာဏ်၏ ကိစ္စ ၄-ပါး

  1. ဒုက္ခသစ္စာကို ပိုင်းခြားသိရသည်၊
    ဤသို့သိတာကို ပရိညာပဋိဝေဓ ခေါ်သည်။
  2. သမုဒယသစ္စာကို ပယ်ရသည်၊
    ဤသို့ပယ်တာကိုပင် ပဟာနပဋိဝေဓ ခေါ်သည်။
  3. နိရောဓသစ္စာကို မျက်မှောက်ပြုရသည်၊
    ဤသို့ မျက်မှောက်ပြုတာကို သစ္ဆိကိရိယာပဋိဝေဓ ခေါ်သည်။
  4. မဂ္ဂသစ္စာကို မိမိသန္တာန်၌ ဖြစ်ပွားစေရသည်၊
    ဤသို့ ဖြစ်ပွားစေတာကိုပင် ဘာဝနာ ပဋိဝေဓခေါ်သည်။
  5. လေးသစ္စာမှ, တပါးမျှ, မဂ်ကသိမြင်လျှင်၊
  6. ပဋိဝေဓ, လေးကိစ္စ, ပြီးကြအားလုံးပင်၊

သဠာယတနဝဂ္ဂသံယုတ်
အာသီဝိသောပမသုတ် တရားတော်ကြီး ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬▬▬▬

မြွေလေးကောင်ကား, လေးပါးဘုတ်ဓာတ်,
သူသတ်ငါးဖြာ, ငါးခန္ဓာနှင့်,
မိတ်ညာ ရန်ဘက်, တတ်စွဲချက်ကြောင့်,
ရွာပျက်သုည, ခြောက်ဒွါရသို့,
ရောက်ကတဖုံ, ခြောက်အာရုံဟု,
သုံးစုံဒမြ, ဝင်လာကြ၍,
ဩဃလေးသွယ်, မြစ်ပင်လယ်၏,
ဤဝယ်ကမ်းစ, သက္ကာယမှ,
ခေမနိဗ္ဗာန်, ဟိုကမ်းဌာန်သို့,
ရှစ်တန်မဂ္ဂင် ဖောင်ဖွဲ့ဆင်၍,
အတွင်ကူးယက်, အားထုတ်ချက်ဖြင့်,
ဟိုဘက်အရောက်, ကူးမြောက်သူမှာ,
ရဟန္တာတည့်, ကောင်းစွာညွှန်ကြား,
ကယ်သူကား, ဘုရားမြတ်စွာတည်း။

အချို့ သရုပ်ဖော်ပြချက်

▬▬▬▬▬▬▬▬▬

၁။ ခက်မာကြမ်းတမ်းတာ နူးညံ့တာက ပထဝီဓာတ်
ယိုးစီး ဖွဲ့စည်းတာက အာပေါဓာတ်
ပူတာ နွေးတာ အေးတာက တေဇောဓာတ်
ထောက်ကန် တောင့်တင်းတာ လှုပ်ရှားတာက ဝါယောဓာတ်

၂။ ထောက်ကန်တောင့်တင်း, လျော့ခြင်း တမည်၊ (လက္ခဏ)
ယိမ်းယိုင်လှုပ်ရှား, ရွှေ့သွားတတ်သည်၊ (ရသ)
သူလိုရာဘက်, တွန်းလျက်ဆောင်သည်၊ (ပစ္စုပဋ္ဌာန်)
ဝါယောဓာတ်, သိမှတ် မြတ်ယောဂီ၊

၃။ ထင်လွဲသာယာ, စွဲလမ်းတာ, နှစ်ဖြာဥပါဒါန်
ငါ, ငါ့ဥစ္စာ, စွဲနိုင်တာ, ဥပါဒါနက္ခန်
ရုပ်, ဝေ, သညာ, သင်္ခါရာ, ဝိညာ ဤငါးတန်

၄။ စက္ခု, သောတ, ဃာန, ဇိဝှါ၊
ကာယ, မနော, မှတ်လော ခြောက်ဒွါ
ရူပ, သဒ္ဓ, ဂန္ဓ, ရသာ၊
ဖောဋ္ဌဗ္ဗ, ဓမ္မ အာရုံပါ။

၅။ ကာမ, ဘဝ, ဒိဋ္ဌောဃ, မောဟအဝိဇ္ဇာ
နှစ်မြှုပ်သတ်တယ်, ရေစီးနှယ်, လေးသွယ် ဩဃပါ

၆။ ထင်ရှားရှိနေ, ရုပ်နာမ်တွေ, မှတ်လေ သက္ကာယ

၇။ မှန်စွာမြင်သိ, ကြံမိ မှန်ကန်၊
မှန်စွာ ပြော-ပြု, ရှာမှု လမ်းမှန်၊
မှန်စွာကြောင့်ကြ, မှတ်ရ မှန်ကန်၊
စူးစိုက်ကပ်, ရှစ်ရပ် မဂ်လမ်းမှန်

ဥပရိပဏ္ဏာသ
ဥဒ္ဒေသဝိဘင်္ဂသုတ် မိန့်ခွန်းတော်

▬▬▬▬▬▬▬▬▬▬▬▬

စိတ်ဓာတ်ဝိညာဉ်, အပြင်မထွက်,
အတွင်းဘက်လဲ, ရပ်လျက်မတည်,
စွဲမှီ လွတ်ကင်း, ဆာလောင် ရှင်းအောင်,
ရှုမှတ်ဆောင်သော်, နောက်နောင်ဖြစ်ရေး,
အို-သေဘေးနှင့်, ဝန်လေးစွာလှ,
ဒုက္ခခပင်း, လုံးဝကင်းသည်,
ဝိဘင်းဥဒ္ဒေ, မိန့်ခွန်းတည်း။

အကျယ်ဝေဖန်ချက်ဆိုင်ရာ ဆောင်ပုဒ်များ

▬▬▬▬▬▬▬▬▬▬▬▬

က။ မြင်ပြီးရာတွင်, လိုက်-ကြံလျှင်, အပြင် ထွက်သည်မည်
ကြား-နံစားထိ, သိပြီးရာတွင်, လိုက်ကြံလျှင်, အပြင်ထွက်သည်မည်၊

မြင်ဆဲမှာပင်, မှတ်သိလျှင်, အပြင် မထွက်ပြီ
ကြား, နံ, စား, ထိ, သိဆဲမှာပင်, မှတ်သိလျှင်, အပြင်မထွက်ပြီ၊

စူးစိုက်သမှု, ထပ်၍ရှု, ဈာန်ဟု ခေါ်ဝေါ်သည်
သမထဈာန်, ဝိပသ်ဈာန်, ၂-တန် ကွဲပြားသည်၊
တည်ငြိမ်ရုံမျှ, ရှုနေက, သမထဈာန် ခေါ်သည်၊
(အာရမ္မဏူပနိဇ္ဈာန်)

လက္ခဏာ ၃-ရပ်, ရှုသိမှတ်, ဝိပသ်ဈာန်ခေါ်သည်၊
(လက္ခဏူပနိဇ္ဈာန်)

၁။ ကြံစည်စဉ်းစား, နှစ်သိမ့်ပွား, ကောင်းစား ချမ်းသာသည်၊
ရှုရာရာတွင်, စူးစိုက်ဝင်, ငါးအင် ပ-ဈာန်မည်၊
(သမ္မသနအထိ အထူးထင်ရှားသည်)

၂။ နှစ်သိမ့်, ချမ်းသာ, စူးစိုက်တာ, သုံးဖြာ ဒု -ဈာန်မည်၊
(ဥဒယဗ္ဗယအနုပိုင်း၌ အထူး ထင်ရှားသည်)

၃။ ချမ်းသာမှုနှင့်, စူးစိုက်လင့်, ၃-ဆင့်ဈာန်ခေါ်သည်၊
(ဥဒယဗ္ဗယအရင့်ပိုင်းမှစ၍ အထူး ထင်ရှားသည်)

၄။ ဥပေက္ခာနှင့်, စူးစိုက်လင့်, ၄-ဆင့်ဈာန်ခေါ်သည်၊
(သင်္ခါရုပေက္ခာ၌ အထူး ထင်ရှားသည်)

ခ။ ရှုမှတ်ကောင်းဆဲ, သာယာစွဲ, အထဲ ရပ်နေသည်
သာယာပယ်ဖြတ်, ပေါ်တိုင်းမှတ်, မရပ်တိုးတက်သည်

ဂ။ ရုပ်နာမ်ကိုပင်, ငါကောင်ထင်, စွဲလျှင် ဆာလောင်သည်
ရုပ်နာမ်ပေါ်ဆဲ, ရှုမှတ်ခွဲ, မစွဲမဆာပြီ

ဈာန်။ ။ စူးစိုက်သမှု, ကပ်၍ရှု, ဈာန်ဟု ခေါ်ဝေါ်သည်၊
(စူးစူးစိုက်စိုက် ကပ်၍ရှုတာ)၊

ဈာန်နှစ်မျိုး။ ။ သမထဈာန်, ဝိပသ်ဈာန်, နှစ်တန်ကွဲပြားသည်
သမထဈာန်။ ။ တည်ငြိမ်ရုံမျှ, ရှုနေက, သမထဈာန်ခေါ်သည်၊
ဝိပသ်ဈာန်။ ။ လက္ခဏာသုံးရပ်, ရှုသိမှတ်, ဝိပသ်ဈာန်ခေါ်သည်၊

ပထမဈာန်။ ။ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ ပထမဈာန်စု ငါးပါး
ဒုတိယဈာန်။ ။ ပီတိ, သုခ, ဧကဂ္ဂတာ ဒုတိယဈာန်စု သုံးပါး
တတိယဈာန်။ ။ သုခ, ဧကဂ္ဂတာ တတိယဈာန်စု နှစ်ပါး
စတုတ္ထဈာန်။ ။ ဥပေက္ခာ, ဧကဂ္ဂတာ စတုတ္ထဈာန်စု နှစ်ပါး

ဈာန်အင်္ဂါစု

▬▬▬▬

  1. အာရုံကို ရှာကြံတာက ဝိတက်
  2. အာရုံကို စဉ်းစားတာက ဝိစာရ
  3. အာရုံ၌ နှစ်သိမ့်အားရတာက ပီတိ
  4. ဝမ်းသာလျက် ကောင်းနေတာက သုခ
  5. ဝမ်းမသာပဲ ငြိမ်ငြိမ်သက်သက် ကောင်းနေတာက ဥပေက္ခာ
  6. အာရုံ၌ စူးစူးစိုက်စိုက် ကပ်သွားတာက ဧကဂ္ဂတာ

မဟာသတိပဋ္ဌာနသုတ်
ဝန်ခံချက် မိန့်ခွန်းတော်

▬▬▬▬▬▬▬▬▬

သတိပဋ္ဌာန်, ဓမ္မစက်ကို, ဝန်ခံချက်နှင့် တို့မြတ်စွာ၊
ဟောပုံမိန့်မှာ, ထိုတရားကို, ဖြစ်ပွားစေတဲ့, ရှင်လူမှာ၊
အလွန်ကြာလျှင်, ၇-နှစ်နဲ့, ရဟန္တာစစ်, ဖြစ်နိုင်ပါ၊
စွဲမှုကုန်အောင်, နာဂါမ်လောက်တော့, ဆိုက်ရောက်မယ်တဲ့, ဧကန်ပါ၊
မြန်သူဆိုလျှင်, ၇-ရက်နဲ့, ထိုဖိုလ်မဂ်ကို, ရနိုင်ပါ၊
ရဲရင့်ခိုင်မာ, ဝန်ခံချက်နှင့်, ဓမ္မစက်ကို, ဟောခဲ့ပါ၊
နိဗ္ဗာန်လိုသူ, မယုံမှားနဲ့, မြတ်ဘုရားကို, ယုံကြည်တာ၊
သတိပဋ္ဌာန်, ကိုယ့်သန္တာန်, အမြန်ပွားစေရာ
သို့ပွားစေမှ, နိဗ္ဗာန်ရ, မုချ, ငြိမ်းအေးမှာ၊

သံယုတ္တနိကာယ်
မာလုကျပုတ္တသုတ် တရားတော်

▬▬▬▬▬▬▬▬▬▬▬▬

မေးခွန်းတော်။ ။ ဒါကို သင် ဘယ်လို ထင်သလဲ မာလုကျပုတ္တ စဉ်းစားကြည့်စမ်း၊ မျက်စိဖြင့် မြင်နိုင်တဲ့ အကြင် အဆင်းတွေကို သင်ဟာ ရှေးကလဲ မမြင်ရသေးဘူး၊ ယခုလဲ မြင်နေတာ မဟုတ်ဘူး၊ နောင်လဲ ဒါမျိုးကို မြင်ရလိမ့်မယ်လို့တောင် မစဉ်းစားမိသေးဘူး ဆိုပါတော့၊ အဲဒီလို အဆင်းတွေကို တပ်မက်ချစ်ခင် လိုချင်မှုများ သင့်မှာ ဖြစ်နိုင်ပါမည်လား။

ဖြေ။ ။ မဖြစ်နိုင်ပါ အရှင်ဘုရား။

(အသံ, အနံ့, အရသာ, အတွေ့, သဘောအာရုံ တို့၌လည်း မေးပုံ ဖြေပုံမှာ နည်းတူပင်)။

  1. မမြင်ရရာ, ကိလေသာ, သူ့ဟာသူငြိမ်းသည်
  2. မြင်ရရာမှာ, ကိလေသာ, ကိန်းကာ ဖြစ်နိုင်သည်
  3. မြင်တိုင်းမှတ်ရှု, ကိလေစု, ကိန်းမှု ပယ်သင့်သည်
  4. မေးခွန်းဖြင့်ပင်, လုပ်ငန်းစဉ်, ပေါ်လွင်စေခဲ့သည်

သုတ်ရင်း၏ ဘာသာပြန်

▬▬▬▬▬▬▬▬▬

(က) အိုမာလုကျပုတ္တ ... (လုံးဝမသိရတဲ့ အာရုံမှာ ကိလေသာ မဖြစ်နိုင်တာလိုပင် ထင်ရှားသိရတဲ့ အာရုံတွေမှာလည်း ကိလေသာ မဖြစ်နိုင်အောင် အားထုတ်ဖို့ လိုသည်၊ ဒါကြောင့်) သင့်မှာ မြင်ရ, ကြားရ, ရောက်ရ, သိရတဲ့ ဒီအာရုံတွေကိုလဲ မြင်ရာမှာ မြင်ရုံသာ ဖြစ်ရမည်ကြားရာမှာ ကြားရုံသာဖြစ်ရမည်၊ နံ, စား, သိ, လျက်ရောက်ရာမှာ ရောက်ရုံမျှသာ ဖြစ်ရမည်သိရာမှာ သိရုံမျှသာ ဖြစ်ရမည်

(ခ) ဒီအတိုင်းဖြစ်လျှင် သင်ဟာ ထင်ရှားသိရတဲ့ အဲဒီ အာရုံတွေနှင့် (သာယာ မုန်းထား သိမှားတဲ့ အလိုအားဖြင့်) မစပ်မဆိုင်တော့ပြီ

(ဂ) မစပ်ဆိုင်လျှင် သင်ဟာ အဲဒီအာရုံတွေထဲမှာ စွဲ၍ မတည်တော့ပြီ

(ဃ) စွဲ၍ မတည်လျှင် ဒီလောကထဲမှာလဲ သင်မရှိတော့ပြီ၊ ဟိုလောကထဲမှာလဲ သင်မရှိတော့ပြီ၊ ဒီလို စွဲလမ်းတဲ့ သင် မရှိတာသည်ပင်လျှင် ဆင်းရဲဆုံးရာ နိဗ္ဗာန် ပေတည်း။

အညေဝါဒအလို (ဃ) စွဲ၍ မတည်လျှင် ဒွါရ ၆-ပါးဆိုတဲ့ ဒီအတွင်းဘက်မှာလဲ သင်မရှိတော့ပြီ၊ အာရုံ ၆-ပါးဆိုတဲ့ ဟိုအပြင်ဘက်မှာလဲ သင် မရှိတော့ပြီ၊ စိတ် စေတသိက်ဆိုတဲ့ သိမှုထဲမှာလဲ သင်မရှိတော့ပြီ၊ ဒီလို သင် မရှိတာ, သင်ချုပ်ပျောက် သွားတာသည်ပင်လျှင် ဆင်းရဲဆုံးရာ နိဗ္ဗာန်ပေတည်း။

နိဗ္ဗာန်နှင့် ဝေးပုံ

▬▬▬▬▬▬

အဆင်းမြင်လျှင်, ချစ်ဖွယ်ထင်, ထိုတွင် မေ့လေသည်
သာယာတပ်စွဲ, ခံစားမြဲ, စိတ်ထဲ သိမ်းလျက်တည်
အဆင်းဆိုင်ရာ, ဝေဒနာ, များစွာ ပွားတော့သည်
လောဘစည်ကား, ဒေါသပွား, ဗျာများ စိတ်ပန်းသည်
ဤနည်းဖြင့်ပဲ, မပြောင်းလဲ, ဆင်းရဲရှာသူမည်၊
ဆင်းရဲကိုသာ, ရှာသူမှာ, ဝေးစွာ နိဗ္ဗာန်ပြည်

နိဗ္ဗာန်နှင့် နီးပုံ

▬▬▬▬▬

အဆင်းမြင်က, အမှတ်ရ, ရာဂကင်းတော့သည်
မတပ်မက်ပဲ, ခံစားမြဲ, စိတ်ထဲ မသိမ်းပြီ
မှတ်သိလျက်ပင်, မြင်လဲမြင်, ထို့ပြင် ခံစားသည်၊
သို့ပါသော်လဲ, ဝဋ်ဆင်းရဲ, ကုန်မြဲ ကုန်ခန်းသည်
ဤနည်းဖြင့်သာ, ယောဂီမှာ, မှတ်ခါ ကျင့်ရသည်၊
မြင်တိုင်းရှုမှတ်, ဆင်းရဲသတ်, နီးကပ် နိဗ္ဗာန်ပြည်

ဒီဃနိကာယ် သက္ကပဥှသုတ် သိကြားမင်းအမေး
ချမ်းသာရေးတရားတော်ကြီး ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬▬▬▬

ကာမဘုံသား, နတ်လူများတို့,
ကောင်းစားပြည့်ဝ, ဘေးရန်ပလျက်,
အေးမြချမ်းသာ, နေလိုပါလည်း,
ဣဿာမစ္ဆေ, သူရှုပ်ပွေ၍,
ထင်ခြေမကျ, ဆင်းရဲရတည့်,
မူလဇာစ်မြစ်, သူ့ကြောင်းစစ်သော်,
မုန်းချစ်အပ်သား, အာရုံများနှင့်,
လိုလားတလီ, ကြံစည်တတန်,
ချဲ့ရန်မှတ်စွဲ, ခြေတည်လွဲ၍,
ဆင့်ကဲဆင့်ကာ, ဖြစ်ရိုးပါတည့်,
ခြောက်ဖြာဒွါရ, ထင်သမျှကို,
မှတ်ကြသဖြင့်, မမှီသင့်ရှောင်,
မှီသင့်ဆောင်၍, မှန်အောင်ပြင်က,
လမ်းမှန်ရသည်, မုချချမ်းသာ ရေးပေတည်း

ခက်ဆစ် မှတ်ဖွယ်များ

▬▬▬▬▬▬▬▬

၁။ ဣဿာခေါ်ဆို, မနာလို, ဝန်တိုမစ္ဆေရ
၂။ ရှာ, ရ, သုံးစဉ်, သိမ်း ပေးချင်, ငါးအင် လိုဆန္ဒ
၃။ ဒိဋ္ဌိတဏှာ, မာနပါ, သုံးဖြာ ပပဉ္စ

၄။ ချဲ့နိုင်အောင် မှတ်စွဲထားမိ၍ ကြံစည်နိုင်သည်၊ ကြံစည်မိ၍ လိုလားနှစ်သက်သည်၊ လိုလားနှစ်သက်၍ ချစ်စရာ မုန်းစရာတွေ ရှိရသည်၊ ချစ်စရာ မုန်းစရာတွေ ရှိနေ၍ မနာလိုမှု ဝန်တိုမှုများ ဖြစ်ပေါ်လာသည်၊ မနာလိုမှု ဝန်တိုမှုများရှိနေ၍ ဘေးရန် မကင်းပဲ ဆင်းရဲဒုက္ခ ရောက်နေကြရသည်၊ သို့ဖြစ်၍ ဆင်းရဲဒုက္ခ မုချကင်းလိုလျှင် ချဲ့နိုင်အောင် မှတ်စွဲထားမှု (ပပဉ္စသညာ) ချုပ်ငြိမ်းသွားအောင် ကျင့်ရမည်။

၅။ ဘယ်သို့ကျင့်က, ပပဉ္စ, လုံးဝ ချုပ်သနည်း၊
၆။ မှီဝဲသင့်တာ, မသင့်တာ, ဝမ်းသာ နှစ်မျိုးတည်း၊
၇။ နှလုံးမသာ, ဥပေက္ခာ, ခွဲပါ နည်းတူတည်း၊
၈။ အကုသိုလ်ပွား, ပယ်ရှောင်ရှား, ကုပွား မှီဖို့တည်း
၉။ ဤသို့ကျင့်က၊ ပပဉ္စ, လုံးဝ ချုပ်သတည်း၊
၁၀။ ပါတိမောက္ခ, သံဝရ, ကျင့်ရ ဘယ်သို့နည်း၊
၁၁။ မှီသင့်တခု, မသင့်ဟု, ကိုယ်မှု နှစ်မျိုးတည်း၊
၁၂။ နှုတ်မှုထို့တူ, သက်မွေးမြူ, နည်းတူ နှစ်မျိုးတည်း၊
၁၃။ မမှီသင့်ပယ်, သီလနယ်, စင်ကြယ်ပါသတည်း
၁၄။ ဣနြ္ဒိယ, သံဝရ, သူက ဘယ်သို့နည်း။
၁၅။ အာရုံခြောက်ရပ်, မှီဝဲအပ်, ပယ်အပ် ကွဲသတည်း၊
၁၆။ သင့်ရာမှီတွယ်, မသင့်ပယ်, စောင့်ဖွယ် ကိစ္စပြီး

မဇ္ဈိမနိကာယ် ဝမ္မိကသုတ်
တရားတော်ကြီး ဆောင်ပုဒ်များ

▬▬▬▬▬▬▬▬▬▬▬▬

မီးခိုး ညဉ့်ခါ, နေ့မှာ မီးပျို့,
တောင်ပို့မြင်လတ်, ဆရာမြတ်က,
တပည့်လှအား, ပေါက်တူးသွားဖြင့်,
ခွဲခြားစေရာ, ပေါ်လာမင်းတုတ်,
ဖားရုပ်တွေ့ရ, လမ်းခွနှစ်မွှာ,
ဆပ်ပြာရေစစ်, လိပ်ညစ်တလီ,
ထားစဉ်းနှီးနှင့်, တွေ့ပြီးအသား,
နတ်နဂါး, ဆယ့်ငါးဝှက်စာ အစဉ်တည်း။

အဖြေဆောင်ပုဒ်များ

▬▬▬▬▬▬▬▬

၁။ တောင်ပို့-ကိုယ်ထည်, ကြံစည်-မီးခိုး, ပြုမျိုးမီးပါ
ဆရာဘုရား, တပည့်ကား, မှတ်သား ယောဂီတည်း၊

၂။ ပေါက်တူး-ဉာဏ်ရှု, တူးမှု-အားထုတ်, မင်းတုတ်-အဝိဇ္ဇာ
ဖားမှာဒေါသ, လမ်းနှစ်ခွ, မှတ်ကြ ယုံမှားတည်း။

၃။ နီဝရဏ, တူလှရေစစ်, လိပ်ညစ်-ခန္ဓာ, ကာမာ-စဉ်းနှီး, နန္ဒီ-အသား, နတ်နဂါး, မှတ်သား ရဟန္တာတည်း၊

အမေးနှင့်အဖြေများ

▬▬▬▬▬▬▬▬

  1. တောင်ပို့ဆိုတာ ဘယ်ဟာလဲ၊
    ရုပ်ကိုယ်ကြီးပဲ။
  2. မီးခိုးဆိုတာ ဘယ်ဟာလဲ၊
    ညမှာ ကြံတွေးနေတာပဲ။
  3. မီးလျှံဆိုတာ ဘယ်ဟာလဲ၊
    နေ့ခင်းကျတော့ ပြုတာပဲ။
  4. ဆရာဆိုတာ ဘယ်သူလဲ၊
    ငါတို့မြတ်စွာဘုရားပဲ။
  5. တပည့်ဆိုတာ ဘယ်ဟာလဲ၊
    ရှုမှတ်နေတဲ့ ယောဂီပဲ။
  6. ပေါက်တူးဆိုတာ ဘယ်ဟာလဲ၊
    မှတ်သိနေတဲ့ ပညာပဲ။
  7. တူးတယ်ဆိုတာ ဘယ်ဟာလဲ၊
    ကြောင့်ကြစိုက်တဲ့ လုံ့လပဲ။
  8. မင်းတုတ်ဆိုတာ ဘယ်ဟာလဲ၊
    ရှုမှတ်နည်းကို မသိတာပဲ။
  9. ဖားရုပ်ဆိုတာ ဘယ်ဟာလဲ၊
    စိတ်ဆိုးတတ်တဲ့ ဒေါသပဲ။
  10. လမ်းခွဆိုတာ ဘယ်ဟာလဲ၊
    ဝေဖန်စဉ်းစား ယုံမှားပဲ။
  11. ရေစစ်ဆိုတာ ဘယ်ဟာလဲ၊
    နီဝရဏတရား ငါးပါးပဲ။
  12. လိပ်ညစ်ဆိုတာ ဘယ်ဟာလဲ၊
    ခန္ဓာငါးပါး တရားပဲ။
  13. စဉ်းနှီးတုံးဆိုတာ ဘယ်ဟာလဲ၊
    ငါးပါးအာရုံ ကာမဂုဏ်ပဲ။
  14. သားတစ်ဆိုတာ ဘယ်ဟာလဲ၊
    နှစ်သက်တပ်စွဲ ရာဂပဲ။
  15. နဂါးဆိုတာ ဘယ်ဟာလဲ၊
    အာသဝေါကင်းကွာ ရဟန္တာပဲ။

ပဋိစ္စသမုပ္ပါဒ်တရားတော် ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

အမှန်မသွား, အမှားမြင်ကာ, အဝိဇ္ဇာကြောင့်, ချမ်းသာလိမ့်နိုး, ရည်မျှော်ကိုးလျက်, သုံးမျိုးမှုကံ, ပြုစီမံ၍, ဝိညာဏ်တွယ်စပ်, နာမ်ရုပ်ကပ်လျက်, ခြောက်ရပ်အာယတန, ဖဿခြေ ာက်ဖြာ, ဝေဒနာကြောင့်, တဏှာခြောက်တန်, ဥပါဒါန်နှင့်, ဖြစ်ရန် အကြောင်း, ကံဆင့်လောင်း၍, ဆိုးကောင်းဘဝ ဖြစ်ရပြန်ရာ, အိုကာ သေရေး, ပူအဆွေးနှင့်, ငိုကြွေးကိုယ်နွမ်း, စိတ်မချမ်းမြ ပူပန်ရသည်, လုံးဝဆင်းရဲစုသာတည်း။

အတိတ်အကြောင်းကြောင့်
ပစ္စုပ္ပန်အကျိုးပေါ်ပုံ

အမှန်မသွား, အမှားသိမြင်၊
အဝိဇ္ဇာဖုံး, ကောင်းလုံးမှတ်ထင်။
စိတ်ကိုယ်နှုတ်မှု, ကြံပြုပြောလျှင်၊
ဝိညာဏ်စပ်, နောက်ထပ်သန္ဓေရှင်

ပစ္စုပ္ပန်အကျိုးငါးပါး ပေါ်လာပုံ

ဝိညာဏ်မျိုးစေ့, စ၍ ဖြစ်လျှင်၊
နာမ်နှင့်ရုပ်လဲ, ပူးတွဲပါဝင်၊
အာယတန, ဖဿ, ဝေဒနာပေါ်ထင်၊
ကောင်းဆိုးများ, ခံစားမိရိုးပင်

ပစ္စုပ္ပန်အကျိုးမှ အကြောင်းသစ်ပေါ်၍
ထိုအကြောင်းကြောင့် အနာဂတ်အကျိုးပေါ်ပုံ

ခံစားသည့်တွက်, တပ်မက်ခင်မင်
မည်သို့ပြုငြား, ကောင်းစားမည်ထင်။
ဝင်စားစွဲလမ်း, ရော်ရမ်းပြုလျှင်
နောင်ဘဝ, ဖြစ်ရဇာတိပင်။

အနာဂတ်အကျိုးငါးပါး ပေါ်လာပုံ

ဘဝဇာတိ, သူရှိပြန်လျှင်၊
အို, သေ, ပူဆွေး, ငိုကြွေးထို့ပြင်။
ကိုယ်စိတ်ဆင်းရဲ, ထန်သဲပူပင်၊
သို့ဖြစ်ရ, လုံးဝဆင်းရဲပင်

ဝိပဿနာရှုနည်း မူသေစည်း

▬▬▬▬▬▬▬▬▬

မေး။ ။ဝိပဿနာ ဉာဏ်ဆိုတာ ဘယ်ဟာရှုသလဲ၊
ဖြေ။ ။မြဲတယ် ချမ်းသာ ငါစွဲရာ ခန္ဓာရှုရမြဲ

မေး။ ။ဘယ်အကျိုးငှါ ဘယ်ခိုက်မှာ ခန္ဓာရှုသလဲ၊
ဖြေ။ ။မစွဲဖို့ရာ ဖြစ်ဆဲမှာ မှန်စွာရှုရမြဲ

အကျိုး

ပေါ်ခိုက်မရှု ရုပ်နာမ်စု စွဲမှုဝင်ရောက်သည်
ပေါ်တိုင်းမှတ်ရှု ရုပ်နာမ်စု စွဲမှုကင်းပျောက်သည်
စွဲမှုကင်းလျှင် နိဗ္ဗာန်ခွင် ပြေးဝင်ဆိုက်ရောက်သည်
ဝိပဿနာရှုနည်း မူသေစည်း သိမ်းဆည်းထားရမည်။

ဝိပဿနာအခြေခံ
တရားတော် ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

၁။ ဝိပဿနာ, ဉာဏ်ဆိုတာ, ဘယ်ဟာရှု၍ဖြစ်သနည်း၊
၂။ စွဲလမ်းနိုင်ရာ, ငါးခန္ဓာ, မှန်စွာရှု၍ဖြစ်သတည်း
၃။ ဘယ်အကျိုးငှါ, ထိုခန္ဓာ, ဘယ်ခါရှုရပါသနည်း၊
၄။ မစွဲဖို့ရာ, ဖြစ်ဆဲမှာ, မှန်စွာရှုရပါတည်း
၅။ ဖြစ်ခိုက်မရှု, ရုပ်နာမ်စု, စွဲမှုဝင်ရောက်သည်
၆။ မြဲတယ်ကောင်းတယ်, ငါကောင်နှယ်, တကယ်ထင်တတ်သည်
၇။ ဖြစ်တိုင်းမှတ်ရှု, ရုပ်နာမ်စု, စွဲမှု ကင်းပျောက်သည်
၈။ မမြဲဆင်းရဲ, သဘောပဲ, ဉာဏ်ထဲ ရှင်းတော့သည်
၉။ စွဲမှုကင်းပျောက်, မဂ်လမ်းပေါက်, ဆိုက်ရောက် နိဗ္ဗာန်ပြည်
၁၀။ ဝိပဿနာရှုနည်း, မူသေစည်း, သိမ်းဆည်းထားရမည်၊

သမ္ပဇဉ်ခေါ်တဲ့
အသိဉာဏ်တရား ၄-ပါး

▬▬▬▬▬▬▬▬▬

၁။ သာတ္ထကသမ္ပဇဉ်
ကျိုးရှိသလား, မရှိလား စဉ်းစားတာက သာတ္ထက

၂။ သပ္ပာယသမ္ပဇဉ်
သင့်တော်ရဲ့လား, မတော်လား စဉ်းစားတာက သပ္ပာယ

၃။ ဂေါစရသမ္ပဇဉ်
ရုပ်ဓာတ် နာမ်ဓာတ်, စဉ်မပြတ် ရှုမှတ်တာက ဂေါစရ

၄။ အသမ္မောဟသမ္ပဇဉ်
မမြဲဆင်းရဲ, ရုပ်နာမ်ပဲ အသိကွဲတာက အသမ္မောဟ

စိတ္တာနုပဿနာ
တရားတော် ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

နှိပ်နိုင်ခဲစွ, လျင်မြန်လှ၍,
သူကျလိုရာ, ကျတတ်ပါသည့်,
ဝိညာဏသွမ်း, စိတ်သရမ်းကို,
စောင့်ဖမ်းရှုရေး, ဆုံးမပေး၍,
ယဉ်ကျေးလိမ္မာ, သူဖြစ်လာလျှင်,
ချမ်းသာဆောင်ပေးတတ်သတည်း။

ဒုန္နိဂ္ဂဟဿ လဟုနော, ယတ္ထ ကာမနိပါတိနော၊
စိတ္တဿ ဒမထော သာဓု, စိတ္တံ ဒန္တံ သုခါဝဟံ။ (ဓမ္မပဒ)

မူလပဏ္ဏာသပါဠိတော် ကောသမ္ဗိယသုတ်
သာရဏီယခေါ် အောက်မေ့ဖွယ်ရာ တရားတော်

▬▬▬▬▬▬▬▬▬

မေတ္တာရှေ့သွား, ကံသုံးပါးနှင့်,
တခြားသုံးဝ, စာဂ, သီလာ, မြတ်ပညာသည်,
မှတ်ပါ သာရဏီယတရားတည်း

၁။ မေတ္တာရှေ့ရှု, ကိုယ်မှုထင်လျှင်၊
သူ့ဂုဏ်အောက်မေ့, ညဉ့်နေ့အစဉ်။
ရိုသေလေးစား, သနားခင်မင်၊
ညီညွတ်ရေး, အားပေးထာဝစဉ်။

၂။ မေတ္တာရှေ့သွား, စကားချိုလျှင်၊
သူ့ဂုဏ်အောက်မေ့, ညဉ့်နေ့အစဉ်။
ရိုသေလေးစား, သနားခင်မင်၊
ညီညွတ်ရေး, အားပေးထာဝစဉ်။

၃။ မေတ္တာရှေ့သွား, စိတ်ထားဖြူလျှင်၊
သူ့ဂုဏ်အောက်မေ့, ညဉ့်နေ့အစဉ်။
ရိုသေလေးစား, သနားခင်မင်၊
ညီညွတ်ရေး, အားပေးထာဝစဉ်။

၄။ ဝေဖန်ပေးစွန့်, မတွန့်တိုလျှင်၊
သူ့ဂုဏ်အောက်မေ့, ညဉ့်နေ့အစဉ်။
ရိုသေလေးစား, သနားခင်မင်၊
ညီညွတ်ရေး, အားပေးထာဝစဉ်။

၅။ အရိယာနှင့်, ကိုယ်ကျင့်တူလျှင်၊
သူ့ဂုဏ်အောက်မေ့, ညဉ့်နေ့အစဉ်။
ရိုသေလေးစား, သနားခင်မင်၊
ညီညွတ်ရေး, အားပေးထာဝစဉ်။

၆။ အရိယာနှင့်, ဉာဏ်ဖြင့်တူလျှင်၊
သူ့ဂုဏ်အောက်မေ့, ညဉ့်နေ့အစဉ်။
ရိုသေလေးစား, သနားခင်မင်၊
ညီညွတ်ရေး, အားပေးထာဝစဉ်။

မူလပဏ္ဏာသပါဠိတော် ကောသမ္ဗိယသုတ်
သောတာပန်၏ မဟာပစ္စဝေက္ခဏာ ၇-ပါး

▬▬▬▬▬▬▬▬▬

၁။ ဆိတ်ငြိမ်ရာတွင်, ချဉ်းကပ်ဝင်၍,
ဆင်ခြင်ရှုကြည့်, ဖြစ်ပျက်မိ, အသိရှင်းသည်သာ
ယထာဘူတ, မသိရအောင်,
ထကြွလွှမ်းမိုး, ကိလေဆိုး, ဖြစ်ရိုး မရှိပါ
ဤသို့သိရ, ပထမ, ပစ္စဝေက္ခဏာ

၂။ မဂ်သိပြီးဟန်, ဝိပသ်ဉာဏ်, ဖန်ဖန်မှီဝဲကာ
အကြမ်းအနု, ကိလေစု, ငြိမ်းမှုထင်ရှားရာ၊
ဤသို့သိရ, ဒုတိယ, ပစ္စဝေက္ခဏာ

၃။ ရှုမှတ်သိရ, ဤလမ်းမှ, ပြင်ပတခြားမှာ၊
ကိလေငြိမ်းဘိ, မြတ်အရိ, မရှိဆုံးဖြတ်ရာ
ဤသို့သိရ, တတိယ, ပစ္စဝေက္ခဏာ

၄။ ကုစားနိုင်တောင်း, အာပတ်ပေါင်း,
တိမ်းစောင်းရောက်သေးရာ၊
မဖုံးကွယ်ပဲ, ကုစားမြဲ, နောင်လဲ စောင့်ရိုးပါ
ဤသို့သိရ, စတုတ္ထ, ပစ္စဝေက္ခဏာ

၅။ ရှောင်လွှဲမရ, မှုကိစ္စ, ပြုရလေသောအခါ၊
သိက္ခာသုံးပါး, ကျင့်ရန်ကား, စိတ်အားသန်မြဲသာ
ဤသို့သိရ, ပဉ္စမ, ပစ္စဝေက္ခဏာ

၆။ ဗုဒ္ဓဟောထား, မြတ်တရား, နာကြားရသောအခါ၊
လုံးစုံမကြွင်း, နှလုံးသွင်း, နာခြင်းအားကောင်းစွာ
ဤသို့သိရ, ဆဋ္ဌမ, ပစ္စဝေက္ခဏာ

၇။ ဗုဒ္ဓဟောထား, မြတ်တရား, နာကြားရသောအခါ၊
အနက်သိမြင်, စိတ်ကြည်ရွှင်, ကိုယ်တွင် သိမ့်သိမ့်ဖြာ
ဤသို့သိရ, သတ္တမ, ပစ္စဝေက္ခဏာ

နိဂုံး

▬▬

ပစ္စဝေက္ခဏာ, ခုနစ်ဖြာ, ညီစွာဖြစ်ပါမူ၊
အရိယာမှန်, သောတာပန်, ဧကန် ဆုံးဖြတ်ယူ။

ခန္ဓဝဂ္ဂသံယုတ် ပါဠိတော်
သီလသုတသုတ်တရားတော် ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

(က)
၁။ သီလသုတာ, စုံသူမှာ, ဘယ်ဟာ, ရှုအပ်ပါသနည်း၊
၂။ စွဲလမ်းနိုင်ရာ, ငါးခန္ဓာ, မှန်စွာ ရှုအပ်သည်၊
၃။ မမြဲဆင်းရဲ, ရောဂါစွဲ, ပေါက်ကွဲအိုင်းထူသည်၊ (၄+)
၄။ ငြောင့်, မကောင်းမှု, ဖျားနာဟု, မှတ်ရှု သူစိမ်းမည်၊ (၄+)
၅။ ပျက်စီး, သုည, အနတ္တ, ရှုရဆယ့်တစ်မည်၊ (+၃=၁၁)
၆။ သို့ရှုမြင်သန်, သောတာပန်, အမှန်ဖြစ်နိုင်သည်၊

(ခ)
၁။ သောတာပန်ကား, ဘယ်တရား, ရှုပွားအပ်သနည်း၊
၂။ သောတာပန်လဲ, ခန္ဓာပဲ ရှုမြဲ, နည်းတူသည်၊
၃။ သို့ရှုမြင်သန်, သကဒါဂါမ်, အမှန် ဖြစ်နိုင်သည်၊

(ဂ)
၁။ သကဒါဂါမ်ကား, ဘယ်တရား, ရှုပွားအပ်သနည်း၊
၂။ သကဒါဂါမ်လဲ, ခန္ဓာပဲ, ရှုမြဲ နည်းတူသည်၊
၃။ သို့ရှုမြင်သန်, အနာဂါမ်, အမှန်ဖြစ်နိုင်သည်၊

(ဃ)
၁။ အနာဂါမ်ကား, ဘယ်တရား ရှုပွားအပ်သနည်း၊
၂။ အနာဂါမ်လဲ, ခန္ဓာပဲ, ရှုမြဲနည်းတူသည်၊
၃။ သို့ရှုမြင်သန်, အရဟံ, အမှန်ဖြစ်နိုင်သည်၊

(င)
၁။ ရဟန္တာကား, ဘယ်တရား, ရှုပွားအပ်သနည်း၊
၂။ ရဟန္တာလဲ, ခန္ဓာပဲ, ရှုမြဲနည်းတူသည်၊
၃။ သို့ရှုသော်ငြား, သစ် ဟောင်းကား, တိုးပွားမရှိပြီ၊

အရှင်မဟာကဿပ ရရှိသော
ဩဝါဒတော် ၃-ပါး

▬▬▬▬▬▬▬▬

၁။ သက်ကြီး လတ် ငယ်, အားလုံးဝယ်, နှစ်သွယ်ရှက်ကြောက် ထင်ပါစေ၊
၂။ ကုသိုလ်ညွှန်ကြား, မြတ်တရား, လေးစားစူးစိုက်နာယူလေ၊
၃။ ကာယဂတာ, သတိဟာ, သင့်မှာမစွန့် မြဲပါစေ၊
၄။ အရှင်မဟာကဿပ, လက်ခံရ, ဆုံးမဩဝါ မြတ်သုံးထွေ၊

အကျဉ်းချုပ်ဩဝါဒ ဆောင်ပုဒ်

၁။ အပါယ်ဘေးငြိမ်းခွင့်, ဉာဏ်အဆင့်, အသင့်ရောက်ပါစေ၊
၂။ ထိုဉာဏ်ဖြင့်လဲ, မတော်ပဲ, ဆင်းရဲငြိမ်းပါစေ၊
၃။ ဖြစ်ပေါ်လာငြား, စိတ်ကြမ်းများ, ပယ်ရှားနိုင်ပါစေ။

အင်္ဂုတ္တရပါဠိတော်လာ
အရိယာဝါသသုတ် တရားတော်

▬▬▬▬▬▬▬▬▬

၁။ ငါးအင်ပယ်လေ, ဂုဏ်ခြောက်ထွေ, စုံစေစောင့်တပါး၊
၂။ လေးရပ်မှီကာ, ပယ်ရှင်းရာ, သစ္စာသီးသန့်များ၊
၃။ ရှာမှီးကင်းစင်, ကြံကြည်လင်, ထွက်ဝင်ငြိမ်းစေသား၊
၄။ စိတ်ကောင်းစွာလွတ်, ပညာလွတ်, မချွတ်ဂုဏ်ဆယ်ပါး၊
၅။ အရိယာဝါသ, ဟောဖော်ပြ, ဗုဒ္ဓမြတ်ဘုရား၊

အစောင့်တပါး

ဖြစ်တိုင်းမှတ်ရှု, သတိပြု, စောင့်မှုအစဉ်ထား၊

မှီရာလေးပါး

မှီဝဲ သည်းခံ, ရှောင် ပယ်လှန်, လေးတန်မှီရာများ၊

ပယ်ရန်အင်္ဂါငါးပါး

၁။ နှစ်သက်လိုချင်, ကြွေးမြီတင်, အလျင်ပယ်ဖျောက်လေ၊
၂။ စိတ်ပျက်စိတ်ဆိုး, ရောဂါးမျိုး, နှိမ်ချိုးပယ်ဖျောက်လေ၊
၃။ ထိုင်းမှိုင်းပျင်းရိ, ချုပ်နှောင်မီ, မှတ်သိပယ်ဖျောက်လေ၊
၄။ ပျံ့လွင့်ပူပန်, သူ့ကျွန်ခံ, အမြန်ပယ်ဖျောက်လေ၊
၅။ ယုံမှားဒွိဟ, လမ်းနှစ်ခွ, တွေ့ကပယ်ဖျောက်လေ၊

ဝါယောဓာတ်၏ လက္ခဏာ, ရသ, ပစ္စုပဋ္ဌာန်

ထောက်ကန်တောင့်တင်း, လျော့ခြင်းတမည်၊ (လက္ခဏာ)
ယိမ်းယိုင်လှုပ်ရှား, ရွှေ့သွားတတ်သည်။ (ရသ)
သူလိုရာဘက်, တွန်းလျက်ဆောင်သည်။ (ပစ္စုပဋ္ဌာန်)
ဝါယောဓာတ်, သိမှတ်မြတ်ယောဂီ။

ဒုက္ခဝေဒနာ၏ လက္ခဏာ, ရသ, ပစ္စုပဋ္ဌာန်

အတွေ့ဆိုးများ, သဘောရှိသည်၊ (လက္ခဏာ)
စိတ်အားကုန်ခန်း, ညှိုးနွမ်းစေသည်။ (ရသ)
ကိုယ်ထဲနှိပ်စက်, ခံခက်ထင်သည်၊ (ပစ္စုပဋ္ဌာန်)
ကိုယ်ဆင်းရဲ, သိမြဲမြတ်ယောဂီ။

စိတ်၏ လက္ခဏာ, ရသ, ပစ္စုပဋ္ဌာန်

အာရုံသိသော, သဘောရှိသည်၊ (လက္ခဏာ)
ခေါင်းဆောင်အလား, ရှေ့သွားတတ်သည်။ (ရသ)
ရှေ့စိတ်နှင့်စပ်, အထပ်ထပ်ဖြစ်သည်၊ (ပစ္စုပဋ္ဌာန်)
စိတ်တရား, မှတ်သားမြတ်ယောဂီ။

အနိစ္စာနုပဿနာ

၁။ အနိစ္စကိုသိရမည်၊ အနိစ္စလက္ခဏာကို သိရမည်၊ အနိစ္စာနုပဿနာကို သိရမည်။
၂။ ဖြစ်ပျက်သမျှ ရုပ်နာမ်ခန္ဓာက အနိစ္စတရား၊
၃။ ဖြစ်ပေါ်ပြီးနောက် ကွယ်ပျောက်သွားတာက အနိစ္စလက္ခဏာ၊
၄။ ရှုမှတ်ဆဲမှာ ကွယ်ပျောက်သွားတာကို တွေ့ရ၍ မမြဲဟု သိတာက အနိစ္စာ-နုပဿနာဉာဏ်။

ဝိပဿနာ၏ အကျိုးတရား

အနိစ္စမြင်လျှင် ဒုက္ခထင်သည်၊
ဒုက္ခထင်တော့ အနတ္တမြင်သည်။
အနတ္တမြင်, နိဗ္ဗာန်ခွင်, ပြေးဝင်ဆိုက်ရောက်သည်၊
နိဗ္ဗာန်မြင်က, အပါယ်မှ, မုချလွတ်မြောက်သည်။

ဂုဏ်ခြောက်ထွေအရ ဆဠင်္ဂုပေက္ခာ ၆-ပါး

၁။ အဆင်းမြင်ရာ, ရှုမှတ်ကာ, မှန်စွာသိပါစေ၊
ဝမ်းသာမဖက်, စိတ်မပျက်, ရှုလျက်လျစ်လျူနေ၊
ရဟန္တာအသွင်, ယောဂီရှင်, ရှုလျှင် ဖြစ်နိုင်ပေ၊

၂။ အသံကြားရာ, ရှုမှတ်ကာ, မှန်စွာသိပါစေ၊
၃။ အနံ့နံရာ, ရှုမှတ်ကာ, မှန်စွာသိပါစေ၊
၄။ အရသာသိရာ, ရှုမှတ်ကာ, မှန်စွာသိပါစေ၊
၅။ အတွေ့ထိရာ, ရှုမှတ်ကာ, မှန်စွာသိပါလေ၊

သီးသန့်သစ္စာများ

၁။ လောက အမြဲတည်နေသည်ဟု ယူဆခြင်း၊
၂။ လောက ပြတ်စဲသည်ဟု ယူဆခြင်း၊
၃။ လောက အဆုံးအပိုင်းအခြားရှိသည်ဟု ယူဆခြင်း၊
၄။ လောက အဆုံးအပိုင်းအခြားမရှိဟု ယူဆခြင်း၊
၅။ အသက်နှင့်ကိုယ် အတူတူဟု ယူဆခြင်း၊
၆။ အသက်တခြား ကိုယ်တခြားဟု ယူဆခြင်း၊
၇။ သေပြီးနောက် သတ္တဝါရှိမြဲသည်ဟု ယူဆခြင်း၊
၈။ သေပြီးနောက် သတ္တဝါမရှိတော့သည်ဟု ယူဆခြင်း၊
၉။ သေပြီးနောက် သတ္တဝါရှိသည်လည်း မဟုတ်, မရှိသည်လည်း မဟုတ်ဟု ယူဆခြင်း၊

မဓုပိဏ္ဍိကသုတ်
တရားတော် ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

မက်မောထောင်လွှား, အမြင်မှားလျက်,
ချဲ့ပွားတတ်စွာ, ပပဉ္စာဟု,
သညာသုံးမျိုး, တရားဆိုးတို့,
လွှမ်းမိုးတတ်ရာ, ခြောက်ဌာနာဝယ်,
မှန်စွာရှုလျက်, သိမြင်ချက်ကြောင့်,
နှစ်သက်ခင်တွယ်, ချီးမွမ်းဖွယ်တို့,
ပျောက်ကွယ်ကင်းရှင်း, မရှိခြင်းပင်,
မူရင်းမြစ်မ, နုသယနှင့်,
ပါပအားလုံး, ချုပ်ပြတ်သုဉ်းသည့်,
နယ်ဆုံး ကန့်သတ်, မိန့်တော်မှတ်သည်,
သုတ်မြတ် မဓုပိဏ္ဍိတည်း။

စက္ခုရူပ, တကွဆုံလျှင်, မြင်ကာတွေ့သွား, ခံစားမှုထင်၊
မြဲစွာမှတ်သား, ကြံမှားလေလျှင်, ပပဉ္စ မုချချဲ့ရိုးပင်။
စက္ခုရူပ, ဆုံကမြင်စဉ်, တွေ့လျက်ခံစား, ပိုင်းခြားသိလျှင်၊
မြဲစွာမှတ်သား, ကြံမှားကင်းစင်, ပပဉ္စ လုံးဝချုပ်ရိုးပင်။

ဘဝတန်ဖိုး တရားတော်

▬▬▬▬▬▬▬▬

ဖြစ်ပျက်နှစ်ဖြာ, မမြင်ပါပဲ,
တရာအသက်, ရှည်သည်ထက်လည်း,
ဖြစ်ပျက်နေဟန်, ရုပ်နှင့်နာမ်ကို,
အမှန်မြင်လျက်, ဉာဏ်စဉ်တက်၍,
တရက်တာမျှ, သက်ရှည်ရသော်,
လောကလူ့ရွာ, ကောင်းမြတ်သာသည်,
မြတ်စွာဗုဒ္ဓ မိန့်ခွန်းတည်း။

ဓမ္မပဒပါဠိတော်

▬▬▬▬▬

ယောစ ဝဿသတံ ဇီဝေ, အပဿံ ဥဒယဗ္ဗယံ၊
ဧကာဟံ ဇီဝိတံ သေယျော, ပဿတော ဥဒယဗ္ဗယံ။

ယောစ - အကြင်သူသည်ကား၊
ဥဒယဗ္ဗယံ - အဖြစ်အပျက်ကို၊
အပဿံ - မမြင်ပါပဲ၊
ဝဿသတံ - အနှစ်တရာ တသက်တာပတ်လုံး၊
ဇီဝေ - ပကတိအတိုင်းသာ အသက်ရှင်လျက် နေရာ၏၊
တဿ - ထိုသူ၏၊
တတော - ထို အနှစ်တရာပတ်လုံး အသက်ရှင်ရသည်ထက်၊
ဥဒယဗ္ဗယံ - အဖြစ်အပျက်ကို၊
ပဿတော - မြင်သောသူ၏၊
ဧကာဟံ ဇီဝိတံ - တနေ့တရက်မျှ အသက်ရှင်ရခြင်းသည်၊
သေယျော - သာ၍ ကောင်းမြတ်ပေ၏။

မဇ္ဈိမနိကာယ်မူလပဏ္ဏာသ
စူဠတဏှာသင်္ခယသုတ်
တရားတော် ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

၁။ လုံးစုံဓမ္မ, အနိစ္စ, ဒုက္ခအနတ္တာ၊
[ဣဓ ဘိက္ခုနော သုတံ ဟောတိ “သဗ္ဗေ ဓမ္မာ နာလံ အဘိနိဝေ သာယာ”တိ၊]

၂။ ဤရွှေ့ဤမျှ, ကြားဖူးက, သုတ လုံလောက်ပါ။

၃။ ဉာဏ်ဖြင့် ရှေးရှု, ရုပ်နာမ်စု, မှတ်ပြုသိလေရာ၊-
သော သဗ္ဗံ ဓမ္မံ အဘိဇာနာတိ၊

၄။ မမြဲဆင်းရဲ, သဘောပဲ, သိမြဲပိုင်းခြားကာ၊-
သဗ္ဗံ ဓမ္မံ ပရိဇာနာတိ၊

၅။ ကောင်းဆိုးလတ်စု, ခံစားမှု, မှတ်ရှုအနိစ္စာ၊-
တာသု ဝေဒနာသု အနိစ္စာနုပဿီ၊

၆။ ပျက်ပြယ်သွားမှု, ချုပ်ငြိမ်းမှု, မှတ်ရှုနေပြန်ရာ၊-
ဝိရာဂါနုပဿီ နိရောဓာနုပဿီ၊-

၇။ စွန့်လွှတ်တဖန်, စေလွှတ်ပြန်, ထပ်မံရှုမှတ်ရာ၊-
ပဋိနိဿဂ္ဂါနုပဿီ ဝိဟရတိ၊

၈။ သို့ရှုသူအား, လောကမှာ, စွဲဆာကင်းလေသည်၊-
န ဥပါဒိယတိ နပရိတဿတိ၊

၉။ ဆာလောင်ကင်းက, ကိုယ်တိုင်မျှ, လုံးဝငြိမ်းအေးသည်၊-
ပစ္စတ္တညေဝ ပရိနိဗ္ဗာယတိ၊

၁၀။ ဤမျှဖြင့်ပင်, တဏှာစင်, ကျင့်စဉ်ပြီးဆုံးသည်၊
[ဧတ္တဝတာ ခေါ တဏှာသင်္ခယ ဝိမုတ္တော ဟောတိ အစ္စန္တနိဋ္ဌော သေဋ္ဌော ဒေဝမနုဿာနံ။]

၁၁။ စူဠတဏှာ, သင်္ခယာ, မြတ်စွာမိန့်ဟောသည်၊
[ဧတ္တဝတာ ခေါ တဏှာသင်္ခယ ဝိမုတ္တော ဟောတိ အစ္စန္တနိဋ္ဌော သေဋ္ဌော ဒေဝမနုဿာနံ။]

ခက်ဆစ်မှတ်ဖွယ်

၅။ က-ဖြစ်ပျက်သမျှ ရုပ်နာမ်ခန္ဓာက အနိစ္စ၊

ခ-ပေါ်လာပြီးနောက် ကွယ်ပျောက်တာက အနိစ္စလက္ခဏာ၊

ဂ-ရှုမှတ်ဆဲမှာ ကွယ်ပျောက်သွားတာကိုတွေ့ရ၍ မမြဲဟုသိတာက အနိစ္စာနုပဿနာ၊

ဃ-မှတ်တိုင်းမှတ်တိုင်း မမြဲဟုသိသူသည် အနိစ္စာနုပဿီမည်၏။

၆။ က-အာရုံနှင့်မှတ်စိတ် ပျက်ပြယ်သွားတာက ခယဝိရာဂ၊

ခ-အလုံးစုံသော သင်္ခါရ လုံးဝ ပေါ်မလာပဲ ကင်းတာက အစ္စန္တဝိရာဂ၊

ဂ-ဤ ဝိရာဂ ၂-မျိုးကို မှတ်လျက်, ရောက်လျက် တွေ့မြင်တာက ဝိရာဂါနုပဿနာ၊

ဃ-အာရုံနှင့်မှတ်စိတ် ချုပ်ဆုံးသွားတာက ခယနိရောဓ၊

င-အလုံးစုံသော သင်္ခါရ လုံးဝ ပေါ်မလာပဲ ချုပ်ငြိမ်းတာက အစ္စန္တနိရောဓ၊

စ-ဤနိရောဓ ၂-မျိုးကို မှတ်လျက်, ရောက်လျက် တွေ့မြင်တာက နိရောဓာ-နုပဿနာ၊

၇။ က-မရှုမိတဲ့အာရုံ၌ ဖြစ်နိုင်သည့်ကိလေသာ ခန္ဓာတွေကို စွန့်လွှတ်တတ်သော ရှုမှတ်မှုက ပရိစ္စာဂပဋိနိဿဂ္ဂ၊

ခ-နိဗ္ဗာန်အာရုံထဲသို့ ပြေးဝင်သွားသလို ဖြစ်သောမဂ်က ပက္ခန္ဒနပဋိနိဿဂ္ဂ၊

ဂ-ဤ ပဋိနိဿဂ္ဂ ၂-ပါးကိုပင် ပဋိနိဿဂ္ဂါနုပဿနာဟု ခေါ်သည်။

၁။ ခန္တီ ပရမံ တပေါ တိတိက္ခာ,
နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ၊
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ,
န သမဏော ဟောတိ ပရံ ဝိဟေဋ္ဌယန္တော။

သည်းခံကျင့်သုံး, အမြတ်ဆုံးပေ၊
နိဗ္ဗာန်မြတ်လှ, ဗုဒ္ဓမိန့်ပေ။
ရဟန်းမှန်လျှင်း, မညှဉ်းတတ်ပေ၊
ညှဉ်းဆဲက, သမဏ မဟုတ်ပေ။

၂။ သဗ္ဗပါပဿ အကရဏံ, ကုသလဿုပသမ္ပဒါ၊
သစိတ္တပရိယောဒါပနံ, ဧတံ ဗုဒ္ဓါန သာသနံ။

မကောင်းမှုများ, ရှောင်ရှားပယ်လေ၊
ကောင်းမှုတရား, ဖြစ်ပွားစုံစေ။
မိမိစိတ်ဓာတ်, ဆွတ်ဆွတ်ဖြူစေ၊
ဤသုံးပါး, ဘုရားဆုံးမပေ။

၃။ အနုပဝါဒေါ အနုပဃာတော,
ပါတိမောက္ခေစ သံဝရော၊
မတ္တညုတာ စ ဘတ္တသ္မိံ,
ပန္ထဉ္စ သယနာသနံ၊
အဓိစိတ္တေ စ အာယောဂေါ,
ဧတံ ဗုဒ္ဓါန သာသနံ။

သူ့ကိုစွပ်စွဲ, ညှဉ်းဆဲကင်းစေ၊
ကိုယ်ကျင့်သီလ, လုံးဝလုံစေ။
အစာ၌လဲ, သိမြဲတိုင်းရှေ၊
လူသူစိတ်ကောင်း, တောကျောင်းမှာနေ၊
စိတ်မြတ်လုပ်ငန်း, ကြိုးပမ်းပါလေ၊
ဤခြောက်ပါး, ဘုရားဆုံးမပေ။

ဓမ္မပဒဂါထာ

ကုမ္ဘူပမံ ကာယမိမံ ဝိဒိတွာ,
နဂရူပမံ စိတ္တမိဒံ ဌပေတွာ၊
ယောဓေထ မာရံ ပညာဝုဓေန,
ဇိတဉ္စ ရက္ခေ အနိဝေသနော သိယာ။

၁။ မြေးအိုးသဖွယ်, ရုပ်ကိုယ်ဝယ်, ပျက်လွယ်သိပါလေ၊
၂။ ရှုမှတ်စိတ်မှာ, မြို့ပမာ, ခိုင်စွာ တည်ရှိစေ၊
၃။ ဉာဏ်ဗုံးဖြင့်ခွင်း, မာရ်သေမင်း, နှိမ်နင်း တိုက်ဖျက်လေ၊
၄။ အောင်ပြီးစောင့်မြဲ, မရပ်ပဲ, တိုက်ပွဲ ပြီးဆုံးစေ၊

အကျဉ်းချုပ် ဩဝါဒ

၁။ အပါယ်ဘေးငြိမ်းခွင့်, ဉာဏ်အဆင့်, အသင့် ရောက်ပါစေ၊
၂။ ထိုဉာဏ်ဖြင့်လဲ, မတော်ပဲ, ဆင်းရဲ ငြိမ်းပါစေ၊
၃။ ဖြစ်ပေါ်လာငြား, စိတ်ကြမ်းများ, ပယ်ရှားနိုင်ပါစေ၊

ဟေမဝတသုတ္တန်
တရားတော်ကြီး ဆောင်ပုဒ်များ

▬▬▬▬▬▬▬▬▬

၁။ လပြည့်စက်ဝန်း, တက်ထွန်းစင်ကြယ်၊ (သာတာဂီရိ)
ပန်းစုံဖူးပွင့်, နတ်ညဉ့်ပျော်ဖွယ်။
အရှင်ဂေါတမ, မည်ရမျိုးနွယ်၊
ထိုဘုရား, ခုသွား ဖူးစို့ကွယ်။

၂။ ငါတို့ဘုရား, စိတ်ထားကောင်းစွာ၊ (သာ)
သူခပ်သိမ်းအား, သနားညီညာ။
အာရုံကောင်းဆိုး, ကြံမျိုးသုံးဖြာ၊
လိုရှိတိုင်း, မဆိုင်းပြုနိုင်ပါ။

၃။ မပေးဝတ္ထု, ယူမှုကင်းကွာ၊ (သာ)
ညှဉ်းဆဲသတ်မှု, မပြုသည်သာ။
မေ့လျော့ရေးမှ, ဝေးလှပေစွာ၊
တို့ဘုရား, ဈာန်ပွား မဆိတ်ပါ။

၄။ လိမ်လည်မပြော, ကုန်းချောကင်းသည်၊ (သာ)
ကြမ်းတမ်းရုန့်ရင်း, ဆိုခြင်း ပယ်သည်။
ကျိုးစီးပွားရှိ, မြင်သိ ဆိုသည်၊
တို့ဘုရား, စကား စင်ကြယ်သည်။

၅။ ကာမဂုဏ်ထဲ, တပ်စွဲကင်းသည်၊ (သာ)
ဒေါသပြတ်စဲ, အမြဲစိတ်ကြည်။
မောဟသိမှား, လွန်သွားလေပြီ၊
တို့ဘုရား, တရား ဉာဏ်လင်းကြည်။

၆။ ဝိဇ္ဇာဉာဏ်များ, သုံးပါးရှစ်သွယ်၊ (သာ)
စရဏဆယ့်ငါး, ကျင့်အားစုံတယ်။
အာသဝေါခပ်သိမ်း, ကုန်ငြိမ်းစင်ကြယ်၊
တရားမင်း, ကင်းရှင်းနောင်ဖြစ်ဖွယ်။

(က) သုံးပါးဝိဇ္ဇာ, ပု-ဒိ-အာ, ပညာဉာဏ်မျက်စိ၊

(ခ) ရှစ်ပါးအရ, ထည့်သွင်းကြ, ဝိ-မ-စေ-ဣ-ဒိ၊
(ဝိပဿနာ, မနောမယိဒ္ဓိ, စေတောပရိယ, ဣဒ္ဓိဝိဓ, ဒိဗ္ဗသောတ,
ပုဗ္ဗေနိဝါသ, ဒိဗ္ဗစက္ခု, အာသဝက္ခယ-ဝိဇ္ဇာ ၈-ပါး)။

(ဂ) သီ-ဣန်-ဘော-ဇာ, ဈာန်လေးဖြာ, သဒ္ဓါ ဝီရိယ၊

(ဃ) သတိ, ပညာ, ဟိ-ဩ-ဗာ, မှတ်ပါစရဏ၊
သီ-ပါတိမောက္ခသီလ၊ ဣန်-ဣနြ္ဒိယသံဝရ၊ ဘော-ဘောဇနေ
မတ္တညုတာ၊ ဇာ-ဇာဂရိယ၊ ဟိ-ဟိရီ၊ ဩ-ဩတ္တပ္ပ၊ ဗာဗာဟုဿစ္စ။

၇။ ကိုယ်ရောနှုတ်ရော, မနောစင်ကြယ်၊ (သာ)
ဝိဇ္ဇာ-စရဏ, စုံလှပေတယ်။
အရှင်ဂေါတမ, မည်ရ မျိုးနွယ်၊
တို့ဘုရား, ခုသွားဖူးစို့ကွယ်။

၈။ ခြောက်ပါးရှိက, လောကဖြစ်သည်၊ (ဘုရား)
ခြောက်ပါးမှာချဉ်း, ပေါင်းသင်းနေသည်။
ခြောက်ပါးကိုစွဲ, လူပဲခေါ်သည်၊
ခြောက်ပါး၌, အားစိုက် ပင်ပန်းသည်။

၉။ ငါးဖြာကာမ, ဆဋ္ဌမစိတ်တွင်၊ (ဘုရား)
ငါ့ဟာငါပဲ, ယူစွဲထင်မြင်။
ထိုမှာဖြစ်ထိုက်, နှစ်ြုခိက်ပယ်လျှင်၊
ဆင်းရဲမှ, လွတ်ရ ယောဂီရှင်။

၁၀။ သီလသန့်ရှင်း, အတွင်းမှာပင်၊ (ဘုရား)
ကြံရှုမှုရှိ, သတိထင်လျှင်။
စိတ်တည်ကြည်ယင်း, ဉာဏ်လင်းသိမြင်၊
ဩဃနက်, ကူးထွက် ယောဂီရှင်။

၁၁။ ကာမဂုဏ်ထဲ, တပ်စွဲ ရှောင်ကြဉ်၊ (ဘုရား)
သံယောဇဉ်များ, လွန်သွားလေလျှင်။
နန္ဒီရာဂ, ဘဝကုန်စင်၊
ပင်လယ်မြစ်, မနစ်ယောဂီရှင်။

၁၂။ ဘုရားတရား, ဂုဏ်များချီးကာ၊ (ဟေမဝတ)
တရွာမှသွား, တခြားမြို့ရွာ။
တောတောင်သစ်ဟောင်း, ရွှေ့ပြောင်းသွားလာ၊
ငါတို့များ, လှည့်သွားနေတော့မှာ။

(က) မူလပဏ္ဏာသပါဠိတော်
သလ္လေခသုတ်တရားတော် ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

ဝိဟိံသာပါဏ, အဒိန္နနှင့်,
အဗြဟ္မစရိယာ, မုသာပိသု,
ဖရုသမ္ဖာ, အဘိဇ်ဗျာနှင့်,
ဆယ်ဖြာမိစ္ဆတ္တ, စဉ်တိုင်းပြ၍,
ထိနဥဒ္ဓစ္စာ, ဝိစိကိစ္ဆာနှင့်,
ကောဓာပနာဟ, မက္ခပဠာ,
ဣဿာမစ္ဆေ, သာဌေမာယာ,
အတိမာထမ္ဘ, ဒုဗ္ဗစနှင့် ပါပမိတ္တော,
ပမာဒေါတဖြာ, သဒ္ဓါမရှိ,
အဟိရိက, နောတ္တပ္ပနှင့်,
သုတနည်းဘိ, ပျင်းရိတရပ်,
မုဋ္ဌဿစ္စ, ဒုပ္ပညတာ, ယူသည်းစွာဟု,
ကိလေသာဘေး, လေးဆယ့်လေးကို,
ဝေးဝေးစွန့်စေ, ညွှန်ပြပေသည်,
သလ္လေခသုတ် မိန့်ခွန်းတည်း။

ကိလေသာ ၄၄-ပါး ဖော်ပြချက်

▬▬▬▬▬▬▬▬▬

၁။ ဝိဟိံသာ=ညှဉ်းဆဲခြင်း၊
၂။ ပါဏာတိပါတ=သတ္တဝါကိုသတ်ခြင်း၊
၃။ အဒိန္နာဒါန=သူ့ဥစ္စာကို လုယက်ခိုးယူခြင်း၊
၄။ အဗြဟ္မစရိယ=မေထုန်မှုကိုပြုခြင်း၊
၅။ မုသာဝါဒ=လိမ်လည်ပြောခြင်း၊
၆။ ပိသုဏဝါစာ=ကုန်းတိုက်ခြင်း၊
၇။ ဖရုသဝါစာ=ဆဲဆိုခြင်း၊
၈။ သမ္ဖပလာပ=အနှစ်မဲ့စကားပြောခြင်း၊
၉။ အဘိဇ္ဈာ=သူတစ်ပါးဥစ္စာကိုရရန်ကြံစည်ခြင်း၊
၁၀။ ဗျာပါဒ=သူတပါးသေကြေပျက်စီးရန် ကြံစည်ခြင်း၊
၁၁။ မိစ္ဆာဒိဋ္ဌိ=မှားစွာယူခြင်း၊
၁၂။ မိစ္ဆာသင်္ကပ္ပ=မှားစွာကြံခြင်း၊
၁၃။ မိစ္ဆာဝါစာ=မှားစွာပြောခြင်း၊
၁၄။ မိစ္ဆာကမ္မန္တ=မှားစွာပြုခြင်း၊
၁၅။ မိစ္ဆာအာဇီဝ=မှားစွာအသက်မွေးခြင်း၊
၁၆။ မိစ္ဆာဝါယာမ=မှားစွာအားထုတ်ခြင်း၊
၁၇။ မိစ္ဆာသတိ=မှားစွာအမှတ်ရခြင်း၊
၁၈။ မိစ္ဆာသမာဓိ=မှားစွာတည်ကြည်ခြင်း၊
၁၉။ မိစ္ဆာဉာဏ=မှားစွာဆင်ခြင်ခြင်း၊
၂၀။ မိစ္ဆာဝိမုတ္တိ=မှားစွာလွတ်ခြင်း၊
၂၁။ ထိနမိဒ္ဓ=စိတ်ထိုင်းမှိုင်းခြင်း၊
၂၂။ ဥဒ္ဓစ္စ=စိတ်ပျံ့လွင့်ခြင်း၊
၂၃။ ဝိစိကိစ္ဆာ=ယုံမှားခြင်း၊
၂၄။ ကောဓ=အမျက်ထွက်ခြင်း၊
၂၅။ ဥပနာဟ=ရန်ငြိုးဖွဲ့ခြင်း၊
၂၆။ မက္ခ=သူ့ကျေးဇူးကို ချေဖျက်ခြင်း၊
၂၇။ ပဠာသ=သူ့ဂုဏ်ပျက်အောင် ဖက်ပြိုင်ပြောခြင်း၊
၂၈။ ဣဿာ=မနာလိုခြင်း၊
၂၉။ မစ္ဆရိယ=ဝန်တိုခြင်း၊
၃၀။ မာယာ=မိမိအပြစ်မပေါ်အောင် လှည့်ပတ်ခြင်း၊
၃၁။ သာဌေယျ=ဟန်ဆောင်ပလွှားခြင်း၊
၃၂။ အတိမာန=အလွန်အထင်ကြီးခြင်း၊
၃၃။ ဒုဗ္ဗစတာ=ဆိုဆုံးမခက်ခြင်း၊
၃၄။ ထမ္ဘ=အရိုအသေမပြုနိုင်ခြင်း၊
၃၅။ ပါပမိတ္တတာ=မိတ်ဆွေညံ့နှင့်ပေါင်းခြင်း၊
၃၆။ ပမာဒ=ကုသိုလ်ရေး၌ မေ့လျော့ခြင်း၊
၃၇။ အသဒ္ဓတာ=သဒ္ဓါတရားမရှိခြင်း၊
၃၈။ အဟိရိက=အကုသိုလ်မှမရှက်ခြင်း၊
၃၉။ အနောတ္တပ္ပ=အကုသိုလ်မှမကြောက်ခြင်း၊
၄၀။ အပ္ပဿုတတာ=အကြားအမြင်နည်းခြင်း၊
၄၁။ ကောသဇ္ဇ=ပျင်းရိခြင်း
၄၂။ မုဋ္ဌဿစ္စ=သတိလွတ်ခြင်း၊
၄၃။ ဒုပ္ပညတာ=ဝိပဿနာပညာမဲ့ခြင်း၊
၄၄။ သန္ဒိဋ္ဌိပရာမာသ=အယူသည်းခြင်း၊

(ခ) မူလပဏ္ဏာသပါဠိတော်
သလ္လေခသုတ်တရားတော်
အသေးစိတ်ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

ခေါင်းပါးကိလေ, စိတ်ဖြစ်စေ,
ရှောင်သွေ, ထက်ဆင့်, ငြိမ်းအောင့်ကျင့်။

၁။ သူများတွေက ညှဉ်းဆဲကြမည့်နေရာမှာ ငါတို့ကတော့ ညှဉ်းဆဲမှု ကင်းစေရမည်၊ ကိလေသာ ပါးစေတဲ့အကျင့်ကို ကျင့်မည်၊ ဒီလိုစိတ်မျိုးကို ဖြစ်စေမည်၊ ညှဉ်းဆဲမှုကို မညှဉ်းဆဲမှုနှင့် ရှောင်လွဲမည်၊ မညှဉ်းဆဲမှုနှင့် အဆင့်အတန်းတက်မည်၊ ညှဉ်းဆဲမှု ကိလေသာမီးကို မညှဉ်းဆဲမှုနှင့် ငြိမ်းသတ်မည်။

(က) ညှဉ်းဆဲသူကား, အနာများ, သနားကျန်းမာသည်၊ (မ၊ ၃၊ ၂၄၅)

၂။ သူများတွေက သတ်ကြ ဖြတ်ကြမည့်နေရာမှာ ငါတို့ကတော့ သတ်ဖြတ်မှု ကင်းစေမည်၊ ကိလေသာပါးစေတဲ့ အကျင့်ကို ကျင့်မည်၊ ဒီလိုစိတ်မျိုးကို ဖြစ်စေမည်၊ သတ်ဖြတ်မှုကို မသတ်မှုနှင့်ရှောင်လွဲမည် ်၊ မသတ်မှုနှင့် အဆင့်အတန်းတက်မည်၊ သတ်ဖြတ်မှု ကိလေသာမီးကို မသတ်မှုနှင့် ငြိမ်းသတ်မည်။

(ခိုးမှုစသော ကျန် ၄၂ -ပါးတို့၌လည်း နည်းတူပင် ငါးဝါရစီဆိုလေ။)

(က) သူ့ကိုသတ်ဖြတ်, သက်တိုတတ်, မသတ်အသက်ရှည်၊ (မ၊ ၃၊ ၂၄၄)

(ခ) လှပ, သက်ရှည်, ကျန်းမာသည်, ချစ်ကြည်, ခြွေရံများ၊
သောကကင်းလတ်, မကွဲတတ်, သက်သတ်ရှောင်ကျိုးများ၊ (ခု၊ ဋ္ဌ၊ ၂၃)

၃။ ခိုးလုသူမှာ, ပါယ်လားကာ, ဥစ္စာပျက်ဆုံးပါး၊ (အံ၊ ၃၊ ၇၇)

(ခ) ဥစ္စာပေါသည်, ရခိုင်တည်, ကင်းပြီရန်သူငါး။
ကြီးကဲဖြစ်ရ, အေးချမ်းစွ, အဒိန္နရှောင်ကျိုးများ၊ (ခု၊ ဋ္ဌ၊ ၂၃)

၄။ ကာမေသုမှာ, ပါယ်လားကာ, လူ့ရွာရန်သူများ၊ (အံ၊ ၃၊ ၇၇)

(ခ) ရန်, ဘေးကင်းပ, ချစ်ခင်ကြ, ပေါလှသုံးဖွယ်များ၊
ရုပ်အင်စုံစွာ, မကွဲကွာ, ချမ်းသာမရွံရှား၊
မိစ္ဆာရှောင်နှင့်, မြတ်သောကျင့်, ရသင့်အကျိုးများ၊ (ခု၊ ဋ္ဌ၊ ၂၄)

၅။ လိမ်လျှင်ပါယ်ကျ, လူဖြစ်က, ခံရစွပ်စွဲများ၊

(ခ) ခံတွင်းမွှေးစွာ, သွားညီညာ, လိုက်နာသူ့စကား၊
လုံးရပ်ညီညာ, ပြောချိုစွာ, မုသာရှောင်ကျိုးများ၊ (ခု၊ ဋ္ဌ၊ ၂၄)

၆။ ကုန်းချောပါယ်ကျ, လူဖြစ်က, ကွဲရမိတ်ဆွေများ၊ (မ၊ ၃၊ ၃၈)

၇။ ဆဲဆိုပါယ်ကျ, လူဖြစ်က, ကြားရသံဆိုးများ၊ (အံ၊ ၃၊ ၃၈)

၈။ နှစ်မဲ့ပြောမှာ, ပါယ်လားကာ, မနာသူ့စကား၊ (အံ၊ ၃၊ ၃၈)

၂၄။ ဒေါသမီးလျှံ, အကျည်းတန်, သည်းခံလှပသည်၊ (မ၊ ၃၊ ၂၅)

၂၈။ မနာလိုမှာ, ခြွေရံကွာ, ကြည်သာခြွေရံစည်၊ (မ၊ ၃၊ ၂၄၅)

၂၉။ မပေးလိုက, မွဲပြာကျ, လှူမှပေါကြွယ်သည်၊ (မ၊ ၃၊ ၂၄၅)

၃၃။ မရိုမသေ, မျိုးယုတ်ချေ, ရိုသေမျိုးမြတ်သည်၊ (မ၊ ၃၊ ၂၄၅)

၄၀။ မမေးမမြန်း, ဉာဏ်မြင်ကန်း, စုံစမ်းဉာဏ်ကြီးသည်၊ (မ၊ ၃၊ ၂၄၅)

သုတ္တနိပါတ်ပါဠိတော်
ပါရာယဏဝဂ် အဇိတသုတ်
တရားတော်ကြီး ဆောင်ပုဒ်များ

▬▬▬▬▬▬▬▬▬

(က) ဦးခေါင်းဆိုတာ, ဘယ်အရာ, ခေါင်းပြတ်တာကအဘယ်နည်း၊

(ခ) လေးပါသစ္စာ, မသိတာ, အဝိဇ္ဇာ ဦးခေါင်းမှတ်၊
သဒ္ဓါဆန္ဒ, ဝီရိယနှင့်, မှတ်ရသတိ, သမာဓိယှဉ်,
ဉာဏ်သိမြင်, ဝဋ်စဉ် ဦးခေါင်းပြတ်။

၁။ ဘယ်သင်းကဖုံး, လောကလုံး, ဉာဏ်တုံးရသနည်း၊

၂။ အဝိဇ္ဇာဖုံး, လောကလုံး, ဉာဏ်တုံးရသနည်း၊

၃။ ဘယ့်ကြောင့်လူရှင်, မပေါ်ထင်, ဂုဏ်အင်ညံ့သနည်း၊

၄။ ဝန်တိုမေ့လျှင်, မပေါ်ထင်, ဂုဏ်အင်ညံ့သတည်း၊

၅။ မျောက်နှဲစေးနှယ်, လောကဝယ်, ငြိတွယ်ဘယ်သင်းနည်း၊

၆။ မျောက်နှဲစေးနှယ်, လောကဝယ်, ငြိတွယ်တဏှာတည်း၊

၇။ ကြောက်ဖွယ်ကောင်းစွာ, ဘေးကြီးမှာ, ဘယ်ဟာခေါ်သနည်း၊

၈။ ကြောက်ဖွယ်ကောင်းစွာ, ဘေးကြီးမှာ မှတ်ပါဆင်းရဲတည်း၊

၉။ နေရာတိုင်းတွင်, စီးသွင်သွင်, ရေလျဉ်များလှသည်၊
ဘယ်ဖြင့်ဆီးတား, ရေလျဉ်းများ, ခေါင်းပါးပါသနည်း၊
ဘယ်ဖြင့်ပိတ်လျှင်, ထိုရေလျဉ်, အစဉ်ပြတ်သနည်း၊

၁၀။ ရေလျဉ်တူစွာ, ကိလေသာ, လူ့ရ ွာစီးနေသည်၊
သတိဖြင့်တား, ရေလျဉ်များ, ခေါင်းပါးလေတော့သည်။
ဉာဏ်ဖြင့်ပိတ်လျှင်, ထိုရေလျဉ် အစဉ်ပြတ်တော့သည်၊

၁၁။ သတိပညာ, နာမ်ရုပ်မှာ, ရှိရာသေးသတည်း၊
သူတို့အစုရုံး, အကုန်လုံး, ချုပ်ဆုံးဘယ်မှာနည်း၊

၁၂။ အကြင်နိဗ္ဗာန်, ရောက်ရိုးမှန်, ရုပ်နာမ်အကုန်ချုပ်၊
ကံဝိညာဏ်တုံး, စုတိဆုံး, အားလုံးထိုမှာချုပ်၊

၁၃။ ကျင့်ပြီးတဖြာ, ကျင့်ဆဲပါ, အရိယာနှစ်မျိုးကွဲ၊
သူတို့စိတ်ထား, အကျင့်ကား, အလားဘယ်သို့လဲ၊

၁၄။ ကာမဂုဏ်ထဲ, မတပ်စွဲ,
စိတ်လဲကြည်လတ်, ကျင့်ဆဲမှတ်၊
တရားတိုင်းတွင်, ဉာဏ်သက်ဝင်,
ကျွမ်းကျင်သိတတ် ကျင့်ပြီးမှတ်၊
အမှတ်ရမှု, သတိပြု,
ရှေးရှုသွားတတ်, ၂-ဦးလုံးမှတ်။

သုတ္တနိပါတ်ပါဠိတော်
ပါရာယဏဝဂ် ဟေမကသုတ်
တရားတော် ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

ဟေမကအမေး -

၁။ ဘုရားဆုံးမ, အပြင်မှ, ရှေးကဟောကြတာ၊
၂။ ဖြစ်ခဲ့ပြီတဲ့, ဖြစ်မည်တဲ့, တကဲ့နှင့်ချည်းသာ၊
၃။ ကြံဆတိုးပွား, ထိုတရား, ကျွန်ကားမကြိုက်ပါ၊
၄။ တဏှာပယ်ရှား, မြတ်တရား, ဟောကြားညွှန် ပြပါ၊
၅။ မှတ်ပြုကျင့်ငြား, အကြင်တရား, ထင်ရှားသိသူမှာ၊
၆။ လောကငြိစွဲ, ကျော်လွန်မြဲ, ထိုပဲဟောပြပါ၊

ဘုရားအဖြေ -

၁။ မြင် ကြား ရောက်တယ်, သိတာရယ်, ချစ်ဖွယ်လေးမျိုးမှာ၊
၂။ လိုလားနှစ်ြုခိက်, ပယ်ဖျောက်လိုက်, အမြိုက်နိဗ္ဗာန်ပါ၊
၃။ နိဗ္ဗာန်သိရွှေ့, တရားတွေ့, မှတ်လေ့ရှိသူမှာ၊
၄။ ငြိမ်းအေးအမြဲ, လောကထဲ, ငြိစွဲလွန်မြောက်ပါ၊

(မာလုကျပုတ္တသုတ်မှ စာမျက်နှာ ၁၃၊ ဂါထာဆောင်ပုဒ်များနှင့် တွဲ၍ဟောသည်)။

သုတ္တနိပါတ်ပါဠိတော်
ပုရာဘေဒသုတ်
တရားတော် ဆောင်ပုဒ်များ

▬▬▬▬▬▬▬▬▬

၁။ ဘယ်သို့သိမြင်, လေ့ကျင့်လျှင်, မည်တွင်သန္တခေါ်သနည်း၊ (၁-ဂါထာ)

၂။ မသေပျက်ချင်, တဏှာစင်၍,
ရှေ့တွင်မရှိ, နောက်ဆီမမျှော်,
မခေါ်ဝေါ်ရ, လယ်ဌာန သန္တပုဂ္ဂိုလ်မည်၊ (၂-ဂါထာ)

၃။ အမျက်မပွား, မလန့်ငြားတည့်,
အကြွားဝါခြင်း, ကုက္ကုစ်ကင်း၍,
ဆိုလျှင်းချိန်ချင့်, မပျံ့လွင့်,
ခြောက်ဆင့်သူ့ဂုဏ်ရည်၊(၃-ဂါထာ)

၄။ တွန့်ဆုတ်သယောင်, ဟန်ဆောင်မပြ,
မတောင့်တလျှင်း, ဝန်တိုကင်း၍,
ကြမ်းခြင်းရွံဖွယ်, အရှင်းပယ်လျက်,
ချစ်ပြယ်စကား,မပြောကြား,
ခုနစ်ပါးသူ့ဂုဏ်ရည်၊ (၅-ဂါထာ)

၅။ သာယာဖွယ်အတွင်း, မစီးဆင်းသည့်,
မာန်ကင်းသိမ်မွေ့, ထင်ဉာဏ်တွေ့လျက်,
ယုံလေ့ကင်းကာ, တပ်မက်ကွာ,
ခြောက်ဖြာ သူ့ဂုဏ်ရည်၊ (၆-ဂါထာ)

၆။ ရှုမှတ်အစဉ်, လျစ်လျူထင်၍,
သုံးအင်မာန, ပယ်နိုင်မှ,
သန္တပုဂ္ဂိုလ်မည်၊ (၈-ဂါထာ)

(၁၃၂၂-ခု၊ ဝါဆိုလကွယ်နေ့ ဟောသည်။)

အာဒိတ္တသုတ်
တရားတော် ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

ရာဂ ဒေါသ, မောဟတဖြာ၊
ဖြစ် အို သေရေး, ပူဆွေးငိုတာ။
ကိုယ် စိတ်ဒုက္ခ, ပူရပြင်းစွာ၊
ကိုယ်တွင်းမီး, ထိန်ညီးဆယ့်တဖြာ။

မြင်ကြားသိတိုင်း, မဆိုင်းမှတ်ပါ၊
ရုပ်နာမ်မမြဲ, ဆင်းရဲချည်းသာ။
ငါကောင်လဲပျောက်, မျက်မှောက်မြင်ကာ၊
ဆယ့်တစ်သီး, ဤမီးငြိမ်းစေရာ။

စူဠဝိဘင်္ဂသုတ်
တရားတော် ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

၁။ သူ့ကိုသတ်ဖြတ်, သက်တိုတတ်, မသတ်အသက်ရှည်၊
၂။ ညှဉ်းဆဲသူကား, အနာများ, သနားကျန်းမာသည်၊
၃။ ဒေါသမီးလျှံ, အကျည်းတန်, သည်းခံလှပသည်၊
၄။ မနာလိုမှာ, ခြွေရံကွာ, ကြည်သာခြွေရံစည်၊
၅။ မပေးလှူက, မွဲပြာကျ, လှူမှပေါကြွယ်မည်၊
၆။ မရိုမသေ, မျိုးယုတ်ချေ, ရိုသေမျိုးမြတ်သည်၊
၇။ မမေးမမြန်း, ဉာဏ်မြင်ကန်း, စုံစမ်းဉာဏ်ကြီးသည်၊
၈။ ဆိုးတာပြုက, ဆိုးတာရ, ကောင်းမှကောင်းစားသည်၊
၉။ ဆိုးကောင်းနှစ်တန်, ကံစီမံ, ခံစံကြရသည်၊

ကောင်းမြတ်ခြင်းလေးဖြာ
မင်္ဂလာ တရားတော်

▬▬▬▬▬▬▬▬

၁။ အိုသည်တိုင်အောင် ကောင်းတာ ဘယ်ဟာလဲ၊
အိုသည်တိုင်အောင် ကောင်းတာ ကိုယ်ကျင့်သီလပဲ၊

၂။ ခိုင်မြဲတည်တံ့လျှင် ကောင်းတာ ဘယ်ဟာလဲ၊
ခိုင်မြဲတည်တံ့လျှင် ကောင်းတာ သဒ္ဓါတရားပဲ၊

၃။ လူ့ရတနာ ဘယ်ဟာလဲ၊
လူ့ရတနာ အသိအလိမ္မာ ပညာပဲ၊

၄။ မခိုးနိုင်တာ ဘယ်ဟာလဲ၊
မခိုးနိုင်တာ ကုသိုလ်ကောင်းမှုပဲ၊

နတ်ပြည်မှမှာတမ်း စကားသုံးခွန်း

၁။ သုဂတိသို့ ရောက်ပါစေ၊
၂။ ကောင်းသောရခြင်းရပါစေ၊
၃။ ကောင်းကောင်းခိုင်မြဲတည်တံ့ပါစေ၊

သုမနာထေရီဖြစ်စဉ် ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

လူ ကြက်မကြီး, မင်းသမီးတဖြာ,
ဗြဟ္မာ သဌေး, ဝက်ကလေးဖြစ်ရ,
သုဝဏ္ဏ ဗာရာ, ဝနဝါနှင့်,
သုပါရက, ကာဝီရမှ,
သီဟဠနရာ, ဘောက္ကန်ရွာဟု ဖြစ်ရာပေါင်းစု,
ဆယ့်သုံးခုသည်, မယ်သုမနာဖြစ်စဉ်တည်း။

အနုပဒသုတ်မှ
ကောက်နုတ်ချက် ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

၁။ သမထယာဉ်, ဈာန်ပြီးလျှင်, ဈာန်ပင်ပြန်ရှုသည်၊
၂။ ဝိပဿနာ, ယာနိကာ, တူစွာရှုရသည်၊
၃။ မြင်ကြားတွေ့ရာ, ပေါ်တိုင်းသာ, လိုက်ကာရှုရသည်။

၁။ ဈာန်မှာထင်ရှား, ဆယ့်ခြောက်ပါး, ပိုင်းခြားရှုလေသည်၊
၂။ မထင်မရှား, ရုပ်နာမ်များ, စဉ်းစားမရှုပြီ၊
၃။ ထိုနည်းတူစွာ, ထင်ရှားရာ, မှတ်ကာရှုရသည်၊
၄။ မျက်မှောက်မမြင်, တွေးဆင်ခြင်, ရှုလျှင်အတုမည်။

၁။ နေဝသညာ, သိမ်မွေ့စွာ, ခွဲကာမရှုပြီ၊
၂။ ရှေးဈာန်နှင့်မှီး, ကလာပ်နည်း, ပေါင်းစည်းရှုလေသည်၊
၃။ မထင်ရှားရာ, ထိုနည်းသာ, နှိုင်းကာရှုရသည်။

၁။ ကိုယ်တွင်းထင်ရှား, ရုပ်နာမ်များ, ပိုင်းခြားရှုရသည်၊
၂။ အပြင်ပ၌, မခွဲထိုက်, ပေါင်းလိုက်ရှုရသည်၊
၃။ သာဝကမှာ, ဤမျှလာ, ရှုရာတရားမည်။

ဓမ္မပဒပါဠိတော်
အဆိုးဆုံးနှင့် အကောင်းဆုံး တရားတော်

▬▬▬▬▬▬▬▬▬

နတ္ထိ ရာဂသမော အဂ္ဂိ, နတ္ထိ ဒေါသသမော ကလိ၊
နတ္ထိ ခန္ဓသမာ ဒုက္ခာ, နတ္ထိ သန္တိ ဂရံ သုခံ။

ရာဂမီးအကြီးဆုံး, ဒေါသအပြစ် အညစ်ဆုံး၊
ခန္ဓာဆင်းရဲ အသဲဆုံး, ငြိမ်းအေးတာ အချမ်းသာဆုံး။

ရာဂမီး အပြီးငြိမ်းအောင်, ဒေါသအပြစ် မဖြစ်ပေါ်အောင်, ခန္ဓာဆင်းရဲ ပြတ်စဲ သွားအောင်, ငြိမ်းအေးတာ လျင်စွာရအောင် သတိထား၍ ကြိုးစား အားထုတ်ရမည်။

အတိုအထွာဆောင်ပုဒ်များ

▬▬▬▬▬▬▬▬▬

(က) ပဓာနိယင်္ဂငါးပါး

ယုံကြည်ကျန်းမာ, ဖြောင့်စွာစိတ်ထား, ကြိုးစားတွင်တွင်, ဖြစ်ပျက်မြင်, ငါးအင် အားထုတ်ကြောင်း၊

(ခ) ပကတိလူတို့အား မြင်ဆဲ၌ ဖြစ်ရိုးဖြစ်စဉ်

ထင်ဆဲဆင်းဓာတ်, မြင်လတ်စစွာ၊
မြင်ပြီးတရား, စဉ်းစားပြန်ရာ။
သဏ္ဌာန်ဒြဗ်, ပညတ်ပေါ်လာ၊
မည်နာမ, သိရနောက်ဆုံးမှာ။

(ဂ) ဝိပဿနာယောဂီတို့အား မြင်ဆဲ၌ ဖြစ်ရိုးဖြစ်စဉ်

မြင်လျှင်မြင်ချင်း, လက်ငင်းမှတ်လျှင်၊
မြင်ရုံတွင်ပဲ, ရပ်စဲစိတ်စဉ်။
ရုပ်နာမ်တွဲလျက်, ဖြစ်ပျက်သိမြင်၊
အနိစ္စ, ဒုက္ခသဘောထင်။

(ဃ) မြင်ဆဲ၌ ရုပ်နာမ် ဒုက္ခသစ္စာခွဲပုံ

မျက်စိ+မြင်ရ, ရုပ်ကနှစ်ဖြာ၊
မြင်+တွေ့+ခံစား, နာမ်ကားသုံးဖြာ။
မြင်စဉ်တွေ့ရ, ဒုက္ခသစ္စာ၊
မြင်တယ်ဟု, မှတ်ရှုသိရပါ။
[ကြားဆဲစသည်၌လည်း နည်းတူပင် သိပါ]။

(င) သစ္စာလေးပါး ဆောင်ပုဒ်

၁။ ထိမှု, သိမှု,မြင်မှု, ကြားမှုစသော ဖြစ်ပျက်သမျှ ရုပ်နာမ်အပေါင်းက ဒုက္ခသစ္စာ၊
၂။ နှစ်သက်သာယာ, တောင့်တလိုချင်တာက သမုဒယသစ္စာ၊
၃။ ဖြစ်ပျက်မှုဟူသမျှ ချုပ်ငြိမ်းကင်းပြတ်ရာသဘောက နိရောဓသစ္စာ၊
၄။ ထိုချုပ်ငြိမ်းရာကို ဆိုက်ရောက်၍ မျက်မှောက်သိမြင်တာက မဂ္ဂသစ္စာ၊

(စ) သစ္စာလေးပါးကို တပြိုင်နက် သိပုံ

၁။ မဂ်ခဏ၌ နိဗ္ဗာန်ကို မျက်မှောက်ပြု သိသဖြင့် ကြွင်းသော သစ္စာ ၃-ပါး၌လည်း သိခြင်းကိစ္စ ပြီးသည်၊

၂။ ဝိပဿနာရှုခိုက်၌ ဒုက္ခသစ္စာကို သိသဖြင့် ကြွင်းသော သစ္စာ ၃-ပါးကိုလည်း သိခြင်းကိစ္စ ပြီးသည်၊

(ဆ) အနုသယနှစ်မျိုး ဆောင်ပုဒ်

၁။ သတ္တဝါတဦး ၏သန္တာန်၌ အရိယမဂ်ဖြင့် မပယ်ရသေးသောကြောင့် အကြောင်း ညီညွတ်တိုင်းဖြစ်ပေါ်နိုင်သော ကိလေသာကို သန္တာနာနုသယဟု ခေါ်သည်။

ဣန္ဒြေထက်ကြောင်း ၉-ပါးဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

၁။ ဣန္ဒြေငါးပါး, ထက်ကြောင်းများ, ၉-ပါးရှိလေသည်၊
၂။ ဖြစ်တိုင်းရုပ်နာမ်, ချုပ်ပျက်ဟန်, ဧကန်ရှုရမည်၊ (၁)
၃။ ရှုမှတ်မှုမှာ, ရိုသေကာ, ကောင်းစွာပြုရမည်၊ (၂)
၄။ မနားမရပ်, ခြားမပြတ်, ရှုမှတ်မြဲရမည်၊ (၃)
၅။ သင့်လျော်လှစွာ, ခုနစ်ဖြာ, ကောင်းစွာမှီရမည်၊ (၄)
၆။ စိတ်တည်ကြည်ကြောင်း, နိမိတ်ဟောင်း, ကောင်းကောင်း မှတ်ရမည်၊ (၅)
၇။ သင့်တော်လျောက်ပတ်, ဗောဇ္ဈမြတ်, မပြတ်ပွားရမည်၊ (၆)
၈။ ကိုယ်နှင့်အသက်, မငဲ့ကွက်, ရက်စက်နိုင်ရမည်၊ (၇)
၉။ ရှုစဉ်ပေါ်ရိုး, ဆင်းရဲမျိုး, လွှမ်းမိုးပယ်ရမည်၊ (၈)
၁၀။ လမ်းဆုံးမရောက်, လက်မမြှောက်, တောက်လျှောက်သွားရမည်၊ (၉)
၁၁။ ဉာဏ်နုံ့သောအခါ, ဤကိုးဖြာ, ဆိုင်ရာပွားရမည်၊

သမ္ပဇဉ်တရား ၄-ပါး ဆောင်ပုဒ်

သာတ္ထကသမ္ပဇဉ်
၁။ ကျိုးရှိသလား, မရှိလား, စဉ်းစားတာက သာတ္ထက

သပ္ပါယသမ္ပဇဉ်
၂။ သင့်တော်ရဲ့လား, မတော်လား, စဉ်းစားတာက သပ္ပါယ

ဂေါစရသမ္ပဇဉ်
၃။ ရုပ်ဓာတ်နာမ်ဓာတ်, စဉ်မပြတ်, ရှုမှတ်တာက ဂေါစရ

အသမ္မောဟသမ္ပဇဉ်
၄။ မမြဲဆင်းရဲ, ရုပ်နာမ်ပဲ, သိကွဲတာက အသမ္မောဟ

(ဓာတုမနသိကာရအတွက် ဆောင်ပုဒ်များကို ဝိပဿနာ အခြေခံ တရားတော် စာအုပ်၌ ကြည့်ပါ။)

မဟာသတိပဋ္ဌာနသုတ် နီဝရဏပိုင်း ဆောင်ပုဒ်များ

▬▬▬▬▬▬▬▬▬▬

၁-ကာမစ္ဆန္ဒ

▬▬▬▬

၁။ တင့်တယ်ဟန်အား, ရှုစဉ်းစား, ဖြစ်ပွားကာမစ္ဆန်၊
၂။ မတင့်တယ်အား, ရှုစဉ်းစား, ပယ်ရှားကာမစ္ဆန်၊
၃။ မမြဲတာကို မြဲသည်ဟု ရှုတာက အယောနိသောမနသိကာရ
၄။ မမြဲတာကို မမြဲဟုရှုတာက ယောနိသောမနသိကာရ
၅။ ဆင်းရဲကို ချမ်းသာဟု ရှုတာက အယောနိသောမနသိကာရ
၆။ ဆင်းရဲကို ဆင်းရဲဟုရှုတာက ယောနိသောမနသိကာရ
၇။ ငါကောင် မဟုတ်တာကို ငါကောင်ဟု ရှုတာက အယောနိသော မနသိကာရ
၈။ ငါကောင်မဟုတ်တာကို ငါကောင်မဟုတ်ဟု ရှုတာက ယောနိသော မနသိကာရ
၉။ မတင့်တယ်တာကို တင့်တယ်သည်ဟု ရှုတာက အယောနိသော မနသိကာရ
၁၀။ မတင့်တယ်တာကို မတင့်တယ်ဟု ရှုတာက ယောနိသော မနသိကာရ
၁၁။ ရွံဖွယ်ထင်စေ, ပွားလျက်နေ, ဣန္ဒြေစောင့်စည်းရာ၊
၁၂။ စားသောက်တိုင်းရှည်, မိတ်ကောင်းစေ, ပြောလေသင့်လျော်သာ၊
၁၃။ ကာမစ္ဆန္ဒ, ပယ်ကြောင်းပြ, ခြောက်ဝ အဋ္ဌကထာ၊

၂-ဗျာပါဒ

▬▬▬

၁။ စိတ်ဆိုးဖွယ်များ, ရှုစဉ်းစား, ဖြစ်ပွား ဗျာပါဒ
၂။ မေတ္တာတရား, ရှေးရှုပွား, ပယ်ရှား ဗျာပါဒ
၃။ မေတ္တာထင်စေ, ပွားလျက်နေ, ရှုလေ ကံဥစ္စာ၊
၄။ ဆင်ခြင်များစေ, မိတ်ကောင်းစေ, ပြောလေသင့်လျော်သာ၊
၅။ ဗျာပါဒေါသ, ပယ်ကြောင်းပြ, ခြောက်ဝ အဋ္ဌကထာ၊

၃-ထိနမိဒ္ဓ

▬▬▬▬

၁။ ပျင်းရိဖွယ်များ, ရှုစဉ်းစား, ဖြစ်ပွား ထိုင်းမှိုင်းမှု၊
၂။ လုံ့လသုံးပါး, နှလုံးထား, ပယ်ရှား ထိုင်းမှိုင်းမှု၊
၃။ အစားလွန်ကြဉ်, နေထိုင်ပြင်, ဆင်ခြင်ရောင်လင်းမှာ၊
၄။ လွင်ပြင်မှာနေ, မိတ်ကောင်းစေ, ပြောလေသင့်လျော်သာ၊
၅။ ထိနမိဒ္ဓ, ပယ်ကြောင်းပြ, ခြောက်ဝ အဋ္ဌကထာ၊

၄-ဥဒ္ဓစ္စကုက္ကုစ္စ

▬▬▬▬▬

၁။ ပူပန်ဖွယ်များ, ရှုစဉ်းစား, ဖြစ်ပွားပျံ့-ပူပန်၊
၂။ ငြိမ်းအေးတရား, ရှုပွားများ, ပယ်ရှားပျံ့-ပူပန်၊
၃။ များစွာကြားမြင်, မေးမြန်းလျှင်, ကျွမ်းကျင်ဝိနည်းမှာ၊
၄။ ကြီးသူမှီနေ, မိတ်ကောင်းစေ, ပြောလေသင့်လျော်သာ၊
၅။ ပျံ့လွင့်-ပူပန်, ပယ်ကြောင်းမှန်, ခြောက်တန် ဋ္ဌ-မိန့်မှာ၊

၅-ဝိစိကိစ္ဆာ

▬▬▬▬

၁။ မယုံဖွယ်များ, တွေးစဉ်းစား, ယုံမှားဖြစ်တတ်သည်၊
၂။ ကုသိုလ်စသား, ရှုပိုင်းခြား, ယုံမှားကင်းပျောက်သည်၊
၃။ များစွာကြားမြင်, မေးမြန်းလျှင်, ကျွမ်းကျင်ဝိနည်းမှာ၊
၄။ ဆုံးဖြတ်များပေ, မိတ်ကောင်းစေ, ပြောလေသင့်လျော်သာ၊
၅။ ယုံမှားပယ်ရန်, ကြောင်းခြောက်တန်, ထုတ်ပြန်အဋ္ဌကထာ၊

(ခန္ဓာဓမ္မာနုပဿနာအတွက် ဆောင်ပုဒ်များကို ဝိပဿနာ အခြေခံ တရားတော်၌ ကြည့်ပါ။)

အာယတနဓမ္မာနုပဿနာ ဆောင်ပုဒ်များ

▬▬▬▬▬▬

မျက်စိကိုလည်း သိရမည်၊ အဆင်းကိုလည်း သိရမည်၊ ထိုနှစ်မျိုးကိုမှီ၍ ဖြစ်ပေါ် လာသော သံယောဇဉ်ကိုလည်း သိရမည်၊ သံယောဇဉ် ဖြစ်ပေါ်ကြောင်း တရား ကိုလည်း သိရမည်၊ သံယောဇဉ်ပယ်ကြောင်း တရားကိုလည်း သိရမည်၊ သံယောဇဉ် ငြိမ်းကြောင်း တရားကိုလည်း သိရမည်။

၁။ အာရုံငါးဝ, တပ်စွဲက, ကာမသံယောဇဉ်
၂။ သုံးပါးဘဝ, တပ်စွဲက, ဘဝသံယောဇဉ်
၃။ အမျက်ဒေါသ, စိတ်ဆိုးက, ပဋိဃသံယောဇဉ်
၄။ ကိုယ်သာတော်လှ, ထင်မှတ်က, မာနသံယောဇဉ်
၅။ ရုပ်နာမ်ကိုပဲ, ငါကောင်စွဲ, ယူလွဲဒိဋ္ဌိပင်၊
၆။ တရားမှန်တွင်, မယုံချင်၍, ဆင်ခြင်နှိုင်းညှိ, ဝေဖန်ကြည့်, ဝိစိကိစ္ဆာပင်၊
၇။ နွားခွေးတူစွာ, ကျင့်တာကောင်းမြတ်, ယူစွဲမှတ်, သီလဗ္ဗတပင်၊
ပူဇော်ပသ, လေ့ကျင့်မျှဖြင့်, ဘဝနောင်ခါ, မြဲချမ်းသာ, ယူတာလဲပဲ, ၎င်းပင်၊
၈။ ကိုယ့်ထက်သူများ, ကောင်းစားသည်ကို, မနာလို, ခေါ်ဆိုဣဿာပင်၊
၉။ ကိုယ့်လိုသူများ, ကောင်းစားမည်မှ, ဝန်တိုက, မစ္ဆရိယပင်၊
၁၀။ သစ္စာလေးတန်, ကြောင်းပြန်ထင်တာ, မသိတာ, အဝိဇ္ဇာသံယောဇဉ်
၁၁။ ဝဋ်ဆင်းရဲမှ, မလွတ်ရအောင်, ချည်နှောင်တတ်စွာ, ဤဆယ်ဖြာ, အဘိဓမ္မာ သံယောဇဉ်

အရိယာအသီးသီးတို့မှာ ကင်းငြိမ်းသော သံယောဇဉ်များ

၁။ ဒိ-ဝိ-သိ-ဣ, မစ္ဆရိ, ကင်း၏ သောတာပန်၊
၂။ ကာမရာဂ, ပဋိဃ, ကင်းပအနာဂါမ်၊
၃။ ဘဝ-မာနာ, အဝိဇ္ဇာ, ကင်းကွာ အရဟံ၊

ဗောဇ္ဈင်္ဂဓမ္မာနုပဿနာ ဆောင်ပုဒ်များ

▬▬▬▬▬▬▬▬▬

(က) သစ္စာ ၄-ပါးသိသူ၏ အကြောင်းအင်္ဂါကို ဗောဇ္ဈင်ဟု ခေါ်သည်၊
(ခ) သစ္စာ ၄-ပါးသိမှု၏ အစိတ်အပိုင်းကိုလည်း ဗောဇ္ဈင်ဟု ခေါ်သည်။

၁။ အပိလာပန လက္ခဏာ သတိ, အသမ္မောဟရသာ၊ အာရက္ခ ပစ္စုပဋ္ဌာနာ, ဝိသယာဘိမုခဘာဝ ပစ္စုပဋ္ဌာနာဝါ။

မလွတ်စတမ်း, စောင့်ဖမ်းနေသည်၊ (လက္ခဏာ)
ဖြစ်ပျက်သရွှေ့, မမေ့စေပြီ။ (ရသ)
အာရုံရှေ့ရှု, စောင့်မှုထင်သည်၊ (ပစ္စုပဋ္ဌာန်)
မြတ်သတိ, မှတ်သိဗောဇ္ဈင်မည်။

(က) သတိသမ္ပဇဉ်, အမြဲယှဉ်, ထိုတွင် စိတ်လွတ်ရာ၊
(ခ) မေ့သူရှောင်လွှဲ, သတိမြဲ, မှီဝဲဆည်းကပ်ပါ၊
(ဂ) သတိပွားရေး, အကြောင်းလေး, ညွှန်းသေး အဋ္ဌကထာ၊

၁။ ပဝိစိနနလက္ခဏာ ဓမ္မဝိစယော၊ ဝိသယောဘာသန ရသော, အသမ္မောဟပစ္စုပဋ္ဌာနော။

၂။ ရုပ်နာမ်ခွဲခြင်း, စူးစမ်းသိသည်၊ (လက္ခဏာ)
သဘောမှန်များ, ထင်ရှားစေသည်။ (ရသ)
တွေဝေမှုကင်း, ရှင်းရှင်းသိသည်၊ (ပစ္စုပဋ္ဌာန်)
ဓမ္မဝိ, မှတ်သိ ဗောဇ္ဈင်မည်။

(က) မေးမြန်းသန့်စင်, ညီမျှယှဉ်, ထိုတွင်စိတ်ညွှတ်ရာ၊
(ခ) ဉာဏ်မဲ့ရှောင်ကြဉ်, ဉာဏ်ရှိယှဉ်, ဆင်ခြင်နက်နဲမှာ၊
(ဂ) ဉာဏ်ဖြစ်ကြောင်းများ, ခုနစ်ပါး, ညွှန်ကြားအဋ္ဌကထာ၊

၃။ ဥဿာဟလက္ခဏံ ဝီရိယံ, ဥပတ္ထမ္ဘနရသံ၊ အသံသီဒနဘာဝပစ္စုပဋ္ဌာနံ။

၃။ ကြောင့်ကြပြုလုပ်, အားထုတ်တတ်သည်၊ (လက္ခဏာ)
စိတ်အားတတ်ရေး, အားပေးတတ်သည်။ (ရသ)
မဆုတ်နစ်ပဲ, စိတ်ဇွဲသန်သည်၊ (ပစ္စုပဋ္ဌာန်)
ဝီရိယ, မှတ်ကြဗောဇ္ဈင်မည်။

(က) အပါယ်ဘေးဆင်ခြင်, အာနိသင်, လမ်းစဉ်ရိုသေပါ၊
(ခ) ဆွမ်းအကျိုးတုံ့ပြန်, မြတ်မွေခံ, ရှုရန်မြတ်ဆရာ၊
(ဂ) သာကီမျိုးတော်, ကျင့်သုံးတော်, ရှုမျှော်ဆင်ခြင်ပါ၊
(ဃ) ပျင်းသူကိုကြဉ်, ဇွဲကောင်းယှဉ်, ထိုတွင်စိတ်ညွတ်ရာ၊
(င) ဝီရိပွားရန်, ဆယ့်တစ်တန်, ထုတ်ပြန်အဋ္ဌကထာ၊

၄။ သမ္ပိယာယနလက္ခဏာ ပီတိ၊ ဖရဏရသာ၊ ဩဒဂျပစ္စုပဋ္ဌာနာ။

၄။ နှစ်သိမ့်ရောင့်ရဲ, ဝမ်းလဲမြောက်သည်၊ (လက္ခဏာ)
ရုပ်ကောင်းရုပ်သန့်, ပျံ့နှံ့စေသည်။ (ရသ)
ကိုယ်စိတ်ပေါ့လျက်, ကြွတက်ထင်သည်။ (ပစ္စုပဋ္ဌာန်)
မြတ်ပီတိ, မှတ်ဘိ ဗောဇ္ဈင်မည်။

(က) ရတနာသုံးပုံ, သီလဂုဏ်, စွန့်ပုံအောက်မေ့ပါ။
(ခ) နတ်ဖြစ်ဖွယ်စု, ငြိမ်းအေးမှု, တွေးရှုအောက်မေ့ပါ။
(ဂ) မွဲခြောက်သူကြဉ်, စိုပြည်ယှဉ်, ထိုတွင်စိတ်ညွတ်ရာ။
(ဃ) ကြည်ညိုဖွယ်ညွှန်ကြား, သုတ္တန်များ, စဉ်းစားဆင်ခြင်ပါ။
(င) ပီတိပွားရန်, ဆယ့်တစ်တန်, ထုတ်ပြန်အဋ္ဌကထာ။

၅။ ကာယစိတ္တ ဒရထဝူပသမလက္ခဏာ ပဿဒ္ဓိ၊ ကာယစိတ္တဒရထနိမ္မဒ္ဒနရသာ၊ ကာယစိတ္တာနံ အပရိပ္ဖန္ဒသီတိဘာဝ ပစ္စုပဋ္ဌာနာ၊

၅။ ကြောင့်ကြပူရေး, ငြိမ်းအေးနေသည်၊ (လက္ခဏာ)
ကြောင့်ကြပူခြင်း, နှိမ်နင်းပယ်သည်၊ (ရသ)
လှုပ်ရှားမှုကင်း, အေးခြင်းထင်သည်၊ (ပစ္စုပဋ္ဌာန်)
ပဿဒ္ဓိ, မှတ်သိသမ္ဗောဇ္ဈင်

(က) သောဇဉ် ဥတု, နေထိုင်မှု, မှီပြုသင့်မြတ်ရာ၊ (လက္ခဏာ)
(ခ) မလွန်မယုတ်, လုံ့လထုတ်, ကြမ်းကြုတ်သူရှောင်ပါ၊ (ရသ)
(ဂ) ငြိမ်းအေးသူတွင်, မှီဝဲယှဉ်, ထိုတွင်စိတ်ညွတ်ရာ၊ (ပစ္စုပဋ္ဌာန်)
(ဃ) ပဿဒ္ဓိပွား, ခုနစ်ပါး, ညွှန်ကြားအဋ္ဌကထာ။

၆။ အဝိက္ခေပလက္ခဏော သမာဓိ၊ သဟဇာတဓမ္မာနံ သမ္ပိဏ္ဍန ရသော၊ ဥပသမပစ္စုပဋ္ဌာနော။

၆။ ပျံ့လွင့်မထွက်, ကပ်လျက်တည်သည်။ (လက္ခဏာ)
တအာရုံတည်း, ပေါင်းစည်းစေသည်။ (ရသ)
ငြိမ်သက်သည်ဟု ရှေးရှုထင်သည်၊ (ပစ္စုပဋ္ဌာန်)
သမာဓိ, မှတ်သိဗောဇ္ဈင်မည်။

(က) ဝတ္ထုသန့်စင်, ညီမျှယှဉ်, ကျွမ်းကျင်နိမိတ်မှာ၊
(ခ) ကြွလျှင်နှိမ်လင့်, ကျလျှင်ပင့်, ရွှင်သင့်ရွှင်စေရာ၊
(ဂ) ညီမျှနေလျှင်, ရှုမြဲပင်, ထိုတွင်စိတ်ညွှတ်ရာ၊
(ဃ) ပျံ့လွင့်သူကြဉ်, တည်သူယှဉ်, ဆင်ခြင်ဈာန်မောက္ခာ၊
(င) သမာဓိပွား, ဆယ့်တစ်ပါး, ညွှန်ကြားအဋ္ဌကထာ။

၇။ သမဝါဟိတလက္ခဏာ ဥပေက္ခာ၊ ပက္ခပါတုပစ္ဆေဒရသာ၊ မဇ္ဈတ္တဘာဝပစ္စုပဋ္ဌာနာ၊ သမပဝတ္တာနံ အဇ္ဈုပေက္ခဏသာရထိ ဝိယ ဒဋ္ဌဗ္ဗာ။

၇။ ဥပေက္ခာက, ညီမျှစေသည်၊ (လက္ခဏာ)
တဘက်လိုက်ခြင်း, ပယ်ခွင်းတတ်သည်။ (ရသ)
လယ်ဗဟိုမျှ, ချိန်ကျနေသည်၊ (ပစ္စုပဋ္ဌာန်)
နွားစုံကောင်း, နှင်းမောင်းတူပေသည်။ (ဥပမာ)

(က) ပုဂ္ဂိုလ် ဝတ္ထု, လျစ်လျူရှု, ညွှတ်မှုထိုတွင်သာ၊
(ခ) ယုယသူအား, ပယ်ရှောင်ရှား, စိတ်ထားမျှသူမှီဝဲပါ၊
(ဂ) ဥပေက္ခာပွား, ကြောင်းငါးပါး, ညွန်ကြားအဋ္ဌကထာ၊

မဂ်ဝီထိစိတ်ဖြစ်စဉ် တရားတော် ဆောင်ပုဒ်များ

▬▬▬▬▬▬▬▬▬

၁။ ဝိပဿနာရှုဆဲ ယောဂီအား အရိယမဂ်ဉာဏ် ဖြစ်လိုလတ်သော် ထိုအခိုက်၌ ထင်ရှားသော အာရုံတခုခုကို နှလုံးသွင်းလျက် မနောဒွါရာဝဇ္ဇန်းစိတ် ရှေးဦးစွာ ဖြစ်ပေါ်လာသည်။

၂။ ထို့နောင် ထိုအာရုံကိုပင် မမြဲဟူ၍သော်လည်းကောင်း၊ ဆင်းရဲဟူ၍သော် လည်းကောင်း၊ သဘောတရားမျှ ဟူ၍သော်လည်းကောင်း သိလျက် ပရိကံ, ဥပစာ, အနုလုံ ဟုခေါ်သော ဇောစိတ် သုံးကြိမ် အစဉ်အတိုင်း ဖြစ်ပေါ်ကြသည်။

၃။ ထို့နောင် ဖြစ်ပျက်မှုသင်္ခါရ အားလုံးချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ကျရောက်သွားသော ဂေါတြဘူ ဇောစိတ် ဖြစ်ပေါ်သည်။

၄။ ထို့နောင် ထိုချုပ်ငြိမ်းရာ နိဗ္ဗာန်၌ပင် သက်ဝင်တည်နေလျက် မဂ်ဇောတကြိမ်, ဖိုလ်ဇောနှစ်ကြိမ်, အစဉ်အတိုင်း ဖြစ်ပေါ်ကြသည်။

၅။ ထို့နောင် ပဋိသန္ဓေက ရခဲ့သည့်အာရုံ၌ ဖြစ်နေကျဖြစ်သော ဘဝင်စိတ်များ ဖြစ်ပေါ်သွားကြသည်။

၆။ ထို့နောင် တွေ့သိပြီးခါစဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်တို့ကို ပြန်လှည့်၍ ဆင်ခြင်လျက် မနောဒွါရာ ဝဇ္ဇန်းတကြိမ်, ပစ္စဝေက္ခဏာဇော ၇-ကြိမ် အစဉ်အတိုင်း ဖြစ်ပေါ်ကြ ပြီးလျှင် ဘဝင်စိတ်များ ဖြစ်ပေါ်သွားသည်၊ ဤကား အရိယမဂ် ဝီထိအစဉ် ဖြစ်ပုံပေတည်း။

မဂ်ဝင်ပုံ ဥပမာ

၁။ မြောင်းခုန်လိုငြား, ယောက်ျားဇာနည်၊
ရှစ်လှမ်းပြေးသွား, ဟုန်အားယူပြီ။
နွယ်ကြိုးကိုင်စွဲ, ခုန်လွှဲလေသည်၊
ဟိုဘက်ကျ, လွှတ်ချကြံ့ကြံ့တည်။

မဂ်ဝင်ပုံဥပမေယျ

၂။ ဘဝဟိုကမ်း, မျှော်တမ်းယောဂီ၊
ဖြစ်ပျက်ဉာဏ်မှ, ပြေးစပြုသည်။
ရုပ်နာမ်ကိုင်စွဲ, သူလဲခုန်သည်၊
နိဗ္ဗာန်တွေ့, လွှတ်၍ပြေးဝင်သည်။

သောတာပတ္တိမဂ်၏ အကျိုးပြ ဆောင်ပုဒ်များ

▬▬▬▬▬▬▬▬▬

၁။ မပယ်ဖူးမြဲ, ကိလေခဲ, ဖောက်ခွဲပစ်ခွင်းသည်၊
၂။ အစမထင်, ဝဋ်ရေလျဉ်, ကင်းစင်ခြောက်စေသည်၊
၃။ အပါယ်လေးပါး, လမ်းပေါက်များ, တံခါးပိတ်စေသည်၊
၄။ အရိယဥစ္စာ, ခုနစ်ဖြာ, ကောင်းစွာရစေသည်၊
၅။ အင်္ဂါရှစ်ပါး, မဂ်လမ်းမှား, ပယ်ရှားသုတ်သင်သည်၊
၆။ ဘေးရန်ခပ်သိမ်း, ရှောင်ခွာတိမ်း, ကင်းငြိမ်းစေပါသည်၊
၇။ ဘုရားရင်နှစ်, သားတော်ဖြစ်, စင်စစ်ရောက်စေသည်၊
၈။ ရာပေါင်းများလှ, ကျိုးဖလ, မဂ်ကပေးပါသည်။

(၁၃၁၉-ခု၊ ကဆုန်လဆန်း ၈-ရက် စ၍ ဟောသည်။)

မဇ္ဈိမပဏ္ဏာသပါဠိတော် ရဋ္ဌပါလသုတ်လာ ဓမ္မုဒ္ဒေသ ၄-ပါး ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

၁။ ဥပနိယျတိ လောကော အဒ္ဒုဝေါ
အို နာ သေသို့, မောင်းနှင်ပို့, လူတို့မမြဲပါတကား။

၂။ အတာဏော လောကော အနဘိဿရော
စောင့်ရှောက်သူမဲ့, ကိုးရာမဲ့, အားနွဲ့လှချေပါတကား။

၃။ အဿကော လောကော သဗ္ဗံ ပဟာယ ဂမနီယံ
ကိုယ်ပိုင်ဥစ္စာ, မရှိပါ, စွန့်ကာသွားရမည်တကား။

၄။ ဦနော လောကော အတိတ္တော တဏှာဒါသော
လိုမပြည့်ဝ, အားမရ, တဏှာ့ကျွန်ချည်းပါတကား။
ဓမ္မုဒ္ဒေသ, ဤလေးဝ, ဗုဒ္ဓဟောကြား သတိထား။

ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ဥပါဒါပရိတဿနသုတ် တရားတော် ဆောင်ပုဒ်များ

▬▬▬▬▬▬▬▬▬

၁။ စွဲလမ်းလျှင် ဆာလောင်ပူပန်ရသည်၊ မစွဲလမ်းလျှင် ဆာလောင် ပူပန်မှု ကင်းတော့သည်။

၂။ တစုံတခုသောရုပ်နာမ်ကို ဆင်းရဲမထင်လျှင် ချမ်းသာသုခ ထင်တော့သည်၊ ချမ်းသာသုခထင်လျှင် ငါ့ဥစ္စာအနေဖြင့် ထင်မြဲစွဲလမ်းလေတော့သည်။

၃။ တစုံတခုသော ရုပ်နာမ်ကို မမြဲဟုမထင်လျှင် မြဲသည်ဟုထင်တော့သည်၊ မြဲသည်ဟုထင်လျှင် မာန်တက်လေတော့သည်။

၄။ တစုံတခုသော ရုပ်နာမ်ကို သဘောတရားမျှဟု မထင်လျှင် အတ္တကောင်ဟု ထင်တော့သည်၊ အတ္တကောင်ဟု ထင်လျှင် ငါ၏အတ္တဟု ထင်မြင်စွဲလမ်း လေတော့သည်။

လက္ခဏာ ရသ ပစ္စုပဋ္ဌာန် ဆောင်ပုဒ်များ

▬▬▬▬▬▬▬▬▬

တေသံ တေသံ ဓမ္မာနံ သဘာဝေါ ဝါ သာမညံ ဝါ လက္ခဏံ နာမ၊ ကိစ္စံ ဝါ သမ္ပတ္တိံ ဝါ ရသော နာမ၊ ဥပဋ္ဌာနာ ကာရော ဝါ ဖလံ ဝါ ပစ္စုပဋ္ဌာနံ နာမ၊ အာသန္နကာရဏံ ပဒဋ္ဌာနံနာမ။ (အဋ္ဌသာလိနီ-၁၀၅)

(၆၃၃) သာမညံ ဝါ သဘာဝေါဝါ, ဓမ္မာနံ လက္ခဏံ မတံ၊ ကိစ္စံဝါ တဿ သမ္ပတ္တိ, ရသောတိ ပရိဒီပိတော။

(၆၃၄) ဖလံဝါ ပစ္စုပဋ္ဌာနံ, ဥပဋ္ဌာနနယောပိ ဝါ၊ အာသန္နကာရဏံ ယံ တု, တံ ပဒဋ္ဌာနသညိတံ။

(အဘိဓမ္မာဝတာရ)

(၆၇) သဘာဝေါ လက္ခဏံနာမ, ကိစ္စသမ္ပဇ္ဇနာရသော၊ ဂယှာကာရော ဥပဋ္ဌာနံ, ပဒဋ္ဌာနံ တု ပစ္စယော။ (နာမရူပ ပရိစ္ဆေဒ)

(က) သဘာဝလက္ခဏာ ဟူသည်မှာ ရုပ်နာမ်တရားတို့ ၏ အထည်ကိုယ်ဟု ခေါ်ထိုက်သော ပင်ကိုရင်းသဘောပေတည်း။

(ခ) (ကိစ္စ) ရသဟူသည်မှာ ၎င်းရုပ်နာမ်တို့၏ အစွမ်းသတ္တိ ကိစ္စပေတည်း။

(ဂ) ပစ္စုပဋ္ဌာန် ဟူသည်မှာ ရှုမှတ်သောသူ၏အသိဉာဏ်ထဲ၌ ၎င်းရုပ်နာမ်တို့၏ ထင်ပေါ်လာသောအမူအရာပေတည်း၊

၁။ ကက္ခဠတ္တလက္ခဏာ ပထဝီဓာတု, ပတိဋ္ဌာနရသာ၊ သမ္ပဋိစ္ဆနပစ္စုပဋ္ဌာနာ၊ (အဋ္ဌကထာ)

ကြမ်းတမ်းမာခက်, ချောညက်တမည်၊ (လက္ခဏာ)
တည်ရာကိစ္စ, သူကပြုသည်။ (ရသ)
ခံလင့်ဆောင်ရေး, ပေါ့လေးထင်သည်၊ (ပစ္စု)
ပထဝီဓာတ်, သိမှတ်မြမတ်ယောဂီ။

(ဓမ္မသင်္ဂဏီပါဠိနှင့် ၎င်း၏ အဋ္ဌကထာတို့၌ ပထဝီကို ဂရုကံ လဟုကံဟု ဝေဖန် ဖွင့်ပြသည်နှင့်အညီ ပေါ့ခြင်း, လေးခြင်းကို ၎င်း၏ ပစ္စုပဋ္ဌာန်၌ သွင်း၍ပြသည်။)

၂။ ပဂ္ဃရဏလက္ခဏာ အာပေါဓာတု၊ ဒြဝလက္ခဏာဝါ၊ ဗြူဟနရသာ၊ သင်္ဂဟပစ္စုပဋ္ဌာနာ။

အရည်တနည်း, ယိုစီးတမည်၊ (လက္ခဏာ)
စိုထိုင်းဖွံ့ထွား, တိုးပွားစေသည်။ (ရသ)
စေးကပ်ပူးတွဲ, လုံးခဲထင်သည်။ (ပစ္စုပဋ္ဌာန်)
အာပေါဓာတ်, သိမှတ်မြတ်ယောဂီ။

၃။ ဥဏှတ္တလက္ခဏာ တေဇောဓာတု၊ ပရိပါစနရသာ၊ မဒ္ဒဝါနုပ္ပဒါနပစ္စုပဋ္ဌာနာ။

အပူအနွေး, အအေးတမည်၊ (လက္ခဏာ)
ပူငွေ့ပေးလျက်, ရင့်ကျက်စေသည်။ (ရသ)
နူးညံ့ပျော့ပျောင်း, ဆင့်လောင်းပေးသည်၊ (ပစ္စုပဋ္ဌာန်)
တေဇောဓာတ်, သိမှတ်မြတ်ယောဂီ။

၄။ ဝိတ္တမ္ဘနလက္ခဏာ ဝါယောဓာတု၊ သမုဒိရဏရသာ၊ အဘိနိဟာရပစ္စုပဋ္ဌာနာ။

ထောက်ကန်တောင့်တင်း, လျော့ခြင်းတမည်၊ (လက္ခဏာ)
ယိမ်းယိုင်လှုပ်ရှား, ရွေ့သွားတတ်သည်။ (ရသ)
သူလိုရာဘက်, တွန်းလျက်ဆောင်သည်၊ (ပစ္စုပဋ္ဌာန်)
ဝါယောဓာတ်, သိမှတ်မြတ်ယောဂီ။

မှတ်ချက်

▬▬▬

နာမရူပပရိစ္ဆေဒကျမ်း၌ သမုဒီရဏရသာ အရာတွင် သမီရဏရသာဟု ဆို၏၊ အဘိဓမ္မာဝတာရ ဋီကာသစ်၌ သမုဒီရဏရ သာတိ ကမ္ပနရသာဟုဖွင့်၏၊ ထို့ကြောင့် သမုဒီရဏ, သမီရဏ, ကမ္ပနဟူသော သုံးပုဒ်တို့၌ သဒ္ဒါနက်အားဖြင့် လှုပ်ရှားခြင်း, လှုပ်ရှားစေခြင်းဟူသော အနက်တို့ကိုရ၏။ ထိုတွင် လှုပ်ရှားစေခြင်း အနက်ကိုယူ၍ မဟာဋီကာ၌ ပေလ္လန-တွန်းခြင်းဟု အဓိပ္ပါယ်ကဖွင့်ပြ၏၊ တွန်းခြင်းဟူသည်မှာ မိမိနှင့် တပေါင်းတည်းဖြစ်သော ရုပ်, တိုက်ခတ်မိသော ရုပ်တို့ကို အရပ်တပါး၌ဖြစ်စေရန် တွန်းကန်သော သတ္တိပေတည်း၊ ၎င်းမှာ လှုပ်ရှားမှုတိုင်း၌ ပါဝင်လျက် ရှိ၏၊

သို့သော်လည်း လက်ခြေစသည် လှုပ်ရှားရာ၌ တွန်းသည်ဟု ပြောဆိုလေ့မရှိကြ၊ လှုပ်ရှားသည်ဟူ၍သာ ပြောဆိုလေ့ရှိကြ၏၊ ထို့ပြင် အခြားရုပ်တို့ကို တွန်းကန်သော ဝါယောဓာတ်မှာ လှုပ်ရှားခြင်း သဘောလည်းရှိ၏၊ ဝါယောဓာတ်သည် မိမိက လှုပ်ရှားတတ်သောကြောင့်ပင် သူတပါးအား လှုပ်ရှားစေတတ်၊ တွန်းကန်တတ် ပေသည်၊

ဥပမာ ... လှုပ်ရှားတတ်သော နွားသည်လှည်းကို လှုပ်ရှားစေတတ် တွန်းတတ် သကဲ့သို့ပေတည်း၊ ထို့ကြောင့် တွန်းမှုသည် လှုပ်ရှားမှု ၌ အတွင်းဝင်လျက်ရှိ၏။ လှုပ်ရှားမှုကိုလည်း သိတော့သည်သာတည်း၊ သို့ဖြစ်ပါ၍ အထက်ပါဆောင်ပုဒ်၌ အများပြောဆိုလေ့ရှိ၍ နားလည်လွယ်သော လှုပ်ရှားမှုကိုသာ ပဓာနပြု၍ ဖော်ပြ ထားသည်၊ အကယ်၍ မဟာဋီကာအဖွင့်နှင့် တိုက်ရိုက် ညီအောင် ဆိုလိုလျှင် “ယိမ်းယိုင်လှုပ်ရှား ရွှေ့သွားစေသည်”ဟု ပြင်ဆိုရာ၏။

အထက်ပါ ဆောင်ပုဒ်တွင် “သူလိုရာဘက် တွန်းလျက်ဆောင်သည်” ဟူသော အပိုဒ်၌ သူ, ဟူသော နာမ်စားဖြင့် ဝါယောဓာတ်ကိုဆိုသည်၊ လိုရာဘက် ဟူသော စကားသည် တင်စား၍ဆိုသော စကားဖြစ်သည်၊ အဘိနိဟာရ -ရှေးရှုဆောင်သည် ဟူရာ၌ ရှေးရှု -ဟူသော စကားသည် သုတနည်း သူတို့ နားမလည်နိုင်သော အသိ ခက်သော စကားဖြစ်သည်၊

၎င်းဖြင့် ဦးတမ်းခြင်း, ဦးတည်ခြင်း အနက်ကိုပြ၏၊ ဦးတမ်းခြင်း, ဦးတည်ခြင်း အနက်ကိုလည်း သုတနည်းသူတို့ နားလည်ရန် မလွယ်လှသေး၊ ထို့ကြောင့် ယင်း ရှေးရှု, ဦးတမ်း, ဦးတည်ပုဒ်တို့ ၏အစား “သူလိုရာဘက်”ဟူ၍ ဆိုထားပါသည်၊

ဝါယောဓာတ် ဆောင်သွားလိုရာဘက် ရှေးရှုဦးတမ်းမိရာဘက် ဟူ၍ဆိုလို၏၊ ထိုသို့ဆိုရာ၌ ဝါယောဓာတ်မှာ အလိုဟူ၍ မရှိငြားသော်လည်း မြန်မာတို့၏ ပြောရိုး ဆိုစဉ် အားဖြင့် “မိုးသည် သူရွာလိုရာရွာ၏၊ လေသည် သူတိုက်လိုရာတိုက်၏” ဟူသော ဥပမာစကားကဲ့သို့ ဤ၌လည်း “သူလိုရာဘက်”ဟု တင်စား၍ ဆိုထားသည်။

ဤတင်စားချက်မှာမူ ကလေးသူငယ်များ ဂေါ်လီလုံးလှိမ့် ကစားရာ၌ပင် “ဒီ ဂေါ်လီလုံးက ဒီဘက်ကို မသွားချင်ဘူး၊ ဟိုဘက်ကို သွားချင်နေတယ်” စသည်ဖြင့် ပြောဆိုလေ့ရှိသောကြောင့် “ဝါယောဓာတ်သည် သူလိုရာဘက်ကို တွန်းဆောင် သွားသည်”ဟု ဆိုလျှင် ရှေးရှု ဦးတမ်းမိရာဘက်သို့ တွန်းဆောင်သွားသည်”ဟု ဆိုလိုကြောင်း လွယ်ကူစွာပင် သိနားလည်နိုင်၏။

ပါဠိ, အဋ္ဌကထာ, ဋီကာတို့၌လည်း “စက္ခု အာဝိဉ္ဆတိ မနာပိယေသု ရူပေသု (သံ၊ ၂၊ ၄၀၂)
စက္ခုပေတံ ဝိသမဇ္ဈာသယံ။ပ။ ရူပစိတ္တပုဂ္ဂလတာဒိ ဝိစိတ္တေသုယေဝ ပန အဘိရမတိ (သံ၊ ဋ္ဌ၊ ၂၊ ၁၁၁)
စက္ခံု ခေါ မာဂဏ္ဍိယ ရူပါရာမံ ရူပရတံ (မ၊ ၂၊ ၁၇၁)
ရူပေသု အာဝိဉ္ဆနရသံ (ဝိသုဒ္ဓိ၊ ၂၊ ၇၄)
စက္ခတီတိဝိညာဏာဓိဋ္ဌိတံ သမဝိသမံ အာစိက္ခန္တံဝိယ အဘိဗျတ္တံ ဝဒန္တံပိယ ဟောတီတိအတ္ထော။ (မဟာဋီ၊ ၂၊ ၈၇)
ဤသို့စသည်ဖြင့် တင်စား၍ ပြဆိုထားသော အရာတို့သည် ရာပေါင်းများစွာပင် ရှိကုန်၏။

ထို့ပြင် အဘိနိဟာရ - ရှေးရှုဆောင်ခြင်း ဟူသည်မှာ ဤအရာ၌ ရွေ့သွားရုံမျှကို ဆိုလိုသည် မဟုတ်ပေ၊ ဘူတသင်္ဃာဋဿ ဒေသန္တရုပ္ပတ္တိဟေတုဘာဝေါ ဟူသော မဟာဋီကာနှင့်အညီ ဘူတရုပ်အပေါင်း ၏ အရပ်တပါး၌ ဖြစ်ကြောင်းဖြစ်သော ဝါယောဓာတ်၏ တွန်းဆောင်မှုကိုသာ ဆိုလိုပေသည်၊ ထို့ကြောင့် “တွန်းလျက်” ဟူသော ပုဒ်ပါထည့်၍ “တွန်းလျက်ဆောင်သည်” ဟု ဆိုထားသည်။

အထူးမှတ်ရန်မှာ -

ဝါယောဓာတ်သည် ကမ္မဇ စိတ္တဇ ဥတုဇ အာဟာရဇ အားဖြင့် ၄-မျိုးရှိရာတွင် စိတ္တဇဝါယောဓာတ်၏ လိုရာဘက် ရှေးရှုဦးတမ်းမိရာဘက်သည် ၎င်းကို ဖြစ်စေသော ဇနကစိတ် ၏ အလိုရှိရာ ဘက်ပင် ဖြစ်သည်၊ ထို့ကြောင့် ကွေးခြင်း, ဆန့်ခြင်းစသော စိတ္တဇရုပ်၏ ပစ္စပဋ္ဌာန်ကို ပြောသောအခါ စိတ်၏ အလိုရှိရာဘက်သို့ ဆောင်သွားပုံဖြင့် ရှင်းလင်းပြောလျှင် သိလွယ်၏၊

ဝိပဿနာအရာ၌ ထိုဝါယောဓာတ် ၄-မျိုးတွင် ကွေးခြင်း, ဆန့်ခြင်း, လှုပ်ရှားခြင်း စသည်ဖြင့် ကိုယ်အမူအရာ စိတ္တဇဝါယောရုပ်ကို အများဆုံး ရှုရ၏၊ ထို့ကြောင့် ထိုစိတ္တဇဝါယော၏ ပစ္စုပဋ္ဌာန်ကို ရှင်းပြလိုက်လျှင် ဖောင်းမှု ပိန်မှုစသော အခြား ဝါယောဓာတ် ရုပ်များတို့၏ (အပြင်ဘက် အတွင်းဘက်စသော လိုရာဘက်ရှေး ရှေးရှု ဦးတမ်းမိရာဘက်သို့ ဆောင်သွားခြင်း ဟူသော) ပစ္စုပဋ္ဌာန်ကိုလည်း ထင်ရှား သိနိုင်တော့သည်သာ။

၅။ နမနလက္ခဏံ နာမံ, သမ္ပယောဂရသံ၊ အဝိနိဗ္ဘောဂပစ္စုပဋ္ဌာနံ။

အာရုံထံပါး, ညွတ်သွားရောက်သည်၊ (လက္ခဏာ)
နာမ်အချင်းချင်းလဲ, ပူးတွဲယှဉ်သည်။ (ရသ)
သူတို့ချင်းလဲ, မခွဲသာပြီ၊ (ပစ္စုပဋ္ဌာန်)
နာမ်တရား, ပိုင်းခြားမြတ်ယောဂီ။

၆။ ရုပ္ပနလက္ခဏံ ရူပံ၊ ဝိကိရဏရသံ၊ အဗျာကတပစ္စုပဋ္ဌာနံ။

ဖောက်ပြန်တနဲ, ပြန့်ကျဲတတ်သည်။(လက္ခဏာ)
ကြေမွပြိုကွဲ, ပြန့်ကျဲတတ်သည်။ (ရသ)
အာရုံမပြု, သိမှုကင်းသည်၊ (ပစ္စုပဋ္ဌာန်)
ရုပ်တရား, ပိုင်းခြားမြတ်ယောဂီ။

၇။ အနုဘဝနလက္ခဏာ ဝေဒနာ, ဝိသယရသသမ္ဘောဂရသာ၊ သုခဒုက္ခပစ္စုပဋ္ဌာနာ။

အာရုံခြောက်ပါး, ခံစားတတ်သည်၊(လက္ခဏာ)
သူ့ရသာလဲ, သုံးစွဲတတ်သည်။ (ရသ)
ချမ်းသာဆင်းရဲ, ဉာဏ်ထဲထင်သည်၊ (ပစ္စုပဋ္ဌာန်)
ခံစားမှု, မှတ်ရှုမြတ်ယောဂီ။

၈။ သဉ္ဇာနနလက္ခဏာသညာ၊ တဒေဝ တန္တိ ပုန သဉ္စာနနပစ္စယ နိမိတ္တကရဏရသာ၊ ယထာဂဟိတနိမိတ္တဝသေန အဘိနိဝေသကရဏ ပစ္စုပဋ္ဌာနာ။

မမေ့စေကြောင်း, ကောင်းကောင်းမှတ်သည်၊ (လက္ခဏာ)
မှတ်မိဖွယ်ဟိတ်, နိမိတ်ယူသည်။ (ရသ)
ယူထားတိုင်းပဲ, မှတ်စွဲနေသည်၊ (ပစ္စုပဋ္ဌာန်)
သညာဓာတ်, သိမှတ်မြတ်ယောဂီ။

၉။ အဘိသင်္ခရဏလက္ခဏာ သင်္ခါရာ, အာယူဟနရသာ၊ ဝိပ္ဖါရပစ္စုပဋ္ဌာနာ။

ကိုယ်နှုတ်စိတ်မှု, သူပြုတတ်သည်၊ (လက္ခဏာ)
လှုံ့ဆော်အုပ်ချုပ်, အားထုတ်တတ်သည်။ (ရသ)
လှုပ်လှုပ်ရွရွ, ကြောင့်ကြစိုက်သည်၊ (ပစ္စုပဋ္ဌာန်)
သင်္ခါရ, မှတ်ကြမြတ်ယောဂီ။

၁၀။ စေတယိတလက္ခဏာ စေတနာ၊ အာယူဟနရသာ၊ သံဝိဒဟနပစ္စုပဋ္ဌာနာ။

အာရုံ၌ကပ်, စေ့စပ်နှိုးသည်၊ (လက္ခဏာ)
လှုံ့ဆော်အုပ်ချုပ်, အားထုတ်တတ်သည်။ (ရသ)
စီမံခန့်ခွဲ, သူလဲလုပ်သည်၊ (ပစ္စုပဋ္ဌာန်)
စေ့ဆော်မှု, မှတ်ရှုမြတ်ယောဂီ။

၁၁။ ဝိဇာနနလက္ခဏံ ဝိညာဏံ၊ ပုဗ္ဗင်္ဂမရသံ၊ ပဋိသန္ဓိပစ္စုပဋ္ဌာနံ။

အာရုံသိသော, သဘောရှိသည်၊ (လက္ခဏာ)
ခေါင်းဆောင်အလား, ရှေ့သွားတတ်သည်။ (ရသ)
ရှေ့စိတ်နှင့်စပ်, အထပ်ထပ်ဖြစ်သည်၊ (ပစ္စုပဋ္ဌာန်)
ဝိညာဏ်ဓာတ်, သိမှတ်မြတ်ယောဂီ။

၁၂။ ရူပါဘိဃာတာရဟဘူတပသာဒ လက္ခဏံ စက္ခု၊ ရူပေသု အာဝိဉ္ဆနရသံ၊ စက္ခုဝိညာဏဿ အာဓာရဘာဝပစ္စုပဋ္ဌာနံ။

အဆင်းထင်ကြောင်း ကောင်းကောင်းကြည်သည်၊ (လက္ခဏာ)
အဆင်းဆီသို့, ဆောင်ပို့ပေးသည်။ (ရသ)
သူ့ကိုမှီပြု, မြင်မှုဖြစ်သည်၊ (ပစ္စုပဋ္ဌာန်)
မျက်စိ၌, သိထိုက်ဤသုံးမည်။

၁၃။ စက္ခုပဋိဟနနလက္ခဏံ ရူပံ၊ စက္ခုဝိညာဏဿ ဝိသယဘာဝ ရသံ၊ တဿေဝ ဂေါစရဘာဝပစ္စုပဋ္ဌာနံ။

မျက်စိထဲ၌, တိုက်ခိုက်ပေါ်သည်၊ (လက္ခဏာ)
မြင်သိခံရ, ကိစ္စရှိသည်။ (ရသ)
မြင်မှုရောက်သွား, ကျက်စားရာမည်၊ (ပစ္စုပဋ္ဌာန်)
အဆင်း၌, သိထိုက် ဤသုံးမည်။

၁၄။ စက္ခုသန္နိဿိတရူပဝိဇာနနလက္ခဏံ စက္ခုဝိညာဏံ၊ ရူပမတ္တာရမ္မဏ ရသံ၊ ရူပါဘိမုခဘာဝပစ္စုပဋ္ဌာနံ။

မျက်စိမှီယင်း, အဆင်းမြင်သည်၊ (လက္ခဏာ)
အဆင်းကိုမျှ, သူကသိသည်။ (ရသ)
အဆင်းဆီရှေးရှု, သူပြုနေသည်၊ (ပစ္စုပဋ္ဌာန်)
မြင်သိ၌, သိထိုက် ဤသုံးမည်။

၁၅။ ဖုသနလက္ခဏော ဖဿော၊ သင်္ဃဋ္ဋနရသော၊ သန္နိပါတပစ္စုပဋ္ဌာနော။

စိတ်နှင့်အဆင်း, ထင်လင်းတွေ့သည်၊ (လက္ခဏာ)
စိတ်ကို အဆင်း၌, ထိခိုက်စေသည်။ (ရသ)
မျက်စိအဆင်း, မြင်းခြင်းစုံညီ၊ (ပစ္စုပဋ္ဌာန်)
မြင်တွေ့၌, သိထိုက် ဤသုံးမည်။

၁၆။ ဣဋ္ဌဖောဋ္ဌဗ္ဗာနုဘဝန လက္ခဏံ သုခံ၊ သမ္ပယုတ္တာနံ ဥပဗြူဟနရသံ၊ ကာယိကအဿာဒပစ္စုပဋ္ဌာနံ။

အတွေ့ကောင်းများ, ခံစားတတ်သည်၊(လက္ခဏာ)
စိတ်အဖော်များ, ရွှင်ပွားစေသည်။(ရသ)
ကိုယ်ထဲကောင်းလျက်, နှစ်သက်ဖွယ်မည်၊ (ပစ္စုပဋ္ဌာန်)
ကာယိက, သုခ ထင်ရှားသည်။

၁၇။ အနိဋ္ဌဖောရဗ္ဗာနုဘဝန လက္ခဏံ ဒုက္ခံ၊ သမ္ပယုတ္တာနံ မိလာပနရသံ၊ ကာယိကာဗာဓပစ္စုပဋ္ဌာနံ။

အတွေ့ဆိုးများ, ခံစားတတ်သည်၊ (လက္ခဏာ)
စိတ်အားကုန်ခန်း, ညှိုးနွမ်းစေသည်။ (ရသ)
ကိုယ်ထဲနှိပ်စက်, ခံခက်ထင်သည်၊ (ပစ္စုပဋ္ဌာန်)
ကာယိက, ဒုက္ခ ထင်ရှားသည်။

၁၈။ ဣဋ္ဌာရမ္မဏာနုဘဝနလက္ခဏံ သောမနဿံ၊ ဣဋ္ဌာကာရသမ္ဘောဂရသံ၊ (သမ္ပယုတ္တာနံ ဥပဗြူဟနရသံ-မဟာဋီကာ) စေတသိကအဿာဒပစ္စုပဋ္ဌာနံ။

အာရုံကောင်းများ, ခံစားတတ်သည်၊ (လက္ခဏာ)
အကောင်းကိုပဲ, သုံးစွဲတတ်သည်။ (အဋ္ဌကထာ)
စိတ်အဖော်များ, ရွှင်ပွားစေသည်။ (ဋီကာ)
စိတ်ထဲကောင်းလျက်, နှစ်သက်ဖွယ်မည်၊ (ပစ္စုပဋ္ဌာန်)
စိတ်ထဲမှ, သုခ ထင်ရှားသည်။

၁၉။ အနိဋ္ဌာရမ္မဏာနုဘဝနလက္ခဏံ ဒေါမနဿံ၊ အနိဋ္ဌာကာရသမ္ဘောဂရသံ၊ (သမ္ပယုတ္တာနံ မိလာပနရသံ-မဟာဋီကာ) စေတသိကာဗာဓပစ္စုပဋ္ဌာနံ။

အာရုံဆိုးများ, ခံစားတတ်သည်၊ (လက္ခဏာ)
အဆိုးကိုပဲ, သုံးစွဲတတ်သည်။ (အဋ္ဌကထာ)
စိတ်အားကုန်ခန်း, ညှိုးနွမ်းစေသည်။ (ဋီကာ)
စိတ်ထဲနှိပ်စက်, ခံခက်တတ်သည်၊ (ပစ္စုပဋ္ဌာန်)
စိတ်ထဲမှ, ဒုက္ခထင်ရှားသည်၊

