Skip to main content

ဗုဒ္ဓဘာသာလက်စွဲကျမ်း ဒုတိယတွဲ

ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန
သာသနာရေးဦးစီးဌာန
ဗုဒ္ဓဘာသာလက်စွဲကျမ်း
(ဒုတိယတွဲ)
သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်
သာသနာ ၂၅၃၉ - ကောဇာ ၁၃၅၇
၁၉၉၆


ဗုဒ္ဓဘာသာလက်စွဲကျမ်း ဒုတိယတွဲ အနှစ်သာရများ

ချမ်းသာသုခအဆင့်ဆင့်၊ လောကီချမ်းသာလေးမျိုး။ ချမ်းသာရ၍ ဆင်းရဲခံ၊ ချမ်းသာရရန် ချမ်းသာအရင်းခံ။ ကမ္မဋ္ဌာန်းအားထုတ်သူ၏ ဂုဏ်အင်္ဂါနှင့် ကမ္မဋ္ဌာန်းဆရာ၏ ဂုဏ်အင်္ဂါများ။
စရိုက် ၆-ပါးနှင့် ကမ္မဋ္ဌာန်းရွေးချယ်နည်း။
ကသိုဏ်း ရှုနည်းများနှင့် အသုဘကမ္မဋ္ဌာန်း ပွားများနည်းများ။
အာနာပါနကမ္မဋ္ဌာန်းအားထုတ်နည်း။ ငါးရာနှစ်ဆယ်ရှစ်သွယ် မေတ္တာပွားနည်း။ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာပွားနည်း။
ရသတဏှာ ပယ်ခွာနည်းများ၊ ဓာတ်လေးပါး ခွဲခြားရှုမှတ်နည်း။
ရုပ်လွန်ကမ္မဋ္ဌာန်းပွားများနည်း။
အဘိညာဉ်နှင့် တန်ခိုးဖန်ဆင်းခြင်းများ၊
ဝိသုဒ္ဓိ ၇-ပါး ကျင့်စဉ်တရားနှင့် ဝိပဿနာဉာဏ်စဉ် ၁၀-ပါး။
သတိပဋ္ဌာန် လေးပါးပွားများနည်း။
သောတာပန်စစ်တမ်းနှင့် ရဟန္တာစစ်တမ်း။


ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန
သာသနာရေးဦးစီးဌာန
ဗုဒ္ဓဘာသာလက်စွဲကျမ်း
(ဒုတိယတွဲ)
သာသနာ ၂၅၃၉ - ကောဇာ ၁၃၅၇
၁၉၉၆

အကြိမ် | အုပ်ရေ | ခုနှစ်
ပထမအကြိမ် | ၅၀၀၀ | ၁၉၉၃
ဒုတိယအကြိမ် | ၁၀၀၀၀ | ၁၉၉၃
တတိယအကြိမ် | ၅၀၀၀ | ၁၉၉၆
ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ပုံနှိပ်တိုက်တွင်
ဒုတိယညွှန်ကြားရေးမှူး ဦးညွှန့်မောင်
( မှတ်ပုံတင်အမှတ် - ၀၂၄၀၅/၀၂၅၂၇ ) က ပုံနှိပ်ထုတ်ဝေသည်။

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓဘာသာဝင် ရဟန်း ရှင် လူတို့ မျှော်လင့် စောင့်စားနေကြသော ဗုဒ္ဓဘာသာလက်စွဲကျမ်း (ဒုတိယတွဲ) ကို အောင်မြင်စွာ စက်တင်ပုံနှိပ် ပြီးစီး ပေပြီ။ ဤကျမ်းစာ (ပထမတွဲ)မှာ စာဖတ်သူတို့ အကြိုက်များ၍ ရောင်း၍ မလောက် ပုံနှိပ်၍ မနိုင် ဖြစ်နေခဲ့သည်။
ဗုဒ္ဓဘာသာလက်စွဲကျမ်း (ဒုတိယတွဲ)ကို ရေးသားပြုစုရာ၌ အဓိကပုဂ္ဂိုလ် ဖြစ်သူ ဆရာဦးအံ့မောင်အား ဤဦးစီးဌာနရှိ အောက်ဖော်ပြပါ ပါဠိပညာရှင်များ စာပေပညာရှင်များက ဝိုင်းဝန်းကူညီ ပံ့ပိုး ပေးခဲ့ကြပေသည်—

( ၁ ) ဦးသိန်းအောင် ဒုတိယညွှန်ကြားရေးမှူး၊
( ၂ ) ဦးမြင့်စိုး လက်ထောက်ညွှန်ကြားရေးမှူး၊
( ၃ ) ဦးသာဌေးမြင့် ကျမ်းပြုမှူး၊
( ၄ ) ဦးတင်လှိုင် စာပြင်မှူးချုပ်၊
( ၅ ) ဦးထွန်းရွှေ စာပေစိစစ်ရေးမှူး၊
( ၆ ) ဦးလှစိုး သုတေသနမှူး၊
( ၇ ) ဦးတင်အောင်ထွန်း သုတေသနမှူး၊
( ၈ ) ဦးမြင့်နိုင် လ/ထ သုတေသနမှူး၊
( ၉ ) ဦးစံတင့် စာပေစိစစ်သူ၊
( ၁၀ ) ဦးလှဆန်းဝင်း ဒုတိယ ကျမ်းပြုမှူး၊
( ၁၁ ) ဦးဌေးဆောင် လ/ထ ကျမ်းပြုမှူး၊
( ၁၂ ) တာဝန်ခံ စာပြင်ဆရာများနှင့် လက်ထောက်စာပြင်ဆရာများ။

ယင်းပညာရှင်များအနက် ဒုတိယကျမ်းပြုမှူး ဦးလှဆန်းဝင်းသည် ရုံးပိတ်ရက် အပါအဝင် နေ့စဉ် နံနက် ၈-နာရီမှ ည ၉-နာရီ အထိ ဆရာဦးအံ့မောင်နှင့် တွဲဖက်၍ ဤကျမ်းစာ (ဒုတိယတွဲ)ကို ကူညီရေးသားပြုစု ပေးခဲ့သည်။


သို့ရာတွင် ယင်းပညာရှင် အများစုမှာ အချက်အလက် စုဆောင်းပေးခြင်း၊ ဆရာဦးအံ့မောင် နှုတ်တိုက်ချပေးသည်ကို လိုက်ရေးရခြင်း၊ သို့မဟုတ် အကျဉ်း ချုပ် ပြောပြသည်ကို အကျယ်ချဲ့ ရေးသားရခြင်း၊ ပရုဖတ်ရှု ပြင်ဆင်ခြင်း၊ ကျမ်းအကိုးအကား ရှာဖွေပေးခြင်းမျှသာ ပြုနိုင်ခဲ့ကြပါသည်။

အကြောင်းမူ ဤဗုဒ္ဓဘာသာလက်စွဲကျမ်း (ဒုတိယတွဲ) ၌ ရှင်းလင်းရေးသား ရမည့် အချက်များမှာ ဈာန်တရား၊ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတော်နှင့် သမထဘာဝနာ၊ ဝိပဿနာဘာဝနာ အားထုတ်နည်းများ၊ အကုသိုလ်တရားကို ပယ်သတ်နည်းများ၊ ကုသိုလ်တရားပွားနည်းများ စသည့်အလွန်ခက်ခဲနက်နဲသည့် အကြောင်းအရာများကို ပါဠိစာပေမတတ်ကျွမ်းသော ရိုးရိုးသာမန်လူများ ဖတ်ရှုနားလည်နိုင်စေရန် ရှင်းလင်းဖွင့်ဆို ရေးသားရမည်ဖြစ်ရာ ကျွန်ုပ် အပါအဝင် ပါဠိစာပေ ပညာရှင်များမှာ ဖော်ပြပါ ဈာန် မဂ် ဖိုလ် နိဗ္ဗာန်တရားများကို ကိုယ်တိုင် သိမြင်ခံစားရဖူးခြင်းမရှိ၊ ရရှိအောင် အားထုတ်နေဆဲလည်း မဟုတ်သဖြင့် ရှေးရိုးရာ စာအုပ်ကြီးများအတိုင်း ကူးယူဖော်ပြရုံမှတစ်ပါး ဤခေတ် စကားလုံးများဖြင့် လွယ်ကူရှင်းလင်းအောင် မဖွင့်ဆိုဝံ့ကြပါ၊ မူလစာသားကို အလွတ်ကျက်ပြီး ရွတ်ဆိုပြရုံမျှသာ တတ်နိုင်ကြပါသည်။
ထို့ကြောင့် ဤဦးစီးဌာနရှိ ပါဠိစာပေပညာရှင်များ စုဆောင်းရှာဖွေရေးသားသော အချက်အလက်များကို ဆရာဦးအံ့မောင် ပြန်လည်၍ ကိုယ်တိုင်ရှင်းလင်း ရေးသားခြင်း၊ တပည့်များအား နှုတ်တိုက်ချပေး၍ ရေးသားစေခြင်း၊ ရေးပြီး စာမူကို ဆရာကိုယ်တိုင် ထပ်မံတည်းဖြတ်ခြင်း၊ ပရုဖတ်ခြင်းများပြုလုပ်၍ စိတ်၏ ပင်ပန်းခြင်း၊ ကိုယ်၏ ပင်ပန်းခြင်း ပမာဏမပြုဘဲ ကျမ်းစာ ပြီးမြောက်ရေး အတွက် ကြိုးပမ်း အားထုတ်ခဲ့သည်ကို အနီးကပ် လေ့လာတွေ့ရှိနေရသည်။

သာသနာရေးဝန်ကြီးဌာနကို သီးခြားဝန်ကြီးဌာနအဖြစ် ဖွင့်လှစ်ခဲ့ရာ ဆရာ ဦးအံ့မောင်မှာ လုပ်ငန်းတာဝန်များ ရှေးယခင်ကထက် နှစ်ဆ သုံးဆ တိုးတက် များပြားလာသည်ကို တွေ့မြင်နေရသည်။ နောက်တစ်ရက် ပုံနှိပ်ရမည့် စာမူကို ယနေ့ည ၉ နာရီမှ စတင်ရေးသား တည်းဖြတ်၍ နောက်တစ်ရက် နံနက် (၈) နာရီ ပုံနှိပ်တိုက်သို့ ပေးပို့လာသည်။ ဤကဲ့သို့ ကြောင့်ကြဗျာပါရ များပြား ရှုပ်ထွေးနေသည့် အထဲမှ ဤမျှ တည်ငြိမ်လေးနက် ခက်ခဲသော တရားစာပေ များကို ရေးထုတ်နိုင်သည်မှာ ကျွန်တော့်အနေဖြင့် အံ့ဩမိပါသည်။

ကျွန်တော်သည် စာပြင်မှူးချုပ် တစ်ဦးအနေဖြင့် တာဝန်ရှိသည့် အလျောက် ဤကျမ်းစာကိုဖတ်ရှုခဲ့ရာ ကျွန်တော့်အတွက် အသိဉာဏ်သစ်များ၊ အလင်းရောင် သစ်များပွင့်လင်းရရှိ လာခဲ့သည်။ ပိုမို၍ နက်ရှိုင်းစွာ ထိုးဖောက် သိမြင်မှုများ


ဖြစ်ပေါ်လာခဲ့သည်။ ကသိုဏ်းရှုနည်းများ၊ သမထဘာဝနာ ပွားများနည်းများ၊ ဈာန်သမာပတ် ဝင်စားနည်းများ၊ ဝိပဿနာရှုနည်းများနှင့် စပ်လျဉ်း၍ ဤကျမ်းစာကို ဖတ်လိုက်ရသောအခါ အစမှာ ဘယ်လို စ၍ အလယ်တွင် ဘယ်လို အားထုတ်ရမည်၊ အဆုံးမှာ ဘယ်အဆင့်ကို ရောက်နိုင်သည်၊ လမ်းခုလတ်၌ ဘယ်လို လမ်းချော်တိမ်းယိမ်း သွားနိုင်သည်ကို အပြည့်အစုံ ဖော်ညွှန်းထားပေသည်။
သို့ရာတွင် အချို့သော နေရာများ၌ ပါဠိအသုံးအနှုန်း များပြားနေခြင်း၊ ရိုးရိုးသာမန် စာဖတ်ပရိသတ်အတွက် မရှင်းလင်း မပေါ်လွင်သည့် အရေးအသားများကို တွေ့ရပေသည်။ ဤအချက်များနှင့် ပတ်သက်၍ ကျွန်တော်က ဆရာဦးအံ့မောင်အား တင်ပြ ဆွေးနွေးရာ ဆရာက အောက်ဖော်ပြပါ အင်္ဂုတ္တိုရ် ပါဠိတော် သစေတနသုတ်ကို ဖတ်ပါဟု ညွှန်ကြားလိုက်သည်။ ယင်း သစေတန သုတ် ကောက်နုတ်ချက်ကို ဤနေရာ၌ ထည့်သွင်း ဖော်ပြပါဦးမည်—

သစေတနသုတ်

ရဟန်းတို့....ရှေး၌ ဖြစ်ဖူးသည်ကား သစေတနမည်သော မင်းသည် ဖြစ်ခဲ့ဖူးပြီ၊ ထိုစဉ်အခါ သစေတနမင်းသည် ရထားလုပ်သမားကို “အချင်း ရထားလုပ်သမား...ယနေ့မှ ခြောက်လလွန်လျှင် စစ်ဖြစ်လတ္တံ့၊ အချင်း ရထားလုပ်သမား..အသစ်ဖြစ်သော ရထားဘီးအစုံကို ပြုလုပ်နိုင်ပါ အံ့လော” ဟု မိန့်ဆို၏။ ရဟန်းတို့...ရထားအလုပ်သမားသည် “အရှင် မင်းမြတ် ပြုလုပ်နိုင်ပါ၏”ဟု သစေတနမင်းအား ဝန်ခံ၏။ ရဟန်းတို့.... ထိုအခါ ရထားလုပ်သမားသည် ခြောက်ရက် လျော့သော ခြောက်လ တို့ဖြင့် ရထားဘီး တစ်ဘက်ကို ပြီးစေ၏။ ရဟန်းတို့... ထိုအခါ သစေတန မင်းသည် ရထားဘီးလုပ်သမားကို “အချင်း ရထားလုပ်သမား.. ယနေ့မှ ခြောက်ရက်လွန်လျှင် စစ်ဖြစ်လတ္တံ့၊ အသစ်ဖြစ်သော ရထားဘီး အစုံကို ပြုလုပ်ပြီးပါပြီလော”ဟု မိန့်ဆိုပြန်၏။ “မင်းမြတ် ဤ ခြောက်ရက် လျော့သော ခြောက်လတို့ဖြင့် ရထားဘီးသစ် (တစ်ဘက်) ပြီးပါပြီ”ဟု (လျှောက်တင်၏)။ “အချင်း ရထားလုပ်သမား ဤ ခြောက်ရက်တို့ဖြင့် ငါ၏ နှစ်ခုမြောက် (ကျန်) ရထားဘီး (တစ်ဘက်) ကို ပြုလုပ်ခဲ့ ပြီးစီးနိုင်ပါအံ့လော”ဟု မိန့်ဆိုပြန်၏။ ရဟန်းတို့.. ရထားလုပ်သမားသည် “အရှင်မင်းမြတ် ပြုလုပ်ပြီးစီးနိုင်ပါ၏”ဟု လျှောက်တင်၏။ ရဟန်းတို့... ထိုအခါ ရထားလုပ်သမားသည် ခြောက်ရက်တို့ဖြင့် နှစ်ခုမြောက် (ကျန်) ရထားဘီး (တစ်ဘက်)ကို ပြုလုပ်ပြီးစီးစေ၍ ရထားဘီးသစ် အစုံကို ယူပြီးလျှင် သစေတနမင်းထံ ချဉ်းကပ်ပြီးလျှင် သစေတနမင်းအား “မင်းမြတ် အရှင်မင်းကြီး၏ ဤရထားဘီးသစ်


အစုံသည် ပြီးစီးပါပြီ” ဟု လျှောက်တင်၏။ “ရထားလုပ်သမား... သင်၏ အကြင်ရထားဘီး (တစ်ဘက်)သည် ခြောက်ရက်လျော့သော ခြောက်လတို့ဖြင့် ပြီးစီး၏၊ သင်၏ အကြင်ရထားဘီး (တစ်ဘက်) သည်ကား ခြောက်ရက်မျှဖြင့် ပြီးစီး၏။ ဤရထားဘီးတို့၏ ထူးခြား ချက်ကား အသို့နည်း၊ ငါသည်ကား ထိုရထားဘီးတို့၏ တစ်စုံတစ်ရာ ထူးခြားချက်ကို မတွေ့ မမြင်”ဟု (မိန့်တော်မူ၏)။ မင်းမြတ် ထိုရထားဘီးတို့၏ ထူးခြားချက်သည် ရှိပါ၏၊ မင်းမြတ်သည် ထိုရထားဘီးတို့၏ ထူးခြားချက်ကို ရှုစားတော်မူပါလော့ ဟု (လျှောက်တင်၏)။
ရဟန်းတို့... ထိုအခါ ရထားအလုပ်သမားသည် ခြောက်ရက်တို့ဖြင့် အပြီးပြုလုပ်အပ်သော အကြင်ရထားဘီးကို တွန်းလှိမ့်၏။ ထိုရထားဘီး သည် တွန်းလှိမ့်မှုအင်အား အရှိန်ရှိသလောက် လိမ့်သွား၏၊ ပတ်ပတ် လည်ပြီး မြေ၌ လဲကျ၏။ ခြောက်ရက်လျော့သော ခြောက်လတို့ဖြင့် အပြီးပြုလုပ်သော အကြင်ရထားဘီးကို တွန်းလှိမ့်ပြန်၏။ ထိုရထားဘီးသည် တွန်းလှိမ့်မှု အင်အား အရှိန်ရှိသလောက် လိမ့်သွား၍ ဝင်ရိုး၌ စွပ်ထားသကဲ့သို့ ရပ်တည်နေ၏။

အချင်းရထားလုပ်သမား အကြင်ရထားဘီးသည် ခြောက်ရက် တို့ဖြင့် ပြီးစီး၏၊ ထိုရထားဘီးကို တွန်းလှိမ့်သော် တွန်းလှိမ့်မှု အင်အား အရှိန်ရှိသမျှ လိမ့်သွား၍ ပတ်ပတ် လည်ပြီးလျှင် မြေ၌ လဲကျ၏။ အချင်း ရထားလုပ်သမား (ထိုသို့ ဖြစ်ခြင်း၏) အကြောင်း အထောက် အပံ့ကား အဘယ်နည်း၊ အကြင် ရထားဘီးသည် ခြောက်ရက် လျော့သော ခြောက်လတို့ဖြင့် ပြီးစီး၏။ ထိုရထားဘီးကို တွန်းလှိမ့်သော် တွန်းလှိမ့်မှု အင်အား အရှိန်ရှိသမျှ လိမ့်သွား၍ ဝင်ရိုး၌ စွပ်ထားသကဲ့သို့ ရပ်တည်နေ၏။ အချင်းရထားလုပ်သမား (ထိုသို့ဖြစ်ခြင်း၏) အကြောင်း အထောက်အပံ့ကား အဘယ်နည်းဟု (မေး၏)။ အရှင် မင်းမြတ် ခြောက်ရက်တို့ဖြင့် အပြီးပြုလုပ်အပ်သော ရထားဘီး၏ အကွပ်သည် ကွေးကောက်၏၊ အပြစ်အနာရှိ၏၊ အကာအဆွေးဖြစ်၏၊ အကန့်တို့သည်လည်း ကောက်ကုန်၏။ အပြစ်အနာရှိကုန်၏။ အဆွေးဖြစ်ကုန်၏။ ပုန်တောင်းသည်လည်း ကောက်၏၊ အပြစ်အနာ ရှိ၏၊ အကာအဆွေးဖြစ်၏။ ထိုရထားဘီးသည် အကွပ်၏လည်း ကောက်သောကြောင့်၊ အပြစ်အနာရှိသောကြောင့်၊ အကာအဆွေး ဖြစ်သောကြောင့်၊ အကန့်တို့၏လည်း ကောက်ကုန်သောကြောင့်၊ အပြစ်အနာရှိကုန်သောကြောင့် အကာအဆွေး ဖြစ်ကုန်သောကြောင့်


(င)
ပုန်တောင်းလည်း ကောက်သောကြောင့် အပြစ်အနာရှိသောကြောင့် အကာအဆွေး ဖြစ်သောကြောင့် တွန်းလှိမ့်သည်ရှိသော် တွန်းလှိမ့်မှု အင်အား အရှိန်ရှိသမျှ လိမ့်သွား၍ ပတ်ပတ်လည်ပြီးလျှင် မြေ၌လဲကျ၏။ အရှင်မင်းမြတ် ခြောက်ရက် လျော့သော ခြောက်လတို့ဖြင့် အပြီးပြုလုပ်အပ်သော ရထားဘီး၏ အကွပ်သည်ကား မကောက် အပြစ်အနာမရှိ အကာအဆွေးမဟုတ်၊ အကန့်တို့သည်လည်း မကောက် အပြစ်အနာ မရှိကုန် အကာအဆွေးမဟုတ်ကုန်၊ ပုန်တောင်းသည်လည်း မကောက် အပြစ်အနာမရှိ အကာအဆွေး မဟုတ်။ ထိုရထားဘီး၏ အကွပ်သည်လည်း မကောက်သောကြောင့် အပြစ်အနာ မရှိသောကြောင့် အကာ အဆွေး မဟုတ်သောကြောင့် အကန့်တို့သည်လည်း မကောက်ကုန်သောကြောင့် အပြစ်အနာ မရှိကုန်သောကြောင့် အကာအဆွေး မဟုတ်ကုန်သောကြောင့် ပုန်တောင်း၏လည်း မကောက်သောကြောင့် အပြစ်အနာ မရှိသောကြောင့် အကာအဆွေး မဟုတ်သောကြောင့် တွန်းလှိမ့်သည်ရှိသော် တွန်းလှိမ့်မှုအင်အား အရှိန်ရှိသမျှ လိမ့်သွား၍ ဝင်ရိုး၌ စွပ်ထားသကဲ့သို့ ရပ်တည်နေပါ၏ ဟု (လျှောက်၏)။

ကျွန်တော်သည် ယင်းသစေတနသုတ်ကို ဖတ်ရှုပြီးသောအခါ ရထားဘီး နှစ်ခု ဥပမာဖြင့် ဤလက်စွဲကျမ်း (ဒုတိယတွဲ)ကို ထင်ဟပ်ကြည့်မိသည်။ ၆-လ ကြာမှ ပြီးစီးသော ရထားဘီးမှာ အမျက်, အနာအဆာ, အကာ, ပိုးဖောက် လွတ်ကင်း၍ ဖြောင့်စင်းသော သစ်သားများကို ပုန်တောင်း တကွ ဒေါက်, အကန့် ပြုလုပ်ရန် ရွေးချယ်ပြီး နေရိပ်ထဲ၌ သစ်ရည်စစ် အခြောက်ခံ အသားသေပြီးမှ ပြုလုပ်ခြင်းဖြစ်၍ ရထားဘီးသည် ပစ်လှိမ့်လိုက်သော အခါ ယိုင်လဲမသွားဘဲ ဟန်ချက်မိကာ မတ်မတ် ရပ်တည်နိုင်သည်။ ၆-ရက်ဖြင့် ပြီးစီးသော ရထားဘီးမှာ အမျက် အနာ အဆာ အကာ ပိုးဖောက်မလွတ်သော သစ်သားများကို လောလောလတ်လတ် တက်သုတ်ရိုက်၍ အဖြစ် ပြုလုပ်ခဲ့သဖြင့် ထိုရထားဘီးသည် ဟန်ချက် မထိန်းနိုင်ဘဲ ချက်ချင်း လဲသွားခဲ့သည်။

ဤဥပမာအတိုင်းပင် ဤလက်စွဲကျမ်း (ဒုတိယတွဲ)၌ ၆-လ ကြာသော ရထားဘီးနှင့်တူသော အပိုင်း အခန်းကဏ္ဍများ ရေးသားထားချက်များ တွေ့ရမည် ဖြစ်သကဲ့သို့ ၆-ရက်ဖြင့် ပြုလုပ်ခဲ့ရသော ရထားဘီးနှင့်တူသော အပိုင်း အခန်းကဏ္ဍများ ရေးသားချက်များကိုလည်း တွေ့ရမည် ဖြစ်ပေသည်။ ထိုသို့ ၆-ရက်ကြာ တက်သုတ်ရိုက် လုပ်ခဲ့သော ရထားဘီးနှင့် တူသော ရေးသားချက်များကို တွေ့ရှိပါက ဆရာဦးအံ့မောင် ကိုယ်တိုင် ရှင်းလင်း


(စ)
လွယ်ကူ ပေါ်လွင်အောင် မွမ်းမံပြင်ဆင် မရေးနိုင်တော့ဘဲ တပည့်များ ရှာဖွေ စုဆောင်း ရေးသားပေးသည့် မူကြမ်းအတိုင်း ပုံနှိပ်လိုက်ရသည့် အပိုင်းများ ဖြစ်သည်ဟု ယူဆပါသည်။ သို့မဟုတ် ဆရာကိုယ်တိုင် တက်သုတ်ရိုက်ရေးခဲ့သော အရေးအသားများ ဖြစ်နိုင်ပါသည်။
ထို့ကြောင့် “နာစရာရှိလျှင် လွမ်းစရာနှင့်ဖြေ” ဆိုသကဲ့သို့ စံမမီသော အရေးအသားများ တွေ့ရှိရပါက ဤကျမ်းစာ၏ ကောင်းကွက်များဖြင့် ဖြေနိုင်လိမ့်မည်ဟု မျှော်လင့်လျက် ဤကျမ်းစာ၏ အားနည်းချက်များကို ခွင့်လွှတ်နိုင်ကြရန် ကျမ်းပြုဆရာ ကိုယ်စား တောင်းပန်လိုက်ရပေသတည်း။

တိုက်တွန်းချက်

ဤကျမ်းစာအတွင်းမှာ ပါဠိ ပါဌ်သားများကို ရှောင်၍မရနိုင်၊ ပါဠိ သို့မဟုတ် ပါဠိပျက်ကို မလွဲမသွေ သုံးစွဲရမည် ဖြစ်ပါသဖြင့် ယင်းပါဠိနှင့် ပါဠိပျက် ဝေါဟာရများ ဖွင့်ဆိုချက် အခန်းကဏ္ဍတစ်ခုကို ထည့်သွင်းပေးရန် ဖြစ်သော်လည်း သူ့နေရာနှင့်သူ အသီးအသီး ဖွင့်ဆို ရှင်းလင်းထားပြီး ဖြစ်ပါသည်။ ယင်းဖွင့်ဆိုထားချက်များကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ရန် အက္ခရာစဉ် ကျမ်းညွှန်း စီစဉ် ထည့်သွင်းထားပါသည်။ ယင်းအက္ခရာစဉ် ကျမ်းညွှန်းနံပါတ်များ အကူအညီဖြင့် မိမိသိလိုသော ပါဠိဝေါဟာရ ပါဠိပျက် ဝေါဟာရများကို ရှာဖွေကြည့်ရှုကြပါရန် တိုက်တွန်းအပ်ပါသည်။
၁၃၅၄-ခုနှစ်၊ ပြာသိုလပြည့်ကျော် (၇)ရက်၊
၁၉၉၃-ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်၊
ဓမ္မာစရိယ ဦးတင်လှိုင် စာပြင်မှူးချုပ်


ဗုဒ္ဓဘာသာ လက်စွဲကျမ်း ( ဒုတိယတွဲ ) မာတိကာ

အပိုင်း (၁) အခန်း (၁) ချမ်းသာသုခ အဆင့်ဆင့်
အကြောင်းအရာ,စာမျက်နှာ
ချမ်းသာသုခကို ရှာဖွေခြင်း,၃
ချမ်းသာသုခနှင့် ဆင်းရဲဒုက္ခ,၃
သုခနှင့် ဒုက္ခတို့၏ ကြားခံနယ်ပယ်,၅
အာရုံသုံးမျိုးနှင့် ခံစားမှုသုံးမျိုး,၅
လောကီချမ်းသာ (၄)မျိုး,၇
အာရုံငါးပါး၌ သုခ ဒုက္ခဖြစ်ပုံ,၉
အတ္ထိသုခ = ရှိမှုချမ်းသာ,၁၂
ဘောဂသုခ = သုံးဆောင်ခံစားမှုချမ်းသာ,၁၅
အာနဏျသုခ = ကြွေးကင်းမှု ချမ်းသာ,၁၇
အနဝဇ္ဇသုခ = အပြစ်ကင်းမှု ချမ်းသာ,၂၀
ချမ်းသာကို ရှာဖွေခြင်း,၂၀
ချမ်းသာရရန် ဆင်းရဲခံ,၂၂
ချမ်းသာရရန် ချမ်းသာအရင်းခံ,၂၃
အခန်း (၂) ဈာန်လမ်းစဉ်
ဈာန်ရနိုင်သော ကမ္မဋ္ဌာန်းများ | ၂၄
ကမ္မဋ္ဌာန်း-၄၀ | ၂၅
ကသိုဏ်း ၁၀-ပါး | ၂၅
အသုဘ ၁၀-ပါး | ၂၅
အနုဿတိ ၁၀-ပါး | ၂၅
အပ္ပမညာ ၄-ပါး | ၂၆
ဈာန်ချမ်းသာ | ၂၈


ကမ္မဋ္ဌာန်း အားထုတ်သူ၏ ဂုဏ်အင်္ဂါ | ၃၀
သီလစင်ကြယ်ခြင်း | ၃၀
အနှောင့်အယှက် ၁၀-မျိုး | ၃၁
ဆရာကောင်းထံ ချဉ်းကပ်ခြင်း | ၃၃
စရိုက် ၆-ပါး | ၃၅
ကမ္မဋ္ဌာန်းကို ရွေးချယ်ခြင်း | ၃၆
ကမ္မဋ္ဌာန်းနှင့် စရိုက် မကိုက်၍ မဂ်မဆိုက်နိုင်ခြင်း | ၃၇
ပလိဗောဓတို့ကို ဖြတ်တောက်ခြင်း | ၃၈
နေရာရွေးချယ်ခြင်း | ၃၉
ကမ္မဋ္ဌာန်း၏ ရှေးဦးလုပ်ငန်းများ | ၄၀
အစောင့် ၄-ပါးကို ပွားခြင်း | ၄၄
အမြဲဆောင်ထားရမည့် ကမ္မဋ္ဌာန်း | ၄၆

အခန်း (၃) ကသိုဏ်းရှုနည်းများ

ပထဝီကသိုဏ်းဝန်း ပြုလုပ်ပုံ | ၄၇
ပထဝီကသိုဏ်းရှုပုံ | ၄၈
ဥဂ္ဂဟနိမိတ်ထင်ပုံ | ၄၉
နိမိတ် ၃-ပါး | ၅၀
ပဋိဘာဂနိမိတ် | ၅၁
နီဝရဏ ကင်းကွာခြင်း | ၅၁
အတားအဆီး (နီဝရဏ)များ | ၅၁
ကာမစ္ဆန္ဒနီဝရဏ | ၅၂
ဗျာပါဒနီဝရဏ | ၅၂
ထိနမိဒ္ဓနီဝရဏ | ၅၃
ဥဒ္ဓစ္စကုက္ကုစ္စနိဝရဏ | ၅၃
ဝိစိကိစ္ဆာနီဝရဏ | ၅၄
ဈာန်ရခြင်း | ၅၄
ဈာန်အင်္ဂါငါးပါး | ၅၅
ဝိတက်အကြောင်း | ၅၅
ဝိစာရအကြောင်း | ၅၆
ပီတိအကြောင်း | ၅၇


သုခအကြောင်း | ၅၈
ပီတိနှင့် သုခ အထူး | ၅၈
ဧကဂ္ဂတာအကြောင်း | ၅၉
ဘာဝနာသုံးမျိုး | ၆၀
ပရိကမ္မဘာဝနာ | ၆၁
ဥပစာရဘာဝနာ | ၆၁
ပဌမဈာန် | ၆၂
ဝသီဘော်ငါးပါး | ၆၄
နိမိတ်ပွားခြင်း | ၆၅
နိမိတ်ကားခြင်း | ၆၇
ဒုတိယဈာန်သို့ တက်ခြင်း | ၆၈
တတိယဈာန်သို့ တက်ခြင်း | ၆၉
စတုတ္ထဈာန်သို့ တက်ခြင်း | ၇၀
ပဉ္စမဈာန်သို့ တက်ခြင်း | ၇၀
ဈာန် ၅-ပါး၊ ၄-ပါး | ၇၁
ပဌမဈာန်ချမ်းသာ | ၇၂
ဒုတိယဈာန်ချမ်းသာ | ၇၂
တတိယဈာန်ချမ်းသာ | ၇၃
စတုတ္ထဈာန်ချမ်းသာ | ၇၃
ကသိုဏ်းဝန်းပြုလုပ်ရန် မလိုခြင်း | ၇၄
အာပေါကသိုဏ်းရှုနည်း | ၇၄
တေဇောကသိုဏ်းရှုနည်း | ၇၅
ဝါယောကသိုဏ်းရှုနည်း | ၇၆
နီလကသိုဏ်းရှုနည်း | ၇၇
ပီတကသိုဏ်းရှုနည်း | ၇၇
လောဟိတကသိုဏ်းရှုနည်း | ၇၇
ဩဒါတကသိုဏ်းရှုနည်း | ၇၇
အာလောက ကသိုဏ်းရှုနည်း | ၇၈
အာကာသ ကသိုဏ်းရှုနည်း | ၇၈
ကသိုဏ်း ၁၀-ပါး အချုပ် | ၇၉
အထူးသတိပြုရန် | ၇၉
အဖြူရောင်ကသိုဏ်း | ၇၉

အခန်း (၄) အသုဘကမ္မဋ္ဌာန်း ပွားနည်းများ

အကြောင်းအရာ,စာမျက်နှာ
ဥဗ္ဗုမာတက အသုဘ,၈၀
ဆရာ့အထံ၌ သင်ယူခြင်း,၈၁
နေရာရွေးချယ်ခြင်း,၈၂
ဝိနီလက အသုဘ,၈၄
ဝိပုဗ္ဗက အသုဘ,၈၅
ဝိစ္ဆိဒ္ဒက အသုဘ,၈၅
ဝိက္ခာယိတက အသုဘ,၈၆
ဝိက္ခိတ္တက အသုဘ,၈၆
ဟတဝိက္ခိတ္တက အသုဘ,၈၇
လောဟိတက အသုဘ,၈၇
ပုဠုဝက အသုဘ,၈၇
အဋ္ဌိက အသုဘ,၈၇
အရိုးစုရှုလျှင် အရိုးစုထင်,၈၉
အသုဘကမ္မဋ္ဌာန်းဖြင့် ဒုတိယဈာန်စသည်သို့ တက်နည်း,၉၀
ခန္ဓာဝန်ဆောင်နေရသည်ကို စက်ဆုပ်ခြင်း,၉၀
ဝိသဘာဂ(ဆန့်ကျင်ဘက်)အာရုံ၌ အသုဘမရှုသင့်ပုံ,၉၁
အသုဘကမ္မဋ္ဌာန်းဖြင့် ကျွတ်တမ်းဝင်သူများ,၉၁
အလှမာန်ယစ်သော ခေမာမိဖုရား,၉၂
သီရိမာကို စွဲလမ်းသူ,၉၃
အခန်း (၅) အနုဿတိကမ္မဋ္ဌာန်း ပွားများအားထုတ်နည်း
ဗုဒ္ဓါနုဿတိ ပွားများပုံ | ၉၅
ဘုရားဖူးသွားခြင်းသည် ဗုဒ္ဓါနုဿတိ | ၉၆
ဘုရားသံကြားရုံမျှဖြင့် ကြည်ညိုစိတ်ဖြစ်ခြင်း | ၉၆
ဗုဒ္ဓ၏ ရူပကာယတော်ကို ကြည်ညိုခြင်း | ၉၇
ဘုရားရှင်၏ အသံတော်ကို ကြည်ညိုခြင်း | ၉၈


ဗုဒ္ဓရုပ်ပွားတော်ကို ကြည်ညိုခြင်း | ၉၉
ဂုဏ်တော်တစ်ပါးပွားလျှင် အားလုံးအကျုံးဝင် | ၉၉
ဂုဏ်တော်၏ သိမ်မွေ့နက်နဲမှု | ၁၀၀
သိင်္ဂါလ၏ မိခင် | ၁၀၁
ကုန်သည်နှင့် ဘုတ်ဘီလူး | ၁၀၂
အရှင်သုဘူတိ | ၁၀၂
အရှင်ဖုဿဒေဝ | ၁၀၂
မဟာကပ္ပိနမင်းကြီး | ၁၀၃
ဓမ္မာနုဿတိ ပွားများပုံ | ၁၀၃
ဓမ္မာနုဿတိအကျိုး | ၁၀၄
တရားတော်က စောင့်ရှောက်ခြင်း | ၁၀၅
တရားနာ၍ ကျွတ်တမ်းဝင်ခြင်း | ၁၀၅
သံဃာနုဿတိ ပွားများပုံ | ၁၀၆
သံဃာ့ဂုဏ်ကျေးဇူး | ၁၀၆
သံဃာနုဿတိ အကျိုး | ၁၀၆
သီလာနုဿတိ ပွားများပုံ | ၁၀၇
သီလာနုဿတိအကျိုး | ၁၀၈
စာဂါနုဿတိ ပွားများပုံ | ၁၀၈
စာဂါနုဿတိ အကျိုး | ၁၀၉
ဒေဝတာနုဿတိ ရှုပွားပုံ | ၁၀၉
ဒေဝတာနုဿတိ အကျိုး | ၁၁၀
ဥပသမာနုဿတိ ပွားများပုံ | ၁၁၁
ဥပသမာနုဿတိအကျိုး | ၁၁၂
အရိယာသာဝကတို့အရာ | ၁၁၂
မရဏာနုဿတိ ရှုပွားပုံ | ၁၁၃
မရဏာနုဿတိ အကျိုး | ၁၁၅
မရဏာနုဿတိပွားများသော လယ်သမားမိသားစု | ၁၁၅
သိကြားမင်း မနေနိုင် | ၁၁၇
ရဟန်း (၈)ပါး မရဏာနုဿတိ ပွားများပုံ | ၁၂၀
ကာယဂတာသတိ ပွားများပုံ | ၁၂၂
ကာယဂတာသတိဖြင့် နိဗ္ဗာန်ကို ပြီးစေခြင်း | ၁၂၄
ပဉ္စကနှင့် ဆက္က ကမ္မဋ္ဌာန်းများ | ၁၂၅

ကောဋ္ဌာသကမ္မဋ္ဌာန်း ၆-လ စီးဖြန်းပုံ | ၁၂၆
ကာယဂတာသတိ အကျိုး | ၁၂၇
အရှင်ဝင်္ဂီသ | ၁၂၇
ဆံပင်အလှ | ၁၂၉
ကောဋ္ဌာသအချုပ် | ၁၃၀
တစပဉ္စက | ၁၃၀
မွေးညင်းအလှ | ၁၃၁
ခြေသည်းလက်သည်းအလှ | ၁၃၁
သွားအလှ | ၁၃၂
အရေအလှ | ၁၃၂
တစ်ခုတည်းမလှ၊ စုစည်းမှလှသည် | ၁၃၃
ကောဋ္ဌာသကမ္မဋ္ဌာန်း၏ ထိရောက်မှု | ၁၃၄
၇-နှစ်သားရဟန္တာ ရှင်ဒဗ္ဗ | ၁၃၅
သံကိစ္စသာမဏေ | ၁၃၅
တစ ပဉ္စက ကမ္မဋ္ဌာန်းဖြင့် ကျွတ်တမ်းဝင်ကြသူများ မရေတွက်နိုင် | ၁၃၇
ကာယဂတာသတိကို ပွားများသင့်ကြောင်း | ၁၃၈
မတ္ထလုင်္ဂ(ဦးနှောက်) အဆုံးအဖြတ် | ၁၃၉
ကောဋ္ဌာသ ပွားများပုံအကျယ် | ၁၄၀
ဆံပင် | ၁၄၀
မွှေးညင်း | ၁၄၁
ခြေသည်း လက်သည်း | ၁၄၁
သွား | ၁၄၁
အရေ | ၁၄၁
အသား | ၁၄၂
အကြော | ၁၄၂
အရိုး | ၁၄၂
ရိုးတွင်းခြင်ဆီ | ၁၄၂
အညှိ | ၁၄၂
နှလုံး | ၁၄၃
အသည်း | ၁၄၃
အမြှေး | ၁၄၃
အဖျဉ်း | ၁၄၃
အဆုတ် | ၁၄၃

အူမ | ၁၄၄
အူသိမ် | ၁၄၄
အစာသစ် | ၁၄၄
အစာဟောင်း | ၁၄၄
ဦးနှောက် | ၁၄၄
သည်းခြေ | ၁၄၅
သလိပ် | ၁၄၅
ပြည်(သွေးပုပ်) | ၁၄၅
သွေး | ၁၄၅
ချွေး | ၁၄၅
အဆီခဲ | ၁၄၆
မျက်ရည် | ၁၄၆
ဆီကြည် | ၁၄၆
တံတွေး | ၁၄၆
နှပ် | ၁၄၆
အစေး | ၁၄၇
ကျင်ငယ် | ၁၄၇
လက္ခဏာယာဉ် သုံးပါးတင်၍ ပွားများပုံ | ၁၄၇
သုညတထင်အောင် ပွားနည်း | ၁၄၈
ပထဝီဓာတ် (၂၀)ပါးကို ရှုဆင်ခြင်ပုံ | ၁၄၈
အာပေါဓာတ် (၁၂)ပါးကို ရှုဆင်ခြင်ပုံ | ၁၄၉
ကောဋ္ဌာသတို့၏ အသွင်သဏ္ဌာန်များ | ၁၄၉
ဆံပင် | ၁၄၉
အမွှေး | ၁၄၉
ခြေသည်း လက်သည်း | ၁၄၉
သွား | ၁၅၀
အရေ | ၁၅၀
အသား | ၁၅၁
အကြော | ၁၅၁
အရိုး | ၁၅၁
ရိုးတွင်းခြင်ဆီ | ၁၅၁
အညှိ | ၁၅၂

နှလုံး | ၁၅၂
အသည်း | ၁၅၂
အမြှေး | ၁၅၂
အဖျဉ်း | ၁၅၃
အဆုတ် | ၁၅၃
အူမ | ၁၅၃
အူသိမ် | ၁၅၃
အစာသစ် | ၁၅၄
အစာဟောင်း | ၁၁၅၄
ဦးနှောက် | ၁၅၄
သည်းခြေ | ၁၅၄
သလိပ် | ၁၅၅
ပြည် | ၁၅၅
သွေး | ၁၅၆
ချွေး | ၁၅၆
အဆီခဲ | ၁၅၆
မျက်ရည် | ၁၅၇
ဆီကြည် | ၁၅၇
တံတွေး | ၁၅၇
နှပ် | ၁၅၈
အစေး | ၁၅၈
ကျင်ငယ် | ၁၅၉
ကောဋ္ဌာသ အစုအပုံဟု မြင်ပုံ | ၁၅၉

အခန်း (၆) အာနာပါနဿတိ ပွားများအားထုတ်ပုံ
ယောဂီတိုင်းနှင့် လျော်သော ကမ္မဋ္ဌာန်း | ၁၆၁
အဆူအံကင်းဆိတ်ရန် | ၁၆၁
ခန္ဓာကိုယ် အနေအထား | ၁၆၂
ထိုင်ပုံ ထိုင်နည်း | ၁၆၂
ဝင်သက် ထွက်သက် | ၁၆၃


အသက်အောင့် ကျင့်နည်း | ၁၆၄
ဝင်သက် ထွက်သက် ရှုမှတ်ခြင်းဖြင့် ပြီးပြည့်စုံနိုင်သော တရားများ | ၁၆၇
ဝင်သက် ထွက်သက် မှတ်ရာဌာနများ | ၁၆၇
နွားရိုင်းကို တိုင်မှာ ချည်သကဲ့သို့ ဝင်လေ ထွက်လေ ရှုမှတ်ခြင်း | ၁၆၉
ရှုနည်းအဆင့် လေးဆင့် | ၁၇၁
ပထမအဆင့် အားထုတ်ပုံ | ၁၇၁
ဒုတိယအဆင့် အားထုတ်ပုံ | ၁၇၂
တတိယအဆင့် အားထုတ်ပုံ | ၁၇၄
စတုတ္ထအဆင့် အားထုတ်ပုံ | ၁၇၇
အဋ္ဌကထာနည်းများ | ၁၇၈
ဂဏနာနည်း | ၁၇၈
မြန်မြန်ရေတွက်နည်း | ၁၈၀
စပါးခြင်သမား ရေတွက်နည်း | ၁၈၃
နွားကျောင်းသား ရေတွက်နည်း | ၁၈၄
ကန္နီဆရာတော်နည်း | ၁၈၅
ဝါရ လေးမျိုး ခွဲခြားခြင်း | ၁၈၆
သံသယဝါရ | ၁၈၆
သန္နိဋ္ဌဝါရ | ၁၈၇
အာဝတ္တနဝါရ | ၁၈၇
အန္တာဝတ္တနဝါရ | ၁၈၇
မဂ္ဂင်သုံးပါး စောင့်ထိန်းရန် | ၁၈၇
အလင်းနိမိတ်ထင်ခြင်း | ၁၈၈
စကားပြောသူနှင့် မပြောသူ | ၁၈၉
တရားထူးရပြီလော | ၁၉၀
အနုဗန္ဓနာနည်း | ၁၉၂
သူဆွဲဥပမာ | ၁၉၂
တံခါးမှူးဥပမာ | ၁၉၃
ရေကူးသမား ဥပမာ | ၁၉၃
ဖုသနာနည်း | ၁၉၃
နိမိတ်သုံးပါး | ၁၉၃
ဌပနာနည်း | ၁၉၄

အပ္ပနာကောသလ္လ ၁၀-ပါး | ၁၉၅
ဘာဝနာသုံးပါး | ၁၉၆
သမာဓိသုံးမျိုး | ၁၉၇
ပါဠိတော်နှင့်အဋ္ဌကထာ နှီးနှောခြင်း | ၁၉၇
ပထမအဆင့် = အနုဗန္ဓနာနည်း | ၁၉၈
ဒုတိယအဆင့် = အနုဗန္ဓနာနည်း | ၁၉၉
တတိယအဆင့် = အနုဗန္ဓနာနည်း | ၁၉၉
စတုတ္ထအဆင့် = အနုဗန္ဓနာနည်း | ၁၉၉
အသက်ရှူ ရပ်နေခြင်း | ၂၀၀
ဝင်သက်ထွက်သက်ရှာခြင်း | ၂၀၁
ကန္နီဆရာတော်နည်းအရ ပထမအဆင့် အားထုတ်ခြင်း | ၂၀၂
ဒုတိယဆင့် အားထုတ်ခြင်း | ၂၀၃
မဂ္ဂင်ဖြင့် စောင့်ရှောက်ခြင်း | ၂၀၃
နောက်ဆုတ်၊ ရှေ့တိုး၊ ငုတ်တုတ်ထိုင် သုံးမျိုးခွဲခြင်း | ၂၀၃
တတိယဆင့် အားထုတ်ခြင်း | ၂၀၄
ပုလဲလုံး မီးပန်း | ၂၀၄
နိမိတ်ရင့်သန်ရန် လေ့ကျင့်ခြင်း | ၂၀၄
နိမိတ်ဖြင့် ဦးခေါင်းဖြတ်ခြင်း | ၂၀၄
ကိုယ်ကို မီးတိုက်စားခြင်း | ၂၀၅
၁၂ တောင် စေလွှတ်ခြင်း | ၂၀၅
စတုတ္ထဆင့် အားထုတ်ခြင်း | ၂၀၆
ကောင်းကင်ပျံတက်ခြင်း | ၂၀၇
မှန်ရုပ်၊ ဖန်ရုပ်ကဲ့သို့ထင်လာပုံ | ၂၀၇
ဝီရိယနှင့်သမာဓိကို ညီမျှအောင်ထားပါ | ၂၀၈
အာနာပါန၏ အကျိုးအာနိသင်များ | ၂၀၉
နောက်ဆုံး အသက်ရှူမှု | ၂၁၀
မိမိ၏အသက်တမ်းကို သိနိုင်ခြင်း | ၂၁၀
အာနာပါနကမ္မဋ္ဌာန်းဖြင့် သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိခြင်း | ၂၁၂
ပုက္ကုသာတိမင်း | ၂၁၂
အာနာပါနအကျိုး ၇-မျိုး | ၂၁၆
တစ်နည်း အာနာပါနအကျိုး ၅-မျိုး | ၂၁၇
သမသီသိရဟန္တာ (၃)မျိုး | ၂၁၈
အာနာပါန အားထုတ်သူ ပြည့်စုံရမည့်တရားများ | ၂၁၉

အာနာပါနဿတိကို ကြားနာရုံမျှဖြင့် အနာရောဂါများ ပျောက်နိုင် | ၂၁၉
ဘုရားရှင်သည် အာနာပါနသတိဖြင့် အနေများခြင်း | ၂၂၁
အာနာပါနဿတိနှင့်စပ်၍ မှတ်သားဖွယ်ရာများ | ၂၂၂
တိုက်တွန်းခြင်း | ၂၂၃
စွန်းလွန်းဆရာတော်၏ အာနာပါန အားထုတ်နည်း | ၂၂၄
ထိုင်ပုံထိုင်နည်း | ၂၂၅
ရှုပုံရှုနည်း | ၂၂၅
အရှူရပ်၊ ခန္ဓာစိုက်၊ ဝေဒနာလိုက် | ၂၂၇
သဲအင်းဂူဆရာတော်၏ အာနာပါန အားထုတ်နည်း | ၂၂၉
ထိုင်ပုံထိုင်နည်း | ၂၂၉
ရှုပုံရှုနည်း | ၂၃၀

အခန်း ( ၇ ) အပ္ပမညာတရား ဗြဟ္မစိုရ်တရား ပွားများခြင်း
ဗြဟ္မစိုရ်တရား လေးပါး အဓိပ္ပာယ် | ၂၃၃
ရှေးဦးပြုဖွယ် ကိစ္စများ | ၂၃၃
ဣရိယာပုတ် ၄-ပါးလုံး အားထုတ်ရန် သင့်လျော်ပုံ | ၂၃၄
အပြစ်နှင့်အကျိုးဦးစွာဆင်ခြင် | ၂၃၄
ဒေါသ၏အပြစ်ကို ဆင်ခြင်ပုံ | ၂၃၅
သည်းခံခြင်း၏အကျိုး | ၂၃၅
သည်းခံမှ နိဗ္ဗာန်ရောက် | ၂၃၆
မေတ္တာဘာဝနာ | ၂၃၇
မေတ္တာပွားပုံ ၂ မျိုး | ၂၃၈
မိခင်လို စိတ်ထားပါ | ၂၃၉
၅၂၈-သွယ် မေတ္တာပွားပုံ | ၂၃၉
မေတ္တာပို့ရမည့် သတ္တဝါအမျိုးအစား | ၂၄၀
အနောဓိသ မေတ္တာ ၅-မျိုး | ၂၄၀
ဩဓိသ မေတ္တာ ၇-မျိုး | ၂၄၀
မေတ္တာပို့ပုံ ၄-မျိုး | ၂၄၁
အရပ် ဆယ်မျက်နှာ | ၂၄၁
ငါးရာနှစ်ဆယ့် ရှစ်သွယ် မေတ္တာ | ၂၄၂


မေတ္တာ၏ အနီးကပ်ရန်သူနှင့် အဝေးရန်သူ | ၂၄၂
အစအဦး မေတ္တာစ၍ မပွားသင့်သည့် ပုဂ္ဂိုလ်(၄)ဦး | ၂၄၃
အလွန်ချစ်သူ | ၂၄၄
သူစိမ်း(မချစ်မမုန်း) | ၂၄၄
မုန်းသူ | ၂၄၄
ရန်သူ | ၂၄၄
မေတ္တာ လုံးဝ မပွားသင့်သူများ | ၂၄၅
လိင်မတူသူ | ၂၄၅
ကွယ်လွန်ပြီးသူ | ၂၄၅
ဦးစွာစ၍ မေတ္တာပွားသင့်သော ပုဂ္ဂိုလ် | ၂၄၆
ဥပစာရသမာဓိ | ၂၄၆
ပဌမဈာန် | ၂၄၇
ဒုတိယဈာန် | ၂၄၇
တတိယဈာန် | ၂၄၈
စတုတ္ထဈာန် | ၂၄၈
ရန်သူကို မေတ္တာပွားနည်း | ၂၄၈
သင် ဘုရား အဆုံးအမ လိုက်နာသူလား | ၂၄၉
အောင်နိုင်ခဲသောစစ်ပွဲ | ၂၅၀
အောင်လိုလျှင် ရန်သူ့အကြိုက် လုပ်ရာရောက် | ၂၅၀
သူ့ အကျိုး ကိုယ့်အကျိုး နှစ်မျိုးကျင့်သူ | ၂၅၀
ထင်းကုလားတုံးလို ဖြစ်နေပြီ | ၂၅၁
ကံတရားကို ဆင်ခြင်၍ အမျက်ဒေါသကိုဖျောက် | ၂၅၁
ဘုရားအလောင်းတော် ကျင့်စဉ်များကို ဆင်ခြင်ပါ | ၂၅၂
ဓာတ်သဘောကို ဆင်ခြင်ပါ | ၂၅၂
နယ်ပယ်ခွဲခြားမှု ပျက်ပြယ်ခြင်း | ၂၅၄
မေတ္တာစွမ်းအင် အာနိသင် | ၂၅၅
ချမ်းသာစွာ အိပ်ပျော်ရခြင်း | ၂၅၅
ချမ်းသာစွာ အိပ်ရာမှ နိုးခြင်း | ၂၅၅
အိပ်မက်ဆိုး မမြင်မက်ခြင်း | ၂၅၅
လူအများ ချစ်ခင်ကြခြင်း | ၂၅၆
နတ်အများ ချစ်ခင်ကြခြင်း | ၂၅၆

နတ်များက စောင့်ရှောက်ခြင်း | ၂၅၈
မီးမလောင်၊ အဆိပ်မသင့်၊ လက်နက်မထိရောက်နိုင်ခြင်း | ၂၅၈
မေတ္တာရှင်မလေး ဥတ္တရာ | ၂၅၈
လျင်မြန်စွာ သမာဓိရလွယ်ခြင်း | ၂၆၀
မျက်နှာအဆင်းကြည်လင်၍ ကျက်သရေရှိခြင်း | ၂၆၀
မတွေမဝေ ကြည်ကြည်လင်လင် ကွယ်လွန်ရခြင်း | ၂၆၀
အရဟတ္တဖိုလ်ကို မရသေးမီ ဗြဟ္မာ့ပြည်၌ ဖြစ်ရခြင်း | ၂၆၀
မေတ္တာအကျိုး(၁၁)မျိုး အကျဉ်းချုပ်လင်္ကာ | ၂၆၀
ကမ္မဋ္ဌာန်းနှင့် ပရိတ် နှစ်ကိစ္စပြီးသောသုတ် | ၂၆၁
တောစောင့်နတ်များ အငြိုးထားခြင်း | ၂၆၁
မေတ္တာ အခြေခံကျင့်ဝတ် ၁၅-ပါး | ၂၆၂
စွမ်းနိုင်ခြင်း | ၂၆၄
ဖြောင့်မတ်ခြင်း | ၂၆၄
အလွန်ဖြောင့်မတ်ခြင်း | ၂၆၄
ဆိုဆုံးမလွယ်ခြင်း | ၂၆၄
နူးညံ့ခြင်း | ၂၆၅
မာန အလွန်မကြီးခြင်း | ၂၆၅
ရောင့်ရဲလွယ်ခြင်း | ၂၆၅
မွေးမြူပြုစုရန် လွယ်ခြင်း | ၂၆၅
အမှုကိစ္စနည်းခြင်း | ၂၆၅
လွယ်ကူစွာ ရွှေ့ပြောင်းသွားလာနိုင်ခြင်း | ၂၆၆
ဣန္ဒြေ ငြိမ်သက်ခြင်း | ၂၆၆
ဆင်ခြင်ဉာဏ် ရင့်ကျက်ရခြင်း | ၂၆၆
ကြမ်းတမ်းရိုင်းပျမှု ကင်းရခြင်း | ၂၆၆
လူတို့အပေါ် တွယ်တာမှု ကင်းရခြင်း | ၂၆၆
အငယ်စား အပြစ်ကိုပင် မပြုလုပ်ရ | ၂၆၆
မေတ္တာပွားနည်း(၁၁)နည်း | ၂၆၇
(ဟိတာဓိဂမ)ချမ်းသာစေရန် မေတ္တာပွားနည်း(၈)မျိုး ရေတွက်ပုံ | ၂၆၇
ပေါင်းရုံး၍ မေတ္တာပွားပုံ (၁)မျိုး | ၂၆၇
နှစ်စုစီခွဲ၍ (ဒုက)မေတ္တာပွားပုံ (၄)မျိုး | ၂၆၇
သုံးစုစီခွဲ၍ (တိက)မေတ္တာပွားပုံ (၃)မျိုး | ၂၆၈
ဒုက္ခမရောက်စေရန် မေတ္တာပွားနည်း (၃)မျိုးဖြင့် မေတ္တာပွားပုံ | ၂၆၉

ရှင်းလင်းချက် | ၂၆၉
မေတ္တာတန်ခိုးများ | ၂၇၀
သာမာဝတီ၏ မေတ္တာ | ၂၇၀
ပစ်သူဘက်သို့ မြားဦးလှည့်ခြင်း | ၂၇၁
မေတ္တာဈာန်ကို အခြေခံ၍ ရဟန္တာဖြစ်သော အရှင်သုဘူတိ | ၂၇၂
မေတ္တာကို အခြေခံ၍ ပစ္စေကဗုဒ္ဓါ ဖြစ်ခြင်း | ၂၇၃
ကရုဏာ၏ အဓိပ္ပာယ် | ၂၇၇
ဒုက္ခိတ သတ္တဝါ | ၂၇၇
ကရုဏာစိတ် ထားနည်း | ၂၇၈
အပြစ်နှင့် အကျိုး ဆင်ခြင်ခြင်း | ၂၇၉
ကရုဏာ၏ အနီးရန်သူနှင့် အဝေးရန်သူ | ၂၇၉
ကရုဏာဒေါသလော ပါရမီကုသိုလ်လော | ၂၈၁
ကရုဏာပွားပုံ | ၂၈၂
ကရုဏာ ၁၃၂-ပါး ပွားများနည်း | ၂၈၃
အနောဓိသ ကရုဏာ ၅-မျိုး | ၂၈၃
ဩဓိသ ကရုဏာ ၇-မျိုး | ၂၈၃
ဈာန်သမာဓိရအောင် ကရုဏာပွားပုံ | ၂၈၄
ဆင်းရဲရောက်နေသူကို ဦးစွာပွား | ၂၈၅
ချမ်းသာသော လူမိုက်အား ကရုဏာပွားပုံ | ၂၈၆
သတ္တဝါအားလုံးအပေါ် ကရုဏာပွားပုံ | ၂၈၆
မုဒိတာ၏ အဓိပ္ပာယ် | ၂၈၇
သုခိတ သတ္တဝါ | ၂၈၇
မုဒိတာစိတ်ထားနည်း | ၂၈၉
မုဒိတာ၏ အနီးရန်သူနှင့် အဝေးရန်သူ | ၂၉၀
ပါရမီကုသိုလ်ဖြစ် မုဒိတာပွားပုံ | ၂၉၁
မုဒိတာ ၁၃၂-ပါး ပွားများနည်း | ၂၉၁
အနောဓိသ မုဒိတာ ၅-မျိုး | ၂၉၁
ဩဓိသ မုဒိတာ ၇-မျိုး | ၂၉၂
ဈာန်သမာဓိရအောင် မုဒိတာပွားပုံ | ၂၉၃
ချမ်းသာသူကို ဦးစွာပွား | ၂၉၃
ဆင်းရဲသူများအား မုဒိတာပွားပုံ | ၂၉၄
သတ္တဝါ အားလုံးအပေါ် မုဒိတာပွားပုံ | ၂၉၄

လျစ်လျူရှုခြင်း(ဥပေက္ခာ) | ၂၉၅
ဥပေက္ခာ ၂-မျိုး | ၂၉၅
အကုသိုလ် ဥပေက္ခာ | ၂၉၆
ကုသိုလ် ဥပေက္ခာ | ၂၉၆
ဥပေက္ခာ ၁၀-မျိုး | ၂၉၆
၁။ ဆဠင်္ဂုပေက္ခာ | ၂၉၇
၂။ ဗြဟ္မဝိဟာရုပေက္ခာ | ၂၉၈
၃။ ဗောဇ္ဈင်္ဂုပေက္ခာ | ၂၉၉
၄။ ဝိရိယုပေက္ခာ | ၂၉၉
၅။ သင်္ခါရုပေက္ခာ | ၃၀၀
၆။ ဝေဒနုပေက္ခာ | ၃၀၁
၇။ ဝိပဿနုပေက္ခာ | ၃၀၂
၈။ တတြမဇ္ဈတ္တုပေက္ခာ | ၃၀၂
၉။ ဈာနုပေက္ခာ | ၃၀၃
၁၀။ ပါရိသုဒ္ဓုပေက္ခာ | ၃၀၅
ဥပေက္ခာ၏ အနီးရန်သူနှင့် အဝေးရန်သူ | ၃၀၅
အပြစ်နှင့် အကျိုးကို ဆင်ခြင်ခြင်း | ၃၀၆
ဈာန်သမာဓိရအောင် ဥပေက္ခာပွားပုံ | ၃၀၆
ဥပေက္ခာ ၁၃၂-ပါး ပွားနည်း | ၃၀၇
အနောဓိသ ဥပေက္ခာ ၅-မျိုး | ၃၀၈
ဩဓိသ ဥပေက္ခာ ၇-မျိုး | ၃၀၉
ဥပေက္ခာပွားနည်း တစ်မျိုး | ၃၀၉
စဉ်းစားဖွယ်ရာ ဥပေက္ခာ | ၃၁၀
ဥပေက္ခာ မြင့်မြတ်ပုံ | ၃၁၁
အလောင်းတော် ဥပေက္ခာပါရမီ ဖြည့်ပုံ | ၃၁၄
ဥပေက္ခာပျက်စီးခြင်း | ၃၁၄
ဗြဟ္မစိုရ်လေးပါး အဆင့်ဆင့် ပွားပုံ | ၃၁၅
ဗြဟ္မစိုရ်လေးပါး တစ်ပြိုင်နက် ပွားပုံ | ၃၁၅

အကျိုးဖလ တူမျှ ဗြဟ္မစိုရ် | ၃၁၆
ရန်သူအား မေတ္တာပွားရာတွင် | ၃၁၆
မဟာထိုက်သော ဗြဟ္မစိုရ် | ၃၁၇
မဟာကရုဏာတော် | ၃၁၈
မည်သူနှင့်မျှ မဆက်ဆံပုံ | ၃၁၉
မဟာထပ်ရပုံ | ၃၁၉
မဟာကရုဏာ သက်တော်မူပုံ | ၃၂၀

အခန်း (၈) အာဟာရေ ပဋိကူလသညာ ရှုမှတ်ပွားများပုံ
အာဟာရ ၄-မျိုး | ၃၂၃
အာဟာရ ၄-မျိုးနှင့် ဆေး ၄-မျိုး | ၃၂၃
ကဗဠီကာရာဟာရ | ၃၂၄
ရသတဏှာနှင့် ကာမတဏှာဘေး | ၃၂၄
အစာခွဲဝေပုံ | ၃၂၅
ပဉ္စမပါရာဇိက သိက္ခာပုဒ် ပညတ်တော်မူရန် | ၃၂၅
ရှင်သွေးငယ်၏အသား စားရပုံ ဥပမာ | ၃၂၆
ပုတ္တမံသူပမာ | ၂၂၈
အာဟာရကို သုံးဆောင်ရာ၌ စိတ်ထားပုံ | ၃၂၉
အစားကြီးသော ပုဏ္ဏား ၅-ဦး | ၃၃၁
စက်ဆုပ်ရွံရှာဖွယ် ဆင်ခြင်နည်း ၁၀-မျိုး | ၃၃၁
(၁) အစာရှာ သွားလာခြင်း၌ စက်ဆုပ်ဖွယ် | ၃၃၁
(၂) အစာ ရှာဖွေခြင်း၌ စက်ဆုပ်ဖွယ် | ၃၃၂
(၃) စားသုံးနေစဉ်၌ စက်ဆုပ်ဖွယ် | ၃၃၃
(၄) အစာအိမ်အတွင်းရှိ မူလဓာတ်ခံများ၌ စက်ဆုပ်ဖွယ် | ၃၃၄
(၅) အစာသစ်အိမ်၌ စက်ဆုပ်ဖွယ် | ၃၃၄
(၆) အစာမကြေမီ၌ စက်ဆုပ်ဖွယ် | ၃၃၅
(၇) အစာကြေပြီးသော အစာဟောင်း၌ စက်ဆုပ်ဖွယ် | ၃၃၅
(၈) အစာမှ ဖြစ်လာသော အကျိုးများ၌ စက်ဆုပ်ဖွယ် | ၃၃၆
(၉) ယိုထွက် စွန့်ပစ်ချိန်၌ စက်ဆုပ်ဖွယ် | ၃၃၆
(၁၀) လိမ်းကျံပေရေခြင်း၌ စက်ဆုပ်ဖွယ် | ၃၃၇


အစာအာဟာရကြောင့် ခိုက်ရန်ဖြစ်ခြင်း | ၃၃၇
အကျိုးရှိအောင် စားသုံးဆောင် | ၃၃၈
ဖဿာဟာရ | ၃၃၉
ကပ်ရောက် ရှာဖွေမှု ဥပဂမနဘေး | ၃၄၀
အရေခွံခွါထားသော နွားမ (နိမ္မဂါဝိ) | ၃၄၀
မနောသန္ဓေတနာဟာရ | ၃၄၁
ထိုထိုဘဝ၌ ပစ်ချခြင်း (ဥပပတ္တိ) ဘေး | ၃၄၂
မီးကျီးတွင်း ဥပမာ | ၃၄၂
ဝိညာဏာဟာရ | ၃၄၃
ဘဝချင်း ဆက်စပ်မှု (ပဋိသန္ဓေ)ဘေး | ၃၄၄
လှံမ-တံကျင်ကဲ့သို့ | ၃၄၄
သတ္တဝါနှင့် အာဟာရ | ၃၄၅
အာဟာရေပဋိကူလသညာ၏ အကျိုးအာနိသင် | ၃၄၆

ဓာတ်ကမ္မဋ္ဌာန်း စတုဓာတုဝဝတ္ထာန် ပွားများပုံ
ဓာတ် ၄-ပါးတို့၏ သဘောလက္ခဏာများ | ၃၄၇
ပွားနည်း ၂-မျိုး | ၃၄၇
ဉာဏ်ထက်သူ ဆင်ခြင်ပွားများနည်း ၂-မျိုး | ၃၄၇
နွားသတ်သမား ဥပမာ | ၃၄၈
အိမ် ဥပမာ | ၃၄၉
ဉာဏ် အလယ်အလတ်ရှိသူ ဆင်ခြင်ပွားများနည်း ၄-မျိုး | ၃၄၉
၄၂-ကောဋ္ဌာသ | ၃၅၀


ပထဝီကောဋ္ဌာသ (မြေဓာတ်အစု) ၂၀-ပါး | ၃၅၀
အာပေါကောဋ္ဌာသ (ရေဓာတ်အစု) ၁၂-ပါး | ၃၅၁
တေဇောကောဋ္ဌာသ (မီးဓာတ်အစု) ၄-ပါး | ၃၅၁
ဝါယောကောဋ္ဌာသ (လေဓာတ်အစု) ၆-ပါး | ၃၅၁
(က) ထင်ရှားသော ဓာတ်တစ်ခုခုဖြင့် အကျဉ်းပွားများပုံ | ၃၅၂
(ခ) ထင်ရှားသော ဓာတ်တစ်ခုခုဖြင့် အကျယ်ပွားများပုံ | ၃၁၅၃
ဆံပင်တို့ကို ဆင်ခြင်ပုံ | ၃၅၃
အမွှေးတို့ကို ဆင်ခြင်ပုံ | ၃၅၃
လက်သည်း ခြေသည်းတို့ကို ဆင်ခြင်ပုံ | ၃၅၄
သွားတို့ကို ဆင်ခြင်ပုံ | ၃၅၄
အရေကို ဆင်ခြင်ပုံ | ၃၅၅
အသားကို ဆင်ခြင်ပုံ | ၃၅၅
အကြောတို့ကို ဆင်ခြင်ပုံ | ၃၅၅
အရိုးတို့ကို ဆင်ခြင်ပုံ | ၃၅၆
ရိုးတွင်းခြင်ဆီကို ဆင်ခြင်ပုံ | ၃၅၆
အညှိကို ဆင်ခြင်ပုံ | ၃၅၇
နှလုံးကို ဆင်ခြင်ပုံ | ၃၅၇
အသည်းကို ဆင်ခြင်ပုံ | ၃၅၇
အမြှေးကို ဆင်ခြင်ပုံ | ၃၅၈
အဖျဉ်းကို ဆင်ခြင်ပုံ | ၃၅၉
အဆုတ်ကို ဆင်ခြင်ပုံ | ၃၅၉
အူမကို ဆင်ခြင်ပုံ | ၃၅၉
အူသိမ်ကို ဆင်ခြင်ပုံ | ၃၆၀

အစာသစ်ကို ဆင်ခြင်ပုံ | ၃၆၀
အစာဟောင်းကို ဆင်ခြင်ပုံ | ၃၆၀
ဦးနှောက်ကို ဆင်ခြင်ပုံ | ၃၆၀
သည်းခြေကို ဆင်ခြင်ပုံ | ၃၆၁
သလိပ်ကို ဆင်ခြင်ပုံ | ၃၆၂
ပြည်ကို ဆင်ခြင်ပုံ | ၃၆၂
သွေးကို ဆင်ခြင်ပုံ | ၃၆၃
ချွေးကို ဆင်ခြင်ပုံ | ၃၆၃
အဆီခဲကို ဆင်ခြင်ပုံ | ၃၆၄
မျက်ရည်ကို ဆင်ခြင်ပုံ | ၃၆၄
ဆီကြည်ကို ဆင်ခြင်ပုံ | ၃၆၅
တံတွေးကို ဆင်ခြင်ပုံ | ၃၆၅
နှပ်ကို ဆင်ခြင်ပုံ | ၃၆၆
အစေးကို ဆင်ခြင်ပုံ | ၃၆၆
ကျင်ငယ်ကို ဆင်ခြင်ပုံ | ၃၆၆
တေဇောဓာတ် ၄-ပါးကို ဆင်ခြင်ပုံ | ၃၆၇
ဝါယောဓာတ် ၆-ပါးကို ဆင်ခြင်ပုံ | ၃၆၈
(ဂ) ဓာတ်လေးပါးလုံးဖြင့် အကျဉ်းဆင်ခြင်နည်း | ၃၆၉
(ဃ) ဓာတ်လေးပါးလုံးဖြင့် အကျယ်ဆင်ခြင်နည်း | ၃၇၀
စတုဓာတုဝဝတ္ထာန် ပွားခြင်း အကျိုးအာနိသင် | ၃၇၀

အရူပကမ္မဋ္ဌာန်း ပွားများပုံ (သို့မဟုတ်) ရုပ်လွန်ကမ္မဋ္ဌာန်း ပွားများပုံ
အကြောင်းအရာ,စာမျက်နှာ
အရူပဈာန်သည် ပဉ္စမဈာန်ဖြစ်သည်,၃၇၁
ပရမတ်ရုပ်နှင့် ပညတ်ရုပ်,၃၇၂
ကသိုဏ်းပညတ်ရုပ်,၃၇၃
ရုပ်ကို စက်ဆုပ်ခြင်း,၃၇၃
ကောင်းကင် (အာကာသ) သုံးမျိုး,၃၇၄
ပရိစ္ဆန္နာကာသ (အပိုင်းအခြားရှိ ကောင်းကင်),၃၇၅
အဒဋ္ဌာကာသ (ဟင်းလင်းပြင် လဟာပြင်),၃၇၅
ကသိဏုဂ္ဃါဋိမာကာသ (ကသိုဏ်းရှင်ကို ပယ်ခါဖွင့်လှစ်၍ ဖြစ်လာသော ကောင်းကင်),၃၇၅
ပဌမအရူပဈာန်ရအောင် အားထုတ်ပုံ,၃၇၇
ပဌမအရူပဈာန်ကို ရခြင်း,၃၇၇
အာကာသ ကသိုဏ်းကို ကြဉ်ရခြင်းအကြောင်း,၃၇၉
အာကာသာနဉ္စာယတန မည်ပုံ,၃၇၉
ဒုတိယအရူပဈာန်ရအောင် အားထုတ်ပုံ,၃၈၀
ဝိညာဏဉ္စာယတနမည်ပုံ,၃၈၁
တတိယ အရူပဈာန်ရအောင် အားထုတ်ပုံ,၃၈၂
အာကိဉ္စညာယတနမည်ပုံ,၃၈၃
စတုတ္ထ အရူပဈာန်ရအောင် အားထုတ်ပုံ,၃၈၃
အပြစ်တင်ခြင်းနှင့် ချီးမွမ်းခြင်း,၃၈၄
အဆင့်ဆင့်သာလွန်မြင့်မြတ်ခြင်း,၃၈၅
နေဝသညာနာသညာယတနမည်ပုံ,၃၈၆

သမထအကျိုးနှင့် တန်ခိုးအာနိသင်များ | ၃၈၇
သမာဓိ နှစ်မျိုး | ၃၈၇
သမထဘာဝနာ၏အကျိုးများ | ၃၈၉

အခန်း (၉) တန်ခိုးအဘိညာဉ်များ
အဘိညာဉ် | ၃၉၂
ဈာနသမာပတ် | ၃၉၂
ဖလသမာပတ် | ၃၉၃
နိရောဓသမာပတ် | ၃၉၃
သမာပတ် ၈-ပါး(သို့) ၉-ပါး | ၃၉၃
လောကီသမာပတ်များ | ၃၉၃
အဘိညာဉ်ရနိုင်သောကမ္မဋ္ဌာန်း | ၃၉၄
အဘိညာဉ်ရရန် ကြိုတင်လေ့ကျင့်မှု(ပရိကံ) ၁၄-မျိုး | ၃၉၅
မလွယ်ကူသော အရာများ | ၃၉၈
အဘိညာဉ်ဝီထိကျမှ တန်ခိုးဖန်ဆင်းနိုင်ခြင်း | ၃၉၉
အဘိညာဉ် ၅-ပါး | ၃၉၉
အဘိညာဉ် ၆-ပါး | ၄၀၀
အဘိညာဉ် ၇-ပါး | ၄၀၁
တန်ခိုးဣဒ္ဓိ ၁၀-မျိုး | ၄၀၁
လက်ချောင်းပြတ်ပါသော ဆွမ်းကို ဘုဉ်းပေးနိုင်ခြင်း | ၄၀၆
သူဌေးကြီး ၄-ဦး | ၄၀၇
ဘုန်းကံကြီးမားသူ ၅-ဦး | ၄၀၈


ဣဒ္ဓိဝိဓတန်ခိုးဖြင့် အမျိုးမျိုးဖန်ဆင်းနိုင်ပုံ | ၄၀၉
အနည်းကိုအများ အများကိုအနည်း ဖန်ဆင်းခြင်း | ၄၁၀
ဖုံးကွယ်သည်ကို ထင်ရှားအောင်၊ ဝေးသည်ကိုနီးလာအောင် ဖန်ဆင်းခြင်း | ၄၁၂
ထင်ရှားသည်ကို ဖုံးကွယ်အောင်၊ နီးသည်ကိုဝေးအောင် ဖန်ဆင်းခြင်း | ၄၁၃
အကာအကွယ် အတားအဆီးမရှိ သွားနိုင်အောင် ဖန်ဆင်းခြင်း | ၄၁၄
မြေလျှိုးနိုင်အောင် ဖန်ဆင်းခြင်း | ၄၁၅
ရေပေါ်၌ သွားနိုင်ခြင်း | ၄၁၆
ကောင်းကင်၌ သွားလာနိုင်ခြင်း | ၄၁၆
သိကြားမင်း၏ ပြာသာဒ်ကို ခြေကြားဖြင့် ညှပ်၍ လှုပ်ပြခြင်း | ၄၁၇
လ နေတို့ကို ကိုင်တွယ်သုံးသပ်နိုင်ခြင်း | ၄၁၉
ကြီးအောင် သေးအောင် ဖန်ဆင်းခြင်း | ၄၂၀
ရေတစ်ဝက်၊ မြေတစ်ဝက်လှုပ်၍ တန်ခိုးပြခြင်း | ၄၂၃
ဒိဗ္ဗသောတအဘိညာဉ် | ၄၂၆
ဒိဗ္ဗသောတ အဘိညာဉ် ဖြစ်ပေါ်ပုံ | ၄၂၆
နားပင်းနေသူ ဒိဗ္ဗသောတ အဘိညာဉ်မရနိုင် | ၄၂၇
ဘာသာခြားစကားသံကို ဒိဗ္ဗသောတအဘိညာဉ်ဖြင့် သိနိုင်ပါသလား | ၄၂၈
ဒိဗ္ဗသောတအဘိညာဉ်ဖြင့် ဆွမ်းဒကာအား ချီးမြှောက်ခြင်း | ၄၂၈
စေတောပရိယအဘိညာဉ် (ပရစိတ္တဝိဇာနနအဘိညာဉ်) | ၄၃၀
သူတစ်ပါးစိတ်ကို သိအောင်ပြုလုပ်ပုံ | ၄၃၀
သူတစ်ပါးစိတ်ကို သိပုံ | ၄၃၀

အနာထပိဏ်သူဌေးကြီး၏ စိတ်အကြံကို သိတော်မူပုံ | ၄၃၂
ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ် | ၄၃၃
ရှေးဖြစ်ဟောင်း အောက်မေ့ပုံ | ၄၃၃
ရှေးဖြစ်ဟောင်းကို အောက်မေ့နိုင်သော ပုဂ္ဂိုလ် ၆-ဦး | ၄၃၄
သိနိုင်သော ကမ္ဘာအပိုင်းအခြား | ၄၃၄
သိပုံအခြင်းအရာ | ၄၃၅
ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်ဖြင့် အောက်မေ့သိမြင်ခြင်း | ၄၃၆
ပုဂ္ဂိုလ်အလိုက် အမြင်ကွဲပြားခြင်း | ၄၃၇
ဇာတိဿရဉာဏ် | ၄၃၈
ဇာတိဿရဉာဏ်ရသူများ | ၄၃၉
ဒိဗ္ဗစက္ခုအဘိညာဉ်(စုတူပပါတအဘိညာဉ်) | ၄၄၀
သတ္တဝါအမျိုးမျိုးကို မြင်ပုံ | ၄၄၀
အရိယာကိုစွပ်စွဲသူ | ၄၄၀
ပုထုဇဉ်အတွက် အန္တရာယ် | ၄၄၁
ယထာကမ္မူပဂအဘိညာဉ် | ၄၄၂
အနာဂတံသ အဘိညာဉ် | ၄၄၂
အနာဂတ်ကို ဟောကြားတော်မူခြင်း | ၄၄၂
အာသဝက္ခယ အဘိညာဉ် | ၄၄၃
အရှင်ပိဏ္ဍောလ တန်ခိုးပြခြင်း | ၄၄၃
တန်ခိုးမပြရန် သိက္ခာပုဒ် ပညတ်တော်မူခြင်း | ၄၄၅

ယမိုက်ပြာဋိဟာပြပွဲကြီး ဝါဆိုလပြည့်နေ့တွင် ကျင်းပမည် | ၄၄၆
ကံကြောင်းဆရာ | ၄၄၇
တိတ္ထိတို့ ပျက်စီးခြင်း | ၄၄၇
ဘုရားတပည့်များ တန်ခိုးပြရန် ခွင့်တောင်းကြခြင်း | ၄၄၈
ရတနာစင်္ကြံ ဖန်ဆင်းတော်မူခြင်း | ၄၄၈
ယမိုက်ပြာဋိဟာပြပြီ | ၄၅၁
လောကဝိဝရဏ တန်ခိုးပြခြင်း | ၄၅၂
နိမ္မိတဘုရားရှင်များ ပြာဋိဟာပြတော်မူခြင်း | ၄၅၂
တာဝတိံသာ နတ်ပြည်၌ ဝါဆိုတော်မူခြင်း | ၄၅၃
တန်ခိုးအဘိညာဉ်ဖြင့် အချိန်မကုန်သင့်ကြောင်း | ၄၅၄
တန်ခိုးပြ၍ သာသနာပြုနည်းကို ပယ်တော်မူခြင်း | ၄၅၅
ပြာဋိဟာ ၃-ပါး | ၄၅၆
တန်ခိုးပြရန် တိုက်တွန်းတော်မူခြင်း | ၄၅၈
အရှင်ပိလိန္ဒဝစ္ဆ | ၄၅၈
ဂန္ဓာရီဝိဇ္ဇာ အတတ်ပညာရှင် | ၄၅၉
အရှင်ပိလိန္ဒဝစ္ဆ၏ အထုံဝါသနာ | ၄၅၉
ပိတ်ချင်းသီးအစစ်မှ ကြွက်ချေး ဖြစ်ရခြင်း | ၄၆၀
အဘိညာဉ်တန်ခိုးဖြင့် ဖောင်ပေါ်မှ ကယ်တင်ခြင်း | ၄၆၀
မြက်ကရွတ်ခွေမှ ရွှေပန်းကုံးအဖြစ်သို့ | ၄၆၁
သမထမှ ဝိပဿနာသို့ | ၄၆၁

အပိုင်း (၂)
အခန်း (၁၀) ဝိပဿနာဘာဝနာ ပွားများအားထုတ်ခြင်း
အကြောင်းအရာ,စာမျက်နှာ
ဝိပဿနာ၏ အခြေခံ လမ်းနှစ်သွယ်,၄၆၃
ဝိပဿနာ အားမထုတ်မီ ကြိုတင်ပြင်ဆင်မှုများ,၄၆၃
ဝိသုဒ္ဓိ ၇-ပါး ကျင့်စဉ်တရား,၄၆၄
အန္တရာယ်ငါးပါး ကင်းဝေးရန်,၄၆၄
အန္တရာယ်ကို ကုစားခြင်း,၄၆၅
မိစ္ဆာဒိဋ္ဌိကြီး ၃-မျိုး,၄၆၈
ကမ္မဿကတာ သမ္မာဒိဋ္ဌိ,၄၇၂
ဝိပဿနာ သမ္မာဒိဋ္ဌိ,၄၇၃
နာမ်နှင့်ရုပ်,၄၇၃
နာမရူပ ပရိစ္ဆေဒဉာဏ်,၄၇၄
ရုပ်နှင့်နာမ် ခွဲခြားသိရန် ဥပမာများ,၄၇၅
အတ္တအခြေခံ တွေးတောမှုများ,၄၇၇
အတိတ်ကာလ၌ ယုံမှားခြင်း ၅-ပါး,၄၇၈
အနာဂတ်ကာလ၌ ယုံမှားခြင်း ၅-ပါး,၄၇၉
ပစ္စုပ္ပန်ကာလ၌ ယုံမှားခြင်း ၆-ပါး,၄၇၉
ဝိပဿနာဉာဏ်စဉ် ၁၀-ပါး,၄၈၀
သမ္မသနဉာဏ်,၄၈၀
သမ္မသနနည်း ၄-နည်း,၄၈၉
(က) ကလာပသမ္မသနနည်း,၄၉၀
ရူပက္ခန္ဓာကို ရှုပုံ,၄၉၀
ဝေဒနာက္ခန္ဓာကို ရှုပုံ,၄၉၁
သညာက္ခန္ဓာကို ရှုပုံ,၄၉၁

သင်္ခါရက္ခန္ဓာကို ရှုပုံ | ၄၉၂
ဝိညာဏက္ခန္ဓာကို ရှုပုံ | ၄၉၂
အာယတနအားဖြင့် ဆင်ခြင်ပုံ | ၄၉၃
ဓာတ်အားဖြင့် ဆင်ခြင်ပုံ | ၄၉၄
(ခ) အဒ္ဓါသမ္မသနနည်း | ၄၉၆
ပဋာစာရီထေရီ၏ ရှုမြင်သုံးသပ်ပုံ | ၄၉၉
အိမ်ရှင်မတစ်ဦး ရှုမြင်သုံးသပ်ပုံ | ၄၉၉
ဓမ္မာထေရီမကြီး ရှုမြင်သုံးသပ်ပုံ | ၅၀၀
အဇ္ဈတ္တိက ဗဟိဒ္ဓ (အတွင်း အပြင်) ခွဲခြားသုံးသပ်ခြင်း | ၅၀၀
ဩဠာရိက, သုခုမ (ရုပ်ကြမ်း ရုပ်နု) ခွဲခြားသုံးသပ်ခြင်း | ၅၀၄
ဟီန ပဏီတ (အညံ့ အကောင်း) ခွဲခြားသုံးသပ်ခြင်း | ၅၀၄
ဒူရ သန္တိက (အဝေး အနီး) ခွဲခြားသုံးသပ်ခြင်း | ၅၀၅
(ဂ) သန္တတိသမ္မသနနည်း | ၅၀၆
(ဃ) ခဏသမ္မသနနည်း | ၅၁၁
သတိပဋ္ဌာန်နည်းဖြင့် ရှုမှတ်ခြင်း | ၅၁၄
ကာယာနုပဿနာသတိပဋ္ဌာန် | ၅၁၅
အာနာပါန=ထွက်သက် ဝင်သက်ကို ရှုမှတ်ခြင်း | ၅၁၅
ဣရိယာပုထ်လေးပါးကို ရှုမှတ်ခြင်း | ၅၁၇
ကိုယ်နှုတ် ၂-ပါး လှုပ်ရှားမှုများကို ရှုမှတ်ခြင်း | ၅၁၉
ပဋိကူလ=ရွံရှာစက်ဆုပ်ဖွယ်ဟု ရှုနည်း | ၅၁၉
ဓာတုမနသိကာရ=ဓာတ်ကြီး ၄-ပါး ခွဲဝေ ရှုမှတ်ခြင်း | ၅၂၀
သူသေကောင် အနေအထား (၉)မျိုး ရှုမှတ်ခြင်း | ၅၂၀
ဝေဒနာနုပဿနာသတိပဋ္ဌာန် | ၅၂၁
ဝေဒနာကို သည်းခံခြင်း | ၅၂၂
စိတ္တာနုပဿနာသတိပဋ္ဌာန် | ၅၂၂
ဓမ္မာနုပဿနာသတိပဋ္ဌာန် | ၅၂၂
ဒေါသပယ်နည်း ၆-ပါး | ၅၂၂

ထိနမိဒ္ဓပယ်နည်း ၆-ပါး | ၅၂၃
ဥဒ္ဓစ္စ ကုက္ကုစ္စ ပယ်နည်း ၆-ပါး | ၅၂၄
ဝိစိကိစ္ဆာပယ်နည်း ၆-ပါး | ၅၂၄
ခန္ဓာအားဖြင့် ရှုမှတ်ခြင်း | ၅၂၄
အာယတနအားဖြင့် ရှုမှတ်ခြင်း | ၅၂၄
ဗောဇ္ဈင်အားဖြင့် ရှုမှတ်ခြင်း | ၅၂၅
သတိသမ္ဗောဇ္ဈင် ဖြစ်ကြောင်း ၄-ပါး | ၅၂၆
ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်ကြောင်း ၇-ပါး | ၅၂၇
ဝီရိယသမ္ဗောဇ္ဈင် ဖြစ်ကြောင်း ၁၁-ပါး | ၅၂၇
ပီတိသမ္ဗောဇ္ဈင် ဖြစ်ကြောင်း ၁၁-ပါး | ၅၂၈
ပဿဒ္ဓိသမ္ဗောဇ္ဈင် ဖြစ်ကြောင်း ၇-ပါး | ၅၂၉
သမာဓိသမ္ဗောဇ္ဈင် ဖြစ်ကြောင်း ၁၁-ပါး | ၅၂၉
ဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်ကြောင်း ၅-ပါး | ၅၃၀
သစ္စာလေးပါးအားဖြင့် ရှုမှတ်ခြင်း | ၅၃၀
ဒုက္ခသစ္စာကို ရှုမှတ်ခြင်း | ၅၃၀
ဇာတိ၏ အဓိပ္ပါယ် | ၅၃၁
ဇရာ၏ အဓိပ္ပါယ် | ၅၃၁
မရဏ၏ အဓိပ္ပါယ် | ၅၃၁
သောက၏ အဓိပ္ပါယ် | ၅၃၁
ပရိဒေဝ၏ အဓိပ္ပါယ် | ၅၃၂
ဒုက္ခ၏ အဓိပ္ပါယ် | ၅၃၂
ဒေါမနဿ၏ အဓိပ္ပါယ် | ၅၃၂
ဥပါယာသ၏ အဓိပ္ပါယ် | ၅၃၂
အပ္ပိယေဟိသမ္ပယောဂေါ အဓိပ္ပါယ် | ၅၃၂
ပိယေဟိ ဝိပ္ပယောဂေါ အဓိပ္ပါယ် | ၅၃၃
ယံ ပိစ္ဆံ န လဘတိ အဓိပ္ပါယ် | ၅၃၃
ပဉ္စုပါဒါနက္ခန္ဓာ အဓိပ္ပါယ် | ၅၃၃
သမုဒယသစ္စာကို ရှုမှတ်ခြင်း | ၅၃၆
နိရောဓသစ္စာကို ရှုမှတ်ခြင်း | ၅၃၇
မဂ္ဂသစ္စာကို ရှုမှတ်ခြင်း | ၅၃၈
သတိပဋ္ဌာန တရားတော်အတွက် အာမခံချက် | ၅၃၉
သတိပဋ္ဌာန် ၄-ပါး၏ အကျိုးကျေးဇူးများ | ၅၃၉

သတ္တဝါတို့ကို ကိလေသာမှ စင်ကြယ်စေခြင်း | ၅၄၀
စိုးရိမ်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်စေခြင်း | ၅၄၀
ကိုယ်ဆင်းရဲမှ စိတ်ဆင်းရဲမှုတို့ကို ချုပ်ငြိမ်းစေခြင်း | ၅၄၀
ပညတ်သိနှင့် ပရမတ်သိ | ၅၄၁
နာမ်တရားကို ရှုမှတ်ခြင်း | ၅၄၅
ဥဒယဗ္ဗယဉာဏ် | ၅၄၉
ဝိပဿနာ ညစ်ညူးကြောင်း တရား ၁၀-ပါး | ၅၅၀
ယောဂီများ သတိထားရန် | ၅၅၈
ဖြစ်စဉ်မဟုတ် ဒေသနာစဉ် | ၅၅၉
မဖြစ်ဖူး၍ ထူးဆန်းနေခြင်း | ၅၅၉
ဥပက္ကိလေသ အစစ်သည် နိကန္တိ | ၅၆၀
ပဋိပဒါ ဉာဏဒဿန ဝိသုဒ္ဓိ | ၅၆၁
ဘင်္ဂဉာဏ် | ၅၆၂
ဘင်္ဂဉာဏ်ကို အပျက်ဟု ထပ်ဆင့်ရှုမြင်ပုံ | ၅၆၃
ဘင်္ဂဉာဏ်၏ အင်္ဂါ ၃-တန် | ၅၆၄
ဘင်္ဂဉာဏ်၏ အကျိုးအာနိသင် ၈-ပါး | ၅၆၄
ဘင်္ဂဉာဏ်၊ သို့မဟုတ် ဥဒယဗ္ဗယဉာဏ်မှ ဘင်္ဂဉာဏ်သို့ ကူးပုံ | ၅၆၅
ယောဂီများ အထူးမှတ်သားရန် | ၅၆၆
ဘယဉာဏ် | ၅၆၈
အာဒီနဝဉာဏ် | ၅၆၉
နိဗ္ဗိဒါဉာဏ် | ၅၇၀
မုစ္စိတုကမျတာဉာဏ် | ၅၇၁
ပဋိသင်္ခါဉာဏ် | ၅၇၂
ကြက်တောင်ကို မီးထိသည့်ပမာ | ၅၇၃
မြွေဆိုးကို စွန့်လွှတ်သော ဥပမာ | ၅၇၄
သင်္ခါရုပေက္ခာဉာဏ် | ၅၇၄
ပိန်းကြာဖက်တွင် ရေမတင်သကဲ့သို့ | ၅၇၅
ဒိသာကာက ကျီးကဲ့သို့ | ၅၇၅
မုန့်ညက်ဆင့်ခြင်း ဥပမာ | ၅၇၆

ဝုဋ္ဌာနဂါမိနီ ဝိပဿနာ | ၅၇၈
အနုလောမဉာဏ် | ၅၇၉
ပရိညာ ၃-ပါး | ၅၈၀
ဂေါတြဘူဉာဏ် | ၅၈၁
မဂ္ဂဝီထိဖြစ်ပုံ | ၅၈၁
သိခါပတ္ထ ဝိပဿနာဉာဏ် | ၅၈၂
သင်္ခတနယ်မှ အသင်္ခတနယ်သို့ ကူးပြောင်းခြင်း | ၅၈၃
သောတာပတ္တိမဂ်ဉာဏ် | ၅၈၄
ဖိုလ်စိတ်များ | ၅၈၅
ပစ္စဝေက္ခဏာဝီထိ (ပြန်လည်ဆင်ခြင်မှု) | ၅၈၆
အထက်မဂ်သို့ တက်လှမ်းခြင်း | ၅၈၆
ဖိုလ်ဝင်စားခြင်း | ၅၈၈
အကာလိကော | ၅၈၉
သဗ္ဗညုတဉာဏ်တော် | ၅၉၀
အသာဓာရဏ ဉာဏ်တော် ၆-ပါး | ၅၉၀
ဒသဗလ ဉာဏ်တော် | ၅၉၀
သာဝကတို့ ရနိုင်သော ဉာဏ်တော်များ | ၅၉၁
ဆဘိညရဟန္တာ | ၅၉၂
အာသဝက္ခယ အဘိညာဉ် | ၅၉၂
တေဝိဇ္ဇ ရဟန္တာ | ၅၉၂
ပဋိသမ္ဘိဒါပတ္တ ရဟန္တာ | ၅၉၂
သုက္ခဝိပဿကရဟန္တာ | ၅၉၃
အရိယာပုဂ္ဂိုလ် ၈-ယောက် | ၅၉၃

သောတာပန် ၃-မျိုး | ၅၉၄
သကဒါဂါမ် ၅-မျိုး | ၅၉၅
အနာဂါမ် ၅-မျိုး | ၅၉၅
ရဟန္တာ ၅-မျိုး | ၅၉၆
အရိယာပုဂ္ဂိုလ် ၇-မျိုး | ၅၉၇
သောတာပတ္တိမဂ်ဖြင့် ပယ်သော ကိလေသာများ | ၅၉၈
သောတာပန် စစ်တမ်း | ၅၉၉
သကဒါဂါမိမဂ်ဖြင့် ပယ်သော ကိလေသာများ | ၆၀၀
အနာဂါမိမဂ်ဖြင့် ပယ်သော ကိလေသာများ | ၆၀၀
အရဟတ္တမဂ်ဖြင့် ပယ်သော ကိလေသာများ | ၆၀၀
မဂ်ဉာဏ်က ကိလေသာပယ်ပုံ | ၆၀၁
ရဟန္တာ စစ်တမ်း | ၆၀၃
ပထမမေးခွန်း | ၆၀၃
ဒုတိယမေးခွန်း | ၆၀၄
တတိယမေးခွန်း | ၆၀၄
စတုတ္ထမေးခွန်း | ၆၀၄
ပဉ္စမမေးခွန်း | ၆၀၅
ဆဋ္ဌမမေးခွန်း | ၆၀၅
တစ်နည်းမေးခွန်း ၆-မျိုး | ၆၀၅
ကြောက်ဖွယ်အာရုံဖြင့် စမ်းသပ်ခြင်း | ၆၀၆

သာယာဖွယ်ဖြင့် စူးစမ်းခြင်း | ၆၀၇
ရဟန္တာအစစ်ကို ဖြားယောင်း၍ မရနိုင် | ၆၀၉
တရားအားထုတ်သူတို့ ဖြစ်တတ်သော အဓိမာန | ၆၁၀
အဓိမာန-အထင်ကြီးခြင်း | ၆၁၁
ရဟန္တာမဟုတ်သူကို ရဟန္တာဟု ကြည်ညိုခြင်း | ၆၁၂
အကြီးဆုံး ခိုးသူကြီး | ၆၁၃

အပိုင်း ( ၃ )
အခန်း (၁၁) နိရောဓသမာပတ်အကြောင်း
နိရောဓသမာပတ် ဝင်စားနိုင်သော ပုဂ္ဂိုလ်များ | ၆၁၅
နိရောဓသမာပတ် ဖြစ်ကြောင်း ၅-ပါး | ၆၁၆
နိရောဓသမာပတ်၏ ပုဗ္ဗကိစ္စ ၄-ပါး | ၆၁၇
(၁) နာနာဗဒ္ဓ အဝိကောပန | ၆၁၇
အဓိဋ္ဌာန်မပြုခြင်း၏ အပြစ် | ၆၁၇
(၂) သံဃဋ္ဌိမာန | ၆၁၉
(၃) သပက္ကောသန | ၆၂၀
(၄) အဒ္ဓါနပရိစ္ဆေဒ | ၆၂၀
နိရောဓသမာပတ် ဝင်စားပုံ | ၆၂၀
နိရောဓသမာပတ်မှ ထခြင်း | ၆၂၁
နိရောဓသမာပတ် ဝင်စားသူနှင့်သေသူ အထူး | ၆၂၂
နိရောဓသမာပတ်၏ အကျိုးအာနိသင် | ၆၂၃


အခန်း (၁၂) မြတ်သောနိဗ္ဗာန်
နိဗ္ဗာန်သည် သင်္ခါရနှင့် ဆန့်ကျင်ဘက် (ပြောင်းပြန်) | ၆၂၅
နိဗ္ဗာန်သည် အဘာဝ(မရှိ) ပညတ်မဟုတ် (သုညမဟုတ်) | ၆၂၆
ကြံစည် စဉ်းစားရုံမျှဖြင့် မသိနိုင်သော နိဗ္ဗာန် | ၆၂၇
နိဗ္ဗာန် ၂-မျိုး | ၆၂၉
တစ်နည်း နိဗ္ဗာန် ၂-မျိုး | ၆၃၀
မဂ်ဖိုလ်၏အာရုံဖြစ်သော နိဗ္ဗာန် | ၆၃၀

အခန်း (၁၃)
ဒုက္ခကို သိမြင်မှ နိဗ္ဗာန်လိုချင်သည် | ၆၃၁
ဒုက္ခကို မေ့ပစ်တတ်ခြင်း | ၆၃၂
ဒုက္ခဟု မထင်ရသော ဒုက္ခ | ၆၃၃

အခန်း (၁၄) မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် ပယ်ရမည့် တရားများ
ကုသိုလ်နှင့် အကုသိုလ် | ၆၃၉
ပဟာန် ၃-ပါး | ၆၃၉
အကုသိုလ်တရားများ | ၆၄၀
အာသဝေါတရား ၄-ပါး | ၆၄၀
ယောဂ ၄-ပါး | ၆၄၃
ဂန္ထ ၄-ပါး | ၆၄၃
ဥပါဒါန် ၄-ပါး | ၆၄၅


နီဝရဏ ၆-ပါး | ၆၄၆
အနုသယ ၇-ပါး | ၆၄၇
ကိလေသာ ၁၀-ပါး | ၆၄၉
ဝီတိက္ကမ ကိလေသာ | ၆၅၀
ပရိယုဋ္ဌာန ကိလေသာ | ၆၅၀
အနုသယ ကိလေသာ | ၆၅၀
အနုသယကိလေသာ၌ ဥပါဒ် ဌီ ဘင် ရှိသလော | ၆၅၁

အခန်း (၁၅) ဗောဓိပက္ခိယတရား (၃၇)ပါး
သတိပဋ္ဌာန် ၄-ပါး | ၆၅၂
သမ္မပ္ပဓာန် ၄-ပါး | ၆၅၄
ဣဒ္ဓိပါဒ် ၄-ပါး | ၆၅၅
ဣန္ဒြေ ၅-ပါး | ၆၅၆
ဗိုလ် ၅-ပါး | ၆၅၇
ဗောဇ္ဈင် ၇-ပါး | ၆၅၇
မဂ္ဂင် ၈-ပါး | ၆၅၇

အခန်း (၁၆) အာစရိယဝါဒများ
လယ်တီနည်း | ၆၅၉
စွန်းလွန်းနည်း | ၆၆၀
သဲအင်းဂူနည်း | ၆၆၀


မူလမင်းကွန်းဇေတဝန်နည်း | ၆၆၁
မဟာစည်နည်း | ၆၆၂
တောင်ပုလုနည်း | ၆၆၂
ဆရာသက်ကြီးနည်း | ၆၆၃
ဝေဘူနည်း | ၆၆၅
မိုးကုတ်နည်း | ၆၆၅
အသီးတစ်ရာ အညှာတစ်ခု | ၆၆၈

အခန်း (၁၇) ဝေါဟာရများအဓိပ္ပာယ်
ဝေါဟာရများ အဓိပ္ပာယ် | ၆၇၁
နိဂုံး | ၆၉၃

မှတ်သားဖွယ်အက္ခရာစဉ်
မှတ်သားဖွယ်အက္ခရာစဉ် | ၆၉၅
စာမျက်နှာ-1


ဗုဒ္ဓဘာသာလက်စွဲကျမ်း
( ဒုတိယတွဲ )

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

အပိုင်း(၁)

အခန်း (၁) ချမ်းသာသုခ အဆင့်ဆင့်

ချမ်းသာသုခကို ရှာဖွေခြင်း

လောက၌ သတ္တဝါအားလုံးတို့သည် ချမ်းသာရာ ချမ်းသာကြောင်းကို ရှာဖွေနေကြသည်၊ ကြိုးပမ်း အားထုတ် နေကြသည်၊ ကြံစည် တွေးတော လုပ်ကိုင် ဆောင်ရွက်လျက် ရှိကြသည်၊ ထို့ကြောင့် လယ်တီဆရာတော် ဘုရားကြီးက ပဋိစ္စသမုပ္ပါဒ်လင်္ကာတွင်—

ချမ်းသာသုခ၊ တခုမျှ၌၊ လောကအထု၊ အကုန်စု၏
ပုပုရွရွ၊ မြင်သမျှလည်း။ သုခဖို့ချည်း၊ လုံလသည်း၏

ဟူ၍ စပ်ဆိုတော်မူခဲ့သည်။

ချမ်းသာသုခဆိုသည်ကား အဘယ်ပါနည်း၊ ရွှေငွေရတနာစည်းစိမ် ဥစ္စာ ပြည့်စုံခြင်းသည် ချမ်းသာသုခလော၊ သားသမီးခြွေရံသင်းပင်းနှင့် ပြည့်စုံခြင်း သည် ချမ်းသာသုခလော၊ တန်ခိုးအာဏာ ရာထူးအရှိန်အဝါနှင့် ပြည့်စုံခြင်း သည် ချမ်းသာသုခလော၊ အာရုံငါးပါး ကာမဂုဏ်တရားတို့ကို လိုတရ စိတ် တိုင်းကျ ခံစား စံစားရခြင်းသည် ချမ်းသာသုခလော၊ ကိုယ်ခန္ဓာ ကျန်းမာ သန်စွမ်း၍ ရောဂါကင်းရှင်းခြင်းသည် ချမ်းသာသုခလော။
စာမျက်နှာ-2


လောကီလူသားတို့က ချမ်းသာသုခအဖြစ် မှတ်ယူထားကြသော အရာ ခပ်သိမ်းသည် အစစ်အမှန် ချမ်းသာမဟုတ်၊ တည်တံ့ခိုင်မြဲသော ချမ်းသာ မဟုတ်၊ ရေပွက်ပမာ တစ်သက်လျာ တစ်ခဏတာမျှသာ ဖြစ်ပေါ် တည်ရှိ၍ ဖောက်ပြန် ပျက်စီးသွားလေသည်။ ထို့ကြောင့် ချမ်းသာသုခ အစစ်အမှန်ကို ရှာဖွေသင့်ကြသည်။

ချမ်းသာသုခနှင့် ဆင်းရဲဒုက္ခ

ဤလောက၌ ချမ်းသာသုခနှင့် ဆင်းရဲဒုက္ခတို့သည် အမြဲဒွန်တွဲလျက်ရှိသည်၊ “ဒုက္ခာ နန္တရံ သုခံ” = ဒုက္ခ၏ အဆုံး၌ သုခရှိသည်၊ “သုခာ နန္တရံ ဒုက္ခံ” = သုခ၏ အဆုံး၌ ဒုက္ခရှိသည်— ဟူသော ဇာတကပါဠိတော် (ဇာ-၁၁၁၂) လာအတိုင်း သုခနှင့် ဒုက္ခ ရှေ့နောက် အပြန်အလှန် ဆက်စပ်နေတတ်သည်။

ထို့ကြောင့် ဆင်းရဲဒုက္ခကို ခံစားဖူးသော သူသည် ချမ်းသာသုခကို တန်ဖိုးထားတတ်သည်။ ဆင်းရဲဒုက္ခ ပြင်းထန်လေလေ ချမ်းသာသုခကို ပိုမိုလိုလား တောင့်တလေလေ ဖြစ်တတ်သည်။ ဆင်းရဲဒုက္ခ၏ အတိုင်းအတာပမာဏသည် အနည်းငယ်မျှ လျော့နည်းသွားလျှင်ပင် သက်သာရာ ရသွားသည်။ ဤကဲ့သို့ ဒုက္ခလျော့နည်းသက်သာသွားခြင်းကို ချမ်းသာသုခ တစ်မျိုးဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ဒုက္ခမှန်သမျှ အလုံးစုံ အကြွင်းမဲ့ ကုန်ဆုံး ချုပ်ငြိမ်းသွားပါက ချမ်းသာသုခအတိသာ ဖြစ်ပေါ် တည်ရှိနေပေတော့မည်။

သုခနှင့် ဒုက္ခတို့၏ ကြားခံနယ်ပယ်
“သုခ၏ အဆုံး၌ ဒုက္ခတွေ့တတ်သည်၊ ဒုက္ခ၏ အဆုံး၌ သုခတွေ့တတ်သည်” ဟု ဒေသနာရှိငြားသော်လည်း သုခနှင့် ဒုက္ခတို့၏ အကြား၌ ကြားခံနယ်ပယ် တစ်ခုရှိသေးသည်။ သုခလည်း မဟုတ်၊ ဒုက္ခလည်း မဟုတ်၊ ဥပေက္ခာဟု ခေါ်ဆို ရသည်။

သင်္ချာနည်းဖြင့် ဖော်ပြရပါက အနုတ်နှင့် အပေါင်းတို့၏ အကြား၌ သုည ရှိသည်။ ဥပမာ- ပေးရန်ရှိသောငွေ (၁၀၀) ကို အနုတ်လက္ခဏာ အမှတ်အသား ပြ၍ ရရန်ရှိသောငွေ (၁၀၀) ကို အပေါင်းလက္ခဏာ အမှတ်အသားပြထားသည် ဆိုပါက ယင်းအပေါင်းအနုတ်နှစ်ခု ချေလိုက်သည့်အခါ ပေးရန်လည်းမရှိ ရရန်လည်း မရှိ၍ သုညဖြစ်သွားသည်။ ဥပေက္ခာသည် ယင်းသုညကဲ့သို့ ကြားခံ နယ်ပယ်တစ်ခု ဖြစ်သည်။
စာမျက်နှာ-3


အာရုံသုံးမျိုးနှင့် ခံစားမှုသုံးမျိုး

အာရုံ၏အရသာကို ခံစားရာမှ ချမ်းသာမှုသုခ၊ ဆင်းရဲမှုဒုက္ခ၊ လျစ်လျူရှုမှု ဥပေက္ခာများ ဖြစ်ပေါ်လာရသည်။ ထို့ကြောင့် ကျွန်ုပ်တို့ တွေ့ကြုံခံစားနေကြ ရသော အာရုံများကို ဖော်ပြပါအတိုင်း သုံးမျိုးသုံးစား ခွဲခြားနိုင်သည်—

(က) ဣဋ္ဌာရုံ = (ဣဋ္ဌ+အာရုံ) = အလိုရှိအပ် တောင့်တ မြတ်နိုးအပ် သော အာရုံ။
(ခ) အနိဋ္ဌာရုံ = (အနိဋ္ဌ+အာရုံ) = မနှစ်သက်ဖွယ် ရွံရှာကြောက် လန့်ဖွယ်အာရုံ။
(ဂ) ဣဋ္ဌမဇ္ဈတ္တာရုံ = (ဣဋ္ဌ+မဇ္ဈတ္တ+အာရုံ) = ရွံမုန်းဖွယ် ကြောက် လန့်ဖွယ်လည်း မဟုတ်၊ လိုလားတောင့်တ မြတ်နိုးဖွယ်လည်း မဟုတ်၊ စိတ်ဝင်စားစရာ မရှိသောအာရုံ၊ တွေ့နေကြအာရုံ။

ယင်းအာရုံသုံးမျိုးအနက် ဣဋ္ဌာရုံနှင့် တွေ့ရသည့်အခါ ဝမ်းမြောက်ရွှင်မြူး ကြည်နူးချမ်းသာခြင်း ဖြစ်ရသည်၊ အနိဋ္ဌာရုံနှင့် တွေ့ရသည့်အခါ စိတ်ဆင်းရဲခြင်း စိတ်နှလုံးမသာယာခြင်းတို့ ဖြစ်ရသည်၊ ဣဋ္ဌမဇ္ဈတ္တာရုံနှင့် တွေ့ရသည့်အခါ တစုံတရာ စိတ်လှုပ်ရှားမှုမရှိ၊ မြင်ကာမတ္တ သိကာမတ္တမျှသာ ဖြစ်လေသည်။

အာရုံငါးပါး၌ သုခဒုက္ခဖြစ်ပုံ

အဆင်းအာရုံ (ရူပါရုံ) ၌ ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော အညစ်အကြေးများ အသေကောင်ပုပ်များ ကြောက်လန့်ဖွယ်ရာ သားရဲတိရစ္ဆာန်ရန်သူများ (အနိဋ္ဌာရုံ) နှင့် တွေ့ကြုံရသည့်အခါ စိတ်ဆင်းရဲမှု စိတ်မချမ်းသာမှု ကြောက်ရွံ့ ထိတ်လန့်မှုများ ဖြစ်လေ့ရှိသည်။ လှပဆန်းကြယ် ရောင်စုံချယ်နေသော ပန်းဥယျာဉ်ကြီး အလယ်တွင် လှပယဉ်ကျေး မြင်သူငေးလောက်သော သတို့သမီးပျို (ဣဋ္ဌာရုံ) ကို တွေ့မြင်ရသည့်အခါ ကြည်နူးရွှင်ပြ ဘဝင်ကြွ၍ ပီတိသောမနဿ ဖြစ်ရလေသည်။ သာမန်တွေ့ရိုးတွေ့စဉ် ယောက်ျားမိန်းမများ သက်ရှိသက်မဲ့ မြင်ကွင်းများကို တွေ့မြင်ရာ၌ ခံစားချက် အထူးဖြစ်ပေါ်ခြင်း မရှိ၊ မြင်ရိုးမြင်စဉ် သာမန်မြင်သိစိတ် (ဥပေက္ခာ) မျှသာ ဖြစ်တော့သည်။
စာမျက်နှာ-4


အသံအာရုံ (သဒ္ဒါရုံ) ၌ မနှစ်သက်ဖွယ် ဆဲဆိုကြိမ်းမောင်းသံ သေနတ်သံ ဗုံးသံ အမြောက်သံစသော (အနိဋ္ဌာရုံ) အသံများကို ကြားရသည့်အခါ စိတ်ဆင်းရဲမှု ကြောက်လန့်တုန်လှုပ်မှုများ ဖြစ်တတ်၏။ သာယာချိုအေး သော တူရိယာ တီးသံ မှုတ်သံများ သီချင်းသံ (ဣဋ္ဌာရုံ) များကို ကြားရသည့်အခါ နှစ်သက်ကြည်နူးမှု ချမ်းသာသုခဖြစ်ရလေသည်။ သာမန် ကြားရိုး ကြားစဉ်အသံများ (ဣဋ္ဌမဇ္ဈတ္တာရုံ) ကို ကြားရသည့်အခါ ဝမ်းနည်းဝမ်းသာ မရှိ ပကတိကြားကာမတ္တ ကြားသိစိတ် (ဥပေက္ခာ) မျှသာ ဖြစ်တော့သည်။

အနံ့အာရုံ (ဂန္ဓာရုံ) ၌ အပုပ်နံ့စသော နံစော်သောအနံ့များ (အနိဋ္ဌာရုံ) ကို ရှူရှိုက်ရသည့်အခါ စက်ဆုပ်ရွံရှာမှု စိတ်မချမ်းသာမှုဖြစ်ရ၍ ပန်းရနံ့ ရေမွှေးနံ့စသည့် (ဣဋ္ဌာရုံ) ကို နမ်းရှူရသည့်အခါ သာယာကြည်နူးမှု ချမ်းသာသုခကို ခံစားရသည်။ နံစော်ခြင်းလည်းမရှိ မွှေးကြိုင်ခြင်းလည်း မရှိသော လေသက်သက်ကို ရှူရှိုက်ရသောအခါ၌မူ စိတ်နှလုံး မသာယာမှုလည်းမရှိ သာယာမှုလည်းမရှိ၊ ဆင်းရဲမှု ချမ်းသာမှုလည်းမရှိ၊ ပကတိစိတ် ဖြစ်ရိုးဖြစ်စဉ် မျှသာ ဖြစ်လေ့ရှိသည်။

အရသာအာရုံ (ရသာရုံ) ၌ ခါးစပ် ပုပ်သိုးသော အရသာ (အနိဋ္ဌာရုံ) ကို စားရသည့်အခါ မနှစ်သက်မှု အော်ဂလီဆန်မှု ဆင်းရဲဒုက္ခဖြစ်ရသည်။ ချိုမြိန်ကောင်းမြတ်သော အရသာ (ဣဋ္ဌာရုံ) ကို စားသောက်ရသည့်အခါ သာယာတပ်မက်မှု အဖန်ဖန်စားသောက်လိုမှု မျိုချလိုမှုများ ဖြစ်ရသည်၊ ရိုးရိုး ရေသောက်ခြင်းနှင့် မဆာဘဲ စားခြင်းတို့ကို ပြုလုပ်သည့်အခါ၌မူ သာယာမှု လည်းမရှိ နှစ်သက်မှုလည်း မရှိချေ။

အတွေ့အထိအာရုံ (ဖောဋ္ဌဗ္ဗာရုံ) ၌ ဆူးငြောင့်ခလုတ် တိုက်မိခြင်း၊ ဓားလှံ သေနတ်၊ ဗုံး၊ အမြောက် လက်နက်ထိမှန်ခံရခြင်း၊ အနာရောဂါ ဖြစ်ပွားခြင်း စသော မကောင်းသော အတွေ့အထိ အာရုံ (အနိဋ္ဌာရုံ) ကို တွေ့ထိရသည့်အခါ နာကျင်မှုဆင်းရဲဒုက္ခကို ခံစားရသည်။ နူးညံ့ပျော့ပျောင်းသော ပိုး ဖဲ ကတ္တီပါ လဲ ဝါဂွမ်းဖြင့် ပြုလုပ်ထားသော အဝတ်အထည် မွေ့ရာ ခေါင်းအုံး အတွေ့အထိများ (ဣဋ္ဌာရုံ) ကို တွေ့ထိရသည့်အခါ ဝမ်းမြောက်ရွှင်လန်း ပီတိလျှမ်း၍ ချမ်းသာသုခကို ခံစားရလေသည်။
စာမျက်နှာ-5


လူတို့ချမ်းသာ (၄)မျိုး

လောက၌ လူတို့ခံစားခွင့် ရနိုင်သော ချမ်းသာသုခကို အောက်ပါအတိုင်း အဆင့် (၄)ဆင့် ခွဲခြားနိုင်သည်—

(က) အာနဏျသုခ = ကြွေးကင်းမှုချမ်းသာ (န+ဣဏ။ ဣဏ = ကြွေးမြီ + န = မရှိ)
(ခ) အတ္ထိသုခ = ပိုင်ဆိုင်ရရှိမှုချမ်းသာ၊
(ဂ) ဘောဂသုခ = သုံးဆောင်ခံစားမှုချမ်းသာ၊
(ဃ) အနဝဇ္ဇသုခ = အပြစ်ကင်းမှုချမ်းသာ။

အာနဏျသုခ = ကြွေးကင်းမှုချမ်းသာ

လောက၌ ကြွေးမြီမကင်းသူသည် ကိုယ်ပိုင်ဥစ္စာ မရှိနိုင်၊ ကြွေးရှင်က အချိန် မရွေး ကြွေးသိမ်းမည်၊ သွားလေရာရာ ရောက်လေရာရာ၌ စိတ်ချမ်းသာမှု မရ၊ ကြွေးရှင်နှင့် ထိပ်တိုက် မတိုးမိစေရန် ရှောင်ရ ပုန်းရသည်၊ ပရိသတ်အလယ် မှာများ လူကြားသူကြား အော်ကျယ်ဟစ်ကျယ် ကြွေးတောင်းလေမလား၊ ကြွေးတင်တာ လူအများသိပြီး အရှက် ကွဲရချေတော့မည်။ လူအများ၏ အထင်သေး အမြင်သေး ခံရတော့မည်ဟု စိုးရိမ်စိတ်ဖြင့် စိတ်ဆင်းရဲနေရ၏၊ ကြွေးမြီကို ကျေအောင်ပြန်ဆပ်ပြီးနောက် ကြွေးကင်းသွားသောအခါ ပရိသတ်အလယ်မှာ ခေါင်းထောင်ရဲလာ၏။ ကြွေးရှင်ကို ကြောက်ရမှု ကြွေးတောင်းခံရမည်ကို စိုးရိမ်မှုများ လုံးဝမရှိတော့သဖြင့် စိုးရိမ်မှု စိတ်ဆင်းရဲမှုတို့မှ လွတ်မြောက်၍ စိတ်လက်ပေါ့ပါး ဝင့်ကြွားစွာ နေရဲထိုင်ရဲ ဖြစ်လာသည်၊ ကြွေးကင်းမှု ချမ်းသာကို ခံစားရသည်၊ ကြွေးတင်ဖူးသူ တစ်ဦးအနေဖြင့် ဤဒုက္ခနှင့် ဤသုခကို အပြည့်အဝ သိရှိနားလည်နိုင်ပေသည်။

အတ္ထိသုခ = ရှိမှုချမ်းသာ

လောက၌ မည်သူမဆို မိမိပိုင်ဆိုင်သည့် ပစ္စည်းအားလုံးကို ကုန်အောင် သုံးဖြုန်း ခံစားမသွားနိုင်ကြချေ။ သို့မဟုတ် သုံးဖြုန်းခံစားမှု မပြုလိုကြချေ၊ ငါပိုင်သည် ငါ့မှာရှိသည်ဟု တွေးတောကြံစည်လျက် အရသာ ယူတတ်ကြသည်။ ဥပမာအားဖြင့် ငွေသိန်းသန်းကုဋေ ကြွယ်ဝချမ်းသာသူသည် ယင်းငွေများကို သုံးဆောင်ခံစားရန် သုံးစွဲရန် မရည်ရွယ်ချေ၊ ငါ့မှာ ငွေသိန်းသန်းကုဋေရှိသည်၊ ငွေသိန်းသန်းကုဋေကို ငါပိုင်သည်ဟူသော အသိဖြင့် အရသာခံကာ ကြည်နူး ဝမ်းမြောက်နေတော့သည်။ အချို့သော သူဌေးများသည် ပိုက်ဆံကို ကိုင်၍
စာမျက်နှာ-6


ရေတွက်နေရလျှင် ထမင်းပင် မဆာတော့ဟု ဆိုကြသည်၊ ငါးရာ့ငါးဆယ် ဇာတ်တော် ဂါမဏိစန္ဒဇာတ်၌ ခါတစ်ကောင်သည် အခြားနေရာမှာထက် တစ်ခု သော တောင်ပို့ထက်၌ တွန်မြည်ရသည့်အခါ ပို၍ အသံကျယ်သည်၊ ကြည်သည်။ ထို့ကြောင့် ထိုတောင်ပို့ပေါ်၌ အမြဲနေ၍ တွန်မြည်လေ့ရှိသည်။ အကြောင်းမူ ထိုခါသည် အတိတ်ဘဝက ရွှေငွေရတနာများကို ယင်းတောင်ပို့အောက်၌ မြှုပ်နှံထားသဖြင့် ထိုဥစ္စာ၏ အရှိန်အဝါကြောင့် ထိုခါသည် ထိုတောင်ပို့ပေါ်သို့ ရောက်လျှင် အားအင်ပြည့်ဖြိုး စိတ်ဓာတ် ရွှင်မြူး တက်ကြွလာခြင်းဖြစ်သည်ဟု သိရသည်။ ဤကား အတ္ထိသုခခေါ် ရှိခြင်းချမ်းသာကို ခံစားနေကြပုံဖြစ်သည်။

ဘောဂသုခ = သုံးဆောင်ခံစားမှုချမ်းသာ

ဤချမ်းသာသုခမှာ သတ္တဝါတိုင်း ခံစားနေကြသည်။ အချောအလှကြည့်၍ မျက်စိအရသာ ခံကြသည်၊ သီချင်းသံ တူရိယာဂီတအသံကို နားထောင်၍ နားအရသာ ခံစားကြသည်၊ ပန်းရနံ့ ရေမွှေးအနံ့များကို နမ်းရှူ၍ နှာခေါင်း အရသာ ခံကြသည်။ စားဖွယ်သောက်ဖွယ်များကို စားသောက်၍ ပါးစပ်အရသာ လျှာအရသာ ခံကြသည်။ နူးညံ့သော အတွေ့အထိကို ကိုယ်ကာယဖြင့်ထိ၍ အရသာခံကြသည်။ ဤသည်မှာ သုံးဆောင်ခံစားသဖြင့် ရရှိဖြစ်ပေါ်လာသော ချမ်းသာသုခဖြစ်သည်။

အနဝဇ္ဇသုခ = အပြစ်ကင်းမှုချမ်းသာ

လောက၌ မကောင်းမှု ကျူးလွန်သူမှာ စိတ်ချမ်းသာမှုဟူ၍ မရရှိနိုင်၊ အမြဲတစေ ကြောက်ရွံ့ထိတ်လန့် စိုးရိမ်နေရသည်၊ သတ်ဖြတ်ညှဉ်းပန်းမှု ပြုလုပ်ကျူးလွန်ခဲ့သူသည် တစုံတယောက်က လက်စားချေမည်ကို စိုးရိမ် ကြောက်လန့်နေရသည်၊ သတ်ဖြတ် ညှဉ်းဆဲခံရမည်ကို စိုးရိမ် ထိတ်လန့်နေရသည်။ ဥပဒေအရ အရေးယူခံရမည်ကို စိုးရိမ်နေရသည်၊ မိမိပြစ်မှုကို ဖုံးဖိထားရာမှ အမှုမှန် ပေါ်ပေါက်သွားမည်ကို စိုးရိမ်နေရသည်။

အလားတူပင် ခိုးမှု၊ လုယက်မှု ကျူးလွန်သူသည် မိမိခိုးမှု လူအများ မသိစေရန် ဖုံးဖိရသည်၊ ဟန်ဆောင် ဖုံးကွယ်ရသည်။ အမှုပေါ်မည်ကို စိုးရွံ့ တုန်လှုပ်နေရသည်။ သူတစ်ပါး သားပျို၊ သမီးပျိုနှင့် သူတစ်ပါး သားမယားကို ပြစ်မှားဖျက်ဆီး ကျူးလွန်သူသည် မိမိအမှု လူအများသိမည်ကို ကြောက်ရွံ့နေရသည်။ မိမိ သားသမီး၊ သားမယားကို သူတစ်ပါး ကျူးလွန်ဖျက်ဆီးမည်ကို စိုးရိမ်နေရသည်၊ လိမ်လည်မှု ကျူးလွန်သူသည် အလိမ်ပေါ်မည်ကို စိုးရွံ့နေရသည်၊ မိမိက လိမ်တတ်သူဖြစ်၍ တွေ့သမျှလူအပေါင်းကို မိမိကဲ့သို့ လိမ်တတ်သူဟူ၍ ယူဆကာ မည်သူကိုမျှ စိတ်မချနိုင်၊ အလိမ်ခံရမည်ကို စိုးရိမ်နေရသည်။

စာမျက်နှာ-7


ဤသို့စသည်ဖြင့် မကောင်းမှု ဒုစရိုက်ကျူးလွန်သူ၏ စိတ်အစဉ်သည် အမြဲ ညစ်ညူးညစ်ပေနေသည်။ ကြည်လင်ရွှင်ပြမှု မရှိ၊ စိတ်အားငယ်နေတတ်သည်။ မိမိက လက်ဦးမှုရအောင် ရိုက်လိုက်မည်၊ သတ်လိုက်မည်ဟု မကောင်းစိတ်ကို မောင်းတင်ထားရ၏။ ထို့ကြောင့် ထိုပုဂ္ဂိုလ်၏စိတ်သည် ဒေါသ၊ ဒေါမနဿ၊ ရန်ငြိုးအာဃာတ၊ မကျေနပ်မှု မကျေချမ်းမှုတို့ဖြင့် ပြည့်နှက်လျက်ရှိသည်။ အိပ်ကောင်းခြင်း မအိပ်ရ၊ သတိဝီရိယဖြင့် ကြက်အိပ် ကြက်နိုး အိပ်ရသည်။ စားကောင်းခြင်း မစားရ၊ ကျီးလန့်စာစား ဖြစ်နေတတ်သည်၊ စားနေစဉ် မှာလည်း မည်သည့်အရပ်က ရန်သူထွက်ပေါ်လာမည်ကို ကျီးကန်း တောင်းမှောက် မျက်စိဖြင့် ကြည့်ရှုနေရသည်။ မိမိပြုထားသည့် မကောင်းမှုကို မိမိကိုယ်တိုင် သိရှိနေ၍ “ငါကား လူယုတ်မာ၊ လူညံ့ဖြစ်သည်” ဟု မိမိကိုယ်ကို ပြန်လည်စွပ်စွဲခြင်း (အတ္တာနုဝါဒ) ဘေးဆိုးကြီး ဆိုက်ရောက်နေသည်၊ “ဒုစရိုက်ကောင် လူယုတ်မာ” ဟု သူတစ်ပါး၏ စွပ်စွဲခြင်း (ပရာနုဝါဒ) ဘေးကိုလည်း ကြောက်နေရသည်၊ မင်းပြစ်မင်းဒဏ် ခံရမည့် (ဒဏ္ဍ) ဘေးကိုလည်း ကြောက်နေရသည်။ သေပြန်လျှင်လည်း အပါယ်ငရဲသို့ ကျရောက်မည့် (ဒုဂ္ဂတိ) ဘေးကို ကြောက်နေရသည်။

ထိုဒုစရိုက်မကောင်းမှုတို့ကို လုံးဝကျူးလွန်ခြင်းမရှိသူ၊ သို့မဟုတ် ဒုစရိုက်မှု တခုတလေ ကျူးလွန်မိပါကလည်း တရားနည်းလမ်းဖြင့် ကုစားမှု ပြုပြီးသူတို့မှာ စိုးရိမ်ကြောက်ရွံ့ခြင်းမရှိ ရဲရင့်နေသည်။ စိတ်အားငယ်မှုမရှိ၊ စိတ်နောက်ကျိမှု မရှိ၊ စိတ်ကြည်လင်နေသည်၊ စိတ်နှလုံး မသာယာမှု မရှိ၊ စိတ်နှလုံး ရွှင်လန်း ချမ်းမြေ့လျက် ရှိသည်။ သူတစ်ဖက်သားအပေါ် လက်စားချေလိုစိတ် ရန်ငြိုးဖွဲ့မှု ဒေါသ အာဃာတလည်း မရှိ၊ လူတိုင်းကို ချစ်ခင်ကြင်နာမှုရှိသည်။ ထို့ကြောင့် အပြစ်ကင်းမဲ့သူသည် စိတ်ဓာတ်သန့်ရှင်း စင်ကြယ်နေသဖြင့် စိတ်ကြည်လင် ရွှင်လန်းချမ်းမြေ့မှု စိတ်ဓာတ်အင်အား ပြည့်ပြည့်ဝဝရှိမှု ချမ်းသာသုခကို ခံစားရသည်။

ချမ်းသာကို ရှာဖွေခြင်း

လူများစု၏အထင်တွင် တစ်ယောက်တည်း အေးချမ်းပြီး ငြိမ်သက်တည်ကြည်စွာ လောကဓံကို သည်းခံလျက် နေနိုင်သူကိုပင် အထီးကျန် အဖော်ကင်းပြီး ပျင်းစရာ၊ ငြီးငွေ့စရာကောင်းသူ၊ ဆင်းရဲစွာနေရသူဟု ထင်တတ်ကြသည်။ ဤနေရာတွင် ဘုရားရှင်အား ဟတ္ထကအာဠဝကမင်းသား၏ လျှောက်ထားချက်ကို တင်ပြလိုပါသည်။
စာမျက်နှာ-8


ဘုရားရှင်သည် အာဠဝီပြည်အနီးရှိ ယင်းတိုက်တောဝယ် နွားတို့သွားရာ လမ်းနဘေး အရိပ်ကျဲကျဲ သစ်ပင်အောက်၌ သစ်ရွက်အခင်းပေါ်တွင် သီတင်းသုံးနေတော်မူ၏။ ထိုစဉ် ဟတ္ထကအာဠဝကမင်းသားသည် အညောင်းပြေ လမ်းလျှောက်လာရင်း ဘုရားရှင်ကို မြင်သဖြင့် ချဉ်းကပ် ရှိခိုးပြီး ဤသို့ မေးလျှောက်လေသည်—

“အရှင်ဘုရား အသို့နည်း၊ ချမ်းသာစွာ ကျိန်းစက်တော်မူရပါ၏လော။”

“မင်းသား ငါဘုရားသည် ချမ်းချမ်းသာသာ ကျိန်းစက်ရ၏။ လောက၌ ချမ်းချမ်းသာသာ အိပ်စက်ကြရသူတို့တွင် ငါသည်လည်း တစ်ဦးအပါအဝင်ဖြစ်၏။”

“အရှင်ဘုရား ဆောင်းရာသီညဉ့်ဖြစ်၍ ချမ်းအေးလှပါ၏၊ တပို့တွဲနှင့် တပေါင်းအကူး ကြား ရှစ်ရက်တို့သည် ဆီးနှင်းများ ကျသောအခါ ဖြစ်ပါ၏။ မြေပြင်သည် နွားခြေရာကွက်တို့ဖြင့် ကြမ်းတမ်းလှပါ၏။ သစ်ရွက်အခင်းကလည်း ပါးလျလှပါ၏။ သစ်ပင်၏အရွက်တို့ကလည်း ကျိုးတိုးကျဲတဲ ရှိလှပါ၏။ အရှင်ဘုရား၏ သင်္ကန်းတော်များမှာလည်း အေးစက်နေ၏၊ ဆောင်းလေအေးကလည်း အရပ်လေးမျက်နှာမှ တိုက်ခတ်နေပါ၏။ သို့ဖြစ်ပါလျက် ချမ်းချမ်းသာသာ ကျိန်းစက်ရကြောင်း လောက၌ ချမ်းသာစွာ အိပ်စက်ကြရသူတို့တွင် တစ်ဦးအပါအဝင်ဖြစ်ကြောင်း အရှင်ဘုရားမို့ မိန့်တော်မူနိုင်ပါဘိဘုရား။”

“မင်းသား သို့ဖြစ်လျှင် ဤနေရာတွင် သင့်ကိုပင်ပြန်၍ မေးရဦးမည်၊ သင် သဘောကျသလိုဖြေပါ၊ မင်းသား ငါပြောမည့် ထိုစကားကို သင် မည်သို့ထင်သနည်း၊ ဤလောက၌ သူကြွယ်အား လည်းကောင်း သူကြွယ်သားအား လည်းကောင်း မိုးလုံလေလုံ ဆီမီးထိန်ထိန် ထွန်းထားသည့် အိမ်ကြီးအိမ်ကောင်းထဲတွင် ရတနာ စီချယ်ထားသည့် မွေ့ရာကော်ဇောများ ခင်းထားသော ခုတင်ကြီးပေါ်၌ စိတ်နှလုံးကို ရွှင်ပြုံး နှစ်သက်စေနိုင်သည့် မယားအလှ လေးယောက်တို့က အမျိုးမျိုး ပြုစု ယုယ လုပ်ကျွေးကြ၏။ မင်းသား ထိုသူကြွယ်သည် ချမ်းသာစွာ အိပ်စက်ရသလော၊ ချမ်းသာစွာ မအိပ်စက်ရသလော။”

“အရှင်ဘုရား ထိုသူကြွယ်သည် ချမ်းသာစွာ အိပ်စက်ရပါ၏။ လောက၌ ချမ်းသာစွာအိပ်စက်ရသူတို့တွင် တစ်ဦးအပါအဝင်ဖြစ်ပါ၏။”
စာမျက်နှာ-9


“မင်းသား ထိုသူကြွယ်အား ရာဂကြောင့်၊ ဒေါသကြောင့်၊ မောဟကြောင့် ဖြစ်ကုန်သောကိုယ်၌ ပူလောင်ခြင်း၊ စိတ်၌ ပူလောင်ခြင်းတို့ ဖြစ်ကုန်ရာ၏။ အကြင်ပူလောင်ခြင်းတို့ဖြင့် ပူလောင်သော ထိုသူသည် ဆင်းရဲစွာ အိပ်ရသည်မဟုတ်လော။”

“အရှင်ဘုရား၊ ဆင်းရဲစွာ အိပ်ရသည်မှာ မှန်လှပါ၏။”

“မင်းသား ငါဘုရားသည် ထိုရာဂ၊ ဒေါသ၊ မောဟတို့ကို ပယ်ပြီးဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ်မဖြစ်အောင် ပြုပြီးဖြစ်၏။ နောင်အခါ ဖြစ်ပေါ်ခြင်းသဘော မရှိတော့ပြီ၊ ထို့ကြောင့် ငါသည် ချမ်းသာစွာ ကျိန်းစက်ရ၏။”

မြတ်စွာဘုရားရှင် ဟောကြားတော်မူသော ဤ ဟတ္ထကသုတ္တန် ဒေသနာတော်အရဆိုလျှင် ရာဂ၊ ဒေါသ၊ မောဟကို အမြစ်အရင်းမှစ၍ အကြွင်းမဲ့ မပယ်ရသေးသောမင်း၊ ပုဏ္ဏား၊ သူဌေးသူကြွယ်စသည်တို့၏ စည်းစိမ်ချမ်းသာသည် ပူလောင်ခြင်းတို့ဖြင့် ပြည့်နှက်နေသောကြောင့် စစ်မှန်သော ချမ်းသာ စိတ်ချလက်ချအိပ်စက်၍ ရနိုင်သော ချမ်းသာမဟုတ်သေးပေ။

မှန်၏၊ ရာဂ၊ ဒေါသ၊ မောဟတို့ကို အကြွင်းမဲ့ မပယ်သတ်ရသေးသူသည် စည်းစိမ်ဥစ္စာ၊ ရွှေငွေရတနာ၊ တိုက်တာအဆောက်အအုံ၊ သားသမီး၊ ဆင်မြင်း၊ ခြွေရံသင်းပင်း ဘုန်းတန်ခိုး အာဏာတို့နှင့် မည်မျှကုံလုံ ပြည့်စုံစေကာမူ ပူလောင်ခြင်းတို့က တစ်နည်းနည်းဖြင့် နှိပ်စက်နေကြသောကြောင့် ထာဝရသုခ ချမ်းသာစစ် ချမ်းသာမှန်ကို မခံစားနိုင်ကြပေ။

ထိုထိုစည်းစိမ်ဥစ္စာနှင့် ဆက်စပ်သည့် ချမ်းသာသည် စစ်မှန်သော ချမ်းသာမဟုတ်ကြောင်း သုံးသပ်သိမြင်တော်မူကြသော ရှေးပညာရှိ သူတော်ကောင်းကြီးများသည် ထိုစည်းစိမ်ချမ်းသာတို့ကို စွန့်ခွာလျက် တောထွက်တော်မူခဲ့ကြသည်။ တောထွက်သည်ဆိုရာ၌ တောတောင်ကြီးထဲ ရောက်အောင်သွားမှ တောထွက်သည်ဟု မဆိုလို၊ အာရုံငါးပါး ကာမဂုဏ်တရားတို့ကို စွန့်ခွာ၍ ဆိတ်ငြိမ်ရာသို့ ကပ်လျက် တရားရှာဖွေခြင်းကိုလည်း တောထွက်သည်ဟု ဆိုနိုင်ပေသည်။

ဗာရာဏသီ သူဌေးကြီးနှင့် သူဌေးကတော်ကြီး သုဇာတာတို့၏သား ယသသတို့သားသည် သိမ်မွေ့ နူးညံ့သော စိတ်နှလုံးရှိ၍ မြောက်မြားစွာသော စည်းစိမ်ဥစ္စာ အခြွေအရံတို့နှင့်လည်း ပြည့်စုံသူဖြစ်၏။ သူသည် ရာသီ
စာမျက်နှာ-10


သုံးပါးတွင် စံနန်းသုံးဆောင်၌ အလှည့်ကျ စံမြန်းနေသည်၊ သူ့အား ပြုစုယုယ စောင့်ရှောက်ကြသူတို့မှာလည်း ယောက်ျား တစ်ဦးတစ်ယောက်မျှ မပါဘဲ တံခါးစောင့်မှအစ မိန်းမချော၊ မိန်းမလှတို့သာ ဖြစ်ကြ၏။

သူဌေးသား ယသသည် မိန်းမချော မိန်းမလှတို့၏ ဖျော်ဖြေယုယမှုကို စိတ်တိုင်းကျ ခံယူလျက် လွန်ကဲကြီးကျယ်စွာသော ကာမဂုဏ်ချမ်းသာကို နေ့ရှိသမျှ ခံစားနေလေသည်၊ မိန်းမချော မိန်းမလှတို့ကလည်း၊ ဆိုသူကဆို ကသူကက တီးသူကတီး ကလူကြည်စယ် ပြုသူကပြု ကိုယ်လက်နှိပ်နယ်ပေးသူကပေး ညုတုတုခရာတာတာ တီတီတာတာ ပြောသူကပြော ကိုယ်လက်နှီးနှောသူကနှီးနှော စသည်ဖြင့် ယသသတို့သားစိတ်ထဲ၌ အာရုံခံစားမှုကို ရိုးမသွားရအောင် တစ်မျိုးပြီး တစ်မျိုး တစ်ယောက်ပြီး တစ်ယောက် ကာမဂုဏ်ငန်းချလျက် အစွမ်းပြနေကြသည်။

ထိုသို့ ပြုစုယုယနေကြသည်ကား တစ်နေ့တစ်ရက်မျှသာမဟုတ် နေ့စဉ်လစဉ် ဖြစ်၏။ ယောက်ျားတို့မည်သည် ဝိသဘာဂ (ဆန့်ကျင်ဘက်) အာရုံဖြစ်သော အမျိုးသမီးတို့၏ အဖျော်အဖြေ အပြုအစု အယုအယတို့ကို ခံစားနေကြရလျှင် တင်းတိမ်အားရသည်ဟူ၍ မရှိပေ၊ ဝအီသွားသည်ဟူ၍ မရှိပေ။ အမျိုးသမီး အသစ်အသစ် ပြောင်းလဲတိုင်း အာရုံခံစားမှုများကလည်း အသစ်အသစ်သာ ဖြစ်လျက်ရှိချေသည်။

ယသသဌေးသားသည် ကာမဂုဏ်အာရုံတို့ကို နေ့ရှိသမျှ ခံစားလာရာ တစ်ခါတလေ တစ်ရက်တလေမျှ ငြီးငွေ့သည်ဟူ၍ မရှိခဲ့။ လောက၌ သန္ဓေဟူ၍ ဖြစ်လာခြင်းသည် ကာမဂုဏ်ချမ်းသာ ခံစားဖို့အတွက် သက်သက်သာ ဖြစ်ခဲ့သည်၊ ဖခင်သူဌေးကြီးကလည်း သားတော်မောင်ယသ အလိုရှိသမျှ ခံစားနိုင်ရန် လိုလေသေးမရှိ စီမံဖန်တီးပေးလေသည်၊ အဟောင်းတို့ဖြင့် မဝ မအီခင်မှာ အသစ်တို့ကို စီစဉ်ပေးထားလေသည်၊ မောင်ယသကား ဤမျှ ကြီးကျယ်ခမ်းနားသော ကာမဂုဏ် ချမ်းသာထဲ၌ နစ်မျောလျက် ရှိသည်။ ဆင်းရဲဒုက္ခဟူ၍ မရှိ တွေ့ကြုံခံစားရသမျှ အာရုံငါးပါး ကာမဂုဏ်တရားများ ပေါ်၌ ချမ်းသာ အထွတ်အထိပ်ဟု ထင်နေသည်၊ ယသသူဌေးသားသည် ပါရမီ မရင့်သေးမီကာလ ကာမဂုဏ်အဝဝတို့ကို ခံစားခဲ့သည်မှာ နှစ်လထာဝရ ကြာခဲ့လေပြီ။

တစ်နေ့သောအခါ ယသသူဌေးသား၏ ပါရမီဓာတ်ခံမှာ ရင့်သန်လာလေပြီ။ ထိုနေ့တွင်လည်း ခါတိုင်းနေ့များကဲ့သို့ပင် မိန်းမချော မိန်းမလှတို့၏ ဖျော်ဖြေ
စာမျက်နှာ-11


ပြုစုယုယမှုကို ခံယူလျက်ရှိသည်။ သို့သော် ခါတိုင်းနေ့များနှင့် မတူဘဲ စိတ်အာရုံထဲတွင် ထမင်းကိုမဆာဘဲ စားရဘိသကဲ့သို့ ကာမဂုဏ် ဝအီလာသည်၊ ငြီးစော် နံလာသည်၊ စိတ်ထဲတွင် တမျိုးတဖုံ ပြောင်းလဲလျက် ရှိသည်။ အမျိုးသမီးများကား ၎င်းတို့၏ တာဝန်များ လစ်ဟင်းမသွားရအောင် အမျိုးမျိုးကြံဆောင်လျက် ဖျော်ဖြေနေကြသည်။ အရှင့်မျက်နှာ မရွှင်သဖြင့် အခြားနေ့များကထက် ပို၍ တာဝန်ထမ်းဆောင်ကြလေသည်။ မောင်ယသသည် ထိုနေ့၌ မိန်းမလှတို့၏ ဖျော်ဖြေယုယမှုကို စိတ်မဝင်စားသဖြင့် စောစီးစွာ အိပ်ပျော်သွားခဲ့လေသည်။

အမျိုးသမီးများလည်း သူဌေးသား အိပ်ပျော်သွားပြီဖြစ်သဖြင့် ဖျော်ဖြေမှုကို ရပ်နားပြီး မိမိတို့၏ တူရိယာများကို ပိုက်သူပိုက်၊ ခေါင်းအုံးသူအုံးလျက် စိတ်ချလက်ချ အိပ်စက်ကြတော့သည်။ ခန်းမကြီး၏ အတွင်း၌ကား ဆီမီးများ ထိန်ထိန်လင်းလျက်ရှိနေပေသည်၊ ယသသူဌေးသားသည် ညဉ့်သန်းခေါင်ယံတွင် အိပ်ရာမှ နိုးလာရာ မောင်းမမိဿံ အခြွေအရံများ အိပ်စက်နေကြသည့် မြင်ကွင်းကို လင်းထိန်နေသော မီးရောင်အောက်တွင် တွေ့မြင်လိုက်ရတော့သည်၊ ဆံပင် ဖရိုဖရဲ ကြဲလျက် သရဲမများကဲ့သို့ ပါးစပ်ဟောင်းလောင်း အာပုပ်ရေ တတွေတွေစီးလျက် သွားကျိတ်ကာ ကယောင်ကတမ်း ယောင်ယမ်း ဟစ်အော်သူက ဟစ်အော်လျက် အချို့မှာ ဝတ်လစ်စလစ် ထုံးလုံးပက်လက် ကိုးရိုးကားရား အိပ်စက်နေကြသည်မှာ သုသာန်၌ စွန့်ပစ်ထားသော သူသေကောင် အလောင်းများနှင့် တူလှပေသည်။ ညဥ့်နက်သန်းခေါင် အချိန်တွင် သူသေကောင် စွန့်ပစ်ရာ သုသာန်တစပြင်သို့ ရောက်ရှိနေဘိသကဲ့သို့ ယသ ထင်မှတ်နေမိသည်။

ထိုအခါ မိမိရရှိခဲ့သော စည်းစိမ်ချမ်းသာကိုလည်းကောင်း မိမိခံစားခဲ့သော ကာမဂုဏ်ချမ်းသာကိုလည်းကောင်း ချမ်းသာတကာ၏ အထွတ်အထိပ်ဟု ထင်ခဲ့ခြင်းမှာ မှားလေစွ၊ ကာမချမ်းသာအပေါ် အပြစ်မြင်၍ ငြီးငွေ့လာသည်၊ တကယ့်ချမ်းသာ အစစ်မဟုတ်ဘဲ ဒုက္ခထုံး ဒုက္ခကြီးများ အသုဘ အပုပ်ကောင်များဟု မြင်လာသည်။ ထိုကာမဂုဏ်အာရုံများအပေါ် ငြီးငွေ့စိတ်များ တရိပ်ရိပ်ဖြစ်ပွားလာပြီး ကြီးစွာထိတ်လန့် တုန်လှုပ်လာသည်။ “ဥပဒ္ဒုတံ ဝတ၊ ဥပဿဋ္ဌံ ဝတ” —

အို....သူရောငါပါ ခပ်သိမ်းသော သတ္တဝါတို့၏ ခန္ဓာကိုယ်ဆိုး ဤဒုက္ခအိုးကြီးကို ကိလေသာ အမျိုးမျိုးတို့ ထိပါးနှိပ်စက်လျက် ရှိချေသည်တကား—

ဟု တွတ်တွတ် ရွတ်ဆိုနေမိသည်။
စာမျက်နှာ-12


မကြာလိုက်ပါချေ။ ယသသူဌေးသားသည် အိပ်ရာ ညောင်စောင်း လျောင်းစက်ရာမှထကာ ခြေနင်းကို စီးလျက် အိမ်တံခါးဝသို့ ထွက်လာခဲ့သည်။ အိမ်တံခါးမှသည် မြို့တံခါးဝသို့ ထွက်လာခဲ့သည်။ မြို့တံခါးသည် အဆင်သင့် ပွင့်နေ၍ ခရီးဆက်ခဲ့ရာ မိဂဒါဝုန်တောကြီးဆီသို့ စောစီးစွာ ဆိုက်ရောက်၍ မြတ်စွာဘုရားထံ၌ ရဟန်းပြုခဲ့သည်။ ဤကား ယသသူဌေးသား၏ ချမ်းသာစစ် ချမ်းသာမှန်ကို ရှာဖွေပုံ ဖြစ်ပါသည်။

လူ့လောကတွင် စည်းစိမ်ချမ်းသာ ကြီးမားသော လူတန်းစားနှစ်မျိုးရှိသည်။ ၎င်းတို့မှာ သူဌေးသူကြွယ် လူတန်းစားနှင့် (ဘုရင်မင်း) အုပ်စိုးသူ လူတန်းစားတို့ ဖြစ်လေသည်။ သူဌေးစည်းစိမ်သည် မင်းစည်းစိမ်နှင့် နှိုင်းစာလျှင် ပြည့်စုံမှု မရှိသေးဟု ဆိုရမည်။ အဘယ့်ကြောင့်ဆိုသော် သူဌေးကား ပစ္စည်းဥစ္စာသာ ပြည့်စုံ၍ အာဏာနှင့် မပြည့်စုံပေ၊ မင်းက အမိန့်ချမှတ်လျှင် လိုက်နာရသည်၊ အပြစ်ဒဏ်ခတ်လျှင် ခံရသည်။

မင်း၏ စည်းစိမ်ချမ်းသာကား လောကီလူသားတို့အတွက် အထွတ်အထိပ် ချမ်းသာဖြစ်လေသည်။ အာဏာသည်ငွေ အာဏာသည်ရွှေဖြစ်၍ ပစ္စည်းဥစ္စာကိုလည်း လိုသလို ရယူနိုင်သည်။ အခြားကာမဂုဏ် အာရုံတို့ကိုလည်း စိတ်ဆန္ဒ အတိုင်း ဖြစ်စေနိုင်သည်။ မိမိပိုင်စိုးသော တိုင်းပြည်နိုင်ငံတွင် မိမိကြိုက်သလို စီစဉ်ဖန်တီးနိုင်သည်။ လူတစ်ယောက်ကိုလည်း သေဆိုသေ၊ နေဆိုနေ၊ သွားဆို သွား၊ လာဆိုလာ၊ လိုရာကို အမိန့်ပေးနိုင်သည်။ ဘုရင်မင်းတို့၏ စည်းစိမ်ချမ်းသာသည် ပစ္စည်းဥစ္စာကိုသာမက အာဏာကိုပါ ပိုင်စိုးထားသဖြင့် သူဌေးသူကြွယ်တို့၏ စည်းစိမ်ချမ်းသာထက် အဆရာထောင်မက သာလွန်လေသည်။

သို့သော် ရှေးရှေးဘုရားအလောင်း မင်းကောင်းမင်းမြတ်များသည် ဤမျှ ကြီးကျယ်ခမ်းနားသော မင်းစည်းစိမ် လောကီအာရုံ ကာမဂုဏ်ချမ်းသာများကို စိတ်တိုင်းကျ ခံစားနေစဉ်မှာပင် ထိုမင်းစည်းစိမ်၏ အပြစ်များကို ရှုမြင်သုံးသပ်မိပြီး ထိုထိုစည်းစိမ် ချမ်းသာများကို စွန့်ခွာ၍ ဆိတ်ငြိမ်ရာတောအရပ်သို့ ခိုမှီး ကပ်ရောက်ခဲ့ကြသည်။ ယင်းသို့ တောထွက်ခဲ့ကြသော မင်းများထဲတွင် တေမိမင်း၊ နေမိမင်း၊ မဟာဇနကမင်း စသည့် ဘုရားအလောင်း မင်းကောင်း မင်းမြတ်များ ပါဝင်ကြသည်။

ချမ်းသာရရန် ဆင်းရဲခံ

လောက၌ ချမ်းသာစည်းစိမ်ကို ပစ္စည်းဥစ္စာဖြင့်သာ ခံစားရယူနိုင်သည်။ ယင်းပစ္စည်းဥစ္စာကို ရရှိရန် ဆင်းရဲဒုက္ခကို အရင်းတည်ကြရသည်။ လယ်သမားသည် ကောက်ပဲသီးနှံ ရရှိရန် ရွှံ့ထဲ ရေထဲ မိုးစိုထဲ၌လည်းကောင်း၊ နေပူကျဲကျဲ၌
စာမျက်နှာ-13


လည်းကောင်း ဖုံတထောင်းထောင်း လှည်းလမ်းကြောင်း၌ လည်းကောင်း မြက်ချို ဆူးချုံများအကြား တိုးဝှေ့၍ မြွေမှန်းမသိ၊ ကင်းမှန်းမသိ နွားနှင့် ဖက်ကာ ကြုံးရုန်းရသည်၊ ပန်းရန်သမား လက်သမားများသည် နေပူမရှောင် မိုးရွာမရှောင် အခေါင်အဖျားတက်၍ လုပ်ကိုင်ကြရသည်။ ကုန်သည်ပွဲစားများသည် နေ့ညမဟူ ထမင်းမှန်းမသိ ဟင်းမှန်းမသိ ရောင်းဝယ် ဖောက်ကား ကြရသည်၊ သတ္တုတွင်း ကျောက်မီးသွေးတွင်းနှင့် အိုးလုပ် မြေတူးသူများသည် အသူတစ်ရာ နက်ရှိုင်းသော မြေအောက်တွင် ဆင်းသက်ကာ တူးဆွကြရသည်၊ ရေလုပ်သားများသည် အဏ္ဏဝါရေပြင်ကျယ်ဝယ် မိုးဒဏ် လေဒဏ် လှိုင်းဒဏ် ပြင်းထန်လှသည့် မုန်တိုင်းကြား၌ လုပ်ကိုင်ရှာဖွေကြရသည်၊ မိကျောင်းရန် ငါးမန်းရန်တို့ကို ရင်ဆိုင်လျက် စီးပွားဥစ္စာ ရှာကြရသည်။ လုံခြုံရေးဝန်ထမ်းများသည် အသက်ကို အရင်းတည်ကာ သေမင်းကို ရင်ဆိုင်လျက် ရန်သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်၍ တာဝန်ထမ်းဆောင်ကြရသည်။

ဤသို့ စသည်ဖြင့် လောကီစည်းစိမ် ခံစားစံစားနိုင်ရန်အတွက် ဒုက္ခကို အရင်းတည်ကြရသည်၊ ပျားရည်တစ်စက် လျှက်ခွင့်ရရန် တမာရည်တစ်အိုးကို သောက်ကြရသည်။ အလွယ်ဆုံးဥပမာ ထုတ်ဆောင်ရပါမူ လျှာပေါ်မြက်မြက် တစ်မနက်စာ စားနိုင်ရန်အတွက် ငွေရှာရခြင်းဒုက္ခ ငွေရှိပြီးသည့်နောက်တွင် ဈေးသွား၍ ဟင်းသီးဟင်းရွက်ဟင်းလျာဝယ်ခြမ်းရခြင်းဒုက္ခ၊ ဟင်းလျာတစ်ခွက် ချက်ပြုတ်ရန်အရေး ငရုတ် ကြက်သွန် ဂျင်းထောင်းထုရခြင်း၊ ဟင်းလျာကို ခုတ်ထစ် လှီးရခြင်း၊ ထောင်းထု ဆုပ်နယ်ရခြင်း၊ အရေခွံ ခွာ အရိုးသင်ရခြင်း၊ မီးညှိရခြင်း၊ မီးခိုးခံရခြင်း၊ ဟင်းနံ့၊ ညှော်နံ့ခံရခြင်း၊ မီးအပူဒဏ်ခံလျက် ချွေးတလုံးလုံးဖြင့် ချက်ပြုတ်ရခြင်း၊ အိုးခွက် ပန်းကန် ဆေးကြောသုတ်သင်ရခြင်း စသော လုပ်အားစိုက်ထုတ်မှုများကို လျှာပေါ်မှာ မျက်ခနဲ တစ်ချက်မျှ အရသာ ခံလိုကဲရခြင်းနှင့် နှိုင်းချိန်လိုက်ပါက ရရှိလိုက်သော ချမ်းသာသုခသည် မတန်ဟု ဆိုရပေမည်။ ဤမျှ ဒုက္ခခံကာ ချက်ပြုတ်ရသော ဟင်းတစ်ခွက်ကို ဟင်းချက်သူသည် စားချင်စိတ်ပင် မရှိတော့၊ စိတ်ကုန်သွားတော့သည်။

ထို့ကြောင့် လောကီစည်းစိမ်ချမ်းသာများသည် အဆမတန် ဒုက္ခကို ရင်းနှီး စိုက်ထုတ်ရသောကြောင့် ချမ်းသာသုခဟု မခေါ်သင့်ပေ။ ထို့ပြင် ခံစား စံစားရရှိသော ချမ်းသာသုခများလည်း ရေပွက်ပမာ တစ်သက်လျာ တစ်ခဏတာမျှသာ ဖြစ်သည်။ သက်တမ်းအလွန်တိုတောင်း၍ လျှပ်တပြက်အတွင်းမှာပင် ဖောက်ပြန် ပျက်စီးသွားသည်။ ထိုသို့ ဖောက်ပြန် ပျက်စီးသွားသည့်အခါ အငမ်းမရ တမ်းတလျက် ပူဆွေးငိုကြွေးရသည်။

တစ်ဖန် လောကီစည်းစိမ်ချမ်းသာ ခံစားမှုသည် ခံစားနေစဉ် အခိုက်အတန့်မှာလည်း မလှုပ်မယှက် ငြိမ်ငြိမ်သက်သက် ကြောင့်ကြမဲ့နေ၍မရ၊ မရပ်မနား
စာမျက်နှာ-14


လှုပ်ရှားပေးမှ အရသာပေါ်သည်။ ကြောင့်ကြဗျာပါရစိုက်ထုတ်နေမှသာလျှင် အရသာပေါ်နိုင်သည်။ ဥပမာ- အလွန်ကောင်းမွန်သည့် ဟင်းလျာတစ်တုံးကို လျှာပေါ်တွင် တင်ထားပြီး မလှုပ်မယှက် ငြိမ်သက်စွာနေပါက ဘာအရသာမျှ ပေါ်မည်မဟုတ်၊ သွားဖြင့် ကြိတ်ချေဝါးပေးပြီး လျှာကို လူးလဲတွန်းထိုးလျက် ထမြုံ့ပြု ဝါးစားမှသာလျှင် အရသာ ပေါ်နိုင်သည်။

အလွန်လှပသည့် ပန်းချီကားတစ်ချပ်ကို ကြည့်ရှုရာ၌ ပန်းချီကား၏ အပ်တစ်ထောက်စာ တစ်နေရာမျှကိုသာ စူးစိုက်ကြည့်ရှုနေပါက ပန်းချီကား၏ အလှအရသာကို မခံစားနိုင်ချေ။ ပန်းချီကားကို ကြည့်ရာ၌ အထက်မှအောက်၊ အောက်မှ အထက်၊ ဘယ်ပြန်ညာပြန်၊ ကူးချီ သန်းချီ ရွေ့လျားကြည့်ရှုမှသာလျှင် ပန်းချီကား၏ အလှအရသာနှင့် သာယာမှုကို ခံစားနိုင်ပေသည်။

အလားတူပင် အသံအရသာကို ခံစားရာ၌ ငါးပေါက်သံ တစ်မျိုးတည်း၊ (သို့မဟုတ်) ခုနစ်သံချီ တစ်မျိုးတည်းကိုသာ တောက်လျှောက် အဆက်မပြတ် နားထောင်နေရပါက ဘာအရသာမျှ မပေါ်ဘဲ ငြီးငွေ့လာပေလိမ့်မည်။ ထို့ကြောင့် အသံကို ဘယ်သံ၊ ညာသံ ပြောင်းရသည်။ တက်သံ၊ သက်သံ၊ နိမ့်သံ၊ မြင့်သံ၊ သံတို၊ သံရှည်၊ သံသေး၊ သံကြောင်၊ သံဝါ၊ သံဩ၊ သံစုံနှောပေးရသည်။ နှဲသံ၊ တယောသံကို သံရှည်၊ ဗုံသံ၊ ပတ်သံနှင့် ဝါးသံကို သံတို သံပြတ်၊ မောင်းသံ၊ ကြေးသံနှင့် စည်သံကို သံလတ်၊ ယင်းအသံများကို ရောနှောပေါင်းစပ်ပေးသည့် လင်းကွင်းသံ ဤကဲ့သို့ အသံမျိုးစုံလင်စွာ ဖန်တီးပေးသည့်အခါ သောတအာရုံ ခံစားသည့် စိတ်ဝိညာဉ်သည် အသံတစ်ခုမှ တစ်ခုသို့၊ အသံတစ်မျိုးမှ တစ်မျိုးသို့ လူးလာခေါက်တုံ ပြေးလွှားကာ ပျော်ရွှင်စွာ အရသာ ခံစားနိုင်လေသည်။

လောကီကာမဂုဏ် စည်းစိမ်ချမ်းသာ မှန်သမျှသည် ကြောင့်ကြဗျာပါရ စိုက်ထုတ်၍ အရသာခံရသည်။ မလှုပ်မယှက် ငြိမ်သက်စွာ ခံစား၍ မရနိုင်၊ အသစ်အဆန်း အပြောင်းအလဲ ပြုလုပ်မပေးပါက ဝလွယ်အီလွယ် ငြီးငွေ့ စိတ်ကုန်ဖွယ် ဖြစ်သည်။

ကောင်းလှပါသည် ဆိုသော အစာအာဟာရကို တစ်နာရီပြည့်အောင်ပင် စားနိုင်မည်မဟုတ်ပေ။ ဗိုက်ပြည့်လျက် ဆက်စားနေလျှင် အန်ချင်လာပေမည်။ ဝအီလာ၍ ထမင်းပန်းကန်၊ ဟင်းပန်းကန်ကိုပင် မကြည့်ချင်တော့ချေ။ ထို့အတူ အလွန်ကောင်းလှပါသည်ဆိုသော ရုပ်ရှင်ကား၊ ဇာတ်၊ ဝတ္ထု၊ အလွန်ချောလွန်းလှပါသည်ဆိုသော မိန်းကလေးကို မည်မျှကြာကြာ ကြည့်ရှု၍ အာရုံခံစားနိုင်မည်နည်း။ ကြည့်ရှုခံစား၍ မကြာမီမှာပင် အပေါ့အလေး သွားချင်လာသည်။ ညောင်းညာကိုက်ခဲမှုနှင့် မျက်စိပြာဝေမှုများ ဖြစ်လာတတ်သည်။ ဇာတ်ကားတစ်ခုကို ၁၀-ခါပြန် ကြည့်နိုင်ပါမည်လော၊ ဝတ္ထုတစ်ပုဒ်ကို ၁၀-ခါ ထပ်ဖတ်နိုင်ပါမည်လော၊ ငြီးငွေ့လာပေမည်။ ပထမတစ်ကြိမ်တွင် “အမလေး
စာမျက်နှာ-15


ကောင်းလိုက်တာ၊ ထိုင်ရာကတောင် မထချင်ဘူး၊ လက်ကတောင် မချချင်ဘူး” ဟု ဆိုခဲ့သော ဝတ္ထုတစ်ပုဒ်ကို ကျောင်းသုံးပြဋ္ဌာန်း၍ အလွတ်ကျက်ခိုင်းသောအခါ ကျောင်းသားများသည် ယင်းစာအုပ်ကို ကိုင်၍မျှ မကြည့်လိုတော့ချေ။

ဤမျှပြဆိုပါက လောကီစည်းစိမ် (ကာမဂုဏ်ချမ်းသာ) သည် ခံစားနေသည့် အခိုက်အတန့်မှာပင် တည်ငြိမ်မှုမရှိ လှုပ်လှုပ်ချောက်ချားမှု ရှိနေကြောင်း၊ အခိုက်အတန့်မျှသာဖြစ်၍ ကြာရှည်မတည်နိုင်ကြောင်း သိသာ ထင်ရှားပေသည်။

ထို့ကြောင့် လောကီစည်းစိမ် ချမ်းသာ(ဝါ) ကာမဂုဏ်ချမ်းသာ ဟူသည် မခံစားရမီကပင် လုံ့လစိုက်ထုတ်မှု၊ ပင်ပန်းဆင်းရဲမှု အဆမတန် အရင်းတည်ခဲ့ရသောကြောင့် လည်းကောင်း၊ ခံစားခွင့်ရပြန်သော်လည်း လျှပ်တပြက်မျှသာ အချိန်တိုတောင်းစွာ ခံစားရသောကြောင့် လည်းကောင်း၊ ဖောက်ပြန်ပျက်စီး ပျောက်ကွယ်သွားတတ်သောကြောင့် လည်းကောင်း၊ ခံစားနေသည့် အခိုက်အတန့်တွင်လည်း မငြိမ်မသက် လှုပ်လှုပ်ချောက်ချားနေသောကြောင့် လည်းကောင်း၊ သူတစ်ပါးတို့ အနိုင်အထက် လုယက်မယူနိုင်စေရန် လုံခြုံစွာ သိမ်းဆည်းရခြင်း၊ ကာကွယ်စောင့်ရှောက်ရခြင်း ဒုက္ခနှင့် ယှဉ်တွဲနေသောကြောင့် လည်းကောင်း မပြောပလောက်သော ချမ်းသာသုခ အမျိုးအစား ဖြစ်သည်။ အထင်ကြီးစရာမရှိသော ချမ်းသာသုခဖြစ်သည်။ စဉ်းစားဉာဏ် မရှိသည့် အရူးအပေါများသာလျှင် ဤချမ်းသာမျိုးကို လိုချင်ပေလိမ့်မည်။ အသိဉာဏ်ကြီးမားသော ပုဂ္ဂိုလ်များမှာမူ ကာမဂုဏ်ချမ်းသာထက် အဆင့်မြင့်သော ဈာန်ချမ်းသာ၊ သမာပတ်ချမ်းသာကို ရရှိရန် ကြိုးပမ်းကြပေလိမ့်မည်။

ချမ်းသာရရန် ချမ်းသာအရင်းခံ

လွန်ခဲ့သော နှစ်ပေါင်း (၂၅၀၀) ကျော်က မာဂဓတိုင်း ရာဇဂြိုဟ်ပြည်တွင် ဗုဒ္ဓမြတ်စွာဘုရားနှင့် တိတ္ထိပရိဗိုဇ်များ ချမ်းသာသုခရရှိရန် နည်းလမ်း အငြင်းပွားခဲ့ကြဖူးသည်။ တိတ္ထိပရိဗိုဇ်များက ဤသို့ ဆိုကြသည်။ အနာခံမှ အသာစံရမည်၊ ဒုက္ခခံမှ သုခရနိုင်မည်။ ဒုက္ခ၏ အဆုံး၌ သုခရှိသည်။ ထို့ကြောင့် ဒုက္ခများ ကုန်ဆုံးသွားစေရန် တစ်ပြိုင်နက်တည်း အပြီးအစီး ဒုက္ခခံရမည်။ ပူလောင်ခြင်းဆင်းရဲကို ကုန်ခန်းသွားစေရန် မွန်းတည့်နေရှိန်ရှိန်အောက်တွင် မီးပုံ ၄-ပုံ အလယ်၌ရပ်လျက် နေကိုကြည့်ပြီး အပူဒဏ် အပြည့်အဝ ခံစားရမည်။ အပူဒဏ်ကို တစ်ခါတည်းစု၍ ခံစားလိုက်သဖြင့် ပူလောင်မှုဒုက္ခ ကုန်ဆုံးသွားတော့မည်ဟု ဆိုသည်။ ချမ်းအေးမှုဒုက္ခများ ကုန်ဆုံးစေရန်အတွက် ပြာသိုလ နံနက်စောစော ရေချိုး ရေငုပ်ရမည်။ နာကျင်မှုဒုက္ခများ
စာမျက်နှာ-16


ကုန်ဆုံးစေရန်အတွက် ဆံပင်ကို သင်တုန်းဓားဖြင့် မရိတ်ရ၊ ထန်းစေ့မှုတ်ဖြင့် ဆံပင်တစ်ပင်ချင်းညှပ်၍ နုတ်ရမည်။ ဆံပင်တစ်သိန်းနုတ်ပြီးပါက နာကျင်မှုဒုက္ခ တစ်သိန်း ခံစားပြီးဖြစ်သည်။ ထို့နောက် သံဆူးချွန်တစ်ထောင်ပေါ်တွင် အိပ်လျက် ဆူးချွန်တစ်ထောင်မှ နာကျင်မှုဒုက္ခတစ်ထောင်ကို တစ်ပြိုင်နက် ခံစားရမည်။ ဤကဲ့သို့ ဒုက္ခအမြောက်အမြား တစ်စုတစ်ဝေးတည်း တစ်ပြိုင်နက် ခံစားလိုက်ပါက အတိတ်ဘဝမှ ဝဋ်ကြွေးဒုက္ခအားလုံး ကုန်ဆုံးသွားပြီး ချမ်းသာသုခ အတိဖြစ်သော နိဗ္ဗာန်ချမ်းသာကို ရရှိနိုင်သည်ဟု ပရိဗိုဇ်ဆရာကြီးများက ဟောပြောကြသည်။ ကျင့်ကြံကြသည်။

ထိုအယူဝါဒ မမှန်ကြောင်းကို မြတ်စွာဘုရားရှင်က ဆင်ခြင်တုံတရားဖြင့် စိစစ်ပြခဲ့သည်။ ထိုပရိဗိုဇ် ဆရာကြီးများနှင့် တွေ့ဆုံကာ မေးမြန်းခဲ့သည်။ “အသင်တို့သည် အတိတ်ဘဝမှ တင်ရှိခဲ့သော ဒုက္ခဝဋ်ကြွေးများသည် မည်ရွှေ့မည်မျှ ပမာဏရှိသည်ဟု ရေတွက်ပြနိုင်ပါသလော။ တစ်တင်းစာ ရှိခဲ့သလော၊ တစ်ခွဲစာ ရှိခဲ့သလော၊ သို့မဟုတ် တစ်ပိဿာ နှစ်ပိဿာ ရှိခဲ့သလော၊ သို့မဟုတ် ဒုက္ခအရေအတွက်တစ်သိန်းရှိခဲ့သလော၊ တစ်သန်းရှိခဲ့သလော” ဟု မေးမြန်းသောအခါ ဒုက္ခမည်ရွှေ့မည်မျှ ရှိခဲ့သည်ဟု မသိကြပါဟု ဖြေဆိုသည်။ တစ်ဖန် မည်မျှသော ဒုက္ခကို ခံစားပြီးနေပြီး ဒုက္ခလက်ကျန် မည်မျှရှိသနည်းဟု မေးသောအခါတွင်လည်း “မသိပါ” ဟု ဖြေဆိုကြပါသည်။ ထိုကဲ့သို့ မူလရှိခဲ့သော ဒုက္ခပမာဏကိုလည်း မသိ၊ ခံစားပြီးသော ဒုက္ခပမာဏကိုလည်း မသိ၊ ခံစားရန် ကျန်ရှိနေသေးသော ဒုက္ခ၏ ပမာဏကိုလည်း မသိဟု ဆိုပါက “သင်တို့၏ အကျင့်လမ်းစဉ်သည် မသိဘဲလျက် ကျင့်နေကြရသည့် လမ်းစဉ်ဖြစ်၍ အံ့ဩစရာ ကောင်းပါပေ၏” ဟု အပြစ်တင်တော်မူသည်။

ထိုအခါ တိတ္ထိပရိဗိုဇ်များက “ရှင်ဂေါတမကား ချမ်းသာသုခ ရရှိရန် ဘာကိုအရင်းတည်မည်နည်း” ဟု မေးကြသည်။ မြတ်စွာဘုရားရှင်က “ချမ်းသာသုခ ရရှိဖို့ရန် ချမ်းသာသုခကိုပင် အရင်းတည်ရပေမည်။ ဤကဲ့သို့ ချမ်းသာသုခကို အရင်းတည်မှသာလျှင် တစ်ဆင့်ထက်တစ်ဆင့် မြင့်သောချမ်းသာသုခကို ရရှိခံစားနိုင်မည်” ဟု ဖြေဆိုတော်မူသည်။ ထိုစကားမှန်၏၊ ပထမဈာန် ချမ်းသာရရှိရန် ဥပစာရသမာဓိနှင့် ယှဉ်တွဲနေသော ချမ်းသာသုခကို အရင်းတည်ရမည်။ တစ်ဖန် ပထမဈာန်ချမ်းသာကို အရင်းခံ၍ ဒုတိယဈာန်ချမ်းသာကို အရယူနိုင်သည်။ ဒုတိယဈာန်ချမ်းသာကို အရင်းတည်၍ တတိယဈာန်ချမ်းသာကို ရနိုင်သည်။ တတိယဈာန်ချမ်းသာကို အရင်းတည်မှသာ စတုတ္ထဈာန်ချမ်းသာကို ရရှိခံစားနိုင်မည်။ ဤကဲ့သို့ ချမ်းသာအဆင့်ဆင့် မြင့်တက်နိုင်သည့် ဈာန်ချမ်းသာအကြောင်းကို မသိရှာကြသော တိတ္ထိပရိဗိုဇ်များသည် အပြန်အလှန်...
စာမျက်နှာ-17


မေးခွန်းထုတ်ကြသည်။ ရှင်ကြီးဂေါတမဆိုသည့်အတိုင်း ချမ်းသာကိုအရင်းခံ၍ ချမ်းသာရနိုင်သည် ဆိုပါက ဤလောက၌ ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်းသည် အချမ်းသာဆုံးဖြစ်ပေလိမ့်မည်။ ရှင်ကြီးဂေါတမမှာ စည်းစိမ်ဥစ္စာ ချို့တဲ့သူဖြစ်၍ ဗိမ္ဗိသာရမင်းကြီးလောက် ကြီးကျယ်သော ချမ်းသာကို မရနိုင်ဘဲ ရှိလိမ့်မည်ဟု ဆိုကြသည်။ ထိုအခါ မြတ်စွာဘုရားရှင်က “သင်တို့၏ ဘုရင်ဗိမ္ဗိသာရမင်းကြီးသည် ငါကဲ့သို့ (၇) ရက်တိုင်တိုင် မလှုပ်မယှက် ငြိမ်သက်စွာ ချမ်းသာသုခကို ခံစားနိုင်ပါမည်လော” ဟူသော အမေးဖြင့် တစ်ခါတည်း နှုတ်ဆိတ်သွားစေခဲ့သည်။ မှန်ပေသည်။ ဗိမ္ဗိသာရမင်းကြီးသည် အလွန်ကောင်းလှပါသည်ဟူသော ဟင်းလျာတစ်ခုကို (၇) ရက်တိုင်တိုင် တစ်ထိုင်တည်း တစ်ဆက်တည်း မစားနိုင်ပေ၊ (၇) ရက် မဆိုထားဘိ တစ်နာရီပြည့်အောင်ပင် စားနေနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ဗိမ္ဗိသာရမင်းကြီး၏ စည်းစိမ်ချမ်းသာသည် ဈာန်ချမ်းသာ၏ (၁၆) စိတ် တစ်စိတ်စာမျှပင် မရှိဟု ဆိုရပေမည်။ (စူဠဒုက္ခက္ခန္ဓသုတ်၊ မ-၁)

ဈာန်ချမ်းသာ

ဈာန်ချမ်းသာသည် ကာမဂုဏ်ချမ်းသာကဲ့သို့ အချိန်တိုအတွင်း ဖောက်ပြန် ပျက်စီး ပျောက်ကွယ်သွားခြင်း မရှိ။ သမာဓိစွမ်းအားအလျောက် တစ်နာရီ၊ နှစ်နာရီ စသည် တောက်လျှောက် ချမ်းသာသုခကို ခံစားနိုင်၏။ ဘုရားရဟန္တာများမှာမူ (၇) ရက်တိုင်တိုင် ဈာန်ချမ်းသာကို အဆက်မပြတ် တောက်လျှောက် ခံစားနိုင်ကြ၏။ ထို့ကြောင့် ဈာန်ချမ်းသာသည် လောကီဈာန်နှင့် စပ်လျဉ်း၍ လောကီချမ်းသာ ဖြစ်သော်လည်း ကာမဂုဏ်ချမ်းသာထက် ခံစားခွင့် အချိန်ကာလ ပိုမိုရှည်ကြာမှုရှိသည်။

ထို့ပြင် ဈာန်ချမ်းသာကို ခံစားနေရသည့်အချိန်၌ မငြိမ်မသက် လှုပ်လှုပ်ချောက်ချားမှု မရှိ။ မလှုပ်မယှက် ငြိမ်သက်စွာ ခံစားနိုင်သည်။

တစ်ဖန် ကာမဂုဏ်ချမ်းသာကို ခံစားရာ၌ ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းမျှသာ အရသာကို သိရှိ ခံစားနိုင်သည်။ အစားအသောက် အရသာကို ခံတွင်းနှင့် လည်ချောင်းတစ်ဝိုက်မှာသာ ခံစားရသည်။ တစ်ကိုယ်လုံးသို့ ပျံ့နှံ့စိမ့်ဝင်ခြင်း မရှိ။ ဈာန်ချမ်းသာမှာမူ ဆံပင်ဖျားမှ ခြေဖျား၊ လက်ဖျား၊ လက်သည်းဖျားအထိ မကျန် ချမ်းသာမှုဖြင့် စိမ့်ဝင်ပျံ့နှံ့ ထိတွေ့ ခံစားရသည်။ တစ်ကိုယ်လုံး ဈာန်ချမ်းသာဖြင့် မထိမတွေ့ မနှံ့သော အစိတ်အပိုင်းဟူ၍ မရှိ။ ဥပမာအားဖြင့် ရေထဲ၌ ငုပ်နေသူတစ်ဦးမှာ ရေနှင့်မထိမတွေ့သော ကိုယ်အင်္ဂါအစိတ်အပိုင်း
စာမျက်နှာ-18


မကျန်သကဲ့သို့ ဈာန်ချမ်းသာနှင့် မထိမတွေ့သော ကိုယ်အင်္ဂါအစိတ်အပိုင်း မကျန်ရှိချေ။ ဤဈာန်ချမ်းသာကို ထိတွေ့ ခံစားဖူးသူများ အနေဖြင့် ဈာန်ချမ်းသာသည် ကာမဂုဏ်ချမ်းသာထက် အဆ အရာအထောင် သာလွန်ကြောင်း ကိုယ်တွေ့ သက်သေခံနိုင်ကြသည်။

ဈာန်ချမ်းသာ၌ နှစ်သက်မှု ပီတိ ပူးတွဲပါဝင်နေသည်။ ဤပီတိသည် စိတ်စေတသိက် ယှဉ်ဖက်တရားအားလုံးကို နှစ်သက်ကြည်နူးစေလျက် ယင်းစိတ်စေတသိက်များကြောင့် ဖြစ်ပေါ်လာသည့် ရုပ်မှုန့်များ၊ ရုပ်ကလာပ်များသည် တစ်ကိုယ်လုံးသို့ ပျံ့နှံ့စိမ့်ဝင်သွားသဖြင့် ကြည်နူးရွှင်ပြမှုပီတိ၏ အရှိန်အဟုန်သည် ဆံပင်ဖျားမှ ခြေသည်း လက်သည်းဖျားအထိ စိမ့်ဝင် ပျံ့နှံ့သွားခြင်း ဖြစ်သည်။ ယင်းကြည်နူးရွှင်ပြမှုပီတိသည် အရှိန်အဟုန် ပြင်းထန်၍ စွမ်းအား ကြီးမားလှသဖြင့် ခံစားရမှုမှာလည်း အရှိန်အဟုန် ပြင်းထန်သည်။ တစ်ကြိမ် တွေ့ထိခံစားဖူးပါက မမေ့နိုင်အောင် ဖြစ်ရတော့သည်။ ကြီးကျယ်မွန်မြတ်သော ချမ်းသာသုခ ဖြစ်ပါပေသည်။
စာမျက်နှာ-19


အခန်း (၂)

ဈာန်လမ်းစဉ်

ဈာန်ချမ်းသာအကြောင်းကို သိရှိပြီးနောက် ထိုဈာန်ချမ်းသာကို ခံစားလိုသော် ဈာန်ရအောင် မည်သို့ပြုလုပ်ရမည်၊ မည်သည့်တရားများကို ပွားများအားထုတ်ရမည်ကို သိရှိရန် လိုအပ်ပေသည်။ ပြဆိုအပ်ပြီးသော ဈာန်ချမ်းသာသည် လွယ်လွယ်ကူကူနှင့် ရနိုင်သော တရားမျိုး မဟုတ်ပေ။ ကမ္မဋ္ဌာန်း တရားများကို လုံ့လစိုက်ထုတ်၍ ကြိုးကုတ် အားထုတ်ပွားများမှသာလျှင် ရရှိနိုင်သော တရားမျိုးဖြစ်ပေသည်။

ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ အနှစ်သာရ၊ (သို့မဟုတ်) နောက်ဆုံး ပန်းတိုင်ကား “နိဗ္ဗာန်” ဖြစ်၏။ ထိုနိဗ္ဗာန်သို့ သွားရောက်ရာ လမ်းနှစ်သွယ် ရှိလေသည်။ ၎င်းတို့မှာ—

ဈာန်ယာဉ်စီး၍ သွားသော “သမထယာနိက” လမ်း၊
ဝိပဿနာယာဉ်စီး၍ သွားသော (သို့မဟုတ်) ဉာဏ်ယာဉ်စီး၍ သွားသော “ဝိပဿနာယာနိက” လမ်းတို့ ဖြစ်သည်။

နိဗ္ဗာန်သို့ သွားရာတွင် သမထယာနိကလမ်း၊ ဝိပဿနာယာနိကလမ်းဟု လမ်းနှစ်သွယ်ရှိသကဲ့သို့ ထိုလမ်းစဉ်အရ ကျင့်ကြံ အားထုတ်ရမည့် ကမ္မဋ္ဌာန်း တရားများသည်လည်း သမထကမ္မဋ္ဌာန်း၊ ဝိပဿနာကမ္မဋ္ဌာန်း ဟူ၍ နှစ်မျိုး ရှိပြန်၏။

ထိုနှစ်မျိုးအနက် သမထကမ္မဋ္ဌာန်းသည် ၄၀ ရှိသည်—

ကသိုဏ်း — ၁၀ ပါး
အသုဘ — ၁၀ ပါး
အနုဿတိ — ၁၀ ပါး
အပ္ပမညာ — ၄ ပါး
အာဟာရပဋိကူလသညာ — ၁ ပါး
စတုဓာတုဝဝတ္ထာန် — ၁ ပါး
အရူပ — ၄ ပါး
စုစုပေါင်း ၄၀ ဖြစ်သည်။
စာမျက်နှာ-20


ကသိုဏ်း ၁၀ ပါး

ယင်း သမထကမ္မဋ္ဌာန်း ၄၀ အနက် ရှေးဦးစွာ ကသိုဏ်း ၁၀ ပါးကို ဖော်ပြပါဦးမည်။

ကသိဏ ဟူသောပါဠိကို ကသိုဏ်း ဟု မြန်မာမှုပြုထားခြင်းဖြစ်၏။ ကသိဏသည် “အလုံးစုံ” ဟူသော အနက်ကို ဟော၏။ ကမ္မဋ္ဌာန်းရှုသော ပုဂ္ဂိုလ်သည် ကသိုဏ်းဝန်းတစ်ခုလုံးကို တစ်ပြိုင်နက် ထင်မြင်အောင် ရှုကြည့်ရမည်။ တစ်စိတ်တစ်ပိုင်းကိုသာ ရှုကြည့်မှု မပြုရဟု ဆိုလိုသည်။ ကသိုဏ်း ၁၀ ပါး ရေတွက်ပုံမှာ အောက်ပါအတိုင်း ဖြစ်သည်—

ပထဝီကသိုဏ်း = မြေကသိုဏ်း
အာပေါကသိုဏ်း = ရေကသိုဏ်း
တေဇောကသိုဏ်း = မီးကသိုဏ်း
ဝါယောကသိုဏ်း = လေကသိုဏ်း
နီလကသိုဏ်း = ညိုပြာရောင်ကသိုဏ်း
ပီတကသိုဏ်း = ရွှေဝါရောင်ကသိုဏ်း
လောဟိတကသိုဏ်း = အနီရောင်ကသိုဏ်း
ဩဒါတကသိုဏ်း = အဖြူရောင်ကသိုဏ်း
အာကာသကသိုဏ်း = ကောင်းကင် (ဟင်းလင်းပေါက်) ကသိုဏ်း
အာလောကကသိုဏ်း = အလင်းရောင် ကသိုဏ်း

အသုဘ ၁၀ ပါး

မတင့်မတယ် ရွံရှာစက်ဆုပ်ဖွယ် အလောင်းကောင်ကို အသုဘ ဟု ခေါ်၍ ယင်း အသုဘ ၁၀ မျိုးကို ရေတွက်ပြပါဦးမည်—

ဥဒ္ဓုမာတကအသုဘ = သေပြီးနောက် နှစ်ရက်သုံးရက်အကူး ဖူးဖူးရောင်ပုပ် စက်ဆုပ်ဖွယ်ရာ အလောင်းကောင်
(စာကိုယ်တွင် ဥဒ္ဓုမာဟု ပါသော်လည်း ပါဠိရင်းမှာ ဥဒ္ဓုမာတက ဖြစ်သည်)
စာမျက်နှာ-21


ဝိနီလကအသုဘ = သုံးရက်ကျော်မြောက် လေးရက်ရောက်၌ အသားများရာ၌ နီ၊ ပြည်စုရာ၌ ဖြူလျက် နီဖြူသဘော ရောနှောစပ်တဲ့ ညိုမဲမဲပုပ် စက်ဆုပ်ဖွယ်ရာ အလောင်းကောင်
ဝိပုဗ္ဗကအသုဘ = လေးရက်လွန်မြောက် ငါးရက်ရောက်၌ ပြည်တစိုစို ပေါက်ကွဲယိုနေသော အလောင်းကောင်
ဝိစ္ဆိဒ္ဒကအသုဘ = ရန်သူများက ကိုယ်နှစ်ပိုင်းဖြတ်၍ သတ်ထားသော အလောင်းကောင်
ဝိက္ခာယိတကအသုဘ = ခွေး၊ လင်းတ၊ ကျီး အသီးသီးတို့ ကိုက်ခဲ ဆိတ်ဖောက် စားသောက်ထားသော အလောင်းကောင်
ဝိက္ခိတ္တကအသုဘ = လက်၊ ခြေ၊ ခေါင်း၊ ကိုယ် ဖရိုဖရဲ တကွဲတပြား ဖြစ်နေသော အလောင်းကောင်
ဟတဝိက္ခိတ္တကအသုဘ = ဓား၊ လှံ စသည်တို့ဖြင့် အစိတ်စိအမွှာမွှာကွဲ ဖာလံကြဲအောင် ဖြတ်ခုတ်နှိပ်စက်ကာ ဖရိုဖရဲ တကွဲတပြား ဖြစ်နေသော အလောင်းကောင်
လောဟိတကအသုဘ = သွေးများ ယိုထွက်ကာ တစ်ကိုယ်လုံး သွေးပေကျံနေသော အလောင်းကောင်
ပုဠုဝကအသုဘ = အကျိကျိတက် ပိုးလောက် ပြည့်လျက် ထရွရွထွက်နေသော အလောင်းကောင်
အဋ္ဌိကအသုဘ = အရိုးစုသက်သက် အလောင်းကောင်
စာမျက်နှာ-22

အနုဿတိ ၁၀ ပါး

ဘုရား၊ တရား၊ သံဃာစသော အာရုံများသည် အဖန်ဖန် အောက်မေ့ဖွယ်ရာ ဆင်ခြင်ဖွယ်ရာ အာရုံများဖြစ်၍ အနုဿတိကမ္မဋ္ဌာန်း ဟု ခေါ်ရ၏။ (အနုဿတိ = အနု (အဖန်ဖန်) + သတိ (အောက်မေ့ခြင်း၊ ဆင်ခြင်ခြင်း)) အနုဿတိ ၁၀ ပါး ရေတွက်ပုံမှာ အောက်ပါအတိုင်းဖြစ်သည်—

ဗုဒ္ဓါနုဿတိ = ဘုရားရှင်၏ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း
ဓမ္မာနုဿတိ = ပိဋကတ်သုံးပုံနှင့် မဂ်ဖိုလ်နိဗ္ဗာန် တရားတော်၏ ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း
သံဃာနုဿတိ = အရိယာသံဃာတော်တို့၏ ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း
သီလာနုဿတိ = မိမိ၏သီလ မကျိုးမပေါက် မပြောက်မကျားပုံကို အဖန်ဖန်အောက်မေ့ခြင်း
စာဂါနုဿတိ = ပကာသနမဖက် ရက်ရက်ရောရော သန့်သန့်ရှင်းရှင်း မိမိ စွန့်ကြဲပေးကမ်း လှူဒါန်းခဲ့သမျှ မြတ်ဒါနကို အဖန်ဖန် အောက်မေ့ခြင်း
ဒေဝတာနုဿတိ = ကုသိုလ်ရှင်တို့သည် နတ်ဗြဟ္မာ ဖြစ်ကြ၏ဟု နတ်ဗြဟ္မာတို့ကို သက်သေပြုလျက် မိမိတို့၏ ကုသိုလ်ကောင်းမှုများကို အဖန်ဖန် အောက်မေ့ခြင်း
ဥပသမာနုဿတိ = နိဗ္ဗာန်၏ ငြိမ်းအေးပုံ စိုးရိမ်သောက ကင်းဝေးပုံကို အာရုံပြု၍ အဖန်ဖန် အောက်မေ့ခြင်း
မရဏာနုဿတိ = သေရမည့် သဘောကို အဖန်ဖန် တွေးတောအောက်မေ့လျက် သတိသံဝေဂရခြင်း (သေရမည်ကို ကြောက်နေခြင်းမျိုး မဟုတ်)
စာမျက်နှာ-23


ကာယဂတာသတိ = ဆံပင်စသော (၃၂) ကောဋ္ဌာသ အစုအဝေးကို အာရုံပြု ရှုမှတ်ခြင်း
အာနာပါနဿတိ = ထွက်သက်ဝင်သက်ကို ရှုမှတ်ခြင်း

အပ္ပမညာ ၄ ပါး

အရပ်ဒေသအားဖြင့်လည်းကောင်း၊ သတ္တဝါအရေအတွက်အားဖြင့်လည်းကောင်း ပိုင်းခြားသတ်မှတ်ခြင်း မရှိ၊ အတိုင်းအတာ ပမာဏမရှိသော သတ္တဝါအားလုံးအပေါ်၌ ပျံ့နှံ့အောင် အာရုံဖြန့်ထားရသော ကမ္မဋ္ဌာန်းနည်း ဖြစ်သည်။ ပမာဏ ဆိုသည်မှာ အတိုင်းအရှည် အပိုင်းအခြား ရှိသည်ဟု ဆိုလိုသည်။ အပမာဏ ဆိုသည်မှာ အတိုင်းအရှည် မရှိ၊ အပိုင်းအခြားမရှိဟု ဆိုလိုသည်။ အပမာဏကို ပါဠိသဒ္ဒါနည်းအရ အပ္ပမညာ ဟု ပြောင်းလဲထားခြင်း ဖြစ်သည်။ အပ္ပမညာတရား ၄ ပါး ရှိသည်—

မေတ္တာ = သတ္တဝါများ၏ အကျိုးစီးပွားကို လိုလားသော စိတ်ကို ဖြန့်ထားခြင်း
ကရုဏာ = ဆင်းရဲဒုက္ခ ရောက်နေသော သတ္တဝါများကို သနားကြင်နာခြင်း
မုဒိတာ = ချမ်းသာကြီးပွားနေကြသော သတ္တဝါများကို အာရုံပြု၍ ဝမ်းသာအားရ ဖြစ်ခြင်း
ဥပေက္ခာ = သတ္တဝါအားလုံးတို့သည် ကံအားလျော်စွာ ဖြစ်နေကြရသည်ဟု သဘောပေါက်၍ လျစ်လျူရှုခြင်း

အာဟာရေပဋိကူလသညာ ဆိုသည်မှာ စားအပ်သော အစာအာဟာရ၌ စက်ဆုပ်ရွံရှာဖွယ်ဟု ရှုမြင်ခြင်း ဖြစ်သည်။ (အာဟာရေ = အာဟာရ၌ + ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ် + သညာ = အမှတ်ထားခြင်း)

စတုဓာတုဝဝတ္ထာန် ဆိုသည်မှာ ခန္ဓာကိုယ်၌ ရှိသော ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဓာတ်ကြီးလေးပါးကို ပိုင်းခြားရှုမြင်ခြင်း ဖြစ်သည်။
စာမျက်နှာ-24


အရူပလေးပါး မှာမူ နားလည်ရန် ခက်ခဲသဖြင့် နောက်ပိုင်းရောက်မှ ရှင်းလင်းရေးသားပါမည်။

ဈာန်ရနိုင်သော ကမ္မဋ္ဌာန်းများ

ဤပြဆိုအပ်ပြီးသော ကမ္မဋ္ဌာန်း ၄၀ တို့တွင် ကာယဂတာသတိနှင့် အာနာပါနဿတိမှတစ်ပါးသော အနုဿတိ ၈ ပါး၊ အာဟာရေပဋိကူလသညာ၊ စတုဓာတုဝဝတ္ထာန် ဤကမ္မဋ္ဌာန်း ၁၀ ပါးတို့သည် ဈာန်မရနိုင်ချေ၊ ဈာန်နှင့် နီးကပ်နေသော သမာဓိမျှကိုသာ ရစေနိုင်သည်။ ကျန်ကမ္မဋ္ဌာန်း (၃၀) တို့ကား ပထမဈာန်စသည့် ဈာန်များကို ရစေနိုင်သည်။

ယင်းကမ္မဋ္ဌာန်း (၃၀) တို့အနက် ကသိုဏ်း ၁၀ ပါးနှင့် အာနာပါနဿတိ ကမ္မဋ္ဌာန်းတို့သည် ရူပဈာန် (၅) မျိုးလုံး ကို ရစေနိုင်သည်။ အသုဘ ၁၀ ပါးနှင့် ကာယဂတာသတိ ကမ္မဋ္ဌာန်းတို့သည် ပထမဈာန် ကိုသာ ရစေနိုင်သည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ဤကမ္မဋ္ဌာန်း ၃ ပါးတို့သည် စတုတ္ထဈာန် အထိ ရစေနိုင်သည်။ ဥပေက္ခာကမ္မဋ္ဌာန်းသည်ကား ရူပပဉ္စမဈာန် ကိုသာ ရစေနိုင်သည်။ အရူပကမ္မဋ္ဌာန်း (၄) မျိုးတို့သည် အစဉ်အတိုင်းအားဖြင့် အရူပဈာန် ၄ ပါး တို့ကို ရစေနိုင်သည်။

ကမ္မဋ္ဌာန်းအားထုတ်သူ၏ ဂုဏ်အင်္ဂါ

ဈာန်ကို ရလိုသော ပုဂ္ဂိုလ် (သို့မဟုတ်) ကမ္မဋ္ဌာန်းအားထုတ်လိုသော ပုဂ္ဂိုလ်သည် ဖော်ပြပါ အကြောင်းဂုဏ်အင်္ဂါ ၆ ပါးတို့နှင့် ညီညွတ် ပြည့်စုံရပေမည်—

သီလစင်ကြယ်ရမည်။
ပလိဗောဓကြီး ၁၀ ပါးကို ဖြတ်တောက်ထားနိုင်ရမည်။
ကမ္မဋ္ဌာန်းပေးစွမ်းနိုင်သည့် မိတ်ဆွေကောင်း (ကလျာဏမိတ္တ) ထံ ချဉ်းကပ်ရမည်။
မိမိ၏စရိုက်ဝါသနာနှင့် သင့်လျော်သော ကမ္မဋ္ဌာန်းတစ်ခုကို သင်ယူရမည်။
ကမ္မဋ္ဌာန်းအားထုတ်ရန် သင့်လျော်သော နေရာကို ရွေးချယ်ရမည်။
ပလိဗောဓငယ်များကို ဖြတ်တောက်ထားရမည်။
စာမျက်နှာ-25


သီလစင်ကြယ်ခြင်း

ကမ္မဋ္ဌာန်းအားထုတ်မည့်သူသည် ရဟန်းဖြစ်ပါလျှင် (ပါတိမောက္ခသံဝရသီလ) ခေါ်သော နှစ်ရာ့နှစ်ဆယ်ခုနစ်သွယ်သော သိက္ခာပုဒ်များကို စင်ကြယ်စွာ စောင့်ထိန်းရမည်။ လူဝတ်ကြောင်ဖြစ်လျှင် အနည်းဆုံး ငါးပါးသီလ လုံခြုံရမည်၊ စင်ကြယ်စွာ စောင့်ထိန်းရမည်။

အနှောင့်အယှက် ၁၀ မျိုး

ကမ္မဋ္ဌာန်းဘာဝနာတရားကို ပွားများအားထုတ်တော့မည် ဆိုပါက ပလိဗောဓ ဟု ခေါ်သော အနှောင့်အယှက် (၁၀) မျိုးကို ဖယ်ရှား ဖြတ်တောက်ထားရမည်။ ယင်းပလိဗောဓများသည် ကမ္မဋ္ဌာန်းအားထုတ်ရာ၌ နောက်ဆံတင်းမှု၊ စိတ်မချမှုများကို ဖြစ်စေတတ်သောကြောင့် စိတ်၏ တည်ကြည်မှု သမာဓိရရှိရန် အတားအဆီး အနှောင့်အယှက်များ ဖြစ်ကြသည်။ ပလိဗောဓ (အနှောင့်အယှက်) တရား ၁၀ ပါးတို့မှာ အောက်ပါတို့ဖြစ်ကြသည်—

(က) အာဝါသပလိဗောဓ = နေရာထိုင်ခင်း အနှောင့်အယှက်
(ခ) ကုလပလိဗောဓ = ရဟန်းများအတွက် ဒကာ/ဒကာမအပေါ် တွယ်တာမှု၊ လူပုဂ္ဂိုလ်များအတွက် လုပ်ဖော်ကိုင်ဖက် စားဖော်သောက်ဖက်များအပေါ် တွယ်တာမှု အနှောင့်အယှက်
(ဂ) လာဘပလိဗောဓ = ရဟန်းများအတွက် အလှူပစ္စည်းရရှိမှု၊ လူပုဂ္ဂိုလ်များအတွက် ဝင်ငွေနှင့် လက်ဆောင်ပဏ္ဏာ ရရှိမှု အနှောင့်အယှက်
(ဃ) ဂဏပလိဗောဓ = ဂိုဏ်းဂဏအစွဲထားမှု အနှောင့်အယှက်
(င) ကမ္မပလိဗောဓ = လုပ်ငန်းတစ်ခုခု ဆောင်ရွက်နေခြင်း အနှောင့်အယှက်
(စ) အဒ္ဓါနပလိဗောဓ = ခရီးသွားမှု အနှောင့်အယှက်
(ဆ) ဉာတိပလိဗောဓ = ဆွေမျိုး အနှောင့်အယှက်
(ဇ) အာဗာဓပလိဗောဓ = အဖျားအနာရောဂါ အနှောင့်အယှက်
စာမျက်နှာ-26


(ဈ) ဂန္ထပလိဗောဓ = စာပေ ကျမ်းဂန် သင်ယူမှု အနှောင့်အယှက်
(ည) ဣဒ္ဓိပလိဗောဓ = တန်ခိုးဣဒ္ဓိပါဒ် အနှောင့်အယှက်

ကျောင်း၊ အိပ်ရာ နေရာကို တွယ်တာလေ့ရှိသူအား ယင်းကျောင်းနှင့်အိပ်ရာနေရာကို အမှိုက်ရှင်းရခြင်း၊ တံမြက်စည်းလှည်းရခြင်း၊ ဖုံခါ ဖုံသုတ်ရခြင်း၊ ပျက်စီးယိုယွင်းသည်ကို ပြုပြင်ရခြင်းကြောင့် ကမ္မဋ္ဌာန်းတရား ပွားများအားထုတ်ခွင့် အချိန်နည်းပါးသွားပေလိမ့်မည်။ ထို့ကြောင့် ကမ္မဋ္ဌာန်းတရား အားထုတ်လိုသူများသည် ကျယ်ဝန်းကြီးမားသော အဆောက်အအုံ၌ မနေရ၊ ဖုံတစ်ချက်ခါရုံမျှဖြင့် သန့်ရှင်းမှုကိစ္စပြီးနိုင်သော ကျောင်းငယ်၊ အိမ်ငယ်၌ နေရမည်။ အဆောက်အအုံနှင့်ပတ်သက်၍ သန့်ရှင်းမှု၊ ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းတာဝန်များ နည်းပါးစေရမည်။ ထို့ကြောင့် သစ်တစ်ပင်ရင်း၊ ဝါးတစ်ပင်ရိပ်၌နေ၍ တရားအားထုတ်ခြင်းသည် ပလိဗောဓ (အနှောင့်အယှက်) အနည်းဆုံးဖြစ်သည်။

ဒါယကာ၊ ဒါယိကာမများကို အားနာပါးနာ စကားလက်ခံပြောဆိုနေသော ရဟန်းအားလည်းကောင်း၊ လုပ်ဖော်ကိုင်ဖက် စားဖော်သောက်ဖက်များအား လက်ခံတွေ့ဆုံရောနှောမှု ရှိသူအားလည်းကောင်း တရားအားထုတ်ရန် အခါအခွင့် လျော့နည်းသွားပေလိမ့်မည်။

လှူဖွယ်ပစ္စည်းလက်ခံသိမ်းဆည်းသော ရဟန်းအားလည်းကောင်း၊ ဝင်ငွေနှင့် လက်ဆောင်ပဏ္ဏာပစ္စည်းများ လက်ခံသော ပုဂ္ဂိုလ်အားလည်းကောင်း ပစ္စည်းအပေါ်ခင်တွယ်မှု လောဘဇောထွက်လာ၍ ကမ္မဋ္ဌာန်းတရားအားထုတ်ခြင်း၏ အနှောင့်အယှက် ဖြစ်သည်။

ဂိုဏ်းဂဏသံယောဇဉ်သည်လည်း မိမိဂိုဏ်းဂဏအတွက် မိမိပါတီအတွက် ကြောင့်ကြစိုက်ထုတ်နေရသောကြောင့် ကမ္မဋ္ဌာန်းတရားအားထုတ်မှုအတွက် အနှောင့်အယှက် ဖြစ်သည်။

ဘုန်းကြီးများမှာ ကျောင်းသစ်၊ ကန်သစ်ဆောက်လုပ်ခြင်း၊ လူများမှာ အိုးသစ်၊ အိမ်သစ်ထူထောင်ခြင်း၊ အသက်မွေးဝမ်းကြောင်း အလုပ်လုပ်ကိုင်ရခြင်းသည်လည်း ကမ္မဋ္ဌာန်းတရား အားထုတ်ရာ၌ အနှောင့်အယှက်တစ်ခု ဖြစ်သည်။
စာမျက်နှာ-27


အလားတူပင် ခရီးသွားလာမှုသည်လည်း ခရီးမထွက်မီ ခရီးထွက်ခါနီး၌ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရခြင်း၊ ခရီးထွက်ခွာချိန်၌ အနေအထိုင် အစားအသောက် အချိန်မမှန်ခြင်း၊ ခရီးထွက်ခွာပြီးနောက်လည်း ယင်းခရီးသွားသည့် စိတ်ဓာတ်အရှိန် ကျန်ရှိနေခြင်းတို့ကြောင့် ကမ္မဋ္ဌာန်းတရား အားထုတ်ရာ၌ အနှောင့်အယှက် တစ်မျိုးဖြစ်သည်။

မိဘညီအစ်ကိုမောင်နှမများသည်လည်း ဆွေမျိုးကိစ္စ၊ မိဘညီအစ်ကို မောင်နှမများကိစ္စကို ဆောင်ရွက်ပေးနေရသဖြင့် တရားအားထုတ်ချိန် လျော့နည်းသွားနိုင်သည်။ တရားအားထုတ်ရာ၌ စိတ်အနှောင့်အယှက်တစ်ခု ဖြစ်တတ်၏။

အဖျားအနာရောဂါသည်လည်း တရားအားထုတ်ရာ၌ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည်။ ရောဂါအပေါ် စိတ်ရောက်နေ၍ တရားအာရုံ၌ စိတ်မဖြောင့်နိုင် ဖြစ်တတ်သည်။

စာပေကျမ်းဂန်ကို သင်ယူမှုသည်လည်း သင်ယူရခြင်း၊ ရွတ်အံ သရဇ္ဈာယ်ရခြင်း စသည်တို့ဖြင့် အမြဲတစေ ကြောင့်ကြစိုက်နေရသောကြောင့် တရားအားထုတ်မှု၌ အနှောင့်အယှက်ဖြစ်သည်။

ပုထုဇဉ်တို့ ရရှိထားသော တန်ခိုးဣဒ္ဓိပါဒ်သည် ပက်လက်အိပ်တတ်ခါစ သူငယ်ကဲ့သို့ ဆောင်ထားရန် ခက်ခဲ၏။ အနည်းငယ်မျှသော အနှောင့်အယှက်ဖြင့် ပျက်စီးတတ်၏။ ထိုတန်ခိုးသည် ဝိပဿနာလုပ်ငန်းအတွက် အနှောင့်အယှက်ဖြစ်သည်။

ထို့ကြောင့် နေရာထိုင်ခင်း၊ ကျောင်းအိပ်ရာနေရာနှင့် ပတ်သက်၍ စိတ်အနှောင့်အယှက် မရှိစေရန် သစ်တစ်ပင်ရင်း၊ ဝါးတစ်ပင်ရိပ်၌ နေသင့်၏။ သို့မဟုတ် သီးခြားစီမံထားသော ကမ္မဋ္ဌာန်းရိပ်သာ၌ နေသင့်၏။ ဒါယကာ၊ ဒါယိကာမနှင့် လုပ်ဖော်ကိုင်ဖက် အပေါင်းအသင်းများကို အဆက်အသွယ် ဖြတ်ထားရမည်။ ပစ္စည်းလာဘ်လာဘ၊ သို့မဟုတ် ဝင်ငွေကို လက်မခံဘဲ မိမိတစ်နေ့တာ ဝမ်းဝရုံမျှသာ စီစဉ်ထားရမည်။ အလားတူ ဂိုဏ်းဂဏ ပါတီများကို အဆက်အသွယ် ဖြတ်တောက်ရမည်၊ အမှုကိစ္စများ နည်းနိုင်သမျှ နည်းအောင် အကျဉ်းချုံး၍ တရားအားထုတ်မှု အလုပ်တစ်ခုတည်းကိုသာ လုပ်ရမည်။ ခရီးသွားရမည့် ကိစ္စရှိပါက တရားအားမထုတ်မီ ပြီးပြတ်အောင် သွားထားရမည်။ တရားအားထုတ်သည့် အချိန်၌မူ ခရီးသွားလိုစိတ်များကို ပယ်ဖျောက်ထားရမည်။ ဆွေမျိုးသံယောဇဉ်ကိုလည်း ဖြတ်တောက်ထားရမည်၊ ကျွေးမွေး
စာမျက်နှာ-28


စောင့်ရှောက်ရန် တာဝန်ရှိပါကလည်း ပြီးပြေအောင် ကြိုတင်ဆောင်ရွက်ထားရမည်။ အနာရောဂါမရှိ ကျန်းမာအောင် နေထိုင်ရမည်။ ရောဂါရှိပါက တရားမထိုင်မီ ဆေးကုသထားရမည်။ စာပေကျမ်းဂန် သင်ယူပို့ချမှုများကိုလည်း ရပ်ဆိုင်းထားရမည်။

ကျွန်ုပ်တို့မှာ တန်ခိုးဣဒ္ဓိပါဒ် ရရှိသူမဟုတ်သဖြင့် ဣဒ္ဓိပလိဗောဓ ကိုမူ ပယ်ရန် မလိုချေ။ ကျန်ပလိဗောဓ ၉ ပါးကိုသာလျှင် ပယ်ရှားဖြတ်တောက်ရန် လိုပေသည်။

ဆရာကောင်းထံ ချဉ်းကပ်ခြင်း

ကမ္မဋ္ဌာန်းတရားအားထုတ်မည့်ပုဂ္ဂိုလ်သည် ဤပလိဗောဓကြီး ၁၀ ပါးတို့ကို ဖြတ်တောက်ပြီးနောက် မိမိအား ကမ္မဋ္ဌာန်းပေးစွမ်းနိုင်မည့် မိတ်ဆွေကောင်း ဆရာသမားကောင်း (ရိပ်သာကောင်း) ထံသို့ ချဉ်းကပ်ရမည်။ ကမ္မဋ္ဌာန်းဆရာ၏ ဂုဏ်အင်္ဂါများကို ဖော်ပြပါဦးမည်—

(က) ချစ်ခင်ဖွယ်ရှိ၏၊
(ခ) လေးစားအပ်၏၊
(ဂ) ချီးမွမ်းအပ်၏၊
(ဃ) သူတစ်ပါးတို့ကို ဆုံးမတတ်၏၊
(င) မိမိလည်း အဆုံးမခံနိုင်၏၊
(စ) နက်နဲသော သစ္စာ၊ ပဋိစ္စသမုပ္ပါဒ်တရားတို့ကို ပြောဟောတတ်၏၊
(ဆ) မသင့်လျော်သော အရာ၌ မတိုက်တွန်းတတ်။

ဤဂုဏ်အရည်အချင်းတို့နှင့် ပြည့်စုံသည့် ကမ္မဋ္ဌာန်းဆရာကို မိတ်ဆွေကောင်း (ကလျာဏမိတ္တ) ဟု ခေါ်၏။

ကမ္မဋ္ဌာန်းပေးရာ၌ အလုံးစုံသော ဂုဏ်အင်္ဂါအရည်အချင်းတို့နှင့် ပြည့်စုံသည့် အကောင်းဆုံးမိတ်ဆွေမှာ မြတ်စွာဘုရားရှင်ဖြစ်တော့သည်။ မြတ်စွာဘုရားရှင်ထက် ကောင်းသော မိတ်ဆွေကား မရှိတော့ပြီ။ သို့ရာတွင် မြတ်စွာဘုရားကား ပရိနိဗ္ဗာန်စံတော်မူပြီ။ ဒုတိယအကောင်းဆုံးမိတ်ဆွေမှာ မဟာသာဝကကြီး ရှစ်ကျိပ် (၈၀) တည်း။ မဟာသာဝကကြီးများလည်း မရှိတော့ပြီ။ တတိယအကောင်းဆုံး မိတ်ဆွေမှာ ဈာန်ရသော ရဟန္တာပုဂ္ဂိုလ် ဖြစ်၏။ ရဟန္တာပုဂ္ဂိုလ်ကို မရနိုင်လျှင် အနာဂါမ်ပုဂ္ဂိုလ်၊ ယင်းကို မရလျှင် သကဒါဂါမ်ပုဂ္ဂိုလ်၊ ယင်းကို မရလျှင် သောတာပန်ပုဂ္ဂိုလ်၊ ယင်းကို မရလျှင် ဈာန်ရ
စာမျက်နှာ-29


ပုထုဇဉ်ပုဂ္ဂိုလ်၊ ယင်းကို မရလျှင် ပိဋကတ်သုံးပုံဆောင် ပုဂ္ဂိုလ်၊ ယင်းကို မရလျှင် နှစ်ပုံဆောင် ပုဂ္ဂိုလ်၊ ယင်းကို မရလျှင် တစ်ပုံဆောင် ပုဂ္ဂိုလ်၊ ယင်းကို မရလျှင် နိကာယ်တစ်ခုကို အဋ္ဌကထာနှင့်တကွ ကျေပွန်စွာ လေ့လာသင်ကြားထားသော လဇ္ဇီပုဂ္ဂိုလ်ထံသို့ ကမ္မဋ္ဌာန်းသင်ယူရန် ချဉ်းကပ်ရမည်။

ဝိသုဒ္ဓိမဂ်လာ ဤစကားရပ်များကို ထောက်လျှင် ကမ္မဋ္ဌာန်းဆရာသည် အနည်းဆုံး နိကာယ်တစ်ခုခုကို အဋ္ဌကထာနှင့်တကွ ကျေပွန်စွာ လေ့လာသင်ကြားထားသူ ဖြစ်ရပေမည်။ (သို့မဟုတ်) ပါဠိအဋ္ဌကထာ၏ ဆိုလိုရင်းကို မိမိတို့၏ ကျွမ်းကျင်တတ်မြောက်သော ဘာသာရပ်ဖြင့် နိုင်နိုင်နင်းနင်း လေ့လာထားသူဖြစ်ရပေမည်။ ထိုပုဂ္ဂိုလ်မျိုးမရနိုင်ပါကလည်း ကမ္မဋ္ဌာန်းတရားတို့ကို ဆရာကောင်းထံ နည်းနာခံ၍ ပေါက်ပေါက်ရောက်ရောက် အားထုတ်ခဲ့ဖူးသူကို ဆရာတင်၍ နည်းယူရမည်။

စရိုက် ၆ ပါး

စရိုက်ဟူသော ဝေါဟာရမှာ စရိတ ဟူသောပါဠိကို မြန်မာမှုပြုထားခြင်း ဖြစ်သည်။ စရိတဆိုသည်မှာ အလေ့အကျင့် (ဝါ) အဖြစ်များခြင်း (လွန်ကဲမှု) ဟု ဆိုလိုသည်။ အပျော်အပါးလိုက်စားမှု လွန်ကဲသူ၊ လိုချင်တပ်မက်မှု လွန်ကဲသူ၊ စိတ်တိုစိတ်ဆတ်သူ၊ ချောင်ကုတ်ပြီး အိပ်နေချင်သူ စသည်ဖြင့် သတ္တဝါတစ်ယောက်နှင့် တစ်ယောက် တူညီမှု မရှိကြချေ။ တစ်ဖက်ဖက်၌ လွန်ကဲနေတတ်ကြသည်။ ယင်းလွန်ကဲမှုသဘောကို စရိတ (စရိုက်) ဟု ခေါ်သည်။ ယင်းစရိုက်မှာ (၆) မျိုးရှိသည်—

ရာဂစရိုက် = အပျော်အပါးအားကြီးမှု၊ လောဘကြီးမှု၊ လိုချင်တပ်မက်မှု လွန်ကဲမှု၊ အဆောင်အယောင် တက်လိုမှု၊ ဝန်တိုနှမြောမှု။

ဒေါသစရိုက် = အစိတ်တိုမှု၊ စိတ်ဆတ်မှု၊ စိတ်မထင်လျှင် ဖျက်ဆီးပစ်တတ်မှု၊ သတ်ဖြတ်နှိပ်စက်မှု ပြုရမှ ကျေနပ်ခြင်း။

မောဟစရိုက် = ထုံထိုင်းလေးလံခြင်း၊ လိုချင်စိတ်လည်း မရှိ၊ ချစ်စိတ် မုန်းစိတ်လည်း လွန်ကဲမှု မရှိ၊ ဘာမျှ ဖြစ်ချင်စိတ်မရှိ၊ အဆင့်အတန်း မတက်ချင်၊ ချောင်ကုတ်ကာ သက်တောင့်သက်သာခွေခွေကလေးအိပ်နေချင်မှု၊ အအိပ်ကြီးခြင်း၊ အပျင်းကြီးခြင်း။
စာမျက်နှာ-30


သဒ္ဓါစရိုက် = သဒ္ဓါတရားအားကြီးမှု၊ ပေးကမ်းလှူဒါန်းမှု၌ ရက်ရောခြင်း၊ လွယ်လွယ်နှင့် ကြည်ညိုတတ်ခြင်း၊ ယုံလွယ်တတ်ခြင်း။

ဗုဒ္ဓိစရိုက် = ပညာဉာဏ်ကို ဗုဒ္ဓိဟု ခေါ်သည်။ ပညာစရိုက်ဟုလည်း ခေါ်နိုင်သည်။ အသိဉာဏ် ပညာ ဆင်ခြင်တုံတရား လွန်ကဲမှု၊ အားကောင်းမှု။

ဝိတက်စရိုက် = အငြိမ်မနေတတ်၊ ခြေမငြိမ်၊ လက်မငြိမ်၊ နှုတ်မငြိမ် တစ်ခုခုလုပ်နေရမှ ပြောနေရမှ နေလို့ရသည်။ အအိပ်အနေနည်းသည်။ (ဝိ = အထူးထူးအထွေထွေ + တက္က = ကြံစည်ခြင်း)

ကမ္မဋ္ဌာန်းကို ရွေးချယ်ခြင်း

ကမ္မဋ္ဌာန်းအားထုတ်လိုသူသည် မိမိစရိုက်နှင့် သင့်လျော်သော ကမ္မဋ္ဌာန်းတစ်ခုခုကို ရွေးချယ်သင်ယူရပေမည်။ မိမိကမ္မဋ္ဌာန်းကို မရွေးတတ်လျှင် မိမိမှာ မည်သည့်စရိုက် အားကြီးသည်ကို ကမ္မဋ္ဌာန်း ပေးမည့်ပုဂ္ဂိုလ်အား အကြမ်းဖျင်း ပြောပြရပေမည်။ ထိုအခါ ကမ္မဋ္ဌာန်းပေးမည့် ပုဂ္ဂိုလ်က ထိုသူ၏စရိုက်နှင့် သင့်လျော်သည့် ကမ္မဋ္ဌာန်းကို သင်ပေးပေလိမ့်မည်။

ဒေါသ အဖြစ်များသူ၊ ဒေါသကြီးသူအား ဒေါသကင်းရန်အတွက်—
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော အပ္ပမညာ (ဗြဟ္မဝိဟာရ) ကမ္မဋ္ဌာန်း ၄ ပါး၊
နီလ၊ ပီတ၊ လောဟိတ၊ ဩဒါတ ဟူသော ဝဏ္ဏကသိုဏ်း ၄ ပါး၊
ပေါင်း ၈ ပါးသော ကမ္မဋ္ဌာန်းတို့တွင် တစ်ခုခုကို ပေးသင့်သည်။

ရာဂ ကြီးသူ၊ ရာဂစရိုက်ရှိသူအား ရာဂမီးငြိမ်းရန်အတွက်—
အသုဘ ၁၀ ပါး၊
ကာယဂတာသတိ (ကောဋ္ဌာသ) ကမ္မဋ္ဌာန်း ၁ ပါး၊
ပေါင်း ၁၁ ပါးတို့တွင် တစ်ခုခုကို ပေးသင့်သည်။

မောဟစရိုက် ရှိသူနှင့် ဝိတက်စရိုက် ရှိသူတို့အား—
အာနာပါနဿတိ ကမ္မဋ္ဌာန်းကို အားထုတ်စေရမည်။ ညအခါ အိပ်မပျော်ဘဲ စိတ်ပျံ့လွင့်ပြီး တွေးတောကြံစည်မှု များနေသူ၊ အိပ်မပျော်သော ရောဂါစွဲကပ်နေကာ ဆေးကုသ၍
စာမျက်နှာ-31


ပျောက်နိုင်သူသည် ညအိပ်ရာဝင်တွင် ထွက်သက်ဝင်သက်ကို အချက်ကျကျ လိုက်၍ အာရုံပြု ရှုမှတ်ခြင်းအားဖြင့် အိပ်မပျော်သော ရောဂါကို ပျောက်ကင်းစေနိုင်သည်။

ရတနာသုံးပါးအပေါ် ယုံကြည်မှု သဒ္ဓါတရားရှိသူ၊ သဒ္ဓါစရိုက် ရှိသူသည် ဘုရားအစရှိသော အာရုံများနှင့် တွေ့ကြုံလိုက်လျှင် အတိုင်းထက်အလွန် တံခွန်နှင့်ဘုရား ဆိုသကဲ့သို့ ပို၍ သဒ္ဓါတရား တိုးတက်ဖွံ့ထွား အားကြီးလာနိုင်သောကြောင့်—

ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေဝတာနုဿတိ ဟူသော အနုဿတိ ကမ္မဋ္ဌာန်း ၆ ပါးတို့တွင် တစ်ခုခုကို အားထုတ်စေရမည်။

ဗုဒ္ဓိစရိုက် ရှိသူအား သိမ်မွေ့နက်နဲသော—
မရဏာနုဿတိ၊ ဥပသမာနုဿတိ၊ အာဟာရေပဋိကူလသညာ၊ စတုဓာတုဝဝတ္ထာန် ဟူသော ကမ္မဋ္ဌာန်း ၄ မျိုးတို့တွင် တစ်ခုခုကို အားထုတ်စေရမည်။

ဤဆိုအပ်ပြီးသော စရိုက် ၆ ပါးတို့နှင့် လျော်ကန်သင့်မြတ်သည့် ကမ္မဋ္ဌာန်းများမှတစ်ပါး ကျန်သော ပထဝီကသိုဏ်း၊ အာပေါကသိုဏ်း၊ တေဇောကသိုဏ်း၊ ဝါယောကသိုဏ်း၊ အာကာသကသိုဏ်း၊ အာလောကကသိုဏ်း ဟူသော ကသိုဏ်း ၆ ပါး၊ အရူပကမ္မဋ္ဌာန်း ၄ ပါး၊ ဤ ၁၀ ပါးသော ကမ္မဋ္ဌာန်းတို့ကား မည်သည့်စရိုက် ရှိသူများနှင့်မဆို သင့်လျော်သော ကမ္မဋ္ဌာန်းများ ဖြစ်ကြသည်။

မည်သည့်စရိုက်ရှိသူသည် မည်သည့်ကမ္မဋ္ဌာန်းနှင့် သင့်လျော်သည်၊ မည်သည့် ကမ္မဋ္ဌာန်းကိုသာ အားထုတ်သင့်သည်ဟု စရိုက်နှင့်ကမ္မဋ္ဌာန်းကို ဝေဖန်ပိုင်းခြားထားခြင်းသည် တရားပေါက်ရောက်မှု ဈာန်၊ မဂ်၊ ဖိုလ်ရမှု၌ လျင်မြန်လွယ်ကူစေရန် ဖြစ်သည်။ ဘုရားရှင် လက်ထက်တော်အခါက အရှင်သာရိပုတ္တရာ ကမ္မဋ္ဌာန်းပေးမှား၍ တရားမရနိုင်ဘဲ ဖြစ်နေရှာသော ရွှေပန်းတိမ်သည်သား ဝတ္ထုကို သာဓကအဖြစ် သိသင့်ပေသည်။

ကမ္မဋ္ဌာန်းနှင့်စရိုက် မကိုက်၍ မဂ်မဆိုက်နိုင်ခြင်း

ရုပ်ရည်အဆင်း အလွန်လှပသော ရွှေပန်းတိမ်သည်၏သားသည် အရှင်သာရိပုတ္တရာထံ၌ ရဟန်းပြု၏။ အရှင်သာရိပုတ္တရာသည် ပျိုမျစ်နုနယ် ငယ်ရွယ်သူတို့အား ရာဂစရိုက် အဖြစ်များတတ်သည်ဟု သတ်မှတ်၍ ရာဂကို ပယ်ဖျောက်ခြင်းအကျိုးငှာ ထိုရဟန်းငယ်အား အသုဘကမ္မဋ္ဌာန်းကို ပေးလိုက်သည်။
စာမျက်နှာ-32


ထိုရဟန်းငယ်သည် ဆရာမြတ် သင်ကြားပေးလိုက်သော အသုဘကမ္မဋ္ဌာန်းကို ယူလျက် တောသို့ဝင်၍ သုံးလတိုင်တိုင် ကြိုးစား ရှုမှတ် ပွားများအားထုတ်၏။ သို့သော် ရဟန်းငယ်မှာ စိတ်တည်ငြိမ်မှု သမာဓိအဆင့်ကိုမျှ မရရှာချေ။ ထို့ကြောင့် တောမှတစ်ဖန် အရှင်သာရိပုတ္တရာထံသို့ ပြန်လာခဲ့သည်။ ထိုအခါ အရှင်မြတ်က “ငါ့ရှင် သင့်အား ကမ္မဋ္ဌာန်းထင်၏လော” ဟု မေးရာ ရဟန်းငယ်က စိတ်တည်ငြိမ်မှု သမာဓိကိုမျှ မရသေးကြောင်း လျှောက်ထားလေသည်။

ထိုအခါ အရှင်မြတ်က “ဤရဟန်းငယ်အား ကမ္မဋ္ဌာန်းမပြည့်စုံသေး” ဟု ယူဆကာ အသုဘကမ္မဋ္ဌာန်းကိုပင် ကောင်းမွန်ပြည့်စုံစွာ ထပ်မံဟောကြား၍ ဒုတိယအကြိမ် အားထုတ်ခိုင်းပြန်သည်။ ရဟန်းငယ်သည်လည်း ဆရာမြတ် ခိုင်းသည့်အတိုင်း တောထဲသို့ ပြန်သွား၍ ထပ်မံ အားထုတ်ပြန်သည်။ ရဟန်းငယ်သည် ဒုတိယအကြိမ်၌လည်း တရားထူးကို မရနိုင်သောကြောင့် အရှင်သာရိပုတ္တရာထံပြန်၍ လျှောက်ထားလေသည်။ ထိုရဟန်းငယ် တရားအားထုတ်သည်မှာ လေးလတိုင်တိုင် ကြာမြင့်ခဲ့သည်။

ထိုအခါ အရှင်သာရိပုတ္တရာသည် ဤရဟန်းငယ်ကို ဘုရားရှင်ထံ ခေါ်သွားမှ ဖြစ်တော့မည်ဟု ကြံစည်၍ ညနေချမ်းအချိန်တွင် ဘုရားရှင်ထံ သွားရောက်ကာ ထိုရဟန်းငယ်အကြောင်းကို ဘုရားရှင်အား လျှောက်ထားလေသည်။ ဘုရားရှင်သည် အာသယာနုသယဉာဏ်တော် ဖြင့် ထိုရဟန်း၏ အတွင်းဓာတ်ခံကို ကြည့်ရှု ဆင်ခြင်တော်မူရာ ရွှေပန်းတိမ်သည်အမျိုးမှ ထွက်၍ ရဟန်းပြုသူ ဖြစ်ကြောင်း သိမြင်တော်မူသည်။

ထိုရဟန်းသည် ရွှေပန်းတိမ်သည်အမျိုး၌ ဘဝငါးရာတိုင်တိုင် ဖြစ်ခဲ့သည်။ သူသည် ရွှေပန်းတိမ်လုပ်ရာ၌ မဟာလှေကားပန်းပွင့်၊ ပဒုမ္မာပန်းပွင့်တို့ကို ပြုလုပ်မည်ဟု ကြံရွယ်ပြီး နီမြန်းသောရွှေကို မိမိလိုအပ်သော အရောင်ရရှိအောင် အကြိမ်ကြိမ် ကြည့်ရှု ပြုလုပ်ခဲ့ဖူး၏။

ဘုရားရှင်သည် ထိုဖြစ်စဉ်ကို သိမြင်တော်မူသောကြောင့် ကြာပွင့်ချပ် ကြာရိုးတို့မှ ရေပေါက်များ ကျလွတ်သကဲ့သို့ ဖြစ်နေသော လှည်းဘီးပမာဏရှိ ပဒုမ္မာရွှေကြာပန်းကို ဖန်ဆင်းတော်မူသည်။ ထိုကြာပန်းကို ရဟန်းငယ်အား ပေးလိုက်ပြီး “ချစ်သားရဟန်း ဤပဒုမ္မာကြာပန်းကို ယူ၍ ကျောင်းစွန် တစ်နေရာဝယ် သဲပုံ၌ တင်ထားပြီး ၎င်း၏ ရွှေတည့်တည့်တွင် တင်ပျဉ်ခွေ ထိုင်လျက် လောဟိတကမ္မဋ္ဌာန်း ကို ရှုလော့” ဟု မိန့်ကြားတော်မူသည်။
စာမျက်နှာ-33


ရဟန်းငယ်သည် ဘုရားရှင်၏ လက်တော်မှ ပဒုမ္မာကြာပန်းကို ယူစဉ်ကပင် စိတ်ကြည်လင်နေပြီး ကမ္မဋ္ဌာန်းရှုလိုက်သောအခါ မကြာမီအချိန်အတွင်း စတုတ္ထဈာန်ကို ဝင်စားနိုင်သည်အထိ ဖြစ်လေသည်။ ဘုရားရှင်သည် ထိုရဟန်း၏ အဇ္ဈာသယကို သိတော်မူသဖြင့် ပဒုမ္မာကြာပန်း ညှိုးနွမ်းစေရန် အဓိဋ္ဌာန်တော်မူသည်။ ရဟန်းငယ်သည် ကြာပန်းကိုလည်းကောင်း၊ မိမိ၏ခန္ဓာကိုယ်ကိုလည်းကောင်း လက္ခဏာယာဉ်တင်၍ ဝိပဿနာရှုရာ ညနေချမ်းအချိန်၌ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်၍ ရဟန္တာ ဖြစ်ခဲ့လေသည်။ ထို့ကြောင့် ကမ္မဋ္ဌာန်းနှင့်စရိုက် ကိုက်ညီရန် လွန်စွာအရေးကြီးပေသည်။

အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည်ပင် ကမ္မဋ္ဌာန်းနှင့် စရိုက် မကိုက်ညှိအောင် အပေးမှားခဲ့သေးလျှင် အခြားပုဂ္ဂိုလ်တို့မှာမူ အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း။ သတ္တဝါတို့ စိတ်သန္တာန်၌ ဖြစ်ပေါ်သော စရိုက်သည် အချုပ်အားဖြင့် ဤဖော်ပြပြီး ၆ ပါးသာရှိ၏။ နီးရာ တူရာ ယှဉ်တွဲခြင်းအားဖြင့် စရိုက်အမျိုးပေါင်း ၆၄ ပါးရှိကြောင်း ကျမ်းဂန်တို့၌ ပြဆိုကြသေးသည်။ ဤ၌ မလိုအပ်၍ ချန်လှပ်ထားခဲ့သည်။

နေရာရွေးချယ်ခြင်း

ဤကဲ့သို့ မိမိ၏ စရိုက်ဝါသနာနှင့် ကိုက်ညီသော ကမ္မဋ္ဌာန်း တစ်ခုခုကို ဆရာကောင်းထံ နည်းခံ သင်ယူပြီးနောက် မိမိကမ္မဋ္ဌာန်း အားထုတ်မည့် နေရာကိုလည်း ရှာဖွေရွေးချယ်ရပေဦးမည်။ ယင်းသို့ ရွေးချယ်ရာတွင် ကမ္မဋ္ဌာန်းတရား အားထုတ်မည့် ရဟန်းတော်များသည် ဖော်ပြပါကျောင်း (၁၈) ကျောင်း တို့မှာ အပြစ်တစ်မျိုးမျိုး ရှိနေသောကြောင့် ထိုကျောင်းများ၌ ကမ္မဋ္ဌာန်းအားထုတ်ခြင်းကို ရှောင်ရမည်။ ထိုကျောင်းများသည် ကမ္မဋ္ဌာန်းအားထုတ်ရန် မသင့်လျော်သော ကျောင်းများဖြစ်သည်ဟု ဝိသုဒ္ဓိမဂ်၌ ဖော်ပြထားသည်။ ၎င်းတို့မှာ—

ကြီးသောကျောင်း— ထိုကျောင်းမျိုး၌ ဆန္ဒအမျိုးမျိုးရှိသော ရဟန်းတို့ စုဝေးမိတတ်ကြ၏။ အချင်းချင်း ဆန့်ကျင်တွက်ကပ်ကာ ဗောဓိယဂဏဝတ် စသည်တို့ကို မပြုလုပ်ဘဲ နေတတ်၏။ စကား ကျယ်လောင်စွာ ပြောဆိုမှုတို့ကြောင့် စိတ်ပျံ့လွင့်ရ၏။ ထို့ကြောင့် မနေသင့်ပေ။ သို့သော် ဝတ်အားလုံးကို ပြုလုပ်နိုင်ပြီး အခြား ထိခိုက် နှောင့်ယှက်မှုများ မရှိပါမူကား နေသင့်ပါ၏။
စာမျက်နှာ-34


ကျောင်းသစ်— ဆောက်လုပ်ဆဲ၊ ဆောက်လုပ်ပြီးစ ကျောင်းသစ်များ၌ အမှုကိစ္စ များပြားလှ၏။ အလုပ် မလုပ်သော ရဟန်းကို ကဲ့ရဲ့တတ်ကုန်၏။ ထို့ကြောင့် ထိုကျောင်းမျိုး၌ မနေသင့်ပေ။ သို့သော် အခြားသော ရဟန်းများက “အရှင်ဘုရား စိတ်ချမ်းသာသလို တရားအားထုတ်ပါ၊ အမှုကိစ္စဟူသမျှကို တပည့်တော်တို့ ဆောင်ရွက်ပါမည်” ဟု ခွင့်ပြုလျှင် နေသင့်၏။

အိုမင်းဆွေးမြေ့သောကျောင်း— ထိုကျောင်းမျိုး၌ သုတ်သင်ဖွယ်ရာ ပြုပြင်ဖွယ်ရာ များ၏။ အနည်းဆုံး မိမိ၏အိပ်ရာနေရာကိုမျှ မရှင်းလင်းသော် အခြားရဟန်းတို့က ကဲ့ရဲ့ကြ၏။ သုတ်သင်ပြုပြင်ရှင်းလင်းသော ရဟန်းအား တရားအားထုတ်မှု ဆုတ်ယုတ်၏။ ထို့ကြောင့် ထိုကျောင်းမျိုး၌ မနေသင့်ပေ။

လမ်းမကြီးနှင့် နီးသောကျောင်း— ထိုကျောင်းမျိုး၌ ရဟန်းဧည့်သည်၊ လူဧည့်သည်များ နေ့နေ့ညည အချိန်မရွေး ရောက်တတ်၏။ ၎င်းတို့အား နေရာပေးနေရသဖြင့် တရားအားထုတ်ရန် အခွင့်မရနိုင်ပေ။ ထို့ကြောင့် ထိုကျောင်းမျိုး၌လည်း မနေသင့်ပေ။ ဧည့်သည်ဝတ် မပြုရပါမူကား နေသင့်၏။

ရေကန် (ရေတွင်း) ရှိသောကျောင်း— ထိုကျောင်းမျိုး၌ ရေခပ်လာသူ လူအများနှင့် သင်္ကန်းဆိုး၊ သင်္ကန်းလျှော်သော ရဟန်းများတို့ ရောက်လာတတ်ကြ၏။ ၎င်းတို့ မေးမြန်းသည်ကို ပြောကြရ၏။ အမြဲ ကြောင့်ကြစိုက်နေရ၏။ ထို့ကြောင့် ထိုကျောင်းမျိုး၌လည်း မနေသင့်ပေ။

ဟင်းရွက်ခင်းရှိသောကျောင်း— ဟင်းရွက်ခူးသော အမျိုးသမီးများသည် အနီးအပါး၌ သီချင်းများဆိုကာ ဟင်းရွက်ခူးကြမည်ဖြစ်သဖြင့် ဆန့်ကျင်ဘက်အသံထိခိုက်၍ ကမ္မဋ္ဌာန်း၏ အန္တရာယ်ကို ပြုနိုင်သောကြောင့် ထိုကျောင်းမျိုး၌လည်း မနေသင့်ပေ။

ပန်းပင်များရှိသောကျောင်း— ပန်းပင်ပန်းချုံ အမျိုးမျိုးရှိသောကျောင်းသို့ ပန်းခူး၊ ပန်းကောက်သူ အမျိုးသမီးများ လာရောက်ကြမည် ဖြစ်သောကြောင့် မြတ်သောအကျင့်အား ဘေးရန်အန္တရာယ် ရှိနိုင်၍ ထိုကျောင်းမျိုး၌လည်း မနေသင့်ပေ။
စာမျက်နှာ-35


အသီးပင်များ ရှိသောကျောင်း— သီးပင်အမျိုးမျိုး ရှိသောကျောင်း၌ သစ်သီးထောင်းသူများ လာရောက်ကြမည်၊ မပေးလျှင် စိတ်ဆိုးကြမည်၊ မရလျှင် ခိုးယူကြမည်၊ ထိုရဟန်းတွေ့မြင်လျှင် စိတ်ဆင်းရဲမည်။ ထို့ကြောင့် ထိုကျောင်းမျိုး၌လည်း မနေသင့်ပေ။

နာမည်ကြီးသောကျောင်း— ဤကျောင်းကား ရဟန္တာများ သီတင်းသုံးရာဌာန၊ ရဟန္တာနေသည့်ကျောင်းဟု လူအများက အလေးအမြတ် သမုတ်သော ကျောင်းတည်း။ လူတို့သည် ထိုရဟန္တာအား လာရောက်ဖူးမြော်ကြမည်ဖြစ်၍ ထိုကျောင်းမျိုး၌လည်း နေရန်မသင့်ပေ။

မြို့ရွာနှင့်နီးသောကျောင်း— ထိုကျောင်းမျိုး၌ ရာဂဖြစ်ပေါ်စေနိုင်သော ဆန့်ကျင်ဘက်အာရုံ (အမျိုးသမီး) များကို မြင်တွေ့နိုင်၏။ ရေခပ်၊ ဈေးဝယ် အသွယ်သွယ်တို့ တိုးဝှေ့ ပွတ်တိုက်သွားကုန်၏။ လူတို့လည်း ကျောင်းတိုက်အလယ်၌ တင်းတိမ်လိုက်ကာများ ကာရံကာ လာရောက်နေထိုင်တတ်ကြ၏။ ထို့ကြောင့် ထိုကျောင်းမျိုး၌လည်း မနေသင့်ပေ။

သစ်ပင်ဝါးပင် ပေါများသောကျောင်း— သစ်ဝါးထင်း ခုတ်လိုသော အမျိုးသမီးများ အချိန်မရွေး လာရောက်နိုင်၍ ရဟန်းအတွက် အန္တရာယ်ရှိသောကြောင့် ထိုကျောင်းမျိုး၌လည်း မနေသင့်ပေ။

လယ်ကွင်းနှင့် စပ်သောကျောင်း— ပတ်ဝန်းကျင်တွင် လယ်ကွင်းများ ရှိနေသောကြောင့် ကျောင်းဝင်းထဲ၌ပင် ကောက်နယ်တလင်းများ ပြုလုပ်လာနိုင်၏။ ကျောင်းဦး၌လည်း ထိပ်ကြမည်။ ကျောင်းအာရာမ်စောင့်၊ သို့မဟုတ် ရှင်သူငယ်များနှင့်လည်း အချင်းများနိုင်သည်။ ထို့ကြောင့် ထိုကျောင်းမျိုး၌လည်း မနေသင့်ပေ။

အချင်းချင်း မသင့်မြတ်သူတို့ နေသောကျောင်း— အချင်းချင်း မသင့်မြတ်သော ရဟန်းများနေသော ကျောင်း၌လည်း စိတ်မချမ်းမသာ ဖြစ်ရသဖြင့် ကမ္မဋ္ဌာန်း အနှောင့်အယှက် ဖြစ်၍ မနေသင့်ပေ။
စာမျက်နှာ-36


ရေဆိပ်၊ ကုန်းထိပ်နီးသောကျောင်း— ထိုကျောင်း၌ လှေ၊ သင်္ဘော၊ လှည်း၊ မော်တော်ကား၊ မီးရထား စသည်တို့ဖြင့် အချိန်မတော် အချိန်တော် လာရောက်ကြသော သူတို့က တည်းခိုခွင့် ပေးပါ၊ သောက်ရေ ပေးပါ၊ ဆားပေးပါ စသည်ဖြင့် ပြောဆိုတောင်းရမ်းမှုများကြောင့် စိတ်ရွှတ်ဖွယ်ရာ ဖြစ်၏။ ထို့ကြောင့် ထိုကျောင်းမျိုး၌လည်း မနေသင့်ပေ။

တိုင်းစွန်ပြည်ဖျားကျောင်း— တိုင်းစွန်ပြည်ဖျားရှိ လူတို့သည် ရတနာသုံးပါး၌ မကြည်ညိုတတ်ကြကုန်။ ထိုဒေသ၌နေသော ရဟန်းအတွက် ဆွမ်းစသော ပစ္စည်းလေးပါး ခက်ခဲနိုင်၏။ ထို့ကြောင့် မနေသင့်ပေ။

နယ်စပ်ဒေသကျောင်း— ထိုဒေသ၌ မင်းဘေး၊ စိုးဘေး ရှိ၏။ နှစ်နိုင်ငံမင်းတို့က ငါ၏အာဏာမတည်ဟု ယူဆကာ နှိပ်စက်တတ်၏။ သူလျှိုဟုလည်း ထင်မှတ်တတ်၏။ ထို့ကြောင့် ထိုနယ်စပ်ဒေသကျောင်း၌ မနေသင့်ပေ။

မလျောက်ပတ်သောကျောင်း— မလျောက်ပတ်သော ကျောင်းဆိုသည်မှာ ဘီလူး၊ အစိမ်းသရဲများ သိမ်းဆည်းထားသော ကျောင်းကိုဆိုသည်။ ဘီလူး၊ အစိမ်းသရဲများသည် ထိုကျောင်း၌ နေသောရဟန်းအား ဆန့်ကျင်ဘက် အာရုံတို့ကိုပြ၍ ထိုရဟန်း ဖောက်ပြန်လာသောအခါ ဖမ်းစားတတ်သည်။ ထို့ကြောင့် မနေသင့်ပေ။

မိတ်ဆွေကောင်းမရှိသောကျောင်း— မိတ်ဆွေကောင်းမရှိသော ကျောင်းဆိုသည်မှာ မိတ်ဆွေကောင်းဖြစ်သော ဆရာ၊ ဆရာနှင့် တူသူ၊ ဥပဇ္ဈာယ်ဆရာ၊ ဥပဇ္ဈာယ်ဆရာနှင့် တူသူ မရှိသော ကျောင်းကိုဆိုသည်။ ထိုသို့သော မိတ်ဆွေကောင်းကို မရခြင်းသည် ကမ္မဋ္ဌာန်း အားထုတ်ရာ၌ ကြီးမားသော အပြစ် ဖြစ်စေနိုင်သည်။

(၁၈) မျိုးတို့တွင် တစ်မျိုးမျိုးနှင့် ငြိစွန်းနေသောကျောင်းကို “မသင့်လျော်သောကျောင်း” ဟု ခေါ်သည်။ ကမ္မဋ္ဌာန်းတရားကို တကယ်တမ်း အားထုတ်လိုသောပုဂ္ဂိုလ်သည် ထိုကဲ့သို့သော ကျောင်းမျိုးတို့၌ မနေသင့်ပေ။ ပညာရှိသောယောဂီသည် ထို ၁၈ မျိုးသော ကျောင်းတို့ကို “ဘာဝနာနှင့် မသင့်လျော်” ဟု သိ၍ ဘေးရန်ရှိသောလမ်းကို ကွင်းရှောင်သကဲ့သို့ ဝေးစွာ ရှောင်ကြဉ်ရာ၏။

စာမျက်နှာ-37


ကမ္မဋ္ဌာန်းအားထုတ်လိုသော ရဟန်း၊ သို့မဟုတ် ယောဂီသည် အောက်ဖော်ပြပါ အင်္ဂါငါးရပ်နှင့် ပြည့်စုံညီညွတ်သောကျောင်း၌ နေထိုင်ရပေမည်။
(၁) ဆွမ်းခံရွာနှင့် မနီးလွန်း၊ မဝေးလွန်းသောကျောင်း၊

(၂) နေ့အခါ၌ လူသူတို့နှင့် မရောနှောဘဲ ညဉ့်အခါ၌လည်း လူသံသူသံ တိတ်ဆိတ်သောကျောင်း (ဆူညံသံ ကင်းဆိတ်သောကျောင်း)၊

(၃) မှက်၊ ခြင်၊ ယင်၊ လေ၊ နေပူ၊ မြွေ၊ ကင်းတို့ မထိတွေ့ မကိုက်ခဲနိုင်သောကျောင်း၊
(၄) ကျန်းမာရေးအတွက် ဆေးဝါးလွယ်ကူစွာ ရနိုင်သောကျောင်း၊

(၅) သံသယဖြစ်ဖွယ် မရှင်းမလင်းသော ပါဠိ ပုဒ် ပါဌ်တို့ကို မေးမြန်းနိုင်ရန် ပရိယတ္တိကျွမ်းကျင်၍ လဇ္ဇီ သီလဝန္တ ဂုဏ်ထူးရှိသည့် ရဟန်းတို့နှင့် နီးသောကျောင်း။

ပလိဗောဓငယ်တို့ကို ဖြတ်တောက်ခြင်း

ကမ္မဋ္ဌာန်းအားထုတ်မည့် ပုဂ္ဂိုလ်သည် ကမ္မဋ္ဌာန်းအားမထုတ်မီ ဖော်ပြပါ ပလိဗောဓငယ် (အနှောင့်အယှက် အသေးအမွှား) တို့ကိုလည်း ကြိုတင်ဖြတ်တောက်ထားရမည်။

(၁) ရှည်သောဆံပင်၊ မုတ်ဆိတ်ကျင်စွယ်နှင့် ခြေသည်း၊ လက်သည်းတို့ကို ရိတ်၊ ညှပ်၊ ပယ်ဖြတ်ထားရမည်၊

(၂) ဆွေးမြေ့ စုတ်ပြတ်နေသော အဝတ်သင်္ကန်းတို့ကို ဖာထေး ချုပ်စပ်ထားရမည်၊
(၃) အညစ်အကြေးရှိသော သပိတ်ကို မီးဖုတ် သုတ်သင်ထားရမည်၊
(၄) အိပ်ရာနေရာ ခုတင်ညောင်စောင်းတို့ကို သန့်ရှင်းထားရမည်။

ကမ္မဋ္ဌာန်းအားထုတ်မည့်ပုဂ္ဂိုလ်များ ပြည့်စုံညီညွတ်ရမည့် အင်္ဂါရပ် ၆ ပါးမှာ အဓိကအားဖြင့် ရဟန်းတော်များအတွက်ကိုသာ ရည်ညွှန်းလေသည်။ လူပုဂ္ဂိုလ်တို့အတွက်ကား သီလစင်ကြယ်ခြင်း၊ ဆရာကောင်းထံ ချဉ်းကပ်ခြင်း၊ မိမိစရိုက်နှင့် သင့်လျော်သော ကမ္မဋ္ဌာန်းကို ရွေးချယ်ခြင်းတို့သာလျှင် တိုက်ရိုက်သက်ဆိုင်၏။ ပလိဗောဓကြီး ၁၀ ပါးကို ဖြတ်တောက်ခြင်း၊ ကမ္မဋ္ဌာန်းအားထုတ်ရန် နေရာရွေးချယ်ခြင်း၊ ပလိဗောဓငယ်တို့ကို ဖြတ်တောက်ခြင်း
စာမျက်နှာ-38


တို့၌ သက်ဆိုင်သည်လည်း ရှိ၏။ မသက်ဆိုင်သည်လည်း ရှိ၏။ မည်သို့ဆိုစေ ပလိဗောဓကြီးငယ်တို့ကို ဖြတ်တောက်ခြင်း၊ နေရာရွေးချယ်ခြင်းတို့ကို ကမ္မဋ္ဌာန်းအားထုတ်မည့် ပုဂ္ဂိုလ်အနေဖြင့် မဖြစ်မနေ ပြုလုပ်ရမည် ဖြစ်သောကြောင့် မိမိတို့ ပြုလုပ်သင့်သည်တို့ကို ကြိုတင်၍ ပြုလုပ်ထားကြရပေမည်။ သို့မှသာ တရားအားထုတ်ရာ၌ နောက်ဆံတင်းခြင်း၊ စိတ်အနှောင့်အယှက်ကင်းပြီး တရားအားထုတ်မှုကိစ္စ ပြီးမြောက်အောင်မြင်ခြင်းကို ရရှိနိုင်ကြပေမည်။

ကမ္မဋ္ဌာန်း၏ ရှေးဦးလုပ်ငန်းများ

သမထကမ္မဋ္ဌာန်း ၄၀ တို့တွင် မိမိ၏ စရိုက်နှင့် ကိုက်ညီသည့် ကမ္မဋ္ဌာန်းတစ်ခုခုကို အားထုတ်မည့် ပုဂ္ဂိုလ်သည် ကမ္မဋ္ဌာန်းတရား အားမထုတ်မီ ကမ္မဋ္ဌာန်း၏ ရှေးဦးလုပ်ငန်း၊ သို့မဟုတ် ပုဗ္ဗကိစ္စ ၄ ပါး ကို မချွတ်ဧကန် ပြုလုပ်ရပေဦးမည်။ ယင်းရှေးဦးလုပ်ငန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) စေတိယင်္ဂဏဝတ်ပြုခြင်း— ကမ္မဋ္ဌာန်းအားမထုတ်မီ စေတီတော် ရင်ပြင်၊ ဘုရားကျောင်း၊ ဘုရားစင်၊ ဘုရားခန်း စသည်တို့၌ မြက်၊ အမှိုက်တို့ကို သုတ်သင်ရှင်းလင်းခြင်း၊ တံမြက်လှည်းခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီး စသည်တို့ကို ကပ်လှူပူဇော်ခြင်းတို့ကို ပြုလုပ်ရမည်။

(၂) ကန်တော့တောင်းပန်ခြင်း— စေတိယင်္ဂဏဝတ်ကို ပြုပြီးနောက် စေတီတော်အား၊ သို့မဟုတ် ရတနာသုံးပါးနှင့် ဆရာသမားတို့အား ထိခြင်းငါးပါး၊ ကံသုံးပါးတို့ဖြင့် ရိုသေစွာ ရှိခိုးကန်တော့၍ အပြစ်ကြီး အပြစ်ငယ်တို့ကို သည်းခံခွင့်လွှတ်တော်မူပါရန် သုံးကြိမ် တောင်းပန်ရမည်။ လူများမှာမူ ရတနာသုံးပါး ဆရာသမားကိုသာမက မိဘနှစ်ပါးနှင့် အခြားသော ကျေးဇူးရှင်များအား ရှိခိုးကန်တော့၍ အပြစ်ရှိက ခွင့်လွှတ်ပါရန် တောင်းပန်ကြရမည်။

(၃) ခန္ဓာကိုယ်လှူဒါန်းခြင်း— ထို့နောက် မိမိ၏ခန္ဓာကိုယ်ကို ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာအရှင်မြတ်တို့အား သုံးကြိမ်တိုင်တိုင် လှူဒါန်းအပ်နှင်းထားရမည်။

(၄) ဆုတောင်းခြင်း— ထို့နောက် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ အရှင်မြတ်တို့ သိမြင်တော်မူအပ်သော သစ္စာလေးပါး မြတ်တရားတို့ကို လျင်မြန်စွာ သိရပါလို၏၊ သို့မဟုတ် ဈာန်တရားထူးကို ရရပါလို၏ ဟု သုံးကြိမ် ဆုတောင်းရမည်။

စာမျက်နှာ-39


အစောင့် ၄ ပါးကို ပွားခြင်း
သမထကမ္မဋ္ဌာန်း၏ ရှေးဦးလုပ်ငန်း ၄ ရပ်ကို ပြည့်ဝကောင်းမွန်စွာ ပြုလုပ်ပြီးနောက် ကမ္မဋ္ဌာန်းအားထုတ်တော့မည်ဖြစ်၍ ထိုင်နေသော ယောဂီပုဂ္ဂိုလ်သည် ကမ္မဋ္ဌာန်းအားမထုတ်သေးမီ အချိန်အနည်းငယ်တွင် အလိုအပ်ဆုံး ကမ္မဋ္ဌာန်းတို့ကို ပွားများအပ်၏။ တစ်နည်းအားဖြင့် အစောင့်အရှောက် ၄ ပါး ကို ရယူအပ်၏။

(၁) အရဟံအစရှိသော ဘုရားရှင်၏ ဂုဏ်တော် ၉ ပါး၊ သို့မဟုတ် တစ်ပါးပါးကို အောက်မေ့ပွားများခြင်း = ဗုဒ္ဓါနုဿတိ၊

(၂) ငါ၏ သေခြင်းတရားသည် မြဲ၏၊ ငါ၏ အသက်ရှင်ခြင်းသည် မမြဲ၊ ငါသည် မချွတ်ဧကန် သေရာ၏၊ ငါ တစ်နေ့သေရဦးမည်ဟု သေခြင်းတရား၌ အောက်မေ့ခြင်း = မရဏဿတိ၊

(၃) သတ္တဝါအားလုံး ကျန်းမာပါစေ၊ ချမ်းသာပါစေ စသည်ဖြင့် မေတ္တာပို့ခြင်း = မေတ္တာ၊
(၄) မိမိ၏ ခန္ဓာကိုယ်ကို အသုဘလက္ခဏာပေါ်အောင် ရှုကြည့်ခြင်း = အသုဘသညာ။

ဤကမ္မဋ္ဌာန်း ၄ ပါးတို့ကို ကမ္မဋ္ဌာန်းအားမထုတ်မီ မဖြစ်မနေ ပွားများအပ်သောကြောင့်လည်းကောင်း၊ အခါခပ်သိမ်း အလိုရှိအပ်သောကြောင့်လည်းကောင်း “သဗ္ဗတ္ထက ကမ္မဋ္ဌာန်း” ဟု ခေါ်သည်။ တစ်နည်းအားဖြင့် ကိုယ်ခန္ဓာ၏ အန္တရာယ်၊ ကမ္မဋ္ဌာန်း၏ အန္တရာယ်တို့ကို ကာကွယ်စောင့်ရှောက်ရာ ရောက်သောကြောင့်လည်း “စတုရာရက္ခ ကမ္မဋ္ဌာန်း = အစောင့်အရှောက် ကမ္မဋ္ဌာန်း” ဟု ခေါ်သည်။

ဝိသုဒ္ဓိမဂ်၌ မေတ္တာ၊ မရဏဿတိ၊ အသုဘသညာ ဤ ၃ ပါးကို “သဗ္ဗတ္ထက ကမ္မဋ္ဌာန်း” ဟု ဖော်ပြ၍ ခုဒ္ဒသိက္ခာကျမ်း၌ ဗုဒ္ဓါနုဿတိနှင့် တကွသော အထက်ပါ ကမ္မဋ္ဌာန်း ၃ ပါး၊ ပေါင်း ၄ ပါးကို “စတုရာရက္ခကမ္မဋ္ဌာန်း” ဟု ဖော်ပြသည်။ ထို ၄ ပါးလုံးကိုပင် သဗ္ဗတ္ထက ကမ္မဋ္ဌာန်းဟု လည်းကောင်း၊ စတုရာရက္ခ ကမ္မဋ္ဌာန်းဟု လည်းကောင်း ဆိုသင့်ကြောင်း မဟာစည်ဆရာတော်ဘုရားကြီးက ဆုံးဖြတ်ထားလေသည်။
စာမျက်နှာ-40


အမြဲဆောင်ထားရမည့် ကမ္မဋ္ဌာန်း

ကမ္မဋ္ဌာန်းတရား အားထုတ်သည့် ပုဂ္ဂိုလ်သည် ကမ္မဋ္ဌာန်း ၄၀ ရှိသည့်အနက် ကြိုက်နှစ်သက်ရာ ကမ္မဋ္ဌာန်း တစ်ခုခုကို အားထုတ်ပွားများနိုင်သော်လည်း အကျိုးသက်ရောက်မှု ပိုမို ထိရောက်မှု ရှိစေရန်နှင့် တရားပေါက်မြောက် အောင်မြင်မှု မြန်ဆန်စေရန်အတွက် မိမိစရိုက်နှင့် ကိုက်ညီသော ကမ္မဋ္ဌာန်းကိုသာ စွဲစွဲမြဲမြဲ အားထုတ်သင့်ပေသည်။ ထိုသို့ စွဲစွဲမြဲမြဲ အားထုတ်ခြင်းဖြင့် အမြဲ ဆောင်ထားအပ်သော ကမ္မဋ္ဌာန်းကို “ပါရိဟာရိယ ကမ္မဋ္ဌာန်း” ဟု ခေါ်သည်။ (ပရိ+ဟရ။ ပရိ = ထက်ဝန်းကျင် သွားလေရာရာ + ဟရ = ဆောင်ခြင်း)

မိမိကိုယ်ကို မိမိ မည်သည့်စရိုက် အားကြီးသည်၊ မည်သည့်စရိုက် ရှိသည်ဟု မဝေခွဲ မဆုံးဖြတ်နိုင်လျှင်ကား စရိုက်အားလုံးနှင့် သင့်လျော်သော ပထဝီကသိုဏ်း စသည့် ကသိုဏ်း ၁၀ ပါးတို့တွင် ကသိုဏ်းတစ်ခုခုကို ကြည့်ရှု စီးဖြန်း အားထုတ်အပ်၏။
စာမျက်နှာ-41


အခန်း (၃) ကသိုဏ်းရှုနည်းများ

ပထဝီကသိုဏ်းဝန်း ပြုလုပ်ပုံ

ပထဝီ (မြေကြီး) ကသိုဏ်းကို ရှုမှတ်ပွားများအားထုတ်လိုသည့် ပုဂ္ဂိုလ်သည် ရှေးဦးစွာ ပထဝီကသိုဏ်းဝန်းကို ပြုလုပ်ရမည်။ ပြုလုပ်ပုံမှာ မဝါလွန်း၊ မနီလွန်း၊ နေအရုဏ်အဆင်းရှိသော မြေနုနုန်းမြေ (သို့မဟုတ်) တောင်ပြိုမြေကို အမှိုက်မပါ ညက်စွာပြုလျက် ရေနှင့် ဖျော်၍ စေးအောင်နယ်ပါ။ ထို့နောက် မိမိအထွာဖြင့် အချင်းတစ်ထွာရှိ လှည်းဘီးငယ်ကဲ့သို့ (ကျောက်ပျဉ်ကဲ့သို့) မြေချပ် အဝိုင်းတစ်ခုပြုလုပ်ပါ။ သို့မဟုတ် ဆန်ကောငယ် ပမာဏလောက် ပြုလုပ်ပါ။ ကြည့်ရှုမည့်ဘက်၌ စည်မျက်နှာပြင်ကဲ့သို့ ညီညာညက်ညော ချောမွတ်နေပါစေ။ အနားပတ်လည်၌ ယပ်ဝန်းအနားပတ်ကဲ့သို့ တစ်လက်မ၏ လေးပုံတစ်ပုံခန့် ကျယ်သည့်အနားသတ်မျဉ်းကို အဖြူဖြစ်စေ၊ အစိမ်းဖြစ်စေ ဆေးမင်ရေဖြင့် ပိုင်းခြားသားထားရမည်။ ထိုကသိုဏ်းဝန်းကို အညစ်အကြေး မစွန်းထင်းစေရ၊ မပွန်းမပဲ့ရအောင် ကောင်းမွန်ရိုသေသေ ထားရမည်။

ထိုသို့ မြေကသိုဏ်းဝန်း ပြုလုပ်ရာတွင် အချင်းတစ်ထွာအောက် လျော့နည်းလိုပါမူ လက်နှစ်သစ်၊ သုံးသစ်လောက် လျော့နိုင်၏။ တစ်ထွာထက်ပိုလျှင်လည်း လက်လေးသစ်၊ ရှစ်သစ်ခန့် ပိုနိုင်၏။ သို့သော် မောဟစရိုက် အားကြီးသူအတွက်ကား ကောက်နယ်တလင်းခန့်မျှ ကျယ်ဝန်းသည်အထိ ပြုလုပ်နိုင်သည်။ ကသိုဏ်းဝန်းငယ်လျှင် စိတ်နိုင်လွယ်သည်။ နိမိတ် (အာရုံ) ရလွယ်သည်။ သို့သော် စိတ်ခိုင်ခံ့ ကြီးထွားမှု နည်း၏။ ကသိုဏ်းဝန်းကြီးလျှင် စိတ်နိုင်ခဲသော်လည်း နိမိတ်ရခဲသည်။ စိတ်မူကား ကြီးထွားခိုင်ခံ့၏။

ပထဝီကသိုဏ်းရှုပုံ

ပထဝီကသိုဏ်းကို ရှုမှတ်ရမည့် ပုဂ္ဂိုလ်သည် ကသိုဏ်းဝန်းကို ကြိုတင်ပြုလုပ်ထား၍ အသင့်ဖြစ်ပြီဆိုလျှင် ဗောဓိယင်္ဂဏဝတ်စသည့် ပုဗ္ဗကိစ္စလေးပါးကို ပြုလုပ်ပြီးနောက် လူနှင့်မရော ဆိတ်ငြိမ်အေးချမ်းသော နေရာ၌ တစ်ယောက်တည်း ချမ်းသာရွှင်လန်းစွာ တင်ပျဉ်ခွေ ထိုင်နေလျက် ပထဝီကသိုဏ်းဝန်းကို ရှုရမည်။ ငုံ့၍လည်း မကြည့်ရ၊ မော့၍လည်း မကြည့်ရ၊ မျက်စိနှင့် ပဏာရသည့် အကွာအဝေး လက်လှမ်းတမိလောက်၌ ကသိုဏ်းဝန်းကို ထောင်ထားပါ။ ပြီးလျှင် ဘုရားရှင်၏ ဂုဏ်တော်များကို အနည်းငယ် အောက်မေ့ရှိခိုး၍
စာမျက်နှာ-42


“ငါ၏ ထက်ဝန်းကျင်၌ ရှိကြသော သတ္တဝါခပ်သိမ်းတို့သည် ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ၊ အခါခပ်သိမ်း ကောင်းမြတ်သော အာရုံတို့ကို တွေ့မြင်ကြပါစေ”— ဟု အတန်ငယ် မေတ္တာပို့၍ —

“ငါသည် မချွတ်ဧကန် သေရလိမ့်မည်၊ ဘယ်သောအခါ သေရမည်လည်း မသိ၊ မသေခင် ကိုးကွယ်ရာကို ရအောင်လုပ်မှ”— ဟု အတန်ငယ် မရဏသညာကို ဖြစ်စေရမည်။

ထို့နောက် ဤကသိုဏ်းကျင့်စဉ်သည် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အရိယာပညာရှိ သူတော်ကောင်းကြီးတို့၏ ကျင့်စဉ်တည်း၊ ဤကျင့်စဉ်ဖြင့်ပင် အရိယာ သူတော်ကောင်းကြီးများ အို၊ နာ၊ သေရေး- ဒုက္ခဘေးတို့မှ လွတ်မြောက်ကြလေပြီ၊ ငါလည်း ဤအကျင့်ဖြင့်ပင် အို၊ နာ၊ သေရေး ဒုက္ခဘေးတို့မှ လွတ်မြောက်ရအံ့၊ ဤအကျင့်သည် ငါ၏ကိုးကွယ် အားထားရာတည်းဟု ဆင်ခြင်ပါ။ ဤကဲ့သို့ ကသိုဏ်းဝန်း၌ အလွန်ချစ်ခင် နှစ်သက်လျက် တရားထူးကို အလွန်လိုချင် တောင့်တသော ပြင်းပြသောအာသာဆန္ဒဖြင့် ပထဝီကသိုဏ်းဝန်းကို ကြည့်ရှုပါ။

ယင်းသို့ ပထဝီကသိုဏ်း ရှုရာတွင် ပါးစပ်က “ပထဝီ၊ ပထဝီ = မြေကြီး၊ မြေကြီး” ဟု တတွတ်တွတ် ရွတ်ဆိုရန်မလို၊ မရွတ်ဆိုရ။

ထိုကသိုဏ်းဝန်းမြေကြီးကို မျက်စိဖြင့် မြင်ရသည့်အတိုင်း စိတ်ထဲ၌ စွဲကပ်ထင်မြင်၍ နေအောင် ကသိုဏ်းဝန်း၌ စိတ်ကို တစ်စိတ်တစ်ဒေသ၌ မထားဘဲ ထိုကသိုဏ်းဝန်း တစ်ခုလုံးကို အကုန်အကျွံ စိတ်နှင့်ငုံ၍ ကြည့်ရှုအပ်၏။ လိပ်ကို ကျားစုပ်လျှင် အထဲမှ အသားတွေ အကုန်လုံးပါ၍ လိုက်ရ၏။ အခွံသာ ကျန်ရစ်တော့၏။ ထိုလိပ်ကိုပါအောင် စုပ်ယူသော ကျား၏စိတ်ကဲ့သို့ စိတ်ကို သန်သန်ခိုင်ခိုင်ကြီး ထား၍ သတိ ပညာဖြင့် ခိုင်ခိုင်မြဲမြဲမှတ်၍ ကသိုဏ်းဝန်းတစ်ခုလုံးကို စိတ်၌အကုန်လုံး စွဲကပ်ထင်၍ ပါလာအောင် ပြူးပြူးစိစိကြည့်ရှု၍ အာရုံယူအပ်၏။ စိတ်၌ စွဲလောက်၊ ပါလောက်၊ ရလောက်ချိန်တန်လျှင် မျက်စိကို မှိတ်၍စမ်း၊ မျက်စိမှိတ်သောအခါမှာလည်း ဖွင့်၍ ကြည့်နေတုန်းကလို မြေကြီးဝန်းကို ထင်မြင်၍နေလျှင် မြေကြီးကသိုဏ်း ဥဂ္ဂဟနိမိတ် ရပြီဟူ၍ မှတ်လေ။ မရသေးလျှင် မျက်စိကိုဖွင့်၍ ကြည့်မြဲတိုင်းပင် ကြည့်ရှု၍ ယူရာ၏။ မျက်စိကို ခဏခဏ မှိတ်၍လည်း မစမ်းအပ်၊ ကြာနိုင်သမျှကြာအောင် ကြည့်ရှု၍ ယူရာ၏။ ကြည့်ရှုဖန်များလျှင် ကြာလျှင်ရ၏။
စာမျက်နှာ-43


ဤမြေကြီးအဝန်းကို စိတ်ထဲကသာ မြေမြေဟုမှတ်လျှင် မျက်စိဖြင့်မြင်သည့်အတိုင်း စိတ်၌ စွဲကပ်ထင်မြင်၍ ပါလာအောင် မျက်စိဖြင့်သာ ကြည့်ရှု၍ နေရသည်။ ကြည့်ရှုသောအခါမှာလည်း မျက်စိကို မှေးတုတ်တုတ်လုပ် မကြည့်ရ၊ အိပ်ချင်သည်၊ စိတ်ပျော့သည်၊ ရခဲသည်။

ထို့ကြောင့် မျက်စိကို ဖွင့်နိုင်သမျှ ဖွင့်၍ ကြည့်ရသည်။ မျက်တောင်ကိုလည်း မခတ်ဘဲ နေနိုင်သမျှ နေ၍ ကြည့်ရသည်။ ကြာလျှင် အိပ်ချင်၍ လာတတ်သည်။ အိပ်ချင်လေလေ မျက်စိကို ပြူးလေလေ ပြူးရမည်။ အိပ်ချင်၍လာသောအခါ မျက်စိကို မှေး၍ မှိန်း၍ စိတ်သညာကို ပျော့စေ၍ ကြည့်သော် ကသိုဏ်းဝန်း နှစ်ခု ဖြစ်၍နေတတ်၏။ ယင်းသို့ မနေစေအပ်။ စိတ်သညာကို သန်သန်ခိုင်ခိုင် ထား၍ ကြည့်အပ်၏။

သတိပေါ့လွတ်လျက် စိတ်သည် ကသိုဏ်းဝန်း၌ မနေဘဲ တခြားအာရုံကို ပြေးသွားကြံစည်၍လည်း နေတတ်၏။ မနေစေအပ်။ ကသိုဏ်းအာရုံမှတစ်ပါး ဘယ်ကိုမှ ထွက်မပြေးစေအပ်။ ကြပ်ကြပ် သတိပြုအပ်၏။ “ဟယ် စိတ်ငမျောက် ဘယ်ကိုမှ မပြေးနဲ့” ဟု စိတ်ဝိတက်ကို ကြပ်ကြပ်နှိပ်ကွပ်၍ ကသိုဏ်းအာရုံကိုသာ မြဲစွဲစွာ သတိဖြင့် ဖွဲ့ထားအပ်၏။ ကြာသောအခါ စိတ်မောပြီး ဝီရိယလျော့ပြီး ပျင်းလာတတ်၏။ မပျင်းစေအပ်၊ အကျိုးအပြစ်တို့ကို ဆင်ခြင်၍ စိတ်ဝီရိယ ထက်သန်စေသော အာရုံများကို ဆင်ခြင်၍ မြင်းမိုရ်တောင်ကြီးကို ဖြိုချမည့် ယောက်ျား၏ စိတ်ဝီရိယကဲ့သို့ စိတ်ဝီရိယကို အားကောင်းထက်သန်စေ၍ “မရလျှင် မနေဘူးဟဲ့” ဟု အံသွားခဲ၍ စိတ်ခါးတောင်းကျိုက်ပြီး ကြည့်ရှုရာ၏။ စိတ်ကို အားထည့်ပေးရမည်။ စိတ်မောသဖြင့် ကိုယ်ပါမော၍ ပျင်းရိ၍ ခဏခဏ နားချင်တတ်၏။ သည့်ပြင်ဟာ တော်ရာကို ထ၍ လုပ်ချင်တတ်၏။ ခဏခဏ မနားအပ်၊ မလုပ်အပ်၊ ကြပ်ကြပ် ဇွဲကောင်းရာ၏။ အသည်းကောင်းရာ၏။

တစ်ခါတရံ စိတ်သည် ကသိုဏ်းဝန်းသို့ မရောက်ဘဲ ရှိတတ်သည်။ မျက်စိသည် ကသိုဏ်းဝန်းကို ကြည့်နေပါလျက် ကသိုဏ်းဝန်းကို မမြင်ဘဲ တခြားအာရုံ မြင်ကွင်းများကို မြင်နေတတ်သည်။ ထိုအခါ ဝိတက်ဖြင့် စိတ်ကို ကသိုဏ်းဝန်းပေါ်သို့ ပြန်လည်ဆွဲတင်ပေးရမည်။ ကသိုဏ်းအာရုံမှတစ်ပါး တခြားသို့ စိတ်ထွက်မပြေးအောင် ဝိစာရဖြင့် ထိန်းကွပ် စောင့်ရှောက်ပေးရမည်။ ဝိတက်သည် စိတ်ကို ရှုလိုသည့် အာရုံပေါ်သို့ တက်ရောက်စေရန် ဦးတည်ပေးတတ်၏၊ စိတ်ကို အာရုံပေါ်သို့ တင်ပေးတတ်၏၊ ဝိစာရသည် ရောက်ရှိနေသော အာရုံပေါ်မှ ဆင်းမသွားစေရန် ဘေးသို့ ပြေးမထွက်စေရန် ထိုအာရုံပေါ်မှာပင် တဝဲလည်လည် နေစေရန် ထိန်းထားတတ်၏။
စာမျက်နှာ-44


ဥဂ္ဂဟနိမိတ်ထင်ပုံ

ဤသို့ နိမိတ်ယူရာ၌ အချို့သောသူမှာ မကြာခင် အလွယ်တကူဖြင့်ပင် နိမိတ်ရနိုင်၏။ အချို့သောသူတို့မှာကား ဤကဲ့သို့ ပင်ပင်ပန်းပန်း သက်စွန့်ကြိုးစားအားထုတ်မှ ကြာမှပင် ရသည်။ ဤသို့ စိတ်ထဲ၌ ယူ၍ရသော နိမိတ်ကို ဥဂ္ဂဟနိမိတ် ဟု ခေါ်သည်။ အပြင်ဘက်ရှိ ကသိုဏ်းဝန်းကိုကား ပရိကမ္မနိမိတ် ဟု ခေါ်သည်။ ဥဂ္ဂဟနိမိတ်နှင့် ပရိကမ္မနိမိတ် တစ်ထပ်တည်းတူ၏။ ဤဥဂ္ဂဟနိမိတ်ကို ရသောအခါ စိတ်သည် သံလိုက်ကောင်းကောင်းကို အပ်တွယ်မိသကဲ့သို့ ဤမြေကြီး ဥဂ္ဂဟနိမိတ်ကိုသာ တွယ်၍ နေတော့၏။ ဘယ်ကိုမှ များစွာမပြေးတော့ပြီ။ မျက်စိကို ဖွင့်ထားလျှင်ကား ရှေ့တည့်တည့်ရှိ အဆင်းတို့ကို မြင်၏။ မျက်စိကို မှိတ်လိုက်စေကာမူ ဘယ်ကိုမှ မမြင်ဘဲ ဤမြေကြီးကသိုဏ်းဝန်းကိုသာ မြင်နေတော့၏။ မျက်စိကို မှိတ်၍ ပက်လက်လှန်အိပ်နေလျှင် မျက်နှာပေါ်တွင် ကသိုဏ်းမြေချပ်ဝန်းကြီး မိုးလျက်နေ၏။ မှောက်၍နေလျှင် အောက်မှာ ကြမ်းပြင်ရယ် ဖျာရယ်ဟု မမှတ်ဘဲ မြေကြီးဝန်းကြီးကိုသာ မြင်၍ နေတော့၏။ ရေထဲ၌ ငုပ်၍ နေလျှင်လည်း မျက်နှာရှေ့က ရေရယ်လို့ မမှတ်ဘဲ မြေချပ်ကသိုဏ်းဝန်းကြီးသာ ရှိ၍ မြင်၍ နေတော့၏။ မျက်နှာကို လုံလုံလက်ဝါးပိတ်ဖုံး၍နေလျှင်လည်း လက်ဝါးဟူ၍ အမှတ်မထားဘဲ မြေချပ်ကသိုဏ်းဝန်းကြီးကိုသာ မြင်၍ နေတော့၏။

ညဉ့်အိပ်သောအခါမှာလည်း ဥပမာအားဖြင့်- တစ္ဆေ၊ မသာ အလွန်ကြောက်တတ်လျက် မလွှဲသာ၍ မသာလောင်းကို ကိုင်တွယ်ရသဖြင့် မသာလောင်း ဥဂ္ဂဟနိမိတ်ကြီး ထင်မြင်၍ နေသောသူကဲ့သို့ မြေချပ်ကသိုဏ်းဝန်းကြီးကိုသာ ထင်မြင်၍ နေလေတော့၏။ အိပ်၍ မပျော်နိုင်တော့ပြီ။ ကြပ်ကြပ် အားထုတ်ကြည့်လေ၊ နှလုံးသွင်းလေ၊ မျက်စိကျယ်လေ ဖြစ်၍ နေတော့၏။ အိပ်ပျော်စေချင်သဖြင့် အားထုတ်၍ နှလုံးမသွင်းဘဲနေမှ တဖြည်းဖြည်း စိတ်နှုတ်၍ ကသိုဏ်းဝန်းမြေချပ်ကြီးကိုမြင်ရာက မေ့ခနဲဖြစ်ပြီး ဘဝင်ကျ၍ အိပ်ပျော်သွားလေ၏။ အိပ်ရာမှ နိုးပြန်လျှင်လည်း မြေချပ်ကသိုဏ်းဝန်းကြီးကိုပင် ထင်မြင်၍ နိုးလာ၏၊ မျက်နှာရှေ့က မြေချပ်ကသိုဏ်းဝန်းကြီး ဆီးလျက်သာ နေတော့၏။

ဤကဲ့သို့ ဥဂ္ဂဟနိမိတ်ရ၍ အတော်ခိုင်မာရင့်ကျက်သောအခါ ခပ်မှောင်မှောင်အခန်းထဲမှာ မျက်စိမမှိတ်ဘဲ ဖွင့်၍ထားလျှင်လည်း ကသိုဏ်းမြေဝန်းကိုသာ မြင်၍ နေတော့၏။ စက္ခုဝီထိ မကျတော့ပြီ။ စင်္ကြံသွားရင်းလည်း ရှု၍ဖြစ်တော့၏။ ဤကဲ့သို့ ဥဂ္ဂဟနိမိတ်ထင်သည်မှစ၍ အိပ်ချင်ထိုင်းမှိုင်းသော ထိနမိဒ္ဓတို့သည် အတန်ငယ် ကွာလျက် တဖြည်းဖြည်း ပါးပြီး ငုပ်၍သွားကြတော့
စာမျက်နှာ-45


၏။ ကြွင်းသော နိဝရဏတို့လည်း ထိုနည်းတူ တဖြည်းဖြည်းပါး၍ ငုပ်၍ သွားကြတော့၏။ ဤကား ဥဂ္ဂဟနိမိတ်ထင်ပုံတည်း။

နိမိတ်သုံးပါး

ဤ၌ နိမိတ်သုံးပါး ထင်ပုံကို ရှင်းပါဦးမည်၊ နိမိတ်ဆိုသည်မှာ အာရုံကို ဆိုသည်၊ ကမ္မဋ္ဌာန်းတရား အားထုတ်ရာ၌ သမာဓိအနုအရင့် အခြေအနေအရ အာရုံနိမိတ်သုံးမျိုးသုံးဆင့် ပေါ်လေ့ရှိသည်။ ပြင်ပဗဟိဒ္ဓ၌ အမှန်တကယ်ရှိသော အာရုံနိမိတ်ကို ပရိကမ္မနိမိတ် ဟု ခေါ်သည်။ ပရိကမ္မ၏ အဓိပ္ပာယ်မှာ ကြိုတင်ပြင်ဆင်မှုအလုပ်၊ အထောက်အကူအလုပ်၊ အသိုင်းအဝိုင်းအလုပ်ဟု ဆိုလိုသည်။ ဥပမာ အိမ်သစ် ဆောက်လုပ်မည် ဆိုပါက အိမ်ရာမြေကို သန့်စင်စေရန် ကန်တော့ပွဲထိုးခြင်း၊ ပရိတ်ကမ္မဝါစာ ရွတ်ဖတ်ခြင်းတို့ကို ပရိကံ (ပရိကမ္မ) ပြုသည်ဟု ဆိုကြသည်။

ဤကမ္မဋ္ဌာန်းအလုပ်မှာလည်း သမာဓိမရမီ ရှေ့အဖို့၌ အထောက်အကူအဖြစ် မြေကသိုဏ်းဝန်းကို အာရုံစွဲကပ်သွားအောင် ကြာရှည်စွာ စူးစိုက်ကြည့်ရှုနေမှုကို ပရိကံ (ပရိကမ္မ) ပြုသည်ဟု ခေါ်ဆိုရသည်။ ယင်းကဲ့သို့ ပရိကံပြုနေသည့်အခိုက်၌ မျက်ဝါးထင်ထင် တွေ့မြင်နေရသော မြေကသိုဏ်းဝန်း အာရုံနိမိတ်မှ ယောဂီ၏စိတ်သည် ပြေးမထွက်တော့ဘဲ စွဲကပ် တည်ငြိမ်နေလျှင် ယင်းမျက်မြင် မြေကသိုဏ်းဝန်းအာရုံကို ပရိကမ္မနိမိတ်ဟု ခေါ်ဆိုရသည်။ (ပရိ = ထက်ဝန်းကျင်၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်း + ကမ္မ = အလုပ်)

ယင်းကဲ့သို့ မျက်စိရှေ့ရှိ မြေကသိုဏ်းဝန်းပုံစံ အာရုံသည် မျက်စိမှိတ်ထားသော်လည်း မပျောက်ကွယ်တော့ဘဲ အာရုံထဲ၌ ဆက်လက် စွဲထင်နေသည့်အခါ ဥဂ္ဂဟနိမိတ် (အဆင့်) သို့ ရောက်ပြီဟု ဆိုရသည်။ စိတ်ထဲ၌ စွဲထင်ကျန်ရစ်နေသည့် အာရုံဖြစ်သည်။ (ဥ+ဂဟ။ ဥ = အနီးကပ်စွဲကပ်၍၊ ဂဟ = ရယူခြင်း)

ဥဂ္ဂဟနိမိတ်ဟုခေါ်သော စိတ်ထဲ၌ စွဲထင်ကျန်ရစ်သည့် မြေကသိုဏ်းဝန်းပုံသည် မူလရှိသော ပရိကမ္မနိမိတ် မြေကသိုဏ်းဝန်းပုံကဲ့သို့ အနာအဆာများ၊ စင်းကြောင်းများ၊ ပြုပ်များ ပါဝင်နေသေးသည်။ ယင်း ဥဂ္ဂဟနိမိတ်ကို ကြာရှည်စွာ ရှုနေသောအခါ တဖြည်းဖြည်း အနာအဆာများ၊ စင်းကြောင်းများ၊ ပြုပ်များ ကင်းစင်၍ မှန်သားကဲ့သို့ ကြည်လင် တောက်ပြောင်ပြီး အရောင် အလင်း ထွက်လာသည်။ ထိုအခါ ယင်းအာရုံနိမိတ်ကို ပဋိဘာဂနိမိတ် ဟု ခေါ်ဆိုရသည်။ ပဋိဘာဂ၏ အဓိပ္ပာယ်မှာ ပုံတူ၊ ဆင်တူဟု ဆိုလိုသည်။ မူရင်း အာရုံနိမိတ်မဟုတ်၊ မူရင်းနှင့် ဆင်တူသည့် အာရုံအသစ် ဟု ဆိုလိုသည်။ (ပဋိဘာဂ = ဆင်တူ ပုံတူ)
စာမျက်နှာ-46


ထို့ကြောင့် ပထဝီကသိုဏ်းရှုမှတ်ရာ၌ ထင်မြင်လာသည့် အာရုံနိမိတ်မှာ စိတ်၏တည်ကြည်မှု၊ သမာဓိရမှု အခြေအနေအရ ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ်ဟူ၍ အာရုံနိမိတ် သုံးဆင့်ရှိသည်ဟု မှတ်သားထားရမည်။

ပဋိဘာဂနိမိတ်

ဤကဲ့သို့ ဥဂ္ဂဟနိမိတ်ရသောအခါ ပြင်ပရှိ ပရိကမ္မနိမိတ် ကသိုဏ်းဝန်းကို တော်ရာမှာ သိမ်းထား၍ စိတ်ထဲ၌ရှိနေသော ဥဂ္ဂဟနိမိတ်ကိုသာ အမြဲအစွဲ ကြည့်ရှုရာ၏။ ထိုသို့ အမြဲအစွဲ အားထုတ်ကြည့်ရှုဖန်များသောအခါ ဤဥဂ္ဂဟနိမိတ်သည် တဖြည်းဖြည်း သိမ်မွေ့၍ သိမ်မွေ့၍ လာ၏။ နောက်ဆုံးတွင် အနာခြစ်ရာ၊ အစင်း၊ အဆာ၊ အကြောင်း၊ ပြုပ်မရှိဘဲ မှန်သားများကဲ့သို့ ကြည်လင်လာ၏။ ရသစ်စ ဥဂ္ဂဟနိမိတ်ထက် အဆအရာမက သာလွန်ချောညက် သိမ်မွေ့နုနယ်လာ၏။ အလွန်စိတ်နှစ်သက် ပျော်မွေ့ဖွယ်ကောင်းသော အဖြစ်သို့ ရောက်လာ၏။ စိတ်သည် ဘယ်လောက်ပင် ကြာအောင်ကြည့်၍ နေသော်လည်း ပျင်းမုန်းခြင်း၊ အားရခြင်း မရှိနိုင်တော့ပြီ။ ထိုအခါ ထိုကဲ့သို့သော နိမိတ်ကို ပဋိဘာဂနိမိတ်ဟု ခေါ်သည်။

နီဝရဏကင်းကွာခြင်း

ပဋိဘာဂနိမိတ်သို့ ရောက်သောအခါ ကာမဂုဏ်ကို ခံစားလိုသော ကာမစ္ဆန္ဒနီဝရဏ၊ အမျက်ဒေါသဟူသော ဗျာပါဒနီဝရဏ၊ ငိုက်မျဉ်းထိုင်းမှိုင်းခြင်း ဟူသော ထိနမိဒ္ဓနီဝရဏ၊ ပျံ့လွင့်ခြင်း ပူပန်ခြင်းဟူသော ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ၊ ဤကဲ့သို့ ပထဝီကသိုဏ်းကို ကြည့်ရှု အားထုတ်လျှင် ဤကဲ့သို့ ဖြစ်သည်ဟု ဟောသော ဆရာသည် အဟုတ်ပဲသိ၍ ဟောတာလေလား၊ မသိဘဲ စမ်းရမ်းဟောတာလေလား၊ ဟောထားသော တရားသည် မှန်မှ မှန်ပါလေလား၊ အမွှားများလေလားဟု ကမ္မဋ္ဌာန်းဆရာ၌လည်းကောင်း၊ ကမ္မဋ္ဌာန်းလမ်းကြောင်း၌လည်းကောင်း ယုံမှားခြင်း ဝိစိကိစ္ဆာနီဝရဏ၊ ဤနီဝရဏငါးပါးတို့သည် စိတ်သန္တာန်၌ ပါးလျက် တစ်ခါတည်း ကွာ၍ ကွယ်၍ ငုပ်၍ ဝပ်၍ သွားကြလေတော့၏။ မဖြစ်ပေါ်လာ၊ မထလာကြပေပြီ။ ကြွင်းသော အကုသိုလ် နီဝရဏတရားတို့လည်း စိတ်သန္တာန်၌ ဝပ်၍ ငုပ်၍ ကုန်ကြလေတော့၏။ မပေါ် မထလာကြတော့ပြီ။ ဤနီဝရဏတရားငါးပါးကို ကျော်လွန်ပြီးမှသာလျှင် ဈာန်စိတ် ဖြစ်ပေါ်နိုင်သည်။ ဈာန်ရနိုင်သည်။
စာမျက်နှာ-47


အတားအဆီး (နီဝရဏ) များ

ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းရာ၌ စိတ်၏ တည်ကြည်မှု (သမာဓိ) မဖြစ်ပေါ်စေရန်၊ မတိုးတက်စေရန်၊ တားဆီးပိတ်ဆို့တတ်သော တရားဆိုးများ (တစ်နည်းအားဖြင့်) ဈာန်လမ်းစဉ်ကို အားထုတ်ရာ၌ ဈာန်စိတ် မဖြစ်ပေါ်နိုင်စေရန် တားဆီးပိတ်ဆို့သော တရားဆိုးများကို နီဝရဏ ဟု ခေါ်သည်။ ယင်းတရားဆိုးများမှာ ငါးပါးရှိ၏—
(၁) ကာမစ္ဆန္ဒနီဝရဏ = ကာမဂုဏ် ခံစားလိုခြင်း၊
(၂) ဗျာပါဒနီဝရဏ = ရန်လိုခြင်း၊ မကျေနပ်ခြင်း၊
(၃) ထိနမိဒ္ဓနီဝရဏ = ထိုင်းမှိုင်း ငိုက်မျဉ်းခြင်း၊
(၄) ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ = စိတ်ပျံ့လွင့်ခြင်း၊ စိတ်ပူလောင်ခြင်း၊
(၅) ဝိစိကိစ္ဆာနီဝရဏ = ယုံမှားသံသယ ဖြစ်ခြင်း။

ကာမစ္ဆန္ဒနီဝရဏ

သတ္တဝါတို့သည် အာရုံငါးပါး ကာမဂုဏ်တရားကို မငြီးတမ်း အလဲအလှယ်ပြု၍ ခံစားလိုကြသည်။ ပွဲလမ်းသဘင်၊ ရုပ်ရှင်ပြဇာတ်များ၊ ဆပ်ကပ်ပွဲများ၊ ပန်းချီ၊ ပန်းပု အနုပညာပြပွဲများ စသည့် မျက်စိအာရုံအမျိုးမျိုး အလဲအလှယ် ကြည့်ရှုခံစားလိုကြ၏။ သီချင်းသံ၊ တီးသံ၊ မှုတ်သံစသော နားအာရုံအမျိုးမျိုးကို ခံစားလိုကြ၏။ ပန်းနံ့၊ ရေမွှေးနံ့၊ သစ်သီးနံ့စသည့် နှာခေါင်းအာရုံများကို အသစ်အသစ် အလဲအလှယ် ပြုလုပ်ခံစားလိုကြ၏။ ဟင်းလျာအမျိုးမျိုး၊ အဖျော်ယမကာအမျိုးမျိုး စသည်ဖြင့် အရသာမျိုးစုံကို ခံစားလိုကြ၏။ ပိုး၊ ဖဲ၊ ကတ္တီပါ၊ မွေ့ရာ၊ ခေါင်းအုံးစသော အတွေ့အထိအရသာများကိုလည်း ခံစားလိုကြ၏။ ထိုအာရုံများ ခံစားခွင့်ရအောင် ငွေရှာရသည်။ ပွဲကြည့်ခွင့် လက်မှတ် တိုးဝှေ့ဝယ်ကြရသည်။ မျက်စိအတွက် တီဗွီနှင့် ဗီဒီယိုပြစက်များ ဝယ်ကြရသည်။ နားအရသာ ခံစားနိုင်ရန်အတွက် ရေဒီယို၊ ကက်ဆက် စသည် ဝယ်ကြရသည်။

ဤသို့ စသည်ဖြင့် အာရုံငါးပါး ရရှိရေးအတွက် ကြိုးပမ်းရှာဖွေနေခဲ့ရာ ပြည့်စုံသည်ဟူ၍ မရှိ၊ လိုပြီးရင်း လိုနေရင်း ဖြစ်၏။ တော်ပါပြီ၊ အားရပါပြီဟူ၍ မရှိ။ ကမ္မဋ္ဌာန်းတရား အားထုတ်ရန် တိုက်တွန်းမှုနှင့် ကြုံရသည့်အခါ အချိန်မရှိလို့၊ မအားလို့ဟု အကြောင်းပြနေသော်လည်း ပွဲလမ်းသဘင်ကြည့်ရန်ဆိုပါက အမြဲအားနေတတ်၏။ အချိန်ရှိနေကြ၏။ ထို့ကြောင့် ဤအာရုံငါးပါး ခံစားလိုမှုများသည် ကမ္မဋ္ဌာန်းအားမထုတ်နိုင်အောင် တားဆီးပိတ်ဆို့တတ်၊ စတင်အားထုတ်ချိန်၌လည်း မျက်စိကို မထိန်းနိုင်၊ ချောချောလှလှလေး
စာမျက်နှာ-48


တွေ့လျှင် မကြည့်ဘဲ မနေနိုင်၊ နောက်ပိတ်ဆုံး ခွေးချင်းကိုက်တာကိုပင် ကြည့်လိုက်ချင်၏။ နားကိုလည်း မထိန်းနိုင်၊ ဆိုင်းသံ၊ ဗုံသံကြားက စိတ်မှာ ကြွရွလာသည်။ နှာခေါင်းကိုလည်း မထိန်းနိုင်၊ ပန်းရနံ့၊ ရေမွှေးအနံ့ရပါက အနံ့အာရုံနောက်သို့ မျောပါသွားပြန်၏။ လျှာကိုလည်း မနိုင်၊ မြိန်မြိန်ကလေး စားချင်၏။ ဖောဋ္ဌဗ္ဗာရုံအတွေ့အထိကိုလည်း လက်မလွှတ်တမ်း ခံစားလိုက်ချင်၏၊ ခံစားပြီးပါကလည်း တသသ ပြန်လည်အောက်မေ့နေတတ်၏။ နောက်ထပ် အလားတူ ထပ်မံခံစားနိုင်ရန် ကြံစည်ကြိုးကုတ် အားထုတ်နေပြန်သည်။ ထို့ကြောင့် ဤကာမစ္ဆန္ဒ (ကာမဂုဏ်ခံစားလိုမှု) ကို ကျော်လွန်နိုင်ရန်၊ ဖယ်ရှားနိုင်ရန် အလွန်ခက်ခဲသည်။ ဈာန်လမ်းကြောင်းသို့ သွားရာတွင် ကြီးကျယ်သော အတားအဆီး အပိတ်အဆို့ဖြစ်သည်။

ယင်းအတားအဆီးကို ကျော်လွှားနိုင်ရန်အတွက် တရားအားထုတ်နေသည့် ယောဂီများကို ကြည့်၍ အားကျစိတ် မွေးရ၏။ သူတစ်ပါးက တိုက်တွန်းရုံသာမက မိမိကိုယ်ကိုလည်း အကြိမ်ကြိမ် တိုက်တွန်းရ၏။ ကမ္မဋ္ဌာန်းတရားကို လက်တွေ့ပွားများ အားထုတ်သည့် အခါတွင်လည်း ကာမဂုဏ်ခံစားလိုမှု အာသာဆန္ဒအတွင်းဓာတ်ခံ အလွန်အားကြီးလှသဖြင့် ယောဂီ၏ စိတ်သည် ကမ္မဋ္ဌာန်းအာရုံ၌ မပျော်ပိုက်၊ မနှစ်ခြိုက်၊ အလုပ်ခွင်မှ ထွက်ပြေးလို၏။ မိမိ၏ မူလဝပ်ကျင်း၊ မူလအသိုက်၊ မူလနေအိမ်သို့ ပြန်လိုလှသည်။ အင်အားကောင်းသော သဒ္ဓါ၊ ဝီရိယဖြင့် တွန်းထိုးမောင်းနှင် ဆွဲငင်မှသာလျှင် ကမ္မဋ္ဌာန်းအာရုံပေါ် ခေတ္တခဏ ရပ်တည်နိုင်၏။ ကာမစ္ဆန္ဒကို မလွန်ဆန်နိုင်ပါက ကြွေးတင်သူကဲ့သို့ ဖြစ်နေ၏။ ကြွေးရှင်ပြောသမျှ ငုံ့ခံရ၏။ လင်သားကို ပြုစုလုပ်ကျွေးရ၏။ သားမယားကို ပြုစုကျွေးမွေးရ၏။ မပြေနိုင်သည့် အချစ်ကြွေးကို ဆပ်နေရ၏။ လင်နှိပ်စက်မှု၊ မယားနှိပ်စက်မှု၊ သားနှိပ်စက်မှု ခံနေရ၏။ ထို့ကြောင့် ကာမစ္ဆန္ဒကို ကျော်လွန်နိုင်သူသည် ကြွေးကင်းသူကဲ့သို့ ပေါ့ပါး သွက်လက်နေ၏။ ငါ့မှာ ပေးဆပ်ရန် ကြွေးမရှိ၊ ကြွေးကျေသည့်အပြင် ငွေပိုငွေလျှံပင် ရှိသေး၏ဟု တွေးတောကာ ဝမ်းမြောက်နေရ၏။ ဤကာမစ္ဆန္ဒကို ပယ်နိုင်လျှင် ဘယ်မျှ နှစ်သက်စဖွယ်အာရုံကို တွေ့သော်လည်း ချစ်ခင်တွယ်တာမှု၊ ကြိုက်နှစ်သက်မှု ဖြစ်မလာတော့ချေ။

ဗျာပါဒနီဝရဏ

တစ်ဖန် ကမ္မဋ္ဌာန်းအားထုတ်ခါမှ ဒေါသအာဃာတများ တန်းစီထွက်လာတတ်၏။ စိတ်အခန့်မသင့်မှုများ၊ မကျေနပ်မှုများ ဖြစ်တတ်၏။ ရိုးရိုးအချိန်အခါ၌ စိတ်ရှည်သည်းခံခွင့်လွှတ်နိုင်သည့်ကိစ္စတစ်ခုသည် ကမ္မဋ္ဌာန်းအားထုတ်သည့်အခါ၌ အကြီးအကျယ် ဒေါသထွက်စရာ၊ မကျေနပ်စရာ၊ ယိုးမယ်ဖွဲ့စရာ ဖြစ်တတ်သည်။
စာမျက်နှာ-49


မိဘအပေါ် မကျေနပ်သလိုလို၊ သားသမီးအပေါ် မကျေနပ်သလိုလို၊ အတူနေ ယောဂီအပေါ် မကျေနပ်သလိုလို ဖြစ်လာတတ်သည်။ အချို့ယောဂီများမှာ တရားထိုင်လိုက်တိုင်း မုန်းသူ့မျက်နှာများ တန်းစီပေါ်နေတတ်သည်။ သူများအပြစ်တွေ တသီကြီး စဉ်းစားနေမိတတ်သည်။ အကြောင်းမူ လောဘနှင့် ဒေါသသည် ဆန့်ကျင်ဘက် အားပြိုင်ဘက်ဖြစ်၍ လောဘကို ပိတ်ဆို့တားဆီးလိုက်သောအခါ ဒေါသအိုး ပွင့်ထွက်လာတတ်သည်။ ထို့ကြောင့် ကာမဂုဏ် ခံစားလိုမှု (ကာမစ္ဆန္ဒ) ကို ထိန်းချုပ်လိုက်သောအခါ အမျက်ဒေါသ (ဗျာပါဒ) လွန်ကဲလာတတ်သည်။ ဤအမျက်ဒေါသကို မပယ်နိုင်သူသည် နာတာရှည်ရောဂါသည်နှင့် တူ၏။ စိတ်မှာ အမြဲနာကျင်နေ၏။ နာတာရှည်ရောဂါသည်သည် မစားချင်၊ မသောက်ချင် ဖြစ်နေသကဲ့သို့ တွေ့သမျှအာရုံကို မနှစ်သက်၊ မကျေမနပ် ဖြစ်နေ၏။ ဆရာသမားများ၏ ဆုံးမသြဝါဒကို နားမဝင် ဖြစ်နေ၏။ စိတ်ဓာတ်အင်အား မရှိ၊ စိတ်ဓာတ်အားနည်းနေ၏။ စိတ်ဆင်းရဲနေ၏။ အမျက်ဒေါသ ကင်းဝေးနည်းပါးသွားသောအခါ ကျန်းကျန်းမာမာ စားကောင်း သောက်ကောင်း ဖြစ်လာသကဲ့သို့ ဆရာ၏ဆုံးမစကားကို နှစ်ခြိုက်စွာ လက်ခံနိုင်လာ၏။ စိတ်အင်အားပြည့်ဝလာ၏။

ထိနမိဒ္ဓနီဝရဏ

ကာမဂုဏ် ခံစားလိုမှုကိုလည်းကောင်း၊ အမျက်ဒေါသကိုလည်းကောင်း ထိန်းချုပ်နှိပ်ကွပ်လိုက်သောအခါ စိတ်သည် ပြေးပေါက်မရှိ၊ ငြိမ်သက်လာ၍ ထိုင်းမှိုင်းလေးလံလာသည်။ ငိုက်မျဉ်းအိပ်ချင်လာသည်။ ကျက်စားနေကျ၊ ကျင်လည်နေကျ လောဘအာရုံ၊ ဒေါသအာရုံမှ ကင်းကွာနေသောအခါ စိတ်သည် မသွက်လက်တော့ဘဲ လေးလံထိုင်းမှိုင်းလာသည်။

ထိနမိဒ္ဓသည် အချုပ်ထောင်နှင့် တူ၏။ တရားအားထုတ်သူသည် တမှိန်းမှိန်း ငိုက်မျဉ်းကာ အိပ်ရာထဲ၌ တလူးလူးတလဲလဲ အိပ်နေချင်၏။ အချုပ်ထောင်အတွင်း ရောက်သွားသူသည် လွတ်ထွက်ရန် မလွယ်သကဲ့သို့ ထိနမိဒ္ဓ ဝင်ရောက်နှိပ်စက်ပါက ယောဂီ၏စိတ်သည် မရုန်းထွက်နိုင်။ ထောင်ကျနေသူသည် ပြင်ပလောက၌ ပွဲလမ်းသဘင် ပျော်ရွှင်ဖွယ်ရာများအကြောင်း ဘာမျှမသိလိုက်သကဲ့သို့ ဆရာဟောကြား ဆုံးမသည့် တရားကို ငိုက်မျဉ်းနေသဖြင့် ဘာမျှ မကြားလိုက်ချေ။ ထို့ကြောင့် ထိနမိဒ္ဓကို ကျော်လွန်နိုင်သူသည် အချုပ်ထောင်မှ လွတ်မြောက်လာသူကဲ့သို့ စိတ်သည် လွတ်လပ်စွာ တရားအာရုံသို့ သက်ဝင်နိုင်၏။
စာမျက်နှာ-50


ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ

ဖော်ပြပါ နီဝရဏသုံးပါးတို့ကို ကျော်လွန် ဖယ်ရှားနိုင်သည့်အခါ စိတ်သည် တောင်ရောက် မြောက်ရောက် ပြေးလွှားနေပြန်သည်။ ကမ္မဋ္ဌာန်းအာရုံပေါ် ရပ်တည်မနေဘဲ အခြားအာရုံများသို့ တစ်ခုပြီးတစ်ခု ကူးပြောင်းပြေးလွှားနေတတ်၏။ အတိတ်က အတွေ့အကြုံများ၊ (သို့မဟုတ်) လုပ်ငန်းကိစ္စများ ကြံစည်စိတ်ကူးမှု၌ တသီကြီးမျောပါသွားမှုကို ဥဒ္ဓစ္စ (ပျံ့လွင့်မှု) ဟု ခေါ်သည်၊ ထို့ပြင် လုပ်ပြီးသော အမှုကိစ္စများနှင့် ပတ်သက်၍ ဒီလိုမလုပ်ဘဲ ဟိုလိုလုပ်လိုက်ရ အကောင်းသားဟု မကျေနပ်စရာ နောက်ကြောင်းပြန် စိတ်ကူးများကို ကုက္ကုစ္စ ဟု ခေါ်သည်။

ယင်း ဥဒ္ဓစ္စကုက္ကုစ္စတရား နှစ်ပါးကို မပယ်နိုင်သူသည် ကိုယ့်ကိုယ်ကို မပိုင်သည့် ကျွန်တစ်ယောက်နှင့် တူ၏။ ကျွန်သည် သခင်ခိုင်းသမျှ သခင်စိတ်တိုင်းကျ လုပ်နေသကဲ့သို့ အတိတ်ဖြစ်ရပ်များ၏ မကျေနပ်ဖွယ်ရာများကို မွှေနှောက်၍ မရနိုင်ဘဲ မတွေးပါနဲ့ဆို၍မရ၊ ထပ်ကာထပ်ကာ တွေးကြံနေမိတတ်သည်။ ထို့ကြောင့် ဤတရားဆိုးနှစ်ပါးကို မပယ်နိုင်သေးပါက မိမိကိုယ်ကို အစိုးမရသော ကျွန်ဘဝနှင့် တူသည်။ ဤတရားဆိုးနှစ်ပါးကို ပယ်နိုင်သူသည် ကျွန်ဘဝမှ လွတ်မြောက်သူကဲ့သို့ မိမိစိတ်ကို အစိုးတရ နိုင်နိုင်နင်းနင်း ကမ္မဋ္ဌာန်းအာရုံသို့ ပို့ပေးနိုင်၏။ စူးစူးစိုက်စိုက် ရှုမှတ်နိုင်၏။

ဝိစိကိစ္ဆာနီဝရဏ

ဝိစိကိစ္ဆာ၏သဘောမှာ ဘာကိုဖြစ်ဖြစ် သံသယဝင်နေမှုပင်တည်း။ အမှားအမှန် မဝေခွဲနိုင်ဘဲ ဒီလိုဆိုရင် မှန်လေမလား၊ ဟိုလိုဆိုရင် မှန်လေမလားဟု အမှားအမှန် မဝေခွဲ မဆုံးဖြတ်နိုင်သည့် သဘောဖြစ်သည်။ လမ်းခရီးသွားရာ၌ လမ်းနှစ်ခုကို တွေ့သောအခါ ဒီဘက်လမ်းလိုက်ရင် ကောင်းမလား၊ ဟိုဘက်လမ်းလိုက်ရကောင်းမလားဟု စိတ်နှစ်ခု ဖြစ်တတ်သည်။ ဒီကမ္မဋ္ဌာန်းနည်း မှန်ရဲ့လား၊ ဒီကမ္မဋ္ဌာန်းဆရာကကော ဟုတ်ပမလား စသည်ဖြင့် ပုဂ္ဂိုလ်အပေါ်၊ အကျင့်လမ်းစဉ်အပေါ် မယုံမကြည် ယုံမှားသံသယဖြစ်ခြင်းကို ဝိစိကိစ္ဆာဟု ခေါ်သည်။ ဝိစိကိစ္ဆာဖြစ်နေသူသည် သူခိုးဓားပြထူထပ်သော ခရီးရှည်တစ်ခု၌ ဥစ္စာထုပ်ကြီးပိုက်ကာ သွားနေရသူကဲ့သို့ တထိတ်ထိတ် တလန့်လန့် နေရ၏။ ဟိုရှေ့နားမှာများ အလုခံရလေမလား၊ ဟိုရှေ့က လာတဲ့လူက လူကောင်းမှဟုတ်ပါ့မလား စသည်ဖြင့် သံသယဖြင့် ခရီးသွားနေရသည်။ ငှက်အော်သံကိုပင် ဓားပြတွေ ညာသံပေး ဝိုင်းနေပြီလားဟု ထင်မှတ်ကာ ကြောက်လန့်တုန်လှုပ်နေ၏။
စာမျက်နှာ-51


ဝိစိကိစ္ဆာကင်းသွားသောအခါ ဘေးရန်ကင်းသည့် မြို့တော်ခရီးလမ်းမကို အေးချမ်းပျော်ရွှင်စွာ သွားရသကဲ့သို့ ပျော်ရွှင်ဝမ်းမြောက်စွာ ကမ္မဋ္ဌာန်းအာရုံသို့ အရောက်သွားနိုင်၏။

ဈာန်ရခြင်း

နီဝရဏဟုခေါ်သော အတားအဆီး အနှောင့်အယှက်များကို ဖယ်ရှားကျော်လွန်ပြီးသည့်အခါ ယောဂီပုဂ္ဂိုလ်၏စိတ်သည် တဖြည်းဖြည်း ရင့်သန်ကြီးထွား အားကောင်းလျက် ငြိမ်သက်စွာ ပဋိဘာဂနိမိတ်အာရုံပေါ်၌ ရပ်တည်နိုင်၏။ ထိုအခါ ဈာန်အင်္ဂါငါးပါးတို့သည် ကြီးထွားအင်အားကောင်းလျက် ထင်ရှားစွာ ဖြစ်ပေါ်လာပြီးလျှင် ပဋိဘာဂနိမိတ်အာရုံထဲသို့ ထိုးဖောက်ဝင်ရောက်လိုက်ဘိသကဲ့သို့ အလွန်ခိုင်မြဲစွာ စူးစိုက်လျက် လှုပ်ရှားယိမ်းယိုင်ခြင်းမရှိ ငြိမ်သက်စွာ တည်နေတော့သည်။ ဥပမာအားဖြင့် အိမ်ရိုက်သံတစ်ချောင်းကို အိမ်တိုင်အတွင်းသို့ အရှိန်ဖြင့် ရိုက်သွင်းလိုက်ရာ သံတစ်ချောင်းလုံး အဆုံးမြုပ်ဝင်သွား၍ ထိုသံချောင်းသည် မလှုပ်မယှက် ငြိမ်သက်စွာ တည်ရှိနေတော့သည်။ မည်သူမျှ ထိုသံချောင်းကို လှုပ်ရှားယိမ်းယိုင်အောင် ပြုခြင်းငှာ မတတ်နိုင်။ ဤနည်းတူ ဈာန်အင်္ဂါငါးပါးပါဝင်သော ဈာန်စိတ်သည် ပဋိဘာဂအာရုံနိမိတ်အတွင်းသို့ ထိုးဖောက်ဝင်ရောက် တည်နေသည်။

တစ်နည်းပြဆိုရပါမူ သိတတ်သောစိတ်နှင့် အသိခံအာရုံတို့သည် နှစ်ခုမပြား တစ်သားတည်း တစ်ခုတည်းဖြစ်သွားသည်။ သာမန်အခြေအနေ၌ လူသည် စာအုပ်တစ်အုပ်ကို မြင်သည်ဆိုပါစို့၊ အမြင်ခံရသည့်စာအုပ်သည် သီးခြားတစ်ခုဖြစ်၏။ မြင်တတ်သည့်စိတ်၊ မြင်သိစိတ်သည် သီးခြားတစ်ခုဖြစ်၏။ ဤကဲ့သို့ အသိစိတ်နှင့် အသိခံအာရုံတို့သည် နှစ်မျိုးကွဲပြား၍ နေတတ်သည်။ ဈာန်ရသည့် အချိန် (ဝါ) ဈာန်အာရုံသို့ ထိုးဖောက်ဝင်ရောက်သွားသည့် အချိန်တွင်မူ သိသူနှင့် အသိခံအာရုံတို့သည် နှစ်ခုမပြား တစ်သားတည်း ပေါင်းစပ်သွားကြသည်။ ဆိုလိုသည်မှာ ဈာန်ရယောဂီပုဂ္ဂိုလ်သည် ပဋိဘာဂအာရုံနိမိတ်မှတစ်ပါး သိတတ်သူ ငါဟူ၍ သီးခြားမရှိတော့ချေ။ မိမိသိနေသော ပဋိဘာဂနိမိတ်အာရုံမှတစ်ပါး ဘာကိုမျှ မသိတော့ပေ။ ထိုယောဂီအတွက် သူ၏ခေါင်း၊ ခါး၊ ခြေ၊ လက်၊ ကိုယ်ခန္ဓာတစ်ခုလုံး ပျောက်ကွယ်သွားတော့သည်။ ပတ်ဝန်းကျင်လောကတစ်ခုလုံးလည်း ပျောက်ကွယ်သွားတော့သည်။ ယင်း၏ အသိဉာဏ်တွင် မိမိ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို မည်သို့မည်ပုံ အသွင်သဏ္ဌာန်ရှိသည်ဟု စဉ်းစားသော်လည်း မရနိုင်တော့ချေ၊ အသိတရားအားလုံး ငုပ်လျှိုးပျောက်ကွယ်သွားပါက ပဋိဘာဂကသိုဏ်းဝန်း နိမိတ်တစ်ခုသာလျှင် တည်ရှိတော့သည်။ သိတတ်
စာမျက်နှာ-52


သော ငါနှင့်အသိခံရသော ကသိုဏ်းဝန်းနိမိတ်အာရုံသည် နှစ်ခုမပြား တစ်သားတည်း ဖြစ်သွားတော့သည်။ ဤအခြေအနေသို့ ဆိုက်ရောက်သွားခြင်းကိုပင် ဈာန်ရသည် ဟုခေါ်သည်။ အပ္ပနာဆိုက်သည် ဟု ခေါ်သည်။ အပ္ပနာဆိုသည်မှာ ပြေးဝင်ခြင်း၊ ထည့်သွင်းခြင်းဟု ဆိုလိုသည်။ ဈာန်စိတ်သည် အာရုံနိမိတ်အတွင်းသို့ ပြေးဝင်ခြင်း (ဝါ) စိတ်ကို နိမိတ်အတွင်းသို့ ပစ်ထည့်လိုက်ခြင်း၊ ထိုးသွင်းထည့်လိုက်ခြင်းဟု ဆိုလိုသည်။

ဈာန်အင်္ဂါငါးပါး

ယခုပြဆိုခဲ့ပြီးအဆင့်မှာ ပထမဈာန် ပထမအဆင့်ဖြစ်သည်။ ယင်းပထမဈာန်၌ အင်္ဂါအစိတ်အပိုင်း ၅ ခု ပါရှိသည်။ ယင်းဈာန်အင်္ဂါ ၅ ပါးတို့မှာ—
(၁) ဝိတက် = စိတ်ကိုအာရုံသို့ တင်ပေးခြင်း၊ ဦးတည်ပေးခြင်း၊ ပို့ဆောင်ပေးခြင်း၊
(၂) ဝိစာရ = စိတ်ကို အာရုံပေါ်၌ စွဲကပ်နေအောင် ရစ်ဝဲလှည့်လည်ပေးခြင်း၊
(၃) ပီတိ = စိတ်ကို နှစ်သက်မှု ပီတိအစာကျွေး၍ ကြီးထွားစေခြင်း၊
(၄) သုခ = စိတ်ရွှင်လန်း ဝမ်းမြောက်စေခြင်း၊
(၅) ဧကဂ္ဂတာ = စိတ်ကို နိမိတ်အာရုံသို့ စူးစိုက်သက်ဝင် တည်စေခြင်း။

ဝိတက်အကြောင်း

ကျွန်ုပ်တို့သည် မိမိလိုလားနှစ်သက်သော အာရုံသို့ စိတ်ရောက်စေရန် အထူးလုံ့လဝီရိယ ကြောင့်ကြစိုက်ထုတ်ရန် မလိုချေ။ သဘာဝအလျောက် စိတ်သည် အာရုံသို့ ပြေးကပ်ငြိတွယ်လေ့ရှိ၏။ ခါ၍မရ၊ တရစ်ဝဲဝဲ ဖြစ်နေတတ်သည်။ အလွန်လှပသည့် အငြိမ့်မင်းသမီးတစ်ယောက် ကပြသည်ကို ကြည့်ရှုရာ၌ မိမိစိတ်ကို မင်းသမီးအာရုံသို့ ရောက်ရှိစေရန် တိုက်တွန်းမှု လုံ့လစိုက်ထုတ်မှုပြုရန် မလို၊ သဘာဝအလျောက် စိတ်သည် မင်းသမီးအာရုံသို့ ပြေးကပ်လေသည်။ ထို့ပြင် လွန်စွာ ငြိမ့်ငြောင်းသာယာသည့် သီဆိုတီးမှုတ်သံကို ကြားရသည့်အခါ စိတ်ကို ယင်းဂီတအသံဆီသို့ ပို့ဆောင်ပေးနေရန် မလို၊ ကြောင့်ကြစိုက်ရန် မလို၊ စိတ်သည် ဂီတအာရုံဆီသို့ စိတ်အားထက်သန်စွာ ပြေးတွယ်ကပ်ငြိလေတော့သည်။
စာမျက်နှာ-53


ထို့အတူ ပန်းရနံ့၊ ရေမွှေးအနံ့အာရုံများ၊ မွန်မြတ်သောအစာအာဟာရ ရသာရုံများနှင့် ပိုး၊ ဖဲ၊ ကတ္တီပါ၊ မွေ့ရာအတွေ့အထိ၊ ယောက်ျားမိန်းမ အတွေ့အထိ ဖောဋ္ဌဗ္ဗအာရုံသို့ စိတ်ကို တိုက်တွန်းပို့ဆောင်ပေးရန် မလို။ စိတ်သည် သူ့အလိုလို ထိုအာရုံများသို့ ပြေးတွယ်ကပ်ငြိလေတော့သည်။

ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းရာ၌မူ ကမ္မဋ္ဌာန်းအာရုံသည် စိတ်ဝင်စားဖွယ်မရှိ၊ ဆွဲအားမရှိ၊ တပ်မက်ဖွယ်မရှိ၊ အစိုဓာတ်၊ အစေးဓာတ်မရှိ၊ အလွန်ခြောက်ကပ်သော အာရုံဖြစ်သည်။ ထို့ကြောင့် စိတ်သည် ကမ္မဋ္ဌာန်းအာရုံသို့ မသွားလိုချေ။ ချော်တောငေါ့တတ်သည်။ ယခုပြဆိုခဲ့သည့် ပထဝီ (မြေ) ကသိုဏ်းဝန်း စက်ဝိုင်းပုံကို မျက်စိဖွင့်၍ စူးစိုက်ကြည့်နေသော်လည်း ယောဂီ၏စိတ်သည် ထိုကသိုဏ်း ပရိကမ္မနိမိတ်အာရုံကိုမသိဘဲ အခြားသော အာရုံတစ်ခုကို သိနေတတ်သည်။ မြေ မြေ = ပထဝီ ပထဝီဟု အဆက်မပြတ် အသိစိတ်များ ဖြစ်နေရမည်ကို မဖြစ်ဘဲလျက် စိတ်သည် ဘေးသို့ချော်ထွက်ကာ တောင်ရောက် မြောက်ရောက် ဖြစ်နေတတ်သည်။ ပထဝီ ပထဝီ = မြေ မြေဟု ကြိုးစားရှုမှတ်နေသော်လည်း မိမိလုပ်နေကျ အရောင်းအဝယ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ရုံးလုပ်ငန်းများထဲသို့ စိတ်ရောက်နေတတ်သည်။ ထိုကဲ့သို့ ကမ္မဋ္ဌာန်းအာရုံမှ ပြင်ပသို့ လေလွှင့်မျောပါသွားသောစိတ်ကို ပြန်လည်ဆွဲဆောင်ပြီး ပထဝီကသိုဏ်းဝန်းပေါ်သို့ တင်ပို့ပေးရသည်။ ပထဝီကသိုဏ်းဝန်းအာရုံနှင့် ဘာဝနာစိတ်ကို ရင်းနှီးသွားစေရန် အကြိမ်ကြိမ် လိုက်လံပို့ဆောင် မိတ်ဆက်ပေးရသည်။

ဥပမာအားဖြင့် ဘုရင့်ရှေ့တော်မှောက်သို့ မရောက်ဖူးသေးသော ကျေးတောသားတစ်ယောက်သည် ဘုရင့်ထံမှောက် ဖူးမြော်ခစား ဝင်ရောက်လိုသောအခါ နန်းတော်တွင်းသို့ ဝင်တတ်ထွက်တတ်သည့် နန်းတွင်းသူ၊ နန်းတွင်းသား တစ်ယောက်ကို မှီကပ်၍ အခစား ဝင်ရောက်ရသည်။ တစ်ကြိမ်၊ နှစ်ကြိမ်စသည် ဝင်ရောက်ဖန်များ၍ မင်းနှင့်အကျွမ်းဝင်လာသည့်အခါ ကျေးတောသားသည် အမှီအကပ်မလို၊ သူတစ်ဦးတည်း ဝင်တတ်ထွက်တတ်လေတော့သည်။ နန်းတော်ထဲမှ မထွက်တော့ဘဲနေသဖြင့် “တောသားရဲ၊ ဆွဲထုတ်” ဟူသော စကားပုံပင် ဖြစ်ပေါ်လာရသည်။ ဤဥပမာ၌ ကမ္မဋ္ဌာန်းအာရုံသည် ဘုရင်မင်းမြတ်နှင့် တူသည်။ ကျေးတောသားသည် ဘာဝနာစိတ်နှင့် တူသည်၊ ဝိတက်သည် ကျေးတောသားကို လမ်းပြခေါ်ငင်သွားသော နန်းတွင်းသားနှင့် တူ၏။ ဝိတက်၏အလုပ် (ဝါ) စိတ်ကို ကမ္မဋ္ဌာန်းအာရုံသို့ ပို့ဆောင်ပေးရသည့် အလုပ်သည် ပရိကမ္မဘာဝနာအခိုက်၌ ပိုမိုထင်ရှားသည်။ ပရိကမ္မနိမိတ်အဆင့်၌ ဝိတက်ကို အထူးသဖြင့် လိုအပ်သည်။
စာမျက်နှာ-54


ဝိစာရအကြောင်း

ယောဂီပုဂ္ဂိုလ်၏ ဘာဝနာစိတ်ကို ပထဝီကသိုဏ်းဝန်းနိမိတ်သို့ ရောက်ရှိစေရန် ဝိတက်က ပို့ဆောင်ထွန်းတင်ပေးပြီးနောက် ယင်းဘာဝနာစိတ်ကို ပထဝီကသိုဏ်းဝန်းနိမိတ်အပေါ်၌ ရစ်ဝဲနေစေရန် ဝိစာရစေတသိက်က ဝိစာရ၏အစွမ်းဖြင့် ပထဝီကသိုဏ်းဝန်းနိမိတ်အာရုံအတွင်း၌ တဝဲလည်လည် ဖြစ်နေစေသည်။ ရပြီးရောက်ပြီးသော ပထဝီကသိုဏ်းဝန်းနိမိတ်အာရုံအတွင်းမှ ဘာဝနာစိတ်ကို အပြင်သို့ ထွက်မသွားစေရန် ထိန်းသိမ်းစောင့်ရှောက်ထားသည်။ ယခင်ပြဆိုခဲ့သော လှပသော ရူပါရုံ၊ သာယာငြိမ့်ငြောင်းသော သဒ္ဒါရုံ၊ မွေးကြိုင်သော ဂန္ဓာရုံ၊ မြိန်ရှက်စဖွယ် ရသာရုံ၊ အိစက်ညက်ညော နွေးထွေးသော ဖောဋ္ဌဗ္ဗာရုံတို့၌ စိတ်သည် အလိုအလျောက် ငြိတွယ်ကပ်နေသည်။ ခါထွက်မည်ကို မစိုးရိမ်ရ၊ ထို့ကြောင့်ပင် ထိုအာရုံမျိုး၌ ဝိစာရက စိတ်နှင့်အာရုံ တွဲကပ်နေအောင် ကူညီပေးရန်မလို။ ကမ္မဋ္ဌာန်းအာရုံမှာမူ အာရုံ၏ ဆွဲငင်အား မရှိသဖြင့် ဝိစာရက ကူညီ၍ စိတ်ကိုအာရုံနှင့် တွဲကပ်ပေးရသည်။ ပူးတွဲချည်နှောင်ပေးရသည်။ သံလိုက်တုံးသဖွယ် ဆွဲကပ်ပေးရသည်။

ဝိတက်နှင့် ဝိစာရထူးခြားချက်ကို ဥပမာဖြင့် နှိုင်းခိုင်းရှင်းလင်းရာ၌ ဝိတက်သည် ဝိစာရထက် ကြမ်းတမ်းသည်။ မငြိမ်မသက် တုန်လှုပ်မှုရှိသည်။ ဝိစာရသည်မူကား သိမ်မွေ့နူးညံ့သည်။ ငြိမ်သက်သည်။ လွန်လွန်ကဲကဲ တုန်လှုပ်မှုမရှိ။ ဝိတက်သည် ခေါင်းလောင်းကြီးကို ထိုးလိုက် ရိုက်လိုက်သောအခါ ပထမဦးဆုံး ထွက်ပေါ်လာသော အသံနှင့် တူ၏။ ထို့နောက် တဖြည်းဖြည်း ကျန်ရစ်သော ကြေးညည်းသံသည် ဝိစာရနှင့်တူ၏။ ငှက်ကြီးဝံပိုတစ်ကောင်၏ ကောင်းကင်သို့ ပျံတက်ရန် အတောင်ခတ် အရှိန်ယူ အားယူမှုသည် ဝိတက်၏ အလုပ်ကိစ္စနှင့် တူ၏။ ယင်းငှက်ကြီးသည် ကောင်းကင်၌ အရှိန်ရပြီးနောက် အတောင်မခတ်တော့ဘဲ အတောင်ကိုဖြန့်ကာ ပျံဝဲနေသောအခိုက်သည် ဝိစာရ၏ အလုပ်ကိစ္စနှင့် တူ၏။ တစ်ဖန် ပိတုန်းတစ်ကောင်သည် ပဒုမ္မာကြာပွင့်သို့ နားရန် ကြာပန်းရနံ့ကို စွဲလမ်းသောစိတ်ဖြင့် ကြာပွင့်ဆီသို့ ထိုးဆင်းလာသော အခိုက်အတန့်သည် ဝိတက်၏အလုပ်ကိစ္စနှင့် တူ၏။ ကြာပွင့်ပေါ်၌ ပိတုန်း၏ ဝဲပျံနေခြင်းသည် ဝိစာရ၏အလုပ်ကိစ္စနှင့် တူ၏။

ဥပမာတစ်နည်းဆိုပါက ရန်သူသင်္ဘောဆီသို့ တိုပီဒို ပစ်လွှတ်သည့်အခါ တိုပီဒို၏ နောက်ပိုင်းရှိ တွန်းစက်ပန်ကာသည် ဝိတက်နှင့်တူ၏။ တိုပီဒို ရန်သူ့သင်္ဘောဆီသို့ ရောက်သွားအောင် တွန်းပို့တတ်သည်။ တစ်ဖန် တိုပီဒို ရှေ့ပိုင်းရှိ သံလိုက်တုံးကြီးသည် ပစ်မှတ်နှင့် မလွဲအောင် မကွဲမကွာအောင် ဆွဲကပ်ထားတတ်သည်။ ဝိစာရသည် သံလိုက်တုံးကြီးနှင့် တူ၏။
စာမျက်နှာ-55


ပီတိအကြောင်း

ပီတိသည် ကိုယ်စိတ်နှစ်ပါးကို ဝဖြိုးစေ၏၊ တိုးပွားစေ၏၊ စိတ်အင်အားကောင်းစေ၏။ စိတ်လုံးထွားစေ၏။ နှစ်သက်စရာအသွင်ပြင်ရှိ၏။ ပီတိဖြစ်နေသူတစ်ဦး၏ မျက်နှာကို ကြည့်ပါက ကြည်လင်ရွှင်ပျနေ၏။ မြင်ရသူအပေါင်းအား နှစ်သက်ရွှင်လန်းစေ၏။ ပီတိသည် အာရုံကို ခိုင်ခိုင်မြဲမြဲဆုပ်ကိုင်ရယူတတ်သည်။ ယင်းပီတိသည် ၅ မျိုးရှိသည်—
(၁) ခုဒ္ဒိကာပီတိ = အငယ်စား ပီတိ၊
(၂) ခဏိကာပီတိ = ခဏမျှဖြစ်သော ပီတိ၊
(၃) ဩက္ကန္တိကာပီတိ = လှိုင်းလုံးကဲ့သို့ လွှမ်းမိုးတတ်သော ပီတိ၊
(၄) ဥဗ္ဗေဂါပီတိ = ပေါ့ပါးပျံတက်သော ပီတိ၊
(၅) ဖရဏာပီတိ = ပျံ့နှံ့စိမ့်ဝင်သော ပီတိ။

ခုဒ္ဒိကာပီတိ ဆိုသည်မှာ ရွှင်လန်းနှစ်သက်မှုကြောင့် ကြက်သီးမွေးညင်း ထစေနိုင်သော ပီတိမျိုးဖြစ်သည်။ နေ့စဉ်ဘဝအတွေ့အကြုံ၌ ဝမ်းသာအားရမှု၊ ကျေနပ်နှစ်သိမ့်မှုများ ခံစားရသည့်အခါ ဤပီတိမျိုးဖြစ်တတ်သည်။ (ခုဒ္ဒိကာ = ခုဒ္ဒက = သေးငယ်သော)

ခဏိကာပီတိ မှာ လျှပ်စီးလက်သကဲ့သို့ ခဏမျှသာ တစ်ချက်ချင်း ဖြစ်ပေါ်လာသော ပီတိဖြစ်သည်။ ဤပီတိမှာလည်း နေ့စဉ်ဘဝအတွေ့အကြုံ၌ သာမန်အားဖြင့် တွေ့နေကျဖြစ်သည်။ (ခဏိက = ခဏ = တိုတောင်းသော)

ဩက္ကန္တိကာပီတိ မှာ တစ်ကိုယ်လုံးကို လွှမ်းခြုံ၍ဖြစ်သော ပီတိဖြစ်သည်။ ပင်လယ်ရေပြင်တွင် လှိုင်းလုံးကြီးများသည် ကမ်းပါးဆီသို့ တလိမ့်လိမ့်လွှမ်းမိုး၍ တက်လာသကဲ့သို့ ခန္ဓာကိုယ်အတွင်း အထက်မှ အောက်သို့ လည်းကောင်း၊ အောက်မှအထက်သို့လည်းကောင်း ပီတိလှိုင်းလုံးများ အလိပ်လိပ်တက်လာခြင်း ဖြစ်သည်။ (ဩက္ကန္တိကာ = ဥ+ကန္တ = တက်ကြွသော နှစ်သက်မှု)

ကုသိုလ်ရေးနှင့်စပ်လျဉ်း၍ ဆိုရပါမူ လှူဖွယ်ဝတ္ထုများကို အမြတ်တနိုးစီစဉ်၍ စိတ်တိုင်းကျ လှူဒါန်းနေရသည့်အခါ၌လည်းကောင်း၊ ဆီမီးတစ်ထောင် လှူပွဲ၊ ပန်းတစ်ထောင်လှူပွဲ စသည်ဖြင့် ပရိသတ်အသိုင်းအဝိုင်းနှင့် အလွန်ကြည်ညိုစဖွယ် စေတီတော်၊ ရုပ်ပွားတော်မြတ်အား မိတ်သင်္ဂဟအပေါင်းနှင့် မြိုင်မြိုင်ဆိုင်ဆိုင် ကုသိုလ်ပြုလှူဒါန်းနေရသောအခါ၌ လည်းကောင်း၊ ဘုရား၊
စာမျက်နှာ-56


တရား၊ သံဃာ ဂုဏ်တော်များကို သံပြိုင်ညီညာ အသံနေအသံထားဖြင့် ရွတ်ဆိုကြရသော အခါ၌လည်းကောင်း ဖော်ပြပါ ခုဒ္ဒိကာပီတိ၊ ခဏိကာပီတိနှင့် ဩက္ကန္တိကာပီတိများ ဖြစ်ပေါ်လေ့ရှိသည်ကို လက်တွေ့ ခံစားရရှိနိုင်ပါသည်။ ဥဗ္ဗေဂါပီတိနှင့် ဖရဏာပီတိများမှာ သမာဓိအဆင့်မြင့်မှ ဖြစ်ခွင့်ရှိ၏။

တရားအားထုတ်သော ပုဂ္ဂိုလ်သည် သမာဓိအဆင့်တက်၍ ရင့်ကျက်လာသောအခါ ပီတိလှိုင်းလုံးကြီးများ ဖြစ်ပေါ်လာတတ်သည်။ ဥဗ္ဗေဂါပီတိ မှာ တစ်ကိုယ်လုံးပေါ့ပါး၍ အထက်သို့ပျံတက်မတတ်ဖြစ်သော ပီတိတစ်မျိုးဖြစ်သည်။ ဤပီတိစွမ်းအားကြောင့် အချို့သော ယောဂီပုဂ္ဂိုလ်များသည် တရားထိုင်နေစဉ် ကြမ်းပြင်မှလွတ်ကာ လေထဲ၌ မျောပါပျံဝဲနေသကဲ့သို့ ခံစားရသည်။ တကယ်လည်း ကြမ်းပြင်မှ မြောက်တက်ကာ လေထဲ၌ တည်နေတတ်သည်။ အချို့သော ယောဂီများမှာ ဤပီတိစွမ်းအားကြောင့် လက်ခုပ်တစ်ဖောင်၊ ထန်းတစ်ဖျား စသည် ပျံတက်လေ့ရှိသည်။ (ဥ+ဝေဂ၊ ဥ-အထက် + ဝေဂ = အရှိန်အဟုန်)

ဖရဏာပီတိ သည် တစ်ကိုယ်လုံး၌ ပျံ့နှံ့စိမ့်ဝင် တည်နေသည်။ ခန္ဓာကိုယ်မှာ လေပူပေါင်းကဲ့သို့ ဖောင်းပွပွ တွေ့ထိခံစားချက်မျိုးကို ခံစားနေရသည်။ ယင်းခံစားချက်အတွင်း၌ တစ်ကိုယ်လုံးသည် ဖော့တုံးကြီးကဲ့သို့ ပေါ့ပါးရွှင်လန်းသော အနေအထားကို ခံစားနေရသည်။ တစ်ကိုယ်လုံး၌ တွေ့ထိနေရသော ပီတိအရသာမှာ သိမ့်သိမ့်တုန်နေအောင် ကောင်းလှသည့် အတွေ့အထိ အရသာတစ်မျိုး ဖြစ်သည်။

ကသိုဏ်း ပရိကမ္မပြုရာ၌ ပရိကမ္မနိမိတ်ကို ကျော်လွန်၍ ဥဂ္ဂဟနိမိတ် အဆင့်သို့ ရောက်သောအခါ ခုဒ္ဒိကာပီတိနှင့် ခဏိကာပီတိများ မကြာခဏ ပေါ်လာတတ်သည်။ ပဋိဘာဂနိမိတ်သို့ ရောက်သောအခါ ကသိုဏ်းဝန်းနိမိတ်သည် ကြည်လင်ဝင်းလက် အရောင်ထွက်လာသည်။ ပီတိသည် ခန္ဓာကိုယ်အတွင်း၌ လှိုင်းလုံးများကဲ့သို့ တစ်ဆင့်ပြီး တစ်ဆင့် ပေါ်လာသည်။ ပဋိဘာဂနိမိတ်သို့ ရောက်သောအခါ ရှုမှတ်သည့် ဘာဝနာစိတ်ကို ဥပစာရဘာဝနာ ဟု ခေါ်သည်။ ယင်းဥပစာရဘာဝနာသည် ဈာန်ရရန် အလွန်နီးကပ်နေသော ဘာဝနာဖြစ်သည်။ ထိုအခါ ဖရဏာပီတိစွမ်းအားကြောင့် တစ်ကိုယ်လုံး သိမ့်သိမ့်တုန်အောင် ပီတိအရသာကို ခံစားနေရသည်။ ရေစိုပုဆိုးတစ်ကွင်းကို တစ်ဖက်မှ ပိတ်စည်း၍ ရေမျက်နှာပြင်ပေါ် မှောက်ထားပြီး လေများ လက်ဖြင့် ယက်သွင်းလိုက်သောအခါ ထိုရေစိုပုဆိုးသည် ပူပေါင်းကြီးသဖွယ် ဖောင်းကြွကားတက်လာ၏။ ဖရဏာပီတိကို တွေ့ထိခံစားရချိန်၌ ကိုယ်ခန္ဓာသည် ယင်းပူပေါင်းကြီးသဖွယ် ဖောင်းကြွရောင်ရောင် ဖြစ်နေသည်ဟု ထင်ရသည်။ တွေ့ထိခံစားရချက်—

စာမျက်နှာ-57


မှာမှ လောက၌ မည်သည့် ဖောဋ္ဌဗ္ဗာရုံ အတွေ့အထိ ခံစားချက်နှင့်မျှ မတူသည့် ထူးခြားမွန်မြတ်သော အတွေ့အထိ အရသာကို တစ်ကိုယ်လုံးအနှံ့ သိမ့်သိမ့်တုန်အောင် ခံစားနေရသည်။ ဖရဏာပီတိနှင့် ဩက္ကန္တိကာပီတိသည် တစ်လှည့်စီ ကူးပြောင်း ဖြစ်ပေါ်လေ့ရှိသည်။

ယင်းဖရဏာပီတိကို တွေ့ထိခံစားရသည်ရှိသော် ဈာန်၏ ရှေ့တော်ပြေး ဥပစာရဈာန်ကို ရသည်ဟု ဆိုရမည်။ ထိုဥပစာရဈာန်အခိုက်၌ ဖရဏာပီတိမှ ဥဗ္ဗေဂါပီတိသို့ ကူးပြောင်းတတ်သည်။ ဥဗ္ဗေဂါပီတိသို့ရောက်သည့်အခါ ကောင်းကင်၌ ပျံဝဲနေတတ်သည်။

ဝတ္ထုသာဓက သက်သေ မှာ သီဟိုဠ်ကျွန်း၌ မဟာတိဿမထေရ် သည် ပုဏ္ဏဝလ္လိကကျောင်း၌ သီတင်းသုံးနေထိုင်စဉ် မဟာစေတီ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပနေ၍ ပရိသတ်လေးပါးတို့သည် မဟာစေတီတော်ကြီးကို လှည့်လည် ရှိခိုးပူဇော်နေကြ၏။ မဟာတိဿမထေရ်သည် မိမိကျောင်းမှနေ၍ ညဉ့်အခါ လရောင်ဖွေးဖွေးအောက်၌ မဟာစေတီတော်ကြီးကို မျှော်၍ ကြည့်နေစဉ် ဘုရားအာရုံ၌ သမာဓိရ၍ ဥဗ္ဗေဂါပီတိဖြစ်ကာ ကောင်းကင်သို့ လွင့်တက်၍ မဟာစေတီတော်ရင်ပြင်သို့ ရောက်ရှိသွားလေသည်။

ထိုမှတစ်ပါး သီဟိုဠ်ကျွန်း ဝတ္တကာလကအမည်ရှိသော ကျေးရွာ တောင်ထိပ်ပေါ်တွင် စေတီတည်ထား ကိုးကွယ်ကြသည်။ အာကာသစေတီ ဟု ခေါ်၍ စေတီတော်အား ဆီမီးပူဇော်ပွဲ ကျင်းပကြသည်။ စေတီရင်ပြင်၌ တရားပွဲလည်း ကျင်းပသည်။ အမျိုးသမီးတစ်ယောက်သည် ကိုယ်လေးလက်ဝန် ရှိသဖြင့် ယင်းဘုရားပွဲနှင့် တရားပွဲသို့ လိုက်ခွင့်မရချေ။ မိဘများသာလျှင် တရားနာသွားကြသည်။ ထိုအမျိုးသမီးသည် အိမ်တံခါးဝ၌ ရပ်လျက် တောင်ထိပ်တွင် လရောင်ဖွေးဖွေးအောက်၌ ဆွတ်ဆွတ်ဖြူသော အာကာသစေတီတော်ကို ဆီမီးရောင်ရှိန် ထိန်ထိန်ဝင်းအောင် ပူဇော်ထားသည်ကို အဝေးမှ ဖူးမြော်ရသည့်အခါ ကောင်းကင်တိမ်တိုက်အကြား၌ စေတီတော်ကြီးမှာ ပုလဲပန်းဆိုင်းကို တွဲလဲဆွဲထားသည်နှင့် တူနေသည်ကို အာရုံပြုလျက် ဥဗ္ဗေဂါပီတိအစွမ်းဖြင့် ကောင်းကင်သို့ လွှင့်ပါသွားသည်။ မိဘတို့၏ ရှေးဦးစွာ စေတီရင်ပြင်ပေါ်သို့ ကျရောက်၍ တရားနာလျက် နေလေသည်။ မိဘများနှင့်တကွ ပရိသတ်အားလုံးက တအံ့တဩ မယုံကြည်နိုင်အောင် ဖြစ်ကြရသည်။ (အဋ္ဌသာလိနီအဋ္ဌကထာ-၁၅၉။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ-၁၃၉)

ဥဗ္ဗေဂါပီတိနှင့် စပ်လျဉ်း၍ ကမ္မဋ္ဌာန်းဆရာကြီးများ အတွေ့အကြုံအရ ယောဂီပုဂ္ဂိုလ်သည် ခြေလက်တုန်လှုပ်ရုံ၊ ကိုယ်လက်တုန်လှုပ်ရုံရှိ၍ ရင်ကွဲအံ့
စာမျက်နှာ-58


သကဲ့သို့ ရှိ၏။ ခြေထား လက်ထား ပြုမှား ပြုထောင်လည်း ရှိ၏။ ငိုယောင် ရယ်ယောင်လည်း ရှိ၏။ ထတုံ ထိုင်တုံ ပြေးသွား ပြေးလာလည်း ရှိ၏။ အသား၊ အကြော၊ လက်ရုံး၊ မျက်တောင် လှုပ်ရုံလည်း ရှိ၏။ တစ်တောင် နှစ်တောင်စသည် မြင့်တက်သကဲ့သို့ ထင်သည်လည်း ရှိ၏။ ဤသို့ဖြစ်ခြင်းသည် ဥဗ္ဗေဂါပီတိအဟုန်ကြောင့်တည်း။

ထိုစကားသည် ဓမ္မပဒအဋ္ဌကထာ၌ ဝမ်းမြောက်ခြင်း၊ မျက်ရည်ထွက်ခြင်း၊ ကြက်သီးမွေးညင်းထခြင်း ဖြစ်သည်ဟု လာသည်နှင့် ညီညွတ်၏။

သုခအကြောင်း

သုခကို ချမ်းသာခြင်းဟု မြန်မာပြန်ဆိုကြသည်။ ခန္ဓာကိုယ်၌ဖြစ်သော ပူလောင်မှုများ ငြိမ်းချမ်းခြင်း၊ စိတ်၌ဖြစ်သော ပူလောင်မှုများ ငြိမ်းချမ်းခြင်း၊ ကိုယ်စိတ်နှစ်ပါးတို့၌ ဖြစ်သော ပင်ပန်းနွမ်းနယ်မှုများ ငြိမ်းချမ်းခြင်း၊ ကိုယ်စိတ်နှစ်ပါး အေးမြရွှင်လန်း ချမ်းသာခြင်းတို့ကို သုခ ဟု ခေါ်သည်။ ယင်းချမ်းသာသုခမှာ မည်သည့်လောက စည်းစိမ်ချမ်းသာ ခံစားခြင်းနှင့်မျှ မတူ၊ အလွန်ထူးခြား မွန်မြတ်သော ချမ်းသာသုခ တစ်မျိုးဖြစ်သည်။ ပီတိနှင့် သုခသည် အတူပူးတွဲကာ ဖြစ်ပေါ်လာ၍ ယောဂီပုဂ္ဂိုလ်သည် တဖိန်းဖိန်း တရှိန်းရှိန်း တစ်ကိုယ်လုံးအနှံ့ အရသာခံစားနေရသည်။

ပီတိနှင့် သုခအထူး

ပီတိသည် အာရုံ၏ ကောင်းမြတ်သော အရသာကို မခံစားရသေးမီ ခံစားရခါနီး၌ ဖြစ်ပေါ်သော နှစ်သက်မှုဖြစ်သည်။ သုခသည် အာရုံ၏ ကောင်းသော အရသာကို ခံစားရခြင်းဖြစ်သည်။ ဥပမာအားဖြင့် အရိပ်အာဝါသ မရှိသော သဲကန္တာရအတွင်း ဖြတ်သန်းသွားသော ခရီးသည်တစ်ယောက်သည် (အိုအေစစ်) ခေါ်သော တောအုပ်စိမ်းစိမ်းနှင့် ရေအိုင်ကို ခပ်လှမ်းလှမ်း၌ တွေ့မြင်ရသောအခါ စိတ်ထဲ၌ အင်အားပြည့်ဖြိုး ချမ်းသာသွား၏။ ကိုယ်တိုင်ကိုယ်ကျ သစ်ပင်ရိပ်ကို ခိုလှုံရခြင်း၊ စမ်းရေအိုင်မှရေကို သောက်ချိုးရခြင်း မပြုရသေးချေ။ ဤအခိုက်အတန့်၌ ဖြစ်ပေါ်လာသော စိတ်၏ ကျေနပ် နှစ်သက် ရောင့်ရဲမှု အင်အားပြည့်ဖြိုးလာမှုကို ပီတိ ဟု ခေါ်သည်။ (အိုအေစစ်) အတွင်းသို့ ရောက်ရှိ၍ အေးမြသော သစ်ပင်ရိပ်ကို ခရီးသည်ကိုယ်တိုင် ခိုလှုံရသည့်အခါ၊ စမ်းရေအိုင်ကို ကိုယ်တိုင်ကိုယ်ကျ သောက်ချိုးရသည့်အခါ၌ ဖြစ်ပေါ်သော ပူလောင်မှု ငြိမ်းချမ်းခြင်း၊ တစ်ကိုယ်လုံး အေးမြသော အရသာခံစားရခြင်းကို သုခ ဟု ခေါ်သည်။
စာမျက်နှာ-59


ဧကဂ္ဂတာအကြောင်း

ဧကဂ္ဂတာသည် တစ်ခုတည်းသော အာရုံ၌ စူးစိုက်ခြင်း၊ တည်ငြိမ်ခြင်း၊ မရွေ့မရှား ငြိမ်သက်တည်နေခြင်း သဘောရှိသည်။ စကားလုံးကို ပုဒ်ခွဲကြည့်ပါက ဧက + အဂ္ဂ + တာ ဟူ၍ဖြစ်သည်။ (ဧက = တစ် + အဂ္ဂ = အာရုံ + တာ = ရှိခြင်း)

စိတ်ကို အာရုံတစ်ခုတည်းသာ ရှိစေခြင်းဟု ဆိုလိုသည်။ ယင်း ဧကဂ္ဂတာ ကိုပင် သမာဓိ ဟု ခေါ်ကြသည်။ ဧကဂ္ဂတာသည် ဈာန်အင်္ဂါငါးပါးအနက် နောက်ဆုံးပိတ် အကြီးအကဲအချုပ်ဖြစ်သည်။ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခတို့ မပါဘဲလည်း ဈာန်ဖြစ်ခွင့်ရှိသည်။ ဧကဂ္ဂတာမပါလျှင် ဈာန်ဟု မခေါ်နိုင်ချေ။ ထို့ကြောင့် ဧကဂ္ဂတာခေါ် သမာဓိသည် ဈာန်၏ အဓိကလိုအပ်ချက်ဖြစ်သည်။

လေးသမားတစ်ယောက်သည် ပစ်မှတ်တစ်ခုကို ပစ်ခတ်သည့်အခါ လေးကြိုးကို ဆွဲငင်ရသည်။ ပစ်မှတ်ကို ချိန်ရသည်။ မြားတံကို သင့်လျော်သော လုံးပတ် အလျားရှိစေရမည်။ မြားတံ၌ အဖုအထစ်မရှိစေရ၊ ချောမွတ်နေစေရမည်။ လိုသည့် အကွာအဝေး အရပ်မျက်နှာသို့ ရောက်ရှိအောင် အရှိန်အဟုန်ကို တိုးခြင်း၊ လျော့ခြင်း ပြုရမည်။ ကိုယ်ကာယလှုပ်ရှားမှုများ ဟန်ချက်ညီညီ ဖြစ်လာသောအခါ မြားတံသည် ပစ်မှတ်၏ အလယ်ဗဟို တည့်တည့်ကို တည့်မတ်စွာ ထိမှန် စူးဝင်စိုက်ဝင်သွားတော့သည်။ ဤဥပမာ၌ လေးသမား၏ လေးညှို့ကို ဆွဲ၍ မြားတံကို ပစ်လွှတ်ခြင်းသည် ဝိတက် နှင့် တူ၏။ မြားကို မလွဲမချော်စေရန် ပစ်မှတ်ဗဟိုကို ချိန်ရွယ်ပစ်ခြင်းသည် ဝိစာရ နှင့် တူ၏။ မြားတံ၊ မြားချောင်း လိုအပ်သည့်အတိုင်းအတာ အလုံးအထည် ခိုင်ခံ့မှုရှိခြင်းသည် ပီတိ နှင့် တူ၏။ မြားတံမှာ ဖုထစ်ကွေ့ကောက်ခြင်းမရှိ ချောမွတ်နေခြင်းသည် သုခ နှင့် တူ၏။ လွဲချော်ခြင်းမရှိ ပစ်မှတ်တည့်တည့်ကို ထိမှန်ဖောက်ထွင်းသွားခြင်းသည် ဧကဂ္ဂတာ ဖြစ်ပုံနှင့် တူ၏။

ဤသို့ မြားပစ်ရာ၌ အဓိကလိုရင်းအချက်မှာ ပစ်မှတ်တည့်တည့်ကို မြားဖြင့် ထွင်းဖောက်သွားရန်ဖြစ်သည်။ ကြွင်းသော လေးညှို့ဆွဲခြင်းစသော အားထုတ်မှုများနှင့် ပြုပြင်စီမံမှုများသည် ပစ်မှတ်ဗဟိုချက် ထိမှန်စေရန် အခြံအရံ အကြောင်းတရားများသာ ဖြစ်ကြသည်။ ထို့ကြောင့် ဈာန်တစ်ခု၌ ဧကဂ္ဂတာသည်သာလျှင် အဓိကအကြီးအကဲ အချုပ်ဖြစ်သည်။ ဝိတက်သည် ဘာဝနာစိတ်ကို ကသိုဏ်းဝန်းနိမိတ်ဆီသို့ မောင်းနှင်ပေးခြင်း၊ တွန်းပို့ခြင်းကိစ္စကို ဆောင်ရွက်သည်။ ထိုသို့ ဝိတက်က မောင်းနှင်တွန်းပို့ရာ၌ ဘာဝနာစိတ်သည်
စာမျက်နှာ-60


ကသိုဏ်းဝန်းနိမိတ်ဆီသို့ ဖြောင့်ဖြောင့်မတ်မက် တည့်တည့်မသွားဘဲ ကွေ့ကောက်ချော်ချက် တိမ်းယိမ်းသွားတတ်သည်။ တစ်ချက် ထိလိုက်၊ တစ်ချက် မထိလိုက် ဖြစ်နေတတ်သည်။ အချက်ကျကျ ထိမှန်စေရန် ချိန်သားကိုက် ပြုပြင်ပေးခြင်းသည် ဝိစာရ ၏သဘောဖြစ်သည်။ ပစ်မှတ်ကို ထိသော်လည်း မြားတံသည် ကြုံလှီသေးကွေးပျော့ခွေနေပါက ပစ်မှတ်ကို ဖောက်ထွင်းစူးဝင်နိုင်မည်မဟုတ်၊ အပေါ်ယံတွင်သာ ရှပ်မှန်၍ ထွက်သွားမည်။

ထိုအခါ မြားတံကို လိုအပ်သည့် အလုံးအထည် အရှည်ပမာဏ ပြုပြင်ပေးရသည်။ အလားတူပင် ဘာဝနာစိတ်တည်းဟူသော မြားတံသည် ကြုံလှီသေးကွေးပျော့ခွေနေသဖြင့် ပီတိအစာကျွေးကာ ဘာဝနာစိတ် အလုံးအထည် ကြီးထွားသန်မာ ကြံ့ခိုင်စေရမည်။ ယင်းကဲ့သို့ ဘာဝနာစိတ် မြားတံသည် လိုအပ်သည့်အလုံးအထည် ရှိနေသော်လည်း မြားတံသည် ဖုထစ်ကွေ့ကောက်နေပါက ပစ်မှတ်သို့ ဖြောင့်ဖြောင့်သွားမည်မဟုတ်၊ အဖုအထစ်များကို ဖျင်၍ အကွေ့အကောက်များကို ဖြောင့်၍ပေးခြင်းသည် ဘာဝနာစိတ်ကို သုခဝေဒနာဖြင့် ချောမွတ်ဖြောင့်ဖြူးအောင် ပြုပြင်ပေးခြင်းဖြစ်သည်။

ထိုအခါတွင် ဘာဝနာစိတ်တည်းဟူသော မြားတံသည် ကသိုဏ်းဝန်း ပဋိဘာဂနိမိတ်အာရုံတည်းဟူသော ပစ်မှတ်ဗဟိုကို တည့်မတ်စွာ ထိမှန် စူးဝင်စိုက်ဝင်သွားခြင်း ဖြစ်နိုင်ပေသည်။ ယင်းသို့ ထိမှန် စူးဝင် စိုက်ဝင်ခြင်းသည် ဧကဂ္ဂတာခေါ် ဈာန်သမာဓိ ဖြစ်ပေါ်ခြင်း (ဝါ) အပ္ပနာဇော စောခြင်းနှင့်တူ၏။

ဘာဝနာ သုံးမျိုး

ကမ္မဋ္ဌာန်းတရား ပွားများအားထုတ်ခြင်းကို ဘာဝနာ ဟု ခေါ်သည်။ ကုသိုလ်သဘာဝချင်း တူညီသောစိတ်များကို ထပ်ကာ ထပ်ကာ ဖြစ်စေခြင်းကို ဘာဝနာဟု ခေါ်သည်။ ဤ၌ “ပထဝီ ပထဝီ = မြေ မြေ” ဟု သိသောစိတ်ကို အကြိမ်ကြိမ် အထပ်ထပ်ဖြစ်အောင် ပြုလုပ်ခြင်းကို ဘာဝနာပွားသည်ဟု ခေါ်ဆိုရသည်။ ဘာဝနာဟူသော ပါဠိမှာ မြန်မာလို အဓိပ္ပါယ်အားဖြင့် ပွားများခြင်း၊ တိုးပွားအောင် ပြုလုပ်ခြင်းဟု ဆိုလိုသည်။ ယင်းဘာဝနာမှာ ပရိကမ္မဘာဝနာ၊ ဥပစာရဘာဝနာ၊ အပ္ပနာဘာဝနာ ဟူ၍ သုံးမျိုးပြားသည်။

ပရိကမ္မဘာဝနာ

ကမ္မဋ္ဌာန်းတရား အားထုတ်ရာ၌ နိမိတ်သုံးပါးအကြောင်းကို ရှင်းပြခဲ့ပြီးဖြစ်ပါသည်။ ပရိကမ္မနိမိတ်ကို ရယူသည့် အချိန်၌လည်းကောင်း၊ ဥဂ္ဂဟနိမိတ်ကို ရယူသည့် အချိန်၌လည်းကောင်း “ပထဝီ ပထဝီ = မြေ မြေ” ဟု သိသောစိတ်
စာမျက်နှာ-61


အထပ်ထပ် ပွားများနေခြင်းသည် ပရိကမ္မဘာဝနာ မည်၏။ ဈာန်၏ အနီးအနားသို့ပင် မရောက်သေးသဖြင့် ပရိကမ္မနိမိတ်နှင့် ဥဂ္ဂဟနိမိတ်ကို အာရုံပြုလျက် ပွားများသောဘာဝနာကို ပရိကမ္မဘာဝနာဟု ခေါ်ရသည်။ တည်ကြည်မှု သမာဓိကိုလည်း ယင်းအခိုက်အတန့်၌ ပရိကမ္မသမာဓိ ဟု ခေါ်ရ၏။

ဥပစာရဘာဝနာ

ဥဂ္ဂဟနိမိတ်နှင့် ဆင်တူသော၊ ဥဂ္ဂဟနိမိတ်ထက် ပိုမိုသန့်ရှင်း ကြည်လင်တောက်ပသော ပဋိဘာဂနိမိတ်အာရုံကို အာရုံပြုလျက် ပွားများအားထုတ်သော ဘာဝနာစိတ်သည် ဥပစာရဘာဝနာ မည်၏။ (ဥပစာရ = ဥပ + စရ၊ ဥပ = အနီးကပ်၊ အနီးပတ်ဝန်းကျင် + စရ = ကျင်လည် ကျက်စားခြင်း) ဈာန်စိတ်၏ အနီးအပါး၌ဖြစ်သော (ဝါ) ဈာန်နှင့် နီးကပ်သော ဘာဝနာကို ဥပစာရဘာဝနာဟု ခေါ်ရသည်။ ထိုအချိန်၌ ဖြစ်သောတည်ကြည်မှုကို ဥပစာရသမာဓိ ဟု ခေါ်သည်။ ဥပစာရဈာန် ဟုလည်း ခေါ်သည်။ ဥပစာရဘာဝနာ အခိုက်၌ ကသိုဏ်းပဋိဘာဂနိမိတ်အာရုံသည် မိုးတိမ်ဝ၌ ဥဗျိုင်းပျံသန်းနေသကဲ့သို့ အလွန်ထင်ရှားလျက် ကြည်နူးဖွယ် ရှိလှတော့သည်။

ပဋိဘာဂနိမိတ်အာရုံကို အာရုံပြုလျက် ဥပစာရဘာဝနာဖြင့် အကြိမ်ကြိမ် ပွားများသောအခါ နောက်ဆုံး၌ ကာမဓာတ်၊ ကာမစ္ဆန္ဒများ ငုပ်လျှိုးကွယ်ပျောက် အဆက်ပြတ်သွား၍ ရူပါဝစရကုသိုလ် ပထမဈာန်ဇောစိတ်များ ဖြစ်ပေါ်လာတော့သည်။ ယင်းကဲ့သို့ ရူပါဝစရကုသိုလ်ဈာန် ဖြစ်ပေါ်လာရခြင်းကိုပင် ပထမဈာန်ရသည်ဟု ဆိုရပေမည်။

ဥပစာရဘာဝနာ၊ ဥပစာရသမာဓိ၊ ဥပစာရဈာန်ဟု ခေါ်သောစိတ်မှာ ကာမဝစရကုသိုလ်စိတ်များသာဖြစ်သည်။ ထို့ကြောင့် ကာမတဏှာ၊ ကာမစိတ်နှင့် မကင်းနိုင်သေးချေ။ အပ္ပနာဘာဝနာ၊ အပ္ပနာဇောစိတ် တို့မှာမူ ရူပါဝစရစိတ်များဖြစ်၍ ကာမစိတ်နှင့် အဆက်အသွယ် ဖြတ်ကြလေပြီ။ ကာမတဏှာ ကာမစိတ်များ ငြိမ်သက်ငုပ်လျှိုးပျောက်ကွယ်သွား၍ ဈာန်အင်္ဂါငါးပါး ထင်ရှားစွာ အင်ပြည့်အားပြည့် ဖြစ်ပေါ်လာသည်။ ဥပစာရဘာဝနာ အခိုက်မှာပင် ဘာဝနာစိတ်သည် အလွန်ကြီးထွား၏။ အလွန်လျင်မြန်၏။ ဘာဝနာစိတ်ကို စကြဝဠာတံတိုင်း တစ်ပတ် ပြေးခိုင်းကြည့်ပါက လက်ဖျစ်တစ်တွက်အတွင်းမှာပင် တစ်ပတ် ပတ်မိ၏။ စိတ်သွားရာအရပ်မှာ မှန်ပြင်ကို စိန်သွားဖြင့် ခြစ်လိုက်သကဲ့သို့ နောက်မှ အကြောင်းထင်၍ လိုက်၏။ ဝိတက်သည် အလွန်အားသန်သဖြင့် ဘာဝနာစိတ်သည် လွှတ်ရာအရပ်သို့ တန်းတန်းမတ်မတ် ပြေး၏။ ပျော့ညွတ် ကွေးကောက်၍ မနေတော့ပြီ။
စာမျက်နှာ-62


ပထမဈာန်

ဤကဲ့သို့ ရှေးဦးစွာရရှိသော ဈာန်သည် ရူပါဝစရဈာန်စိတ် ငါးမျိုးရှိသည့်အနက် ပထမအဆင့်မျှသာဖြစ်၍ ရူပါဝစရ ပထမဈာန် ဟု ခေါ်သည်။ ယင်းဈာန်ဇောစေတနာသည် ကာမတဏှာကင်းခြင်းကြောင့် ကာမဘုံ၌ အကျိုးမပေးတော့ပြီ။ ကာမဘုံကိုလွန်၍ ရူပဗြဟ္မာဘုံ၌ အကျိုးပေးသည်။ ထို့ကြောင့် ယင်းဈာန်စိတ်ကို ရူပါဝစရစိတ် ဟု ခေါ်သည်။ (ရူပါဝစရ = ရူပ + အဝစရ၊ ရူပ = ဗြဟ္မာဘုံ၌ + အဝစရ = အကျိုးပေးခြင်း၊ ဖြစ်ခြင်း = ရူပဗြဟ္မာဘုံ၌ အကျိုးပေးသောစိတ်)

ယင်းပထမဈာန်ကို ရရှိသော ယောဂီပုဂ္ဂိုလ်သည် ဤပထမဈာန်ကို အကြိမ်ကြိမ်အဖန်ဖန် ပြန်လည်ဝင်စားရမည်။ ဝင်စားပုံမှာ မိမိအာရုံပြုနေကျအတိုင်း ကသိုဏ်း ပဋိဘာဂနိမိတ်ကို အဖန်ဖန်ရှု၍ ပထမဈာန်ဇောစိတ်ကို အဖန်ဖန် ဖြစ်စေရမည်။ အစဦးဆုံးအကြိမ်၌ ဈာန်ဇောသည် တစ်ကြိမ်သာ ဖြစ်သည်။ နောက်အကြိမ်များ၌မူ ဘာဝနာစိတ်သည် ပိုမိုသန်စွမ်းအားကောင်းလာ၍ ဈာန်ဇောတစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်စသည်ဖြင့် စိတ်အားသန်သလောက် ဈာန်ဇောများ အသင်္ချေအနန္တ မရေမတွက်နိုင်အောင် ဆက်တိုက်ဖြစ်ကြသည်။ ရံခါ တစ်နာရီပတ်လုံး ဈာန်ဇောချည်းဖြစ်နေသည်။ တစ်မနက်လုံး၊ တစ်နေ့လုံး၊ တစ်ရက်လုံးစသည်ဖြင့် ခုနစ်ရက်ကြာအောင်ပင် ဈာန်ဇောချည်း သက်သက် တစ်ဆက်တည်း ဖြစ်နိုင်သည်။

ဝသီဘော်ငါးပါး

ယင်းဈာန်စိတ်ကို သန်စွမ်းအားကောင်း ခိုင်ခံ့အောင် ပြုပြင်ပြီးလျှင် အောက်ဖော်ပြပါ ဝသီဘော်ငါးပါး တို့ဖြင့် အလေ့အကျင့်ပြု၍ နိုင်နင်းအောင် ပြုရမည်—

(က) သမာပဇ္ဇနဝသီ = အလိုရှိသောခဏ၌ အလျင်အမြန် ဝင်စားနိုင်ခြင်း၊
(ခ) အဓိဋ္ဌာနဝသီ = မိမိအလိုရှိသမျှ အချိန်ကာလ အလိုအပို မရှိ အတိအကျ ဈာန်ဇော ဖြစ်စေနိုင်ခြင်း၊ ဈာန်အတွင်း၌ နေထိုင်ခြင်း၊
(ဂ) ဝုဋ္ဌာနဝသီ = အပိုအလိုမရှိ သတ်မှတ်ထားသော အချိန်၌ ဈာန်ဇောကို ရုပ်သိမ်းနိုင်ခြင်း (ဝါ) ဈာန်မှ ထနိုင်ခြင်း၊
စာမျက်နှာ-63


(ဃ) အာဝဇ္ဇနဝသီ = ဈာန်မှ ထသောအခါ ဈာန်အင်္ဂါများကို ပြန်လည်ဆင်ခြင်ရာ၌ လျင်မြန်ခြင်း၊
(င) ပစ္စဝေက္ခဏဝသီ = ဈာန်အင်္ဂါတို့ကို ဆင်ခြင်သော ပစ္စဝေက္ခဏဇောကို ခုနစ်ကြိမ်အထိ မဖြစ်စေဘဲ လေးကြိမ်၊ ငါးကြိမ်ခန့်သာ ဖြစ်စေခြင်း (အချိန်မကြာစေဘဲ အချိန်တိုစေခြင်း)။

(ဝသီ = ပုဂ္ဂိုလ်၏ အလိုဆန္ဒ + ဘာဝ = ဖြစ်ခြင်း၊ ဝသီဘာဝ > ဝသီဘော်) ဟူသည် ယောဂီ၏ အလိုဆန္ဒအတိုင်း ဖြစ်စေနိုင်ခြင်း၊ လိုတရဖြစ်ခြင်းကို ဝသီဘော်သို့ ရောက်သည်၊ ဝသီဘော် နိုင်နင်းသည်ဟု ဆိုလိုသည်။

သီရိဓမ္မာသောကမင်းကြီးလက်ထက် ပါဋလိပုတ် နေပြည်တော် ကုက္ကုဋာရာုံကျောင်းတော်၌ သံဃာစည်းဝေးနေစဉ် ဂဠုန်ရန်ကို ကြောက်သဖြင့် နဂါးတစ်ကောင်သည် လုလင်အသွင်ဖြင့် သံဃာ့ပရိသတ်အကြားသို့ ဝင်ရောက်ပြီး အသက်ကို ကယ်ဆယ်ပါရန် တောင်းပန်၏။ ယင်းသံဃာ့ပရိသတ်၌ ဈာန်အဘိညာဉ်ရသော ရဟန္တာမထေရ်ကြီး အများအပြားရှိသော်လည်း ရုတ်တရက် ဈာန်ဝင်စား၍ မရ ဖြစ်နေကြသည်။ ထိုအခါ သံဃာ့ပရိသတ်အစွန်၌ရှိသော သာမဏေငယ်တစ်ပါးသည် ချက်ချင်း ဈာန်ဝင်စားပြီး အဘိညာဉ်တန်ခိုးဖြင့် ဂဠုန်၏ရန်ကို ကာကွယ်လိုက်သည်။

ဈာန်ဝင်စားသည့်အခါ မိမိအလိုရှိသလောက် အချိန်ကြာကြာ ဈာန်ဇောများ ဆက်တိုက်ဖြစ်နေစေရန် မိမိသတ်မှတ်ထားသော အချိန် မစေ့မီ ဈာန်မှ လျောကျမသွားစေရန် ထိန်းထားနိုင်မှုကို အဓိဋ္ဌာနဝသီ ဟု ခေါ်၏။ ဥပမာ- ည (၉) နာရီမှ (၁၀) နာရီအထိ ဈာန်ဝင်စားလိုသည် ဆိုပါက (၁၀) နာရီအထိ တောက်လျှောက် ဈာန်ဝင်စားနိုင်ပါစေ၊ (၁၀) နာရီအတွင်း ဈာန်မှ မထပါစေနှင့်ဟု အဓိဋ္ဌာန်ပြု၍ မကြာခဏ လေ့ကျင့်ပေးခြင်းမျိုးကို အဓိဋ္ဌာနဝသီဟု ခေါ်၏။

ယင်းဥပမာ၌ ည (၁၀) နာရီတိတိ ရောက်သောအခါ ဈာန်မှ ထပါစေသတည်းဟု အဓိဋ္ဌာန်ပြု လေ့ကျင့်ခြင်းကို ဝုဋ္ဌာနဝသီ ဟု ခေါ်၏။

အဓိဋ္ဌာနဝသီမှာ သတ်မှတ်ထားသော ကာလအတွင်း၌ ဈာန်မှမထစေရန်၊ ဈာန်မှမနိုးစေရန် စိတ်ကို ဆောက်တည်ခြင်းဖြစ်၍ ဝုဋ္ဌာနဝသီမှာ သတ်မှတ်ထားသော ကာလကို ကျော်လွန်မသွားစေရန်၊ သတ်မှတ်ချိန်စေ့လျှင် ဈာန်မှ ထစေရန် အဓိဋ္ဌာန်ပြု လေ့ကျင့်ခြင်းဖြစ်သည်။
စာမျက်နှာ-64


ဈာန်ဝင်စားပြီး၍ ဈာန်မှထသည့်အခါ ထိုဈာန်အတွင်းရှိ ဈာန်အင်္ဂါများကို အမြန်ဆုံး ပြန်လည်သိရှိအောင် ဆင်ခြင်နိုင်ခြင်းကို အာဝဇ္ဇနဝသီ ဟု ခေါ်သည်။ ထိုသို့ဈာန်အင်္ဂါများကို ဆင်ခြင်သည့်အခါ ဇောစိတ်များ ကြာကြာ မဖြစ်စေဘဲ အချိန်တိုတောင်းစွာဖြင့် ဇောလေးကြိမ်၊ ငါးကြိမ်မျှသာ ဖြစ်စေနိုင်ခြင်းကို ပစ္စဝေက္ခဏဝသီဘော် ဟု ခေါ်၏။ ဤဝသီဘော်နှစ်ခုမှာ ဆင်တူနေ၍ ခွဲခြားရန် ခက်၏။ ဈာန်အင်္ဂါများကို အမြန်ဆုံး အာရုံပြုနိုင်မှုကို အာဝဇ္ဇနဝသီဟု ခေါ်၏။ ယင်းသို့ အာရုံပြုပြီးနောက် ကြာရှည်စွာ ဇောစိတ် (အသိစိတ်) များ မဖြစ်စေဘဲ သိမှုကို လျင်မြန်တိုတောင်းသော ကာလအတွင်း ပြည့်စုံစေခြင်းကို ပစ္စဝေက္ခဏဝသီဟု ခေါ်သည်။

သဗ္ဗညုမြတ်စွာဘုရားရှင်သည် ယမိုက်ပြာဋိဟာကို ပြတော်မူသောအခါ ရေမီးအစုံအစုံသော တန်ခိုးများကို ဖန်ဆင်းရာ၌ ပစ္စဝေက္ခဏာဇော လေးကြိမ်၊ ငါးကြိမ်မျှသာ ဖြစ်တတ်၏။ ဈာန်တစ်ခုနှင့်တစ်ခု အကြား၌ ဘဝင်နှစ်ကြိမ်၊ သုံးကြိမ်မျှ ဖြစ်ကြသည်။ ဘုရားမှတစ်ပါးသော ပုဂ္ဂိုလ်များသည်ကား ဤမျှလောက် ဘဝင်ကို နည်းအောင် မတတ်နိုင်ကြကုန်။ ဤကဲ့သို့ ဘဝင်ကိုနည်းအောင် အလျင်အမြန် ဖြစ်နိုင်မှု၊ ပြောင်းလဲနိုင်မှုသည် အလွန်စိတ်ထက်သန်အားကောင်း၍ အလွန်လျင်မြန်မှ ဖြစ်နိုင်၏။

ထို့ကြောင့် စိတ်ထက်သန်ကြီးထွားအောင် အားကောင်းအောင် ကသိုဏ်းဝန်းနိမိတ်ကို ကြီးအောင် တိုးပွားစေအပ်၏။ အထူးသတိပြုရန်မှာ ဈာန်ရပြီးသောအခါမှသာလျှင် ကသိုဏ်းဝန်းနိမိတ်ကို ပွားစေရမည်။ သို့မဟုတ် ဈာန်မရမီ ပွားလိုသော် ပဋိဘာဂနိမိတ်သို့ရောက်မှ ပွားစေရမည်။ ပဋိဘာဂနိမိတ်သို့ မရောက်မီ ဥဂ္ဂဟနိမိတ်အခါ၌ မပွားစေရ၊ ပွားလျှင် ဥဂ္ဂဟနိမိတ် ပြိုကွဲသွားနိုင်သည်။

နိမိတ်မူကား ကြံစည်ပွားရန်လိုအပ်၏။ စိတ်ကို နိုင်အောင်မထိန်းနိုင်သဖြင့် ဥဂ္ဂဟနိမိတ်သည် ဖြန့်ကြဲ၍ ပြိုကွဲပျက်စီးသွားတတ်၏။ ထို့ကြောင့် ဥဂ္ဂဟနိမိတ်ကို မပွားမတိုးစေရ။ ဈာန်ရပြီးမှ (သို့မဟုတ်) ပဋိဘာဂနိမိတ် ထင်ပြီးမှ ပွားစေ တိုးစေရမည်။

နိမိတ်ပွားခြင်း

ပထဝီကသိုဏ်းဝန်း ပဋိဘာဂနိမိတ်အာရုံကို အာရုံပြု၍ ဘာဝနာပွားများသည့်အခါ ယင်းနိမိတ်ကို “ကြီး-ကြီးကြီး” ဟု စိတ်က နှလုံးသွင်းလိုက်ပါလျှင် (ဝါ) စိတ်ဖြင့် ခိုင်းစေလျှင် ကသိုဏ်းဝန်းသည် စိတ်အလိုဆန္ဒအတိုင်း
စာမျက်နှာ-65


ကြီး၍ လိုက်လာသည်။ ကြီး၍ လိုက်လာတိုင်း တစ်ကြိမ်တည်းဖြင့် လွန်စွာ မကြီးစေအပ်။ ပထမတွင် လက်တစ်သစ်ခန့်သာ ကြီးစေရမည်။ ထို့နောက် ဆက်လက်၍ လက်နှစ်သစ်၊ လေးသစ်၊ ရှစ်သစ်၊ တစ်တောင်၊ တစ်လံ၊ ဆယ်လံ စသည်ဖြင့် မိုးကောင်းကင် စကြဝဠာပြည့်သည့်တိုင်အောင် တဖြည်းဖြည်း တစတစ ကြီးကျယ်လာစေရမည်။ တိုးပွားအောင် လုပ်ရမည်။ စကြဝဠာ အနန္တ အဆုံးအစမရှိသော ကသိုဏ်းဝန်းနိမိတ်ကြီး ဖြစ်လာအောင် တိုးပွားကျယ်ပြန့်စေရမည်။ စိတ်ထက်သန်သလောက်၊ အလိုရှိသလောက် ကျယ်၍ ကြီး၍ လိုက်လာသည်။

နိမိတ်ကစားခြင်း

ယင်းပဋိဘာဂနိမိတ် ကသိုဏ်းဝန်းကို ကြီးရာမှ တဖြည်းဖြည်း ငယ်အောင် စိတ်ဖြင့် အမိန့်ပေးရမည်။ ကြီးခြင်း၊ ငယ်ခြင်းကို အလျင်အမြန် အပြောင်းအလဲ ပြုလုပ်နိုင်အောင် လေ့ကျင့်ရမည်။ စကြဝဠာလောက် ကြီးမားကျယ်ပြန့်ရာမှ အပ်ဖျားချွန်ခန့်အထိ သေးငယ်သွားအောင် ကျုံ့နိုင်ရမည်။ တစ်ဖန် အဝိုင်းချပ်ပြားပုံ ပဋိဘာဂနိမိတ်ကို လေးထောင့်ပုံ၊ လေးမြှောင့်အချောင်းရှည်ပုံ၊ ထုလုံးပုံ၊ ထုလုံးရှည်ပုံ၊ ပြောင်းလုံးရှည်ပုံ ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲစေနိုင်ရမည်။ ပဋိဘာဂနိမိတ် ကသိုဏ်းဝန်းသည် ကြည်လင်တောက်ပနေ၍ ယင်းကသိုဏ်းဝန်း ပြောင်းရှည်ပုံ (သို့မဟုတ်) လေးမြှောင့်အရှည်ပုံ၊ ခြောက်မြှောင့်၊ ရှစ်မြှောင့်အရှည်ပုံကို မိမိမျက်စိမှ ရှေ့သို့ တစ်ထွာ၊ တစ်တောင်၊ တစ်လံ၊ တစ်မိုင် စသည့် အလျားလိုက် ဆန့်ထုတ်၍ တစ်ဖန် ပြန်၍ကျုံ့စေရမည်။ ယင်းပြောင်းရှည်ပုံ (သို့မဟုတ်) လေးမြှောင့် အချောင်းရှည်ပုံကို အရှေ့ အနောက် တောင် မြောက် ဖီလာအရပ်များသို့ ဆန့်ထုတ်ရမည်။ အောက်အရပ်သို့လည်း အဝီစိတိုင်အောင် ဆန့်ထုတ်ရမည်။ အထက်အရပ် ဘဝဂ်တိုင်အောင်လည်း ဆန့်ထုတ်ရမည်။

တစ်ဖန် ပဋိဘာဂနိမိတ် ကသိုဏ်းဝန်းကို ဘောလုံးပုံ (သို့မဟုတ်) ချပ်ဝိုင်းပုံပြု၍ အထက်အရပ် ဗြဟ္မာ့ပြည်တိုင်အောင် မြှောက်တင်ရမည်။ အောက်အဝီစိသို့လည်း စေလွှတ်ရမည်။ ဘေးတိုက် ဖီလာအရပ်များသို့လည်း စေလွှတ်ရမည်။ ပြန်ခေါ်ရမည်။ ဤကဲ့သို့ ပဋိဘာဂနိမိတ် ကသိုဏ်းဝန်းကို ကြီးမားကျယ်ပြန့်စေခြင်း၊ သေးငယ်စေခြင်း၊ ကျုံ့စေခြင်း၊ ပုံသဏ္ဌာန်ပြောင်းလဲခြင်း၊ အဝေးသို့ စေလွှတ်ခြင်း၊ အနီးသို့ ခေါ်ယူခြင်း စသည်တို့ကို လိုသလို အမိန့်ပေး၍ ပြုလုပ်ခြင်းကို နိမိတ်ကစားသည် ဟု ခေါ်သည်။
စာမျက်နှာ-66


ဒုတိယဈာန်သို့ တက်ခြင်း

ဤကဲ့သို့ နိမိတ်ပွားခြင်း၊ နိမိတ်ကစားခြင်းကို ကျွမ်းကျင်နိုင်နင်းစွာ ပြုလုပ်ပြီးနောက် ဈာန်ဝင်စားမှု၊ ဈာန်မထမှု၊ လျင်မြန်ဖျတ်လတ်မှု ဝသီဘော်ငါးပါးတို့ကိုလည်း ကျွမ်းကျင်နိုင်နင်းစွာ လေ့ကျင့်ပြီးသော အခါမှသာလျှင် ပထမဈာန်မှ ဒုတိယဈာန်သို့ တက်ရမည်။ ဒုတိယဈာန်သို့ တက်လိုသောယောဂီပုဂ္ဂိုလ်သည် ဝသီဘော်ငါးပါးနှင့် နိမိတ်ကစားခြင်းတို့ကို ကျွမ်းကျင်နိုင်နင်းပြီးသောအခါ ဤသို့ ဆင်ခြင်အောက်မေ့ရာ၏—

“ငါ ယခု ရထားသော ပထမဈာန်သည် အောက်တန်းနောက်တန်း ကျသေး၏။ ကာမစ္ဆန္ဒနီဝရဏစသော ရန်သူများနှင့် နီးနေသေး၏။ ထို့ပြင် ပထမဈာန်၌ အာရုံသို့ ပို့ဆောင်ပေးတတ်သည့် ဝိတက်ပါနေသေး၏။ ယင်းဝိတက်သည် အလွန်ရုန့်ရင်း ကြမ်းတမ်း၏၊ လှုပ်ရှားမှုများ၏။ ဤဝိတက်မပါလျှင် ပို၍ ငြိမ်သက်သိမ်မွေ့စွာ ဖြစ်လိမ့်မည်၊ ပိုမို အားအစွမ်းကောင်းလိမ့်မည်”

ဟု စဉ်းစားဆင်ခြင်၍ ဝိတက်ကို အပြစ်မြင်၏။ ဝိတက်မပါသော ဈာန်ကို လိုလားတောင့်တ၏။ ဝိတက်မပါစေလိုသောဆန္ဒဖြင့် ပထဝီကသိုဏ်းဝန်း ပဋိဘာဂနိမိတ်ကို စိတ်ဖြင့် ကြည့်ရှု၍ အဖန်ဖန် ပွားများသောအခါ ဝိတက်သည် တဖြည်းဖြည်း ငုပ်လျှိုး၍ ဝိတက်မပါသော ဈာန်ဇောများ ဖြစ်ပေါ်လာသည်။ ဝိတက်မပါဟု ဆိုခြင်းမှာ စိတ်သည် ယင်း ပထဝီကသိုဏ်းဝန်းနိမိတ်နှင့် မကြာခဏ တွေ့ထိရင်းနှီးမှု ရှိနေပြီးဖြစ်၍ စိတ်ကို ပဋိဘာဂနိမိတ်သို့ ပို့ဆောင်ပေးမည့် ဝိတက်၏အကူအညီ မလိုတော့ချေ။ ကသိုဏ်းဝန်းနိမိတ်အာရုံသို့ သူ့အလိုအလျောက် ကပ်ရောက်တော့သည်။ ယင်းဝိတက် မပါသော ဈာန်စိတ်ကို ဒုတိယဈာန် ဟု ခေါ်ဆိုရသည်။

တတိယဈာန်သို့ တက်ခြင်း

တတိယဈာန်သို့ တက်လိုသော ယောဂီပုဂ္ဂိုလ်သည် ပထမဈာန်နှင့် ဒုတိယဈာန်ကို တက်ချည်ဆင်းချည် အပြန်ပြန်အလှန်လှန် ဈာန်ဝင်စားရမည်။ ဝသီဘော်ငါးပါးဖြင့် ယင်းဈာန်နှစ်ခုကို ခိုင်မြဲအောင် လေ့ကျင့်ရမည်။ ယင်းဈာန်နှစ်ပါးလုံး၌ ဝသီဘော်နိုင်နင်းပြီးသောအခါ ဤသို့ ဆင်ခြင်အောက်မေ့ရာ၏—

“ဤဒုတိယဈာန်သည် အောက်တန်းနောက်တန်း ကျသေး၏၊ ဝိစာရပါရှိနေသဖြင့် ရုန့်ရင်း ကြမ်းတမ်းသေး၏။ အားအစွမ်းညံ့ဖျင်း...
စာမျက်နှာ-67


သေး၏။ ဝိစာရသည် ဝိတက်နှင့် ပူးတွဲလေ့ရှိသည်။ ဝိစာရရှိပါက ဝိတက်ပြန်လာနိုင်သေးသည်။ ထို့ကြောင့် ဤဝိစာရ ချုပ်ငြိမ်းသွားပါမူ ကောင်းလေစွ”

ဝိစာရကို မလိုလား မနှစ်သက်သောစိတ်ဖြင့် ဝိစာရမပါသော ဈာန်တရား လိုလား တောင့်တလျက် ပထဝီကသိုဏ်းဝန်း ပဋိဘာဂနိမိတ်ကို အဖန်ဖန် ရှု၏။ ထိုအခါ ဝိစာရ၏သဘော (အာရုံနိမိတ်ပေါ်၌ တရစ်ဝဲဝဲ လှည့်လည် သုံးသပ်မှု) သည် တဖြည်းဖြည်း သိမ်မွေ့သွား၍ လုံးဝ ပျောက်ကွယ်သွားကာ ဝိစာရမပါဘဲ “ပီတိ သုခ ဧကဂ္ဂတာ” ဟူသော ဈာန်အင်္ဂါသုံးပါး ပါဝင်သည့် ဈာန်အသစ် ဖြစ်ပေါ်လာသည်။ ယင်းဈာန်ကို တတိယဈာန် ဟု ခေါ်သည်။ ဤဈာန်၌ ဝိတက်ဝိစာရ မပါရှိတော့သဖြင့် နှစ်သက်မှုပီတိ၊ ချမ်းသာခြင်းသုခ၊ တည်ငြိမ်မှု ဧကဂ္ဂတာတို့သာ ရှိတော့ရာ အလွန်သိမ်မွေ့ နူးညံ့လာသည်။

စတုတ္ထဈာန်သို့ တက်ခြင်း

ယင်းတတိယဈာန်မှ အထက်သို့တက်လိုသောအခါ ယင်းတတိယဈာန်ကိုပင် ဝသီဘော်ငါးပါးဖြင့် ကျွမ်းကျင် နိုင်နင်းအောင် လေ့ကျင့်၍ ဤသို့ ဆင်ခြင် အောက်မေ့ရာ၏—

“ဤတတိယဈာန်သည် အောက်တန်း နောက်တန်းကျသေး၏။ ပီတိသည် နှစ်သက်ခြင်း သဘောရှိ၍ ကာမဂုဏ် ပျော်မွေ့မှုနှင့် နီးစပ်၏။ ပီတိမှ တစ်ဆင့်ပြောင်းလဲကာ ကာမဂုဏ် မွေ့လျော်မှု ဖြစ်သွားနိုင်သည်။ ထို့ကြောင့် ပီတိသည် ကာမဂုဏ် မွေ့လျော်မှုနှင့် နီးစပ်မှု ရှိ၏။ ဤပီတိ ပါရှိနေခြင်းကြောင့် စွမ်းအား ညံ့ဖျင်းနေသည်။ ဈာန်စိတ်သည် ရုန့်ရင်း ကြမ်းတမ်းနေသည်။ ဤပီတိမပါလျှင် ငြိမ်သက် သိမ်မွေ့သော ချမ်းသာသုခ သက်သက်ကိုသာ ခံစားရမည်”

ဟု ပီတိမပါသော ဈာန်ကို တောင့်တ၍ ပီတိမပါစေလိုသော ဆန္ဒဖြင့် ကသိုဏ်းဝန်းပဋိဘာဂနိမိတ်ကို “ပထဝီ ပထဝီ = မြေ မြေ” ဟု စိတ်ထဲက မှတ်လျက် ပွားများ ကြည့်ရှုသောအခါ ပီတိသည် တဖြည်းဖြည်း သိမ်မွေ့ ပျောက်ကွယ်သွားသည်။ ပီတိမပါဘဲ သုခ, ဧကဂ္ဂတာ ဟူသော ဈာန်အင်္ဂါနှစ်ပါးနှင့် ပြည့်စုံသည့် စတုတ္ထဈာန် ဖြစ်ပေါ်လာသည်။ ဤစတုတ္ထဈာန်သည် ပီတိမပါသော သုခသက်သက်ကိုသာ ခံစားရသဖြင့် ငြိမ်သက်မွန်မြတ်သော ချမ်းသာဖြစ်သည်ဟူ၍ အရိယာပုဂ္ဂိုလ်များက ချီးမွမ်း ပြောဆိုကြသည်။
စာမျက်နှာ-68


ပဉ္စမဈာန်သို့ တက်ခြင်း

စတုတ္ထဈာန်ကို အခြေခိုင်မြဲအောင် ဝသီဘော်ငါးပါးဖြင့် နိုင်နင်းအောင် ပြုပြီးနောက် ပဉ္စမဈာန်သို့ တက်လိုသော ယောဂီပုဂ္ဂိုလ်သည် ဤသို့ ဆင်ခြင် စဉ်းစားရာ၏—

“ဤစတုတ္ထဈာန်သည် အောက်တန်း နောက်တန်းကျသေး၏၊ ပီတိ ဟူသော ရန်သူ၏ အနီးမှာပင် ရှိသေး၏၊ ချမ်းသာသုခ ခံစားမှု ပါရှိနေသေးသဖြင့် ဤသုခသည် ကာမသုခနှင့် နီးစပ်သော သဘောရှိ၏၊ ဈာနသုခမှ ကာမသုခသို့ ပြောင်းလဲ လျောကျသွားနိုင်၏၊ သုခ ပါရှိနေခြင်းကြောင့် ဈာန်စိတ်သည် ပေါ်လွင်နေ၏၊ ရုန့်ရင်းကြမ်းတမ်း၏။ ချမ်းသာသုခဟု အမှတ်မထားဘဲ ကောင်း မကောင်း မခွဲခြားဘဲ အလယ်အလတ်သဘောထား၍ လျစ်လျူရှုနေရပါမူ သိမ်မွေ့သည်ထက် သိမ်မွေ့ ငြိမ်သက်ရာ၏။”

ဤသို့လျှင် သုခသဘောကို ပယ်ပြီး၍ လျစ်လျူရှုခြင်းသဘောသို့ စိတ်ညွတ်လျက် ပထဝီကသိုဏ်းဝန်း ပဋိဘာဂနိမိတ်ကို “မြေ-မြေ” ဟု စိတ်ထဲကမှတ်၍ အဖန်ဖန် ကြည့်ရှုသောအခါ သုခသည် တဖြည်းဖြည်း သိမ်မွေ့ပျောက်ကွယ်သွားသည်။ ကောင်း မကောင်း အရသာနှစ်မျိုးကို ခံစားခြင်းမရှိဘဲ လျစ်လျူရှုခြင်း အလယ်အလတ်ခံစားမှု (ဥပေက္ခာဝေဒနာ) သာလျှင် ဖြစ်ပေါ်သည်။ ယင်းဥပေက္ခာနှင့် ဧကဂ္ဂတာ ဈာန်အင်္ဂါနှစ်ပါးသာရှိသော ပဉ္စမဈာန် ဖြစ်ပေါ်လာသည်။ ဤပဉ္စမဈာန်ကား မြေကသိုဏ်း၊ ရေကသိုဏ်း စသော ရုပ် (ရူပ) အာရုံကို အာရုံပြု၍ ဖြစ်ပေါ်ရသည်။ ဈာန်ငါးဆင့်တို့တွင် အမြင့်ဆုံး အဆင့်ဖြစ်သည်။ ဤဈာန်ငါးပါးသည် ရူပ (ရုပ်) အာရုံကိုသာ မှီတွယ်၍ ဖြစ်သောကြောင့် ရူပဈာန် ဟု ခေါ်ရသည်။

ဈာန် ၅-ပါး၊ ၄-ပါး

ရူပဈာန်ကို ရေတွက်ရာ၌ ငါးပါးရေတွက်နည်း၊ လေးပါးရေတွက်နည်းဟူ၍ နှစ်မျိုးရှိသည်။ ယခုပြဆိုခဲ့ပြီးသောနည်းမှာ ငါးပါးရေတွက်နည်းဖြစ်သည်။ လေးပါးနည်းဖြင့် ရေတွက်ပုံမှာ ဒုတိယဈာန်နှင့် တတိယဈာန်နှစ်ခုကို တစ်ခုတည်းပေါင်း၍ ဒုတိယဈာန်အဖြစ် ရေတွက်ရသည်။ ထိုအခါ ယခုပြထားသော စတုတ္ထဈာန်ကို တတိယဈာန်အဖြစ် သတ်မှတ်၍ ပဉ္စမဈာန်ကို စတုတ္ထဈာန်ဟု ခေါ်ဆိုရသည်။
စာမျက်နှာ-69


ဒုတိယဈာန်နှင့် တတိယဈာန်ကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ရခြင်း အကြောင်းမှာ ဉာဏ်ထက်မြက်သော တိက္ခပညပုဂ္ဂိုလ်များသည် ဝိတက်နှင့် ဝိစာရကို တစ်ခါတည်း တစ်ကြိမ်တည်း တစ်ပြိုင်နက် ပယ်ရှား ကျော်လွန်နိုင်သည်။ ဝိတက်ကို ပယ်လျှင် ဒုတိယဈာန် ဖြစ်သည်။ ဝိစာရကို ပယ်လျှင် တတိယဈာန်ဖြစ်သည်။ ဝိတက်ဝိစာရ နှစ်ခုလုံးကို တစ်ပြိုင်နက် ပယ်ခြင်းဖြင့် ဒုတိယဈာန် နှင့် တတိယဈာန် နှစ်ခုကို ပူးပေါင်း၍ ဒုတိယဈာန်ဟုပင် ခေါ်ရတော့သည်။ သုတ္တန်နည်းပါဠိတော်များ၌ ဈာန်လေးပါး ရေတွက်နည်းကိုသာ ဟောကြားတော်မူလေ့ရှိသည်။ အဘိဓမ္မာနည်းဖြင့် အနုစိတ် ဟောကြားရာ၌ ဈာန်ငါးပါး ရေတွက်နည်းလာရှိသည်။

ပထမဈာန်ချမ်းသာ

ပထမဈာန်ချမ်းသာကို နှစ်သက်မှုပါသော ချမ်းသာ၊ ပီတိနှင့် တွဲနေသော သုခဖြင့် တွေ့ထိခြင်းဟူ၍ ဟောကြားတော်မူသည်။ ယင်းပီတိသုခသည် ကာမဂုဏ်မှ ကင်းဝေးခြင်းကြောင့် ဖြစ်သည်။ ယင်းပီတိသုခသည် တစ်ကိုယ်လုံး စိမ့်ဝင် ပျံ့နှံ့နေပုံကို ရေချိုးကသယ်မှုန့်လုံး ဥပမာဖြင့် ဟောတော်မူသည်။ ရှေးခေတ်က ရေချိုးကသယ်မှုန့်ကို ဆတ္တာသည်များကိုယ်တိုင် ပြုလုပ်ကြသည်။ ဤခေတ်မှာကဲ့သို့ ကိုယ်တိုက်ဆပ်ပြာခဲ၊ ရေမွှေးဆပ်ပြာခဲ အဆင်သင့်လုပ်ပြီး မရှိ၊ နံ့သာဖြူ၊ စန္ဒကူးစသော နံ့သာမှုန့်၊ ကုက္ကိုခေါက်၊ ကြို့ခေါက်အမှုန့်နှင့် မြေညက်မှုန့်၊ ဆန်မှုန့်၊ နှမ်းမှုန့်၊ မုံညင်းစေ့မှုန့်၊ နနွင်းမှုန့်များကို သင့်လျော်သော အချိုးအစားဖြင့် ပေါင်းစပ်၍ ကြေးဖလားတစ်ခုထဲ၌ ထည့်ရသည်။ စံပယ်ပန်း၊ နှင်းဆီပန်းစသည် စိမ်ထားသော နံ့သာရေဖြင့် အနည်းငယ်စီ ဆွတ်ဖြန်း၍ ဖြည်းဖြည်းချင်း နယ်ရသည်။ ရေဖြန်းလိုက်၊ ဆုပ်နယ်လိုက် အကြိမ်များစွာ ပြုလုပ်၍ ကသယ်မှုန့်များ စေးတွဲ ဖွဲ့စည်းလာ၍ နပ်နပ်ပတ်ပတ် ဖြစ်လာသည်အထိ နယ်ရသည်။ ရေများများထည့်ပါက ရေချိုးကသယ်မှုန့်များ အရည်ကဲဖြစ်သွား၍ ကိုင်တွယ်၍ ရနိုင်မည်မဟုတ်။ ထို့ကြောင့် ရေဆွတ်ဖြန်းရာ၌ အနည်းငယ် အနည်းငယ် အကြိမ်များစွာ ချိန်ဆ၍ ဆွတ်ဖြန်းရသည်။ မာဆတ်နေခြင်းလည်းမရှိ၊ ပျော့အိ တွဲကျနေခြင်းလည်းမရှိ။ ဤခေတ် ရေမွှေးဆပ်ပြာခဲနှင့် တူ၏။ အရည်ပျော်နေခြင်းလည်းမရှိ၊ မာဆတ်နေခြင်းလည်းမရှိချေ။ ရေချိုးကသယ်မှုန့် အလုံးအတွင်း၌ ရေများသည် ပျံ့နှံ့တည်ရှိနေသည်။ အပြင်သို့ ယိုစီးထွက်ကျခြင်းလည်းမရှိ၊ အတွင်း၌လည်း ရေမထိသောနေရာ၊ မှုန့်ဖွာနေသော နေရာဟူ၍လည်းမရှိ။ ယင်းရေချိုးကသယ်မှုန့် အလုံးကြီးမှာ ရေဓာတ် အစိုဓာတ် ပျံ့နှံ့လျက်ရှိသည်။ ဤဥပမာအတူ ပထမဈာန်ဝင်စားနေသော ယောဂီပုဂ္ဂိုလ်အား နှစ်သက်မှုပီတိနှင့် ချမ်းသာသုခတို့သည် တစ်ကိုယ်လုံးကို
စာမျက်နှာ-70


ပျံ့နှံ့ စိမ့်ဝင်လျက်ရှိသည်။ ပီတိသုခနှင့် မတွေ့ထိသော ခန္ဓာကိုယ် အစိတ်အပိုင်းဟူ၍ မရှိ။ ဤသို့လျှင် ပထမဈာန်ချမ်းသာကို တစ်ကိုယ်လုံး ပျံ့နှံ့ထိ ခံစားရကြောင်း ရေချိုးကသယ်မှုန့်လုံးဥပမာဖြင့် ဟောကြားတော်မူသည်။

ဒုတိယဈာန်ချမ်းသာ

ဒုတိယဈာန်သည် ဝိတက်ဝိစာရကင်းသောကြောင့် ကိုယ်တွင်းအဇ္ဈတ္တ၌ ကြည်လင်နေသည်။ စိတ်သည် အာရုံတစ်ခုတည်း စူးစိုက်နေသဖြင့် အလွန် သမာဓိအားကောင်းသည်။ ယင်းသမာဓိကြောင့်ဖြစ်သော နှစ်သက်မှု ပီတိနှင့် ချမ်းသာသုခသည် တစ်ကိုယ်လုံးသို့ ပျံ့နှံ့နေသည်။ တစ်ကိုယ်လုံး ပြည့်ဝနေသည်။ တစ်ကိုယ်လုံး ပီတိသုခဖြင့် စိုစွတ်နေသည်။ ဥပမာအားဖြင့် တောကြီးမြိုင်ကြီး အတွင်း၌ရှိသော စမ်းရေအိုင် သည် အရပ်လေးမျက်နှာမှ ရေများစီးဝင်ခြင်းလည်းမရှိ၊ မိုးရွာသွန်းခြင်းလည်းမရှိ၊ ရေအိုင်အောက်ခြေမှ အလိုလို စိမ့်ထွက်နေသော ရေရှိ၏။ ယင်းစိမ့်ရေသည် ရေအိုင်ကို ပြည့်လျှံသွားခြင်းလည်းမရှိ၊ ထို့ကြောင့် ရေသည် မှန်သားကဲ့သို့ ကြည်လင်ကာ ငြိမ်သက်နေသည်။ ရေအိုင်တစ်ခုလုံးမှာ ရေမထိသောနေရာဟူ၍ မရှိ၊ ရေအိုင်တွင် ကမ်းလုံးပြည့် ရေရှိနေ၍ ထိုရေအိုင် ပတ်ပတ်လည်၌ ရေမစွတ်သော ရေမစိမ့်သောနေရာဟူ၍ မရှိ၊ တစ်ခုလုံး ရေစိုစွတ်နေ၏၊ စိုစိမ့်နေ၏။ ထိုနည်းတူစွာ ဒုတိယဈာန် ဝင်စားနေခိုက်၌ ပီတိသုခသည် ခန္ဓာကိုယ်တစ်ခုလုံး စိုစွတ်နေ၏၊ စိုစိမ့်နေ၏ဟု ဟောကြားတော်မူသည်။

တတိယဈာန်ချမ်းသာ

တတိယဈာန် ချမ်းသာသည် ပီတိမပါ ပီတိကင်းကွာနေသောကြောင့် ငြိမ်သက်စွာ ချမ်းသာကို ခံစားနိုင်သည်။ ရှိသမျှ သုခအမျိုးမျိုးတွင် တတိယဈာန်၌ရှိသော သုခသည် အဆင့်အမြင့်ဆုံး၊ အမွန်မြတ်ဆုံးဖြစ်သည်။ ဤတတိယဈာန်နှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို သတိနှင့်ပြည့်စုံသူ၊ တည်ငြိမ်စွာ ချမ်းသာစွာ နေလေ့ရှိသူဟူ၍ ဘုရားစသော အရိယာ သူတော်ကောင်းတို့က ချီးမွမ်းကြကုန်၏။ ပီတိကင်းသောသုခဖြင့် တစ်ကိုယ်လုံး ပြည့်ဝပျံ့နှံ့ ထိတွေ့နေတော့သည်။ ဥပမာအားဖြင့် ကြာဖြူ၊ ကြာညို၊ ကြာပဒုမ္မာတော ၌ အချို့သော ကြာငုံ ကြာဖူးတို့သည် ရေပေါ်သို့မထွက်နိုင်သေးဘဲ ရေထဲ၌ နှစ်မြုပ်လျက်ရှိသေးသည်။ ထိုကြာငုံ ကြာဖူးတို့သည် အမြစ်ရင်းမှအဖျားထိ အေးမြသောရေဖြင့် စိုစွတ် ပြည့်ဝ ထိတွေ့လျက်ရှိသည်။ ထိုနည်းတူစွာ တတိယဈာန်ဝင်စားသော ပုဂ္ဂိုလ်သည် ပီတိကင်းသော ချမ်းသာသုခသက်သက်ကို ထိတွေ့ခံစားလျက် နေနိုင်၏။
စာမျက်နှာ-71


စတုတ္ထဈာန်ချမ်းသာ

စတုတ္ထဈာန်ချမ်းသာသည် သုခဝေဒနာနှင့် ဒုက္ခဝေဒနာနှစ်ပါးကို ရှေးဦးကြိုတင်ပယ်ထားပြီးဖြစ်သည်။ ဝမ်းမြောက်မှုနှင့် စိတ်နှလုံးမသာယာမှုတို့သည်လည်း ချုပ်ငြိမ်းခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဤစတုတ္ထဈာန်သည် သတိ၏ စင်ကြယ်ခြင်း၊ လျစ်လျူရှုခြင်းတို့နှင့်အတူ ယှဉ်တွဲလျက်ရှိ၏။ ထိုပုဂ္ဂိုလ်သည် ဤကိုယ်ကာယကို ဖြူစင်သန့်ရှင်းသောစိတ် ဖြင့် ပျံ့နှံ့ထိတွေ့လျက်နေ၏။ ဥပမာ- ရေမိုးချိုးပြီးသော ယောက်ျားတစ်ယောက်သည် စင်ကြယ်သော ပိတ်ဖြူအဝတ်ကို လွှမ်းခြုံလျက်နေစဉ် ခန္ဓာကိုယ်မှ ကိုယ်ငွေ့သည် ယင်းအဝတ်ဖြူတစ်ခုလုံးကို ပျံ့နှံ့လျက်နေ၏။ မပျံ့နှံ့သော နေရာဟူ၍ မရှိ။ အလားတူပင် ဤဈာန်ဝင်စားသူသည် စတုတ္ထဈာန်ချမ်းသာနှင့် တစ်ကိုယ်လုံးကို ထိတွေ့လျက် ရှိ၏။ ယင်းဈာန်ချမ်းသာနှင့် မတွေ့ထိသောနေရာဟူ၍ မရှိတော့ပေ။

ကသိုဏ်းဝန်းပြုလုပ်ရန် မလိုခြင်း

ပထဝီကသိုဏ်းနိမိတ်ကို ကြည့်ရှုပွားများရာ၌ ရှေးအတိတ်ကာလ နီးသောဘဝက ပထဝီကသိုဏ်းနိမိတ်ကို ရခဲ့ဖူးခြင်းမရှိ၊ အထုံ၊ ဝသီ၊ ပါရမီ၊ အဓိကာရ မရှိခဲ့သောသူများမှာ ဤကဲ့သို့ မြေကြီးကသိုဏ်းဝန်းကို အသေအချာ လုပ်၍ ရှုမှပင် နိမိတ်ရနိုင်သည်။ ဈာန်ရနိုင်သည်။ ရှေးအထုံ၊ ဝသီ၊ ပါရမီ၊ အဓိကာရ ရှိသောသူမှာကား မပြုမပြင်ဘဲ ပကတိမြေပြင်ကိုလည်းကောင်း၊ ကောက်နယ်တလင်းကိုလည်းကောင်း၊ ထွန်ယက်ထားသော ထွန်ချေးခဲ၊ လယ်ကွက်တို့ကိုလည်းကောင်း “မြေ မြေ” ဟု နှလုံးသွင်းပြီး ကြည့်ရှုလိုက်လျှင် ပထဝီကသိုဏ်းနိမိတ် ဖြစ်ပေါ်စေနိုင်၏။ ဈာန်ရသည်အထိ ဖြစ်နိုင်၏။

အာပေါကသိုဏ်းရှုနည်း

ရေကို ပါဠိဘာသာဖြင့် အာပေါ ဟု ခေါ်သည်။ ထို့ကြောင့် ရေကသိုဏ်းဝန်းကို အာပေါကသိုဏ်းဝန်းဟု ခေါ်ရသည်။ ရှေးအတိတ်ကာလ နီးသောဘဝက ရေကသိုဏ်းရှုခဲ့ဖူးသော အထုံ၊ ဝသီ၊ ပါရမီရှိသူသည် ရေကသိုဏ်းဝန်း သီးခြား ပြုလုပ်ရန် မလိုဘဲ ပကတိရှိနေသော မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ သမုဒ္ဒရာ၊ ရေတွင်း၊ ရေကန်ရှိ ရေကို ကြည့်ရှုရုံမျှဖြင့် အလွယ်တကူ ရေပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်ကို ရယူနိုင်၏။ ဤသို့ ပါရမီမရှိသောသူအတွက် ရေကသိုဏ်းဝန်းပြုလုပ်ရန် အစီအစဉ်မှာ တစ်တောင် (သို့မဟုတ်) ဆောင်ဆုပ်ခန့် အဝကျယ်၍ အစောက်နက်သော အိုးခွက် စည်ပိုင်းထဲ၌ ကြည်လင်သောရေကို ထည့်၍ စိတ်ဖြင့် “ရေ ရေ” ဟု ရှုမှတ်သည်။ ပထဝီကသိုဏ်း၌ ပြဆိုခဲ့သည့်အတိုင်း အပြင်၌ မျက်မြင် ရေကသိုဏ်းဝန်းနှင့် တစ်ထပ်တည်း တူသော ဥဂ္ဂဟနိမိတ်
စာမျက်နှာ-72


ထင်လာအောင် ရှုမှတ်ရမည်။ ယင်း ဥဂ္ဂဟနိမိတ်သည် လှုပ်ရှားသည့် လှိုင်းငယ်များ၊ ပလုံစီများ ပါနေတတ်သည်။ ဆက်လက်၍ ရှုသောအခါ ပဋိဘာဂနိမိတ် အဆင့်သို့ တက်လှမ်းသွားသည်။ ယင်းပဋိဘာဂနိမိတ်သည် လှုပ်ရှားခြင်းမရှိ၊ ရေပူပေါင်း ပလုံစီ မရှိ၊ အလွန်ငြိမ်သက်လျက် ဥဂ္ဂဟနိမိတ်ထက် သာလွန်၍ ကြည်လင်၏။ မှန်ညိုကဲ့သို့ အလွန်ကြည်လင်၏။ ဤရေကသိုဏ်းမှာလည်း ပြဆိုပြီးသည့်အတိုင်း ဈာန်ငါးပါးလုံး ဖြစ်စေနိုင်၏။

တေဇောကသိုဏ်းရှုနည်း

ရှေးက အားထုတ်ခဲ့ဖူးသော အထုံ၊ ဝသီ၊ ပါရမီ ရှိသူတို့မှာ တေဇောကသိုဏ်းဝန်း သီးခြားစီမံရန် မလို။ ပကတိရှိနေသော မီးပုံ၊ မီးကျီး၊ မီးတောက်၊ ဆီမီးကိုပင် ကြည့်ရှု၍ အာရုံယူနိုင်သည်။ ရှေးဘဝက ဆုပန်မှု အဓိကာရ မရှိခဲ့လျှင် မီးတောက်၊ မီးလျှံ (သို့မဟုတ်) မီးကျီးစုကို မျက်နှာမပူလောက်သော အကွာအဝေး၌ ထား၍ ကြည့်ရှုရမည်။ (သို့မဟုတ်) ဖျာ၊ သင်ဖြူး၊ ရိုင် စသည်ကို တစ်ထွာလောက် အပေါက်ဖောက်၍ ထိုအပေါက်မှတစ်ဆင့် မီးတောက် မီးလျှံကို ကြည့်ရှု၍ “မီး မီး” ဟု ပရိကမ္မပြုရမည်။ မီးကသိုဏ်း၌ ဥဂ္ဂဟနိမိတ်သည် ပြင်ပတွင် ပကတိရှိသော မီးပုံ၊ မီးတောက်၊ မီးလျှံအတိုင်း အခိုးအငွေ့နှင့် ထင်းချောင်းများ၊ မီးခဲများကို မြင်နေရသည်။ ပဋိဘာဂနိမိတ် အဆင့်သို့ ရောက်သောအခါ၌မူ မီးကသိုဏ်းနိမိတ်သည် အခိုးအငွေ့ အရှိန်ကင်းလျက် လှုပ်ရှားမှု မရှိ၊ မီးခဲ ထင်းစ မရှိ ငြိမ်သက်စွာ ထင်မြင်လာ၏။ ဆက်လက်၍ ပထဝီကသိုဏ်းပွားနည်းအတိုင်း ဈာန်ငါးဆင့်လုံး ကိစ္စပြီးစီးအောင် ပွားများအားထုတ်ရမည်။

ဝါယောကသိုဏ်းရှုနည်း

ဝါယောကသိုဏ်းကိုလည်း ရှေးအတိတ်ကာလ နီးသောဘဝက အထုံ၊ ဝသီ၊ ပါရမီရှိခဲ့လျှင် ပကတိကောင်းကင်ပြင်မှာ တိုက်ခတ်နေသောလေကို ကြည့်၍ နိမိတ်ရအောင် ယူနိုင်သည်။ ပါရမီမရှိသော ပုဂ္ဂိုလ်များမှာ လေတဖြတ်ဖြတ် တိုက်ခတ်၍ လှုပ်ရှားနေသော မြက်ပင်ဖျား၊ ပြောင်းပင်ဖျား၊ ကြံပင်ဖျား၊ ဝါးရုံပင်ဖျား၊ သစ်ကိုင်းဖျား၊ လက်လေးသစ်မျှလောက် ရှည်သော ဆီတို့ ဆံပင်ဖျား၌ လေတဖြတ်ဖြတ် တိုက်ခတ်လှုပ်ရှားနေသည်ကို ကြည့်ရှုမှတ်သားရမည်။ စိတ်ထဲက “လေ လေ” ဟု နှလုံးသွင်းရမည်။ လေကို သတိသညာဖြင့် မှတ်သားရမည်။ လေတိုက်ထဲ၌ ကိုယ်ကာယကို လေတိုက်ခံ၍ လေထိခံရသော နေရာ၌ လေဟု နှလုံးသွင်း၍ သတိသညာဖြင့် မှတ်သားရမည်။ လေကသိုဏ်း၏ ဥဂ္ဂဟနိမိတ်မှာ ရေများကဲ့သို့သော်လည်းကောင်း၊ မီးခိုးကဲ့သို့သော်လည်း
စာမျက်နှာ-73


ကောင်း စီးသွားပြေးလွှင့်သော အခြင်းအရာအားဖြင့် လှုပ်ရှားလျက် ထင်တတ်၏။ ပဋိဘာဂနိမိတ်မူကား မလှုပ်မရှား ငြိမ်သက်စွာ ထင်၏။

နီလကသိုဏ်းရှုနည်း

ရှေးဘဝက နီလကသိုဏ်း ပွားများအားထုတ်ဖူးသော ပုဂ္ဂိုလ်များမှာ ကသိုဏ်းဝန်းသီးခြား ပြုလုပ်ရန်မလိုဘဲ ညိုပြာရောင်ရှိသည့် အရာဝတ္ထုတစ်ခုခုကို ကြည့်ရှု၍ ပရိကမ္မနိမိတ် ပြုလုပ်နိုင်၏။ ထိုကဲ့သို့ အထုံ၊ ပါရမီ မရှိသောပုဂ္ဂိုလ်များမှာ သစ်သားပြားတစ်ခုကို သယ်ဆောင်ရ လွယ်ကူစေရန် ယပ်တောင်ကဲ့သို့ လက်ကိုင်ရိုးဖြင့် ပြုလုပ်ရမည်။ ယင်းသစ်သားပြားပေါ်၌ အချင်းတစ်ထွာခန့်ရှိသော စက်ဝိုင်းကို ညိုပြာရောင်ဆေး သုတ်လိမ်းရမည်။ အနားရေးကို အဖြူရောင် (သို့မဟုတ်) အနီရောင်ဖြင့် ပတ်ပတ်လည် သုတ်လိမ်းထားရမည်။ အနားပတ်ဆေးမှာ လက်မအကျယ်ရှိက လုံလောက်သည်။ ဆေးသုတ်ရာ၌ စင်းကြောင်း၊ အစက်အပြောက်၊ အဖုအထစ် မရှိစေရ၊ ချောမွတ်နေအောင် သုတ်လိမ်းရမည်။ ဤကသိုဏ်း၌ ဥဂ္ဂဟနိမိတ်မှာ ပြင်ပရှိ ပရိကမ္မနိမိတ်နှင့် ထူးခြားမှု မရှိ၊ တူညီသည်။ ပဋိဘာဂနိမိတ်မှာ နီလာ၊ ပတ္တမြားညိုကဲ့သို့ ကြည်လင်တောက်ပ အရည်လည်နေ၍ အလွန်နှစ်လိုဖွယ် ရှိသည်။

ပီတကသိုဏ်းရှုနည်း

ရှေးဘဝက ပီတကသိုဏ်း ပွားများအားထုတ်ဖူးသော ပုဂ္ဂိုလ်များမှာ ကသိုဏ်းဝန်း သီးခြားပြုလုပ်ရန် မလိုဘဲ ရွှေဝါရောင်ရှိသည့် အရာဝတ္ထုတိုင်းကို ကြည့်၍ ပရိကမ္မပြုလုပ်နိုင်သည်။ ထိုကဲ့သို့ အထုံ ပါရမီ မရှိသောပုဂ္ဂိုလ်များမှာ ပျဉ်ချပ်တစ်ခုပေါ်တွင် စက်ဝိုင်းပုံ အဝါရောင်ဆေးသုတ်၍ ကသိုဏ်းရှုရမည်။ “အဝါ-အဝါ” ဟု စိတ်က မှတ်ရမည်။ ပဋိဘာဂနိမိတ် ထင်လာသောအခါ၌မူ ရွှေအစစ်ကဲ့သို့ အလွန်နှစ်သက်ဖွယ် အဝါရောင် ထင်လာသည်။

လောဟိတကသိုဏ်းရှုနည်း

ရှေးဘဝက လောဟိတကသိုဏ်း ပွားများအားထုတ်ဖူးသော ပုဂ္ဂိုလ်မှာ ကသိုဏ်းဝန်းသီးခြား ပြုလုပ်ရန် မလိုဘဲ အနီရောင်ရှိသည့်အရာဝတ္ထုတစ်ခုခုကို ကြည့်ရှု၍ ပရိကမ္မပြုနိုင်သည်။ ထိုကဲ့သို့ ပါရမီမရှိသောပုဂ္ဂိုလ်များမှာ ပျဉ်ချပ်ကို စက်ဝိုင်းပုံ အနီရောင်ဆေးသုတ်ကာ “အနီ-အနီ” ဟု စိတ်ထဲကမှတ်လျက် ကြည့်ရှုရမည်။ ပဋိဘာဂနိမိတ် ထင်သောအခါ ပတ္တမြားနီကဲ့သို့ ဝင်းလက်တောက်ပြောင်နေသည်ကို တွေ့ရပေမည်။
စာမျက်နှာ-74


ဩဒါတကသိုဏ်းရှုနည်း

ရှေးဘဝက ဩဒါတကသိုဏ်း ပွားများအားထုတ်ဖူးသော ပုဂ္ဂိုလ်မှာ ကသိုဏ်းဝန်း သီးခြားပြုလုပ်ရန် မလိုဘဲ အဖြူရောင်ရှိသည့် အရာဝတ္ထုတစ်ခုခုကို ကြည့်ရှု၍ ပရိကမ္မပြုနိုင်သည်။ ထိုကဲ့သို့အထုံ ဝသီ ပါရမီ မရှိသောပုဂ္ဂိုလ်များမှာ ပျဉ်ချပ်တစ်ခုကို စက်ဝိုင်းပုံ အဖြူရောင်ဆေးသုတ်၍ “အဖြူ-အဖြူ” ဟု စိတ်ထဲကမှတ်လျက် ကြည့်ရှုရမည်။ ပဋိဘာဂနိမိတ် ထင်သောအခါ ဖြူဖွေးဝင်းလက် တောက်ပြောင်နေသည်ကို တွေ့နိုင်သည်။

အာလောကကသိုဏ်းရှုနည်း

အိမ်မိုး၊ သို့မဟုတ် နံရံ၌ အပေါက်ဝိုင်းတစ်ခု ဖောက်ထားရမည်။ ယင်းအပေါက်မှ အလင်းရောင် ဝင်ရောက်လာ၍ ကြမ်းပြင်ပေါ် သို့မဟုတ် နံရံပေါ်၌ အလင်းကွက် ကျရောက်နေသည်ကို ကြည့်ရှု၍ စိတ်ထဲက “အလင်း-အလင်း” ဟု မှတ်သားရမည်။ ညအခါတွင် လရောင် အလင်းကွက်ကိုသော်လည်းကောင်း၊ သို့မဟုတ် မီးအလင်းရောင်ကိုသော်လည်းကောင်း ကြည့်ရှု၍ “အလင်း-အလင်း” ဟု ပရိကမ္မပြုရမည်။ ပဋိဘာဂနိမိတ် ထင်ပုံမှာ ယင်းအရောင်အလင်းသည် သာလွန် ထူးကဲစွာ လင်းလာသည့်အပြင် အလင်းရောင် ထူထဲလာသည်။ အရောင်လုံး အရောင်ခဲကြီးကဲ့သို့ ထင်လာသည်။

အာကာသကသိုဏ်းရှုနည်း

အာကာသဆိုသည်မှာ ကောင်းကင် ဟင်းလင်းပြင်ကို ဆိုလိုသည်။ အမိုး သို့မဟုတ် နံရံကို အချင်းနှစ်ထွာခန့် ဝိုင်းဝိုင်းစက်စက် အပေါက်ဖောက်ထားရမည်။ ယင်းအပေါက်ကို ကြည့်၍ “ကောင်းကင် ဟင်းလင်း-ကောင်းကင် ဟင်းလင်း” ဟု စိတ်ထဲကမှတ်လျက် ကြည့်ရှုရမည်။ စက်ဝိုင်းမဟုတ်သော လေးထောင့် ခြောက်ထောင့် အပေါက်များကိုလည်း ကြည့်ရှု၍ ပရိကမ္မပြုနိုင်သည်။ ပဋိဘာဂနိမိတ်ထင်ရာ၌ ကောင်းကင် ဟင်းလင်း သက်သက် ထင်မြင်တတ်သည်။

ကသိုဏ်း ၁၀-ပါး အချုပ်

ပထဝီကသိုဏ်း၊ အာပေါကသိုဏ်း၊ တေဇောကသိုဏ်း၊ ဝါယောကသိုဏ်း ဤလေးခုကို မဟာဘူတ (မဟာဘုတ်) ကသိုဏ်း လေးခုဟု ခေါ်သည်။ နီလ၊ ပီတ၊ လောဟိတ၊ ဩဒါတ ဤလေးခုကို ဝဏ္ဏကသိုဏ်း ဟု ခေါ်သည်။ ဝဏ္ဏကသိုဏ်းလေးပါးတို့၌ မည်းနက်သောအဆင်း၊ အစိမ်းရောင်အဆင်းတို့သည်
စာမျက်နှာ-75


နီလကသိုဏ်း၌ အကျုံးဝင်ကုန်၏။ ထိုနည်းတူ အဝါနှင့်နီးစပ်သော အရောင်အဆင်းများကို ပီတကသိုဏ်း၌ ထည့်သွင်းအပ်၏။ အလားတူပင် အနီ၊ အဖြူ နီးစပ်ရာ အရောင်အဆင်းများကို သင့်လျော်သလို အနီရောင်၊ အဖြူရောင် ကသိုဏ်းမှာပင် ထည့်သွင်းရ၏။ လောက၌ မျက်စိနှင့် မြင်မြင်သမျှ ကသိုဏ်းချည်းပင်တည်း။ နိမိတ်ရအောင် ကြည့်ရှုတတ်ရန်သာ လိုသည်။

အထူးသတိပြုရန်

ကသိုဏ်း ၁၀-ပါးတို့တွင် မိမိနှစ်သက်သော၊ ထင်လွယ်မြင်လွယ်သော ကသိုဏ်းတစ်ခုခုကို ရှေးဦးစွာ ကြည့်ရှုပွားများ၍ ဈာန်ငါးပါးလုံးကို ဖြစ်စေအပ်၏။ ကသိုဏ်းတစ်ခုတည်းမှာပင် ဈာန်ငါးပါးလုံးရပြီးမှ ကျန်သော အခြားကသိုဏ်းများကို ဆက်လက် ပွားများအားထုတ်ရမည်။

ကသိုဏ်းတစ်ခု၌ ပဋိဘာဂနိမိတ်ထင်ပြီးလျှင် အခြားကသိုဏ်းများ၌လည်း နိမိတ်ထင်ရန်လွယ်သည်။ ပါရမီမရှိသော ပုဂ္ဂိုလ်များမှာ ပထဝီကသိုဏ်း၊ ဝါယောကသိုဏ်း၊ အာပေါကသိုဏ်း နိမိတ်ထင်ရန် ခက်သည်။ ရေကသိုဏ်း၊ မီးကသိုဏ်းနှင့် ကောင်းကင်ကသိုဏ်းတို့သည် နိမိတ်ထင်ရန် လွယ်၏။ ဝဏ္ဏကသိုဏ်း လေးပါးမှာ ပို၍လွယ်၏။

အဖြူရောင်ကသိုဏ်း

ဝဏ္ဏကသိုဏ်းလေးခုအနက် အဖြူရောင် ဩဒါတကသိုဏ်း သည် အစကနဦး အားထုတ်သောပုဂ္ဂိုလ်အား ထိနမိဒ္ဓကို ကင်းကွာစေနိုင်၏။ စိတ်ကို ကြည်လင်စေတတ်၏။ ဉာဏ်ကို ထက်မြက်စေ၏။ ပဋိဘာဂနိမိတ်မရမီ ကြားကာလ၌ပင် အထည်ဝတ္ထုအဆင်း ဟူသမျှကို အလိုရှိတိုင်း မြင်စေနိုင်၏။ အလွန် တန်ခိုးအားဘော်ကြီးသော ကသိုဏ်းဖြစ်၏။ ကသိုဏ်း ၁၀-ပါးတွင် အမြတ်ဆုံး အသာဆုံးဖြစ်၏ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည်။ ထို့ကြောင့် လက်ဖျစ်တစ်တွက်ကာလမျှ အချိန်ရပါလျှင် အဖြူရောင် ဩဒါတကသိုဏ်းကို ပွားများသင့်ကြပေသည်။
စာမျက်နှာ-76