၂၀။ မဇ္ဈတ္တဝေဒယိတလက္ခဏာ ဥပေက္ခာ၊ သမ္ပယုတ္တာနံ နာတိဥပဗြူဟန မိလာပနရသာ၊ သန္တဘာဝပစ္စုပဋ္ဌာနာ။

အလယ်လတ်များ, ခံစားတတ်သည်၊ (လက္ခဏာ)
စိတ်ညှိုးရွှင်ပျ, ကင်းပစေသည်။ (ရသ)
ကောင်းဆိုးမဖက်, ငြိမ်သက်ပေသည်။ (ပစ္စုပဋ္ဌာန်)
ဥပေက်ဓာတ်, သိမှတ်မြတ်ယောဂီ။

၂၁။ သန္တိလက္ခဏံ နိရောဓသစ္စံ၊ အစ္စုတရသံ၊ အနိမိတ္တ ပစ္စုပဋ္ဌာနံ။

ရုပ်နာမ်ဖြစ်ပျက်, ပြတ်လျက်ငြိမ်းသည်၊ (လက္ခဏာ)
ရွှေ့လျောသေခြင်း, ကင်းရှင်းပေသည်။ (ရသ)
သဏ္ဌာန်နိမိတ်, ကင်းဆိတ်ထင်သည်၊ (ပစ္စုပဋ္ဌာန်)
နိရောဓ, ရောက်က သိမြင်သည်။

ဧကစတ္တာလီသတိမပိုင်း

ဝိပဿနာအလုပ်ပေး တရားတော်ကြီး

ဘုရားမြတ်စွာ သာသနာတော်ကြီးကို ထူးခြားစွာ ချီးမြှောက်နိုင်ရန်အလို့ငှါ သတိုးသီရိသုဓမ္မ ဆာဦးသွင်, မဟာသီရိသုဓမ္မဟင်္သာတဦးမြ, ထိုစဉ်က နိုင်ငံတော် ဝန်ကြီးချုပ်ဦးနု, ဘဏ္ဍာရေးဝန်ကြီးဦးတင်, သာသနာရေးဝန်ကြီး ဦးဝင်း, အမြတ်တော်မင်းကြီး ဦးစံသိမ်း, သတိုးမဟာစည်သူ ဦးဘဂျမ်း, မီးသတ် ညွှန်ကြားရေးဝန် သရေစည်သူ ဦးလှမောင်စသော လူကြီးမင်းအပေါင်းတို့သည် နိုင်ငံတော်သမ္မတကြီးကို နာယက တင်မြှောက်၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီးကို ၁၃၀၉ -ခုနှစ်၊ နတ်တော်လဆန်း ၁-ရက်နေ့ (၁၃-၈-၁၉၄၈) နေ့က နိုင်ငံတော် ဝန်ကြီးချုပ်၏နေအိမ်၌ စတင် တည်ထောင်ခဲ့လေသည်။

အဖွဲ့၏ ရည်ရွယ်ချက် (၁) အရ ပဋိပတ္တိသာသနာတော်ကြီးကို ချီးမြှောက် ထောက်ပံ့ရန် အလို့ငှါ ကမ္မဋ္ဌာန်းဌာနကြီးတစ်ခု တည်ထောင်ရေးနှင့် ပရိယတ်ပဋိပတ် နှစ်ရပ်စွယ်စုံသော ကမ္မဋ္ဌာနာစရိယဆရာတော်တပါး ရှာဖွေပင့်ဆောင် ရရှိရေးတို့ကို စတင်ဆောင်ရွက်ကြသောအခါ ၁၃၁၀ -ခုနှစ် တော်သလင်းလပြည့်ကျော် ၉-ရက် (၂၆-၉-၁၉၄၈) နေ့၌ သတိုးသီရိသုဓမ္မ ဆာဦးသွင်၊ လေဒီသွင် သားသမီးတစုတို့က ဤသာသနာ့ရိပ်သာ ခြံမြေကို လှူဒါန်းကြသောကြောင့် ကမ္မဋ္ဌာန်းအဆောက်အအုံ များကို စတင်တည်ဆောက်ခဲ့ကြလေသည်။

ပရိယတ်, ပဋိပတ် ဓူရနှစ်ပါး၌ ကျွမ်းကျင်သော ကမ္မဋ္ဌာနာစရိယဆရာတော် ရရှိရေးအတွက် မြန်မာနိုင်ငံအထက်,အောက် အနှံ့အပြားစုံစမ်းသောအခါ ရွှေဘိုမြို့ ဆိပ်ခွန်ရွာ၌ သီတင်းသုံးတော်မူသော အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်အဖြစ် ထင်ရှားကျော်စောမည့် “သာသနဓဇ သိရီပဝရ ဓမ္မာစရိယ” ဘွဲ့တံဆိပ်တော်ရ ရဟန်းတော် အရှင်သောဘန ၏သတင်းကို ကြားသိကြရလေသည်၊

ထိုအခါ ဥက္ကဋ္ဌကြီး သတိုးသီရိသုဓမ္မ ဆာဦးသွင်ကိုယ်တိုင် သွားလေသည်၊ ထိုအခါ ဥက္ကဋ္ဌကြီး သတိုးသီရိသုဓမ္မ ဆာဦးသွင်ကိုယ်တိုင် သွားရောက်၍ အသေအချာ ထောက်လှမ်းစုံစမ်းပြီးမှ ကြားသိရသည့်အတိုင်း ခိုင်လုံသောအခါ နိုင်ငံတော် ဝန်ကြီးချုပ်ကိုယ်တိုင် ရွှေဘိုမြို့သို့ သွားရောက်၍ ရဟန်းတော် အရှင်သောဘနအား သာသနာပြုရန် ရန်ကုန်မြို့သို့ ကြွရောက်တော်မူပါဘုရားဟု လျှောက်ထားပြီးလျှင် ၁၃၁၁-ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၆-ရက် (၁၀-၁၁-၁၉၄၉) နေ့တွင် ရန်ကုန်မြို့ သာသနာ့ရိပ်သာသို့ အရောက်ပင့်ဆောင်၍ ကိုးကွယ်ခဲ့ကြလေသည်။

၁၃၁၁-ခုနှစ်နတ်တော်လပြည့်နေ့တွင် တရားအားထုတ်လိုကြသူ ဒေါ်စောခင်, ဦးဘိုးသင်း, ဒေါ်ဒေါ်ညွှန့် အစရှိသော ယောဂီပေါင်း ၂၅-ဦး ပေါ်ပေါက်ခဲ့သဖြင့် ဤဝိပဿနာအလုပ်ပေးတရားတော်ကြီးကို ဆရာတော်သည် စတင်ဟောကြားတော် မူခဲ့လေသည်၊ နောက်တွင် ယောဂီများ တစစ တိုးတက်များပြား တရားအားထုတ်ရန် ရောက်ရှိလာကြသော ယောဂီပုဂ္ဂိုလ်တို့အားလည်း ဤဝိပဿနာ အလုပ်ပေး တရားတော်ကြီးကိုပင် ဟောကြား၍ တရားပေးတော်မူခဲ့လေသည်၊

၁၃၁၃-ခုနှစ်တွင် ဆရာတော်သည် အဟောရ သက်သာလေအောင် တိတ် ရီကော်တာ အသံသွင်း၍ တဆင့် နာယူတော်မူခဲ့လေသည်၊ ၎င်းနောက်တွင် ကမ္မဋ္ဌာနာစရိယ ဆရာတော်များနှင့် ယောဂီများ၏ တောင့်တချက်အရ တိတ်ရီကော်တာမှကူး၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က စာအုပ်အဖြစ် ရိုက်နှိပ် ထုတ်ဝေခဲ့ရာ အကြိမ်ပေါင်း ဆယ်ကြိမ်မက များလှလေပြီ၊ ယင်းကျမ်းမှာ ကရောင်း ၁၆-ချိုး ဆိုက်ဖြင့် စာမျက်နှာ ၆၈-မျက်နှာရှိလေသည်၊ ကမ္မဋ္ဌာန်းဆရာတိုင်းလိုလို လက်ကိုင်ပြုရမည့် တရား ကျမ်းစာကောင်း ဖြစ်လေသည်။

အလုပ်ပေးတရားတော် ဣတိ, ပသိဒ္ဓံ သုဓမ္မမ္ပိ စ၊
မဟာစည်ထေရသေခရော, ရစယာတ္ထ သုဓီတိမာ။

---

ဝိသုဒ္ဓိနှင့် ဉာဏ်စဉ် တရားတော်ကြီး

ဝိသုဒ္ဓိ ၇-ပါးအဓိပ္ပာယ်နှင့် ဉာဏ်စဉ်အဓိပ္ပါယ်ကို ဖော်ပြသည် ဝိသုဒ္ဓိနှင့် ဉာဏ်စဉ် တရားတော်ကြီးကိုလည်း ဟောပြော၍ စာအုပ်အဖြစ် စီစဉ်တော်မူခဲ့လေသည်။

---

ဝိသုဒ္ဓိဉာဏကထာပါဌ်

နိုင်ငံရပ်ခြားတိုင်းတပါးမှ လာကြသော ပါဠိစာပေ တတ်မြောက်ကျွမ်းကျင်သည့် ယောဂီများ အလွယ်တကူ ကြည့်ရှု လေ့လာနိုင်ရန် အကျိုးငှါ မြန်မာဘာသာဖြင့် ရေးသားအပ်သော ဝိသုဒ္ဓိနှင့် ဉာဏ်စဉ် တရားတော်ကြီးကို ပါဠိဘာသာပြန်ဆို၍ ဝိသုဒ္ဓိဉာဏကထာပါဌ်ကိုလည်း စီရင်တော်မူခဲ့လေသည်၊ ဆရာတော် ဘုရားကြီးသည် ကျမ်းဦး၌ -

သဒ္ဓမ္မရံသီဇာတိဿ, သဗ္ဗညုဿ မဟေသိနော၊
သဒ္ဓမ္မရံသီသင်္ခါတံ, စိရံဇောတေသု သာသနံ။

ဟူသော ဂါထာဖြင့် အာသီသ ပုဗ္ဗကဂန္ထာရမ္ဘ ပြုတော်မူခဲ့လေသည်၊ ကျမ်း၏ အဆုံး၌လည်း-

ယာ ဝိသုဒ္ဓိဉာဏကထာ, မြမ္မဘာသာယာ သင်္ခတာ၊
အပ္ပဿုတာနမတ္ထာယ, ဒိဋ္ဌဓမ္မာန ယောဂိနံ။

မဟာစည်နာမထေရေန, ဝိပဿနာနယညုနာ၊
သာ ယေဝ ပါဠိဘာသာယ, တေနေဝ ပရိဝတ္တိတာ။

ဟူသော ၂-ဂါထာဖြင့် နိဂုံးအုပ်တော်မူခဲ့လေသည်၊ ယင်းကျမ်းမှာ ကရောင်း ၁၆-ချိုး ဆိုက်ဖြင့် စာမျက်နှာ ၄၀-ရှိလေသည်၊ ယင်းကျမ်းကို ဂျာမန်ရဟန်းတော် ဉာဏပေါဏိကက အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့လေသည်။

---

ကမ္မဋ္ဌာန်းတရား အားထုတ်ရခြင်း၏အကြောင်း

နိုင်ငံတော် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့သည် ဂျပန်နိုင်ငံတွင် ဘုရားမြတ်စွာ သာသနာ တော်ထွန်းလင်းရန် ရည်ရွယ်၍ ထေရဝါဒ ဗုဒ္ဓသာသနာအကြောင်းအရာဆိုင်ရာ ကျမ်းစာအုပ်များကို အင်္ဂလိပ်ဘာသာ, ဂျပန်ဘာသာဖြင့် ပုံနှိပ်ဖြန့်ချီရန် ရည်ရွယ် သည့်အလျောက် ပထမဦးစွာ စာစောင်ဖြစ်မြောက်ရေးအတွက် ရန်ကုန်တက္ကသိုလ် အဂ္ဂမဟာပဏ္ဍိတ အရှင်သေဋ္ဌိလ စီစဉ်သော ကျမ်း၏ မာတိကာများကို ပါဝင် ရေးသားမည့် ဆရာတော်များထံ၌ ခွဲဝေရေးသားရန် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့က ၁၃-၁၁-၅၆ခု နေ့စွဲဖြင့် လျှောက်ထားခဲ့လေသည်၊

လျှောက်ထားခံ ဆရာတော်များအနက် တပါးအပါအဝင် ဖြစ်တော်မူသော မဟာစည်ဆရာတော်ဘုရားကြီးသည် တာဝန်ကျသည့် မာတိကာစဉ် ၁၆, ၁၇, ၁၈ -တို့ကို အကျယ်ချဲ့၍ ပြုစီရင်တော်မူခဲ့လေသည်၊ ၎င်းတို့အနက် မာတိကာစဉ် ၁၆-ဖြစ်သည့် အဘယ့်ကြောင့် ကမ္မဋ္ဌာန်းတရား အားထုတ်ရသနည်း ဟူသော အမေး၏ အဖြေကို ရဟန်းရှင်လူ မည်သူမဆို ဖတ်ရှုလေ့လာနိုင်ရန် ဆရာတော် ဘုရားကြီး၏ ခွင့်ပြုချက်အရ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က ၁၃၂၀-ခုနှစ်က ပုံနှိပ် ထုတ်ဝေခဲ့ရာ ဒီမိုင်းဆိုက်ဖြင့် စာမျက်နှာ ၄၂-ရှိလေသည်၊ ယင်းကျမ်းမှာလည်း အကြိမ်ကြိမ် ထုတ်ဝေခဲ့ရာ ယောဂီပုဂ္ဂိုလ်တို့ များစွာ နှစ်သက်သည့် ကျမ်းကောင်း ဖြစ်လေသည်။

ကမ္မဋ္ဌာနပရက္ကမ-ကာရဏမ္ပိ သုဓိတိမာ၊
သုသင်္ခေပဝိတ္ထာရေဟိ, သမ္ပာဒယိ သုဗုဒ္ဓိမာ။

---

ဓမ္မစကြာအသံလွှင့်တရားတော်

ဆရာတော်ဘုရားကြီးသည် ၁၃၁၉-ခုနှစ် ဝါဆိုလပြည့် နေ့ညတွင် မြန်မာ့အသံမှ ဓမ္မစကြာ တရားတော်ကြီးကို ဟောကြားတော်မူခဲ့လေသည်၊ ယင်းဟောကြားချက် ကို ဓမ္မစကြာအသံလွှင့် တရားတော်ကြီး (ဓမ္မစကြာတရားတော်ကြီး) အမည်ဖြင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့မှ ကျမ်းစာစီမံ ပုံနှိပ်ထုတ်ဝေခဲ့လေသည်၊ စေ့စေ့စပ်စပ် ကျစ်ကျစ်လျစ်လျစ်ရှိ၍ တန်ဖိုးမဖြတ်နိုင်သော ကျမ်းစာဖြစ်လေသည်၊ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် စာမျက်နှာ ၂၀-ရှိလေသည်။

---

အနတ္တလက္ခဏသုတ် အသံလွှင့်တရားတော်

ဆရာတော်ဘုရားကြီးသည် ၁၃၁၉-ခုနှစ် ဝါတွင်းတွင် အနတ္တလက္ခဏသုတ် တရားတော်ကြီးကို ဟောကြားတော်မူခဲ့လေသည်၊ ဆရာတော်ဘုရားကြီးသည် ယင်း အနတ္တလက္ခဏသုတ်ကို မဟောကြားမီ အနတ္တလက္ခဏသုတ်ပါဠိ, အဋ္ဌကထာ စသည်တို့ကို ကျနစွာကြည့်ရှုတော်မူပြီး ကျနစွာရေးသား လက်နှိပ်စက်ဖြင့် မူချော ရိုက်ပြီး အထပ်ထပ် ကြည့်ရှုကာ ဟောကြားတော်မူခဲ့လေသည်၊

စာမူကို ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့အား ချီးမြှင့်သဖြင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က အနတ္တလက္ခဏသုတ် အသံလွှင့်တရားတော်ကြီး (အနတ္တလက္ခဏသုတ် တရားတော်ကြီး) အမည်ဖြင့် ပုံနှိပ်ထုတ်ဝေခဲ့ရာ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် စာမျက်နှာ ၃၀-ခန့်ရှိ ကျမ်းစာကောင်း ဖြစ်လသည်။

ဓမ္မစက္ကသုတ္တန္တဉ္စ, အနတ္တလက္ခဏမ္ပိစ၊
သဘာသံ အာရောပေတွာန, ရစယိတ္ထ သုဇာတိမာ။

---

ဘဝပြဿနာ

သက္ကရာဇ် ၁၃၁၉-ခုနှစ်က ရန်ကုန်မြို့ ဆင်းဒဝစ်လမ်းနေ ဝဏ္ဏကျော်ထင် ဆရာဝန်ကြီး ဦးမြင့်ဆွေသည် မဟာစည်ဆရာတော်ဘုရားကြီးအား .... သေသွားသော သတ္တဝါတဦးသည် ရုပ်ရောနာမ်ပါ ပျက်စီးသွားပြီ ဖြစ်ပါလျက် ထိုသတ္တဝါသည် နောက်ဘဝတခု၌ ဖြစ်ပြန်သည်ဆိုရာ မည်ကဲ့သို့ဖြစ်ပါသနည်း .... စသည်ဖြင့် မေးခွန်း ၃-ရပ်ကို လျှောက်ထားခဲ့လေသည်၊

တဖန် ၁၃၃၈-ခုနှစ်က သနားဖွယ်ရာ ဂိလာနများကို ကမ္ဘာအရပ်ရပ်ရှိ ဆရာဝန် အချို့သည် ကရုဏာတရားရှေ့ထားပြီး လူမမာ၏ ဘဝကို နိဂုံးချုပ်ပစ်လိုက်လျှင် ထိုသို့ ပြုလုပ်သော် ဆရာဝန်မှာ ပါဏာတိပါတကံ ထိုက်ပါမည်လား စသည်ဖြင့် ပါဏာတိပါတကံဆိုင်ရာ မေးခွန်း, အဒိန္နာဒါနကံဆိုင်ရာ မေးခွန်း, ကာမေသုမိစ္ဆာစာရ ကံဆိုင်ရာ မေးခွန်းတို့ကို မေးလျှောက်ခဲ့လေသည်၊

ဖော်ပြပါ ဝဏ္ဏကျော်ထင် ဆရာဝန်ကြီး ဦးမြင့်ဆွေ၏ အမေးတို့ကို ဆရာတော် ဘုရားကြီးသည် ကရုဏာရှေ့ထား ဖြေကြားတော်မူခဲ့လေသည်၊ ယင်းမေးခွန်းနှင့် အဖြေများကို “ဘဝပြဿနာ” အမည်ဖြင့် စာအုပ်ရိုက်နှိပ် ထုတ်ဝေခဲ့ရာ ၄-ကြိမ် ရှိလေပြီ၊ ဆရာတော်ဘုရားကြီးကား အဘက်ဘက်မှ ပြည့်စုံသည့် စွယ်စုံ ပညာရှင်ကြီး ဖြစ်တော်မူလေသည်၊ ယင်း ဘဝပြဿနာကျမ်းမှာ ကရောင်း ၁၆-ချိုး ဆိုက်ဖြင့် စာမျက်နှာ ၁၁၀-ကျော် ရှိလေသည်။

ပုစ္ဆာဝိဿဇ္ဇနာစေဝ, ဂမ္ဘီရတ္ထုပနိဿိတာ၊
ဟဒယင်္ဂမာကတ္တာ သုခါ, ပေမယာ လောမဟံသယာ။

---

ဒွိစတ္တာလီသတိမပိုင်း

အင်ဒိုနီးရှား သာသနာပြုမှတ်တမ်း

ဆရာတော်ဘုရားကြီးသည် ၁၃၂၁-ခုနှစ် ကဆုန်လဆန်း ၈-ရက်နေ့မှ ၁၃၂၁-ခုနှစ် နယုန် လပြည့်ကျော် ၁၀-ရက်နေ့အထိ အင်ဒိုနီးရှား နိုင်ငံသို့ သာသနာပြုကြွတော် မူခဲ့လေသည်၊ ယင်းသို့ကြွ၍ သာသနာပြုစဉ် အတွေ့အကြုံနှင့် ဆောင်ရွက်ချက် များကို ကျမ်းစာဖွဲ့ ရေးသားစီရင်တော်မူ၍ အဂ္ဂမဟာပဏ္ဍိတ မဟာစည် ဆရာတော် ၏ အင်ဒိုနီးရှား သာသနာပြုမှတ်တမ်းကျမ်း အမည်ဖြင့် ကျမ်းစာရိုက်နှိပ်ထုတ်ဝေ ခဲ့လေသည်၊ ယင်းကျမ်းစာကို ရန်ကုန်မြို့ ဣစ္ဆာသယ ပိဋကတ်ပုံနှိပ်တိုက်၌ ရိုက်နှိပ် ခဲ့ရာ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် ၁၈၅-မျက်နှာရှိလေသည်။

အင်ဒိုနီးရှားသာသနာပြု-လက္ခိတပေါတ္ထကမ္ပိစ၊
ရစယိ မဟာစည်ထေရော, သတ္ထေသု ကောဝိဒေါ ဝိဒူ။

---

ဝိပဿနာ အခြေခံတရားတော်

သက္ကရာဇ် ၁၃၂၀-ပြည့်နှစ် သင်္ကြန်အခါတွင် မဟာစည်ဆရာတော် ဘုရားကြီးသည် ဝိပဿနာအခြေခံတရားတော်ကို ထပ်မံ၍ ယောဂီများ နားလည်သဘောပေါက် လောက်အောင် ကျနစွာ ဟောကြားတော်မူခဲ့လေသည်၊ ယင်းဟောကြားချက်များကို ဆရာတော် ဘုရားကြီး ၏တပည့်လက်ထောက် ကမ္မဋ္ဌာနာစရိယ နာယက ဆရာတော် အရှင်ပဏ္ဍိတက တိတ်ရီကော်တာမှ ကူးယူစေ၍ ၁၃၂၃-ခုနှစ်တွင် စတင်၍ စာအုပ်ဖြစ်အောင် စီမံတော်မူခဲ့လေသည်၊ ယင်းတရားကျမ်းစာသည်လည်း အခြေ နိဒါန်း, စကားပလ္လင်, သမထကမ္မဋ္ဌာန်း ၄၀, ဥပါဒါ နက္ခန္ဓာငါးပါး ရှုပုံမှစ၍ ပြည့်စုံကျနစွာ ဖော်ပြတော်မူခဲ့လေသည်။

ဆရာတော်ဘုရားကြီးသည် ဤကျမ်း၌ -

၁။ ဝိပဿနာ, ဉာဏ်ဆိုတာ, ဘယ်ဟာရှု၍ဖြစ်သနည်း၊
၂။ စွဲလမ်းနိုင်ရာ, ငါးခန္ဓာ, မှန်စွာရှု၍ဖြစ်သတည်း၊
၃။ ဘယ်အကျိုးငှါ, ဘယ်ခန္ဓာ, ဘယ်ဟာရှုရပါသနည်း၊
၄။ မစွဲဖို့ရာ, ဖြစ်ဆဲမှာ, မှန်စွာရှုရပါသတည်း၊
၅။ ဖြစ်ခိုက်မရှု, ရုပ်နာမ်စု, စွဲမှုဝင်ရောက်သည်၊
၆။ မြဲတယ်ကောင်းတယ်, ငါကောင်နှယ်, တကယ်ထင်တတ်သည်။
၇။ ဖြစ်တိုင်းမှတ်ရှု, ရုပ်နာမ်စု, စွဲမှုကင်းပျောက်သည်၊
၈။ မမြဲဆင်းရဲ, သဘောပဲ, ဉာဏ်ထဲရှင်းတော့သည်၊
၉။ စွဲမှုကင်းပျောက်, မဂ်လမ်းပေါက်, ဆိုက်ရောက်နိဗ္ဗာန်ပြည်၊
၁၀။ ဝိပဿနာရှုနည်း, မူသေစည်း, သိမ်းဆည်းထားရမည်၊

ဟူသော မူရင်းဆောင်ပုဒ်များကို ယောဂီများအား လိုက်ဆိုစေ၍ ကရုဏာ ကြီးမားစွာဖြင့် ဟောတော်မူချက်များကိုလည်း တွေ့ရှိရသည်။

၎င်းပြင် “ဝိပဿနာရှုနည်း မူသေစည်းမည်တဲ့ ဒီဝိပဿနာအခြေခံတရားတော်ကို ရိုသေစွာ နာယူ မှတ်သားကြရတဲ့ ဓမ္မဿဝနကုသိုလ် စေတနာတို့၏ အစွမ်း အာနုဘော်တော်ကြောင့် ဘေးရန်ကင်းကွာလျက် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြ၍ ဒွါရခြောက်ပါး၌ ထင်လာသော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဉ်တည်း ဟူသော ဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ဖြစ်တိုင်းဖြစ်တိုင်း ရှုနိုင် မှတ်နိုင်ကြ၍ အနိစ္စ, ဒုက္ခ, အနတ္တ အခြင်းအရာအားဖြင့် မှန်ကန်စွာသိမြင်နိုင်ကြ၍ ဝိပဿနာ ဉာဏ်စဉ်အတိုင်း တိုးတက်ကြပြီးလျှင် ရုပ်နာမ်သင်္ခါရ ဆင်းရဲဟူသမျှတို့၏ ချုပ်ငြိမ်းရာ ဖြစ်သော နိဗ္ဗာန်ချမ်းသာမြတ်ကို အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း” ဟူ၍ နိဂုံးဆုတောင်းကို တွေ့လေရာ ဆရာတော်ဘုရားကြီး၏ ကရုဏာတော် ကြီးမားလှကြောင်း ကြည်ညိုဖွယ် ကောင်းလှပေသည်၊ ယင်းကျမ်းကိုလည်း အကြိမ်ကြိမ် ရိုက်နှိပ် ထုတ်ဝေခဲ့ရာ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် စာမျက်နှာ ၂၂၀-ရှိလေသည်။

ဝိပဿနာပါဒမူလ-သုဓမ္မမ္ပိ သုကောဝိဒေါ၊
မဟာစည်ထေရသေခရော, သမ္ပာဒယိ ဝိစက္ခဏော။

---

ဝိသုဒ္ဓိမဂ်မဟာဋီကာ သမယန္တရပိုင်း ဂဏ္ဌိနိဿယ

ဆရာတော်ဘုရားကြီးသည် ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယကို သမ္မာဆန္ဒ မဟုဿာဟ ဖြင့် ပြုစီရင်တော်မူခဲ့ရာ ယင်းဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယမှ သမယန္တရပိုင်းကို ထုတ်နုတ်၍ စိတ်ဝင်စားသော ပါဠိပညာရှိတို့ ကြည့်ရှုသုံးသပ်နိုင်ရန်နှင့် လိုနေသော အချက်များ၌ ဖြည့်စွက်အကြံပေးနိုင်လျှင် အကြံပေးတော်မူကြရန် ရည်သန်၍ သီးခြားထုတ်နုတ် ကျမ်းစာအုပ် အဖြစ်ဖြင့် စီစဉ်တော်မူခဲ့လေသည်၊

ယင်း ဝိသုဒ္ဓိမဂ်မဟာဋီကာ သမယန္တရပိုင်း ဂဏ္ဌိနိဿယကို ၁၃၂၄-ခုနှစ်က နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ ပုံနှိပ်တိုက်က အုပ်ရေတထောင်ရိုက်ရာ ကွယ်လွန်သူ ဒါယိကာမကြီး လေဒီမြဘူးက ဓမ္မဒါနပြုခဲ့လေသည်၊ ယင်းဝိသုဒ္ဓိမဂ် မဟာဋီကာ သမယန္တရပိုင်း ဂဏ္ဌိနိဿယ နောက်ဆက်တွဲတွင် သာဝိတ္တိဂါထာအကြောင်းကို ဖော်ပြထားလေရာ လွန်စွာ တန်ဖိုးရှိလှလွန်းသည်၊ ယင်းကျမ်းမှာ ရွိုင်ဆိုက် စာမျက်နှာ ၄၈-ရှိလေသည်။

ဝိသုဒ္ဓိမဂ္ဂဋီကာယ-သမယန္တရပဗုဿ ဝေ၊
ဂဏ္ဌိနိဿယံပိ သောကာသိ, မဟာစည်ယတိသေခရော။

---

ဝိသုဒ္ဓိမဂ်မြန်မာပြန် အခြေခံနှင့်တကွ ဝိပဿနာပိုင်း

ဆရာတော်ဘုရားကြီးသည် သာသနာတော်၌ လိုအပ်သည်ဟု ထင်မြင်ယူဆတော် မူသဖြင့် သီလ, သမာဓိ, ပညာပိုင်း အခြေခံများနှင့်တကွ ဒိဋ္ဌိဝိသုဒ္ဓိနိဒ္ဒေသ ဝိသုဒ္ဓိမဂ်ကျမ်း အဆုံးထိ ပြန်ဆိုရေးသား၍ ဝိသုဒ္ဓိမဂ် မြန်မာပြန် အခြေခံနှင့်တကွ ဝိပဿနာပိုင်းကိုလည်း ပြုစီရင်တော်မူခဲ့လေသည်၊ ဆရာတော်သည် ယင်းဝိသုဒ္ဓိမဂ် မြန်မာပြန်အခြေခံနှင့်တကွ ဝိပဿနာပိုင်းကျမ်းတွင် ဝိသုဒ္ဓိမဂ် နိဒါန်းကိုလည်း စာမျက်နှာ ၁၃၀-ရှိအောင် ကျယ်ဝန်းပြည့်စုံစွာ စီရင်တော်မူခဲ့လေသည်၊ ယင်းကျမ်း၌ ဂန္ထာရမ္ဘ သီးခြားမပါပဲ ကျမ်း၏အဆုံးတွင်မူ-

“ပါဠိဘာသာ၌ ကောင်းစွာမကျွမ်းကျင်သော မြန်မာပြည်ဖွား အမျိုးသား အမျိုးသမီးတို့အား ဝိသုဒ္ဓိမဂ်ကျမ်း၌ ပြဆိုထားသော သီလ, သမာဓိ, ပညာအကျင့် ပဋိပတ်နည်းနာနိဿယတို့ကို ပါဠိဘာသာ တတ်ကျွမ်းသူတို့ကဲ့သို့ပင် တိတိကျကျ ပြည့်ပြည့်စုံစုံ အလွယ်တကူ သိနားလည်ကြစေရန် ထက်သန်သော သမ္မာဆန္ဒဖြင့် ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ သီတင်းသုံးလျက်ရှိသော အဂ္ဂမဟာပဏ္ဍိတ မဟာစည် ဆရာတော် အရှင်သောဘနသည် ဤဝိသုဒ္ဓိမဂ် မြန်မာပြန်ကျမ်းကို ၁၃၂၃-ခုနှစ် တပေါင်းလဆန်း ၃-ရက်နေ့မှစ၍ အခွင့်သာသော အချိန်များ၌ တစတစနှင့် ရေးသားစီရင်ခဲ့ရာ ၁၃၂၄-ခုနှစ် ဝါခေါင်လဆန်း ၃-ရက်နေ့တွင် သီလ, သမာဓိ, ပညာပိုင်း အခြေခံများနှင့်တကွ ဒိဋ္ဌိဝိသုဒ္ဓိနိဒ္ဒေသမှ ဝိသုဒ္ဓိမဂ်ကျမ်းအဆုံး နိဂုံးအထိ မြန်မာပြန်ဆို ရေးသားစီရင်၍ အပြီးသတ်သတည်း၊

ဝိသုဒ္ဓိမဂ်မြန်မာပြန်ကျမ်းသည် ဘေးရန်အန္တရာယ်မရှိပဲ ပြီးမြောက်အောင်မြင် သကဲ့သို့ ပဋိပတ်ကို လိုက်စားသော ရဟန်းရှင် လူ အမျိုးသား အမျိုးသမီးအပေါင်း သူတော်ကောင်းတို့သည် ဤဝိသုဒ္ဓိမဂ် မြန်မာပြန်ကျမ်းကို ကြည့်ရှုပြီးလျှင် နည်းလမ်း မှန်အတိုင်း ကျင့်သုံးအားထုတ်ကြ၍ မဂ်ဖိုလ်နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက် ပြုနိုင်ကြပါစေကုန်သတည်း” ဟူ၍ စတင်ရေးသား ပြန်ဆိုရာကာလ, ပြီးရာကာလ စသည်တို့ကို ဖော်ပြ၍ နိဂုံးအုပ်တော်မူခဲ့လေသည်။

၎င်းကျမ်းကြီးကို ၁၃၂၄-ခုနှစ်က သာသနာ့ရိပ်သာ ဓမ္မဒေသနာဖြန့်ချီရေး အဖွဲ့က ဣစ္ဆာသယ ပိဋကတ်ပုံနှိပ်တိုက်တွင် ရိုက်နှိပ်၍ ထုတ်ဝေဖြန့်ချီခဲ့ရာ ရွိုက်ဆိုက် စာမျက်နှာ ၄၄၀-ရှိလေသည်၊ နောက်တွင် ဝိသုဒ္ဓိမဂ်မြန်မာပြန် ပထမတွဲ, ဒုတိယတွဲ, တတိယတွဲ စတုတ္ထတွဲကျမ်းများ ပေါ်ထွက်လေသည်။

---

ဝိသုဒ္ဓိမဂ်မြန်မာပြန် ပထမတွဲကျမ်း

ဆရာတော်ဘုရားကြီးသည် ပါဠိဘာသာ မတတ်ကျွမ်းသော ဗုဒ္ဓစာပေလိုက်စား သူများအတွက် ဝိသုဒ္ဓိမဂ် တစ်ကျမ်းလုံးကို မြန်မာပြန်ဆိုသင့်သည်ဟု သဘော ပေါက်တော်မူသဖြင့် ဝိသုဒ္ဓိမဂ်အဋ္ဌကထာအစမှ သေသကသိဏနိဒ္ဒေသ ကုန်သည် အထိ ဝိသုဒ္ဓိမဂ်မြန်မာပြန် ပထမတွဲအဖြစ် ပြုစီရင်တော်မူခဲ့လေသည်၊

ဆရာတော်သည် ကျမ်းဦး၌ -

၁။ ဘုရား, တရား, သံဃာအား, ညွတ်တွားရှိဦးတင်၊
၂။ ထိုခိုက်ဖြစ်လတ်, ရုပ်နာမ်ဓာတ်, ရှုမှတ်သိပြီးလျှင်၊
၃။ ဝိသုဒ်မဂ္ဂါ, မြတ်ကျမ်းစာ, မြန်မာပြန်စီရင်၊
၄။ ကျိုက်ထိုဆရာ, ပြုခဲ့ပါ, မြန်မာဝိသုဒ်ကျမ်း၊
၅။ မြန်စာတတ်က, ကြည့်ခွင့်ရ, ကောင်းစွထိုသည့်ကျမ်း၊
၆။ သို့သော်နိဿယ, အတိုင်းပြ, ဝါကျမဖြောင့်တန်း၊
၇။ နိဿယဆောင်နက်, ရောထွေးယှက်, သိခက်မူရင်းကျမ်း၊
၈။ ပါဠိမတတ်, ယင်းကျမ်းဖတ်, ခက်လတ်အခန်းခန်း၊
၉။ ထိုကျမ်းရှုသူ, အများလူ, ညည်းညူမရွှင်လန်း၊
၁၀။ ထို့ကြောင့် လွယ်စွာ, သိစိမ့်ငှါ, မြန်မာပြန်သစ်ကျမ်း၊
၁၁။ မူရင်းတိကျ, ဋီလည်းပြ, ရှင်းစွမရောပြွမ်း၊
၁၂။ ရေးစီရင်လတ်, လူတိုင်းဖတ်, စိတ်ဓာတ်ကြည်ရွှင်လန်း၊
၁၃။ သဘောဉာဏ်ပေါက်, လမ်းမှန်လျောက်, ဆိုက်ရောက်နိဗ္ဗာန်နန်း။

ဟူသော သံပေါက်ကဗျာ ၁၃-ပုဒ်ဖြင့် ဂန္ထာရမ္ဘပြုတော်မူခဲ့လေသည်။

ယင်းကျမ်းကို ၁၃၃၄-ခုနှစ်တွင် ကမ္ဘာအေး ဗုဒ္ဓသာသနာ ပုံနှိပ်တိုက်တွင် ရိုက်နှိပ်၍ မင်္ဂလာ ဦးအောင်မြင့်က ထုတ်ဝေခဲ့ရာ ဒီမိုင်းဆိုက် စာမျက်နှာ ၅၄၉-ရှိလေသည်၊ နောက်တွင်လည်း အကြိမ်များစွာ ထပ်မံရိုက်နှိပ်သည်ဟု သိရလေသည်။

---

ဝိသုဒ္ဓိမဂ်မြန်မာပြန် ဒုတိယတွဲကျမ်း

ဆရာတော်သည် ဝိသုဒ္ဓိမဂ်မြန်မာပြန် ပထမတွဲပြန်ဆိုစဉ် မျက်စိရောဂါ ခွဲစိတ် ကုသပြီးခါစဖြစ်၍ တပည့် ကမ္မဋ္ဌာနာစရိယ အရှင်ဇနကာဘိဝံသကို တချို့ နေရာပြန်ဆိုစေ၍ ကိုယ်တိုင်တည်းဖြတ်တော်မူသည်၊ ဆရာတော်ဘုရားကြီးသည် အသုဘကမ္မဋ္ဌာန်းနိဒ္ဒေသမှ သမာဓိနိဒ္ဒေသ ကုန်သည်အထိ ဒုတိယတွဲအဖြစ်ဖြင့် ပြန်ဆိုတော်မူခဲ့လေသည်၊ ယင်းဒုတိယတွဲမှာ ဒီမိုင်းဆိုက် စာမျက်နှာ ၆၄၇-ရှိလေသည်။

---

ဝိသုဒ္ဓိမဂ်မြန်မာပြန် တတိယတွဲကျမ်း

ဣဒ္ဓိဝိဓနိဒ္ဒေသမှ ဣနြ္ဒိယသစ္စနိဒ္ဒေသကုန်သည်အထိ တတိယတွဲအဖြစ်ဖြင့် ပြန်ဆို ရေးသားတော် မူခဲ့လေရာ ၁၃၃၆-ခုနှစ်တွင် စာအုပ်အဖြစ်သို့ ရောက်ခဲ့လေသည်၊ ဆရာတော်ဘုရားကြီးသည် ယင်းဝိသုဒ္ဓိမဂ် မြန်မာပြန် တတိယတွဲ၏ အဆုံး၌ သာသနာပြုပုံ, ကျမ်းပြီးရာကာလ, တောင့်တချက်စသည်တို့ကို အောက်ပါ သံပေါက် ၁၆-ပုဒ်ဖြင့် သမိုင်းကြောင်း ပြည့်စုံစွာ ဖော်ပြ၍ နိဂုံးအုပ်တော်မူခဲ့လေသည်။

၁။ မဟာစည်ခေါ်, ဆရာတော်, ထွန်းပေါ်ထင်ရှားသည်၊
၂။ သတိပဋ္ဌာန်, ကျင့်လမ်းမှန်, ထုတ်ပြန်ဟောကြားသည်၊
၃။ ကျမ်းပေါင်းများစွာ, စီရင်ကာ, သာသနာပြုနေသည်၊
၄။ ဆဋ္ဌသံဂါ, တင်စဉ်မှာ, ဩသာဝန်ဆောင်သည်၊
၅။ ပါဠိမေးကာ, ဋ္ဌကထာ, ဋီကာစိစစ်သည်၊
၆။ အရှင်သောဘန, ပဏ္ဍိတ, အဂ္ဂမဟာထေရ်
၇။ ဝိသုဒ်မြန်မာ, ကျမ်းရွှေစာ, ချောစွာရေးခဲ့သည်၊
၈။ တထောင့်သုံးရာ, သုံးခြောက်မှာ, ပဝါကွယ်တိထီ၊
၉။ ဘေးရန်ကင်းကွာ, ဤကျမ်းစာ, ကောင်းစွာပြီးမြောက်သည်၊
၁၀။ ထိုနည်းတူစွာ, များသတ္တာ, ဘေးကွာရန်ကင်းကြပါစေ၊
၁၁။ အပြစ်ကင်းပ, ကြံသမျှ, ပြည့်ဝအောင်မြင်ကြပါစေ၊
၁၂။ မေတ္တာကရုဏာ, မုဒိတာ, ပွားကာချမ်းသာကြပါစေ၊
၁၃။ ထူးသူတွေမှာ, ဤကျမ်းစာ, ဖတ်ကာနားလည်ကြပါစေ၊
၁၄။ နားလည်ပြီးပြန်, ကျင့်လမ်းမှန်, ကျင့်ကြံပေါက်ရောက်ကြပါစေ၊
၁၅။ မဂ်ဖိုလ်နိဗ္ဗာန်, ချမ်းသာမှန်, အမြန်သိမြင်ကြပါစေ၊
၁၆။ သို့ဖြင့်မြတ်စွာ, သာသနာ, ရောင်ဝါနေသို့ ထွန်းစေသော်၊

ယင်း ဝိသုဒ္ဓိမဂ်မြန်မာပြန်မှာ ဒုတိယအကြိမ် ပြန်လည်ရိုက်နှိပ်သောအခါ ပထမဆုံး ပြန်ဆိုခဲ့သော ဝိသုဒ္ဓိမဂ်မြန်မာပြန် ဝိပဿနာပိုင်းသည် စတုတ္ထတွဲဖြစ်လာ၍ ယင်း စတုတ္ထတွဲ ၏ အဆုံး၌ထားရှိ ရိုက်နှိပ်ခဲ့လေသည်၊ ယင်းစတုတ္ထတွဲမှာ ရွိုင်ဆိုက် စာမျက်နှာ ၅၄၄-မျက်နှာ ရှိလေသည်။

---

ဝိသုဒ္ဓိမဂ်နိဒါနကထာ

သက္ကရာဇ် ၁၃၁၉-ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၄-ရက်နေ့တွင် အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော် ဘုရားကြီး အရှင်သူရိယာဘိဝံသနှင့်တကွ အဖွဲ့ဝင် ၁၃-ပါးတို့ ကြွရောက်ပါဝင်သော ဆဋ္ဌသင်္ဂါယနာဝန်ဆောင် အစည်းအဝေးမှ တာဝန်ပေးအပ်ချက်အရ မဟာစည်ဆရာတော်ဘုရားကြီးသည် ဝိသုဒ္ဓိမဂ်နိဒါန ကထာကိုလည်း အဋ္ဌကထာကျမ်းဂန်များ, မဟာဝံသ, ဒီပဝံသစသော ကျမ်းဂန်မျ ားနှင့် အခြားဂန္ထန္တရအဝဝတို့ကို လေ့လာကြည့်ရှု ပြုစီရင်တော်မူခဲ့လေသည်၊ ဆရာတော် တောင်းပန်သဖြင့် သပြေကန်ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသက သင်္ဂဟဂါထာ ၃၄-ဂါထာတို့ကိုလည်း ယင်းနိဒါနကထာ၌ ထည့်သွင်းဖော်ပြ ခဲ့လေသည်။

ဝိသုဒ္ဓိမဂ် နိဒါနကထာကို “ဝိသုဒ္ဓိမဂ္ဂေါ အယံ ဂန္ထော ပိဋကတ္တယ သာရဘူတော သကလလောကေ ပဋိပတ္တိဒီပက ဂန္ထာနံ အဂ္ဂေါ ဟောတိ သေဋ္ဌော ပမုခေါ ပါမောက္ခော ဥတ္တမော ပဝရောစာတိ ဝိညူဟိ ပသတ္ထော” အစချီ၍ ပြုစီရင်တော် မူခဲ့လေသည်၊

ယင်းဝိသုဒ္ဓိမဂ္ဂ နိဒါနကထာ၏ အဆုံး၌ “ဆဋ္ဌသင်္ဂီတိဘာရနိတ္ထာရက သံဃသမိတိယာ ပကာသိတာယံ ဝိသုဒ္ဓိမဂ္ဂနိဒါနကထာ နိဋ္ဌိတာ” ဟု ဖော်ပြ ပါရှိလေသည်၊ ကျမ်းပြီး နှစ်ကို ၂၅၀၃-ဗုဒ္ဓဝဿေ၊ ၁၉၆၀-ခရိသ္တဝဿေ-ဟု ဖော်ပြထားသည်၊ ၎င်းကျမ်းသည် ရွိုင်ဆိုက်စာမျက်နှာ ၇၃-ရှိလေသည်။

---

အရိယာဝါသတရားတော်

အင်္ဂုတ္တရနိကာယ် ဒသကနိပါတ် စာမျက်နှာ ၂၇၉-၂၈၀-၂၈၁-၂၈၂-တို့၌ ပထမ အရိယာဝါသသုတ်နှင့် ဒုတိယအရိယာဝါသသုတ် နှစ်သုတ်လာရှိရာ ဤကျမ်းမှာ ဒုတိယအရိယာဝါသ သုတ်ဖြစ်လေသည်၊ ဆရာတော် ဘုရားကြီးသည် ၁၃၂၄-ခုနှစ် တန်ဆောင်မုန်းလဆန်း ၉-ရက်, ၁၀-ရက်နေ့ ညများတွင် သန်လျင်မြို့ သာသနဓဇဓမ္မာစရိယ အဂ္ဂမဟာအကျော် အရှင်ဝဏ္ဏသိရီ၏ မင်းကျောင်း ပထမပြန် စာသင်တိုက်၌ ဤအရိယာဝါသ တရားတော်ကြီးကို ဟောကြားတော်မူရာ တရားသူကြီး ဦးသိန်းဟန်သည် အသံဖမ်းယူခဲ့လေသည်၊

ဆရာတော်သည် ဤအရိယာဝါသသုတ်တရားတော်ကို ရွှေဘိုမြို့ ဆိပ်ခွန်ရွာ, ရန်ကုန်မြို့ ကမ္ဘာအေး မဟာဂန္ဓာရုံတိုက် သိမ်ကျောင်း ရေစက်ချပွဲ, ငါးသိုင်းချောင်းမြို့ မဟာစည်ရိပ်သာ သိမ်သမုတ်ပွဲ, ရန်ကုန်မြို့ ဘုရားလမ်း ကျားကူးဓမ္မာရုံ မန္တလေးမြို့ ဝင်းလိုက် ရုပ်ရှင်ရုံပိုင်ရှင် ဦးစိန်ဝင်း -ဒေါ်ယဉ်ယဉ်တို့၏ အိမ်ရှေ့တရားပွဲတို့၌လည်း ဟောကြားတော်မူသည့်ပြင် အိမ်မဲမြို့, ပျဉ်းမနားမြို့, ဗန်းမော်မြို့, မိုးတားမြို့, ရွှေဘို, ကျောက်မြောင်း, မင်းလှမြို့စသော မြို့များ၌လည်း ဟောကြားတော်မူခဲ့လေသည်၊

ယင်းတရားတော်ကြီးကို တိတ်ရီကော်တာမှ ကူးယူ၍ ဝဏ္ဏကျော်ထင် ဆရာဝန်ကြီး ဦးမြင့်ဆွေက ၁၃၂၅-ခုနှစ် လောက်တွင် ဓမ္မဒါနပြု ရိုက်နှိပ်ထုတ်ဝေခဲ့လေသည်၊ နောက်တွင် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ရာ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် ၂၈၆-မျက်နှာ ရှိလေသည်။

---

မဟာစည်ဝတ်ရွတ်စဉ်

ဆရာတော်ဘုရားကြီးသည် ပင်မမိခင် ရန်ကုန် မဟာစည်သာသနာ့ရိပ်သာ၌ သီတင်းသုံးတော်မူကြသော ရဟန်း ရှင်သာမဏေများနှင့် ကမ္ဘာ့နိုင်ငံ အနှံ့အပြားရှိ ရဟန်းသာမဏေ ယောဂီများ ညစဉ်ရွတ်ဖတ်ပွားများရန် မဟာစည်ဝတ်ရွတ်စဉ် (မဟာစည် သာသနာ့ရိပ်သာဝတ်ရွတ်စဉ်) ကိုလည်း ပြုစီရင်တော်မူခဲ့လေသည်၊

ယင်းမဟာစည် သာသနာ့ရိပ်သာ ဝတ်ရွတ်စဉ်ကျမ်း၌ မဟာစည် ဩကာသ, မေတ္တာပို့, ဒွတ္တိံ သကာရပါဠိ, အဘိဏှသုတ်, ပဗ္ဗဇိတအဘိဏှသုတ်, ဥပသမ္ပဒ-ကမ္မဝါစာ, အနန္တရာယိကကမ္မဝါစာ, အနေကဇာတင်ပါဠိ, ပဋ္ဌာန ပစ္စယုဒ္ဒေသပါဠိ, ဓမ္မစက္ကပဝတ္တနသုတ်, အနတ္တလက္ခဏသုတ်, အာဒိတ္တပရိယာယသုတ်, ဂုဏ်တော် ၉-ပါး ဘုရားရှိခိုး, ဂုဏ်တော် ၆-ပါး တရားရှိခိုး, ဂုဏ်တော် ၉-ပါး သံဃာတော်ရှိခိုး, ဉာဏ်စဉ် ၁၆-ပါးဘုရားရှိခိုး, ပဋိပတ္တိပူဇနာကာရဘုရားရှိခိုး, ဓမ္မုဒ္ဒေသ ၄-ပါး ဆောင်ပုဒ်, ပရိတ္တပါဠိ, မဟာသတိပဋ္ဌာနသုတ်, ဘိက္ခုပါတိမောက် ပါဠိတော်တို့ ပါရှိလေသည်၊

ယင်းမဟာစည်ဝတ်ရွတ်စဉ်ကိုလည်း အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ရာ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် စာမျက်နှာ ၁၆၈-ရှိလေသည်။

---

တေစတ္တာလီသတိမပိုင်း

ရက်လည်ဆွမ်း အနုမောဒနာကထာ

သက္ကရာဇ် ၁၃၂၂-ခုနှစ် သီတင်းကျွတ်လဆန်း ၂-ရက်နေ့တွင် ရန်ကုန်မြို့ ကျောက်မြောင်းရပ်၌ လှဝိဇ္ဇာ ဇာဘော်လီ ကုမ္ပဏီ ဦးကြည် ဒေါ်ကြွေတို့၏ မိခင်ကြီး ဒေါ်သဲ ကွယ်လွန်ခဲ့ ၏၊ မိခင်ကြီးဒေါ်သဲ ကွယ်လွန်၍ ၇-ရက်မြောက်ဖြစ်သော ၁၃၂၂-ခုနှစ် သီတင်းကျွတ်လဆန်း ၈-ရက်နေ့တွင် ဦးကြည် -ဒေါ်ကြွေတို့သည် မဟာစည် ဆရာတော်ဘုရားကြီးကို ပင့်၍ ဆွမ်းဘောဇဉ်ခဲဖွယ်စသည် လှူဒါန်း၍ ရက်လည်ဆွမ်း သွတ်ကြသည်၊ ဆရာတော် ဘုရားကြီးသည် ရက်လည်ဆွမ်း အနုမောဒနာတရား အမည်ရှိသော အောက်ပါတရားဒေသနာကို ဟောပြတော်မူခဲ့လေသည်။

ယခု ကွယ်လွန်သွားတဲ့ ဒကာမကြီး ဒေါ်သဲက ရှစ်ဆယ်နှင့် ငါးနှစ်လား, ခြောက်နှစ်လား, (ရှစ်ဆယ့်ခြောက်နှစ်ပါဘုရား)၊ ၈၆-နှစ်ဆိုတော့ ယခုကာလ အသက် တမ်းက ကျော်တောင် ကျော်နေပါပြီ။

အပ္ပံ ဝတ ဇီဝိတံ ဣဒံ, ဩရံ ဝဿသတာပိ မိယတိ၊
ယော စေပိ အတိစ္စ ဇီဝတိ, အထ သော ဇရသာပိ မီယတိ။

ဣဒံ ဇီဝိတံ - ယခုကာလ၌ လူတို့၏ အသက်ရှင်ရခြင်းသည်၊
အပ္ပံဝတ - နည်းလှ တိုးတောင်းလှလေစွတကား။

မြတ်စွာဘုရား လက်ထက်တော် အခါကာလတုန်းက လူတို့ ၏ အသက်တမ်းဟာ တရာတမ်းရှိတယ်၊ အဲဒီတုန်းက အသက် တစ်ရာကျော်နေရတဲ့ ပုဂ္ဂိုလ်တွေရှိတယ်၊ အသက်တရာ့နှစ်ဆယ်နေရတဲ့ ပုဂ္ဂိုလ်တွေ ကျမ်းဂန်များအရ တော်တော် များများ ထင်ရှားတွေ့ရတယ်၊ အသက်တရာတိုင်အောင် မနေရတဲ့သူတွေလဲ ရှိတာပဲ၊ သို့သော် အများစံချိန်အရ အသက်တမ်း အမှန်ကတော့ တရာတမ်းပေါ့၊ အဲဒီ အသက် တရာတမ်းကို ရည်ပြီးတော့ အသက်တမ်း တိုတယ်လို့ မြတ်စွာဘုရားက ဟောကြားတော်မူထားတဲ့ တရားတော်ပဲ။

ဣဒံဇီဝိတံ - ယခုကာလ လူတို့၏ အသက်ရှင်ရခြင်းသည်၊
အပ္ပံဝတ - နည်းလှ တိုတောင်းလှလေစွ တကား၊
ဩရံဝဿသတာပိ - အနှစ်တရာအတွင်း ဤမှာဘက်၌သော်လည်း၊
ဝါ - အနှစ်တရာ မပြည့်မီသော်လည်း၊
မီယတိ - သေဆုံးပျက်စီးရချေသေး၏။

အသက်တမ်းက တရာတမ်းရှိပေမယ်လို့ အသက်တရာ ပြည့်အောင်လဲ နေချင်မှ နေရတယ်၊ အသက်တရာ မပြည့်သေးမီ အတွင်းမှာလဲ သေဆုံး ပျက်စီးသွားကြ ရတာတွေလဲ ရှိတာပဲတဲ့။

ယော စေပိ အတိစ္စ ဇီဝတိ, အထ သော ဇရသာပိ မီယတိ။

ယော - အကြင်ပုဂ္ဂိုလ်သည်၊
ယော - ကံထူးချွန်၍ ထူးထူးခြားခြား အသက်ရှည်သော တစုံတယောက်သော ပုဂ္ဂိုလ်သည်၊
အတိစ္စ - အနှစ်တရာ အသက်တမ်းကို ကျော်လွန်၍၊
စေပိ ဇီဝတိ - အကယ်၍ ထူးထူးခြားခြား အသက်ရှည်စေကာမူ-

အချို့ပုဂ္ဂိုလ်တွေက အသက်ရှည်ကြောင်းဖြစ်တဲ့ ကုသိုလ်ကံတွေကို ရှေးရှေးဘဝက ဆည်းပူးခဲ့လို့ ကံကောင်းတဲ့အတွက် ပဋိသန္ဓေ ကတည်းက အသက်ရှည်ဖို့ရာ ထူးခြားတဲ့ ရုပ်တွေနဲ့ ပြည့်စုံလာခဲ့တယ်၊ ဒါကြောင့် အသက် တရာတမ်းကို ကျော်လွန်ပြီး အသက်ရှည်နေတဲ့သူလဲ ရှိပါသေးတယ်တဲ့၊ တဦးတလေ အနည်းငယ် ပေါ့၊ အဲဒီလို အသက်တရာတမ်းကို ကျော်လွန်ပြီးတော့ အသက်ရှည်နေတဲ့ ပုဂ္ဂိုလ်လဲပဲ အမြဲတမ်းတော့ တည်မနေနိုင်ရပါဘူးတဲ့။

အတိစ္စ - အသက်တရာတမ်းကိုကျော်လွန်၍၊
စေပိ ဇီဝတိ - အကယ်၍ ထူးထူးခြားခြား အသက်ရှည်စေကာမူ၊
အထ - ထိုသို့ အသက်တမ်းကို ကျော်လွန်နေသောအခါ၊
ဇရသာပိ - အိုမင်းခြင်းကြောင့်လည်း၊
သော - ထိုပုဂ္ဂိုလ်သည်၊
မီယတိ -သေကြေပျက်စီးရချေ၏။

အသက်တရာတမ်းကို ကျော်လွန်ပြီး အသက်ရှည်နေပေမယ့် ဇရာဆိုတဲ့ အိုမင်းခြင်း သဘောက နှိပ်စက်တဲ့အတွက် လူ့ခန္ဓာကိုယ် အတ္တတောကြီးဟာ အမြဲတော့ တည်တံ့ပြီး မနေနိုင်ဘူးတဲ့၊ နောက်ဆုံးကျတော့ အိုလို့လဲ သေရပြန်တာပဲတဲ့၊ အဲဒါဟာ လူတွေတွင်သာ မဟုတ်ဘူး တလောကလုံး သူအသက်တမ်းနှင့်သူ ဒီလိုချည်းပါပဲ။

ပိုးမွှားတိရစ္ဆာန် ကလေးတွေ ထဲမှာဆိုယင် ရက်ပိုင်း လပိုင်းလောက် အသက်ရှည်တဲ့ သတ္တဝါကလေးတွေ၊ တနှစ်, နှစ်နှစ်လောက်သာ အသက်ရှည်တဲ့ သတ္တဝါ ကလေးတွေ စသည်ဖြင့် အမျိုးမျိုးရှိကြတယ်၊ ဒီသတ္တဝါ ကလေးတွေ မှာ အသက် ရှည်ဖို့ရာ ရုပ်က ပဋိသန္ဓေကတည်းက ပြီးစီးလာခဲ့တယ်၊ ဒါကြောင့် သူတို့၏ အသက်တမ်း စေ့သွားတဲ့အခါမှာ သူတို့ ၏ ရုပ်တွေဟာ အိုမင်းပြီး ချွတ်ယွင်း ကုန်တာပဲ၊ ရက်ပိုင်းလောက် အသက်ရှည်မည့် သတ္တဝါတွေဟာ သူတို့ ၏ရက်ပိုင်း စေ့တဲ့အခါ အိုမင်းချွတ်ယွင်းကုန်တယ်၊ လပိုင်းလောက် အသက်ရှည်မည့် သတ္တဝါ တွေလဲ သူတို့ ၏ လပိုင်းစေ့တဲ့အခါ အိုမင်းချွတ်ယွင်းကုန်တယ်၊ တနှစ် နှစ်နှစ် စေ့တဲ့အခါ အိုမင်း ချွတ်ယွင်းကုန်တာပဲ။

ထို့အတူ လူတွေမှာလဲ အသက်တရာတမ်းမှာဆိုယင် အသက်ရှစ်ဆယ် ကိုးဆယ် လောက်ကစပြီး သိသိသာသာ အိုမင်းလာတယ်၊ အနှစ်တရာက ကျော်လာယင်တော့ ရုပ်တွေက သာပြီးအိုမင်းဆွေးမြည့် ကုန်တာပေါ့၊ ဒါကြောင့် အဲဒီလို အိုမင်း ဆွေးမြည့်လို့လဲ သေကြေပျက်စီးရပြန်တယ်တဲ့၊ အနှစ်နှစ်ရာထိအောင်တော့ အသက် မရှည်နိုင်ဘူးလို့ ဆိုလိုပါတယ်၊

မြတ်စွာဘုရား လက်ထက်တော်တုန်းက ထူးထူးခြားခြား အသက်ရှည်ကြတာ တွေဟာ အနှစ်တရာ့နှစ်ဆယ် (၁၂၀) လဲ ရှိတယ်၊ အနှစ်တရာ့လေးဆယ် (၁၄၀) လဲရှိတယ်၊ အရှည်ဆုံးကတော့ အနှစ်တရာ့ခြောက်ဆယ် (၁၆၀) အထိ ထင်ရှား ပါတယ်၊ ဒါထက် ပိုပြီး အသက်ရှည်တာကတော့ ပိဋကတ်ကျမ်းဂန်များအရ မထင်ရှားတော့ဘူး၊

ဒါကြောင့် အနှစ်နှစ်ရာ (၂၀ဝ) ထိအောင်တော့ အသက်မရှည်နိုင်ဘူးလို့ မှတ်ရတယ်၊ အဲဒီလို အနှစ်တရာ တရာကျော်လောက် သာ အသက်ရှည်နိုင်တာကို ရည်ပြီးတော့ မြတ်စွာဘုရားက လူတို့၏အသက်ဟာ အင်မတန် တိုတောင်းတယ်လို့ သတိသံဝေဂ ရကြဖို့ရာ ဟောကြားတော်မူပါတယ်။

အသက် ၇၅-နှစ်တမ်း

အဲဒီ အသက်တရာတမ်း ရှိတဲ့လူတွေဟာ အသက်တရာ အနီးအပါး မရောက် သေးခင်ကတော့ အသက် ရှည်ပြီး နေဖို့ရာတွေ အများကြီးပဲလို့ အောက်မေ့ နေကြတယ်၊ အသက်တရာပြည့်သွားတဲ့အခါမှာ ပြန်ပြီးစဉ်းစား လိုက်ယင်တော့ အဲဒီ အနှစ်တစ်ရာကို ဘာမျှမကြာဘူး၊ တိုတိုကလေးပဲလို့သာ ထင်ကြရတယ်၊ ယခု ကာလမှာတော့ အသက်တရာတမ်းလဲ မရှိတော့ဘူး၊

အများပြောရိုးအတိုင်းဆိုယင် အသက်တမ်းက အနှစ်တရာ တရာမှာ တနှစ် တနှစ် လျော့သွား လျော့သွားတယ်လို့ ဆိုကြတယ်၊ အဲဒီအဆိုအရ တွက်ကြည့်မယ်ဆိုယင် မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးတဲ့နောက်မှာ နှစ်ပေါင်း နှစ်ထောင့်ငါးရာ (၂၅၀ဝ) ရှိလာပြီ
ဒါကြောင့် ၂၅-နှစ်လျော့ရမှာပေါ့၊ အနှစ်တရာ (၁၀ဝ)ထဲက ၂၅-နှစ် လျှော့လိုက်ယင် ၇၅-နှစ်သာကျန်တယ်၊

ဒီတော့ ယခုလူတို့၏ အသက်တမ်းဟာ ၇၅-နှစ်လောက်သာ ရှိတယ်လို့ဆိုရမှာပေါ့၊ ယခုလက်ရှိ သက်တမ်းအရဆိုယင် အဲဒီတွက်နည်းဟာ ဟုတ်ပုံပေါ်နေတယ်၊ ယခုလူတွေ၏ အသက်တမ်းကို ၇၅-နှစ်တမ်းဆိုပေမယ်လို့ ၇၅-နှစ်ထက် ပိုပြီး အသက်ရှည်တဲ့ သူတွေလဲ နည်းနည်းပါးပါးတော့ ရှိနေသေးတာပါပဲ၊

အဲဒီလူတွေကတော့ မြတ်စွာဘုရားလက်ထက်တော်က အ သက် (၁၂၀) (၁၄၀) (၁၆၀) အသက်ရှည်နေကြတဲ့ ပုဂ္ဂိုလ်ထူးမျိုးတွေ ကံထူးချွန်တဲ့ ပုဂ္ဂိုလ်တွေပေါ့၊ အများအားဖြင့် ဆိုယင်တော့ ယခုနေအခါမှာ အသက် ၇၅-နှစ်ထိအောင် နေရတဲ့ ပုဂ္ဂိုလ်ကိုက ခပ်ရှားရှားပဲ။

ခုနကပြောခဲ့တဲ့ “အနှစ်တရာမှာ တနှစ်လျော့တယ်”ဆိုတဲ့ စကားကတော့ စာပေကျမ်းဂန်နဲ့ ခိုင်ခိုင်မာမာ စကားတော့ မဟုတ်ပါဘူး၊ ဒီလိုအစဉ်အဆက် ပြောလာကြတဲ့ ပြောရိုးဆိုစဉ်မျှပါပဲ၊ ဒါပေမယ့် ယခုလူတွေ၏ ယေဘုယျ အသက်တမ်းနှင့် နှိုင်းချိန်ကြည့်ယင်တော့ အသင့်ယုတ္တိရှိနေပါတယ်၊

ဒါကြောင့် ယခုထည့်သွင်းပြောရတာပဲ၊ ယခု ကွယ်လွန်သွားတဲ့ ဒကာမကြီး ဒေါ်သဲဟာ အသက်ရှစ်ဆယ်နှင့် ခြောက်နှစ်ဆိုတော့ ယခုကာလ အာယု သက်တမ်းက ကျော်နေပါပြီ၊ ဒါကြောင့် ခုနကပြောခဲ့တဲ့အတိုင်း အထူးကံကောင်းတဲ့ ပုဂ္ဂိုလ် ကံထူးချွန်တဲ့ ပုဂ္ဂိုလ်လို့ ဆိုရမှာပေါ့၊

ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” စသည်ဖြင့် ဆောက်တည် ကျင့်သုံးရတဲ့ သီလမျိုးပေါ့လေ၊ သူတပါးကို ညှဉ်းဆဲသတ်ဖြတ်ခြင်း အစရှိတဲ့ အဲဒီလို မကောင်းမှုမျိုးတွေကို ကြဉ်ရှောင်ပြီးတော့ အသက်ရှည်ကြောင်းဖြစ်တဲ့ ကောင်းမှု တွေကို ဆည်းပူးစုဆောင်းပြီးလာခဲ့လို့ ယခုလို သက်တမ်းကို ကျော်လွန်ပြီးတော့ အသက်ရှည်သွားတာပဲ၊

အဲဒီလို အသက်ရှည်ကြောင်း ကောင်းမှုကုသိုလ်ကံ၏ အစွမ်းအာနုဘော်ကြောင့် အသက်တမ်းကို ကျော်လွန်ပြီးတော့ ထူးထူးချွန်ချွန် အသက်ရှည်နေရပေမယ်လို့ အမြဲတမ်းတော့လဲ အသက်မရှည်နိုင်ဘူး၊ ကိုယ်တွင်းရုပ်တွေက အိုမင်းဆွေးမြည့် ကုန်တဲ့ အတွက် နောက်ဆုံးကျတော့ သေဆုံးပျက်စီး သွားရပြန်တာပဲ၊ ဒါကြောင့် -

ယော - ကံထူးချွန်၍ ထူးထူးခြားခြား အသက်ရှည်သော အကြင် တစုံ တယောက်သော ပုဂ္ဂိုလ်သည်၊
အတိစ္စ - အသက်တမ်းကို ကျော်လွန်၍၊
စေပိဇီဝတိ - အကယ်၍ ထူးထူးခြားခြား အသက်ရှင်နေစေကာမူ၊
အထ - ထိုသို့ အသက်တမ်းကို ကျော်လွန်နေသောအခါ၌၊
ဇရသာပိ - အိုမင်းဆွေးမြည့်ခြင်းကြောင့်လည်း၊
သော - ထို ပုဂ္ဂိုလ်သည်၊
မီယတိ - ကိုယ်နှင့်အသက်မြဲလျက် မနေသေရချေသေး၏-တဲ့။

ခန္ဓာအိမ်ဟာ အိုမင်းဆွေးမြည့်လာတော့ ပျက်စီးရတော့တာပဲ၊ မပျက်စီးပဲ တည်မြဲ တည်နေနိုင်တာရယ်လို့တော့ ဘယ်မှာမျှ မရှိဘူး၊ အဲဒီလို ခန္ဓာအိမ်ကြီးက အိုမင်း ဆွေးမြည့်ပြီး ပျက်စီးလာတော့ အဲဒီခန္ဓာအိမ်မှာ မှီပြီးဖြစ်နေတဲ့ အသက်လို့ ခေါ်ရတဲ့ ရုပ်ရောနာမ်ပါ အဲဒါတွေကလဲ ဆက်လက်ပြီး မဖြစ်နိုင်တော့ဘူး၊ တည်ရာဌာန ခန္ဓာအိမ်ကိုက မကောင်းတော့ပဲဟာကိုး၊ အသက်ရုပ်နာမ်တွေကလဲ ဘယ်မှာ ဆက်လက်ပြီးဖြစ်နိုင်တော့မှာလဲ၊ အဲဒီ အသက်ရုပ်နာမ်တွေ ပျက်စီးသွားတော့ သေတယ် လို့ ခေါ်ရတော့တာပါပဲ။

သတ္တဝါတို့၏ သန္တာန်မှာ ပဋိသန္ဓေကတည်းက ကံကြောင့် ဖြစ်လာတဲ့ ကမ္မဇရုပ် ဆိုတာ ရှိတယ်၊ အဲဒီရုပ်က ပဋိသန္ဓေကတည်းက ရှေးဦးစွာ စပြီး ဖြစ်လာတယ်၊ ပြီးတော့ အဲဒီကမ္မဇရုပ်တွေကို မှီပြီးတော့ ဥတုကြောင့်ဖြစ်တဲ့ ဥတုဇရုပ်တွေကလဲ ဖြစ်လာကြတယ်၊ ပြီးတော့ စိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်တွေကလဲ ဖြစ်လာကြတယ်၊ နောက်ကာလကြာတော့ စားသောက်တဲ့ အစာအာဟာရကို မှီပြီးတော့ အာဟာရကြောင့်ဖြစ်တဲ့ အာဟာရဇရုပ်တွေလဲ ဖြစ်ပေါ်လာကြတယ်၊ ဒီရုပ်တွေဟာ သတ္တဝါတို့ ၏ သန္တာန်မှာ မပြတ်ဖြစ်နေကြတယ်၊ ဒီရုပ်တွေထဲမှာ ကံကြောင့်ဖြစ်တဲ့ ကမ္မဇရုပ် ဆိုတာကတော့ အပြဋ္ဌာန်းဆုံး အရင်းခံ အကျဆုံးပဲ။

အသက်ရှည်ဖို့ မျိုးစေ့ရုပ်

ရှေးကုသိုလ်ကံက အကျိုးပေးလိုက်တော့ ကံကြောင့်ဖြစ်တဲ့ အဲဒီရုပ်ဟာ လူ့ဘဝမှာ အသက်ရှည်အောင်, အဆင်းလှအောင်, အနာကင်းအောင်, ကျန်းမာအောင်, ခွန်အားဗလနှင့် ပြည့်စုံရအောင်, အစစအရာရာ ကောင်းတဲ့အခြေအနေနဲ့ ပြည့်စုံ ရအောင် ပဋိသန္ဓေကတည်းက မျိုးစေ့ကလေးအနေနဲ့ သူက ပါလာတယ်၊

အနာရောဂါလဲ ကင်းရှင်းရတယ်၊ ခွန်အားဗလလဲ ကြီးမားရတယ်၊ အဲဒါတွေဟာ ကံရဲ့အစွမ်းကြောင့် ဖြစ်လာတာတွေပဲ၊ ဒါပေမယ့် အခြားအထောက်အပံ့တွေကလဲ ရှိပေသေးတယ်၊ အစာအဟာရ မစားလောက်ပဲနေယင်လဲ သူဟာ အသက် မရှည် နိုင်ဘူး၊ ဒါကြောင့် စားသောက်တဲ့ အစာအဟာရ အထောက်အပံ့ဆိုတာလဲ ရှိရပါတယ်၊ ဘေးအန္တရာယ်တို့ ရှောင်တန်ရှောင် တိမ်းတန်တိမ်းလို့ ဒီလိုလဲ စောင့်ရှောက်ရပါတယ်၊ ဥတုအနေအထိုင်များနဲ့လဲ သင့်လျော်အောင် ကြည့်ပြီး ပြုပြင် စောင့်ရှောက်ရပါတယ်။

ဒါပေမယ့် ပဋိသန္ဓေကတည်းက ကံကြောင့်ဖြစ်လာခဲ့တဲ့ ကမ္မဇရုပ်ကတော့ ပြဋ္ဌာန်းပါတယ်၊ ပစ်လိုက်တဲ့ ခဲများဟာ ပစ်တဲ့သူရဲ့လက်က သန်စွမ်းသလောက်သာ ပြေးသွားပါတယ်၊ ခဲပစ်အလေ့အကျင့် မရှိတဲ့သူ ခဲပစ်ယင် သိပ်ပြီး ဝေးဝေး မပြေးဘူး၊ ယောက်ျားတွေနဲ့ မိန်းမတွေ ခဲပစ်တာချင်း မတူဘူး၊ မိန်းမတွေ ခဲပစ်ယင် သိပ်မပြေးဘူး၊ လက်က လေ့ကျင့်သား မရပဲဟာကိုး၊ ပစ်နေကျ မဟုတ်လေတော့ သိပ်မပြေးဘူးပေါ့၊ ခဲပစ်နေကျ ယောက်ျားများ ပစ်လိုက်ယင် ခဲဟာ အများကြီး ပြေးတယ်၊

အဲဒါလိုပါပဲ၊ ကံစွမ်းက အားနည်းနည်းဆိုတော့ ရုပ်ကလဲ အားနည်းနည်းဖြစ်တယ်၊ ကြာရှည်မဖြစ်နိုင်ဘူး၊ ကံစွမ်းက အားကောင်းကောင်းဆိုယင်တော့ ရုပ်ကလဲ အားကောင်းကောင်း ကြာရှည်စွာ ဖြစ်နိုင်တယ်၊ ဒါပေမယ့် ပစ်လိုက်တဲ့ခဲဟာ လမ်းမှာ နံရံတို့, သစ်ပင်တို့ တိုက်မိယင်တော့ ဝေးဝေးမပြေးနိုင်တော့ဘူး၊ ကျသွားတော့တာပဲ၊ အဲဒါလိုပါပဲ၊ အကြောင်း မညီညွတ်ယင်တော့ ဆန့်ကျင်ဘက်အကြောင်းတွေနဲ့ တွေ့ပြီးတော့ ကံက အကျိုးပေးသလောက် မတည်ပဲ ပျက်စီးသွားတာလဲ ရှိတတ်ပါတယ်။

ဒါကြောင့်မို့ အစာအာဟာရနဲ့လဲ သင့်လျော်အောင် စောင့်ရှောက်ကြရတယ်၊ ဥတုနဲ့ အနေအထိုင် အသွားအလာနဲ့လဲ သင့်လျော်အောင် စောင့်ရှောက်ကြရတယ်၊ ဘေးရန် အန္တရာယ်တွေနဲ့လဲ မတွေ့ရအောင် စောင့်ရှောက်ကြရတယ်၊ ယခု လူတွေ ဆေးဝါးကုသပြီး စောင့်ရှောက်ရတယ် ဆိုတာလဲ အဲဒါတွေအတွက်ပါပဲ၊

ကုသိုလ်ကံက အကျိုးပေးထားပေမယ်လို့ ကြားထဲမှာ ပျက်စီးစေနိုင်တဲ့ အကြောင်း တရားတွေကလဲ ပေါ်လာတတ်သေးတယ်၊ အဲဒီလို အကြောင်းတရားတွေကို ဖယ်ရှားနိုင်အောင်လို့ ဒီလို အဘက်ဘက်က စောင့်ရှောက်ပေးနေကြရတာပဲ။

ဒါပေမယ့် အသက်တမ်းကပြည့်ပြီး ကျော်လွန်လာပြီဆိုမှဖြင့် ဘယ်လိုပဲ စောင့်ရှောက်ပေမယ့် လူတွေဟာ ဇရာဆိုတဲ့ အိုခြင်းတရားကိုတော့ မကျော် လွန်နိုင်ဘူး၊ ပြီးတော့ မကျန်းမမာ ဖျားနာခြင်းဆို တာနဲ့လဲ တွေ့ကြရတော့တာပဲ။ အဲဒါကိုလဲ တို့လူတွေဟာ မကျော်လွန်နိုင်ဘူး၊ နောက်ဆုံးကျတော့ သေခြင်းတရားနဲ့ တွေ့ကြရတယ်၊ အဲဒါကတော့ ဘယ်သူမှ မကျော်လွန်နိုင်တဲ့တရားပဲ။

အာဂစ္ဆန္တဂ္ဂိက္ခန္ဓာဝ, မစ္စု ဗျာဓိ ဇရာ တယော၊
ပစ္စုဂ္ဂန္တုံ ဗလံ နတ္ထိ, ဇဝေါ နတ္ထိ ပလာယိတုံ။

မစ္စုစ - သေခြင်းတရားသည်လည်းကောင်း၊
ဗျာဓိစ - ဖျားနာခြင်းတရားသည်လည်းကောင်း၊
ဇရာစ - အိုခြင်းတရားသည်လည်းကောင်း၊
တယော - သုံးပါးသော တရားဆိုးကြီးတို့သည်၊
အဂ္ဂိက္ခန္ဓာဝ - မီးပုံကြီးများ တလိမ့်လိမ့်နှင့် လောင်၍လာကုန်ဘိသကဲ့သို့၊
အာဂစ္ဆန္တိ - ချဉ်းကပ်၍ လာကြကုန်၏-တဲ့။

ဘေးပတ်ဝန်းကျင်က ဝိုင်းပြီး တောမီးေ တွလောင်လာသလိုပေါ့၊ တောမီးတွေဆိုတာ လောင်စရာ ရှိတာတွေကို အစဉ်အတိုင်း တဆက်တည်း အကုန်လောင်တာပဲ၊ မငြိမ်းသတ်နိုင်ယင်တော့ သူက တောက်လျှောက် အကုန်လောင်လာတော့တာပဲ၊ တောင်ကမ်းပါးယံများမှာဆိုယင် တဟုန်ထိုးလောင်ပြီး တက်လာတတ်တယ်၊ မြေပြင်မှာလဲ လေပင့်ပေးတဲ့အခါ ဟုန်းဟုန်း ဟုန်းဟုန်းနဲ့ အမြန်ကြီး လောင်လာ တတ်တယ်၊
လေငြိမ်နေယင်တော့ ဖြည်းဖြည်းချင်းပဲ လောင်လာတတ်တယ်၊ အဲဒီလို ဘေးပတ်ဝန်းကျင်က မီးတွေဝိုင်းပြီး တဟုန်းဟုန်းနဲ့ လောင်လာယင် မီးဝိုင်းမိနေတဲ့ လူဟာ ဘယ်မှပြေးစရာမရှိတော့ဘူး၊ မိမိအနီး အဲဒီမီးတွေ ရောက်လာတဲ့အခါ အလောင်ခံရရုံ ရှိတော့တာပဲ။

အဲဒီလို သတ္တဝါတွေမှာ အိုခြင်းတရား, နာခြင်းတရား, သေခြင်းတရားဆိုတဲ့ ချဉ်းကပ် လာတဲ့ တရားဆိုးကြီးတွေက ၃-မျိုးရှိတယ်၊ ဒီတရားဆိုးကြီးတွေက ပဋိသန္ဓေကစပြီး တဖြည်းဖြည်းချင်း ချဉ်းကပ် လာတတ်တယ်၊ အဲဒီ ၃-မျိုးထဲမှာ အိုခြင်းတရားက ရှေးဦးစွာရောက်လာတတ်တယ်, ပြီးတော့ နာခြင်းတရား, ပြီးတော့ သေခြင်းတရား ဒီလို အစဉ်အတိုင်း ရောက်လာတတ်တယ်၊

ယခုခေတ်မှာ အသက်ငါးဆယ် ခြောက်ဆယ်ဆိုယင် အိုခြင်းတရားက တော်တော်ကို လွှမ်းမိုးနေပြီ၊ ကံညံ့တဲ့ အချို့ပုဂ္ဂိုလ်မှာတော့ မအိုသေးပေမယ့် နာခြင်းတရားက ရောက်လာပြီးတော့ သေကြေပျက်စီးသွားရရှာတယ်၊ ဒီ တရားဆိုးတွေကို ဘယ်သူမှမရှောင်နိုင်ဘူး, ဘယ်သူမှ မကျော်လွန်နိုင်ဘူး၊ ဘယ်သူမှ သူတို့ကို မနှိမ်နင်းနိုင်ဘူး၊ အင်မတန် ကြောက်စရာကောင်းတဲ့ တရားဆိုးကြီးတွေပါပဲ၊ ဒါကြောင့် -

မရနိုင်တာတွေ

လောကသ္မိံ - လောကထဲ၌၊
သမဏေနဝါ - ရဟန်းဖြစ်စေ၊
အလဗ္ဘနီယာ နိဋ္ဌာနာနိ - စီမံခန့်ခွဲ၍ တောင့်တ၍ မရနိုင်တဲ့ အရာဌာနကြီးတွေပဲတဲ့၊

အလဗ္ဘနီယဌာနကြီး ၅-ခုမှာ အပါအဝင်ဖြစ်တဲ့ ဒီတရားဆိုးကြီးတွေကို မဖြစ်ပါစေနဲ့လို့ ရဟန်းကလဲ မစီမံ မခန့်ခွဲနိုင် မကာကွယ်နိုင်ပါဘူးတဲ့။

ဗြာဟ္မဏေန ဝါ - ဗြာဟ္မဏပုဏ္ဏားဖြစ်စေကာမူ မတတ်နိုင်ပါဘူးတဲ့၊ အိန္ဒိယနိုင်ငံမှာ ဗြာဟ္မဏ လူမျိုးဆိုတာ ရှိတယ်၊ ဇာတ်မြင့် ဟိန္ဒူတွေပါပဲ၊ သူတို့ကို ရည်ပြီးဆိုတာ၊ သူတို့က အင်မတန် တွင်ကျယ်ချင်တဲ့ လူတွေပဲ၊ ရှေးကဆိုယင် နေရာတကာမှာ သူတို့ချည်းပဲ ချယ်လှယ် လာခဲ့တယ်၊ သူတို့ပဲ ကျမ်းတွေကိုရေးခဲ့ကြတယ်၊ သူတို့ ရေးတဲ့ ကျမ်းတွေအတိုင်း လူတွေက အဟုတ်မှတ်ပြီး လိုက်နာနေကြရတယ်၊

သူတို့က စားဝတ်နေရေးမှစပြီး လူတွေ လိုက်နာဖို့စည်းကမ်း နည်းလမ်းတွေကို ပညတ် သတ်မှတ်ပေးတယ်၊ အမျိုးလေးပါးသတ်မှတ်ပြီး လူတွေကို အဆင့်အတန်း ခွဲတာလဲ သူတို့အလုပ်ပဲ၊ အဲဒါတွေကို နောက်လူတွေက အဟုတ်မှတ်ပြီး ယုံကြည်ပြီးတော့ လိုက်ပြီး လုပ်နေကြရတယ်၊

မြန်မာပြည်မှာ ရက်ရာဇာ, ပြဿဒါး စသည်ဖြင့် ဗေဒင်အယူအဆ အစွဲအလမ်း တွေဟာ အဲဒီ ဗြာဟ္မဏတွေ တီထွင်ထားတာတွေပဲ၊ အဲဒီ ဗြာဟ္မဏတွေကို ဟိုခေတ်တုန်းက အထင်ကြီးကြတယ်၊ အဲဒီ ဗြာဟ္မဏဆိုတဲ့ လူတွင်ကျယ်တွေလဲ ဒီအိုခြင်း, နာခြင်း, သေခြင်းတရားတွေကျတော့ ဘာမျှ မတတ်နိုင်ကြပါဘူးတဲ့။

နတ်လဲ အထင်မကြီးသင့်

ဒေဝေန ဝါ -နတ်ပဲဖြစ်စေကာမူ မတတ်နိုင်ပါဘူးတဲ့၊ လူတွေက မိမိတို့ ကိုယ်တိုင်က အစွမ်းအင်အား မရှိတော့ သူတပါးကို အားကိုးကြတယ်၊ အားမရှိတဲ့လူဟာ အားရှိတဲ့လူကို အားကိုးမြဲပဲ၊ ကလေးတွေများ သူတို့ ကိုယ်တိုင်ကအားမရှိတော့ လူကြီးတွေကို အားကိုးကြတယ်၊ တစုံတခု ကြောက်စရာကိုတွေ့ယင် လူကြီးတွေကို အားကိုးတော့တာ ပဲ၊ ခွေးကပဲ ဟောင်ဦးတော့ လူကြီးနား ပြေးကပ်လာတာပဲ၊ သူတို့က အားမရှိပဲဟာကိုး၊ အားရှိတဲ့ လူကြီးတွေ အားကိုးရတာပေါ့၊

အဲ .... လူတွေက မိမိကိုမျက်မြင်မှာတော့ လူအချင်းချင်း ဘယ်သူကမှ ဘယ်သူ့ကို မကာကွယ်နိုင်ဘူး၊ ထူးထူးခြားခြား ကောင်းစားအောင် မကယ်နိုင်ဘူးဆိုတာကို သိနေကြတယ်၊ ဒါကြောင့် လူအချင်းချင်းတော့ တယ်ပြီးအထင်မကြီးကြဘူး၊ သူတို့က ထင်ရှားပြတဲ့အခါ တဦးတယောက်သာ တခါတရံ မြင်ကြရတယ်၊

ဒါကြောင့် အဲဒီနတ်တွေကို သိပ်တန်ခိုးကြီးတယ်လို့ ထင်နေကြတယ်၊ အစစ အရာရာမှာ နတ်တွေက ကာကွယ်နိုင်တယ်, ကယ်မနိုင်တယ်လို့ ယုံကြည်ပြီးတော့ နတ်တွေကို လူတွေက အားကိုးနေကြတယ်၊ တကယ် အရေးကြုံလာတဲ့ အခါ ကျတော့ တချို့က နတ်ကတော်တွေတောင် အားကိုးလိုက်ကြသေးတယ်၊

အမှန်မှာတော့ နတ်တွေလဲ လူတွေ ထင်သလောက် အစွမ်းကောင်းလှတာ အားရှိလှတာ မဟုတ်ကြပါဘူး၊ သူတို့လဲ အိုးခြင်း, နာခြင်း, သေခြင်း, တရားတွေကို ဘယ့်နှယ်မှ မတတ်နိုင်ကြပါဘူး၊ သူတို့လဲ သူတို့ရဲ့ ကံအကြောင်းက အကျိုး ပေးသလောက်သာ အခွင့်အရေးကလေး ရပြီးနေကြတာပဲ၊ ဒါကြောင့် ဒေဝေနဝါ -နတ်ဖြစ်စေကာမူ ဒီတရားဆိုးကြီးတွေကိုတော့ ဘာမှမတတ်နိုင်ကြပါဘူးတဲ့။

မာရေနဝါ - မာရ်နတ်ဖြစ်စေကာမူ ဘာမျှမတတ်နိုင်ပါဘူးတဲ့၊ မာရ်နတ်ဆိုတာဟာ နတ်ပြည် ၆-ထပ်မှာ အင်မတန် ကျော်စောထင်ရှားတဲ့ နတ်ကြီးတယောက်ပဲ၊ ဘုရားကိုတောင်မှ သူက ဆန့်ကျင်ဘက်ပြုပြီး အနှောင့်အယှက် ပေးနေသေးတယ်၊ အဲ-သူလဲ အိုခြင်း, နာခြင်း, သေခြင်းဆိုတဲ့ ဒီတရားတွေကျတော့ ဘာမျှ မတတ်နိုင်ဘူးတဲ့။

ဗြဟ္မာလဲမတတ်နိုင်

ဗြဟ္မုနာဝါ - ဗြဟ္မာမင်းကြီးဖြစ်စေကာမူ ဘာမျှမတတ်နိုင်ပါဘူးတဲ့၊ လောကမှာတော့ ဗြဟ္မာကို အယုံအကြည် ရှိတဲ့ လူတွေ, နတ်တွေ, အောက်လက်ဗြဟ္မာတွေက ကမ္ဘာလောကကြီးရော, သတ္တဝါတွေရော အားလုံးကို ဗြဟ္မာမင်းကြီးက ဖန်တီး ထားတယ်လို့ ယုံကြည်ယူဆထားကြတယ်။

အသက်ရှည်အောင်, ကျန်းမာချမ်းသာအောင်, အစစအရာရာ ကောင်းစားအောင် ဗြဟ္မာမင်းကြီးက ပြုလုပ်ပေးနိုင်တယ်လို့ ယုံကြည်နေကြတယ်၊ အဲဒီလို ယုံကြည် ထင်မှတ်ရတဲ့ ဗြဟ္မာမင်းကြီးလဲ ဒီအိုခြင်း, နာခြင်း, သေခြင်းဆိုတဲ့ တရားဆိုးကြီး တွေကိုတော့ ဘာမျှမတတ်နိုင်ပါဘူးတဲ့၊ သူများအတွက် မပြောနဲ့တော့ သူ့အတွက် တောင် အဲဒီဗြဟ္မာမင်းကြီးဟာ ဘာမျှမတတ်နိုင်ဘူး၊ အသက်တမ်းကုန်ယင် သူလဲ သေရတာပဲ ဘာမျှမတတ်နိုင်ဘူး။

ဘုရားလဲမတတ်နိုင်

လောကသ္မိံ - လောက၌၊ ကေနစိဝါ - ထူးချွန်သူ တစုံတယောက်ဖြစ်စေကာမူ ဘုရား ရဟန္တာပုဂ္ဂိုလ် ဖြစ်စေကာမူ ဘာမျှမတတ်နိုင်ပါဘူးတဲ့၊ တရားကျင့်သုံးလို့ တရားဉာဏ် အလင်းတွေကို ရပြီးတော့ တန်ခိုးဣဒ္ဓိပါဒ်တွေနဲ့ ပြည့်စုံနေတဲ့ ဘုရား ရဟန္တာ ပစ္စေကဗုဒ္ဓါပဲ ဖြစ်စေကာမူ ဘာမျှမတတ်နိုင်ဘူး၊

အိုခြင်းတရားနဲ့ တွေ့ပြီးတော့လဲ အိုရတာပဲ၊ နာခြင်းတရားနဲ့ တွေ့ပြီးတော့လဲ နာရတာပဲ၊ သေခြင်းတရားနဲ့ တွေ့ပြီးတော့လဲ သေရတာပဲ၊ အဲဒါကို ပရိနိဗ္ဗာန် ပြုတယ်လို့ ခေါ်ရတယ်၊ အမည် ဝေါဟာရလောက် ပြောင်းရတာပဲ၊ ပြီးတော့ နောင်ဘဝအသစ် မဖြစ်ရဘူး၊ အဲဒါလောက်ပဲထူးပါတယ်၊ လက်ရှိရုပ်နာမ်ခန္ဓာတွေ ပျက်စီးပြီးသေရတာကတော့ အတူတူပါပဲ။

အကြီးဆုံးရန်သူတွေ

ဒါကြောင့် ဒီတရားဆိုးကြီးတွေက တော်တော်ကို စိတ်နာစရာကောင်းတဲ့ တရားဆိုး ကြီးတွေပဲ၊ မုန်းစရာ, ရွံစရာ, ကြောက်စရာ ကောင်းတာတွေထဲမှာ အိုခြင်း, နာခြင်း, သေခြင်းဆိုတဲ့ ဒီတရား ၃-ခုဟာ မုန်းစရာအကောင်းဆုံး, ရွံ့စရာ အကောင်းဆုံး, ကြောက်စရာအကောင်းဆုံးပဲ၊ ရန်သူတွေထဲမှာ အကြီးဆုံး ရန်သူတွေပဲ၊

ဒိပြင် သက်ရှိပုဂ္ဂိုလ် သတ္တဝါ ရန်သူ ဆိုတာကတော့ ရှောင်တိမ်းလို့လဲရပါတယ်၊ ခုခံကာကွယ် တွန်းလှန်လို့လဲ ရပါတယ်၊ စုဆောင်းထားလို့ အင်အားတောင့်တင်းယင် အဲဒီပုဂ္ဂိုလ် သတ္တဝါတွေ ရန်သူ တွေ ကတော့ ကာကွယ်လို့လဲရပါတယ်၊ တွန်းလှန် ဖြိုဖျက်လို့လဲရပါတယ်၊ ဟောဒီ အိုခြင်း, နာခြင်း, သေခြင်း တရားဆိုးကြီးတွေ ကတော့ ဘာမျှလုပ်လို့ မရဘူး၊ ဘယ့်နှယ်မှ ခုလဲမခုခံနိုင်ဘူး၊ ကာလဲ မကာကွယ်နိုင်ဘူး၊ ငုံ့ပြီးတော့သာ ခံနေကြရတာပဲ။

မကျန်းမမာ ရောဂါဝေဒနာဖြစ်လာတဲ့အခါ အတော်အသင့် ဆိုယင်တော့ ဆေးဝါး ကုသလို့ ပျောက်ကင်းသွားတာလဲ ရှိပါသေးရဲ့၊ ဒါပေမယ့် တကယ်ပြင်းပြင်းထန်ထန် ဖြစ်လာယင်တော့ ဘာမှမတတ်နိုင်ဘူး၊ ငုံ့ခံနေရတော့တာပဲ။ အိုခြင်းတရားကတော့ ဆေးကုလို့ လုံးလုံးမရတဲ့တရားပဲ၊

အဲဒါလဲ သွားကျိုးယင် သွားစိုက်လိုက်၊ ဆံပင်ဖြူယင် ဆေးဆိုးလိုက်၊ မျက်စိမှုန်ယင် မျက်မှန်တပ်လိုက်နဲ့ အနည်းအကျဉ်းတော့ ပြုပြင်လို့ ရသေးတယ်ဆိုရမှာပဲ၊ ဒါပေမယ့် တကယ်အိုကြီး အိုလာတော့ သွားချင်တိုင်းလဲ မသွားနိုင်, စားချင်တိုင်းလဲ မစားနိုင်, အိပ်ချင်တိုင်းလဲ မအိပ်နိုင်နဲ့ အဲဒါတွေကို အစားထိုးလို့, ပြုပြင်လို့ မရနိုင်တော့ပါဘူး၊ နောက်ဆုံး သေခြင်းတရားဆိုတာကတော့ ဆေးကုလို့, ပြုပြင်လို့ ဘာမှမရဘူး, သူ့အချိန်ကျယင် သေသွားရတာချည်းပဲ။

ဒါကြောင့် မစ္စုစ - သေခြင်းတရားသည်လည်းကောင်း၊
ဗျာဓိစ - ဖျားနာခြင်းတရားသည် လည်းကောင်း၊
ဇရာစ - အိုခြင်းတရားသည်လည်းကောင်း၊
ဣမေ တယော ဓမ္မာ - ဤသုံးပါးသော တရားဆိုးကြီးတို့သည်၊
အဂ္ဂိခန္ဓာဣဝ - မီးပုံကြီးများ တလိမ့်လိမ့်နဲ့ လောင်၍ လာကုန်ဘိသကဲ့သို့၊
အာဂစ္ဆန္တိ - ချဉ်းကပ်လာကြကုန်၏၊
တေသံ - ထိုသုံးပါးသော တရားဆိုးကြီးတို့ကို၊
ပစ္စုဂ္ဂန္တုံ - ပြန်သွားအောင် တွန်းလှန်ဖြိုဖျက်ခြင်းငှါ၊
ဗလံ-ခွန်အားသည်၊
နတ္ထိ-မရှိချေ။

အဲဒီတရားတွေကို နောက်ပြန်သွားအောင် တွန်းလှန်ဖို့လဲ မတတ်နိုင်ပါဘူးတဲ့၊ လောကမှာ လူအချင်းချင်း ဆိုယင်တော့ လက်နက်နဲ့ အခြွေအရံ အပေါင်းအသင်း တွေနဲ့ အနိုင်အထက်လုပ်ပြီး တွန်းလှန်နိုင်ပါတယ်၊ တနိုင်ငံနဲ့ တနိုင်ငံလဲ ဘေး အန္တရာယ်တွေကို ကာကွယ်ရအောင်လို့ စစ်တပ်ကြီးတွေ ဖွဲ့စည်းပြီးထားကြတယ်၊

ဘေးရန်ပေါ်လာတဲ့အခါမှာ ဒီစစ်တပ်တွေနဲ့ ကာကွယ်ကြ တွန်းလှန်ကြတယ်၊ အဲဒီလို ကာကွယ်ကြ တွန်းလှန်ကြတဲ့ စစ်ဘုရင်ကြီးတွေ, စစ်သေနာပတိကြီးတွေ, စစ်ဗိုလ်ကြီး တွေလဲ အိုခြင်း, နာခြင်း, သေခြင်းတရား ဆိုတဲ့ ဒီတရားဆိုးကြီးတွေ ကျတော့ ဘာမျှမတတ်နိုင်ရှာကြဘူး၊ လက်မြှောက်ပြီး အရှုံးပေးလိုက်ကြရတော့တာပဲ၊

ဘယ်လို နောက်လိုက်အခြွေအရံတွေများပြီး တန်ခိုးဣဒ္ဓိပါဒ်ကြီးနေတဲ့ ပုဂ္ဂိုလ် ဖြစ်ပေမယ့် ဒီတရားဆိုးတွေကိုတော့ ဘာမှမတတ်နိုင်ကြဘူး၊ မခုခံ မတွန်းလှန် နိုင်ဘူး၊ ငုံ့ပြီးခံကြရတာချည်းပဲ။

ဒီလို အနှိပ်အစက်ခံကြရတာလဲ ဒီတဘဝတည်းမဟုတ်ဘူး၊ ဘဝတိုင်း ဘဝတိုင်း ဒီလိုပဲ အနှိပ်စက် ခံလာခဲ့ကြရတယ်၊ သက်ရှိပုဂ္ဂိုလ် သတ္တဝါ ရန်သူတွေဆိုတာ ကတော့ ဒီဘဝမှာ နှိပ်စက်နိုင်ယင် ဒီတဘဝတည်းသာ နှိပ်စက်နိုင်တယ်၊ နောက်ဘဝတွေမှာ လိုက်ပြီး မနှိပ်စက်နိုင်ဘူး၊ အိုခြင်း, နာခြင်း, သေခြင်းဆိုတဲ့ ဒီတရား ဆိုးတွေကတော့ ဘဝတိုင်းဘဝတိုင်း လိုက်ပြီး နှိပ်စက်နေတာပဲ၊

ကုသိုလ်ကံက အကျိုးပေးလို့ လူ့ချမ်းသာ, နတ်ချမ်းသာတွေနဲ့ ပြည့်စုံပြီး ကံကောင်း နေတဲ့အခါလဲ သူတို့က လိုက်ပြီး နှိပ်စက်ကြတာပဲ၊ ဘယ်သူ့ကိုမှ မရှောင်ဘူး၊ အလွန်ကြောက်စရာကောင်းတဲ့ တရားဆိုးကြီးတွေပဲ၊ ကံမကောင်းတဲ့အခါလဲ သနားညှာတာခြင်း မရှိဘူး၊ နှိပ်စက်တာပဲ၊ အင်မတန် ကြောက်စရာကောင်းပါတယ်၊ ဒါတွေကို လူတိုင်း လူတိုင်း, သတ္တဝါတိုင်း သတ္တဝါတိုင်း, ဘဝတိုင်း ဘဝတိုင်း, တွေ့လာရတာပဲ၊ ပြန်ပြီး စဉ်းစားကြည့်မယ်ဆိုယင် အင်မတန်ကို ကြောက်စရာ ကောင်းပါတယ်။

ဇဝေါ နတ္ထိ ပလာယိတုံ။

ပလာယိတုံ - လွတ်အောင်ပြေးခြင်းငှါ၊
ဇဝေါ - လျင်မြန်သောအဟုန်သည်၊
နတ္ထိ - မရှိချေတဲ့။

အဲဒီ အိုခြင်း, နာခြင်း, သေခြင်းတရားတွေက လွတ်အောင်ပြေးနိုင်တဲ့ အဟုန် အင်အားလဲ သတ္တဝါတွေမှာ မရှိကြဘူးတဲ့၊ လောကမှာတော့ ရန်သူတွေနဲ့ တွေ့တဲ့ အခါ အပြေးကောင်းယင်လဲ လွတ်တယ်၊ ဥပမာ -တောထဲက သမင်တို့, ယုန်တို့ ဒီလိုအင်အားမဲ့တဲ့ သတ္တဝါကလေးတွေဟာ ရန်သူလာယင် ပြေးကြတာပဲ၊

သူ့ခမျာတွေ ခုခံနိုင်တဲ့အင်အားက မရှိလေတော့ ပြေးဖို့ရာပဲ အားကိုးထားကြတယ်၊ အဲဒီသတ္တဝါလေးတွေကို စဉ်းစားကြည့်လိုက်ယင် သနားစရာ သိပ်ကောင်းတာပဲ၊ ဒါပေမယ့် သနားကရုဏာမရှိကြတဲ့ လူတွေက ဒီအကောင် ကလေးတွေကို သွားပြီး ညှဉ်းဆဲကြတယ်၊ တချို့လူတွေက ဘာရယ်လို့ မဟုတ်ပါဘူး၊ ပျော်စရာကောင်းတယ် ထင်ပြီးတော့ အဲဒီသတ္တဝါကလေးတွေကို အပျော်တမ်းလိုက်ပြီး ပစ်ခတ်ကြ သတ်ဖြတ်ကြတယ်၊

တယ်နေရာမကျတဲ့ လူတွေပဲ၊ ကိုယ်ချင်းစာတရား ကင်းမဲ့တဲ့လူတွေပဲ၊ သူတို့ကတော့ ပျော်နေကြတယ်၊ ဟိုသတ္တဝါကလေးတွေမှာဖြင့် သေပြေး ရှင်ပြေး သိပ်ပြေးနေကြ ရရှာတယ်၊ ဒီအထဲက မပြေးနိုင်ယင်လဲ သေရှာကြရေ တာ့တာပဲ၊ အင်မတန်ကို သနားစရာကောင်းပါတယ်၊ ပြေးနိုင်ယင်တော့ အဲဒီသတ္တဝါကလေးတွေဟာ ရန်သူ့လက်မှ လွတ်သွားကြတယ်၊

ဟောဒီ အိုခြင်း, နာခြင်း, သေခြင်းဆိုတဲ့ တရားတွေကတော့ ပြေးလို့လဲမလွတ်ဘူး, ဘယ်မှလဲမပြေးနိုင်ဘူး၊ ပြေးယင်လဲ ပြေးရာမှာလိုက်ပြီးတော့ အိုမှာ, နာမှာ,သေမှာပဲ၊ တယ်ကျပ်တဲ့ တရားတွေပါပဲ။

ဒီနေရာမှာ စိတ်သက်သာအောင် ဖြေစရာအကြောင်းတခုတော့ ရှိပါသေးရဲ့၊ ဘာလဲဆိုယင် “ဒီတရားဆိုးကြီးတွေနဲ့ တွေ့ရတာက ကိုယ်တဦးတည်းလဲမဟုတ်ဘူး၊ ကိုယ်နဲ့စပ်တဲ့ လူတဦးတည်းလဲ မဟုတ်ဘူး၊ တမြို့တရွာတည်း တွေ့ရတာလဲ မဟုတ်ဘူး၊ တနိုင်ငံတည်း တွေ့ရတာလဲ မဟုတ်ဘူး၊ လူ့ပြည်လောကတခုတည်း တွေ့ရတာလဲ မဟုတ်ဘူး၊

အမှန်အားဖြင့်တော့ မြို့တိုင်း, ရွာတိုင်း, တိုင်းပြည်တိုင်း, နိုင်ငံတိုင်း, လူ့ပြည်ရော, နတ်ပြည်ရော, ဗြာဟ္မာ့ပြည်ရော တလောကလုံးမှာ ရှိရှိသမျှ သတ္တဝါတိုင်း တွေ့ကြုံ နေရတဲ့ တရားတွေပဲ”လို့ ဒီလို ဆင်ခြင်လိုက်ယင်တော့ စိတ်သက်သာရာ ရဖို့ရှိပါတယ်။

အမြတ်ထုတ်ဖို့ အရေးကြီးသည်

အရေးကြီးတာကတော့ ဒီတရားဆိုးတွေနဲ့ မရှောင်မလွှဲသာ တွေ့ကြုံနေရပေမယ်လို့ အဲဒါတွေနဲ့ မတွေ့ရသေးခင် မအိုခင်, မနာခင်, မသေခင် စောစောကတည်းက မိမိတို့၏ ခန္ဓာထဲမှ အဖိုးတန်တရားတွေကို အမြတ်ထုတ်ပြီးယူဖို့ အရေးကြီးပါတယ်၊ ဥပမာ - အိမ်ကိုမီးလောင်ယင် အိမ်ထဲက အဖိုးတန်ပစ္စည်းကလေးတွေကို ရနိုင်သမျှ ထုတ်ပြီးယူဖို့ အရေးကြီးသလိုပါပဲ၊

မိမိခန္ဓာကိုယ်ကြီးဟာ တနေ့ကျယင် ဒီတရားဆိုးတွေနဲ့ တွေ့ရမယ်၊ ဘယ်နည်းနဲ့မှ မရှောင်တိမ်းနိုင်ဘူး၊ မကာကွယ်နိုင်ဘူး၊ ဒီတော့ ဒီတရားဆိုးတွေနဲ့ တွေ့ပြီး အလကားပျက်စီး သွားမယ့် ဒီခန္ဓာကိုယ ်ထဲက အဖိုးတန်တဲ့ ကုသိုလ်ကောင်းမှုတွေ, ဒါန သီလအစရှိသော ပါရမီကုသိုလ်တွေ, သူတော်ကောင်းတရားတွေ ဒီလိုအဖိုးတန် ဥစ္စာတွေကို ထုတ်ယူဖို့ရာ အရေးကြီးပါတယ်၊

ယခုနေအခါမှာ မြတ်စွာဘုရားသာသနာတော်ကြီးနဲ့ တွေ့ကြုံနေကြရတဲ့ တို့ဒကာ, ဒကာမတွေမှာ ဒီလိုအဖိုးတန်တရားတွေကို ထုတ်ယူဖို့ အခွင့်ကောင်းတွေကတော့ အများကြီးပဲ ရနေကြပါတယ်၊ သာသနာတော်နဲ့ တွေ့ကြုံရလို့ သဒ္ဓါတရားနဲ့ ပြည့်စုံပြီး နေကြတယ်၊ သဒ္ဓါတရားနဲ့ ပြည့်စုံကြတဲ့အတွက် ဘုရား, တရား, သံဃာနဲ့စပ်ပြီး ကုသိုလ်ကောင်းမှုတွေ အများကြီး ဖြစ်ပွားနေကြပါတယ်၊ အင်မတန် ကံကောင်း ကြပါတယ်၊ ဒီလို ကုသိုလ်ကောင်းမှု ပြုလုပ်နိုင်ကြတာတွေကို ဆင်ခြင်ကြည့် ယင်တော့ အင်မတန် ဝမ်းသာစရာ အားရစရာ ကောင်းကြပါတယ်။

ရုပ်ကိုယ်က အားမကိုးရဘူး

လူတို့၏ သန္တာန်မှာ ရှိနေတာက ရုပ်နဲ့နာမ် ဒီတရားနှစ်ပါးသာ ရှိတယ်၊ ဒီနှစ်ပါးထဲက ရုပ်တရားတွေက ဆိုတာဟာ အားမကိုးလောက်တဲ့ တရားတွေပဲ၊ ဒါပေမယ့် လူတွေက ဒီရုပ်ကိုယ်ကြီးကို အင်မတန်အားကိုးနေကြတယ်၊ ဒီရုပ်ကိုယ်ကြီးကို အမြဲတမ်း ပြုပြင်ပေးကြတယ်၊ နေ့စဉ်နေ့တိုင်း, ရေမိုးချိုးလို့, ပန်းနံ့သာတွေလိမ်းလို့ အဆင်တန်ဆာတွေနဲ့ အမျိုးမျိုးဆင်ယင်လို့ ပြုပြင်ပေးနေကြတယ်၊

ဒီလို ပြုပြင်ပေးနေသော်လဲ ဒီကိုယ်ကြီးကတော့ အညစ်အကြေးတွေ ရှိနေတာပဲ, မစင်ကြယ်နိုင်ဘူး၊ ကျန်းမာအောင်လို့ သင့်တော်တဲ့ အစာအာဟာရတွေနဲ့လဲ စားသောက်ပြီး ပြုပြင်ပေးနေကြတယ်၊ အညောင်းအညာပြေအောင် အသွားအလာ အနေအထိုင်နဲ့လဲ ပြုပြင်ပေးနေကြတယ်၊ နှိပ်နယ်ပြီးတော့လဲ ပြုပြင်ပေးနေကြတယ်၊ ဘယ်လိုပဲ ပြုပြင်ပေးနေပေမယ်လို့ ဒီရုပ်ကိုယ်ကြီးကတော့ အိုချိန်ကျယင် အိုလာမှာပဲ, မအိုရအောင် မတတ်နိုင်ဘူး၊

အကြောင်း မညီညွတ်တဲ့အခါ မကျန်းမမာ နာဖျားလာမှာပဲ, မနာမဖျားအောင်လဲ မတတ်နိုင်ဘူး၊ အသက်တမ်းကုန်လို့ဖြစ်စေ, ကံစွမ်းကုန်လို့ဖြစ်စေ တနေ့ကျတော့ သေကြေပျက်စီးမှာပဲ, မသေမပျက်အောင်လဲ မတတ်နိုင်ဘူး၊ သေပျက်သွားတဲ့ နောက်မှာ ဒီ ရုပ်ကိုယ်ကြီးက ဘာမှ အဖိုးမတန်တော့ဘူး။

ပထမကပြောခဲ့တဲ့အတိုင်း ဘုရားလက်ထက် အသက် တရာတမ်းမှာဆိုယင် အသက်တရာကကျော်ပြီး အသက်ရှည်နေသော်လဲ အိုမင်းပြီးတော့ တနေ့ကျယင် သေရတာပဲ၊ ယခုခေတ် ခုနစ်ဆယ်ကျော် ရှစ်ဆယ်တမ်းမှာလဲ ရှစ်ဆယ်ကကျော်ပြီး အသက်ရှည်နေပေမယ်လို့ အိုမင်းပြီးတော့ တနေ့ကျတော့ သေရမှာပဲ၊ အဲဒီလို သေသွားကြတာတွေဟာ ကိုယ့်မျက်စိနဲ့ထင်ရှား မြင်နေကြရတာပဲ၊ သေသွားတဲ့ အခါကျတော့ ဒီရုပ်ကိုယ်ကြီးဟာ ဘာမှအသုံးမကျတော့ဘူး၊ ပုပ်ပြီး ပျက်စီး သွားတော့တာပဲ၊

မသေခင်တုန်းကတော့ ကံကြောင့်ဖြစ်တဲ့ ကမ္မဇရုပ်တွေနဲ့ ပူးပေါင်းပြီးနေလို့ မပုပ်မပျက်ပဲ ကောင်းနေခဲ့တာ၊ သေသွားတဲ့ အခါကျတော့ ကမ္မဇရုပ်တွေဆိုတာက မရှိတော့ဘူး၊ အဲဒီ ကမ္မဇရုပ်တွေထဲက ဇီဝိတခေါ်တဲ့ အသက်ရုပ် အစောင့် အရှောက်က မရှိတော့ဘူး၊

ဒါကြောင့် ရုပ်ကိုယ်ထဲက အသားရုပ် အကြောရုပ်တွေဟာ ပုပ်ပြီးတော့ ပျက်စီး သွားကြတာပဲ၊ အရိုးရုပ်တွေကလဲ တဖြည်းဖြည်း ဆွေးမြည့်ပြီးတော့ ပျက်စီး ကုန်တယ်၊ တော်တော်ကြာတော့ အမှုန့်မှုန့်တွေဖြစ်ပြီး လုံးလုံးပျောက်သွားတော့ တာပဲ၊ ရှာလို့တောင် မတွေ့ရတော့ဘူး၊ အဲဒီလို ပျောက်သွားကြတာချည်းပဲ။

ပျောက်ပျက်မသွားတဲ့ သတ္တိ

ဒီလိုရုပ်ကိုယ်ကြီးက လုံးလုံး ပျောက်ပျက်သွားပေမယ်လို့ စိတ်နာမ်တရားနဲ့ဆိုင်တဲ့ သဘောသတ္တိတွေကတော့ ပျောက်ပျက်မသွားဘူး၊ အဲဒါတွေက ဘာလဲဆိုယင် မိမိတို့ပြုထားတဲ့ ဒါန သီလအစရှိသော ကောင်းမှုတွေပါပဲ၊ အဲဒါတွေကတော့ သံသရာဘဝအဆက်ဆက်မှာ အားထားရာ ကိုးကွယ်ရာ ထောက်တည်ရာတွေဖြစ်ပြီး အစဉ်လိုက်ပါနေပါတယ်၊ ဘဝတိုင်း ဘဝတိုင်းလိုက်ပြီးတော့ ဆွေမျိုးအရင်းအချာ လိုပဲ စောင့်ရှောက်နေပါတယ်၊

အဲဒီလို စောင့်ရှောက်နေတာကို သတ္တဝါတွေကတော့ မသိမမြင်နိုင်ကြဘူး၊ ကုသိုလ်ကံကတော့ လိုက်ပြီး စောင့်ရှောက်နေပါတယ်၊

ယခု လူတွေရဲ့ အခြေအနေကို အကဲခတ်ကြည့်ယင် ကံကစောင့်ရှောက်နေပုံကို သိနိုင်ပါတယ်၊ ကုသိုလ်ကံရှိတဲ့ သူတွေဟာ ဘာပဲလုပ်လုပ် ထမြောက် အောင်မြင် နေတာပဲ, ကြီးပွားတိုးတက်နေတာပဲ၊ မဆင်းရဲရဘူး၊ ချမ်းချမ်းသာသာနဲ့ လှုပ်ခါ ယက်ခါနဲ့ ပုံတော်သလိုနဲ့ပဲ ကောင်းကျိုးချမ်းသာတွေ ရနေတယ်၊ အဲဒါဟာ ရှေးဘဝက ပြုခဲ့တဲ့ ကုသိုလ်ကံကြောင့်ပဲ၊ ကံက လိုက်ပြီး စောင့်ရှောက်နေတာပဲ။

ဘုရားသခင်ကို ယုံကြည်တဲ့ လူတွေကတော့ ဘုရားသခင်က မ,တယ်လို့ ထင်ကြမှာပဲ၊ အဲဒါကတော့ ယုတ္တိမရှိပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီလိုအကျိုး ပေးကောင်းနေတဲ့ လူတွေက ဘုရားသခင်ကို မယုံကြည်တဲ့ လူတွေလဲ ရှိတာပဲ၊ ဘုရားသခင်နဲ့ ဆန့်ကျင်ဘက် ပြုလုပ်ပြောဆိုနေတဲ့လူတွေလဲ ရှိတာပဲ၊

ဒီလိုလူတွေကို ဘုရားသခင်က မ,တယ်လို့ မဆိုနိုင်ပါဘူး၊ သူ့ကိုမှ မယုံကြည် မကိုးကွယ်ပဲနဲ့ ဘာ့ကြောင့် မ,မှာလဲ၊ ဒါကြောင့် ဘုရားသခင်က မ,လို့ ကောင်းစား ချမ်းသာတယ်ဆိုတာကတော့ ယုတ္တိမရှိပါဘူး။

“ဒါဖြင့် ကံကို မယုံကြည်တဲ့လူတွေလဲ ချမ်းသာ ကြီးပွားနေတာ ရှိတယ် မဟုတ်လား၊ ဒီတော့ ကံကြောင့်ချမ်းသာ ဆိုတာလဲ ယုတ္တိ ရှိပါ့မလား”လို့ ဒီလို မေးစရာရှိပါတယ်၊ ဒါကတော့ ယုတ္တိရှိပါတယ်၊ ဘာကြောင့်လဲဆိုတော့ ယခုဘဝမှာ ကံကို မယုံကြည် ပေမယ်လို့ ရှေးဘဝကပြုထားခဲ့တဲ့ ကုသိုလ်ကံကလဲ အကျိုးပေးနိုင်ပါတယ်၊

ပြီးတော့ ကံဆိုတာက သူ့ကို ယုံကြည်သည်ဖြစ်စေ, မယုံကြည်သည်ဖြစ်စေ “ကောင်းတာ ပြုယင် ကောင်းကျိုးပေးတာပဲ၊ မကောင်းတာ ပြုယင်လဲ မကောင်းကျိုး ပေးတာပဲ၊ ဥပမာ - အေးလိမ့်မယ် သိသည် ဖြစ်စေ, မသိသည်ဖြစ်စေ ရေခဲကို ကိုင်ယင် အေးမှာပဲ၊ ပူလိမ့်မယ် သိသည်ဖြစ်စေ, မသိသည်ဖြစ်စေ မီးခဲကို ကိုင်ယင် ပူမှာပဲ၊ အဲဒါလိုပါပဲ၊ ကံကို ယုံသည်ဖြစ်စေ, မယုံသည်ဖြစ်စေ ရှေးဘဝ ရှေးကာလက ပြုထားတဲ့ ကုသိုလ်ကံက မျက်နှာမရွေး ကောင်းကျိုးပေးနိုင်ပါတယ်၊ ဒါကြောင့် ကောင်းစားချမ်းသာမှု ဟူသမျှဟာ ကုသိုလ်ကံကြောင့် ဖြစ်တယ်” ဆိုတာကတော့ ယုတ္တိရှိပါတယ်။

အထူးအားဖြင့်တော့ မိမိတို့စိတ်ကို သဒ္ဓါတရားနဲ့ ထုံထားယင်, သီလနဲ့, သုတနဲ့, စာဂနဲ့, ပညာနဲ့ ထုံထားယင် အဲဒီလို သဒ္ဓါ, သီလ, သုတ, စာဂ, ပညာဆိုတဲ့ သူတော်ကောင်းတရားငါးပါးနဲ့ ထုံထားတဲ့ စိတ်ကလေးဟာ တစ်ဆင့်ထက် တစ်ဆင့် မြင့်တက်သွားပါတယ်တဲ့၊ ဒါကြောင့်-

ယဿ ကဿစိ မဟာနာမ ဒီဃရတ္တံ သဒ္ဓါပရိဘာဝိတံ စိတ္တံ, သီလံ ပရိဘာဝိတံ စိတ္တံ, သုတပရိဘာဝိတံ စိတ္တံ, စာဂပရိဘာဝိတံ စိတ္တံ, ပညာပရိဘာဝိတံ စိတ္တံ။ပ။ တံ ဥဒ္ဓံ ဂါမိ ဟောတိ ဝိသေသဂါမိ။

လို့ မြတ်စွာဘုရားက ဟောတော်မူပါတယ်၊

အဲဒီလို ဟောတော်မူရခြင်း၏ အကြောင်းကတော့-

မဟာနာမ်မင်းက လျှောက်ပုံ

အခါတပါးမှာ မဟာနာမ်မင်းက မြတ်စွာဘုရားကို ဒီလို လျှောက်ထားတယ်၊ မြတ်စွာဘုရား ... တဲ့၊ တပည့်တော်ဟာ မြတ်စွာဘုရားကျောင်းတော်ကို လာရောက်ပြီးတော့ မြတ်စွာဘုရားကို ဖူးမြော်ကန်တော့လို့, အရှင်သာရိပုတ္တရာ အစရှိတဲ့ ရဟန္တာမထေရ်မြတ်တွေကို ဖူးမြော်ကန်တော့လို့ တရားများကိုလဲ နာကြား ပြီးတော့ ညနေချမ်းအချိန် ကျောင်းတော်က ပြန်သွားတဲ့အခါ ကပိလဝတ်မြို့တော် အဝင်ဝ တံခါးပေါက်ကျတော့ တခါတရံ ဆင်ကြမ်း, မြင်းကြမ်း, ရထားကြမ်းတွေနဲ့ တွေ့ရပါတယ်ဘုရား ... တဲ့၊

ဟုတ်မယ်၊ ဟိုတုန်းက မြို့တော် တံခါးပေါက် ဆိုတာလဲ ကျယ်ကျယ် ဝန်းဝန်း ရှိချင်မှ ရှိမယ်၊ အဲဒီခေတ်တုန်းက အထက်တန်းစားပုဂ္ဂိုလ်တွေ အများသုံးစွဲနေတဲ့ ယာဉ်တွေဆိုတာက ဆင်တို့, မြင်းတို့, မြင်းရထားတို့ ဒီလိုဟာတွေလဲ ရှိတယ်၊ အဲဒီဆင်တို့, မြင်းတို့, မြင်းရထား တို့ဆိုတာတွေကလဲ တခါတရံလန့်ပြီး အတင်း ပြေးတတ်တာတွေပဲ၊

ယခုကာလ သက်မဲ့ မော်တော်ကားတွေလဲ စက်နေရာမကျယင် ဒီလို မဟုတ်ရာကို အရမ်းလိမ့်ပြေးတတ်တာပါပဲ၊ ဒါလဲကြောက်စရာ ကောင်းတာပါပဲ၊ မဟာနာမ်မင်းက ဆက်ပြီး လျှောက်ပြန်ပါတယ်၊ အဲဒီဆင်ကြမ်း, မြင်းကြမ်း, ရထားကြမ်းတွေက အတင်းလန့် ပြီးတော့ ပြေးလာကြပါတယ်၊ တိုက်သွားတော့မှာလား, နင်းသွားတော့ မှာလားလို့ ထင်ရပါတယ်တဲ့၊

အဲဒီလိုအခါမှာ ကြောက်လန့်နေတာနဲ့ ဘုရားကို အာရုံမပြုနိုင်ပါဘူးတဲ့၊ ဒါကြောင့် အဲဒီလိုအချိန်များသေသွားယင် ငါဟာ ဘာဖြစ်သွားမလဲ,ဘယ်လိုဂတိများ ရောက်သွား မလဲလို့ ဒီလို အောက်မေ့မိပါတယ် ဘုရားတဲ့၊ ဒီလို မဟာနာမ်မင်းက မြတ်စွာဘုရားကို လျှောက်ထားတယ်။

မဟာနာမ်မင်းဆိုတာ သာမန်ပုဂ္ဂိုလ်မဟုတ်ဘူး၊ သကဒါဂါမ်ပုဂ္ဂိုလ်ပဲ၊ ဒါပေမယ့် နောက်ဘဝ လားရောက်ရမယ့် ဂတိဆိုတာကတော့ အဘိညာဉ်ဉာဏ်အထူးမရှိလျှင် အရိယာပုဂ္ဂိုလ်ပေမယ့် အတတ်မသိနိုင်ဘူး၊ အဲဒါကို မဟာနာမ်မင်း လျှောက်ထားတဲ့ ဒီစကားကိုထောက်ဆပြီး ထင်ရှားသိနိုင်ပါတယ်၊

သောတာပန်, သကဒါဂါမ်တွေ မဂ်ဉာဏ်ဆိုတာကတော့ သစ္စာလေးပါး တရားလောက်သာ သိနိုင်တယ်, နောင်ဘဝ ဘယ်မှာဖြစ်မယ် ဆိုတာကိုတော့ မသိနိုင်ဘူး၊ ဒါကြောင့် သကဒါဂါမ်ဖြစ်တဲ့ မဟာနာမ်မင်းက ဆင်ကြမ်း, မြင်းကြမ်း, ရထားကြမ်း တွေနဲ့ တိုက်ပြီး သေသွားယင် ဘာဖြစ်သွားမလဲ, ဘယ်ဘဝ ဘယ်ဂတိ ရောက်သွားမလဲ မသိဘူးလို့ သူဆင်ခြင်မိတဲ့ အကြောင်းကို လျှောက်ထားတာပဲ၊

ဒီတော့ မြတ်စွာဘုရားက -

မြတ်စွာဘုရားက အားပေးပုံ

မာဘာယိ မဟာနာမ, မာဘာယိ မဟာနာမ

မဟာနာမ - မဟာနာမ်၊
တွံ - သင်သည်၊
မာဘာယိ - မစိုးရိမ်ပါလင့်၊
မာဘာယိ - မစိုးရိမ်ပါလင့်၊

မဟာနာမ်မင်း သင့်မှာ ဘာမှ စိုးရိမ်စရာမရှိပါဘူး၊ လားရမည့် ဘဝဂတိနဲ့စပ်ပြီး စိုးရိမ်မနေပါနဲ့တော့လို့ ဒီလို မြတ်စွာဘုရားက အားပေးတော်မူပါတယ်။

အပါပကံ တေ မရဏံ ဘဝိဿတိ,
အပါပိကာ တေ ကာလံ ကိရိယာ

တေ - သင်အား၊
အပါပကံ မရဏံ - မယုတ်ညံ့သော သေရခြင်းသည်၊
ဘဝိဿတိ - ဖြစ်ပါလိမ့်မည်၊
အပါပိကာ - မယုတ်ညံ့သော၊
ကာလံ ကိရိယာ - သေရာကာလကို ပြုရခြင်းသည်၊
ဘဝိဿတိ - ဖြစ်ပါလိမ့်မည်။

သင့်မှာ ယုတ်ညံ့သောသေခြင်း မဖြစ်ပါဘူး၊ ကောင်းမြတ်သော သေခြင်းသာ ဖြစ်ပါလိမ့်မည်တဲ့၊ ဘာကြောင့်လဲဆိုယင် -

မဟာနာမ - မဟာနာမ်မင်း၊
ယဿကဿစိ - အမှတ်မရှိ တစုံတယောက်သော သူအား၊
ဝါ - တစုံ တယော က်သောသူသည်၊
စိတ္တံ - မိမိ၏စိတ်ကို၊
ဒီဃရတ္တံ - ရှည်မြင့်စွာသော ကာလပတ်လုံး၊
သဒ္ဓါပရိဘာဝိတံ - ယုံကြည်မှု သဒ္ဓါတရားဖြင့် ထုံစေအပ်သည်၊
ဟောတိ - ဖြစ်၏။

တစုံတယောက်သောသူဆိုတာ မည်သူမည်ဝါရယ်လို့ အကန့်အသတ်မရှိဘူး၊ လူကြီးပဲဖြစ်ဖြစ်, လူငယ်ပဲဖြစ်ဖြစ်, ယောက်ျားပဲဖြစ်ဖြစ်, မိန်းမပဲဖြစ်ဖြစ်, လူပဲဖြစ်ဖြစ်, ရဟန်းပဲဖြစ်ဖြစ် တယောက်ယောက် တဦးဦးလို့ ဆိုလိုတယ်၊ အဲဒီ တစုံ တယောက် သော သူဟာ မိမိစိတ်ကို သဒ္ဓါတရားနဲ့ ရှည်မြင့်စွာသော ကာလပတ်လုံး ထုံထားလို့ ရှိယင်လဲ ထုံထားတယ် ဆိုတာက ပဝါကလေးများ, အဝတ်အထည်လေးများကို ပန်းတွေနဲ့ ရောထားယင် အဲဒီ ပဝါ အဝတ်အထည်က လေးတွေမှာ ပန်းနံ့တွေ မွှေးကြိုင်လို့ အထုံရနေတယ်၊

သေတ္တာထဲမှာ ရေမွှေးတို့, ပရုပ်လုံးတို့နဲ့ ရောထားယင်လဲ အဲဒီ သေတ္တာထဲက အဝတ်တွေဟာ ရေမွှေးနံ့ ပရုပ်လုံးနံ့တွေနဲ့ စွဲပြီး အထုံနေရတယ်၊ အဲဒါလိုပဲ သဒ္ဓါတရားနဲ့ ပူးပေါင်းပြီး ရောနှောပြီးဖြစ်နေတဲ့ စိတ်ကလေးဟာလဲ သဒ္ဓါတရား တည်း ဟူသော ပန်းနံ့ ရေမွှေးနံ့တွေနဲ့ အထုံရနေတယ်၊ စိတ်ထဲမှာ သဒ္ဓါဓာတ်တွေ ဝင်ရောက်ပြီးနေတယ်၊ ယုံကြည်စိတ် ကြည်ညိုစိတ်တွေ ဖြစ်နေတယ်၊ အဲဒါကို ထုံထားတယ်လို့ ဆိုတာပါပဲ။

သဒ္ဓါတရားဆိုတာ ယုံကြည်မှုပါပဲ၊ သို့ပေမယ့် တွေ့ကရာလျှောက်ပြီး ယုံကြည် တာကိုတော့ သဒ္ဓါတရားလို့ မဆိုရဘူး၊ ယုံကြည်သင့်တာကို ယုံကြည်မှ သဒ္ဓါတရားဆိုရတယ်၊ ဘုရားစစ် ဘုရားမှန်, တရားစစ် တရားမှန်, သံဃာစစ် သံဃာမှန်ကို ယုံကြည်တာရယ်, ကံနှင့်ကံ ၏အကျိုးကို ယုံကြည်တာရယ် အဲဒါတွေကို သဒ္ဓါတရားလို့ ခေါ်တယ်၊

အဲဒီ သဒ္ဓါတရားနှင့် မိမိစိတ်ကို ရှည်မြင့်စွာသော ကာလပတ်လုံး ထုံထားတယ်တဲ့၊ ရှည်မြင့်စွာလို့ ဆိုတာကတော့ ကြာကြာထုံးထားယင် ကောင်းလို့ပြောတာပဲ၊ အရိယ မဂ်ဖိုလ် တရားထူး တရားမြတ်တွေ ထဲမှာပါတဲ့ သဒ္ဓါတရားနဲ့ ထုံထားယင်တော့ တခဏကလေး ထုံရုံနဲ့လဲ လုံလောက်ပါတယ်၊ သေခါနီးမှာ ကပ်ပြီးတော့ မဂ်ဖိုလ်ကို ရောက်လို့ တခဏကလေး တခါတည်း ထုံသွားလို့ ရှိယင်ကို လုံလောက်ပါတယ်၊ သို့ပေမယ့် ကြာရှည် ထုံထားတာကတော့ ပိုပြီးကောင်းတာပေါ့၊ ဒါကြောင့် ရှည်မြင့်စွာသော ကာလပတ်လုံး ထုံထားတယ်လို့ ဆိုတာပါပဲ။

ဘဝဂတိ အနေအထားဖြင့် ယုတ်ညံ့တဲ့ဘဝ ယုတ်ညံ့တဲ့ဂတိမှာ မဖြစ်တော့ဘူး၊ မြင့်မြတ်တဲ့ဘဝ မြင့်မြတ်တဲ့ဂတိမှာသာ ဖြစ်သွားတော့တယ်၊ ဉာဏ်အဆင့်အနေ အားဖြင့် ဆိုယင်လဲ မူလရှိပြီး အဆင့်ထက် လျော့မသွားတော့ဘူး၊ တိုးတက်ပြီး တော့သာ သွားတော့တယ်၊ မူလက ရရှိထားပြီး အသိဉာဏ်မှ တဆင့်ထက် တဆင့် မြင့်မြတ်ပြီးတော့ အရဟတ္တမဂ်ဉာဏ်, အရဟတ္တဖိုလ်ဉာဏ် တိုင်အောင် တိုးတက် သွားနိုင်ပါတယ်၊ ဒါကြောင့် စိုးရိမ်စရာမရှိပါဘူးလို့ မဟာနာမ်မင်းကို မြတ်စွာဘုရားက အားပေးတရား ဟောတော်မူပါတယ်။

ဒကာမကြီး ဒေါ်သဲ၏ဂုဏ်တွေ

အဲဒီလိုပဲ အခုကွယ်လွန်သွားတဲ့ ဒကာမကြီး ဒေါ်သဲမှာလဲ အသက် ၈၆ -နှစ်ဆိုတော့ သဒ္ဓါသီလစသည်နဲ့ သူ့စိတ်ကို ထုံသွားတာ ကြာလှပါပြီ၊ ဒီဃရတ္တံ - ရှည်မြင့်စွာ သော ကာလပတ်လုံးလို့ ဆိုတဲ့အတိုင်း ရှည်မြင့်လှပါပြီ၊ ဒီဒကာမကြီး ဒေါ်သဲဟာ မိကောင်းဖကောင်း ဆရာသမားကောင်းတွေကို မှီဝဲဆည်းကပ် ရတဲ့အတွက် ငယ်ငယ် ကတည်းကစပြီးတော့ ဘုရား တရား သံဃာ ရတနာ သုံးပါးကို ကိုးကွယ် ဆည်းကပ် လာခဲ့တာပဲ၊

အသက် ၈၆ -နှစ်ထဲမှာ မသိတတ်တဲ့ ကလေးအရွယ် ၅-နှစ်လောက် နှုတ်လိုက်ပါ၊ သည်တော့ အနှစ် ၈၀-ကျော် ကျန်နေသေးတာပဲ၊ ယခုေ ခတ်မှာ ၅-နှစ် လောက်ဆိုယင် တော်တော်တောင် သိတတ်နေပါပြီ၊ ဒါပေမယ့် အဲဒီ ၅-နှစ်လောက် နုတ်လိုက်တောင်မှ ၈၁-နှစ် ကျန်ရှိနေသေးတာပဲ၊ ကြာလှပါပြီ။

အဲဒီ ၅-နှစ်အရွယ်လောက်ကစပြီးတော့ ဒီဒကာမကြီးမှာ ဘုရား, တရား, သံဃာ ရတနာသုံးပါးနဲ့ စပ်ပြီးတော့ သဒ္ဓါတရားတွေ ဖြစ်လာခဲ့ရတယ်၊ မြတ်စွာဘုရားဟာ လောဘ ကင်းတော်မူတယ်၊ ဒေါသကင်းတော်မူတယ်၊ မောဟကင်းတော်မူတယ်၊ တရားအလုံးစုံကို သိတော်မူတယ် စသည်ဖြင့် ဘုရားဂုဏ်တော်တွေကို ကြားရ သိရပြီးတော့ ကြည်ညိုတဲ့ သဒ္ဓါတရားတွေ ပွားလာခဲ့တယ်၊

မောဟကင်းတော်မူတယ်၊ တရားအလုံးစုံကို သိတော်မူတယ် စသည်ဖြင့် ဘုရား ဟောထားတဲ့ တရားတော်တွေကို ယုံကြည်တဲ့ သဒ္ဓါတရားတွေ ပွားလာခဲ့တယ်၊ ပြီးတော့ မြတ်စွာဘုရားဟောထားတဲ့တရားတွေကို ကြည်ညိုတဲ့ သဒ္ဓါတရားတွေ ဖြစ်ပွားလာခဲ့တယ်၊

ပြီးတော့ အဲဒီတရားတော်တွေအရ ကောင်းမွန်စွာကျင့်ကြံနေတဲ့ သံဃာတော်၏ သုပ္ပဋိပန္န အစရှိသော ဂုဏ်တော်တွေကို ကြားရ သိရပြီးတော့ သံဃာတော်ကို ကြည်ညိုတဲ့ သဒ္ဓါတရားတွေ ပွားလာခဲ့တယ်၊ ပြီးတော့ ကုသိုလ်ကောင်းမှု ပြုယင် ကုသိုလ်ရတယ်, ကောင်းကျိုးရတယ်လို့ ဒီလို ကံနဲ့ ကံ၏အကျိုးကို ယုံကြည်တဲ့ သဒ္ဓါတရားတွေ ပွားလာခဲ့တယ်။

အဲဒီ သဒ္ဓါတရားတွေနဲ့ သူ့စိတ်ကလေးဟာ ထုံပြီးနေလို့ ဒီဒကာမကြီးဟာ အမြဲမပြတ် ဘုရားကို အာရုံပြုနိုင်တယ်၊ ဘုရားကို ရှိခိုးနိုင်တယ်၊ တရားနာနိုင်တယ်၊ သံဃာတော်တွေကို ရှိခိုးပူဇော်နိုင်တယ်၊ အလှူဒါနတွေကို ပြုလုပ်နိုင်တယ်၊ ကုသိုလ်ကောင်းမှုတွေကို ပြုနိုင်တယ်၊ ငါးပါးသီလ ရှစ်ပါးသီလ စောင့်ထိန်းနိုင်တယ်၊ ကမ္မဋ္ဌာန်းဘာဝနာ တရားများကို ပွားများ အားထုတ်နိုင်တယ်၊ သာသနာ့ရိပ်သာမှာ တရားအားထုတ်တာ ဘယ်လောက် ကြာသွားပြီတုံး၊ (ရှစ်နှစ်ရှိပါပြီဘုရား)၊ အဲ ရှစ်နှစ်တောင်ကြာသွားပြီ၊ တရားအားထုတ်လာတာက ရှစ်နှစ်ဆိုတော့ ဘာဝနာနဲ့ ထုံလာတာတောင် အတော်ကြာသွားပြီ။

ဒီဒကာမကြီး ဒေါ်သဲဟာ တရားအားမထုတ်မီကတည်းက အနှစ်ပေါင်း ၇၀-ကျော် ကာလပတ်လုံး ကုသိုလ်ကောင်းမှုတွေကို ပြုပြီး သဒ္ဓါတရားတွေနဲ့ ထုံလာလိုက်တာ နည်းတာမဟုတ်ဘူး၊ ဒါန သီလအစရှိသော ကုသိုလ်တွေဟာ အများကြီးပဲ ပြည့်စုံ လာခဲ့ပါတယ်၊ သဒ္ဓါအစရှိသော သူတော်ကောင်းတရားတွေလဲ အများကြီးပဲ ပြည့်စုံ လာခဲ့ပါတယ်။

အဲဒီလို တရားအားမထုတ်မီကတည်းက ပြည့်စုံလာခဲ့တဲ့ သဒ္ဓါ, သီလ အစရှိသော သူတော်ကောင်း တရားတွေဟာ တရားအားထုတ်လိုက်တဲ့ အခါကျတော့ ပိုပြီး ခိုင်မြဲပြည့်စုံသွားတယ်၊ သဒ္ဓါတရားဆိုယင် တရားအားမထုတ်မီကတော့ မိဘတွေ ဆရာသမားတွေပြောလို့ ယုံကြည်နေရုံမျှပဲ ရှိသေးတယ်၊ တရားအားထုတ်လိုက်တဲ့ အခါကျတော့ ကိုယ်တိုင်တွေ, ကိုယ်တိုင်သိကလေးတွေပါ ပြည့်စုံလာတယ်၊ ဒါကြောင့် မယုံစရာကိုမရှိတော့ဘူး၊

ရုပ်တရားနဲ့ နာမ်တရားမျှရှိတယ်ဆိုတာကိုလဲ ကိုယ်တိုင် တွေ့ရတယ်၊ ရုပ်နာမ်တွေ ခဏမစဲ ဖြစ်ပျက်နေတယ်ဆိုတာလဲ ကိုယ်တိုင်တွေ့ရတယ်၊ အနိစ္စ, ဒုက္ခ, အနတ္တ သဘောတွေကိုလဲ ကိုယ်တိုင် တွေ့ရတယ်၊ ရုပ်နာမ် သင်္ခါရ ဒုက္ခငြိမ်းတဲ့ နိဗ္ဗာန် ဆိုတာကိုလဲ ကိုယ်တိုင် တွေ့နိုင်တယ်။

အဲဒီတော့ ဒါတွေဟာ သူကိုယ်တိုင် တွေ့သွားတဲ့ တရားတွေပဲ၊ အဲဒီလို ကိုယ်တိုင် တွေ့သွားတော့ မူလကတည်းက ယုံကြည်လာခဲ့တဲ့ သဒ္ဓါတရားဟာ မပျက် နိုင်တော့ဘူး၊ ခိုင်မြဲသွားတယ်၊ ဒါကြောင့် ဒီဒကာမကြီး ဒေါ်သဲဟာ မပျက်နိုင်တဲ့ သဒ္ဓါတရားနဲ့လဲ သူ့စိတ်ကို ထုံပြီး သွားတယ်။

သီလကလဲ သူ့မှာ စောစောကတည်းက စောင့်ထိန်းနေတာပဲ၊ တရား အားထုတ်ပြီးတဲ့ နောက်ပိုင်းမှာတော့ ခိုင်မြဲပြီး အထူးစင်ကြယ်တဲ့ သီလတွေနဲ့ ပြည့်စုံသွားတာပေါ့၊ ဒါကြောင့် အဲဒီ အထူးစင်ကြယ်ခိုင်မြဲတဲ့ သီလနဲ့လဲ သူ့စိတ်ကို ထုံသွားတယ်။

သုတ-အကြားအမြင်ဆိုတာလဲ စောစောကတည်းက ဆရာသမားတွေ ဟောပြောတဲ့ တရားတွေကို ကြားနာမှတ်သား ထားတာတွေ ရှိခဲ့တယ်၊ အဲဒါတွေက ကိုယ်တိုင် မတွေ့ရသေးဘူး၊ ကြားရုံသာ ကြားထားရကာမျှ ရှိသေးတယ်၊ ဒါကြောင့် အကြား လို့ခေါ်ရတယ်၊ တရားအားထုတ်တဲ့အခါကျတော့ ရုပ်, နာမ် အနိစ္စ, ဒုက္ခ, အနတ္တ စသည်ကို သိသင့် သိထိုက်သလောက် ပါရမီဉာဏ် အားလျော်စွာ ကိုယ်တိုင် တွေ့သိရမယ်၊ အဲဒါတွေကိုတော့ အမြင်လို့ခေါ်တယ်၊ ဒီတော့ ဒီဒကာမကြီးမှာ အကြားရော အမြင်ရော ဒီအကြားအမြင် ၂-ပါးလုံးနဲ့ သူ့စိတ်ကို ထုံသွားတယ်။

စာဂ-စွန့်ကြဲ ပေးကမ်းလှူဒါန်းမှုဆိုတာကတော့ အများက မြင်သိနေကြတဲ့အတိုင်းပဲ၊ အများကြီး ပြည့်စုံပါတယ်၊ ရဟန်းသံဃာတော်တွေနဲ့ စပ်ပြီးတော့လဲ လှူဒါန်းရ, မိတ်ဆွေသင်္ဂဟတွေနဲ့ စပ်ပြီးတော့လဲ လှူဒါန်းရ အဲဒါတွေကတော့ အများကြီးပဲ ဆိုတာ ထင်ရှားနေပါပြီ။

ပညာ-ဆိုတာကတော့ မြတ်စွာဘုရား၏ တရားတော်တွေကို ကြားနာပြီး သိရတဲ့ ပညာလဲရှိတယ်၊ တရားအားထုတ်လို့ ကိုယ်တိုင်တွေ့ပြီး သိရတဲ့ ဝိပဿနာပညာလဲ ရှိတယ်၊ ခုနကပြောခဲ့တဲ့အတိုင်း ဒီဒကာမကြီး ဒေါ်သဲဟာ အဲဒီပညာ နှစ်မျိုးလုံးနဲ့ သူ့စိတ်ကလေးကို ထုံသွားတယ်။

အဲဒီလို သဒ္ဓါ, သီလ, သုတ, စာဂ, ပညာတွေနဲ့ စိတ်ကို ထုံထားယင် ရုပ်ကိုယ်ကြီးက ဘယ်လိုပဲ ဖြစ်သွားပေမယ့် အဲဒီစိတ်ကတော့ မကျေမပျက်ပါဘူးတဲ့၊ ရုပ်ကိုယ်ကြီး ဆိုတာကတော့ ကောင်းမြဲကောင်းနေအောင်, မပျက်စီးအောင် ဘယ်လိုနည်းနဲ့မှ မတတ်နိုင်ဘူး၊ ဘယ်လိုပဲ ပြုပြင် စောင့်ရှောက်နေပေမယ်လဲ ရုပ်ကိုယ်ကြီးကတော့ အိုချိန်ကျယင် အိုမင်း ဆွေးမြည့်သွားမှာပဲ၊ နာချိန်ကျယင်လဲ နာမှာပဲ၊ နောက်ဆုံး တနေ့ကျတော့ လုံးလုံးပျက်စီးပြီး သေရမှာပဲ၊ သေပြီးတဲ့ နောက်ကျယင် ရှေးက ဘယ်လို စောင့်ရှောက် ပြုပြင်ထားပေမယ့် ဘာမှအသုံးမကျတော့ဘူး၊ ဘာမှ အနှစ်သာရရယ်လို့ မရနိုင်တော့ဘူး၊ စွန့်ပစ်လိုက်ကြရမှာချည်းပဲ၊

သို့သော် ခုနကပြောတဲ့အတိုင်း သဒ္ဓါ, သီလစသည်တို့နှင့် ထုံထားတဲ့ စိတ်ကလေး ကတော့ ဒီဘဝက ခန္ဓာကိုယ် ပျက်စီးလို့ သေသွားပေမယ့် လုံးလုံးပျက်စီးမသွားဘူး၊ သူ့အစွမ်းသတ္တိက လုံးလုံး ပျက်မသွားဘူး၊ နောက်ဘဝမှာ ပဋိသန္ဓေက စပြီး စိတ် အသစ်ဖြစ်လာတဲ့အခါ ရှေးဘဝက သဒ္ဓါစသည်နဲ့ ထုံလာခဲ့တဲ့ အစွမ်းသတ္တိကြောင့် ရှေးဘဝက စိတ်ထက် မညံ့ဘူး၊

တိုးတက်မြင့်မြတ်တဲ့စိတ်, အထက်တန်းကျတဲ့စိတ်သာ ဖြစ်သွားတယ်၊ ပဋိသန္ဓေ ကတည်းက ယခုဘဝမှာလိုပဲ အလောဘ, အဒေါသ, အမောဟဆိုတဲ့ ဟိတ်သုံးပါးနဲ့ ယှဉ်ပြီး တိဟိတ်ပဋိသန္ဓေဖြစ်လာတယ်၊ ဒါပေမယ့် ထူးခြားတာကတော့ သဒ္ဓါ, သီလ အစရှိသော သူတော်ကောင်းတရားတွေနဲ့ ထုံလာတဲ့စိတ်ကလေးမှ ဆင်းသက်လာတဲ့ အတွက် အဲဒီ ပဋိသန္ဓေစိတ်ကစပြီး စိတ်ဓာတ်တွေဟာ အထူးသဖြင့် သန့်ရှင်း စင်ကြယ်နေတယ်၊ အထူးသဖြင့် ထက်မြက် ကောင်းမြတ်နေတယ်၊

ဒါကြောင့် အဲဒီ ဖြစ်ရာဘဝမှာ တရား နှလုံးသွင်းအားထုတ်လိုက်ယင် မပင်မပန်း ချမ်းသာ လွယ်ကူစွာနှင့် တဆင့်ထက်တဆင့် မြင့်တက်သွားဖို့ပဲ ရှိပါတယ်တဲ့။

ဒါကြောင့် ယခုကွယ်လွန်သွားတဲ့ ဒကာမကြီး ဒေါ်သဲအတွက် အားရ ဝမ်းမြောက်စရာ အချက် တွေကတော့ အိုခြင်း, နာခြင်း, သေခြင်းတရားတွေကို မလွန်ဆန်နိုင်ပဲ ဘဝတပါး ပြောင်းသွားရသော်လဲ အိုခြင်း, နာခြင်း, သေခြင်းသဘောရှိတဲ့ ဒီ ခန္ဓာကိုယ်ထဲက အားကိုး အားထားရာ အမြင့်အမြတ်တရားတွေကို ဆည်းပူး ပွားများပြီးသွားတာပဲလို့ ဒါတွေကို စဉ်းစားကြည့်လိုက်ယင်တော့ အားရစရာ ဝမ်းမြောက်စရာချည်းပါပဲ။

အနုမောဒနာ တရား

စိတ္တံ - မိမိစိတ်ကို၊
ဒီဃရတ္တံ - ရှည်မြင့်စွာသော ကာလပတ်လုံး၊
သီလပရိဘာဝိတံ - သီလဖြင့် ထုံထားအပ်သည်ဖြစ်အံ့၊

ရှည်မြင့်စွာသော ကာလပတ်လုံး သီလစောင့်ထိန်းပြီး ကျင့်သုံးနေတာကို ဆိုတာပါပဲ၊

သုတပရိဘာဝိတံ - အကြားအမြင်နှင့် ထုံထားအပ်သည်ဖြစ်အံ့၊
စာဂပရိဘာဝိတံ - စွန့်ကြဲပေးလှူမှုနှင့် ထုံထားအပ်သည်ဖြစ်အံ့၊
ပညာပရိဘာဝိတံ - အဘိဉာဏ်ပညာဖြင့် ထုံထားအပ်သည် ဖြစ်အံ့။

အဲဒီလို သဒ္ဓါ, သီလ, သုတ, စာဂ, ပညာဆိုတဲ့ သူတော်ကောင်းတရား ငါးပါးနဲ့ မိမိစိတ်ကို ရှည်မြင့်စွာသော ကာလပတ်လုံး ထုံထားလို့ရှိယင် အဲဒီစိတ်ကလေးဟာ ဘယ်လိုဖြစ်မလဲလို့ဆိုတော့ -

တံ စိတ္တံ - သဒ္ဓါ, သီလ, သုတ, စာဂ, ပညာတို့ဖြင့် ရှည်မြင့်စွာ ထုံထားအပ်သော ထိုစိတ်သည်၊
ဥဒ္ဓံဂါမိ - မြင့်မြတ်ရာအထက်သို့ တက်သွားသည်၊
ဝိသေသဂါမိ - ထူးမြတ်ရာသို့ ရောက်သည်၊
ဟောတိ - ဖြစ်ပါတယ်တဲ့။