အခန်း (၄)

အသုဘကမ္မဋ္ဌာန်းပွားနည်းများ

ဥဒ္ဓုမာတကအသုဘ

သေပြီးနောက် နှစ်ရက်ခန့်အကြာတွင် အညိုကွက်များမပေါ်မီ ဖူးဖူးရောင်ကြွနေသော လူသေကောင်ကို ဥဒ္ဓုမာတကအသုဘ ဟု ဆိုသည်။ (ဥဒ္ဓုမာတက = ဖူးဖူးရောင်သော + သုဘ = တင့်တယ်ခြင်း၊ အသုဘ = မတင့်တယ်ခြင်း = စက်ဆုပ်ဖွယ်)။

ဤကဲ့သို့ ဖူးဖူးရောင်နေသော လူသေကောင်ကို ပရိကမ္မနိမိတ်အဖြစ် ကြည့်ရှုရာ၌ ပကတိမျက်စိဖြင့် မြင်ရသည့်အတိုင်း စိတ်ထဲ၌ စွဲကပ်ထင်မြင်၍ ပါလာအောင် မှတ်သားရမည်။ စက်ဆုပ်ဖွယ်သော အကောင်ပုပ်ဟု စိတ်ထဲကမှတ်၍ မျက်စိဖြင့် ကြည့်ရှုရမည်။ ဥဂ္ဂဟနိမိတ်၌ ပကတိမျက်စိဖြင့် မြင်ရသည့်အတိုင်းပင် စက်ဆုပ်ဖွယ်၊ ကြောက်မက်ဖွယ်၊ ဖူးဖူးရောင်နေသော လူသေကောင်အတိုင်း ထင်မြင်လာ၏။ ပဋိဘာဂနိမိတ် အဆင့်သို့ ရောက်သောအခါမူ ကြောက်မက်ဖွယ်၊ စက်ဆုပ်ဖွယ်မရှိ၊ အလွန်ချောမောလှပပြည့်ဖြိုးစွာ နှစ်သက်ဖွယ်ဖြစ်၍ ထင်လာ၏။ သို့ရာတွင် စက်ဆုပ်ဖွယ်ဟု နှလုံးသွင်း၍ ရှုမှတ်ရာ၏။ ကြည့်ရှုဖန်များသောအခါ ပထမဈာန်ဇော ဖြစ်ပေါ်လာ၏။ ဤ အသုဘကမ္မဋ္ဌာန်း၌ အာရုံ ကြမ်းတမ်းခြင်းကြောင့် ပထမဈာန်မှ အထက်ဖြစ်သော ဒုတိယဈာန် စသည်ကို မဖြစ်စေနိုင်ချေ။

ဆရာ့အထံ၌ သင်ယူခြင်း

အသုဘကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည် ဆရာကောင်းထံ၌ အချက်လေးချက်ကို စနစ်တကျ သင်ယူရမည်—
(၁) အသုဘအလောင်းကောင်ရှိရာသို့ သွားရန်အစီအစဉ်၊
(၂) အလောင်းကောင်၏ ပတ်ဝန်းကျင်အနေအထားကို မှတ်သားခြင်း၊
(၃) ၁၁-ပါးသော အခြင်းအရာဖြင့် အသုဘနိမိတ်ကိုယူခြင်း၊
(၄) အသွားအပြန်လမ်းတွင် ဆင်ခြင်မှတ်သားခြင်း။
စာမျက်နှာ-77


“ဤမည်ရသော တောအုပ်၊ တောင်ခြေ၊ သုသာန်၌ ဖူးဖူးရောင်သော သူသေကောင် ရှိသည်” ဟု ကြားရလျှင် ယောဂီပုဂ္ဂိုလ်သည် အဆောတလျင် မသွားအပ်၊ သူသေကောင်မည်သည်မှာ သစ်ကျားစသော သားရဲတို့ သိမ်းပိုက်စောင့်ရှောက်ခြင်း၊ ဘီလူးတို့ သိမ်းပိုက်စောင့်ရှောက်ခြင်း ရှိတတ်၏။ ထိုနေရာမျိုးသို့ သွားလျှင် ယောဂီအား အသက်အန္တရာယ် ဖြစ်နိုင်သည်။

ထို့ပြင် လူသေကောင်ရှိရာသို့ သွားသောလမ်းသည် ရွာတံခါးကို ဖြတ်သန်း၍လည်းကောင်း၊ ရေချိုးဆိပ်ကို ဖြတ်သန်း၍လည်းကောင်း သွားရသဖြင့် ဝိသဘာဂ (ဆန့်ကျင်ဘက်) ယောက်ျား၊ မိန်းမတို့နှင့် တွေ့ကြုံရတတ်၏။ ထိုအခါ ယောဂီအား သီလပျက်စီးခြင်း ဖြစ်နိုင်၏၊ (သို့မဟုတ်) သူသေကောင်သည် မိန်းမဖြစ်ပါမူ ရဟန်းအား သီလပျက်စီးစေနိုင်၏။ ထို့ကြောင့် ယင်းကဲ့သို့ ဝိသဘာဂအာရုံကို ရှောင်သင့်၏။

လူသေကောင်ရှိရာသို့ မသွားမီ ယောဂီသည် မထေရ်ကြီးအား ဖြစ်စေ၊ ထင်ရှားသော ရဟန်းတစ်ပါးပါးအားဖြစ်စေ ပန်ကြားပြီးမှ သွားသင့်၏။ အကြောင်းမူ လူသေကောင်အနီး၌ ဘီလူး၊ ခြင်္သေ့၊ သစ်ကျားစသည်တို့နှင့် တွေ့ကြုံရ၍ ထိတ်လန့် တုန်လှုပ်သွေးပျက်တတ်၏။ အော့အန်တတ်၏၊ ရောဂါ ဖြစ်တတ်၏။ ထိုအခါ ပန်ကြားသွားသော မထေရ်ကြီး (သို့မဟုတ်) ရဟန်းက ထိုယောဂီ၏ သပိတ်သင်္ကန်းစသည်ကို စောင့်ရှောက်ပေးနိုင်သည်။ ရဟန်းငယ် သာမဏေငယ်များကို စေလွှတ်၍လည်း စောင့်ရှောက်နိုင်ပေလိမ့်မည်။

သုသာန်သင်းချိုင်း၌ ခိုးသားဓားပြတို့ ခိုအောင်းတတ်ကြ၏။ ခိုးသားဓားပြတို့သည် ဥစ္စာရှင်နှင့် ရဲများက လိုက်လာခဲ့လျှင် ခိုးယူခဲ့သော ဥစ္စာကို ယောဂီအနီး၌ ပစ်ချ၍ ထွက်ပြေးတတ်ကြသည်။ ထိုအခါ ယောဂီကို ခိုးသူမှတ်၍ ဖမ်းယူနှိပ်စက် တတ်ကြသည်။ အကယ်၍ မထေရ်ကြီးအား ပန်ကြား၍ သွားပါမူ ထိုမထေရ်ကြီးက—

“ဤရဟန်းကို မနှိပ်စက်ကြပါလင့်၊ အသုဘရှုရန် သုသာန်သို့ သွားသော ရဟန်းမှန်သည်—”
ဟု အာမခံ ထွက်ဆိုပေးနိုင်သည်။

ဖူးဖူးရောင်သော လူသေကောင်ကို ရှုကြည့်ရန် အဖော်မပါ တစ်ယောက်တည်း သွားသော ယောဂီပုဂ္ဂိုလ်သည်—
စာမျက်နှာ-78


(၁) မမေ့မလျော့သော သတိတရားဖြင့် မျက်စိစသော ဣန္ဒြေများကို ထိန်းချုပ်ရမည်၊
(၂) အသွားအပြန်လမ်းကို ဆင်ခြင်မှတ်သား၍ သွားရမည်၊

(၃) လူသေကောင် ပစ်ချထားရာအရပ်၌ အနီးအပါးရှိ ကျောက်တုံး၊ တောင်ပို့၊ သစ်ပင်၊ ချုံနွယ်ကို မှတ်သားထားရမည်၊

(၄) အသုဘနိမိတ်၏ သဘောရင်းလက္ခဏာအားဖြင့် မှတ်သားရမည်၊

(၅) အဆင်းအားဖြင့်လည်းကောင်း၊ လိင်အားဖြင့်လည်းကောင်း၊ ပုံသဏ္ဌာန်အားဖြင့်လည်းကောင်း၊ အရပ်မျက်နှာအားဖြင့်လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ အပိုင်းအခြားအားဖြင့်လည်းကောင်း ရှုရမည်၊

(၆) အစပ်အားဖြင့်၊ အကြားအရပ်အားဖြင့်၊ ချိုင့်ဝှမ်းအားဖြင့်၊ မိုမောက်ခြင်းအားဖြင့်၊ ပတ်ဝန်းကျင်အားဖြင့် ရှုရမည်။

ထိုယောဂီသည် ဥဒ္ဓုမာတက သူသေကောင်နိမိတ်ရှိရာသို့ အသွားခရီး၌ အောက်ပါကျင့်ဝတ်များကို လိုက်နာရမည်—
(၁) အသွားအပြန် လမ်းခရီးကို မှတ်သားရမည်၊

(၂) သူသေကောင် အာရုံနိမိတ်၌ ကောင်းစွာမြတ်နိုးလျက် စိတ်ကို ဆောင်ကပ်၍ ဖွဲ့ချည်ထားရမည်၊

(၃) သုသာန်သို့ သွားရာ၌ တောခွေးအစရှိသော ဘေးရန်ကို ခြောက်လှန့်ဖယ်ရှားရန် တောင်ဝှေးကို ကိုင်ဆောင်၍ သွားရမည်၊

(၄) စိတ်ကို ပြင်ပသို့ မလွှင့်စေဘဲ ခန္ဓာကိုယ်အတွင်း၌ တည်ရှိစေရမည်၊
(၅) ကျောင်းမှထွက်လျှင် ထွက်လာသည့် ကျောင်းဝင်းတံခါးကို မှတ်သားခဲ့ရမည်၊
(၆) အရှေ့ အနောက် တောင် မြောက်ဟူသော အရပ်မျက်နှာကို မှတ်သားရမည်၊
(၇) လမ်းဘေး ဝဲယာနှစ်ဘက်ကို မှတ်သားရမည်၊

(၈) အလောင်းကောင် အနီးအနားရှိ သစ်ပင် တောတောင် ချုံနွယ်များရှိသည်ကို မှတ်သားရမည်။

စာမျက်နှာ-79


(၉) အလောင်းကောင်၏ လေအောက်မှ မသွားသင့်၊ အကောင်ပုပ်နံ့သည် နှာခေါင်းကို ထိခိုက်၍ စိတ်ဓာတ်ချောက်ချား ပျက်ပြားစေနိုင်၏။ အစာကိုလည်း အန်ထွက်စေရာ၏။ “အကောင်ပုပ်ရှိရာသို့ လာခဲ့မိလေခြင်း” ဟု နှလုံးမသာမယာ ဖြစ်တတ်၏။

(၁၀) လေညာလမ်းဖြင့် သွားရမည်၊ အကယ်၍ လမ်းခုလတ်၌ ချောက်ကမ်းပါးပြတ်၊ ကျောက်တုံး၊ ကျောက်ဆောင်၊ ရွှံ့ညွှန်များ ခြားနားလျက်ရှိသောကြောင့် မလွှဲမရှောင်သာ သွားရပါမူ နှာခေါင်းကို သင်္ကန်းတို့ဖြင့် ပိတ်၍ သွားရမည်။

နေရာရွေးချယ်ခြင်း

သုသာန်သို့ရောက်ပြီးသော ယောဂီသည် အသုဘနိမိတ်ကို အလျင်စလို မကြည့်ရှုသင့်၊ ရှေးဦးစွာ ထိုင်ရမည့်နေရာ (သို့မဟုတ်) ရပ်ရမည့်နေရာကို စိစစ် ရွေးချယ်ရမည်။ အသုဘအာရုံ ထင်ရှားပေါ်လွင်သည့်နေရာ၊ စိတ်ခံ့ကျန်းမည့်နေရာ၌ နေရမည်။ လေကြေလေညာ၌ မနေရ။ လေကြေ၌နေလျှင် အပုပ်နံ့ နှိပ်စက်၍ စိတ်မတည်တံ့ဘဲ ပြေးသွားနေတတ်၏။ လေညာအရပ်၌နေပြန်ကလည်း သူသေကောင်ကို အုပ်စိုးစောင့်ရှောက်နေသော ဘီလူး၊ မြေဘုတ်တို့ရှိနေပါမူ ယောဂီ၏ အကျိုးမဲ့ကို ပြုကြလိမ့်မည်။ ထို့ကြောင့် လေညာနှင့် လေအောက်၌ မနေရ။

လေညာ၊ လေအောက်မဟုတ်သော အရပ်၌ ရပ်တည်ရမည်။ မဝေးလွန်း မနီးလွန်းသော အရပ်၌ နေရမည်။ ဝေးလွန်းလျှင် အာရုံမထင်မရှား ဖြစ်တတ်သည်။ နီးလွန်းလျှင် ကြောက်လန့်ခြင်း ဖြစ်ပေါ်တတ်သည်။ ခြေရင်း ခေါင်းရင်းတည့်တည့်၌ နေပြန်လျှင်လည်း အသုဘတစ်ကိုယ်လုံးကို ညီတူ၊ ညီမျှ မမြင်နိုင်။ ထို့ကြောင့် မနီးလွန်း မဝေးလွန်း ကြည့်ရှုရန် လွယ်ကူသောအရပ်၌ နေရမည်။ ထိုနေရာမှာ သူသေကောင်၏ အလယ်ပိုင်းအရပ် ဖြစ်သည်။

ထို့နောက် ပတ်ဝန်းကျင်၌ရှိသော ကျောက်တုံးကျောက်ခဲကိုလည်းကောင်း၊ တောင်ပို့၊ သစ်ပင်၊ ချုံနွယ်တို့ကိုလည်းကောင်း ပိုင်းခြားမှတ်သားရာ၏။ အနိမ့် အမြင့်၊ အကြီးအငယ်၊ အနီအညို၊ အဖြူအမည်း၊ အရှည်အဝိုင်းဟူ၍ ပိုင်းခြားစွာ မှတ်ရမည်။ ထို့နောက် သစ်ပင်ရှိလျှင်လည်း ပညောင်ပင်၊ ညောင်ချဉ်ပင်၊ နိမ့်သည် မြင့်သည်၊ ကြီးသည်၊ ငယ်သည်၊ နီသည်၊ ဖြူသည်ဟူ၍ ပိုင်းခြား မှတ်သားမည်။ ချုံရှိလျှင် ဆူးချုံ၊ ခံချုံ၊ အနိမ့်အမြင့်၊ ကြီးငယ်ကို ပိုင်းခြား မှတ်သားရမည်။ အကယ်၍ နွယ်ရှိလျှင် ဗူးနွယ်၊ ဖရုံနွယ်၊ ဆင်သမနွယ်
စာမျက်နှာ-80


စသည်ဖြင့် မှတ်သားရမည်။ အသုဘနိမိတ်ကို ပတ်ဝန်းကျင် အနီးအနားရှိ အရာဝတ္ထုများနှင့် ပူးတွဲမှတ်သားရမည်။ သူသေကောင်၏ ဖူးဖူးရောင်သော သဘောလက္ခဏာကို နှလုံးသွင်းရမည်။

အဆင်း၊ အရွယ်၊ ပုံသဏ္ဌာန်၊ အရပ်မျက်နှာ၊ တည်ရာဌာန အပိုင်းအခြား အားဖြင့် မှတ်သားရမည်။
(၁) သူသေကောင်သည် အသား မည်းသည်၊ ဖြူသည် ခွဲခြားမှတ်ရမည်၊
(၂) ပထမအရွယ်၊ ဒုတိယအရွယ် စသည် ခွဲခြားမှတ်ရမည်၊
(၃) သူသေကောင်၏ ဦးခေါင်း၊ ကိုယ်လုံး၊ ခြေ၊ လက်သဏ္ဌာန်များကို မှတ်သားရမည်၊
(၄) ယောဂီနှင့် သူသေကောင် အရှေ့အနောက်စသည် တည်နေပုံကို မှတ်သားရမည်၊

(၅) လက်သည်း ဤနေရာ၌ တည်၏၊ ခြေသည်း ဤနေရာ၌ တည်၏ စသည်ဖြင့် တည်ရာဌာနအားဖြင့် မှတ်သားရမည်၊

(၆) အထက်ပိုင်း၊ အောက်ပိုင်း ခွဲခြား သတ်မှတ်ရမည်။

ဖော်ပြပြီးသော နည်းခြောက်နည်းဖြင့် ရှုသော် နိမိတ်မထင်သေးပါက အောက်ဖော်ပြပါ ရှုနည်း ငါးပါးဖြင့် ရှုအပ်၏—
(၁) အစပ်အားဖြင့်၊
(၂) အကြားအားဖြင့်၊
(၃) အနိမ့်အချိုင့်အားဖြင့်၊
(၄) အမြင့်အမောက်အားဖြင့်၊
(၅) ပတ်ဝန်းကျင်အားဖြင့်။

အစပ်အားဖြင့် ရှုပုံမှာ လက်ယာလက် လက်ဝဲလက်အစပ်၊ လက်ယာခြေ လက်ဝဲခြေအစပ်၊ လည်ဂုတ်အစပ်၊ ခါးအစပ်ဟူသော အဆက်အစပ်အားဖြင့် ကြည့်ရှုမှတ်သားရမည်။

အကြားအရပ်အားဖြင့် ရှုပုံမှာ လက်ကတီးကြား၊ ခြေနှစ်ချောင်းကြား၊ ချက်ကြား၊ နားတွင်းအကြားကို ရှုမှတ်ရမည်။
စာမျက်နှာ-81


အနိမ့်အချိုင့်အားဖြင့် ရှုပုံမှာ မျက်တွင်း၊ ခံတွင်း၊ လည်မျိုဟူသော အနိမ့်အချိုင့်ကို ကြည့်ရှုရမည်။

အမြင့်အမောက်အားဖြင့် ရှုပုံမှာ သူသေကောင်၏ ဒူးဆစ်၊ ရင်ဘတ်၊ နဖူးကို ရှုရမည်။

ပတ်ဝန်းကျင်အားဖြင့် မှတ်သားပုံမှာ သူသေကောင်တစ်ခုလုံးကို ပတ်ဝန်းကျင်ဖြင့် ပိုင်းခြားမှတ်သား ကြည့်ရှုရမည်။

ဤကဲ့သို့ မှတ်သား ကြည့်ရှုရခြင်းမှာ အခါမဲ့ ညဉ့်အချိန်တွင် ယောဂီတစ်ယောက်တည်း လူသူကင်းဆိတ်သော သုသာန်၌ အသုဘအလောင်းကောင်ကို မျက်စိဖွင့်၍ ကြည့်ရှုနေစဉ်မှာပင် လူသေကောင်သည် ထ၍ရပ်လိုက်သည်ဟု ထင်လာတတ်သည်။ အလောင်းကောင်သည် ကြီးထွားမြင့်တက်လာ၍ မိမိအပေါ် လွှမ်းမိုးလာသည်ဟု ထင်တတ်သည်။ မိမိနောက်က ထ၍ လိုက်လာသည်ဟု ထင်ရတတ်သည်။ ထိုအခါ ယောဂီသည် ကြောက်လန့်ခြင်း၊ တစ်ကိုယ်လုံး တောင့်လျက် ကိုယ်ခက်တရော်ရှိခြင်း၊ ကြက်သီးမွေးညင်းထခြင်း ဖြစ်တတ်၏။ စိတ်ပျံ့လွင့်လျက် အရူးကဲ့သို့ ဖြစ်သွားတတ်သည်။ ထို့ကြောင့် မိမိစိတ်ကို ထိန်းလျက် သတိထားလျက် ဤသို့ ဆင်ခြင်အားပေးရမည်—

“အဝိညာဏကဖြစ်သော ဤသစ်ပင်၊ သစ်ငုတ်၊ သစ်တုံးတို့သည် ထ၍ မလိုက်လာနိုင်ဘိသကဲ့သို့ အသက်ဝိညာဉ်ကင်းပြီးသော ဤလူသေကောင်သည် အဘယ်မှာ ထလိုက်နိုင်လိမ့်မည်နည်း။”

ဤကဲ့သို့ ထင်မှတ်မှုသည် ယောဂီ၏ စိတ်ရင့်သန်၍ နိမိတ်ရခါနီး၍ ထင်ခြင်းဖြစ်သည်။ မကြောက်လင့်ဟု မိမိကိုယ်ကို မိမိဆုံးမ၍ ကြောက်ခြင်းကင်းစင်လျက် နှစ်သက်ဝမ်းမြောက်စွာ ကြည့်ရှုရာ၏။ အကောင်အထည် မပျက်သေး အရေပါမဟုတ်သေးလျှင် ဖုတ်ဝင်၍ထလာ တတ်သည်။ ထိုအခါ တောင်ဝှေးဖြင့် ထွန်းထိုး၍ လှဲအပ်၏၊ ပရိတ်မန္တန်ဖြင့်သော်လည်း လှဲအပ်၏။ တစ်ယောက်တည်း အသုဘရှုသွားသော သူသည် တောင်ဝှေးနှင့် ပရိတ်ကို ကောင်းမွန်စွာ ဆောင်အပ်၏။ သတိကောင်းကောင်း ထားအပ်၏။

ကသိုဏ်းအာရုံတို့ကား လှပနှစ်သက်ဖွယ် ရှိသောကြောင့် စိတ်တွယ်တာရသည်။ ဤအသုဘအာရုံတို့ကား ကြောက်အံ့ဖွယ် ရှိသောကြောင့် စိတ်တွယ်တာမှုရှိရသည်။ အရပ်ထဲ၌ တစ္ဆေ၊ မသာကြောက်သူ အချို့တို့ကား မလွဲသာ၍ မသာလောင်းများကို ကိုင်ရလျှင် မသာလောင်းကြီး စိတ်ထဲ၌ စွဲကပ်ထင်မြင်၍ သွားလေရာ ကပ်ပါ၍နေလေ၏။ ညဉ့်အိပ်လျှင်လည်း စောင်း၍
စာမျက်နှာ-82


အိပ်လျှင် မသာလောင်းကြီး နံဘေးကမြှောင်လျက်၊ ပက်လက်အိပ်လျှင်လည်း မသာလောင်းကြီး အပေါ်ကမိုးလျက်သာ နေတော့၏။ အိပ်၍မဖြစ်။ လူအများ ဝိုင်းဖက်၍ထားမှ အကြောက်သက်သာရာရပြီး အိပ်ပျော်တော့၏။ ဤသို့ ဖြစ်ခြင်းမှာ ဥဒ္ဓုမာတက အသုဘနိမိတ်သင်ခြင်း ဖြစ်၏။

ဤသို့ ဥဂ္ဂဟနိမိတ်ထင်သည်ကို အသုံးမချတတ်၍ ကြောက်မက်ဖွယ်ဘေး ဒုက္ခကြီး ဖြစ်နေသည်။ အသုံးချတတ်သော ယောဂီပုဂ္ဂိုလ်မှာကား ဤကဲ့သို့ ထင်လျှင် ပတ္တမြားတုံးကြီးကို ရဘိသကဲ့သို့ အင်မတန် နှစ်သက်ဖွယ် ဆုလာဘ်ကြီးတစ်ခုဖြစ်၏။ ဤကဲ့သို့ ထင်ခြင်းကိုမှသာ ဥဂ္ဂဟနိမိတ်ထင်သည်ဟု မှတ်ရမည်။

ဤ အသုဘနိမိတ်ကား ကြောက်မှ ရွံ့မှ ထင်၏။ ကြပ်ကြပ်ကြောက်တတ် ရွံ့တတ်လျှင် ကြပ်ကြပ်ထင်၏။ မကြောက်တတ် မရွံ့တတ်သော သုဘရာဇာ (သင်္ဂြိုဟ်သူ) တို့မှာကား မထင်တော့ပြီ။ ထို့ကြောင့် နိမိတ်ယူသော ယောဂီပုဂ္ဂိုလ်သည် အသုဘအလောင်းကောင်ကို လက်နှင့် မကိုင်အပ်၊ အကျွမ်းမဝင်အပ်။ နေရာရွှေ့လို ပေါင်းစုလိုလျှင် သူတစ်ပါးကို ခိုင်းရမည်၊ ခိုင်းစရာလူ မရှိလျှင် တောင်ဝှေးဖြင့် ကော်၍ ရွှေ့ရ ပေါင်းစုရမည်။

အသုဘဆယ်ပါးတို့သည် လူသေကောင်မှ မဟုတ်၊ တိရစ္ဆာန်သေကောင် အသုဘတို့ကိုလည်း ကြည့်ရှု၍ နိမိတ်ဈာန်ရနိုင်၏။ အသေကောင်မှ မဟုတ်၊ အရှင်ကောင်မှာလည်း ခန္ဓာကိုယ် ရောင်ဖော၍ နေသောအခါ ဥဒ္ဓုမာတက အသုဘကို ရှု၍ရ၏။

ဝိနီလကအသုဘ

ဝိနီလက ဆိုသည်မှာ သေပြီးနောက် သုံးရက်ကျော်မြောက် လေးရက်ရောက်၌ ဖူးဖူးရောင်ပြီး အရေပြားပေါ်၌ အညိုအနီ စသည်ရောလျက် အကွက်ကွက်ပေါ်လာသော လူသေကောင်ကို ဆိုသည်။ (နီလ = အညိုရောင် + ဝိ = အမျိုးမျိုး၊ ဝိနီလက = အညိုကွက် အနီကွက်စသည့် အရောင်အမျိုးမျိုးရှိခြင်း) ဤ ဝိနီလက အသုဘကို “ပကတိ အဆင်းပျက်၍ ညိုမည်းသော စက်ဆုပ်ဖွယ် သူသေကောင်၊ ပကတိအဆင်းပျက်၍ ညိုမည်းသော စက်ဆုပ်ဖွယ် သူသေကောင်” ဟု စိတ်ထဲက နှလုံးသွင်းမှတ်သားလျက် ဥဒ္ဓုမာတကနည်းတူ အာရုံနိမိတ်ယူရာ၏။

ဤဝိနီလက အသုဘ၌ ဥဂ္ဂဟနိမိတ်သည် မျက်စိဖြင့် မြင်ရသောအတိုင်း စက်ဆုပ်ဖွယ်၊ ကြောက်မက်ဖွယ် အခြင်းအရာအားဖြင့် ပြောက်ကျားသော အဆင်း၊ ကြောင်ကျားသော အဆင်းရှိသည်ဖြစ်၍ ထင်၏။ ပဋိဘာဂနိမိတ်မှာ
စာမျက်နှာ-83


စက်ဆုပ်ဖွယ် ကြောက်မက်ဖွယ် မရှိ။ အသုဘကောင်သည် အလွန် ချောမော လှပစွာ နှစ်သက်ဖွယ် ဖြစ်၍ ထင်၏။ သို့ရာတွင် စက်ဆုပ်ဖွယ် ရွံရှာဖွယ်ဟု နှလုံးသွင်း၍ ရှုမှတ်ရာ၏။ ရှုမှတ်ဖန် များသောအခါ ပထမဈာန်ဇော ဖြစ်ပေါ်လေ၏။

ဝိပုဗ္ဗကအသုဘ

ဝိပုဗ္ဗက ဆိုသည်မှာ သေပြီးနောက် လေးရက်မြောက် ငါးရက်ရောက်၌ ပုပ်အက် ပေါက်ပြဲ အက်ကွဲပြီး သွေးပြည် တစိုစို ကျနေသော လူသေကောင်ပုပ်ကြီးကို ဆိုသည်။ (ပုဗ္ဗ = ပြည် + ဝိ = အထူးထူး)

ဤဝိပုဗ္ဗကအသုဘကို “ပြည်တစိုစို ယိုထွက်နေသော စက်ဆုပ်ဖွယ် သူသေကောင်” ဟု စိတ်ထဲက နှလုံးသွင်း မှတ်သားလျက် နိမိတ်ယူရာ၏။ သူသေကောင်၌သာ မဟုတ်ဘဲ အသက်ရှင်နေသူ၏ကိုယ်၌ ဖြစ်ပွား ပေါ်ပေါက်နေသော အနာများမှ ယိုစီးထွက်ကျနေသည့် သွေးပြည်များကိုလည်း ဝိပုဗ္ဗကအသုဘ ရှုကြည့်ရာ၏။

ဤဝိပုဗ္ဗက အသုဘ၌လည်း ဥဂ္ဂဟနိမိတ်သည် မျက်စိဖြင့် မြင်ရသောအတိုင်း စက်ဆုပ်ဖွယ် ကြောက်မက်ဖွယ် အခြင်းအရာအားဖြင့် သွေးပြည် တသွင်သွင် ယိုစီးကျနေသကဲ့သို့ ထင်၏။ ပဋိဘာဂနိမိတ်မှာ စက်ဆုပ်ဖွယ် ကြောက်မက်ဖွယ် မရှိ၊ အလွန်ချောမွတ်လှပစွာ နှစ်သက်ဖွယ်ဖြစ်၍ ထင်၏။ သို့ရာတွင် စက်ဆုပ် ရွံရှာဖွယ်ဟု နှလုံးသွင်း၍ ရှုမှတ်ရာ၏၊ ရှုမှတ်ဖန်များသောအခါ ပထမဈာန်ဇော ဖြစ်ပေါ်လာ၏။

ဝိစ္ဆိဒ္ဒကအသုဘ

ဝိစ္ဆိဒ္ဒကအသုဘ ဆိုသည်မှာ ရန်သူများက ကိုယ်ကိုနှစ်ပိုင်းဖြတ်၍ သတ်ထားသော လူသေကောင်ပုပ်ကြီးကို ဆိုသည်။ (ဆိဒ္ဒ = ခုတ်ဖြတ်ခြင်း + ဝိ = အထူးထူး)

ကိုယ်နှစ်ပိုင်း ပြတ်လျက် တခြားစီ ဖြစ်နေသော အလောင်းကောင်ကို လက်တစ်သစ်ခန့် ကွာခြားအောင် ပူးယှဉ်ဆက်စပ်၍ထားပြီး “နှစ်ပိုင်းပြတ်နေသော စက်ဆုပ်ဖွယ် သူသေကောင်၊ နှစ်ပိုင်းပြတ်နေသော စက်ဆုပ်ဖွယ် သူသေကောင်” ဟု စိတ်ထဲက နှလုံးသွင်း မှတ်သားလျက် နိမိတ်ယူရာ၏။ လက်ခြေ စသည် ပြတ်နေသော သူသေကောင်ကိုလည်း နိမိတ်ယူရာ၏။
စာမျက်နှာ-84


ဥဂ္ဂဟနိမိတ်ကား မျက်စိဖြင့် မြင်ရသောအတိုင်းပင် စက်ဆုပ်ဖွယ် ကြောက်မက်ဖွယ် အခြင်းအရာအားဖြင့် ကိုယ်နှစ်ပိုင်း ပြတ်ပုံအတိုင်း ထင်၏။ ပဋိဘာဂနိမိတ်မှာမူ စက်ဆုပ်ဖွယ် ကြောက်မက်ဖွယ် မရှိ၊ အလွန်ချောမွတ်လှပစွာ နှစ်သက်ဖွယ် တစ်ခုတည်း တစ်ဆက်တည်းဖြစ်၍ထင်၏။ အပိုင်းအပြတ်ဟူ၍ မထင်။ သို့ရာတွင် စက်ဆုပ်ဖွယ် ရွံရှာဖွယ်ဟု နှလုံးသွင်း၍ ရှုမှတ်ရာ၏။ ရှုမှတ်ဖန်များသောအခါ ပထမဈာန်ဇော ဖြစ်ပေါ်လာ၏။

ဝိက္ခာယိတကအသုဘ

ဝိက္ခာယိတက ဆိုသည်မှာ ခွေး၊ ကျီး၊ လင်းတတို့ ထိုးဆွ ကိုက်ခဲ ဆိတ်ဖောက် စားသောက်ထားသော လူသေကောင်ကို ဆိုသည်။ (ခါယိတ = အစားခံရသော + ဝိ = အထူးထူး)

ယင်း အသုဘကိုလည်း “ခွေး ကျီး စသည်တို့ အမျိုးမျိုးသော အခြင်းအရာဖြင့် ခဲစားထားသော စက်ဆုပ်ဖွယ် သူသေကောင်၊ ခွေးကျီး စသည်တို့ အမျိုးမျိုးသော အခြင်းအရာဖြင့် ခဲစားထားသော စက်ဆုပ်ဖွယ်သူသေကောင်” ဟု စိတ်ထဲက နှလုံးသွင်း မှတ်သားလျက် နိမိတ်ယူရာ၏။

ဥဂ္ဂဟနိမိတ် ထင်ရာ၌ကား ခွေး ကျီး စသည်တို့ ကိုက်ခဲရာ ဆိတ်ကုတ်ရာနှင့်တကွ ထင်၏။ ပဋိဘာဂနိမိတ် ထင်ရာ၌ကား ကိုက်ခဲဆိတ်ကုတ်ရာ မရှိ၊ ပြေပြစ် ချောမွတ် လှပစွာ နှစ်သက်ဖွယ်ရာ အဖြစ်ဖြင့် ထင်၏။ သို့ရာတွင် စက်ဆုပ်ရွံရှာဖွယ် အဖြစ်ဖြင့် ရှုမှတ်ရာ၏။ ရှုမှတ်ဖန် များသောအခါ ပထမဈာန်ဇော ဖြစ်ပေါ်လာ၏။

ဝိက္ခိတ္တကအသုဘ

ဝိက္ခိတ္တက ဆိုသည်မှာ ခြေတခြား၊ လက်တခြား၊ ကိုယ်တခြား၊ ခေါင်းတခြားအားဖြင့် တကွဲတခြားစီ ပစ်လွှင့်၍ထားသော သူသေကောင်ကို ဆိုသည်။ (ခိတ္တ = လွှင့်ပစ်သည် + ဝိ = အထူးထူး)

ဤဝိက္ခိတ္တကအသုဘကို “ခွေး စသည်ခဲစား၍ ထိုထိုအရပ်၌ စွန့်ပစ်ထားသော စက်ဆုပ်ဖွယ် သူသေကောင်၊ ထိုထိုအရပ်၌ စွန့်ပစ်ထားသော စက်ဆုပ်ဖွယ် သူသေကောင်” ဟု စိတ်ထဲက နှလုံးသွင်း၍ နိမိတ်ယူရာ၏။
စာမျက်နှာ-85


ဤဝိက္ခိတ္တကအသုဘ၌ ဥဂ္ဂဟနိမိတ်သည် မျက်စိဖြင့် မြင်ရသော အပိုင်းအပြတ်အတိုင်းပင် ထင်၏။ ပဋိဘာဂနိမိတ်ကား အပိုင်းအပြတ်မရှိဘဲ တစ်လုံးတည်း တစ်ဆက်တည်း တစ်ခုတည်း စပ်လျက် အလွန်နှစ်သက်ဖွယ်ထင်၏။ သို့ရာတွင် စက်ဆုပ်ရွံရှာဖွယ်အဖြစ်ဖြင့် ရှုမှတ်ရာ၏။ ရှုမှတ်ဖန် များသောအခါ ပထမဈာန်ဇော ဖြစ်ပေါ်လာ၏။

ဟတဝိက္ခိတ္တကအသုဘ

ဟတဝိက္ခိတ္တက ဆိုသည်မှာ ခြေ၊ လက်၊ ကိုယ်၊ ခေါင်း တခြားစီဖြစ်လျက် ဓားရာချင်းထပ်အောင် မွှမ်း၍ တကွဲစီ တခြားစီ ပစ်လွှင့်၍ထားသော သူသေကောင်ကို ဆိုသည်။ (ဟတ = သတ်ဖြတ်ခံရခြင်း + ခိတ္တ = လွှင့်ပစ်ခံရခြင်း)

ယင်း အသုဘကို “သတ်ပြီး ထိုထိုအရပ်၌ ပစ်ချထားသော သူသေကောင်၊ သတ်ပြီး ထိုထိုအရပ်၌ ပစ်ချထားသော သူသေကောင်” ဟု စိတ်ထဲက နှလုံးသွင်းလျက် ရှုမှတ်၍ နိမိတ်ယူရာ၏။

ဥဂ္ဂဟနိမိတ် ထင်ရာ၌ကား မျက်စိဖြင့် မြင်ရသောအတိုင်း ဓားမွှမ်းရာ၊ ဓားခုတ်ရာတို့နှင့်တကွ ထင်၏။ ပဋိဘာဂနိမိတ်မှာမူ ဓားမွှမ်းရာ၊ ဓားခုတ်ရာ အနာအဆာ မပါဘဲ အလွန်နှစ်သက်ဖွယ် လှပချောမွတ်စွာ ထင်၏။ သို့ရာတွင် စက်ဆုပ်ရွံရှာဖွယ်ဟု နှလုံးသွင်း ရှုမှတ်ရာ၏။ ရှုမှတ်ဖန်များသောအခါ ပထမဈာန်ဇော ဖြစ်ပေါ်လာ၏။

လောဟိတကအသုဘ

လောဟိတက ဆိုသည်မှာ ခန္ဓာကိုယ် ထိုမှ ဤမှ သွေးများ ယိုထွက်၍ ကိုယ်အနှံ့အပြား သွေးလိမ်းကျံ ပေရေနေသော သူသေကောင်ကို ဆိုသည်။ (လောဟိတ = သွေး)

ဤအသုဘကို “သွေးယိုထွက်နေသော သူသေကောင်၊ သွေးပေကျံနေသော သူသေကောင်” ဟု စိတ်ထဲက နှလုံးသွင်း၍ နိမိတ်ယူရာ၏။ ယင်းသို့ နိမိတ်ယူရာတွင် လက်နက်ဒဏ်ရာရသော သူတို့၏ အဖြတ်ခံရသော လက်ခြေ စသည်တို့၌လည်းကောင်း၊ ပေါက်ပြဲနေသော ထွတ်အိုင်းအနာ၊ အဖုအလုံး အနာ စသည်တို့၌လည်းကောင်း သွေးများ ယိုစီးကျနေသည်ကို ရှုကြည့်နှလုံးသွင်း၍လည်း နိမိတ်ယူရာ၏။

ဤလောဟိတက အသုဘ၌ ဥဂ္ဂဟနိမိတ်သည် မျက်စိဖြင့် မြင်သောအတိုင်းပင် အနာအဆာနှင့်တကွ စက်ဆုပ်ကြောက်မက်ဖွယ် အခြင်းအရာအားဖြင့် ထင်၏။ ပဋိဘာဂနိမိတ်ကား အနာအဆာမရှိ၊ စက်ဆုပ်ကြောက်
စာမျက်နှာ-86


မက်ဖွယ်မရှိ၊ လှပချောမွတ်စွာ ကမ္ဗလာနီလွှမ်းခြုံ၍ ထားဘိသကဲ့သို့ အလွန်နှစ်သက်ဖွယ်ဖြစ်၍ ထင်၏။ ထိုအခါ စက်ဆုပ်ရွံရှာဖွယ်အဖြစ်ဖြင့် ရှုမှတ်ရာ၏။ ရှုမှတ်ဖန်များသောအခါ ပထမဈာန်ဇော ဖြစ်ပေါ်လာ၏။

ပုဠုဝကအသုဘ

ပုဠုဝက ဆိုသည်မှာ သေပြီးနောက် ခန္ဓာကိုယ် ပုပ်ပွလျက် အပေါက်ကိုးပေါက်တို့မှ ပိုးလောက်တို့ ရှုးရှုးတက် ကျိကျိတက်ပြည့်နေသော သူသေကောင်ပုပ်ကို ဆိုသည်။ (ပုဠုဝ = ပိုးလောက်)

ဤပုဠုဝကအသုဘကို “ပိုးလောက် ပြည့်နေသော စက်ဆုပ်ဖွယ် သူသေကောင်၊ ပိုးလောက်ပြည့်နေသော စက်ဆုပ်ဖွယ် သူသေကောင်” ဟု စိတ်ထဲက နှလုံးသွင်း၍ နိမိတ်ယူရာ၏။ ယင်းသို့ နိမိတ်ယူရာတွင် ပိုးလောက်တို့ဖြင့် ပြည့်နေသော ခွေးသေကောင်ပုပ်၊ နွားသေကောင်ပုပ်၊ ဆင်သေကောင်ပုပ် စသည်တို့၌လည်း ရှုမှတ်၍ နိမိတ်ယူရာ၏။

သာဓကအားဖြင့် အရှင်စူဠပိဏ္ဍပါတိကတိဿ မထေရ်သည် ရေကန်ထဲ၌ သေလျက် ပိုးလောက်တို့ ပြည့်နေသော ဆင်သေကောင်ပုပ်ကို ရှုကြည့်၍ နိမိတ်ထင်ဖူးလေသည်။

ဤပုဠုဝကအသုဘ၌ ဥဂ္ဂဟနိမိတ်သည် မျက်စိနှင့် မြင်ရသောအတိုင်းပင် အလွန်စက်ဆုပ်ဖွယ်ဖြစ်လျက် အကောင်ပုပ်နှင့်တကွ ပိုးလောက်တို့ ကျိကျိတက် သွားလာ လှုပ်ရှားနေပုံ အခြင်းအရာအားဖြင့် ထင်၏။ ပဋိဘာဂနိမိတ်မှာ စက်ဆုပ်ဖွယ်မရှိ၊ ဖြူဖွေးသော ထမင်းလုံး၊ ထမင်းခဲတို့ဖြင့် ရောပြွမ်း၍ နေဘိသကဲ့သို့ ပိုးလောက်များ ငြိမ်သက်စွာ တည်နေလျက် နှစ်သက်ဖွယ် ဖြစ်၍ ထင်၏။ ယင်းသို့ထင်ခြင်းမှာလည်း ပိုးလောက် အနည်းအများ အားလျော်စွာ ထင်၏။ ထိုအခါ စက်ဆုပ်ရွံရှာဖွယ်အဖြစ် နှလုံးသွင်းလျက် ရှုမှတ်ရာ၏။ ရှုမှတ်ဖန်များသောအခါ ပထမဈာန်ဇော ဖြစ်ပေါ်လာ၏။

အဋ္ဌိကအသုဘ

အဋ္ဌိက ဆိုသည်မှာ လူသေကောင်၏ အရိုးစု၊ အရိုးပုံကို ဆိုသည်။ ထိုအရိုးတို့မှာ—
(၁) အကြောအဆက်မပြုတ်သေး အသွေးအသား အကပ်အသတ် ကျန်ရှိသေးသော အရိုးစု၊
(၂) အသားမရှိ အသွေးဖြင့်သာ လိမ်းကျံလျက် အဆက်မပြုတ်သေးသော အရိုးစု၊
စာမျက်နှာ-87


(၃) အသွေးအသားမရှိ အဆက်မပြုတ်သေးသော အရိုးစု၊
(၄) အကြောဆက်တို့ပြုတ်ပြီး၍ တကွဲတခြားစီဖြစ်နေသော အရိုးစု—

ဟူ၍ လေးမျိုးရှိသည်။ ဤလေးမျိုးသော အရိုးတို့အနက် ရရာအရိုးကို ရှုကြည့်ရာ၏။ တကွဲတခြားစီ ဖြစ်နေသော အရိုးတို့ကိုကား စု၍ရလျှင် ပေါင်းစုယှဉ်ထား၍ ကြည့်ရှုရာ၏။ ရသမျှစု၍ ကြည့်ရှုရာ၏။ အရိုးတစ်ခုတည်း၊ တစ်ချောင်းတည်းကိုလည်း ကြည့်ရှုရာ၏။ “စက်ဆုပ်ဖွယ် အရိုးစု၊ စက်ဆုပ်ဖွယ် အရိုးစု” ဟု စိတ်ထဲက နှလုံးသွင်း ရှုမှတ်၍ နိမိတ်ယူရာ၏။

ဤအဋ္ဌိက အသုဘဥဂ္ဂဟနိမိတ်သည် မျက်စိနှင့် မြင်ရသော အတိုင်းပင် စက်ဆုပ်ဖွယ် အခြင်းအရာဖြင့် ထင်၏။ ပဋိဘာဂနိမိတ် ထင်ရာ၌ကား ပြေပြစ် ချောမော လှပစွာ နှစ်သက်ဖွယ်ဖြစ်၍ ထင်၏။ ထိုအခါ စက်ဆုပ်ရွံရှာဖွယ်အဖြစ် နှလုံးသွင်း၍ ရှုမှတ်ရာ၏။ ရှုမှတ်ဖန်များသောအခါ ပထမဈာန်ဇော ဖြစ်ပေါ်လာ၏။

အရိုးစုရလျှင် အရိုးစုထင်

အရိုးစုကမ္မဋ္ဌာန်း (အဋ္ဌိကအသုဘ) ကို ရှုသောယောဂီပုဂ္ဂိုလ်သည် အရိုးစုအာရုံနိမိတ် စွဲမြဲစွာ ထင်မြင်လာသောအခါ မြင်သမျှလူအပေါင်းကို အရိုးစုအဖြစ်ဖြင့် ရှုမြင်နိုင်၏။ အရိုးစုဟု မြင်ထားသဖြင့် တွယ်တာတပ်မက်မှု ရာဂလည်း မဖြစ်နိုင်၊ မုန်းတီးမှု ဖျက်ဆီးလိုမှု ဒေါသအာဃာတလည်း မဖြစ်နိုင်တော့ချေ။ အရိုးစုအဖြစ်သာ မြင်နေရ၍ ကုသိုလ်ဘာဝနာစိတ်သာ ဖြစ်ပေါ်နေတော့သည်။

ရှေးအခါက အမျိုးသမီးတစ်ယောက်သည် မိဘလင်သားများနှင့် စိတ်ဆိုးပြီး တစ်ယောက်တည်း အိမ်မှ ထွက်လာခဲ့သည်။ ထိုအမျိုးသမီးသည် လမ်းတွင် ရဟန်းတစ်ပါးနှင့် တွေ့သောအခါ သွားပေါ်အောင် ပြုံးပြလိုက်သည်။ ထိုရဟန်းကား အရိုးစုအသုဘကမ္မဋ္ဌာန်းကို ပွားများနေသော ရဟန်းဖြစ်၏။ ထိုရဟန်းသည် အမျိုးသမီးပြုံးပြရာတွင် တွေ့မြင်လိုက်သော သွားများကို အရိုးစုအဖြစ် အာရုံယူ၍ ထိုအမျိုးသမီးကို အရိုးစုတစ်ခုအဖြစ် ရှုမှတ်လိုက်တော့သည်။ ထိုအခါ အမျိုးသမီးဟု မသိတော့ဘဲ အရိုးစုတစ်ခုအဖြစ်သာ မြင်နေတော့သည်။

ထို့နောက် မကြာမီ အိမ်မှလိုက်လာသော လင်ယောက်ျားက ထိုရဟန်းကို တွေ့၍ “မိန်းမတစ်ယောက် မမြင်လိုက်ဘူးလား ဘုရား” ဟု မေးရာ “ငါသည် မိန်းမကိုလည်းကောင်း၊ ယောက်ျားကိုလည်းကောင်း မမြင်၊ အရိုးစုတစ်ခု...
စာမျက်နှာ-88


သွားနေသည်ကိုတော့ မြင်လိုက်ရ၏” ဟု ဖြေကြားလေသည်။ မကြာမီ ထိုရဟန်းမှာ ကိလေသာအာသဝေါ ကုန်ခန်း၍ ရဟန္တာ ဖြစ်သွားလေသည်။

အသုဘကမ္မဋ္ဌာန်းဖြင့် ဒုတိယဈာန်စသည်သို့ တက်နည်း

အသုဘဆယ်ပါးအနက် အလွန်ကြောက်မက်ဖွယ်ကောင်းသော အသုဘစုသည် နိမိတ်ယူ၍ ရလွယ်၏။ အဋ္ဌိကအသုဘမှာ အပြင်ဘက်ရှိ အရိုးစုကို နိမိတ်ယူ၍ ရလွယ်၏။ ကိုယ်အတွင်းရှိ အရိုးစုကိုကား ရခဲ၏။ မိမိကိုယ်တွင်းရှိ အရိုးစုကို နိမိတ်ရယူနိုင်လျှင် အလွန်ကောင်း၏။ ဈာန်မဂ် နှစ်ပါးလုံးကို အလွယ်တကူနှင့် ရနိုင်၏။

အသုဘဆယ်ပါးကို အသုဘအဖြစ်ထင်အောင် စက်ဆုပ်ဖွယ်ဟု နှလုံးသွင်း၍ ရှုမှတ်၍ စိတ်ထား၍ ပထမဈာန်ကို ရပြီးသော ယောဂီသည် အထက်ဖြစ်သော ဒုတိယဈာန် စသည်တို့ကို တက်လိုသောအခါ မိမိရရှိထားသော အသုဘနိမိတ်၌ အညို၊ အဝါ၊ အနီ၊ အဖြူ အဆင်းတစ်ခုခုကို “အညို အညို၊ အဝါ အဝါ၊ အနီ အနီ၊ အဖြူ အဖြူ” ဟု နှလုံးသွင်း၍ ဝဏ္ဏကသိုဏ်း ဖြစ်အောင်ရှု၍ တက်ရာ၏။ အသုဘကမ္မဋ္ဌာန်း အနေဖြင့် ရှုလျှင် ပထမဈာန်ကိုသာ ရနိုင်၏။ အထက် ဒုတိယဈာန် စသည်ကိုမူ မရနိုင်ချေ။

အကြောင်းမူ ဝိတက်ကိုပယ်မှသာ ဒုတိယဈာန်သို့ တက်နိုင်၏။ အသုဘအာရုံသည် အလွန်ကြမ်းတမ်းသော အာရုံဖြစ်၍ ဝိတက်မပါက အာရုံမယူနိုင်ချေ။ ဝိတက်ပါမှသာလျှင် အာရုံယူနိုင်၏။ ဥပမာ အလွန်ရေစီးကြမ်းသည့်မြစ်၌ ထိုးဝါးမပါက လှေဖောင်တို့ မသွားနိုင်ချေ။ ထိုးဝါးနှင့်တူသော ဝိတက်မပါလျှင် အာရုံပေါ်၌ မရပ်တည်နိုင်သောကြောင့် ဝိတက်ကို မပယ်စကောင်း။ ထို့ကြောင့် ဝိတက်ကင်းသည့် ဒုတိယဈာန်သို့ မတက်နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဝဏ္ဏကသိုဏ်းအဖြစ် ရှုမှတ်မှသာလျှင် အထက်ဈာန်သို့ တက်နိုင်၏။

အထူးသတိပြုရန်မှာ အသုဘကမ္မဋ္ဌာန်း ရှုသည့်အခါ၌ နိမိတ်ကို ကြီးထွားအောင် မပွားစေအပ်၊ ကြောက်လန့် တုန်လှုပ်၍ သွေးပျက်တတ်၏။

ခန္ဓာဝန် ဆောင်နေရသည်ကို စက်ဆုပ်ခြင်း

အသုဘကမ္မဋ္ဌာန်းကို ပွားများအားထုတ်မှု အရှိန်ရလာသည့်အခါ မိမိ၏ ခန္ဓာကိုယ်ကို ရွံရှာစက်ဆုပ်လာသည်။ ဤခန္ဓာကိုယ်ကြီးနှင့် ဆက်လက် အသက်ရှင်လိုစိတ် မရှိတော့သဖြင့် မြတ်စွာဘုရားရှင် လက်ထက်တော်က ရဟန်းအချို့ မိမိကိုယ်ကို သတ်သေခဲ့ကြသည်။
စာမျက်နှာ-89


မြတ်စွာဘုရားရှင်သည် ဝေသာလီပြည် မဟာဝုန်တော စုလစ်မွန်းချွန်တက်သော ကျောင်းတော်ကြီး၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းတို့အား များစွာသော အကြောင်းတို့ဖြင့် အသုဘတရားကိုလည်းကောင်း၊ အသုဘကမ္မဋ္ဌာန်း၏ ကျေးဇူးတို့ကိုလည်းကောင်း၊ အသုဘကမ္မဋ္ဌာန်း ပွားများခြင်း၏ အကျိုးကျေးဇူးကိုလည်းကောင်း၊ အသုဘဈာန် ဝင်စားခြင်း၏ ဂုဏ်ကျေးဇူးကိုလည်းကောင်း ဟောကြားတော်မူသည်။

ထို့နောက် မြတ်စွာဘုရားရှင်သည် လဝက်ခန့် တစ်ပါးတည်း ကိန်းအောင်းတော်မူလိုသဖြင့် ဆွမ်းပို့သော ရဟန်းမှတစ်ပါး မိမိဘုရားရှင်ထံသို့ မည်သူမျှ မလာရဟု ရဟန်းတို့အား မှာကြားတော်မူပြီး တစ်ပါးတည်း ကိန်းအောင်း မွေ့လျော် စံပျော်တော်မူသည်။

ထိုစဉ်အခါ ရဟန်းတို့သည် ဘုရားရှင် ဟောကြားသင်ပြထားသော အသုဘကမ္မဋ္ဌာန်းကို ကြိုးပမ်းအားထုတ်ကြသည်။ ယင်းသို့ အသုဘကမ္မဋ္ဌာန်းကို ပွားများအားထုတ်ကြသော ရဟန်းများသည် နီဝရဏကို ပယ်၍ ပထမဈာန် စသော တရားထူးများကို ရရှိကြသည်။

အသုဘကမ္မဋ္ဌာန်းကို ပွားများအားထုတ်သော ထိုရဟန်းတို့သည် မိမိခန္ဓာကိုယ်၌ ငြီးငွေ့လာကြသည်၊ စက်ဆုပ်လာကြသည်။ ခန္ဓာကိုယ် ရရှိထားသည်ကိုပင် ရှက်စနိုးလာကြသည်။ ဥပမာအားဖြင့် တစ်ကိုယ်လုံး ရေမိုးချိုးပြီး၍ ခြေဆုံးခေါင်းဆုံး အလှပြင် တန်ဆာဆင်ထားသော မိန်းမပျို၊ လုလင်ပျိုသည် သူ၏လည်ပင်း၌ မြွေကောင်ပုပ်၊ ခွေးကောင်ပုပ် လာပြီးဆွဲထားပါက အလွန် ရွံရှာ စက်ဆုပ်သကဲ့သို့ ဖြစ်သည်။

ယင်းကဲ့သို့ ခန္ဓာကိုယ် ရရှိထားသည်ကို ငြီးငွေ့စက်ဆုပ်ရှက်စနိုးတော်မူကြသော ရဟန်းများသည် ကိုယ့်ကိုယ်ကို သတ်သေကြ၏။ အချင်းချင်းလည်း သတ်သေကြ၏။ မိဂလဏ္ဍိက အမည်ရှိသော ရဟန်းတု ရဟန်းယောင်ကြီးအားလည်း သပိတ်၊ သင်္ကန်း စသည်ပေး၍ အသတ်ခိုင်းကြ၏။ မိဂလဏ္ဍိကသည်လည်း သပိတ်၊ သင်္ကန်း ရသဖြင့် ထိုရဟန်းတို့ကို သတ်ပေး၏။ တစ်နေ့လျှင် ရဟန်းတစ်ပါးမှသည် အပါးခြောက်ဆယ်အထိ သတ်ရ၏။

ဘုရားရှင်သည် လဝက်လွန်ပြီးနောက် တစ်ပါးတည်း ကိန်းအောင်းရာမှ ထတော်မူလျှင် ရဟန်းပရိသတ် လျော့နည်းနေသည်ကို တွေ့မြင်၍ အရှင်အာနန္ဒာအား မေးမြန်းတော်မူသည်။ အရှင်အာနန္ဒာကလည်း ဖြစ်သမျှ အကြောင်းစုံကို အကုန်လျှောက်ထားလေသည်။
စာမျက်နှာ-90


ထိုအခါ ဘုရားရှင်သည် ရဟန်းသံဃာများကို စည်းဝေးစေ၍ ရဟန်းတို့ မိမိကိုယ်ကို သတ်သေခြင်း၊ သူတစ်ပါးကို အသတ်ခိုင်း၍ အသေခံခြင်း ပြုကြရာ၌ မျက်မြင်သက်သေ ရဟန်းများကို စိစစ်မေးမြန်းတော်မူသည်။ မှန်ကန်ကြောင်း အထောက်အထား ခိုင်လုံသည်ကို တွေ့ရှိရသဖြင့်—

“အကြင်ရဟန်းသည် သတ်လိုသော စေတနာဖြင့် လူသားမျိုးနွယ် ဖြစ်သောသူကို သတ်ငြားအံ့၊ ထိုသူ၏ အသက်ကို သေစေနိုင်သော ဓားလက်နက်ကိုမူလည်း ရှာမှီး၍ အနီး၌ ထားငြားအံ့၊ ထိုရဟန်းသည် သာသနာတော်မှ ဆုံးရှုံးခြင်း (ပါရာဇိက) သို့ ရောက်၏။ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းခွင့် မရှိ—”

ဟု တတိယပါရာဇိက သိက္ခာပုဒ်ကို ပညတ်တော်မူလေသည်။ အသုဘကမ္မဋ္ဌာန်းတရားကို ဆက်လက် အားမထုတ်စေဘဲ အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်ကြရန် ဟောကြားတော်မူခဲ့သည်။

ဝိသဘာဂ (ဆန့်ကျင်ဘက်) အာရုံ၌ အသုဘ မရှုသင့်ပုံ

ဝိသဘာဂ (ဆန့်ကျင်ဘက်) အာရုံ ဆိုသည်မှာ မိန်းမသည် ယောက်ျားအတွက် ဝိသဘာဂ (ဆန့်ကျင်ဘက်) အာရုံဖြစ်၏။ ယောက်ျားသည် မိန်းမအတွက် ဝိသဘာဂ အာရုံဖြစ်၏။ အသုဘကမ္မဋ္ဌာန်းရှုသော ယောဂီပုဂ္ဂိုလ်သည် အင်္ဂါကြီးငယ် အသွင်သဏ္ဌာန် မပျက်စီးသေးသော ဝိသဘာဂအသုဘအာရုံ၌ ဉာဏ်နုသော ပုဂ္ဂိုလ်များမှာ အသုဘရှုရန် မသင့်လျော်ချေ။ အဘယ်ကြောင့် ဆိုသော် တပ်မက်မှုရာဂစိတ် ဖြစ်ပေါ်လတ်သောကြောင့်တည်း။ ယင်းတပ်မက်မှုရာဂသည် နိမိတ်မရခင်လည်း ဖြစ်တတ်၏။ နိမိတ်ရပြီး၍ ဥဂ္ဂဟနိမိတ်၌ ရာဂ မဖြစ်လာသော်လည်း ပဋိဘာဂနိမိတ်ကျလျှင် ရာဂဖြစ်ပေါ်လာတတ်၏။

ဘုရားရှင် လက်ထက်တော်က ရာဓဒတ္ထအမည်ရှိ ရဟန်းတစ်ပါးသည် ပိုးလောက်တို့ခဲနေသော အင်္ဂါကြီးငယ် မပျက်စီးသေးသည့် မာတုဂါမအသုဘ၌ အသုဘဒ္ဒရာ ရာဂစိတ် ဖြစ်ပေါ်လာ၍ မိမိကိုယ်ကိုကဲ့ရဲ့ပြီး အခြားသင့်လျော်ရာ နေရာသို့ သွားရောက်၍ ဝိပဿနာရှုလိုက်မှ တစ်နာရီခန့်အတွင်း အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားသည်။

အသုဘကမ္မဋ္ဌာန်းဖြင့် ကျွတ်တန်းဝင်သူများ

ရာဂစရိုက်ကြီးသောသူ၊ အလှအပမက်မောသူ၊ အလှမာန်ယစ်သူတို့သည် အသုဘကမ္မဋ္ဌာန်းကို ရှုရန် သင့်လျော်၏။ ဘုရားရှင် ကိုယ်တော်တိုင်ပင်လျှင် ထိုကဲ့သို့ ရာဂစရိုက်ကြီးသူ၊ အလှအပမက်မောသူ၊ အလှမာန်ယစ်သူ၊ အလှအပ၌ အစွဲအလန်းကြီးသူတို့အား အသုဘကမ္မဋ္ဌာန်းကို ပြ၍ ချွေချွတ်တော်မူခဲ့ရ၏။
စာမျက်နှာ-91


ဘုရားရှင်လက်ထက်တော်အခါက အသုဘကမ္မဋ္ဌာန်းဖြင့် ကျွတ်တမ်းဝင်ကြသူများအနက် ထင်ရှားသော သာဓကများကို ဤနေရာ၌ ထုတ်ဆောင်ပြပါဦးမည်။

အလှမာန်ယစ်သော ခေမာမိဖုရား

ဗိမ္ဗိသာရမင်းကြီး၏ အဂ္ဂမဟေသီ တောင်ညာစံဒေဝီ မိဖုရားကြီးခေမာသည် အလွန်ချောမောလှပ၏။ ကိုယ်ရေအဆင်းလည်း ရွှေရည်ဝင်းနေ၏။ ခေမာမိဖုရားကြီးသည် မိမိ၏အလှအပပေါ်တွင် ယစ်မူးပြီး မာန်တက်နေ၏။ ဗိမ္ဗိသာရမင်းကြီး ဘုရားကျောင်းတော်သို့ သွားသော်လည်း မလိုက်ချေ။ တရားနာသွားသော်လည်း မပါ၊ အဘယ်ကြောင့်ဆိုသော် ဘုရားရှင်သည် ရုပ်အဆင်းလှပခြင်း၏ အပြစ်ကို ဟောလေ့ရှိ၏၊ သူ၏ အလှအပကိုလည်း အပြစ်ပြောလိမ့်မည်ဟု ထင်နေသောကြောင့် ဖြစ်သည်။

တစ်နေ့သောအခါ ဗိမ္ဗိသာရမင်းကြီးသည် မိဖုရားခေမာအား လိမ္မာပါးနပ်စွာဖြင့် ဘုရားရှင်၏ တရားပွဲသို့ အရောက်ပို့ပေးသည်။ ဘုရားရှင်သည် ခေမာမိဖုရားကြီး တရားနာပရိသတ်အတွင်း ရောက်နေသည်ကို သိ၍ အလွန်ချောမောလှပသည့် မိန်းမပျိုလေးကို ဘုရားရှင်အား ယပ်လေခပ်နေဟန် ဖန်ဆင်းတော်မူသည်။ ခေမာမိဖုရားကြီးသည် နိမ္မိတမိန်းမပျိုကလေး၏ အလှကို တစိမ့်စိမ့်ကြည့်ရှုနေ၏။ မိဖုရားကြီး၏ အလှထက် ဆတစ်ရာ သာလွန်နေသည်ကို တွေ့ရ၏။

ခေမာမိဖုရားကြီး အလှအပကို ကြည့်ရှု နစ်မျောနေစဉ်မှာပင် ဖန်ဆင်းထားသော နိမ္မိတမိန်းမပျိုလေးအား ၁၆-နှစ်ရွယ်မှ ၂၀-ရွယ်သို့ အနည်းငယ် ရင့်ရော်လာစေ၏။ ထို့နောက် သားတစ်ယောက်မိခင် အရွယ်၊ ထို့နောက် အသက် ၄၀၊ ၅၀-အရွယ်၊ ထို့နောက် အဖွားအိုအရွယ် စသည်ဖြင့် အိုမင်း ရင့်ရော်ကာ ဆံဖြူသွားကျိုး၊ ပါးချောင်ကျ၊ နားထင်ခွက်၊ မျက်တွင်းဟောက် အရေမွဲခြောက်တွန့်လိပ်၍ အကြောများ ပိုက်ကွန်ကဲ့သို့ ထုံးဖုတွန့်ရှုံ့နေပြီး နောက်ဆုံးတွင် ဗုန်းဗုန်းလဲသေပြီး ပုပ်ဖူးရောင် ပိုးလောက်တရ၍ အသုဘဖြစ်၍ အရိုးစုမျှ ကြွင်းကျန်သည်အထိ တဖြည်းဖြည်း ပြောင်းလဲသွားပုံကို ထင်ရှားစွာ ဖန်ဆင်း၍ ပြတော်မူသည်။ ခေမာမိဖုရားကြီးသည် ဤကိုယ်ကာယ အလှ၏ အသုံးမကျပုံ၊ ပျက်စီးယိုယွင်းပုံ၊ မတင့်တယ်ပုံ၊ နောက်ဆုံး အသုဘ အပုပ်ကောင် ဖြစ်ပုံတို့ကို နားလည်သဘောပေါက်ကာ ကျွတ်တမ်းဝင်၍ ခေမာထေရီ ရဟန္တာမကြီးအဖြစ် လက်ျာရံထေရီ အဂ္ဂသာဝိကာအဖြစ် ထင်ရှားခဲ့လေသည်။
စာမျက်နှာ-92


ထို့အတူ အလှမာန်ယစ်သော ဇနပဒကလျာဏီကိုလည်း ဘုရားရှင်သည် နိမ္မိတမိန်းမပျို ဖန်ဆင်း၍ အရွယ်အမျိုးမျိုးပြောင်းကာ အသုဘဘာဝနာ ထင်အောင်ပြပြီး ကျွတ်တမ်းဝင်စေကာ ရူပနန္ဒာရဟန္တာထေရီမအဖြစ် ထင်ရှားခဲ့သည်။

သီရိမာကို စွဲလန်းသူ

အလှကြိုက်သူများ အသုဘဘာဝနာဖြင့် ကျွတ်တမ်းဝင်ပုံကို ထပ်မံ ပြဆိုပါဦးမည်။ ရာဇဂြိုဟ်မြို့၌ သာလဝတီအမည်ရှိ ပြည့်တန်ဆာမ၏သမီး ဆရာဇီဝက၏ နှမဖြစ်သူ သီရိမာသည် ဘုရင့်အမိန့်တော်အရ ပြည့်တန်ဆာမဘဝဖြင့် နေရ၏။ သူမအား ပျော်ပါးလိုသော မင်းညီမင်းသား သူဌေးသူကြွယ်တို့သည် တစ်နေ့တစ်ရက်တာအတွက် ရွှေဒင်္ဂါးတစ်ထောင် ပေးရသည်။

သီရိမာသည် တစ်နေ့သောအခါတွင် ဘုရားရှင်၏ တရားတော်ကို နာယူရ၍ သောတာပန် တည်သွားခဲ့သည်။ သောတာပန် ဖြစ်သည့်နေ့မှစ၍ တစ်နေ့လျှင် ရဟန်းရှစ်ပါး ဆွမ်းအမြဲကပ်လှူသည်။ တောအရပ်ဒေသမှ ရဟန်းတစ်ပါးသည် သီရိမာ၏ အလှအပကို ပြောသံကြားဖြင့် စွဲမက်နေသည်။ သီရိမာအိမ်သို့ ဆွမ်းစားကြရမည့်အလှည့်ကို စောင့်မျှော်နေသည်။

ထိုရဟန်း ဆွမ်းစားအလှည့်ကျသောအခါမှ သီရိမာခမျာ မကျန်းမမာ ဖြစ်နေရှာသည်။ သံဃာတော်များအား ကိုယ်တိုင်ကိုယ်ကျ ဆွမ်းမကပ်နိုင်။ အခြွေအရံများကသာ ဆွမ်းကပ်ကြသည်။ ထိုရဟန်းသည် သီရိမာကို ကြည့်လိုသဖြင့် လာရောက်ကန်တော့ခိုင်းသည်။ သီရိမာသည် မပြုမပြင် ဆံပင် ဖရိုဖရဲ အဝတ်ဖိုးရိုဖားရားဖြင့် အခြွေအရံများက ဖေးမတွဲထူကာ အိပ်ရာတိုက်ခန်းမှ တုန်တုန်ရီရီဖြင့် ထွက်လာပြီး ရှိခိုးကန်တော့ရှာသည်။

ထိုရဟန်းသည် “မကျန်းမမာစဉ် အလှအပ မပြုပြင်ဘဲ ဤမျှ လှပနေသေးလျှင် ဖီးလိမ်းဝတ်ဆင် ပြုပြင်လိုက်လျှင်ကား အဘယ်မျှ လှလိုက်ပါမည်နည်း” ဟု မှန်းဆကာ ပိုမို၍စွဲလန်းသွားသည်။ ထိုရဟန်းသည် သီရိမာကို စွဲလန်းမှုကြောင့် ကမ္မဋ္ဌာန်းလက်လွတ်ကာ မစားနိုင် မအိပ်နိုင် ဖြစ်ရတော့သည်။

မကြာမီ သီရိမာ ကွယ်လွန်သွား၍ သီရိမာ၏ အလောင်းကို မီးမသင်္ဂြိုဟ်သေးဘဲ သုသာန်၌ ခွေးလင်းတတို့ မစားနိုင်အောင် စောင့်ရှောက်ထားရန် ဘုရားရှင်က ဗိမ္ဗိသာရမင်းကြီးအား မိန့်ကြားတော်မူသည်။
စာမျက်နှာ-93


ကွယ်လွန်ပြီး လေးရက်မြောက်သောနေ့၌ သီရိမာ၏ကိုယ်သည် ညိုမည်းပုပ်ပွ ဖူးရောင်ကာ ဒွါရ ကိုးပေါက်တို့မှ သွေးပုပ် ပြည်ပုပ်များ ယိုစီးကျလျက် တစ်ကိုယ်လုံး ကွဲအက်ကာ အပုပ်နံ့ တထောင်းထောင်းဖြင့် ရှုမကောင်း မြင်မကောင်း ဖြစ်နေလေသည်။

ထိုအချိန်တွင် ဗိမ္ဗိသာရမင်းကြီးသည် မြို့တွင်း၌ မောင်းကြေးနင်းခတ်စေ၍ “အိမ်စောင့်နှင့် ကလေးသူငယ်များကို ချန်လှပ်၍ သီရိမာကို ကြည့်ရှုရန် သုသာန်သို့ လာကြရမည်။ မလာသူကို ငွေရှစ်ကျပ် ဒဏ်ခတ်မည်” ဟု ကြေညာစေသည်။ ဘုရားအမှူးရှိသော သံဃာတော်များကိုလည်း “သီရိမာ၏ အသုဘကို ရှုရန် ကြွပါဘုရား” ဟု ပင့်လျှောက်သည်။

သီရိမာကို စွဲလန်း၍ ဆွမ်းလေးငါးရက် မစားဘဲ သင်္ကန်းခေါင်းမြီးခြုံလျက် ခွေအိပ်နေသောရဟန်းသည် “သီရိမာကိုကြည့်ရှုရန် ကြွပါ” ဟု နားစွန်နားဖျား ကြားလိုက်ရသဖြင့် စိတ်ရွှင်လန်းစွာ ကမန်းကတန်းထပြီး အဖော်ရဟန်းများနှင့် လိုက်ပါသွားလေသည်။

ဘုရားရှင်သည် ရဟန်းများ ခြံရံလျက် သီရိမာအလောင်း၏ တစ်ဖက်၌ ရပ်နေတော်မူသည်။ လူပရိသတ်များလည်း အခြားတစ်ဖက်၌ ရှိနေကြသည်။ မြတ်စွာဘုရားရှင်က ဗိမ္ဗိသာရမင်းကြီးအား သီရိမာ၏ အလောင်းကောင်ကို အသပြာတစ်ထောင်ပေးမည့်သူ ရှိ မရှိ မေးတော်မူ၏။ သီရိမာအသက်ရှင်စဉ်က သူမကို တစ်နေ့တစ်ရက်တာ ပိုင်ဆိုင်ခွင့်ရရန် ငွေတစ်ထောင်ပေးမှ ရ၏။ ယခုမူကား ငွေတစ်ထောင် မဆိုထားဘိ တစ်ပဲနှစ်ပြား ပေးလိုသူပင် မရှိတော့ပါကြောင်း၊ အခမဲ့အလကား ပေးလျှင်တောင်မှ မည်သူမျှ ယူဆောင်မည့်သူ မရှိတော့ပါကြောင်း ပြန်လည်လျှောက်ထား၏။ ထိုအခါ ဘုရားရှင်က—

“ရဟန်းတို့ ကြည့်ကြစမ်းလော့၊ ယခင်က လူအပေါင်း နှစ်သက် မြတ်နိုးသော ဤသီရိမာကို တစ်နေ့အတွက် ငွေတစ်ထောင်ပေးမှ ရကြ၏။ ယခုမူကား အခမဲ့အလကား ပေး၍ပင် ယူမည့်သူ မရှိတော့ချေ။ ဤကဲ့သို့ ချစ်ခင်နှစ်သက် စုံမက်ဖွယ်ရာ လှပတင့်တယ်ပါသည်ဆိုသော ရူပကာယ ရုပ်အစုသည် ကုန်ခြင်း၊ ပျက်ခြင်း၊ ဖောက်ပြန်ခြင်း၊ ပုပ်သိုးခြင်းသို့ ရောက်ရ၏။ ရဟန်းတို့ နာကျင်သော သဘောရှိသော အတ္တဘောကို ရှုကြလော့”

ဟု မိန့်ကြားတော်မူလေသည်။ သီရိမာကို စွဲလန်းသော ထိုရဟန်းသည်လည်း သောတာပန်တည်လေ၏။
စာမျက်နှာ-94


အခန်း (၅)

အနုဿတိကမ္မဋ္ဌာန်း ပွားများအားထုတ်နည်း

ဗုဒ္ဓါနုဿတိပွားများပုံ

ဗုဒ္ဓါနုဿတိဆိုသည်မှာ မြတ်စွာဘုရားရှင်ကိုလည်းကောင်း၊ ထိုဘုရားရှင်၏ အရဟံအစရှိသော ဂုဏ်တော် ကျေးဇူးတော်တို့ကိုလည်းကောင်း အဖန်ဖန် အထပ်ထပ် အမြဲမပြတ် အောက်မေ့နေခြင်း၊ အမှတ်ရနေခြင်းကို ဆိုသည်။ (ဗုဒ္ဓ+အနု+သတိ၊ ဗုဒ္ဓ = ဘုရားရှင် ဂုဏ်တော် + အနု = အဖန်တလဲလဲ + သတိ = အောက်မေ့မှု)

ယင်းသို့ ဗုဒ္ဓါနုဿတိ ပွားများရာ၌ ဂုဏ်တော်ကိုးပါးလုံးကိုဖြစ်စေ၊ မိမိအာရုံကျရာ ဂုဏ်တော် တစ်ပါးပါးကိုဖြစ်စေ ပွားများနိုင်၏။ နှုတ်က ဂုဏ်တော်များကို ရွတ်ဖတ်နေချိန်တွင် စိတ်က ဘုရားရှင်၏ ဂုဏ်တော်အပေါ်၌ ညွှတ်ခနဲရှိရမည်။ စိတ်ကို ဟိုရောက်သည်ရောက် မဖြစ်စေသင့်။ နှုတ်က ဂုဏ်တော်ကို ရွတ်ဆိုလျက် လက်က ပုတီးတချောက်ချောက် စိပ်နေသော်လည်း စိတ်က ဂုဏ်တော်အပေါ်၌ ညွှတ်မနေလျှင် မိမိစားနေသော ဟင်းလျာ၏အရသာကို မသိသူနှင့်တူနေပေလိမ့်မည်။

ဗုဒ္ဓါနုဿတိကို ပွားများရာ၌ ဂုဏ်တော်ကိုးပါးအပြင် စက္ခုငါးပါးနှင့်ပြည့်စုံတော်မူခြင်း စက္ခုမာဂုဏ်၊ မာရ်ငါးပါးကို အောင်မြင်တော်မူခြင်း ဇိနဂုဏ်၊ ကိုယ်တော်၌ ဉာဏ်တော်အားဆယ်ပါးနှင့် ပြည့်စုံတော်မူခြင်း ဒသဗလဂုဏ် စသည့် အခြားဂုဏ်တော်များကိုလည်း ပွားများနိုင်သည်။ ထို့ပြင် ဘုရားအလောင်းတော် သုမေဓာဘဝ၌ ပါရမီဖြည့်ချိန်မှစ၍ ဘုရားဖြစ်ပြီး ပရိနိဗ္ဗာန်စံသည်အထိ ဘုရားရှင်၏ ဖြစ်တော်စဉ် ဗုဒ္ဓဝင်များကို ကိုယ်တိုင် တွေးတော ဆင်ခြင်အောက်မေ့ခြင်း၊ သူတစ်ပါးတို့အား စိတ်ဝင်စားစွာ ပြောဟောပြသခြင်းတို့သည်လည်း ဗုဒ္ဓါနုဿတိကို ပွားများရာရောက်ပေသည်။ ထို့ပြင် ဘုရားရှင်၏ ကိုယ်စား ရုပ်ပွားဆင်းတုတော်များ၊ ဓာတ်တော်ကို ဌာပနာတည်ထားသည့် စေတီတော်များအား တစိမ့်စိမ့် ကြည့်ရှုကြည်ညို ဖူးမြော်နေလျှင်လည်း ဗုဒ္ဓါနုဿတိပင် ဖြစ်သည်။

ဗုဒ္ဓါနုဿတိကို ပွားများရာ၌ အစပထမတွင် အချို့ပုဂ္ဂိုလ်များ တစ်နေ့လျှင် ပုတီးပတ်ပေါင်း၊ ဂုဏ်တော်အရေအတွက်ပေါင်း ထောင်သောင်းချီ၍ရအောင် မြင်းပြေးနည်း ပုတီးစိတ်သကဲ့သို့ မဟုတ်ဘဲ သက်တော်ထင်ရှား မြတ်စွာဘုရား၏
စာမျက်နှာ-95


ပုံတော်ကို စိတ်မျက်စိကမြင်လျက် ဂုဏ်တော်၏အရည်အသွေး အနက်အဓိပ္ပာယ်ကိုလည်း သိလျက် ဖြည်းဖြည်းချင်း ရွတ်ဆိုပွား၍ ပုတီးစိပ်ခြင်းက ပို၍ ကောင်းမွန်လေသည်။

ဗုဒ္ဓါနုဿတိကို ပွားများအားထုတ်လိုသူသည် မိမိ၏ ရှေ့ငါးတောင်ခန့် အကွာ၌၊ သို့မဟုတ် မျက်စိဖြင့် ကြည့်ရှု၍ အဆင်ပြေမည့်နေရာ၌ သက်တော်ထင်ရှား မြတ်စွာဘုရား ဗောဓိပင်နှင့်ရွှေပလ္လင်ပေါ်တွင် သီတင်းသုံးနေတော်မူဟန်ကို မြင်အောင် စိတ်ဖြင့်ကြည့်ရမည်။ ကြံရမည်၊ စိတ်ကူးရမည်၊ ယင်းသို့ စိတ်ဖြင့် မြင်အောင် ကြည့်ကြံစိတ်ကူး၍ ခုနစ်ရက်ခန့် ဗုဒ္ဓါနုဿတိ ပွားရမည်။ ယင်းသို့ ပွားများ၍ ဘုရားပုံတော် ဘုရားအာရုံ စိတ်၌ စွဲမြဲစွာ မြင်လာပြီဆိုလျှင် ဘုရားရှင်ကို စေ့စေ့ကြည့်၍ စိတ်ဖြင့် “အရဟံ၊ အရဟံ” ဟု မြင်းပြေးနည်းဖြင့် ခပ်မြန်မြန် မနေမနား မီးပွတ်သောယောက်ျားကဲ့သို့ အားစိုက်၍ ပွားများရမည်။

သက်တော်ထင်ရှား မြတ်စွာဘုရား ဗောဓိပင်နှင့်ရွှေပလ္လင်ပေါ်တွင် ထိုင်နေတော်မူပုံကို စိတ်အာရုံ ကောင်းစွာထင်မြင်ပြီးနောက် မိမိ၏ ဦးခေါင်းပေါ် ဘုရားရှင်ထိုင်နေတော်မူပုံ၊ မိမိ၏ ဦးခေါင်းပေါ်၌ ဘုရားရှင် ရပ်နေတော်မူပုံ၊ မိမိဦးခေါင်းပေါ်၌ ဘုရားရှင် စင်္ကြံကြွနေတော်မူပုံ၊ မိမိဦးခေါင်းပေါ်၌ ဘုရားရှင် လျောင်းစက်နေတော်မူပုံ၊ သာဝတ္ထိပြည် သရက်ဖြူပင်ရင်း၌ ရောင်ခြည်တော် ခြောက်သွယ်လွှတ်လျက် လက်ယာဘက်မျက်လုံးတော်မှ ရေအလျှံဖွေးဖွေး ထွက်လျက်၊ လက်ဝဲဘက်မျက်လုံးတော်မှ မီးလျှံဝင်းဝင်းတောက်လျက်၊ လက်ယာဘက်နှာခေါင်းတော်မှ ရေအလျှံ ဖွေးဖွေးထွက်လျက်၊ လက်ဝဲဘက် နှာခေါင်းတော်မှ မီးအလျှံဝင်းဝင်းတောက်လျက်၊ လက်ယာဘက်နားတော်မှ ရေအလျှံ တဖွေးဖွေး ထွက်လျက်၊ လက်ဝဲဘက်နားတော်မှ မီးအလျှံဝင်းဝင်း တောက်လျက်... တန်ခိုးပြာဋိဟာ ပြနေတော်မူပုံ၊ တာဝတိံသာနတ်ပြည် ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်၌ နတ် ဗြဟ္မာ ပရိသတ်တို့အား အဘိဓမ္မာ တရား ဟောကြားတော်မူပုံ၊ တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်သို့ ကြွချီ ဆင်းသက်တော်မူရာတွင် လက်ယာရွှေစောင်းတန်းမှ သိကြားနတ်မင်းများ၊ လက်ဝဲငွေစောင်းတန်းမှ ဗြဟ္မာမင်းများခြံရံကာ နောက်တော်က နတ်ဗြဟ္မာ ပရိသတ်များ လိုက်ပါလျက် အလယ်ပတ္တမြားစောင်းတန်းမှ ဘုရားရှင် ကြွဆင်းတော်မူနေပုံ၊ သင်္ကဿနဂိုရ်ပြည်အရောက် စောင်းတန်းဦး၌ ရပ်တော်မူလျက် ရဟန်းရှင်လူ နတ်ဗြဟ္မာသိကြား ပရိသတ်များအား တရားဟောတော်မူနေပုံ၊ ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်အတွင်း အင်ကြင်းပင်ပျိုအကြား ခင်းထားသော မြသလွန်ညောင်စောင်းပေါ်၌ လျောင်းစက်တော်မူလျက် ပရိနိဗ္ဗာန်စံဝင်ကာနီး ဗြဟ္မာလူနတ် ပရိသတ်ကြီးအား နောက်ဆုံးတရား
စာမျက်နှာ-96


ဟောကြားနေတော်မူပုံ စသည့် သက်တော်ထင်ရှား ဘုရားရှင်၏ ပုံတော်များကို စိတ်အာရုံ၌ စွဲမြဲစွာ ထင်နေမြင်နေအောင် ခုနစ်ရက်ခန့်စီ စူးစူးစိုက်စိုက် ကြည့်ရှု၍ “အရဟံ၊ အရဟံ” စသည်ဖြင့် ပွားများရမည်။

ဘုရားဖူးသွားခြင်းသည် ဗုဒ္ဓါနုဿတိ

ရပ်ဝေး၊ ရပ်နီးနေ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် ရန်ကုန် မန္တလေး စသောမြို့ကြီးများရှိ တန်ခိုးကြီးဘုရား စေတီတော်များကို တစ်ကြိမ်မက နှစ်ကြိမ်မက အကြိမ်ကြိမ်သွားရောက်၍ ဘုရားဖူးကြ၏။ ဘုရားဖူးသွားမည့် ပုဂ္ဂိုလ်သည် “ဘုရားဖူးသွားမည်” ဟု စိတ်ကူးလိုက်ကတည်းကပင် တစ်ချိန်က မိမိသွားရောက်၍ ဖူးမြော်ခဲ့ဖူးသော ဘုရား ပုထိုး၊ စေတီတော်များကို စိတ်အာရုံရောက်ကာ ရှေ့တော်မှောက်၌ ဖူးမြော်ကြည်ညို နေရသကဲ့သို့ပင် မျက်စိ၌ ဘုရားပုံရိပ်တော်များ ထင်မြင်လာသည်။ အခါခါသတိရလာသည်။ မိမိဖူးမြော်ခဲ့ဖူးသော ဘုရားများကို အာရုံပြုလျက် စိတ်ကြည်လင်နေသည်။ ဝမ်းသာပီတိဖြစ်နေသည်။ ထိုအခါ ထိုသူသည် ဗုဒ္ဓါနုဿတိကို ပွားများနေသည်မည်၏။

တန်ခိုးကြီးဘုရားများကို တစ်ခါမျှ မဖူးမြော်ဖူးသော သူသည် ဘုရားဖူးသွားမည်ဟု စိတ်ကူးလိုက်သောအခါ သူများပြောသံကြားသဖြင့် ကြည်ညိုနေရသော ဘုရားစေတီတော်များ စိတ်မျက်စိ၌ ဝိုးတဝါးထင်မြင်လာသည်။ မိမိကိုယ်တိုင် လက်တွေ့ဖူးမြော်ရတော့မည်ဟု တွေးတောကာ ဝမ်းသာပီတိ ဖြစ်နေသည်။ ယင်းသို့ မဖူးမြင်ဖူးသော ဘုရားပုံတော်များကို အာရုံပြု၍ ကြည်နူးဝမ်းသာနေခြင်း သည်လည်း ဗုဒ္ဓါနုဿတိပင်တည်း။ အမှန်တကယ် သွားရောက်၍ ဖူးမြော်လိုက်ရသော အခါ၌မူကား ထိုသူ၏နှစ်သက်ဝမ်းမြောက်ခြင်း (ပီတိ ပါမောဇ္ဇ) တို့သည် ပို၍ ထူးကဲလာ၏။ ဗုဒ္ဓါနုဿတိ၏ အဆင့်အတန်းသည်လည်း ပို၍ မြင့်မားလာတော့၏။

ဘုရားသံကြားရုံမျှဖြင့် ကြည်ညိုစိတ်ဖြစ်ခြင်း

သာဝတ္ထိမြို့နေ အနာထပိဏ်သူဌေးကြီးနှင့် ရာဇဂြိုဟ်မြို့နေ ရာဇဂြိုဟ်သူဌေးကြီးတို့သည် သမီးယောက်ဖတော်စပ်ပြီး ကူးသန်းရောင်းဝယ်မှု၌လည်း အမြဲဆက်ဆံနေကြသည်။ ထုံးစံအရကုန်ရောင်း ကုန်ဝယ်လာသော ဧည့်သည် သူဌေးကို မြို့ခံအိမ်ရှင် သူဌေးက ခရီးဦးကြိုပြုကြရသည်။ သို့သော် အနာထပိဏ်သူဌေးကြီး ရာဇဂြိုဟ်သို့ လာသောနေ့၌ အိမ်ရှင် ရာဇဂြိုဟ်သူဌေးက သွားရောက်၍ ခရီးဦးကြိုဆိုမှု မပြုနိုင်ဘဲရှိနေသည်။ အကြောင်းကား—
စာမျက်နှာ-97


ရာဇဂြိုဟ်သူဌေးသည် ပထမဆုံးအကြိမ် ရာဇဂြိုဟ်မြို့သို့ ကြွရောက်တော်မူလာသည့် ဗုဒ္ဓဘုရားရှင် အမှူးရှိသော သံဃာတော်များအား ဆွမ်းကပ်ရန် စီမံနေရသောကြောင့်ဖြစ်သည်။

ရာဇဂြိုဟ်သူဌေးသည် ဆွမ်းကျွေးရန်ကိစ္စ စီမံဖွယ်များ ပြီးစီး၍ အတော်မိုးချုပ်မှ အနာထပိဏ်သူဌေးထံ သွားရောက် တွေ့ဆုံ နှုတ်ဆက်ရသည်။ အနာထပိဏ်သူဌေးက အလုပ်ကိစ္စများပြားခြင်းအကြောင်းကို မေးရာ ရာဇဂြိုဟ်သူဌေးက “ဗုဒ္ဓဘုရားရှင် အမှူးရှိသော သံဃာတော်များအား ဆွမ်းကပ်ရန် စီမံနေရကြောင်း” ပြောပြသည်။ ထိုအခါ “ဗုဒ္ဓ - ဘုရား” ဟူသော အသံကို ကြားလိုက်ရသည့် အနာထပိဏ်သူဌေးကြီးသည် သူ၏ တစ်ကိုယ်လုံး၌ ပီတိတွေ စိမ့်ဝင်လွှမ်းဖုံးသွားပြီး မေ့သလိုလို ဖြစ်သွားသည်။ ထို့နောက် “သူဌေးကြီး... ဗုဒ္ဓ ဟုတ်လား” ဟု မေးပြန်သဖြင့် ရာဇဂြိုဟ်သူဌေးက “ဟုတ်တယ် ဗုဒ္ဓ” ဟု ဖြေဆဲခဏမှာပင် တစ်ကိုယ်လုံး ပီတိတွေ လွှမ်းဖုံးသွားပြီး မေ့သလိုလို ဖြစ်ရပြန်သည်။ ထိုအဖြစ်မျိုး သုံးကြိမ်တိုင်တိုင် ဖြစ်လေသည်။

“မေ့သလိုလို” ဟု ဆိုရာ၌ တကယ်တမ်း မေ့မျောသွားသည် မဟုတ်ပေ။ တစ်ကိုယ်လုံး လွှမ်းမိုးစိမ့်ဝင်သွားသော ပီတိ၏အဟုန် အားကြီးသောကြောင့် တစ်စုံတစ်ခုကိုဆက်၍ မပြောနိုင် မမေးနိုင်ဘဲ ခေတ္တခဏ ရပ်တန့်နေခြင်း၊ ပီတိ၏ အရသာကို ခံစားနေခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အချို့သော သူတို့သည် အလွန် ဝမ်းသာရမည့် သတင်းစကားကို ကြားလိုက်ရသောအခါ ဝမ်းသာလုံးဆို့ပြီး ဘာဆက်ပြောရမှန်း မသိဘဲ ရပ်တန့်သွားသကဲ့သို့ပင် ဖြစ်သည်။ အနာထပိဏ်သူဌေးကြီးသည် ဗုဒ္ဓဘုရားရှင်၏ ကျောင်းဒကာဖြစ်ဖို့ရန်အတွက် လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက်ကစ၍ ပဒုမုတ္တရမြတ်စွာဘုရားထံတွင် ဆုပန်ခဲ့ရသည်။ ထို့ကြောင့် “ဗုဒ္ဓ - ဘုရား” ဟူသော အသံကို ကြားရရုံမျှဖြင့် သူ၏ နားဝတွင် အလွန်အရသာတွေ့၍ မေ့သလိုဖြစ်ရလေသည်။

ဗုဒ္ဓ၏ ရူပကာယတော်ကို ကြည်ညိုခြင်း

ဗုဒ္ဓဘုရားရှင်သည် ၃၂-ပါးသော လက္ခဏာတော်ကြီး၊ ၈၀-သော လက္ခဏာတော်ငယ်တို့နှင့် ပြည့်စုံတော်မူသော မဟာပုရိသ ယောက်ျားမြတ် ဖြစ်သည်။ ရူပကာယ အဆင်းတော်၏ လှပသပ္ပါယ် တင့်တယ်မှုမှာလည်း မည်သူတစ်ဦးတစ်ယောက်နှင့်မျှ တုနှိုင်း၍ မရနိုင်ပေ။ အသံတော်၏ ကြည်လင်မှုမှာလည်း မည်သည့်အသံနှင့်မျှ တုနှိုင်း၍ မရနိုင်ပေ။ ယင်းကဲ့သို့ မည်သူ တစ်ဦးတစ်ယောက်နှင့်မျှ တုနှိုင်း၍ မရနိုင်ခြင်းမှာ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း...
စာမျက်နှာ-98


ဖြည့်ဆည်းပူးခဲ့သော ပါရမီကောင်းမှုအစုစုတို့၏ စွမ်းရည်သတ္တိများကြောင့် ဖြစ်ပေသည်။ အယူတစ်ပါးရှိသူများနှင့် တိရစ္ဆာန်တို့သည်ပင် ဗုဒ္ဓဘုရားရှင်အား ကိုးကွယ်ဆည်းကပ်လာကြပြီး အကျွတ်တရား ရသွားကြလေသည်။

အယူတစ်ပါးရှိသူ တိတ္ထိအယူရှိသူ ဝက္ကလိပုဏ္ဏားသည် ဗုဒ္ဓဘုရားရှင်အား မြင်တွေ့လိုက်ရသောအခါ ဘုရားရှင်၏ လှပတင့်တယ် သပ္ပါယ်မှုကို ကြည့်ရှု၍ မဝနိုင်အောင် ဖြစ်လေသည်။ သို့အတွက် ဘုရားရှင်အား အမြဲဖူးတွေ့နိုင်ရန် ရဟန်းပြုလေတော့သည်။ ရဟန်းပြုပြီးသောအခါ ဆွမ်းစားချိန်မှလွဲ၍ ကျန်အချိန်များတွင် ဘုရားရှင်အား မြင်နိုင်ရာအရပ်မှနေ၍ အမြဲတစေ ကြည့်ရှုဖူးမြော်နေသည်။ ထိုအခါ ဘုရားရှင်က “ငါ၏ ကိုယ်ကောင်ပုပ်ကို ကြည့်ရှုနေ၍ သင့်အား ဘာအကျိုးရှိမည်နည်း၊ တရားကိုမြင်မှ ငါဘုရားကို မြင်နိုင်မည်၊ တရားအားထုတ်မှုသာ ငါဘုရားကို မြင်နိုင်မည်” ဟု ဆုံးမတော်မူလေသည်။

ရဟန်းရှင်လူတို့၏ ကြည်ညိုမှုကို ထားဘိဦး၊ ဘုရားရှင်သည် ဝေဒိယကတောင် ဣန္ဒသာလဂူ၌ သီတင်းသုံးနေတော်မူစဉ် ခင်ပုပ်ငှက်သည် ဘုရားရှင်အား ကြည်ညိုလွန်းလှ၍ ဆွမ်းခံကြွရာတွင်လည်း လမ်းတစ်ဝက်ထိလိုက်၍ ဖူးမြော်သည်။ ဆွမ်းခံအပြန်တွင်လည်း လမ်းတစ်ဝက်မှ ကြို၍ ဖူးမြော်သည်။ ညအခါ ရဟန်းများ ခြံရံလျက် ဘုရားရှင် ထိုင်နေသောအခါ၌လည်း အတောင်နှစ်ဘက်ကို လက်အုပ်ချီသည့်ပမာ ယှက်မိုးလျက် ဦးညွတ်ရှိခိုးနေလေသည်။

ဘုရားရှင်၏ အသံတော်ကို ကြည်ညိုခြင်း

အသံအင်္ဂါရှစ်ပါးနှင့် ပြည့်စုံပြီး ကြည်လင်ချိုမြ သာယာလှသော ဘုရားရှင်၏ အသံတော်ကို နားထောင်နေစဉ် အသက်ဆုံးရှုံးရသော ဖားငယ်သည် နတ်ပြည်ရောက်ရသော သာဓကရှိသည်။ (ဤလက်စွဲကျမ်း ပ၊ ၆၇၈) ဘုရားရှင်၏ ပကတိအသံတော်စစ်စစ်ကို မဆိုထားဘိဦး၊ ဘုရားရှင်၏ အသံတော်နှင့် ဆင်တူရိုးမှား အသံကိုကြား၍ ဘုရားရှင်၏ အသံတော်ကို အာရုံပြုကာ သောတာပန် တည်ခဲ့ဖူးသော သာဓကတစ်ရပ်လည်း ရှိသေးသည်။

သီရိဓမ္မာသောကမင်းကြီး၏ မိဖုရား အသန္ဓိမိတ္တာဒေဝီသည် ဘုရားရှင်၏ အသံတော်ကို ကြားချင်လှ၍ ရဟန်းတော်များအား မေးလျှောက်ရာ “ဘုရားရှင်၏ အသံတော်နှင့် ဆင်တူရိုးမှား သာယာသောအသံမှာ ကရဝိက်ငှက်မင်း၏ အသံဖြစ်ကြောင်း” ပြောပြချက်အရ မိဖုရား၏ ဆန္ဒပြည့်စေရန် မင်းကြီးက ကရဝိက်ငှက်မင်းကို ခေါ်ဆောင်၍ တွန်ကျူးအောင် ပြုလုပ်၏။ ကရဝိက်ငှက်မင်း၏ အလွန်ချိုမြိန်သာယာသော အသံကို ကြားရသောအခါ “တိရစ္ဆာန်၏...
စာမျက်နှာ-99


အသံသည်ပင် ဤမျှလောက် သာယာနေလျှင် ဘုရားရှင်၏ အသံတော်မှာ နှိုင်းဖွယ်ရာမရှိ” ဟု စဉ်းစားဆင်ခြင်၍ ဘုရားရှင်၏ အသံတော်ကို အာရုံပြုလျက် တစ်ကိုယ်လုံး ပီတိဖုံးလွှမ်းပြီး အသန္ဓိမိတ္တာဒေဝီနှင့် မောင်းမ ခုနစ်ရာတို့ သောတာပန် တည်ကြလေသည်။

ဗုဒ္ဓရုပ်ပွားတော်ကို ကြည်ညိုခြင်း

မြန်မာနိုင်ငံတော်ကို နယ်ချဲ့အင်္ဂလိပ်တို့ အုပ်စိုးစဉ်က ရွှေဘိုမြို့တွင် တာဝန်ကျသော အင်္ဂလိပ်အရေးပိုင်ကြီး တစ်ဦးရှိသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် အနေကြာသောအခါ မြန်မာတို့၏ ကိုးကွယ်မှု ယဉ်ကျေးမှု ဓလေ့ထုံးစံများကိုလည်း အတော်အတန် သိလာသည်။ ဝါသနာအရ သူတစ်ပါးဘာသာ အယူဝါဒကိုလည်း လေ့လာသည်။ “ဘုရား” ဟု အမည်ခံရသော ပုဂ္ဂိုလ်တို့၏ ဘဝသမိုင်းကြောင်း၊ ထို့နောက် ၎င်းတို့ဟောသော တရားများ၊ ထို့နောက် ၎င်းတို့၏ ရုပ်ပုံတော် စသည်ဖြင့် အဆင့်ဆင့် လေ့လာသည်။

ပုံတော်များကို လေ့လာရာ၌ မြန်မာနိုင်ငံတွင် ကိုးကွယ်နေကြသော ဗုဒ္ဓဘုရားရှင်၏ ပုံတော်နှင့် အခြား ဘာသာဝင်တို့၏ ဘုရားပုံများကို နှိုင်းယှဉ်၍ ကြည့်ရှုလေ့လာသည်။ ဘုရားပုံတော်များ၌ မည်သည့် ဘုရားပုံက တည်ငြိမ်သည်၊ ဣန္ဒြေရှိသည်၊ ခန့်ငြားသည်၊ မေတ္တာဓာတ် ပြည့်ဝသည် စသည်ဖြင့် ပုံကို စေ့စေ့ကြည့်၍ စဉ်းစားသည်၊ ဝေဖန်သည်။ နောက်ဆုံးတွင် သူသည် ဗုဒ္ဓဘုရားရှင်၏ ပုံတော်၌ တည်ငြိမ်လေးနက်မှု၊ ဣန္ဒြေရှိမှု၊ မေတ္တာဓာတ် ပြည့်ဝမှုတို့ကို တွေ့မြင်လာသည်။ ထိုအခါ သူသည် ဗုဒ္ဓဘုရားရှင်၏ ပုံတော်ကို အိမ်ဦးခန်း အမြင့်တစ်နေရာ၌ သေသေသပ်သပ်ထားလျက် ဦးတိုက်လေသည်။ ထိုနေ့မှစ၍ အင်္ဂလိပ်အရေးပိုင်ကြီးနှင့် သူ၏ မိသားစုတို့ ဗုဒ္ဓဘာသာသို့ ကူးပြောင်းကာ သရဏဂုံသုံးပါး၌ တည်ကြတော့သည်။

ဂုဏ်တော်တစ်ပါး ပွားလျှင် အားလုံးအကျုံးဝင်

ဗုဒ္ဓဘုရားရှင်၏ ဂုဏ်တော်များသည် မရေမတွက်နိုင်အောင် များ၏။ ကောင်းကင်ပြင်ကဲ့သို့ အဆုံးမရှိပေ။ ဘုရားတစ်ဆူသည် အခြားသော စကားကို မဆိုဘဲ ဘုရားတစ်ဆူ၏ ဂုဏ်တော် ကျေးဇူးတော်များကိုသာ ဟောပြောသော်လည်း ကမ္ဘာကြီးသာ ကုန်ဆုံးသွားရာ၏၊ ဂုဏ်ကျေးဇူးတော်တို့ကား မကုန်နိုင်ကြောင်း အဋ္ဌကထာဆရာကြီးက ဖွင့်ဆိုတော်မူခဲ့သည် (ဒီ၊ ဋ္ဌ၊ ၁၊ ၂၅၇)။ ဤမျှ များပြားသော ဘုရားရှင်၏ ဂုဏ်တော်များကို အားလုံး ပွားနိုင်ဖို့ မဆိုထားဘိဦး၊ သိဖို့ရန် မစွမ်းနိုင်ချေ။ ဘုရားရှင်၏ ဂုဏ်တော်များ...
စာမျက်နှာ-100


မည်မျှပင် များပြားစေကာမူ မိမိဉာဏ်နှင့် တန်ရုံ ဂုဏ်တော်တစ်ပါးပါးကို အောက်မေ့ပွားများလျှင် များစွာသော ဂုဏ်တော်တို့ကို ပွားများရာ ရောက်ပေသည်။

အလုံးစုံသော ကမ္မဋ္ဌာန်းတို့တွင် ဘုရားရှင်၏ ဂုဏ်တော်၊ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို အကြီးကဲဆုံး အမွန်မြတ်ဆုံး ဟူ၍ သိအပ်၏။ ထို့ကြောင့် ပဒုမုတ္တရ မြတ်စွာဘုရားရှင်က နန္ဒရသေ့အား “နန္ဒရသေ့၊ ဘာဝနာတကာတို့ထက် အမြတ်ဆုံးဖြစ်သော ဗုဒ္ဓါနုဿတိဘာဝနာကို စီးဖြန်းပွားများလော့” ဟု မိန့်တော်မူခဲ့သည်။

အလုံးစုံသော ဘုရားရှင်၏ ဂုဏ်တော်ကျေးဇူးတော်အပေါင်းတို့တွင်လည်း “အရဟံ” ဂုဏ်တော်သည် အကြီးအမှူး အဦးအဖျား ဖြစ်၏။ အရဟံ ဂုဏ်တော်ကို အကျယ်ဖွင့်ဆို၍ ချီးမွမ်းသည်ရှိသော် ပိဋကတ်သုံးပုံထက်ပင် များပြားရာ၏။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် များသောအားဖြင့် “အရဟံ” ဂုဏ်တော်ကိုသာ အဓိကထား၍ ပွားများကြလေသည်။ အရဟံဂုဏ်တော် တစ်ပါးကို ပွားများလျှင် အခြားဂုဏ်တော်များကိုလည်း ပွားများရာ ရောက်လေတော့သည်။

ဂုဏ်တော်၏ သိမ်မွေ့နက်နဲမှု

ဘုရားရှင်၏ ဂုဏ်တော် ကျေးဇူးတော်များကို အဖန်ဖန် အထပ်ထပ် အောက်မေ့ သတိရခြင်းအားဖြင့် ရတနာသုံးပါးအပေါ် ယုံကြည်မှု သဒ္ဓါတရားသည် အလွန်ပင် ထက်သန်လာ၏။ ကိုယ်အသက်ကို စွန့်လွှတ်၍ လှူဒါန်း ပူဇော်နိုင်သည်အထိ ဖြစ်လာ၏။ အသိဉာဏ်ပညာများ တိုးပွားရင့်ကျက်၍ စိတ်ဓာတ်ကြံ့ခိုင် တည်ငြိမ်လာ၏။ ရာဂ၊ ဒေါသ၊ မောဟတို့ လွှမ်းမိုး နှိပ်စက်သော စိတ်များလည်း ဖြစ်ပေါ်မလာနိုင်ပေ။ နီဝရဏ အနှောင့်အယှက်တရားများလည်း ကင်းကွာသွား၏။ ထိုအခါ ဥပစာရသမာဓိ ဟုခေါ်သော ဈာန်နှင့် နီးကပ်သည့် သမာဓိ ဖြစ်ပေါ်လာတော့၏။

ဗုဒ္ဓါနုဿတိစသော ကမ္မဋ္ဌာန်း (၁၀) မျိုးကို စီးဖြန်းပွားများခြင်းအားဖြင့် ပရိကမ္မနိမိတ် စသော နိမိတ်များ မထင်လာနိုင်ပေ။ ထို့အတူ ဈာန်လည်း မရနိုင်ချေ။ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်စသည်တို့သည် အလွန်နက်နဲသိမ်မွေ့သော ပရမတ္ထတရားများဖြစ်၍ နိမိတ်အာရုံ မရကောင်းသောကြောင့် ဖြစ်ပေသည်။ ဗုဒ္ဓဂုဏ်တော်ပွားနည်းနှင့် အကျိုးတရားများကို...
စာမျက်နှာ-101


ဤလက်စွဲကျမ်း ပထမတွဲ၌ အကျယ်ပြဆိုခဲ့ပြီ။ သို့ရာတွင် ဗုဒ္ဓဂုဏ်တော် ပွားခြင်းကြောင့် ဘဝအဆက်ဆက် ကောင်းကျိုးရပုံ သာဓကအနည်းငယ်မျှ ထုတ်ပြပါဦးမည်။

အရှင်သုဘူတိ

ရှေးလွန်ခဲ့သော ကမ္ဘာတစ်သိန်းကျော်ကာလက ပွင့်တော်မူသော ပဒုမုတ္တရ ဘုရားရှင် လက်ထက်တော်၌ ဟံသာဝတီပြည်တွင် ချမ်းသာကြွယ်ဝသော ပုဏ္ဏားတစ်ယောက် ရှိ၏။ ထိုပုဏ္ဏား၏အမည်မှာ “နန္ဒ” ဖြစ်သည်။ နန္ဒသည် အရွယ်ရောက်သောအခါ ရသေ့ဝတ်၍ တပည့်ရသေ့အပေါင်း ရှစ်သောင်းလေးထောင်နှင့်အတူ ဟိမဝန္တာ၌ နေ၏။ တစ်နေ့တွင် ပဒုမုတ္တရဘုရားရှင်သည် ထိုရသေ့တို့ထံသို့ ကြွတော်မူ၏။ ရသေ့တို့ကလည်း ဘုရားရှင်အား ပန်းသစ်သီးတို့ဖြင့် ပူဇော်ကြ၏။ ထိုအခါ ဘုရားရှင်က နန္ဒရသေ့အား—

“နန္ဒရသေ့၊ သင်သည် ဘာဝနာတကာတို့ထက် အမြတ်ဆုံးဖြစ်သော ဗုဒ္ဓါနုဿတိဘာဝနာကို စီးဖြန်းလော့၊ ဗုဒ္ဓါနုဿတိဘာဝနာကို စီးဖြန်းသော ကောင်းမှုကြောင့် သင်သည် ကမ္ဘာသုံးသောင်းပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလိမ့်မည်။ နတ်တကာတို့ကို အစိုးရသော သိကြားမင်း အကြိမ်ရှစ်ဆယ် ဖြစ်လိမ့်မည်။ စကြာမင်း အကြိမ် တစ်ထောင် ဖြစ်လိမ့်မည်။ ပဒေသရာဇ်မင်းအဖြစ်ကား မရေမတွက်နိုင် ဖြစ်လတ္တံ့၊ ဘဝကြီးငယ်တို့၌ ကျင်လည်စဉ် အသုံးအဆောင် ဥစ္စာရတနာရလိမ့်မည်။ ရတနာတို့သည် မဆုတ်ယုတ်နိုင်၊ ကမ္ဘာတစ်သိန်း အပါယ်မလားရ၊ ဂေါတမဘုရားရှင်လက်ထက်၌ ကုဋေရှစ်ဆယ်သော ဥစ္စာတို့ကိုစွန့်၍ ရဟန်းပြုပြီး ‘သုဘူတိ’ အမည်ဖြင့် ဧတဒဂ်ဘွဲ့ရ ရဟန္တာဖြစ်လတ္တံ့—”

ဟု ဗျာဒိတ်ပေးတော်မူ၏။

နန္ဒရသေ့သည် ပဒုမုတ္တရဘုရားရှင်၏ အဆုံးအမ၌တည်၍ ဗျာဒိတ်တော်ရခဲ့သည့်အတိုင်း ဂေါတမဘုရားရှင်လက်ထက်တော်၌ ကုဋေရှစ်ဆယ်ကြွယ်ဝသော သူဌေးမျိုး၌ ဖြစ်၍ ပစ္စည်းတို့ကို စွန့်ပယ်ကာ ရဟန်းပြုခဲ့ပြီး “အရှင်သုဘူတိ” ရဟန္တာဟု ထင်ရှားခဲ့သည်။ ကိလေသာမြူကင်းသော နေထိုင်ခြင်းနှင့် မြတ်သော အလှူခံထိုက်ခြင်းတို့၌ အမြတ်ဆုံးပုဂ္ဂိုလ်အဖြစ် ဧတဒဂ်ဘွဲ့ကို ရတော်မူခဲ့သည်။
စာမျက်နှာ-102


သိင်္ဂါလ၏ မိခင်

ပဒုမုတ္တရ ဘုရားရှင်လက်ထက်တော်၌ အမတ်ကြီးတစ်ယောက်၏ သမီးသည် အရွယ်ရောက်သောအခါ ရဟန်းမ (ဘိက္ခုနီမ) ပြုလုပ်၏။ သူသည် ရတနာသုံးပါးကို မြတ်နိုး၏၊ တရားပွဲတိုင်း မလွတ်တမ်း တရားနာ၏၊ ဘုရားရှင်ကို ကြည်ညိုခဲ့သည်။ ထိုကောင်းမှုကြောင့် ကမ္ဘာတစ်သိန်း အပါယ်မလားခဲ့ရပေ။ ဂေါတမဘုရားရှင် လက်ထက်တော်၌ သူဌေးသမီးဖြစ်လာပြီး သူဌေးသားနှင့် ထိမ်းမြား၍ သိင်္ဂါလသတို့သားကို ဖွားမြင်ခဲ့သည်။ ထို့နောက် ရဟန်းမ (ဘိက္ခုနီ) ပြုလုပ်ပြီး ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများ၍ ဝိပဿနာသို့ ကူးခြင်းဖြင့် ရဟန္တာမ အဖြစ်သို့ ရောက်ရှိခဲ့သည်။ ဗုဒ္ဓဘုရားရှင်ကို သဒ္ဓါပိုမို လွန်ကြည်ညိုသော မိန်းမတို့တွင် ဤသိင်္ဂါလ၏ မိခင် (အရှင်မသိင်္ဂါလမာတာ) သည် ဘုရားရှင်အား ထူးကဲကြည်ညို သဒ္ဓါပိုရာ၌ အမြတ်ဆုံး ဧတဒဂ်ဘွဲ့ ရရှိလေသည်။

အရှင်ဖုဿဒေဝ

အရှင်ဖုဿဒေဝမထေရ်သည် မာရ်နတ်မင်း ဖန်ဆင်း၍ပြသော ဗုဒ္ဓဘုရားရှင်၏ ပုံသွင်ကို ဖူးမြင်ရ၏။ ထိုအခါ အရှင်ဖုဿဒေဝ၏ စိတ်၌ “ရာဂ၊ ဒေါသ၊ မောဟ မကင်းသေးသူ ဖန်ဆင်းအပ်သော ပုံတော်သည်ပင် ဤမျှတင့်တယ်သေးလျှင် ရာဂ၊ ဒေါသ၊ မောဟကင်းပြီးသော ဘုရားရှင်မှာမူကား အဘယ်ဆိုဖွယ် ရှိတော့အံ့နည်း၊ အလွန်တင့်တယ်တော်မူမည်တကား” ဟု ဘုရားလျှင် အာရုံရှိသော ဗုဒ္ဓါရမ္မဏပီတိကိုရပြီး (ဗုဒ္ဓါနုဿတိကို ပွားများပြီး) ဝိပဿနာကို အားထုတ်ရာ အရဟတ္တဖိုလ်သို့ ရောက်ရှိလေသည်။

ကုန်သည်နှင့် ဘုတ်ဘီလူး

အမတ်တစ်ယောက်သည် နန္ဒီကုန်သည်၏ မယားအား တပ်မက်နေသည်။ နန္ဒီကုန်သည်လည်း အရောင်းအဝယ် သွားနေ၏။ အမတ်သည် သူ့လင်ကိုသတ်၍ သူ့မယားကို အပိုင်ကြံရန်အတွက် ဆေးသမား (အောက်လမ်းဆရာ) ကို ခေါ်၍ သူသေကောင်ကို ဘုတ်သွင်းစေသည်။ ထို့နောက် သန်လျက်ဖြင့် နန္ဒီကိုသတ်ရန် စေလွှတ်လိုက်သည်။ ဘုတ်ဘီလူးသည် အရောင်းအဝယ်မှ ပြန်လာသော နန္ဒီနှင့် လမ်းမှာတွေ့လေလျှင် အခိုးအလျှံကိုလွှတ်၍ ကြောက်မက်ဖွယ်ကို ပြ၏။ ထိုအခါ နန္ဒီသည် “ဣတိပိ သော ဘဂဝါ အရဟံ” စသည်ဖြင့် ရွတ်ဆို၍ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်းရာ သံတံတိုင်းကာထားသကဲ့သို့ ဘုတ်ဘီလူးထင်၍ လွှတ်သူထံ ပြန်လေသည်။ ဆေးသမားက သုံးကြိမ်တိုင်တိုင် လွှတ်၏၊ သို့သော် မအောင်...
စာမျက်နှာ-103


မြင်ပေ။ နောက်ဆုံးတွင် ဘုတ်သွင်းထားသော ဘုတ်ဘီလူးသည် အမတ်နှင့် ဆေးသမားအား သန်လျက်ဖြင့် ခုတ်သတ်လိုက်တော့၏။

မဟာကပ္ပိနမင်းကြီး

ကုက္ကုဋ္ဌဝတီပြည့်ရှင် မဟာကပ္ပိနမင်းကြီးသည် ဘုရားရှင်ထံသို့အသွား အပရစ္ဆာမြစ်သို့ အရောက်တွင် ဟိုဘက်ကမ်းသို့ ကူးရန် လှေ၊ ဖောင် မရှိသဖြင့် ဘုရားရှင်ကို အာရုံပြုကာ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း စီးဖြန်းလျက် မြင်းစီး အမတ်တစ်ထောင်နှင့်အတူ မြစ်ရေပြင်၌ မြင်းကိုစိုင်းနှင်ရာ ကျောက်ဖျာထက်တွင် စိုင်းနှင်ရသကဲ့သို့ မြင်းခွာဖျားကိုမျှ ရေမစိုဘဲ ဟိုဘက်ကမ်းသို့ ရောက်ကြလေသည်။

ဓမ္မာနုဿတိပွားများပုံ

ဓမ္မာနုဿတိ ဆိုသည်မှာ တရားတော် သို့မဟုတ် တရားဂုဏ်တော်တို့ကို အဖန်တလဲလဲ အထပ်ထပ် အမြဲမပြတ် အောက်မေ့နေသော သတိကိုဆိုသည်။ (ဓမ္မ + အနု + သတိ။ ဓမ္မ = တရား + အနု = အဖန်တလဲလဲ + သတိ = အောက်မေ့မှု)

ဓမ္မာနုဿတိ၌ ဓမ္မအရ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်၊ ပရိယတ်အားဖြင့် ဤဆယ်ပါးသော တရားကို ဆိုလိုသည်။ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်တည်းဟူသော လောကုတ္တရာတရား (ဓမ္မ) ကိုးပါးတို့သည် သွာက္ခာတ စသော ဂုဏ်တော် (၆) ပါးလုံး၌ အကျုံးဝင်ကြ၏။ သို့ရာတွင် ပရိယတ္တိဓမ္မသည်ကား သွာက္ခာတဂုဏ်တော်၌သာ အကျုံးဝင်လေသည်။ ပရိယတ္တိ (ပိဋကတ်သုံးပုံ) တရားတော်သည် အစ အလယ် အဆုံး သုံးပါးလုံးကောင်းသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ပြည့်စုံကောင်းမြတ်သော အနက် သဒ္ဒါရှိသည့်ပြင် အလုံးစုံ အကြွင်းမဲ့ ပြည့်စုံ၍ ထက်ဝန်းကျင် စင်ကြယ်သော အကျင့်မြတ်ကို ပြတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း... ကောင်းစွာ ဟောကြားအပ်သော (သွာက္ခာတ) တရားမည်လေသည်။

ဓမ္မာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်ရာ၌လည်း ပြင်ပအာရုံများမှ ကင်းဝေး ဆိတ်ငြိမ်သော နေရာကို ရွေးချယ်အပ်၏။ ထိုနေရာ၌ တရားတော်များ၊ တရားတော်၏ ဂုဏ်တော်များကို အဖန်ဖန်အထပ်ထပ် ရွတ်ပွားစီးဖြန်းအပ်၏။ ယင်းသို့ ရွတ်ပွားစီးဖြန်းရာ၌လည်း တရားတော်၊ တရားဂုဏ်တော်တို့၏ အနက်အဓိပ္ပာယ်ကို သိရှိနားလည်လျက် ရွတ်ပွားလျှင် ပို၍ကောင်းမွန်သည်။ တရားဂုဏ်တော်များ၏ အနက်အဓိပ္ပာယ်ကို ဤ ဗုဒ္ဓဘာသာလက်စွဲကျမ်း (ပထမတွဲ) ၌ ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
စာမျက်နှာ-104


ဤပြဆိုပြီးသည့်အတိုင်း တရားဂုဏ်တော် ၆ ပါးလုံးကို ဖြစ်စေ၊ မိမိရရာ အာရုံကျရာ ဂုဏ်တော်တစ်ပါးပါးကိုဖြစ်စေ အဖန်တလဲလဲ အောက်မေ့ဆင်ခြင် ပွားများနေသော ပုဂ္ဂိုလ်အား ရာဂ၊ ဒေါသ၊ မောဟ လွှမ်းမိုး နှိပ်စက်သော စိတ်များ ဖြစ်ပေါ်မလာနိုင်ပေ။ သို့အတွက် နီဝရဏတရားများလည်း ကင်းကွာလာသည်။ ရတနာသုံးပါးအပေါ် ယုံကြည်မှု သဒ္ဓါတရား အလွန်ထက်သန်လာသည်။ ကိုယ့်အသက်ပင် စွန့်လွှတ်၍ ပူဇော်နိုင်သည်အထိ ယုံကြည်မှု အားကောင်းလာသည်။ အသိဉာဏ်ပညာ ရင့်ကျက်လာပြီး စိတ်ဓာတ်လည်း အလွန်တည်ကြည် ခိုင်ခံ့လာသည်။

ဓမ္မာနုဿတိ ပွားများသူသည် တရားဂုဏ်တော်၏ အလွန်နက်နဲ သိမ်မွေ့သော ပရမတ္ထတရားဖြစ်၍ နိမိတ်အာရုံထင်စကောင်းသော အရာမဟုတ်သောကြောင့် အပ္ပနာဈာန်သို့ကား မရောက်နိုင်ပေ။ နီဝရဏတရားများ ကင်းကွာသော ခဏ၌ ဥပစာရဈာန်သို့မူကား ရောက်နိုင်၏။

ဓမ္မာနုဿတိအကျိုး

သုံးပုံပိဋကတ် ပရိယတ်တရားတော်များ၊ တရားဂုဏ်တော်များကို ရွတ်ဆို ပွားများ စီးဖြန်းခြင်းအားဖြင့် ဓမ္မာနုဿတိကမ္မဋ္ဌာန်း အားထုတ်သူသည် တရားပိုင်ရှင် ဖြစ်တော်မူသော ဘုရားရှင်အား ရိုသေတုပ်ဝပ်ခြင်း၊ တရားတော်အား ရိုသေလေးစားခြင်းနှင့် တရားအဆုံးအမအတိုင်း လိုက်နာကျင့်ကြံခြင်းတို့... အားကောင်းလာသည်။ သဒ္ဓါစသောတရားများလည်း တိုးပွား ပြန့်ပြောလာသည်။ နှစ်သက်ဝမ်းမြောက် ကြည်နူးမှုလည်း ဖြစ်လာသည်။ ကြောက်မက်ဖွယ်ရာ ဘေးကြီးဘေးငယ် အသွယ်သွယ်တို့ကို ကြောက်ရွံ့ခြင်းမှလည်း ကင်းဝေးလာသည်။ ဆင်းရဲဒုက္ခအမျိုးမျိုးကိုလည်း သည်းခံနိုင်စွမ်း ရှိလာသည်။ မိမိကိုယ်ကို တရားတော်နှင့်အတူ နေရသကဲ့သို့ ထင်မှတ်လာသည်။ တရားတော်များ၊ တရားဂုဏ်တော်များကို မပြတ်ပွားများ အားထုတ်နေသဖြင့် တရားတော်များ ကိန်းအောင်းဌာပနာရာ စေတီအိမ် ပိဋကတ်တိုက်ကဲ့သို့ဖြစ်၍ ပူဇော်ခံထိုက်သူ ဖြစ်လာသည်။ မဂ်ဖိုလ်တရားထူးကို ရလိုစိတ်လည်း ရှိလာသည်။ ကျူးလွန်စရာ အရာဝတ္ထုများနှင့် တွေ့ကြုံသော်လည်း မိမိပွားများနေသော တရားတော်၏ ဂုဏ်တော်များကို အမှတ်ရကာ မကောင်းမှုမှ ရှက်ကြောက်မှု ဖြစ်လာပြီး မကျူးလွန်မိပေ။ ဓမ္မာနုဿတိ ကမ္မဋ္ဌာန်းကို အားထုတ်ခြင်းကြောင့် မဂ်ဖိုလ်တရားထူးကို ထိုးထွင်း၍ မသိနိုင်သော်လည်း ကောင်းရာသုဂတိ ဘုံဘဝသို့ကား မုချလားရောက်ရလေသည်။
စာမျက်နှာ-105


တရားနာရ၍ ကျွတ်တမ်းဝင်ခြင်း

ဗုဒ္ဓတရားတော်၏ အစွမ်း၊ တရားဂုဏ်တော်တို့၏ အစွမ်းကား အံ့မခန်းလောက်အောင် စွမ်းရည်သတ္တိရှိလှပေ၏။ တရားကို နာကြားရခြင်းကြောင့် ကြမ်းတမ်း ရိုင်းစိုင်းသော လူနတ်တိရစ္ဆာန်များသည် ယဉ်ကျေးသိမ်မွေ့ကြရ၏။ တရားကျင့်သူ မှန်သမျှ တရား၏အရသာကို ကိုယ်စီကိုယ်င ခံစားကြရ၏။ တရားကို စောင့်ထိန်းလိုက်နာပါက ထိုသူအား နေရာမရွေး အချိန်မရွေး လိုက်လံ၍ ချမ်းသာရောက်အောင် ကာကွယ်စောင့်ရှောက်ပေး၏။

ဗုဒ္ဓမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် မိဂဒါဝုန်တော၌ ပထမဦးဆုံး ဓမ္မစကြာတရားဦးကို ဟောကြားတော်မူသောအခါ ဗြဟ္မာ၊ လူ၊ နတ်၊ ပရိသတ်ပေါင်း ၁၈ ကုဋေ ကျွတ်တမ်းဝင်ခဲ့ကြသည်။

အသက်ကြီးသည် ငယ်သည်မဟုတ်၊ တရားသဘောကို သိမြင်နားလည်သူသည် နိဗ္ဗာန်ဆုကို အပိုင် ရယူနိုင်သည်။ မှန်၏။ ကျောင်းအမကြီးဝိသာခါသည် ၇-နှစ်အရွယ် ကလေးငယ် ဘဝတွင် တရားတော်ကို နာကြားရ၍ သောတာပန် အရိယာ ဖြစ်ခဲ့သည်။ ရှင်ပြုဖို့ရန်အတွက် ခေါင်းရိတ်ခံရင်း တရားရှုမှတ်ပွားများနေသော ၇-နှစ်အရွယ် ရှင်လောင်းငယ်ကလေးသည် ဆံချနေစဉ် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်အဆင့်ဆင့်တက်၍ နောက်ဆုံး ဆံချပြီးချိန်၌ ရဟန္တာဖြစ်လေသည်။ ထို ကိုရင်ငယ်လေးကား နောင်တွင် “အရှင်ဒဗ္ဗ” ဟူ၍ ထင်ရှားလာခဲ့သည်။ ထို့အတူ “ရှင်ပဏ္ဍိတ၊ ရှင်သုခ၊ ရှင်သောပါက၊ ရှင်စူဠသုမန” စသောကိုရင်ငယ်လေးများသည်လည်း ၇-နှစ်အရွယ်မှာပင် ရဟန္တာဖြစ်ခဲ့ကြသည်။ အသက်အငယ်ဆုံး ရဟန္တာဖြစ်သော ကိုရင်လေးမှာ “ရှင်ပဉ္စသီလသမာဒါနိယ” ဖြစ်သည်။ ထို ကိုရင်ကလေးသည် ၅-နှစ်သား အရွယ်တွင် ရဟန္တာဖြစ်ခဲ့သည်။ ကြီးငယ်မဟူ တရားတော်၏ အရသာကို ခံစားခွင့် ရကြသည်မှာ အံ့ဩဖွယ် ကောင်းပေစွတကား။

တရားတော်က စောင့်ရှောက်ခြင်း

ဗုဒ္ဓဘာသာဝင်မှန်သမျှတို့သည် “ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ” ဟူသော ဂါထာပါဠိကို ရဖူး ကြားနာဖူးကြသည်။ ထိုပါဠိမှာ (ခု၊ ၂၊ ၂၇၂) ၌ ဘုရားရှင် ဟောကြားခဲ့သော ပါဠိဖြစ်သည်။

ဟဝေ = စင်စစ်၊ ဓမ္မစာရီ = တရားကျင့်သူ တရားစောင့်သူကို၊ ဓမ္မော = တရားသည်။ ရက္ခတိ = စောင့်ရှောက်တတ်၏။
စာမျက်နှာ-106


အဓိပ္ပါယ်မှာ တရားစောင့်သူ ကျင့်သူကို တရားက အမှန်တကယ် စောင့်ရှောက်ပြီး “ချမ်းသာသို့ ရောက်သည်” ဟူ၍ဖြစ်သည်။ မည်သည့်ခေတ်၊ မည်သည့်အချိန်အခါ၊ မည်သည့်နေရာ၌၊ မည်သည့်ဘာသာ၊ မည်သည့်လူမျိုးမဆို ဗုဒ္ဓတရားတော်ကို ကျင့်လျှင် ဗုဒ္ဓတရားတော်အတိုင်း လိုက်နာနေထိုင်လျှင် တရား၏ အရသာကို ကိုယ်တိုင်ခံစားကြရပြီး တရားတော်၏ စောင့်ရှောက်ခြင်းကို လက်တွေ့ ရရှိနိုင်သည်။

သံဃာနုဿတိ ပွားများပုံ

သံဃာ့ဂုဏ်တော်ကိုးပါး ရှိသည့်အနက် ကိုးပါးလုံးကိုသော်လည်းကောင်း၊ တစ်ပါးပါးကိုသော်လည်းကောင်း အဖန်တလဲလဲ မပြတ်ပွားများခြင်းသည် သံဃာနုဿတိ မည်၏။ (သံဃ + အနု + သတိ။ သံဃ = သံဃာ့ဂုဏ်တော် + အနု = အဖန်တလဲလဲ + သတိ = အောက်မေ့မှု)

သံဃာ့ဂုဏ်တော်ကိုးပါး အနက် အဓိပ္ပါယ်အကျယ် ဖွင့်ဆိုချက်နှင့် ဂုဏ်တော်ပွားများနည်းကို ဤလက်စွဲကျမ်း ပထမတွဲ၌ ဖွင့်ဆိုခဲ့ပြီး ဖြစ်သည်။ သံဃာနုဿတိ ပွားများမှု၏ အကျိုးတရားများကို ပြဆိုပါဦးမည်။

သံဃာနုဿတိအကျိုး

သံဃာနုဿတိကမ္မဋ္ဌာန်း အားထုတ်သူသည် ရဟန်းသံဃာတော်များအား နှစ်နှစ်ကာကာ ကြည်ညိုလေးစားတတ်သည်။ သဒ္ဓါတရားများ တိုးပွားလာသည်။ ကြည်နူးနှစ်သက် ဝမ်းမြောက်မှုကို ခံစားရသည်။ ကြောက်မက်ဖွယ် ဘေးရန်ကြီးငယ် အသွယ်သွယ်တို့ကို ကြောက်ရွံ့ခြင်း ကင်းလာသည်။ ဆင်းရဲဒုက္ခအမျိုးမျိုးကိုလည်း သည်းခံနိုင်စွမ်း ရှိလာသည်။ မိမိကိုယ်ကိုလည်း ရဟန်းသံဃာများနှင့် အတူနေထိုင်ရသည်ဟု ထင်မှတ်လာသည်။ သံဃာနုဿတိကမ္မဋ္ဌာန်း စီးဖြန်းနေသူ၏ ခန္ဓာကိုယ်သည် သံဃာတော်များ စည်းဝေးရာ သိမ်ကဲ့သို့ ပူဇော်ခံထိုက်လေသည်။ သံဃာ့ဂုဏ်တော်များ မိမိကိုယ်ထဲ၌ တည်နေခြင်းငှာ စိတ်ညွှတ်လာသည်။ လွန်ကျူးစရာ ဒုစရိုက်မှုများနှင့် တွေ့ကြုံသော်လည်း သံဃာတော်များ မိမိရှေ့မှောက်၌ ရှိနေသည်ဟု ယူဆကာ ရှက်ကြောက်ပြီး မကျူးလွန်တော့ချေ။

သံဃာ့ဂုဏ်ကျေးဇူး

ဗုဒ္ဓဘုရားရှင်သည် ၄၅-ဝါပတ်လုံး တရားတော်များကို မနေမနား ဟောကြားတော်မူခဲ့သည်။ သံဃာ့အဖွဲ့အစည်းကြီးကို ထူထောင်တော်မူခဲ့သည်။ ဗုဒ္ဓဘုရားရှင်ကား လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်က ပရိနိဗ္ဗာန်...

စာမျက်နှာ-107


စံဝင်တော်မူခဲ့လေပြီ။ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူပြီးနောက် ဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်များနှင့် ဘုရားရှင်၏ တပည့်သား သံဃာတော်များ ကျန်ရစ်ခဲ့သည်။

သံဃာတော်များသည် ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူသည့် နေ့မှစ၍ တရားတော်များကို ဘုရားရှင်၏ ကိုယ်စား ဟောကြားထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသည်။ သာသနာ့အန္တရာယ် ရန်စွယ်အမျိုးမျိုးကို ကာကွယ်စောင့်ရှောက်လျက် သံဂါယနာအဆင့်ဆင့်တင်ကာ ဘုရားရှင်၏ တရားတော်များကို စောင့်ရှောက် သယ်ဆောင်လာခဲ့ကြသည်။

ယနေ့ ဗုဒ္ဓဘာသာဝင်များနှင့်တကွ ကမ္ဘာသူ ကမ္ဘာသားများ လေ့လာသင်ကြား မှတ်သားနာယူနေကြရသော ဗုဒ္ဓတရားတော်များကို သံဃာတော်များက လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ကြသည်။ အကယ်၍ သံဃာတော်များကသာ ဗုဒ္ဓတရားတော်များကို လက်ဆင့်ကမ်း သယ်ဆောင်မလာခဲ့ကြလျှင် ယနေ့လူသားများအနေဖြင့် ဗုဒ္ဓတရားတော်များကို သိရှိခွင့် ရကြမည် မဟုတ်ပေ။ ထို့ကြောင့် သံဃာ့ဂုဏ်တော် ကိုးပါးကို ထားဘိဦး၊ ဗုဒ္ဓတရားတော်များကို ယနေ့တိုင်အောင် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ကြသည့် သံဃာတော်များ၏ ဂုဏ်ကျေးဇူးသည်ပင် အလွန်တရာ ကြီးမားလှဘိ၏။

မဟာဝင်ကျမ်း၌ ပါရှိသော သီဟိုဠ်ကျွန်း ဒုဋ္ဌဂါမဏိမင်းကြီး သည် သာသနာတော်အား အလွန်ကြည်ညို၏။ ရဟန်းသံဃာတော်များကိုလည်း အလွန်ရိုသေလေးစား၏။ မည်သည့်အရာကို ပြုလုပ်သည်ဖြစ်စေ ရတနာသုံးပါးကို ဦးထိပ်ထား၍ ပြုလုပ်လေ့ရှိ၏။ မည်မျှအထိ သံဃာကို အလေးထားလေသနည်း ဆိုသော် စစ်တိုက်ထွက်ရာ၌ပင် သံဃာတော်များကို ပင့်ဆောင်သွား၏။

တစ်နေ့တွင် ဒုဋ္ဌဂါမဏိမင်းကြီးသည် ဂင်္ဂါမြစ်ကမ်း တစ်ဘက်သို့ ကူး၍ ကျေးကုလားမင်းများကို နှိမ်နှင်းတိုက်ခိုက်ရန် အကြောင်းပေါ်လာသည်။ ထိုအခါ သံဃာတော်များထံ သွားရောက်၍—

“ဒကာတော်သည် သာသနာတော်ကို ပြုစုခြင်းငှာ ဂင်္ဂါမြစ်တစ်ဘက်သို့ သွားရပါဦးမည်။ ရဟန်းတော်များကို ဖူးမြင်နေရခြင်းသည် ဒကာတော်အတွက် မြတ်သောမင်္ဂလာ ဖြစ်ပါသည်။ ထို့ကြောင့် ရဟန်းတော်များကိုလည်း မပြတ်ဖူးမြင်ရ၊ ဒါနကိုလည်း ပြုရအောင် ပင့်ဆောင်သွားလိုပါသည်—”
စာမျက်နှာ-108


ဟု လျှောက်ထားလေသည်။ ထိုအခါ သံဃာတော်များ စည်းဝေးတိုင်ပင်၍ ပျိုရွယ်သော ရဟန်းတော် ငါးရာကို စစ်မြေပြင်သို့ ပင့်ဆောင်သွားရန် ခွင့်ပြုခဲ့လေသည်။ ဤသည်မှာလည်း ဒုဋ္ဌဂါမဏိမင်းကြီး၏ သံဃာတော်ကို အလေးအမြတ်ထားမှု၊ သံဃာတော်ကို သတိရအောက်မေ့မှု၊ သံဃာနုဿတိဘာဝနာ ပင်တည်း။

မြန်မာဗုဒ္ဓဘာသာဝင်တို့သည် မိမိတို့ ကြည်ညိုလေးစားသော ဆရာတော်၊ သံဃာတော်များထံသို့ မကြာခဏ သွားရောက်၍ လှူဒါန်းကြ၏၊ ဖူးမြော်ကန်တော့ကြ၏။ အဆုံးအမတရား နာယူကြ၏။ ဝတ်ကြီးဝတ်ငယ် ဖြည့်ကြ၏။ အရာရာတွင် မိမိတို့ ကြည်ညိုကိုးကွယ်သော ဆရာတော်အား ဦးထိပ်ထား၍ ပြုလုပ်ကြ၏။ ဆရာတော်အား မပြတ်အောက်မေ့ သတိရကြ၏။ ဤသည်လည်း သံဃာနုဿတိဘာဝနာပင်တည်း။

သီလာနုဿတိပွားများပုံ

သီလာနုဿတိ ဆိုသည်မှာ မိမိထိန်းသိမ်း စောင့်ရှောက်အပ်သော သီလကို အဖန်တလဲလဲ ဆင်ခြင်အောက်မေ့ခြင်းကို ဆိုသည်။ သီလနှင့် စပ်လျဉ်း၍ အနက်အဓိပ္ပာယ် အကျယ်ဖွင့်ဆိုခြင်း၊ သီလအမျိုးမျိုး သရုပ်ခွဲပြခြင်းကို ဤလက်စွဲကျမ်း ပထမတွဲ၌ ဖော်ပြခဲ့ပြီး ဖြစ်သည်။

သီလာနုဿတိကို ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် မိမိသီလကို မကျိုးမပေါက် မပြောက်မကျားရအောင် ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်၍ ထိုသီလကို ဤသို့ စဉ်းစားဆင်ခြင်ရာ၏—

“ငါ၏သီလသည် ကောင်းစွာပြည့်စုံ သန့်ရှင်းပေ၏။ သံသရာဝဋ်မှ လွတ်မြောက်ရန် နီးစွာသောအကြောင်းဖြစ်၍ တဏှာ၏ကျွန်အဖြစ်မှ တော်လှန်နိုင်ရန် ဖြစ်သည်၊ လွတ်မြောက်ကြောင်း ဖြစ်သည်။ သူတစ်ပါး စွပ်စွဲခြင်း မခံရအောင် အပြစ်ကင်းစင် သန့်ရှင်း ဖြူစင်ပေ၏။ ဘုရားအစရှိသော ပညာရှိသူတော်ကောင်းတို့ ချီးမွမ်းထိုက်၏။ စိတ်၏ အေးချမ်းတည်ကြည်ခြင်းကို ဖြစ်စေ၏။”

မိမိသီလကို အဖန်ဖန် ဆင်ခြင်အောက်မေ့လျက် ကောင်းလေစွဟု ဝမ်းမြောက်ရာ၏။

ထိုအခါ ယောဂီပုဂ္ဂိုလ်သည် အလွန်နှစ်သက် ဝမ်းမြောက်မှု ဖြစ်ရ၏။ စိတ်ဓာတ်အင်အားနှင့် ဉာဏ်ပညာခွန်အား ထက်သန်ကြီးထွား၏၊ တည်ကြည်၏။ သီလ၏ဂုဏ်ကျေးဇူးများသည် သိမ်မွေ့နက်နဲသော ပရမတ္ထတရားများဖြစ်ကြ၍ နိမိတ်အာရုံ မရနိုင်။ ထို့ကြောင့် အပ္ပနာဈာန် သမာဓိသို့ မရောက်နိုင်ချေ။
စာမျက်နှာ-109


သီလာနုဿတိအကျိုး

မိမိ၏ စင်ကြယ်သော သီလကို အကြိမ်ကြိမ်အဖန်ဖန် ဆင်ခြင်အောက်မေ့ခြင်းအားဖြင့် သီလာနုဿတိကမ္မဋ္ဌာန်း အားထုတ်သူသည် ကိုယ်ကျင့်သီလတရားအပေါ်၌ လေးစားမြတ်နိုးလာသည်။ သီလနှင့်ပြည့်စုံသော ပုဂ္ဂိုလ်တို့နှင့် တူညီသည့် အသက်မွေးမှုကို ရှာကြံလာသည်။ ဆိုလိုသည်မှာ “အမျိုး၊ ဇာတ်၊ ဂိုဏ်း၊ ဂဏ မတူသည်ကို အကြောင်းပြု၍ ပေါင်းသင်းဆက်ဆံမှု ခွဲခြားခြင်း မရှိတော့” ဟု ဆိုလိုသည်။ ပြုသင့်သော ပဋိသန္တာရဝတ်၌လည်း မမေ့မလျော့တော့ပေ။ ဆိုလိုသည်မှာ “လူမျိုးမရွေး၊ ပုဂ္ဂိုလ်မရွေး၊ ဂိုဏ်းဂဏမရွေး တန်းတူ ပြောဆို ဆက်ဆံနိုင်သည်” ဟု ဆိုလိုသည်။

မိမိကိုယ်မိမိ ကဲ့ရဲ့စွပ်စွဲခြင်းစသော ဘေး၊ ရာဇဝတ်ဘေး၊ အပါယ်ဒုဂ္ဂတိဘေးတို့မှလည်း ကင်းဝေးသည်။ အဏုမြူတမျှ သေးငယ်သော အပြစ်ကိုပင် ကြောက်မက်ဖွယ်ဘေးဆိုးကြီးဟု ရှုမြင်လာသည်။ သဒ္ဓါစသောတရားများလည်း စည်ပင်ပြန့်ပြောလာသည်။ နှစ်သက်ဝမ်းမြောက်ခြင်းများလည်း ဖြစ်ပေါ်လာသည်။ သီလာနုဿတိကမ္မဋ္ဌာန်း အားထုတ်ခြင်းဖြင့် မဂ်ဖိုလ်တရားထူးကို ထိုးထွင်း၍ သိရန် အခြေခံဖြစ်၏။ နောင်တမလွန်၌လည်း ကောင်းရာသုဂတိ ဘဝသို့ မုချလားရောက်နိုင်သည်။

စာဂါနုဿတိပွားများပုံ

စာဂါနုဿတိ ဆိုသည်မှာ ပေးကမ်းလှူဒါန်း စွန့်ကြဲအပ်သော ဒါန (စာဂ) ၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ဆင်ခြင်မှုကို ဆိုသည်။ ဤ၌ ဒါန = လှူဒါန်းခြင်းနှင့် စာဂ = စွန့်ကြဲခြင်းတို့သည် ဝေါဟာရကွဲသော်လည်း အဓိပ္ပာယ်နှင့် အကျိုးသက်ရောက်မှုမှာ အတူတူပင် ဖြစ်သည်။

စာဂါနုဿတိ ပွားများလိုသူသည် တရားသဖြင့် (သမ္မာအာဇီဝ) နည်းဖြင့် ရှာဖွေရရှိစုဆောင်းထားသော ပစ္စည်းဝတ္ထုတို့ကို ဂုဏ်ကျေးဇူးကြီးမားသော ပုဂ္ဂိုလ်တို့အား မလှူမီ၊ လှူဆဲ၊ လှူပြီးကာလတို့၌ စိတ်ကို ကြည်လင်ရွှင်လန်း ဝမ်းမြောက်စွာထားလျက် နှစ်သက်ကြည်ဖြူစွာ ပေးလှူအပ်၏။ ယင်း ပေးလှူသော စိတ်စေတနာကို နိမိတ်အာရုံအဖြစ်ယူ၍—

“ငါသည် နှမြောတွန့်တိုခြင်း ကင်းရှင်းလျက် စွန့်ကြဲပေးလှူလိုက်ရပြီ၊ ဖြစ်လေရာဘဝ၌ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာများခြင်း၊ ခွန်အားကြီးခြင်း၊ ပညာကြီးခြင်း စသော...
စာမျက်နှာ-110


အကျိုးထူးတရားများကို ရပေတော့မည်၊ ငါ လူဖြစ်ရကျိုးနပ်ပြီ၊ သံသရာဝဋ်မှ လွတ်မြောက်ကြောင်း ကောင်းမှုကို ငါပြုလိုက်ရပြီ၊ လူ့ဘဝ အရတော်လေစွ—”

ဟု အဖန်တလဲလဲ သတိရ အောက်မေ့ဆင်ခြင်ရမည်။

ယင်းကဲ့သို့ မိမိ၏ စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း (စာဂ) ကို အဖန်ဖန် ဆင်ခြင်အောက်မေ့နေလျှင် အလွန်အမင်း နှစ်သက်ဝမ်းမြောက်မှုများ ဖြစ်လာသည်။ အသိဉာဏ်ပညာများလည်း တိုးတက်ကြီးထွားလာသည်။ စိတ်လည်း အလွန်ကြည်လင်၍ ဖြောင့်မတ်တည်ကြည်လာသည်။ ရာဂစိတ်၊ ဒေါသစိတ်၊ မောဟစိတ်များ ဖြစ်ချိန်မရသဖြင့် နီဝရဏတရားများလည်း ကင်းဝေးသွားပြီး ဥပစာရသမာဓိ၊ ဥပစာရဈာန် ကို ရရှိလာသည်။ ဥပစာရသမာဓိ ရရှိချိန်၌ ဝိပဿနာသို့ ကူးနိုင်လျှင် မဂ်ဖိုလ်တရားထူးကို ရနိုင်သည်။

စာဂါနုဿတိအကျိုး

မိမိ၏ စေတနာသုံးတန်ဖြင့် လွှတ်လွှတ် စွန့်ကြဲပေးကမ်းလှူဒါန်းမှု (စာဂ) ကို အဖန်ဖန် အောက်မေ့ သတိရနေခြင်းအားဖြင့် စာဂါနုဿတိ ကမ္မဋ္ဌာန်း အားထုတ်သူသည် စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း၌ အတိုင်းထက်အလွန် စိတ်ညွှတ်လာသည်။ ဥစ္စာပစ္စည်းအပေါ် တပ်မက်တွယ်တာမှု လောဘလည်း ကင်းလာသည်။ အလှူခံပုဂ္ဂိုလ်တို့အပေါ် ချမ်းသာစေလိုသော မေတ္တာစိတ်ဓာတ်များ တိုးပွားဖြစ်ပေါ်လာသည်။ ရွံ့ရှာခြင်းကင်းလျက် ရဲရင့်လာသည်။ နှစ်သက်ကြည်နူးဝမ်းမြောက်မှုလည်း ဖြစ်လာသည်။ စာဂါနုဿတိကို ပွားများအောက်မေ့ခြင်းဖြင့် မဂ်ဖိုလ်တရားထူးကိုရရန် အခြေခံဖြစ်သည်။ နောင်တမလွန်ဘဝ၌လည်း ကောင်းရာသုဂတိသို့ မုချလားရောက်နိုင်သည်။

ဒေဝတာနုဿတိပွားများပုံ

ဒေဝတာနုဿတိ ဆိုသည်မှာ နတ်တို့ကို သက်သေထား၍ နတ်တို့ကို အားကျ၍ မိမိ၌ရှိသော သို့မဟုတ် မိမိနှင့်နတ် နှစ်ဦးနှစ်ဘက်၌ရှိသော သဒ္ဓါစသော သူတော်ကောင်းတရားကို ရွှင်လန်းဝမ်းမြောက်စွာ ဆင်ခြင်အောက်မေ့သော သတိတရားကို ခေါ်သည်။

ဒေဝတာနုဿတိကမ္မဋ္ဌာန်း အားထုတ်လိုသူသည် သဒ္ဓါစသော သူတော်ကောင်းတရားများ မိမိ၌ အမှန်တကယ် ပြည့်ပြည့်စုံစုံ ရှိရမည်။ ထို့နောက် ပြင်ပအာရုံများမှ ဝေးကွာသော ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက်—
စာမျက်နှာ-111


“အထက်ကောင်းကင်၌ စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသဝတ္တီ နတ်တို့ရှိကြ၏။ ပထမဈာန် ဗြဟ္မာစသော ဗြဟ္မာကြီးများလည်း ရှိကြ၏။ ထိုနတ်ဗြဟ္မာတို့သည် အလွန်ဘုန်းတန်ခိုး ကြီးမားကြ၏၊ သူတို့သည် လူပြည်တုန်းက သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ ဩတ္တပ္ပ ဟူသော သူတော်ကောင်းဥစ္စာ ခုနစ်ပါး (တစ်နည်း) သဒ္ဓါ၊ သတိ၊ ဟိရီ၊ ဩတ္တပ္ပ၊ ဗာဟုဿစ္စ၊ ဝီရိယ၊ ပညာ ဟူသော သူတော်ကောင်းတရား ခုနစ်ပါးတို့နှင့် ပြည့်စုံကြသောကြောင့် နတ်၊ ဗြဟ္မာများ ဖြစ်ကြရသည်။ ငါ့မှာလည်း တန်ခိုးကြီးမားသော နတ်၊ ဗြဟ္မာ ဖြစ်စေနိုင်သည့် သူတော်ကောင်းဥစ္စာ ခုနစ်ပါးနှင့် သူတော်ကောင်းတရား ခုနစ်ပါးတို့ အပြည့်အဝ ရှိ၏။ ဪ... ကောင်းလေစွ၊ အရတော်လေစွ”

ဟု အကြိမ်ကြိမ်အဖန်ဖန် ဆင်ခြင်အောက်မေ့နေရမည်။

ဤကဲ့သို့ နတ်ဗြဟ္မာတို့ကို သက်သေအရာ၌ထား၍ မိမိ၌ရှိသော သူတော်ကောင်းတရားများကို ကြိမ်ဖန်များစွာ အောက်မေ့နေလျှင် ထိုသဒ္ဓါစသောတရားများ အလွန်အားရှိလာသည်။ အလွန်နှစ်သက် ဝမ်းမြောက်လာသည်။ စိတ်တည်ကြည် ဖြောင့်မတ်လာပြီး ဥပစာရဈာန်အဆင့်သို့ ရောက်ရှိလာသည်။

ဒေဝတာနုဿတိအကျိုး

နတ်ဗြဟ္မာတို့ကို သက်သေအရာ၌ထား၍ မိမိ၌အမှန်တကယ် ပြည့်စုံနေသော သူတော်ကောင်းတရားများကို ကြိမ်ဖန်များစွာ ဆင်ခြင်အောက်မေ့ခြင်းအားဖြင့် ဒေဝတာနုဿတိကမ္မဋ္ဌာန်း အားထုတ်သူသည် နတ်တို့၏ ချစ်ခင်လေးစား မြတ်နိုးကြည်ညိုခြင်း၊ ကူညီမစခြင်းကို ခံရသည်။ သဒ္ဓါစသော သူတော်ကောင်းဥစ္စာတရားများလည်း အတိုင်းထက်အလွန် တိုးတက်ပြန့်ပြောခြင်းသို့ ရောက်ရှိသည်။ နှစ်သက်ဝမ်းမြောက်ခြင်းများလည်း ဖြစ်လာသည်။ ဒေဝတာနုဿတိကို ပွားများခြင်းကြောင့် မဂ်ဖိုလ်တရားထူးကို ထိုးထွင်း၍သိရန် အခြေခံဖြစ်၏။ ကောင်းရာသုဂတိ ဘုံဘဝသို့လည်း မုချရောက်နိုင်သည်။

ဥပသမာနုဿတိပွားများပုံ

ဥပသမာနုဿတိ ဆိုသည်မှာ နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးများကို အဖန်ဖန် ဆင်ခြင်အောက်မေ့သော သတိတရားကိုခေါ်သည်။ ဥပသမာနုဿတိကမ္မဋ္ဌာန်းကို ပွားများအားထုတ်သူသည် နိဗ္ဗာန်ကို အာရုံပြုလျက်—
စာမျက်နှာ-112


“နိဗ္ဗာန်သည် ကိလေသာ အယစ်အမူး ကင်းရာ ဖြစ်၏။ ဆာလောင်မှုဟူသမျှ ကင်းပျောက်ရာ ဖြစ်၏။ တွယ်တာရာနှင့် တွယ်တာမှုဟူသမျှကို နှုတ်ပယ်ရာ ဖြစ်၏၊ ဝဋ်ပြတ်ရာဖြစ်၏၊ တဏှာကုန်ရာ ဖြစ်၏။ ကိလေသာတို့ ပျက်ပြယ်ရာ ဖြစ်၏၊ ဆင်းရဲအားလုံး ချုပ်ငြိမ်းရာ ဖြစ်၏၊ တဏှာမှ ထွက်မြောက်ရာ ဖြစ်၏”

ဟု နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးများကို အဖန်ဖန် ဆင်ခြင်အောက်မေ့ရာ၏။ နေ့စဉ်တွေ့ကြုံနေရသည့် သောကများ၊ ဒုက္ခများ၊ ပူပန်ကြောင့်ကြမှုများကို စဉ်းစားဆင်ခြင်၍ နိဗ္ဗာန်၌ ဤသို့ပူပန်ကြောင့်ကြရမှု၊ စိတ်မချမ်းသာမှု၊ စိတ်ညစ်ညူးမှု၊ သောက၊ ဗျာပါရ၊ ဒုက္ခ၊ ဒေါမနဿများ မရှိဟု နိဗ္ဗာန်ကို မှန်းဆအာရုံ ပြုရပေမည်။ ထိုကဲ့သို့ ဆင်ခြင်အောက်မေ့ဖန်များလျှင် ဉာဏ်ပညာ အလွန်ကြည်လင် ထက်မြက်၏၊ ကြီးပွားတိုးတက်၏။ စိတ်လည်း အေးချမ်း တည်ငြိမ် ဖြောင့်မတ်၍ ဥပစာရသမာဓိ၊ ဥပစာရဈာန် အဆင့်သို့ ရောက်၏။ နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးများမှာ အလွန်နက်နဲသိမ်မွေ့သော ပရမတ္ထတရားများဖြစ်၍ နိမိတ်မရကောင်းသောကြောင့် အပ္ပနာသမာဓိ၊ အပ္ပနာဈာန်သို့ကား မရောက်နိုင်။

ဥပသမာနုဿတိအကျိုး

နိဗ္ဗာန်၏ဂုဏ်ကျေးဇူးများကို အဖန်ဖန်အောက်မေ့ဆင်ခြင်လျက် ဥပသမာနုဿတိကမ္မဋ္ဌာန်း အားထုတ်သူသည် ချမ်းသာစွာအိပ်ရ၏၊ ချမ်းသာစွာနိုးရ၏၊ ငြိမ်သက်သော ဣန္ဒြေရှိ၏။ ငြိမ်သက်သော စိတ်နှလုံးရှိ၏။ ဟိရိဩတ္တပ္ပနှင့် ပြည့်စုံ၏။ ကြည်ညိုဖွယ်ကို ဆောင်၏။ မြတ်သောနိဗ္ဗာန်၌ ညွှတ်ကိုင်းနေသဖြင့် မွန်မြတ်သော စိတ်နှလုံးရှိ၏။ အပေါင်းအဖော်တို့က လေးစားအပ်သူ၊ မေတ္တာပွားအပ်သူ ဖြစ်လာ၏။ ဥပသမာနုဿတိကမ္မဋ္ဌာန်းကို ပွားများခြင်းကြောင့် မဂ်ဖိုလ်တရားထူးကို ရရန် အခြေခံဖြစ်၏။ ကောင်းရာသုဂတိဘုံဘဝသို့ မုချရောက်နိုင်သည်။

အရိယာသာဝကတို့အရာ

အနုဿတိကမ္မဋ္ဌာန်း ၁၀ ပါးအနက် ဗုဒ္ဓါနုဿတိအစ ဥပသမာနုဿတိ အဆုံး ဤခုနစ်ပါးသော အနုဿတိတို့သည် အရိယာသာဝကတို့အားသာလျှင် ပြီးစီးပြည့်စုံကုန်၏။ ဘုရား၊ တရား၊ သံဃာဂုဏ်တို့သည် အရိယာသာဝကတို့၌သာ ထင်ရှားကုန်၏။ ထို့ပြင် သီလဂုဏ်တို့သည်လည်း အရိယာသာဝကတို့၌သာ ပြည့်စုံကုန်၏။ နှမြောဝန်တိုမှု အညစ်အကြေးများ ကင်းစင်သော စွန့်ကြဲပေးကမ်း လှူဒါန်းမှုသည်လည်း အရိယာသာဝကတို့၌သာ ပြည့်စုံကုန်၏။
စာမျက်နှာ-113


ဘုန်းတန်ခိုး ကြီးမားသည့် နတ်တို့၏ ဂုဏ်နှင့် တူသော သဒ္ဓါစသော ဂုဏ်တို့သည်လည်း အရိယာသာဝကတို့၌သာ ပြည့်စုံကုန်၏။ ငြိမ်းအေးသော နိဗ္ဗာန်၏ ဂုဏ်ကိုလည်း အရိယာသာဝကတို့၌သာ အမှန်တကယ် အာရုံပြုနိုင်ကုန်၏။

ဤအနုဿတိ ခုနစ်ပါးတို့သည် အရိယာသာဝကတို့၌သာ ပြီးပြည့်စုံကြစေကာမူ ပုထုဇဉ်ပုဂ္ဂိုလ်တို့ အနေဖြင့်လည်း ထိုအနုဿတိ ခုနစ်ပါးတို့ကို ဧကန်မုချ ပွားများနှလုံးသွင်းအပ်သည်သာ ဖြစ်၏။

မရဏာနုဿတိ ရှုပွားပုံ

မရဏာနုဿတိ ဆိုသည်မှာ သေခြင်းတရားကို အဖန်ဖန် ရှုပွားအောက်မေ့သော သတိတရားကို ခေါ်သည်။ မရဏာနုဿတိကမ္မဋ္ဌာန်း အားထုတ်သူသည် ပြင်ပအာရုံများနှင့် ကင်းကွာသော ဆိတ်ငြိမ်ရာအရပ်သို့ ကပ်လျက်—

“မရဏံ မေ ဓုဝံ” - ငါ၏ သေခြင်းသဘောတရားသည် အမြဲရှိနေပါတကား။
“အဓုဝံ မေ ဇီဝိတံ” - ငါ၏ အသက်ရှင်ခြင်းသည် မမြဲပါတကား။
“အဝဿံ မယာ မရိတဗ္ဗံ” - ငါသည် မချွတ်ဧကန် အမှန်သေရမှာပါတကား။
“မရဏံ မေ ဘဝိဿတိ” - ငါသည် သေရဦးမှာပါတကား—

ဟု အဖန်ဖန် အထပ်ထပ် ဆင်ခြင်အောက်မေ့နေရမည်။

ထို့ပြင် သွားရင်း လာရင်း စားရင်း သောက်ရင်း နေရင်း ထိုင်ရင်း အကြောင်းတစ်ခုခုကြောင့် သေနိုင်သည်ကိုလည်း ဆင်ခြင်အောက်မေ့နိုင်သည်။ ကားတိုက်၍ သေနိုင်၏။ ကျားကိုက်၍၊ မြွေကိုက်၍ သေနိုင်၏။ ရောဂါဝေဒနာဖြစ်၍၊ လေဖြတ်၍၊ ဦးနှောက်သွေးကြောပြတ်၍ သေနိုင်၏ စသည်ဖြင့် သေခြင်း အကြောင်းတရားများကို ဆင်ခြင်ရမည်။ ထို့ပြင် သတ္တဝါတို့၏ အသက်ရှင်သန်နေမှုသည် ကံကြောင့် ဖြစ်ရသောကြောင့် ကံအားကောင်းလျှင် အသက်ရှည်ပြီး ကံအားနည်းလျှင် အသက်တိုသည်။ ထို့ကြောင့်—
စာမျက်နှာ-114


“ငါ၏ကံသည် မည်မျှအားကောင်း၍ ငါ၏ အသက်သည်လည်း မည်မျှရှည်ကြာဦးမည်ကို မသိရပါတကား၊ နောက်ကလည်း ငါ၏ အသက်ကို အချိန်ကာလက စား၍စား၍ လိုက်နေချေပြီ။ တစ်ညဉ့်လွန်လျှင် ငါ၏အသက် တစ်ပိုင်းကုန်သွားပြီ၊ နှစ်ညဉ့်လွန်လျှင် ငါ၏ အသက် နှစ်ပိုင်းကုန်သွားပြီ၊ ဤနည်းအားဖြင့် နေ့ညဉ့်အချိန်ကာလတို့သည် ငါ၏အသက်ကို ပိုင်း၍ ပိုင်း၍ လိုက်၍ လိုက်၍ စားနေကြသည်တကား၊ ငါ၏အသက်သည် တစ်နေ့ပြီး တစ်နေ့ တို၍ တို၍ ကုန်နေပါတကား၊ ငါသည် တစ်နေ့ထက်တစ်နေ့ သေမင်းထံသို့ နီး၍ နီး၍ လာနေပြီတကား”

ဟု မပြတ်ဆင်ခြင်အောက်မေ့နေအပ်၏။ မရဏာနုဿတိကမ္မဋ္ဌာန်း ပွားများအားထုတ်သူသည် သေရမည့် အရေး တွေးလျက် ငေးမှိုင်တွေဝေ မနေစေရ၊ ကြောက်ရွံ့တုန်လှုပ်မှုလည်း မဖြစ်စေရ၊ ပျင်းရိထိုင်းမှိုင်းမှုလည်း မဖြစ်စေရ၊ “တစ်နေ့ သေရမှာပဲ၊ ဘာလုပ်၍ ဘာထူးမည်လဲ” ဟုလည်း မတွေးတောရ၊ သေရမည့်အရေးကို တွေးလျက် ဘာကိုမျှ မလုပ်ချင် မကိုင်ချင် ငေးမှိုင် ပျင်းရိထုံထိုင်းနေလျှင် မျက်မှောက်လောကအတွက်လည်း အကျိုးမရှိ၊ သံသရာအတွက်လည်း အကျိုးမများဘဲ အပါယ်လေးပါးစာသာ ဖြစ်သွားနိုင်လေသည်။

သေခြင်းတရားကို အဖန်ဖန်အောက်မေ့လျက် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် မုချသေရမည်ကို သိသော ပုဂ္ဂိုလ်သည် မသေမီ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ထားကြသည်။ ဆောင်ရွက်သင့်ဆောင်ရွက်ထိုက်သည်များကို အောင်မြင်အောင် ဆောင်ရွက်ထားကြသည်။ အကျိုးရှိသော လုပ်ငန်းဟူသမျှကို စိတ်အားထက်သန်စွာ လုပ်ကြသည်။

မိမိနှင့်တကွ သတ္တဝါအားလုံး သေရမည်ကို အဖန်ဖန် အထပ်ထပ် ဆင်ခြင်အောက်မေ့သူသည် မိမိဉာဏ်ထက်မြက်မှုနှင့် ရရှိသော သမာဓိအားလျော်စွာ သေရမည့်ကာလ နီးကပ်လာသောအချိန်ကို ထင်မြင်နိုင်သည်။ ထိုသို့ထင်မြင်၍ မရဏသညာ၊ မရဏာနုဿတိ ကောင်းစွာ ရရှိလာသောအခါ စိတ်အား၊ ဉာဏ်အား အလွန်ကြည်လင်လာသည်၊ အသိဉာဏ်ပညာ ကြီးထွားလာသည်။ စိတ်သည် သေခြင်းတရား၌ စွဲမြဲလျက် တည်ကြည်လာသည်။ ထိုအခါ ဥပစာရသမာဓိ အဆင့်သို့ရောက်ရှိသည်။ မရဏာနုဿတိကမ္မဋ္ဌာန်း၌ သေခြင်းသဘောတရားနှင့် ဇီဝိတိန္ဒြေ ချုပ်ပြတ်မှုတို့မှာ အလွန်နက်နဲသိမ်မွေ့၍ နိမိတ်အာရုံ မရကောင်းသောကြောင့် အပ္ပနာသမာဓိခေါ် ရူပါဝစရပထမဈာန်အဆင့်သို့ကား မရောက်နိုင်ပေ။
စာမျက်နှာ-115


မရဏာနုဿတိအကျိုး

သေခြင်းတရားကို အကြိမ်ကြိမ်အဖန်ဖန် ရှုပွားဆင်ခြင်လျက် မရဏာနုဿတိ ကမ္မဋ္ဌာန်းအားထုတ်သူသည် မမေ့မလျော့သော သတိအမြဲရှိ၏။ ဘဝရရှိခြင်းတို့၌ မပျော်ပိုက်ဘဲ ငြီးငွေ့သော အမှတ်သညာရှိ၏။ အသက်၌ နှစ်သက်တွယ်တာခြင်း ကင်း၏။ မကောင်းမှုကို ကဲ့ရဲ့ရှုတ်ချလာ၏။ ပစ္စည်းဥစ္စာတို့ကို သိုမှီးသိမ်းဆည်းမှုလည်း မများတော့ပေ။ ပစ္စည်းဥစ္စာတို့၌ တပ်မက်တွယ်တာမှုနှင့် နှမြောတွန့်တို ဝန်တိုမှုလည်း ကင်းလာသည်။ ထိုပုဂ္ဂိုလ်အား အနိစ္စသညာ၊ ဒုက္ခသညာ၊ အနတ္တသညာတို့ ထင်လာသည်။ မရဏာနုဿတိ မပွားဖူးသူတို့သည် သေခါနီး၌ သားရဲ၊ ဘီလူး စသည်တို့၏ အနှိပ်စက်ခံရသကဲ့သို့ ကြောက်ရွံ့ထိတ်လန့်တွေဝေကြသော်လည်း မရဏာနုဿတိပွားများသူမှာကား ထိုသို့မဟုတ်မူ၍ ကြောက်ရွံ့ခြင်းကင်းလျက် မတွေမဝေ သေရ၏။ မရဏာနုဿတိကို ပွားများခြင်းကြောင့် မျက်မှောက်ဘဝ၌ အမြိုက်နိဗ္ဗာန်ကို အကယ်၍ မရရှိနိုင်လျှင် နောက်ဘဝ၌ကား ကောင်းရာသုဂတိဘဝသို့ မုချလားရောက်ရလေသည်။

မရဏာနုဿတိပွားများသော လယ်သမားမိသားစု

မရဏာနုဿတိကို အမြဲတမ်းပွားများနေသူ၊ သေခြင်းတရား၌ အမြဲတမ်း အောက်မေ့နေသူသည် မိမိကိုယ်တိုင် သေရမည်ကိုလည်း မကြောက်မရွံ့ မတုန်မလှုပ်ပေ။ သူတစ်ပါးသေသည်ကိုလည်း ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း၊ စိတ်ထိခိုက်ခြင်း မဖြစ်ပေ။ ဤကဲ့သို့ သေရမည်ကို မကြောက်ခြင်း၊ သေခြင်းတရား၌ မတုန်လှုပ်ခြင်းသည် မိုက်ရူးရဲတို့၏ မကြောက်ခြင်း၊ မတုန်လှုပ်ခြင်းနှင့် လုံးဝ မတူပေ။ မိုက်ရူးရဲတို့ကား “သေလျှင် ပြီးရော့” ဟု ယူဆတတ်ကြသည်။ မိမိ၏ ဆန့်ကျင်ဘက်သေလျှင် ဝမ်းသာ၍ မိတ်ဆွေအပေါင်းအသင်း မိသားစု သေလျှင် ဝမ်းနည်းတတ်၏။ မရဏာနုဿတိပွားများသူ၏ သေခြင်းတရား၌ မကြောက်ခြင်း၊ မတုန်လှုပ်ခြင်းကား တရားဖြင့် ဆင်ခြင်၍ မကြောက်ခြင်း၊ မတုန်လှုပ်ခြင်းတည်း။ သာဓကတစ်ခု ထုတ်ပြပါမည်—

ဘုရားအလောင်းတော်သည် ဗာရာဏသီပြည်အနီး ရွာတစ်ရွာတွင် လယ်သမားမျိုး၌ဖြစ်၍ လယ်ယာလုပ်ကိုင်ခြင်းဖြင့် အသက်မွေးရ၏။ ဘုရားအလောင်းတော် လယ်သမားကြီး၌ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိသည်။ သားအရွယ်ရောက်သောအခါ အမျိုးတူ သူငယ်မနှင့် ထိမ်းမြားပေးလိုက်သည်။ ဤသို့အားဖြင့် လယ်သမားကြီး၏ မိသားစုတွင် မယား၊ သား၊ သမီး၊ ချွေးမ၊ အိမ်ဖော်မ ဟူ၍ မိသားစု ခြောက်ယောက် ဖြစ်လာသည်။
စာမျက်နှာ-116


ထိုမိသားစုသည် ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် နေကြသည်။ လယ်သမားကြီးသည် မိသားစုအား “အလှူပေးကြ၊ သီလ ဆောက်တည်ကြ၊ ဥပုသ်စောင့်ကြ၊ သေခြင်းတရား၌ မပြတ်အောက်မေ့ကြ၊ တစ်နေ့ကျ သေရမည်ကို သိကြ၊ သတ္တဝါတို့အား သေခြင်းသည် မြဲ၏၊ အသက်ရှင်ခြင်းသည် မမြဲ၊ သင်္ခါရတရားအားလုံး အမြဲမရှိ၊ ကုန်ခြင်းပျက်ခြင်းသဘောရှိ၏။ နေ့နေ့ညည မမေ့မလျော့ နေကြ” ဟု အမြဲဆုံးမသည်။ လယ်သမားကြီးကိုယ်တိုင်လည်း မိမိဆုံးမသည့်အတိုင်း ကျင့်ကြံနေထိုင်သည်။ မိသားစုအားလုံးတို့ကလည်း ဖခင်ကြီး ဆုံးမသည့်အတိုင်း လိုက်နာ ကျင့်ကြံကြသည်။ အထူးသဖြင့် မရဏာနုဿတိကို နေ့နေ့ညည အချိန်ရှိတိုင်း ပွားများကြသည်။ ယင်းသို့ မရဏာနုဿတိကို ပွားများခြင်းကြောင့် သူတို့၏ လယ်ယာလုပ်ငန်းကိုလည်း မထိခိုက်ပေ။ ကြိုးစား၍ လယ်လုပ်ကြသည်။ နွားကျောင်းရင်း၊ လယ်ထွန်ရင်း၊ ကောက်စိုက်ရင်း၊ စပါးရိတ်ရင်း မရဏာနုဿတိကို အမြဲအောက်မေ့ကြသည်။ လုပ်ငန်းခွင်၌ မရဏာနုဿတိကြောင့် ထုံထိုင်းမှုန်မှိုင်း တွေဝေမနေကြပေ။ အမြဲတမ်း သွက်လက်ဖျတ်လတ် နေကြသည်။

တစ်နေ့သ၌ လယ်သမားကြီးသားအဖ လယ်ထွန်သွားကြ၏။ သားသည် တောင်ပို့အနီး၌ အမှိုက်များစုပုံ၍ မီးရှို့၏။ တောင်ပို့ခေါင်းထဲရှိ အဆိပ်ပြင်းသော မြွေသည် မီးခိုးဒဏ်မခံနိုင်သဖြင့် အမျက်ထွက်ကာ တောင်ပို့ခေါင်းထဲမှ ထွက်လာပြီး ကိုက်သဖြင့် လယ်သမားကြီး၏သားသည် သေဆုံးသွားလေသည်။

လယ်သမားကြီးသည် ရုတ်တရက် လဲကျသွားသော သားကို လယ်ထွန်နေရာမှ မြင်လိုက်ရာ နွားတို့ကို ထားခဲ့ပြီး သားထံ ပြေးလာခဲ့သည်။ သို့သော် သားကား အသက်မရှိတော့ပြီ။ လယ်သမားကြီးသည် သား၏ အလောင်းကို ပွေ့ချီပြီး သစ်ပင်ရင်း၌ ထားလိုက်သည်။ လယ်သမားကြီးသည် မျက်ရည်လည်း မယို၊ ငိုလည်း မငို၊ “ပျက်စီးတတ်သော သဘောသည် ပျက်စီး၏။ သေတတ်သော သဘောသည် သေ၏။ ခပ်သိမ်းသော သင်္ခါရတို့သည် မမြဲကုန်၊ သေခြင်းလျှင် အဆုံးရှိကုန်၏” ဟု ရှုမှတ်လျက် ဆက်လက်၍ လယ်ထွန်နေသည်။

လယ်သမားကြီးသည် မိမိလယ်အနီး ဖြတ်သွားသော အိမ်နီးချင်း ယောက်ျားတစ်ယောက်ကို မြင်၍ ဤသို့ မှာကြားလေသည်—

“အမောင် ငါတို့အိမ်ကို သွား၍ အိမ်ရှင်မကို ပြောပေးပါ၊ ဒီကနေ့ အရင်ကလို နှစ်ယောက်စာထမင်း မယူခဲ့နှင့်၊ တစ်ယောက်စာသာ ယူခဲ့၊ အရင်ကလို အိမ်ဖော်မ တစ်ယောက်တည်း ထမင်း လာမပို့စေနှင့်၊ ယနေ့ လေးယောက်စလုံး အဝတ်အစား စင်ကြယ်စွာဝတ်ပြီး အမွှေးနံ့သာများလည်း ယူ၍ လာခဲ့ကြပါ”...
စာမျက်နှာ-117


အိမ်နီးချင်း ယောက်ျားကလည်း လယ်သမားကြီး၏ ဇနီးအား သွား၍ ပြော၏။ ထိုအခါ အိမ်ရှင်မသည် “ငါ့သား သေပြီ” ဟု သိလိုက်၏။ သို့သော်လည်း စိတ်တုန်လှုပ် ချောက်ချားမှု မရှိ၊ ပကတိအတိုင်း တည်ငြိမ်လျက်ပင် ဖြစ်၏။ အိမ်ရှင်မမှတစ်ဆင့် ကျန်မိသားစုများလည်း သိသွားကြ၏။ ထိုသူသေခြင်းအတွက် မည်သူမျှ တုန်လှုပ်မှု မဖြစ်ကြ။ ပကတိအတိုင်း ဘာသိဘာသာ နေကြ၏။

ထိုမိသားစုတို့သည် အဝတ်စင်ကြယ်စွာဝတ်၍ အမွှေးနံ့သာများ ကိုင်ဆောင်ကာ တစ်ယောက်စာ ထမင်းကိုယူ၍ လယ်တောဆီသို့ ထွက်ခွာသွားကြ၏။ မိသားစု ရောက်လာကြသောအခါ လယ်သမားကြီးသည် သစ်ပင်ရိပ်အောက်ရှိ သားအလောင်းဘေးနားတွင် ထိုင်လျက် ထမင်းစားနေသည်။ အစားမပျက်။ ယခင်ကလို စားမြဲတိုင်း စား၏။ မိသားစုတို့ကလည်း သားအလောင်းကို ကြည့်၍ မည်သူမျှ မျက်ရည်မယို၊ ငိုလည်း မငို။ အိပ်နေသူကို ကြည့်နေသကဲ့သို့ ကြည့်နေကြ၏။ လယ်သမားကြီး ထမင်းစားပြီးသောအခါ ထင်းများ သယ်ဆောင်၍ သားအလောင်းကောင်ကို ထင်းပုံသို့တင်ကာ အမွှေးနံ့သာ ပန်းတို့ဖြင့် ပက်ဖျန်းလျက် မီးသင်္ဂြိုဟ်လိုက်ကြ၏။ မည်သူတစ်ဦးတစ်ယောက်မျှ မျက်ရည်စက် တစ်စက်ပင် မကျပေ။ သူတို့၏စိတ်၌ ဝမ်းနည်းမှု တုန်လှုပ်မှုလည်း မဖြစ်ပေ။ “မရဏာနုဿတိ” ဘာဝနာကို ပွားနေကြသည်။

သိကြားမင်း မနေနိုင်

လယ်သမားကြီးမိသားစု၏ သီလတန်ခိုးကြောင့် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ တင်းမာလာသည်။ အကြောင်းကို ဆင်ခြင်သော် ထိုသူတို့၏ သီလတန်ခိုးကြောင့်ဟု သိ၍ လူ့ပြည်သို့ဆင်းကာ လိုရင်းအချက်ကို စုံစမ်းရတော့သည်။ လယ်သမားကြီးနှင့် မိသားစုတို့အား သိကြားမင်းက မေးမြန်းလေသည်—

“အသင်တို့ ဘာလုပ်နေကြတာလဲ”
“လူသေကို မီးသင်္ဂြိုဟ်နေတာပါ”
“လူဟုတ်ရဲ့လား၊ သမင်တစ်ကောင်ကို မီးဖုတ်နေတာ မဟုတ်လား”
“သမင် မဟုတ်ပါဘူး၊ လူကို ငါတို့ မီးသင်္ဂြိုဟ်နေကြတာပါ”
“ဒါဆို ဒီလူက သင်တို့ ရန်သူလား”
“ရန်သူ မဟုတ်ပါဘူး၊ ရင်၌ဖြစ်သော သားအရင်းပါ”
စာမျက်နှာ-118


“သားဆိုရင်လဲ ဒီသားကို သင်တို့ မုန်းကြတယ် မဟုတ်လား”
“ငါတို့ ဒီသားကို မမုန်းပါဘူး၊ သိပ်ချစ်ကြပါတယ်”
“ဪ၊ ဒီသားကို သိပ်ချစ်တယ်လို့လဲ ပြောသေးရဲ့၊ ဘယ်သူမှလဲ မျက်ရည်တစ်ပေါက်မျှ မကျပါလား”...။

ထိုအခါ လယ်သမားကြီးက မိမိ မငိုသည့်အကြောင်းကို ဤသို့ ပြောပြ၏။ “မြွေသည် အရေဟောင်းကို စွန့်၍ သွားသကဲ့သို့ ငါ၏သားသည် မိမိကိုယ်ကို စွန့်၍ သွား၏။ ကြွင်းကျန်ရစ်သော သူ၏ကိုယ်ခန္ဓာသည် ခံစားခြင်း မရှိ။ သေသွားသော သားသည်လည်း ဆွေမျိုးတို့၏ ငိုကြွေးခြင်းကို မသိတော့။ ထို့ကြောင့် ငါသည် သားသေခြင်းအတွက် စိုးရိမ်ငိုကြွေးစရာ မလို”။

ထို့နောက် သိကြားမင်းသည် အိမ်ရှင်မဘက်သို့ လှည့်၍ သေသူနှင့် မည်သို့ တော်စပ်သနည်း၊ ဘာကြောင့် မငိုသနည်းဟု မေးပြန်၏။ အိမ်ရှင်မက သေသူသည် မိမိ၏ ကိုးလလွယ် ဆယ်လဖွားသော သားအရင်းဖြစ်ကြောင်း၊ သို့သော် မိမိ မငိုကြောင်း ဤသို့ ပြောပြသည်—

“ငါ၏သားသည် ဘဝတစ်ပါးမှ ငါတို့အိမ်သို့ မခေါ်ဘဲလာခဲ့၏။ ခွင့်မတောင်းဘဲလျက် ဘဝတစ်ပါးသို့ ပြန်သွား၏။ သူ့အလိုအလျောက် လာ၍ သူ့အလိုအလျောက် ပြန်သွားသော သားအတွက် ငိုစရာ အကြောင်း မရှိ၊ ငါတို့ ငို၍လည်း သူ မသိ”။

ထို့နောက် သိကြားမင်းသည် အမျိုးသမီးငယ်ဘက်သို့လှည့်၍ သေသူနှင့် ဘာတော်သနည်း၊ ဘာကြောင့် မငိုသနည်းဟု မေးမြန်းရာ အမျိုးသမီးငယ်က တစ်အူတုံဆင်း မောင်နှမအရင်း တော်ကြောင်း၊ သူ့မောင်ကို အလွန်ချစ်ကြောင်း၊ သို့သော် မိမိ မငိုကြောင်း ဤသို့ ပြောပြသည်—

“သေသူကို တွေး၍ စိုးရိမ်ပူဆွေးငိုကြွေးနေလျှင် မိမိသာ ပိန်ချုံးသွားမည်။ ဘာမျှအကျိုးမရှိ၊ ငါတို့မိသားစုလဲ စိတ်မကောင်းဖြစ်ကြရမည်။ မီးရှို့ပြီးသော မောင်ငယ်သည် ဆွေမျိုးတို့ ငိုသည်ကိုလည်း သိမည်မဟုတ်၊ လာလမ်းအတိုင်း ပြန်သွားခြင်းဖြစ်၏”။

သိကြားမင်းသည် နောက်အမျိုးသမီးတစ်ယောက်ဘက်သို့လှည့်၍ သေသူနှင့် ဘာတော်သနည်း၊ ဘာကြောင့် မငိုသနည်းဟုမေးပြန်ရာ ထိုအမျိုးသမီးက မိမိ၏ ချစ်လှစွာသော ခင်ပွန်းလင်ဖြစ်ကြောင်း၊ အမျိုးသမီးတို့မည်သည်
စာမျက်နှာ-119


လင်သေလျှင် အားကိုးရာ မရှိတော့ကြောင်း၊ မုဆိုးမဘဝမှာ မျက်နှာငယ်ကြောင်း၊ သို့သော် မိမိ မငိုကြောင်း ဤသို့ ပြောပြသည်—

“သေသူကိုမှန်းဆ၍ လွမ်းတသသ ငိုကြွေးခြင်းသည် ကောင်းကင်က လမင်းကြီးကို လိုချင်၍ ငိုကြွေးနေသော သူငယ်နှင့်တူ၏၊ မီးသင်္ဂြိုဟ်ပြီးသော ချစ်လင်သည် ဆွေမျိုးတို့ ငိုသည်ကို မသိ၊ သူ့လမ်းသူသွားခြင်း ဖြစ်၏”။

သိကြားမင်းသည် နောက်ဆုံး ကျန်ရှိနေသော အမျိုးသမီးကြီးဘက်သို့ လှည့်၍ “မိခင် သင်နှင့်ဘာတော်သနည်း” ဟု မေး၏။ အမျိုးသမီးကြီးက မိမိ၏ အရှင်သခင်ဖြစ်ကြောင်း ပြောရာ သိကြားမင်းက “သူရှိစဉ်က သင့်ကို နှိပ်စက်ညှဉ်းဆဲလို့ သူ့လက်အောက်လွတ်လို့ သင်က မငိုတာလား” ဟု မေး၏။ အမျိုးသမီးကြီးက ဤသို့ မဟုတ်ကြောင်း၊ ငါ၏ အရှင့်သားမှာ ခန္တီ၊ မေတ္တာ၊ ကရုဏာနှင့် ပြည့်စုံကြောင်း၊ သားကြီးအရင်းကဲ့သို့ ချစ်ခင်ကြောင်း၊ သို့သော် မိမိ မငိုကြောင်း ဤသို့ ပြောပြ၏—

“အိုးကွဲကို ပြန်စပ်၍ အိုးကောင်းပြန်မဖြစ်နိုင်သကဲ့သို့ သေသူကို ငိုကြွေးတမ်းတနေသော်လည်း သေသူမှာ ပြန်မလာတော့ပေ။ ဆွေမျိုးတို့ ငိုကြွေးနေသည်ကိုလည်း သေသူ မသိတော့၊ သူ့လမ်းအတိုင်း သူ သွားလေ၏”။

သိကြားမင်းသည် လယ်သမားကြီး မိသားစု၏ စကားကို ကြားရ၍ အားရဝမ်းသာ ကြည်ညိုသဒ္ဓါ ဖြစ်ကာ “သင်တို့သည် ယနေ့မှစ၍ လယ်လုပ်မစားကြနှင့်တော့။ ဒါန၊ သီလ၊ ဥပုသ်တို့ကို ပြုလုပ်စောင့်ထိန်း၍ မရဏာနုဿတိကို ပွားများလျက် မမေ့မလျော့နေကြလော့” ဟု ပြောဆို၍ အိမ်၌ ရတနာခုနစ်ပါး ပြည့်စုံအောင် ပြုလုပ်ပေးပြီး ပြန်သွားလေသည်။
စာမျက်နှာ-120


ရဟန်း (၈) ပါး မရဏာနုဿတိ ပွားများပုံ

ဤနေရာ၌ မရဏာနုဿတိ ပွားများသော ရဟန်းရှစ်ပါးအကြောင်းကို ဖော်ပြပါဦးမည်။ ဘုရားရှင်သည် နာတိကရွာ အုတ်ကျောင်း၌ သီတင်းသုံးတော်မူနေစဉ် ရဟန်းတို့ကို ခေါ်တော်မူ၍—

“ရဟန်းတို့... သေခြင်းတရားကို အောက်မေ့မှု (မရဏာနုဿတိ) ကို ပွားများအပ်၊ ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးအာနိသင် ကြီးမား၏၊ အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏။ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏၊ သင်တို့သည် မရဏာနုဿတိကို ပွားများကြ၏လော—”

ဟု မေးတော်မူသည်။ ထိုအခါ ရဟန်းရှစ်ပါးတို့က မိမိတို့ မရဏာနုဿတိ ပွားများကြပုံကို အသီးအသီး လျှောက်ထားကြ၏။

(၁) ရဟန်းတစ်ပါး - “ငါသည် တစ်နေ့တစ်ည၌သာ အသက်ရှည်နိုင်၏၊ (တစ်နေ့တစ်ညဉ့်အတွင်း သေနိုင်၏) ဤသို့ ပွားများပါသည် ဘုရား။”

(၂) ရဟန်းတစ်ပါး - “ငါသည် တစ်နေ့မျှသာ အသက်ရှည်နိုင်၏” (တစ်နေ့အတွင်း သေနိုင်၏) ဤသို့ ပွားများပါသည် ဘုရား။”

(၃) ရဟန်းတစ်ပါး - “ငါသည် နေ့ဝက်မျှသာ အသက်ရှည်နိုင်၏” (နေ့ဝက်အတွင်း သေနိုင်၏) ဤသို့ ပွားများပါသည်ဘုရား။”

(၄) ရဟန်းတစ်ပါး - “ငါသည် ဆွမ်းတစ်ထပ်စားချိန်မျှသာ အသက်ရှည်နိုင်၏”၊ (ဆွမ်းတစ်ထပ်စားချိန်အတွင်း သေနိုင်၏) ဤသို့ ပွားများပါသည်ဘုရား။”

စာမျက်နှာ-121


(၅) ရဟန်းတစ်ပါး - “ငါသည် ဆွမ်းတစ်ထပ်စားချိန်၏ ထက်ဝက်မျှသာ အသက်ရှည်နိုင်၏”၊ (ဆွမ်းတစ်ထပ်စားချိန်၏ ထက်ဝက်အတွင်း သေနိုင်၏) ဤသို့ ပွားများပါသည်ဘုရား။”

(၆) ရဟန်းတစ်ပါး - “ငါသည် ဆွမ်းလေးလုပ် ငါးလုပ် ဝါးမျိုနေချိန်မျှသာ အသက်ရှည်နိုင်၏” (ဆွမ်းလေးလုပ် ငါးလုပ် ဝါးမျိုနေချိန်အတွင်း သေနိုင်၏) ဤသို့ ပွားများပါသည်ဘုရား။”

(၇) ရဟန်းတစ်ပါး - “ငါသည် ဆွမ်းတစ်လုပ် ဝါးမျိုနေချိန်မျှသာ အသက်ရှည်နိုင်၏”၊ (ဆွမ်းတစ်လုပ် ဝါးမျိုနေချိန်အတွင်း သေနိုင်၏) ဤသို့ ပွားများပါသည်ဘုရား။”

(၈) ရဟန်းတစ်ပါး - “ငါသည် ဝင်သက်ရှူ၍ ထွက်သက်ထုတ်ချိန်၊ ထွက်သက်ထုတ်၍ ဝင်သက်ရှူချိန်အတွင်း အသက်ရှည်နိုင်၏၊ (ထိုအချိန်အတွင်း သေနိုင်၏) ဤသို့ ပွားများပါသည် ဘုရား။”

ထိုအခါ ဘုရားရှင်က ရှေ့ရဟန်းခြောက်ပါးတို့အား—

“ဤရဟန်းခြောက်ပါးတို့သည် မေ့မေ့လျော့လျော့ နေကုန်၏၊ အာသဝေါတရားကုန်ခန်းရန် နှေးကွေးစွာ မရဏာနုဿတိကို ပွားများကုန်၏—”
ဟု ပြစ်တင်ရှုတ်ချတော်မူသည်။ နောက်ဆုံး ရဟန်းနှစ်ပါးကိုကား—
“ဤရဟန်းနှစ်ပါးတို့သည် မမေ့မလျော့ နေကုန်၏၊ အာသဝေါတရား ကုန်ခန်းရန် ထက်သန်စွာ မရဏာနုဿတိကို ပွားများကုန်၏—”
ဟု ချီးမွမ်းတော်မူ၏။

သေခြင်းတရားတို့မည်သည် ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ၊ မျက်စိတစ်မှိတ်၊ လက်ဖျစ်တစ်တွက်၊ လျှပ်တစ်ပျက်အတွင်း သတ္တဝါတို့အပေါ် ကျရောက်လာနိုင်သည်။ ထိုမျှလောက်တိုတောင်းသော အချိန်ကာလများ၌ ပွားများသော မရဏာနုဿတိကိုသာ ဘုရားရှင် ချီးမွမ်းတော်မူသည်။ ဆိုလိုသည်မှာ စက္ကန့်တိုင်း စက္ကန့်တိုင်း အချိန်မရွေး သေနိုင်သည်ဟူသော အသိဉာဏ်ကို အမြဲတမ်း ပွားများနေရမည်ဟု ဆိုလိုသည်။ ထို့ကြောင့် မရဏာနုဿတိဘာဝနာကို စွဲမြဲစွာ ပွားများအားထုတ်သင့်ကြသည်။
စာမျက်နှာ-122


ကာယဂတာသတိပွားများပုံ

ကာယဂတာသတိ ဆိုသည်မှာ ခန္ဓာကိုယ် အတ္တဘော၌ ရှိသော ဆံပင်၊ အမွှေး၊ ခြေသည်း၊ လက်သည်း၊ သွား စသည့် ၃၂ ပါးသော အစုအဝေး အစိတ်အပိုင်းများကို အာရုံပြု၍ ဆင်ခြင်အောက်မေ့ခြင်းကို ဆိုသည်။ (ကာယ + ဂတာ + သတိ၊ ကာယ=ကိုယ် + ဂတာ=ရှိခြင်း + အနုဿတိ=အစဉ် အောက်မေ့ခြင်း၊ ကောဋ္ဌာသ=အဖို့အစု)

ဤကာယဂတာသတိ ကမ္မဋ္ဌာန်းကိုပင် ကာယာနုပဿနာ သတိပဋ္ဌာန် ဟုလည်း ခေါ်သည်။ ကာယဂတာသတိ ကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်လိုသူသည် ရှေးဦးစွာ ၃၂ ပါးသော ကောဋ္ဌာသတို့ကို အရအမိ ကျက်မှတ်ဆောင်ထားရန် လိုအပ်လေသည်—
(၁) ကေသာ = ဆံပင်
(၂) လောမာ = အမွှေး
(၃) နခါ = ခြေသည်း လက်သည်း
(၄) ဒန္တာ = သွား
(၅) တစော = အရေ (အရေထူအရေပါး)
(၆) မံသံ = အသား
(၇) နှာရု = အကြော
(၈) အဋ္ဌိ = အရိုး
(၉) အဋ္ဌိမိဉ္စံ = ရိုးတွင်းခြင်ဆီ
(၁၀) ဝက္ကံ = အညှို့
(၁၁) ဟဒယံ = နှလုံး
(၁၂) ယကနံ = အသည်း
(၁၃) ကိလောမကံ = အမြှေး
(၁၄) ပိဟကံ = အဖျဉ်း
(၁၅) ပပ္ဖါသံ = အဆုတ်
စာမျက်နှာ-123


(၁၆) အန္တံ = အူမ
(၁၇) အန္တဂုဏံ = အူသိမ်
(၁၈) ဥဒရိယံ = အစာသစ်
(၁၉) ကရီသံ = အစာဟောင်း
(၂၀) မတ္ထလုင်္ဂံ = ဦးနှောက်
(၂၁) ပိတ္တံ = သည်းခြေ
(၂၂) သေမှံ = သလိပ်
(၂၃) ပုဗ္ဗော = ပြည်
(၂၄) လောဟိတံ = သွေး
(၂၅) သေဒေါ = ချွေး
(၂၆) မေဒေါ = အဆီခဲ
(၂၇) အဿု = မျက်ရည်
(၂၈) ဝသာ = အဆီကြည်
(၂၉) ခေဠော = တံတွေး
(၃၀) သိင်္ဃာဏိကာ = နှပ်
(၃၁) လသိကာ = အစေး
(၃၂) မုတ္တံ = ကျင်ငယ်

ထို ၃၂ ပါးအနက် (၁) မှ (၂၀) အထိ ကောဋ္ဌာသများသည် မြေဓာတ်လွန်ကဲသောကြောင့် ပထဝီကောဋ္ဌာသ မည်၏။ (၂၁) မှ (၃၂) အထိ ကောဋ္ဌာသများသည် ရေဓာတ်လွန်ကဲသောကြောင့် အာပေါကောဋ္ဌာသ မည်၏။

ကာယဂတာသတိကမ္မဋ္ဌာန်း အားထုတ်ရာ၌ ထို ၃၂ ပါးသော ကောဋ္ဌာသတို့ကို အလွတ်ရအောင် ကျက်မှတ်၍ နှုတ်ဖြင့် အသံထွက်မရွတ်ဆိုဘဲ စိတ်အသိဉာဏ်ဖြင့် အပြန်ပြန်အလှန်လှန် အစမှအဆုံး အဆုံးမှအစ (အနုလုံ-ပဋိလုံ) ကြည့်ရှုဆင်ခြင်ရာ၏။ ၎င်းတို့သည် မျက်စိဖြင့်မြင်၍ရသော မြင်ဖူးသော ကောဋ္ဌာသများဖြစ်၍ ၎င်းတို့ကို အဖန်ဖန် ကြည့်ရှုသောအခါ ပကတိမျက်စိဖြင့် မြင်ရသကဲ့သို့ စိတ်ထဲ ဉာဏ်ထဲ၌ ထင်မြင်လာသည်။ ယင်းသို့ ထင်မြင်လာလျှင် ဥဂ္ဂဟနိမိတ် ရပြီဟု မှတ်ရမည်။
စာမျက်နှာ-124


ထိုသို့ ဥဂ္ဂဟနိမိတ်ရသောအခါ စိတ်ထဲ ဉာဏ်ထဲ၌ ထင်ထင်ရှားရှား မြင်ရသော ကောဋ္ဌာသတစ်ခုတည်းကိုသာ အဖန်ဖန် အထပ်ထပ် ကြည့်ရှုနေအပ်၏။ ထိုသို့ ကြည့်ရှုရာ၌လည်း ထိုကောဋ္ဌာသကို ကသိုဏ်းဖြစ်အောင် အဆင်းကိုလည်း နှလုံးမသွင်းရ၊ သုညတဖြစ်အောင် ဓာတ်ကိုလည်း နှလုံးမသွင်းရ၊ စက်ဆုပ်ရွံရှာဖွယ်ဟုသာ နှလုံးသွင်း၍ ရှူနေရမည်။ စက်ဆုပ်ရွံရှာဖွယ် အခြင်းအရာ ပေါ်ပေါ်အောင် နှလုံးသွင်း၍ ရှူရမည်။

ထိုအခါ ဥဂ္ဂဟနိမိတ်အဖြစ် ထင်မြင်နေသော ကောဋ္ဌာသသည် ချောမွေ့ပြေပြစ် နှစ်သက်ဖွယ်အသွင်အားဖြင့် ပဋိဘာဂနိမိတ် သို့ ပြောင်းလဲထင်လာသည်။ ထိုပဋိဘာဂနိမိတ်ကိုလည်း စက်ဆုပ်ရွံရှာဖွယ်ဟု စိတ်ထား နှလုံးသွင်းလျက် အဖန်ဖန် အထပ်ထပ် ရှုကြည့် ဆင်ခြင်ရမည်။ ထိုအခါ အပ္ပနာသမာဓိ ဖြစ်ပေါ်လာပြီး အင်္ဂါငါးပါးနှင့် ပြည့်စုံသော ရူပါဝစရ ပထမဈာန်ကို ရရှိလေတော့သည်။

ထိုပထမဈာန်ကို ထက်သန်ကြီးထွား မြဲမြံခိုင်ခံ့အောင် ဝသိဘော်မြောက် ကြိုးစားအားထုတ်ရာ၏၊ အခြား ကောဋ္ဌာသများကိုလည်း ပထမဈာန်ဇောကျအောင် ပွားများအပ်၏။ ကာယဂတာသတိကမ္မဋ္ဌာန်းသည် အသုဘကမ္မဋ္ဌာန်းကဲ့သို့ အာရုံအနေအားဖြင့် ရုန့်ရင်းကြမ်းတမ်းသောကြောင့် အထက်ဒုတိယဈာန် စသည်ကိုကား မဖြစ်စေနိုင်ပေ။

ကာယဂတာသတိဖြင့် နိဗ္ဗာန်ကို ပြီးစေခြင်း

ကာယဂတာသတိ ကမ္မဋ္ဌာန်းအားထုတ်၍ ကောဋ္ဌာသ အာရုံတစ်ခုခုဖြင့် ပထမဈာန်ကိုရရှိပြီး ထိုပထမဈာန်ကို ထက်သန်အားကောင်း မြဲမြံခိုင်ခံ့အောင် ဝသီဘော်မြောက် အားထုတ်သူသည် အထက်ဒုတိယဈာန်စသည်သို့ တက်ရောက်လိုလျှင် ထိုကောဋ္ဌာသကို အဆင်းအဖြစ် နှလုံးသွင်း၍ ဝဏ္ဏကသိုဏ်းဖြစ်အောင်ရှုလျက် တက်ရာ၏။ မဂ်ဖိုလ်သို့ ကူးလိုသောအခါလည်း ဓာတုသုညတအနေဖြင့် ရှု၍ ကူးရာ၏။ ထို့ကြောင့် ဘုရားရှင်က—

“ရဟန်းတို့၊ အကြင်သူတို့သည် ကာယဂတာသတိကို သုံးဆောင်ကုန်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို သုံးဆောင်ရကုန်၏။ ရဟန်းတို့ အကြင်သူတို့သည် ကာယဂတာသတိကို မသုံးဆောင်ကုန်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မသုံးဆောင်ရကုန်။ အကြင်သူတို့သည် ကာယဂတာသတိကို သုံးဆောင်အပ်ပြီ၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို သုံးဆောင်အပ်ပြီ။ အကြင်သူတို့သည် ကာယဂတာသတိကို မသုံးဆောင်
စာမျက်နှာ-125


ဖူးသေး၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မသုံးဆောင်ဖူးသေး။ အကြင်သူတို့အား ကာယဂတာသတိ (မပွားရသဖြင့်) ဆုံးရှုံး၏၊ ထိုသူတို့အား အမြိုက်နိဗ္ဗာန် ဆုံးရှုံး၏။ အကြင်သူတို့အား ကာယဂတာသတိ မဆုံးရှုံး၊ ထိုသူတို့အား အမြိုက်နိဗ္ဗာန် မဆုံးရှုံး။ အကြင်သူတို့သည် ကာယဂတာသတိကို ချွတ်ယွင်းစေ၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ချွတ်ယွင်းစေ၏။ အကြင်သူတို့သည် ကာယဂတာသတိကို ပြီးစေ၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ပြီးစေ၏—”

ဟု မိန့်တော်မူ၏။

ပဉ္စကနှင့် ဆက္ကကမ္မဋ္ဌာန်းများ

(၁) တစပဉ္စက

၃၂ ပါးသော ကောဋ္ဌာသတို့အနက် အရေတိုင်အောင် ငါးခုတွဲရှိသော အစုအဝေးကို “တစပဉ္စက” ကမ္မဋ္ဌာန်းဟု ခေါ်သည်။ (တစ=အရေ + ပဉ္စက=ငါးခုတွဲ) အစဉ်လိုက်အားဖြင့်—
“ဆံပင်၊ အမွှေး၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ” တို့တည်း။ ၎င်းကို အဆုံးမှအစ ပြန်လှန်၍ အရေ၊ သွား၊ လက်သည်း၊ ခြေသည်း၊ အမွှေး၊ ဆံပင်ဟု (အနုလုံ၊ ပဋိလုံ) ရွတ်ဆို ပွားများအပ်၏။

(၂) ဝက္ကပဉ္စက

အညှို့တိုင်အောင် ငါးခုတွဲရှိသော အစုအဝေးကို “ဝက္ကပဉ္စက” ကမ္မဋ္ဌာန်းဟု ခေါ်သည်။ အစဉ်လိုက်အားဖြင့်—
“အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့” တို့တည်း။ ၎င်းကို အနုလုံ၊ ပဋိလုံ ရွတ်ဆိုပွားများအပ်၏။ ပဋိလုံပွားများရာ၌ အညှို့မှ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား ဟူ၍ ပွားရာ၏။

(၃) ပပ္ဖါသပဉ္စက

အဆုတ်တိုင်အောင် ငါးခုတွဲရှိသော အစုအဝေးကို “ပပ္ဖါသပဉ္စက” ကမ္မဋ္ဌာန်းဟု ခေါ်သည်။ အစဉ်လိုက်အားဖြင့်—
“နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုတ်” တို့တည်း။ ၎င်းကိုလည်း အနုလုံ၊ ပဋိလုံ ရွတ်ဆိုပွားများအပ်၏။ ပဋိလုံပွားရာ၌ အဆုတ်မှ အဖျဉ်း၊ အမြှေး၊ အသည်း၊ နှလုံး ဟူ၍ ပွားရာ၏။
စာမျက်နှာ-126


(၄) မတ္ထလုင်္ဂပဉ္စက

ဦးနှောက်တိုင်အောင် ငါးခုတွဲရှိသော အစုအဝေးကို “မတ္ထလုင်္ဂပဉ္စက” ကမ္မဋ္ဌာန်းဟု ခေါ်သည်။ အစဉ်လိုက်အားဖြင့်—
“အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်” တို့တည်း။ ၎င်းကိုလည်း အနုလုံ၊ ပဋိလုံ ရွတ်ဆို ပွားများအပ်၏။ ပဋိလုံပွားရာ၌ ဦးနှောက်၊ အစာဟောင်း၊ အစာသစ်၊ အူသိမ်၊ အူမ ဟူ၍ ပွားများရာ၏။

(၅) မေဒဆက္က

အဆီခဲတိုင်အောင် ခြောက်ခုတွဲရှိသော အစုအဝေးကို “မေဒဆက္က” ကမ္မဋ္ဌာန်းဟု ခေါ်သည်။ အစဉ်လိုက်အားဖြင့်—
“သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ” တို့တည်း။ ၎င်းကိုလည်း အနုလုံ၊ ပဋိလုံ ရွတ်ဆို ပွားအပ်၏။ ပဋိလုံပွားရာ၌ အဆီခဲ၊ ချွေး၊ သွေး၊ ပြည်၊ သလိပ်၊ သည်းခြေ ဟူ၍ ပွားရာ၏။

(၆) မုတ္တဆက္က

ကျင်ငယ်တိုင်အောင် ခြောက်ခုတွဲရှိသော အစုအဝေးကို “မုတ္တဆက္က” ကမ္မဋ္ဌာန်းဟု ခေါ်သည်။ အစဉ်လိုက်အားဖြင့်—
“မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်” တို့တည်း။ ၎င်းကိုလည်း အနုလုံ၊ ပဋိလုံ ရွတ်ဆို ပွားများအပ်၏။ ပဋိလုံပွားရာ၌ ကျင်ငယ်၊ အစေး၊ နှပ်၊ တံတွေး၊ ဆီကြည်၊ မျက်ရည် ဟူ၍ ပွားရာ၏။

ကောဋ္ဌာသကမ္မဋ္ဌာန်း ၃၂ ပါး စီးဖြန်းပုံ

၃၂ ပါးသော ကောဋ္ဌာသ ကမ္မဋ္ဌာန်းတို့ကို ငါးပါးတစ်တွဲ၊ ခြောက်ပါးတစ်တွဲဖြင့် အတွဲလိုက် စီးဖြန်းပွားများနိုင်သည်။ ထို့ပြင် ထိုပဉ္စက၊ ဆက္က ကမ္မဋ္ဌာန်းများကို ရက်များ သတ်မှတ်ပိုင်းခြား၍လည်း ပွားများနိုင်သည်။ ယင်းသို့ ပွားများရာတွင်—

တစပဉ္စက၌ အနုလုံ ၅ ရက်၊ ပဋိလုံ ၅ ရက်၊ အနုလုံ ပဋိလုံ ၅ ရက်၊ ပေါင်း ၁၅ ရက်။
စာမျက်နှာ-127


ဝက္ကပဉ္စက၌ ထို့အတူ သီးခြား ၁၅ ရက်၊ ရှေ့ပဉ္စကနှင့် ပေါင်း၍ “ဆံပင်...အညှို့” ဤသို့ အနုလုံ ၅ ရက်၊ “အညှို့...ဆံပင်” ဤသို့ ပဋိလုံ ၅ ရက်၊ “ဆံပင်...အညှို့၊ အညှို့...ဆံပင်” ဤသို့ အနုလုံ ပဋိလုံ ၅ ရက်၊ ပေါင်း ရက် ၃၀။

ထို့အတူ ပပ္ဖါသပဉ္စက၌ ရက် ၃၀၊ မတ္ထလုင်္ဂပဉ္စက၌ ရက် ၃၀၊ မေဒဆက္က၌ ရက် ၃၀၊ မုတ္တဆက္က၌ ရက် ၃၀၊ ပေါင်း ၁၆၅ ရက် ဖြစ်သည်။ လအားဖြင့် ၅ လခွဲ ဖြစ်သည်— ၎င်းကို အခွဲနှင့်တကွ ၆ လ ဖြစ်သောကြောင့် ၆ လ ရွတ်ပွားပုံ (ဆမာသ သဇ္ဈာယ) ဟူ၍ အဘိဓမ္မတ္ထဝိဘာဝိနီ အဋ္ဌကထာ၌ ပြဆိုထားလေသည်။

ကာယဂတာသတိအကျိုး

၃၂ ပါးသော ကောဋ္ဌာသတို့ကို ရွတ်ပွားရှုမှတ်၍ ကာယဂတာသတိကမ္မဋ္ဌာန်း အားထုတ်သူသည် ကမ္မဋ္ဌာန်းကျောင်းနှင့် ကမ္မဋ္ဌာန်းဘာဝနာ အားထုတ်မှုတို့၌ မပျော်ပိုက်ခြင်း၊ ကာမဂုဏ်တို့၌ ပျော်ပိုက်ခြင်းတို့ကို နှိမ်နင်းနိုင်သည်။ ထိုမပျော်ပိုက်ခြင်းနှင့် ပျော်ပိုက်ခြင်းတို့သည် ကမ္မဋ္ဌာန်း အားထုတ်သူအား မနှိပ်စက်နိုင်တော့ပေ။ ဘေးကြီး ဘေးငယ်တို့ကိုလည်း သည်းခံနိုင်၏။ ဘေးကြီး ဘေးငယ်တို့ကလည်း မနှိပ်စက်နိုင်တော့ပေ။ ဖြစ်ပေါ်လာသော ဘေးကြီး ဘေးငယ်တို့ကိုလည်း နှိမ်နင်းနိုင်၏။ အအေး အပူ နှိပ်စက်ခြင်း၊ အစာရေစာ ဆာလောင်ခြင်း၊ မှက် ခြင် လေ နေပူ မြွေကင်းတို့ ထိပါးကိုက်ခဲခြင်းတို့ကိုလည်း သည်းခံနိုင်၏။ မိမိအား မကောင်းပြောဆိုမှုကိုလည်း သည်းခံနိုင်၏။ ကိုယ်၌ ဖြစ်ပေါ်လာမည့် ပြင်းထန်ကြမ်းတမ်းသော ဝေဒနာတို့ကိုလည်း သည်းခံနိုင်၏။ ကောဋ္ဌာသတို့၏ အဆင်းအထူးကို အမှီပြု၍ ဈာန် ၄ ပါးကို ရနိုင်၏။ အဘိညာဉ်တို့ကိုလည်း ထိုးထွင်း၍ သိနိုင် ရနိုင်၏။

အရှင်ဝင်္ဂီသ

ဘုရားရှင်လက်ထက်တော်က ရာဇဂြိုဟ်ပြည်၌ “ဝင်္ဂီသ” အမည်ရှိ ပုဏ္ဏားလုလင်တစ်ယောက် ရှိသည်။ သူသည် ဗေဒင်သုံးပုံကို တတ်မြောက်သည်သာမက “ဆဝသီသ” မန္တန်ကိုလည်း ကျွမ်းကျင်၏။ ဆဝသီသ မန္တန်ဆိုသည်မှာ သေသူ၏ ဦးခေါင်းခွံကို တီးခေါက်ရုံမျှဖြင့် ထိုသူသည် မည်သည့်ဘုံဘဝသို့ ရောက်ရှိသည်ကို သိသော မန္တန်ဖြစ်သည်။
စာမျက်နှာ-128


ဝင်္ဂီသဦးဆောင်သော ပုဏ္ဏားတစ်စုသည် ထိုအလုပ်ဖြင့် ဝင်ငွေဖြောင့်နေကြသည်။ အရပ်တကာလှည့်လည်၍ ဆဝသီသမန္တန်ဖြင့် ဟောပြောနေကြသည်။ လူတို့ကလည်း မိမိတို့ ဆွေမျိုးများ ကွယ်လွန်သွားရာ မည်သည့် ဘုံဘဝသို့ ရောက်နေသည်ကို သိလိုကြသဖြင့် အခကြေးငွေများ ပေးကမ်း၍ မေးမြန်းကြသည်။ (ဆဝ=သူသေကောင် + သီသ=ဦးခေါင်း)

ဝင်္ဂီသတို့သည် ယင်းသို့ ဟောပြောလှည့်လည်ရင်း သာဝတ္ထိပြည်သို့ ရောက်သွားကြ၏။ သူတို့သည် ဇေတဝန်ကျောင်းတော်အနီး တစ်နေရာ၌ ရောက်ရှိနေထိုင်ကြရာ လူအများ တရားနာသွားသည်ကို မြင်၍ ဘယ်သို့ သွားကြမည်နည်းဟု မေးမြန်းကြသည်။ လူတို့က ဘုရားကျောင်းတော်သို့ တရားနာသွားမည့်အကြောင်း ပြောပြကြသည်။ ထိုအခါ ဝင်္ဂီသ၏တပည့် ပုဏ္ဏားများက “ငါတို့ ဝင်္ဂီသနှင့်တူသူ မရှိကြောင်း၊ သေသူ၏ ဦးခေါင်းခွံကို တီးခေါက်၍ ထိုသူ မည်သည့်ဘုံသို့ ရောက်နေသည်ကိုပင် သိကြောင်း၊ သိလိုက လာရောက် မေးမြန်းကြပါ” ဟု ပြောပြလေသည်။