ဒီနေရာမှာ ကြာမြင့်စွာ ထုံထားတယ်ဆိုတာလဲ ဒီစိတ်ပဲ၊ ထူးခြားမြင့်မြတ်ရာ ရောက်သွားတယ် ဆိုတာလဲ ဒီစိတ်ပဲ၊ ဒီစိတ်ကလေးတခုတည်း မပျက်ပဲ တည်နေတယ်တဲ့၊ ဒီလိုတော့ မယူရဘူး၊ အမှန်အားဖြင့်တော့ ဒီစိတ်ကလေး ဆိုတာဟာ တစိတ်ပြီး တစိတ် မပြတ်ဖြစ်ပျက်နေတာပါပဲ၊ တခုတည်း တည်နေ တာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ပုဂ္ဂိုလ်တဦးတည်း သန္တာန်မှာ ရှေးစိတ်နဲ့ နောက်စိတ်ဆိုတာက ရှေးစိတ်ရယ်, နောက်စိတ်ရယ်လို့သာ ခေါ်ရတယ်၊ ဖြစ်ပုံချင်း ကတော့ တူနေပါတယ်၊ တစိတ်တည်းလို့ပဲ ဖြစ်နေပါတယ်၊ ထူးခြားခြင်းမရှိဘူး၊ ရှေ့စိတ်က ပျောက်သွားယင်လဲ နောက်စိတ်ကလဲ အလားတူ ဖြစ်ပေါ်လာတယ်၊

ဘာနဲ့တူသလဲဆိုတော့ မပြတ်စီးနေတဲ့ မြစ်ရေလျဉ်များနဲ့တူတယ်၊ မြစ်ရေတွေဟာ တနေရာရာကို ရောက်လာပြီးယင် အောက်ကိုစီးဆင်းသွားကြတာပဲ၊ အဲဒီ နေရာကို အထက်ကရေသစ်တွေက ရောက်လာကြပြန်တယ်၊ အပြတ်အခြားလဲ မရှိဘူး၊ ရေဟောင်းနဲ့ ရေသစ်ကလဲ မကွဲပြားဘူး၊ တူနေတယ်၊ ဒါကြောင့် သာမန်အနေ အားဖြင့်ဆိုယင် ဒီရေတွေပဲ အမြဲတည်နေသလို ထင်ရတယ်။

အဲဒါလိုပါပဲ၊ သဒ္ဓါတရားနဲ့ ထုံထားတဲ့စိတ်ဟာ ရှေ့ရှေ့စိတ်က ပျောက်သွားပေမယ့် နောက်နောက် စိတ်ကလဲ ရှေ့ရှေ့စိတ်လို သဒ္ဓါတရားနဲ့ ထုံလျက်ပဲ အလားတူ ဖြစ်နေတယ်၊ သီလနဲ့ထုံထားတဲ့စိတ်, သုတနဲ့ ထုံထားတဲ့စိတ်, စာဂပညာနဲ့ ထုံထားတဲ့ စိတ်တွေလဲ ရှေ့ရှေ့စိတ်များနဲ့အလားတူပဲ နောက်နောက်စိတ်တွေ ဖြစ်နေတယ်၊ ဒါကြောင့် အဲဒီ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာနဲ့ ထုံထားတဲ့စိတ်ဟာ မြင့်မြတ်ရာသို့ တက်သွားတယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် သားသမီးဖြစ်တဲ့သူတွေက ကွယ်လွန်သူ မိခင်ကြီးအတွက် ရည်စူးပြီးတော့ ကုသိုလ်ကောင်းမှုတွေပြုပြီး အမျှပေးဝေကြတယ်ဆိုတော့ မိမိတို့၏ တာဝန်ဝတ္တရား အတိုင်း မချွတ်ယွင်းရအောင် ပြုရတာပေါ့၊ မိဘများဟာသားသမီးများရဲ့ ကိုးကွယ်ရာ ဗြဟ္မာကြီးနဲ့တူတယ်၊ မိဘများနဲ့အတူနေရတဲ့ သားသမီးများ ဗြဟ္မာကြီးနဲ့ အတူ နေရသလိုပါပဲတဲ့။

ဗြဟ္မာနှင့်တူသည်

ဗြဟ္မာတိ မာတာပိတရော၊ ပုဗ္ဗာစရိယာတိ ဝုစ္စရေ-တဲ့။

မာတာပိတရော-မိခင် ဖခင်တို့ကို၊
ဗြဟ္မာတိ - ဗြဟ္မာဟူ၍လည်းကောင်း၊
ပုဗ္ဗာစရိယာတိ - လက်ဦးဆရာ ဟူ၍လည်းကောင်း၊
ဝုစ္စရေ - ခေါ်ဆိုအပ်ကုန်၏ တဲ့။

မိဘဟာ ဗြဟ္မာမင်းနှင့်တူတယ်၊ တူပုံကတော့ ဗြဟ္မာများဟာ ရှေးဘဝကတည်းက မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဆိုတဲ့ ဗြဟ္မဝိဟာရ တရားတွေကို ပွားများ လာခဲ့ကြတယ်၊ ဗြဟ္မာဖြစ်နေကြတဲ့ အခါမှာလဲ သူတို့မှာ ဒေါသမရှိဘူး၊ သတ္တဝါ များအား ချမ်းသာကြပါစေလို့ မေတ္တာတရားကို ပွားများနေကြတယ်၊

သနားစရာကောင်းတဲ့ သတ္တဝါတွေကို အာရုံပြုပြီးတော့ သနားခြင်း ကရုဏာ တရားကို ပွားများနေကြတယ်၊ ကြီးပွားချမ်းသာနေတဲ့ သတ္တဝါတွေကို အာရုံပြု ပြီးတော့ ကြီးပွားမြဲ ကြီးပွားချမ်းသာနေကြပါစေလို့ ဝမ်းမြောက်ကြည်ဖြူခြင်း မုဒိတာတရားကို ပွားများနေကြပါတယ်၊

သူတပါးကို မနာလိုခြင်း မရှိဘူး၊ ပြီးတော့ အားလုံးသောသတ္တဝါတွေနှင့် စပ်ပြီးတော့ ညီတူညီမျှ ရှုတဲ့ ဥပေက္ခာကိုလဲ ပွားများနေကြတယ်၊ ဘယ်သူက သာပါစေ, ဘယ်သူကတော့ နာပါစေလို့ ဒီလိုခွဲခြားတဲ့ စိတ်ထားမျိုး မရှိကြဘူး၊ သာတူညီမျှ နှလုံးသွင်းနေကြတယ်၊ အဲဒီလို မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဆိုတဲ့ ဗြဟ္မဝိဟာရ တရားလေးပါးနှင့် ပြည့်စုံနေကြတဲ့အတွက် သူတို့ကို ဗြဟ္မာလို့ ခေါ်ရတယ်။

မိဘတွေကလဲ ဒီလိုပါပဲ၊ သားသမီးတွေအပေါ်မှာ အဲဒီ ဗြဟ္မဝိဟာရတရားတွေကို ပွားများနေကြတယ်၊ ဒီလို ပွားများနေကြတာကလဲ စာပေကျမ်းဂန်အရ ဗြဟ္မဝိဟာရ တရားတွေကို တတ်သိနားလည်လို့လဲ မဟုတ်ပါဘူး၊ တရားအားထုတ်တဲ့ အနေနဲ့ ပွားနေကြတာလဲ မဟုတ်ဘူး၊ လောကဓမ္မတာအတိုင်း သူ့အလိုလို ဖြစ်နေတဲ့ သဘောပါပဲ၊

ဒီလိုဖြစ်နေတာကလဲ လူတွေတွင်သာ မဟုတ်သေးဘူး၊ ခွေး, ကြက်, ငှက်မှစ၍ တိရစ္ဆာန်တွေရော အားလုံးသတ္တဝါ တွေဟာ ဒီအတိုင်းပဲ ဖြစ်နေတယ်၊ လူတွေ ဆိုတာကတော့ သူတော်ကောင်းတရားတွေ, အသိအလိမ္မာတွေနဲ့မို့ အထူးပြောစရာ မလိုပါဘူး၊ ဘာမျှမဟုတ်တဲ့ တိရစ္ဆာန်တွေ, သူတပါးအပေါ်မှာ အလွန်ရက်စက် ကြမ်းကြုတ်တဲ့ သတ္တဝါတွေတောင်မှ ကိုယ့်သားသမီးကျတော့ သူ့ဟာက မေတ္တာ, ကရုဏာတွေ ရှိနေတယ်၊ ကျီးဆိုတဲ့အကောင်ဟာ သူတပါးအပေါ်မှာ အင်မတန် ဆိုးတဲ့ အကောင်ပေါ့၊ ဒါပေမယ့် သူတို့ဥကလေးကျတော့ သိပ်ဂရုစိုက်တယ်၊ ဒီလို ကိုယ့်သားသမီး ကိုယ်ဂရုစိုက်တာဟာ လောကရဲ့ ဓမ္မတာပါပဲ။

ဒါကြောင့် မိဘတွေဟာ သားသမီးတွေအပေါ်မှာ ချမ်းသာပါစေဆိုတဲ့ မေတ္တာစိတ် တွေကို အများကြီး ပွားနေကြပါတယ်၊ မဖွားမြင်သေးခင် ပဋိသန္ဓေကတည်းက ဒီ ကလေးဟာ ချမ်းချမ်းသာသာနဲ့ ဖွားမြင်ပါစေလို့ မေတ္တာတွေ ပွားလာခဲ့ပါတယ်၊ အဲဒီလို ဝမ်းထဲမှာ လွယ်ထားရစဉ်ကတည်းက ကိုယ့်ကလေး မဆင်းရဲရအောင်, ချမ်းချမ်းသာသာနဲ့ နေရအောင် အစားအသောက်ကိုလဲ ဆင်ခြင်တယ်၊

အနေအထိုင် အသွားအလာကိုလဲ ဆင်ခြင်တယ်၊ အစစအရာရာမှာ စောင့်ရှောက် ပြီးတော့ နေထိုင်တယ်၊ မွေးဖွားပြီးတဲ့ အခါမှာလဲ မိမိကလေးကို ချမ်းသာအောင်လို့ အမြဲတမ်း စောင့်ရှောက်နေတယ်၊ ဒီလို စောင့်ရှောက်နေတဲ့အခါမှာ ချမ်းသာပါစေလို့ နှလုံးသွင်းတိုင်း မေတ္တာတရားတွေ ဖြစ်ပွားနေတယ်။

ကိုယ့်သားသမီးကလေး နေထိုင်မကောင်း ဖြစ်တဲ့အခါ, ခြင်, မှက် စသည် ကိုက်ခဲတဲ့ အခါ အဲဒီလို အခါများကျတော့ မိဘဖြစ်သူတွေမှာ အဲဒီ ဆင်းရဲမှု လွတ်စေချင်တဲ့, သနားတဲ့ ကရုဏာတရားတွေ ပွားများနေတယ်။

ကိုယ့်သားသမီးက တော်တော် ကြီးပြင်းပြီးတော့ ချမ်းချမ်းသာသာနဲ့ ကြီးပွား တိုးတက်နေတာ, ကောင်းစားနေတာကို မြင်ရတော့ မိဘဖြစ်သူမှာ ဝမ်းမြောက် ဝမ်းသာ ဖြစ်နေကြတယ်၊ သားသမီးတွေ ကြီးပွား ချမ်းသာလို့တော့ မိဘတွေမှာ ဘာမျှ မနာလိုခြင်းမရှိဘူး၊ ကြီးပွားလေလေ ဝမ်းမြောက်လေလေပဲ၊ အဲဒါဟာ မုဒိတာ တရားတွေ ပွားနေတာပါပဲ။

သားသမီးများ သူ့အိုး, သူ့အိမ်, သူ့အလုပ်အကိုင်, သူ့စီးပွားနဲ့ အချိုးတကျ ပြည့်စုံနေလို့ ဘာမျှကြောင့်ကြစိုက်စရာ မရှိတဲ့အခါကျတော့ သူ့ဟာသူ နေနိုင်ပြီ လို့သဘောထားပြီးတော့ မိဘတွေကလျစ်လျူရှုပြီးတော့ နေတယ်၊ အဲဒါဟာ ဥပေက္ခာတရားကို ပွားနေတာပဲ။

ဒီလို မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဆိုတဲ့ ဗြဟ္မဝိဟာရ တရားတွေကို သားသမီးတွေအပေါ်မှာ ပွားများနေကြတဲ့အတွက် မိဘတွေဟာ ဗြဟ္မာနဲ့ တူပါတယ်တဲ့၊ မိဘနဲ့ အတူနေရတဲ့ သားသမီးတွေဟာ ဗြဟ္မာနဲ့ အတူနေရသလို ပါပဲတဲ့၊

မိဘကို ပြုစုလုပ်ကျွေးနေရတဲ့သူတွေဟာလဲ ဗြဟ္မာကို လုပ်ကျွေးပူဇော်နေရတာနဲ့ တူပါတယ်တဲ့၊ အင်မတန် ကံကောင်းတဲ့ လူတွေလို့ ဆိုရမှာပေါ့၊ ယခု ကွယ်လွန်သွားတဲ့ ဒကာမကြီး ဒေါ်သဲက အသက် ၈၆ -နှစ်တိုင်အောင် နေသွားတော့ သားသမီး ဖြစ်သူတွေမှာ မိခင်နှင့်အတူနေကြရတာ အကြာကြီးပဲ၊ မိခင်ကြီးက ကံကောင်းလို့ အသက်ရှည်နေတဲ့အတွက် သားသမီးတွေလဲ သိပ်ကံကောင်း ကြတာပဲ၊ ဗြဟ္မာနဲ့တူတဲ့ မိဘကို ပြုစုလုပ်ကျွေးရတာ, မိဘနဲ့ ကြာရှည်စွာ အတူ နေကြရတာတွေဟာ အင်မတန်ကို ကံကောင်းလို့ပါပဲ။

လက်ဦးဆရာလဲ ဖြစ်သည်

ပုဗ္ဗာစရိယာတိ ဝုစ္စရေ

မာတာပိတရော - မိခင် ဖခင်တို့ကို၊
ပုဗ္ဗာ စရိယာတိ - လက်ဦးဆရာ ဟူ၍လည်း၊
ဝုစ္စရေ - ခေါ်ဆိုအပ်ကုန်၏တဲ့။

အမိအဘဆိုတာ လက်ဦးဆရာလို့လဲ ခေါ်ရပါတယ်၊ တော်တော်ကြီးမှ စာသင်ပေးတဲ့ လူဆရာတွေ, ရဟန်းဆရာတွေ ဆိုတာကတော့ နောက်ဆရာတွေပဲ၊ လက်ဦး အကျဆုံးဆရာကတော့ အမိအဘပါပဲ၊ အဲဒီ အမိနဲ့အဘ နှစ်ဦးထဲမှာလဲ အမေက လက်ဦးဆရာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊

ဘာကြောင့်လဲ ဆိုတော့ အဖေဆိုတာက များသောအားဖြင့် သားသမီးနဲ့ ခပ်ဝေးဝေး နေတတ်တယ်၊ သူက သားသမီးနဲ့ ရောရောနှောနှော ပူးပူးကပ်ကပ် မနေတတ်ဘူး၊ ပူးပူးကပ်ကပ်နေပြန်လဲ သူက တယ်ပြီး မသွန်သင် မဆုံးမတတ်ဘူး၊ အမေကတော့ သားသမီးနဲ့ ပူးပူးကပ်ကပ်လဲ နေရတယ်၊ အကုန်လုံး သွန်သင် ဆုံးမလဲ ပေးတတ်တယ်၊

ကလေးငယ်ဘဝကစပြီးတော့ အမေလို့ ခေါ်တတ်ဖို့, အဖေလို့ ခေါ်တတ်ဖို့, စားတတ် သောက်တတ်ဖို့ အစစအရာရာ အကုန်လုံး အမေကသင်ပေးတတ်တယ်၊ ဒါကြောင့် အမေက ပထမဆုံးလက်ဦးဆရာဖြစ်ကြောင်း ထင်ရှားပါတယ်၊ ဒါကြောင့် မိဘနှင့် အတူ နေရတဲ့ သူတွေဟာ ဆရာသမားနှင့် အတူနေထိုင်ရသည် မည်တော့တာပါပဲ၊ ဆရာသမားနဲ့ အတူ နေထိုင်ရသလိုပဲ အကျိုးများနေပါတယ်၊ ဒါကြောင့်-

လက်ဦးဆရာ, မည်ထိုက်စွာ, ပုဗ္ဗာစရိယ, မိနှင့်ဘ” လို့ ရှေးဆရာတွေက သံပေါက် လင်္ကာကလေး စီထားကြတယ်။

လက်ဦးဆရာ, မည်ထိုက်စွာ, ပုဗ္ဗာစရိယ, မိ နှင့်ဘ - တဲ့။

ပုဗ္ဗာစရိယ ဆိုတာကတော့ ပါဠိစကားပဲ၊ လက်ဦးဆရာဆိုတာက အဲဒီပါဠိရဲ့ မြန်မာပြန်ပဲ၊ မိဘဟာ ဗြဟ္မာသာ မည်တာ မဟုတ်သေးဘူး၊ လက်ဦးဆရာလဲ မည်ပါတယ်တဲ့၊ ဒါကြောင့် လက်ဦးဆရာလဲမည်တဲ့, ဗြဟ္မာလဲမည်တဲ့ မိခင် ဒေါ်သဲဟာ အသက် ၈၆-နှစ်ကျမှ ကွယ်လွန်သွားတယ် ဆိုတော့ သားသမီးများ ဖြစ်ကြတဲ့ ဦးကြည်နှင့် မကြွေတို့မှာ အဲဒီ လက်ဦးဆရာကြီး ဗြဟ္မာကြီးမည်တဲ့ မိခင်ကြီးနဲ့ အကြာကြီးအတူနေကြရတာပေါ့၊

အဲဒီလို မိခင်ကြီး အသက်ရှိစဉ်အတွင်း သားသမီးကျင့်ဝတ်တွေ မချွတ် မယွင်း အောင် ပြုစုလုပ်ကျွေးလာခဲ့ ရတာတွေဟာလဲ ဝမ်းသာစရာတွေပါပဲ၊ အဲဒါတွေလဲ ကုသိုလ်ကောင်းမှုတွေပါပဲ၊ ယခု ကွယ်လွန်သွားတဲ့အခါမှာလဲ မိခင်ကြီးရဲ့ ဂုဏ် ကျေးဇူးတွေကို အာရုံပြုပြီးတော့ ကုသိုလ်ကောင်းမှုတွေ ပြုပြီး အမျှပေးဝေကြ ရပြန်တယ်၊ ဒါတွေဟာ သားသမီးတို့ မုချပြုရမယ့် ကျင့်ဝတ်တွေပါပဲ။

ဒါပေမယ့် ခုနကပြောခဲ့တဲ့အတိုင်း ဒကာမကြီးဒေါ်သဲမှာ သဒ္ဓါတရားနဲ့, သီလနဲ့, သုတနဲ့, စာဂနဲ့, ပညာ နဲ့ သူ့စိတ်ကလေးကို ကြာမြင့်စွာ ထုံသွားတဲ့အတွက် အဲဒီ စိတ်ကလေးရဲ့ အစွမ်းကြောင့် ဒုတိယဘဝမှာ ယခုဘဝထက်သာလွန် မြင့်မြတ်တဲ့ ဘဝကို ရောက်ပြီးတော့ ယခုနေအခါမှာ ကောင်းကျိုးချမ်းသာတွေနဲ့ ပြည့်စုံနေပြီ ဆိုတာကတော့ ယုံမှားဖွယ် မရှိပါဘူး၊ ကောင်းကောင်းကြီး လုံလောက်နေပါတယ်၊ ယခု သားသမီးဖြစ်သူတွေက ဒကာမကြီးဒေါ်သဲကို အကြောင်းပြုပြီး ဒါနကုသိုလ် ပြုကြရတာကတော့ မိမိတို့၏ တာဝန်ဝတ္တရားကျေရုံမျှပါပဲ။

လက်ဆောင်ပေးတာနှင့် တူသည်

သို့သော် ကျေးဇူးများတဲ့ အချက်တခုတော့ရှိပါတယ်၊ ဘာလဲဆိုယင် ဒီက သားသမီး ဖြစ်တဲ့သူတွေက ကုသိုလ်ပြုပြီး အမျှပေးဝေလိုက်လို့ရှိယင် ဟိုကလဲ ဒကာမကြီး ဒေါ်သဲက မိမိရောက်ရာကနေပြီး ဝမ်းမြောက် ဝမ်းသာနဲ့ သာဓုအနုမောဒနာ ခေါ်လိုက်လို့ရှိယင် သူ့မှာ မူလကရပြီး အခြေအနေထက် တိုးတက်ပြီးတော့လဲ နတ်၌ဖြစ်သော စည်းစိမ်ချမ်းသာတွေကို နောက်ထပ်ရရှိသွားနိုင်ပါတယ်၊ အဲဒီလို နောက်ထပ်ရတဲ့ဥစ္စာကတော့ သူ့မှာ အပိုလိုပဲ ဖြစ်ချင်ဖြစ်နေပေလိမ့်မယ်၊ ဒါပေမယ့် ဝမ်းမြောက်ဝမ်းသာကတော့ ဖြစ်ရမှာပါပဲ။

ဥပမာ-တခြားမြို့ တခြားနိုင်ငံ အရပ်ဝေးရောက်နေတဲ့ ဆွေမျိုးဖြစ်သူထံကို မိမိ၏ နေရင်း မြို့ရွာဒေသက ဆွေမျိုးမိတ်ဆွေများထံမှ လက်ဆောင်ပစ္စည်း တစုံတရာ ပေးပို့လိုက်လို့ ရလာတယ်ဆိုယင် အဲဒီပစ္စည်းဟာ အသုံးကျသည်ဖြစ်စေ, မကျသည် ဖြစ်စေ အရပ်ဝေးရောက်နေတဲ့လူကတော့ ဝမ်းသာတာပဲ၊ ကျန်းမာတဲ့အကြောင်း, မေတ္တာပို့တဲ့အကြောင်း, သတိရတဲ့အကြောင်း ဒီလိုစာကလေးရယင်ကို အရပ်တခြား ရောက်နေတဲ့လူကတော့ ဝမ်းသာတာပဲ၊ ငါ့ဆွေမျိုးတွေ, ငါ့မိတ်ဆွေတွေက ငါ့ကို သတိရကြပါပေတယ်လို့ အောက်မေ့ပြီး ဝမ်းမြောက်တာပဲ၊

အဲဒါလိုပါပဲ ဒီက သားသမီးဖြစ်တဲ့သူတွေက ကုသိုလ်ကောင်းမှုပြုပြီးတော့ အမျှ ပေးဝေလိုက်ယင် ဟိုကမိခင်ကြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်မှာကတော့ သေချာ နေတာပါပဲ၊ ဒါကြောင့် မိမိတို့မှာ တာဝန်ဝတ္တရားရှိတဲ့အတိုင်း မိခင်ကြီး၏ ဂုဏ်ကျေးဇူးတွေကို အောက်မေ့တသ သတိရနေကြပါတယ်ဆိုတာကိုလဲ ဖော်ပြတဲ့ အနေအားဖြင့် သံဃာတော် အရှင်မြတ်တို့အား ကျွေးမွေးလှူဒါန်းခြင်း ဒါနကုသိုလ် တွေကို ပြုပြီးတော့ အဲဒီကုသိုလ် အဖို့ကို အမျှပေးဝေ ကြရတာပါပဲလို့ အာရုံ ပြုကြရမယ်။

သူ့နယ်မှာနေလျှင်
သူ့အလို လိုက်ရမည်

ပြီးတော့ ခုနကပြောခဲ့တဲ့အတိုင်း အိုခြင်းတရား, နာခြင်းတရား, သေခြင်းတရား ဆိုတာတွေဟာ မကောင်းတဲ့ တရားတွေထဲမှာ မကောင်းဆုံး, အဆိုးဆုံး တရား တွေပဲ၊ အဲဒါတွေကို ဘယ်သူမှလဲမခုခံ မတိုက်ဖျက်နိုင်ကြဘူး၊ သူတို့၏ နယ်ပယ် ထဲက လွတ်မြောက်အောင် ထွက်ပြေးဖို့ရာလဲ အင်မတန်ခက်ပါတယ်။

သုဒုက္ကရံ - အလွန်ပင်ကျော်လွန်ရန် ခဲယဉ်းသော၊
မစ္စုဓေယျံ - သေမင်း၏ နယ်ပယ်ကြီး’ ‘

လို့ဆိုထားတဲ့အတိုင်း အိုမင်း, နာမင်း, သေမင်းကြီးတွေရဲ့ နယ်ပယ်ဆိုတာ တခြား မဟာမဟုတ်ဘူး၊ မိမိတို့သန္တာန်မှာရှိနေတဲ့ ခန္ဓာငါးပါး တရားတွေပဲ၊ ဒီခန္ဓာငါးပါးတွေ ရှိနေသမျှကာလပတ်လုံး အိုမင်း, နာမင်း, သေမင်းကြီးတွေရဲ့ နယ်ပယ်ထဲ ရောက်နေတယ်၊ သူတို့က ပိုင်ဆိုင်တဲ့ နယ်ပယ်ထဲမှာနေယင် သူတို့အလိုအတိုင်း လိုက်နေရမှာပဲ၊ အိုချိန်ကျယင် အိုရမယ်၊ နာချိန်ကျယင် နာရမယ်၊ သေချိန်ကျယင် သေရမယ်၊

သူတို့အလိုကို မလိုက်ချင်ယင် မအိုချင်, မနာချင်, မသေချင်ယင် သူတို့နယ်ပယ် ဖြစ်တဲ့ ခန္ဓာငါးပါးတရားတွေကို ကျော်လွန်သွားမှဖြစ်မယ်၊ ဒီတော့မှ မအို, မနာ, မသေပဲ အမြဲတမ်းချမ်းသာနိုင်မယ်၊ ဒါကြောင့် အိုမင်း, နာမင်း, သေမင်းကြီးတွေရဲ့ လက်မှလွတ်အောင် သူတို့ ၏နယ်ပယ်ဖြစ်တဲ့ အဲဒီခန္ဓာငါးပါး တရားတွေမှ လွတ်မြောက်သွားအောင် အားထုတ်ဖို့ အရေးကြီးပါတယ်၊

အဲဒီခန္ဓာငါးပါးတရားတွေမှ လွတ်မြောက်သွားတယ် ဆိုတာကလဲ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေ လုံးဝချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ပဲ၊ အဲဒီနိဗ္ဗာန်ရောက်မှပဲ သေမင်းလက်မှ လွတ်မြောက်တယ်၊ ဒါကြောင့် နိဗ္ဗာန်သာလျှင် ထောက်ရာ တည်ရာ အားကိုးရာ ရှိပါတယ်တဲ့။

အကောင်းဆုံးကို ဆုတောင်းရန်

တေသံ ဝူပသမော သုခေါ

တေသံ - ဖြစ်ပေါ်ပြီးလျှင် ပျက်စီးတတ်သော သင်္ခါရတရားတို့၏၊
ဝူပသမော - ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်သည် သာလျှင်၊
သုခေါ - သတ္တဝါအပေါင်းတို့၏ ခိုအောင်းမှီရာ ချမ်းသာ အစစ်ပါပေတည်းတဲ့။

ခန္ဓာငါးပါး သင်္ခါရတရားတွေဆိုတာ ဖြစ်ပြီးယင် ပျောက်သွားတာချည်းပဲ၊ ဘာမှ ခိုင်မြဲတည်တံ့တဲ့ တရားတွေ မဟုတ်ဘူး၊ ဒါပေမယ့် သူက အစဉ်အဆက်အားဖြင့် ဆိုယင်တော့ တော်တော်ကြာအောင် တည်နေတယ်လို့လဲ ဆိုရပါတယ်၊

အသက်တရာတမ်းမှာဆိုယင် အနှစ်တရာလောက်, အသက် ၇၀ -တမ်း, ၈၀-တမ်း မှာဆိုယင် အနှစ် ၇၀-လောက်, အနှစ် ၈၀-လောက်, ဒါလောက်တော့ အမျိုးတူတွေ ဆက်ခါဆက်ခါ ဖြစ်နေတဲ့အတွက် အစဉ်အဆက်အားဖြင့် တည်တံ့နေနိုင်ပါတယ်၊ ဒါပေမယ့် တနေ့ကျတော့ လုံးလုံး ပျက်စီးသွား တော့တာပဲ၊

ဒီလိုပျက်စီးတတ်တဲ့ သင်္ခါရတရားတွေကို မပျက်စီးအောင် ဘယ်ပုဂ္ဂိုလ်မှ မတတ် နိုင်ဘူး၊ ဘယ်နည်းနှင့်မှ မတတ်နိုင်ဘူး၊ ဒီတော့ ဒီလိုဖြစ်ပြီး ပျက်စီးသွားမည့် သင်္ခါရတရားတွေဟာ အစကတည်းက မဖြစ်ပေါ်လာပဲ ငြိမ်းနေမယ်ဆိုယင် အကောင်းဆုံးပဲ၊ အဲဒီမဖြစ်ပေါ်လာပဲ ငြိမ်းတယ်ဆိုတာ နိဗ္ဗာန်တရားပဲ၊ အဲဒီ နိဗ္ဗာန် တရားဟာ အကောင်းဆုံးပဲ။

ဒါကြောင့် အိုခြင်း, နာခြင်း, သေခြင်းဆိုတဲ့ တရားဆိုးကြီးတွေမှ လွတ်မြောက်ရာ ဖြစ်သော ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို ကွယ်လွန်သူ မိခင်ကြီးဒေါ်သဲ အကြောင်းပြုပြီး ယနေ့ယခု ပြုကြရသော ကောင်းမှု၏ အစွမ်းကြောင့် လျင်မြန်စွာ မျက်မှောက်ပြုရပါစေလို့ ရည်ရွယ် ဆုတောင်းပြီးတော့ ရေစက်ချကြရမယ်။

သာဓု သာဓု သာဓု။

အသုဘအနုမောဒနာတရား ပြီး၏။

အပ္ပံ ဝတ ဇီဝိတံ ဣဒံ, ဩရံ ပဿသတာပိ မီယတိ၊
ယော စေပိ အတိစ္စ ဇီဝတိ, အထ သော ဇရသာပိ မီယတိ

ဝမ္မိကသုတ်တရားတော်

ဝမ္မိကသုတ်သည် မဇ္ဈိမနိကာယ် မူလပ ဏ္ဏာသ ဩပမ္မဝဂ်လာသုတ်ဖြစ်သည်၊ အရှင်ကုမာရကဿပမထေရ် သာဝတ္ထိမြို့တော် ဇေတဝန်ကျောင်းတိုက် မြောက်ဘက် အန္ဓဝန်တော၌ သီတင်းသုံးစဉ် ဗြဟ္မာကြီးတစ်ဦး ကိုယ်ရောင် ကိုယ်ဝါ ထွန်းလင်း တောက်ပစွာဖြင့် ပေါ်လာပြီး ပြဿနာ ၁၅-ချက်ကို မေးသွားခဲ့လေသည်၊

ယင်းပြဿနာ ၁၅-ချက်ကား “ဘိက္ခု ဘိက္ခု အယံ ဝမ္မိကော ရတ္တိံ ဓူမာယတိ” စသည်ဖြစ်လေသည်၊ ယင်းပြဿနာ ၁၅-ချက်တွင် ခန္ဓာကိုယ်၏ အမည်ဖြစ်သော ဝမ္မိကကိုစွဲ၍ ဤသုတ်ကို ဝမ္မိကသုတ်ဟူ၍ အမည်ပေးတော်မူခဲ့လေသည်၊

၎င်းပြဿနာ ၁၅-ချက်ကို ဘုရားမြတ်စွာအား အရှင်ကုမာရကဿပက လျှောက်ထားလေရာ ဘုရားမြတ်စွာက ရှင်းလင်းဟောကြားတော်မူခဲ့လေသည်၊ ဖော်ပြပါ ဝမ္မိကသုတ်မှာ ယောဂီများ ဝိပဿနာရှုရန် လွန်စွာ လျော်ကန် သင့်မြတ်သဖြင့် ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးသည် ရန်ကုန်မြို့ သာသနာ့ရိပ်သာ နှင့်တကွ မော်လမြိုင်, ပဲခူး, အိမ်မဲ, ဝါးခယ်မ, ဘိုကလေး, ဒိုက်ဦး, အောင်လံ, ရေနံချောင်း, နတ်မောက်, မိတ္ထိလာ, တောင်ကြီး, လွိုင်ကော်, ရွှေဘို စသော မြို့များ၌ အကြိမ်ကြိမ် ဟောကြားတော်မူခဲ့လေသည်။

မုံရွာမြို့ စန်းမြရောင်ခြည် သာသနာ့ရိပ်သာ၌လည်း ၁၃၂၆-ခုနှစ် တန်ဆောင်မုန်း လဆုတ် ၆-ရက်, ၇-ရက်, ၈-ရက် နေ့ညများတွင် ဝမ္မိကသုတ်ကို ဟောတော်မူရာ တိတ်ရီကော်တာဖြင့် ဖမ်းယူခဲ့ရာ ယင်းတိတ်ခွေများမှ ကူးယူ၍ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့က ဝမ္မိကသုတ်တရားတော် အမည်ဖြင့် စာအုပ်ရိုက်နှိပ်ထုတ်ဝေခဲ့ရာ ကရောင်း ၁၆-ချိုး စာမျက်နှာ ၃၀ဝ-ရှိလေသည်။

ယင်း ဝမ္မိကသုတ်တရားတော်၌ လိုရင်းဖြစ်သော အမေးအဖြေ ၁၅-ချက်မှာ အောက်ပါ အတိုင်း ဖြစ်လေသည်။

၁။ တောင်ပို့ဆိုတာဘယ်ဟာလဲ, ဤရုပ်ကိုယ်ကြီးပဲ၊
၂။ မီးခိုးဆိုတာဘယ်ဟာလဲ, ညအခါမှာကြံတာပဲ၊
၃။ မီးလျှံဆိုတာဘယ်ဟာလဲ, နေ့အခါမှာပြုတာပဲ၊
၄။ ဆရာဆိုတာ ဘယ်သူလဲ, ငါတို့မြတ်စွာဘုရားပဲ၊
၅။ တပည့်ဆိုတာဘယ်သူလဲ, ရှုမှတ်နေတဲ့ယောဂီပဲ၊
၆။ ပေါက်တူးဆိုတာဘယ်ဟာလဲ, မှတ်သိနေတဲ့ပညာပဲ၊
၇။ တူးတယ်ဆိုတာဘယ်ဟာလဲ, ကြောင့်ကြစိုက်တဲ့လုံ့လပဲ၊
၈။ မင်းတုတ်ဆိုတာဘယ်ဟာလဲ, ရှုမှတ်နည်းကိုမသိတာပဲ၊
၉။ ဖားရုပ်ဆိုတာဘယ်ဟာလဲ, စိတ်ဆိုးတတ်တဲ့ဒေါသပဲ၊
၁၀။ လမ်းခွဆိုတာဘယ်ဟာလဲ, ဝေဖန်စဉ်းစားယုံမှားပဲ၊
၁၁။ ရေစစ်ဆိုတာဘယ်ဟာလဲ, နီဝရဏငါးပါးတရားပဲ၊
၁၂။ လိပ်ညစ်ဆိုတာဘယ်ဟာလဲ, ခန္ဓာငါးပါးတရားပဲ၊
၁၃။ စဉ်းနှီးဆိုတာဘယ်ဟာလဲ, ငါးပါးအာရုံကာမဂုဏ်ပဲ၊
၁၄။ သားတစ်ဆိုတာဘယ်ဟာလဲ, နှစ်သက်တပ်စွဲရာဂပဲ၊
၁၅။ နဂါးဆိုတာဘယ်ဟာလဲ, အာသဝေါကင်းကွာရဟန္တာပဲ။

ဝမ္မိကသုတ္တဓမ္မဉ္စ, သုတ္တဓမ္မေ သုကောဝိဒေါ၊
မဟာစည်ထေရကုဉ္ဇရော, ရစယီ ကဝိ ပုင်္ဂဝေါ

စတုစတ္တာလီသတိမပိုင်း

ဝိသုဒ္ဓိမဂ်မဟာဋီကာပါဌ်

အိန္ဒိယတောင်ပိုင်း ကဥ္စိပူရဒေသ၌ဖွားမြင်၍ ကျမ်းပြုလိမ္မာ အရှင်မဟာဗုဒ္ဓဃောသ ၏ နောက် အနှစ် ၂၀ဝ-ခန့်အကြာ သာသနာသက္ကရာဇ် ၁၁၀ဝ-အတွင်းလောက်က ပေါ်ထွန်းခဲ့သော အာစရိယဓမ္မပါလခေါ် အရှင်ဓမ္မပါလသည် ပါဠိ, သက္ကတ စွယ်စုံ ကျမ်းတတ် ပုဂ္ဂိုလ်မြတ်ဖြစ်တော်မူသည်၊ အရှင်ဓမ္မပါလသည် -

၁။ ဥဒါနအဋ္ဌကထာ၊
၂။ ဣတိဝုတ္တအဋ္ဌကထာ၊
၃။ ဝိမာနဝတ္ထုအဋ္ဌကထာ၊
၄။ ပေတဝတ္ထုအဋ္ဌကထာ၊
၅။ ထေရဂါထာအဋ္ဌကထာ၊
၆။ ထေရီဂါထာအဋ္ဌကထာ၊
၇။ စရိယာပိဋကအဋ္ဌကထာ၊
၈။ နေတ္တိအဋ္ဌကထာ၊
၉။ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ၊
၁၀။ ဒီဃနိကာယဋီကာ၊
၁၁။ မဇ္ဈိမနိကာယဋီကာ၊
၁၂။ သံယုတ္တနိကာယဋီကာ၊
၁၃။ အင်္ဂုတ္တရနိကာယဋီကာ၊
၁၄။ နေတ္တိဋီကာ၊
၁၅။ အဘိဓမ္မာအနုဋီကာ၊
တို့ကို ပြုစီရင်တော်မူခဲ့လေသည်၊

ဖော်ပြပါ ကျမ်းများအနက် ဝိသုဒ္ဓိမဂ် မဟာဋီကာ ကျမ်းကြီးမှာ သမယ, သမယန္တရစကားလုံး အကြောင်းအရာ အချက်အလက်တို့နှင့် ပြည့်စုံသည်၊ ချဉ်းနင်းရန်, ကူးခတ်ရန် ခက်ခဲသည့် ကျမ်းကြီးဖြစ်လေသည်၊ အရှင်ဓမ္မပါလသည် ယင်းကျမ်းကြီးကို -

၁။ သဒ္ဓမ္မရံသီမာလိယော, ဝိနေယျကမလာ ကရေ၊
ဝိဗောဓေသိ မဟာမောဟ-တမံ ဟန္တွာန သဗ္ဗသော။

၂။ ဉာဏတိသယဗိမ္မံတံ, ဝိသုဒ္ဓကရုဏာဂုဏံ၊
ဝန္ဒိတွာ နိရုပတ္ထေသံ, ဗုဒ္ဓါဒိစ္စံ မဟောဒယံ။

၃။ လောကာလောကကရံ ဓမ္မံ, ဂုဏရသ္မိသမုဇ္ဇလံ၊
အရိယသံဃဉ္စ သံဖုလ္လံ, ဝိသုဒ္ဓကမလာ ကရံ။

၄။ ဝန္ဒနာ ဇနိတံ ပုညံ, ဣတိယံ ရတနတ္တယေ၊
ဟတန္တရာယော သဗ္ဗတ္ထ, ဟုတွာဟံ တဿ တေဇသာ။

၅။ သမ္ပန္နသီလာစာရေန, ဓီမတာ သုစိဝုတ္တိနာ၊
အဇ္ဈောသိတော ဒါဌာနာဂ-တ္ထေရေန ထိရစေတသော။

၆။ ဝိသုဒ္ဓစရိတော နာထော, ယံ ဝိသုဒ္ဓမနုတ္တရံ၊
ပတွာ ဒေသေသိ ကရုဏာ-သမုဿာဟိတမာနသော။

၇။ တဿာအဓိဂမုပါယော, ဝိသုဒ္ဓနယမဏ္ဍိတော၊
ဝိသုဒ္ဓိမဂ္ဂေါ ယော ဝုတ္တော, သုဝိသုဒ္ဓပဒက္ကမော။

၈။ သုဝိသုဒ္ဓံ အသံကိဏ္ဏံ, နိပုဏတ္ထဝိနိစ္ဆယံ၊
မဟာဝိဟာရဝါသီနံ, သမယံ အဓိကောမယံ။

၉။ တဿ နိဿာယ ပေါရာဏံ, ကထာမဂ္ဂံ အနာကုလံ၊
တန္တိနယာနုဂံသုဒ္ဓံ, ကရိဿာမတ္ထဝဏ္ဏနံ။

၁၀။ ဣတိ အာကင်္ခမာနဿ, သဒ္ဓမ္မဿ စိရဋ္ဌိတိံ၊
ဝိဘဇန္တဿ တဿတ္ထံ, နိသာမယထ သာစရေ။

ဟူသော ၁၀-ဂါထာဖြင့် ရတနတ္တယပဏာမ, အဘိယာစက, ပဋိညာဉ်စသည်တို့ကို ဖော်ပြ၍ ဂန္ထာရမ္ဘပြု၍ ပြုစီရင်တော်မူခဲ့လေသည်၊ ယင်းဋီကာကျမ်းကြီးမှာ ကမ္ဘာအေး နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ ပုံနှိပ်တိုက်ရိုက် ရွိုင်ဆိုက် စာမျက်နှာဖြင့် ပထမတွဲ-၄၆၀, ဒုတိယတွဲ-၅၃၅ မျက်နှာရှိ ကျမ်းကြီးဖြစ်လေသည်၊

အရှင်ဓမ္မပါလသည် ကျမ်း၏အဆုံး၌လည်း-

ဧတ္တာဝတာစ -

၁။ သုဝိသုဒ္ဓသမာစာရော, ဝိသုဒ္ဓနယမဏ္ဍိတံ၊
ဝိသုဒ္ဓိမဂ္ဂလောကဿ, ယဒစ္စန္တဝိသုဒ္ဓိယာ။

၂။ အကာသိ ကရုဏာဝေဂ-သမုဿာဟိတမာနသော၊
မဟေသီ ဝိပုလောဒါတ-ဝိသုဒ္ဓိမတိဋဝေါ။

၃။ တဿ အတ္ထံ ပကာသေတုံ, ကထာမဂ္ဂံ ပုရာတနံ၊
နိဿာယ ယာ သမာရဒ္ဓေါ, အတ္ထသံဝဏ္ဏနာ မယာ။

၄။ အာယာစိတော သိတ္ထဂါမ-ပရိဝေဏနိဝါသိနာ၊
ထေရေန ဒါဌာနာဂေန, သုဒ္ဓါစာရေန ဓီမတာ။

၅။ သာ ဧသာ ပရမတ္ထာနံ, တတ္ထ တတ္ထ ယထာရဟံ၊
နိဓာနတော ပရမတ္ထ, မဉ္ဇူသာ နာမ နာမတော။

၆။ သမ္ပတ္တာ ပရိနိဋ္ဌာနံ, အနာကုလ ဝိနိစ္ဆယာ၊
အဋ္ဌာသီတိ ပမာဏာယ, ပါဠိယာ ဘာဏဝါရတော။

၇။ ဣတိ တံ သင်္ခရောန္တေန, ယံ တံ အဓိဂတံ မယာ၊
ပုညံ တဿာနုဘာဝေန, လောကနာထဿ သာသနေ။

၈။ ဩဂါဟေတွာ ဝိသုဒ္ဓါယ, သီလာဒိ ပဋိပတ္တိယာ။
သဗ္ဗေပိ ဒေဟိနော ဟောန္တု, ဝိမုတ္တိရသ ဘာဂိနော။

၉။ စိရံ တိဋ္ဌတု လောကသ္မိံ, သမ္မာသမ္ဗုဒ္ဓသာသနံ၊
တသ္မိံ သဂါရဝါ နိစ္စံ, ဟောန္တု သဗ္ဗေပိ ပါဏိနော။

၁၀။ သမ္မာ ဝဿတု ကာလေန, ဒေဝေါရာဇာ မဟီပတိ၊
သဒ္ဓမ္မနိရတောကာသံ, ဓမ္မေနေဝ ပကာသတူတိ။

ဗဒရတိတ္ထဝိဟာရဝါသိနာ အာစရိယဓမ္မပါလေနကတာ ပရမတ္ထမဉ္ဇူသာနာမ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ သမတ္တာ

ဟူသော ၁၀-ဂါထာ ပါဝင်သော စကားရပ်ဖြင့် ဝိသုဒ္ဓိမဂ်အဋ္ဌကထာကျမ်းကြီး၏ ဂုဏ်ပုဒ်, အရှင်ဒါဌာနာဂထေရ် တောင်းပန်သဖြင့် ရေးသားကြောင်း, ကျမ်းစာ ပမာဏ, ဆုတောင်းစသည်တို့ကို ဖော်ပြ၍ နိဂုံးချုပ်တော်မူခဲ့လေသည်။

ဝိသုဒ္ဓိမဂ် မဟာဋီကာ နိဿယ
ကျမ်းကြီး ရေးသားစီရင်ခြင်း

ဖော်ပြပါ ဝိသုဒ္ဓိမဂ်ဋီကာကျမ်းကြီးမှာ လုံလောက်သော, ပြည့်စုံလုံလောက်သော နိဿယမရှိပဲ နှစ်ပေါင်း ၁၅၀ဝ-ခန့် တည်ရှိခဲ့လေသည်၊ ဝိသုဒ္ဓိမဂ် မဟာဋီကာကို ချပို့ကြသော ဂဏဝါစက ပရိယတ္တိ ဝန်ဆောင်တို့ ခက်ခဲစွာ ချပို့တော်မူခဲ့ကြ ရလေသည်၊ စစ်ကိုင်း ဝက်ချက် (ဝချက်) မင်းကျောင်းဆရာတော် ပြုစုသည့် နိဿယတစောင် ရှိသော်လည်း ပေမူဖြင့် စောင်ရေ အနည်းငယ်သာ ရှိသဖြင့် မပျံ့နှံ့ခဲ့ချေ၊ ပြည့်စုံလုံလောက်သော နိဿယဟုဆိုရန် ခက်ခဲလှချေ၏၊

၎င်းပြင် ပိဋကတ်တော်သမိုင်း၌ သက္ကရာဇ် ၁၂၂၁-ခုနှစ် မန္တလေး ရတနာပုံ မြို့တည် နန်းတည် သိရီပဝဂဝိဇယာနန္တယသတြိဘာဝနာဒိတျာဓိပတိမဟာဓမ္မ ရာဇာဓိ ရာဇာ တံဆိပ်နာမံ ခံသော မဟာလောကမာရဇိန်စေတီ ဒါယကာမင်းလက်ထက် သိရီပဝရမဟာရာဇိန္ဒာဓိပတိ ရတနာဒေဝီ တံဆိပ်နာမံခံသော နန်းမတော်မိဖုရား ခေါင်ကြီး အမိန့်တော် သံတော်ဆင့် ခင်မမင်းဝန်, အတွင်းဝန်, စစ်ကိုင်းခရိုင်ဝန်, မိုင်းခိုင်မြို့စား, ပိဋကတ်တော်အုပ်, လက်ရွေးကြီး လှော်ကားတော်အုပ်, ရန်လွှင့် လှေတော်အုပ်မင်းကြီး မဟာသီရိဇေယျသူနှင့် စာတော်ပြန် နေမျိုးဓမ္မကျော်သူတို့ စီရင်သည်၊ ၎င်းနိဿယထုပ်ရေ နှစ်ထုတ်ရှိသည်ဟု လာရှိသည်၊ သို့ရာတွင် ယင်းနိဿယ ကိုလည်း တွေ့နိုင်ရန် ခက်ခဲလှလေသည်၊

၁၃၂၂-ခုနှစ် ဋီကာသင်္ဂါယနာ အပြီးတွင် အဂ္ဂမဟာပဏ္ဍိတ အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆဋ္ဌသင်္ဂါယနာ မဟာနာယက မစိုးရိမ် ဆရာတော်ဘုရားကြီးက ပထမသင်္ဂါယနာ သင်္ဂီတိနာယက သင်္ဂီတိပါမောက္ခ အရှင်မဟာကဿပထုံး နှလုံးမူကာ ဆဋ္ဌသင်္ဂါယနာတွင် ပါဝင်သော မထေရ်မြတ်တို့အား နိကာယ်ကျမ်းများ အသီးသီး တာဝန်ယူချပို့တော်မူရန် တာဝန် ပေးအပ်တော်မူရာ မဟာစည်ဆရာတော်ဘုရားကြီးသည် -

(၁) ဝိသုဒ္ဓိမဂ်နှင့် မဟာဋီကာ,
(၂) ပဋိသမ္ဘိဒါမဂ် ပါဠိတော်နှင့် အဋ္ဌကထာ,
(၃) မိလိန္ဒပဥှာပါဠိတော်
များကို ချပို့ရန် တာဝန်ယူတော်မူခဲ့လေသည်၊

ယင်းသို့ တာဝန်ယူခဲ့ပြီး ၁၃၂၂-ခုနှစ် တပို့တွဲလပြည့်ကျော် ၃-ရက် ကြာသပတေးနေ့ မှစ၍ ဝိသုဒ္ဓိမဂ်အဋ္ဌကထာကို မဟာဋီကာနှင့်တွဲဖက်၍ နေ့စ ဉ် တနာရီခွဲ နှစ်နာရီခန့် မပြတ် ချပို့တော်မူခဲ့လေသည်၊ စာဆိုပုဂ္ဂိုလ် မထားပဲ အနက်အဓိပ္ပါယ် သဘော ပေါက်လောက်အောင် ရှင်းပြ ပြောကြားပြီး နိဿယအနက်သက်သက် ချပို့တော်မူလေသည်၊ ထိုအနက်များကို စာလိုက်သူ တပည့်များက လက်နှိပ်စက်ဖြင့် နေ့စဉ် မှန်မှန် ရိုက်သဖြင့် နိဿယစာမူကြမ်း ဖြစ်ပေါ်လာခဲ့လေသည်၊ ဆရာတော်ဘုရားကြီးသည် ထိုစာမူကြမ်းကို အထပ်ထပ် ကြည့်ရှုပြင်ဆင် အဆုံးအဖြတ် အမှာစကားများ ထည့်သွင်းပြီးလျှင် နိဿယ စာမူချောအဖြစ် လက်နှိပ်စက်ဖြင့် ပြန်လည် ရိုက်နှိပ် စေတော်ခဲ့လေသည်၊ ယင်းစာမူချောကို နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ရာ သက္ကရာဇ် ၁၃၃၀-ခုနှစ်လောက်တွင် သာသနာတွင် မပေါ်ဖူးသည့် ဝိသုဒ္ဓိမဂ်မဟာဋီကာ နိဿယကျမ်းကြီး ပေါ်ထွက်လာလေသည်။

နိဿယကျမ်းကြီး လေးတွဲ

ယင်း ဝိသုဒ္ဓိမဂ်မဟာဋီကာ နိဿယကျမ်းကြီးမှာ -

၁။ ပထမတွဲ၊
၂။ ဒုတိယတွဲ၊
၃။ တတိယတွဲ၊
၄။ စတုတ္ထတွဲ -
အားဖြင့် လေးတွဲရှိလေရာ -

သီလနိဒ္ဒေသ, ဓူတင်္ဂနိဒ္ဒေသ, ကမ္မဋ္ဌာနဂ္ဂဟဏနိဒ္ဒေသ, ပထဝီကသိဏနိဒ္ဒေသ, သေသကသိဏ နိဒ္ဒေသ, အသုဘကမ္မဋ္ဌာနနိဒ္ဒေသ ၆-ခု ဆုံးသည်အထိ ပထမအုပ် ဖြစ်၍ -

ဆအနုဿတိနိဒ္ဒေသ, အနုဿတိ ကမ္မဋ္ဌာနနိဒ္ဒေသ, ဗြဟ္မဝိဟာရနိဒ္ဒေသ, အာရုပ္ပနိဒ္ဒေသ, သမာဓိနိဒ္ဒေသ ၅-နိဒ္ဒေသ ပြီးဆုံးသည်အထိ ဒုတိယအုပ် ဖြစ်လေသည်၊

ဣဒ္ဓိဝိဓနိဒ္ဒေသ, အဘိညာနိဒ္ဒေသ, ခန္ဓနိဒ္ဒေသ, အာယတနဓာတုနိဒ္ဒေသ, ဣနြ္ဒိယသစ္စ နိဒ္ဒေသ, ပညာဘူမိနိဒ္ဒေသ, ပဋိစ္စသမုပ္ပါဒ်အဖွင့် ပြီးဆုံးသည်အထိ တတိယတွဲဖြစ်၍

ပညာဘူမိနိဒ္ဒေသ ပဋ္ဌာနပစ္စယ ကထာအဖွင့်မှစ၍ ဒိဋ္ဌိဝိသုဒ္ဓိနိဒ္ဒေသ, ကင်္ခါဝိတရဏ ဝိသုဒ္ဓိနိဒ္ဒေသ, မဂ္ဂါမဂ္ဂ ဉာဏဒဿနဝိသုဒ္ဓိနိဒ္ဒေသ, ပဋိပဒါ ဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ, ဉာဏဒဿန ဝိသုဒ္ဓိနိဒ္ဒေဿ, ပညာဘာဝနာနိသံသနိဒ္ဒေသ အဖွင့်ဋီကာ ဆုံးသည်အထိ စတုတ္ထတွဲဖြစ်လေသည်၊

စာမျက်နှာအားဖြင့် ရေတွက်ရလျှင် ရွိုင်ဆိုက်ဖြင့် ပထမတွဲ ၄၇၄-မျက်နှာ, ဒုတိယတွဲ ၅၄၄-မျက်နှာ, တတိယတွဲ ၆၂၉ မျက်နှာ, စတုတ္ထတွဲ ၆၃၆ -မျက်နှာ ရှိလေသည်။

ကောင်းခြင်းဖုံဖုံ လွန်ပြည့်စုံ

ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယကျမ်းကြီးသည် ကောင်းခြင်း အဖုံဖုံနှင့် လွန်စွာပြည့်စုံသည့် ကျမ်းကြီး ဖြစ်လေသည်၊ ၎င်းကောင်းခြင်း ဂုဏ်တို့ကား အနက်ယောဇနာပုံ၏ ကျစ်လျစ် ပေါ်လွင်ခြင်း, ချွတ်ယွင်း ပျက်စီးသော ပုဒ်ပါဌ်များကို သုတ်သင်ခြင်း, အဆုံးအဖြတ်များစွာပါရှိခြင်း, သမယန္တရပိုင်းဆိုင်ရာ စကားရပ်တို့ကို မူရင်းကျမ်းများနှင့် တိုက်ဆိုင် ရှင်းလင်း၍ ပြခြင်းစသည်တို့ ဖြစ်ကုန်၏။

ပညာရှင်တို့ အံ့ဩ ချီးကျူးရသည့်ကျမ်း

ဤကျမ်းကြီးကား ပရိယတ္တိသာသနာတွင် အလွန်ထင်ရှား ကျော်စောတော်မူသော စာချအကျော်, ကျမ်းပြုအကျော် ပုဂ္ဂိုလ်များ၏ ချီးကျူးခြင်းကို ခံရသည့် ကျမ်းကောင်းကြီး ဖြစ်လေသည်၊ ဤစာပြုသူသည် ဆရာတော်နှင့် အကြိမ်ကြိမ် တွေ့ဖူးရာ -

“ဆရာတော်ဘုရား .... ဆရာတော် ဝိသုဒ္ဓိမဂ် မဟာဋီကာနိဿယ ရေးစဉ်က အခြား ဝိသုဒ္ဓိမဂ် မဟာဋီကာနိဿယတွေ့ဖူး, ကြည့်ရှုဖူးပါသလား”ဟု မေးလျှောက်ရာ

“ဦးကေလာသရေ ... ရှိတယ်လို့တော့ ကြားဖူးပါတယ်၊ မတွေ့ မကြည့်ရဖူးပါ” ဟု မိန့်တော်မူသည်၊

ဆရာတော်ဘုရားကြီးသည် နိဿယကျမ်းကြီးအဆုံးတွင် အောက်ပါ ၂၅-ဂါထာ ပါဌ်နိဿယတို့ဖြင့် သမိုင်းကြောင်း စုံလင်စွာ ဖော်ပြ၍ နိဂုံးအုပ်တော်မူခဲ့လေသည်။

၁။ ဝိသုဒ္ဓိမဂ္ဂဂန္ထဿ, ဝိသုဒ္ဓနယဒဿိနော၊
ဒုဗ္ဗောဓတ္ထံ ပကာသေတုံ, ယာ ကထာ အတ္ထဝဏ္ဏနာ။

၂။ မဟာစရိယဓမ္မပါလ-တ္ထေရေန တိက္ခဉာဏိနော၊
ပရမတ္ထ မဉ္ဇူသာတိ, မဟာဋီကာတိ စေရိတာ။

၃။ ပါဠိကော သာ စ ဂမ္ဘီရာ, သုဒုဗ္ဗောဓာ စ အတ္ထတော၊
သမယန္တရ သံယုတ္တာ, ဒုဇ္ဇာနာ သမယန္တရေ။

၄။ အပေတ ပရိစယေန, သုဒ္ဓပါဠိဝိဘာဝနာ၊
ပေါရာဏ နိဿယေဟိပိ, သက္ကာ ဉာတုံ န သဗ္ဗသော။

၅။ တသ္မာဿ မြမ္မဘာသာယ, နုပဒံ ပရိဝတ္တိယ၊
ယံ အတ္ထ ဒဿနံ ဂန္ထံ, နိဿယံ ကာတုမာရဘိံ။

၆။ ဒွါဝီသတာဓိကေ သာကေ, ဝဿာနံ တေရသေသကေ၊
မာဃဿ ကဏှပက္ခမှိ, အာဒိံ ကတွာ တတိယကံ။

၇။ ဇာတော ဆိပ်ခွန်မဟာဂါမေ, ရွှေဘိုနဂရ ပစ္ဆိမေ၊
သာသနာ့ရိပ်သာအာရာမေ, ပုရေ ရန်ကုန်တိပါကဋေ။

၈။ ဝသန္တောဟံ အဂ္ဂမဟာ-ပဏ္ဍိတော ပါဓိ သောဘနော၊
မဟာစည်တိ ဝိဟာရေ စ, ဝုတ္တော တန္နာမဝိဿုတော။

၉။ ဆဋ္ဌသင်္ဂီတိ ကာလေ ယော, ပိဋကတ္တယပါဠိယော၊
တဒဋ္ဌကထာ စ တဋ္ဋီကာ, သဗ္ဗာ ဩသာနသောဓနေ၊

၁၀။ ဌတွာ ဌာနေ ဝိသောဓေသိံ, ပုစ္ဆနံ ထ ဝိစာရဏံ၊
ဝိနယေ စေဝ ဓမ္မေ စ, သာဓေသိံထိရ စေတသာ။

၁၁။ တထော စာပိ ပုရေကာလေ, ဂန္ထံ ဝိပဿနာနယံ၊
အကံ ကေဝလသမ္ပုဏ္ဏံ, သတိပဋ္ဌာန မူလကံ၊
တဒညသုတ္တသံသန္ဒံ, ဝိသုဒ္ဓိ မဂ္ဂနိဿိတံ။

၁၂။ ပဋ္ဌာယထ စတုဒ္ဒသ-ဝဿိတကာလတော အဟံ၊
ဒဿေမိ ဘာဝနာကမ္မံ, ယထာ လဒ္ဓေါပနိဿယံ။

၁၃။ တဿ မေ နယမာဒါယ, ပဋိပန္နာ ဇနာဗဟူ၊
တေသု နေကသဟဿာတု, သကာစေရပ္ပဝါဒိနော။

၁၄။ ဒေသနာ ဓမ္မဂန္ထော စ, ဒေသနာကာရသဏ္ဌိတာ၊
ဝိပဿနာပါဒကာဒိ-နာမာနေကာ ကထာ မယာ။

၁၅။ တထေဝ သတိပဋ္ဌာန-သုတ္တာဒီနဉ္စ နိဿယာ၊
ဝိသုဒ္ဓိမဂ္ဂနိဿယော, တမ္ဘာသာ ပရိဝတ္တနံ၊
ဝိသုဒ္ဓိ ဉာဏကထာတု, ပါဠိယာစာပိ သင်္ခတာ။

၁၆။ တံ ပနာဟံ မဟာဋီကာ-နိဿယံ ကာတုမာရဘံ၊
ဆဋ္ဌသင်္ဂီတိယာ ပစ္ဆာ-ဘာဂေ သင်္ဂီတိ သာမိနော။

၁၇။ အဘိဒ္ဓဇ မဟာရဋ္ဌ-ဂုရုပါဓိ သမင်္ဂီနော၊
မစိုးရိမ်အာရာမာဓိပ-တ္ထေရသောဝါဒမာဒိယ။

၁၈။ ဝါစယံ ဝိသုဒ္ဓိမဂ္ဂံ, သဝဏ္ဏနံ ဒိနေဒိနေ၊
ဋီကာ ယတ္ထံ လိခါပေန္တော, သပဒတ္ထဝိနိစ္ဆယံ။

၁၉။ ယုတ္ထဋ္ဌာနေ စ ဗာဟီရ-ဝစနမ္ပိ ပကာသယံ၊
သုတတ္ထယ သုတေသီနံ, တိရတ္ထံ နိစ္ဆယဿ စ။

၂၀။ တိံသာဓိကဋ္ဌသတေဟိ, ဒိဝသေဟိ ပုနပ္ပုနံ၊
သင်္ခရိတွာန နိဋ္ဌာနံ, ပါပေသိံ နိဿယံ ဣမံ။

၂၁။ ဣစ္စေဝမယမာကာရ-သမ္ပန္နော ဝိန္ဒု ဝဏ္ဏိတော၊
အဋ္ဌ ဝိသာဓိကေသာကေ, ဝဿာနံ တေရသေသကေ၊
စုဒ္ဒသေ မာဃဇုဏှဿ, အနာယာသေန နိဋ္ဌိတော။

၂၂။ ယထာ စာယံ ဂတော နိဋ္ဌံ, အနာယာသေန ကေဝလီ၊
တထာ ကလျာဏသင်္ကပ္ပေါ, နိဋ္ဌံ ဂစ္ဆန္တု ဇန္တုနံ။

၂၃။ ပရိမုဒ္ဒိတ ပေါတ္ထက-ဘာဝေန တွေသနိဿယော၊
သာကေ တိံသာဓိကေဝဿေ, နိဋ္ဌိတော တေရသေသကေ။

၂၄။ ယာဝ ဝိသုဒ္ဓိမဂ္ဂေါစ, မဟာဋီကာ စ တိဋ္ဌကေ၊
တာဝါယံ ဒဿယံ အတ္ထံ, တဿာ လောကမှိ တိဋ္ဌကံ။

၂၅။ ယေ စ သက္ကောန္တိ ပုရေတုံ, ဦနဋ္ဌာနာနိ ဧတ္ထတံ၊
တာနိ တေ ပရိပူရေန္တု, ဧသာ မေ အဘိယာစနာတိ။
နိဿယနိဂမနံ သမတ္တံ။

၁-၂။ ဝိသုဒ္ဓနယဒဿိနော - ဂိုဏ်းတပါးဝါဒ, ကင်းစင်ပလျက်, ဝိဟာရမဟာ, စဉ်ဆက်လာ၍, လွန်စွာသိပ်သည်း, စင်ကြယ်သောနည်းကို ပြတတ်သော၊ ဝိသုဒ္ဓိ-မဂ္ဂန္ထဿ - နိဗ္ဗာရောက်ကြောင်း, လမ်းကောင်းဖြစ်လတ်, ဂုဏ်သကတ်ကြောင့်, လျောက်ပတ်တင့်လျှမ်း, ဝိသုဒ္ဓိမဂ်မည်သော ကျမ်း၏၊ ဒုဗ္ဗောဓတ္ထံ - ကွယ်ဝှက် နက်နဲ သိနိုင်ခဲသော အနက်ကို၊ ပကာသေတုံ - လက်ပေါ်တင်ထား, ပတ္တမြားသို့, ထင်ရှားဖွင့်ပြခြင်းငှါ၊ တိက္ခဉာဏိနာ - အလွန်ထက်မြက်သော ဉာဏ်ပညာရှိတော်မူသော၊ (အတိသယ အနက်ရှိသော ဤ-ပစ္စည်းအတွက် အလွန်ဟူသော အနက်ကို ဖြည့်စွက်၍ ပြန်သည်။) မဟာစရိယဓမ္မပါလတ္ထေရေန - အရှင်ဓမ္မပါလ ဆရာတော် မထေရ်မြတ်သည်၊ ပရမတ္ထမဉ္ဇူသာတိစ - ဟူ၍ လည်းကောင်း၊ မဟာဋီကာတိ စ - ဟူ၍လည်းကောင်း၊ ဤရိတော - ခေါ်ဆိုအပ်သော၊ ယာ အတ္ထဝဏ္ဏနာ - အကြင် အနက်အဖွင့်ဋီကာကျမ်းကို၊ ကတာ - ရေးသားတီထွင် စီရင်တော်မူအပ်လေပြီ။

၃-၄။ -ဤနိဿယသစ် ရေးဖြစ်ခြင်း ၏အကြောင်းကား၊ သာ -ထိုမဟာဋီကာသည်၊ (ယသ္မာ - အကြင်ကြောင့်)၊ ပါဠိတော - ပါဠိစာသွား သဒ္ဒါရေးအလိုအားဖြင့်၊ ဂမ္ဘိရာ စ - နက်နဲသည် လည်းကောင်း၊ အတ္ထတော - အနက်အဓိပ္ပါယ် အလိုအားဖြင့်၊ သုဒုဗ္ဗောဓာ စ - အလွန် သိနိုင်ခဲသည်လည်းကောင်း၊ (ဟောတိ - ဖြစ်၏။) သမယန္တရ သံယုတ္တာ - အယူတပါး ဘာသာခြား အဆိုနှင့် စပ်ယှဉ်သည်ဖြစ်၍၊ ဝါ - စပ်ယှဉ်လျက် ဖော်ပြ ဆုံးဖြတ်ထားသောကြောင့်၊ သမယန္တရေ - အယူတပါး ဘာသာခြားကျမ်းဂန်၌၊ အပေတ ပရိစယေန - လေ့လာခြင်းကင်းသော၊ ဝါ - ကင်းသည်ဖြစ်၍၊ သုဒ္ဓပါဠိဝိဘာဝိနာ - ပါဠိဘာသာ သက်သက်သာ တတ်သိသော ပညာရှိသည်၊ ဒုဇ္ဇာနာ စ - သိနိုင်ခဲသည်လည်း၊ (ဟောတိ - ဖြစ်၏) ပေါရာဏနိဿယေဟိပိ - ရှေးကထင်ပေါ် ဆရာကျော်တို့ ဖွင့်ဖော် ရေးသား နိဿယဟောင်းများဖြင့်လည်း၊ သဗ္ဗသော - ကြွင်းမဲ့ဥဿုံ အလုံးစုံအားဖြင့်၊ ဉာတုံ - သိနားလည်ခြင်းငှါ၊ န သက္ကာ - မစွမ်းနိုင်ပေ။

၅-၈။ တသ္မာ -ထိုသို့ (ပါဠိအားဖြင့် နက်နဲခြင်း, အနက်အားဖြင့် အလွန်သိနိုင်ခဲခြင်း, သမယန္တရနှင့်စပ်၍ သိနိုင်ခဲခြင်း, နိဿယဟောင်းတို့ဖြင့် အပြည့်အစုံ မသိနိုင်ခြင်း) ကြောင့်၊ (ကာတုံ အာရဘိံ - ၌စပ်)

ရွှေဘိုနဂရပစ္ဆိမေ - ရန်ကြီးအောင်နှင့်, ကုန်းဘောင်ရွှေဘို, မုဆိုးတဖြာ, ရတနာသိင်္ခ, ငါးမည်ရသည့်, မြို့မှ အနောက်, ထွန်းတောက်သာယာ, ခုနစ်မိုင်ကွာသောအရပ်၌၊ ဆိပ်ခွန်မဟာဂါမေ - ဆိပ်ခွန်ရွာကြီး၌၊ ဝါ - ကာဘိုး ရေကာ, မူးမြစ်ညာမှ, သွယ်ဖြာလာရောက်, တူးမြောင်းဖောက်၍, မြားမြောက်လှစွာ, စိမ်းညိုသာသည့်, လယ်ယာ ဥယျာဉ်, ပတ်ဝန်းကျင်နှင့်, သစ်ပင် များစွာ, ရိပ်ဝေဖြာ၍, သာယာပေတောင်း, သူတော်ကောင်းတို့, စုပေါင်းနေရာ, ဆိပ်ခွန်ရွာဟု, သညာကျော်ဟည်း, ရွာမြတ်ကြီး၌၊ ဝါ - လယ်ယာစိုက်ပျိုး, ရောင်းဝယ်ရိုးနှင့်, ချည်ပိုးသစ်ဆန်း, အထည်ရက် လုပ်ငန်းဖြင့်, အေးချမ်းစည်သာ, ဆိပ်ခွန်ရွာဟု, သညာကျော်ဟည်း, ရွာမြတ်ကြီး၌၊ ဇာတော - ဦးကံတော်+ဒေါ်အုပ် သမုတ်ခေါ်ဝေါ်, ခမည်းတော်+မယ်တော်တို့မှ ထွန်းပေါ်ထူးခြား, မွေးဖွားလာခဲ့သော၊ (အဟံ -၌စပ်)

ရန်ကုန်တိပါကဋေ - နိုင်ငံတကာ, ကမ္ဘာအနှံ့အပြား, ရန်ကုန်ဟု ထင်ရှားသော၊ ပူရေ - မြို့တော်ကြီး၌၊ ဝါ - ခေတ်ကာလအလိုက်, သိုကမြိုက်စုံစွာ, မြို့အင်္ဂါညီလျော်, နေပြည်တော်ကြီး၌၊ သာသနာ့ရိပ်သာအာရာမေ - သာသနာ့ရိပ်သာ မည်သော ကမ္မဋ္ဌာန်းကျောင်းတိုက်၌၊ ဝါ - ဖလ်ယဉ်ဓမ္မာရုံကြီးက တဌာန, ပိဋကတ်တိုက်ကြီးက တဖုံ, ဆေးပေးရုံကတလီ, မဟာစည် ကျောင်းတော်ကတဝ, မော်ကွန်းရုံဌာနကတဖြာ, သီမာဝိဟာရနှင့် စံကျောင်းတော်စသည့် အမျိုးအမည်အစားစား,များပြားသော ကမ္မဋ္ဌာန်းကျောင်းနှင့် သစ်ပင်ပေါင်းများစွာ, ရိပ်ဝေဖြာ၍, သာယာသိုက်မြိုက်, သာသနာ့ရိပ်သာမည်သော ကျောင်းတိုက်၌၊ ဝါ - မြို့လယ်ရိပ်သာ, ဖြစ်နေပါလည်း, သွားလာမြည်ဟည်း, ကားလမ်းကြီးနှင့်, မနီးတုံလှ, ဆိတ်ငြိမ်ရ၍, တောကကျောင်းနှယ်, ရှုခင်းကျယ်လျက်, ပျော်ဖွယ်ရာ ကောင်း, သာသနာ့ရိပ်သာမည်သော ကျောင်း၌၊ ဝသန္တော - ဝိပဿနာ, ပညာမှီငြမ်း, နိဗ္ဗာန်လမ်းကို, တတ်စွမ်းသမျှ, ဟောညွှန် ပြလျက်, မျှတနေထိုင်ဆဲဖြစ်သော၊ (အဟံ-၌စပ်)

အဂ္ဂမဟာပဏ္ဍိတောပါဓိ - အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်ရရှိသော၊ သောဘနော - အရှင်သောဘနမည်သော၊ ဝါ - ဗုဒ္ဓမြတ်စွာ, သာသနာဝယ်, ကောင်းစွာ ဖြည့်ကျင့်, ဂုဏ်ပေါင်းဆင့်၍, တင့်တင့် တယ်တယ် ဖြစ်လိမ့်မယ်ဟု ရည်ရွယ်ချင့်တွေး, (ဥပဇ္ဈာယ်က) ဘွဲ့မည်ပေးသဖြင့်, ရှင်ငယ်ကလေး ဘဝ, ထိုအခါမှစ၍, ခေါ်ကြလေဘိ, သောဘနအမည်ရှိသော၊ မဟာစည်ဝိဟာရေ - မဟာစည်ကျောင်းတိုက်၌၊ ဝါ - ဆိပ်ခွန်ရွာ မှ, တာလေးရာလောက်, ကွာလှမ်းထောက်သည့်, အနောက်မြောက် အရပ်ဝယ်, ကြီးကျယ်လှစွာသော, စည်တော်သာကြောင့်, သညာသမိုက်, မဟာစည် မည်သောကျောင်းတိုက်၌၊ ဝုတ္တော - နေဖူးသည်ဖြစ်၍၊ ဝါ - ၁၃၀၃-ခုနှစ်မှ ၁၁-ခုနှစ်အထိ, ရှစ်နှစ်ပတ်လုံး, သီတင်းသုံးနေဖူးသောကြောင့်၊ တန္နာမဝိဿုတောစ - ထိုမဟာစည်ကျောင်း အမည်ဖြင့်လည်း ထင်ရှား ကျော်စောသော၊ ဝါ - မဟာစည်ဆရာတော် ဟူ၍လည်း, ခေါ်ဝေါ်ပညတ်, ကမ္ဘာအရပ်ရပ်၌, နှံ့စပ် ကျော်ကြား, ထင်ရှားလျက်ရှိသော၊ အဟံ - ငါသည်၊ အဿာ - ထိုမဟာဋီကာ၏၊ အနုပဒံ - ပုဒ်တိုင်း ပုဒ်တိုင်းကို၊ မြမ္မဘာသာယ - မြန်မာဘာသာဖြင့်၊ ပရိဝတ္တိယ - ပြန်ဆို၍၊ (အဿာ - ထိုမဟာဋီကာ၏၊) အတ္ထဒဿနံ - အနက်ကိုပြကြောင်းဖြစ်သော၊ ယံ နိဿယံဂန္ထံ - အကြင်နိဿယကျမ်းကို၊ ကာတုံ - ရေးသားပြုစုခြင်းငှါ၊ (အာရတိံ -၌စပ်၊) ဝဿာနံ - နှစ်တို့၏၊ ဒွါဝီသတာဓိကေ - ၂၂-ခုအလွန်ရှိသော၊ ထေရသေသကေ - တဆယ့်သုံးရာမြောက်ဖြစ်သော၊ သာကေ - သက္ကရာဇ်၌၊ ဝါ - သက္ကရာဇ် ၁၃၂၂-ခု၌၊ မာဃဿ - တပို့တွဲလ၏၊ တဏှပက္ခမှိ - လဆုတ်ပက္ခ၌၊ တတိယကံ - သုံးရက်မြောက်နေ့ကို၊ အာဒိံကတွာ - အစပြု၍၊ ဝါ - တပို့တွဲလဆုတ် သုံးရက်နေ့မှစ၍၊ အာရတိံ - ပရိယတ်နှင့် ပဋိပတ် နှစ်ရပ်တိုးပွားအောင် ကြိုးစားအားထုတ်ခဲ့ပါ သတည်း၊ ဝါ - ပရိယတ် ပဋိပတ် နှစ်ရပ်အကုန် အပြည့်အစုံ လိုလားသော အမျိုးသားတို့ အတွက် ကြိုးစားအားထုတ်ခဲ့ပါသတည်း၊ (နံပါတ် ၁၆-ဂါထာနှင့်စပ်။)

၉-၁၀။ ယော(အဟံ) - ယင်းသို့ ကြိုးစားအားထုတ်ခဲ့သော ငါသည်၊ ဆဋ္ဌသင်္ဂီတိကာလေ - ဆဋ္ဌသင်္ဂါယနာတင်ရာကာလ ကြုံခဲ့သောအခါသမယ၌၊ သဗ္ဗာ - အလုံးစုံကုန်သော၊ ပိဋကတ္တယပါဠိယောစ - အုပ်ရေ (၄၀)ရှိသော ပိဋကတ်သုံးပုံ ပါဠိတော်တို့ကို လည်းကောင်း၊ တဒဋ္ဌကထာစ - ထိုပါဠိတော်တို့၏ အဖွင့်အုပ်ရေ (၅၁)အုပ်ရှိသော အဋ္ဌကထာတို့ကို လည်းကောင်း၊ တဋီကာစ - ထိုအဋ္ဌကထာတို့၏အဖွင့် အုပ်ရေ (၂၆) အုပ်ရှိသော ဋီကာတို့ကို လည်းကောင်း၊ ဩသာနသောဓနေဌာနနေ - နောက်ဆုံးပရုကို ကြည့်ရှုသုတ်သင် အပြီးသတ် ပြင်ဆင်ရာ ဌာန၌၊ ဌတွာ - နာယကအဖြစ်ဖြင့် တည်၍၊ ဝိသောဒေသိံ - သုတ်သင်ပြင်ဆင်ခဲ့ပြီ၊ အထ - ထို့ပြင်၊ (ဆဋ္ဌသင်္ဂီတိ ကာလေ -ပြင်ဆင်၍ ပုံနှိပ်ပြီးသော ပါဠိအဋ္ဌကထာဋီကာတို့ကို အညီ အညွတ် ရွတ်ဆိုကြတော့မည်ရှိရာ သင်္ဂါယနာ တင်ဆဲကာလ၌) ဝိနယေစေဝ - ဝိနည်းပိဋက၌ လည်းကောင်း၊ ဓမ္မေစ - သုတ်, အဘိဓမ္မာ ၂-ဖြာသော ပိဋက၌ လည်းကောင်း ၊ ပုစ္ဆနံ - ပထမသင်္ဂါယနာတင်စဉ်အခါက အရှင်မဟာကဿပမေးတော်မူခဲ့သည့် နည်းအရဖြင့် မေးမြန်းခြင်း ကိစ္စကိုလည်းကောင်း၊ ဝိစာရဏံ - ဋ္ဌ, ဋီ, သင်္ဂါယနာတင်သောအခါ၌ ဦးစွာလမ်းခင်းလျက် စိစစ်ခြင်း ကိစ္စကို လည်းကောင်း၊ ထိရစေတသာ - ခိုင်ခံ့သောစိတ်နှလုံးဖြင့်၊ သာဓေသိံ - နှစ်ထောင့်ငါးရာ, ထေရ်သံဃာနှင့်, ဒကာ, ဒကာမ, သိန်းမကသည့်, များလှတုံလတ်, ပရိသတ်တို့, စိတ်ကြွလျက်, သဒ္ဓါထက်အောင်, ရွက်ဆောင်ပြီးစေ ခဲ့လေပြီ။

၁၁။ - သည်သာမကသေး၊ ဝါ - ကျမ်းပြုခဲ့ပုံကိုလည်း ပြဆိုဦးအံ့၊ တတော - ထိုသင်္ဂါယနာကာလမှ၊ ပုရေကာလေပိ - ရှေးကျသော ၁၃၀၄-ခုနှစ်နှင့် ၅-နှစ်ကာလအတွင်း၌လည်း၊ (ယောအဟံ - ယင်းသို့သော ငါသည်) သတိပဋ္ဌာနမူလကံ - မဟာသတိပဋ္ဌာနသုတ်လျှင် အရင်းခံရှိသော၊ တဒညသုတ္တသံသန္ဒံ - ထိုမှတပါးသော သုတ်တို့နှင့်လည်း နှီးနှောညီညွတ်သော၊ ဝိသုဒ္ဓိမဂ္ဂနိဿိတံ - ဝိသုဒ္ဓိမဂ်ကျမ်းကို မှီငြမ်းပြုသော၊ ကေဝလသမ္ပုဏ္ဏံ - ဝိပဿနာ စပ်ဆိုင်ရာဝယ်, နည်းနာအဖုံဖုံ, အကြွင်းမဲ့ ပြည့်စုံသော၊ ဝိပဿနာနယံဂန္ထံ - ဝိပဿနာရှုနည်းမည်သော ကျမ်းကို၊ အဟံ - ရေးသားတီထွင် စီရင်ပြုစုခဲ့လေပြီ။

၁၂။ အထ - ထိုမှတပါး၊ ဝါ - ပဋိပတ္တိသာသနာပြုပုံကို ပြဆိုဦးအံ့၊ (ယော) အဟံ - ယင်းသို့သော ငါသည်၊ စတုဒ္ဒသဝဿိကကာလတော - ရဟန်းဖြစ်သည်မှာ ၁၄-ဝါရသည့် ၁၃၀ဝ-ပြည့် နှစ်ကာလမှ၊ ပဋ္ဌဝယ - စ၍၊ ဘာဝနာကမ္မံ - ဝိပဿနာပညာစခန်း ဘာဝနာလုပ်ငန်းကို၊ ယထာ လဒ္ဓေါပ နိဿယံ - သထုံမြို့ မူလမင်းကွန်း ဇေတဝန်ဆရာတော် ဘုရားကြီး ထံမှ နည်းနိဿယ ရခဲ့သည့်အားလျော်စွာ (ဤပုဒ်ဖြင့် ဆရာမရှိပဲ မိမိထင်ရာ ဟောပြောခြင်း မဟုတ်ကြောင်း ပြသည်) ဒဿေမိ - ယုံကြည်သဒ္ဓါ ထက်သန်စွာဖြင့် နည်းနာခံသူ ရဟန်းရှင်လူအား ညွှန်ကြား ပြသလျက်ရှိ၏၊ (ယခုလည်း ပြသဆဲဖြစ်သောကြောင့် ဝတ္တမာန်ဝိဘတ်နှင့် ထားပါသည်။)

၁၃။ တဿ မေ - ထိုသို့ ညွှန်ကြားပြသသော ငါ၏၊ နယံ - ဝိပဿနာရှုနည်းကို၊ အာဒါယ - ခံယူ၍၊ ပဋိပန္နာ - ဖြစ်ခိုက်ရုပ်နာမ် သဘောမှန်ကို အဖန်ဖန် ရှုမှတ်လျက် မပြတ်ကျင့်သုံး ကုန်သော၊ ဇနာ - ရဟန်းရှင်လူ သူတော်စင် ပုဂ္ဂိုလ်တို့သည်၊ ဗဟူ - တသိန်းမက များလှလေကုန်ပြီ၊ တု - အထူးကို ဖော်ပြရလျှင်၊ တေသု - ထိုတသိန်းမက များလှသော ပုဂ္ဂိုလ်တို့တွင်၊ အနေကသဟဿာ - တထောင်မက များလှစွာသော ပုဂ္ဂိုလ်တို့သည်၊ သကာစေရပ္ပဝါဒိနော - မိမိဆရာ၏ အဆုံးအမ၌ မြဲမြံခိုင်ခံ့ တည်တံ့သောဝါဒ ရှိကြပေကုန်၏။

၁၄-၁၅။ - ထိုပြင်လည်း၊ ဝိပဿနာပါဒကာဒိနာမာ - ဝိပဿနာအခြေခံ တရားတော်စသည် အမည် ရှိကုန်သော၊ ဒေသနာကာရသဏ္ဌိတာ - ဟောစဉ်အခါက အသံဖမ်းကိရိယာဖြင့် ဖမ်းယူထားသော တရားသံကိုပင် ထုတ်ယူရေးသား ပြုစီရင်ထားသောကြောင့် ဟောကြားသည့် အခြင်းအရာအားဖြင့် တည်ရှိကုန်သော၊ အနေကာ - များစွာကုန်သော၊ ဒေသနာဓမ္မဂန္ထောစ - ဟောစဉ်တရားကျမ်းစာတို့ကိုလည်း၊ မယာ - ငါသည်၊ ကတာ - ပြုပြင်စီရင်အပ်ခဲ့ကုန်ပြီ၊ တထေဝ - ထို့အတူပင်လျှင်၊ (ဤပုဒ်ဖြင့် ကတာ-မယာတို့ကို ဝင်သည်၊) သတိပဋ္ဌာနသုတ္တာဒီနံ - မဟာသတိပဋ္ဌာနသုတ် စသည်တို့၏၊ နိဿယာစ - နိဿယတို့ကိုလည်းကောင်း၊ ဝိသုဒ္ဓိမဂ္ဂနိဿယောစ - ဝိသုဒ္ဓိမဂ္ဂနိဿယ တို့ကိုလည်းကောင်း၊ တမ္ဘာသာပရိဝတ္တနံ စ - ထိုဝိသုဒ္ဓိမဂ်၏ ဘာသာပြန်ကိုလည်းကောင်း၊ (မယာ-ငါသည်၊ ကတာ -ကုန်ပြီ၊) တု - အထူးကား ဝိသုဒ္ဓိဉာဏကထာကျမ်းကို၊ ပါဠိယာစာပိ - ပါဠိဘာသာဖြင့်လည်း၊ သင်္ခတာ - နိုင်ငံခြားသား ပါဠိပညာရှင်တို့အား အကျိုးများစေရန် ဘာသာပြန် အသွင်ဖြင့် စီရင်ပြုစုအပ်ခဲ့ပေပြီ။

၁၆-၂၀။ ပန - (ယံ ဂန္ထံ ကာတုမာရဘိံ -ဟူသော) အနိယမဝါကျ၏ ယှဉ်ဘက်ကို ဆက်၍ဆိုဦးအံ့၊ (အနိယမဝါကျနှင့် ဝေးကွာသောကြောင့် ဤပနကို ထည့်ပြသည်၊) တံ မဟာဋီကာ နိဿယံ - ထိုမဟာဋီကာ နိဿယကို၊ ကာတုံ - ငှါ၊ အာရဘံ - အာရဘန္တော-ကြိုးပမ်းအားထုတ်သော၊ အဟံ - ငါသည်၊ ဆဋ္ဌသင်္ဂီတိယာ - ဆဋ္ဌသင်္ဂါယနာ သဘင်၏၊ ပစ္ဆာဘာဂေ - နောက်ပိုင်းအဖို့ ကာလ၌၊ သင်္ဂီတိသာမိနော - သင်္ဂါယနာ သဘင်၏ အရှင်နာယက အကြီးအမှူး ဥက္ကဋ္ဌ ဖြစ်တော်မူသော၊ အဘိဓဇမဟာရဋ္ဌဂုရု ပါဓိသမင်္ဂိနော - အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ခပ်နှိပ်ပူဇော် ရရှိ ပြည့်စုံတော်မူသော၊ မစိုးရိမ်အာရာမာဓိပတ္ထေရဿ - မန္တလေးမြို့ မစိုးရိမ်တိုက်ကြီး ၏ ဦးစီးပဓာန အကြီး အမှူး မဟာနာယကဖြစ်၍ မစိုးရိမ်ဆရာတော်ဟု ထင်ပေါ်ကျော်ကြား ဆရာတော် ဘုရားကြီး၏၊ ဩဝါဒံ - အရှင်မဟာကဿပ မြတ်ထေရသို့ ပိဋကသုံးသွယ် နိကာယ်ငါးဝ ပါဝစနကို အဋ္ဌကထာ ဋီကာပါတွဲ၍ အမြဲနိစ္စ, နိုင်သမျှဖြင့် ပို့ချကြရန် ထုတ်ပြညွှန်ကြားသည့် ဩဝါဒစကားကို၊ အာဒိယ - အာဒိယိတွာဝိသုဒ္ဓိမဂ်ကျမ်းအစ ကမ္မဋ္ဌာနဆိုင်ရာ ကျမ်းငါးဖြာကို ရိပ်သာ ဌာန အာရာမ၌ ပို့ချသွားရေး ပဋိညာဉ်ပေးခံယူခဲ့ပြီး၍၊ ဝိသုဒ္ဓိမဂ္ဂံ - နိကာယ်ငါးရပ်, ပိဋကတ်သုံးဖြာ, ဒေသနာမှာ, သူမပါလျှင် မပြီး၍, အရေးတကြီး လေ့လာသင့်သော ဝိသုဒ္ဓိမဂ်ကျမ်းကို၊ သံဝဏ္ဏနံ - အဖွင့်ဋီကာ ပရမတ္ထမဉ္ဇူသာကျမ်းနှင့်တကွ၊ ဝါစယံ - ဝါစယန္တော-ပို့ချစဉ်၊ ဋီကာယ - မဟာဋီကာကြီး၏၊ အတ္ထံ - ပို့ချအပ်ပြီးသော အနက်ကို၊ သပဒတ္ထ ဝိနိစ္ဆယံ - ပုဒ်အဆုံးအဖြတ်, အနက်အဆုံး အဖြတ်, ပုဒ်အနက် အဆုံးအဖြတ်နှင့်တကွ၊ ဒိနေ ဒိနေ - နေ့တိုင်း နေ့တိုင်း၊ လိခါပေန္တော - တိုက်ပရိုက်တာ, လက်နှိပ် ကိရိယာဖြင့်, ကောင်းစွာ ရိုက်နှိပ် ရေးသားစေလျက်၊ ယုတ္တဋ္ဌာနေ စ - ဆောင်ပြရန်အခွင့် သင့်တင့်လျော်ကန် ထိုက်တန်သော အခြင်းအရာ၌လည်း၊ ဗာဟိရဝစနမ္ပိ - သာသနာပြင်ပ ဗာဟိရ ကျမ်းစာကိုသော်လည်း၊ သုတေသီနံ - သုတကို ရှာမှီးလေ့ရှိသော ပညာရှိတို့၏၊ သုတတ္ထာယ စ - သုတတိုးပွား အကျိုးများရန် အလို့ငှါလည်းကောင်း၊ နိစ္ဆယဿ - မိမိပြအပ်သော အဆုံးအဖြတ်၏၊ ဝါ - စာကြည့်သူတို့အား, ဖြစ်ပွားလတ္တံ့သော အဆုံးအဖြတ်ဉာဏ်၏၊ ထိရတ္ထံစ - မြဲမြံခိုင်ခံ့တည်တံ့ခြင်း အကျိုးငှါလည်းကောင်း၊ ပကာသယံ - ပကာသယန္တော-အတိအကျ ပြည့်ဝစုံလင် အခြေအမြစ် ပေါ်လွင်အောင် ထုတ်ဆောင်ဖော်ပြလျက်၊ ပုနပ္ပုနံ - အဖန်ဖန်အထပ်ထပ်၊ သင်္ခရိတွာန - ကောင်းစွာပြုပြင် စီရင်ရေးသား၍၊ တိံသာဓိကဋ္ဌသတေဟိ ဒိဝသေဟိ - သုံးဆယ်အလွန်ရှိသော ရှစ်ရာသောရက်တို့ဖြင့်၊ ဝါ - ရက်ပေါင်း ရှစ်ရာ့သုံးဆယ် [၈၃၀] တို့ဖြင့်၊ ဣမံ နိဿယံ - ဤမဟာဋီကာနိဿယကျမ်းကို၊ နိဋ္ဌာနံ - စ,လယ်,အဆုံး, အကုန်လုံး ပြီးစီးခြင်းသို့၊ ပါပေသိံ - ရောက်စေခဲ့ပြီ။

၂၁။ ဣစ္စေဝံ - ဤဆိုအပ်ခဲ့ပြီးသော အခြင်းအရာအားဖြင့်၊ အာကာရ သမ္ပန္နော - နိဿယတံထွာ, အခြင်းအရာနှင့်, ကောင်းစွာပြည့်ဝ, စေ့င စုံလင်လျက်ရှိသော၊ ဝါ - ကောင်းမြတ် ပြည့်စုံသည့် ရေးသားပုံအခြင်းအရာရှိသော၊ ဝါ - ရှိသောကြောင့်၊ ဝိညူဝဏ္ဏိတော - ဤလိုနက်ဝှမ်း, အလားတူကျမ်းကို, ရေးစွမ်းနိုင်သည့် အရည် အချင်း ပြည့်သော ပညာရှိတို့သည် ချီးမွမ်းအပ်သော၊ အယံ(ဂန္ထော) - ဤနိဿယကျမ်းသည်၊ ဝဿာနံ - တို့၏၊ အဋ္ဌဝိသာဓိကေ -၂၈-ခု အလွန်ရှိသော၊ တေရသေသတေ - တဆယ့်သုံးရာမြောက်ဖြစ်သော၊ သာကေ - သက္ကရာဇ်၌၊ ဝါ - သက္ကရာဇ် ၁၃၂၈-ခုနှစ်၌၊ မာဃဇုဏှဿ - တပို့တွဲလဆန်းပက္ခ၏၊ စုဒ္ဒသေ - တဆယ့်လေးရာမြောက်သောနေ့၌၊ ဝါ - တပို့တွဲလဆန်း ၁၄-ရက်နေ့၌၊ အနာယာသေန - မပင်မပန်း, ရွှင်လန်းကြည်သာ, ချမ်းမြေ့စွာဖြင့်၊ (ကျမ်းပြုသူ၏ အနာယာသဘာဝကို ကျမ်း၌ တင်စား၍ ဆိုသည်၊) နိဋ္ဌိတော - အပြီးအဆုံးသို့ ရောက်သတည်း။

၂၂။ - ပတ္ထနာဆုတောင်း တောင်းဆိုလိုက်ဦးအံ့၊ အယံ(ဂန္ထော) - ဤနိဿယကျမ်းသည်၊ အနာယာသေန - မပင်မပန်း, ရွှင်လန်းကြည်သာဿ ချမ်းမြေ့စွာဖြင့်၊ ကေဝလီ - ဆိုဖွယ်လုံးစုံ, အကုန်စေ့င, ပြည့်ဝ ကြည်လင်သည်ဖြစ်၍၊ နိဋ္ဌံ - ပြီးဆုံးအောင်မြင်ခြင်းသို့၊ ဂတောယထာ - ရောက်လေသကဲ့သို့၊ တထာ - ထို့အတူ၊ ဇန္တုနံ - ခပ်သိမ်းသော သတ္တဝါတို့၏၊ ကလျာဏသင်္ကပ္ပေါ - အခြားသူအား, မထိပါပဲ, ကြီးပွားချမ်းသာ, ဖြစ်ရာ ဖြစ်ကြောင်း, အကြံအစည်ကောင်းတို့သည်၊ နိဋ္ဌံ - ပြီးဆုံးအောင်မြင်ခြင်းသို့၊ ဂစ္ဆန္တု - လျင်မြန် ထုတ်ချောက် ဆိုက်ရောက်ပါစေကုန်သတည်း။

၂၃။ တု - စာအုပ်ဖြစ်ရောက် ပြီးမြောက်သည်ကို ပြဆိုဦးအံ့၊ ဧသနိဿယော - ဤနိဿယကျမ်းသည်၊ တိံသာဓိကေတေရသေ သတေ သာကေဝဿေ - သုံးဆယ်အလွန်ရှိသော တဆယ့် သုံးရာမြောက်ဖြစ်သော သက္ကရာဇ်နှစ်၌၊ ဝါ - ၁၃၃၀-ပြည့်နှစ်၌၊ ပရိမုဒ္ဒိကပေါတ္ထက ဘာဝေန - ၄-တွဲလုံးအစုံ, အကုန်ပုံနှိပ်ပြီး စာအုပ်ကြီးများ အဖြစ်ဖြင့်၊ နိဋ္ဌိတော - ပြီးဆုံးခြင်းသို့ရောက်သတည်း။

၂၄။ - အာသီဝါစာ မင်္ဂလာစကား မြွက်ကြားလိုက်ဦးအံ့၊ ဝိသုဒ္ဓိမဂ္ဂေါ စ - သည်လည်းကောင်း၊ မဟာဋီကာ စ - သည်လည်းကောင်း၊ ယာဝ - အကြင်မျှလောက်ကာလပတ်လုံး၊ တိဋ္ဌတေ - မကွယ်ပပဲ တည်မြဲတည်လျက်ရှိ၏၊ တာဝ - ထိုမျှလောက်ကာလပတ်လုံး၊ အယံ(နိဿယော) - ဤနိဿယကျမ်းသည်၊ တဿ - ထို မဟာဋီကာ၏၊ အတ္ထံ - ကွယ်ဝှက်နက်နဲ သိနိုင်ခဲသောအနက်ကို၊ ဒဿယံ-ဒဿယန္တော - ပြလျက်၊ လောကမှိ - လောက၌၊ တိဋ္ဌတံ - မကွယ်ပပဲ တည်မြဲတည်တံ့နေပါစေသတည်း။

၂၅။ -တောင်းပန်စကား ပြောကြားဦးအံ့၊ ယေ -အကြင်ပညာရှိတို့သည်၊ ဧတ္ထ - ဤနိဿယကျမ်း၌၊ ဦနဋ္ဌာနာနိ - မှန်ကန်တိကျ ပြည့်ဝစေရေး လိုနေသေးသောအရာတို့ကို၊ ပုရေတုံ - မှန်ကန်တိကျ ပြည့်ဝစေလျက် ဖြည့်စွက်ခြင်းငှါ၊ စေသက္ကောန္တိ - အကယ်၍ တတ်စွမ်းနိုင်ကုန်ငြားအံ့၊ တေ - တတ်စွမ်းနိုင်ဘိ ထိုပညာရှိတို့သည်၊ တာနိ - လိုနေသေးသော ထိုအရာတို့ကို၊ ပရိပူရေန္တု - ကြွင်းမဲ့ဥဿုံ အချင်းခပ်သိမ်းပြည့်စုံအောင် ဉာဏ်တန်ဆောင် အလင်း ဖွင့်လျက် ဖြည့်စွက်ကြပါစေကုန်သတည်း၊ ဧသာ - ဤစကားသည်၊ မေ - ကျယ်ပြန့်နက်ဝှမ်း ဤနိဿယ ကျမ်းကို ကြိုးပမ်းတီထွင် စီရင်ပြုလုပ် အကျွန်ုပ် ၏၊ အဘိယာစနာ - သာသနာ့အကျိုး, တိုးထက်တိုးအောင်, မျှော်ကိုးထောက်ထား, နှိမ်ချသောအားဖြင့် , လေးစားဖြောင့်စင်း, တောင်းပန်ခြင်းပါပေတည်း၊ ဣတိ - ဤတွင် နိဂုံးစကားရပ် အပြီးသတ်ပါသတည်း။

မဟာသတိပဋ္ဌာန် ဝိပဿနာရှုနည်း အကျဉ်းချုပ်

မော်လမြိုင်မြို့ မဟာသတိပဋ္ဌာန်ဝိပဿနာကျောင်း ဆရာတော် အရှင်ပဏ္ဍဝနှင့် မင်္ဂလာဦးအောင်မြင့်တို့သည် ကမ္မဋ္ဌာနာစရိယများ, ယောဂီအများ အလွယ်တကူ လေ့လာကြည့်ရှု၍ တရားအရသာခံစားနိုင်ရန် သမ္မာဆန္ဒဖြင့် ဝိပဿနာရှုနည်း ကျမ်းကြီးမှ ဂန္ထာရမ္ဘ, သတိပေးစကား, စိတ်ကိုအားပေးရန်, သတိပဋ္ဌာန်၏ ဂုဏ်ကျေးဇူး, ဘုရားရှင်၏ ဝန်ခံတော်မူချက်, ဖောင်းမှု ပိန်မှုကိုရှုမှတ်အပ်ကြောင်း, အားထုတ်ပုံ, နိဂုံးတို့ကို ထုတ်နုတ်ကူးယူ တပေါင်းတည်းပြု၍လည်းကောင်း၊ သတိပဋ္ဌာန် ဝိပဿနာရှုနည်း သံပေါက်များ, ဝိသုဒ္ဓိနှင့် ဉာဏ်စဉ်ဆောင်ပုဒ်များ စသည်တို့ကို ထည့်သွင်းဖော်ပြ၍လည်းကောင်း
မဟာသတိပဋ္ဌာန်ဝိပဿနာရှုနည်း အကျဉ်းချုပ် အမည်ဖြင့် ပုံနှိပ်ထုတ်ဝေခဲ့ရာ အကြိမ်ပေါင်းများလှလေပြီ၊ ကရောင်း ၁၆-ချိုး ဆိုက်ဖြင့် စာမျက်နှာ ၂၇၅-ရှိလေသည်။

ပုရာဘေဒသုတ်တရားတော်

ပုရာဘေဒသုတ်သည် သုတ္တနိပါတ်ပါဠိတော်၌ လာရှိ၍ ပုရာဘေဒသုတ္တနိဒ္ဒေသသည် မဟာနိဒ္ဒေသ ပါဠိတော်၌ လာရှိလေသည်၊ မဟာစည်ဆရာတော်ဘုရားကြီးသည် ပုရာဘေဒသုတ်တော်ကို ၁၃၂၂-ခုနှစ် ဝါဆို လကွယ်နေ့မှစ၍ ၃-သီတင်း တိုင်တိုင် ဆက်လက်ဟောကြားတော်မူခဲ့လေသည်။

အနက်အဓိပ္ပါယ်အားဖြင့် လွန်စွာ ခက်ခဲသော်လည်း အများနားလည်သော စကား အသုံးအနှုန်း ပေါ်လွင်သိသာသော ဥပမာတို့ဖြင့် ဟောကြားတော်မူသော ကြားနာရသူတို့ နားလည်သဘောပေါက်ကြသည်၊ ယင်းတရားတော်ကို အသံဖမ်းစက်ဖြင့် ဖမ်းယူအသံသွင်းထားရာ တဖန်ကူးယူ၍ ဓမ္မဗျူဟာစာအုပ်တွင် ဖော်ပြခဲ့ရာ အများ၏ တောင့်တချက်ကြောင့် ၁၃၂၉-ခုနှစ်တွင် စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေ ခဲ့လေသည်၊ ယင်းပုရာဘေဒသုတ်တရားတော်ကျမ်းမှာ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် စာမျက်နှာ ၂၂၉-မျက်နှာ ရှိလေသည်။

ပုရာဘေဒသုတ္တန္တမ္ပိ, တမှိ သုတ္တေ သုကောဝိဒေါ
မဟာစည်ထေရပုင်္ဂဝေါ, ဒေသယိ ဒေသနာဝိဒူ

ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး

ဆရာတော်ဘုရားကြီးသည် ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီးကို ရန်ကုန်မြို့ သာသနာ့ရိပ်သာ ဖလ်ယဉ် ဓမ္မာရုံကြီး၌ များစွာသော ရဟန်း, ရှင်, လူ ပရိသတ်တို့အား ၁၃၂၄-ခုနှစ် နယုန်လပြည့်ကျော် ၈-ရက်နေ့မှစ၍ ၁၁-သီတင်းတိတိ ဟောကြား တော်မူခဲ့လေသည်၊ ယင်းတရားတော်ကြီးကို ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ အကျိုးတော်ဆောင် ဦးသိန်းအောင်နှင့် ဒုတိယ တရားမ တရားသူကြီး ဦးသိန်းဟန်တို့က အသံဖမ်းစက်ဖြင့် အသံဖမ်းယူခဲ့ကြသည်။

တဖန်နည်းပြ ကမ္မဋ္ဌာနာစရိယ အရှင်ဝဏ္ဏိတမထေရ်က တိတ်ခွေမှ ကူးယူကာ လက်ရေးစာမူကြမ်း အဖြစ်သို့ ရောက်စေခဲ့လေသည်၊ တဖန် ဦးသိန်းဟန်က တိုက်ရိုက် စာမူအဖြစ်သို့ ရောက်စေခဲ့လေသည်၊ ယင်းပဋိစ္စသမုပ္ပါဒ် တရားတော်ကြီး စာမူကို ဗုဒ္ဓဓမ္မလောကစာစောင်၌ ထည့်သွင်း ဖော်ပြလိုကြောင်း ဗုဒ္ဓဓမ္မလောက အယ်ဒီတာ မင်္ဂလာဦးအောင်မြင့်က ဆရာတော်ဘုရားကြီးအား လျှောက်ထားခဲ့လေသည်၊ ထိုအခါ ဆရာတော်ဘုရားကြီးက သုတ်သင်ပြင်ဆင်သင့်သည်များကို သုတ်သင်၍ မင်္ဂလာဦးအောင်မြင့်အား ပေးအပ်လေသည်၊ မင်္ဂလာဦးအောင်မြင့်သည် ဗုဒ္ဓဓမ္မ လောကစာစောင်တွင် တပိုဒ်ချင်း တင်ပြခဲ့လေသည်၊ ယင်းပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို ဖတ်ရှုကြရသော စာဖတ်ပရိသတ်တို့က လွန်စွာသဘောကျကျေနပ်ကြသဖြင့် စာအုပ်အဖြစ်သို့ ရောက်ရှိအောင် ဆောင်ရွက်ရန် တိုက်တွန်းကြလေသည်။

ယင်းပရိသတ်၏ တောင်းဆိုချက်အရ ဆရာတော်ဘုရားကြီးလည်း ခွင့်ပြုသဖြင့် ဓမ္မဒေသနာဖြန့်ချီရေး စာပေတိုက်မှ ၁၃၃၀-ပြည့်နှစ်က ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီး အမည်ဖြင့် ကျမ်းစာအဖြစ် ပုံနှိပ်ထုတ်ဝေခဲ့လေသည်၊ ယင်းပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးမှာ အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ရလေသည်၊ ဒီမိုင်းဆိုက်ဖြင့် ပထမတွဲ, ဒုတိယတွဲ ၂-တွဲခွဲ၍ ရိုက်နှိပ်ထုတ်ဝေခဲ့ရာ ပထမတွဲ စာမျက်နှာ ၂၈၆, ဒုတိယတွဲ ၂၉၅-ရှိလေသည်။

သုပဋိစ္စသမုပ္ပါဒ-ဓမ္မဂန္ထံ အကာ သုဓီ
ဓမ္မေသု ကောဝိဒေါ ထေရော, မဟာစည်ယတိပုင်္ဂဝေါ

ဗြဟ္မစိုရ်တရားတော်

ဆရာတော်ကြီးသည် “မကောင်းမြစ်တာ, ကောင်းရာကိုလှစ်, အသစ်ဟောကျူး, နာဖူးထပ်မံ, နတ်ထံတင်ရာ, မေတ္တာလည်းပြု, ရဟန်းမှု, ခြောက်ခု လွန်သေချာ” ဟူသည်နှင့်အညီ ရဟန်းကျင့်ဝတ် ၆-ပါး လွန်စွာကျေပွန်တော်မူသည့် ပုဂ္ဂိုလ်မြတ် ဖြစ်တော်မူသည်။

ကမ္ဘာ့နိုင်ငံများစွာတို့၌လည်း အကြိမ်များစွာ တရားဟော သာသနာပြုတော်မူခဲ့သည်၊ မြန်မာနိုင်ငံ၌မူကား အလွန်အကြိမ်များစွာ တရားဟော သာသနာပြုခဲ့ရာ မြန်မာနိုင်ငံ အစိုးရမင်းတို့ လျှောက်ထားချက်အရ ဗြဟ္မစိုရ်တရားတော်ကြီးကိုလည်း ၁၃၂၇-ခုနှစ်က တပိုင်း, ၁၃၂၈-ခုနှစ် ဒုတိယ ဝါဆိုလပြည့်နေ့က တပိုင်း, ၁၃၂၉ -ခုနှစ် တော်သလင်းလပြည့်နေ့က တပိုင်း, ၁၃၃၀-ခုနှစ် ဝါခေါင်လကွယ်နေ့ကတပိုင်း အားဖြင့် ၄-ပိုင်းခွဲ၍ မြန်မာ့အသံမှ အသံလွှင့်ဟောကြားခဲ့ရာ ပြည့်စုံသည့် ဗြဟ္မစိုရ် တရားတော်ကြီး ဖြစ်လာလေသည်။

ယင်း ဗြဟ္မစိုရ်တရားတော်ကြီးကို ၁၃၃၀-ခုနှစ်ကုန်လောက်တွင် ဗြဟ္မစိုရ်တရားတော် အမည်ဖြင့် ကျမ်းစာအဖြစ် ပေါ်ထွက်ခဲ့လေသည်။

ယင်း ဗြဟ္မစိုရ်တရားတော်ကြီးကို အောက်ပါအတိုင်း ကြည့်ရှု လေ့လာကာ ပွားများ ရာ၏။

ယခု ဘုန်းကြီးဟောမည့် တရားတော်ကတော့ ဗြဟ္မစိုရ်တရားတော် ဖြစ်ပါတယ်၊ ဘုန်းကြီးက များသောအားဖြင့် ဝိပဿနာတရားကိုသာ ဟောကြားလေ့ရှိပါတယ်၊ ဝိပဿနာဆိုတာကတော့ လူတိုင်း လူတိုင်းလဲ မကျင့်နိုင်ဘူး၊ ပြီးတော့ ကျင့်တဲ့သူမှာသာ အကျိုးထူးကို ရနိုင်တဲ့အတွက် ပရဟိတနှင့် မဆိုင်သလိုလိုလဲ ဖြစ်နေတယ်၊ ဒါကြောင့် ဒီကနေ့တော့ လူတိုင်းလဲ ကျင့်နိုင်ပြီး ပရဟိတနှင့်လဲဆိုင်တဲ့ ဗြဟ္မစိုရ်တရားကို ဟောဖို့ စီစဉ်ထားပါတယ်။

ဗြဟ္မစိုရ်တရားဆိုတာ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဆိုတဲ့ ဒီတရား ၄-ပါးပါပဲ၊ ဒီ ၄-ပါးထဲက မေတ္တာဆိုတာ သူများတွေလဲ ကိုယ်လိုပဲချမ်းသာ ချင်ကြပေလိမ့်မယ်လို့ ကိုယ်ချင်းစာပြီးတော့ သူတပါးတွေကို ချမ်းသာစေလိုတဲ့ သဘောပါပဲ။

ကရုဏာဆိုတာ ကိုယ့်အောက်ကလူတွေ, ဒုက္ခရောက်နေရှာကြတဲ့လူတွေ ကိုယ်ချင်း စာတရားနဲ့ သနားကြင်နာတဲ့ သဘောပါပဲ။

မုဒိတာဆိုတာ ကိုယ့်အထက်ကလူတွေ, ကိုယ့်ထက် ပြည့်စုံတဲ့, ချမ်းသာတဲ့ လူတွေကို ချမ်းသာမြဲ ချမ်းသာကြပါစေလို့ ဝမ်းမြောက် ကြည်သာစွာနဲ့ နှလုံးသွင်းတဲ့ သဘောပါပဲ။

ဥပေက္ခာဆိုတာ သတ္တဝါတွေဟာ ကိုယ်တိုင် ပြုလုပ်ထားတဲ့ အမှုကံအားလျော်စွာ ဖြစ်နေကြတာပဲလို့ ဘက်မလိုက်ပဲ မျှမျှတတ နှလုံးသွင်းတဲ့ သဘောပါပဲ။

ဒီတရား ၄-ပါးကို အဘိဓမ္မာဒေသနာမှာ အပ္ပမညာဆိုတဲ့အမည်နဲ့ ဟောထား ပါတယ်၊ အားလုံးသော သတ္တဝါတွေ အပေါ်မှာ အကန့်အသတ်မရှိပဲ ပွားချင်သလောက် ပွားများကောင်းတဲ့တရား, ပွားများဖို့နယ်ပယ် အကန့်အသတ် မရှိတဲ့ တရားလို့ ဆိုလိုပါတယ်။

သုတ္တန်ဒေသနာတော်တွေမှာတော့ ဒီတရားတွေကို အများအားဖြင့် ဗြဟ္မဝိဟာရလို့ အမည်ပေးထားပါတယ်၊ မြတ်သော နေထိုင်ရေးတရားလို့ ဆိုလိုပါတယ်။

မဟာဂေါဝိန္ဒသုတ်မှာတော့ ဗြဟ္မစရိယတရားလို့ အမည်ပေးထားပါတယ်၊ ဒါကြောင့် ဗြဟ္မစိုရ်တရားလို့ ခေါ်ဝေါ် ပြောဆိုနေကြပါတယ်၊ အနက်အဓိပ္ပါယ်အားဖြင့်တော့ မြတ်သောအကျင့်လို့ ဆိုလိုပါတယ်။

ဒီဗြဟ္မစိုရ်တရားဟာ လူမျိုးမရွေး ဘာသာ မရွေး လူတိုင်းလူတိုင်း ကျင့်သုံးသင့်တဲ့ တရားဖြစ်ပါတယ်၊ စဉ်းစားကြည့်ကြပါ၊ မိမိ၏အကျိုးကိစ္စ ပြီးမြောက်အောင် စေတနာ့ဝန်ထမ်းသဘောဖြင့် ကူညီဆောင်ရွက် ပေးမည်ဆိုလျှင် ဘယ်သူက လက်မခံပဲ ငြင်းပယ်မှာလဲ၊ ဘယ်သူမှ ငြင်းပယ်မှာ မဟုတ်ပါဘူး၊ အားလုံး ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံကြမှာချည်းပါပဲ၊ အဲဒါ ဘာသဘောထင်သလဲ၊ ချမ်းသာစေလိုတဲ့ မေတ္တာကို လူတိုင်းက လက်ခံနိုင်တဲ့အတွက် အဲဒီမေတ္တာကို လူတိုင်း လူတိုင်း ကျင့်သင့်တယ်ဆိုတာ ဖော်ပြနေတဲ့ သဘောပါပဲ။

လက်တွေ့လဲ စမ်းကြည့်နိုင်ပါတယ်၊ လူတယောက်ကို ပြုံးရွှင်တဲ့ မျက်နှာနဲ့ ကြည့်လျှင် အဲဒီလူကလဲ ပြုံးရွှင်တဲ့ မျက်နှာနဲ့ပဲ ပြန်ပြီးကြည့်ပါလိမ့်မယ်၊ လူတယောက်ကို ချိုချိုသာသာနှုတ်ဆက်လျှင် အဲဒီလူကလဲ ချိုချိုသာသာနဲ့ပဲ ပြန်ပြီး နှုတ်ဆက်ပါလိမ့်မယ်၊ လမ်းမသိတဲ့လူကို လမ်းညွှန်ပြလျှင်ဖြစ်စေ, မီးရထား, သင်္ဘော စသည်ဖြင့် ခရီးသွားတဲ့အခါ နေရာမရတဲ့သူကို မိမိနေရာထဲက မျှပေးလျှင်ဖြစ်စေ, လေးလံတဲ့ ဝန်ထုပ်ဝန်ပိုး သယ်ဆောင်လာတဲ့သူကို ဖေးမကူညီပေးလျှင်ဖြစ်စေ ဒီလိုစေတနာ မေတ္တာဖြင့် ကူညီဆောင်ရွက်ပေးလျှင် တဘက်သားပုဂ္ဂိုလ်က ကျေးဇူးတင်မည့်ပြင် မိမိကိုယ်တိုင်လဲ လူ့ကျင့်ဝတ်တရား ကျေပွန်သည့်အတွက် ဝမ်းမြောက် ဝမ်းသာခြင်း အကျိုးကို ချက်ချင်းပဲရပါလိမ့်မယ်၊ မိမိမှာ အခက်အခဲရှိတဲ့အခါလဲ ကူညီမည့်သူများ ပေါ်လာတတ်ပါတယ်၊ ဒီနည်းဖြင့် လူတိုင်း လူတိုင်းက လူ့ကျင့်ဝတ်ကို သိပြီး မေတ္တာတရားနဲ့ အချင်းချင်း တတ်စွမ်းနိုင်သမျှ ကူညီဆောင်ရွက်သွားမယ်ဆိုလျှင် လူ့လောကကြီးဟာ အစဉ်ထာဝရ သာသာယာယာနဲ့ ဖြစ်သွားနိုင်ဖို့ရှိပါတယ်၊ ဒါကြောင့် မေတ္တာတရားကို လူတိုင်း လူတိုင်း ကျင့်သုံးသင့်ကြောင်း ထင်ရှားပါတယ်။

ထို့အတူပဲ ဆင်းရဲဒုက္ခရောက်နေတဲ့ လူတွေကို ကရုဏာနဲ့သနားပြီး ကူညီ စောင့်ရှောက်မယ်ဆိုလျှင် ငြင်းပယ်မည့်သူ ရှိပါမည်လား၊ မရှိနိုင်ပါဘူး၊ လက်ခံကြမှာ ချည်းပါပဲ၊ ပြီးတော့ ရရှိထားတဲ့ စီးပွားဥစ္စာနဲ့ ရာထူးဌာနန္တရ အလုပ်အကိုင်နဲ့ အခြွေအရံ ဂုဏ်သိန်ကျက်သရေတွေနဲ့ ခိုင်မြဲတည်တံ့ပြီး ချမ်းသာမြဲချမ်းသာ နေအောင် မုဒိတာနဲ့ ဝမ်းမြောက်ကြည်သာစွာ ထောက်ခံအားပေးမည် ဆိုလျှင်ကော ငြင်းပယ်မည့်သူ ရှိပါမည်လား၊ မရှိနိုင်ပါဘူး၊ လက်ခံကြမှာချည်းပါပဲ၊ ဒါကြောင့် ဒီကရုဏာနှင့် မုဒိတာကိုလဲ လူတိုင်းလူတိုင်း ကျင့်သုံးသင့်ကြောင်း ထင်ရှားပါတယ်။

ဥပေက္ခာဆိုတာလဲ မေတ္တာ, ကရုဏာ, မုဒိတာနဲ့ မဆောင်ရွက်နိုင်တဲ့ နေရာမှာ ကျင့်သုံးသင့်တဲ့တရားပါပဲ၊ ထင်ရှားတဲ့ သာဓကနဲ့ပြရလျှင် လူတယောက်မှာ ရာဇဝတ်မှု ရောက်နေတယ်ဆိုပါတော့၊ အဲဒီလူကို တတ်နိုင်တဲ့သူက မေတ္တာနဲ့ ကရုဏာနဲ့ အစွမ်းကုန် ကူညီပေးသင့်ပါတယ်၊ ဒါပေမယ့် ပြစ်မှုထင်ရှားတယ်ဆိုပြီး နောက်ဆုံးအနေနဲ့ အပြစ်ဒဏ်ပေးလိုက်တဲ့ အခါကျတော့ ကူညီနိုင်တဲ့ အခွင့်အရေး မရှိတော့ဘူး၊ အဲဒါဟာ ဒီဥပေက္ခာနဲ့သာ အညီအမျှ နှလုံးသွင်းသင့်တော့တယ်၊ အပြစ်ဒဏ်ခံရတဲ့သူ ဘက်ကလိုက်ပြီး တခြားသူတွေကို အပြစ်တင်မနေသင့်တော့ဘူး၊ သူ့ကံအတိုင်းပဲလို့သာ မျှတစွာ နှလုံးသွင်းသင့်တော့တယ်၊ ယခု လောလောဆယ်မှာ အပြစ်မရှိဘူးလို့ ထင်ပေမယ့် ရှေးကပြုထားတဲ့ အပြစ်ရှိလို့သာ ခံရတာပဲလို့ ဒီလို တရားမျှတစွာ နှလုံးသွင်းသင့်တော့တယ်၊ အဲဒါ ဥပေက္ခာပဲ၊ ဒါကြောင့် ဒီဥပေက္ခာ ကိုလဲ အခါအားလျော်စွာ ကျင့်သုံးသင့်ပါတယ်။

ဒီတော့ ဗြဟ္မစိုရ်တရား ၄-ပါးကို လူတိုင်း လူတိုင်း ကျင့်သုံးသင့်တယ် ဆိုတာကတော့ ထင်ရှားပါပြီ၊ ယခု ကျင့်သုံးပုံကို အကျဉ်းချုပ် ပြောပြမယ်။

ဒါပေမယ့် ဒီကနေ့တော့ မေတ္တာတရားလောက်ပဲ ပြောနိုင်မယ်၊ မေတ္တာဆိုတာ ကာယကံမေတ္တာ, ဝစီကံမေတ္တာ, မနောကံမေတ္တာလို့ ဒီလို ၃-မျိုးရှိပါတယ်၊ ခုနက ပြောခဲ့တဲ့အတိုင်း ကိုယ်ချင်းစာတရားနဲ့ သူတပါးအား ချမ်းသာအောင်လို့ သူ့အကျိုးကို ကိုယ်ထိလက်ရောက် ကူညီဆောင်ရွက်ပေးတာဟာ မေတ္တာကာယကံပါပဲ၊ သူများနားချမ်းသာအောင်ပြောဆိုတာ, ချမ်းသာပါစေလို့ ရွတ်ဆိုပြီး မေတ္တာပို့တာ, သူ့အကျိုးကိစ္စ ပြီးမြောက်အောင် ညွှန်ကြားတာ, နှုတ်နဲ့စီမံဆောင်ရွက်ပေးတာ ဒါတွေဟာ ဝစီကံမေတ္တာပါပဲ၊ သူတပါးတွေကို ချမ်းသာကြပါစေလို့ စိတ်သက်သက်နဲ့ နှလုံးသွင်းနေတာဟာ မနောကံမေတ္တာပါပဲ၊ ဒီမနောကံ မေတ္တာဆိုတာ အခါခပ်သိမ်း ပွားများနေနိုင်ပါတယ်။

ဒီမနောကံမေတ္တာကို ပွားများတာကလဲ ဈာန်ရအောင် ပွားများတာရယ်, ဘေးရန် ကင်း, ဘေးကင်း ရန်ကင်း ပါရမီကုသိုလ်ဖြစ် ပွားများတာရယ်, အဲဒီလို နှစ်မျိုး ရှိပါတယ်၊ ဈာန်ရအောင် ပွားများနည်းကိုတော့ ယခုလို တိုတောင်းတဲ့ အချိန်ကလေးမှာ ပြည့်စုံအောင် မပြောနိုင်ပါဘူး၊ ဒါကြောင့် ယခု ဘေးကင်း ရန်ကင်း ပါရမီဖြစ်, ကုသိုလ်ဖြစ် ပွားများပုံကိုပဲ ပြောပြပါမယ်။

တွေ့မြင်ရသမျှလူတွေကို အာရုံပြုပြီး ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေလို့ ဒီလိုလဲ ပွားများနိုင်ပါတယ်၊ အမိအဘ, ဆရာသမားစသည်ကို အာရုံပြုပြီးတော့ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေလို့ ဒီလိုလဲ ပွားများနိုင်ပါတယ်၊ ကိုယ်မေတ္တာပို့ချင်တဲ့ လူတွေကို အာရုံပြုပြီးတော့ “တို့အိမ်က လူတွေ ချမ်းသာကြပါစေ, တို့အရပ်က လူတွေ ချမ်းသာကြပါစေ, တို့မြို့က, တို့ရွာကလူတွေ ချမ်းသာကြပါစေ” စသည်ဖြင့်လဲ ပွားများနိုင်ပါတယ်၊ တဦးတယောက်ကို ဖြစ်စေ, အများကိုဖြစ်စေ အာရုံပြုပြီး ဒီလို တကြိမ် နှလုံးသွင်းလျှင် ပါရမီကုသိုလ် တကြိမ်ဖြစ်တယ်၊ ဆယ်ကြိမ် နှလုံးသွင်းလျှင် ဆယ်ကြိမ် ဖြစ်တယ်၊ အကြိမ်တရာ နှလုံးသွင်းလျှင် အကြိမ်တရာ ဖြစ်တယ်၊ သွားယင်း လာယင်းလဲ မေတ္တာကိုပွားများနိုင်ပါတယ်။

ဒါပေမယ့် အထူးသတိပြုဖို့ကတော့ ချမ်းသာကြပါစေလို့ စိတ်နဲ့သာ မေတ္တာ ပွားပြီးတော့ သူတပါးတွေ နားမချမ်းသာအောင်, ဆင်းရဲဒုက္ခရောက်အောင် ပြောဆို ပြုလုပ်နေလျှင်တော့ အဲဒါဟာ မေတ္တာစစ် မဟုတ်ဘူး၊ စိတ်နဲ့ ချမ်းသာပါစေလို့ မေတ္တာပို့တဲ့အတိုင်း ကိုယ်နဲ့နှုတ်နဲ့ရော သူတပါး ချမ်းသာအောင် တတ်နိုင်သမျှ ဆောင်ရွက်နိုင်မှ မေတ္တာအစစ် အောင်အောင်မြင်မြင် ဖြစ်တယ်လို့လဲ မှတ်ရမယ်။

ယခု တို့ထက်ကျယ်ပြန့်တဲ့ ငါးရာ့နှစ်ဆယ် ရှစ်သွယ်မေတ္တာ ပို့ပုံကို အတိုချုံးပြီး ပြောဦးမယ်၊

သဗ္ဗေသတ္တာ - အားလုံးသော သတ္တဝါတွေ၊ အဝေရာဟောန္တု - ရန်ကင်းကြပါစေ”
ဒီလို နှလုံးသွင်းတာက မေတ္တာတပါး၊
အဗျာပဇ္ဇာဟောန္တု - စိတ်ဆင်းရဲ ကင်းကြပါစေ” ဒါကလဲ မေတ္တာတပါး၊
(စိတ်ဆင်းရဲဆိုတာ စိတ်ညစ်တာ, စိတ်ပူတာ, ဝမ်းနည်းတာ, ကြောက်လန့်တာ, ချစ်သူတွေနဲ့ ကွဲနေရလို့ စိုးရိမ်ပူဆွေးနေတာ, စီးပွားဥစ္စာတွေ ဆုံးရှုံးပျက်စီးလို့ စိတ်နှလုံး ထိခိုက်နေတာ ဒီလိုဟာတွေပါပဲ၊ အဲဒီလို စိတ်ဆင်းရဲခြင်းမှ ကင်းကြပါစေလို့ ဆိုလိုပါတယ်)
အနီဃာဟောန္တု - ကိုယ်ဆင်းရဲ ကင်းကြပါစေ” ဒါလဲမေတ္တာတပါး၊
သုခိအတ္တာနံ ပရိဟရန္တု - ချမ်းသာစွာနဲ့ မိမိတို့ခန္ဓာဝန်ကို ဆောင်ရွက်နိုင်ကြပါစေ” ဒါကလဲ မေတ္တာတပါး၊
(သတ္တဝါတွေမှာ မိမိတို့ ခန္ဓာဝန်ကို ဆောင်ရွက်နေကြတာဟာ အင်မတန် ဝန်လေးပါတယ်၊ ဒီခန္ဓာဝန်အတွက် စား, ဝတ်, နေရေး, ကျန်းမာရေး ပြည့်စုံအောင် ရှာကြံနေကြရတာဟာ အင်မတန် ဆင်းရဲပါတယ်၊ အဲဒီ ဆင်းရဲဒုက္ခတွေမှ ကင်းဝေးပြီး ချမ်းချမ်းသာသာနဲ့ မိမိတို့ခန္ဓာဝန်ကို ဆောင်ရွက်နိုင်ကြပါစေလို့ ဆိုလိုပါတယ်။)

အဲ ယခုပြောခဲ့တာတွေဟာ သတ္တဝါအားလုံးကို အာရုံပြုပြီး မေတ္တာပွားပုံ လေးပါးပဲ။

ထို့အတူပဲ -
သဗ္ဗေပါဏာ - အားလုံးသက်ရှိသူတွေ၊
သဗ္ဗေဘူတာ - အားလုံး ထင်ရှားဖြစ်သူတွေ၊
သဗ္ဗေပုဂ္ဂလာ - အားလုံး ပုဂ္ဂိုလ်တွေ၊
သဗ္ဗေအတ္တဘာဝပ ရိယာပန္နာ - အားလုံး ခန္ဓာကိုယ် အတ္တသဘောရှိသူတွေ”
ဆိုတဲ့ ဒီ ၄-ပုဒ်နဲ့လဲ ခုနက မေတ္တာပွားပုံ ၄-ပါးကို အသီးသီးတွဲပြီး မေတ္တာပို့ရပါတယ်၊ ဒါကြောင့် မူလပုဒ် ၅-ခုကို ခုနက မေတ္တာ ၄-လီနဲ့ မြှောက်လိုက်လျှင် မေတ္တာပေါင်း ၂၀-ရပါတယ်၊ အဲဒါဟာ သတ္တဝါအားလုံးကိုချည်း ရည်ညွှန်းတဲ့အတွက် အနောဒိသမေတ္တာလို့ ခေါ်ပါတယ်၊ အပိုင်းအခြား အကန့်အသတ် မရှိတဲ့ မေတ္တာလို့ ဆိုလိုပါတယ်။

နောက်ပြီးတော့ -
သဗ္ဗာ ဣတ္ထိယော - အားလုံးသော အမျိုးသမီးတွေ”
စသည်ဖြင့် ၂-ပိုင်းစီခွဲပြီး ပို့တာက ၄-ပုဒ်, ၃-ပိုင်းခွဲပို့တာက ၃-ပုဒ် ပေါင်း ၇-ပုဒ် ရှိသေးတယ်၊ အဲဒီ ၇-ပုဒ်ကိုလဲ အဝေရာဟောန္တု - ရန်ကင်းကြပါစေ အစရှိတဲ့ မေတ္တာ ပွားပုံ ၄-လီနဲ့ မြှောက်လိုက်တော့ ၂၈-ရရှိတယ်၊ အဲဒီ ၂၈-ပါးကတော့ အမျိုးသမီးသန့်သန့် အမျိုးသားသန့်သန့်စသည်ဖြင့် ပိုင်းခြား ကန့်သတ်ပြီး ပို့တဲ့အတွက် ဩဒိသမေတ္တာလို့ ခေါ်တယ်၊ အဲဒီ ဩဒိသ ၂၈-ပါးနဲ့ ခုနက အနောဒိသ ၂၀-ကို ပေါင်းလိုက်လျှင် မေတ္တာ ၄၈-ပါး ရတယ်။

ထို့အတူ အရှေ့အရပ်က အားလုံး သတ္တဝါတွေ ရန်ကင်းကြပါစေ စသည်ဖြင့် ပို့တာကလဲ ၄၈-ပါး၊ အနောက်အရပ်, မြောက်အရပ်, တောင်အရပ်, အရှေ့တောင် အရပ်, အနောက်တောင်အရပ်, အနောက်မြောက်အရပ်, အရှေ့မြောက်အရပ်, အောက်အရပ်, အထက်အရပ်တွေလဲ နည်းတူပါပဲ ၄၈-ပါးစီရပါတယ်၊ အဲဒါတွေက အရပ် ဆယ်မျက်နှာမှာ ၄၈၀-ရပါတယ်၊ အဲဒါတွေက အရပ်မျက်နှာနဲ့ ပိုင်းခြားပြီးဖြစ်တဲ့အတွက် ဒိသာဖရဏမေတ္တာလို့ ခေါ်တယ်၊ အဲဒီ ၄၈၀-ထဲမှာ ခုနက အနောဒိသ, ဩဒိသမေတ္တာ ၄၈-ပါးကို ပေါင်းထည့် လိုက်လျှင် ၅၂၈-သွယ် မေတ္တာ ဖြစ်လာပါတယ်၊

အဲဒီ ၅၂၈-သွယ် မေတ္တာအရ ဘုန်းကြီးက ယခုအသံလွှင့်ရုံကနေပြီး မေတ္တာပို့မယ်, တရားနာနေကြတဲ့ ဓမ္မမာမကပုဂ္ဂိုလ်တွေ အားလုံးကလဲ စိတ်နဲ့လိုက်ပြီး မေတ္တာပို့ကြပါ။

အားလုံးသတ္တဝါတွေ -
ဘေးရန်ကင်းကြပါစေ,
စိတ်ဆင်းရဲ ကင်းကြပါစေ,
ကိုယ်ဆင်းရဲ ကင်းကြပါစေ,
ချမ်းသာစွာနဲ့ မိမိတို့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။

အားလုံး သက်ရှိသူတွေ ဘေးရန်ကင်းကြပါစေ (လ) ဆောင်ရွက်နိုင်ကြပါစေ။
အားလုံး ကိုယ်ထင်ရှားဖြစ်သူတွေ ဘေးရန်ကင်းကြပါစေ (လ) ရွက်ဆောင်နိုင်ကြပါစေ။
အားလုံး ပုဂ္ဂိုလ်တွေ ဘေးရန် ကင်းကြပါစေ (လ) ရွက်ဆောင်နိုင်ကြပါစေ။
အားလုံး ခန္ဓာကိုယ် အတ္တဘော ရှိသူတွေ ဘေးရန် ကင်းကြပါစေ (လ) ရွက်ဆောင်နိုင်ကြပါစေ။

အားလုံး အမျိုးသမီးတွေ ဘေးရန် ကင်းကြပါစေ(လ) ရွက်ဆောင်နိုင်ကြပါစေ။
အားလုံး အမျိုးသားတွေ ဘေးရန် ကင်းကြပါစေ(လ) ရွက်ဆောင်နိုင်ကြပါစေ။
အားလုံး အရိယာတွေ ဘေးရန် ကင်းကြပါစေ(လ) ရွက်ဆောင်နိုင်ကြပါစေ။
အားလုံး ပုထုဇဉ်ပုဂ္ဂိုလ်တွေ ဘေးရန် ကင်းကြပါစေ(လ) ရွက်ဆောင်နိုင်ကြပါစေ။
အားလုံး နတ်ဗြဟ္မာတွေ ဘေးရန် ကင်းကြပါစေ(လ) ရွက်ဆောင်နိုင်ကြပါစေ။
အားလုံး လူသားတွေ ဘေးရန် ကင်းကြပါစေ(လ) ရွက်ဆောင်နိုင်ကြပါစေ။
အားလုံး အပါယ်ဘုံသူ အပါယ်ဘုံသားတွေ -
ဘေးရန် ကင်းကြပါစေ,
စိတ်ဆင်းရဲ ကင်းကြပါစေ,
ကိုယ်ဆင်းရဲကင်းကြပါစေ,
ချမ်းသာစွာနဲ့ မိမိတို့ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။

ဒါတွေက ဩဒိသမေတ္တာ ၂၈-ပါးပဲ။

ယခု အရပ်မျက်နှာ ၁၀-ပါးနဲ့ မေတ္တာပို့ပုံကို အတိုချုံးပြီး ပြောပြပါမယ်။

အရှေ့အရပ်က အားလုံးသတ္တဝါတွေ -
ဘေးရန်ကင်းကြပါစေ,
စိတ်ဆင်းရဲ ကင်းကြပါစေ,
ကိုယ်ဆင်းရဲ ကင်းကြပါစေ,
ချမ်းသာစွာနဲ့ မိမိတို့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ၊ ရှေးနည်းတူ ၄၈-ပါး အပြည့်အစုံ ပို့ရမယ်။

အနောက်အရပ်က အားလုံးသတ္တဝါတွေ ဘေးရန် ကင်းကြပါစေ နည်းတူ ၄၈-ပါးပဲ။
ထို့အတူ မြောက်အရပ်က, တောင်အရပ်က, အရှေ့တောင်အရပ်က, အနောက် မြောက်အရပ်က, အရှေ့မြောက်အရပ်က, အနောက်တောင်အရပ်က, အောက် အရပ်က, အထက်အရပ်က ၄၈-ပါးစီချည်းပါပဲ၊

အားလုံးပေါင်းသော် ၅၂၈-သွယ် မေတ္တာ ဖြစ်ပါတယ်၊ အချိန်မရှိလို့ နားလည်ရုံမျှ ချုံးပြီး ပြောလိုက်ရပါတယ်။

ယခု မြန်မာပြည်သူ ပြည်သားတွေကို အထူးမေတ္တာပို့ပြီး တရားသိမ်းတော့မယ်၊ အားလုံး စိတ်နဲ့လိုက်ပြီး မေတ္တာပို့ကြပါ။

“ပြည်ထောင်စု မြန်မာနိုင်ငံသူ နိုင်ငံသားတွေအားလုံး -
ဘေးရန် ကင်းကြပါစေ,
စိတ်ဆင်းရဲ ကင်းကြပါစေ,
ကိုယ်ဆင်းရဲ ကင်းကြပါစေ,
ချမ်းသာစွာနဲ့ မိမိတို့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ”။

ဗြဟ္မစိုရ်တရားတော် ပထမပိုင်းပြီး၏။

မေတ္တာ ပွားကျိုး

တနေ့သုံးခါ, အိုးတရာဖြင့်,
ချက်ခါထမင်း, ကျွေးမွေးခြင်းထက်,
မယွင်းစင်စစ်, နို့တညှစ်စာ,
ကြိမ်သုံးခါမျှ, မေတ္တာပွားများ,
ကျိုးကြီးမားသည်, ဘုရားမြတ်စွာ မိန့်ခွန်းတည်း။ (သံ-၁၊ ၄၅၅)

မေတ္တာအကျိုး ၁၁-ပါး

အိပ်-နိုး ချမ်းသာ၊ ကောင်းစွာ အိပ်မက်၊
ချစ်လျက် လူနတ်၊ စောင့်လတ်နတ်များ၊
မီး-ဆိပ်-ဓားတို့၊ ရှောင်ရှားကိုယ်မှာ၊
လျင်စွာစိတ်တည်၊ ရွှင်ကြည် မျက်နှာ၊
သေကာမတွေ၊ လားလေ ဗြဟ္မာ၊
ဆယ့်တဖြာသည်၊ မေတ္တာပွားမှု အကျိုးတည်း။
(အံ-၃၊ ၅၄၂)

ဒီကနေ့ဟောမည့် တရားကတော့ လွန်ခဲ့တဲ့ ၁၃၂၇-ခုနှစ် ဝါခေါင်လပြည့်နေ့က ဟောခဲ့တဲ့ ဗြဟ္မစိုရ် တရားတော်ရဲ့ အဆက်ပါပဲ၊ အလျင်ဟောခဲ့တာက ပထမပိုင်း၊ ယခုဟောတာက ဒုတိယပိုင်းပေါ့၊ ပထမ ပိုင်းမှာ မေတ္တာပွားပုံကို ဟောခဲ့တယ်၊ ယခု ဒုတိယပိုင်းမှာ
ကရုဏာပွားပုံကို ဟောရမယ်။

ကရုဏာ၏ အဓိပ္ပာယ်နှင့် ပွားနည်းများ (ဒုတိယပိုင်း)

ကရုဏာဆိုတာ ကိုယ့်အောက်ကလူတွေ၊ ဒုက္ခရောက်နေရှာကြတဲ့ သူတွေကို ကိုယ်ချင်းစာတရားနဲ့ သနားကြင်နာတဲ့ သဘောပဲဆိုတာကို ပထမပိုင်းမှာ ပြောခဲ့ပြီ၊ ပါဠိနည်းနဲ့ပြောရယင်တော့ ဆင်းရဲဒုက္ခရောက်နေတဲ့ သူကို မြင်တွေ့ရ၊ ကြားသိရတဲ့ အခါမှာ သူတော်ကောင်းတွေရဲ့ စိတ်နှလုံးကို တုန်လှုပ်စေတတ်လို့ ကရုဏာ မည်ပါတယ်တဲ့။

ဟုတ်တယ်၊ သူတော်ကောင်းတွေမှာ ဆင်းရဲဒုက္ခရောက်နေတဲ့သူကို မြင်တွေ့ရယင်၊ ကြားသိရယင် ကိုယ်တိုင် ခံစားနေရသလိုပဲ စိတ်နှလုံးမှာ ထိခိုက်ပြီး တုန်လှုပ် တတ်ပါတယ်၊ နိုင်ရာနိုင်ရာ တိရစ္ဆာန်အချင်းချင်း ညှဉ်းဆဲ သတ်ဖြတ်နေတာပဲ ဖြစ်ဖြစ်၊ တိရစ္ဆာန်တွေကို ညှဉ်းဆဲသတ်ဖြတ်နေတာပဲ ဖြစ်ဖြစ်၊ လူလူချင်းနိုင်ရာ နိုင်ရာ ညှဉ်းဆဲ နှိပ်စက်နေတာပဲဖြစ်ဖြစ်၊ သူ့အလိုလို တနည်းနည်းနဲ့ အတိဒုက္ခ ရောက်နေတာပဲ ဖြစ်ဖြစ် မြင်တွေ့ရ၊ ကြားသိရယင် စိတ်နှလုံးမှာ ထိခိုက် တုန်လှုပ်တတ်ပါတယ်၊ ဒီလို စိတ်နှလုံးမှာ ထိခိုက်တုန်လှုပ်တတ်ယင်လဲ အဲဒီလူကို သူတော်ကောင်းပဲလို့ ဆုံးဖြတ်နိုင်ပါတယ်၊ ဒါကြောင့် ဝိသုဒ္ဓိမဂ်ကျမ်းမှာ -

ပရဒုက္ခေ - သူတပါး၏ဆင်းရဲသည်၊
သတိ - ရှိလတ်သော်၊
သာဓူနံ - သူတော်ကောင်းတို့၏၊
ဟဒယကမ္ပနံ - နှလုံး၏ တုန်လှုပ်ခြင်းကို၊
ကရောတီတိ - ပြုတတ်သောကြောင့်၊
ကရုဏာ - ကရုဏာ မည်၏

လို့-ဒီလို ပြန်ဆိုထားပါတယ်။

ကရုဏာရဲ့ သဘောလက္ခဏာကတော့ သူတပါးမှာ တွေ့ကြုံခံစားနေရတဲ့ ဆင်းရဲကို ပယ်ဖျောက်ချင်တဲ့ သဘောပါပဲ၊ တတ်နိုင်တဲ့ကိစ္စဆိုယင် အဲဒီ သူတပါးဆင်းရဲကို ပျောက်ကင်းအောင်လဲ သူက ကြောင့်ကြစိုက်တတ်တယ်၊ မတတ်နိုင်တဲ့ကိစ္စ ဖြစ်နေတောင်မှ အဲဒီ သူတပါးဆင်းရဲကို ပျောက်စေချင်နေတာပဲ၊ ဒါကြောင့် -
ပရဒုက္ခာ ပနယနာကာရပ္ပဝတ္တိလက္ခဏာ - သူတပါး၏ဆင်းရဲကို ပယ်ဖျောက်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော လက္ခဏာရှိတယ်” လို့ ပြထားပါတယ်၊

ဒီကရုဏာအရာမှာ မြတ်စွာဘုရားရဲ့ ကရုဏာတော်ကတော့ အကြီးမားဆုံးပါပဲ၊ မိမိ ၏အကျိုးမဲ့ကို ပြုရုံမျှမကပဲ မိမိအား သေရာသေကြောင်း ကြံစည်အားထုတ်နေတဲ့ အရှင်ဒေဝဒတ်ကိုတောင်မှ သားတော်ရာဟုလာနဲ့ ညီမျှညီတူ သနားတော်မူပါတယ်၊ တလောကလုံးမှာ ရှိသမျှ သတ္တဝါတွေအားလုံးကိုလဲ ယခုမျက်မှောက် ဆင်းရဲ လောက်သာ မဟုတ်ပဲ သံသရာတလျှောက်လုံးမှာ တွေ့ကြုံသွားရမယ့် ဆင်းရဲတွေပါ မြော်မြင်ပြီးတော့လဲ သနားတော်မူပါတယ်။

ပွားများပုံကတော့ ဒီကရုဏာမှာလဲ မေတ္တာလိုပဲ ကာယကံဝစီကံမနောကံအားဖြင့် ၃-မျိုး ရှိပါတယ်၊ ဒါကြောင့် သူ့အလိုလိုပဲ ဖြစ်ဖြစ်၊ သူတပါးက နှိပ်စက်လို့ပဲဖြစ်ဖြစ် ဆင်းရဲ ဒုက္ခ ရောက်နေတဲ့သူကို တွေ့လို့ရှိယင် တတ်နိုင်သမျှ အကူအညီပေးကြပါ၊ ဥပမာ - မတော်တဆ ခြေချော်ပြီးလဲကျသွားတဲ့ သူကိုတွေ့ယင် ဖေးမပြီး ထူပေးပါ၊ ဆေးရှိလျှင် လူးလိမ်းပေးပါ၊ မသွားနိုင်ပဲ ဖြစ်နေယင် ဖေးမပြီး လိုက်ပို့ပေးပါ၊... နိုင့်ထက်စီးနင်းပြုလုပ်နေတာကို တွေ့ရယင်လဲ တတ်နိုင်ယင် စောင့်ရှောက် ကာကွယ်ပေးပါ၊ ဒီနည်းဖြင့် တတ်နိုင်သမျှ ကိုယ်နဲ့ အကူအညီ ပေးတာကို ကာယကံ ကရုဏာပွားများတယ်လို့ ဆိုပါတယ်။

ပြီးတော့ ဆင်းရဲဒုက္ခရောက်နေတဲ့သူကို အဲဒီဆင်းရဲမှ လွတ်မြောက်အောင် သို့မဟုတ် သက်သာရာရအောင် တတ်နိုင်သမျှ နှုတ်နဲ့လဲ အကူအညီပေးရမယ်၊ အဲဒီလို နှုတ်နဲ့ ပြောပြီး စောင့်ရှောက်ကူညီတာကတော့ ဝစီကံကရုဏာကို ပွားများတာတဲ့။

ဒီနေရာမှာ ကရုဏာပွားပြီး သနားနေရာက ဒေါသဖြစ်မှန်းမသိဖြစ်ပြီး ပါဏာတိပါတကံအစရှိတဲ့ အပြစ်ကြီးများ ဖြစ်တတ်တယ်ဆိုတာကိုလဲ သတိပေး ပြောကြားချင် သေးတယ်၊... ရဟန်း၏ ညွှန်ကြားချက်အရနဲ့ လူသားဖြစ်တဲ့ပုဂ္ဂိုလ် သေသွားယင် အဲဒီရဟန်းမှာ ပါရာဇိကအာပတ် သင့်တယ် ဆိုတဲ့အကြောင်း ဝိနည်းပါဠိတော်မှာ ထင်ရှားရှိတယ်၊ အဲဒါဟာ အင်မတန်သတိပြုဖို့ကောင်းတယ်။

မနောကံကရုဏာ ပွားများပုံကတော့ ဈာန်ရအောင် ပွားများတာလဲ ရှိတယ်၊ လောက ဝတ္တရားအရ ပွားများတာလဲ ရှိတယ်၊ ပါရမီဖြစ်၊ ကုသိုလ်ဖြစ်ပွားများတာလဲ ရှိတယ်၊ ... ပါရမီဖြစ်၊ ကုသိုလ်ဖြစ် ပွားများပုံကတော့ ရောဂါဝေဒနာဖြစ်ပြီး ဆင်းရဲဒုက္ခ ရောက်နေတဲ့သူကိုပဲ ဖြစ်ဖြစ်၊ ဘေးရန်အန္တရာယ်ကြောင့် ဒုက္ခရောက်နေတဲ့သူကိုပဲ ဖြစ်ဖြစ်၊ ... အဲဒီလို ဒုက္ခရောက်နေတဲ့သူကို အာရုံပြုပြီး သူ့မှာတွေ့ကြုံနေရတဲ့ ဆင်းရဲမှ လွတ်မြောက်ပါစေ၊ ဆင်းရဲမှ လွတ်မြောက်ပါစေလို့ အဖန်ဖန် နှလုံးသွင်းပွားများ နေရတယ်၊ ...

ယခု ဝိသုဒ္ဓိမဂ်ကျမ်းမှာ ပြဆိုထားတဲ့ မေတ္တာပွားနည်းအရ “သဗ္ဗေသတ္တာ ဒုက္ခာမုစ္စန္တု” စသည်ဖြင့် အနောဒိသကရုဏာ၊ ဩဒိသကရုဏာ ပွားပုံတွေကို ... ကရုဏာပွားမယ်၊ တရားနာနေကြတဲ့ ဓမ္မမာမက ပုဂ္ဂိုလ် အားလုံးကလဲ စိတ်နဲ့လိုက်ပြီး ကရုဏာပွားများကြပါ။
အားလုံးသတ္တဝါတွေ ဆင်းရဲမှလွတ်မြောက်ကြပါစေ
... (ဤသည်တို့မှာ အနောဒိသကရုဏာ ၅-ပါးတည်း။)

အားလုံးအမျိုးသမီးတွေ ဆင်းရဲမှလွတ်မြောက်ကြပါစေ
... (ဤသည်တို့မှာ ဩဒိသ ကရုဏာ ၇-ပါး၊ ပေါင်း ၁၂-ပါးဖြစ်သည်။)

အရပ်ဆယ်မျက်နှာမှာလဲ ကရုဏာ ၁၂-ပါးစီ ဖြစ်ပါတယ်၊ အရပ်တမျက်နှာမှာ ၁၂-ပါးစီဆိုတော့ ကရုဏာပေါင်း ၁၂၀-ဖြစ်ပါတယ်၊ အဲဒီ ၁၂၀-ကတော့ အရပ်မျက်နှာနဲ့ ဖြစ်တာမို့ ဒိသာဖရဏကရုဏာလို့ ခေါ်ပါတယ်၊ ပထမပွားခဲ့တဲ့ အနောဒိသ၊ ဩဒိသကရုဏာ ၁၂-ပါးနဲ့ ပေါင်းလိုက်ယင် ကရုဏာပေါင်း ၁၃၂-ပါး ဖြစ်ပါတယ်။

ယခု ပရိတ်ကြီးထဲမှာပါတဲ့ ဂါထာနဲ့ ရွတ်ဆိုပြီး ကရုဏာပွားလိုက်ဦးမယ်၊ အားလုံးကလဲ စိတ်နဲ့လိုက်ပြီး ကရုဏာ ပွားကြပါ။

ဒုက္ခပတ္တာစ နိဒ္ဒုက္ခာ၊ ဘယပတ္တာစ နိဗ္ဘယာ၊
သောကပတ္တာစ နိဿောကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။


ဒုက္ခပတ္တာ - ဆင်းရဲဒုက္ခရောက်၍ နေကြကုန်သော၊
သဗ္ဗေပိ - အလုံးစုံလည်း ဖြစ်ကုန်သော၊
ပါဏိနော - သတ္တဝါတို့သည်လည်း၊
နိဒ္ဒုက္ခာ - ဆင်းရဲကင်းပ ချမ်းသာကြကုန်သည်၊
ဟောန္တု - ဖြစ်ပါစေကုန်သတည်း၊

ဘယပတ္တာ - ဘေးဒဏ်သင့်၍ နေကြကုန်သော၊ ...
နိဗ္ဘယာ - ဘေးဒဏ်ကင်းပ ချမ်းသာကြကုန်သည်၊ ...

သောကပတ္တာ - စိုးရိမ်ပူဆွေးခြင်းသို့ ရောက်၍နေကြကုန်သော၊ ...
နိဿောကာ - စိုးရိမ်ကင်းပ ချမ်းသာကြကုန်သည်၊
ဟောန္တု - ဖြစ်ပါစေကုန်သတည်း။

ဗြဟ္မစိုရ်တရားတော် ဒုတိယပိုင်း ပြီး၏။

ဒီကနေ့ ဟောမယ့်တရားတော်ကတော့ လွန်ခဲ့တဲ့ ၁၃၂၈-ခုနှစ် ဒုတိယ ဝါဆို လပြည့်နေ့က ဟောခဲ့တဲ့ ဗြဟ္မစိုရ်တရားတော်ရဲ့ အဆက်ပါပဲ၊ အဲဒီနှစ်က ဟောခဲ့ တာက ဒုတိယပိုင်း၊ ယခုနှစ်ဟောမှာက တတိယပိုင်းပေါ့၊ ဒုတိယပိုင်းမှာ ကရုဏာပွားပုံကို ဟောခဲ့တယ်၊ ယခု တတိယပိုင်းမှာ မုဒိတာပွားပုံကို ဟောရမယ်။

မုဒိတာ၏ အဓိပ္ပာယ်၊ အကျိုးနှင့် ပွားနည်းများ (တတိယပိုင်း)

မုဒိတာဆိုတာ ကိုယ့်အထက်ကလူတွေ၊ ကိုယ့်ထက် ပြည့်စုံတဲ့၊ ချမ်းသာတဲ့ လူတွေကို ချမ်းသာမြဲ ချမ်းသာပါစေလို့ ဝမ်းမြောက်ဝမ်းသာနဲ့ နှလုံးသွင်းနိုင်တဲ့ သဘောပဲဆိုတာကို ပထမပိုင်းမှာ ပြောခဲ့ပါပြီ။

“ကိုယ့်ထက်သာ မနာလို”ဆိုတဲ့ စကားပုံအတိုင်း အများအားဖြင့် သတ္တဝါ တွေမှာ ကိုယ့်ထက်သာတာကို မြင်ရ၊ ကြားရ၊ သိရယင် မျက်မုန်းကျိုးမှု၊ မနာလိုမှုက ဖြစ်တတ်တယ်၊ အဲဒီ မနာလိုမှုဟာ မုဒိတာရဲ့ ဆန့်ကျင်ဘက်ရန်သူပဲ။

မနာလိုမှုရဲ့ မကောင်းကျိုးတွေကို ပုံစံထုတ်ပြရယင်-
(၁) မိဖုရားကြီးက မနာလိုမှုကြောင့် မောင်းမငယ်အား မီးကျီးဖြင့် လောင်းချခဲ့ရာ ငရဲမှ လွတ်ပြီးနောက် မီးကျီးဖြင့် အလောင်ခံနေရတဲ့ ပြိတ္တာမကြီး ဖြစ်နေရရှာတယ်။
(၂) ကဿပမြတ်စွာဘုရား လက်ထက်တော်က ရဟန္တာအား မနာလို ပြစ်မှားခဲ့သော ရဟန်းသည် လောသကတိဿ ဖြစ်လာပြီး တစ်ဘဝလုံး ဆွမ်းရေ အငတ်ဘေး စသည်ဖြင့် ဒုက္ခရောက်ရရှာတယ်။
(၃) ဃောသကသူငယ်ကို မလိုလားသော အဘ သဌေးကြီးသည် ဃောသကအား သတ်ရန် ကြံစည်ခဲ့ရာ နောက်ဆုံး မိမိသားအရင်းသာ သေဆုံးသွား၍ ဝေဒနာစွဲကပ်ပြီး သေဆုံးခဲ့ရရှာသည်။

သူတပါး ကြီးပွားချမ်းသာတာကို ဝမ်းမြောက်ကြည်သာနိုင်တဲ့ မုဒိတာတရားကတော့ အင်မတန် အေးချမ်းပါတယ်၊ ...
ပိုက်ဆံတပြားတချပ်မှ မကုန်ရပဲနဲ့ ကြီးပွားချမ်းသာကြောင်း ကုသိုလ်တွေ တသွင်သွင် ဖြစ်ပွားနေပါတယ်၊ သိပ်နေရာ ကျတာပဲ။

ဒီမုဒိတာကို ပွားစေတဲ့အတွက် ကောင်းကျိုးချမ်းသာကို မျက်မှောက်ဘဝမှာလဲ ရတတ်ပါတယ် (ဥပမာ- ဇုဏှအမတ်ကြီး အသဒိသအလှူကို အနုမောဒနာပြု၍ ၇-ရက် မင်းအဖြစ်ရပုံ)၊ နောင်တမလွန်မှာလဲ ရတတ်ပါတယ် (ဥပမာ- ဝိသာခါ၏ ကျောင်းအလှူကို ဝမ်းမြောက်၍ တာဝတိံသာနတ်ပြည်သို့ ရောက်ရသော အမျိုးသမီး)။

ပွားများပုံကတော့ ဒီမုဒိတာမှာလဲ မေတ္တာ၊ ကရုဏာတို့လိုပဲ ကာယကံဝစီကံမနောကံအားဖြင့် ၃-မျိုးရှိပါတယ်၊ ...
ကိုယ်နဲ့ အကူအညီပေးတာက ကာယကံမုဒိတာ၊ နှုတ်နဲ့ ကူညီပြောဆို ထောက်ခံပေးတာက ဝစီကံမုဒိတာတဲ့။

မနောကံမုဒိတာ ပွားများပုံကတော့ ပါရမီဖြစ်၊ ကုသိုလ်ဖြစ် ပွားများပုံကို ပြောမယ်၊ ကြီးပွားချမ်းသာတဲ့သူတွေကို မြင်တွေ့ရတိုင်း၊ ကြားသိရတိုင်း၊ ဆုတ်ယုတ်ခြင်း မရှိပဲ ဝမ်းမြောက်မြဲ ဝမ်းမြောက်နိုင်ကြပါစေ၊ ကြီးပွားချမ်းသာမြဲ ကြီးပွားချမ်းသာ နိုင်ကြပါစေ၊ ... လို့ နှလုံးသွင်း ပွားများနေရမယ်။

ယခု ပဋိသမ္ဘိဒါမဂ် ပါဠိတော်က မေတ္တာဘာဝနာအရာမှာ ပြထားတဲ့ အနောဒိသ ၅-ပါးဩဒိသ ၇-ပါးဒိသာဖရဏ ၁၂၀-တို့အရနဲ့ ဘုန်းကြီးက ရွတ်ဆိုပြီး မုဒိတာ ပွားမယ်၊ ...
အားလုံးသတ္တဝါတွေ ဆုတ်ယုတ်ခြင်းမရှိ ကြီးပွားမြဲ ကြီးပွားချမ်းသာကာ ဝမ်းမြောက်နိုင်ကြပါစေ။
... (ဤသည်တို့မှာ အနောဒိသမုဒိတာ ၅-ပါးတည်း။)

အားလုံးအမျိုးသမီးတွေ ဆုတ်ယုတ်ခြင်းမရှိ ကြီးပွားမြဲ ကြီးပွားချမ်းသာကာ ဝမ်းမြောက်နိုင်ကြပါစေ။
... (ဤသည်တို့မှာ ဩဒိသမုဒိတာ ၇-ပါး၊ ပေါင်း ၁၂-ပါးဖြစ်သည်။)

အရပ်ဆယ်မျက်နှာလုံးမှာဆိုတော့ မုဒိတာပေါင်း ၁၂၀-ဖြစ်ပါတယ်၊ အဲဒီ ၁၂၀-ကတော့ အရပ်ဆယ်မျက်နှာနဲ့ ဖြန့်တာမို့ ဒိသာဖရဏမုဒိတာလို့ ခေါ်ပါတယ်၊ ပထမပွားခဲ့တဲ့ အနောဒိသ၊ ဩဒိသမုဒိတာ ၁၂-ပါးနဲ့ ပေါင်းလိုက်ယင် မုဒိတာပေါင်း ၁၃၂-ပါး ဖြစ်ပါတယ်၊ ... ဈာန်မရပဲနဲ့ ယခုပြောခဲ့တဲ့အတိုင်း ပွားတာကတော့ ပါရမီဖြစ် ကုသိုလ်ဖြစ်မျှပါပဲ

ဗြဟ္မစိုရ်တရားတော် တတိယပိုင်း ပြီး၏။

ဒီနေ့ဟောမည့် တရားတော်ကတော့ လွန်ခဲ့တဲ့ ၃-နှစ်က ဟောခဲ့တဲ့ ဗြဟ္မစိုရ် တရားတော်ရဲ့အဆက်ပါပဲ၊ အဲဒီ ၃-နှစ်က ဟောခဲ့တာဟာ ပထမ, ဒုတိယ, တတိယ ပိုင်းရှိပြီ၊ ယခုဟောမှာက စတုတ္ထပိုင်းပေါ့၊ အလျင် ၃-ပိုင်းမှာတော့ မေတ္တာ, ကရုဏာ, မုဒိတာ, ပွားများပုံကို ဟောခဲ့တယ်၊ စတုတ္ထပိုင်းမှာတော့ နောက်ဆုံးဖြစ်တဲ့ ဥပေက္ခာပွားပုံကို ဟောရမယ်။

ဥပေက္ခာဆိုတာ ဘက်မလိုက်ပဲ အညီအမျှရှုတဲ့သဘောပါပဲ၊ ဒါကြောင့် -

“ဥပပတ္တိတော ယုတ္တိတော - အသင့်အလျော် အညီအမျှအားဖြင့်၊
ဣက္ခတီတိ - ရှုတတ်သောကြောင့်၊
ဥပေက္ခာ - ဥပေက္ခာမည်တယ်”

လို့ ပြဆိုထားကြတယ်။

အဲဒါကို လျစ်လျူရှုပုံကတော့ ၁၀-မျိုးတောင် ရှိပါတယ်၊ ဒါကြောင့် -အဋ္ဌကထာမှာ ဒီဥပေက္ခာကို ၁၀-မျိုးခွဲပြီး ပြထားပါတယ်။

အဲဒီ ၁၀-မျိုးက ဘာတွေလဲဆိုယင် ....

(၁) ဆဠင်္ဂုပေက္ခာ,
(၂) ဗြဟ္မဝိဟာရုပေက္ခာ,
(၃) ဗောဇ္ဈင်္ဂုပေက္ခာ,
(၄) ဝီရိယုပေက္ခာ,
(၅) သင်္ခါရုပေက္ခာ,
(၆) ဝေဒနုပေက္ခာ,
(၇) ဝိပဿနုပေက္ခာ,
(၈) တတြမဇ္ဈတ္တုပေက္ခာ,
(၉) ဈာနုပေက္ခာ,
(၁၀) ပါရိသုဒ္ဓုပေက္ခာဆိုတဲ့ ဒီ ၁၀-မျိုးပါပဲ။

ဒီ ၁၀-မျိုးထဲမှာ အမှတ် (၁) ဆဠင်္ဂုပေက္ခာဆိုတာ အာရုံ ၆-မျိုးအကောင်းနဲ့အဆိုးကို အညီအမျှ ရှုနိုင်တဲ့ သဘောပါပဲ၊ အဲဒါဟာ ရဟန္တာရဲ့ ဂုဏ်ထူးပါပဲ၊ ဒါပေမယ့် ဝိပဿနာယောဂီလဲ သင်္ခါရုပေက္ခာဉာဏ် ဖြစ်ခိုက်မှာ ဒီဆဠင်္ဂုပေက္ခာနဲ့ အညီအမျှ ရှုနေပုံကို ထင်ရှားစွာ တွေ့နိုင်ပါတယ်။

အမှတ်(၂) ဗြဟ္မဝိဟာရုပေက္ခာဆိုတာကတော့ ယခု ဟောမည့် ဥပေက္ခာပါပဲ၊ ဒါကြောင့် သူ့ကို တော်တော်ကြာမှ အကျယ်ချဲ့ပြီး ဟောရမယ်။

အမှတ် (၃) ဗောဇ္ဈင်္ဂုပေက္ခာ ဆိုတာကတော့ ဗောဇ္ဈင် ၇-ပါးထဲက နောက်ဆုံးဖြစ်တဲ့ ဥပေက္ခာ သမ္ဗောဇ္ဈင်ပါပဲ၊ တရားကိုယ်အားဖြင့်တော့ တတြမဇ္ဈတ္တတာစေတသိက်ပါပဲ၊ သူက သူနဲ့ အတူတကွဖြစ်တဲ့ ယှဉ်ဖော်ယှဉ်ဖက် တရားတွေကို မယုတ် မလွန် ညီမျှစေတယ်၊ ဒါကြောင့် သူ့ကို “သမဝါဟိတလက္ခဏာ - ယှဉ်ဖက် တရားတွေကို အညီအမျှ ဖြစ်စေခြင်း လက္ခဏာရှိတယ်” လို့ အဘိဓမ္မာ ကျမ်းဂန်တွေမှာ ပြဆိုထားပါတယ်၊

ဒါပေမယ့် ဒီဥပေက္ခာဗောဇ္ဈင်ရဲ့ ဖြစ်ပုံကို သုတမယ, စိန္တာမယမျှနဲ့တော့ ကောင်းကောင်း သဘောပေါက်ဖို့ မလွယ်ပါဘူး၊ ဝိပဿနာရှုကြည့်မှ ကိုယ်တွေ့ အားဖြင့် ကောင်းကောင်း သဘောပေါက်တတ်ပါတယ်၊ ဝိပဿနာ ယောဂီဟာ ဥဒယဗ္ဗယဉာဏ်ရောက်တဲ့အခါ ညီမျှစေတဲ့ ဒီဥပေက္ခာရဲ့သဘောကို “ရှဉ်းစုံ ကောင်းတဲ့ နွားလှည်း မောင်းနေ ရသလို” ပဲ ထင်ရှားတွေ့ရပါတယ်။

အမှတ် (၄) ဝီရိယုပေက္ခာဆိုတာကတော့ သမထဝိပဿနာဘာဝနာ အချိုးကျနေတဲ့ အခါမှာ မယုတ်မလွန် ညီမျှနေတဲ့ ဝီရိယုပေက္ခာပါပဲ၊ ဒါကလဲ ဘာဝနာအလုပ်ကို ကျကျနနအားထုတ်သူမှ ကောင်းကောင်း ထင်ရှားတတ်ပါတယ်။

အမှတ် (၅) သင်္ခါရုပေက္ခာဆိုတာကတော့ သင်္ခါရတရားတွေကို အညီအမျှရှုတဲ့ သဘောပါပဲ။

အမှတ် (၆) ဝေဒနုပေက္ခာ, အမှတ် (၇) ဝိပဿနုပေက္ခာဆိုတာကတော့ ဝိပဿနာ ရှုနေတဲ့ယောဂီမှာ အနိစ္စ, ဒုက္ခ, အနတ္တသဘောတွေကို ကောင်းကောင်းမြင်ပြီးတဲ့ အခါ အဲဒါကို မစူးစမ်း မဆင်ခြင်တော့ပဲ ရုပ်နာမ်တရားတို့၏ အဖြစ်အပျက်ကို သိရုံ သိရုံကလေး အညီအမျှရှုသွားတဲ့ ဝိပဿနာဉာဏ်ပါပဲ၊ ဒါကလဲ ဥဒယဗ္ဗယဉာဏ် ရောက်ဖူးတဲ့သူမှ ကိုယ်တွေ့အားဖြင့် ထင်ရှားသိနိုင်ပါတယ်။

အမှတ် (၈) တတြမဇ္ဈတ္တုပေက္ခာဆိုတာကတော့ အမှတ် (၃) တုန်းက ပြောခဲ့တဲ့ တတြမဇ္ဈတ္တတာ စေတသိက်ပါပဲ၊ သူက ဒါန, သီလစသော ကုသိုလ်အမှုကို ကြံတိုင်း, ပြောတိုင်း, ပြုတိုင်း ပါဝင်ပြီးဖြစ်နေပါတယ်၊ ဒါပေမယ့် သာမန်ကုသိုလ်တွေ ဖြစ်ခိုက်မှာတော့ မထင်ရှားဘူး၊ ထက်သန်တဲ့ ဘာဝနာ ကုသိုလ်စိတ်ဖြစ်ခိုက်မှာမှ သူကထင်ရှားတယ်။

အမှတ် (၉) ဈာနုပေက္ခာ ဆိုတာကတော့ တတိယဈာန်နဲ့ယှဉ်တဲ့ တတြမဇ္ဈတ္တတာ စေတသိက်ပါပဲ။

အမှတ် (၁၀) ပါရိသုဒ္ဓုပေက္ခာဆိုတာလဲ စတုတ္ထဈာန်နဲ့ယှဉ်တဲ့ အဲဒီ စေတသိက်ပါပဲ၊ ဈာန်နဲ့ယှဉ်တဲ့ ဒီဥပေက္ခာ ၂-မျိုးကတော့ အဲဒီဈာန်တွေရတဲ့သူမှ ထင်ရှားသိနိုင်မယ်၊ ဒါကြောင့် ဒါတွေကိုတော့ အကျယ်မပြောပါဘူး။

ယခု ပြောခဲ့တဲ့ ဥပေက္ခာ ၁၀-မျိုးထဲမှာ ယနေ့ဟောရမှာကတော့ အမှတ် (၂) မှာပါတဲ့ ပြခဲ့တဲ့ ဗြဟ္မဝိဟာရုပေက္ခာပါပဲ၊

ဒီဥပေက္ခာရဲ့သဘောကတော့ သတ္တဝါတွေဟာ ကိုယ်တိုင်ပြုလုပ်ထားတဲ့ ကံအား လျော်စွာ ဖြစ်နေကြတာပဲလို့ ဘက်မလိုက်ပဲ မျှမျှတတ နှလုံးသွင်းတဲ့သဘော ဖြစ်ကြောင်းကို ပထမပိုင်းတုန်းက ပြောခဲ့ပါပြီ၊ ဒါကြောင့် သူ့ကိုပွားတဲ့အခါမှာ မေတ္တာ, ကရုဏာ, မုဒိတာတို့လို သတ္တဝါတွေအား အကျိုးပြုတဲ့အနေနဲ့ ပွားရတာ မဟုတ်ဘူး၊

“သဗ္ဗေသတ္တာကမ္မသကာ” လို့ ဆိုတဲ့အတိုင်း သတ္တဝါတွေဟာ သူတို့ကိုယ်တိုင် ပြုထားတဲ့ အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြတာပဲ၊ ကောင်းတဲ့အမှုကံကို ပြုတဲ့ သူတွေဟာ ကောင်းစားချမ်းသာကြမှာပဲ၊ ဆိုးတဲ့အမှုကံကို ပြုသူတွေဟာ ဆင်းရဲဒုက္ခ ရောက်ကြမှာပဲ၊ သူ့ကံနဲ့သူ, သူ့အမှုနဲ့သူပဲလို့ ဒီလို လျစ်လျူရှုပြီး ပွားရပါတယ်။

ဒီလိုဆိုတော့ ဥပေက္ခာက “ဘယ်သူသေသေ ငတေမာယင်ပြီးရော့” ဆိုတာလို သူတပါး၏ အကျိုးစီးပွားကို ဆောင်ရွက်တဲ့သဘော မပါတဲ့အတွက် မကောင်းတဲ့ တရား, စိမ်းကားတဲ့တရားပဲလို့ အချို့က အပြစ်တင်ချင်လဲ တင်ကြပေလိမ့်မယ်၊ အမှန်ကတော့ ဒီလိုလဲ အပြစ်မတင်ထိုက်ပါဘူး၊ ဒီဥပေက္ခာက နေရာတိုင်းမှာ ပွားရတာ မဟုတ်ပါဘူး၊ အခြားနည်းနဲ့မဖြစ်တဲ့ သူ့နေရာမှာသာ ပွားရတဲ့တရား ဖြစ်ပါတယ်။

ဘယ်နေရာမှာလဲဆိုယင် ပထမပိုင်းတုန်းက ပြောခဲ့တဲ့အတိုင်း မေတ္တာ, ကရုဏာ, မုဒိတာတို့ဖြင့် မဆောင်ရွက်နိုင်တဲ့ နေရာမှာသာ ပွားရတယ်၊ ဘယ်လိုလဲဆိုယင် မေတ္တာ, ကရုဏာ, မုဒိတာတို့ကို ပွားပြီး တတိယဈာန်ကိုရပြီး ဖြစ်တဲ့သူဟာ စတုတ္ထဈာန်ကို တက်ချင်ယင် ဒီဥပေက္ခာကို ပွားမှသာ တက်နိုင်ပါတယ်၊ ဒါကြောင့် သမထဈာန်လမ်းအရဆိုလျှင် ဒီနေရာမှာသာ ပွားရပါတယ်။

လောကရေးဘက်က ဆိုယင်တော့ တတ်နိုင်လို့ရှိယင် အခြားသူတွေရဲ့ ချမ်းသာရေး အတွက် မေတ္တာ, ကရုဏာ, မုဒိတာနဲ့ အစွမ်းကုန် ကူညီဆောင်ရွက်ရပါတယ်၊ ဒါပေမယ့် ဘယ်နည်းနဲ့မှ ကူညီဆောင်ရွက်ခွင့် မရှိတော့တဲ့ အခြေအနေ ကျရောက်တော့ ဒီဥပေက္ခာနဲ့ပဲ အသင့်အတင့် နှလုံးသွင်းရတယ်၊ ဒါမှ စိတ်သက်သာရာ ရနိုင်တယ်၊

ဥပမာ - ဆွေမျိုးမိတ်ဆွေဖြစ်တဲ့ သူတယောက်ရာဇဝတ်မှုနဲ့ အရေးယူခံနေရတယ် ဆိုပါတော့၊ အဲဒီကိစ္စမှာ တတ်နိုင်မယ်ဆိုယင် အဲဒီလွတ်မြောက်ရေးအတွက် အစွမ်းကုန်ဆောင်ရွက်ရပါတယ်၊ ဒါပေမယ့် တရားရုံးတော်က ပြစ်မှုထင်ရှားတယ် ဆိုပြီး အဆုံးသတ်စီရင်ချက် ချလိုက်တဲ့ အခါကျတော့ မေတ္တာ, ကရုဏာ, မုဒိတာနဲ့ ဆောင်ရွက်ဖို့ အခွင့်အရေးမရှိတော့ဘူး၊

ယခုလောလောဆယ်ဆယ်မှာ အမှုအပြစ် မရှိဘူးလို့ ထင်ရပေမယ့် သူ့မှာ ရှေးဘဝ များက ပြုခဲ့တဲ့ မကောင်းမှုကံရှိနေလို့ ခံရတာပဲလို့ ဒီလို နှလုံးသွင်းပြီး ဖြေရတယ်၊ ဒီလိုဖြေမှပဲ စိတ်သက်သာရာ ရနိုင်ပါတယ်။

ဒီနေရာမှာ သက်သေသာဓက တခုကို ထုတ်ပြချင်တယ်၊

မြတ်စွာဘုရား လက်ထက်တော်တုန်းက သာဝတ္ထိပြည်မှာ မဟာကာလဆိုတဲ့ သောတာပန် ဥပါသကာတယောက် ရှိတယ်၊ အဲဒီဥပါသကာဟာ ဇေတဝန် ကျောင်းတော်မှာ ဥပုသ်စောင့် ညအိပ်ပြီး တရားနာနေရာက နံနက်စောစောထပြီး ဇေတဝန်ကျောင်းတိုက်အဝက ရေကန်မှာ မျက်နှာသစ်နေတယ်၊ အဲဒီအချိန်မှာ သူခိုး လိုက်ဖမ်းကြတဲ့ လူတစုက မဟာကာလရဲ့အနီးမှာ သုခိုးက ပစ်ချခဲ့တဲ့ ခိုးရာပါ ပစ္စည်းနှင့်တကွ တွေ့ရတဲ့အတွက် သူ့ကို သူခိုးထင်ပြီး ဝိုင်းရိုက်ကြလို့ မဟာကာလ ဥပါသကာဟာ သေဆုံးသွားရရှာတယ်။

အဲဒီအခါမှာ ရဟန်းတော်များက မဟာကာလဟာ ဥပုသ်စောင့်ပြီး ကျောင်းမှာပဲ ညအိပ်တရားနာနေတဲ့ သူတော်ကောင်းစစ်စစ် ဖြစ်ပါလျက်နဲ့ သူခိုးလို့အစွဲခံရ အသတ်ခံရတာဟာ မသင့်လျော်တဲ့အကြောင်း မြတ်စွာဘုရားကို လျှောက်ထား ကြတယ်။

ဒီတော့ မြတ်စွာဘုရားက ပစ္စုပ္ပန်အခြေအနေရအရ မသင့်လျော်သော်လဲ သူ၏ ရှေးကံအရ ဆိုလျှင်တော့ သင့်လျော်တဲ့အကြောင်း မိန့်တော်မူပါတယ်။

သင့်လျော်ပုံကတော့ ဒီလိုတဲ့၊ မဟာကာလဟာ တခုသောဘဝတုန်းက လမ်းဒမြတွေ ပေါများတဲ့ တောတခု၏အဝမှာ တောစခန်းစောင့် အရာရှိဖြစ်ခဲ့တယ်၊ အဲဒီ တောစခန်းကို ဖြတ်သန်းလိုတဲ့ ခရီးသည်တွေကို တဘက်မှ တဘက်အရောက် ဘေးရန်ကင်းအောင် သူက စောင့်ရှောက်ပြီး ပို့ဆောင်ပေးရတယ်၊

တနေ့သောအခါမှာ လူတယောက်ဟာ ရုပ်ရည်အဆင်း လှပတဲ့ ဇနီးနှင့်တကွ လှည်းယာဉ်ကလေးစီးပြီး အဲဒီတောစခန်းဝကို ရောက်လာတယ်၊ တောစခန်း စောင့်က အဲဒီလူရဲ့ ဇနီးချောကလေးကို လိုချင်တာနဲ့ သူ့အိမ်မှာ တညအိပ်စေပြီး နောက်တရက် ခရီးထွက်တဲ့အခါ ပတ္တမြားပျောက်တယ် မသင်္ကာဘူး ဆိုပြီး အဲဒီ လှည်းကို ရှာဖွေ စစ်ဆေးတယ်၊ စောစောက သူ့ဟာသူထည့်ထားတဲ့ ပတ္တမြားကို တွေ့တဲ့အခါမှာ သူက အဲဒီခရီးသည်ကို ပတ္တမြားသူခိုးလို့ စွဲချက်တင်ပြီး သတ်ခဲ့တယ်။

အဲဒီ မကောင်းမှုကံကြောင့် မဟာကာလအလောင်း တောစခန်းစောင့်ဟာ အဲဒီ ဘဝက နောက်ကာလပတ်လုံး ငရဲဒုက္ခတွေကို အကြီးအကျယ်ခံစားခဲ့ရတယ်၊ ငရဲမှလွတ်ပြန် တော့လဲ အဲဒီကံကြွင်းကြောင့် ဘဝတရာတိုင်တိုင် ဒီပုံဒီနည်းဖြင့် သူခိုး အစွဲခံရပြီး အသတ်ခံခဲ့ရတယ်၊ ဒါကြောင့် ရှေးဘဝက ရက်ရက်စက်စက် ပြုခဲ့တဲ့ သူ့မကောင်းမှုကံ အရဆိုလျှင်တော့ သူခိုးထင်ပြီး မဟာကာလ အသတ်ခံရတာဟာ သင့်လျော် ထိုက်ပါပေတယ်လို့ မြတ်စွာဘုရားက ရှင်းလင်းဟောကြားတော်မူပါတယ်။

ဒါဟာ အပြစ်မရှိပဲ ခံရတယ်လို့ ထင်ရသူအတွက် သူ့ကံနဲ့သူပဲလို့ နှလုံးသွင်း သင့်တယ်လို့ ဆိုရာမှာ သက်သေသာဓက တခုပါပဲ၊ ဒီလို သာဓကဝတ္ထုတွေကတော့ အများကြီးရှိပါတယ်။

ဒီနေရာမှာ ယခုပြောခဲ့တဲ့အတိုင်း သူ့ကံနဲ့သူပဲလို့ အသင့်အတင့် နှလုံးမသွင်းပဲ မျက်မြင်လောက်သာ ကြည့်ပြီး မည်သူ မည်ဝါတွေက မတရားလုပ်တယ်၊ မတရား နှိပ်စက်တယ်၊ အနိုင်ကျင့်တယ် စသည်ဖြင့် အပြစ်တင်မယ် ဆိုယင်တော့ သူတပါးကို ပြစ်မှားတဲ့ ဒေါသအကုသိုလ်တွေလဲ ဖြစ်ပွားမယ်၊ စိတ်ထဲမှာမခံသာတဲ့ စိတ်ဆင်းရဲ တွေလဲ များစွာဖြစ်မယ်၊ သူ့ကံနဲ့သူပဲလို့ ဥပေက္ခာဖြင့် လျစ်လျူရှု လိုက်ယင်တော့ အဲဒီအကုသိုလ်တွေ, စိတ်ဆင်းရဲတွေဟာ အကုန်လုံးငြိမ်းပြီး စိတ်အေးချမ်းခြင်းသုခကို ရနိုင်ပါတယ်။

နောက်ပြီးတော့ ဥပေက္ခာနဲ့ တရားမျှတစွာ နှလုံးသွင်းတာဟာ တရားသူကြီးများ အတွက်ဆိုယင်လဲ အံကျကိုက်ပြီး အလွန်ပင်သင့်လျော်ပါတယ်၊ တရားသူကြီး များဟာ တရားလိုနဲ့ တရားခံ မည်သူ့ကိုမျှကွက်ပြီး မေတ္တာ, ကရုဏာ, မုဒိတာဖြင့် အခွင့်အရေး မပေးသင့်ဘူး၊ ဒီလူကို ချမ်းသာစေချင်တယ်၊ ဟိုလူကိုသနားတယ်၊ ဟောဒီလူကိုတော့ ချမ်းသာမြဲ ချမ်းသာစေချင်တယ်ဆိုပြီး တဘက်သတ် အခွင့်အရေးပေးလိုက်ယင် ဆန္ဒာဂတိနှင့် မောဟာဂတိ တခုခုဖြစ်သွားလိမ့်မယ်၊

ဒါကြောင့် သူ့အမှုကံနဲ့သူပဲလို့ လျစ်လျူရှုပြီး အမှုမှန်အတိုင်း တရားမျှတစွာ ဖြစ်အောင်သာ ဘက်မလိုက်ပဲ စစ်ဆေးဆောင်ရွက်သင့်ပါတယ်၊ ဒီလိုပဲ ဆောင်ရွက် နေကြတယ်လို့လဲ ကြားသိရပါတယ်၊ ဒါကြောင့် ဒီဥပေက္ခာဟာ တရား စီရင်ရာမှာလဲ အလွန်သင့်လျော်တယ်လို့ မှတ်ယူသင့်ပါတယ်။

အမှန်စင်စစ်ကတော့ ဥပေက္ခာဘာဝနာဆိုတာ မေတ္တာ, ကရုဏာ, မုဒိတာတို့ဖြင့် တတိယဈာန်ကို ရပြီးမှ စတုတ္ထဈာန်ရဖို့ ပွားများတဲ့တရားဖြစ်ပါတယ်၊ ဒါပေမယ့် ဥပေက္ခာကို ပွားများယင် ခုနကပြောခဲ့တဲ့အတိုင်း အပြစ်ကင်းပြီး စိတ်သက်သာရာလဲ ရနိုင်ပါတယ်၊ ပါရမီကုသိုလ်ကိုလဲ ဖြစ်ပွားနိုင်ပါတယ်၊ ဒါကြောင့် -

(ကရုဏာ, မုဒိတာပွားပုံကို ဟောတုန်းကလိုပဲ)

ဩဒိသ, အနောဒိသ, ဒိသာဖရဏနည်းများဖြင့် ဥပေက္ခာကိုလဲပွားများ လိုက်ကြဦးစို့၊ ဘုန်းကြီးက အသံထုတ်ပြီးပွားများမယ်၊ တရားနာနေတဲ့ ဓမ္မမာမကပုဂ္ဂိုလ်တွေ အားလုံးကလဲ စိတ်နဲ့လိုက်ပြီး ဥပေက္ခာကို ပွားများကြပါ။

အားလုံးသတ္တဝါတွေ ကိုယ့်အမှုကံသာလျှင်ကိုယ်ပိုင် ဥစ္စာရှိကြပါတကား၊
အားလုံးအသက်ရှိသူတွေ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား၊
အားလုံးထင်ရှားရှိသူတွေ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား၊
အားလုံးပုဂ္ဂိုလ်တွေ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား၊
အားလုံးခန္ဓာကိုယ်အတ္တဘောရှိသူတွေ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါ တကား၊

ဒါက အနောဒိသဥပေက္ခာ ၅-ပါးတဲ့။

အားလုံးအမျိုးသမီးတွေ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား၊
အားလုံးအမျိုးသားတွေ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား၊
အားလုံးအရိယာပုဂ္ဂိုလ်တွေ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား၊
အားလုံး ပုထုဇဉ်တွေ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား၊
အားလုံးနတ်ဗြဟ္မာတွေ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား၊
အားလုံးလူသားတွေ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား၊
အားလုံးအပါယ်ဘုံသူ အပါယ်ဘုံသားတွေ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား၊

ဒါက ဩဒိသဥပေက္ခာ ၇-ပါး၊ ခုနက ၅-ပါးနဲ့ ပေါင်းလိုက်ယင် ဥပေက္ခာပေါင်း ၁၂-ပါး ဖြစ်ပါတယ်။

ဒီနည်းအတိုင်းပဲ အရှေ့အရပ်က အားလုံးသတ္တဝါတွေ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကားစသည်ဖြင့် တူရူအရပ်က ၄-မျက်နှာ, အထောင့် အရပ်က ၄-မျက်နှာ, အောက်အရပ်က တမျက်နှာ, အထက်အရပ်က တမျက်နှာ ဆိုတဲ့ အရပ်ဆယ်မျက်နှာမှာလဲ ဥပေက္ခာ ၁၂-ပါးစီ ပွားနိုင်ပါတယ်၊ အဲဒါတွေက တဆယ်_၁၂-လီဆိုတော့ ဥပေက္ခာ ၁၂၀-ဖြစ်ပါတယ်

အဲဒီ ၁၂၀-ကတော့ အရပ်မျက်နှာနဲ့ ဖြန့်တာမို့ ဒိသာဖရဏဥပေက္ခာလို့ ခေါ်တယ်၊ ပထမပွားခဲ့တဲ့ အနောဒိသ, ဩဒိသဥပေက္ခာ ၁၂-ပါးနဲ့ ပေါင်းလိုက်ယင် ဥပေက္ခာပေါင်း ၁၃၂-ပါး ဖြစ်ပါတယ်၊ အဲဒါတွေဟာ ဝိသုဒ္ဓိမဂ်ကျမ်းမှာ ပြထားတဲ့ မေတ္တာပွားပုံ နည်းမှီပြီးပြတဲ့ ဥပေက္ခာပွားပုံတွေပါပဲ။

ဥပေက္ခာ ၁၃၂-ပါး ပွားပုံတွေဟာ အမှန်စင်စစ်ကတော့ ဥပေက္ခာ ကမ္မဋ္ဌာန်းနဲ့ စတုတ္ထဈာန်ကို ရပြီးမှ ဈာန်ကစားတဲ့ အခြင်းအရာတွေသာဖြစ်ပါတယ်၊ ဒါပေမယ့် သတ္တဝါတွေဟာ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကားလို့ အဖန်ဖန် နှလုံးသွင်းနေယင် မကောင်းမှုကိုရှောင်ကြဉ်လိုတဲ့ စိတ်တွေလဲဖြစ်မယ်၊ ကောင်းမှုကို ပြုလိုတဲ့စိတ်တွေလဲ ထက်သန်လာမယ်၊ ဒါကြောင့် ဈာန်မရပဲနဲ့ ဒီဥပေက္ခာကို ပွားတာလဲ အပြစ်ကင်းပြီး ကုသိုလ်တရားပွားများခြင်း အကျိုးရှိပါတယ်။

နောက်ပြီးတော့ အားလုံး ကံတရားအတိုင်းပဲလို့ နှလုံးသွင်းနေတဲ့အတွက် မရနိုင်တဲ့ အခွင့်အရေး မျှော်လင့်တောင့်တခြင်းလဲ ကင်းမယ်, အဆင်မပြေတာ ရှိယင်လဲ ကံတရားအတိုင်းပဲလို့ ဆင်ခြင်ပြီး စိတ်သက်သာရာရမယ်၊ နောက်ပြီးတော့ နတ်, သိကြား, ဗြဟ္မာ, ဂိုဏ်းဆရာစသော သူတပါးကို အားမကိုးပဲ ကြီးပွားချမ်းသာရန် နည်းလမ်းမှန်ဖြစ်တဲ့ အလုပ်အကိုင်ကိုသာ အားကိုးပြီးတော့လဲ လုပ်ကိုင်မယ်၊ ဒီလို လု ပ်ကိုင်တဲ့အတွက် မျက်မှောက်မှာလဲ စီးပွားဥစ္စာတွေကို ရသွားနိုင်ပါတယ်၊ ဒါကြောင့် အဘိဏှသုတ်မှာ မြတ်စွာဘုရားက ကိုယ့်ကိုယ်ကိုလဲ ဒီနည်းအတိုင်း ဆင်ခြင်ဖို့ ညွှန်ကြားတော်မူခဲ့တယ်။

ငါ့မှာ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိတယ်၊ ကံ ၏အမွေခံဖြစ်တယ်၊ ကံသာလျှင် ချမ်းသာဖို့, ဆင်းရဲဖို့ အကြောင်းရှိတယ်၊ ကံသာလျှင် ဆွေမျိုးအစစ်ရှိတယ်၊ ကံသာလျှင် အားကိုးရာရှိတယ်၊ ကောင်းမှုကံကိုပြုလျှင် ကောင်းကျိုးအမွေကို ခံစံရမယ်၊ မကောင်းကံကိုပြုလျှင် မကောင်းကျိုး အမွေဆိုးကို ခံစံရမယ်လို့ အဖန်တလဲလဲ ဆင်ခြင်ပါတဲ့၊ ဒါကြောင့် ယခု မိမိ ကိုယ်တိုင်ပါ တလောကလုံးက သတ္တဝါတွေကို အာရုံပြုပြီး ဥပေက္ခာကို ပွားများလိုက်ကြဦးစို့။

တလောကလုံးရှိ သတ္တဝါတွေအားလုံးဟာ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား။

ဒီဥပေက္ခာကို ပွားများခြင်းဖြင့် ကိုယ့်အမှုကံကိုသာ အားကိုးပြီး ကုသိုလ်ကံကို ပြုစုပွားများနိုင်ကြပါစေ။

စီးပွားချမ်းသာဖြစ်ကြောင်း အလုပ်အကိုင်တို့ကိုလဲ ကြိုးစား အားထုတ်ပြုလုပ် နိုင်ကြပါစေ။

ထိုသို့ ပြုလုပ်နိုင်ခြင်းကြောင့် မျက်မှောက်, တမလွန် သံသရာ နှစ်ဖြာလုံး၌ အလိုရှိအပ်သော လောကီ, လောကုတ္တရာ ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်း တို့နှင့် ပြည့်စုံကြပါစေ။

သာဓု … သာဓု … သာဓု …

ဘာရသုတ္တန် တရားတော်

ဆရာတော်ဘုရားကြီးသည် သံယုတ္တနိကာယ် ခန္ဓဝဂ္ဂသံယုတ္တပါဠိတော်လာ ဘာရတ္တန်ကို အကျယ်တဝင့် ဖွင့်ချဲ့၍ သက္ကရာဇ် ၁၃၂၈-ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့နှင့် တန်ဆောင်မုန်းလကွယ်နေ့တို့က ရန်ကုန်မြို့သာသနာ့ရိပ်သာ ဖလ်ယဉ်ဓမ္မာရုံ၌ ဟောတော်မူခဲ့လေသည်။

ယင်း ဘာရသုတ္တန်တရားတော်ကို ရဟန်း, ရှင်, လူများစွာတို့ နာယူကြလေသည်၊ ဆရာတော် ဘုရားကြီးသည် ခန္ဓာငါးပါးဟူသော ဝန်ထုပ်, ဝန်ပိုးကြီးဟု ပေါ်ထင် လာအောင် လည်းကောင်း၊ ယင်းခန္ဓာငါးပါးကို ငြီးငွေ့ စက်ဆုပ်လာအောင် လည်းကောင်း ထိမိ ပိုင်နိုင်စွာ ဟောတော်မူခဲ့လေသည်၊

ယင်းသို့ ဟောကြားစဉ် ဓမ္မမာမကပုဂ္ဂိုလ်တို့က တိပ်ကြိုးခွေဖြင့် ဖမ်းယူကြလေသည်၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသိန်းအောင်သည် ယင်း တရားတော်ကြီးကို တိပ်ခွေမှ ကူးယူပြီး တိုက်ပရိုက်တာဖြင့် ရိုက်နှိပ်ပြီး ဆရာတော် ဘုရားကြီးအား ဆက်ကပ်ခဲ့လေသည်၊ ဆရာတော်ဘုရားကြီးသည် ယင်းစာမူကို သုတ်သင်တည်းဖြတ်ပြီး ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် အား ပေးလေရာ ၁၃၃၁-ခုနှစ်က ကမ္ဘာအေးဗုဒ္ဓသာသနာအဖွဲ့ ပုံနှိပ်တိုက်တွင် စာအုပ်ရေ ၁၀ဝဝဝ (တသောင်း) ရိုက်နှိပ်၍ မင်္ဂလာဦးအောင်မြင့်က ထုတ်ဝေခဲ့လေသည်၊ ယင်း ဘာရသုတ္တန် တရားတော်၌ -

ဝန်ထုပ်ဆိုတာ, ငါးခန္ဓာ, လွန်စွာ လေးလှသည်၊
ဝန်ထမ်းခေါ်လတ်, ပုဂ္ဂိုလ်မှတ်, ပညတ်သာဖြစ်သည်၊
ဝန်ကိုယူက, ဆင်းရဲစွ, ပစ်ချ ချမ်းသာသည်၊
မြစ်ရင်းပါဖျက်, တပ်မက်ပယ်လျှင်၊
ဆာလောင်တောင့်တ, လုံးဝ ကင်းစင်၊
ဝန်ဟောင်း စွန့်ပစ်, ဝန်သစ်မတင်၊
ပူခပ်သိမ်း, အေးငြိမ်း နိဗ္ဗာန်ဝင်။

ဟူသော ဆောင်ပုဒ် သံပေါက် ရှစ်လုံးဖွဲ့ကဗျာများဖြင့် တရားတော်ကို သဘော ပေါက်အောင် ဖော်ပြတော်မူခဲ့လေသည်၊ ယင်း ဘာရသုတ္တန် တရားတော်ကြီးသည် ကရောင်း ၁၆-ချိုးစာအုပ် စာမျက်နှာ ၁၈၄-ရှိလေသည်။

ဂမ္ဘီရံ ဘာရသုတ္တမ္ပိ, ယတိသေဋ္ဌော မဟာကဝိ၊
ဒေသယီ မဟာစည်ဝှယေ, ယောဂီနံ သုဟိတာဝဟံ။

ပဉ္စစတ္တာလီသတိမပိုင်း

မဟာစည် သတိပဋ္ဌာန်
အဖွဲ့လုံးဆိုင်ရာ စည်းမျဉ်းများ

ဆရာတော်ဘုရားကြီးသည် ဘုရားမြတ်စွာ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကို အလွန်အလိုရှိ လွန်စွာ အလိုရှိတော်မူလေသည်၊ သာသနာ့ ဝန်ထမ်းများ ပရိယတ်, ပဋိပတ်ကို လုံးပမ်း ကြိုးကုတ် အားထုတ်တော်မူကြရာ မဂ်, ဖိုလ်, နိဗ္ဗာန်ဟူသော ပဋိဝေဓသို့ ဆိုက်ရောက်စေလိုသော သမ္မာဆန္ဒ အပြည့်အဝ ရှိတော်မူသည်၊ သို့ဖြစ်ရာ ဆရာတော်သည် ဖော်ပြပါ မဟာစည်သတိပဋ္ဌာန် အဖွဲ့လုံး ဆိုင်ရာ စည်းမျဉ်းများကို ကြီးမားသော ဆန္ဒတော်ဖြင့် ရေးဆွဲ ထုတ်ဖော်တော်မူခဲ့ လေသည်။

မဟာစည်ဆရာတော်ဘုရားကြီး၏ ဩဝါဒကထာ

ဆရာတော်သည် မဟာသတိပဋ္ဌာန် ဝိပဿနာ လုပ်ငန်းတရားကို ၁၃၀ဝ -ပြည့် နှစ်မှစ၍ အထင်အရှား ဟောကြားညွှန်ပြ လာခဲ့ပေသည်၊ ဤသို့ ညွှန်ပြဟောကြား ရာတွင် သက်ဝင်ယုံကြည်ကာ လိုက်နာ၍ အားထုတ်ကြသော သမ္မာဆန္ဒရှိသူ ရဟန်း ရှင် လူ အပေါင်း ထောင်သောင်း များစွာတို့မှာ အဖိုးမဖြတ်နိုင်အောင် ကောင်းမြတ်သော ဝိပဿနာ၏ အကျိုးကျေးဇူးကို လက်ငင်းပင် ခံစားနေရကြောင်း ကောင်းကောင်း အားထုတ်ဖူးသူတို့အား ထင်ရှားလျက် ရှိပေသည်။

ဤရဟန်းရှင်လူအပေါင်း ထောင်သောင်း များစွာထဲမှ ဟောပြောနိုင်သော စွမ်းရည် သတ္တိနှင့် သမ္မာဆန္ဒ ဝီရိယဓာတ်ခံ ထက်သန်စွာရှိကြသော ရဟန်းပုဂ္ဂိုလ်, လူပုဂ္ဂိုလ်တို့ကလည်း မိမိတို့ကဲ့သို့ပင် ဝိပဿနာ ၏ အကျိုးများကို ခံစားနိုင်စေရန် အလို့ငှါ ဆိုင်ရာဆိုင်ရာ အရပ်ဒေသများတွင် တဆင့်ဟောကြား ညွှန်ပြကြ သောကြောင့် တစတစနှင့် တိုးပွားလာသော မဟာစည် သတိပဋ္ဌာန်ဌာနခွဲများမှာ ယခု အချိန်အခါ၌ တရာခန့်အထိ ရှိနေလေသည်။

ဤမျှ များပြားသော တပည့်ယောဂီများနှင့် ဌာနခွဲများအတွက် ဟောကြား ညွှန်ပြ ဆုံးမရန် အလို့ငှါ ဆရာတော်ထံမှ မဟာသတိပဋ္ဌာနသုတ်စသော ဓမ္မလက်ဆောင် တို့ကိုသာ ပေးရသေးသည်၊ စည်းမျဉ်း ဥပဒေဟူသော ဝိနယလက်ဆောင်ကိုကား မပေးရသေးပေ။

ဤသို့ ဝိနယမဖက်ဓမ္မသက်သက်ဖြင့်သာ ဟောကြားညွှန်ပြ ဩဝါဒပေးနေ သော်လည်း ထိုမျှများပြားသော မဟာစည်သတိပဋ္ဌာန် ဌာနများတွင် ယခုထက် တိုင်အောင် ပြောပလောက်သော ချွတ်ယွင်းချက်များ မပေါ်ခဲ့ခြင်းမှာ ဆရာရော တပည့်ပါ ဝိပဿနာကို ရိုသေလေးစားခြင်းကြောင့်ပင် ဖြစ်သည်ဟု ယုံကြည် ရပေသည်၊ သို့ဖြစ်၍ ဤနည်းအတိုင်းသာ ဝိပဿနာဓမ္မကို ရိုသေလေးစား သွားကြမည်ဆိုလျှင် မဟာစည်သတိပဋ္ဌာန်ဌာနများတွင် မည်သည့်အခါမျှ ပြောပ လောက်သော ချွတ်ယွင်းချက်များ ပေါ်လာနိုင်ဖွယ် မရှိဟု ထင်ရလောက်ပေသည်။

သို့ရာတွင် သက်ဆိုင်ရာ ပုဂ္ဂိုလ်တို့ကိုယ်တိုင် မမြင်နိုင်သော အသေးအမွှား ချွတ်ယွင်းချက်ကလေး များမှာမူကား ရှိနိုင်သေးသည်၊ ထို့ပြင် အသစ်ဖြစ်သော ဌာနခွဲများသည်ကိုလည်း မကြာမီ ကာလအတွင်း၌ပင် ဆထက်ထမ်းပိုးများစွာ တိုးလာမည်မှာ သေချာလျက်ရှိပေသည်၊ ဤသို့ များပြားလှစွာသော ဌာနခွဲတွေ တိုးပွားလာသောအခါမှာ လိုက်နာစရာ စည်းမျဉ်းများ သတ်မှတ်၍ မထားပါက ဆရာများမှာလည်း ညွှန်ကြားရန် မလွယ်ကူမည့်အပြင် တပည့်များမှာလည်း လိုက်နာရန် ခက်ခဲလျက် ချွတ်ယွင်းချက်များ ဖြစ်ပွားနိုင်ဖွယ်ရာ အကြောင်းလည်း ရှိပေသေးသည်။

သို့ဖြစ်၍ အဆိုပါ မမြင်နိုင်သော ချွတ်ယွင်းချက်ကလေးမျ ားနှင့် ဖြစ်ပွားစေနိုင်သော အကြောင်း အချက်များကို စည်းမျဉ်းဖြင့် ကာကွယ်ထားရလျှင် သတိပဋ္ဌာန်ဘာဝနာ ဤဝိပဿနာလုပ်ငန်းကြီးသည် အပြစ်ကင်း၍ သန့်ရှင်းစွာအရှည်တည်တံ့ သွားနိုင် လိမ့်မည်ဟု မိမိစိတ်တွင် ထင်မြင်မျှော်လင့်မိပေသည်၊

ထို့ကြောင့် မဟာစည်သတိပဋ္ဌာန်အဖွဲ့ထဲတွင် ပဓာနဖြစ်သော ကမ္မဋ္ဌာန်း ဆရာတော်များနှင့် ဆွေးနွေးတိုင်ပင် ဆင်ခြင်စဉ်းစားပြီးလျှင် မဟာစည် သတိပဋ္ဌာန် တဖွဲ့လုံး စောင့်သုံးရန်အတွက် ဤစည်းမျဉ်းများကို ရေးသား၍ ထုတ်ပြန်ရပေသည်။

သို့ရာတွင် မိမိ၏သဘောအတိုင်း ကြံဖန်၍ ရေးသားထားသည်ကား မဟုတ်ပေ။ ယောဂီပုဂ္ဂိုလ်များနှင့် ကမ္မဋ္ဌာန်းဆရာများမှာ ရှိသင့်ရှိထိုက်သော ကျင့်ဝတ်ဂုဏ်ထူး များကိုပင် မြတ်စွာဘုရား ဟောကြား ပညတ်တော်မူအပ်သော ဓမ္မနှင့် ဝိနယတို့မှ ထုတ်ဖော်၍ ရေးသားခြင်းမျှသာ ဖြစ်ပေသည်။ သို့ဖြစ်၍ ဤစည်းမျဉ်းများကို အသေးစိတ်အားဖြင့် ခွဲခြားဝေဖန်ကြည့်လျှင်-

(၁) ဓမ္မဥပဒေသများ
(၂) ဓမ္မာနုလောမဥပဒေသများ
(၃) ဝိနယဥပဒေသများ
(၄) ဝိနယာနုလောမဥပဒေသများ
(၅) ဓမ္မဝိနယမိဿကဥပဒေသများ-

ဟူ၍ ငါးမျိုးကွဲပြားလျက် ရှိသည်ကို တွေ့ရပေလိမ့်မည်။

(၁) ထိုတွင် ဘုရားဟောတော်မူအပ်သော သုတ်တရားတော်များအရ တိုက်ရိုက် ညွှန်ပြထားသော စည်းမျဉ်းများကို ဓမ္မဥပဒေသများဟု မှတ်ရမည်။

ပုံစံမှာ-ကမ္မဋ္ဌာနာစရိယ ရဟန်းတော်များ စည်းမျဉ်းအပိုဒ်ကြီး (၃) အပိုဒ်လတ် (ခ) သွားလာရေး၊ အပိုဒ်ငယ် (၁) စည်းမျဉ်းသည်ပင်တည်း။

(၂) သုတ်တရားတော်များ၌ တိုက်ရိုက် မဟောအပ်သော်လည်း ထိုသုတ်တရားတော် များနှင့် လျော်ညီစွာ ညွှန်ပြထားသော ဥပဒေသများကို ဓမ္မာနုလောမဥပဒေသများဟု မှတ်ကြရမည်။

ပုံစံမှာ-ကမ္မဋ္ဌာနာစရိယ ရဟန်းတော်များ စည်းမျဉ်းအပိုဒ်ကြီး (၃) အပိုဒ်လတ် (က) နေထိုင်ရေး၊ အပိုဒ်ငယ် (၁) စည်းမျဉ်း စသည်ပင်တည်း။

(၃) မြတ်စွာဘုရား ပညတ်တော်မူအပ်သော ဝိနည်းသိက္ခာပုဒ် တော်များအရ တိုက်ရိုက်ပြထားသော စည်းမျဉ်းများကို ဝိနယ ဥပဒေသများဟု မှတ်ကြရမည်။

ပုံစံမှာ-ကမ္မဋ္ဌာနာစရိယ ရဟန်းတော်များ စည်းမျဉ်းအပိုဒ်ကြီး (၃) အပိုဒ်လတ် (ခ) သွားလာရေး၊ အပိုဒ်ငယ် (၃) စည်းမျဉ်းသည်ပင်တည်း၊ ဤအပိုဒ်ငယ် (၃)၌ သုပ္ပဋိစ္ဆန္န စသော သေခိယသိက္ခာပုဒ်နှင့်တကွ ရူပိယသိက္ခာပုဒ်, ရူပိယသံဝေါဟာရ သိက္ခာပုဒ်, စသည်တို့ကို စောင့်ရှောက်ရန် အကျဉ်းချုံး၍ ပြထားသည်။

(၄) ဝိနည်းသိက္ခာပုဒ်များ၌ တိုက်ရိုက်မဆိုအပ်သော်လည်း ထိုဝိနည်းသိက္ခာပုဒ် များနှင့် လျော်ညီစွာ ညွှန်ပြထားသော စည်းမျဉ်းများကို ဝိနယာနုလောမ ဥပဒေသ များဟု မှတ်ကြရမည်။

ပုံစံမှာ-ကမ္မဋ္ဌာနာစရိယ ရဟန်းတော်များ စည်းမျဉ်းအပိုဒ်ကြီး (၃) အပိုဒ်လတ် (ဃ) စားသောက်ရေး၊ အပိုဒ်ငယ် (၁) စည်းမျဉ်း စသည်ပင်တည်း။

(၅) သုတ်နှင့်ဝိနည်း ရော၍ပြထားသော ဥပဒေသများကို ဓမ္မဝိနယမိဿကဥပဒေသ များဟု မှတ်ကြရမည်။

ပုံစံမှာ-ကမ္မဋ္ဌာနာစရိယ ရဟန်းတော်များ စည်းမျဉ်းအပိုဒ်ကြီး (၃) အပိုဒ်လတ် (က) နေထိုင်ရေး၊ အပိုဒ်ငယ် (၂) စည်းမျဉ်းစသည်ပင်တည်း။

ဤငါးမျိုးသော စည်းမျဉ်းတို့တွင် ဝိနယဥပဒေသများမှာ မြတ်စွာဘုရား၏ အာဏာစက် ပညတ်တော်များဖြစ်၍ မချွတ်မယွင်း လိုက်နာရမည့် စည်းမျဉ်း ဖြစ်ပေသည်၊ ၎င်းတို့ကို လိုက်နာရသောအခါများ၌ “စည်းမျဉ်းက သတိပေးရုံမျှသာ ဖြစ်သည်၊

အမှန်အားဖြင့် မြတ်စွာဘုရား၏ အမိန့်အာဏာတော်ကိုသာ ရိုသေကာလိုက်နာ ရသည်” ဟု ယောနိသောမနသိကာရဖြင့် နည်းလမ်းမှန်ကန်စွာ နှလုံးသွင်းကြ စေလို၏။

ဓမ္မဥပဒေသများနှင့် အနုလောမဥပဒေသများမှာ သဒ္ဓါ, ဝီရိယစသော မိမိတို့၏ ခွန်အားဗလ ရှိသမျှသာ လိုက်နာရန် ဖြစ်သည်၊ ၎င်းတို့ကို လိုက်နာသောအခါ၌လည်း “မြတ်စွာဘုရား ဟောကြားညွှန်ပြ ဆုံးမတော်မူအပ်သည် သန္တုဋ္ဌိ, သလ္လေခ, အပ္ပကိစ္စ, ပါသာဒိက စသော ယောဂီပုဂ္ဂိုလ်တို့ ၏ ဂုဏ်အင်္ဂါမချွတ်ယွင်းစေရန် အလို့ငှါ ပဋိပတ္တိ သာသနာ့ဝန်ဆောင် ပုဂ္ဂိုလ် ဖြစ်နေသည့်အတွက် ပြည့်ပြည့်ဝဝကြီး ကျင့်သုံးရပေသည်” ဟူ၍သာ နှလုံးသွင်းကြစေလိုသည်။

အထူးသိနားလည်ထားရန်မှာ - ဤဓမ္မနှင့် အနုလောမဥပဒေသတို့၏ အရာ၌ အတိအကျ လိုက်နာရန် ခဲယဉ်းမည်ဟု ထင်ရသော အပိုဒ်များတွင် “သတိပြုရမည်, လုံ့လပြုရမည်, ပြောဆိုနိုင်ရမည်” စသည်ဖြင့် အတိအကျမဆိုပဲ သတိပေးစကား အနေအားဖြင့်သာ ညွှန်ကြားထားသည်ကိုလည်းကောင်း၊ အတိအကျလိုက်နာ သင့်သော အပိုဒ်များတွင်မူကား “ပြောဆိုရမည်, ပြုရမည်, ဖြစ်ရမည်, ရှိစေရမည်, မပြုရ, မဖြစ်စေရ” စသည်ဖြင့် အတိအကျပင် ဩဝါဒပေးထားသည်ကို လည်းကောင်း အထူး သိနားလည်ကြပြီးလျှင် အတိအကျ မလိုက်နာနိုင်သော အရာဌာနများ၌ စွမ်းနိုင်သမျှသာ လိုက်နာကြရန်ဖြစ်သည်၊ အတိအကျ လိုက်နာ နိုင်ကောင်းသော အရာဌာနများ၌ကား မြတ်စွာဘုရားနှင့် တရားတော်မြတ်တို့၏ ဂုဏ်ကျေးဇူးကိုလည်းကောင်း၊ ပဋိပတိသာသနာတော်မြတ်ကြီးနှင့် ဆရာသမား သီတင်းသုံးဖော်များကိုလည်းကောင်း ကြည်ညိုလေးစား ရိုသေသော အားဖြင့် ညွှန်ကြားထားသည့်အတိုင်း အပြည့်အစုံအတိအကျပင် လိုက်နာကျင့်သုံး သွားကြ စေလို၏။

အထူးသတိပြုရန်မှာ - ယခုအချိန်အခါမှစ၍ ရှေ့အဖို့၌ ဗုဒ္ဓသာသနာတော်မြတ်ကြီး ဆုတ်ယုတ်ရေး, တိုးတက်ရေးသည် ယခုလက်ရှိ ဗုဒ္ဓသာသနာဝင် လူ, ရှင်, ရဟန်း အားလုံးတို့နှင့် သက်ဆိုင်လျက်ရှိပေသည်၊ ယခုလက်ရှိ လူ, ရှင်, ရဟန်းတို့က မိမိတို့ ၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မသွားလျှင် သာသနာတော်ကြီးသည် ရှေ့အဖို့တွင် တစတစနှင့် ဆုတ်ယုတ်သွားမည်မှာ မလွဲတော့ပေ၊ မိမိတို့၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်လျှင်ကား သာသနာတော်ကြီးသည် မတိုးတက်နိုင် စေကာမူ မဆုတ်ယုတ်ပဲ အရှည်တည်တံ့သွားမည်မှာ သေချာလှပေ၏။

သို့ဖြစ်၍ သာသနာတော်၏ မဆုတ်ယုတ်ရေး, တိုးတက်ရေးကို တကယ်တမ်း အလေးပြုတော်မူကြသော ပရိယတ္တိဝန်ဆောင် ပုဂ္ဂိုလ်မြတ်တို့သည် နိကာယ်ငါးရပ်, ပိဋကတ် သုံးသွယ် အလုံးစုံသော တရား စကားတော်တို့ကို သဘာဝကျကျ စေ့င စုံလင်စွာ တတ်သိလေ့လာခြင်း, သင်ကြားပေးခြင်း စသည်ဖြင့် မိမိတို့၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တော်မူကြသကဲ့သို့ ထို့အတူပင် ပဋိပတ္တိဝန်ဆောင် ပုဂ္ဂိုလ်မြတ်တို့သည်လည်း မိမိတို့ ၏ တာဝန်ဖြစ်သော ပဋိပတ္တိဆိုင်ရာ ကျင့်ဝတ် ဟူသမျှကို ဆင်ခြေကန်၍ ငြင်းပယ်ရှောင်ရှားခြင်း, ခိုကပ်ခြင်း အလျဉ်းမရှိမူ၍ အင်အားရှိသမျှ ပြည့်ပြည့်ဝဝကြီး ကျင့်ဆောင်တော်မူသွားကြရန်နှင့် မိမိအတွက် သာသနာတော်၏ ဂုဏ်ကျက်သရေမှာ သိသိသာသာကြီး တိုးတက်စေမည်ဟု နှလုံးသွင်း ဆောက်တည်ကာ ပြည့်စုံစွာ ကျင့်ဆောင်ကြလျက် ပဋိပတ္တိသာသနာ တော်မြတ်ကြီးကို အစွမ်းကုန် မြှင့်တင်တော်မူကြရန် ဆရာတော်က ဤဩဝါဒ စကားဖြင့် လေးနက်စွာ မှာကြားအပ်ပါသတည်း။

အရှင်သောဘန
မဟာစည်ဆရာတော်
သာသနာ့ရိပ်သာ
ရန်ကုန်မြို့။
၁၃၁၄-ခု (၃-၉-၁၉၅၂) တော်သလင်းလဆန်း ၁၅-ရက်နေ့။

မဟာစည် သတိပဋ္ဌာန်အဖွဲ့လုံးဆိုင်ရာ စည်းမျဉ်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ပထမ ပလ္လင်ခံစကား

လောက၌ မည်သည့်အရပ်ဒေသတွင်မဆို လုပ်ငန်းရှိလျှင် ပုဂ္ဂိုလ်ရှိသည်၊ လုပ်ငန်းတူသော ပုဂ္ဂိုလ်အများရှိလျှင် သူ့အလိုလိုပင် အစုအဖွဲ့ ဖြစ်လေတော့သည်၊ လူများစုပါဝင်သော ဤအစုအဖွဲ့တိုင်းမှာ ခေါ်ဝေါ် လွယ်ကူစေရန် အကျိုးငှါ အမည် သညာ ဝိသေသရှိ ရိုးဓမ္မတာဖြစ်သည်၊ ထို့ပြင် ၎င်းအဖွဲ့နှင့် အဖွဲ့ ၏ လုပ်ငန်းစဉ်များ အပြစ်ကင်း၍ သန့်ရှင်းစင်ကြယ်စွာ အရှည်တည်တံ့သွားစေခြင်း အကျိုးငှါ စည်းမျဉ်း လည်း မချွတ်ဧကန် အမှန်ပင် ရှိရိုးဓမ္မတာ ဖြစ်ပေသည်။

ဤနည်းအတူပင် မဟာစည်ဆရာတော်သည် ဆရာမြတ်တို့၏ ဥပနိဿယများ နှင့်တကွ မဟာသတိပဋ္ဌာနသုတ် အစရှိသော ဘုရားဟော ဒေသနာတော်များကို အမှီပြုကာ ရှာကြံအားထုတ်တော်မူကြပြီးလျှင် မိမိ၏ဉာဏ်တွင် ထင်မြင် သဘော ကျသည့်အတိုင်း ဘုရားရှင် ၏ ကိုယ်စား ထုတ်ဖော်ကာ ဟောကြားသဖြင့် သတိပဋ္ဌာန်နည်းလမ်း ဝိပဿနာ လုပ်ငန်းတရားသည် ထင်ရှား ထွန်းပေါ်လျက် ရှိပေသည်၊

ဝိပဿနာလုပ်ငန်းကို အားထား ယုံကြည်ကာ လိုက်နာ ကျင့်သုံးလျက် ရှိသော ရဟန်း, ရှင်, လူအပေါင်းမှာလည်း ထောင်သောင်းများစွာ ရှိနေလေပြီ၊ သို့ရှိနေရာမှ ဝိပဿနာအလုပ်တရားဖြင့် စိတ်ထား တူမျှသော ဤရဟန်း, ရှင်, လူအပေါင်း ထောင်သောင်းများစွာ သည်လည်း သူ့အလိုလိုပင် အစုအဖွဲ့ကြီး ဖြစ်လျက် ရှိနေလေပြီ။

သို့ဖြစ်၍ ဤအစုအဖွဲ့ကြီးမှာလည်း ခေါ်ဝေါ် လွယ်ကူစေရန် အကျိုးငှါ အမည်သညာ ဝိသေသ ရှိသင့်ပါပေသည်၊ ထို့ပြင် ဤအဖွဲ့ ၏ လုပ်ငန်းစဉ်ဖြစ်သော သတိပဋ္ဌာန် ဘာဝနာ ဝိပဿနာ ပဋိပတ်သာသနာတော်မြတ်သည် အပြစ်ကင်း၍ သန့်ရှင်း စင်ကြယ်စွာ အရှည်တည်တံ့သွားစေခြင်း အကျိုးငှါ စည်းမျဉ်းဥပဒေသလည်း မလွဲ ဧကန် အမှန်ပင်ရှိသင့်လှပါပေသည်။

သို့ဖြစ်၍ မဟာသတိပဋ္ဌာနသုတ်အစရှိသော ဘုရားဟောဒေသနာတော်များနှင့်အညီ မဟာစည်ဆရာတော်ထုတ်ဖော်၍ ဟောကြားအပ်သော သတိပဋ္ဌာန်နည်းလမ်း ဝိပဿနာလုပ်ငန်းစဉ်ဖြင့် ကျင့်သုံးအားထုတ်လျက်ရှိသော ရဟန်းရှင်လူအပေါင်းကို မဟာစည် သတိပဋ္ဌာန်အဖွဲ့ ဟု ခေါ်တွင်စေရန် ဤအဖွဲ့ဝင် ပဓာန ကမ္မဋ္ဌာနာစရိယ အားလုံး တို့က တညီတညွတ်တည်း ဆုံးဖြတ်၍ အတည်ပြုကြပါသည်။

ထို့ပြင် ဤမဟာစည်သတိပဋ္ဌာန်အဖွဲ့ဝင် ရဟန်းရှင်လူတို့ နာယူကျင့်သုံးရန်အလို့ငှါ ဩဝါဒကထာ သဖွယ်ဖြစ်သော အောက်ပါ စည်းမျဉ်း ဥပဒေသ ၅-ရပ်တို့ကိုလည်း ၎င်းပဓာနကမ္မဋ္ဌာနာစရိယအားလုံးတို့က တညီတညွတ်တည်း ဆုံးဖြတ်၍ ပြဋ္ဌာန်း အတည်ပြုကြပါသည်။

၎င်းတို့မှာ -
၁။ ကမ္မဋ္ဌာနာစရိယရဟန်းတော်များအတွက် စည်မျဉ်း
၂။ ကမ္မဋ္ဌာနာစရိယဥပါသကာများအတွက် စည်းမျဉ်း
၃။ ယောဂီရဟန်းတော်များအတွက် စည်းမျဉ်း
၄။ ယောဂီဥပါသကာ, ဥပါသိကာမများအတွက် စည်းမျဉ်း
၅။ ကမ္မဋ္ဌာန်းဌာနဆိုင်ရာ စည်းမျဉ်း
ဤ ၅-ရပ်ပင်ဖြစ်သည်။

၁။ ကမ္မဋ္ဌာနာစရိယ ရဟန်းတော်များအတွက် စည်းမျဉ်း

(၁) ကမ္မဋ္ဌာနာစရိယ ရဟန်းတော်၏ အရည်အချင်း

(၁) ကမ္မဋ္ဌာနာစရိယ ရဟန်းတော် ဟူရာ၌ အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံသော ရဟန်းတော်ကိုသာလျှင် မှတ်ယူရမည်။

(က) ပရိယတ္တိအရည်အချင်း

(၁) မဟာစည် သတိပဋ္ဌာန်အဖွဲ့ဝင် ကမ္မဋ္ဌာနာစရိယ ရဟန်းတော်သည် သဒ္ဒါ, သင်္ဂြိုဟ်, ဋီကာကျော် စသော ပရိယတ္တိအခြေခံကျမ်းများကို သင်ကြား လေ့လာ ဖူးသည့်အပြင် ပါဠိ, အဋ္ဌကထာ, ဋီကာတို့ကိုလည်း အထိုက်အလျောက် ကြည့်ရှု သုံးသပ်နိုင်သော အရည်အချင်း ရှိစေရမည်၊ အထူးအားဖြင့် ပရမတ္ထသရုပ်သဘော တို့၌ ပိုင်နိုင်သော အသိဉာဏ်ရှိသည့်အပြင် ဝိသုဒ္ဓိမဂ် အဋ္ဌကထာတို့၌လည်း လေ့လာပြီး ဖြစ်စေရမည်။

(၂) ဒွေမာတိကာ သို့မဟုတ် ဘိက္ခုပါတိမောက်နှင့်တကွ မဟာသတိပဋ္ဌာနသုတ်ကို အာဂုံဆောင်ထားရမည့်အပြင် မဇ္ဈိမနိကာယ်မှ ဝိပဿနာဆိုင်ရာ သုတ်ပေါင်း ၂၀-ထက်မနည်း လေ့လာပြီးဖြစ်စေရမည်။

(၃) ဝိပဿနာ ရှုနည်းကျမ်းနှင့် ကမ္မဋ္ဌာန်းဆရာတို့ ၏ မှတ်တမ်းတို့၌ ကျေပွန်စွာ ကြည့်ရှုလေ့လာပြီး ဖြစ်စေရမည်၊
(ဤစာပိုဒ်သည် ပရိယတ္တိ အရည်အချင်း၌ လိုရင်းဖြစ်သည်။)

(၄) သီလပေးခြင်း, ရေစက်ချခြင်း, ပရိတ်ရွတ်ခြင်း, အနုမောဒနာပြုခြင်း စသောကိစ္စတို့၌ ကျမ်းဂန်နှင့်အညီ မူမှန်ဖြစ်စေရန် ဟောပြောရေး သင်တန်းတက်ပြီး ဖြစ်စေရမည်၊ သို့ရာတွင် မူလကပင် အချိုးကျပြီးသော ပုဂ္ဂိုလ်များမှာ သင်တန်း တက်ရန် မလိုပါ။

(ခ) ပဋိပတ္တိအရည်အချင်း

(၁) မဟာစည်သတိပဋ္ဌာန်အဖွဲ့ဝင် ကမ္မဋ္ဌာနာစရိယ ရဟန်းတော်သည် အများသော ရဟန်း, ရှင်, လူတို့ ကြည်ညိုလေးစားထိုက်သော လဇ္ဇီပေသလ, သိက္ခာကာမ ဂုဏ်နှင့် ပြည့်စုံစေရမည်။

(၂) မဟာစည်ဆရာတော် ၏ နည်းနိဿယအတိုင်း ဝိပဿနာလုပ်ငန်းကို ပြီးဆုံးသည့်တိုင်အောင် အပြည့်အစုံ နိုင်နိုင်နင်းနင်း ကျင့်သုံးအားထုတ်ပြီး ဖြစ်ရမည့် အပြင် ကမ္မဋ္ဌာန်း စစ်မေးရေး၌လည်း လေ့လာ သင်ကြားပြီး ကျွမ်းကျင် နိုင်နင်းပြီး ဖြစ်စေရမည်။

(၃) သန္တုဋ္ဌိ, သလ္လေခ, အပ္ပကိစ္စ, သလ္လဟုကဝုတ္တိ စသော ယောဂါဝစရ ဂုဏ်အင်္ဂါတို့နှင့် ပြည့်စုံစေရမည်။

(၄) ခမာ, ဇာဂရိယ, ဥဋ္ဌာန, သံဝိဘာဂ, ဒယာ, ဣက္ခဏာ ဟူသော နာယက ဂုဏ်အင်္ဂါ ၆ -ပါးတို့နှင့်လည်း ပြည့်စုံစေရမည်။

(၅) စိတ်ရှည်ခြင်း, သဘောထားကြီးခြင်း, နူးညံ့ ပြေပြစ်သော စကားရှိခြင်း, ချိုသာသော စကားရှိခြင်း စသော ဝန်ဆောင်ပုဂ္ဂိုလ်တို့၏ ဂုဏ်အင်္ဂါများနှင့်လည်း ပြည့်စုံစေရမည်။

(၆) ရဟန်းသိက္ခာ၌ အသက်နှင့်မခြား လေးစား ခိုင်ခံ့တည်တံ့သော စိတ်နေစိတ်ထား ရှိစေရမည်။

အထက်ပါ ပရိယတ္တိ, ပဋိပတ္တိအရည်အချင်းတို့တွင် ပဋိပတ္တိအရည်အချင်းသည် ကမ္မဋ္ဌာန်းဆရာမှာသာ၍လိုပေသည်၊ သို့ဖြစ်၍ ပဋိပတ္တိအရည်အချင်းအပိုဒ်ငယ် [၁-၂] ဂုဏ်အင်္ဂါများနှင့် ကောင်းကောင်းပြည့်စုံလျှင်ပင် မဟာစည်သတိပဋ္ဌာန် အဖွဲ့ဝင် ကမ္မဋ္ဌာနာစရိယရဟန်းဟု အသိအမှတ်ပြုသော သာမန်ဆရာဖြစ် လက်မှတ်ကို ရရှိခွင့် ရှိသည်၊ ပရိယတ္တိ အရည်အချင်းပါ ပြည့်စုံလျှင်ကား ဂုဏ်ထူးဆောင် ဆရာဖြစ်လက်မှတ်ကို ရနိုင်ခွင့် ရှိသည်။

မှတ်ချက်

ဤသို့ အရည်အချင်းအလိုက် သာမန်လက်မှတ်, ဂုဏ်ထူးဆောင် လက်မှတ် တို့ဖြင့် အသိအမှတ်ပြုရန် စီမံချက်မှာ အရည်အချင်းရှိသော ဆရာတို့ကို ဂုဏ်တင်ရန်, ချီးမြှောက်ရန်အတွက် မဟုတ်ပေ၊ အမှန်အားဖြင့်သော်ကား တရားအားထုတ်မည့် ယောဂီတို့မှာ အရည်အချင်းလုံလောက်သော ဆရာများထံမှ လုံလောက်သော နည်းနိဿယဩဝါဒများကိုရရှိ၍ ချမ်းချမ်းသာသာနှင့် ရသင့်ရထိုက်သော ဉာဏ်ထူး တရားများကို အပြည့်အစုံ ရရှိသွားကြစေရန်အတွက်သာ ရည်ရွယ်၍ စီမံခြင်း ဖြစ်ပေသည်။

(၂) ဝိနည်းသိက္ခာပုဒ်တော်များကို လေးစားလုံခြုံစွာ လိုက်နာစောင့်ထိန်းခြင်း

(၂) မဟာစည်သတိပဋ္ဌာန်အဖွဲ့ဝင် ကမ္မဋ္ဌာနာစရိယရဟန်းတော်များသည် မြတ်စွာဘုရား ပညတ်တော်မူအပ်သော “ဝိနည်းသိက္ခာပုဒ်တော်များကို အသက်ပမာ ထား၍” လေးစားလုံခြုံစွာ လိုက်နာစောင့်ထိန်းရမည် ၊

(အထူး သတိရစေရန် ထပ်မံ၍ သတိပေးချက်သာ ဖြစ်သည်၊ နောက်နောက် အပိုဒ် များ၌လည်း ဤနည်းချည်း မှတ်လေ။)

(၃) အပြစ်ကင်း၍ သန့်ရှင်းစင်ကြယ်စေရန် လုံ့လပြုရမည့် ၇-ဌာန

(၃) အထူးအားဖြင့် -
(က) နေထိုင်ရေး
(ခ) သွားလာရေး
(ဂ) ဝတ်ရုံရေး
(ဃ) စားသောက်ရေး
(င) ဟောကြားရေး
(စ) ပြောဆိုရေး
(ဆ) ဆက်ဆံရေး-
ဟူသော ဤ ၇-ဌာနတို့၌ အပြစ်ကင်း၍ သန့်ရှင်းစင်ကြယ်စေရန် လုံ့လပြုရမည်၊ ထိုတွင်-

(က) နေထိုင်ရေးမှာ

(၁) တပည့်ဖြစ်သူတို့၏ ဣန္ဒြေသိက္ခာထက် ပိုမို၍ တည်ကြည်ခန့်ညားသော ဣန္ဒြေသိက္ခာနှင့် ပြည့်စုံစေရမည်။

(၂) မာတုဂါမတို့နှင့်စပ်လျဉ်း၍ ပရူပဝါဒ ကင်းရှင်းအောင် နေထိုင်ရမည်၊ အထူး အားဖြင့် အရေးကြီးသော အကြောင်းကိစ္စ မရှိပဲ မာတုဂါမတို့နှင့် ကြာရှည်စွာ လက်ခံ၍ စကားပြောဆို နေထိုင်ခြင်း မရှိစေရ၊ မလွှဲသာ မရှောင်သာသဖြင့် ပြောဆို နေထိုင်ရာ၌လည်း “ရဟောနိသဇ္ဇ” မဖြစ်အောင် သတိရှေ့ဆောင်လျက် နေထိုင် ရမည်။

(၃) မူရင်းနေမြဲဌာနမဟုတ်လျှင် မည်သည့်ကမ္မဋ္ဌာန်းဌာနကိုမျှ ကိုယ်ပိုင် အမြဲတမ်း နေရာအဖြစ်ဖြင့် အစွဲမထားမူ၍ ပဓာန နာယကဆရာတော်များက အကြောင်းအား လျော်စွာ စေလွှတ်ချထားသော ကမ္မဋ္ဌာန်းဌာနတွင်သာ နေထိုင်စောင့်ရှောက်သွားရန် ထက်သန်သော စိတ်ဆန္ဒရှိစေရမည်။

(ခ) သွားလာရေးမှာ

(၁) ပါသာဒိကေန အဘိက္ကန္တေန စသော ဒေသနာတော်နှင့်အညီ အမှတ်သတိ မကင်းသဖြင့် ကြည်ညိုဖွယ်ကောင်းသော သွားလာခြင်း စသည်နှင့် ပြည့်စုံစေရမည်။

(၂) ပရူပဝါဒ ဖြစ်နိုင်သော အချိန်အခါ၌လည်းကောင်း၊ ပရူပဝါဒ ဖြစ်နိုင်သော ဌာနနှင့် ပုဂ္ဂိုလ်များထံသို့လည်းကောင်း သွားလာခြင်းမရှိစေရ။

(၃) မြို့တွင်း ရွာတွင်းသို့ သွားသောအခါဖြစ်စေ၊ ခရီးရှည်သွားသော အခါဖြစ်စေ ဝိနည်းတော်နှင့်အညီ သွားလာရမည်။

(ဂ) ဝတ်ရုံရေးမှာ

(၁) ပိန္နဲရောင်, ညောင်ခေါက်ဆိုးရောင် သင်္ကန်းကိုသာ ဝတ်ရုံသုံးဆောင်ရမည်။

(၂) ဗုဒ္ဓစေတီများထံသို့ဖြစ်စေ, သံဃာ့အစည်းအဝေးသို့ဖြစ်စေ, မထေရ်ကြီးများ ထံသို့ဖြစ်စေဝင်ရောက်သော အခါ၌ လက်ဝဲလက်မောင်းကို လုံခြုံစေသော ပရိမဏ္ဍလဝတ်ရုံနည်းဖြင့် ဝတ်ရုံရမည်။

(၃) မြို့တွင်း ရွာတွင်းသို့ သွားသောအခါဖြစ်စေ, မြို့တွင်း ရွာတွင်းမှ ဖြတ်သန်း၍ သွားသောအခါ ဖြစ်စေ သုပ္ပဋိစ္ဆန္နသိက္ခာပုဒ်နှင့်အညီ သင်္ကန်းရုံ၍ သွားရမည်။

(၄) မိမိနေရာတွင် နေထိုင်သောအခါ၌လည်း ပါသာဒိက ဖြစ်အောင် ကောင်းစွာ ဝတ်ရုံလျက် ရှိစေရမည်။

(ဃ) စားသောက်ရေးမှာ

(၁) အကြောင်းထူး မရှိလျှင် ဆွမ်းဘောဇဉ်များကို သပိတ်ဖြင့်သာ ဘုဉ်းပေး သုံးဆောင်နိုင်ရန် လုံ့လပြုရမည်။

(၂) စားဖွယ်များကို ရပ်လျက်, သွားလျက်မစားမူ၍ ထိုင်လျက်သာလျှင် ဣန္ဒြေရရ စားသုံးရမည်

(၃) အကြောင်းထူးမရှိပဲ ဆေးလိပ်သောက်ခြင်း, ကွမ်းစားခြင်း, ဆေးဝါးခြင်းများကို (ပါသာဒိက, သန္တုဋ္ဌိ, သလ္လေခ, အပ္ပကိစ္စဂုဏ်စသည်နှင့် ပြည့်စုံစေခြင်းအကျိုးငှါ) ကြဉ်ရှောင်ရမည်

(င) ဟောကြားရေးမှာ

(၁) မိမိ၏ ကမ္မဋ္ဌာန်းဌာန၌ တလလျှင် ၄-ကြိမ်ဖြစ်စေ, ၂-ကြိမ်ဖြစ်စေ ဝိပဿနာ လုပ်ငန်းစဉ်တရားကို မဟာစည် ဆရာတော်၏ ယူဆ ဟောပြပုံအတိုင်း ဒေသနာတော်နှင့်အညီ ဟောပြောရမည်

မှတ်ချက်။ ။ ဤ၌ ဒေသနာတော်နှင့်အညီဟူသော အပိုဒ်ဖြင့် ဒေသနာတော်နှင့် မညီသည်ကို မဟောရန် တားမြစ်ထားသည်၊ ဟောပြောပုံဟူသည်မှာ အသံနေ အသံထား၌ အထူးပြုပြင်မှုမရှိပဲ ပကတိ စကားပြောသကဲ့သို့ ရိုးရိုးဟောပြောခြင်းကို ဆိုလိုသည်။

(၂) ပြင်ပတရားပွဲများ၌မူကား တရားနာပုဂ္ဂိုလ်တို့ ၏ အဇ္ဈာသယကို ထောက်ချင့်၍ သဒ္ဓါပသန္န ဖြစ်စေခြင်းငှါ သင့်လျော်သလို ဟောပြောနိုင်ခွင့်ရှိပေ၏၊ သို့သော် ဝိနည်းတော်နှင့်အညီ တည်ကြည်ခန့်ညားသော အသံဖြင့်သာ ဟောကြားရမည်

(၃) ကမ္မဋ္ဌာန်းစစ်မေးရာ၌ ယောဂီတို့၏ ဉာဏ်အဆင့်အတန်း အားလျော်စွာ တိုးတက်သည်ထက် တိုးတက်စေခြင်းငှါ သင့်လျော်သော တရားများကို ဟောကြားခြင်း, ယောဂီတို့ ၏ သန္တာန်၌ ဖြစ်ပေါ်နေသော သတိ, သမာဓိ ဉာဏ် များကို ထိုက်တန်သလောက် ချီးမြှောက်၍ အားပေးခြင်း, ရှုမှတ်မှုဖြင့်ပင် သီလ, သမာဓိ, ပညာ ဖြစ်လာပုံ, ဗောဓိပက္ခိယ တရားများ ပြီးစီးသွားပုံ စသည်တို့ကို ရှင်းလင်းဖော်ပြခြင်း စသော အားပေးတရားများကို ယောဂီတို့မှာ စိတ်တက်ကြွ လာသည့်တိုင်အောင် ဟောကြားရမည်။

(၄) တရားဟောရာ, ကမ္မဋ္ဌာန်းစစ်မေးရာတို့၌ မယဉ်ကျေးသော ဥပမာနှင့် ဟာသကထာတို့ကို ထည့်သွင်း၍ မပြောမိစေရန် အထူးသတိပြုရမည်၊ ဟာသကထာကိုကား ယဉ်ကျေးငြားသော်လည်း နည်းပါးနိုင်သမျှ နည်းပါးစေရန် သတိပြုစေရမည်။

(၅) ကမ္မဋ္ဌာန်းဆရာတဦး စစ်မေးနေသော ယောဂီအား ၎င်းဆရာက ခွင့်မပြုပဲ ဝင်ရောက်စွက်ဖက်၍ စစ်မေးခြင်း, ဆုံးဖြတ်ခြင်းများကို မပြုရ

(၆) မဟာစည်ဆရာတော်နည်းလမ်း ညွှန်ပြထားသည့်အတိုင်း တပည့်ယောဂီတို့အား ရသင့်ရထိုက်သော သမာဓိဉာဏ်အဆင့်များ အကြွင်းမဲ့ပြည့်စုံစေရန် တင်းတင်း ရင်းရင်း တိတိကျကျ ဆရာ့တာဝန် မလိုရအောင် ညွှန်ပြတိုက်တွန်းရမည်

၇) ယောဂီများကို ကမ္မဋ္ဌာန်းစစ်မေးရာဌာနမှာ အများမြင်သာသော ဌာနဖြစ်စေ ရမည့်အပြင် ၎င်းဌာနသို့ ထိုက်သင့်သလို အပေါင်းလိုက် အစုလိုက်ခေါ်ယူပြီးလျှင် နေ့ခင်းအချိန်တွင်သာ စစ်မေး ဟောပြောရမည်၊ ထို့ပြင် သိကြားလိမ္မာသော ယောက်ျားပုဂ္ဂိုလ်လည်း အနီး၌ရှိစေရမည်။

(၈) ယောဂီမတို့အား ကမ္မဋ္ဌာန်းပေးရာဌာနမှာ အများမြင်သာသော နေရာ ဖြစ်စေရမည့်အပြင် သိကြားလိမ္မာသော ပုဂ္ဂိုလ်လည်း အနီး၌ ရှိစေရမည်၊ ထို့ပြင် အကြောင်းအားလျော်စွာ ညဉ့်အခါ၌ ကမ္မဋ္ဌာန်းပေးရလျှင် ထိန်ထိန်လင်းသော မီးရောင်လည်း ရှိစေရဦးမည်။

(၉) စာရွက်စာတန်း ကျမ်းစာအုပ်များကို “ပုံနှိပ်ခွင့်ရှိသော မဟာစည်သတိပဋ္ဌာန် အဖွဲ့ဝင် ဆရာတော်တပါးပါးထံမှ ခွင့်ပြုချက်မရှိပဲ” မဟာစည်ဆရာတော်ဘုရား၏ နည်းနိဿယအဖြစ်ဖြင့် ရေးသား၍ ပုံနှိပ် ထုတ်ဝေခြင်း မပြုရ

(စ) ပြောဆိုရေးမှာ

(၁) တိရစ္ဆာနကထာကို ပယ်ရှား၍ ကထာဝတ္ထုဆယ်ပါး ကိုသာ ပြောဆိုနိုင်ရန် လုံ့လပြုရမည်။

(၂) ဒုဗ္ဘာသိတဝါစာ ဖြစ်သောပြက်ရယ်ပြောင်လှောင်မှုများကို မပြုရ

(၃) နက်နဲသောစကား, ဟုတ်မှန်၍ အကျိုးရှိသောစကား, အလေးပြုလောက်သော စကား, မှတ်ယူဖွယ်ကောင်းသော စကား, ဝမ်းမြောက်ဖွယ်ကောင်းသော စကား ဤသို့သော စကားမျိုးကိုသာ ပြောဆိုနိုင်ရန် လုံ့လပြုရမည်။

(၄) ကြမ်းတမ်းသောစကား, ကြိမ်းမောင်းချုပ်ချယ်သော စကားများကို မပြောမဆို မိစေရန် သတိပြုရမည်။

(၅) ကျုပ်, ကျွန်တော်, ခင်ဗျားစသော ဂိဟိဝေါဟာရ များကို မသုံးစွဲမိစေရန် သတိပြုစေရမည်။

(၆) ဘုန်းကြီး, ဆရာတော်, ဒါယကာကြီး, ဒါယိကာမကြီး စသော သမဏဝေါဟာရ များကိုသာ သုံးစွဲရန် သတိပြုရမည်။

(၇) ရဟန်း အချင်းချင်းပြောဆိုရာ၌လည်း ဘုရားတပည့်တော်, အရှင်ဘုရားစသော သမဏဝေါဟာရများကိုသာ သုံးစွဲရမည်။

(၈) မိမိကိုယ်ကို ချီးမြှောက်၍ ပြောဆိုခြင်း, သူတပါးကို နှိမ့်ချ၍ ပြောဆိုခြင်းများကို လုံးဝ ရှောင်ကြဉ်ရမည်

(၉) ဥတ္တရိမနုဿမ္မေ သိက္ခာပုဒ်, ဘူတာရောစန သိက္ခာပုဒ်တို့ဖြင့် ယုံမှားစေခြင်း အကျိုးငှါ အရိယဓမ္မကို မိမိနှင့်စပ်လျဉ်း၍ မပြောကြားမိစေရန် အထူးသတိထား ရမည်။

(၁၀) အရိယဓမ္မ နှင့်စပ်လျဉ်း၍ ပုဂ္ဂလဓိဋ္ဌာန် အားဖြင့် ဆုံးဖြတ် ပြောဆိုခြင်း မရှိစေရ

(၁၁) သဘာဂဖြစ်သော သီတင်းသုံးဖော်၏ ချွတ်ယွင်းချက်ကို ကြားသိ တွေ့မြင် ရလျှင် မေတ္တာကရုဏာ ရှေ့ထား၍ သတိပေး ပြောဆိုနိုင်ရမည်

(၁၂) သီတင်းသုံးဖော်များက မိမိ၏ ချွတ်ယွင်းချက်ကို ကြားသိတွေ့မြင်ရ၍ သတိပေးပြောဆိုလျှင် ဝမ်းမြောက်ကြည်သာစွာဖြင့် သည်းခံနိုင်, ပြင်ဆင်နိုင်ရမည်

(၁၃) သီတင်းသုံးဖော်များက ဓမ္မ, ဝိနယဖြင့် သတိပေးဆုံးမလျှင် ဝမ်းမြောက် ကြည်သာ ရိုသေစွာ နာခံနိုင်ရမည်

(၁၄) သမယန္တရပုဂ္ဂိုလ် များနှင့် တရားငြင်းခုံ ပြိုင်ဆိုင်ခြင်း အလျဉ်း မရှိစေရ

(ဆ) ဆက်ဆံရေးမှာ

(၁) လဇ္ဇီပေသလသိက္ခာကာမဖြစ်သည်ဟု ယုံကြည်ရသော ပုဂ္ဂိုလ်တိုင်းနှင့် ပစ္စယသမ္ဘောဂ, ဓမ္မသမ္ဘောဂအားဖြင့် ပေါင်းသင်းဆက်ဆံနိုင်ခွင့် ရှိသည်။

အဓိပ္ပါယ်ဖော်ပြချက်။ ။ ကိုယ့်ပစ္စည်းကို ပေးကမ်း ချီးမြှောက်ခြင်းနှင့် သူ့ထံမှ ပစ္စည်းကို ခံယူ၍ သုံးစွဲခြင်းသည် ပစ္စယသမ္ဘောဂ မည်၏၊ ထိုနည်းတူစွာပင် တရားဓမ္မ ဩဝါဒအပေးအယူဖြင့် ဓမ္မသမ္ဘောဂ ကို သိအပ်၏၊ ဤမျှကိုသာ ရည်ရွယ်သည်။

(၂) မထေရ်ကြီးများအား ဂါရဝ, နိဝါတ ရှေ့ထား၍ လည်းကောင်း၊ သမာန, နဝက ပုဂ္ဂိုလ်တို့အား မေတ္တာ, ကရုဏာ ရှေ့ထား၍လည်းကောင်း နူးညံ့ သိမ်မွေ့သော ကိုယ်အမူအရာ, နှုတ်အမူအရာတို့ဖြင့် ပဋိသန္ဓာရဝတ် မချွတ်ယွင်းစေရန် လုံ့လ ပြုရမည်။

(၃) ဒါယကာ, ဒါယိကာမတို့နှင့် ဆက်ဆံရာ၌ ကုလေသွနနုဂိဒ္ဓေါ ဟူသော ဒေသနာတော်နှင့်အညီ ကုလဒူသန, အနေသန တို့ကို ဝေးစွာရှောင်ကြဉ်၍ သဟနန္ဒိ, သဟသောတီတို့၏ အကြောင်းဖြစ်သော ဂေဟဿိတပေမဖြင့် ရင်းနှီးစွာ ဆက်ဆံမှုမရှိစေရန် အထူး သတိပြုရမည်။

(၄) ကမ္မဋ္ဌာန်းစစ်မေးရာ၌ တပည့်ယောဂီတို့သည် မိမိတို့ ၏ သမာဓိဉာဏ် အတွေ့များကို ဟုတ်မှန်သည့်အတိုင်း ရဲရဲဝံ့ဝံ့ မရွံ့မကြောက် ပြောကြားနိုင်စေရန် အလို့ငှါလည်းကောင်း၊ စိတ်အားတက် ကြွစေရန် အလို့ငှါလည်းကောင်း ကမ္မဋ္ဌာန်း ဆရာမှာ သင့်လျော်သလို လိုက်လျော၍ ဖော်ဖော်ရွေရွေပြောဆိုနိုင်ခွင့် ရှိသည်၊ အခြားကာလများ၌မူကား ထိုသို့သော ပြောဆိုဆက်ဆံမှုများ မရှိစေရတည်ကြည်ခန့်ညားသော ပြောဆိုခြင်းဖြင့်သာလျှင် ဣန္ဒြေရရ ပြောဆို ဆက်ဆံ ရမည်၊ အထူးအားဖြင့်မူကား ထိုအခြားကာလ ဆက်ဆံရေးတွင် ဥပါသိကာမများနှင့် ဆက်ဆံရာ၌သာ တည်ကြည် ခန့်ညားခြင်း ရှိစေရမည်။

(၅) တပည့်ဒါယကာ, ဒါယိကာမတို့ ၏ သဒ္ဓါတရားအလျောက် ပေးလှူခြင်းမှတပါး ဉာတိပဝါရိတ မဟုတ်သော ပုဂ္ဂိုလ်တို့ထံမှာ အလှူခံခြင်း အလျဉ်းမရှိစေရ

(၁) ကမ္မဋ္ဌာနာစရိယ ရဟန်းတော်များအတွက် စည်းမျဉ်းများ ဤတွင် ပြည့်စုံပြီ။

၂။ ကမ္မဋ္ဌာနာစရိယ ဥပါသကာများအတွက် စည်းမျဉ်းများ

(၁) ကမ္မဋ္ဌာနာစရိယ ဥပါသကာ၏ အရည်အချင်း

(၁) ကမ္မဋ္ဌာနာစရိယ ဥပါသကာဟူရာ၌ အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသော ဥပါသကာကိုသာလျှင် မှတ်ယူရမည်။

(က) ပရိယတ္တိအရည်အချင်း

(၁) မဟာစည် သတိပဋ္ဌာန်အဖွဲ့ဝင် ကမ္မဋ္ဌာနာစရိယ ဥပါသကာ အဖွဲ့ဝင်သည် ကျမ်းဂန် ဗဟုသုတ အတော်အတန်ရှိသည့်အပြင် ပရမတ္တ သရုပ်သဘောတို့၌ ပိုင်နိုင်သော အသိဉာဏ်လည်း ရှိစေရမည်။

(၂) မဟာသတိပဋ္ဌာနသုတ် ပါဌ်, နိဿယကို အာဂုံဆောင်ထားရမည်။

(၃) ဝိပဿနာရှုနည်းကျမ်းနှင့် ကမ္မဋ္ဌာန်း ဆရာတို့ ၏ မှတ်တမ်းတို့၌ ကျေပွန်စွာ ကြည့်ရှုလေ့လာပြီး ဖြစ်စေရမည်၊
(ဤအပိုဒ်သည် ပရိယတ္တိ အရည်အချင်း၌ လိုရင်းဖြစ်၏။)

(ခ) ပဋိပတ္တိ အရည်အချင်း

(၁) မဟာစည် သတိပဋ္ဌာန်အဖွဲ့ဝင် ကမ္မဋ္ဌာနာစရိယ ဥပါသကာသည် အများသော ရဟန်း, ရှင် လူတို့ ကြည်ညိုလေးစားထိုက်သော ကိုယ်ကျင့်သီလနှင့် ပြည့်စုံ စေရမည်။

(၂) မဟာစည် ဆရာတော်၏ နည်းနိဿယအတိုင်း ဝိပဿနာလုပ်ငန်းကို ပြီးဆုံးသည့်တိုင်အောင် အပြည့်အစုံ နိုင်နိုင်နင်းနင်း ကျင့်သုံးအားထုတ်ပြီး ဖြစ်စေ ရမည့်အပြင် ကမ္မဋ္ဌာန်းစစ်မေးရေး၌လည်း လေ့လာသင်ကြားပြီး ကျွမ်းကျင်နိုင်နင်းပြီး ဖြစ်စေရမည်။

(၃) ခမာ, ဇာဂရိယ, ဥဋ္ဌာန, သံဝိဘာဂ, ဒယာ, ဣက္ခဏာ ဟူသော နာယကဂုဏ် ၆-ပါး နှင့်လည်း ပြည့်စုံစေရမည်။

(၄) စိတ်ရှည်ခြင်း, သဘောထားကြီးခြင်း, နူးညံ့ပြေပြစ်သော စကားရှိခြင်း, ချိုသာသော စကားရှိခြင်း စသော ဝန်ဆောင် ပုဂ္ဂိုလ်တို့၏ ဂုဏ်အင်္ဂါများနှင့်လည်း ပြည့်စုံစေရမည်။

အထက်ပါ ပရိယတ္တိ, ပဋိပတ္တိအရည်အချင်းတို့တွင် ပဋိပတ္တိအရည်အချင်းသည် ကမ္မဋ္ဌာနာစရိယ - ကမ္မဋ္ဌာန်းဆရာမှာသာ၍လိုပေသည်၊ သို့ဖြစ်၍ ပဋိပတ္တိ အရည်အချင်း အပိုဒ်ငယ် (၁) (၂) ဂုဏ်အင်္ဂါများနှင့် ကောင်းကောင်းပြည့်စုံလျှင်ပင် မဟာစည် သတိပဋ္ဌာန်အဖွဲ့ဝင် ကမ္မဋ္ဌာနာစရိယ ဥပါသကာဟု အသိအမှတ်ပြုသော သာမန်ဆရာဖြစ်လက်မှတ်ကို ရနိုင်ခွင့်ရှိသည်၊ ပရိယတ္တိ အရည်အချင်းပါ ပြည့်စုံ လျှင်ကား ဂုဏ်ထူးဆောင် ဆရာဖြစ်လက်မှတ်ကို ရနိုင်ခွင့်ရှိသည်။

မှတ်ချက်။ ။ ဤ၌လည်း အရည်အချင်းအလိုက် လက်မှတ်ဖြင့် အသိအမှတ်ပြုရန် စီမံချက်မှာ ရဟန်းတော်များ၏အရည်အချင်းကို သတ်မှတ်ရာ၌ စီမံချက်အတိုင်းပင် ဖြစ်သည်။

(၂) လူတို့၏ဆိုင်ရာ အကျင့်သီလများကို လေးစားလုံခြုံစွာ ကျင့်သုံးစောင့်ထိန်းခြင်း

(၂) မဟာစည် သတိပဋ္ဌာန်အဖွဲ့ဝင် ကမ္မဋ္ဌာနာစရိယ ဥပါသကာသည် လူတို့၏ ဆိုင်ရာ အကျင့်သီလများကို အသက်ပမာထား၍ လေးစား လုံခြုံစွာ ကျင့်သုံး စောင့်ထိန်းရမည်။

(၃) အပြစ်ကင်း၍ သန့်ရှင်း စင်ကြယ်စေရန် လုံ့လပြုရမည့် ၆-ဌာန

(၃) အထူးအားဖြင့် -
(က) နေထိုင်ရေး
(ခ) သွားလာရေး
(ဂ) ဝတ်ရုံရေး
(ဃ) ဟောကြားရေး
(င) ပြောဆိုရေး
(စ) ဆက်ဆံရေး-
ဟူသော ဤ ၆-ဌာနတို့၌ အပြစ်ကင်း၍ သန့်ရှင်း စင်ကြယ်စေရန် လုံ့လပြုရမည်၊ ထိုတွင် -

(က) နေထိုင်ရေးမှာ

(၁) တပည့်ဖြစ်သူတို့၏ ဣန္ဒြေသိက္ခာထက် ပိုမို၍ တည်ကြည် ခန့်ညားသော ဣန္ဒြေသိက္ခာနှင့် ပြည့်စုံစေရမည်။

(၂) တပည့် ယောဂီမတို့နှင့် စပ်လျဉ်း၍ ပရူပဝါဒ ကင်းရှင်းအောင် နေထိုင်ရမည်၊ အထူးအားဖြင့် အရေးကြီးသော အကြောင်းကိစ္စမရှိပဲ တပည့်ယောဂီမတို့နှင့် ကြာရှည်စွာ လက်ခံ၍ စကားပြောဆို နေထိုင်ခြင်း မရှိစေရ၊ မလွှဲသာ မရှောင်သာ သဖြင့် ပြောဆိုနေထိုင်ရာ၌လည်း တယောက်ချင်းချင်း မဖြစ်စေရန် သတိပြုရမည်။

(ခ) သွားလာရေးမှာ

(၁) ပါသာဒိကေန အဘိက္ကန္တေန စသော ဒေသနာတော်နှင့် အမှတ်သတိ မကင်းသဖြင့် ကြည်ညိုဖွယ်ကောင်းသော သွားလာခြင်းစသည်နှင့် ပြည့်စုံစေရမည်။

(၂) ပရူပဝါဒ ဖြစ်နိုင်သော အချိန်အခါ၌လည်းကောင်း၊ ပရူပဝါဒ ဖြစ်နိုင်သော ဌာနနှင့် ပုဂ္ဂိုလ်များ ထံသို့လည်းကောင်း သွားလာခြင်း မရှိစေရ

(ဂ) ဝတ်ရုံရေးမှာ

(၁) ကမ္မဋ္ဌာန်းစစ်မေးသော အချိန်အခါ၌ လည်းကောင်း၊ တရားဟောပြောသော အခါ၌ လည်းကောင်း၊ ကမ္မဋ္ဌာန်းဆရာ၏ ဂုဏ်ကျက်သရေကို ဆောင်နိုင်သော အဝတ်အရုံများနှင့် ပြည့်စုံစေရမည်။

(ဃ) ဟောကြားရေးမှာ

(၁) မိမိကမ္မဋ္ဌာန်းဌာန၌ တလလျှင် ၄-ကြိမ်ဖြစ်စေ, ၂-ကြိမ်ဖြစ်စေ ဝိပဿနာ လုပ်ငန်းစဉ် တရားကို မဟာစည် ဆရာတော်၏ ယူဆဟောပြောပုံအတိုင်း ဒေသနာတော်နှင့်အညီ ဟောပြောရမည်

(၂) ပြင်ပတရားပွဲများ၌မူကား တရားနာပုဂ္ဂိုလ်တို့ ၏ အဇ္ဈာသယကို ထောက်ချင့်၍ သဒ္ဓါပသန္န ဖြစ်စေခြင်းငှါ သင့်လျော်သလို ဟောပြောနိုင်ခွင့် ရှိပေ၏၊ သို့သော် ကမ္မဋ္ဌာန်းဆရာ၏ ဂုဏ်သိက္ခာနှင့် လျော်စွာ တည်ကြည် ခန့်ညားသော အသံဖြင့်သာ ဟောကြားရမည်

(၃) ကမ္မဋ္ဌာန်းစစ်မေးရာ၌ ယောဂီတို့၏ ဉာဏ်အဆင့်အတန်း အားလျော်စွာ တိုးတက်သည်ထက် တိုးတက်စေခြင်းငှါ သင့်လျော်သော တရားကိုဟောကြားခြင်း, ယောဂီတို့ ၏ သန္တာန်၌ဖြစ်ပေါ်နေသော သတိ, သမာဓိ ဉာဏ်များကို ထိုက်တန် သလောက် ချီးမြှောက်၍ အားပေးခြင်း, ရှုမှတ်မှုဖြင့်ပင် သီလ, သမာဓိ, ပညာ ဖြစ်လာပုံ, ဗောဓိပက္ခိယ တရားများ ပြီးစီးသွားပုံ စသည်တို့ကို ရှင်းလင်းဖော်ပြခြင်း စသော အားပေးတရားများကို ယောဂီတို့မှာ စိတ်တက်ကြွလာသည့်တိုင်အောင် ဟောကြားရမည်။

(၄) တရားဟောရာ, ကမ္မဋ္ဌာန်းစစ်မေးရာတို့၌ မယဉ်ကျေးသော ဥပမာနှင့် ဟာသကထာတို့ကို ထည့်သွင်း၍ မပြောမိစေရန် အထူးသတိပြုရမည်၊ ဟာသ ကထာကိုကား ယဉ်ကျေးငြားသော်လည်း နည်းပါးနိုင်သမျှ နည်းပါးစေရန် သတိပြုရမည်။

(၅) ကမ္မဋ္ဌာန်းဆရာတဦး စစ်မေးနေသော ယောဂီအား ၎င်းဆရာက ခွင့်မပြုပဲ ဝင်ရောက်စွက်ဖက်၍ စစ်မေးခြင်း, ဆုံးဖြတ်ခြင်းများကို မပြုရ

(၆) မဟာစည်ဆရာတော် နည်းလမ်း ညွှန်ပြထားသည့်အတိုင်း တပည့်ယောဂီ တို့အား ရသင့် ရထိုက်သော သမာဓိဉာဏ် အဆင့်များ အကြွင်းမဲ့ ပြည့်စုံစေရန် တင်းတင်းရင်းရင်း တိတိကျကျ ဆရာ့တာဝန်ကို မလိုရအောင် ညွှန်ပြ တိုက်တွန်းရမည်

(၇) ယောဂီများကို ကမ္မဋ္ဌာန်းစစ်မေးရာဌာနမှာ အများမြင်သာသော ဌာနဖြစ်စေ ရမည့်အပြင် ၎င်းဌာနသို့ ထိုက်သင့်သလို အပေါင်းလိုက်, အစုလိုက်ခေါ်ယူပြီးလျှင် နေ့ခင်းအချိန်၌သာ စစ်မေးဟောပြောရမည်၊ အနီးအပါး၌ အခြားယောဂီအဖော် လည်း ရှိစေရဦးမည်။

(၈) ယောဂီမတို့အား ကမ္မဋ္ဌာန်းပေးရာဌာနမှာ အများမြင်သာသော နေရာ ဖြစ်စေရမည့်အပြင် အနီးအပါး၌ အခြား ယောဂီအဖော်လည်း ရှိစေရဦးမည်၊ ထို့ပြင် အကြောင်းအားလျော်စွာ ညဉ့်အခါ၌ ကမ္မဋ္ဌာန်းပေးရလျှင် ထိန်ထိန်လင်းသော မီးရောင်လည်း ရှိစေရဦးမည်။

(၉) စာရွက်စာတန်း ကျမ်း စာအုပ်များကို “ပုံနှိပ်ခွင့်ရှိသော မဟာစည် သတိပဋ္ဌာန်အဖွဲ့ဝင် ဆရာတော် တပါးပါးထံမှ ခွင့်ပြုချက်မရှိပဲ” မဟာစည် ဆရာတော်၏ ဝိပဿနာနည်းနိဿယအဖြစ်ဖြင့် ရေးသား၍ ပုံနှိပ် ထုတ်ဝေခြင်း မပြုရ

(င) ပြောဆိုရေးမှာ

(၁) တိရစ္ဆာနကထာကို ပယ်ရှား၍ ကထာဝတ္ထု ဆယ်ပါးကိုသာ ပြောဆိုနိုင်ရန် လုံ့လပြုရမည်။

(၂) ပြက်ရယ်ပြောင်လှောင်မှု စကားများကို မပြောဆိုမိစေရန် သတိပြုစေရမည်။

(၃) နက်နဲသောစကား, ဟုတ်မှန်၍ အကျိုးရှိသောစကား, အလေးပြု လောက်သော စကား, မှတ်ယူဖွယ်ကောင်းသော စကား, ဝမ်းမြောက်ဖွယ် ကောင်းသော စကား ဤသို့သော စကားမျိုးကိုသာ ပြောဆိုနိုင်ရန် လုံ့လပြုရမည်။

(၄) ကြမ်းတမ်းသောစကား, ကြိမ်းမောင်းချုပ်ချယ်သောစကား, ကဲ့ရဲ့ရှုတ်ချသော စကား ဤသို့သော စကားမျိုးကို မပြောမဆိုမိစေရန် သတိပြုရမည်။

(၅) မိမိကိုယ်ကို ချီးမြှောက်၍ ပြောဆိုခြင်း, သူတပါးကို နှိမ့်ချ၍ ပြောဆိုခြင်းများမှ လုံးဝရှောင်ကြဉ်ရမည်

(၆) အရိယဓမ္မနှင့် စပ်လျဉ်း၍ ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ဆုံးဖြတ် ပြောဆိုခြင်း မရှိစေရ

(၇) သဘာဂဖြစ်သော သီတင်းသုံးဖော်များ၏ ချွတ်ယွင်းချက် ကြားသိတွေ့မြင် ရလျှင် မေတ္တာ ကရုဏာ ရှေ့ထား၍ သတိပေး ပြောဆိုနိုင်ရမည်

(၈) သီတင်းသုံးဖော်များက မိမိ၏ ချွတ်ယွင်းချက်ကို ကြားသိ တွေ့မြင်ရ၍ သတိပေး ပြောဆိုရလျှင် ဝမ်းမြောက်ကြည်သာစွာဖြင့် သည်းခံနိုင်, ပြင်ဆင်နိုင်ရမည်

(၉) ဝါဒ မတူသော ပုဂ္ဂိုလ်များနှင့် တရားငြင်းခုံပြိုင်ဆိုင်ခြင်း အလျဉ်းမပြုရ, မရှိစေရ

(စ) ဆက်ဆံရေးမှာ

(၁) ဂုဏဝုဒ္ဓိ, ဝယဝုဒ္ဓိ ရှိသော ပုဂ္ဂိုလ်တို့အား ဂါရဝ, နိဝါတ ရှေ့ထား၍ လည်းကောင်း၊ အခြားပုဂ္ဂိုလ်တို့အား မေတ္တာကရုဏာ ရှေ့ထား၍လည်းကောင်း၊ နူးညံ့သိမ်မွေ့သော ကိုယ်အမူအရာ, နှုတ်အမူအရာတို့ဖြင့် ပြေပြစ်စွာ ပေါင်းသင်း ဆက်ဆံနိုင်ရန် လုံ့လပြုရမည်။

(၂) တပည့်ယောဂီတို့နှင့် ဆက်ဆံရာ၌ ဂေဟသိတပေမဖြင့် ရင်းနှီးစွာဆက်ဆံခြင်း မရှိစေရန် အထူးသတိပြုရမည်။

(၃) ကမ္မဋ္ဌာန်းစစ်မေးရာ၌ တပည့်ယောဂီတို့သည် မိမိတို့၏ သမာဓိဉာဏ် အတွေ့ များကို ဟုတ်မှန်သည့်အတိုင်း ရဲရဲဝံ့ဝံ့ မရွံ့မကြောက် ပြောကြားနိုင်စေရန်အလို့ငှါ လည်းကောင်း၊ စိတ်အားတတ်ကြွလာစေရန် အလို့ငှါ လည်းကောင်း ကမ္မဋ္ဌာန်း ဆရာမှာ သင့်လျော်သလို လိုက်လျော၍ ဖော်ဖော်ရွေရွေ ပြောဆိုနိုင်ခွင့် ရှိသည်၊ အခြားကာလများ၌ မူကား ထိုသို့သော ပြောဆို ဆက်ဆံမှုများ မရှိစေရမူ၍ တည်ကြည်ခန့်ညားသော ပြောဆိုခြင်းဖြင့်သာလျှင် ဣန္ဒြေရရ ပြောဆို ဆက်ဆံရမည်၊ အထူးအားဖြင့်မူကား ထိုအခြားကာလ ဆက်ဆံရေးတွင် တပည့် ယောဂီမများနှင့် ဆက်ဆံရေး၌ သာ၍ တည်ကြည် ခန့်ညားခြင်း ရှိစေရမည်။

(၄) သဒ္ဓါတရားအလျောက် ပေးလှူသည် မှတပါး ကိုယ့်အကျိုး ကိုယ့်စီးပွားအတွက် အလှူခံခြင်း အလျဉ်း မရှိစေရ

၂-ကမ္မဋ္ဌာနာစရိယ ဥပါသကာများအတွက် စည်းမျဉ်းများ ဤတွင် ပြည့်စုံပြီ။

၃။ ယောဂီ ရဟန်းတော်များအတွက် စည်းမျဉ်းများ

(၁) ယောဂီ ရဟန်းတော်ဟူရာ၌ အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသော ရဟန်းတော်ကို သာလျှင် မဟာစည် သတိပဋ္ဌာန် ကမ္မဋ္ဌာန်းဌာနများ၌ ယောဂီ ရဟန်းတော်ဟု အသိအမှတ်ပြု၍ လက်ခံရမည်။

  • (က) ပါတိမောက်သိက္ခာပုဒ်များ၌ လေ့လာ သင်ကြား သိနားလည်ပြီး ဖြစ်ရမည်။
  • (ခ) ဂရုကအာပတ်၌ သံသယကင်း၍ သီလဝိသုဒ္ဓိ ပြည့်စုံပြီး ဖြစ်စေရမည်။
  • (ဂ) ဆရာသမား, သို့မဟုတ် လုံလောက်သော ပုဂ္ဂိုလ်တဦးဦး၏ ထောက်ခံချက် ရှိစေရမည်။
  • (ဃ) မဟာစည်ဆရာတော်၏ ဩဝါဒအရ သိက္ခာသင်တန်းကို တက်ရောက် သင်ကြားပြီး ဖြစ်စေရမည်၊ သို့ရာတွင် မူလကပင် အချိုးကျပြီးသော ပုဂ္ဂိုလ် များမှာ သင်တန်းတက်ရန် မလိုတော့ပါ။
  • (င) အနာကြီးငါးမျိုး စွဲကပ်ခြင်း, ခြေလက်အင်္ဂါ ချို့တဲ့ခြင်း စသော ပရိသဒူသန အပြစ်တို့မှ ယေဘုယျအားဖြင့် ကင်းရှင်းစေရမည်။

အထက်ပါ အရည်အချင်းများနှင့် ပြည့်စုံမှသာလျှင် မဟာစည်သတိပဋ္ဌာန် ကမ္မဋ္ဌာန်း ဌာနများ၌ ယောဂီရဟန်းတော်ဟု အသိအမှတ်ပြု၍ လက်ခံရမည်။

(၂) မဟာစည် သတိပဋ္ဌာန်အဖွဲ့ဝင် ယောဂီရဟန်းတော်သည် ဝိနည်း သိက္ခာပုဒ် တော်များကို အသက်ပမာထား၍ မချွတ်မယွင်း ကျင့်သုံး စောင့်ထိန်းရမည်။

(၃) အထူးအားဖြင့်-

  1. နေထိုင်ရေး၊
  2. သွားလာရေး၊
  3. ဝတ်ရုံရေး၊
  4. စားသောက်ရေး၊
  5. ဟောကြားရေး၊
  6. ပြောဆိုရေး၊
  7. ဆက်ဆံရေး-

ဟူသော ဤ ၇-ဌာနတို့၌ အပြစ်ကင်း၍ သန့်ရှင်း စင်ကြယ်စေရမည်။ ထိုတွင်-

(က) နေထိုင်ရေးမှာ

  1. အညော မေ အာကပ္ပေါ ကရဏီယော ဟူသော ဒေသနာတော်နှင့်အညီ လူဝတ်ကြောင်တို့ ၏ အသွင်အပြင် အမူအရာနှင့် မတူစေပဲ သမဏသာရုပ္ပဖြစ်သော ရဟန်းတော်တို့ ၏ အသွင်အပြင် အမူအရာ ဣန္ဒြေသိက္ခာတို့နှင့် ပြည့်စုံစေရမည်။
  2. မာတုဂါမတို့နှင့် စပ်လျဉ်း ပရူပဝါဒ ကင်းရှင်းအောင် နေထိုင်ရမည်။
  3. နိဿယမုစ္စကအင်္ဂါ မပြည့်စုံသေးလျှင် နိဿရည်းယူ၍ နေထိုင်ရမည်။

(ခ) သွားလာရေးမှာ

  1. ပါသာဒိကေန အဘိက္ကန္တေန စသော ဒေသနာတော်နှင့်အညီ အမှတ်သတိ မကင်းသဖြင့် ကြည်ညိုဖွယ်ကောင်းသော သွားလာခြင်းစသည်နှင့် ပြည့်စုံစေရမည်။
  2. ပရူပဝါဒ ဖြစ်နိုင်သော အချိန်အခါ၌လည်းကောင်း၊ ပရူပဝါဒ ဖြစ်နိုင်သော ဌာနနှင့် ပုဂ္ဂိုလ်များထံသို့ လည်းကောင်း သွားလာခြင်း မရှိစေရ။
  3. မြို့တွင်း ရွာတွင်းသို့ သွားသောအခါဖြစ်စေ, ခရီးရှည်သွားသော အခါဖြစ်စေ ဝိနည်းတော်နှင့်အညီ သွားလာရမည်။
  4. ကျန်းမာပါလျက် ဆိုက္ကား, မြင်းလှည်းစသည် စီးခြင်း မရှိစေရ။

(ဂ) ဝတ်ရုံရေးမှာ

ကမ္မဋ္ဌာနာစရိယ ရဟန်းတော်များ၏ ဝတ်ရုံရေး စည်မျဉ်းဥပဒေ ၄-ပိုဒ်လုံးအတိုင်း လိုက်နာကျင့်သုံးရမည်

(ဃ) စားသောက်ရေး

  1. ကမ္မဋ္ဌာနာစရိယ ရဟန်းတော်များ ၏ စားသောက်ရေး စည်းမျဉ်းဥပဒေ ၃-ပိုဒ် လုံးအတိုင်း လိုက်နာကျင့်သုံးရမည့်အပြင်-
  2. နိဿဂ္ဂိယပစ္စည်းများ, အကပ္ပိယပစ္စည်းများ လုံးဝကင်းရှင်းစေရမည်။

(င) ဟောကြားရေးမှာ

  1. စွမ်းရည်ရှိ၍ ကမ္မဋ္ဌာန်းဌာန၌ ဝိပဿနာတရားကို မဟာစည် ဆရာတော်၏ ယူဆ ဟောပြောပုံအတိုင်း ဒေသနာတော်နှင့်အညီ ဟောပြောရမည်။
  2. ပြင်ပတရားပွဲများ၌မူကား တရားနာပုဂ္ဂိုလ်တို့ ၏ အဇ္ဈာသယကို ထောက်ချင့်၍ သဒ္ဓါပသန္န ဖြစ်ကြစေခြင်းငှါ သင့်လျော်သလို ဟောပြောနိုင်စွမ်းရှိပေ၏၊ သို့သော် ဝိနည်းတော်နှင့်အညီ တည်ကြည်ခန့်ညားသော အသံဖြင့်သာ ဟောကြားရမည်။
  3. တရားဟောရာ၌ မယဉ်ကျေးသော ဥပမာနှင့် ဟာသကထာတို့ကို ထည့်သွင်း၍ မပြောမိစေရန် အထူးသတိပြုရမည်။ ဟာသကထာကိုကား ယဉ်ကျေးငြား သော်လည်း နည်းပါးနိုင်သမျှ နည်းပါးစေရန် သတိပြုရမည်။
  4. ကမ္မဋ္ဌာန်းဌာနတွင် အားထုတ်နေသော ယောဂီတို့အား တရား စစ်ဆေး မေးမြန်းခြင်း, အဆုံးအဖြတ် ပေးခြင်းများကို မပြုရ
  5. စာရွက်စာတန်း ကျမ်းစာအုပ်များကို “ပုံနှိပ်ခွင့်ရှိသော မဟာစည်သတိပဋ္ဌာန် အဖွဲ့ဝင် ဆရာတော် တပါးပါးထံမှ ခွင့်ပြုချက်မရှိပဲ” မဟာစည်ဆရာတော်၏ ဝိပဿနာနည်းနိဿယအဖြစ်ဖြင့် ရေးသား၍ ပုံနှိပ်ထုတ်ဝေခြင်း မပြုရ

(စ) ပြောဆိုရေးမှာ

ကမ္မဋ္ဌာနာစရိယရဟန်းတော်များ၏ ပြောဆိုရေး စည်းမျဉ်း ၁၄-ပိုဒ်လုံးအတိုင်း လိုက်နာ ကျင့်သုံးရမည်

(ဆ) ဆက်ဆံရေးမှာ

  1. လဇ္ဇီပေသလ သိက္ခာကာမ ဖြစ်သည်ဟု ယုံကြည်ရသော ပုဂ္ဂိုလ်တိုင်းနှင့် ပစ္စယသမ္ဘောဂ, ဓမ္မသမ္ဘောဂ အားဖြင့် ပေါင်းသင်းဆက်ဆံနိုင်ခွင့် ရှိသည်။
  2. မထေရ်ကြီးများအား ဂါရဝ, နိဝါတ ရှေ့ထား၍လည်းကောင်း၊ သမာန, နဝက ပုဂ္ဂိုလ်တို့အား မေတ္တာ ကရုဏာရှေ့ထား၍လည်းကောင်း နူးညံ့သိမ်မွေ့သော ကိုယ်အမူအရာ နှုတ်အမူအရာတို့ဖြင့် ပဋိသန္ဓာရဝတ် မချွတ်စေရန် လုံ့လပြုရမည်။
  3. ဒါယကာ, ဒါယကာမတို့နှင့် ဆက်ဆံရာ၌ ကုလေသွနနုဂိဒ္ဓေါ ဟူသော ဒေသနာတော်နှင့်အညီ ကုလ ဒူသန အနေသန တို့ကို ဝေးစွာရှောင်ကြဉ်၍ သဟနန္ဒိ, သဟသောကိ တို့၏ အကြောင်းဖြစ်သော ဂေဟဿိတပေမဖြင့် ရင်းနှီးစွာ ဆက်ဆံမှု မရှိစေရန် အထူးသတိပြုရမည်။
  4. ဒါယကာ, ဒါယိကာမတို့ ၏ သဒ္ဓါတရားအလျောက် ပေးလှူခြင်းမှ တပါး ဉာတိပဝါရိတ မဟုတ်သော ပုဂ္ဂိုလ်တို့ထံမှ အလှူခံခြင်း အလျဉ်းမရှိစေရ

၃-ယောဂီရဟန်းတော်များအတွက် စည်းမျဉ်းများ ဤတွင် ပြည့်စုံပြီ။

---

၄။ ယောဂီဥပါသကာ, ဥပါသိကာမများ အတွက် စည်းမျဉ်းများ

(၁) ကမ္မဋ္ဌာန်းဌာန၌ တရားအားထုတ်ဆဲ ယောဂီများသည် ကမ္မဋ္ဌာန်းဌာနဆိုင်ရာ စည်မျဉ်းများကို တသွေမသိမ်း လိုက်နာရမည်

(၂) တရားအားထုတ်ပြီးသော ယောဂီများသည်လည်း မည်သည့်နေရာဌာန၌ နေထိုင်သည်ဖြစ်စေ တရားတော်နှင့် ဆရာသမားတို့၏ဂုဏ်ကို ယုံကြည် လေးစား သောအားဖြင့် အောက်ပါဩဝါဒများကို ရိုသေစွာ လိုက်နာကျင့်သုံးရမည်

(က) နေထိုင်ရေးမှာ

လောဘ, ဒေါသ စသော ကိလေသာတို့ ၏ အလိုအားဖြင့် ရုန့်ရင်းကြမ်းတမ်းသော ကိုယ်အမူအရာ, နှုတ်အမူအရာများ ထင်ရှားမဖြစ်ပေါ်ရအောင် အမှတ်သတိဖြင့် စောင့်စည်းထိန်းသိမ်း၍ နေထိုင်ရမည်

(ခ) သွားလာရေးမှာ

သူတော်ကောင်းတို့၏ ကဲ့ရဲ့ စက်ဆုပ်အပ်သော နေရာဌာနများသို့ မသွားမလာ မိစေရန် အထူး သတိပြု၍ ရှောင်ကြဉ်ရမည်။

(ဂ) ဟောကြားရေးမှာ

  1. ဟောစွမ်းနိုင်သော ဗဟုသုတ လုံလောက်စွာမရှိပါပဲ လူများစုအား တရား ဟောပြောခြင်းကို မပြုရ
  2. ဟောစွမ်းနိုင်သော ဗဟုသုတရှိ၍ ဝိပဿနာတရားကို ဟောပြောခဲ့လျှင် မဟာစည်ဆရာတော်၏ ယူဆဟောပြောပုံအတိုင်း ဒေသနာတော်နှင့်အညီ ဟောပြောရမည်။
  3. အားထုတ်ဆဲယောဂီတို့အား တရားစစ်မေးခြင်း, အဆုံးအဖြတ်ပေးခြင်းများ မပြုရ
  4. စာရွက်စာတန်း, ကျမ်းစာအုပ်များကို “ပုံနှိပ်ခွင့်ရှိသော မဟာစည် သတိပဋ္ဌာန် အဖွဲ့ဝင် ဆရာတော်တပါးပါးထံမှ ခွင့်ပြုချက် မရှိပဲ” မဟာစည်ဆရာတော်ဘုရား၏ ဝိပဿနာ နည်းနိဿရည်း အဖြစ်ဖြင့် ရေးသား၍ ပုံနှိပ်ထုတ်ဝေခြင်း မပြုရ

(ဃ) ပြောဆိုရေးမှာ

  1. ကျောင်းကန် ဘုရားအတွင်း ဥပုသ်သီတင်းသီလ စောင့်သုံးနေသော အခါ၌ လည်းကောင်း၊ ကမ္မဋ္ဌာန်းဌာနတွင် ရောက်ရှိနေသော အခါ၌လည်းကောင်း လောက ရေးရာစကားများကို ပြောဆိုခြင်း နည်းပါးစေရန် အထူး သတိပြုရမည်။
  2. ကြမ်းတမ်းသော စကား, ကြိမ်းမောင်း ချုပ်ချယ်သော စကား, မျက်မှောက်, မျက်ကွယ်၌ ကဲ့ရဲ့ရှုတ်ချသော စကား ဤသို့သော စကားများကို မပြောဆိုမိစေရန် သတိပြုရမည်။
  3. မိမိကိုယ်ကို ချီးမြှောက်၍ ပြောဆိုခြင်း, သူတပါးတို့အား နှိမ့်ချ၍ ပြောဆိုခြင်း များမှ လုံးဝရှောင်ကြဉ်ရမည်၊ ရဟန်းတော်များအား ကဲ့ရဲ့ပြစ်တင်မိခြင်း မရှိစေရန် အထူးသတိပြု၍ စောင့်စည်းရမည်။
  4. ဝါဒမတူသော ပုဂ္ဂိုလ်များနှင့် တရားငြင်းခုံပြိုင်ဆိုင်ခြင်း အလျဉ်းမရှိစေရ
  5. တရားထူးတရားမြတ်ကို မိမိနှင့်စပ်လျဉ်း၍ အကျိုးမဲ့ ဖော်ပြပြောဆိုခြင်း မရှိစေရန် အထူးသတိပြုရမည်။

မှတ်ချက်

အကျိုးမဲ့ ဖော်ပြခြင်းဆိုခြင်းဟူသည်မှာ သူတပါး ၏အကျိုး, သာသနာတော်၏ အကျိုးများအတွက် မဟုတ်ပဲ မိမိဂုဏ် ထင်ပေါ်ရုံမျှအတွက်သာ ရည်ရွယ်၍ ပြောခြင်းမျိုးကို ဆိုလိုသည်၊ သို့ဖြစ်၍ ဝိသာခသဌေးကြီးက ဓမ္မဒိန္နာ ၏အကျိုးကို ငဲ့၍ တရားထူးကို ပြောကြားခြင်း၊ ထို့အတူ ဥပတိဿပရိဗိုဇ်က ကောလိတပရိဗိုဇ်အား ပြောကြားခြင်း၊ ခုဇ္ဇုတ္တရာက သာမာဝတီအား ပြောကြားခြင်း စသည်တို့မှာ အကျိုးရှိ သော ပြောကြားခြင်းများဖြစ်သောကြောင့် ထိုပြောဆိုမှုမျိုးကို အကျိုးမဲ့ဟူသော ဤစကားဖြင့် မတားမြစ်ဟု မှတ်ရမည်၊

တည့်တည့်ပြောရလျှင် သူတပါး၏ အကျိုးကိုငဲ့၍ ဟုတ်မှန်သောတရားထူးကို ပြောကြားခြင်း၊ သာသနာတော် တည်ထွန်းစေရန် သန္နိဋ္ဌိက နိယျာနိကဂုဏ် ထင်ရှား စေရန် ပြောကြားခြင်းများကို ဤဥပဒေသက မတားမြစ်ဟု ဆိုလို၏၊ ဤ ပြောဆိုခြင်းမျိုးကို တားမြစ်လျှင် သမ္မာဝိဟရေယျုံ ဟူသော ဘုရားစကားတော်ကို တားမြစ်ရာ ရောက်မည်၊ သတိပြုပါကုန်

(င) ဆက်ဆံရေးမှာ

  1. ရဟန်း, သံဃာတော်များနှင့် တွေ့ဆုံသောအခါ၌ သံဃာ့ဂုဏ်ကို အာရုံပြုလျက် ဥပါသကာဝတ် မချွတ်စေမူ၍ အထူးသဖြင့် ရိုသေလေးစားခြင်း ရှိစေရမည်။
  2. ရဟန်း, သံဃာ, ဆရာ သမားတို့ကို ဆည်းကပ်ကိုးကွယ်ရာ၌ ဂါဟအစွဲ မရှိစေမူ၍ ကြည်ညို အားကိုးထိုက်သော သီလ, သမာဓိ, ပညာ ဂုဏ်ကျေးဇူး များကိုသာ အာရုံပြုလျက် သဒ္ဓါတရား သက်သက်ဖြင့်သာလျှင် ဆည်းကပ် ကိုးကွယ်နိုင်ရန် သတိသမ္ပဇဉ်ဉာဏ် ယှဉ်စေရမည်။

၄။ ယောဂီဥပါသကာ, ဥပါသိကာမများအတွက် စည်းမျဉ်းများ ဤတွင် ပြည့်စုံပြီ။

---

၅။ (က) ကမ္မဋ္ဌာန်းဌာန ဆိုင်ရာ စည်မျဉ်းများ

(၁) အောက်ထစ်ဆုံး အားဖြင့် ရှစ်ပါးသီလနှင့်ပြည့်စုံ၍ ကြိုးကြိုးစားစား အားထုထ်သော ပုဂ္ဂိုလ်များသာလျှင် မဟာစည် သတိပဋ္ဌာန် ကမ္မဋ္ဌာန်းဌာနများ၌ အားထုတ် နေထိုင်ခွင့် ရှိသည်။

(၂) တာဝန်ဆောင်ပုဂ္ဂိုလ်က ညွှန်ပြချထားသော ကျောင်းခန်းနေရာ၌သာလျှင် နေထိုင်ရမည်။

(၃) သပ္ပါယမဖြစ်၍ နေရာပြောင်းလိုလျှင် တာဝန်ဆောင်ပုဂ္ဂိုလ်အား ပြောကြား၍ ၎င်းက ညွှန်ပြထားသော နေရာ၌သာ ရွှေ့ပြောင်းနေထိုင်ခွင့် ရှိသည်။

(၄) အကြောင်းထူးရှိ၍ နေရာ ရွှေ့ပြောင်းရန် တာဝန်ခံ ပုဂ္ဂိုလ်က ညွှန်ကြားလာလျှင် မည်သည့်ယောဂီမဆို အချိန်မရွေး ဝန်မလေးပဲ ရွှေ့ပြောင်းပေးနိုင်ရမည်

(၅) ယောဂီသစ်အဖြစ်ဖြင့် နေထိုင်ခွင့်ရသော ကာလအပိုင်းအခြားမှာ ဉာဏ်စဉ် တရား နာပြီးသည့် နောက် ၇-ရက်အထိ သို့မဟုတ် ကြိုးကြိုးစားစား အားထုတ် ပါလျက် တရားမပြည့်စုံသေးသော သူမှာ ၂-လ အထိ ဤမျှသာ ရှိသည်ဟု မှတ်ရမည်၊ ဤအခွင့်ကာလ ကုန်လွန်ပြီးသော ယောဂီများမှာအားလပ်သော နေရာရှိသေးလျှင် ၎င်းနေရာ၌ ယောဂီဟောင်းများ နည်းတူပင် ဆက်လက်၍ နေထိုင်ခွင့် ထပ်မံ တောင်းယူရမည်။

ခြွင်းချက်

တရားပြည့်စုံရန် နီးကပ်နေသော ယောဂီအား နေထိုင်ခွင့်ရက်ပိုများ ထပ်မံ၍ ရရှိစေရမည်၊ ဝါကပ်နေသော ရဟန်းတော်များမှာ ဝါကျွတ်သည့်တိုင်အောင် နေထိုင်ခွင့် ရှိစေရမည်၊ ကမ္မဋ္ဌာန်းဌာနအတွက် ကျေးဇူးများသော ပုဂ္ဂိုလ်များအား သင့်လျော်သောနေရာ၌ အထူးနေထိုင်ခွင့် ရရှိစေရမည်။

(၆) ထင်း, အိုး, ခွက်စသည်တို့ကို ရှုပ်ထွေးစွာ မထားရ၊ တိုက်ခန်းတွင်း၌ ချက်ပြုတ်ခြင်းကို မပြုရ၊ နေရာဌာန၏ သန့်ရှင်း စင်ကြယ်ရေးကို အလေးပြုရမည်

(၇) အရေးကြီးသော အကြောင်းထူး မရှိပဲ စကားပြောဆိုနေခြင်း မရှိစေရ၊ မပြောလျှင်မဖြစ်၍ ပြောရပါမူကား သူတပါး၏ သမာဓိ အန္တရာယ်မဖြစ်အောင် တိုးတိုးသာသာ ပြောရမည်။ သို့သော် ကြာရှည်စွာကား ပြောဆိုမနေရ၊ ကြာရှည်စွာ ပြောဆိုရန် ရှိလျှင် ကမ္မဋ္ဌန်းကျောင်းမှ ဝေးရာသို့ သွား၍ ပြောရမည်။

(၈) ဧည့်သည်များကို ကြာရှည်စွာ ဧည့်ခံစကားပြောခြင်းမှာ ဧည့်သည်များ ရောက်လာလျှင် နာယကဆရာတော်ထံမှာ လျှောက်ထားတောင်းပန် ပန်ကြားရမည်

(၉) သူတပါး၏ သမာဓိပျက်လောက်အောင် အသံမြည်စေသော အပြုအမူများကို မပြုမလုပ်ရ၊ အယုတ်ဆုံးအားဖြင့် အသံထုတ်လျက် တရားစာပေ ရွတ်ဆိုခြင်းကို သော်လည်း မပြုရ

(၁၀) သတင်းစာ ကြည့်ခြင်း, စာအုပ်စာတန်း, ကျမ်းစာအုပ်များကို ကြည့်ရှုခြင်း, ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများကိုလည်း မပြုရ

(၁၁) အကြောင်းမဲ့ လှည့်လည်သွားလာနေခြင်း မရှိစေရ၊ အထူးအားဖြင့် ဝိသဘာဂ ဖြစ်သော ယောဂီ, ယောဂီမတို့၏ နေရာဌာနသို့ လုံလောက်သော အကြောင်းကိစ္စ မရှိပဲ သွားရောက်ခြင်းနှင့် ဝိုင်းဖွဲ့၍ စကားပြောဆိုနေခြင်းများကို အပြစ်အကြီးဆုံးဟု မှတ်ယူကြရမည်

(၁၂) အားထုတ်ဆဲ ယောဂီသစ်များသည် သတ်မှတ်ထားသော အချိန်တွင် ကမ္မဋ္ဌာန်းစစ်မေးရာဌာနသို့ လာရောက်ကြပြီးလျှင် မိမိ၏ အားထုတ်ပုံ, တွေ့သိပုံ များကို လျှောက်ကြားလျက် ဩဝါဒတရားကို နေ့စဉ် နာယူရမည်

(၁၃) အထူးလေးစားရမည့်အချိန်မှာ နေ့ ၁၂-နာရီမှ နံနက် ၅-နာရီအထိဖြစ်သည်၊ ဤအချိန်များမှာ စားသောက်မှု စသော ကိစ္စဗျာပါဒ မရှိသဖြင့် လွတ်လွတ်လပ်လပ် အားထုတ်ခွင့်ရသည့် အကောင်းဆုံး အချိန်များ ဖြစ်သည်၊ သို့ဖြစ်၍ ဤအချိန် အတွင်းမှာ အိပ်ပျော်နေသော လေး ငါး ခြောက်နာရီမှ တပါး မနေမနား အထူးသဖြင့် ကြိုးစားအားထုတ်မှု ပျက်လောင်အောင် မည်သည့် အပြုအမူမျိုးကိုမျှ မပြုမိစေရန် အထူး သတိထားရမည်။

---

၅။ (ခ) ရဟန်းတော်များအတွက် ဌာနဆိုင်ရာ သီးခြားစည်မျဉ်းများ

(၁) တခြားတပါးသို့သွားရန် ကိစ္စရှိနေလျှင် နာယက ဆရာတော်ထံ၌ ပန်ကြား၍ သွားရမည်

(၂) သေနာသန အသုံးအဆောင်များကို ကိုယ်ပိုင်ပစ္စည်းကဲ့သို့ပင် ရိုသေစွာ သုံးဆောင်ရမည်

(၃) သံဃာလုံလောက်လျှင် လပြည့်, လကွယ်နေ့တိုင်း သံဃာ့ဥပုသ် ပြုကြရမည်

(၄) ဝတ်ရုံ စားသောက်မှု, သွားလာနေထိုင်မှုများမှာ ပါသာဒိက ဖြစ်စေရမည်

(၅) ပိဏ္ဍပါတ်ကျင့်ဝတ်ဖြင့် မျှတနေထိုင်ရမည်၊ သို့သော် ဒါယကာရှိလျှင် ၎င်း ဒါယိကာ ၏ ဆွမ်းဖြင့်လည်း မျှတနေထိုင်ခွင့် ရှိသေး၏။

(၆) ယောဂီမတို့ထံ၌ ဆွမ်းခံခြင်းသည် ၎င်းတို့အား ပလိဗောဓဖြစ်စေလျက် အနှောင့်အယှက်ပေးရာရောက်သည်၊ သို့ဖြစ်၍ ၎င်းတို့၏ နေရာ ကမ္မဋ္ဌာန်း ကျောင်းသို့ သွားရောက်၍ ဆွမ်းခံခြင်း မရှိစေရ၊ ယောဂီမတို့က သင့်လျော်သော နေရာသို့ လာရောက်၍ လောင်းလှူသော ဆွမ်းကိုကား အလှူခံနိုင်ခွင့် ရှိသည်။

(၇) ယောဂီဟောင်းများနှင့် သင်တန်း ပုဂ္ဂိုလ်များမှာ နေ့စဉ် ညဉ့်ဦး ၇-နာရီ ခန့်အချိန်၌ တညီတညွတ်တည်း စည်းဝေး၍ ဘုရား ဝတ်တက်ခြင်း, ဩဝါဒ ဓမ္မက ထာများကို ပြောဟောခြင်း, နာကြားခြင်းများ ရှိစေရမည်၊ နံနက်ခင်း၌လည်း အရုဏ်မတက်မီ စောစောထ၍ ဘုရားဝတ်ပြုခြင်း, တရားနှလုံး သွင်းခြင်းများ မချွတ်ယွင်းစေရန် သတိပြုရမည်

မှတ်ချက်

ဌာနဆိုင်ရာစည်မျဉ်း ၂-ရပ်တွင် မိမိတို့၏ ဌာနအားလျော်စွာ ဖြည့်စွက် နုတ်ပယ် ငြင်းပယ်ပြင်ဆင်နိုင်ခွင့် ရှိသည်။

၅-ကမ္မဋ္ဌာန်းဌာနဆိုင်ရာ စည်းမျဉ်းများ ဤတွင် ပြည့်စုံပြီ။

မဟာစည်သတိပဋ္ဌာန်အဖွဲ့လုံးဆိုင်ရာ စည်းမျဉ်းများ ဤတွင် ပြည့်စုံပြီ။

မဟာစည်သတိပဋ္ဌာန်အဖွဲ့ဝင်
ပဓာန ကမ္မဋ္ဌာနာစရိယများနှင့်တကွ

အရှင်သောဘန
မဟာစည်ဆရာတော်
သာသနာ့ရိပ်သာ၊ ရန်ကုန်မြို့

၁၃၁၄-ခု၊ ဝါခေါင်လကွယ် ၂-ရက်နေ့။
(၇-၈-၁၉၅၂)

---

ကျောင်းအနုမောဒနာ

ရန်ကုန်မြို့ သာသနာ့ရိပ်သာ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ကြီးက ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူရန် သာသနာ့ရိပ်သာအတွင်း၌ ခမ်းနားလှစွာသော မဟာစည်ကျောင်းတော်ကို ၁၃၂၉-ခုနှစ်က ဆောက်လုပ်ခဲ့ရာ ၁၃၃၀-ခုနှစ်တွင် ပြီးဆုံး၍ ကျောင်းရေစက်ချပွဲကြီးကို ၁၃၃၀ -ပြည့်နှစ် ပြာသိုလဆန်း ၄-ရက် တနင်္ဂနွေနေ့တွင် ခမ်းနားစွာ ကျင်းပစဉ် ၁၉-ကြိမ်မြောက် ဩဝါဒ ခံယူ ပူဇော်ပွဲနှင့်လည်း ကြုံကြိုက်သဖြင့် အနယ်နယ် အစို့စို့ အမြို့မြို့ အရွာရွာမှ မဟာစည်ဩဝါဒခံ ကမ္မဋ္ဌာနာစရိယ ဆရာတော်များ ရဟန်း, ရှင်, လူ, ယောဂီ များစွာတို့လည်း ကြိုတင်ရောက်ရှိ လာကြလေသည်။

သို့ဖြစ်၍ ကျောင်းတော်ရေစက်ချပွဲ မတိုင်မီ ပြာသိုလဆန်း ၁-ရက်နေ့မှစ၍ ၃-ည တိုင်တိုင် တရားပွဲများကို ကျင်းပခဲ့ရာ ညစဉ် ညတိုင်း တရားနာ ပရိသတ်များစွာတို့ လာရောက်တရားနာကြလေသည်၊ ထိုစဉ်က ပထမည ပထမပိုင်း မန္တလေးမြို့ နန်းတော်ရှေ့ ရွှေစည်ရိပ်သာဆရာတော် အရှင်ကုလိသက လည်းကောင်း၊ ပထမည ဒုတိယပိုင်းတွင် မိုးကုတ်မြို့ လောကမာရဇိန် ရွှေဘိုဆရာတော် အရှင်မုနိန္ဒ ကလည်းကောင်း၊ ဒုတိယည ပထမပိုင်းတွင် ပဲခူးမြို့သာသနမဏ္ဍိုင် ဆရာတော် အရှင်ပညာဇောတက လည်းကောင်း၊ ဒုတိယည ဒုတိယပိုင်းတွင် စစ်ကိုင်းတောင်ရိုး အဂ္ဂမ ဟာပဏ္ဍိတ ရွှေစေတီဆရာတော်က လည်းကောင်း၊ တတိယည ပထမ ပိုင်းတွင် မိုးကုတ်မြို့ လောကမာရဇိန် ရွှေဘိုဆရာတော် အရှင်မုနိန္ဒကလည်းကောင်း အသီးသီး ဟောကြားတော်မူကြသည်။

တတိယည ဒုတိယပိုင်းတွင် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးက ဟောကြားတော်မူသည်၊ ကျောင်းရေစက်ချပွဲ ကျင်းပသည့် ပြာသိုလဆန်း ၄-ရက် နေ့၌လည်း မဟာစည် ဆရာတော်ဘုရားကြီးကိုယ်တိုင် အနုမောဒနာတရားနှင့် ဩဝါဒတရား ဟောကြားတော်မူသည်၊ ကျောင်းတော် ရေစက်ချစာတန်းကိုလည်း ပါဠိ -မြန်မာ ၂-ဘာသာဖြင့်ရေး၍ ကိုယ်တိုင် ဒကာ, ဒကာမတို့ကို ဆိုစေ၍ ရေစက်ချ ပေးတော်မူသည်၊

ထိုစဉ်က မဟာစည်ဆရာတော်ဘုရားကြီး အပါအဝင် ဓမ္မကထိက ဆရာတော်များ ဟောကြားတော်မူသည့် တရားတော်များကို ကျောင်းအနုမောဒနာ အမည်ဖြင့် ၁၃၃၂-ခုနှစ်က စာအုပ် ရိုက်နှိပ် ထုတ်ဝေခဲ့ရာ ပြည့်စုံ ကောင်းမွန်သည့် တရားကျမ်းစာကြီး ဖြစ်လေသည်၊ ယင်းကျမ်းစာမှာ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် ၃၂၇-မျက်နှာ ရှိလေသည်၊

ထိုစဉ်က ဆရာတော်ဘုရားကြီးကိုယ်တိုင် စီစဉ်တော်မူခဲ့သည့် ပါဠိရေစက်ချစာတန်း, မြန်မာရေစက်ချစာတန်း တို့ကို ရဟန်းသံဃာတော်များက အတုယူနိုင်ရန် အောက်ပါ အတိုင်း ဖော်ပြအပ်ပါသည်။