ဘုရားကျောင်းတော်သို့ တရားနာသွားမည့်သူများကလည်း “သင်တို့ ဝင်္ဂီသက အဘယ်မျှလောက် သိနိုင်သနည်း၊ ငါတို့ဆရာ မြတ်စွာဘုရားနှင့်တူသူ လောက၌ မရှိ” ဟု ပြောကြလေသည်။ တစ်ဖန် ပုဏ္ဏားတို့ကလည်း “ဝင်္ဂီသနှင့် တူသူ မရှိ” ဟု ပြောကြပြန်သည်။ ယင်းကို သူနိုင်ကိုယ်နိုင် ငြင်းခုန်ကြရင်း လူအများက ထိုပုဏ္ဏားလူစုအား ဘုရားရှင်ထံသို့ ခေါ်သွားကြသည်။

ဘုရားရှင်သည် ထိုသူတို့ လာသောအကြောင်းကို သိတော်မူသောကြောင့် ငရဲ၊ တိရစ္ဆာန်၊ လူ့ဘုံ၊ နတ်ဘုံတို့သို့ ရောက်ရှိနေသူတို့၏ ဦးခေါင်းခွံ လေးခုနှင့် ရဟန္တာပုဂ္ဂိုလ်၏ ဦးခေါင်းခွံတစ်ခုကို ယူဆောင်စေပြီး အစဉ်လိုက်ထားစေတော်မူသည်။ ဝင်္ဂီသတို့ ရောက်လာကြသောအခါ ဘုရားရှင်က “ဝင်္ဂီသ၊ သင်သည် ဦးခေါင်းခွံကို တီးခေါက်၍ သေသူတို့ လားရောက်ရာအရပ်ကို သိနိုင်ပါသလော” ဟု မေးတော်မူရာ ဝင်္ဂီသက “ဪ... သိနိုင်ပါ၏” ဟု ဝန်ခံဖြေကြားလေသည်။

ထိုအခါ ဘုရားရှင်က အစဉ်လိုက်ချထားသော ဦးခေါင်းခွံများကို ပြတော်မူကာ “ဤဦးခေါင်းခွံသည် အဘယ်သူ၏ ဦးခေါင်းခွံနည်း” ဟု မေးတော်မူသည်။ ဝင်္ဂီသကလည်း ထိုဦးခေါင်းခွံတို့ကို တီးခေါက်၍ “ဤကား ငရဲဘုံ၌ လားရောက်နေသူ၏ ဦးခေါင်းခွံတည်း” စသည်ဖြင့် ဖြေကြားရာ မှန်ကန်သောကြောင့် ဘုရားရှင်က “ကောင်း၏၊ ကောင်း၏” ဟု ကောင်းချီးပြုတော်မူသည်။
စာမျက်နှာ-129


နောက်ဆုံးဖြစ်သော ရဟန္တာ၏ ဦးခေါင်းခွံကို မေးတော်မူရာ၌ကား ဝင်္ဂီသသည် ဖြေကြားနိုင်ခြင်း မရှိဘဲ မှိုင်တွေနေတော့၏။ ထိုအခါ ဘုရားရှင်က “ဝင်္ဂီသ၊ အသို့နည်း၊ မသိနိုင်တော့ပြီလော” ဟု မေးတော်မူရာ ဝင်္ဂီသက “ဪ... မသိနိုင်တော့ပါ” ဟု ဝန်ခံရလေသည်။ ထိုအခါ ဘုရားရှင်က “ငါသည်ကား သိရှိပါ၏” ဟု မိန့်တော်မူရာ— “ထိုမန္တန်ကို အကျွန်ုပ်အား သင်ပေးပါ” ဟု ဝင်္ဂီသက တောင်းပန်လေသည်။ ဘုရားရှင်က “အို... ဝင်္ဂီသ၊ ရဟန်းမပြုလုပ်သူအား ဤမန္တန်ကို ပေးကမ်း ချီးမြှောက်ခြင်းငှာ မတတ်ကောင်း” ဟု မိန့်တော်မူသည်။ ဝင်္ဂီသသည် “ဤမန္တန်ကို တတ်လျှင် ဇမ္ဗူဒိပ်၌ ငါ အကြီးအမှူး ဖြစ်ရမည်” ဟု ကြံစည်၍ အဖော်ပုဏ္ဏားတို့အား “ငါ့ကို နှစ်ရက်သုံးရက်လောက် စောင့်ကြ၊ ငါ ရဟန်းပြုမည်” ဟု ပြောဆိုကာ ပြန်လွှတ်လိုက်ပြီး ရဟန်းပြုလေသည်။

ဘုရားရှင်သည် ရဟန်းသစ် အရှင်ဝင်္ဂီသအား “ဆံပင်၊ အမွှေး...” စသော ၃၂ ကောဋ္ဌာသဟု ဆိုအပ်သော (ဒွတ္တိံသာကာရ) ကမ္မဋ္ဌာန်းကို ပေးသနားတော်မူကာ “ထိုမန္တန်ကို သရဇ္ဈာယ်လေလော့” ဟု မိန့်တော်မူ၏။ အရှင်ဝင်္ဂီသသည် ဘုရားရှင်သင်ကြားပေးတော်မူသော ဒွတ္တိံသာကာရကမ္မဋ္ဌာန်း၊ တစ်နည်းအားဖြင့် ကာယဂတာသတိကမ္မဋ္ဌာန်းကို မပြတ် ရွတ်ပွားသရဇ္ဈာယ်နေသည်။ အကြားအကြား၌ အဖော်ပုဏ္ဏားများက “အသင် မန္တန်ကို သင်ယူပြီးပြီလော” ဟု လာရောက်မေးမြန်းကြ၏။ အရှင်ဝင်္ဂီသက “အသင်တို့ ဆိုင်းငံ့ကြဦးလော့” ဟု ပြောလေသည်။

အရှင်ဝင်္ဂီသသည် ၃၂ ကောဋ္ဌာသကို ရွတ်ပွားသရဇ္ဈာယ်ရင်း ခန္ဓာကိုယ်၏ စက်ဆုပ်ရွံရှာဖွယ်သဘော၊ မမြဲခြင်းသဘော၊ ကုန်ခန်းပျက်စီးခြင်းသဘောများကို ထင်ထင်ရှားရှား မြင်လာသည်။ ယင်းသို့ ထင်မြင်သည့်အတိုင်း နှလုံးသွင်း၍ ပွားများရာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေတော့သည်။

ကောဋ္ဌာသအချုပ် တစပဉ္စက

ပြဆိုအပ်ပြီးသော ကိုယ်ကာယ အစုအဝေး “ကောဋ္ဌာသ” ၃၂ ပါးအနက် အရေလျှင် ငါးခုမြောက်ဖြစ်သော “တစပဉ္စက” ကမ္မဋ္ဌာန်းသည် အချုပ်ဖြစ်၏။ အချုပ်ဟုဆိုခြင်းမှာ ဆံပင်မှအရေအဆုံးရှိသော ဤတစပဉ္စကကမ္မဋ္ဌာန်းကို ပိုင်ပိုင်နိုင်နိုင် ထင်မြင်အောင် ရှုမှတ် ပွားများနိုင်လျှင် အခြားကောဋ္ဌာသများကို ရှုမှတ်ပွားများရန် လွယ်ကူ၏။ တစပဉ္စကသည် ပကတိကိုယ်ခန္ဓာတွင် ပကတိမျက်စိဖြင့် အချိန်မရွေး မြင်နေရ၏။ အခြားကောဋ္ဌာသများကား ဖုံးလွှမ်းထားသဖြင့် အချိန်မရွေး မမြင်ရပေ။ သုတအားဖြင့်သာ ကြားသိနေကြရ၏။
စာမျက်နှာ-130


သတ္တဝါတို့ အစွဲအလမ်းကြီးနေကြသည်မှာလည်း ဤတစပဉ္စကပင် ဖြစ်၏။ တစပဉ္စကကို အခြေခံ၍ ကိုယ်ကာယ၌ ငါဟု သက္ကာယဒိဋ္ဌိ အစွဲငြိနေကြသည်။ ငါရှိလာသောအခါ “ငါ” ကို ဗဟိုမဏ္ဍိုင်ထား၍ “ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ၊ ငါ့လင်၊ ငါ့မယား၊ ငါ့သမီး၊ ငါ့သား” စသည်ဖြင့် အစွဲအလမ်းကြီးခဲ့ကြသည်မှာလည်း ဤတစပဉ္စကကြောင့် ဖြစ်၏။ ပင်ကိုက စွဲလမ်းနှစ်သက်နေသော ထိုတစပဉ္စကကိုပင် ပိုမို စွဲလမ်း နှစ်သက်စရာကောင်းအောင် အမျိုးမျိုး ပြုပြင်မွမ်းမံခြယ်လှယ်နေကြ၏။ အရောင်အသွေးအမျိုးမျိုး ဆိုးပေးနေကြ၏။

ဆံပင်အလှ

တစပဉ္စက၏ လက်ဦးအစဖြစ်သော ဆံပင်သည် ကောင်းခြင်းငါးဖြာတွင်လည်း “ဆံပင်၏ ကောင်းခြင်း” ဟု ထိပ်ဆုံးကလာ၏။ ၃၂ ကောဋ္ဌာသတွင်လည်း ဆံပင်ကို ထိပ်ဆုံးက ဖော်ပြ၏။ လူ့ခန္ဓာကိုယ်တွင်လည်း အမြင့်ဆုံး အမြတ်ဆုံးဖြစ်သော ဦးခေါင်း၌ ပေါက်ရောက်နေ၏။ လူတို့ခန္ဓာကိုယ်၌ အလှပြုပြင်ရာတွင် ဆံပင်သည် အချုပ်ဖြစ်၏။ ရှေးခေတ်ယခုခေတ်တို့၌ ဆံပင်ကို အမျိုးမျိုးပြုပြင်ကြ၏။ ပုံစံအမျိုးမျိုး တီထွင်ကြ၏။ ကိုယ်ဟန်အနေအထား မျက်နှာအနေအထား မည်မျှလှသည် ဆိုစေကာမူ ဆံပင်မရှိလျှင် မပြည့်စုံပေ။ ခေါင်းတုံးပြောင် ထိပ်ပြောင်ဖြစ်နေလျှင် အလှအပ ချို့တဲ့နေ၏။

ဥပမာအားဖြင့် မျက်နှာအနေအထား ချောမောလှပနေသော်လည်း ဆံပင်ကျိုးတိုးကျဲတဲ ဖြစ်နေသောသူ၊ ဆံပင်အုံးစား၍ ထိပ်ပြောင်နေသူနှင့် ဆံပင်မရှိသော ပုဂ္ဂိုလ်များ၏အလှသည် ပြောင်ချောချော ပြောင်ထင်းကြီး ဖြစ်နေပေသည်။ ထိုသူတို့၏ မျက်နှာကို ဆံပင်ဖြင့် ပောင်ကွပ်ပေးမှသာလျှင် တင့်တယ်၏။ ဆံပင်ကို တွန့်လိမ်ကောက်ကွေး လှိုင်းတွန့်ကလေးများ ပြုလုပ်ပေး၍ အနိမ့်အမြင့် ပုံအမျိုးမျိုး ပြုလုပ်လိုက်လျှင် မြင်နေကျသူငယ်မသည်ပင် လူမှားမတတ် ပုံပြောင်းသွားသည်။ ချောသလိုလို၊ လှသလိုလို၊ ကြည့်ကောင်းသလိုလို၊ ထင်ရ၏။ ထို့ကြောင့် ဆံပင်သည် လူ၏အလှကျက်သရေကို ဆောင်ရာ၌ လွန်စွာ အရေးပါ၏။ ဤမျှ လှပါသည်ဆိုသော ဆံပင်တစ်ပင်ကို ထမင်းဟင်းထဲ၌ တွေ့ရပါက ရွံရှာစက်ဆုပ်၍ ထမင်းစား ပျက်သွားတတ်၏။

မွေးညင်းအလှ

တစ်ဖန် လူ့ခန္ဓာကိုယ်၌ ပေါက်ရောက်နေသော မွေးညင်းများသည်လည်း ခန္ဓာကိုယ်၏ အလှတန်ဆာတစ်ခုဖြစ်သည်။ အချို့လူတို့၏ လက်ဖမိုး ပါးပြင် စသည်တို့၌ ပေါက်ရောက်နေသော မွေးညင်းနုကလေးများသည် အလွန်လှပ၍
စာမျက်နှာ-131


ချစ်စရာ မြတ်နိုးစရာဖြစ်၏။ အချို့သော ယောက်ျားများမှာ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးကို သပ်ယပ်စွာပြုပြင်၍ အလှအပ တန်ဆာဆင်တတ်ကြ၏။ မွေးညင်း လုံးဝမရှိသူများသည် ဝက်သားခေါက်ကဲ့သို့ ဝင်းပြောင်နေ၍ စက်ဆုပ်ဖွယ် ကောင်း၏။ ထို့ကြောင့် မွေးညင်းသည်လည်း အလှအပ အဆင်တန်ဆာ တစ်ခုဖြစ်သည်။

ခြေသည်းလက်သည်းအလှ

ခြေသည်းလက်သည်းတို့သည်လည်း အလားတူပင် ခန္ဓာကိုယ်အတွက် အလှအပ တန်ဆာတစ်ခုဖြစ်၏။ အချို့သူများသည် ခြေသည်း လက်သည်းများကို ဖွေးဖြူနေအောင် တိုက်ချွတ်ထားကြ၏။ ညီညာလှပအောင် ညှပ်ထားကြ၏။ အချို့ကား ခြေသည်းလက်သည်းများ အရှည်ကြီးထားကာ လှပအောင် ဆေးရောင်အမျိုးမျိုး ဆိုးထားကြ၏။ ထိုခြေသည်းလက်သည်းများ ကျိုးပဲပျက်စီးမသွားအောင် ဂရုတစိုက် စောင့်ရှောက်ကာကွယ်ကြ၏။ အလှပြုပြင်ကြရ၏။ ခြေသည်းလက်သည်း တွန့်လိမ်နေပါက၊ ကျွတ်ထွက်သွားပါက ယင်းခြေချောင်း လက်ချောင်းသည် အလွန်အရုပ်ဆိုးသွားမည်။ မည်မျှ လှပသော ခြေသည်းလက်သည်းပင် ဖြစ်ပါစေ၊ ခြေချောင်းလက်ချောင်းမှ ကျွတ်ထွက် ကင်းကွာသွားပါက စက်ဆုပ်ဖွယ်သာ ဖြစ်တော့သည်။

သွားအလှ

သွားသည်လည်း ကောင်းခြင်းငါးဖြာတွင် တစ်ခုအပါအဝင်ဖြစ်၏။ သွား၏ကောင်းခြင်းကို အရိုး၏ကောင်းခြင်းဟု ဆိုကြ၏။ အချို့သူ၏ သွားကလေးများသည် ပုလဲလုံးကလေးများ စီထားသကဲ့သို့ ညီညာလှပ ဖြူစင်ဝင်းလက် အရောင်ထွက်နေ၏။ တစ်ချက် ပြုံးလိုက်လျှင် တစ်သက် မမုန်းနိုင်အောင် စွဲမက်စရာကောင်းလှ၏။ ထိုသွားကိုလည်း လှပအောင် အမျိုးမျိုး ပြုပြင်ကြ၏။ ကျိုးလျှင်တောင်မှ အတုတပ်၍ အလှဆင်ကြ၏။ မျက်နှာအနေအထား မည်မျှ လှပသော အမျိုးသမီးဖြစ်စေကာမူ သွားကျဲ၊ သွားခေါ၊ ယိုင်ရွဲ့၊ ပဲနေလျှင်၊ သွားကျိုး၍ ဟောင်းလောင်းပေါက် ဖြစ်နေလျှင် အကျည်းတန် အရုပ်ဆိုးသွားသည်။ ပုလဲသွယ်ကဲ့သို့ လှပါသည်ဆိုသော သွားများကို ချွတ်၍ စုပုံထားပါက လှပါဦးမည်လော၊ ကျက်သရေမရှိတော့ချေ။ အရုပ်ဆိုးအကျည်းတန် ဖြစ်သွားသည်။
စာမျက်နှာ-132


အရေအလှ

အရေသည်လည်း ကောင်းခြင်းငါးဖြာတွင် တစ်ခုအပါအဝင်ဖြစ်၏။ မဖြူလွန်း မညိုလွန်း ရွှေအဆင်းကဲ့သို့ ဝါဝင်းနေသည်ကို အရေ၏ကောင်းခြင်းဟု ဆိုကြသည်။ လူ့ခန္ဓာကိုယ်၏ မသတီစရာ အားလုံးကို အရေက ဖုံးထား၏။ လူ့ခန္ဓာတစ်ခုလုံးကို အရေခွံခွာကြည့်လိုက်လျှင် သားရေခွာထားသော နွားကဲ့သို့ ဖြစ်နေပေမည်။ ကိုယ်သားကိုယ်ရေပေါ်၌ ပွေး၊ ညှင်း၊ တင်းတိပ်၊ မှဲ့ခြောက်၊ ခရုသင်း၊ နှင်းခူစသည်တို့ စွဲကပ်နေလျှင် အမာရွတ်ရှိနေလျှင် ကြည့်မကောင်း ရှုမကောင်း ဖြစ်ရတော့သည်။ ထို့ကြောင့် အရေကိုလည်း ချောမောလှပ နူးညံ့နေအောင်၊ နေမလောင်အောင် ထိခိုက်ဒဏ်ရာ မရှိရအောင် အမျိုးမျိုး ဂရုတစိုက် ကာကွယ်ကြရသည်။

၃၂ ပါးသော ကောဋ္ဌာသတို့အနက် ဆံပင်မှ အရေအထိ ဤငါးပါးသည်သာလျှင် အလှအပကို ဆောင်နိုင်သည်။ အခြားသော ကောဋ္ဌာသတို့သည် တစ်ခုစီသော်လည်းကောင်း၊ အစုလိုက်သော်လည်းကောင်း လှပမှုကို မဆောင်နိုင်၊ နှစ်သက်မြတ်နိုးဖွယ် မရှိ။ ဥပမာအားဖြင့် နှာရုအကြောကို စိစစ်ကြည့်ပါက ချောမောလှပသော သတို့သမီးပျို၏ လက်မောင်းပေါ်မှ သွေးကြောစိမ်းကလေးများသည် ရှိန်းမြမြ အလွန်လှပသည်ဟု ဆိုအံ့။ ယင်း သွေးကြောကလေးများ လှပနေအောင် အပေါ်ယံအရေပြားက ဖုံးအုပ်ဖန်တီးထားခြင်းကြောင့် ဖြစ်ပေသည်။

တစ်ခုတည်း မလှ၊ စုစည်းမှ လှသည်

ဆံပင်စသော ဤငါးခုသည်လည်း တစ်ခုစီ ခွဲခြားထားမည်ဆိုလျှင် နှစ်သက်ဖွယ်ရာ မရှိပေ။ ခန္ဓာကိုယ်နှင့် ကွဲကွာသွားလျှင်ပင် ကျက်သရေမရှိ၊ နှစ်သက်ဖွယ်မရှိ၊ လှပမှုလည်း မရှိတော့ချေ။ ခန္ဓာကိုယ်တွင် တစ်စုတစ်ပေါင်း တည်ရှိနေမှ သူ့နေရာနှင့်သူ နေရာတကျ တပ်ဆင်ထားမှ နှစ်သက်မြတ်နိုးဖွယ်ကောင်းသည်။ လှပသည်ဟု ထင်ရသည်။ ဆံပင်သည် ဦးခေါင်းပေါ်၌ ရှိနေခိုက်တွင်လည်း ဖီးလိမ်းပြုပြင်ထားမှသာလျှင် လှပ၏။ မြတ်နိုးဖွယ်ရာ ကောင်း၏။ ယင်းဆံပင်သည် ဦးခေါင်းမှ ကျွတ်၍ ထမင်းဟင်းခွက်ထဲသို့ ကျနေပါမူ စက်ဆုပ်ဖွယ် အော့နှလုံးနာဖွယ် ဖြစ်၏။ ခေါင်းဖီးရာမှ ကျွတ်ကျနေသော ဆံခြည်ထွေးများ၊ ဆံပင်ညှပ်ဆိုင်မှ ဆံပင်ပြတ်များကို တွေ့ရလျှင် လက်ဖြင့်ပင် မကိုင်ချင်ကြချေ။
စာမျက်နှာ-133


ထို့အတူ ခြေသည်း လက်သည်း စသည်တို့လည်း ကိုယ်နှင့်မကွာခင်သာ လှပ၏။ ခြေလက်မှ လှီးဖြတ်ထားသော ခြေသည်းလက်သည်းများကိုမူ ရွံရှာတတ်ကြသည်။ အချို့မူကား အိမ်ဦးခန်းတွင် ခြေသည်းလက်သည်း လှီးဖြတ်သည်ကိုပင် မကြိုက်၊ လာဘ်တိတ်သည်ဟု ဆိုကြ၏။ အလွန်လှပသော သွားကလေးများ ပါးစပ်ထဲမှ ကျွတ်ကျသွားသောအခါ သွားအလှပိုင်ရှင်သည် ထိုသွားကို တစ်နာရီပြည့်အောင်ပင် သိမ်းထားမည် မဟုတ်ချေ။ အလားတူပင် ခြောက်၍ ကွာကျသွားသော အရေခွံ၊ အရေပြားကိုလည်း အမှိုက်ပုံအတွင်းသို့သာ ထည့်ကြသည်။ ထို့ကြောင့် ဆံပင်စသော ကောဋ္ဌာသများကို တစ်ခုစီ ခွဲခြားထားလျှင် မတင့်မတယ်၊ ရွံစဖွယ် ဖြစ်သည်၊ စုစည်းထားမှ လှသည်ဟု ထင်ကြရသည်။

ကောဋ္ဌာသကမ္မဋ္ဌာန်း၏ ထိရောက်မှု

ကောဋ္ဌာသကမ္မဋ္ဌာန်းခေါ် ကာယဂတာသတိကို ဘုရားရှင်တိုင်း ဟောတော်မူကြသည်။ ကောဋ္ဌာသကမ္မဋ္ဌာန်းသည် ပွားများရာ၌လည်း လွယ်ကူသည်။ ကောဋ္ဌာသကမ္မဋ္ဌာန်းကို ပွားများရာ၌ ပိဋကသုံးပုံဆောင် ပုဂ္ဂိုလ်ပင် ဖြစ်စေကာမူ အစအဦးတွင် နှုတ်ဖြင့် ရွတ်ဆို၍ ပွားများရသည်။ နှုတ်ဖြင့် ရွတ်ဆိုပွားများ၍ ကျင့်သားရလာသောအခါ ကောဋ္ဌာသတစ်ခုစီကို စိတ်ဖြင့် ရှုမှတ်ပွားများရသည်။ ၃၂ ကောဋ္ဌာသလုံးကို ဖြစ်စေ၊ တစပဉ္စက စသည်ဖြင့် အတွဲလိုက်ဖြစ်စေ၊ “ဆံပင်” စသည်ဖြင့် တစ်ခုစီကိုဖြစ်စေ ကြိုက်နှစ်သက်သလို ပွားများနိုင်သည်။ ကောဋ္ဌာသကို ပွားများရာ၌ လူသားများကို မဆိုထားဘိဦး၊ တိရစ္ဆာန်တို့ပင် ပွားများတတ်ကြသည်။ သာဓကထုတ်ပြပါမည်။

ရှေးအခါက ကချေသည်မ တစ်ယောက်သည် ကြက်တူရွေး (ကျေး) ငယ်တစ်ကောင်ကို စကားသင်ပေးထားပြီး သွားလေရာရာ ယူဆောင်သွား၏။ တစ်နေ့တွင် ဘိက္ခုနီမကျောင်းသို့ ဝင်ရောက်ရာ အပြန်တွင် ကြက်တူရွေးလေးကို မေ့ကျန်ထားခဲ့သည်။ ထိုကြက်တူရွေးလေးကို သာမဏေမ တစ်ဦးက ယူပြုစုစောင့်ရှောက် ကျွေးမွေးထား၏။ “ဗုဒ္ဓရက္ခိတ” ဟူ၍လည်း အမည်ပေးထားလိုက်သည်။ ဘိက္ခုနီထေရီမကြီးက ထိုကြက်တူရွေးလေးကို “အဋ္ဌိပုဉ္စ အဋ္ဌိပုဉ္စ = အရိုးစု အရိုးစု” ဟု ရွတ်ဆိုရန် သင်ပေးထား၏။

ထိုကြက်တူရွေးသည် တစ်နေ့ နံနက်စောစောတွင် တုရိုဏ်တိုင်ထိပ်ဖျား၌ နားလျက် နေပူဆာလှုံနေသည်။ ထိုအခိုက် သိန်းငှက်တစ်ကောင်သည် ကြက်တူရွေးကလေးကို သုတ်ချီသွားလေ၏။ ကြက်တူရွေး အော်သံကြားသဖြင့် သာမဏေမများက ခြောက်လှန့်သော်လည်း မရချေ။ ဘိက္ခုနီထေရီမကြီးက “အဋ္ဌိပုဉ္စ
စာမျက်နှာ-134


အဋ္ဌိပုဉ္စ = အရိုးစု အရိုးစု” ဟု ရွတ်ဆိုရန် သတိပေးအော်ဟစ်ရာ ကြက်တူရွေးငယ်သည် “အဋ္ဌိပုဉ္စံ” ဟု လိုက်ရွတ်ဆိုသည့်အခါ သိန်းငှက်သည် ကိုယ်အားလုံး ပူလောင်လာသည်။ ကြက်တူရွေးငယ်ကို လွှတ်ချလိုက်သည်။ ရန်သူ့လက်မှ လွတ်မြောက်ခဲ့သော ကြက်တူရွေးကလေးအား ဘိက္ခုနီထေရီမကြီးက ဤသို့ မေးလေသည်။

“ဗုဒ္ဓရက္ခိတ၊ သင့်ကို သိန်းငှက်ချီသွားစဉ်က ဘာကို ကြံဆဆင်ခြင်သလဲ”
“တစ်ခြား မဆင်ခြင်ပါ၊ အရိုးစုတစ်ခုက အရိုးစုတစ်ခုကို သယ်ဆောင်သွားသည်၊ ဘယ်နေရာ၌ အရိုးများ ဖြန့်ကြဲမည် မသိဟု ဆင်ခြင်ပါသည်။”

ထိုအခါ ဘိက္ခုနီထေရီမကြီးက “ကောင်းလေစွ၊ ကောင်းလေစွ ဗုဒ္ဓရက္ခိတ၊ ဤသို့ ဆင်ခြင်ခြင်းသည် သင့်အား နောင်အခါ ဘဝကုန်ခန်းခြင်းအတွက် အထောက်အပံ့ ဖြစ်လိမ့်မည်” ဟု မှတ်ချက်ပြုလေသည်။

၇-နှစ်သား ရဟန္တာရှင်ဒဗ္ဗ

ကုသိနာရုံပြည်၊ မလ္လတိုင်း၊ အနုပိယမြို့၌ မလ္လမင်းမျိုးမှ တစ်ဦးသော မင်းသမီးသည် ကိုယ်ဝန်အရင့်အမာဖြင့် မွေးဖွားခါနီး၌ ကွယ်လွန်သွားရှာသည်။ ထိုမင်းသမီး၏အလောင်းကို သုသာန်သို့ သယ်ဆောင်၍ ထင်းပုံပေါ်တင်ကာ မီးသင်္ဂြိုဟ်နေစဉ် ထင်းတုံးကို လောင်ကျွမ်းသော မီးအရှိန်ကြောင့် ထိုမင်းသမီးအလောင်း၏ ဝမ်းဗိုက်အလွှာသည် နှစ်ဖြာနှစ်ခြမ်း ကွဲသွားလေ၏။

ထိုအခါ ဝမ်းဗိုက်ထဲတွင် ရှိနေသော သူငယ်သည် မိမိ၏ ဘုန်းတန်ခိုးအစွမ်းကြောင့် ဝမ်းဗိုက်ထဲမှ ထွက်ကျကာ နေစာမြက် (သမန်းမြက်) အခင်းပေါ်၌ ကျလေ၏။ တစ်ယောက်သောသူသည် ထိုကလေးငယ်ကို ကောက်ယူ၍ အဖွားဖြစ်သူအား ပေးလိုက်သည်။ အဖွားသည် နေစာမြက်ခင်းပေါ်၌ ကျ၍ အသက်ရှင်ရသောကြောင့် ထိုကလေး၏အမည်ကို “ဒဗ္ဗ” ဟု နာမည်ပေးလိုက်သည်။ ဒဗ္ဗဟူသော ပါဠိ၏ အဓိပ္ပါယ်မှာ— ဉာဏ်ပညာရှိသူ၊ ထင်းတုံး၊ သစ်တုံး၊ သမန်းမြက် (နေစာမြက်) ကို ဟော၏။

ဒဗ္ဗမင်းသား ခုနစ်နှစ်အရွယ်တွင် ဘုရားရှင်သည် ရဟန်းအပေါင်းခြံရံလျက် မလ္လတိုင်းသို့ ကြွချီတော်မူလာရာ အနုပိယမြို့သို့ ရောက်ရှိ၍ အနုပိယသရက်ဥယျာဉ်၌ သီတင်းသုံးနေတော်မူ၏။ ဒဗ္ဗမင်းသားလေးသည် ဘုရားရှင်ကို ဖူးမြင်ရသဖြင့် အလွန်ကြည်ညိုကာ ရဟန်းပြုလိုစိတ် ဖြစ်ပေါ်လာ၏။ ထိုအခါ
စာမျက်နှာ-135


အဖွားထံ ခွင့်တောင်းရာ အဖွားကလည်း ကျေကျေနပ်နပ်ဖြင့် ခွင့်ပြုပြီး ဒဗ္ဗမင်းသားလေးကို ဘုရားရှင်ထံ ကိုယ်တိုင်ခေါ်ယူသွားကာ “အရှင်ဘုရား၊ ဤကလေးငယ်ကို ရှင်ပြုပေးပါဘုရား” ဟု လျှောက်ထားလေသည်။

ဘုရားရှင်သည် ရဟန်းတစ်ပါးအား ဒဗ္ဗမင်းသားလေးကို ရှင်ပြုပေးစေတော်မူသည်။ ထိုရဟန်းသည် မင်းသားလေးအား ရှင်ပြုပေးစဉ် ဆံပင်၊ မွေးညင်း၊ ခြေသည်း လက်သည်း၊ သွား၊ အရေဟူသော “တစပဉ္စက” ကမ္မဋ္ဌာန်းကို သင်ကြားပေးလေသည်။ ရှင်လောင်းလေး ဒဗ္ဗသည် ရှေးပါရမီအကြောင်းကောင်းမှုနှင့် ပြည့်စုံသောကြောင့်၊ ရှေးဆုတောင်းနှင့် ပြည့်စုံသောကြောင့် ဆံချနေစဉ် ယင်းတစပဉ္စကကမ္မဋ္ဌာန်းကို ရွတ်ဆို စီးဖြန်းနေရာ ခေါင်းတစ်ချက် ရိတ်လိုက်စဉ်မှာပင် သောတာပန်ဖြစ်လေ၏။ ဒုတိယတစ်ချက် ရိတ်စဉ် သကဒါဂါမ်၊ တတိယတစ်ချက်ရိတ်စဉ် အနာဂါမ်ဖြစ်ပြီး ဆံအားလုံးချပြီးသည်နှင့် (ခေါင်းရိတ်ပြီးသည်နှင့်) မရှေးမနှောင်း ရဟန္တာအဖြစ်သို့ ရောက်ရှိလေသည်။

ဘုရားရှင်သည် မလ္လတိုင်း၌ မွေ့လျော်သမျှ နေတော်မူပြီးနောက် ရာဇဂြိုဟ်ပြည်သို့ကြွ၍ ဝေဠုဝန်ကျောင်းတော်၌ ဝါကပ်တော်မူသည်။ ရှင်ဒဗ္ဗသည် မိမိ၏ ရဟန်းကိစ္စ ပြီးစီးခြင်းကို ကြည့်ရှုဆင်ခြင်၍ “သံဃဝေယျာဝစ္စ၌ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ရမှု ကောင်းလေစွ” ဟု ကြံစည်မိသည်။ ရှင်ဒဗ္ဗပြုလုပ်လိုသော သံဃဝေယျာဝစ္စမှာ— သံဃာတော်များအတွက် အိပ်ရာနေရာ ခင်းပေးခြင်းနှင့် ဆွမ်းညွှန်ခြင်း (ဆွမ်းစားအလှည့် အစီအစဉ်ချပေးခြင်း) တို့ ဖြစ်သည်။

ရှင်ဒဗ္ဗသည် မိမိ၏အကြံကို ဘုရားရှင်အား လျှောက်ထားလိုက်၏။ ဘုရားရှင်ကလည်း “ကောင်းလေစွ” ဟု ချီးမွမ်းတော်မူပြီး ရှင်ဒဗ္ဗအား ကျောင်းအိပ်ရာနေရာခင်းသောရဟန်း (သေနာသနပညာပက )၊ ဆွမ်းညွှန်သောရဟန်း (ဘတ္တုဒေသက) အဖြစ် ခွင့်ပြုတော်မူလေသည်။ ထိုမျှမက “ဤဒဗ္ဗသည် လူပင် ငယ်သော်လည်း ကြီးမြတ်သောအရာ၌ တည်၏” ဟု နှလုံးတော်ပိုက်၍ ခုနစ်နှစ်သာ ရှိသေးသော်လည်း မြင့်မြတ်သောရဟန်းအဖြစ် ချီးမြှောက်တော်မူလေသည်။ ကျောင်းအိပ်ရာ နေရာခင်းခြင်း သံဃဝေယျာဝစ္စကို ပြုရာ၌ အမြင့်မြတ်ဆုံး “ဧတဒဂ်ဘွဲ့ထူး” ကိုလည်း ချီးမြှင့်အပ်နှင်းတော်မူသည်။

သံကိစ္စသာမဏေ

သံကိစ္စသာမဏေငယ်သည် အရှင်သာရိပုတ္တရာ၏ တပည့်ဖြစ်သည်။ အသက်အရွယ်အားဖြင့် ခုနစ်နှစ်သာ ရှိသေး၏။ ကိုရင်လေး၏ မိခင်သည် သာဝတ္ထိမြို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာသူတစ်ဦး၏ သမီးဖြစ်သည်။ ထိုအမျိုးသမီးသည်
စာမျက်နှာ-136


၎င်းသံကိစ္စ လောင်းလျာကို ကိုယ်ဝန်ဆောင်နေစဉ်မှာပင် တစ်ခုသော အနာရောဂါဖြင့် ခဏချင်း ကွယ်လွန်သွားရှာသည်။ ထိုအမျိုးသမီး၏ ရုပ်အလောင်းကို သုသာန်၌ မီးသင်္ဂြိုဟ်စဉ် အခြား ကိုယ်အစိတ်အပိုင်းများ မီးလောင်ကျွမ်းကြသော်လည်း ဝမ်းဗိုက်မှာ မီးမလောင်ဘဲ ကျန်ရှိနေသည်။

ထိုအခါ မီးသင်္ဂြိုဟ်သူတို့သည် သူမ၏ ဝမ်းဗိုက်သားကို ထင်းပုံပေါ်မှချ၍ နှစ်နေရာ သုံးနေရာတို့၌ တံစူးဝါးဖြင့် ထိုးဆွကြလေသည်။ ထိုစဉ် ဝမ်းဗိုက်ထဲရှိ သူငယ်၏ မျက်စိထောင့်စွန်းကို တံစူးဝါးအစွန်းဖြင့် ထိုးမိ၏။ ထိုသူတို့သည် ဝမ်းဗိုက်သားကို တံစူးဝါးဖြင့် ထိုး၍ မီးကျီးပုံထဲသို့ ပစ်ချပြီး မီးကျီးတို့ဖြင့် ဖုံးအုပ်၍ ထွက်ခွာသွားကြလေသည်။

ဝမ်းဗိုက်သားကား မီးလောင်ကျွမ်းပြီးနောက် မီးငြိမ်းသွား၏။ ရွှေဆင်းတုနှင့်တူသော သူငယ်သည် ပဒုမ္မာကြာတိုက်၌ အိပ်စက်နေသကဲ့သို့ မီးသွေးပုံ ပြာပုံပေါ်၌ အိပ်နေရှာ၏။ မှန်၏၊ ပစ္ဆိမဘဝိကသား (နောက်ဆုံးဘဝ) သတ္တဝါတို့မည်သည် မြင်းမိုရ်တောင်ကြီးဖြင့် လွှမ်းမိုးဖိညှပ်ခြင်း ခံရသော်လည်း အရဟတ္တဖိုလ်သို့ မဆိုက်ရောက်မီ ကြားကာလ၌ အသက်သေရိုးထုံးစံ မရှိကြပေ။

နောက်တစ်နေ့နံနက်၌ အိမ်သူအိမ်သားများ ထင်းပုံကို မီးငြိမ်းရန် လာကြရာ မီးကျီးပုံပေါ်၌ အိပ်နေရှာသော သူငယ်ကို တွေ့ကြရ၍ “ဤမျှလောက် ထင်းပုံကြီး မီးလောင်သွားပြီး အလောင်းကောင် မီးကျွမ်းသွားတာတောင်မှ ဒီသူငယ် မီးမလောင်ပါလား၊ ဘယ်လိုဖြစ်ရတာပါလိမ့်” ဟု မဖြစ်စဖူး အဖြစ်ထူးနေသည်ကို အံ့သြပြောဆိုကြပြီး သူငယ်လေးကို ယူဆောင်၍ ရွာထဲသို့ ပြန်သွားကြသည်။ ထို့နောက် နိမိတ်ဖတ်တတ်သူတို့အား နိမိတ်ဖတ်ခိုင်းကြသည်။

နိမိတ်ဖတ်သူတို့က—“ဤကလေးသည် လူ့ဘောင်၌နေလျှင် ဆွေမျိုး ခုနစ်ဆက်တိုင်အောင် ဆွေမျိုးတို့ ပင်ပန်းဆင်းရဲကြမည်။ အကယ်၍ ရဟန်းပြုလျှင်ကား ရဟန်းငါးရာခြံရံလျက် လှည့်လည်ရလိမ့်မည်” ဟု နိမိတ်ဟောကြလေသည်။ ထိုသူငယ်၏ မျက်စိထောင့်စွန်း၌ တံစူးချွန်နှင့်ထိုးမိသည့် အမာရွတ်ရှိနေသောကြောင့် “သံကိစ္စ” ဟု အမည်ပေးလိုက်ကြသည်။ (သံကိစ္စ = သင်္က + ဣတ > သံကိတ + ကျ၊ သင်္က = တံစူးချွန်၊ သူသေကောင် မီးရှို့ရာ၌ ထိုးဆွသည့် ဝါးချွန်၊ တုတ်ချွန်။)

ဆွေမျိုးတို့သည် “ရှိပစေတော့၊ ဒီသူငယ် ကြီးပြင်းလာတော့မှ အရှင်သာရိပုတ္တရာထံ အပ်နှံပြီး ရှင်ပြုပေးရမှာပဲ” ဟု ကြံစည်၍ ကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့ကြသည်။ သံကိစ္စသူငယ်လေး ခုနစ်နှစ်အရွယ်သို့ ရောက်သောအခါ
စာမျက်နှာ-137


အခါ “သင်၏ မိခင်ဝမ်းခေါင်းထဲမှာ သင်ရှိနေစဉ်ကပင် သင့်မိခင် ကွယ်လွန်သွားရှာသည်၊ သင့်မိခင်အလောင်းကို မီးရှို့သော်လည်း သင့်ကို မီးမလောင်ခဲ့ပါ” ဟု ဆွေမျိုးများက ပြောပြကြသည်။

သံကိစ္စသူငယ်လေးသည် မိမိ၏ ဘဝအဖြစ်အပျက်ကို ကြားသိရသောအခါ “ငါသည် ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ ဘေးကြီးမှ လွတ်မြောက်လာခဲ့၏။ ငါ့အား လူ့ဘောင်၌ နေခြင်းဖြင့် ဘာအကျိုးရှိမည်နည်း၊ ကိုရင်ဝတ်မည်” ဟု ကြံစည်၍ ဆွေမျိုးတို့အား ပြောပြလေသည်။ ဆွေမျိုးတို့ကလည်း ဝမ်းမြောက်ဝမ်းသာဖြင့် သံကိစ္စအား ရှင်ပြုရန် အရှင်သာရိပုတ္တရာထံ အပ်နှံကြသည်။ အရှင်သာရိပုတ္တရာသည် သံကိစ္စအား တစပဉ္စကကမ္မဋ္ဌာန်းပေး၍ ရှင်ပြုပေးလိုက်သည်။ သူငယ်လေးသည် ဆံချပြီးသည်၏ အဆုံး၌ ပဋိသမ္ဘိဒါလေးပါးနှင့် ပြည့်စုံသော ပဋိသမ္ဘိဒါပတ္တ ရဟန္တာအဖြစ်သို့ ရောက်ရှိပြီး “သံကိစ္စသာမဏေ” ဟု ထင်ရှားကျော်ကြားခဲ့သည်။

တစပဉ္စကကမ္မဋ္ဌာန်းဖြင့် ကျွတ်တမ်းဝင်ကြသူများ မရေတွက်နိုင်

ထို့အပြင် ကောသမ္ဘီ၌နေသော တိဿသာမဏေ၊ တော၌ပျော်သော ကိုရင်တိဿ (ဝနဝါသိတိဿ)၊ ထိုတောပျော် ကိုရင်လေး ရှင်တိဿကိုပင် သံဃာတော် (တစ်ထောင်) အား ဆွမ်းခံ၍ ပုဆိုးတစ်ထောင်၊ ဆွမ်းတစ်ထောင်လှူသောကြောင့် ရဟန်းတော်များက “ပိဏ္ဍပါတဒါယကတိဿ” ဟုလည်း ခေါ်ကြသည်။ ဤသို့အစရှိသော ကိုရင်ငယ်လေးများသည် တစပဉ္စကကမ္မဋ္ဌာန်းဖြင့် ကျွတ်တမ်းဝင်ခဲ့ကြသည်။

ထို့ကြောင့် ၃၂-ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို ရွတ်ဆို စီးဖြန်းသင့်ကြ၏။ ၃၂-ကောဋ္ဌာသလုံး မတတ်နိုင်လျှင်တောင်မှ “ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော” ဟူသော တစပဉ္စကကမ္မဋ္ဌာန်းကိုမူ အမြဲမပြတ် ရွတ်ဆို ပွားများသင့်လှ၏။ မှန်၏။ ဤတစပဉ္စကကမ္မဋ္ဌာန်းသည် ဘုရားရှင်အားလုံးတို့ မစွန့်သော ကမ္မဋ္ဌာန်း၊ အမြဲသင်ကြားပေးသော ကမ္မဋ္ဌာန်းဖြစ်၏။ ဆံပင် အစရှိသော ကောဋ္ဌာသတို့တွင် တစ်ခုခုသော ကောဋ္ဌာသကို ပွားများ၍ အရဟတ္တဖိုလ်သို့ ရောက်ရှိကြသော ရဟန်း၊ ရဟန်းမိန်းမ၊ ဒါယကာ၊ ဒါယိကာမ တို့၏ အပိုင်းအခြား အရေအတွက်ကား မရေတွက်နိုင်အောင်ပင် များလှ၏။ (ဇာ၊ဋ္ဌ၊၁။၃၃၅။)
စာမျက်နှာ-138


ကာယဂတာသတိကို ပွားများသင့်ကြောင်း

ဆံပင်အစရှိသည်ကို ရှုမှတ်ပွားများခြင်း (ကာယဂတာသတိ) ကို ပွားများအားထုတ်သင့်ကြောင်းကို ဘုရားရှင် ကိုယ်တော်တိုင် တိုက်တွန်း ဟောဖော် ညွှန်ကြားထားတော်မူ၏။ ထိုညွှန်ကြားချက်များမှ အချို့ကို အင်္ဂုတ္ထိုရ်ပါဠိတော် ပထမတွဲ၊ ကာယဂတာသတိဝဂ်နှင့် အမတဝဂ်တို့မှ ကောက်နုတ်၍ ဖော်ပြပါဦးမည်။

မည်သည့်ပုဂ္ဂိုလ်မဆို မဟာသမုဒ္ဒရာကို စိတ်ဖြင့် ပျံ့နှံ့အောင် ရှုနိုင်လျှင် မဟာသမုဒ္ဒရာသို့ စီးဆင်းကုန်သော မြစ်ငယ်ဟူသမျှ ထိုသူ၏စိတ်၌ အတွင်းဝင်ပြီး ဖြစ်သကဲ့သို့ မည်သည့်ပုဂ္ဂိုလ်မဆို ကာယဂတာသတိကို ပွားများနိုင်လျှင်၊ အဖန်ဖန် အလေ့အလာပြုနိုင်လျှင် ဝိဇ္ဇာဉာဏ်၏ဘက်တော်သား ကုသိုလ်တရားဟူသမျှတို့သည် ထိုသူ၏ ဘာဝနာစိတ်အတွင်း ဝင်ပြီး ဖြစ်ကုန်၏။

မည်သည့်ပုဂ္ဂိုလ်မဆို ကာယဂတာသတိကို ပွားများလျှင်၊ အဖန်ဖန် အလေ့အလာ ပြုလျှင် နာမကာယ ရူပကာယလည်း ငြိမ်းအေး၏။ စိတ်လည်း ငြိမ်းအေး၏။ ကြံစည်ခြင်း ဝိတက်၊ သုံးသပ်ခြင်း ဝိစာရတို့လည်း ငြိမ်းအေး၏။ ဝိဇ္ဇာဘက်တော်သား တရားအားလုံးတို့လည်း ပွားများခြင်း ပြည့်စုံခြင်းသို့ ရောက်ကုန်၏။

မည်သည့်ပုဂ္ဂိုလ်မဆို ကာယဂတာသတိကို ပွားများလျှင်၊ အဖန်ဖန် အလေ့အလာ ပြုလျှင် များစွာသော ဓာတ်တို့ကို ထိုးထွင်း၍ သိနိုင်၏။ အမျိုးမျိုးသော ဓာတ်တို့ကို ထိုးထွင်း၍ သိနိုင်၏။ များစွာသော ဓာတ်တို့ကို ခွဲခြမ်းစိတ်ဖြာ၍ သိနိုင်၏။

မည်သည့်ပုဂ္ဂိုလ်မဆို ကာယဂတာသတိကို ပွားများလျှင်၊ အဖန်ဖန် အလေ့အလာပြုလျှင် သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်တို့ကို မျက်မှောက်ပြုနိုင်၏။

မည်သည့်ပုဂ္ဂိုလ်မဆို ကာယဂတာသတိကို ပွားများလျှင်၊ အဖန်ဖန် အလေ့အလာပြုလျှင် ပညာရ၏။ ပညာတိုးပွား၏။ ပညာပြန့်ပြော၏။ မြတ်သောပညာ၊ ကြီးကျယ်သော ပညာ၊ ပြန့်ပြောသော ပညာ၊ နက်နဲသော ပညာအလို့ငှာ ဖြစ်၏။ မြေထုနှင့်တူသော ပညာ၊ လျင်မြန်ပေါ့ပါးဖျတ်လတ်သော ပညာ၊ ထက်မြက်သော ပညာ၊ ကိလေသာအစုကို ဖောက်ခွဲနိုင်သော ပညာအလို့ငှာ ဖြစ်၏။
စာမျက်နှာ-139


ကာယဂတာသတိကို မသုံးဆောင်သူသည် အမြိုက်နိဗ္ဗာန်ကို မသုံးဆောင်ရသည် မည်၏။ ကာယဂတာသတိကို သုံးဆောင်သူသည် အမြိုက်နိဗ္ဗာန်ကို သုံးဆောင်သည် မည်၏။

ကာယဂတာသတိကို မေ့လျော့သူသည် အမြိုက်နိဗ္ဗာန်ကို မေ့လျော့သည် မည်၏။ ကာယဂတာသတိကို မမေ့မလျော့သူသည် အမြိုက်နိဗ္ဗာန်ကို မမေ့မလျော့သည် မည်၏။

ကာယဂတာသတိကို မျက်မှောက်မပြုသူသည် အမြိုက်နိဗ္ဗာန်ကို မျက်မှောက်မပြုသည် မည်၏။ ကာယဂတာသတိကို မျက်မှောက်ပြုသူသည် အမြိုက်နိဗ္ဗာန်ကို မျက်မှောက်ပြုသည် မည်၏။

မတ္ထလုင်္ဂံ (ဦးနှောက်) အဆုံးအဖြတ်

ဘုရားဟော ပါဠိတော်ကြီးများဖြစ်သော သုတ်မဟာဝါပါဠိတော်၊ မူလပဏ္ဏာသပါဠိတော် စသည်တို့တွင် ကာယဂတာသတိကမ္မဋ္ဌာန်း စီးဖြန်းရွတ်ဆိုပုံကို ပြရာ၌—

အတ္ထိ ဣမသ္မိံ ကာယေ—
ကေသာ လောမာ နခါ၊ ဒန္တာ တစော၊ မံသံ နှာရု အဋ္ဌိ အဋ္ဌိမိဉ္စ ဝက္ကံ၊
ဟဒယံ ယကနံ ကိလောမကံ ပိဟကံ ပပ္ဖါသံ၊
အန္တံ အန္တဂုဏံ ဥဒရိယံ ကရီသံ၊
ပိတ္တံ သေမှံ ပုဗ္ဗော လောဟိတံ သေဒေါ မေဒေါ၊
အဿု ဝသာ ခေဠော သိင်္ဃာဏိကာ လသိကာ မုတ္တံ—

ဟု လာ၏။ “မတ္ထလုင်္ဂံ” ဟူသောပုဒ် မပါရှိချေ။ ယင်းသို့ မပါရှိသဖြင့် ၃၁ ခုသာရှိ၍ ၃၂ ကောဋ္ဌာသ မပြည့်ပေ။ ယင်းသို့ မပြည့်သဖြင့် ကာယဂတာသတိကိုပြရာ ထိုထိုပါဠိတော်တို့၌လည်း “ဒွတ္တိံသာကာရ၊ ဒွတ္တိံသကာယ၊ ဒွတ္တိံသကမ္မဋ္ဌာန” ဟူသော ပုဒ်များလည်း မပါရှိချေ။ ထိုပုဒ်တို့သည် အဋ္ဌကထာစသည်တို့၌သာ ပါ၏။

ဝိသုဒ္ဓိမဂ်၌ “မတ္ထလုင်္ဂံ” ဟူသောပုဒ်ကို “ကရီသံ” ဟူသောပုဒ်၏ နောက်၌ ထည့်၍ ပြထား၏။ မတ္ထလုင်္ဂ = ဦးနှောက်ကို အရိုးအတွင်းရှိ ရိုးတွင်းခြင်ဆီ၌ ထည့်သွင်းယူ၍ ဒွတ္တိံသာကာရကမ္မဋ္ဌာန်းကို ဟောထား၏ဟု ဖွင့်ပြထားသည်။
စာမျက်နှာ-140


၎င်းဋီကာ၌ကား ဦးနှောက်သည် ပထဝီဓာတ်များသောကြောင့် ယင်းကို အစာဟောင်း (ကရီသံ) ၏အဆုံး၌ ရွတ်ဆိုသင့်ကြောင်းကို ပြဆိုတော်မူလေသည်ဟု ဖွင့်ပြထားသည်။

ထို “မတ္ထလုင်္ဂံ” ဟူသောပုဒ်သည် ဘုရားဟောမူရင်း ပါဠိတော်၌ မပါသော်လည်း ထေရဝါဒသာသနာတော်၌ ရှင်မဟာဗုဒ္ဓဃောသ စသော အဋ္ဌကထာဆရာကြီးများ၊ ဋီကာဆရာကြီးများနှင့် ပိဋကတ်ပညာရှင်ကြီးများက ၃၂ ကောဋ္ဌာသ၌ ထိုမတ္ထလုင်္ဂံဟူသော ပုဒ်ကို ထည့်၍ ပြဆိုလက်ခံလာခဲ့ကြသည်။

ထို့ကြောင့် ပါဠိတော်၌မပါသော်လည်း ၃၂-ကောဋ္ဌာသ ကမ္မဋ္ဌာန်းစီးဖြန်းရာ၌ “မတ္ထလုင်္ဂံ” ဟူသောပုဒ်ကို ထည့်၍ စီးဖြန်းအပ်၏။ ထို “မတ္ထလုင်္ဂံ” ဟူသော ပုဒ်သည် ဘုရားဟောပါဠိတော်တို့၌ မပါသောကြောင့် “မသင့်” ဟု ယူဆပါက အကျိုးမရှိ အပြစ်သာ ရောက်ပေမည်။ အဋ္ဌကထာဆရာကြီးများ၊ ပိဋကတ်ပညာရှင်ကြီးများ လက်ခံထားသဖြင့် “ကောင်း၏၊ ပွားများရာ၏” ဟု စွဲမှတ်ယုံကြည်လျှင်ကား များစွာ အကျိုးရှိ၍ အမြိုက်နိဗ္ဗာန်အထိ ဆိုက်ရောက်နိုင်ပေသည်။

ကောဋ္ဌာသ ပွားများပုံအကျယ်

ကေသာဆံစသော ၃၂-ကောဋ္ဌာသကို အဆင်း၊ အနံ့၊ ပုံသဏ္ဌာန်၊ တည်ရာဌာန၊ ပေါက်ရောက်ရာ အရပ်အားဖြင့် စက်ဆုပ်ရွံရှာဖွယ် ထင်လာအောင် ပွားများရမည်။ ယင်းနည်း (၅) နည်းဖြင့် ကေသာ ဆံပင်စသည်တို့ကို တစ်ခုစီ အကျယ်အကျယ် ရှုမှတ်ပွားများရမည်။

၁။ ဆံပင်

ဣမသ္မိံ ကာယေ ဣမေ ကေသာ နာမ ဝဏ္ဏတောပိ ဂန္ဓတောပိ သဏ္ဌာနတောပိ ... အာသယတောပိ ဩကာသတောပိ၊ အသုဘာ ဇေဂုစ္ဆာ ပဋိကုလျာ။

ဤကိုယ်ကာယ၌ ဆံပင်တို့မည်သည် အရောင်အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အသက်အားဖြင့်လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့်လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ ပေါက်ရောက်ရာအရပ်အားဖြင့် လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ်ရှိကုန်၏။
စာမျက်နှာ-141


၂။ မွေးညင်း

ဤကိုယ်ကာယ၌ မွေးညင်းတို့မည်သည် အရောင်အဆင်း အားဖြင့်လည်းကောင်း၊ အနံ့အသက်အားဖြင့်လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့် လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ ပေါက်ရောက်ရာအရပ် အားဖြင့်လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ် ရှိကုန်၏။

မှတ်ချက်။ ။ ပါဠိလိုပွားများလိုပါက အထက်ဖော်ပြပါ ပါဠိအတိုင်း “ကေသာ” နေရာ၌ “လောမာ” စသည် ထည့်၍ ပွားများပါလေ။ နောက် ကောဋ္ဌာသများအတွက် ပါဠိမရေးတော့ပါ။

၃။ ခြေသည်းလက်သည်း

ဤကိုယ်ကာယ၌ ခြေသည်းလက်သည်းတို့ မည်သည် အရောင်အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အသက်အားဖြင့်လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့်လည်းကောင်း၊ တည်ရာဌာနအားဖြင့် လည်းကောင်း၊ ပေါက်ရောက်ရာအရပ်အားဖြင့်လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ်ရှိကုန်၏။

၄။ သွား

ဤကိုယ်ကာယ၌ သွားတို့မည်သည် အရောင်အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အသက်အားဖြင့် လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့် လည်းကောင်း၊ တည်ရာဌာနအားဖြင့် လည်းကောင်း၊ ပေါက်ရောက်ရာ အရပ်အားဖြင့် လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ်ရှိကုန်၏။

၅။ အရေ

ဤကိုယ်ကာယ၌ အရေတို့မည်သည် အရောင်အဆင်းအားဖြင့် လည်းကောင်း၊ အနံ့အသက်အားဖြင့်လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့် လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ ဖြစ်ပေါ်ရာအရပ်အားဖြင့် လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ်ရှိကုန်၏။
စာမျက်နှာ-142


၆။ အသား

ဤကိုယ်ကာယ၌ အသားတို့မည်သည် အရောင်အဆင်း အားဖြင့်လည်းကောင်း၊ အနံ့အသက်အားဖြင့် လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့် လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ ဖြစ်ပေါ်ရာ အရပ်အားဖြင့်လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ်ရှိကုန်၏။

၇။ အကြော

ဤကိုယ်ကာယ၌ အကြောတို့မည်သည် အရောင်အဆင်း အားဖြင့်လည်းကောင်း၊ အနံ့အသက်အားဖြင့် လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့် လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ ဖြစ်ပေါ်ရာ အရပ်အားဖြင့် လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ်ရှိကုန်၏။

၈။ အရိုး

ဤကိုယ်ကာယ၌ အရိုးတို့မည်သည် အရောင်အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အသက်အားဖြင့် လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့် လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ ဖြစ်ပေါ်ရာအရပ်အားဖြင့် လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ်ရှိကုန်၏။

၉။ ရိုးတွင်းခြင်ဆီ

ဤကိုယ်ကာယ၌ ရိုးတွင်းခြင်ဆီတို့မည်သည် အရောင်အဆင်းအားဖြင့် လည်းကောင်း၊ အနံ့အသက်အားဖြင့်လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့် လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ ဖြစ်ပေါ်ရာအရပ်အားဖြင့် လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ်ရှိကုန်၏။

၁၀။ အညှို့

ဤကိုယ်ကာယ၌ အညှို့တို့မည်သည် အရောင်အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အသက်အားဖြင့်လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့်လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ ဖြစ်ပေါ်ရာအရပ်အားဖြင့်လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ်ရှိကုန်၏။
စာမျက်နှာ-143


၁၁။ နှလုံး

ဤကိုယ်ကာယ၌ နှလုံးတို့မည်သည် အရောင်အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အသက်အားဖြင့်လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့်လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ ဖြစ်ပေါ်ရာအရပ်အားဖြင့်လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ်ရှိကုန်၏။

၁၂။ အသည်း

ဤကိုယ်ကာယ၌ အသည်းတို့မည်သည် အရောင်အဆင်းအားဖြင့် လည်းကောင်း၊ အနံ့အသက်အားဖြင့်လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့် လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ ဖြစ်ပေါ်ရာအရပ်အားဖြင့် လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ်ရှိကုန်၏။

၁၃။ အမြှေး

ဤကိုယ်ကာယ၌ အမြှေးတို့မည်သည် အရောင်အဆင်းအားဖြင့် လည်းကောင်း၊ အနံ့အသက်အားဖြင့်လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့် လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ ဖြစ်ပေါ်ရာအရပ်အားဖြင့် လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ်ရှိကုန်၏။

၁၄။ အဖျဉ်း

ဤကိုယ်ကာယ၌ အဖျဉ်းတို့မည်သည် အရောင်အဆင်းအားဖြင့် လည်းကောင်း၊ အနံ့အသက်အားဖြင့်လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့် လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ ဖြစ်ပေါ်ရာအရပ်အားဖြင့် လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ်ရှိကုန်၏။

၁၅။ အဆုတ်

ဤကိုယ်ကာယ၌ အဆုတ်တို့မည်သည် အရောင်အဆင်းအားဖြင့် လည်းကောင်း၊ အနံ့အသက်အားဖြင့်လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့် လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ ဖြစ်ပေါ်ရာအရပ်အားဖြင့် လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ်ရှိကုန်၏။
စာမျက်နှာ-144


၁၆။ အူမ

ဤကိုယ်ကာယ၌ အူမတို့မည်သည် အရောင်အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အသက်အားဖြင့်လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့်လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ ဖြစ်ပေါ်ရာအရပ်အားဖြင့်လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ်ရှိကုန်၏။

၁၇။ အူသိမ်

ဤကိုယ်ကာယ၌ အူသိမ်တို့မည်သည် အရောင်အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အသက်အားဖြင့်လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့်လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ ဖြစ်ပေါ်ရာအရပ်အားဖြင့်လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ်ရှိကုန်၏။

၁၈။ အစာသစ်

ဤကိုယ်ကာယ၌ အစာသစ်တို့မည်သည် အရောင်အဆင်းအားဖြင့် လည်းကောင်း၊ အနံ့အသက်အားဖြင့်လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့် လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ ဖြစ်ပေါ်ရာအရပ်အားဖြင့် လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ်ရှိကုန်၏။

၁၉။ အစာဟောင်း

ဤကိုယ်ကာယ၌ အစာဟောင်းတို့မည်သည် အရောင်အဆင်းအားဖြင့် လည်းကောင်း၊ အနံ့အသက်အားဖြင့်လည်းကောင်း၊ ပုံပန်းသဏ္ဌာန် အားဖြင့် လည်းကောင်း၊ တည်ရာဌာနအားဖြင့် လည်းကောင်း၊ ဖြစ်ပေါ်ရာအရပ် အားဖြင့် လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ် ရှိကုန်၏။

၂၀။ ဦးနှောက်

ဤကိုယ်ကာယ၌ ဦးနှောက်တို့မည်သည် အရောင်အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အသက်အားဖြင့် လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့် လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ ဖြစ်ပေါ်ရာအရပ်အားဖြင့် လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ်ရှိကုန်၏။
စာမျက်နှာ-145


၂၁။ သည်းခြေ

ဤကိုယ်ကာယ၌ သည်းခြေတို့မည်သည် အရောင်အဆင်းအားဖြင့် လည်းကောင်း၊ အနံ့အသက်အားဖြင့်လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့် လည်းကောင်း၊ တည်ရာဌာနအားဖြင့် လည်းကောင်း၊ ဖြစ်ပေါ်ရာအရပ်အားဖြင့် လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ်ရှိကုန်၏။

၂၂။ သလိပ်

ဤကိုယ်ကာယ၌ သလိပ်တို့မည်သည် အရောင်အဆင်းအားဖြင့် လည်းကောင်း၊ အနံ့အသက်အားဖြင့်လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့် လည်းကောင်း၊ တည်ရာဌာနအားဖြင့် လည်းကောင်း၊ ဖြစ်ပေါ်ရာအရပ်အားဖြင့် လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ်ရှိကုန်၏။

၂၃။ ပြည် (သွေးပုပ်)

ဤကိုယ်ကာယ၌ ပြည် (သွေးပုပ်) တို့မည်သည် အရောင်အဆင်းအားဖြင့် လည်းကောင်း၊ အနံ့အသက်အားဖြင့် လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့် လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ ဖြစ်ပေါ်ရာအရပ်အားဖြင့် လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ်ရှိကုန်၏။

၂၄။ သွေး

ဤကိုယ်ကာယ၌ သွေးတို့မည်သည် အရောင်အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အသက်အားဖြင့် လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့်လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ ဖြစ်ပေါ်ရာအရပ်အားဖြင့်လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ်ရှိကုန်၏။

၂၅။ ချွေး

ဤကိုယ်ကာယ၌ ချွေးတို့မည်သည် အရောင်အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အသက်အားဖြင့်လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့်လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ ဖြစ်ပေါ်ရာအရပ်အားဖြင့်လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ်ရှိကုန်၏။
စာမျက်နှာ-146


၂၆။ အဆီခဲ

ဤကိုယ်ကာယ၌ အဆီခဲတို့မည်သည် အရောင်အဆင်းအားဖြင့် လည်းကောင်း၊ အနံ့အသက်အားဖြင့် လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့် လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ ဖြစ်ပေါ်ရာအရပ်အားဖြင့် လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ်ရှိကုန်၏။

၂၇။ မျက်ရည်

ဤကိုယ်ကာယ၌ မျက်ရည်တို့မည်သည် အရောင်အဆင်းအားဖြင့် လည်းကောင်း၊ အနံ့အသက်အားဖြင့်လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့် လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ ဖြစ်ပေါ်ရာအရပ်အားဖြင့် လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ်ရှိကုန်၏။

၂၈။ ဆီကြည်

ဤကိုယ်ကာယ၌ ဆီကြည်တို့မည်သည် အရောင်အဆင်းအားဖြင့် လည်းကောင်း၊ အနံ့အသက်အားဖြင့် လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့် လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ ဖြစ်ပေါ်ရာအရပ်အားဖြင့် လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ်ရှိကုန်၏။

၂၉။ တံတွေး

ဤကိုယ်ကာယ၌ တံတွေးတို့မည်သည် အရောင်အဆင်းအားဖြင့် လည်းကောင်း၊ အနံ့အသက်အားဖြင့် လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့် လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ ဖြစ်ပေါ်ရာအရပ်အားဖြင့် လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ်ရှိကုန်၏။

၃၀။ နှပ်

ဤကိုယ်ကာယ၌ နှပ်တို့မည်သည် အရောင်အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အသက်အားဖြင့်လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့်လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ ဖြစ်ပေါ်ရာအရပ်အားဖြင့်လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ်ရှိကုန်၏၊ ရွံရှာဖွယ်ရှိကုန်၏။
စာမျက်နှာ-147


၃၁။ အစေး

ဤကိုယ်ကာယ၌ အစေးတို့မည်သည် အရောင်အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အသက်အားဖြင့် လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့် လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ ဖြစ်ပေါ်ရာအရပ်အားဖြင့် လည်းကောင်း မတင့်တယ်ကုန်၊ စက်ဆုပ်ဖွယ် ရှိကုန်၏၊ ရွံရှာဖွယ် ရှိကုန်၏။

၃၂။ ကျင်ငယ်

ဤကိုယ်ကာယ၌ ကျင်ငယ်တို့မည်သည် အရောင်အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အသက်အားဖြင့်လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့်လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ ဖြစ်ပေါ်ရာအရပ်အားဖြင့် လည်းကောင်း မတင့်တယ်ကုန်၏၊ စက်ဆုပ်ဖွယ် ရှိကုန်၏၊ ရွံရှာဖွယ် ရှိကုန်၏။ (ဤကား ဝိသုဒ္ဓိမဂ်ကျမ်းလာ နည်းတည်း)

လက္ခဏာယာဉ်သုံးပါးတင်၍ ပွားများပုံ

တစ်ဖန် ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်နှင့် ၎င်းအဋ္ဌကထာလာ လက္ခဏာယာဉ် သုံးပါးတင်၍ ပွားနည်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

“ဣမသ္မိံ ကာယေ ဣမေ ကေသာ နာမ အနိစ္စာ ခယဋ္ဌေန၊ ဒုက္ခာ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေန”။

ဤကိုယ်ကာယ၌ ဆံပင်တို့မည်သည် ကုန်ခန်းပျက်စီးတတ်သော သဘောကြောင့် အမြဲမရှိကုန် (အနိစ္စ), ဘေးဟူသော သဘောကြောင့် ဆင်းရဲကုန်၏ (ဒုက္ခ), အနှစ်သာရရှာမရသော သဘောကြောင့် ငါ့ကိုယ်မဟုတ် (အနတ္တ )။

ကျန်ရှိသော မွေးညင်း၊ ခြေသည်း လက်သည်း စသည်တို့ကိုလည်း ဆံပင်နည်းတူ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုမှတ် ဆင်ခြင်ပွားများရာ၏။

သုညတထင်အောင်ပွားနည်း

ဆံပင်စသော ကောဋ္ဌာသများသည် အတ္တဇီဝ အသက်ဝိညာဉ် လိပ်ပြာမှုကင်းဆိတ်ကြောင်း၊ ဓာတ်ကြီးလေးပါးမျှသာဖြစ်ကြောင်း ရှုဆင်ခြင်နည်းကို သုညတ ထင်အောင် ပွားနည်းဟု ခေါ်၏။ ယင်းပွားနည်းကို အကျဉ်းမျှ ပြပါဦးအံ့--
စာမျက်နှာ-148


ပထဝီဓာတ် (၂၀) ပါးကို ရှုဆင်ခြင်ပုံ
တစ်ဖန် ၃၂-ကောဋ္ဌာသကိုပင် ဝိဘင်းပါဠိတော်၏အဖွင့် သမ္မောဟဝိနောဒနီအဋ္ဌကထာနည်းအရ အတ္တဇီဝအသက်ကင်းမဲ့ပုံ၊ ဓာတ်သဘောမျှဖြစ်ပုံ ရှုပွားနည်းကို ပြဆိုပါဦးမည်။

ပထဝီ

“ဣမသ္မိံ ကာယေ ဣမေ ကေသာ နာမ ပါဠိယေက္ကော ကောဋ္ဌာသော နိဿတ္တော နိဇ္ဇီဝေါ အစေတနော အဗျာကတော သုညော ဓာတုယေဝ”

ဤကိုယ်ကာယ၌ ရှိသော ဆံပင်တို့မည်သည် တသီးတခြားစီဖြစ်၍ သတ္တဝါလည်း မဟုတ်၊ အသက် ဝိညာဉ်ရှိသည်လည်း မဟုတ်၊ စိတ်စေတနာရှိသည်လည်း မဟုတ်၊ သူ့အလိုလို ဖြစ်ပျက်နေသော တရားသာတည်း၊ အနှစ်သာရကင်းမဲ့၍ အချည်းနှီးသာတည်း၊ ခက်မာသော သဘောရှိ၍ ပထဝီဓာတ်မျှသာ ဖြစ်၏။ ပထဝီဓာတ်သဘော ဆောင်သော မတ္ထလုင်္ဂ = ဦးနှောက်အထိ ကောဋ္ဌာသ (၂ဝ) တို့ကိုလည်း ဤနည်းအတိုင်းပင် ရှုပွားရမည်။

အာပေါဓာတ် (၁၂) ပါးကို ရှုဆင်ခြင်ပုံ

“ဣမသ္မိံ ကာယေ ဣဒံ လောဟိတံ နာမ ပါဠိယေက္ကော ကောဋ္ဌာသော နိဿတ္တော နိဇ္ဇီဝေါ အစေတနော အဗျာကတော သုညော အာပေါဓာတုယေဝ”

ဤကိုယ်ကာယ၌ရှိသော သွေးမည်သည် တသီးတခြားစီဖြစ်၍ သတ္တဝါလည်းမဟုတ်၊ အသက် ဝိညာဉ်ရှိသည်လည်း မဟုတ်၊ စိတ်စေတနာရှိသည်လည်း မဟုတ်၊ သူ့အလိုလို ဖြစ်ပျက်နေသော တရားသာတည်း။ အနှစ်သာရကင်းမဲ့၍ အချည်းနှီးသာတည်း။ ယိုစီးတတ်သော သဘောရှိ၍ အာပေါဓာတ်မျှသာ ဖြစ်၏။

ဆက်လက်၍ မုတ္တံ = ကျင်ငယ်အထိ အာပေါဓာတ်ဆောင်သော ကောဋ္ဌာသ (၁၂) ပါးတို့ကိုလည်း ဤနည်းအတိုင်းပင် ရှုပွားရမည်။

၃၂-ကောဋ္ဌာသအနက် ပထဝီဓာတ် (၂၀)၊ အာပေါဓာတ် (၁၂) ခွဲပုံ ပွားပုံများသည် စတုဓာတုဝဝတ္ထာန် ကမ္မဋ္ဌာန်း၌လည်း အကျုံးဝင်၏။

စာမျက်နှာ-149


ကောဋ္ဌာသတို့၏ အသွင်သဏ္ဌာန်များ
ဆံပင်၊ မွေးညင်းစသော ၃၂-ကောဋ္ဌာသတို့ကို အဆင်းသဏ္ဌာန်၊ အရပ်မျက်နှာ၊ တည်ရာ၊ အပိုင်းအခြားတို့၏ အစွမ်းအားဖြင့် ပိုင်းခြားဆုံးဖြတ်ပြီးလျှင် အဆင်းသဏ္ဌာန်၊ အနံ့၊ မှီရာအကြောင်း၊ တည်ရာတို့၏ အစွမ်းအားဖြင့် စက်ဆုပ်ဖွယ်ရှိသည်၏ အဖြစ်ကို ပိုင်းခြား မှတ်သားအပ်၏။ ၃၂-ကောဋ္ဌာသတို့ကို အဆင်းသဏ္ဌာန်စသည်ဖြင့် ပိုင်းခြားမှတ်သားပုံကို ယခုပြဆိုပါမည်။

၁။ ဆံပင်

ဆံပင်သည် ပကတိအဆင်းအားဖြင့် မည်းနက်၏။ သို့ရာတွင် နေရာဒေသ၊ မျိုးရိုးနှင့် ရာသီဥတုကိုလိုက်၍ အမည်းရောင်၊ နီညိုရောင်၊ ရွှေဝါရောင်၊ အဖြူရောင်စသည်ဖြင့် အရောင်အဆင်း အမျိုးမျိုးရှိတတ်၏။ ရှေ့ဘက်၌ နဖူးပြင်အဆုံး၊ နောက်ဘက်၌ လည်ကုပ်အတွင်း ပိုင်းခြားလျက် ဦးခေါင်းခွံကို ရစ်ပတ်၍ ပေါက်ရောက်တည်ရှိနေ၏။ ထိုဆံပင်တို့သည် နှစ်ပင်တစ်ပေါင်းတည်း မတည်ကုန်။ ဆံပင်တို့သည်လည်း အမွေးမဟုတ်၊ အမွေးတို့သည်လည်း ဆံပင်မဟုတ်၊ ဆံပင်သည် သီးခြားကောဋ္ဌာသတစ်ခုဖြစ်သည်။ ထိုဆံပင်စသော ကောဋ္ဌာသတို့၏ အဆင်း၊ ပုံသဏ္ဌာန်၊ အနံ့၊ မှီရာအကြောင်း၊ တည်ရာတို့သည် စက်ဆုပ်ရွံရှာဖွယ် ရှိကုန်၏။

၂။ အမွေး

အမွေးသည်လည်း အရောင်အဆင်း အမျိုးမျိုးရှိ၏။ ဦးခေါင်းနှင့် လက်ဖဝါးပြင်၊ ခြေဖဝါးပြင်တို့မှတစ်ပါး အခြားသော ကိုယ်အင်္ဂါတို့၌ ပေါက်ရောက်လျက် ရှိ၏။ မွေးညင်းတွင်းတစ်တွင်း၌ အမွေးနှစ်ပင် တစ်ပေါင်းတည်း မပေါက်ကုန်။

၃။ လက်သည်းခြေသည်း

လက်သည်းခြေသည်းဟူသည် နှစ်ဆယ်သော လက်သည်းခွံ၊ ခြေသည်းခွံတို့၏ အမည်ပင်တည်း။ ၎င်းတို့သည် အဖြူရောင်အဆင်းရှိ၏၊ ငါးအကြေးနှင့် သဏ္ဌာန်တူ၏။ လက်ချောင်းများ၊ ခြေချောင်းများတို့၏ အပေါ်ဘက်၌ တည်ရှိ၏။

၄။ သွား

သွားပြည့်စုံသောသူအား ၃၂-ချောင်းရှိ၏။ သွားတို့ကို သွားရိုးဟုလည်း ခေါ်သည်။ အဖြူရောင်အဆင်းရှိ၏။ မေးရိုး၌ တည်ကုန်၏။ အောက်သွားများအနက် အလယ်သွား ၄-ချောင်းသည် ဘူးစေ့သဏ္ဌာန်ရှိ၏။ ယင်းတို့၏ ဘေးတစ်ဘက်တစ်ချက်၌ စပယ်ငုံသဏ္ဌာန် အဖျားချွန်သော သွားတစ်ချောင်းစီ ရှိ၏။
စာမျက်နှာ-150


အမြစ်လည်း တစ်ခုစီသာရှိ၏။ ယင်းကို အစွယ်ဟုခေါ်ကြသည်။ ယင်းအစွယ်တို့၏ ဘေးတစ်ဖက်စီ၌ရှိသော သွားတစ်ချောင်းစီသည် အမြစ်နှစ်ခုရှိပြီး လှည်းထောက်ခံ သဏ္ဌာန်ရှိ၏။ ယင်းတို့၏နောက်၌ရှိသော သွားနှစ်ချောင်းသည် အမြစ်သုံးခုရှိ၏။ ယင်းတို့၏နောက်ရှိသော သွားနှစ်ချောင်းစီတို့သည် အမြစ်လေးခုရှိ၏။ အထက်သွား၌လည်း ဤအတူပင်-
ပုံသဏ္ဌာန်,အမြစ်အရေအတွက်,အရေအတွက်
(က) ဘူးစေ့ပုံ,အမြစ်တစ်ခု,၄ ချောင်း
(ခ) စပယ်ငုံပုံ (အစွယ်),အမြစ်တစ်ခု,၂ ချောင်း
(ဂ) အံသွား,အမြစ်နှစ်ခွ,၂ ချောင်း
(ဃ) အံသွား,အမြစ်သုံးခွ,၂ ချောင်း
(င) အံသွား,အမြစ်လေးခွ,၄ ချောင်း
စုစုပေါင်း,,၁၆ ချောင်း

၅။ အရေ

အရေသည် တစ်ကိုယ်လုံးကို ရစ်ပတ်လွှမ်းခြုံလျက် တည်နေ၏။ အရေထူ၊ အရေပါးဟူ၍ နှစ်မျိုးရှိသည်။ အရေပါးသည် အရေထူ၏အထက်၌ လွှမ်းခြုံထားပြီး အမည်း၊ အညို၊ အဝါစသည့် အရောင်အမျိုးမျိုးရှိ၏။ ၎င်းအရေပါးသည် တစ်ကိုယ်လုံးမှ ခွာ၍ စုလိုက်လျှင် ဆီးစေ့ခန့်သာရှိ၏။ ထို့ကြောင့် ဆီးစေ့ခန့်ရှိ အရာဝတ္ထုက ဖုံးလွှမ်းထား၍ လူကိုလှသည်ဟု ထင်ရသည်ဟု ဆိုကြ၏။ အရေထူသည် အဖြူရောင်အဆင်းရှိ၏။ တစ်ခုခုဖြင့် ပွတ်တိုက်မိ၍ အရေပါး ပွန်းပဲ့ပျက်စီးသွားသောအခါ၌ ယင်းအရေထူကို တွေ့မြင်နိုင်သည်။

၆။ အသား

အသားသည် ပေါက်ပန်းကဲ့သို့ နီသော အဆင်းရှိ၏။ အသားများကို အမျိုးအစားအလိုက် ခွဲခြားလိုက်သောအခါ အသားတစ်ကိုးရာ ဖြစ်လာသည်။ ခြေသလုံးကြွက်သားသည် ထမင်းထုပ်သော ထန်းရွက်သဏ္ဌာန်ရှိ၏။ ပေါင်သားသည် ဆေးကြိတ်ကျောက်လုံးပုံ ရှိ၏။ တင်ပါးသားသည် ခုံလောက်စွန်းပုံ ရှိ၏၊ ကျောက်ကုန်းသားသည် ထန်းလက်ပြားပုံ ရှိ၏။ လက်မောင်း ၂-ခု အသားသည် အရေဆုတ်ထားသော ကြွက်နှစ်ကောင်ကို ပူးချည်ထားသည်နှင့် တူ၏။ ဤသို့ စသည်ဖြင့် သူ့နေရာနှင့်သူ အသားတစ်များအဖြစ် တည်ရှိနေကြ၏။
စာမျက်နှာ-151


၇။ အကြော

ခန္ဓာကိုယ် တစ်ခုလုံး၌ အကြောပေါင်း ၉၀၀-ရှိ၏၊ အရောင်အဆင်းအားဖြင့် အဖြူရောင်ရှိပြီး ပုံသဏ္ဌာန်အမျိုးမျိုးရှိ၏။ ခန္ဓာကိုယ်တစ်ခုလုံးကို အကြောမကြီး ၆၀-တို့က ဖွဲ့ယှက်ထား၏။ အင်္ဂါကြီးငယ် ကိုယ်ခန္ဓာ အစိတ်အပိုင်းများသို့ အစဉ် လျှောက်နေသော အကြောတို့သည် ကိုယ်၌ ဝတ်ထားသော ဇာအင်္ကျီသဏ္ဌာန် တူကုန်၏။

၈။ အရိုး

သွား ၃၂-ချောင်းကို ချန်၍ လက်ရိုး ၆၄-ခု၊ ခြေရိုး ၆၄-ခု၊ အသားကို မှီသောအရိုးနု ၆၄-ခု၊ ဖနောင့်ရိုး ၂-ခု၊ ခြေတစ်ဘက်တစ်ဘက်၌ ဖမျက်ရိုး ၂-ခုစီ (၄-ခု)၊ ခြေသလုံးရိုး ၂-ခုစီ၊ ဒူးဆစ်ရိုး ၁-ခုစီ၊ ပေါင်ရိုး ၁-ခုစီ၊ တင်ပါးရိုး ၂-ခု၊ ကျောက်ဆူးရိုး (ခါးဆစ်ရိုး) ၁၈-ခု၊ နံရိုး ၂၄-ခု၊ ရင်ရိုး ၁၄-ခု၊ ရင်ညွှန့်ရိုး ၁-ခု၊ ညှပ်ရိုး ၂-ခု၊ လက်ပြင်ရိုး ၂-ခု၊ လက်မောင်းရိုး ၂-ခု၊ လက်ဖျံရိုး ၂-ခုစီ (၄-ခု)၊ လည်ရိုး ၇-ခု၊ မေးရိုး ၂-ခု၊ နှာခေါင်းရိုး ၁-ခု၊ မျက်ကွင်းရိုး ၂-ခု၊ နားရိုး ၂-ခု၊ နဖူးရိုး ၁-ခု၊ ဦးထိပ်ရိုး ၁-ခု၊ ဦးခေါင်းခွံရိုး ၉-ခုအားဖြင့် စုစုပေါင်း အရိုး ၃၀၀ ရှိ၏။ အဆင်းဖြူ၍ ပုံသဏ္ဌာန် အမျိုးမျိုးရှိ၏။

၉။ ရိုးတွင်းခြင်ဆီ

ရိုးတွင်းခြင်ဆီသည် အရိုးအခေါင်းထဲ၌ တည်ရှိ၏။ အဖြူရောင် အဆင်းရှိ၏။ ပြုတ်လိုက်လျှင် အရောင်ပြောင်းသွားတတ်သည်။ ချက်ပြီးသော ကြက်သား၏ အရိုးကို ကိုက်ခွဲလိုက်သောအခါ အတွင်းမှ ညိုညစ်ညစ် အရောင်အဆင်းများကို တွေ့ရသည်။ အရိုးကြီးအတွင်း၌ ရှိသော ခြင်ဆီတို့သည် ဝါးကျည်တောက်၌ ထည့်၍ ပြုတ်ထားသော ကြိမ်ညွန့်ကြီးနှင့် တူ၏။ အရိုးငယ်အတွင်း၌ ရှိသော ခြင်ဆီတို့သည် ဝါးဆစ်ငယ်တို့၌ ထည့်၍ ပြုတ်ထားသော ကြိမ်ညွန့်နုနှင့် တူ၏။

၁၀။ အညှို့

အညှို့သည် အညှာတစ်ခုတည်း၌ ဖွဲ့တွယ်လျက်ရှိသော အသားဆိုင်နှစ်ခု ဖြစ်သည်။ အရောင်အဆင်းအားဖြင့် အနည်းငယ်နီပြီး ကလေးများ ကစားသော ဂေါ်လီလုံး ၂-ခုကို ပူးကပ်ထားသည်နှင့် တူ၏။ တစ်နည်းအားဖြင့် အညှာတစ်ခုတည်း၌ သီးနေသော သရက်သီး ၂-လုံးနှင့်တူ၏။ လည်မျိုမှထွက်သော အညှာရင်းဖြင့် အနည်းငယ်ဆင်းသွားပြီး အကြောကြီးနှစ်ခုဖြင့် ဖွဲ့တွယ်လျက် နှလုံးသားကို ခြံရံ၍ တည်နေ၏။
စာမျက်နှာ-152


၁၁။ နှလုံး

နှလုံးဆိုသည်မှာ နှလုံးသားပင် ဖြစ်၏။ အဆင်းအားဖြင့် နီ၏၊ ပဒုမ္မာကြာနီပွင့်ဖတ်၏ ကျောဘက်အဆင်းနှင့် တူ၏။ ပွင့်ဖတ်အကြမ်းများကို ခါ၍ စောက်ထိုးဆွဲထားသော ပဒုမ္မာကြာငုံနှင့် တူ၏။ ပြင်ပ၌ ပြေပြစ်ချောညက်၏။ အတွင်း၌ သပွတ်ခါးသီး၏ အတွင်းသားနှင့် တူ၏။ ပညာရှိသူ၏ နှလုံးသည် အနည်းငယ်ပွင့်၏။ ပညာနည်းသူ၏ နှလုံးသည် ငုံလျက်ရှိ၏။ နှလုံးအတွင်း၌ ပုန်းညက်စေ့တစ်စေ့စာ တွင်းငယ်ရှိ၏။ ယင်းတွင်းငယ်၌ လက်ဆန့်ဝက်ခန့်မျှသော သွေးတည်ရှိ၏။ (လက်ဝါးနှစ်ဘက် ယှက်ထားလျှင် လက်ခုပ်ဟု ခေါ်သည်။ လက်ဝါးတစ်ဘက်ဖြင့် ခံယူခြင်းကို လက်ဆန့်ဟု ခေါ်သည်။ လက်ဝါးတစ်ဘက်၏ ထက်ဝက်ကို လက်ဆန့်ဝက်ဟု ခေါ်သည်။)

ယင်းနှလုံးသွေးကိုမှီ၍ မနောဓာတ်နှင့် မနောဝိညာဏဓာတ်တို့ ဖြစ်ကုန်၏။ ယင်းနှလုံးသွေးသည် ရာဂကြီးသူမှာ နီ၏၊ ဒေါသကြီးသူမှာ မည်း၏၊ မောဟကြီးသူမှာ အသားဆေးရေနှင့် တူ၏။ ဝိတက်ကြီးသူမှာ ပဲပိစပ်ပြုတ်ရည်နှင့် တူ၏။ သဒ္ဓါကြီးသူမှာ မဟာလှေခါးပွင့် အဆင်းနှင့် တူ၏။ ပညာကြီးသူမှာ ကြည်လင်သန့်ရှင်း၏။ နှလုံးသားသည် သားမြတ်နှစ်ခုကြား ရင်ချိုင့်အတွင်း၌ တည်၏။

၁၂။ အသည်း

အသည်းဟူသည် အစုံလိုက်ဖြစ်နေသော အသားလွှာတည်း။ စဉ်းငယ် နီ၏။ ကုမုဒြာကြာပွင့်ဖတ်၏ ကျောဘက်အဆင်းနှင့် တူ၏။ အရင်း၌ တစ်ခုတည်းရှိ၍ အဖျား၌ နှစ်ခွဖြစ်၏၊ ပင်လယ်ကသစ်ရွက်နှင့် တူ၏။ ပညာနုံ့သူတို့၏ အသည်းသည် တစ်ခုတည်းဖြစ်ပြီး ကြီးလည်း ကြီး၏။ ပညာရှိသူတို့၏ အသည်းကား နှစ်ခု၊ သုံးခုဖြစ်လျက် ငယ်၏။ သားမြတ်နှစ်ခုတို့၏အတွင်း၌ လက်ျာနံပါးကို မှီ၍ တည်နေ၏။

၁၃။ အမြှေး

အမြှေးဟူသည် ဖုံးလွှမ်းတတ်သော အမြှေး၊ မဖုံးလွှမ်းတတ်သော အမြှေး ဟူ၍ ၂-မျိုးရှိ၏။ မြှေးယှက်တတ်သော အသားလွှာဖြစ်၏၊ အဖြူရောင်အဆင်းရှိ၏။ ဖုံးလွှမ်းတတ်သောအမြှေးသည် နှလုံးနှင့်အညှို့ကို ဖုံးလွှမ်းလျက် တည်၏။ မဖုံးလွှမ်းတတ်သော အမြှေးသည် တစ်ကိုယ်လုံး၌ အရေအောက်ရှိ အသားတို့ကို ပြေးယှက်ထား၏။
စာမျက်နှာ-153


၁၄။ အဖျဉ်း

အဖျဉ်းဆိုသည်မှာ အစာသစ်အိမ်၏ အထက်စောင်၌ တည်နေသော သရက်ရွက်ခေါ် ဝမ်းလွှာအသားတုံးကို ဆိုသည်။ ၎င်းသည် အညိုရောင်ရှိပြီး ကြောင်ပန်းပွင့် အဆင်းနှင့် တူ၏၊ လက် ၇-သစ်ပမာဏ ရှိ၏၊ အဖွဲ့အညှာ မရှိ၊ နွားငယ်၏ လျှာနှင့် တူ၏။ နှလုံး၏ လက်ဝဲဘက်၌ အစာသစ်အိမ်လွှာ၏ အထက်ဘက်ကိုမှီ၍ တည်နေ၏။ ယင်းအဖျဉ်းသည် နေရာမှရွှေ့ပြီး လက်ဖြင့် ပုတ်ခတ်မိ၍ ထွက်ကျလာလျှင် အသက်သေ၏။

၁၅။ အဆုတ်

အဆုတ်ဆိုသည်မှာ အသားပိုင်း နှစ်ခု သုံးခု ဖြစ်နေသော အသားပြားကို ဆိုသည်။ အဆင်းအားဖြင့် အနီရောင်ရှိပြီး မမှည့်လွန်းသေးသော ရေသဖန်းသီး အဆင်းရှိ၏၊ မညီမညာ ဖြတ်ထားသော မုန့်ပိုင်းပုံ ဖြစ်၏။ ခေါင်းပွငယ်များစွာ ပါရှိ၏၊ နွား ညက်ညက် ဝါးထားသော ကောက်ရိုးထွေးနှင့် တူ၏၊ အနှစ်အရသာ မရှိ၊ အဆီဩဇာ မရှိ၊ ကိုယ်ခန္ဓာအတွင်း သားမြတ်နှစ်ခုအကြား၌ နှလုံးနှင့် အသည်းကို ဖုံးအုပ်လျက် တွဲရွဲဆွဲလျက် တည်ရှိနေ၏။

၁၆။ အူမ

အူမသည် ယောက်ျား၌ ၃၂-တောင်၊ မိန်းမ၌ ၂၇-တောင်ရှိပြီး ခွေလျက် တည်နေ၏။ အူမခွေ၌ အတွန့်ပေါင်း ၂၁-ခု ရှိ၏၊ အဖြူရောင်အဆင်းရှိပြီး ကျောက်ဖြူမှုန့် အင်္ဂတေ အဆင်းနှင့် တူ၏၊ အနီရောင်ဆိုးရည်ထည့်ထားသော ကျင်းထဲ၌ ခွေလျက် ထည့်ထားသည့် ခေါင်းပြတ်နေသော မြွေနှင့်တူ၏၊ အထက်တွင် လည်မျိုအစ၊ အောက်တွင် စအိုအဆုံးရှိ၍ တစ်ဆက်တည်းဖြစ်လျက် ကိုယ်တွင်း၌ တည်နေ၏။

၁၇။ အူသိမ်

အူသိမ်သည် အူမခွေတို့၌ ဖွဲ့တွယ်လျက် ရှိ၏၊ အဖြူရောင်အဆင်း ရှိ၏၊ ကြာသိမ်မြစ် အဆင်းနှင့်တူ၏၊ တစ်နည်းအားဖြင့် ရေနစ်နေသော မှော်မြစ် အဆင်းနှင့် တူ၏၊ ကြာသိမ်မြစ်၊ မှော်မြစ်သဏ္ဌာန်ရှိ၏။ လူတို့ ပေါက်တူးပေါက်၊ ပုဆိန်ပေါက် စသည် ပြုလုပ်သည့်အခါ အူခွေများ လျောမကျအောင် ခြေသုတ်ကြိုးဝန်း၏ အကြား၌ ချုပ်စပ်တွဲထားသော ကြိုးငယ်များကဲ့သို့ ၂၁-ခုသော အူမခွေတို့၏ အကြား၌ ချုပ်စပ်လျက် တည်နေ၏။
စာမျက်နှာ-154


၁၈။ အစာသစ်

အစာသစ်ဟူသည် စားသောက်ဝါးမျိုပြီး၍ အစာသစ်အိမ်ဟူသော ဝမ်း၌ တည်နေသော အစာဖတ်များ ဖြစ်သည်။ စားသောက်ဝါးမျိုထားသော အစားအစာ၏ အရောင်အဆင်းအတိုင်း ရှိ၏။ အမှုန့်ကြိတ်ပြီးသော ဆန်မှုန့်ကို အရည်စစ်အောင် ပိတ်အိတ်နှင့် ထည့်၍ ဆွဲထားသည်နှင့်တူ၏။ အစာအိမ်ထဲ၌ အမျိုးမျိုးသော ပိုးတို့သည် ရှုပ်ယှက်ခတ်လျက် အစုလိုက် အပြုံလိုက် သွားလာကျက်စားနေကြ၏။ ယင်းပိုးတို့သည် အစာသစ်အိမ်ထဲ၌ အစာမရှိသောအခါ အော်မြည်လျက် ခုန်တက်၍ နှလုံးသားကို ထိခိုက်ကုန်၏။ ပါးစပ်ဟ၍ မော့လျက် အစာမျှော်နေကြသောပိုးတို့သည် အစာမျိုချလိုက်သောအခါ နှစ်လုတ်သုံးလုတ်တို့ကို အလုအယက် စားသောက်ကြကုန်၏။ အစာသစ်အိမ်ဆိုသည်မှာ ပုဆိုးစိုကို နှစ်ဖက်မှကိုင်၍ ရေညှစ်လိုက်လျှင် အလယ်၌ ဖြစ်ပေါ်လာသော လေပူဖောင်းနှင့်တူသည့် အူမလွှာကို ဆိုသည်။

၁၉။ အစာဟောင်း

အစာဟောင်းဆိုသည်မှာ ကျင်ကြီးကို ဆိုသည်။ ယင်းသည်လည်း စားမျိုလိုက်သော အစာ၏ အရောင်အဆင်းအတိုင်းသာ များသောအားဖြင့် ရှိနေတတ်၏။ အစာဟောင်းအိမ်၌ တည်ရှိနေ၏။ အစာဟောင်းအိမ်သည် ရှေ့၌ ချက်အောက်အရပ်၊ နောက်၌ အောက်ဆုံးခါးဆစ်ရိုး၏ အလယ်၊ အူမ၏အဆုံးတွင် အနံအားဖြင့် လက်ရှစ်သစ်မျှရှိပြီး ဝါးကျည်တောက် အခေါင်းနှင့် တူ၏။

၂၀။ ဦးနှောက်

ဦးနှောက်ဆိုသည်မှာ ဦးခေါင်းခွံအတွင်း၌ တည်သော ခြင်ဆီအစုပေတည်း။ အဖြူရောင်အဆင်းရှိ၏။ မိုနိုင်ခဲနှင့်တူ၏။ နို့ဝမ်းအဖြစ် မရောက်တတ်သေးဘဲ ပကတိ အခြေပျက်လျက် ခဲစပြုနေသော နို့ရည်အဆင်းနှင့်လည်းတူ၏။ ဦးခေါင်းခွံအတွင်း၌ ချုပ်စပ်ကြောင်း လေးခုတို့ကိုမှီ၍ လေးခုစပ်ထားသော မုန့်ညက်စိုင်ကဲ့သို့ ပေါင်းစပ်လျက် တည်နေ၏။

၂၁။ သည်းခြေ

သည်းခြေသည် ဖွဲ့အပ်သော (ဗဒ္ဓ) သည်းခြေ၊ မဖွဲ့အပ်သော (အဗဒ္ဓ) သည်းခြေဟု နှစ်မျိုးရှိ၏။ ဗဒ္ဓသည်းခြေသည် ပြစ်ချွဲသော သစ်မည်စည်ဆီ အဆင်းရှိ၏။ အဗဒ္ဓသည်းခြေသည် ညှိုးနေသော တောင်ကျည်းပန်း အဆင်းရှိ၏။
စာမျက်နှာ-155


ဗဒ္ဓသည်းခြေသည် ကိုယ်အထက်အရပ်၌ ဖြစ်၏။ အဗဒ္ဓသည်းခြေသည် အထက်အောက်အရပ် (၂) ခုလုံး၌ ဖြစ်၏။ အဗဒ္ဓသည်းခြေသည် အသားမှ လွှတ်ထွက်နေသော ဆံပင်၊ အမွေး၊ သွား၊ လက်သည်း ခြေသည်းတို့နှင့် မာခြောက်နေသော အရေကို ချန်ထား၍ တစ်ကိုယ်လုံး၌ ဆီပေါက်သည် ရေတွင် ပျံ့သွားသကဲ့သို့ ပျံ့နှံ့လျက်တည်နေ၏။ ဗဒ္ဓသည်းခြေ ပျက်လျှင် မျက်စိဝါ၏၊ မူး၏၊ ကိုယ်တုန်လှုပ်၏၊ ယားယံ၏။ ဗဒ္ဓသည်းခြေသည် နှလုံးနှင့် အဆုတ်တို့၏ အလယ်ကြား၌ အသည်းအသားကို မှီ၍ သည်းခြေအိမ်၌ တည်နေ၏။ ဗဒ္ဓသည်းခြေပျက်လျှင် ရူး၏၊ အရှက်အကြောက် မရှိ၊ မပြုသင့်သည်ကို ပြု၏၊ မပြောသင့်သည်ကို ပြော၏၊ မကြံသင့်သည်ကို ကြံ၏။

၂၂။ သလိပ်

သလိပ်သည် ခန္ဓာကိုယ်အတွင်း၌ နို့ဆီဘူးနှစ်လုံးစာ (တစ်ကွမ်းစား) ခန့် ရှိသည်။ အဆင်းအားဖြင့် ဖြူ၏၊ အစာသစ်အိမ် (ဝမ်းဗိုက်) ထဲ၌ ရှိ၏။ ရေမှော်ရေညှိသည် ခဲဖြင့် ပစ်ပေါက်လိုက်သောအခါ နှစ်ခြမ်းကွဲပြီးနောက် တစ်ဖန်ပြန်စေ့ကာ ရေကိုဖုံးအုပ်သွားသကဲ့သို့ ထို့အတူ စားသောက်ဖွယ်များကို မျိုချလိုက်သောအခါ သလိပ်ပြင်သည် နှစ်ခြမ်းကွဲသွားပြီး တစ်ဖန် အစာသစ်အိမ်ကို ဖုံးလွှမ်းလျက် တည်နေသည်။

ယင်းသလိပ်သည် ပြည်မှည့်သော အနာကဲ့သို့၊ ကြက်ဥပုပ်ကဲ့သို့ ဝမ်းဗိုက်အစာသစ်အိမ်၌ တည်ရှိ၍ အလွန်စက်ဆုပ်ဖွယ် ကောင်း၏။ သလိပ်ထုပါးလျှင် အစာသစ်အိမ်မှ လေချဉ်ဆန်တက်လာ၍ အာပုပ်နံ့ ဟောင်နေ၏။ ယင်းသလိပ်သည် ပွားများ၍ ထူထဲနေသောအခါ ကျင်ကြီးတွင်း၌ ပျဉ်ချပ်ထူထူ ဖုံးထားသကဲ့သို့ အပုပ်နံ့ကို အစာအိမ်အတွင်း၌ ပိတ်ဆို့ဖုံးဖိခံထားသောကြောင့် အာပုပ်နံ့ ပါးစပ်ပုပ်စော် မနံတော့ချေ။

၂၃။ ပြည်

ပြည်ဆိုသည်မှာ အမှန်စင်စစ်အားဖြင့် ခန္ဓာကိုယ်အတွင်းရှိ သွေးပုပ်များပင်တည်း။ အရောင်အဆင်း အားဖြင့် ရင့်ရော်နေသော ဖက်ရွက်ကဲ့သို့ ဖျော့ဘော့တော့ ရှိ၏။ သူသေကောင်၌မူကား ပျစ်ချွဲသော ထမင်းရည် အပုပ်အသိုး၏ အရောင်အဆင်းကဲ့သို့ ရှိ၏။ အမြဲတည်နေရာဟူ၍ မရှိပေ။ သစ်ငုတ်၊ ဆူး၊ ငြောင့်၊ လက်နက်၊ မီးလျှံစသည် ထိခိုက်ခံရသော ကိုယ်အရပ်၌ သွေးများစုတည်လျက် ရင့်ကျက်သောအခါ ပြည်ဖြစ်လာ၏။ အိုင်းအမာ အဖုအလုံး အနာအဆာ စသည်တို့၌လည်း သွေးပုပ်နှင့်ပြည်များ စုဝေးနေကြသည်။
စာမျက်နှာ-156


၂၄။ သွေး

သွေးသည် စုဝေးရပ်တည်နေသော သွေး၊ ရွေ့လျားနေသော သွေးဟူ၍ ၂-မျိုးရှိ၏။ စုဝေးနေသောသွေးသည် အဆင်းအားဖြင့် ကျိုချက်၍ ပြစ်ချွဲနေသော ချိပ်ရည်နှင့်တူ၏။ ရွေ့လျားနေသော သွေးသည် ချိပ်ရည်ကြည်နှင့် တူ၏။ စုဝေးသွေးသည် အထက်အရပ်၌ဖြစ်ပြီး ရွေ့လျားသွေးသည် အထက်အောက်အရပ်တို့၌ ဖြစ်၏။

ရွေ့လျားနေသော သွေးသည် ဆံပင်၊ အမွေး၊ လက်သည်းခြေသည်းတို့၏ အသားလွတ်ရာ အရပ်ကို လည်းကောင်း၊ မာခြောက်နေသော အရေကို လည်းကောင်း ချန်ထား၍ ကြွင်းသော ခန္ဓာကိုယ်တစ်ခုလုံး၌ သွေးကြောကွန်ရက်ကို အစဉ်လျှောက်၍ ပျံ့နှံ့နေသည်။ စုဝေးတည်နေသော သွေးသည် အသည်းတည်ရာ၏ အောက်အဖို့ကို ပြည့်စေလျက် တစ်ကွမ်းစားမျှ ရှိ၏။ နှလုံး၊ အညှို့၊ အဆုတ်တို့၏ အထက်၌ အနည်းငယ် အနည်းငယ် ယိုကျလျက် အညှို့၊ နှလုံး၊ အသည်း၊ အဆုတ် တို့ကို စွတ်စိုစေလျက် တည်နေသည်။ ထိုသွေးက အညှို့၊ နှလုံး စသည်တို့ကို မစွတ်စိုစေပါမူ သတ္တဝါတို့ ရေဆာ ရေငတ်ခြင်း ဖြစ်ပေါ်ကြရ၏။

၂၅။ ချွေး

ချွေးသည် မွေးညှင်းပေါက်စသည်တို့မှ ယိုထွက်လာသော အာပေါဓာတ် (အရည်ဓာတ်) ဖြစ်သည်။ ကြည်လင်သော နှမ်းဆီအဆင်း ရှိ၏။ ချွေး၏ တည်ရာဌာန အမြဲမရှိပေ၊ မီးပူ၊ နေပူ၊ ဥတုဖောက်ပြန်ခြင်း စသည်တို့ကြောင့် ကိုယ်ပူရှိန်တက်လာသောအခါ ဆံပင်တွင်း၊ မွေးညှင်းတွင်း အပေါက် အကြိုအကြားတို့မှ ချွေးများ ယိုထွက်လာသည်။

ချွေးကို ရှုသော ယောဂီသည် ဆံပင်တွင်း မွေးညှင်းတွင်း အပေါက်အကြားတို့ကို ပြည့်စေလျက် တည်သော ချွေးကို နှလုံးသွင်း ရှုမှတ်အပ်၏။

၂၆။ အဆီခဲ

အဆီခဲဆိုသည်မှာ ခန္ဓာကိုယ်ထဲ၌ ခဲနေသော အဆီကို ဆိုသည်။ ၎င်းသည် ထက်ခြမ်းခွဲထားသော နနွင်းသားအဆင်းရှိ၏။ ကိုယ်ခန္ဓာ ဆူဖြိုးဖီးသော သူတို့မှာ အရေနှင့်အသားကြား၌ နနွင်းရောင် ဘွဲ့ဖြူပုဆိုးကြမ်းကို ထည့်ထားသကဲ့သို့ ဖြစ်နေသည်။ ကိုယ်ကာယ ပိန်သောသူတို့မှာမူ သလုံးသား၊ ပေါင်သား၊ ကျောက်ဆူးရိုး (ခါးဆစ်ရိုး) ကို မှီသော ကျောက်ကုန်းသား၊ ဝမ်းပျဉ်းသား...

စာမျက်နှာ-157


ဟူသော အသားတို့ကို မှီ၍ နှစ်ထပ်၊ သုံးထပ် ပြုထားသော နနွင်းရောင် ဘွဲ့ဖြူ ပုဆိုးကြမ်းသဏ္ဌာန် ရှိ၏။ အထက်ပိုင်း၊ အောက်ပိုင်း ၂-ပိုင်းလုံး၌ တည်၏။ ဝသောသူအား တစ်ကိုယ်လုံး ပျံ့နှံ့လျက် တည်၏။ ပိန်သော သူအား သလုံးသား ကြွက်သား စသည်တို့ကို မှီ၍ တည်၏။

၂၇။ မျက်ရည်

မျက်ရည်သည် မျက်စိတို့မှ ယိုထွက်လာသော အာပေါဓာတ် ဖြစ်၏။ ကြည်လင်သော နှမ်းဆီရောင် အဆင်းရှိ၏။ အထက်အရပ်၌ ဖြစ်ပြီး မျက်တွင်းထဲ၌ တည်၏။ သို့သော်လည်း မျက်ရည်သည် သည်းခြေအိမ်၌ သည်းခြေကဲ့သို့ မျက်တွင်းထဲ၌ အမြဲစုဝေးလျက် တည်သည် မဟုတ်ပေ။ ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း၊ မသင့်လျော်သော အစာကို စားမိခြင်း၊ မီးခိုး၊ မြူ၊ ဖုန်မှုန့် စသည်တို့ ထိပါးနှိပ်စက်ခြင်း၊ တစ်စုံတစ်ခုနှင့် ခိုက်မိခြင်း၊ ရာသီဥတု စသော အကြောင်းတို့ကြောင့် မျက်ရည်များ ဖြစ်ပေါ်လာပြီးလျှင် မျက်တွင်းကို ပြည့်စေလျက် ယိုထွက်ကျလာသည်။

မျက်ရည်ကို ရှုသော ယောဂီသည် မျက်တွင်းတို့ကို ပြည့်စေလျက် တည်နေသော မျက်ရည်ကို ရှုအပ်၏။

၂၈။ ဆီကြည်

ဆီကြည်ဆိုသည်မှာ မခဲဘဲ ကျေနေသော အဆီကို ခေါ်သည်။ အဆင်းအားဖြင့် အုန်းဆီနှင့် တူ၏။ ထမင်းရည်၌ လောင်းထည့်ထားသော ဆီရောင်နှင့်လည်း တူ၏။ ရေချိုးသောအခါ ကြည်လင်သော ရေ၏ အထက်၌ လည်နေသော ဆီပေါက်၏ ပျံ့နေဟန် သဏ္ဌာန် ရှိ၏။ အထက်အောက်အရပ် ၂-ပါး၌ ဖြစ်ပြီး အများအားဖြင့် လက်ဖဝါးပြင် လက်ဖမိုး၊ ခြေဖဝါးပြင်၊ ခြေဖမိုး၊ နှာခေါင်းဖု၊ နဖူး၊ ပခုံးစွန်းတို့၌ တည်၏။ ယင်းဆီကြည်သည် လက်ဖဝါးပြင် စသည်တို့၌ အခါခပ်သိမ်း ကျေလျက် ပျော်လျက် တည်နေသည် မဟုတ်၊ မီးပူ၊ နေပူ၊ ရာသီဥတု ဖောက်ပြန်ခြင်း၊ သွေးလေ စသော ဓာတ်များ ထူးခြား ဖောက်ပြန်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာကုန်၏။ ရေကြည်ပေါ်၌ ကျသော ဆီပေါက် ပျံ့နှံ့သွားသကဲ့သို့ ထိုမှဤမှ ရွေ့လျားမှု ရှိ၏။

၂၉။ တံတွေး

တံတွေးသည် ခံတွင်းထဲ၌ အမြှုပ်နှင့် ရောသော အာပေါဓာတ် ဖြစ်၏။ ရေမြှုပ်အဆင်းနှင့် တူ၏။ ရေမြှုပ်ပုံသဏ္ဌာန် ရှိ၏။ အထက်အရပ်၌ ဖြစ်ပြီး ပါးစောင်နှစ်ဖက်တို့မှ သက်ဆင်း၍ လျှာ၌ တည်၏။ တံတွေးသည် ပါးစောင်
စာမျက်နှာ-158


လျှာတို့၌ အမြဲစုဝေး တည်နေသည် မဟုတ်ပေ။ တံတွေးကို ဖြစ်စေတတ်သော အစာအာဟာရကို မြင်ခြင်း၊ အမှတ်ရခြင်း၊ အပူ၊ အခါး၊ အစပ်၊ အငန်၊ အချဉ် တစ်ခုခုကို ခံတွင်း၌ ထည့်ခြင်း၊ စက်ဆုပ်ဖွယ်ရာ တွေ့မြင်ခြင်း၊ နှလုံးမကျန်းမာခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်လာပြီး ပါးစောင်နှစ်ဖက်မှ ကျဆင်းလာကာ လျှာ၌ တည်လာသည်။

အထူးအားဖြင့် တံတွေးသည် လျှာဖျား၌ ပါး၏၊ ကျဲ၏။ လျှာရင်း၌ ချွဲ၏။ ခံတွင်း၌ ထည့်လိုက်သော အစာအာဟာရကို မြစ်ထဲက သဲသောင်ပြင်၌ လက်ယက်တွင်းငယ်ကဲ့သို့ မကုန်မခန်းနိုင်ဘဲ စွတ်စိုစေခြင်းငှာ စွမ်းနိုင်၏။

၃၀။ နှပ်

နှပ်သည် ဦးနှောက်မှ ယိုထွက်ကျလာသည့် မစင်ကြယ်သော အရာဝတ္ထုပေတည်း။ အဆင်းအားဖြင့် ယန်းသီးနု အဆံနှင့် တူ၏။ အထက်အရပ်၌ဖြစ်ပြီး နှာခေါင်းဖုကို ပြည့်စေလျက် တည်၏။ သို့သော် ယင်းနှပ်သည် နှာခေါင်းဖု၌ အမြဲစုဝေးလျက် တည်နေသည်ကား မဟုတ်ပေ။ သတ္တဝါတို့ ငိုသောအခါ၊ အစာ၊ ဥတုတို့ကြောင့် ဓာတ်ချောက်ချား ဖောက်ပြန်သောအခါတို့၌ ဦးခေါင်းအတွင်းမှ သလိပ်ပုပ်အဖြစ်သို့ ရောက်သော ဦးနှောက်သည် အောက်သို့ လျှောက်လာပြီး အာခေါင်ထိပ် အပေါက်အကြားဖြင့် ဆင်းသက်၍ နှာခေါင်းဖုသို့ ရောက်ရှိကာ ယိုထွက်ကျဆင်းလာသည်။

ယခုခေတ် ဆေးကျမ်း၊ သိပ္ပံကျမ်းတို့၌ နှာရည်အိတ်ကလေးများမှ နှာရည်ထွက်ကျကြောင်း ပြဆိုကြသည်။ ဦးနှောက်ကပျက်၍ နှာရည်ဖြစ်ကြောင်း မပြဆိုကြပေ။ မည်သို့ပင်ပြဆိုစေ၊ နှပ်ကိုရှုသော ယောဂီသည် နှာခေါင်းဖုအတွင်း ပြည့်နှက်တည်ရှိနေသော နှပ်ကို ပွားရမည်။

၃၁။ အစေး

အစေးဆိုသည်မှာ ခန္ဓာကိုယ်တွင်းရှိ အရိုးဆက်တို့၏ အကြား၌ ကျိချွဲနေသော အစေးပုပ်ကို ဆိုသည်။ မဟာလှေခါးပင်၏ အစေးအရောင်အဆင်းနှင့် တူ၏။ အရိုးဆက်တို့၏ နယ်ဆီ (ချောဆီ) ကိစ္စကို ပြီးစေလျက် ၁၈၀-သော အရိုးဆက်တို့၏ အကြား၌ တည်၏။

ထူးခြားသည်မှာ ဤအစေးနည်းပါးသော သူတို့သည် ထစဉ် ထိုင်စဉ် သွားစဉ် ဆုတ်စဉ် ကွေးစဉ် ဆန့်စဉ်တို့၌ အရိုးတို့မှ ဂုတ်ဂုတ်ဂက်ဂက် မြည်ကုန်၏။ လက်ဖျစ်တီး၍ သွားသကဲ့သို့ “တက်တက်” ဟူ၍ အသံမြည်၏။ တစ်ယူဇနာ၊
စာမျက်နှာ-159


(၈-မိုင်) ခန့် ခရီးသွားမိလျှင် ဝါယောဓာတ်ပျက်ပြီး ကိုယ်အင်္ဂါများ နာကျင်ပင်ပန်းကုန်၏။ ဤအစေး များသူတို့မှာကား ထခြင်း ထိုင်ခြင်း စသည်တို့၌ အရိုးအဆက်တို့ အသံမမြည်ကုန်။ ခရီးရှည်သွားသော်လည်း ဝါယောဓာတ်မပျက်၊ ကိုယ်အင်္ဂါနာကျင်ပင်ပန်းမှု မဖြစ်စေနိုင်ပေ။

၃၂။ ကျင်ငယ်

ကျင်ငယ်ဆိုသည်မှာ ကျင်ငယ်ရည် (ဆီး) ကို ခေါ်သည်၊ အရောင်အဆင်း အားဖြင့် ပဲကြီးပြုတ်ရည်နှင့် တူသည်။ အောက်အရပ်၌ ဖြစ်ပြီး ဆီးအိမ်စည်ဖောင်း အတွင်း၌ တည်၏။ ယင်းဆီးအိမ်စည်ဖောင်း၌ ထွက်ပေါက်သာ ထင်ရှား၍ ဝင်ပေါက်ပင်လမ်းသည် သာမန်ပုဂ္ဂိုလ်တို့ မြင်နိုင်လောက်အောင် အထင်အရှား မရှိပေ။ သို့သော် ဆီးအိမ်တွင်းသို့ကား ကျင်ငယ်ရည်များ ဝင်လျက် ရှိသည်။ ဆီးအိမ်ပြည့်လာသောအခါ ကျင်ငယ်စွန့်ရန် အားထုတ်ကြရသည်။

အနောက်တိုင်းဆရာတို့အဆိုကား အစာသစ်အိမ်မှ အတော်အတန် ကျေညက်ပြီးသော အစာသည် အူငယ်အူခွေသို့ ရောက်သည်။ ၎င်းအတွင်း၌ အစာကို ထပ်၍ ချေသည်၊ ချေရင်းပင် အူငယ်၏ အတွင်းနံရံများ၌ ရှိသော အသားမျှင်အသားဖုကလေးများက အသွေးစသည် ဖြစ်စေနိုင်သော ရသဓာတ်ခေါ် အရည်အနှစ်များကို စုတ်ယူပြီး သွေးကြောငယ်အဆင့်ဆင့်ဖြင့် သွေးကြောမကြီးများဆီသို့ ပို့ပေးသည်။ ထိုသွေးကြောမကြီးတို့မှ သွေးကြောကြီး ၂-ခုသည် ကျောက်ကပ် (၂) ခုသို့ သွေးများ ပို့ပေးသည်။ ကျောက်ကပ်တစ်ခုခုအတွင်း၌ အညစ်အကြေးများကို စစ်ထုတ်ရန် ကိရိယာများ တစ်သန်းမက အသီးသီးရှိ၍ ထိုကရိယာများဖြင့် စီးဝင်လာသော သွေးထဲမှ အညစ်အကြေးရေများကို စစ်ထုတ်ပြီး ဆီးကြောပိုက် (၂) ခုဖြင့် ဆီးအိမ်သို့ ပို့ပေးသည်၊ ထိုဆီးအိမ်စည်ဖောင်းမှတစ်ဆင့် ဆီးလမ်းကြောင်းပိုက်ဖြင့် ဆီးထွက်ပေါက်မှ ထွက်သည်ဟု ဆိုသည်။ ၎င်းတို့အလိုအားဖြင့် ဆီးအိမ်၌ ဝင်ပေါက် (၂) ခုရှိ၍ ထွက်ပေါက်တစ်ခုရှိသည်ဟု သိနိုင်သည်။

ကောဋ္ဌာသ အစုအပုံဟု မြင်ပုံ

ယခုပြဆိုခဲ့ပြီးသော ၃၂-ကောဋ္ဌာသတို့ကို အဆင်း၊ သဏ္ဌာန်၊ အရပ်၊ တည်ရာ၊ အပိုင်းအခြားတို့၏ အစွမ်းအားဖြင့် ပိုင်းခြားဆုံးဖြတ်ပြီးလျှင် အစဉ်အတိုင်း ရွတ်ဆိုနှလုံးသွင်းခြင်း၊ မမြန်လွန်းသောအားဖြင့် ရွတ်ဆိုနှလုံးသွင်းခြင်းစသော နည်းဖြင့် အဆင်း၊ သဏ္ဌာန်၊ အနံ့၊ မှီရာအကြောင်း၊ တည်ရာ ဤငါးပါးတို့ဖြင့် “စက်ဆုပ်ဖွယ်၊ စက်ဆုပ်ဖွယ်” ဟု နှလုံးသွင်းအပ်၏။
စာမျက်နှာ-160


မျက်စိကောင်းသော ယောက်ျားသည် အဆင်းအရောင် ၃၂-မျိုးဖြင့် သီကုံးထားသော ပန်းကုံးကို ကြည့်၍ ပန်းအားလုံးတစ်ပြိုင်နက် ထင်ပေါ်သကဲ့သို့ “ဤကိုယ်ထဲ၌ ဆံပင်တို့ရှိကြ၏” စသည်ဖြင့် ကိုယ်ကို ဉာဏ်ဖြင့် ကြည့်ရှုနေသော ယောဂီအား ၃၂-ကောဋ္ဌာသတို့သည် တစ်ပြိုင်နက် ထင်ရှားပေါ်လာကုန်၏။ သူတစ်ပါး၏ သန္တာန်၌လည်း ငါ၏ သန္တာန်မှာကဲ့သို့ပင် စက်ဆုပ်ဖွယ်ချည်းပါတည်းဟု နှလုံးသွင်းမှုကို ပုံတူပြု၍ ရှုသော ယောဂီအား လှည့်လည်သွားလာနေကြသော လူ၊ တိရစ္ဆာန် စသည်တို့ကိုပင် လူ၊ တိရစ္ဆာန်ဟု မမြင်ဘဲ စက်ဆုပ်ဖွယ်ရာ ကောဋ္ဌာသ အစုအပုံအားဖြင့် ထင်မြင်လေတော့၏။
စာမျက်နှာ-161

အခန်း (၆)

အာနာပါနဿတိ ပွားများအားထုတ်ပုံ

ယောဂီတိုင်းနှင့် လျော်သော ကမ္မဋ္ဌာန်း

ဝင်လေထွက်လေကို ရှုမှတ်သည့် အာနာပါနဿတိ ကမ္မဋ္ဌာန်းသည် ယောဂီတိုင်းလိုလိုနှင့် လျော်ကန်သင့်မြတ်လှပေသည်။ အာနာပါနကမ္မဋ္ဌာန်းရှုနည်းကို ကမ္မဋ္ဌာန်းဆရာတိုင်း ပြသ သင်ကြားနည်းနာ ပေးလေ့ ရှိကြသည်။

အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း၌ “အာနာပါနံ မောဟစရိတဿ ဝိတက္ကစရိတဿ စ” ဟု မိန့်မှာထားချက်အရ အာနာပါနကမ္မဋ္ဌာန်းသည် မောဟစရိုက်ရှိသူနှင့် ဝိတက်စရိုက်ရှိသူတို့အား သင့်လျော် လျောက်ပတ်သည်။ လူတိုင်းလူတိုင်းသည် မောဟ အားကြီးကြသည်။ သို့မဟုတ် တောင်ကြံ မြောက်ကြံ ဝိတက် လွန်ကဲ တတ်ကြသည်။ လေးလံထိုင်းမှိုင်း ငိုက်မျဉ်း အိပ်ချင်မှု အဖြစ်များလေ့ရှိသည်။ မအိပ်ချင်ပါက (ဝါ) အိပ်မပျော်ပါက တောင်ကြံမြောက်ကြံ မရပ်မနားစိတ်ဖြင့် ပြေးလွှားကြံစည်လျက် ရှိတတ်ကြသည်။ ထို့ကြောင့် မောဟဖြစ်လျှင် ဖြစ်၊ မဖြစ်လျှင် ဝိတက်ဖြစ်တတ်ကြသည်။ ထိုကဲ့သို့ မောဟနှင့် ဝိတက်မှ မလွတ်ကင်း နိုင်ကြသောကြောင့် လူတိုင်းမှာ မောဟစရိုက်၊ သို့မဟုတ် ဝိတက်စရိုက် ရှိကြသည်။ ထို့ကြောင့် အာနာပါန ကမ္မဋ္ဌာန်းသည် လူတိုင်းနှင့် သင့်လျော်သည်ဟု ဆိုနိုင်ပေသည်။

အသံကင်းဆိတ်ရန်

အထူးအားဖြင့် မှာကြားလိုသည်မှာ ဤအာနာပါနကမ္မဋ္ဌာန်းကို အားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည် အသံဗလံကင်းသော နေရာဌာနနှင့် အချိန်ကာလ ရရှိရန် သတိပြုရပေမည်။ ဝင်လေထွက်လေကို ရှုမှတ်၍ စိတ်တည်ကြည်မှု (သမာဓိ) အစပျိုးလာချိန်တွင် အသံတစ်ခုခုက ဝင်ရောက် နှောင့်ယှက်လျှင် သမာဓိပျက်၍ စိတ်ပျံ့လွင့်သွားတတ်၏။ ဘယ်က ဘာသံလဲ၊ ဘယ်သူလဲ၊ ဘာအကြောင်း ဘာကိစ္စလဲ စသည်ဖြင့် ဝိတက်များ တသီကြီး ဖြစ်ပေါ်လာ၏။ လုပ်ငန်းခွင်ပြင်ပသို့ မျောပါသွားတတ်သည်။ အထူးသဖြင့် လူက ပြုလုပ်သည့်အသံသည် ပိုမိုအနှောင့်အယှက်ဖြစ်၏။ ယောက်ျားအတွက် မိန်းမအသံ၊ မိန်းမအတွက် ယောက်ျားအသံသည် ကြီးကျယ်သော အနှောင့်အယှက် ဖြစ်သည်။ ချိုး (ဂျိုး) ကူသံ၊ ကြက်တွန်သံ၊ ငှက်အော်သံများမှာမူ တစ်ခါ
စာမျက်နှာ-162


တစ်ရံ ဖြစ်ပါက အနှောင့်အယှက် မဖြစ်ချေ။ သို့ရာတွင် လွန်လွန်ကဲကဲ အဆက်မပြတ် ဆူညံအော်မြည်နေပါမူ အနှောင့်အယှက် ဖြစ်သည်သာ။ ထို့ကြောင့် လူသူကင်းဝေးသော တောအုပ်အတွင်း၌ သတ္တဝါအားလုံး အိပ်ပျော်နေချိန် ဖြစ်သည့် “ညဉ့်ကိုးနာရီမှ နံနက်နှစ်နာရီအတွင်းသည်” အာနာပါန ကမ္မဋ္ဌာန်း အားထုတ်ရန် အကောင်းဆုံးနေရာနှင့် အချိန်ကာလ ဖြစ်ပေသည်။

ခန္ဓာကိုယ် အနေအထား

ဤခန္ဓာကိုယ်သည် လဲလျောင်းခြင်း၊ ထိုင်ခြင်း၊ ရပ်ခြင်း၊ သွားခြင်း ဟူ၍ ဣရိယာပုထ်လေးမျိုးဖြင့် ပြောင်းလဲပေးနေရ၏။ လဲလျောင်းမှု ကြာလာလျှင် သွေးလေ လေးလံ ထိုင်းမှိုင်းပိတ်ဆို့လာ၍ သွေးလေပျံ့နှံ့စေရန် လှုပ်ရှား သွားလာပေးရ၏။ သွားလာမှု ကြာပြန်လျှင် ညောင်းလာ၍ ထိုင်ပေးရ၏။ အထိုင်ကြာလျှင် မတ်တတ်ရပ်ပေးရပြန်၏။ ဤသို့ အနေအထား (ဣရိယာပုထ်) လေးမျိုး အပြောင်းအလဲ လုပ်ပေးနေရသည်။ အနေအထား (ဣရိယာပုထ်) တစ်မျိုးတည်းဖြင့် ကြာရှည်စွာ မနေနိုင်ချေ။ ယင်း လေးမျိုးအနက် လဲလျောင်းခြင်းနှင့် ထိုင်ခြင်းကို မပင်မပန်း ကြာရှည်စွာ ပြုလုပ်နိုင်၏။ ကမ္မဋ္ဌာန်းတရား အားထုတ်ရာ၌ မကြာခဏ အနေအထား (ဣရိယာပုထ်) ပြောင်းနေလျှင် စိတ်၏ ငြိမ်သက်တည်ကြည်မှု (သမာဓိ) မရနိုင်ချေ။ အနည်းဆုံး (၄) နာရီခန့် ကြာသည်အထိ မပြောင်းမလဲ၊ မလှုပ်မယှက် နေနိုင်မှသာ သမာဓိရနိုင်သည်။ ရပ်ခြင်းနှင့် သွားခြင်း ဣရိယာပုထ်မှာ ဝီရိယစိုက်ထုတ်မှု များနေ၍ ဝီရိယလွန်ကဲလျှင် ဥဒ္ဓစ္စဖြစ်တတ်သည်။ ပျံ့လွင့်တတ်သည်။ သမာဓိ ရင့်ကျက်လာသည့်အခါမူ ဣရိယာပုထ် ရွေးချယ်ရန် မလို၊ မည်သည့်အနေအထားမှာမဆို သမာဓိကို ရယူနိုင်သည်။ သမာဓိ စတင် ထူထောင်ချိန်မှာမူ ရပ်ခြင်း၊ သွားခြင်း ဣရိယာပုထ်တို့နှင့် မသင့်လျော်ချေ။ ထို့ပြင် လျောင်းခြင်းမှာလည်း လုံ့လ ဝီရိယ လျော့ရဲ နည်းပါးသဖြင့် ထိနမိဒ္ဓ ကပ်ရောက်ပြီး အိပ်ပျော်သွားနိုင်သည်။ ထို့ကြောင့် သမာဓိ စတင်ထူထောင်ချိန်၌ ထိုင်ခြင်း အနေအထား (ဣရိယာပုထ်) သာလျှင် သင့်လျော်ဆုံး ဖြစ်ပေသည်။

ထိုင်ပုံထိုင်နည်း

ထိုင်ခြင်းဣရိယာပုထ်၌လည်း ဆောင့်ကြောင့်ထိုင်ခြင်း၊ ဒူးတုပ် (ခြေဖဝါးပေါ်ဖိ) ထိုင်ခြင်း၊ တင်ပါးလွှဲထိုင်ခြင်း၊ တင်ပျဉ်ခွေထိုင်ခြင်း၊ ကုလားထိုင်ပေါ်၌ ခြေချ၍ ထိုင်ခြင်းဟူ၍ အမျိုးမျိုးရှိရာ မိမိနှင့် သင့်လျော်ရာ ကြာရှည် ထိုင်နိုင်မည့်နည်းကို ရွေးချယ်သင့်သည်။
စာမျက်နှာ-163


ဘုရားရဟန္တာ အရှင်မြတ်တို့ ညွှန်ပြသော ထိုင်နည်းမှာမူ တင်ပျဉ်ခွေ ထိုင်နည်း ဖြစ်သည်။ ခြေနှစ်ဖက်ကို ကွေးယူ၍ ခြေဖဝါးနှစ်ဖက်ကို ပေါင် တစ်ဖက်တစ်ချက် ကြက်ခြေခတ် တင်၍ ထိုင်ခြင်းကို တင်ပျဉ်ခွေထိုင်ခြင်းဟု ခေါ်သည်။ ဤသို့ ထိုင်တတ်အောင် ထိုင်နိုင်အောင် မကြာခဏ လေ့ကျင့်ပေး ရမည်။ ထိုင်စ မရှိပါက သွေးကြောများပိတ်ဆို့ပြီး ထုံကျင်ကိုက်ခဲ နာကျင် လာတတ်သည်။ ယင်းသို့ တင်ပျဉ်ခွေပြီးသောအခါ ကိုယ်ခန္ဓာ အထက်ပိုင်း တစ်ခုလုံး ဖြောင့်ဖြောင့် မတ်မတ် စန့်စန့်ထားရမည်။ ထိုသို့ထိုင်လျှင် ကျောရိုး အဆစ် (၁၈) ဆစ်တို့သည် အချင်းချင်း အံဝင်ခွင်ကျဖြစ်နေ၍ ကြာရှည် ထိုင်နိုင်မည် ဖြစ်သည်။ အကယ်၍ စန့်စန့်မထားဘဲ ရှေ့သို့ ကိုင်းနေပါက ကျောရိုး အဆက်အစပ်များ မတည့်၍ နာကျင်မှု၊ ညောင်းညာကိုက်ခဲမှု၊ ကျောတောင့်ကျောအောင့်မှု မကြာခဏ ဖြစ်တတ်ပြီး ပြင်ထိုင်ရမည်။ အထိုင်ပြင်လိုက်ပါက ကမ္မဋ္ဌာန်းအာရုံပျက်၍ သမာဓိအရှိန် ကျသွားနိုင်သည်။ မလှုပ်မယှက် ငြိမ်သက်စွာ ကြာရှည်ထိုင်နိုင်ပါမှ စိတ်တည်ကြည်ကာ သမာဓိစွမ်းအား တိုးပွားကြီးထွား လာပေမည်။

ထို့ပြင် အောက်ခံကြမ်းပြင် မာကျောမှုကြောင့် နာကျင်မှု ဖြစ်တတ်သည်။ သက်သာမှုရှိစေရန် ဖျာ၊ သင်ဖြူး၊ ဖုံ အခင်း တစ်ခုခုခံ၍ ထိုင်သင့်သည်။

ဝင်သက်ထွက်သက်

ဝင်သက် ထွက်သက် (ဝါ) ဝင်လေထွက်လေကို ပါဠိဘာသာဖြင့် အာနာပါန (သို့မဟုတ်) အဿာသ၊ ပဿာသဟု ခေါ်ရသည်။ တစ်ပုဒ်စီခွဲ၍ ဘာသာပြန်ဆိုရာ၌ ဝိနည်းအဋ္ဌကထာနည်း နှင့် သုတ္တန်အဋ္ဌကထာနည်း ဟူ၍ နှစ်မျိုး ကွဲပြားသည်။
ကျမ်းဂန်နည်း,အာနာ = အဿာသ,အပါန = ပဿာသ
ဝိနည်းအဋ္ဌကထာ,ထွက်သက် (ထွက်လေ),ဝင်သက် (ဝင်လေ)
သုတ္တန်အဋ္ဌကထာ,ဝင်သက် (ဝင်လေ),ထွက်သက် (ထွက်လေ)
ဝိနည်းအဋ္ဌကထာအလို အမိဝမ်းမှ မွေးဖွားခါစ သူငယ်၌ ရှေးဦးစွာ အတွင်းလေသည် အပသို့ထွက်၏။ နောက်မှ အပလေကို ကိုယ်တွင်းသို့ ရှူသွင်း၏။ ထို့ကြောင့် အာနာပါန = အဿာသပဿာသကို “ထွက်သက်ဝင်သက်” ဟု ဖွင့်ဆို
စာမျက်နှာ-164


သည်။ သုတ္တန်အဋ္ဌကထာတို့အလိုမူ ကမ္မဋ္ဌာန်းအားထုတ်သောကာလ၌ ရှေးဦးစွာ ပြင်ပမှလေကို နှာခေါင်းဖြင့် ရှူသွင်းပြီး နောက်မှ အပြင်သို့ ပြန်ထုတ်ရ၏။ ထို့ကြောင့် အာနာပါန = အဿာသပဿာသကို “ဝင်သက်ထွက်သက်၊ ဝင်လေ ထွက်လေ” ဟု ဖွင့်ဆိုသည်။ ဤနှစ်နည်းအနက် သုတ္တန်အဋ္ဌကထာနည်းသာလျှင် ကမ္မဋ္ဌာန်းရှုမှတ်မှု၌ ပါဠိတော်နှင့် ညီညွတ်သည်ဟု မှတ်ရမည်။ (ဝိသုဒ္ဓိမဂ်မဟာဋီကာ)

အသက်အောင့်ကျင့်နည်း

အာနာပါနခေါ် အဿာသပဿာသကမ္မဋ္ဌာန်းကို အားထုတ်ရာ၌ ဘုရား ပေးသောနည်းအတိုင်း အားထုတ်ပါမှ ဈာန်ချမ်းသာ မဂ်ဖိုလ်ချမ်းသာကို ရရှိ ခံစားနိုင်ပေမည်။ တိတ္ထိတို့၏ နည်းဖြစ်သော အသက်ရှူ ထိန်းချုပ်နည်းကို ပရာဏာယာမဟု ခေါ်၏။ အပ္ပါဏကဈာန်ဟုလည်း ခေါ်၏။ ယင်းနည်းမှာ အိန္ဒိယနိုင်ငံ၌ အလွန်ခေတ်စားသည်။ တိတ္ထိတို့သည် ရှူသွင်းလိုက်သောလေကို အသက်ဓာတ် (ဇီဝဓာတ်) ဟု ယူဆကြသည်။ ယင်းအသက်ဇီဝကို ကိုယ်ခန္ဓာ အတွင်း၌ ထည့်သွင်းပိတ်လှောင် ချုပ်နှောင်ထားနိုင်ပါက ထာဝရအသက် ရနိုင်သည်ဟု ယူဆကြ၏။ ဝင်သက်ကို မထွက်အောင် ကြာကြာ အောင့်ထားနိုင်ပါက စွမ်းအင်အထူးရရှိနိုင်သည်ဟု ယုံကြည်၍ အသက်အောင့်ခြင်းကို တစ်နာရီ၊ နှစ်နာရီ၊ တစ်ရက်၊ နှစ်ရက်စသည်ဖြင့် လေ့ကျင့်ကြ၏။ ထွက်သက်ဝင်သက်ကို လိုသလို ထိန်းချုပ်နိုင်ရန် ဘယ်ဘက်နှာခေါင်းပေါက်မှ ရှူသွင်း၍ ညာဘက်နှာခေါင်းပေါက်ဖြင့် ထွက်စေ၏။ တစ်ဖန် ညာဘက်နှာခေါင်းပေါက်မှ ရှူသွင်း၍ ဘယ်ဘက် နှာခေါင်းပေါက်ဖြင့် ထွက်စေ၏။ ပြန်ထုတ်၏။ ဤသို့ အမျိုးမျိုးအဖုံဖုံ လေ့ကျင့်ကြ၏။ ယင်း အသက်အောင့်သော အကျင့်သည် ဒုက္ကရစရိယာကျင့်စဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ယင်းအကျင့်သည် မမှန်ကန်ကြောင်း၊ အချည်းနှီး အကျိုးမဲ့ ဖြစ်ကြောင်းကို မြတ်စွာဘုရား ကိုယ်တော်တိုင် မူလပဏ္ဏာသပါဠိတော် မဟာသစ္စသုတ္တန်နှင့် မဇ္ဈိမပဏ္ဏာသပါဠိတော် ဗောဓိရာဇကုမာရသုတ်၌ ဟောတော်မူခဲ့သည်။ အနည်းငယ်မျှ ကောက်နုတ်ပြပါဦးမည်။

ရှေးဦးစွာ ဘုရားအလောင်းတော်သည် အသက်ရှူထိန်းချုပ်သည့် အပ္ပါဏကဈာန်ခေါ် ပရာဏာယာမ အကျင့်ကို ကျင့်သုံးလေသည်။ အသက်ကို ဝအောင်ရှူသွင်းပြီးနောက် ထွက်သက်လေများ ပြန်၍ မထွက်နိုင်စေရန် ထိန်းချုပ်အောင့်အည်းထားလိုက်သည်။ ထို့နောက် အံကိုကြိတ်၍ မိမိစိတ်ကို မိမိစိတ်ဖြင့် ဖိနှိပ်ဖျစ်ညှစ် ပူလောင်စေသည်။ ပင်ပန်းပူလောင်လှသဖြင့် ချိုင်းကြားမှ ချွေးဒီးဒီးကျလေသည်။ ချည့်နဲ့သူတစ်ဦးအား လူသန်ကြီး
စာမျက်နှာ-165


တစ်ဦးက ခေါင်းနှင့်ပခုံးကို ဖျစ်ညှစ်ဆုပ်ကိုင် ဖိနှိပ်ထားဘိသကဲ့သို့ လွန်စွာ ပူလောင်လျက် လက်ကတီး (ချိုင်း) ကြားမှ ချွေးများယိုလာလေသည်။ ဘုရားအလောင်းတော်၏ စိတ်ဓာတ်သည် တွန့်ဆုတ်မှုမရှိဘဲ စိတ်အားထက်သန်လျက် ရှိသည်။ သတိမေ့လျော့ခြင်းလည်း မရှိ၊ သို့ရာတွင် အပြင်းအထန် အားထုတ်မှုကြောင့် ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းမှု မရှိ၊ ပူလောင်လျက် ရှိ၏။

တစ်ဖန် အားထုတ်မှုကို အရှိန်တိုးမြှင့်၍ ရှေးနည်းအတူ ဝင်သက်ထွက်သက်ကို ထိန်းချုပ်ပြန်သည်။ အသက်ကို ဝအောင် ရှူသွင်းပြီးလျှင် လျှာဖျားကို အာခေါင်ရင်းသို့ ခေါက်လိပ်သွင်းလျက် နှာခေါင်းပေါက်နှင့် ပါးစပ်ပေါက်မှ လေပြန်မထွက်စေရန် ပိတ်ဆို့လိုက်သည်။ လေတို့သည် နားပေါက်မှ တိုးထွက် ကြရာ ပန်းဘဲဖိုမှ ဖားဖိုကြီးကဲ့သို့ လေထွက်သံများ ဆူညံစွာ ကြားနေရလေသည်။ ဘုရားအလောင်းတော်၏ စိတ်ဓာတ်ကား တွန့်ဆုတ်မှု မရှိ၊ စိတ်အား ထက်သန်လျက် ရှိ၏။ သတိမေ့လျော့ခြင်း မရှိ၊ ပြင်းထန်စွာ အားထုတ်မှုကြောင့် ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းမှုမရှိဘဲ ပူလောင်လျက် ရှိ၏။

တစ်ဖန် အားထုတ်မှုကို မြှင့်တင်၍ ရှေးနည်းအတူ ဝင်သက်ထွက်သက်ကို ထိန်းချုပ်ပြန်၏။ အသက်ကို ဝအောင်ရှူသွင်းပြီးလျှင် လျှာဖျားကို လည်ချောင်း အထိ ခေါက်လိပ်သွင်းလျက် ပိတ်ဆို့၍ နားတွင်းနှစ်ဖက်ကိုလည်း ပိတ်ဆို့ လိုက်ရာ လေတို့သည် ပါးစပ်ပေါက်၊ နှာခေါင်းပေါက်၊ နားပေါက်တို့မှ မထွက် နိုင်တော့ချေ။ ထိုအခါ လေတို့သည် ထွက်ပေါက်မရသဖြင့် ငယ်ထိပ်ကို တက်ဆောင့်လေသည်။ သံချွန်ဖြင့် ဦးခေါင်းကို ထိုးဆွမွှေဘိသကဲ့သို့ ဖြစ်၏။ သို့သော် ဝီရိယဓာတ်ကား လျော့မသွားချေ။ နောက်မတွန့်ချေ။ သတိလစ် မေ့မျောခြင်းလည်း မရှိ။ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းမှုမရှိဘဲ ပူလောင်လျက် ရှိ၏။

တစ်ဖန် ဤနည်းအတိုင်း အရှိန်တိုးမြှင့် အားထုတ်ပြန်ရာ မခံသာအောင် ခေါင်းကိုက်ဝေဒနာ ဖြစ်ပေါ်လာ၏။ အင်အားကောင်းသော လူတစ်ယောက်က သားရေကြိုးဖြင့် ဦးခေါင်းကို ရစ်ပတ်ဖျစ်ညှစ် ထားလေသလားဟု ထင်ရ လောက်အောင် ခေါင်းကိုက်ဝေဒနာ ခံစားရ၏။

တစ်ဖန် ထပ်ဆင့်တိုးမြှင့်၍ အားထုတ်သောအခါ ထွက်ပေါက်မရသော လေတို့သည် ဝမ်းခေါင်းအတွင်း၌ တိုးဝှေ့နေကြသည်။ နွားသတ်သမားသည် နွားသတ်ဓားမြှောင် ထက်ထက်ဖြင့် ဝမ်းဗိုက်ကို ထိုးမွှေနေဘိသည့်အလား အူပြတ်မတတ် နာကျင်မှု ခံစားရ၏။
စာမျက်နှာ-166


တစ်ဖန် ထပ်ဆင့်တိုးမြှင့်၍ အားထုတ်ပြန်သောအခါ တစ်ကိုယ်လုံး ချစ်ချစ်တောက် ပူလောင်လာသည်။ အားကောင်းမောင်းသန် လူနှစ်ယောက်က ချုပ်ကိုင်၍ မီးကျီးတွင်းပေါ်၌ လှည့်ပတ်ကင်နေဘိသကဲ့သို့ ပြင်းထန်စွာ ပူလောင်မှုဝေဒနာ ခံစားရ၏။ သို့ရာတွင် ဝီရိယဓာတ်ကား လျော့မသွားချေ။ စိတ်ဓာတ်တွန့်ဆုတ်မှု မရှိ။ ဒုက္ခဝေဒနာကို မခံနိုင်၍ သတိလစ်မေ့လျော့ခြင်း လည်း မရှိ။ ပြင်းထန်စွာ အားထုတ်ခြင်းကြောင့် ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းမှု မရှိ။ ပူလောင်လျက် ရှိ၏။ ဤမျှပူလောင်သော (တပ) အကျင့်ကို ကျင့်လျက် ရှိသော်လည်း ကိလေသာကုန်ခန်း လျော့နည်းမှုမရှိသည်ကို တွေ့နေရလေသည်။ စိတ်ကိုစိတ်ဖြင့် ဖိနှိပ်ဖျစ်ညှစ်သော်လည်း ကိလေသာအညစ်အကြေးကား လျော့နည်းမသွားချေ။

ဘုရားအလောင်းတော်ကိုကြည့်၍ နတ်အချို့က “ရဟန်း ဂေါတမ သေပြီ” ဟု ဆိုကြ၏။ အချို့သော နတ်တို့က “ရဟန်း ဂေါတမ မသေသေး၊ ဆေငယ် ဇောဖြင့် မျောနေခြင်း၊ အသက်ငင်နေခြင်း” ဟု ဆိုကြ၏။ အချို့သော နတ်များက “ရဟန်း ဂေါတမသည် မသေသေး၊ အသက်ငင်နေခြင်းလည်း မဟုတ်၊ ကိလေသာကုန်ခန်း၍ ရဟန္တာဖြစ်နေပြီ၊ ရဟန္တာတို့ဝင်စားသည့် သမာပတ်ကို ဝင်စားနေခြင်း ဖြစ်သည်” ဟု ဆိုကြသည်။

ဤသို့ အစာငတ်ခံသော အကျင့်နှင့် အသက်ရှူထိန်းချုပ်သော အကျင့် စသော ပြင်းစွာ ပူလောင်သည့် (မဟာတပ) အကျင့်ကို ခြောက်နှစ်ပတ်လုံး ကျင့်သုံးငြားသော်လည်း ပြင်းထန်ထက်မြက်သည့် ဒုက္ခဝေဒနာကိုသာ ခံစားခဲ့ရသည်။ ငြိမ်းချမ်းခြင်း၊ လွတ်မြောက်ခြင်း၊ ကိလေသာကုန်ခန်းခြင်းတို့၏ အရိပ်နိမိတ်ကိုမျှ မတွေ့ရချေ။

အတိတ်ကာလက ရဟန်းပုဏ္ဏားတို့သည် တပအကျင့်ကို ကျင့်၍ ပြင်းထန်ထက်မြက် ခါးစပ်သော ဆင်းရဲဒုက္ခကို ခံစားခဲ့ကြရာ ဤအတိုင်းအတာထက် မပိုလွန်နိုင်ချေ။ ဘုရားအလောင်းတော်နှင့် တန်းတူညီမျှသာ ဒုက္ခခံစားခဲ့ကြရ ပေမည်။ နောင်အနာဂတ်ကာလ၌လည်း အလားတူသာလျှင် ဖြစ်ပေမည်။ မည်သူမျှ ဘုရားအလောင်းတော်ထက် ပို၍ တပအကျင့်ကို ကျင့်နိုင်ကြမည် မဟုတ်။ ထိုထက်ပို၍ ဒုက္ခခံကြရမည်မဟုတ်ဟု ဘုရားအလောင်းတော်အနေဖြင့် ရဲရဲတောက် ကြေညာနိုင်သည်အထိ ကျင့်သုံးပြခဲ့လေပြီ။ ထို့ကြောင့် ဤလမ်းစဉ်သည် သာမန်လူတို့၏ အသိဉာဏ်ထက် လွန်မြတ်သော အရိယမဂ်ဉာဏ်ကို ရနိုင်သည့် လမ်းစဉ်မဟုတ် ဟု စိတ်ဒုန်းဒုန်းချဆုံးဖြတ်၍ စွန့်လွှတ်လိုက်လေသည်။
စာမျက်နှာ-167


ဘုရားအလောင်းတော်သည် အခြားလမ်းစဉ်တစ်ခုကို ရှာကြံရာ ငယ်စဉ်က ဖခမည်းတော် လယ်ထွန်မင်္ဂလာပြုနေစဉ် ဇမ္ဗုသပြေပင်အရိပ်၌ အာနာပါန (ထွက်သက်ဝင်သက်) ဈာန်ဝင်စားခဲ့ခြင်းကို ပြန်လည်သတိရလာ၏။

ထိုဈာန်မှာ သိမ်မွေ့၍ ချမ်းသာသည်။ ကာမဂုဏ်နှင့် မပတ်သက်သော ထိုဈာန်ချမ်းသာကို ကြောက်ရန်မလိုဟု ထင်သည်။ သုခရရန် ဒုက္ခဖြင့် အရင်းတည်ရမည်ဟု ယူဆသောအစွဲကို ပယ်စွန့်၍ ယခုတစ်ဖန် သုခကို အရင်းတည်၍ ထို့ထက်မြင့်မြတ်သော သုခကို အရယူနိုင်သည် ဟူသော လမ်းစဉ်ကို စမ်းသပ် ကျင့်သုံးဦးမည်။ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းမှုကို အခြေတည်၍ ပထမဈာန် ချမ်းသာကို အရယူမည်။ ပထမဈာန်ချမ်းသာကို အခြေခံ၍ ဒုတိယ၊ တတိယ၊ စတုတ္ထဈာန်ချမ်းသာ စသည်ဖြင့် ချမ်းသာအဆင့်ဆင့်ကို ရယူမည်။ သို့ရာတွင် ဤကြုံလှီအားနည်း ချည့်နဲ့နေသော ကိုယ်ကာယဖြင့် အာနာပါနဈာန် ချမ်းသာ မျှကိုပင် မရနိုင်။ ခန္ဓာကိုယ်အင်အား ဖြည့်တင်းရေးအတွက် အစာအာဟာရကို စားသုံးမှီဝဲရန် ဆုံးဖြတ်လိုက်သည်။

ဝင်သက်ထွက်သက် ရှုမှတ်ခြင်းဖြင့် ပြီးပြည့်စုံနိုင်သော တရားများ

မြတ်စွာဘုရားရှင်သည် ဝင်သက်ထွက်သက် ရှုမှတ်ခြင်းဖြင့် ပြီးပြည့်စုံနိုင်သော တရားများကို ဥပရိပဏ္ဏာသ၊ အာနာပါနဿတိသုတ် ပါဠိတော်၌ ဤသို့ ဟောကြားတော်မူခဲ့သည်—

ချစ်သားတို့... ဝင်သက်ထွက်သက်ကို ရှုမှတ်ခြင်း အာနာပါနဿတိ ကမ္မဋ္ဌာန်းအလုပ်သည် ပွားများအပ်ကုန်သည်ရှိသော် နေ့ရက်များစွာ အခါခါ အလေ့အလာ ပြုအပ်ကုန်သည်ရှိသော် သတိပဋ္ဌာန်လေးပါးတို့ကို ပြီးပြည့်စုံစေနိုင်ကုန်၏။ သတိပဋ္ဌာန်လေးပါး မြတ်တရားတို့သည် ပွားများအပ်ကုန်သည်ရှိသော် နေ့ရက်များစွာ အခါခါ အလေ့အလာ ပြုအပ်ကုန်သည်ရှိသော် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြီးပြည့်စုံစေနိုင်ကုန်၏။ ဗောဇ္ဈင်ခုနစ်ပါးတို့သည် ပွားများအပ်ကုန်သည်ရှိသော် နေ့ရက်များစွာ အခါခါ အလေ့အလာ ပြုအပ်ကုန်သည်ရှိသော် ... လောကုတ္တရာ ဝိဇ္ဇာလေးပါး (မဂ်လေးပါး)၊ ဝိမုတ္တိလေးပါး (ဖိုလ်လေးပါး) တို့ကို ပြီးပြည့်စုံစေနိုင်ကုန်၏။

ခြုံ၍ပြောရလျှင် ဝင်သက်ထွက်သက် ရှုမှတ်မှု အာနာပါနဿတိ ကမ္မဋ္ဌာန်းကို အားထုတ်ခြင်းဖြင့် ဗောဓိပက္ခိယတရား ၃၇-ပါးလုံးကို ပွားများရာ ရောက်ပေတော့သည်။ ဗောဓိပက္ခိယတရား ၃၇-ပါးလုံး ပြီးပြည့်စုံခြင်းသို့ ရောက်ပေတော့သည်။
စာမျက်နှာ-168


ထို့ပြင် ဘုရားရှင်က အာနာပါန ကမ္မဋ္ဌာန်း အားထုတ်ခြင်းနှင့်ပတ်သက်၍ ဤသို့လည်း ဟောကြားတော်မူသည်—

ချစ်သားတို့... ဤအာနာပါနဿတိ သမာဓိသည် ပွားစေအပ်သည်ရှိသော် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် ငြိမ်လည်း ငြိမ်သက်၏၊ မွန်လည်း မွန်မြတ်၏၊ သွန်းလောင်းအပ် (ဖြည့်စွက်အပ်) သည်လည်း မရှိ၊ ချမ်းချမ်းသာသာလည်း နေရ၏၊ ဖြစ်ပွားပေါ်ပေါက်လာကုန်သော အကုသိုလ်တရားတို့ကိုလည်း တစ်ခဏချင်း ကွယ်ပျောက်ငြိမ်းအေးစေနိုင်ကုန်၏။

ဝင်သက်ထွက်သက် မှတ်ရာဌာနများ

ဝင်သက်ထွက်သက် လေတို့သည် နှာခေါင်းမှလည်းကောင်း၊ ပါးစပ်မှလည်းကောင်း၊ နားပေါက်မှလည်းကောင်း ဝင်ကြ ထွက်ကြ၏။ အာနာပါန ရှုရာ၌ ယင်းအပေါက်တို့ကို အတင်းအကြပ် ပိတ်မထားအပ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားအလောင်းတော် ဒုက္ကရစရိယ ကျင့်စဉ်က နား၊ နှာခေါင်း၊ ပါးစပ်တို့ကို အတင်းအကြပ်ပိတ်၍ ကျင့်ခဲ့ဖူးရာ အကျိုးမရှိသောကြောင့် ပယ်စွန့်တော်မူခဲ့၏။ ဝင်သက်ထွက်သက်ကို မှတ်ရာ၌လည်း ဝင်ပေါက် ထွက်ပေါက် သုံးခုအနက် နှာခေါင်းပေါက်မှ ဝင်ထွက်သောလေကိုသာလျှင် မှတ်သားအပ်၏။

သတ္တဝါတို့၏ အသက်ရှူရှိုက်ရာ ဌာနသည် ပကတိသဘာဝအားဖြင့် နှာခေါင်းပေါက်ဖြစ်သည်။ တစ်ခါတစ်ရံ နှာခေါင်းမဆံ့၍ နှာခေါင်းမအား၍ ထွက်သက်ဝင်သက် လေကို ပါးစပ်က ရှူရှိုက်ကြရ၏။ ဥပမာ မောပန်း၍ အသက်ရှူမဝသောအခါ၊ နှာစေး၍ နှာခေါင်းပိတ်နေသောအခါတို့တွင် ပါးစပ်က အသက်ရှူရှိုက်ကြရသည်။ ယင်းကဲ့သို့ ပါးစပ်က အသက်ရှူရှိုက်ရခြင်းကို ဝိကတိ = ဖောက်ပြန်မှုဟု ခေါ်သည်။

ထို့ကြောင့် ဝင်သက် ထွက်သက် ရှူရာ၌ ပကတိ ပင်ကိုသဘာဝအတိုင်း ရှူရိုးရှူစဉ် ရှူနေကျအတိုင်းသာ နှာခေါင်းပေါက်ဖြင့် ရှူရှိုက်၍ မှတ်သားအပ်၏။ ဝင်သက်လေ ထွက်သက်လေ ထိခိုက်တိုးဝှေ့ရာဌာနများမှာ နှာခေါင်းပေါက်၊ နှာခေါင်းဝ၊ နှာခေါင်းဖု (နှာသီးဖျား)၊ အထက်နှုတ်ခမ်း အရပ်တို့၌ စိတ်ကို ထား၍ မှတ်သားရမည်။ နှာခေါင်းရှည်သူအား နှာခေါင်းဖု (နှာသီးဖျား) ၌ ဝင်သက် ထွက်သက်လေ တိုးဝှေ့ထိခိုက်၏။ နှာခေါင်းတိုသူအား အထက်နှုတ်ခမ်းဖျား၌ ဝင်သက် ထွက်သက်လေ တိုးဝှေ့ထိခိုက်၏။ အာနာပါနရှုမည့် ယောဂီကိုယ်တိုင် ဝင်သက် ထွက်သက်လေကို ရှူရှိုက်ထုတ်သွင်းကြည့်ပါ။
စာမျက်နှာ-169


လေသည် နှာသီးဖျား နှာခေါင်းဖု၌ ထိခိုက်တိုးဝှေ့လျှင် နှာသီးဖျား နှာခေါင်းဖု၌ မှတ်ပါ။ လေသည် အထက်နှုတ်ခမ်းဖျား၌ ထိခိုက်တိုးဝှေ့လျှင် အထက်နှုတ်ခမ်းဖျား၌ မှတ်ပါ။

နွားရိုင်းကို တိုင်မှာချည်သကဲ့သို့

သတ္တဝါတို့၏ စိတ်သည် အာရုံငါးပါး၌ လှည့်လည်ကျက်စားနေ၏။ သို့သော် အာရုံတစ်ခုတည်းအပေါ်၌ကား အမြဲရပ်တည်၍ မနေပေ။ ရူပါရုံပြီးလျှင် သဒ္ဒါရုံ၊ သဒ္ဒါရုံပြီးလျှင် ဂန္ဓာရုံ စသည်ဖြင့် တစ်မျိုးပြီးတစ်မျိုး ကျက်စားနေ၏။ အဆင်းရူပါရုံပေါ်၌ ကျက်စားနေစဉ် သာယာဖွယ်အသံကို ကြားလိုက်ပါက ထိုအသံအာရုံဆီသို့ ခံစားမှု ရောက်ရှိသွားပြန်သည်။ အသံအာရုံကို ခံစားနေရာမှ အမွှေးနံ့သာ တစ်ခုခုကို ရှူရှိုက်မိလျှင် ထိုဂန္ဓာရုံဆီသို့ ခံစားမှုရောက်ရှိသွားပြန်သည်။ ထိုအာရုံကို ခံစားနေရင်း တစ်ယောက်ယောက်က စားကောင်း သောက်ဖွယ်ပေးပို့လာလျှင် သွားရည်များ ယိုကျလာကာ ရသာရုံကို ခံစားလိုက်ပြန်သည်။ ယင်းသို့ စားသောက်နေရင်း ချစ်နှစ်သက်ဖွယ် လုလင်ပျို လုံမပျိုတို့၏ အတွေ့အထိနှင့် တိုးမိပြန်လျှင် ရသာရုံပျောက်ပြီး ဖောဋ္ဌဗ္ဗာရုံ နောက်သို့ ကောက်ကောက်ပါ လိုက်သွားပြန်သည်။

ဤကဲ့သို့သော လိုလားနှစ်သက်ဖွယ် သဘောကျဖွယ် (ဣဋ္ဌာရုံ) အာရုံတို့နှင့် တွေ့ထိခံစားရသောအခါ ထပ်မက်စွဲလမ်းမှု တဏှာလောဘဖြစ်ပြီး မလိုလားအပ် မနှစ်မြို့ဖွယ် (အနိဋ္ဌာရုံ) အာရုံတို့နှင့် တွေ့ထိကြုံကြိုက်သောအခါ စိတ်မချမ်းသာမှု၊ အမျက်ထွက်မှု၊ ဒေါသ ဒေါမနဿစိတ်များ ဖြစ်ပေါ်လာလေသည်။ ဣဋ္ဌာရုံဖြစ်စေ၊ အနိဋ္ဌာရုံဖြစ်စေ လောကီအာရုံ ကာမဂုဏ်တို့သည် အကုသိုလ်အာရုံများသာ ဖြစ်ကြ၏။

နေ့စဉ် တွေ့ကြုံ ခံစားနေကြရသော ထိုထိုအာရုံတို့သည် သာမန်အနေအထား၌ မေ့မေ့ပျောက်ပျောက် ဖြစ်နေသော်လည်း စိတ်ကိုထိန်းချုပ်၍ အာရုံတစ်ခုတည်းပေါ်၌ စူးစိုက်စေသောအခါ မိမိ တွေ့ကြုံခံစားဖူးသမျှ အာရုံများ အချို့အချို့ ပေါ်လာလေတော့သည်။ စိတ်သည် မိခင်ပျောက်သော နွားငယ်ကဲ့သို့ ဟိုပြေး ဒီပြေး၊ ဟိုရောက်ဒီရောက် ဖြစ်နေတော့သည်။ ယင်းသို့ ဂနာမငြိမ် ဖြစ်နေသောစိတ်ကို ငြိမ်ဝပ်ပိပြားသွားအောင် အာရုံတစ်ခုတည်းပေါ်၌ စူးစိုက်နေစေရမည်။ အာရုံဆိုသည်မှာ ရူပါရုံ စသောအာရုံများ မဟုတ်ပေ။ ဂနာမငြိမ်ဖြစ်နေသောစိတ်ကို ရူပါရုံစသောအာရုံတစ်ခုခု၌ စူးစိုက်စေပါက ၎င်းစိတ်မှာ မငြိမ်ရုံမျှမက ပို၍ပင် ဆိုးဝါးသွားပေမည်။ အာရုံတစ်ခုကို ဝအီလာလျှင် အခြားအာရုံတစ်ခုကို ပြောင်းချင်လာလိမ့်မည်။
စာမျက်နှာ-170


ရူပါရုံတစ်ခုတည်း၌ပင် အလွန်ချောမောလှပသော မိန်းမပျို၊ ယောက်ျားပျိုကို ကာလတာရှည်စွာ ကြည့်နေ မြင်နေရသူသည် ထိုလှပမှုအပေါ်၌ စွဲလမ်းနှစ်သက်မှု အာရုံခံစားမှုအရှိန်လျော့လာပြီး မဲမဲတုတ်တုတ် ဖွံ့ဖွံ့ဖြိုးဖြိုး မိန်းမပျို၊ ယောက်ျားပျိုကို တွေ့မြင်လိုက်ရလျှင် ထိုအာရုံသစ်အပေါ်၌ သာယာကြည်နူးမှု ဖြစ်ပြန်လေသည်။ ထို့အတူပင် နေ့စဉ် ကြက်သားဟင်း၊ ဝက်သားဟင်း ဆီဦးထောပတ် စားနေရသူသည်လည်း ကင်းပုံရွက်ကြော်၊ ချဉ်ပေါင်ကြော်နှင့် ဆီမပါပျားမပါ ဟင်းလျာများကို တမ်းတနေတတ်သည်။ ဤသို့သော အကြောင်းများကြောင့် ဂနာမငြိမ်ဖြစ်နေသော စိတ် ငြိမ်ဝပ်ပိပြားအောင် အာရုံငါးပါးအပေါ်၌ စူးစိုက်စ၍ မဖြစ်နိုင်ပေ။ ကမ္မဋ္ဌာန်းအာရုံတစ်ခုခုကို စူးစိုက်စေမှသာ တည်ငြိမ်မှုရနိုင်ပေမည်။

ဥပမာအားဖြင့် နို့စားနွားမ၏ နို့ရည်ကို နွားမပိုင်ရှင်မသိအောင် တိတ်တခိုးစိုလေ့ရှိသော နွားငယ်လေးကို ဆုံးမလိုသော နွားရှင်သည် ထိုနွားရိုင်းကလေးကို မိခင်နွားမနှင့်ခွဲပြီး တစ်နေရာတွင် တိုင်ကြီးကြီး၌ ကြိုးဖြင့် ချည်နှောင်ထားရာ၏။ ထိုအခါ နွားရိုင်းကလေးသည် ဟိုဟိုဒီဒီ ရုန်းကန်လှုပ်ရှားနေမည်။ သို့သော် ထွက်ပြေးရန်ကား မစွမ်းနိုင်တော့ချေ။ ချည်တိုင်ကိုသာ မှီလျက် ဝပ်နေလိမ့်မည်။ ချည်တိုင်ရင်း၌ပင် အိပ်နေလိမ့်မည်။

ထို့အတူပင် ကာလကြာမြင့်စွာ ရူပါရုံစသည်တို့ကို ခံစားပျော်ပါး၍ ကြီးပြင်းလာကာ ပျက်ချော်ချော် ဖြစ်နေသော မိမိ၏ စိတ်ရိုင်းအား ဆုံးမလိုသော ယောဂီသည် ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်၍ နွားရိုင်းကလေးနှင့် တူသော မိမိ၏စိတ်ကို သတိတည်းဟူသော ကြိုးဖြင့် ထွက်သက်ဝင်သက် ကမ္မဋ္ဌာန်းအာရုံ တည်းဟူသော နှာသီးဖျားချည်တိုင်၌ ခိုင်ခိုင်မာမာ တုပ်ချည်ထားရာ၏။ ထိုအခါ ယောဂီ၏ စိတ်ရိုင်းသည် ရုန်းကန်ထွက်ပြေးရန် မစွမ်းနိုင်သောကြောင့် ထွက်လေဝင်လေ ဟူသော အာရုံကိုသာလျှင် ဥပစာရသမာဓိတို့၏ အစွမ်းအားဖြင့် မှီ၍ ဝပ်နေလိမ့်မည်။ ဆိုလိုသည်မှာ ယောဂီ၏ စိတ်ရိုင်းသည် ယဉ်ကျေးသိမ်မွေ့၍ ထွက်သက်ဝင်သက် ကမ္မဋ္ဌာန်းအာရုံတစ်ခုတည်း၌သာ စူးစိုက်နေပေတော့မည်။ ထို့ကြောင့် ရှေးဆရာမြတ်တို့က—

နွားငယ်ကို ဆုံးမလိုသောသူသည် တိုင်၌ ဖွဲ့ချည်ထားရာသကဲ့သို့ ထို့အတူ ဤသာသနာတော်၌ မိမိစိတ်ကို ဆုံးမလိုသော ရဟန်း (ယောဂီ) သည် ကမ္မဋ္ဌာန်းအာရုံ၌ သတိဖြင့် မြဲမြံစွာ ဖွဲ့ချည်ထားရာ၏—

ဟု မိန့်ဆိုတော်မူခဲ့ကြသည်။
စာမျက်နှာ-171


ဝင်လေ ထွက်လေ ရှုမှတ်ခြင်း

အာနာပါနခေါ် ဝင်လေထွက်လေကို ရှုမှတ်ရာ၌ ရှေးဦးစွာ ပြင်ပမှလေကို ရှူသွင်းပြီးနောက် တစ်ဖန် အပြင်သို့ ရှူထုတ်ရသည်။ ယင်းသို့ အသက်ရှူသွင်း ရှူထုတ်မှုကို ရှုမှတ်ရာ၌ ယခင် ပြဆိုခဲ့ပြီးသည့်အတိုင်း သတိကို နှာသီးဖျား၌ ထား၍ ရှူမှတ်ရမည်။ သတိကို ဝင်လေနောက်သို့ လိုက်၍ ခန္ဓာကိုယ်တွင်းသို့လည်းကောင်း၊ ထွက်လေနောက်သို့ လိုက်၍ ခန္ဓာကိုယ်ပြင်ပသို့လည်းကောင်း လိုက်ပါမသွားစေရ။ နှာသီးဖျား၌သာလျှင် သတိကို မြဲမြံစွာ ချုပ်နှောင်ထားရမည်။

အချို့သောသူများမှာ နှာခေါင်းတိုသဖြင့် ဝင်လေထွက်လေသည် နှုတ်ခမ်းဖျားကို တိုးဝှေ့ထိခိုက်လိမ့်မည်။ ယင်း ပုဂ္ဂိုလ်များမှာ သတိကို နှုတ်ခမ်းဖျား၌ မြဲမြံစွာထားရှိရမည်။ ဤသို့ တစ်နေရာတည်း၌ သတိမြဲမြံစွာ ထားရှိခြင်းကို နွားရိုင်းကလေးအား ချည်တိုင်၌ ချည်နှောင်ထားခြင်း ဥပမာဖြင့် ရှင်းလင်းဖော်ပြပြီး ဖြစ်သည်။

ရှူနည်းအဆင့် လေးဆင့်

အာနာပါနခေါ် ဝင်သက်ထွက်သက်ကို ရှူရာ၌ အဆင့်လေးဆင့် ရှိသည်။ ၎င်းတို့မှာ—
၁။ သတောဝ အဿသတိ၊ သတော ပဿသတိ။ (ဝင်သက် ထွက်သက်ကို သတိထား၍ ရှူရှိုက်ရမည်။)

၂။ ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ။ ဒီဃံ ဝါ ပဿသန္တော ဒီဃံ ပဿသာမီတိ ပဇာနာတိ။ ရဿံ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ။ ရဿံ ဝါ ပဿသန္တော ရဿံ ပဿသာမီတိ ပဇာနာတိ။ (ဝင်သက် ထွက်သက်ကို ရှည်လျှင် ရှည်သည်ဟု သိရမည်၊ တိုလျှင် တိုသည်ဟု သိရမည်။)

၃။ သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ။ သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။ (ဝင်သက် ထွက်သက်၏ အစ၊ အလယ်၊ အဆုံးကို သိလျက် အသက်ရှူသွင်း ရှူထုတ်ခြင်းကို လေ့ကျင့်ရမည်။)

၄။ ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ။ ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။ (ကြမ်းတမ်းသော ဝင်သက် ထွက်သက်ကို နူးညံ့သိမ်မွေ့ ချုပ်ငြိမ်းအောင် ရှူရှိုက်လျက် လေ့ကျင့်ရမည်။)

စာမျက်နှာ-172


ပထမအဆင့် အားထုတ်ပုံ
ပထမအဆင့်အားထုတ်နည်းကို ဥပရိပဏ္ဏာသပါဠိတော် အာနာပါနဿတိသုတ်နှင့် ပါရာဇိကဏ်ပါဠိတော် တတိယပါရာဇိက သိက္ခာပုဒ်၌—

သော သတောဝ အဿသတိ၊ သတော ပဿသတိ

ဟူ၍ ဟောတော်မူခဲ့သည်။

သော၊ ထိုယောဂီသည်။ သတောဝ၊ သတိပြု၍သာလျှင် (ဝါ) သိလျက်သာလျှင်။ အဿသတိ၊ ရှူသွင်း၏။ သတောဝ၊ သတိပြု၍သာလျှင် (ဝါ) သိလျက်သာလျှင်။ ပဿသတိ၊ ရှူထုတ်၏။

ဤအဆင့်၌ အသက်ရှူသွင်းသည့်အခါ အသိစိတ်နှင့် ယှဉ်တွဲလျက် ရှူသွင်းခြင်း၊ ရှူထုတ်သည့်အခါ၌လည်း အသိစိတ်ဖြင့် ရှူထုတ်ခြင်းဖြစ်သည်။ ဝင်သက်ထွက်သက်ကို သိသောစိတ်သည် နှာသီးဖျား (သို့မဟုတ်) အထက်နှုတ်ခမ်း၌ ခိုင်မြဲစွာ တည်ရှိနေရမည်။ ကိုယ်တွင်းသို့လည်းကောင်း၊ ကိုယ်၏ပြင်ပသို့လည်းကောင်း လိုက်ပါခြင်းမပြုဘဲ နှာသီးဖျား (သို့မဟုတ်) အထက်နှုတ်ခမ်း၌ စိတ်ကို ခိုင်မြဲစွာ ချည်နှောင်ထားရှိ၍ ဝင်လေထွက်လေ မှန်သမျှကို မလွတ်တမ်းစောင့်၍ ရှုမှတ်နေရမည်။ အသက်ရှူတိုင်း၊ ရှိုက်တိုင်း တစ်ကြိမ်တစ်ခါမျှ အလွတ်မပေးဘဲ အလစ်မပေးဘဲ စောင့်၍ ရှုမှတ်ရမည်။ အမှတ်တမဲ့ သတိမပြုမိဘဲ သတိမပြုလိုက်ဘဲ အသက်ရှူရှိုက်ခြင်း မရှိစေရ။ အမြဲသတိဖြင့် စောင့်ကြပ်၍ ကြိုးစား၍ ရှုမှတ်ရမည်။

ဤကဲ့သို့ ဝင်သက်ထွက်သက်ကို မလစ်လပ်အောင် ရှုမှတ်ရာ၌ အပြောလွယ်သလောက် အလုပ်ခက်သည်။ စတင်ရှုမှတ်ခါစ သမာဓိနုချိန်တွင် စိတ်သည် ဝင်သက်ထွက်သက်အာရုံမှ ပြင်ပသို့ ထွက်သွားပြီး တောင်ရောက်၊ မြောက်ရောက် မကြာခဏ ဖြစ်တတ်သည်။ ထိုအခါ ဝင်သက်ထွက်သက် ရှုမှတ်မှု လစ်လပ်သွားတတ်သည်။ လွတ်သွားတတ်သည်။ တစ်ခါတစ်ရံ ဝင်သက်ထွက်သက် ရှုမှတ်မှုကို မလွှတ်သော်လည်း ရှည်လျားသော ဝင်သက်ကာလ (သို့မဟုတ်) ရှည်လျားသော ထွက်သက်ကာလ၌ အစပိုင်း ဝင်သက်ထွက်သက်ကိုသာ သိလိုက်၍ ရှုမှတ်၍ ယင်းဝင်သက်ထွက်သက်၏ နောက်ပိုင်းကျသော အချိန်ပိုင်းကလေးများတွင် စိတ်သည် ပြင်ပသို့ ထွက်၍ ထွက်၍ သွားတတ်သည်။ ကမ္မဋ္ဌာန်းအာရုံသို့ ပြန်ဝင်လိုက်၊ ကမ္မဋ္ဌာန်းအာရုံမှ ထွက်သွားလိုက် ဝင်ချည်ထွက်ချည် ပြုလုပ်၍ ရှုမှတ်မှုနှင့် ပြင်ပသို့ထွက်ပြေးမှု တလှည့်စီ ဖြစ်နေတတ်သည်။ ရှုမှတ်မှုသည် ကွက်တိကွက်ကျား ဖြစ်နေတတ်သည်။ အလွန်နုသေးသော
စာမျက်နှာ-173


အချိန်အခါ ဖြစ်သည်။ ရံခါ၊ ထိနမိဒ္ဓ ဝင်လာ၍ ငိုက်မျဉ်းသွားတတ်သည်။ တစ်စက္ကန့်၏ အစိတ်အပိုင်းမျှသာ ကြာသဖြင့် မိမိငိုက်သည်ကို မသိလိုက်ဘဲ ရှိတတ်သည်။

စိတ်သည် တာဝန်ပေး ခိုင်းစေထားသည့် ဝင်သက် ထွက်သက်အာရုံပေါ် ကြာရှည်စွာ အဆက်မပြတ် မရပ်တည်နိုင်ဘဲ ပြင်သို့ထွက်သွားလိုက်၊ ပြင်ပသို့ မထွက်ရသည့်အခါ အတွင်း၌ ငြိမ်ဝပ်စွာ လေးလံထိုင်းမှိုင်း ငိုက်မျဉ်းလိုက် ဖြစ်နေတတ်သည်။ အပြင်သို့ ထွက်၍ တောင်ကြံ မြောက်ကြံ တောရောက် တောင်ရောက် ဖြစ်နေခြင်းကို ဝိတက်ဟု ခေါ်သည်။ ကာမဝိတက်နှင့် ဗျာပါဒ ဝိတက်တစ်ခုခု ဖြစ်တတ်သည်။ (ဝါ) ချစ်ခြင်း၊ မုန်းခြင်း တစ်ခုခု ဖြစ်တတ်သည်၊ (ဝါ) ချစ်နှစ်သက်ဖွယ် အာရုံတစ်ခုခု ပေါ်နေတတ်သည်။ (သို့မဟုတ်) မုန်းစရာ အာရုံတစ်ခုခု ပေါ်နေတတ်သည်။ သားမယား အာရုံ၊ ဥစ္စာပစ္စည်းအာရုံ (သို့မဟုတ်) ရန်သူအာရုံ တစ်ခုခု ပေါ်နေတတ်သည်။ ထိုအခါ ယောဂီသည် မိမိကိုယ်၌ ကာမဝိတက်၊ ဗျာပါဒဝိတက် ဝင်ရောက်နေပြီဟု သိရမည် (ဝါ) ကာမစ္ဆန္ဒနီဝရဏခေါ် ကာမဂုဏ်ကို ငမ်းငမ်းတက် ဆာလောင်မှု အတားအဆီးကြီးနှင့် ဗျာပါဒနီဝရဏခေါ် မုန်းတီးမှု (ဒေါသ၊ အာဃာတ) အတားအဆီး ကြီးများ ဖြစ်ပေါ်နေသည်ဟု နားလည်ရမည်။ တရားအားထုတ်သူတိုင်းမှာ အစပိုင်းတွင် ဤအတားအဆီးကြီးနှစ်ခုကို ကျော်လွှားနိုင်ရန် ကြိုးစားရမည်။

လူက ရိပ်သာမှာ ထိုင်နေသော်လည်း စိတ်က အိမ်ရောက်နေတတ်သည်။ လုံ့လဝီရိယ ပြင်းထန်စွာဖြင့် စိတ်ကိုအားတင်း၍ တွန်းထိုးမောင်းနှင်ပေးပါမှ စိတ်သည် မိမိရှုမှတ်ရမည့် ဝင်သက်ထွက်သက်အာရုံသို့ ပြန်လည်ရောက်ရှိတတ်သည်။ လုံ့လဝီရိယ လျော့နည်း (လျော့ရဲ) နေပါက စိတ်သည် ကမ္မဋ္ဌာန်းအလုပ်ခွင်မှ ပြင်ပသို့သော်လည်း ထွက်ခွာသွားလိမ့်မည်။ အကယ်၍ ထိုသို့ မထွက်ခွာပါက ငိုက်မျဉ်း အိပ်ပျော်သွားလိမ့်မည်။ ငိုက်မျဉ်းအိပ်ပျော်ခြင်းမှာလည်း အချိန်ကာလ အလွန်တိုတောင်းသဖြင့် ခဏတဖြုတ် လစ်ခနဲလစ်ခနဲ ဖြစ်သွားခြင်းမျှသာ ဖြစ်၍ မိမိကိုယ်ကိုမိမိ ငိုက်၍ငိုက်မှန်းမသိ ဖြစ်တတ်သည်။ အကယ်၍သာ အိပ်ရာပေါ်၌ လဲလျောင်းလျက် ဝင်သက်ထွက်သက်ကို ရှုမှတ်ပါက ဆယ်ကြိမ်ခန့် ရှုမှတ်ပြီးနောက် ဘဝင်ကျကာ အိပ်မောကျသွားပေလိမ့်မည်။

ဤကဲ့သို့ ငိုက်မျဉ်း အိပ်ပျော်ခြင်း၊ စိတ်လေးလံ ထိုင်းမှိုင်းခြင်းကို ထိနမိဒ္ဓ ဖြစ်သည်ဟု ခေါ်ဆိုရ၏။ ထိနမိဒ္ဓခေါ်သော စိတ်လေးလံထိုင်းမှိုင်းမှု ငိုက်မျဉ်းမှုသည်လည်း ကြီးစွာသော အတားအဆီးတစ်ခု ဖြစ်၍ နီဝရဏဟု ခေါ်ဆိုရသည်။ ထို့ကြောင့် ကမ္မဋ္ဌာန်းရှုခါစ သမာဓိနုစဉ်အချိန်တွင် ကာမစ္ဆန္ဒနီဝရဏ၊
စာမျက်နှာ-174


ဗျာပါဒနီဝရဏ၊ ထိနမိဒ္ဓနီဝရဏ ဤအတားအဆီးကြီး သုံးခုကို ကျော်လွှားနိုင်ရန် ပြင်းပြသော ဆန္ဒ၊ အားကောင်းသော ဝီရိယတို့ဖြင့် ကြိုးပမ်း အားထုတ်ရပေမည်။

ဥပမာအားဖြင့် အလွန်သေးငယ်သည့် သင်တုန်းဓားသွားပေါ်၌ နှမ်းစေ့ငယ်တစ်ခုကို တင်ထားကြည့်ပါက တည်ငြိမ်စွာ ရပ်တည်မနေဘဲ ဘေးတစ်ဖက်ဘက်သို့ ကန်လျှောကျသွားလိမ့်မည် ဖြစ်သည်။ သို့ရာတွင် ဇွဲကောင်းကောင်းဖြင့် စိတ်ရှည်လက်ရှည် အကြိမ်ကြိမ် ထပ်မံပြုလုပ်ကြိုးစားပါက နှမ်းစေ့ငယ်သည် တစ်ချိန်ချိန်တွင် ဓားသွားပေါ်၌ ဟန်ချက်မိကာ ရပ်တည်နေပေလိမ့်မည်။ ဤသို့ ဖြစ်လာအောင် အကြိမ်ပေါင်း တစ်ထောင် တစ်သောင်းမက ကြိုးပမ်းပြုလုပ်ရပေလိမ့်မည်။ ထိုနည်းအတူ ယောဂီ၏ ရှုမှတ်စိတ်ကို ဝင်သက်ထွက်သက် ကမ္မဋ္ဌာန်းအာရုံပေါ်၌ ငြိမ်သက်တည်ကြည်စွာ ရပ်တည်နေစေရန် ကိစ္စမှာ သင်တုန်းဓားသွားပေါ်၌ နှမ်းစေ့ငယ် တည်ရှိနေအောင် ကြိုးပမ်းပြုလုပ်ရသကဲ့သို့ လွန်စွာ ခက်ခဲလှသည်ကို သဘောပေါက် နားလည်ထားရပေမည်။ ထို့ကြောင့် ဝင်သက်ထွက်သက်တို့၏ ထိရာဌာန၌ စိတ်ကို ခိုင်မြဲစွာထား၍ တစ်နာရီ နှစ်နာရီ စသည်ဖြင့် မိမိတတ်စွမ်းသမျှ အချိန်ကာလ အတိုင်းအတာအထိ ဝင်လေထွက်လေ ဟူသမျှကို မလွှတ်တမ်း သိရှိနေအောင် အားထုတ်ရမည်။

ယင်းသို့ အားထုတ်ရာ၌ ဝင်လေထွက်လေကို မနှေးလွန်း၊ မမြန်လွန်း၊ မပျော့လွန်း၊ မပြင်းလွန်းစေဘဲ မှန်မှန် ရှူသွင်း ရှူထုတ်ရမည်။ ယင်း ဝင်လေ ထွက်လေကို အမြဲသတိချပ်၍ သိမှတ်နေရမည်။ မသိလိုက်ဘဲ မမှတ်မိလိုက်ဘဲ မဝင်စေရ၊ မထွက်စေရ။ သတိဖြင့် သိ၍ ရှုမှတ်၍ ဝင်စေ ထွက်စေရမည်။

ဒုတိယဆင့်အားထုတ်ပုံ

ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ။ ဒီဃံ ဝါ ပဿသန္တော ဒီဃံ ပဿသာမီတိ ပဇာနာတိ။ ရဿံ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ။ ရဿံ ဝါ ပဿသန္တော ရဿံ ပဿသာမီတိ ပဇာနာတိ။

ဒီဃံ ဝါ၊ ရှည်စွာမူလည်း။ အဿသန္တော၊ ဝင်သက်ရှူအပ်သည်ရှိသော်။ ဒီဃံ၊ ရှည်စွာ။ အဿသာမီတိ၊ ဝင်သက်ရှူ၏ဟူ၍။ ပဇာနာတိ၊ သိ၏။
စာမျက်နှာ-175


ဒီဃံ ဝါ၊ ရှည်စွာမူလည်း။ ပဿသန္တော၊ ထွက်သက်လွှတ်သည်ရှိသော်။ ဒီဃံ၊ ရှည်စွာ။ ပဿသာမီတိ၊ ထွက်သက်လွှတ်၏ဟူ၍။ ပဇာနာတိ၊ သိ၏။

ရဿံ ဝါ၊ တိုစွာမူလည်း။ အဿသန္တော၊ ဝင်သက်ရှူသည်ရှိသော်။ ရဿံ၊ တိုစွာ။ အဿသာမီတိ၊ ဝင်သက်ရှူ၏ဟူ၍။ ပဇာနာတိ၊ သိ၏။

ရဿံ ဝါ၊ တိုစွာမူလည်း။ ပဿသန္တော၊ ထွက်သက်လွှတ်သည်ရှိသော်။ ရဿံ၊ တိုစွာ။ ပဿသာမီတိ၊ ထွက်သက်လွှတ်၏ဟူ၍။ ပဇာနာတိ၊ သိ၏—

ဟူ၍ ဟောတော်မူသောကြောင့် ဤဒုတိယဆင့် အားထုတ်နည်းသည် ဝင်သက် ထွက်သက်လေတို့ကို ရှည်လျှင်ရှည်သည်ဟု သိအောင်၊ တိုလျှင်တိုသည်ဟု သိအောင် အားထုတ်သောနည်းဖြစ်သည်။

ပထမဆင့်ဖြင့် နှာသီးဖျား၊ သို့မဟုတ် အထက်နှုတ်ခမ်း၌ ထိခိုက်တိုးဝှေ့သော ဝင်သက် ထွက်သက်လေကို သတိနိုင်နိုင်ဖြင့် သိမှုပိုင်ပြီးနောက် ဒုတိယဆင့်ဖြင့် မိမိရှူသော ဝင်သက် ထွက်သက်လေကို ရှည်လျှင်ရှည်သည်၊ တိုလျှင်တိုသည်ဟု သိအောင် အားထုတ်ရမည်။ သိလည်း သိနေရမည်။ တစ်ထိုင်အတွင်းမှာပင် ဝင်သက် ထွက်သက် အရှည်အတိုရှိနေသည်။ ဝင်သက် ထွက်သက် အဝင်အထွက် နှေးသည်ကို “ရှည်သည်” ဟုဆိုပြီး လျင်မြန်သည်ကို “တိုသည်” ဆိုသည်။ ဝင်သက် ထွက်သက် ရှည်မှု တိုမှုတို့ကို တစ်ခုမှ မလွတ်အောင် ရှုမှတ် အားထုတ်ရမည်။ မြန်လျှင်မြန်မှု၊ နှေးလျှင် နှေးမှုကို သိနေရမည်။

ထို့ပြင် ဝင်သက် ထွက်သက်လေ ရှည်ခြင်း တိုခြင်းကို ကိုယ်ကာယရှည်ခြင်း တိုခြင်းဖြင့်လည်း သိအပ်၏။ ဥပမာအားဖြင့် ရေကိုဖြစ်စေ၊ သဲကိုဖြစ်စေ တည်ရာ ဌာနသို့လိုက်၍ ရှည်သောရေ၊ ရှည်သောသဲ၊ တိုသောရေ၊ တိုသောသဲ ဟုဆိုရသကဲ့သို့ ထို့အတူ ဝင်လေ ထွက်လေတို့သည် အမှုန့်အမှုန့် အသေးအမွှားကလေးများ ဖြစ်ကြငြားသော်လည်း ဆင်၊ မြွေတို့၏ ကိုယ်ထဲ၌ဆိုလျှင် ရှည်သော ကိုယ်အရပ်ကို ဖြည်းဖြည်းပြည့်စေလျက် ပြန်လည် ထွက်ကုန်၏။ ထို့ကြောင့် ဆင်၊ မြွေတို့၏ ကိုယ်ကာယ၌ ဝင်သက်ထွက်သက် “ရှည်သည်” ဟု ဆိုအပ်ကုန်၏။ ခွေး၊ ယုန်စသည်တို့၏ ကိုယ်ကာယ၌ဆိုလျှင် တိုသောကိုယ်အရပ်ကို လျင်မြန်စွာ ပြည့်စေ၍ လျင်မြန်စွာပင် ပြန်လည်ထွက်ကုန်၏။ ထို့ကြောင့် ခွေး၊ ယုန်စသည်တို့၏ ကိုယ်ကာယ၌ ဝင်သက်ထွက်သက် “တိုသည်” ဟု ဆိုအပ်ကုန်၏။
စာမျက်နှာ-176


လူတို့၌ကား ဆင်၊ မြွေစသည်တို့ကဲ့သို့ ရှည်ရှည် (ကြာကြာ) လည်း ရှူသွင်း ရှူထုတ်ကုန်၏။ ခွေး၊ ယုန်စသည်တို့ကဲ့သို့ တိုတို (မြန်မြန်) လည်း ရှူသွင်း ရှူထုတ်ကုန်၏။

အာနာပါနကမ္မဋ္ဌာန်းကို ပထမဆင့် ဒုတိယဆင့် အားထုတ်နည်းဖြင့် အားထုတ်ရာ၌ ပွတ်ကြိုးဆွဲသူကဲ့သို့လည်းကောင်း၊ ဖိုထိုးသူကဲ့သို့လည်းကောင်း ဝင်သက် ထွက်သက်လေကို မိမိအလိုရှိသလို—

ရှူး ... ရှူး

ဟု ဖြည်းဖြည်း၊ ရှည်ရှည်၊ မျှဉ်းမျှဉ်း၊ နှေးနှေး ဝင်စေ ထွက်စေနိုင်သည်။ တစ်ဖန်

ရှူးရှဲ၊ ရှူးရှဲ—

ဟုလည်း တိုတို၊ မြန်မြန် သွက်သွက်လည်း ဝင်စေ ထွက်စေနိုင်သည်။ ထိုအခါများ၌လည်း ဝင်သက် ထွက်သက် လေသည် “ရှည်ရှည်ဝင်သည် ရှည်ရှည်ထွက်သည်၊ တိုတိုဝင်သည်၊ တိုတိုထွက်သည်” ဟု သတိချပ်၍ သိမှတ်နေရမည်။ သတိသညာဖြင့် မသိလိုက် မမှတ်မိလိုက်ဘဲ မဝင်စေ၊ မထွက်စေရ။

ယောဂီသည် ဝင်သက် ထွက်သက် လေကို မှန်မှန်၊ သို့မဟုတ် ရှည်ရှည်မျှဉ်းမျှဉ်း သွင်းထုတ်၍ ရှုမှတ်အားထုတ်နေစဉ် စိတ်၌ မကောင်းသော အကုသိုလ် အကြံအစည်များ ပေါ်ပေါက်လာလျှင် စိတ်အာရုံဂနာမငြိမ် ဟိုရောက် ဒီရောက် ဖြစ်လာလျှင် လေကို “ရှူးရှဲ၊ ရှူးရှဲ” ဟု ပြင်းပြင်း၊ သန်သန်၊ မြန်မြန် ထုတ်သွင်း၍ တစ်ချက်မလွတ်အောင် ရှုမှတ်ရာ၏။ ထိုအခါ စိတ်သည် မောဟိုက်ပြီး အာရုံတစ်ပါးသို့ မပြေးသွားတော့ဘဲ ဝင်သက် ထွက်သက်အာရုံ၌သာ စွဲမြဲစွာ တည်နေလေတော့သည်။

ယင်းသို့ ပြုလုပ်အားထုတ်သောအခါ မကောင်းသော အကြံအစည်များလည်း ခဏချင်း ပျောက်ကွယ်သွားပေမည်။ အာရုံထွေပြားမှုလည်း ငြိမ်းအေးသွားမည်။ ထိနမိဒ္ဓ ဖိစီးနှိပ်စက်၍ ငိုက်မျဉ်းထိုင်းမှိုင်း အိပ်ချင်လာလျှင်လည်း ထိုကဲ့သို့ ပြင်းပြင်း၊ မြန်မြန် အားထုတ်ရာ၏။ ထိုအခါ ထိနမိဒ္ဓတို့ လွင့်စင်ကျပြီး စိတ်ကြည်လင် ပေါ့ပါးလန်းဆန်းလာမည်။ ထိုသို့ ပေါ့ပါးလန်းဆန်းလာလျှင် ဝင်လေထွက်လေကို မနှေး၊ မမြန်၊ မပျော့၊ မပြင်း၊ မှန်တမ်းထား၍ အားထုတ်ရာ၏။

ဥပမာအားဖြင့် ပွတ်ကြိုးကိုဆွဲသူသည် ပွတ်ကြိုးကို မိမိအလိုရှိသလို နှေးနှေး၊ မြန်မြန် ဆွဲသကဲ့သို့၊ ဖိုထိုးသူသည် ဖိုကို မိမိအလိုရှိသလို နှေးနှေး၊ မြန်မြန်၊ ပျော့ပျော့၊ ပြင်းပြင်း ထိုးသကဲ့သို့ ထို့အတူ အာနာပါနအားထုတ်သူ—
စာမျက်နှာ-177


သည်လည်း ဝင်သက် ထွက်သက်လေကို မိမိအလိုရှိသလို မိမိ၏စိတ် တည်ငြိမ်မှု၊ သတိသညာရှိမှု၊ ရှုမှတ်နိုင်မှုတို့အပေါ်လိုက်၍ အားထုတ်နိုင်လေသည်။

တတိယအဆင့်အားထုတ်ပုံ

သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ။ သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။

သဗ္ဗကာယပဋိသံဝေဒီ၊ ဝင်သက်၏ အစ အလယ် အဆုံး အကုန်လုံး ထင်လင်းစွာသိသည်။ ဟုတွာ၊ ဖြစ်၍။ အဿသိဿာမိ၊ ဝင်သက်ကို ရှူအံ့။ ဣတိ၊ ဤသို့။ သိက္ခတိ၊ အားထုတ်လေ့ကျင့်ရာ၏။ သဗ္ဗကာယပဋိသံဝေဒီ၊ ထွက်သက်၏ အစ အလယ် အဆုံး အကုန်လုံး ထင်လင်းစွာသိသည်။ ဟုတွာ၊ ဖြစ်၍။ ပဿသိဿာမိ၊ ထွက်သက်ကို လွှတ်အံ့။ ဣတိ၊ ဤသို့။ သိက္ခတိ၊ အားထုတ်လေ့ကျင့်ရာ၏ ... ဟူ၍ ဟောတော်မူသောကြောင့် ဤတတိယဆင့် အားထုတ်နည်းသည် ဝင်သက် ထွက်သက်တို့၏ အစ အလယ် အဆုံး အလုံးစုံ ထင်ရှားလာအောင် အားထုတ်ရသောနည်း ဖြစ်သည်။

ဝင်သက်၏ အစကား နှာသီးဖျား (အထက်နှုတ်ခမ်း)၊ အလယ်ကား နှလုံး (ရင်ချိုင့်)၊ အဆုံးကား ချက်တည်း။

ထွက်သက်၏ အစကား ချက်၊ အလယ်ကား နှလုံး (ရင်ချိုင့်)၊ အဆုံးကား နှာသီးဖျား (အထက်နှုတ်ခမ်း) တည်း။

ဒုတိယဆင့်၌ ဝင်သက် ထွက်သက်လေကို အရှည် အတို အနှေး အမြန် အားဖြင့် သိမှတ်မှု ပိုင်နိုင်ပြီဆိုလျှင် ကိုယ်ကာယအတွင်း၌ နှာသီးဖျားမှ ချက်တိုင်အောင်၊ ချက်မှ နှာသီးဖျားတိုင်အောင် ဝင်သက် ထွက်သက်တို့ကို အစ၊ အလယ်၊ အဆုံး အကုန်လုံး ထင်ထင်လင်းလင်း စိတ်မှာသိအောင် ရှုမှတ်အားထုတ်ရမည်။

ယင်းသို့ အားထုတ်ရာတွင် အချို့သော ယောဂီသည် များစွာသော ရုပ်ကလာပ်မှုန်များ၊ ရုပ်ကလာပ်အသေးအမွှားများ စုပေါင်း ပျံ့နှံ့နေသော ဝင်လေထွက်လေကို ရှုမှတ်ရာ၌ အစမှာသာ ထင်ရှားပြီး (မှတ်နိုင်ပြီး) အလယ်နှင့် အဆုံးတို့၌ မထင်ရှားပေ (မမှတ်နိုင်ပေ)။ အချို့သည် အစကိုသာ
စာမျက်နှာ-178


သိမ်းဆည်းရှုမှတ်ခြင်းငှာ စွမ်းနိုင်ပြီး၊ အလယ်နှင့် အဆုံး၌ ပင်ပန်း၏။ အချို့သည် အလယ်၌သာ ထင်ရှားပြီး၊ အစနှင့် အဆုံးတို့၌ မထင်ရှားပေ။ အချို့သည် အဆုံး၌သာ ထင်ရှားပြီး၊ အစနှင့် အလယ်တို့၌ မထင်ရှားပေ။ အချို့သည် အဆုံးကိုသာလျှင် သိမ်းဆည်းရှုမှတ်ခြင်းငှာ စွမ်းနိုင်ပြီး အစနှင့် အလယ်တို့၌ ပင်ပန်း၏။ အချို့ယောဂီသည်ကား အစ အလယ် အဆုံး အလုံးစုံပင် ထင်ရှား၏။ အလုံးစုံကိုပင် သိမ်းဆည်း ရှုမှတ်ခြင်းငှာ စွမ်းနိုင်၏။ တစ်စုံတစ်ခုသော နေရာမျှ၌ ပင်ပန်းမှုမရှိပေ။ ထိုကဲ့သို့ အစ အလယ် အဆုံး အလုံးစုံ ထင်ရှားသော၊ အလုံးစုံ ရှုမှတ်ခြင်းငှာ စွမ်းနိုင်သော၊ တစ်စုံတစ်ခုသော နေရာမျှ၌ ပင်ပန်းမှုမရှိသော ယောဂီဖြစ်အောင် ကြိုးစားအားထုတ်အပ်၏။

စတုတ္ထဆင့်အားထုတ်ပုံ

ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ၊ ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။

ကာယသင်္ခါရံ၊ ဝင်သက်ထွက်သက် ဟူသော ကာယသင်္ခါရကို။ ပဿမ္ဘယံ = ပဿမ္ဘယန္တော၊ အစဉ်အတိုင်း ချုပ်ငြိမ်းစေလျက်။ အဿသိဿာမိ၊ ဝင်သက်ကို ရှူအံ့။ ဣတိ၊ ဤသို့။ သိက္ခတိ၊ အားထုတ်လေ့ကျင့်ရာ၏။

ကာယသင်္ခါရံ၊ ဝင်သက် ထွက်သက် ဟူသော ကာယသင်္ခါရကို။ ပဿမ္ဘယံ = ပဿမ္ဘယန္တော၊ အစဉ်အတိုင်း ချုပ်ငြိမ်းစေလျက်။ ပဿသိဿာမိ၊ ထွက်သက်ကို လွှတ်အံ့။ ဣတိ၊ ဤသို့။ သိက္ခတိ၊ အားထုတ်လေ့ကျင့်ရာ၏—

ဟောတော်မူသောကြောင့် စတုတ္ထဆင့်အားထုတ်နည်းသည် ရုန့်ရင်းကြမ်းတမ်းသော ဝင်သက်ထွက်သက်လေတို့ သိမ်မွေ့နူးညံ့ ချုပ်ငြိမ်းလာအောင် ရှူရှိုက်ရသောနည်း၊ ရုန့်ရင်းကြမ်းတမ်းသော ဝင်သက်ထွက်သက်လေတို့ အဆင့်ဆင့် တဖြည်းဖြည်း သိမ်မွေ့ချုပ်ငြိမ်းသွားအောင် အားထုတ်ရသော နည်းဖြစ်သည်။

တတိယဆင့် အားထုတ်နည်းဖြင့် ဝင်သက်ထွက်သက်လေတို့၏ အစ၊ အလယ်၊ အဆုံး အကုန်လုံးကို ထင်ထင်လင်းလင်း ပိုင်ပိုင်နိုင်နိုင်သိပြီးနောက် ဤစတုတ္ထဆင့်အားထုတ်နည်းဖြင့် ရုန့်ရင်းကြမ်းတမ်းသော ဝင်သက်ထွက်သက်လေတို့ကို အဆင့်ဆင့်တဖြည်းဖြည်း သိမ်မွေ့၍ သိမ်မွေ့၍၊ နူးညံ့၍ နူးညံ့၍ သွားအောင် အားထုတ်လေ့ကျင့်ရသည်။ ခန္ဓာကိုယ်၌ ဝင်သက်ထွက်သက် ပျောက်သွားပြီဟု ထင်ရလောက်အောင်၊ အသက်ရှူ၍ ရှူမှန်းမသိအောင် အားထုတ်လေ့ကျင့်ရသည်။ အရှိုက်ပြင်း၍ ရုန့်ရင်းကြမ်းတမ်းသော ဝင်သက်လေ
စာမျက်နှာ-179


(ကာယသင်္ခါရ) ကို သာယာဖြည်းညှင်းစွာ ရှိုက်သွင်းခြင်းဖြင့် သိမ်မွေ့ ငြိမ်းအေးသွားအောင် အားထုတ်လေ့ကျင့်ရသည်။ အဟုန်ပြင်း၍ ရုန့်ရင်းကြမ်းတမ်းသော ထွက်သက်လေ (ကာယသင်္ခါရ) ကို သာယာဖြည်းညှင်းစွာ ရှူထုတ်ခြင်းဖြင့် သိမ်မွေ့ ငြိမ်းအေးသွားအောင် အားထုတ် လေ့ကျင့်ရသည်။

ယောဂီသည် အာနာပါနကမ္မဋ္ဌာန်း အားမထုတ်မီ ရှေးကာလက ကိုယ်စိတ်နှစ်ပါး ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ပူပန်ခြင်း၊ စိတ်အခန့်မသင့်၍ အမျက်ထွက်ခြင်း၊ စိတ်မထိန်းနိုင်လောက်အောင် ဒေါသထွက်ခြင်းများ ဖြစ်ဖူးလိမ့်မည်။ ထိုသို့ဖြစ်၍ ပူပန်မှု၊ ရုန့်ရင်းကြမ်းတမ်းမှုများ မငြိမ်းအေးမီကာလ၌ ယောဂီ၏ ဝင်သက်ထွက်သက်လေတို့သည်လည်း ရုန့်ရင်းကြမ်းတမ်းကုန်၏။ အဟုန်ပြင်းထန်၍ အသက်ရှူမြန်လာ၏။ နှာခေါင်းမဆံ့၍ နှာခေါင်းဖြင့် အသက်ရှူမဝတော့၍ ပါးစပ်ဟကာ အသက်ရှူရသည်။ ထို့နောက် စိတ်ပူပန်ခြင်း၊ အမျက်ထွက်ခြင်းတို့ကို ဆင်ခြင်တုံတရားဖြင့် သိမ်းဆည်း ဖြေဖျောက်လိုက်သောအခါ ယောဂီ၏ကိုယ်စိတ်နှစ်ပါး ပူပန်မှု အမျက်ထွက်မှုတို့ ပြေပျောက်ငြိမ်းအေး သက်သာသွားလိမ့်မည်။ ထိုအခါ ယောဂီ၏ ရုန့်ရင်းကြမ်းတမ်းသော ဝင်သက်ထွက်သက်လေ၊ ပြင်းထန်အားကြီးသော ဝင်သက်ထွက်သက်လေတို့သည်လည်း တဖြည်းဖြည်း သိမ်မွေ့နူးညံ့သွားပေလိမ့်မည်။ အသက်ရှူသေးသလား၊ မရှူတော့ဘူးလားဟု စူးစမ်းရှာဖွေရလောက်အောင်ပင် ဝင်လေထွက်လေတို့မှာ သိမ်မွေ့နူးညံ့၍ သွားလေ၏။

ဥပမာအားဖြင့် အပြေးသမားတစ်ယောက်သည် ပြေးနေရာမှရပ်လိုက်သောအခါ၊ တစ်နည်း တောင်တက်သမားတစ်ယောက်သည် တောင်ပေါ်သို့တက်ပြီးနောက် တောင်ထိပ်၌ရပ်နားလိုက်သောအခါ၊ တစ်နည်း ခေါင်းရွက်သမားတစ်ယောက်သည် လေးလံသောဝန်ထုပ် ဝန်ပိုးကို ဦးခေါင်းပေါ်မှချ၍ နားလိုက်သောအခါတို့၌ ရှေးဦးစွာ မောဟိုက်ပင်ပန်းမှုတို့ကြောင့် ဟောဟဲ ဟောဟဲဟု အသံထွက် အသက်ရှူမြန်လျက် ဝင်သက်ထွက်သက်လေတို့သည် အင်အား ကြီးမား ပြင်းထန်နေပေမည်။ နှာခေါင်းမဆံ့၍ အသက်ရှူမဝ၍ ပါးစပ်ကို ဟကာ အသက်ရှူရပေမည်။ ထို့နောက် အမောပြေ ရေသောက်ပြီး ရေမိုးချိုး အဝတ်စိုကို ရင်ဘတ်ပေါ်၌ တင်ထားကာ အေးမြသော အရိပ်၌ လဲလျောင်းလျက် တမှေးအိပ်လိုက်၏။ ထိုအခါ ထိုအပြေးသမား၊ သို့မဟုတ် တောင်တက်သမား၊ သို့မဟုတ် ခေါင်းရွက်သမား၏ ဝင်သက်ထွက်သက်လေတို့သည် နူးညံ့သိမ်မွေ့သွားသည်။ ထို့ကြောင့် ရှေးဆရာမြတ်တို့က—
စာမျက်နှာ-180


ကိုယ်သည်လည်းကောင်း၊ စိတ်သည်လည်းကောင်း ပူပန်ခြင်းရှိလတ်သော် အတိုင်းထက်အလွန် အင်အားကြီးမား ပြင်းထန် (ရုန့်ရင်းကြမ်းတမ်း) သော ဝင်သက်ထွက်သက်လေတို့ ဖြစ်ကုန်၏။ ကိုယ်သည်လည်းကောင်း၊ စိတ်သည်လည်းကောင်း ပူပန်ခြင်းမရှိခဲ့သော် သိမ်မွေ့နူးညံ့သော ဝင်သက်ထွက်သက်လေတို့ ဖြစ်ကုန်၏—

ဟု မိန့်တော်မူခဲ့ကြသည်။

ဤဥပမာကဲ့သို့ အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်သော ယောဂီသည် အားမထုတ်မီ ရှေးကာလတွင် ဖြစ်ပေါ်ခဲ့သော ရုန့်ရင်းကြမ်းတမ်းသည့် ဝင်သက်ထွက်သက်လေတို့ကို တဖြည်းဖြည်းချင်း နူးညံ့သိမ်မွေ့သွားအောင်၊ အသက်ရှူသေးသလား၊ မရှူတော့ဘူးလားဟု စူးစမ်းရှာဖွေရလောက်အောင် ဤစတုတ္ထဆင့် အားထုတ်နည်းဖြင့် ကြိုးပမ်းအားထုတ်ရာ၏။

အဋ္ဌကထာနည်းများ

ယခုပြဆိုမည့် အဋ္ဌကထာနည်းများမှာ ပါရာဇိကဏ်အဋ္ဌကထာ အာနာပါနကထာအဖွင့်၊ သုတ်မဟာဝါ အဋ္ဌကထာနှင့် မူလပဏ္ဏာသ အဋ္ဌကထာ အာနာပါနပဗ္ဗအဖွင့်၊ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ အာနာပါနဿတိအဖွင့်တို့၌ ပြဆိုထားသော နည်းများဖြစ်သည်။ ထိုနည်းများမှာ အောက်ပါအတိုင်းဖြစ်သည်—
(၁) ဂဏနာနည်း = ဝင်သက်ထွက်သက်လေကို ရေတွက်သောနည်း၊
(၂) အနုဗန္ဓနာနည်း = ဝင်သက်ထွက်သက်လေကို အစဉ်လိုက်သောနည်း၊
(၃) ဖုသနာနည်း = ဝင်သက်ထွက်သက်ထိသည့်နေရာ၌ ရှုမှတ်နည်း၊
(၄) ထပနာနည်း = အာရုံနိမိတ်ပေါ်၌ ထားသောနည်း။

ဂဏနာနည်း

ဝင်သက်ထွက်သက်ကို ရေတွက်သော ဂဏနာနည်းသည်—
၁။ နှေးနှေးရေတွက်နည်း၊
၂။ မြန်မြန်ရေတွက်နည်း၊
ဟူ၍ (၂) မျိုးရှိ၏။ ထို (၂) မျိုးတွင်—

နှေးနှေးရေတွက်နည်း ဆိုသည်မှာ နှာသီးဖျား (အထက်နှုတ်ခမ်းဖျား) တစ်ခုခု၌ စိတ်ကို စူးစိုက်၍ ဝင်သက်ထွက်သက်ကို မှတ်သောအခါ အစပိုင်း၌
စာမျက်နှာ-181


စိတ်မငြိမ်သက်သေးသောကြောင့် ဝင်တိုင်းထွက်တိုင်း အချက်တိုင်း အချက်တိုင်း၌ မလွတ်အောင် မှတ်သားနိုင်မည် မဟုတ်ချေ။ ယင်းသို့ မမှတ်လိုက်မိသော၊ မထင်ရှားသော အချက်တို့ကို မရေတွက်ဘဲ မှတ်လိုက်မိသော ထင်ရှားသော အချက်တို့ကိုသာ ရေတွက်ရသောကြောင့် နှေးနှေးရေတွက်နည်းဟု ခေါ်သည်။ ယင်းသို့ ရေတွက်ရာတွင်—

ဂဏန္တေန စ ပန ဟေဋ္ဌာ န ဌပေတဗ္ဗံ၊ သတ္တံ ဥပရိ န နေတဗ္ဗံ၊ အန္တရခဏ္ဍံ န ဒတဗ္ဗံ—

ဟု အဋ္ဌကထာ ဆရာမြတ်တို့ မိန့်ဆိုတော်မူကြသောကြောင့်—

အနည်းဆုံး အမှတ်စဉ် (၁) မှ အမှတ်စဉ် (၅) အထိ ရေတွက်ရမည်။ နောက်ဆုံး အမှတ်စဉ်ကို (၅) အောက် လျော့နည်း၍ အမှတ်စဉ် (၄) တွင် အဆုံးထားပြီး ရပ်မထားရ၊ အချိန်တိုတောင်းသဖြင့် သမာဓိ (စိတ်တည်ကြည်မှု) မရနိုင် ဖြစ်တတ်သည်။ အမှတ်စဉ် (၁၀) ထက်ပို၍လည်း မရေတွက်သင့်ချေ၊ ပို၍ ရေတွက်ပါက စိတ်ပျံ့လွင့်၍ သမာဓိ မရနိုင်။ ထို့ကြောင့် အဋ္ဌကထာဆရာကြီးက အမှတ်စဉ် (၅) အောက် လျော့နည်း၍လည်းကောင်း၊ အမှတ်စဉ် (၁၀) အထက် ပို၍လည်းကောင်း မရေတွက်သင့်ဟု မိန့်ဆိုခဲ့သည်။

(၁) ပထမဝါရ

ဝင်သက်ထွက်သက် ၁၊
ဝင်သက်ထွက်သက် ၂၊
ဝင်သက်ထွက်သက် ၃၊
ဝင်သက်ထွက်သက် ၄၊
ဝင်သက်ထွက်သက် ၅။

(၂) ဒုတိယဝါရ

ဝင်သက်ထွက်သက် ၁၊
ဝင်သက်ထွက်သက် ၂၊
ဝင်သက်ထွက်သက် ၃၊
ဝင်သက်ထွက်သက် ၄၊
ဝင်သက်ထွက်သက် ၅၊
ဝင်သက်ထွက်သက် ၆။
စာမျက်နှာ-182


(၃) တတိယဝါရ

ဝင်သက်ထွက်သက် ၁၊
ဝင်သက်ထွက်သက် ၂၊
ဝင်သက်ထွက်သက် ၃၊
ဝင်သက်ထွက်သက် ၄၊
ဝင်သက်ထွက်သက် ၅၊
ဝင်သက်ထွက်သက် ၆၊
ဝင်သက်ထွက်သက် ၇။