---

ပါဠိ ရေစက်ချစာတန်း

မယံ ဘန္တေ သမသဒ္ဓါ သမဆန္ဒာ သမစိတ္တာ သင်္ဂမ္မ သံသာရဝဋ္ဋဒုက္ခတော မောစနတ္ထာယ နိဗ္ဗာနဿ သစ္ဆိကရဏတ္ထာယ ဣမသ္မိံ သာသနာ့ရိပ်သာအာရာမေ ဒွိသတမတ္တေဟိ ကဟာပဏသဟ ဿေဟိ မဟာဘေရီ ဝိဟာရဝရနာမကံ ဝိဟာရံ အတိသောဘိတံ ဒဿနိယံ ပါသာဒိကံ မနောရမံ ကာရာပေတွာ ဣဒါနိ ဝိဟာရမဟံ နာမ မဟာဒါနသတံ ကရောမ၊ ဣမသ္မိံ စ ဘန္တေ ဝိဟာရမဟေ ကရိ ယမာနေ ပဌမံ ယော ဒိဝသေ ဘိက္ခုသံဃဿ ဘတ္တဒါနဉ္စ ဗဟုဇနဿ ဓမ္မဒါနဉ္စ တဒူပစာရ ဘာဝေန ကရိမှာ၊ အဇ္ဇ ပန သာဓိကသတ သင်္ချဿ ဘိက္ခုသံဃဿ အရုဏုဂ္ဂမနကာလေ စ မဇ္ဈဏှိကာသန္န ကာလေစာတိ ဒွီသု ကာလေသု ဒွိက္ခတ္တုံ ပဏီတာနိ ပိဏ္ဍပါတခါ ဒနီယ ဘောဇနီယ ဝိသေသ ပါနာနိ သက္ကစ္စံ အဒမှာ၊ အနေက သဟဿေ စ ဥပါသကော ပါသိကဇနေ ပဏီတေဟိ ခါဒနီယ ဘောဇနီယပါနဝိသေသေဟိ ဘောဇယိမှာ။

ဧဝဉ္စ ဘန္တေ ဒတွာ ဘောဇေတွာ စ ဒါနိ ဘိက္ခုသံဃဿ သမ္မုခေ သရဏသီလာနိ ပုန သမာဒိယိတွာ ဧတဿ ယထာဝုတ္တ ဝိဟာရဿ မဟာဘေရီ ဝိဟာရဝနာမကဿ ဥပရိမဘူမိသခင်္ခါတံ ဥပရိမဘာဂံ ယထုဒ္ဒိဋ္ဌပရိစ္ဆိန္နံ ဗုဒ္ဓဿ စ ဘိက္ခုသံဃဿ စ ဒက္ခိဏော ဒကံ ဩသိဉ္စိယ သက္ကစ္စံ ဒေမ၊ ဧတ္ထ ဘန္တေ ယထာပရိစ္ဆိန္နေ ဗုဒ္ဓပဋိမာ ဂဗ္ဘေ ဗုဒ္ဓပဋိမာ ဒေဝမနုဿာနံ ဝန္ဒနာမာန ပူဇာသက္က ာရေ သမ္ပဋိစ္ဆ မာနာ ပတိဋ္ဌာတု၊ တဒညဋ္ဌာနာနိ ပန သီလာဒိဂုဏသမ္ပန္နာ ဘိက္ခူ အဓောတေဟိ ဓောတေဟိ စ သောဒကေဟိ ပါဒေဟိ က္ကမိတွာ သဗ္ဗကာယင်္ဂေဟိ စ ဖုသိတွာ နဟာနကောဋ္ဌကဂဗ္ဘေ ပန သဥပါဟ နာပိ ဟုတွာ ယထာသုခံ ပရိဘုဉ္ဇန္တု လေဏတ္ထာယစ သုခတ္ထာယ စ ဈာယိတုဉ္စ ဝိပဿိတုဉ္စ

ဟေဋ္ဌိမဘူမိသင်္ခါတံ ပနဿ ဟေဋ္ဌိမဘာဂံ သဓမ္မေ ဒသနာ မဟာဂဗ္ဘံ မဟာစည် ထေရပ္ပမုခဿ ဂဟဋ္ဌပဗ္ဗဇိတ ယောဂါဝစရ ဂဏဿ သတိပဋ္ဌာန ဓမ္မပရိပူရကဿ ဒေမ အဓောတေဟိ ဓောတေဟိ စ သောဒကေဟိ ပါဒေဟိ အက္ကမိတွာ သဗ္ဗကာယင်္ဂေဟိ စ ဖုသိတွာ ယထာ သုခံ ပရိဘုဥ္ဇိတုံ၊ ဧတ္ထ ဘန္တေ သီလာဒိဂုဏသမ္ပန္နာ ဘိက္ခုသာမဏေရာ စ ဂဟဋ္ဌယောဂါဝစရာ စ ဓမ္မမာမကာ ဥပါသကာ ဥပါသိကာယော စ ယထာနိယမ ိတံ ယထာ သုခံ ဝသမာနာ ဓမ္မဒေသနာ ဓမ္မသဝနာဒိ သာသနကိစ္စာနိ ကရောန္တု၊ ဘာဝနဉ္စ အနုယုဉ္ဇန္တု၊ ဓမ္မံ သုဏိတွာ ဘာဝနဉ္စ အနုယုဥ္ဇိတွာ မဂ္ဂဖလနိဗ္ဗာနံ ခိပ္ပံ ပါပုဏန္တု

အထောပေတံ ဝိဟာရံ မဟာစည် ထေရောဝါဒ ပဋိဂ္ဂါဟကဿ သာသနာ့ရိပ်သာ အာရာမရက္ခကဂေါပကဘူတဿ ဗုဒ္ဓသာသနာနုဂ္ဂဟ သမဂ္ဂုက္ကဋ္ဌဿ စ နိယျာတေမ ယထာနိယမိတံ ရက္ခဏဂေါပနတ္ထာယ။

ဣမာနိ စ စီဝရာဒိနာနာဒေယျဓမ္မဝတ္ထုနိ သီလာဒိဂုဏသမ္ပန္နာနံ ပဉ္စသဋ္ဌိယာ ထေရာနံ ယထာဥဒ္ဒိဋ္ဌာနံ ဝိသုံဝိသုံ ပရိစ္ဆိဇ္ဇ သက္ကစ္စံ ဒေမ ပူဇေမ။

ဣဒံ နော ပုညံ အာသဝက္ခယာဝဟံ ဟောတု၊ ဣမဿ ပုညဿ ပတ္တံ သဗ္ဗေသံ သတ္တာနံ ဒေမ၊ သဗ္ဗေပိ တေ ဣမဿ ပုညဿ ပတ္တိံ လဒ္ဓါ သုခိတာ ဟောန္တု

ပါဠိရေစက်ချက ပြီးသွားပြီ၊ ယခု မြန်မာလို ရေစက်ချမယ်၊ ရေစက်ခွက်ကိုင်ကြ၊ အားလုံး လိုက်ဆိုကြရမယ်။

---

မြန်မာသက်သက် ရေစက်ချစာတန်း

သံဃာတော်အရှင်မြတ်တို့ဘုရား ... တူညီသော သဒ္ဓါ, တူညီသော ဆန္ဒ, တူညီသော စိတ်အကြံ ရှိကြသော ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ဝင်များ, မဟာစည် ဩဝါဒခံ ယောဂီများနှင့် အခြားစေတနာရှင်များ ဖြစ်ကြသော တပည့်တော်တို့သည် အညီ အညွတ် စုပေါင်းကြပြီးလျှင် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်၍ နိဗ္ဗာန်ကို လျင်မြင်စွာ မျက်မှောက် ပြုပါရခြင်းအကျိုးငှါ ရည်သန် တောင့်တ၍ ဤ သာသနာ့ ရိပ်သာ အာရာမ်ကျောင်းတိုက်၌ နှစ်သိန်းမျှသော ကျပ်ငွေတို့ဖြင့် ရှုချင်စဖွယ် အလွန်တင့်တယ်၍ ကြည်နူးဖွယ် နှလုံးမွေ့လျော်ဖွယ် ကောင်းလှစွာသော မဟာစည် ကျောင်းတော် မည်သော ကျောင်းကို ဆောက်လုပ်စေပြီးလျှင် ယခုအခါ၌ ကျောင်းရေစက်ချပွဲ ခေါ်သော မဟာဒါန အလှူပွဲကြီးကို ခမ်းနား သိုက်မြိုက်စွာ ဆင်ယင်ကျင်းပပါကုန်၏၊

အရှင်မြတ်တို့ ဘုရား ... ဤ ကျောင်းရေစက်ချ ပူဇော်ပွဲကို ကျင်းပသောအခါ ရှေးဦးစွာ သံဃာတော်အား ဆွမ်းကပ်လှူခြင်း, လာလာသမျှ အလုံးစုံသော ပုဂ္ဂိုလ်တို့အား တရားဟောလှူခြင်းတို့ကို ယင်းရေစက်ချပွဲ ၏ အကြိုပူဇော်ပွဲ အဖြစ်ဖြင့် သုံးရက် တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါကုန်၏၊ ယနေ့ အဖို့၌မူကား တရာကျော် အရေအတွက် ရှိသော ရဟန်းသံဃာတော်အား အရုဏ်ဆွမ်း တကြိမ်, နေ့ဆွမ်းတကြိမ်အားဖြင့် ၂ -ကြိမ်တိုင်တိုင် မွန်မြတ်သော ဆွမ်း ခဲဖွယ်ဘောဇဉ်နှင့် သောက်ဖွယ်အထူးတို့ကို ရိုသေစွာ ဆက်ကပ်လှူဒါန်း ကျွေးမွေး ပူဇော်ခဲ့ပါကုန်ပြီ၊ ထောင်ပေါင်း များစွာသော ဥပါသကာ, ဥပါသကီ လူပရိသတ် တို့ကိုလည်း မွန်မြတ်သော ခဲဖွယ်ဘောဇဉ် သောက်ဖွယ်အထူးတို့ဖြင့် ကျွေးမွေးခဲ့ပါကုန်ပြီ။

အရှင်မြတ်တို့ဘုရား ... ဤသို့ ဆက်ကပ်လှူဒါန်း ကျွေးမွေးကြပြီးလျှင် ယခုအခါ ရဟန်းသံဃာတော်၏ မျက်မှောက်၌ သရဏဂုံ သုံးပါးနှင့်တကွ ငါးပါးသီလ, ရှစ်ပါးသီလတို့ကို ထပ်မံ ဆောက်တည်ကြပြီးလျှင် ယခုတွင်ပင် လျှောက်ထားအပ် ခဲ့ပြီးသော မဟာစည် ကျောင်းတော် ခေါ်သော ဤကျောင်း ၏ အထက်ထပ်ဟု ဆိုအပ်သော အထက်ပိုင်းအဖို့ကို ရည်ညွှန်း ပိုင်းခြားရင်း ရှိသည့်အတိုင်း မြတ်စွာဘုရားအား လည်းကောင်း၊ သံဃာတော်အားလည်းကောင်း မြတ်သော အလှူရေစက်ကို သွန်းချ၍ ကောင်းမွန်စွာ ရိုသေစွာ လှူဒါန်းပါကုန်၏ အရှင်မြတ်တို့ ဘုရား၊

ဤကျောင်း အထက်ထပ်၌ ရည်ညွှန်း ပိုင်းခြားထားအပ်သော ဘုရားခန်း၌ မြတ်စွာဘုရား၏ ကိုယ်တော်စားဖြစ်သော ဘုရား၏ရုပ်ပွား ဆင်းတုတော်သည် နတ်လူတို့ ၏ ရှိခိုးခြင်း, မြတ်နိုးခြင်း, ပူဇော်ခြင်း, အရိုအသေ ပြုခြင်းတို့ကို ခံတော်မူကာ ကိန်းအောင်း တည်နေပါစေသတည်း၊ ထိုဘုရားခန်းမှ တပါးသော ဌာနတို့ကိုမူ သီလအစရှိသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံတော်မူကြသော ရဟန်းတော်တို့သည် မဆေးအပ်သောခြေ, ဆေးပြီး၍ ရေစိုနေသော ခြေတို့ဖြင့် နင်း၍လည်းကောင်း၊ အလုံးစုံသော ကိုယ်အင်္ဂါတို့ဖြင့် ထိပါးသုံးသပ်၍လည်းကောင်း၊ ရေချိုးခန်း၌မူ ဖိနပ်စီး၍လည်းကောင်း၊ ကိန်းအောင်းရန် အလို့ငှါလည်းကောင်း၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရန်အလို့ငှါ လည်းကောင်း၊ သမထအာရုံကို ရှုရန်အလို့ငှါ လည်းကောင်း၊ ဝိပဿနာရှုရန် အလို့ငှါလည်းကောင်း ချမ်းသာသည့်အလျောက် အလိုရှိတိုင်း သုံးဆောင်တော်မူကြပါစေကုန်သတည်း။

ထို့ပြင် တရားဟောရန် ဓမ္မာရုံခန်းမကြီးနှင့်တကွ ယင်းမ ဟာစည် ကျောင်းတော်၏ အောက်ထပ်ဟု ဆိုအပ်သော အောက်ပိုင်း အဖို့ကိုမူ မဟာစည်ဆရာတော် အမှူး ရှိသော သတိပဋ္ဌာန်တရား ပွားများဖြည့်ကျင့်သော ရဟန်း, ရှင်, လူယောဂီ အပေါင်းအား မဆေးအပ်သောခြေ, ဆေးပြီး၍ ရေစိုနေသောခြေတို့ဖြင့် နင်း၍ လည်းကောင်း၊ အလုံးစုံသောကိုယ်အင်္ဂါတို့ဖြင့် ထိပါးသုံးသပ်၍လည်းကောင်း၊ ချမ်းသာသည့်အလျောက် အလိုရှိတိုင်း သုံးဆောင်ရန် အလို့ငှါ မြတ်သော အလှူ ရေစက်ကို သွန်းချ၍ လှူဒါန်းပါကုန် ၏ အရှင်မြတ်တို့ဘုရား၊

ဤမဟာစည်ကျောင်းတော် အောက်ထပ်၌ သီလအစရှိသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံကုန်သော ရဟန်းသာမဏေတို့သည် လည်းကောင်း၊ လူဝတ်ကြောင် ယောဂီ တို့သည် လည်းကောင်း၊ တရားကို မြတ်နိုးသော ဥပါသကာ, ဥပါသိကာယော တို့သည် လည်းကောင်း ပိုင်းခြား သတ်မှတ် ထားသည့်အတိုင်း ချမ်းသာသည့် အလျောက် အလိုရှိတိုင်း သီတင်းသုံး နေထိုင်ကုန်လျက် တရားဟောခြင်း, တရား နာခြင်း အစရှိသော သာသနာနှင့်စပ်ဆိုင်သော ကိစ္စတို့ကို ပြုလုပ်ဆောင်ရွက် ကြပါစေ၊ ဘာဝနာအလုပ်ကိုလည်း အားထုတ်ကြပါစေ၊ တရားနာကာ ဘာဝနာကို အားထုတ်ကြ၍ မဂ်ဖိုလ်နိဗ္ဗာန်ကို လျင်မြန်စွာ ဆိုက်ရောက်ကြပါစေ

ထို့ပြင်လည်း ဤမဟာစည်ကျောင်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ရန် အလို့ငှါ မဟာစည်ဩဝါဒခံ သာသနာ့ရိပ်သာ အာရာမ်၏ အစောင့်အရှောက် ဂေါပက ဖြစ်သော ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်အားလည်း အပ်နှင်းပါကုန်၏ အရှင်မြတ်တို့ ဘုရား။

ထို့ပြင် ဤသင်္ကန်း, ခြင်ထောင်အစရှိသော လှူဖွယ်ဝတ္ထု တို့ကိုလည်း သီလ အစ ရှိသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံတော်မူကြသော ရည်ရွယ်အပ်သော ၆၅-ပါးသော မထေရ်တို့အား အသီးသီး ပိုင်းခြား၍ ရိုသေစွာ လှူဒါန်းပူဇော်ပါကုန်၏ အရှင်မြတ်တို့ ဘုရား။

သံဃာတော်နှင့် လူပရိသတ်များစွာတို့အား ကောင်းစွာကျွေးမွေးခြင်း၊ ကျပ်ငွေ နှစ်သိန်းတန် မဟာစည် ကျောင်းတော်ကို ရေစက်သွန်းချ လှူဒါန်းခြင်း၊ ၆၅-ပါးသော အရှင်မြတ်တို့အား သင်္ကန်း, ခြင်ထောင် အစရှိသော အမျိုးမျိုးသော လှူဖွယ်ဝတ္ထု တို့ကို လှူဒါန်း ခြင်း အစရှိသော တပည့်တော်တို့၏ ဤကောင်းမှု အပေါင်းသည် အာသဝေါ တရား ၄-ပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရွက်ဆောင်နိုင်ပါစေကုန်သတည်း

မဟာစည်ကျောင်းတော်ကို ရေစက်ချ လှူဒါန်းခြင်း အစရှိသော ဤကောင်းမှု အပေါင်း ၏ အဖို့ဘာဂကို ကွယ်လွန်လေသော ဤမဟာစည်ကျောင်းတော်၏ အရင်းခံ မ, တည် ဒါယကာဖြစ်သူ ဆာဦးသွင်နှင့်တကွ ကျွနု်ပ်တို့၏ အသီးသီးသော အမိအဘ, အဆွေအမျိုး ဤအာရာမ်၌ ရောက်ရှိသော ပရိသတ်အပေါင်းတို့မှစ အလုံးစုံသော သတ္တဝါအပေါင်းတို့အား အမျှ - အမျှ - အမျှ ပေးဝေပါကုန်၏၊ အလုံးစုံသော ထို သတ္တဝါတို့သည် ဤကောင်းမှု၏ အဖို့ကို အညီအမျှ ရကြ၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေသော်

အမျှ-အမျှ-အမျှ ယူတော်မူကြပါကုန်လော့။

သာဓု … သာဓု … သာဓု …

လောကဓံတရားတော်

ဆရာတော်ဘုရားကြီးသည် ၁၃၂၆-ခုနှစ်မှ ၁၃၂၇-ခုနှစ်ထိ သင်္ကြန်အခါတော်တွင် အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါတ်လာ လောကဓံတရားတော်ကြီးကို ဟောကြားတော် မူခဲ့လေသည်၊ ယင်းဟောကြားတော်မူချက်တို့ကို အသံဖမ်းကြိုးခွေမှ တဆင့် ကူး၍ သုတ်သင်ပြင်ဆင်ပြီး လောကဓံတရားတော် အမည်ဖြင့် ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်က ၁၃၃၂-ခုနှစ်တွင် စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေခဲ့ရာ ရဟန်း, ရှင်, လူ တို့များစွာ အကျိုးရှိလေသည်၊ ယင်းကျမ်းကို ဆရာတော်ဘုရားကြီး ၏ ဓမ္မဒေသနာ ဆောင်ပုဒ်များကို ထည့်သွင်း၍ ပုံနှိပ်ထားရာ ကရောင်း ၁၆-ချိုး ဆိုက်ဖြင့် စာမျက်နှာ ၁၅၈-ရှိလေသည်၊ ယင်းကျမ်းလာ ဓမ္မဒေသနာ ဆောင်ပုဒ်များကား-

၁။ စိန်ပုလဲပါ, ကျောက်သန္တာ, တဖြာ ပတ္တမြား၊
၂။ လေးစလှယ်ဆယ့်တစ်, နှစ်ဆယ့်နှစ်, ထည့်လစ် သုံးသုံးများ၊
၃။ အခြားရတနာ, ရောယှက်ကာ, သင့်စွာ စီခြယ်ထား၊
၄။ မဟာလတာ, မြတ်တန်ဆာ, ကိုးရာ သိန်းထိုက်သား၊
၅။ သင်္ကန်းလှူလတ်, မိန်းမမြတ်, ရတတ်ကျိုးတရား၊
၆။ ဧဟိဘိက္ခု, ရဟန်းပြု, ဆုံးဆု ကျိုးတရား-

ဟူသော သင်္ကန်းလှူသူ၏ အကျိုးပြဆောင်ပုဒ်များ

၁။ တိသရဏ, ငါးသီလ, မဲချ စာရေးတံ၊
၂။ ဆယ့်ငါးရက်ဆွမ်း, ဝါသင်္ကန်း, လှူဒါန်းသောက်ရေကန်၊
၃။ ကျောင်းလှူတဝ, နိဗဒ္ဓ, ပုညရှိသူမှန်၊
၄။ သောတာလိုပဲ, ဂတိမြဲ, သူလဲ ပါယ်မပြန်-

ဟူသော ဝါဆိုသင်္ကန်းလှူကျိုး စသည် ဆောင်ပုဒ်များ

၁။ ကထိန်နိသင်, ငါးပါးတွင်, လေးအင် အကျိုးမှာ၊
၂။ သီတင်းကျွတ်က, တလမျှ, ရကြတော့သည်သာ၊
၃။ သုံးထည်သင်္ကန်း, ဆောင်ယူထမ်း, ပင်ပန်းဝန်လေးရာ၊
၄။ ဘဒ္ဒဝဂ္ဂီ, သုံးဆယ်ထေရ်, လာသည် ခဲယဉ်းစွာ၊
၅။ ဘုရားထံမှောက်, စုံညီရောက်, မေးလျှောက်ပြီးသောအခါ၊
၆။ ထို့ကြောင့် နှိုင်းချိန်, မြတ်ဘုန်းရှိန်, ကထိန်ခွင့်ပြုပါ၊

ကထိန်ခေါ်ခြင်း၏ အကြောင်း

၁။ ကထိန်ခေတ်ခါ, ခိုင်စေတာ, စွဲကာ ကထိန်မည်၊
၂။ ကထိန်ဘောင်ကြီး, ခင်းဟန်ပြီး, တနည်း ကထိန်မည်၊
၃။ ကထိန်ခင်းက, ကျိုးငါးဝ, ငါးလတိုင်ရသည်။

ရဟန်းများရနိုင်သော အကျိုးငါးပါး

၁။ မပန်မကြား, လိုရာသွား, ပြစ်များ မသင့်ပြီ၊
၂။ သုံးထည်ထဲမှာ, ထားလိုရာ, ထားကာ သွားနိုင်သည်၊
၃။ လေးပါးဟုပင်, ဂိုဏ်းဘောဇဉ်, စားလျှင် စားနိုင်သည်၊
၄။ သင်္ကန်းများစွာ, ငါးလမှာ, သိမ်းကာ ထားနိုင်သည်၊
၅။ သံဃာလှူငြား, သင်္ကန်းများ, သူ့အားသာဖြစ်သည်။

ကထိန်ဒကာမှာရသော အကျိုးငါးပါး

၁။ လှူသူမှာလဲ, နည်းတူပဲ, ရမြဲ ကျိုးငါးဖြာ၊
၂။ တားဆီးကင်းကွာ, လွတ်လပ်စွာ, လိုရာ သွားနိုင်သည်၊
၃။ တာဝန်ကိစ္စ, မလေးရ, ပေါ့ပါးလေတော့သည်၊
၄။ စားလိုသူများ, စားသော်ငြား, ဘေးကား မဖြစ်ပြီ၊
၅။ ပစ္စည်းအများ, သိမ်းပိုက်ထား, ဘေးကား မရှိပြီ၊
၆။ ကိုယ့်ပစ္စည်းများ, သူတပါး, ယူသွားကင်းပသည်၊
၇။ ကထိန်ဒကာ, ကျိုးငါးဖြာ, ကောင်းစွာ ရနိုင်သည်-

ဟူသော ကထိန်နှင့်စပ်သည့် ဆောင်ပုဒ်များစသည့် မှတ်သားအောင် ပါရှိလေသည်

၂၃-ကြိမ်မြောက် ပူဇော်ပွဲ ဩဝါဒကထာ

၂၃-ကြိမ်မြောက် ကျင်းပ ပြုလုပ်သည့် ဩဝါဒခံယူပူဇော်ပွဲတွင်လည်း သာသနာ ပြုပုံပြုနည်း ဩဝါဒကထာကို မိန့်ကြားတော်မူခဲ့လေသည်၊ ယင်းကိုလည်း စာအုပ် ရိုက်နှိပ်ထုတ်ဝေခဲ့ရာ ဆရာတော် ပြုစုသည့် ကျမ်းစာများတွင် ပါဝင်ထင်ရှား ခဲ့လေသည်။

သလ္လေခသုတ် တရားတော်ကြီး

သလ္လေခသုတ်တရားတော်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသ ပါဠိတော် မူလပရိယာယဝဂ်၌ ပါရှိလေသည်၊ နက်နဲခက်ခဲသော သုတ္တန်အဖြစ် ထင်ရှား လေသည်၊ ယင်းသုတ္တန်အဆုံး၌ သင်္ဂီတိကာရက ရဟန္တာ သခင် အရှင်မြတ်များ သို့မဟုတ် သီဟိုဠ်ရဟန်းတော်များသည် -

စတ္တာလီသပဒါ ဝုတ္တာ, သန္ဓယော ပဉ္စ ဒေသိတာ၊
သလ္လေခေါ နာမ သုတ္တန္တော, ဂမ္ဘီရော သာဂရူပမော။

ဟူသော ဂါထာဖြင့် ပုဒ်ပေါင်း ၄၀, အစပ်ပေါင်း ၅-ခုပါရှိကြောင်း, သမုဒ္ဒရာထက် နက်နဲကြောင်း မိန့်ဆိုတော်မူခဲ့ကြသည်၊ ကျေးဇူးရှင် မဟာစည် ဆရာတော် ဘုရားကြီးသည် ၁၃၃၁-ခုနှစ် နှောင်းတန်ခူးလဆန်း ၈-ရက်နေ့က စ၍ အခွင့်ရသော ဥပုသ်နေ့များတွင် ဟောတော်မူခဲ့ရာ ၁၂-ပွဲတိတိ ဟောတော်မူခဲ့ရလေသည်

ဆရာတော်ဘုရားကြီး၏ ဝီရိယနှင့် ဉာဏ်တော်တို့ကား အံ့ဩဖွယ်ကောင်းလှ၏၊ ဆရာတော်ဟောစဉ်က ဖမ်းယူ ထားသောတရားသံကို တိပ်ကြိုးခွေများမှ ကူးယူ၍ လက်နှိပ်စက်ဖြင့်ရိုက်ပြီး ဆရာတော်ဘုရားကြီးကိုယ်တိုင် သုတ်သင် တည်းဖြတ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟ ပဋိပတ္တိသာသနာပြု မဟာစည်ရန်ပုံငွေဖြင့် ပုံနှိပ်ထုတ်ဝေခဲ့ရာ ဒီမိုင်းဆိုက်ဖြင့် ပထမတွဲ, ဒုတိယတွဲ ၂-တွဲရှိလေရာ ပထမတွဲ စာမျက်နှာ ၂၉၆, ဒုတိယတွဲ ၂၈၇-ရှိလေသည်။

ဟေမဝတသုတ္တန်တရားတော်

ဟေမဝတသုတ္တန်တရားတော်သည် ခုဒ္ဒကနိကာယ် သုတ္တနိပါတ် ပါဠိတော် ဥရဂဝဂ် တွင် သင်္ဂါယနာတင် ရဟန္တာ အရှင်သူမြတ်တို့ ထည့်သွင်း စီစဉ်တော်မူခဲ့ကြသည်၊ ဓမ္မစကြာတရား ဟောအပြီး ဝါဆိုလပြည့်နေ့ညတွင် ဘုရားမြတ်စွာ ဟောတော်မူ ခဲ့လေသည်၊ ဂါထာပေါင်း ၃၀-ရှိ စိတ်ဝင်စားဖွယ်, ကြည်ညိုဖွယ်ကောင်းသည့် သုတ္တန်ဖြစ်သည်၊

ဆရာတော်ဘုရားကြီးသည် ၁၃၂၄-ခုနှစ် နှောင်းတန်းခူးလပြည့်ကျော် ၆-ရက်နေ့ မှစ၍ ၆-ကြိမ်တိုင် ဟောတော်မူခဲ့လေသည်၊ အမြော်အမြင်ရှိသော ဗုဒ္ဓသာသနာ့ နုဂ္ဂဟအဖွဲ့ချုပ် သူတော်စင် လူကြီးမင်းများသည် ယင်းတရားတော်ကို အသံဖမ်းယူ၍ ၎င်းမှ ကူးယူကာ ဆရာတော်ဘုရားကြီး ကိုယ်တိုင် တည်းဖြတ်တော်မူပြီး ၁၃၃၅-ခုနှစ်လောက်ကစ၍ ပုံနှိပ်ထုတ်ဝေခဲ့ရာ ထင်ရှားသည့် တရားကျမ်းကြီး ဖြစ်လာ လေသည်၊ ဟေမဝတသုတ္တန်တရားတော်ကျမ်းစာ၌ -

အဇ္ဇ ပန္နရသော ဥပေါသထော, ဒိဗ္ဗာ ရတ္တိ ဥပဋ္ဌိတာ၊
အနောမနာမံ သတ္ထာရံ, ဟန္ဒ ပဿာမိ ဂေါတမံ။

ဟူသော သာတာဂိရိနတ်က ဟေမဝတနတ် ဘုရားဖူးဖိတ်ဂါထာကို-

လပြည့်စက်ဝန်း, တက်ထွန်းစင်ကြယ်၊
ပန်းစုံဖူးပွင့်, နတ်ညဉ့်ပျော်ဖွယ်။
အရှင်ဂေါတမ, မည်ရ မျိုးနွယ်၊
တို့ဘုရား, ခုသွား ဖူးစို့ကွယ်။

ဟု စပ်ဆိုတော်မူချက်ကို တွေ့ရလေသည်၊ ဆရာတော်ဘုရားကြီးကား အပြော, အဟော, အရေး, ကျင့်, ဆောင် စသည် ဘာမျှလိုလေသည်မရှိပြည့်စုံသည့် ပုဂ္ဂိုလ်ထူး ဖြစ်ပါပေသည်။

မဟာစည်ထေရသေဋ္ဌောဟိ, အနုနော သမ္ပုဏ္ဏော သုဓီ၊
ဧဒိပုဂ္ဂလဝိသေသော, ဧကဒါ ဟိ ဥပ္ပဇ္ဇတိ။

ယင်း ဟေမဝတသုတ္တန် တရားတော်ကျမ်းမှာ ၁၉၇၆-ခု ဒုတိယအကြိမ် ရိုက်နှိပ် ကျမ်းမှာ ကရောင်း ၁၆-ချိုး မျက်နှာဖြင့် ၃၇၆-မျက်နှာရှိလေသည်။

၂၄-ကြိမ်မြောက် ပူဇော်ပွဲဩဝါဒနှင့်
၂၄-ကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးဩဝါဒ

၂၄-ကြိမ်မြောက် တနိုင်ငံလုံး တပည့်ရဟန်းရှင်လူတို့၏ ပူဇော်ပွဲတွင်လည်း အလွန်တရာ မှတ်သားဖွယ် ကောင်းသည့် ဩဝါဒ မိန့်ကြား လမ်းညွှန်တော်မူခဲ့ လေသည်၊ ၎င်းပြင် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ၂၄-ကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးကြီး၌လည်း ဆရာတော်သည် အောက်ပါအတိုင်း မိန့်ကြားတော်မူခဲ့လေသည်၊ ယင်းဩဝါဒကို ကြည်ညိုသဒ္ဓါ ဖတ်ကြားလိုက်နာရာ၏

ဩဝါဒကထာ

ဒီနေ့ဟာ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ရဲ့ ၂၄-ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေးပွဲနေ့ ဖြစ်တယ်၊ ဒီကနေ့ ဘုန်းကြီးပြောဖို့ရာကတော့ အလျင်နှစ်က ပြောခဲ့တဲ့ စကားအချို့ကို ထပ်ပြီးတော့ ပြောဖို့ပါပဲ။

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီး မူလစတင်ပြီးတော့ ဖွဲ့စည်းကတည်းက ဗုဒ္ဓသာသနာ တော်ကို အမြင့်မြတ်ဆုံး ချီးမြှောက်ခြင်းဖြင့် ချီးမြှောက်ရန် ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းပြီးတော့ လာခဲ့ကြတယ်၊ ဗုဒ္ဓသာသနာတော်ကို ချီးမြှောက်တဲ့အဖွဲ့တွေ မြန်မာပြည်မှာ အမြောက်အမြားရှိပါတယ်၊ ရန်ကုန်မြို့မှာလဲ ရှိတယ်၊ အခြားအခြား မြို့တွေမှာလဲ ရှိတယ်၊ တောရွာတွေမှာလဲ ရှိတယ်၊ အမည်တော့ဖြင့် အမျိုးမျိုး တပ်ထားကြတယ်၊ ဘယ်လိုပဲ တပ်ထားသည် ဖြစ်စေကာမူ ဗုဒ္ဓသာသနာတော်ကို ချီးမြှောက်ဖို့ ရည်ရွယ်ပြီးတော့ ဖွဲ့စည်းတဲ့ အဖွဲ့အစည်းတွေပါပဲ၊

အဲဒီအဖွဲ့အစည်းတွေက ဗုဒ္ဓသာသနာတော်ကို တတ်နိုင်သမျှ ချီးမြှောက်ကြပါတယ်၊ အများအာ းဖြင့်တော့ ချီးမြှောက်တာတွေများပါတယ်၊ ပရိယတ္တိဘက်က စာသင်တိုက် ချီးမြှောက်တဲ့အဖွဲ့တွေ အများကြီးရှိပါတယ်၊ ပဋိပတ်ဘက်ကလဲ အခုနေ အခါတော့ တော်တော်များများ ရှိနေပါတယ်၊ သူတို့အခွင့်အရေးရှိသည့် အားလျော်စွာ ပရိယတ္တိသာသနာတော် ဘက်ကလဲ တိုးတက်သင့်သမျှ တိုးတက်အောင်, ပဋိပတ် ဘက်ကလဲ တိုးတက်သင့်သမျှ တိုးတက်အောင် ချီးမြှောက် ထောက်ပံ့ပြီးတော့ နေကြပါတယ်၊

အကုန်လုံး အာရုံပြုပြီးတော့ ကြည့်မယ်ဆိုယင် ဝမ်းမြောက်စရာပါပဲ၊ ဗုဒ္ဓသာသနာတော်ကြီး ရှည်မြင့်အောင်, တည်တံ့အောင်လို့ ဆောင်ရွက်ပြီးတော့ နေကြတာပဲ၊ အင်မတန်ကောင်းတဲ့ လုပ်ငန်းပါပဲ၊ ဒီဗုဒ္ဓ သာသနာနုဂ္ဂဟ အဖွဲ့ချုပ်ကြီးရဲ့ ရည်ရွယ်ချက်ကတော့ အမြင့်အမြတ်ဆုံး ချီးမြှောက်ဖို့ ဆိုတဲ့အတိုင်း ပရိယတ္တိ ဘက်ကလဲ တိပိဋကဓရရွေးချယ်ပွဲကြီး ကျင်းပပြီးတော့ စတင် ချီးမြှောက် လာခဲ့ကြတယ်၊ အဲဒီ ပရိယတ္တိဘက်က စာမေးပွဲကြီးဟာလဲ အဆင့်အတန်း မြင့်ပါတယ်

အဆင့်အတန်းမြင့်လို့ တိပိဋကဓရထိအောင် အောင်နိုင်တဲ့ပုဂ္ဂိုလ်ကို အင်မတန် နည်းနေပါတယ်၊ အခု ပြီးခဲ့တဲ့နှစ် ၂၃-နှစ်လို့ ဆိုရမှာပေါ့လေ၊ နှစ်ဆယ့်သုံးနှစ် အတွင်းမှာ တိပိဋကဓရ အောင်တာ သုံးပါးပဲရှိသေးတယ်၊ နောင်တောင် ရည်ရွယ် ချက်ရှိသေးတယ်၊ ပိဋကတ် သုံးပုံ အကုန်လုံးအောင်လို့ရှိယင် မဟာတိပိဋကဓရ ဆိုတာ ဘွဲ့ပေးဖို့ရှိတယ်၊ အဲဒါတော့ ဝင်ဖို့ရာတောင် စိတ်ကူးမယ် မထင်ပါဘူး၊ ဟိုဥစ္စာ အင်မတန် ကျယ်ပြန့်ပါတယ်။

ပဋိပတ်ဘက်ကလဲ ချီးမြှောက်ပြီးတော့ လာကြတာ အဆင့်အတန်း အမြင့်ဆုံးလို့ ဆိုရမှာပဲ၊ တခြား တခြားဌာနတွေမှာလဲ ပဋိပတ်ဘက်က ဒီလို အလားတူ ချီးမြှောက် တာတွေတော့ ရှိပါတယ်၊ ဒါပေမယ်လို့ ပဋိပတ်ဘက် ဟောကြားညွှန်ပြရာမှာ ပရိယတ္တိ ဘုရားဟော ဒေသနာတော်နှင့် ညှိုနှိုင်းပြီး ကြည့်လိုက်လို့ရှိယင် အဆင့် အတန်းဟာ ဘယ်အဆင့်အတန်းရှိနေတယ်ဆိုတာ ပရိယတ္တိဘက်က ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေက သိမြင်ပါတယ်

ဒီသာသနာ့ရိပ်သာ ပဋိပတ္တိဘက်က ဟောကြားညွှန်ပြနေတာလဲ ပရိယတ္တိကျမ်းဂန် တွေနဲ့ နှီးနှောကြည့်လိုက်လို့ရှိယင် ပရိယတ္တိ စာပေကျမ်းဂန်တတ်တဲ့ပုဂ္ဂိုလ် ခိုင်လုံတယ်ဆိုတာ ထင်ရှားပါတယ်၊ ပြီးတော့ ဒီဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ကြီးက ထောက်ပံ့တဲ့အတွက် ဒီသာသနာ့ရိပ်သာမှာ အားထုတ်ပြီးတော့ အရပ်ရပ် အနယ်နယ်မှာ ပဋိပတ္တိဌာနတွေ ဖွင့်ကြတယ်၊ ရိပ်သာတွေဖွင့်ကြတယ်၊

အဲဒီကိစ္စတွေလဲပဲ မြန်မာပြည်မှာတင် တနေ့က အစီရင်ခံစာမှာ ၁၇၀-ကျော်နဲ့ တူတယ် ရှိပါတယ်၊ ဒါလဲပဲ စာရင်းမပေါက်တဲ့ဟာတွေ ကျန်ပါသေးတယ်၊ အကုန်လုံး စစ်စစ်ပေါက်ပေါက် ဆိုယင်တော့ နှစ်ရာကျော်လောက် ရှိပါလိမ့်မယ်၊ နိုင်ငံခြား တွေမှာရှိတယ်၊ အဲဒီလို ပဋိပတ္တိဘက်က စွမ်းစွမ်း တမံ ဆောင်ရွက်နိုင်တာဟာ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ကြီးက ချီးမြှောက် ထောက်ပံ့နေတဲ့အတွက် ဒီလို ဆောင်ရွက် နိုင်တာပဲ၊ မြတ်စွာဘုရား သာသနာတော် ကျယ်ပြန့်ထွန်းကားပြီးတော့ သွားတာဟာ ဒီဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ကြီးက ထောက်ပံ့အားပေးတဲ့အတွက် အခုလို ထွန်းကား ကျယ်ပြန့်ပြီးတော့ သွားတာပဲ၊

ဒီတော့ ဒီအဖွဲ့ကြီးဟာ စဉ်းစား ဆင်ခြင်ကြည့်မယ်ဆိုယင် အင်မတန် ဝမ်းမြောက်စရာ ဝမ်းသာစရာကောင်းပါတယ်၊ ဒီအဖွဲ့ကြီးထဲမှာ ဝင်ရောက်ပြီးတော့ သာသနာအကျိုး ဆောင်ရွက်နေရတဲ့ ပုဂ္ဂိုလ်တွေဟာလဲ အင်မတန် ဝမ်းမြောက်စရာ ကောင်းပါတယ်၊ ဒီတော့ ဒီအဖွဲ့ကြီးထဲမှာ ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်တွေ လိုက်နာ ပြီးတော့ ကျင့်နိုင်တဲ့ ကျင့်ဝတ်တွေကို အလျင်တနှစ်က ဘုန်းကြီး ဟောခဲ့ပါတယ်။ နာယကဂုဏ် ခြောက်ပါးနဲ့ သင်္ဂဟဝတ္ထုလေးပါးလို့ ဟောခဲ့ပါတယ်၊

နာယကဂုဏ်ခြောက်ပါးမှာ ခမာ - သည်းခံရမယ်ဆိုတာ အရေးကြီးပါတယ်၊ အလွန် အရေးကြီးပါတယ်၊ အရာရာတိုင်းမှာပဲ အကြီးအကဲအဖြစ်နဲ့ ဆောင်ရွက်နေတဲ့ပုဂ္ဂိုလ် ဆိုတော့ သည်းခံမှပဲ ဖြစ်တယ်၊ အများနဲ့ဆက်ဆံနေရတာ သည်းမခံယင်တော့ မဖြစ်ဘူး၊ သည်းခံနိုင်အောင် ကြိုးစားပြီးတော့ ဆောင်ရွက်ရတယ်။

ဇာဂရိယ - နိုးကြားရမယ်၊ မိမိတို့ လုပ်ငန်းတာဝန်နဲ့ စပ်ပြီးတော့ လျစ်လျူရှုပြီး ပေါ့ပေါ့ဆဆ မထားပဲနဲ့ နိုးနိုးကြားကြား ဆောင်ရွက်ဖို့ရာ အားထုတ်ပြီးတော့ နေရမယ်။

ဥဋ္ဌာန - ထကြွလုံးလရှိရမယ်၊ စိတ်ထဲကတွင် နိုးကြားရုံမဟုတ်ပဲနဲ့ တကယ်လဲ အလုပ်လုပ်ရမယ်တဲ့။

သံဝိဘာဂ - ပေးကမ်းစွန့်ကြဲရမယ်တဲ့၊ ဒါကတော့ ပေးကမ်းစွန့်ကြဲဖို့ရာလိုတဲ့ နေရာဌာနမှာ ပေးကမ်းစွန့်ကြဲဖို့ပါပဲ၊ အခု ဒီမှာတော့ အဖွဲ့ကိစ္စနဲ့စပ်ပြီး ပေးသင့်တာ ပေး, ဆောင်ရွက်သင့်တာ ဆောင်ရွက်ဒီလောက်ပါပဲ။

ဒယာ - သနားရမယ်တဲ့၊ ကိုယ်နဲ့အတူတကွ ဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်တွေ, ကိုယ့်အဖွဲ့နဲ့ စပ်တဲ့ ပုဂ္ဂိုလ်တွေ, ကိုယ်အောက်က ပုဂ္ဂိုလ်တွေသနားရမယ်။

ဣက္ခဏာ - မြော်မြင်နိုင်ရမယ်တဲ့၊ အကျိုးရှိရာရှိကြောင်း, ကြီးပွားရာ ကြီးပွားကြောင်း မြော်မြင်နိုင်ရမယ်တဲ့။

အဲဒီခြောက်ပါးထဲမှာ ခမာ - ဆိုတဲ့ သည်းခံခြင်းဂုဏ်နဲ့ ဣက္ခဏာ - ဆိုတဲ့ အဖွဲ့၏ လုပ်ငန်းစဉ် ကြီးပွားရာ ကြီးပွားကြောင်း, တိုးတက်ရာ တိုးတက်ကြောင်း မြော်မြင်ဖို့, စဉ်းစားဖို့, ကြံဆဖို့, အသစ်အသစ်လဲ တိုးတက်ပြီးသကာလ ဆောင်ရွက်ဖို့၊ ဒါလေးေ တွ မြော်မြင်ဆင်ခြင်ဖို့ရာ လိုပါလိ့မ်မယ်၊

အခုရှိတဲ့ အခြေအနေထက် တိုးသထက် တိုးအောင်, ကောင်းသထက် ကောင်းအောင်, အဖွဲ့ဝင် ပုဂ္ဂိုလ်တွေကလဲ များသထက်များအောင် ဆောင်ရွက်တဲ့ ကိစ္စတွေကလဲ တိုးတက်ပြီးသကာလ အောင်မြင်သထက် အောင်မြင်အောင် ဘာတွေလုပ်ရမယ်၊ ဘယ်လိုလုပ်သင့်တယ် ဆိုတာကလေးတွေ ဆင်ခြင်ဖို့ရာ အဲဒါတွေဟာ လိုပါလိ့မ်မယ်၊ ဒါကတော့ ပိုတယ်လို့ မရှိပါဘူး၊ ဆင်ခြင်တယ် ဆိုတာကတော့ လိုနေတာပဲရှိတယ်၊ ပိုတယ်လို့တော့ မရှိပါဘူး၊ အဲဒီ နာယကဂုဏ် ခြောက်ပါး အလျင်က ဩဝါဒထဲ ပါပြီးသားပဲ။

တခါ သင်္ဂဟဝတ္ထု လေးပါးတဲ့၊ အဲဒါကလဲ အရေးကြီးပါတယ်။

စတ္တာရိမာနိ ဘိက္ခ ဝေ သင်္ဂဟဝတ္ထူနိ၊ ကတမာနိ စတ္တာရိဒါနံ ပေယျဝဇ္ဇံ အတ္ထစရိယာ သမာနတ္တတာ။

လေးခုတည်းပဲ၊ ကျင့်ဝတ်ကလေး အင်မတန်ကောင်းပါတယ်။

ဘိက္ခဝေ - ရဟန်းတို့၊
စတ္တာရိ - လေးပါးကုန်သော၊
ဣမာနိသင်္ဂဟ ဝတ္ထူနိ - ဤစည်းလုံးညီညွတ်ကောင်းဖြစ်သော ဝတ္ထုတို့သည်၊
သန္တိ - ရှိကုန်၏။

စည်းလုံးညီညွတ်ကြောင်း, မကွဲပြားကြောင်းဝတ္ထုတွေ လေးပါးရှိပါတယ်၊ ဘာတွေတုံး ဆိုယင် ကတမာနိ-အဘယ်သည်တို့နည်းဟူမူကား၊

ဒါနံ - ပေးကမ်းခြင်း ဆိုတာက တပါးတဲ့၊ ဒါကတော့ကို လောကဘက်ဆိုင်ရာတွေမှာ ပိုပြီးတော့ အရေးကြီးပါတယ်၊ ဒီဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ အတွင်းမှာတော့ဖြင့် လိုမယ် မဟုတ်ပါဘူးနဲ့ တူတယ်၊ အဖွဲ့ဝင်တွေ အချင်းချင်း ပေးကမ်းနေဖို့ရာလိုမယ် မဟုတ်ပါဘူး၊ မျှော်လဲ မျှော်လင့်မယ် မဟုတ်ပါဘူး၊ ဒါကတော့ လိုလှမယ် မဟုတ်ပါဘူး၊ ဒါပေမယ်လို့ အခါအားလျော်စွာ စုဝေးတဲ့အခါကျတော့ ကျွေးနိုင်ကျွေး, ပေးနိုင်ပေး ဒါလေးတွေတော့ နည်းနည်းပါးပါးတော့ လိုချင်လိုမှာပေါ့၊ များများတော့ လိုဖို့ မရှိပါဘူး။

ပေယျဝဇ္ဇံ - ပီယဝါစာ ချစ်ဖွယ်စကား ပြောဆိုခြင်းကလဲ တပါးပဲ၊ အဲဒါကတော့ အရေးကြီးတယ်၊ ပြောစရာရှိတဲ့အခါကာလကျလို့ရှိယင် ချစ်ခင်ဖွယ်, ကြည်ညိုဖွယ်, လေးစားဖွယ်ဖြစ်တဲ့ စကားကို ပြောနိုင်ဖို့ရာ ဒါကို ကြိုးစားရမယ်၊ ပကတိနေပြီးတော့ အပြောအဆိုတွေ ဘာတွေ အဆင်မပြေလဲပဲ နည်းနည်းပါးပါး သတိပြုပြီးတော့ ပြင်ရတာ ပေါ့လေ၊ အဲဒီ ဥစ္စာကလေးက အရေးကြီးတယ်၊ အဲဒီ အပြောအဆို ကောင်းလို့ရှိယင် မကြည်ညိုသေးတဲ့ ပုဂ္ဂိုလ်ကလဲ ကြည်ညိုတယ်၊ မရိုသေသေးတဲ့ ပုဂ္ဂိုလ်ကလဲရိုသေတယ်၊ မလေးစားသေးတဲ့ ပုဂ္ဂိုလ်ကလဲ လေးစားတယ်၊

မူလက ရန်သူရန်ဘက် ဖြစ်နေစေကာမူ ချိုသာတဲ့စကား, ကြည်ညိုဖွယ်စကား ချစ်ခင်ဖွယ် စကားကောင်း ပြောလိုက်လို့ရှိယင် ပျော့ပျော့ပျောင်းပျောင်းဖြစ်ပြီးတော့ နားမခံသာတဲ့စကား, သူများမကြိုက်တဲ့စကား သွားပြောမိလို့ရှိယင် အဆင်မပြေ ဖြစ်တတ်တယ်၊ ကွဲပြားတတ်တယ်၊ ဒိပြင်ဟာ မပြောနဲ့ အိမ်သူအိမ်သား အချင်းချင်း တောင်မှ, အင်မတန် ချစ်ခင်နေတာတောင်မှ အပြောအဆို အဆင်မပြေလို့ရှိယင် ကွဲပြားတတ်တယ်၊ ရန်ဖြစ်တတ်တယ်၊

အဲဒီတော့ အပြောအဆိုကလေး ချိုချိုသာသာဖြစ်အောင် ပြောဆိုဖို့က အရေးကြီး ပါတယ်၊ အဲဒီတော့ ဒီဥစ္စာကတော့ ပိုတယ်လို့ မရှိပါဘူး၊ လိုနေတာပါပဲ၊ အဲ ချိုချို သာသာ ပြောဆိုမှုကတော့ ဒါ ပိုနေတယ်၊ နည် းနည်းပိုနေတယ်လို့ကတော့ မရှိဘူး၊ သူကတော့ လိုနေတာပါပဲ၊ အဲဒီလိုနေတာတွေ မလိုရအောင် ကြိုးစားဖို့, ဂရုစိုက်ဖို့ပါပဲ၊ ဘယ်နေရာမှာမဆိုပဲ ဒီပီယဝါစာဆိုတဲ့ ချစ်ခင်ကြည်ညိုဖွယ်စကားကို ပြောတာကတော့ အင်မတန် ခရီးရောက်ပါတယ်၊ အဲဒါကြောင့် ပြည့်စုံသထက် ပြည့်စုံအောင်, ကောင်းသထက် ကောင်းအောင် ပြောဆိုဖို့ရာ ဘုန်းကြီးက သတိပေး ပါတယ်။

အတ္ထစရိယာ - အကျိုးစီးပွားကို ကျင့်ခြင်း, ဆောင်ရွက်ခြင်း၊ အဖွဲ့ဝင်အချင်းချင်းလဲ တတ်နိုင်သမျှတော့ ကူညီဆောင်ရွက်ရတာကလေးတွေ, ကူညီဆောင်ရွက်ရမှာ ကလေးတွေ ပေါ်လာတဲ့အခါ ကူညီဆောင်ရွက်ရတာပေါ့၊ ဒါကတော့ သိပ်များများ ရှိမယ် မထင်ပါဘူး၊ ဆောင်လဲ ဆောင်ရွက်နေကြမှာပါ၊ ဒါကတော့ ချွတ်ယွင်းစရာ အကြောင်း မရှိပါဘူး၊ အဲ အဖွဲ့အနေနဲ့ ဆောင်ရွက်ရမယ့် ကိစ္စတွေဖြင့် ရှိပါလိမ့်မယ်၊ ဒါကတော့ ဆောင်လဲ ဆောင်ရွက်နေတာပါပဲ၊ ဒါပေမယ်လို့ အဲဒီ ဆောင်ရွက်နေတာ ဟာ ပြည့်စုံပြီလို့ မဆိုနိုင်သေးဘူး၊ ဆောင်ရွက်စရာလေးတွေ, အကြွင်းအကျန် ကလေးတွေ ရှိလဲရှိတတ်ပါတယ်၊ အဲဒီတော့ အဲဒီ ဥစ္စာလေးတွေ လိုတာလေးတွေလဲ ပြည့်စုံနိုင်သမျှ ပြည့်စုံအောင်, တိုးတက်နိုင်သမျှ တိုးတက်အောင် ဆောင်ရွက် ပြီးတော့ သွားဖို့ပါပဲ။

သမာနတ္တတာ - အဲဒါက အရေးကြီးတယ်၊ အဖွဲ့ဝင်အသင်းဝင် ပုဂ္ဂိုလ်အချင်းချင်း တန်းတူအနေအားဖြင့် ပေါင်းသင်းဆက်ဆံရမယ်၊ သမာနအတ္တ - တူသောကိုယ် ရှိစေရမယ်၊ တူစေရမယ်၊ တန်းတူထားရမယ်၊ ကိုယ်ကအမြင့်က သူကအနိမ့်က အဲဒီလို သူတပါးကို နှိမ့်ချပြီးသကာလ မပေါင်းသင်း မဆက်ဆံရဘူး၊ အရည်အချင်း အနေအားဖြင့် ကိုယ်က အရည်အချင်းတွေအများကြီး သာတယ်ဆိုတာ ရှိချင်လဲ ရှိမှာပေါ့၊ ရှိပေမယ့်လဲ အရည်အချင်း ကိုယ်ကသာနေပေမယ်လို့ အရည်အချင်းမရှိတဲ့ ပုဂ္ဂိုလ်တွေ အပေါ်မယ် တန်းတူအနေအားဖြင့် ဆက်ဆံရမယ်တဲ့၊ ဒီလို ဆက်ဆံလို့ ရှိယင် ပိုပြီး ခရီးရောက်ပါတယ်

လူတွေဟာ များသောအားဖြင့် မိမိကို အောက်တန်း နှိမ့်ချထားယင် များသော အားဖြင့် မကြိုက်ကြဘူး၊ အောက်ကျတဲ့ ပုဂ္ဂိုလ်ကလဲ အောက်ချထားယင် မကြိုက်ဘူး၊ အထက်ကျတဲ့ပုဂ္ဂိုလ်တော့ ပြောစရာမရှိဘူး၊ တန်းတူပုဂ္ဂိုလ်များ နှိမ့်ချတာသာ မကြိုက်သေး၊ ဒီတော့ သမာနတ္တတာ - အညီအမျှ ညီတူတန်းတူ ထားပြီးသကာလ ပေါင်းသင်းဆက်ဆံခြင်း, ပြောစရာရှိတဲ့အခါ တန်းတူအနေ အားဖြင့် ထားပြီးသကာလ ပြောဆိုပါတဲ့, ညွှန်ကြားပါတဲ့၊ အဲဒါက အရေးကြီးပါတယ်။

အဲဒီသင်္ဂဟတရား လေးပါး အလျင်ကလဲ ပြောပြီးသားပါပဲ၊ အခုလဲပဲ ထပ်ပြီး ပြောရတာ၊ ဒါကပိုတယ်လို့ မရှိဘူး၊ သူကတော့ အမြဲတမ်း သတိရပြီးတော့ ကျင့်ရမယ့် ကျင့်ဝတ်တွေပါပဲ၊ အဲဒီအတိုင်း သင်္ဂဟတရားလေးပါးနဲ့အညီ ဆောင်ရွက်ပြီးတော့ သွားလို့ရှိယင် အဖွဲ့အစည်းထဲမှာ ပါဝင်တဲ့ပုဂ္ဂိုလ် အချင်းချင်း ညီညွတ်နေတယ်၊ စိတ်ဝမ်းကွဲပြားစရာ မရှိဘူး၊ အမြဲတမ်း စည်းလုံး ညီညွတ်ပြီး သကာလနေတယ်၊ အမြဲတမ်း စည်းလုံးညီညွတ်ပြီးတော့ နေလို့ရှိယင် ကိစ္စတွေဟာ ဆောင်ရွက်လို့ ပြီးမြောက်တာပဲ၊

နောက်တခုကတော့ မေတ္တာကာယကံတဲ့, မေတ္တာဝစီကံတဲ့, မေတ္တာ မနောကံတဲ့၊ ဒါလေးကတော့ အရေးကြီးတယ်၊ သူက နေရာတိုင်း နေရာတိုင်းမှာ အရေးကြီး ပါတယ်၊ ဒါလဲ သင်္ဂဟတရားပါပဲ၊ ဒီ သင်္ဂဟတရားကတော့ ခြောက်မျိုး ရှိတယ်၊ ဒီ ခြောက်မျိုးထဲက ဒီသုံးခုပဲ ထုတ်ပြပါမယ်၊ ဒိပြင်ဥစ္စာတွေလဲ ရှိပါသေးတယ်။

မေတ္တာကာယကံ - မေတ္တာရှေ့သွားပြီးတော့ ပြုတဲ့ အမှုကိစ္စတွေကို မေတ္တာ ကာယ ကံလို့ခေါ်ပါတယ်၊ အသင်းဝင် အဖွဲ့ဝင်အချင်းချင်း မေတ္တာဖြင့် ဆောင်ရွက်စရာ ရှိတာကို အပင်ပန်းခံပြီး ဆောင်ရွက်ရမယ်တဲ့၊ သေးသေး ကြီးကြီးပေါ့လေ၊ ကိုယ်အပင်ပန်းခံပြီးဆိုပေမယ်လို့ တချို့ကလဲ သိပ်ပြီး မပင်ပန်းပါဘူး၊ လိုတဲ့ ကိစ္စလေးတွေ ဆောင်ရွက်ရမယ်တဲ့၊ ကြီးတဲ့ပုဂ္ဂိုလ်ကလဲပဲ ကြီးတဲ့ ပုဂ္ဂိုလ်အလိုက်၊ တန်းတူပုဂ္ဂိုလ်လဲ တန်းတူပုဂ္ဂိုလ်အလိုက်၊ ငယ်တဲ့ပုဂ္ဂိုလ် ဖြစ်စေကာမူ သူကိုယ်တိုင် တဦးတည်း မဆောင်ရွက်နိုင်တဲ့ ကိစ္စကို ကိုယ်က ဝိုင်းဝန်းပြီးသကာလ ဆောင်ရွက်လိုက်၊ အဲဒီလိုဟာပေါ့၊

ကိုယ်အမူအရာဖြင့် ပြုလုပ်ဆောင်ရွက်တာ၊ မိမိကိုယ်အမူအရာဖြင့် ပြုလုပ် ဆောင်ရွက်တဲ့အတွက် တပါးသောသူအား စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိပါစေလို့ အဲဒီလို မေတ္တာစိတ်ဖြင့် ဆောင်ရွက်တာ မေတ္တာကာယကံ ခေါ်ပါတယ်၊ အနီးအပါးပဲ ဖြတ်သွားဦးတော့ ခြေထောက်တို့ ဘာတို့ နင်းတာက စပြီးတော့ပေါ့လေ၊ ညင်ညင် သာသာ သိမ်သိမ်မွေ့မွေ့ နင်းပြီး သွားလို့ရှိယင် ဘေးကပုဂ္ဂိုလ်က ဘာမှ မဖြစ်ဘူး၊ အဲ -ဘေးနားကနေပြီး ကြမ်းကြမ်းတမ်းတမ်း နင်းပြီးတော့ သွားလို့ရှိယင် သူ့ကို မရိုသေ ရမလား, ဂရုမစိုက်ရမလားဆိုပြီးတော့ အဲဒါ စိတ်မချမ်းမသာ ဖြစ်တတ်ပါတယ်၊ အဲဒီလို ကိုယ်ဖြင့်ဆောင်ရွက်စရာတွေ ရှိပါတယ်၊

တံခါးပဲ ပိတ်ဦး, ဖွင့်ဦး, လုပ်ဦးတော့ အဲဒီလိုဟာလဲ ဒီလိုပဲ ကြမ်းကြမ်း တမ်းတမ်းလုပ်လို့ရှိယင် ဘေးက ပုဂ္ဂိုလ်မှာ စိတ်မချမ်းမသာ ဖြစ်တယ်၊ အမှိုက် လှည်းတာတို့ ဘာတို့ အစစအရာရာပါပဲ၊ အနီးအပါးရှိတဲ့ ပုဂ္ဂိုလ်တွေက စိတ်ဆင်းရဲမှု, ကိုယ်ဆင်းရဲမှုမဖြစ်အောင် ရည်ရွယ်ပြီးတော့ ဆောင်ရွက်သင့်တဲ့ အမှုကိစ္စတွေ ဆောင်ရွက်၊ အဲသူ့ ကိစ္စရှိယင်လဲ ဆောင်ရွက်၊ အဲဒီလို ချမ်းသာ စေလိုတဲ့ စိတ်ဓာတ်ဖြင့် ဆောင်ရွက်တဲ့ ကိုယ်အမူအရာတွေကို မေတ္တာကာယကံလို့ ခေါ်တယ်၊ အဲဒီ မေတ္တာ ကာယကံ ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ အတူနေပုဂ္ဂိုလ်တွေက မမေ့နိုင်ဘူး၊ အတူနေကြတဲ့ အခါလဲ မမေ့နိုင်ဘူး၊ အတူမနေလို့ တခြားစီ တကွဲတပြား အဝေးရောက်နေတဲ့ အခါလဲ မမေ့နိုင်ဘူး၊ သူ့ဂုဏ်ကျေးဇူးတွေကို အမြဲတမ်း ချစ်ခင်ကြည်ညိုလေးစားမှု ရှိနေပါတယ်

မေတ္တာဝစီကံက ခုနက ပီယဝါစာနဲ့ သဘောအားဖြင့် အတူတူပါပဲ၊ မေတ္တာဝစီကံ ကိုယ်ပြောသောစကား ကြားသောအားဖြင့် တဘက်သားပုဂ္ဂိုလ်မှာ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ မဖြစ်ပါစေနဲ့၊ ကိုယ်ချမ်းသာ စိတ်ချမ်းသာ ဖြစ်ပါစေလို့၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်ဖို့ရာ ရည်ရွယ်ပြီးတော့ ပြောတဲ့စကားဟာ ဒါမေတ္တာဝစီကံပါပဲ၊ ချစ်ခင်ကြည်ညိုဖွယ်ဖြစ်တဲ့ စကား, ချိုသာတဲ့စကားတွေ ပြောရတယ်၊ အပြစ်ရှိလို့ ပြောဦးတော့ ချိုချိုသာသာနဲ့ အပြစ်ကို ဖော်ပြပြီး သာသာယာယာ ပြောလိုက် လို့ရှိယင် အင်မတန် ကျေးဇူးတင်ပါတယ်၊ သူ့အပြစ်ရှိမှန်းလဲ သိသွားတယ်၊ သူ့အပြစ်ရှိမှန်း သိရုံတွင် မဟုတ်ဘူး၊ ငါအပြစ်ရှိပေမယ်လို့ ချိုချိုသာသာ ပြောပါပေတယ်လို့ ဆိုပြီးတော့ ကျေးဇူးတင်တယ်, ရိုသေတယ်, လေးစားတယ်, အင်မတန် ကောင်းပါတယ်၊ အဲဒါ မေတ္တာဝစီကံတဲ့။

မေတ္တာမနောကံကတော့ စိတ်ထဲကပဲ၊ ဒါကတော့ မမြင်ရဘူး, မကြားရဘူး, အပြစ်မတွေ့ရဘူး၊ သို့သော်လဲ အချင်းချင်း ချမ်းသာပါစေဆိုတဲ့ မေတ္တာစိတ်ဓာတ် အခါအားလျော်စွာ နှလုံးသွင်းနိုင်ဖို့ပါပဲ။

အဲဒီတော့ အခုပြောခဲ့တဲ့ နာယကဂုဏ် ခြောက်ပါးသင်္ဂဟဝတ္ထုလေးပါးမေတ္တာ ကာယကံ, မေတ္တာဝစီကံ, မေတ္တာမနောကံဆိုတဲ့ အဲ ဒီ ကျင့်ဝတ်တွေအတွက် မိမိတို့ တတ်နိုင်သမျှ ကျင့်သုံးသွားပြီး သွားကြဖို့ပါပဲ၊ ခုနက ဣက္ခဏဆိုတဲ့အသင်းအဖွဲ့ တိုးတက်ရာ တိုးတက်ကြောင်း ကြီးပွားရာ ကြီးပွားကြောင်း, အကျိုးများရာ အကျိုးများကြောင်း စူးစမ်းဆင်ခြင်မှုတွေမှာ ကိုယ်တိုင်လဲ ဆင်ခြင်နိုင်ပါတယ်၊ သူတပါး အကြံဉာဏ်ရလို့ အကြံပေးလို့ရှိယင်လဲ အဲဒီဥစ္စာလေးတွေက စဉ်းစား ရတယ်၊ ဒါ တို့ပိုနေတာပဲ, တာဝန်လေးနေတာပဲဆိုပြီးတော့ မညည်းညူရဘူး၊

တယောက်တည်း တာဝန်လေးလို့ရှိယင် နှစ်ယောက် ဆောင်ရွက်ရုံပဲ၊ နှစ်ယောက် မနိုင်ယင် သုံးယောက်, သုံးယောက်မနိုင်ယင် လေးယောက် တိုးချဲ့ပြီးတော့ ဆောင်ရွက်သွားရုံပါပဲ၊ ပြီးတော့ ဆောင်ရွက်သင့်တဲ့ အမှုကိစ္စတွေကို ကိုယ်တိုင်လဲ စဉ်းစားရမယ်၊ တပါးသောပုဂ္ဂိုလ်က အကြံဉာဏ် ပေးလို့ ရှိယင်လဲပဲ စဉ်းစားပြီးတော့ တတ်နိုင်သမျှ ဆောင်ရွက်ပြီးတော့ သွားဖို့ပါပဲ

ဒွေ မေ ဘိက္ခဝေ ပဏ္ဍိတာ - ပညာရှိပုဂ္ဂိုလ်နှစ်ဦး ရှိတယ်တဲ့။

ယော စ အနာဂတံ ဘာရံ နဝဟတိ၊
ယော စ အာဂတံ ဘာရံ ဝဟတိ။

ယော စ - အကြင်ပုဂ္ဂိုလ်သည်လည်း၊
အနာဂတံဘာရံ - မရောက်သေးတဲ့ဝန်ကို၊
နဝဟတိ - မဆောင်ဘူး၊

ကိုယ့်တာဝန်မဟုတ်တဲ့ ဥစ္စာကို မဆောင်တာလဲ ပညာရှိ လိမ္မာတဲ့ ပုဂ္ဂိုလ်တဦးပဲ၊ ကိုယ့်တာဝန်မဟုတ်, ကိုယ်နဲ့မဆိုင်တဲ့ကိစ္စ မဆောင်ရွက်တာကလဲ အတူတူပဲတဲ့၊

ယော စ - အကြင် ပုဂ္ဂိုလ်သည်လည်း၊
အာဂတံ ဘာရံ - ရောက်လာသော တာဝန်ကို၊
ဝဟတိ - ဆောင်ရွက်၏၊

ရောက်လာတဲ့တာဝန် ကိုယ့်တာဝန် ဖြစ်တာကိုလည်း ကျေပွန်အောင် ဆောင်ရွက် တယ်တဲ့၊ အခုတော့ အဖွဲ့အသင်းဝင်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေ ကျရာကျရာ တာဝန်ဖြစ်တဲ့ မိမိတို့ တာဝန်တွေ ဆောင်ရွက်ဖို့ရာ ဒါပဲ အရေးကြီးပါတယ်၊ အဲဒီ ရောက်လာတဲ့ တာဝန်, ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီး ဆိုင်ရာ လုပ်သင့် လုပ်ထိုက်တဲ့ အဖွဲ့ကြီး ကြီးပွားရာ ကြီးပွားကြောင်း ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တဲ့ တာဝန်လေး တွေရှိလဲ ရှိနေတာပါပဲ၊ အဲဒီဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တဲ့ တာဝန်တွေကို မလစ်ဟင်းရအောင်, တိုးတက်သင့်သမျှ တိုးတက်ရအောင် မိမိတို့ အစွမ်းရှိသမျှ ကြိုးစားပြီးတော့ ဆောင်ရွက်သွားဖို့ပါပဲ

အဲဒီလို ဆောင်ရွက်သွားခြင်းအားဖြင့် မြတ်စွာဘုရား ဟောကြားတော်မူတဲ့ “ဒွေ မေ ဘိက္ခဝေ ပဏ္ဍိတာ” ဆိုတဲ့ ဒေသနာတော်နှင့်အညီ ပညာရှိပုဂ္ဂိုလ်စင်စစ် ထင်ရှား ဖြစ်ပြီးတော့ မိမိတို့ လိုလားအပ်တဲ့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်တရားတွေကို လျင်မြန်စွာ ဆိုက်ရောက်ပြီးတော့ မျက်မှောက်ပြုနိုင်ကြပါစေ

သာဓု … သာဓု … သာဓု …။

ဆစတ္တာလီသတိမပိုင်း
ကာမသုတ္တန်တရားတော်

ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားကြီးသည် သုတ္တနိပါတ် ပါဠိတော် ကာမသုတ္တန်ကို သက္ကရာဇ် ၁၃၂၈-ခုနှစ် ပြာသိုလပြည့်ကျော် ၈-ရက် နေ့တွင် သာသနာ့ရိပ်သာ ဖလ်ယဉ် ဓမ္မာရုံကြီး၌ ငါးဖြာအာရုံ ကာမဂုဏ်တို့၌ တွယ်တာ တပ်မက်မှု မရှိ လျော့ပါးရန် ရည်သန်တော်မူ၍ များစွာသော ရဟန်း, ရှင်, လူ ပရိတ်သတ်အား ဟောကြားတော်မူခဲ့လေသည်၊

ယင်းကာမသုတ္တန် တရားတော်ကြီးကို -

၁။ ကာမဂုဏ်လိုချင်, ပြည့်စုံလျှင်, ကြည်ရွှင်ဝမ်းမြောက်လေတော့သည်။
၂။ နှစ်သက်နေတုန်း, ပျက်ဆုံးရှုံး, နှလုံး ဖောက်ပြန်တတ်လေသည်။
၃။ မြွေရှောင်သည့်နှယ်, ကာမပယ်, ငြိတွယ် လွန်မြောက်လေတော့သည်။
၄။ ကာမဂုဏ်မှာ, မြွေပမာ, ကြောက်ကာ ရှောင်ကြဉ်နေသူသည် လောဘ ပြတ်လတ်, တဏှာငတ်, ရှုမှတ် လွန်မြောက်နိုင်ပေသည်။
၅။ ကာမဂုဏ် တပ်မက်, နိုင်အထက်, နှိပ်စက် ခံရလေတော့သည်။
၆။ လှေကွဲရေငင်, ပုံအသွင်, အစဉ် ဒုက္ခလိုက်နေသည်။
၇။ ရိုးသားနှစ်နည်း, မြက်မီးစည်း, မီးကျီးအိပ်မက်တူပေသည်။
၈။ ငှါးရမ်း, သစ်သီး, ဓားစဉ်းနှီး, တနည်း, လှံတံကျင် တူသည်။
၉။ မြွေခေါင်းမီးလျှံ, ဆယ့်တစ်တန်, တူဟန်ရှု၍ ပယ်ရမည်။
၁၀။ ရှုမှတ်အစဉ်, ကာမကြဉ်, ရေလျဉ် လွန်မြောက်လေတော့သည်။
၁၁။ လှေမှရေပက်, ပေါ့ပါးလျက်, ဟိုဘက် နိဗ္ဗာန်ရောက်လေသည်။

ဟူသည့် ဘုရားမြတ်စွာဟောတော်မူသည့် ပါဠိဂါထာများနှင့် ကာမဂုဏ် ဥပမာ စာပိုဒ်များကို တရားနာသူများ သဘောပေါက်ရန် လွယ်ကူစွာ ဆောင်မှတ်၍ ချပို့ ဟောကြားတော်မူခဲ့လေသည်

“ဤ ကာမသုတ် တရားတော်ကြီး” ကို ရိုသေစွာ နာယူမှတ်သားကြရသော ဓမ္မသဝနကုသိုလ် စေတနာတို့ ၏ အစွမ်းအာနုဘော်ကြောင့် တရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကာမဂုဏ်၏ အပြစ်ကို ရှုမြင်ပြီးလျှင် ကာယာနုပဿနာသတိပဋ္ဌာန်, ဝေဒနာနုပဿနာသတိပဋ္ဌာန်, စိတ္တာနုပဿနာ သတိပဋ္ဌာန်, ဓမ္မာနုပဿနာ, သတိပဋ္ဌာန်ဟူသော သတိတရားဖြင့် ရှုမှတ်ပွားများ နိုင်ကြ၍ ဝိပဿနာဉာဏ်အစဉ်, အရိယမဂ်အစဉ်ဖြင့် သံသရာ၏ ဟိုဘက်ကမ်း သဖွယ်ဖြစ်သော နိဗ္ဗာန်ချမ်းသာမြတ်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက် ပြုနိုင်ကြပါစေကုန်သတည်း” ဟု တရားသိမ်း နိဂုံးချုပ်တော်မူခဲ့လေသည်၊

ယင်း ကာမသုတ္တန် တရားတော်ကို ၁၃၃၅-ခုနှစ်က တကြိမ်, ၁၃၃၈-ခုနှစ်ကတကြိမ် စသည်ဖြင့် အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ရာ ကရောင်း ၁၆-ချိုးဆိုက် စာမျက်နှာ ၆၆-ရှိလေသည်။

ကာမသုတ္တန္တံ ဒေသေသိ, ဒေသနာသု သုကောဝိဒေါ၊
မဟာစည်ထေရကုဉ္ဇရော, သဗ္ဗတ္ထ အဘိပါကဋော။

ဒုလ္လဘဝိနည်းဩဝါဒကထာ

ဒုလ္လဘရဟန်းတော်များ လိုက်နာကျင့်သုံးဆောင်ရန် ရည်ရွယ်တော်မူ၍ ဒုလ္လဘ ဝိနည်း ဩဝါဒကထာကိုလည်း ဟောကြားတော်မူခဲ့လေသည်၊

ယင်းကိုလည်း အသံဖမ်းကြိုးခွေမှကူးယူ၍ ပုံနှိပ်ထုတ်ဝေခဲ့လေရာ ထင်ရှားသော ဆရာတော် ၏ လုပ်ဆောင်ချက် ဖြစ်လေသည်။

ဒုလ္လဘောဝါဒကထာပိ, ဒုလ္လဘာနံ ဟိတာဝဟာ၊
သမ္မာဒိတာထေရိန္ဒေန, မဟာစည်ကဝိကေတုနာ။

ငွေရတုတရားတော်

ဆရာတော်ဘုရားကြီးသည် ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ သီတင်းသုံးရာ ၁၃၁၁-ခုနှစ် နတ်တော် လပြည့်နေ့တွင် စတင်၍ ဓမ္မစကြာတရားတော်ကို အစပြု၍ တရား ဟောတော်မူခဲ့လေသည်၊ ၁၃၃၆-ခုနှစ်တွင် ၂၅-နှစ်တင်းတင်း ပြည့်ခဲ့လေသည်

ယင်းသည် ၁၃၃၆-ခုနှစ်တွင် ဩဝါဒခံယူပူဇော်ပွဲ ငွေရတုသဘင်အနေဖြင့် ကျင်းပ ပူဇော်ခဲ့ကြလေသည်၊ ယင်းပူဇော်ပွဲ ၁၃၃၆-နှစ် နတ်တော်လဆန်း ၉-ရက်နေ့တွင် ဆရာတော်ဘုရားကြီးသည် ဘုရားမြတ်စွာ၏ ဩဝါဒ ပါတိမောက် ဂါထာကို အစပြု၍ ဟောကြားတော်မူခဲ့လေသည်၊

ယင်းဟောကြားချက်များကို ပခုက္ကူမြို့ မဟာစည် သတိပဋ္ဌာန်ရိပ်သာ ကျောင်း ဒါယကာဦးဖေ, ဇနီး ကျောင်းဒါယိကာမ ဒေါ်မြင့်မြင့်ခင်၊ ဦးဖေ ၏ညီမ-ဒေါ်ထား၊ ဒေါ်ငွေကြိုင်တို့က စာအုပ်တစောင် စာအုပ် ဒါယကာ-ဒါယိကာမအဖြစ် ခံယူ၍ ဤ စာအုပ်များကို ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က ဖြန့်ဝေခဲ့လေသည်၊ ယင်းကျမ်းမှာ ကရောင်း ၁၆-ချိုး စာမျက်နှာဖြင့် စာမျက်နှာ ၁၅၈-ရှိလေသည်။

ငွေရတုဓမ္မကထာပိ, မဟာထေရော ပဝတ္တယိ၊
ဓမ္မကထာသု ကောဝိဒေါ, မဟာစည်ယတိပုင်္ဂဝေါ။

နိဗ္ဗာန်ဆိုင်ရာ တရားတော်

▬▬▬▬▬▬▬▬▬▬

ဆရာတော်ဘုရားကြီးသည် နိဗ္ဗာန်တရားတော်ကြီးကို သက္ကရာဇ် ၁၃၂၆-ခုနှစ် တော်သလင်းလဆန်း ၈-ရက်နေ့မှစ၍ သီတင်းကျွတ်လပြည့်ကျော် ၈-ရက်နေ့အထိ ဥပုသ်နေ့တိုင်း ခုနစ်ပိုင်း ခုနစ်ပွဲဖြင့် အပြီးသတ် ဟောကြားတော်မူခဲ့လေသည်၊

ယင်းတရားတော်ကြီးကို အငြိမ်းစားတရားမတရားသူကြီး ဦးသိန်းဟန်က ရကော်ဒါ (အသံဖမ်းတိပ်ခွေ)ဖြင့် ဖမ်းယူပြီး ဖျာပုံသာသနာ့ရိပ်သာ ဆရာတော် ဆရာတော် အရှင်ဝဏ္ဏိတက ဝါယမစိုက်ရာ တပည့်များက လက်နှိပ်စက်ဖြင့် ကူးယူခဲ့လေသည်၊ နောက်တွင် ဆရာတော်ဘုရားကြီးက ကြည့်ရှုသုတ်သင် ပေးတော်မူသဖြင့် စာမူသန့် အဖြစ်သို့ ရောက်ခဲ့လေသည်၊

ယင်းစာမူကို ၁၃၃၆-ခုနှစ် ပြာသိုလက နိဗ္ဗာနပဋိသံယုတ္တကထာခေါ် နိဗ္ဗာန်ဆိုင်ရာ တရားတော်အမည်ဖြင့် စာအုပ် ရိုက်နှိပ် ထုတ်ဝေခဲ့လေရာ ကရောင်း ၁၆-ချိုး ဆိုက်ဖြင့် စာမျက်နှာ ၃၄၀-ရှိလေသည်၊ ယင်း နိဗ္ဗာန်ဆိုင်ရာတရားတော် နိဒါန်းကို ဝက်လက် မစိုးရိမ်ဆရာတော် ဦးတိဿက နိဒါန်းရေးသားခဲ့ရာ အလွန်လျှင် ပြည့်စုံ ကောင်းမွန်ပါသည်၊ ယင်း နိဗ္ဗာန်ဆိုင်ရာကျမ်းကြီးသည် ဆရာတော်ဘုရားကြီး၏ မဟာပည, တိက္ခပည, ဇဝနပည, ဂမ္ဘီရပည, ပါတုပည, နိဗ္ဗေဓိကပညပုဂ္ဂိုလ် အဖြစ်ကို ဖော်ပြရာ ရောက်လေသည်။

မဟာစည်ထေရသေဋ္ဌောဟိ, တိက္ခဂမ္ဘီရပညတု၊
နိဗ္ဗာနပဋိသံယုတ္တ, ကထာပိ ဧတ္ထ သာဓကံ။

ဓမ္မစကြာတရားတော်ကြီး

▬▬▬▬▬▬▬▬▬

ဆရာတော်ကြီးသည် ဓမ္မစကြာ တရားတော်ကျမ်းကြီးကို သာသနာတော်၌ ထွန်းပြောင်ထိန်ကြည် တည်ရစ်ရန် ရည်ရွယ်တော်မူ၍ ၁၃၂၄-ခုနှစ် တော်သလင်း လကွယ်နေ့မှစ အခွင့်သင့်သော သီတင်းနေ့များတွင် ဟောကြားတော်မူရာ တန်ခူး လပြည့်နေ့အထိ ရန်ကုန်မြို့ သာသနာ့ရိပ်သာ ဖလ်ယဉ်ဓမ္မာရုံကြီး၌ ရှစ်ကြိမ်တိုင် ဓမ္မစကြာတရားတော်ကြီးကို ဟောကြားတော်မူခဲ့လေသည်။

ယင်း ဟောကြားတော်မူချက်တို့ကို ကြိုးခွေဖြင့် ဖမ်းယူပြီး တဖန် ကြိုးခွေမှကူးစေရာ သုတ်သင်တည်းဖြတ်၍ ၁၃၃၇-ခုနှစ်က စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေခဲ့ရာ လွန်စွာ ထင်ရှားသည့်ကျမ်းစာကြီး ဖြစ်လေသည်၊ ယင်းကျမ်းစာကြီးမှာ ကျယ်ဝန်း ပြည့်စုံသည့် ကျမ်းကြီးဖြစ်၏၊ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် စာမျက်နှာ ၄၈၄-ရှိလေသည်။

ဓမ္မစကြာကထာ, ပသိဒ္ဓေါသာဓု မာနိတာ၊
မဟာစည်ထေရပါဒေန, ကာသိတာ ဥဓိတာ ဟိ ခေါ။

ဆရာတော်ဘုရားကြီး၏ ဓမ္မစကြာတရားတော်ကြီး၌ -

ဆောင်
ကာမချမ်းသာ, သုံးဆောင်တာ, ပယ်ခွါရှောင်ရမည်၊
မသုံးဆောင်ပဲ, ကိုယ်ဆင်းရဲ, ဒါလဲရှောင်ရမည်၊
စိတ်အလိုကျ, လွှတ်ထားက, ကာမသုခါနုယောဂါ
ပင်ပန်းရုံမျှ, အားထုတ်က, အတ္တကိလမထာနုယောဂါ
သစ္စာမမြင်, မဂ္ဂင်မပါ, လေ့ကျင့်ကာဖြင့်, ချမ်းသာမြဲမည်,
ယုံကြည်ဆုံးဖြတ်, ယူဆမှတ်, သီလဗ္ဗတပင်၊
အစွန်းနှစ်သွယ်, လမ်းမှားပယ်, အလယ်လမ်းမှန်ဖြစ်ပေသည်၊
လမ်းမှန်ကိုလျှောက်, ဉာဏ်မြင်ပေါက်, ဆိုက်ရောက်နိဗ္ဗာန်ပြည်၊
ကိုယ်အမူအရာ, ဖြစ်တိုင်းမှာ, မှန်စွာ သိရမည်၊
စိတ်အမူအရာ, ဖြစ်တိုင်းမှာ, မှန်စွာသိရမည်၊
ကောင်း, ဆိုး, လတ်ပါ, ဝေဒနာ, မှန်စွာ သိရမည်၊
သဘောတရား, ထင်ပေါ်ငြား, ပိုင်းခြား သိရမည်၊

စသည်ဖြင့် ဝိပဿနာဆိုင်ရာ ဆောင်ပုဒ်များ ကျက်မှတ်ဖွယ်ရာ တွေ့ရှိရလေသည်။

၂၆-ကြိမ်မြောက် ပူဇော်ပွဲ ဩဝါဒကထာ

▬▬▬▬▬▬▬▬

၁၃၃၇-ခုနှစ် နတ်တော်လပြည့်ကျော် ၄-ရက်နေ့တွင် ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ ၂၆-ကြိမ်မြောက် နှစ်ပတ်လည် အကြိုနေ့တွင် မဟာစည်ဆရာတော် ဘုရားကြီးသည် ဝိနည်းအလေးပြုရေး, တရားအလေးပြုရေး, အရှည်တည်တံ့ရေး, အညီအညွတ် ရွက်ဆောင်ရေး, ဟောပြောရေးစသည်အတွက် ညွှန်ကြားရေး စသည်တို့ဟူ၍ သည်ဩဝါဒကထာကို မြွက်ကြားတော်မူခဲ့လေသည်၊ ယင်းဩဝါဒကထာမှာ ထာဝစဉ် သက်ဆုံးတိုင် လိုက်နာရန် သင့်မြတ်သဖြင့် ဤ၌ မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။

အခြေခံစကား

နှစ်ပတ်လည် ဩဝါဒ ခံယူပူဇော်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက် အကြောင်းကို အလျင်နှစ်များကလဲ ပြောခဲ့ပါပြီ၊ ယောဂီအဟောင်း အသစ်တွေ အချင်းချင်း တွေ့ဆုံခွင့်ရအောင် ဒါကလဲ ရည်ရွယ်ချက်တခုပါပဲ၊ မိမိတို့အားထုတ်ခဲ့ဖူးတဲ့ နေရာ ဌာနသို့ ပြန်ရောက်လာပြီးတော့ အသစ်လိုပဲ စိတ်ဓာတ်ဖြစ်ပေါ်လာပြီး ရှုမှတ်နေကျ တရားကို တက်တက်ကြွကြွနဲ့ အားထုတ်နိုင်အောင် ဒါကလဲ ရည်ရွယ်ချက်တခုပါပဲ၊

အဲဒီ ရည်ရွယ်ချက်များဖြင့် နှစ်ပတ်လည် ဩဝါဒ ခံယူပူဇော်ပွဲကို ကျင်းပစေခဲ့ပါတယ်၊ ဟိုတုန်းကတော့ တပည့်ယောဂီတွေနဲ့ ကမ္မဋ္ဌာန်းဆရာတွေက အလွန်နည်းပါ သေးတယ်၊ ယခုတော့ တပည့်ယောဂီတွေရော ဆရာတွေရော ပရိသတ်က များလာတဲ့အတွက် အဲဒီမူလက ရည်ရွယ်ချက်လောက်တွင် မကဘူး ဩဝါဒခံယူပွဲ ဆိုတဲ့အတိုင်း ဩဝါဒပေးဖို့ရာ ကိစ္စလဲပေါ်လာပါတယ်။

မျှော်လင့် ယုံကြည်ခဲ့တဲ့အတိုင်း မဟုတ်ဘူး

▬▬▬▬▬▬▬▬▬▬

ပထမ တရားပြခါစဆီက ဆိုလို့ရှိယင် “တရားအားထုတ်ထားတဲ့ သူတွေဟာ တရားထူး, ဉာဏ်ထူး အဆင့်သို့ မရောက်သေးစေကာမူ သဒ္ဓါတရားဖြစ်လောက်တဲ့ ဝိပဿနာဉာဏ်အဆင့်လောက် ရောက်လာယင် အဲဒီ ပုဂ္ဂိုလ်တွေမှာ စိတ်ဓာတ်တွေ ပြောင်းလဲပြီး အစဉ်တစိုက် ကောင်းသွားကြလိမ့်မယ်”လို့ မျှော်လင့်ခဲ့ပါတယ်၊ ယုံကြည်ခဲ့ပါတယ်၊ “ပရိယတ္တိ စာသင်တိုက်ဌာန များမှာတော့ စိတ်ဓာတ်ပြုပြင်ရေးက မပါတဲ့အတွက် စာသင်သား တပည့်အချင်းချင်းလဲ မညီမညွတ် ဖြစ်တတ်တယ်၊ ဆရာနဲ့တပည့်လဲ မညီမညွတ်ဖြစ်တတ်တယ်၊ ဒါကတော့ အရပ်တိုင်း အရပ်တိုင်းမှာ မျက်မြင်တွေ့နေတာတွေပဲ၊ ပဋိပတ္တိဌာနများမှာလဲ သဘာဝကျကျ အားမထုတ်ယင် အဲဒီလို ဖြစ်ကြမှာပါပဲ၊ သတိပဋ္ဌာန်နည်းအရ ဝိပဿနာ ပြနေတဲ့ဌာနမှာတော့ သဘာဝကျကျ အားထုတ်ထားတဲ့ ယောဂီတွေမှာ လူဖြစ်ဖြစ်, ရဟန်းဖြစ်ဖြစ် မဂ်ဖိုလ်ဉာဏ်တရားထူးကို မရောက်သေးစေကာမူ (ရောက်ပြီး ဆိုယင်တော့ ပြောစရာ မလိုပါဘူး) သဒ္ဓါတရား ဖြစ်လောက်တဲ့ ဝိပဿနာဉာဏ်လောက် ရောက်ယင်ကို စိတ်ဓာတ်တွေ ပြောင်းလဲပြီးတော့ အရှုပ်အထွေးမရှိပဲ အစဉ်တစိုက် ညီညွတ်ပြီး ကောင်းသွားလိမ့်မယ်” လို့ ဘုရားတပည့်တော်ဟာ အစတုန်းက မျှော်လင့်ခဲ့ပါတယ်၊ အဲဒီတုန်းက တကယ့်ကို မျှော်လင့်ခဲ့တာပါပဲ

ဒါပေမယ့် ယခု ပရိသတ်တွေများလာတော့ အဲဒီ မျှော်လင့်ချက်အတိုင်း သိပ်မဟုတ် လှဘူး၊ ချွတ်ယွင်းသူတွေက ပေါ်ပေါ်လာတယ်၊ လွန်ခဲ့တဲ့ ၂-နှစ်လောက်က ဆိုပါတော့၊ အဲဒီလောက် အတွင်းကမှ ချွတ်ယွင်းတာတွေပိုပြီး ထင်ရှားလာတယ်။

အစကောင်းပေမယ့် အနှောင်းချွတ်ယွင်း

▬▬▬▬▬▬▬

ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူခါစ သာသနာတော် အဦးအစက ရဟန်းပြုကြတဲ့ ပုဂ္ဂိုလ်တွေဟာ သဒ္ဓါရော, တရားဂုဏ် အဆင့်ရော ပြည့်စုံကြပါတယ်၊ ရဟန္တာ ပုဂ္ဂိုလ်တွေပဲ များခဲ့ပါတယ်၊ အဲဒီတုန်းက ဝိနည်း သိက္ခာပုဒ်တော်ဟာ ပြောလောက် ဆိုလောက်အောင် မရှိခဲ့သေးဘူး၊ ဝိကာလဘောဇနသိက္ခာပုဒ် ဆိုတာကို ပထမ အစက မပညတ်ခဲ့သေးဘူး၊ ပညတ်တဲ့အခါကျတော့လဲ မွန်းလွဲတဲ့ ညနေပိုင်း မစားဖို့ ရှေးဦးစွာ ပညတ်ပြီးတော့ အတော်အတန်ကြာမှ ညပိုင်းမစားဖို့ ပညတ်တော် မူပါသတဲ့၊

အဲဒီသိက္ခာပုဒ် မရှိသေးမီကဆိုလျှင် သီလသိက္ခာ အလေးပြုတဲ့ ပုထုဇဉ်အရိယာ များက နေမွန်းလွဲတဲ့အခါ မစားပဲ ရှောင်ကြဉ် ကြပေမယ့် အချို့ကတော့ ညနေပိုင်းရော ညဉ့်ပိုင်းရော ဆွမ်းခံပြီး စားနေကြပါသတဲ့၊ မဇ္ဈိမပဏ္ဏာသပါဠိတော် လဋုကိကောပမသုတ် စသည်ဖြင့် ထင်ရှားပါတယ်၊ လဋုကိကောပမသုတ်မှာ (ကိုယ်ကာယ ကြီးမားတဲ့ မဟာဥဒါယီခေါ်တဲ့) အရှင်ဥဒါယီမထေရ်က မြတ်စွာ ဘုရားအား ဒီလိုလျှောက်ပါတယ်။

“မြတ်စွာဘုရားဟာ ငါတို့၏ များစွာသော ဆင်းရဲကြောင်းတို့ကို ပယ်ရှားတော်မူပါ ပေစွတကား၊ ငါတို့အား များစွာသော ချမ်းသာကြောင်းတို့ကို ဆောင်ပေးတော်မူပါ ပေစွတကား”စသည်ဖြင့် ကြည်ညိုသဒ္ဓါ ဖြစ်ပုံကို လျှောက်ထားပါတယ်၊ အဲဒီလို လျှောက်ပြီးတော့ ဆင်းရဲကြောင်းတွေကို ပယ်ပြီး ချမ်းသာကြောင်းတွေ ဆောင်ပေး ပုံကို ဒီလို ဆက်လျှောက်ပါတယ်။

ဝိကာလဘောဇန သိက္ခာပုဒ်

▬▬▬▬▬▬▬▬▬▬

မြတ်စွာဘုရား .... တပည့်တော်တို့ဟာ ရှေးအခါက -
ညချမ်းအချိန်၌လဲ စားကြပါတယ်၊
နံနက်အချိန်၌လဲ စားကြပါတယ်၊
နေ့ခင်းမွန်းလွဲ အချိန်၌လဲ စားကြပါတယ်၊

တခါက မြတ်စွာဘုရားဟာ နေ့ခင်းမွန်းလွဲ အချိန်၌ စားခြင်းကို ပယ်စွန့်ရန် မိန့်တော်မူပါတယ်၊ အဲဒီအခါ တပည့်တော်မှာ စိတ်မချမ်းသာပဲ တမျိုးတမည် ဖြစ်ခဲ့ပါတယ်၊ နေ့ခင်း မွန်းလွဲ အချိန်အခါမှာ သဒ္ဓါတရားရှိကြတဲ့ ဒကာတွေက မွန်မြတ်သော ခဲဖွယ် ဘောဇဉ်ကို လှူကြတယ်၊ အဲဒါကို မြတ်စွာဘုရားက ပယ်ဖို့ မိန့်တော်မူတယ်လို့ ဆင်ခြင်ပြီး နှလုံးမသာ ဖြစ်ခဲ့ပါတယ်၊

ဒါပေမယ့် တပည့်တော်တို့ဟာ မြတ်စွာဘုရား အပေါ်မှာ ခင်မင်ကြည်ညိုခြင်း, ရိုသေခြင်း, ရှက်ကြောက်ခြင်းကို ရှုမြင်ကာဖြစ်စေလျက် အဲဒီ နေမွန်းလွဲ နေ့ခင်း စားခြင်းကို ပယ်ခဲ့ကြပါတယ်၊ ညချမ်းနှင့် နံနက်အချိန်၌သာ စားနေကြပါတယ်၊ နောက်တချိန်ကျတော့ မြတ်စွာဘုရားက ညဉ့်အချိန်စားခြင်းကို ပယ်စွန့်ရန် မိန့်တော်မူပြန်ပါတယ်၊

အဲဒီအခါမှာလဲ တပည့်တော်မှာ စိတ်မချမ်းသာပဲ တမျိုးတမည် ဖြစ်ခဲ့ပါတယ်၊ ညဉ့်အချိန်မှာလှူတဲ့ ဆွမ်းနဲ့ ဟင်းကသာပြီး ကောင်းတယ်၊ အဲဒီ ဆွမ်း, ဟင်းကိုလဲ မြတ်စွာဘုရားက ပယ်ဖို့မိန့်တော်မူပြန်တယ်လို့ ဆင်ခြင်ပြီး နှလုံးမသာ ဖြစ်ခဲ့ပါတယ်၊ ညဉ့်အချိန်မှာ ချက်ပြုတ်စားကြတဲ့ ထမင်း, ဟင်းသာ အကောင်းဆုံး ဖြစ်ပါတယ်၊ အဲဒါကို မစားရဘူးလို့ မိန့်တော်မူတဲ့ အတွက် နေလို့ဖြစ်ပါ့မည်လားလို့ ဆင်ခြင် ကြံတွေးပြီး နှလုံးမသာဖြစ်ခဲ့ပါတယ်၊

ဒါပေမယ့် မြတ်စွာဘုရားအပေါ်မှာ ခင်မင်ကြည်ညိုခြင်း, ရိုသေလေးစားခြင်း, ရှက်ကြောက်ခြင်းကို ရှုမြင်ကာ ဖြစ်ပေါ်စေလျက် ညဉ့်အချိန် စားခြင်းကိုလဲ ပယ်ခဲ့ ပါတယ်လို့ လျှောက်ပြီးတော့ အဲဒီ ဝိကာလဘောဇန ၂-မျိုးကို ပယ်တဲ့အတွက် တွေ့ရတဲ့ အကျိုးအာနိသင်များကိုလဲ ဒီလိုဆက်လျှောက်ပြန်တယ်။

ညစာမစားခြင်းအကျိုး

▬▬▬▬▬▬▬▬

ညဉ့်မှောင်မိုက်ထဲမှာ ဆွမ်းခံသွားတဲ့ ရဟန်းများဟာ ရေပုပ်, ရေဆိုးတွင်းထဲ, ရွံ့ဗွက်ထဲလဲ ကျရောက်ကြတယ်၊ ဆူးစည်းရိုးကိုလဲ နင်းမိကြတယ်၊ အိပ်နေတဲ့ နွားကိုလဲ နင်းမိကြတယ် သူခိုး, ဒမြ လူဆိုးတို့နှင့်လဲ တွေ့ကြရတယ်၊

တခါကတော့ တပည့်တော် ညဉ့်မှောင်မိုက်ထဲ ဆွမ်းခံသွားစဉ်မှာ အိုးခွက်ဆေးနေတဲ့ မိန်းမက လျှပ်ရောင်ဖြင့် တွေ့မြင်ပြီး “တစ္ဆေကြီးပါတော့ သေပါပြီ”လို့ အလန့် တကြား ဟစ်အော်လိုက်ပါတယ်၊ အဲဒီတော့ တပည့်တော်က “ငါတစ္ဆေမဟုတ်ဘူး၊ ရဟန်းပါ၊ ဆွမ်းခံလာတာပါ”လို့ ပြောလိုက်တယ်၊ “ရဟန်းမှာ အမေ အဖေတွေ သေကုန်ရော့ သလား၊ ညဉ့်မှောင်မိုက်ထဲ ဝမ်းရေးအတွက် ဆွမ်းခံတာထက် ဝမ်းဗိုက်ကို သားလှီး ဓားဖြင့် လှီးလိုက်တာက ကောင်းသေးတယ်”လို့ အဲဒီမိန်းမက ဆိုပါတယ်။

အဲဒီလို ဒုက္ခရောက်ရတာတွေ, ရှုတ်ချပြီးအပြောအဆို ခံရတာတွေကို ပြန်လည် စဉ်းစားကြည့်လိုက်တော့ “မြတ်စွာဘုရားဟာ ငါတို့၏ များစွာသော ဆင်းရဲကြောင်း တို့ကို ပယ်ရှားတော်မူပါပေတယ်” စသည်ဖြင့် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတွေကို ဆပ်ခြင်မိကြောင်း ဥဒါယီမထေရ်က လျှောက်ပါတယ်၊

အဲဒါကို ထောက်ဆကြည့်ယင် သာသနာတော်အစပိုင်းတုန်းက အရှုပ်အထွေး မရှိသေးလို့ သိက္ခာပုဒ်တွေ များစွာမပညတ်ရသေးကြောင်း သိရပါတယ်။

နောက်ပြီးတော့ မြတ်စွာဘုရား တဆယ့်နှစ်ဝါမြောက်မှာ ဝေရဉ္ဇရာမြို့၌ ဝါကပ်စဉ်က သိက္ခာပုဒ် ပညတ်ဖို့ရာ အရှင်သာရိပုတ္တရာ မထေရ်မြတ်က လျှောက်ထား တောင်းပန်ပါတယ်၊ မြတ်စွာဘုရားက ပညတ်ရန် အချိန် မရောက်သေးကြောင်း မိန့်တော်မူတယ်၊ အဲဒါကို ထောက်ဆကြည့်ယင်လဲ သာသနာတော် အစပိုင်းတုန်းက သိက္ခာပုဒ်များများ မရှိခဲ့သေးကြောင်း သိရပါတယ်။

အဲဒါလိုပဲ ဝိပဿနာ ကမ္မဋ္ဌာန်းပြရာမှာလဲ အစပိုင်းတုန်းက တော်တော်ဟန်အကျ သားပါပဲ၊ အရှုပ်အထွေးမရှိခဲ့ပါဘူး၊ နောက်ပိုင်းကျတော့ အချို့အနည်းငယ်သော ပုဂ္ဂိုလ်တွေက ချွတ်ယွင်းလာတာကို တွေ့ရတယ်၊ အဲဒီချွတ်ယွင်းချက်များကို အကြောင်းပြုပြီးတော့ ဩဝါဒပေးဖို့ရာ လိုလာပါတယ်၊ အစကတော့ ဒီလို ရည်ရွယ်ချက် မရှိခဲ့ပါဘူး၊ ကိုယ့်တပည့် ကိုယ့်ပရိသတ်တွေ အပေါ်မှာ စိတ်ချ ယုံကြည်လာခဲ့တယ်၊ ဒီလို ချွတ်ယွင်းချက်တွေ မဖြစ်နိုင်ဘူးလို့ ထင်မြင်လာခဲ့တယ်၊ ယခုလိုချွတ်ယွင်းချက်တွေကို တွေ့ရတဲ့အခါကျတော့မှ ဟိုတုန်းက ယုံကြည် စိတ်ချပြီး ထင်မြင်ခဲ့တာဟာ ကိုယ့်တပည့်တွေ အထင်ကြီးရာ ရောက်နေကြောင်း ပေါ်လာပါတယ်။

၁။ ဝိနည်းအလေးပြုရေး

▬▬▬▬▬▬▬▬▬

ယခု ဩဝါဒပေးဖို့ကတော့ အလျင်ကပေးနေကျဩဝါဒခေါင်းစဉ် ခုနစ်ပါးဖြင့်ပင် ပြည့်စုံနေပါပြီ၊ အဲဒီ ခုနစ်ပါးထဲက အမှတ် ၁-အရ ဝိနည်းကို အလေးပြုရေးဆိုတာ အရေးကြီးပါတယ်၊ အရှင်ဘုရားတို့ဟာ ဝိနည်းကို တတ်သိကြပြီးချည်း ဖြစ်ပါတယ်၊ ဒါပေမယ့် ပြည့်စုံသည်ထက် ပြည့်စုံအောင် ထပ်ပြီးတော့ လေ့လာဖို့ လိုပါတယ်၊ ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ စာပေ ကျမ်းဂန်တတ် စာချဆရာတော်ကြီး တပါးက ဝိနည်း အဆုံးအဖြတ် စာအုပ်တအုပ် ရေးထုတ်တာကို တွေ့ရပါတယ်၊ အဲဒီ စာအုပ်ထဲမှာ မှတ်သားလောက်တဲ့ အဆုံးအဖြတ်တွေလဲ တော်တော်များများ ပါပါတယ်။

ဒါပေမယ့် မမှားသင့်ရာမှာ မှားပြီး ရေးသား ဆုံးဖြတ်ထားတာတွေကိုလဲ တွေ့ရတယ်၊ သာသနာတော်အတွက် ဝမ်းနည်းစရာပါပဲ၊ တွေ့ရတာတခုကတော့ ဝိကာလဘောဇန သိက္ခာပုဒ်နှင့်စပ်ပြီး သတ္တာဟကာလိကအကြောင်း မှားယွင်းစွာ ရေးသား ဆုံးဖြတ်ထားချက်ပါပဲ။

အဲဒီမှာ ရေးထားပုံက “သတ္တာဟကာလိကကို အာဟာရအတွက် အကပ်ခံပြီး ခုနစ်ရက်ပတ်လုံး သုံးဆောင်ကောင်းတယ်၊ ဆေးအတွက် ဆိုယင်တော့ တသက် ပတ်လုံး သုံးဆောင် ကောင်းတယ်”တဲ့၊ အဲဒီ ဆုံးဖြတ်ချက် မှားယွင်းကြောင်း ဝိနည်း တတ်သိ နားလည်ကြတဲ့ အရှင်ဘုရားတို့လဲ သိကြမှာပါပဲ၊

အမှန်ကတော့ သတ္တာဟကာလိကကို အကပ်ခံပြီး ခုနစ်ရက်အတွင်း သုံးဆောင် ရတယ်ဆိုတာဟာ ဆေးအဖြစ်ဖြင့် သုံးဆောင်ရတာကို ဆိုတာပါ၊ အာဟာရအတွက် မဟုတ်ပါဘူး၊ သတ္တာဟကာလိကကို နေမွန်းလွဲတဲ့အခါ အာဟာရအတွက် အကပ်ခံယင် ဒုက္ကဋ်အာပတ်သင့်တယ်၊ စားသောက်ယင်လဲ ဒုက္ကဋ်အာပတ် သင့်တယ်၊

အဲဒီ အနက်အဓိပ္ပါယ်ဟာ “ယာမကာလိကံ သတ္တာဟကာလိကံ ယာဝဇီဝိကံ အာဟာရတ္ထာယ ပဋိဂ္ဂဏှာတိ အာပတ္တိ ဒုက္ကဋဿ၊ အဇ္ဈောဟာရေ အဇ္ဈောဟာရေ အာပတ္တိဒုက္ကဋဿ” လို့ ဝေဖန်ပြထားတဲ့ ဝိကာလဘောဇန သိက္ခာပုဒ်၏ ပဒဘာဇနီပါဠိဖြင့်ပင် အလွန်ထင်ရှားနေပါတယ်။

နောက်ပြီးတော့ သတ္တာဟကာလိကကို ဆေးအတွက် အကပ်ခံပြီး ခုနစ်ရက် အတွင်းသာ သုံးဆောင် ကောင်းတယ်၊ ခုနစ်ရက်ထက် ပိုလွန်ပြီးထားလျှင် နိဿဂ္ဂိပါစိတ် အာပတ်သင့်တယ်ဆိုတာလဲ “ယာနိ ခေါ ပန တာနိ ဂိလာနာနံ ဘိက္ခူနံ ပဋိသာယနိယာနိ ဘေသဇ္ဇာနိ။ ပ။ တာနိ ပဋိဂ္ဂဟေတွာ သတ္တာဟပရမံ သန္နိဓိကာရကံ ပရိဘုဥ္ဇိတဗ္ဗာနိ၊ တံ အတိက္ကာမယတော နိဿဂ္ဂိယံ ပါစိတ္တိယံ” ဆိုတဲ့ ပါတိမောက် သိက္ခာပုဒ်ဖြင့်ပင် ထင်ရှား နေပါတယ်၊

ဒါလောက် ထင်ရှားနေပါလျက်နဲ့ အဲဒီစာအုပ်မှာ “သတ္တာဟကာလိကကို အာဟာရ အတွက်အကပ်ခံပြီး ခုနစ်ရက်ပတ်လုံး သုံးဆောင်ကောင်းကြောင်း၊ ဆေးအတွက် ဆိုလျှင်တော့ တသက်ပတ်လုံး သုံးဆောင်ကောင်းကြောင်း” မှားယွင်းစွာ ရေးသား ထားတာဟာ အလွန်ပင် အံ့ဩစရာကောင်းပါတယ်၊ အဲဒီ ကျမ်းဆရာ ကိုးကား ထားတာကတော့ သာရတ္ထဒီပနီ ဋီကာပါဌ်ပါပဲ၊ အဲဒီဋီကာကတော့ သူယူဆတဲ့ အတိုင်း ဆိုလိုတာ မဟုတ်ပါဘူး၊ ဝိနည်း ပါဠိ အဋ္ဌကထာများအတိုင်းပင် ထပ်ဆင့်၍ ဖွင့်ပြထားချက်မျှသာ ဖြစ်ပါတယ်။

ယခုပြောခဲ့တဲ့ မှားယွင်းသော အဆုံးအဖြတ်ကို ယုံကြည်ပြီးတော့ သတ္တာဟကာလိကကို အာဟာရအတွက် သုံးဆောင်ယင်, ဆေးအတွက် ခုနစ်ရက် ကျော်လွန်ပြီး သုံးဆောင်ယင် အာပတ်သင့်ရုံမျှမက ဝိနည်းကိုလဲ မရိုသေရာ ရောက်ပါလိမ့်မယ်။ ဒီလို ဝိနည်းကို မရိုမသေဆုံးဖြတ်ပြီး မရိုမသေ ပြုကျင့် သွားကြယင် ဝိနည်း ကျင့်ဝတ်တွေ ပျက်သွားဖို့ သေချာပါတယ်

ယခု ပြောခဲ့တာက ပုံစံတခုအနေနဲ့ ထုတ်ပြတာပါပဲ၊ ဝိနည်း သိက္ခာပုဒ်တွေနဲ့စပ်ပြီး အကျယ် ဝေဖန်ပြောဖို့တော့ အချိန်မရှိပါဘူး၊ မိမိတို့ လေ့လာတတ်သိပြီး ဖြစ်သည့်အတိုင်း ရိုသေစွာ ကျင့်သွားကြဖို့ပါပဲ၊ အချိန်ရပါလျှင် ဝိနည်းကို အထပ်ထပ် လေ့လာပြီး တတ်သိသည့်အတိုင်း ကျင့်သုံးသွားကြဖို့ပါပဲ၊ အရေးကြီး တာကလေး သုံး, လေးခု လောက်တော့ ပြောချင်ပါသေးတယ်။

အရုဏ်တက် သတိပြုရန်

▬▬▬▬▬▬▬▬▬

ယာဝကာလိကဆိုယင် နံနက် အရုဏ်တက်ပြီးမှ အကပ်ခံပြီး သုံးဆောင်ရတယ်၊ အရုဏ်မတက်ခင်က အကပ်ခံထားယင် အရုဏ်တက်တဲ့အခါ သန္နိဓိဖြစ်သွားတယ်၊ အဲဒါကို မစားကောင်းတော့ဘူး၊ စားယင် သန္နိဓိသိက္ခာပုဒ်အရ ပါစိတ်အာပတ် သင့်တယ်၊ အရုဏ် မတက်ခင် စားယင်တော့ ဝိကာလဘောဇနာသိက္ခာပုဒ်အရ ပါစိတ် အာပတ်သင့်တယ်၊ တနေ့လုံး တညဉ့်လုံး မစားပဲ ရှောင်ကြဉ်လာခဲ့ပြီးမှ အရုဏ်တက်ခါနီး တနာရီခန့် နာရီဝက်ခန့်အတွင်းမှာ စားသုံးမိလို့ အာပတ်သင့် ရတယ် ဆိုယင် တနေ့လုံး တညဉ့်လုံး ရှောင်ကြဉ်လာခဲ့တာ တွေဟာ အလကားလို ဖြစ်သွားတယ်၊ ဝမ်းနည်းစရာပဲ။

ဝိနယာလင်္ကာရဋီကာမှာ အရုဏ်ချိန်နှင့်စပ်ပြီး ဆုံးဖြတ်ထားတာ ရှိတယ်၊ သင့်လဲ သင့်ပါတယ်၊ နေမထွက်မီ ၁-နာရီ, ၂-နာရီခန့်ဖြင့် အရုဏ်တက်သည်ဟု သတ်မှတ်အပ် ကြောင်း ပြဆိုထားပါတယ်၊ အဲဒီမှာ ၁-နာရီ, ၂-နာရီဆိုတာက ဘာနာရီလဲ ဆိုယင် အဲဒီဋီကာရေးတဲ့ ခေတ်တုန်းက မြန်မာပြည်မှာ စက်နာရီ မပေါ်သေးဘူး၊ နေ့နာရီ ၃၀, ညဉ့်နာရီ ၃၀-ဆိုတဲ့ မြန်မာနာရီကို အသိအမှတ် ပြုနေကြတဲ့အခါဖြစ်တယ်၊

ဒါကြောင့် အဲဒီ ဋီကာမှာ ပြဆိုထားတဲ့နာရီဟာ မြန်မာနာရီ ဖြစ်ကြောင်း သိသာပါတယ်၊ အဲဒီ မြန်မာနာရီ ၁-နာရီမှာ ယခု စက်နာရီဖြင့် ၂၄-မိနစ် ရှိတယ်၊ ဒါကြောင့် မကြာမီက မင်းဘူးမှ ဆရာတော်တပါးက ရေးသားစီရင်တဲ့ အရုဏ်တက်ချိန် အဆုံးအဖြတ် စာအုပ်မှာ နေမထွက်မီ ၂၄-မိနစ်၌ အရုဏ် တက်ကြောင်း ဆုံးဖြတ်ထားပါတယ်။

ဒါပေမယ့် နေထွက်ပုံကို ထင်ရှားမြင်ရတဲ့အရပ်မှာဆိုယင် မိမိတို့၏ မျက်မြင်ဖြင့်ပင် နေမထွက်မီ မည်မျှလောက် အချိန်က အရုဏ်ရောင် ထွက်ပေါ်လာတယ်ဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်။

အရုဏ်ရောင်ဆိုတာ နေမထွက်မီက ပေါ်လာတဲ့ နေ၏အရောင် ဖြစ်ကြောင်း စဉ်းငယ်နီတဲ့အရောင် ဖြစ်ကြောင်း အဘိဓာန်ကျမ်း စသည်မှာ (သူရဿောဒယတော ပုဗ္ဗုဋ္ဌိတရံသီ သိယာရုဏော) စသည်ဖြင့် လည်းကောင်း၊ (အရုဏော ကိဥ္စိ ရတ္တော) ဟူ၍လည်းကောင်း ပြဆိုထားပါတယ်၊

ဒါကြောင့် နံနက်လင်းစပြုတဲ့ အချိန်မှာ နေထွက်မည့် အရပ်ဆီက စောင့်မျှော် ကြည့်နေယင် နေမထွက်မီ မိနစ် ၅၀-ခန့် လောက်မှာ စဉ်းငယ်နီတဲ့ အရောင် ပေါ်လာတာကို တွေ့ရပါလိမ့်မယ်၊ အဲဒီ စဉ်းငယ်နီတဲ့ အရောင် ပီပီသသ ပေါ်လာတဲ့ အချိန်ကို အရုဏ်တက်ချိန်လို့ မှတ်ယူနိုင်ပါတယ်၊ စက်နာရီ အလိုအားဖြင့် နေမထွက်မီ မိနစ် ၅၀-ခန့်အချိန်မှာ အဲဒီ အရုဏ်ရောင်ကို တွေ့မြင်ရတတ်ပါတယ်၊

ဒါကြောင့် နေမထွက်မီ မိနစ် ၅၀-ခန့် အချိန်ကို အစောဆုံး အရုဏ်တက်ချိန်လို့ မှတ်ယူသင့်ပါတယ်၊ ဒါပေမယ့် ရှင်, ရဟန်းများ, ဥပုသ်သည်များမှာ အဲဒီအချိန်ထက် ၅-မိနစ်ခန့်, ၁၀-မိနစ်ခန့် နောက်ကျပြီး စားသုံးလျှင်သာပြီး သံသယကင်းဖွယ် ရှိပါတယ်။

နေထွက်ချိန်နာရီကိုတော့ မြန်မာလနှင့် ကိန်းသေ မှတ်ထားယင် အတိအကျ မဖြစ်နိုင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ မြန်မာလက ဝါထပ်ပြီးခါစမှာ အချိန် မှန်ပေမယ့် တနှစ်တနှစ်မှာဆိုယင် ၁၁-ရက် သာသာလောက် စောစောလာပါတယ်၊ ၃-နှစ်ခန့်, ၂-နှစ်ကျော်ခန့်မှာ ရက် ၃၀-လောက် စောနေတဲ့အတွက် ပထမဝါဆို တလလုံးကိုပယ်ပြီး ဒုတိယဝါဆို တလထပ်ရတယ်၊

ဒါကြောင့် မြန်မာလနှင့်ဆိုယင် နေထွက်ချိန်ဟာ အတိအကျမှတ်ယူထားလို့ မဖြစ်ပါဘူး၊ ယခုနေအခါမှာ ကမ္ဘာသုံး လဖြင့် ရက်စဉ်အတိုင်း နေထွက်ချိန် နာရီ မိနစ်များကို အတိအကျ ပြထားတဲ့ စာရင်းဇယားတွေ ရှိပါတယ်၊ အဲဒီစာရင်း ဇယားအရက နေထွက်ချိန် ပိုပြီး တိကျပါတယ်၊

ဒါကြောင့် အဲဒီနေထွက်ချိန် စာရင်းဇယားဖြင့် နေမထွက်မီ ၄၅-မိနစ်ခန့်, ၄၀-ခန့်မှာ အရုဏ်တက်တယ်လို့ ယူယင်သင့်လျော်ပါလိမ့်မယ်၊ ဒါပေမယ့် ဆောင်းရာသီမှာ မြန်မာပြည်တောင်ပိုင်းက နေထွက်စော တတ်တယ်၊ နွေရာသီမှာ မြောက်ပိုင်းက စောတတ်တယ်၊ အဲဒီ နေထွက်အပြောင်းအလဲ သတိပြုသင့်ပါတယ်။

အဲဒီ အရုဏ်တက်ချိန်ဟာ ဝိကာလဘောဇန သိက္ခာပုဒ်အတွက် အရေးကြီးသည့်ပြင် ပရိဝတ်, မာနတ်ဆောက်တည်ရာမှာလဲ အရေးကြီးပါတယ်၊ အရုဏ်မတတ်သေးပဲ ပရိဝတ်, မာနတ်ကို ချမိယင် အဲဒီရက်ဟာ ရတ္တိစ္ဆေဒ ဖြစ်သွားပါတယ်၊ စာရင်း မဝင်တော့ပါဘူး၊ ဒါကြောင့် ပရိဝတ်, မာနတ်အတွက်ဆိုယင် နေမထွက်မီ စက်နာရီဖြင့် တနာရီခွဲခန့်က ဆောက်တည်ပြီးတော့ နေထွက်ခါနီးမိနစ် ၂၀-လောက် ကျမှ ဝတ်ကိုချယင် သာပြီး စိတ်ချရပါတယ်။

သင်္ကန်းရုံသွားဖို့


နောက်တခုကတော့ ကျောင်းဝင်းမှ ထွက်ခွါသွားယင် သင်္ကန်းရုံ သွားဖို့ပါပဲ၊ အဲဒါက အလွန်ကျေးဇူးများပါတယ်၊ ဒါကြောင့် မဟာစည် စည်းမျဉ်းဥပဒေထဲမှာ အဲဒါကို ထည့်သွင်းထားပြီး ရှိနေပါတယ်။

နောက်ပြီးတော့ ပရိမဏ္ဍလပါရုပနအရာ၌ ပါဠိကာရကရဟန်းကဲ့သို့ လက်ဝဲ လက်မောင်းကိုဖော်၍ ဧကသီကို မရုံမိစေရန် သတိပြုကြဖို့ပါပဲ၊ အဋ္ဌကထာမှာ အဝန်းညီစွာရုံပုံကို ဖွင့်ပြထားပုံကတော့ သုပ္ပဋိစ္ဆန္နသိက္ခာပုဒ်မှာလိုပဲ “ဥဘောကဏ္ဏေ သမံ ကတွာ ပါရုပနံ”လို့ ပြဆိုထားပါတယ်၊ ပဋိသင်္ဃရိတွာ - ခေါက်လိပ်၍ဆိုတဲ့ပုဒ် မပါတာလောက်ပဲထူးပါတယ်၊

ဒါကြောင့် အရိုအသေ ရုံသင့်ရာဌာနများအတွက် ရုံတဲ့အခါမှာ အထက်ပိုင်း သင်္ကန်း အစွန်း ၂-ခုကို အညီအညွတ်ပြုပြီး သုပ္ပဋိစ္ဆန္န ရုံတာလိုပင် လက်ဝဲလက်မောင်းကို ရစ်ပတ်ပြီး ရုံတာဟာ အဋ္ဌကထာအဆိုနှင့် ညီပါတယ်၊ ဧကံသံ စီဝရံ ကတွာ အရရုံရာမှာလဲ ဒီနည်းဖြင့် ရုံတာဟာ အလွန်သင့်လျော်ပါတယ်၊ ဒီလိုမဟုတ်ပဲ အများရုံနည်းဖြင့် ရုံယင်လဲ လက်ဝဲလက်မောင်းလုံခြုံနေယင် သင့်တော်တယ်လို့ ယူရမှာပါပဲ၊

အဲဒီ ဧကံသပါရုပနဟာ ဘုရားဆင်းတုတော်ရှေ့, စေတီတော်ရှေ့, မထေရ်ကြီးရှေ့၌ အရိုအသေပြုသောအားဖြင့် ရုံပုံ ရုံနည်းပါပဲ၊ မြို့ထဲ ရွာထဲမဟုတ်ယင် အရိုအသေ ပြုသင့်တဲ့ နေရာဌာနမှာ အဲဒီဧကံသပါရုပနဖြင့် အရိုအသေ ပြုရပါတယ်၊ ဥဘောအံသပါရုပနနည်း သင်္ကန်းရုံလျက် အရိုအသေ ပြုတာကတော့ မသင့်လျော် ပါဘူး၊

ဘာကြောင့်လဲဆိုယင် အရိုအသေပြုသင့်တဲ့ အရာတိုင်းမှာ ဧကံသံ စီဝရံ ကတွာ -လို့ချည်း ဟောတော်မူသောကြောင့်ပါပဲ၊ နောက်တခုကတော့ ဘုရားရှေ့, မထေရ်ကြီးများရှေ့နဲ့ သံဃာ့အလယ်တို့မှာ ဒူးတဘက်ကို ဖြစ်စေ, နှစ်ဘက်လုံးကို ဖြစ်စေ လက်နှစ်ဘက်ဖြင့် ပိုက်ပြီးထိုင်တဲ့ ပလ္လတ္ထိကထိုင်နည်းဖြင့် မထိုင်မိစေရန်လဲ သတိပြုကြစေလိုပါတယ်။

ရွှေငွေကို အပြစ်ကင်းအောင် အလှူခံဖို့

▬▬▬▬▬▬▬▬▬▬▬

နောက်တခုကတော့ ရွှေငွေကို နဝကမ္မဆိုပြီး ဒကာ, ဒကာမတွေက လှူရာမှာ အပြစ်ကင်းတဲ့ နည်းဖြင့် အလှူခံဖို့, သိမ်းထားဖို့နဲ့ သုံးစွဲဖို့ပါပဲ၊ အဲဒါကလဲ အလွန် အရေးကြီးပါတယ်၊ အဲဒီအကြောင်းကို အရှင်ဘုရားတို့လဲ လေ့လာပြီး ဖြစ်ပါလိမ့်မယ်၊ ဒါပေမယ့် ပြည့်စုံသည်ထက် ပြည့်စုံအောင် ထပ်ပြီးလေ့လာကြစေ လိုပါတယ်၊

ပါဠိတတ်တဲ့ ဆရာတွေဆိုယင် ပါဠိ, အဋ္ဌကထာ, ဋီကာများကို ထပ်မံကြည့်ရှုပြီး လေ့လာကြရုံပါပဲ၊ ပါဠိမှာ ကောင်းကောင်းမကျွမ်းကျင်ယင်လဲ ယခုနေအခါမှာ မြန်မာဘာသာဖြင့် ရေးထားတဲ့ ဝိနည်းဆိုင်ရာ ကျမ်းစာအုပ်တွေ ရှိပါတယ်၊ အမရပူရ တောင်မြို့က ဆရာတော် အရှင်ဇနကာဘိဝံသရေးထားတဲ့ ဝိနည်းဆိုင်ရာ ကျမ်းစာအုပ်တွေ ဆိုယင် သာပြီး သိလွယ်ပါလိမ့်မယ်။

အပြစ်ကင်းအောင် အလှူခံနည်း အကောင်းဆုံးကတော့ ဝိနည်း မဟာဝါ ၃၄၂-မှာ ပြထားတဲ့ -

(သန္တိ ဘိက္ခဝေမနုဿာသဒ္ဓါပသန္နာ၊ တေ ကပ္ပိယကာရကာနံ ဟတ္ထေ ဟိရညံ ဥပနိက္ခိပန္တိ “ဣမိနာအလျဿ ယံ ကပ္ပိယံ၊ တံ ဒေထာ”တိ၊ အနုဇာနာမိ ဘိက္ခဝေ ယံကတော ကပ္ပိယံ၊ တံ သာဒေတုံ)

ဆိုတဲ့ ခွင့်ပြုတော်မူချက် မေဏ္ဍကသိက္ခာပုဒ်အရ (ဤ ဝတ္ထုငွေကို ဖြစ်ပေါ် လတ္တံ့သော ရဟန်းတော်တို့အား အပ်စပ်သော ဆွမ်း, သင်္ကန်းစသော လိုရာရာ ပစ္စည်းတို့ကို အရှင်ဘုရားအား လှူပါ၏၊ ဝတ္ထုငွေတို့ကို အရှင်ဘုရား၏ ကပ္ပိယကာရကထံ၌ အပ်နှံ့၍ ထားပါမည်၊ အလိုရှိသော ဆွမ်း, သင်္ကန်းစသည်ကို ထို ကပ္ပိယကာရကထံမှ တောင်းယူ၍ သုံးဆောင်တော်မူပါ) လို့ဆိုပြီး လှူတာဟာ အကောင်းဆုံးပါပဲ။

အဲဒီလို ဆိုကာ လှူပြီးတော့ ကပ္ပိယကာရကထံမှာ အပ်နှံထားခဲ့ယင် အလိုရှိသော ပစ္စည်းကို အဲဒီ ကပ္ပိယကာရကထံမှ တောင်းယူ သုံးစွဲနိုင်ပါတယ်၊ အပြစ်မရှိ စင်ကြယ်ပါတယ်၊ နဝကမ္မအား လှူပါ၏လို့ဆိုပြီး လှူပေမယ့် သိမ်းမှု စွဲမှုနှင့်စပ်ပြီး အပ်စပ်ဖို့လိုပါသေးတယ်၊ ဟိုနားမှာ ထားလိုက်, ဘယ်သူ့ထံပေးလိုက်စသည်ဖြင့် ညွှန်ကြားပြီး၊ သိမ်းယင် အဲဒါမအပ်ဘူး၊

သုံးတဲ့အခါလဲ အရောင်းအဝယ်သဘော သက်ရောက်တဲ့ စကားဖြင့် ပြောဆို သုံးစွဲယင် အဲဒါ မအပ်ဘူး၊ အပ်စပ်တဲ့ပစ္စည်းကို ကပ္ပိယကာရကထံမှ တောင်းယူပါမှ အပ်တယ်၊ ဒါကြောင့် ခုတင်က ပြောခဲ့တဲ့ မေဏ္ဍက သိက္ခာပုဒ်အရ လှူနည်းသုံးနည်းဟာ အကောင်းဆုံးပါပဲ။

သာပြီး ဆိုးတာကတော့ ငွေတွေ, ငွေစက္ကူတွေကို ဒကာ, ဒကာမ တွေက လှူတဲ့အခါ ရဟန်းတော်တွေက မိမိတို့၏ လက်ဖြင့်ပင် ခံယူတာတွေရှိတယ်၊ မဟာစည်ဂိုဏ်း ထဲမှာတော့ အဲဒီလို ခံယူတာကို မတွေ့ဖူး, မကြားဖူးပါဘူး၊ ဒါပေမယ့် မဟာစည် ဂိုဏ်းဝင် အမည်နဲ့ ပုဂ္ဂိုလ်တွေက အများကြီးဆိုတော့ ဒီလို အလှူခံတာ မရှိဘူး လို့တော့ မဆိုနိုင်ပါဘူး၊

အဲဒီ မအပ်မရာ အလှူခံမှုမျိုး, ရွှေငွေကို ကိုင်တွယ်မှုမျိုးတွေဟာ အလွန်အမြင် မတော်တဲ့ အမှုမျိုးတွေ ဖြစ်တဲ့အတွက် လွတ်လွတ်ကင်းကင်း ရှောင်ကြဉ်ကြရန် အထူး သတိပေးပါတယ်

အကပ်ခံရေး

▬▬▬▬

နောက်ပြီးတော့ အကပ်ခံတဲ့နေရာမှာ ကပ်တဲ့ စားသောက်ဖွယ်၏ တည်ရာ ပန်းကန်, ခွက်, စားပွဲခုံ စသည်ကို လက်နဲ့သွားတို့တာ, မကပ်သေးခင်က ဆွဲယူတာ ဒီလို ကိုယ်က သွားကိုင်တာမျိုး မဖြစ်စေရဘူး၊ (အဘိဟာရ) - ရှေးရှုဆောင် ကပ်ပေးခြင်းဆိုတဲ့ အင်္ဂါနှင့်အညီ ပေးကပ်တဲ့သူက ရဟန်း၏ လက်ထဲသို့ ထည့်ပေးခြင်းသာ ဖြစ်စေရမယ်၊ ကပ်သူနှင့် အကပ်ခံသူ အကွာအဝေးကတော့ ၂-တောင့်ထွာ ဟတ္ထပါသ်အတွင်းမှာ တည်ရှိစေရမယ်တဲ့၊

အဲဒီ ၂-တောင့်ထွာ ပမာဏကိုလဲ အကပ်ခံသူက ထိုင်နေယင် အကပ်ခံသူ၏ နောက်ဘက်မှ စပြီး ယူရမယ်၊ ရပ်နေယင်လဲ ဖနောင့်အစွန်းမှစပြီး ယူရမယ်၊ ကပ်သူ၏ ဘက်မှာတော့ လှမ်းပြီးကပ်တဲ့လက်မှတပါး အနီးဆုံးကိုယ်အင်္ဂါ၏ အတွင်းဘက်မှာ ယူရမယ်တဲ့၊ ၂-ယောက် ၂-ယောက်ကပ်ယင် တယောက်ကတော့ အဲဒီ ဟတ္ထပါသ်အတွင်း ရောက်ဖို့လိုပါတယ်၊ အလေးချိန်ကတော့ အလယ် အလတ် အားရှိသူ ပင့်မ,နိုင်တဲ့ အရာဝတ္ထု ဖြစ်စေရမယ်တဲ့၊ ဒါကြောင့် အားအလယ် အလတ်ရှိသူ မပင့်မ,မနိုင်လောက်ဘူးထင်ယင် တချို့ကို ချထားစေပြီးမှ အကပ် ခံရတယ်၊ အဲဒါဟာ အကပ်ခံမှုနှင့်စပ်ပြီး သတိပြုဖို့ပါပဲ။

ကမ္မဋ္ဌာန်းဌာနနှင့် နစ္စ, ဂီတ

▬▬▬▬▬▬▬▬▬▬

နောက်တခုကတော့ ကမ္မဋ္ဌာန်းဌာနအတွင်း၌ နစ္စ, ဂီတ, ဝါဒိတများကို အခွင့် မပြုဖို့ပါပဲ၊ ရန်ကုန် သာသနာ့ရိပ်သာမှာတော့ ရှင်ပြုအလှူ အခမ်းအနားများ၌ အတီး, အမှုတ်, အဆိုများ မပါစေရန်တားမြစ်ထားပါတယ်၊ အထီး, အမှုတ်, အဆိုတွေ ထည့်ချင်ယင် အခြားဌာနများမှာ ကျင်းပကြဖို့လဲ ညွှန်ကြားထားပါတယ်၊

တိပိဋကပူဇော်ပွဲတော့ ဘုရားတပည့်တော် သာသနာ့ရိပ်သာ မရောက်ခင် ကတည်းက ကျင်းပတဲ့ပွဲ ဖြစ်သည့်ပြင် တားမြစ်ရန်လဲ မပိုင်တဲ့ကိစ္စ ဖြစ်တဲ့အတွက် အဲဒီပွဲမှာ စည်တော်ကြီး တီးတာကိုတော့ လျစ်လျူရှုထားရပါတယ်၊ အဲဒါကို အကြောင်း ပြုပြီးတော့ ဆင်ခြေမကန်ရန်လဲ သိနားလည်ထားကြစေလိုပါတယ်၊

ယခုနေအခါမှာ ရကော်ဒါ, ကက်ဆက်, ရေဒီယိုတွေက အလွန်ပေါများနေပါတယ်၊ အဲဒီရကော်ဒါ, ကက်ဆက်, ရေဒီယိုများဖြင့် သီးချင်းများ, အတီး, အမှုတ်အသံများကို ကမ္မဋ္ဌာန်းဌာန၌ ကိုယ်တိုင်လဲ မဖွင့်ကြရန်, သူတပါးအားလဲ ဖွင့်ခွင့်မပြုကြရန် အထူးသတိပြုကြစေလိုပါတယ်။

၂။ တရား အလေးပြုရေး

▬▬▬▬▬▬▬▬▬

အမှတ် (၂)က တရားအလေးပြုရေးပဲ၊ ယခုဘုရားတပည့်တော်တို့ ဟောပြောနေတဲ့ တရားက တကယ်ကိုယ်တွေ့ဖြစ်အောင် ကျင့်ဖို့ ဟောပြောနေတဲ့ တရားဖြစ်ပါတယ်၊ ကြည်ညိုဖွယ်ဖြစ်ရုံ ဟောတဲ့တရား မဟုတ်ဘူး၊ ကြည်ညိုဖွယ် ဖြစ်ရုံဟောတဲ့ တရားကတော့ နားထောင်ကောင်းရုံ ဟောလိုက်ယင် ပြီးတာပဲ၊ တကယ် ကိုယ်တွေ့ဖြစ်အောင် ဟောရတဲ့ တရားကတော့ မလွယ်ဘူး၊

ကိုယ်တိုင်ကျင့်သုံးမထားယင် သူများကိုလဲ ဟောပြောဖို့ မလွယ်ဘူး၊ ကိုယ်တိုင် ကျကျနန ကျင့်သုံးထားမှ သူများကိုလဲ ညွှန်ကြား လို့ဖြစ်တယ်၊ တချို့က ကိုယ်တိုင်တော့ ကျကျနန အားမထုတ်ပဲနဲ့ တရားအားထုတ်နည်းကို ဟောပြော ရေးသား နေကြတာ ရှိတယ်၊ အဲဒါဟာ ဒီကအမြင်နဲ့ ဆိုယင်တော့ အလွန် မသင့်တော်တဲ့ အလုပ်ပဲ၊

အဲဒါဟာ ကိုယ်မစားဖူးတဲ့ဆေး, မစားဝံ့တဲ့ ဆေးကို သူများအား ကျွေးတာနဲ့ တူကြောင်း ဓမ္မစကြာတရား စာအုပ်ထဲမှာတောင် ထည့်ပြီး ပြထားပါတယ်၊ မယုံလို့ပဲဖြစ်ဖြစ်, ပျင်းလို့ပဲ ဖြစ်ဖြစ်, ကြောက်လို့ပဲဖြစ်ဖြစ် ကိုယ်တိုင်ကို အားမထုတ် ပဲနဲ့သူများတွေ အားထုတ်ဖို့ ဟောပြောရေးသားနေကြတာဟာ ကိုယ်မစားဝံ့တဲ့ ဆေးကို သူများကျွေးတာနဲ့ မတူပေဘူးလား၊ အဲဒါ သင့်, မသင့် စဉ်းစားကြည့်ဖို့ပါပဲ။

ယခု ဒီမှာ ကြွရောက်လာကြတဲ့ ကမ္မဋ္ဌာန်းဆရာတွေကတော့ ကမ္မဋ္ဌာန်း တရားကို ကျကျနန အားထုတ်ထားကြပြီးချည်းပါပဲ၊ ဒါပေမယ့် အချိန်အခွင့် သင့်သည် အားလျော်စွာ ပြည့်စုံသည်ထက် ပြည့်စုံအောင် မပြတ်အားထုတ်သွားကြဖို့တော့ လိုပါတယ်၊ တချို့က ဝိပဿနာအလုပ်ကို ခတ်ပေါ့ပေါ့ ဟောပြောညွှန်ပြနေတာလဲ ရှိတယ်လို့ ကြားရတယ်၊ ပုဂ္ဂိုလ်ဦးရေကတော့ သိပ်မများပါဘူး၊ နည်းနည်း ပါးပါးပါပဲ၊ ဒီပရိသတ်ထဲမှာလဲ အဲဒီလို ပုဂ္ဂိုလ်ပါပုံ မရပါဘူး၊

ဒါပေမယ့် ခုလို ကမ္မဋ္ဌာန်းဆရာ အများ စုဝေးမိတဲ့အခါ အဲဒီလို ပေါ့လျော့မှု မဖြစ်စေရန် သတိပေးစကား ပြောကြားရမှာပဲ၊ ခပ်ပေါ့ပေါ့ ဟောပြောပုံကတော့ ယောဂီများကို ခုနစ်ရက်လောက်, ဆယ့်လေး ငါးရက်လောက် အားထုတ်စေပြီးလျှင် တရားပြည့်စုံတဲ့အနေဖြင့် အသိအမှတ်ပြုပြီး ဉာဏ်စဉ်တရားကို ဟောတယ်လို့ ဆိုပါတယ်၊ ခုနစ်ရက်လောက်အတွင်း ဉာဏ်စဉ်ပြည့်စုံတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ တရာမှာ တယောက်လောက်တောင် ရှိခဲပါတယ်၊

ဆယ့်လေးငါးရက်အတွင်း တရားပြည့်စုံတဲ့ ပုဂ္ဂိုလ်လဲ နည်းတာပဲ၊ ဒါကြောင့် ၁၅-ရက် လောက် အတွင်းမှာ အားထုတ်တဲ့ ယောဂီအများကို ဉာဏ်စဉ်တရား ပြည့်စုံတဲ့ အနေဖြင့် အသိအမှတ်ပြုပြီး ဉာဏ်စဉ်တရား ဟောတာကတော့ တကယ်အစစ် အမှန်မဟုတ်ပဲ တပည့်ပရိသတ် စုတဲ့နည်းသာ ဖြစ်နေတတ်ပါတယ်

မဂ်ဖိုလ်ရအောင် ညွှန်ပြဖို့

အမှန်ကတော့ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ချင်လို့, မဂ်ဖိုလ် တရားစစ် တရားမှန်ကို ရချင်လို့ မိမိကိုယ်ကို ယုံကြည်အားကိုးပြီး လာရောက်အားထုတ်ကြတဲ့ သူများကို မဂ်ဖိုလ် တရားထူး အစစ်အမှန် ရသွားအောင် ညွှန်ပြပေးဖို့ရာဟာ အလွန်အရေးကြီးပါတယ်၊ အဲဒီလို ညွှန်ပြပေးတဲ့ နေရာမှာလဲ ကမ္မဋ္ဌာန်းဆရာ ဆိုတော့ နာယကဂုဏ်တွေနဲ့ ပြည့်စုံဖို့က လိုပါတယ်၊

အဲဒီဂုဏ်တွေထဲမှာ ခမာဆိုတဲ့ ဂုဏ်နဲ့ ပြည့်စုံဖို့ရာဟာ အလွန်အရေးကြီးပါတယ်၊ အစစအရာရာမှာ သည်းခံပြီး ပြောဟောဖို့ပါပဲ၊ အဲဒီလို သည်းမခံပဲ စိတ်ဆိုးတဲ့ အမူအရာကို ပြနေယင်တော့ နေရာမကျဘူး၊ ကမ္မဋ္ဌာန်းဆရာ၏ဂုဏ် ပျက်ပါတယ်၊ ဘုရားတပည့်တော် ကိုယ်တိုင် ကမ္မဋ္ဌာန်းပြနေတုန်းက ရဟန်းဖြစ်ဖြစ် လူဖြစ်ဖြစ် ယောဂီများအား စိတ်မချမ်းသာ ဖြစ်အောင် ပြောဖူးတာကို အမှတ်မရပါဘူး၊ အဲဒီလို ပြောဆိုမှုမရှိခဲ့ဘူးလို့သာ အမှတ်ရပါတယ်၊

တပည့်ယောဂီ မဟုတ်တာတွေ ပြောနေပေမယ်လို့ သည်းခံရတယ်၊ အမှားတွေကို ပြောနေပေမယ်လို့ နားမချမ်းမသာဖြစ်မည့် စကားကို မပြောရဘူး၊ သိမ်မွေ့နူးညံ့တဲ့ စကားဖြင့်သာ ဖြေရှင်း ပြောပြရတယ်။

ရဟန်းတော်နှင့်နတ်ကန်တော့ပွဲ

နောက်တခုကတော့ မဟာစည်ဆိုတဲ့အမည်နဲ့ ဟောပြောနေရာမှာ တခြား ကမ္မဋ္ဌာန်းနည်းကို အလေးအမြတ်ပြုပြီးတော့ ဟောပြောဖို့ မသင့်ဘူး၊ မဟာစည် ရှုမှတ်နည်း အတိုင်းသာ ဟောပြောညွှန်ပြ သင့်ပါတယ်၊ အကယ်၍ အခြားနည်းကို ကြိုက်ယင်တော့ မဟာစည်ဆိုတဲ့ အမည်ကို မခံပဲ အဲဒီကြိုက်နှစ်သက်တဲ့ အခြား နည်း ဆိုင်ရာ အမည်ဖြင့်သာ ဝန်ခံပြီး ဟောပြောရန် သင့်လျော်ပါတယ်၊

ဘုရားသာသနာတော်က ဘုရားနည်းကို ဟောပြောပြသနေရာမှာလဲ ထွက်ရပ်ဂိုဏ်း ယောင်ယောင်, နတ်ဂိုဏ်းယောင်ယောင် အသွင်ဆောင်နေယင် မသင့်မတော်ဘူး၊ မကြာမီကမှ ဖွင့်သစ်စဖြစ်တဲ့ ဌာနတခုမှာ နတ်ကန်တော့ပွဲ တင်ထားတာကို တွေ့ခဲ့ရကြောင်း ယုံကြည်လောက်တဲ့ ပုဂ္ဂိုလ်ထံမှ ကြားသိရတယ်၊

ရဟန်းက နတ်ကို အရိုအသေပြုတယ်ဆိုတာ သင့်တော်ပါ့မလား၊ ဘုရား တပည့်တော်ကတော့ ရှင်သာမဏေဘဝ, ရဟန်းငယ်ဘဝကတည်းက နတ်ကို ရှင်ရဟန်းက အရိုအသေ မပြုကောင်းဘူး၊ နတ်ကသာ ရှင်ရဟန်းကို အရိုအသေ ပြုသင့်တယ်လို့ အသိအမှတ်ပြုလာခဲ့တယ်၊ ရဟန်းကနတ်ကို အရိုအသေပြုတယ်၊ ကန်တော့ပွဲဖြင့် ပူဇော်တယ်ဆိုတာကတော့ အလွန်မသင့်မတော်တဲ့ အမှုပါပဲ၊

လူဒကာ, ဒကာမတွေရဲ့ အလိုသို့လိုက်ပြီး ကန်တော့ပွဲ တင်ထားတာကို လက်ခံ ထားတာများ ဖြစ်မလားတော့ မပြောတတ်ပါဘူး၊ တပည့်တော် အမြင်အားဖြင့်တော့ အဲဒီလို လူဒကာ, ဒကာမတွေကလာပြီး ကျောင်းမှာ တင်ထားတာကိုလဲ လက်မခံသင့်ဘူးလို့ပဲ မြင်ပါတယ်၊ ဖြစ်နိုင်လို့ရှိယင် အိမ်မှာ ကန်တော့ပွဲ တင်ထားတာ ကိုတောင် တားမြစ်သင့်တယ်လို့ပဲ မြင်ပါတယ်။

အကြောင်းကတော့ ရှင်ရဟန်းပြုတယ်ဆိုတာ “သံသာရ ဝဋ္ဋ ဒုက္ခတော မောစနတ္ထာယ” လို့ ဆိုတဲ့ အတိုင်း သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ဖို့ပဲ၊ သူတပါးအား ဟောပြောယင်လဲ သဒ္ဓါ, ပညာစသော ကုသိုလ် တရားဖြစ်ပွားဖို့, သံသရာမှ လွတ်မြောက်ဖို့ ဟောပြောရတာပဲ အဲဒီလို ပြုကျင့်သင့်, ပြောဟောသင့်တဲ့ နေရာမှာ ဒကာ, ဒကာမတွေ ကြည်ညိုအောင်, အထင်ကြီးအောင် သူတို့အလို လိုက်ပြီး ထွက်ရပ်ဂိုဏ်း ယောင်ယောင်, နတ်ဂိုဏ်းယောင်ယောင် လုပ်တာကတော့ မတော်ဘူး၊ တချို့က အဲဒီဂိုဏ်းပုဂ္ဂိုလ်တွေ အသုံးပြုတဲ့ ပါရမီရှင်ဆိုတဲ့ အမည်မျိုးကိုလဲ ခံယူမိတတ်တယ်၊ အဲဒီအမည်မျိုးကိုလဲ မခံယူသင့်ဘူး။

ကမ္မဋ္ဌာန်းဆရာဆိုတဲ့ အမည်နှင့် ညီညွတ်တဲ့ ဝိပဿနာဓမ္မကထိက ဆိုတဲ့ အမည်မျိုးကိုသာ ခံယူပြီး ဝိပဿနာကမ္မဋ္ဌာန်းတရား သက်သက်ကိုသာ ဟောကြား သင့်ပါတယ်၊ ဒါကြောင့် အဲဒီလို ရိုးရိုးအမည်ဖြင့်သာ ရိုးရိုး ဟောပြောဖို့လဲ သတိပေးပါတယ်။

ယခုပြောခဲ့တာဟာ တရားကို အလေးပြုရေးပါပဲ၊ အဲဒီစကားတွေထဲမှာ အမှတ်(၃) အရ နည်းလမ်း မှန်ကန်ကျနရေးလဲ ပါသွားပါပြီ၊ ၁၃၃၅-ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဩဝါဒကထာ စာအုပ်ကလေးကိုလဲ ထပ်မံ ကြည့်ရှုပြီး သတိပြုကြစေလိုပါတယ်။

၄။ အရှည်တည်တံ့ရေး

အမှတ် (၄) အရ အရှည်တည်တံ့ရေးကတော့ အလျင်နှစ်များက ပြောပြီးရှိခဲ့ပါပြီ၊ ကမ္မဋ္ဌာန်းဌာနဟာ ကမ္မဋ္ဌာန်းဌ ာန အဖြစ်ဖြင့် အရှည်တည်တံ့သွားဖို့ပါပဲ၊ စာသင်တိုက်ဖြစ်စေ, သာမန်ဘုန်းကြီးကျောင်းဖြစ်စေ ဖြစ်ပြီး ကမ္မဋ္ဌာန်းဌာန ပျက်မသွားဖို့ပါပဲ၊ ဒါကြောင့် ကမ္မဋ္ဌာန်းဌာနများမှာ ကမ္မဋ္ဌာန်းတရားအမွေကို ရိုရိုသေသေခံယူ စောင့်ရှောက်နိုင်မည့် အရည်အချင်း ပြည့်စုံတဲ့ တပည့်ရှိယင် အကောင်းဆုံးပါပဲ၊

ကျောင်းတိုက်ပစ္စည်း အမွေလောက်သာ ခံယူပြီးတော့ ကမ္မဋ္ဌာန်းကျောင်းကို ပျက်စေမည့် ပုဂ္ဂိုလ်များ မရှိစေဖို့, အဲဒီလိုပုဂ္ဂိုလ်များအား လွှဲအပ်မထားခဲ့ဖို့ အရေးကြီးပါတယ်၊ အဲဒါကလဲ မူလက သာမန်ကျောင်းမှ ကမ္မဋ္ဌာန်းဌာနဖြစ်လာတဲ့ ကျောင်းကိုတော့ မဆိုလိုပါဘူး၊ စပြီး တည်ထောင်ကတည်းက မဟာစည် ဩဝါဒခံအဖြစ်ဖြင့် အသစ် တည်ထောင်လာခဲ့တဲ့ ကမ္မဋ္ဌာန်း ကျောင်းများကိုသာ ရည်ရွယ်ပါတယ်။

ကမ္မဋ္ဌာန်းကျောင်းများ မူလရည်ရွယ်ချက် မပျက်အောင်

ဒကာ, ဒကာမတွေက ပဋိပတ္တိသာသနာတော်အတွက် ရည်စူးပြီးတော့ ငွေကြေး အမြောက်အမြား အကုန်အကျခံပြီး ကမ္မဋ္ဌာန်း ကျောင်းများကို တည်ဆောက် ခဲ့ကြတယ်။

အဲဒီလို ကမ္မဋ္ဌာန်းကျောင်းများကို ရဟန်းတော်များက မူလရည်ရွယ်ချက်အတိုင်း တည်တံ့သွားအောင် စောင့်ရှောက်သွားဖို့ အလွန်အရေးကြီးပါတယ်၊ ကိုယ်နဲ့နီးစပ်ရာ ပုဂ္ဂိုလ်အား ဒွိသန္တက, တိသန္တက ပြုပြီး လွှဲအပ်ဖို့ မသင့်ပါဘူး၊ ကိုယ့်မှာ တပြားတချပ်မျှ မကုန်ရပဲနဲ့ ရထားတဲ့ ပဋိပတ္တိသာသနာ့ပစ္စည်းကို ကိုယ်ပေးချင်ရာ အမွေပေးတာကတော့ မသင့်တော်ပါဘူး၊