(၄) စတုတ္ထဝါရ

ဝင်သက်ထွက်သက် ၁၊
ဝင်သက်ထွက်သက် ၂၊
ဝင်သက်ထွက်သက် ၃၊
ဝင်သက်ထွက်သက် ၄၊
ဝင်သက်ထွက်သက် ၅၊
ဝင်သက်ထွက်သက် ၆၊
ဝင်သက်ထွက်သက် ၇၊
ဝင်သက်ထွက်သက် ၈။

(၅) ပဉ္စမဝါရ

ဝင်သက်ထွက်သက် ၁၊
ဝင်သက်ထွက်သက် ၂၊
ဝင်သက်ထွက်သက် ၃၊
ဝင်သက်ထွက်သက် ၄၊
ဝင်သက်ထွက်သက် ၅၊
ဝင်သက်ထွက်သက် ၆၊
ဝင်သက်ထွက်သက် ၇၊
ဝင်သက်ထွက်သက် ၈၊
ဝင်သက်ထွက်သက် ၉။
စာမျက်နှာ-183


(၆) ဆဋ္ဌဝါရ

ဝင်သက်ထွက်သက် ၁၊
ဝင်သက်ထွက်သက် ၂၊
ဝင်သက်ထွက်သက် ၃၊
ဝင်သက်ထွက်သက် ၄၊
ဝင်သက်ထွက်သက် ၅၊
ဝင်သက်ထွက်သက် ၆၊
ဝင်သက်ထွက်သက် ၇၊
ဝင်သက်ထွက်သက် ၈၊
ဝင်သက်ထွက်သက် ၉၊
ဝင်သက်ထွက်သက် ၁၀။

ဤသို့လျှင် ပထမဝါရပြီးလျှင် ဒုတိယဝါရနှင့် တတိယဝါရ စသည်များသို့ အစဉ်အတိုင်းတက်၍ ရေတွက်ရမည်။ ဆဋ္ဌဝါရသို့ရောက်လျှင် ပထမဝါရမှ ပြန်၍ စရမည်။ ၆-ဝါရလုံး ပြီးပြည့်စုံသောအခါ စုပေါင်း၍ တစ်ဝါရဟု မှတ်ရမည်။

မြန်မြန်ရေတွက်နည်း

မြန်မြန်ရေတွက်နည်း ဆိုသည်မှာ ရေတွက်ဖန်များလာသောအခါ ဝင်သက်ထွက်သက် ပိုမိုထင်ရှားလာမည်။ တစ်၊ နှစ်စသော ဂဏန်းရေတွက်မှုသည်လည်း ပိုပို မြန်မြန် စိပ်၍ စိပ်၍ လာမည်။ ဝင်သက်ထွက်သက် တစ်ခုကိုမျှ မလွှတ်စေရ၊ ခုန်ကျော် အလစ်အလပ် မရှိစေရ။ ဝင်သက်ထွက်သက်အစဉ်နှင့် ဂဏန်းအစဉ်သည် မှန်ကန်ကိုက်ညီနေရမည်။ တစ်၊ နှစ် စသော ဂဏန်းကို နှုတ်ဖြင့် ရွတ်ဆိုခြင်း မပြုရ။ စိတ်ဖြင့်သာလျှင် ရေတွက်ရမည်။ အချို့သော ယောဂီများမှာ ပထမဝါရမှ ဆဋ္ဌဝါရအထိ ၆-ဝါရပြီးဆုံးလျှင် ပုတီးစေ့တစ်လုံး တစ်လုံးချ၍ တစ်နေ့လျှင် ပုတီးပတ်ပေါင်း မည်မျှဟု မှတ်သားထားလေ့ရှိကြသည်။

ဤသို့မှတ်သားခြင်းကို ကန္နီဆရာတော်အလိုအရ သမာဓိပျက်စေတတ်သည်ဟူ၍ ပုတီးဖြင့် မရေတွက်ရန် တားမြစ်တော်မူခဲ့သည်။ ပုတီးစိပ်ခြင်းသည် ကာယဝိညတ်ခေါ် ကိုယ်လှုပ်ရှားမှုဖြစ်၍ သမာဓိမရနိုင် ဖြစ်တတ်သည်။ သမာဓိမရှိပါက ပညာလည်း ဖြစ်ပေါ်မလာနိုင်ချေ။ ထို့ကြောင့် ပညာ၏အခြေခံ
စာမျက်နှာ-184


ဖြစ်သော သမာဓိရအောင် အားထုတ်ရာ၌ စိပ်ပုတီးကိုင်ခြင်း၊ လက်လှုပ်ရှားခြင်း မပြုရ။ ကိုယ်ကာယ လက်၊ ခြေ လှုပ်ရှားရန် မဆိုထားဘိ မျက်တောင်မခတ်ရ၊ နှုတ်ခမ်း (ပါးစပ်) မပြင်ရ။ လျှာမလှုပ်ရ၊ တံတွေးမမျိုရ။ တစ်ခုခုပြုလုပ်မိပါက အမှတ်စဉ် မှတ်နေသော ဝါရကို ထည့်သွင်းမရေတွက်ရ၊ အမှတ်စဉ်ပယ်ဖျက် ပစ်ရမည်။

စပါးခြင်သမား ရေတွက်နည်း

ဝင်သက်ထွက်သက်ကို ရေတွက်ရှုမှတ်ရာ၌ အနှေးရေတွက်နည်းနှင့် အမြန်ရေတွက်နည်း နှစ်မျိုးကို ထင်ရှားစေရန် စပါးခြင်သမား ရေတွက်နည်းနှင့် နွားကျောင်းသား ရေတွက်နည်း ဥပမာကို ထုတ်ဆောင်ပါမည်။ စပါးခြင်သမားသည် တင်းတောင်းကို စပါးဖြင့် ပြည့်စေ၍ (တစ်တင်း) ဟု ဆိုပြီးလျှင် လောင်း၏။ တစ်ဖန် တင်းတောင်းကို ပြည့်စေ၍ တစ်စုံတစ်ခုသော အမှိုက်သရိုက်ကို မြင်လျှင် ထိုအမှိုက်ကိုကောက်၍ စွန့်ပစ်နေချိန်တွင် (တစ်တင်း၊ တစ်တင်း) ဟူ၍သာ ရွတ်ဆိုနေ၏။ ဒုတိယမြောက်တင်းကို လောင်းလိုက်သည့်အခါမှသာ (နှစ်တင်း) ဟု ဆို၏။

ဤနည်းအားဖြင့် နောက်ထပ် စပါးတင်းတောင်းကို သွန်လောင်းမှု မပြုမချင်း (နှစ်တင်း၊ နှစ်တင်း) သို့မဟုတ် (သုံးတင်း၊ သုံးတင်း) စသည်ဖြင့် ဆိုလေ့ရှိသည်။ ဤနည်းအတိုင်း ဝင်သက်ထွက်သက်ကို ရေတွက်ရာ၌ အကြိမ်ဦးစွာ ဝင်လာသောလေကို (တစ်) ဟု ဆို၍ ရေတွက်ရမည်။ ဒုတိယ ဝင်သက်လေ မလာမချင်း (တစ်၊ တစ်၊ တစ်) ဟူ၍သာ ဆိုနေရမည်။ ဒုတိယ ဝင်သက်လေ လာသောအခါမှ (နှစ်) ဟု ရေတွက်ရမည်။ တတိယဝင်သက်လေ မလာမချင်း (နှစ်၊ နှစ်၊ နှစ်) ဟူ၍သာ ရေတွက်၍ ရှုမှတ်ရမည်။ ဤနည်းအတိုင်း တစ်ခုချင်း တိုး၍တိုး၍ တစ်ဆယ်အထိ ရေတွက်ရမည် ဖြစ်သည်။ ဤကဲ့သို့ စပါးခြင်သမားနည်းဖြင့် ဖြည်းဖြည်းနှေးနှေး ရေတွက်သော ယောဂီပုဂ္ဂိုလ်အား ဝင်သက် ထွက်သက်တို့သည် လွန်စွာ ထင်ရှားကုန်၏။

နွားကျောင်းသား ရေတွက်နည်း

ကျွမ်းကျင်သော နွားကျောင်းသားသည် နွားခြံမှ နွားများကို ရေတွက်ရာ၌ ကျောက်စရစ်ခဲတို့ကို ခါးပိုက်ဖြင့် ယူဆောင်၍ နံနက်စောစော နွားခြံသို့ သွားပြီးလျှင် ခြံတံခါးကို ဖွင့်လှစ်သည်။ နွားများသည် သူ့ထက်ငါဦး အစုလိုက် တိုးဝှေ့ထွက်ပြေးလာကြသည်။ ထိုအခါ နွားကျောင်းသားသည် တံခါးတိုင်ထက်မှနေလျက် ခြံတံခါးဝသို့ ရောက်လာသော နွားကို တစ်၊ နှစ်၊ သုံး စသည်ဆို၍ ကျောက်စရစ်ခဲ တစ်လုံးစီကို ပစ်၍ ပစ်၍ ရေတွက်၏။ ဤနည်း
စာမျက်နှာ-185


အတိုင်း ယောဂီပုဂ္ဂိုလ်သည် နှာသီးဖျား၌သာလျှင် သတိကိုထား၍ နှာသီးဖျားသို့ ရောက်တိုင်း ရောက်တိုင်းသော ဝင်သက်ထွက်သက်တို့ကိုသာလျှင် တစ်၊ နှစ်၊ သုံး၊ လေး စသည်ဖြင့် လျင်မြန်စွာ ရေတွက်၏။ ဝင်သက်ရှူသွင်းသည့်အခါ အတွင်းသို့ လိုက်ပါသွားခြင်းလည်း မရှိ။ ထွက်သက်ရှူထုတ်သည့်အခါ အပသို့ လိုက်ပါသွားခြင်းလည်း မရှိ။ နှာသီးဖျား၌သာလျှင် ရပ်တည်၍ ရေတွက်ရမည်။ အတွင်းသို့ ဝင်သောလေနှင့် အတွတ်တကွ စိတ်သည် လိုက်ပါသွားခဲ့ပါက ဝမ်းဗိုက်အတွင်း၌ လေတိုက်သကဲ့သို့ လှုပ်လှုပ်ချောက်ချားတတ်သည်။ သို့မဟုတ် အဆီဖြင့် ပြည့်သကဲ့သို့ ဝမ်းဗိုက်အတွင်း လေများ မဆံ့ ပြည့်လျှံနေသည်ဟု ထင်ရသည်။ အပြင်သို့ ထွက်သောလေနှင့် အတူတကွ စိတ်ကို လိုက်ပါသွားစေပါက ပြင်ပ၌ စိတ်သည် ပျံ့လွင့်တတ်သည်။

လျင်မြန်စွာ ရေတွက်နည်းကို အသုံးပြုခြင်းမှာ ရှုမှတ်စိတ်သည် ဝင်သက်ထွက်သက်အာရုံ၌ အဆက်မပြတ် ဖြစ်နေစေရန်အတွက် ဖြစ်သည်။ ရေစီးကြမ်းတမ်းသည့် တောင်ကျချောင်း၌ သွားသောလှေကို မမှောက်စေရန် ထိုးဝါးဖြင့် ထောက်ကူပေးရသကဲ့သို့ ရှုမှတ်သည့်စိတ်ကို အခြားအာရုံသို့ လွှင့်ပါးမသွားစေရန် ရေတွက်ခြင်း (ဂဏနာ) နည်းကို အသုံးပြုရသည်။

ကန္နီဆရာတော်နည်း

မြန်မာနိုင်ငံတွင် အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်ရာ၌ ကန္နီဆရာတော်ဘုရားကြီး၏နည်းမှာ ထူးခြားချက် များစွာပါရှိသည်။ တိဘက်ရဟန်းတော်တစ်ပါးထံမှ ရရှိလိုက်သောနည်းဟု အစဉ်အဆက် ပြောဆိုကြသည်။

ကန္နီဆရာတော်ဘုရားကြီး၏နည်းမှာ ဂဏနာနည်းဖြင့် ရေတွက်ရာ၌ ၁-မှ ၈-အထိ ရေတွက်ပြီးလျှင် နောက်တစ်ကြိမ် ၁-မှ ပြန်စရမည်။ ၁-မှ ၈-သို့ ရောက်တိုင်း တစ်ဝါရဟု စိတ်ဖြင့် မှတ်သားရေတွက်ရမည်။ ငါးဝါရ ရသောအခါ ၁-ပုံ ပုံရမည်။ ရှေးဦးစွာ ညာဘက်ချိုစောင်း၌ ၁-ပုံ၊ ညာပခုံးစွန်း၌ ၁-ပုံ၊ ညာဘက်တံတောင်ဆစ်၌ ၁-ပုံ၊ ညာဘက်လက်ကောက်ဝတ်၌ ၁-ပုံ၊ ညာလက်ဖျားထိပ်၌ ၁-ပုံ ဟူ၍ ၅-ဌာန စိတ်ဖြင့် ၅-ပုံ ပုံထားရမည်။ အလားတူပင် ဘယ်ဘက်ချိုစောင်း၌ ၁-ပုံ၊ ဘယ်ပခုံးစွန်း၌ ၁-ပုံ၊ ဘယ်တံတောင်ဆစ်၌ ၁-ပုံ၊ ဘယ်လက်ကောက်ဝတ်၌ ၁-ပုံ၊ ဘယ်လက်ဖျားထိပ်၌ ၁-ပုံ ဟု စိတ်ဖြင့် မှတ်သားထားရမည်။ ဤသို့အားဖြင့် လက်ဖျားထိပ်သို့ရောက်တိုင်း ရောက်တိုင်း ၂၅-ဝါရ ရပြီဟု သိနိုင်သည်။ ညာဘက်နှင့် ဘယ်ဘက် နှစ်ဘက်စုံလင်လျှင် တစ်ပတ်ဟု မှတ်သားထားရမည်။ တစ်ပတ်လျှင် ဝါရ-၅၀ ရသည်ဟု သိနိုင်သည်။ ဤသို့ စိတ်ဖြင့် မှတ်သားခြင်းသည် ကိုယ်ကာယလှုပ်ရှားမှု လုံးဝမပြုလုပ်ရသဖြင့်
စာမျက်နှာ-186


ဘာဝနာအသားတက်၍ သမာဓိရလွယ်သည်။ ထို့ကြောင့် ကန္နီဆရာတော်ဘုရားကြီးသည် “အာနာပါန ဝင်သက်ထွက်သက် ရှူမှတ်နေစဉ် အတောအတွင်း၌ ပြင်၍မထိုင်ရ၊ မလှုပ်မယှက် ထိုင်နေရမည်၊ မျက်တောင်မခတ်ရ၊ ပါးစပ်မပြင်ရ၊ လျှာမလှုပ်ရ၊ သမာဓိကို အစပျိုး မွေးမြူနေရချိန်၌ သမာဓိသည် လွန်စွာ နုသေးသဖြင့် အနှောင့်အယှက် ဟူသမျှ မဖြစ်ပေါ်ရအောင် ကာကွယ်စောင့်ရှောက် ထိန်းသိမ်းရမည်” ဟု ဆုံးမတော်မူသည်။

ကန္နီဆရာတော်ဘုရားကြီးသည် ဝင်သက်ထွက်သက် ရှစ်ကြိမ်ကို တစ်ဝါရဟု သတ်မှတ်ခြင်းမှာ မနည်းမများ မဇ္ဈိမပဋိပဒါ အလယ်အလတ် ကျင့်သုံးနိုင်စေရန်လည်းကောင်း၊ မဂ္ဂင်ရှစ်ပါးကို ရည်ရွယ်၍လည်းကောင်း ရှစ်ကြိမ်ကို တစ်ဝါရဟု သတ်မှတ်ခြင်းဖြစ်သည်။

ဝါရလေးမျိုးခွဲခြားခြင်း

ဝင်သက်ထွက်သက်ကို တစ်မှ ရှစ်အထိ တစ်ဝါရသတ်မှတ်ရာ၌ ယင်းဝါရကို သံသယဝါရ၊ သန္နိဋ္ဌဝါရ၊ အာဝတ္တနဝါရ၊ အနုဝတ္တနဝါရဟူ၍ လေးမျိုး ခွဲခြားနိုင်သည်။

သံသယဝါရ

တစ်မှရှစ်အထိ မှတ်ထားနေစဉ်အတောအတွင်း၌ စိတ်သည် အာရုံခြောက်ပါးအနက် တစ်ပါးပါးသောအာရုံသို့ ပြေးဝင်ခြင်းရှိခဲ့သော်လည်းကောင်း၊ ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စကုက္ကုစ္စ၊ ဝိစိကိစ္ဆာဟူသော နီဝရဏငါးပါးတွင် တစ်ပါးပါး ကြားဖြတ်ဖြစ်ပေါ်ခဲ့သော်လည်းကောင်း၊ ကာမဝိတက်စသော အကုသလဝိတက်သုံးပါးတို့အနက် တစ်ပါးပါး ဖြစ်ပေါ်ခဲ့သော်လည်းကောင်း ယင်းဝါရကို တစ်ဝါရဟု မရေတွက်အပ်၊ ဝါရပေါက် ဝါရကျိုးဟု သတ်မှတ်ရမည်။ အလားတူပင် ကိုယ်ကာယလှုပ်ရှားမှု နှုတ်မှအသံထွက်မှု တစ်ခုခုပြုမိပါလျှင်လည်း ဝါရပေါက် ဝါရကျိုးမည်၏။ တစ်ဝါရဟု မရေတွက်အပ်၊ ဝါရစာရင်းမှ ပယ်ဖျက်ရမည်။ ယင်းဝါရကို သံသယဝါရဟု ခေါ်သည်။

သန္နိဋ္ဌဝါရ

ဝင်သက်ထွက်သက် တစ်မှရှစ်အထိ ရှုမှတ်နေစဉ် အာရုံခြောက်ပါးသို့လည်း ပြေးဝင်ခြင်းမရှိ၊ နီဝရဏငါးပါးနှင့် ကာမဝိတက်စသော အကုသလဝိတက်သုံးပါးတို့လည်း တစ်ကြိမ်တစ်ခါမျှ ကြားဖြတ်ဖြစ်ပေါ်ခြင်းမရှိဘဲ ဝင်တိုင်းထွက်တိုင်း တစ်မှရှစ်တိုင်အောင် အဆက်မပြတ် ရှုပွားနိုင်သော ဝါရကို သန္နိဋ္ဌဝါရ ခေါ်သည်။ ယင်းသန္နိဋ္ဌဝါရကိုသာလျှင် တစ်ဝါရဟု သတ်မှတ်ရေတွက်ရမည်။
စာမျက်နှာ-187


အာဝတ္တနဝါရ
ဝင်သက်ထွက်သက် တစ်မှစ၍ ရေတွက်နေစဉ် လူသံ၊ ဆင်သံ၊ မြင်းသံ၊ စည်သံ၊ မောင်းသံ စသည့် အသံတစ်ခုခုကို ကြားလိုက်မိပါမူ ယင်းဝါရကို အာဝတ္တနဝါရ ဟု သတ်မှတ်ရမည်။ (အာဝတ္တန = လည်ခြင်း) ကမ္မဋ္ဌာန်းအာရုံမှ လည်ခြင်း၊ လန်ကျခြင်းဟု ဆိုလိုသည်။ ဤအာဝတ္တနဝါရကိုလည်း သံသယဝါရနှင့် တန်းတူထား၍ ဝါရစာရင်းမှ ပယ်ဖျက်ရမည်။ တစ်ဝါရဟု မရေတွက်ရ။

အန္တာဝတ္တနဝါရ

အသံတစ်ခု ကြားရုံမျှကြား၍ နောက်ထပ် ဘာသံ ညာသံ စသည် ခွဲခြားမှုမပြုဘဲ မိမိကမ္မဋ္ဌာန်းအာရုံ ဝင်သက်ထွက်သက် စသည်ကို ဆက်လက်မှတ်သွားလျှင် အာဝတ္တနဝါရမည်၏။ အန္တာဝတ္တနဝါရ မှာ အသံကြားရုံဖြင့် ရပ်မထားဘဲ ဤအသံကား လူသံဖြစ်သည်၊ ယောက်ျားသံ၊ မိန်းမသံ ဖြစ်သည်၊ မည်သူ၏အသံဖြစ်သည် စသည်ဖြင့် မီးခိုးကြွက်လျှောက် တောက်လျှောက် အတွေးနယ်ချဲ့ခြင်းကို ဆိုလိုသည်။ ဤသို့ အတွေးနယ်ချဲ့သဖြင့် အမှတ်စဉ် မှတ်သားမှု ခုန်ကျော် လွတ်ထွက်သွားနိုင်သည်။ တစ်ခါတစ်ရံ တစ်မိနစ်၊ နှစ်မိနစ် စသည်ကြာအောင် ပြင်ပအာရုံနောက်သို့ လိုက်ပါသွားတတ်သည်။ ယင်းဝါရကို အန္တာဝတ္တနဝါရဟု ခေါ်သည်။ ဝါရစာရင်းမှ ပယ်ဖျက်ရမည်။ တစ်ဝါရဟု မရေတွက်ရ။

မဂ္ဂင်သုံးပါးစောင့်ထိန်းရန်

အထက်ဖော်ပြပါ ဝါရလေးမျိုးအနက် သန္နိဋ္ဌဝါရ ကို တစ်ဆက်တည်း တောက်လျှောက် ဝါရနှစ်ဆယ် သို့မဟုတ် ဝါရသုံးဆယ် စသည်ဖြင့် တစ်ထိုင်တည်း၌ ရရှိအောင် အားထုတ်ရမည်။ သန္နိဋ္ဌဝါရများအကြား၌ သံသယဝါရ၊ အာဝတ္တနဝါရ၊ အန္တာဝတ္တနဝါရတို့ ကြားဖြတ်မဝင်နိုင်စေရန် ဂရုစိုက်ရမည်။ ဤသို့အားထုတ်ရာ၌ ရှေ့ နောက်၊ ဝဲ-ယာ၊ ထက်အောက် ဘယ်ကိုမျှ မကြည့်ဘဲ မျက်စိကို မှေးမှိတ်ထားရမည်။ အားစိုက်၍ မှိတ်ထားရန် မလို၊ မမြင်ရရုံ မျက်ခွံကို မှေးထားရန်သာ လိုသည်။ အားထုတ်နေစဉ် ဘာကိုမျှ မကြည့်ရ၊ မကြံရ၊ မစဉ်းစားရ၊ မတွေးရ၊ မမြင်ရ၊ မကြားရ၊ ဝင်သက်ထွက်သက်အာရုံမှတစ်ပါး အခြားအာရုံကို မသိရ။ ထိုကဲ့သို့ အခြားဘာအာရုံမျှ မဝင်နိုင်စေရန်၊ စိတ်ကို ဘေးသို့ ထွက်မသွားစေရန်၊ ဝင်သက်ထွက်သက် တစ်ခုတည်းကိုသာ သိမှတ်နေစေရန် အားထုတ်ပုံ အားထုတ်နည်းမှာ ဝီရိယဟုခေါ်သော သမ္မာဝါယာမမဂ္ဂင် ကို မကျိုးမပေါက်ရအောင် ဖြည့်ဆည်းရမည်။ အမှတ်တမဲ့ ရှူသွင်းခြင်း၊ ရှူထုတ်ခြင်း မဖြစ်စေရ၊ အင်ပြည့်အားပြည့် အင်အားစိုက်ထုတ်၍ ဝင်သက်ကို ရှူသွင်းရမည်။ ထွက်သက်ကို ရှူထုတ်ရမည်။ ရှူသွင်းပြီးသောအခါ ထွက်သက်ကို
စာမျက်နှာ-188


လုံ့လစိုက်ထုတ်၊ အင်အားစိုက်ထုတ်၍ ရှူထုတ်ရမည်။ ထွက်စေရမည်။ ထွက်သွားအောင် ကြိုးစားရမည်။ ထို့နောက် ပြင်ပလေများကို အင်ပြည့်အားပြည့် အာရုံစိုက်၍ ရှူသွင်းရမည်။ ဤသို့ ဝင်လေ၌လည်းကောင်း၊ ထွက်လေ၌လည်းကောင်း အသီးသီး အကြိမ်တိုင်း အကြိမ်တိုင်း၌ ဝီရိယစိုက်ထုတ်ပေးရမည်။ ဝီရိယမစိုက်မိပါက တစ်မှရှစ်အတွင်း တစ်ကြိမ်တစ်ခါမျှ ဝီရိယစိုက်ထုတ်မှုမရှိပါက သမ္မာဝါယာမမဂ္ဂင် ကျိုးပေါက်သည်ဟု သတ်မှတ်ရမည်။

ထိုကဲ့သို့ ဝီရိယစိုက်ထုတ်၍ ဝင်သက်ထွက်သက်ကို ရှူသွင်း ရှူထုတ်ပြုလုပ်နေစဉ် သတိဖြင့် တစ်၊ နှစ်၊ သုံး စသည်ဖြင့် အဆက်မပြတ် အကုန်အကျော်မရှိ မှတ်သားရမည်။ ထိုကဲ့သို့ မမှတ်နိုင်ပါက သမ္မာသတိမဂ္ဂင် ကျိုးပေါက်သည်မည်၏။ တစ်ဖန် ဝီရိယစိုက်ထုတ် ရှူသွင်း ရှူထုတ်ခြင်း၊ သတိဖြင့် ရေတွက်မှတ်သားခြင်း ပြုလုပ်နေပါလျက် စိတ်သည် ပြင်ပအာရုံတစ်ခုခုသို့ ထွက်ပြေးခဲ့ပါမူ သမ္မာသမာဓိမဂ္ဂင် ကျိုးပေါက်သည်မည်၏။

အလင်းနိမိတ်ထင်ခြင်း

ဤကဲ့သို့ ဂဏနာနည်းဖြင့် ရေတွက်မှတ်သား အားထုတ်ရာ၌ တစ်ထိုင်တည်းဖြင့် သန္နိဋ္ဌဝါရပေါင်း တောက်လျှောက် သုံးဆယ်မှ ငါးဆယ်အထိ ရရှိလာလျှင် အလင်းနိမိတ်၊ အရောင်အဆင်းနိမိတ် တစ်ခုခုပေါ်လာတတ်သည်။ မျက်စိဖြင့် မြင်ရသကဲ့သို့ စိတ်ထဲ၌ ထင်ထင်ရှားရှား ပေါ်လာတတ်သည်။ မိမိရှေ့တူရူ မီးခိုးတန်း၊ သို့မဟုတ် အလင်းရောင်တန်း၊ သို့မဟုတ် ကြယ်ကဲ့သို့ အလင်းအစက်အပျောက် တစ်ခုခုပေါ်လာတတ်သည်။ ယင်းပေါ်လာသည့် အရောင် အလင်း အဆင်းနိမိတ်ကို အာရုံမပြုရ။ သမာဓိနုသေးသဖြင့် မူလအာရုံဖြစ်သော (ဝင်သက်ထွက်သက်၊ တစ်) စသည်ဖြင့် ရေတွက်မှုကိုသာ ဆက်လက်ပြုလုပ်ရမည်။ ဝင်သက်ထွက်သက်အာရုံ၌သာလျှင် မြဲမြံသော သတိတရားဖြင့် စိတ်ကို ဖွဲ့ချည်ထားရမည်။ ယင်းကဲ့သို့ ပေါ်လာသော အရောင်အဆင်းအလင်းနိမိတ်ကို ဥဂ္ဂဟနိမိတ် ဟု ခေါ်သည်။

စကားပြောသူနှင့် မပြောသူ

အာနာပါနကမ္မဋ္ဌာန်းနည်းကို ယခုပြဆိုခဲ့သည့် ဂဏနာနည်းဖြင့် အားထုတ်ရာ၌ သန္နိဋ္ဌဝါရများ အဆက်မပြတ် ရရှိအောင် တစ်နာရီ၊ သို့မဟုတ် နှစ်နာရီ၊ သို့မဟုတ် သုံးနာရီကြာအောင် အားထုတ်နိုင်လျှင် သမာဓိအဆင့် အသင့်အတင့် မြင့်မားလာပြီဟု ဆိုရမည်။ ထိုကဲ့သို့ သန္နိဋ္ဌဝါရများ ရရှိအောင် အားထုတ်နိုင်၍ နှစ်ရက်၊ သုံးရက်ခန့် အားထုတ်ပါလျှင် တိမ်တောင်၊ မီးခိုး၊ မီးရောင်၊ လျှပ်စစ်နွယ် စသည်တို့ကဲ့သို့ မိမိ၏ ရှေ့တူရူ သို့မဟုတ် မိမိ၏ နံပါး
စာမျက်နှာ-189


ဝဲယာ ထက် အောက် တစ်နေရာရာ၌ ထင်မြင်လာတတ်သည်။ ထိုကဲ့သို့ နိမိတ်ထင်သူကို စကားပြောသောသူ ဟု သတ်မှတ်ရမည်။ ဤကဲ့သို့ နှစ်ရက်၊ သုံးရက် အားထုတ်ပါလျက် မီးခိုး၊ မီးရောင်၊ လျှပ်စစ်နွယ် စသည့် အာရုံနိမိတ် တစ်ခုခုမျှ မပေါ်လာပါမူ ထိုသူသည် စကားမပြောသူ မည်၏။

အနုဗန္ဓနာနည်း

အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် ဝင်သက်ထွက်သက်ကို ဂဏနာနည်းဖြင့် ရေတွက်ရှူမှတ်မှု အရှိန်အဟုန် အလေ့အကျင့် အားကောင်းလာသောအခါ ဝင်သက်ထွက်သက်တစ်ခုမျှ လွတ်သွားသည်ဟူ၍ မရှိ၊ ဝင်တိုင်းထွက်တိုင်း နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်း၌ ထိတိုင်း အမြဲသိနေ၏။ တစ်နည်းအားဖြင့် ဆိုရပါမူ တစ်နေကုန်တစ်နေခန်း ရှုမှတ်နေသော်လည်း သံသယဝါရများ မခြားဘဲ သန္နိဋ္ဌဝါရများသာ ဆက်တိုက် တောက်လျှောက် ရရှိနေသည်ဖြစ်အံ့၊ ထိုအခါတွင် ရေတွက်မှု ဂဏနာနည်းကို ရုပ်သိမ်း၍ အနုဗန္ဓနာနည်း ဖြင့် ရှုမှတ်ရာ၏။

အနုဗန္ဓနာနည်းဆိုသည်မှာ (ဝင်သက်ထွက်သက်တစ်၊ ဝင်သက်ထွက်သက်နှစ်) စသည်ဖြင့် တစ်၊ နှစ်၊ သုံး ဂဏန်းအရေအတွက်များဖြင့် ရေတွက်ခြင်း မပြုတော့ဘဲ ဝင်သက်ထွက်သက် ထိသည့် နှာသီးဖျား၌ (သို့မဟုတ်) အထက်နှုတ်ခမ်း၌ စိတ်ကို ချည်နှောင်ထားရှိ၍ (ဝင်သက်) (ထွက်သက်) ဟု မှတ်သားနေခြင်း၊ နှလုံးသွင်းနေခြင်း (ဝါ) ထိုအာရုံ၌ အစဉ်အမြဲ နှောင်ဖွဲ့နေခြင်းဖြစ်သည်။ ဝင်သက်ထွက်သက်ကို မရေတွက်သော်လည်း ရေတွက်စဉ်ကကဲ့သို့ပင် ထိသိမှုသည် အဆက်မပြတ် ဟန်ချက်ညီညီ စည်းချက်ဝါးချက် မှန်နေအောင် အားထုတ်ခြင်းဖြစ်သည်။

အနုဗန္ဓနာကို အစဉ်လိုက်ခြင်းဟု ဘာသာပြန်ဆိုကြ၍ ဝင်သက်ထွက်သက်၏ အစ၊ အလယ်၊ အဆုံးသို့ လိုက်ပါ ရှုမှတ်ခြင်းဟု ထင်မြင်ယူဆတတ်ကြသည်။ ထပ်မံရှင်းပါဦးအံ့။ ဝင်သက်၏ အစသည် နှာသီးဖျား၊ အလယ်သည် နှလုံး (ရင်ညွန့်)၊ အဆုံးသည် ချက်တိုင်ဖြစ်သည်။ တစ်ဖန် ထွက်သက်၏ အစသည် ချက်တိုင်၊ အလယ်သည် နှလုံး (ရင်ညွန့်)၊ အဆုံးသည် နှာသီးဖျားဖြစ်သည်။

ဝင်သက်၏ အစ၊ အလယ်၊ အဆုံးသို့ အစဉ်တစိုက် လိုက်လံရှုမှတ်ပါက ယောဂီပုဂ္ဂိုလ်၏ စိတ်သည် အတွင်း၌ ပျံ့လွင့်၏။ ထို့ကြောင့်
စာမျက်နှာ-190


ကိုယ်စိတ်နှစ်ပါး ပူပန်၏။ တုန်လှုပ်၏။ ခါယမ်း၏။ အလားတူပင် ထွက်သက်၏ အစ၊ အလယ်၊ အဆုံးသို့ အစဉ်တစိုက် လိုက်လံရှုမှတ်ပါက ယောဂီပုဂ္ဂိုလ်၏ စိတ်သည် ပြင်ပသို့ ပျံ့လွင့်၏။ ထို့ကြောင့် ယောဂီပုဂ္ဂိုလ်၏ ကိုယ်စိတ်နှစ်ပါး ပူပန်၏။ တုန်လှုပ်ခါယမ်း၏—

ဟူ၍ ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ ဟောတော်မူ၏။

တရားထူးရပြီလော

ဤခေတ်တွင် အချို့သော ရိပ်သာများ၌ အချို့သော ကမ္မဋ္ဌာန်းဆရာများသည် ဤကဲ့သို့ တုန်လှုပ်ခါယမ်း ယိမ်းယိုင်ခြင်းများကို တရားထူးအဖြစ် ထင်မှတ်ဟောပြောလေ့ ရှိကြသည်။ အချို့ ယိမ်းထိုးနေတတ်သည်။ အချို့ လက်လှုပ်ယမ်းခါ၍ ကသလို ဖြစ်နေသည်။ အချို့ ပက်လက်လန်လဲကာ ဆန့်ငင်ဆန့်ငင် ဖြစ်တတ်သည်။ အချို့မှာ အသက်ရှူရပ်ကာ လူသေကဲ့သို့ တောင့်နေတတ်သည်။ ဤသို့ဖြစ်ခြင်းကို တရားထူးရပြီဟု ဆိုကြသည်။ အသက်ရှူရပ်ကာ တောင့်နေခြင်းကို သမာပတ် ဝင်စားသည်ဟု ဆိုကြသည်။

အမှန်စင်စစ် ဤအဖြစ်မျိုးကို အာနာပါနခေါ် ဝင်သက်ထွက်သက် အသက်ရှူလမ်းကြောင်းနှင့် စပ်ဆိုင်သည့် ကမ္မဋ္ဌာန်းရှုမှတ်မှုမျိုး၌ တွေ့ရတတ်သည်။ တရားထူးတရားမြတ်သည် အသိဉာဏ်ပညာနှင့် ယှဉ်တွဲနေသည်။ ပီတိသုခနှင့် ယှဉ်တွဲနေသည်။ ငြိမ်းချမ်းမှု၊ ချမ်းမြေ့မှု (ပဿဒ္ဓိ) နှင့် ယှဉ်တွဲနေသည်ကို သတိပြုကြရမည်။

အသက်ရှူရှိုက်ရာ၌ သတိသမ္ပဇဉ် ဉာဏ်မယှဉ်ဘဲ အင်တိုက်အားတိုက် ပြင်းပြင်းထန်ထန် ရှူရှိုက်ဖန်များသောအခါ အသက်ရှူ အင်္ဂါအစိတ်အပိုင်းဖြစ်သော ရင်ခေါင်းတွင်းရှိ ကြွက်သား (အသားပြင်) သည် အင်အားကုန်ခန်း၍ အလုပ်မလုပ်တော့ဘဲ ခေတ္တ ရပ်ဆိုင်းသွားတတ်သည်။ ရေကူးသည့်အခါ လက်ပန်းကျပုံမျိုးအတိုင်း ဖြစ်သည်။ အသက်ရှူ အင်္ဂါအစိတ်အပိုင်း ကြွက်သားသည် ပြန်လည်အားပြည့်လာသောအခါ ပုံမှန်အတိုင်း ပြန်လည် အသက်ရှူလာသည်။ ဤကဲ့သို့ အသက်ရှူ ခေတ္တရပ်၍ ကိုယ်ခန္ဓာ တောင့်တင်းနေခြင်းသည် သမာပတ်ဝင်စားခြင်း မဟုတ်။ သမာပတ်ဝင်စားသော ပုဂ္ဂိုလ်သည် မိမိလိုချင်သည့် အချိန်ပိုင်း အတိုင်းအတာ တိတိကျကျ နေနိုင်၏။ ကိုယ်နေကိုယ်ထားကို လိုသလို ထားနိုင်၏။ ထိုင်လျက်၊ ရပ်လျက် သမာပတ်ဝင်စားလျှင် ခန္ဓာကိုယ် လဲကျမသွားချေ။ မူလအတိုင်း တည်နေ၏။ ယခု အသက်ရှူပုံ မမှန်၍ သတိမေ့သွားသူများမှာ ထိုင်ရာမှ ဘိုင်းခနဲ လဲကျသွားတတ်၏။ မူလ
စာမျက်နှာ-191


ကိုယ်နေကိုယ်ထားကို ဆက်ထိန်းမထားနိုင်ချေ။ ထို့ပြင် အချိန်ကာလ အတိုင်းအတာကိုလည်း ကန့်သတ်မှုမပြုနိုင်၊ နံဘေးရှိ လူတစ်ယောက်ယောက်က လှုပ်နှိုး၊ ပုတ်နှိုးပေးရသည်။

တစ်ဖန် ယိမ်းထိုးခြင်း၊ လက်လှုပ်ခြေလှုပ်ခြင်း၊ ထ ကခြင်းများမှာလည်း ကမ္မဋ္ဌာန်းရှူသည့် ဇောစိတ်အဟုန်သည် ဝင်သက်လေ သွားရာလမ်းတစ်လျှောက် အစဉ်တစိုက် လိုက်ပါသွား၍ မူလချည်တိုင်ဖြစ်သည့် နှာသီးဖျားတွင် ရှုမှတ်စိတ် မရှိတော့ချေ။ စိတ်သည် အတွင်းသို့လည်းကောင်း၊ ပြင်ပသို့လည်းကောင်း မျောပါသွား၏။ ကိုယ်ခန္ဓာကြီး ယိမ်းထိုးနေခြင်းမှာ စိတ်ကလည်း လိုက်ပါ ယိမ်းထိုးနေသည်။ စိတ်ကို နှာသီးဖျားသို့ ပြန်ပို့ပြီး ဝင်သက်ထွက်သက်ကို ပြန်လည်ရှုမှတ်လိုက်ပါက ယိမ်းထိုးမှု ပျောက်၍ ငြိမ်သက်သွားပေမည်။ အလားတူပင် လက်လှုပ်ခြင်းမှာ စိတ်သည် လက်သို့ ရောက်ရှိသွား၍ လက်နှင့်စိတ်သည် ထပ်တူလှုပ်ခါနေသည်။ စိတ်ကို မူလချည်တိုင် နှာသီးဖျားသို့ ပြန်ပို့ကာ ဝင်သက်ထွက်သက်ကို ပြန်လည်ရှုမှတ်လိုက်ပါက လက်လှုပ်ယမ်းခါမှု ရပ်ဆိုင်းသွားပေမည်။ ထို့ကြောင့် ဆရာဖြစ်သူက မိမိ၏တပည့်များ တုန်လှုပ်ယမ်းခါမှု၊ အသက်ရှူမမှန်မှု၊ အသက်ပြန်ရှူနေမှုတို့ကို ကြည့်၍ (နှာသီးဖျားမှာ စိတ်ကိုထား၊ ဝင်သက်ထွက်သက်ကို ရှုမှတ်လော့) ဟု သတိပေး ပြောကြား ဆုံးမ ပြင်ပေးရမည်။

အချို့ ကမ္မဋ္ဌာန်းနည်းပြ ဆရာအမည်ခံနေသူများအနေဖြင့် ဤသို့ ယိမ်းယိုင် လှုပ်ယမ်းမှု၊ သတိလစ်လဲမှုများကို တရားထူးအဖြစ် ပြောဆိုနေကြခြင်းမှာ အမှန်ကို မသိ၍ တွေဝေမှုကြောင့်လည်း ဖြစ်နိုင်ပါ၏။ တပည့်ကို မြှောက်ပင့်၍ အစားချောင်လိုသောကြောင့်လည်း ဖြစ်နိုင်ပါ၏။

ဆရာမှားလျှင် ငါးပါးမှောက်မည်၊
တစ်သံသရာလုံး မှောက်မည်၊ သတိပြုကြရန်။

ထို့ကြောင့် အနုဗန္ဓနာနည်းကို အစဉ်လိုက်ခြင်းဟု အဓိပ္ပါယ်မပြန်ဆိုဘဲ အနု = အစဉ်အမြဲ + ဗန္ဓနာ = ချည်နှောင်ဖွဲ့ထားခြင်းဟု အဓိပ္ပါယ် ပြန်ဆို၍ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျား၌ ရှူမှတ်စိတ် အမြဲချည်နှောင်ဖွဲ့ထားခြင်းကို အနုဗန္ဓနာ ရှုမှတ်နည်းဟု ခေါ်ဆိုရမည်။

ဤရှုမှတ်နည်းကို သူဆွံ့ဥပမာ၊ တံခါးမှူးဥပမာ၊ လွှသမားဥပမာ တို့ဖြင့် ရှင်းပြပါဦးမည်—
စာမျက်နှာ-192


သူဆွံ့ဥပမာ

သူဆွံ့ဆိုသည်မှာ ခြေလက်များ မလှုပ်ရှားနိုင်သောသူ ဖြစ်သည်။ ထားသည့်အတိုင်း နေရ၍ သူများခွံ့ကျွေးမှ စားရသည်။ ဘယ်ကိုမျှ မသွားနိုင်ချေ။ သူက္ခာပါဒ လေငန်းဖြတ်၍ ခြေလက်သေနေသောသူ ဖြစ်သည်။

သူဆွံ့သည် ပုခက်တိုင်အနီး၌ ပက်လက်အိပ်လျက်နေစဉ် သူ့ဇနီးနှင့် သားငယ်တို့သည် တစ်ဖက်တစ်ချက် ပုခက်လွှဲကစားကြသည်။ သူဆွံ့သည် ဦးခေါင်းကို ဟိုဘက်ဒီဘက် မလှုပ်နိုင်။ မိမိအပေါ် တည့်တည့်ရောက်လာသော ပုခက်ကြမ်းခင်းကို ကြည့်နေသည်။ ပုခက်သည် ခေါက်တုံ့ခေါက်ပြန် သွားနေသဖြင့် ပုခက်အခင်းပျဉ်၏ ဘယ်ဘက်အစွန်းနှင့် ညာဘက်အစွန်းကိုလည်းကောင်း၊ အလယ်ကိုလည်းကောင်း တွေ့မြင်နေရ၏။ ထိုသို့ မြင်ရခြင်းသည် သူဆွံ့က ခွန်အားစိုက်ထုတ် လုံ့လပြု၍ ဘယ်ညာလှည့်ကာ လိုက်၍ ကြည့်သောကြောင့် မြင်ရသည်မဟုတ်။ မလှုပ်မယှက် အပေါ်တည့်တည့်ကိုသာ ကြည့်နေပါလျက် ပုခက်၏ အစွန်းနှစ်ဘက်နှင့် အလယ်ကို တွေ့မြင်နေရသည်။ ဤဥပမာနှင့်အတူ သတိကို နှာသီးဖျား၌ထား၍ ဝင်လေထွက်လေတို့ ထိသည့်နေရာ၌သာလျှင် ဝင်လေထွက်လေတို့၏ အစ၊ အလယ်၊ အဆုံးကို သိနေခြင်းဖြစ်သည်။ သူဆွံ့ကဲ့သို့ပင် ယောဂီ၏စိတ်သည် နေရာရွှေ့လျားခြင်း မပြုရ။ အတွင်းအပြင်သို့ လိုက်ပါသွားခြင်း မပြုရ။ ဝင်လေထွက်လေတို့ကို မြင်တွေ့ရန်ကြောင့်ကြမစိုက်ဘဲ သဘာဝအလျောက် လာရောက်ထိသည်ကို သိနေရန်ဖြစ်သည်။

တံခါးမှူးဥပမာ

ရှေးခေတ်အခါက ဘုရင့်နေပြည်တော်မှာ ကျုံး၊ မြို့ရိုး၊ တံခါးပေါက်တို့ဖြင့် တည်ဆောက်ထား၏။ လူအများ ဝင်ထွက်ရန် တံခါးပေါက်တစ်ခုကိုသာ ခွင့်ပြုထား၏။ ယင်းတံခါးပေါက်၌ လူဆိုး လူကောင်း မေးမြန်းစိစစ်ရန် တံခါးမှူးထားရှိသည်။ တံခါးမှူးသည် မြို့ပြင်၌ သွားလာနေသော လူများကိုလည်းကောင်း၊ မြို့တွင်းရှိ လူများကိုလည်းကောင်း ဘယ်သူလဲ၊ ဘယ်ကလာတာလဲ၊ ဘယ်ကို သွားမလို့လဲ၊ ဘာပါသလဲ စသည်ဖြင့် စစ်ဆေးမေးမြန်းလေ့ မရှိချေ။ ထိုလူများကို စစ်ဆေးမေးမြန်းရန် တံခါးမှူး၌ တာဝန်မရှိချေ။ တံခါးပေါက်သို့ ရောက်လာသူများကိုသာလျှင် မေးမြန်းစစ်ဆေးရန် တံခါးမှူး၏ တာဝန် ဖြစ်ချေသည်။ ဤဥပမာအတူ ယောဂီပုဂ္ဂိုလ်သည် အတွင်းသို့ ဝင်သောလေများကိုလည်းကောင်း၊ အပြင်သို့ထွက်သော လေများကိုလည်းကောင်း ရှုမှတ်ရန် တာဝန်မရှိချေ။ နှာခေါင်းဝသို့ ရောက်လာသော (ဝါ) နှာသီးဖျားကို ထိလာသော ဝင်လေထွက်လေကိုသာလျှင် ရှုမှတ်ရန်ဖြစ်သည်။
စာမျက်နှာ-193


လွှသမားဥပမာ

လွှသမားတစ်ယောက်သည် သစ်တုံးတစ်ခုကို ညီညွတ်သော မြေပေါ်၌ ချထားပြီးနောက် လွှဖြင့်ဖြတ်၏။ ထိုလွှသမားသည် လွှတိုက်နေစဉ် သစ်တုံးကို ထိသော လွှသွားတို့ကိုသာလျှင် စူးစိုက်ကြည့်ရှု၏။ မိမိဘက်သို့ ဝင်လာသော လွှသွားများကိုလည်း မကြည့်၊ အခြားဘက်သို့ ထွက်သွားသော လွှသွားများကိုလည်း မကြည့်၊ သစ်တုံးနှင့် ထိသော လွှသွားကိုသာ သတိပြု ကြည့်ရှု၏။ အလားတူပင် မြေညီ၌ချထားသော သစ်တုံးကဲ့သို့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းကို မှတ်ယူရမည်။ ဝင်လေ ထွက်လေများသည် သစ်တုံးကို ဖြတ်သွားနေသော လွှသွားများနှင့် တူ၏။ လွှသမားသည် လွှသွားများကို သစ်တုံး၌ ထိနေစဉ်သာ သတိပြု ကြည့်ရှု၏။ ဟိုဘက်ဒီဘက် လွှသွား ရွှေ့လျားရာသို့ လိုက်ပါကြည့်ရှုခြင်း မပြုသကဲ့သို့ ယောဂီပုဂ္ဂိုလ်သည် နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းကို ဝင်လေထွက်လေများ ဖြတ်သန်းသွားခိုက် ထိနေခိုက်ကိုသာ ရှုမှတ်ရသည်။

ဖုသနာနည်း

အနုဗန္ဓနာနည်း၌ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်း၌ သတိကို ခိုင်မြဲစွာ ချည်နှောင်ထား၍ ဝင်လေထွက်လေ လာရောက်ထိသည့်အခိုက် ရှူမှတ်ရ၏။ ဤသို့ သတိကို နိမိတ်တိုင်၌ အမြဲချည်နှောင်ထားမှုကို အနုဗန္ဓနာနည်းဟု ခေါ်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဝင်လေထွက်လေ ထိခြင်းကို သတိဖြင့် မှတ်သားမှုသည် ဖုသနာနည်း မည်၏။ ဖုသနာနည်းသည် အနုဗန္ဓနာနည်းနှင့် စကားလုံးမျှသာ ကွဲ၍ အဓိပ္ပါယ်မှာ အတူတူပင်ဖြစ်သည်။

နိမိတ်သုံးပါး

ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ် ဟူ၍ နိမိတ်သုံးပါးရှိကြောင်းကို ရှေ့ပိုင်း၌ ပြဆိုခဲ့ပြီးဖြစ်သည်။

ကမ္မဋ္ဌာန်းလေးဆယ်တို့တွင် အားလုံးသော ကမ္မဋ္ဌာန်းတို့၌ ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ် နှစ်မျိုးလုံး ရနိုင်ကြသည်။ ပဋိဘာဂနိမိတ်မှာမူ ကသိုဏ်းဆယ်ပါး၊ အသုဘကမ္မဋ္ဌာန်း၊ ကောဋ္ဌာသကမ္မဋ္ဌာန်းနှင့် အာနာပါနကမ္မဋ္ဌာန်းတို့၌သာလျှင် ရနိုင်သည်။ ဤအာနာပါနကမ္မဋ္ဌာန်း အားထုတ်ရာ၌ နိမိတ်သုံးပါးကို အောက်ပါအတိုင်း အဆင့်ခွဲခြားရမည်—

ဂဏနာနည်း ဖြင့် အားထုတ်နေစဉ် ထင်မြင်လာသော အာရုံနိမိတ်သည် ပရိကမ္မနိမိတ် မည်၏။
စာမျက်နှာ-194


အနုဗန္ဓနာနည်း ဖြင့် အားထုတ်နေစဉ် ထင်မြင်လာသော အာရုံနိမိတ်သည် ဥဂ္ဂဟနိမိတ် မည်၏။

ယခုပြဆိုမည့် ထပနာနည်း ဖြင့် အားထုတ်ရာ၌ ထင်မြင်လာသော ပညတ်အာရုံနိမိတ်သည် ပဋိဘာဂနိမိတ် မည်၏။

ထပနာနည်း

အနုဗန္ဓနာနည်းဖြင့် အားထုတ်နေစဉ် ပဋိဘာဂနိမိတ် စတင်ပေါ်လာတတ်သည်။ ဝင်သက်ထွက်သက်လေသည် ပုံသဏ္ဌာန်ဆောင်လာသည်။ မီးခိုးတန်းကဲ့သို့လည်းကောင်း၊ အပ်ချည်မျှင်ကဲ့သို့လည်းကောင်း၊ ပုတီးစေ့ကဲ့သို့လည်းကောင်း ဝင်ထွက်လှုပ်ရှားနေသည်။ အမှန်မှာ ရှေးစိတ်က အသွင်ပုံသဏ္ဌာန်တစ်ခုကို ဖန်ဆင်းပေး၍ နောက်စိတ်က သိမှတ်ရှုမြင်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ပြင်ပတွင် တကယ်မရှိဘဲ စိတ်မှ ဖန်တီးယူခြင်းဖြစ်၍ ပညတ်အာရုံ ဟု ခေါ်သည်။ စိတ်မှ ဖန်တီးသော အာရုံဖြစ်၍ စိတ်ကြည်လျှင် ကြည်သည်၊ စိတ်နောက်လျှင် နောက်သည်။

ထို့ကြောင့် သမာဓိအဆင့်မြင့်၍ စိတ်ကြည်လင်လာသောအခါ ယခင်ပြဆိုခဲ့သည့် မီးခိုးတန်း၊ သို့မဟုတ် အပ်ချည်မျှင်၊ သို့မဟုတ် ပုတီးလုံးငယ်သည် ကြည်လင်တောက်ပလာ၏။ ထိုအခါ အာရုံနိမိတ်သည် အရောင် အလင်း တောက်ပ၏။ လဲ ဝါဂွမ်းအစုကဲ့သို့လည်းကောင်း၊ လေအဟုန်ကဲ့သို့လည်းကောင်း ထင်လာကုန်၏။ အချို့သောသူတို့အား သောကြာကြယ်ကဲ့သို့လည်းကောင်း၊ ပတ္တမြားကဲ့သို့လည်းကောင်း၊ ပုလဲလုံးကဲ့သို့လည်းကောင်း ထင်လာ၏။ အချို့သောသူတို့အား ဝင်သက်ထွက်သက် လေမျှင်တန်းသည် ခိုင်မာတောင့်တင်းလျက် ဝါးလုံးငယ်ကဲ့သို့လည်းကောင်း၊ သစ်သားနှစ်တံကျင်ကဲ့သို့လည်းကောင်း ထင်လာ၏။ အချို့သောသူတို့အား ကြိုးမျှင်ကဲ့သို့လည်းကောင်း၊ ပန်းဆိုင်းကဲ့သို့လည်းကောင်း၊ အခိုးညွန့်ကဲ့သို့လည်းကောင်း ထင်လာ၏။ အချို့သောသူတို့အား ကျယ်ပြန့်သော ပင့်ကူချည်မျှင်ကဲ့သို့လည်းကောင်း၊ တိမ်တိုက် တိမ်လွှာကဲ့သို့လည်းကောင်း၊ ပဒုမ္မာကြာပွင့်ကဲ့သို့လည်းကောင်း၊ ရထားလှည်းဘီးကဲ့သို့လည်းကောင်း၊ လပြည့်ဝန်းကဲ့သို့လည်းကောင်း၊ နေဝန်းကဲ့သို့လည်းကောင်း ထင်လာ၏။

ဤကဲ့သို့ နိမိတ်ထင်ခြင်း မတူ ထူးခြားကွဲပြားနေရခြင်းမှာ ယောဂီပုဂ္ဂိုလ်တို့၏ အတွင်းဓာတ်ခံ အမှတ်သညာ ကွဲပြားထူးခြားမှုကြောင့် ဖြစ်သည်။ သညာကွဲပြားမှုကြောင့် အာရုံနိမိတ်လည်း ကွဲပြားခြင်းဖြစ်သည်။
စာမျက်နှာ-195


ဥပမာအားဖြင့် ဘုရားဟောသုတ္တန်ပါဠိကို ရွတ်ဆို သရဇ္ဈာယ်နေကြသော ရဟန်းများ အချင်းချင်း ယင်းသုတ္တန်ပါဠိအပေါ် ထင်မြင်ချက်မေးသောအခါ ရဟန်းတစ်ပါးက ဤသုတ္တန်သည် ကြီးစွာသော တောင်ကျချောင်းနှင့်တူ၏ဟု ဆို၏။ အခြားရဟန်းတစ်ပါးက ဤသုတ္တန်သည် တောအုပ်ကဲ့သို့ ထင်၏ဟု ဆို၏။ ကျန်ရဟန်းတစ်ပါးက ဤသုတ္တန်သည် အရိပ်အာဝါသ အခက်အလက် အသီးအပွင့်နှင့် ပြည့်စုံသော သစ်ပင်ကြီးနှင့်တူ၏ဟု ဆို၏။ ဤသို့ သုတ္တန်တစ်ခုတည်းအပေါ် ထင်မြင်ချက်ကွဲပြားနေရခြင်းမှာ ထိုရဟန်းများ အချင်းချင်း သညာမတူ ထူးခြားမှုကြောင့် ဖြစ်သည်။ ဤကဲ့သို့ ထင်မြင်လာသော အာရုံနိမိတ်မျိုးကို ပဋိဘာဂနိမိတ် ဟု ခေါ်၏။

ယင်းပဋိဘာဂနိမိတ် ပေါ်လာသည့်အခါ အနုဗန္ဓနာနည်းကို ရပ်စဲ၍ ထပနာနည်း ဖြင့် ပွားများအားထုတ်ရမည်။ ဝင်သက်ထွက်သက် (ဝါ) ဝင်လေထွက်လေသည် ယခုပြဆိုခဲ့သည့် အသွင်တစ်ခုခုကို ပုံဆောင်နေသည်။ ပုံဆောင်နေ၍ ပဋိဘာဂနိမိတ်ဟု ခေါ်ရသည်။ စိတ်ကို ယင်းပဋိဘာဂနိမိတ်အာရုံ၌ ထားရှိရခြင်းကို ထပနာနည်းဟု ခေါ်သည်။ (ထပနာ = ထားခြင်း)။ စိတ်ကို အာရုံနိမိတ်ပေါ်၌ ထားခြင်းပင်တည်း။

ပဋိဘာဂနိမိတ်သည် တကယ်အရှိတရား သဘာဝတရားမဟုတ်သောကြောင့် ကွယ်လွယ်ပျောက်လွယ်၏။ စိတ်က ဖန်ဆင်းသည့် ပညတ်အာရုံဖြစ်၍ သမာဓိအရှိန်ပျက်လျှင် ကွယ်ပျောက်လွယ်၏။ ကွယ်ပျောက်သွားလျှင်လည်း တစ်ဖန် ပြန်ပေါ်ရန် ခက်ခဲ၏။ ထို့ကြောင့် ထင်လာသော ပဋိဘာဂနိမိတ်ကို ကွယ်ပျောက်မသွားစေရန် စကြာမင်းလောင်း ပဋိသန္ဓေတည်လာသော မိဖုရားကြီးသည် မိမိ၏ သန္ဓေသားကို အသက်တမျှ စောင့်ရှောက်ဘိသကဲ့သို့ စိတ်ကို ပဋိဘာဂနိမိတ်အာရုံသို့ အမြဲပို့ထားရမည်။ ထိုအချိန်မျိုးတွင် ယောဂီပုဂ္ဂိုလ်အတွက် ဘာဝနာဆုတ်ယုတ်ကြောင်းဖြစ်သော ကျောင်း၊ အိပ်ရာနေရာ၊ ဆွမ်းခံရွာ၊ စကားပြောဆိုမှု၊ အပေါင်းအဖော်၊ အစားအစာ၊ ရာသီဥတု၊ အနေအထိုင် ခုနစ်မျိုးမှ ရှောင်ကြဉ်၍ ဘာဝနာတိုးပွားကြောင်းဖြစ်သော ထိုခုနစ်မျိုးကို မှီဝဲရမည်။ အပ္ပနာကောသလ္လ ၁၀-ပါးနှင့် ပြည့်စုံစေရမည်။ ဝီရိယနှင့် သမာဓိကိုလည်း ညီညီမျှမျှ ထားရမည်။

အပ္ပနာကောသလ္လ ၁၀-ပါး

အပ္ပနာ ဆိုသည်မှာ ဈာန်ကို ဆိုသည်။ ကောသလ္လ ဆိုသည်မှာ လိမ္မာကျွမ်းကျင်ခြင်းဟု အဓိပ္ပါယ်ရသည်။

ပဋိဘာဂနိမိတ်ထင်ပြီးသော ယောဂီအား အပ္ပနာဈာန်၌ လိမ္မာကျွမ်းကျင်စေရန်အတွက် ဖော်ပြပါ အပ္ပနာကောသလ္လ ၁၀-ပါးတို့နှင့် ပြည့်စုံညီညွတ်မှု ရှိရပါမည်—
စာမျက်နှာ-196


(၁) ကိုယ်အင်္ဂါနှင့်တကွ အသုံးအဆောင်အရာဝတ္ထုများ သန့်ရှင်းခြင်း၊
(၂) ဝင်သက်ထွက်သက် အာရုံနိမိတ်၌ လိမ္မာခြင်း၊
(၃) ဣန္ဒြေငါးပါးကို ညီညွတ်အောင်ပြုခြင်း၊
(၄) ထက်ကြွလွန်းသောစိတ်ကို နှိမ့်ချခြင်း၊
(၅) ဆုတ်နစ်လွန်းသောစိတ်ကို ချီးမြှင့်ခြင်း၊
(၆) ခြောက်သွေ့လွန်းသောစိတ်ကို ရွှင်လန်းစေခြင်း၊
(၇) ညီညွတ်သောစိတ်ကို လျစ်လျူရှုခြင်း၊
(၈) သမာဓိမရှိသော ပုဂ္ဂိုလ်ကို ရှောင်ခြင်း၊
(၉) သမာဓိရှိသော ပုဂ္ဂိုလ်ကို မှီဝဲခြင်း၊
(၁၀) အပ္ပနာ (ဈာန်) ကို ရခြင်း၌ အမြဲညွတ်သောစိတ်ရှိခြင်း။

ထပနာနည်းဖြင့် ရှုမှတ်ရာ၌ ဝင်သက်ထွက်သက်ကို သီးခြား အာရုံပြုရန်မလိုတော့ဘဲ ပဋိဘာဂနိမိတ်ကိုသာ အာရုံပြုရှုမှတ်ရသည်။ ယခုပြဆိုခဲ့သည့်အတိုင်း အပ္ပနာကောသလ္လဆယ်ပါးကို ပြည့်စုံစွာ လိုက်နာဆောင်ရွက်၍ ပဋိဘာဂနိမိတ်၌ စိတ်ကို အစွဲကြီးစွဲ၍ အမြဲကြီးမြဲအောင် နေ့ရှည်လများ ရှုမှတ်ပွားများရမည်။ ထိုသို့ ပွားများသောအခါ ပဋိဘာဂနိမိတ်သည် ပိုမိုထင်ရှားလာ၍ ပိုမိုတောက်ပထွန်းလင်းလာလိမ့်မည်။ ဤထပနာနည်းဖြင့် ရှုမှတ်ပွားများခြင်းကို အဆက်မပြတ် ကြိုးပမ်းအားထုတ်ပါက ပဌမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်အထိ အစဉ်အတိုင်း ရရှိရောက်ရှိနိုင်မည်ဖြစ်သည်။

ဘာဝနာသုံးပါး

ကမ္မဋ္ဌာန်းတရားပွားများအားထုတ်ခြင်းကို ဘာဝနာဟု ခေါ်သည်။ (ဘာဝနာ = ပွားများခြင်း၊ တိုးပွားခြင်း)။ ထိုသို့ ပွားများမှု၊ တိုးပွားမှု ဘာဝနာသည် အောက်ပါအတိုင်း သုံးမျိုးရှိသည်—

(က) ပရိကမ္မဘာဝနာ = အခြေတည်စ အစပိုင်း၌ ပွားများမှု၊
(ခ) ဥပစာရဘာဝနာ = အရှိန်ရလာ၍ ဈာန်နှင့်နီးကပ်သော ပွားများမှု၊
(ဂ) အပ္ပနာဘာဝနာ = ဈာန်ရပြီးနောက် ဈာန်စိတ်ကို ပွားများမှု၊
စာမျက်နှာ-197


ဘာဝနာကို အာရုံထင်မြင်လာသည့် နိမိတ်ဖြင့် ပိုင်းခြားသတ်မှတ်နိုင်သည်။ ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်ပေါ်ခိုက်၌ ပွားများသော ဘာဝနာသည် ပရိကမ္မဘာဝနာ မည်၏။ ဂဏနာနည်း၊ အနုဗန္ဓနာနည်းဖြင့် ပွားများခြင်းကို ပရိကမ္မဘာဝနာဟု ခေါ်၏။ ထပနာနည်းဖြင့် ပွားများ၍ ဈာန်မရမီအထိ ပွားများသော ဘာဝနာကို ဥပစာရဘာဝနာ ဟု ခေါ်၏။ ပထမဈာန်မှစ၍ စတုတ္ထဈာန်ဟု ဆိုအပ်သော ရူပါဝစရဈာန်လေးပါးကို ပွားများခြင်းသည် အပ္ပနာဘာဝနာ မည်၏။

သမာဓိသုံးမျိုး

အာရုံတစ်ခုတည်း၌ တည်ငြိမ်စွာ စူးစိုက်ထားနိုင်မှုကို သမာဓိဟုခေါ်သည်။ ယင်းသမာဓိသည်-
(က) ပရိကမ္မသမာဓိ၊
(ခ) ဥပစာရသမာဓိ၊
(ဂ) အပ္ပနာသမာဓိ - ဟူ၍ သုံးမျိုးရှိသည်။

အထက်တွင် ဖော်ပြပြီးသော ပရိကမ္မဘာဝနာအခိုက်၌ ဖြစ်ပေါ်သော သမာဓိသည် ပရိကမ္မသမာဓိ မည်၏။ ဥပစာရဘာဝနာအခိုက်၌ ဖြစ်ပေါ်သော သမာဓိသည် ဥပစာရသမာဓိ မည်၏။ အပ္ပနာဘာဝနာအခိုက်၌ ဖြစ်ပေါ်သော သမာဓိသည် အပ္ပနာသမာဓိ မည်၏။

ပါဠိတော်နှင့် အဋ္ဌကထာနှောခြင်း

အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်ရာ၌ ပါဠိတော်နည်းအရ အောက်ပါအဆင့်လေးဆင့်ကို ဖော်ပြခဲ့ပြီးဖြစ်သည်-
(က) ပထမဆင့် = ဝင်သက်ထွက်သက်အာရုံ၌ သတိကို မြဲစေခြင်း၊
(ခ) ဒုတိယဆင့် = ဝင်သက်ထွက်သက် အရှည်အတိုကို သိခြင်း၊
(ဂ) တတိယဆင့် = ဝင်သက်ထွက်သက် အစ အလယ် အဆုံး ထင်လင်းစွာ သိခြင်း၊
(ဃ) စတုတ္ထဆင့် = အကြမ်းတမ်းသော ဝင်သက်ထွက်သက်ကို ငြိမ်းစေခြင်း။

ဆောင်ပုဒ်

သတိမြဲရာ၊ ပထမာ၊ ဒု-မှာ ရှည်တိုသိ။
လုံးစုံလင်းရာ၊ တ-၌သာ၊ စ-မှာ ငြိမ်းလေဘိ။ (အာနာပါနဒီပနီ)
စာမျက်နှာ-198


ယင်းအဆင့်လေးဆင့်တို့ကို အဋ္ဌကထာ၌ ဖော်ပြထားသော ဂဏနာနည်း၊ အနုဗန္ဓနာနည်း၊ ဖုသနာနည်း၊ ထပနာနည်းလမ်းတို့ဖြင့် နှီးနှောညှိနှိုင်းပြပါမည်။

ပထမအဆင့် = ဂဏနာနည်း

ဝင်သက်ထွက်သက်အာရုံ၌ သတိစွဲမြဲစေရန် ဂဏနာနည်းဖြင့် အားထုတ်ရသည်။ ရေတွက်ခြင်း ဂဏနာနည်းကို ကမ္မဋ္ဌာန်းအလုပ်ခွင် ပြင်ပသို့ မကြာခဏ ထွက်ပြေးတတ်သော စိတ်ဝိတက်ကို ချည်နှောင်ထားခြင်းငှါ အသုံးပြုရသည်။ ဂဏနာနည်းဖြင့် အားထုတ်ရာ၌ အရှည်အတိုသိမှုကို အားထုတ်ရန် မလိုသေးချေ။ စိတ်ကိုငြိမ်အောင် ထိန်းသိမ်းခြင်းဖြစ်၍ ရေတွက်မှုကိုသာ အလေးပြုအားထုတ်ရသည်။ ထို့ကြောင့် ဂဏနာနည်းသည် သတိမြဲရန်သာ ရည်ရွယ်သည်။

ပါဠိတော်၌လာသည့်—
“သတောဝ အဿသတိ သတော ပဿသတိ”
ဟူသော ပထမဆင့်သည် အဋ္ဌကထာလာ ဂဏနာနည်းနှင့် အဆင့်တူညီသည်။ သို့ရာတွင် အချို့သော သမာဓိအခြေခံအားကောင်းသည့် ပုဂ္ဂိုလ်များမှာ ဂဏနာနည်းကို အားမထုတ်ဘဲ အနုဗန္ဓနာနည်း၊ ဖုသနာနည်း နှစ်မျိုးဖြင့် စတင်အားထုတ်လေ့ရှိကြသည်။ ထိုပုဂ္ဂိုလ်များအတွက် အနုဗန္ဓနာနည်း၊ ဖုသနာနည်းတို့၏ အစပိုင်းအစဉ်အပိုင်းကို သတိမြဲမြံမှု ပထမအဆင့်ဟု သတ်မှတ်ရမည်။ ယင်းနည်းနှစ်ပါး၏ သမာဓိရင့်ကျက်လာသောအပိုင်းကို ဒုတိယဆင့်နှင့် တတိယဆင့်အဖြစ် သတ်မှတ်ရသည်။ ဂဏနာနည်းဖြင့် စတင်အားထုတ်ခဲ့သူများမှာမူ ဂဏနာနည်းကို သတိမြဲမြံမှု ပထမဆင့်အဖြစ် သတ်မှတ်ရမည်။ အနုဗန္ဓနာနည်း၊ ဖုသနာနည်းသို့ရောက်လျှင် ဒုတိယဆင့်၊ တတိယဆင့်အဖြစ် သတ်မှတ်ရမည်။

ဒုတိယအဆင့် = အနုဗန္ဓနာနည်း

ဝင်သက်ထွက်သက်ကို အရှည်အတို မှန်ကန်စွာ သိနေအောင် သတိပြုမှတ်သားရာ၌ ဝင်သက်ထွက်သက်၏ အစ အလယ် အဆုံးသို့ တမင်လိုက်၍ အာရုံပြုရသည်မဟုတ်၊ စိတ်ကို နှာသီးဖျားမှာပင် ကပ်ထား၍ အရှည်အတိုကို ငါ သတိပြုမည်ဟု ရည်ရွယ်မှု အားထုတ်မှု ပြုရသည်။ အရှည်အတိုသိပုံမှာ နှာသီးဖျား၌ ထိခိုက်မှုတာရှည်သည်ကို ဝင်သက်ထွက်သက်ရှည်သည်ဟု သိ၏။ ထိခိုက်မှုတာတိုသည်ကို ဝင်သက်ထွက်သက်တိုသည်ဟု သိ၏။ ထိရာဌာနမှာပင် စိတ်စိုက်ထားသော်လည်း စိတ်၏စွမ်းအား ထက်မြက်မှုကြောင့် ဝင်သက်ထွက်သက်၏ လမ်းကြောင်းတစ်လျှောက်ကိုလည်း အလိုလို ထင်မြင်သိရှိနေသည်။
စာမျက်နှာ-199


တတိယအဆင့် - အနုဗန္ဓနာနည်း

ဝင်သက်ထွက်သက် ထိရာဌာန၌ စိတ်ကို ခိုင်မြဲစွာ စူးစိုက်ထားလျက် ဝင်သက်ထွက်သက် အရှည်အတိုကို ရှူမှတ်မှု သိမှု ကြိမ်ဖန်များစွာ ပြုလုပ်၍ ရင့်ကျက်လာသောအခါ ဝင်သက်ထွက်သက်၏ အစ အလယ် အဆုံး အကုန်လုံး စိတ်အာရုံ၌ ထင်လင်းလာသည်။ ဝင်သက်ကို ရှူရှိုက်သည့်အခါ၌ နှာသီးဖျားမှ ချက်တိုင်အထိ အစ အလယ် အဆုံး စိတ်ကူးဖြင့် မြင်အောင် ကြည့်ရမည်။ ဝင်သက်ကို စိတ်ဖြင့် ပုံဆောင်၍ ရှူသွင်းလိုက်ရမည်။ အလားတူပင် ထွက်သက်ကို ချက်တိုင်မှစ၍ နှာသီးဖျားထိအောင် စိတ်ကူးဖြင့် ပုံဆောင်၍ ထုတ်လွှတ်ရမည်။ သို့ရာတွင် နှာသီးဖျားဟု ဆိုအပ်သော ထိရာဌာန မူလချည်တိုင်၌ စိတ်ကို ခိုင်မြဲစွာ ထားမြဲထားရမည်။ ချည်တိုင်မှလွတ်၍ ဝင်သက်ထွက်သက်နောက်သို့ လိုက်မသွားရ။ ထိရာဌာန၌ စိတ်ကို စိုက်ထားနေစဉ်မှာပင် တစတစဖြင့် ဝင်သက်ထွက်သက်များသည် အစ အလယ် အဆုံး အကုန်လုံး ထင်ရှားလာ၏။

စတုတ္ထအဆင့် = အနုဗန္ဓနာနည်း

ဤကဲ့သို့ ဝင်သက်ထွက်သက် အစ အလယ် အဆုံး ထင်ရှားသိသာလာပြီးနောက် ဆက်လက်ရှူမှတ်နေလျှင် ရုန့်ရင်းသော ဝင်သက်ထွက်သက်များ အလိုအလျောက် ချုပ်ငြိမ်းလာ၍ သိမ်မွေ့သော ဝင်သက်ထွက်သက်များ ဖြစ်ပေါ်လာလိမ့်မည်။ အလိုအလျောက် သိမ်မွေ့ခြင်းသို့ မရောက်ခဲ့သည်ရှိသော် သိမ်မွေ့လာအောင် အားထုတ်မည်ဟူသော ရည်ရွယ်မှုပြု၍ ရှူရှိုက်မှုကို ဖြစ်စေရမည်။ အချို့သော ယောဂီပုဂ္ဂိုလ်များမှာ ဝင်သက်ထွက်သက် သိမ်မွေ့လွန်းသဖြင့် ဝင်သက်ထွက်သက် မရှိတော့ဟု ထင်မှတ်ရ၏။ အာရုံပြု ရှူမှတ်စရာ ဝင်သက်ထွက်သက် ရှာမတွေ့သဖြင့် ဘာကို ရှူမှတ်ရမှန်းမသိ ဖြစ်နေတတ်သည်။

အသက်ရှူရပ်နေခြင်း

ထိုကဲ့သို့ ရှူမှတ်စရာ ဝင်သက်ထွက်သက် အာရုံရှာမရဘဲ ကွယ်ပျောက်နေပါက မိမိနေထိုင်သည့် ဣရိယာပုထ်ကို ဖျက်၍ ထမသွားရ။ ဣရိယာပုထ် ပျက်သွားလျှင် ကမ္မဋ္ဌာန်းအာရုံသည် အသစ်အသစ် ပြန်ဖြစ်သွားသည်။ သမာဓိမရနိုင်ရှိတတ်သည်။ ထိုအခါ ယောဂီပုဂ္ဂိုလ်အနေဖြင့် ဤသို့ဆင်ခြင်ရမည်။ အသက်မရှူသော ပုဂ္ဂိုလ်များမှာ-
(က) အမိဝမ်း၌ ကိန်းသောသူ၊
(ခ) ရေနစ်သောသူ၊
(ဂ) အသညသတ်သတ္တဝါ၊
စာမျက်နှာ-200


(ဃ) စတုတ္ထဈာန်ဝင်စားနေသူ၊
(င) ရူပ အရူပဗြဟ္မာ၊
(စ) နိရောဓသမာပတ်ဝင်စားသူ၊
(ဆ) သေသောသူ -
ဤပုဂ္ဂိုလ် (၇) ယောက်တို့ ဖြစ်ကြသည်။

ငါသည် ယင်းပုဂ္ဂိုလ်အမျိုးအစား၌ မပါဝင်သဖြင့် ဝင်သက်ထွက်သက်သည် ရှိမြဲရှိနေမည်သာ ဖြစ်သည်ဟု စဉ်းစားဆင်ခြင်၍ ဝင်သက်ထွက်သက်ကို တွေ့အောင် ရှာရမည်။

ဝင်သက်ထွက်သက်ရှာခြင်း

ဝင်သက်ထွက်သက်ကို ရှာရာတွင် ဝင်သက်ထွက်သက် တွေ့ထိရာဌာန၌ စိတ်ကိုထား၍ အာရုံပြု နှလုံးသွင်းရမည်။ မကြာမီ ဝင်သက်ထွက်သက်များသည် မူလတွေ့ထိရာဌာနကို တိုးဝှေ့ထိပါးလာလိမ့်မည်။ ဤသို့ ဝင်သက်ထွက်သက်ကို ရှာရာ၌ လယ်ထွန်ယောက်ျား ဥပမာ ဖြင့် ရှင်းပြထားသည်။

လယ်ထွန်ယောက်ျားသည် နွားတို့ကို ထမ်းပိုးမှချွတ်၍ စားကျက်သို့ လွှတ်ပြီးလျှင် သစ်ပင်ရိပ်၌ အိပ်လျက် အပန်းဖြေနားနေ၏။ နွားတို့သည် အနီးရှိ တောအုပ်သို့ ဝင်ရောက်ကျက်စားကြကုန်၏။ ကျွမ်းကျင်သော လယ်ထွန်ယောက်ျားသည် နွားတို့ကို ထွန်၌ တပ်လိုသောအခါ နွားတို့၏ သွားရာလမ်းကြောင်းတစ်လျှောက် တကောက်ကောက်လိုက်၍ တောအုပ်အတွင်း၌ ရှာဖွေမှုမပြုချေ။ ကြိုးနှင့်နှင်တံကိုကိုင်၍ နွားများ သွားနေကျ ရေအိုင် ရေဆိပ်သို့သွားပြီးလျှင် ထိုင်လျက် နားနားနေနေ စောင့်နေ၏။ နွားတို့သည် တစ်နေ့လုံး မြက်စား၍ ရေသောက်ရန် ရေဆိပ်သို့ ဆင်းလာကြသည်။ နွားများ ရေသောက်ပြီးနောက်မှ လယ်ထွန်ယောက်ျားသည် နွားများကို ကြိုးဖြင့်ချည်၍ နှင်တံဖြင့်မောင်းလျက် ထွန်၌တပ်ကာ တစ်ဖန် လယ်ထွန်လေသည်။

ဤဥပမာအတူ ယောဂီပုဂ္ဂိုလ်သည် သတိတည်းဟူသောကြိုးနှင့် ပညာတည်းဟူသော နှင်တံကိုယူ၍ ဝင်သက်ထွက်သက် ထိတွေ့နေကျဌာန၌ စိတ်ကိုထားလျက် နှလုံးသွင်းနေ၏။ မကြာမီ ဝင်သက်ထွက်သက်များ ပေါ်လာ၍ သတိဖြင့် နှောင်ဖွဲ့ပြီး ပညာဖြင့် မောင်းနှင်လျက် အဖန်တလဲလဲ ကမ္မဋ္ဌာန်းအားထုတ်၏။
စာမျက်နှာ-201


ဤကဲ့သို့ ဝင်သက်ထွက်သက် ပျောက်ခြင်းကို တရားထူးရသည်ဟု ထင်မှတ်တတ်ကြသည်။ အကယ်၍ အလိုအလျောက် သိမ်မွေ့မှုမရှိခဲ့သော် အဆင့်ဆင့်သိမ်မွေ့သည်ထက် သိမ်မွေ့သွားစေရန် ကြောင့်ကြစိုက်ထုတ်၍ အားထုတ်ရမည်။

ဖုသနာနည်း မှာ အနုဗန္ဓနာနည်းနှင့် တူညီသဖြင့် ဒုတိယ၊ တတိယ၊ စတုတ္ထ အဆင့် သုံးဆင့်လုံး၌ ပါဝင်နိုင်သည်။

ထပနာနည်း မှာမူ ပဋိဘာဂနိမိတ်ကို အာရုံပြု၍ ပွားများသဖြင့် ဈာန်ရရန် နီးကပ်နေသောကြောင့် ဥပစာရဈာန် ပွားများနည်းဟု ဆိုအပ်၏။ ထို့ကြောင့် ဥပစာရဈာန်၊ အပ္ပနာဈာန်တို့ကို ထပနာနည်းဖြင့် အားထုတ်ရသည်။

ကန္နီဆရာတော်နည်းအရ ပထမဆင့်အားထုတ်ခြင်း

ကန္နီဆရာတော်နည်းဖြင့် ရေတွက်ခြင်း (ဂဏနာ) နည်းကို အားထုတ်သည့်အခါ တစ်ထိုင်အတွင်း၌ သန္နိဋ္ဌဝါရ သုံးဆယ်ခန့်ရအောင် အားထုတ်ရမည်။ နေ့ခင်းအချိန်တွင် ဆွမ်းခံခြင်း၊ ဆွမ်းစားခြင်း၊ ရေချိုးခြင်းနှင့် အခင်းကြီး အခင်းငယ်ကိစ္စတို့ကို ချန်ထား၍ အချိန်ပြည့် အားထုတ်ရမည်။ ညအချိန်ကို သုံးစုပြု၍ နှစ်စု အားထုတ်နိုင်လျှင် ခုနစ်ရက်၊ ရှစ်ရက်ခန့်အကြာတွင် မီးခိုး၊ တိမ်တောင်၊ လျှပ်စစ်နွယ်ကဲ့သို့ အာရုံနိမိတ်ထင်လာပါမူ ပထမဆင့် အောင်ပြီဟု သတ်မှတ်ရမည်။

ဝီရိယနည်းသော အလယ်အလတ်တန်းစား ပုဂ္ဂိုလ်များကား နေ့နှင့် ညဉ့် ၂၄-နာရီရှိသည့်အနက် ၅-ပုံ၊ ၄-ပုံ အချိန်ကို အားထုတ်နိုင်ပါလျှင် ရက်ပေါင်း ၂၀-ခန့်အကြာ၌ အာရုံနိမိတ် ထင်လာပါမူ ပထမဆင့် အောင်မြင်ပြီဟု သတ်မှတ်ရမည်။

ဝီရိယအလွန် အားနည်းသော အညံ့စားပုဂ္ဂိုလ်များသည် တစ်နေကုန် အားထုတ်ပြီးနောက် ညဉ့်အချိန်တွင် တစ်ညတာ၏ ၅-ပုံ၊ ၃-ပုံကို အားထုတ်၍ ရက်ပေါင်း ၃၀-ခန့်အကြာ၌ အာရုံနိမိတ်ထင်လာပါမူ ပထမဆင့် အောင်ပြီဟု သတ်မှတ်ရမည်။
စာမျက်နှာ-202


ဒုတိယဆင့် အားထုတ်ခြင်း

ယောဂီပုဂ္ဂိုလ်သည် ဝင်သက်လေကို ရှည်ရှည်ရှိုက်မည်၊ ရှည်ရှည်ရှိုက်မည်ဟု ဖြည်းဖြည်းနှေးနှေး ကြာရှည်စွာ ရှိုက်သွင်းရမည်။ ထွက်သက်လေကိုလည်း ဖြည်းဖြည်းနှေးနှေး ကြာရှည်စွာ နှာဝမှ လွှတ်ရမည်။ နှာဝမှ မိမိ၏ရှေ့တည့်တည့်သို့ နှစ်တောင့်ထွာခန့် စိတ်ဖြင့် မှန်းထားသတ်မှတ်၍ ဝင်သက်ကို မှတ်တိုင်မှ နှာဝသို့ ဆွဲ၍ဆွဲ၍ယူရမည်။ ထွက်သက်ကို နှာဝမှ လွှတ်လိုက်၍ မှတ်သားထားသော နှစ်တောင့်ထွာခန့် အရပ်သို့ရောက်အောင် တွန်း၍တွန်း၍ ပို့ရမည်။ ထိုသို့ တွန်းပို့ရာ၌ နှာဝမှ သတ်မှတ်နေရာသို့ ရောက်အောင် ခုနစ်ကြိမ် ရှစ်ကြိမ်ခန့် တွန်း၍တွန်း၍ ပို့ရမည်။ ဝင်သက်ရှိုက်လိုက်သော အခါ၌လည်း သတ်မှတ်နေရာမှ နှာဝအထိ ခုနစ်ကြိမ် ရှစ်ကြိမ်မျှ ဆွဲ၍ဆွဲ၍ ယူရမည်။ မိမိ၏နှာဝမှ နှစ်တောင့်ထွာခန့် အရပ်အထိ တံမျဉ်းကြိုးဆွဲ၍ တန်းထားသကဲ့သို့ ဖြောင့်ဖြောင့်မတ်မတ် ဝင်လေထွက်လေ သွားလာမှုကို စိတ်ဖြင့် သိနေရမည်။

ထိုသို့ နှစ်တောင့်ထွာဟူသော နယ်ပယ်ကို မကျော်လွန်စေမူ၍ ဝီရိယ သတိ သမာဓိတို့ကို ဆင့်ကဲဆင့်ကဲ တိုးပွားစေလျက် အားထုတ်သောအခါ တစ်ရှူထက် တစ်ရှူ၊ တစ်ရှိုက်ထက် တစ်ရှိုက်၊ တစ်ထိုင်ထက် တစ်ထိုင်၊ တစ်နေ့ထက် တစ်နေ့ ဘာဝနာအမှု၌ နှစ်သက်လာသည်။ အစိုးတရ ပိုင်ပိုင်နိုင်နိုင် ရှိလာသည်။ တိုး၍တိုး၍ အားထုတ်လိုသော ဆန္ဒများ ပေါ်လာသည်။ ဆန္ဒအားကြီးစွာဖြင့် တိုး၍တိုး၍ အားထုတ်သော ယောဂီ၏ ဝင်သက်ထွက်သက်တို့သည် ရုန့်ရင်းကြမ်းတမ်းခြင်းမရှိ။ နူးညံ့သိမ်မွေ့လာသည်။ လေဟုန်ကိုစီး၍လိုက်သော ငှက်ကြီးကဲ့သို့ အားထုတ်ရသည်မှာ သက်သာလာသည်။

ထိုသို့ ပွားများအားထုတ်ဖန် များလတ်သော် နှာခေါင်းဝမှ နှစ်တောင့်ထွာခန့် အရပ်အကြား၌ မီးခိုးတန်းငယ်တစ်ခု ပေါ်လာမည်။ ထွက်သက်လေကို လွှတ်သောအခါ မီးခိုးတန်းငယ်သည် နှာဝမှ နှစ်တောင့်ထွာခန့်အထိ သွား၏။ တစ်ဖန် ဝင်သက်လေကို ရှူသွင်းလိုက်သောအခါ မီးခိုးတန်းငယ်သည် နှစ်တောင့်ထွာခန့် အရပ်မှ နှာဝသို့ ပြေးကပ်လာသည်။ ယင်းမီးခိုးတန်းကို မျက်စိဖြင့်မြင်ရခြင်းမဟုတ်၊ စိတ်ဖြင့်သာ ထင်မြင်ရခြင်းဖြစ်သည်။ ယင်းထင်မြင်ရသော နိမိတ်ကို ဥဂ္ဂဟနိမိတ် ဟု ခေါ်သည်။ မိမိအလိုရှိတိုင်း ရယူနိုင်မှသာလျှင် ထိုနိမိတ်ကို ဥဂ္ဂဟနိမိတ်ဟု ခေါ်ရသည်။
စာမျက်နှာ-203


မဂ္ဂင်ဖြင့် စောင့်ရှောက်ခြင်း

နှာဝမှ သတ်မှတ်ထားသော အမှတ်သို့ရောက်အောင် ထွက်သက်ကိုလည်းကောင်း၊ အာရုံနိမိတ်ကိုလည်းကောင်း အားပင့်၍ တွန်း၍လွှတ်ခြင်း၊ ဝင်သက်ကိုလည်းကောင်း၊ အာရုံနိမိတ်ကိုလည်းကောင်း သတ်မှတ်ထားသော နေရာမှ နှာဝသို့ ရောက်အောင် အားပင့်၍ဆွဲ၍ နှိုက်ယူခြင်းသည် ကောင်းစွာအားထုတ်ခြင်း သမ္မာဝါယာမမဂ္ဂင် မည်၏။ စိတ်ဓာတ်အင်အား စိုက်ထုတ်တိုင်း သိနေခြင်းသည် သမ္မာသတိမဂ္ဂင် မည်၏။ အခြားအာရုံသို့ မပြေးမသွားဘဲ ဝင်သက်ထွက်သက်နှင့် အာရုံနိမိတ်ကိုသာ စူးစိုက်နေခြင်းသည် သမ္မာသမာဓိမဂ္ဂင် မည်၏။

နောက်ဆုတ်၊ ရှေ့တိုး၊ ငုတ်တုတ်ထိုင် သုံးမျိုးခွဲခြင်း

ယောဂီပုဂ္ဂိုလ်၏ ဥဂ္ဂဟနိမိတ်သည် ရေနံမီးခိုး၊ အမှိုက်မီးခိုးတို့၏ အခိုးကဲ့သို့ နောက်ကျု၏။ ထိုနောက်ကျသော ဥဂ္ဂဟနိမိတ်ကို မဂ္ဂင်သုံးပါးဖြင့် စောင့်ထိန်း၍ တစ်ရက်နှစ်ရက် ဆက်လက်ရှူလျှင် နိမိတ်သည် ဖြူစင်လာ၏။ အညိုရောင် အမည်းရောင် ပျောက်၍ အလွန်ကြည်လင်လာ၏။ ထိုအခါ အချို့သော ယောဂီသည် ကြည်လင်လာသော ဆီးနှင်းအရောင်၊ ရေအရောင်ကို မရှုမှတ်နိုင်ဘဲ မီးခိုးရောင်ကိုသာ ပြန်လည်တမ်းတ အာရုံပြုတတ်သည်။ ဤပုဂ္ဂိုလ်ကို နောက်ဆုတ်ထိုင်သူ ဟု ခေါ်ရသည်။

အချို့သော ယောဂီသည် မိမိ၏ ဥဂ္ဂဟနိမိတ်အား မီးခိုးအရောင်၊ တိမ်ညွန့်အရောင်သာရှိသေး၏။ သို့ရာတွင် ဆန္ဒစောလျက် ဥဂ္ဂဟနိမိတ်ကို ဆီးနှင်းအရောင်၊ ရေအရောင်အဖြစ် ကြိုတင်မှန်းဆ၍ အာရုံပြုတတ်၏။ ထိုပုဂ္ဂိုလ်ကို ရှေ့တိုးထိုင်သူ ဟု ခေါ်ရသည်။ အချို့သော ယောဂီသည် မိမိ၏ ဥဂ္ဂဟနိမိတ်ကို မီးခိုး၊ တိမ်ညွန့်သဖွယ် မြင်နေရ၏။ ရှေ့သို့မတိုးဘဲ မြင်ရသည့်အတိုင်း ဆက်လက်အာရုံပြုနေ၏။ ထိုပုဂ္ဂိုလ်ကို ငုတ်တုတ်ထိုင်သူ ဟု ခေါ်ဆိုရသည်။

တတိယဆင့် အားထုတ်ခြင်း

တတိယအဆင့် အားထုတ်ရာ၌ ဝင်သက်၏ အစ အလယ် အဆုံးနှင့် ထွက်သက်၏ အစ အလယ် အဆုံး ထင်မြင်လာအောင် ရှုမှတ်ရမည်။

ဝင်သက်၏ အစမှာ နှာသီးဖျား၊ အလယ်မှာ ရင်ညွန့်၊ အဆုံးမှာ ချက်ဖြစ်သည်။

ထွက်သက်၏ အစမှာ ချက်၊ အလယ်မှာ ရင်ညွန့်၊ အဆုံးမှာ နှာသီးဖျားဖြစ်သည်။
စာမျက်နှာ-204


ဒုတိယအဆင့် အားထုတ်နည်း၌ ဖော်ပြခဲ့သော ဥဂ္ဂဟနိမိတ်သည် ကြည်လင်သန့်ရှင်းလာသောအခါ ပဋိဘာဂနိမိတ် ဖြစ်လာသည်။ ယင်းပဋိဘာဂနိမိတ် ဆီးနှင်းအရောင်၊ ရေအရောင်သည် နှာသီးဖျားမှ ချက်သို့၊ ချက်မှ နှာသီးဖျားသို့ ဝင်ထွက်နေသည်ကို မျက်စိဖြင့် မြင်ရသကဲ့သို့ စိတ်ဖြင့် ရှင်းလင်းထင်ရှားစွာ မြင်လာရသည်။ မြင်ပုံမှာ ကြည်လင်သောဖန်ဖြင့် ပြုလုပ်ထားသော လူရုပ်တစ်ခုရှိရာ အလွန်ကြည်လင်သော ရေကို နှာဝမှ သွန်းလောင်းထည့်လိုက်၏။ မျက်စိကောင်းသူတစ်ယောက်သည် အနီးမှနေ၍ ကြည့်နေရာ သွန်းလောင်းလိုက်သောရေသည် ယခု နှာသီးဖျား၌ ရှိသေး၏၊ ယခု ရင်ညွန့်သို့ ရောက်ပြီ၊ ယခု ချက်သို့ ရောက်ပြီ ဟူ၍ တပ်အပ်သေချာစွာ မြင်နေရသည်။ တစ်ဖန် ယင်းဖန်ဖြူလူရုပ် အောက်ဖက်မှ ပိုက်ပြွန်ဖြင့် မှုတ်လိုက်သောအခါ ရေသည် ချက်မှာ ရှိသေး၏၊ ယခု ရင်ညွန့်သို့ ရောက်ပြီ၊ ယခု နှာသီးဖျားသို့ ရောက်ပြီ ဟူ၍ ဝင်တိုင်း ထွက်တိုင်း ထင်မြင်လာသည်။

ပုလဲလုံး မီးပန်း

အချို့သော ယောဂီများသည် နှာဝမှ ချက်တိုင်အထိ ပုလဲလုံးတစ်ခု ဆင်းသည် တက်သည်ဟု ထင်မြင်လာ၏။ အချို့သော ယောဂီများမှာ မီးပန်းတစ်ခု နှာဝမှ ချက်တိုင်အထိ ဆင်းတက်နေသည်ကို ထင်မြင်ရသည်။ ထိုပဋိဘာဂနိမိတ်ကို ဝင်သက်ထွက်သက်အဖြစ် သတ်မှတ်၍ အစ အလယ် အဆုံး ရှုမှတ်ရမည်။

နိမိတ်ရင့်သန်ရန် လေ့ကျင့်ခြင်း

ယင်းပဋိဘာဂနိမိတ်ကို လွန်စွာကြည်လင်သန့်ရှင်း၍ ရှူတိုင်းရှိုက်တိုင်း စွဲမြဲစွာ ပေါ်နေအောင် နေ့ရက်ရှည်ကြာစွာ အဆက်မပြတ် အားထုတ်ပေးရသည်။ ပဋိဘာဂနိမိတ်ကို ရှည်စေ၊ တိုစေ၊ ကြီးစေ၊ ငယ်စေ၊ လောက်စေ၊ ထောင်စေ၊ စိုက်စေ၊ ဝန်းစေ၊ အထောင့်ဖြစ်စေ၊ မျက်စိမှထွက်စေ၊ နားမှထွက်စေ၊ ပါးစပ်မှထွက်စေ၊ ပါးကိုဖောက်၍ထွက်စေ၊ နီးစေ၊ ဝေးစေ၊ ကွေးစေ စသည်ဖြင့် အမျိုးမျိုး လေ့ကျင့်ပေးရမည်။ မိမိအလိုရှိတိုင်း ပြုလုပ်၍ရပါမူ ကျွမ်းကျင်နိုင်နင်းပြီဟု မှတ်သားရမည်။

နိမိတ်ဖြင့် ဦးခေါင်းဖြတ်ခြင်း

ပဋိဘာဂနိမိတ်ကို အလိုရှိတိုင်းရအောင် လေ့လာပြီးနောက် ယင်းနိမိတ်ကို သုံးထွာခန့်ကြီးစေလျက် ထွက်သက်ဖြင့် ရှေ့တူရူသို့ လျင်မြန်စွာ ထုတ်လွှတ်ရမည်။ တစ်ဖန် မိမိ၏ မျက်နှာဘက်သို့ ရှေးရှု၍ ယင်းနိမိတ်ကို ဝင်သက်ဖြင့်
စာမျက်နှာ-205


အလျင်အမြန် ဆွဲယူရမည်။ ထိုသို့ ဆွဲယူရာ၌ နိမိတ်အကြည်ဓာတ်သည် ငါ၏ ဦးခေါင်းကို ဖြတ်လေပြီလောဟု တွေး၍ ကြောက်တတ်၏။ မကြောက်လင့်။ ယင်းနိမိတ်အကြည်ဓာတ်ကို လျင်မြန်သော အဟုန်ဖြင့် ဆွဲယူ၍ ဦးခေါင်းပြတ်သွားအောင် ဖြတ်ရမည်။ တစ်ကြိမ်တည်းဖြင့် မပြတ်လျှင် အကြိမ်ကြိမ် ဖြတ်ရမည်။ အကြိမ်ကြိမ်ဖြတ်ရာ၌ ထန်းသမား ထန်းလှီးသကဲ့သို့ လည်းကောင်း၊ တောင်ပို့ကို ထိပ်ဝမှစ၍ ဖြိုသကဲ့သို့ လည်းကောင်း၊ ဆေးရိုးစဉ်းသောသူကဲ့သို့ လည်းကောင်း ဦးထိပ်မှစ၍ တစ်ကြိမ်ချင်း ဖြည်းဖြည်း ပါးပါး ပါးပါး တစ်လွှာချင်း ဖြတ်ရမည်။ ဦးခေါင်းပြတ်၍ ဦးခေါင်းမရှိတော့ပြီဟု ထင်မြင်လာမူ အဇ္ဈတ္တသို့ စွဲသည်ဟု မှတ်လေ။

ကိုယ်ကို မီးတိုက်စားခြင်း

ဦးခေါင်းဖြတ်သောနည်းအတိုင်း ဤခန္ဓာကိုယ်ကြီးကို ပဋိဘာဂနိမိတ်ဖြင့် တိုက်စားရမည်။ ယမ်းတုံးကို အပေါ်မှ မီးတိုက်လိုက်သကဲ့သို့ လည်းကောင်း၊ ဝါဂွမ်းဆိုင်ကို မီးတိုက်သကဲ့သို့ လည်းကောင်း ခန္ဓာကိုယ်ကို တိုက်စားရမည်။ ပဋိဘာဂနိမိတ်ကို ဆီပွတ်ကျည်ပွေ့၏ အရင်းခန့် ပမာဏပြု၍ ထိပ်ထက်၊ ပခုံးထက်မှစ၍ အောက်သို့ ဝင်သက်ဖြင့် ထိုးသွင်းရာ၏။ ယင်းနိမိတ်ကို တင်ပါးအဆုံးသို့ ရောက်လျှင် အောက်မှ အထက်သို့ ထွက်သက်ဖြင့် ဖြည်းညင်းသာယာစွာ မ-တင် ထုတ်လွှတ်ရမည်။ ရံခါ ဝင်သက်ဖြင့် အောက်သို့ ခြေဖျားတိုင်အောင် ပို့ရမည်။ မီးတိုက်စားသကဲ့သို့ ပဋိဘာဂနိမိတ်သည် အထက်မှအောက်၊ အောက်မှအထက် အကြိမ်ကြိမ် တိုက်စားရာ အထက်ကောင်းကင်မှ မိုးပေါက်များ ကျလာသကဲ့သို့ ထင်မြင်ရသည်။ သို့မဟုတ် အထက်သို့ ဖန်ပြွန်ဖြင့် ရေများကို မှုတ်တင်လိုက်သောအခါ ရေမှုန်များကို မြင်ရသကဲ့သို့ လည်းကောင်း၊ သဲကမ်းပါးပြိုသကဲ့သို့ လည်းကောင်း ထင်မြင်လာမူ အဇ္ဈတ္တ (ကိုယ်တွင်း) သို့ ပဋိဘာဂနိမိတ် ဝင်ပြီဟု မှတ်လေ။ ထိုသို့ဝင်ခြင်းကို “ဩဓိ” ဟု ခေါ်သည်။

၁၂-တောင် စေလွှတ်ခြင်း

ပဋိဘာဂနိမိတ်ကို အထက် ၁၂-တောင်၊ အောက် ၁၂-တောင် အဆင်းအတက် စေလွှတ်ရမည်။ အထက် ၁၂-တောင် အစ၊ မိမိကိုယ်ကို အလယ်၊ အောက် ၁၂-တောင်ကို အဆုံးဟူ၍ သတ်မှတ်ပြီးလျှင် အထက်မှ အောက်သို့ ဝင်သက်ဖြင့်ရှု၊ အောက်မှ အထက်သို့ ထွက်သက်ဖြင့်ရှူရမည်။ အလားတူပင် အရှေ့ဘက် ၁၂-တောင်၊ အနောက်ဘက် ၁၂-တောင်၊ မိမိကိုယ်ကို အလယ်ထား၍ ပဋိဘာဂနိမိတ်ကို ဝင်သက်ထွက်သက်အဖြစ် စေလွှတ်၍ ရှုရမည်။ ထိုနည်းအတူ တောင်မြောက် ၁၂-တောင် စေလွှတ်၍ ရှုရမည်။
စာမျက်နှာ-206


ဤသို့လျှင် ထက်အောက်ဖီလာ ဆယ်မျက်နှာတို့၌ ပဋိဘာဂနိမိတ်ကို လေ့ကျင့်သည့်အခါ အာကာသဂင်္ဂါမှ လျှောကျလာသော ရေလုံးရေဆိုင်ကြီးများကဲ့သို့ မြင်ရခြင်းသည် “အန္တောဓိ” မည်၏။ ယင်းအန္တောဓိ၌ ရံခါရံခါ စူးစမ်းသည့်အနေဖြင့်သာ ရှူရာ၏။ ပဋိဘာဂနိမိတ်ကို ဩဓိခေါ် ကိုယ်တွင်း၌သာ အမြဲထားရာ၏။

စတုတ္ထဆင့် အားထုတ်ခြင်း

ထိုကဲ့သို့ ပဋိဘာဂနိမိတ်ကို ရှုမှတ်နေချိန်မှာပင် ငါ၏ ဝင်သက်ထွက်သက်များသည် ရုန့်ရင်းကြမ်းတမ်းသေး၏။ ရုန့်ရင်းကြမ်းတမ်းသော ဝင်သက်ထွက်သက်သည် ပူလောင်မှုနှင့်တကွ ဖြစ်၏။ ယခုအခါ ယင်းကြမ်းတမ်းသော ဝင်သက်ထွက်သက်ကို ငြိမ်းစေအံ့-ဟု နှလုံးသွင်း၍ အပေါ်ပိုင်းကိုယ်ခန္ဓာကို ဖြောင့်စွာထားပြီး ခြေ လက် ဦးခေါင်း စသည်တို့ကို မလှုပ်ရှားအောင် နေခြင်းဖြင့် ကိုယ်ကိုသိမ်းဆည်းခြင်း၊ ကာမစ္ဆန္ဒ စသော နီဝရဏငါးပါးတို့တွင် တစ်ပါးပါးကိုမျှ မကြံစည်မူ၍ ကမ္မဋ္ဌာန်းအာရုံ၌သာ ရှေးရှုထားခြင်းဖြင့် စိတ်ကို သိမ်းဆည်းခြင်း ဤသိမ်းဆည်းခြင်းနှစ်ပါးကိုပြု၍ ဒုတိယဆင့်အားထုတ်စဉ်ကအတိုင်း ပဋိဘာဂနိမိတ်ကိုပင်လျှင် မိမိ၏ နှာသီးဖျား၌ ဝင်သက်ထွက်သက်အဖြစ်ဖြင့် အာရုံပြု၍ အားထုတ်ရသည်။ နှာသီးဖျားမှ ချက်တိုင်သို့ ဝင်လိုက် ထွက်လိုက် ဖြစ်စေရမည်။

အားထုတ်ဖန်များလာသောအခါ မီးတောက်မီးလျှံကို လေအဟုန်ပင့်သည့်အခိုက် မီးခိုးခေါင်းတိုင်ပေါက်မှ ရံခါရံခါ မီးတောက် ပေါ်ထွက်လာတတ်သည်။ အလားတူပင် နှာသီးဖျား၌ ပဋိဘာဂနိမိတ်အာရုံသည် တစ်မိုက်ခန့် လက်လေးသစ်ခန့် အပြင်သို့ ထွက်လာတတ်၏၊ စိတ်၌ မြင်ရခြင်း ဖြစ်သည်။

ယောဂီပုဂ္ဂိုလ်သည် ရုန့်ရင်းကြမ်းတမ်းသော ပူလောင်ပင်ပန်းမှုရှိသော ဝင်သက်ထွက်သက်ကို ငြိမ်းစေအံ့ဟု နှလုံးသွင်း၍ ဝင်သက်လေဖြင့် ထိုနိမိတ်ကို ရှေးဦးစွာ ရှိုက်သိမ်းလိုက်ရမည်။ တစ်ဖန် ထွက်သက်လေကို ဖြည်းညင်းသာယာစွာ လွှတ်ရမည်။ ဤနည်းအတူ ဒုတိယ၊ တတိယ ဝင်သက်လေ ထွက်သက်လေတို့ကိုလည်း ဖြစ်နိုင်သမျှ ဖြည်းညင်းသာယာစွာ ဝင်စေ ထွက်စေရမည်။ ရှူရှိုက်ရန် အားစိုက်ခြင်းမပြုရ။ ပဋိဘာဂနိမိတ် ဆင်းလိုက်တက်လိုက် ဖြစ်နေသည်ကို မိမိနှင့် မဆိုင်သလို သဘောထားပြီး စောင့်ကြည့်နေရမည်။ ထိုအခါ ငြိမ်သက်ခြင်း၊ အထူးသဖြင့် အလွန်ငြိမ်သက်ခြင်း ဖြစ်လာတော့သည်။

စာမျက်နှာ-207


ကောင်းကင်ပျံတက်ခြင်း

ထိုကဲ့သို့ ရုန့်ရင်းကြမ်းတမ်းသော ဝင်သက်ထွက်သက်များကို သိမ်းဆည်း၍ ပဋိဘာဂနိမိတ် ညင်သာစွာ ဆင်းလိုက်တက်လိုက် ဖြစ်နေသည်ကို ငြိမ်သက်စွာ ရှုနေသည့်အခါ ယောဂီ၏ ကိုယ်ခန္ဓာသည် အောက်ခံကြမ်းပြင်မှ လွတ်၍ ကောင်းကင်သို့ မြောက်တက်နေသည်ဟု ထင်ရသည်။ ခန္ဓာကိုယ် ကြီးထွားပူတက်လာသကဲ့သို့ ထင်ရသည်။ ခန္ဓာကိုယ် ရှည်ခြင်း၊ တိုခြင်း၊ လုံးခြင်း၊ ပြားခြင်း ရှိသကဲ့သို့ အမျိုးမျိုး ထင်မြင်လာသည်။

မှန်ရုပ် ဖန်ရုပ်ကဲ့သို့ ထင်လာပုံ

ဤကဲ့သို့ ဆက်လက်အားထုတ်နေသော ယောဂီပုဂ္ဂိုလ်သည် ဦးခေါင်းမှ ခြေဖျားအထိ မိမိခန္ဓာကိုယ်ကြီးကို လွန်စွာ ကြည်လင်သန့်ရှင်းသော မှန်တုံး၊ မှန်တိုင်၊ မှန်ရုပ်ကြီးကဲ့သို့ ထင်ရ၏၊ သို့မဟုတ် ဖန်တုံး၊ ဖန်တိုင်၊ ဖန်ရုပ်ကြီးကဲ့သို့ ထင်ရှိ၏။ ဤသို့ ထင်ခြင်းသည် သုညတသဘော ဆိုက်ရန် ဖြစ်တော့သည်။

အချို့သော ယောဂီများမှာ ဂွမ်းဆိုင်၊ ဂွမ်းပုံကြီးကဲ့သို့ လည်းကောင်း၊ နီသောကမ္ဗလာ၊ ညိုမောင်းသော ကမ္ဗလာ စသည်တို့ကဲ့သို့ လည်းကောင်း ထင်လာ၏။ ထိုအခါ ဝဏ္ဏကသိုဏ်းဘက်သို့ ဦးတည်လာသည်။ တစ်ဖန် အရိုးစု၊ အသားစု၊ အူသိမ်၊ အူမ စသည် ထင်လာလျှင် အသုဘကမ္မဋ္ဌာန်းဘက်သို့ ဦးတည်လာသည်။ ထိုသုံးပါးတို့တွင် ဝဏ္ဏနှင့် အသုဘထင်မြင်လာပါမူ ပဋိဘာဂနိမိတ်ကို အကြိမ်များစွာ သုံးသပ်ရမည်။ သုံးသပ်ဖန်များလာသော် လွန်စွာ ကြည်လင်သန့်ရှင်းလာ၍ ကောင်းကင်ယံ၌ လပြည့်ဝန်းကဲ့သို့ ထင်ရှားလာပြီးလျှင် သုညတသဘောသို့ သက်ရောက်လေသည်။ ထိုကဲ့သို့ သုညတဖြစ်အောင် အားထုတ်ရမည်။

စတုတ္ထအဆင့် ကျင့်သုံးရာ၌ ဝင်သက်ထွက်သက်လေသည် သာယာညင်းပျောင်း ငြိမ်သက်သည်ဖြစ်၍ ခန္ဓာကိုယ်သည် လေဖြင့်ပြည့်သော သားရေအိတ်ကဲ့သို့ ဖောင်းကြွပြည့်ဖြိုး တိုးတက်မြှောက်ပင့် ချီးမြှင့်ဝဲပျံသကဲ့သို့ ဖြစ်လာသည်။ ဤသို့ ဖြစ်ခြင်းကို ရုပ်ဥပစာ ဆိုက်သည်ဟု ခေါ်ကြသည်။ မိမိကိုယ်မှ လေးတောင်ပတ်လည်အတွင်း ပဋိဘာဂနိမိတ်ကို ကြည်လင်သန့်ရှင်းစွာ မြင်ရခြင်းကို နာမ်ဥပစာ ဆိုက်သည်ဟု ခေါ်ဆိုကြသည်။

ဤအဆင့် လေးဆင့်တို့၌ သန္နိဋ္ဌဝါရဖြင့် သတိမြဲသောသူကိုသာလျှင် ဒုတိယအဆင့်သို့ တက်စေရမည်။ ဥဂ္ဂဟနိမိတ်ကို ရ၍ ပဋိဘာဂနိမိတ်သို့ ရောက်သောသူကိုသာ တတိယအဆင့်သို့ ကူးပြောင်းစေရာ၏။ နိမိတ်မထင်သေးလျှင်
စာမျက်နှာ-208


ပထမအဆင့်သို့ ပြန်လည်သက်ဆင်းစေရမည်။ တတိယအဆင့်၌ ပဋိဘာဂနိမိတ်ဖြင့် ဦးခေါင်းကို ဖြတ်ပြီးနောက် အဇ္ဈတ္တသို့ မသက်မချင်း ပဋိဘာဂနိမိတ်ကို အကြိမ်များစွာ သွတ်သွင်းပေးရမည်။ အဇ္ဈတ္တနှင့် ဗဟိဒ္ဓ (အတွင်းနှင့်အပြင်) မခြားနား တစ်သားတည်းကဲ့သို့ နေပါမှ စတုတ္ထအဆင့်သို့ တက်ရမည်။

ဝိရိယနှင့် သမာဓိကို ညီမျှအောင်ထားပါ

ကမ္မဋ္ဌာန်းအားထုတ်သူ ယောဂီပုဂ္ဂိုလ်သည် ကြိုးစားအားထုတ်မှု လုံ့လဝီရိယနှင့် ငြိမ်သက်တည်ကြည်မှု သမာဓိကို အညီအမျှဖြစ်အောင် သတိထားရမည်။ အဘယ်ကြောင့်ဆိုသော် ဝီရိယသည် လိုအပ်သည်ထက် လွန်ကဲလာလျှင် စိတ်မငြိမ်သက်မှု၊ စိတ်ပျံ့လွှင့်မှုများဖြစ်ပြီး ဥဒ္ဓစ္စ အဖြစ်သို့ ရောက်ရှိသွားတတ်သည်။ ထို့အတူ သမာဓိသည်လည်း လိုအပ်သည်ထက် လွန်ကဲသွားလျှင် ငိုက်မျဉ်းထိုင်းမှိုင်းမှု၊ အိပ်ချင်မှုများ ဖြစ်လာပြီး ထိနမိဒ္ဓ ဆီသို့ ကူးပြောင်းသွားတတ်သည်။ ထို့ကြောင့် တရားအားထုတ်သူ ယောဂီသည် ပန်းတိုင်ရောက်ရန်အတွက် ဝီရိယနှင့် သမာဓိကို ညီမျှအောင် အမြဲယှဉ်တွဲထားရမည်။ ဤနေရာ၌ ဝီရိယလွန်ကဲ၍ အရဟတ္တဖိုလ်မဆိုက်နိုင်ပုံကို သာဓကပြပါဦးမည်။

ဧတဒဂ်ဘွဲ့တံဆိပ်တော် ငါးထပ်ရ အရှင်အာနန္ဒာသည် ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးသည်အထိ ရဟန္တာမဖြစ်သေးဘဲ ကျင့်ဆဲ (သေက္ခပုဂ္ဂိုလ်) အရိယာအဖြစ်ဖြင့်သာ တည်ရှိနေ၏။ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက် မကြာမီအချိန်တွင် ပိဋကတ်သုံးပုံကို သံဂါယနာတင်ရန် အကြောင်း ပေါ်ပေါက်ခဲ့သည်။

ထိုသံဂါယနာတင်ပွဲ၌ အရှင်မဟာကဿပမထေရ်မြတ်သည် ဦးစီးခေါင်းဆောင် ဖြစ်၏။ ထိုသံဂါယနာတင်ရန်အတွက် ရဟန္တာပုဂ္ဂိုလ်ငါးရာ ရွေးချယ်ရန်ရှိသည့်အနက် (၄၉၉) ပါးကိုသာ ရွေးချယ်၍ တစ်ပါးအတွက် ချန်လှပ်ထားသည်။ အရှင်အာနန္ဒာသည် ရဟန္တာမဖြစ်သေးသဖြင့် ရွေးချယ်ရန် မသင့်ချေ။ အရှင်အာနန္ဒာမပါလျှင်လည်း ဤပထမသံဂါယနာတင်ပွဲကြီးမှာ ပီပီပြင်ပြင် ဖြစ်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် အရှင်အာနန္ဒာသည် ဘုရားရှင်ကြွရာ အရိပ်ပမာ ထက်ချပ်မကွာ အမြဲလိုက်ပါနေရသဖြင့် ဘုရားရှင်ဟောသမျှ သုတ်၊ အဘိဓမ္မာ၊ ဝိနည်းတရားအားလုံးကို နှုတ်တက်အာဂုံဆောင်ထားနိုင်သဖြင့် ဤသံဂါယနာတင်ပွဲ၌ အရှင်အာနန္ဒာမပါ၍ လုံးဝမဖြစ်။ ရဟန္တာမဖြစ်သေးဘဲ အရှင်အာနန္ဒာအား ရွေးချယ်လိုက်ပြန်လျှင်လည်း မျက်နှာလိုက်သည်၊ အဂတိလိုက်သည်ဟု သံဃာအများက ကဲ့ရဲ့ကြမည်။ ထို့ကြောင့် (၅၀၀) မှာ တစ်ပါး လျှော့ထားရခြင်းဖြစ်သည်။
စာမျက်နှာ-209


အရှင်အာနန္ဒာသည်လည်း နေ့ပေါင်း ညဉ့်ပေါင်းများစွာ ကာယဂတာသတိဖြင့် ကုန်လွန်စေကာ တရားအားထုတ်လျက် ရှိ၏။ သို့သော် ရဟန္တာကား မဖြစ်သေးချေ။ ညနေချမ်း၌ အရှင်အာနန္ဒာသည်—

“မနက်ဖြန် သံဂါယနာတင်တော့မည်၊ ငါသည် ကျင့်ဆဲ (သေက္ခ) ပုဂ္ဂိုလ်ဖြစ်လျက် သံဃာ့အစည်းအဝေးသို့ သွားရန် မသင့်တော်ချေ” ဟု စဉ်းစားတော်မူ၍ တစ်ညဉ့်လုံး မရပ်မနား စင်္ကြံကြွ၍ ကမ္မဋ္ဌာန်းအားထုတ်တော်မူသည်။ မိုးသောက်ယံရောက်ပါသော်လည်း ကိလေသာအာသဝေါကုန်းခန်းသည့် ရဟန္တာမဖြစ်သေးချေ။ အရှင်အာနန္ဒာသည် စိတ်ပျက်အားလျှော့မိသည်။ တစ်ဖန် ထပ်မံ၍ အရှင်အာနန္ဒာ နောက်ထပ်စဉ်းစားသည်မှာ—

“ငါ့ကို ဘုရားရှင်ကိုယ်တော်တိုင်က အာနန္ဒာ သင်သည် ပြုအပ်ပြီးသော ကောင်းမှုရှိသူဖြစ်၏၊ ကမ္မဋ္ဌာန်းစီးဖြန်းပါ၊ မကြာမီ ရဟန္တာ ဖြစ်လိမ့်မည်ဟု ပြောခဲ့ဖူး၏၊ ဘုရားရှင်တို့၏ စကားတော်မည်သည် ချွတ်ချော်မှု မရှိနိုင်၊ ငါ့အား ဝီရိယလွန်ကဲနေ၍သာ စိတ်ပျံ့လွှင့်မှု ဖြစ်နေ၏။ ယခု ငါ၏ဝီရိယကို သမာဓိနှင့် ညီမျှအောင် ပြုလုပ်မည်။”

ထိုသို့ စဉ်းစားပြီးနောက် အရှင်အာနန္ဒာသည် စင်္ကြံလမ်းမှ ဆင်းသက်ပြီး ခြေတော်တို့ကို ရေဆေး၍ ကျောင်းတွင်းသို့ ဝင်သွားလေ၏။ ကျောင်းထဲသို့ ရောက်လျှင် ညောင်စောင်း (ခုတင်) ပေါ်၌ ထိုင်၍ အနည်းငယ် နားဦးမည်ဟု ကိုယ်ကို ညောင်စောင်းပေါ်၌ လှဲလိုက်၏။ ထိုအခါ ခြေတော်နှစ်ဖက် မြေ (ကြမ်းပြင်) မှ လွတ်၍ ဦးခေါင်းတော် ခေါင်းအုံးဆီသို့ မရောက်မီ ဤအကြား၌ အာသဝေါကုန်ခန်း၍ ရဟန္တာအဖြစ်သို့ ရောက်ရှိတော်မူလေသည်။ ထို့ကြောင့် အရှင်အာနန္ဒာကို “ဤသာသနာတော်၌ မလျောင်းဘဲ မထိုင်ဘဲ မရပ်ဘဲ စင်္ကြံမသွားဘဲ ဣရိယာပုထ်လေးပါးမှ လွတ်ကင်းလျက် ရဟန္တာဖြစ်သူ” ဟု ပြောစမှတ်ပြုခဲ့ကြသည်။

ထို့ကြောင့် တရားအားထုတ်သူ ယောဂီပုဂ္ဂိုလ်သည် အရှင်အာနန္ဒာမထေရ်မြတ်၏ သာဓကကို ထောက်ရှု၍ ဝီရိယနှင့် သမာဓိ ညီတူညီမျှ ဖြစ်စေရန် အထူးသတိထားအပ်တော့သည်။
စာမျက်နှာ-210


အာနာပါန၏ အကျိုးအာနိသင်များ

ပြဆိုအပ်ခဲ့ပြီးသောနည်းတို့ဖြင့် အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်လျှင် များစွာသော အကျိုးအာနိသင်ရှိ၏။ ငြိမ်လည်းငြိမ်သက်၏။ မွန်လည်းမွန်မြတ်၏။ မိစ္ဆာဝိတက် (မှားသောအကြံအစည်) တို့ကို ပယ်ခြင်းငှါလည်း စွမ်းနိုင်၏။ သမာဓိ၏ အန္တရာယ်ကို ပြုတတ်ကုန်သော မိစ္ဆာဝိတက်တို့၏ အစွမ်းအားဖြင့် ထိုထိုအာရုံဆီသို့ စိတ်၏ပြေးသွားခြင်းကို ပယ်ဖြတ်၍ စိတ်ကို ဝင်လေထွက်လေ အာရုံဆီသို့သာလျှင် ရှေးရှုဖြစ်နေစေရန် ပြုတတ်၏။ သတိပဋ္ဌာန်၊ ဗောဇ္ဈင်၊ ဝိဇ္ဇာ၊ ဝိမုတ္တိတို့ကို ထက်ဝန်းကျင် ပြည့်စုံစေနိုင်ကုန်၏။ စုတေခါနီး နောက်ဆုံးကာလ၌ဖြစ်သော အသက်ရှူမှု ဝင်လေထွက်လေတို့ ချုပ်ခြင်းကိုလည်း သိနိုင်ကုန်၏။

နောက်ဆုံးအသက်ရှူမှု

နောက်ဆုံးအသက်ရှူမှုတို့မှာ-
(က) ဘဝအားဖြင့် နောက်ဆုံးအသက်ရှူမှု၊
(ခ) ဈာန်အားဖြင့် နောက်ဆုံးအသက်ရှူမှု၊
(ဂ) စုတိအားဖြင့် နောက်ဆုံးအသက်ရှူမှု -
ဟူ၍ သုံးမျိုးရှိ၏။

ယင်းတို့အနက် ကာမဘုံ၌သာ အသက်ရှူမှုရှိ၍ ရူပဘုံ၊ အရူပဘုံတို့၌ အသက်ရှူခြင်း မရှိကုန်။ ထို့ကြောင့် ကာမဘုံမှ ရူပဘုံ၊ အရူပဘုံသို့ ကူးပြောင်းကြသော ပုဂ္ဂိုလ်တို့သည် ကာမဘုံမှ ကွယ်လွန်ချိန်တွင် ဘုံအားဖြင့် နောက်ဆုံးအသက်ရှူမှုကို ရှူခြင်းဖြစ်၏။ တစ်ဖန် ဈာန်လေးပါးအနက် ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန် ဟူသော အောက်ဈာန်သုံးပါး၌ အသက်ရှူမှု ရှိကြ၏။ စတုတ္ထဈာန်၌ အသက်ရှူမှု မရှိ။ ထို့ကြောင့် စတုတ္ထဈာန်သို့ တက်မည့် ပုဂ္ဂိုလ်သည် အောက်ဈာန်၌ ဖြစ်သည့် အသက်ရှူမှုများ ချုပ်ငြိမ်း၍ ဈာန်အားဖြင့် နောက်ဆုံးအသက်ရှူခြင်း ဖြစ်၏။ စုတိစိတ် (ဘဝတစ်ခု၏ နောက်ဆုံးစိတ်) နှင့် ပြိုင်တူချုပ်သော အသက်ရှူမှုသည် စုတိအားဖြင့် နောက်ဆုံးအသက်ရှူခြင်း မည်၏။ အာနာပါနအားထုတ်သော ရဟန်းသည် ထိုဘဝတစ်ခု၏ နောက်ဆုံးဖြစ်သော အသက်ရှူခြင်းကိုပင် မြင်အောင်ရှုနိုင်၏။
စာမျက်နှာ-211


မိမိ၏အသက်တမ်းကို သိနိုင်ခြင်း

အာနာပါနကမ္မဋ္ဌာန်းမှတစ်ပါး အခြားကမ္မဋ္ဌာန်းကို ပွားများအားထုတ်၍ အရဟတ္တဖိုလ်သို့ ရောက်သော ရဟန္တာပုဂ္ဂိုလ်သည် မိမိအသက်၏ အဆုံးအပိုင်းအခြား (ဘယ်နေ့ သေမည်) ကို ပိုင်းဖြတ်၍ သိနိုင်သည်လည်း ရှိ၏။ မသိနိုင်သည်လည်း ရှိ၏။ အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်၍ အရဟတ္တဖိုလ်သို့ ရောက်သော ပုဂ္ဂိုလ်သည်ကား မိမိအသက်၏ အဆုံးအပိုင်းအခြားကို ပိုင်းဖြတ်၍ သိမြင်နိုင်ကြသည်။

ထိုပုဂ္ဂိုလ်သည် “ယခုအခါ ငါ၏ အာယုသင်္ခါရတို့မှာ ဤမျှလောက်သာ ဖြစ်ကုန်လတ္တံ့၊ ဤမှနောက်၌ မဖြစ်တော့လတ္တံ့” ဟု ပိုင်းဖြတ်၍ သိပြီးလျှင် မိမိ၏ စိတ်တိုင်းကျ မိမိကိုယ်ကို သုတ်သင်ခြင်း၊ သင်းပိုင်ပြင်ဝတ်ခြင်း၊ ဧကသီပြင်ရုံခြင်း (အဝတ်အစားလဲလှယ်ခြင်း) စသည့် မသေမီ ကြိုတင်ပြင်ဆင်ဖွယ် ကိစ္စအားလုံးကို ပြုလုပ်ဆင်ခြင်ပြီးမှ မျက်စိမှိတ်လေတော့၏။ ဘဝဇာတ်သိမ်း၍ ချုပ်ငြိမ်းလေတော့၏။

သာဓကအားဖြင့် သီဟိုဠ်ကျွန်း ကောဋတောင်ကျောင်းတိုက်၌ နေတော်မူသော အရှင်တိဿ၊ မဟာကရယတ္တိကျောင်းတိုက်၌ နေတော်မူသော မဟာတိဿမထေရ်၊ ဒေဝပုတ္တတိုင်းကြီး၌ ပိဏ္ဍပါတ်ဓုတင်ဆောင်လျက် နေတော်မူသော အရှင်တိဿ၊ စိတ္တလတောင်ကျောင်းတိုက်၌ နေတော်မူသော အရှင်ညီနောင်မထေရ်နှစ်ပါး စသည့် အရှင်မြတ်တို့သည် အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်ကြသောကြောင့် မိမိတို့၏ အာယုသင်္ခါရကိုသိ၍ ကြိုတင်ပြင်ဆင်ကာ ဘဝဇာတ်သိမ်းတော်မူကြလေသည်။

စိတ္တလတောင်ကျောင်း၌ နေတော်မူသော ညီနောင်မထေရ်နှစ်ပါးအနက် မထေရ်တစ်ပါးသည် လပြည့်ဥပုသ်နေ့၌ ပါတိမောက်ပြပြီးနောက် ရဟန်းအပေါင်းခြံရံလျက် မိမိနေရာသို့ ကြွသွား၏။ ရောက်လျှင် စင်္ကြံ၌ ရပ်လျက် လရောင်ကို ကြည့်ပြီး မိမိ၏ အာယုသင်္ခါရကို စူးစမ်းဆင်ခြင်တော်မူ၏။ ထို့နောက် ရဟန်းတို့အား “သင်တို့သည် အဘယ်သို့ နေလျက် ပရိနိဗ္ဗာန်စံကြသော ရဟန်းတို့ကို မြင်ဖူးသနည်း” ဟု မေးတော်မူ၏။

ထိုအခါ အချို့သောရဟန်းများက “နေရာ၌ထိုင်လျက်သာ ပရိနိဗ္ဗာန်စံကြသည်ကို တပည့်တော်တို့ မြင်ဖူးကြောင်း”၊ အချို့ရဟန်းများက “ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေထိုင်နေလျက် ပရိနိဗ္ဗာန်စံကြသည်ကို တပည့်တော်တို့ မြင်ဖူးကြောင်း” လျှောက်ထားကြ၏။ ရဟန္တာမထေရ်မြတ်က “ယခုအခါ ငါသည်
စာမျက်နှာ-212


သင်တို့အား စင်္ကြံသွားလျက် ပရိနိဗ္ဗာန်စံသည်ကို ပြပေအံ့” ဟု မိန့်တော်မူပြီး စင်္ကြံလမ်း၌ အရေးအကြောင်း (မျဉ်းကြောင်း) တစ်ခုကို ပြုစေ၏။

ထို့နောက် “ငါသည် ဤမှာဘက်စင်္ကြံအစွန်းမှ ဟိုမှာဘက်စင်္ကြံအစွန်းသို့ သွားပြီးလျှင် တစ်ဖန် ပြန်လာသောအခါ ဤမျဉ်းကြောင်းသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ပရိနိဗ္ဗာန်စံမည်” ဟု မိန့်ဆိုတော်မူပြီး စင်္ကြံသို့တက်ကာ ဤမှာဘက်မှ ဟိုမှာဘက်သို့ ကြွသွားပြီး ပြန်အလာတွင် ခြေတစ်ဘက်ဖြင့် မျဉ်းကြောင်းကို နင်းမိသောခဏ၌ပင် ပရိနိဗ္ဗာန်စံတော်မူလေသည်။

အာနာပါနကမ္မဋ္ဌာန်းဖြင့် သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိခြင်း

ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် တောထွက်တော်မူပြီးနောက် ၆-နှစ်တိုင်တိုင် ခဲခဲယဉ်းယဉ်း (ဒုက္ကရစရိယ) အကျင့်တို့ကို ကျင့်တော်မူခဲ့သည်။ ခံတွင်း၊ နှာခေါင်း၊ နားစသည်တို့မှ ဝင်သက်ထွက်သက်လေတို့ မဝင်မထွက်နိုင်အောင် အောင့်အည်းပိတ်ဆို့ ချုပ်တည်း၍ ကျင့်ခဲ့သည်။ ထိုအခါ အလွန်ပြင်းထန်သောလေတို့သည် ဦးခေါင်းကို ထိခိုက်ပုတ်ခတ်ကုန်၏။ ယင်းအကျင့်သည် ခန္ဓာကိုယ်ကို ပင်ပန်းဆင်းရဲစေသော အာနာပါနအကျင့်ဖြစ်သည်။ ယင်းသို့ ကိုယ်ခန္ဓာတော် ပင်ပန်းဆင်းရဲအောင် ကျင့်ခြင်းကြောင့် ဈာန်လည်းမရ၊ သဗ္ဗညုတရွှေဉာဏ်တော်ကိုလည်း မရခဲ့ပေ။

အလောင်းတော်၏ ဒုက္ကရစရိယ အာနာပါနအကျင့်ကို အတုယူ၍ ဝင်သက်ထွက်သက်လေကို အချိန်များစွာကြာအောင် အောင့်အည်းချုပ်တည်းလျက် အားထုတ်ကျင့်ကြံနေကြသော ယောဂီအချို့ ယခုအခါ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ရှိကြသေးသည်။ ထိုသူတို့သည် ဈာန်လည်း မရနိုင်၊ မဂ်ဖိုလ်လည်း မရနိုင်ပေ။

အလောင်းတော်သည် ပါရမီရင့်၍ ပွင့်ချိန်တန်သောအခါ ဒုက္ကရစရိယအကျင့်မှ သွေဖည်၍ မိမိခုနစ်ရက်သားအရွယ်က ပထမဈာန်ရသည်အထိ အားထုတ်ခဲ့ဖူးသော အာနာပါနကမ္မဋ္ဌာန်းနည်းလမ်းကို သတိပြန်ရကာ ထိုအာနာပါနကမ္မဋ္ဌာန်းကို ကြိုးပမ်းအားထုတ်တော်မူရာ သမာပတ်ရှစ်ပါးနှင့်တကွ သဗ္ဗညုတရွှေဉာဏ်တော်ကိုရ၍ ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။

မှန်၏။ အလောင်းတော်သည် ခုနစ်ရက်သားအရွယ် ကလေးငယ်ဘဝတွင် ခမည်းတော်သုဒ္ဓေါဓနမင်းကြီး လယ်ထွန်မင်္ဂလာပြုနေစဉ် ဇမ္ဗုသပြေပင်ရိပ်၌ အထိန်းတော်များ သိပ်ထားသဖြင့် တစ်ပါးတည်း အိပ်နေတော်မူရရှာသည်။ ထိုစဉ် အလောင်းတော်သည် မိမိအနီးအနား၌ အထိန်းတော်များကို မမြင်
စာမျက်နှာ-213


သဖြင့် ရုတ်ချည်းထထိုင်၍ အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းလျက် ပထမဈာန်ရရှိကာ ဈာန်ချမ်းသာကို ခံစားနေတော်မူသည်။ ထို့ကြောင့် အာနာပါနကမ္မဋ္ဌာန်းသည် သဗ္ဗညုတရွှေဉာဏ်တော်ကိုရ၍ မြတ်ဗုဒ္ဓဖြစ်တော်မူသည်အထိ အကျိုးအာနိသင် ကြီးမားလှပေသည်။

ပုက္ကုသာတိမင်း

ဤနေရာ၌ အာနာပါနကမ္မဋ္ဌာန်းဖြင့် စတုတ္ထဈာန်အထိရရှိသော ပုက္ကုသာတိမင်း၏အကြောင်းကို ဥပရိပဏ္ဏာသပါဠိတော်နှင့် ၎င်းအဋ္ဌကထာ၊ ဓာတုဝိဘင်္ဂသုတ်မှ အကျဉ်းချုပ် ကောက်နှုတ်ဖော်ပြပါမည်။

ထိုအချိန်ကာလတွင် မဇ္ဈိမဒေသ ရာဇဂြိုဟ်မြို့၌ ဗိမ္ဗိသာရမင်းကြီး စိုးစံနေသည်။ မဇ္ဈိမဒေသ၏ အနောက်ဘက်အစွန်အဖျားဖြစ်သော တက္ကသိုလ်မြို့၌ကား ပုက္ကုသာတိမင်း စိုးစံနေ၏။ ဗိမ္ဗိသာရမင်းနှင့် ပုက္ကုသာတိမင်းတို့သည် တစ်ဦးကိုတစ်ဦး မမြင်ဖူးကြသော်လည်း ကုန်သည်များထံမှ ရရှိသော သတင်းစကား၊ လက်ဆောင်ပဏ္ဏာများဖြင့် ဆက်သွယ်ရင်းနှီးနေကြသည်။ မင်းအချင်းချင်း ချစ်ကြည်ရင်းနှီးကြသဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူးသန်းရောင်းဝယ်နေကြသော ကုန်သည်များကိုလည်း နေရာထိုင်ခင်း စီစဉ်ပေးခြင်း၊ အခွန်ကင်းလွတ်ခွင့်ပြုခြင်း၊ ဘေးရန်အန္တရာယ်တို့မှ ကာကွယ်စောင့်ရှောက်ပေးခြင်း စသည်တို့ဖြင့် အပြန်အလှန် အကူအညီပေးကြသည်။ ဘုရင်မင်းအချင်းချင်းလည်း လက်ဆောင်ပဏ္ဏာများ ပေးပို့လျက်ရှိကြသည်။

ရှေးဦးစွာ ပုက္ကုသာတိမင်းထံမှ ဗိမ္ဗိသာရမင်းကြီးထံသို့ အဆင်းငါးမျိုးရှိပြီး အဖိုးအနဂ္ဃထိုက်တန်သည့် ကမ္ဗလာရှစ်ထည်ကို လက်ဆောင်ပဏ္ဏာအဖြစ် ပေးပို့လိုက်သည်။ ဗိမ္ဗိသာရမင်းကြီးကလည်း ပုက္ကုသာတိမင်း၏ လက်ဆောင်ကမ္ဗလာရှစ်ထည်အနက် လေးထည်ကို ဘုရားရှင်အား လှူဒါန်းလိုက်ပြီး လေးထည်ကိုမူ နန်းတော်တွင် မြတ်မြတ်နိုးနိုး သိမ်းဆည်းထား၏။

ဗိမ္ဗိသာရမင်းကြီးသည် “ပုက္ကုသာတိမင်းထံ ဘာလက်ဆောင်များ ပေးပို့ရပါမည်နည်း၊ နောက်မှပေးသူသည် ပထမပေးသူထက်ပို၍ အဖိုးထိုက်တန်သည်ကို ပေးသင့်၏” ဟု စဉ်းစားနေသည်။ လက်ဆောင်ရတနာတို့တွင် သက်မဲ့ရတနာထက် သက်ရှိရတနာက မြတ်၏၊ ထိုတွင်လည်း ဆင်မြင်းစသော တိရစ္ဆာန်ရတနာထက် လူရတနာက မြတ်၏။ လူတို့တွင်လည်း မိန်းမရတနာထက် ယောက်ျားရတနာက မြတ်၏။ ထိုရတနာတို့တွင် ဗုဒ္ဓရတနာသည် အမြတ်ဆုံးဖြစ်၏။ ထို့ကြောင့် ဗိမ္ဗိသာရမင်းကြီးသည် ပုက္ကုသာတိမင်းထံသို့ ဗုဒ္ဓရတနာကို လက်ဆောင်ပဏ္ဏာအဖြစ် ပေးပို့ရန် ကြိုးပမ်းလေသည်။
စာမျက်နှာ-214


ဗိမ္ဗိသာရမင်းကြီးသည် အလျား လေးတောင်၊ အနံတစ်ထွာရှိပြီး မထူလွန်းမပါးလွန်းသော ရွှေပြားကို ပြုလုပ်စေ၏။ ထို့နောက် “ရတနာသုံးပါးတို့ကို လက်ဆောင်အဖြစ် ရွှေပြားပေါ်၌ ယနေ့ စာရေးမည်” ဟု ဆုံးဖြတ်လိုက်ပြီး နံနက်စောစော ဦးခေါင်းမှစ၍ ရေမိုးချိုး၊ နံနက်ပွဲတော်စာ သုံးဆောင်ပြီးနောက် အောက်တံခါးပေါက်များကိုပိတ်၍ ပြာသာဒ်အထက်သို့ တက်တော်မူသည်။ ပြာသာဒ်ပေါ်တွင် လေသာတံခါးကိုဖွင့်၍ အရှေ့ဘက်သို့ မျက်နှာမူကာ ရွှေပြားပေါ်၌ ဟင်္သပဒါးအစစ်ဖြင့် ကိုယ်တိုင် စာရေးတော်မူသည်။ ဗိမ္ဗိသာရမင်းကြီး ရေးသားသော စာများမှာ—

ဣဓ တထာဂတော လောကေ ဥပ္ပန္နော အရဟံ သမ္မာသမ္ဗုဒ္ဓေါ .... ဘဂဝါ—
ဟူ၍ဖြစ်သည်။

ဘုရားဂုဏ်တော် ၉-ပါး၏ အဆုံး၌ ဘုရားအလောင်းတော်ဘဝက ပါရမီဆယ်ပါး ဖြည့်ကျင့်ခဲ့ပုံ၊ တုသိတာနတ်ဘုံမှ စုတိ၍ ပဋိသန္ဓေယူခဲ့ပုံ၊ လူ့လောက၌ ဖြစ်တော်မူလာပုံ၊ တောထွက်တော်မူ၍ ကမ္မဋ္ဌာန်းအားထုတ်တော်မူပုံ၊ ဒုက္ကရစရိယကျင့်ပြီးနောက် အပရာဇိတပလ္လင်တော်ပေါ်၌ သဗ္ဗညုတဉာဏ်တော်ကို ရတော်မူပုံ၊ ဤသို့အားဖြင့် လောက၌ ဗုဒ္ဓဘုရား ပွင့်ထွန်းပေါ်ပေါက်တော်မူလာပုံတို့ကို ရေးသားပြီး နတ်နှင့်တကွသော လောက၌ ဗုဒ္ဓရတနာနှင့်တူသော ရတနာမရှိကြောင်း ရေးသားထားသည်။

တစ်ဖန်ဆက်လက်၍—
“သွာက္ခာတော ဘဂဝတာ ဓမ္မော ... ဝိညူဟိ”—
ဟူ၍ တရားဂုဏ်တော် ၆-ပါးကို ရေးသားပြန်သည်။ တရားဂုဏ်တော် ၆-ပါးအဆုံး၌ ဗောဓိပက္ခိယတရား ၃၇-ပါးကို အပြည့်အစုံ ရေးသားထားသည်။

တစ်ဖန် ဆက်လက်၍——
“သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော ....... လောကဿ”—
ဟူ၍ သံဃာ့ဂုဏ်တော်ကိုးပါးကို ရေးသားပြန်သည်။

၎င်းနောက်၌——
“အမျိုးကောင်းသားတို့မည်သည် ... ဘုရားရှင်၏ တရားတော်ကို နာကြားရပြီးနောက် တောထွက်၍သော်လည်းကောင်း၊ ထီးဖြူ (မင်း
စာမျက်နှာ-215


အဖြစ်) ကို စွန့်၍သော်လည်းကောင်း၊ အိမ်ရှေ့မင်း စစ်သူကြီးအရာ စသည်တို့ကို စွန့်၍သော်လည်းကောင်း ရဟန်းပြုကြပြီး ဤအကျင့်မြတ်တို့ကို ကျင့်ကြံကုန်၏”

ဟု ရေးသားလေသည်။ ၎င်းအကျင့်များမှာ စူဠသီလ၊ မဇ္ဈိမသီလ၊ မဟာသီလ စသော သီလအချို့၊ ခြောက်ဒွါရကို စောင့်စည်းပုံ၊ သတိသမ္ပဇဉ်တရား၊ ပစ္စည်းလေးပါး၌ ရောင့်ရဲခြင်း စသည်နှင့် နောက်ဆုံးတွင် အာနာပါနဿတိကမ္မဋ္ဌာန်း အားထုတ်ပုံအကျယ်ကို ရေးသားထားလေသည်။

ဤသို့ ရေးသားပြီးနောက် ထိုရွှေပေလွှာ လက်ဆောင်ပဏ္ဏာကို ရတနာကြုတ်အဆင့်ဆင့်တွင် ထည့်သွင်း၍ ပုက္ကုသာတိမင်းထံ ပေးပို့လိုက်၏။ ပုက္ကုသာတိမင်းသည် ဗိမ္ဗိသာရမင်းကြီးထံမှ မြတ်သောလက်ဆောင်ပဏ္ဏာများကိုရလျှင် ပြာသာဒ်ပေါ်သို့တက်၍ မြင့်သောနေရာ၌ထားကာ ရိုရိုသေသေ ဖွင့်၏။ ရွှေပြားကိုဖြန့်၍ စာတို့ကို ဖတ်သည်။ ဗုဒ္ဓဂုဏ်တော်များ၊ ဓမ္မဂုဏ်တော်များ၊ သံဃာ့ဂုဏ်တော်များနှင့် ကျင့်စဉ်တရားများကို ဖတ်ရှုသိမှတ်ရသဖြင့် ကြက်သီးမွေးညင်းများထ၍ အတိုင်းမသိ ဝမ်းသာကြည်နူးသော ပီတိသောမနဿများ ဖြစ်ရလေသည်။

နောက်ဆုံးတွင် ပုက္ကုသာတိမင်းသည် အာနာပါနဿတိကမ္မဋ္ဌာန်းအားထုတ်နည်းများကို ဖတ်ရှုမှတ်သား၍ ကိုယ်တိုင်လက်တွေ့ ကျင့်ကြံအားထုတ်သည်။ မကြာမီ စတုတ္ထဈာန်ရရှိသည့်အဆင့်သို့ ရောက်ရှိသွားသည်။ ဈာန်ချမ်းသာကို ခံစားလျက် အချိန်ကုန်လွန်စေသည်။ အစားအစာပို့ရန် ငယ်ကျွန်ရင်းတစ်ယောက်မှလွဲ၍ မည်သူ့ကိုမျှ တွေ့ခွင့်လာခွင့် မပေးပေ။ ဤသို့အားဖြင့် ပြာသာဒ်ပေါ်၌ တစ်ယောက်တည်း ၁၅-ရက်ခန့် အချိန်ကာလကို ကုန်လွန်စေခဲ့သည်။

ထို့နောက် ပုက္ကုသာတိမင်းသည် ဆံပင်တို့ကို ဖြတ်၍ ပြာသာဒ်ပေါ်မှ ပစ်ချလိုက်ပြီး ငယ်ကျွန်၎င်းအား သင်္ကန်းနှစ်ထည်နှင့် မြေသပိတ်ကို ယူစေကာ ဘုရားရှင်ရည်မှန်း၍ မိမိဘာသာ ရဟန်းပြုလိုက်သည်။ သင်္ကန်းကို သေသပ်စွာ ဝတ်ရုံ၍ သပိတ်လွယ်လျက် တောင်ဝှေးကိုင်ကာ ပြာသာဒ်ပေါ်မှ ဆင်းလာခဲ့သည်။ တံခါးသုံးပေါက်တို့၌ ရပ်နေကြသော နန်းတွင်းသူများသည် မိမိတို့အရှင်ဟု မည်သူမျှ မထင်ကြချေ။ ပစ္စေကဗုဒ္ဓါတစ်ပါး ဘုရင်မင်းမြတ်အား တရားဟောရန် ကြွလာသည်ဟု ထင်မှတ်နေကြသည်။ သို့ရာတွင် မှူးမတ်များ သိရှိ၍ လိုက်လံတောင်းပန်ကြသော်လည်း အရှင်ပုက္ကုသာတိသည် နန်းတော်မှ ထွက်ကြွသွားလေသည်။
စာမျက်နှာ-216


ဤသို့ ထွက်ကြွလာသော အရှင်ပုက္ကုသာတိသည် ရာဇဂြိုဟ်ပြည် အိုးထိန်းသည် ဘဂ္ဂဝ၏ အိုးလုပ်တဲသို့ ရောက်ရှိ၍ နားနေလေသည်။ ဘုရားရှင်သည်လည်း လောကကို ကြည့်ရှုတော်မူရာ ထိုအရှင်ပုက္ကုသာတိကို မြင်တော်မူသဖြင့် ဘဂ္ဂဝ၏ အိုးလုပ်တဲဆီသို့ သာမန်ရဟန်းတစ်ပါးအသွင်ဖြင့် တစ်ပါးတည်း ကြွသွားတော်မူသည်။ အရှင်ပုက္ကုသာတိသည် ဘုရားရှင်ကို ရည်မှန်း၍ ရဟန်းပြုခဲ့သော်လည်း မိမိရှေ့မှောက် ရောက်ရှိနေသော ဘုရားရှင်အား ဘုရားရှင်ဟု မသိရှာပေ။ အချင်းချင်း နှုတ်ဆက်စကား ပြောကြားပြီးနောက် ဘုရားရှင်က အရှင်ပုက္ကုသာတိအား ဓာတုဝိဘင်္ဂသုတ္တန်တရားတော်ကို ဟောကြားတော်မူသည်။ တရားတော်ကို နာရင်းမှာပင် ဘုရားရှင်ဟု သိရှာလေသည်။

အရှင်ပုက္ကုသာတိသည် တရားနိဂုံးပြီးဆုံးသောအခါ မိမိ၏ မသိမှု မိုက်မဲမှု တွေဝေမှုများကို သည်းခံခွင့်လွှတ်ပါရန် ဘုရားရှင်အား တိုးလျှိုးတောင်းပန်ပြီး ရဟန်းပြုခွင့် တောင်းလေသည်။ သို့သော် အရှင်ပုက္ကုသာတိမှာ ဝိနည်းတော်နှင့် ညီညွှတ်သော သပိတ်သင်္ကန်း မရှိသေး၍ သပိတ်သင်္ကန်းရှာရန် ထွက်သွားလေသည်။ ယင်းသို့ ထွက်ခွာသွားစဉ် နို့စို့နွားငယ်ရှိသော နွားမအဝှေ့ခံလိုက်ရသဖြင့် ကွယ်လွန်သွားရှာလေသည်။

အရှင်ပုက္ကုသာတိ နွားမဝှေ့၍ သေရှာသည်ကို သိသော ရဟန်းများက ဘုရားရှင်ထံ ချဉ်းကပ်၍ “ပုက္ကုသာတိအမျိုးကောင်းသား၏ လားရာကား အဘယ်နည်း” ဟု လျှောက်ထားကြရာ ဘုရားရှင်က “ပုက္ကုသာတိသည် သံယောဇဉ်ငါးပါးကုန်၍ အနာဂါမ်ဖြစ်ပြီးသောကြောင့် သုဒ္ဓါဝါသအဝိဟာဘုံ၌ဖြစ်၍ ပရိနိဗ္ဗာန်ပြုလတ္တံ့” ဟု မိန့်ကြားတော်မူလေသည်။

ဤဇာတ်ကြောင်း၌ အရှင်ပုက္ကုသာတိသည် ဗိမ္ဗိသာရမင်းကြီး ရေးသားပေးပို့လိုက်သော တရားလက်ဆောင်များမှ အာနာပါနကမ္မဋ္ဌာန်းကို လက်တွေ့ကျင့်ကြံအားထုတ်၍ ၁၅-ရက်အတွင်း စတုတ္ထဈာန်ရသည်အထိ ပေါက်ရောက်အောင်မြင်ခဲ့သည်။ ဘုရားရှင်ဟောကြားတော်မူသော ဓာတုဝိဘင်္ဂသုတ္တန်ကို နာကြားရမှ အနာဂါမ်အဖြစ် ဆိုက်ရောက်ခဲ့သည်။

အာနာပါနအကျိုး ၇-မျိုး

အာနာပါနဿတိကို ကြိမ်ဖန်များစွာ လေ့လာပွားများ အားထုတ်လျှင် ခုနစ်ပါးသော အကျိုးအာနိသင်တို့ကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်ကြောင်းကို မဟာဝဂ္ဂသံယုတ်ပါဠိတော်၊ ဒုတိယဖလသုတ်၌ ဘုရားရှင်ကိုယ်တော်တိုင် ဤသို့ ဟောကြားထားတော်မူသည်။
စာမျက်နှာ-217


အာနာပါနဿတိကို ကြိမ်ဖန်များစွာ အားထုတ်သူသည်—
(၁) မျက်မှောက်ဘဝ၌ပင် မသေမီ စောစောက အရဟတ္တဖိုလ်ကို ပြီးစေနိုင်၏။

(၂) မသေမီ စောစောက အရဟတ္တဖိုလ်ကိစ္စ မပြီးခဲ့သော် သေခါနီး၌ အရဟတ္တဖိုလ်ကို ပြီးစေနိုင်၏။

(၃) မသေမီစောစောနှင့် သေခါနီးတို့၌ အရဟတ္တဖိုလ်ကိစ္စ မပြီးခဲ့သော် အောက်သံယောဇဉ်ငါးပါးကုန်ခြင်းကြောင့် သက်တမ်းအလယ်၌ အရဟတ္တဖိုလ်သို့ ရောက်၍ ပရိနိဗ္ဗာန်ပြုရသော (အန္တရာပရိနိဗ္ဗာယီ) အနာဂါမ်ဖြစ်နိုင်၏။

(၄) သက်တမ်း၏ ထက်ဝက်ကို လွန်မှ အရဟတ္တဖိုလ်သို့ရောက်၍ ပရိနိဗ္ဗာန်ပြုရသော (ဥပဟစ္စပရိနိဗ္ဗာယီ) အနာဂါမ်ဖြစ်နိုင်၏။

(၅) လုံ့လပယောဂ မပါဘဲ အရဟတ္တဖိုလ်သို့ရောက်၍ ပရိနိဗ္ဗာန်ပြုရသော (အသင်္ခါရပရိနိဗ္ဗာယီ) အနာဂါမ် ဖြစ်နိုင်၏။

(၆) လုံ့လပယောဂနှင့်တကွ အရဟတ္တဖိုလ်သို့ရောက်၍ ပရိနိဗ္ဗာန်ပြုရသော (သသင်္ခါရပရိနိဗ္ဗာယီ) အနာဂါမ် ဖြစ်နိုင်၏။

(၇) အထက်အထက်ဘုံသို့ အဆင့်ဆင့်တက်၍ အကနိဋ္ဌဘုံရောက်မှ အရဟတ္တဖိုလ်သို့ရောက်သော (ဥဒ္ဓံသောတအကနိဋ္ဌဂါမီ) အနာဂါမ် ဖြစ်နိုင်၏။

တစ်နည်း အာနာပါနအကျိုး ၅-မျိုး

ဝင်သက်ထွက်သက်လေကို သတိဖြင့် ရှုမှတ်လျက် အာနာပါနကမ္မဋ္ဌာန်း အားထုတ်သူ ယောဂီပုဂ္ဂိုလ် ရရှိနိုင်သော အကျိုးတရားများစွာရှိသည့်အနက် မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ၊ မဟာရာဟုလောဝါဒသုတ်အဖွင့်တွင် လာရှိသော အာနာပါနအကျိုး ၅-မျိုးကို ကောက်နုတ်ဖော်ပြပါဦးမည်။

အာနာပါနကမ္မဋ္ဌာန်း အားထုတ်သူသည်-
(၁) တစ်ထိုင်တည်းဖြင့် အာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်နိုင်ခြင်း၊
(၂) ထိုသို့မဖြစ်ခဲ့သော် သေခါနီးကာလ၌ သမသီသီ ရဟန္တာဖြစ်နိုင်ခြင်း၊
စာမျက်နှာ-218


(၃) ထိုသို့မဖြစ်ခဲ့သော် နတ်ပြည်သို့ ရောက်၍ နတ်ပြည်၌ ဓမ္မကထိကနတ်သား ဟောကြားသောတရားကို နာကြားရသဖြင့် အရဟတ္တဖိုလ်သို့ ရောက်နိုင်ခြင်း၊
(၄) ထိုသို့ မဖြစ်ခဲ့သော် သာသနာပကာလ၌ ပစ္စေကဗုဒ္ဓါ ဖြစ်နိုင်ခြင်း၊

(၅) ထိုသို့မဖြစ်ခဲ့သော် ကြုံတွေ့ရရာ ဘုရားရှင်မျက်မှောက်၌ အရှင်ဗာဟိယဒါရုစိယမထေရ်ကဲ့သို့ ရှစ်လုံးတစ်ပါဒရှိသော လေးပါဒ (လေးပိုဒ်) တစ်ဂါထာအဆုံး၌ ရဟန္တာဖြစ်နိုင်ခြင်း။

သမသီသီရဟန္တာ (၃) မျိုး

ဤဖော်ပြပြီး အကျိုးငါးပါးအနက် နံပါတ် (၂) ဖြစ်သော အကျိုးတရားပါ သမသီသီရဟန္တာသည် (၃) မျိုးရှိ၏။ ၎င်းတို့မှာ——

(၁) ဣရိယာပထသမသီသီ ရဟန္တာ = အရဟတ္တဖိုလ် မရလျှင် ဤဣရိယာပုထ်မှ မထဟု အဓိဋ္ဌာန်ပြု၍ အားထုတ်ရာ အရဟတ္တဖိုလ်လည်းရ၊ ဣရိယာပုထ်မှလည်းထ၊ ဤနှစ်မျိုး တစ်ပြိုင်နက်ဖြစ်သော ရဟန္တာ။

(၂) ရောဂသမသီသီ ရဟန္တာ = တစ်စုံတစ်ခုသော အနာရောဂါ စွဲကပ်နေရာတွင် ဤရောဂါ မပျောက်ကင်းမီအတွင်း၌ပင် အရဟတ္တဖိုလ်ရအောင် အားထုတ်အံ့ဟု အဓိဋ္ဌာန်ပြု၍ အားထုတ်ရာ အရဟတ္တဖိုလ်သို့လည်းရောက်၊ ရောဂါလည်း ကင်းပျောက်၊ ဤနှစ်မျိုး တစ်ပြိုင်နက်ဖြစ်သော ရဟန္တာ။

(၃) ဇီဝိတသမသီသီ ရဟန္တာ = အရဟတ္တဖိုလ်လည်းရ၊ ဇီဝိတိလည်း ချုပ်ငြိမ်း၊ ဤနှစ်မျိုးတစ်ပြိုင်နက် ဖြစ်သော ရဟန္တာတို့ ဖြစ်သည်။ (သဂါထာဝဂ္ဂသံယုတ် အဋ္ဌကထာ၊ ဂေါဓိကသုတ်)

ဤသမသီသီရဟန္တာသုံးမျိုးအနက် ဤအာနာပါန အကျိုး ၅-မျိုး၌ လိုအပ်သော ရဟန္တာမှာ ဇီဝိတသမသီသီရဟန္တာ ဖြစ်သည်။ (ဇီဝိတ = အသက် + သမ = အညီအမျှ = တစ်ပြိုင်နက် + သီသီ = ငြိမ်းချမ်းခြင်း၊ ကိလေသာပူလောင်မှုတို့ ငြိမ်းခြင်း၊ အရဟတ္တဖိုလ်ရပြီး တစ်ဆက်တည်း ပရိနိဗ္ဗာန်ပြုခြင်း)။
စာမျက်နှာ-219


အာနာပါနအားထုတ်သူ ပြည့်စုံရမည့်တရားများ

ဝင်သက်ထွက်သက်လေကို ရှုမှတ်မှုအာနာပါနကမ္မဋ္ဌာန်း စီးဖြန်းအားထုတ်သော ယောဂီ (ရဟန်း) သည် ဖော်ပြပါတရားများနှင့် ပြည့်စုံလျှင် မကြာမြင့်မီ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်ကြောင်း အင်္ဂုတ္တိုရ်ပါဠိတော်၊ သုတဓရသုတ် စသည်တို့၌ ဘုရားရှင် ဟောကြားထားတော်မူသည်။

အာနာပါနကို အားထုတ်သော အကြင်ယောဂီသည်—

အမှုသစ်ကို အားထုတ်မှုကိစ္စနည်းပါး၍ မွေးမြူလွယ်၏၊
အသက်ရှည်ခြင်း၏ အကြောင်းဖြစ်သော ပစ္စည်းတို့၌ ရောင့်ရဲလွယ်၏။
အစားအသောက် နည်းပါး၏။ ဝမ်းရေးကို အားမထုတ်။
အအိပ်နည်းပါး၏၊ နိုးကြားမှု၌ အားထုတ်၏။

အကြားအမြင် များ၏၊ အကြားအမြင်ကို ဆောင်ထား၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အနက်သဒ္ဒါနှင့် ပြည့်စုံ၍ အကျင့်မြတ်ကို ဖော်ပြသော အစ အလယ် အဆုံး ကောင်းခြင်းရှိသော တရားတို့ကို များစွာ နာကြားဖူး၏၊ ဆောင်ထား၏၊ နှုတ်ဖြင့် လေ့ကျက်ထား၏၊ စိတ်ဖြင့် မှတ်သားထား၏၊ ပညာဖြင့် ကောင်းစွာထိုးထွင်း၍ သိ၏။

အလိုနည်းမှုနှင့် စပ်သောစကား၊ ကိလေသာမှ လွတ်မြောက်မှု ဉာဏ်အမြင်နှင့် စပ်သောစကား စသည်တို့ကို အလိုရှိတိုင်း ရ၏။
တော၌ နေ၏၊ အစွန်အဖျားကျသော ကျောင်းလျှင် နေရာရှိ၏။
ကိလေသာမှ လွတ်မြောက်ပြီးသော စိတ်ကို ဆင်ခြင်၏။
ဤတရားများနှင့် ပြည့်စုံသော ထိုယောဂီသည် မကြာမီမှာပင် အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိနိုင်၏။

အာနာပါနဿတိကို ကြားနာရုံမျှဖြင့် အနာရောဂါများ ပျောက်နိုင်

သဗ္ဗညုဘုရားရှင်သည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အရှင်ဂိရိမာနန္ဒသည် အနာရောဂါများ ဖြစ်ပွား၍ ပြင်းထန်စွာ မကျန်းမမာဖြစ်ကာ ဆင်းရဲဒုက္ခရောက်နေ၏။ ထိုသို့ ဆင်းရဲဒုက္ခရောက်နေသော အရှင်ဂိရိမာနန္ဒကို သနားသောအားဖြင့် သွားရောက်ချဉ်းကပ်ကြည့်ရှုတော်မူပါရန် အရှင်အာနန္ဒာက ဘုရားရှင်အား တောင်းပန်လျှောက်ထားလေသည်။
စာမျက်နှာ-220


ထိုအခါ ဘုရားရှင်က—

“အာနန္ဒာ... အကယ်၍ သင်သည် ဂိရိမာနန္ဒအား သညာဆယ်မျိုးတို့ကို ဟောလျှင်၊ သညာဆယ်မျိုးတို့ကို ဂိရိမာနန္ဒ ကြားနာရလျှင် သူ၏ အနာရောဂါသည် ခဏချင်း ငြိမ်းချမ်းပျောက်ကင်းစရာ အကြောင်းရှိ၏”

ဟု မိန့်တော်မူပြီး ထိုသညာဆယ်မျိုးတို့ကို အရှင်အာနန္ဒာအား ဟောကြားပြသတော်မူသည်။ ၎င်းတို့မှာ——
(၁) အနိစ္စသညာ = ဥပါဒါနက္ခန္ဓာငါးပါးတို့ကို မမြဲဟု ရှုမှတ်ခြင်း။
(၂) အနတ္တသညာ = ရူပါဒိစသော အာရုံ (၆) ပါးတို့သည် အတ္တမဟုတ်ဟု ဆင်ခြင်ခြင်း။

(၃) အသုဘသညာ = ၃၂-ကောဋ္ဌာသတို့ဖြင့် ဖွဲ့စည်းထားသော ဤခန္ဓာကိုယ်သည် မတင့်တယ်လှ အသုဘဟု ရှုမှတ်ခြင်း။

(၄) အာဒီနဝသညာ = ဤခန္ဓာကိုယ်၌ အနာရောဂါအမျိုးမျိုး ကျရောက်ခြင်းကြောင့် အပြစ်ရှိ၏ဟု ဆင်ခြင်ခြင်း။

(၅) ပဟာနသညာ = ဖြစ်ပေါ်လာသော ကာမအာရုံကို ကြံစည်မှု (ကာမဝိတက်)၊ သူတစ်ပါး သေကျေပျက်စီးကြောင်း ကြံစည်မှု (ဗျာပါဒဝိတက်)၊ သူတစ်ပါးအား ညှဉ်းဆဲနှိပ်စက်ရန် ကြံစည်မှု (ဝိဟိံသဝိတက်) နှင့် ယုတ်ညံ့သော အကုသိုလ်တို့ကို လက်မခံခြင်း၊ စွန့်ပယ်ခြင်း၊ ကင်းအောင်ပြုခြင်း၊ နောက်ထပ်တစ်ဖန် မဖြစ်စေခြင်း။

(၆) ဝိရာဂသညာ = သင်္ခါရအားလုံးငြိမ်းရာ၊ ဥပဓိအားလုံးကို စွန့်ရာ၊ တဏှာကုန်ရာ၊ ရာဂကင်းပြတ်ရာ နိဗ္ဗာန်သည် ငြိမ်သက်၏၊ မွန်မြတ်၏ဟု ဆင်ခြင်ခြင်း။

(၇) နိရောဓသညာ = သင်္ခါရအားလုံးငြိမ်းရာ၊ ဥပဓိအားလုံးကို စွန့်ရာ၊ တဏှာကုန်ရာ၊ ချုပ်ရာနိဗ္ဗာန်သည် ငြိမ်သက်၏၊ မွန်မြတ်၏ဟု ဆင်ခြင်ခြင်း။

(၈) သဗ္ဗလောကေ အနဘိရတိသညာ = လောက၌ ပျော်ရွှင်ဖွယ် မရှိဟု နှလုံးသွင်းလျက် မစွဲလမ်းဘဲ နေခြင်း။

စာမျက်နှာ-221


(၉) သဗ္ဗသင်္ခါရေသု အနိစ္စသညာ = သင်္ခါရအားလုံးကို မမြဲဟု ရှုဆင်ခြင်ခြင်း။

(၁၀) အာနာပါနဿတိ = သတိရှိ၍သာလျှင် ဝင်သက်ကို ရှူ၏၊ ထွက်သက်ကို ထုတ်၏ ... စသည်ဖြင့် ဆင်ခြင်ရှုမှတ်သော သတိ (အာနာပါနရှုမှတ်ပုံ ပါဠိတော်နည်းများ)။

အရှင်အာနန္ဒာသည် ဘုရားရှင်ထံမှ ဤသညာဆယ်မျိုးတို့ကို သင်ယူ၍ အရှင်ဂိရိမာနန္ဒထံသို့ သွားလေ၏။ အရှင်ဂိရိမာနန္ဒအား ဤသညာဆယ်မျိုးတို့ကို ဟောကြား၏။ အရှင်ဂိရိမာနန္ဒသည် ဤသညာဆယ်မျိုးတို့ကို နာကြားရသောခဏ၌ သူ၏ရောဂါများ ချက်ချင်းငြိမ်းအေး ပျောက်ကင်းလေတော့၏။ ထိုအနာရောဂါတို့သည် ဘယ်သောအခါမှ ပြန်လည် ပေါ်ပေါက်မလာတော့ချေ။ (အံ၊ ၃၊ ဂိရိမာနန္ဒသုတ်)

ဘုရားရှင်သည် အာနာပါနဿတိဖြင့် အနေများခြင်း

အခါတစ်ပါး၌ မြတ်စွာဘုရားရှင်သည် ဣစ္ဆာနင်္ဂလရွာအနီး ဣစ္ဆာနင်္ဂလတောအုပ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ရဟန်းတို့ကို ခေါ်၍—
“ရဟန်းတို့၊ ငါသည် သုံးလပတ်လုံး တစ်ပါးတည်း ကိန်းအောင်းနေလို၏။ ဆွမ်းပို့မည့် ရဟန်းမှတစ်ပါး ငါဘုရားထံသို့ မည်သူမျှမချဉ်းကပ်ရ” ဟု မိန့်မှာထားတော်မူ၏။

ဘုရားရှင်သည် သုံးလလွန်သဖြင့် တစ်ပါးတည်း ကိန်းအောင်းတော်မူရာမှ ထလာတော်မူကာ ရဟန်းတို့အား ဤသို့ မိန့်ကြားတော်မူသည်—
“ရဟန်းတို့... သာသနာပြင်ပအယူရှိသူ ပရိဗိုဇ်တို့က ‘ငါ့ရှင်တို့... ရဟန်းဂေါတမသည် သုံးလပတ်လုံး အဘယ်နေခြင်းမျိုးဖြင့် အနေများသနည်း’ ဟု အကယ်၍ မေးလာပါက ထိုပရိဗိုဇ်တို့အား ‘ငါ့ရှင်တို့... မြတ်စွာဘုရားသည် သုံးလပတ်လုံး အာနာပါနဿတိသမာဓိဖြင့် အနေများ၏’ ဟု ဖြေကြကုန်။” (အာနာပါနသံယုတ်၊ ဣစ္ဆာနင်္ဂလသုတ်)

ထို့ပြင် ဤကဲ့သို့ အာနာပါနဿတိသမာဓိဖြင့် နေခြင်းမျိုးကို အရိယာတို့၏ နေခြင်း ဟူ၍လည်းကောင်း၊ မြတ်သောနေခြင်း ဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ နေခြင်း ဟူ၍လည်းကောင်း ဆိုအပ်ကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင် မိန့်ကြားတော်မူသည်။ (ဣစ္ဆာနင်္ဂလသုတ်)
စာမျက်နှာ-222


အာနာပါနဿတိနှင့်စပ်၍ မှတ်သားဖွယ်ရာများ

အာနာပါနဿတိနှင့် စပ်လျဉ်း၍ ဘုရားရှင် ဟောကြားတော်မူချက်များ၊ အဋ္ဌကထာဆရာကြီးများ၏ မိန့်ဆိုချက်များကို မှတ်သားဖွယ်ရာအဖြစ် အနည်းငယ် ထုတ်နုတ်ဖော်ပြပါဦးမည်။

“ရာဟုလာ... ဝင်သက်ထွက်သက်ကို အောက်မေ့ခြင်း အာနာပါနဿတိဘာဝနာကို ပွားများလော့၊ ရာဟုလာ... အာနာပါနဿတိဘာဝနာသည် ပွားများအပ်သည်ရှိသော်၊ အကြိမ်များစွာ လေ့လာအပ်သည်ရှိသော် သင့်အား များမြတ်သောအကျိုး၊ များမြတ်သောအာနိသင် ရှိ၏။” (မဇ္ဈိမပဏ္ဏာသ၊ မဟာရာဟုလောဝါဒသုတ်)

“ကျင့်ဆဲ (သေက္ခ) ဖြစ်၍ အရဟတ္တဖိုလ်သို့ မရောက်ကြသေးသော၊ ယောဂကုန်ရာ နိဗ္ဗာန်ကို တောင့်တနေကြသော ရဟန်း (ယောဂီ) တို့အား အာနာပါနဿတိသမာဓိကို ပွားများအပ်၊ ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အာသဝေါကုန်ခြင်းငှါ ဖြစ်၏။ မဂ်အကျင့်ကို ကျင့်သုံးပြီးကုန်သော၊ ခန္ဓာဝန်ကို ချပြီးကုန်သော၊ မိမိအကျိုး (အရဟတ္တဖိုလ်) သို့ ရောက်ပြီးကုန်သော၊ ဘဝသံယောဇဉ်ကုန်ပြီးကုန်သော၊ ကောင်းစွာ သိ၍ လွတ်မြောက်ပြီးကုန်သော ရဟန်းတို့သည် အာနာပါနဿတိသမာဓိကို ပွားများအပ်၊ ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် ယခုဘဝ၌ပင် ချမ်းချမ်းသာသာ နေရ၏၊ အောက်မေ့မှုသတိ၊ ဆင်ခြင်ဉာဏ် သမ္ပဇဉ်နှင့် ပြည့်စုံ၏။” (အာနာပါနသံယုတ်၊ ကင်္ခေယျသုတ်)

“အာနာပါနဿတိနှင့် ယှဉ်သော သမာဓိကို ဤသို့ ပွားများအပ်၊ ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် ကိုယ်တုန်ခြင်း၊ ကိုယ်လှုပ်ခြင်း၊ စိတ်တုန်ခြင်း၊ စိတ်လှုပ်ခြင်း မဖြစ်နိုင်။” (အာနာပါနသံယုတ်၊ မဟာကပ္ပိနသုတ်)

“ဤသာသနာတော်၌ ရဟန်းသည် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္တဈာန်သို့ရောက်၍ နေလိုပါမူ၊ အရူပဈာန်လေးပါးသို့ ရောက်၍ နေလိုပါမူ၊ အလုံးစုံသော နေဝသညာနာသညာယတနဈာန်ကို လွန်မြောက်၍ ဝေဒနာ၊ သညာတို့၏ချုပ်ရာ နိရောဓသမာပတ်သို့ ရောက်၍ နေလိုပါမူ ဤအာနာပါနဿတိနှင့် ယှဉ်သော သမာဓိကို ကောင်းစွာ နှလုံးသွင်းအပ်၏။”
စာမျက်နှာ-223


“အာနာပါနဿတိနှင့် ယှဉ်သော သမာဓိကို ပွားများအားထုတ်သော ရဟန်းသည် သုခဝေဒနာကို ခံစားသော်လည်း ထိုသုခဝေဒနာသည် မမြဲ၊ လွှမ်းမိုး၍ မတည်နိုင်ဟု သိ၏၊ မနှစ်သက်အပ်ဟု သိ၏။ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာတို့၌လည်း ဤအတိုင်း သိ၏။ ထိုဝေဒနာတို့ကို ခံစားသော်လည်း မယှဉ်ဘဲ (အာရုံမပြုဘဲ) ခံစား၏။” (အာနာပါနသံယုတ်၊ ဒီပေါပမသုတ်)

“အချင်းခပ်သိမ်း ပြည့်စုံသော အာနာပါနဿတိကို မြတ်စွာဘုရား ဟောထားတော်မူသည့်အတိုင်း အကြင်ရဟန်းသည် အစဉ်အတိုင်း လေ့လာလျက် ကောင်းစွာ ပွားများအားထုတ်၏၊ ထိုရဟန်းသည် တိမ်တိုက်မှ လွတ်သော လကဲ့သို့ မိမိခန္ဓာအစရှိသော ဤလောကကို ထွန်းလင်းစေနိုင်၏။” (ပဋိသမ္ဘိဒါမဂ်)

အာနာပါနအလုပ် တစ်ခုတည်းဖြင့်ပင်...
ကာယဂတာသတိဘာဝနာကိစ္စ၊
အပ္ပနာဈာန် ၄-ပါးဟူသော သမထဘာဝနာကိစ္စ၊
ဝိပဿနာဘာဝနာကိစ္စ၊
ဝိဇ္ဇာဝိမုတ္တိဟု ဆိုအပ်သော မဂ္ဂဘာဝနာကိစ္စ၊
ဖိုလ်ကို မျက်မှောက်ပြုခြင်း ဖလသစ္ဆိကိရိယာကိစ္စတို့ကို ပြီးပြည့်စုံ စေနိုင်ကြကုန်၏။ (အာနာပါနသုတ်)

တိုက်တွန်းခြင်း

“မိမိကိုယ်ကို ချစ်အပ်၏ဟု သိပါမူ မိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက်ရာ၏၊ ပညာရှိ သူတော်ကောင်းသည် အရွယ်သုံးပါးတို့တွင် တစ်ပါးပါးသော အရွယ်၌ ရှင်းလင်းသုတ်သင်ရာ၏ (တရားအားထုတ်ရာ၏)”

ဟု ဟောတော်မူသော ဓမ္မပဒပါဠိတော်နှင့်အညီ အကျိုးအကြောင်း အဆိုးအကောင်းတို့ကို ကောင်းစွာထင်ထင် သိမြင်ကြသော ပညာရှိသူတော်ကောင်းတို့သည် အရွယ်သုံးပါးတွင် ပထမအရွယ်မှစ၍ ဘောဂသမ္ပတ္တိ (စည်းစိမ်ဥစ္စာပြည့်စုံမှု) ကို စွန့်လွှတ်ပြီး ဘဝသမ္ပတ္တိ (ဘဝ၏အနှစ်သာရ) ကို ရရှိအောင် အားထုတ်ကြရာ၏။
စာမျက်နှာ-224


အကယ်၍ ပထမအရွယ်တွင် ဘောဂသမ္ပတ္တိကို စွန့်လွှတ်၍ ဘဝသမ္ပတ္တိကို အားမထုတ်နိုင်ပါမူ ဒုတိယအရွယ်တွင် အားထုတ်အပ်၏။ အကယ်၍ ဒုတိယအရွယ်တွင် အားမထုတ်နိုင်သေးပါမူ တတိယအရွယ်တွင်ကား မလွဲမသွေ အားထုတ်အပ်ပေ၏။ အဘယ်အရာကို အားထုတ်ရပါမည်နည်း?

“သတိဖြင့် စိတ်ကိုဖွဲ့ချည်ရာတွင် နှာသီးဖျားနှင့် အထက်နှုတ်ခမ်းဟူသော နိမိတ် သည်လည်းကောင်း၊ ဝင်လေထွက်လေ တို့သည်လည်းကောင်း တစ်ခုတည်းသော စိတ်အာရုံမဟုတ်ပေ၊ နိမိတ်၊ ဝင်လေ၊ ထွက်လေဟူသော သုံးပါးသောတရားတို့ကို မသိသောသူသည် အာနာပါနဿတိသမာဓိကို မရနိုင်သည် မဟုတ်ပါလော။

နိမိတ်၊ ဝင်လေ၊ ထွက်လေတို့သည် တစ်ခုတည်းသော စိတ်၏အာရုံ မဟုတ်ပေ၊ သို့သော် ထိုသုံးပါးသော တရားတို့ကို သိသည်ဖြစ်၍ အာနာပါနဿတိသမာဓိဘာဝနာကို ရနိုင်ပေ၏။” (ပဋိသမ္ဘိဒါမဂ်)

ထို့ကြောင့် ဝိသုဒ္ဓိမဂ်၌—

“အာနာပါနဿတိသည် များသော အကျိုးအာနိသင်ရှိခြင်းကြောင့် အမြော်အမြင် ဉာဏ်ပညာနှင့် ပြည့်စုံသော ပညာရှိသည် ဤပြဆိုခဲ့ပြီးသည့်အတိုင်း များပြားသော အာနိသင်နှင့် ပြည့်စုံသော အာနာပါနဿတိကမ္မဋ္ဌာန်းကို နေ့ရောညဉ့်ပါ အခါခပ်သိမ်း မမေ့မလျော့ဘဲ ဧကန်မုချ ပွားများအားထုတ်ကြရာသတည်း—”
ဟု တိုက်တွန်းထားပေသည်။

စွန်းလွန်းဆရာတော်၏ အာနာပါနအားထုတ်နည်း

ဗုဒ္ဓသာသနာတော် ၂၅၀၀-ခေတ်တွင် စွန်းလွန်းဆရာတော်သည် မြန်မာပြည်သာသနာ၌ ကောဇာသက္ကရာဇ် ၁၂၈၂-ခုနှစ်မှစ၍ ရဟန္တာဟု ကျော်ကြားခဲ့သော ဆရာတော်ဖြစ်သည်။ ယခုအခါ စွန်းလွန်းဆရာတော်ကိုယ်တိုင် အားထုတ်ကျင့်သုံးခဲ့ပြီး တပည့်ယောဂီများအားလည်း သင်ကြားပေးခဲ့သော စွန်းလွန်းဆရာတော်၏ အာနာပါနအားထုတ်နည်းကို အကျဉ်းချုပ်ဖော်ပြပါမည်။

အာနာပါနအားထုတ်မည့် ယောဂီပုဂ္ဂိုလ်သည် ရှေးဦးစွာ ဘုရားကန်တော့ပါ။ ထို့နောက် နိဗ္ဗာန်ကို ရည်မှန်း၍ မိမိ၏ ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးကို ဘုရားရှင်အား လှူဒါန်းပါ။ ထို့နောက် စွန်းလွန်းဆရာတော်ကြီးအား လှူဒါန်းပါ၊ ဝေနေယျသတ္တဝါတို့အား မေတ္တာပို့၍ ဒါန၊ သီလ၊ ဘာဝနာကုသိုလ်အဖို့ကို အမျှပေးဝေပါ။
စာမျက်နှာ-225


ထိုင်ပုံထိုင်နည်း

ယောက်ျားဖြစ်လျှင် တင်ပျဉ်ခွေထိုင်ပါ။ ထိုသို့ထိုင်သည့်အခါ ဘယ်ဘက်ခြေပေါ်တွင် ညာဘက်ခြေကို တင်၍ထိုင်ပါ။
အမျိုးသမီးဖြစ်လျှင် မိမိတို့ဆိုင်နေကျအတိုင်း ကျုံ့ကျုံ့ယုံယုံ တင်ပါးလွှဲထိုင်ပါ။ သို့မဟုတ် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ မိမိကြာရှည်ထိုင်နိုင်မည့်နည်းဖြင့် ထိုင်ပါ။

ဘယ်ဘက်လက်ဖဝါးပေါ်တွင် ညာဘက်လက်ဖဝါးထပ်၍ လက်မထိပ်ချင်း အသာထိထားပါ၊ သို့မဟုတ် မထိဘဲလည်း ထားနိုင်သည်။ အထက်ပိုင်းကိုယ်ကိုလည်း ဖြောင့်ဖြောင့်မတ်မတ် ထားပါ။ မျက်စိကိုလည်း မှိတ်ထားပါ။ ထိုသို့ထိုင်ပြီးနောက်—

“ညောင်း မပြင်နဲ့၊ ယား မကုတ်နဲ့၊ မော မနားနဲ့”

ဟု စွန်းလွန်းဆရာတော်ဘုရားကြီး ဆုံးမတော်မူသောကြောင့် တရားထိုင်ရန် မိမိသတ်မှတ် အဓိဋ္ဌာန်ပြုထားသည့် အချိန်အတွင်း ညောင်းညာကိုက်ခဲသော်လည်း မူလထိုင်ထားသည့် ဣရိယာပုထ်ကို ဖျက်၍ပြင်၍ မထိုင်လေနှင့်။ ဟိုနားစပ်စပ်၊ ဒီနားစပ်စပ် ယားသော်လည်း မကုတ်လေနှင့်။ ဝင်သက်ထွက်သက်ကို ခပ်ပြင်းပြင်း ခပ်သန်သန်ရှူရှိုက်၍ မောသော်လည်း မနားလေနှင့်။

ရှုပုံရှုနည်း

အာနာပါနအားထုတ်မည့် ယောဂီသည် မိမိကြာရှည်ထိုင်နိုင်မည့် ဣရိယာပုထ်ကို ယူ၍ထိုင်ပြီးနောက် ဝင်သက်ကစ၍ ရှူပါ။ ခပ်သန်သန်၊ ခပ်ပြင်းပြင်း ရှူပါ။ ခပ်သန်သန် ခပ်ပြင်းပြင်း ရှူရခြင်း၏ အကျိုးတရားများမှာ—

ပြင်ပအသံများ ပျောက်ကင်းစေခြင်း၊
ကာမစ္ဆန္ဒစသော နိဝရဏ အတားအဆီးများကို လွယ်ကူစွာ ငြိမ်းစေခြင်း၊
သမာဓိကို လျင်မြန်စွာ ရင့်သန်စေခြင်း၊
ဝေဒနာကို နိုင်နင်းစွာ သတိပြု သတိထားနိုင်ခြင်း——
တို့ဖြစ်သည်။
စာမျက်နှာ-226


“နှာသီးဖျား၊ နှုတ်ခမ်းဖျားကို လေတိုးထိတော့ သိလိမ့်မယ်၊ သိတဲ့အပေါ် သတိထား”

ဟု ဆရာတော်ဘုရားကြီး ဆုံးမတော်မူသောကြောင့် ဝင်သက်ထွက်သက်ရှူသည့်အခါ ဝင်သက်ထွက်သက်များက နှာသီးဖျား နှုတ်ခမ်းဖျားကို တိုးဝှေ့၍ ထိသည်ကို သိလိမ့်မည်။ ထိုသိသည့်အပေါ်၌ သတိကြပ်ကြပ်ထား၍ ခပ်သန်သန်၊ ခပ်မြန်မြန်၊ ခပ်တင်းတင်း ခပ်ပြင်းပြင်း ရှူပါ။

နှာသီးဖျား၊ နှုတ်ခမ်းဖျားကို ဝင်လေထွက်လေတို့ ထိ၍ထိ၍ သွားသည်ကို မသိဘဲ မရှိစေရ။ ထိတိုင်း ထိတိုင်း သိနေပါစေ။ ထိမှုသိမှုကို သတိကြပ်ကြပ်ပြု သတိကြပ်ကြပ်ထားပါ။ ထို့ကြောင့် ဆရာတော်ဘုရားကြီးက—

“ထိမှု သိမှု၊ ထိုနှစ်ခု၊ သတိကြပ်ကြပ်ပြု”
ဟု ညွှန်ကြားတော်မူခဲ့သည်။

“ထိမှု” ဆိုသည်မှာ နှာခေါင်းမှာရှိသည့် ကာယပသာဒအကြည်ရုပ်နှင့် ဝင်လေထွက်လေမှာရှိသည့် ဖောဋ္ဌဗ္ဗရုပ်တို့ အချင်းချင်း ထိခိုက်ခြင်းကို ဆိုသည်။

“သိမှု” ဆိုသည်မှာ ကာယပသာဒအကြည်ရုပ်နှင့် ဖောဋ္ဌဗ္ဗရုပ် ဤရုပ်နှစ်ခု အချင်းချင်း ထိသည်ကိုသိသော နာမ်တရားကို ဆိုသည်။ ဤထိမှု၊ သိမှုဟူသော ရုပ်နာမ်နှစ်ပါးကို သတိပြု၍ ရှုပါ။

ထိုသို့ ရှုသည့်အခါ နှာခေါင်းဖျား နှုတ်ခမ်းဖျားဟုလည်း မှတ်၍ မရှုရ၊ ဝင်လေထွက်လေဟုလည်း မှတ်၍ မရှုရ၊ ဝင်သက်ထွက်သက်ဟုလည်း မှတ်၍ (ဝင်လေ) အတွင်းသို့ လိုက်၍လည်း မရှုရ၊ (ထွက်လေ) အပြင်သို့ လိုက်၍လည်း မရှူရ၊ ထိကာမျှ သိကာမျှကိုသာ သိအောင် သတိပြု၍ ရှုပါ။ သတိထား၍ ရှူပါ၊ သူ့ထိမှုနှင့် သူ့သိမှုကို သတိနှင့်တစ်ပြိုင်တည်း တစ်ထပ်တည်း ကျအောင် ရှုပါ။

ရုပ်ပေါ် နာမ်ပေါ် ရောက်အောင်ရှူ၊ ပရမတ်ဆတ်ဆတ် ရောက်အောင်ရှူ၊ ထိဆဲသိဆဲကို သိအောင် ပစ္စုပ္ပန်တည့်တည့်ကိုသာရှု၊ ဝင်လေထွက်လေ အတိုအရှည် ညီမျှအောင်ရှု၊ အနှေးအမြန် ညီမျှအောင်ရှု၊ ဝင်သက်ထွက်သက် ဆက်စပ်သွားအောင် တစ်ပတ်လည်နေအောင် ရှုပါ။
စာမျက်နှာ-227


ထိုသို့ ရှုနေသည့်အခါ ညောင်းလျှင် မပြင်နှင့်၊ ယားလျှင် မကုတ်နှင့်၊ မောလျှင် မနားနှင့် သည်းခံပြီး ရှုပါ။ “သည်းခံ နိဗ္ဗာန်ရောက်” ဟူသော စကားကို လက်တွေ့အသုံးချပါ။ ပျင်းစိတ်၊ အိပ်ချင်ငိုက်မျဉ်းစိတ်၊ ထိုင်းမှိုင်းတွေဝေစိတ် ဟူသော အတားအဆီးအပိတ်အပင် နီဝရဏစိတ်များ ပျောက်ကင်းသွားအောင် ဝီရိယတိုးပြီး ပြင်းပြင်းထန်ထန် ရှုမှတ်အားထုတ်ပါ။

ပျင်းစိတ်၊ အိပ်ချင်ငိုက်မျဉ်းစိတ်၊ ထိုင်းမှိုင်းတွေဝေစိတ်၊ ပျံ့လွင့်စိတ်များ ဖြစ်ပေါ်လာလျှင် ယောဂီအား နီဝရဏတရားများက အနိုင်ယူ လွှမ်းမိုးနှိပ်စက်နေပြီ ဟူ၍မှတ်။ နီဝရဏတရားများက အနိုင်ရနေလျှင် သဒ္ဓါတရားလျော့ရဲရဲ ဖြစ်ပြီး ဝီရိယကလည်း နုန့်နုန့်နှေးနှေး ဖြစ်သွားတော့သည်။ ထက်ထက်သန်သန်လည်း မရှိ၊ သတိလည်း မထင်ရှားတော့ပေ။ သမာဓိနှင့် ပညာလည်း လုံးဝ မရှိတော့ပေ။ ထို့ကြောင့် အာနာပါနအားထုတ်သည့်အခါ နီဝရဏတရားများကို နိုင်လိုလျှင် ဗိုလ်ငါးပါးလက်ကိုင်ထားပြီး ပြင်းပြင်းထန်ထန် ရှူပါ။

အရှူရပ်၊ ခန္ဓာစိုက်၊ ဝေဒနာလိုက်

အာနာပါနအားထုတ်သူ ယောဂီသည် အချိန်အနည်းဆုံး မိနစ် (၄၀) ရှိအောင် ထိုင်ပါ။ မိနစ် (၄၀) အာနာပါနရှုပြီးလျှင် (၁၀) မိနစ် ဝေဒနာလိုက်ပါ။ (၁) နာရီ အားထုတ်လျှင် မိနစ် (၄၀) ကို အာနာပါနရှုပြီး၊ မိနစ် (၂၀) ကို ဝေဒနာလိုက်ပါ။ ဝေဒနာကြာကြာလိုက်နိုင်လေ ကောင်းလေဖြစ်သည်။

“ဝေဒနာလိုက်” ဆိုသည်မှာ ပြင်းပြင်းထန်ထန် ရှူရှိုက်ခြင်းကို ရပ်လိုက်ပြီး ပုံမှန်ရှူနေကျအတိုင်းရှု၍ နှာသီးဖျားနှင့် ဝင်လေထွက်လေထိမှုကို သတိပြုမှတ်သားပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ အသိဉာဏ်စိုက်၍ ဖြန့်လိုက်ပါ။ စောင်ကို ခေါင်းမြီးခြုံထားဘိသကဲ့သို့ ခန္ဓာနယ်တစ်နယ်လုံးတွင် အသိဉာဏ်လုံနေပါစေ။ အရှူရပ်ရာတွင် ဝင်သက်နှင့် ဆတ်ကနဲရပ်ပြီး အသက်ကို ခေတ္တအောင့်ထားပါ။ ထိုအခိုက် ကိုယ်ရောစိတ်ပါ ကျုံ့ကျုံ့ငြိမ်ငြိမ်ထားပြီး ခန္ဓာကိုယ်ကို ခြုံငုံစူးစိုက်၍ သတိပြုလိုက်ပါ။ ထိုအခါ ထင်ထင်ရှားရှား ပေါ်လာသော ဝေဒနာကို ပေါ်လာသည့်အတိုင်း သူ့ပေါ်မှုနှင့် သတိနှင့် ပြိုင်တူကျအောင် သတိပြု သတိထားနေခြင်းကို ဝေဒနာလိုက်သည်ဟု ခေါ်သည်။

ခန္ဓာကိုယ်တွင် နာကျင် ကိုက်ခဲစူးယှ ပူအေး အစရှိသော ခံစားမှုဝေဒနာများ ဖြစ်ပေါ်နေလိမ့်မည်။ အပြင်းထန်ဆုံး၊ အထင်ရှားဆုံး ဝေဒနာတစ်ခုကိုသာ သတိကပ်ပါ။ အခြားဝေဒနာများဆီသို့ စိတ်ရောက်မသွားစေလင့်။
စာမျက်နှာ-228


နာလျှင် နာမှန်းသိ၊ ကျင်လျှင် ကျင်မှန်းသိ၊ ကိုက်လျှင် ကိုက်မှန်းသိ၊ ပူလျှင် ပူမှန်းသိ၊ အေးလျှင် အေးမှန်းသိပါ။ ထို့ကြောင့် ဆရာတော်ကြီးက—

“သာသာထိတော့ သာသာသိ၊ နာနာထိတော့ နာနာသိ”

ဟု မိန့်တော်မူခဲ့သည်။ ပို၍လည်း မသိနှင့်၊ လျော့၍လည်း မသိနှင့်၊ အရင်းကျကျသာ သိပါ။ ဖြစ်ပေါ်သမျှကို ဖြစ်ပေါ်သည့်အတိုင်း ဖြစ်ပေါ်ကာမျှ သတိပြု၍ သိပါ။ ပစ္စုပ္ပန်တည့်ဖို့ အရေးကြီးသည်။ ဝေဒနာလိုက်သည့်အခါ ပစ္စုပ္ပန်လည်း မတည့်၊ ဖြစ်ပေါ်ကာမျှလည်း မလိုက်နိုင်၊ ဝိပဿနာလည်း မဖြစ်ဘဲ ဟိုလိုလို ဒီလိုလို ဖြစ်နေသော ယောဂီသည် ကိုယ်စိတ်ဆင်းရဲခြင်းသာ ဖြစ်နေချေမည်။ ဤကဲ့သို့ မဖြစ်ရအောင် ဝေဒနာကို သိမ်းဆည်းရန်လိုသည်။

ကိုယ်စိတ်နှစ်ပါးကို ကျုံ့ကျုံ့ငြိမ်ငြိမ်ထား၍ အသက်အောင့်ကာ တစ်ကိုယ်လုံးကို ခြုံကြည့်လိုက်လျှင် ဝေဒနာတစ်ခုခုဆီသို့ စိတ်ရောက်သွားမည်။ ထိုစိတ်ရောက်သော ထင်ရှားသော ဝေဒနာကို သတိကြပ်ကြပ်ကပ်ထားပါ။ အခြားဝေဒနာဆီ စိတ်မရောက်ရန် သတိထားပါ။ စိတ်နှင့် ဝေဒနာ ဦးတည့်ပြီဆိုလျှင် ဝေဒနာထဲသို့ စိတ်ထိုးဖောက် ဝင်ရောက်သွားအောင် သတိကပ်ပြီး တွန်းပေးပါ။

ဝေဒနာထဲသို့ စိတ်ထိုးဖောက် ဝင်ရောက်သွားသည့်အခါ ယောဂီသည် ဝေဒနာတို့၏ သဘောကို ကောင်းစွာ တပ်အပ်သေချာ သိလိမ့်မည်။ ထိုအခါ ငါ၏ခြေ၊ ငါ၏လက်၊ ငါ၏ကိုယ်၊ ငါနာသည်၊ ငါကျင်သည် ဟူသော အတွေးများ၊ ဆင်ခြင်မှုများ ပပျောက်၍ သညာဖြင့် တင်ထားသော ဝေဒနာကို ပညာဖြင့် ကောင်းစွာ သိလိမ့်မည်။ ထိုအခါ ကိုယ်ကို စွဲလမ်းမှုများ ပျောက်ကွယ်ကာ နာကျင် ကိုက်ခဲစူးယှ ပူအေးသည့် အမည်များ မထပ်တော့ဘဲ ခံစားမှုသက်သက်ဟု သိနေလိမ့်မည်။

သုခ၊ ဒုက္ခ၊ ဥပေက္ခာဟု ဝေဒနာသုံးမျိုး ရှိသည့်အနက် မည်သည့်ဝေဒနာပေါ်ပေါ် ပေါ်သည့်ဝေဒနာကို ဖြစ်ပေါ်သည့်အတိုင်း ဖြစ်ပေါ်ကာမျှ သတိပြုရမည်။ ဥပေက္ခာဝေဒနာမှာ အလွန်သိမ်မွေ့သဖြင့် သာမန်ပုဂ္ဂိုလ်များအတွက် မထင်ရှားပေ။ အားထုတ်သန်၍ သမာဓိအလွန်ရင့်ကျက်သော ပုဂ္ဂိုလ်များအတွက်သာ ထင်ရှားသည်။

ဤသို့အားဖြင့် ဝေဒနာကုန်သည့်တိုင်၊ ဆုံးသည့်တိုင်၊ ပြတ်သည့်တိုင်၊ ကျွတ်သည့်တိုင်၊ ချုပ်သည့်တိုင်အောင် ဝေဒနာလိုက်ပါ။ ဝေဒနာချုပ်ဆုံးသည့်အခါ စိတ္တာနုပဿနာ စခန်းသို့ ဆိုက်ရောက်ပြီ။ အမှန်မှာ ကာယာနုပဿနာ၊
စာမျက်နှာ-229


ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာတို့သည် သီးခြားစီ ပေါ်ကြသည် မဟုတ်၊ တစ်ပြိုင်တည်း ပေါ်တတ်၍ တစ်ပြိုင်တည်း အားထုတ်ရာ၏။ ဤသတိပဋ္ဌာန် လေးပါးနှင့် ပြည့်စုံလျှင် ဗောဇ္ဈင်ခုနစ်ပါးနှင့် ပြည့်စုံ၍ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင်၏။

သဲအင်းဂူဆရာတော်၏ အာနာပါန အားထုတ်နည်း

သဲအင်းဂူဆရာတော်သည်လည်း မြန်မာပြည် ပဋိပတ္တိသာသနာတွင် ထင်ရှားကျော်ကြားသော ဆရာတော်တစ်ပါး ဖြစ်သည်။ ဆရာတော်သည် သဲအင်းဂူဆရာတော်အဖြစ် မထင်ရှားမီ ဦးအောင်ထွန်းဘဝက စွန်းလွန်းဆရာတော်၏ ထေရုပ္ပတ္တိနှင့် တရားအားထုတ်နည်းစာအုပ်ကို ဖတ်ရှုရသည့် အချိန်မှစ၍ စွန်းလွန်းဆရာတော်ကို အားကျအတုယူကာ စွန်းလွန်းနည်းဖြင့် အာနာပါနကို စတင်အားထုတ်ခဲ့သည်။

ထို့ကြောင့် သဲအင်းဂူနည်းသည် စွန်းလွန်းဆရာတော်၏ နည်းနာနိဿယကိုပင် အနည်းငယ် ပြုပြင်ထားသည်။ သဲအင်းဂူဆရာတော်သည် ၁၃၂၃-ခုနှစ်တွင် တရားထူးရခဲ့ကြောင်း ကြေညာ၍ မိမိကျင့်သုံး အားထုတ်ခဲ့သည့် အာနာပါနသမထကို အစတည်ကာ ဝိပဿနာရှုနည်းများကို တပည့်ယောဂီများအား သင်ကြားပြသ နည်းပေးခဲ့သည်။ သဲအင်းဂူဆရာတော်၏ အာနာပါနအားထုတ်နည်းကို အကျဉ်းချုပ်၍ ဖော်ပြပါဦးမည်။

သဲအင်းဂူနည်းဖြင့် အာနာပါနအားထုတ်မည့် ယောဂီသည် ရှေးဦးစွာ ဘုရားကန်တော့ရှိခိုးရမည်။ နိဗ္ဗာန်ကို ရည်မှန်း၍ မိမိ၏ ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးကို ဘုရားရှင်အား လှူဒါန်းပူဇော်ရမည်။ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို လျှင်မြန်စွာ ရရပါလို၏ဟု ဆုတောင်းရမည်။ ထို့နောက် မိမိ၏ ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးကို တရားအားထုတ်ဆဲ အချိန်၌ သဲအင်းဂူဆရာတော်အား လှူဒါန်းထားရမည်။ ထို့နောက် ဝေနေယျ သတ္တဝါတို့အား မေတ္တာပို့ အမျှဝေရမည်။

ထိုင်ပုံထိုင်နည်း

မိမိကြိုက်နှစ်သက်သလို ထိုင်ပါ၊ ကျောရိုးကို ကွေးမထားပါနှင့်၊ ဆန့်ထားပါ၊ ခန္ဓာကိုယ်ကို တောင့်တင်းမထားပါနှင့်၊ သက်သက်သာသာလေး ထားပါ၊ ခေါင်းကို ငုံမထားပါနှင့်၊ နဂိုအနေအတိုင်းထားပါ။

မျက်စိကို အသာအယာ မှိတ်ထားပါ၊ အလင်းရောင်ရှိသော နေရာ၌ ထိုင်ပါက ခေါင်းပေါ်တွင် အဝတ်စကလေးကို တင်၍ အဝတ်စနှင့် မျက်စိကို ဖုံးအုပ်ထားပါ။ တရားထိုင်သောနေရာ၌ လေကောင်းလေသန့်ဝင်နိုင်ရန်
စာမျက်နှာ-230


ပြတင်းပေါက်များကို ဖွင့်ထားပါ၊ အဝတ်အခင်း ထူထူပေါ်မှာ ထိုင်ပါက အနာအကျင် အကိုက်အခဲ သက်သာပါလိမ့်မည်။ သဲအင်းဂူတရားထိုင်နည်းသည် ဝေဒနာသုံးပါးတို့၏ ဒုက္ခလက္ခဏာကို အစ အလယ် အဆုံး သိအောင် အားထုတ်ရသောကြောင့် ထိုင်ပြီးသည်နှင့် တစ်ပြိုင်နက် ယားလျှင်လည်း မကုတ်ရပါ။ နာကျင်ကိုက်ခဲလာလျှင်လည်း ဣရိယာပုထ်ကို မပြုပြင်ရတော့ပါ။

ရှုပုံရှုနည်း

သဲအင်းဂူနည်းဖြင့် အာနာပါနအားထုတ်မည့် ယောဂီပုဂ္ဂိုလ်သည် မိမိသက်သာသလို အဆင်ပြေသလို ထိုင်ပြီး ဝင်သက် ထွက်သက်ကို ရှူရှိုက်ပါ။ လေရှူသွင်းသည့်အခါ ချက်တိုင်သို့ ရောက်အောင် လေကို ရှူသွင်းပြီး ရှူထုတ်သည့် အခါ၌လည်း ချက်တိုင်ဆီမှ လေကို ရှူထုတ်ပါ။

တရားအားထုတ်ရာ၌ အာနာပါန ဝင်သက်ထွက်သက် ရှူရှိုက်ခြင်းကို အလွန့်အလွန် ပြင်းပြင်းထန်ထန် လုပ်စရာမလိုပါ။ သာမန်ရှူရှိုက်ခြင်းထက် နှစ်ဆလောက်ပြင်းပြီး နှစ်ဆ သုံးဆလောက် လျင်မြန်စွာ ရှူရှိုက်လျှင် ရပါသည်။ ခပ်ဆတ်ဆတ် ခပ်မြန်မြန်ကလေး ရှူရှိုက်ပေးပါက စိတ်သည် အခြားအာရုံတစ်ပါးသို့ ပြေးသွားခြင်း နည်းပါးကာ တည်ငြိမ်လာပါလိမ့်မည်။

ဝင်လေ ထွက်လေ နှာဝနှုတ်ခမ်းဖျားကို တိုးဝင်လာ တိုးထွက်သွားသည်ကို အသိကပ်၍ သတိနှင့် တရစပ်သိအောင် အားထုတ်ပါ။ ဝင်လေ ထွက်လေတို့၏ တိုးဝင်လာမှု တိုးထွက်သွားမှုတို့ကို တရစပ် သိ၊ သိ၊ သိနေသည်နှင့်အမျှ သမာဓိအင်အား ကောင်းလာပါလိမ့်မည်။

သတိကြီးစွာထားပြီး သိ သိ သိနေလျှင် သမာဓိအင်အား ကောင်းလာပါမည်။ သမာဓိအင်အား ကောင်းလာလျှင် ပညာဖြစ်လာပါမည်။ ယုံယုံကြည်ကြည် အားထုတ်ပါ၊ ဝီရိယကို သာမန်အဆင့်မှ ဗိုလ်အဆင့်ရောက်အောင် မြှင့်တင်ပေးပါ။

တရားထိုင်စတွင် တောင့်တင်းထုံကျဉ်ကိုက်ခဲမှု ဒုက္ခဝေဒနာများ မပေါ်တတ်သေးပါ။ ထိုအချိန်တွင် နှာသီးဝမှ ဝင်လေထွက်လေကို သတိနှင့် တရစပ် သိသိနေအောင် သမာဓိ ထူထောင်ရပါမည်။ ထိုင်၍ ငါးမိနစ်၊ ဆယ်မိနစ်ခန့် ကြာသည့်အခါ တောင့်တင်းထုံကျဉ်ကိုက်ခဲသည့် ဒုက္ခဝေဒနာ တစ်ခုခု ပေါ်လာပါလိမ့်မည်။ ထိုအခါ နှာသီးဝမှာ ထားသော အသိစိတ်သည် ဖြစ်ပေါ်သည့် ဝေဒနာဆီသို့ သူ့အလိုအလျောက် ရောက်ရှိသွားလိမ့်မည်။ ဖြစ်ပေါ်သည့် ဝေဒနာကို သူ့သဘောနှင့်သူ သွားပြီး သိလိမ့်မည်။
စာမျက်နှာ-231


သဲအင်းဂူနည်းသည် ဝေဒနာ၏ ဒုက္ခသဘောကို အစ အလယ် အဆုံး ကုန်ဆုံးအောင်သိရန် အားထုတ်ခြင်းဖြစ်၍ သားသမင်ပစ်ရန် တောလည်သော မုဆိုးသည် သားသမင်ကို တွေ့သည့်အခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်သကဲ့သို့ သဲအင်းဂူယောဂီသည် ဝေဒနာပေါ်လျှင် ဝမ်းမြောက်ရမည်၊ ဝေဒနာကို မကြောက်လင့်။

တောမုဆိုးသည် သားသမင်နှင့် တွေ့သည့်အခါ မြားလက်နက်ဖြင့် ပစ်သကဲ့သို့ သဲအင်းဂူယောဂီသည် ပေါ်လာသည့် ဝေဒနာကို ဝေဒနာ၏ ခံစားမှုသဘောကို ဉာဏ်ငုံမိအောင် ရှုပြီး “ဝေဒနာ ဝေဒနာ” ဟု သိနေရမည်။ တောင့်တင်းနာကျင်သည်ဟု မသိဘဲ ခံစားမှုဝေဒနာဟု သိလိုက်ခြင်းသည် သညာဝိပလ္လာသကို ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။ ယင်းသို့ ဖယ်ရှားပြီးနောက် သမာဓိအား ကောင်းလာသည့်အခါ စိတ္တဝိပလ္လာသ၊ ဒိဋ္ဌိဝိပလ္လာသများ ပြုတ်ကျသွားပြီး တောင့်တင်းမှုဝေဒနာ ချုပ်ဆုံးကွယ်ပျောက်သွားခြင်းကို အံ့ဩစွာ တွေ့ရမည်။

တောင့်တင်းနေသည်ကို ဝေဒနာဟု သိနေပါလျက် ထိုဝေဒနာသည် မခံမရပ်နိုင်အောင် တိုးလာလျှင် သမာဓိလက်နက်ကို အသုံးပြုရမည်။ ပေါ်သည့် ဝေဒနာနေရာကို စိတ်ဖြင့် စူးစိုက်ရှုပြီး ဝင်လေထွက်လေကို ခပ်ပြင်းပြင်း ခပ်ဆတ်ဆတ် ရှူရှိုက်ပေးရပါမည်။

သဘောမှာ ကျောက်တုံးကြီးကို အကြိမ်ကြိမ်ထုသည့်အခါ နှစ်စိတ်၊ လေးစိတ်၊ ရှစ်စိတ် စသည်ကွဲပြီး နောက်ဆုံး အမှုန့်များဖြစ်သွားသကဲ့သို့ ဝေဒနာတည်းဟူသော ကျောက်တုံးကို စိတ်တည်းဟူသော တူဖြင့် အကြိမ်ကြိမ် ထုချေပါ။ သမာဓိအင်အားကောင်းလျှင် ကောင်းသလောက် ဝေဒနာသည် အချိန်အနည်းငယ်အတွင်း ပြိုကွဲချုပ်ပျောက်သွားသည်ကို အံ့ဩစွာ တွေ့ရမည်။

ထိုသို့ ပြုလုပ်၍ ဝေဒနာမချုပ်ပျောက်သေးလျှင် ထိုဝေဒနာကို သွားပြီး သိနေသည့်စိတ်ကို နှာသီးဝမှာ ပြန်ထားပြီး နှာသီးဝကိုသာ သိနေပါစေ၊ ဝေဒနာကို မသိပါနှင့်။ ဤနည်းဖြင့် ဝေဒနာကို သိလိုက် နှာသီးဝကို သိလိုက် တစ်လှည့်စီ သိအောင် အားထုတ်ပါ။ ထိုအခါ ဝေဒနာသည် တစ်ဆက်တည်း မဟုတ်တော့ဘဲ အပြတ်အပြတ်ဖြစ်ကာ ဝေဒနာ လျော့သွားလိမ့်မည်။

ထိုသို့ ပြုလုပ်၍ ဝေဒနာလျော့ပါး ပျောက်ကွယ်မသွားသေးပါက အသိစိတ်ဖြင့် ဝေဒနာဖြစ်ပေါ်သည့် နေရာကို စူးစိုက်၍ မသိဘဲ ခန္ဓာကိုယ်တစ်ခုလုံးကို ဖြန့်၍ခြုံ၍ သိအောင်ပြုပါ။ ထိုအခါ ဝေဒနာသည် တစ်နေရာတည်း မနေဘဲ
စာမျက်နှာ-232


တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားမည်။ ထိုအခါ ဝေဒနာကို ခံနိုင်ရည်ရှိလာလိမ့်မည်။ သဘောမှာ လေးလံသည့် ဝန်ထုပ်ကို တစ်ဦးတည်း ထမ်းသည်ထက် လေးငါးယောက် ဝိုင်းထမ်းပါက ပေါ့ပါးသွားသကဲ့သို့တည်း။

ထိုသို့ ပြုလုပ်၍ ဒုက္ခဝေဒနာကို မနိုင်သေးပါက အသက်ရှူရှိုက်ခြင်းကို လျော့ချပေးလိုက်ပါ။ ယင်းသို့ လျော့ချခြင်းကို သဲအင်းဂူက “ဗောချပေးသည်” ဟု ခေါ်သည်။ ထိုအခါ ဝေဒနာလျော့ကျသွားလိမ့်မည်။ ဝေဒနာလျော့သွားသည့် အခါ ဗောကိုတင်ပြီး ပြင်းပြင်း ရှူပေးပါ။ ဝေဒနာကို အနိုင်ရပါလိမ့်မည်။

ဤသို့ ဆေးနည်းများဖြင့် ဝေဒနာကို အနိုင်တိုက်ပါ။ ဝေဒနာချုပ်ဆုံးအောင်တိုက်ပါ။ ဝေဒနာတစ်ကြိမ် ချုပ်ဆုံးသည်ကို တွေ့သိရလျှင် နောင်ပေါ်လာသမျှ ဝေဒနာများကိုလည်း ချုပ်ဆုံးအောင် တိုက်ပါ။ ဝေဒနာကို လျစ်လျူရှုနိုင်သည့် အဆင့်သို့ရောက်လျှင် တစ်နေကုန်တစ်နေခန်း တရားအားထုတ်နိုင်စွမ်း ရှိလာပါမည်။

ဤနည်းအားဖြင့် ဆက်လက်အားထုတ်ပါက ဤဘဝ၌ပင် အရိယာအဖြစ်သို့ ရောက်ရှိနိုင်ပါသည်။

အာနာပါနသမထလမ်းစဉ်မှ ဝိပဿနာလမ်းစဉ်သို့ ကူးပြောင်းပုံကို ဝိပဿနာခန်း၌ ထပ်မံရှင်းလင်းဖော်ပြပါမည်။
စာမျက်နှာ-233


အခန်း (၇)

ဗြဟ္မစိုရ်တရား ပွားများခြင်း

“ဗြဟ္မစိုရ်” ဟူသော စကားသည် “ဗြဟ္မစရိယ” ဟူသော ပါဠိဝေါဟာရမှ ဖြစ်ပေါ်လာသော စကားဖြစ်သည်။ (ဗြဟ္မ = မြတ်သော + စရိယ = အကျင့်။ ဗြဟ္မစရိယ = မြတ်သော အကျင့်၊ ဗြဟ္မစိုရ်။) မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာအားဖြင့် ဗြဟ္မစိုရ်တရား လေးပါးရှိ၏။ ယင်းတရားလေးပါးကို “ဗြဟ္မဝိဟာရ” ဟုလည်း ခေါ်သည်။ (ဗြဟ္မ = ဗြဟ္မာတို့၏ + ဝိဟာရ = နေခြင်း၊ ဗြဟ္မ = မြတ်သော + ဝိဟာရ = နေခြင်း။)

အပ္ပမညာတရား

အပိုင်းအခြား အကန့်အသတ် အတိုင်းအဆ ပမာဏမရှိသော သတ္တဝါအပေါင်းကို “အပ္ပမာဏ” ဟု ခေါ်သည်။ (အ + ပမာဏ။ ပမာဏအတိုင်းအရှည် + အ = မရှိ) ဤ၍ဤမျှလောက်သော သတ္တဝါကိုသာ အာရုံပြုရမည်၊ ထို့ထက်ပိုလွန်သော သတ္တဝါကို အာရုံမပြုရဟု အကန့်အသတ် ပမာဏမထားဘဲ အနန္တ (အဆုံးအပိုင်းအခြားမရှိသော) သတ္တဝါအားလုံးကို အာရုံပြုရမည်။ သတ္တဝါတစ်ဦးတစ်ယောက်ကို အာရုံပြုရာ၌လည်း သတ္တဝါ၏အထက်ပိုင်းကိုသာ အာရုံပြု၍ အောက်ပိုင်းကို အာရုံမပြုရဟု စသည်ဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်းလည်း အကန့်အသတ် ပမာဏမထားဘဲ တစ်ကိုယ်လုံးကို အာရုံပြုရမည်။

ဤသို့ အပိုင်းအခြား အကန့်အသတ် ပမာဏမရှိသော သတ္တဝါအပေါင်းကို အာရုံပြု၍ ပွားများရသောကြောင့် ဗြဟ္မစိုရ်တရားလေးပါးကိုပင် အဘိဓမ္မာကျမ်းများ၌ “အပ္ပမညာတရား” ဟု ခေါ်သည်။ (အပ္ပမာဏ + ယ = အပ္ပမာဏယ = အပ္ပမညာ၊ နယကို ညပြု၍ “အပ္ပမညာ” ဖြစ်သည်) ထို့ကြောင့် “အပ္ပမညာတရား” ဟုလည်းကောင်း၊ “ဗြဟ္မဝိဟာရတရား” ဟုလည်းကောင်း၊ “ဗြဟ္မစိုရ်တရား” ဟုလည်းကောင်း အမည်သုံးမျိုးဖြင့် ခေါ်ဝေါ်နိုင်သည်။

ဗြဟ္မစိုရ်တရားလေးပါးအဓိပ္ပာယ်

(၁) မေတ္တာ = ချစ်ခင်ခြင်း၊ သတ္တဝါများ၏ အကျိုးစီးပွားကို လိုလားခြင်း။
(၂) ကရုဏာ = သနားကြင်နာခြင်း၊ ဒုက္ခရောက်နေသူများကို ကယ်တင်စောင့်ရှောက်လိုခြင်း။
စာမျက်နှာ-234


(၃) မုဒိတာ = ဝမ်းမြောက်ခြင်း၊ ချမ်းသာသူများအပေါ် ဝမ်းမြောက်နေခြင်း။

(၄) ဥပေက္ခာ = လျစ်လျူရှုခြင်း၊ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း၊ ချစ်ခြင်း၊ မုန်းခြင်းတို့၏ အလယ်၌ မယိမ်းမယိုင် နေနိုင်ခြင်း။

ရှေးဦးပြုဖွယ်ကိစ္စများ

မေတ္တာဘာဝနာပွားများမည့် ယောဂီသည် ပထဝီကသိုဏ်းရှုပုံ၌ ပြဆိုခဲ့သည့်အတိုင်း ရှေးဦးပြုဖွယ်ကိစ္စများကို ပြုလုပ်ရမည်။ အကျဉ်းချုပ် ရှေးဦးစွာ ပြုဖွယ်ကိစ္စများ ပြုပုံမှာ—

ဦးစွာ သီလကို စင်ကြယ်စေရမည်။
ကြောင့်ကြစိုက်ဖွယ် ပလိဗောဓ (လုပ်ငန်းအဝဝ) ကို ပြီးပြတ်အောင် ပြုလုပ်စီမံထားရမည်။
မေတ္တာကမ္မဋ္ဌာန်းကို စနစ်တကျပြသနိုင်မည့် ကမ္မဋ္ဌာန်းဆရာထံ နည်းနာနိဿယ ခံယူရမည်။
ခေါင်းရိတ်ခြင်း၊ လက်သည်းလှီးခြင်း စသည့် သေးငယ်သော ကြောင့်ကြစိုက်ဖွယ်များကိုလည်း ပြီးပြတ်အောင် ပြုလုပ်ထားရမည်။
မေတ္တာဘာဝနာ အားထုတ်ရန် သင့်လျော်သည့် နေရာ၌ နေထိုင်ရမည်။

အစာစားပြီးစ အခါမျိုးတွင် အစာဝလွန်းသည့်အတွက် လေးလံထိုင်းမှိုင်းမှုကို ခေတ္တ အနားယူ၍ ပြေငြိမ်းစေပြီးနောက် ဆိတ်ငြိမ်ရာအရပ်တွင် နေရာခင်း၍ မလှုပ်မယှက် မရွှေ့မပြောင်း ပြင်မထိုင်ဘဲ ကြာရှည်စွာ ထိုင်နိုင်မည့် ထိုင်ခြင်းမျိုးဖြင့် ထိုင်၍ ပွားများရမည်။ ပထမဦးစွာ ထိုင်ခါစတွင် တင်ပျဉ်ခွေထိုင်ခြင်းသည် အကောင်းဆုံး ထိုင်နည်းဖြစ်သည်။ အားထုတ်၍ အသားကျလာသည့်အခါ သက်သာသလို ထိုင်၍ အားထုတ်နိုင်ပါသည်။

ဣရိယာပုထ် ၄-ပါးလုံး အားထုတ်ရန် သင့်လျော်ပုံ

မေတ္တာဘာဝနာကို ပွားများအားထုတ်သည့် ယောဂီသည် ထိုင်လျက်သာမက စင်္ကြံလျှောက်ရင်းလည်း အားထုတ်နိုင်သည်။ မတ်တတ်ရပ်နေရင်းလည်း အားထုတ်နိုင်သည်။ လဲလျောင်းနေရင်းလည်း အားထုတ်နိုင်သည်။ ထို့ကြောင့် မေတ္တသုတ်ပါဠိတော်၌—
စာမျက်နှာ-235


“တိဋ္ဌံ စရံ နိသိန္နော ဝ၊ သယာနော ယာဝတာ'ဿ ဝိတမိဒ္ဓေါ”

ဟု ဟောကြားတော်မူသည်။ ဤပါဠိတော်အရ—
“တိဋ္ဌံ၊ ရပ်နေရင်း။ စရံ၊ သွားလာနေရင်း။ နိသိန္နော၊ ထိုင်နေရင်း။ သယာနော၊ လဲလျောင်းနေရင်း။”
ဤဣရိယာပုထ် လေးပါးလုံးပင် သင့်လျော်သလို အားထုတ်နိုင်ကြောင်း ထင်ရှားသည်။

သတိပဋ္ဌာန်တရား ပွားများအားထုတ်ရာ၌လည်း ဣရိယာပုထ်လေးပါးလုံးပင် သင့်လျော်သလို အားထုတ်နိုင်ကြောင်း ဟောကြားတော်မူထားသည်။ မေတ္တာဘာဝနာပွားများသည့် ယောဂီအဖို့ လိုရင်းအချုပ်အားဖြင့် အိပ်ချိန်ကို အနည်းငယ်သာ ထားပြီး အိပ်ဖို့ရန် လဲလျောင်းနေသည့်အခါတောင်မှ အိပ်မပျော်မချင်း ဤမေတ္တာဘာဝနာကို ပွားများနေသင့်ကြောင်း မေတ္တသုတ် ပါဠိတော်၌ ဘုရားရှင် ကိုယ်တော်တိုင် တိုက်တွန်းဟောကြားတော်မူထားသည်။ မေတ္တာကို ပွားများနိုင်ရန်မှာ မေတ္တာ၏ ဆန့်ကျင်ဘက်ဖြစ်သော ဒေါသကို ပယ်နိုင်ရမည်။ သည်းခံစိတ် မွေးရမည်။

အပြစ်နှင့် အကျိုး ဦးစွာဆင်ခြင်

မေတ္တာဘာဝနာ ပွားများမည့် ယောဂီသည် မေတ္တာ၏ ဆန့်ကျင်ဘက်ဖြစ်သော ဒေါသ၏ အပြစ်အမျိုးမျိုးနှင့် သည်းခံခြင်း၏ အကျိုးအမျိုးမျိုးကို ဆင်ခြင်နှလုံးသွင်းထားရမည်။ မှန်ပါသည်၊ ဒေါသနှင့် မေတ္တာသည် ဆန့်ကျင်ဘက်ဖြစ်သည်။ ဒေါသဖြစ်နေလျှင် မေတ္တာဓာတ် မကိန်းအောင်းနိုင်ပေ။ ဒေါသသည် ပူလောင်၍ မေတ္တာသည် အေးမြ၏။ အပူနှင့် အအေးသည် ဆန့်ကျင်ဘက်ဖြစ်ရာ အပူရှိလျှင် အအေး မလာနိုင်။ အအေးလာနိုင်ရန် အပူကို ငြိမ်းသတ်ရမည်။ ပယ်ထုတ်ထားရမည်။ ပယ်ထုတ်ထားရန်အတွက် အပြစ်ကိုမြင်မှ ပယ်နိုင်သည်။ အပြစ်မမြင်သမျှ ပယ်၍ရနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဒေါသ၏အပြစ်ကို ကြိမ်ဖန်များစွာ နှလုံးသွင်း ဆင်ခြင်ထားရမည်။

ဒေါသ၏အပြစ်ကို ဆင်ခြင်ပုံ

“ဒုဋ္ဌော အတ္ထံ န ဇာနာတိ”
“အမျက်ထွက်သူသည် အကျိုးကို မသိ မမြင်နိုင်”

“ဒုဋ္ဌော ဓမ္မံ န ပဿတိ”
“အမျက်ထွက်သူသည် အကြောင်းကို မမြင်နိုင်”
စာမျက်နှာ-236


အမျက်ဒေါသဖြစ်လာလျှင် အကျိုးအကြောင်းကို ခွဲခြား၍ မမြင်နိုင်ဖြစ်လာတော့သည်။ အမျက်ထွက်သူသည် အကြောင်းအကျိုး အကောင်းအဆိုးတို့ကို မဝေခွဲနိုင်တော့သဖြင့် သူ့အသက်သတ်ခြင်း၊ သူတစ်ပါးကို နှိပ်စက်ညှဉ်းပန်းခြင်း အစရှိသည့် မကောင်းမှု ဒုစရိုက်များကို ကျူးလွန်မိတတ်ပေသည်။

အမျက်ဒေါသထွက်နေသူသည် ဒေါသကို အရင်းခံ၍ မပြစ်မှားထိုက်သည့် ပုဂ္ဂိုလ်များကို ပြစ်မှားမိတတ်သည်။ မကျူးလွန်ရမည့် ဥပဒေများကိုလည်း ကျူးလွန်မိတတ်သည်။

ဒေါသဖြစ်နေသူသည် ရှေးဦးစွာ မိမိကိုယ်ကို ဆင်းရဲစေသည်။ ဒေါသဖြစ်လာသည်နှင့်အမျှ ကြည်လင်ရွှင်ပျသော စိတ်မရှိတော့ဘဲ မျက်နှာမသာမယာ ဖြစ်လာသည်။ ဒေါသပြင်းထန်လေလေ ကိုယ်ရောစိတ်ပါ ပင်ပန်းဆင်းရဲလေလေ ဖြစ်တော့သည်။ ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက်များကိုလည်း ကျူးလွန်လာတော့သည်။

ဒေါသဖြစ်နေသူသည် သူတစ်ပါးကိုလည်း ဆင်းရဲအောင် ပြုလုပ်သည်၊ ပြောဆိုသည်၊ ကြံစည်သည်၊ သူတစ်ပါးကို ညှဉ်းပန်းနှိပ်စက်၍ ကိုယ်ဖြင့်လည်း ကျူးလွန်စော်ကားမည်။ စွမ်းနိုင်လျှင် သေအောင်လည်း သတ်ဖြတ်နိုင်သည်။ နှုတ်ဖြင့်လည်း မခံသာအောင် ဆဲဆို စော်ကားနိုင်သည်။ သူတစ်ပါး ဒုက္ခရောက်အောင် စိတ်ဖြင့်လည်း ကြံစည်တော့မည်။ နောက်ဆုံးတွင် အပါယ်သို့ ကျရောက်နိုင်သည့် အပြစ်ကြီးများကိုပင် ကျူးလွန်မိပြီး အပါယ်ငရဲသို့ ကျရောက်ရတော့သည်။

ဤသို့လျှင် ဒေါသဖြစ်သူသည် ရှေးဦးစွာ မိမိကိုယ်တိုင် ကိုယ်စိတ်ပင်ပန်းဆင်းရဲရသည်။ သူတစ်ပါးကိုလည်း ဆင်းရဲအောင်လုပ်သည်။ မိမိသူတစ်ပါး နှစ်ဦးသားလုံးကိုလည်း ဆင်းရဲစေနိုင်သည်။ ဤသို့ စသည်ဖြင့် ဒေါသ၏ အပြစ်ကို ဆင်ခြင် နှလုံးသွင်းရမည်။

သည်းခံခြင်း၏ အကျိုး

ဒေါသ၏ အပြစ်များကို ဆင်ခြင်ပြီးနောက် သည်းခံခြင်း၏ အကျိုးကို ဆက်လက်၍ ဆင်ခြင်ရမည်။ သည်းခံခြင်းနှင့် စပ်လျဉ်း၍ ပိဋကတ်တော်များ၌ ဟောကြားထားသည့် ဒေသနာတော်များစွာရှိသည်။ သည်းခံခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ကြောင်း မင်္ဂလာတရားတော်၌ တွေ့နိုင်သည်။ သည်းခံခြင်းသည် အမြတ်ဆုံးအကျင့်ဖြစ်ကြောင်း ဩဝါဒပါတိမောက် ဒေသနာတော်၌ ဘုရားအဆူဆူ ဟောကြားတော်မူခဲ့သည်။ သည်းခံခြင်းသည် ဘေးရန်ကို—
စာမျက်နှာ-237


ကာကွယ်နိုင်သည့် စစ်တပ်နှင့်တူသည်ဟု ဓမ္မပဒဒေသနာတော်၌ ဟောကြားတော်မူသည်။ မိမိ၏ အကျိုးစီးပွားထဲတွင် အမြတ်ဆုံးအကျိုးစီးပွားဖြစ်သည်ဟု သံယုတ်ပါဠိတော်၌ ဟောကြားတော်မူသည်။ ဤသို့ စသည်ဖြင့် သည်းခံခြင်း၏ အကျိုးအာနိသင်ကို ဆင်ခြင်ရသည်။

စိတ်ဆိုးစရာ အာရုံနှင့် ကြုံတွေ့သည့်အခါ စိတ်မဆိုးဘဲ ကြည်ကြည်သာသာနှင့် သည်းခံနေသူသည် လူအများ၏ ချစ်ခင်လေးစားကြည်ညိုခြင်းကို ခံရသည်။ သည်းခံသူအား စွမ်းနိုင်သမျှ ဝိုင်းဝန်း၍လည်း အကူအညီပေးကြသည်။ သည်းခံသူအား ရန်လည်းမများ အမုန်းလည်းမပွားနိုင်။

အလောင်းတော် ဒီဃာဝုမင်းသားသည် သည်းခံဖို့ မိဘများသွန်သင်မှာကြားခဲ့သည့် စကားကို တစ်သဝေမတိမ်း လိုက်နာသည်။ ဗြဟ္မဒတ်မင်းသည် ဒီဃာဝုမင်းသား၏ မိဘများကို သတ်ဖြတ်၍ တိုင်းပြည်ကိုလည်း လုယက်သိမ်းပိုက်သည်။ ယင်းသို့ ပြုလုပ်သော ဗြဟ္မဒတ်မင်းအပေါ် ဒီဃာဝုမင်းသား၏ မိဘများသည် ရန်တုံ့မမူဖို့၊ အရှည်ကို မြော်၍ သည်းခံဖို့ မှာကြားသွန်သင်ခဲ့သည်။ ဒီဃာဝုမင်းသားသည် မိဘတို့မှာကြားခဲ့သည့် ခန္တီတရားကို လက်ကိုင်ထားသဖြင့် ဗြဟ္မဒတ်မင်း၏ အတွင်းလူယုံတော်အဖြစ်သို့ ရောက်ရှိကာ ဗြဟ္မဒတ်မင်းက သမီးတော်နှင့် လက်ထပ်ပေး၍ သိမ်းပိုက်ထားသော ထီးနန်းကိုပါ ပြန်လည်ပေးအပ်ခဲ့သည်။ ဒီဃာဝုမင်းသား၏ သည်းခံခြင်းတရား လက်ကိုင်ထားပုံကို ဆင်ခြင်၍လည်း သည်းခံခြင်း၏ အကျိုးအာနိသင်ကို ဆင်ခြင်ကြရာ၏။

သည်းခံမှ နိဗ္ဗာန်ရောက်

သည်းခံခြင်း ခန္တီတရားသည် ကုသိုလ်ဟူသမျှတို့၏ အခြေခံတရားလည်း ဖြစ်သည်။ ဒါနကုသိုလ် အထမြောက်ဖို့အရေးကို ကြည့်ပါက ဦးစွာမိမိကိုယ်တိုင် သုံးစွဲလိုမှုကို အောင့်အည်း သည်းခံရသည်။ ကိုယ့်အတွက် ခြိုးခြံ၍ အပင်ပန်းခံရသည်။ သီလကုသိုလ် အထမြောက်ရေးအတွက်လည်း အနစ်နာခံရသည်။ ဘူရိဒတ်ဇာတ်၊ စမ္ဗေယျဇာတ်၊ သင်္ခပါလဇာတ် စသည်တို့၌ ဘုရားအလောင်းတော်၏ သည်းခံတော်မူပုံကို တွေ့မြင်နိုင်သည်။ ဥပုသ်သီလကုသိုလ် အထမြောက်ရေးအတွက် သည်းခံရပုံမှာ နေ့လွဲညစာ မစားဘဲ သည်းခံရသည်။ အမွှေးနံ့သာကို မလိမ်းမကျံဘဲ အောင့်အည်း သည်းခံကြရသည်။ ပွဲလမ်းသဘင်ကြည့်လိုမှု သီဆိုတီးမှုတ်လိုမှုများကို ပြုလိုပါလျက် အောင့်အည်းသည်းခံကြရသည်။

ဘာဝနာကုသိုလ် အထမြောက်ရေးအတွက်လည်း ကိုယ်ပင်ပန်းဆင်းရဲမှုများကို သည်းခံကြရသည်။ ထိုသို့ သည်းမခံဘဲ အနည်းငယ် ညောင်းညာပူအိုက်လာရုံမျှဖြင့် ကိုယ်အနေအထားကို ခဏခဏ ပြင်လိုက်လှုပ်လိုက် ပြုလုပ်
စာမျက်နှာ-238


နေပါက သမာဓိရဖို့ ခဲယဉ်းလှသည်။ သည်းခံပြီး ရှုမှတ်ပွားများမှ ဈာန်သမာဓိနှင့် ဝိပဿနာဉာဏ်များ ရင့်သန်ပြီး မဂ်ဖိုလ်နိဗ္ဗာန်အထိ မျက်မှောက်ပြုနိုင်မည်။ ဤသည်ကို ရည်ရွယ်၍ “သည်းခံမှု နိဗ္ဗာန်ရောက်သည်” ဟု ဆိုရိုးစကား ပြုခဲ့ကြသည်။

ဤသို့အားဖြင့် ဒါန၊ သီလ၊ ဘာဝနာကုသိုလ်များ အထမြောက်ရေးတွင်လည်း ခန္တီတရားသည် အရေးပါ အရာရောက်လျက်ရှိပေသည်။ မေတ္တာပွားများရာ၌ကား သည်းခံခြင်း အကျင့်တရားသည် ပို၍ပင် အရေးပါ အရာရောက်လှပေသည်။ စင်စစ်အားဖြင့် သူတစ်ပါးကို စိတ်မဆိုးဘဲ သည်းခံနိုင်မှ မေတ္တာဖြစ်ပွားနိုင်သည်။ သည်းမခံဘဲ ဒေါသဖြစ်ပွားနေလျှင် မေတ္တာမဖြစ်နိုင်ပေ။ ထို့ကြောင့် မေတ္တာကို မပွားမီ သည်းခံခြင်း၏ အကျိုးအာနိသင်ကို ဆင်ခြင်ဖို့ လိုအပ်ပေသည်။

မေတ္တာဘာဝနာ

ဒေါသ၏အပြစ်နှင့် သည်းခံခြင်း၏ အကျိုးများကို ဆင်ခြင်ပြီးသည့်အခါ စိတ်အစဉ်၌ အပြစ်ရှိသော ဒေါသများ ကင်းရှင်းစေရန်နှင့် အကျိုးများသော သည်းခံမှု ခန္တီတရားများ အမြဲကိန်းနေစေရန်အတွက် မေတ္တာဘာဝနာကို ပွားများကြရပေသည်။

မေတ္တာပွားပုံ ၂-မျိုး

မေတ္တာပွားရာ၌—
(၁) ပါရမီဖြစ် ကုသိုလ်ဖြစ် ပွားများခြင်း နှင့်
(၂) သမာဓိဈာန်ရအောင် ပွားများခြင်း
ဟု ၂-မျိုးရှိသည်။ ယင်း ၂-မျိုးအနက် ပါရမီဖြစ် ကုသိုလ်ဖြစ် ပွားများပုံကို ရှေးဦးစွာ ပြပါမည်။

ပါရမီကုသိုလ်ဖြစ် မေတ္တာပွားရာ၌ မြင်သမျှ၊ ကြားသမျှ၊ စိတ်ထဲပေါ်လာသမျှ သတ္တဝါများ သို့မဟုတ် လူများကို အာရုံပြုပြီး ပွားများရသည်။ ချမ်းသာပါစေဟု စိတ်ထဲက တကယ်ချမ်းသာစေလိုသည့် စိတ်ဆန္ဒကို အဖန်ဖန် အထပ်ထပ် ဖြစ်စေရမည်။ သတ္တဝါအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေဟု အမှန်တကယ် ချမ်းသာစေလိုသည့် စိတ်ဆန္ဒကို ကြိမ်ဖန်များစွာ ဖြစ်ပွားစေရမည်။
စာမျက်နှာ-239


သတ္တဝါများအပေါ် မေတ္တာပွားရာ၌ နှုတ်ဖြင့် ခပ်ပေါ့ပေါ့ ရွတ်ဆိုရုံမျှ မဟုတ်ဘဲ သတ္တဝါများအပေါ်၌ တကယ်ချမ်းသာစေလိုသည့် မေတ္တာစိတ်ကို လေးလေးနက်နက်ထားပြီး ပွားများသင့်ပုံကို မေတ္တသုတ်ပါဠိတော်၌ ဘုရားရှင် ဟောကြားတော်မူပါသည်။

မိခင်လိုစိတ်ထားပါ

မိခင်သည် တစ်ဦးတည်းသော သားလေးအတွက် မိမိအသက်ကိုပင် မငဲ့ကွက်ဘဲ စောင့်ရှောက်သကဲ့သို့ မေတ္တာပွားသည့် ယောဂီသည် သတ္တဝါအားလုံးအပေါ်၌ အဟုတ်ချမ်းသာစေလိုသော စိတ်ဓာတ်ထက်သန်စွာဖြင့် မေတ္တာကို ပွားများရမည်။ ချစ်ခင်မြတ်နိုး အကျိုးလိုလားသော စိတ်ကို အဖန်ဖန် အထပ်ထပ် ဖြစ်စေရမည်။ ဤသို့ စိတ်ထဲ၌ တကယ်ချမ်းသာစေလိုသည့် စိတ်ထားဖြင့် ပွားများမှ မေတ္တာပွားသည်ဟု မှတ်ယူရပေမည်။

စင်စစ်အားဖြင့် လူတိုင်း၊ သတ္တဝါတိုင်း ချမ်းသာချင်ကြသည်။ ဤသို့ ချမ်းသာချင်သည့် လူများ၊ သတ္တဝါများကို ချမ်းသာကြပါစေဟု စိတ်ဖြင့် နှလုံးသွင်း မေတ္တာပွားနေခြင်းကို “မေတ္တာ မနောကံ” ဟု ခေါ်ဆိုရသည်။

ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ အားလုံးတို့သည် ဝတ်တက်ဝတ်ကပ် ပြုကြသည့်အခါ အားလုံးသော သတ္တဝါတွေ ဘေးရန်ကင်းကြပါစေ စသည်ဖြင့် နှုတ်ဖြင့် ရွတ်ဆိုပွားများကြသည်၊ ဆုပေးကြသည်၊ ယင်းသို့ မေတ္တာပွားများနေမှုမျိုးကို “မေတ္တာ ဝစီကံ” ဟု ခေါ်သည်။

မေတ္တာပွားများနေသော ယောဂီသည် ခရီးသွားရာ၌ မိမိကိုယ်တိုင် နေရာကျယ်ကျယ်ပြန့်ပြန့် ရထားလျှင် သူတစ်ပါးအား ခွဲပေးနိုင်ရမည်။ မနိုင်ဝန် ထမ်းပိုးလာသူကို တွေ့လျှင်လည်း တတ်နိုင်သမျှ ကူညီဖေးမပေးသည်။ သူတစ်ပါး လိုအပ်ချက်များကို မေတ္တာရှေ့ထားပြီး အကျိုးလိုလိုလားလားဖြင့် ကာယကံမြောက် ကူညီဆောင်ရွက်ပေးမှု မှန်သမျှကို “မေတ္တာ ကာယကံ” ဟု ခေါ်သည်။

မေတ္တာဘာဝနာ ပွားများအားထုတ်နေသော ယောဂီသည် ခရီးသွားလာခိုက်ပင် မိမိအနီးအပါး ရောက်ရှိလာသူအားလုံးအပေါ် “ချမ်းသာပါစေ” ဟု စိတ်ဖြင့် မေတ္တာပွားနေရမည်။ မနောကံမေတ္တာ ဖြစ်နေစေရမည်။ နှုတ်ဖြင့်လည်း ချိုချိုသာသာ ပြောဆိုဆက်ဆံရမည်။ ရွှင်ပျသောမျက်နှာဖြင့် ပျူငှာစွာ နှုတ်ဆက်ရမည်။ ဝစီကံမေတ္တာ ဖြစ်နေစေရမည်။ ကိုယ်ဖြင့်လည်း တတ်နိုင်သမျှ အကူအညီပေးရမည်။ ကာယကံမေတ္တာ ဖြစ်နေစေရမည်။
စာမျက်နှာ-240


အချုပ်အားဖြင့် ဆိုရပါမူ မေတ္တာရှင် ယောဂီ၏ ကြံစည်ပြောဆို ပြုလုပ်မှု မှန်သမျှသည် မေတ္တာရှေ့သွား ရှိနေရမည်။ မေတ္တာအမူအရာ ပါရှိနေရမည်သာ ဖြစ်ပေသည်။

၅၂၈-သွယ် မေတ္တာပွားပုံ

ငါးရာနှစ်ဆယ့်ရှစ်သွယ် မေတ္တာပွားများပုံနှင့် စပ်လျဉ်း၍ ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ မေတ္တာဈာန်ရပြီး ပုဂ္ဂိုလ်များ ပွားများပုံအပိုင်း၌ ဖော်ပြထားပါသည်။ သို့ရာတွင် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူအားလုံးတို့သည် ဝတ်တက်ဝတ်ကပ်ပြုကြရာ၌ ငါးရာနှစ်ဆယ့်ရှစ်သွယ် မေတ္တာပွားပုံကို ဝတ်ရွတ်စဉ်အနေဖြင့် ရွတ်ဆိုပွားများလေ့ရှိသောကြောင့် ပါရမီဖြစ် ကုသိုလ်ဖြစ် မေတ္တာပွားပုံအခန်း၌ တစ်ဆက်တည်း ဖော်ပြပေအံ့။

သတ္တဝါကို မည်သူမည်ဝါ ယောက်ျား မိန်းမ စသည်ဖြင့် အထူးမရည်ညွှန်းဘဲ (ပိုင်းခြားကန့်သတ်ခြင်းမရှိဘဲ) သာမညပို့သော မေတ္တာကို “အနောဓိသမေတ္တာ” ဟု ခေါ်၏။ (အနောဓိသ = ကန့်သတ်မှုမရှိသော + မေတ္တာ = မေတ္တာပွားခြင်း) မိန်းမနှင့် ယောက်ျားကို တစ်ကန့်စီ၊ အရိယာနှင့် ပုထုဇဉ်ကို တစ်ကန့်စီ၊ နတ် လူနှင့် အပါယ်သတ္တဝါတို့ကိုလည်း တစ်ကန့်စီအားဖြင့် ပိုင်းခြားကန့်သတ်လျက် (အထူးရည်ညွှန်းလျက်) သူ့အဖို့နှင့်သူ အာရုံယူပို့ရသော မေတ္တာကို “ဩဓိသမေတ္တာ” ဟု ခေါ်၏။ (ဩဓိသ = အပိုင်းအခြားရှိသော + မေတ္တာ = မေတ္တာပွားခြင်း)

မေတ္တာပို့ရမည့် သတ္တဝါအမျိုးအစား

မေတ္တာ၏ အာရုံမှာ သက်ရှိသတ္တဝါဖြစ်သည်။ သက်မဲ့ဝတ္ထုနှင့် သေဆုံးပြီးသူတို့အပေါ် မေတ္တာမပွားရ၊ ပွား၍မရ၊ ထို့ကြောင့် မေတ္တာစိတ်ဖြင့် အာရုံပြုရန် သတ္တဝါအမျိုးအစားကို “အနောဓိသ၊ ဩဓိသ” ဟူ၍ အောက်ပါအတိုင်း ခွဲခြားထားသည်—

အနောဓိသမေတ္တာ ၅-မျိုး

(၁) သဗ္ဗေ သတ္တာ = အလုံးစုံသော သတ္တဝါတို့၊
(၂) သဗ္ဗေ ပါဏာ = အလုံးစုံသော အသက်ရှူသူတို့၊
(၃) သဗ္ဗေ ဘူတာ = အလုံးစုံသော ထင်ရှားဖြစ်သူတို့၊
(၄) သဗ္ဗေ ပုဂ္ဂလာ = အလုံးစုံသော ပုဂ္ဂိုလ်တို့၊
(၅) သဗ္ဗေ အတ္တဘာဝပရိယာပန္နာ = ခန္ဓာကိုယ် အတ္တဘောရှိသူ အားလုံးတို့။
စာမျက်နှာ-241


ဤမေတ္တာပွားနည်း ငါးမျိုးကို မည်သူမည်ဝါဟု အထူးမရည်ညွှန်းသောကြောင့် မကန့်သတ်သောကြောင့် “အနောဓိသ” ဟု ခေါ်သည်။

ဩဓိသမေတ္တာ ၇-မျိုး

(၁) သဗ္ဗာ ဣတ္ထိယော = အလုံးစုံသော မိန်းမတို့၊
(၂) သဗ္ဗေ ပုရိသာ = အလုံးစုံသော ယောက်ျားတို့၊
(၃) သဗ္ဗေ အရိယာ = အလုံးစုံသော အရိယာတို့၊
(၄) သဗ္ဗေ အနရိယာ = အလုံးစုံသော ပုထုဇဉ်တို့၊
(၅) သဗ္ဗေ ဒေဝါ = အလုံးစုံသော နတ်တို့၊
(၆) သဗ္ဗေ မနုဿာ = အလုံးစုံသော လူတို့၊
(၇) သဗ္ဗေ ဝိနိပါတိကာ = အလုံးစုံသော အပါယ်သတ္တဝါတို့။
ဤ ၇-မျိုးကို မိန်းမ၊ ယောက်ျား စသည်အားဖြင့် အထူးရည်ညွှန်းလျက် ပိုင်းခြားကန့်သတ်ထားသောကြောင့် “ဩဓိသ” ဟု ခေါ်သည်။

အနောဓိသမေတ္တာ ၅-မျိုးနှင့် ဩဓိသမေတ္တာ ၇-မျိုး ပေါင်းလျှင် မေတ္တာ ၁၂-မျိုး ရရှိသည်။

မေတ္တာပို့ပုံ ၄-မျိုး

ဖော်ပြခဲ့သည့် အနောဓိသ ၅-မျိုးနှင့် ဩဓိသ ၇-မျိုး၊ ပေါင်း သတ္တဝါ ၁၂-မျိုးကို မေတ္တာပို့ပုံ ၄-မျိုးနှင့် ဆက်စပ်ပြီး မေတ္တာပွားပို့ရသည်။ ယင်း ၄-မျိုးမှာ—
(၁) အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
(၂) အဗျာပဇ္ဇာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။ (စိုးရိမ်သောက ကင်းကြပါစေ)
(၃) အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။

(၄) သုခီ အတ္တာနံ ပရိဟရန္တု = ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာ မိမိတို့ ခန္ဓာဝန်ကို ဆောင်ရွက်နိုင်ကြပါစေ။ (ကျန်းမာပါစေ)

အနောဓိသ၊ ဩဓိသမေတ္တာ ၁၂-မျိုးကို “အဝေရာ ဟောန္တု” စသော မေတ္တာပို့ပုံ အခြင်းအရာ ၄-မျိုးနှင့် မြှောက်ပွားပါက မူလအခြေခံမေတ္တာ ၁၂ × ၄ = ၄၈ မျိုးရ၏။
စာမျက်နှာ-242


အရပ်ဆယ်မျက်နှာ
(၁) ပုရတ္ထိမာယ ဒိသာယ = အရှေ့အရပ်၌၊
(၂) ပစ္ဆိမာယ ဒိသာယ = အနောက်အရပ်၌၊
(၃) ဥတ္တရာယ ဒိသာယ = မြောက်အရပ်၌၊
(၄) ဒက္ခိဏာယ ဒိသာယ = တောင်အရပ်၌၊
(၅) ပုရတ္ထိမာယ အနုဒိသာယ = အရှေ့တောင်အရပ်၌၊
(၆) ပစ္ဆိမာယ အနုဒိသာယ = အနောက်မြောက်အရပ်၌၊
(၇) ဥတ္တရာယ အနုဒိသာယ = အရှေ့မြောက်အရပ်၌၊
(၈) ဒက္ခိဏာယ အနုဒိသာယ = အနောက်တောင်အရပ်၌၊
(၉) ဟေဋ္ဌိမာယ ဒိသာယ = အောက်အရပ်၌၊
(၁၀) ဥပရိမာယ ဒိသာယ = အထက်အရပ်၌။

အထက်တွင် ဖော်ပြခဲ့သည့် အနောဓိသ၊ ဩဓိသမေတ္တာ (၄၈) မျိုးကို အရပ် (၁၀) မျက်နှာဖြင့် မြှောက်လျှင် (၄၈ × ၁၀ = ၄၈၀) ရသည်။ ယင်း (၄၈၀) ကို အရပ်မျက်နှာဖြင့် ပိုင်းခြားပြီး ပွားများရသော မေတ္တာဖြစ်သောကြောင့် “ဒိသာဖရဏမေတ္တာ” ဟု ခေါ်သည်။ ဤ (၄၈၀) ကို ယခင်ပြခဲ့သည့် (အရပ်မျက်နှာ မထည့်ဘဲ ပွားများရသော မေတ္တာ ၄၈ ပါးနှင့် ပေါင်းလျှင် (၄၈၀ + ၄၈ = ၅၂၈) ငါးရာနှစ်ဆယ့်ရှစ်သွယ် မေတ္တာဖြစ်သည်။
ငါးရာနှစ်ဆယ့်ရှစ်သွယ် မေတ္တာ,အရေအတွက်
အနောဓိသမေတ္တာ,၅
ဩဓိသမေတ္တာ,၇
မူလအခြေခံပုဂ္ဂိုလ်စုစုပေါင်း,၁၂
မေတ္တာပို့ပုံ အခြင်းအရာ (၄-မျိုး),၁၂ × ၄ = ၄၈
အရပ် ၁၀-မျက်နှာဖြင့် ပွားများခြင်း,၄၈ × ၁၀ = ၄၈၀
စုစုပေါင်းမေတ္တာသွယ်,၄၈၀ + ၄၈ = ၅၂၈
စာမျက်နှာ-243


မေတ္တာ၏ အနီးကပ်ရန်သူနှင့် အဝေးရန်သူ
ဈာန်သမာဓိရအောင် မေတ္တာပွားများမည့် ယောဂီသည် မေတ္တာ၏ အနီးရန်သူနှင့် အဝေးရန်သူ ဟူသော အစွန်းနှစ်ဘက်ကို လွန်မြောက်စေရမည်။

မေတ္တာကို ချစ်ခြင်းဟု မြန်မာပြန်ဆိုခဲ့ကြသည်။ တဏှာပေမ သားချစ်၊ မယားချစ်၊ ဆွေမျိုးချစ် စသော သံယောဇဉ်မကင်းသည့် အချစ်များနှင့် ရောထွေးလျက် ရှိ၏။ ထိုအချစ်မျိုးကို ကျမ်းဂန်များ၌ ဂေဟဿိတပေမ ဟု ခေါ်သည်။ မေတ္တာအစစ် မဟုတ်ချေ။ (ဂေဟ + သိတ + ပေမ၊ ဂေဟ = အိမ်၊ သိတ = မှီသော + ပေမ = အချစ်) အိမ်သူအိမ်သားအချစ်ဟု ခေါ်နိုင်သည်၊ အိမ်တွင်းအချစ်ဟုလည်း ဆိုနိုင်ပါသည်။ မေတ္တာအစစ် မဟုတ်၊ မေတ္တာအတုသာ ဖြစ်သည်။

မေတ္တာအစစ်သည် ကုသိုလ်စိတ်၊ ကြိယာစိတ် တစ်မျိုးမျိုး ဖြစ်ရမည်။ တဏှာချစ် သံယောဇဉ်ချစ်ကား လောဘ (အကုသိုလ်) ပင် ဖြစ်သည်။ ဘုရားရှင်၏ ငယ်ကျွန်တော်ရင်း မြင်းမြီးဆွဲ မောင်ဆန်သည် ရဟန်းပြုပြီးနောက် ဆန္ဒမထေရ်အဖြစ် ရောက်လာသော်လည်း ဘုရားရှင်အပေါ်၌ ငါ့ဘုရား၊ ငါ့အရှင်သခင်ဟု အရှင်သခင်ချစ်၊ သံယောဇဉ်အချစ်မျိုးဖြင့် တွယ်တာနေ၍ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် တရားမရနိုင်ခဲ့ချေ။ ဘုရားပရိနိဗ္ဗာန်စံပြီးမှသာ ရဟန္တာအဖြစ်သို့ ရောက်တော်မူသည်။

အချုပ်အားဖြင့် မခွဲနိုင် မခွာရက်နိုင်အောင် သံယောဇဉ်ဖြစ်ရသော အချစ်သည် တဏှာချစ်ဖြစ်သည်။ သံယောဇဉ် တွယ်တာငြိကပ်မှု မပါဘဲ အကျိုးစီးပွား လိုလားသော သဘောသည်သာ မေတ္တာအစစ်ဖြစ်သည်။

ထို့ကြောင့် တဏှာချစ် (ရာဂ) သည် မိတ်ဆွေဟန်ဆောင်သော ရန်သူနှင့် တူသောကြောင့် မေတ္တာ၏ အနီးကပ်ရန်သူ မည်၏။ ဒေါသ သည် မေတ္တာ၏ အဝေးရန်သူ မည်၏။

မေတ္တာဘာဝနာကို ပွားများရာ၌ မေတ္တာအတု (ရာဂ) တည်းဟူသော အနီးကပ်ရန်သူ၊ ဒေါသတည်းဟူသော အဝေးရန်သူ ဤအစွန်းနှစ်ဘက်ကို ရှောင်ရှား၍ ပွားများကြရသည်။

စင်စစ်အားဖြင့် အကျိုးစီးပွားကို မျှော်၍ ပွားများသော မေတ္တာနှင့် ဒုက္ခပေးမည်ကို ကြောက်ရွံ့၍ ပွားများသော မေတ္တာများသည် ရာဂ၊ ဒေါသတည်းဟူသော အစွန်းနှစ်ဘက်မှ လွတ်ကင်းသော မေတ္တာမဟုတ်သည်ကို သတိပြုသင့်ကြပေသည်။
စာမျက်နှာ-244


မေတ္တာဘာဝနာကို ဈာန်သမာဓိရအောင် ပွားများမည့် ယောဂီသည် မေတ္တာစ၍ မပွားသင့်သည့် ပုဂ္ဂိုလ်၊ မေတ္တာလုံးဝ မပွားသင့်သည့် ပုဂ္ဂိုလ်နှင့် ဦးစွာစ၍ မေတ္တာပို့ရမည့် ပုဂ္ဂိုလ်ကို ခွဲခြားသိရှိထားရမည်။

အစအဦး မေတ္တာစ၍ မပွားသင့်သည့် ပုဂ္ဂိုလ် (၄) ဦး

မေတ္တာပွားရာ၌—
(၁) မုန်းသူကိုလည်းကောင်း၊
(၂) အလွန်ချစ်သူကိုလည်းကောင်း၊
(၃) သူစိမ်းတစ်ယောက်ကိုလည်းကောင်း၊
(၄) ရန်သူကိုလည်းကောင်း— မေတ္တာစ၍ မပွားသင့်ချေ။
(၁) မုန်းသူ
မုန်းသောပုဂ္ဂိုလ်၊ မိမိမုန်းတီးနေသည့်သူကို ချစ်သူလို သဘောထားပြီး ချမ်းသာပါစေဟု နှလုံးသွင်းရန် ခက်ခဲနေတတ်ပေသည်။
(၂) အလွန်ချစ်သူ
အလားတူပင် အလွန်ချစ်အပ်သည့်၊ အလွန်ချစ်နေသည့် သားသမီး၊ ညီအစ်ကို မောင်နှမ၊ တပည့်ရင်းကဲ့သို့သော ပုဂ္ဂိုလ်များကို ပထမဦးဆုံး မေတ္တာပို့ပါက အချစ်စိတ်နှင့် သံယောဇဉ်တွယ်တာမှုသည် ပိုမိုပြင်းထန် လွန်ကဲလာတတ်သည်။ မေတ္တာ မဖြစ်နိုင်တော့ဘဲ တဏှာပေမသာ ဖြစ်သွားတတ်သည်။ ချက်ချင်း တွေ့လို မြင်လိုစိတ်၊ ပွေ့ဖက် ထိတွေ့လိုစိတ်များ လွန်ကဲစွာ ဖြစ်ပေါ်တတ်သည်။
(၃) သူစိမ်း (မချစ်မမုန်း)
တစ်ဖန် မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်များမှာ မိမိနှင့် အကျွမ်းတဝင် ရင်းနှီးသိကျွမ်းမှု မရှိသည့် သူစိမ်းတစ်ယောက်ကို အကျိုးစီးပွား လိုလား၍ ချမ်းသာစေလိုသော စိတ်ထားဖြင့် မပြတ်နှလုံးသွင်းဖို့ ခက်ခဲနေတတ်ပေသည်။
(၄) ရန်သူ
ရန်သူကိုမူ မေတ္တာပွားဖို့ မဆိုထားဘိ သူ့ကို သတိရလျှင် မေတ္တာ၏ ဆန့်ကျင်ဘက် ဒေါသပင် ဖြစ်လာတတ်သည်။
စာမျက်နှာ-245


ထို့ကြောင့် ဤပုဂ္ဂိုလ် (၄) ဦးကို အစအဦး မေတ္တာမပွားသင့်သည့် ပုဂ္ဂိုလ်များဟု ဆိုရပေသည်။

မေတ္တာ လုံးဝ မပွားသင့်သူများ

မေတ္တာ လုံးဝ မပွားသင့်သည့် ပုဂ္ဂိုလ်နှစ်ဦးရှိသည်။ ၎င်းတို့မှာ—
(၁) လိင်မတူသူ၊
(၂) ကွယ်လွန်ပြီးသူ— တို့ဖြစ်သည်။

(၁) လိင်မတူသူ

လိင်မတူသည့် ပုဂ္ဂိုလ်ဟူသည် ယောက်ျားနှင့် မိန်းမဖြစ်သည်။ ယောက်ျားက မိန်းမဖြစ်သူကို၊ မိန်းမက ယောက်ျားဖြစ်သူကို သီးသန့်မေတ္တာပွားပို့နေလျှင် တပ်မက်သည့် တဏှာရာဂစိတ် ဝင်လာတတ်သည်။

ရှေးက အမတ်သားတစ်ယောက်သည် “အဘယ်သူကို မေတ္တာပွားသင့်ပါသလဲ” ဟု သူကိုးကွယ်ဆည်းကပ်သည့် မထေရ်ကို မေးသည်။ မထေရ်က ချစ်တဲ့သူကို မေတ္တာပွားပို့သင့်ကြောင်း အမိန့်ရှိရာ သူ့ဇနီးကို ချစ်သည့်အတွက် တစ်နေ့တွင် ရှစ်ပါးသီလကို ဆောက်တည်ပြီး ညဉ့်အခါ တံခါးပိတ်ထားသည့် အခန်းထဲဝင်ကာ အိပ်ရာပေါ်ထိုင်ပြီး ဇနီးကို အာရုံပြုလျက် မေတ္တာပို့နေသည်။ ဤကဲ့သို့ မေတ္တာပွားပို့နေစဉ် တပ်မက်သည့် အချစ်စိတ်များ ပြင်းထန်လာသည့်အတွက် ဇနီးထံသွားဖို့ အားထုတ်သည့် အချစ်စိတ် မွှန်ထူနေသဖြင့် တံခါးပေါက်ကိုပင် သတိမရနိုင်ဘဲ နံရံကို တိုက်မိတိုးမိသည်။ နံရံကို ဖောက်ခွဲထွက်လိုသည့်အတွက် နံရံကို လက်သီးနှင့်ထိုး ခြေနဲ့ကန်ပြီး နံရံကြီးကို တွယ်ကပ်ကုတ်ခြစ် ဆွဲတက်နေသည်ဟူ၏။ ဤကဲ့သို့ တပ်မက်မှုရာဂ ဖြစ်တတ်သောကြောင့် လိင်မတူသူကို သီးသန့် မေတ္တာမပွားသင့်ချေ။

သို့ရာတွင် ဤပြဆိုချက်သည် ဈာန်ရအောင် မေတ္တာပွားသူများအတွက် ပြဆိုခြင်းဖြစ်၍ ပါရမီဖြစ် ကုသိုလ်ဖြစ် ပွားများရာ၌ကား သာမန်အားဖြင့် ပွားများနိုင်ပါသည်။ ရာဂစိတ် ဝင်ရောက်လာမည်စိုး၍ တားမြစ်ခြင်းဖြစ်သည်။

(၂) ကွယ်လွန်ပြီးသူ

ကွယ်လွန်ပြီးသူကို မေတ္တာမပို့သင့်ပါ။ ပို့လျှင် အပ္ပနာဈာန်သမာဓိကိုလည်း မရနိုင်၊ ဥပစာရသမာဓိကိုလည်း မရနိုင်ချေ။
စာမျက်နှာ-246


ရှေးက ရဟန်းငယ်တစ်ပါးသည် ကွယ်လွန်သည့် ဆရာကို အာရုံပြုပြီး မေတ္တာပွားပို့နေရာ မူလက နိုင်နင်းပြီး ဈာန်သမာပတ်ကိုပင် မရနိုင်၊ မရောက်နိုင် ဖြစ်သွားလေသည်။ မထေရ်တစ်ပါး၏ ညွှန်ပြချက်အရ သူ့ဆရာ ပျံလွန်တော်မူကြောင်း သိရှိရသဖြင့် အခြားပုဂ္ဂိုလ်ကို လွှဲပြောင်းအာရုံပြုပြီး မေတ္တာပွားမှ မေတ္တာဈာန်သို့ ရောက်နိုင်ခဲ့လေသည်၊ ထို့ကြောင့် သေသူကို မေတ္တာမပို့ရဘဲ အမျှအတန်းသာ ပေးဝေရသည်။

ဦးစွာစ၍ မေတ္တာပွားသင့်သော ပုဂ္ဂိုလ်

ရှေးဦးစွာ မေတ္တာပွားရမည့် ပုဂ္ဂိုလ်မှာ မိမိကိုယ်ကိုဖြစ်သည်။

မိမိကိုယ်ကို—
“ငါသည် ချမ်းသာပါစေ၊ ဆင်းရဲကင်းပါစေ” ဟု ဖြစ်စေ၊
သို့မဟုတ်—

အဟံ အဝေရော ဟောမိ = ငါ ဘေးရန် ကင်းပါစေ။
အဗျာပဇ္ဇော ဟောမိ = စိတ်ဆင်းရဲခြင်း ကင်းပါစေ။ (စိုးရိမ်သောက ကင်းပါစေ)
အနီဃော ဟောမိ = ကိုယ်ဆင်းရဲခြင်း ကင်းပါစေ။
သုခီ အတ္တာနံ ပရိဟရာမိ = ချမ်းသာစွာ မိမိခန္ဓာဝန်ကို ဆောင်ရွက်နိုင်ပါစေ။ (ကျန်းမာပါစေ)
ဟု ဖြစ်စေ မေတ္တာပွားရမည်။

ယခုကဲ့သို့ မိမိကိုယ်ကို ဦးစွာ မေတ္တာပွားခြင်းမှာ ကုသိုလ်ရရန် မဟုတ်၊ သမာဓိရရန်လည်း မဟုတ်၊ စင်စစ်အားဖြင့် အခြားသူများလည်း မိမိကဲ့သို့ ချမ်းသာချင်ကြသည်ဟု ကိုယ်ချင်းစာစိတ် ထားတတ်ရန် ပွားရခြင်းဖြစ်သည်။ မိမိကိုယ်ကို ကျန်းမာချမ်းသာစေလိုသူသည် သူတစ်ပါးကိုလည်း ကျန်းမာချမ်းသာစေရန် ကိုယ်ချင်းစာတရားထား၍ ရနိုင်သည်။ မိမိကိုယ်ကို သတ်သေချင်နေသူအား ကိုယ်ချင်းစာတရားထားပါဟု ဆိုလျှင် တစ်လောကလုံး သတ်ပစ်ရုံသာ ရှိတော့သည်။ ထို့ကြောင့် မိမိသန္တာန်၌ လောဘ၊ ဒေါသများ ကင်းစင်စေရန် ရှေးဦးစွာ မိမိကိုယ်ကို မေတ္တာပို့ရ ပွားရသည်။
စာမျက်နှာ-247


ဥပစာရသမာဓိ

ဤသို့ မိမိကိုယ်၌ မေတ္တာဘာဝနာ အဖန်ဖန်ပွားပြီးလျှင် မေတ္တာဖြစ်လွယ်စေခြင်းငှာ ချစ်ခင်ကြည်ညို လေးစားအပ်သော ဆရာသမားကိုဖြစ်စေ၊ မိဘ ဘိုးဘွား ဦးကြီးစသည်ကိုဖြစ်စေ၊ (အမျိုးသမီးများအတွက် အဖွား၊ အမိ၊ အဒေါ် စသည်ကိုဖြစ်စေ၊ အမျိုးသားများအတွက် အဖိုး၊ အဖ၊ ဦးကြီးစသည်ကို ဖြစ်စေ) ချစ်ခင်လေးစားအပ်သော ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ မေတ္တာပွားရသည်။

မေတ္တာခံပုဂ္ဂိုလ်ကို စိတ်ညွှတ်ပြီး အကြိမ်ပေါင်း ရာထောင် သောင်း သိန်း စသည်ဖြင့် မပြတ်ပွားများရသည်။ ညဉ့်အခါ အိပ်ချိန်လောက်သာ နားပြီး နေ့ညမပြတ် အထပ်ထပ် ပွားများရသည်။ ဤသို့ ပွားနေရင်း တစ်ခြားစိတ်ကူးမိပြီး ဈာန်တရားကို နှောင့်ယှက်ပိတ်ပင်သည့် နီဝရဏများဝင်လာလျှင် သတိရသည်နှင့်တစ်ပြိုင်နက် ယင်းတရားများကို နှလုံးမသွင်းဘဲ အဆက်ဖြတ်ကာ ပွားများနေဆဲ မေတ္တာကိုသာ ဆက်လက်၍ မပြတ်ပွားနေရမည်။

ဤသို့ ပွားများသည့်အခါ သမာဓိအားကောင်းလာပြီး တစ်ခြားသို့စိတ်မကူးတော့ဘဲ ပွားများဆဲ မေတ္တာခံပုဂ္ဂိုလ်အပေါ်မှာသာ စိတ်က တည်ကြည်နေမည်။ ဤသို့ ဖြစ်နေလျှင် အပိတ်အပင် အဆီးအတား (နီဝရဏ) တရားများ ကင်းစင်သည့် ဥပစာရသမာဓိ ဖြစ်လာသည်။ ဈာန်၏ ရှေ့တော်ပြေး သမာဓိကို ဥပစာရသမာဓိဟု ခေါ်သည်။

ပဌမဈာန်

ယင်း ဥပစာရသမာဓိ အားကောင်းလာသည့်အခါ စိတ်သည် မေတ္တာခံပုဂ္ဂိုလ် အာရုံအပေါ်၌ သက်ဝင်နစ်မြုပ်နေပြီး တည်ငြိမ်မှု ဖြစ်ပေါ်လာလိမ့်မည်။ ပထမအကြိမ်တွင် စိတ်တစ်ချက်လောက်သာဖြစ်ပြီး ဆက်လက်၍ ပွားသည့်အခါ နာရီဝက်၊ တစ်နာရီ စသည်ဖြင့် အချိန်ကြာရှည်စွာ တည်ငြိမ်နေလိမ့်မည်။ ပတ်ဝန်းကျင် အာရုံများကို စိတ်မရောက်တော့ဘဲ မေတ္တာခံပုဂ္ဂိုလ်အာရုံပေါ်သို့ ရှေးရှုတင်မှု (ဝိတက်) နှင့် အဖန်တလဲလဲ ရစ်ဝဲဆင်ခြင်မှု (ဝိစာရ) လည်း ထက်သန်စွာဖြစ်လျက် ထင်ရှားလာလိမ့်မည်။ ဝမ်းမြောက်တက်ကြွမှု ပီတိ လည်း အထူးထင်ရှားလိမ့်မည်။ စိတ်ချမ်းသာမှု သုခ လည်း အထူးထင်ရှားလာလိမ့်မည်။ စိတ်သည် မေတ္တာခံပုဂ္ဂိုလ်မှတစ်ပါး တစ်ခြားဘယ်ကိုမျှ မသွားဘဲ တည်ငြိမ်နေမှု (ဧကဂ္ဂတာ) ဖြစ်နေလိမ့်မည်။ ဤသို့ အထူးထင်ရှားသည့် ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတို့သည် ပဌမဈာန်၏ အစိတ်အပိုင်း ဈာန်အင်္ဂါများ ဖြစ်ကြသည်။ ဤကဲ့သို့ စိတ်အစဉ်ဖြစ်နေခြင်းကို ပဌမဈာန်ရနေခြင်းဟု ခေါ်သည်။
စာမျက်နှာ-248


ဒုတိယဈာန်

ပဌမဈာန်သည် အာရုံကို ကြံစည်စိတ်ကူးနေရမှု၊ မေတ္တာပို့ရမည့်သူကို စိတ်ကူးဖြင့် ပုံဖော်နေရမှု (ဝိတက်) ရှိနေသဖြင့် ပြင်ပသို့ အာရုံရောက်သွားနိုင်သည်။ ဈာန်ဝင်စားနေစဉ် ကြမ်းတမ်းသော အသံများ နားမှာ တိုက်ခိုက်ဝင်ရောက်လာလျှင် ဈာန်စိတ်အစဉ် ပျက်ပြယ်သွားနိုင်သည်။ ယင်းသို့ ပျက်ပြယ်သွားသည်ကို “ဈာန်မှ ထသည်” ဟု ခေါ်သည်။ ယင်းသို့ ဖြစ်နိုင်သေးသဖြင့် ဝိတက်မပါဘဲ တည်ငြိမ်အားကောင်းသည့် ဈာန်စိတ်ဖြစ်အောင် နှလုံးသွင်းနေကျ ပုဂ္ဂိုလ်ကို အာရုံပြုပြီး အထပ်ထပ် မေတ္တာပွားများနေရမည်။ သမာဓိအားကောင်းသည့်အခါ အာရုံကို ကြံစည်စိတ်ကူးနေမှု မရှိတော့ဘဲ စူးစိုက်မှု ယခင်ကထက် ပိုမိုအားကောင်းလာ၍ ဒုတိယဈာန်ရသည်ဟု ခေါ်သည်။

တတိယဈာန်

တစ်ဖန် အာရုံကို သုံးသပ်ဆင်ခြင်နေမှု (ဝိစာရ) ကို ဖယ်ရှား၍ ပီတိ၊ သုခများ ရှေးကထက်ပို၍ အားကောင်းလာလိမ့်မည်။ ဝမ်းမြောက်တက်ကြွမှု (ပီတိ) သည် ပို၍အထင်ရှားဆုံး၊ အလွန်ကဲဆုံးဖြစ်ကာ ရှေ့တန်းသို့ ထွက်လာလိမ့်မည်။ ဤကဲ့သို့ စိတ်အစဉ်ဖြစ်နေသည်ကို တတိယဈာန် ရနေသည်ဟု ခေါ်သည်။

စတုတ္ထဈာန်

ဝမ်းမြောက်တက်ကြွမှု (ပီတိ) ကိုလည်း ကြမ်းတမ်းသည်ဟု သိမြင်လာပြီး ဝမ်းမြောက်တက်ကြွနေရမှုကို အလိုမရှိလျှင် ပွားများနေကျ မေတ္တာခံပုဂ္ဂိုလ်ကိုပင် အထပ်ထပ် ရှုပွားရမည်။ သမာဓိအားကောင်းသည့်အခါ တက်ကြွတုန်လှုပ်မှု (ပီတိ) မပါဘဲ စိတ်ချမ်းသာမှု (သုခ) နှင့် စိတ်တည်ကြည်မှု (သမာဓိ) နှစ်မျိုးသာ ထင်ရှားလာလိမ့်မည်။ ဤသို့ဖြစ်နေသည့်အခါ စတုတ္ထဈာန် ရနေပြီဟု မှတ်ရမည်။

ဤသို့ ချစ်ခင်လေးစားအပ်သော ပုဂ္ဂိုလ်တစ်ဦးဦးကို မေတ္တာခံပုဂ္ဂိုလ်အဖြစ် ရှုမှတ်ပွားများသည့်အခါ ဤပြဆိုခဲ့သည့်အတိုင်း အမြင့်ဆုံး စတုတ္ထဈာန်အထိသာ ရောက်ရှိနိုင်ပါသည်။

ရန်သူကို မေတ္တာပွားနည်း

သို့ရာတွင် မေတ္တာဘာဝနာပွားများသည့် ယောဂီသည် ထိုမျှဖြင့် တင်းတိမ်အားရမှုမရှိသေးဘဲ သတ္တဝါအားလုံးအပေါ်၌ အညီအမျှ မေတ္တာပွားလိုသည့်အခါ အောက်ပါပုဂ္ဂိုလ်များကို အစဉ်အတိုင်း ပွားများရမည်—
စာမျက်နှာ-249


— အလွန်ချစ်အပ်သော ပုဂ္ဂိုလ်၊
— မချစ်မမုန်း သာမန်အလတ်စား ပုဂ္ဂိုလ်၊
— ရန်သူရှိလျှင် ရန်သူပုဂ္ဂိုလ်——

ဤပုဂ္ဂိုလ်များ၌ အစဉ်အတိုင်း မေတ္တာပွားရမည်။ ဤမေတ္တာခံပုဂ္ဂိုလ်များကို တစ်မျိုးပြီးတစ်မျိုးတိုး၍ မေတ္တာပွားများရာ၌ ရှေးပုဂ္ဂိုလ်တစ်မျိုးမျိုး၌ စိတ်ကို နူးညံ့ခိုင်ခံ့အောင် ပွားများပြီးမှ နောက်ပုဂ္ဂိုလ်တစ်မျိုးမျိုး၌ ပြောင်းရွှေ့မေတ္တာပွားများရမည်။ အချုပ်အားဖြင့် အနည်းဆုံး ရှေ့ပုဂ္ဂိုလ်တစ်မျိုးမျိုး၌ ဥပစာရသမာဓိလောက် ရပြီးမှ နောက်ပုဂ္ဂိုလ်တစ်မျိုးမျိုးကို ပြောင်းရွှေ့ပွားများရမည်။ အကောင်းဆုံးမှာ မေတ္တာဈာန် ရသည်အထိ ပွားများပြီးမှ နောက်ပုဂ္ဂိုလ်တစ်မျိုး ပြောင်းရွှေ့ပွားများသင့်ပေသည်။

ရန်သူကို မေတ္တာပွားရမည်ဟု ဆိုရာ၌ ရန်သူရှိသည့် ယောဂီအတွက်သာ ရည်ရွယ်၍ ပြဆိုထားပေသည်။ ရန်သူမရှိသည့် ယောဂီမှာကား အလတ်စားပုဂ္ဂိုလ်၌ မေတ္တာပွားပြီးနောက် ရန်သူကို မေတ္တာပွားရန် မလိုတော့ပါ။

ရန်သူရှိသည့် ယောဂီသည် ရန်သူကို အာရုံပြုပြီး မေတ္တာပွားသည့်အခါ ရန်သူက ပြစ်မှားခဲ့သည်များကို သတိရကာ အမျက်ဒေါသ ဝင်ရောက်ပြီး အနှောင့်အယှက် ဖြစ်ပေါ်တတ်သည်။ ထိုအခါ ရှေ့ပုဂ္ဂိုလ်များအပေါ်၌ ရခဲ့ပြီး မေတ္တာဈာန်ကို ပြန်၍ပြန်၍ ဝင်စားရမည်။ ၎င်းဈာန်မှထသည့်အခါ ထိုရန်သူအပေါ်၌ မေတ္တာကို ပွားများခြင်းဖြင့် အမျက်ဒေါသကို ငြိမ်းစေရမည်။ မိမိဒေါသကို မနိုင်မချင်း မေတ္တာဖြင့် တိုက်ထုတ်ရမည်။

ဤနည်းအတိုင်း ရှေ့ပုဂ္ဂိုလ်များ၌ ရပြီးမေတ္တာဈာန်ကို ဝင်စားပြီး ဈာန်မှ ထ၍ထ၍ ထိုရန်သူအပေါ်၌ မေတ္တာပွားများပါလျက် မိမိဒေါသကို မငြိမ်းစေနိုင်သေးလျှင် အောက်ပါအတိုင်း ဆက်လက်၍ ဆင်ခြင်ရမည်——

သင် ဘုရားအဆုံးအမ လိုက်နာသူလား

“အမျက်ဒေါသထွက်နေသော အို....ယောဂီ၊ ခိုးသားဓားပြ လူဆိုးများက အစွန်းနှစ်ဖက်၌ အရိုးတပ်ထားသော ငါးမန်းစွယ်လွှဖြင့် တိုက်ဖြတ်နှိပ်စက်စေကာမူ ထိုနှိပ်စက်သူတို့အပေါ်၌ စိတ်မဆိုးရ၊ အမျက်မထွက်ရ၊ စိတ်ဆိုးစိတ်ကွက် အမျက်ထွက်ပြစ်မှားလျှင် ထိုယောဂီသည် ငါဘုရားအဆုံးအမကို လိုက်နာသူ မမည်” ဟု ဆုံးမတော်မူခဲ့သည် မဟုတ်ပါလော။
စာမျက်နှာ-250


အောင်နိုင်ခဲသောစစ်ပွဲ အောင်လိုလျှင်

ပထမစ၍ အမျက်ထွက်သူကို တုံ့ပြန်၍ အမျက်ထွက်လျှင် ဒုတိယ အမျက်ထွက်သူသည် ပထမ အမျက်ထွက်သူထက် ယုတ်မာသူ ဖြစ်သွားပေမည်။ အမျက်ထွက်နေသူကို တုံ့ပြန်၍ အမျက်မထွက်ဘဲ သည်းခံနိုင်မှ အောင်နိုင်ခဲသော စစ်ပွဲကို အောင်နိုင်ပေမည်။

ရန်သူအကြိုက်လုပ်ရာရောက်

သူတစ်ပါးအမျက်ထွက်၍ လက်တွေ့ဆင်းရဲနေသည်ကို သိသူသည် အမျက်မထွက်ဘဲ စိတ်ကို ချက်ချင်းနိုင်အောင် ထိန်းချုပ်နိုင်လျှင် ငြိမ်းချမ်းစွာ နေရရုံမျှမက မိမိအကျိုး၊ သူတစ်ပါးအကျိုး ၂ မျိုးလုံးအတွက် ကျင့်သူမည်၏ ဟုလည်း ဆုံးမခဲ့သည် မဟုတ်ပါလော။

သူ့အကျိုး ကိုယ်အကျိုး နှစ်မျိုးကျင့်သူ

အို....ယောဂီ၊ ဒေါသထွက်သူမှာ—
(၁) အရုပ်ဆိုးနေသည်၊
(၂) ချမ်းသာစွာ မအိပ်ရ၊ မနေရ၊
(၃) အကျိုးစီးပွားလည်း ပျက်စီးတတ်သည်၊
(၄) စည်းစိမ်ဥစ္စာ ယုတ်လျော့တတ်သည်၊
(၅) အခြွေအရံ မပြည့်စုံဘဲ ရှိတတ်သည်၊
(၆) မိတ်ကောင်း ဆွေကောင်း နည်းပါးတတ်သည်၊
(၇) သေသည့်နောက် သုဂတိဘဝ၌ မဖြစ်ရဘဲ အပါယ်လေးပါးသို့ ကျရောက်တတ်သည်။

အို....ယောဂီ၊ ဤသည်မှာ သင့်ရန်သူက သင့်ကို ဖြစ်စေချင်သည့် အချက်များကို သင်သည် ရန်သူ့အကြိုက်ကိုချည်း လုပ်နေသလို ဖြစ်နေပါပကော၊ သင့်အပေါ် ရန်သူကလုပ်ရမည့် အလုပ်အကျွေးကို သင့်ဟာသင် ရန်သူအကြိုက် လိုက်ပါလုပ်နေရာ မရောက်ပါလော။
စာမျက်နှာ-251


ထင်းကုလားတုံးလို ဖြစ်နေပြီ

အို...ယောဂီ၊ သူသေကောင် မီးဖုတ်ရာ၌ အသုံးပြုသည့် ထင်းတုံး (ထင်းကုလားတုံး) သည် အိမ်ဆောက်ရာ၌လည်းကောင်း၊ ထမင်းချက်ရာ၌ လည်းကောင်း မြို့မှာရော တောမှာပါ အသုံးမကျတော့သကဲ့သို့ ဇာလိုရမ္မက်နှင့် အမျက်ဒေါသကြီးသော အသင်ယောဂီသည် ကာမဂုဏ် ခံစားမှုမှလည်း ဆုံးရှုံး၏၊ အကျင့်ဓမ္မမှလည်း ဆုံးရှုံး၏။ ထို့ကြောင့် သင်သည် ထင်းကုလားတုံးနှင့် တူနေ၏။

အို...ယောဂီ၊ အသင်ယောဂီသည် ယခုကဲ့သို့ အမျက်ထွက်စိတ်ဆိုးနေလျှင် ဘုရားအဆုံးအမကို မလိုက်နာသူလည်း ဖြစ်လိမ့်မည်။ ပထမစပြီး ဒေါသထွက်သူထက်ပို၍ ယုတ်မာသူဖြစ်ပြီး အောင်ပွဲမရသူလည်း ဖြစ်လိမ့်မည်။ ရန်သူ့အကြိုက်ကို မိမိကိုယ်တိုင် ပြုရာလည်း ရောက်လိမ့်မည်။ ထင်းကုလားတုံးကဲ့သို့ ဘယ်နေရာမှ အသုံးမကျသူလည်း ဖြစ်လိမ့်မည်ဟု ဤသို့ မိမိကိုယ်ကို ဆုံးမပြီး အမျက်ဒေါသကို ငြိမ်းစေရမည်။

ဤသို့ ဆင်ခြင်ပါလျက် အမျက်ဒေါသ မငြိမ်းသေးလျှင် ရန်သူ၏မကောင်းသော အမူအရာများကို မစဉ်းစားဘဲ ကောင်းသော ကိုယ်အမူအရာကိုဖြစ်စေ၊ နှုတ်အမူအရာကိုဖြစ်စေ၊ စိတ်အမူအရာကို ဖြစ်စေ ဆင်ခြင်ပြီး အမျက်ဒေါသကို ဖြေဖျောက်ရမည်။

ကံတရားကို ဆင်ခြင်၍ အမျက်ဒေါသကို ပျောက်

အထက်ပါအတိုင်း ဆင်ခြင်၍ အမျက်ဒေါသ မပြေပျောက်သေးလျှင် ကံ၊ ကံ၏ အကျိုးကို ဆင်ခြင်ရမည်—
“အို....ယောဂီ၊ သတ္တဝါမှန်သမျှ ကိုယ်ပြုခဲ့သည့် ကံတရားအတိုင်းသာ ခံကြစံကြရသည်။ အမျက်ဒေါသအရင်းခံပြီး ပြုမိသည့် ကံသည် သင်၏အကျိုးမဲ့အတွက်သာဖြစ်မည် မဟုတ်ပါလော။ သင့်မှာကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်။ ကံ၏အမွေကောင်းအမွေဆိုးကို သင်သာ ခံယူရမည် ဖြစ်သည်။ သင်ပြုသည့်ကံသာလျှင် သင်၏ ဆွေမျိုးလည်း ဖြစ်သည်၊ ကိုးကွယ်ရာလည်းဖြစ်သည်။ အမျက်ဒေါသအရင်းခံပြီး သင်ပြုသည့်ကံသည် မဂ်ဖိုလ်ရကြောင်းလည်းမဟုတ်၊ လူနတ်ချမ်းသာရကြောင်းလည်းမဟုတ်၊ အပါယ်ဆင်းရဲကို ခံစားရကြောင်းသာ ဖြစ်သည်။ သင်သည် ဤအမျက်ဒေါသကို ပြုနေလျှင် သူတစ်ပါးကို ပစ်ခတ်ရန် မီးကျီးခဲနှင့် မစင်ကို ကိုင်ယူမိသူကဲ့သို့ သူတစ်ပါးကို မနှိပ်စက်ရမီ ပထမဆုံး မိမိမှာ ပူလောင်မှု ညစ်ပေမှုဖြစ်စေသကဲ့သို့ ကိုယ့်ကို အလျင်ဆုံးဒုက္ခပေးနေပြီ။”
စာမျက်နှာ-252


ရန်သူဟု အသိအမှတ်ပြုထားသော သူတစ်ပါးကိုလည်း ဆင်ခြင်ကြည့်ပါဦး။ ထိုသူသည် သင့်အား အမျက်ထွက်ပြီး ဘာလုပ်နိုင်မည်နည်း။ သူ၏အမျက်ဒေါသသည် သူ့အကျိုးမဲ့အတွက်သာ ဖြစ်မည်မဟုတ်ပါလော။ သူပြုသည့်ကံကို သူသာခံရ စံရမည် မဟုတ်ပါလော။ အမျက်ဒေါသကို ပြုသောရန်သူသည် “လေအောက်ကလူသည် လေညာကလူကို ဖုံမှုန့်ဖြင့်ပက်လျှင် ပက်သူ၏ ကိုယ်ပေါ်မှာသာ ပြန့်ကျဲသကဲ့သို့ သူပြုသောကံသည် သူ့အပေါ်၌သာ ပြန်ကျမည် မဟုတ်ပါလော။”

ဘုရားအလောင်းတော် ကျင့်စဉ်များကို ဆင်ခြင်ပါ

ဤကဲ့သို့ ဆင်ခြင်၍ အမျက်ဒေါသ မပြေငြိမ်းသေးလျှင် ဗုဒ္ဓမြတ်စွာ၏ အလောင်းတော်ဘဝ ကျင့်စဉ်များကို ဆင်ခြင်၍ ငြိမ်းစေရမည်။ ဆင်ခြင်ပုံမှာ—
“အို....ယောဂီ၊ သင်၏ဆရာ မြတ်စွာဘုရားသည် ဘုရားမဖြစ်မီ အလောင်းတော်ဘဝက လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူစဉ် အမျိုးမျိုးသော ရန်သူတို့ အပေါ်၌သော်လည်း စိတ်မကွက်ဘဲ သည်းခံတော်မူခဲ့ပေသည်” — ဟု ငါးရာ့ငါးဆယ်ဇာတ်တော်လာ သည်းခံခြင်းဆိုင်ရာ ဇာတ်ဝတ္ထုများကို ဆင်ခြင်အောက်မေ့ရမည်။

ဓာတ်သဘောကို ဆင်ခြင်ပါ

ဤသို့ ဆင်ခြင်၍ အမျက်ဒေါသ မပြေငြိမ်းသေးလျှင် ဓာတ်သဘောကို ခွဲခြမ်းစိတ်ဖြာ၍ ဆင်ခြင်ရမည်—
ရန်သူ့သန္တာန်မှာရှိသော ဆံပင်ကို စိတ်ဆိုးသလော၊ မွှေးညင်းကို စိတ်ဆိုးသလော၊ ခြေသည်း၊ လက်သည်း စသည်ကို စိတ်ဆိုးသလော။ တစ်နည်းအားဖြင့် ဆံပင်စသည်၌ရှိသော ပထဝီဓာတ် ကို စိတ်ဆိုးသလော၊ အာပေါဓာတ် စသည်တို့ကို စိတ်ဆိုးသလော။

တစ်နည်းအားဖြင့် ခန္ဓာ၊ အာယတန၊ ဓာတ်တို့ကို စွဲမှီ၍ဖြစ်သော ခန္ဓာကို စိတ်ဆိုးသလော၊ ဝေဒနာကို စိတ်ဆိုးသလော၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်ကို စိတ်ဆိုးသလော၊ မျက်စိစသည်ကို စိတ်ဆိုးသလော၊ အဆင်းရူပါရုံ စသည်ကို စိတ်ဆိုးသလော၊ မျက်စိဓာတ်စသည်ကို စိတ်ဆိုးသလော၊ အဆင်းဓာတ် စသည်ကို စိတ်ဆိုးသလော။
စာမျက်နှာ-253


ဤသို့ စသည်ဖြင့် ဓာတ်ခွဲပြီး ကြည့်ရမည်။ ဤသို့ ဓာတ်ခွဲကြည့်သည့်အခါ အပ်ဖျားပေါ်၌ မုန်ညင်းစေ့ မတည်နိုင်သကဲ့သို့ အမျက်ဒေါသတည်ရာဌာန မရှိတော့ချေ။ အမျက်ထွက်စရာ ပုဂ္ဂိုလ်သတ္တဝါဟူ၍ မရှိတော့ချေ။

အထက်ပါနည်းအတိုင်း ဓာတ်ခွဲကြည့်ရန် မစွမ်းနိုင်လျှင် ရန်သူနှင့် ပစ္စည်းဥစ္စာ အပြန်အလှန် အပေးအယူ ပြုခြင်းအားဖြင့် အမျက်ဒေါသကို ငြိမ်းစေရမည်။ ဤသို့ အပြန်အလှန် ပစ္စည်းဥစ္စာ အပေးအယူလုပ်လျှင် ရန်သူအပေါ်၌ ဖြစ်ပေါ်နေသော ယောဂီ၏ အမျက်ဒေါသသည် ဧကန် ငြိမ်းစေနိုင်ပါသည်။ ရန်သူမှာလည်း ရန်ငြိုးပါသော အမျက်ဒေါသ အမှန်ပင်လျှင် ငြိမ်းနိုင်ပါသည်။ ဝတ္ထုသာဓက ထုတ်ပြရလျှင်—

စိတ္တလတောင်ကျောင်း၌ မထေရ်ကြီးတစ်ပါးသည် ပိဏ္ဍပါတိကမထေရ်ကို ရန်ငြိုးဖွဲ့ နှောင့်ယှက်နေသည်။ ထိုရန်ငြိုးကို ပြေငြိမ်းစေရန်အတွက် ပိဏ္ဍပါတိက မထေရ်က—
“အရှင်ဘုရား၊ ဤသပိတ်သည် ရှစ်ကျပ်တန်ပါသည်။ တပည့်တော်၏ မယ်တော်ကြီး လှူထားပါသည်။ တရားနှင့်အညီရသည့် ပစ္စည်း ဖြစ်ပါသည်။ မယ်တော် ဥပါသိကာမကြီး ကောင်းမှုကုသိုလ်ရအောင် လက်ခံပြီး အသုံးပြုတော်မူပါဘုရား—”
ဟု လျှောက်ထားပြီး သပိတ်ကို လှူဒါန်းလေသည်။ ထိုသပိတ်ကို အလှူခံပြီးကတည်းက ပိဏ္ဍပါတိက မထေရ်အပေါ် ထားရှိသော မထေရ်ကြီး၏ ရန်ငြိုးသည် တစ်ခါတည်း ပြေငြိမ်းသွားခဲ့သည်။ ထို့ကြောင့် ပေးကမ်းခြင်းနှင့် စပ်လျဉ်း၍ အဋ္ဌကထာဆရာများက အောက်ပါအတိုင်း မိန့်ဆိုထားကြပါသည်—

ပေးကမ်းခြင်းသည် မယဉ်ကျေးသူကို ယဉ်ကျေးစေတတ်၏။ အလုံးစုံသော အကျိုးကို ပြီးစေတတ်၏။ ပေးကမ်းခြင်းဖြင့်လည်းကောင်း၊ ချစ်ခင်ဖွယ်စကားကို ပြောကြားခြင်းဖြင့်လည်းကောင်း မြင့်တက်ကုန်၏။ ဦးညွတ်ချစ်ခင်လေးစားခြင်း ခံရကုန်၏။
စာမျက်နှာ-254


နယ်ပယ်ခွဲခြားမှု ပျက်ပြယ်ခြင်း

အထက်၌ ဖော်ပြခဲ့သည့်အတိုင်း တစ်နည်းနည်းဖြင့် ဆင်ခြင်၍ ရန်သူအပေါ်မှာ အမျက်ဒေါသ ပြေငြိမ်းသွားသောအခါ—
(၁) ရိုသေလေးစား ချစ်ခင်အပ်သော ပုဂ္ဂိုလ်၊
(၂) အလွန်ချစ်ခင်အပ်သော ပုဂ္ဂိုလ်၊
(၃) မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်—
တို့အပေါ်၌ မေတ္တာဓာတ် မပြတ်ဖြစ်သကဲ့သို့ ထိုရန်သူပုဂ္ဂိုလ်၌လည်း မေတ္တာဓာတ် မပြတ်ဖြစ်ပေါ်လာပေသည်။

သတ္တဝါတို့၏ ပင်ကိုသဘောကား မိမိကိုယ်ကို အချစ်ဆုံး ဓမ္မတာဖြစ်၏။ မိမိမှလွဲလျှင်လည်း မိမိစိတ်တွင် အရင်းအဖျား၊ အစိမ်းအကျက်စသည်ဖြင့် ခွဲခြားသတ်မှတ်လေ့ရှိကြသည်။ အကျိုးစီးပွား ဆောင်ရွက်ပေးကြရာ၌ အညီအမျှ သဘောမထားနိုင်ကြပေ။ လိုလျှင် လိုသလို၊ မလိုလျှင် မလိုသလို ခွဲခြားတတ်ကြ၏။ နယ်ပယ်ကန့်သတ် နေကြသည်။ ထိုစိတ်ထားသည် မေတ္တာသဘောနှင့် ဖြောင့်ဖြောင့် ဆန့်ကျင်လျက်ရှိ၏။

မေတ္တာ၏သဘောကား သတ္တဝါအနန္တ တစ်လောကလုံးအပေါ် လူပဲ နတ်ပဲဟု မခွဲခြားဘဲ မိမိနှင့်တစ်ထပ်တည်း တစ်သားတည်း ရှုမြင်သုံးသပ်ခြင်းသဘောရှိသည်။ မေတ္တာဈာန်ရ၍ မေတ္တာအသားကျနေသော ယောဂီသည် လူမျိုးရေး ခွဲခြားမှု၊ ကိုယ့်သွေး၊ ကိုယ့်သား၊ ကိုယ့်ဆွေမျိုး၊ ကိုယ့်နယ်သား၊ ကိုယ့်လူမျိုး စသည်ဖြင့် အရင်းအဖျား ခွဲခြားမှုများ၊ နယ်ပယ်ခွဲခြားမှုများ ပပျောက်နေပေမည်။ ယင်းသို့ ဖြစ်နေခြင်းကို မေတ္တာအရာ၌ ပုဂ္ဂိုလ်ခွဲခြားမှု နယ်ပယ်ကန့်သတ်မှုကို ပျက်ပြယ်အောင် နှလုံးသွင်းနိုင်မှု ဟု ခေါ်သည်။

ဝိသုဒ္ဓိမဂ်၌ ပုဂ္ဂိုလ်ခွဲခြားမှု၊ နယ်ပယ်ခွဲခြားမှု ပျက်ပြယ်အောင် နှလုံးသွင်းပုံနှင့်စပ်၍ ဥပမာတစ်ခု ပြထားလေသည်—

တစ်နေရာ၌ မေတ္တာပွားနေသော မိမိနှင့်အတူ၊ ချစ်သူ၊ မချစ်မမုန်း အလယ်အလတ်ဖြစ်သူ၊ မုန်းသူ (ရန်သူ)၊ ဤလေးဦး အတူတကွ နေထိုင်ကြသည် ဆိုပါစို့၊ ထိုအခိုက် လူဆိုးများသည် မေတ္တာပွားနေသူထံ လာရောက်ပြီး ယဇ်နတ်ပူဇော်ရန်အတွက် လေးယောက်ထဲမှ တစ်ယောက်ကို ပေးရန်တောင်းခံလာသည်၊ ထိုသို့ တောင်းရာ၌ လေးဦးထဲမှ မည်သူ့ကို ယူသွားကြပါဟု ခွင့်ပြုရန် ကြံစည်ပါက ပုဂ္ဂိုလ်ခွဲခြားမှု၊ နယ်ပယ်ခွဲခြားမှု ပျက်ပြယ်သည်ဟု မဆိုနိုင်သေးပေ။ မိမိကို
စာမျက်နှာ-255


ယူသွားစေဖို့ ကြံလျှင်ပင် ပုဂ္ဂိုလ်ခွဲခြားမှု နယ်ပယ်ခွဲခြားမှု ပျက်ပြယ်သည်ဟု မဆိုနိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော် လူဆိုးများ အယူခံရမည့်သူ၏ အကျိုးစီးပွားကို မလိုလားရာ ရောက်သောကြောင့် ဖြစ်လေသည်။

အမှန်အားဖြင့် ထိုလေးဦးထဲမှ တစ်ဦးတစ်ယောက်ကိုမျှ လူဆိုးတို့အား ပေးသင့်သည်ဟု မမြင်ဘဲ မိမိနှင့်ထပ်တူထပ်မျှ အခြားသုံးဦးအပေါ် အညီအမျှ ချမ်းသာစေလိုသည့် မေတ္တာစိတ်ဖြစ်မှသာ နယ်ပယ်ခွဲခြားမှု ပျက်ပြယ်ပြီဟု ဆိုရပေသည်။ ထိုအခြေအနေမျိုး ဖြစ်လာသည့်အခါ သတ္တဝါအနန္တအားလုံး အပေါ်အညီအမျှ မိမိနှင့်တစ်သားတည်း တစ်ထပ်တည်း ရှုမြင်နိုင်လာပြီး မိမိကြောင့် အခြားသတ္တဝါများ စိုးရိမ်ကြောင့်ကြမှု ဖြစ်ဖွယ်မရှိတော့သကဲ့သို့ အခြားသတ္တဝါများကြောင့်လည်း မိမိမှာ စိုးရိမ်ကြောင့်ကြမှု မရှိတော့ကြောင်းကို ကိုယ်တိုင်သဘောပေါက် သိမြင်လာပါလိမ့်မည်။

မေတ္တာစွမ်းအင် အာနိသင်

ဘုရားဟော ပါဠိတော်များ၌ မေတ္တာဘာဝနာ၏ အကျိုးကြီးမားပုံနှင့်စပ်၍ ဘုရားရှင် ဟောကြားတော်မူသည့် သုတ်ပေါင်းများစွာရှိရာ ယင်းတို့အနက် အင်္ဂုတ္တိုရ်၊ ဧကာဒသကနိပါတ်၊ မေတ္တာသုတ်လာ မေတ္တာအကျိုး (၁၁) မျိုးကို ရှင်လူအများ အသိများနေပြီးဖြစ်၍ ဦးစွာဖော်ပြပေအံ့။
(၁) ချမ်းသာစွာ အိပ်ပျော်ရခြင်း
မေတ္တာပွားသည့် ပုဂ္ဂိုလ်သည် အိပ်ရာဝင်လျှင် ဝိတက်ဝိစာရ ပူပန်သောကများ မပေါ်လာဘဲ ခေါင်းချလိုက်လျှင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။ အိပ်မပျော်ဘဲ အိပ်ရာထဲ၌ ဘယ်လူး ညာလှိမ့် အတွေးခေါင် မျက်စိကြောင်ပြီး အိပ်မပျော်ခြင်းမျိုးမရှိ။
(၂) ချမ်းသာစွာ အိပ်ရာမှနိုးခြင်း
ထိုပုဂ္ဂိုလ်သည် နံနက် အိပ်ရာထချိန်၌ လန်းလန်းဆန်းဆန်း ကြည်ကြည်လင်လင်ဖြင့် အိပ်ရာမှ နိုးလာရသည်။
(၃) အိပ်မက်ဆိုး မမြင်မက်ခြင်း
မေတ္တာဓာတ် နည်းပါးသော ပုဂ္ဂိုလ်သည် အိပ်မက်ထဲ၌ အမြင့်မှလိမ့်ကျခြင်း၊ လူဆိုးများ နှိပ်စက်ခံရခြင်း စသည်ဖြင့် မြင်မက်တတ်သည်။ မေတ္တာရှင်ပုဂ္ဂိုလ်မှာကား ထိုသို့သော အိပ်မက်ဆိုးများ မမြင်မက်ဘဲ စေတီတော်ကို ရှိခိုးပူဇော်
စာမျက်နှာ-256


ရခြင်း၊ အစားကောင်း အသောက်ကောင်း စားသောက်ရခြင်း စသည်ဖြင့် အိပ်မက်ကောင်းကိုသာ မြင်မက်ရသည်။
(၄) လူအများ ချစ်ခင်ကြခြင်း
မေတ္တာရှင် ယောဂီသည် သူတစ်ပါး၏ အကျိုးမဲ့ကို မပြောမပြုဘဲ အကျိုးစီးပွားကိုသာ စွမ်းနိုင်သမျှ ပြောဆိုပြုလုပ် ဆောင်ရွက်ပေးသည်။ သူတစ်ပါးက မိမိ၏ အကျိုးမဲ့ကို ပြောဆိုပြုလုပ်သော်လည်း ပြန်၍မချေပဘဲ သည်းခံကာ မေတ္တာပွားနေသည်။ ဤသို့ ချစ်စရာဂုဏ်အင်္ဂါများနှင့် ပြည့်စုံနေသဖြင့် လူအများက မေတ္တာရှင်အား ချစ်ခင်ကြသည်။
(၅) နတ်အများ ချစ်ခင်ကြခြင်း
မေတ္တာအင်အား နတ်များက ချစ်ခင်ကြည်ညိုပုံနှင့်စပ်၍ ဝိသုဒ္ဓိမဂ်လာ ဝိသာခမထေရ်ဝတ္ထုကို သာဓကအဖြစ် ဖော်ပြပါမည်။

ဝိသာခသည် မဇ္ဈိမဒေသ၊ အိန္ဒိယပြည် ပါဋလိပုတ်မြို့သား ဖြစ်သည်။ အရောင်းအဝယ်ဖြင့် ကြွယ်ဝချမ်းသာသောသူ ဖြစ်၏။ သူသည် အရောင်းအဝယ်ဖြင့် သွားလာနေထိုင်ရင်း အိန္ဒိယ၌ သာသနာအားနည်းနေချိန် သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာနိုင်ငံ) ၌ သာသနာထွန်းကားစည်ပင်ကြောင်း၊ စေတီပုထိုးများ များစွာရှိနေကြောင်း၊ သီဟိုဠ်တစ်ကျွန်းလုံး သင်္ကန်းရောင်တောက်ပနေကြောင်း စသည့်သတင်းများကို ကြားသိနေရာ ဝိသာခသူကြွယ်သည် စိတ်ဝင်စားလျက် ရှိလေသည်။ ထိုသို့ စိတ်ဝင်စားသည့်အလျောက် သီဟိုဠ်သို့ သွား၍ ရဟန်းပြုရန် ဆုံးဖြတ်ကာ ရှိသမျှ စည်းစိမ်ဥစ္စာများနှင့် စီးပွားရေးလုပ်ငန်း အားလုံးကို သားမယားများအား အပြီးအပိုင် လွှဲအပ်လိုက်သည်။ ခရီးစရိတ် ငွေတစ်ကျပ်သာယူ၍ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် အိမ်မှထွက်လာခဲ့သည်။

သူကြွယ်သည် သီဟိုဠ်ကျွန်းသို့ကူးရန် ပင်လယ်ကူးသင်္ဘောဆိပ်၌ တစ်လခန့် သင်္ဘောစောင့်ဆိုင်းနေခိုက် အရောင်းအဝယ်လုပ်ရာ တစ်လအတွင်း ငွေတစ်ထောင် စုမိဆောင်းမိဖြစ်သွားသည်။ သီဟိုဠ်ကျွန်းသို့ ရောက်သောအခါ အနုရာဓနေပြည်တော်၊ မဟာဝိဟာရကျောင်းတိုက်ကြီးသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားပြီး မထေရ်ကြီးများအား အကျိုးအကြောင်း လျှောက်ထားရာ မထေရ်ကြီးများက ဥပါသကာအဖြစ် သရဏဂုံသီလနှင့် မေတ္တာဘာဝနာကို ဦးစွာ သင်ပြတော်မူကြသည်။

စာမျက်နှာ-257


ထို့နောက် ဝိသာခ ဥပါသကာအား ရဟန်းပြုပေးရန် သိမ်သို့ခေါ်ဆောင်လာခဲ့ရာ လမ်း၌ သူ့ခါးပုံထဲမှ ငွေတစ်ထောင်သည် မြေပေါ်ကျသွားသည်။ မထေရ်ကြီးများက ငွေအသပြာကို ရဟန်းသာမဏေတို့ မစီမံနိုင်၊ ယခုကပင်လျှင် ကြိုတင်၍ ထိုငွေကို စီမံခန့်ခွဲလော့ဟု မိန့်တော်မူကြသဖြင့် ရဟန်းခံပွဲသို့ လာကြသူတိုင်း လက်ချည်းသက်သက် မပြန်စေရ ဟု နှလုံးသွင်းကာ ထိုငွေတစ်ထောင်ကို သိမ်၏အပြင်ဘက်၌ ကိုယ်တိုင်ကြဲဖြန့် လှူဒါန်းလိုက်လေသည်။

ဝိသာခမထေရ်သည် ရဟန်းငါးဝါအရတွင် မိမိနှင့်သင့်လျော်သည့် ကမ္မဋ္ဌာန်းကို သင်ယူပြီး မဟာဝိဟာရကျောင်းတိုက်ကြီးမှ ထွက်ခွာခဲ့သည်။ မထေရ်သည် မေတ္တာကမ္မဋ္ဌာန်း ပွားများလျက် နေရာအတည်တကျမထား၊ တစ်နေရာ၌ လေးလစီ၊ လေးလစီ သီတင်းသုံးမည်ဟု ဆုံးဖြတ်ကာ သီဟိုဠ်ကျွန်း မြို့ရွာ တောတောင်အနှံ့ လှည့်လည်၍ သီတင်းသုံးလေသည်။ နောက်ဆုံးတွင် သီဟိုဠ်ကျွန်း အရှေ့တောင်ပိုင်း ရောဟဏနယ်ရှိ စိတ္တလတောင်သို့ ရောက်တော်မူလေသည်။

စိတ္တလတောင် တောကျောင်း၌လည်း သူအဓိဋ္ဌာန်အတိုင်း လေးလမျှသာ သီတင်းသုံးသည်။ လေးလပြည့်သွားသောအခါ နံနက်အရုဏ်တက်လျှင် တစ်နေရာသို့ ပြောင်းရွှေ့တော့မည်ဟု စဉ်းစားလျက် လျောင်းနေတော်မူသည်။ ထိုစဉ် လှေကားဆီမှ ငိုသံကြား၍ သွားရောက်ကြည့်ရှုတော်မူရာ လှေကားထစ်၌ နတ်တစ်ဦး ငိုနေသည်ကို တွေ့ရလေသည်။ မထေရ်က မေးမြန်းသောအခါ မထေရ်၏ စင်္ကြံဦး သပြေပင်က ရုက္ခစိုးနတ် “မဏိလိယ” ဖြစ်ကြောင်း၊ မထေရ်မြတ် ကြွသွားမည်စိုး၍ ငိုနေကြောင်း၊ မထေရ်မြတ် သီတင်းသုံးတော်မူသည့်အတွက် နတ်များမှာ တစ်ဦးနှင့်တစ်ဦး မေတ္တာသက်ဝင် ချစ်ခင်ညီညွတ်ကြပါကြောင်း၊ မထေရ်မြတ် ကြွသွားတော်မူပါလျှင် နတ်များအချင်းချင်း ရန်ဖြစ်ခြင်း၊ ကြမ်းတမ်းသောစကားများ ပြောဆိုခြင်းများ ဖြစ်လာနိုင်ပါကြောင်း ပြောဆိုလျှောက်ထားသည်။ ရုက္ခစိုးကြီး၏စကားကြောင့် ဝိသာခမထေရ်သည် နတ်များ၏ ညီညွတ်မှုချမ်းသာကို ငဲ့ကွက်၍ နောက်ထပ်လေးလ ဆက်လက်သီတင်းသုံးတော်မူလေသည်။ လေးလပြည့်တိုင်း ပြောင်းရွှေ့ရန် ကြံစည်မိသည်နှင့် သပြေပင်စောင့်နတ်သည် တစ်ဖန်ထပ်၍ပင် လာရောက်ငိုယိုကာ တောင်းပန်ပြန်သည်။

ဤနည်းအားဖြင့် မထေရ်သည် သတ္တဝါတို့ကို ငဲ့ညှာသောအားဖြင့် စိတ္တလတောင် တောကျောင်း၌ ဆက်ကာဆက်ကာ သီတင်းသုံးတော်မူရာ ထိုကျောင်းမှာပင် ပရိနိဗ္ဗာန် စံလွန်တော်မူခဲ့ရလေသည်။

မေတ္တာဘာဝနာ ပွားများနေသော ပုဂ္ဂိုလ်အား နတ်များက မျက်စိအောက်ပင် အပျောက်မခံနိုင်အောင် ချစ်ခင်ကြည်ညို လိုလားလျက်ရှိပေသည်။
စာမျက်နှာ-258



(၆) နတ်များက စောင့်ရှောက်ခြင်း
မေတ္တာရှင် ယောဂီအား တစ်ဦးတည်းသောသားကို မိဘများက စောင့်ရှောက်ကြသကဲ့သို့ နတ်များက စောင့်ရှောက်ကြသည်။ နတ်များစောင့်ရှောက်မှုကို ခံရသော ယောဂီသည် ဘေးရန်အန္တရာယ် အမျိုးမျိုးမှ ကင်းရှင်းပြီး ကောင်းကျိုးချမ်းသာ မင်္ဂလာတို့ကို တွေ့ရ ကြုံရ ခံစားရသည်။
(၇) မီးမလောင်၊ အဆိပ်မသင့်၊ လက်နက်မထိရောက်နိုင်ခြင်း

မေတ္တာရှင်မလေး ဥတ္တရာ

မေတ္တာပွားသူအား မီးမလောင်နိုင်ပုံနှင့်စပ်၍ ဥတ္တရာ အမျိုးသမီးအကြောင်းကို သာဓကအဖြစ် ကျမ်းဂန်များ၌ ဖော်ပြထားပေသည်။

ရာဇဂြိုဟ်မြို့၌ သူဌေးသမီး ဥတ္တရာသည် မိဘတို့၏ဆန္ဒအရ မိစ္ဆာဒိဋ္ဌိအနွယ်ဝင် သူဌေးသားတစ်ဦးနှင့် အိမ်ထောင်ကျခဲ့ရသည်။ ဥတ္တရာလည်း မိစ္ဆာဒိဋ္ဌိ အသိုင်းအဝိုင်းထဲ၌ သာသနာတော်နှင့် အဆက်ဖြတ်ခံရ၍ စိတ်ဆင်းရဲနေရှာသည်။ ဥပုသ်စောင့်ခြင်း၊ တရားနာခြင်း၊ အလှူပေးခြင်းတို့ကို ပြုလုပ်လိုသော်လည်း အပျော်အပါး လက်လွတ်မခံနိုင်သော လင်ယောက်ျားက ခွင့်မပြုချေ။ သီတင်းကျွတ်ရန် (၁၅) ရက်အလိုတွင် သီရိမာအမည်ရှိ ပြည့်တန်ဆာမကို တစ်နေ့လျှင် အသပြာတစ်ထောင်ကျပ်နှုန်းဖြင့် ငှားရမ်းပေးခဲ့ရာ လင်ဖြစ်သူက ဥတ္တရာအား ဥပုသ်ရက်ရှည် စောင့်ခွင့်ပြုလိုက်သည်။

ဥတ္တရာသည် ဘုရားအမှူးရှိသော သံဃာတော်များကို ဆယ့်ငါးရက်တိုင်တိုင် ဆွမ်းပင့်ဖိတ်ဆက်ကပ်လှူဒါန်း၍ တရားနာ ဥပုသ်စောင့်သည်။ အခြွေအရံများနှင့်အတူ ဆွမ်းချက်ပြုတ်လှူဒါန်းရန် စီမံရင်း မီးဖိုချောင်အလုပ်များဖြင့်သာ တစ်နေကုန်တော့၏။ (၁၅) ရက်ပြည့်ရန် တစ်ရက်အလိုတွင် လင်ဖြစ်သူသည် အဆောင်ပြတင်းပေါက်မှာ ရပ်လျက် မီးဖိုချောင်သို့ ကြည့်ရာ အခြွေအရံများနှင့်အတူ ချွေးတလုံးလုံး ပေပေကျံကျံ စီမံလုပ်ကိုင်နေသော ဥတ္တရာကို မြင်၍—

“အင်း... အမိုက်မ၊ ဒီလိုနေရာမျိုးမှာနေပြီး ဒီလိုစည်းစိမ်ခံစားရကောင်းမှန်း မသိရှာဘူး၊ ရဟန်းဦးပြည်းတွေ ပြုစုရတာနဲ့ ပျော်နေလိုက်တာ သနားစရာပဲ” ဟု တွေးကာ ပြုံးနေသည်။ သီရိမာသည် သူဌေးသား ပြုံးနေသည်ကို မြင်၍ ဥတ္တရာအပေါ် မနာလိုဖြစ်သွားသည်။ (၁၅) ရက်တိုင်တိုင် သူဌေးသားနှင့်အတူနေကာ ပြုစုလိုက်ရသဖြင့် အိမ်ရှင်မစိတ်ပေါက်ကာ အငှားအိမ်ရှင်မ...
စာမျက်နှာ-259


အဖြစ်ကို မေ့သွားပြီး ဥတ္တရာအား လင်လုသည်ဟု ထင်မှတ်၍ ရန်ပြုရန် အကြံထုတ်လေသည်။ သီရိမာသည် မီးဖိုချောင်သို့ ဝင်သွား၍ မုန့်ကြော်နေသည့် ဆီဒယ်အိုးထဲမှ ပွက်ပွက်ဆူနေသော ဆီများကို ယောက်ချိုကြီးဖြင့် ခပ်ယူကာ ဥတ္တရာထံသို့ သွားလေသည်။ ဥတ္တရာသည် မိမိထံလာနေသော သီရိမာကို မြင်၍ သီရိမာ၏ ကျေးဇူးများကို ပို၍ သတိရလာ၏။ သီရိမာအပေါ် ခင်မင်မြတ်နိုးစိတ်များ တဖွားဖွား ဖြစ်လာ၏။

“ဪ... ငါ့သူငယ်ချင်းမကြီး သီရိမာ ကျေးဇူးကား ကြီးမားလှပါပေသည်၊ သူ့ကျေးဇူးနှင့်စာလျှင် စကြဝဠာကြီးသည် ကျဉ်းမြောင်းပါသေး၏၊ ဗြဟ္မာ့ပြည်သည် နိမ့်၍နေပါသေး၏၊ ငါ့မှာ သူရှိနေပေလို့သာ ဘုရားအမှူးရှိသော သံဃာတော်များကို လှူဒါန်းရပေသည်၊ တရားနာခွင့်ရပေသည်၊ အကယ်၍ ဆီပူများနှင့် ငါ့ခေါင်းပေါ်ကို လောင်းချဦးတော့ ငါ့မေတ္တာ သူ့အပေါ်မှာ မပျက်ရိုးမှန်လျှင် မပူလောင်ပါစေနှင့်၊ ငါ့မေတ္တာပျက်ခဲ့လျှင် ပကတိအတိုင်း ပူပါစေ...”

ဟု ပါးစပ်က ရွတ်ဆိုနေပေသည်။ သီရိမာသည် ဥတ္တရာခေါင်းပေါ်သို့ ဆီပူများကို လောင်းချလိုက်သည်။ ဆီပူများသည် သီတာရေကဲ့သို့ အေးမြကာ ကိုယ်ပေါ်မှ လျှောကျသွား၏။

ဥတ္တရာ၏ အခြေအနေထူးခြားမှုကို မတွေ့ရ၍ “ဆီတွေ လမ်းမှာ အေးသွားလို့များလား” ဟု တွေးကာ သီရိမာသည် မီးဖိုချောင်သို့ ချက်ချင်းပြန်သွားကာ ဆီပူများကို ကော်ခပ်၍ ခပ်သုတ်သုတ်တစ်ကျော့ ပြန်ထွက်လာစဉ် ဥတ္တရာ၏ အခြွေအရံများက ရိပ်မိကြပြီး သူ့ထက်ငါ ဆဲဆိုကြိမ်းမောင်းကာ သီရိမာအား ဝိုင်းအုံ၍ ရိုက်ပုတ်ကြသဖြင့် လဲကျသွားသည်။ ဥတ္တရာသည် သူ့အခြွေအရံများကို တားဆီး၍ သီရိမာအား ချစ်ခင်ယုယစွာ ဆွဲထူလိုက်၏။ ဒဏ်ရာများကို ဆေးလိမ်း၍ နှိပ်နယ်ပြုစုပေးလေသည်။

သီရိမာသည် မေတ္တာသဘောကို နားလည်လာ၍ ဥတ္တရာအား ဝန်ချတောင်းပန်လေသည်။ သီရိမာအား မြတ်စွာဘုရားရှင်ထံ တောင်းပန်ဝန်ချရမည်ဖြစ်ကြောင်းကို ဥတ္တရာက ညွှန်ပြသည်။ သီရိမာနှင့် အပေါင်းအပါ အမျိုးသမီးငါးရာတို့သည် ဘုရားရှင်ထံ ရောက်၍ ကျွတ်တမ်းဝင်ကြရသည်။

မေတ္တာ၏အစွမ်းကြောင့် အဆိပ်မသင့်နိုင်ပုံကို ပြရာ၌ သံယုတ္တနိကာယ်ဆောင် စူဠသိဝမထေရ်သည် အဆိပ်မသင့်ဟု ဝိသုဒ္ဓိမဂ်၌ အမြွက်မျှ ပြဆိုထားပါသည်။ မေတ္တာ၏စွမ်းအင်ကြောင့် ဓား၊ လှံ စသော လက်နက်များ မထိပါးနိုင်ပုံ သာဓကအဖြစ် နွားမကြီးဝတ္ထု ကို ဝိသုဒ္ဓိမဂ်၌ အောက်ပါအတိုင်း ဖော်ပြထားပါသည်။
စာမျက်နှာ-260


တစ်နေ့သောအခါ နွားမကြီးတစ်ကောင်သည် နို့စို့နွားငယ်အား ရပ်လျက် နို့တိုက်ကျွေးနေသည်။ ထိုစဉ် မုဆိုးတစ်ယောက်သည် ထိုနွားမကြီးကို လှံဖြင့် အားကုန်လွှဲ၍ ထိုးပစ်၏။ ထိုလှံသည် နွားမကြီး၏ ကိုယ်၌ ထိသောအခါ ထန်းရွက်ကဲ့သို့ လိပ်ခွေ၍ ကျသွားလေသည်။

ဤသို့ဖြစ်ခြင်းကား ဥပစာရဈာန်အဆင့်ရှိသော မေတ္တာစွမ်းအားကြောင့်လည်းမဟုတ်၊ အပ္ပနာဈာန်အဆင့်ရှိသော မေတ္တာစွမ်းအားကြောင့်လည်း မဟုတ်၊ အမှန်စင်စစ်အားဖြင့် သားငယ်နွားကလေးအပေါ် အားကြီးသော ချစ်ခင်စိတ်ကြောင့်သာ ဖြစ်ပေသည်။ သားသမီးအပေါ် မိခင်၏ ချစ်ခြင်းမေတ္တာကား လွန်စွာ ကြီးမားလှပေ၏။
(၈) လျင်မြန်စွာ သမာဓိရလွယ်ခြင်း
ချမ်းသာကို လိုချင်နေကြသော သတ္တဝါအနန္တအပေါ် ချမ်းသာပါစေ ဟု မေတ္တာပွားခြင်းသည် သတ္တဝါတို့၏ အလိုဆန္ဒနှင့် လိုက်လျောညီထွေဖြစ်သည့်အတွက် ဆောလျင်စွာ စိတ်တည်ကြည်ငြိမ်သက်မှုကို ရရှိနိုင်ပါသည်။
(၉) မျက်နှာအဆင်း ကြည်လင်၍ ကျက်သရေရှိခြင်း
သတ္တဝါတို့၏ လိုအင်ဆန္ဒအတိုင်း လိုက်လျောညီစွာ မေတ္တာပွားများရသောကြောင့် မေတ္တာပွားသူ၏ မျက်နှာ၌ အရေအဆင်း ကြည်လင်ခြင်းအကျိုးကို ရရှိနိုင်ပါသည်။
(၁၀) မတွေမဝေ ကြည်ကြည်လင်လင် ကွယ်လွန်ရခြင်း
သတ္တဝါတို့သည် များသောအားဖြင့် သေခါနီး၌ အကြီးအကျယ် နာကျင်ကိုက်ခဲမှု စသည့်ဝေဒနာများ ဖိစီးခံရပြီး သတိလက်လွှတ် ကွယ်လွန်တတ်ကြသည်။ လောဘ၊ ဒေါသ၊ မောဟစိတ်များဖြင့် ကယောင်ကတမ်း သတိကင်းမဲ့စွာ သေသွားတတ်ကြသည်။ မေတ္တာရှင် ယောဂီကား ထိုသို့မဟုတ်ဘဲ တွေဝေမိန်းမောခြင်းမရှိ ကြည်ကြည်လင်လင်နှင့် ကွယ်လွန်ရပေသည်။
(၁၁) အရဟတ္တဖိုလ်ကို မရသေးမီ ဗြဟ္မာ့ပြည်၌ ဖြစ်ရခြင်း
မေတ္တာပွားများသည့် ယောဂီသည် မေတ္တာဈာန်အဆင့်အထိ ပေါက်ရောက်လျှင် ဗြဟ္မာ့ပြည်သို့ ရောက်နိုင်သည်။ ထို့ထက်သာလွန်၍ အရဟတ္တဖိုလ်ထိ ဆိုက်ရောက်လျှင် ဘဝဇာတ်သိမ်း၍ ပရိနိဗ္ဗာန်ဝင်စံရပေသည်။ မေတ္တာဈာန်အထိ မပေါက်ရောက်ဘဲ ဥပစာရသမာဓိလောက်သာ ရလျှင် လူ့လောက၊ နတ်လောက သုဂတိဘဝများသို့ ရောက်ရှိနိုင်ပေသည်။
စာမျက်နှာ-261


ယခုပြခဲ့သည့် မေတ္တာအကျိုး (၁၁) မျိုးသည် မေတ္တာနှင့်စပ်၍ အသိများနေသော အင်္ဂုတ္တိုရ်ပါဠိတော် ဧကာဒသကနိပါတ် မေတ္တသုတ်လာ အကျိုးတရားများ ဖြစ်သည်။ မေတ္တာဘာဝနာ အကျိုးကြီးပုံနှင့်စပ်၍ နိဒါနသံယုတ် ဩက္ခာသုတ်၌ မြတ်စွာဘုရားက အောက်ပါအတိုင်း ဟောကြားထားပေသည်—

ထမင်းအိုးကြီး တစ်ရာဖြင့် နံနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ်၊ ညနေတစ်ကြိမ် ကျွေးမွေးလှူဒါန်းရခြင်းထက် မေတ္တာစိတ်ကို နံနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ်၊ ညနေတစ်ကြိမ် နွားနို့တစ်ညှစ်စာ အချိန်လောက် (သို့မဟုတ်) နံ့သာတစ်ကြိမ် နမ်းရှူချိန်မျှ ပွားများခြင်းက ပို၍ အကျိုးကြီးမားသည်...

ဟု ဟောကြားတော်မူသည်။ ထို့ကြောင့် မဟာစည်ဆရာတော်ဘုရားကြီးက—

“တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်၊ ချက်ကာထမင်း၊ ကျွေးမွေးခြင်းထက်၊ မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ၊ ကြိမ်သုံးခါမျှ၊ မေတ္တာပွားများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ မိန့်ခွန်းတည်း”

ဟု ဖွဲ့ဆိုတော်မူခဲ့သည်။

မေတ္တာအကျိုး (၁၁) မျိုး အကျဉ်းချုပ်လင်္ကာ

အိပ်-နိုး ချမ်းသာ၊ ကောင်းစွာအိပ်မက်၊ ချစ်လျက် လူ-နတ်၊ စောင့်လတ် နတ်များ၊ မီး-ဆိပ်-ဓားတို့၊ ရှောင်ရှားကိုယ်မှာ၊ လျင်စွာ စိတ်တည်၊ ရွှင်ကြည်မျက်နှာ၊ သေခါမတွေ၊ လားလေဗြဟ္မာ၊ ဆယ့်တစ်ဖြာသည်၊ မေတ္တာပွားမှု အကျိုးတည်း။

ကမ္မဋ္ဌာန်းနှင့်ပရိတ် နှစ်ကိစ္စပြီးသောသုတ်

(မဟာစည်ဆရာတော်)
ဤမေတ္တသုတ်ကား ကမ္မဋ္ဌာန်းဘာဝနာအတွက် သက်သက်ဟောကြားထားသောသုတ် မဟုတ်ပေ၊ ယောဂီအတွက် တစ်စုံတစ်ရာ အနှောင့်အယှက် အခက်အခဲ ဘေးအန္တရာယ်ကို ကာကွယ်နိုင်သည့် အရံအတားပရိတ်အဖြစ်လည်း အသုံးပြုနိုင်ရန် ရည်ရွယ်၍ ဟောတော်မူသောသုတ်ဖြစ်သည်။ ကမ္မဋ္ဌာန်းနှင့် ပရိတ် နှစ်ကိစ္စပြီးသော သုတ်တော်ဟုပင် ဆိုရပေမည်။

ဤမေတ္တသုတ်ပရိတ်ကို ကိစ္စနှစ်မျိုးပြီးအောင် ဦးစွာ သင်ယူကျက်မှတ်တော်မူကြသည့် ပုဂ္ဂိုလ်တို့ကား တောနေရဟန်းတော် ငါးရာတို့ဖြစ်ကြ၏။
စာမျက်နှာ-262


တောစောင့်နတ်များ အငြိုးထားခြင်း

မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ရဟန်းတော်ငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတရား သင်ယူပြီးနောက် သာဝတ္ထိမြို့မှ ယူဇနာတစ်ရာ ဝေးကွာ၍ ဟိမဝန္တာနှင့် စပ်နေသည့် တောအုပ် တောင်ခြေစခန်းသို့ ကြွတော်မူခဲ့ကြသည်။

တောအုပ်နှင့် မလှမ်းမကမ်းရှိ ရွာသို့ ဆွမ်းခံကြွရာ ရွာသားများလည်း အလွန်ဝမ်းသာနေကြသည်။ ဝါဆိုရန် ပင့်လျှောက်တောင်းပန်ကြ၏။ ကျောင်းငယ်ငါးရာကို ဆောက်လုပ် လှူဒါန်းကြသည်။ ရဟန်းတော် ငါးရာတို့လည်း ထိုတောအုပ်သို့ ရောက်သည့်အချိန်မှစ၍ ကမ္မဋ္ဌာန်းတရားကို မအိပ်မနေ အားထုတ်တော်မူကြ၏။ ကျောင်းအသီးသီး၌ တစ်ပါးစီ သီတင်းသုံးနေထိုင်ကြရာ အကြောင်းတစ်စုံတစ်ရာရှိက အချက်ပေးရန် သစ်ပင်တစ်ပင်၌ ကျောက်စည်ကို ချိတ်ဆွဲထားကြသည်။ ရဟန်းတော်များ ကြွလာသဖြင့် ထိုတောအုပ်ရှိ ရုက္ခစိုးနတ်များမှာ ရဟန်းများ၏ သီလတန်ခိုးကြောင့် ထွက်ပြေးတိမ်းရှောင်ကြရသည်။ တစ်နေ့ပြန်ကြွနိုးဖြင့် စောင့်စားရင်း မြေပေါ်၌ ဆင်းဆင်းရဲရဲ နေထိုင်ကြရသည်။ ဝါတွင်းသုံးလပတ်လုံး နေထိုင်ကြမည်ကို အကဲခတ်မိကြ၍ အနှောင့်အယှက်ပေးရန် စည်းဝေးဆုံးဖြတ်ကြလေသည်။

ညအခါ တောစိုးနတ်တို့သည် ကြောက်မက်ဖွယ် အသံများ၊ အနံ့အသက်များ၊ ကြောက်မက်ဖွယ် အဆင်းများပြ၍ ခြောက်လှန့်ကြသည်။ ခေါင်းမပါဘဲ ကိုယ်လုံးချည်း ထိုင်နေပုံ၊ ကိုယ်မပါဘဲ ခေါင်းချည်းလိမ့်လာပုံ စသည်တို့ကို မြင်ရသောအခါ ရဟန်းတော်များ ကြောက်ရွံ့ထိတ်လန့်လာကြ၏။ အစားပျက်၊ အအိပ်ပျက်ဖြစ်ကာ သတိမေ့မြောသူမေ့မြော၍ ခေါင်းများချာချာလည်အောင် မူးနောက်အော့အန်သူ အော့အန်ကြကုန်၏။ ရောဂါအမျိုးမျိုး အဖုံဖုံဖြစ်လာ၍ အသားအရေများ ကြုံလှီဖျော့တော့လာကြလေသည်။

တစ်နေ့တွင် ရဟန်းတော်ငါးရာသည် ကျောက်စည်ထိုး၍ အချက်ပေးကာ စုဝေးကြသည်။ ထိုအခါ မထေရ်ကြီးက မေးမြန်းတော်မူရာ ရဟန်းတော်များက အမျိုးမျိုးသော ခြောက်လှန့်မှုများကြောင့် စိတ်ပျံ့လွင့်ကာ သမာဓိမရနိုင်ကြောင်းကို မထေရ်ကြီးအား လျှောက်ထားကြသည်။ ထိုအခါ မထေရ်ကြီးက—
စာမျက်နှာ-263


“ဤနေရာကား ငါတို့အတွက် သပ္ပါယမမျှတ၊ အခြားမျှတသော တစ်နေရာကို ညွှန်ပြပေးတော်မူပါရန် ဘုရားရှင်ထံ သွားရောက် လျှောက်ထားကြစို့၊ ဒုတိယဝါ ကပ်နိုင်ကြောင်းကိုလည်း ဘုရားရှင် ပညတ်ခွင့်ပြုတော်မူထားပြီး ရှိနေပေပြီ”

ဟု မိန့်တော်မူ၏။

ရဟန်းတော်များ အားလုံးလည်း မထေရ်ကြီးဩဝါဒအရ ကျောင်းအိပ်ရာ နေရာများကို သိုမှီးသိမ်းဆည်းကာ ဒကာ ဒကာမများကို အသိမပေးဘဲ သာဝတ္ထိပြည်သို့ ဦးတည်ထွက်ခွာလာကြလေသည်။

ဘုရားရှင်ထံ ရောက်လျှင် ဘုရားရှင်က ဝါတွင်းကာလ ဒေသစာရီခရီး မထွက်ခဟု ပညတ်ထားပါလျက် အဘယ်ကြောင့် ခရီးထွက်လာကြကြောင်း မေးတော်မူလေရာ အကြောင်းစုံ လျှောက်ထားကြ၏။ ဘုရားရှင်သည် အတန်ငယ် ဆင်ခြင်တော်မူရင်း—

“ရဟန်းတို့... သင်တို့အတွက် ဤနေရာမှတစ်ပါး အခြားသပ္ပါယမျှတသော ဌာန မရှိပေ၊ ဤနေရာသည်သာ သင်တို့ အရဟတ္တဖိုလ်ရမည့် ဌာနဖြစ်သည်။ ရဟန်းတို့ ပြန်သာပြန်ကြ၊ တောစိုးနတ်တို့ ဘေးရန်က ကင်းလွှတ်လိုလျှင် ဤမေတ္တသုတ် ပရိတ်တော်ကို သင်ယူသွားကြ၊ မေတ္တသုတ်သည် သင်တို့အတွက် ဘေးရန်အကာအကွယ် (ပရိတ်) လည်း ဖြစ်သည်။ ကမ္မဋ္ဌာန်းလည်း ဖြစ်သည်။ ဝိပဿနာအခြေခံ ဈာန်တရားလည်း ဖြစ်သည်။ ဤမေတ္တသုတ်သည် သင်တို့အတွက် လက်နက်ဖြစ်သည်”

ဟု မိန့်တော်မူကာ “ကရဏီယ မတ္ထကုသလေန” စသော မေတ္တသုတ် ပရိတ်တော်ကို ဟောကြားသင်ပြ ပေးတော်မူသည်။ ထိုသို့ သင်ပြပေးတော်မူပြီးနောက်—

“ချစ်သားတို့... ဤမေတ္တသုတ် ပရိတ်တော်ကို ဤဇေတဝန်ကျောင်းအလွန် တောစပ်မှစ၍ သင်တို့နေရာ တောအုပ်ကျောင်းအထိ ရွတ်ဖတ်သရဇ္ဈာယ်၍ သွားကြကုန်လော့၊ တစ်လလျှင် ရှစ်ရက်တစ်ကြိမ် ကျောက်စည်ထိုး အချက်ပေးကာ စည်းဝေး၍လည်း စုပေါင်းရွတ်ဆိုကြလော့၊ တရားဟော ဆွေးနွေးကြလော့၊ ဤမေတ္တာကမ္မဋ္ဌာန်းကိုပင် မှီဝဲကြ၊ ကြိမ်ဖန်များစွာ ပွားများကြလော့၊ ထိုတောစိုးနတ် ရုက္ခစိုးနတ်တို့သည် ကြောက်ရွံ့ထိတ်လန့်ဖွယ် အာရုံကို ပြကြတော့မည်မဟုတ်” —

ဟု မိန့်ကြားတော်မူလိုက်သည်။
စာမျက်နှာ-264


ရဟန်းတော်ငါးရာတို့သည် ဘုရားရှင်အား ကန်တော့၍ ဘုရားရှင်အမိန့်တော်ကို နာခံလျက် ဇေတဝန်ကျောင်းတော်မှ တောရကျောင်းသို့ ပြန်လာခဲ့ကြသည်။ ကျောင်းသို့ ရောက်ခါနီး ကျောင်းဝင်းအပြင်၌လည်း ရပ်တန့်ကာ မေတ္တသုတ် ပရိတ်တော်ကို စုပေါင်း ရွတ်ဖတ်ပွားများကြသည်။

ထိုအခါ တောစောင့်နတ်များသည် ရန်မမူကြသည့်ပြင် သူ့ထက်ငါ ခရီးဦးကြိုဆို၍ ရဟန်းတော်များ၏ ဝေယျာဝစ္စအားလုံး သိမ်းကြုံး၍ ဆောင်ရွက်ပေးကြလေသည်။ အစစအရာရာ လုံခြုံစေရန် ကိုယ်စီတာဝန်ယူ၍ စောင့်ရှောက်ကြလေသည်။ ရဟန်းတော်ငါးရာတို့သည် ထိုတောရကျောင်း၌ ဒုတိယဝါဆိုကာ မေတ္တာကမ္မဋ္ဌာန်းကို အခြေခံ၍ ဝိပဿနာကို အားထုတ်ကြရာ ထိုဝါတွင်းမှာပင် ရဟန္တာဖြစ်တော်မူကြသည်။

မေတ္တာအခြေခံကျင့်ဝတ် ၁၅-ပါး

မေတ္တာပွားမည့် ယောဂီများ ကြိုတင်ပြည့်စုံထားရမည့် အခြေခံကျင့်ဝတ် ၁၅-ပါးကို မေတ္တသုတ်ပါဠိတော် ရှေ့ပိုင်း၌ ဟောကြားတော်မူထားသည်။ သို့ဖြစ်၍ ယင်းအခြေခံကျင့်ဝတ်များကို မေတ္တာမပွားမီ ပြည့်စုံအောင် ကျင့်သုံးကြရပေမည်။
၁။ စွမ်းနိုင်ခြင်း (သက္ကော)
သီလ၊ သမာဓိ၊ ပညာအကျင့်များကို ကျင့်ရန် စွမ်းနိုင်သူ ဖြစ်ရမည်။ သဒ္ဓါတရား ထက်သန်ရမည်။ လုံ့လဝီရိယ ပြင်းထန်၍ ဇွဲရှိရမည်။
၂။ ဖြောင့်မတ်ခြင်း (ဥဇူ)
မိမိ၌ မရှိသောဂုဏ်ကို ရှိဟန်ဆောင်မှု၊ ကောက်ကျစ်စဉ်းလဲမှု ကင်းရမည်။ သာဌေယျခေါ် လှည့်စားမှု ကင်းရမည်၊ ကာယကံနှင့် ဝစီကံ ဖြောင့်မတ်ရမည်။
၃။ အလွန်ဖြောင့်မတ်ခြင်း (သုဟုဇူ)
မိမိအပြစ်ကို ဖုံးကွယ်၍ အပြစ်ကင်းဟန်ဆောင်မှု (မာယာ) ကင်းရမည်။ မနောကံ ဖြောင့်မတ်ရမည်။ သူတစ်ပါးအား လိမ်လည်လှည့်ဖြားရန် စိတ်ဖြင့်ပင် မကြံစည်ရ။
စာမျက်နှာ-265


၄။ ဆိုဆုံးမလွယ်ခြင်း (သုဝစော)
ဆရာ၏ အဆုံးအမကို တစ်သဝေမတိမ်း လိုက်နာရမည်၊ အရှင်ရာဟုလာသည် (၇) နှစ်အရွယ် ရှင်သာမဏေဘဝတွင် နံနက်တိုင်း သဲပုံကို ပုံပြီး ထိုသဲပုံရှိ သဲမှုန်နှင့်အမျှ အဆုံးအမ ရပါရစေဟု ဆုတောင်းသကဲ့သို့ ဖြစ်ရမည်။
၅။ နူးညံ့ခြင်း (မုဒု)
ကိုယ်စိတ်နှစ်ပါးသည် လုပ်ငန်းနှင့်လိုက်လျောညီထွေ ဖြစ်နေရမည်။ လုပ်ငန်းနှင့် အဆင်မပြေ ဖြစ်နေခြင်း၊ ကန့်လန့်တိုက် ကပ်ဖဲ့လုပ် အာခံနေခြင်းမျိုး မရှိစေရ။ နူးညံ့ပျော့ပျောင်းသော ရွှေကို လိုသလို နန်းဆွဲ၍ ရနိုင်၏၊ အပြားခတ်၍ ရနိုင်၏၊ ထိုနည်းအတူ ယောဂီ၏ ကိုယ်စိတ်နှစ်ပါးသည် လိုသလို ပြုပြင်မှုခံနိုင်အောင် နူးညံ့ပျော့ပျောင်းရမည်။
၆။ မာနအလွန်မကြီးခြင်း (အနတိမာနီ)
ဘယ်သူ့ကိုမျှ အဖက်မတန်ဟု ယူဆကာ အလွန်အကျွံ မာနကြီးမှုမျိုးကို ပယ်ရမည်။ ဆွေမျိုးဂုဏ်၊ ဥစ္စာဂုဏ်၊ ပညာဂုဏ်၊ အာဏာဂုဏ်တို့ကို အမှီပြု၍ မောက်မောက်မာမာ ပြောဆိုဆက်ဆံခြင်း၊ ဘဝင်မြင့်ခြင်းတို့ကို ဖယ်ရှားရမည်။
၇။ ရောင့်ရဲလွယ်ခြင်း (သန္တုဿကော)
မိမိရှိသမျှ ရသမျှဖြင့် တင်းတိမ်ရမည်။ ရောင့်ရဲတင်းတိမ်မှုသည် အမြတ်ဆုံးဥစ္စာဖြစ်သည်။ “သန္တုဋ္ဌိ ပရမံ ဝရံ” ဟူသော တရားတော်နှင့်အညီ ရသမျှ တန်သမျှနှင့် ရောင့်ရဲတင်းတိမ်ရမည်။
၈။ မွေးမြူပြုစုရန်လွယ်ခြင်း (သုဘရော)
ကျွေးတာကို စားနိုင်ခြင်း၊ ဖြစ်သလို နေနိုင်ခြင်း၊ စားဝတ်နေရေးကိစ္စနှင့် ပတ်သက်၍ သူတစ်ပါးအား တာဝန်မတက်စေခြင်း၊ အစားအသောက် အနေအထိုင် စသည်တို့၌ ဗီဇာမကြောင်ဘဲ ကျွေးသမျှ ပေးသမျှနှင့် ကျေနပ်ရမည်။
၉။ အမှုကိစ္စနည်းခြင်း (အပ္ပကိစ္စော)
အလုပ်မရှုပ်ရ၊ အလုပ်မများရ၊ မိမိကိုယ်နှင့်စပ်သော မလွှဲမကင်းသာသည့် ကိစ္စမှုတစ်ပါး အခြားအလုပ်ပိုမရှိဘဲ ကိစ္စနည်းစေရမည်။
စာမျက်နှာ-266
၁၀။ လွယ်ကူစွာ ရွှေ့ပြောင်းသွားလာနိုင်ခြင်း (သလ္လဟုကဝုတ္တိ)
အသုံးအဆောင်ပစ္စည်း တတ်နိုင်သမျှ နည်းစေရမည်၊ နေရာကိုလည်း ပြောင်းလိုပါက ဘာပစ္စည်းကိုမျှ သယ်ပိုးသွားခြင်း မရှိ၊ မိမိအတောင်သာလျှင် ဝန်ထုပ်ဝန်ပိုးရှိသော ငှက်ကဲ့သို့ ဖြစ်ရမည်။ အချိန်မရွေး ထသွားနိုင်သူ ဖြစ်ရမည်။ ပစ္စည်းပစ္စယ နည်းပါးစေရမည်။
၁၁။ ဣန္ဒြေငြိမ်သက်ခြင်း (သန္တိန္ဒြိယော)
မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ဟူသော ဣန္ဒြေငါးပါးကို တည်ငြိမ်အောင် ထိန်းနိုင်ရမည်၊ အာရုံငါးပါးနောက်သို့ မလိုက်ပါစေရန် စောင့်ထိန်းရမည်။ မျက်စိက ပွဲလမ်းသဘင် ကြည့်ချင်မှု၊ နားက ရေဒီယို၊ ကက်ဆက်၊ သီချင်း၊ ဂီတတူရိယာ နားထောင်ချင်မှု စသော အာရုံငါးပါး ခံစားလိုမှုကို ထိန်းချုပ်ရမည်။
၁၂။ ဆင်ခြင်ဉာဏ် ရင့်ကျက်ရခြင်း (နိပကော)
ကိစ္စအားလုံး၌ ဆင်ခြင်တိုင်းထွာတတ်သော အသိဉာဏ်ရင့်ကျက်သူ ဖြစ်ရမည်။
၁၃။ ကြမ်းတမ်းရိုင်းပျမှု ကင်းရခြင်း (အပ္ပဂဗ္ဘော)
ကိုယ်၊ နှုတ်၊ စိတ် ရိုင်းစိုင်းမှုမရှိဘဲ ယဉ်ကျေးသိမ်မွေ့ရမည်။ ပရိသတ်အလယ်၌ ဒူးထောင်ပေါင်ကား မထိုင်ဘဲ ပိပိရိရိ သေသေဝပ်ဝပ် နေတတ်ထိုင်တတ်ရမည်။ ကြီးသူကို နေရာပေးရမည်၊ ငယ်သူကိုလည်း နေရာအဖယ်မခိုင်းရ၊ မိဘဦးစား၊ ဆရာ့ဦးစား ဦးစားပေးရမည့် အဆင့်ကို နားလည်ရမည်၊ လိုက်နာကျင့်သုံးရမည်။
၁၄။ လူတို့အပေါ် တွယ်တာမှုကင်းရခြင်း (ကုလေသု အနနုဂိဒ္ဓေါ)
မိမိအိမ်သားများ၊ ဆွေမျိုး၊ မိတ်ဆွေသင်္ဂဟများအပေါ် သံယောဇဉ် တွယ်တာမှု နည်းရမည်။
၁၅။ အငယ်စားအပြစ်ကိုပင် မပြုလုပ်ရ (န စ ခုဒ္ဒံ သမာစရေ ကိဉ္စိ)
မည်မျှ သေးငယ်သောအပြစ်ပင် ဖြစ်ပါစေ၊ ပညာရှိတို့ ကဲ့ရဲ့ဖွယ်ဖြစ်၍ ယင်းအပြစ်ကို မပြုလုပ်ရ၊ ရှောင်ကြဉ်ရမည်။
စာမျက်နှာ-267
မေတ္တာပွားနည်း (၁၁) နည်း
မေတ္တာပွားမည့် ယောဂီသည် မေတ္တာမပွားမီ ရှေ့အဖို့၌ ဖြည့်ကျင့်ရမည့် ကျင့်ဝတ် ၁၅-ပါးကို ဖြည့်ကျင့်ပြီးသည့်အခါ မေတ္တသုတ်တော်လာသည့်အတိုင်း မေတ္တာပွားရန် အခြင်းအရာ (၁၁) မျိုးဖြင့် မေတ္တာပွားရမည်။

ယင်းမေတ္တာအခြင်းအရာ (၁၁) မျိုးကို အကျဉ်းအားဖြင့် (ဟိတာဓိဂမ) အကျိုးလိုလားသည့် မေတ္တာပို့နည်း (၈) မျိုးနှင့် (အဟိတာပနယန) အကျိုးမဲ့ကို ဖယ်ရှားလိုသည့် မေတ္တာပွားနည်း (၃) မျိုး ဟူ၍ ခွဲခြားနိုင်သည်။ ဟိတာဓိဂမ အကျိုးလိုလားသည့် မေတ္တာပွားနည်းကို ထပ်မံ၍ ခွဲခြားလျှင် အောက်ပါအတိုင်း အုပ်စု (၃) ခု ဖြစ်လာသည်—

(ဟိတာဓိဂမ) ချမ်းသာစေရန် မေတ္တာပွားနည်း (၈) မျိုး ရေတွက်ပုံ

ပေါင်းရုံး၍ (သဗ္ဗသင်္ဂါဟက) မေတ္တာပွားနည်း — ၁ မျိုး

နှစ်စုစီ ခွဲ၍ (ဒုက) မေတ္တာပွားနည်း — ၄ မျိုး

သုံးစုစီ ခွဲ၍ (တိက) မေတ္တာပွားနည်း — ၃ မျိုး

သတ္တဝါတိုင်း ချမ်းသာချင်ကြသည်။ ချမ်းသာကို အလိုရှိကြသည်။ ထိုသတ္တဝါတို့၏ ချမ်းသာကို ဆန္ဒအတိုင်း ပြည့်ဝစေရန် ကာယကံမြောက် ဆောင်ရွက်ရမည်။ ဝစီကံဖြင့်လည်း နှုတ်မှ ရွတ်ဆိုပွားများရမည်။ မနောကံဖြင့်လည်း အသံမထွက်ဘဲ စိတ်ထဲမှ အောက်ပါအတိုင်း ရွတ်ဆိုနေရမည်။

ပေါင်းရုံး၍ မေတ္တာပွားပုံ (၁) မျိုး

၁။ အလုံးစုံသော သတ္တဝါဟူသမျှတို့သည်— ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ဥပဒ်ရန်ဘေး ကင်းဝေးကြပါစေ။

နှစ်စုစီ ခွဲ၍ (ဒုက) မေတ္တာပွားပုံ (၄) မျိုး

၁။ ကြောက်တတ်သော သတ္တဝါဟူသမျှတို့သည်— ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ဥပဒ်ရန်ဘေး ကင်းဝေးကြပါစေ။

မကြောက်တတ်သော သတ္တဝါဟူသမျှတို့သည်— ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ဥပဒ်ရန်ဘေး ကင်းဝေးကြပါစေ။
စာမျက်နှာ-268


၂။ မြင်တွေ့ရသော သတ္တဝါဟူသမျှတို့သည်— ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ဥပဒ်ရန်ဘေး ကင်းဝေးကြပါစေ။
မမြင်မတွေ့ရသော သတ္တဝါဟူသမျှတို့သည်— ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ဥပဒ်ရန်ဘေး ကင်းဝေးကြပါစေ။

၃။ အဝေးအရပ်၌ ရှိကြကုန်သော သတ္တဝါဟူသမျှတို့သည်— ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ဥပဒ်ရန်ဘေး ကင်းဝေးကြပါစေ။

အနီးအရပ်၌ ရှိကြကုန်သော သတ္တဝါဟူသမျှတို့သည်— ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ဥပဒ်ရန်ဘေး ကင်းဝေးကြပါစေ။

၄။ ဘဝဇာတ် ကုန်ဆုံးပြီးသော သတ္တဝါဟူသမျှတို့သည်— ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ဥပဒ်ရန်ဘေး ကင်းဝေးကြပါစေ။

ဘဝဇာတ် မကုန်ဆုံးသေးသော သတ္တဝါဟူသမျှတို့သည်— ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ဥပဒ်ရန်ဘေး ကင်းဝေးကြပါစေ။

သုံးစုစီ ခွဲ၍ (တိက) မေတ္တာပွားပုံ (၃) မျိုး

၁။ ရှည်လျားသော ကိုယ်ခန္ဓာရှိသော သတ္တဝါဟူသမျှတို့သည်— ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ဥပဒ်ရန်ဘေး ကင်းဝေးကြပါစေ။

တိုသော ကိုယ်ခန္ဓာရှိသော သတ္တဝါဟူသမျှတို့သည်— ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ဥပဒ်ရန်ဘေး ကင်းဝေးကြပါစေ။
အလယ်အလတ် ကိုယ်ခန္ဓာရှိသော သတ္တဝါဟူသမျှတို့သည်— ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ဥပဒ်ရန်ဘေး ကင်းဝေးကြပါစေ။
စာမျက်နှာ-269


၂။ ကြီးသော ကိုယ်ခန္ဓာရှိသော သတ္တဝါဟူသမျှတို့သည်— ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ဥပဒ်ရန်ဘေး ကင်းဝေးကြပါစေ။
ငယ်သော ကိုယ်ခန္ဓာရှိသော သတ္တဝါဟူသမျှတို့သည်— ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ဥပဒ်ရန်ဘေး ကင်းဝေးကြပါစေ။
အလယ်အလတ် ကိုယ်ခန္ဓာရှိသော သတ္တဝါဟူသမျှတို့သည်— ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ဥပဒ်ရန်ဘေး ကင်းဝေးကြပါစေ။

၃။ ဝဝသော ကိုယ်ခန္ဓာရှိသော သတ္တဝါဟူသမျှတို့သည်— ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ဥပဒ်ရန်ဘေး ကင်းဝေးကြပါစေ။

ပိန်သော ကိုယ်ခန္ဓာရှိသော သတ္တဝါဟူသမျှတို့သည်— ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ဥပဒ်ရန်ဘေး ကင်းဝေးကြပါစေ။
မပိန်မဝ ကိုယ်ခန္ဓာရှိသော သတ္တဝါဟူသမျှတို့သည်— ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ဥပဒ်ရန်ဘေး ကင်းဝေးကြပါစေ။

အကျိုးမဲ့ မရောက်စေရန် မေတ္တာပွားနည်း (၃) မျိုးဖြင့် မေတ္တာပွားပုံ

(က) လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
(ခ) အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
(ဂ) ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

ရှင်းလင်းချက်

ကြောက်တတ်သော သတ္တဝါများနှင့် ဘဝဇာတ်မဆုံးသေးသော သတ္တဝါတို့ဟူသည် ရဟန္တာမဖြစ်သေးသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ မကြောက်တတ်သော သတ္တဝါများနှင့် ဘဝဇာတ်ဆုံးပြီးသော သတ္တဝါတို့ဟူသည် တဏှာကင်းပြီးသော ရဟန္တာပုဂ္ဂိုလ်များ ဖြစ်ကြသည်။
စာမျက်နှာ-270


မေတ္တာတန်ခိုးများ
ဤကဲ့သို့ မေတ္တာဘာဝနာကို ပွားများအားထုတ်ရာ၌ ဈာန်သမာဓိ အဆင့်သို့ ရောက်ရှိခဲ့သော်လည်းကောင်း၊ ဈာန်ရလုနီးနီး သမာဓိ (ဥပစာရသမာဓိ) အဆင့်သို့ ရောက်ရှိခဲ့သော်လည်းကောင်း မေတ္တာ၏ တန်ခိုးများကို ထင်ရှားစွာ တွေ့နိုင်သည်။ လောက၌ အံ့ဩဖွယ်ရာ တန်ခိုးများ ရရှိရုံသာမက နောက်ဆုံးတွင် မေတ္တာကို အခြေခံ၍ ရဟန္တာအဖြစ်သို့ပင် ရောက်ရှိနိုင်ပေသည်။ မေတ္တာ၏ တန်ခိုးအာနိသင်များကို သာဓကအဖြစ် အနည်းငယ်မျှ ပြဆိုပါဦးမည်။

သာမာဝတီ၏ မေတ္တာ

ဗုဒ္ဓဘုရားရှင်လက်ထက်တော်၌ ကောသမ္ဘီပြည်တွင် ဥတေနမင်းကြီး စိုးမိုးအုပ်ချုပ် မင်းလုပ်နေ၏။ ထိုမင်းကြီး၏ မိဖုရား သာမာဝတီသည် မြတ်စွာဘုရားအား ကြည်ညို၍ မေတ္တာတရားကို အမြဲပွားများ၏။ ဥတေနမင်းကြီး၏ အခြားမိဖုရား တစ်ပါးဖြစ်သော မာဂဏ္ဍီသည် မြတ်စွာဘုရားရှင်အား ရန်ငြိုးထားသည်။ ထို့ကြောင့် ဘုရားရှင် ကောသမ္ဘီမြို့တွင်းသို့ ဆွမ်းခံကြွလာလျှင် ဆဲဆိုနှောင့်ယှက်ရန်အတွက် လူမိုက်တစ်စုအား အခကြေးငွေ ပေးကမ်း၍ ခိုင်းစေခဲ့သည်။ ဤအတောအတွင်း သာမာဝတီ မိဖုရားနှင့် အခြွေအရံ မောင်းမများသည် ဂေါတမဘုရားရှင်အား ကြည်ညိုကိုးကွယ်နေကြကြောင်း သိရှိရသည့်အခါ သာမာဝတီအားလည်း ရန်ငြိုးဖွဲ့ပြန်သည်။

မာဂဏ္ဍီသည် ဥတေနမင်းကြီးအား သာမာဝတီတို့ အုပ်စုသည် ရဟန်းဂေါတမ၏ အလုပ်အကျွေးများဖြစ်ကြောင်း၊ ဘုရင်မင်းမြတ်ထက် ဂေါတမဘုရားရှင်ကို ပိုမိုမြတ်နိုးနေကြကြောင်း၊ အရှင်မင်းကြီးအား သတ်ရန် ကြံစည်နေကြကြောင်း တိုင်ကြားလေသည်။

ဥတေနမင်းကြီးသည် မာဂဏ္ဍီက အကြိမ်ကြိမ် ပြောကြားလာသော်လည်း မာဂဏ္ဍီ၏ စကားကို မယုံကြည်ခဲ့ချေ။ မာဂဏ္ဍီသည် နောက်ထပ် အကြံတစ်ခု ထုတ်ပြန်သည်။

ဥတေနမင်းကြီးသည် မိဖုရားများ၏ အဆောင်တွင် ခုနစ်ရက်စီ အလှည့်ကျ စံမြန်းလေ့ရှိသည်။ ဟတ္ထိကန္တအမည်ရှိ စောင်းကြီးကိုလည်း သွားလေရာသို့ အမြဲယူဆောင်လေ့ရှိသည်။ ယခုအခါ မာဂဏ္ဍီ မိဖုရားအဆောင်၌ စံနေပြီး၍ သာမာဝတီ မိဖုရား၏ အဆောင်တော်သို့ ကူးမည်ဖြစ်သည်။
စာမျက်နှာ-271


ထိုသို့ အဆောင်တော်ကူးမည့်နေ့၌ မာဂဏ္ဍီသည် ညက အိပ်မက်များ မကောင်းကြောင်း၊ သာမာဝတီအဆောင်သို့ မသွားသင့်ကြောင်း၊ သွားလျှင် အန္တရာယ်ဖြစ်နိုင်ကြောင်း၊ တားမရ၍ သွားလျှင် စိတ်မချနိုင်၍ မိမိပါ လိုက်မည့်အကြောင်း လျှောက်ထားလေသည်။ ထို့ပြင် ဟတ္ထိကန္တအမည်ရှိသော စောင်းကြီး၏ စောင်းပေါက်ထဲ၌ အစွယ်ချိုးထားသော မြွေဟောက်တစ်ကောင်ကို ထည့်သွင်းပြီး စောင်းပေါက်ကို ပန်းကုံးများဖြင့် ပိတ်ဆို ့ထားလိုက်သည်။

ထို့နောက် မာဂဏ္ဍီသည် သာမာဝတီ၏ အဆောင်သို့ လိုက်ပါလာသည်။ ဥတေနမင်းကြီးသည် သာမာဝတီ၏ အဆောင်၌ သာမာဝတီနှင့် မောင်းမတို့၏ ပြုစုယုယမှုကို ခံယူကာ စံနေတော်မူသည်။ ဟတ္ထိကန္တ စောင်းတော်ကြီးကို အိပ်ရာခေါင်းရင်းဘက်၌ တင်ထားလေသည်။ ဥတေနမင်းကြီးသည် နေ့လယ်စာ ပွဲတော်တည်ပြီးနောက် ခေတ္တစက်တော်ခေါ်နေစဉ် မာဂဏ္ဍီသည် စောင်းအပေါက်တွင် ဖုံးထားသော ပန်းကုံးများကို ဖယ်ချလိုက်သည်။ မြွေဟောက်သည် နှစ်ရက်သုံးရက် လှောင်ပိတ်ခံနေရသောကြောင့် အမျက်ထွက်ကာ စောင်းပေါက်မှ ထွက်လာပြီး မင်းကြီး၏ ခေါင်းရင်း၌ ပါးပျဉ်းထောင်နေသည်။ မာဂဏ္ဍီသည် ပျာပျာသလဲ အသံကုန်ဟစ်အော်၍ မင်းကြီးအား သတိပေးပြီး သာမာဝတီတို့အား ဆဲဆိုကြိမ်းမောင်းလေသည်။

ပစ်သူဘက်သို့ မြားဦးလှည့်ခြင်း

ဥတေနမင်းကြီးသည် သာမာဝတီအပေါ် ဒေါသအမျက် ပြင်းစွာ ထွက်လေတော့၏။ သာမာဝတီနှင့် မောင်းမငါးရာတို့အား အဆိပ်လူးသော မြားဖြင့် ကိုယ်တိုင်ပစ်သတ်မည်ဟု အမိန့်တော်ချမှတ်လေသည်။ သာမာဝတီသည် အခြွေအရံ မောင်းမတို့အား “ငါတို့မှာ တစ်ပါးသော ကိုးကွယ်ရာ မရှိတော့ပြီ၊ ဘုရင်မင်းမြတ်အပေါ်၌ လည်းကောင်း၊ မာဂဏ္ဍီအပေါ်၌ လည်းကောင်း မည်သူ့ကိုမျှ စိတ်မဆိုးကြနှင့်၊ ဘုရင်မင်းမြတ်နှင့် မာဂဏ္ဍီတို့အပေါ် မိမိကိုယ်နှင့် ထပ်တူထပ်မျှ မေတ္တာစိတ်ထားကြ၊ မေတ္တာပွားကြ” ဟု ဆုံးမလေသည်။

သာမာဝတီနှင့် မောင်းမငါးရာတို့သည် ဘုရင်ကြီးအား လည်းကောင်း၊ မာဂဏ္ဍီအား လည်းကောင်း ကိုယ်နှင့်ထပ်တူထား၍ မေတ္တာပွားနေကြသည်။ ဥတေနမင်းကြီးသည် သာမာဝတီနှင့် မောင်းမတို့အား တန်းစီနေစေ၍ ဗိုလ်ခြေတစ်ထောင်တင်ရသော ဆိတ်ချိုလေးကိုတင်၍ အဆိပ်လူးသောမြားဖြင့် ပစ်ရန် ချိန်ရွယ်သည်။ သာမာဝတီ အမှူးရှိသော မောင်းမတို့သည် ဥတေန...
စာမျက်နှာ-272


မင်းကြီးအပေါ်၌ ချစ်ခင်မြတ်နိုးမှု မေတ္တာစိတ်ကို တည်ငြိမ်စူးစိုက်စွာ ပွားများအားထုတ်နေကြရာ ဈာန်သမာဓိ ရလုနီးနီးပင် ဖြစ်လာသည်။ ဥပစာရသမာဓိသို့ ရောက်အောင် ပွားကြသည်။ ဥတေနမင်းကြီးသည် မြားကို ပစ်လွှတ်လိုက်သည်။ မြားသည် ရှေ့သို့မသွားဘဲ နောက်သို့ပြန်လည်ကာ မင်းကြီး၏ ရင်ဝကို စူးဝင်တော့မည်ကဲ့သို့ ဖြစ်လေသည်။ ဥတေနမင်းကြီးသည် ကြောက်ရွံ့ထိတ်လန့်၍ ဇောချွေးပြန်လာသည်။ မကြုံစဖူး ထူးကဲသည့်အဖြစ်ကို တွေ့ရ၍ မိမိအမှားကို သိမြင်ကာ သာမာဝတီ မိဖုရားအား တောင်းပန်ဝန်ချလေသည်။ မေတ္တာ၏ စွမ်းအားကြောင့် မြားဦးလည်သွားခဲ့ရသည်ကို ဓမ္မပဒအဋ္ဌကထာ၌ မှတ်တမ်းတင်ထားလေသည်။ (ဓမ္မ၊ ဋ္ဌ၊ ၁၊ သာမာဝတီဝတ္ထု)

မေတ္တာဈာန်ကို အခြေခံ၍ ရဟန္တာဖြစ်သော အရှင်သုဘူတိ

အရှင်သုဘူတိသည် ဇေတဝန်ကျောင်းဒကာကြီး အနာထပိဏ်သူဌေး၏ ညီဖြစ်သည်။ ရုပ်ဆင်းအင်္ဂါ အလွန် ချောမောလှပ၏။ ဇေတဝန်ကျောင်း ရေစက်ချပွဲတွင် ဘုရားရှင်၏ တရားတော်ကို နာကြားရ၍ ရဟန်းပြုခဲ့သည်။

ရဟန်းဖြစ်ပြီးသောအခါ အရှင်သုဘူတိသည် မေတ္တာကမ္မဋ္ဌာန်းကို သင်ယူ၍ တောရဆောက်တည်ကာ မေတ္တာဘာဝနာ အလုပ်ကို အားထုတ်လေသည်။ ယင်းသို့ အားထုတ်၍ ရရှိသော မေတ္တာဈာန်ကို အခြေခံ၍ သင်္ခါရတရားတို့ကို ဝိပဿနာရှုသဖြင့် ရဟန္တာဖြစ်ခဲ့သည်။

အရှင်သုဘူတိသည် အမြဲမေတ္တာပွားလျက် နေတော်မူသည်။ ဆွမ်းခံကြွရာ၌လည်း မေတ္တာပွားတော်မူသည်။ ဆွမ်းခံအိမ်ရှေ့ ဆွမ်းရပ်သည်နှင့် ဦးစွာ မေတ္တာပွား၏။ မေတ္တာဈာန်ဝင်စား၍ မေတ္တာဈာန်မှ ထပြီးမှ ဆွမ်းကို အလှူခံတော်မူသည်။

အရှင်သုဘူတိသည် ဇေတဝန်ကျောင်းဒကာ အနာထပိဏ်သူဌေးကြီး၏ ညီပင်ဖြစ်သော်လည်း ကျောင်း၌ သီတင်းမသုံးဘဲ လွင်တီးခေါင် (ကွင်းပြင်) ၌ သီတင်းသုံးနေလေ့ရှိသည်။ ထိုအခါတွင် မထေရ်၏ တန်ခိုးကြောင့် မိုးမရွာဘဲ ရှိလေသည်။ မိုးမရွာသဖြင့် တိုင်းသူပြည်သားများ ငတ်မွတ်ကာ နန်းတော်တံခါးဝ၌ လူအများ ဆန္ဒပြမှုကြီး ဖြစ်ပေါ်ခဲ့သည်။ အရှင်သုဘူတိ ကိုယ်တော်တိုင် မိုးနတ်မင်းအား မေတ္တာစကား ကြားသိစေသော အခါမှ မိုးရွာသွန်း၍ သာယာဝပြောလာသည်။
စာမျက်နှာ-273


မေတ္တာရှင်ဖြစ်သော အရှင်သုဘူတိသည် ကိလေသာကင်းလျက် နေသော ရဟန်းတို့တွင် အမြတ်ဆုံးအဖြစ်လည်းကောင်း၊ မေတ္တာဈာန်ဝင်စား၍ ဒါယကာတို့ အကျိုးများအောင် မြတ်သောအလှူကို ခံထိုက်ကုန်သော ရဟန်းတို့တွင် အမြတ်ဆုံးအဖြစ်လည်းကောင်း ဧတဒဂ်ဘွဲ့ထူး နှစ်ထပ်ကို ရရှိတော်မူခဲ့သည်။

အရှင်သုဘူတိ ပွားပို့သော မေတ္တာတော်မှာ—
“သုခိတာ ဟောထ — ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ”
“ဒုက္ခာ မုစ္စထ — ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ”
ဟူ၍ဖြစ်သည်။ (အံ၊ ဋ္ဌ၊ ၁။ ထေရ၊ ဋ္ဌ၊ ၁၊ သုဘူတိဝတ္ထု။ မ၊ ဋ္ဌ၊ ၄၊ အရဏဝိဘင်္ဂသုတ်နှင့် ဥဒါန၊ ဋ္ဌ၊ စသည်)

မေတ္တာကို အခြေခံ၍ ပစ္စေကဗုဒ္ဓါဖြစ်ခြင်း

ကဿပဘုရားရှင် သာသနာတော်၌ ရဟန်းတစ်ပါးသည် တောရဆောက်တည်ကာ ရဟန်းတရားကို အနှစ်နှစ်သောင်း အားထုတ်ခဲ့သည်။ ထိုဘဝမှ စုတေသောအခါ ကာမာဝစရနတ်ပြည်၌ ဖြစ်ရ၏။ ထိုနတ်ပြည်မှ စုတေပြန်သောအခါ ဗာရာဏသီမင်း၏ မိဖုရားဝမ်း၌ ပဋိသန္ဓေနေပြီး မွေးဖွားကြီးပြင်းလာလေသည်။

ပစ္စေကဗုဒ္ဓါ လောင်းလျာမင်းသား ၁၆-နှစ်အရွယ်သို့ ရောက်သောအခါ ဖခင်ဘုရင်ကြီးက သားတော်အား အဘိသိက်သွန်း၍ မင်းပြုစေသည်။ အမည်ကို ဗြဟ္မဒတ်မင်းဟု ခေါ်တွင်စေသည်။

ဗြဟ္မဒတ်မင်းသည် တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေစဉ် ကသိုဏ်းပရိကံကို ပြုလုပ်၍ ကမ္မဋ္ဌာန်းရှုမှတ်ပွားများရာ အဘိညာဉ်ငါးပါး၊ သမာပတ်ရှစ်ပါးတို့ကို ရရှိလေသည်။

အဘိသိက်ခံပြီးသော မင်းတို့မည်သည် တရားလွှတ်တော်တွင် ထိုင်ရသဖြင့် ဗြဟ္မဒတ်မင်းသည် တစ်နေ့တွင် နံနက်ပွဲတော်စာ စောစောသုံးဆောင်ပြီး တရားဆုံးဖြတ်စီရင်ရာဌာန၌ ထိုင်နေလေသည်။ ထိုစဉ် ကျယ်လောင်စူးရှသော အသံကို ကြားလိုက်ရသဖြင့် “ဤအသံသည် သမာပတ်၏ အညစ်အကြေးတည်း” ဟု ဆင်ခြင်၍ ပြာသာဒ်ထက်သို့တက်ကာ သမာပတ်ဝင်စားလေသည်။ သို့သော် တိုင်းပြည်အာရုံ၌ စိတ်ပျံ့လွင့်သွား၍ သမာပတ် ဆုတ်ယုတ်သွားသောကြောင့် သမာပတ် ဝင်စား၍ မရဘဲ ဖြစ်နေလေသည်။
စာမျက်နှာ-274


ထိုအခါ “မင်းအဖြစ်က မြတ်သလော၊ ရဟန်းတရားက မြတ်သလော” ဟု ဆင်ခြင်ပြီး မင်းစည်းစိမ်၏ များစွာသော အပြစ်နှင့် ရဟန်းတရားချမ်းသာ၏ များစွာသော အကျိုးတို့ကို သိမြင်သောကြောင့် အမတ်တစ်ယောက်အား ဘုရင့်အာဏာအရပ်ရပ်နှင့် တိုင်းပြည်ကိုပါ အပ်နှင်းပြီး ပြာသာဒ်အထက်သို့ တက်ကာ သမာပတ်ချမ်းသာဖြင့် နေလေသည်။ ပွဲတော်စာပို့သူမှတစ်ပါး မည်သူ့ကိုမျှ တွေ့ခွင့်မပေးပေ။

ဤသို့အားဖြင့် လဝက်ကျော်လွန်လာရာ မိဖုရားကြီးသည် ဘုရင်မင်းမြတ် ဥယျာဉ်တော်ထွက်ခြင်း၊ စစ်သည်ဗိုလ်ပါ ကြည့်ရှုစစ်ဆေးခြင်း၊ ကပွဲသဘင် ကြည့်ရှုခြင်းတို့၌ မမြင်ရ၍ မေးမြန်းစုံစမ်းရာ ဤမည်သော အမတ်အား တိုင်းပြည်နှင့် အာဏာကိုအပ်၍ ပြာသာဒ်ထက်၌ သမာပတ်ဝင်စားနေကြောင်း သိရှိရလေသည်။

မိဖုရားကြီးသည် ထိုအမတ်အား ခေါ်၍ “တိုင်းပြည်ကို လက်ခံထားလျှင် ငါ့ကိုလည်း လက်ခံပြီးဖြစ်၍ ငါနှင့်အတူ ပေါင်းဖော်နေရမည်” ဟု ဆိုသည်။ ထိုအခါ အမတ်ကြီးက နားနှစ်ဘက်ကို လက်ဖြင့်ပိတ်၍ “မသင့်လျော်ပါကြောင်း” ပြန်လည်လျှောက်ထားလေသည်။ မိဖုရားကြီးက အမတ်အား နှစ်ကြိမ် သုံးကြိမ် ခေါ်၍ ဤနည်းအတိုင်း ပြောသည်။ ပြောမရသည့်အဆုံး၌ မိဖုရားကြီးသည် ထိုအမတ်အား သတ်ပစ်မည်ဟု ခြိမ်းခြောက်၏။

အမတ်ကြီးသည် ရာထူးအန္တရာယ်နှင့် အသက်အန္တရာယ်ကို ကြောက်သောကြောင့် မိဖုရားကြီး၏ အလိုဆန္ဒအတိုင်း လိုက်လျောမှုပြုလိုက်ရသည်။ မိဖုရားကြီးသည် အလွန်နူးညံ့ပျော့ပျောင်း၍ အတွေ့အထိကောင်း၏။ အမတ်ကြီးသည် ထိုအတွေ့အထိ၌ စွဲမက်ယစ်မူးကာ မိဖုရားကြီးထံ ခဏခဏ သွားလေတော့သည်။ ပထမတွင် မဝံ့မရဲ သံသယစိတ်ဖြင့် သွားရသော်လည်း အကြိမ်များလာသောအခါ အိမ်ရှင်ဦးမက မကြောက်မရွံ့ သံသယမရှိတော့ဘဲ မိဖုရားကြီးထံ ဝင်ထွက်နေလေတော့သည်။

ထိုအကြောင်းကို မင်းချင်းတို့က ဘုရင်ကြီးအား လျှောက်ထားရာ ဘုရင်ကြီး ကိုယ်တွေ့မြင်ရ၍ အမတ်များကို အစည်းအဝေးခေါ်ပြီး ဤကိစ္စ မည်သို့ ဆုံးဖြတ်သင့်သည်ကို တိုင်ပင်လေသည်။

အချို့က ထိုအမတ်အား လက်ဖြတ်ထိုက်ကြောင်း၊ အချို့က ခြေဖြတ်ထိုက်ကြောင်း၊ အချို့က မသေမချင်း ကံကျင်လျှို၍ သတ်ထိုက်ကြောင်း လျှောက်ထားကြသည်။ မင်းကြီးကား မိမိသီလကိုငဲ့၍ ထိုအမတ်အား ခြေဖြတ်လက်ဖြတ်...
စာမျက်နှာ-275


၍လည်း မညှဉ်းဆဲလို၊ သတ်လည်း မသတ်လိုသောကြောင့် တိုင်းပြည်မှ နှင်ထုတ်ရန် အမိန့်ချလိုက်သည်။

ထိုအမတ်သည် သားမယားနှင့်အတူ တိုင်းတစ်ပါးသို့ ထွက်ခွာသွားသည်။ တိုင်းတစ်ပါး ဘုရင်ထံ ချဉ်းကပ်ခစားလေသည်။ ထိုမင်းနှင့် အကျွမ်းတဝင် ရင်းနှီးလာသောအခါ “မင်းမြတ်... ပျားကောင်မရှိသော ပျားအုံကို ကျွန်ုပ် တွေ့ထားပါသည်၊ ထိုပျားအုံကို စားမည့်သူ မရှိပါ” ဟု လျှောက်တင်လေသည်။

မင်းကြီးသည် ထိုအမတ် အကြံပေးသည့်အတိုင်း စုံစမ်းထောက်လှမ်းပြီးနောက် ဗာရာဏသီကို သိမ်းပိုက်ရန် စစ်ချီလေသည်။ နယ်စပ်မြို့ တစ်မြို့တွင် တပ်ချပြီး ဗြဟ္မဒတ်မင်းထံသို့ “တိုင်းပြည်ကို အပ်မည်လော၊ စစ်တိုက်မည်လော” ဟု ရာဇသံစေလိုက်သည်။ ဗြဟ္မဒတ်မင်းက “စစ်မတိုက်ပါ၊ တိုင်းပြည်ကို အပ်ပါမည်” ဟု အကြောင်းပြန်လိုက်သည်။

သို့ရာတွင် ဗာရာဏသီအမတ်တို့က ရန်သူမင်းနှင့် စစ်တိုက်မည့်အကြောင်း ဗြဟ္မဒတ်မင်းအား လျှောက်တင်ကြရာ မင်းကြီးက “စစ်တိုက်လျှင် ငါ့အား ပါဏာတိပါတကံ ဖြစ်လိမ့်မည်” ဟု ပြော၍ တားမြစ်ပြန်သည်။ အမတ်တို့က ရန်သူကို မသတ်ဘဲ အရှင်လတ်လတ် ဖမ်းပြီး ဆောင်ယူလာမည့်အကြောင်း လျှောက်တင်ကြပြန်ရာ ဗြဟ္မဒတ်မင်းက ထိုသို့ သတ်ဖြတ်ညှဉ်းဆဲမှု မပြုဟု ဝန်ခံနိုင်လျှင် သွားကြတော့ဟု ခွင့်ပြုလိုက်သည်။

ရန်သူမင်းသည် ထိုနေ့တွင် ဗာရာဏသီအနီးရှိ မြို့တစ်မြို့ကို သိမ်းယူလိုက်ပြီး ထိုည ထိုမြို့၌ စစ်သည်ဗိုလ်ပါ အားလုံးနှင့်အတူ မေ့မေ့လျော့လျော့ အိပ်ပျော်ကြသည်။

ဗာရာဏသီအမတ်တို့သည် ညအချိန် အိုးထဲ၌ မီးတိုင်များ ထွန်းညှိ၍ ရန်သူတပ်စခန်းဆီသို့ ချီတက်ကြသည်။ အနီးသို့ ရောက်လျှင် စစ်သည်အားလုံး အိုးထဲမှ မီးတိုင်များကို အပြင်ထုတ်၍ မီးတုတ်များ တစ်ပြိုင်နက် ထွန်းညှိပြီး တစ်ပြိုင်နက် ညာသံပေးကာ ဟစ်ကြွေးလိုက်ကြသည်။

ရန်သူမင်းနှင့် စစ်သည်များ အငိုက်မိခံရ၍ လက်နက်ချကာ ဗာရာဏသီမင်းအား တောင်းပန်ကြလေသည်။ ဗာရာဏသီမင်းသည် သည်းခံခွင့်လွှတ်ပြီး ထိုမင်းနှစ်ပါးလည်း အချင်းချင်း မိတ်ဆွေဖြစ်သွားကြသည်။

ဗြဟ္မဒတ်မင်းကြီးသည် နှစ်ဘက် စစ်သည်အပေါင်းတို့ ရွှင်လန်းဝမ်းမြောက်စွာ အတူတကွ နေကြသည်ကို ကြည့်၍—
စာမျက်နှာ-276


“ငါ၏ တစ်ခုတည်းသော စိတ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းကြောင့် ဤလူအပေါင်း၌ ယင်ငယ်တစ်ခါသောက်စာမျှ သွေးပေါက်မကျခဲ့၊ အော်... ကောင်းလေစွ၊ ကောင်းလေစွ၊ သတ္တဝါအားလုံး ချမ်းသာကြပါစေ၊ ဘေးရန် ကင်းကြပါစေ၊ စိုးရိမ်သောက ကင်းကြပါစေ”

ဟု မေတ္တာပွားနေလေသည်။

ဗြဟ္မဒတ်မင်းကြီးသည် ထိုသို့ မေတ္တာပွားရင်း မေတ္တာဈာန် အဆင့်သို့ ရောက်ရှိကာ ထိုမေတ္တာဈာန်ကို အခြေခံ၍ သင်္ခါရတရားတို့ကို ဆင်ခြင်သုံးသပ်ရာ ပစ္စေကဗောဓိဉာဏ်ကို မျက်မှောက်ပြု၍ ပစ္စေကဗုဒ္ဓါအဖြစ်သို့ ရောက်ရှိသွားလေသည်။

အမတ်တို့သည် မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာဖြင့် ဆင်ကျောကုန်း၌ ချမ်းသာစွာ ထိုင်နေသော ဗြဟ္မဒတ်မင်းကို လက်အုပ်ချီ ဦးညွတ်လျက်—
“မင်းမြတ်... သွားရန် အချိန်တန်ပါပြီ၊ အောင်နိုင်သော စစ်သည်တို့အား ဆုလာဘ်ပေးပါ၊ ရှုံးနိမ့်သော စစ်သည်တို့အား စားစာရိက္ခာ ပေးပါ” ဟု လျှောက်တင်ကြသည်။ ထိုအခါ ဗြဟ္မဒတ်မင်းက “အချင်းတို့... ငါသည် မင်းမဟုတ်၊ ပစ္စေကဗုဒ္ဓါ ဖြစ်လေပြီ” ဟု မိန့်ကြားရာ အမတ်တို့က “အရှင်မင်းကြီး မည်သို့ မိန့်ပါသနည်း၊ ပစ္စေကဗုဒ္ဓါမည်သည် ဤသို့ မဟုတ်ပါ” ဟု လျှောက်ကြသည်။ ထိုခဏ၌ ဦးခေါင်းကို ညာလက်ဖြင့် သုံးသပ်လိုက်ရာ လူအသွင် ကွယ်ပျောက်ပြီး ရဟန်းအသွင်သို့ ရောက်ရှိသွားသည်။ ဆံပင် လက်နှစ်သစ်ရှိပြီး ပရိက္ခရာရှစ်ပါးနှင့် ပြည့်စုံသော သိက္ခာဝါတော် တစ်ရာရသည့် မထေရ်ကြီးကဲ့သို့ ဖြစ်လေတော့၏။

ထို့နောက် စတုတ္ထဈာန် ဝင်စား၍ ဆင်ကျောကုန်းမှ ကောင်းကင်သို့ ပျံတက်ကာ ကန်တော်မင်္ဂလာမှ ပဒုမ္မာကြာပွင့်ပေါ်၌ ထိုင်နေတော်မူ၏။ ထိုအခါ အမတ်တို့က—
“အရှင်ဘုရား... အဘယ် ကမ္မဋ္ဌာန်းကို အားထုတ်ပါသနည်း၊ အဘယ်တရားကို ရောက်အပ် ရအပ် မျက်မှောက်ပြုအပ်ပါသနည်း” ဟု မေးကြရာ အရှင်မြတ်က “မေတ္တာဈာန်ကမ္မဋ္ဌာန်းကို အားထုတ်ကြောင်း ထိုမေတ္တာဈာန်ကို အခြေခံ၍ ဝိပဿနာရှုသောကြောင့် ပစ္စေကဗောဓိဉာဏ်ကို ရခဲ့ကြောင်း” မိန့်ကြားတော်မူလေသည်။ (သုတ္တနိ၊ ဋ္ဌ၊ ခဂ္ဂပိသာဏသုတ်)
စာမျက်နှာ-277


ကရုဏာ၏ အဓိပ္ပာယ်
ကရုဏာဆိုသည်မှာ ဆင်းရဲဒုက္ခရောက်နေသူကို ထိုဆင်းရဲမှ လွတ်မြောက်စေလိုသည့် သဘော၊ ညှဉ်းဆဲနှိပ်စက်ခံနေရသူကို ထိုသို့ ခံနေရခြင်းမှ လွတ်ကင်းစေလိုသည့် သဘောဖြစ်သည်။ ကရုဏာ၏ အနက်အဓိပ္ပါယ်ကို အဋ္ဌကထာ၊ ဋီကာတို့၌ အမျိုးမျိုး ဖွင့်ပြကြသည်။ ယင်းဖွင့်ဆိုချက်များမှာ—

ဆင်းရဲဒုက္ခရောက်နေသူ (ဒုက္ခိတသတ္တဝါ) ကို မြင်ရ ကြားရသောအခါ ထိုဆင်းရဲဒုက္ခကို ဖယ်ရှားပေးလိုသောကြောင့် သူတော်ကောင်းတို့၏ စိတ်နှလုံး၌ တုန်လှုပ်ခြင်း၊ နာကျင်ခြင်းသဘောသည် ကရုဏာမည်၏။

ဆင်းရဲဒုက္ခရောက်နေသူကို တွေ့လျှင် မိမိနှင့် စပ်ဆိုင်သည်ဖြစ်စေ၊ မစပ်ဆိုင်သည်ဖြစ်စေ ထိုသူ၏ ဆင်းရဲဒုက္ခကို ပယ်ဖျောက်ပေးလိုခြင်း၊ ကူညီကယ်မလိုခြင်း သဘောသည် ကရုဏာမည်၏။

သနားတတ်သူအား စိတ်မချမ်းသာမှုကို ဖြစ်ခွင့်မပေးဘဲ တားမြစ်တတ်သော သဘောသည် ကရုဏာမည်၏။

ဟူ၍ဖြစ်သည်။

ဒုက္ခိတသတ္တဝါ

ဆင်းရဲဒုက္ခရောက်နေသူကို ပါဠိလို “ဒုက္ခိတသတ္တဝါ” ဟု ခေါ်သည်။ ထိုဒုက္ခိတသတ္တဝါသည်လည်း အမျိုးမျိုးရှိ၏။

အချို့မှာ စားရမဲ့၊ ဝတ်ရမဲ့၊ အခြေမဲ့၊ အနေမဲ့ဖြစ်ပြီး တွေ့ရာအိပ်၊ တွေ့ရာနေ၊ ရရာစား၊ ရရာဝတ်ဖြင့် မပြည့်စုံမှု ဒုက္ခကို ခံစားနေကြရသည်။

အချို့မှာ ကုသ၍မရသော အနာကြီးရောဂါများ စွဲကပ်ကာ လူဖြစ်နေပါသော်လည်း လူတောထဲဝင်၍ မရအောင် ဆင်းရဲစွာ အသက်ရှင်နေကြရသည်။

အချို့မှာ စားဝတ်နေရေး အသင့်အတင့်ရှိသော်လည်း ခိုးမှု လုယက်မှု စသည်တို့ကို ကျူးလွန်မိသောကြောင့် အနှိပ်စက်ခံရသဖြင့် ဒုက္ခရောက်နေကြရသည်။

အချို့မှာ စားဝတ်နေရေး ပြည့်စုံသော်လည်း ရာဇဝတ်မှုကြီးများကို ကျူးလွန်မိသဖြင့် အချုပ်အနှောင်ခံရ၍ ဆင်းရဲဒုက္ခ ရောက်နေကြရသည်။

အချို့မှာ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ သုံးမရတော့အောင် ပျက်စီး ချို့ယွင်းသွားသဖြင့် ဆင်းရဲဒုက္ခ ရောက်နေကြရသည်။
စာမျက်နှာ-278


အချို့မှာ ဆွေမျိုးပျက်စီးခြင်း စသည့် ဗျသနတရား ငါးပါးကြောင့် ဆင်းရဲဒုက္ခ ရောက်နေကြရသည်။

အချို့မှာ မလွန်ဆန်နိုင်သော အိုခြင်း၊ နာခြင်း စသည့် ဝဋ်ဒုက္ခကြောင့် ဆင်းရဲနေကြရသည်။ ဤသို့ စသည်ဖြင့် ဆင်းရဲရောက်နေကြသော ဒုက္ခိတ သတ္တဝါအမျိုးမျိုး ရှိလေသည်။

ကရုဏာစိတ်ထားနည်း

ထိုသို့ ဒုက္ခိတသတ္တဝါတို့ကို မြင်တွေ့ကြားသိရသောအခါ ယောဂီသည် ထိုသူခံစားနေရသော ဒုက္ခများကို ကိုယ်တိုင် ခံစားနေရသကဲ့သို့ ကိုယ်ချင်းစာပြီး သနားကြင်နာရမည်။ ထိုဒုက္ခများမှ လွတ်မြောက်စေရန် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းကူညီရမည်။ သူ့ဒုက္ခကို မျှခံ၍ရလျှင် မျှခံနိုင်ရမည်။ ဒုက္ခရောက်နေသူ၏ လိုအပ်ချက်ကို စွမ်းနိုင်သမျှ ပံ့ပိုးကူညီ ပေးရမည်။ ဒုက္ခိတသတ္တဝါကို မြင်ဆဲခဏ၌ “ဟယ်.. သနားပါတယ်၊ ဟာ.. သနားစရာ ကောင်းလိုက်တာ” ဟု နှုတ်မြွက်ဆိုရုံမျှဖြင့် ကရုဏာဘာဝနာ အဆင့်သို့ မရောက်သေးပေ။ ဒုက္ခိတသတ္တဝါနှင့် မျက်နှာလွှဲသွားလျှင် ထိုသနားစိတ်လည်း ပျောက်ကွယ်သွားတတ်၏။ ကရုဏာစိတ် မပျောက်စေရန် ထိုဒုက္ခိတသတ္တဝါကို အမြဲ အာရုံပြုထားရမည်။ ထိုသူ၏ ဒုက္ခသက်သာသွားစေရန် ကိုယ်ရောစိတ်ပါ လှိုက်လှိုက်လှဲလှဲ ကူညီပေးရမည်။

ဥပမာအားဖြင့် ဆင်းရဲမွဲတေပြီး ငတ်ပြတ်နေသူကို တွေ့လျှင် မိမိစားနေသည့် ထမင်းကိုပင် မစားဘဲ ကျွေးနိုင်ရမည်။ အနာကြီးရောဂါသည်နှင့် တွေ့လျှင်လည်း မရွံမရှာ ပြုစုကျွေးမွေး အကူအညီ ပေးနိုင်ရမည်။ အနှိပ်စက်ခံနေရသူကို တွေ့လျှင်လည်း “သူ့ကို မနှိပ်စက်ပါနှင့်၊ သူ့ကိုယ်စား ကျွန်ုပ်ကို နှိပ်စက်ပါ” ဟု ပြောနိုင်သည်အထိ သနားရမည်။ ခြေလက် မသန်မစွမ်း မျက်စိကန်းနေသူကို တွေ့လျှင်လည်း ထိုသူလုပ်ရမည့်လုပ်ငန်းကို မိမိအပင်ပန်းခံကာ လုပ်နိုင်သည်အထိ သနားရမည်။ အိုခြင်း၊ နာခြင်း စသော သဘာဝ ဘေးဒုက္ခများ ခံစားနေကြရသည့် ဒုက္ခသည်များကို တွေ့လျှင်လည်း မိခင်သည် သားငယ်လေးအား သနားကြင်နာစွာ ပြုစုစောင့်ရှောက်သကဲ့သို့ စောင့်ရှောက်နိုင်ရမည်။ နောက်ဆုံး ထိုသူ၏ ဆင်းရဲဒုက္ခ ကင်းပျောက်သွားမည်ဆိုလျှင် မိမိအသက်ပင် သေပါစေ ဟူသော စိတ်သဘောထားမျိုး ထားနိုင်ရမည်။

ကရုဏာသည် “သနားလိုက်တာ” ဟု ပြောရတာလွယ်သလောက် တကယ်တမ်း သနားတတ်ရန်မှာ အလွန်ပင် ခက်လှပေသည်။
စာမျက်နှာ-279


အပြစ်နှင့်အကျိုး ဆင်ခြင်ခြင်း
ကရုဏာပွားမည့် ယောဂီပုဂ္ဂိုလ်သည် ထိုထိုဒုက္ခိတသတ္တဝါတို့အပေါ်၌ ပွားများရမည် ဖြစ်သည်။ ယင်းသို့ မပွားများမီ ကရုဏာခေါင်းပါးခြင်းအပြစ်နှင့် ကရုဏာပွားခြင်း၏ အကျိုးကို ရှေးဦးစွာ ဆင်ခြင်ရမည်။

ကရုဏာ ခေါင်းပါးသူသည် စီးပွားလာဘ်လာဘ ရှားပါးတတ်၏။ ရရှိပြီးသော လာဘ်အစီးအပွားများလည်း ပျက်စီးတတ်၏။ မကောင်းသတင်း ကျော်စော၏။ ပရိသတ်အလယ်၌ မျက်နှာမသာမယာ ဖြစ်တတ်၏။ တွေဝေ မိန်းမောလျက် သေရတတ်၏။ သေပြီးနောက် အပါယ်ငရဲသို့ ရောက်ရ၏။ လူဖြစ်သောအခါ၌လည်း ယုတ်ညံ့သော အမျိုး၌ ဖြစ်ရ၏။ အနာရောဂါ များတတ်၏။ အရုပ်ဆိုးအကျည်းတန်၏။ အစာရေစာ ဆင်းရဲနွမ်းပါး၍ အသက်တို၏။

ထို့နောက် ဒုက္ခိတသတ္တဝါတို့အပေါ် ကရုဏာပွားသည့် အကျိုးတရားများကိုလည်း ဆင်ခြင်ရမည်။ ကရုဏာရှိသူသည် စီးပွားလာဘ်လာဘ ပေါများ၏။ ရရှိပြီးသော လာဘ် အစီးအပွားများလည်း မပျက်မစီး တည်တံ့ခိုင်မြဲ၏။ ကောင်းသတင်းများ ကျော်ကြား၏။ ပရိသတ်အလယ်၌ မျက်နှာကြည်လင်၏။ မတွေမဝေသေရသည်။ သေပြီးနောက် သုဂတိဘဝသို့ ရောက်ရ၏။ လူပြန်ဖြစ်သောအခါ၌လည်း မြင့်မြတ်သော အမျိုး၌ ဖြစ်ရ၏။ အနာရောဂါကင်းပြီး ရုပ်ဆင်းလှပ၏။ အစာရေစာ ပေါများ၏။ အသက်ရှည်၏။

ဤသို့စသည်ဖြင့် ကရုဏာခေါင်းပါးခြင်း၏ အပြစ်များနှင့် သနားကရုဏာပွားခြင်း၏ အကျိုးများကို ကရုဏာ မပွားမီ ဦးစွာ ဆင်ခြင်ရမည်။

ကရုဏာ၏ အနီးရန်သူနှင့် အဝေးရန်သူ

ဒုက္ခိတသတ္တဝါကို မြင်ရ၍ ကရုဏာဖြစ်ပွား သနားသောအခါ အခြားသတ္တဝါတို့အပေါ်တွင် မထူးခြားသော်လည်း မိမိနှင့် စပ်ဆိုင်သူများအပေါ်တွင်ကား ကရုဏာပိုမိုလွန်ကဲလာတတ်သည်။ သနားခြင်း ကရုဏာဖြစ်နေရာမှ ပူပင်သောကဆီသို့ ကူးပြောင်းသွားတတ်သည်။ ထိုအခါ ကရုဏာကို ကျော်လွန်၍ စိတ်မချမ်းမသာဖြစ်မှု ဒေါမနဿနှင့် စိုးရိမ်ပူပန်မှု သောကဆီသို့ ဦးတည်သွားတတ်သည်။ ယင်းဒေါမနဿနှင့် သောကကို ဆုတ်နစ်သော ဒေါသဟု ခေါ်ဆိုကြသည်။ ထို့ကြောင့် ကရုဏာ၏ အနီးကပ်ရန်သူသည် ဆုတ်နစ်သော ဒေါသ ဖြစ်သည်။
စာမျက်နှာ-280


ထို့ပြင် ညှဉ်းဆဲနှိပ်စက်ခံရသူကို တွေ့၍ ကရုဏာပွားသနားရာတွင် နှိပ်စက်ခံရသူအား သနားဂရုဏာ ဖြစ်ပွားလာသည်နှင့်အမျှ နှိပ်စက်နေသူကိုမူ ရွံမုန်းနာကျည်းခံခက် အမျက်ထွက်လာတတ်ပြီး ပြန်လည်ခုခံ နှိပ်စက်သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်လာတတ်သည်။

ဥပမာအားဖြင့် ဝေဿန္တရာမင်းကြီးသည် သားတော်နှင့် သမီးတော်ကို ဇူဇကာပုဏ္ဏားအား လှူဒါန်းပြီးနောက် မိမိရှေ့မှောက်တွင် သားနှင့်သမီးအား နှိပ်စက်သည်ကို မြင်ရသဖြင့် အလွန်တရာသနားကြင်နာပြီး စိုးရိမ်သောက ဖြစ်ကာ မျက်ရည် ကျတော်မူသည်။ ထို့ပြင်—
“ဤပုဏ္ဏားသည် ငါ၏သားတော်၊ သမီးတော်တို့ကို အလွန်အမင်း ညှဉ်းဆဲနှိပ်စက်နေ၏၊ ငါ၏သောကကို မထိန်းသိမ်းနိုင်တော့ပြီ။ ဤပုဏ္ဏားကို ဖမ်းဆီးချုပ်နှောင်၍ သတ်ပစ်ပြီး ကလေးတွေကို ခေါ်ဆောင်မည်” ဟု ကြံမိတော်မူသည်။

ထို့နောက်မှ “သူတစ်ပါးတို့၏ ညှဉ်းဆဲနှိပ်စက်ခံရသော အတိဒုက္ခသည် နောင်တပူပန်စရာ အကြောင်းမဟုတ်၊ လှူဒါန်းပြီးမှ ပြန်လည်ယူခြင်းသည် သူတော်ကောင်းတရား မဟုတ်ပါတကား” ဟု ဆင်ခြင်တွေးတောကာ ရှေးရှေးက စွန့်ခြင်းကြီးငါးပါး စွန့်ခဲ့ပုံတို့ကို ဆင်ခြင်ပြီး အမျက်ဒေါသကို သိမ်းဆည်းတော်မူရလေသည်။

ဤဥပမာ၌ သားတော် သမီးတော်တို့အား ဇူဇကာပုဏ္ဏား နှိပ်စက်နေစဉ် ဖြစ်ပွားသော ဝေဿန္တရာမင်းကြီး၏ သနားခြင်းသည် ကရုဏာအစစ်မဟုတ်၊ ကရုဏာအတုသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သားတော် သမီးတော်တို့အား သနားရာမှတစ်ဆင့် စိုးရိမ်သောကရောက်ခြင်း၊ ငိုကြွေးခြင်း၊ ပုဏ္ဏားကို သတ်ဖြတ်လိုခြင်းစသည့် ဒေါသလွှမ်းမိုးလာသောကြောင့် ဖြစ်သည်။

ဤသို့ တစ်ဖက်သားအား သနားရာမှ တစ်ဆင့်ခံဖြစ်ပွားလာသော ဒေါသကို လွှမ်းမိုးသော ဒေါသ ဟု ခေါ်သည်။ ထိုလွှမ်းမိုးသော ဒေါသ (တစ်နည်းအားဖြင့် ပြန်လည် ညှဉ်းဆဲနှိပ်စက် သတ်ဖြတ်လိုသော ဒေါသ) သည် ကရုဏာ၏ အဝေးရန်သူ ဖြစ်သည်။

ဤကဲ့သို့ ပါရမီရင့်မာသော ဘုရားအလောင်းတော်ကြီး ဝေဿန္တရာမင်းကြီးသည်ပင် သနားခြင်းမှ ဒေါသဆီသို့ ကူးပြောင်းသွားပြီး ကရုဏာအတု ဖြစ်ရသေးလျှင် သာမန် ပုထုဇဉ်လူသားတို့ကား အဘယ်ဆိုဖွယ်ရာ ရှိပါတော့အံ့နည်း။
စာမျက်နှာ-281


ထို့ကြောင့် ဒုက္ခိတသတ္တဝါအား ကရုဏာပွားမည့် ယောဂီပုဂ္ဂိုလ်သည် ကရုဏာ၏ အနီးကပ်ရန်သူနှင့် အဝေးရန်သူ (ဒေါသ) ကို အထူးသတိထား၍ ရှောင်ရှားရမည်။

ကရုဏာ ဒေါသော

“ကရုဏာ ဒေါသော” ဟူသော ဝေါဟာရသည် မြန်မာဗုဒ္ဓဘာသာမိသားစု၌ အသုံးများ၍ တွင်ကျယ်နေသော ဝေါဟာရတစ်ခုဖြစ်သည်။ သို့သော် ပိဋကတ် စာပေတို့၌ကား ကရုဏာနှင့် ဒေါသတွဲ၍ သုံးသော “ကရုဏာဒေါသော” ဆိုသည့် ဝေါဟာရ မရှိချေ။

ဤဝေါဟာရ၌ ကရုဏာသည် ကုသိုလ်တရားဖြစ်၍ ဒေါသသည် အကုသိုလ်တရားဖြစ်သည်။ ကုသိုလ်နှင့် အကုသိုလ်ကို ဝေါဟာရအဖြစ် တွဲစပ်၍ သုံးနှုန်းခြင်းမှာ—
“ကုသလော ဓမ္မော အကုသလာ ဓမ္မာ ဥပနိဿယပစ္စယေန ပစ္စယော” ဟူသော ပဋ္ဌာန်းပါဠိတော်အရ ကုသိုလ်မှတစ်ဆင့် အကုသိုလ် ဖြစ်ပွားနိုင်သော သဘာဝဓမ္မကို ပေါ်လွင်စေလို၍ ရှေးဗုဒ္ဓဘာသာဝင်ကြီးများ သုံးစွဲခဲ့ကြခြင်း ဖြစ်သည်။ သနားခြင်းကရုဏာမှတစ်ဆင့် ဒေါသဖြစ်ပွားရသောကြောင့် ကရုဏာတရားသည် ဒေါသအား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

ဥပမာအားဖြင့် မိဘတို့သည် သားသမီးတို့အား လိမ္မာစေချင်ကြသည်။ ယဉ်ကျေးစေချင်ကြသည်။ ပညာတတ် ဖြစ်စေချင်ကြသည်။ သူများ သားသမီးထက် ကိုယ့်သားသမီး တော်စေချင်ကြသည်။ မိမိ သားသမီး ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်စားသောက်ရမည်ကို မကြည့်လို မမြင်လိုကြပေ။ နောင်ဒုက္ခရောက်မည်ကို တွေး၍ သနားကြသည်။ ထို့ကြောင့် သားသမီးတို့အား ဆုံးမကြ၏။ နည်းအမျိုးမျိုးဖြင့် ဆုံးမကြ၏။

သို့သော် အချို့သားသမီးတို့ကား မိဘ ဆုံးမသည့်အတိုင်း မိဘ၏ စိတ်တိုင်းကျ ဖြစ်မလာ။ ဆုံးမသည်ကို သုံးပုံတစ်ပုံမျှပင် နားမထောင်။ မိုက်ချင်တိုင်း မိုက်၊ ရိုင်းချင်တိုင်း ရိုင်းနေကြ၏။

ထိုအခါ မိဘတို့သည် မသိမလိမ္မာသော သားသမီးများအား ဒေါသထွက် စိတ်ဆိုးကြသည်။ ဒေါသတကြီး ဆဲဆိုကြိမ်းမောင်းရိုက်နှက်ကြသည်။ ထိုကဲ့သို့ ဖြစ်ပေါ်လာသော မိဘ၏ ဒေါသသည်ကား သားသမီးတို့အား မုန်းတီး၍ ဖြစ်ပေါ်လာသည်မဟုတ်၊ သားသမီးတို့အား အလွန်ချစ်သောကြောင့်၊ အလွန်...
စာမျက်နှာ-282


သနားသောကြောင့်၊ စိုးရိမ်ပူပန်သောကြောင့် မိမိ ဖြစ်စေချင်သည့်အတိုင်း ဖြစ်မလာသောကြောင့် ဒေါသထွက် စိတ်ဆိုးကြခြင်းဖြစ်သည်။

တစ်ချို့သော မိဘများဆိုလျှင် မိမိဖြစ်စေချင်သည့်အတိုင်း သားသမီးက ဖြစ်မလာသောအခါ ဆုံးမ၍ မရသောအခါ ချုံးပွဲချ၍ အငိုကြီး ငိုကြရသည်။ အားကြီးသော ကရုဏာကို အခြေခံ၍ ဒေါသ ဖြစ်ပေါ်လာသော အခါ ထိုဒေါသကို မထိန်းနိုင်သူသည် လက်လွန် ခြေလွန်ဖြစ်တတ်သည်။

ဤကဲ့သို့ သားသမီး တပည့် စသည်တို့အပေါ် ကြင်နာ သနားခြင်းကို အခြေခံ၍ ဖြစ်ပေါ်ရသော မိဘဆရာသမားတို့၏ အမျက်ထွက် စိတ်ဆိုးမှု ဒေါသကို မြန်မာတို့၏ ဝေါဟာရတွင် “ကရုဏာဒေါသော = ကရုဏာဒေါသ” ဟု ခေါ်ဆိုကြသည်။

ထိုကဲ့သို့ ဒေါသနှင့်ယှဉ်တွဲနေသော ဒေါသ အငွေ့အသက် ပါနေသော သနားကြင်နာခြင်းသည်လည်း ကရုဏာအစစ် မဟုတ်ဘဲ ကရုဏာအတုသာ ဖြစ်ပေသည်။ ထို့ကြောင့် အဋ္ဌကထာဆရာကြီးက—
“ဒေါသော ကရုဏာယ ဝဉ္စတိ”
“ဒေါသသည် ကရုဏာအတုအယောင်ဆောင်၍ လှည့်စားတတ်၏” ဟု မိန့်မှာတော်မူခဲ့သည်။ ဥပမာအားဖြင့် ဖားတစ်ကောင်ကို မြွေမျိုနေသည်ကို တွေ့မြင်ရသောအခါ မချိမဆံ့ အော်နေသော ဖားသံကိုကြား၍ ဖားကို သနားသဖြင့် မြွေကို ရိုက်သတ်ကြသည်။ ဤကား ကရုဏာအရင်းခံ၍ ဒေါသ ဖြစ်ပွားခြင်းတည်း။

ကရုဏာပွားမည့် ယောဂီသည် ကရုဏာအတုနှင့် ကရုဏာ၏ အနီးရန်သူ၊ အဝေးရန်သူတို့ကို သတိထား ရှောင်ရှားရမည်။

ပါရမီကုသိုလ်ဖြစ် ကရုဏာပွားပုံ

ပါရမီကုသိုလ်ဖြစ် ကရုဏာပွားလိုသော ယောဂီသည် မိမိတွေ့ဖူးမြင်ဖူးသော ဒုက္ခိတသတ္တဝါတစ်ဦးဦးကို ဖြစ်စေ၊ အများကိုဖြစ်စေ ဆင်းရဲဒုက္ခမှ တကယ်ကင်းလွတ်မြောက်စေလိုသောစိတ်၊ သနားကြင်နာစိတ် ထပ်ခါတလဲလဲ ဖြစ်နေရမည်။ ဆင်းရဲဒုက္ခမှ လွတ်မြောက်ပါစေဟု နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း အထပ်ထပ် ရွတ်ဆိုပွားများရမည်။ ဆင်းရဲမှ လွတ်မြောက်စေရန် ကိုယ်ထိလက်ရောက် အကူအညီပေးရမည်။
စာမျက်နှာ-283


ဒုက္ခရောက်နေသူအား ကိုယ် နှုတ် စိတ်တို့ဖြင့် တတ်နိုင်သမျှ အကူအညီ ပေးခြင်း၊ ကိုယ်နှင့်ထပ်တူပြု၍ သနားကြင်နာခြင်းအားဖြင့် ပါရမီကုသိုလ်ဖြစ် ကရုဏာပွား၍ သနားကြင်နာစိတ် ထားရာ၏။

ကရုဏာ ၁၃၂-ပါး ပွားများနည်း

ထို့ပြင် ကရုဏာကို ပါရမီကုသိုလ်ဖြစ် ပွားများရာတွင် မိမိတို့အိမ်၌ ဘုရားရှိခိုးသည့်အခါ ဖြစ်စေ၊ အသင်းအဖွဲ့ဖြင့် ဝတ်တက်ဝတ်ကပ် ပြုလုပ်သည့် အခါဖြစ်စေ ဖော်ပြပါအတိုင်း ကရုဏာ ၁၃၂-ပါးဖြင့် ပွားများနိုင်သည်။

အနောဓိသကရုဏာ ၅-မျိုး

(၁) သဗ္ဗေ သတ္တာ ဒုက္ခာ မုစ္စန္တု = သတ္တဝါအားလုံး ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
(၂) သဗ္ဗေ ပါဏာ ဒုက္ခာ မုစ္စန္တု = အသက်ရှူသူအားလုံး ဆင်းရဲမှ လွတ်မြောက်ကြပါစေ။

(၃) သဗ္ဗေ ဘူတာ ဒုက္ခာ မုစ္စန္တု = ထင်ရှားဖြစ်သူအားလုံး ဆင်းရဲမှ လွတ်မြောက်ကြပါစေ။

(၄) သဗ္ဗေ ပုဂ္ဂလာ ဒုက္ခာ မုစ္စန္တု = ပုဂ္ဂိုလ်အားလုံး ဆင်းရဲမှ လွတ်မြောက်ကြပါစေ။

(၅) သဗ္ဗေ အတ္တဘာဝပရိယာပန္နာ ဒုက္ခာ မုစ္စန္တု = ခန္ဓာကိုယ်အတ္တဘောရှိသူ အားလုံး ဆင်းရဲမှ လွတ်မြောက်ကြပါစေ။

ဩဓိသကရုဏာ ၇-မျိုး

(၁) သဗ္ဗာ ဣတ္ထိယော ဒုက္ခာ မုစ္စန္တု = မိန်းမအားလုံး ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
(၂) သဗ္ဗေ ပုရိသာ ဒုက္ခာ မုစ္စန္တု = ယောက်ျားအားလုံး ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
(၃) သဗ္ဗေ အရိယာ ဒုက္ခာ မုစ္စန္တု = အရိယာအားလုံး ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
(၄) သဗ္ဗေ အနရိယာ ဒုက္ခာ မုစ္စန္တု = ပုထုဇဉ်အားလုံး ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
စာမျက်နှာ-284


(၅) သဗ္ဗေ ဒေဝါ ဒုက္ခာ မုစ္စန္တု = နတ်အားလုံး ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
(၆) သဗ္ဗေ မနုဿာ ဒုက္ခာ မုစ္စန္တု = လူအားလုံး ဆင်းရဲမှ လွတ်မြောက်ကြပါစေ။

(၇) သဗ္ဗေ ဝိနိပါတိကာ ဒုက္ခာ မုစ္စန္တု = အပါယ်သတ္တဝါအားလုံး ဆင်းရဲမှ လွတ်မြောက်ကြပါစေ။

အထက်ပါ အနောဓိသကရုဏာ ၅-မျိုးနှင့် ဩဓိသကရုဏာ ၇-မျိုးကို အရပ်မျက်နှာမညွှန်းဘဲ ပွားများသော ကရုဏာဖြစ်၍ “ဒိသာအနောဓိသ ကရုဏာ ၁၂-ပါး” ဟု ခေါ်သည်။ ဤ ၁၂-ပါးကိုပင် အခြေခံအဖြစ်ဖြင့် ပွားများရသောကြောင့် မူလအခြေခံကရုဏာဟုလည်း ခေါ်သည်။
အမျိုးအစား,အရေအတွက်
အနောဓိသကရုဏာ,၅
ဩဓိသကရုဏာ,၇
ဒိသာအနောဓိသကရုဏာ (မူလအခြေခံ),၁၂
အရပ်မျက်နှာ ၁၀ မျက်နှာနှင့် မြှောက်သော် (၁၂ x ၁၀),၁၂၀
မူလအခြေခံ ၁၂ ပါး နှင့် ပေါင်းသော်,၁၃၂
စုစုပေါင်း ကရုဏာ,၁၃၂-ပါး

ဤဆိုခဲ့ပြီးသော ကရုဏာ ၁၃၂-ပါးကို သေသေချာချာ စိတ်ပါလက်ပါ အာရုံစူးစိုက်၍ ပွားများပါလျှင် ပါရမီကုသိုလ် ဖြစ်ရုံမျှမက သမာဓိရင့်သန်လာသောအခါ ကရုဏာဈာန်အဆင့်သို့ ရောက်ရှိနိုင်လေသည်။

ဈာန်သမာဓိရအောင် ကရုဏာပွားပုံ

ကရုဏာကို ဈာန်သမာဓိရအောင် ပွားများအားထုတ်လိုသော ယောဂီသည် ပြဆိုခဲ့ပြီးသော ကရုဏာ၏အနီးကပ်ရန်သူနှင့် အဝေးရန်သူ (ဒေါသ) ကို အထူးသတိထား၍ မဖြစ်ပွားအောင် ရှောင်ရှားရမည်။ ကရုဏာပွားနေစဉ် ဒေါသတည်းဟူသော ရန်သူ ဝင်ရောက်နှောင့်ယှက်လာပါက ဈာန်သမာဓိကို...
စာမျက်နှာ-285


ဈာန်သမာဓိရအောင် ကရုဏာပွားသော ယောဂီသည် ဖော်ပြပါ ပုဂ္ဂိုလ်တို့အား ဦးစွာ စ၍ ကရုဏာ မပွားသင့်ပေ။ ၎င်းတို့မှာ—
၁။ ချစ်သူ၊
၂။ မချစ် မမုန်းသူ၊
၃။ ရန်သူ၊
၄။ လိင်မတူသူ— တို့ ဖြစ်ကြသည်။

ထိုပုဂ္ဂိုလ်တို့အား ဦးစွာ စ၍ ကရုဏာပွားလျှင် ဈာန်သမာဓိရရန် ခက်ခဲနေတတ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုပုဂ္ဂိုလ်တို့အပေါ် ဒုက္ခိတသတ္တဝါအဖြစ် သဘောထား၍ သနားခြင်း ဖြစ်ပွားရန် မလွယ်ကူသောကြောင့် ဖြစ်သည်။ ထို့ပြင် တပ်မက်မှု တဏှာရာဂ ဖြစ်တတ်သောကြောင့် လိင်မတူသူကိုလည်း ဦးစွာ စ၍ ကရုဏာမပွားသင့်ပေ။ ကွယ်လွန်ပြီးသူများကိုကား ကရုဏာပွား၍ ရအပ်သော အာရုံမဟုတ်သောကြောင့် လုံးဝ မပွားသင့်ပေ။

ဆင်းရဲရောက်နေသူကို ဦးစွာပွား

ဈာန်သမာဓိရအောင် ကရုဏာပွားလိုသော ယောဂီသည် ပြဆိုခဲ့ပြီးသော ဒုက္ခိတသတ္တဝါ (ဆင်းရဲရောက်နေသူ) တစ်ဦးဦးကို အာရုံယူ၍ ဦးစွာ ကရုဏာ ပွားရမည်။ ထိုသတ္တဝါအား သနားစိတ်၊ ဆင်းရဲဒုက္ခမှ လွတ်မြောက်စေလိုစိတ်ကို အဖန်ဖန် အထပ်ထပ် ဖြစ်နေစေရမည်။

အလွန်အမင်း ဆင်းရဲဒုက္ခ ရောက်နေသော ခိုကိုးရာမဲ့၊ အထီးကျန်သူ၊ ခွက်လက်စွဲကာ တောင်းစားနေရသူ၊ အခြေမဲ့ အနေမဲ့ လမ်းဘေး ဇရပ် စသည်တို့၌ နေထိုင်ရသူ၊ နူနာစွဲကပ်လျက် ခြေလက်တို့မှ ပိုးလောက် သွေးပြည်များ ယိုထွက်ကာ နာကျင်ကိုက်ခဲသဖြင့် ညည်းတွား မြည်တမ်းနေရသူ စသည်တို့ကို ကြည့်ရှုတွေ့မြင်ရလျှင် “ဤသတ္တဝါတို့သည် ဆင်းရဲခြင်းသို့ ရောက်နေရှာလေစွ၊ ဤဆင်းရဲမှ လွတ်မြောက်ပါမူ ကောင်းလေစွ” ဟု သနားခြင်း ကရုဏာစိတ် ဖြစ်နေရမည်။ နှုတ်မှလည်း “ဆင်းရဲဒုက္ခမှ လွတ်မြောက်ပါစေ” ဟု အဖန်ဖန် အထပ်ထပ် စိတ်ပါလက်ပါ ရွတ်ဆိုရမည်။ မိမိအကူအညီပေးလိုက်ပါက ထိုသတ္တဝါ ထိုဆင်းရဲမှ လွတ်မြောက်သွားမည်ဆိုလျှင် ရေနစ်သောသားငယ်အား ဖခင်ကိုယ်တိုင် ရေထဲဆင်း၍ ကယ်တင်သကဲ့သို့ ကူညီကယ်တင်ပေးရမည်။ ကူညီ၍ မရနိုင်သော ဆင်းရဲဒုက္ခများ ဖြစ်လျှင်မူ သနားကရုဏာစိတ်ကို အကြိမ်ကြိမ် အခါခါ ဖြစ်နေစေရမည်။
စာမျက်နှာ-286


ချမ်းသာသောလူမိုက်အပေါ် ကရုဏာပွားပုံ

ဤလောက၌ အချို့လူတို့သည် စည်းစိမ်ဥစ္စာ ရာထူးအရှိန်အဝါ စသည် ပြည့်စုံပါလျက် ခိုးမှုများ၊ ရာဇဝတ်ပြစ်မှုကြီးများ၊ နိုင်ငံတော် ပုန်ကန်မှုကြီးများကို ကျူးလွန်မိ၍ သေဒဏ်အပြစ်ပေးခြင်း ခံကြရသည်။

ရှေးခေတ်အခါတွင် သေဒဏ်ပေးခံရသူအား မင်းချင်းယောက်ျားတို့က လက်ပြန်ကြိုးတုပ်လျက် လမ်းလေးခွဆုံသို့ ခေါ်ဆောင်၍ ရိုက်နှက်နှိပ်စက်ကြသည်။ ထို့နောက် သူသတ်ကုန်းသို့ ခေါ်ဆောင်သွားကြသည်။ ထိုကဲ့သို့ အသတ်ခံရတော့မည့်ဆဲဆဲ ပုဂ္ဂိုလ်အား မြင်တွေ့ရသူ ယောဂီသည် “ဤသူကား စည်းစိမ်ဥစ္စာ ရာထူးအရှိန်အဝါ ပြည့်စုံသူ ချမ်းသာသူ ဖြစ်ပါသော်လည်း မကောင်းမှုကို ပြုလုပ်သောကြောင့် မကြာမီ အသတ်ခံရတော့မည်၊ သေပြီးနောက်လည်း အပါယ်ဘုံ၌ ဆင်းရဲခြင်း၊ နှလုံးမသာယာခြင်းတို့ကို ခံစားရတော့မည်” ဟု ဆင်ခြင်လျက် သနားခြင်း ကရုဏာကို ပွားများရမည်။

သတ္တဝါအားလုံးအပေါ် ကရုဏာပွားပုံ

ထိုထိုဒုက္ခိတပုဂ္ဂိုလ် ဒုက္ခိတသတ္တဝါတို့အား သနားကြင်နာစိတ် ထား၍ ကရုဏာကမ္မဋ္ဌာန်း ပွားများရာ၌ ယောဂီအနေဖြင့် စိတ်ဆင်းရဲခြင်း၊ နှလုံးမသာမယာဖြစ်ခြင်း၊ စိတ်နောက်ကျိခြင်း၊ သို့လော သို့လော တွေးတောပူပန်ခြင်း စသည်တို့ကို မဖြစ်ပေါ်စေရ။ ကရုဏာပွားနေစဉ် ယောဂီ၏ စိတ်သည် အထူးကြည်လင် သန့်ရှင်းနေရမည်။ သို့မှသာ ကရုဏာဈာန် အဆင့်သို့ ရောက်နိုင်မည် ဖြစ်သည်။

ကရုဏာပွားရာ၌ အဓိကအားဖြင့် ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြုရန် ဖြစ်သော်လည်း ဝိဘင်းပါဠိတော်၌—
“ဆင်းရဲဒုက္ခ ရောက်နေသော မကောင်းဆိုးဝါးသည့် အခြေအနေ ရှိသော ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့မြင်ရလျှင် သနားကရုဏာ သက်ရာသကဲ့သို့ ထို့အတူပင် အလုံးစုံသော သတ္တဝါတို့ကို သနားခြင်း ကရုဏာဖြင့် ဖြန့်ထားအပ်၏”
ဟု ဟောတော်မူသောကြောင့် ဒုက္ခိတသတ္တဝါ တစ်ဦးဦးကို အာရုံပြု၍ ကရုဏာပွားပြီးနောက် အာရုံစူးစိုက်နိုင်မှု၊ စိတ်တည်ကြည်မှု သမာဓိရလာသော အခါ ချစ်သူ စသော အခြားသတ္တဝါ အားလုံးတို့အပေါ် ဖြန့်၍ ကရုဏာ ပွားရမည်။ ဤကဲ့သို့ ပွားများခြင်းအားဖြင့် သမာဓိ ရင့်ကျက်အားကောင်း...
စာမျက်နှာ-287


ပြီးနောက် ကရုဏာပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် အဆင့်သို့ ရောက်ရှိနိုင်လေသည်။ ယင်းကရုဏာဈာန် သမာဓိကို အခြေခံ၍ သင်္ခါရတရားတို့ကို ဝိပဿနာ ရှုပွားအားထုတ်နိုင်ပါလျှင် ကိလေသာ အာသဝေါ ကုန်ခန်း၍ ရဟန္တာအရှင်မြတ် အဖြစ်သို့ ဆိုက်ရောက်နိုင်ကြလေသည်။မုဒိတာ၏အဓိပ္ပာယ်မုဒိတာဆိုသည်မှာ ဝမ်းမြောက်ခြင်း ဖြစ်သည်။ မုဒိတာသည် ပင်ကိုယ် သဘာဝအားဖြင့် ဝမ်းမြောက်တတ်သောကြောင့် ထိုမုဒိတာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့သည်လည်း ဝမ်းမြောက်တတ်ကြ၏။ချမ်းသာသုခနှင့် ပြည့်စုံသော သတ္တဝါတို့အပေါ်၌ ဝမ်းမြောက်ခြင်းသည် မုဒိတာ၏ သဘာဝဖြစ်သည်။ အဘက်ဘက်မှ ပြည့်စုံနေသူအား မငြူစူခြင်း (ကျေနပ်ခြင်း) သဘောရှိ၏။ သူတစ်ပါး စည်းစိမ်ချမ်းသာ၌ မပျော်မွေ့နိုင်ခြင်း၊ မရှုစိမ့်ခြင်း၊ မနာလိုခြင်းကို ပယ်ဖျောက်တတ်၏။သုခိတသတ္တဝါသုခိတ၏အဓိပ္ပာယ်မှာ ($သုခ + ဣတ$) သုခ = ချမ်းသာ + ဣတ = ပြည့်စုံသူ၊ ချမ်းသာ သုခနှင့် ပြည့်စုံသူကို သုခိတသတ္တဝါဟု ခေါ်ဆိုရသည်။ ထို့ကြောင့် သုခိတ သတ္တဝါဆိုသည်မှာ—ချမ်းသာခြင်းနှင့် ပြည့်စုံသူ၊အမြဲပြုံးရွှင်သော မျက်နှာရှိသူ၊ပြုံးခြင်း ရွှင်ခြင်းရှိသူ (တွေ့လျှင် အရင် ပြုံးတတ်သူ)၊ရှေးဦးစွာ နှုတ်ဆက်ပြောဆိုသူ၊နားဝင်ချိုသော စကားကို ပြောဆိုတတ်သူ၊ပြေပြေပြစ်ပြစ် ပြောဆိုတတ်သူ၊ဝမ်းမြောက်သူ၊အပေါင်းအသင်းများနှင့် ပျော်ပျော်ပါးပါး နေတတ်သူ၊စည်းစိမ်ခံစားနေသူတို့ ဖြစ်ကြသည်။ထိုသူတို့သည် ဝမ်းမြောက်ဝမ်းသာ နေနိုင်သူများ ဖြစ်သောကြောင့် ယေဘုယျအားဖြင့် သုခိတသတ္တဝါများ ဖြစ်ကြသည်။
စာမျက်နှာ-288
ခြုံငုံ၍ ပြောရလျှင် သုခိတသတ္တဝါ ဆိုသည်မှာ ပူပင်သောကမရှိဘဲ စိတ်ကြည်လင် ပျော်ရွှင်စွာ စည်းစိမ်ချမ်းသာကို ခံစားနိုင်သူဖြစ်သည်။ အချို့မှာ စီးပွားဥစ္စာ ပြည့်စုံနေသော်လည်း အကြောင်းတစ်ခုခုကြောင့် ပူပင်သောကဖြင့် စိတ်ဆင်းရဲနေကြသည်။ ထိုသူမျိုးကို သုခိတသတ္တဝါဟု မခေါ်ဆိုနိုင်ပေ။ အချို့ကား စည်းစိမ်ဥစ္စာ မရှိသော်လည်း ပူပင်သောက မရှိဘဲ ပကတိ အခြေအနေအတိုင်း အေးအေးလူလူ စိတ်ချမ်းသာစွာ နေနိုင်ကြသည်။ ထိုသူမျိုးလည်း စည်းစိမ်ဥစ္စာ မရှိသည့်အတွက် ဒုက္ခိတသတ္တဝါဟု မခေါ်ဆိုနိုင်ပေ။

ထို့ကြောင့် မုဒိတာပွားမည့် ယောဂီသည် မိမိစိတ်အထင် မျက်စိအမြင်၌ ဤသူသည် သုခိတသတ္တဝါ ဖြစ်သည်ဟု ယူဆရသူများကို အာရုံပြု၍ ဝမ်းမြောက်ခြင်း မုဒိတာကိုပွားရမည်။