ဘုရားတပည့်တော်ကတော့ မူလကတည်းက ကျောင်းအဆောက်အအုံများကို ပုဂ္ဂလိကအဖြစ် အလှူမခံခဲ့ပါဘူး၊ သံဃာအားဖြစ်စေ, ယောဂီအပေါင်း ဂိုဏ်းအား ဖြစ်စေ လှူစေခဲ့ပါတယ်၊ အဲဒါဟာ ငါ့ဥစ္စာဆိုတဲ့ အစွဲအလမ်းကင်းတဲ့အတွက် အင်မတန် ကောင်းပါတယ်၊ ဘယ်သူ့ကိုမျှ အမွေပေးစရာ မရှိတဲ့အတွက် စိတ်လဲ သန့်ရှင်း စင်ကြယ်ပါတယ်၊ ပုဂ္ဂလိက အလှူခံပုဂ္ဂိုလ်က ကမ္မဋ္ဌာန်းဌာနအဖြစ် တည်တံ့အောင်လဲ မဆောင်ရွက်လျှင် ကမ္မဋ္ဌာန်းဌာန ပျက်သွားတတ်ပါတယ်၊

ကမ္မဋ္ဌာန်းကျောင်း အလှူဒကာတွေမှာလဲ စိတ်မချမ်းမသာ ဖြစ်ပါတယ်၊ တရား အားထုတ်လိုတဲ့ သူများအတွက်လဲ များစွာအကျိုးယုတ်စေပါတယ်။ ဘုရား တပည့်တော်၏ မျက်မှောက်မှာပင် ကမ္မဋ္ဌာန်းဌာန ၂-ခု ၃-ခုဟာ အဲဒီလို ပစ္စည်း သက်သက် အမွေခံတဲ့ ပုဂ္ဂိုလ်များကြောင့် သာမန် ဘုန်းကြီးကျောင်းအနေ ဖြစ်သွား တာကို တွေ့ရပါတယ်။

ယခုလဲ မော်လမြိုင်ကျွန်းမြို့က ကမ္မဋ္ဌာန်းတိုက်ဟာ ပျက်တော့မည့် အသွင် ဆောင်နေပါပြီ၊ ပထမ ဆရာတော်ကြီးက သူ့တပည့်ကြီးတပါးနှင့် ဒွိသန္တက ပြုလုပ်ထားတယ်လို့ ဆိုပါတယ်၊ ပထမဆရာတော်ကြီး ပျံလွန်သွားတဲ့အခါ ဒွိသန္တက အမွေခံ တပည့်ဆရာတော်က သူကိုယ်တိုင်လဲ အဲဒီကျောင်းတိုက်မှာမနေ, ကမ္မဋ္ဌာန်း ဌာန တည်တံ့အောင်လဲ ကြောင့်ကြမစိုက်ပဲ ကမ္မဋ္ဌာန်းဘက်၌ စိတ်မဝင်စားတဲ့ အခြားရဟန်း တပါးနှင့် ဒွိသန္တကထပ်ပြီး ပြုထားပြန်တယ်လို့ ကြားသိရပါတယ်၊

ဘုရားတပည့်တော်က စာဖြင့် မေးမြန်းညွှန်ကြားတာကိုလဲ ယခုအထိ စာမပြန်ကြားပဲ ရှိနေပါတယ်၊ အဲဒီဆရာတော်ဟာ သူတစိမ်းလဲ မဟုတ်ပါဘူး၊ ဒီရန်ကုန်သာသနာ့ ရိပ်သာမှာ ဝါဆိုဦးက ၂-လလောက် တရားအ ားထုတ်သွားတဲ့ ယောဂီဟောင်း ဆရာတော်တစ်ပါးပါပဲ၊ အသက်လဲ မငယ်ပါဘူး၊ ၆၀-ကျော်နေပါပြီ၊ သူပြန်ခါနီးမှာ ဘုရားတပည့်တော်က အဲဒီ မော်လမြိုင်ကျွန်း ရိပ်သာဌာနကို ကမ္မဋ္ဌာန်းဌာနအဖြစ် တည်မြဲ တည်တံ့သွားအောင် ဆောင်ရွက်ဖို့ သတိပေးတိုက်တွန်းပါတယ်၊ သူကလဲ ဆောင်ရွက်ပါမယ်လို့ ဝန်ခံသွားပါတယ်။ ဒါပေမယ့် အခုအထိတော့ ကမ္မဋ္ဌာန်းဌာန ပျက်မည့်အနေမှာသာ ရှိနေပါတယ်၊ ဆိုင်ရာ ဒကာ, ဒကာမတွေမှာလဲ စိတ်မချမ်းသာ ဖြစ်နေကြပါတယ်။

ဒါကြောင့် မဟာစည်ရိပ်သာ အဖြစ်ဖြင့် အသစ်တည်ထောင်တဲ့ ကမ္မဋ္ဌာန်းဌာနများမှာ သတိပဋ္ဌာန် ကမ္မဋ္ဌာန်းကို တကယ်လိုလားသည့်ပြင် ကမ္မဋ္ဌာနာစရိယ အရည်အချင်း နှင့်လဲ ပြည့်စုံတဲ့ တပည့်က ဆရာမရှိသည့်နောက် အခြေမပျက် ဆက်လက်ပြီး ဆောင်ရွက်သွားနိုင်ယင် အဲဒါဟာ အကောင်းဆုံးပါပဲ၊ အဲဒီလို ဆောင်ရွက်နိုင်မည့်သူ မရှိယင်တော့ ဘုရားတပည့်တော်တို့ထံ အကြောင်းကြားပြီး ကမ္မဋ္ဌာန်းဆရာ တောင်းဆိုကြစေလိုပါတယ်၊

ဘုရားတပည့်တော်၏ အလိုကတော့ ကိုယ်တိုင်ဆောင်ရွက်နိုင်ယင် ဆောင်ရွက်မြဲ ဆောင်ရွက်နေဖို့, မဆောင်ရွက်နိုင်ယင် သို့မဟုတ် ကွယ်လွန်သွားယင်တော့ တည်တံ့တိုးတက်စေနိုင်တဲ့ ပုဂ္ဂိုလ်က ဆောင်ရွက်သွားဖို့ အလိုရှိပါတယ်၊ ကိုယ်နှင့် ရင်းနှီးတာ မရင်းနှီးတာက လိုရင်းမဟုတ်ပါဘူး၊ ပဋိပတ္တိသာသနာတော်တည်တံ့တာ, တိုးပွား တာကသာ လိုရင်းဖြစ်ပါတယ်၊ အထူးအားဖြင့်တော့ မဟာစည်ဆရာတော် အမှူးရှိသော မဟာစည်ဩဝါဒခံ ယောဂီအပေါင်းအား လှူထားတဲ့ရိပ်သာဆိုယင်တော့ တစုံတရာပြုပြင်ပြောင်းလဲချင်ယင်, ဘုရားတပည့်တော် အသက်ထင်ရှား ရှိခိုက်မှာ ဆိုယင် ဘုရားတပည့်တော်ထံက ဆန္ဒယူပြီးမှ ပြုပြင်ပြောင်းလဲသင့်ပါတယ်၊ အဲဒီလို မဟုတ်ယင် မဟာစည်ဩဝါဒခံ မဟုတ်ရာ ရောက်သွားပါတယ်။

သံယောဇဉ်မမွေးဖို့

နောက်တခု သတိပေး ပြောကြားချင်တာကတော့ သံယောဇဉ် မမွေးဖို့ပါပဲ၊ ရဟန်း ပြုတယ်ဆိုတာ စည်းစိမ်ဥစ္စာ သံယောဇဉ်, ဆွေမျိုး သံယောဇဉ်တွေကိုဖြတ်ပြီး ပြုကြရပါတယ်၊ ဒါကြောင့် ရဟန်းဆိုယင် ကိတ္တိမသား, ကိတ္တိမသမီး မွေးစား ထားခြင်း မရှိသင့်ပါဘူး၊ ဘယ့်နှယ်လဲ အရှင်ဘုရားတို့ ရှိသင့်ပါ့မလား (မရှိသင့်ကြောင်း ထင်ရှားပါတယ်)၊

ကမ္မဋ္ဌာနာစရိယဆိုတာ သံယောဇဉ်ကိုပယ်ဖြတ်ဖို့ ဟောနေတာပဲ၊ အဲဒီလိုဟော နေပါလျက် ကိတ္တိမသား, ကိတ္တိမသမီး မွေးစားထားတယ်ဆိုယင် အလွန်ကို မသင့်တော်တဲ့အလုပ်ပါပဲ၊ သနားလို့ ပေးကမ်း ထောက်ပံ့တာကတော့ ပြုသင့် ပါတယ်၊ ဒါပေမယ့် သာသနာတော်ကို ကြည်ညိုတဲ့ သဒ္ဓါတရားဖြင့် လှူထားတဲ့ ပစ္စည်းတွေကို အလဟဿ ပျက်စီးမသွားရန်ကိုတော့ အထူးသတိပြုသင့်ပါတယ်၊ ဒါကြောင့် ကမ္မဋ္ဌာန်းဆရာဖြစ်ကြတဲ့ အရှင်မြတ်များဟာ ကိတ္တိမသား, သမီး မမွေးစား ကြဖို့, သံယောဇဉ် မပွားစေကြဖို့ အထူးသတိပေးပါတယ်။

သိမ်ထပ်, ကံထပ်ခြင်း

နောက်တခုကတော့ ဥပသမ္ပဒကံထပ်ပြီး သံယောဇဉ်ပွားစေတဲ့ အလုပ်ကို မပြုလုပ်ကြဖို့ပါပဲ၊ မူလ ရဟန်းခံစဉ်က အသက် ၂၀-ပြည့် မပြည့်နှင့်စပ်ပြီးတော့ ဖြစ်စေ, သိမ်, ဉတ်, ကမ္မဝါ, ကမ္မကာရက သံဃာတို့နှင့် စပ်ပြီးတော့ဖြစ်စေ သံသယရှိလို့ သိမ်ထပ်တာ, ကံထပ်တာကတော့ အပြစ်မရှိပါဘူး၊

သို့ပေမယ့် မူလရဟန်းခံစဉ်က ကံဆောင်မှုနှင့်စပ်ပြီး သံသယမရှိပဲနဲ့ ရဟန်းဒကာ, ရဟန်းအမ ပွားရုံမျှအတွက် ကံထပ်တာကတော့ သံယောဇဉ် ပွားစေတဲ့ အလုပ်ပဲ၊ ဒါပေမယ့် စာသင်သား ရဟန်းငယ် ဘဝဆိုယင် စာသင်ရာမှာ အထောက်အပံ့ ရရေးအတွက်ဆိုတော့ တော်ပါသေးရဲ့၊ ကမ္မဋ္ဌာန်းဆရာ မထေရ်ကြီး ဘဝ ရောက်နေမှ ကံထပ်တာကတော့ မတော်ပါဘူး၊

မူလ ရဟန်းခံစဉ်ကပင် ရဟန်းဖြစ်နေယင် နောက်ထပ် ဥပသမ္ပဒ ကံဆောင်တာဟာ အပိုပါပဲ၊ ရဟန်းဒကာခံတဲ့ သူများမှာလဲ ရဟန်းဒကာ အစစ်မဖြစ်ပါဘူး၊ အမည်ခံမျှပါပဲ၊ သင်္ကန်း, သပိတ်လှူတဲ့ကုသိုလ်အပြင် အခြားကုသိုလ် အထူးကိုလဲ မရပါဘူး၊ အမည်ခံ ရဟန်းဒကာ, ဒကာမများမှာရော, အဲဒီကံထပ်တဲ့ ရဟန်းမှာရော သံယောဇဉ် ပွားရုံမျှပါပဲ၊

တခါက ရိပ်သာတခုမှာ ကမ္မဋ္ဌာန်းဆရာက တနာရီလောက် အတွင်းမှာပင် ရဟန်း ဒကာ, ဒကာမ သုံးဦးတို့ ၏ သင်္ကန်း, သပိတ်သုံးစုံကို အလှူခံပြီး သုံးကြိမ်တိုင်တိုင် ကံထပ်တာကို တွေ့ဖူးတယ်၊ အဲဒီတုန်းက ဘုရားတပည့်တော်မှာ များစွာ အရှက်ရခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုတော့ မဟာစည် ၏တပည့် ကမ္မဋ္ဌာန်းဆရာတပါးက အဲဒီလို ပြုလုပ်တာကို မြင်တွေ့ကြားသိရတဲ့ မလိုလားသူများက “မဟာစည်ဩဝါဒခံ ကမ္မဋ္ဌာန်းဆရာက ဒီလိုလုပ်တယ်”လို့ ကဲ့ရဲ့ကြမှာကို မြော်တွေးပြီး မြင်မိလို့ပါပဲ၊ ဒါကြောင့် သံသယမရှိပဲ အကြောင်းမဲ့သိမ်ထပ်ခြင်း, ကံထပ်ခြင်းကို ရှောင်ကြဉ်ကြရန် အထူး သတိပေးပါတယ်။

ကံထပ်ပေးလို့တဲ့ ဒကာ, ဒကာမများ ပေါ်လာယင်လဲ “ကုသိုလ် အထူးမရကြောင်း, အပိုသက်သက် ဖြစ်ကြောင်း, ဒီလောက်အရွယ်ကြီးမှ ကံထပ်ယင် ရှက်ဖွယ် ကောင်းကြောင်း”စသည်ဖြင့် ပြောဟောပြီး လက်မခံပဲ ပယ်လိုက်ကြစေလိုပါတယ်၊ ဘုရားတပည့်တော် ကိုယ်တိုင်ကတော့ အဲဒီအတိုင်းပဲ နားလည်အောင် ပြောဟောပြီး ပယ်ခဲ့ပါတယ်၊ အမှန်ကတော့ ရဟန်းဒကာ, ဒကာမတွေရဲ့ သင်္ကန်းစသည်ကို ခံယူပြီး အကြောင်းမဲ့ သိမ်ထပ်တာ, ကံထပ်တာဟာ ကိတ္တိမသား မွေးသလိုပင် သံယောဇဉ်ပွားစေတဲ့ အလုပ်ပါပဲ။

၅။ အညီအညွတ် ဆောင်ရွက်ရေး

အမှတ် (၅) အညီအညွတ် ဆောင်ရွက်ရေး အကြောင်းကတော့ အလျင်နှစ်များကလဲ ပြောခဲ့ပါပြီ၊ အစစအရာရာမှာ အညီအညွတ် ဆောင်ရွက်ဖို့ပါပဲ၊ ယခု ဩဝါဒ ခံယူပူဇော်ပွဲကို လာရောက်ပြီး စွမ်းနိုင်ရာ တာဝန်ကို ဆောင်ရွက်ကြတာလဲ အညီအညွတ် ဆောင်ရွက်တာပါပဲ၊ အောက်ထစ်ဆုံးအားဖြင့် ယခုလို ဩဝါဒ စကားကို နာယူကြတာဟာလဲ အညီအညွတ် ဆောင်ရွက်တာပါပဲ၊

မဟာစည် ဓမ္မကထိကအဖွဲ့က နယ်လှည့်ပြီး တရားဟောတာ ရှိပါတယ်၊ အဲဒီလို ဟောဖို့ရာအတွက် ဒါယကာကြီးဦးညီပုက ဒီလို လျှောက်ထားပါတယ်၊ ထိုထို အရပ် ဒေသတွေမှာ သတိပဋ္ဌာန်ရှုနည်း တရားကို မနာကြားဖူးတဲ့သူတွေ နာကြားကြ ရအောင်, နာကြားဖူးတဲ့ သူတွေမှာလဲ ဓမ္မကထိကအသစ် ဟောတဲ့တရားကို နာကြားကြရအောင် ဓမ္မကထိကအဖွဲ့ဖွဲ့ပြီး နယ်လှည့် ဟောစေယင် ကျေးဇူး များမည် ထင်ကြောင်း လျှောက်ထားပါတယ်၊ အဲဒီတော့ ဘုရားတပည့်တော်ကလဲ ဆင်ခြင်ပြီး သင့်တော်တဲ့အလုပ် ဖြစ်တဲ့အတွက် ခွင့်ပြုထားပါတယ်။

သင့်တော်ပုံကတော့ မြတ် စွာဘုရား ကိုယ်တော်တိုင်ပင် ပထမဝါ ကျွတ်တဲ့အခါမှာ -

စရထ ဘိက္ခဝေ စာရိကံ - ရဟန်းတို့ ဒေသစာရီ လှည့်လည်ကြ၊
ဒေသေထ ဓမ္မံ - တရားကို ဟောကြ

စသည်ဖြင့် ရဟန္တာ ၆-ကျိပ်ကို တရားဟော စေလွှတ်တော်မူခဲ့ပါတယ်၊ ဒီလို ဘုရားကိုယ်တော်တိုင်က တရားဟောလှည့်လည်ခြင်းကို အလိုရှိပြီး စေလွှတ်တော်မူ တဲ့အတွက် သင့်တော်တဲ့ အလုပ်ပဲ ဖြစ်ကြောင်း ထင်ရှားသိရပါတယ်။

အဲဒီလို ဘုရားတပည့်တော်က ခွင့်ပြုထားတဲ့အတိုင်း မဟာစည် ဓမ္မကထိက အဖွဲ့တွေ အဖွဲ့မှ ညွှန်ကြားရာ နယ်ကိုလှည့်ပြီး တရားဟော ကြပါတယ်၊ အဲဒီလို ဟောရာမှာ တချို့ဌာနက မလိုလားတဲ့အနေနဲ့ အဆင်မပြေအောင် ပြောတာ, ပြုတာကလေးတွေ ရှိခဲ့ပါတယ်၊ အဲဒီအကြောင်းကို အလျင်နှစ်များကလဲ ပြောခဲ့ပါပြီ၊

အမှန်ကတော့ သတိပဋ္ဌာန်ဒေသနာတော်အရ နည်းမှန်လမ်းမှန် ဝိပဿနာတရားကို ဟောယင်, တရားနာပရိသတ် ကလဲ နှစ်သက် လက်ခံယင် ကမ္မဋ္ဌာန်း ဆရာများက ဝမ်းမြောက်ဝမ်းသာ သဘောတူစရာသာ ရှိပါတယ်၊

သို့သော်လဲ ဟောပုံက နေရာမကျလို့ ပရိသတ်က မနှစ်သက်ဘူး၊ တရားနာမည့်သူ နည်းလွန်းတယ် ဆိုယင်တော့ တာဝန်ခံပြီး တရားပွဲကျင်းပ ပေးဖို့ရာ တာဝန် လေးပေလိမ့်မယ်၊ တရားနာလိုတဲ့သူတွေ ရှိနေပါလျက် ဆရာတူ, နည်းချင်းလဲ တူတဲ့ ကမ္မဋ္ဌာန်းဆရာက ကန့်ကွတ်တဲ့ အနေနဲ့ပြောတာ, ပြုလုပ်တာကတော့ မညီညွတ်တဲ့ သဘောပြတာပဲ၊ မနာလိုဝန်တိုတဲ့ လက္ခဏာပဲ ပေါ်နေပါတယ်။

တမြို့တည်း ကမ္မဋ္ဌာန်းဌာနခွဲတူ

နောက်တခုက တမြို့တည်းမှာ ကမ္မဋ္ဌာန်းဌာန ကွဲနေယင် တရားတူဌာနချင်း အညီအညွတ် ဆောင်ရွက်သွားဖို့ လိုပါတယ်၊ ပုံစံထုတ်ပြရယင် မန္တလေးမြို့မှာ မဟာစည်ဌာနခွဲငါးခုရှိပါတယ်၊ အဲဒီငါးခုဟာ အချင်းချင်း ဆန့်ကျင်ခြင်းမရှိပါဘူး၊ စွမ်းနိုင်သမျှ အကူအညီသာ ပေးကြပါတယ်၊ အဲဒီအတိုင်းပဲ အညီအညွတ် ဆောင်ရွက်သင့်ပါတယ်၊

အကောင်းဆုံးကတော့ မြို့ရွာက မကျယ်လှတဲ့ အရပ်မှာဆိုယင် တဌာနတည်း ရှိတာဟာ အကောင်းဆုံးပါပဲ၊ ဒါပေမယ့် အကြောင်းအားလျော်စွာ ဌာနအသစ်တခု ပေါ်လာယင်, နည်းမှန်လမ်းမှန်အတိုင်းလဲ ဟောပြော ပြသနေယင်အချင်းချင်း ဆန့်ကျင်ဖွယ် မရှိပါဘူး၊ ဘယ်သူက ဟောလို့ ပဋိပတ္တိသာသနာတော် တိုးပွားသည် ဖြစ်စေ, ပဋိပတ်ကို အလေးပြုသူတိုင်း နှစ်သက်ကြည်ဖြူစွာနဲ့ ဝမ်းမြောက်ရမှာ ချည်းပါပဲ၊

ဒီစကားကို ထည့်ပြောရတာကတော့ အထက်အရပ်က မြို့ငယ်တခုနဲ့ အောက် အရပ်က မြို့ငယ်တခုမှာ မထင်ရှားတဲ့ ရိပ်သာ ကွဲကလေးများ အတွက်ပါပဲ၊ တရားနည်းလမ်းချင်း တူပါလျက် အခြားဌာန၏ အပြစ်ကို ပြောဆိုခြင်း, ဆန့်ကျင်ဘက် ပြုခြင်းများဟာ မိမိတို့သန္တာန်မှာ ကိလေသာငြိမ်းကြောင်း တရားကောင်း မရှိသေးဘူးဆိုတာ တာဝန်ခံရာ ရောက်ပါတယ်၊

ဒါကြောင့် ဌာနချင်း ကွဲနေပေမယ်လို့ တရားနည်းမှန်ချင်း တူယင် စွမ်းနိုင်ပါက အကူအညီပေးဖို့, မစွမ်းနိုင်ယင်လဲ မဆန့်ကျင်ပဲ အညီအညွတ် ဟောပြော ဆောင်ရွက်သွားဖို့ အထူးသတိပေးပါတယ်။

၆။ နောက်နှစ်အတွက် အစီအစဉ်

နောက်နှစ်အတွက် အစီအစဉ်ကတော့ ယခုနှစ်အတိုင်းပါပဲ၊ နတ်တော်လပြည့်နေ့မှာ ဩဝါဒခံယူ ပူဇော်ပွဲ ကျင်းပဖို့ သတ်မှတ်ထားပါတယ်၊ အကြိုတရား ပူဇော်ပွဲ ညတရားပွဲများကို နတ်တော်လဆန်း ၁၂-ရက် နေ့က စပြီး ကျင်းပသွားဖို့ပါပဲ၊ ဒါကြောင့် တရားပူဇော်ပွဲတွင် ပါဝင်ဆောင်ရွက်ကြမည့် အရှင်မြတ်များဟာ နတ်တော်လဆန်း ၁၁ -ရက်နေ့အရောက် ကြွလာကြဖို့ သင့်ပါတယ်၊

ညတရားဟောနိုင် စွမ်းရည်ရှိတဲ့ ပုဂ္ဂိုလ်များဟာ ကြွလာနိုင်မည်ဆိုလျှင် ခပ်စောစော ကတည်းက စာဖြင့် အကြောင်းကြားကြစေလိုပါတယ်၊ အခြားဆရာတော် များလဲ မလာမီ ရက်တပတ်, နှစ်ပတ်လောက်က ကြိုတင်ပြီး အကြောင်းကြားကြ စေလိုပါတယ်၊ ကမ္မဋ္ဌာန်းနှင့် မပတ်သက်တဲ့ အာဂန္တု ကိုယ်တော်များကိုတော့ ပင့်ခေါ် မလာကြဖို့ တောင်းပန်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ နေရာအခက်အခဲ ရှိတတ် သောကြောင့်ပါပဲ။

ဝါငယ်တဲ့ အရှင်မြတ်များနှင့် ကပ္ပိယဒကာများကတော့ အိပ်ရာလိပ် ပါလာယင် ကောင်းပါတယ်၊ ယောဂီအမျိုးသား, အမျိုးသမီးများ လာရောက်ကြမည်ဆိုယင်လဲ အရေအတွက်စာရင်းကို စောစောက ပို့ထားယင် နေရာအတွက် အဆင်သင့် စီစဉ်ထားဖို့ အခွင့်ရတဲ့အတွက် ကျေးဇူးများပါတယ်။

နောက်တခုကတော့ ယောဂီစာရင်းကို သီတင်းကျွတ်လပြည့်အတွင်း ပို့ကြစေလို ပါတယ်၊ ပို့တာ နောက်ကျယင် အစီရင်ခံစာ စာအုပ်ထဲမှာ မပါပဲ ကျန်နေပါလိမ့်မယ်

နောက်တခုကတော့ တရားဆွေးနွေးပွဲကျင်းပဖို့ စဉ်းစားထားပါတယ်၊ ဆွေးနွေးပွဲ ပုံကတော့ မိမိတို့မှာ ယောဂီတို့ ပြောကြားတဲ့ အတွေ့ထူး မှတ်ယူဖွယ်များကို တင်ပြဖို့ပါပဲ၊ ကမ္မဋ္ဌာန်း စစ်မေးပြုပြင် ပေးရာ၌ အခက်အခဲ ကလေးများရှိယင်လဲ အဲဒီ အခက်အခဲများအတွက် မေးမြန်းဖို့၊ အဲဒီအမေးကို စွမ်းနိုင်တဲ့ ကမ္မဋ္ဌာနာစရိယက ဖြေရှင်းပေးဖို့ပါပဲ၊ အဲဒီဆွေးနွေးပွဲဟာ အလွန်ကျေးဇူးများပါလိမ့်မယ်၊

ဒီနှစ်မှာတော့ နက်ဖြန်တရက်ပဲ ရှိတော့တယ်၊ နက်ဖြန်နံနက် ၇-နာရီ လောက်ကစပြီး တနာရီခွဲလောက် ဆွေးနွေးပွဲကျင်းပရန် ဖြစ်ပါတယ်၊ နောက်နှစ်များမှာတော့ အကြို တရားပူဇော်ပွဲများတွင် နေ့ခင်းပူဇော်ပွဲကို နေ့ ၁၀-နာရီ မှစပြီး ၃-နာရီမှာ အပြီးသတ်ဖို့ပါပဲ၊ ညနေ ၄-နာရီခွဲမှ စပြီး ၆-နာရီ အထိလဲ ဆွေးနွေးပွဲကျင်းပဖို့ စဉ်းစားထားပါတယ်၊ အဲဒီ ဆွေးနွေးပွဲက တင်ပြဆွေးနွေးကြတဲ့ မှတ်သားဖွယ်များကို စာအုပ်အဖြစ် မှတ်တမ်းတင်ထားဖို့လဲ ရည်ရွယ်ထားပါတယ်၊

ယခုလက်ရှိ ကမ္မဋ္ဌာန်းဆရာတို့၏ မှတ်တမ်းစာအုပ်ဟာ ကမ္မဋ္ဌာန်းဆရာများဖြစ်ကြတဲ့ ဆရာကြွက်နဲ့ ဆရာကြံတို့၏ အတွေ့များကို စုပေါင်းပြီး ပြုထားတဲ့စာအုပ် ဖြစ်ပါတယ်၊ ယခုဆွေးနွေးပွဲက မှတ်တမ်းဟာလဲ အဲဒီစာအုပ်လိုပင် အကျိုးကျေးဇူး များပါလိမ့်မယ်။

နောက်တခုကတော့ ဝိနည်းပူဇော်ပွဲနှင့် စပ်ပြီး နံနက်တိုင်း ပါတိမောက်ကို ရွတ်ဆို ပူဇော်ကြရာမှာ တရက်, တရက်၌ ၁၀-ပါး, ၁၂-ပါး အထူးကျေပွန်စွာ ကျက်မှတ်ပြီး ရွက်ဆိုပူဇော် ကြဖို့ပါပဲ၊ ၄-ရက်ရှိရာမှာ မိမိတို့ အလိုရှိတဲ့ရက်မှာ အထူး ပူဇော်ကြဖို့ပါပဲ။

၇။ ဟောပြောရေး စသည်အတွက် ညွှန်ကြားရေး

ဟောပြောရေး စသည်အတွက် ညွှန်ကြားရေးဆိုတာကို ၁၃၃၅-ခုနှစ်က ထုတ်ဝေတဲ့ ဩဝါဒကထာ စာအုပ်ထဲမှာ ပြထားတာတော်တော် ပြည့်စုံပါတယ်၊ အဲဒါတွေထဲက နောက်ဆုံး ညွှန်ကြား ချက်ကလေးကိုတော့ ထပ်ပြီး ပြောပါဦးမယ်၊ တခြားဌာန ကပဲဖြစ်ဖြစ်, တဌာနတည်းမှာပင် ပထမ ဆရာလက်ထက်ကပဲဖြစ်ဖြစ် ဉာဏ်စဉ် တရား နာဖူးတဲ့ ယောဂီဟောင်းဆိုယင် ဉာဏ်စဉ်တရားဟောတဲ့အခါ နာချင်ယင် နာခွင့်ပြုရမယ်၊

အကြောင်းကတော့ ပထမအားထုတ်စဉ်က အတွေ့အသိ ရှင်းပေမယ့် နောက်ထပ် အားထုတ်တဲ့အခါ မှာအကြောင်း မညီညွတ်ယင် အတွေ့အသိ မရှင်းတာလဲ ရှိတတ်ပါတယ်၊ နောက်ပြီးတော့ ယောဂီဟောင်းက ဉာဏ်စဉ်တရားကို နာချင် ပါလျက် ကမ္မဋ္ဌာန်းဆရာက ခွင့်မပြုယင် ပထမ(ဆရာ) ကမ္မဋ္ဌာန်း ဆရာကို နှိမ့်ချသလိုလဲ အထင်ရောက်တတ်ပါတယ်၊

ယခင်က ဉာဏ်စဉ်တရားကို နာထိုက်တဲ့အဆင့် ရောက်လို့ နာခဲ့ရပြီး ဖြစ်ပါလျက် နောက်တကြိမ် ထပ်ပြီး အားထုတ်လိုက်မှ ဉာဏ်အဆင့်က လျော့ကျသွားတယ်လို့လဲ ယောဂီဟောင်းအား နာခွင့်ပြုသင့်ပါတယ်။

ဉာဏ်စဉ်တရားနာခွင့်

နောက်တခုက အရပ်ဝေးမှလာပြီးတော့ နှစ်လ, သုံးလလောက် ရိုရိုသေသေ အားထုတ်ပါလျက် ဉာဏ်စဉ်နာနိုင်လောက်တဲ့ အဆင့်ကို မရောက်သေးပေမယ့် နောက်တကြိမ်လာဖို့ရာလဲ မလွယ်ကူဘူး၊ မသေချာဘူး၊ ဉာဏ်စဉ်တရားလဲ နာသွား ချင်တယ် ဆိုယင် အဲဒီလို ယောဂီအား ကမ္မဋ္ဌာန်းဆရာက မိမိထင်မြင်တဲ့ ဉာဏ်အဆင့်ကို ပြောပြပြီးတော့ နာခွင့်ပြုနိုင်ပါတယ်၊

“ယောဂီပြောပြသလောက်ကတော့ ဒီဉာဏ်အဆင့်လောက်ပဲ ရှိသေးတယ်၊ ဉာဏ်စဉ် ပြည့်စုံတဲ့အနေနဲ့ အခွင့်ပြုတာတော့ မဟုတ်သေးဘူး၊ ကိုယ်တွေ့ရသိရ သလောက်ကို အသိအမှတ် ပြုရအောင် နာခွင့်ပြုတယ်”လို့ ပြောပြီး နာခွင့်ပြုရုံပါပဲ၊ ဉာဏ်စဉ် တရားနာခွင့် မပြုတာက လျှို့ဝှက်တဲ့သဘော မဟုတ်ပါဘူး၊ တရား မပြည့်စုံသေးပဲနဲ့ ဉာဏ်စဉ်တရားကိုနာလျှင် နောက်တကြိမ် အားထုတ်တဲ့ အခါကျတော့ စိတ်ကူးတွေဝင်ပြီးတော့လဲ အနှောင့်အယှက် ဖြစ်တတ်ပါတယ်၊

မဟုတ်သေးပဲနဲ့ အဟုတ်ထင်ပြီး ပြောတဲ့အတွက် အရှုပ်အထွေးလဲ ဖြစ်တတ်ပါတယ်၊ ဒီလို အန္တရယ်တွေကြောင့်ပါပဲ၊ ဒါကြောင့် မျှော်လင့်ဖွယ် မရှိတဲ့ ယောဂီအား သူက နာချင်တယ်ဆိုယင် ပြောသင့်တာကို ပြောပြီး နာခွင့်ပြုနိုင်ပါတယ်။

လိုရင်းကတော့ ဝိနည်းဆိုင် ရာ သီလအကျင့် ပဋိပတ်ရော, သုတ္တန်ဆိုင်ရာ သီလ, သမာဓိ, ပညာပဋိပတ်ရော အဲဒီ ပဋိပတ္တိသာသနာတော် တည်တံ့ရေး, ပြန့်ပွားရေးကို အလေးပြုပြီး ဆောင်ရွက်သွားကြဖို့ပါပဲ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးလေးဆယ် လောက်က ရွှေကျင်ဂိုဏ်း မဟာနာယကချုပ် ရွှေကျင်သာသနာပိုင် ဆရာတော် ဘုရားကြီးက (သာသနာတော်ကို ကိုယ့်အတွက်မသုံးဖို့, ကိုယ့်ကိုယ်ကိုသာ သာသနာတော်အတွက် အသုံးချဖို့)လို့ မိန့်တော်မူတဲ့စကားဟာ အင်မတန် ကောင်းပါတယ်၊

ဘုရားသာသနာတော်ကိုမှီပြီး လာဘ်ပေါ များအောင်, ဘုန်းကြီးအောင် ပြောဟော ပြုလုပ်တာတွေဟာ သာသနာတော်ကို ကိုယ့်အတွက် အသုံးချတာပဲ၊ ဒကာ, ဒကာမတွေက ကျောင်းအဆောက်အအုံကို သာသနာတော်အတွက် အကျိုး များအောင် သံဃိက လှူဒါန်းချင်ပါလျက် သာသနာ့ဝန်ထမ်း ရဟန်းတော်က ပုဂ္ဂလိက အလှူခံပြီး ကိုယ့်သဘောအတိုင်း သုံးစွဲတာ, အမွေပေးတာတွေလဲ သာသနာ တော်ကို ကိုယ့်အတွက် အသုံးချတာပဲ၊

အဲဒီလို သာသနာတော်ကို ကိုယ့်အတွက် အသုံးမချပဲ ကိုယ့်ကိုယ်ကိုသာ သာသနာတော် အကျိုးများစေရန်အတွက် အသုံးချပါတဲ့၊ အဲဒီလို ကိုယ့်ကိုယ်ကို သာသနာတော်အတွက် အသုံးချတာဟာ အင်မတန်ကောင်းတဲ့ စိတ်သဘောထားပဲ၊ သာသနာဝင် ပုဂ္ဂိုလ်တိုင်းက အဲဒီလို ကောင်းမြတ် စင်ကြယ်တဲ့ စိတ်သဘော ထားဖြင့် ဆောင်ရွက်သွားကြမယ်ဆိုယင် သိပ်ကောင်းမှာပါပဲ။

ဒါကြောင့် ကမ္မဋ္ဌာန်းဆရာမထေရ်ကြီးဖြစ်ဖြစ်, သာမန် ယောဂီ ရဟန်းဖြစ်ဖြစ် သာသနာတော်ကို ကိုယ်ကျိုးအတွက်မသုံးပဲ မိမိကိုယ်ကိုသာ သာသနာတော် အတွက် အသုံးပြုပြီး ဆောင်ရွက်သောအားဖြင့် မြတ်စွာ ဘုရားအလိုတော်အတိုင်း သီလ, သမာဓိ, ပညာတို့ကို ပြည့်စုံသည်ထက် ပြည့်စုံအောင် ကိုယ်တိုင်လဲကျင့်ပြီး သူတပါးတွေလဲ ကျင့်နိုင်အောင် ဟောပြောတိုက်တွန်းပေးလျက် သာသနာတော် အကျိုးကို တိုး၍ တိုး၍ ဆောင်ရွက်နိုင်ကြပါစေ၊ အဲဒီလို ဆောင်ရွက်ခြင်းဖြင့် ဗုဒ္ဓ သာသနာတော်ကိုလဲ တိုးတက် ပြန့်ပွားစေနိုင်သည့်အပြင် မိမိတို့ အလိုရှိအပ်သော တရားထူး တရားမြတ်တွေကိုလဲ အပြည့်အစုံ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင် ကြပါစေ

သာဓု … သာဓု … သာဓု …။

သီလဝန္တသုတ္တန်တရားတော်

မဟာစည် ဆရာတော်ဘုရားကြီးသည် သီလဝန္တသုတ္တန် တရားတော်ကြီးကို ၁၃၂၈-ခုနှစ် တပို့တွဲ လကွယ်နေ့မှစ၍ သင့်လျော်သည့် သီတင်းနေ့များတွင် ဟောတော်မူရာ ၁၃၂၉ -ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့တွင် အပြီးသတ်သည်၊ ဟောကြား တော်မူသည့် အကြိမ်ပေါင်း ၁၆-ကြိမ်ရှိသည်ဟု သိရသည်၊

ယင်းသို့ ဟောကြားတော်မူစဉ် ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးသိန်းအောင်သည် တိပ်ရကော်ဒါဖြင့် အသံဖမ်းယူခဲ့ပြီး တိပ်ခွေမှကူး၍ စာမူကြမ်း ပြုကာ ၁၃၃၇-ခုနှစ် ဝါခေါင်လတွင် ဆရာတော်ဘုရားကြီးအား ဆက်ကပ် ခဲ့လေသည်၊ ဆရာတော်ဘုရားကြီးသည် ကြည့်ရှုသုတ်သင် တည်းဖြတ်တော်မူခဲ့ရာ ၁၃၃၇-ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၂-ရက်နေ့တွင် စာမူချောဖြစ်၍ ပြီးဆုံးခဲ့လေသည်၊ ယင်း သုတ်သင်တည်းဖြတ်ပြီး ကျမ်းစာအုပ်အဖြစ် ရိုက်နှိပ် ထုတ်ဝေခဲ့ရာ ၁၃၃၈ -ခုနှစ်တွင် ပြီးစီးရာ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် စာမျက်နှာ ၄၇၆-မျက်နှာရှိ ကျမ်းစာကြီး ဖြစ်လေသည်။

ယင်းသီလဝန္တသုတ္တန်တရားတော်ကြီး၌-

(က) ၁။ သိလသုတာ, စုံသူမှာ, ဘယ်ဟာ ရှုအပ်ပါသနည်း၊
၂။ စွဲလမ်းနိုင်ရာ, ငါးခန္ဓာ, မှန်စွာ ရှုအပ်သည်၊
၃။ မမြဲဆင်းရဲ, ရောဂါစွဲ, ပေါက်ကွဲ အိုင်းတူတည်း၊
၄။ ငြောင့်မကောင်းမှု, ဖျားနာဟု, မှတ်ရှုသူစိမ်းမည်၊
၅။ ပျက်စီးသုည, အနတ္တ, ရှုရ ဆယ့်တစ်မည်၊
၆။ သို့ရှုမြင်သန်, သောတာပန်, အမှန် ဖြစ်နိုင်သည်။

(ခ) ၁။ သောတာပန်ကား, ဘယ်တရား, ရှုပွားအပ်သနည်း၊
၂။ သောတာပန်လဲ, ခန္ဓာပဲ, ရှုမြဲနည်းတူသည်၊
၃။ သို့ရှုမြင်သန်, သကဒါဂါမ်, အမှန် ဖြစ်နိုင်သည်။

(ဂ) ၁။ သကဒါဂါမ်ကား, ဘယ်တရား, ရှုပွါးအပ်သနည်း၊
၂။ သကဒါဂါမ်လဲ, ခန္ဓာပဲ, ရှုမြဲနည်းတူသည်၊
၃။ သို့ရှုမြင်သန်, အနာဂါမ်, အမှန် ဖြစ်နိုင်သည်။

(ဃ) ၁။ အနာဂါမ်ကား, ဘယ်တရား, ရှုပွားအပ်သနည်း၊
၂။ အနာဂါမ်လဲ, ခန္ဓာပဲ, ရှုမြဲ နည်းတူသည်၊
၃။ သို့ရှုမြင်သန်, အရဟံ, အမှန် ဖြစ်နိုင်သည်။

(င) ၁။ ရဟန္တာကား, ဘယ်တရား ရှုပွားအပ်သနည်း၊
၂။ ရဟန္တာလဲ, ခန္ဓာပဲ, ရှုမြဲ နည်းတူသည်၊
၃။ သို့ရှုသော်ငြား, သစ်ဟောင်းကား, တိုးပွားမရှိပြီ၊
၄။ သတိသမ္ပဇဉ်, ရှုတိုင်းယှဉ်, မျက်မြင် ချမ်းသာသည်။

စင်စစ်ကား ဤသီလဝန္တသုတ္တန်တရားတော် ကျမ်းကြီးသည် သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်နည်းညွှန်ကျမ်းကြီး ဖြစ်ရုံသာမက ယင်းပုဂ္ဂိုလ်တို့ ၏ အကြောင်းကိုလည်း ဖော်ပြရာ ကျမ်းကြီးလည်း ဖြစ်လေသည်၊ ကျမ်း၏ နိဒါန်း လက်ဦးရှုဖွယ်ကိုမူ အဂ္ဂမဟာပဏ္ဍိတ ရွှေစေတီဆရာတော်ဘုရားကြီးက ရေးသား ထားရာ ရွှေပေါ်မြတင် ဆိုဘိသကဲ့သို့ ပိုမို၍ ပြည့်စုံပြန်လေရာ ပဋိပတ္တိဝန်ဆောင် ပုဂ္ဂိုလ်တိုင်း ကြည့်ရှုလေ့လာ အားထုတ်ရန် သင့်လှပေသည်

သီလဝန္တသုသုတ္တန္တ-ဒေသနာပိ သုဒေသိတာ၊
မဟာစည်ထေရသေဋ္ဌေန, ဂမ္ဘီရတိက္ခဉာဏိနာ။

ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင် တရားတော်

ဆရာတော်ဘုရားကြီးသည် ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင် တရားတော်ကြီးကို ၁၃၃၃-ခုနှစ် တော်သလင်း လဆန်း ၂-ရက် တနင်္ဂနွေနေ့ နေ့လယ် ၂-နာရီခန့် အချိန်တွင် ရန်ကုန်မြို့ မိုးကောင်းဘုရားအနီး ဓမ္မာရုံကြီး၌ စတင် ဟောတော်မူခဲ့လေသည်၊ ၎င်းနောက် ရန်ကုန်မြို့ သာသနာ့ရိပ်သာဖလ်ယဉ်ဓမ္မာရုံ, ခြောက်ထပ်ကြီး ဘုရားကြီးတိုက် သိမ်တော်ကြီး, ဖဆပလရပ်ကွက် စသော ဌာနများ, မန္တလေး, စစ်ကိုင်း, ရွှေဘို, ချောက်, ရေနံချောင်း, မကွေး, မင်းလှ, သရက်, အောင်လံ, ပြည် -စသော အနယ်နယ်အစို့စို့ အမြို့မြို့အရွာရွာ တို့၌လည်း ဟောကြားတော် မူခဲ့လေသည်၊

ယင်းသို့ ဟောကြားတော်မူခဲ့ပြီးမှ ဆရာ, ဒကာ နှစ်ဦးလုံး ကြိုးပမ်းမှုကြောင့် မန္တလေးမြို့ ပြည်ညွှန့်ပုံနှိပ်တိုက်မှ ရိုက်နှိပ်သဖြင့် ၁၃၃၉-ခုနှစ်တွင် “ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်တရားတော်” ကျမ်းစာကြီးအဖြစ်သို့ ရောက်ခဲ့လေသည်၊ ယင်းရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်တရားတော်ကျမ်းစာ၌-

“မဂ္ဂင်ရှစ်ဖြာ, မရှိရာ, ကိလေသာငြိမ်းသူ မရှိချေ၊
မဂ္ဂင်ရှစ်ဖြာ, ရှိရာမှာ, ကိလေသာငြိမ်းသူ ရှိနိုင်ပေ၊
မူလ, ပုဗ္ဗ, အရိယ, သုံးဝ မဂ္ဂင်မြတ်၊
ဖြစ်ပွားစေလျှင်, ဤမဂ္ဂင်, ပြေးဝင် နိဗ္ဗာန်ဓာတ်၊
ဖြစ်ပျက်မြင်မှ, အနိစ္စ, ဒိဋ္ဌသိနိုင်သည်”

စသည် အကျဉ်းချုပ် မှတ်ဖွယ်, ကျင့်ဖွယ် ဆောင်ပုဒ်များ ပါရှိလေသည်၊ ယင်း ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင်တရားကျမ်းစာမှာ ကရောင်း ၁၆-ချိုး စာမျက်နှာ ၁၁၄-ရှိလေသည်။

ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်တိ, သမညာယ သုပါကဋာ၊
ဒေသိတာ ဒေသနာထေရ-မဟာစည်ကဝိ ကေတုနာ။

တုဝဋ္ဋကသုတ်တရားတော်

ဆရာတော်ဘုရားကြီးသည် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင် နောင်တွင် နိုင်ငံတော်ကောင်စီဝင် အငြိမ်းစား နိုင်ငံတော်ကောင်စီဝင် စသည်ဖြင့် ထင်ရှားသော ဦးလှမောင် လျှောက်ထားသဖြင့် မဟာသမယခြောက်သုတ် အပါအဝင် တုဝဋ္ဋကသုတ်ကို ၁၃၃၇-ခုနှစ် ပြာသိုလပြည့် နေ့ကစ၍ တပို့တွဲ လပြည့်နေ့အထိ ဥပုသ်နေ့ ၅-နေ့ ၅-ပိုင်းဟော၍ ပြီးဆုံးခဲ့လေသည်၊

ဟောကြားပြီး အပိုင်းများကို စာမူအဖြစ် ဆရာတော်ဘုရားကြီး ကိုယ်တိုင် လက်နှိပ်စက်ဖြင့် ရိုက်နှိပ်တော်မူခဲ့ပြီး ၁၃၃၈-ခုနှစ်တွင် ရန်ကုန်မြို့ ကမ္ဘာအေး သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်၌ ရိုက်နှိပ်ရာ ကရောင်း ၁၆-ချိုးဆိုက် စာမျက်နှာ ၂၃၂-ရှိ ကျမ်းစာ ဖြစ်လာခဲ့လေသည်၊

ယင်းကျမ်းစာ၏ နိဂုံးကို ဆရာတော်ဘုရားကြီး ၏အမိန့်အရ ကမ္ဘာအေး ဇမ္ဗူဒီပကျောင်း၌ သီတင်းသုံးသည့် သာသနဓဇ သိရီပဝရဓမ္မာစရိယ ဆရာတော် အရှင်ပညောဘာသက ရေးသားခဲ့လေသည်။

တုဝဋ္ဋကဝဏ္ဏနံပိ, သံဝဏ္ဏနာ သုကောဝိဒေါ၊
ရစယီ မြန်မာဘာသာယ, ရစယိတ္ထ သုဓီတိမာ။

သာရဏီယတရားတော်

မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော် ကောသမ္ဗီယသုတ်လာ, သာရဏီယ သုတ္တန်လာ သာရဏီယသုတ် တရားတော်ကြီးကို ရန်ကုန်မြို့ ကမာရွတ် မရမ်းတပင်ရပ်ကွက်၌ ၁၃၁၄-ခုနှစ် ဦးတန်ခူး လပြည့်ကျော် ၁၂-ရက် ၁၃-ရက်နေ့ ညများက ဟောကြားတော်မူခဲ့သည်၊ နောက်တွင် ယင်းတရားတော်သည် သာရဏီယ တရားတော် အမည်ဖြင့် ကရောင်း ၁၆-ချိုး စာမျက်နှာ ၆၀-ခန့်ရှိ ကျမ်းစာအုပ် ဖြစ်ပေါ်လာလေသည်။

ယင်းသာရဏီယတရားတော်၌ -

မေတ္တာရှေ့သွား, ကံသုံးပါးနှင့်, တခြားသုံးဝ, စာဂသီလာ,
မြတ်ပညာသည်, မှတ်ပါ သာရဏီယတရားတည်း။

မေတ္တာရှေးရှု, ကိုယ်မှုထင်လျှင်၊
သူ့ဂုဏ်အောက်မေ့, ညဉ့်နေ့အစဉ်။
ရိုသေလေးစား, သနားခင်မင်၊
ညီညွတ်ရေး, အားပေးထာဝစဉ်။

မေတ္တာရှေ့သွား, စကားချိုလျှင်၊
သူ့ဂုဏ်အောက်မေ့, ညဉ့်နေ့အစဉ်။
ရိုသေလေးစား, သနားခင်မင်၊
ညီညွတ်ရေး, အားပေးထာဝစဉ်။

မေတ္တာရှေ့ထား, စိတ်ထားဖြူလျှင်၊
သူ့ဂုဏ်အောက်မေ့, ညဉ့်နေ့အစဉ်။
ရိုသေလေးစား, သနားခင်မင်၊
ညီညွတ်ရေး, အားပေးထာဝစဉ်။

အစရှိသော ကျင့်ကြံ လိုက်နာဖွယ် ဆောင်ပုဒ်ကဗျာများ ပါရှိလေသည်။

မဟာပစ္စဝေက္ခဏာ တရားတော်

▬▬▬▬▬▬▬▬▬▬▬

မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော် ကောသမ္ဗိယသုတ္တန်လာ မဟာပစ္စဝေက္ခဏာ တရားတော်ကိုလည်း သာရဏီယတရားတော် ဟောအပြီး ၃-လဆက်တိုက် ဟောတော်မူခဲ့လေသည်၊ ဆရာတော်ဘုရားကြီး ဟောတော်မူသည့်အတိုင်း စာအုပ် ရိုက်နှိပ်ထုတ်ဝေခဲ့ရာ ကရောင်း ၁၆-ချိုး စာမျက်နှာ ၆၀ ကျော်ရှိလေသည်၊ ယင်း မဟာပစ္စဝေက္ခဏာတရားတော်၌ -

ဆိတ်ငြိမ်ရာတွင်, ချဉ်းကပ်ဝင်၍, ဆင်ခြင်ရှုကြည့်,
ဖြစ်ပျက်မိ, အသိ ရှင်းသည်သာ၊
ယထာဘူတ, မသိရအောင်, ထကြွလွှမ်းမိုး, ကိလေအိုး, ဖြစ်ရိုးမရှိပါ၊
ဤသို့သိရ, ပထမ, ပစ္စဝေက္ခဏာ။

မဂ်သိပြီးဟန်, ဝိပဿ်ဉာဏ်, ဖန်ဖန်မှီဝဲကာ၊
အကြမ်းအနု, ကိလေစု, ငြိမ်းမှု ထင်ရှားရာ၊
ဤသို့သိရ, ဒုတိယ, ပစ္စဝေက္ခဏာ။

ရှုမှတ်သိရ, ဤလမ်းမှ, ပြင်ပတခြားမှာ၊
ကိလေငြိမ်းဘိ, မြတ်အရိ, မရှိဆုံးဖြတ်ရာ၊
ဤသို့သိရ, တတိယ, ပစ္စဝေက္ခဏာ။

ကုစားနိုင်ကောင်း, အာပတ်ပေါင်း,
တိမ်းစောင်းရောက်သေးရာ၊
မဖုံးကွယ်ပဲ, ကုစားမြဲ, နောင်လဲ စောင့်ရိုးပါ၊
ဤသို့သိရ, စတုတ္ထ, ပစ္စဝေက္ခဏာ။

ရှောင်လွှဲမရ, မှုကိစ္စ, ပြုရလေသောခါ၊
သိက္ခာသုံးပါး, ကျင့်ရန်ကား, စိတ်အား သန်မြဲသာ၊
ဤသို့သိရ, ပဉ္စမ ပစ္စဝေက္ခဏာ။

ဗုဒ္ဓဟောကြား, မြတ်တရား, ဟောကြားရသောခါ၊
လုံးစုံမကြွင်း, နှလုံးသွင်း, နာခြင်း အားကောင်းစွာ၊
ဤသို့သိရ, ဆဋ္ဌမ, ပစ္စဝေက္ခဏာ။

ဗုဒ္ဓဟောထား, မြတ်တရား, နာကြားရသောခါ၊
အနက်သိမြင်, စိတ်ကြည်ရွှင်, ကိုယ်တွင် သိမ့်သိမ့်ဖြာ၊
ဤသို့သိရ, သတ္တမ, ပစ္စဝေက္ခဏာ။

ပစ္စဝေက္ခဏာ, ခုနစ်ဖြာ, ညီစွာဖြစ်ပါမူ၊
အရိယာမှန်, သောတာပန်, ဧကန် ဆုံးဖြတ်ယူ။

ဟူသော သောတာပန် ပြည့်စုံရမည့် မဟာပစ္စဝေက္ခဏာကို ဘုရားမြတ်စွာ အလိုတော်ကျ ဖော်ကျူးတော်မူခဲ့လေသည်၊ ယင်း မဟာပစ္စဝေက္ခဏာ တရားတော် ကိုလည်း စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေခဲ့ရာ ကရောင်း ၁၆-ချိုး ၆၂-မျက်နှာ ရှိလေသည်။

မဟာပစ္စဝေက္ခဏာဓမ္မ-ဒေသနာပိ သုဒေသိတာ၊
မဟာစည်ထေရပါဒေန, သာသနဋ္ဌိတိကာမိနာ။

---

အနတ္တလက္ခဏသုတ် တရားတော်

▬▬▬▬▬▬▬▬▬▬▬

ခန္ဓဝဂ္ဂသံယုတ် ပါဠိတော်လာ အနတ္တလက္ခဏသုတ်ကို ၁၃၂၅-ခုနှစ် နယုန်လဆန်း ၈-ရက်နေ့မှစ၍ အခွင့်သင့်သော ဥပုသ်နေ့များတွင် ဟောတော်မူရာ တော်သလင်း လပြည့်ကျော် ၈-ရက်နေ့တွင် ပြီးဆုံးလေသည်၊ ၁၂-ဥပုသ် (၁၂-သီတင်း) ၁၂-ကြိမ် ဟောတော်မူခဲ့လေသည်၊

ယင်းသို့ ဟောကြားစဉ်က အငြိမ်းစား တရားမ တရားသူကြီး ဦးသိန်းဟန်သည် တလုံးတပိုဒ် မကျန် ဖမ်းယူထားသော တိပ်ခွေများမှ လက်နှိပ်စက်ဖြင့် တဖန် ကူးလိုက်သောအခါ စာမျက်နှာ ၄၂ ဝ-ရှိ ရှည်လျား ကျယ်ဝန်းခဲ့လေသည်၊ ယင်းစာမူကြီးကို ဆရာတော်ဘုရားကြီးအား ဆက်ကပ်၍ စိတ်ကြိုက် ပြင်ဆင်တော်မူ၍ ပုံနှိပ်ရန်အတွက် ပြန်လည် ချီးမြှင့်တော်မူပါဟု လျှောက်ထားသဖြင့် ဆရာတော်သည် စာမျက်နှာ ၁၅၂-သို့ရောက်အောင် ချုံးတော်မူပြီး ဦးသိန်းဟန်အား ပြန်လည်ပေးအပ် ပုံနှိပ်ခွင့် ပြုတော်မူခဲ့လေသည်၊

ဦးသိန်းဟန်သည် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် တွဲဖက်အကျိုးဆောင် ဦးညိုမောင် အား ရိုက်နှိပ်ရန် ပေးအပ်လှူဒါန်းလိုက်လေသည်၊ သို့နှင့် ဦးညိုမောင်သည် ရန်ကုန်မြို့၊ ကမ္ဘာအေး သာသနာရေး ဦးစီးဌာန ပုံနှိပ်တိုက်တွင် ၁၃၂၉-ခုနှစ်တွင် ရိုက်နှိပ်ထုတ်ဝေခဲ့ရာ ဒီမိုင်းဆိုက်ဖြင့် စာမျက်နှာ ၂၉၆-ရှိလေသည်၊ ကျမ်းဦးရှုဖွယ် နိဒါန်းကို ဝက်လက် မစိုးရိမ်ဆရာတော် ဦးတိဿက ပြည့်စုံစွာ ပြုစီရင်တော် မူခဲ့လေသည်။

အနတ္တလက္ခဏသုတ္တမ္ပိ, မဟာဉာဏီ မဟာမတီ၊
ဒေသယီ ရစယီမြန်မ-ဘာသာယ ဘာသိတေ ဝိဒူ။

---

သမ္မာပရိဗ္ဗာဇနီယသုတ် တရားတော်

▬▬▬▬▬▬▬▬▬▬▬

ဆရာတော်ဘုရားကြီးသည် ၁၃၃၈-ခုနှစ် သီတင်းကျွတ်လကွယ် နေ့မှစ၍ နံနက် ၈-နာရီခွဲအချိန်တွင် ရှစ်ပါးသီလ ပေးပြီးသောအခါ ဥပုသ်သည်များအား ဤ သမ္မာပရိဗ္ဗာဇနီယသုတ်မှ အဖြေဂါထာ တဂါထာချင်း သီတင်းနေ့တိုင်း ထုတ်ဖော် ဖွင့်ပြ ဟောကြားတော်မူခဲ့လေသည်၊

ယင်းသို့ ဟောကြားတော်မူသည့် တရားတော်ကို ရန်ကုန်မြို့ ရွှေတောင်ကြားလမ်း အမှတ် ၄၆-နေ ဘီအေ, ဘီအယ်လ် ဒါယကာ ဦးလှကြိုင်က ကက်ဆက်ဖြင့် ဖမ်းယူ၍ တဖန် ကက်ဆက်မှ လက်ရေးမူအဖြစ် ကူးယူရေးသားခဲ့လေသည်၊ ၎င်းနောက် ဆရာတော်ဘုရားကြီးအား ဆက်ကပ်ရာ ဆရာတော်ဘုရားကြီး ချက်ချင်း တည်းဖြတ်ပြီးသောအခါ သာသနဓဇသိရီပဝရဓမ္မာစရိယကမ္မဋ္ဌာနာစရိယ ဆရာတော် အရှင်ဝါယမကို နိဒါန်းရေးစေ၍ ၁၃၃၉ -ခုနှစ်က ရန်ကုန်မြို့ ကမ္ဘာအေး သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ခဲ့ရာ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် ၁၆၇-မျက်နှာ ရှိလေသည်။

သမ္မာပရိဗ္ဗာဇနီယ-သုတ္တန္တမ္ပိ သုဓီတိမာ၊
မဟာစည်ထေရ သေခရော, သံဝဏ္ဏယီ သုဇာတိမာ။

---

တက္ကသိုလ် ဝိပဿနာတရားတော်

▬▬▬▬▬▬▬▬▬▬▬

ဆရာတော် ဘုရားကြီးသည် ၁၃၃၆-ခုနှစ် ကဆုန်လဆန်း ၄-ရက်နေ့ညတွင် ရန်ကုန်မြို့ တက္ကသိုလ် ဓမ္မာရုံ၌ သက္ကာယဒိဋ္ဌိပယ်ရန်နှင့် သတိပဋ္ဌာန် ပွားများ ရှုမှတ်ရန် နည်းနာနယတို့ကို ကျနစွာ ဟောကြားတော်မူခဲ့လေသည်၊

ဆရာတော် ဘုရားကြီး ဟောပြောသည့်တရားတော်ကို ရကော်ဒါဖြင့်ဖမ်းယူခဲ့ရာ ယင်းမှတဆင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ အမှုဆောင် တဦးဖြစ်သူ ဦးခိုင်က ရေးကူး၍ ဆရာတော်ဘုရားကြီးအား ဆက်ကပ်ရာ ဆရာတော်ဘုရားကြီးက ပြင်ဆင်ဖြည့်စွက် တည်းဖြတ်မူသန့်ပြီး တက္ကသိုလ် ဝိပဿနာတရားတော် အမည်ဖြင့် ၁၃၃၉-ခုနှစ်က ပုံနှိပ်ထုတ်ဝေခဲ့လေသည်၊ ယင်းတက္ကသိုလ် တရားကျမ်းစာ၌ -

၁။ မူလပုဗ္ဗ, အရိယ, သုံးဝမဂ္ဂင်မြတ်၊
၂။ ဖြစ်ပွားစေလျှင်, ဤမဂ္ဂင်, ပြေးဝင်နိဗ္ဗာန်ဓာတ်၊
၃။ စိတ်အညစ်အကြေးကို, ကင်းစေလို, သတိပဋ္ဌာန်လမ်းစဉ်ကို လိုက်ရမည်၊
၄။ စိုးရိမ်မှုကို, လွန်မြောက်လို, သတိပဋ္ဌာန်လမ်းစဉ်ကို လိုက်ရမည်၊
၅။ ငိုကြွေးမှုကို, လွန်မြောက်လို, သတိပဋ္ဌာန်လမ်းစဉ်ကို လိုက်ရမည်၊
၆။ ကိုယ်ဆင်းရဲကို, ငြိမ်းစေလို, သတိပဋ္ဌာန်လမ်းစဉ်ကိုလိုက်ရမည်၊
၇။ စိတ်ဆင်းရဲကို, ငြိမ်းစေလို, သတိပဋ္ဌာန်လမ်းစဉ်ကို လိုက်ရမည်၊
၈။ နိဗ္ဗာန်မဂ်ဖိုလ်, ရရောက်လို, သတိပဋ္ဌာန်လမ်းစဉ်ကို လိုက်ရမည်၊

အစရှိသော ဆောင်ပုဒ်များဖြင့်လည်း နည်းပေး လမ်းညွှန်တော်မူခဲ့လေသည်၊ ယင်း တက္ကသိုလ် ဝိပဿနာတရားတော်မှာ မူရင်းကရောင်း ၁၆-ချိုး စာမျက်နှာဖြင့် ၁၀၂-ရှိ၍ နောက်ဆက်တွဲဝိပဿနာဖြင့် ရောဂါပျောက်ကြောင်း သာဓကဝတ္ထုများနှင့်တကွ ၁၇၈-ရှိလေသည်။

တက္ကသိုလ် ဝိပဿနာတိ, ဝိချာတာ ဓမ္မဒေသနာ၊
ဘာသိတာ ထေရသေဋ္ဌေန, မဟာစည်တိက္ခဉာဏိနာ။

---

မာလုကျပုတ္တသုတ် တရားတော်

▬▬▬▬▬▬▬▬▬▬▬

ကျေးဇူးရှင် ဆရာတော်ဘုရားကြီးသည် မာလုကျပုတ္တသုတ် တရားတော်ကို ရှေးက အကြိမ်များစွာ ဟောတော်မူခဲ့သည်၊ ၁၃၃၈-ခုနှစ်ကစပြီး စာအုပ် ရိုက်နှိပ်စေရန် ဟူသော ရည်ရွယ်ချက်, နာယူလိုသူများ တိပ်ကြိုးခွေဖွင့် နာယူနိုင်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ၁၃၃၈-ခုနှစ် ဝါခေါင်လပြည့်ကျော် ၈-ရက်နေ့ကစ၍ သင့်လျော်သော သီတင်းနေ့များ၌ ဟောတော်မူခဲ့လေသည်၊

ယင်းဟောကြားချက်များကိုလည်း တိပ်ကြိုးခွေဖြင့် ဖမ်းယူတော်မူခဲ့လေသည်၊ ယင်းတိပ်ကြိုးခွေမှ ကူးယူစေကာ မူသန့်ပြီး စာအုပ်ရိုက်နှိပ်စေခဲ့ရာ ၁၃၃၉-ခုနှစ်တွင် စာအုပ်အဖြစ်သို့ ရောက်ရှိခဲ့လေသည်၊ ယင်းကျမ်းမှာ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် စာမျက်နှာ ၂၁၂-ရှိလေသည်၊ ယင်းမာလုကျပုတ္တသုတ်တရားတော်၌ -

၁။ မမြင်ရရာ, ကိလေသာ, သူ့ဟာသူ ငြိမ်းသည်၊
၂။ မြင်ရရာမှာ, ကိလေသာ, ကိန်းကာ ဖြစ်နိုင်သည်၊
၃။ မြင်တိုင်းမှတ်ရှု, ကိလေစု, ကိန်းမှု ပယ်သင့်သည်၊
၄။ မေးခွန်းဖြင့်ပင်, လုပ်ငန်းစဉ်, ပေါ်လွင်စေခဲ့သည်၊
၅။ အဆင်းမြင်လျှင်, ချစ်ဖွယ်ထင်, ထိုတွင် မေ့လေသည်၊
၆။ သာယာတပ်စွဲ, ခံစားမြဲ, စိတ်ထဲ သိမ်းလျက်တည်၊
၇။ အဆင်းဆိုင်ရာ, ဝေဒနာ, များစွာ ပွားတော့သည်၊
၈။ လောဘစည်ကား, ဒေါသပွား, ဗျာများ စိတ်ပန်းသည်၊
၉။ ဤနည်းဖြင့်ပဲ, မပြောင်းလဲ, ဆင်းရဲရှာသူမည်၊
၁၀။ ဆင်းရဲကိုသာ, ရှာသူမှာ, ဝေးစွာ နိဗ္ဗာန်ပြည်၊
၁၁။ အဆင်းမြင်က, အမှတ်ရ, ရာဂ ကင်းတော့သည်၊
၁၂။ မတပ်မက်ပဲ, ခံစားမြဲ, စိတ်ထဲ မသိမ်းပြီ၊
၁၃။ မှတ်သိလျက်ပင်, မြင်လဲမြင်, ထို့ပြင် ခံစားသည်၊
၁၄။ သို့ပါသော်လဲ, ဝဋ်ဆင်းရဲ, ကုန်မြဲ ကုန်ခန်းသည်၊
၁၅။ ဤနည်းဖြင့်သာ, ယောဂီမှာ, မှတ်ကာ ကျင့်ရသည်၊
၁၆။ မြင်တိုင်းရှုမှတ်, ဆင်းရဲသတ်, နီးကပ် နိဗ္ဗာန်ပြည်။

ဟူသော လိုရင်းအချုပ်ဆောင်ပုဒ်များ ပါရှိလေသည်။

မာလုကျပုတ္တသုတ္တမ္ပိ, ဒေသယီ ဝဏ္ဏယီ သုဓီ၊
မဟာစည်ထေရကုဉ္ဇရော, နာနာဂန္ထေသု ကောဝိဒေါ။

---

သက္ကပဥှသုတ်တရားတော်

▬▬▬▬▬▬▬▬▬▬

ဆရာတော်ဘုရားကြီးသည် သက္ကပဥှသုတ်တရားတော်ကိုလည်း သက္ကရာဇ် ၁၃၂၆-ခုနှစ် ပြာသို လကွယ်နေ့ကစ၍ သင့်လျော်သော ဥပုသ်နေ့များတွင် ကရုဏာရှေးရှု ဟောတော်မူခဲ့လေသည်၊ ယင်းစာမူကို အထပ်ထပ်အခါခါ ကိုယ်တော်တိုင် ကြည့်ရှု သုတ်သင် ပြင်ဆင်တော်မူပြီး ပုံနှိပ်ထုတ်ဝေတော်မူခဲ့ရာ သက္ကပဥှသုတ် တရား ကျမ်းတော်ကြီးအဖြစ် ထင်ရှားလေသည်၊ ယင်း တရားကျမ်းတော်ကြီး၌ -

ကာမဘုံသား, နတ်လူများတို့,
ကောင်းစားပြည့်ဝ, ဘေးရန်ပလျက်,
အေးမြချမ်းသာ, နေထိုင်ပါလဲ,
ဣဿာမစ္ဆေ, သူရှုပ်ပွေ၍,
ဆင်ခြေမကျ, ဆင်းရဲရတည့်,
မူလဇာစ်မြစ်, သူ့ကြောင်းစစ်သော်,
မုန်းချစ်အပ်သား, အာရုံများနှင့်,
လိုလားတလီ, ကြံစည်တတန်,
ချဲ့ရန်မှတ်စွဲ, ခြေသည် လွဲ၍,
ဆင့်ကဲဆင့်ကာ, ဖြစ်ရိုးပါတည့်,
ခြောက်ဖြာဒွါရ, ထင်သမျှကို,
မှတ်ကြသဖြင့်, မမှီသင့်ရှောင်,
မှီသင့်ဆောင်၍, မှန်အောင်မြင်က,
လမ်းမှန်ရသည်, မုချချမ်းသာရေး ပေတည်း

၁။ ဣဿာခေါ်ဆို, မနာလို, ဝန်တိုမစ္ဆေရ
၂။ ရှာရသုံးအင်, သိမ်းပေးချင်, ငါးအင်လိုဆန္ဒ၊
၃။ ဒိဋ္ဌိတဏှာ, မာနပါ, သုံးဖြာ ပပဉ္စ

၄။ ချဲ့နိုင်အောင် မှတ်စွဲထားမိ၍ ကြံစည်နိုင်သည်၊ ကြံစည်မိ၍ လိုလား နှစ်သက်သည်၊ လိုးလားနှစ်သက်၍ ချစ်စရာ မုန်းတီးစရာ ရှိသည်၊ ချစ်စရာ မုန်းစရာ တွေရှိနေ၍ မနာလိုမှု, ဝန်တိုမှုဖြစ်သည်၊ မနာလိုမှု, ဝန်တိုမှုများရှိနေ၍ ဘေးရန် မကင်းပဲ ဆင်းရဲဒုက္ခ ရောက်နေကြရသည်၊ သို့ဖြစ်၍ ဆင်းရဲဒုက္ခ မုချကင်းလိုလျှင် ချဲ့နိုင် အောင်စွဲမှု (ပပဉ္စသညာ) ချုပ်ငြိမ်းသွားအောင် ကျင့်ရမည်။

၅။ ဘယ်သို့ကျင့်က, ပပဉ္စ, လုံးဝချုပ်သနည်း၊
၆။ မှီဝဲသင့်တာ, မသင့်တာ, ဝမ်းသာ နှစ်မျိုးတည်း၊
၇။ နှလုံးမသာ, ဥပေက္ခာ, စွဲပါနည်းတူတည်း၊
၈။ အကုသိုလ်ပွား, ပယ်ရှောင်ရှား, ကုပွားမှီဖို့တည်း၊
၉။ ဤသို့ကျင့်က, ပပဉ္စ, လုံးဝချုပ်သတည်း၊
၁၀။ ပါတိမောက္ခ, သံဝရ, ကျင့်ရ ဘယ်သို့နည်း၊
၁၁။ မှီသင့်တခု, မသင့်ဟု, ကိုယ်မှုနှစ်မျိုးတည်း၊
၁၂။ နှုတ်မှုထို့တူ, သက်မွေးမြူ, နည်းတူ နှစ်မျိုးတည်း၊
၁၃။ မမှီသင့်ပယ်, သီလနှယ်, စင်ကြယ်ပါသတည်း၊
၁၄။ ဣနြ္ဒိယ-သံဝရ, သူက ဘယ်သို့နည်း၊
၁၅။ အာရုံခြောက်ရပ်, မှီဝဲအပ်, မအပ်ကွဲသတည်း၊
၁၆။ အကုသိုလ်ပွား, ပယ်ရှောင်ရှား, ကုပွားမှီဖို့တည်း၊
၁၇။ သင့်ရာမှီတွယ်, မသင့်ပယ်, စောင့်ကွယ်ကိစ္စပြီး၊

ဟူသော မူလဆောင်ပုဒ်နှင့် ခက်ဆစ်မှတ်ဖွယ်ဆောင်ပုဒ်များ၊ ဝိပဿနာမဂ်, အရိယမဂ်အကျင့် အမေးအဖြေ ဆောင်ပုဒ်များ၊ ပါတိမောက္ခသံဝရအမေးအဖြေ ဆောင်ပုဒ်များ၊ ဣနြ္ဒိယသံဝရ အမေးအဖြေ ဆောင်ပုဒ်များ ပါရှိလေသည်၊

ယင်းကျမ်းကို သက္ကရာဇ် ၁၃၄၀-ခုနှစ်က ရိုက်နှိပ်ခဲ့လေသည်၊ နိဒါန်းကို ဆရာတော်ဘုရားကြီး ၏ အမိန့်အရ ညောင်ကန်အရှင်ဣန္ဒက ရေးသားခဲ့လေသည်၊ ကရောင်း ၁၆-ချိုးဆိုက် စာမျက်နှာ ၃၀၃ ရှိလေသည်။

သက္ကပဥှသုသုတ္တန္တ-ဓမ္မဝရမ္ပိ ဒေသယီ၊
မဟာစည်ထေရကေသရော, ဆေကော တိပိဋကေ သုဓီ။

---

အဘိဓမ္မာတရားတော်

▬▬▬▬▬▬▬▬

ဆရာတော်သည် ကြည့်ရှုလေ့လာသူတို့ ရုပ်နာမ်ကွဲ၍ အနည်းဆုံး ကလျာဏ ပုထုဇဉ်ဖြစ်ရန် ရည်ရွယ်တော်မူ၍ ထက်မြက်စူးရှလှသော ဉာဏ်ဖြင့် အဘိဓမ္မာ တရားတော်ကြီးကိုလည်း ဟောကြားတော် မူခဲ့လေသည်။

အဘိဓမ္မဓမ္မကထံ, ကထာမဂ္ဂေသု ကောဝိဒေါ၊
မဟာစည်ထေရကုဉ္ဇရော, ဝစီ ဂမ္ဘီရဉာဏိကော။

---

ဩဝါဒဓမ္မအမွေ

▬▬▬▬▬

ဆရာတော်ဘုရားကြီးသည် မိမိ သက်တော် ထင်ရှားရှိစဉ်တွင် လည်းကောင်း၊ မိမိ မရှိသည့်နောက်တွင် လည်းကောင်း ရဟန်း, ရှင်, လူ မည်သူမဆို လိုက်နာ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ရန် ကြီးမားသော ရည်ရွယ်ချက်ဖြင့် ဩဝါဒ ကထာများကို မိန့်ကြားတော်မူခဲ့လေသည်၊ ၎င်းတို့မှာ နံနက် ဘုရားဝတ်တက်အပြီး ဟောကြားသည့် ဩဝါဒကထာဒေသနာ, သီတင်းကျွတ် ပူဇော်ပွဲ၌ ဟောကြားသော ဩဝါဒကထာဒေသနာ, ပူဇော်ရာကာလ၌ မြွက်ကြားသည့် ဩဝါဒကထာဒေသနာ, သံဃာ့ဥပုသ်, ပဝါရဏာ, ကထိန်နှင့်စပ်သည့် ဩဝါဒကထာ, ကထိန်ခင်းမည့်နေ့ ကထိန်ခင်းရာ ဩဝါဒကထာ စသည်ဖြင့် ဩဝါဒကထာပေါင်း ၂၆-ပုဒ်တို့ကို စုပေါင်း၍ ပထမပိုင်း, ဒုတိယပိုင်းအားဖြင့် ၂-ပိုင်းခွဲ၍ စီစဉ်ပြီးလျှင် ဆရာတော် မရှိသည့်နောက် ၁၃၄၅-ခုနှစ် ဩဝါဒဓမ္မအမွေအမည်ဖြင့် ရိုက်နှိပ်ထုတ်ဝေခဲ့ရာ ဒီမိုင်းဆိုက် စာမျက်နှာ ၁၇၀ ရှိလေသည်၊

ဆရာတော် အရှင်ပဏ္ဍိတာဘိဝံသနှင့် ဝက်လက်မစိုးရိမ်ဆရာတော် ဦးတိဿတို့က နိဒါန်းရေးခဲ့ကြလေသည်၊ ယင်းဩဝါဒ ဓမ္မအမွေ ရှေ့မျက်နှာဖုံးတွင် “ဆဋ္ဌသင်္ဂီတိ ပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ပေးအပ်တော်မူခဲ့သော ဩဝါဒဓမ္မအမွေ” ဟု ပါရှိ၍ ကျောမျက်နှာဖုံးတွင် -

၁။ မနာလိုကင်း, ဝန်တိုရှင်း,
လက်ငင်းချမ်းသာကြရမည်၊

၂။ အကုသိုလ်များ, ရှောင်ရှားပယ်လေ၊
ကုသိုလ်တရား, ဖြစ်ပွားစုံစေ။
မိမိစိတ်ဓာတ်, ဆွတ်ဆွတ်ဖြူစေ၊
ဤသုံးပါး, ဘုရားဆုံးမပေ။

၃။ အပါယ်ငြိမ်းခွင့်, ဉာဏ်အဆင့်, အသင့်ရောက်ပါစေ၊
ထိုဉာဏ်ဖြင့်လဲ, မတော်ပဲ, ဆင်းရဲ ငြိမ်းပါစေ၊
ဖြစ်ပေါ်လာငြား, စိတ်ကြမ်းများ, ပယ်ရှားနိုင်ပါစေ။

၄။ ရာဂဒေါသ, မောဟ တဖြာ၊
ဖြစ်အိုသေရေး, ပူဆွေးငိုကာ။
ကိုယ်စိတ်ဒုက္ခ, ပူရပြင်းစွာ၊
မြင်ကြားသိတိုင်း, မဆိုင်းမှတ်ပါ။
ရုပ်နာမ်မမြဲ, ဆင်းရဲချမ်းသာ၊
ငါကောင်လဲပျောက်, မျက်မှောက်မြင်ကာ၊
ဆယ့်တသီး, ဤမီး ငြိမ်းစေရာ။

ဟူသော ဩဝါဒတော်များ ပါရှိလေသည်။

ဩဝါဒဓမ္မအမွေတိ, သမညာ သာဓုမာနိတာ၊
ဓမ္မကထာပိ ထေရေန, ဒိန္နာ ကာရုညမာနသာ။

---

မဟာသမယ သုံးသုတ် တရားတော်

▬▬▬▬▬▬▬▬▬▬▬

မဟာသမယသုံးသုတ် တရားတော်ဟူသည် -

(၁) ကလဟဝိဝါဒသုတ် တရားတော်,
(၂) စူဠဗျူဟ သုတ်တရားတော်,
(၃) မဟာဗျူဟသုတ် တရားတော်တို့ဖြစ်လေသည်၊

ဆရာတော်ဘုရားကြီးသည် ပုရာဘေဒသုတ်, တုဝဋ္ဋကသုတ်, သမ္မာပရိဗ္ဗာဇနိယသုတ် တို့ကို ဟောပြီး ကျန်မဟာသမယသုတ်များဖြစ်သော (၁) ကလဟဝိဝါဒသုတ်, (၂) စူဠဗျူဟသုတ်, (၃) မဟာဗျူဟသုတ်တို့ကို ၁၃၃၉-ခုနှစ် ဝါခေါင်လပြည့်နေ့ ကစ၍ အခွင့်သင့်သော သီတင်းနေ့တိုင်း ရှစ်ပါးသီလပေးပြီးသောအခါ မိနစ် ၃၀-ခန့် ၄၀-ခန့် ရည်မှန်းပြီး ဖွင့်ပြဟောပြတော်မူခဲ့လေသည်၊

ဟောပြီး တရားများကို ဟောသည့်နေ့မှစ၍ လက်နှိပ်စက်ဖြင့် ရိုက်ပြီး စာမူအဖြစ် ပြုလုပ်ထားပါသည်၊ ၁၃၃၉-ခုနှစ် တပို့တွဲလပြည့်ကျော် ၈-ရက်နေ့တွင် ယင်း သုံးသုတ်တရားတော်များကို ဖွင့်ပြဟောကြား၍ ပြီးသည့်ပြင် တရားစာမူ အဖြစ် ဖြင့်လည်း လက်နှိပ်စက်ရိုက်၍ အပြီးသတ်ခဲ့လေသည်၊

ဆရာတော်ဘုရားကြီးက လက်နှိပ်စက်ရိုက် ပြင်ဆင်တည်းဖြတ်ပြီး စာမူကို ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်အား ပေးအပ်ရာ ယင်းအဖွဲ့က ၁၃၄၀-ပြည့်နှစ်တွင် မဟာသမယသုံးသုတ်တရားတော်ဟူသော အမည်ဖြင့် ပုံနှိပ်ထုတ်ဝေခဲ့ရာ ကရောင်း ၁၆-ချိုး ဆိုက်ဖြင့် ၂၄၀-မျက်နှာ ရှိလေသည်၊

ယင်းမဟာသမယသုံးသုတ် တရားတော်သည်လည်း ဆောင်ပုဒ် လင်္ကာကဗျာများ ဝေဝေဆာဆာဖြင့် ကြည့်ရှုလေ့လာဖွယ် ကောင်းလှပေသည်၊ ဆရာတော်ဘုရားကြီး သည် ဤမဟာသမယသုံးသုတ်တရားတော် ကျမ်းဦးတွင် ကိုယ်တိုင် နိဒါန်းရေးတော် မူခဲ့လေသည်၊ ဆရာတော်ဘုရားကြီးကား သဒ္ဓါ, ပညာ ထာဝစဉ်မကွာ မလွှတ်သည့် ပုဂ္ဂိုလ်မြတ်ဖြစ်တော်မူသည်။

မဟာသမယသုတ္တာနံ, တိဏ္ဏန္နမ္ပိ သုဓီတိမာ၊
သံဝဏ္ဏနမ္ပိ, သောကာသိ, မဟာစည်ယတိ သုဓိမာ။

---

စူဠဝေဒလ္လသုတ် တရားတော်

▬▬▬▬▬▬▬▬▬▬

မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်လာ စူဠဝေဒလ္လသုတ် တရားတော်ကို ၁၃၂၆ -ခုနှစ် ပထမဝါဆို လဆန်း ၈-ရက်နေ့ကစ၍ အခွင့်သင့်သော သီတင်းနေ့များတွင် ဟောတော်မူခဲ့ရာ ဝါခေါင်လကွယ်နေ့တွင် ၁၁-ကြိမ်မြောက်ဟော၍ လက်စ သတ်ခဲ့လေသည်၊

ဟောစဉ်အတိုင်း ရေးကူး၍ လက်နှိပ်စက်ရိုက်ရာ စာမျက်နှာ ၄၀ဝ-ကျော်ရှိသည်၊ သို့ရာတွင် စာအုပ်အဖြစ် ရိုက်ရန်စီစဉ်သောအခါ တိုက်ပရိုက်တာစာမူ ၁၀၇-ထိ ချုံး၍ တည်းဖြတ်တော်မူခဲ့လေသည်၊ ယင်းစာမူကို ၁၃၄၁-ခုနှစ်က ရန်ကုန်မြို့ စာပေပေါင်းကူး ပုံနှိပ်တိုက်တွင် ပုံနှိပ်၍ မဟာစည်သာသနာ့ရိပ်သာ ဆိပ်ခွန်ရွာ ရွှေဘိုက ထုတ်ဝေရာ ကရောင်း ၁၆-ချိုးဆိုက် စာမျက်နှာ ၂၇၂ ရှိလေသည်၊ ဖော်ပြပါ စူဠဝေဒလ္လသုတ်တရားတော်ကြီး၌ -

ကာမတဏှာ, ကောင်းနိုးရာ, သာယာနှစ်သက်မှု၊
ဘဝတဏှာ, သဿတာ, ထင်ကာနှစ်သက်မှု၊
ဝိဘဝမှာ, ဥစ္ဆေဒါ, ထင်ကာနှစ်သက်မှု၊
သက္ကာယဖြစ်ရန်, အကြောင်းမှန်, သုံးတန်တဏှာစု၊
တဏှာချုပ်က, သက္ကာယ, ဒုက္ခအငြိမ်းမှန်၊
မူလပုဗ္ဗ, အရိယ, သုံးဝမဂ္ဂင်မြတ်၊
ဖြစ်ပွားစေလျှင်, ဤမဂ္ဂင်, ပြေးဝင်နိဗ္ဗာန်ဓာတ်၊
ဖြစ်ပျက်သမျှ, သင်္ခါရ, ဒုက္ခသစ္စာတည်း၊
သင်္ခါရတွင်, အကောင်းထင်, ခင်မင်သမုတည်း၊
ရုပ်နာမ်အားလုံး, ဖြစ်ပျက်သုဉ်း, ချုပ်ဆုံးနိဗ္ဗာန်တည်း၊
ဆင်းရဲငြိမ်းရာ, ဆိုက်ရောက်တာ, သစ္စာမဂ္ဂင်တည်း၊
ကြံစည်စဉ်းစား, နှစ်သိမ့်ပွား, ကောင်းစားချမ်းသာတည်း၊
ရှုရာရာတွင်, စူးစိုက်ဝင်, ငါးအင်ပဈာန်မည်၊
နှစ်သိမ့်ချမ်းသာ, စူးစိုက်ကာ, သုံးဖြာဒုဈာန်မည်၊
ချမ်းသာမှုနှင့်, စူးစိုက်လင့်, သုံးဆင့်ဈာန်ခေါ်သည်၊
ဥပေက္ခာနှင့်, စူးစိုက်လင့်, လေးဆင့်ဈာန်ခေါ်သည်၊

စသည့် တရားအနှစ်ချုပ် ဆောင်ပုဒ်လင်္ကာများဖြင့်လည်း ပြည့်စုံကောင်းမွန်လှပေ၏။

စူဠဝေဒလ္လသုတ္တမ္ပိ, မဟာစည်ထေရပုင်္ဂဝေါ၊
ဝဏ္ဏယိတွာန ဒေသယီ, ဇနာနံ သုဟိတာဝဟံ။

---

ဓမ္မဒါယာဒသုတ်တရားတော်

▬▬▬▬▬▬▬▬▬▬

ဆရာတော်ဘုရားကြီးသည် ၁၃၃၂-ခုနှစ် ၂၁-ကြိမ်မြောက် ဩဝါဒခံယူပူဇော်ပွဲ ကြီးတွင် များလှစွာသော ရဟန်းရှင်လူ ပရိသတ်ကြီးအား မဇ္ဈိမနိကာယ် မူလ ပဏ္ဏာသပါဠိတော်လာ ဓမ္မဒါယာဒသုတ် တရားတော်ကြီးကို နိဒါနဝဂ္ဂပါပဘိက္ခု သုတ်နှင့် သုတ္တနိပါတ်အဋ္ဌကထာ ဒုတိယအုပ် စာမျက်နှာ ၄၂-လာ ကပိလဝတ္ထု သွင်းညှပ်၍ ဟောတော်မူခဲ့ရာ ထင်ရှားသည့် မြန်မာစကားပြေ တရားတော် စာပေကြီး ဖြစ်လာခဲ့လေသည်၊ နားလည်ရန် ခက်ခဲသော တရားတော်သည် ဆရာတော် ၏ ဖွင့်ဆိုမှုကြောင့် လွယ်ကူခဲ့လေသည်၊ ယင်း တရားအမွေခံ ဓမ္မဒါယာဒသုတ် တရားတော်၌ -

ဓမ္မဒါယာ, သုတ်မြတ်မှာ, မြတ်စွာဟောမိန့်သည်၊
ငါ့တပည့်တွေ, တရားမွေ, ခံစေချင်လှသည်၊
အာမိသအမွေ, ပစ္စည်းတွေ, ပယ်စေချင်လှသည်၊
တရားအမွေ, အစစ်ပေ, ကိုးထွေလောကုတ်ပါ၊
စစ်တုနှစ်ထွေ, တရားမွေ, ခံစေလိုလှသည်၊
အာမိသအမွေ, အစစ်ပေ, ၄-ထွေပစ္စည်းပါ၊
လူနတ်သုခ, ရည်သန်က, ဒါနသီလ, ဘာ၊
အာမိသအမွေ, အတုတွေ, မှတ်လေမွေညံ့သာ၊
ပစ္စည်းမွေမျှ, ခံယူက, ဒုက္ခမကင်းပါ၊
အိုနာမစဲ, သေမစဲ, ဆင်းရဲနေကြမှာ၊
အပါယ်မှာလဲ, မလွတ်ပဲ, ကျမြဲကျနေမှာ၊
သို့ဖြစ်မည်များ, ငါမြင်ထား, သနားနေပါသည်၊
ငါ့တပည့်တွေ, တရားမွေ, ခံစေချင်လှသည်၊
အာမိသအမွေ, ပစ္စည်းတွေ, ပယ်စေချင်လှသည်၊

ဟူသော ဓမ္မဒါယာဒသုတ် အနှစ်ချုပ် သံပေါက်လင်္ကာများ ပါရှိလေသည်၊

ဓမ္မဒါယာဒသုတ္တမ္ပိ, ဒေသနာသု သုကောဝိဒေါ၊
ဒေသယီ ထေရကုဉ္ဇရော, ပဏ္ဍိတသေခရော ဝိဒွါ။

---

ဗုဒ္ဓသာသနာ့အန္တရာယ် ကာကွယ်ရေးတရားတော်

▬▬▬▬▬▬▬▬▬

ဆရာတော်ဘုရားကြီးသည် ရန်ကုန်မြို့ ဘုရားကြီးတိုက် ခြောက်ထပ်ကြီး ဗုဒ္ဓ ရုပ်ပွားတော်ကြီးကို အကြောင်းပြုပြီး ကျင်းပပြုလုပ်သည့် ပဋ္ဌာန်းပူဇော်ပွဲတွင် ၁၀-ကြိမ်မက တရားတော် ဟောတော်မူခဲ့လေသည်၊ ၁၃၃၉-ခုနှစ် ၁၁-ကြိမ်မြောက်တွင် ဆရာတော်သည် ဗုဒ္ဓသာသနာ့အန္တရာယ် ကာကွယ်ရေးတရားတော်ကို ဟောတော် မူခဲ့လေသည်၊

ယင်းတရားတော်၌ တရားပလ္လင်ခံပြီး ဩဝါဒပါတိမောက် ဂါထာကို အစချီ၍ ဒါနပယ်ဝါဒများကို ချေဖျက်ရှင်းလင်း၍ ကံနှင့် ကံ၏အကျိုးသိပြီး လှူဒါန်းလျှင် တရားထူးရနိုင်ကြောင်း, ဥပါဒါနက္ခန္ဓာ ငါးပါး၏ အဖြစ်အပျက်ရှုပြီး ဘုရားရဟန္တာ စသည် ဖြစ်နိုင်ကြောင်း စသည်ဖော်ပြ၍ ဟောကြားတော်မူခဲ့လေသည်။

ယင်း ဗုဒ္ဓသာသနာ့အန္တရာယ်ကာကွယ်ရေးတရားတော်ကြီး၌ -

အကုသိုလ်များ, ရှောင်ရှားပယ်လေ၊
ကုသိုလ်တရား, ဖြစ်ပွားစုံစေ။
မိမိစိတ်ဓာတ်, ဆွတ်ဆွတ်ဖြူစေ၊
ဤသုံးပါး, ဘုရားဆုံးမပေ။

ပေါ်တိုင်းမပြတ်, ရှုမှတ်နေလျှင်၊
ရုပ်, နာမ်နှစ်မျိုး, ကြောင်းကျိုးသိမြင်။

မမြဲ, ဆင်းရဲ, ဉာဏ်ထဲပေါ်လွင်၊
အနတ္တ, သိရနိဗ္ဗာန်ဝင်။

အစရှိသော တရားဆောင်ပုဒ်များ ပါရှိလေသည်၊ ယင်းတရားတော်ကို တိပ်ခွေမှကူး၍ ၁၃၄၀-ခုနှစ်က စတင်ရိုက်နှိပ်ခဲ့ရာ သာသနာတွင် အလွန်ကျေးဇူးများသော ကျမ်းစာ ဖြစ်လေသည်၊ ရဟန်း, ရှင်, လူ ပုဂ္ဂိုလ်မရွေး ကြည့်ရှုထိုက်သည့် ကျမ်းစာကျော် ဖြစ်လေသည်၊ ကရောင်း ၁၆-ချိုး စာမျက်နှာ ၈၇-ရှိလေသည်။

ဗုဒ္ဓသာသနတာဏာယ, ဓမ္မဂန္ထော သုနိမ္မိတော၊
မဟာစည်ထေရပါဒေန, မြန်မာ့သာသနကေတုနာ။

---

ကမ္ဘာ့သာသနာပြုတရားတော်

▬▬▬▬▬▬▬▬▬▬▬

ဆရာတော်ဘုရားကြီးသည် အာရှတိုက်, အာဖရိကတိုက်, ဥရောပတိုက်နှင့် အမေရိက တိုက်များ၌ သာသနာပြုရန်ဟု ကြီးမားသော ရည်ရွယ်ချက်ဖြင့် -

(၁) အမြတ်ဆုံးတရားတော်,
(၂) ဗုဒ္ဓသာသနာတရားတော်,
(၃) သတိပဋ္ဌာန်တရားတော်,
(၄) ချမ်းသာရေးတရားတော်များ,
(၅) ဗုဒ္ဓဩဝါဒတရားတော်,
(၆) ဘုရားကိုယ်တိုင် ရှုနည်းတရားတော်,
(၇) သစ္စာလေးပါးတရားတော်

ကို ပါဝင်စေလျက် ကမ္ဘာ့သာသနာပြုတရားတော် ပထမပိုင်းနှင့် ဒုတိယပိုင်းကိုလည်း ပြုစီရင်တော်မူခဲ့လေသည်။

နိခိလလောကေသမ္ဗုဒ္ဓ-သာသနဿာဘိဝုဒ္ဓိယာ၊
သန္ဓာယ ဓမ္မဂန္ထမ္ပိ, ရစယီ ယတိကုဉ္ဇရော။

---

မဟာစည်ဝိနိစ္ဆယသင်္ဂဟ

▬▬▬▬▬▬▬▬▬▬

ဝက်လက် မစိုးရိမ်ဆရာတော် အရှင်တိဿမဟာထေရ်သည် မဟာစည်ဆရာတော် ဘုရားကြီး ဆုံးဖြတ်ခဲ့သော အဆုံးအဖြတ်များ, ဩဝါဒများ, စည်းမျဉ်းများ စသည် တို့ကို တပေါင်းတည်းပြု၍ မဟာစည် ဝိနိစ္ဆယသင်္ဂဟ အမည်ဖြင့် စုဆောင်း ရိုက်နှိပ်ခဲ့ရာ ဒီမိုင်းဆိုက်ဖြင့် စာမျက်နှာ ၂၉၀-ရှိလေသည်၊ ဆရာတော် အရှင်တိဿ သည် ချီးမွမ်းဖွယ်ကောင်းသည့် ပုဂ္ဂိုလ်မြတ်ဖြစ်တော်မူသည်။

ဝိနိစ္ဆယသင်္ဂဟောပိ, ပါတုဘူတော ဟိ သာသနေ၊
မဟာစည်ထေရတေဇေန, သမ္ဗုဏ္ဏော သာဓုမာနိတော။

၃၁-ကြိမ်မြောက် သင်းလုံးကျွတ်
အစည်းအဝေး ဩဝါဒမိန့်ခွန်းတော်

▬▬▬▬▬▬▬▬▬▬▬

ဤ “၃၁-ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေး ဩဝါဒ မိန့်ခွန်းတော်”ဟူသော နာမည် အပြည့်အစုံမှာ “ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ် ၃၁-ကြိမ်မြောက် သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးတွင် ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဩဝါဒမိန့်ခွန်းတော်” ဟူ၍ ဖြစ်လေသည်၊

ဖော်ပြပါ မိန့်ခွန်းတော်သည် ထူးခြားသော ဝိသေသလက္ခဏာကို ဆောင်နေပါသည်၊ ဆရာတော်ဘုရားကြီးသည် အပူရှိန်ပြင်းစွာ အဖျားရောဂါ စွဲကပ်ရာမှ သက်သာစ အင်အားနွမ်းနယ်လျက်ပင်ရှိစဉ် ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်၏ ၁၉၈၁-ခုနှစ် နှစ်ပတ်လည်အစည်းအဝေးသို့ ကိုယ်တိုင် ပင်ပန်းကြီးစွာ ကြွတော်မူပြီး ဤဩဝါဒ မိန့်ခွန်းတော်ကို မြွက်ကြားတော်မူခဲ့လေသည်၊ ယင်းဩဝါဒ မိန့်ခွန်းတော်သည် သာသနာ့ရိပ်သာသမိုင်း အစိတ်အဝက်ကို ပြောနေသည့်ပြင် ဥပါသကာ, ဥပါသိကာမများ လိုက်နာရန်လည်း များစွာပါရှိလေသည်၊ ၎င်းပြင် ယင်းဩဝါဒ မိန့်ခွန်းတော် ကျောဘက်မျက်နှာဖုံးတွင် -

ချမ်းသာအပေါင်း, ရကြောင်းမှန်စွာ၊
စည်းစိမ်ဘောဂ, မြစ်မတည်ရာ။
အောက်တန်းမကျ, ကယ်မသူမှာ၊
မြတ်ဒါန, စိတ်ချကိုးကွယ်ရာ။

ကောင်းမြတ်လှစွာ, လူ့ဥစ္စာ, ဘယ်အရာပေနည်း၊
ကောင်းမြတ်လှစွာ, လူ့ဥစ္စာ, သဒ္ဓါတရားတည်း၊
ဤလောကမှ, ပြောင်းသွားရ, ကင်းပစိုးရိမ်ဘယ်သို့နည်း၊
လုံ့လသစ္စာ, ပေးလှူတာ, ပညာဤလေးမည်၊
ပြည့်စုံပါလျှင်, သဒ္ဓါရှင်, နောင်တွင်စိုးရိမ်ကင်းဝေးသည်၊

ဟူသည့် ဒါန, သဒ္ဓါနှင့် ပြည့်စုံရမည့် တရားလေးပါး အချုပ်ပြ ဆောင်ပုဒ်များ ပါရှိလေသည်၊ ယင်းဩဝါဒကို သောင်းပေါင်းများစွာ အကြိမ်ကြိမ်ရိုက်နှိပ်ခဲ့ရာ စာရှုသူတို့ လွယ်ကူစွာသိရှိနိုင်ရန် အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် (၃၁) ကြိမ်မြောက် သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးတွင်
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြား တော်မူအပ်သော ဩဝါဒမိန့်ခွန်းတော်

အခု ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က ဘုန်းကြီးတို့ရောက်ပြီးမှ နှစ်စဉ် နှစ်တိုင်း နှစ်ပတ်လည် အစည်းအဝေးကြီး ကျင်းပနေတာပါပဲ၊ အဲဒီလို ကျင်းပတဲ့အခါတိုင်း ဘုန်းကြီးက ဒီမှာရှိနေတဲ့အခါဆိုယင် ဩဝါဒစကား ရှေးဦးစွာ ပြောရပါတယ်၊ တနှစ်ထက်တနှစ် ထူးပြီးတော့ ပြောဖို့ဟာလဲ မရှိပါဘူး၊ ဗုဒ္ဓသာသနာ နုဂ္ဂဟအဖွဲ့မှ ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တာကလေးတွေလောက်သာ ပြောရမှာဆိုတော့ နှစ်စဉ်နှစ်တိုင်းလဲ ဒီလိုပဲ ပြောစရာရှိတာလေးတွေဟာ တယ်ပြီးမထူးပါဘူး။

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ထဲမှာ ဝင်ရောက်ပြီးတော့ ဗုဒ္ဓသာသနာ၏ အကျိုးကို ဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ်တွေဟာ မိမိတို့တတ်နိုင်သမျှ ကူညီအားပေးဖို့, အထူးသတိပြုဖို့ရာပါပဲ၊ တချို့ တချို့မှာ ဒီလို ဘာသာရေး အဖွဲ့တွေ ရှိနေပေမယ်လို့ အဖွဲ့တော်ကို စည်းဝေးခြင်း, အဖွဲ့တွေအား အကြံဉာဏ်ပေးခြင်း စသော အလုပ်တွေကို ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းက မလုပ်ကြဘူး၊ ဒီလိုမလုပ်ကြပဲ ခပ်အေးအေး နေကြတယ်၊ လုပ်တဲ့ပုဂ္ဂိုလ်တွေက အနည်းငယ်ပဲရှိတယ်၊

ဒါပေမယ့် ဒီကဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီးမှာတော့ အဖွဲ့ဝင်ပုဂ္ဂိုလ်တွေမှာ အခြား အဖွဲ့ဝင်မျိုးလို အစစအရာရာ စားရေး သောက်ရေးမှစပြီးတော့ စီးပွားရေးအလုပ် အားကိုးစရာ ရှိတာမဟုတ်ဘူး၊ ဒါကြောင့် သာသနာရေး သက်သက်ကိုသာ ကိုယ်တတ်နိုင်သမျှ နေ့စဉ်လာရောက်ပြီးတော့ ဆောင်ရွက်နေကြတယ်။

အခုဒီမှာတော့ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဝင် ပုဂ္ဂိုလ်တွေဟာ အင်မတန် ကောင်းပါတယ်၊ အရေးကြီးတဲ့ ကိစ္စတွေ တတ်နိုင်သမျှ ဆောင်ရွက်ပြီးတော့ နေကြတယ်၊ ရှေးတုန်းကဆိုလို့ရှိယင် ဩဝါဒါစရိယ ကမ္မဋ္ဌာန်း ဆရာတွေ နေရေး ထိုင်ရေးအတွက် နေဖို့ရာ ထိုင်ဖို့ရာ ကျောင်းအဆောက်အအုံတွေဟာ သိပ်မပြည့်စုံဘူး၊ အမျိုးသမီးတွေ နေထိုင်ဖို့ကလဲပဲ သိပ်မပြည့်စုံဘူး၊ အခုနေ အခါတော့ အတော်တော့ ပြည့်စုံနေပါပြီ၊ မျက်စိနဲ့ ကြည့်လိုက်ယင်ကိုပဲ အဆောက်အအုံကြီးတွေ ကြည့်ရသောအားဖြင့် အားရစရာ ဝမ်းသာစရာ အင်မတန်ကောင်းပါတယ်။

ဒီကဝင်ဝင်ချင်း ဒီဖလ်ယဉ်ဓမ္မာရုံကြီးကို ပထမစပြီးတော့ တည်ထောင်တယ်၊ အဲဒီနောက် လွန်ခဲ့တဲ့ ၁၃၃၁-ခုနှစ်လောက်က ဘုန်းကြီးကိုယ်တိုင်နေရာ မဟာစည် ကျောင်းလဲ ပြီးတာ ကြာပါပြီ၊ နောက်ပြီးတော့ မော်ကွန်းရုံရဲ့ အရှေ့တောင်က ကမ္မဋ္ဌာန်း ဆရာတွေ နေဖို့ဆိုပြီးတော့ ကျောင်းအဆောက်အအုံတွေ (၃) ကျောင်း ဖြစ်ပေါ်လာခဲ့တယ်၊

ပထမတုန်းကတော့ အဲဒီ အဆောက်အအုံတွေ ဆောက်မယ့်ပုဂ္ဂိုလ်တွေဟာ မရှိသလောက်ပါပဲ၊ နောက်တော့ အဆောက်အအုံ ဆောက်မည့် ပုဂ္ဂိုလ်တွေ ပေါ်လာပါတယ်၊ အစတုန်းကဆိုယင် သိပ်ပြီး ထူးထူးခြားခြား ရှိမယ်မထင်ရဘူး၊ တော်ရုံသင့်ရုံပဲ အောက်မေ့တယ်၊ ဒါကြောင့် ပထမဆုံးဆောက်တဲ့ အလယ်ပိုင်း အဆောက်အအုံက နောက်ထပ်ဆောက်တဲ့ အဆောက်အအုံ ၂-ခုလောက် မကောင်းလှဘူး၊ အဲဒီအဆောက်အအုံတွေ တွေ့ရယင်ကိုပဲ အင်မတန် ဝမ်းသာစရာ ကောင်းပါတယ်၊ အမြင်အားဖြင့် ကြည်ညိုစရာ ဝမ်းသာစရာတွေပါပဲ။

အမျိုးသမီးတွေအတွက် ဆိုလို့ရှိယင်တော့ ဒီဘက်ပိုင်းကရော, တောင်ဘက် အရှေ့ဘက်ပိုင်းမှာရော အဆောက်အအုံတွေ အင်မတန် များတာပါပဲ၊ အခုနေထိုင် စရာတွေ အင်မတန်ကောင်းတာပဲ၊ နေစရာ ထိုင်စရာတွေအပြင် ရေတို့ မီးတို့ဆိုတာ ကလဲပဲ အရေးကြီးပါတယ်၊ ရေကလဲပဲ အခုနေကာလမှာ ရေကကန်ကြီးတွေနဲ့ ထည့်ထား လှောင်ထားပြီး အဲဒီကန်က ထုတ်ပြီးသုံးရတယ်၊

အခြားအခြား နေရာတွေမှာ ရေအသုံးလိုနေပေမယ်လို့ ဒီဗုဒ္ဓသာသနာနုဂ္ဂဟဌာန မှာတော့ ရေသုံးစရာ ပြည့်စုံပါတယ်၊ ဒီကိုလာပြီး တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေလဲပဲ တော်တော် သဘောကျကြပါတယ်၊ ရေတွေလဲပေါတယ်ဆိုပြီး ဒါလဲ အင်မတန် ကောင်းပါတယ်။

နောက်ပြီးတော့ အမျိုးသမီးတွေ နေဖို့ရာဆိုတာလဲ အရေးကြီးပါတယ်၊ အမျိုးသား လူဝတ်ကြောင် ယောဂီဆိုတာကတော့ အရပ်ရပ်မှာ သိပ်မများဘူး၊ ဒီဌာနမှာတော့ တော်တော်များတယ်၊ ဒါပေမယ်လို့ အမျိုးသမီး ယောဂီတွေကပဲ ပိုပြီးတော့ များတယ်၊ သူတို့ နေစရာ ထိုင်စရာများ ရှိဖို့လဲ လိုတယ်၊ အဲဒါလဲပဲ ဒီဌာနမှာ ပထမ အဆောက်အအုံ အဟောင်းတွေကလဲ ဆောက်ထားပြီး ရှိနေပါတယ်၊ အသစ်လဲပဲ ဆောက်ကြပါတယ်၊ အဟောင်းတွေကို သင့်တင့်လျောက်ပတ်အောင် ပြင်ဖို့ လိုတာ လေးတွေလဲ ပြင်ပြီး ပေးကြတယ်၊ အင်မတန် အဆင်ပြေပါတယ်၊ ဝမ်းသာစရာပါပဲ။

အဲဒီလို ဆောင်ရွက်ကြရတယ်ဆိုတာဟာလဲ သာမန်ပုဂ္ဂိုလ်တွေမှာ မဖြစ်နိုင်ပါဘူး၊ ဆောင်ရွက်ပုံ ဆောင်ရွက်နည်း စနစ်ကို နားမလည်မှု ဖြစ်နိုင်ပါတယ်၊ မြော်မြင် ကြည့်လို့ရှိယင်ဖြင့် “ဒီလိုလုပ်ရမယ်၊ ဒီလို လုပ်သင့်တယ်” ဆိုတာလေးတွေကို သဘောပေါက်မှ အဲဒါမှ ဆောင်ရွက်လို့ ပြီးတယ်၊ အချို့က စေတနာကောင်းနဲ့ ဆောင်ရွက်ချင်ပါတယ်၊ ဒါပေမယ်လို့ ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာ မသိယင် ဆောင်ရွက်လို့ မဖြစ်ဘူး၊ အခု ဒီမှာဆောင်ရွက်ကြတာဟာ အင်မတန် အဆင်ပြေပါတယ်

အဲဒါကြောင့် ဟိုတုန်းကတည်းက ဘုန်းကြီးက ဩဝါဒစကားတော့ ရိုးရိုးပဲ ပေးခဲ့တာပါပဲ၊ “ဥဋ္ဌာနသမ္ပဒါ, အာရက္ခ သမ္ပဒါ, ကလျာဏမိတ္တ, ဇီဝိတ” ဆိုတာ အဲဒီဟာတွေနဲ့ ပြည့်စုံယင် ကောင်းတယ်လို့ ရိုးရိုး မှတ်သိရတာပါပဲ၊ အဲဒီတုန်းက ဘုန်းကြီးက ဩဝါဒ စာရွက်ကလေးတခုနဲ့ ဟိုတုန်းက ရိုက်ထားတယ်၊ အဆင်ပြေသွားတယ်။

အခုနေအခါ ဘုန်းကြီးတို့က ထပ်ပြီးတော့ အကြံဉာဏ်ပေးချင်တာလဲ ရှိနေပါတယ်၊ ဒီကအဖွဲ့ဝင် ဒကာကြီးတွေရော, ဒိပြင်ပုဂ္ဂိုလ်တွေရော, စေတနာကောင်းနဲ့ ဆောင်ရွက်နေကြတာကိုရော, ဆောင်ရွက်လိုတဲ့ စေတနာကောင်း ရှိနေကြတာ ကိုရော သိနေပါတယ်၊ ခုနေအခါ လိုနေတာကတော့ အမျိုးသားယောဂီနဲ့ ရဟန်းတော်တွေအတွက် နေရာထိုင်ခင်း ပြည့်စုံသင့်သလောက် မပြည့်စုံသေးပဲ ဖြစ်နေတာပါပဲ။

ဘုန်းကြီးတို့ အမေရိကန် ရောက်နေစဉ် အတွင်းက ဘုန်းကြီးတို့ ရောက်ရာတိုက် တွေမှာ အဆင့်ဆင့် ရှိနေကြတာ တွေ့ရတယ်၊ ဆယ်ဆင့်ဆိုတာ အနည်းကလေးပဲ၊ ဆယ်ဆင့်ကျော်နေတာကပဲ များပါတယ်၊ မြန်မာပြည်မှာ မဟာစည် သာသနာ့ရိပ်သာ ထဲမှာလဲ နေရာထိုင်ခင်းကလဲ ယောဂီများသလောက် ကျယ်ကျယ်ပြန့်ပြန့် မရှိသေးဘူး

ဒါကြောင့် ဒီက အဆောက်အုံအကလေးတွေကိုလဲ အနည်းဆုံး ၂-ထပ်လောက် လုပ်ပေးယင်ဖြင့် တော်တော်နေလို့ ဟန်ကျမှာပဲလို့ ဟိုတုန်းကတည်းက ဘုန်းကြီးက ဒီမလာခင်ကတည်းက စိတ်ကူးရပါတယ်၊ အဲဒီလို စိတ်ကူးရပြီးတော့ ဒီလိုပဲ အမှတ်တမဲ့ နေခဲ့ပါတယ်၊ ဒီလို နေနေယင်းနဲ့ အခု အကြောင်းမညီညွတ်တော့ နေမကောင်းတာနဲ့ လာပြီးတော့ တွေ့ရပါတယ်၊ နေမကောင်းတော့ ခါတိုင်း ခါတိုင်း ဒီလောက် နေမကောင်းတာမျိုး တယ်မတွေ့ရဘူး၊ ယခု အတော်ပင်ပန်းနေတာပါပဲ။

အဖျားဆိုပေမယ်လို့ အပူရှိန်တွေက များနေတာကိုး၊ အအေးက မရှိပါဘူး၊ အဲဒီ ရောဂါတွေ့မှုနဲ့စပ်ပြီး အဆောက်အအုံ ကုသိုလ်ပြုချင်တဲ့ စိတ်ကူး ပေါ်လာပါတယ်၊ အဲဒီ စိတ်ကူးရဲ့ အထောက်အထားကလေးကစပြီး ပြောချင်ပါတယ်၊ ဘယ်လိုဟာလဲ ဆိုတော့ကာ ယခု ဘုန်းကြီးတို့နေတဲ့ ကျောင်းရဲ့ဘေးကပေါ့လေ တိုးချဲ့ပြီးတော့ အဆောက်အအုံ ဆောက်ဖို့ ဒါက စောစောကတည်းက ဘုန်းကြီးက ညွှန်ကြားခဲ့တာ ကြာပါပြီ

အဲဒါကဘုန်းကြီး၏ ရုပ်တုတော်ထားဖို့, အခြားယောဂီပရိသတ်တွေလဲ တရား အားထုတ်ဖို့ စသည်အတွက် မဟာစည်ကျောင်းတော်ကို တိုးချဲ့ဆောက်လုပ်ဖို့ပါပဲ၊ အဲဒီလိုပြောပြီးတော့ ညွှန်ကြားထားခဲ့ပါတယ်၊ ဘုန်းကြီးတို့ နိုင်ငံခြားသွားနေတုန်း ပြီးအောင်ဆိုပြီး ပြုလုပ်ခဲ့ကြတာပါပဲ၊ ဘုန်းကြီးတို့ ပြန်လာသည့် တိုင်အောင် ကောင်းကောင်းတော့ မပြီးသေးဘူး၊ ခုတော့ ပြီးသလောက် ရှိနေပါပြီ။

ဒါပေမယ့် ဒီအထဲကနေပြီးတော့ စင်္ကြံဆောက်ဖို့ ဆိုပြီးတော့ တခါဆောက်ကြ ပြန်ပါတယ်၊ အဲဒါတော့ ဘုန်းကြီးက တားမြစ်လို့လဲ မကောင်း, အားပေးဖို့ဟာလဲပဲ သိပ်ပြီးမလိုဘူး၊ ခုနေအခါကာလမှာ ယောဂီပုဂ္ဂိုလ်တွေ နေထိုင်ဖို့ရာက ပိုပြီး အရေးကြီးပါတယ်၊ စင်္ကြံအဆောက်အအုံ လုပ်နေယင်ဖြင့် အဲဒီ အတွင်းမှာတော့ အခြား အဆောက်အအုံတွေ ဆောက်ဖို့ဟာ အချိန်မရှိဘူး၊ ဒါကြောင့် ဒီဥစ္စာတော့ တယ်မလိုဘူးလို့ အောက်မေ့ပါတယ်၊

ဒါပေမယ့် သူ့စေတနာနဲ့သူတို့ စေတနာကောင်းတဲ့ ပုဂ္ဂိုလ်တွေကလဲ စင်္ကြံ ဆောက်လုပ်လှူချင်ကြတာကိုး၊ အဲ ပထမစပြီးတော့ ဦးစိန်ဖေက ဆောက်ချင်တယ် လို့ ပြောပါတယ်၊ အဲဒါကို မလိုလှပေမယ့်လဲ ကိုယ့်သဘောနဲ့ ကိုယ်ဆောက်ချင် ဆောက်ပါ့လေလို့ ပြောထားရပါတယ်။

ဘုန်းကြီးက အခုနေမကောင်း ထိုင်မသာဖြစ်လာတော့ တနေ့ တချိန်ကျလို့ရှိယင် ဒီလို နေမကောင်း ထိုင်မသာ ဖြစ်ပြီးတော့ သေချင်လဲ သေနိုင်တာပဲ၊ သေသွား လို့ရှိယင် ဘုန်းကြီးတို့ ပိုင်ဆိုင်ပြီးတော့နေတဲ့ ပစ္စည်းဥစ္စာတွေလဲပဲ ဘာမှ အသုံး မကျပဲနဲ့ အလဟဿ ဖြစ်ကုန်မယ်၊ ဒီတော့ ဘုန်းကြီးတို့ ပိုင်ဆိုင်ပြီးတော့နေတဲ့ ပစ္စည်းဥစ္စာ တွေလဲပဲ ဘာမှ အသုံးမကျပဲနဲ့ အလဟဿဖြစ်ကုန်မယ်၊ ဒီတော့ ဘုန်းကြီးက တတ်နိုင်သမျှ အဆောက်အအုံ ရအောင်လို့ အခြေခံ ရှေ့သွားအနေနဲ့ အလှူ ပါဝင်ထားယင် ကောင်းမယ်လို့ ဘုန်းကြီးက ဒီလို စဉ်းစားထားမိပါတယ်။

ဟိုက ၁-၂-၃-၄-၅ အဲဒီ တိုက်တန်းတွေကို ကျောင်းသုံးခုနဲ့ နှစ်ခုကို တဆောင်စီ ဆောက်လုပ်ချင်လုပ်၊ ဒါမှမဟုတ်ယင်လဲ တခုနဲ့ တခုခြားထား ဒီလိုပဲ ရမှာပါပဲ၊ အဲဒီလို ဆောက်ရာမှာ အဆင့်ကလဲပဲ မူလအတိုင်း မဟုတ်ပဲနဲ့ နှစ်ဆင့် နှစ်ထပ်စီ လုပ်ထားဖို့ပါပဲ၊ အဲဒါလဲ သိပ်တော့ ကြာမယ်မထင်ပါဘူး၊ လုပ်ရကိုင်ရတာလဲ လွယ်လိမ့်မယ်လို့ ထင်တာပါပဲ၊ လုပ်ရ ကိုင်ရတာလဲ လွယ်ပါလိမ့်မယ်။

ဒီမှာအထူးအရေးကြီးတာက တိပိဋကစာပြန်ပွဲကျလို့ရှိယင် တိပိဋကစာပြန်ပွဲဆိုင်ရာ တွေကို နေထိုင်ဖို့ရာ နေရာအခွင့်အရေးတွေ ပေးရပါတယ်၊ မပေးလို့လဲမဖြစ်ပါဘူး၊ ပထမတုန်းကဆိုယင် ဆွမ်းစားကျောင်းမှာ ကျွေးမွေးရေးအတွက် နေရာ ပေးရပါတယ်၊ အခုတော့ စာဖြေသံဃာ များလာလို့ ဒေါ်ကြွေဓမ္မာရုံကြီးကို ကျွေးမွေး ဆက်ကပ်ရေးအတွက် နေရာ ပေးရပါတယ်၊ စာဖြေသံဃာတော်တွေ နေဖို့ နေရာလဲ ပေးရပါသေးတယ်၊

ဒါကြောင့် ရဟန်းယောဂီတွေနဲ့ အမျိုးသား ယောဂီတွေ နေရေး ထိုင်ရေးကတော့ သိပ်အဆင်မပြေလှပါဘူး၊ ဘုန်းကြီးတို့ ကျောင်းက တိုးချဲ့အဆောင်တွေနဲ့ဆိုတော့ ရဟန်းယောဂီ, လူယောဂီတွေဟာ အဲဒီ ပြင်ဆင်ဆောက်လုပ်မယ့် ဌာနမှာ အားထုတ်မယ်ဆိုယင် သင့်သလောက်တော့ ဖြစ်နိုင်ပါတယ်။

ယခုလို ယောဂီတွေအလွန်များတဲ့ ဒီလို ရက်အတွင်းမှာတော့ နေရာခပ်ကျပ်ကျပ်ပါပဲ၊ နောက်ဓမ္မရုံ အသစ်ကြီး ဆောက်လုပ်ပြီးတဲ့အခါ ကျယင်တော့ ပိုပြီး ကောင်းပါလိမ့်မယ်၊ အဲဒါထက် ဒီက ရဟန်းသံဃာတွေနဲ့ အမျိုးသားယောဂီတွေ နေရာထိုင်ခင်းဖြစ်တဲ့ အဆောက်အအုံ ကလေးတွေကို ပြင်လိုက်လို့ရှိယင် တော်တော် ဟန်ကျ သွားမယ်၊ အဲဒါလို ဘုန်းကြီးက ဘုန်းကြီးမှာရှိသမျှ တတ်နိုင်သမျှ အခြေခံဥစ္စာတွေကို ဘုန်းကြီးက ခေါင်းဆောင်အဖြစ်နဲ့ ဝတ္ထုငွေ လှူမယ်လို့ ကြေငြာထားပြီးတော့ အခြားသောပုဂ္ဂိုလ်တွေလဲ တတ်နိုင်သမျှ အတူ လိုက်ပြီး လှူဖို့ရာ တိုက်တွန်းရမှာပဲ။

ဘုန်းကြီးကနေပြီးတော့ အဲဒီလို အဆောက်အအုံလုပ်ဖို့ရာ ညွှန်ကြားတိုက်တွန်း ပေးလို့ရှိယင် ဒိပြင် ပုဂ္ဂိုလ်တွေလဲပဲ အားပါးတရ ဝမ်းမြောက် ဝမ်းသာနဲ့ ဖြစ်ပေါ်လာ ကြမှာပါပဲ၊ ဒီအဆောက်အအုံတွေလဲ မကြာခင် ပြီးပါလိမ့်မယ်၊ တနှစ်အတွင်း မပြီးယင် နှစ်နှစ်အတွင်းတော့ ပြီးမှာပါ၊ နှစ်နှစ်တော့ ကြာမယ် မထင်ပါဘူး၊ မကြာခင်ပဲ ပြီးဖွယ်ရာရှိပါတယ်၊ နောက်ပြီးတော့ တတ်သိနားလည်တဲ့ အဖွဲ့ဝင်ပုဂ္ဂိုလ်များကို နည်းနည်းပါးပါး မေးကြည့်တော့ “သိပ်ကြာစရာ အကြောင်း မရှိပါဘူး” လို့ သိရတယ်၊ ဒီလိုဆို ကောင်းတာပေါ့လို့ ပြောရတယ်။

“ဘယ်လောက်ကုန်စရာရှိသတုံး၊ ကုန်စရာတွေလဲ ဘယ်နှစ်သိန်း ကုန်မှာလဲ” အဲဒါကိုလဲ မေးရတယ်၊ အဆောက်အအုံ နှစ်ခုတွဲလုပ်ယင် အခုနေ အနည်းဆုံး အခြေခံ နှစ်သိန်းလောက်တော့ ဘုန်းကြီးက လှူထားလိုက်မယ်၊ နောက်တော့ တတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေက လိုက်ပြီးတော့ လှူဖို့ပါပဲ၊ ၄-၅-၆-သိန်း လောက်ဆိုယင် ပြည့်စုံလောက်မှာပဲ၊ ၄-၅-၆ သိန်း ၇-သိန်းထက် များယင် ၈-သိန်းပေါ့လေ အဲဒီလို အစီအစဉ် ရှိပါတယ်။

အဲဒီအဆောက်အအုံတွေ ပြီးတယ်ဆိုတဲ့ အခါကျယင်တော့ ဒီမှာ အရေးအကြီးဆုံး ဖြစ်တဲ့ တရားဓမ္မာရုံကြီးကို ဆောက်လုပ်ဖို့ရာ ကောင်းပါတယ်၊ တရားဓမ္မာရုံကြီးကို ဆောက်နေရယင် အခုပြောတဲ့ အဆောက်အအုံမျိုး တွေကို ဆောက်ဖြစ်မှာ မဟုတ်ဘူး၊ ဘယ်တော့မှ ပြီးမှန်းလဲ မမှန်းနိုင်ဘူး၊ အဲဒီလို စဉ်းစားမိပါတယ်၊ ဒါကြောင့် ဘုန်းကြီးတို့ကလဲပဲ အဲဒီရဟန်း ယောဂီ, အမျိုးသားယောဂီတွေ ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာနှင့် နေဖို့ရာ နေရာထိုင်ခင်းအတွက် အဆောက်အအုံ ကလေး စပြီးပြင်ပေးဖို့ ညွှန်ကြားရပါတယ်။

အဲဒါတွေပြုပြင်ရာမှာ ကုန်ကျဖို့ဟာလဲပဲ ဘုန်းကြီးက တတ်နိုင်သလောက် အကူအညီပေးရမှာပဲ၊ ဘုန်းကြီး ဒီလိုမှ မလုပ်လဲပဲ တနေ့ကျတော့ သေသွားလို့ ရှိယင်ဖြင့် ယူတော့မသွားနိုင်ဘူး၊ မိမိပိုင်တဲ့ ပစ္စည်းတွေဟာ အကျိုးမဲ့ဖြစ်နေမှာပဲ၊ အခုလို ဆောက်ပြီးတော့ လှူတာဟာလဲပဲ သေတဲ့အခါ ယူသွားရအောင်တော့ မရည်ရွယ်ပါဘူး၊ လောလောဆယ်မှာ တရားအားထုတ်ချင်တဲ့ ပုဂ္ဂိုလ်တွေ ချမ်းချမ်း သာသာနေရအောင်, ပြီးတော့ ဘေးကပုဂ္ဂိုလ်တွေ အမြင်အားဖြင့်လဲ သာသနာ ရေးလဲ ကြည်ညိုဖွယ်ဖြစ်အောင် အဲဒါတွေ ရည်စူးပြီးတော့ ဘုန်းကြီးက စိတ်ကူး ရှိပါတယ်၊ အခုလို နေမကောင်းတဲ့အခါမှာ ဒီစိတ်ကူးက ဖြစ်လာတယ်၊ အဲဒါပါပဲ။

အဲဒီလိုပဲ စေတနာကောင်းနဲ့ ဒီမှာဆောင်ရွက်ကြတဲ့ ပုဂ္ဂိုလ်တွေက ဆောင်ရွက်သင့် ဆောင်ရွက် ထိုက်တာတွေကို အများသဘောတူ အသိအမှတ်ပြုပြီးတော့ ဆောင်ရွက်သွားကြဖို့ပါပဲ၊ အဲဒီလို အများသဘောတူ ပြုသင့်တဲ့ အမှုတွေကို ကြောင့်ကြစိုက်ပြီးတော့ ပြုနေကြတာဟာ အင်မတန် ကောင်းပါတယ်

သဒ္ဓါသမ္ပဒါသီလသမ္ပဒါစာဂသမ္ပဒါပညာသမ္ပဒါ”တဲ့၊ “သဒ္ဓါသမ္ပဒါ”ဆိုတာက သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊ ဒါက ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ဝင်ပုဂ္ဂိုလ်တွေဟာ သဒ္ဓါတရားကတော့ ပြည့်စုံနေပြီးပါပဲ၊ မပြည့်စုံတာ မရှိပါဘူး၊ သဒ္ဓါတရားရှိလို့ပဲ ဒီလို ကုသိုလ် အလုပ်တွေ လုပ်ကြတာပါ၊

သီလသမ္ပဒါ”ဆိုတာကတော့ ဗုဒ္ဓသာသနာဝင်တွေဆိုတာ သီလနဲ့ ပြည့်စုံနေ တာပါပဲ၊ ဒါပေမယ့် တခုတော့ရှိတယ်၊ ငါးပါးသီလက ပြည့်စုံနေပေမယ်လို့ ၈-ပါး သီလမျိုးကို မစောင့်ရှောက် မဆောက်တည်ပဲ နေတာရှိတတ်တယ်၊ မဆောက် တည်ပဲနေတော့ ဘေးက ပုဂ္ဂိုလ်တွေအမြင်အားဖြင့် အထင် အမြင် သေးတတ်တယ်

အဲဒီတော့ ဒီလို အထင်အမြင် မသေးရအောင် အခါခပ်သိမ်း မဟုတ်သော်လဲ ထူးခြားတဲ့ တရက်တလေတော့ (၈) ပါးသီလ ဆောက်တည်ယင် ကောင်းပါတယ်၊ သူများတွေ သီလသာမကဘူး သမာဓိ, ပညာ ကျင့်ရအောင် ဆိုပြီးတော့ တိုက်တွန်း နေတဲ့ ပုဂ္ဂိုလ်တွေဟာ ကိုယ်ကိုယ်တိုင်က သီလကို မစောင့်ရှောက်ပဲနေယင် တယ်မကောင်းဘူးပေါ့။

အကြောင်းကတော့ သူ့ဟာနဲ့သူ ရှိမှာပေါ့၊ “ကျန်းမာရေးအတွက် အစာမကြာ မကြာစားမှ ကျန်းမာရေး ပြည့်စုံမှာ” လို့ ခုကာလ ဆရာဝန်တွေက ဒီလိုဆိုတာ ရှိပါတယ်၊ ရှေးတုန်းကတော့ ဒီလိုဟာ မရှိပါဘူး၊ ဘုန်းကြီးတွေ ဆိုလို့ရှိယင် အဲဒီလို ဟာတွေ ရှောင်ကြဉ်ဖို့ ခက်တာပဲ၊ မလွယ်ဘူး၊ ဘုန်းကြီးဆိုလို့ရှိယင် ဘုန်းကြီး အဖြစ်နဲ့နေပြီးတော့ ညနေခင်း စားရမယ်ဆိုယင် ခက်တာပဲ၊ ဘုန်းကြီးအဖြစ်နဲ့ နေလို့ကို ဖြစ်တော့မှာ မဟုတ်ဘူး

အဲဒီတော့ တတ်နိုင်သမျှ ကျင့်သုံးဖို့ လိုပါလိမ့်မယ်၊ (သဒ္ဓါသမ္ပဒါ, သီလသမ္ပဒါ, စာဂသမ္ပဒါ) စာဂသမ္ပဒါဆိုတာကတော့ တတ်နိုင်သမျှ ပေးလှူတဲ့ ကုသိုလ်နဲ့ ပြည့်စုံဖို့ပါပဲ၊ အဲဒီမှာ ပညာသမ္ပဒါ ဆိုတာက အင်မတန် အကြောင်းညီညွတ်လို့ ဗုဒ္ဓသာသနာမှာ ရောက်ပြီးတော့ နေရတယ်၊ ဒီလို ရောက်နေရာမှာလဲပဲ အဲဒီလို အချိုးကျကျ ပညာအကျင့်ကို ကျင့်ဖို့ ပြုဖို့ရာပါပဲ၊ ဒီဌာနမှာ ဝိပဿနာပညာ တရားအထိ ရနေကြတယ်၊ အင်မတန် ဝမ်းသာစရာ ကောင်းပါတယ်။

အချို့ ပုဂ္ဂိုလ်တွေက ဗုဒ္ဓဘာသာတွေ ပေမယ်လို့ ဘုန်းကြီးတို့လို စနစ်တကျ ဟောနေတဲ့ တရားတွေကို ပြစ်တင်ပြီး ပြောဆိုတာ ရှိတယ်၊ ဘုန်းကြီးကတော့ သူတို့ကိုလဲ မကဲ့ရဲ့ပါဘူး၊ သူတို့အကုသိုလ်တွေ အလကား များနေတာပဲ၊ ဘယ့်နှယ်ကြောင့် တရားမှန်ကို ကဲ့ရဲ့နေတာလဲ၊ ကဲ့ရဲ့သူတို့မှာ အကျိုးယုတ်တာပဲ၊ အဲ သူတို့မှာ အကျိုးယုတ်တာ ကိစ္စမရှိဘူး၊ သူတို့ရဲ့ တပည့်တပန်း ပရိသတ်တွေ အဆက်ဆက်တွေရော ဒုက္ခတွေ ရောက်နေကြတာပဲ၊

မြန်မာပြည်မှာ တယ် မကြာခင်ကပဲ ဒီလို ဝါဒကလေးတွေ ပြန့်ပွားလာတယ်၊ “ကျောက်သင်္ဘော” ဝါဒ ဆရာဆိုတာလဲ ဒီလိုဟာပါပဲ၊ နောက်ပြီးတော့ ဟို “သမ္မာဒိဋ္ဌိသုတေသန” တီထွင်ခဲ့တဲ့ ဦးဥက္ကဋ္ဌ ဆိုတာကလဲ ဒီလိုဟာတွေ ဟောပြော ခဲ့တာပဲ၊ ဒီလိုမတော်မသင့်တာတွေကို မြောင်းမြမှ ဒကာတဦးက စာရေးပြီး ပို့ထားတယ်။

အဲဒီ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့က ကက်ဆက်နဲ့ တိပ်ခွေဖွင့်ပြီးတော့လဲပဲ ပို့ထားခဲ့ သတဲ့၊ အဲဒါတွေ နားထောင်ပြီးတော့ စာနဲ့ရေးပြီး သိပ်မတော်တဲ့ ဥစ္စာတွေကို သာသနာ့ညွှန်ကြားရေးအတွက် အုပ်ချုပ်ရေးက ဆောင်ရွက်သင့်တယ်ဆိုပြီး ဘုန်းကြီးဆီ သူက ပို့ထားတယ်၊ သာသနာ အုပ်ချုပ်ရေးကို ဘုန်းကြီးကတော့ မလုပ်နိုင်ပါဘူး၊ သင့်တော်တဲ့ ပုဂ္ဂိုလ်တွေ ဆောင်ရွက်နေယင် ပြီးတာပါပဲလို့သာ မျှော်လင့်ပါတယ်။

အဲဒီတော့ သဒ္ဓါသမ္ပဒါ, သီလသမ္ပဒါ, စာဂသမ္ပဒါ, ပညာသမ္ပဒါ ဒီသမ္ပဒါ ၄-ပါးနဲ့ ပြည့်စုံဖို့ပါပဲ၊ အဲဒီလို ပြည့်စုံခြင်းဖြင့် ပြည့်စုံထိုက်တာတွေကို ဒီနှစ် ဒီအသင်းအဖွဲ့ အတွင်း ဝင်ရောက်ပြီး ဆောင်ရွက်မယ့် ပုဂ္ဂိုလ်တွေဟာ ပြည့်စုံသည်ထက် ပြည့်စုံအောင် ကြိုးစားပြီး ဆောင်ရွက်ကြဖို့ပါပဲ၊ အခု ဆောင်ရွက်နေတာတွေကို ဘုန်းကြီး မြင်ရတာ တွေ့ရတာဟာ အင်မတန် ကြိုးကြိုးစားစား ဆောင်ရွက်နေ ကြတယ်လို့ပဲ သိရပါတယ်၊ အင်မတန် ဝမ်းသာစရာပါပဲ။

မိမိတို့အိမ်က နေ့စဉ်ပင် ကျောင်းလာပြီးတော့ တနေ့လုံး အလုပ်လုပ်နေကြတာဟာ တော်တော် တာဝန်လေးတာပါပဲ၊ သာမန်ပုဂ္ဂိုလ်ဆိုယင် နေ့စဉ်နေ့တိုင်း လာနေဖို့ မလွယ်ဘူး၊ နေ့စဉ် နေ့တိုင်းလာပြီး အခုလို ဆောင်ရွက်နေကြတာဟာ အင်မတန် အားရစရာ ဝမ်းသာစရာ ကောင်းပါတယ်

နောက်ထပ် အသစ်တိုးလာတဲ့ ပုဂ္ဂိုလ်တွေလဲ အဲဒီအတိုင်းပဲ ရွပ်ရွပ်ချွန်ချွန် ဆောင်ရွက်သွားကြဖို့ပါပဲ၊ အဲဒီလို ရွပ်ရွပ်ချွန်ချွန် ဆောင်ရွက်ခြင်းဖြင့် ဗုဒ္ဓသာသနာ တော်ဟာ တိုးတက်သည်ထက် တိုးတက်ကြပါစေ

ဘုရားသာသနာတော် တိုးတက်စသောအားဖြင့် မိမိတို့ အလိုရှိအပ်သော ကုသိုလ် ကောင်းမှု အရပ်ရပ် တိုးပွား၍ မိမိတို့ အလိုရှိအပ်သော အရိယ မဂ်ဉာဏ်, ဖိုလ်ဉာဏ်သို့ လျင်မြန်စွာ ဆိုက်ရောက်၍ နိဗ္ဗာန်သို့ ဆိုက်ရောက်ကြပါစေ။

သာဓု … သာဓု … သာဓု …။

၁၃၄၁-ခု၊ နှောင်းတန်ခူးလဆန်း (၁၂)ရက်၊
၁၉၈၀-ခု၊ မတ်လ (၂၇) ရက်။

ပသာဒနီယဩဝါဒ-ဒေသနံ ဒေသနာဝိဒူ
မဟာစည် ထေရသုဝိညူ, ကထယီ ဝိဒူ ပုင်္ဂဝေါ

သတ္တစတ္တာလီသတိမပိုင်း

နောက်ဆုံးဩဝါဒခံယူ ပူဇော်ပွဲ ဩဝါဒတရားတော်

ဤ”နောက်ဆုံး ဩဝါဒခံယူပူဇော်ပွဲ ဩဝါဒခံယူပူဇော်ပွဲ ဩဝါဒတရားတော်” ဟူသော အမည်သည် အပြည့်အစုံမှာ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် မဟာစည် သာသနာ့ရိပ်သာ ကျေးဇူးရှင်မဟာစည်ဆရာတော် ဘုရားကြီး ၏ ၃၂-ကြိမ်မြောက် ဩဝါဒခံယူပူဇော်ပွဲ၌ ၁၃၄၃ -ခုနှစ် နတ်တော်လပြည့်ကျော် ၁-ရက်နေ့ (၁၂-၁၂-၈၁) တွင် မဟာစည် ဩဝါဒခံ သံဃာတော်များအား ပေးသနားတော်မူသည့် ဩဝါဒ တရားတော် ဖြစ်လေသည်၊

ဆရာတော်ဘုရားကြီးမှာ ၁၃၄၄-ခုနှစ် ဒုတိယဝါဆိုလဆုတ် ၁၀-ရက်နေ့ မွန်းလွဲ ၁-နာရီ ၃၆-မိနစ်အချိန်တွင် စုတိကမ္မဇရုပ် ချုပ်တော်မူရာ ဤဩဝါဒတရားတော်သည် ဩဝါဒခံယူပူဇော်ပွဲအတွက် နောက်ဆုံး ဩဝါဒတော် ဖြစ်လေသည်။

ဆရာတော်ဘုရားကြီးသည် နောက်တဖန် ဤကဲ့သို့ ဩဝါဒပေးခွင့် မကြုံတော့မည် ကို သိတော်မူသကဲ့သို့ ဤဩဝါဒ ခံယူပူဇော်ပွဲတွင် နောက်ထပ်မြွက်ကြားစရာ မလိုလောက်အောင် သီလ, သမာဓိ, ပညာ, သိက္ခာနှင့် ပြည့်စုံဖို့, သတိပဋ္ဌာန် ပွားများဖို့, သိက္ခာပုဒ်တော်များကို လေးစားကြဖို့အပြင် အရုဏ်တက်ချိန် အဆုံးအဖြတ် စသည် တို့ကို ထည့်သွင်း၍ ပြည့်စုံစွာ မိန့်ကြားတော်မူခဲ့လေသည်။

အမြော်အမြင်ရှိသော မိဘသည် ကွယ်လွန်ခါနီးတွင် ကျန်ရစ်ခဲ့မည်ဖြစ်သော သားသမီးများအား မှာစရာရှိသမျှ ပြောစရာ ရှိသမျှတို့ကို မှာကြား ပြောကြားသည်နှင့် တူလေသည်။

တကယ်တော့ မဟာစည်ဆရာတော်ဘုရားကြီးသည် ဒီဃဒဿီ ဒူရဒဿီ, အရှည် မြော်မြင်, အဝေးလည်း မြော်မြင်သည့် ဆရာတော်ကြီး ဖြစ်တော်မူလေသည်။

သို့ဖြစ်ရာ ဆရာတော်ဘုရားကြီး၏ နောက်ဆုံး ဩဝါဒခံယူပူဇော်ပွဲ ဩဝါဒ တရားတော်များကို အောက်ဖော်ပြပါအတိုင်း လေးစားကြည်ဖြူ ဖတ်ရှုနာယူရာ၏။

မဟာစည်ဆရာတော်ဘုရားကြီး၏

နောက်ဆုံးဩဝါဒခံယူ ပူဇော်ပွဲ ဩဝါဒတရားတော်

နှစ်စဉ်နှစ်တိုင်း နှစ်ပတ်လည်ပူဇော်ပွဲမှာ ကြွလာတော်မူကြတဲ့ ဆရာတော် သံဃာတော်တို့အား မိမိတို့တတ်နိုင်သမျှ, သင့်လျော်သမျှ ညွှန်ကြားချက်ကလေး များကို ညွှန်ကြားရပါတယ်၊ တပည့်တော်တို့ ညွှန်ကြားထားတဲ့အတိုင်း သတိပဋ္ဌာန် တရားကို ကျကျနန အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေမှာတော့ ချွတ်ယွင်းစရာ မရှိပါဘူး၊ ပြည့်စုံနေမှာ ချည်းပါပဲ၊ မြတ်စွာဘုရား ဟောထားတာတွေကိုလဲ အားလုံး သိနေကြမှာချည်းပါပဲ။

သံဃာတော်၏ သုပ္ပဋိပန္နဂုဏ်ကိုတော့ အထူးသတိပြုဖို့ ထပ်မံပြီး ညွှန်ကြားချင် ပါတယ်၊ အဲဒီဂုဏ်ကို မြတ်စွာဘုရားက

သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော” လို့ ဟောထားပါတယ်၊

ဘဂဝတော - မြတ်စွာဘုရား၏၊
သာဝကသံဃော - တပည့်အပေါင်း သံဃာတော်သည်၊
သုပ္ပဋိပန္နော - ကောင်းစွာကျင့်သုံးတော်မူပါတယ်၊

ကောင်းမြတ်သည့် အကျင့်ရှိတော်မူပါတယ်တဲ့၊ အဲဒါကို ဗုဒ္ဓသာသနာဝင် ရဟန်းတော်တိုင်း သိနားလည်ပြီး ဖြစ်သင့်ကြတာချည်းပါပဲ၊ သုပ္ပဋိပန္န -ဂုဏ်ပုဒ်ထဲမှာ

သု-က ကောင်းစွာတဲ့၊
ပဋိပန္န-က ကျင့်တာတဲ့၊
ဒါကြောင့် သုပ္ပဋိပန္နော - က ကောင်းစွာ ကျင့်တယ်၊
ကောင်းကောင်းကျင့်တယ်လို့ ဆိုပါတယ်။

နောက်ပြီးတော့ ဥဇုပ္ပဋိပန္နော စသည်တို့ကလဲ အလားတူပါပဲ၊ အမည်မျှသာကွဲတာပါ၊ ကျင့်ပုံကျင့်နည်းကတော့ ကောင်းကောင်းကျင့်တာချည်းပါပဲ၊

ဥဇုပ္ပဋိပန္နော - က ဖြောင့်မတ်စွာကျင့်တာတဲ့၊
ဉာယ ပ္ပဋိပန္နော - က သင့်လျော်စွာကျင့်တာတဲ့၊
သာမိစိပ္ပဋိပန္နော - က သင့်တင့် ထိုက်တန်အောင် ကျင့်တာတဲ့။

အဲဒီလေးပုဒ်ထဲမှာ သုပ္ပဋိပန္နော - က မြတ်စွာဘုရား ညွှန်ကြားထားတဲ့ သီလ, သမာဓိ, ပညာ အကျင့်တွေကို အပြည့်အစုံ ရိုရိုသေသေ ကျင့်ဖို့ပါပဲ၊ သီလအကျင့်ကို ကောင်းကောင်းကျင့်နေလို့ ရှိယင် ကိုယ်အမှု, နှုတ်အမှု ချွတ်ယွင်းစေတဲ့ လောဘ, ဒေါသ, မောဟစသော ကိလေသာတွေ အကုန်လုံးကင်းငြိမ်း ပြီးတော့ သန့်ရှင်း စင်ကြယ်နေတာပါပဲ၊

မဂ်ဖိုလ်နိဗ္ဗာန် မရောက်သေးနဲ့အုံးတော့ လူ့ဘဝ, နတ်ဘဝ ကောင်းမြတ်တဲ့ ဘဝတွေရောက်ပြီး ကောင်းစားချမ်းသာသွားဖို့ပါပဲ၊ မြတ်စွာဘုရား၏ အဆုံးအမ ဩဝါဒကို ရိုရိုသေသေ လေးလေးစားစား လိုက်နာနေတဲ့ ပုဂ္ဂိုလ်ဟာ သီလကို ရိုရိုသေသေ ကျင့်ရတယ်၊ ဒါက အရေးကြီးတယ်။

ဒါပေမယ့် ယခုနေ ခေတ်ကာလမှာ သီလအကျင့်မပြည့်စုံတဲ့ သူတွေကလဲ တော်တော်များများ ရှိနေတတ်ပါတယ်၊ ဒါပေမယ့် သီလအကျင့် မပြည့်စုံသူတွေကို ဖော်ပြပြောရန်တော့ မသင့်ပါဘူး၊ ပြောလို့ရှိယင် အပြောခံရတဲ့ ပုဂ္ဂိုလ်တွေက စိတ် မချမ်းသာဖြစ်ပြီး ဆန့်ကျင်ဘက်လဲ ပြုလုပ်တတ်ကြပါတယ်။

အရေးကြီးတာကတော့ သီလပြည့်စုံရုံနဲ့လဲ မပြီးသေးဘူး၊ ဘုရားအလိုတော်ကျ သမာဓိလဲပြည့်စုံ ရမယ်တဲ့၊ သမာဓိ ပြည့်စုံယင်တော့ ဈာန်ရနိုင်ပါတယ်၊ ဈာန်ရယင်တော့ နောက်ဘဝမှာ ဗြဟ္မာလောက ရောက်လျက် ပိုပြီး ချမ်းသာ နိုင်ပါတယ်၊ ဒါပေမယ့် အဲဒါလောက်နဲ့လဲ မပြီးသေးဘူး၊ ပညာနဲ့ပြည့်စုံဖို့လဲ လိုပါသေးတယ်၊ ပညာအကျင့်ကို ပြည့်စုံသင့်သမျှ ပြည့်စုံအောင်ကျင့်ဖို့က သာပြီး လိုပါတယ်၊

ပညာအကျင့်ကို ပြည့်စုံအောင် ကျင့်နိုင်ယင်တော့ ယခု မျက်မှောက်ဘဝမှာ မဂ်, ဖိုလ်, နိဗ္ဗာန်ရောက်ပြီး အကောင်းဆုံးပေါ့လေ၊ ယခုဘဝမှာ မဂ်, ဖိုလ်, နိဗ္ဗာန် မရောက်တောင်မှ ပညာအကျင့် ပြည့်စုံသင့်သမျှ ပြည့်စုံနေယင်တော့ နောက်နောက် ဘဝတွေ ရောက်တဲ့အခါမှာ အဲဒီပညာအကျင့်ကိုမှီပြီး မဂ်, ဖိုလ်, နိဗ္ဗာန်တရားတွေကို ရသွားနိုင်ပါတယ်၊ ဒီလို ပြည့်ဝဖို့ဟာ အင်မတန် အရေးကြီးပါတယ်

ယခု ဘုန်းကြီးတို့က ညွှန်ကြားတဲ့အတိုင်း လိုက်နာပြီးတော့ ကမ္မဋ္ဌာန်းတရားကို ဟောပြောနေကြတဲ့ ရဟန်းတော် အရှင်မြတ်တွေဟာ ဒီအတိုင်း ဟောပြောနေကြ တာပါပဲ၊ သီလလဲ ပြည့်စုံအောင် ကျင့်ဖို့ သမာဓိလဲ ပြည့်စုံသင့်သမျှ ပြည့်စုံအောင် ကျင့်ဖို့ ဟောပြောနေကြတာပါပဲ၊ ဒါပေမယ့် အဲဒီ သီလနှင့် သမာဓိ ပြည့်စုံရုံမျှသာ ဟောနေကြတာတော့ မဟုတ်ပါဘူး၊ ဝိပဿနာပညာလဲ ပြည့်စုံသင့်သမျှ ပြည့်စုံအောင် ဟောပြောနေကြတာပါပဲ။

ဘုန်းကြီးတို့နှင့် မစပ်ဆိုင်တဲ့ အချို့ ဆရာများကတော့ သူတို့နည်းနဲ့ သူတို့ သဘောကျပြီး ဟောပြောနေကြတာလဲ ရှိပါတယ်၊ သူတို့ကတော့ ဘုန်းကြီးတို့ ဟောချက်နဲ့ ဆန့်ကျင်ပြီး အပြစ်တင်ပြီး ဟောနေတာလဲ ရှိကြပါတယ်၊ ဘုန်းကြီးတို့ ကတော့ သူတို့အပြစ်တင်တာကို ဂရုမစိုက်ပါဘူး၊ သူတို့ပြောနေပုံကို ဘုန်းကြီးတို့က သဘောမကျပေမယ့် ဘုန်းကြီးတို့ကတော့ သူတို့ကို အပြစ်မပြောပါဘူး၊ လျစ်လျူရှုထားပါတယ်၊

အရေးကြီးတာကတော့ မြတ်စွာဘုရား၏ သာသနာတော်တွင်းမှာ သီလသမာဓိ အကျင့်များကို ကျင့်ပြီးတော့ ဝိပဿနာပညာအကျင့်ကို ပြည့်စုံသင့်သမျှ ပြည့်စုံအောင် ကျင့်ဖို့ရာက သာပြီးလိုပါတယ်။

ဒါကြောင့် ဘုန်းကြီးတို့က ဘုရားအလိုတော်နှင့်အညီ သုပ္ပဋိပန္နဂုဏ်ပြည့်စုံအောင်, သီလ သမာဓိ ပညာ သုံးပါးလုံးနှင့် ပြည့်စုံအောင် ကျင့်ဖို့ ဟောပြောနေပါတယ်၊ ဝိသုဒ္ဓိမဂ်မှာ -