မုဒိတာစိတ်ထားနည်း

လူတိုင်း ဝမ်းမြောက်တတ်ကြသော်လည်း မုဒိတာစိတ်ဖြင့် ဝမ်းမြောက်တတ်ရန်ကား မလွယ်ကူလှပေ။ သုခိတသတ္တဝါတို့ကို တွေ့မြင်ရလျှင် ထိုသူတို့နှင့် ထပ်တူထပ်မျှ ကျေနပ်ဝမ်းမြောက်နိုင်မှသာ မုဒိတာ ဖြစ်သည်။

သူတစ်ပါး ကြီးပွားချမ်းသာနေသည်ကို တွေ့မြင်ရသောအခါ “သူတို့ ကြီးပွားတာ ဝမ်းသာစရာကြီးပဲ” ဟု အပြောလွယ်သော်လည်း တကယ်တမ်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ဖို့ကား မလွယ်ကူလှပေ။ လူတို့၏ စိတ်သည် များသောအားဖြင့် သူတစ်ပါး ကြီးပွားချမ်းသာသည်ကို မနာလို မရှုစိမ့် ဖြစ်တတ်ကြ၏။ “ဒီလူကတော့ မတရားလာဘ်စားလို့ ကြွယ်ဝချမ်းသာတာ၊ ဒီလူကတော့ ဘိန်းချလို့၊ ဒီလူကတော့ မှောင်ခိုအရောင်းအဝယ်လုပ်လို့ ချမ်းသာတာ” စသည်ဖြင့် အမနာပ စကား၊ ရှုတ်ချကဲ့ရဲ့စကား ပြောတတ်ကြသည်။ ဤသည်မှာ မနာလို မရှုစိမ့် ဖြစ်နေမှုကို ထွေးအန်ထုတ်နေခြင်း ဖြစ်၏။

မိမိနှင့် မနီးစပ်သူများ၊ မိမိနှင့် မပတ်သက်သူများ ကြီးပွားတိုးတက်သွားလျှင် မသိသာသော်လည်း မိမိနှင့် ပြိုင်ဘက်ဖြစ်သူများ၊ တန်းတူရည်တူဖြစ်သူများ ကြီးပွားလျှင်မူ ပဏ္ဍုကမ္ဗလာတင်း၍ သိကြားမင်း ဖင်ပူသလို နေမရ ထိုင်မရ ဖြစ်လာတော့သည်။ ဝမ်းမြောက်နိုင်ဖို့ မဆိုထားဘိ၊ ထိုသူပျက်စီးရန်အတွက် အကြံပက်စက်လာတတ်သည်။
စာမျက်နှာ-289


ဥပမာအားဖြင့် မိမိနှင့်ပြိုင်ဘက် စီးပွားတက်လာလျှင်၊ သို့မဟုတ် ရာထူး ဌာနန္တရ တက်လာလျှင် “ဒီလူ မတရားလုပ်ပြီး ကြီးပွားနေတာ၊ မည်သူ့ဆီက အချောင်ရလို့၊ မှောင်ခိုဒုစရိုက်လုပ်ငန်း လုပ်လို့ ကြီးပွားနေတာ၊ စာမေးပွဲ ခိုချလို့ အောင်တာ၊ အထက်အရာရှိကို ကပ်ဖားပြီး ရာထူးတက်တာ၊ ငါ့လောက် တော်သူမဟုတ်” စသည်ဖြင့် အယုတ်တမာ ကြံစည်တွေးတောကာ ထိုပြော ဒီပြော ဟိုတိုင် ဒီတိုင် ပြုလုပ်တတ်ကြသည်။ ဤသည်မှာ မုဒိတာ ခေါင်းပါး၍ ဣဿာ ထူးပြောသူတို့၏ လုပ်ရပ်နှင့် အကြံအစည်များ ဖြစ်သည်။

မုဒိတာစိတ်ထားရှိသူတို့ကား ထိုသို့ မဟုတ်ပေ။ “သူ ကြိုးစားလို့ ကြီးပွားတာ၊ ပညာတတ်တာ၊ သူတော်လို့ ရာထူးတက်တာ၊ သူရိုးသားလို့ လူကြီးများက ချစ်ခင်တာ” စသည်ဖြင့် ကြီးပွားနေသူ၏ ကြီးပွားမှု စံနှုန်းကို လိုက်၍ ကြီးပွားရန် လုပ်ဆောင်မှုစွမ်းရည်ကို သိမြင်ပြီး မိမိကြီးပွားသကဲ့သို့ပင် ထပ်တူထပ်မျှ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသည်။ မိမိလည်း ကြီးပွားလိုလျှင် ကြိုးစားရမည်ဟု မိမိ၏ ဟာကွက်ကို အားဖြည့်တတ်ကြသည်။ ကြီးပွားတိုးတက် ချမ်းသာသူကို မြင်ရလျှင်—

အော်— သူတို့ ကုသိုလ်ကံများ ကောင်းလိုက်တာ၊ ကြံသမျှအောင်၊ လုပ်သမျှဖြစ်၊ ပြောသမျှပြီး၊ တီးသမျှမြည်ပါလား၊ ဝမ်းသာစရာကောင်းလိုက်တာ၊ ကြီးပွားပါစေ၊ ချမ်းသာပါစေ၊ ကြီးပွားခြင်းမှ မဆုတ်ယုတ်ကြစေနှင့်။

စသည်ဖြင့် ကြီးပွားသူ၏ ကုသိုလ်ကံကောင်းပုံ၊ ကြိုးစားပုံ၊ တော်ပုံတို့ကို တွေးတောဆင်ခြင်ကာ ဝမ်းမြောက်ဝမ်းသာ မုဒိတာစိတ် ထားရမည်။ ကြီးပွားချမ်းသာသူကိုတွေ့လျှင် ကြီးပွားချမ်းသာနိုင်ပါစေ၊ ပြုံးနေသူကို တွေ့လျှင် အမြဲတမ်း ပြုံးနိုင်ပါစေ၊ ပျော်နေသူကိုတွေ့လျှင် ထာဝရပျော်နိုင်ပါစေ စသည်ဖြင့် ဆန္ဒပြုကာ ကြီးပွားချမ်းသာသူတို့နှင့် ထပ်တူ ဝမ်းမြောက်နိုင်ရမည်။ ကြီးပွားချမ်းသာနေသူ သို့မဟုတ် ပျော်ရွှင်နေသူတို့အပေါ် မနာလို မရှုစိမ့်သော (ဣဿာ) တရားများ မဖြစ်စေအပ်ပေ။

မုဒိတာ၏ အနီးရန်သူနှင့် အဝေးရန်သူ

စည်းစိမ်ချမ်းသာနှင့် ပြည့်စုံသော သုခိတသတ္တဝါကို မြင်သောအခါ ယောနိသောမနသိကာရ (သင့်လျော်သော စိတ်နေစိတ်ထား) ဖြင့် ဝမ်းမြောက်ခြင်း ဖြစ်သည်မှာ မုဒိတာဖြစ်၏။ ထိုသုခိတသတ္တဝါကိုပင် အယောနိသောမနသိကာရ (မသင့်လျော်သော စိတ်ထား) ဖြင့် ဝမ်းမြောက်ခြင်းလည်း ဖြစ်နိုင်၏။
စာမျက်နှာ-290


ဥပမာအားဖြင့် ပြိုင်ဘက်လူ ကြီးပွားတိုးတက်နေသည်ကို တွေ့မြင်ရသောအခါ “ဒီကောင် ... မတရားလုပ်ပြီး ကြီးပွားနေတာ၊ သူများရမည့်ရာထူးကို လူကြီးနှင့်ကပ်ပြီး လုယူထားတာ၊ ဒီလောက် ယုတ်မာတဲ့ကောင် တစ်နေ့ကျ ပျက်စီးဦးမှာ မယုံရင်ကြည့်” စသည်ဖြင့် ပြိုင်ဘက် ပျက်စီးမည့်အချိန်ကို မိမိ အတွေးနှင့်မိမိ နှစ်သက်ဝမ်းမြောက်နေတတ်သည်။ ပြိုင်ဘက်နှင့် ပတ်သက်၍လည်း အမနာပစကား ဝမ်းမြောက်ဝမ်းသာ ပြောနေတတ်သည်။ ပြိုင်ဘက်ဖြစ်သူ၏ တိုးတက်မှုအပေါ် ဝမ်းမမြောက်နိုင်သော်လည်း ယင်း၏အကြောင်း မကောင်းပြောလိုက်ရသဖြင့် ကျေနပ်ဝမ်းမြောက်သွားသည်။

ဤကဲ့သို့ မသင့်လျော်သော စိတ်ထားဖြင့် ဝမ်းမြောက်မှုသည် အကုသိုလ် သောမနဿစိတ်ဖြစ်သည်။ ယင်းအကုသိုလ်သောမနဿသည် မုဒိတာ၏ အနီးကပ်ရန်သူ ဖြစ်သည်။

သူတစ်ပါး စီးပွားဥစ္စာ ရာထူးဌာနန္တရ ကြီးပွားတိုးတက်သည်ကို မနာလို မရှုစိမ့်ဖြစ်ခြင်းသည် ကိုယ့်ထမင်းကိုယ်စားပြီး အကုသိုလ်ကို အလကားယူနေခြင်းဖြစ်သည်။ သူတစ်ပါး ကြီးပွားချမ်းသာသည်ကို ကြည့်ပြီး မအိပ်နိုင် မစားနိုင် မပျော်မွေ့နိုင်ဖြစ်နေတတ်သည်။ ရန်လိုရန်စ ပြုတတ်သည်။ ငြူစူစောင်းမြောင်းပြီး အတင်းအဖျင်းပြောနေတတ်သည်။ ဣဿာငြူစူမှု လွန်ကဲပြင်းထန်လာသောအခါ ဒေဝဒတ်အလောင်း ရွှဲကုန်သည်ကဲ့သို့ နှလုံးသွေး ပူလောင်လာ၍ သွေးပွက်ပွက် အန်ထွက်တတ်သည်။ ဤသို့ ဖြစ်ပေါ်သော စိတ်နေသဘောထားကို စာအလို “အရတိ” ဟု ခေါ်သည်။ အဓိပ္ပာယ်မှာ သူတစ်ပါးကြီးပွားချမ်းသာခြင်း၌ မမွေ့လျော်နိုင်ခြင်း၊ မနှစ်သက်နိုင်ခြင်းပင် ဖြစ်သည်။ အဘိဓမ္မာသဘောအရ “ဣဿာ” အကုသိုလ်တရားပင် ဖြစ်ပေသည်။ ထို့ကြောင့် သူတစ်ပါးချမ်းသာခြင်း၌ မပျော်မွေ့ခြင်း “အရတိ” သည် မုဒိတာ၏ အဝေးရန်သူ ဖြစ်ပေသည်။

သုခိတသတ္တဝါတို့အပေါ် မုဒိတာကမ္မဋ္ဌာန်းပွားများမည့် ယောဂီပုဂ္ဂိုလ်သည် မုဒိတာ၏ အနီးရန်သူ အကုသိုလ်သောမနဿကို လည်းကောင်း၊ အဝေးရန်သူ အရတိ (ဣဿာ) ကိုလည်းကောင်း အထူးသတိထား ရှောင်ကြဉ်ရမည်။ ထိုကဲ့သို့ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းမြောက်မှု၊ ချမ်းသာသည်ကို မကျေနပ်မှု၊ မနာလို မရှုစိမ့်မှုများ ဖြစ်လာသောအခါ ယောဂီသည် “ငါ့အား ရန်သူတွေ ဝင်ရောက် နှောင့်ယှက်နေပြီ” ဟု သိ၍ ထိုရန်မှ လွတ်အောင် ရှောင်ရမည်။ ထိုရန်ကို မုဒိတာ ဆက်ကာဆက်ကာ ပွားခြင်းဖြင့် ဖယ်ထုတ်ပစ်ရမည်။
စာမျက်နှာ-291


ပါရမီကုသိုလ်ဖြစ် မုဒိတာပွားပုံ

ပါရမီကုသိုလ်ဖြစ် မုဒိတာပွားလိုသော ယောဂီသည် မိမိ တွေ့ဖူးမြင်ဖူးသော သုခိတသတ္တဝါတို့ကို အာရုံပြု၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရမည်။ “ရရှိပြီးသော စည်းစိမ်ချမ်းသာမှ မရွေ့လျောဘဲ တည်တံ့ခိုင်မြဲပါစေ” ဟု စိတ်ပါလက်ပါ ရွတ်ဆိုရမည်။ မိမိမြင်တွေ့နေရသော စည်းစိမ်ချမ်းသာ ရာထူး အရှိန်အဝါနှင့် ပြည့်စုံသူတို့ကို အာရုံပြု၍ ထိုသူတို့၏ ကြီးပွားတိုးတက်မှုကို ဝမ်းသာကျေနပ်နေရမည်။

မုဒိတာ ၁၃၂-ပါး ပွားများနည်း

မုဒိတာကို ပါရမီကုသိုလ်ဖြစ် ပွားများရာတွင် မိမိအိမ်၌ ဘုရားရှိခိုးသည့်အခါ ဖြစ်စေ၊ အသင်းအဖွဲ့ဖြင့် ဝတ်တက်ဝတ်ကပ်သောအခါဖြစ်စေ ဖော်ပြပါအတိုင်း မုဒိတာ ၁၃၂-ပါးဖြင့် ပွားများနိုင်သည်။

အနောဓိသမုဒိတာ ၅-မျိုး

(၁) သဗ္ဗေ သတ္တာ ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု = သတ္တဝါအားလုံး ရရှိပြီးသော စည်းစိမ်ဥစ္စာမှ မဆုတ်ယုတ်ဘဲ အမြဲတည်ပါစေ။

(၂) သဗ္ဗေ ပါဏာ ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု = အသက်ရှူသူအားလုံး ရရှိပြီးသော စည်းစိမ်ဥစ္စာမှ မဆုတ်ယုတ်ဘဲ အမြဲတည်ပါစေ။

(၃) သဗ္ဗေ ဘူတာ ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု = ထင်ရှားဖြစ်သူအားလုံး ရရှိပြီးသော စည်းစိမ်ဥစ္စာမှ မဆုတ်ယုတ်ဘဲ အမြဲတည်ပါစေ။

(၄) သဗ္ဗေ ပုဂ္ဂလာ ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု = ပုဂ္ဂိုလ်အားလုံး ရရှိပြီးသော စည်းစိမ်ဥစ္စာမှ မဆုတ်ယုတ်ဘဲ အမြဲတည်ပါစေ။

(၅) သဗ္ဗေ အတ္တဘာဝပရိယာပန္နာ ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု = ခန္ဓာကိုယ် အတ္ထဘော ရှိသူအားလုံး ရရှိပြီးသော စည်းစိမ်ဥစ္စာမှ မဆုတ်ယုတ်ဘဲ အမြဲတည်ပါစေ။

စာမျက်နှာ-292


ဩဓိသမုဒိတာ ၇-မျိုး

(၁) သဗ္ဗာ ဣတ္ထိယော ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု = မိန်းမအားလုံး ရရှိခဲ့သော စည်းစိမ်ဥစ္စာမှ မဆုတ်ယုတ်ဘဲ အမြဲတည်ပါစေ။

(၂) သဗ္ဗေ ပုရိသာ ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု = ယောက်ျားအားလုံး ရရှိပြီးသော စည်းစိမ်ဥစ္စာမှ မဆုတ်ယုတ်ဘဲ အမြဲတည်ပါစေ။

(၃) သဗ္ဗေ အရိယာ ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု = အရိယာအားလုံး ရရှိပြီးသော ဈာန်မဂ်ဖိုလ် ချမ်းသာမှ မဆုတ်ယုတ်ဘဲ အမြဲတည်ပါစေ။

(၄) သဗ္ဗေ အနရိယာ ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု = ပုထုဇဉ်အားလုံး ရရှိပြီးသော စည်းစိမ်ဥစ္စာမှ မဆုတ်ယုတ်ဘဲ အမြဲတည်ပါစေ။

(၅) သဗ္ဗေ ဒေဝါ ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု = နတ်အားလုံး ရရှိပြီးသော စည်းစိမ်ဥစ္စာမှ မဆုတ်ယုတ်ဘဲ အမြဲတည်ပါစေ။

(၆) သဗ္ဗေ မနုဿာ ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု = လူသားအားလုံး ရရှိပြီးသော စည်းစိမ်ဥစ္စာမှ မဆုတ်ယုတ်ဘဲ အမြဲတည်ပါစေ။

(၇) သဗ္ဗေ ဝိနိပါတိကာ ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု = အပါယ်သတ္တဝါအားလုံး ရရှိပြီးသော စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ဘဲ အမြဲတည်ပါစေ။

မှတ်ချက်။ ။ အပါယ်သတ္တဝါတို့သည် အများအားဖြင့် ချမ်းသာကင်းလျက် ဆင်းရဲဒုက္ခရောက်နေကြသော ဒုက္ခိတသတ္တဝါများဖြစ်သည်။ ၎င်းတို့အနက် နေ့ခံ၍ ညစံ၊ ညခံ၍ နေ့စံရသော သတ္တဝါများရှိကြသည်။ ထိုသို့ စည်းစိမ်ချမ်းသာကို အလှည့်ကျ ခံစားရသော အပါယ် သတ္တဝါများကို ရည်ရွယ်ခြင်း ဖြစ်ပါသည်။

အထက်ပါ အနောဓိသမုဒိတာ ၅ မျိုးနှင့် ဩဓိသမုဒိတာ ၇ မျိုးကို အရပ်မျက်နှာမညွှန်းဘဲ ပွားများသော မုဒိတာဖြစ်၍ “ဒိသာအနောဓိသမုဒိတာ ၁၂-ပါး” ဟု ခေါ်သည်။ ဤ ၁၂-ပါးကို အခြေခံထား၍ ပွားများရသောကြောင့် မူလအခြေခံဟုလည်း ခေါ်သည်။
စာမျက်နှာ-293


အမျိုးအစား,အရေအတွက်

အနောဓိသ မုဒိတာ,၅
ဩဓိသ မုဒိတာ,၇
ဒိသာအနောဓိသမုဒိတာ (မူလအခြေခံ),၁၂
အရပ်မျက်နှာ (၁၀ မျက်နှာနှင့် မြှောက်သော်),၁၂၀
မူလအခြေခံ ၁၂ ပါးနှင့် ပေါင်းသော်,၁၂
စုစုပေါင်း မုဒိတာ,၁၃၂-ပါး

ဤပြဆိုခဲ့ပြီးသော မုဒိတာ ၁၃၂-ပါးကို စိတ်ပါလက်ပါဖြင့် သုခိတသတ္တဝါအပေါ် အာရုံစူးစိုက်၍ ပွားများပါလျှင် ကုသိုလ်ပါရမီဖြစ်ရုံမျှမက မုဒိတာဈာန်အဆင့်သို့ပင် ရောက်ရှိနိုင်လေသည်။

ဈာန်သမာဓိရအောင် မုဒိတာပွားပုံ

ယောဂီသည် ဈာန်သမာဓိအဆင့်သို့ ရောက်အောင် မုဒိတာပွားများလိုပါလျှင် မုဒိတာ၏အနီးရန်သူ အကုသိုလ်သောမနဿနှင့် အဝေးရန်သူ အရတိ (ဣဿာ) ကို အထူးသတိထား၍ ရှောင်ရှားရမည်။ ယောဂီအား ထိုတရား၊ ထိုရန်သူများ ဝင်ရောက်နှောင့်ယှက်နေပါက ဈာန်သမာဓိရနိုင်မည် မဟုတ်ပေ။

ဈာန်သမာဓိရအောင် မုဒိတာပွားများမည့် ယောဂီသည် ချစ်သူ၊ မချစ်မုန်းသူနှင့် ရန်သူ ဤသုံးဦးတို့အား ဦးစွာစ၍ မုဒိတာ မပွားသင့်ပေ။ ကွယ်လွန်ပြီးသူကိုကား လုံးဝ မပွားသင့်ပေ။

ချမ်းသာသူကို ဦးစွာပွား

ဈာန်သမာဓိရအောင် မုဒိတာပွားမည့် ယောဂီပုဂ္ဂိုလ်သည် ချမ်းသာခြင်းနှင့် ပြည့်စုံသူ သုခိတသတ္တဝါကို ဦးစွာ စ၍ မုဒိတာပွားရမည်။ မိမိမျက်မှောက်၌ တွေ့မြင်နေရသော ကြီးပွားချမ်းသာနေသူကို အာရုံပြု၍ မိမိချမ်းသာနေသကဲ့သို့ သို့မဟုတ် သားသမီး ကြီးပွားချမ်းသာနေသည်ကို ကြည့်၍ ဝမ်းမြောက်ဝမ်းသာဖြစ်သော မိဘကဲ့သို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေရမည်။ “ရရှိထားသော စီးပွားချမ်းသာတို့မှ မဆုတ်ယုတ်ဘဲ အမြဲတည်ပါစေ” ဟုလည်း စိတ်ပါလက်ပါ ရွတ်ဆိုရမည်။
စာမျက်နှာ-294


ဆင်းရဲသူများအား မုဒိတာပွားပုံ

ဆင်းရဲသူများအား မုဒိတာပွားရာတွင် ယခုမိမိမျက်မှောက်၌ ဆင်းရဲ ဒုက္ခ ရောက်နေသော်လည်း တစ်ချိန်က ထိုသူတို့ ချမ်းသာဖူးသည်ကို အာရုံပြု အောက်မေ့၍ ဝမ်းမြောက်ခြင်းအားဖြင့် မုဒိတာပွားရမည်။ သို့မဟုတ် ယခု ဆင်းရဲနေသော်လည်း ထိုသူတို့၏ ကြိုးစားပုံ၊ ရိုးသားပုံ၊ စိတ်ကောင်းရှိပုံ ထို့ကြောင့် နောင်တစ်ချိန်တွင် မုချချမ်းသာကြလိမ့်မည်၊ ကြီးပွားကြလိမ့်မည်ဟု အနာဂတ်ကာလတွင် ကြီးပွားချမ်းသာမည်ကို အာရုံပြု၍ ဝမ်းမြောက်ဝမ်းသာ မုဒိတာပွားရမည်။ မိမိကိုယ်တိုင် နောင်တစ်ချိန်တွင် ကြီးပွားချမ်းသာမည့် လမ်းစကို တွေ့ရှိ၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသကဲ့သို့ ဝမ်းမြောက်ရမည်။ ထိုသူတို့ရရှိမည့် စည်းစိမ်ဥစ္စာတို့သည် မဆုတ်ယုတ်ဘဲ အမြဲတည်ပါစေဟု အကြိမ်ကြိမ် အခါခါ စိတ်ပါလက်ပါ ရွတ်ဆို ပွားများရမည်။

သတ္တဝါအားလုံးအပေါ် မုဒိတာပွားပုံ

မုဒိတာ ကမ္မဋ္ဌာန်း စီးဖြန့်ပွားများရာ၌ အဓိကအားဖြင့် သုခိတသတ္တဝါ ပညတ်ကို အာရုံပြု၍ ပွားများရမည် ဖြစ်သော်လည်း ဝိဘင်းပါဠိတော်၌—

ရဟန်း (ယောဂီ) သည် အဘယ်သို့လျှင် မုဒိတာနှင့်တကွ ဖြစ်သော စိတ်ဖြင့် တစ်ခုသောအရပ်ကို ဖြန့်၍ နေအပ်သနည်း၊ ဥပမာအားဖြင့် ချစ်အပ် မြတ်နိုးအပ်သော ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့ရ မြင်ရလျှင် ဝမ်းမြောက်ရာသကဲ့သို့ ထို့အတူပင် အလုံးစုံသော သတ္တဝါတို့အပေါ် ဝမ်းမြောက်ခြင်း မုဒိတာဖြင့် ဖြန့်အပ်—

ဟူ၍ ဟောတော်မူသောကြောင့် သုခိတသတ္တဝါ တစ်ဦးဦးကို အာရုံပြု၍ မုဒိတာ ပွားပြီးနောက် အာရုံစူးစိုက်မှု စိတ်တည်ကြည်မှု သမာဓိရလာသောအခါ ချစ်သူ စသော သတ္တဝါအားလုံးတို့အပေါ် ဖြန့်၍ မုဒိတာ ပွားရာ၏။

ဤကဲ့သို့ သတ္တဝါအားလုံးတို့အပေါ် ဖြန့်၍ မုဒိတာပွားများခြင်းအားဖြင့် သမာဓိရင့်ကျက် အားကောင်းလာသောအခါ မုဒိတာ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် အဆင့်သို့ ရောက်ရှိနိုင်လေသည်။ ယင်းမုဒိတာဈာန် သမာဓိကို အခြေခံ၍ သင်္ခါရတရားတို့ကို ဝိပဿနာရှုပွား အားထုတ်နိုင်ပါလျှင် ကိလေသာအာသဝေါ ကုန်ခန်း၍ ရဟန္တာ အရှင်မြတ် အဖြစ်သို့ ဆိုက်ရောက် နိုင်ကြလေသည်။
စာမျက်နှာ-295


လျစ်လျူရှုခြင်း (ဥပေက္ခာ)

ဥပေက္ခာဟူသော ပါဠိကို (အုပစ်ခါ) ဟူ၍ အသံထွက်ရသည်။ အရပ်သူ အရပ်သားများ အနေဖြင့် (အုပစ်ခါ) ဟူ၍ အသံထွက်ပြီးလျှင် လုံးဝဂရုမစိုက်ဘဲ ပစ်စလက်ခတ် ထားလိုက်ခြင်းဟု အဓိပ္ပာယ် ကောက်နေကြ၏။ ဥပမာအားဖြင့် ကျောင်းသားအရွယ် သားငယ်တစ်ယောက်ကို စာမကြိုးစားဘဲ စာမေးပွဲ ခဏခဏ ကျနေခြင်း၊ ပြုပြင်ဆုံးမ၍ မရခြင်း တွေ့ကြုံနေရသည့်အခါ “အင်း... သားငယ်ကို ထိန်းသိမ်းစောင့်ရှောက် ပြုပြင်ဆုံးမခြင်း မပြုလုပ်တော့ဘဲ ဖြစ်ချင်ရာဖြစ် ပေါက်လွှတ်ပဲစား လွှတ်ထားလိုက်တတ်ကြသည်။ ယင်းကဲ့သို့ သဘောထားမျိုးကို ဥပေက္ခာပြုထားသည်ဟု ပြောလေ့ရှိကြသည်။

ယင်းသို့ သဘောထားခြင်းကို ဥပေက္ခာဟု သုံးနှုန်းခြင်းမှာ တိတိကျကျ မမှန်သော်လည်း တစ်စိတ်တစ်ပိုင်းအားဖြင့် မှန်ကန်သည်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် ဥပေက္ခာ၏ အဓိပ္ပာယ်ကို တိတိကျကျနားလည်စေရန် ရှေးဦးစွာ ဥပေက္ခာ ၂-မျိုးကို ခွဲခြား၍ ပြပါမည်။

ဥပေက္ခာ ၂-မျိုး

ဥပေက္ခာသည်— အကုသိုလ်ဥပေက္ခာနှင့် ကုသိုလ်ဥပေက္ခာ— ဟူ၍ ၂-မျိုးရှိသည်။

အကုသိုလ်ဥပေက္ခာ

အကုသိုလ်ဥပေက္ခာမှာ မသိမှု၊ နားမလည်မှုကြောင့် ဝမ်းနည်းမှုသို့လည်းကောင်း၊ ဝမ်းသာမှုသို့လည်းကောင်း အစွန်းတစ်ဘက်ဘက်သို့ မကျရောက်ဘဲ ဝမ်းနည်းဝမ်းသာမရှိ အလယ်အလတ် စိတ်နေသဘောထား ဖြစ်သည်။ ဥပမာအားဖြင့် တောသမင်သည် ပတ္တမြားမျက်ရှင်ကို တွေ့မြင်ရာ၌ လိုချင်တပ်မက်မှု ဝမ်းမြောက် ဝမ်းသာမှု မရှိချေ။ ထို့အတူ ထိုပတ္တမြားမျက်ရှင်နှင့် စပ်လျဉ်း၍ ဝမ်းနည်းခြင်း၊ စိုးရိမ်ခြင်း၊ စိတ်ဆိုးခြင်းတို့လည်း မဖြစ်ချေ။ အလယ်အလတ် သဘောထား ရှိနေသည်။ ဤကဲ့သို့ မသိနားမလည်မှုနှင့် ယှဉ်တွဲနေသော ခံစားချက် ဝေဒနာကို အကုသိုလ်ဥပေက္ခာဝေဒနာဟု ခေါ်ဆိုရသည်။ ဉာဏ် မယှဉ်မှု၊ မသိမှုနှင့် တွဲဖက်နေသောကြောင့် (အညာဏ + ဥပေက္ခာ = အညာဏုပေက္ခာ) ဟု ခေါ်ဆိုရသည်။
စာမျက်နှာ-296


ကုသိုလ်ဥပေက္ခာ

များသောအားဖြင့် ကုသိုလ်နှင့် ယှဉ်သော ဥပေက္ခာကို ကုသိုလ်ဥပေက္ခာဟု ဆိုလိုသည်။ ကုသိုလ်မှုများ ပြုလုပ်ရာ၌ ဖြစ်လေ့ဖြစ်ထရှိသော ဥပေက္ခာများ ဖြစ်ကြသည်။

ဥပေက္ခာ ၁၀-မျိုး

ယင်းဥပေက္ခာကို အောက်ပါအတိုင်း ၁၀ မျိုး ခွဲခြားနိုင်သည်—
၁။ ဆဠင်္ဂုပေက္ခာ = ဒွါရ ၆-ပါး၌ လျစ်လျူရှုခြင်း၊
၂။ ဗြဟ္မဝိဟာရုပေက္ခာ = သတ္တဝါတို့၌ လျစ်လျူရှုခြင်း၊
၃။ ဗောဇ္ဈင်္ဂုပေက္ခာ = ယှဉ်ဖက်တရားများကို ညီအမျှထားခြင်း၊
၄။ ဝီရိယုပေက္ခာ = ဝီရိယကို အညီအမျှ ထားခြင်း၊
၅။ သင်္ခါရုပေက္ခာ = သင်္ခါရတရားတို့ကို လျစ်လျူရှုခြင်း၊
၆။ ဝေဒနုပေက္ခာ = ခံစားမှု၌ လျစ်လျူရှုခြင်း၊
၇။ ဝိပဿနုပေက္ခာ = ဝိပဿနာရှုရာ၌ လျစ်လျူရှုခြင်း၊
၈။ တတြမဇ္ဈတ္တုပေက္ခာ = ယှဉ်ဖက်တရားတို့ကို လျစ်လျူရှုခြင်း၊
၉။ ဈာနုပေက္ခာ = ဈာန်စိတ်ကို လျစ်လျူရှုခြင်း၊
၁၀။ ပါရိသုဒ္ဓုပေက္ခာ = ဆန့်ကျင်ဘက် ချုပ်ငြိမ်းလေ၍ စင်ကြယ်မှု၌ လျစ်လျူရှုခြင်း။

ဆဠင်္ဂုပေက္ခာ

ဆဠင်္ဂုပေက္ခာပုဒ်ကို ခွဲထုတ်လိုက်ပါက (ဆ + အင်္ဂ + ဥပေက္ခာ) ဟု ဖြစ်လာသည်။ (ဆ = ၆ + အင်္ဂ = အင်္ဂါအစိတ်အပိုင်းဒွါရ ၆-ပါး၊ အာရုံ ၆-ပါး + ဥပေက္ခာ = လျစ်လျူရှုခြင်း)

မျက်စိ နား စသော ဒွါရခြောက်ပါးတို့၌ လိုလားနှစ်သက်အပ်သော ဣဋ္ဌာရုံ၊ မလိုလား မနှစ်သက်အပ်သော အနိဋ္ဌာရုံဖြစ်သော အာရုံခြောက်ပါးတို့ ရင်ဆိုင်ထိတွေ့ ရောက်ရှိလာခဲ့သော် ဝမ်းမြောက်ခြင်းလည်းမဖြစ်၊ စိုးရိမ်ပူဆွေး ဝမ်းနည်းခြင်းလည်း မဖြစ်၊ ချစ်ခင်တွယ်တာမှုလည်း မဖြစ်၊ မုန်းတီးမှုလည်း...
စာမျက်နှာ-297


မြင်လျှင် မြင်ကာမတ္တ၊ ကြားလျှင် ကြားကာမတ္တဖြစ်၍ သတိသမ္ပဇဉ်ဖြင့် ဆင်ခြင်ရှုမှတ်မှုကို အာသဝေါကုန်ခန်းသည့် ရဟန္တာပုဂ္ဂိုလ်များသာလျှင် ပြုနိုင်ကြသည်။

ပုထုဇဉ်များမှာမူ သာယာဖွယ် ဣဋ္ဌာရုံနှင့် တွေ့သောအခါ နှစ်သက်ရွှင်လန်းဝမ်းမြောက်ဝမ်းသာ သာယာတပ်မက်ကြ၏။ မသာယာဖွယ် အနိဋ္ဌာရုံနှင့် တွေ့သောအခါ— ကြောက်လန့်ခြင်း၊ စိတ်ဆိုးခြင်း၊ မုန်းတီးခြင်း၊ ဝမ်းနည်းခြင်း၊ စိုးရိမ်ခြင်းများ ဖြစ်တတ်ကြသည်။ ထိုအစွန်းနှစ်ဖက်သို့ မကျရောက်စေဘဲ အလယ်တည့်တည့်၌ တည်ငြိမ်စွာ မယိမ်းမယိုင် မတုန်မလှုပ် ရှုမြင်နိုင်သော သဘောကို ဆဠင်္ဂုပေက္ခာဟု ခေါ်သည်။ တရားကိုယ်အားဖြင့် တတြမဇ္ဈတ္တတာ စေတသိက်ပင် ဖြစ်သည်။

၂။ ဗြဟ္မဝိဟာရုပေက္ခာ

ယင်းကို ပုဒ်ခွဲပါက (ဗြဟ္မဝိဟာရ + ဥပေက္ခာ) ဟု နှစ်ပုဒ်ရရှိသည်။ ဗြဟ္မဝိဟာရ၏ အဓိပ္ပာယ်ကို ရှင်းလင်းဖော်ပြခဲ့ပြီး ဖြစ်သည်။

ဆင်းရဲဒုက္ခရောက်နေသော သတ္တဝါများကို တွေ့မြင်ရသောအခါ သနားကြင်နာမှု ဖြစ်ကြသည်။ ထိုသတ္တဝါကို ဆင်းရဲဒုက္ခမှ ကယ်တင်ပေးလိုသည်။ ဆင်းရဲဒုက္ခမှ လွတ်မြောက်ရေးအတွက် ကြောင့်ကြစိုက်ထုတ် ကူညီလိုသည်။ ထိုသတ္တဝါအတွက် စိတ်နှလုံး နာကျင်မှု ပင်ပန်းမှုဖြစ်ရသည်။ ချမ်းသာသုခနှင့် ပြည့်စုံသော သတ္တဝါကို တွေ့မြင်ရသည့်အခါ ဝမ်းမြောက်ကြည်နူးမှုသည်လည်း ပီတိလွန်ကဲသဖြင့် နှလုံးသားမြူးကြွလာ၍ ပင်ပန်းမှုတစ်မျိုး ဖြစ်သည်။ နှလုံးရောဂါရှိသူများမှာ ဝမ်းသာလျှင်လည်း နှလုံးက ဒဏ်မခံနိုင်၊ ဝမ်းနည်းလျှင် ကြောက်လန့်လျှင်လည်း နှလုံးကဒဏ်မခံနိုင်။ အလွန်မြင့်မားသောအစွန်အဖျား၌ စွန့်စားရပ်နေသူ တစ်ဦးကို နှလုံးရောဂါရှိသူသည် မကြည့်ရဲ၊ မကြည့်ဝံ့ချေ။ ရင်ထဲ၌ နာကျင်၍ နှလုံးတုန် ရင်ခုန်ဖြစ်ကာ ရင်ဘတ်ကို ဖိထားရသည်။ ဆိုလိုသည်မှာ ဝမ်းသာမှု ဝမ်းနည်းမှု နှစ်မျိုးစလုံးသည် စိတ်နှလုံး မငြိမ်မသက် ပင်ပန်းမှုရှိသည်။

ဥပေက္ခာမှာမူ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း မရှိ၊ ချစ်ခြင်း၊ မုန်းခြင်းမရှိ၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်းလည်းမရှိ။ သတ္တဝါတစ်ဦး ချမ်းသာမှုသည် သူ့ကံအလျောက်သာ ဖြစ်သည်။ အထူးအဆန်းမဟုတ်။ သတ္တဝါတစ်ယောက် ဆင်းရဲဒုက္ခရောက်သည်လည်း သူ့ကံအလျောက်သာ ဖြစ်သည်။ မိမိကား တစ်စုံတစ်ရာ
စာမျက်နှာ-298


ကြောင့်ကြစိုက်ထုတ်ရန်မလို။ ဤကဲ့သို့ အစွန်းနှစ်ဖက်သို့ မကျစေဘဲ ထိန်းနိုင်ခြင်းသည် အလယ်လမ်းကြောင်းတည့်တည့်သာလျှင် လျှောက်သွားနိုင်သော ကြိုးတန်းလျှောက်သမားနှင့် တူသည်။ ကြိုးတန်းလျှောက်သူသည် ဟန်ချက်ညီညီ ထိန်းထားနိုင်ရန်အတွက် တုတ်ရှည်တစ်ချောင်းကို ကိုင်တွယ်၍ ချိန်ဆထားသည်။ ဟန်ချက်ကို ထိန်းထားသည်။ ဝဲယာမည်သည့်ဘက်ကိုမျှ အလေးချိန် မပိုစေရအောင် ယင်းတုတ်ရှည်ဖြင့် အလေးချိန်ကို ညှိပေးထားသည်။ မျက်စိကိုလည်း ဝဲယာဘေးနှစ်ဘက်သို့ မကြည့်ဘဲ ကြိုးတန်းကိုသာလျှင် မြင်အောင် ကြည့်ထားသည်။ ဤနည်းအားဖြင့် ကြိုးတန်းလျှောက်သူသည် ဝဲယာနှစ်ဘက် ယိမ်းယိုင်မှုမရှိဘဲ အလယ်တည့်တည့် ဟန်ချက်ကိုထိန်း၍ သွားလာလှုပ်ရှားနိုင်သည်။

ယင်းနည်းတူ ဥပေက္ခာဗြဟ္မဝိဟာရသည် သတ္တဝါတို့၏ ချမ်းသာမှု၊ ဆင်းရဲမှုသည် ကံအတိုင်းသာဖြစ်သည်ဟု လျစ်လျူရှုနိုင်သည်။ တရားကိုယ်အားဖြင့် တတြမဇ္ဈတ္တတာ စေတသိက်ပင် ဖြစ်သည်။ ပါရမီ ဆယ်ပါး၌ ပါဝင်သော ဥပေက္ခာပါရမီဆိုသည်မှာ ဤဗြဟ္မဝိဟာရုပေက္ခာပင် ဖြစ်သည်။

၃။ ဗောဇ္ဈင်္ဂုပေက္ခာ

ဗောဇ္ဈင်္ဂုပေက္ခာကို ပုဒ်ခွဲလျှင် (ဗောဇ္ဈင်္ဂ + ဥပေက္ခာ) ဟု ဖြစ်လာသည်။ ဗောဇ္ဈင်္ဂအရ ဗောဇ္ဈင်တရား ၇-ပါးဖြစ်သည်။ ယင်းဗောဇ္ဈင် ၇-ပါး၌ ပါဝင်သော ဥပေက္ခာကို ဗောဇ္ဈင်္ဂုပေက္ခာဟု ခေါ်သည်။ မဂ်တရား၊ ဖိုလ်တရားရရှိရန် အားထုတ်သည့်အခါ မဂ်ဖိုလ်ရခါနီးအချိန်တွင် ဝီရိယနှင့် သမာဓိကို ညှိပေးရသည်။ တစ်ဘက်မှ လွန်ကဲသွားပါက မဂ်ဖိုလ်သို့ မရောက်နိုင် ဖြစ်တတ်သည်။ ရှင်အာနန္ဒာသည် တစ်ညလုံး မအိပ်မနေ စင်္ကြံလျှောက်၍ အားထုတ်ရာ ဝီရိယ လွန်သဖြင့် အရဟတ္တဖိုလ်သို့ မရောက်နိုင်ဖြစ်ခဲ့ရသည်။ ဝီရိယကို လျှော့၍ ဝီရိယနှင့် သမာဓိညီအောင် ညှိနိုင်သောအခါမှသာ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရောက်ရှိပေတော့သည်။

အလားတူပင် ပီတိလွန်ကဲလာသောအခါ သမာဓိအားလျော့၍ ပီတိအားနည်းပြန်သောအခါ ဝီရိယ လျော့သွားနိုင်သည်။ ဤကဲ့သို့ ဗောဇ္ဈင်တရားများကို အယုတ်အလွန်မရှိ ညီမျှအောင် ထိန်းသိမ်းမှုကို ဗောဇ္ဈင်္ဂုပေက္ခာဟု ခေါ်သည်။
စာမျက်နှာ-299


၄။ ဝီရိယုပေက္ခာ

ယင်းကို (ဝီရိယ + ဥပေက္ခာ) ဟု ပုဒ်ခွဲရသည်။ ဝီရိယကို အပိုအလိုမရှိ တော်သင့်ရုံ၊ တန်သင့်ရုံ ဖြစ်အောင် ထားနိုင်မှုကို ဝီရိယုပေက္ခာဟု ခေါ်သည်။ အလွန်အမင်း အားထုတ်မှုကိုလည်းကောင်း၊ အလွန်လျော့ရဲသော အားထုတ်မှုကိုလည်းကောင်း ဖယ်ရှား၍ လိုအပ်သည့်ကိစ္စ ပြီးစီးအောင်မြင်ရုံ ချိန်သားကိုက် အားထုတ်မှု မယုတ်မလွန် အားထုတ်မှုကို ဝီရိယုပေက္ခာဟု ခေါ်သည်။ တရားကိုယ်အားဖြင့် ဝီရိယစေတသိက်ဖြစ်သည်။

၅။ သင်္ခါရုပေက္ခာ

ယင်းကို (သင်္ခါရ + ဥပေက္ခာ) ဟု ပုဒ်ခွဲရသည်။ သင်္ခါရတရားတို့ကို အာရုံပြုရာ၌ လျစ်လျူရှုခြင်းသဘောကို သင်္ခါရုပေက္ခာဟု ခေါ်သည်။ ဝိပဿနာဉာဏ် မရင့်သန်သေးသည့်အခါ ကာမစ္ဆန္ဒစသော အတားအဆီးများကို ပယ်ရှားရာ၌ ကြောင့်ကြဗျာပါရ စိုက်ရသည်။ ဝိပဿနာဉာဏ် ရင့်သန်သောအခါ ထိုအတားအဆီးများကို ဖယ်ရှားရန် အထူးဂရုမစိုက်ရတော့ဘဲ လျစ်လျူရှုနေနိုင်သည်။

တစ်နည်းအားဖြင့် ဝိပဿနာဉာဏ်စဉ် ဆယ်ပါးတွင် ဘယဉာဏ်၊ အာဒီနဝဉာဏ်အခိုက်တွင် ဝိပဿနာ၏ အာရုံဖြစ်သော သင်္ခါရတရားတို့ကို ငြီးငွေ့စက်ဆုပ်ခြင်း ဖြစ်နေသည်၊ ကြောက်လန့်ခြင်း ဖြစ်နေသည်။ ဓမ္မသံဝေဂဖြင့် ကြောက်လန့်နေသည်။ ထို့နောက် မုစ္စိတုကမျတာဉာဏ်အခိုက်၌ ထိုသင်္ခါရအာရုံများကို စွန့်လွှတ်လိုသည်။ လွှတ်ပြေးလိုသည်။

သို့ရာတွင် အစားထိုးရန် အခြားအာရုံ (နိဗ္ဗာန်အာရုံ) ကိုလည်း မရသေးသဖြင့် မချစ်သော်လည်း အောင့်ကာနမ်း သဘောထား၍ သင်္ခါရတရားတို့ကိုပင် ဆက်လက် ရှုမှတ်နေရသည်၊ ဤအခြေအနေတွင် သင်္ခါရမှ လွတ်မြောက်လိုသော်လည်း သင်္ခါရနယ်မှ ထွက်မပြေးနိုင်၊ သင်္ခါရအာရုံကို မလိုချင်သော်လည်း သင်္ခါရကိုသာ အာရုံပြုနေသည်။ နောက်ဆုံးတွင် မတတ်သာ၍ လက်လျှော့လိုက်ရသည့်အနေဖြင့် လွတ်မြောက်ရန် ကြိုးစားမှု၊ စွန့်လွှတ်ရန် ကြိုးပမ်းမှုများကို မပြုလုပ်တော့ဘဲ လက်ရှိအခြေအနေအတိုင်းပင် အရှိအတိုင်းခံယူ၍ ရှုမှတ်နေရတော့သည်။ ထိုကဲ့သို့ ဝိပဿနာဉာဏ်သည် သင်္ခါရတရားတို့အပေါ်၌ လျစ်လျူရှုနိုင်ခြင်းကို သင်္ခါရုပေက္ခာဟု ခေါ်သည်။ တရားကိုယ်မှာ ပညာစေတသိက်ဖြစ်သည်။
စာမျက်နှာ-300


၆။ ဝေဒနုပေက္ခာ

ယင်းကို (ဝေဒနာ + ဥပေက္ခာ) ဟု ပုဒ်ခွဲရသည်။ ဣဋ္ဌာရုံနှင့်တွေ့သည့်အခါ ထိုအာရုံ၌ သာယာဖွယ်ကို ခံစားခြင်း၊ ဝမ်းမြောက်ကြည်နူးခြင်း ဖြစ်တတ်သည်။ အနိဋ္ဌာရုံနှင့်တွေ့သည့်အခါ စိတ်ဆင်းရဲမှု စိတ်မချမ်းသာမှုများ ခံစားရတတ်သည်။ ဣဋ္ဌာရုံလည်း မဟုတ်၊ အနိဋ္ဌာရုံလည်း မဟုတ်၊ ကြားသဘောကို ဆောင်သော အလယ်အလတ်အာရုံ (ဣဋ္ဌမတ္တာရုံ) ကို တွေ့ရှိခံစားရသည့်အခါ ချစ်ခြင်း၊ မုန်းခြင်း မဖြစ်၊ ဝမ်းနည်းခြင်း ဝမ်းသာခြင်း မဖြစ်ဘဲ အလယ်အလတ် ခံစားခြင်းဝေဒနာသည် ဝေဒနုပေက္ခာမည်၏။ နှစ်သက်စဖွယ် ဣဋ္ဌာရုံပင်ဖြစ်သော်လည်း နိစ္စဓူဝံ နေ့ရက်ရှည်ကြာ အမြဲ တွေ့ကြုံနေရသောအခါ ရိုးသွားတတ်သည်။ စိတ်မဝင်စားဘဲ ရှိတတ်သည်။ ထိုအခါ ဣဋ္ဌာရုံပင် ဖြစ်သော်လည်း လျစ်လျူရှုမှု ဥပေက္ခာ ဖြစ်တတ်သည်။

ဥပမာ အလွန် ချောမောလှပသော သတို့သမီးပျို တစ်ဦးကို စတင်တွေ့ချစ်၊ သမီးရည်းစားဖြစ်ခြင်း၊ အိမ်ထောင်ကျခြင်း၊ သားသမီးများရခြင်း စသည်ဖြင့် ကာလအတန်ကြာလာသောအခါ ထိုအမျိုးသမီးအာရုံသည် ဖြည်းဖြည်းရိုးသွားတတ်သည်။ စိတ်ဝင်စားမှု နည်းသွားသည်။ ပထမဦးဆုံး တွေ့ချိန်၌ ရင်တဒိန်းဒိန်းခုန်ကာ ဝမ်းမြောက်မှု သောမနဿ၊ နှစ်သက်မှု ပီတိဝေဒနာများ အလွန်ပြင်းထန်စွာ ဖြစ်လေ့ရှိသည်။ သမီးရည်းစားဘဝ စတင်တွေ့ချိန်၌ တစ်ကိုယ်လုံး နတ်ပူးသကဲ့သို့ တုန်တုန်ယင်ယင်ဖြစ်ကာ စကားပီအောင် မပြောနိုင်၊ ခြေဖျား လက်ဖျား အေးနေသည်အထိ ပီတိသောမနဿဇော ပြင်းထန်နေသည်။

ထို့နောက် လက်ထပ်ပြီးသောအခါ တုန်လှုပ်မှု ဒီဂရီသည် တစ်ဝက်မက ကျဆင်းသွားသည်။ ပီတိသောမနဿဇော လျော့နည်းသွားခြင်းကို ဖော်ပြသည်။ ထို့နောက် သားသမီးတစ်ယောက် နှစ်ယောက် ရချိန်တွင် စိတ်ဝင်စားမှု စွဲလမ်းတပ်မက်မှုများ အံ့ဩလောက်အောင် လျော့နည်းသွား၍ အတိတ်ကာလ သမီးရည်းစားဘဝကို ပြန်လည် အောက်မေ့ကြည်နူးကာ ပီတိသောမနဿကို မွေးမြူကြရသည်။

ထို့နောက် ၄၀-ကျော်၊ ၅၀-အရွယ် ရောက်သောအခါမူ အချင်းချင်း စိတ်ဝင်စားမှု တပ်မက်မှု စွဲလမ်းမှုများ အလွန်နည်းပါးလာသည်။ ထိုအမျိုးသမီးကို ကြည့်၍ ထိ၍ ထိုယောက်ျားမှာ တုန်လှုပ်မှု မရှိတော့ဘဲ လျစ်လျူရှုမှု ဥပေက္ခာဝေဒနာကို ခံစားလာရသည်။ ငယ်စဉ်ကမူ မိမိရည်းစား(သို့မဟုတ်) ဇနီးသည်ကို စိတ်မချနိုင်ဘဲ အခြားယောက်ျားနှင့် စကားပြောလျှင်ပင်...
စာမျက်နှာ-301


ဝန်တိုမှု၊ ငြူစူမှု၊ စိတ်ဆိုးမှုများ ဖြစ်တတ်ကြသည်။ ထိုအမျိုးသမီးကို ယောက်ျားတစ်ပါးထိရန် မဆိုထားဘိ၊ ကြည့်တာကိုပင် မကြိုက်၊ မယုံသင်္ကာမှု၊ စိုးရိမ်မှု၊ စိတ်မချမှုများ (ဝါ) သောက၊ ဒေါမနဿများလည်း ပြင်းထန်စွာ ခံစားကြရသည်။

အသက် ၅၀-ကျော် ၆၀-သို့ ရောက်သောအခါတွင်မူ ယောက်ျားတစ်ပါးနှင့် ရင်းနှီးစွာ ပြုံးရယ်ပြောဆိုနေသော်လည်း လင်ယောက်ျားဖြစ်သူမှာ ဝန်တို ငြူစူမှု မကျေနပ်မှုများ မရှိတော့ဘဲ စိတ်ချလာ၏။ အလယ်အလတ် သဘောထားနိုင်လေသည်။

အနိဋ္ဌာရုံ၌ ဥပေက္ခာဖြစ်ပုံကို ဆက်လက်ဖော်ပြပါဦးမည်။ ဥပမာအားဖြင့် ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်းနေရာသို့ မရောက်ဖူးသူ လူတစ်ယောက်သည် ထိုနေရာသို့ ရောက်ခါစ၌ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်အနံ့များကို ရှူရှိုက်ရသည်မှာ အလွန်ဆိုးဝါးလှ၏။ ခေါင်းများ နောက်ကျိပြီး စိတ်နှလုံး မသာမယာ ဖြစ်လာသည်။ အော့ချင် အန်ချင်ဖြစ်လာသည်။ ငါးပိ၊ ငါးခြောက်ကိုပင် မစားချင်၊ မမြင်ချင်လောက်အောင် အခံခက်လာသည်။ အနိဋ္ဌာရုံအပေါ်၌ ဒေါမနဿဝေဒနာကို ခံစားရသည်။

ထိုသူသည် ထိုလုပ်ငန်းဌာန၌ တစ်ရက်ကနေ နှစ်ရက်၊ တစ်လကနေ နှစ်လ စသည်ဖြင့် နှစ်ချီ၍ ကြာလာသောအခါ ထိုအနံ့အသက်များနှင့် အတွေ့အထိ အနေအထိုင် ယဉ်ပါးလာပြီး ထိုအနံ့များကို နံသည်ဟုပင် မဆိုချင်တော့ဘဲ မွှေးသလိုလိုပင် ဖြစ်လာသည်။ နှာခေါင်း ယဉ်သွားသည်။ အနေအထိုင်ကြာ၍ ကျင့်သားရလာသောအခါ ထိုသူသည် ထိုအနံ့များကို နံသည်ဟုလည်း မထင်၊ မွှေးသည်ဟုလည်း မထင်တော့ပေ။ ထိုအနံ့များကို ရှူရှိုက်နေသည်ဟုပင် မထင်တော့ပေ။ အလွန်ဆိုးဝါးသော အနံ့အသက်များအပေါ်၌ အလယ်အလတ် သဘောထားနိုင်လာသည်။ နံစော်သော အနိဋ္ဌာရုံအပေါ်၌ ဥပေက္ခာဝေဒနာ လျစ်လျူရှု ခံစားမှု ဖြစ်လာသည်။

ဤကဲ့သို့ လျစ်လျူရှုခံစားခြင်းသည် ဝေဒနုပေက္ခာမည်၏။ တရားကိုယ်အားဖြင့် ဥပေက္ခာစေတသိက် (ဝေဒနာ) ဖြစ်သည်။

၇။ ဝိပဿနုပေက္ခာ

ယင်းကို (ဝိပဿနာ + ဥပေက္ခာ) ဟု ပုဒ်ခွဲရသည်။ ဝိပဿနာရှုရာ၌ လျစ်လျူရှုထားနိုင်ခြင်း၊ အလယ်အလတ် သမာသမတ်ထားနိုင်ခြင်းကို ဝိပဿနုပေက္ခာဟု ခေါ်သည်။ ခန္ဓာငါးပါးတို့၏ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘော
စာမျက်နှာ-302


ကို ထင်မြင်အောင် ရှုရာ၌ ဝိပဿနာဉာဏ်နုစဉ်က အထူးစိုက်၍ ဆင်ခြင်သုံးသပ် ရှုမှတ်ရသည်။ ဝိပဿနာဉာဏ် ရင့်ကျက်လာသောအခါတွင်မူ အထူးအားမစိုက်ရဘဲ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောများကို ဉာဏ်၌ အလိုလို ထင်မြင်နေသည်။ ဤသို့ဖြစ်ခြင်းကို ဝိပဿနုပေက္ခာ ဟု ခေါ်သည်။ တရားကိုယ်အားဖြင့် ပညာစေတသိက် ဖြစ်သည်။

၈။ တတြမဇ္ဈတ္တုပေက္ခာ

ယင်းကို (တတြ + မဇ္ဈတ္တ + ဥပေက္ခာ) ဟု သုံးပုဒ်ခွဲရမည်။ တတြမဇ္ဈတ္တုပေက္ခာသည် စေတသိက် ၅၂-ပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ ကာမာဝစရကုသိုလ်၊ မဟဂ္ဂုတ်ကုသိုလ်၊ လောကုတ္တရာကုသိုလ်ဟု ဆိုအပ်သော ထိုကုသိုလ်များ ဖြစ်တိုင်း ဖြစ်တိုင်း ဤစေတသိက်ပါဝင်သည်။ ဤစေတသိက်၏ လုပ်ငန်းတာဝန်မှာ စိတ္တုပ္ပါဒ်တစ်ခုအတွင်း၌ ပါဝင်နေသော စိတ်စေတသိက် တရားတို့ကို မိမိကိစ္စမိမိပုံမှန်ဆောင်ရွက်စေရန် အယုတ်အလွန်မရှိဘဲ သမာသမတ် မျှမျှတတ ဖြစ်နေစေရန်၊ ဟန်ချက်ညီနေစေရန် ထိန်းထားခြင်း ဖြစ်သည်။ ထို့ကြောင့် ကုသိုလ်တရားများ ဖြစ်ပေါ်ရာ၌ တစ်ဖက်သတ်လွန်ကဲခြင်း မရှိစေဘဲ မျှတစွာ ဖြစ်လေ့ရှိကြသည်။

အကုသိုလ်စိတ္တုပ္ပါဒ် ဖြစ်ပေါ်ရာ၌မူ ဤစေတသိက်မပါရှိသဖြင့် အချင်းချင်း ညှိနှိုင်းမှု မရှိ၊ တစ်ခုခုက တစ်ဖက်သတ် လွန်ကဲနေတတ်သည်။ လောဘ၊ ရာဂ လွန်ကဲတတ်သည်၊ သို့မဟုတ် ဒေါသ၊ အာဃာတ လွန်ကဲတတ်သည်၊ သို့မဟုတ် မနာလိုဝန်တိုမှု၊ ငြူစူမှု၊ အဘိဇ္ဈာ၊ ဣဿာတို့ လွန်ကဲနေတတ်သည်၊ သို့မဟုတ် အိပ်ချင် ငိုက်မျဉ်း ထုံထိုင်းမှု လွန်ကဲနေတတ်သည်။ ထို့ကြောင့် အကုသိုလ်စိတ္တုပ္ပါဒ်တွင် တတြမဇ္ဈတ္တတာ စေတသိက် မပါရှိကြောင်း ထင်ရှားသည်။

ကုသိုလ်စိတ္တုပ္ပါဒ်ဖြစ်ရာ၌မူ ယှဉ်ဖော်ယှဉ်ဖက် ဖြစ်ဖော်ဖြစ်ဖက် တရားများတွင် လျော့နည်းသော တရားကို တိုးတက်စေ၍ လွန်ကဲသော တရားများကို ပြန်လည် လျော့စေသည်။ ဤကဲ့သို့ ထိုထိုတရားများအချင်းချင်း အလယ်အလတ် သမာသမတ် ဖြစ်အောင် ထိန်းထားခြင်းကို တတြမဇ္ဈတ္တုပေက္ခာဟု ခေါ်သည်။

၉။ ဈာနုပေက္ခာ

ယင်းကို (ဈာန + ဥပေက္ခာ) ဟု ပုဒ်ခွဲရသည်။ ဈာန်ချမ်းသာကို မခံစားဘဲ ချမ်းသာသည့်ဘက်သို့ မကျရောက်စေဘဲ လျစ်လျူရှုနိုင်ခြင်းသဘောကို ဈာနုပေက္ခာ ဟု ခေါ်သည်။ တရားကိုယ်အားဖြင့် တတြမဇ္ဈတ္တတာ စေတသိက်ပင်
စာမျက်နှာ-303


ဖြစ်သည်။ ယင်းစေတသိက်သည် ပထမဈာန်နှင့် ဒုတိယဈာန် အခိုက်၌လည်း ရှိနေသည်သာ ဖြစ်၏။ သို့ရာတွင် ဝိတက်၊ ဝိစာရနှင့် ပီတိတို့က လွှမ်းမိုးဖိစီး လွန်ကဲနေသဖြင့် တတြမဇ္ဈတ္တတာ စေတသိက်သည် ခေါင်းမထောင်နိုင်ဘဲ မထင်မရှားဖြစ်နေရသည်။ တတိယဈာန်သို့ ရောက်သောအခါမူ ဝိတက်၊ ဝိစာရနှင့် ပီတိတို့ကို ဖယ်ရှားခဲ့ပြီး ဖြစ်၍ သုခနှင့် ဧကဂ္ဂတာ ဈာန်အင်္ဂါနှစ်ပါးသာလျှင် ကျန်ရှိတော့သည်။ ထိုသုခချမ်းသာသည် ပီတိနှင့် ကင်းနေသောကြောင့် ငြိမ်သက်သိမ်မွေ့သည်။ ပီတိသည် လှုပ်ရှားချောက်ချား မြောက်တက်နေတတ်သည်။

ထို့ကြောင့် ပီတိနှင့် တွဲနေသော သုခသည် အဆင့်နိမ့်သည်။ အင်အားနည်းနေသည်။ ပီတိကို ဖယ်ရှားလိုက်၍ ပီတိကင်းသော သုခမှာ လေးနက်တည်ငြိမ်သည်၊ အင်အားကြီးမားလာသည်။ ထို့ကြောင့် လောကီတွေ့ထိခံစားရသော သုခဝေဒနာအပေါင်းတို့တွင် ဤတတိယဈာန် ချမ်းသာသုခသည် အကြီးဆုံး၊ အမြတ်ဆုံး၊ အမြင့်ဆုံး ဖြစ်သည်ဟူ၍ ဘုရားအစရှိသော အရိယာပုဂ္ဂိုလ်တို့က ချီးမွမ်းတော်မူကြသည်။ ဤမျှကြီးကျယ် မွန်မြတ်သော ပီတိ မပါသည့် တတိယဈာန်ချမ်းသာ (နိပ္ပီတိကသုခ) ကို အပြင်းအထန် မခံစားဘဲ (ဝါ) သုခနောက်သို့ မလိုက်ပါဘဲ ယင်းချမ်းသာသုခကို လျစ်လျူရှုခြင်းသည် ဈာနုပေက္ခာမည်၏။

၁၀။ ပါရိသုဒ္ဓုပေက္ခာ

ယင်းကို (ပါရိသုဒ္ဓိ + ဥပေက္ခာ) ဟု ပုဒ်ခွဲရသည်။ အလုံးစုံ ဆန့်ကျင်ဘက် တရားတို့မှ စင်ကြယ်သော ဥပေက္ခာဟု ဆိုလိုသည်။ ဤဥပေက္ခာမှာ စတုတ္ထဈာန် (တစ်နည်းအားဖြင့် ပဉ္စမဈာန်) နှင့် ယှဉ်သော တတြမဇ္ဈတ္တတာ စေတသိက်ဖြစ်သည်။ ဈာန်တရားတို့သည် ဆန့်ကျင်ဘက် နီဝရဏတရားတို့ကို ငြိမ်းအေးစေခြင်း ကိစ္စရှိ၏။ နီဝရဏတို့ကို ငြိမ်းအေးအောင် ဆောင်ရွက်ရသည်။ နီဝရဏတရားတို့သည် ဈာန်၏ ဆန့်ကျင်ဘက်များ ဖြစ်ကြသည်။ ယင်းသို့ နီဝရဏ ငြိမ်းအောင် ဆောင်ရွက်ရာ၌ စတုတ္ထဈာန်သို့ ရောက်သောအခါ ဆန့်ကျင်ဘက် နီဝရဏတရား ငါးပါးလုံး ဖယ်ရှားနိုင်ခဲ့ပြီး ဖြစ်၍ ဆန့်ကျင်ဘက်တရားတို့ ငြိမ်းအေးစေရန် ကြောင့်ကြစိုက်ခြင်း သဘောမရှိတော့ချေ။ လျစ်လျူရှုထားနိုင်သည်။ ဤသို့ ဖြစ်ခြင်းကို ပါရိသုဒ္ဓုပေက္ခာဟု ခေါ်သည်။

ဤဥပေက္ခာ ဆယ်ပါးတို့တွင် ဝေဒနုပေက္ခာမှာ ဝေဒနာစေတသိက် ဖြစ်၍ ထပ်မံရှင်းရန် မလိုချေ။ ဝီရိယုပေက္ခာမှာလည်း ဝီရိယစေတသိက်ဖြစ်၍ သီးခြားရှင်းရန် မလိုချေ။
စာမျက်နှာ-304


ဝိပဿနုပေက္ခာနှင့် သင်္ခါရုပေက္ခာတို့မှာ ပညာစေတသိက် တစ်ခုတည်းဖြစ်၍ အနုအရင့်ကွာခြားမှုရှိသည်။ သင်္ခါရုပေက္ခာဉာဏ်သို့ မရောက်မီ ဥဒယဗ္ဗယဉာဏ်မှ အထက်ဝိပဿနာဉာဏ် အခိုက်အတန့်၌ ဝိပဿနုပေက္ခာဉာဏ် ဖြစ်သည်။ ထိုဉာဏ်များ၏ အထက်သို့ ရောက်ရှိ၍ သင်္ခါရုပေက္ခာဉာဏ်ဟု ဆိုအပ်သော ပညာစေတသိက်ကို သင်္ခါရုပေက္ခာဟု ခေါ်ရသည်။ တစ်နည်းအားဖြင့် ဆိုရပါမူ သင်္ခါရတရားတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောကို အထူးဂရုမစိုက်ရတော့ဘဲ ထင်မြင်နေခြင်းသဘောသည် ဝိပဿနုပေက္ခာမည်၏။ သင်္ခါရတရား အာုံကို ကြောက်ရွံ့ထိတ်လန့်မှု၊ လွတ်မြောက်လိုမှု၊ စွန့်လွှတ်လိုမှု မရှိတော့ဘဲ လျစ်လျူရှုနိုင်ခြင်းသည် သင်္ခါရုပေက္ခာမည်၏။

တစ်ဖန် တတြမဇ္ဈတ္တုပေက္ခာ၊ ဗြဟ္မဝိဟာရုပေက္ခာ၊ ဈာနုပေက္ခာ၊ ပါရိသုဒ္ဓုပေက္ခာ၊ ဗောဇ္ဈင်္ဂုပေက္ခာ၊ ဆဠင်္ဂုပေက္ခာ ဤခြောက်မျိုးတို့၏ အနုအရင့် အနိမ့်အမြင့်ကို ခွဲခြားပြဆိုပါဦးမည်။

သာမန်အားဖြင့် ကာမာဝစရကုသိုလ်စိတ်များ ဖြစ်ရာ၌ ယှဉ်ဖော်ယှဉ်ဖက် တရားများ သမာသမတ်ကျ၍ ဟန်ချက်ညီနေခြင်း သဘောသည် တတြမဇ္ဈတ္တုပေက္ခာမည်၏။

သတ္တဝါတို့၏ ချမ်းသာရေး ဆင်းရဲရေး၌ လျစ်လျူရှုခြင်းသည် ဗြဟ္မဝိဟာရုပေက္ခာမည်၏။

ဈာန်တရားကို အားထုတ်ရာ၌ တတိယဈာန်ချမ်းသာကို လျစ်လျူရှုနိုင်ခြင်းသည် ဈာနုပေက္ခာမည်၏။

စတုတ္ထဈာန် အခိုက်၌ ဆန့်ကျင်ဘက်တရားတို့မှ စင်ကြယ်ရန် ကြောင့်ကြဗျာပါရမပြု လျစ်လျူရှုခြင်းသည် ပါရိသုဒ္ဓုပေက္ခာ မည်၏။

လောကုတ္တရာမဂ်ရခါနီး ဖြစ်ခါနီးတွင် ပညာ၊ ဝီရိယ၊ သမာဓိ၊ ပီတိ စသော ဗောဇ္ဈင်တရားတို့ကို သမာသမတ် ညီမျှအောင် ဟန်ချက်ညီညီ ထိန်းနိုင်ခြင်းသည် ဗောဇ္ဈင်္ဂုပေက္ခာမည်၏။

ရဟန္တာဖြစ်ပြီးနောက် အာရုံခြောက်ပါး၊ ဒွါရခြောက်ပါးတို့၌ လောဘ အစွန်း၊ ဒေါသအစွန်း မကျစေဘဲ အလယ်အလတ်သဘော မြင်ကာမတ္တ၊ ကြားကာမတ္တ စိတ်ကို ထားနိုင်ခြင်းသည် ဆဠင်္ဂုပေက္ခာမည်၏။
စာမျက်နှာ-305


ဥပေက္ခာ၏ အနီးရန်သူနှင့် အဝေးရန်သူ

ဥပေက္ခာကမ္မဋ္ဌာန်းစီးဖြန်းမည့် ယောဂီပုဂ္ဂိုလ်သည် မိမိ၏စိတ်ကို မုန်းသူဘက်သို့လည်း မကျ၊ ချစ်သူဘက်သို့လည်း မကျ အလေးညီသော ချိန်ခွင်လျှာကဲ့သို့ အလယ်ဗဟိုချက်၌ အညီအမျှ ထားရမည်။ သုခိတ ဒုက္ခိတ သတ္တဝါတို့အပေါ် ဥပေက္ခာ ပွားနေစဉ် တစ်ဘက်ဘက်သို့ ယိမ်းယိုင်သွားလျှင် ဥပေက္ခာ မဖြစ်တော့ချေ။ ပုဂ္ဂိုလ်တစ်ဦးဦးအား ဂရုမစိုက် အရေးမစိုက်ခြင်းသည်လည်း ဥပေက္ခာ မဟုတ်ချေ။

ဥပမာအားဖြင့် ပြောဆိုဆုံးမ၍ မရသူတစ်ယောက်ကို “ဒီလူကိုဖြင့် ကမ္မသကာ ထားလိုက်တော့၊ ဥပေက္ခာသာ ပြုလိုက်တော့” ဟု သဘောထားခြင်းသည် ဗြဟ္မစိုရ်ဥပေက္ခာ၏ သဘောထား မဟုတ်ပေ။ ဉာဏ်၏ ဆန့်ကျင်ဘက် မောဟနှင့်ယှဉ်သော အကုသိုလ်ဥပေက္ခာ (အညာဏုပေက္ခာ) ဖြစ်သည်။ ထို့ကြောင့် ဗြဟ္မစိုရ်ဥပေက္ခာ၏ အနီးရန်သူသည် အညာဏုပေက္ခာ ခေါ်သော မောဟ ဖြစ်သည်။

ချစ်သူအပေါ်၌ စွဲလမ်းတပ်မက်သော ရာဂနှင့် ရန်သူအပေါ်၌ အမျက်ထွက်သော ဒေါသသည် ဗြဟ္မစိုရ်ဥပေက္ခာ၏ အဝေးရန်သူ ဖြစ်သည်။

ဥပေက္ခာဗြဟ္မစိုရ်ပွားမည့် ယောဂီသည် မောဟနှင့် ဒေါသ အစွန်းနှစ်ဘက် ရန်သူနှစ်ယောက်ကို ရှောင်ရှားနိုင်ရမည်။

အပြစ်နှင့်အကျိုးကို ဆင်ခြင်ခြင်း

မေတ္တာ၊ ကရုဏာ၊ မုဒိတာ ကမ္မဋ္ဌာန်းကို အားထုတ်၍ တတိယဈာန်ရပြီးသော ယောဂီသည် ထိုဈာန်ကို ကျေပြွန်အောင် အထပ်ထပ်လေ့ကျင့်ရမည်။ ထိုဈာန်မှ ထသည့်အခါ မေတ္တာဈာန်စသည်တို့၏ အပြစ်ကို ဆင်ခြင်ရမည်။ ဆင်ခြင်ပုံမှာ မေတ္တာသည် ချစ်ခင်ယုယမြတ်နိုးမှု တဏှာရာဂနှင့် နီးစပ်၏။ ကရုဏာသည် ကာမဂုဏ်ကိုမှီသော နှလုံးမသာယာမှု ဒေါမနဿနှင့် နီးစပ်၏။ မုဒိတာသည် ကာမဂုဏ်ကိုမှီသော ရွှင်လန်းဝမ်းမြောက်မှု သောမနဿနှင့် နီးစပ်၏။ ထို့ကြောင့် မေတ္တာ၊ ကရုဏာ၊ မုဒိတာတို့သည် ရုန့်ရင်းကြမ်းတမ်းသေး၏။ ဥပေက္ခာကား ချစ်ခြင်း၊ မုန်းခြင်း၊ ဝမ်းသာခြင်း၊ နှလုံးမသာယာခြင်း အစွန်းနှစ်ဘက်ကင်းသောကြောင့် ငြိမ်သက်၏။ နူးညံ့သိမ်မွေ့၏ဟု ဆင်ခြင်ရမည်။
စာမျက်နှာ-306


ဈာန်သမာဓိရအောင် ဥပေက္ခာပွားပုံ

ဥပေက္ခာဘာဝနာပွားများရာ၌ ပါရမီကုသိုလ်ဖြစ် ပွားများရန် မလိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဈာန်သမာဓိရရန် ဥပေက္ခာသက်သက်ကို ပွားများ၍ မဖြစ်သောကြောင့်တည်း။

မှန်၏။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ တစ်ပါးပါး ပွားများ၍ တတိယဈာန်ရပြီးသော ပုဂ္ဂိုလ်သည်သာ စတုတ္ထဈာန်ကိုရရှိရန် ဥပေက္ခာကို ပွားရသည်။ ဥပေက္ခာပွားခြင်းဖြင့် ပထမ၊ ဒုတိယ၊ တတိယဈာန်တို့ကို မရနိုင်။

ထို့ပြင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ တစ်ပါးပါး ပွားများ၍ တတိယဈာန်ကို ရရှိပြီးမှသာ ဥပေက္ခာပွား၍ စတုတ္ထဈာန်ကို ရနိုင်သည်။ အခြားကမ္မဋ္ဌာန်းတို့ကို ပွား၍ တတိယဈာန် ရရှိထားသော ပုဂ္ဂိုလ်သည်လည်း ဥပေက္ခာ စတုတ္ထဈာန်ကို မရရှိနိုင်ပေ။

ဥပေက္ခာ ဘာဝနာ ပွားမည့် ယောဂီသည် မေတ္တာစသည်ပွား၍ ရထားသော တတိယဈာန်မှ ထပြီးနောက် ပြဆိုခဲ့ပြီးသော အပြစ်နှင့် အကျိုးကို ဆင်ခြင်ရမည်။ ထို့နောက် မချစ်မမုန်း အလယ်အလတ် ပုဂ္ဂိုလ်အပေါ် ဦးစွာ စ၍ ဥပေက္ခာပွားရမည်။ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း “သူပြုခဲ့သည့်ကံအတိုင်း ဖြစ်နေသည်” ဟု အကြိမ်ကြိမ် ပွားများ နှလုံးသွင်းရမည်။ ထို့နောက် ဝိဘင်း ပါဠိတော်၌—

မချစ်မမုန်းသော ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့မြင်ရလျှင် လျစ်လျူရှုသည်ဖြစ်ရာသကဲ့သို့ ထိုအတူပင် အလုံးစုံသောသတ္တဝါကို လျစ်လျူရှုခြင်း ဥပေက္ခာဖြင့် ဖြန့်အပ်၏—

ဟု ဟောတော်မူသောကြောင့် ချစ်သူစသော သတ္တဝါအားလုံးတို့အပေါ် ဥပေက္ခာ ပွားရာ၏။

ဥပေက္ခာ ၁၃၂-ပါး ပွားနည်း

အနောဓိသ ဥပေက္ခာ ၅-မျိုး
(၁) သဗ္ဗေ သတ္တာ ကမ္မသကာ = သတ္တဝါ အားလုံး ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကုန်၏။
(၂) သဗ္ဗေ ပါဏာ ကမ္မသကာ = အသက်ရှူသူ အားလုံး ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကုန်၏။

စာမျက်နှာ-307


(၃) သဗ္ဗေ ဘူတာ ကမ္မဿကာ = ထင်ရှားဖြစ်သူ အားလုံး ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကုန်၏။

(၄) သဗ္ဗေ ပုဂ္ဂလာ ကမ္မဿကာ = ပုဂ္ဂိုလ် အားလုံး ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကုန်၏။

(၅) သဗ္ဗေ အတ္တဘာဝပရိယာပန္နာ ကမ္မဿကာ = ခန္ဓာကိုယ်အတ္တဘောရှိသူ အားလုံး ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကုန်၏။

ဩဓိသဥပေက္ခာ ၇-မျိုး

(၁) သဗ္ဗာ ဣတ္ထိယော ကမ္မဿကာ = မိန်းမအားလုံး ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကုန်၏။
(၂) သဗ္ဗေ ပုရိသာ ကမ္မဿကာ = ယောက်ျားအားလုံး ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကုန်၏။
(၃) သဗ္ဗေ အရိယာ ကမ္မဿကာ = အရိယာ အားလုံး ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကုန်၏။
(၄) သဗ္ဗေ အနရိယာ ကမ္မဿကာ = ပုထုဇဉ် အားလုံး ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကုန်၏။
(၅) သဗ္ဗေ ဒေဝါ ကမ္မဿကာ = နတ်အားလုံး ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကုန်၏။
(၆) သဗ္ဗေ မနုဿာ ကမ္မဿကာ = လူအားလုံး ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကုန်၏။

(၇) သဗ္ဗေ ဝိနိပါတိကာ ကမ္မဿကာ = အပါယ်သတ္တဝါအားလုံး ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကုန်၏။

ဤအနောဓိသ ဥပေက္ခာ ၅-မျိုးနှင့် ဩဓိသဥပေက္ခာ ၇-မျိုးကို အရပ်မျက်နှာ မညွှန်းဘဲ ပွားရသောကြောင့် “ဒိသာအနောဓိသ ဥပေက္ခာ” ၁၂-ပါး ဟု ခေါ်သည်။ ဤ ၁၂-ပါးကိုပင် မူလအခြေခံ ဥပေက္ခာဟုလည်း ခေါ်သည်။
စာမျက်နှာ-308


ဥပေက္ခာအမျိုးအစား,အရေအတွက်

အနောဓိသ ဥပေက္ခာ,၅
ဩဓိသ ဥပေက္ခာ,၇
ဒိသာအနောဓိသ ဥပေက္ခာ (မူလအခြေခံ),၁၂
အရပ်မျက်နှာ (၁၀) မျက်နှာ,x ၁၀
ဒိသာဩဓိသ ဥပေက္ခာ,၁၂၀
စုစုပေါင်း ဥပေက္ခာ ပွားနည်း,၁၃၂-ပါး

တတိယဈာန်ကို ရပြီးနောက် သတ္တဝါအားလုံးတို့အပေါ် ဤပွားနည်း ၁၃၂-ပါးဖြင့် ကြိမ်ဖန်များစွာ ဥပေက္ခာပွားပါက ဥပေက္ခာစတုတ္ထဈာန် အပ္ပနာသို့ ဆိုက်ရောက်နိုင်လေသည်။ ထိုဈာန်ကို အခြေခံ၍ သင်္ခါရတရားတို့ကို ဝိပဿနာ ရှုပွားနိုင်ပါလျှင် အာသဝေါကုန်ခန်း၍ ရဟန္တာအဖြစ်သို့ ရောက်ရှိနိုင်လေသည်။

ဥပေက္ခာပွားနည်း တစ်မျိုး

ယခုပြဆိုမည့် ဥပေက္ခာပွားနည်းမှာ အင်္ဂုတ္ထိုရ်ပါဠိတော်၊ ပဉ္စကနိပါတ်၊ နီဝရဏဝဂ်၊ အဘိဏှသုတ်၌ ဟောတော်မူသော အောက်ဖော်ပြပါ ပါဠိတော်အရ ဥပေက္ခာပွားခြင်း ဖြစ်သည်။ ယင်းပါဠိတော်၌—

“သဗ္ဗေ သတ္တာ ကမ္မဿကာ ကမ္မဒါယာဒါ ကမ္မယောနိ ကမ္မဗန္ဓု ကမ္မပ္ပဋိသာရဏာ”

ဟူ၍ ဟောတော်မူသည်။ ယင်းပါဠိတော်အရ အောက်ပါအတိုင်း ပွားများရမည်—

သဗ္ဗေ သတ္တာ ကမ္မဿကာ - သတ္တဝါအားလုံး ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကုန်၏။

သဗ္ဗေ သတ္တာ ကမ္မဒါယာဒါ - သတ္တဝါအားလုံး ကံ၏ အမွေခံသာ ဖြစ်ကုန်၏။

သဗ္ဗေ သတ္တာ ကမ္မယောနိ - သတ္တဝါအားလုံး ကံဟူသော အကြောင်းရင်း ရှိကုန်၏။
စာမျက်နှာ-309


သဗ္ဗေ သတ္တာ ကမ္မဗန္ဓု - သတ္တဝါအားလုံး ကံသာလျှင် အဆွေခင်ပွန်း ရှိကုန်၏။

သဗ္ဗေ သတ္တာ ကမ္မပ္ပဋိသာရဏာ - သတ္တဝါအားလုံး ကံသာလျှင် ကိုးကွယ်ရာ အားထားရာ ရှိကုန်၏။

ကမ္မဿကာ စသော ပါဠိ ငါးပုဒ်တို့သည် အက္ခရာအရေးအသား ကွဲပြားသော်လည်း အနက်အဓိပ္ပာယ်အားဖြင့် တူညီကြသည်။ ပါဠိငါးပုဒ်လုံးကိုသော်လည်းကောင်း၊ သို့မဟုတ် မိမိဉာဏ်၌ ထင်လင်းရာ ပါဠိတစ်ပုဒ်ကိုသော်လည်းကောင်း ရွတ်ဆို၍ ပွားများနိုင်ကြသည်။

စဉ်းစားဖွယ်ရာ ဥပေက္ခာ

ဗြဟ္မဝိဟာရလေးပါးအနက် မေတ္တာသည် ဖြည့်ကျင့်ရာပါရမီ ဖြစ်၏။ ဥပေက္ခာသည်လည်း ဖြည့်ကျင့်ရာပါရမီ ဖြစ်၏။ သို့ရာတွင် မေတ္တာမှာ သတ္တဝါတို့ကို အာရုံပြု၍ ချမ်းသာလိုသော စိတ်နှလုံးကို ထားရသောကြောင့် မြင့်မြတ်သော ပါရမီတရား ဖြစ်ထိုက်ကြောင်း သိသာထင်ရှားပေသည်။ ဥပေက္ခာမှာမူကား ဖြည့်ကျင့်ဆည်းပူးရာ ပါရမီတစ်ပါးပင် ဖြစ်သော်လည်း သတ္တဝါတို့ကို အာရုံပြုကာ “သတ္တဝါတို့၌ ချမ်းသာမှု ဆင်းရဲမှုသည် သူတို့၏ ကံအတိုင်းသာ ဖြစ်သည်။ ချမ်းသာထိုက်သော ကံပါလျှင် ချမ်းသာလိမ့်မည်။ ဆင်းရဲထိုက်သော ကံပါလျှင် ဆင်းရဲမည်။ ငါတစ်စုံတစ်ရာမျှ ကြောင့်ကြစိုက်နေဖွယ် မရှိ” ဟု နှလုံးသွင်းခြင်းဖြစ်၍ ဤနှလုံးသွင်းခြင်းမျိုးကို မြင့်မြတ်သည်ဟုဆိုရန် ခဲယဉ်းနေပေသည်။ အရပ်သုံးဝေါဟာရဖြင့် ပြောရလျှင် ဤကဲ့သို့ သတ္တဝါတို့ကို ဂရုမစိုက်ဘဲ ပစ်ထားခြင်း ဥပေက္ခာတရားသည် အဘယ်ကြောင့် မြင့်မြတ်သော ပါရမီတစ်ခု ဖြစ်နိုင်ပါသနည်း။ ဤသို့ စဉ်းစားဖွယ် စောဒကတက်ဖွယ် ဖြစ်လာသည်။ ဤသို့ စဉ်းစားသူ စောဒကတက်သူအား ပြေလည်အောင် သံသယရှင်းအောင် ဖြေရှင်းပြပါမည်။

ဤလောက၌ ရခဲလှသော အရာသည် တန်ဖိုးရှိ၍ တန်ဖိုးထားခံရ၏။ ရလွယ် ဖြစ်လွယ်သောအရာသည် တန်ဖိုးမရှိ၊ တန်ဖိုးထားမခံရသည်မှာ ဓမ္မတာပင် ဖြစ်သည်။ ဥပမာအားဖြင့် အမှိုက်သရိုက် ကျောက်ခဲသလဲတို့သည် ရလွယ်၍ တန်ဖိုးမရှိ။ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား စသည်တို့ကား ရခဲ၍ တန်ဖိုးရှိသည်။
စာမျက်နှာ-310


ဤအတူ ဓမ္မအရာ၌လည်း လောဘ၊ ဒေါသ စသော အကုသိုလ်တရားဆိုးတို့သည် ရလွယ်ဖြစ်လွယ်၍ အနည်းငယ်မျှ တန်ဖိုးမရှိ။ ဒါန၊ သီလ၊ ဘာဝနာ စသော ကုသိုလ်တရားတို့ကား အားထုတ်မှုမရှိဘဲ အလိုအလျောက် မဖြစ်ပွားနိုင်၊ အားထုတ်ဆည်းပူးမှ ရနိုင်ဖြစ်နိုင်သည်။ ထိုတရားတို့တွင် ဒါန၊ သီလတို့ထက် အဆင့်အတန်းမြင့်သော ဘာဝနာကုသိုလ်၌ ပါဝင်သည့် မေတ္တာတရားစစ်စစ် ဖြစ်ဖို့ရန် အလွန်ခဲယဉ်းလှ၏။ မေတ္တာစိတ်ထားဖို့ထက် အလွန့်အလွန် ပို၍ ခက်ခဲသည်ကား ပါရမီမြောက်မည့် ဥပေက္ခာစိတ်ထားဖို့ပင် ဖြစ်သည်။

အရပ်ထဲ၌ “ဤသူကို ယခု ငါ ဥပေက္ခာပြုထားပြီ၊ ဤစီးပွားရေးမှာ ငါသည် ကမ္မဿကာပင် ထားပါသည်” စသည်ဖြင့် အရေးမယူ၊ ဂရုမစိုက်ခြင်းသဘောမျိုးကို လျစ်လျူရှုခြင်းဥပေက္ခာအဖြစ် သုံးစွဲပြောဆိုနေကြသောကြောင့် ဥပေက္ခာသည် အရေးမပါ အရာမရောက် တန်ဖိုးမရှိသကဲ့သို့ ဖြစ်နေသည်။ စင်စစ်အားဖြင့် ဥပေက္ခာဖြစ်ရန် သတ္တဝါပညတ်ကို အာရုံပြု ဂရုစိုက်ရမည်သာ ဖြစ်သည်။

ဥပေက္ခာ၏ သဘောမှာ အာရုံမပြု ဂရုမစိုက် စွန့်ပစ်ရသော သဘောမျိုး မဟုတ်ဘဲ အာရုံပြု၍ ဂရုစိုက်ရမည့် သဘောထား ရှိသည်။ ထိုသို့ ဂရုစိုက်ရာတွင်—

“ငါနှင့်တကွ သတ္တဝါအားလုံး ချမ်းသာစေရန်၊ ဆင်းရဲစေရန် တစ်စုံတစ်ရာ အားထုတ်မှု ပြု၍မရ။ ချမ်းသာထိုက်သော ကံပါသူ ချမ်းသာမည်၊ ဆင်းရဲထိုက်သော ကံပါသူ ဆင်းရဲမည်။ သတ္တဝါတို့၏ ချမ်းသာမှု၊ ဆင်းရဲမှုသည် မိမိတို့ကံနှင့်သာ သက်ဆိုင်သည်၊ တစ်စုံတစ်ရာမျှ ကြောင့်ကြစိုက်၍ မရနိုင်။”

ဟူ၍ သတ္တဝါတို့ကို အာရုံပြုကာ ထင်ထင်ရှားရှား နှလုံးသွင်းနိုင်မှသာလျှင် ဥပေက္ခာစစ်စစ်ဖြစ်သည်။ သတ္တဝါများအတွက် တစ်စုံတစ်ရာ စိုးရိမ်ကြောင့်ကြမှု မပြုရသဖြင့် ဥပေက္ခာတရားသည် သိမ်မွေ့လှ၏။ တည်ကြည်ငြိမ်သက်လှ၏။

ဥပေက္ခာမြင့်မြတ်ပုံ

ဥပေက္ခာသည် မေတ္တာထက်သာလွန် မြင့်မြတ်ပုံကို ထုတ်ဆောင်ပြပါဦးမည်။ သမထနည်းလမ်းအရ ဥပေက္ခာကမ္မဋ္ဌာန်းကို စီးဖြန်းပွားများလိုလျှင် အောက်ဈာန်များအတွက် မပွားများရဘဲ အထက်ဆုံးဈာန်အတွက်သာ ပွားများရသည်။
စာမျက်နှာ-311


ဈာန်တရားသည် ဉာဏ်နုံ့နှေးသူများအတွက် ငါးကြိမ် ပေါက်မြောက်မှ ဈာန်စခန်းအဆုံးသို့ ရောက်သည်။ ထိုပုဂ္ဂိုလ်များအတွက် ပဉ္စကနည်းဖြင့် ဈာန်ငါးပါးကို ဟောတော်မူရသည်။ ဉာဏ်ထက်သူများအတွက်ကား လေးကြိမ် ပေါက်မြောက်လျှင် ဈာန်တရားအဆုံးသို့ ရောက်သည်။ ထိုပုဂ္ဂိုလ်များအတွက် စတုတ္ထနည်းဖြင့် ဈာန်လေးပါးကို ဟောတော်မူသည်။

ထိုယောဂီသည် မည်သည့်ဈာန်ကိုမျှ မရသေးမီ ဈာန်တရားကို ရရှိရန် ကြိုးစားအားထုတ်လိုပါက ဥပေက္ခာကမ္မဋ္ဌာန်းကို စီးဖြန်းပွားများမှု မပြုရပေ။ ဥပေက္ခာကမ္မဋ္ဌာန်းသည် ပဉ္စကနည်းအလို ပဉ္စမဈာန်နှင့်သာ သက်ဆိုင်၏၊ စတုတ္ထနည်းအလို စတုတ္ထဈာန်နှင့်သာ သက်ဆိုင်၏။

ထို့ကြောင့် ဉာဏ်နုံ့နှေးသူဖြစ်လျှင် မေတ္တာစသော ကမ္မဋ္ဌာန်းများဖြင့် စတုတ္ထဈာန်အထိ ပေါက်မြောက်အောင် အားထုတ်ပြီးမှ နောက်ဆုံး ပဉ္စမဈာန်ကို ရရှိအောင် ဥပေက္ခာကမ္မဋ္ဌာန်းကို ပွားများရသည်။ ဉာဏ်ထက်မြက်သူဖြစ်လျှင် မေတ္တာစသော ကမ္မဋ္ဌာန်းများဖြင့် တတိယဈာန်အထိ ပေါက်မြောက်အောင် အားထုတ်ပြီးမှ နောက်ဆုံး စတုတ္ထဈာန်ကို ရရှိအောင် ဥပေက္ခာကမ္မဋ္ဌာန်းကို ပွားများရသည်။ အဘယ်ကြောင့်ဆိုသော် ဥပေက္ခာသည် သိမ်မွေ့ တည်ကြည် မြင့်မြတ်သော သဘောရှိသော တရားဖြစ်၍ အထက်ဈာန်ဝင်စားမှုနှင့်သာ သက်ဆိုင်ပြီး အောက်ဈာန်ဝင်စားမှုများနှင့် မသက်ဆိုင်သောကြောင့် ဖြစ်သည်။

သို့ဖြစ်ရာ မေတ္တာတရားကား အောက်ဈာန်လေးပါး၊ သုံးပါးတို့နှင့်သာ သက်ဆိုင်၏။ ဥပေက္ခာကား အထက်ဈာန်နှင့်သာ သက်ဆိုင်၏။ ထို့ကြောင့် ဥပေက္ခာတရားသည် မေတ္တာတရားထက် သာလွန် မြင့်မြတ်ကြောင်း ထင်ရှားပေသည်။ သမထကမ္မဋ္ဌာန်းအနေဖြင့် စီးဖြန်းခြင်း မဟုတ်ဘဲ ဥပေက္ခာပါရမီ ပြည့်ဝရန်သာ ရည်ရွယ်ခဲ့ပါလျှင်ကား အချိန်မရွေး ဥပေက္ခာတရားကို ပွားများအားထုတ်နိုင်ပေသည်။

အလောင်းတော် ဥပေက္ခာပါရမီ ဖြည့်ပုံ

ဘုရားအလောင်းတော်ကြီးများ၏ ဥပေက္ခာပါရမီဖြည့်ကျင့်ပုံကား ကြက်သီးမွေးညင်းထလောက်အောင် ပြင်းထန်လှပေ၏။ ထို့ကြောင့် ဥပေက္ခာပါရမီ ဖြည့်သောအကျင့်ကို “လောမဟံသစရိယ” ဟု ခေါ်ဝေါ်သည်။ (လောမ=မွေးညင်း + ဟံသ=ရွှင်ခြင်း၊ ထခြင်း၊ ထောင်ခြင်း + စရိယ=အကျင့်။)
စာမျက်နှာ-312


ရှေးအခါက ဘုရားအလောင်းတော်သည် စည်းစိမ်ဥစ္စာတို့ကို ပယ်စွန့်၍ ရဟန်းပြုလိုသော်လည်း အကယ်၍ ရဟန်းပြုလျှင် ဂုဏ်ကျေးဇူးကို ချီးမွမ်းခြင်းဖြင့် ထင်ရှားနေဦးမည်။ ထိုသို့ ထင်ရှားခြင်းကိုလည်း မနှစ်သက်။ ရဟန်းမပြုဘဲ လောကဓံတရားများကို ခံနိုင်ရည်စွမ်း ရှိပါမည်လောဟုလည်း ကြံစည်မိသည်။

ထို့နောက် အလောင်းတော်သည် အထူးသဖြင့် သူတစ်ပါးတို့၏ အနှိပ်အစက်ဒဏ်ကို သည်းခံခြင်း စသောအကျင့်ကို ဖြည့်ကျင့်လျက် သူတစ်ပါးတို့အပေါ် လျစ်လျူရှုခြင်းတည်းဟူသော ဥပေက္ခာပါရမီ အထွတ်အထိပ်သို့ ရောက်စေအံ့ဟု ကြံလျက် ဝတ်မြဲတိုင်း အဝတ်အစားဖြင့် အိမ်မှ ထွက်ခွာလာခဲ့သည်။

မြင့်မြတ်လှသည့် ခေါင်းပါးသော အသက်မွေးခြင်းရှိလျက် အားမရှိတရှိ နို့စို့ကလေးကဲ့သို့ သူတစ်ပါးအပေါ် စိတ်မဆိုးတတ်သူကဲ့သို့ အများက ထင်မြင်ယူဆလာအောင်၊ အများတကာ မလောက်လေးမလောက်စား ညှဉ်းဆဲနှိပ်စက်စရာ ဖြစ်အောင် အသွင်ဆောင်၍ တစ်နေရာတွင် တစ်ညသာ အိပ်လျက် မြို့ရွာနိဂုံးအနှံ့ သွားလာနေထိုင်လေသည်။

အလောင်းတော်သည် ဤသို့အားဖြင့် မရိုမသေမှု၊ ဆဲဆိုကြိမ်းမောင်းမှု များစွာ အပြုခံရသော နေရာ၌ အချိန်ကြာမြင့်စွာ နေတော်မူသည်။ စိတ်နေစိတ်ထားနှင့် ကိုယ်နှုတ်အမူအရာ မရိုင်းပြသော်လည်း အသွင်အပြင်အားဖြင့်မူ သူတစ်ပါး အထင်သေးစရာ၊ မရိုမသေပြုစရာ၊ ဆဲဆိုကြိမ်းမောင်းစရာ ဖြစ်နေသည်။

နေအိမ်မှ ထွက်လာကတည်းက ဝတ်ထားသော အဝတ်အစားများကလည်း ဟောင်းနွမ်းဆွေးမြေ့ စုတ်ပြတ်နေလေပြီ။ အရှက်လုံရုံမျှသာ ရှိတော့သည်။ အမြင်မကောင်း၍ သူတစ်ပါးက အဝတ်အပိုင်းအစကလေးများ လာပေးလျှင်လည်း လက်မခံ။ အရှက်တရားကို ရရာ အရာဝတ္ထုတစ်ခုခုဖြင့် ဖုံးကွယ်လျက် လှည့်လည်သွားလာနေလေသည်။

တစ်နေ့တွင် အလောင်းတော်သည် စရိုက်ကြမ်း၍ ရိုင်းစိုင်းသော ကလေးများရှိသည့် ရွာတစ်ရွာသို့ ရောက်ရှိလေသည်။ ထိုရွာမှ ကလေးများသည် စရိုက်ကြမ်း၏။ မိုက်ရိုင်း၏။ နှုတ်ထွက်ကြမ်း၏။ ပြောင်လှောင်တတ်၏။ လူအိုလူမင်း ဆင်းဆင်းရဲရဲ လမ်းသွားနေသူတို့ကို မြင်လျှင် ကတော့၌ ပြာထည့်၍ ကျောပေါ်၌ ပက်လောင်းတတ်ကြ၏။ တစ်ဖက်သား မချိမဆံ့ ဖြစ်နေအောင် ဆပ်သွားရွက်ကို ချိုင်းကြားထဲသို့ ထိုး၍ ပေးတတ်ကြသည်။
စာမျက်နှာ-313


အလောင်းတော်သည် ထိုကလေးများကို တွေ့မြင်ရလျှင် “ယခု ငါသည် ဥပေက္ခာပါရမီ ပြည့်စုံရန် အကြောင်း အထောက်အပံ့ကောင်းကို ရပြီ” ဟု ကြံစည်လျက် ထိုရွာတွင် နေတော်မူသည်။ ထိုရွာမှ ဆိုးသွမ်းရိုင်းပြသော ကလေးအုပ်သည် အသွင်အပြင် မတင့်တယ်ဘဲ သူရူးသဖွယ် ဖြစ်နေသော အလောင်းတော်ကို မြင်လျှင် နောက်ကြ ပြောင်ကြ ဆဲဆိုကြ၏။ ပြာ၊ ဖုန်မှုန့် စသည်တို့ဖြင့် ပက်ကြ၏။ အလောင်းတော်သည် မခံနိုင်ယောင် ကြောက်ရွံ့ယောင်ဆောင်ကာ ထပြေးတော်မူသည်။ ကလေးများလည်း အလောင်းတော်နောက်သို့ လိုက်၍ မခံနိုင်အောင် ပြုလုပ် ပြောဆိုကြသည်။

အလောင်းတော်သည် သုသာန်အနီးသို့ ရောက်လျှင် “ဤအရပ်၌ ဤကလေးမိုက်တို့အား တားမြစ်ပြောဆိုမည့်သူ မရှိ၊ ငါ၏ ဥပေက္ခာပါရမီကို လှလှကြီး အောင်အောင်မြင်မြင် ဖြည့်ရတော့မည်” ဟု ကြံစည်ကာ သုသာန်အတွင်းသို့ ဝင်၍ လူရိုးတစ်ခုကို ခေါင်းအုံးကာ အိပ်နေတော်မူသည်။

ယင်းသို့ အိပ်နေသော အလောင်းတော်အား ကလေးမိုက်တို့သည် အမျိုးမျိုး ပြောဆို ပြောင်လှောင် ပုတ်ခတ်ကြသည်။ ချွဲ၊ သလိပ်၊ တံတွေး၊ နှပ်ချေးတို့ဖြင့် ထွေးပက်ကြသည်။ ကလေးများ ထိုသို့ ပြုမူခြင်းအပေါ်၌ အလောင်းတော်သည် ဝမ်းသာမှုလည်း မဖြစ်၊ ဝမ်းနည်းမှုလည်း မဖြစ်၊ စိတ်ဆိုးမှု နှလုံးမသာယာမှုလည်း မဖြစ်။ မိမိအား ဘာမျှ မပြုလုပ်သကဲ့သို့ ဘာမျှမဖြစ်သကဲ့သို့ ပကတိ အခြေအနေအတိုင်း အမှုမဲ့အမှတ်မဲ့ နေတော်မူသည်။ ဤသို့ ပြုလုပ်ခံရသည်ကား တစ်နေ့တည်း တစ်ရက်တည်း မဟုတ် နေ့တိုင်း ဖြစ်သည်။

တစ်နေ့တွင် ထိုရွာမှ ပညာရှိ လူကြီးများက ထိုအဖြစ်ကို သိမြင်ကြသဖြင့် ထိုသို့ မပြုလုပ်ကြရန် ကလေးများအား တားမြစ်ကြသည်။ အလောင်းတော်ကိုလည်း “ဤပုဂ္ဂိုလ်ကား တန်ခိုးအာနုဘော် ကြီးလှသော ရသေ့သူမြတ်၊ ယောဂီသူမြတ် ဖြစ်သည်” ဟု သိရှိကြကာ များစွာ ပူဇော်သက္ကာရ ပြုကြသည်။

အလောင်းတော်သည်ကား မိုက်ရိုင်းသော ကလေးများ ငါ့ကို စော်ကားကြသည်၊ ပညာရှိသော လူကြီးများ ငါ့ကို ပူဇော်ကြသည်ဟု ကလေးများနှင့် လူကြီးများအပေါ် မုန်းခြင်း၊ ချစ်ခြင်း၊ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း လုံးဝ မဖြစ်ဘဲ အလယ်အလတ် သဘောဖြင့် ထပ်တူညီမျှသော စိတ်သဘောထားလျက် လျစ်လျူရှုကာ ဥပေက္ခာပါရမီကို ဖြည့်ကျင့်ဆည်းပူးတော်မူလေသည်။
စာမျက်နှာ-314


အလောင်းတော်မြတ် ဤကဲ့သို့ ကျင့်တော်မူပုံကို မြင်ရသူတိုင်း ကြက်သီးမွေးညင်းထကြရသောကြောင့် ဤအကျင့်ကို “လောမဟံသစရိယ” အကျင့်ဟု ခေါ်လေသည်။ ဤကဲ့သို့ ချစ်ခြင်း မုန်းခြင်း ငြိမ်းအေးလျက် ပကတိအတိုင်း နေနိုင်လျှင် ဥပေက္ခာနှင့် ပြည့်စုံပြီဟု မှတ်ယူရမည်။

ဥပေက္ခာ ပျက်စီးခြင်း

ဤလောက၌ လူတစ်ယောက်သည် လူမှုရေးရာနှင့် စပ်လျဉ်း၍ တစ်စုံတစ်ရာ မသိမမြင်ဘဲ တွေတွေဝေဝေ ငေးငေးမှိုင်မှိုင် ထုံထုံထိုင်းဆိုင်း နေခြင်းမှာ ဥပေက္ခာပျက်စီးခြင်း ဖြစ်၏။ ဤကဲ့သို့ လောကလူအများကို ဂရုမထားဘဲ မှိုင်တွေနေခြင်းကို ဥပေက္ခာဟု မခေါ်ဆိုရပေ။ ထိုသို့ ငေးမှိုင်မှုသည် ဥပေက္ခာ မဟုတ်၊ ဥပေက္ခာဟူ၍ အထင်မှားရသည့် မသိမမြင်မှု (မောဟ) သာ ဖြစ်သည်။

ဥပေက္ခာအစစ်မှာ တစ်စုံတစ်ရာ မသိမမြင်ဘဲ တွေတွေဝေဝေ ငေးမှိုင်နေခြင်း မဟုတ်။ သတ္တဝါတို့၏ ချမ်းသာကြောင်း ဆင်းရဲကြောင်း အကောင်းအဆိုးကို သိသည်။ သို့သော် ထိုကိစ္စများသည် ငါနှင့် မသက်ဆိုင်၊ ထိုသူတို့၏ ကံနှင့်သာ ဆိုင်သည်ဟု ထင်ထင်မြင်မြင် နှလုံးသွင်းခြင်းသာ ဖြစ်သည်။ ထို့ကြောင့် အဋ္ဌကထာ၌—

“ပြင်းစွာ တွေဝေငေးမှိုင်နေခြင်းသည် ကောင်းကောင်းဆိုးဆိုး အာရုံအမျိုးမျိုးတို့၌ လျစ်လျူရှုယောင်ဆောင်လျက် လှည့်ပတ်တတ်သည်။ (မောဟက ဥပေက္ခာယောင်ဆောင်၍ လှည့်ပတ်တတ်သည်။) ကုသိုလ်တရားတို့၌ အားမထုတ်လိုခြင်းသည် ဥပေက္ခာဗြဟ္မစိုရ်အယောင်ဆောင်၍ လှည့်ပတ်တတ်သည်။ (ကုသိုလ်ပြုမှု၌ ပျင်းရိခြင်း ကောသဇ္ဇက ဥပေက္ခာယောင်ဆောင်တတ်သည်။)”

ဟူ၍ မိန့်ဆိုထားလေသည်။ ထို့ကြောင့် ဥပေက္ခာပွားမည့် ယောဂီများသည် မောဟတရားနှင့် ကောသဇ္ဇတရားတို့က မိမိတို့အား မလှည့်ပတ်နိုင်အောင် အထူးသတိဆောင်ရမည်။

ဗြဟ္မစိုရ်လေးပါး အဆင့်ဆင့်ပွားပုံ

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရားလေးပါးတို့၏ မူလအစ အရင်းခံကား ယင်းတို့ကို ပွားများအားထုတ်လိုသော ကုသိုလ်ဆန္ဒ ဖြစ်၏။ အလယ်ကား ဆန့်ကျင်ဘက် နီဝရဏနှင့် အနီးရန်သူ၊ အဝေးရန်သူတို့ကို ပယ်ခွာခြင်းဖြစ်၏။ အဆုံးပန်းတိုင်ကား အပ္ပနာဈာန် ရရှိခြင်း ဖြစ်၏။
စာမျက်နှာ-315


ပညတ်တရားအလိုအားဖြင့် တစ်ဦးသော သတ္တဝါသည်လည်းကောင်း၊ များစွာသော သတ္တဝါတို့သည်လည်းကောင်း ယင်းဗြဟ္မစိုရ်တရားလေးပါး၏ အာရုံဖြစ်သည်၊ ဥပစာရ (ဈာန်၏အနီး) သို့ ရောက်သောအခါ၌သော်လည်းကောင်း၊ အပ္ပနာဈာန်သို့ ရောက်သောအခါ၌သော်လည်းကောင်း အာရုံကို ပွားစေခြင်းသည် ဖြစ်နိုင်ပေ၏။ ထိုသို့ ပွားစေပုံအစဉ်ကို ထင်ရှားစေရန် ဥပမာပြပါမည်။

ကျွမ်းကျင်သော လယ်သမားသည် ထွန်သင့်သော အရပ်ကို ပိုင်းခြား၍ ထွန်သကဲ့သို့ ထိုအတူ လက်ဦးအစ၌ပင်လျှင် တစ်ခုသော ကျောင်း၊ အိမ်၊ အဆောက်အဦကို ပိုင်းခြား၍ “ဤကျောင်း၊ ဤအိမ်၌ သတ္တဝါတို့သည် ချမ်းသာကြပါစေ” စသည်ဖြင့် ထိုကျောင်း ထိုအိမ်ရှိ သတ္တဝါတို့အား ဗြဟ္မစိုရ်လေးပါး ပွားရမည်။

ဤကဲ့သို့ တစ်ခုသော ကျောင်း၊ အိမ်ရှိ သတ္တဝါတို့အပေါ်၌ ဗြဟ္မစိုရ်စိတ် နူးညံ့အောင် ခန့်ကျန်းသန်စွမ်းအောင် ပွားပြီးလျှင် နှစ်ခုသော ကျောင်း၊ အိမ် စသည်တို့၌ ပွားရမည်။ ထို့နောက် တစ်ခုသော လမ်း၊ ရွာထက်ဝက်၊ တစ်ရွာလုံး၊ တစ်နယ်လုံး၊ တစ်ပြည်လုံး၊ စကြဝဠာ တစ်ခုလုံးရှိ သတ္တဝါအားလုံးတို့အပေါ်၌ ဗြဟ္မစိုရ်လေးပါး ပွားများရမည်။

ဗြဟ္မစိုရ်လေးပါး တစ်ပြိုင်နက်ပွားပုံ

ရှေးမူမပျက် ဝတ်တက်ဝတ်ကပ်ပြုသော ပုဂ္ဂိုလ်၊ သို့မဟုတ် အသင်းအဖွဲ့များသည် ဘုရားရှိခိုးပြီးသောအခါ မေတ္တာပါဠိများ ရွတ်ဆိုကြသည်။ ယင်းပါဠိများသည် မေတ္တာပို့သက်သက်မဟုတ်ဘဲ ဗြဟ္မစိုရ်တရား လေးပါးလုံးနှင့် သက်ဆိုင်လေသည်။ ယင်းပါဠိများကို ရွတ်ဆို၍ ဗြဟ္မစိုရ်တရား တစ်ပြိုင်နက် ပွားများနိုင်ကြရန် ဖော်ပြပါမည်။

သဗ္ဗေ သတ္တာ၊ သဗ္ဗေ ပါဏာ၊ သဗ္ဗေ ဘူတာ၊ သဗ္ဗေ ပုဂ္ဂလာ၊ သဗ္ဗေ အတ္တဘာဝပရိယာပန္နာ (အနောဓိသ)၊
သဗ္ဗာ ဣတ္ထိယော၊ သဗ္ဗေ ပုရိသာ၊ သဗ္ဗေ အရိယာ၊ သဗ္ဗေ အနရိယာ၊ သဗ္ဗေ ဒေဝါ၊ သဗ္ဗေ မနုဿာ၊ သဗ္ဗေ ဝိနိပါတိကာ (ဩဓိသ)၊
အဝေရာ ဟောန္တု၊ အဗျာပဇ္ဇာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု (မေတ္တာ)၊
ဒုက္ခာ မုစ္စန္တု (ကရုဏာ)၊
ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု (မုဒိတာ)၊
ကမ္မဿကာ (ဥပေက္ခာ)။
(ဒိသာအနောဓိသ ဗြဟ္မစိုရ်)။
စာမျက်နှာ-316


ပုရတ္ထိမာယ ဒိသာယ၊ ပစ္ဆိမာယ ဒိသာယ၊ ဥတ္တရာယ ဒိသာယ၊ ဒက္ခိဏာယ ဒိသာယ၊ ပုရတ္ထိမာယ အနုဒိသာယ၊ ပစ္ဆိမာယ အနုဒိသာယ၊ ဥတ္တရာယ အနုဒိသာယ၊ ဒက္ခိဏာယ အနုဒိသာယ၊ ဟေဋ္ဌိမာယ ဒိသာယ၊ ဥပရိမာယ ဒိသာယ၊
သဗ္ဗေ သတ္တာ (လ) သဗ္ဗေ ဝိနိပါတိကာ—
အဝေရာ ဟောန္တု (လ) ကမ္မဿကာ စ (ဒိသာဩဓိသ ဗြဟ္မစိုရ်)။

အကျိုးဖလ တူမျှဗြဟ္မစိုရ်

မေတ္တာပွားသူအား မေတ္တာအကျိုး (၁၁) မျိုး ရရှိကြောင်းကို မြန်မာဗုဒ္ဓဘာသာဝင်တိုင်းလိုလို သိရှိထားကြသည်။ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်တရား ပွားများလျှင်ကား မည်သည့်အကျိုးများ ရသည်ဟု သိရှိသူ အလွန်နည်းပါးလှပေသည်။

အမှန်စင်စစ်အားဖြင့် မေတ္တာပွားသူ ရသော မေတ္တာအကျိုး (၁၁) မျိုးကိုပင် ကရုဏာပွားသူလည်း ရ၏။ မုဒိတာပွားသူလည်း ရ၏။ ဥပေက္ခာပွားသူလည်း ရ၏။ ထို့ကြောင့် လူသိများသော မေတ္တာအကျိုး (၁၁) မျိုးသည် ဗြဟ္မစိုရ်တရား လေးပါးလုံးအတွက် ရရှိသော အကျိုးအာနိသင်များ ဖြစ်သည်။ ဗြဟ္မစိုရ်လေးပါးအနက် မည်သည့် ဗြဟ္မစိုရ်ကို ပွားများသည်ဖြစ်စေ ထိုအကျိုးအာနိသင် (၁၁) မျိုးကို အပြည့်အဝ ရရှိခံစားရမည်ဟု မှတ်သားကြရာ၏။

ရန်သူအား မေတ္တာပွားရာတွင်

အပ္ပမညာ ၄-ပါးကို ဗြဟ္မစိုရ်ဟု ခေါ်သည်။ ၎င်းကို သာမန်လူများ ပွားများရန် မလွယ်ကူပေ။ အပ္ပမညာ ၄-ပါးအနက် မေတ္တာပွားရာ၌ ရန်သူအပေါ် မေတ္တာပွားများဖို့ အခက်ဆုံးဖြစ်သည်။ မချစ်သောသူကို ချစ်ဖို့ရန် မလွယ်ကူပေ။ မုန်းသူ ရန်သူအပေါ်၌ ပထမဆုံး အာဃာတပျောက်အောင် ကြိုးစားရမည်။ တစ်နည်းအားဖြင့် မုန်းတီးခြင်း၊ စိတ်နာခြင်း၏ အကြောင်းများ တဖြည်းဖြည်း ပါးသွားအောင်၊ ပျော့သွားအောင်၊ မှေးမှိန်ပျောက်ကွယ်သွားအောင် ကြိုးစားရမည်။ မုန်းတီးခြင်း၏ အကြောင်းကား ရန်သူသည် မိမိကို နစ်နာအောင် စီးပွားဥစ္စာပျက်ပြုန်း လူသေဆုံးရသည်အထိ ကျူးလွန်ခြင်း၊ အနိုင်ကျင့် မတရားကျင့်ခြင်းများကြောင့် ဖြစ်သည်။

ရန်သူ၏ အပြစ်အနာအဆာများကို ခွင့်လွှတ်နိုင်အောင် ဥပေက္ခာတရားကို ပွားများရမည်ဖြစ်သည်။ “သဗ္ဗေ သတ္တာ ကမ္မဿကာ” ဟူသည်နှင့်အညီ သတ္တဝါအားလုံး ကံစီမံရာ ခံကြရသည်။ မိမိမှာ ဤကဲ့သို့ ပြစ်မှားစော်ကား ဖျက်ဆီးခံရခြင်း
စာမျက်နှာ-317


ညှဉ်းဆဲခံရခြင်းသည် အတိတ်ကာလ ဘဝါဘဝက အကုသိုလ်ကံများကြောင့် ဖြစ်ရသည်။ ပြုသူအသစ် ခံရသူအဟောင်း ဖြစ်၍ အတိတ်က ဝဋ်ကြွေးကို ပေးဆပ်ရခြင်း ဖြစ်သည်။ ဝဋ်ကြွေးရှိလျှင် ကြေပါစေတော့၊ အတုံ့အလှည့် မယူလိုပါ၊ သူ့ကံနဲ့သူ ရှိပါစေတော့၊ ဤသို့ ကံ၊ ကံ၏ အကျိုးတရားကို စဉ်းစား ဆင်ခြင်သည့်အခါ ရန်သူဟူသော ပုဂ္ဂိုလ်စွဲ လျော့နည်းသွား၍ တရားသဘောကို မြင်လာသည်။ ထိုအခါ ရန်သူ့အပေါ်၌ ဥပေက္ခာပြု လျစ်လျူရှုလာနိုင်တော့သည်။ ရန်ငြိုးပြေပျောက်၍ ခွင့်လွှတ်နိုင်သည့်အခါ ဥပေက္ခာဖြစ်လာပြီဟု မှတ်ယူရမည်။

ယင်းသို့ ဥပေက္ခာပွားပြီးနောက်၌ သူ၏ အကုသိုလ်စေတနာ၊ အကုသိုလ်ကံ ပြစ်မှုများကြောင့် ရန်သူသည် ဆင်းရဲဒုက္ခ ခံစားရလိမ့်ဦးမည်။ အကုသိုလ်ဝဋ်ကြွေးကို ပေးဆပ်ရလိမ့်ဦးမည်။ ဤသို့ ဦးစွာ ဆင်ခြင်လျှင် ရန်သူအပေါ် သနားခြင်း ဖြစ်လာပေမည်။ မြတ်စွာဘုရားရှင်သည် ကျောက်မောင်းဆင်၍ ကျောက်တုံးကြီး လှိမ့်ချခြင်းဖြင့် သတ်ရန် ကြိုးပမ်းသော ဒေဝဒတ်အပေါ် ၎င်းခံစားရမည့် ငရဲဒုက္ခကို ဆင်ခြင် သိမြင်တော်မူ၍ ရန်ပြုလာသော ဒေဝဒတ်အပေါ် သနားခြင်း မဟာကရုဏာ ဖြစ်တော်မူသည်။

ရန်သူအပေါ် မေတ္တာပွားရာ၌ ရှေးဦးစွာ ဥပေက္ခာဖြစ်အောင် ကြိုးစားရမည်။ ထို့နောက် ကရုဏာဖြစ်အောင် ကြိုးစားရမည်။ ထိုသို့ ကရုဏာပွားများပြီးနောက် မေတ္တာကို ပွားရမည်။

“မဟာ”ထိုက်သော ဗြဟ္မစိုရ်

ဗြဟ္မစိုရ်လေးပါးအနက် မေတ္တာသည်လည်း မေတ္တာစွမ်းအားအလျောက်၊ ကရုဏာသည်လည်း ကရုဏာစွမ်းအားအလျောက်၊ မုဒိတာသည်လည်း မုဒိတာစွမ်းအားအလျောက်၊ ဥပေက္ခာသည်လည်း ဥပေက္ခာစွမ်းအားအလျောက် အစွမ်းထက်ကြသည်။ တန်ခိုးအာနုဘော် ကြီးမားကြသည်။ (၁၁) မျိုးသော အကျိုးအာနိသင်တို့ကို ရရှိရာ၌လည်း တူညီကြသည်။

လောကဝေါဟာရ အနေဖြင့်ကား မေတ္တာကို ဦးစားပေးကြသည်။ မေတ္တာကို အထွတ်အထိပ်တင်ထားကြသည်။ မြတ်စွာဘုရား အောင်ခြင်းရှစ်ပါးကို အောင်မြင်တော်မူခြင်းသည်လည်း မေတ္တာတော်အာနုဘော် အစွမ်းကြောင့် ဖြစ်သည်။ သို့ရာတွင် သာမန်လူသားတို့၏ မေတ္တာကို မဆိုထားဘိဦး၊ ဗုဒ္ဓဘုရားရှင်၏ မေတ္တာတော်ကိုပင် “မဟာ” ထပ်၍ “မဟာ” ဖြင့်
စာမျက်နှာ-318


ဝိသေသနပြု၍ “မဟာမေတ္တာတော်” ဟု ကျမ်းဂန်စာပေတို့၌ အသုံးအနှုန်း ဝေါဟာရ မရှိပေ။ ထို့အတူ မုဒိတာ၊ ဥပေက္ခာတို့ကိုလည်း “မဟာ” ပုဒ်ဖြင့် ဝိသေသနပြု၍ မဟာမုဒိတာ၊ မဟာဥပေက္ခာ ဟူသော အသုံးအနှုန်းများ မရှိပေ။ အဘယ်ကြောင့်နည်း။

မေတ္တာသည်ကား သုခိတ၊ ဒုက္ခိတ သတ္တဝါတို့အပေါ် အညီအမျှ ချစ်ခြင်းမေတ္တာစိတ်မျှသာ ဖြစ်၏။ မုဒိတာသည်လည်း သုခိတသတ္တဝါတို့အပေါ် ဝမ်းမြောက်ခြင်း မုဒိတာစိတ်မျှသာ ဖြစ်၏။ ဥပေက္ခာသည်လည်း သတ္တဝါတို့အပေါ် ကံအတိုင်းသာဟု လျစ်လျူရှုခြင်း ဥပေက္ခာစိတ်မျှသာ ဖြစ်၏။ ထိုဥပေက္ခာကို သင်္ခါရုပေက္ခာဉာဏ်အနေဖြင့် ဉာဏ်အရာ၌ ထားသော်လည်း ထိုဉာဏ်ကိုမူ ဝိပဿနာပွားလျှင် ရရှိနိုင်ကြသည်။ ထိုမေတ္တာ၊ မုဒိတာ၊ ဥပေက္ခာတို့သည် “အသာဓာရဏဉာဏ်တော်” အရာ၌ မပါဝင်ကြပေ။

ဗုဒ္ဓဘုရားရှင်၏ သတ္တဝါအားလုံးအပေါ် သနားကြင်နာတော်မူခြင်း ကရုဏာကိုကား သနားခြင်း ကရုဏာစိတ်မျှ၌သာမက “အသာဓာရဏဉာဏ်တော်၊ မဟာကရုဏာသမာပတ္တိဉာဏ်တော်” ဟူ၍ ခေါ်ဝေါ်သုံးနှုန်းလေသည်။ ထို့ကြောင့် ဗြဟ္မစိုရ်လေးပါးအနက် ကရုဏာဗြဟ္မစိုရ်သည် “မဟာ” ထိုက်သော ဗြဟ္မစိုရ်ဖြစ်သည်။ ကရုဏာတစ်ခုတည်းကိုသာ “မဟာကရုဏာတော်” ဟု သုံးနှုန်းရလေသည်။

ဤနေရာ၌ အလျဉ်းသင့်၍ ဗုဒ္ဓဘုရားရှင်၏ “မဟာကရုဏာတော်” အကြောင်းကို ဖော်ပြပါဦးမည်။

မဟာကရုဏာတော်

ပုဂ္ဂိုလ်သတ္တဝါတိုင်း၌ ထိုပုဂ္ဂိုလ်သတ္တဝါ၏ အဆင့်အတန်းအလျောက် သနားကြင်နာတတ်သည့် ကရုဏာစိတ်ထား ရှိကြပေသည်။ သို့ရာတွင် သာမန်ပုဂ္ဂိုလ်သတ္တဝါတို့၏ ကရုဏာစိတ်သည် တည်တံ့ခိုင်မြဲမှုမရှိဘဲ ဖြစ်လွယ်ပျက်လွယ် တတ်သည်။ လွယ်လွယ်သနား၍ လွယ်လွယ်မေ့တတ်သည်။

သတ္တဝါအားလုံးတို့အပေါ် ထားရှိသော ဘုရားရှင်တို့၏ သနားကြင်နာ ကရုဏာသည်ကား အတိုင်းအဆမရှိ အလွန်ကြီးမားလှပေ၏။ ကရုဏာစိတ်သည် ဈာန်သမာဓိအဆင့်သို့ ရောက်နေ၍ လေးနက်တည်ငြိမ်စွာ ခိုင်မာလှပေသည်။ ထို့ကြောင့် ဘုရားရှင်တို့၏ သနားကြင်နာခြင်းကရုဏာကို “မဟာကရုဏာတော်”
စာမျက်နှာ-319


ဟု ခေါ်ရသည်။ ထိုမဟာကရုဏာတော်ဟူသော ဂုဏ်ပုဒ်သည် သာမည လူ၊ နတ်၊ ဗြဟ္မာတို့နှင့် ပတ်သက်မှု မရှိ၊ ဆက်ဆံခြင်း မရှိ၊ ဗုဒ္ဓဘုရားနှင့် တစ်ပါးတည်းသာ ရထိုက်သော၊ ခံယူထိုက်သော ဂုဏ်ပုဒ်ဖြစ်သည်။ ဗုဒ္ဓဘုရားရှင်၏ သီးခြားဂုဏ်တော်ဖြစ်သည်။

ဗုဒ္ဓဘုရားရှင်၏ သတ္တဝါတို့အပေါ် သနားတော်မူသော မဟာကရုဏာတော်ကို အသာဓာရဏဉာဏ်တော်ဟူ၍ လည်းကောင်း၊ မဟာကရုဏာသမာပတ္တိဉာဏ်တော်ဟူ၍ လည်းကောင်း ခေါ်ဝေါ်သုံးစွဲလေသည်။ အကယ်၍ အခြားပုဂ္ဂိုလ် တစ်ဦးဦးအတွက် “မဟာကရုဏာတော်” ဟု သုံးစွဲခဲ့လျှင် ထိုသုံးစွဲသော မဟာကရုဏာတော်သည် အစစ်မဟုတ်ဘဲ အတုသာ ဖြစ်ပေလိမ့်မည်။

“မဟာ” တပ်ရပုံ

အခြားသော ပုဂ္ဂိုလ်တို့၏ သနားကြင်နာခြင်းကို “မဟာ” ဟု ဝိသေသန မပြုဘဲ ဗုဒ္ဓဘုရားရှင်၏ သနားကြင်နာခြင်းကိုမှ အဘယ့်ကြောင့် “မဟာ” ဟု ဝိသေသနပြု၍ “မဟာကရုဏာတော်” ဟု ခေါ်ဝေါ်သုံးစွဲရသနည်း။

အခြားပုဂ္ဂိုလ်တို့၏ သနားခြင်းကရုဏာသည် ကမ္ဘာလောက အားလုံးအပေါ်ရှိ သတ္တဝါအားလုံးတို့အပေါ် ပျံ့နှံ့မှု၊ သက်ရောက်မှု မရှိ။ မိမိမြင်ရာ၊ ကြားရာ၊ သိရာ သတ္တဝါတို့အပေါ်၌သာ သက်ရောက်နိုင်ကြသည်။ သနားနိုင်ကြသည်။ သတ္တဝါအားလုံး ဆင်းရဲဒုက္ခမှ ကင်းလွတ်ပါစေဟု နှုတ်က ဆိုသော်လည်း စိတ်အာရုံကမူ သတ္တဝါအားလုံးအပေါ်၌ မသက်ရောက်နိုင်ဘဲ သတ္တဝါအားလုံးထဲမှ အစိတ်အပိုင်းမျှသော သတ္တဝါအပေါ်၌သာ သက်ရောက်ကြသည်။ ထို့ကြောင့် မဟာမတပ်ဘဲ “ကရုဏာ” ဟုသာ သုံးစွဲရသည်။

ဘုရားရှင်တို့၏ ကရုဏာတော်သည် စကြဝဠာလောကဓာတ် တစ်ခွင်လုံးရှိ သတ္တဝါအားလုံးအပေါ်၌ သက်ရောက်သည်။ မည်မျှဝေးသော နေရာ၌ရှိနေပါစေ ယနေ့ ကျွတ်တမ်းဝင်မည်ဆိုလျှင် ဘုရားရှင်၏ မဟာကရုဏာဉာဏ်တော်၌ ထင်လာရသည်။

ဤကဲ့သို့ အာရုံပြုရာသတ္တဝါတို့၏ များပြားခြင်းကြောင့် အာရုံများပြားမှု “မဟာ” ဟူသော အမည်ကို ကရုဏာနာမ်ဓာတ်အပေါ်၌ တင်စား၍ လည်းကောင်း၊ ကရုဏာတော်သည် သတ္တဝါအားလုံးကို အာရုံပြုနိုင်လောက်အောင်
စာမျက်နှာ-320


စွမ်းအားသတ္တိကြီးမားသောကြောင့် လည်းကောင်း၊ ကရုဏာတော်၏ တန်ခိုးရှိန်စော် အာနုဘော်သည် ကျယ်ပြန့် ကြီးမားသောကြောင့် လည်းကောင်း ဘုရားရှင်တို့၏ သနားခြင်းကရုဏာကို “မဟာ” တပ်၍ “မဟာကရုဏာတော်” ဟု ခေါ်ဝေါ်ရသည်။ (မဓုဋီကာ)

မည်သူနှင့်မျှ မဆက်ဆံပုံ

မဟာကရုဏာတော်သည် မည်သူနှင့်မျှ မဆက်ဆံပုံ (အသာဓာရဏ ဖြစ်ပုံ) ကို ရှင်းလင်းဖော်ပြပါဦးမည်။

သတ္တဝါတို့မည်သည် များသောအားဖြင့် တစ်ကိုယ်ကောင်းသမားများ ဖြစ်ကြ၏။ မိမိတစ်ကိုယ်တော် ကြီးပွားရေး၊ လွတ်မြောက်ရေးအတွက် ကိုယ်လွတ်ရုန်းကန်နေကြသည်။ မိမိကြီးပွားမည်ဆိုလျှင် အခြားသူတို့ကို မငဲ့ကွက်နိုင်၊ ချက်ပိုင်သည်နှင့် အရယူတတ်ကြသည်။

ဗုဒ္ဓဘုရားရှင်ကား တစ်ကိုယ်ကောင်းသမား မဟုတ်၊ တစ်ကိုယ်တော် အလွတ်ရုန်းထွက်သူ မဟုတ်၊ သတ္တဝါအများကို ငဲ့ညှာသနားတော်မူသည်။ သတ္တဝါအများကို ကယ်တင်ရန် ကိုယ်တိုင်ဒုက္ခခံတော်မူသည်။ သတ္တဝါတို့၏ အကျိုးစီးပွားကို ရှေးရှု၍ မိမိ၏ အကျိုးစီးပွားကိုလည်း ကြိုးစားတော်မူသည်။

ဗုဒ္ဓဘုရားရှင်သည် တစ်ကိုယ်ကောင်းသမား မဟုတ်ပုံ၊ သတ္တဝါတို့အား လွန်စွာသနားသည့် မဟာကရုဏာတော် ရှိတော်မူပုံကို အလောင်းတော် သုမေဓာဘဝက စိတ်အကြံတော်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပေသည်။ သုမေဓာဘဝသည် ဘုရားဖြစ်ရန် အလွန်နုသေးသော ဘဝဖြစ်သည်။ ထိုဘဝမှာပင် ဤသို့ ကြံစည်တော်မူခဲ့သည်။ ဤအကြံမျိုး အဘယ်သူ ကြံဝံ့အံ့နည်း။

ငါသည် အလိုရှိပါမူ ယနေ့ပင် ကိလေသာတို့ကို လောင်မြိုက် ပယ်ရှား၍ ရဟန္တာစင်စစ် ဖြစ်နိုင်သည်။ ဤ ဒီပင်္ကရာ ဘုရားရှင် သာသနာ၌ ငါတစ်ပါးတည်းနိဗ္ဗာန်ကူးခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ သတ္တဝါအပေါင်းကို ကယ်တင်နိုင်ရန် သဗ္ဗညုဗုဒ္ဓဖြစ်အောင် ကြိုးစားမည်။

သံသရာတည်းဟူသော ရေအလျဉ်ကို ဖြတ်၍ ဘဝသုံးပါးတို့ကို ဖျက်ဆီးပြီးလျှင် မဂ္ဂင်ရှစ်ပါး တရားဖောင်ထက်သို့ ကိုယ်တိုင် လက်ဦးထက်စီးပြီးလျှင် သံသရာဝဲဩဃ၌ နစ်မြုပ်နေသည့် သတ္တဝါအပေါင်းကို ငါထုတ်ဆယ် ကယ်တင်အံ့။
စာမျက်နှာ-321


ဤသို့ကြံစည်တော်မူ၍ လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း ကာလကြာအောင် သံသရာဝဋ်ဆင်းရဲဒုက္ခကို ရင်စည်းခံတော်မူလျက် ပါရမီတော်များကို ဖြည့်ကျင့်တော်မူခဲ့သည်။

ထို့ကြောင့် “မဟာကရုဏာတော်” ဟူသော အသုံးအနှုန်း ဝေါဟာရသည် ဗုဒ္ဓဘုရားရှင်နှင့်သာ ထိုက်တန်သည်၊ ဗုဒ္ဓဘုရားရှင်နှင့်သာ ဆက်ဆံသည်။ အခြားမည်သည့် ပုဂ္ဂိုလ် သတ္တဝါနှင့်မှ မထိုက်တန်ချေ၊ မဆက်ဆံချေ။

မဟာကရုဏာ သက်တော်မူပုံ

ဗုဒ္ဓဘုရားရှင်သည် သတ္တဝါအပေါင်းတို့အား မဟာကရုဏာသမာပတ္တိဉာဏ်တော်ဖြင့် လွန်စွာ သနားကြင်နာတော်မူသည်။ ဗုဒ္ဓဘုရားရှင်၏ သတ္တဝါတို့အပေါ် သနားကြင်နာခြင်းကို မည်သူတစ်ဦးတစ်ယောက်၏ သနားကြင်နာခြင်းနှင့်မျှ ဥပမာနှိုင်းခိုင်း၍ မရနိုင်ချေ။

မြတ်စွာဘုရားရှင်သည် နေ့စဉ်မိုးသောက်ယံအချိန်၌ မဟာကရုဏာသမာပတ္တိဉာဏ်တော်ဖြင့် သတ္တဝါအပေါင်းတို့အား လွန်စွာသနားခြင်း အကြိမ်ကြိမ် ပွားလျက် ကျွတ်ထိုက်သူတို့အား ရှုမြင်ဆင်ခြင်တော်မူသည်။ သမာပတ္တိကို သမာပတ်ဟု ခေါ်၍ အကြိမ်ကြိမ် မဟာကရုဏာဈာန်ကို ဝင်စားခြင်းကို မဟာကရုဏာသမာပတ် ဝင်စားသည်ဟု ခေါ်ဆိုရသည်။

ဘုရားရှင်တို့သည် မဟာကရုဏာသမာပတ် ဝင်စားလျက် သတ္တဝါတို့အား သနားတော်မူပုံ အခြင်းအရာကို ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှ အကျဉ်းချုပ် ကောက်နုတ်ဖော်ပြပါဦးမည်။

ဘုရားရှင်တို့၏ ကြီးမြတ်သော မဟာကရုဏာတော်သည် သတ္တဝါတို့၌ သက်ရောက်၏။

သတ္တဝါအပေါင်းသည် ရာဂစသည်တို့ဖြင့် တောက်လောင်နေ၏ဟု ရှုလျက် မဟာကရုဏာသက်တော်မူသည်။

သတ္တဝါအပေါင်းသည် အိုခြင်း၊ နာခြင်းဖြင့် မရပ်မတည်လှည့်လည်နေ၏ဟု ရှုလျက်၊ လမ်းမှားသို့ သွားနေ၏ဟု ရှုလျက်၊ သေခြင်းသို့ အဆွဲခံနေရ၏ဟု ရှုလျက်၊ စောင့်ရှောက်မည့်သူ မရှိ၊ တဏှာ၏ ကျွေးကျွန်ဖြစ်၏၊ ကိုးကွယ်ရာမဟုတ်ဘဲ ကိုးကွယ်ရာဟု ထင်နေကြ၏ဟု ရှုလျက် မဟာကရုဏာသက်တော်မူ၏။
စာမျက်နှာ-322


သတ္တဝါအပေါင်းသည် ရာဂစသောမြားတို့ဖြင့် ပစ်ဖောက်ခံနေရ၏။ ငါဘုရားမှတစ်ပါး ထိုမြားကိုနုတ်ပေးနိုင်သူမရှိ၊ အဝိဇ္ဇာမှောင်မိုက်တို့ဖြင့် ပိတ်ဖုံးနေ၏။ အဝိဇ္ဇာဥခွံ၌ ဖြစ်နေ၏၊ ကိလေဘဝအကျဉ်းထောင်၌ သွင်းလှောင်ခံနေရ၏၊ ငါဘုရားမှတစ်ပါး အလင်းဆောင်ပေးနိုင်သူ မရှိဟု ရှုလျက် မဟာကရုဏာသက်တော်မူသည်။

မြတ်စွာဘုရားရှင်သည် နေ့စဉ် နံနက်မိုးသောက်ချိန် မဟာကရုဏာသမာပတ်ကို ဝင်စားတော်မူ၍ မဟာကရုဏာဉာဏ်တော်ဖြင့် ဤလောကတစ်ခွင်လုံးကို လွှမ်းမိုးဖြန့်အုပ်၍ ကြည့်တော်မူသည်။ မဟာကရုဏာရှင်သည် မည်သူ့ကိုမျှ အပြစ်ဒဏ်ပေးခြင်းမရှိ၊ သားတစ်ယောက်သာရှိသော မိခင်သည် ထိုသားဖြစ်သူ မည်မျှဆိုးသွမ်းနေသော်လည်း မိမိအပေါ် မကောင်းကြံ၊ အဖန်ဖန်နှိပ်စက်နေသော်လည်း မိမိအသက်ကိုသာ အသေခံမည်။ မိမိသာ အနာခံမည်။ ထိုတစ်ဦးတည်းသော သားကို ဘေးဒုက္ခ မရောက်စေရန် အစဉ်အမြဲ စောင့်ရှောက်ကာကွယ်နေပေလိမ့်မည်။ မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ်အား ကျောက်မောင်းဆင်၍ သတ်သူ၊ အရက်ယစ်သောဆင်ကို စေလွှတ်၍၊ လေးသမားတို့ကို စေလွှတ်၍ သတ်သူ ဒေဝဒတ်အပေါ်၌ မိမိရင်သွေးတော် အရှင်ရာဟုလာနှင့် ထပ်တူထပ်မျှ သနားကြင်နာတော်မူလျက်ရှိသည်။ ဤကဲ့သို့ မဟာကရုဏာတော်ရှင် ဘွဲ့ထူးကို ခံယူနိုင်ရန်မှာ ခက်ခဲလှပေသည်။ ထို့ကြောင့် ဤမဟာကရုဏာတော်ရှင် ဟူသော ဂုဏ်ထူးဝိသေသကို အသုံးပြုတော့မည် ဆိုပါက စဉ်းစဉ်းစားစား ပြုသင့်ကြပေသည်။
စာမျက်နှာ-323


အခန်း (၈)

အာဟာရေ ပဋိကူလသညာ ရှုမှတ်ပွားများပုံ

အာဟာရ (၄) မျိုး

အာဟာရေပဋိကူလသညာ ဆိုသည်မှာ စားစရာ သောက်စရာ အစာအာဟာရ၌ စက်ဆုပ်ရွံရှာဖွယ်ဟု ဆင်ခြင်သော အမှတ်သညာကို ခေါ်သည်။ (အာဟာရေ=အစာအာဟာရ၌ + ပဋိကူလ=စက်ဆုပ်ရွံရှာဖွယ် + သညာ=အမှတ်သညာ)

“အာဟာရေ” ဟူသော ပုဒ်အရ အာဟာရသည် လေးမျိုးရှိ၏။ ၎င်းတို့မှာ—
(၁) ကဗဠီကာရာဟာရ = အစားမျိုအပ်သော အစာအာဟာရ။
(၂) ဖဿာဟာရ = အာရုံနှင့်ထိတွေ့မှု အစာအာဟာရ။
(၃) မနောသန္စေတနာဟာရ = စေတနာဟူသော အစာအာဟာရ။
(၄) ဝိညာဏာဟာရ = ဝိညာဉ်ဟူသော အစာအာဟာရ။

အာဟာရ ၄-မျိုးနှင့် ဘေး ၄-မျိုး

ထိုအစာအာဟာရတို့သည် သတ္တဝါတို့အတွက် အသက်ရှည်ခြင်း စသော အကျိုးတရားများကို ဖြစ်ပွားစေသကဲ့သို့ ဘေးအန္တရာယ်တို့ကိုလည်း ဖြစ်ပွားစေတတ်၏။ ထိုဘေးတို့သည်—
(၁) နိကန္တိတဏှာဘေး = အစားအစာ၌ တပ်မက်ခြင်း။
(၂) ဥပယာသဘေး = အာရုံသို့ ကပ်ရောက်ခြင်း။
(၃) ဥပပတ္တိဘေး = ထိုထိုဘဝ၌ ဖြစ်ရန် ပစ်ချခြင်း။
(၄) ပဋိသန္ဓေဘေး = အခြားဘဝများနှင့် ဆက်စပ်ခြင်း။

ထိုဘေးအမျိုးမျိုးတို့သည် အာဟာရ လေးမျိုးတို့နှင့် အစဉ်လိုက် တွဲဖက်လျက် အာဟာရကို သုံးဆောင်သော သတ္တဝါတို့အား ဘေးဒုက္ခအန္တရာယ်ကို ပေးနေကြ၏။
စာမျက်နှာ-324


ကဗဠီကာရာဟာရ

အလုပ်အကျွေး (ထမင်းလုတ်) ပြု၍ စားအပ်သော ထမင်း၊ မုန့်၊ သား၊ အသီး၊ အရွက် စသည်တို့၌ တည်ရှိသော ဩဇာဓာတ် (အဆီ အစေး) သည် ကဗဠီကာရာဟာရ မည်၏။ (ကဗဠီ=ထမင်းလုတ် + ကာရ=ပြုခြင်း + အာဟာရ=အစားအစာ)

သတ္တဝါတို့ စားမျိုလိုက်သော အစားအစာကို ကဗဠီကာရာဟာရဟု ခေါ်သည်။ ယင်းအာဟာရသည် “ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ ဩဇာ” ဟူသော ရုပ်ရှစ်ပါးကို ဤခန္ဓာကိုယ်အတွင်း၌ ဖြစ်စေတတ်၏။ ဆိုလိုသည်မှာ စားမျိုလိုက်သော အစာအာဟာရတို့သည် သတ္တဝါတို့၏ ခန္ဓာကိုယ်ထဲ၌ အဆိုပါ ရုပ်ရှစ်ပါးအဖြစ်သို့ ပြောင်းလဲ ဖွဲ့စည်းတည်ရှိနေကြ၏။

ရသတဏှာနှင့် ကာမတဏှာဘေး

အစာအာဟာရကို သုံးဆောင်စားသောက်နေကြသော သတ္တဝါတိုင်း၌ အရသာကို တပ်မက်တွယ်တာမှု ရသတဏှာသည် အလွန်အင်အားကြီးမား၏။ ထို့ပြင် မဟာသုတသောမဇာတ်တော်၌ ပေါရိသာဒမင်းကြီးသည် လူသားအရသာ၌ စွဲလမ်းသဖြင့် ထီးနန်းစွန့်ကာ တောပုန်းလူဆိုးလုပ်လျက် လူသတ်ပြီး လူသားစားနေခဲ့သည်။ ပီဠိယက္ခမင်းကြီးသည် လတ်ဆတ်သော သမင်သား၌ စွဲမက်၍ ထီးနန်းစွန့်ကာ တောတောင်လှည့်လည်ပြီး သားသမင်တို့ကို လိုက်လံပစ်ခတ် စားသောက်နေခဲ့သည်။

သတ္တဝါတို့၌ ကိုက်ခဲ ဝါးမျို စားသောက်အပ်သော ထမင်း၊ မုန့်၊ သား၊ ငါး၊ အသီး၊ အရွက်စသော အစာအာဟာရကို မှီဝဲရမှုကြောင့်သာ ကာမတဏှာ စွမ်းအားဖြစ်ပေါ်နိုင်၏။ ကာမတဏှာ၏ အကြောင်းရင်းမှာ အစာအာဟာရ ဖြစ်၏။ အချိန်ကာလ ကြာမြင့်စွာ အစာအာဟာရ ပြတ်လပ်နေသူ၌ ကာမရာဂ ဖြစ်ပေါ်နိုင်ရန် အင်အားမရှိချေ။

သာဓကအားဖြင့် ရှေးအခါက သီဟိုဠ်ကျွန်း၌ ဗြာဟ္မဏတိဿ ခိုးသူဘေးကြီး ဖြစ်ပေါ်၍ ၁၂-နှစ်တိုင်တိုင် မိုးခေါင်သဖြင့် အငတ်ဘေးကြီး ဆိုက်ရောက်ခဲ့ဖူး၏။ ထိုကာလအတွင်း ဇနီးမောင်နှံ စုံတွဲများသည် ခိုးသူဘေးကြီးမှ လွတ်မြောက်ရန် ပြေးလွှားရှောင်ရှား ပုန်းအောင်းနေကြရသဖြင့် ရက်ပေါင်းများစွာ အစာအာဟာရ ပြတ်လပ်လျက် အာဟာရဓာတ် မပြည့်မဝဖြစ်နေခဲ့ကြရသည်။ ထိုဇနီးမောင်နှံတို့သည် အတူတကွနေကြရသော်လည်း တစ်ဦးကိုတစ်ဦး ကာမရာဂစိတ်ဖြင့် ကြည့်ရှုလိုစိတ်ပင် မဖြစ်ပေါ်ခဲ့ကြချေ။ ထို့ကြောင့် ထိုစဉ်ကာလအတွင်း သီဟိုဠ်ကျွန်း၌ ကလေးမွေးဖွားမှု မရှိသလောက် ဖြစ်ခဲ့
စာမျက်နှာ-325


ရသည်။ ခိုးသူဘေးကြီး အေးငြိမ်းသွားသောအခါ၌ကား ပြည်သူတို့ အစားအစာ ဝပြောသာယာပြီး အာဟာရဓာတ်ပြည့်ဝလာသဖြင့် သီဟိုဠ်တစ်ကျွန်းလုံး၌ နေ့စဉ် ကလေး မွေးဖွားမှုများ ရှိလာခဲ့သည်ဟု ဆိုလေသည်။

ထို့ကြောင့် အစာအာဟာရသည် အရသာကို တပ်မက်တွယ်တာမှု ရသတဏှာနှင့် ကာမတဏှာ ဖြစ်ပေါ်ခြင်း၏ အဓိကအကြောင်းရင်း ဖြစ်သည်။ ယင်းတဏှာနှစ်မျိုးသည် အကြီးဆုံးဘေးရန်များ ဖြစ်ကြသည်။

အစာခွဲဝေပုံ

သတ္တဝါတို့စားမျိုလိုက်သော ထမင်း၊ မုန့်၊ သား၊ ငါး၊ အသီး၊ အရွက်စသည့် အစာအာဟာရတို့သည် အစာသစ်အိမ်သို့ ရောက်ရှိသွားသောအခါ ကမ္မဇတေဇောဓာတ်က ချေချက်ပြီးနောက် အောက်ပါအတိုင်း (၅) ခု (၅) ပုံ ခွဲဝေလိုက်သည်—
(၁) ပိုးမျိုး (ဂဏ) ပိုးစာအတွက် - ၁-ပုံ၊
(၂) ပါစကဝမ်းမီး (မီးစာ) အတွက် - ၁-ပုံ၊
(၃) ကျင်ကြီးအတွက် - ၁-ပုံ၊
(၄) ကျင်ငယ်အတွက် - ၁-ပုံ၊
(၅) ရသဓာတ်ရည် (သွေးသား) အတွက် - ၁-ပုံ၊

ထို့ကြောင့် ညောင်ကန်ဆရာတော် ဦးဗုဓ်က—

“ပိုးစာ၊ လောင်မီး၊ ကျင်ကြီး ကျင်ငယ်၊ တသွယ် သွေးသား၊ ဖြစ်လေငြားသည်၊ ငါးပါးအစာ ခွဲဝေတည်း”

ဟု ဖွဲ့ဆိုတော်မူခဲ့သည်။

ပဉ္စမပါရာဇိကသိက္ခာပုဒ် ပညတ်တော်မူရန်

စားသောက်ဖွယ်ရာ အစာအာဟာရကို သုံးဆောင်သော ယောဂီပုဂ္ဂိုလ် (ရဟန်း) သည် အာဟာရ၌ စက်ဆုပ်ရွံရှာဖွယ် ဖြစ်အောင် သတိဆောင်၍ သုံးဆောင်ရမည်။ ဗုဒ္ဓဘုရားရှင် သာသနာတော်၌ အစာအာဟာရကို သုံးဆောင်ရာတွင် ရဟန်းသည် လူကဲ့သို့ ကိုယ်လက်ကြံ့ခိုင်စေရန်၊ ချောမောလှပ ပြည့်ပြည့်ဖြိုးဖြိုး ရှိစေရန်၊ ကိုယ်ခန္ဓာထွားကျိုင်း သန်မာစေရန်အတွက် သုံးဆောင်ရသည် မဟုတ်။ ခန္ဓာကိုယ်တည်တံ့၍ သာသနာပြုနိုင်စေရန် ရည်ရွယ်လျက် သုံးဆောင်ရသည်။ (မ၊ ၁၊ ၁၂)

ဤလောက၌ ဘုရားရှင်နှင့် တပည့်သား သံဃာတော်များသည် လာဘ်ပူဇော်သက္ကာ အလွန်များပြားလှ၏။ ဘုရားရှင်နှင့် သံဃာတော်များ၏ လာဘ်ပူဇော်
စာမျက်နှာ-326


သက္ကာသည် တစ်ပေါင်းတည်း စီးဆင်းနေသော မြစ်ကြီးနှစ်သွယ်တို့၏ ရေအလျဉ်ကဲ့သို့ ဖြစ်၏။ ထို့ကြောင့် ဘုရားရှင်သည် တပည့်သား သံဃာတော်များ အာဟာရကို သုံးဆောင်ရာ၌ သတိသမ္ပဇဉ်ဉာဏ်အမြင်ရှိ၍၊ လျစ်လျူရှု၍၊ ဆန္ဒရာဂ မငြိတွယ်မူ၍ သုံးဆောင်ခြင်း ပြု-မပြု ကြည့်ရှု ဆင်ခြင်တော်မူသည်။ ထိုအခါ အချို့သော ရဟန်းသစ်တို့သည် အာဟာရ၌ ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ သုံးဆောင်ကြသည်ကို သိမြင်တော်မူရာ—

ငါသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ခဲ့သည်မှာ လာဘ်ပူဇော်သက္ကာအတွက် မဟုတ်၊ အရဟတ္တဖိုလ် အတွက်သာ ဖြစ်သည်၊ ငါ့ထံ၌ ရဟန်းပြုကြသော ရဟန်းတို့သည်လည်း လာဘ်ပူဇော်သက္ကာ အတွက် မဟုတ်၊ အမြတ်ဆုံး အရဟတ္တဖိုလ် အတွက် ရဟန်းပြုကြသည်၊ ယခုအခါ၌ ဤရဟန်းတို့ကား အနှစ်မဲ့ကို အနှစ်၊ အကျိုးမဲ့ကို အကျိုး ပြုလုပ်နေကြ...

ဟု ဓမ္မသံဝေဂ ဖြစ်တော်မူ၏။ ထို့နောက် ဘုရားရှင်သည်—

အကယ်၍သာ ပဉ္စမ (၅-ခုမြောက်) ပါရာဇိကသိက္ခာပုဒ်ကို ပညတ်ရိုးထုံးစံရှိလျှင် ပစ္စဝေက္ခဏာမဆင်ခြင်ဘဲ အစာအာဟာရ သုံးဆောင်မှုသည် ပဉ္စမပါရာဇိကပညတ်တော် ဖြစ်ရပေမည်။ အစာအာဟာရ ဆိုသည်မှာလည်း သတ္တဝါတို့ အမြဲတစေ မှီဝဲသုံးဆောင်ရာဖြစ်၍ ပဉ္စမပါရာဇိကသိက္ခာပုဒ်အဖြစ် ပညတ်ခြင်းငှါ မဖြစ်နိုင်၊ သို့ရာတွင် ပစ္စဝေက္ခဏာမဆင်ခြင်ဘဲ အာဟာရသုံးဆောင်မှုကို ပဉ္စမပါရာဇိကကဲ့သို့ ထင်မြင်လာအောင် တရားမှန်ပြင် (ဓမ္မကြေးမုံ) ကို ထားအံ့—

ဟု ကြံစည်တော်မူလျက် ဖော်ပြပါ “ပုတ္တမံသူပမသုတ္တန်” ကို ဟောကြားတော်မူလေသည်။ (သံ၊ဋ္ဌ ၂၊ ၉၅)

ရင်သွေးငယ်၏ အသားစားရပုံ ဥပမာ (ပုတ္တမံသူပမာ)

ဇနီးမောင်နှံ နှစ်ဦးတို့သည် တစ်ဦးတည်းသော သားငယ်ကလေးကို ထွေးပိုက်ပွေ့ချီလျက် ယူဇနာတစ်ရာရှိသော ကန္တာရခရီးခဲကို စားနပ်ရိက္ခာ အနည်းငယ်ဖြင့် ဖြတ်သန်းသွားကြသည်။ ယူဇနာငါးဆယ်ခန့်အရောက်တွင် ရိက္ခာပြတ်ပြီး ဆာလောင်မွတ်သိပ်ကြသဖြင့် အရိုးအရွက်ကျဲကျဲ သစ်ပင်ရိပ်၌ ရပ်နားကြသည်။

ထိုစဉ် လင်ယောက်ျားဖြစ်သူက “ငါ့ကို သတ်ပြီး ငါ့အသား တစ်ဝက်ကို စား၊ တစ်ဝက်ကို ရိက္ခာလုပ်၍ ရှင်မတို့ သားအမိနှစ်ယောက် ကန္တာရခရီးကို လွန်မြောက်အောင် ကြိုးစားပါ” ဟု ဇနီးဖြစ်သူအား ပြောရှာသည်။ ဇနီးဖြစ်သူ
စာမျက်နှာ-327


ကလည်း “ကျွန်မကို သတ်၍ အသားတစ်ဝက်ကိုစား၊ တစ်ဝက်ကို ရိက္ခာလုပ်ပြီး ရှင်တို့သားအဖနှစ်ယောက် ကန္တာရခရီးခဲကို လွန်မြောက်အောင် ကြိုးစားပါ” ဟု လင်ယောက်ျားအား ပြန်ပြောရှာသည်။

တစ်ဖန် ယောက်ျားဖြစ်သူက “မိခင်သေလျှင် သားငယ်လည်း သေပါလိမ့်မည်၊ သားငယ်သည် မိခင်နှင့်ကင်း၍ အသက်မရှင်နိုင်ပါ၊ ငါတို့နှစ်ယောက် အသက်ရှင်သေးပါက နောက်ထပ်သားတစ်ယောက် ရနိုင်ပါသည်၊ သားလေးကို သတ်၍ သားလေး၏အသားကိုစားပြီး ခရီးခဲကို လွန်မြောက်အောင် ကြိုးစားကြပါစို့” ဟု ပြောလေသည်။

ထိုအခါ မိခင်က လူစကားနားမလည်ရှာသေးသော သားငယ်လေးကို ဖခင်ထံသို့လွှတ်လိုက်၏။ ဖခင်သည် သားငယ်လေးကို ပွေ့ချီလျက် “ငါသည် သားသမီးကို ကျွေးမွေးရန် လယ်ထွန် နွားကျောင်းသော အလုပ်ကြမ်းများကို အဆင်းရဲခံ လုပ်ခဲ့၏။ ငါ့သားလေးကို ငါမသတ်ရက်ပါ၊ ရှင်မသာ သတ်ပါတော့” ဟု ပြော၍ သားလေးကို မိခင်ထံ လွှတ်ပေးလိုက်ပြန်သည်။ မိခင်သည် သားလေးကို ပွေ့ချီလျက် “ငါသည် သားလေးကို ရရှိရန် နတ်ပူဇော်ပသခြင်း သားသမီးရရန် သားဆုတောင်းခြင်းမှစပြီး ဝမ်းနှင့်လွယ်၍ မွေးဖွားရသည်အထိ ဆင်းရဲဒုက္ခပေါင်း များစွာ ခံခဲ့ရ၏၊ သားလေးကို မသတ်ရက်ပါ” ဟု ဆို၍ ဖခင်ထံ လွှတ်လိုက်ပြန်သည်။

ဤသို့အားဖြင့် မိဘနှစ်ပါးအကြား အကြိမ်ကြိမ် သွားရဖန်များသဖြင့် ပင်ပန်းနွမ်းနယ်သည်က တစ်ကြောင်း၊ အာဟာရဓာတ် ပြတ်လပ်နေသည်က တစ်ကြောင်းတို့ကြောင့် သားငယ်လေးမှာ သေဆုံးသွားရရှာတော့သည်။ ဤဖြစ်အင်ကို မြင်ရသော မိဘတို့မှာလည်း ရင်ပတ်စည်တီး ငိုကြီးချက်မ မြည်တမ်းခဲ့ကြရသည်။ သို့သော် ကန္တာရခရီးခဲ၌ ရိက္ခာပြတ်လပ်နေသဖြင့် သားငယ်လေး၏ အသားမှတစ်ပါး စားစရာလည်း ဘာမျှမရှိသောကြောင့် သားငယ်လေး၏ အသားကို စားစရာရိက္ခာအဖြစ် အသုံးပြု၍ ကန္တာရခရီးခဲကို ဖြတ်သန်း လွန်မြောက်ခဲ့ကြရလေသည်။

ထိုဇနီးမောင်နှံတို့သည် သားငယ်လေး၏ အသားကို မစားလိုသော်လည်း ခရီးခဲကို လွန်မြောက်ခြင်းအကျိုးငှာ ကြိတ်မှိတ်၍ စားမျိုကြရရှာသည်။ ထိုသို့ စားရာတွင်လည်း “မြူးထူးပျော်ပါးလိုခြင်း၊ မာန်ယစ်လိုခြင်း၊ တန်ဆာဆင်လိုခြင်း၊ အရေအဆင်း ကြည်လင်စေခြင်းငှါ” စားကြရသည် မဟုတ်ပေ။ သားငယ်လေး၏ အသားကို စားကြရာတွင်—
စာမျက်နှာ-328


(၁) ဇာတ်တူသား ဖြစ်ခြင်း၊
(၂) ဆွေမျိုးအသား ဖြစ်ခြင်း၊
(၃) ရင်သွေးငယ်၏အသား ဖြစ်ခြင်း၊
(၄) ချစ်လှစွာသော သားငယ်အသား ဖြစ်ခြင်း၊
(၅) နုသောအသား ဖြစ်ခြင်း၊
(၆) စိုသောအသား ဖြစ်ခြင်း၊
(၇) မစားကောင်းသောအသား ဖြစ်ခြင်း၊
(၈) ဆားမပါခြင်း၊

(၉) ဂျင်း၊ မိတ်သလင်၊ မဆလာတို့ဖြင့် ဆုပ်နယ်ထုံမွှမ်း မထားသဖြင့် ညှီစော်ပုပ်စော် နံဟောင်နေခြင်း—

ထို့ကြောင့် စက်ဆုပ်ရွံရှာဖွယ် ဖြစ်နေသည်။ စက်ဆုပ်ရွံရှာလျက် စားကြရသည်။ (သံ၊ ဋ္ဌ၊ ၂၊ ၉၇)

အာဟာရကို သုံးဆောင်ရာ၌ စိတ်ထားပုံ

ပြဆိုခဲ့ပြီးသောအကြောင်း ၉-ပါးတို့ကြောင့် စက်ဆုပ်ရွံရှာဖွယ် ရှိသော သားငယ်လေး၏ အသားကို စားကြရရှာသော ဇနီးမောင်နှံတို့သည် တပ်မက်သော စိတ်ဖြင့် စားကြသည်မဟုတ်၊ ရသတဏှာ အရသာခံစားမှု ကင်းမဲ့လျက် စားကြရရှာသကဲ့သို့ ယောဂီသည် အရသာခံစားလိုမှု ကင်းမဲ့စွာဖြင့် အစာအာဟာရကို သုံးဆောင်ရမည်။

ထိုဇနီးမောင်နှံတို့သည် အရိုး၊ အကြော၊ အရေ၌ ကပ်နေသောအသားကို ဖယ်ထုတ်၍ ဆူဖြိုးသော အသားကိုသာ ကောင်းနိုးရာရာ ရွေးချယ်စားကြသည်မဟုတ်၊ လက်သို့ရောက်သော လက်ဖြင့် ကိုင်မိသော အသားကိုသာစားကြသကဲ့သို့ ယောဂီသည် ခြောက်သွေ့သော ထမင်းနှင့် ရောနေသော ဟင်းတို့ကို မဖယ်ပစ်ဘဲ ငုံးများ၊ ကြက်များ အစာကောက်သကဲ့သို့၊ ကောင်းနိုးရာရာကို မရွေးဘဲ ခြင်္သေ့များ အစာစားသကဲ့သို့ မိမိဘက်ရှိ အစာမှစ၍ အစဉ်အတိုင်း စားရမည်။

ထိုဇနီးမောင်နှံတို့သည် လည်ချောင်းဝအထိ စားပိုးနင့်လာအောင် သားကလေး၏အသားကို မစားကြ၊ အဆာပြေရုံ တစ်နေ့စာ မျှတရုံကိုသာ စားသကဲ့သို့ ယောဂီသည် လက်ဆွဲထူရလောက်အောင် အင့်ပြည့်အောင်စားသော ပုဏ္ဏားများကဲ့သို့ မစားဘဲ ၄-လုတ်၊ ၅-လုတ်စာ လျှော့စားသော တရားစစ်သူကြီး အရှင်သာရိပုတ္တရာကဲ့သို့ စားရမည်။
စာမျက်နှာ-329


အစားကြီးသောပုဏ္ဏား ၅-ဦး
ဤနေရာ၌ စကားစပ်သဖြင့် အစားကြီးသော ပုဏ္ဏား ၅-ဦး ရှိကြောင်း ဖော်ပြပါအံ့—
(၁) အာဟရဟတ္ထက = စားသောက်ပြီးနောက် မိမိဘာသာ မထနိုင်တော့၍ လက်ဆွဲထူပေးရသူ။

(၂) အလံသာဋက = ဝမ်းဗိုက်ဖောင်းကားအောင် အလွန်အကျွံ စားသောကြောင့် ထနိုင်သော်လည်း ပုဆိုးမဝတ်နိုင်ဘဲ ပုဆိုးစွန်တောင်ဆွဲထားရသူ။

(၃) တတ္ထဝဋက = စားသောက်ပြီးနောက် မထနိုင်တော့၍ စားသည့်နေရာမှာပင် လဲနေသူ။

(၄) ကာကမာသက = ပါးစပ်တွင်းသို့ ကျီးနှိုက်၍ စားနိုင်လောက်အောင် လည်ပင်းစလုတ်ထိ စားထားသူ။

(၅) ဒုတ္တဝမိတက = မဆီမမြဲ စားထား၍ စားပြီးလျှင် ပြီးချင်း အန်ထွက်သူ၊ အန်ထွက်အောင် စားသူ။ (ဒီ၊ဋ္ဌ၊၂၊၃၇၀။ အဘိ၊ဋ္ဌ၊၁၊၄၃၂၊ မဟာနိ၊ ၄၊၃၀၂)

ယောဂီသည် အစားကြီးသော ဤပုဏ္ဏားငါးဦးကဲ့သို့ အာဟာရကို အလွန်အကျွံ မစားအပ်ပေ။

ထိုဇနီးမောင်နှံတို့သည် သားငယ်လေး၏အသားကို စားရာ၌ အချင်းချင်း ထွန့်တိုနှမြောသော (မစ္ဆေရ) စိတ်ဖြင့် စားကြသည် မဟုတ်၊ မစ္ဆေရအညစ်အကြေးကင်းသောစိတ်ဖြင့် စားကြသကဲ့သို့ ယောဂီသည် ဆွမ်း၊ အစားအစာ ရသောအခါ “ဤဆွမ်း အစားအစာကို အကုန်ယူလိုသူအား အကုန်ပေးအံ့၊ ထက်ဝက်ယူလိုသူအား ထက်ဝက်ပေးအံ့၊ ကျန်သေးလျှင်သာ စားအံ့” ဟု သာရဏီယတရား၌ ရပ်တည်၍ သုံးဆောင်ရမည်။

ထိုဇနီးမောင်နှံတို့သည် သမင်သား၊ ဥဒေါင်းသား တစ်မျိုးမျိုးကို စားအံ့ဟု တွေဝေစွာ မက်မောစွာ စားကြသည် မဟုတ်၊ သားငယ်လေး၏ အသားမှန်း သိလျက် စားကြသကဲ့သို့ ယောဂီသည် ဆွမ်းရသောအခါ ငါစားအံ့ဟု အတ္တဖြင့် တွေဝေ မက်မောခြင်းကို မဖြစ်စေဘဲ အစာအာဟာရသည် “ငါသည် မဟာဘုတ်လေးပါး ရှိသော ကာယကို ပွားစေအံ့” ဟူ၍လည်းမသိ၊ မဟာဘုတ်
စာမျက်နှာ-330


လေးပါးရှိသော ကာယသည်လည်း “ငါ့ကို ပွားစေ၏” ဟူ၍လည်း မသိ၊ ၎င်းတို့အချင်းချင်း မသိကြပါတကားဟု ဆင်ခြင်၍ သုံးဆောင်ရမည်။

ထိုဇနီးမောင်နှံတို့သည် “ငါတို့သည် ဤသို့သဘောရှိသော သားကလေး၏ အသားကို နောက်ထပ်စားရပါမူ ကောင်းလေစွ” ဟု တောင့်တခြင်းမပြုဘဲ စားကြသကဲ့သို့ အစားအစာကောင်းကိုရသောအခါ “နက်ဖြန်လည်း ဤသို့သော အစားအစာကောင်းကို ရပါမူ ကောင်းလေစွ” ဟု တောင့်တခြင်း၊ အစားအစာကောင်းကို မရသောအခါ “မနေ့ကကဲ့သို့ပင် ယနေ့ အစားအစာကောင်းကို မရပြီ” ဟု စိတ်နှလုံး မသာမယာခြင်းကို မဖြစ်စေဘဲ “ရသမျှ ရှိသမျှအစာဖြင့် မျှတပေအံ့” ဟု နှလုံးသွင်း၍ သုံးဆောင်ရမည်။

ထိုဇနီးမောင်နှံတို့သည် “ဤမျှလောက် အသားကို ခရီးခဲ၌ စားပြီးလျှင် ကျန်အသားကို ခရီးခဲမှ လွန်မြောက်သောအခါ ဆားအချဉ်သိပ်၍ စားဦးအံ့” ဟု သိုမှီးကြသည်မဟုတ်၊ ခရီးခဲအဆုံး၌ လူမမြင်မီ မြေမြှုပ်၊ မီးရှို့ ကုန်ရာသကဲ့သို့ ယောဂီသည် ရရသမျှသော ဆွမ်းဘောဇဉ်ကို မိမိမျှတရုံယူ၍ ကျန်သမျှကို သိုမှီးဘဲ သီတင်းသုံးဖော်တို့အား ဝေငှပေး၍ သုံးဆောင်ရမည်။

ထိုဇနီးမောင်နှံတို့သည် “ငါတို့ကဲ့သို့ သားကလေး၏ အသားကို စားနိုင်သူမရှိ” ဟု ထောင်လွှားမာန်မူခြင်းမရှိဘဲ နှိမ့်ချကျုံ့ယုံစွာ စားကြသကဲ့သို့ ယောဂီသည် အစားအစာကောင်း ရသောအခါ တက်ကြွမာန်ထောင်ခြင်း မရှိဘဲ “ဤရဟန်းအဖြစ်သည် ဆွမ်း သင်္ကန်း ရလိုမှုအတွက် မဟုတ်၊ အရဟတ္တဖိုလ် အကျိုးအတွက်သာ ဖြစ်သည်” ဟု ဆင်ခြင်နှိမ့်ချ၍ သုံးဆောင်ရမည်။

ထိုဇနီးမောင်နှံတို့သည် “ဆားမပါ၊ အချဉ်မပါ၊ ဂျင်းစိမ်း၊ မိတ်သလင်မပါ၊ ညှီစော်နံသော ဤအသားဖြင့် မည်သို့ပြုအံ့နည်း” ဟု ရှုတ်ချ၍ စားကြသည် မဟုတ်၊ မရှုတ်ချဘဲ စားကြသကဲ့သို့ ယောဂီသည် “မြင်းစာ၊ နွားစာပမာ ကြမ်းတမ်း၍ အရသာကင်းမဲ့သော ဤဆွမ်းအစားအစာဖြင့် မည်သို့ပြုအံ့နည်း၊ ခွေးစားကျင်းထဲ ထည့်လိုက်ကြ၊ ကျီးစာခွေးစာ ကျွေးလိုက်ကြ” ဟု အစားအစာနှင့် ဆွမ်းဒါယကာတို့ကို မရှုတ်ချဘဲ သုံးဆောင်ရမည်။

ထိုဇနီးမောင်နှံတို့သည် “ဤကား သင့်အတွက်၊ ဤကား ငါ့အတွက်” ဟု အချင်းချင်း မငြင်းမခုံ၊ မထီလေးစားမပြုဘဲ ညီညီညွတ်ညွတ် သုံးဆောင်ကြသကဲ့သို့ အတူနေ သီတင်းသုံးဖော်များနှင့် ညီညီညွတ်ညွတ် သုံးဆောင်ရမည်။ (သံ၊ ဋ္ဌ၊ ၂၊ ၉၆၊ ၉၉)
စာမျက်နှာ-331


ဤသို့ ဆိုခဲ့သည့်အတိုင်း ဆင်ခြင်၍ အစာအာဟာရကို မှီဝဲ စားသုံးသော ယောဂီ၏စိတ်သည် ရသတဏှာမှ တွန့်ဆုတ်သွား၏။ စားတိုင်း စားတိုင်း ဆင်းရဲဒုက္ခမှ လွတ်မြောက်လိုစိတ်ဖြင့်သာ သုံးဆောင်လေတော့၏။ (ဝိသုဒ္ဓိ၊ ၁၊ ၃၄၂။)

စက်ဆုပ်ရွံရှာဖွယ် ဆင်ခြင်နည်း (၁၀) မျိုး

အာဟာရေ ပဋိကူလသညာ ကမ္မဋ္ဌာန်းကို ပွားများ အားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည် စားအပ်၊ သောက်အပ်၊ ခဲအပ်၊ လျက်အပ်သော အစားအစာ ကဗဠီကာရာဟာရ၌ ဆယ်ပါးသော အခြင်းအရာတို့ဖြင့် စက်ဆုပ်ရွံရှာဖွယ်ရှိသည်၏အဖြစ်ကို ဆင်ခြင်အပ်၏။ ၎င်း (၁၀) ပါးတို့မှာ—
(၁) အစာရှာ သွားလာစဉ် စက်ဆုပ်ဖွယ်၊
(၂) အစာရှာဖွေရခြင်း၌ စက်ဆုပ်ဖွယ်၊
(၃) စားသုံးနေစဉ် စက်ဆုပ်ဖွယ်၊
(၄) အစာအိမ်အတွင်းရှိ မူလဓာတ်ခံများ၌ စက်ဆုပ်ဖွယ်၊
(၅) အစာသစ်အိမ်၌ စက်ဆုပ်ဖွယ်၊
(၆) အစာမကျေမီ၌ စက်ဆုပ်ဖွယ်၊
(၇) အစာကျေပြီးသော အစာဟောင်း၌ စက်ဆုပ်ဖွယ်၊
(၈) အစာမှ ဖြစ်လာသော အကျိုးများ၌ စက်ဆုပ်ဖွယ်၊
(၉) ယိုထွက်စွန့်ပစ်ချိန်၌ စက်ဆုပ်ဖွယ်၊
(၁၀) လိမ်းကျံပေရေခြင်း၌ စက်ဆုပ်ဖွယ်—
တို့ ဖြစ်သည်။

(၁) အစာရှာ သွားလာခြင်း၌ စက်ဆုပ်ဖွယ်

ဘုရားသာသနာတော်၌ ပျော်ပိုက်မွေ့လျော်သော ရဟန်းကောင်းသည် တစ်နေ့လုံး တစ်ညဉ့်လုံး ဘုရားစကားတော်ကို ရွတ်ဆိုလျက် ရဟန်းတရား အားထုတ်နေသော်လည်း နံနက်စောစောထ၍ လူတို့ နေထိုင်ရာ ရပ်ထဲရွာထဲသို့ ဝမ်းစာအတွက် ဆွမ်းရှာထွက်ရသည်။ နေပူမရှောင်၊ မိုးရွာမရှောင်၊ ဘေးမရှောင် ရန်မရှောင် သွားရ၏၊ သစ်ငုတ်၊ ခလုတ်၊ ဆူးငြောင့်များကိုလည်း ကြုံတွေ့ရ၏။ ရေစီးအဟုန်ကြောင့် ပျက်စီးနေ၍ မညီမညွတ် ဖြစ်နေသော လမ်းကိုလည်း သွားရ၏။ ခွေးသေကောင်ပုပ်၊ နွားသေကောင်ပုပ် စသည်တို့
စာမျက်နှာ-332


ကိုလည်း ကျော်ဖြတ်ရ၏။ ထိုအပုပ်နံ့များကိုလည်း ရှူရှိုက်ရ၏။ ရွာလယ်လမ်း၌ ဆင်ကြမ်း၊ မြင်းကြမ်း၊ ခွေးသရမ်းတို့၏ ဘေးရန်နှင့်လည်း ကြုံတွေ့ရ၏။ ခွေးချေး၊ ကြွက်ချေး၊ လူချေး၊ တံတွေး၊ နှပ် စသည့် အညစ်အကြေးများကိုလည်း နင်းမိ၏။ ဤကဲ့သို့ ကဗဠီကာရာဟာရအတွက် ဝမ်းရေးအတွက် ဆင်းရဲငြိုငြင် ပင်ပန်းစွာ အစာရှာထွက်ရခြင်းသည် စက်ဆုပ်ရွံရှာဖွယ် ကောင်းလေစွ တကားဟု ဆင်ခြင်ရမည်။

လူဝတ်ကြောင် ယောဂီပုဂ္ဂိုလ်များအနေဖြင့်လည်း နေ့စဉ် ထမင်းနပ်မှန်မှန် စားနိုင်ရေးအတွက် မိသားစုစားဝတ်နေရေး ပြေလည်ရန်အတွက် နေပူမရှောင်၊ မိုးရွာမရှောင် သွားရ၏။ ငါးပိ ငါးချဉ်သိပ်ထားသကဲ့သို့ ခြင်းကြားထဲ၌ ကြက်များကို ပြည့်သိပ်နေအောင် ထည့်ထားသကဲ့သို့ ဝက်များ၊ နွားများကို ညှပ်သတ်ပြည့်နှက်အောင် ထည့်ထားသကဲ့သို့ လူတို့၏ မသတီစရာ အနံ့အသက်များကို ရှူရှိုက်လျက် ကြပ်တည်းစွာ တိုးဝှေ့သွားလာ ရှာဖွေကြရ၏။ သွားလာရင်း ကားတိုက်၍၊ ယာဉ်တိုက်၍လည်း သေကြရ၏၊ လေယာဉ်ပျက်ကျ၍ သေရသည်လည်း ရှိ၏။ ကုန်းကြောင်းသွားရင်း သူခိုး၊ ဓားပြ အတိုက်အခိုက် အနှိပ်အစက် ခံကြရ၏။ ရေကြောင်းခရီး၌ ရေနစ်သေရသည်လည်း ရှိ၏။ ဤကဲ့သို့ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ဆင်းရဲငြိုငြင် ပင်ပန်းစွာ နေ့စဉ် သွားလာလှုပ်ရှားကြရခြင်းမှာ စက်ဆုပ်ရွံရှာဖွယ် ကောင်းလေစွတကား စသည်ဖြင့် သွားလာ လှုပ်ရှားစဉ် တွေ့ကြုံရသည့် ဒုက္ခ၊ သုက္ခများကို ဆင်ခြင် အောက်မေ့ရမည်။

(၂) အစာရှာဖွေခြင်း၌ စက်ဆုပ်ဖွယ်

ထို့နောက် ရဟန်းသည် ရွာထဲ၌ အိမ်စဉ်အတိုင်း လှည့်လည်၍ ဆွမ်းရပ်နေရ၏။ စားစရာ ရှာနေရ၏။ ဖုန်းတောင်းယာစကာ တစ်ဦးကဲ့သို့ စကားမပြော တုဏှီဘောဖြင့် လိုက်လံတောင်းခံနေရ၏။ မိုးအခါ ရွှံ့ညွှန်တွင်း၌ နင်းလိုက်တိုင်း ခြေသလုံးမြုပ်အောင် ကျွံနစ်ရ၏။ လက်တစ်ဖက်ဖြင့် သပိတ်ကို ပိုက်ကာ လက်တစ်ဖက်ဖြင့် သင်္ကန်းကို ပင့်မ၍ ထားရ၏။ နွေလအခါ လေတဟူးဟူးတိုက်ရာ၌ သင်္ကန်းများ လှန်လှောလွှင့်တတ်၏။ ကိုယ်တွင် မြေမှုန့်၊ ဖုန်မှုန့် အလိမ်းလိမ်း ကပ်ကုန်၏။ အိမ်၌ သားငါးဆေးရေ၊ နှပ်၊ တံတွေး၊ ခွေးချေး၊ ဝက်ချေးစသည် ရောလျက် ပိုးလောက်တို့ဖြင့် ရှုပ်ယှက်ခတ် ပြည့်နှက်နေလျက် ယင်မမဲရိုင်းတို့ တရုန်းရုန်း ဖြစ်နေသော ရွှံ့ဗွက်၊ အညစ်အကြေး၊ ရေပုပ်တို့စွန့်သွန်ရာ တံစီးအိုင်တို့ကို တွေ့မြင်ရ၏။ နှင်းလည်း နင်းရ၏၊ ယင်းရွှံ့ဗွက် တံစီးအိုင်မှ ယင်မမဲရိုင်းနှင့် ယင်ကောင်တို့ပျံတက်၍ သပိတ်၊ သင်္ကန်း၊ ဦးခေါင်း၊ ခြေ၊ လက်တို့၌ လာရောက် နားနေသည်ကိုလည်း ခံရ၏။
စာမျက်နှာ-333


ဣန္ဒြေရရဖြင့် အိမ်ဝင်းအဝ၌ ဆွမ်းရပ်လိုက်သောအခါ အချို့လောင်းလှူကြသော်လည်း အချို့က မလောင်းမလှူကြ။ အချို့ကား ယမန်နေ့က ချက်ထားသော ထမင်းကျန်၊ ဟင်းကျန်ကို လှူကြ၏။ စားဖွယ်အဟောင်းအမြင်း၊ စားကြွင်း၊ စားကျန်ကို လှူကြ၏။ ရက်လွန်ပုပ်သိုးနေသော မုန့်တို့ကို လှူသည်လည်းရှိ၏။ အချို့က မလှူသော်လည်း “အတိစ္ဆထ = ကန်တော့ဆွမ်းပါဘုရား၊ ဤအိမ်ကိုကျော်၍ ဆွမ်းအလိုရှိပါဘုရား” ဟု ပြောဖော်ရသေး၏၊ အချို့ကမူ ဆွမ်းရပ်နေသည်ကို မြင်သော်လည်း ဘာမျှမပြော၊ ကြည့်လည်း မကြည့်၊ ဂရုလည်း မစိုက်၊ သားသမီး သားမယားကိုပင် မာန်မဲငေါက်ငမ်းနေလိုက်သေး၏။ ရဟန်းတော် တစ်ပါး ဆွမ်းရပ်ကာမှ မမြင်ချင်ယောင်ဆောင်၍ အခြားသို့ မျက်နှာလွှဲတတ်ကြ၏။ အချို့ကား တိုက်ရိုက် တွေ့သော်လည်း ကျွန်ုပ်တို့ကား ရပ်ဝေးက ဧည့်သည်ပါဟု ပြောတတ်ကြ၏။ အချို့ကား ရိုင်းပြ ကြမ်းတမ်းစွာ ပြောဆို၍ နှင်ထုတ်ကြ၏။

ရဟန်းတို့ကား လူတို့၏ အကြည်ညိုခံ အလေးစားခံ လူ့ပြည်နတ်ရွာ လမ်းညွှန် နိဗ္ဗာန်လမ်းပြပုဂ္ဂိုလ် ဖြစ်သော်လည်း ဤပုံဤနည်းဖြင့် ရွာလမ်း၌ ဆွမ်းရရေးအတွက် လှည့်လည်ရှာဖွေကြရ၏။ ရွာထဲသို့ ဝင်သည်မှထွက်သည်အထိ ရွှံ့ညွှန်ရေပုပ် စသော စက်ဆုပ်ဖွယ်အပေါင်းကို အစာအာဟာရဟူသော အကြောင်းကြောင့် နင်းရ၊ တွေ့မြင်ရ၊ သည်းခံရ၏။ အစာအာဟာရသည် စက်ဆုပ်ရွံရှာဖွယ် ကောင်းလေစွတကားဟု အစားအစာရှာဖွေရခြင်း၌ ဆင်ခြင်အပ်၏။

လူဝတ်ကြောင် ယောဂီများလည်း ဝမ်းရေးအတွက် ငွေကြေးရရှိရေးအတွက် ရှာဖွေလုပ်ကိုင်ရရာ လုပ်ငန်းခွင်၌ တွေ့ကြုံရသည့် အခက်အခဲများ၊ မနှစ်မြို့ဖွယ်ရာများ၊ အဆင်မပြေမှုများ၊ မိမိအား ခိုင်းစေသူတို့၏ ဆဲရေး တိုင်းထွာခြင်းကို ခံရမှုများ၊ အနိုင်အထက် နှိပ်စက်ခံရမှုများ၊ အခကြေးငွေ မလုံမလောက် ပေးကမ်းမှုများ စသည်တို့ကို အစာအာဟာရဟူသော အကြောင်းကြောင့် ဖြစ်ပေါ်တွေ့ကြုံရသည်။ ဤသို့ရှာမှီးခြင်း၌ စက်ဆုပ်ရွံရှာ ဖွယ်တို့ပါတကားဟု ဆင်ခြင်ရမည်။

(၃) စားသုံးနေစဉ် စက်ဆုပ်ဖွယ်

အစာအာဟာရ၌ စက်ဆုပ်ရွံရှာဖွယ်အမှတ်ဟူသော အာဟာရေ ပဋိကူလသညာ ကမ္မဋ္ဌာန်းစီးဖြန်းသော ရဟန်း (သို့မဟုတ်) ယောဂီပုဂ္ဂိုလ်သည် ဆွမ်းအစာအာဟာရကို စားရန် လက်မနှိုက်သေးမီ အလေးပြုထိုက်သော ရဟန်း (သို့မဟုတ်) သူတော်ကောင်း လူပုဂ္ဂိုလ်ကို တွေ့မြင်လျှင် ခံယူ သုံးဆောင်ပါဟု ဖိတ်မန္တက ပြုနိုင်ရမည်။
စာမျက်နှာ-334


ယောဂီသည် အစားအစာကို ခံတွင်း၌ထည့်လိုက်သောအခါ အောက်သွားများက ဆုံကိစ္စကို ပြီးစေ၏။ အပေါ်သွားများက ကျည်ပွေ့ ကိစ္စကို ပြီးစေ၏။ လျှာက လက်ကိစ္စကို ပြီးစေ၏။ လျှာက လှုပ်လှည့်ပေးပြီး အပေါ်သွားက အောက်သွားပေါ်၌ ကြိတ်ချေ ဖိနှိပ်၍ လျှာရည်တံတွေးခဲတို့ဖြင့် လူးလဲလျက် ညက်ညက်ကျေပြီး ခွေးအန်ဖတ်ကဲ့သို့ဖြစ်နေ၏။ အဆင်းအနံ့ အရသာတို့ဖြင့် ကောင်းမွန်ပြည့်စုံစွာ စီမံချက်ပြုတ်ထားသော အစာအာဟာရသည် ကြိတ်ဝါးနေဆဲခဏမှာပင် မူလအဆင်းအနံ့ အရသာများ ပျောက်ပျက်သွားပြီး ခွေးစားခွက်ထဲမှ ခွေးအန်ဖတ်ကဲ့သို့ အလွန်စက်ဆုပ်ဖွယ် အခြေအနေ ရောက်လာ၏။ ယင်းစားထားဝါးထားသော စားဖတ် ဝါးဖတ်များကို ခံတွင်းအပြင်သို့ ထုတ်ကြည့်ပါက မိမိကိုယ်တိုင် ပြန်စားဖို့ရန် မဆိုထားဘိ လှည့်၍မျှမကြည့်ချင်အောင်ပင် စက်ဆုပ်ဖွယ်ကောင်းလှ၏။

ဤကဲ့သို့ စားသုံးနေစဉ်၌လည်း စက်ဆုပ်ရွံရှာဖွယ်အဖြစ် ရှုမှတ်ဆင်ခြင်ရမည်။

(၄) အစာအိမ်အတွင်းရှိ မူလဓာတ်ခံများ၌ စက်ဆုပ်ဖွယ်

မူလဓာတ်ခံများဆိုသည်မှာ အစာသစ်အိမ်၌ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေးဟူသော မူလဓာတ်လေးပါးကို ဆိုသည်။ ယင်းမူလဓာတ်လေးပါးတို့သည် ဘုရားပစ္စေကဗုဒ္ဓါတို့မှာသော်လည်းကောင်း၊ စကြဝတေးမင်းမှာသော်လည်းကောင်း တစ်မျိုးမဟုတ်တစ်မျိုး ရှိသည်သာဖြစ်၏။ ဘုန်းကံနည်းပါးသူတို့မှာကား ယင်းမူလဓာတ်လေးပါးလုံး ရှိကြ၏။ ဝါးမျိုလိုက်သော အစာအာဟာရသည် သည်းခြေလွန်ကဲသူမှာ ပြစ်ချွဲသော သစ်မည်စည်အဆီဖြင့် လိမ်းကျံထားသကဲ့သို့လည်းကောင်း၊ သလိပ်လွန်ကဲသူမှာ ဝက်ချေး ပန်ရွက်ရည်ဖြင့် လိမ်းကျံထားသကဲ့သို့လည်းကောင်း၊ ပြည်လွန်ကဲသူမှာ ရှက်တက်ပုပ်ရည်ဖြင့် လိမ်းကျံထားသကဲ့သို့လည်းကောင်း၊ သွေးလွန်ကဲသူမှာ နီသောဆိုးရည်ဖြင့် လိမ်းကျံထားသကဲ့သို့လည်းကောင်း စက်ဆုပ်ရွံရှာဖွယ် အလွန်ကောင်းလှ၏။ ဤကဲ့သို့ ဝါးစားမျိုချလိုက်သော အစာအာဟာရသည် သည်းခြေ သလိပ် ပြည် သွေးတို့နှင့် ရောနှော လူးလဲကာ စက်ဆုပ်ဖွယ်ရာ ဖြစ်နေသည်ကို ရှုမှတ်ဆင်ခြင်ရမည်။

(၅) အစာသစ်အိမ်၌ စက်ဆုပ်ဖွယ်

စားမျိုအပ်သော အစာအာဟာရများ အစာသစ်အိမ်၌ ရောက်ရှိစုဝေးနေခြင်းကို ဆိုသည်။ အစာသစ်အိမ်၌ မူလဓာတ်ခံလေးပါးတွင် တစ်ပါးပါးနှင့် ရောနှောသွားကြသည်။ ထိုအစာသစ်အိမ်သည် အစကတည်းက မဆေးဘဲထားသော ရွေးစားရွက်၊ ဝက်စားကျင်းကဲ့သို့ မွေးကတည်းက မိခင်နို့ရည်ကို
စာမျက်နှာ-335


စားမျိုကတည်းက မဆေးကြောဘဲ ထားသဖြင့် ညစ်ပတ်ပေရေနေသည်။ အသက် ဆယ်နှစ်ရှိသူ စားမျိုလျှင် ဆယ်နှစ်လုံးလုံး ဆေးကြောသုတ်သင်ခြင်း မရှိသည့် ဝက်စားကျင်းနှင့် တူသည်။ အသက်တစ်ရာ ရှိသူ၏ အစာသစ်အိမ်မှာ အနှစ်တစ်ရာ တိုင်တိုင် မဆေးဘဲထားသော ဝက်စားကျင်းနှင့်တူသည်။ ထိုအစာသစ်အိမ်သည် တစ်ရံတစ်ခါမျှ ဆေးကြောသုတ်သင် သန့်ရှင်းပေးခြင်းမရှိသဖြင့် ညစ်ပတ်ပေရေနေပြီး အလွန်စက်ဆုပ်ရွံရှာဖွယ် ကောင်းလေစွတကားဟု ရှုမှတ်ဆင်ခြင်ရမည်။

(၆) အစာမကျေမီ၌ စက်ဆုပ်ဖွယ်

မကျေမကျက်သေးသော ဝါးဖတ်များသည် အလွန်မှောင်မိုက်နေသော အပုပ်နံ့ အမျိုးမျိုးရှိသော လေပုပ်လေဆိုးတို့ သွားရာဖြစ်သော အလွန်စက်ဆုပ်ဖွယ်ကောင်းသော အစာသစ်အိမ်၌ တည်ရှိနေကြသည်။

ဥပမာအားဖြင့် နွေရာသီအခါမဲ့ မိုးကြီးရွာပြီးစ ရေပြည့်နေသော ဒွန်းစဏ္ဏားရွာတံခါးဝရှိ ရေအိုင်၌ ကျရောက်နေသည့်မြက်၊ သစ်ရွက်၊ ဖျာစုတ်၊ မြွေပုပ် ခွေးပုပ်၊ ကြွက်ပုပ် စသည်တို့သည် နေပူရှိန်ကြောင့် အမြှုပ်တစီစီတက်လျက် ပိုးကောင်တို့ဖြင့် ကျိကျိတက်နေ၏။ ထို့အတူ ယနေ့ စားမျိုသောအစာ၊ ယမန်နေ့က စားမျိုခဲ့သော အစာလက်ကျန်တို့သည် တစ်ပေါင်းတည်းဖြစ်လျက် သလိပ်ပြင်က မြှေးယှက်ဖုံးအုပ်ကာ ဝမ်းမီးအပူရှိန်တေဇောဓာတ်က ကျိုက်ကျိုက်ဆူအောင် ပူလောင်စေသောကြောင့် အမြှုပ်တစီစီတက်လျက် အလွန်စက်ဆုပ်ဖွယ်ကောင်းနေတော့၏။ သံကောင် တုတ်ကောင် စသော ပိုးမျိုးတို့ဖြင့် ပြည့်နှက်နေ၏။ အစာမကျေကျက်ခင်၌ လေချဉ်တက်၍ (အော်ဂလီဆန်၍) အန်ထွက်လာသော အစာသည်လည်း စက်ဆုပ်ဖွယ်ကောင်းလှ၏။ ဝမ်းရောင်ခြင်း အင့်ပြည့်ခြင်းကိုလည်း ဖြစ်စေ၏။ ဤသို့ အစာမကျေမီ၌ စက်ဆုပ်ရွံရှာဖွယ်အဖြစ် ရှုမှတ်ဆင်ခြင်ရမည်။

(၇) အစာကျေပြီးသော အစာဟောင်း၌ စက်ဆုပ်ဖွယ်

အစာသစ်အိမ်၌ ဝမ်းမီးကချက်၍ ကျေကျက်ပြီးသော အစာများသည် ဝါဖျော့ဖျော့မျောက်ကဲ့သို့ (သို့မဟုတ်) အရောင်အဆင်း တစ်မျိုးမျိုးဖြင့် အူအတွင်းသို့ သက်ဆင်းစီးဝင်သွား၍ အစဉ်အတိုင်း အစာဟောင်းအိမ်သို့ ရောက်ရှိပြီး ကျင်ကြီးဖြစ်သွားသည်။ ကျင်ငယ်အဖြစ်သို့ ရောက်ရှိ၍လည်း ဆီးအိမ်စည်ဖောင်းကို ပြည့်စေသည်။ စားအပ်သော အစာသည် ကျေကျက်ပြီးသော် အလွန်စက်ဆုပ်ရွံရှာဖွယ် ကျင်ကြီး ကျင်ငယ်များသာ ဖြစ်သွားကြတော့သည်ဟု ဆင်ခြင်ရမည်။
စာမျက်နှာ-336


(၈) အစာမှဖြစ်လာသော အကျိုးများ၌ စက်ဆုပ်ဖွယ်

အစာမကျေခြင်း၊ အစာကျေခြင်းတို့ကြောင့် ရရှိလာသော အကျိုးတရားများကို ဖော်ပြပါမည်။ အစာအာဟာရသည် ကောင်းစွာ မကျေကျက်လျှင် ဝမ်းရောင်ခြင်း၊ အင့်ပြည့်ခြင်း၊ ပွေးဝဲယားနာ၊ နူနာ၊ ညှင်းနာ၊ မြစ်ခြောက်နာ၊ ချောင်းဆိုးနာ၊ ဝမ်းသွေးသွန်နာ (ဆွေးဝမ်းနာ) စသည့် များစွာသော အနာရောဂါတို့ကို ဖြစ်ပေါ်စေနိုင်သည်။ ကောင်းစွာကျေကျက်လျှင်ကား ဆံပင်၊ အမွေး၊ လက်သည်း၊ ခြေသည်း၊ သွား၊ အရိုး၊ ခြင်ဆီ စသည့် (၃၂) ပါးသော ကောဋ္ဌာသ အပုပ်မျိုးကိုဖြစ်စေသည်။ ဤသို့ အစာအာဟာရမှ ဖြစ်ပေါ်လာသော အကျိုးတို့သည် စက်ဆုပ်ရွံရှာဖွယ် ကောင်းလေစွတကားဟု ဆင်ခြင်ရမည်။

(၉) ယိုထွက် စွန့်ပစ်ချိန်၌ စက်ဆုပ်ဖွယ်

အစာအာဟာရတို့သည် တစ်ခုတည်းသော ပါးစပ်ပေါက်မှ စားသောက်ဝင်ရောက်သော်လည်း ယိုထွက်သောအခါ ဒွါရ (၉) ပေါက်တို့မှ အလျှိုလျှို ယိုထွက်ကြတော့၏။ မျက်စိမှ မျက်ချေး၊ နားမှ နားဖာချေး၊ နှာခေါင်းမှ နှပ်ချေး၊ မွေးညင်းပေါက်မှ ချွေးစသည်တို့ အမည်အမျိုးမျိုးဖြင့် ယိုထွက်ကြသည်။ ယိုထွက်လာသမျှအားလုံး စက်ဆုပ်ရွံရှာဖွယ် ချည်းသာဖြစ်၏။ အစားအစာ စားရာ၌ ခြွေရံသင်းပင်းတို့ဖြင့် ရွှင်လန်းဝမ်းမြောက်စွာ မြိန်ယှက်စွာ စားသောက်ကြသော်လည်း ယိုထွက်စွန့်ပစ်ရသောအခါ၌မူ စက်ဆုပ်ရွံရှာလျက် နှလုံးမသာမယာဖြစ်ကာ မျက်နှာရှုံ့လိိပ် နှာခေါင်းပိတ်၍ တစ်ယောက်တည်း ပုန်းကွယ်လျက် စွန့်ထုတ်ကြရသည်။ စားစဉ်က နှစ်သက်မက်မောတွယ်တာကာ ရသတဏှာဖြင့် မိန်းမော စားသောက်ခဲ့သော်လည်း စွန့်ထုတ် ယိုထွက်သော အခါ၌မူ မတတ်သာ၍ မြင်ရတွေ့ရသော်လည်း မကြည့်ချင်၊ မထိချင် အလွန်အမင်းပင် စက်ဆုပ်ရွံရှာကြသည်။

အစာအာဟာရတို့သည် မျိုသွင်းပြီးနောက်၌ အပြင်ဘက်သို့ မထုတ်ရ မနေနိုင် ထုတ်ကြရ၏။ မထုတ်ရလျှင် ဟိုနားက ခံခက်၊ ဒီနားက ခံခက် ဖြစ်လာ၏။ ထုတ်ချိန် ယိုထွက်ချိန် ရောက်သောအခါ နေပူမရှောင်၊ မိုးရွာမရှောင်၊ ဘေးမရှောင်၊ ရန်မရှောင်၊ ရှက်ရှက် ကြောက်ကြောက် ပုန်းကွယ်လျက် စွန့်ထုတ်ကြရသည်။ မည်မျှအရှက်ကြီးသော အမျိုးသမီး ဖြစ်စေကာမူ အန္တရာယ်ကို လွယ်မထားနိုင်၍ အကွယ်အကာ လုံခြုံရာကို မေးမြန်းရှာဖွေကာ စွန့်ထုတ်ရ၏။ ဤသို့ ယိုထွက်စွန့်ပစ်ရသောအခါ စက်ဆုပ်ဖွယ်ကောင်း၏ဟု ဆင်ခြင်ရမည်။
စာမျက်နှာ-337


(၁၀) လိမ်းကျံပေရေခြင်း၌ စက်ဆုပ်ဖွယ်

အစာအာဟာရသည် စားသောက်နေစဉ်တွင်လည်း လက်၊ နှုတ်ခမ်း၊ လျှာ၊ အာခေါင်တို့ကို ပေလူးစေ၏။ အစာပေလူးနေသော လက်၊ နှုတ်ခမ်း၊ လျှာ၊ အာခေါင်တို့သည် စက်ဆုပ်ဖွယ် ကောင်းလှ၏။ အနံ့အသက် ပျောက်ပျက်စေရန် ဆပ်ပြာစသည်ဖြင့် အထပ်ထပ် ပွတ်တိုက်ဆေးကြောရ၏။ အဝတ်အထည်များ ထမင်းဟင်းပေကျံနေလျှင် ပြောင်စင်အောင် လျှော်ဖွပ်ကြရ၏။

ဥပမာအားဖြင့် ဖွဲကြမ်း၊ ဖွဲနု၊ ဆန်ကွဲစသည် ရောနေသောဆန်ကို ထမင်းချက်ရာ၌ မီးအရှိန်ဖြင့် ရေဆူပွက်သောအခါ ဖွဲကြမ်း၊ ဖွဲနု၊ ဆန်ကွဲ စသည်တို့သည် ဝေတက်၍ အိုးနှုတ်ခမ်း အိုးဖုံးတို့ကို ပေလူးကုန်သကဲ့သို့ ထို့အတူ စားမျိုအပ်သော အာဟာရသည် တစ်ကိုယ်လုံးသို့ အစဉ်လျှောက်သော ဝမ်းမီးကြောင့် အမြှုပ်ထလျက် ကြေကျက်ကာ ဝေတက်၍ သွား၌ သွားချေးအဖြစ် ပေလူး၏။ အာခေါင် စသည်၌ တံတွေး၊ သလိပ်စသည့် အဖြစ်ဖြင့် ပေလူး၏။ မျက်စိ၊ နား၊ နှာခေါင်း၊ စအို စသည်တို့၌ မျက်ချေး၊ နားဖာချေး၊ နှပ်၊ ကျင်ကြီး၊ ကျင်ငယ် စသည်ဖြစ်၍ ပေလူး၏။ မျက်ချေးစသည် ပေလူးနေသော ဒွါရကိုးပေါက်တို့ကို နေ့စဉ် ဆေးကြောသုတ်သင် နေရသော်လည်း အပြီးအပိုင် သန့်ရှင်းသည်ဟူ၍ကား မရှိပေ။

အစာအာဟာရသည် ခံတွင်းသို့ ရောက်ကာမျှဖြင့် စိတ်ကို ညစ်နွမ်းစေ၏၊ တုန်လှုပ်ပျံ့လွင့်စေ၏။ ဝမ်းတွင်းသို့ ရောက်လျှင်ကား ကိုယ်စိတ် နှစ်ပါးကို ထိုင်းမှိုင်းစေ၏၊ လေးလံ ပျင်းရိစေ၏၊ အနာရောဂါ အမျိုးမျိုးကို ဖြစ်စေ၏၊ အသက်ကိုလည်း သေစေနိုင်၏။ သုက်ကိုဖြစ်စေသောကြောင့် စိတ်ကို ညစ်နွမ်း တုန်လှုပ်စေ၏၊ ပူပန် ဆင်းရဲစေ၏၊ သီလကိုလည်း ညစ်နွမ်းအောင် ပျက်စီးအောင် ပြုတတ်၏၊ ဒုစရိုက်မှုကိုလည်း ကျူးလွန်တတ်၏။ ဤသို့သော အကြောင်းတို့ကြောင့် အစာအာဟာရသည် စက်ဆုပ်ရွံရှာဖွယ် ကောင်းလှ၏။

အစာအာဟာရကြောင့် ခိုက်ရန်ဖြစ်ခြင်း

လောကလူသားများနှင့် သတ္တဝါအားလုံးတို့အတွက် စား၊ ဝတ်၊ နေအရေး သုံးပါးတွင် စားရေးသည် နေ့စဉ်ကိစ္စဖြစ်၍ အလွန်အရေးကြီး၏။ ဝတ်စရာ အဝတ်မရှိ၊ နေစရာအိမ်မရှိလျှင် မသေနိုင်၊ လှုပ်ရှားသွားလာ ရှာဖွေနိုင်၏။ စားစရာ အာဟာရကို မစားရလျှင်ကား လှုပ်ရှားသွားလာ ရှာဖွေခြင်းကို ပြုနိုင်တော့မည် မဟုတ်၊ အသက်လည်း သေနိုင်၏။ လူတို့သည် စားစရာ အာဟာရအတွက် နေ့စဉ် ရုန်းကန်လှုပ်ရှား နေကြရ၏။ ခိုက်ရန်ဒေါသ ဖြစ်နေ
စာမျက်နှာ-338


ကြရ၏။ အကုသိုလ် ဒုစရိုက်အမျိုးမျိုးကို ကျူးလွန်နေကြရ၏။ ဒုက္ခအမျိုးမျိုး တွေ့ကြုံနေကြရ၏။ လူသားအချင်းချင်း သတ်ဖြတ်နေကြ၏။ လူမျိုးတစ်မျိုးနှင့် တစ်မျိုး၊ တိုင်းပြည် တစ်ပြည်နှင့်တစ်ပြည် တိုက်ခိုက်နေကြ၏။ ယင်းသို့ ပြုလုပ်နေကြခြင်း၏ အဓိကအကြောင်းရင်းမှာ အစာအာဟာရမှန်မှန် ရရှိရေးအတွက် ဖြစ်သည်။

ခြင်္သေ့၊ သစ်ကျားစသော သားရဲတို့သည်လည်း အစာရရှိရေးအတွက် တိုက်ခိုက် နေကြရ၏။ လူသားတို့လည်း အစာအာဟာရအတွက် ရန်ဖြစ်နေကြရ၏။ တိုက်ခိုက် နေကြရ၏။ လုယက် နေကြရ၏။ ထို့ကြောင့် အာဟာရသည် ခိုက်ရန်ဖြစ်ကြောင်း ဘေးဒုက္ခအပေါင်းတို့ ဖြစ်ရခြင်း၏ အကြောင်းဖြစ်သည်။

အကျိုးရှိအောင် သုံးဆောင်စား

ဤဆိုအပ်ခဲ့ပြီးသော အကြောင်းတို့ကြောင့် အစာအာဟာရသည် အလွန် စက်ဆုပ်ရွံမုန်း အော့နှလုံးနာဖွယ် ကောင်းငြားသော်လည်း ဘုရား၊ အရိယာ သူတော်ကောင်းကြီးများသော်မှ မရှောင်ရှားနိုင်ကြဘဲ မလွှဲမရှောင်သာ သုံးဆောင်တော်မူကြရ၏။ ယင်းသို့ အာဟာရကို သုံးဆောင်ရာ၌ ယောဂီသည် အနာရောဂါ ပျောက်ကင်းစေခြင်းငှာ ဆေးခါးကြီးကို သုံးဆောင်ဘိသကဲ့သို့၊ ကန္တာရခရီးခဲကို လွန်မြောက်ခြင်းငှာ ရင်သွေးငယ်၏ အသားကို စားရဘိသကဲ့သို့ အသက်ရှည်၍ ဣရိယာပုထ်လေးပါး မျှတ ကျန်းမာ၍ ကိလေသာ အနာရောဂါ ကင်းပျောက်ကြောင်း ကမ္မဋ္ဌာန်း အကျင့်ကောင်းကို ကြိုးပမ်း အားထုတ်နိုင်ရန်၊ သံသရာခရီးခဲမှ လွန်မြောက်နိုင်ရန်၊ ဘုရားသာသနာ ရှည်ကြာ ပြန့်ပွားထွန်းကားအောင် ဆောင်ရွက်နိုင်ရန် စိတ်ရည်သန်၍ သုံးဆောင် စားသောက်ရပေမည်။

ဤကဲ့သို့ စားအပ်သော အစာအာဟာရအပေါ် အာဟာရေ ပဋိကူလသညာ ဖြစ်အောင်၊ စားအပ်သော အစာအာဟာရ၌ စက်ဆုပ်ရွံရှာဖွယ် အမှတ်အသား ဖြစ်အောင် ရှုမှတ်ပွားများ လေ့ကျင့်ရမည်။ အဖန်ဖန် ဆင်ခြင်အောက်မေ့ ရမည်။ ယင်းသို့ ဆင်ခြင်အောက်မေ့ဖန် များလာသောအခါ စားပြီး၊ စားဆဲ၊ စားလတ္တံ့ အစာအာဟာရအပေါ်၌ ပဋိကူလသညာ (စက်ဆုပ်ဖွယ်အမှတ်အသား) ထင်မြင်လာမည်။ ထိုအခါ ယောဂီ၏ စိတ်ဉာဏ်တို့လည်း အလွန် ထက်သန် ကြီးထွားလာမည်။ အလွန်ကြည်လင် တည်ငြိမ်လာပြီး ဥပစာရဈာန်ကို ရရှိလာမည်။ ထိုယောဂီအား ရသတဏှာ လွန်စွာခေါင်းပါးပြီး၊ ကာမဂုဏ် ငါးပါး၌ တပ်နှစ်သက်မှု တဏှာရာဂလည်း လွန်စွာပါးရှားလာမည်။ အာဟာရကို မှီဝဲစားသောက်ရာ၌လည်း ကန္တာရခရီးအကြား သားငယ်၏
စာမျက်နှာ-339


အသားကို စားကြရသော မိဘနှစ်ပါး၏ စိတ်ကဲ့သို့ နှစ်သက်သာယာခြင်း ကင်းလျက် သံသရာမှ လွတ်မြောက်ခြင်းငှာသာ ရည်ရွယ်လျက် စားသောက် မှီဝဲရမည်။

ဖဿာဟာရ

ဝိညာဉ် (စိတ်) နှင့် အာရုံထိတွေ့မှုကို “ဖဿ” ဟုခေါ်သည်။ ယင်းသို့ ဝိညာဉ်နှင့်အာရုံ တွေ့ထိမှုသဘောသည်လည်း အစာအာဟာရ တစ်မျိုးဖြစ်၏။ (ဖဿ+အာဟာရ၊ ဖဿ=တွေ့ထိမှု + အာဟာရ=အစားအစာ)။

ဤဖဿသည် နာမ်တရားဖြစ်သော်လည်း အာရုံ၌ တွေ့ထိသော အခြင်းအရာ အားဖြင့် ဖြစ်၏။ ဥပမာ အခြားသူတစ်ယောက် အချဉ်သီး စားနေသည်ကို မြင်ရသူအား မိမိမစားဘဲနှင့် ပါးစောင်၌ ဖျန်းကနဲဖြစ်ကာ သွားရည်များ ယိုကျလာသကဲ့သို့ ဖဿတွေ့ထိမှုသဘောကို မှတ်သားအပ်၏။

သတ္တဝါတို့သည် ဝိညာဉ်နှင့်အာရုံ တွေ့ထိမှု “ဖဿ” တည်းဟူသော အစာအာဟာရကို မှီဝဲသုံးဆောင် ခံစားနေရပါက အသက်ရှည်၏၊ နေပျော်၏။ အာရုံနှင့် ထိတွေ့မှုများ လျော့နည်းသွားပါက အသက်တို၏၊ သေချင်စိတ် ပေါက်လာ၏။ ဥပမာအားဖြင့် လူတစ်ယောက်ကို အလုံပိတ် ထောင်အတွင်း၌ နှစ်ရှည်လများ ထည့်သွင်းပိတ်လှောင်ထားပါက မျက်စိအာရုံ၊ နားအာရုံ စသည်တို့ကို ခံစားသုံးဆောင်ခွင့် မရသဖြင့် ကိုယ်စိတ်နှစ်ပါး မကျန်းမမာ ဖြစ်လာ၏။ စိတ်ပျော့ညံ့သူဖြစ်လျှင် မိမိကိုယ်ကို သတ်သေတတ်သည်။ ရူးသွားတတ်သည်။ ထို့ကြောင့် ဖဿတည်းဟူသော အစာအာဟာရကို မမှီဝဲရသဖြင့် အသက်တိုပုံကို ရိပ်စားနိုင်၏။

ထိုအာရုံနှင့်တွေ့ထိမှု ဖဿသည် အောက်ပါအတိုင်း ၆-မျိုး ရှိ၏—
(၁) စက္ခုသမ္ဖဿ = မျက်စိအတွေ့၊
(၂) သောတသမ္ဖဿ = နားအတွေ့၊
(၃) ဃာနသမ္ဖဿ = နှာခေါင်းအတွေ့၊
(၄) ဇိဝှါသမ္ဖဿ = လျှာအတွေ့၊
(၅) ကာယသမ္ဖဿ = ကိုယ်အတွေ့၊
(၆) မနောသမ္ဖဿ = စိတ်အတွေ့။

သတ္တဝါတို့သည် တွေ့လိုမြင်လိုသော အဆင်းရူပါရုံကို မြင်တွေ့ရလျှင်၊ ကြားလိုသော အသံကို နားထောင်ရလျှင်၊ မွှေးလိုသောအနံ့ကို နမ်းရှူရလျှင်၊
စာမျက်နှာ-340


စားလိုသော အစာကို စားရလျှင်၊ နွေးထွေးနူးညံ့သော အတွေ့ကို တွေ့ရလျှင်၊ စိတ်ဆန္ဒရှိရာ အာရုံတစ်ခုခုနှင့် ကြုံတွေ့ရလျှင် စိတ်ချမ်းသာ၏၊ ပျော်ရွှင် လန်းဆန်း၏၊ အသက်ရှည်၏။ မလိုလားသော မနှစ်သက်ဖွယ် အဆင်းအသံ များနှင့် တွေ့ကြုံရပြန်လျှင်ကား စိတ်မချမ်းသာ၍ အသက်တိုရာအကြောင်းလည်း ဖြစ်၏။

ကပ်ရောက်ရှာဖွေမှု ဥပဂမနဘေး

သတ္တဝါတို့သည် အစားအစာတည်းဟူသော ကဗဠီကာရာဟာရကို မမှီဝဲ မသုံးဆောင်၍ မဖြစ်သကဲ့သို့ စိတ်အာရုံ တွေ့ထိမှုတည်းဟူသော ဖဿာဟာရကိုလည်း မခံစားရ မနေနိုင်ကြပေ။ တစ်နည်းမဟုတ် တစ်နည်း၊ တစ်ခုမဟုတ် တစ်ခု ခံစားနေကြသည်။ မိမိ ကြိုက်နှစ်သက်ရာ အာရုံတစ်ခုခုကို မိမိစိတ်ဝိညာဉ်နှင့် ကပ်ရောက်တွေ့ထိရန် မရရအောင် ရှာဖွေကြသည်။ မရှိလျှင် ရှိသည့်နေရာသို့ အရောက်သွားကြသည်။ မတွေ့တွေ့အောင် ရှာကြသည်။ ယင်းသို့ ရှာဖွေရာတွင် အန္တရာယ်အမျိုးမျိုး ဘေးအမျိုးမျိုးနှင့် ကြုံတွေ့ကြရသည်။ သို့သော် မကြောက်၊ အာရုံကို ရှာဖွေရင်း ဘေးအမျိုးမျိုးနှိပ်စက်၍ သေဆုံးကြရသူများလည်း အနန္တပင်။