သုပ္ပဋိပန္နောပုဒ်ကို “သုဋ္ဌုပဋိပန္နော - ကောင်းစွာကျင့်သည်” လို့ ဖွင့်ပြီးတော့

သမ္မာပဋိပဒံ - မှန်ကန်သောအကျင့်ကို၊
အနိဝတ္တိ ပဋိပဒံ - မဆုတ်မနစ်သော အကျင့်ကို၊
အနုလောမ ပဋိပဒံ - လျော်သောအကျင့်ကို၊
ဓမ္မာနုဓမ္မပဋိပဒံ -လောကုတ္တရာတရားအား လျော်သောအကျင့်ကို၊
ပဋိပန္နောတိ ဝုတ္တံ ဟောတိ - ကျင့်ပေ၏ ဟူ၍ ဆိုလိုပါသည်”

လို့ အကျယ် ဖွင့်ပြထားပါတယ်၊ အဲဒီ ဖွင့်ပြချက်ဖြင့် သီလအကျင့်, သမာဓိအကျင့်, ပညာအကျင့်များကိုလဲ “အကျင့်မှန်လို့” မဆုတ်မနစ်သော အကျင့်လို့, သင့်လျော်တဲ့ အကျင့်လို့, မဆန့်ကျင်တဲ့အကျင့်ကို ကျင့်မှု ဖြစ်ကြောင်း ဖော်ပြတာပါပဲ၊

မဂ်, ဖိုလ်, နိဗ္ဗာန် ရောက်ဖို့ရန်ဟာ သီလလဲ စင်ကြယ်ဖို့ လိုပါတယ်၊ သမာဓိလဲ ပြည့်စုံသင့်သမျှ ပြည့်စုံဖို့ လိုပါတယ်၊ ဝိပဿနာ ပညာကတော့ နာမ်ရုပ်ကိုခွဲခြားပြီး ကိုယ်တိုင်သိတဲ့ နာမရူပပရိစ္ဆေဒဉာဏ်, အကြောင်းအကျိုးကို ကိုယ်တိုင်သိတဲ့ ပစ္စယပရိဂ္ဂဟဉာဏ်, မမြဲဘူး, ဆင်းရဲပဲ, ငါကောင် သူကောင် အတ္တမဟုတ်ဘူး, ခဏမစဲ ဖြစ်ပျက်နေတဲ့ သဘောတရားမျှပဲလို့ ကိုယ်တိုင်သိတဲ့ဉာဏ်, ခဏမစဲ ဖြစ်ပျက်နေတာကို ကိုယ်တိုင်တွေ့ပြီး သိတဲ့ ဥဒယဗ္ဗယဉာဏ်, ခဏမစဲ ပျက်ပျက် သွားတာကို ကိုယ်တိုင်တွေ့ပြီး သိတဲ့ ဘင်္ဂဉာဏ်စသည်ပါပဲ၊

မဂ်ဉာဏ်ရောက်ဖို့ အနီးဆုံး ဝိပဿနာကတော့ သင်္ခါရုပေက္ခာဉာဏ်ပါပဲ၊ အဲဒီ သင်္ခါရုပေက္ခာဉာဏ်က ရင့်သန်ပြည့်စုံယင် အနုလောမဉာဏ်ဖြစ်ပြီး အရိယမဂ်ဉာဏ် ချက်ချင်း ဖြစ်တော့တာပါပဲ၊ အဲဒီလို ဖြစ်ပုံကိုတော့ ဝိသုဒ္ဓိမဂ် ဒုတိယ စာအုပ် စာမျက်နှာ နံပါတ် ၃၀၈-စသည်မှာ အထင်အရှား ဖော်ပြထားပါတယ်၊

အင်္ဂုတ္တရပါဠိတိကနိပါတ် စာမျက်နှာ နံပါတ် (၂၁၈) စသည်မှာလဲ အရှင်အာနန္ဒာ မထေရ်က သုပ္ပဋိပန္နဉာဏ်အကြောင်း ထင်ရှား ဟောပြထားပုံကို ထင်ရှားစွာ တွေ့ရပါတယ်။

အဲဒီ ထင်ရှားပြထားပုံ အကျဉ်းချုပ်ကတော့ ဒါယကာတယောက်က အရှင်အာနန္ဒာကို သွာက္ခာတ, သုပ္ပဋိပန္န, သုကတ ဖြစ်သူများအကြောင်း မေးလျှောက်တဲ့အခါမှာ -

ရာဂ , ဒေါသ, မောဟကို ပယ်ရန်ဟောတဲ့ တရားကို သွာက္ခာတ - ကောင်းစွာ ဟောတဲ့ တရားမည်ကြောင်း၊
ရာဂ, ဒေါသ, မောဟကို ပယ်ရန်ကျင့်တဲ့ ပုဂ္ဂိုလ်များကို သုပ္ပဋိပန္န - ကောင်းစွာ ကျင့်သူများ မည်ကြောင်း၊
ရာဂ, ဒေါသ, မောဟတို့ကို ပယ်ပြီးဖြစ်တဲ့ ပုဂ္ဂိုလ်များက သုကတ - ကောင်းစွာ ပြုပြီးကျင့်ပြီး ဖြစ်ကြသူများ မည်ကြောင်း

ကို အရှင်အာနန္ဒာ မထေရ်က မေးမြန်းစိစစ်ပြီး ဟောပြထားပါတယ်။

အဲဒီ ဒေသနာမှာ ပြထားတဲ့အတိုင်း ရာဂစသော ကိလေသာတို့ကို ပယ်နိုင်အောင် ကျင့်တာဟာ သုပ္ပဋိပန္နအကျင့်ပါပဲ၊ သီလကျင့်တာလဲ သုပ္ပဋိပန္နပဲ၊ သမာဓိ ဘာဝနာ, ပညာ ဘာဝနာ ကျင့်တာလဲ သုပ္ပဋိပန္နပါပဲ၊ ဒါပေမယ့် သီလအကျင့်, သမာဓိ အကျင့်မျှလောက်နဲ့တော့ ရာဂစသော ကိလေသာတို့ကို လုံးဝကင်းအောင် မပယ်နိုင်သေးဘူး၊

ဝိပဿနာအကျင့်ကို အပြည့်အစုံ ကျင့်မှသာ ရာဂစသော ကိလေသာတွေကို အကြွင်းမဲ့ ပယ်နိုင်တာပဲ၊ သီလနှင့် သမာဓိ အရင်းခံပြီး သင်္ခါရုပေက္ခာဉာဏ် ရင့်သန် ပြည့်စုံအောင် ရှုမှတ် အားထုတ်ပါမှ ဝိပဿနာဉာဏ် အဆုံးဖြစ်တဲ့ အနုလောမ ဉာဏ်နှင့် အရိယမဂ်ဉာဏ်သို့ ရောက်ပြီး ကိလေသာကို ကောင်းကောင်း ပယ်နိုင်တာပဲ၊ အဲဒီလို အရိယမဂ်ဉာဏ် ရောက်အောင်ကျင့်ပါမှ သုပ္ပဋိပန္န မည်ပါတယ်။

ဝိပဿနာဉာဏ်ရင့်လို့ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်ပြည့်စုံသွားယင် သောတာပတ္တိ မဂ်ဖိုလ် ရောက်ပြီးတော့ သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသ, အပါယ်သို့ ကျရောက်စေတတ်သော ကာမရာဂနှင့် ပဋိဃဆိုတဲ့ သံယောဇဉ် ၅-ပါးဟာ လုံးဝ ကင်းရှင်းသွားပါတယ်၊ သောတာပန်က ဝိပဿနာဆက်ရှုယင် သကဒါဂါမိ မဂ်ဖိုလ်ရောက်ပြီးတော့ (အပါယ်သို့မရောက်စေနိုင်သော်လဲ) ရုန့်ရင်းသည့် ကာမရာဂနှင့် ပဋိဃတို့လဲ ထပ်မံ ကင်းရှင်းသွားပြန်ပါတယ်၊

သကဒါဂါမ်က ဝိပဿနာ ဆက်ရှုလို့ရှိယင် ဝိပဿနာဉာဏ် ရင့်သန်ပြည့်စုံ သွားပြန်ယင်လဲ အနာဂါမိ မဂ်ဖိုလ်ရောက်ပြီးတော့ သိမ်မွေ့သည့် ကာမရာဂနှင့် ပဋိဃတို့လဲ ထပ်မံကင်းရှင်းသွားပြန်တယ်၊ ယခု ဖော်ပြခဲ့တဲ့အတိုင်း ကင်းရှင်းသွားတဲ့ သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသ, ကာမရာဂ, ပဋိဃ-ဆိုတဲ့ သံယောဇဉ်တွေကို အောက်ကာမဘုံ၌ ဖြစ်စေတတ်သော အဓောဘာဂိယ သံယောဇဉ်လို့ ခေါ်ပါတယ်၊

အနာဂါမ် ပုဂ္ဂိုလ်ကဆက်ပြီး ဝိပဿနာရှုလို့ ဝိပဿနာဉာဏ် ထပ်ပြီး တိုးတက် ပြည့်စုံတဲ့အခါမှာ အရဟတ္တဖိုလ်ကိုရောက်ပြီး ရဟန္တာဖြစ်သွားတယ်၊ အထက်ရူပဘုံ သို့ ရောက်စေတတ်သော ဥဒ္ဓံဘာဂိယ ခေါ်တဲ့ ရူပရာဂ, အရူပရာဂ, မာန, ဥဒ္ဓစ္စ, အဝိဇ္ဇာ ဆိုတဲ့ သံယောဇဉ် ၅-ပါးကိုလဲ ပယ်ပြီး ဖြစ်ကာ ကိလေသာအားလုံး ကင်းပြီး သန့်ရှင်းစင်ကြယ်သွားပါတယ်

ဒါကြောင့် ကိလေသာဟူသမျှ ကင်းသင့်သလောက် ကင်းရှင်းစင်ကြယ်သွားအောင် ဝိပဿနာကို စွမ်းနိုင်သမျှ အားထုတ်လျက် သုပ္ပဋိပန္နအကျင့်ကို ရိုရိုသေသေ ကျင့်သွားကြဖို့ပါပဲ၊ ယခု ပြောခဲ့တဲ့အတိုင်း ကိလေသာဟူသမျှကို ပယ်နိုင်အောင် ကိလေသာကင်းအောင် သီလကိုလဲ ကျင့်သင့်သမျှ ကျင့်ရမယ်၊ သမာဓိအကျင့် ပညာအကျင့်ကိုလဲ စွမ်းနိုင်သမျှ ပြည့်စုံအောင် ကျင့်ရမယ်ဆိုတာ ထင်ရှားနေပါပြီ။

ဒါကြောင့် ဘုရားတပည့်တော်က သံဃာတွေကျင့်ရတဲ့ အကျင့်နဲ့ စပ်ပြီးတော့ သီလအကျင့်မှစပြီး ပညာအကျင့်တိုင်အောင် ကျင့်ဖို့ရာ မကြာခဏ ဟောပြောလာ ခဲ့ပါတယ်၊ တတ်နိုင်လို့ရှိယင်တော့ သမာဓိဘာဝနာ အကျင့်ကိုလဲ ကျင့်သင့်တာပါပဲ၊ သမာဓိ ကမ္မဋ္ဌာန်းတွေထဲက ကသိုဏ်း ၁၀-ပါးကိုရှုယင်, အာနာပါနကို ရှုယင် ရူပဈာန် ၅-ပါးလုံးကို ရနိုင်ပါတယ်၊

အသုဘ ၁၀ -ပါးနဲ့ ကာယဂတာသတိကို ရှုယင် ပထမဈာန်ကို ရနိုင်ပါတယ်၊ မေတ္တာ, ကရုဏာ မုဒိတာ ဘာဝနာတွေကို ဖြစ်စေလျှင် စတုတ္ထဈာန်အထိ ရနိုင်ပါတယ်၊ ဥပေက္ခာ ဘာဝနာကိုတော့ (မေတ္တာစသည်ဖြင့် ဈာန် ၄ -ပါးကိုရပြီးမှ) ရှုခြင်းဖြင့် ပဉ္စမဈာန်ကို ရနိုင်ကြောင်းလဲ ကျမ်းဂန်များမှာ ပြထားပါတယ်၊ အရူပကမ္မဋ္ဌာန်း ၄-ပါး ကိုတော့ ရူပဈာန်တွေ အပြည့်အစုံ ရပြီးမှ ဖြစ်ပွားစေခြင်းဖြင့် အရူပဈာန် ၄-ပါးကို ရကြောင်းလဲ ပြထားပါတယ်။

အဲဒီ သမထ ကမ္မဋ္ဌာန်းတွေထဲမှာ အနုဿတိ ကမ္မဋ္ဌာန်းအချို့နဲ့ မေတ္တာ ဘာဝနာကို ပွားစေရန် မကြာမကြာ ဘုရားတပည့်တော်က ဟောပြ တိုက်တွန်းနေပါတယ်၊ ဗုဒ္ဓါနုဿတိ စသည်ကို ကျင့်ဖို့ကတော့ လွယ်ပါတယ်၊ ဘုရားဂုဏ်, တရားဂုဏ်, သံဃာ့ဂုဏ်ကို ရိုရိုသေသေ အာရုံပြုနေတဲ့အခါ, အာရုံပြုပြီး ရှိခိုးနေတဲ့ အခါမှာ သမာဓိ ဘာဝနာ ဖြစ်တန်သမျှတော့ ဖြစ်နိုင်ပါတယ်၊

လူတယောက်ကိုဖြစ်စေ, နှစ်ယောက်သုံးယောက် စသည် အများကို ဖြစ်စေ ချမ်းသာစေလိုတဲ့ စေတနာဖြင့် “ချမ်းသာပါစေ၊ ချမ်းသာကြပါစေ”လို့ နှလုံး သွင်းနေယင် မေတ္တာဘာဝနာ သမာဓိ ဖြစ်သင့်သမျှ ဖြစ်နေတာပါပဲ၊ အဲဒီလို မေတ္တာဘာဝနာကို ဖြစ်ပွားစေတဲ့ လူဟာ ချမ်းသာပါစေလို့ အာရုံပြုထားတဲ့ သူတွေအား စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင် မပြောသင့်ပါဘူး၊

အဲဒီလို မတော်သင့်ပြောတာ ပြုတာကိုလဲ ကြဉ်ရှောင်နေမှ ဘာဝနာကုသိုလ် ကောင်းကောင်းဖြစ်နိုင်ပါတယ်၊ တချို့ ပုဂ္ဂိုလ်တွေကတော့ သူတို့က မလိုလားကြ သူတွေကို အပြစ်ပြောခြင်း, အနှောင့်အယှက် ပြုခြင်းများကို ဖြစ်ပွားစေကြတယ်။

အဲဒါဟာ ဘုရားအလိုတော်နဲ့အညီ မေတ္တာဘာဝနာကုသိုလ်ကို မဖြစ်စေပဲ မတော် မသင့်ပြုနေရာ ရောက်တာပါပဲ၊ တချို့က မြတ်စွာဘုရား အလိုတော်နှင့်အညီ ဝိပဿနာရှုနေကြတာကိုတောင် အပြစ်လဲ ပြောနေကြတယ်၊ တရားအားမထုတ် နိုင်အောင် အနှောင့်အယှက်လဲ ပေးနေကြတယ်၊ ပမ္မဋ္ဌာန်းဌာနပျက်အောင်တောင် ပြုလုပ်နေကြသေးတယ်၊ အဲဒီလို အပြောအပြုမျိုးတွေကတော့ အလွန်ပင် မသင့်မတော်တဲ့ အပြောအလုပ်တွေပါပဲ။

ဘုရားတပည့်တော်တို့၏ ဩဝါဒအတိုင်း လိုက်နာပြီး သာသနာပြု ဟောပြော နေကြတဲ့ ဓမ္မာစရိယ ကမ္မဋ္ဌာနာစရိယ ပုဂ္ဂိုလ်တွေကတော့ မတော်မသင့်တာတွေကို မပြောပဲ မပြုပဲ သင့်လျော်သမျှကိုသာ ပြောဟော ညွှန်ပြနေကြဖို့ လိုပါတယ်၊ အဲဒီလို သင့်လျော်စွာ ပြောဟော ဆောင်ရွက်နေတာကိုလဲ ကြားရ သိရပါတယ်၊ ယခု ကျင့်ပနေတဲ့ နှစ်ပတ်လည် ပူဇော်ပွဲ အတွင်းမှာလဲ နံနက်ပိုင်း ၄-ပါး, နေ့ပိုင်း ၄-ပါး, တနေ့တနေ့မှာ ၈-ပါး, ၈-ပါး သုံးရက်အတွင်း၌ ၂၄-ပါးက သာသနာပြု တရား ဟောနေတာကို ဘုန်းကြီးကိုယ်တိုင်လဲ ကြားသိရပါတယ်၊ သူတို့ ဟောပြော နေတာဟာ အသင့်အတော်သားပါပဲ၊

သူတို့က မကောင်းမှုအကုသိုလ်တွေ မဖြစ်အောင် ကျင့်ကြဖို့, အားထုတ်ကြဖို့ ဟောပြနေကြတာပါပဲ၊ မြတ်စွာဘုရား ညွှန်ကြားထားသည့်အတိုင်း ဟောနေကြ တာပါပဲ၊ ဒီက ဟောပြေထားတဲ့ သတိပဋ္ဌာန်နည်းအတိုင်း ရှုမှတ်ပြီး သမာဓိ ဉာဏ်ထူးတွေ ဖြစ်သင့်သမျှ ဖြစ်နေကြကြောင်း ထင်ရှားပေါ်လွင်နေပါတယ်။ မေတ္တာဘာ ဝနာတွေလဲ ပြည့်စုံနေကြတာ များဟန်ရှိကြပါတယ်၊ အင်မတန် ကောင်းပါတယ်။

ဒါကြောင့် သုပ္ပဋိပန္နဂုဏ်နဲ့ ပြည့်စုံအောင် သီလကိုလဲ ရိုရိုသေသေကျင့်ဖို့, သမာဓိ ကိုလဲ ဖြစ်သင့်သမျှဖြစ်အောင် အားထုတ်ဖို့, ဝိပဿနာကိုလဲ ရှုမှတ်ပွားများဖို့ ဟောပြောပြသနေကြတာပါပဲ။

ဒါပေမယ့် တချို့ရိပ်သာ ဌာနတွေမှာ ချွတ်ယွင်းပျက်ပြားတာတွေဟာ ၃-၄-၅-ဦးလောက် ကြားသိရတာလဲ ရှိနေပါတယ်၊ လူထွက်သွားကြတယ်လို့လဲ ကြားရတယ်၊ ဒကာမတွေနဲ့ နီးကပ်ဆက်ဆံတယ် ဆိုတာက ကြည်ညိုဖွယ် မကောင်းတဲ့အတွက် အဆင်မပြေပဲ ရှိနေကြောင်းလဲ ကြားသိရတယ်၊ အဲဒီလိုဟာတွေက ကမ္မဋ္ဌာန်းပြ ဆရာတွေအတွက် အလွန်ပင် မသင့်လျော်တာပါပဲ။

ဘုန်းကြီးတို့ကတော့ ရဟန်းဖြစ်ပါစေ ငယ်ငယ်အရွယ်ကပင် အမျိုးသမီးများနှင့် နီးကပ်ဆက်ဆံ နေခဲ့ဖူးတာရယ်လို့ တခါမျှပင် မရှိခဲ့ပါဘူး၊ တရားဟောနေတဲ့ အခါတွေမှာလဲ အမျိုးသမီးတယောက်တည်း ဘုန်းကြီးထံလာရောက်တာကို တခါမျှ လက်မခံခဲ့ပါဘူး၊ တယောက်တည်း လာရောက်သူကိုလဲ ပြန်သွားဖို့, တယောက် တည်းမလာဖို့ ပြောပြီး ပယ်လိုက်ရတာ ၂-ကြိမ်လောက်သာ ကြုံဖူးပါတယ်၊

အဲဒါဟာ အထူးစိတ်ဝင် စားစရာပါပဲ၊ ဒါကြောင့် ကမ္မဋ္ဌာန်းတရား ဟောပြနေကြတဲ့ အရှင်မြတ်တို့လဲ ဒကာမ တယောက်တည်း လာယင် လက်မခံပဲ ပယ်လွတ် လိုက်ကြပါ၊ ဒကာမတွေနဲ့စပ်ပြီး သူများအထင် မသေးရအောင် အထူးဂရုစိုက်ပြီး ကျင့်သုံး နေထိုင်ကြပါစေလိုပါတယ်၊

ဒီရိပ်သာဌာနသို့ လာရောက်ကြတဲ့ အရှင်မြတ်တွေအတွက်လဲ သတိပေးချင်တာ ရှိပါတယ်၊ ဘာတွေလဲဆိုယင် ဒီသာသနာ့ရိပ်သာသို့ နှစ်ပတ်လည်ပူဇော်ပွဲအတွက် ဖြစ်စေ, အခြားကိစ္စအတွက် ဖြစ်စေ ကြွလာကြတဲ့အခါမှာလဲ ဘုရားလက်ထက်တော် ကာလက ရဟန်းမြတ်များလိုပင် သင်္ကန်းအပြင် သပိတ်လဲ ပါလာကြစေလိုပါတယ်

တခြားအရပ်ဒေသများ သွားတဲ့အခါလဲ ဝိနည်း စည်းကမ်းနှင့်အညီ သပိတ် သင်္ကန်းများ အပြည့်အစုံ ယူဆောင်သွားကြစေလိုပါတယ်၊ ဘုရားတပည့်တော်ဟာ ဘယ်ဌာနကိုပဲသွားသွား သပိတ်ပါ အပြည့်အစုံ ဆောင်ယူသွားတာချည်းပါပဲ၊ မြတ်စွာဘုရား ကိုယ်တော်တိုင်လဲ ဘယ်ဌာနကိုပဲသွားသွား သပိတ်ကို ဆောင်ယူ သွားတာချည်းပါပဲ၊ ရဟန္တာ အရှင်မြတ်တွေလဲ အရပ်တပါးသွားရာမှာ သပိတ် ပါသွားတာချည်းပါပဲ၊

ဘုရားတပည့်တော်ဟာလဲ အမေရိကန်, အင်္ဂလန်စသော အဝေးနိုင်ငံတွေ သွားတဲ့အခါလဲ သပိတ်ကို ယူဆောင်သွားခဲ့တာချည်းပါပဲ၊ ဒါဟာ ဝိနည်းတော်နှင့် အညီပါပဲ၊ ဒါကြောင့် အရှင်မြတ်ဘုရားတို့လဲ ဒီနည်းအတိုင်း ကျင့်ကြံဖို့ရာ ဘုရား တပည့်တော်က သတိပေးညွှန်ကြားပါတယ်။

နေ့ဆွမ်းဘုဉ်းပေးတဲ့အခါမှာလဲ အများအားဖြင့် သပိတ်နဲ့ဘုဉ်းပေးသင့်ပါတယ်၊ ဆွမ်းဘုဉ်း ပေးယင်လဲ စွမ်းနိုင်သမျှ ရှုမှတ်ပြီး စားသောက်သင့်ပါတယ်၊ အကြောင်းအထူးမရှိယင် စကား မပြောပဲ ရှုမှတ်မှုဖြစ်သင့်သမျှ ဖြစ်အောင် အထူး သတိပြုစေလိုပါတယ်

မြတ်စွာဘုရားက သတိပဋ္ဌာန်ဒေသနာတော်မှာ - “ဂစ္ဆန္တောဝါ ဂစ္ဆာမီတိ ပဇာနာတိ” စသည်ဖြင့် ကိုယ် အမူအရာကို ပြုတိုင်း ပြုတိုင်း မှန်စွာသိအောင်ရှုဖို့ ညွှန်ကြားပါတယ်၊ အဲဒီဒေသနာတော်အတိုင်း အရှင်ဘုရားတို့ကလဲ ဟောကြား ညွှန်ပြနေကြတာပဲ။

နောက်ပြီးတော့ “အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ” စသည်ဖြင့် လည်းကောင်း၊
အသိတေ ပိတေခါယိတေ သာယိတေ သမ္ပဇာနကာရီ ဟောတိ” စသည်ဖြင့်လည်းကောင်း၊
ဂတေ ဌိတေ နိသိန္နေသုတ္တေ ဇာဂရိတေ ဘာသိတေ တုဏှိဘာဝေ သမ္ပဇာနကာရီ ဟောတိ” စသည်ဖြင့်လည်းကောင်း
မြတ်စွာဘုရားက ညွှန်ကြားထားသည့်အတိုင်း အရှင်ဘုရားတို့ကလဲ ရှုမှတ်ပြီးသိဖို့ ဟောကြားနေတာ ချည်းပါပဲ၊

ဒါကြောင့် မိမိတို့ကိုယ်တိုင်လဲ ကိုယ်အမူအရာ စိတ်အမူအရာ စသည်တွေကို အခွင့်သာတိုင်း စွမ်းနိုင်သမျှ ရှုမှတ်နေရန် သင့်ပါတယ်၊ သတိပဋ္ဌာန်ဒေသနာတော်မှာ မြတ်စွာဘုရားက ညွှန်ကြားထားသည့်အတိုင်း ရှုပုံ ရှုနည်းကို သဘောမကျတဲ့ ပုဂ္ဂိုလ် အချို့ကတော့ ဘုရားတပည့်တော်တို့, အရှင်မြတ်တို့ ဟောပြနေတဲ့အတိုင်း ရှုမှတ်ကြပုံကို အပြစ်ပြောနေကြတာလဲ ရှိပါတယ်၊

အဲဒီလို အပြစ်ပြောကြတာကတော့ ဘုရားဟောထားသည့်အတိုင်း သူတို့က မရှုကြ မသိကြလို့ ဖြစ်မှာပါပဲ၊ ဒီလို သူတပါးက အပြစ်တင်တာကိုတော့ ဘုရားတပည့်တော် တို့က ဘာမျှစဉ်းစားစရာ ပြောဆိုစရာ မလိုပါဘူး၊ မြတ်စွာဘုရား၏ အဆုံးအမတော် နှင့်အညီ စွမ်းနိုင်သမျှ တရားကို အားထုတ်သွားကြရုံပဲ လိုပါတယ်။ ဆွမ်းခဲဖွယ်များကို စားသောက်နေခိုက်မှာလဲ အလွတ်စကားတွေကို မပြောကြပဲ စွမ်းနိုင်သမျှ ရှုမှတ်နေကျအတိုင်း ရှုမှတ်သွားကြရုံပါပဲ

ဝိနည်းသိက္ခာပုဒ်များနဲ့ အပြစ်တင်စရာမရှိအောင် သန့်သန့်ရှင်းရှင်း စင်စင် ကြယ်ကြယ် စောင့်ထိန်းနေဖို့လဲ လိုပါတယ်၊ ဘယ်လိုအရာမှာလဲဆိုတော့ ဝိပဿနာ ရှုနည်းကို ဟောကြားနေတဲ့ ရဟန်းတော်များထံမှာ ဒကာမကလေးများ နီးနီးကပ်ကပ် လာရောက်ပြီး ဩဝါဒခံယူနေတတ်ကြပါတယ်၊ အဲဒီလို လာရောက်ကြတဲ့ ဒကာမ များနဲ့ နီးနီးကပ်ကပ်လက်မခံပဲ စင်ကြယ်စွာနေကြဖို့ လိုပါတယ်၊

အမျိုးသမီး တယောက်တည်း ဆိုယင်တော့ တခဏလောက်တောင် လက်မခံပဲ ပြန်လွှတ်လိုက်ရန် သင့်ပါတယ်၊ အရေးတကြီး ပြောပြစရာရှိယင်တော့ မိမိထံမှာ ရဟန်းတပါးဖြစ်စေ လူတယောက်ဖြစ်စေ အသင့်ရှိနေပါမှ ခေတ္တခဏလောက်သာ လက်ခံပြီး ပြောသင့်ပါတယ်၊ အရေးကြီးတာကတော့ သူတပါး အပြစ်တင်နိုင်ခွင့် မရှိရအောင် အထူးသတိပြုသင့်ပါတယ်

ကမ္မဋ္ဌာန်းတရား ဟောပြောရေးမှာ အလွန်အဆင်သင့်တဲ့ ဓမ္မကထိက ရဟန်းငယ် တပါးဟာ ဒကာမလေး တယောက်နှင့် ရင်းနှီးဆက်စပ်ပြီး လူထွက်သွားတာ ရှိပါတယ်၊ အဲဒီရဟန်း လူထွက်တာကို အကြောင်းပြုပြီးတော့ ဘုန်းကြီးထံ သတိပေး စကား ရေးလိုက်တဲ့သူကလဲ ရှိပါတယ်၊ အဲဒီပုဂ္ဂိုလ်က သတိပေးတာဟာ သင့်လျော်တဲ့ သတိပေးခြင်းပါပဲ၊ အဲဒီ သတိပေးစကားကို အခြေပြုပြီး ယခု ဩဝါဒ ပေးသင့်သည့်အတိုင်း ဩဝါဒပေးရတာပါပဲ၊

တရားကိုဟောပြောနေသည့် ရဟန်းထူး ဖြစ်နေပါလျက် ဒကာမများနှင့် ဆက်သွယ်ပြီး မတော်မသင့်မဖြစ်အောင် သတိပေးရတာပါပဲ၊ သူတပါးကဲ့ရဲ့ဖွယ် အထင်မှားဖွယ်မရှိပဲ သန့်ရှင်းစင်ကြယ်အောင် အထူး သတိပြုလျက် ကျင့်သုံး နိုင်ကြပါစေ

နောက်တခုကတော့ ကျောင်းတိုက်မှ တခြားသွားတဲ့အခါ သင်္ကန်းရုံသွားကြရန် သတိပေးလိုပါတယ်၊ တခြားကျောင်းသို့ဖြစ်စေ, ဘုရားဝင်းသို့ဖြစ်စေ သွားယင် သင်္ကန်းမရုံပဲလဲ သွားနိုင်ပါတယ်၊ ဝိနည်းသိက္ခာပုဒ်အရ အပြစ်မရှိပါဘူး၊ ဒါပေမယ့် လူအများနေရာ မြို့ထဲရွာထဲမှာ ဖြတ်သွားရတာဆိုယင်တော့ ကြည်ညိုဖွယ် ပါသာဒိကမဖြစ်ပဲ အပြစ်တင်ဖွယ်, အကြည်ညိုကင်းဖွယ် ဖြစ်နေတတ်ပါတယ်၊ ဒါကြောင့် ဘုန်းကြီးဖြစ်စေ, မဟာစည်ဩဝါဒခံ အရှင်မြတ်တို့ဖြစ်စေ ကျောင်းတိုက် အပြင်သို့ ထွက်သွားယင် ပါသာဒိကဂုဏ် ပြည့်စုံအောင် သင်္ကန်းရုံပြီး သွားကြတာ ချည်းပါပဲ။

အဲဒီလိုဆိုတော့ တွေ့မြင်ရတဲ့လူတွေမှာ ကြည်ညိုရိုသေပြီး ကုသိုလ်အထူး ဖြစ်ကြပါတယ်၊ တချို့ရဟန်းတော်များကတော့ မြို့ထဲ ရွာထဲဖြတ်သွားတဲ့အခါ သင်္ကန်းမရုံပဲ သွားကြတာလဲ ရှိပါတယ်၊ အဲဒီလိုဟာကို မြင်တွေ့ရတဲ့သူတွေမှာ မြို့ထဲရွာထဲ၌ ဝိနည်းသိက္ခာပုဒ်နှင့်အညီ သင်္ကန်းမရုံပဲ သွားလာနေကြတယ်လို့ ထင်မြင်ပြီး အကြည်ညိုပျက်ကြတယ်၊

ဒါကြောင့် ကျောင်းဝင်းထဲမှ ထွက်သွားယင် ဘယ်အရပ်ကိုပဲ သွားသွား သင်္ကန်းရုံပြီး သွားမှ အပြစ်ကင်းပြီး ပါသာဒိကဂုဏ်နှင့် ပြည့်စုံပါတယ်၊ ဒါကြောင့် ခြေကျင် လမ်းလျှောက်သွားတဲ့အခါ ဖြစ်စေ, မီးရထားစသည်ကို စီးသွားတဲ့အခါဖြစ်စေ, သင်္ကန်းရုံပြီးသာ သွားကြစေလိုပါတယ်၊ ဒါကတော့ သာသနာရေး, ဘာသာရေး ကိစ္စနှင့်စပ်၍ အပြစ်တင်ဖွယ်ကင်းပြီး ကြည်ညိုဖွယ် ပါသာဒိကဂုဏ်နှင့် ပြည့်စုံအောင် သတိပေးတာပါပဲ။

နောက်ပြီးတော့ နိဿဂ္ဂိယသိက္ခာပုဒ်များနဲ့ အပြစ်ကင်းအောင်လဲ သတိ ပေးလိုက်ပါတယ်၊ နိဿဂ္ဂိယ သိက္ခာပုဒ်တွေက (၃၀)တောင်ရှိပါတယ်၊ အဲဒီ (၃၀)ထဲက သိက္ခာပုဒ် (၃)ခုထဲမှာ ရွှေငွေကို ကိုယ်တိုင် လက်ခံမှု, အရောင်းအဝယ် ပြုမှု, သုံးဆောင်မှုများနှင့်စပ်ပြီး နိဿဂ္ဂိပါစိတ်အာပတ်သင့်ကြောင်း ပြထားတယ်၊ ဒါကြောင့် အာပတ်မသင့်အောင် သတိပြုဖို့ ဘုန်းကြီးက သတိပေးလိုပါတယ်။

ရွှေစစ် ငွေစစ်ဖြစ်စေ, ငွေစက္ကူကိုဖြစ်စေ ဒကာ, ဒကာမများက ဆက်ကပ် လှူဒါန်းတဲ့အခါမှာ အဲဒါတွေကိုလက်ခံယင် နိဿဂ္ဂိပါစိတ် အာပတ်သင့်ပါတယ်၊ လက်ဖြင့်ကိုင်ယူတဲ့အခါ, သိမ်းပိုက်သုံးဆောင်တဲ့အခါမှာ ဒုက္ကဋ်အာပတ် သင့်တတ် ပါတယ်၊ ကိုယ်တိုင်အရောင်းအဝယ် ပြုလုပ်တဲ့အခါမှာလဲ နိဿဂ္ဂိပါစိတ်အာပတ်, ဒုက္ကဋ်အာပတ်တွေ သင့်တတ်ပါတယ်၊ ယခုအခါမှာ ငွေကိုလက်မခံပဲ မသုံးပဲနေဖို့က ခဲယဉ်းပါတယ်၊ ဒါကြောင့် ဒကာ, ဒကာမတွေက လှူတဲ့အခါမှာ ကိုယ်တိုင် လက်ခံပြီး, အရောင်းအဝယ်ပြုပြီး သုံးနေကြတာကများပါတယ်၊ သို့သော် မဟာစည်ဩဝါဒခံ ရဟန်းတော်များကတော့ ကင်းသင့်သမျှ ကင်းအောင် အထူးသတိပြု ကျင့်နေ ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ဒါကြောင့် ယခုထပ်ပြီး သတိပေးတာပါပဲ။

ငွေများကိုလှူတဲ့အခါမှာ လက်မခံပဲ ဝိနည်းတော်နှင့်အညီ ညွှန်ကြားသင့်ပါတယ်၊ ဘယ်လိုလဲဆိုတော့ ငွေကိုလက်မခံပဲ အဲဒီငွေမှ ဖြစ်ပေါ်လတ္တံ့သော အပ်စပ်တဲ့ ပစ္စည်းများကိုသာလှူဖို့ ညွှန်ပြပေးရတယ်၊ သူတို့က လှူချင်တဲ့ငွေကိုတော့ မိမိ၏ ကပ္ပိယထံမှာသာ အပ်နှံထားဖို့, ထိုကပ္ပိယထံမှ လိုအပ်သော သင့်လျော်သည့် ပစ္စည်းများကို တောင်းယူပြီး သုံးစွဲရန်လဲ ညွှန်ကြားပေးဖို့ ပြောပြပေးရတယ်၊

အဲဒီလို အပ်နှံပြီး ညွှန်ကြားပေးတော့ အဲဒီကပ္ပိယထံမှ အပ်စပ်သော ပစ္စည်းများကို တောင်းယူပြီး သုံးဆောင်ဖို့ရာ (၁၀) ခုမြောက် နိဿဂ္ဂိယပါစိတ် သိက္ခာပုဒ်မှာ မြတ်စွာဘုရားက ညွှန်ပြထားပါတယ်၊ အဲဒီလို ညွှန်ပြထားတဲ့အတိုင်း လက်ခံပြီး သုံးသင့်တဲ့အတိုင်း သုံးဖို့ပါပဲ၊ ဒီ လိုဆိုတော့ အပြစ်ကင်းပါတယ်၊ အပြစ်ကင်းအောင် အဲဒီနည်းအတိုင်း ကျင့်သုံးကြဖို့ သတိပေးညွှန်ပြပါတယ်၊ မဟာစည်ဩဝါဒခံ အရှင် များဟာ ဒီနည်းအတိုင်းပင် အပြစ်ကင်းအောင် ကျင့်နေကြလိမ့်မယ် လို့ ယုံကြည်ပါတယ်။

နောက်ပြီးတော့ တချို့က မိမိတို့ဌာန၌ ကျောင်းဆောင်စသည်အတွက် ကိုယ်တိုင် အလှူခံပြီးတော့ ဖြစ်စေ, ကပ္ပိယဒကာများကို အလှူခံစေပြီးတော့ဖြစ်စေ, ကျောင်း စသည်ကို ပြုလုပ်ကြ, ပြည့်စုံစေကြတာလဲ ရှိတတ်ကြပါတယ်၊ အဲဒီလို အလှူခံ တောင်းခံတာမျိုးလဲ ပြုလုပ်ရန် ညွှန်ကြားတိုက်တွန်းပေးရန် ရဟန်းများမှာ မသင့်ပါဘူး၊ အဲဒါမျိုးလဲ ကင်းအောင် အထူးသတိပြုသင့်ပါတယ်

ဒီရန်ကုန်မြို့က မဟာစည်သာသနာ့ရိပ်သာမှာ ကျောင်းအဆောက်အအုံစသည် အသစ်အသစ် တိုးတက်ဖြစ်ပေါ်အောင် ဘုန်းကြီးတို့က ကိုယ်တိုင်လဲ အလှူခံခြင်း, တိုက်တွန်းခြင်းကို မပြုခဲ့ပါဘူး၊ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ဝင် ပုဂ္ဂိုလ်တို့အားလဲ အကြံပေးခြင်း, တိုက်တွန်းခြင်းကို မပြုခဲ့ပါဘူး၊ နုဂ္ဂဟအဖွဲ့ဝင်ပုဂ္ဂိုလ်တွေကလဲ အလှူခံတိုက်တွန်းခြင်းကို အထူးတလည် မပြုခဲ့ကြပါဘူး၊ အဆောက်အအုံ စသည် အတွက် လှူဒါန်းနိုင်ကြကြောင်း ဖော်ပြရုံသာ ဖော်ပြခဲ့ကြပါတယ်၊

အဲဒီလို ဖော်ပြ တာကိုပင် သဘောကျပြီး သူတို့အလိုလို စွမ်းနိုင်သမျှ လှူဒါန်း ကြတာပါပဲ၊ တချို့ဌာနများမှာတော့ ခေါင်းဆောင်ဘုန်းကြီးက တာဝန်ဆောင် ပုဂ္ဂိုလ်များအား တောင်းဖို့, အလှူခံကြဖို့ ညွှန်ကြားပါတယ်၊ တာဝန်ဆောင် ပုဂ္ဂိုလ်များကလဲ ဆရာရဟန်းတော်က ညွှန်ကြားသည့်အတိုင်း ထိုထိုဌာန ထိုထို ပုဂ္ဂိုလ်များထံမှာ အလှူခံစာများ ပေးပို့ပြီး အလှူခံကြတယ်၊

အဲဒီလိုတောင်းတာ, အလှူခံတာကို သဘောမကျလို့ ဘုန်းကြီးထံသို့ စာဖြင့် လျှောက်ထားပြီး ခွင့်တောင်းတာကို တွေ့ရတယ်၊ ဒါကြောင့် အဲဒီလို အပြစ်မတင် ကြရအောင် တောင်းရန်, အလှူခံရန် မညွှန်ကြားပဲ အပြစ်ကင်းအောင်သာ ဟောပြ ဆောင်ရွက်တော်မူကြရန် ဘုရားတပည့်တော်က သတိပေးပါတယ်၊ အပြစ်ကင်း အောင်သာ ဆောင်ရွက်ကြစေလိုပါတယ်။

အဲဒီလို အပြစ်ကင်းအောင် ဆောင်ရွက်ရမှာက ဘယ်လိုပါလဲဆိုယင် ဘုရား တပည့်တော် ဆောင်ရွက်ခဲ့တာကို ဖော်ပြပါမယ်၊ ဘုရားတပည့်တော်ဟာ လွန်ခဲ့သော တနှစ်လောက်က ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ နှစ်ပတ်လည် အစည်းအဝေး ပွဲသို့ သွားရောက်ပြီး သင့်လျော်တဲ့ သတိပေးစကား ပြောကြားခဲ့ပါတယ်၊

ဘယ်လိုလဲဆိုတော့ -သာသနာ့ရိပ်သာမှာ ယောဂီများနေရန် မပြည့်စုံသေးတဲ့ အတွက် သုံးထပ်ကမ္မဋ္ဌာန်းကျောင်း ဆောက်လုပ်ရန် ဘုန်းကြီး ၏ ကပ္ပိယဒကာထံမှ ဝတ္ထုငွေ ၂-သိန်းကို အဖွဲ့ဝင် ဒကာကြီးများက လက်ခံပြီး သုံးထပ်ကျောင်း အဆောက်အအုံ ဆောက်လုပ်ဖို့ ညွှန်ကြားခဲ့ပါတယ်၊ အခြားပုဂ္ဂိုလ်များထံမှ တောင်းဖို့, အလှူခံဖို့တော့ မတိုက်တွန်းခဲ့ပါဘူး၊

အခြား ပုဂ္ဂိုလ်များကလဲ သူတို့ ၏ သဒ္ဓါနှင့် စေတနာအလျောက် လိုသမျှကို လှူဒါန်းကြလိမ့်မယ်လို့တော့ မိမိက မျှော်လင့်ပါတယ်၊ အဖွဲ့ကလဲ မည်သူ့ကိုမျှ အလှူပါဝင်ဖို့ရာ တင်းတင်းရင်းရင်း မတိုက်တွန်းခဲ့ပါဘူး၊ အဲဒီအဆောက်အအုံထဲမှာ တခန်းအတွက် ငွေ ၁၂၀ဝဝိ-မျှ ကုန်ကျမည်ဖြစ်ကြောင်း, မိမိတို့ သဘောအတိုင်း လှူလိုသမျှ လှူဒါန်းနိုင်တဲ့ အကြောင်းမျှကိုသာ ဖော်ပြကြေငြာခဲ့ပါတယ်။

မည်သူက မည်မျှလှူပါလို့တော့ အလှူမခံခဲ့, မတိုက်တွန်းခဲ့ပါဘူး၊ ဒါပေမယ့် သဒ္ဓါ စေတနာ ကောင်းသူတွေက လှူလိုက်ကြတာ ကျောင်းတဆောင်မကဘူး ၂-ဆောင် အတွက်တောင် ပြည့်စုံသွားတယ်၊ အဲဒီကိစ္စနှင့်စပ်၍ ဘုန်းကြီးကိုယ်တိုင်က အလှူခံဖို့ မညွှန်ကြားခဲ့ မတိုက်တွန်းခဲ့ပါဘူး၊ အဖွဲ့ဝင် တာဝန်ဆောင် ပုဂ္ဂိုလ်တွေကလဲ မည်သူ့ကိုမျှ လှူဖို့ အထူး မတိုက်တွန်းခဲ့ပါဘူး

ဒါဟာ မိမိကိုယ်တိုင်က ဝိနည်းနှင့် ဆန့်ကျင်ပြီး အလှူခံဖို့ မတိုက်တွန်းခဲ့ကြောင်း ဖော်ပြတာပါပဲ၊ ယခု ပြောခဲ့တဲ့အတိုင်း မိမိကိုယ်တိုင် အလှူခံရန်မညွှန်ကြားသလို အရှင်ဘုရားတို့ကလဲ ကိုယ်တိုင်အလှူမခံခြင်း, သူတပါးအား အလှူခံဖို့ မတိုက်တွန်းပဲ သန့်ရှင်းစင်ကြယ်စွာ ကျင့်ခြင်းများနှင့် ပြည့်စုံကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

နံနက်ပိုင်းဖြစ်စေ, မွန်းလွဲပိုင်းဖြစ်စေ, မစားသင့်တာ မစားမသုံးဖို့လဲ သတိပေးချင် ပါတယ်၊ နံနက်ပိုင်း ဆိုတာက ဘယ်လိုအချိန်ပိုင်းလဲ ဆိုလို့ရှိယင် အရုဏ်မတက်မီ အချိန်မှာ ဆွမ်းစားခြင်းကင်းအောင် သတိပြုဖို့ပါပဲ၊ အရုဏ်တက်ချိန် ဆိုတာက နေမထွက်မီ နံနက်ပိုင်းမှာ နေရောင် ၏အရှိန်ဖြင့် စဉ်းငယ်အနီရောင် ထင်ပေါ်သည့် အချိန်ကို အရုဏ်တက်ချိန်ဟု အသိအမှတ် ပြုပါတယ်၊

ထိုအရုဏ်တက်ချိန်အရောင်ကို (အဘိဓာန် ၆၅-ဂါထာ၌) “သူရဿောဒယတော ပုဗ္ဗုဋ္ဌိတရံသိ သိယာရုဏော” ထွက်ပေါ်သော နေ၏ ထွက်ခါနီး ရှေးဦးစွာ ထင်ပေါ်သော အရောင်ဖြစ်သည်ဟု ပြဆိုထားသည်၊

ထို့ပြင် (အဘိဓာန် ၉၇-ဂါထာ၌) “အရုဏော ကိဥ္စိရတ္တောထ” အနည်း ငယ်နီသော အရောင်အဆင်းသည် အရုဏ်မည်သည် ဟူ၍လည်း ပြဆိုထားပါသည်။

အဲဒီ စဉ်းငယ်နီသော အရုဏ်ရောင်ဟာ နေမထွက်ခင် ဘယ်အချိန်တွင် ပေါ်သလဲ ဆိုတော့ ဂဂ္ဂသံဟိတာ - ဆိုတဲ့ သက္ကတကျမ်းမှာ “ဒွိနာဋီကာ” မြန်မာပြည်မှာ ရှေးက အသိအမှတ်ပြုလာခဲ့သည့် သက္ကတနာရီအားဖြင့် ၂-နာရီခန့်မှစပြီး ပေါ်တယ်လို့ သိရပါတယ်၊

ရှေးက မြန်မာပြည်မှာ အသိအမှတ်ပြုခဲ့တဲ့ အဲဒီ သက္ကတနာရီတွေဟာ နေ့ပိုင်း ၃၀၊ ညပိုင်း ၃၀- ရှိတယ်၊ ယခု မြန်မာပြည်မှာ အသိအအမှတ်ပြုနေကြတဲ့ အင်္ဂလန် နာရီတွေကတော့ နေ့ပိုင်း ၁၂-နာရီ၊ ညပိုင်း ၁၂-နာရီ ရှိတယ်၊ ဒါကြောင့် ရှေးက မြန်မာ ၂-နာရီ အချိန်ဟာ ယခု နာရီအရအား ဖြင့် ၄၈-မိနစ် ဖြစ်ပါတယ်၊

ဒါကြောင့် နေမထွက်ခင် အရုဏ်စတက်သည့်အချိန်ကို ရှေးက မြန်မာ နာရီ ၂-နာရီ ဆိုတော့ ယခု မြန်မာနာရီအားဖြင့် ၄၈-မိနစ် ဖြစ်ပါတယ်၊ ဒါပေမယ့် အရုဏ်တက်ချိန်ကို ၄၈-မိနစ်မှ ၄၅-မိနစ် အချိန်ကို အရုဏ်တက်ချိန် အနေဖြင့် အတည်ပြု၍ ဆွမ်း စသည်ကို အကပ်ခံပြီး စားသုံးယင် အာပတ် အပြစ် မသင့်မှာ ပိုပြီး သေချာပါတယ်၊ မိနစ် ၄၈-ခန့်မှာ ဆွမ်းစသည် အကပ်ခံပြီး စားသုံးယင်တော့ သာပြီး သင့်လျော်တယ်လို့ ဘုရား တပည့်တော်က အသိအမှတ် ပြုထားပါတယ်။

နေ့စဉ် နေထွက်တဲ့အချိန်ကိုတော့ အင်္ဂလိပ် ဇန်နဝါရီလမှ ဒီဇင်္ဘာလတိုင်အောင် လ-ရက်များမှာ ဖော်ပြ ထားတာ ရှိပါတယ်၊ အဲဒီလတွေ, ရက်တွေကတော့ နှစ်စဉ် နှစ်တိုင်း ရက်တွေမှာ နေထွက်ချိန်ဟာ တူညီတာကပဲ များပါတယ်၊ နှစ်ဟောင်း ရက်နှင့် နှစ်သစ်ရက်မှာ တခါတရံ ကွဲပြားသော်လဲ တမိနစ် နှစ်မိနစ် လောက်သာ ကွဲပြားပါတယ်၊ ဒါကြောင့် အဲဒီ အင်္ဂလိပ်ရက်များ နေထွက်ချိန်ကိုသာ အလေးပြုပြီး အရုဏ်တက်ချိန် ကို အသိအမှတ်ပြုရန် သင့်လျော်ပါတယ်

မြန်မာ လ, ရက် တွေကတော့ တနှစ်မှာ ၁၁-ရက်လောက် လျော့လျော့နေတဲ့ အတွက် ၃ -နှစ်ဆိုယင် တလ လျော့နေသောကြောင့် ဝါထပ်ထား ရပါတယ်၊ ဒါကြောင့် ၃-နှစ်အတွင်းမှာ ပထမနှစ်က လများနှင့် ဒုတိယ တတိယနှစ်က လများ ရက်တွေမှာ နေထွက်ပုံချင်း ကွဲပြားနေပါတယ်၊

ဒုတိယနှစ်က လ, ရက်များနှင့် တတိယ နှစ်က လ, ရက်များမှာလဲ နေထွက်ချိန် မတူပဲ ကွဲပြားနေပါတယ်၊ ၃-ကြိမ်လောက် ဝါထပ်ပြီးတဲ့အခါ ၂-နှစ် လောက်မျှဖြင့် ရက် ၃၀-မျှ လျော့နေသောကြောင့် ဝါထပ်ရတာလဲ ရှိတယ်၊ ဒီလို ဝါထပ်ရတာကို ဆင်ခြင်ကြည့်လျှင် ဝါထပ်ပြီး နောက် ၂-လ, ၃-လ စသည်မှာ နေထွက်ချိန် ၁-ရက်, ၂-ရက်, စသည် နောက်ကျနေကြောင်း ထင်ရှားသိနိုင်ပါတယ်၊

သို့ဖြစ်၍ ရက်အပြောင်းအလဲ အလွန်နည်းသော အင်္ဂလိပ် လရက်များ၌ ပြထားတဲ့ နေထွက်ချိန် နာရီ မိနစ်များကိုသာ အထူးသတိပြုပြီးတော့ နေမထွက်မီ ၄၈-မိနစ်ထက် စော၍ အရုဏ်မတက်ဟု သိမှတ်သင့်ပါတယ်၊ နေမထွက်မီ ၄၅-မိနစ် စသည်ကျမှ အရုဏ်တက်သည်ဟု မှတ်ယူ၍ စားသုံးလျှင် သာ၍ သင့်လျော်ပါသည်မိနစ် ၄၈-ကျမှဆိုလျှင် အသင့်လျော်ဆုံးပါပဲ

ယခုအခါမြန်မာပြည် ဒိုင်ယာရီမှတ်တမ်းတွင် နေထွက်ချိန်ကို ဖော်ပြထားသည်မှာ မြန်မာပြည် အလယ်ပိုင်းနှင့်သာ အတိအကျဖြစ်တယ်၊ မြန်မာပြည်အလယ်မှ အရှေ့ ဘက်ဖျားမှာ မိုင်တရာ, နှစ်ရာစသည် ကွာခြားတယ်၊ အနောက်ပိုင်းမှာ အလယ်ပိုင်း ထက် ငါးမိနစ်, ဆယ်မိနစ် စသည် နောက်ကျပါတယ်၊

အလယ်ပိုင်းနှင့် မြောက်ပိုင်းမှာ နွေရာသီ၌ နေထွက်ချိန် အနည်းငယ် စောတတ်သည်၊ တောင်ပိုင်းမှာ အနည်းငယ် နောက်ကျတတ်သည်၊ ဆောင်းရာသီ မှာတော့ တောင်ပိုင်းမှာ နေထွက်ချိန် အနည်းငယ်စော၍ မြောက်ပိုင်းမှာ အနည်းငယ် နောက်ကျတတ်ပါတယ်၊ အဲဒါလဲ အထူးသတိပြု၍ စဉ်းစားသင့်ပါတယ်

ဘုရားတပည့်တော်ဟာ တရားအားထုတ်ရန်အတွက် ၁၂၉၃-ခုနှစ် ပြာသို လပြည့်ကျော် ၇-ရက်က မော်လမြိုင် တောင်ဝိုင်းကလေးမှ ထွက်လာခဲ့ပါတယ်၊ မြို့ရွာ ဌာနပေါင်း ၁၀-လောက်မှာ နေထိုင်စုံစမ်းခဲ့ပြီးတော့မှ သထုံမြို့ ဇေတဝန် ဆရာတော်ဘုရားကြီး ထံမှာစပြီး တရားအားထုတ်လာခဲ့ပါတယ်၊

အဲဒီဌာန မရောက်သေးခင်က ပြာသိုလထဲမှာ ကျိုက်ထိုမြို့မှ ကျိုက်ထီးရိုးစေတီကို တညလောက်နေပြီး ပူဇော်ကန်တော့ခဲ့ပါတယ်၊ အဲဒီအခါတုန်းက နံနက် ၃-နာရီ အချိန်မှာ အဲဒီဌာန၌ တာဝန်ဆောင်နေတဲ့ ရဟန်းတော်က “အရုဏ်တက်ပြီ ဆွမ်းခံကြွကြပါ” လို့ ကြေငြာပါတယ်၊

အဲဒီတုန်းက အင်္ဂလိပ်လအားဖြင့် ဖေဖော်ဝါရီလအတွင်းဖြစ်၍ နေထွက်ချိန်ဟာ ၆-နာရီနဲ့ ၃၆-မိနစ်နှင့် ၂၁-မိနစ်အတွင်းလောက်သာ ဖြစ်ပါလိမ့်မယ်၊ အဲဒီတော့ အရုဏ်တက်ချိန်ကလဲ အစောဆုံးမှာ ၅-နာရီနဲ့ ၄၉-မိနစ်အချိန်သာ အစောဆုံး အရုဏ်တက်ချိန် ဖြစ်သင့်ပါတယ်

ဒါကြောင့် ဘုရားတပည့်တော်ကတော့ အဲဒီတုန်းက နံနက် ၃-နာရီအချိန်မှာ အရုဏ်တက်တယ်လို့ မယုံကြည်ခဲ့ဘူး၊ ဒါပေမယ့် အဲဒီအချိန်မှာ ဆွမ်းခံ မသွား ယင်တော့ စားစရာရှိမှာ မဟုတ်ဘူးလို့ ဆင်ခြင်ပြီးတော့ အခြားရဟန်းတော်များက ဆွမ်းခံကြွသလိုပဲ တပည့်တော်ကလဲ မလွှဲသာလို့ ဆွမ်းခံကြွရပါတယ်၊ ဆွမ်းခံပြီး ရလာတဲ့ ဆွမ်းကိုတော့ အရုဏ် မတက်သေးခင် အကပ်ခံပြီးထားတာ ဖြစ်သောကြောင့် အရုဏ်မတက်ခင်သာ မဟုတ်ဘူး၊ အရုဏ်တက်ပြီးတော့လဲ ရဟန်းမှာ မစား မသုံးသင့်ဘူးလို့ ယူဆပြီးတော့ မိမိအနီးမှာရှိတဲ့ ဒကာတဦးထံမှာ စွန့်လိုက်ပါတယ်။

အဲဒီဒကာကလဲ အရုဏ်တက်တဲ့အခါမှာ စေတနာကောင်းကောင်းနဲ့ မိမိထံ ရိုသေစွာ ပြန်ကပ်လှူပါတယ်၊ အဲဒါကိုတော့ ဒကာကလှူတဲ့ ပစ္စည်းအဖြစ်နဲ့ ယူဆပြီးတော့ စားသုံးခဲ့ရပါတယ်၊ အဲဒါမျိုးကတော့ အပြစ်မရှိဘူးလို့ ဘုရားတပည့်တော်က ယုံကြည်ယူဆပါတယ်၊

အရုဏ်မတက်ခင်က အကပ်ခံထားတဲ့စားသုံးဖွယ်ကို မစွန့်ပဲနဲ့ အရုဏ်တက်တဲ့ အခါ သုံးဆောင်ယင်တော့ မအပ်စပ်ဘူးအာပတ် သင့်တယ်လို့ ယုံကြည်ယူဆပါတယ်၊ သို့ဖြစ်သောကြောင့် အဲဒီလို အရုဏ် မတက်ခင်က အကပ်ခံပြီး မစားမသုံးသင့်ဘူး ဆိုတာလဲ အသိအမှတ် ပြုထားသင့်ကြပါတယ်

အင်္ဂလိပ်ရက်ထဲမှာ ဇန်နဝါရီလ ၁၀-ရက်မှ ၂၄-ရက်အထိ ၁၅-ရက်အတွင်း၌ နေထွက်ချိန်ကို ဖော်ပြထားတာဟာ ၆-နာရီနှင့် ၃၈-မိနစ်လို့ အများအားဖြင့် တွေ့ရပါတယ်၊ အဲဒီမှာ အရုဏ်တက်ချိန်၄၈-မိနစ် စောယူလျှင် အဲဒီ ၁၅-ရက် အတွင်းမှာ ၆-နာရီမတိုင်မီက ၁၀-မိနစ်ကစပြီး အရုဏ်တက်တယ်လို့ ယူရုံပဲ၊ ၃-မိနစ် လောက်တော့ လျှော့ပြီးယူယင်တော့ သာပြီး သင့်လျော်ပ ါတယ်၊

အဲဒါဟာ နေထွက်ချိန် နောက်အကျဆုံး ရက်များ၌ အရုဏ်တက်ချိန် ယူပုံပါပဲ၊ နေထွက်ချိန် အစောဆုံးကတော့ မေလ ၂၇-ရက်မှ ဇွန်လ ၁၆-ရက်အထိ ရက်ပေါင်း ၂၁-ရက်၌ ၅-နာရီနဲ့ မိနစ် ၂၀-မှာ ဖြစ်ပါတယ်၊ အဲဒီ မေလနှင့် ဇွန်လ ၂၁-ရက်မှာ အာရုဏ်တက်ချိန် ကတော့ နေမထွက်မီ ၄၈-မိနစ်ဆိုတော့ ၅-နာရီ မတီးမီ ၂၈-မိနစ် (၄-နာရီ ၃၃-မိနစ်)အချိန် ဖြစ်ပါတယ်၊ အဲဒါကတော့ အရုဏ်တက်ချိန် အစောဆုံးပါပဲ

အဲဒီရက်များမှာလဲ ၄-နာရီ ၃၅ -မိနစ်မှာ စားသုံးဖွယ်ကို အကပ်ခံပြီး စားသုံးယင် သာပြီး သင့်လျော်ပါတယ်၊ မတ်လ ၂၅ -၂၆-၂၇-ရက်များမှာတော့ နေထွက်ချိန်ကို ၅-နာရီ ၅၉ -မိနစ်လို့ ပြထားပါတယ်၊ အောက်တိုဘာလ ၂၄-၂၅-၂၆-ရက်များမှာလဲ နေထွက်ချိန်ကို ၅-နာရီ ၅၈-မိနစ်လို့ ပြထားပါတယ်၊ အဲဒီ ၂-လမှာ အဲဒီ ရက်တွေ ကတော့ နေထွက်ချိန် အလယ်အလတ်ဖြစ်၍ အရုဏ်တက်ချိန်လဲ အလယ်အလတ် ဖြစ်တယ်လို့ အသိအမှတ် ပြုထားသင့်ပါတယ်

တခြားလတွေမှာလဲ နေထွက်နေဝင်ပုံကို သိရအောင်ဆို ပြီး ၁၉၈၁-ခုနှစ် ဒီနှစ်အတွင်း အင်္ဂလိပ် လ, ရက်များမှာ ဖော်ပြထားတဲ့ နေထွက်ချိန်, နေဝင်ချိန်ကိုလဲ အသိအမှတ်ပြုကြရအောင် စာရွက် ၂-ခုနှင့် ဖော်ပြထားစေပါတယ်

တချို့က နေမွန်းလွဲနေတဲ့ ညနေခင်း ညခင်းအချိန်မှာ လက်ဖက်ရည်တို့ မုန့်တို့ စသည်ပါဝင်သော ဖျော်ရည်တို့, လီမွန်ဘာလီရည်တို့ ဒီလို မတော်မသင့်တာတွေကို ဘေသဇ္ဇလို့ သဘောထားပြီး စားသုံးနေကြတာလဲ ရှိတတ်ပါတယ်၊ အဲဒီလို ဘေသဇ္ဇသတ္တာဟကာလိကမျိုး မဟုတ်တာတွေကို မသုံးဆောင်ပဲ ကြဉ်သင့်ပါတယ်၊ သတိပဋ္ဌာန် ကမ္မဋ္ဌာနာစရိယတွေ, သတိပဋ္ဌာန် ရှုနည်းကို အလေးပြုနေတဲ့ ရဟန်း တွေမှာတော့ အဲဒီလို မတော်မသင့်တာတွေ ကင်းနေတယ်လို့ ယုံကြည်ပါတယ်။

အသုဘဈာပနကိစ္စများနှင့်စပ်၍ အတီးအမှုတ် အကအဆို ပွဲလမ်းကျင်းပတာတွေက တော်တော်များများပင် ရှိတတ်ကြပါတယ်၊ အဲဒီလို ဟာကို ရဟန်းများမှာ မကျင်းပသင့်, မပြုသင့်, မကြည့်ရှုသင့်, နားမထောင်သင့်ပါဘူး၊ ဒါပေမယ့် ဘုန်းကြီးတဲ့ ရဟန်းတော်များ ကွယ်လွန်သွားတဲ့အခါ တပည့်ရဟန်းတော်များ ကရော, ဒကာတွေ ကရော ပွဲလမ်းသဘင်တွေ ကျင်းပပြီး ပူဇော်ပွဲတွေ ပြုလုပ်တတ်ကြပါတယ်၊

ဝိနည်းသိက္ခာပုဒ်ကို ရိုသေတဲ့သူတွေ, ဘာဝနာကို အလေးအမြတ်ပြုတဲ့ သူတွေ ကတော့ ဒီပွဲလမ်းမျိုးကို မပြုသင့်ပါဘူး၊ ကြည့်ရှု နားထောင်ရန်လဲ မသင့်ပါဘူး၊ ဒါကြောင့် အဲဒီလို ပွဲလမ်းမျိုးကို ကိုယ်တိုင်လဲ မပြုဖို့, သူများကပြုလုပ်နေရာမှာလဲ သွားမကြည့်ဖို့, အားမပေးဖို့ သတိပေးလိုက်ပါတယ်

နောက်ပြီးတော့ တခြားဌာနများက အဆင်း အသံဖမ်းယူလာတဲ့ တိပ်ခွေစသည် များဖြင့်လဲ ကမ္မဋ္ဌာန်း ရိပ်သာ ဌာနအတွင်းမှာ ဖွင့်ပြခြင်း, ကြည့်ရှုနားထောင်ခြင်း များကို မပြုမလု ပ်ကြသင့်ကြောင်း သတိပေးပါတယ်၊ မဟာစည်သတိပဋ္ဌာန် နည်းအရ အားထုတ်ထားတဲ့ ရဟန်းများကတော့ အဲဒါမျိုးတွေ မပြုလုပ်ပေဘူးလို့လဲ ယုံကြည်ပါတယ်။

နောက်တခုကတော့ သူတပါးကို ကဲ့ရဲ့အပြစ်တင်ပြီးပြောယင် အပြစ်တင် ခံရတဲ့ သူမှာ စိတ်မချမ်းမသာ ဖြစ်ပြီး ပင်ပန်းဆင်းရဲတတ်ပါတယ်၊ ဒါကြောင့် အပြစ်တင်ခြင်း မျိုးကိုလဲ မပြုလုပ်ပဲ ကြဉ်ရှောင်သင့်ပါတယ်၊ မတော်မသင့် ပြုလုပ်နေသူကို သတိပေးသင့်ယင်တော့ သူတပါးအား မပြောပြပဲ ပြောပြသင့်သူအား သာလျှင် ချိုသာစွာ ပြောပြပြီး စောင့်ရှောက်သည့် အနေဖြင့် သာသာယာယာ သတိပေးရုံ မျှသာ သတိပေးသင့်ပါတယ်၊ တရားဟောတဲ့အခါမှာလဲ အပြစ်ရှိသူ တွေကို မဖော်ပြပဲ မတော်မသင့်ပြုမှု, ပြောမှုများကိုသာ ပြောပြသင့်ပါတယ်၊ ဒါလောက် ဆိုယင် ဩဝါဒပေးရန်မှာ ပြည့်စုံလောက်ပါပြီ။

နောက်နှစ်အတွက် နှစ်ပတ်လည် ပူဇော်ပွဲကတော့ ၁၃၄၄-ခု၊ နတ်တော်လဆန်း၄-ရက် တနင်္ဂနွေနေ့ ဖြစ်ပါတယ်၊ နတ်တော်လမပြည့်မီ အစောကြီး အသိအမှတ် ပြုထားရတာက ဘာကြော င့်လဲဆိုတော့ တိပိဋကစာပြန်ပွဲ စာမေးပွဲ စပြီးကျင်းပမည့် နေ့ရက်က ဒီဇင်ဘာလ ၂၆-ရက် တနင်္ဂနွေနေ့ (နတ်တော်လဆန်း ၁၁-ရက်နေ့) ဖြစ်မှာကြောင့် အဲဒီရက်မတိုင်မီ ပြီးစီးရအောင်လို့ လမပြည့်ခင် စောစော ရက်သတ်မှတ် ထားရခြင်း ဖြစ်ပါတယ်

တိပိဋက စာပြန်ပွဲ စာမေးပွဲစပြီး ကျင်းပနေကျရက်က နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ နောက်ဆုံး တနင်္ဂနွေနေ့ ဖြစ်ပါတယ်၊ ယခုသတ်မှတ်တဲ့ ၁၉၈၂-ခုနှစ်မှာတော့ အဲဒီ ဒီဇင်ဘာလ နောက်ဆုံး တနင်္ဂနွေနေ့က နတ်တော်လဆန်း ၁၁-ရက်နေ့ ဖြစ်သောကြောင့် အဲဒီရက်မှ ၇-ရက် ရှေ့ကျတဲ့ တနင်္ဂနွေဟာ နတ်တော်လဆန်း ၄-ရက်နေ့ ဖြစ်သောကြောင့် အဲဒီရက်ကို နှစ်ပတ်လည် ပူဇော်ပွဲနေ့အဖြစ် ကျင်းပရန် ယခုသတ်မှတ်ထားတဲ့အတိုင်း ပြောပြထားခြင်း ဖြစ်ပါတယ်

ဒါကြောင့် ၁၃၄၄-ခုနှစ်၌ အဲဒီ နှစ်ပတ်လည် ပူဇော်ပွဲအတွက် ကြွရောက်လာကြပြီး သာသနာပြုကိစ္စဆောင်ရွက်ကြမည့် အရှင်မြတ်တို့ဟာ ယခုကပင် သိမှတ်ထားပြီး ထိုရက်မတိုင်မီ စောစောပိုင်း ကတည်းက အဆင်သင့်ပြုစု စီစဉ်ထားကြဖို့ပါပဲ

ယခု ရှေ့နားပိုင်းက ပြောပြခဲ့တဲ့ ဩဝါဒ စကားတွေကတော့ သာသနာရေးနှင့် ပတ်သက်ပြီး အရှင်ဘုရားတို့ ရှေးက ဆောင်ရွက်လာကြသလို နောင်လဲ အလားတူပင် စောင့်ရှောက်ဆောင်ရွက်သွားကြဖို့ပါပဲ

သို့ဖြစ်၍ ဘုရားတပည့်တော် ယခုထပ်မံ၍ သတိပေး ပြောပြခဲ့သည့်အတိုင်း လိုက်နာကျင့်သုံး ပြုစုနိုင်ကြသဖြင့် မြတ်စွာဘုရား၏ သာသနာတော် တိုးတက် ကြီးပွားပါစေ၊ မိမိတို့လဲ ဘေးရန်အန္တရာယ် ဟူသမျှမှ ကင်းပြီးတော့ ကိုယ်စိတ်နှစ်ဖြာ အလိုရှိတိုင်း တိုးတက်ချမ်းသာကြပါစေ

သာဓု သာဓု သာဓု

ဩဝါဒဂ္ဂဟ သုပူဇ-မဟုဿဝေ မဟာယတိ၊
အန္တိမေ နိစ္ဆရိသောတိ, ဧသာ အန္တိမေ ဒေသနာ

၁၃၃၅-ခုနှစ် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် နှစ်ပတ်လည် ဩဝါဒတရားတော်

ဤဩဝါဒကထာသည် ၁၃၃၅-ခုနှစ် နတ်တော်လဆန်း ၈-ရက် (၂-၁၂-၇၃) တနင်္ဂနွေနေ့၌ ကျင်းပပြုလုပ်သော ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ် ၂၆-ကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေး၌ မိန့်ကြားတော်မူ သည့် ဩဝါဒတော် ဖြစ်သည်၊ အနှစ်သာရနှင့် ပြည့်ပသည့် ဩဝါဒတော်ကို ကြည့်ရှုလိုက်နာ ကျင့်ကြံရာ၏

၁၃၃၅-ခုနှစ် နတ်တော်လဆန်း ၈-ရက် (၂-၁၂-၇၃) တနင်္ဂနွေနေ့၌ ကျင်းပ ပြုလုပ်သော ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်၏ ၂၆-ကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးကြီး၌ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီး မိန့်ကြားတော်မူသည့် ဩဝါဒကထာ

ဒီကနေ့ဟာ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ရဲ့ ၂၆-ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေးကျင်းပတဲ့ နေ့ဖြစ်တယ်၊ ဒီအစည်းအဝေးပွဲမှာ ဘုန်းကြီးက တာဝန် ဝတ္တရားအတိုင်း ဩဝါဒစကား အနည်းငယ်တော့ပြောရမှာပဲ၊ အလျင်နှစ်တွေကလဲ ဩဝါဒစကား ပြောကြားခဲ့တာ အကြိမ်ပေါင်း များပါပြီ၊

အဲဒါတွေကို ပုံနှိပ်ထားပြီးတောင် ရှိနေပါပြီ၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက အဲဒီ ပြောပြီးသားဖြစ်တဲ့ ဩဝါဒစကားတွေကို ပြန်လည်ကြည့်ရှုပြီး သင့်လျော် ညီညွတ်အောင် ကျင့်သုံး ဆောင်ရွက်ကြစေလိုပါတယ်၊ ယခု တကြိမ်တော့ လိုရင်း အတိုချုပ်ပြောရမှာပဲ

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ဟာ ဗုဒ္ဓသာသနာတော်ကို ချီးမြှောက်ထောက်ပံ့ရတာ တွေထဲမှာ ဗုဒ္ဓသာသနာတော်ကို ချီးမြှောက် ထောက်ပံ့ရတာတွေထဲမှာ ဗုဒ္ဓ သာသနာတော်ကို ချီးမြှောက်ထောက်ပံ့ရတာဟာ အကောင်းဆုံးပဲ၊ အမြတ်ဆုံးပဲ၊ ဗုဒ္ဓသာသနာတော်ဆိုတာ မြတ်စွာဘုရား၏ ဆုံးမညွှန်ကြားချက် စကားတော်, တရားတော်ပါပဲ၊

အဲဒီ ဗုဒ္ဓတရားတော်တွေကို ကြာရှည်စွာတည်တံ့အောင်, ထွန်းကားအောင်, ကြီးပွားအောင် တတ်နိုင်တဲ့ဘက်ကနေပြီး ချီးမြှောက်ရတယ်၊ ထောက်ပံ့ရတယ်၊ ပူဇော်ရတယ်၊ အဲဒါဟာ အမြတ်ဆုံး ချီးမြှောက်ထောက်ပံ့ခြင်း ပူဇော်ခြင်းပဲ။ အဲဒီလို အမြတ်ဆုံးအနေဖြင့် ချီးမြှောက် ထောက်ပံ့ရ, ပူဇော်ရအောင် ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်က တာဝန်ယူပြီး ဆောင်ရွက်နေတယ်။

အဲဒီလို ဆောင်ရွက်နေရာမှာ ရည်ရွယ်ချက်အတိုင်း ထိထိရောက်ရောက် ချီးမြှောက် ထောက်ပံ့နိုင်အောင် သဒ္ဓါတရားရှိတဲ့ ပုဂ္ဂိုလ်တွေက မိမိတို့ အင်အားရှိသလောက် ပါဝင်လှူဒါန်းကြတယ်၊ ကူညီထောက်ပံ့ ကြတယ်၊ အဲဒီအများက ပါဝင်လှူဒါန်းကြတဲ့ ကြေးငွေဝတ္ထုများဖြင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဝင် တာဝန်ဆောင် ပုဂ္ဂိုလ်များက သင့်တော်သလိုကြည့်ပြီး သုံးစွဲထောက်ပံ့ကြရတယ်၊ အဲဒီလို အများနဲ့ဆိုင်တဲ့ အလုပ်ကို လုပ်ကြရ, ဆောင်ရွက်ကြရတယ်ဆိုတာ အင်မတန် တာဝန်ကြီးပါတယ်

ပုဂ္ဂလိက ကိုယ်ပိုင်ပစ္စည်းဖြင့် လှူဒန်းထောက်ပံ့တယ်၊ သုံးစွဲတယ်ဆိုတာကတော့ ကိုယ့်သဘောအတိုင်း သုံးစွဲနိုင်, ဆောင်ရွက်နိုင်ပါတယ်၊ အကုန်အကျများတယ်၊ မကုန်သင့်ပဲနဲ့ ကုန်တယ် စသည်ဖြင့် ဘယ်သူကမှ အပြစ်တင်စရာမရှိပါဘူး၊ တာဝန်ပေါ့ပါတယ်၊ အများက လှူဒါန်းထားတဲ့ ပစ္စည်းတွေကို ကိုင်တယ် သုံးစွဲပြီးတော့ ဗုဒ္ဓသာသနာတော်ကို ထောက်ပံ့ရတာ, ဆောင်ရွက်ရတာကတော့ အင်မတန်တာဝန်ကြီးပါတယ်

အဖွဲ့ဝင် ပုဂ္ဂိုလ်တွေထဲမှာ အချိန်ကုန် လူပန်းခံပြီး ဆောင်ရွက်နေကြတဲ့ တာဝန်ဆောင် ပုဂ္ဂိုလ်တွေကို ကြည့်လိုက်ယင် သူတို့မှာ ဘာမှအခလဲ ရတာမဟုတ်ဘူး၊ ကျော်စော ကိတ္တိဖြစ်ပြီး ဘယ်လိုအကျိုးရလိမ့်မယ်လို့ လောက ဘက်ကလဲ မျှော်လင့်စရာမရှိဘူး၊ သဒ္ဓါတရား သက်သက်နဲ့ ဆောင်ရွက်နေ ကြရတယ်

“ပဋိပတ္တိ သာသနာတော်အတွက် လှူဒါန်းသူတို့မှာလဲ ကုသိုလ်ပွားကြပါစေ၊ ပဋိပတ္တိ သာသနာတော်လဲ ကြီးပွားသင့်သမျှ တိုးတက်ကြီးပွားပါစေ”လို့ ရည်ရွယ်မျှော်လင့်ပြီး အင်မတန် သန့်ရှင်းတဲ့ စေတနာတွေနဲ့ ဆောင်ရွက်နေကြရတယ်

ရဟန်းတော်များက သာသနာပြုတယ် ဆိုတာကတော့ ကိုယ့်အကျိုးလဲ ပါတန် သလောက် ပါနေပါတယ်၊ ပရိယတ္တိဘက်က စာပေကျမ်းဂန် ပို့ချနေတဲ့ ဆရာတော်တွေဆိုယင် ပရိယတ္တိသာသနာတော် အရှည်တည်တံ့ပါစေ၊ စာပေ ကျမ်းဂန်တွေကို တတ်သိနားလည်ပြီး ပဋိပတ် အကျင့်လမ်းမှန်ကိုလဲ ကျင့်နိုင်ကြ ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ စိတ်စေတနာ သန့်ရှင်းစွာနဲ့ စာပေကျမ်းဂန်တွေကို ပို့ချပေးနေကြတယ်၊

အဲဒီလို ပို့ချပေးနေကြတဲ့အတွက် တပည့်အဆက်ဆက်တွေ စာပေကျမ်းဂန် တတ်သိပြီး ပရိယတ္တိသာသနာတော် အရှည်တည်တံ့ခြင်းအကျိုး ပြီးစီးနေတယ်၊ နောက်ပြီးတော့ အဲဒီလို စာပေကျမ်းဂန် ပို့ ချနေတဲ့အတွက် ဒကာ, ဒကာမတွေက ကြည်ညိုပြီး အဲဒီလို စာချဆရာတော်အား လှူဒါန်းပူဇော်ကြတယ်၊ ဒါကြောင့် သာသနာတော် ကြီးပွားရေးအတွက် ဆောင်ရွက်ရာ၌ ရဟန်းတော်များမှာ မိမိတို့၏ အကျိုးလဲ ဖြစ်တန်သမျှဖြစ်သွားတယ်

ပဋိပတ္တိဘက်က ဘာဝနာလုပ်ငန်းစဉ်တွေကို ဟောကြားညွှန်ပြနေတဲ့ ဆရာတော် တွေမှာဆိုယင်လဲ -

အဟော မေ ဝတ ဓမ္မံ သုနေယျံ၊
သုတွာစ ပန ဓမ္မံ အာဇာနေယျံ၊
အာဇာနိတွာစ ပန တထတ္ထာယ ပဋိပဇ္ဇေယျန္တိ

မေ - ငါ၏၊
ဓမ္မံ - ဟောသည့်တရားကို၊
သုဏေယျံ - နာကြပါကုန်မူကား၊
အဟောဝတ - ဪသာ် ကောင်းလေစွ၊
သုတွာစ - နာကြပြီး၍လည်း၊
ဓမ္မံ - တရားကို၊
အာဇာနေယျံ - သိနားလည်ကြပါကုန်မူကား၊
အဟောဝတ - ဪ ကောင်းလေစွ၊
အာဇာနိတွာစ - သိနားလည်ကြကုန်ပြီး၍လည်း၊
တထတ္ထာယ - ထိုတရားတော်၌ ပြဆိုထားသည့်အတိုင်းဖြစ်၍ ပြည့်စုံအောင်၊
ပဋိပဇ္ဇေယျံ - ကျင့်ကြံအားထုတ်ကြပါကုန်မူ၊
အဟောဝတ - ဪသာ်ကောင်းလေစွ၊
ဣတိ - ဤသို့ရည်ရွယ်၍ ဟောရမယ်-လို့

မြတ်စွာဘုရား ဟောကြားတော် မူသည့်အတိုင်း မိမိဟောတဲ့တရားကို နာကြားပြီး သိနားလည်ကြပါစေ၊ သိနားလည်ပြီးတော့ မြတ်စွာဘုရား ၏ အလိုတော်အတိုင်း ဓမ္မာနုဓမ္မပဋိပတ်ဆိုတဲ့ သမထဝိပဿနာအကျင့်ကို ကျင့်နိုင်ကြပါစေ၊ အဲဒီလို ထက်ထက်သန်သန် ကျင့်ပြီးတော့ ပဋိဝေဓခေါ်တဲ့ မဂ်, ဖိုလ်, နိဗ္ဗာန်တရားထူး တရားမြတ်တွေကို ရကြပါစေလို့ ရည်ရွယ်ပြီး သန့်ရှင်းစင်ကြယ်တဲ့ စေတနာနဲ့ ဟောကြားနေ, ပြနေယင် အဲဒီလို ဟောကြားညွှန်ပြနေတဲ့ အတွက် ရဟန်း, ရှင်, လူများစွာတွေဟာ ဗုဒ္ဓသာသနာဆိုတဲ့ အကျင့်လမ်းမှန်တွေကို ကျင့်ကြရတာပဲ၊

အဲဒီလို ကျင့်ပြီးတော့ သမာဓိ, ပညာတရားထူးတွေကို ပါရမီရှိသလောက် ကိုယ်တိုင် တွေ့သိမြင်ပြီး တရားအရ သာတွေကို ခံစားကြရတယ်၊ အဲဒီလို ကိုယ်တိုင် တွေ့သိမြင်ပြီးဖြစ်တဲ့ ပုဂ္ဂိုလ်ကတဆင့် ဟောပြော တိုက်တွန်းပေးခြင်းအားဖြင့် ပဋိပတ္တိ သာသနာတော်ဟာ တိုးတက်ကြီးပွားသွားတယ်၊ အဲဒါဟာ တခြားမှာ ရှာကြည့်နေစရာ မလိုဘူး၊ ဒီသာသနာ့ရိပ်သာကိုပဲ ကြည့်ပါ၊

ဒီသာသနာ့ရိပ်သာက တရားအားထုတ်ပြီး တော့ တိုးပွားသွားတဲ့ မဟာစည်ဌာနခွဲ တွေဟာ မြန်မာပြည်မှာပဲ စာရင်းရတဲ့ဌာနမတွေ နှစ်ရာ (၂၀ဝ) ကျော်ရှိတယ်၊ စာရင်းမပို့လို့ မထင်ရှားတဲ့ ဌာနတွေလဲ ဟိုအရပ် ဒီအရပ်တွေမှာ တရားဟော သွားယင် တွေ့ရတာတွေ တော်တော်များများ ရှိပါသေးတယ်၊

ယိုးဒယား, သီဟိုဠ် အစရှိတဲ့ နိုင်ငံခြားတွေမှာလဲ မဟာစည်ဩဝါဒခံဌာနတွေ များစွာရှိနေပါသေးတယ်၊ အဲဒါဟာ ပဋိပတ္တိဘက်က သာသနာတော်ကို တိုးတက် ကြီးပွားသွားတာပါပဲ၊ အဲဒီလို ကြီးပွားတိုးတက်သွားတာဟာ ဘုန်းကြီးနှင့်တကွ ကမ္မဋ္ဌာနာစရိယ ဆရာတော်တွေက ဟောကြားညွှန်ပြပေးနေလို့ပါပဲ၊

နောက်ပြီးတော့ ယခု စည်းဝေးနေကြတဲ့ ဗုဒ္ဓသာသနာနုဂ္ဂ ဟအဖွဲ့ဆိုင်ရာ ဒကာ, ဒကာမအများက ချီးမြှောက်ထောက်ပံ့ အားပေးနေတဲ့ အကြောင်းကြောင့်လဲ ဖြစ်တယ်၊ ဒါကြောင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဆိုင်ရာ ဒကာ, ဒကာမတွေမှာ ဒီလို ပဋိပတ္တိ သာသနာတော် တိုးတက်ကြီးပွားတာကို အကြောင်းပြုပြီး ဝမ်းမြောက်စရာ ဂုဏ်ယူစရာလဲဖြစ်တယ်

နောက်ပြီးတော့ ကမ္မဋ္ဌာ န်းဆရာတော်များမှာ ဒကာ, ဒကာမများစွာတို့၏ ရိုသေ လေးစားခြင်းကို, လှူဒါန်းပူဇော်ခြင်းကိုလဲများစွာပင် ရရှိနေကြပါတယ်၊ ဒါကြောင့် ပဋိပတ္တိသာသနာပြုရာမှာ ရဟန်းတော်များဟာ မိမိတို့၏ လောကီအကျိုးတွေကိုလဲ ရရှိနေကြပါတယ်၊ သာသနာတော် အကျိုးရော ပြီးတယ်ဆိုတော့ အားထုတ်စရာ ကောင်းတာပေါ့။

လူဒကာ, ဒကာမများမှာတော့ ဒီလို သာသနာပြုအဖွဲ့အသင်းတွေထဲ ဝင်ပြီး ဆောင်ရွက်ရတာဟာ သာသနာတော်အကျိုးနဲ့ ကုသိုလ်ရရုံလောက်ပဲ၊ လောက ဘက်ကတော့ ယခုနေအချိန်မှာ အကျိုးကျေးဇူး သိပ်မရှိပါဘူး၊ ဥက္ကဋ္ဌ, အတွင်းရေးမှူး စသည်ဖြင့် နာမည်ရရုံလောက်ပဲ ရှိပါတယ်၊ ဆောင်ရွက်ရတဲ့ တာဝန်ကတော့ မသေးလှပါဘူး

စားဝတ်နေရေးအတွက် ဆောင်ရွက်စရာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကလဲ ရှိနေတယ်၊ ရပ်ရေးရွာရေး အစရှိတဲ့ မလွှဲမကင်းသာ ဆောင်ရွက်စရာတွေလဲ ရှိနေတယ်၊ အဲဒီလို ကိစ္စတွေ များစွာရှိနေတဲ့အထဲမှ တချို့က နေ့စဉ်ပင် ဒီ ရိပ်သာလာပြီး ဆောင်ရွက်နေကြတယ်၊ တချို့က နေ့စဉ်လိုလိုပင် လာပြီး ဆောင်ရွက်နေကြတယ်၊ အဲဒီလို ဆောင်ရွက်ရတာဟာ အင်မတန် ဝန်လေးပါတယ်

ဆောင်ရွက်ရာမှာလဲ အများနဲ့စပ်ဆိုင်တဲ့ပစ္စည်းကို ကိုင်တွယ်သုံးစွဲ ရတာဟာ ဝန်လေးပါတယ်၊ မိမိအမြင်အားဖြင့် အကောင်းဆုံးအနေနဲ့ ဆောင်ရွက်ပေမယ့် အများသဘောကျဖြစ်ဖို့ ခဲယဉ်းပါတယ်၊ အများသဘောကျ မဖြစ် ယင် အပြစ်ဆိုတာ ပြောတတ်ကြတာပဲ၊ ပြောသင့်လို့ ပြောတာလဲရှိမယ်၊

မပြောသင့်ပဲနဲ့ ပြောတာလဲရှိမယ်၊ အဲဒီလို အပြောခံရတာလဲ တနည်းအားဖြင့် ဂုဏ်ယူစရာပါပဲ၊ ဘာကြောင့်လဲဆိုယင် တကယ် အလုပ်လုပ်တဲ့သူဟာ အပြော ခံရတယ်၊ ဘာမှမလုပ်ပဲ အလကား နေတဲ့သူမှာ အဲဒီလို အပြောကိုမခံရဘူး၊ ဒါကြောင့်ပါပဲ၊ ဒါပေမယ့် အနဝဇ္ဇာနိ ကမ္မာနိ - အပြစ်ကင်းတဲ့ လုပ်ကိုင်မှု ရှိစေရမယ် ဆိုတဲ့ မင်္ဂလာတရားတော်နှင့်အညီ အပြစ်ကင်းအောင် အထူးသတိပြုပြီး ဆောင်ရွက်ကြဖို့တော့ လိုပါတယ်

အပြစ်ကင်းအောင် ဆောင်ရွက်တာကိုတော့ အားလုံးသိကြပြီး ဖြစ်ပါလိမ့်မယ်၊ အဖွဲ့၏ စည်းမျဉ်း ဥပဒေနှင့်အညီ ဆောင်ရွက်ကြဖို့ပါပဲ၊ မည်ရွေ့ မည်မျှအထိ တဦးတယောက် ၏ သဘောနဲ့ ဆောင်ရွက်နိုင်တယ် စသည်ဖြင့် တဦးတယောက် တည်းအတွက် ခွင့်ပြုထားတာလဲ ရှိပါလိမ့်မယ်၊ အဲဒီလို ခွင့်ပြုထားတဲ့ကိစ္စကိုတော့ တဦးတယောက် သဘောနဲ့ ဆောင်ရွက်ယင်လဲ အပြစ်ကင်းမှာပါပဲ၊

အဲဒီလို တဦးတယောက်ကို ခွင့်ပြုမထားတဲ့ ကိစ္စများကိုတော့ အစည်းအဝေး ကျင်းပပြီး အများဆန္ဒကို ယူပြီးမှ အများသဘောအရ ဆောင်ရွက်သင့်ပါတယ်၊ အဲဒါကတော့ မှားသွားတောင် ဘယ်သူကမှ အပြစ်မပြောနိုင်ပါဘူး၊ အဲဒါဟာ အများက သိထားပြီး ဖြစ်တဲ့အတိုင်း အနဝဇ္ဇာနိ ကမ္မာနိ - ဆိုတဲ့ မင်္ဂလသုတ်နှင့်အညီ အပြစ်ကင်းအောင် ဆောင်ရွက်ပုံပါပဲ

စေတနာကောင်းနဲ့ အပြစ်ကင်းအောင် ဆောင်ရွက်နေရာမှာလဲ အပြစ်ပြောတဲ့သူ ကတော့ ရှိတတ်သေးတာပဲ၊ အဲဒီလို အပြောခံရယင် နာယကဂုဏ် ၆-ပါးထဲက ခမာ - သည်းခံခြင်းဆိုတဲ့ ဂုဏ်နှင့်အညီ သည်းခံပြီးတော့ ရှင်းတန်တာ ရှင်းလင်းပြရမယ်၊ ဆောင်လဲဆောင်ရွက်ရသေးရဲ့, အပြစ်တင်လဲ ခံရသေးရဲ့လို့ဆိုပြီး စိတ်ပျက်နေ လို့တော့ မဖြစ်ဘူး၊ စိတ်ပျက်ပြီး ဆောင်ရွက်နေကျ ပုဂ္ဂိုလ်က မဆောင်ရွက်ယင် အပြစ်ပြောတဲ့ ပုဂ္ဂိုလ်ကလဲ ဆောင်ရွက်ရန် စွမ်းနိုင်ချင်မှ စွမ်းနိုင်မယ်၊

ကိုယ်ကမစွမ်းနိုင်ပဲနဲ့ သူများဆောင်ရွက်နေတာကို အပြစ်ပြောရုံ ပြောနေတာကလဲ မသင့်တော်ဘူး၊ အကယ်၍ ပြောစရာ ရှိယင်လဲ သတိပေးတဲ့အနေနဲ့ နူးနူးညံ့ညံ့ ချိုချိုသာသာ ပြောဆိုတတ်ဖို့ လိုပါတယ်၊ သာသနာရေးဆိုတာ စီးပွားရေးလဲ မဟုတ်ဘူး၊ နိုင်ငံရေးလဲ မဟုတ်ဘူး၊ ဒါကြောင့် ပြောတဲ့အခါ ချိုချိုသာသာ ပြောဖို့လိုပါတယ်၊

မိမိပြောလိုက်တဲ့အတိုင်း မဖြစ်ရမည်လားဆိုပြီး ဒေါသ ထွက်နေရန်လဲ မသင့်ပါဘူး၊ ပြောသင့်တာကို သတိပေးပြောခြင်းဖြင့် မိမိတာဝန် ကျေပွန်ပြီးလို့ သဘောထားပြီး စိတ်ကြည်ကြည်လင်လင်ရှိဖို့ လိုပါတယ်၊ သတိပေးခံရတဲ့ ပုဂ္ဂိုလ်ကလဲ စဉ်းစား ဆင်ခြင်ပြီး ပြုပြင်သင့်တာကို ပြုပြင်ပြီး ဆောင်ရွက်သွားဖို့ လိုပါတယ်၊ အဲဒီလို သတိပေးတဲ့ ပုဂ္ဂိုလ်ရော, ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ရော နှစ်ဦးလုံးက တာဝန်ဝတ္တရား ကျေပွန်စွာ ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်သွားကြဖို့ လိုပါတယ်၊ အဲဒီလို ဆောင်ရွက်သွားယင် သာသနာတော်အတွက် အကျိုးများသွားပါလိမ့်မယ်

နောက်ပြီးတော့ ဇာဂရိယ - နိုးကြားခြင်းတဲ့၊ ကိုယ့်တာဝန် ကျေပွန်အောင် ဆောင်ရွက်ဖို့ရာ နိုးနိုး ကြားကြား ရှိဖို့ပါပဲ၊ နောက်ပြီးတော့ မိမိတာဝန်ကို တက်တက်ကြွကြွနဲ့ ပြီးစီးပြည့်စုံအောင်ဆောင်ရွက်သွားဖို့ပါပဲသံဝိဘာဂ -ပေးကမ်းခြင်း ဆိုတာကတော့ သိပ်မလိုလှပါဘူး၊

အလုပ်ကိစ္စကို ဆောင်ရွက်ကြတဲ့သူတွေအား ပေးသင့်တာ ပြည့်ပြည့်စုံစုံပေးဖို့ လောက်ပဲလိုပါတယ်ဒယာ -သနားကြင်နာ မေတ္တာပြုခြင်းတဲ့၊ ဒါကတော့လိုပါတယ်၊ အဖွဲ့ကိစ္စကို ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်အချင်းချင်း ချမ်းသာကြပါစေဆိုတဲ့ မေတ္တာ မနောကံ ရှိနေဖို့လိုပါတယ်၊ ဘယ်သူ့အပြစ်ကို ဘယ်သူ့ထံ သွားပြောမယ်ဆိုတဲ့ ဒေါသစိတ်ကူးမျိုး ကင်းရှင်းစေရမယ်

ပြောစရာရှိတဲ့အခါလဲ ခုတင်က ညွှန်ကြားခဲ့တဲ့အတိုင်း မေတ္တာဝစီကံဖြင့် ချိုချို သာသာနဲ့ ပြောရမယ်။ ကူညီပြီး ဆောင်ရွက်စရာရှိယင်လဲ မေတ္တာကာယကံဖြင့် စွမ်းနိုင်သမျှ ကူညီဆောင်ရွက်ရမယ်၊ သာသနာ့ရိပ်သာရှိ ရဟန်း, ရှင်, လူ ယောဂီ တွေအတွက် ဆောင်ရွက်နေကြရတာကတော့ မေတ္တာကာယကံ, မေတ္တာဝစီကံ, မေတ္တာ မနောကံတွေချည်းပါပဲ

နောက်ပြီးတော့ ဣက္ခဏာ - အမြော်အမြင် ဉာဏ်ပညာရှိရမယ်တဲ့၊ ဒါကလဲ အရေးကြီးတာပဲ၊ ဘယ်လို ဆောင်ရွက်သင့်တယ်၊ ဘယ်လိုဆောင်ရွက်ယင် ဘယ်လိုအကျိုးများမယ် စသည်ဖြင့် ဉာဏ်ဖြင့် မြော်မြင်ပြီး ဆောင်ရွက်သွားကြဖို့ပါပဲ
ယခုပြောခဲ့တာတွေဟာ နာယကဂုဏ် ၆-ပါးပဲ၊ အဲဒါတွေကို အလျင်နှစ်များကလဲ ပြောခဲ့ပြီးပါပြီ။

အခု အပရိဟာနိယတရား ၇-ပါးထဲက သက်ဆိုင်တဲ့ အပရိဟာနိယ မဆုတ်ယုတ် ရေးတရားများကို ပြောရဦးမယ်၊ လိစ္ဆဝီမင်းတွေ အကြောင်းပြုပြီး ဟောထားတဲ့ အပရိဟာနိယတရားထဲကပါပဲ၊ အဘိဏှ သန္နိပါတာ သန္နိပါတဗဟုလာ - မကြာမကြာ စည်းဝေးတိုင်ပင်ရမယ်စည်းဝေးတိုင်ပင်ခြင်း များစေရမယ်တဲ့၊ အဲဒီလို မကြာမကြာ စည်းဝေးတိုင်ပင်ယင် ဆောင်ရွက်စရာတွေလဲ ပေါ်လာမယ်၊

အချင်းချင်း အကြံဉာဏ်ပေးတာတွေလဲ ရှိမယ်၊ အများသဘောတူ ဆုံးဖြတ်တာ ဝန်ပေးနိုင်တယ်၊ တာဝန်ကျတဲ့ ပုဂ္ဂိုလ်ကလဲ ပေးတဲ့တာဝန်ကိုယူပြီး ဆောင်ရွက် နိုင်တယ်၊ အဲဒီလို ဆောင်ရွက်ခြင်းဖြင့် ဝုဍ္ဎိယေဝ ပါဋိကင်္ခါ နောပရိဟာနိ-ဆုတ်ယုတ်ခြင်း မရှိပဲ ကြီးပွားတိုးတက်ခြင်းသာ ရှိမယ်လို့ ဧကန် မျှော်လင့်ရ ပါပါတယ်တဲ့။

အဲဒီလို စည်းဝေးတဲ့အခါ သမဂ္ဂါ သန္နိပတန္တိ - အညီအညွတ် စည်းဝေးကြရမယ်သမဂ္ဂါ ဝုဋ္ဌဟန္တိ -အညီအညွတ် အစည်းအဝေးမှ ထကြရမယ်တဲ့၊ တချို့က စောစောရောက်ပြီး ဆွေးနွေးနေယင် နောက်မှရောက်လာတဲ့ သူတွေက သံသယ ရှိနေမယ်၊ သူများထသွားကြပြီးတဲ့နောက် ဆွေးနွေးနေကြယင်လဲ ထသွားတဲ့ သူတွေက သံသယ ရှိနေမယ်၊

ဒါကြောင့် အညီအညွတ်စည်းဝေးဖို့, အစည်းအဝေးမှ အညီအညွတ်အဖို့ ညွှန်ကြား ထားခြင်းဖြစ်ပါတယ်၊ ယခု သာသနာရေး ကိစ္စအရာမှာတော့ ဒါက သိပ်အရေး မကြီးလှပါဘူး၊ အစည်းအဝေး ရှိတဲ့အခါ အချိန်မီ မပျက်မကွက်ပဲ လာရောက်ဖို့ လောက်သာ လိုပါတယ်၊ နောက်ပြီးတော့ သမဂ္ဂါဝဇ္ဇိကရဏီယာနိ ကရောန္တိ -ဝဇ္ဇိမင်းတို့ ပြုသင့်တဲ့ကိစ္စတွေတဲ့၊ ယခုဒီမှာတော့ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဝင်တွေ ပြုသင့်တဲ့ ကိစ္စတွေလို့ ဆိုရမှာပေါ့၊

အဲဒီကိစ္စတွေကို အညီအညွတ်ဆောင်ရွက်ကြရမယ်တဲ့၊ အမှုဆောင် အဖွဲ့ဝင်တွေက ၁၅-ယောက်ရှိတယ်၊ သုံးလေးယောက်လောက်သာ ဆောင်ရွက်နေတယ်ဆိုယင် ထောင့်မစေ့နိုင်ဘူး၊ ဒါကြောင့် ၁၅-ယောက်လုံး အသီးအသီး ကိုယ်နိုင်ရာ တာဝန်ယူပြီး ဆောင်ရွက်ကြဖို့ပါပဲ၊ အဖွဲ့ဝင်ဆိုတဲ့ အမည်ယူထားယင် အဖွဲ့၏တာဝန်ကို ဆောင်ရွက်ဖို့ တာဝန်ရှိနေပါတယ်၊ အဲဒီတာဝန်ကို ဆောင်ရွက်ဖို့ပါပဲ၊

အာဂတော ဘာရော အဝဿံ ဝဟိတဗ္ဗောရောက်လာတဲ့ တာဝန်ကို မချွတ်ဧကန် ဆောင်ရွက်ရလိမ့်မယ်လို့ ဆိုထားပါတယ်၊ ဒါကြောင့် မိမိနဲ့ထိုက်တန်တဲ့ မိမိ ဆောင်ရွက်နိုင်တဲ့ တာဝန်ကို အသီးအသီးယူပြီး ကျေပွန်အောင် ဆောင်ရွက်သွား ကြဖို့ပါပဲ၊ လူစေ့တက်စေ့ ဆိုသလို အဖွဲ့ဝင်တိုင်း ကိုယ်စီကိုယ်င ဆောင်ရွက် သွားကြဖို့ ထပ်မံသတိပေးပါတယ်

အဲဒီလို အညီအညွတ် ဆောင်ရွက်သွားကြလို့ ရှိယင် ဆုတ်ယုတ်ဖွယ်မရှိဘူးတိုးတက်ကြီးပွားဖွယ်သာ ရှိပါတယ်၊ မေတ္တာဝစီကံဖြင့် ချိုသာစွာ သတိပေးစကား ပြောကြားရမယ်၊ ဆရာလုပ်သည့်အနေနဲ့, မာန်မဲသည့်အနေနဲ့ ပြောရန်တော့ မသင့်ဘူး၊ အပြောခံရတဲ့ ပုဂ္ဂိုလ်ကလဲ စဉ်းစားဆင်ခြင်ပြီး လစ်လပ် နေတဲ့ ကိစ္စတွေကို ပြည့်စုံအောင် အထူးသတိပြုပြီး ဆောင်ရွက်သွားရမယ်

အဲဒီအတိုင်း ဆောင်ရွက်သွားကြယင် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီးဟာ တိုးတက် သည်ထက် တိုးတက်သွားမှာ ဧကန်ပါပဲ၊ ယခုလဲ တိုးတက်နေပါတယ်၊ တနှစ်ထက်တနှစ် ထူးထူးခြားခြား တိုးတက်နေပါတယ်၊ ယခုပြောခဲ့တဲ့ ဩဝါဒ အတိုင်း ပြည့်ပြည့်စုံစုံ ဆောင်ရွက် သွားနိုင်ကြယင်တော့ တိုင်းထက်အလွန် တိုးတက် သွားပါလိမ့်မယ်

ဘုန်းကြီးတို့ ဟောပြောညွှန်ပြနေတဲ့ ပဋိပတ္တိသာသနာတော်ဟာလဲ ယခုတိုးတက် နေတာထက် ထူးထူးခြားခြားကြီး တိုးတက်လာပါလိမ့်မယ်

အဲဒီလို ဗုဒ္ဓသာသန ာနုဂ္ဂဟအဖွဲ့ရော, ပဋိပတ္တိသာသနာတော်ရော တိုးတက် သည်ထက် အထူးတိုးတက် ကြီးပွားသွားအောင် အဖွဲ့ဝင်တိုင်း အသီးအသီး တာဝန်ယူ၍ ကိုယ်စီကိုယ်င ရွက်ဆောင်နိုင်ကြပါစေအပြစ်ကင်းအောင်လဲ ရွက်ဆောင်နိုင်ကြပါစေ၊ အချင်းချင်း ချိုချိုသာသာ သတိပေးစကား ပြောကြားလျက် အကြံဉာဏ်ပေး၍ ပြုပြင် သင့်တာကိုလဲ ပြုပြင်ကြ၍ အညီအညွတ် ဆောင်ရွက်နိုင် ကြပါစေ၊ ဤသို့ ဆောင်ရွက်ခြင်းဖြင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ရော, မြတ်စွာဘုရား၏ သာသနာတော်ရော တိုးတက်သည်ထက် တိုးတက်ကြီးပွားပါစေ သတည်း

မဟာစည် ထေရပုင်္ဂဝေါ, မဟာဉာဏိ မဟာသုဓီ၊
မဟေသိစက္ကဝုဒ္ဓိယာ, သတတံ ကိစ္စကာရကော

၁၃၃၇-ခုနှစ် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် နှစ်ပတ်လည် ဩဝါဒတရားတော်

ဤဩဝါဒတရားတော်ကို ၁၃၃၇-ခုနှစ် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် နှစ်ပတ်လည် အစည်းအဝေး၌ ဆရာတော်ဘုရားကြီး ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ဝင်များ လိုက်နာရန် မိန့်ကြားတော်မူခြင်း ဖြစ်သည်၊ တကယ်တော့ ကျောင်းဂေါပကဝင်တိုင်း, စေတီပုထိုး ဂေါပကဝင်တိုင်း, ရပ်ရွာနယ်ပယ် အကြီးအကဲတိုင်း လိုက်နာရမည်ဖြစ်ရာ လွန်စွာ တန်ဖိုးကြီးလှ၏၊ သို့ဖြစ်၍ အပြည့်အစုံ မူရင်းအတိုင်း ဖော်ပြအပ်ပါသည်

၁၃၃၇-ခုနှစ် ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ် နှစ်ပတ်လည် အစည်းအဝေးပွဲ၌ အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဩဝါဒတရားတော်

ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ
ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ
ဧသာနိသံသော ဓမ္မေ သုစိဏ္ဏေ,
န ဒုဂ္ဂတိံ ဂစ္ဆတိ ဓမ္မစာရီ

ဓမ္မော - ကိုယ်ကျင့်တရားသည်၊
ဓမ္မစာရိံ - တရားကို ကျင့်သောသူကို၊
ဟဝေ - စင်စစ်၊
ရက္ခတိ - စောင့်ရှောက်တတ်၏၊

ကိုယ်ကျင့်တရားက မိမိကိုကျင့်နေတဲ့ ပုဂ္ဂိုလ်ကို စောင့်ရှောက်တယ်၊ မကျင့်တဲ့ ပုဂ္ဂိုလ်ကိုတော့ မစောင့်ရှောက်ဘူး၊ ကျင့်တဲ့ပုဂ္ဂိုလ်မှ စောင့်ရှောက်တယ်။

သုစိဏ္ဏော - ကောင်းစွာကျင့်အပ်သော၊
ဓမ္မော - တရားသည်၊
သုခံ - ချမ်းသာကို၊
အာဝဟတိ - ဆောင်ပေးတတ်၏၊

အဲဒီကိုယ်ကျင့်တရားဟာ ကောင်းကောင်းကျင့်လို့ရှိယင် အဲဒီကောင်းကောင်းကျင့်တဲ့ ပုဂ္ဂိုလ်အား ချမ်းသာကို ဆောင်ပေးတတ်တယ်။

ဓမ္မစာရီ - တရားကိုကျင့်သုံးသောပုဂ္ဂိုလ်သည်၊
ဒုဂ္ဂတိံ - မကောင်းသောဂတိ ဆင်းရဲသောဂတိသို့၊
န ဂစ္ဆတိ - မရောက်ရ၊

တရားကျင့်တဲ့ ပုဂ္ဂိုလ်ဟာ ဒုဂ္ဂတိ မကောင်းသောဂတိ မကောင်းသော ဘဝများ မရောက်ရဘူးတဲ့၊

ဧသ - ဤအကျိုးသည်၊
ဓမ္မေသုစိဏ္ဏေ - ကောင်းစွာကျင့်အပ်သော ကိုယ်ကျင့်တရား၌၊
ဝါ - ကိုယ်ကျင့်တရား၏၊
အာနိသံသော - အကျိုးပေတည်း။

ကိုယ်ကျင့်တရားဆိုတာ သီလ, သမာဓိ, ပညာ ဒါတွေပါပဲ၊ ကောင်းသောအမှုတွေ ပြုကျင့်တာဟာ ကိုယ်ကျင့်တရားတွေပါပဲ၊ ကောင်းသောအမှုတွေ ပြုကျင့်နေလို့ ရှိယင် အဲဒီ ကောင်းသောအမှု ကိုယ်ကျင့်တရားက ကျင့်တဲ့ပုဂ္ဂိုလ်ကို စောင့်ရှောက်တယ်၊ ကျင့်တဲ့ ပုဂ္ဂိုလ်အား အလိုရှိအပ်တဲ့ ချမ်းသာကို ရစေတယ်၊ ဒုဂ္ဂတိ ဘဝများသို့ မကျရောက်စေတတ်ဘူး၊ ဒုဂ္ဂတိဘဝများတွေမှာ မကျရောက် အောင်လဲ ကာကွယ်ပေးတယ်၊ အဲဒါဟာ ကောင်းစွာကျင့်အပ်တဲ့ ကိုယ်ကျင့်တရားရဲ့ အကျိုးပဲ၊

အဲ ကောင်းသောကိုယ်ကျင့်တရားဟာ အရေးကြီး ပါတယ်၊ အခါတိုင်းမှာတော့ ဒီမှာ သီလယူတဲ့ပရိသတ် နည်းနည်းပါပဲ၊ ကနေ့တော့ ဒီမှာ အဖွဲ့ရဲ့ နှစ်ပတ်လည် အစည်းအဝေးလဲလုပ်တော့ ပရိသတ်က အခါတိုင်းထက်များတယ်။ နှစ်ပတ်လည် အစည်းအဝေးဖြစ်တဲ့အတွက် ဘုန်းကြီးက အခါတိုင်း အခါတိုင်း ပြောနေကျစကားကို ပြောရလိမ့်မယ်၊

အခါတိုင်းလဲ ပြောနေကျပါပဲ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဆိုတာ ဗုဒ္ဓသာသနာကို ချီးမြှောက်ဖို့ရာ ဖွဲ့စည်းထားတဲ့ အဖွဲ့ပါပဲ၊ ပထမအစတုန်းကတော့ ဆာဦးသွင်က စပြီးတော့ ဆောင်ရွက်ပါတယ်။

ဆာဦးသွင် မရှိတဲ့နောက်ပိုင်းမှာတော့ ဆိုင်ရာ ဆိုင်ရာ စပ်ရာစပ်ရာ ပုဂ္ဂိုလ်တွေ ဆောင်ရွက်ပြီးတော့ လာကြတယ်၊ အရေးကြီးတာကတော့ အညီအညွတ် ဆောင်ရွက်ဖို့ရာ ကိုယ်ကျင့်တရား အရေးကြီးတယ်၊ အညီအညွတ် ဆောင်ရွက်ဖို့ သင်္ဂဟတရားဆိုတာ “ဒါန, ပီယဝါစာ, အတ္ထစရိယ, သမာနတ္တတာ” ရယ်လို့ ၄ -ပါး ရှိတယ်၊

ဒါန - ပေးကမ်းရမယ်တဲ့၊ ဒါကတော့ ဒီအဖွဲ့အတွင်းမှာ မလိုပါဘူး၊ ဒိပြင်နေရာ အပြင်ပမှာ ဆိုယင်တော့ နီးစပ်ရာ ပုဂ္ဂိုလ်တွေ ပေးကမ်းလို့ရှိယင် ရင်းနှီးပြီးတော့ စည်းလုံးညီညွတ်ရေး ဖြစ်တာပေါ့၊ ဒီအဖွဲ့အတွင်းမှာတော့ ပေးကမ်းဖို့ရာ ဒါကတော့ မလိုလှပါဘူး။

ပီယဝါစာ-တဲ့၊ အဲဒါတော့ လိုတယ်၊ ပီယဝါစာ - ချစ်ဖွယ် သာယာနာပျော်ဖွယ်ဖြစ်တဲ့ စကား ပြောတတ်ရမယ်၊ အဲဒါက အရေးကြီးတယ်၊ ဒါကတော့ နေရာတိုင်း ဘယ်မှာ မဆို အရေးကြီးတာပဲ၊ သူများ နားမခံသာတဲ့စကား ပြောလို့ရှိယင် မူလက ခင်မင်ရင်းနှီးတဲ့ ပုဂ္ဂိုလ်တောင်မှ မေတ္တာတွေပျက်ကုန်တာပဲ၊ ဒါက အင်မတန် အရေးကြီးပါတယ်၊ ငယ်တဲ့ပုဂ္ဂိုလ်ဖြစ်ဖြစ်, ကြီးတဲ့ပုဂ္ဂိုလ်ဖြစ်ဖြစ် ကိုယ်ပြောတဲ့ စကားဟာ ပီယဝါစာ ဖြစ်ရဲ့လား, မဖြစ်ဘူးလားဆိုတ ာ စဉ်းစားပြီးတော့ ပီယဝါစာ ဖြစ်အောင် ပြောဖို့ရာ အရေးကြီးပါတယ်၊ ကိုယ်ပြောချင်တိုင်း ပြောနိုင်တာပဲ အရေးမကြီးဘူးဆိုပြီးတော့ အဲဒီလိုပြောယင် စည်းရုံးရေးတွေ ပျက်တတ်တယ်၊ သင်္ဂဟတရားပျက်တယ်၊

အတ္ထစရိယာ - အကျိုးစီးပွားကို ကျင့်ရမယ်၊ အခြားသော ပုဂ္ဂိုလ်တွေမှာ ဆောင်ရွက်စရာ ရှိတဲ့အခါ ကိုယ်တတ်နိုင်လို့ရှိယင် ကိုယ်နှင့်ဖြစ်စေ, နှုတ်နှင့်ဖြစ်စေ ဆောင်ရွက်ရမယ်၊ အကူအညီ ပေးရမယ်၊ အတ္ထစရိယာ - အကျိုးစီးပွား ဆောင်ပေး ရမယ်၊ အခု ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဆိုတာကတော့ သာသနာရေးကိစ္စ ကြီးငယ်တွေ ဆောင်ရွက်ဖို့ရာ အရေးကြီးတာပဲ၊

အဖွဲ့ထဲမှာ အမည်စာရင်းလောက်သာပါပြီး အလုပ်မလုပ်ပဲ ဒီအတိုင်းနေယင်လဲ ဒါက ဟန်မကျသေးဘူး၊ ကိုယ်တတ်နိုင်တဲ့ဘက်က နေပြီး ဆောင်ရွက်အုံးမှ ဆောင်ရွက် မှပဲ ကောင်းတယ်၊ မဆောင်ရွက်နိုင်ယင် နေရာမကျဘူး၊ သူက အရေးကြီးပါတယ်၊ အဲဒါ အခါတိုင်းလဲ ဘုန်းကြီးက ပြောနေကျပါ၊

အတ္ထစရိယ -အကျိုးစီးပွားဖြစ်တဲ့ ကိစ္စဆောင်ရွက်ရမယ်၊ ဥပမာပြုပြီး ပြောလို့ရှိယင် ဒီရိပ်သာထဲမှာ ဟိတေသီ ဆိုတာရှိတယ်၊ အများလဲ သိနေကြတာပဲ၊ အဲဒီ အဖွဲ့ခေါင်းဆောင်တွေ ဖြစ်တဲ့ ပုဂ္ဂိုလ်တွေက ညီညီညွတ်ညွတ်နဲ့ သူတို့ ဆောင်ရွက်ကြတယ်၊ လူတိုင်း လူစေ့တက်စေ့ ဆိုသလိုပဲ ဆောင်ရွက်ကြတယ်၊ ဆောင်ရွက်တာကတော့ ကောင်းပါတယ်၊ သူတို့အဖွဲ့ မှာ တိုးတက်ကြီးပွားမှုရှိတယ်

အဲဒီလို အဖွဲ့ဝင် အသင်းဝင်တွေဟာ လူတိုင်း လူတိုင်း ကိုယ့်ဆိုင်ရာ ဆိုင်ရာ တာဝန်ကို ဆောင်ရွက်ပြီးသွားလို့ရှိယင် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ရဲ့ သာသနာ ချီးမြှောက်မှု ကိစ္စဟာ တိုးတက်ကြီးပွားဖို့ ရှိပါတယ်၊ ဒီအဖွဲ့ထဲမှာ အဖွဲ့ဝင်အဖြစ်နှင့် ဝင်ရမယ် ဆိုယင်လဲ ဆောင်ရွက်နိုင်သလား, မဆောင်ရွက်နိုင်ဘူးလား ဆိုတာ စဉ်းစားပြီး ဆောင်ရွက်နိုင်မှ ကောင်းတယ်၊ ဝင်ပြီး မိမိအဖွဲ့ဝင်ဖြစ်သွားလို့ ရှိယင်လဲ တာဝန်ဝတ္တရား ကျေပွန်အောင် ဆောင်ရွက်သွားဖို့ရာ အရေးကြီးပါတယ်

သမာနတ္တတာ-တဲ့၊ သမာနတ္တတာဆိုတာ မိမိနဲ့ တန်းတူထားပြီး ဆက်ဆံရမယ်၊ ဒီပုဂ္ဂိုလ်တွေကတော့ ဘာမှအရာရောက်တဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူးဆိုပြီး ကိုယ်အထက်တန်းကနေ ဆောင်ရွက်လို့ရှိယင် ဒါကလဲ သင်္ဂဟတရားတွေ ပျက်ပါ တယ်၊ ကိုယ်ကဘယ်လိုပဲ မြင့်နေနေ အခြားပုဂ္ဂိုလ်တွေနှင့် တန်းတူထားပြီး ဆောင်ရွက်ရမယ်၊ အဲဒါကလဲ အရေးကြီးပါတယ်၊

ဘုန်းကြီးတို့ သာသနာတော် မှာလဲပဲ မထေရ်ကြီးတွေက မထေရ်ကြီးတွေ ဆိုပြီး အခြားသော ရဟန်းတွေကို မရိုမသေနှင့် ပြောလို့ရှိယင် အဲဒါမရိုမသေအပြောခံရတဲ့ ပုဂ္ဂိုလ်တွေနှင့် စည်းလုံးမှုပျက်ပါတယ်၊ အဲဒီဥစ္စာက အရေးကြီးပါတယ်၊ ဒါကြောင့် အခြားပုဂ္ဂိုလ်တွေ ပြောတဲ့အခါ ရိုရိုသေသေ ကောင်းကောင်းမွန်မွန် ပြောရမယ်

ဘာမှအရာမရောက်သေးတဲ့ ဦးပဉ္စင်းကလေးတွေကိုလဲ ကောင်းကောင်းမွန်မွန်ပဲ အရှင်ဘုရား ဘယ်ကကြွလာသလဲ စသဖြင့်ပေါ့လေ၊ အဲဒီလို ကောင်းကောင်း မွန်မွန်ပဲ ပြောရတယ်၊ ဟေ့ - ဦးပဉ္စင်း ကလေး မင်းဘယ်ကလာသတုံး စသည်ဖြင့် ဒီလိုမလုပ်ရဘူး၊ ဒီလိုမလုပ်ကောင်းဘူး၊ မင်းတို့, ငါတို့မသုံးပဲနှင့် ရိုရိုသေသေ ပြောရဆိုရတယ်၊ ငယ်ယင်ငယ်သည့်အလျောက်, ကြီးယင်ကြီးသည့်အလျောက် ရိုရိုသေသေ ပြောရဆိုရတယ်

အဲဒါ သမာနတ္တတာ ဆိုတဲ့ သင်္ဂဟတရား ၄ -ပါးပဲ၊ အဲဒီသင်္ဂဟတရား ၄ -ပါးနှင့် ပြည့်စုံပြီးတော့ ဆောင်ရွက်သွားဖို့ အရေးကြီးပါတယ်

ပြီးတော့ သာသနာရေးဆောင်ရွက်တဲ့ အဖွဲ့အသင်းဆိုတာ နိုင်ငံရေးသဘော မသက်ရောက်စေရဘူး၊ မသက်ရောက်ဖို့ရာလဲ အရေးကြီးပါတယ်၊ သာသနာရေး ဆိုတာ သူက စီးပွားရေးလဲ မဟုတ်တော့ သာသနာရေးကို တကယ် ဆောင်ရွက်လိုတဲ့ ပုဂ္ဂိုလ်တွေ, ဆောင်ရွက်နိုင်တဲ့ ပုဂ္ဂိုလ်တွေ အချင်းချင်း အညီအညွတ်ပြောဆိုပြီး ဆောင်ရွက်ဖို့ရာလိုပါတယ်၊

နိုင်ငံရေးဆိုတာကတော့ စီးပွားရေးတွေလဲပါတယ်၊ နိုင်ငံရေးဆိုတာ သူ့ဆိုင်ရာ ဆိုင်ရာ ရာထူးတွေ အခွင့်အရေးတွေ ရသွားလို့ရှိယင် မိမိတို့ စီးပွားရေးတွေမှာလဲ လုပ်ဖို့ရာ အဆင်သင့်ပါပဲ၊ အဲဒီမှာတော့ လောက အစဉ်အလာအတိုင်း အခွင့်အရေးတွေ မရရအောင် အကြိတ်အနယ်ယူရတယ်၊ မိမိအားပေးတဲ့ ပုဂ္ဂိုလ်တွေ, အင်အ ားတွေ စုဆောင်းရတယ်၊ အဲဒီလိုလုပ်ရတယ်၊

သာသနာရေး ဘက်မှာတော့ ဒီလိုဟာတွေ လုပ်တာကတော့ မတော်ဘူး၊ ဒါတွေဟာ တော်ကြာယင် ဗုဒ္ဓသာသနာနုဂ္ဂအဖွဲ့ကြီး ကိုယ့်လူစုနှင့် ကိုယ်စုပြီး အဲဒီလို အကြိတ် အနယ် အနိုင်ယူတဲ့စခန်းတွေ ရောက်သွားယင်တော့ မကောင်းဘူး၊ ပြီးတော့ သာသနာ့အမြင်နဲ့လဲ မကောင်းဘူး၊ လောကဘက်ကတော့ ကိုယ့်အင်အားရှိယင် ရှိသလောက် သူကတော့လုပ်နိုင်ပါတယ်၊ သာသနာဘက်က အမြင်နဲ့ဆိုတော့ လူစု စည်းရုံးပြီးတော့ အနိုင်ရအောင်လုပ်တယ်ဆိုတဲ့ သဘောမျိုးဟာ မကောင်းပါဘူး၊ ကောင်းတယ်လို့ မဆိုနိုင်ပါဘူး၊ အဲဒီသဘောမျိုးတွေ သက်ဝင်ဖို့ရာ ဘုန်းကြီးက သတိပေးစကား ပြောကြားပါတယ်

ဒါကြောင့် အလျင်ကပြောဖူးတဲ့ နာယကဂုဏ် ၆-ပါးထဲက ခမာ - သည်းခံနိုင်ရမယ်တဲ့၊ သည်းခံရေး ရှိရတယ်၊ အရေးကြီးဆုံးပဲ၊ သည်းမခံနိုင်လို့ရှိယင် နေရာမကျဘူး၊ သည်းခံရမယ်၊ သည်းခံနိုင်မှနေရာကျမယ်၊

ဇာဂရိယ - နိုးကြားမှုရှိရမယ်၊ သံဝိဘာဂ - ဝေဖန်ပေးကမ်းမှု ရှိရမယ်၊ ခုတင်ကလိုပဲ အဖွဲ့တွင်းမှာတော့ ဒီလောက် မလိုပါဘူး၊ ဒယာမေတ္တာ, ကရုဏာသက်ဝင်ရမယ်၊ ငယ်တဲ့ ပုဂ္ဂိုလ်တွေ, အောက်တန်းပုဂ္ဂိုလ်တွေကို ကရုဏာနှင့် သနားပြီးတော့ စောင့်ရှောက်ရမယ်၊ ဆောင်ရွက်ရမယ်၊ တန်းတူ ပုဂ္ဂိုလ်တွေ, အထက်တန်း ပုဂ္ဂိုလ်တွေ, အထက်တန်းကျတဲ့ ပုဂ္ဂိုလ်တွေ, မေတ္တာနဲ့ ချမ်းသာပါစေ ဆိုတဲ့ သဘောထားပြီးသကာလ ဆောင်ရွက်ရမယ်၊

ဣက္ခဏာ - အမြော်အမြင်ရှိရမယ်၊ ဘာလုပ်လို့ရှိယင် ဘာဖြစ်နိုင်တယ်၊ ဘယ်လို ဆောင်ရွက်လို့ရှိယင် အကျိုးရှိနိုင်တယ်ဆိုတာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်က အမြော်အမြင် ရှိနိုင်ရမယ်၊ တာဝန်မရှိတဲ့ ပုဂ္ဂိုလ်ကတော့ အကြံဉာဏ်လောက် ပေးရုံပါပဲ၊ အဲဒီ အကြံဉာဏ်ပေးတဲ့ဥစ္စာလဲ ဆိုင်ရာပုဂ္ဂိုလ်တွေက စဉ်းစားပြီးတော့ လက်ခံရတယ်၊ သူများအကြံဉာဏ်ပေးတာတွေကို လုံးလုံးလက်မခံပဲနှင့် ပယ်ပယ်ပြီး ပစ်နေယင်လဲ အဲဒါက နေရာမကျဘူး။

အဲဒါ နာယကဂုဏ် ၆-ပါး, သင်္ဂဟတရား ၄-ပါးနှင့်အညီ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ကြီးမှာ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ဆောင်ရွက်မယ့် ပုဂ္ဂိုလ်တွေ လေးလေး နက်နက် သဘောထားပြီး ဆောင်ရွက်သွားဖို့ရာ ဘုန်းကြီးက သတိပေးပါတယ်

သာသနာတော်ကြီး၏ အကျိုး တကယ်ဖြစ်ထွန်းအောင် ဆောင်ရွက်ရမယ် ဆိုတဲ့ အနေနဲ့ ဆောင်ရွက်သွားဖို့ရာ အရေးကြီးပါတယ်၊ အဖွဲ့ဝင်အမည်ခံရုံမျှသာ ဖြစ်ပြီးတော့ ဘာမျှ ဆောင်ရွက်မှု ထင်ရှားအောင် ပြစရာမရှိပဲနဲ့ဆိုယင် ဒါကတော့ နေရာမကျဘူး၊ ပြစရာရှိမှပဲ နေရာကျတယ်၊ ဒါကြောင့် ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ဝင်ဟောင်း ပုဂ္ဂိုလ်တွေရော, နောက်ထပ် အသစ်ဝင်မယ့် ပုဂ္ဂိုလ်တွေရော သာသနာရေး သာသနာဘက်ကအမြင်နဲ့ နိုင်ငံရေး သဘောတရားလို မသက်ရောက် စေပဲနဲ့ ညီညီညွတ်ညွတ် ဆောင်ရွက်သွားခြင်းဖြင့် ဗုဒ္ဓသာသနာတော်ကြီး တိုးတက် ကြီးပွားသွားပါစေလို့ ဆုတောင်းပါတယ်၊ ဆုတောင်းသည့်အတိုင်းလဲ တိုးတက် ကြီးပွားအောင် ဆောင်ရွက်နိုင်ကြပါစေ

မဟာစည်ထေရကုဉ္ဇရောဩဝါဒေသု သုကောဝိဒေါ
ဩဝါဒံ ဒဿယိတွာပိ, သာသနံ ဇောတယီ သုဓီ

အဋ္ဌစတ္တာလီသတိမပိုင်း

၁၃၃၈-ခုနှစ် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဩဝါဒတရားတော်

ဤတရားတော် နာမည်အပြည့်အစုံမှာ ၁၃၃၈-ခုနှစ် ပြာသိုလဆန်း ၆-ရက် တနင်္ဂနွေနေ့ (၂၅-၁၂-၇၆)၌ ကျင်းပသော ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်၏ နှစ်ပတ်လည် အစည်းအဝေးတွင် မိန့်ကြားတော်မူသော ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီး၏ ဩဝါဒတော်ဖြစ်သည်၊

ဆရာတော်ဘုရာ းကြီးကား မရှိတော့ပြီ၊ စုတိကမ္မဇရုပ် ချုပ်တော်မူခဲ့လေပြီ၊ ဆရာတော်ဘုရားကြီး မိန့်ကြားချက်တို့ကား အပြစ်ကင်းလွတ် ဝဋ်မှထွက်ကြောင်း အကောင်းချည်းဖြစ်လေသည်၊ ဤဩဝါဒတော်သည်လည်း အပြစ်ကင်းလွတ် ဝဋ်မှ ထွက်ကြောင်း ကောင်းမြတ်သော ဩဝါဒတော်ဖြစ်လေရာ အောက်ပါအတိုင်း ဖော်ပြ အပ်ပါသည်။

၁၃၃၈-ခုနှစ် ပြာသိုလဆန်း ၆-ရက် တနင်္ဂနွေနေ့ (၂၅-၁၂-၇၆)၌ ကျင်းပသော ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် နှစ်ပတ်လည် အစည်းအဝေးတွင် မိန့်ကြားတော်မူသော ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဩဝါဒတရားတော်

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်၏ သင်းလုံးကျွတ် နှစ်ပတ်လည်အစည်းအဝေးကို ယနေ့ ကျင်းပတယ်၊ ရှေးဦးစွာ သရဏဂုံ သုံးပါးနှင့်တကွ ရှစ်ပါးသီလကို ကောင်းမှု မင်္ဂလာ ဖြစ်စေရန် ဆောက်တည်ကြတယ်၊ အဲဒီ ရှစ်ပါးသီလကို မိမိတို့ရည်ရွယ်ရင်း အပိုင်းအခြားရှိသည့်အတိုင်း စောင့်ရှောက်သွားကြရုံပါပဲ၊ အဲဒီသီလ ဆောက်တည် ပြီးတော့ ဘုန်းကြီးတို့က အဖွဲ့ချုပ်၏ ဩဝါဒါစရိယဖြစ်တဲ့အတိုင်း ဩဝါဒပေးဖို့ပါပဲ။

ဒါပေမယ့် ဩဝါဒက အထူးတော့ ပေးစရာမရှိပါဘူး၊ နှစ်စဉ် နှစ်တိုင်း ပေးနေကျ အတိုင်း ပေးရမှာပဲ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဆိုတဲ့ အမည်က ဗုဒ္ဓသာသနာတော်ကို ချီးမြှောက်တဲ့အဖွဲ့လို အနက်အဓိပ္ပါယ် ရှိပါတယ်၊ ဗုဒ္ဓသာသနာတော်ကို မဆုတ် မယုတ်ရအောင်, တိုးတက်အောင် အဘက်ဘက်ကနေပြီး ချီးမြှောက်ထောက်ပံ့ရန် ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားတဲ့ အဖွဲ့ပါပဲ၊ အဲဒီအဖွဲ့မှာ ယခု နှစ်ပတ်လည် အစည်းအဝေးကတော့ (၁၁) ကြိမ်မြောက် ဖြစ်ကြောင်း ဖိတ်စာမှာ ဖော်ပြထား ပါတယ်။

ဗုဒ္ဓသာသနာတော်ကို ထောက်ပံ့ရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ သာသနာပြုအဖွဲ့တွေဟာ မြန်မာပြည် အရပ်ရပ်မှာ ရှိနေကြပါတယ်၊ အမည်ချင်း မတူပေမယ့် ရည်ရွယ်ချက်ချင်းကတော့ အတူတူပါပဲ၊ ဒါကြောင့် အခြားအဲဒီအဖွဲ့ တွေကလဲ သာသနာတော်အတွက် သူတို့ အင်အားရှိသလောက် ဆောင်ရွက် နေကြတယ်၊ သာသနာတော် အကျိုးများဖို့, တိုးတက်ဖို့ချည်းပါပဲ

အဲဒီအထဲမှာ ဒီသာ သနာ့ရိပ်သာက ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ကတော့ ဆောင်ရွက် ရာမှာ ထူးထူးခြားခြား အောင်မြင်တာတွေ အင်မတန်များပါတယ်၊ ဒီအဖွဲ့က ဆောင်ရွက်လို့ အောင်မြင်တာတွေကို လိုက်ပြီး စဉ်းစားကြည့်ယင် အင်မတန် ဝမ်းမြောက်စရာ အားတက်စရာပါပဲ

သာသနာရေး အဖွဲ့အစည်းတွေ ပြုလုပ်ပြီး ဆောင်ရွက်ကြရတယ် ဆိုတာ မိမိတို့လဲ ကုသိုလ်ပွားဖို့, သာသနာတော်လဲ အကျိုးများဖို့ ဖြစ်တယ်၊ ဒါကြောင့် မိမိတို့မှာလဲ ကုသိုလ်ပွားများသည်ထက် ပွားများအောင်, သာသနာတော်လဲ တိုးတက်သည်ထက် တိုးတက်အောင် အစွမ်းကုန် ဆောင်ရွက်သွားကြဖို့ပါပဲ၊ ဒီသာသနာ့ ရိပ်သာမှာတော့ အဖွဲ့က ဆောင်ရွက်တဲ့အတွက် နှစ်စဉ် ပဋိပတ္တိသာသနာတော် တိုးတက်နေတာကို ထင်ရှားတွေ့မြင်နေကြရပါတယ်

၁၃၁၁-ခုနှစ် ပဋိပတ္တိ ဌာနစပြီး ဖွင့်လှစ်လိုက်သည်မှစ၍ နှစ်စဉ်နှစ်တိုင်း တိုးတက် နေပါတယ်၊ ဆုတ်ယုတ်တာ လျော့သွားတာရယ်လို့ မရှိပါဘူး၊ တန့်ရပ်နေတယ် လို့တောင် မရှိပါဘူး၊ တိုးတက်နေတာသာ ရှိပါတယ်၊ အားလုံး ဝမ်းမြောက် စရာပါပဲ၊ ဒီရိပ်သာမှာသာ မဟုတ်ပါဘူး၊ ဒီရိပ်သာမှာ အခြေခံပြီး ဖွင့်လှစ်ထားတဲ့ အခြား သာသနာ့ရိပ်သာတွေမှာလဲ ပဋိပတ္တိ သာသနာဘက်က တိုးတက်နေတာပါပဲ၊ အဲဒါဟာ ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်များအတွက် အားတက်စရာပါပဲ

ဒါကြောင့် “အာဂတော ဘာရော အဝဿံ ဝဟိတဗ္ဗော

အာဂတော - ဆိုက်ရောက်လာသော၊
ဘာရော - တာဝန်ကို၊
အဝဿံ - မချွတ်ဧကန်၊
ဝဟိတဗ္ဗော - ဆောင်ရွက်ရမည်

လို့ ကျမ်းဂန်များမှာ မိန့်ဆိုထားတဲ့အတိုင်း ဒီသာသနာ့ရိပ်သာနှင့် ပတ်သက်တဲ့ ဆောင်ရွက်ဖွယ် တာဝန်တွေဟာ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဝင် လူကြီးတွေအပေါ်မှာ ကျရောက်နေသောကြောင့် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ သာသနာ့ရိပ်သာ ဆိုင်ရာ ကျရောက်နေတဲ့ မိမိတို့ တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ကြဖို့ပါပဲ

အဲဒီလို ဆောင်ရွက်ရာမှာ အရေးကြီးတာကတော့ မေတ္တာ ကာယကံ, မေတ္တာ ဝစီကံ, မေတ္တာမနောကံ ဒီသုံးခုက အရေးကြီးပါတယ်၊ ကိုယ်ဖြင့် ပြုလုပ်ဆောင်ရွက်တဲ့ အခါမှာ အဖွဲ့ဝင် ပုဂ္ဂိုလ်အချင်းချ င်း အပေါ်မှာရော, ရိပ်သာအတွင်းရှိ ပုဂ္ဂိုလ်တွေ အပေါ်မှာရော, ရိပ်သာကို ကူညီထောက်ပံ့တဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာရော ချမ်းသာ ကြပါစေဆိုတဲ့ စိတ်ဓာတ်ဖြင့် ပြုလုပ်ဆောင်ရွက် သွားကြဖို့ပါပဲ

နှုတ်ဖြင့် ပြောဆိုတဲ့ အခါမှာလဲ အဲဒီ စပ်ဆိုင်ရာ ပုဂ္ဂိုလ်တွေအပေါ်မှာ ချမ်းသာကြပါစေ ဆိုတဲ့ မေတ္တာဓာတ်ဖြင့် ပြောဆိုဆောင်ရွက် သွားကြဖို့ပါပဲ၊ အဲဒီမေတ္တာ ဝစီကံက အလွန်အရေးကြီးပါတယ်၊ ပြောတဲ့အခါမှာ ချိုချိုသာသာ ပြောဖို့, တန်းတူအနေဖြင့် ပြောဖို့လိုပါတယ်၊ မေတ္တာ မနောကံကတော့ ကိုယ်နှုတ်အမူအရာ ပြုလုပ်ပြောဆို တော့မယ်ဆိုယင် မပြုမီ မပြောမီကတည်းက ချမ်းသာပါစေ ချမ်းသာကြပါစေလို့ စိတ်ဖြင့် မေတ္တာပွားဖို့၊ အဲဒီလို မေတ္တာပွားပြီးမှ ပြုလုပ်ပြောဆိုဖို့ပါပဲ။

အဖွဲ့ဝင်ပုဂ္ဂိုလ်တွေ, အဖွဲ့နှင့်ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ, အဖွဲ့မှာ လာရောက်ပြီး ကူညီအားပေးတဲ့ ပုဂ္ဂိုလ်တွေ, အဲဒီ ပုဂ္ဂိုလ်တွေ, အဲဒီ ပုဂ္ဂိုလ်တွေနဲ့စပ်ပြီး မေတ္တာ မနောကံကတော့ ချမ်းသာ ပါစေ ချမ်းသာကြပါစေလို့ စိတ်ထဲတွင် ပွားများရုံပါပဲ၊ အဲဒီ မနောကံကို အရင်းခံပြီး မေတ္တာဝစီကံ မေတ္တာ ကာယကံတို့ဖြင့် အဖွဲ့က ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို အချိုးတကျ ဆောင်ရွက်သွားကြဖို့ပါပဲ

ယခုလောလောဆယ်မှာဆိုယင် အဖွဲ့ကဆောင်ရွက်ချက်တွေကို အင်မတန်အားရ စရာ ကောင်းပါတယ်၊ ယခုနှစ် နှစ်ပတ်လည် ဩဝါဒခံယူပူဇော်ပွဲမှာ အဖွဲ့က ဆောင်ရွက် တာဟာ အင်မတန် ပြည့်စုံပါတယ်၊ တွေ့မြင်ရတဲ့ လူ, ရှင်များက အင်မတန် ချီးကျူး ဝမ်းသာဖြစ်ကြပါတယ်၊ နောက်လဲ ဒီအတိုင်းပင် ထောင့်စေ့အောင် ဆောင်ရွက်သွားနိုင် ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်၊ ဒါထက် တိုးတက်ပြည့်စုံ သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မေတ္တာကာယကံ, မေတ္တာဝစီကံ, မေတ္တာမနောကံတို့ဖြင့် ယခုနှစ်လိုပင် ညီညီ ညွတ်ညွတ် ဆောင်ရွက်သွားနိုင်ကြသဖြင့် မိမိတို့လဲ အားရစရာ, ရဟန်း သံဃာတော်တွေ ဘက်ကနေ ကြည့်ယင်လဲ အားရစရာ, လူဒါယကာ ဒါယိကာမများ ဘက်ကနေ ကြည့်ယင်လဲ အားရစရာ, ဝမ်းသာဝမ်းမြောက်စရာ ဖြစ်သွားလိမ့်မယ်လို့ ဘုန်းကြီးတို့က ယုံကြည်စိတ်ချပြီး မျှော်လင့်ပါတယ်၊ အဲဒီလို မျှော်လင့်သည့်အတိုင်း ပြည့်စုံသည်ထက် ပြည့်စုံအောင် ဆောင်ရွက်သွားနိုင်ကြပါစေ

ဤသို့ ဆောင်ရွက်သွားခြင်းဖြင့် မိမိတို့မှာလဲ ကုသိုလ် ပွားများသည့်ပြင် မြတ်စွာဘုရား ၏ ပဋိပတ္တိသာသနာတော်ကြီးလဲ တနေ့တခြား တနှစ်တခြား တိုးတက်ကြီးပွားပါစေ

ဆောင်ရွက်သူတို့မှာလဲ ဘေးရန်အန္တရာယ်ကင်း၍ မိမိတို့လိုလားအပ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကိုလျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ

မဟာစည် ထေရပါမောက္ခာ, ဌာနာ ဌာနေသု ကောဝိဒေါ
ဌာနံ ဌာနံ ဒဿေတွာ, ဇိနစက္ကဿ ဘာရဓော

(၂၉) ကြိမ်မြောက် သင်းလုံးကျွတ် ဩဝါဒ မိန့်ခွန်းတော်

နာမည်အပြည့်အစုံကား “ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ၂၉-နှစ်မြောက် သင်းလုံးကျွတ် အစည်းအဝေးတွင် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဟောကြားတော် မူသော ဩဝါဒမိန့်ခွန်းတော် ဖြစ်လေသည်၊

ယင်းဩဝါဒ၌ လိုက်နာစရာတွေ, ကျင့်ကြံစရာတွေ များစွာ ပါရှိလေသည်၊ သို့ဖြစ်ရာ ထေရုပ္ပတ္တိ စာတော်ဖက်တို့ ဖတ်ရှုလိုက်နာရန် ဤ၌ ဖော်ပြအပ်ပါသည်။

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ၂၉-နှစ်မြောက် သင်းလုံးကျွတ် အစည်းအဝေးတွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဩဝါဒ မိန့်ခွန်းတော်

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် မဟာစည်သာသနာ့ရိပ်သာ သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေး ၁၉၇၇-ခုနှစ် ဖိတ်ကြားစာ ဆိုသည့်အတိုင်း, ယခုအချိန်ကစပြီးတော့ နှစ်ပတ်လည်အစည်းအဝေး ကျင်းပဖို့ပဲ၊ ဘုန်းကြီးတို့က ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်၏ ဩဝါဒါစရိယ ဖြစ်နေတော့ နှစ်ပတ်လည် အစည်းအဝေး ကျင်းပတိုင်း ကျင်းပတိုင်း ဩဝါဒပေးရတယ်၊

ဩဝါဒ ပေးတယ်ဆိုလဲပဲ ပထမအစသာ အသစ်အဆန်း ဩဝါဒပေးရတာပါပဲ၊ နောက်နှစ်တွေကျတော့ ဩဝါဒတွေက ထပ်တူတွေပဲ ဖြစ်နေတာပါပဲ၊ အခြား တပါးသော တရားတွေကို ဟောမယ်ဆိုယင်တော့ ဟောစရာတွေတော့ ရှိပါတယ်၊ ဒါပေမယ့် အဲဒါတွေကတော့ အခုလို အစည်းအဝေးနှင့် ပတ်သက်ပြီးတော့ ဟောနေဖို့ အချိန်ကုန်နေဖို့ရာ မလိုပါဘူး၊ ဒါကြောင့် အစည်းအဝေးနှင့် ပတ်သက်ပြီးတော့ သတိပြုသင့်တာကလေးတွေကို ရှေးကပြောပြီးသားအတိုင်းပင် ထပ်ပြီးတော့ ဖော်ပြရ ပြောရမှာပါပဲ

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ ဆိုတဲ့အထဲမှာ ဗုဒ္ဓ-က မြတ်စွာဘုရားတဲ့၊ သာသနာက အဆုံးအမတဲ့၊ အနုဂ္ဂဟက ချီးမြှောက်တာတဲ့။ မြတ်စွာဘုရား၏အဆုံးအမ သာသနာတော်ကို ချီးမြှောက်တဲ့အဖွဲ့၊ ဒီလိုအဓိပ္ပါယ် ရှိပါတယ်၊ မြတ်စွာဘုရား၏ သာသနာတော်ကို ချီးမြှောက်ဖို့ရာပါပဲ၊ သဒ္ဓါတရားအားလျော်စွာ မိမိတကိုယ်တည်း တကိုယ်တည်းလဲ မြတ်စွာဘုရား၏ သာသနာတော်ကို ချီးမြှောက်နိုင်တာပါပဲ၊

တကိုယ်ချင်းဆိုလို့ရှိယင်တော့ မြတ်စွာဘုရား၏ အဆုံးအမတွေကိုယ်တိုင် ကျင့်ပြီးတော့လဲ သာသနာတော်ကို ချီးမြှောက်ရတယ်၊ ဒီလို ကိုယ်တိုင်ကျင့်ပြီး ချီးမြှောက်တာကိုတော့ မြတ်စွာဘုရားက အင်မတန်နှစ်သက် သဘောကျပါတယ်ဓမ္မပူဇာ တရားဖြင့် ပူဇော်တာ အမြတ်ဆုံးလို့ မြတ်စွာဘုရားက ဒီလို ချီးမွမ်း ထားပါတယ်၊

ပြီးတော့ တပါးသော ပုဂ္ဂိုလ်တွေကလဲပဲ ဘုရားအဆုံးအမ သာသနာတော်ကို ကျင့်နိုင်အောင် ဟောပြောစွမ်းရှိတဲ့ ပုဂ္ဂိုလ်တွေကတော့ ပြောပြီးတော့ ချီးမြှောက် ရတယ်၊ ပစ္စည်းဥစ္စာ ဘောဂဗလနှင့် ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေကတော့ ပစ္စည်းနှင့် ထောက်ပံ့ပြီးတော့လဲ မြတ်စွာဘုရား၏ သာသနာတော်ကြီးကို ချီးမြှောက်ရတယ်၊ ဒါဟာ တဦးချင်း ကိုယ့်သဘော အတိုင်း သာသနာတော်ကို ချီးမြှောက်ပုံပဲ။

အခု အဖွဲ့ဆိုတာကတော့ အများစုဖွဲ့စည်းပြီးတော့ အသီးအသီးဆိုင်ရာဆိုင်ရာ တာဝန်တွေကိုယူပြီး ဆောင်ရွက်ကြရတယ်၊ အဖွဲ့ဝင် ပုဂ္ဂိုလ်တွေမှာ မိမိတို့ကျတဲ့ တာဝန်တွေကို ဆောင်ရွက်သွားကြဖို့ပါပဲ။ အခါတိုင်းလဲ ဘုန်းကြီး ပြောနေကျပါပဲ၊

အာဂတော ဘာရောအဝဿံ ဝဟိတဗ္ဗော

အာဂတော - ရောက်လာသော၊
ဘာရော - တာဝန်ကို၊
အဝဿံ - မချွတ်မယွင်း၊
ဝဟိတဗ္ဗော - ဆောင်ရွက်ရမယ်၊

ကိုယ့်အတွက် ကျရောက်တဲ့တာဝန်ကို မချွတ်မယွင်းစေပဲ မလိုစေပဲနှင့် အပြည့်အစုံ ဆောင်ရွက်ရမယ်တဲ့၊ အဲဒီလို ဆောင်ရွက်ဖို့ပါပဲ။

အခု ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က ပြီးခဲ့တဲ့ တနှစ်အတွင်းမှာ ဆိုယင်တော့ ကိုယ့် တာဝန်နှင့်ကိုယ် အသီးအသီးယူပြီး ဆောင်ရွက်ကြတာဟာ ရှေးနှစ်များကထက် ထူးကဲပြည့်စုံတယ်လို့ ဆိုနိုင်ပါတယ်။ အလျင့်အလျင်ကတော့ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ဝင်ဆိုပြီးတော့ အဖွဲ့ထဲ ဝင်ပေမယ့် တချို့မှာ အလုပ်က သိပ်မရှိဘူး၊ ဆောင်ရွက် စရာတာဝန်က သိပ်ပြီးမရှိဘူး၊ မဆောင်ရွက်ပဲနဲ့ နေတာတွေလဲ ရှိနေခဲ့တယ်၊

အခုပြီးခဲ့တဲ့ နှစ်ကတော့ တာဝန်အသီးသီး ဆောင်ရွက်ကြပါတယ်၊ တာဝန်တွေ အသီးသီး ပေးထားထယ်၊ ပေးထားတဲ့အတိုင်းလဲ ဆောင်ရွက်ကြတယ်၊ ဆောင်ရွက် ကြတဲ့အတိုင်းလဲ အစစအရာရာ ပြည့်စုံသည်ထက် ပိုပြီးပြည့်စုံပါတယ်

အဲဒီလို ဆောင်ရွက်ရာမှာ “ခမာ ဇာဂရိယုဋ္ဌာနံ” စသည်ဖြင့် အကြီးအကဲဖြစ်တဲ့ ပုဂ္ဂိုလ်များ ပြည့်စုံရမယ့် ကျင့်ဝတ်တွေ ရှိပါတယ်၊ အဲဒါတွေ ရှေးတုန်းကတော့ အသစ်အနေနှင့် ဟောခဲ့ပါတယ်၊ ခမာ - သည်းခံနိုင်ရမယ်၊ အများနဲ့စုပြီးတော့ အလုပ်လုပ်တဲ့နေရာမှာ ဘေးက အမြင်အားဖြင့် မကျေနပ်စရာဆိုတာ ရှိတတ်တာပဲ၊ ရှိတော့ မကျေနပ်တဲ့ပုဂ္ဂိုလ်က မကျေနပ်တဲ့အတိုင်း ပြောလို့ရှိယင် အဲဒါကလဲ နည်းမှန် လမ်းမှန်ပဲဆိုယင် သည်းခံရတယ်၊ အကယ်၍ ဘေးကပုဂ္ဂိုလ်တွေ မြင်တဲ့ အတိုင်းပဲ လိုနေသေးတယ်ဆိုယင်လဲ ကိုယ်ဆောင်ရွက်တဲ့ ကိစ္စ ပြည့်စုံသည်ထက် ပြည့်စုံအောင် ဆောင်ရွက်သွားရုံပါပဲ

ဇာဂရိယ-နိုးကြားရမယ်၊ ပေါ့ပေါ့ဆဆမဟုတ်ပဲနှင့် နိုးနိုးကြားကြား ဆောင်ရွက်ရမယ်၊ ယခုပြီးခဲ့တဲ့ ဒီတနှစ်အတွင်းမှာတော့ နိုးနိုးကြားကြား ဆောင်ရွက်တာတွေ အင်မတန်ကို ပြည့်စုံပါတယ်၊ မနိုင်ဝန် ထမ်းရသလိုပဲ ဆောင်ရွက်စရာတာဝန်တွေ အများကြီး ဆောင်ရွက်သွားကြတယ်။

ဥဋ္ဌာန-ထထကြွကြွ တက်တက်ကြွကြွ ဆောင်ရွက်ရမယ်၊ ဒါလဲပဲ ဒီတနှစ်အတွင်းမှာ တက်တက်ကြွကြွလဲ ဆောင်ရွက်ကြပါတယ်သံဝိဘာဂေါ - ဝေဖန်ပေးကမ်းခြင်း ဆိုတာကတော့ ဒီမှာ သိပ်မလိုပါဘူး၊ ဒယာ - သနားခြင်း ဆိုတာကတော့ လိုပါတယ်၊ သနားရမယ်တဲ့၊ အဖွဲ့အတွင်းကဖြစ်ဖြစ်, အဖွဲ့အပြင်ကဖြစ်ဖြစ်, သနားသင့်တဲ့ ပုဂ္ဂိုလ်ကို သနားပြီးတော့ ကရုဏာနှင့် ဆောင်ရွက်ရတယ်

ဣက္ခဏာ-ဉာဏ်ဖြင့် မြော်မြင်ကြည့်ရှုခြင်း၊ ဒါဘယ်လိုလုပ်သင့်တယ်၊ ဘယ်လို လုပ်ရမယ်ဆိုတာကို ဉာဏ်ဖြင့် မြော်မြင်ဆင်ခြင်ရမယ်၊ အဲဒါလဲ အခုတနှစ်အတွင်းမှာ စောစောကတည်းက ဘာလုပ်သင့်တယ်, ဘာလုပ်ရမယ် စသည်ဖြင့် အဖွဲ့က ဆုံးဖြတ်ပြီး ဆောင်ရွက်သွားတာဟာ အင်မတန် ပြည့်စုံပါတယ်

အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ ဗုဒ္ဓသာသနာတော်ကြီး ကြီးပွားရာ ကြီးပွားကြောင်း အလုပ်ကို တို့ဆောင်ရွက်တယ်လို့ ဒီလိုနှလုံးသွင်းပြီးတော့ ဆောင်ရွက်ကြရတာပဲ၊ ဗုဒ္ဓသာသနာတော် ကြီးပွားကြောင်းအလုပ် ဆောင်ရွက်တယ်ဆိုရာမှာ ဟောပြော နိုင်တဲ့ ပုဂ္ဂိုလ်ဆိုယင် ဟောပြောပြီး ဆောင်ရွက်ရမှာပဲ၊ အခုဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ကတော့ ဟောပြောဖို့မလိုပါဘူး၊

ဟောပြောဖို့ရာက ဘုန်းကြီးတို့မှာ တာဝန်ရှိတယ်၊ ဘုန်းကြီးတို့က တတ်နိုင်သမျှ သာသနာရေးကိစ္စကို ဟောပြောရတယ်၊ ဘုန်းကြီးတို့ကိုယ်တိုင် မဟောနိုင်တာ ကိုတော့ ကမ္မဋ္ဌာနာစရိယ တာဝန်ခံပုဂ္ဂိုလ်တွေလွှဲပြီးတော့ ခိုင်းရတယ်၊ တဦး တည်းတော့ ဆောင်ရွက်နိုင်ဖို့ရာ မလွယ်ဘူး၊

ကမ္မဋ္ဌာနာစရိယတွေက ရဟန်းတော်တွေကို သွန်သင်ဆုံးမဖို့, အမျိုးသားယောဂီတွေ သွန်သင်ဆုံးမဖို့, အမျိုးသမီးယောဂီတွေ သွန်သင်ဆုံးမဖို့လာတာ၊ သူ့တာဝန်နှင့်သူ ဆောင်ရွက်ရမှာပဲ ပြေလည်တယ်၊ ဒီသာသနာ့ရိပ်သာဌာနက ရဟန်း ယောဂီတွေ ဆိုယင်လဲ နည်းတာမဟုတ်ဘူး၊ အခုကို ခုနစ်ဆယ် ရှစ်ဆယ်လောက် ရှိမယ် ထင်တယ်၊

တခါတရံ ကျတော့ အများကြီးပါပဲ၊ အခါတိုင်း အခါတိုင်းဆိုယင် ဒီနှစ်လောက် မများဘူး၊ ဒီနှစ်ဆိုယင် အတော်ကို များပါတယ်၊ အမျိုးသားယောဂီသစ်တွေ ဒီနှစ်မှာ လေးဆယ် ငါးဆယ်လောက် ရှိနေပါတယ်၊ အခါတိုင်း အခါတိုင်းတော့ နှစ်ဆယ်ကျော် သုံးဆယ် ဒီလောက်ပဲရှိတယ်၊ အမျိုးသမီးတွေကတော့ ရှေးကလဲ များခဲ့ပါတယ်၊ အခုတော့ ပိုပြီးတော့ များလာတာပါပဲ၊ အဲဒါတွေအတွက် ကမ္မဋ္ဌာန်းဆရာတွေက သူတို့ဟာသူတို့ ဆောင်ရွက်ကြရတယ်၊ ဘုန်းကြီး တပါးတည်း မဆောင်ရွက်နိုင်ပါဘူး။

ကမ္မဋ္ဌာန်းဆရာတော်သာ မဟုတ်ဘူး၊ သာသနာ့ရိပ်သာမှာ အစစအရာရာ ထိန်းသိမ်း စောင့်ရှောက်ဖို့ရာ ယောဂီဟောင်း ရဟန်းတွေ ဆိုတာလဲ ရှိပါသေးတယ်၊ သူတို့ကလဲ ဆောင်ရွက်မှ သူတို့မရှိယင် မဖြစ်ဘူး၊ ကမ္မဋ္ဌာန်းဆရာတွေက မိမိတို့ တပည့်များကို သူတို့ပြောတဲ့အတိုင်း ကြားနာပြီး ဟောပြောရုံ ဟောပြောနိုင်တယ်၊ ကိုယ်မမြင်ရတဲ့ နေရာမှာ ရဟန်းတော် ယောဂီတွေ, အမျိုးသားယောဂီတွေ, အမျိုးသမီးယောဂီတွေ, ဘယ်လိုနေတယ်ဆိုတာလဲ သိဖို့လိုပါတယ်၊ ဒီတော့ ယောဂီဟောင်းထဲကနေပြီး ကြည့်ရှုစောင့်ရှောက်ပြီး ဆောင်ရွက်ဖို့လဲ လိုပါတယ်

ဒါကြောင့် သာသနာ့ရိပ်သာမှာ အဆောက်အအုံတခုခုကို ရဟန်းယောဂီဟောင်းများ တပါး တပါးစီ ထားရတယ်၊ အဖျင်းဆုံး နေရေး ထိုင်ရေးကစပြီးတော့ နေတတ်ထိုင်တတ်အောင် ညွှန်ကြားဖို့ရာ လိုပါတယ်၊ ဒါတွေကလဲ တကယ်လိုတဲ့ ဥစ္စာတွေပဲ၊ မရှိမဖြစ်ဘူး၊ မရှိမဖြစ်ဘူး၊ အမျိုးသမီးတွေ ဘက်ကလဲ အမျိုးသမီး ယောဂီဟောင်းတွေဆိုတာ ရှိသင့်သမျှတော့ ရှိရတယ်

အမျိုးသမီး ယောဂီဟောင်းတွေ မရှိယင် အဆက်အသွယ် မရှိတော့ တရား အားထုတ်တဲ့ ပုဂ္ဂိုလ်လဲ နည်းသွားတတ်တယ်၊ အမျိုးသမီး ယောဂီဟောင်းတွေကလဲ နည်းစနစ်ကျကျ စေတနာ ကောင်းကောင်းနဲ့ ဆောင်ရွက်မည့် ပုဂ္ဂိုလ်တွေ ဆိုတာ လိုပါတယ်

ဆွမ်းစားကျောင်းလဲ ဆွမ်းစားကျောင်းမို့, နေ့ခင်း ထိုင်ခင်း နေရာဌာနတွေမှာလဲ သူ့နေရာနှင့်သူ ဆောင်ရွက်ဖို့ လိုပါတယ်၊ အဲဒါတွေလဲပဲ ဆောင်ရွက်သင့်တဲ့ ပုဂ္ဂိုလ်တွေ ဆောင်ရွက်နိုင်အောင် ဗုဒ္ဓသာသနာ နုဂ္ဂဟအဖွဲ့က နေပြီးတော့ ထောက်ပံ့ အားပေးရတယ်၊ ထောက်ပံ့အားပေးဖို့ရာ တာဝန်ဝတ္တရား ရှိပါတယ်

ရဟန်းတော်များအလိုက်, အမျိုးသား, အမျိုးသမီးများလဲ အမျိုးသား, အမျိုးသမီး အလိုက် အဖွဲ့က တတ်နိုင်သမျှ ဆောင်ရွက်ဖို့ပါပဲ၊ အခု ဆောင်ရွက် နေရာတွင်လဲပဲ ဒကာ, ဒကာမတွေ, ဆိုင်ရာတွေ လှူဒါန်းတဲ့ ဝတ္ထုငွေတို့ဖြင့် လိုရာလိုရာဘက်အတွက် သုံးစွဲပြီးတော့ ထောက်ပံ့လှူဒါန်းနေကြရတယ်

မီးမလိုရအောင်, ရေမလိုရအောင်, နေရာထိုင်ခင်းမလိုရအောင်, သွားရေးလာရေး မလိုရအောင်, လမ်းလဲမလိုရအောင် ဒါတွေ ထောက်ပံ့ပြီးနေကြတယ်၊ ရဟန်းသံဃာ တွေအတွက်တော့ စားရေးသောက်ရေးရော ထောက်ပံ့ရတယ်။

အဲဒီလို အထောက်အပံ့တွေ ရှိနေလို့ ယောဂီအသစ်တွေလဲ ချမ်းချမ်းသာသာနဲ့ နေနိုင်ကြတယ်၊ အားထုတ်နိုင်ကြတယ်၊ အဲဒါတွေဟာ အင်မတန် ကျေးဇူးများ တာပါပဲ

အဲဒီယောဂီတွေရဲ့ နေရေး, ထိုင်ရေး, ကျင့်ရေးဆိုတာတွေကတော့ ဘုန်းကြီးတို့ ကမ္မဋ္ဌာန်းဆရာတွေနဲ့ သက်ဆိုင်ပါတယ်၊ ကမ္မဋ္ဌာန်းဆရာတွေက ပြုပြင်ပေးသင့် သမျှတော့ ပြုပြင်ပေးရတယ်၊ ပြောတန်သမျှတော့ ပြောပေးရတယ်၊ ဒါဟာ ဘုန်းကြီးတို့ရဲ့ တာဝန်ဝတ္တရားပဲ၊ ကမ္မဋ္ဌာန်းဆရာတွေရော, အထောက်အပံ့ ပုဂ္ဂိုလ် တွေရော, အမျိုးသား အမျိုးသမီးယောဂီအဟောင်း အသစ်တွေရော ထိုက်သည့် အားလျော်စွာ သာသနာ့ရိပ်သာမှာ နေပြီးတော့ တရားကျင့်သုံးနိုင်အောင်, သာသနာတော် အားပေးနိုင်အောင် လိုတဲ့ဘက်ကနေပြီး တော့ ထောက်ပံ့ဖို့ရာ ကျတော့ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့၏ တာဝန်ပဲ

အဲဒီအဖွဲ့က လိုတဲ့ဘက်ကနေပြီးတော့ ထောက်ပံ့နေလို့ အခုသာသနာ့ ရိပ်သာမှာ ယောဂီတွေဟာ အင်မတန်များပြားပြီးတော့ ပြည့်စုံနေတာပဲ၊ အင်မတန် အားရစရာ ကောင်းပါတယ်။

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဆိုတဲ့ အမည်မခံပေမယ်လို့ နေရာဌာနတိုင်းမှာလိုပဲ သာသနာတော် ထောက်ပံ့နေတဲ့ အဖွဲ့တွေဆိုတာ အသီးအသီး ရှိကြတာပဲ၊ သူတို့လဲ သူတို့အလိုက် ထောက်ပံ့ကြ အားပေးကြပါတယ်၊ ဒါပေမယ်လို့ ဒီသာသနာ့ ရိပ်သာလောက် အားရဖွယ်ကောင်းတာတော့ ဘုန်းကြီးအမြင်အားဖြင့် မရှိဘူးလို့ ထင်ပါတယ်၊ ရဟန်းတော်များ ဘက်ကရော, အမျိုးသား အမျိုးသမီး ယောဂီတွေ ဘက်ကရော များလဲများတယ်၊ တရားတွေလဲ တကယ်အားထုတ် ကြတယ်၊ အင်မတန် အားရစရာ ကောင်းပါတယ်။

မြတ်စွာဘုရား၏ သာသနာတော်ဆိုတာ ဒီလိုကျင့်တဲ့ပုဂ္ဂိုလ်တွေရှိမှ သာသနာတော် တက်တာပဲ၊ မကျင့်ယင် မတက်ဘူး၊ ကျင့်တဲ့ပုဂ္ဂိုလ်တွေများမှ သာသနာ ကြီးပွားတယ်လို့ ဆိုရတယ်၊ ကျင့်တဲ့ပုဂ္ဂိုလ်များလေလေ သာသနာ ကြီးပွား လေလေပဲ၊ အခု ပဋိပတ္တိသာသနာဘက် တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေများသလိုပဲ ဒီဝိပဿနာ လုပ်ငန်း တရားတွေကို ရိုရိုသေသေ နာတဲ့ပုဂ္ဂိုလ်တွေလဲ အတော်တိုးပွား လာတယ်၊ အင်မတန် ဟန်ကျတယ်၊

ဒါဟာ သာသနာပြုတဲ့ပုဂ္ဂိုလ်တွေရဲ့ ပြုမှုကြောင့်ပဲ၊ ဘုန်းကြီးတို့ရဲ့ ဟောပြောမှုလဲ ရှိပါတယ်၊ ဒီဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ကြီးကနေပြီး ထောက်ပံ့မှုလဲပါတယ်၊ အဲဒါတွေ အာရုံပြုပြီးတော့ အဖွဲ့ဝင်ပုဂ္ဂိုလ်တွေဟာ မိမိတို့အတွက် ကျတဲ့တာဝန်ကို ဆောင်ရွက်တိုင်း ဆောင်ရွက်တိုင်း တို့သာသနာပြုနေရတာပဲ၊ ဗုဒ္ဓသာသနာ တော်ကြီး တိုးတက်အောင် ဆောင်ရွက်နေရတာပဲ

ဆောင်ရွက်တဲ့အတိုင်းလဲ တနှစ်ထက်တနှစ် တိုးတက်လာတာ အင်မတန် ထင်ရှား ပါတယ်၊ မနှစ်ကလဲ အလျင်နှစ်တွေထက် အများကြီး တိုးတက်လာတယ်၊ နောက်နှစ်တွေလဲ ဒီလို တိုးတက်ပြီးတော့ သွားမှာပါပဲ၊ အဲဒါဟာ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့က သာသနာပြု ထောက်ပံ့လို့ ကြီးပွားလာတာပဲလို့ အာရုံပြုပြီးတော့ မိမိတို့တာဝန်တွေကို ဝမ်းမြောက်ဝမ်းသာ တက်တက်ကြွကြွနဲ့ ဆောင်ရွက်သွား ကြဖို့ပါပဲ

အဲဒီလို ဆောင်ရွက်ရာမှာ ခုနက ပြောခဲ့တဲ့အတိုင်း သည်းခံခြင်း အစရှိသော ဂုဏ်တို့နှင့် ပြည့်စုံဖို့ ဘုန်းကြီးက အခါတိုင်းညွှန်ကြားနေကျဖြစ်တဲ့ မေတ္တာကာယကံ, မေတ္တာ ဝစီကံ, မေတ္တာ မနောကံဆိုတာတွေနှင့်လဲ ပြည့်စုံဖို့အရေးကြီးတယ်၊ ကိုယ်ပြုလုပ်ဆောင်ရွက်တဲ့ ဥစ္စာဟာ သူတပါးတွေအတွက် အကျိုးများပါစေလို့ ရည်ရွယ်ပြီးပြုတာက မေတ္တာကာယကံပဲ၊ ဒါလဲ တတ်နိုင်သလောက် ပြည့်စုံစေရမယ်၊

မေတ္တာဝစီကံကတော့ ပြောတိုင်း ပြောတိုင်းဟာ သူတပါးတွေမှာ အကျိုးများအောင်, သူတပါးတွေမှာ စိတ်ဆင်း ရဲမဖြစ်ရအောင်, စိတ်ချမ်းသာရအောင် နူးနူးညံ့ညံ့ ယဉ်ယဉ်ကျေးကျေး ဖော်ဖော်ရွှေရွှေနဲ့ ပြောဆိုဆက်ဆံဖို့ပါပဲ၊ ဒါကလဲ အရေးကြီး ပါတယ်၊ ဘာကြောင့်လဲဆိုယင် သင်္ဂဟတရား လေးပါးထဲမှာ ပေါင်းသင်းဆက်ဆံ ရာတွင် မိမိနဲ့တန်းတူ ထားပြီး သကာလ ဆက်ဆံရမယ်တဲ့၊ ကိုယ်က အရည်အချင်း မြင့်နေပေမယ်လို့အရည်အချင်းနိမ့်တဲ့ ပုဂ္ဂိုလ်ကို တန်းတူထားပြီး ဆက်ဆံရမယ်

အဲဒါလဲ အရေးကြီးတယ်၊ ကိုယ်နဲ့တန်းတူထားပြီးတော့ ဆက်ဆံလို့ရှိယင် အောက်တန်းကျတဲ့ ပုဂ္ဂိုလ်တွေကလဲ ကျေနပ်တယ်၊ ထိုအဖွဲ့လူကြီးတွေက တို့လို ပုဂ္ဂိုလ်တွေတောင်မှ တန်းတူ ထားပြီးတော့ ဆောင်ရွက်တယ်၊ အင်မတန် စေတနာကောင်းတယ်ဆိုပြီးတော့ အင်မတန် အားရပါးရ ရှိပါတယ်၊

ဒါကြောင့် မေတ္တာဝစီကံဖြင့် တန်းတူ သဘောထားပြီးတော့ ပြောတဲ့စကားတွေလဲ ချိုချိုသာသာနှင့်, သာသာယာယာနှင့် ပြောဖို့ အရေးကြီးပါတယ်၊ အဲဒါကတော့ အစည်းအဝေးတွေ စည်းဝေးတဲ့အခါမှာ ပိုပြီးတော့ အရေးကြီးတယ်၊ စည်းဝေးတဲ့ အခါကာလမှာ သူတပါး၏ ချွတ်ယွင်းချက်ကို ပြောစရာရှိပေမယ်လို့ ချိုချိုသာသာ ပြောနိုင်ဖို့ အရေးကြီးတယ်၊ အခြားသူက ဒီလို ပြောသင့် ပြောထိုက်တဲ့ စကားတွေ ပြောတဲ့ အခါမှာလဲ ရုတ်တရက် စိတ်က ထိခိုက်သွားလို့ ရှိယင်ဖြင့် စကားကြမ်း ကလေးတွေ ထွက်သွားတတ်တယ်။

ရှေးတုန်းကဆိုယင် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ထဲမှာ အပြောကြမ်းတာတွေ မကြာမကြာ ကြားရတယ်၊ ဘုန်းကြီးစိတ်ထဲလဲ တယ်ပြီးတော့ သဘောမကျဘူး၊ ဘာပြုလို့လဲဆိုတော့ ဘယ့်နှယ် အကြမ်းအတမ်းတွေ ပြောနေပါလိမ့်မလဲလို့ ဒီလို ဘုန်းကြီး စိတ်ထဲမှာ အားမရတာတွေ ဖြစ်တယ်၊ အခုတော့ အဲဒီလို ပြောတာ ဆိုတာတွေ မရှိသလောက်နည်းသွားပါပြီ၊ ခေါင်းဆောင်ပုဂ္ဂိုလ်က အဆင်ပြေအောင် ဆောင်ရွက်နေတဲ့အတွက် အားလုံး ညီညီညွတ်ညွတ်နဲ့ အစည်းအဝေးတွေ, ဆုံးဖြတ်တာတွေ ပြီးသွားတာပဲ များပါတယ်

ဒါပေမယ်လို့ တခါတရံတော့ အကြောင်းမညီညွတ်လို့ ပြောဆိုမိတာ ရှိတတ် သေးတယ်၊ အဲဒီလို အခါကာလမှာ ကိုယ့်စိတ်ထဲ မနှစ်ခြိုက် သဘောမကျပေမယ်လို့ ကြမ်းတမ်းတဲ့စကား မပြောဖို့ အရေးကြီးပါတယ်၊ ပြောချင်တဲ့ ပြောချင်တဲ့ စိတ်ကလေးကို ရှုမှတ်ရမယ်၊ ရှုမှတ်ပြီးတော့မှ အေးအေးဆေးဆေးနှင့် ဒါက ဒီလို မတော်ဘူး၊ ဘယ်လိုမှ တော်တယ်လို့ ဆိုတာကလေးကို ပြေပြေလည်လည်ပြောဖို့ အရေးကြီးပါတယ်၊ အဲဒါကလေး တွေကို ဘုန်းကြီး ခဏခဏ သတိပေးနေတာပဲ

ဘုန်းကြီးတို့လဲ ပြောတဲ့အခါကာလ သတိပြုရပါတယ်၊ ကိုယ်မနှစ်သက်တဲ့ စကားလုံး မကြားရပေမယ်လို့ အဲဒါကို အကြောင်းပြုပြီး တဘက်သားပုဂ္ဂိုလ် ထိခိုက်သွား အောင်တော့ မပြောမိဖို့ အထူးသတိပြုပါတယ်၊ ပြောလဲ မပြောခဲ့ပါဘူး၊ ချိုချိုသာသာ ရှင်းရှင်းလင်းလင်း ပြောပြီးတော့ ဖြေရှင်းပြပါတယ်မေတ္တာဝစီကံဆိုတာက အများစုနဲ့ အလုပ်လုပ်တဲ့အခါ အရေးကြီးပါတယ်၊ အဲဒါကလေးကိုလဲ အထူး သတိပြုဖို့ပါပဲ

မေတ္တာမနောကံဆိုတာကတော့ ချမ်းသာပါစေ ချမ်းသာပါစေလို့ မေတ္တာပွားဖို့ပဲ၊ ဒါကတော့ မြင်ရတာလဲမဟုတ်, ကြားရတာလဲမဟုတ်, စိတ်နှလုံး သွင်းရုံမျှပါပဲ၊ သူများသိလောက်အောင် မတော်တာပြုမိတဲ့ ကာယကံဆိုတာကတော့ အင်မတန် နည်းပါတယ်၊ ဒါကတော့ နည်းလဲနည်းရမှာပဲ။

အဲဒါကြောင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က ဆောင်ရွက်ပြီးစီးတာတွေဟာ အခု ဆိုယင် အခါတိုင်းထက် ပြည့်စုံပြီး တိုးတက်နေပါပြီ၊ အဲဒီ တိုးတက်သည်ထက် တိုးတက်အောင် တို့ဆောင်ရွက်နေရတယ်

တို့ ဆောင်ရွက်တဲ့အတိုင်းလဲ မြတ်စွာဘုရား၏ သာသနာတော်မှာ ပဋိပတ္တိ သာသနာတော်ဟာ တနှစ်ထက်တနှစ် တိုးတက်ပြီးတော့ လာမယ်၊ တိုးတက် လာအောင် ဆောင်ရွက်ရလို့ အာရုံပြုပြီး ဝမ်းမြောက်ဝမ်းသာ တက်တက်ကြွကြွနဲ့ ဆောင်ရွက်သွားကြဖို့ပါပဲ၊ ဆောင်ရွက်တဲ့ အခါကာလမှာလဲ မေတ္တာကာယကံ မေတ္တာ ဝစီကံတို့ဖြင့် ပြေေ ပြပြစ်ပြစ် ဖြစ်အောင် ဆောင်ရွက်သွားကြဖို့ရာ ဘုန်းကြီးက ထပ်မံပြီး သတိပေးတဲ့အနေနဲ့ ဩဝါဒစကား ပြောကြားပါတယ်

အဲဒီဩဝါဒအတိုင်း မေတ္တာကာယကံ, မေတ္တာဝစီကံ, မေတ္တာမနောကံဖြင့် ဆောင်ရွက်နိုင်ကြသည်ဖြစ်၍ မိမိတို့ အလိုရှိအပ်သော ဗုဒ္ဓသာသနာ နုဂ္ဂဟအဖွဲ့ကြီး ၏ တိုးတက်ကြီးပွားခြင်း, သာသနာတော်၏ တိုးတက်ကြီးပွားခြင်းကိုလဲ မျက်မြင် တွေ့ကြပြီးလျှင် မိမိတို့ကိုယ်တိုင်လဲပဲ ကျင့်သင့်တဲ့တရားကို ကျင့်သုံး အားထုတ် ကြ၍ အလိုရှိအပ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက် ပြုနိုင်ကြပါစေ

မဟာစည် ထေရသေထရော, နာနာဂန္ထေသုကောဝိဒေါ
နာနာဂန္ထာနုရုပံသော, ဩဝါဒံ နိစ္ဆရီ သုဓီ

၃၀-ကြိမ်မြောက် သင်းလုံးကျွတ် ဩဝါဒမိန့်ခွန်းတော်

ဤဩဝါဒမိန့်ခွန်းတော် နာမည်အပြည့်အစုံမှာ “ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ၃၀-နှစ်မြောက် သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးတွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဩဝါဒမိန့်ခွန်းတော်” ဟူ၍ ဖြစ်သည်၊

ယင်းဩဝါဒ မိန့်ခွန်းတော်သည် ဗုဒ္ဓသာသနာနုဂ္ဂဟသမိုင်း တစိတ်တဒေသကိုလည်း ပြောနေသည်၊ စည်းလုံးညီညွတ်ရန်ကိုလည်း ညွှန်ပြနေသည်၊ သို့ဖြစ်ရာ သိရှိရန်, လိုက်နာရန် လိုအပ်သဖြင့် ဤ ၃၀ -နှစ်မြောက် သင်းလုံးကျွတ် ဩဝါဒ မိန့်ခွန်းတော်ကိုလည်း အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ၃၀-နှစ်မြောက် သင်းလုံးကျွတ် နှစ်ပတ်လည် အစည်း အဝေးတွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဩဝါဒမိန့်ခွန်းတော်

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ကြီး စပြီး ဖွဲ့စည်းတည်ထောင်ခဲ့တာဟာ ၁၃၀၉-ခုနှစ်၊ နတ်တော်လဆန်း (၁)ရက် (၁၃-၁၁-၄၇) နေ့ကလို့ သိရပါတယ်၊ အဲဒီအခါတုန်း ကတော့ ဘုန်းကြီးတို့က ဒီဌာနကို မရောက်သေးပါဘူး၊ ဒီဌာနကိုလဲ အဲဒီတုန်းက ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ၏ တည်ရာအဖြစ်ဖြင့် အသိအမှတ် မပြုရသေးပါဘူးလို့ ဆိုပါတယ်၊ အဲဒီကနောက် (၂၆-၉-၄၈) ရက်နေ့ကမှ ဆယ်ကြိမ်မြောက် အမှုဆောင်အဖွဲ့ ကျင်းပတဲ့အခါမှာ အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သည့် ဒါယကာကြီး ဆာဦးသွင်က ဒီနေရာဌာနကို အဖွဲ့ချုပ်အား လှူဒါန်းပေးအပ်သဖြင့် အဲဒီအခါကမှ ဒီဌာနဟာ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်၏ တည်ရာဌာန ဖြစ်လာခဲ့ပါတယ်၊

၁၃၁၀-ခုနှစ် တပို့တွဲလက ဒီဌာနမှာ တိပိဋကဓရ ရွေးချယ်ပွဲကြီးကိုလဲ စ၍ ကျင်းပခဲ့ပါတယ်၊ အဲဒီအချိန်မှ စပြီးတော့ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်က ပရိယတ္တိသာသနာ ပြုစုတဲ့ဘက်ကလဲ အင်မတန် ထူးထူးခြားခြား အောင်မြင်အောင် ဆောင်ရွက်လာခဲ့ပါတယ်၊ ယခုတော့ အဲဒီ တိပိဋကဓရ ရွေးချယ်ပွဲကိစ္စကို အစိုးရက တာဝန်ယူပြီး အပြည့်အစုံ ဆောင်ရွက်နေသောကြောင့် ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်ကြီးက အထူးဆောင်ရွက်ဖို့ မလိုတော့သဖြင့် နေရာဌာနများ အသင့် ပြင်ဆင် ပေးခြင်းစသော လိုရာရာဘက်မှသာ တတ်နိုင်သမျှ ကူညီဆောင်ရွက်နေရ ပါတော့တယ်။

ဘုန်းကြီးတို့ ဒီဌာနကို ရောက်လာခဲ့တဲ့ ၁၃၁၁ -ခုနှစ်ကတော့ ဒီအဖွဲ့ချုပ်ကြီး ၏ ၂-နှစ်မြောက် ဖြစ်ပါတယ်၊ အဲဒီတုန်းက နတ်တော်လပြည့်နေ့မှာ ဘုန်းကြီးတို့၏ ညွှန်ကြားချက်အရ ဝိပဿနာကမ္မဋ္ဌာန်း ရိပ်သာအဖြစ် စတင်ဖွင့်လှစ်ပြီးတော့ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ကြီးက ပဋိပတ္တိသာသနာတော်ကို ထူးထူးခြားခြား ပြုစုဆောင်ရွက်လာခဲ့ပါတယ်၊

ဒီဌာနမှာ ရိပ်သာဖွင့်လှစ်ပြီးခါစ တုန်းကတော့ တရားအားထုတ်ကြတဲ့ ယောဂီ တွေဟာ သိပ်မများလှသေးပါဘူး၊ အစိတ် သုံးဆယ် ဒီလောက်ပဲ ရှိခဲ့ပါတယ်၊ ဒါပေမယ့် နောက်နောက်နှစ်များကျတော့ တနှစ်ထက်တနှစ် တရားအားထုတ် ကြသည့် ယောဂီတွေဟာ များစွာ တိုးတက်လာခဲ့ပါတယ်၊

၁၃၄၀-ခု ဒီနှစ် အတွင်းမှာတော့ သာပြီးတိုးတက် များပြားလာပါတယ်၊ နှစ်ပတ်လည် ပူဇော်ပွဲမှာ လာရောက်ကြတဲ့ ပရိသတ်တွေလဲ အလွန်ပင်များပါတယ်၊ အဲဒီလို အလွန်ပင်များပြားပါလျက် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က စီစဉ်ဆောင်ရွက် ပေးသောကြောင့် အစစအရာရာ အဆင်ပြေနေတာဟာ အလွန်ပင်အားရ နှစ်သက် စရာ ဝမ်းမြောက်စရာ ကောင်းပါတယ်။

လွန်ခဲ့တဲ့တနှစ်လောက်မှ ရှေးကာလများကဆိုလျှင် ဒီသာသနာ့ရိပ်သာနယ် မြေဟာ အဖွဲ့ပိုင်နယ်မြေ ဖြစ်သော်လဲ အကာအရံတွေက မပြည့်စုံသေးသောကြောင့် အနှောင့်အယှက်ဘေးရန် အန္တရာယ်မကင်းပဲ ရှိခဲ့ပါတယ်၊ ရိပ်သာနှင့် မဆိုင်တဲ့ လူတွေက ဒီရိပ်သာထဲကို ဝင်လိုက်ထွက်လိုက်နဲ့ သူတို့အလိုအတိုင်း ပြုလုပ် နေကြတယ်၊ ဖြတ်သန်းသွားလာတဲ့ လမ်းအဖြစ်နဲ့လဲ အသုံးပြုနေကြတယ်၊

ဒါကြောင့် တရားအားထုတ်နေတဲ့ ယောဂီတွေမှာ အနှောင့်အယှက် အန္တရာယ်တွေကို မကြာခဏ တွေ့နေရတယ်၊ ယခုတော့ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်က အုတ်တံတိုင်း အရံအတားကို အပြည့်အစုံပြုလုပ်ထားပြီး ဖြစ်သောကြောင့် အစစအရာရာ လုံခြုံနေပါပြီ၊ ဒါပေမယ်လို့ ယောဂီတွေက အင်မတန် များများလာ သောကြောင့် နေရာထိုင်ခင်းစသည် တိုးတက်ပြည့်စုံအောင် ရှေ့ဆက်ပြီး တိုးတက်ကြိုးစားကြရ, ဆောင်ရွက်ကြရပါလိမ့်ဦးမယ်၊

အဲဒီလို ဆောင်ရွက်ရာမှာ ဘေးကလဲ သဒ္ဓါတရားနဲ့ အားပေးတဲ့ပုဂ္ဂိုလ်တွေ တိုးတက် များပြားလာတာကိုလဲ တွေ့ရပါတယ်၊ အဲဒါဟာ အဖွဲ့ဝင် ပုဂ္ဂိုလ်တွေ၏ ဆောင်ရွက်ချက် အပေါ်မှာ တည်တာပါပဲ၊ အဖွဲ့ဝင်ပုဂ္ဂိုလ်တွေဟာ မိမိတို့၏ တာဝန် ဝတ္တရားကို သိတဲ့အတိုင်း အများပုဂ္ဂိုလ်တွေရဲ့ သဒ္ဓါဆန္ဒအပြည့်အစုံ ဖြစ်ရအောင် ဆောင်ရွက်နိုင်တာဟာ အင်မတန် အရေးကြီးပါတယ်၊

ဘုန်းကြီးတို့ကလဲ နှစ်စဉ်နှစ်တိုင်း ဒီလိုဩဝါဒကို ပေးနေတာပါပဲ၊ ဒီနှစ်လဲ ဩဝါဒ ပေးစရာ အထူးတော့မရှိပါဘူး၊ အခါတိုင်းလိုပင် ထပ်ပြီး ပြောကြားရမှာပါပဲ။

သုခါ သံဃဿ သာမဂ္ဂီသမဂ္ဂါနံ တပေါ သုခေါ -
လို့ မြတ်စွာဘုရားက ဟောကြားထားတာ ရှိပါတယ်၊

သံဃဿ - သံဃာတော်၏၊
သာမဂ္ဂီ - ညီညွတ်ခြင်းသည်၊
သုခါ - ချမ်းသာပဲ၊ ချမ်းသာဖို့ အကြောင်းပါပဲ တဲ့၊

အဲဒါဟာ သံဃာတော် ၏ ညီညွတ်ခြင်းကို ခေါ င်းတပ်ပြီး ဟောပြထားတာပါပဲ၊ သိနားလည်ဖို့ လိုတာကတော့ သံဃာသာ မဟုတ်ပါဘူး၊ လူပုဂ္ဂိုလ်တွေရော အားလုံးဟာ ညီညွတ်နေယင် ချမ်းသာကြမှာချည်းပါပဲ၊ အရပ်ထဲမှာ ရှိတဲ့လူတွေ ညီညွတ်နေယင် အဲဒီတရပ်လုံး ချမ်းသာဖို့ပဲ၊ တရွာလုံးညီညွတ်နေယင်လဲ တရွာလုံး ချမ်းသာဖို့ပဲ၊ တမြို့လုံး ညီညွတ် နေယင်လဲ တမြို့လုံးချမ်းသာဖို့ပဲ၊ တနိုင်ငံလုံး ညီညွတ်နေယင်လဲ တနိုင်ငံလုံး ချမ်းသာဖို့ပါပဲ၊ တကမ္ဘာလုံး ညီညွတ်နေယင်လဲ တကမ္ဘာလုံး ချမ်းသာဖို့ပါပဲ၊

မညီညွတ်ယင်တော့ ဆင်းရဲနေကြကြောင်း ထင်ရှားသိရပါတယ်၊ ဒါပေမယ့် တကမ္ဘာလုံးကို ညီညွတ်အောင် ဆောင်ရွက်ဖို့ဆိုတာကတော့ မလွယ်ပါဘူး၊ ခက်ပါတယ်၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ ဆိုတာကတော့ မြတ်စွာဘုရား၏ သာသနာတော်ကို ချီးမြှောက်ရန် အဖွဲ့ဖြစ်သောကြောင့် သာသနာတော်ကို တိုးတက်ကြီးပွားအောင် အညီအညွတ် ဆောင်ရွက်ဖို့ပါပဲ၊

အဲဒီလိုဆောင်ရွက်နေရာမှာ ပဋိပတ္တိသာသနာတော်ဘက်က အချိုးကျကျ အညီ အညွတ် ဆောင်ရွက် ဟောပြော ညွှန်ကြားနိုင်သည့် ပုဂ္ဂိုလ်တွေ အဆင်သင့် အပြည့်အစုံ ရှိနေဖို့လိုပါတယ်၊ အခုနေမှာတော့ ဒီရိပ်သာထဲမှာ အဲဒီလို ဟောပြော နိုင်တဲ့ ပုဂ္ဂိုလ်တွေက ပြည့်စုံနေတာဟာ အင်မတန်ကောင်းပါတယ်၊ အရပ်ရပ် အနယ် နယ်လှည့်ပြီး ဟောပြောနိုင်တဲ့ ပုဂ္ဂိုလ်တွေကလဲ အတော်များများ ရှိနေပါတယ်၊

ပဋိပတ္တိသ ာသနာတော် တိုးတက်ခြင်း၏ အကြောင်းပါပဲ၊ အဲဒီလို သာသနာပြု ပုဂ္ဂိုလ်တွေ ပြည့်စုံနေတာဟာ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်၏ အညီအညွတ် အားပေး ထောက်ပံ့ခြင်းနဲ့လဲ ဆိုင်ပါတယ်၊ “သုခါ သံဃဿ သာမဂ္ဂီ”လို့ ညွှန်ကြားထားတဲ့ အတိုင်း အဖွဲ့ဝင်ပုဂ္ဂိုလ်တွေအားလုံး အညီအညွတ်ဖြစ်နေလို့ ဒီလို ပြည့်စုံနေတာပါပဲ။

ဒါကြောင့် တာဝန်ဆောင် အဖွဲ့ဝင်တွေအချင်းချင်း အားလုံးညီညွတ်နေကြသလိုပင် တာဝန်ဆောင် မဟုတ်တဲ့ သာမန်အဖွဲ့ဝင်တွေနဲ့လဲ ညီညွတ်အောင်, အဖွဲ့သို့ လာရောက်ကြတဲ့ အခြားပုဂ္ဂိုလ်တွေနဲ့လဲ ညီညွတ်အောင် အထူးသတိပြုကြ စေလိုပါတယ်၊ ဒီလို ညီညွတ်ဖို့ရာကလဲ မေတ္တာကာယကံ, မေတ္တာဝစီကံ, မေတ္တာမနောကံ ဆိုတဲ့ ဒီကံ ၃-ပါးနဲ့ ပြည့်စုံနေကြဖို့ပါပဲ။

မေတ္တာကာယကံဆိုတာ သူတပါးအား ကိုယ်စိတ် ဆင်းရဲစေတဲ့ အမှုကိုမပြုပဲ ကိုယ်စိတ် ချမ်းသာစေတဲ့ အမှုကိုသာ ပြုလုပ်၍ ကူညီအားပေးမှုပါပဲ၊ အဖွဲ့ဝင် ပုဂ္ဂိုလ်တွေ ဖြစ်စေ, အခြားကပုဂ္ဂိုလ်တွေဖြစ်စေ မိမိတို့ထံလာရောက်ယင် တတ်နိုင်သမျှ အကူအညီပေးဖို့ပါပဲ၊ မေတ္တာဝစီကံဆိုတာ သူတပါးအား အကျိုးမဲ့ ဖြစ်စေမည့် စကား, နားမချမ်းသာ ဖြစ်စေမည့်စကားမျိုးကို မပြောပဲ နားဝင်ချိုပြီး အကျိုးများစေမည့် စကားမျိုးကိုသာ ပြောဆိုဖို့ပါပဲ၊

မေတ္တာမနောကံဆိုတာကတော့ သူတပါးအား ချမ်းသာပါစေလို့ ကြံစည်မှု, နှလုံးသွင်းမှု မေတ္တာပွားစေမှုပါပဲ၊ အဲဒါကတော့ သူများက မမြင်နိုင်, မကြားနိုင်, မတွေ့နိုင်တာမို့ သိပ်အရေးမကြီးဘူးလို့ ထင်စရာပါပဲ၊ ဒါပေမယ့် စိတ်ဆိုးပြစ်မှားပြီး ရန်ငြိုးဖြစ်ပွား စေမိလျှင် မေတ္တာကာယကံ, မေတ္တာဝစီကံ တွေလဲမဖြစ်ပဲ ဆုတ်ယုတ်ဆုံးရှုံး သွားတတ်တယ်၊

ဒါကြောင့် သူတပါးက မတော်မသင့်တာကို ပြုသော်လဲ, ပြောဆိုသော်လဲ စိတ်ဆိုး ပြစ်မှားမှု မဖြစ်စေပဲ သည်းခံပြီး မေတ္တာမနောကံကို ဖြစ်ပွားစေဖို့ပါပဲ၊ အဲဒီလို ဖြစ်ပွားစေလျှင် အစစအရာရာ ညီညွတ်ပြီး အကျိုးများတတ်ပါတယ်၊ ဘုန်းကြီး တို့ကတော့ အဲဒီအတိုင်းပဲ နှလုံးသွင်းနေပါတယ်၊ သူများတွေက ဘုန်းကြီးတို့ ဟောပြော ဆောင်ရွက်နေတာကို သဘောမကျလို့ ဘယ်လိုပင် ပြစ်မှား ပြောဆိုကြပေမယ့် ဘုန်းကြီးတို့က သူတို့ကို မပြစ်မှားပါဘူး၊ ရန်ငြိုးလဲ မထားပါဘူး၊

သူတို့မသိလို့, နားမလည်လို့ မှားပြီး ပြောနေကြတာပဲလို့ ဒီလို နှလုံးသွင်းပြီး သည်းခံ နေတာပါပဲ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဝင် ဒါယကာတွေလဲ အဲဒီနည်းအတိုင်းပဲ နှလုံးသွင်းပြီး မေတ္တာမနောကံပွားစေကာ မေတ္တာကာယကံ, မေတ္တာဝစီကံတို့ဖြင့် ဗုဒ္ဓသာသနာတော်၏ အကျိုးများရာ များကြောင်းကိုသာ အညီအညွတ် ဆောင်ရွက် သွားကြဖို့ပါပဲ။

ဘုန်းကြီး ယခုပြောပြတာဟာ အတိုချုပ်အားဖြင့် ပြည့်စုံပါပြီ၊ ဒါကြောင့် နိဂုံးချုပ် အဆုံးသတ် ဩဝါဒ စကားကို ပြောကြားပါတော့မယ်၊ ဗုဒ္ဓမြတ်စွာဘုရား၏ ပဋိပတ္တိသာသနာတော်ကို တိုးတက်ရေးနှင့် စပ်ပြီးတော့ မေတ္တာကာယကံ, မေတ္တာ ဝစီကံ, မေတ္တာမနောကံတို့နှင့် ပြည့်စုံစေလျက် ဆောင်ရွက်သမျှကို စွမ်းနိုင်သလောက် တိုးတက်ဆောင်ရွက် ကြသည်ဖြစ်၍ မိမိတို့အလိုရှိအပ်သော ကောင်းကျိုးချမ်းသာ မင်္ဂလာ အပေါင်းတို့နှင့် ပြည့်စုံကြပါစေ။

မဟာစည် ထေရသေဋ္ဌောဟိ, ဩဝါဒေသု သုကောဝိဒေါ
ဩဝါဒံ နိရန္တရံ ဒတွာ, ဗုဒ္ဓသာသနာဘာရဓော

၁၃၄၁-ခုနှစ် နှစ်ပတ်လည် ဩဝါဒ မိန့်ခွန်းတော်

ဆရာတော်ဘုရားကြီးသည် ၁၃၄၁-ခုနှစ် ဗုဒ္ဓသာသနာနုဂ္ဂဟအသင်း နှစ်ပတ်လည် အစည်းအဝေးတွင် မှတ်သားစရာ ပြည့်ဝစုံလင်သည့် ဩဝါဒတော်ကို မိန့်ကြားတော် မူခဲ့လေသည်၊ ယင်းဩဝါဒတော်ကို အောက်ပါအတိုင်း ဖတ်ရှုရာ၏။

၁၉၇၉-၈၀ ခုနှစ်တွင် မိန့်ကြားတော်မူသော ဩဝါဒမိန့်ခွန်းတော်

အခု ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က ဘုန်းကြီးတို့ရောက်ပြီးမှ နှစ်စဉ် နှစ်တိုင်း နှစ်ပတ်လည် အစည်းအဝေးကြီး ကျင်းပနေတာပါပဲ၊ အဲဒီလို ကျင်းပတဲ့အခါတိုင်း ဘုန်းကြီးက ဒီမှာရှိနေတဲ့အခါဆိုယင် ဩဝါဒစကား ရှေးဦးစွာ ပြောရပါတယ်၊ တနှစ်ထက်တနှစ် ထူးပြီးတော့ ပြောဖို့ဟာလဲ မရှိပါဘူး၊ ဗုဒ္ဓသာသနာ နုဂ္ဂဟအဖွဲ့မှ ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တာကလေးတွေလောက်သာ ပြောရမှာဆိုတော့ နှစ်စဉ်နှစ်တိုင်းလဲ ဒီလိုပဲ ပြောစရာရှိတာလေးတွေဟာ တယ်ပြီးမထူးပါဘူး။

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ထဲမှာ ဝင်ရောက်ပြီးတော့ ဗုဒ္ဓသာသနာ၏ အကျိုးကို ဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ်တွေဟာ မိမိတို့တတ်နိုင်သမျှ ကူညီအားပေးဖို့, အထူးသတိပြုဖို့ရာပါပဲ၊ တချို့ တချို့မှာ ဒီလို ဘာသာရေး အဖွဲ့တွေ ရှိနေပေမယ်လို့ အဖွဲ့တော်ကို စည်းဝေးခြင်း, အဖွဲ့တွေအား အကြံဉာဏ်ပေးခြင်း စသော အလုပ် တွေကို ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းက မလုပ်ကြဘူး၊ ဒီလိုမလုပ်ကြပဲ ခပ်အေးအေး နေကြတယ်၊ လုပ်တဲ့ပုဂ္ဂိုလ်တွေက အနည်းငယ်ပဲရှိတယ်၊

ဒါပေမယ့် ဒီကဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီးမှာတော့ အဖွဲ့ဝင်ပုဂ္ဂိုလ်တွေမှာ အခြား အဖွဲ့ဝင်မျိုးလို အစစအရာရာ စားရေး သောက်ရေးမှစပြီးတော့ စီးပွားရေးအလုပ် အားကိုးစရာ ရှိတာမဟုတ်ဘူး၊ ဒါကြောင့် သာသနာရေး သက်သက်ကိုသာ ကိုယ်တတ်နိုင်သမျှ နေ့စဉ်လာရောက်ပြီးတော့ ဆောင်ရွက်နေကြတယ်

အခုဒီမှာတော့ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဝင် ပုဂ္ဂိုလ်တွေဟာ အင်မတန် ကောင်းပါတယ်၊ အရေးကြီးတဲ့ ကိစ္စတွေ တတ်နိုင်သမျှ ဆောင်ရွက်ပြီးတော့ နေကြတယ်၊ ရှေးတုန်းကဆိုလို့ရှိယင် ဩဝါဒါစရိယ ကမ္မဋ္ဌာန်း ဆရာတွေ နေရေး ထိုင်ရေးအတွက် နေဖို့ရာ ထိုင်ဖို့ရာ ကျောင်းအဆောက်အအုံတွေဟာ သိပ်မပြည့်စုံဘူး၊ အမျိုးသမီးတွေ နေထိုင်ဖို့ကလဲပဲ သိပ်မပြည့်စုံဘူး၊ အခုနေ အခါတော့ အတော်တော့ ပြည့်စုံနေပါပြီ၊ မျက်စိနဲ့ ကြည့်လိုက်ယင်ကိုပဲ အဆောက်အအုံကြီးတွေ ကြည့်ရသောအားဖြင့် အားရစရာ ဝမ်းသာစရာ အင်မတန်ကောင်းပါတယ်

ဒီကဝင်ဝင်ချင်း ဒီဖလ်ယဉ်ဓမ္မာရုံကြီးကို ပထမစပြီးတော့ တည်ထောင်တယ်၊ အဲဒီနောက် လွန်ခဲ့တဲ့ ၁၃၃၁-ခုနှစ်လောက်က ဘုန်းကြီးကိုယ်တိုင်နေရာ မဟာစည် ကျောင်းလဲ ပြီးတာ ကြာပါပြီ၊ နောက်ပြီးတော့ မော်ကွန်းရုံရဲ့ အရှေ့တောင်က ကမ္မဋ္ဌာန်း ဆရာတွေ နေဖို့ဆိုပြီးတော့ ကျောင်းအဆောက်အအုံတွေ (၃) ကျောင်း ဖြစ်ပေါ်လာခဲ့တယ်၊

ပထမတုန်းကတော့ အဲဒီ အဆောက်အအုံတွေ ဆောက်မယ့်ပုဂ္ဂိုလ်တွေဟာ မရှိသလောက်ပါပဲ၊ နောက်တော့ အဆောက်အအုံ ဆောက်မည့် ပုဂ္ဂိုလ်တွေ ပေါ်လာပါတယ်၊ အစတုန်းကဆိုယင် သိပ်ပြီး ထူးထူးခြားခြား ရှိမယ်မထင်ရဘူး၊ တော်ရုံသင့်ရုံပဲ အောက်မေ့တယ်၊ ဒါကြောင့် ပထမဆုံးဆောက်တဲ့ အလယ်ပိုင်း အဆောက်အအုံက နောက်ထပ်ဆောက်တဲ့ အဆောက်အအုံ ၂-ခုလောက် မကောင်းလှဘူး၊ အဲဒီအဆောက်အအုံတွေ တွေ့ရယင်ကိုပဲ အင်မတန် ဝမ်းသာစရာ ကောင်းပါတယ်၊ အမြင်အားဖြင့် ကြည်ညိုစရာ ဝမ်းသာစရာတွေပါပဲ။

အမျိုးသမီးတွေအတွက် ဆိုလို့ရှိယင်တော့ ဒီဘက်ပိုင်းကရော, တောင်ဘက် အရှေ့ဘက်ပိုင်းမှာရော အဆောက်အအုံတွေ အင်မတန် များတာပါပဲ၊ အခုနေထိုင် စရာတွေ အင်မတန်ကောင်းတာပဲ၊ နေစရာ ထိုင်စရာတွေအပြင် ရေတို့ မီးတို့ဆိုတာ ကလဲပဲ အရေးကြီးပါတယ်၊ ရေကလဲပဲ အခုနေကာလမှာ ရေကကန်ကြီးတွေနဲ့ ထည့်ထား လှောင်ထားပြီး အဲဒီကန်က ထုတ်ပြီးသုံးရတယ်၊

အခြားအခြား နေရာတွေမှာ ရေအသုံးလိုနေပေမယ်လို့ ဒီဗုဒ္ဓသာသနာနုဂ္ဂဟဌာန မှာတော့ ရေသုံးစရာ ပြည့်စုံပါတယ်၊ ဒီကိုလာပြီး တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေလဲပဲ တော်တော် သဘောကျကြပါတယ်၊ ရေတွေလဲပေါတယ်ဆိုပြီး ဒါလဲ အင်မတန် ကောင်းပါတယ်

နောက်ပြီးတော့ အမျိုးသမီးတွေ နေဖို့ရာဆိုတာလဲ အရေးကြီးပါတယ်၊ အမျိုးသား လူဝတ်ကြောင် ယောဂီဆိုတာကတော့ အရပ်ရပ်မှာ သိပ်မများဘူး၊ ဒီဌာနမှာတော့ တော်တော်များတယ်၊ ဒါပေမယ်လို့ အမျိုးသမီး ယောဂီတွေကပဲ ပိုပြီးတော့ များတယ်၊ သူတို့ နေစရာ ထိုင်စရာများ ရှိဖို့လဲ လိုတယ်၊ အဲဒါလဲပဲ ဒီဌာနမှာ ပထမအဆောက်အအုံ အဟောင်းတွေကလဲ ဆောက်ထားပြီး ရှိနေပါတယ်၊ အသစ်လဲပဲ ဆောက်ကြပါတယ်၊ အဟောင်းတွေကို သင့်တင့်လျောက်ပတ်အောင် ပြင်ဖို့ လိုတာလေးတွေလဲ ပြင်ပြီး ပေးကြတယ်၊ အင်မတန် အဆင်ပြေပါတယ်၊ ဝမ်းသာစရာပါပဲ။

အဲဒီလို ဆောင်ရွက်ကြရတယ်ဆိုတာဟာလဲ သာမန်ပုဂ္ဂိုလ်တွေမှာ မဖြစ်နိုင်ပါဘူး၊ ဆောင်ရွက်ပုံ ဆောင်ရွက်နည်း စနစ်ကို နားမလည်မှု ဖြစ်နိုင်ပါတယ်၊ မြော်မြင် ကြည့်လို့ရှိယင်ဖြင့် “ဒီလိုလုပ်ရမယ်၊ ဒီလို လုပ်သင့်တယ်” ဆိုတာလေးတွေကို သဘောပေါက်မှ အဲဒါမှ ဆောင်ရွက်လို့ ပြီးတယ်၊ အချို့က စေတနာကောင်းနဲ့ ဆောင်ရွက်ချင်ပါတယ်၊ ဒါပေမယ်လို့ ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာ မသိယင် ဆောင်ရွက်လို့ မဖြစ်ဘူး၊ အခု ဒီမှာဆောင်ရွက်ကြတာဟာ အင်မတန် အဆင်ပြေပါတယ်

အဲဒါကြောင့် ဟိုတုန်းကတည်းက ဘုန်းကြီးက ဩဝါဒစကားတော့ ရိုးရိုးပဲ ပေးခဲ့တာပါပဲ၊ “ဥဋ္ဌာနသမ္ပဒါ, အာရက္ခ သမ္ပဒါ, ကလျာဏမိတ္တ, ဇီဝိတ” ဆိုတာ အဲဒီဟာတွေနဲ့ ပြည့်စုံယင် ကောင်းတယ်လို့ ရိုးရိုး မှတ်သိရတာပါပဲ၊ အဲဒီတုန်းက ဘုန်းကြီးက ဩဝါဒ စာရွက်ကလေးတခုနဲ့ ဟိုတုန်းက ရိုက်ထားတယ်၊ အဆင်ပြေသွားတယ်။

အခုနေအခါ ဘုန်းကြီးတို့က ထပ်ပြီးတော့ အကြံဉာဏ်ပေးချင်တာလဲ ရှိနေပါတယ်၊ ဒီကအဖွဲ့ဝင် ဒကာကြီးတွေရော, ဒိပြင်ပုဂ္ဂိုလ်တွေရော, စေတနာကောင်းနဲ့ ဆောင်ရွက်နေကြတာကိုရော, ဆောင်ရွက်လိုတဲ့ စေတနာကောင်း ရှိနေကြတာ ကိုရော သိနေပါတယ်၊ ခုနေအခါ လိုနေတာကတော့ အမျိုးသားယောဂီနဲ့ ရဟန်းတော်တွေအတွက် နေရာထိုင်ခင်း ပြည့်စုံသင့်သလောက် မပြည့်စုံသေးပဲ ဖြစ်နေတာပါပဲ

ဘုန်းကြီးတို့ အမေရိကန် ရောက်နေစဉ် အတွင်းက ဘုန်းကြီးတို့ ရောက်ရာတိုက် တွေမှာ အဆင့်ဆင့် ရှိနေကြတာ တွေ့ရတယ်၊ ဆယ်ဆင့်ဆိုတာ အနည်းကလေးပဲ၊ ဆယ်ဆင့်ကျော်နေတာကပဲ များပါတယ်၊ မြန်မာပြည်မှာ မဟာစည် သာသနာ့ရိပ်သာ ထဲမှာလဲ နေရာထိုင်ခင်းကလဲ ယောဂီများသလောက် ကျယ်ကျယ်ပြန့်ပြန့် မရှိသေးဘူး။

ဒါကြောင့် ဒီက အဆောက်အုံအကလေးတွေကိုလဲ အနည်းဆုံး ၂-ထပ်လောက် လုပ်ပေးယင်ဖြင့် တော်တော်နေလို့ ဟန်ကျမှာပဲလို့ ဟိုတုန်းကတည်းက ဘုန်းကြီးက ဒီမလာခင်ကတည်းက စိတ်ကူးရပါတယ်၊ အဲဒီလို စိတ်ကူးရပြီးတော့ ဒီလိုပဲ အမှတ်တမဲ့ နေခဲ့ပါတယ်၊ ဒီလို နေနေယင်းနဲ့ အခု အကြောင်းမညီညွတ်တော့ နေမကောင်းတာနဲ့ လာပြီးတော့ တွေ့ရပါတယ်၊ နေမကောင်းတော့ ခါတိုင်း ခါတိုင်း ဒီလောက် နေမကောင်းတာမျိုး တယ်မတွေ့ရဘူး၊ ယခု အတော်ပင်ပန်းနေတာပါပဲ

အဖျားဆိုပေမယ်လို့ အပူရှိန်တွေက များနေတာကိုး၊ အအေးက မရှိပါဘူး၊ အဲဒီ ရောဂါတွေ့မှုနဲ့စပ်ပြီး အဆောက်အအုံ ကုသိုလ်ပြုချင်တဲ့ စိတ်ကူး ပေါ်လာပါတယ်၊ အဲဒီ စိတ်ကူးရဲ့ အထောက်အထားကလေးကစပြီး ပြောချင်ပါတယ်၊ ဘယ်လိုဟာလဲ ဆိုတော့ကာ ယခု ဘုန်းကြီးတို့နေတဲ့ ကျောင်းရဲ့ဘေးကပေါ့လေ တိုးချဲ့ပြီးတော့ အဆောက်အအုံ ဆောက်ဖို့ ဒါက စောစောကတည်းက ဘုန်းကြီးက ညွှန်ကြားခဲ့တာ ကြာပါပြီ၊

အဲဒါကဘုန်းကြီး၏ ရုပ်တုတော်ထားဖို့, အခြားယောဂီပရိသတ်တွေလဲ တရား အားထုတ်ဖို့ စသည်အတွက် မဟာစည်ကျောင်းတော်ကို တိုးချဲ့ဆောက်လုပ်ဖို့ပါပဲ၊ အဲဒီလိုပြောပြီးတော့ ညွှန်ကြားထားခဲ့ပါတယ်၊ ဘုန်းကြီးတို့ နိုင်ငံခြားသွားနေတုန်း ပြီးအောင်ဆိုပြီး ပြုလုပ်ခဲ့ကြတာပါပဲ၊ ဘုန်းကြီးတို့ ပြန်လာသည့် တိုင်အောင် ကောင်းကောင်းတော့ မပြီးသေးဘူး၊ ခုတော့ ပြီးသလောက် ရှိနေပါပြီ။

ဒါပေမယ့် ဒီအထဲကနေပြီးတော့ စင်္ကြံဆောက်ဖို့ ဆိုပြီးတော့ တခါဆောက်ကြ ပြန်ပါတယ်၊ အဲဒါတော့ ဘုန်းကြီးက တားမြစ်လို့လဲ မကောင်း, အားပေးဖို့ဟာလဲပဲ သိပ်ပြီးမလိုဘူး၊ ခုနေအခါကာလမှာ ယောဂီပုဂ္ဂိုလ်တွေ နေထိုင်ဖို့ရာက ပိုပြီး အရေးကြီးပါတယ်၊ စင်္ကြံအဆောက်အအုံ လုပ်နေယင်ဖြင့် အဲဒီ အတွင်းမှာတော့ အခြား အဆောက်အအုံတွေ ဆောက်ဖို့ဟာ အချိန်မရှိဘူး၊ ဒါကြောင့် ဒီဥစ္စာတော့ တယ်မလိုဘူးလို့ အောက်မေ့ပါတယ်၊

ဒါပေမယ့် သူ့စေတနာနဲ့သူတို့ စေတနာကောင်းတဲ့ ပုဂ္ဂိုလ်တွေကလဲ စင်္ကြံ ဆောက်လုပ်လှူချင်ကြတာကိုး၊ အဲ ပထမစပြီးတော့ ဦးစိန်ဖေက ဆောက်ချင်တယ် လို့ ပြောပါတယ်၊ အဲဒါကို မလိုလှပေမယ့်လဲ ကိုယ့်သဘောနဲ့ ကိုယ်ဆောက်ချင် ဆောက်ပါ့လေလို့ ပြောထားရပါတယ်။

ဘုန်းကြီးက အခုနေမကောင်း ထိုင်မသာဖြစ်လာတော့ တနေ့ တချိန်ကျလို့ရှိယင် ဒီလို နေမကောင်း ထိုင်မသာ ဖြစ်ပြီးတော့ သေချင်လဲ သေနိုင်တာပဲ၊ သေသွား လို့ရှိယင် ဘုန်းကြီးတို့ ပိုင်ဆိုင်ပြီးတော့နေတဲ့ ပစ္စည်းဥစ္စာတွေလဲပဲ ဘာမှ အသုံး မကျပဲနဲ့ အလဟဿ ဖြစ်ကုန်မယ်၊ ဒီတော့ ဘုန်းကြီးတို့ ပိုင်ဆိုင်ပြီးတော့နေတဲ့ ပစ္စည်းဥစ္စာ တွေလဲပဲ ဘာမှ အသုံးမကျပဲနဲ့ အလဟဿဖြစ်ကုန်မယ်၊ ဒီတော့ ဘုန်းကြီးက တတ်နိုင်သမျှ အဆောက်အအုံ ရအောင်လို့ အခြေခံ ရှေ့သွားအနေနဲ့ အလှူပါဝင် ထားယင် ကောင်းမယ်လို့ ဘုန်းကြီးက ဒီလို စဉ်းစားထားမိပါတယ်။

ဟိုက ၁-၂-၃-၄-၅ အဲဒီ တိုက်တန်းတွေကို ကျောင်းသုံးခုနဲ့ နှစ်ခုကို တဆောင်စီ ဆောက်လုပ်ချင်လုပ်၊ ဒါမှမဟုတ်ယင်လဲ တခုနဲ့ တခုခြားထား ဒီလိုပဲ ရမှာပါပဲ၊ အဲဒီလို ဆောက်ရာမှာ အဆင့်ကလဲပဲ မူလအတိုင်း မဟုတ်ပဲနဲ့ နှစ်ဆင့် နှစ်ထပ်စီ လုပ်ထားဖို့ပါပဲ၊ အဲဒါလဲ သိပ်တော့ ကြာမယ်မထင်ပါဘူး၊ လုပ်ရကိုင်ရတာလဲ လွယ်လိမ့်မယ်လို့ ထင်တာပါပဲ၊ လုပ်ရ ကိုင်ရတာလဲ လွယ်ပါလိမ့်မယ်။

ဒီမှာအထူးအရေးကြီးတာက တိပိဋကစာပြန်ပွဲကျလို့ရှိယင် တိပိဋကစာပြန်ပွဲဆိုင်ရာ တွေကို နေထိုင်ဖို့ရာ နေရာအခွင့်အရေးတွေ ပေးရပါတယ်၊ မပေးလို့လဲမဖြစ်ပါဘူး၊ ပထမတုန်းကဆိုယင် ဆွမ်းစားကျောင်းမှာ ကျွေးမွေးရေးအတွက် နေရာ ပေးရပါတယ်၊ အခုတော့ စာဖြေသံဃာ များလာလို့ ဒေါ်ကြွေဓမ္မာရုံကြီးကို ကျွေးမွေး ဆက်ကပ်ရေးအတွက် နေရာ ပေးရပါတယ်၊ စာဖြေသံဃာတော်တွေ နေဖို့ နေရာလဲ ပေးရပါသေးတယ်၊

ဒါကြောင့် ရဟန်းယောဂီတွေနဲ့ အမျိုးသား ယောဂီတွေ နေရေး ထိုင်ရေးကတော့ သိပ်အဆင်မပြေလှပါဘူး၊ ဘုန်းကြီးတို့ ကျောင်းက တိုးချဲ့အဆောင်တွေနဲ့ဆိုတော့ ရဟန်းယောဂီ, လူယောဂီတွေဟာ အဲဒီ ပြင်ဆင်ဆောက်လုပ်မယ့် ဌာနမှာ အားထုတ်မယ်ဆိုယင် သင့်သလောက်တော့ ဖြစ်နိုင်ပါတယ်။

ယခုလို ယောဂီတွေအလွန်များတဲ့ ဒီလို ရက်အတွင်းမှာတော့ နေရာခပ်ကျပ်ကျပ်ပါပဲ၊ နောက်ဓမ္မရုံ အသစ်ကြီး ဆောက်လုပ်ပြီးတဲ့အခါ ကျယင်တော့ ပိုပြီး ကောင်းပါလိမ့်မယ်၊ အဲဒါထက် ဒီက ရဟန်းသံဃာတွေနဲ့ အမျိုးသားယောဂီတွေ နေရာထိုင်ခင်းဖြစ်တဲ့ အဆောက်အအုံ ကလေးတွေကို ပြင်လိုက်လို့ရှိယင် တော်တော် ဟန်ကျ သွားမယ်၊ အဲဒါလို ဘုန်းကြီးက ဘုန်းကြီးမှာရှိသမျှ တတ်နိုင်သမျှ အခြေခံဥစ္စာတွေကို ဘုန်းကြီးက ခေါင်းဆောင်အဖြစ်နဲ့ ဝတ္ထုငွေ လှူမယ်လို့ ကြေငြာထားပြီးတော့ အခြားသောပုဂ္ဂိုလ်တွေလဲ တတ်နိုင်သမျှ အတူ လိုက်ပြီး လှူဖို့ရာ တိုက်တွန်းရမှာပဲ။

ဘုန်းကြီးကနေပြီးတော့ အဲဒီလို အဆောက်အအုံလုပ်ဖို့ရာ ညွှန်ကြားတိုက်တွန်း ပေးလို့ရှိယင် ဒိပြင် ပုဂ္ဂိုလ်တွေလဲပဲ အားပါးတရ ဝမ်းမြောက် ဝမ်းသာနဲ့ ဖြစ်ပေါ်လာကြမှာပါပဲ၊ ဒီအဆောက်အအုံတွေလဲ မကြာခင် ပြီးပါလိမ့်မယ်၊ တနှစ်အတွင်း မပြီးယင် နှစ်နှစ်အတွင်းတော့ ပြီးမှာပါ၊ နှစ်နှစ်တော့ ကြာမယ် မထင်ပါဘူး၊ မကြာခင်ပဲ ပြီးဖွယ်ရာရှိပါတယ်၊ နောက်ပြီးတော့ တတ်သိနားလည်တဲ့ အဖွဲ့ဝင်ပုဂ္ဂိုလ်များကို နည်းနည်းပါးပါး မေးကြည့်တော့ “သိပ်ကြာစရာ အကြောင်း မရှိပါဘူး” လို့ သိရတယ်၊ ဒီလိုဆို ကောင်းတာပေါ့လို့ ပြောရတယ်။

“ဘယ်လောက်ကုန်စရာရှိသတုံး၊ ကုန်စရာတွေလဲ ဘယ်နှစ်သိန်း ကုန်မှာလဲ” အဲဒါကိုလဲ မေးရတယ်၊ အဆောက်အအုံ နှစ်ခုတွဲလုပ်ယင် အခုနေ အနည်းဆုံး အခြေခံ နှစ်သိန်းလောက်တော့ ဘုန်းကြီးက လှူထားလိုက်မယ်၊ နောက်တော့ တတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေက လိုက်ပြီးတော့ လှူဖို့ပါပဲ၊ ၄-၅-၆-သိန်းလောက်ဆိုယင် ပြည့်စုံလောက်မှာပဲ၊ ၄-၅-၆ သိန်း ၇-သိန်းထက် များယင် ၈-သိန်းပေါ့လေ အဲဒီလို အစီအစဉ် ရှိပါတယ်။

အဲဒီအဆောက်အအုံတွေ ပြီးတယ်ဆိုတဲ့ အခါကျယင်တော့ ဒီမှာ အရေးအကြီးဆုံး ဖြစ်တဲ့ တရားဓမ္မာရုံကြီးကို ဆောက်လုပ်ဖို့ရာ ကောင်းပါတယ်၊ တရားဓမ္မာရုံကြီးကို ဆောက်နေရယင် အခုပြောတဲ့ အဆောက်အအုံမျိုး တွေကို ဆောက်ဖြစ်မှာ မဟုတ်ဘူး၊ ဘယ်တော့မှ ပြီးမှန်းလဲ မမှန်းနိုင်ဘူး၊ အဲဒီလို စဉ်းစားမိပါတယ်၊ ဒါကြောင့် ဘုန်းကြီးတို့ကလဲပဲ အဲဒီရဟန်း ယောဂီ, အမျိုးသားယောဂီတွေ ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာနှင့် နေဖို့ရာ နေရာထိုင်ခင်းအတွက် အဆောက်အအုံ ကလေး စပြီးပြင်ပေးဖို့ ညွှန်ကြားရပါတယ်။

အဲဒါတွေပြုပြင်ရာမှာ ကုန်ကျဖို့ဟာလဲပဲ ဘုန်းကြီးက တတ်နိုင်သလောက် အကူအညီပေးရမှာပဲ၊ ဘုန်းကြီး ဒီလိုမှ မလုပ်လဲပဲ တနေ့ကျတော့ သေသွားလို့ ရှိယင်ဖြင့် ယူတော့မသွားနိုင်ဘူး၊ မိမိပိုင်တဲ့ ပစ္စည်းတွေဟာ အကျိုးမဲ့ဖြစ်နေမှာပဲ၊ အခုလို ဆောက်ပြီးတော့ လှူတာဟာလဲပဲ သေတဲ့အခါ ယူသွားရအောင်တော့ မရည်ရွယ်ပါဘူး၊ လောလောဆယ်မှာ တရားအားထုတ်ချင်တဲ့ ပုဂ္ဂိုလ်တွေ ချမ်းချမ်း သာသာနေရအောင်, ပြီးတော့ ဘေးကပုဂ္ဂိုလ်တွေ အမြင်အားဖြင့်လဲ သာသနာ ရေးလဲ ကြည်ညိုဖွယ်ဖြစ်အောင် အဲဒါတွေ ရည်စူးပြီးတော့ ဘုန်းကြီးက စိတ်ကူး ရှိပါတယ်၊ အခုလို နေမကောင်းတဲ့အခါမှာ ဒီစိတ်ကူးက ဖြစ်လာတယ်၊ အဲဒါပါပဲ။

အဲဒီလိုပဲ စေတနာကောင်းနဲ့ ဒီမှာဆောင်ရွက်ကြတဲ့ ပုဂ္ဂိုလ်တွေက ဆောင်ရွက်သင့် ဆောင်ရွက် ထိုက်တာတွေကို အများသဘောတူ အသိအမှတ်ပြုပြီးတော့ ဆောင်ရွက် သွားကြဖို့ပါပဲ၊ အဲဒီလို အများသဘောတူ ပြုသင့်တဲ့ အမှုတွေကို ကြောင့်ကြ စိုက်ပြီးတော့ ပြုနေကြတာဟာ အင်မတန် ကောင်းပါတယ်။

သဒ္ဓါသမ္ပဒါ၊ သီလသမ္ပဒါ၊ စာဂသမ္ပဒါ၊ ပညာသမ္ပဒါ”တဲ့၊ “သဒ္ဓါသမ္ပဒါ”ဆိုတာက သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊ ဒါက ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ဝင်ပုဂ္ဂိုလ်တွေဟာ သဒ္ဓါတရားကတော့ ပြည့်စုံနေပြီးပါပဲ၊ မပြည့်စုံတာ မရှိပါဘူး၊ သဒ္ဓါတရားရှိလို့ပဲ ဒီလို ကုသိုလ် အလုပ်တွေ လုပ်ကြတာပါ၊

သီလသမ္ပဒါ”ဆိုတာကတော့ ဗုဒ္ဓသာသနာဝင်တွေဆိုတာ သီလနဲ့ ပြည့်စုံနေ တာပါပဲ၊ ဒါပေမယ့် တခုတော့ရှိတယ်၊ ငါးပါးသီလက ပြည့်စုံနေပေမယ်လို့ ၈-ပါး သီလမျိုးကို မစောင့်ရှောက် မဆောက်တည်ပဲ နေတာရှိတတ်တယ်၊ မဆောက် တည်ပဲနေတော့ ဘေးက ပုဂ္ဂိုလ်တွေအမြင်အားဖြင့် အထင်အမြင် သေးတတ်တယ်၊

အဲဒီတော့ ဒီလို အထင်အမြင် မသေးရအောင် အခါခပ်သိမ်း မဟုတ်သော်လဲ ထူးခြားတဲ့ တရက်တလေတော့ () ပါးသီလ ဆောက်တည်ယင် ကောင်းပါတယ်၊ သူများတွေ သီလသာမကဘူး သမာဓိ, ပညာ ကျင့်ရအောင် ဆိုပြီးတော့ တိုက်တွန်း နေတဲ့ ပုဂ္ဂိုလ်တွေဟာ ကိုယ်ကိုယ်တိုင်က သီလကို မစောင့်ရှောက်ပဲနေယင် တယ်မကောင်းဘူးပေါ့။

အကြောင်းကတော့ သူ့ဟာနဲ့သူ ရှိမှာပေါ့၊ “ကျန်းမာရေးအတွက် အစာမကြာ မကြာစားမှ ကျန်းမာရေး ပြည့်စုံမှာ” လို့ ခုကာလ ဆရာဝန်တွေက ဒီလိုဆိုတာ ရှိပါတယ်၊ ရှေးတုန်းကတော့ ဒီလိုဟာ မရှိပါဘူး၊ ဘုန်းကြီးတွေ ဆိုလို့ရှိယင် အဲဒီလိုဟာတွေ ရှောင်ကြဉ်ဖို့ ခက်တာပဲ၊ မလွယ်ဘူး၊ ဘုန်းကြီးဆိုလို့ရှိယင် ဘုန်းကြီး အဖြစ်နဲ့နေပြီးတော့ ညနေခင်း စားရမယ်ဆိုယင် ခက်တာပဲ၊ ဘုန်းကြီးအဖြစ်နဲ့ နေလို့ကို ဖြစ်တော့မှာ မဟုတ်ဘူး၊

အဲဒီတော့ တတ်နိုင်သမျှ ကျင့်သုံးဖို့ လိုပါလိမ့်မယ်၊ (သဒ္ဓါသမ္ပဒါ, သီလသမ္ပဒါ, စာဂသမ္ပဒါ) စာဂသမ္ပဒါဆိုတာကတော့ တတ်နိုင်သမျှ ပေးလှူတဲ့ ကုသိုလ်နဲ့ ပြည့်စုံဖို့ပါပဲ၊ အဲဒီမှာ ပညာသမ္ပဒါ ဆိုတာက အင်မတန် အကြောင်းညီညွတ်လို့ ဗုဒ္ဓသာသနာမှာ ရောက်ပြီးတော့ နေရတယ်၊ ဒီလို ရောက်နေရာမှာလဲပဲ အဲဒီလို အချိုးကျကျ ပညာအကျင့်ကို ကျင့်ဖို့ ပြုဖို့ရာပါပဲ၊ ဒီဌာနမှာ ဝိပဿနာပညာ တရားအထိ ရနေကြတယ်၊ အင်မတန် ဝမ်းသာစရာ ကောင်းပါတယ်။

အချို့ ပုဂ္ဂိုလ်တွေက ဗုဒ္ဓဘာသာတွေ ပေမယ်လို့ ဘုန်းကြီးတို့လို စနစ်တကျ ဟောနေတဲ့ တရားတွေကို ပြစ်တင်ပြီး ပြောဆိုတာ ရှိတယ်၊ ဘုန်းကြီးကတော့ သူတို့ကိုလဲ မကဲ့ရဲ့ပါဘူး၊ သူတို့အကုသိုလ်တွေ အလကား များနေတာပဲ၊ ဘယ့်နှယ်ကြောင့် တရားမှန်ကို ကဲ့ရဲ့နေတာလဲ၊ ကဲ့ရဲ့သူတို့မှာ အကျိုးယုတ်တာပဲ၊ အဲ သူတို့မှာ အကျိုးယုတ်တာ ကိစ္စမရှိဘူး၊ သူတို့ရဲ့ တပည့်တပန်း ပရိသတ်တွေ အဆက်ဆက်တွေရော ဒုက္ခတွေ ရောက်နေကြတာပဲ၊

မြန်မာပြည်မှာ တယ် မကြာခင်ကပဲ ဒီလို ဝါဒကလေးတွေ ပြန့်ပွားလာတယ်၊ “ကျောက်သင်္ဘော” ဝါဒ ဆရာဆိုတာလဲ ဒီလိုဟာပါပဲ၊ နောက်ပြီးတော့ ဟို “သမ္မာဒိဋ္ဌိသုတေသန” တီထွင်ခဲ့တဲ့ ဦးဥက္ကဋ္ဌ ဆိုတာကလဲ ဒီလိုဟာတွေ ဟောပြော ခဲ့တာပဲ၊ ဒီလိုမတော်မသင့်တာတွေကို မြောင်းမြမှ ဒကာတဦးက စာရေးပြီး ပို့ထားတယ်။

အဲဒီ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့က ကက်ဆက်နဲ့ တိပ်ခွေဖွင့်ပြီးတော့လဲပဲ ပို့ထားခဲ့ သတဲ့၊ အဲဒါတွေ နားထောင်ပြီးတော့ စာနဲ့ရေးပြီး သိပ်မတော်တဲ့ ဥစ္စာတွေကို သာသနာ့ညွှန်ကြားရေးအတွက် အုပ်ချုပ်ရေးက ဆောင်ရွက်သင့်တယ် ဆိုပြီး ဘုန်းကြီးဆီ သူက ပို့ထားတယ်၊ သာသနာ အုပ်ချုပ်ရေးကို ဘုန်းကြီးကတော့ မလုပ်နိုင်ပါဘူး၊ သင့်တော်တဲ့ ပုဂ္ဂိုလ်တွေ ဆောင်ရွက်နေယင် ပြီးတာပါပဲလို့သာ မျှော်လင့်ပါတယ်။

အဲဒီတော့ သဒ္ဓါသမ္ပဒါ, သီလသမ္ပဒါ, စာဂသမ္ပဒါ, ပညာသမ္ပဒါ ဒီသမ္ပဒါ ၄-ပါးနဲ့ ပြည့်စုံဖို့ပါပဲ၊ အဲဒီလို ပြည့်စုံခြင်းဖြင့် ပြည့်စုံထိုက်တာတွေကို ဒီနှစ် ဒီအသင်းအဖွဲ့ အတွင်း ဝင်ရောက်ပြီး ဆောင်ရွက်မယ့် ပုဂ္ဂိုလ်တွေဟာ ပြည့်စုံသည်ထက် ပြည့်စုံအောင် ကြိုးစားပြီး ဆောင်ရွက်ကြဖို့ပါပဲ၊ အခု ဆောင်ရွက်နေတာတွေကို ဘုန်းကြီး မြင်ရတာ တွေ့ရတာဟာ အင်မတန် ကြိုးကြိုးစားစား ဆောင်ရွက်နေ ကြတယ်လို့ပဲ သိရပါတယ်၊ အင်မတန် ဝမ်းသာစရာပါပဲ။

မိမိတို့အိမ်က နေ့စဉ်ပင် ကျောင်းလာပြီးတော့ တနေ့လုံး အလုပ်လုပ်နေကြတာဟာ တော်တော် တာဝန်လေးတာပါပဲ၊ သာမန်ပုဂ္ဂိုလ်ဆိုယင် နေ့စဉ်နေ့တိုင်း လာနေဖို့ မလွယ်ဘူး၊ နေ့စဉ် နေ့တိုင်းလာပြီး အခုလို ဆောင်ရွက်နေကြတာဟာ အင်မတန် အားရစရာ ဝမ်းသာစရာ ကောင်းပါတယ်

နောက်ထပ် အသစ်တိုးလာတဲ့ ပုဂ္ဂိုလ်တွေလဲ အဲဒီအတိုင်းပဲ ရွပ်ရွပ်ချွန်ချွန် ဆောင်ရွက်သွားကြဖို့ပါပဲ၊ အဲဒီလို ရွပ်ရွပ်ချွန်ချွန် ဆောင်ရွက်ခြင်းဖြင့် ဗုဒ္ဓသာသနာ တော်ဟာ တိုးတက်သည်ထက် တိုးတက်ကြပါစေ။

ဘုရားသာသနာတော် တိုးတက်စသောအားဖြင့် မိမိတို့ အလိုရှိအပ်သော ကုသိုလ် ကောင်းမှု အရပ်ရပ် တိုးပွား၍ မိမိတို့ အလိုရှိအပ်သော အရိယ မဂ်ဉာဏ်, ဖိုလ်ဉာဏ်သို့ လျင်မြန်စွာ ဆိုက်ရောက်၍ နိဗ္ဗာန်သို့ ဆိုက်ရောက်ကြပါစေ။

သာဓု … သာဓု … သာဓု …။

မဟာစည်တိပသိဒ္ဓေန, ကဝိန္ဒေန သုဓီမဟာ
ဒိန္နာ သုသာရသမ္ပုဏ္ဏာ, ဩဝါဒ သုဂိရာဟိ ခေါ

ဧကူန ပညာသတိမပိုင်း

၁၃၄၂-ခုနှစ် နှစ်ပတ်လည် ဩဝါဒတော်

ဆရာတော်ဘုရားကြီးသည် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီး ၏ ဩဝါဒါစရိယ ဖြစ်သည် အားလျော်စွာ ၁၃၄၂-ခုနှစ် နှစ်ပတ်လည် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေး၌ အောက်ဖော်ပြပါ ဩဝါဒတော်ကိုမြွက်ကြားတော် မူခဲ့လေသည်။ ကြည့်ရှုလိုက်နာရာ၏။

၁၉၈၀-၈၁-ခုနှစ်တွင် မိန့်ကြားတော်မူသော ဩဝါဒမိန့်ခွန်းတော်

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီးက မြတ်စွာဘုရား၏ သာသနာတော်ကို ချီးမြှောက် ရအောင်လို့ ဆောင်ရွက်လာကြပါတယ်၊ ပထမ အစပိုင်းက ဆိုလို့ရှိယင် ပရိယတ္တိ သာသနာတော်ကို ချီးမြှောက်ဖို့ရာ တိပိဋကဓရ စာမေးပွဲတွေ ကျင်းပပြီး ဆောင်ရွက် လာခဲ့ကြပါတယ်၊ နောက်ပိုင်းကျတော့ အဲဒီ တိပိဋကဓရ စာမေးပွဲကိစ္စကို အစိုးရက တာဝန်ယူသွားတာနဲ့ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က လိုအပ်သမျှ အကူအညီကိုသာ ပေးနိုင်သမျှပေးလာတာပဲ ရှိပါတယ်၊

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီး တည်ထောင်ပြီး ၂-နှစ်လောက် ကြာတဲ့အခါကျတော့ ပဋိပတ္တိ သာသနာတော်ကို ချီးမြှောက်ရအောင်လို့ ဘုန်းကြီးတို့ကိုပင့်ပြီး ဆောင်ရွက်တဲ့အခါမှာ ဘုန်းကြီးတို့က ဒီသာသနာ့ရိပ်သာ လာရောက်ပြီးတော့ ပဋိပတ္တိသာသနာတော် ပဋိဝေဓသာသနာတော် ထွန်းကားရအောင်, ပြည့်စုံရအောင် ဆောင်ရွက်ကြရပါတယ်။

ပထမစပြီး ဆောင်ရွက်ခါစတုန်းကတော့ ဝိပဿနာအကျင့် ပဋိပတ်ကို ကျင့်ဖို့ ပရိသတ်ဟာ တယ်မများလှသေးပါဘူး၊ အင်မတန်နည်းပါသေးတယ်၊ ဒါပေမယ်လို့ နောက်ပိုင်းကျတော့ ဝိပဿနာ ပဋိပတ် အကျင့်ကို ကျင့်တဲ့ပုဂ္ဂိုလ်တွေဟာ များသထက် များလာပါတယ်၊ ယခုဆိုယင် အဲဒီပဋိပတ်ကျင့်တဲ့ ပုဂ္ဂိုလ်တွေ များလာတဲ့နှစ်ပေါင်းက တော်တော်ကို ကြာလာပါပြီ။

ပဋိပတ္တိသာသနာတော်ကို ဒီလို များများကြိုးစားကျင့်ကြတဲ့ ဌာနတွေဟာ အခြား နေရာမှာတော့ သိပ်မထင်ရှားလှပါဘူး၊ ဒီဌာနမှာတော့ ထင်ရှားပါတယ်၊ ဒီဌာနမှာ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီးက အထူး ကြောင့်ကြစိုက်ပြီး ဆောင်ရွက်လို့ အဘက်ဘက်က ပြည့်စုံနေသောကြောင့် အင်မတန် ထင်ရှားပါတယ်

ဗုဒ္ဓသာသနာနုဂ္ဂဟဆိုတာ ဗုဒ္ဓ - မြတ်စွာဘုရားရှင်၏၊ သာသနအဆုံးအမ သာသနာတော်ကို၊ အနုဂ္ဂဟ - ချီးမြှောက်သည့် အဖွဲ့ပါပဲ၊ အဲဒီအမည်နှင့် ဆောင်ရွက်ပုံဟာ အင်မတန် ညီညွတ် သင့်လျော်ပါတယ်

ဗုဒ္ဓေါ လောကေ သမုပ္ပန္နော ဟိတာယ သဗ္ဗပါဏိနံ

ဗုဒ္ဓေါ - မြတ်စွာဘုရားသည်၊
သဗ္ဗပါဏိနံ - အလုံးစုံသော သတ္တဝါတို့၏၊
ဟိတာယ - အကျိုးစီးပွား အလို့ငှါ
လောကေ - လောက၌၊
သမုပန္နော - ပွင့်ထွန်းတော်မူလာလေသည် တဲ့၊

ဘုရားပွင့်တော်မူတယ် ဆိုတာဟာ လောကမှာ သတ္တဝါတွေ အကျိုးများဖို့, လူတွေရော, နတ်တွေရော, ဗြဟ္မာတွေရော, အကျိုးများဖို့ပါပဲ၊ နတ်တွေ, ဗြဟ္မာတွေ ဆိုတာက လေ ာကအနေအားဖြင့် ကြည့်ယင် အင်မတန် ချမ်းသာနေကြတယ်လို့ ချီးမွမ်းစရာရှိပါတယ်၊ ဒါပေမယ့် အိုခြင်း, သေခြင်း အစရှိသော ဆင်းရဲတွေကတော့ မလွတ်ကင်းကြသေးပါဘူး၊

အဲဒီ ဆင်းရဲတွေက နတ်တွေ ဗြဟ္မာတွေမှာ ရှိနေသေးတာပါပဲ၊ သည့်ပြင်လဲ သူတို့မှာ နောက်နောက်သော ဘဝတွေမှာ ကိုယ်ဆင်းရဲ အမျိုးမျိုးတွေနဲ့လဲ တွေ့ရ ကြုံရ ဦးမှာပဲ၊ ဒါကြောင့် “နတ်တွေ ဗြဟ္မာတွေ ချမ်းသာတယ်” ဆိုပေမယ်လို့လဲပဲ လုံးဝ ချမ်းသာတာတော့ မဟုတ်သေးပါဘူး

“လူတွေဆင်းရဲတယ်” ဆိုတာကတော့ အထူးပြောစရာမလိုပါဘူး၊ ဒီလူတွေမှာ အိုခြင်း, နာခြင်း, သေခြင်းစသော ဆင်းရဲတွေနဲ့ ထင်ရှားတွေ့တွေ့ပြီး အင်မတန်ကို ဆင်းရဲနေကြပါတယ်၊ အဲဒီဆင်းရဲတွေ ကင်းငြိမ်းပြီး အကျိုးများရ ချမ်းသာ ကြရအောင်လို့ မြတ်စွာဘုရား ပွင့်တော်မူခဲ့တာပါပဲ၊

အရေးကြီးဆုံးကတော့ မြတ်စွာဘုရားပွင့်တာဟာ သတ္တဝါတွေ ဆင်းရဲ ခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ရောက်ဖို့ပါပဲ၊ နိဗ္ဗာန်မရောက်သေးယင်လဲ သံသရာထဲမှာ ဘဝတွေ ရာ ထောင် စသည် မကြာအောင် ကိုယ်, စိတ်ဆင်းရဲတွေ သက်သာသင့်သမျှ သက်သာအောင်, ချမ်းသာသင့်သမျှ ချမ်းသာအောင် သက်သာစရာ ချမ်းသာစရာ တွေကို ဟောကြားတော်မူတာ ဖြစ်ပါတယ်၊

ဒါန သီလအစရှိတဲ့ ကုသိုလ်တရားတော်ကို ကျင့်ပွားစေရန် ဟောကြားတော် မူခဲ့ပါတယ်၊ သမထဘာဝနာကုသိုလ်ကိုလဲ ဟောကြားတော်မူခဲ့ပါတယ်၊ အဲဒါတွေက သတ္တဝါတွေမှာ လောကထဲ၌ပင် အကျိုး များသင့်သမျှ များအောင် ဟောတော် မူခဲ့တာပါပဲ။

ဒါပေမယ်လို့ မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့အတိုင်း အဲဒီတရားတွေကို ရိုသေစွာ လိုက်နာပြီး ကျင့်သုံးဆောင်ရွက်တဲ့ သတ္တဝါတွေမှာသာ အကျိုးများသင့်သလောက် များနိုင်ပါတယ်၊ ဒါကြောင့်မြတ်စွာဘုရား၏ အဆုံးအမတော်အတိုင်း ဟောကြား ပေးကြဖို့လဲ လိုပါတယ်၊ ဘုန်းကြီးတို့ကတော့ မြတ်စွာဘုရား ဟောကြား ထားတော်မူသည့်အတိုင်း ဒါန, သီလ, သမထဘာဝနာအပြင် ဝိပဿနာဘာဝနာ ကုသိုလ်အကျင့်ကိုလဲ အထူးကျင့်ဖို့ရာ ဟောကြားနေကြပါတယ်၊

ဒါန သီလအကျင့်တွေကိုတော့ အများက ဟောကြားနေကြပါတယ်၊ သမထ အကျင့်ကိုလဲ တချို့ပုဂ္ဂိုလ်တွေ ဟောကြားနေကြပါတယ်၊ ဝိပဿနာအကျင့်ကိုတော့ ကျကျနန ပြည့်ပြည့်စုံစုံ ဟောတာကတော့ သိပ်ပြီး မထင်ရှားလှပါဘူး၊ များလဲ မများလှပါဘူး၊ တချို့ တချို့ နေရာတွေမှာဆိုယင် လုံးလုံးမရှိပဲတောင် ဖြစ်နေ ပါသေးတယ်၊

မြန်မာပြည်ထဲမှာတောင် တချို့ တချို့နေရာဌာနမှာဆိုယင် ဘုန်းကြီးတို့က သွားရောက်ပြီး ဝိပဿနာတရားကို ကျကျနန ဟောပေမယ်လို့ တရားအားထုတ်မည့် ပုဂ္ဂိုလ်က ရှိသင့်သလောက် မရှိပဲဖြစ်နေတယ်။ အင်မတန်ကို နည်းနေပါတယ်။

ယခု ဒီမဟာစည်ရိပ်သာဌာနမှာတော့ ဘုန်းကြီးကစပြီး ဟောလာကတည်းက တဖြည်းဖြည်း တိုးတက်လာတယ်၊ ယခုဆိုယင် ဒီဌာနမှာ ဝိပဿနာအလုပ်ကို အားထုတ်နေကြတဲ့ ရဟန်း, ရှင်, လူတွေဟာ အင်မတန်ကိုများနေပါပြီ၊ နည်းတဲ့ ရာသီမှာတောင်မှ ယောဂီဦးရေဟာ သုံးရာလောက်ရှိနေပါတယ်၊ များတဲ့ရာသီဥတု အခါမှာတော့ တထောင်မကလဲ ရှိနေပါတယ်

အားရစရာ, ဝမ်းသာစရာ အင်မတန်ကောင်းပါတယ်၊ အဲဒီလို ယောဂီတွေ များအောင်လို့ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ဝင်တွေကလဲ သာသနာတော်ကို ချီးမြှောက် ထောက်ပံ့နေကြတာပါပဲ၊ ယောဂီများ နေရေးထိုင်ရေးရော, စားရေး သောက်ရေး ရော, ဆက်ဆံရေးရော, ကျင့်ကြံအားထုတ်ရေးရော, အစစအရာရာ အဆင် ပြေအောင်, သင့်တင့်လျောက်ပတ်အောင် ဒီဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က တတ်နိုင်သမျှ ဆောင်ရွက် နေကြတာ တွေ့ရပါတယ်။

အဲဒီလို ဆောင်ရွက်နေတဲ့အခါမှာလဲ အခွင့်အရေး ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေမှသာ ဆောင်ရွက်နိုင်တာပါ၊ မိမိကိုယ်ရဲ့နေရေး, ထိုင်ရေး, စားသောက်ရေးအတွက် လုပ်ငန်းတွေများနေလို့ရှိယင် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့အနေနဲ့ ဆောင်ရွက်ဖို့ မလွယ်ပါဘူး၊ ကိုယ့်စားရေး သောက်ရေးတွေ, နေရေးထိုင်ရေးတွေစတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ကြောင့်ကြစိုက်ဖို့ မလိုပဲနဲ့ ဗုဒ္ဓသာသနာတော် တိုးတက်အောင် စိတ်စေတနာ အထူးထက်သန်စွာနဲ့ ဆောင်ရွက်နိုင်တဲ့ သူတွေကသာ အထူးကြောင့်ကြစိုက်ပြီး ဆောင်ရွက်ကြလို့သာ အခုလို အကျိုး များလာတာ ဖြစ်ပါတယ်

အဲဒီလို ဆောင်ရွက်တဲ့အခါမှာလဲ ခန္တီတို့, မေတ္တာတို့, ကရုဏာတို့, ပညာတို့ ပြည့်စုံဖို့ဆိုတာတွေကလဲ အရေးကြီးပါတယ်၊ အဲဒီ လေးပါးထဲက ခန္တီဆိုတာက သည်းခံသင့်တာကို သည်းခံမူပါပဲ၊ ကိုယ်ဆောင်ရွက်နေတာက မူမှန်မှန် တိုးတက်ပြီး ဆောင်ရွက်ပေမယ်လို့ ဘေးက ပုဂ္ဂိုလ်တွေက အထင်အမြင် သေးပြီး အပြစ် ပြောတာလဲ ရှိတတ်ပါတယ်၊

အချို့အချို့ ကိစ္စမှာ ဆောင်ရွက်သင့်ပေမယ်လို့ ဘေးကပုဂ္ဂိုလ်တွေက အထင် အမြင်သေးပြီး အပြစ်ပြောတာလဲ ရှိတတ်ပါတယ်၊ အချို့ အချို့ ကိစ္စမှာ ဆောင်ရွက် သင့်ပေမယ်လို့ သတိမပြုမိတဲ့အတွက် ကိုယ်က ချွတ်ယွင်းသွားတာလဲ ရှိတတ် ပါတယ်၊ အဲဒီလိုဟာနဲ့စပ်ပြီး သူတပါးက အပြစ်ပြောလို့ရှိယင်လဲ အဲဒီလိုဟာကို သည်းခံဖို့ အရေးကြီးပါတယ်။

မေတ္တာဆိုတာကတော့ ဒီကမ္မဋ္ဌာန်းဌာနမှာ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေရော၊ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ထဲမှာ ဝင်ရောက်ပြီး ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေရော၊ ဒီကမ္မဋ္ဌာန်းဌာနကို ထောက်ပံ့လှူဒါန်းလျက် အားပေးနေတဲ့ ပုဂ္ဂိုလ်တွေရော အဲဒီ ပုဂ္ဂိုလ်တွေနဲ့ စပ်ပြီးတော့ မေတ္တာဘာဝနာကို အထူးပွားများဖို့ လိုပါတယ်၊
မေတ္တာဆိုတာက လောကမှာ ရှိရှိသမျှ သတ္တဝါတွေ အကုန်လုံးအတွက် ချမ်းသာ ကြပါစေ ချမ်းသာကြပါစေလို့ နှလုံးသွင်းပွားများရတာပါပဲ၊ ဒါပေမယ့် အထူးအရေးကြီး တာကတော့ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့နဲ့ ပတ်သက်တဲ့ လူတွေကို ချမ်းသာစေ လိုတဲ့စိတ်နဲ့ ပွားများပြီး ဆောင်ရွက်ဖို့က အရေးကြီးပါတယ်၊
အဲဒါတွေလဲ စပ်ဆိုင်ရာ ပုဂ္ဂိုလ်တွေက တတ်နိုင်သမျှ ဆောင်ရွက်လာကြလို့ ဒီဌာနဟာ တိုးတက်သင့်သမျှ တိုးတက်လာခဲ့ပါတယ်၊ နောက်လဲ တိုးတက်သင့်သမျှ ထပ်တိုးတက်အောင် မေတ္တာဘာဝနာ အရင်းခံပြီး စွမ်းနိုင်သမျှ ဆက်လက်ပြီး ဆောင်ရွက် သွားကြဖို့ပါပဲ။

ကရုဏာ-ဆိုတာကတော့ သနားတာပါပဲ၊ အဆင်မပြေဖြစ်နေတဲ့ အခြားသူတွေကို သနားတဲ့အနေဖြင့် တတ်နိုင်သမျှ ကူညီအားပေးဖို့ပါပဲ၊ အဆင်မပြေ ဖြစ်နေတဲ့ သူတွေကို အပြစ်မြင်ပြီး ကိုယ်က ပြောဆိုနေဖို့တော့ မလိုပါဘူး၊ သနားပြီးတော့ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးဖို့သာ လိုပါတယ်၊ အဲဒါကလဲ အရေးကြီးပါတယ်
ဒါကြောင့် ဒီဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ဝင်တွေကလဲ ချွတ်ယွင်းနေတဲ့သူကိုတော့ ချွတ်ယွင်းနေပေမယ်လို့ အဲဒီ ချွတ်ယွင်းတဲ့သူရဲ့ အပြစ်ကို ထုတ်ဖော်မပြောပဲ သနားသောအားဖြင့် သည်းခံပြီး စောင့်ရှောက်သွားဖို့ရာ အရေးကြီးပါတယ်၊ မလွှဲ မကင်းသာလို့ ပြောရယင်လဲ သည်းမခံနိုင်ခြင်း, ဆင်းရဲခြင်းများ မဖြစ်ရလေအောင် သနားငဲ့ညှာသောအားဖြင့် ပြောသင့်သမျှ ပြောပြီး ဆောင်ရွက်သင့်သမျှဆောင်ရွက် သွားဖို့ပါပဲ၊ ဒါပဲ အရေးကြီးပါတယ်

ပညာကတော့ လောကီပညာ, လောကုတ္တရာပညာ အားဖြင့် နှစ်မျိုးရှိပါတယ်၊
လောကုတ္တရာပညာ ဆိုတာကတော့ ဒီလိုအရာမှာ ဆောင်ရွက်ရန် မလိုသေးတဲ့ အတွက် မဖော်ပြပဲ ချန်ထားလိုက်ပါတော့၊ လောကီပညာ ဆိုတာကတော့ လောက ရေးရာနဲ့စပ်ပြီး သင့်တော်တာ မသင့်တော်တာ ဆင်ခြင်ပြီး သိနားလည်ရမယ့် ဉာဏ်ပါပဲ၊ အဲဒါကတော့ ပြည့်စုံဖို့ အလွန် အရေးကြီးပါတယ်
အထူးအားဖြင့်ဆိုယင် မိမိကိုယ် တိုင် မိမိတို့အလိုအတိုင်း ဆောင်ရွက်နေသော ကိစ္စ, သူတပါးကညွှန်ကြားလို့ မိမိတို့ တာဝန်ယူပြီး ဆောင်ရွက်နေသောကိစ္စ, သူတပါးက ညွှန်ကြားလို့ မိမိတို့ တာဝန်ယူပြီး ဆောင်ရွက်ရတဲ့ကိစ္စ အဲဒီလို ကိစ္စများကို ဆောင်ရွက်ရာမှာ ချွတ်ယွင်းချက် မရှိပဲ ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန် ဖြစ်အောင် အထူးသတိပြုဖို့ အရေးကြီးပါတယ်
အဲဒါဟာ လောကရေးရာနဲ့စပ်ပြီး ပြည့်စုံသင့်တဲ့ပညာပဲ၊ တရားနဲ့စပ်ပြီး မှန်ကန်စွာ ဖြစ်ရမယ့် ပညာကိုတော့ အထူးဆင်ခြင်စရာ မလိုပါဘူး၊ အဲဒီတရားနဲ့စပ်တဲ့ ပညာကိုတော့ ဘုန်းကြီးတို့ သာသနာပြု ရဟန်းတော်များက ဘုရားဟောထားသည့် တရားတော်နဲ့ အညီ ပြောဟောနေတဲ့အတွက် ပြည့်စုံနေပါပြီ။

အဲဒီလို ဗုဒ္ဓသာသနာနုဂ္ဂအဖွဲ့ဝင်တွေက ဆောင်ရွက်နိုင်သမျှ ဆောင်ရွက်ကြဖို့နဲ့ အဲဒီလို အချိုးတကျ ဆောင်ရွက်နိုင်မယ့် ပုဂ္ဂိုလ်တွေကိုသာ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ထဲမှာ အသိအမှတ်ပြုပြီး ဆောင်ရွက်သွားကြစေဖို့ပါပဲ။

အဲဒီလို အချိုးကျကျ ဆောင်ရွက်ခြင်းဖြင့် မြတ်စွာဘုရား၏ သာသနာတော်ကို တိုးတက်စေနိုင်သည့်အပြင် မိမိတို့ ကိုယ်တိုင်မှာလဲ ကုသိုလ်ထူးတွေ ပွားများ ပြီးတော့ ဝိပဿနာဉာဏ်စဉ်လဲ တိုးတက်ပွားများ၍ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် မိမိတို့ အလိုရှိသည့်အတိုင်း ဆင်းရဲခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ

မဟာစည် ထေရသေဋ္ဌေန, သုဝိစိတြဉာဏိနာ၊
ဇနာနံ သုဟိတတ္ထာယ, ဒိန္နာ ဩဝါဒဒေသနာ။

သင်းလုံးကျွတ်အစည်းအဝေး
နောက်ဆုံးဩဝါဒတော်

ဤဩဝါဒတော်သည် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ၃၃-နှစ်မြောက် (၂၇-၃-၈၂) နေ့က ကျင်းပ ပြုလုပ်သော သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးတွင် ဆရာတော် ဘုရားကြီး ဟောကြားတော်မူသည့် ဩဝါဒတော် ဖြစ်လေသည်၊
ယင်း ဩဝါဒတော်ကား သင်းလုံးကျွတ် အစည်းအဝေးအနေဖြင့် နောက်ဆုံး မြွက်ကြားသည့် ဩဝါဒတော် ဖြစ်လေသည်၊ ဤ ဩဝါဒဖြင့် ဆရာတော် ဘုရားကြီး၏ မေတ္တာတော်, ကရုဏာတော်တို့ကို ကြည်ညိုမဆုံး ဖြစ်စေပါသည်၊ လေးလေးနက်နက် ဖတ်ရှု ကျက်ဆောင်ရာ၏

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ၃၃-ကြိမ်မြောက် (၂၇-၃-၁၉၈၂) နေ့က ကျင်းပသော သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးတွင် ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဩဝါဒမိန့်ခွန်းတော်

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး ဆိုတာကတော့ သာသနာ့ ရိပ်သာနဲ့ ပတ်သက်ပြီးတော့ အကျိုးများရာများကြောင်း သိသင့်သိထိုက်တာ သိရအောင်လို့ အစည်းအဝေးကျင်းပကြရတာပါပဲ၊ ဘုန်းကြီးကတော့ အထူးပြောစရာ လိုမယ် မဟုတ်ပါဘူး၊ အတိုချုပ်အားဖြင့်ဆိုတော့ ဒီသာသနာ့ရိပ်သာနဲ့ ပတ်သက် ပြီးတော့ အကျိုးများအောင် မေတ္တာကာယကံ အရင်းခံပြီးတော့ ဆောင်ရွက်ဖို့ ဆိုတာလေး ပြောဖို့ပဲ ရှိပါတယ်၊
ဒါလဲပဲ အထူးတလည် မဟုတ်ပါဘူး၊ ပြောသင့်ပြောထိုက်လို့ ပြောရတာပါပဲ၊ ဒီသာသနာ့ရိပ်သာမှာ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့အနေနဲ့ ဆောင်ရွက်ပြီးနေကြတာက ဒီသာသနာ့ရိပ်သာမှာ တရားအားထုတ်မှုတွေ စွမ်းနိုင်ဖို့ပဲ၊ တရားအားထုတ်ချင်တဲ့ ပုဂ္ဂိုလ် တွေ အားထုတ်ရအောင်, ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံ အားထုတ် နိုင်အောင် ဆောင်ရွက်ကြရတာပါပဲ။

အင်မတန် အရေးကြီးပါတယ်၊ မြတ်စွာဘုရား၏ သာသနာတော်အတွင်းမှာ ဘုရားအလိုတော်နှင့်အညီ သီလအကျင့်, သမာဓိအကျင့်, ပညာအကျင့်ဆိုတာ ကျင့်သင့်ကျင့်ထိုက်တဲ့ တရားတွေပါပဲ၊ အဲဒါတွေကို ပြည့်ပြည့်စုံစုံ ကျင့်နိုင်အောင်လို့ အားထုတ်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ အင်မတန် ကျေးဇူးများပါတယ်၊ သီလအကျင့် ဆိုတာကတော့ ငါးပါးသီလလောက်နဲ့ ပြည့်စုံနေလို့ သူကတော့ သိပ်ပြီးတော့ မများလှသေးဘူး၊ သမာဓိပညာ ဖြစ်အောင်ကတော့ ဘာဝနာကမ္မဋ္ဌာန်း တခုခု အားထုတ်မှ ဖြစ်တယ်၊ သမာဓိဝိပဿနာနှစ်ခုလုံး ပြည့်စုံအောင်ကတော့ ဝိပဿနာ ကမ္မဋ္ဌာန်းအားထုတ်မှ သမာဓိရော, ပညာရော ပြည့်စုံတယ်။

ဒီဌာနမှာတော့ ဘုန်းကြီးတို့က ဝိပဿနာအားထုတ်ဖို့ပဲ ဟောနေတာပါပဲ၊ ပထမရောက်လာစ ကတည်းက ဝိပဿနာ တရားအားထုတ်ဖို့ ဘုန်းကြီးတို့က ဒီလိုပဲ ဟောခဲ့ပါတယ်၊ ဟိုတုန်းကတော့ ဒီမှာအဖွဲ့ကလဲ စ, ကာစမို့ ပရိသတ်တွေ မကျယ်ပြန့်သေးပါဘူး၊ နည်းပါသေးတယ်၊ ယခုတော့ ပရိသတ်တွေလဲ အင်မတန် များပါပြီ၊ အဲဒီတော့ ဒီသာသနာ့ရိပ်သာမှာ လာရောက်ပြီး အားထုတ်ကြတဲ့ ရဟန်းတွေကလဲ မနည်းပါဘူး၊ အတော်များနေ ပါတယ်၊
အမျိုးသား အမျိုးသမီးတွေလဲပဲ များနေတာပါပဲ၊ အမျိုးသမီးတွေက ပိုများပါတယ်၊ အမျိုးသားတွေကတော့ အမျိုးသမီးတွေလောက်တော့ မများသေးဘူး၊ စီးပွားရေး အလုပ်တွေက အရေးကြီးတာနဲ့ စီးပွားရေးအလုပ်တွေ လုပ်နေတာနဲ့တယ် မလာနိုင်ကြတာနဲ့ တူပါတယ်၊
အဲဒီတော့ ဒီမှာလာပြီး တရားအားထုတ်လို့ ရအောင်ဆိုပြီး ဗုဒ္ဓသာသနာနုဂ္ဂဟ အအဖွဲ့က တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးလို့ ပရိသတ်တွေ အင်မတန် များလာပါတယ်၊ အားထုတ်ကြတာ အင်မတန် အားရစရာ ကောင်းပါတယ်၊ နောင်လဲပဲ လိုရာဘက်ကနေပြီးတော့ ဒီကအဖွဲ့ခေါင်းဆောင် ပုဂ္ဂိုလ်များက ညွှန်ကြားပြီးတော့ အဖွဲ့ထဲပါဝင်တဲ့ ပုဂ္ဂိုလ်တွေကလဲ မိမိတို့ တတ်နိုင်သမျှ ဆောင်ရွက်ကြရမှာပါပဲ။

ဒီအဖွဲ့ထဲမှာ အမြဲတမ်းလို ဒီမှာလာပြီး ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေလဲ ရှိပါတယ်၊ တယ်တော်တာပဲ၊ သူတို့မှာ လောကရေးရာ ကြောင့်ကြ စိုက်စရာတွေကလဲ မရှိသလောက်ဖြစ်နေပြီးတော့ ဒီမှာ လာဆောင်ရွက်နေတာ ဝမ်းသာစရာ ကောင်းပါတယ်
အဲဒီလို အမြဲတမ်းမဆောင်ရွက်နိုင်တော့ ဆောင်ရွက်သင့်တဲ့အခါ လာရောက်ပြီး ဆောင်ရွက်ကြတဲ့ ပုဂ္ဂိုလ်တွေလဲ ရှိပါတယ်၊ အဲဒါတွေလဲ ကောင်းပါတယ်၊ အဲဒီလို ဆောင်ရွက်ကြတဲ့ ပုဂ္ဂိုလ်တွေကို မေတ္တာနဲ့ ချမ်းသာပါစေလို့ အာရုံပြု မေတ္တာ ပို့ရတယ်၊ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းကိုလဲ အာရုံပြု မေတ္တာပို့ရတာပဲ၊ တရားလာပြီး အားထုတ်နိုင်အောင် မေတ္တာဘာဝနာ ပို့ရမယ်၊ တရားလာအားထုတ်တဲ့ ပုဂ္ဂိုလ်တွေလဲ ချမ်းချမ်းသာသာနဲ့ အားထုတ်နိုင်ကြပါစေ, အားထုတ်နိုင်ကြပါစေလို့ မေတ္တာဘာဝနာ ပွားရမယ်

အလျင်လာပြီး အားထုတ်ကြတဲ့ ပုဂ္ဂိုလ်တွေလဲ နေရေးထိုင်ရေး အစစအရာရာ အဆင်ပြေအောင်လို့ ဒါကိုလဲ စွမ်းနိုင်သမျှ ကြောင့်ကြစိုက်ပြီးတော့ ပေးကြရတယ်၊ အခုတော့ နေရာထိုင် ခင်းတွေလဲ အတော်ဟန်ကျ သွားပြီ၊ နေဖို့ထိုင်ဖို့တွေ အတော်နေရာကျပါတယ်၊ စားသောက်ရေး ဘက်ကလဲ တတ်နိုင်သမျှ အကူအညီ ပေးပြီး ဆောင်ရွက်ကြတယ်
အဲဒါတွေဟာ ချမ်းသာပါစေဆိုတဲ့ မေတ္တာကမ္မဋ္ဌာန်းနဲ့ မိမိတို့ တာဝန်ရှိသမျှ ဆောင်ရွက်ပြီးတော့ နေထိုင်ကြရတာပါပဲ၊ အင်မတန် ကောင်းပါတယ်၊ ဝမ်းမြောက် ဝမ်းသာ စရာပါပဲ၊ ဘာတွေ လိုနေသေးတယ်လို့ ဘုန်းကြီးတို့ ပြောစရာတော့ မရှိပါဘူး၊ ပြည့်စုံနေတာတွေပဲ ဘုန်းကြီးတို့ တွေ့နေရပါတယ်၊
ရှေးက မရှိဖူးတဲ့ ဆောင်ရွက်မှုတွေ ယခု ဆောင်ရွက်မှုတွေ ပြည့်စုံနေတယ်ဆိုတာ အာရုံပြုပြီးတော့ ဝမ်းမြောက်ရပါတယ်၊ အဲဒီလို တတ်နိုင်သမျှ ကူညီဆောင်ရွက် ပေးခြင်းဖြင့် မြတ်စွာဘုရား၏ သာသနာတော်ဟာ တိုးတက်ကြဖို့ပါပဲ၊ ဘုရား သာသနာတော်မှာ ဝိပဿနာအကျင့်ကို ကျင့်ကြတဲ့ပုဂ္ဂိုလ်ဟာ သိပ်မများသေးဘူး, နည်းနေသေးတယ်

ရှေးက ဘုရားလက်ထက်တုန်းက ဆိုလို့ရှိယင် သာသနာ့ဘောင်မှာဝင်ပြီး ရဟန်းပြုတဲ့ ပုဂ္ဂိုလ်တွေဟာ တခါတည်း အားထုတ်ရပါတယ်၊ သာသနာ့ဘောင်မှာ ရဟန်းပြုပြီး ရဟန္တာဖြစ်အောင် အားထုတ်ကြတာပါပဲ၊ ရဟန္တာဖြစ်တာတွေကလဲ များပါတယ်၊ အဲဒီတုန်းက ရဟန္တာမဖြစ်တောင်မျ သောတာပန်, သကဒါဂါမ်, အနာဂါမ်တွေတော့ ဖြစ်နေကြတာပဲ၊ အင်မတန် အဆင်ပြေကြပါတယ်၊ ခုနေကာလကတော့ ရဟန်းပြုပြီးတော့ မဂ်ဖိုလ်တရား ချက်ချင်းရောက်အောင် အားထုတ်တဲ့ ပုဂ္ဂိုလ်တွေက နည်းပါတယ်

ယခု ဒီမှာဆိုလို့ရှိယင်တော့ ရဟန်းတွေလဲ အတော်များပါတယ်၊ အားထုတ်ကြတာ ဟန်ကျပါတယ်၊ လူပုဂ္ဂိုလ်တွေက အတော်များနေတာ နေရာကျပါတယ်၊ အချို့ ဝမ်းမြောက်စရာပါပဲ၊ အဲဒီပုဂ္ဂိုလ်တွေ ဒီမှာ နေရေး ထိုင်ရေးလဲ ချမ်းသာရအောင် အစစအရာရာ အဘက်ဘက်မှနေ ပြည့်စုံရအောင်လို့ အဖွဲ့ကနေ အကူအညီ ပေးနေတယ်၊ အဖွဲ့ထဲမှာလည်း သူ့အပိုင်းနဲ့သူ ဆောင်ရွက်နေကြတာတွေလဲ အားရစရာကောင်းပါတယ်၊ ညွှန်ကြားတဲ့ ဆရာများကို အကြောင်းပြုပြီး ဆောင်ရွက် နေကြတာ ဖြစ်လို့ နေရာကျပါတယ်။

အဲဒီလို သင့်တင့် လျောက်ပတ်တာတွေ ဆောင်ရွက်သွားခြင်းအားဖြင့် မြတ်စွာဘုရား၏ သာသနာတော် တိုးတက်ကြီးပွားဖို့ ဖြစ်ပါတယ်၊ အဲဒီလို သာသနာတော် တိုးတက်ကြီးပွားခြင်းဖြင့် အများသောပုဂ္ဂိုလ်တွေ အကျိုးများဖို့ ဖြစ်ပါတယ်၊ သို့ဖြစ်သောကြောင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က ယခင်က စီစဉ်လာ ခဲ့တဲ့အတိုင်း ယခုလဲ ထပ်မံပြီး တိုးတက်ပြီး ဆောင်ရွက်သွားကြဖို့ပါပဲ

လာရောက်ပြီး တရားအားထုတ်ကြတဲ့ ပုဂ္ဂိုလ်တွေလဲ ချမ်းချမ်းသာသာ နေထိုင်ဖို့လဲ လိုပါတယ်၊ တရားအားထုတ်ပြီးလို့ တရားပြည့်စုံတဲ့ အခြေအနေရောက်ပြန်တော့လဲ တချို့လဲ ဆက်ပြီးတော့ တရားအားထုတ် နေချင်တဲ့ ပုဂ္ဂိုလ်ရှိယင် ဒီလို ပုဂ္ဂိုလ်တွေလဲပဲ တကယ့်စေတနာကောင်းနဲ့ ဆိုလို့ရှိယင် ချီးမြှောက်ဖို့ လိုပါတယ်
အဲဒီလို သာသနာရေးဘက်က စွမ်းနိုင်သမျှ အားပေးကြဖို့ရန် ဘုန်းကြီးက ဒါလေး အတိုချုပ်ပဲ ညွှန်ကြားပါတယ်၊ ဤသို့ ညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်ကြခြင်းဖြင့် မိမိတို့ အလိုရှိအပ်သော ကောင်းကျိုးချမ်းသာတွေကို ရနိုင်မည်ဖြစ်သောကြောင့် ဘေးရန်အန္တရာယ် ဟူသမျှတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းကြ၍ မိမိတို့ အလိုရှိအပ်သော လောကီလောကုတ္တရာ ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်း တို့နှင့် တိုးတက်၍ ပြည့်စုံကြပါစေ

ဗုဒ္ဓသာသနာနုဂ္ဂဟ, သန္နိပါတေ ပဝတ္တိတေ၊
ထေရေန ဒေသိတာ ကထာ, ဧသာ အန္တိမဒေသနာ။

ကမ္မဝါစာများ

ဆရာတော်ဘုရားကြီးသည် ဘုရားမြတ်စွာ သာသနာတော် အရှည်တည်တံ့ရေး အတွက် အလေးအနက် ထားတော်မူကာ ကမ္မဝါစာများကို ဆိုင်ရာ ကျမ်းဂန်များနှင့် အညီ စိစစ်တော်မူခဲ့လေသည်၊ ယင်းကမ္မဝါစာများမှာ -

၁။ ဥပသမ္ပဒကမ္မဝါစာ,
၂။ အဘယာနန္တရာယိကကမ္မဝါစာ တို့ဖြစ်ကုန်၏။

၎င်းပြင် ဥပသမ္ပဒကမ္မဝါနိဿယအကျဉ်း, ဩဝါဒကထာနိဿယတို့ကို စီရင်တော် မူခဲ့လေသည်၊ ဆရာတော်ကား သာသနဝုဒ္ဓိကာမိ, သာသနစိရဋ္ဌိတိကာမိ ပုဂ္ဂိုလ်မြတ်ကြီး ဖြစ်တော်မူပါသည်။

ကမ္မဝါစာပိထေရေန, မဟုဿာဟေန ဉာဏိနာ၊
ဝိစာရိတာ သံသောဓိကာ, သာသနဿာဘိဝုဒ္ဓိယာ။

ကမ္ဘာတခွင် အသိဉာဏ်ပေးနေသော
မဟာစည်ဆရာတော်ဘုရားကြီး၏
အင်္ဂလိပ် ဘာသာပြန် ဝိပဿနာကျမ်းစာများ

ထိုထိုပညာရှင်တို့က ဆရာတော်ဘုရားကြီး၏ ဝိပဿနာကျမ်းစာ စသည်များကို အင်္ဂလိပ်ဘာသာ ပြန်ဆို၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က ရိုက်နှိပ်ပြီးလျှင် ကမ္ဘာ့နိုင်ငံ အရပ်ရပ်သို့ ပျံ့နှံ့ရောက်ရှိစေသဖြင့် ယင်းကျမ်းစာများစွာတို့သည် ကမ္ဘာသူ ကမ္ဘာသား သန်းပေါင်းများစွာတို့အား အသိပညာ အရပ်ရပ်ကို ပေးလျက်ရှိရာ လွန်စွာအားတက် ဝမ်းမြောက်ဖွယ် ကောင်းလှပါသည်၊ ၎င်းကျမ်းစာတို့ကား-

  1. Discourse on SAKKAPANHA SUTTA (The questions of Sakka)
  2. THE WHEEL OF DHAMMA (Dhammacakkappavattana sutta)
  3. The Great Discourse on THE ANATTA-LAKKHANA SUTTA
  4. A Discourse on SAMMAPARIBBAJANIYA SUTTA
  5. CULAVEDALLA SUTTA or Discourse on Various speaks of Buddha's Dhamma
  6. The Satipatthana Vipassana Meditation.
    ယင်းကျမ်းကို ၁၉၇၉-ခုနှစ်တွင် ရန်ကုန်မြို့ သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်မှ ရိုက်နှိပ်ထုတ်ဝေခဲ့ရာ ဒီမိုင်းဆိုက် စာမျက်နှာ ၃၄-ရှိလေသည်။
  7. Practical Insight Meditation
    ယင်းကျမ်းကိုလည်း ရန်ကုန်မြို့ သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်က ရိုက်နှိပ် ထုတ်ဝေခဲ့ရာ ဒီမိုင်းဆိုက် စာမျက်နှာ ၆၄-ရှိလေသည်။
  8. A discourse on SALLEKHA SUTTA
    ဆရာတော်ဘုရားကြီး ဟောတော်မူသည့်အတိုင်း ဦးအေးမောင်က ပြန်ဆို ခဲ့လေသည်၊ ယင်းကျမ်းကို ရန်ကုန်မြို့ တောင်ဥက္ကလာပ စာပေပေါင်းကူးပုံနှိပ် တိုက်တွင် ရိုက်နှိပ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် အကျိုးဆောင် ဦးသိန်းအောင်က ထုတ်ဝေခဲ့ရာ ကရောင်း ၁၆-ချိုး စာမျက်နှာ ၄၅၄-ရှိလေသည်။
  9. Nibbanapatisamyuttakatha or on the Nature of NIBBANA
    ယင်းကျမ်းကို ဦးထင်ဖတ် (မောင်ထင်)က အင်္ဂလိပ်ဘာသာပြန်ခဲ့ရာ ကမ္ဘာသိ တရားကျမ်းစာ ဖြစ်လေသည်၊ ယင်းကျမ်းကို ရန်ကုန်မြို့ တောင်ဥက္ကလာပ စာပေ ပေါင်းကူး စာပုံနှိပ်တိုက်တွင် ရိုက်နှိပ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဦးမင်းဆွေက ထုတ်ဝေခဲ့ရာ ကရောင်း ၁၆-ချိုး စာမျက်နှာ ၂၀၈-ရှိလေသည်။
  10. A Discourse on HEMAVATA SUTTA
    ယင်းကျမ်းကို ဆရာတက်တိုး (ဦးအုံးဖေ)က ပြန်ဆိုခဲ့လေသည်၊ ရန်ကုန်မြို့ ဇွဲပုံနှိပ်တိုက်တွင် ရိုက်နှိပ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပွင့်ကောင်းက ထုတ်ဝေခဲ့ရာ ကရောင်း ၁၆ -ချိုး စာမျက်နှာ ၂၁၈-ရှိလေသည်။
  11. Satipatthana Vipassana Meditation Criticisms and Replies.
    ယင်းကျမ်းမှာ သတိပဋ္ဌာန်ရှုနည်းနှင့် ပတ်သက်၍ စွပ်စွဲပြစ်တင်ချက်များကို ဖြေရှင်းသည့် ကျမ်းစာ ဖြစ်လေသည်၊ ဆရာတော် အရှင်ဉာဏုတ္တရ၊ မြန်အောင် ဦးတင်စသော ပုဂ္ဂိုလ်တို့သည် ဆရာတော်ဘုရားကြီး၏ အာဘော်အတိုင်း ဖြေရှင်းကြ သည်၊ ယင်းကျမ်းစာကို ၁၉၇၉-ခုနှစ်တွင် ရန်ကုန်မြို့ စာပေပေါင်းကူး ပုံနှိပ်တိုက်တွင် ရိုက်နှိပ်၍ ဦးညိုမောင် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က ထုတ်ဝေခဲ့လေသည်၊ ကရောင်း ၁၆-ချိုး စာမျက်နှာ ၃၄၉-ရှိသည်။
  12. BHARA SUTTA or Discourse on THE BURDEN OF KHANDHA
    ယင်းကျမ်းကို ၁၉၈၀ -ခုနှစ်တွင် ရန်ကုန်မြို့ စာပေပေါင်းကူးပုံနှိပ်တိုက်တွင် ပုံနှိပ်၍ ဗုဒ္ဓသာသနာ နုဂ္ဂဟအဖွဲ့ချုပ် ဦးမင်းဆွေက ထုတ်ဝေခဲ့ရာ ကရောင်း ၁၆-ချိုး ဆိုက်ဖြင့် စာမျက်နှာ ၁၃၄-ရှိလေသည်။
  13. Fundamentals of VIPASSANA MEDITATION
    ယင်းကျမ်းကို ဆရာတော်ဟောကြားသည့်အတိုင်း မောင်သာနိုးက ဘာသာပြန်၍ ၁၉၈၁ -ခုနှစ်တွင် ရန်ကုန်မြို့ ဇွဲပုံနှိပ်တိုက်တွင် ရိုက်နှိပ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ် ဦးမင်းဆွေက ထုတ်ဝေခဲ့လေသည်၊ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် စာမျက်နှာ ၁၁၃-ရှိလေသည်။
  14. A Discourse on LOKADHAMMA
    ယင်းကျမ်းကို ဆရာတတ်တိုး (ဦးအုံးဖေ) က အင်္ဂလိပ်ဘာသာပြန်ဆိုသည်၊ ရန်ကုန်မြို့တောင်ဥက္ကလာပ စာပေပေါင်းကူး ပုံနှိပ်တိုက်တွင် ရိုက်နှိပ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ် ဦးမင်းဆွေက ထုတ်ဝေခဲ့လေသည်။ ကရောင်း ၁၆-ချိုး ဆိုက်ဖြင့် စာမျက်နှာ ၇၁-ရှိလေသည်။
  15. A Discourse on MALUKYAPUTTA SUTTA
    ယင်းကျမ်းကို ဆရာတော်ဘုရားကြီး ဟောတော်မူသည့်အတိုင်း ဦးထင်ဖတ် (မောင်ထင်)က အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့လေသည်၊ ယင်းကျမ်းကို ရန်ကုန်မြို့ တောင်ဥက္ကလာပ စာပေပေါင်းကူးပုံနှိပ်တိုက်၌ ပုံနှိပ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဒေါက်တာဦးဘကလေးက ထုတ်ဝေခဲ့လေသည်၊ ယင်းကျမ်းမှာ ကရောင်း ၁၆-ချိုး ဆိုက်ဖြင့် စာမျက်နှာ ၈၅-ရှိလေသည်။
  16. VAMMIKA SUTTA or Discourse on THE ANT HILL, THE MATERIAL BODY
    ယင်းကျမ်းကို ဆရာတော်ဘုရားကြီး ဟောတော်မူသည့်အတိုင်း ဦးမင်းဆွေ (မင်းကျော်သူ) က အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့လေသည်၊ ရန်ကုန်မြို့ တောင်ဥက္ကလာပ စာပေပေါင်းကူးပုံနှိပ်တိုက်တွင် ပုံနှိပ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ် ဦးမင်းဆွေက ထုတ်ဝေခဲ့လေသည်၊ ကရောင်း ၁၆-ချိုး၊ စာမျက်နှာ ၂၀၆-ရှိလေသည်။
  17. A Discourse on SILAVANTA SUTTA
    ယင်းကျမ်းကိုလည်း ဆရာတော်ဘုရားကြီး ဟောကြားတော်မူသည့်အတိုင်း ဦးထင်ဖတ်(မောင်ထင်)က အင်္ဂလိပ်ဘာသာပြန်ဆို၍ ရန်ကုန်မြို့ တောင်ဥက္ကလာ စာပေပေါင်းကူး ပုံနှိပ်တိုက်တွင် ရိုက်နှိပ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဦးညိုမောင်က ထုတ်ဝေခဲ့ရာ ၁၆-ချိုး၊ စာမျက်နှာ ၂၀၂-ရှိလေသည်။
  18. A Discourse on DHAMMADAYADA SUTTA
    ဆရာတော်ဘုရားကြီး ဟောကြားတော်မူ၍ ရိုက်နှိပ်ထားသည့်မူရင်းအတိုင်း ဦးအေးမောင်က အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့လေသည်၊ ၁၉၈၂-ခုနှစ်တွင် ရန်ကုန်မြို့ တောင်ဥက္ကလာပ စာပေပေါင်းကူး ပုံနှိပ်တိုက်တွင် ရိုက်နှိပ်၍ ရန်ကုန်မြို့ ဘောက်ထော် ဝေဒစာပေမှ ထုတ်ဝေခဲ့လေသည်။ ကရောင်း ၁၆-ချိုး စာမျက်နှာ ၈၄-မျက်နှာ ရှိလေသည်။
  19. A Discourse on ARIYAVASA SUTTA
    ယင်းကျမ်းကို ဦးအေးမောင်က ပြန်ဆိုခဲ့လေသည်၊ ၁၉၈၀-ခုနှစ်တွင် ရန်ကုန်မြို့ ဇွဲပုံနှိပ်တိုက်တွင် ရိုက်နှိပ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဦးလေးမောင်က ထုတ်ဝေခဲ့လေသည်၊ ကရောင်း ၁၆-ချိုး စာမျက်နှာ ၄၄-ရှိလေသည်။
  20. A Discourse on PATICCASAMUPPADA
    ယင်းကျမ်းကို ဦ းအေးမောင်က ဆရာတော်ဘုရားကြီး ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီး မူရင်းကျမ်းအတိုင်း အင်္ဂလိပ်ဘာသာပြန်ခဲ့လေသည်၊ ၁၉၈၂-ခုနှစ်တွင် ရန်ကုန်မြို့ တောင်ဥက္ကလာပ စာပေပေါင်းကူး ပုံနှိပ်တိုက်က ရိုက်နှိပ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ် ဦးမင်းဆွေက ထုတ်ဝေခဲ့လေသည်။
  21. A Discourse on TO NIBBANA VIA THE NOBLE EIGHTFOLD PATH and Saraniya Dhamma and Mahapaccavekkhana
    ယင်းကျမ်းများကို ဦးထင်ဖတ် (မောင်ထင်)က ဆရာတော်ဘုရားကြီး၏ မူရင်းအတိုင်း အင်္ဂလိပ်ဘာသာ ပြန်ခဲ့လေသည်၊ ယင်းကျမ်းများကို တပေါင်းတည်းပြု၍ ၁၉၈၀-ခုနှစ်တွင် ရန်ကုန်မြို့ တောင်ဥက္ကလာပ စာပေပေါင်းကူး ပုံနှိပ်တိုက်တွင် ရိုက်နှိပ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဦးဘကလေးက ထုတ်ဝေခဲ့လေသည်၊ ကရောင်း ၁၆ -ချိုး စာမျက်နှာ ၁၂၂-ရှိလေသည်။
  22. A Discourse on VIPASSANA (Practical Insight) Delivered at the Rangoon University Dhamma by the Venerable Mahasi Sayadaw
    ယင်းကျမ်းများကို ဒေါက်တာကိုကြီးက အင်္ဂလိပ်ဘာသာပြန်၍ ၁၉၈၂-ခုနှစ်တွင် ရန်ကုန်မြို့ တောင်ဥက္ကလာပ စာပေပေါင်းကူး ပုံနှိပ်တိုက်၌ ပုံနှိပ်၍ ရန်ကုန်မြို့ ဘောက်တော် မာလာမြိုင်လမ်း ဝေဒစာပေက ထုတ်ဝေခဲ့လေသည်၊ ကရောင်း ၁၆- ချိုး စာမျက်နှာ ၉၆-ရှိလေသည်။
  23. Purpose of Practising Kammatthana Meditation
    ယင်းကျမ်းကို ဦးမင်းဆွေ (မင်းကျော်သူ)က ဆရာတော်ဘုရားကြီး၏ မူရင်း ကျမ်းစာအတိုင်း အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့လေသည်၊ ၁၉၈၀-ခုနှစ်တွင် ရန်ကုန်မြို့ တောင်ဥက္ကလာပ စာပေပေါင်းကူးပုံနှိပ်တိုက်၌ ရိုက်နှိပ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ် ဦးမင်းဆွေက ထုတ်ဝေခဲ့လေသည်၊ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် စာမျက်နှာ ၅၄-ရှိလေသည်။
  24. PURABHEDA SUTTA DHAMMA or The Dhamma one should accomplish before death.
    ယင်းကျမ်းစာကို ဦးမင်းဆွေ (မင်းကျော်သူ) မူရင်းအတိုင်း အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့လေသည်၊ ရန်ကုန်မြို့ တောင်ဥက္ကလာပ စာပေပေါင်းကူးပုံနှိပ်တိုက်တွင် ရိုက်နှိပ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဦးမင်းဆွေက ပုံနှိပ်ထုတ်ဝေခဲ့ရာ ဒီမိုင်း ဆိုက်ဖြင့် စာမျက်နှာ ၁၇၇-ရှိလေသည်။
  25. TUVATAKA SUTTA
    ယင်းတရားကျမ်းစာကို ဆရာတော်ဘုရားကြီး ၏ ကျမ်းစာမူရင်းအတိုင်း B.A (Hons.) B.Ed, M.Sc, Ph.d (Chicago) ဒေါ်ကေမြရီက အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့လေသည်၊ ၁၉၈၂-ခုနှစ်တွင် ရန်ကုန်မြို့ တောင်ဥက္ကလာပ စာပေပေါင်းကူး ပုံနှိပ်တိုက်တွင် ပုံနှိပ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဦးညိုမောင်က ထုတ်ဝေ ခဲ့လေသည်၊ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် စာမျက်နှာ ၁၂၈-ရှိလေသည်။
  26. Practical Vipassana Meditational Exercises
    ယင်းကျမ်းမှာ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် စာမျက်နှာ ၂၀-ခန့်ရှိ ကျမ်းငယ် ဖြစ်လေသည်၊ ဦးညီပုက ဘာသာပြန်၍ ၁၉၇၈-ခုနှစ်တွင် ရန်ကုန်မြို့ ဇွဲပုံနှိပ်တိုက်၌ ပုံနှိပ်ထုတ်ဝေခဲ့လေသည်။
  27. Practical Basic Exercise in Satipatthana Vipassana Meditation.
    ယင်းကျမ်းငယ်မှာ ၁၉၅၆-ခုနှစ်က နိုင်ငံတော် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့မှ ရိုက်နှိပ် ထုတ်ဝေခဲ့ရာ စာမျက်နှာ ၁၄-ရှိ ကျမ်းငယ်ဖြစ်လေသည်။
  28. MAHASI ABROAD
    ဆရာတော်ဘုရားကြီးသည် မည်သော ကမ္ဘာ့သာသနာပြုတရားတော်ကို အာရှ, ဥရောပတိုက် အနှံ့အပြား လှည့်လည်ကြွချီ တရားဟောစဉ်က စီစဉ်တော်မူသည့် တရားကျမ်းစာ ဖြစ်လေသည်၊ ယင်းကျမ်းသည် ပထမပိုင်း, ဒုတိယပိုင်းအားဖြင့် နှစ်ပိုင်းရှိရာ ပထမပိုင်းတွင်
    • The Noble Teaching
    • The Teaching of the Buddha Sanana
    • Satipatthana the only Way
    • The Way to Happiness
    တို့ ပါရှိလေသည်။ ဒုတိယပိုင်းတွင်
    • The Teaching of the Buddha
    • The Method of the Buddha’s Practice of Meditation
    • The Four Noble Truths
    တို့ ပါရှိလေသည်။

မြန်မာနှင့်ကမ္ဘာ
ဝိပဿနာရှုနည်းပေးနေ

ဖော်ပြခဲ့သည့် မြန်မာ, ပါဠိ, အင်္ဂလိပ်ဘာသာတို့ဖြင့် ပေါ်ထွက်ခဲ့သော ဆရာတော် ဘုရားကြီး ၏ ဓမ္မကျမ်းစာတို့ကား ဆရာတော်ဘုရားကြီး မရှိသော်လည်း မြန်မာနှင့် ကမ္ဘာကို ဝိပဿနာရှုနည်း ပေးလျက်ရှိရာ များစွာ ဝမ်းမြောက်ဖွယ်, ဂုဏ်ယူဖွယ် ကောင်းပါသတည်း။

မဟာစည် ထေရရစိတ-ပေါတ္ထကာနိ အနေကဓာ၊
လောကံ ဝိပဿနာ နယံ, ဒတွာန ကိစ္စကာရကာ။

ပညာသတိမပိုင်း
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့
ပူဇော်ပွဲသုံးရပ်သို့ ကြွတော်မူခြင်း

လူမျိုးစုလွှတ်တော်နာယကကြီး အဂ္ဂမဟာသီရိသုဓမ္မ အဂ္ဂမဟာသရေစည်သူ ညောင်ရွှေစော်ဘွားကြီး စပ်ရွှေသိုက်သည်-

(၁) ညောင်ရွှေမြို့နယ်လုံးဆိုင်ရာ စာပြန်ပွဲကြီး၏ ၂၅-နှစ်မြောက် ဆုနှင်းသဘင် ပူဇော်ပွဲ,
(၂) သာသနာတော် ၂၅၀ဝ-ပြည့် အထိမ်းအမှတ် ပူဇော်ပွဲ,
(၃) အင်းလေးနယ် ဖောင်တော်ဦး ရုပ်ပွားတော်များ သီတင်းသုံးတော်မူရန် ၃-သိန်းကုန် ဆောက်လုပ်ထားသည့် တန်ဆောင်းတော်ကြီး ရေစက်သွန်းချ ဘုရားပင့်တင်ပူဇော်ပွဲ -

အားဖြင့် ပူဇော်ပွဲ ၃ -ရပ်ကို ၁၃၁၈ -ခုနှစ်၊ နယုန်လပြည့်ကျော် ၄-ရက်၊ ၅-ရက်၊ ၆-ရက်နေ့များတွင် ခမ်းနား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သဖြင့် ရန်ကုန်, မန္တလေး, စစ်ကိုင်း, ဟင်္သာတနှင့် ပခုက္ကူမြို့တို့မှ ဆရာတော် ဘုရားကြီး အပါး ၄၀ -ကို... ညောင်ရွှေမြို့သို့ ပင့်လေရာ သာသနာ ခေါင်းဆောင် ဆရာတော်ကြီး ၃၈-ပါးတို့ ကြွတော်မူကြသည်၊ ထိုဆရာတော်ဘုရား ကြီး ၃၈-ပါးတွင် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး ပါဝင်လေသည်၊ ဆရာတော်များမှာ နယုန်လပြည့်ကျော် ၂-ရက်နေ့ တချို့ ရောက်၍ ၃-ရက် နေ့ညတွင် အစုံရောက်တော်မူကြသည်။

ဆုနှင်းသဘင် အခမ်းအနားကို ညောင်ရွှေမြို့ ရတနာမာရ်အောင် စေတီတော်ကြီး ပရိဝုဏ်အတွင်းရှိ တန်ဆောင်းတော်ကြီးအတွင်း၌ ကျင်းပရာ လွန်စွာ စည်းကား လှသည်ဟု သိရပါသည်၊
အခမ်းအနားကို ၁-နာရီ အချိန်တွင် စတင်ကျင်းပ၍ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘုရားကြီး အရှင်သုန္ဒရမဟာထေရ်နှင့် မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးတိုက် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဟံသာဝတီ ဆရာတော် ဘုရားကြီးက ဩဝါဒကို ရှေးဦးစွာ ကိုယ်တိုင် မိန့်ကြားတော်မူ၍ ပခုက္ကူမြို့ ဆရာတော်ဘုရားကြီး အရှင်သုန္ဒရမဟာထေရ်၏ ဩဝါဒ မိန့်ခွန်းတော်ကို အဂ္ဂမဟာပဏ္ဍိတ အနီးစခန်းဆရာတော်က ဖတ်ကြားလေသည်၊
၎င်းနောက် လူမျိုးစုလွှတ်တော် နာယကကြီး စပ်ရွှေသိုက်က သာသနာ့ဒါယကာ အဖြစ် ခံယူကြောင်း လျှောက်ထား၍ စာပြန်ပွဲကြီးသမိုင်းကို ဆက်လက် လျှောက်ထားလေသည်၊ ၎င်းနောက် အနီးစခန်းဆရာတော်က တရားဟောပြီး ညနေ ၅-နာရီ အချိန်တွင် အခမ်းအနားကို ရုပ်သိမ်းလိုက်လေသည်။

သာသနာ ၂၅၀ဝ-ပြည့် အထိမ်းအမှတ်ပွဲတွင်
ဝိဿဇ္ဇကတာဝန် ထမ်းဆောင်တော်မူခြင်း

နောက်တနေ့ဖြစ်သည့် ၁၃၁၈-ခုနှစ်၊ နယုန်လပြည့်ကျော် ၅-ရက်၊ နံနက် ၇-နာရီက စတင်၍ သာသနာ ၂၅၀ဝ-ပြည့်ပွဲ သဘင်ကြီး စတင်ကျင်းပရာ -

  • ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် ... ဆရာတော်ဘုရားကြီး အရှင်သုန္ဒရမဟာထေရ်က မဟာနာယက အဖြစ် ဆောင်ရွက်တော်မူခဲ့လေသည်၊
  • အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဗားကရာဆရာတော် အရှင်နာဂဝံသာဘိဝံသ က ပုစ္ဆကတာဝန်ဆောင်ရွက်၍
  • ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော် ဘုရားကြီးက ဝိဿဇ္ဇကတာဝန် ဆောင်ရွက်တော်မူခဲ့လေသည်
  • ညောင်ရွှေမြို့ ကံကြီးပရိယတ္တိစာသင်တိုက် ဆရာတော် အရှင်ဝိမလာဘိဝံသက အခမ်းအနားမှူး အဖြစ်ဖြင့်လည်းကောင်း၊
  • သားလေးတောင်ကျောင်းဆရာတော် အရှင်နေမိန္ဒာဘိဝံသက ဂိုဏ်းချုပ် ဆရာတော်ကြီး ကိုယ်စား သမ္မုတိပေးတာဝန်ကိုလည်းကောင်း ဆောင်ရွက်တော်မူခဲ့လေသည်၊

၎င်းနောက် သံဃာတော် တထောင်ကျော်တို့က ဝိနည်း, သုတ္တန်, အဘိဓမ္မာများကို အကျဉ်းချုပ် ရွတ်ဖတ် သင်္ဂါယနာတင်တော်မူကြသည်၊ ၎င်းနောက် ညောင်ရွှေ စော်ဘွားကြီးက သာသနာ့ကိစ္စများ လျှောက်ထား၍ ... နိုင်ငံတော် ဗုဒ္ဓသာသနာ့အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသိမ်းမောင်က သာသနာရေးနှင့်စပ်သည့် လေးနက်သည့် အကြောင်းအရာများကို လျှောက်ထားလေသည်၊
မဟာစည် ဆရာတော်ဘုရားကြီးက တာဝန်ကျ ဝိဿဇ္ဇက (အဖြေပုဂ္ဂိုလ်) တာဝန်ကို တည်ကြည်ခန့်ညား ရဲရင့်စွာ ဆောင်ရွက်တော်မူခဲ့လေသည်အဟောအစ္ဆရိယ ပုဂ္ဂိုလ်မြတ်ပါတကား

ရှာမဒေသေသု မေဓာဝီ, မဟာမတီ မဟာယတီ၊
မဟာစည် ထေရဓီတိမာ, ဝိဿဇ္ဇကော သုဇာတိမာ။

ဖောင်တော်ဦး တန်ဆောင်းတော်
ရေစက်ချ အခမ်းအနားတွင်လည်း
ဝိဿဇ္ဇက တာဝန်ထမ်းဆောင်တော်မူခြင်း

၃-သိန်းတန် တန်ဆောင်းတော် ရေစက်ချပွဲကြီးကို ၁၃၁၈-ခုနှစ် နယုန်လပြည့်ကျော် ၆-ရက်နေ့ နံနက် ၈-နာရီ အချိန်တွင် စတင်ကျင်းပရာ -

  • ပခုက္ကူဆရာတော်ဘုရားကြီး အရှင်သုန္ဒရကပင် မဟာနာယက (သဘာပတိ) အဖြစ် ဆောင်ရွက်တော်မူ၍
  • ရန်ကုန်မြို့ ဗားကရာတောရ ဆရာတော် အရှင်နာဂဝံသက အမေးပုစ္ဆကတာဝန် ဆောင်ရွက်၍
  • ကျေးဇူးရှင် မဟာစည်ဆရာတော် ဘုရားကြီးက အဖြေ ဝိဿဇ္ဇကတာဝန် ဆောင်ရွက်တော်မူပြန်လေသည်
  • သားလေးတောင်ကျောင်းဆရာတော် အရှင်နေမိန္ဒာဘိဝံသက ဂိုဏ်းချုပ် ဆရာတော်ကြီး ကိုယ်စား သမ္မုတိဉတ်ထားတော်မူသည်
  • သံဃာတော်များက သုတ်, ဝိနည်း, အဘိဓမ္မာ ပါဠိတော်များကို အကျဉ်းချုံး၍ ရွတ်ဖတ်တော်မူကြသည်

ရန်ကုန်မြို့ အဂ္ဂမဟာပဏ္ဍိတ အလယ်တောရ ဆရာတော်ဘုရားကြီး အရှင် ရေဝတက ပြည်မမှ ကြွရောက်တော်မူကြသည့် ဆရာတာ်ဘုရားကြီးများ ကိုယ်စား သမ္မောဒနိယကထာစကား လျှောက်ထား မြွက်ဆိုတော်မူသည်
ယင်းအခမ်းအနားမှာ လူပရိသတ် ၅၀ဝဝဝ-ကျော် တက်ရောက်သည်ဟု ဆိုလေသည်၊ မဟာစည် ဆရာတော်ဘုရားကြီးသည် ခန့်ညား တည်ကြည်သော အသံတော်ဖြင့် ဖြေဆိုတော်မူခဲ့လေသည်

ဖောင်တော်ဦး မာဠကေသောတိ, မဟာစည် ကဝိပုင်္ဂဝေါ၊
ဝိဿဇ္ဇကဘာရံ သော ဟိ, အာဝဟိ ထိရစေတသာ။

တောင်ပိုင်း ရှမ်းပြည်နယ်၌
လှည့်လည်ကြွချီ တရားဟောခြင်း

ဆရာတော်ဘုရားကြီးသည် ကရုဏာတော်ကြီးမားစွာဖြင့် ရှမ်းပြည်နယ်တခွင်သို့ အခါအားလျော်စွာ ကြွရောက်၍ တရားဟောတော်မူပါသည်၊ တဖန် ၁၃၄၀-ပြည့်နှစ် ကဆုန်လတွင်လည်း တောင်ပိုင်းရှမ်းပြည်နယ် ညောင်ရွှေ, ကလော စသည့် မြို့များ သို့လည်း ပင့်လျှောက်သဖြင့် ကြွချီလှည့်လည် တရားဟောတော် မူခဲ့လေသည်

မဟာစည် ယတိပုင်္ဂဝေါ, မဟာဒယော သန္တောသုဓီ၊
သုဓီဟိ ကတ္တဗ္ဗံ သောဟိ, အကာ ဒဠှပရက္ကမော။

ပထမတွဲပြီး၏။

Comments

Popular posts from this blog

အပဒါန-အဋ္ဌကထာ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ပဌမော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဝိနယဝိနိစ္ဆယော

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...