ဖဿာဟာရသည် ခံစားမှုဝေဒနာကို ဖြစ်ပေါ်စေတတ်၏။ ဖဿက အာရုံ၏ အရသာကို ညှစ်ထုတ်ထိတွေ့ပေးရာ ထိုအာရုံကို ဝေဒနာက ခံစားသည်။ ဝေဒနာ ခံစားမှုကို သတ္တဝါတို့က “ငါခံစားသည်” ဟု ထင်မှတ်နေကြသည်။ ထို့ကြောင့် ဤဖဿာဟာရ၌ အာရုံကို ရှာဖွေခြင်း၊ အာရုံသို့ ချဉ်းကပ်ခြင်း၌ ဘေးရန် အမှန်ပင် ရှိနေသည်။ ထိုဘေးရန်မှ လွတ်ကင်းအောင် အရေခွံ ခွါခံရသော နွားမ ဥပမာကဲ့သို့ “အာရုံနှင့် တိုးဝင်တွေ့ထိလျှင် ခံစားမှုဝေဒနာ ဖြစ်ပေါ်စေသော ဖဿတည်း” ဟု ဖဿာဟာရကို ရှုမှတ်ရမည်။

အရေခွံခွါထားသော နွားမ (နိစ္ဆပ္ပဂါဝီ)

သတ္တဝါတို့၏ စိတ် (ဝိညာဉ်) သည် ရူပါရုံစသော အာရုံတစ်ခုနှင့် တိုးဝင်တွေ့ထိ ကြုံကြိုက်မိလျှင် ခံစားမှု တစ်ခုခု ဖြစ်ကြရသည်။ နှစ်သက်လျှင် သာယာမှု (သုခဝေဒနာ) ကို ခံစားကြရပြီး မနှစ်သက်လျှင် စိတ်မချမ်းမြေ့မှု (ဒုက္ခဝေဒနာ) ကိုခံစားကြရသည်။ တစ်ခါတစ်ရံ အာရုံတစ်ခုခုနှင့် အမှန်တကယ် ကြုံတွေ့ရသော်လည်း ထိုအာရုံအပေါ် သာယာမှု မသာယာမှု တစ်စုံတစ်ရာ မဖြစ်မိဘဲ ဖာသိဖာသာ နေလိုက်သော (ဥပေက္ခာဝေဒနာ) ခံစားမှုလည်း ဖြစ်ကြရသည်။ မည်သို့ဆိုစေ အာရုံတစ်ခုခုနှင့် ချဉ်းကပ်ကြုံတွေ့ရလျှင် ခံစားမှု
စာမျက်နှာ-341


တစ်ခုခု ဖြစ်ရသည်မှာ သဘာဝတရား ဖြစ်ပေသည်။ ယင်းသဘာဝတရားသည်ပင် ယောဂီအတွက် ဘေးရန်တစ်ခု ဖြစ်နေလေသည်။ ယင်းဘေးရန်မှ လွတ်မြောက်စေရန်အတွက် ယောဂီသည် မိမိကိုယ်ကို အရေခွံ မရှိသော နွားမကဲ့သို့ သုံးသပ် မှတ်ယူရမည်။

ဥပမာ— အပေါ်သားရေခွံ ခွါထားသော နွားမတစ်ကောင် ရှိသည်ဟု ဆိုပါစို့၊ ထိုနွားမသည် အသက်ရှင်နေသဖြင့် အရေခွံ ခွါခံရသည့် ဝေဒနာ ပြေပျောက်စေရန် သွားလာလှုပ်ရှားနေသည်။ ထိုနွားမသည် နံရံကို သွားမှီပြန်လျှင် နံရံမှာရှိသော ပင့်ကူ၊ အိမ်မြှောင်၊ တောက်တဲ့၊ ကြွက် စသည်တို့က ထိုးထွင်းကိုက်ခဲကြသည်။ သစ်ပင်ကို သွားမှီပြန်လျှင်လည်း သစ်ပင်မှာရှိသော ပိုးတို့က ကိုက်ခဲကြသည်။ ရေထဲဆင်း၍ စိမ်နေပြန်လျှင်လည်း ရေပုပ်ထဲရှိသော ပိုးမွှားများက ကိုက်ခဲကြသည်။ ကွင်းပြင်မှာနေပြန်လျှင်လည်း မှက်၊ ခြင်၊ ယင်၊ စွန်၊ ကျီး စသည်တို့က ကိုက်ခဲ ထိုးဆိတ်ကြသည်။ ထိုနွားမသည် မည်သည့်နေရာ၌ နေနေ ပိုးလောက်စသည်တို့၏ ကိုက်ခဲခြင်းကို ခံနေရသည်။

ယင်းသို့ ပိုးအမျိုးမျိုးတို့၏ ကိုက်ခဲခြင်း ဆင်းရဲဒုက္ခကို ခံစားနေရခြင်းသည် အရေခွံမရှိသည့် ကိုယ်ကောင်ဟူသော အကြောင်းကြောင့် ဖြစ်သည်။ အရေခွံမရှိသော ကိုယ်ကောင်မှ တစ်ပါး အခြားအကြောင်းမရှိချေ။ ဤ၌ယောဂီသည် အရေခွံမရှိသော နွားမနှင့်တူ၏။ အာရုံ၌ တွေ့ထိမှုဖဿသည် နွားမ၏ အရေခွံ မရှိသော ကိုယ်ကောင်နှင့်တူ၏။ ခံစားမှု ဝေဒနာသည် ပိုးစသည်ကိုက်ခဲခြင်း ခံရသည်နှင့်တူ၏။

ထို့ကြောင့် သတ္တဝါတို့သည် ဝေဒနာသုံးပါးကိုဆောင်သော၊ ဖြစ်ပေါ်သော အာရုံနှင့် တိုးဝင်တွေ့ထိသည့် ဖဿ ရှိနေသမျှ ကိလေသာ ပိုးတို့၏ ကိုက်ခဲ ထိုးဆွမှုကို ခံနေကြရမည်။ အာရုံ၌ တွေ့ထိမှုဖဿကြောင့် ခံစားမှု ဝေဒနာဖြစ်ပေါ်ရသည်။ တွေ့ထိမှုဖဿချုပ်လျှင် ခံစားမှုဝေဒနာ ချုပ်သည်။ ဝေဒနာချုပ်လျှင် တဏှာစသည်ချုပ်၍ ဝဋ်မြစ်ပြတ်လေတော့၏။ ဖဿကို ပိုင်းခြား၍ သိလျှင် ဝေဒနာကို ပိုင်းခြား၍သိ၏။ ထို့ကြောင့် ယောဂီသည် ဖဿကို ပိုင်းခြားထင်ထင် သိမြင်အောင် ကျင့်ကြံအားထုတ်ရမည်။

မနောသန္ဓေတနာဟာရ

မနောသန္ဓေတနာဟာရဆိုသည်မှာ စေတသိက် ၅၂-ပါး၌ ပါဝင်သော “စေတနာစေတသိက်” ကို ခေါ်သည်။ ထိုစေတနာသည် စေ့ဆော်ခြင်း၊ တိုက်တွန်းခြင်း၊ အားပေးအားမြှောက် ပြုလုပ်ခြင်းသဘောရှိ၏။ (မနော+သံ+စေတနာ၊
စာမျက်နှာ-342


မနော=စိတ် + သံ= အတူတကွ + စေတနာ= တိုက်တွန်းခြင်း) စိတ်ပါလက်ပါ ပြုလုပ်ပြောဆိုကြံစည်မှုသည် စေတနာပင်ဖြစ်၏။

မှန်၏။ မည်သည့်အလုပ်ကိစ္စကို ပြုလုပ်သည်ဖြစ်စေ စိတ်လက်မပါ စေတနာ မပါလျှင် ကံမမြောက်ပေ။ ကံမြောက်မှ ကံ၏အကျိုးပေးမှု လုပ်ငန်း၏ရလဒ်ကို ခံစားရသည်။ ထို့ကြောင့် စေတနာကို ကံဟု ခေါ်ဆိုကြောင်း ဘုရားရှင် ကိုယ်တော်တိုင် မိန့်ကြားတော်မူခဲ့သည်။

တမင်တကာ ရည်ရွယ်၍ ပြုလုပ်သော လုပ်ငန်း (စိတ်စေတနာဖြင့် ပြုလုပ်သော အလုပ်) သည် လုပ်ငန်း ပြီးဆုံးသွားသော်လည်း ပြီးပြီးပျောက်ပျောက် ဖြစ်မသွားပေ၊ သူ၏တာဝန်ကို ဆက်လက်ထမ်းဆောင်နေသည်။ ဆိုလိုသည်မှာ ပြုလုပ်သူအား အကျိုးပေးရန် အချိန်ကာလကို စောင့်မျှော်နေသည်။

စိတ်နှင့် အတူတကွဖြစ်သော စေတနာသည် သတ္တဝါတို့အတွက် အစာအာဟာရတစ်မျိုးဖြစ်သည်။ ထိုစေတနာတည်းဟူသော အာဟာရကို မှီဝဲနေကြရသောကြောင့် သတ္တဝါတို့ အသက်ရှည်နေကြသည်။ တစ်နည်းအားဖြင့် သံသရာ ရှည်နေကြသည်။ ကောင်းသောစေတနာ၊ မကောင်းသော စေတနာတို့ကြောင့် ကောင်းကျိုး ဆိုးကျိုးကို ခံစားနေကြရသည်။ မိမိတို့စေတနာ အာဟာရ အားလျော်စွာ ဘုံသုံးပါး၌ ပဋိသန္ဓေအသီးအပွင့်များ ဖြစ်ပွားနေကြရသည်။

ထိုထိုဘဝ၌ ပစ်ချခြင်း (ဥပပတ္တိ) ဘေး

သတ္တဝါကို သံသရာရှည်စေရန် အစာတစ်မျိုးဖြစ်သည့် မနောသန္ဓေတနာဟာရသည် ဘုံသုံးပါးတွင် တစ်ပါးပါး၌ ပဋိသန္ဓေကို မုချဖြစ်စေတတ်၏။ ထိုပဋိသန္ဓေနှင့်အတူ သေခြင်းဆင်းရဲ မရဏဒုက္ခ စသည်တို့လည်း အမြဲတွဲကပ်၍ ပါလာလေသည်။ ယင်း စေတနာ၌ ပဋိသန္ဓေဖြစ်အောင် ထိုထိုဘဝသို့ ပစ်ချခြင်း (ဥပပတ္တိ) ဘေးသည် မုချရှိနေ၏။ ထိုဘေးမှ လွတ်ကင်းအောင် ထိုထိုဘဝသို့ရောက်စေတတ်သော စေတနာကို (မနောသန္ဓေတနာဟာရကို) သက်ဆင်းဝံ့စရာမရှိသည့် မီးကျီးတွင်းပမာ ရှုမှတ်ရမည်။

မီးကျီးတွင်းဥပမာ

သတ္တဝါတို့သည် မိမိတို့ ပြုလုပ်အပ်သော စေတနာ အာဟာရအလျောက် ဘဝသုံးရပ် ဘုံသုံးထပ်၌ လှည့်ပတ်ကျင်လည်နေကြရသည်။ ဗာလပုထုဇဉ်လူတို့ကား ထိုသို့ ကျင်လည်ရသည်ကို ကြောက်လည်း မကြောက်၊ ရွံလည်း မရွံ၊ ရောက်လိုရာရောက်စေတော့ ဖြစ်ချင်ရာ ဖြစ်ပေတော့ဟု သဘောထားကာ မိုက်တွင်းနက်နေကြသည်။ သုဂတိ ဘုံဘဝသို့ ရောက်ရှိပါစေသားဟုပင် ဆုတောင်းလိုက်ကြသေး၏။
စာမျက်နှာ-343


လူလိမ္မာ ယောဂီအနေဖြင့်ကား ထိုသို့သဘောမထားအပ်ပေ။ ဘဝပဋိသန္ဓေဖြစ်စေနိုင်သော ထိုစေတနာကို မီးကျီးတွင်းကဲ့သို့ ရှုမြင် ဆင်ခြင်ရမည်။

ဥပမာအားဖြင့် အသက်ရှည်ရည် ချမ်းသာစွာ နေလိုသူတစ်ဦးကို ခွန်အားဗလကောင်းသော ယောက်ျားနှစ်ဦးက လက်မောင်းကို ဆုပ်ကိုင်၍ လက်ခုပ်တစ်ဖောင်ကျော်မျှနက်သော မီးကျီးတွင်းထဲသို့ အတင်းအဓမ္မဆွဲငင်၍ ပစ်ချလိုက်သည်ဆိုကြပါစို့။ ထိုအခါ မီးကျီးတွင်းထဲသို့ ပစ်ချခံရသူအား မီးကျီးတွင်းထဲကျရောက်လျှင် မုချသေရတော့မည်ဖြစ်သောကြောင့်လည်းကောင်း၊ သို့မဟုတ် သေလောက်နီးပါး ဒုက္ခခံစားရတော့မည် ဖြစ်သောကြောင့်လည်းကောင်း ထိုမီးကျီးတွင်းမှ လွတ်လိုဝေးလိုသော စိတ်စေတနာ ဖြစ်ပေါ်လိမ့်မည်။

ဤဥပမာ၌ မီးကျီးတွင်းသည် တေဘူမက ဝဋ်ဒုက္ခဆင်းရဲ ထူပြောသည့် ဘဝသံသရာနှင့်တူ၏။ မီးကျီးတွင်းထဲသို့ ဆွဲချခံရသူသည် ဝဋ်ကို မှီသော၊ ဘဝကို လိုချင်သော ပုထုဇဉ် လူမိုက်နှင့်တူ၏။ ခွန်အားဗလကောင်းသော ယောက်ျားနှစ်ယောက်သည် ကုသိုလ်ကံ (စေတနာ)၊ အကုသိုလ်ကံ (စေတနာ) နှင့်တူ၏။ ခွန်အားဗလကောင်းသော ယောက်ျားနှစ်ယောက်က မီးကျီးတွင်းထဲသို့ ဆွဲချခြင်းသည် ကုသိုလ်၊ အကုသိုလ်ကံများကို ပုထုဇဉ်တို့ အားထုတ်ပြုလုပ်ခြင်းနှင့် တူ၏။ မီးကျီးတွင်းလျှင် အကြောင်းရှိသော ဆင်းရဲသည် ကံ (စေတနာ) လျှင် အကြောင်းရင်းရှိသော ဝဋ်ဒုက္ခနှင့် တူ၏။

ထို့ကြောင့် ဘဝသံသရာမီးကျီးတွင်းမှ လွတ်မြောက်လိုသော ယောဂီသည် ဘဝကိုဖြစ်စေတတ်သော စေတနာကို မီးကျီးတွင်းကဲ့သို့ ရှုမှတ်ဆင်ခြင်ရမည်။ စေတနာ၏ အကြောင်းရင်းကို ပိုင်းခြား၍ သိရမည်။ စေတနာ၏ မူလအကြောင်းရင်းသည် ဘဝကို တပ်နှစ်သက်သော တဏှာဖြစ်သည်။ ထို့ကြောင့် စေတနာ၏ အကြောင်းရင်းဖြစ်သော တဏှာကိုလည်း ပိုင်းခြား၍ သိအောင် ရှုမှတ်ရမည်။ တဏှာကို ပိုင်းခြား၍ သိမြင်လာသောအခါ ယောဂီသည် မဂ်ကိစ္စအတွက် ပြုလုပ်ဖွယ် မရှိတော့ပြီ။

ဝိညာဏာဟာရ

ဝိညာဉ်ဆိုသည်မှာ စိတ်၊ စေတသိက်ဟူသော နာမ်တရားများကို ခေါ်သည်။ ထိုနာမ်တရားများသည် သတ္တဝါတို့ အသက်ရှင် လှုပ်ရှားသွားလာနိုင်ရေးနှင့် ရုပ်ခန္ဓာ တည်တံ့ရေးအတွက် အစာအာဟာရတစ်မျိုး ဖြစ်သည်။ ထိုနာမ် အစာအာဟာရမရှိသော သတ္တဝါတို့သည် ငှက်ပျောတုံး၊ လက်ပံတုံး စသည်ကဲ့သို့ မလှုပ်မယှက် ဖြစ်နေပေမည်။ ထိုသတ္တဝါ၏ ရုပ်ခန္ဓာသည်လည်း ကြာရှည်စွာ
စာမျက်နှာ-344


တည်တံ့နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဝိညာဉ် (နာမ်တရား) ကို အစာအာဟာရအဖြစ် သတ်မှတ်ထားသည်။ (ဝိညာဏ+အာဟာရ၊ ဝိညာဏ=ဝိညာဉ်-စိတ်-နာမ် + အာဟာရ=အစားအစာ)

ဘဝချင်းဆက်စပ်မှု (ပဋိသန္ဓေ) ဘေး

ဝိညာဏာဟာရသည် ရုပ်နာမ်နှစ်ပါးကို ဖြစ်စေတတ်၏။ တစ်နည်းဆိုသော် ဘဝထိုထို၌ ပဋိသန္ဓေကို ဖြစ်စေတတ်၏။ ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲ၏။ ပြစ်မှုကြောင့် ထောင်ကျခံရသူသည် ထောင်မှ ထွက်လာသောအခါ ထောင်ထဲ၌ နေရသည့် ဒုက္ခဆင်းရဲကို မှတ်မိနေသဖြင့် ထောင်ထဲသို့ ပြန်လိုစိတ် မရှိချေ။ ထို့အတူ ပဋိသန္ဓေနေသူသည် အမိဝမ်းမှ ကျွတ်လွတ်လာပြီးနောက် ကျဉ်းမြောင်းလှသည့် မိခင်ဝမ်းခေါင်း၌ ဆင်းရဲကြီးစွာ နေခဲ့ရသည်ကို မှတ်မိနေလျှင် နောင်တစ်ဖန် ပဋိသန္ဓေနေလိုစိတ် ရှိတော့မည်မဟုတ်ပေ။

သတ္တဝါတို့သည် ပဋိသန္ဓေ ရရှိလာလျှင် စုတိ (သေခြင်း) လည်း အမြဲကပ်၍ ပါလာ၏။ ထို့ကြောင့် ဝိညာဏာဟာရကြောင့် ပဋိသန္ဓေဘေး တွေ့ရသကဲ့သို့ စုတိ (သေခြင်း) ဘေးလည်း တွေ့ရ၏။ ထိုဘေးမှ လွတ်မြောက်နိုင်ရေးအတွက် ဝိညာဏာဟာရကို လှံ၊ တံကျင်ကဲ့သို့ အလွန်တရာ ကြောက်မက်ဖွယ်အဖြစ် ရှုမှတ်ရမည်။

လှံမ၊ တံကျင်ကဲ့သို့

ဘဝထိုထို၌ တစ်ဖန်ပြန်ဖြစ်ရဦးမည့် ပဋိသန္ဓေဘေးကို ကြောက်သော ယောဂီသည် နာမ်အစားအစာဖြစ်သော ဝိညာဏာဟာရကို ကြောက်မက်ဖွယ်ရာ အဖြစ် ရှုမှတ်ရာ၌ မိမိကိုယ်ကို လှံမ၊ တံကျင်ဖြင့် အထိုးခံရသော သူခိုးကဲ့သို့ ရှုမှတ်ရမည်။

မင်းချင်းယောက်ျားတို့သည် သူခိုးကို ဖမ်း၍ မင်းကြီးရှေ့တော်မှောက်သို့ ပို့ဆောင်လေရာ မင်းကြီးက အမှုကို စိစစ်ပြီး နံနက်၌ လှံတစ်ရာ၊ နေ့လယ်၌ လှံတစ်ရာ၊ ညဉ့်၌ လှံတစ်ရာတို့ဖြင့် ခိုးသူကို ထိုးသတ်ရန် မင်းချင်းတို့အား အမိန့်ပေးလေသည်။

မင်းချင်းယောက်ျားတို့သည် အမိန့်တော်အတိုင်း နံနက်၊ နေ့လယ်၊ ညဉ့်တို့၌ တစ်ကြိမ်လျှင် လှံပေါင်းတစ်ရာဖြင့် ခိုးသူအား ညှဉ်းဆဲ ထိုးသတ်ကြသည်။ ထိုအခါ ခိုးသူသည် လှံတစ်ချောင်းဖြင့် တစ်ချက် အထိုးခံလိုက်ရလျှင်ပင် ပြင်းထန်စွာ နာကျင်မှု ဆင်းရဲဒုက္ခကို ခံစားရသည်။ လှံပေါင်းတစ်ရာဖြင့် အချက်ပေါင်းတစ်ရာ အထိုးခံရပါမူကား အဘယ်ဆိုဖွယ်ရာ ရှိပါတော့အံ့နည်း။
စာမျက်နှာ-345


ဤဥပမာ၌ မင်းကြီးသည် ကံနှင့်တူ၏။ သူခိုးသည် ဝဋ်ဒုက္ခကိုမှီတွယ်နေသော ပုထုဇဉ် လူမိုက်နှင့်တူ၏။ လှံမ (တံကျင်) သုံးရာသည် ဘုံသုံးပါး၌ ဖြစ်သော ပဋိသန္ဓေ (စိတ်) ဝိညာဉ်နှင့်တူ၏။ သူခိုးကိုသတ်ရန် အမိန့်စီရင်ချက် ချသောအခါသည် ကံက ပုထုဇဉ်လူမိုက်ကို ပဋိသန္ဓေသို့ ပစ်ချလိုက်သောအခါ နှင့်တူ၏။ သို့မဟုတ် သတ်မိန့်သည် ပုထုဇဉ်လူမိုက်အား ပဋိသန္ဓေရစေခြင်းနှင့် တူ၏။ လှံတို့ဖြင့် ထိုးသတ်နှိပ်စက်ခြင်းကြောင့် ရရှိခံစားရသော နာကျင်မှု ဆင်းရဲသည် ပဋိသန္ဓေရရှိမှုကြောင့် ပဝတ္တိအခါ (သတ္တဝါဖြစ်လာသောအခါ) ဖြစ်ပေါ်ကြုံတွေ့ရသော ဆင်းရဲနှင့်တူ၏။

ထို့ကြောင့် ပဋိသန္ဓေဘေးမှ လွတ်မြောက်လိုသော ယောဂီသည် ဝိညာဏာဟာရ (ဝိညာဉ်) ကို လှံမ၊ တံကျင်ကဲ့သို့ ကြောက်မက်ဖွယ်အဖြစ် ရှုမှတ်ရမည်။ ဝိညာဉ်ကို ပိုင်းခြားသိမြင်အောင် အားထုတ်ရမည်။ ဝိညာဉ်ကိုသိလျှင် ဝိညာဉ်လျှင် အကြောင်းရင်းရှိသော ဝိညာဉ်နှင့် အတူတကွဖြစ်သော နာမ်ရုပ်ကို ပိုင်းခြား၍ သိလာမည်။ နာမ်ရုပ်ကို ပိုင်းခြား၍ သိလာလျှင်ကား မဂ်ကိစ္စ အတွက် ပြုဖွယ် မရှိတော့ပြီ။

သတ္တဝါနှင့် အာဟာရ

ဤပြဆိုခဲ့ပြီးသော အာဟာရလေးမျိုးတို့တွင် ကာမဘုံ၌ မုချအားဖြင့် အာဟာရလေးမျိုးလုံးကို ရ၏။ သို့ရာတွင် ကာမဘုံ၌ ကဗဠီကာရာဟာရသာ ထင်ရှား၏။

ရူပဘုံနှင့် အရူပဘုံတို့၌ ကဗဠီကာရာဟာရမှတစ်ပါး ကျန်အာဟာရ သုံးပါးလုံးရ၏။ အသညသတ်ဘုံသားမှတစ်ပါး ရူပဘုံသား ရူပဗြဟ္မာတို့သည် ဝိညာဏာဟာရနှင့် ဖဿာဟာရကို သုံးဆောင်မှီဝဲနေကြသည်။ အောက်အရူပ သုံးဘုံရှိ အရူပဗြဟ္မာတို့သည် စိတ်နှင့် အတူတကွဖြစ်သော မနောသန္ဓေတနာဟာရကိုသာ သုံးဆောင်မှီဝဲနေကြသည်။ အထက်ဘဝဂ်ဟုခေါ်သော နေဝသညာနာသညာယတနဘုံရှိ အရူပဗြဟ္မာတို့သည် ဝိညာဏာဟာရ တစ်ခုကိုသာ သုံးဆောင်မှီဝဲနေကြသည်။

အသညသတ်ဘုံ အပါအဝင် ဘုံအားလုံးတို့၌ မိမိတို့ပြုလုပ်ခဲ့သည့် အကြောင်း သာမည၊ အကြောင်း အထောက်အပံ့ဟု ဆိုအပ်သော ပစ္စယာဟာရကိုလည်း ရ၏။ ထို့ကြောင့် အသညသတ်ဘုံရှိ အသညသတ်ဗြဟ္မာတို့သည် “ပစ္စယာဟာရ” ဟု ဆိုအပ်သော မိမိတို့ ပြုလုပ်ခဲ့သည့် ကုသိုလ်အကြောင်း အထောက်အပံ့ကို အစာအာဟာရအဖြစ် သုံးဆောင်မှီဝဲ နေကြလေသည်။ ထို့ကြောင့် ဘုရားရှင်က—
စာမျက်နှာ-346


“သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ”
“သတ္တဝါအားလုံး အာဟာရကြောင့် တည်တံ့နေကြရကုန်၏”— ဟု ဟောတော်မူခဲ့သည်။

ဤအာဟာရ လေးမျိုးအနက် “အာဟာရေ ပဋိကူလသညာ” ရှုပွားရာ၌ အဓိကလိုအပ်သော အာဟာရမှာ “ကဗဠီကာရာဟာရ” ဖြစ်သည်။ ပြဆိုခဲ့ပြီးသော နည်းတို့ဖြင့် ယောဂီသည် မိမိ စားမျိုသော အစာအာဟာရတို့၌ စက်ဆုပ်ရွံရှာဖွယ်အဖြစ် ရှုမှတ်ရမည်။ ဤမှတစ်ပါး ကျန်အာဟာရ သုံးပါးတို့ကိုလည်း ပြဆိုခဲ့သည့်အတိုင်း ရှုမှတ် ဆင်ခြင်ပွားများလျှင် ရသတဏှာနှင့် ကာမတဏှာ လျော့ပါး၍ ကိလေသာ ကုန်ခန်းပြီး အရဟတ္တဖိုလ်သို့ ဆိုက်ရောက် နိုင်လေသည်။

အာဟာရေ ပဋိကူလသညာ၏ အကျိုးအာနိသင်

ဤအာဟာရေပဋိကူလသညာကမ္မဋ္ဌာန်းကို စီးဖြန်း အားထုတ်သော ယောဂီပုဂ္ဂိုလ် (ရဟန်း) သည် အစာအာဟာရ၌ တပ်မက်တွယ်တာမှု ရသတဏှာမှ စိတ်တွန့်ဆုတ်၏။ စိတ်ဆုတ်နစ်၏။ အစာအာဟာရကို သုံးဆောင် စားသောက်ရာ၌ မက်မောတွယ်တာမှု မရှိ။ ရှိသမျှ ရသမျှ အာဟာရဖြင့် ကျေနပ်ရောင့်ရဲ၏၊ ကန္တာရခရီးခဲကို လွန်မြောက်လိုသော ဇနီးမောင်နှံသည် သားငယ်၏အသားကို မာန်ယစ်ခြင်း မရှိဘဲ စားသုံးသူကဲ့သို့ သံသရာ ဝဋ်ဆင်းရဲမှ ထွက်မြောက်ရန် အတွက်သာ မာန်ယစ်ခြင်းမရှိဘဲ အာဟာရကို သုံးဆောင်၏။

အာဟာရေပဋိကူလသညာကမ္မဋ္ဌာန်းကို အားထုတ်သော ယောဂီသည် ကာမဂုဏ်ငါးပါး၌ တပ်မက်သောရာဂ ကင်းပျောက်၏။ ထိုရာဂကို ပိုင်းခြား၍ သိ၏။ ထိုသို့ သိသဖြင့် ရူပက္ခန္ဓာကိုလည်း ပိုင်းခြား၍ သိ၏။ မကျေမကျက်သေးသော အစာစသည်၏ စက်ဆုပ်ဖွယ်အဖြစ်ကို ဆင်ခြင်စွမ်းနိုင်သောကြောင့် ကာယဂတာသတိ ဘာဝနာသည်လည်း ထက်ဝန်းကျင် ပြည့်စုံခြင်းသို့ ရောက်၏။ အသုဘသညာအား လျော်သော အကျင့်ကို ကျင့်သည်လည်း မည်၏။ ဤကမ္မဋ္ဌာန်းအကျင့်ကို မှီ၍ မျက်မှောက်ဘဝ၌ပင်လျှင် အမြိုက်နိဗ္ဗာန်ကို ရရှိခံစားနိုင်၏။ အကယ်၍ အမြိုက်နိဗ္ဗာန်ကို ယခုဘဝ၌ မျက်မှောက်မပြုနိုင်သေးလျှင်ကား သုဂတိဘဝသို့ မုချ လားရောက်ရပေ၏။
စာမျက်နှာ-347


ဓာတ်ကမ္မဋ္ဌာန်း

စတုဓာတုဝဝတ္ထာန် ဆိုသည်မှာ ပထဝီစသော ဓာတ်လေးပါးတို့၌ အသီးသီးသော သဘောကို မှတ်သည်၏ အစွမ်းအားဖြင့် ပိုင်းခြားသိမြင်သော ဉာဏ်ကို ခေါ်သည်။ ဓာတ်လေးပါးတို့၏ သဘောကို ဆုံးဖြတ်ခြင်း ဖြစ်၏။ (စတု+ဓာတု+ဝဝတ္ထာန၊ စတု= ၄-ပါး + ဓာတု=ဓာတ် + ဝဝတ္ထာန=ပိုင်းခြား ဆုံးဖြတ်ခြင်း)

ထိုစတုဓာတု ဝဝတ္ထာန်ကိုပင် ဓာတုမနသိကာရ = ဓာတ်တို့ကို နှလုံးသွင်းခြင်း၊ ဓာတုကမ္မဋ္ဌာန = ဓာတ်ကမ္မဋ္ဌန်းဟုလည်း ခေါ်သည်။ သဘောအဓိပ္ပါယ်အားဖြင့် အတူတူပင် ဖြစ်သည်။

ဓာတ် ၄-ပါးတို့၏ သဘောလက္ခဏာများ

ပထဝီဓာတ်သည် ခက်မာခြင်း လက္ခဏာရှိ၏။ ရုပ်ဝတ္ထု တစ်ခုကို ထိတွေ့ စမ်းသပ်ကြည့်သည့်အခါ မာခြင်း၊ ပျော့ခြင်း၊ နုခြင်း၊ ကြမ်းခြင်း သဘောကို တွေ့ရှိရမည်။ ဤကား ပထဝီဓာတ်ကို တွေ့ခြင်း ဖြစ်သည်။

အာပေါဓာတ်သည် စေးဖွဲ့ခြင်း၊ ယိုစီးခြင်း၊ ရိချွဲ ပြောင်းအိခြင်း၊ ဖွဲ့စည်းခြင်း သဘော လက္ခဏာ ရှိ၏။ အာပေါဓာတ်ကို ထိတွေ့ ကိုင်တွယ်၍ မရနိုင်၊ ဉာဏ်ဖြင့်သာ ထောက်ဆ သိမြင်နိုင်သည်။

တေဇောဓာတ်သည် ရင့်ကျက်စေခြင်း၊ ပူခြင်း၊ အေးခြင်း သဘောလက္ခဏာ ရှိ၏။ ရုပ်ဝတ္ထုတစ်ခုကို ထိတွေ့ကိုင်တွယ် စမ်းသပ်ကြည့်လျှင် ပူမှု၊ အေးမှုကို တွေ့ရမည်။ ဤကား တေဇောဓာတ်ကို တွေ့ရခြင်း ဖြစ်သည်။

ဝါယောဓာတ်သည် တောင့်တင်း ခိုင်ခံ့ ထောက်ကန်ခြင်း၊ ရွေ့လျား လှုပ်ရှားခြင်း သဘော လက္ခဏာ ရှိ၏။ ရုပ်ဝတ္ထု တစ်ခုကို ထိတွေ့ ကိုင်တွယ် စမ်းသပ် ကြည့်သည့်အခါ လှုပ်ရှားခြင်း၊ ငြိမ်သက်ခြင်း၊ ရွေ့လျားခြင်း၊ ရပ်တည်ခြင်း သဘောကို တွေ့ရမည်။ ဤကား ဝါယောဓာတ်ကို တွေ့ရခြင်း ဖြစ်သည်။

ပွားနည်း ၂-မျိုး

စတုဓာတုဝဝတ္ထာန် ကမ္မဋ္ဌာန်းကို ပွားများရာ၌ ပုဂ္ဂိုလ် အဆင့်အတန်း အားလျော်စွာ နည်း ၂-မျိုးဖြင့် ပွားများနိုင်သည်။ ဤကမ္မဋ္ဌာန်းကို ပွားမည့် ယောဂီသည် မိမိသည် မည်သည့်ပုဂ္ဂိုလ် အမျိုးအစား၌ ပါဝင်သည်ကို ရှေးဦးစွာ
စာမျက်နှာ-348


သိထားရန် လိုအပ်သည်။ ထိုသို့ သိထားမှသာ ဉာဏ်နှင့် ကမ္မဋ္ဌာန်း ကိုက်ညီပြီး သမာဓိ ရလွယ်မည် ဖြစ်သည်။ မိမိ၏ အဆင့်အတန်းကို သိပြီးနောက် ပွားနည်း နှစ်မျိုးအနက် မိမိနှင့် သင့်လျော်မည့် ပွားနည်းကို ယူ၍ ပွားများရာ၏။ ပွားနည်း နှစ်မျိုး ဆိုသည်မှာ—
(၁) ဉာဏ်ထက်သူ ပွားနည်း၊
(၂) ဉာဏ်အလယ်အလတ်ရှိသူ ပွားနည်း - တို့ ဖြစ်သည်။

ဉာဏ်ထက်သူသည် ဓာတ်လေးပါးကို အကျဉ်းအားဖြင့် ပွားအပ်၏။ ဉာဏ်အလယ်အလတ်ရှိသူသည် ဓာတ်လေးပါးကို အကျယ်ပွားအပ်၏။

ဉာဏ်ထက်သူ ဆင်ခြင်ပွားများနည်း ၂-မျိုး

ဉာဏ်ထက်မြက်သော ယောဂီသည် မဟာသတိပဋ္ဌာနသုတ်၌ ဘုရားရှင် ဟောတော်မူသည့်အတိုင်း မိမိ၏ ရူပကာယတစ်ခုလုံးကို အောက်ပါနည်း ၂-မျိုးတို့ဖြင့် ဆင်ခြင်၍ အကျဉ်းအားဖြင့် ပွားများရာ၏။

နွားသတ်သမား ဥပမာ

ဥပမာအားဖြင့် ကျွမ်းကျင်သော နွားသတ်သမားသည် လည်းကောင်း၊ ၎င်း၏ တပည့်သည်လည်းကောင်း နွားကို သတ်ပြီးလျှင် လမ်းလေးခွ၌ အပုံ အပုံအားဖြင့် ခွဲခြမ်းသကဲ့သို့ ထို့အတူပင် ယောဂီ (ရဟန်း) သည် တည်မြဲတိုင်း ထားမြဲတိုင်းသော ဤရူပကာယကိုပင် ဓာတ်သဘောအားဖြင့် ရှုဆင်ခြင်ရာ၏။ ဤရူပကာယ ခန္ဓာကိုယ်၌ နူးညံ့ခက်မာသော ပထဝီဓာတ်ရှိ၏။ စေးဖွဲ့ယိုစီးသော အာပေါဓာတ်ရှိ၏။ ပူအေးသော တေဇောဓာတ်ရှိ၏။ ရွှေ့လျားလှုပ်ရှားသော ဝါယောဓာတ်ရှိ၏ဟု ခွဲခြမ်းစိတ်ဖြာ၍ ဆင်ခြင်ရာ၏။

ဤဥပမာ၌ နွားသတ်သမားသည် နွားကို မွေးမြူစဉ်၊ နွားသတ်ကုန်းသို့ ဆွဲလာစဉ်၊ နွားသတ်ကုန်း၌ ချည်ထားစဉ်၊ သတ်စဉ်၊ သတ်ပြီး နွားသေကောင်ကို ကြည့်ရှုစဉ် ကာလတို့၌ နွားဟူသော အမှတ်သညာ မပျောက်သေးပေ။ ထိုနွားသေကောင်ကို ဖျက်၍ အသား စသည်တို့ကို အပုံ အပုံပြု၍ ခွဲခြမ်းပြီးသော အခါ၌ကား နွားဟူသော အမှတ်သညာ ပျောက်ကွယ်သွားပြီး အသား (အမဲသား) ဟူသော အမှတ်သညာသာ ရှိနေလေသည်။ အသားများကို ရောင်းချသော အခါ၌လည်း “ငါသည် နွားကို ရောင်း၏၊ ဤသူတို့သည် နွားကို ဝယ်ကြ၏” ဟု မထင်မှတ်တော့ဘဲ “ငါသည် အမဲသားရောင်း၏၊ ဤသူတို့သည် အမဲသားကို ဝယ်ကြ၏” ဟု သိမှတ်နေလေသည်။
စာမျက်နှာ-349


ထို့အတူပင် ယောဂီ (ရဟန်း) သည် ကိုယ်ခန္ဓာ၌ ဓာတ်လေးပါးကို မရှုပွားမီ ရှေးကာလ၌ ဤရူပကာယကိုပင် တစ်ကိုယ်တည်း တစ်ပေါင်းတည်းဟု ထင်မှတ်နေ၏။ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမဟု ထင်မြင်နေသော အမှတ်သညာ မကွယ်မပျောက်သေးပေ။ ဤရူပကာယကိုပင် ပထဝီစသော ဓာတ်သဘောအားဖြင့် ရှုပွားဆင်ခြင်လိုက်သော အခါ၌မူ တစ်ကိုယ်တည်း တစ်ပေါင်းတည်း အဖြစ်၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမအဖြစ် မထင်မှတ်တော့ဘဲ ထိုအမှတ်သညာများ ကွယ်ပျောက်သွားတော့၏။ ဓာတ်သဘောမျှသာဟု သိမှတ်နေတော့၏။ ထိုအခါ ဥပစာရသမာဓိကို ရပြီဟု မှတ်ရမည်။

အိမ် ဥပမာ

တရားစစ်သူကြီး အရှင်သာရိပုတ္တရာသည် မဟာဘုတ်လေးပါး (ဓာတ်လေးပါး) တို့၏ သတ္တဝါ မဟုတ်ကြောင်းကို ပြရန်အတွက်—

“အရိုးကို စွဲမှီ၍ အကြောကို စွဲမှီ၍ အသားကို စွဲမှီ၍ အရေကို စွဲမှီ၍ ၎င်းအရိုးစသည်တို့ကို အတွင်းအပြင်၌ ကာရံလျက်တည်သော ဟင်းလင်းပြင် (အာကာသ) သည်ပင် ရူပကာယ ခန္ဓာကိုယ်ဟု ရေတွက် ခေါ်ဆိုခြင်းသို့ ရောက်၏—”

ဟု ဟောကြားတော်မူခဲ့သည်။

ဤခန္ဓာကိုယ်ကြီးကို အဓိကအားဖြင့် အရိုး၊ အကြော၊ အသား၊ အရေ ဟူသော အစုအဝေး ကောဋ္ဌာသလေးခုတို့က ဖွဲ့စည်းတည်ဆောက်ထားကြသည်။ ထိုကောဋ္ဌာသလေးခုကို တစ်ခုစီ ဆွဲထုတ်၍ တစ်ပုံစီ ပုံထားလိုက်လျှင် ကိုယ်ကာယဟူသော အဆောက်အဦ မရှိတော့ပေ။

ဥပမာအားဖြင့် အိမ်ဟု ခေါ်ဆိုရန် အိမ်တစ်အိမ်ဖြစ်ရန် အဓိကအားဖြင့် သစ်သား၊ ကြိမ်နွယ် (ရှေးက ရိုက်သံအစား သုံးသည်)၊ မြက် သက်ကယ် (အမိုး) မြေသရွတ် (အကာအတွက်သုံးသည်) ဤလေးမျိုးကို လိုအပ်သည်။ ဤလေးမျိုး စုပေါင်းဖွဲ့စည်း တည်ဆောက်မှသာ အိမ်တစ်အိမ် ဖြစ်နိုင်သည်။ အိမ်အဖြစ် တည်ဆောက်ထားသော ထိုပစ္စည်းလေးမျိုးကို တစ်ခုစီ ဆွဲထုတ်၍ တစ်နေရာစီ စုပုံထားလိုက်ပါက အိမ်ဟု မခေါ်နိုင်တော့ပေ။

ဤဥပမာအတူ ဉာဏ်ထက်သော ယောဂီသည် ဤရူပကာယ ခန္ဓာကိုယ်ကို “အရိုး၊ အကြော၊ အသား၊ အရေ၊ အရေ၊ အသား၊ အကြော၊ အရိုး ဤလေးမျိုးသော ကောဋ္ဌာသ အစုအဝေးသာတည်း” ဟု ကောဋ္ဌာသလေးခုကို
စာမျက်နှာ-350


အပေါင်းအစုံ မရှိစေဘဲ တစ်ခုစီ ခွဲခြမ်း စိတ်ဖြာနိုင်အောင် အဖန်တလဲလဲ ဉာဏ်ဖြင့် ခွဲထုတ်ရာ၏။

ဉာဏ်အလယ်အလတ်ရှိသူ ဆင်ခြင်ပွားများနည်း ၄-မျိုး

ဉာဏ်အလယ်အလတ်ရှိသော ပုဂ္ဂိုလ်သည် အောက်ဖော်ပြပါ နည်း ၄-မျိုးတို့ဖြင့် ဓာတ်ကမ္မဋ္ဌာန်းကို အကျယ်အားဖြင့် ရှုပွားဆင်ခြင်ရမည်—
(က) ထင်ရှားသော ဓာတ်တစ်ခုခုဖြင့် ၄၂-ကောဋ္ဌာသကို အကျဉ်း ဆင်ခြင်နည်း၊
(ခ) ထင်ရှားသော ဓာတ်တစ်ခုခုဖြင့် ၄၂-ကောဋ္ဌာသကို အကျယ် ခွဲဝေဆင်ခြင်နည်း၊
(ဂ) ဓာတ် ၄-ပါးလုံးဖြင့် ၄၂-ကောဋ္ဌာသကို အကျဉ်းဆင်ခြင်နည်း၊
(ဃ) ဓာတ် ၄-ပါးလုံးဖြင့် ၄၂-ကောဋ္ဌာသကို အကျယ်ခွဲဝေ ဆင်ခြင်နည်း။

၄၂-ကောဋ္ဌာသ

ဤတစ်လံ မျှလောက်သော ကိုယ်ကာယကို ဓာတ်လေးပါးဖြင့် ပိုင်းခြား ဝေဖန်လျှင် အစုအပုံ (၄၂) ပုံ ဖြစ်လာပေမည်။ ယင်း (၄၂) ပုံကို ၄၂-ကောဋ္ဌာသ ဟု ခေါ်သည်။

ပထဝီကောဋ္ဌာသ (မြေဓာတ်အစု) ၂၀-ပါး

(၁) ကေသာ = ဆံပင်
(၂) လောမာ = အမွေး
(၃) နခါ = လက်သည်းခြေသည်း
(၄) ဒန္တာ = သွား
(၅) တစော = အရေ
(၆) မံသံ = အသား
(၇) နှာရု = အကြော
(၈) အဋ္ဌိ = အရိုး
(၉) အဋ္ဌိမိဉ္ဇံ = ရိုးတွင်းခြင်ဆီ
(၁၀) ဝက္ကံ = အညှို့
(၁၁) ဟဒယံ = နှလုံး
(၁၂) ယကနံ = အသည်း
(၁၃) ကိလောမကံ = အမြှေး
(၁၄) ပိဟကံ = အဖျဉ်း
(၁၅) ပပ္ဖါသံ = အဆုတ်
(၁၆) အန္တံ = အူမ
(၁၇) အန္တဂုဏံ = အူသိမ်
(၁၈) ဥဒရိယံ = အစာသစ်
(၁၉) ကရီသံ = အစာဟောင်း
(၂၀) မတ္ထလုင်္ဂံ = ဦးနှောက်
စာမျက်နှာ-351


အာပေါကောဋ္ဌာသ (ရေဓာတ်အစု) ၁၂-ပါး

(၁) ပိတ္တံ = သည်းခြေ
(၂) သေမှံ = သလိပ်
(၃) ပုဗ္ဗော = ပြည်
(၄) လောဟိတံ = သွေး
(၅) သေဒေါ = ချွေး
(၆) မေဒေါ = အဆီခဲ
(၇) အဿု = မျက်ရည်
(၈) ဝသာ = အဆီကြည်
(၉) ခေဠော = တံတွေး
(၁၀) သိင်္ဃာဏိကာ = နှပ်
(၁၁) လသိကာ = အစေး
(၁၂) မုတ္တံ = ကျင်ငယ်

တေဇောကောဋ္ဌာသ (မီးဓာတ်အစု) ၄-ပါး

(၁) သန္တပ္ပနတေဇော = ဖျားနာစေသောအပူ
(၂) ဇိရဏတေဇော = အိုမင်းရင့်ရော်စေသောအပူ (သွားကျိုး၊ ဆံဖြူစေသော အပူ)
(၃) ဒဟတေဇော = လောင်ကျွမ်းသောအပူ
(၄) ပါစကတေဇော = အစာကြေကျက်စေသောအပူ

ဝါယောကောဋ္ဌာသ (လေဓာတ်အစု) ၆-ပါး

(၁) ဥဒ္ဓင်္ဂမဝါယော = ဆန်တက်လေ (ပျို့အန်ခြင်း၊ ကြို့ထိုးခြင်း၊ လေအန်ခြင်း၊ လေတက်ခြင်းမျိုး)

(၂) အဓောဂမဝါယော = စုန်ဆင်းလေ (ကျင်ကြီး၊ ကျင်ငယ်ထုတ်ရန် တွန်းအားပေးခြင်း၊ လေစုန်ခြင်း)

(၃) ကုစ္ဆိသယဝါယော = ဝမ်းဗိုက်လေ (အူအပြင်ဘက်ရှိ ဝမ်းခေါင်းထဲ၌ တည်ရှိလှုပ်ရှားနေသောလေ)

(၄) ကောဋ္ဌာသယဝါယော = အူအတွင်းလေ (အူအတွင်း၌ တည်ရှိလှုပ်ရှားနေသောလေ)

(၅) အင်္ဂမင်္ဂါနုသာရီဝါယော = ကြောလျှောက်လေ (ကွေးခြင်း၊ ဆန့်ခြင်း စသည်ကို ပြုလုပ်နိုင်ရန် အကြောကွန်ရက်များ သွားရာအစဉ် လျှောက်၍ လှုပ်ရှားနေသောလေ)

(၆) အဿာသပဿာသဝါယော = ဝင်သက် ထွက်သက်လေ
စာမျက်နှာ-352


မှတ်ချက်
ဤလေ ၆-ပါးအနက် ရှေ့ ၅-ပါးတို့သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ တည်းဟူသော အကြောင်းလေးပါးကြောင့် ဖြစ်ကုန်၏။ ဝင်သက်၊ ထွက်သက်လေတို့သည်ကား စိတ်ကြောင့်သာလျှင် ဖြစ်ကုန်၏။

(က) ထင်ရှားသော ဓာတ်တစ်ခုခုဖြင့် အကျဉ်းပွားများပုံ

မထက်လွန်း မညံ့လွန်းသော ဉာဏ်အလယ်အလတ်ရှိသူ ယောဂီသည် ၄၂-ကောဋ္ဌာသကို လွန်ကဲများပြား ထင်ရှားသော ဓာတ်တစ်ခုခုဖြင့် ပိုင်းခြားမှတ်သားလျက် အောက်ပါအတိုင်း ဆင်ခြင်ပွားများရမည်—

ဤကိုယ်ကာယ၌ ဆံပင်သည် နူးညံ့ခက်မာခြင်း သဘောရှိသော ပထဝီဓာတ်တည်း၊ အမွေးသည် နူးညံ့ခက်မာခြင်း သဘောရှိသော ပထဝီဓာတ်တည်း (လ) ဦးနှောက်သည် နူးညံ့ခက်မာခြင်း သဘောရှိသော ပထဝီဓာတ်တည်း။ (ပထဝီဓာတ် ၂၀-ပါးလုံး ပွားများရန်)

ဤကိုယ်ကာယ၌ သည်းခြေသည် စေးဖွဲ့ယိုစီးခြင်း သဘောရှိသော အာပေါဓာတ်တည်း၊ သလိပ်သည် စေးဖွဲ့ယိုစီးခြင်း သဘောရှိသော အာပေါဓာတ်တည်း (လ) ကျင်ငယ်သည် စေးဖွဲ့ယိုစီးခြင်း သဘောရှိသော အာပေါဓာတ်တည်း။ (အာပေါဓာတ် ၁၂-ပါးလုံး ပွားများရန်)

ဤကိုယ်ကာယ၌ ဖျားနာသည့်အခါ အပူငွေ့သည် တေဇောဓာတ်တည်း၊ အိုမင်းရင့်ရော်သော အပူသည် တေဇောဓာတ်တည်း၊ ပြင်းစွာပူလောင်ခြင်းသည် တေဇောဓာတ်တည်း၊ အစာကိုကြေကျက်စေသော အပူသည် တေဇောဓာတ်တည်း။ (တေဇောဓာတ် ၄-ပါး)

ဤကိုယ်ကာယ၌ အထက်သို့ဆန်တက်သော လေသည် ဝါယောဓာတ်တည်း၊ အောက်သို့ စုန်ဆင်းသော လေသည် ဝါယောဓာတ်တည်း၊ ဝမ်းဗိုက်၌ ရှိသော လေသည် ဝါယောဓာတ်တည်း၊ အူအတွင်း၌ရှိသော လေသည် ဝါယောဓာတ်တည်း၊ ကြောလျှောက်လေသည် ဝါယောဓာတ်တည်း၊ ဝင်သက် ထွက်သက်လေသည် ဝါယောဓာတ်တည်း။ (ဝါယောဓာတ် ၆-ပါး)

ဤပြဆိုသည့်အတိုင်း ၄၂-ကောဋ္ဌာသတို့၌ တစ်ခုစီ တစ်ခုစီ လွန်ကဲသော ဓာတ်လေးပါးတို့ကို အုပ်စုလိုက် ပိုင်းခြားမှတ်သား၍ ပွားများရာ၏။ ဤနည်းအတိုင်း ဓာတ်ကမ္မဋ္ဌာန်းကို အဖန်ဖန် အထပ်ထပ် ရှူမှတ်စီးဖြန်းလျှင် ကိုယ်
စာမျက်နှာ-353


ကာယ၌ ဓာတ်လေးပါး ထင်ရှားလာလိမ့်မည်။ ဥပစာရဈာန်ကို ရရှိလာလိမ့်မည်။ ထိုသို့ ပွားများအားထုတ်ပါလျက် ဓာတ်လေးပါး မထင်ရှားသေးလျှင် အောက်ပါအတိုင်း အကျယ်ဆက်လက် ရှုမှတ် ပွားများရာ၏။

(ခ) ထင်ရှားသော ဓာတ်တစ်ခုခုဖြင့် အကျယ်ပွားများပုံ

ဤနည်းဖြင့် ဓာတ်ကမ္မဋ္ဌာန်း စီးဖြန်းမှုကို ဤစာအုပ်စာမျက်နှာ (၁၂၅) ၌ ပြဆိုခဲ့ပြီးသည့်အတိုင်း ၃၂-ကောဋ္ဌာသကို တစပဉ္စက၊ ဝက္ကပဉ္စကစသည်အားဖြင့် သူ့အုပ်စုနှင့်သူ အနုလုံ ပဋိလုံ (အပြန် အလှန်) ရွတ်ဆို စီးဖြန်းရာ၏။ ထိုသို့ ရွတ်ဆိုစီးဖြန်းပြီးသော အဆုံး၌ အကျယ်ရှုပွားနည်းဖြင့် ပွားများရာ၏။ ဤ၌ တစပဉ္စကကို ပွားပုံနမူနာအဖြစ် ဖော်ပြပါမည်။

ဆံပင်၊ အမွေး၊ လက်သည်း ခြေသည်း၊ သွား၊ အရေ၊
အရေ၊ သွား၊ လက်သည်း ခြေသည်း၊ အမွေး၊ ဆံပင်။
ဤသို့ အနုလုံ ပဋိလုံ ပွားပြီးနောက် အောက်ပါအတိုင်း ဆင်ခြင်ရာ၏—

ဆံပင်တို့ကို ဆင်ခြင်ပုံ

ဆံပင်တို့မည်သည် ဦးခေါင်းခွံကို ရစ်ပတ်နေသော အရေ၌ ပေါက်ကုန်၏။ တောင်ပို့ထိပ်၌ မြက်တုံးများ ပေါက်နေကြလျှင် တောင်ပို့ထိပ်သည် ငါ့အပေါ်၌ မြက်တုံးများ ပေါက်ရောက်နေသည်ဟု မသိ၊ မြက်တုံးများကလည်း ငါတို့သည် တောင်ပို့ထိပ်၌ ပေါက်ရောက်နေကြသည်ဟု မသိ၊ ထို့အတူ ဦးခေါင်းခွံအရေသည် ငါ့အပေါ်၌ ဆံပင်များ ပေါက်ရောက်နေကြသည်ဟု မသိ၊ ဆံပင်တို့ကလည်း ငါတို့သည် ဦးခေါင်းခွံအရေ၌ ပေါက်ရောက်နေကြသည်ဟု မသိ၊ ဆံပင်နှင့် ဦးရေ ရုပ်တရား အချင်းချင်း နှလုံးသွင်းခြင်း ကင်းကုန်၏။

ဆံပင်တို့မည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာ မရှိ၊ မသိတတ်သော သဘောရှိ၏၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါ မဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ နူးညံ့ခက်မာသော ပထဝီဓာတ်တည်း။

အမွေးတို့ကို ဆင်ခြင်ပုံ

အမွေးတို့သည် ကိုယ်ကို ရစ်ပတ်ဖုံးလွှမ်းနေသော အရေ၌ ပေါက်ကုန်၏။ ရွာပျက်ကုန်း၌ နေဇာမြက်များ ပေါက်နေကြလျှင် ရွာပျက်ကုန်းသည် ငါ့အပေါ်၌ နေဇာမြက်များ ပေါက်နေကြသည်ဟု မသိ၊ နေဇာမြက်တို့
စာမျက်နှာ-354


ကလည်း ငါတို့သည် ရွာပျက်ကုန်း၌ ပေါက်နေကြသည်ဟု မသိ။ ထို့အတူ ကိုယ်အရေသည် ငါ့အပေါ်၌ အမွေးများ ပေါက်နေကြသည်ဟု မသိ၊ အမွေးတို့ကလည်း ငါတို့သည် ကိုယ်အရေ၌ ပေါက်နေကြသည်ဟု မသိ၊ အမွေးနှင့် အရေ ရုပ်တရား အချင်းချင်း နှလုံးသွင်းခြင်း ကင်းကုန်၏။

အမွေးတို့မည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာ မရှိ၊ မသိတတ်သော သဘောရှိ၏၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါ မဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ နူးညံ့ခက်မာသော ပထဝီဓာတ်တည်း။

လက်သည်း ခြေသည်းတို့ကို ဆင်ခြင်ပုံ

လက်သည်း ခြေသည်းတို့သည် လက်ချောင်း ခြေချောင်းဖျား၌ ဖြစ်ကုန်၏။ သူငယ်တို့သည် သစ်မည်စည်စေ့ကို တုတ်ချွန်ဖြင့် ထိုး၍ ကစားကြလျှင် တုတ်ချွန်သည် ငါ့အပေါ်၌ သစ်မည်စည်စေ့ တည်ရှိ၏ဟု မသိ၊ သစ်မည်စည်စေ့ကလည်း ငါသည် တုတ်ချွန်၌ တည်၏ဟု မသိ။ ထို့အတူ လက်ချောင်း ခြေချောင်းတို့သည် ငါတို့၏အဖျား၌ လက်သည်း ခြေသည်းများ ရှိကြသည်ဟု မသိ၊ လက်သည်း ခြေသည်းတို့ကလည်း ငါတို့သည် လက်ချောင်း ခြေချောင်းတို့၏အဖျား၌ ဖြစ်ကြသည်ဟု မသိ၊ လက်သည်း ခြေသည်းနှင့် လက်ချောင်း ခြေချောင်း ရုပ်တရား အချင်းချင်း နှလုံးသွင်းခြင်း ကင်းကုန်၏။

လက်သည်း ခြေသည်းတို့မည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာ မရှိ၊ မသိတတ်သော သဘောရှိ၏၊ ဘာမျှ မလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏။ သတ္တဝါ မဟုတ်၊ အသက်ဝိညာဉ် မဟုတ်၊ နူးညံ့ခက်မာသော ပထဝီဓာတ်တည်း။

သွားတို့ကို ဆင်ခြင်ပုံ

သွားတို့သည် မေးရိုး၌ ဖြစ်ကုန်၏။ လက်သမားတို့က ကျောက်ဆုံငယ်တို့၌ အစေးဖြင့် တိုင်တို့ကိုကပ်၍ တည်ထားလျှင် ကျောက်ဆုံတို့သည် ငါတို့အပေါ် တိုင်များ တည်ကြသည်ဟု မသိ၊ တိုင်တို့ကလည်း ငါတို့သည် ကျောက်ဆုံ၌ တည်ကြသည်ဟု မသိ။ ထို့အတူ မေးရိုးတို့သည် ငါတို့အပေါ်၌ သွားများ ပေါက်ကြသည်ဟု မသိ၊ သွားတို့ကလည်း ငါတို့သည် မေးရိုးပေါ်၌ ပေါက်ကြသည်ဟုမသိ၊ သွားနှင့်မေးရိုး ရုပ်တရားအချင်းချင်း နှလုံးသွင်းခြင်းကင်းကုန်၏။

သွားတို့မည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ မသိတတ်သော သဘောရှိ၏၊ ဘာမျှ မလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏။ သတ္တဝါ မဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ နူးညံ့ခက်မာသော ပထဝီဓာတ်တည်း။
စာမျက်နှာ-355


အရေကို ဆင်ခြင်ပုံ

အရေသည် တစ်ကိုယ်လုံးကို မြှေးယှက်ဖုံးအုပ်လျက်တည်၏။ စောင်းခွက်ကြီးကို နွားသားရေစိုဖြင့် ကြက်ထားလျှင် စောင်းခွက်ကြီးသည် ငါ့ကို နွားသားရေစိုဖြင့် ကြက်ထားသည်ဟု မသိ၊ နွားသားရေစိုကလည်း ငါသည် စောင်းခွက်ကြီးကို မြှေးယှက်ဖုံးအုပ်လျက် တည်နေသည်ဟု မသိ။ ထို့အတူ ကိုယ်သည် ငါ့ကို အရေက မြှေးယှက် ဖုံးအုပ်ထားသည်ဟု မသိ၊ အရေကလည်း ငါသည် ကိုယ်ကို မြှေးယှက်ဖုံးအုပ်လျက် တည်နေသည်ဟု မသိ၊ အရေနှင့် ကိုယ် ရုပ်တရား အချင်းချင်း နှလုံးသွင်းခြင်းကင်းကုန်၏။

အရေမည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှ မသိတတ်၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ နူးညံ့ခက်မာသော ပထဝီဓာတ်တည်း။

အသားကို ဆင်ခြင်ပုံ

အသားသည် အရိုးသုံးရာကျော်တို့ကို လိမ်းကျံလျက်တည်နေ၏။ နံရံကို မြေညက်ဖြင့် လိမ်းကျံထားလျှင် နံရံသည် ငါ့ကိုမြေညက်ဖြင့် လိမ်းကျံထားသည်ဟုမသိ။ မြေညက်ကလည်း ငါသည်နံရံကို လိမ်းကျံသည်ဟုမသိ။ ထို့အတူအရိုးစုသည် ငါ့ကိုအသားတစ်ကိုးရာက လိမ်းကျံထားသည်ဟုမသိ၊ အသားကလည်း ငါသည်အရိုးစုကို လိမ်းကျံကပ်ငြိလျက်တည်၏ဟုမသိ၊ အသားနှင့်အရိုးရုပ်တရား အချင်းချင်း နှလုံးသွင်းခြင်းကင်းကုန်၏။

အသားမည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ မသိတတ်သောသဘောရှိ၏၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါ မဟုတ်၊ အသက်ဝိညာဉ် မဟုတ်၊ နူးညံ့ခက်မာသော ပထဝီဓာတ်တည်း။

အကြောတို့ကို ဆင်ခြင်ပုံ

အကြောတို့သည် ကိုယ်ထဲ၌ အရိုးတို့ကို ဖွဲ့ချည်လျက်တည်ကုန်၏။ နွယ်တို့ဖြင့် နံရံသစ်သားတို့ကို ဖွဲ့ချည်ထားလျှင် နံရံသစ်သားတို့သည် ငါတို့ကို နွယ်တို့က ဖွဲ့ချည်ထားသည်ဟုမသိ။ နွယ်တို့ကလည်း ငါတို့သည် နံရံသစ်သားတို့ကို ဖွဲ့ချည်ထားသည်ဟုမသိ။ ထို့အတူ အရိုးတို့သည် ငါတို့ကို အကြောတို့က ဖွဲ့ချည်ထားသည်ဟုမသိ။ အကြောတို့ကလည်း ငါတို့သည် အရိုးတို့ကို ဖွဲ့ချည်ထားသည်ဟုမသိ။ အကြောနှင့်အရိုး ရုပ်တရားအချင်းချင်း နှလုံးသွင်းခြင်းကင်းကုန်၏။

အကြောတို့မည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ မသိတတ်သောသဘော ရှိ၏၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါ မဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ နူးညံ့ခက်မာသော ပထဝီဓာတ်တည်း။
စာမျက်နှာ-356


အရိုးတို့ကို ဆင်ခြင်ပုံ
အရိုးတို့တွင် ဖနောင့်ရိုးသည် ဖမျက်ရိုးကို ရွက်လျက်တည်၏၊ ဖမျက်ရိုးသည် ခြေသလုံးရိုးကို ရွက်လျက်တည်၏။ ခြေသလုံးရိုးသည် ပေါင်ရိုးကိုရွက်လျက်တည်၏။ ပေါင်ရိုးသည် တင်ပါးရိုးကို ရွက်လျက်တည်၏။ တင်ပါးရိုးသည် ကျောက်ဆူးရိုးကို ရွက်လျက်တည်၏။ ကျောက်ဆူးရိုးသည် လည်ပင်းရိုးကို ရွက်လျက်တည်၏။ လည်ပင်းရိုးသည် ဦးခေါင်းရိုးကို ရွက်လျက်တည်၏။

ဦးခေါင်းရိုးသည် လည်ပင်းရိုး၌ တည်၏။ လည်ပင်းရိုးသည် ကျောက်ဆူးရိုး၌ တည်၏။ ကျောက်ဆူးရိုးသည် တင်ပါးရိုး၌တည်၏။ တင်ပါးရိုးသည် ပေါင်ရိုး၌ တည်၏၊ ပေါင်ရိုးသည် ခြေသလုံးရိုး၌ တည်၏။ ခြေသလုံးရိုးသည် ဖမျက်ရိုး၌ တည်၏။ ဖမျက်ရိုးသည် ဖနောင့်ရိုး၌ တည်၏။

အုတ်၊ သစ်သား၊ နွားချေး စသည်တို့ကို စုပုံထားရာတွင် အောက်၌ တည်ရှိသော အုတ် စသည်တို့သည် ငါတို့က အထက်အုတ်စသည်တို့ကို ရွက်ထားကြရသည်ဟု မသိ၊ အထက်အုတ် စသည်တို့ကလည်း ငါတို့သည် အောက်အုတ် စသည်တို့၏ အထက်၌ တည်ကြသည်ဟု မသိ။ ထို့အတူ ဖနောင့်ရိုးသည် ငါက ဖမျက်ရိုးကို ရွက်လျက် တည်သည်ဟု မသိ၊ ဖမျက်ရိုးသည် ငါက ခြေသလုံးရိုးကို ရွက်လျက် တည်သည်ဟု မသိ၊ ဤသို့ စသည်ဖြင့် အထက်အရိုးနှင့် အောက်အရိုး ရုပ်တရားအချင်းချင်း နှလုံးသွင်းခြင်း ကင်းကုန်၏။

အရိုးတို့မည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ မသိတတ်သော သဘောရှိ၏၊ ဘာမျှ မလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏။ သတ္တဝါ မဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ နူးညံ့ခက်မာသော ပထဝီဓာတ်တည်း။

ရိုးတွင်းခြင်ဆီကို ဆင်ခြင်ပုံ

ရိုးတွင်းခြင်ဆီသည် ထိုထိုအရိုးတို့၏ အတွင်း၌တည်ရှိ၏။ ဝါးကျည်တောက်အတွင်း၌ ကြိမ်ညွန့်ကိုထည့်၍ ပြုတ်ထားလျှင် ဝါးကျည်တောက်သည် ငါ့အထဲ၌ ကြိမ်ညွန့်ထည့်ထားသည်ဟု မသိ၊ ကြိမ်ညွန့်ကလည်း ငါသည် ဝါးကျည်တောက်ထဲ၌ တည်၏ဟု မသိ။ ထို့အတူ အရိုးတို့သည် ငါတို့အတွင်း၌ ခြင်ဆီရှိသည်ဟု မသိ၊ ခြင်ဆီကလည်း ငါသည် အရိုးအတွင်း၌ တည်သည်ဟု မသိ၊ ခြင်ဆီနှင့် အရိုး ရုပ်တရားအချင်းချင်း နှလုံးသွင်းခြင်း ကင်းကုန်၏။

ရိုးတွင်းခြင်ဆီမည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှမသိတတ်၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ နူးညံ့ခက်မာသော ပထဝီဓာတ်တည်း။

စာမျက်နှာ-357


အညှို့ကို ဆင်ခြင်ပုံ

အညှို့သည် လည်ချောင်းမှထွက်သော တစ်ခုတည်းသော အကြောမဖြင့် အတန်ငယ် သွားပြီးလျှင် နှစ်မွှာကွဲသော အကြောကြီးဖြင့် ဖွဲ့စည်းထားကာ နှလုံးသားကို ခြံရံလျက် တည်နေ၏။ အညှာဖြင့် ဖွဲ့တွယ်ထားသော သရက်သီး နှစ်လုံးပြုတ်ရှိရာ အညှာသည် ငါက သရက်သီးနှစ်လုံးပြုတ်ကို ဖွဲ့တွယ်ထားသည်ဟု မသိ၊ သရက်သီးနှစ်လုံးပြုတ်ကလည်း ငါ့ကို အညှာက ဖွဲ့တွယ်ထားသည်ဟု မသိ။ ထို့အတူ အကြောကြီးသည် ငါက အညှို့ကို ဖွဲ့တွယ်ထားသည်ဟု မသိ၊ အညှို့ကလည်း ငါ့ကို အကြောကြီးက ဖွဲ့တွယ်ထားသည်ဟု မသိ၊ အညှို့နှင့် အကြောကြီး ရုပ်တရားအချင်းချင်း နှလုံးသွင်းခြင်း ကင်းကုန်၏။

အညှို့မည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာ မရှိ၊ ဘာမျှမသိတတ်၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ နူးညံ့ခက်မာသော ပထဝီဓာတ်တည်း။

နှလုံးကို ဆင်ခြင်ပုံ

နှလုံးသည် ခန္ဓာကိုယ်အတွင်း ရင်ရိုးချိုင့်၏ အလယ်၌ မှီ၍တည်နေ၏။ ဆွေးမြေ့သော သံလျင်းချိုင့်ကိုမှီ၍ သားတစ်ကို ထားလျှင် သံလျင်းချိုင့်အတွင်း အရပ်သည် ငါ့ကိုမှီ၍ သားတစ်တည်သည်ဟု မသိ၊ သားတစ်ကလည်း ငါသည် ဆွေးမြေ့သော သံလျင်းချိုင့်ကို မှီ၍ တည်သည်ဟု မသိ။ ထို့အတူ ရင်ရိုးချိုင့်သည် ငါ့ကိုမှီ၍ နှလုံးသားတည်သည်ဟု မသိ၊ နှလုံးကလည်း ငါသည် ရင်ရိုးချိုင့်ကို မှီ၍ တည်သည်ဟု မသိ၊ နှလုံးနှင့် ရင်ရိုးချိုင့် ရုပ်တရားအချင်းချင်း နှလုံးသွင်းခြင်း ကင်းကုန်၏။

နှလုံးမည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှ မသိတတ်၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ် မဟုတ်၊ နူးညံ့ခက်မာသော ပထဝီဓာတ်တည်း။

အသည်းကို ဆင်ခြင်ပုံ

အသည်းသည် ကိုယ်၏အတွင်း သားမြတ်နှစ်ခုတို့၏ အကြား၌ လက်ယာနံပါးကိုမှီလျက် တည်၏။ ဟင်းအိုးနံပါး၌ အသားစိုင်အစုံ တွယ်ကပ်နေလျှင် ဟင်းအိုးနံပါးသည် ငါ၌ အသားစိုင်အစုံ တွယ်ကပ်နေသည်ဟု မသိ၊ အသားစိုင်အစုံကလည်း ငါသည် ဟင်းအိုးနံပါး၌ တွယ်ကပ်နေသည်ဟု မသိ။ ထို့အတူ သားမြတ်နှစ်ခုအကြား လက်ယာနံပါးသည် ငါ့ကိုမှီ၍ အသည်းတည်သည်ဟု
စာမျက်နှာ-358


မသိ၊ အသည်းကလည်း ငါသည် သားမြတ်နှစ်ခုအကြား လက်ယာနံပါးကို မှီ၍ တည်သည်ဟု မသိ၊ အသည်းနှင့် သားမြတ်နှစ်ခုအကြား လက်ယာနံပါးဟူသော ရုပ်တရားအချင်းချင်း နှလုံးသွင်းခြင်း ကင်းကုန်၏။

အသည်းမည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှ မသိတတ်၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ နူးညံ့ခက်မာသော ပထဝီဓာတ်တည်း။

အမြှေးကို ဆင်ခြင်ပုံ

အမြှေးသည် ဖုံးလွှမ်းသောအမြှေးနှင့် မဖုံးလွှမ်းသော အမြှေးဟူ၍ နှစ်မျိုး ရှိသည်။ ဖုံးလွှမ်းသော အမြှေးသည် နှလုံးနှင့် အညှို့ကို ဝန်းရံ ဖုံးလွှမ်း မြှေးယှက်လျက် တည်၏။ မဖုံးလွှမ်းသော အမြှေးသည် တစ်ကိုယ်လုံးရှိ အရေ၏ အောက်၌ အသားကို မြှေးယှက်လျက် တည်၏။ အသားကို ပုဆိုးကြမ်းဖြင့် ရစ်ပတ်ထားလျှင် အသားသည် ငါ့ကို ပုဆိုးကြမ်းဖြင့် ရစ်ပတ်ထားသည်ဟု မသိ၊ ပုဆိုးကြမ်းကလည်း ငါသည် အသားကို ရစ်ပတ်ထားသည်ဟု မသိ။ ထို့အတူ အညှို့၊ နှလုံးနှင့် တစ်ကိုယ်လုံးရှိ အသားသည် ငါ့ကို အမြှေးက ရစ်ပတ်ထားသည်ဟု မသိ၊ အမြှေးကလည်း ငါသည် အညှို့၊ နှလုံးနှင့် တစ်ကိုယ်လုံးရှိ အသားကို ဖုံးလွှမ်းထားသည်ဟု မသိ၊ အမြှေးနှင့် နှလုံး၊ အညှို့၊ အသားဟူသော ရုပ်တရားအချင်းချင်း နှလုံးသွင်းခြင်း ကင်းကုန်၏။

အမြှေးမည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာ မရှိ၊ ဘာမျှမသိတတ်၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါ မဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ နူးညံ့ခက်မာသော ပထဝီဓာတ်တည်း။

အဖျဉ်းကို ဆင်ခြင်ပုံ

အဖျဉ်းသည် နှလုံးသား၏ လက်ဝဲဘက်၌ အစာသစ်အိမ် အရေလွှာ၏ အထက်နံပါးကို မှီ၍ တည်၏။ နွားချေးစိုင်သည် ကျီ၏ အထက်နံပါးကို မှီ၍ တည်နေလျှင် ကျီ၏ အထက်နံပါးသည် ငါ့ကို မှီ၍ နွားချေးစိုင် တည်သည်ဟု မသိ။ နွားချေးစိုင်ကလည်း ငါသည် ကျီ၏ အထက်နံပါးကို မှီ၍ တည်သည်ဟု မသိ။ ထို့အတူ အစာသစ်အိမ် အရေလွှာ၏ အထက်နံပါးသည် ငါ့ကိုမှီ၍ အဖျဉ်းတည်သည်ဟု မသိ၊ အဖျဉ်းကလည်း ငါသည် အစာသစ်အိမ် အရေလွှာ၏ အထက်နံပါးကို မှီ၍ တည်သည်ဟု မသိ၊ အဖျဉ်းနှင့် အစာသစ်အိမ် အရေလွှာ အထက်နံပါးဟူသော ရုပ်တရားအချင်းချင်း နှလုံးသွင်းခြင်း ကင်းကုန်၏။
စာမျက်နှာ-359


အဖျဉ်းမည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှ မသိတတ်၊ ဘာမျှ မလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ နူးညံ့ခက်မာသော ပထဝီဓာတ်တည်း။

အဆုတ်ကို ဆင်ခြင်ပုံ

အဆုတ်သည် ကိုယ်အတွင်း၌ သားမြတ်နှစ်ခုတို့၏ အကြားဝယ် နှလုံးနှင့် အသည်းကို အထက်မှ ဖုံးအုပ်ကာ တွဲလဲဆွဲလျက် တည်နေ၏။ ဆွေးမြေ့နေသော ကျီအတွင်း၌ စာပေါင်းသိုက် တွဲလဲဆွဲလျက် ရှိနေလျှင် ဆွေးမြေ့နေသော ကျီသည် ငါ၌ စာပေါင်းသိုက် တွဲလဲဆွဲလျက် တည်သည်ဟု မသိ၊ စာပေါင်းသိုက်ကလည်း ငါသည် ဆွေးမြေ့နေသော ကျီအတွင်း၌ တွဲလဲဆွဲလျက် တည်သည်ဟု မသိ။ ထို့အတူ ကိုယ်အတွင်းအရပ်သည် ငါ၌ အဆုတ်သည် တွဲလဲဆွဲလျက် တည်သည်ဟု မသိ၊ အဆုတ်ကလည်း ငါသည် ကိုယ်အတွင်း၌ တွဲလဲဆွဲလျက် နေသည်ဟု မသိ။ အဆုတ်နှင့် ကိုယ်တွင်းအရပ်ဟူသော ရုပ်တရား အချင်းချင်း နှလုံးသွင်းခြင်း ကင်းကုန်၏။

အဆုတ်မည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှ မသိတတ်၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ နူးညံ့ခက်မာသော ပထဝီဓာတ်တည်း။

အူမကို ဆင်ခြင်ပုံ

အူမသည် လည်ချောင်းအစ ကျင်ကြီး (စအို) ပေါက် အဆုံးရှိသော ကိုယ်အတွင်း၌ တည်၏။ သွေးပြည့်နေသော စားကျင်း၌ ခေါင်းဖြတ်ထားသော ထန်းမြွေ (လင်းမြွေ) ၏ ကိုယ်ကို ခွေ၍ ထည့်ထားလျှင် သွေးစားကျင်းသည် ငါ၌ ထန်းမြွေ၏ကိုယ် တည်သည်ဟု မသိ၊ ထန်းမြွေ၏ ကိုယ်ကလည်း ငါသည် သွေးစားကျင်း၌ တည်သည်ဟု မသိ။ ထို့အတူ ကိုယ်၏ အတွင်းအရပ်သည် ငါ၌ အူမတည်သည်ဟု မသိ၊ အူမကလည်း ငါသည် ကိုယ်၏အတွင်း၌ တည်သည်ဟု မသိ၊ အူမနှင့် ကိုယ်၏ အတွင်းအရပ်ဟူသော ရုပ်တရားအချင်းချင်း နှလုံးသွင်းခြင်း ကင်းကုန်၏။

အူမမည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှ မသိတတ်၊ ဘာမျှ မလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ နူးညံ့ခက်မာသော ပထဝီဓာတ်တည်း။
စာမျက်နှာ-360


အူသိမ်ကို ဆင်ခြင်ပုံ

အူသိမ်သည် အူမတို့၏ အကြား၌ အခွေပေါင်း (၂၁) ခွေဖြင့် ဖွဲ့တည်နေ၏။ ကြိုးငယ်တို့သည် ခြေသုတ်ကြိုးဝန်းကို ချုပ်စပ်လျက် တည်နေလျှင် ခြေသုတ်ကြိုးဝန်းသည် ကြိုးငယ်များက ငါ့ကိုချုပ်စပ်လျက် တည်နေကြသည်ဟု မသိ၊ ကြိုးငယ်များကလည်း ငါတို့သည် ခြေသုတ်ကြိုးဝန်းကို ချုပ်စပ်လျက် တည်ကြသည်ဟု မသိ။ ထို့အတူ အူမသည် အူသိမ်က ငါ့ကို ဖွဲ့ခွေလျက် တည်သည်ဟု မသိ၊ အူသိမ်ကလည်း ငါသည် အူမကို ဖွဲ့ခွေလျက် တည်သည်ဟု မသိ၊ အူသိမ်နှင့် အူမ ရုပ်တရားအချင်းချင်း နှလုံးသွင်းခြင်း ကင်းကုန်၏။

အူသိမ်မည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှ မသိတတ်၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ နူးညံ့ခက်မာသော ပထဝီဓာတ်တည်း။

အစာသစ်ကို ဆင်ခြင်ပုံ

အစာသစ်သည် စားသောက်ဝါးမျိုချလိုက်၍ အစာသစ်အိမ်၌ ရောက်ရှိတည်နေသော အစာဖြစ်သည်။ ခွေးစားခွက်၌ ခွေးအန်ဖတ် ထည့်ထားလျှင် ခွေးစားခွက်သည် ငါ၌ ခွေးအန်ဖတ် တည်နေသည်ဟု မသိ၊ ခွေးအန်ဖတ်ကလည်း ငါသည် ခွေးစားခွက်၌ တည်သည်ဟု မသိ။ ထို့အတူ အစာသစ်အိမ်သည် ငါ၌ အစာသစ်တည်သည်ဟု မသိ။ အစာသစ်ကလည်း ငါသည် အစာသစ်အိမ်၌ တည်သည်ဟု မသိ။ အစာသစ်နှင့် အစာသစ်အိမ်ဟူသော ရုပ်တရားအချင်းချင်း နှလုံးသွင်းခြင်း ကင်းကုန်၏။

အစာသစ်မည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှ မသိတတ်၊ ဘာမျှ မလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ နူးညံ့ခက်မာသော ပထဝီဓာတ်တည်း။

အစာဟောင်းကို ဆင်ခြင်ပုံ

အစာဟောင်း (ကျင်ကြီး) သည် လက်ရှစ်သစ်ရှိ ဝါးကျည်တောက်နှင့် တူသော ကျက်ပြီးအစာ၏ တည်ရာ အစာဟောင်းအိမ်ဟု ခေါ်သော အူမ၏ အဆုံးပိုင်း၌ တည်၏။ ဝါဖျော့သော မြေညက်နုကို ဝါးကျည်တောက်၌ နယ်သိပ်၍ ထည့်ထားလျှင် ဝါးကျည်တောက်သည် ငါ၌ ဝါဖျော့သော မြေညက်တည်သည်ဟု မသိ။ ဝါဖျော့သော မြေညက်ကလည်း ငါသည် ဝါးကျည်တောက်၌ တည်သည်ဟု မသိ၊ ထို့အတူ ကျင်ကြီးအိမ် (အစာဟောင်း
စာမျက်နှာ-361


အိမ်) သည် ငါ၌ ကျင်ကြီး (အစာဟောင်း) တည်သည်ဟု မသိ၊ ကျင်ကြီးကလည်း ငါသည် ကျင်ကြီးအိမ်၌ တည်သည်ဟု မသိ။ ကျင်ကြီးနှင့် ကျင်ကြီးအိမ် ရုပ်တရားအချင်းချင်း နှလုံးသွင်းခြင်း ကင်းကုန်၏။

အစာဟောင်း (ကျင်ကြီး) မည်သည် ဤကိုယ်ထဲ၌ သီးခြား အစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှမသိတတ်၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ နူးညံ့ခက်မာသော ပထဝီဓာတ်တည်း။

ဦးနှောက်ကို ဆင်ခြင်ပုံ

ဦးနှောက်သည် ဦးခေါင်းခွံအတွင်း၌ တည်၏။ ဟောင်းမြင်းသော ဗူးတောင်း၌ မုန့်ညက်ခဲကို ထည့်ထားလျှင် ဗူးတောင်းသည် ငါ၌ မုန့်ညက်ခဲ တည်သည်ဟု မသိ၊ မုန့်ညက်ခဲကလည်း ငါသည် ဗူးတောင်း၌ တည်သည်ဟု မသိ။ ထို့အတူ ဦးခေါင်းခွံသည် ငါ၌ ဦးနှောက်တည်သည်ဟု မသိ၊ ဦးနှောက်ကလည်း ငါသည် ဦးခေါင်းခွံအတွင်း၌ တည်သည်ဟု မသိ၊ ဦးနှောက်နှင့် ဦးခေါင်းခွံရုပ်တရားအချင်းချင်း နှလုံးသွင်းခြင်း ကင်းကုန်၏။

ဦးနှောက်မည်သည် ဤကိုယ်ထဲ၌ သီးခြား အစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှ မသိတတ်၊ ဘာမျှ မလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ နူးညံ့ခက်မာသော ပထဝီဓာတ်တည်း။

ဤကား မြေဓာတ်လွန်ကဲသော ပထဝီကောဋ္ဌာသ (၂ဝ) ၌ ဓာတ်ကမ္မဋ္ဌာန်း စီးဖြန်းဆင်ခြင်ပုံတည်း။

သည်းခြေကို ဆင်ခြင်ပုံ

သည်းခြေသည် အဗဒ္ဓသည်းခြေ၊ ဗဒ္ဓသည်းခြေဟု နှစ်မျိုးရှိ၏။ ထိုနှစ်မျိုးတွင် အသက်နှင့်စပ်၍ တစ်ကိုယ်လုံးပျံ့နှံ့ တည်နေသော သည်းခြေသည် အဗဒ္ဓသည်းခြေမည်၏။ သည်းခြေအိမ်၌ တည်သော သည်းခြေသည် ဗဒ္ဓသည်းခြေမည်၏။

ဆီသည် မုန့်ကိုပျံ့နှံ့၍နေလျှင် မုန့်သည် ဆီက ငါ့ကိုပျံ့နှံ့လျက် တည်နေသည်ဟု မသိ။ ဆီကလည်း ငါသည် မုန့်ကို ပျံ့နှံ့လျက် တည်နေသည်ဟု မသိ။ ထို့အတူ ကိုယ်သည် အဗဒ္ဓသည်းခြေက ငါ့ကို ပျံ့နှံ့လျက် တည်သည်ဟု မသိ၊ အဗဒ္ဓသည်းခြေကလည်း ငါသည် ကိုယ်ကို ပျံ့နှံ့လျက် တည်သည်ဟု မသိ။
စာမျက်နှာ-362


ထို့ပြင် သပွတ်ခါးသီးအိမ်၌ မိုးရေဖြင့်ပြည့်နေလျှင် သပွတ်ခါးသီးအိမ်သည် ငါ၌ မိုးရေတည်သည်ဟု မသိ၊ မိုးရေကလည်း ငါသည် သပွတ်ခါးသီးအိမ်၌ တည်သည်ဟု မသိ။ ထို့အတူ သည်းခြေအိမ်သည် ငါ၌ ဗဒ္ဓသည်းခြေတည်သည်ဟု မသိ။ ဗဒ္ဓသည်းခြေကလည်း ငါသည် သည်းခြေအိမ်၌ တည်သည်ဟု မသိ။ သည်းခြေနှစ်မျိုးနှင့် တည်ရာ ရုပ်တရားများအချင်းချင်း နှလုံးသွင်းခြင်း ကင်းကုန်၏။

သည်းခြေမည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာ မရှိ၊ ဘာမျှ မသိတတ်၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ စေးဖွဲ့ယိုစီးသော အာပေါဓာတ်တည်း။

သလိပ်ကို ဆင်ခြင်ပုံ

သလိပ်သည် အစာသစ်အိမ်၏ အရေလွှာ၌ တည်နေပြီး တစ်စလယ်ပမာဏရှိ၏။ တန်စီးအိုင် (ရွှံ့ပုပ်အိုင်) တွင် အမြှုပ်တစီစီ ဖြစ်လျက်တည်နေလျှင် တန်စီးအိုင်သည် ငါ၌ အမြှုပ်တစီစီ တည်နေသည်ဟု မသိ၊ တစီစီ ပွထနေသော အမြှုပ်များကလည်း ငါသည် တန်စီးအိုင်၌ တည်နေသည်ဟု မသိ။ ထို့အတူ အစာသစ်အိမ် အရေလွှာသည် ငါ၌ သလိပ်တည်သည်ဟု မသိ။ သလိပ်ကလည်း ငါသည် အစာသစ်အိမ်အရေလွှာ၌ တည်သည်ဟု မသိ။ သလိပ်နှင့် အစာသစ်အိမ် အရေလွှာ ရုပ်တရားအချင်းချင်း နှလုံးသွင်းခြင်း ကင်းကုန်၏။

သလိပ်မည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှမသိတတ်၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါ မဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ စေးဖွဲ့ယိုစီးသော အာပေါဓာတ်တည်း။

ပြည်ကို ဆင်ခြင်ပုံ

ပြည်သည် အမြဲတမ်း တည်နေဆဲဟူ၍ မရှိ။ သစ်ငုတ်၊ ဆူး၊ လက်နက်၊ မီး စသည်တို့ဖြင့် ထိခိုက်ခံရသော ကိုယ်အင်္ဂါ အစိတ်အပိုင်း၌ သွေးများ စုဝေးလျက် ရင့်ကျက်လာသောအခါ ပြည်ဖြစ်လာ၏။

သစ်ပင်ကို ပုဆိန်စသည်ဖြင့် ခုတ်၍ အစေးယိုထွက်လာလျှင် ပုဆိန်စသည် ထိမိရာ သစ်ပင်၏ အစိတ်အပိုင်းသည် ငါ၌ အစေးတည်သည်ဟု မသိ၊ အစေးကလည်း ငါသည် အခုတ်ခံရရာ သစ်ပင်၏ အစိတ်အပိုင်း၌ တည်သည်ဟု မသိ။ ထို့အတူ သစ်ငုတ်စသည်ဖြင့် ထိခိုက်မိရာ ကိုယ်အင်္ဂါ အစိတ်အပိုင်းသည် ငါ၌ ပြည်တည်သည်ဟု မသိ၊ ပြည်ကလည်း ငါသည် ထိခိုက်မိရာ ကိုယ်အင်္ဂါအစိတ်အပိုင်း၌ တည်သည်ဟု မသိ။ ပြည်နှင့်ထိခိုက်မိရာ ကိုယ်အင်္ဂါ အစိတ်အပိုင်းဟူသော ရုပ်တရားအချင်းချင်း နှလုံးသွင်းခြင်း ကင်းကုန်၏။
စာမျက်နှာ-363


ပြည်မည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှ မသိတတ်၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ စေးဖွဲ့ယိုစီးသော အာပေါဓာတ်တည်း။

သွေးကို ဆင်ခြင်ပုံ

သွေးသည် ရွေ့လျားသွားလာနေသော သွေး၊ စုဝေးရပ်တည်နေသော သွေး ဟူ၍ နှစ်မျိုးရှိ၏။ ထိုနှစ်မျိုးတွင် ရွေ့လျားသွားလာနေသော သွေးသည် အဗဒ္ဓသည်းခြေကဲ့သို့ တစ်ကိုယ်လုံး၌ ပျံ့နှံ့တည်နေ၏။ စုဝေးရပ်တည်နေသော သွေးသည် အသည်းတည်ရာအရပ်၌ အောက်ပိုင်းကို ပြည့်စေလျက် တစ်စလယ်ပြည့်မျှ ရှိ၏၊ အညှို့၊ နှလုံး၊ အသည်း၊ အဆုတ်တို့ကို စွတ်စိုစေလျက် တည်၏။

ရွေ့လျားသွားလာနေသော သွေးကို အဗဒ္ဓသည်းခြေ၏ ဥပမာအတိုင်း သိအပ်၏။ စုဝေးရပ်တည်နေသော သွေးကိုမူ ဤသို့သိအပ်၏။

ဆွေးမြေ့နေသော အိုးကင်းကို မိုးရေစွတ်စိုထားလျှင် အိုးကင်း၌ရှိသော ရေသည် အိုးကင်းအောက်ရှိ အုတ်ခဲပိုင်းစသည်တို့ကို စွတ်စိုစေ၏။ အုတ်ခဲပိုင်းစသည်တို့သည် ငါတို့ကို အိုးကင်း၌ရှိသော ရေက စွတ်စိုစေသည်ဟု မသိ၊ ရေကလည်း ငါသည် အုတ်ခဲပိုင်းစသည်ကို စွတ်စိုစေသည်ဟု မသိ။ ထို့အတူ အသည်း၏ အောက်ပိုင်းအရပ်သည် လည်းကောင်း၊ အညှို့ စသည်တို့သည် လည်းကောင်း၊ ငါ၌ သွေးတည်သည်ဟု လည်းကောင်း၊ ငါတို့ကို စွတ်စိုစေလျက် သွေးတည်သည်ဟု လည်းကောင်း မသိ၊ သွေးကလည်း ငါသည် အသည်း၏ အောက်ပိုင်းကို ပြည့်စေပြီး အညှို့ စသည်တို့ကို စွတ်စိုစေလျက် တည်သည်ဟု မသိ။ သွေးနှင့်တည်ရာအရပ်ဟူသော ရုပ်တရားအချင်းချင်း နှလုံးသွင်းခြင်း ကင်းကုန်၏။

သွေးမည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှ မသိတတ်၊ ဘာမျှ မလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါ မဟုတ်၊ အသက်ဝိညာဉ် မဟုတ်၊ စေးဖွဲ့ယိုစီးသော အာပေါဓာတ်တည်း။

ချွေးကို ဆင်ခြင်ပုံ

ချွေးသည် မီးစသည်ဖြင့် ပူလောင်သောကာလတို့၌ ဆံပင်တွင်း မွေးညင်းတွင်း အပေါက်တို့ကို ပြည့်စေလျက် တည်နေသည်လည်း ရှိ၏၊ ယိုထွက်လာသည်လည်း ရှိ၏။ ကြာစွယ်ကြာရင်းတို့ကို ရေထဲမှဆွဲနုတ်လိုက်လျှင် ကြာစွယ်ကြာရင်း အပေါက်တို့သည် ငါတို့ထဲမှ ရေယိုထွက်သည်ဟုမသိ။ ရေကလည်း ငါသည်
စာမျက်နှာ-364


ကြာစွယ် ကြာရင်း အပေါက်တို့မှ ယိုထွက်သည်ဟု မသိ။ ထို့အတူ ဆံပင်တွင်း မွေးညင်းတွင်း အပေါက်တို့သည် ငါတို့မှ ချွေးယိုထွက်သည်ဟု မသိ၊ ချွေးကလည်း ငါသည် ဆံပင်တွင်း၊ မွေးညင်းတွင်းပေါက်တို့မှ ယိုထွက်သည်ဟု မသိ။ ချွေးနှင့် ဆံပင်တွင်း၊ မွေးညင်းတွင်းပေါက်ဟူသော ရုပ်တရားအချင်းချင်း နှလုံးသွင်းခြင်း ကင်းကုန်၏။

ချွေးမည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှ မသိတတ်၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ စေးဖွဲ့ယိုစီးသော အာပေါဓာတ်တည်း။

အဆီခဲကို ဆင်ခြင်ပုံ

အဆီခဲသည် ဝသောသူ၌ တစ်ကိုယ်လုံး ပျံ့နှံ့နေ၍ ပိန်သောသူ၌ ခြေသလုံးအသားပုံစသည်တို့ကို မှီလျက် ပြစ်ခဲစွာ တည်နေသည်။ အသားပုံကို နနွင်းရောင် ပုဆိုးကြမ်းဖြင့် ဖုံးလွှမ်းထားလျှင် အသားပုံသည် ငါ့ကိုမှီ၍ နနွင်းရောင် ပုဆိုးကြမ်း တည်သည်ဟု မသိ။ နနွင်းရောင်ပုဆိုးကြမ်းကလည်း ငါသည် အသားပုံကို မှီ၍ တည်သည်ဟု မသိ။ ထို့အတူ တစ်ကိုယ်လုံး၌သော်လည်းကောင်း၊ ခြေသလုံး၌သော်လည်းကောင်း တည်ရှိသော အသားသည် ငါ့ကိုမှီ၍ အဆီခဲတည်သည်ဟု မသိ၊ အဆီခဲကလည်း ငါသည် ထိုအသားကိုမှီ၍ တည်သည်ဟုမသိ။ အဆီခဲနှင့် မှီရာအသား ရုပ်တရားအချင်းချင်း နှလုံးသွင်းခြင်း ကင်းကုန်၏။

အဆီခဲမည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှ မသိတတ်၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ စေးဖွဲ့ယိုစီးသော အာပေါဓာတ်တည်း။

မျက်ရည်ကို ဆင်ခြင်ပုံ

မျက်ရည်သည် ဖြစ်ပေါ်ရန်အကြောင်း ကြုံကြိုက်သောအခါ မျက်တွင်းတို့ကို ပြည့်စေလျက် တည်နေသည်လည်း ရှိ၏။ ယိုထွက်လာသည်လည်း ရှိ၏။ နုသော ထန်းသီးစေ့တွင်းငယ် (ထန်းသီးစေ့အိမ်) တို့တွင် ရေဖြင့်ပြည့်နေလျှင် ထိုတွင်းငယ်တို့သည် ငါတို့၌ တည်သည်ဟု မသိ၊ ရေသည်လည်း ငါသည် နုသောထန်းသီးစေ့တွင်းငယ်တို့တွင် တည်သည်ဟု မသိ။ ထို့အတူ မျက်တွင်းတို့သည် ငါတို့၌ မျက်ရည်တည်သည်ဟု မသိ၊ မျက်ရည်ကလည်း ငါသည် မျက်တွင်း၌ တည်သည်ဟု မသိ။ မျက်ရည်နှင့် မျက်တွင်း ရုပ်တရားအချင်းချင်း နှလုံးသွင်းခြင်း ကင်းကုန်၏။
စာမျက်နှာ-365


မျက်ရည်မည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှမသိတတ်၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ စေးဖွဲ့ယိုစီးသော အာပေါဓာတ်တည်း။

ဆီကြည်ကို ဆင်ခြင်ပုံ

ဆီကြည်သည် မီးစသည်ဖြင့် ပူလောင်သောကာလ၌ လက်ဖဝါးပြင်၊ လက်ဖမိုး၊ ခြေဖဝါးပြင်၊ ခြေဖမိုး၊ နှာခေါင်းဖု၊ နဖူး၊ ပခုံးစွန်းတို့၌ တည်ရှိလာသည့် ကြည်လင်သော အဆီဖြစ်သည်။ ထမင်းချိုးကို ဆီဆမ်းထားလျှင် ထမင်းချိုးသည် ငါ့ကို ဆီက လွှမ်းမိုးလျက် တည်သည်ဟု မသိ၊ ဆီကလည်း ငါသည် ထမင်းချိုးကို လွှမ်းမိုးလျက် တည်သည်ဟု မသိ။ ထို့အတူ လက်ဖဝါးပြင်စသော အရပ်သည် ငါ့ကို ဆီကြည်က လွှမ်းမိုးလျက် တည်သည်ဟု မသိ၊ ဆီကြည်ကလည်း ငါသည် လက်ဖဝါးပြင်စသော အရပ်ကို လွှမ်းမိုးလျက် တည်သည်ဟု မသိ။ ဆီကြည်နှင့် တည်ရာအရပ်ဟူသော ရုပ်တရားအချင်းချင်း နှလုံးသွင်းခြင်း ကင်းကုန်၏။

ဆီကြည်မည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှမသိတတ်၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ စေးဖွဲ့ယိုစီးသော အာပေါဓာတ်တည်း။

တံတွေးကို ဆင်ခြင်ပုံ

တံတွေးသည် တံတွေးဖြစ်ပေါ်ခြင်း၏ အကြောင်းရှိလာလျှင် ပါးစောင်နှစ်ဖက်တို့မှ ဆင်းသက်၍ လျှာပြင်ပေါ်၌ တည်လာသည်။ မြစ်ကမ်း၌ ပြုလုပ်ထားသော လက်ယက်တွင်းငယ်သည် မပြတ်ရေထွက်နေလျှင် ထိုလက်ယက်တွင်းငယ်သည် ငါ၌ ရေတည်သည်ဟု မသိ၊ ရေကလည်း ငါသည် လက်ယက်တွင်းငယ်၌ တည်သည်ဟု မသိ။ ထို့အတူ လျှာပြင်သည် ပါးစောင်နှစ်ဖက်မှ ဆင်းသက်လာသော တံတွေးသည် ငါ၌ တည်သည်ဟု မသိ၊ တံတွေးကလည်း ငါသည် ပါးစောင်နှစ်ဖက်မှ ဆင်းသက်၍ လျှာအပြင်၌ တည်သည်ဟု မသိ။ တံတွေးနှင့်လျှာ ရုပ်တရားအချင်းချင်း နှလုံးသွင်းခြင်း ကင်းကုန်၏။

တံတွေးမည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှမသိတတ်၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ စေးဖွဲ့ယိုစီးသော အာပေါဓာတ်တည်း။
စာမျက်နှာ-366


နှပ်ကို ဆင်ခြင်ပုံ

နှပ်သည် ဖြစ်ပေါ်လာချိန်၌ နှာခေါင်းဖုကို ပြည့်စေလျက် တည်နေသည်လည်း ရှိ၏။ ယိုထွက်လာသည်လည်း ရှိ၏။ ယောက်သွား၌ နို့ဓမ်းပုပ်ဖြင့် ပြည့်နေလျှင် ယောက်သွားသည် ငါ၌ နို့ဓမ်းပုပ်တည်သည်ဟု မသိ၊ နို့ဓမ်းပုပ်ကလည်း ငါသည် ယောက်သွား၌ တည်သည်ဟု မသိ။ ထို့အတူ နှာခေါင်းဖုသည် ငါ၌ နှပ်တည်သည်ဟု မသိ၊ နှပ်ကလည်း ငါသည် နှာခေါင်းဖု၌ တည်သည်ဟု မသိ၊ နှပ်နှင့်နှာခေါင်းဖု ရုပ်တရားအချင်းချင်း နှလုံးသွင်းခြင်း ကင်းကုန်၏။

နှပ်မည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှ မသိတတ်၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ စေးဖွဲ့ယိုစီးသော အာပေါဓာတ်တည်း။

အစေးကို ဆင်ခြင်ပုံ

အစေးသည် အရိုးဆက်တို့၏ နယ်ဆီကိစ္စကို ပြီးစေလျက် တစ်ရာ့ရှစ်ဆယ်သော အရိုးဆက်တို့၌ တည်၏။ ဝင်ရိုးကို ဆီဖြင့်လူးပေးလျှင် ဝင်ရိုးသည် ငါ့ကို ဆီလူးထားသည်ဟု မသိ။ ဆီကလည်း ငါသည် ဝင်ရိုးကို လူးလျက်တည်သည်ဟု မသိ။ ထို့အတူ အရိုးဆက်တို့သည် ငါတို့ကို အစေးက လူးလျက် တည်သည်ဟု မသိကြ၊ အစေးကလည်း ငါသည် အရိုးဆက်တို့ကို လူးလျက် တည်သည်ဟု မသိ။ အစေးနှင့်အရိုးဆက်များ ရုပ်တရားအချင်းချင်း နှလုံးသွင်းခြင်း ကင်းကုန်၏။

အစေးမည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှ မသိတတ်၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ စေးဖွဲ့ယိုစီးသော အာပေါဓာတ်တည်း။

ကျင်ငယ်ကို ဆင်ခြင်ပုံ

ကျင်ငယ်သည် ဆီးအိမ်စည်ဖောင်း၏ အတွင်း၌ တည်၏။ ရေဝင်ပေါက်မရှိသည့် ရေစစ်အိုးကို တန်စီးအိုင်၌ ပစ်ချထားလျှင် ရေစစ်အိုးသည် ငါ၌ တန်စီးရည်တည်သည်ဟု မသိ၊ တန်စီးရည်ကလည်း ငါသည် ရေစစ်အိုး၌ တည်သည်ဟု မသိ။ ထို့အတူ ဆီးအိမ်သည် ငါ၌ ကျင်ငယ်တည်သည်ဟု မသိ၊ ကျင်ငယ်ကလည်း ငါသည် ဆီးအိမ်၌ တည်သည်ဟုမသိ။ ကျင်ငယ်နှင့် ဆီးအိမ်ဟူသော ရုပ်တရားအချင်းချင်း နှလုံးသွင်းခြင်း ကင်းကုန်၏။
စာမျက်နှာ-367


ကျင်ငယ်မည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှ မသိတတ်၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ စေးဖွဲ့ယိုစီးသော အာပေါဓာတ်တည်း။

ဤကား ရေဓာတ်လွန်ကဲသော အာပေါကောဋ္ဌာသ (၁၂) ပါး၌ ဓာတ်ကမ္မဋ္ဌာန်း စီးဖြန်းဆင်ခြင်ပုံတည်း။

တေဇောဓာတ် ၄-ပါးကို ဆင်ခြင်ပုံ

တေဇောဓာတ်လေးပါးကို နှလုံးသွင်း ဆင်ခြင်ရာ၌လည်း မဆင်ခြင်မီ တစပဉ္စက၊ ဝက္ကပဉ္စကစသည်တို့ကို သူ့အုပ်စုနှင့်သူ အနုလုံ ပဋိလုံ ဆင်ခြင်ရာ၏။ ထိုသို့ ဆင်ခြင်ပြီးနောက် တေဇောဓာတ်လေးပါးကို ဖော်ပြပါအတိုင်း ဆင်ခြင်ရမည်။

အကြင် အပူငွေ့ (သန္တပ္ပနတေဇော) ဖြင့် ကိုယ်သည် ပူလောင်၏။ ဤအပူသည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှမသိတတ်၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ် မဟုတ်၊ ပူကျက်စေတတ်သော တေဇောဓာတ်တည်း။

အကြင်အပူငွေ့ (ဇီရဏတေဇော) ဖြင့် ကိုယ်သည် အိုမင်းရင့်ရော်၏။ ဤအပူငွေ့သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှမသိတတ်၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ ပူကျက်စေတတ်သော တေဇောဓာတ်တည်း။

အကြင်အပူငွေ့ (ဒဟတေဇော) ဖြင့် ကိုယ်သည် ပြင်းစွာ ပူလောင်၏။ ဤအပူငွေ့သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှ မသိတတ်၊ ဘာမျှ မလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ ပူကျက်စေတတ်သော တေဇောဓာတ်တည်း။

အကြင်အပူငွေ့ (ပါစကတေဇော) ဖြင့် စားသောက်ထားသော အစာသည် ကောင်းစွာ ပြောင်းလဲခြင်း၊ ကျေကျက်ခြင်းသို့ရောက်၏။ ဤအပူငွေ့သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာ မရှိ၊ ဘာမျှ မသိတတ်၊ ဘာမျှ မလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ် မဟုတ်၊ ပူကျက်စေတတ်သော တေဇောဓာတ်တည်း။
စာမျက်နှာ-368


ဝါယောဓာတ် ၆-ပါးကို ဆင်ခြင်ပုံ

အထက်သို့ ဆန်တက်သော လေတို့မည်သည် ဤကိုယ်ထဲ၌ သီးခြား အစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှမသိတတ်၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါ မဟုတ်၊ အသက်ဝိညာဉ် မဟုတ်၊ ထောက်ကန် တောင့်တင်း လှုပ်ရှားခြင်းသဘောရှိသော ဝါယောဓာတ်တည်း။

အောက်သို့ စုန်ဆင်းသော လေတို့မည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှမသိတတ်၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ ထောက်ကန် တောင့်တင်း လှုပ်ရှားခြင်းသဘောရှိသော ဝါယောဓာတ်တည်း။

ဝမ်းတွင်းလေတို့မည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာ မရှိ၊ ဘာမျှ မသိတတ်၊ ဘာမျှ မလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါ မဟုတ်၊ အသက်ဝိညာဉ် မဟုတ်၊ ထောက်ကန် တောင့်တင်းလှုပ်ရှားခြင်း သဘောရှိသော ဝါယောဓာတ်တည်း။

အူတွင်းလေတို့မည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှမသိတတ်၊ ဘာမျှမလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ ထောက်ကန်တောင့်တင်း လှုပ်ရှားခြင်းသဘော ရှိသော ဝါယောဓာတ်တည်း။

အင်္ဂါကြီးငယ်သို့ လျှောက်သောလေ (ကြောလျှောက်လေ) တို့ မည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှမသိတတ်၊ ဘာမျှ မလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ် မဟုတ်၊ ထောက်ကန် တောင့်တင်း၊ လှုပ်ရှားခြင်းသဘောရှိသော ဝါယောဓာတ်တည်း။

ဝင်သက်ထွက်သက် လေတို့မည်သည် ဤကိုယ်ထဲ၌ သီးခြားအစုတည်း၊ စိတ်စေတနာမရှိ၊ ဘာမျှမသိတတ်၊ ဘာမျှ မလုပ်တတ်၊ အတ္တမှ ဆိတ်သုဉ်း၏၊ သတ္တဝါမဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ ထောက်ကန်တောင့်တင်း လှုပ်ရှားခြင်း သဘောရှိသော ဝါယောဓာတ်တည်း။

ဤပြဆိုခဲ့သည့်အတိုင်း ၄၂-ကောဋ္ဌာသကို လွန်ကဲထင်ရှားသော ဓာတ်တစ်ပါးပါးဖြင့် အကျယ်နှလုံးသွင်း ဆင်ခြင်သောယောဂီအား ကိုယ်ကာယ၌ ဓာတ်သဘောတို့ ထင်ရှားဖြစ်ပေါ်လာပြီး ဥပစာရသမာဓိကို ရရှိလာမည် ဖြစ်သည်။ ထိုသို့ အကျယ်အားဖြင့် ပွားများအားထုတ်ပါလျက် ဓာတ်လေးပါး
စာမျက်နှာ-369


မထင်ရှားသေးလျှင် ခန္ဓာကိုယ် အတ္တဘောဟု သိမှတ်နေသေးလျှင် ထို ၄၂ ကောဋ္ဌာသကိုပင် ထပ်မံ၍ ဓာတ်လေးပါးလုံးဖြင့် အကျဉ်း ရှုမှတ်ဆင်ခြင် နှလုံးသွင်းရာ၏။

(ဂ) ဓာတ်လေးပါးလုံးဖြင့် အကျဉ်းဆင်ခြင်နည်း

ယောဂီသည် ဖော်ပြခဲ့ပြီးသော နည်းတို့ဖြင့် ဓာတ်ကမ္မဋ္ဌာန်း အားထုတ် ပွားများပါလျက် ကိုယ်ကာယ၌ ဓာတ်သဘော မထင်မြင်သေးလျှင် အောက်ပါ အတိုင်း ဆင်ခြင်ရမည်။

ဆံပင်၊ အမွေး၊ လက်သည်း ခြေသည်း (လ) ဦးနှောက်အားဖြင့် (၂၀) သော အဖို့အစုသည် ခက်မာခြင်း၊ နူးညံ့ခြင်း သဘောလက္ခဏာရှိ၍ ပထဝီဓာတ် တည်း။ ဖွဲ့စည်းခြင်း သဘောလက္ခဏာရှိ၍ အာပေါဓာတ် တည်း။ ရင့်ကျက်စေခြင်း သဘောလက္ခဏာရှိ၍ တေဇောဓာတ် တည်း။ ထောက်ကန် တောင့်တင်းခြင်း သဘောလက္ခဏာရှိ၍ ဝါယောဓာတ် တည်း။

သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး (လ) ကျင်ငယ်အားဖြင့် (၁၂) ပါးသော အဖို့အစုသည် ဖွဲ့စည်းခြင်း သဘောလက္ခဏာရှိ၍ အာပေါဓာတ် တည်း။ ရင့်ကျက်စေခြင်း သဘောလက္ခဏာရှိ၍ တေဇောဓာတ် တည်း။ ထောက်ကန် တောင့်တင်းခြင်း သဘောလက္ခဏာရှိ၍ ဝါယောဓာတ် တည်း။ ခက်မာခြင်း နူးညံ့ခြင်း သဘောလက္ခဏာရှိ၍ ပထဝီဓာတ် တည်း။

အဖျားရှိန် အပူငွေ့၊ အိုမင်းရင့်ရော်စေသော အပူ၊ လောင်ကျွမ်းသော အပူ၊ အစာကြေကျက်သော အပူအားဖြင့် (၄) ပါးသော အဖို့အစုသည် ရင့်ကျက်စေခြင်း သဘောလက္ခဏာရှိ၍ တေဇောဓာတ် တည်း။ လေးပါးသော အပူငွေ့နှင့် သီးခြားခွဲ၍ မရနိုင်အောင် ထောက်ကန် တောင့်တင်းခြင်း သဘောလက္ခဏာရှိ၍ ဝါယောဓာတ် တည်း။ ခက်မာနူးညံ့ခြင်း သဘောလက္ခဏာရှိ၍ ပထဝီဓာတ် တည်း။ ဖွဲ့စည်းခြင်း သဘောလက္ခဏာရှိ၍ အာပေါဓာတ် တည်း။

ဆန်တက်လေ၊ စုန်ဆင်းလေ၊ ဝမ်းဗိုက်လေ၊ အူတွင်းလေ၊ ကြောလျှောက်လေ၊ ဝင်သက်ထွက်သက်လေအားဖြင့် (၆) ပါးသော အဖို့အစုသည် ထောက်ကန် တောင့်တင်းခြင်း သဘောလက္ခဏာရှိ၍ ဝါယောဓာတ် တည်း။ ခက်မာခြင်း၊ နူးညံ့ခြင်း သဘောလက္ခဏာရှိ၍ ပထဝီဓာတ် တည်း။ ဖွဲ့စည်းခြင်း သဘောလက္ခဏာရှိ၍ အာပေါဓာတ် တည်း။ ရင့်ကျက်စေခြင်း သဘောလက္ခဏာရှိ၍ တေဇောဓာတ် တည်း။
စာမျက်နှာ-370


ဤနည်းအတိုင်း ၄၂-ကောဋ္ဌာသကို အစုလိုက် ဓာတ်လေးပါးလုံးဖြင့် နှလုံးသွင်း ဆင်ခြင်သော ယောဂီအား ကိုယ်ကာယ၌ ဓာတ်သဘောများ ထင်ရှားဖြစ်ပေါ်လာပြီး ဥပစာရသမာဓိကို ရရှိလာမည်ဖြစ်သည်။ ဤသို့ ပွားများသော်လည်း ဓာတ်လေးပါး မထင်မြင်သေးလျှင် ထို ၄၂-ကောဋ္ဌာသ ကိုပင် တစ်ခုစီတစ်ခုစီ၌ ဓာတ်လေးပါးလုံးဖြင့် အကျယ်ရှုမှတ် ဆင်ခြင် နှလုံးသွင်းရာ၏။

(ဃ) ဓာတ်လေးပါးလုံးဖြင့် အကျယ်ဆင်ခြင်နည်း

ယောဂီသည် ဖော်ပြခဲ့ပြီးသော နည်းတို့ဖြင့် ဓာတ်ကမ္မဋ္ဌာန်း အားထုတ် ပွားများပါလျက် ကိုယ်ကာယ၌ ဓာတ်သဘော မထင်မြင်သေးလျှင် အောက်ပါ အတိုင်း ဆင်ခြင်ရမည်။

ဆံပင်သည် ခက်မာနူးညံ့ခြင်း သဘောလက္ခဏာရှိ၍ ပထဝီဓာတ် တည်း။ ဖွဲ့စည်းခြင်း သဘောလက္ခဏာရှိ၍ အာပေါဓာတ် တည်း။ ရင့်ကျက်စေခြင်း သဘောလက္ခဏာရှိ၍ တေဇောဓာတ် တည်း။ ထောက်ကန် တောင့်တင်းခြင်း သဘောလက္ခဏာရှိ၍ ဝါယောဓာတ် တည်း။

အမွေး၊ လက်သည်း ခြေသည်း စသော ကျန်ကောဋ္ဌာသတို့ကိုလည်း တစ်ခုစီတစ်ခုစီအားဖြင့် ဓာတ်လေးပါးတို့၏ သဘောလက္ခဏာများကို ပိုင်းခြား မှတ်သား၍ ဆင်ခြင် နှလုံးသွင်းရမည်။ ဤနည်းအတိုင်း ဓာတ်လေးပါးဖြင့် ပိုင်းခြားဆုံးဖြတ်၍ ရှုမှတ်ဆင်ခြင်သော ယောဂီအား ကိုယ်ကာယ၌ ဓာတ်သဘောလက္ခဏာများ ထင်ရှားဖြစ်ပေါ်လာပြီး ဥပစာရသမာဓိကို ရရှိလာမည် ဖြစ်သည်။

ဤစတုတ္ထနည်းသည် ကောဋ္ဌာသ ၄၂-ပါးကို ဓာတ် ၄-ပါးဖြင့် မြှောက်၍ ဓာတ်ပေါင်း (၁၆၈) ပါးကို ဆင်ခြင်သော နည်းဖြစ်သည်။

စတုဓာတု ဝဝတ္ထာန်ပွားခြင်း၏ အကျိုးအာနိသင်

စတုဓာတုဝဝတ္ထာန် ကမ္မဋ္ဌာန်းကို ရှုမှတ်ပွားများ အားထုတ်သော ယောဂီ ပုဂ္ဂိုလ် (ရဟန်း) သည် အတ္တအစွဲအလမ်း ကင်းဆိတ်၏။ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမဟု ထင်မှတ်သော သညာကို နုတ်ပယ်နိုင်၏။ ယင်းသို့ နုတ်ပယ်နိုင်သောကြောင့် ယောဂီသည် သားရဲ၊ ဘီလူး၊ ရက္ခိုသ်စသည်ဖြင့် တွေးတောကြံဆခြင်းသို့ မရောက်တော့ဘဲ ဘေးကြီး ဘေးငယ် အသွယ်
စာမျက်နှာ-371


သွယ်တို့ကို သည်းခံနိုင်၏။ ဘာဝနာကုသိုလ်တရား၌ မပျော်မွေ့ခြင်း၊ ကာမဂုဏ် တရား၌ ပျော်မွေ့ခြင်းကို နှိမ်နင်းနိုင်၏။ သည်းခံနိုင်၏။ ဣဋ္ဌာရုံ အနိဋ္ဌာရုံ တို့၌ ဝမ်းမြောက်တက်ကြွခြင်း၊ စိတ်ညစ်ဆုတ်နစ်ခြင်း မရှိတော့ပေ။

အထူးအားဖြင့် ဓာတ်ကမ္မဋ္ဌာန်း စီးဖြန်းပွားများသူသည် ပညာအမြော်အမြင်ကြီး၏။ မျက်မှောက်ဘဝ၌ အမြိုက်နိဗ္ဗာန်ကို သုံးဆောင်နိုင်၏။ ယခုဘဝ၌ အမြိုက်နိဗ္ဗာန်ကို မျက်မှောက် မပြုနိုင်သေးလျှင် ကွယ်လွန်သောအခါ ကောင်းရာ သုဂတိ ဘဝသို့ကား မုချလားရောက်ရပေ၏။

အရူပကမ္မဋ္ဌာန်း ပွားများပုံ (သို့မဟုတ်)

ရုပ်လွန်ကမ္မဋ္ဌာန်း ပွားများပုံ

အရူပ (ရုပ်လွန်) ကမ္မဋ္ဌာန်းကို အားထုတ်ခြင်း၏ အကြောင်းရင်းမှာ ရုပ်တရားကို အလိုမရှိသောကြောင့် ရုပ်တရားကို အပြစ်ဟု မြင်သောကြောင့် ဖြစ်သည်။ (ရူပ=ရုပ်၊ အရူပ=ရုပ်မဟုတ်)။

ထို့ကြောင့် ရုပ်မဟုတ်သည့် နာမ်တရားနှင့် ပညတ်တရားကို အာရုံပြု၍ ပွားများ အားထုတ်ရသော ကမ္မဋ္ဌာန်းကို အရူပကမ္မဋ္ဌာန်းဟု ခေါ်ရသည်။ တစ်နည်းအားဖြင့် ရုပ်အာရုံနိမိတ်ကို ကျော်လွန်သောကြောင့် ရုပ်လွန်ကမ္မဋ္ဌာန်း ဟူ၍လည်း ခေါ်ကြသည်။

အရူပဈာန်သည် ပဉ္စမဈာန်ဖြစ်သည်

ရူပါဝစရ ပဉ္စမဈာန်ကို ရရှိပြီးနောက် ဝသီဘော် ငါးပါးဖြင့် လေ့လာ ကျွမ်းကျင်ပြီးသော ဈာန်ရပုဂ္ဂိုလ်သည် မိမိရရှိထားသော ရူပပဉ္စမဈာန်ဖြင့် အားရတင်းတိမ် ကျေနပ်မှုမရှိဘဲ ယင်း ရူပပဉ္စမဈာန်၏ အာရုံဖြစ်သော ကသိုဏ်းပညတ်ရုပ် ကို ကျော်လွန်နိုင်ရန် ကြိုးစားအားထုတ်လေသည်။

စိတ်သည် အာရုံကို မှီတွယ်၍ ဖြစ်ရသောကြောင့် အာရုံမရှိလျှင် စိတ်မရှိနိုင်ချေ။ ထို့ကြောင့် ရူပပဉ္စမဈာန် ရရှိပြီးသူသည် လက်ရှိ ကသိုဏ်းပညတ်ရုပ် အာရုံကို စွန့်လွှတ်ကျော်လွှား ပယ်ရှားလိုပါက အခြားအာရုံ အသစ်တစ်ခု အစားထိုးရပေလိမ့်မည်။ စိတ်၏ မှီတွယ်ရာ အာရုံအသစ်တစ်ခု လိုအပ်လျက် ရှိလေသည်။
စာမျက်နှာ-372


ရူပါဝစရဈာန် ငါးပါးတို့၌ တစ်ဆင့်ထက် တစ်ဆင့် မြင့်တက်လိုပါက ဈာန်အင်္ဂါကို ပယ်ရှားကျော်လွှားရသည်။ အရူပဈာန်၌ကား အာရုံကို ကျော်လွှား ပယ်ရှားရမည်။ ပဌမဈာန်၌ရှိသော ဝိတက်ကို ပယ်ရှား ကျော်လွှားနိုင်သောအခါ ဒုတိယဈာန်ကို ရရှိလာသည်။ ဝိစာရဟူသော ဈာန်အင်္ဂါကို ပယ်ရှား ကျော်လွှားနိုင်သောအခါ တတိယဈာန်ကို ရရှိလာသည်။ ပီတိဟူသော ဈာန်အင်္ဂါကို ပယ်ရှား ကျော်လွှားနိုင်သောအခါ စတုတ္ထဈာန်ကို ရရှိလာသည်။ သုခဟူသော ဈာန်အင်္ဂါကို ပယ်ရှား ကျော်လွှားနိုင်သောအခါ ပဉ္စမဈာန်ကို ရရှိလာသည်။ ဤသို့လျှင် ရူပဈာန်ငါးပါး၌ တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်လိုသောအခါ ဈာန်အင်္ဂါများကို ပယ်ခွာရသည်။

အရူပဈာန်၌မူ ဈာန်အင်္ဂါကို ပယ်ခွာခြင်း မပြုရပေ။ ဥပေက္ခာ၊ ဧကဂ္ဂတာ ဟူသော ဈာန်အင်္ဂါနှစ်ပါးလုံး လိုက်ပါ တည်ရှိနေ၍ ယင်းအရူပဈာန်ကို ပဉ္စမဈာန်ဟူ၍ပင် ခေါ်ဆိုရသည်။ ထို့ကြောင့် အရူပဈာန်လေးပါး၌ တစ်ဆင့်ထက် တစ်ဆင့် မြင့်တက်လိုပါက အာရုံကို ပယ်ရှားကျော်လွှားရသည်။ ရူပဈာန်ငါးပါး လုံး၌ တောက်လျှောက် အာရုံတစ်မျိုးတည်း၊ တစ်ခုတည်း ဖြစ်နိုင်သော်လည်း အရူပဈာန်လေးပါး၌မူ အာရုံတစ်မျိုးစီ ဖြစ်ကြသည်။

ပရမတ်ရုပ်နှင့် ပညတ်ရုပ်

ရုပ်သည် နှစ်မျိုးရှိသည်။ ၎င်းတို့မှာ ပရမတ်ရုပ်နှင့် ကသိုဏ်းပညတ်ရုပ် ဖြစ်သည်။ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဟူသော မဟာဘုတ်တရားလေးပါး၊ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ (ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ) ဟူသော ရုပ်တရားတို့သည် အမှန်တကယ် တည်ရှိနေသော ပရမတ္ထတရားများ ဖြစ်ကြသည်။ ထို့ကြောင့် ယင်းရုပ်တရားများသည် ပရမတ်ရုပ်များ ဖြစ်ကြသည်။

ပညတ်ရုပ်မှာမူ စိတ်ထဲ၌ စွဲထင်တည်ရှိနေသော ရုပ်ဖြစ်သည်။ ပြင်ပလောက၌ အမှန်တကယ် မရှိချေ။ စိတ်ကူးရုပ်တစ်မျိုး ဖြစ်သည်။ စိတ်ကူး၍ ဖြစ်ပေါ်လာသည်၊ ပျက်စီးပျောက်ကွယ်ခြင်း မရှိ၊ စိတ်ကူးလိုက်တိုင်း အမြဲရှိနေ၏။ အိုမင်းရင့်ရော်ခြင်း၊ ပြောင်းလဲခြင်းမရှိ။ ဥပမာအားဖြင့် ပျိုရွယ်စဉ်က စွဲလမ်းမှတ်သားထားသော မိမိဇနီး၏ စိတ်ကူးရုပ်ပုံလွှာကို အသက်ရှစ်ဆယ်အရွယ်၌ ပြန်လည်တွေးတော စဉ်းစားကြည့်သောအခါ ထိုစိတ်ကူး ရုပ်ပုံလွှာသည် အိုမင်းခြင်းမရှိ၊ ပြောင်းလဲခြင်းမရှိ၊ ပျိုရွယ်စဉ်အချိန်က စွဲလမ်းမှတ်သား ထားသည့်အတိုင်း ထာဝရ နုနယ်ပျိုမျစ်နေ၏။ ထို့ကြောင့် ပညတ်ရုပ်သည် အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ပျက်စီးခြင်း၊ ပြောင်းလဲဖောက်ပြန်ခြင်း မရှိ။ ဤသို့ စိတ်ကူးအတွင်း၌သာ ရှိသော ရုပ်ကို ပညတ်ရုပ်ဟု ခေါ်ရသည်။
စာမျက်နှာ-373


ကသိုဏ်းပညတ်ရုပ်

ပဉ္စမဈာန်တိုင်အောင် ရောက်နိုင်သော ကမ္မဋ္ဌာန်းအာရုံများမှာ ကသိုဏ်းဆယ်ပါးနှင့် ဥပေက္ခာကမ္မဋ္ဌာန်းတို့ ဖြစ်ကြသည်။ ဥပေက္ခာကမ္မဋ္ဌာန်းသည် သတ္တဝါပညတ် အာရုံဖြစ်သောကြောင့် ရုပ်အာရုံ ရုပ်ကမ္မဋ္ဌာန်း မဟုတ်ချေ။ ထို့ကြောင့် ရုပ်ကို ပယ်ရှားရန် အားထုတ်သည့်အခါ ဤဥပေက္ခာကမ္မဋ္ဌာန်း မပါဝင်နိုင်ချေ။ ကသိုဏ်းဆယ်ပါး၌ ပထဝီကသိုဏ်း၊ အာပေါကသိုဏ်း၊ တေဇောကသိုဏ်း၊ ဝါယောကသိုဏ်း ဤလေးပါးတို့ကို မဟာဘုတ်ရုပ် လေးပါးကို စတင် အာရုံပြုရသောကြောင့် မဟာဘူတကသိုဏ်း ဟု ခေါ်သည်။ နီလကသိုဏ်း၊ ပီတကသိုဏ်း၊ လောဟိတကသိုဏ်း၊ ဩဒါတကသိုဏ်း ဤလေးပါးတို့ကို အဆင်းအရောင် အမျိုးအစားများဖြစ်၍ ဝဏ္ဏကသိုဏ်း လေးပါး ဟု ခေါ်ရသည်။ ဟင်းရှစ်ပါးနှင့် အလင်းရောင်-အာလောကကသိုဏ်း၊ ကောင်းကင်ပညတ်-အာကာသကသိုဏ်း ဟူ၍ ကသိုဏ်း ဆယ်မျိုးရှိသည်။ ယင်းကသိုဏ်းဆယ်မျိုးအနက် အာကာသကသိုဏ်း (ဟင်းလင်းပြင်ကောင်းကင် ကသိုဏ်း) မှ တစ်ပါး ကျန်ကသိုဏ်းကိုးပါး၏ ပဋိဘာဂနိမိတ်ဟု ဆိုအပ်သော ပုံတူရိပ်ကို ပယ်ရှားခြင်းကြောင့် ဖြစ်ပေါ်လာသော ဟင်းလင်းပြင် အာကာသကို အာရုံပြုနိုင်မှသာလျှင် ပဌမအရူပဈာန်ကို ရနိုင်ပေသည်။

ရုပ်ကို စက်ဆုပ်ခြင်း

ဤခန္ဓာကိုယ်တည်းဟူသော ရုပ်သည် ကိုးဆယ့်ခြောက်ပါးသော ရောဂါတို့၏ တည်ရာဖြစ်၏။ ရုပ်ခန္ဓာကိုယ်ကြီး ရှိနေခြင်းကြောင့်သာလျှင် ဒဏ်ပေးခံရသည်။ ညှဉ်းဆဲနှိပ်စက်ခံရသည်။ ရိုက်ပုတ်ခံရသည်။ ဓားခုတ်လှံထိုးခံရသည်။ သေနတ်ပစ်ခံရသည်။ အချုပ်အနှောင်ခံရသည်။ မီးလောင်၊ ရေနစ်၊ မြွေကိုက်ခံရခြင်း စသော အန္တရာယ်အမျိုးမျိုး တွေ့ကြုံနေရသည်။ အကယ်၍သာ ရုပ်ခန္ဓာကြီး မရှိပါက ဖော်ပြပြီးသော ဘေးဒဏ်ရန်အန္တရာယ်များ ရမည်မဟုတ်ချေ။ ထို့ကြောင့် ပဉ္စမဈာန်ရပြီးသော ယောဂီပုဂ္ဂိုလ်သည် ရုပ်ကို စက်ဆုပ်၏။ ရွံမုန်း၏။ ငြီးငွေ့၏။ ရုပ်အပေါ် စိတ်ကုန်ခန်းနေ၏။ ထို့ကြောင့် ရုပ်မှ လွတ်မြောက်လို၏၊ ရုပ်မှ ဝေးကွာလို၏၊ ရုပ်ကို ပယ်ရှားလို၏၊ ရုပ်ကို ရွံမုန်းကြောက်သင့်၏။ ထိုပရမတ္ထရုပ်ခန္ဓာ၏ အနာအဆာအပြစ်ကို ကသိုဏ်းပညတ်ရုပ်ပေါ်၌ တင်စား၍ ကသိုဏ်းပညတ်ရုပ်ကိုလည်း စက်ဆုပ်ရွံမုန်းငြီးငွေ့လေသည်။ ထိုအခါ ကသိုဏ်းပညတ်ရုပ်ကိုလည်း ပယ်ရှားရန် ကြိုးပမ်းလေတော့သည်။ ယင်းကသိုဏ်းပညတ်ရုပ်ကို မနှစ်သက်သဖြင့် အာရုံမပြုတော့ဘဲ ကသိုဏ်းပညတ်ရုပ်၏ မရှိခြင်းသဘော ဟင်းလင်းပြင် အာကာသကို အာရုံပြု ပွားများ အားထုတ်လေသည်။
စာမျက်နှာ-374


ဥပမာအားဖြင့် မြွေကြောက်တတ်သူသည် တောထဲ၌ မြွေအလိုက်ခံရ၍ လျင်မြန်စွာ ထွက်ပြေးလွတ်မြောက်လာပြီးမှ တစ်ခုသော အရပ်၌ အမည်း အဝါ စသည့် ဆေးဖြင့် ရေးခြယ်၍ ထန်းရွက်ဖြင့် ပြုလုပ်ထားသော မြွေရုပ်ကို ဖြစ်စေ၊ နွယ်ကိုဖြစ်စေ၊ ကြိုးကိုဖြစ်စေ၊ မြေကြီး အက်ကွဲကြောင်းကို ဖြစ်စေ မြင်တွေ့ရလျှင် ကြောက်လန့်သည်သာ ဖြစ်၏။ မြွေနှင့်တူသော ထိုအရာမျိုးကို မမြင်လို၊ မတွေ့လိုပေ။

ဥပမာတစ်နည်းအားဖြင့် သူတစ်ပါးအကျိုးမဲ့ကို ပြုလုပ်လေ့ရှိသော ရန်သူနှင့်အတူ ရွာတစ်ရွာတည်း၌ နေထိုင်ရသူသည် ထိုရန်သူ၏ ညှဉ်းဆဲနှိပ်စက်ခြင်း၊ ဖမ်းဆီးတုပ်နှောင်ခြင်း၊ အိမ်မီးရှို့ခြင်း စသည်တို့ဖြင့် အနှိပ်စက် ခံရသောကြောင့် အခြား ရွာတစ်ရွာ၌ ပြောင်းရွှေ့နေထိုင်လေသည်။ ထိုရွာ၌လည်း ထိုရန်သူနှင့်တူသော အဆင်း အသံ အကျင့်ရှိသူကို ထပ်မံ တွေ့မြင်ရလျှင် ကြောက်လန့်တုန်လှုပ်သည်သာ ဖြစ်၏။ ထိုသူကို မတွေ့လို မမြင်လိုပေ။

ဤဥပမာနှစ်မျိုးတွင် မြွေကြောက်သူ၊ ရန်သူကြောက်သူ နှစ်ဦးတို့အား မြွေနှင့်ရန်သူက နှိပ်စက်နေသော ကာလကဲ့သို့ ယောဂီပုဂ္ဂိုလ် အာရုံပြုနေသည့် ရုပ်ကြမ်းခန္ဓာကိုယ်နှင့် ပြည့်စုံနေသောကာလကို မှတ်သားအပ်၏။ မြွေအန္တရာယ်မှ ထွက်ပြေး လွတ်မြောက်လာခြင်း၊ အခြားရွာသို့ ပြောင်းရွှေ့သွားခြင်းကို ကဲ့သို့ ရူပါဝစရ စတုတ္ထဈာန်၏ အစွမ်းဖြင့် ရုပ်ကြမ်းများမှ လွတ်မြောက်သော ကာလကို မှတ်သားအပ်၏။ ထွက်ပြေးလွတ်မြောက်သော အရပ်၌ မြွေရုပ်၊ နွယ်၊ မြေအက်ကြောင်းကို မြင်၍ လန့်ဖျပ်ခြင်း၊ ပြောင်းရွှေ့သွားသော ရွာ၌ ရန်သူနှင့်တူသူကို မြင်၍ ကြောက်ရွံ့ခြင်း မမြင်လိုခြင်းကို ကဲ့သို့ ပထဝီစသော ကသိုဏ်းရုပ်ကိုလည်း “ဤကသိုဏ်းရုပ်သည် ခန္ဓာကိုယ်ကောင် ရုပ်နှင့် အလားတူပင် ဖြစ်၏” ဟု မှတ်၍ ထိုကသိုဏ်းရုပ်မှ လွန်မြောက်လိုခြင်းကို မှတ်သားအပ်၏။

ကောင်းကင် (အာကာသ) သုံးမျိုး

အာကာသ ကောင်းကင်သည်—
(၁) ပရိစ္ဆိန္နာကာသ၊
(၂) အဇဋာကာသ၊
(၃) ကသိဏုဂ္ဃါဋိမာကာသ
ဟူ၍ သုံးမျိုးရှိသည်။
စာမျက်နှာ-375


ပရိစ္ဆိန္နာကာသ (အပိုင်းအခြားရှိ ကောင်းကင်)
ရုပ်ဝတ္ထုတစ်စုံတစ်ခုဖြင့် ပိုင်းခြားထားသော အာကာသ ကောင်းကင်ကို ပရိစ္ဆိန္နာကာသဟု ခေါ်သည်။ ဥပမာ တွင်းပေါက်၊ တံခါးပေါက်၊ အိုးနှုတ်ခမ်းဝ စသည်တို့ ဖြစ်သည်။ တွင်းပေါက်တွင်းဝမှာ မြေသားဖြင့် ပိုင်းခြားသတ်မှတ် ထားသော အခေါင်းအပေါက်ဖြစ်သည်။ တံခါးပေါက်မှာလည်း သစ်သား၊ အုတ်စသည် တစ်ခုခုဖြင့် ပိုင်းခြားသတ်မှတ်ထားသော အပေါက်အဝ ဖြစ်သည်။ အိုးနှုတ်ခမ်းဝမှာလည်း မြေထည် စသည်ဖြင့် ပိုင်းခြားထားသည်။ ထို့ကြောင့် ယင်းကဲ့သို့ ပိုင်းခြား သတ်မှတ်ခံရသော လိုဏ်ပေါက်အခေါင်း ဟင်းလင်းပြင် ကောင်းကင်ကို ပရိစ္ဆိန္နာကာသဟု ခေါ်သည်။ (ပရိစ္ဆိန္န=ပိုင်းခြား ပိုင်းဖြတ် အပ်သော)

အဇဋာကာသ (ဟင်းလင်းပြင် လဟာပြင်)

ဤကမ္ဘာမြေမှတစ်ပါး နေလ နက္ခတ် တာရာတို့ သွားလာရွေ့လျားနေကြသော အဆုံးအပိုင်းအခြား မရှိသည့် ကောင်းကင်ကြီးသည် အဇဋာကာသ မည်၏။ (အဇဋာ=အ+ဇဋာ၊ ဇဋာ=ရှုပ်ထွေးမှု၊ ငြိတွယ်မှု၊ အ=မရှိ။ အရှုပ်ထွေးငြိတွယ်မှုမရှိဘဲ လွတ်လပ်စွာ သွားလာ ရွေ့လျားနိုင်သည့် ကောင်းကင်)

ကသိဏုဂ္ဃါဋိမာကာသ (ကသိုဏ်းရုပ်ကို ပယ်ခွာ ဖွင့်လှစ်၍ ဖြစ်လာသော ကောင်းကင်)

အာကာသကသိုဏ်းမှ တစ်ပါးသော ပထဝီကသိုဏ်း အစရှိသော ကသိုဏ်းပဋိဘာဂနိမိတ် ကသိုဏ်းပညတ်ရုပ်ကို ပယ်ခွာသဖြင့် ဖြစ်ပေါ်ရရှိလာသော ကောင်းကင်ပညတ်ကို ကသိဏုဂ္ဃါဋိမာကာသဟု ဆိုသည်။ (ကသိဏ=ကသိုဏ်း ပညတ်+ဥဂ္ဃါဋိတ=ခွာလှန်ဖယ်ရှားအပ်သော+ အာကာသ=ကောင်းကင်)

ပထဝီကသိုဏ်းကို အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ပွားများအားထုတ်သူအား မူလပထဝီကသိုဏ်းဝန်းရုပ်၏ ပဋိဘာဂနိမိတ် ပုံတူရိပ်သည် စိတ်ထဲ၌ စွဲထင်ကျန်နေရစ်သည်။ ယင်းစွဲထင် ကျန်နေရစ်သော ပထဝီကသိုဏ်းဝန်းပုံတူ ရိပ်သည် စိတ်ထဲ၌သာ ရှိသည်။ ပြင်ပ၌ တကယ်မရှိချေ။ ထို့ကြောင့် ပရမတ်ရုပ်မဟုတ်၊ ပညတ်ရုပ်သာ ဖြစ်သည်။ စိတ်က ဖန်တီးထားသည့် ပညတ်ရုပ်ဖြစ်၍ စိတ်၏ အလိုဆန္ဒအတိုင်း ကျယ်ပြန့်ခြင်း၊ ကျဉ်းခြင်း၊ ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းခြင်း ပြုလုပ်၍ ရနိုင်သည်။ ကသိုဏ်းဝန်းနိမိတ်ကို ကစားရာ၌ အထက်အောက် ရွှေ့လျားစေခြင်း၊ ဘေးတိုက် ရွေ့လျားစေခြင်း၊ အပ်ဖျားတမျှ သေးအောင် ကျုံ့စေခြင်း ကျယ်စေခြင်း စသည်ဖြင့် အနန္တစကြဝဠာ တစ်ခုလုံး
စာမျက်နှာ-376


ဖုံးအုပ်ပျံ့နှံ့သွားအောင် ကသိုဏ်းဝန်း နိမိတ်ကို (ပညတ်ရုပ်ကို) ပွားများနိုင်သည်။ ကသိုဏ်းဝန်းနိမိတ်ကို အဆုံးမရှိ အပိုင်းအခြားမရှိအောင် ကြီးမားကျယ်ဝန်း ကျယ်ပြန့်စေနိုင်သည်။ ထိုအခါ ယောဂီပုဂ္ဂိုလ်၏ စိတ်၌ အရပ်လေးမျက်နှာ အရပ်ဆယ်မျက်နှာအပြည့် ပထဝီအထိ ဖြစ်နေတော့သည်။

အလားတူပင် နီလကသိုဏ်းစသော ဝဏ္ဏကသိုဏ်းလေးမျိုးကိုလည်း ဤနည်းအတူ ပဋိဘာဂနိမိတ် ပညတ်အာရုံကို အရပ်လေးမျက်နှာ၊ အရပ်ဆယ်မျက်နှာ ကြီးကျယ်ပျံ့နှံ့ ပြန့်ကားစေနိုင်သည်။

ယောဂီပုဂ္ဂိုလ်သည် မိမိခန္ဓာကိုယ် အပါအဝင် တစ်လောကလုံး မရှိတော့ဘဲ ကသိုဏ်းဝန်းနိမိတ်ကြီး တစ်ခုကိုသာလျှင် သိနေပေသည်။ ကသိုဏ်းဝန်းနိမိတ်မှ တစ်ပါး အခြားဘာကိုမျှ မသိတော့ချေ။ ထိုသို့ မသိသောကြောင့် ထိုယောဂီအတွက် ထိုထို အခိုက်အတန့်တွင် ကသိုဏ်းဝန်းနိမိတ်မှ တစ်ပါး အခြားဘာမျှမရှိဟု ဆိုရပေမည်။

ဤသို့ ကသိုဏ်းဝန်းနိမိတ် (ပညတ်ရုပ်) ကို အဆုံးအပိုင်းအခြား မရှိ စကြဝဠာတစ်ခုလုံး အရပ်ဆယ်မျက်နှာအပြည့် ဆန့်ထုတ် ဖြန့်ထုတ်နိုင်ရန်မှာ ပဌမဈာန်မှ ပဉ္စမဈာန်အထိ ဝသီဘော်ငါးပါးဖြင့် ကျွမ်းကျင်စွာ လေ့ကျင့်ပြီးသော ပုဂ္ဂိုလ်များသာလျှင် စွမ်းဆောင်နိုင်ပေသည်။ ထို့ကြောင့် ဤအရူပဈာန်သို့ တက်လှမ်းနိုင်ရန်မှာ အလွန် သမာဓိအားကြီး၍ ဝီရိယကောင်းသော ပုဂ္ဂိုလ်များသာလျှင် ဖြစ်နိုင်ပေသည်။ ထိုကဲ့သို့ စကြဝဠာအဆုံး အပိုင်းအခြား မရှိအောင် ဆန့်ထုတ် ဖြန့်ထုတ်ထားသော ကသိုဏ်းဝန်း ပဋိဘာဂနိမိတ် (ပညတ်ရုပ်) ကို ဟင်းလင်းပြင် ကောင်းကင်အဖြစ် စတင်ရှုမှတ်ရသည်။

ပါဠိဘာသာဖြင့် အာကာသော အနန္တော = ကောင်းကင်ကြီးသည် အဆုံးအပိုင်းအခြား မရှိ ဟူသော (ကောင်းကင်ကို သိသည့်) အသိဉာဏ်ကို အစားထိုးရမည်။ ဤကဲ့သို့ အဆုံး အပိုင်းအခြား မရှိသော ကသိုဏ်းရုပ် ပဋိဘာဂနိမိတ်ကို အာရုံပြုလျက် အာကာသော အနန္တော = ကောင်းကင်သည် အဆုံးမရှိ ဟူ၍ ကြိမ်ဖန်များစွာ စူးစိုက်ပွားများ အားထုတ်သောအခါ ကသိုဏ်းရုပ် ပဋိဘာဂနိမိတ်သည် ဗြုန်းစားကြီး ပျောက်ကွယ်သွား၍ ဟင်းလင်းပြင်ကြီး ပေါ်လာသည်။ လိုက်ကာချထားသော ပြတင်းပေါက် တစ်ခု၌ လိုက်ကာကို မ-တင်လိုက်သောအခါ ဟင်းလင်းပေါက် အာကာသကို တွေ့မြင်ရသကဲ့သို့ ကသိုဏ်းရုပ် ပဋိဘာဂနိမိတ်သည် ပျောက်ကွယ်သွား၍ ထိုကသိုဏ်းရုပ်နေရာ၌ အဆုံး အပိုင်းအခြား မရှိသော ဟင်းလင်းပြင် အာကာသ ပေါ်လာတော့သည်။ ဤအာကာသသည် ပြင်ပ ရုပ်လောက၌ တည်ရှိနေသော ကောင်းကင် အာကာသ မဟုတ်ချေ။ စိတ်တွင်း၌ ထင်မြင်နေသော ကောင်းကင် အာကာသ ဖြစ်သည်။
စာမျက်နှာ-377


အရူပဈာန်ကို ရရှိရန် ပြင်ပ၌ရှိသော အာကာသကောင်းကင်ကို ရှုမှတ်ပွားများ၍ မရနိုင်၊ ဤကသိုဏ်းရုပ်ကို ဖယ်ခွာ ဖွင့်လှစ်လိုက်ခြင်းကြောင့် ထင်မြင်လာသော ကောင်းကင် အာကာသကိုသာ အာရုံပြု ပွားများရမည် ဖြစ်သည်။ ဤကောင်းကင်မျိုးကို ကသိဏုဂ္ဃါဋိမာကာသ ဟု ခေါ်ရသည်။ ကသိုဏ်းရုပ်ကို ဖယ်ခွာ ဖွင့်လှစ်ခြင်းကြောင့် ထင်မြင်လာသော ကောင်းကင်ဟု ဆိုလိုသည်။ ပဌမအရူပဈာန် ရရှိရန်ပွားများအားထုတ်ရာ၌ ပရိစ္ဆိန္နာကာသနှင့် အဇဋာကာသကို အာရုံမပြုရ၊ ကသိဏုဂ္ဃါဋိမာကာသကိုသာ အာရုံပြု၍ ပွားများအားထုတ်ရသည်။

ပဌမအရူပဈာန်ရအောင် အားထုတ်ပုံ

ရူပပဉ္စမဈာန်အထိ ရရှိပြီးသူသည် မိမိရရှိထားသောဈာန် ရုန့်ရင်း ကြမ်းတမ်းသေး၍ ထို့ထက်သိမ်မွေ့သော အရူပဈာန်ကို ရလို၏။ ထိုသို့ အလိုရှိသော ယောဂီပုဂ္ဂိုလ်သည် အာကာသကသိုဏ်းမှတစ်ပါး ကသိုဏ်း ၉-ပါး တို့တွင် တစ်ပါးပါးသော ကသိုဏ်းဝန်းကို အလိုရှိသလောက်မှန်း၍ ဖြန့်ထားရာ၏။ ယောဂီ၏ စိတ်၌လည်း ကသိုဏ်းဝန်း ပဋိဘာဂနိမိတ်ကြီး ထင်နေလိမ့်မည်။ ဥပမာအားဖြင့် ပထဝီကသိုဏ်းဝန်းကို ဖြန့်ထားမည်ဆိုလျှင် ကောင်းကင်တစ်ပြင်လုံး မြေကသိုဏ်းဝန်း ထင်နေပေမည်။

ယောဂီသည် မိမိ၏ စိတ်မျက်စိ၌ ကသိုဏ်းဝန်း ပဋိဘာဂနိမိတ် ထင်နေသော်လည်း ထိုကသိုဏ်းဝန်းကိုပင် ကောင်းကင်ဖြစ်လာစေရန်—
“အနန္တော အာကာသော = အဆုံးအပိုင်းအခြား မရှိသော ကောင်းကင်”
“အနန္တော အာကာသော = အဆုံးအပိုင်းအခြား မရှိသော ကောင်းကင်”
ဟု ကြိမ်ဖန်များစွာ စိတ်ဖြင့် နှလုံးသွင်း ဆင်ခြင်ပွားများရသည်။

ဤကဲ့သို့ ကသိုဏ်းဝန်း ပဋိဘာဂနိမိတ် အာရုံကို ကောင်းကင်ဖြင့် အစားထိုး၍ “အဆုံးအပိုင်းအခြား မရှိသော ကောင်းကင်” ဟု ဆင်ခြင်ပွားများခြင်းကိုပင် ကသိုဏ်းမှ ခွာသည်။ ကသိုဏ်းကို ပယ်ဖျောက်သည်ဟု ဆိုလိုသည်။ ခွာသည်ဟု ဆိုသော်လည်း ဖျာကိုလိပ်၍ ကြမ်းပြင်မှ ခွာယူခြင်း၊ အိုးကင်းမှ မုန့်ကိုထိုးခွာခြင်း၊ နံရံ၌ ကပ်ထားသည်ကို ခွာခြင်းတို့ကဲ့သို့ မဟုတ်ပေ။ ခွာအပ်သော ကသိုဏ်းရုပ်သည်လည်း ကြွတက်လာခြင်း၊ ကွာတက်လာခြင်း မရှိပေ။ အမှန်စင်စစ်အားဖြင့် ကောင်းကင်၌ ဖြန့်ထားသော ကသိုဏ်းရုပ်ကို နှလုံးမသွင်းခြင်း၊ အာရုံမပြုခြင်း၊ စိတ်၌ မထားခြင်း၊ မဆင်ခြင်ခြင်းကိုပင် ခွာသည်ဟု
စာမျက်နှာ-378


ဆိုသည်။ ယင်းသို့ ကသိုဏ်းရုပ်ကို အာရုံမပြု နှလုံးမသွင်း မဆင်ခြင်ဘဲ “အနန္တော အာကာသော” ဟု ကြိမ်ဖန်များစွာ ပွားများခြင်းအားဖြင့် ကသိုဏ်းရုပ်မှာ တစ်စတစ်စ မှေးမှိန်ပျောက်ကွယ်၍ သွားလေတော့သည်။ ဥပမာအားဖြင့် ပြတင်းပေါက်ကို လိုက်ကာဖြင့် ကာလျက် ကြည့်ရှုနေစဉ် လေတိုက်၍ လိုက်ကာ လွင့်ကျသွားသောအခါ ဟင်းလင်းပြင် ကောင်းကင်ကို မြင်ရသကဲ့သို့တည်း။

ထိုအခါ ပကတိ မျက်စိဖြင့် ဖြစ်စေ၊ စိတ်မျက်စိဖြင့် ဖြစ်စေ ဘယ်ကိုကြည့်ကြည့် ထိုယောဂီမှာ ဟင်းလင်းအပြင် ကောင်းကင်ကိုသာ မြင်နေရတော့သည်။ ထိုကောင်းကင်ကိုပင်—

(၁) ကသိဏုဂ္ဃါဋိမာကာသ = ကသိုဏ်းရုပ်ကို ခွာခြင်းဖြင့် ပြီးစီးသော (ရအပ်သော) ကောင်းကင်၊

(၂) ကသိဏဖုဋ္ဌောကာသ = ကသိုဏ်းရုပ် ထိရာ ပြန့်ရာ ကောင်းကင်၊
(၃) ကသိဏဝိဝိတ္တာကာသ = ကသိုဏ်းရုပ် ကင်းဆိတ်ရာ ကောင်းကင်
ဟုလည်း ခေါ်ဆိုလေသည်။ ထိုသုံးမျိုးမှာ အတူတူပင် ဖြစ်သည်။

ပဌမအရူပဈာန်ကို ရခြင်း

ယောဂီ၏ စိတ်အာရုံ၌ မူလကသိုဏ်းရုပ် ကွယ်ပျောက်သွားသောအခါ ဟင်းလင်းအပြင် ဟူသော ကောင်းကင်ပညတ်သာ ကျန်ရှိနေပေမည်။ ထိုဟင်းလင်းအပြင် ကောင်းကင်ကို “အနန္တော အာကာသော” ဟု အထပ်ထပ် နှလုံးသွင်း ဆင်ခြင်လျှင် ရူပ (ပဉ္စမဈာန်) အပေါ်၌ နှစ်သက်မှု ကင်းကွာလာသည့်အခါ ဥပစာရဘာဝနာအဆင့်သို့ ရောက်ရှိလေတော့၏။ ထို့နောက် ဆက်လက်၍ ကောင်းကင်ကိုပင် အာရုံပြုလျက် တိုးတက်အားထုတ် ပွားများသည့်အခါ ပဌမအရူပဝိညာဉ် ခေါ်သော အာကာသာနဉ္စာယတနဈာန် (အပ္ပနာဘာဝနာ) ကို ရရှိလေသည်။ ယင်းဈာန်ကို ပထမဆုံး ရအပ် ရောက်အပ်သောကြောင့် ပဌမအရူပဈာန်ဟုလည်း ခေါ်သည်။

“အနန္တော အာကာသော” ၌ “အနန္တော” အရ အပိုင်းအခြားမရှိ ဆိုသည်မှာ ကောင်းကင်ပညတ်သည် ပရမတ်တရား မဟုတ်သောကြောင့် ဖြစ်ခြင်း (ဥပါဒ်) ဟူသော အစ အပိုင်းအခြားလည်း မရှိ၊ ပျက်ခြင်း (ဘင်) ဟူသောအဆုံး အပိုင်းအခြားလည်း မရှိသည်ကို ဆိုလိုသည်။ အာကာသာနဉ္စာယတနဈာန်
စာမျက်နှာ-379


ကို ရအောင် ပွားများရာ၌ “အနန္တော” ဟု မဆိုဘဲ “အာကာသော၊ အာကာသော = ကောင်းကင်သက်သက်ပါလား၊ ကောင်းကင်ချည်းပါလား” ဟုလည်း ပွားများနိုင်သည်။

အာကာသကသိုဏ်းကို ကြဉ်ရခြင်းအကြောင်း

ကသိုဏ်းရုပ်ကို ခွာရာ၌ ကသိုဏ်း ဆယ်ပါးအနက် အာကာသကသိုဏ်းကို ကြဉ်ရခြင်း အကြောင်းမှာ အာကာသကသိုဏ်းသည် ခွာထိုက်သောကသိုဏ်း၊ ခွဲ၍ ရကောင်းသော ကသိုဏ်း မဟုတ်သောကြောင့် ဖြစ်သည်။ အာကာသကသိုဏ်းသည် ပင်ကိုကပင် ဟင်းလင်းပြင် ကောင်းကင် ဖြစ်နေသောကြောင့် အာကာသကသိုဏ်းကို အာရုံမပြုဘဲ ခွာလိုက်သော်လည်း မူလကောင်းကင် အတိုင်း ဖြစ်၍ ထူးခြားမှု မရှိချေ။

အောက်က ကမ္မဋ္ဌာန်းအာရုံကို လွန်မြောက်နိုင်ပါမှ အထက်က အရူပဈာန်ကို ရနိုင်မည် ဖြစ်သည်။ အာကာသကသိုဏ်းကို ခွာမရလျှင် ထိုအာကာသကသိုဏ်းကိုပင် ထပ်မံ၍ အာရုံပြုရာ ရောက်နေသောကြောင့် အောက်ကမ္မဋ္ဌာန်းအာရုံမှ လွန်မြောက်နိုင်တော့မည် မဟုတ်ပေ။ အောက်ကမ္မဋ္ဌာန်းအာရုံကို မလွန်မြောက်နိုင်လျှင် အထက်အရူပဈာန်သို့ မရောက်နိုင်သောကြောင့် ကသိုဏ်းရုပ်ကို ခွာနိုင်ရန်အတွက် တစ်နည်းအားဖြင့် ကောင်းကင်အာရုံနှစ်ခု ရောထွေးမနေ စေရန်အတွက် အာကာသကသိုဏ်းကို ကြဉ်ဖယ်ထားရလေသည်။

ဤ၌ အာကာသာနဉ္စာယတနကမ္မဋ္ဌာန်းကို အားထုတ်ခြင်းသည် အာကာသကသိုဏ်းကို အားထုတ်ခြင်းနှင့် မတူပေ၊ အာကာသကသိုဏ်းထက်လည်း အဆင့်မြင့်ပေသည်။ အာကာသကသိုဏ်းကို အားထုတ်ရှုမှတ်ရာ၌ အမိုးပေါက်၊ နံရံပေါက်၊ ပြတင်းပေါက် စသည်မှ ကြည့်၍ “ကောင်းကင်၊ ကောင်းကင်” ဟု ရှုမှတ်ခြင်း ဖြစ်သည်။ အာကာသာနဉ္စာယတနကမ္မဋ္ဌာန်းကို အားထုတ်ရာ၌ကား တစ်ထွာ လက်လေးသစ်ခန့်မှ စကြဝဠာ တံတိုင်းအထိသော ဟင်းလင်းပြင် ကောင်းကင်ကို ရှုမှတ်ရခြင်းဖြစ်သည်။ ယင်းသို့ ရှုမှတ်ရာ၌လည်း စစချင်း ကောင်းကင်ကို ရှုမှတ်ရသည် မဟုတ်၊ ထိုကောင်းကင်၌ ပထဝီစသော ကသိုဏ်းဝန်း တစ်ခုခုဖြင့် ဖြန့်ကျက် လွှမ်းခြုံပြီး ထိုကသိုဏ်းဝန်း ကွာကျသွား ပျောက်ကွယ်သွားပြီးနောက်မှ “ကောင်းကင်၊ ကောင်းကင်” ဟု ရှုမှတ်ရခြင်း ဖြစ်သည်။

အာကာသာနဉ္စာယတနံ မည်ပုံ

ကသိုဏ်းရုပ်ကို ခွာခြင်းဖြင့် ပြီးစီးသော ဟင်းလင်းအပြင် ကောင်းကင်ကို ဤ၌ အာကာသဟု ဆိုသည်။ ထိုအာကာသ၌ ဖြစ်ခြင်း အပိုင်းအခြား၊ ပျက်ခြင်း
စာမျက်နှာ-380


အပိုင်းအခြား (အန္တ) မရှိပေ။ ထို့ကြောင့် အာကာသသည် အနန္တ (န+အန္တ) မည်၏။ (အနန္တ = အပိုင်းအခြား မရှိ)

အပိုင်းအခြားမရှိသော ကောင်းကင်သည် အာကာသာနန္တ မည်၏။ ထိုအာကာသာနန္တသည်ပင်လျှင် အာကာသာနဉ္စ မည်၏။ ယှဉ်ဘက်တရားတို့နှင့် တကွ အာရုံပြုသော ဈာန်စိတ်၏ တည်ရာ ဖြစ်သောကြောင့် အာယတန မည်၏။ အဆုံးအပိုင်းအခြား မရှိသော ကောင်းကင်ပညတ်ကို ယှဉ်ဘက်တရားတို့နှင့်တကွ အာရုံပြုသော ဈာန်စိတ်၏ တည်ရာ ဖြစ်သောကြောင့် အာကာသာနဉ္စာယတန မည်၏။

အာကာသ + အနန္တ = အာကာသာနန္တ
အာကာသ + အနန္တ = အာကာသာနဉ္စ
အာယတန = ဈာန်စိတ်၏တည်ရာ
အာကာသ + အာနဉ္စ + အာယတန = အာကာသာနဉ္စာယတန

ဒုတိယအရူပဈာန် ရအောင် အားထုတ်ပုံ

ဒုတိယအရူပဈာန်ကို အလိုရှိသော ယောဂီသည် အာကာသာနဉ္စာယတနဈာန် (ပဌမအရူပဈာန်) ကို ထက်သန်အောင် အားကောင်းအောင် မြဲမြံခိုင်ခံ့အောင် ဝသီဘော် နိုင်နင်းအောင် အသားကျအောင် အဖန်ဖန် အထပ်ထပ် ပွားများအားထုတ်ရမည်။ ပဌမအရူပဈာန်ကို ဝင်စားခြင်း ထိုဈာန်မှ ထခြင်း တို့ကို အကြိမ်ကြိမ် ပြုလုပ်နေရမည်။ ဈာန်မှထခြင်း ဆိုသည်မှာ ထိုဈာန်ကို ဆက်တိုက်မဝင်စားသေးဘဲ ရပ်နားနေခြင်းကို ဆိုလိုသည်။ ဥပမာအားဖြင့် အိပ်ပျော်နေရာမှ နိုးလာသူကို ထသည်ဟု ခေါ်ဆိုသကဲ့သို့တည်း။

ဤကဲ့သို့ ပဌမအရူပဈာန်ကို ဝင်စားမှု ထမှု ကြိမ်ဖန်များလာသောအခါ ထိုဈာန်၌ ငြီးငွေ့လာသည်။ အောက်ဈာန်ထက် သာလွန် မြင့်မြတ်ကောင်းမွန်သော အထက်ဈာန်ကို လိုချင်တောင့်တလာသည်။ ငါရအပ်ပြီးသော ပဌမအရူပဈာန်သည် ရူပပဉ္စမဈာန်တည်းဟူသော ရန်သူနှင့် နီးလှ၏။ မလေ့ကျက် မဝင်စားဘဲ ထားလိုက်လျှင် အမှတ်တမဲ့ နေလိုက်လျှင် ရူပပဉ္စမဈာန်သို့ လျှောကျသွားနိုင်သည်။ ဒုတိယအရူပဈာန်လောက်လည်း မတည်ငြိမ်ပေဟု ရရှိပြီးသော ပဌမအရူပဈာန် အပေါ်အပြစ်မြင်လာသည်။
စာမျက်နှာ-381


ထိုအခါ ပဌမအရူပဈာန်ကို ဝင်စားနေရာမှ ထလျှင်ထချင်း ကောင်းကင်ပညတ်ကို အာရုံမပြုတော့ဘဲ ချုပ်လေပြီးသော ပဌမ အရူပဈာန်စိတ် (ဝိညာဉ်) ကို အာရုံပြုလျက် “အော် ဖြစ်ခြင်း၊ ပျက်ခြင်း (အစအဆုံး) မရှိသော ကောင်းကင်ကို အာရုံပြုသော ဝိညာဉ်ပါတကား၊ ဝိညာဉ်၊ ဝိညာဉ်။ အနန္တံ ဝိညာဏံ၊ အနန္တံ ဝိညာဏံ = အဆုံးအပိုင်းအခြား မရှိသော ဝိညာဉ်” ဟု ရှုမှတ်ပွားများရ၏။

ယင်းကဲ့သို့ ပဌမအရူပဈာန်စိတ် ဝိညာဉ်ကလေးကို အာရုံပြုလျက် “ဝိညာဉ်၊ ဝိညာဉ်၊ အဆုံးအပိုင်းအခြား မရှိသော ဝိညာဉ်” ဟု ကြိမ်ဖန်များစွာ ရှုမှတ်ပွားများနေလျှင် အနန္တအာကာသပညတ်အာရုံအပေါ်၌ နှစ်သက်မှု ကင်းကွာလာမည်။ ထိုအခါ ဥပစာရဘာဝနာအဆင့်သို့ ရောက်ရှိတော့သည်။ ထို့နောက် ဆက်လက်၍ ထိုဈာန်စိတ် ဝိညာဉ်ကိုပင် အာရုံပြုလျက် တိုးတက်ပွားများ အားထုတ်သည့်အခါ ဒုတိယအရူပဝိညာဉ်ဟု ခေါ်သော ဝိညာဏဉ္စာယတနဈာန် ကို ရရှိလာလေသည်။

ဝိညာဏဉ္စာယတနဈာန်ကို ရရှိအောင် အားထုတ်သောအခါ ပဌမအရူပဝိညာဉ်အပေါ်၌ အပြစ်ဟု ရှုမြင်ထားသော်လည်း ဝိညာဏဉ္စာယတနဈာန်ကို ရရှိရေးအတွက် ပဌမအရူပဝိညာဉ်မှတစ်ပါး အခြားအာရုံပြုစရာမရှိပေ။ ဘာဝနာအစဉ်အားဖြင့် ပဌမအရူပဝိညာဉ်ကိုသာ မလွှဲသာ၍ အာရုံပြုရလေသည်။ ဥပမာအားဖြင့် ရှင်ဘုရင်အပေါ်၌ အပြစ်မြင်နေသော မင်းမှုထမ်းတစ်ဦးသည် အသက်မွေးဝမ်းကြောင်းအရေး၌ ဘုရင်ကို ခစားခြင်းမှတစ်ပါး အခြားလုပ်ငန်း မရှိသောကြောင့် အပြစ်မြင်သော်လည်း ဘုရင်ကိုပင် မလွှဲသာ၍ ခစားနေရသကဲ့သို့ပင်တည်း။

ဝိညာဏဉ္စာယတန မည်ပုံ

ဤနေရာ၌ ဝိညာဏ (ဝိညာဉ်) ဟူသည် အာကာသာနဉ္စာယတန ခေါ်သော ပဌမအရူပဈာန်စိတ်ကို ဆိုလိုသည်။ ထိုအာကာသာနဉ္စာယတန ဝိညာဉ် (ပဌမအရူပဝိညာဉ်) မှာလည်း အဆုံးအပိုင်းအခြား (အန္တ) ရှိသည် မဟုတ်ချေ။ ထို့ကြောင့် ယင်းဝိညာဉ်သည်လည်း အနန္တ မည်၏။ အနန္တကို အာနဉ္စ ဟု သဒ္ဒါနည်းအရ ပြောင်းလဲရ၏။ ဝိညာဏ+အာနဉ္စ = ဝိညာဏာနဉ္စ ဟု ဆိုသင့်သော်လည်း သဒ္ဒါစည်းကမ်းအရ (အာ) ကို ချေ၍ “ဝိညာဏဉ္စ” ဟု ဆိုထားသည်။ ဈာန်စိတ်၏ တည်ရာဖြစ်သောကြောင့် အာယတန မည်၏။ အဆုံးအပိုင်းအခြား မရှိသော ပဌမအရူပဝိညာဉ်သည် ဒုတိယအရူပဈာန် စိတ်၏ တည်ရာဖြစ်သောကြောင့် ဝိညာဏဉ္စာယတန မည်၏။
(ဝိညာဏ + အာနဉ္စ + အာယတန = ဝိညာဏဉ္စာယတန)
စာမျက်နှာ-382


တတိယအရူပဈာန် ရအောင် အားထုတ်ပုံ

တတိယအရူပဈာန်ကို အလိုရှိသော ယောဂီသည် ဒုတိယအရူပဈာန်ကို ထက်သန်အောင် အားကောင်းအောင် မြဲမြံခိုင်ခံ့အောင် ဝသီဘော်နိုင်အောင် အသားကျအောင် အဖန်ဖန်အထပ်ထပ် ပွားများ အားထုတ်ရမည်။ ထိုဈာန်ကို ဝင်စားခြင်း၊ ဈာန်မှ ထခြင်းကို ကြိမ်ဖန်များစွာ ပြုလုပ်ရမည်။ ထိုအခါ ထိုဈာန်၌ ငြီးငွေ့လာပြီး အထက်ဈာန်ကို လိုချင်တောင့်တလာမည်။ ဈာန်မှအထတွင် “ငါ ရထားသော ဒုတိယအရူပဈာန်သည် ပဌမအရူပဈာန်ဟူသော ရန်သူနှင့်နီး၏။ တတိယအရူပဈာန်လောက်လည်း မငြိမ်သက်” ဟု ဒုတိယအရူပဈာန်အပေါ်၌ အပြစ်မြင်လာမည်။ ထိုအခါ (ဒုတိယ အရူပဈာန်) ဝိညာဏဉ္စာယတနဈာန်၌ နှစ်သက်တွယ်တာမှု ကုန်ခန်းလာမည်။ ထိုစဉ် ပဌမအရူပဈာန် ဝိညာဉ်၏ ဘာမျှမရှိခြင်း ကင်းဆိတ်ခြင်းသဘောကို နှလုံးသွင်း ဆင်ခြင်ရမည်။

ဆင်ခြင်ပုံမှာ— ထိုအာကာသာနဉ္စာယတန (ပဌမအရူပ) ဈာန်စိတ် ဝိညာဉ်၏ မရှိခြင်း ကင်းဆိတ်ခြင်းသဘော (နတ္ထိဘောပညတ်) ကို အာရုံပြု၍ “ပဌမအရူပဈာန်စိတ် ဝိညာဉ်ဆိုသည်မှာလည်း တစ်စုံတစ်ရာဘာမျှ မရှိပါလား၊ နတ္ထိ ကိဉ္စိ၊ နတ္ထိ ကိဉ္စိ = ဘာမျှမရှိ၊ ဘာမျှမရှိ” ဟု ကြိမ်ဖန်များစွာ ပွားများ ဆင်ခြင်ရမည်။ ထိုအခါ ဘာမျှမရှိခြင်း အာရုံ၌ စွဲမြဲလာပြီး ဒုတိယအရူပဈာန်အပေါ် တွယ်တာ နှစ်သက်မှု ကင်းကွာလာကာ ဥပစာရဘာဝနာအဆင့်သို့ ရောက်ရှိလေတော့၏။ ထိုနည်းအတိုင်းပင် အဆက်မပြတ် ထပ်ခါထပ်ခါ အကြိမ်ပေါင်းမြောက်မြားစွာ ပွားများ အားထုတ်ပါလျှင် တတိယအရူပဈာန် ခေါ်သော အာကိဉ္စညာယတနဈာန် ကို ရရှိလေတော့သည်။

အမှန်စင်စစ်အားဖြင့် ဒုတိယအရူပဈာန်သည် ပဌမအရူပဈာန်စိတ်ဝိညာဉ်ကို အာရုံပြုနေရ၏။ ယင်းပဌမအရူပဈာန်စိတ် ဝိညာဉ်အာရုံကို လွန်မြောက်နိုင်မှသာ တတိယအရူပဈာန်ကို ရမည်။ လွန်မြောက်ခြင်း ဆိုသည်မှာ ထိုပဌမအရူပဈာန်စိတ် ဝိညာဉ်ကို အာရုံမပြုဘဲ အခြား အာရုံတစ်ခုကို တိုးတက်၍ အာရုံပြုခြင်းကို ဆိုသည်။ ထို့ကြောင့် ပဌမအရူပဈာန်ဝိညာဉ်ကို အာရုံမပြုတော့ဘဲ “နတ္ထိ ကိဉ္စိ = ဘာမျှမရှိ” ဟု ကြိမ်ဖန်များစွာ ဆင်ခြင်သောအခါ ထိုပဌမအရူပဈာန်ဝိညာဉ်၏ မရှိခြင်းသာ စိတ်အာရုံ၌ စွဲထင်ကျန်ရစ်တော့သည်။

ဥပမာအားဖြင့် လူတစ်ယောက်သည် အစည်းအဝေး ပြုလုပ်နေသော သံဃာ့ပရိသတ်ကို မဏ္ဍပ်တစ်ခုမှာ တွေ့မြင်ရပြီးနောက် ကိစ္စတစ်ခုဖြင့် အပြင်သို့ ထွက်သွား၏။ ထိုအခိုက် သံဃာတော်များလည်း အစည်းအဝေး ပြီးဆုံး၍
စာမျက်နှာ-383


မဏ္ဍပ်မှ ပြန်ကြွသွားကြသည်။ ထိုလူသည် သံဃာ့အစည်းအဝေး ရှိရာသို့ ပြန်လာခဲ့ရာ သံဃာတော်များကို မတွေ့ရတော့ဘဲ သံဃာတော်များ အစည်းအဝေး ပြုလုပ်ရာ မဏ္ဍပ်၌ ဘာမျှ မရှိခြင်းကိုသာ တွေ့ရတော့သကဲ့သို့ပင်တည်း။

ဤဥပမာကဲ့သို့ပင် “နတ္ထိ ကိဉ္စိ = ဘာမျှ မရှိ” ဟု အကြိမ်များစွာ ပွားများသောအခါ ပဌမအရူပဝိညာဉ် ပျောက်ကွယ်၍ ထိုပဌမအရူပဝိညာဉ်၏ နေရာဝယ် ထင်ရှား ကျန်ရစ်သော “ဘာမျှမရှိခြင်း” ကိုပင် အာရုံပြုကာ တတိယအရူပဈာန် ဖြစ်ပေါ်လာရလေသည်။

အာကိဉ္စညာယတန မည်ပုံ

ပဌမအရူပဈာန်စိတ် အနည်းငယ်မျှ တစိုးတစိ အကြွင်းအကျန် မရှိသော အဖြစ်သည် အာကိဉ္စည မည်၏။ ယင်းကဲ့သို့ အာကာသာနဉ္စာယတနဈာန် (ပဌမအရူပဝိညာဉ်) ၏ အနည်းငယ်မျှ တစိုးတစိ အကြွင်းအကျန် မရှိတော့သည့် အဖြစ်ကို ပါဠိလို နတ္ထိဘာဝ ဟု ခေါ်ပြီး ပါဠိသက် မြန်မာလို “နတ္ထိဘော” ဟု ခေါ်ကြသည်။ အဘာဝပညတ် ဖြစ်သောကြောင့် “နတ္ထိဘောပညတ်” ဟု ခေါ်စမှတ် ပြုခဲ့ကြသည်။ ဈာန်စိတ်၏ တည်ရာဖြစ်သောကြောင့် အာယတန မည်၏။ အာကာသာနဉ္စာယတနဈာန်စိတ် (ပဌမအရူပဝိညာဉ်) အနည်းငယ်မျှပင် တစိုးတစိ အကြွင်းအကျန် မရှိတော့သည်၏ အဖြစ်တည်းဟူသော နတ္ထိဘောပညတ်ကို ယှဉ်ဘက် တရားများနှင့်တကွ အာရုံပြုသော ဈာန်စိတ်၏ တည်ရာဖြစ်သောကြောင့် အာကိဉ္စညာယတန မည်၏။ (အာကိဉ္စည + အာယတန = အာကိဉ္စညာယတန)

စတုတ္ထအရူပဈာန် ရအောင် အားထုတ်ပုံ

စတုတ္ထအရူပဈာန်ကို အလိုရှိသော ယောဂီသည် တတိယအရူပဈာန်ကို ထက်သန်အောင် အားကောင်းအောင် မြဲမြံခိုင်ခံ့အောင် ဝသီဘော် နိုင်နင်းအောင်၊ အသားကျအောင် အဖန်ဖန် အထပ်ထပ် ပွားများအားထုတ်ရမည်။ အာကိဉ္စညာယတနဈာန်ကို ဝင်စားခြင်း၊ ထိုဈာန်မှ ထခြင်းကို ကြိမ်ဖန်များစွာ ပြုလုပ်ရမည်။ ထိုအခါ လက်ရှိဈာန်၌ ငြီးငွေ့လာပြီး အထက်ဈာန်ကို လိုချင်တောင့်တလာမည်။ ထိုဈာန်မှအထတွင် “ငါ ရထားသော တတိယအရူပဈာန်သည် ဝိညာဉ်ဟူသော ရန်သူနှင့် နီးကပ်၏။ စတုတ္ထအရူပဈာန်လောက်လည်း မငြိမ်သက်၊ သညာသည် အိုင်းအမာဆူးငြောင့်နှင့် တူ၏။
စာမျက်နှာ-384


နေဝသညာနာသညာယတနဈာန်သမာပတ် ကား မွန်မြတ်လှ၏” ဟု အာကိဉ္စညာယတနဈာန်အပေါ်၌ အပြစ်မြင်လာပြီး နေဝသညာနာသညာယတနဈာန်ကို မွန်မြတ်သည်ဟု ထင်လာမည်။

ထိုအခါ ပဌမအရူပဈာန်စိတ်ဝိညာဉ်၏ မရှိခြင်း ကင်းဆိတ်ခြင်း ဟူသော နတ္ထိဘောပညတ်ကို အာရုံမပြုတော့ဘဲ ယင်းအာရုံကို လွန်မြောက်၍ တတိယ အရူပဈာန်စိတ်ဝိညာဉ်ကို အာရုံပြုကာ—
“သန္တမေတံ၊ သန္တိ ဧတံ = ဤတတိယအရူပဈာန်သည် ငြိမ်သက်ပါပေစွ”
“ပဏီတမေတံ၊ ပဏီတံ ဧတံ = ဤတတိယအရူပဈာန်သည် မွန်မြတ်ပါပေစွ”
ဟု အဖန်ဖန် ပွားများအားထုတ်ရမည်။ ယင်းသို့ ပွားများ၍ တတိယအရူပဈာန် အပေါ်၌ နှစ်သက်မှု ကင်းကွာလာသည့်အခါ ဥပစာရဘာဝနာ အဆင့်သို့ ရောက်ရှိလာသည်။ ဆက်လက်၍ ကြိမ်ဖန်များစွာ ပွားများ အားထုတ်လျှင် စတုတ္ထအရူပဈာန်ခေါ် နေဝသညာနာသညာယတနဈာန် ကို ရရှိလေတော့သည်။

အပြစ်တင်ခြင်းနှင့် ချီးမွမ်းခြင်း

များစွာသော စိတ်တို့သည် တစ်စုံတစ်ခုသော ရုပ်နာမ်ပရမတ်ကို အာရုံပြုနေရမှ ကြာရှည်စွာ မွေ့လျော်နိုင်ကြသည်။ ဤတတိယအရူပဈာန်ကား ဘာမျှမရှိခြင်း (နတ္ထိဘာဝ) ပညတ်ကိုပင် အာရုံပြုနိုင်သောကြောင့် (သန္တမေတံ၊ ပဏီတမေတံ) အလွန်တရာ ငြိမ်သက်မွန်မြတ်ပေသည်ဟု ချီးမွမ်းခံရသည်။ သို့သော် ထိုတတိယအရူပဈာန်ကိုပင် စတုတ္ထအရူပဈာန်၌ ရှိသော စိတ် စေတသိက်များလောက် မငြိမ်သက်သေးသောကြောင့် “မငြိမ်သက်” ဟု အပြစ်တင်ပြန်သည်။ ထို့ကြောင့် တတိယအရူပဈာန် တစ်ခုတည်းကိုပင် အပြစ်အားလျော်စွာ အပြစ်တင်၍ ဂုဏ်အားလျော်စွာ ချီးမွမ်းခြင်း၌ တစ်ခုနှင့်တစ်ခု ဆန့်ကျင်သည်ဟု မထင်မှတ်သင့်။ ဥပမာအားဖြင့် အရုပ်ဆိုး၍ လိမ္မာသော မိန်းကလေးအား အရုပ်ဆိုးခြင်းအတွက် ကဲ့ရဲ့၍ လိမ္မာခြင်းအတွက် ချီးမွမ်းသကဲ့သို့တည်း။
စာမျက်နှာ-385


စတုတ္ထအရူပဈာန်သို့ တက်လိုသော ယောဂီသည် တတိယအရူပဈာန်ကို နှစ်သက်မှုမရှိ မဝင်စားချင် ဖြစ်လာသည်။ တတိယအရူပဈာန်ကို လွန်မြောက်မှ စတုတ္ထအရူပဈာန်ကို ရောက်မည်ဖြစ်သောကြောင့် ယင်းဈာန်ကို လွန်မြောက်ရန် ကြိုးစားနေရသည်။

ဥပမာအားဖြင့် လက်မှုပညာပြပွဲကို လှည့်လည်ရှုစားသော ဘုရင်တစ်ပါးသည် ပုဆိုးတစ်ထည်ကို ခေါင်းပေါင်းလျက် ခါးတောင်းမြှောင်အောင်ကျိုက်၍ တစ်ကိုယ်လုံး ဆင်စွယ်မှုန့်တို့ဖြင့် ပေကျံကာ ကြိုးကြိုးစားစား သားနား သပ်ရပ်သော ဆင်စွယ်ရုပ်ကလေးများကို ပြုလုပ်နေသည့် ဆင်စွယ်ပွတ်သမား (ပန်းပုသမား) ကို မြင်တော်မူရာ “တော်ပေစွ၊ စွမ်းပေစွ” ဟု ပန်းပုလက်ရာကို အားရနှစ်သက် မြိန်ရှက်စွာ ချီးမွမ်းသော်လည်း ကိုယ်တိုင်မူကား ထီးနန်းကို စွန့်လွှတ်၍ ဆင်စွယ်ပွတ်သမား မဖြစ်လိုပေ။ ထိုကဲ့သို့ ချီးမွမ်းလျက်ပင် ဆင်စွယ်ပွတ်သမားကို ကျော်လွန်၍ နန်းတော်သို့ ရောက်အောင် ကြွမြန်းလေသကဲ့သို့တည်း။

အဆင့်ဆင့် သာလွန်မြင့်မြတ်ခြင်း

အရူပဈာန် သမာပတ် ၄-ပါးလုံးတို့၌ ဥပေက္ခာ၊ ဧကဂ္ဂတာအားဖြင့် ဈာန်အင်္ဂါ ၂-ပါးစီ ညီမျှနေသောကြောင့် တစ်ပါးနှင့်တစ်ပါး မထူးခြားဟု ယူဆရန် ရှိသည်။ စင်စစ်အားဖြင့် အောက်ဈာန်သမာပတ်ထက် အထက်ဈာန်သမာပတ်က တိုးတက်ကြိုးစား၍ ပွားများအပ်သော ဘာဝနာစွမ်းရည်ကြောင့် သာလွန် မွန်မြတ်ပေသည်။

ဥပမာအားဖြင့် ၄-ထပ်တိုက် တစ်လုံးတွင် အောက်ဆုံးအထပ်၌ စားသောက်ဖွယ်ရာနှင့်တကွ ယုယဖြေဖျော်မည့် ကချေသည်တို့ဖြင့် လှပမွှေးကြိုင် တစ်ထပ်လုံး လှိုင်နေအောင် ပြင်ဆင်ထား၏။ ဒုတိယ၊ တတိယ၊ စတုတ္ထထပ်တို့၌လည်း ထိုအတိုင်းပင် ပြင်ဆင်ထား၏။ သို့သော် အောက်အောက်အထပ်ထက် အထက်အထက်အထပ်က ပိုမိုသားနားသကဲ့သို့ လည်းကောင်း၊ ရက်ကန်းသည် တစ်ယောက်သည် ကြမ်းသောချည်၊ နုသောချည်၊ ထို့ထက် နုသောချည်၊ ထို့ထက် အလွန်နုသောချည် ဟူသော ချည် ၄-မျိုးဖြင့် ပုဆိုး ၄-ထည်ကို ရက်လုပ်ရာ၌ အလျားအနံတူမျှသော်လည်း တစ်ထည်ထက် တစ်ထည် သာလွန် နူးညံ့သကဲ့သို့ လည်းကောင်း၊ ထို့အတူပင် အရူပဈာန်သမာပတ် ၄-ပါးတို့သည် တစ်ပါးထက်တစ်ပါး ထူးခြား၍ သာလွန်မြင့်မြတ်ကြလေသည်။
စာမျက်နှာ-386


နေဝသညာနာသညာယတန မည်ပုံ (နေဝ + သညာ + န + အသညာ)
နေဝသညာ = သညာ (အသိစိတ်) ရှိသည်လည်း မဟုတ်၊
န + အသညာ = သညာ (အသိစိတ်) မရှိသည်လည်း မဟုတ်။

ဤ၌ သညာဟု ဆိုသော်လည်း သိခြင်းသဘောဆောင်သော စိတ် စေတသိက်အားလုံးကို ဆိုသည်။ ဤ နေဝသညာနာသညာယတနဈာန် (စတုတ္ထအရူပဈာန်စိတ်ဝိညာဉ်) သည် အလွန်သိမ်မွေ့သောကြောင့် ၎င်းကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးချက်တင်ကာ သုံးသပ်၍ မရနိုင်။ သုံးသပ်သော်လည်း အနိစ္စ စသည့်သဘော မထင်နိုင်ပေ။ ဤကဲ့သို့ အနိစ္စ စသည် မထင်နိုင်လောက်အောင် သိမ်မွေ့သောကြောင့် နေဝသညာ (သညာရှိသည်) ဟုပင် မဟုတ်နိုင်လောက်တော့ပါလားဟု ဆိုလိုသည်။ သို့သော် ပရမတ္ထသဘောအားဖြင့် အလွန်သိမ်မွေ့စွာ ထင်ရှားရှိနေသောကြောင့် နာသညာ (သညာမဟုတ်ဘူး) ဟုလည်း ငြင်းပယ်၍ မရ၊ ဟုတ်သလောက်တော့ ဟုတ်သေးသည်ဟု ဆိုရပြန်သည်။

ဥပမာအားဖြင့် ကိုရင်တစ်ပါးသည် သပိတ်ကို ဆီဖြင့် သုတ်ထားသည်ဟု ဆိုကြပါစို့။ မထေရ်ကြီးက ယာဂုသောက်မည့်အချိန်၌ “ကိုရင် သပိတ်ယူခဲ့” ဟု မိန့်ဆို၏။ ထိုအခါ ကိုရင်က “သပိတ်၌ ဆီရှိနေပါသည်ဘုရား” ဟု လျှောက်၏။ မထေရ်ကြီးက “ကိုရင် ဆီကို ယူလာခဲ့၊ ဆီကျည် (ဆီပုလင်း) ထဲ ထည့်ထားရအောင်” ဟု မိန့်လျှင် ကိုရင်က တစ်ဖန် “ဆီမရှိပါဘုရား” ဟု လျှောက်ပြန်၏။

ဤဥပမာ၌ သပိတ်တွင် သုတ်ထားသော ဆီကို (ဆီသုတ်ထားသော သပိတ်ကို) အကပ္ပိယကုဋီ (မအပ်သော ကျောင်းငယ်) ထဲ၌ တစ်ညဉ့် စသည်ကြာအောင် သိမ်းထားပြီး ဖြစ်သောကြောင့် ရဟန်းသည် ၎င်းဆီကို ယာဂုနှင့် တွေ့၍ မသောက်ကောင်းတော့ပေ။ ယင်းကို ရည်ရွယ်၍ ကိုရင်က ဆီရှိနေပါသည်ဟု လျှောက်ခြင်း ဖြစ်သည်။ သို့သော် ယင်းဆီမှာ ပုလင်းထဲ ထည့်ရန် မဖြစ်နိုင်သောကြောင့် ဆီမရှိပါဟု လျှောက်ထားရပြန်သည်။

ရဟန်းတော်တို့ မည်သည်မှာ ထောပတ်၊ ဆီ စသည်ကို အကပ်ခံပြီးလျှင် ထိုညနေပိုင်းမှ စ၍ (၇) ရက်အတွင်း ဆေးအတွက်သာ သုံးဆောင်ကောင်းတော့သည်။ အကပ်ခံသည့် နောက်ရက် (ဒုတိယရက်) စသည်တို့၌ ဆွမ်း ယာဂု စသော (ယာဝကာလိက) နှင့် ရော၍ မသုံးဆောင်
စာမျက်နှာ-387


ကောင်းတော့ပေ။ အကပ်မခံရသေးသော ထောပတ်၊ ဆီ စသည်တို့ကိုလည်း အကပ္ပိယကုဋီ၌ တစ်ညဉ့်မျှ သိမ်းထားလျှင် ၎င်းထောပတ်ဆီ စသည်ကို ဆွမ်း၊ ယာဂု စသည်တို့နှင့် ရော၍ မသုံးဆောင်ကောင်းတော့ပေ၊ သုံးဆောင်မိလျှင် အပြစ်ရှိပေသည်။

အထက်ပါ ဥပမာကဲ့သို့ပင် နေဝသညာနာသညာ၌ ပါနေသော သညာသည် ထင်ရှားသော သညာကိစ္စကို ပြုလုပ်ရန် မစွမ်းနိုင်သောကြောင့် သညာလည်း မဟုတ်ပေ။ ရုန့်ရင်းသော သင်္ခါရတို့မှ ကြွင်းကျန်သော သိမ်မွေ့သော သင်္ခါရအဖြစ်ဖြင့် ထင်ရှားရှိနေသောကြောင့် သညာမဟုတ်ဟုလည်း ဆို၍မရပေ။

ဤနေရာ၌ သညာ၏ ကိစ္စမှာ အာရုံကို အမှတ်ပြု၍သိခြင်း၊ ဝိပဿနာ၏ အာရုံဖြစ်လျက် ငြီးငွေ့ခြင်းကို ဖြစ်စေနိုင်ခြင်းတို့ ဖြစ်ပေသည်။ ဥပမာ ရေအေးထဲ၌ ရှိနေသော တေဇောဓာတ်သည် ပူလောင်စေခြင်းကိစ္စကိုပြုရန် မစွမ်းဆောင်နိုင်သကဲ့သို့ ဤစတုတ္ထအရူပဈာန်သညာသည်လည်း အမှတ်အသားပြု၍ သိခြင်းကိစ္စကို ထင်ရှားအောင်ပြရန် မစွမ်းဆောင်နိုင်ပေ။ ထို့ပြင် အခြားဈာန်သမာပတ်တို့၌ ပါသော ပညာကဲ့သို့ ဝိပဿနာ၏အာရုံဖြစ်လျက် ငြီးငွေ့သောဉာဏ်ကို ဖြစ်စေခြင်းငှာလည်း မစွမ်းဆောင်နိုင်ပေ။

ဤစတုတ္ထအရူပဈာန်၌ သညာသက်သက်သည်သာ ဤသို့သဘောရှိနေသည် မဟုတ်သေးပေ။ ဖဿ၊ ဝေဒနာစသော စေတသိက်များလည်း အလွန်သိမ်မွေ့သောကြောင့် “နော ဖဿော နာဖဿော၊ နော ဝေဒနာ နာဝေဒနာ” စသည်ဖြင့် ဆိုနိုင်၏။ သို့သော် ထင်လွယ်မြင်လွယ်ရာ သညာတစ်ခုတည်းကိုသာ မှတ်ထား၍ “နေဝသညာနာသညာ” ဟု ဆိုလေသည်။

ထို့ကြောင့် ဤစတုတ္ထအရူပဈာန်စိတ်ကို နေဝသညာ = သညာ (အသိစိတ်) ထင်ရှား ပီပြင်စွာရှိသည်လည်းမဟုတ်၊ နာသညာ = န အသညာ = သညာ (အသိစိတ်) လုံးဝမရှိသည်ကားမဟုတ်၊ မထင်ရှားသော အလွန်သိမ်မွေ့သော သညာ (အသိစိတ်) ကားရှိ၏ဟု ဆိုလိုသည်။

လောကီစိတ် ၈၁ ပါးတို့တွင် ဤနေဝသညာနာသညာယတနစိတ်ဟု ခေါ်ဆိုအပ်သော စတုတ္ထအရူပဈာန်သည် အမြင့်မြတ်ဆုံး အသိမ်မွေ့ဆုံးဖြစ်ပေသည်။
စာမျက်နှာ-388


သမထအကျိုးနှင့် တန်ခိုးအာနိသင်များ

ပြဆိုခဲ့ပြီးသော သမထကမ္မဋ္ဌာန်း (၄၀) အနက် တစ်ပါးပါးကို ပွားများအားထုတ်သော ယောဂီပုဂ္ဂိုလ်သည် မိမိ၏ အားထုတ်နိုင်မှု စွမ်းအားအလျောက် သမာဓိကိုလည်းကောင်း၊ ဈာန်စသည်ကို လည်းကောင်း ရရှိနိုင်ပေသည်။

သမာဓိ နှစ်မျိုး

သမာဓိသည် ဥပစာရသမာဓိ၊ အပ္ပနာသမာဓိဟူ၍ နှစ်မျိုးရှိရာ အပ္ပနာသမာဓိကို ဈာန်ဟုခေါ်ရသည်၊ ဈာန်သို့မရောက်မီ ဈာန်၏ရှေးအဖို့၊ ဈာန်၏ အနီးအနားတိုင်အောင်သော သမာဓိကို ဥပစာရသမာဓိဟု ခေါ်ရသည်။

(က) ပြဆိုခဲ့ပြီးသော သမထကမ္မဋ္ဌာန်း လေးဆယ်အနက် အောက်ဖော်ပြပါ ကမ္မဋ္ဌာန်း (၁၀) ပါးသည် ဥပစာရသမာဓိမျှကိုသာ ရရှိ ရောက်ရှိနိုင်၏၊ အာရုံသည် နက်နဲသောကြောင့် အပ္ပနာသမာဓိဟု ခေါ်သော ဈာန်သို့ မရောက်နိုင်—

ဗုဒ္ဓါနုဿတိမှ မရဏာနုဿတိတိုင်အောင် အနုဿတိကမ္မဋ္ဌာန်း (၈ ပါး)
အာဟာရေ ပဋိကူလသညာ (၁ ပါး)
စတုဓာတု ဝဝတ္ထာန် (ဓာတ်လေးပါး ပိုင်းခြားရှုမှတ်ခြင်း) (၁ ပါး)
စုစုပေါင်း ၁၀ ပါး

(ခ) အောက်ဖော်ပြပါ ကမ္မဋ္ဌာန်း (၁၁) ပါးသည် ပဌမဈာန်မျှကိုသာ ရစေနိုင်သည်—

အသုဘ (၁၀ ပါး)
ကာယဂတာသတိ (၁ ပါး)
စုစုပေါင်း ၁၁ ပါး

(ဂ) အောက်ဖော်ပြပါ ကမ္မဋ္ဌာန်း (၁၁) ပါးတို့သည် ပဌမဈာန်မှ ပဉ္စမဈာန်အထိ ဈာန် (၅) ပါးလုံး ရစေနိုင်၏—

ကသိုဏ်း (၁၀ ပါး)
အာနာပါန (၁ ပါး)
စုစုပေါင်း ၁၁ ပါး
စာမျက်နှာ-389


(ဃ) အောက်ဖော်ပြပါ ကမ္မဋ္ဌာန်း (၃) ပါးတို့သည် ပဌမဈာန်မှ စတုတ္ထဈာန်တိုင်အောင် ဈာန် (၄) ပါးကို ရစေနိုင်၏—

မေတ္တာ ဗြဟ္မဝိဟာရ (၁ ပါး)
ကရုဏာ (၁ ပါး)
မုဒိတာ (၁ ပါး)
စုစုပေါင်း ၃ ပါး

(င) ဥပေက္ခာဗြဟ္မဝိဟာရ (၁) ပါးသည် ပဉ္စမဈာန်တစ်ခုကို ရစေနိုင်၏၊ ထို့ကြောင့် ပဌမဈာန်မှ စတုတ္ထဈာန်အထိ ရပြီးသော ပုဂ္ဂိုလ်များသာလျှင် ဥပေက္ခာကို ပွားများ၍ ပဉ္စမဈာန်သို့ တက်ရောက်နိုင်ပေလိမ့်မည်။

(စ) အရူပကမ္မဋ္ဌာန်း (၄) ပါးတို့သည် သက်ဆိုင်ရာ အရူပဈာန်တစ်ပါးစီကို ရစေနိုင်၏။

သမထဘာဝနာ၏ အကျိုးများ

သမထဘာဝနာ ပွားများ၍ ရရှိသော သမာဓိ၏ အကျိုး (၅) ပါးကို ဖော်ပြပါဦးမည်—
(၁) မျက်မှောက်ဘဝ၌ ချမ်းသာစွာနေရခြင်း “ဒိဋ္ဌဓမ္မသုခဝိဟာရ” အကျိုး၊
(၂) ဝိပဿနာအခြေခံ ကောင်းခြင်း အကျိုး၊
(၃) အဘိညာဉ်ရရှိခြင်း အကျိုး၊
(၄) ဘဝအထူးကို ရရှိခြင်း အကျိုး၊
(၅) နိရောဓသမာပတ် ဝင်စားနိုင်ခြင်း အကျိုး။

(၁) မျက်မှောက်ဘဝ၌ ချမ်းသာစွာနေရခြင်း အကျိုး

အာသဝေါကုန်ခန်းပြီးသော ရဟန္တာပုဂ္ဂိုလ်တို့သည် ဈာန်ဝင်စား၍ စိတ်တည်ငြိမ်စွာ တစ်နေ့လုံး ချမ်းချမ်းသာသာ နေမည်ဟု ရည်ရွယ်လျက် ဈာန်သမာဓိကို ပွားစေကုန်၏။ ဈာန်သမာဓိကို ပွားစေခြင်းဆိုသည်မှာ ဈာန်ကို အထပ်ထပ် ဝင်စားခြင်းကို ဆိုသည်။ ထိုသို့ ဈာန်ဝင်စားသော ရဟန္တာပုဂ္ဂိုလ်တို့၏ အပ္ပနာသမာဓိသည် “ဒိဋ္ဌဓမ္မသုခဝိဟာရ” ဟု ဆိုအပ်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရခြင်း အကျိုးအာနိသင် ရှိ၏။ ထို့ကြောင့် ဘုရားရှင်ကိုယ်တော်တိုင်က—
စာမျက်နှာ-390


ချစ်သား စုန္ဒ၊ ဤရူပါဝစရဈာန်တို့ကို ဘုရားရှင် သာသနာတော်၌ ကိလေသာကို ခေါင်းပါးစေတတ်သည့် အကျင့်တရားတို့ဟူ၍ မဆိုအပ်ကုန်၊ ဤရူပါဝစရဈာန်တို့ကို ဤသာသနာတော်၌ မျက်မှောက် အတ္တဘောမှာ ချမ်းသာစွာ နေရခြင်း ဟူသော ဒိဋ္ဌဓမ္မသုခဝိဟာရတို့ ဟူ၍ ဆိုအပ်ကုန်၏—

ဟု မိန့်တော်မူခဲ့သည်။

(၂) ဝိပဿနာအခြေခံ ကောင်းခြင်း အကျိုး

ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုမြင်သုံးသပ်မှုကို ဝိပဿနာဟု ခေါ်၏။ ယင်း ဝိပဿနာရှုမှု မပြုမီ စိတ်၏ တည်ကြည်မှု သမာဓိ အားကောင်းစေရန် ဤပြဆိုခဲ့ပြီးသော သမထကမ္မဋ္ဌာန်းများကို အားထုတ်၍ သမာဓိကို ထူထောင်ယူရမည်။ သမာဓိအားကောင်းလာသောအခါ ဉာဏ်ပညာ ပိုမိုထက်မြက် စူးရှလာ၍ အမှန်တရားကို ထိုးထွင်းသိမြင်ရန် လွယ်ကူလာ၏။ သမာဓိသည် ပညာကို အထောက်အကူပြုပေးသောကြောင့် သမထဘာဝနာသည် ဝိပဿနာ၏ အခြေခံဖြစ်သည်။ ထို့ကြောင့် ဘုရားရှင်က—

ရဟန်းတို့၊ စိတ်တည်ကြည်မှု သမာဓိတရားကို ပွားများအားထုတ်ကြလော့၊ စိတ်တည်ကြည်သော (သမာဓိရှိသော) ရဟန်းသည် ဟုတ်တိုင်းမှန်စွာ သိ၏—

ဟု မိန့်တော်မူခဲ့သည်။

(၃) အဘိညာဉ်ရရှိခြင်း အကျိုး

ဤဖော်ပြခဲ့ပြီးသော ဈာန်အားလုံးကို ရရှိပြီးမှသာ အဘိညာဉ်တန်ခိုး အမျိုးမျိုးကို ဖန်ဆင်းနိုင်၏။ ပထမဈာန်မှ စ၍ စတုတ္ထအရူပဈာန်တိုင်အောင် အစအဆုံး ဈာန်အားလုံးကို ရရှိရုံမျှသာမက ကျွမ်းကျင်နိုင်နင်းလာသော အခါမှသာ အဘိညာဉ်အဆင့်သို့ လှမ်းတက်နိုင်ကြသည်။ အဘိညာဉ်ရအောင် ဆက်လက်အားထုတ်နည်းကို နောက်၌ ပြလတ္တံ့။ ထို့ကြောင့် ဤသမထကမ္မဋ္ဌာန်း (ဈာန်သမာဓိ) သည် အဘိညာဉ်ရရှိခြင်း၏ အဓိကအကြောင်းရင်း ဖြစ်သည်။ ဈာန်သမာဓိရလျှင် အဘိညာဉ်ကို ရနိုင်သည်။

(၄) ဘဝအထူးကို ရရှိခြင်းအကျိုး

ဈာန်မလျှောဘဲ (ဈာန်မပျက်ဘဲ) ကွယ်လွန်လျှင် ဗြဟ္မာ့ပြည်၌ ဖြစ်ရမည်ဟု ဗြဟ္မာလောက ဗြဟ္မာဘဝကို တောင့်တ၍သော်လည်းကောင်း၊ မတောင့်တဘဲသော်လည်းကောင်း ကမ္မဋ္ဌာန်းအားထုတ်၍ ရရှိထားသော ပုထုဇဉ်ပုဂ္ဂိုလ်တို့၏
စာမျက်နှာ-391


အပ္ပနာသမာဓိသည် ဘဝအထူးကို ဖြစ်စေခြင်း၊ ဘဝအထူးကို ရရှိခြင်းအကျိုး ရှိ၏။ ထို့ကြောင့် ဘုရားရှင်က—

ပဌမဈာန်ကို အာနုဘော် အနည်းငယ်မျှ ရရှိရုံ ပွားများနိုင်လျှင် အဘယ်ဘုံ၌ ဖြစ်ကုန်သနည်း၊ ဗြဟ္မာပရိသတ်ဟု ဆိုအပ်သော ဗြဟ္မာနတ်တို့၏ အဖော်အဖြစ်သို့ ရောက်ကုန်၏—
ဟု ဟောတော်မူခဲ့သည်။

ဆိုလိုသည်မှာ ယောဂီပုဂ္ဂိုလ်သည် ကမ္မဋ္ဌာန်းတရားကို ပွားများအားထုတ်၍ ဥပစာရသမာဓိအဆင့်ကို ရရှိထားလျှင် လူ့ဘဝ နတ်ဘဝဟူသော ကာမဘဝကို ရနိုင်၏။ အပ္ပနာသမာဓိ (ဈာန်သမာဓိ) အဆင့်ကို ရရှိထားလျှင် ဗြဟ္မာဘဝကို ရနိုင်၏။ ဘုရားအလောင်း ဖွားတော်မူစဉ်က ရှိသော ဒေဝီလရသေ့သည် လည်းကောင်း၊ တောထွက်တော်မူစဉ်က လောကီဈာန်အရာ၌ ဆရာဖြစ်ခဲ့သော အာဠာရကာလာမနှင့် ဥဒကရာမပုတ္တရသေ့တို့သည် လည်းကောင်း အရူပဈာန်ရသူများ ဖြစ်ကြ၍ ကွယ်လွန်သောအခါ အရူပဗြဟ္မာဘုံသို့ ရောက်ကြသည်။

(၅) နိရောဓသမာပတ် ဝင်စားခြင်း အကျိုး

ဤဈာန်များကို အစအဆုံးရရှိဝင်စားနိုင်သော အနာဂါမ် ရဟန္တာပုဂ္ဂိုလ်တို့သည်သာလျှင် နိရောဓသမာပတ်ကို ဝင်စားနိုင်ကြသည်။ ထိုသို့ ဝင်စားရာ၌ (၇) ရက်လုံးလုံး စိတ်၊ စေတသိက်၊ စိတ္တဇရုပ်တို့ကို ချုပ်ငြိမ်းစေပြီး မျက်မှောက်ဘဝ၌ အေးငြိမ်းဓာတ် (နိဗ္ဗာန်) သို့ ရောက်၍ ချမ်းသာစွာ နေကြသည်။ အရိယာပုဂ္ဂိုလ်တို့၏ ဈာန်သမာဓိသည် နိရောဓသမာပတ် ဝင်စားခြင်းအကျိုး အာနိသင် ရှိ၏။ ထို့ကြောင့် ဘုရားရှင်က—

တစ်ဆယ့်ခြောက်မျိုးသော ဉာဏ်ဖြစ်ခြင်း၊ ကိုးမျိုးသော သမာဓိဖြစ်ခြင်းတို့ဖြင့် လေ့လာနိုင်သည်၏ အဖြစ်ဟူသော ပညာသည် နိရောဓသမာပတ်၌ ဉာဏ်မည်၏—
ဟု ဟောတော်မူခဲ့သည်။
စာမျက်နှာ-392


အခန်း (၉)

တန်ခိုး အဘိညာဉ်များ

အဘိညာဉ် ဆိုသည်မှာ အလွန်အကြူး အထူးသိတတ်သောဉာဏ် (ဉာဏ်အထူး) ကို ခေါ်သည်။ (အဘိ + ဉာဏ = အဘိဉာဏ = အဘိညာဉ်၊ အဘိ = ထူးခြားသော + ဉာဏ = ဉာဏ်)

ထို့ကြောင့် လွန်ကဲစွာ သိခြင်း၊ လက္ခဏာရေးသုံးပါးသို့ တင်၍ သိခြင်း၊ သစ္စာလေးပါးကို သိခြင်း၊ အဘိညေယျတရားတို့ကို သိခြင်း၊ မြတ်သောဉာဏ်၊ အရဟတ္တမဂ်ဉာဏ်တို့ကို လည်းကောင်း၊ သမထကမ္မဋ္ဌာန်း၌ ဥပစာရဈာန်မှစ၍ အပ္ပနာဈာန်တိုင်အောင် ဖြစ်သော ပညာဉာဏ်ကို လည်းကောင်း၊ ဝိပဿနာကမ္မဋ္ဌာန်း၌ ဝိပဿနာဉာဏ် အားလုံးကို လည်းကောင်း အဘိညာဉ်ဟု ခေါ်နိုင်ပါသည်။ (အဘိ၊ ဋ္ဌ၊ ၁၊၂၂၇)

သို့ရာတွင် ယခုဖော်ပြမည့် အဘိညာဉ်မှာ ဈာန်အားလုံးကို ရပြီးနောက် ထိုဈာန်များ၏ အစွမ်းဖြင့် တန်ခိုးဖန်ဆင်းနိုင်သော ပဉ္စမဈာန်စိတ် ဖြစ်သည်။

ဈာနသမာပတ်

သမာပတ်ဆိုသည်မှာ “သမာပတ္တိ” ဟူသော ပါဠိကို ပါဠိသက် မြန်မာ ဝေါဟာရ အနေဖြင့် ခေါ်ဝေါ်သုံးစွဲခြင်း ဖြစ်သည်။ အဓိပ္ပါယ်အားဖြင့် “ကောင်းစွာ ရောက်ရှိခြင်း၊ ဝင်စားခြင်း၊ အကြိမ်ကြိမ် အဖန်ဖန် ဖြစ်စေခြင်း” ဟု ဆိုလိုသည်။

ဈာန်စိတ်ကိုပင် သမာပတ်ဟူ၍ လည်းကောင်း၊ အဘိညာဉ်ဟူ၍ လည်းကောင်း ခေါ်ဆိုခြင်း ဖြစ်သည်။ ပထမဦးဖြစ်သော (အစအဦး ရရှိသော) ဈာန်စိတ်ကို ဈာန်ဟူ၍ သာမန်အားဖြင့် ခေါ်ရသည်။ ယင်းဈာန်စိတ်ကိုပင် ထပ်မံ၍ ဒုတိယအကြိမ် တတိယအကြိမ် စသည်ဖြင့် အကြိမ်များစွာ ထပ်ခါထပ်ခါ ဖြစ်စေမှုကို ဈာနသမာပတ် (ဈာန်သမာပတ်) ဟု ခေါ်သည်။ ဈာန်ရသော ပုဂ္ဂိုလ်တစ်ဦးအတွက် ပထမဦးဆုံးအကြိမ် ဈာန်စိတ်ဖြစ်ရာ၌ တစ်ကြိမ်သာ (စိတ္တက္ခဏ တစ်ချက်သာ) ဖြစ်ခွင့်ရှိသည်။ နောက်ထပ်တစ်ဖန် ထိုဈာန်စိတ်မျိုး ဖြစ်ပေါ်အောင် ကြိုးပမ်းအားထုတ်ရာ (ဈာန်ဝင်စားရာ) ၌မူ သမာဓိစွမ်းအား ရှိသလောက် ကြာရှည်စွာ ဈာန်စိတ်များ အကြိမ်တစ်ရာ၊ အကြိမ်တစ်ထောင်
စာမျက်နှာ-393


မက တစ်ဆက်တည်း ဖြစ်နိုင်သည်။ ကျွမ်းကျင်နိုင်နင်းလာသည့် အခါတွင်မူ တစ်နာရီ နှစ်နာရီမှစ၍ တစ်နေ့လုံး တစ်ညဉ့်လုံး အများဆုံး (၇) ရက်အထိ ဈာန်စိတ်များ တောက်လျှောက် အဆက်မပြတ် ဖြစ်စေနိုင်သည်။ ဤသို့ ဈာန်စိတ်များ အဆက်မပြတ် တောက်လျှောက် ကြာရှည်စွာ ဖြစ်နေခြင်းကို သမာပတ် (ဝင်စားသည်) ဟု ခေါ်ရသည်။

ပြဆိုခဲ့ပြီးသည့် ရူပါဝစရဈာန်များနှင့် အရူပါဝစရဈာန်များကို ဝင်စားနိုင်မှုသည် လောကီသမာပတ် မည်၏၊ ဈာန်သမာပတ်ဟုလည်း ခေါ်သည်။

ဖလသမာပတ်

သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်ဟူသော ဖိုလ်လေးပါးကို အကြိမ်များစွာ ထပ်မံဖြစ်ပေါ်စေခြင်းကို ဖလသမာပတ်ဟု ခေါ်သည်။ ထိုဖလသမာပတ်ကို လောကုတ္တရာသမာပတ် ဟု ခေါ်သည်။

နိရောဓသမာပတ်

ဈာန်ရသော ရဟန္တာပုဂ္ဂိုလ်များသည် စတုတ္ထအရူပဈာန်တိုင်အောင် အစဉ်အတိုင်း ဝင်စား၍ ယင်းဈာန်၏ အဆုံး၌ စိတ်၊ စေတသိက်၊ စိတ္တဇရုပ်များ ဖြစ်ပေါ်မှု ရပ်စဲနေခြင်းကို နိရောဓသမာပတ် ဟု ခေါ်သည်။ ထိုနိရောဓသမာပတ်သည် လောကီလည်းမဟုတ်၊ လောကုတ္တရာလည်း မဟုတ်ပေ။

လောကီသမာပတ်များ

လောကီသမာပတ်သည် (၈) ပါး သို့မဟုတ် (၉) ပါး ရှိသည်။ ရူပါဝစရဈာန်ကို စတုတ္ထနည်း (၄) ပါး၊ ပဉ္စကနည်း (၅) ပါးရေတွက်မှု အကြောင်းပြု၍ ဤသို့ သမာပတ် (၈) ပါး၊ (၉) ပါး ဖြစ်ရသည်။ ရူပါဝစရဈာန် (၄) ပါး၊ (၅) ပါး ရေတွက်နည်း ကွဲပြားပုံကိုလည်း ဤကျမ်း၏ စာမျက်နှာ (၆၈) ၌ ရှင်းပြခဲ့ပြီးဖြစ်သည်။

သမာပတ် (၈) ပါး သို့မဟုတ် (၉) ပါး သမာပတ်သည် စတုတ္ထနည်းအားဖြင့်—
(၁) ရူပ ပဌမဈာန်၊
(၂) ရူပ ဒုတိယဈာန်၊
(၃) ရူပ တတိယဈာန်၊
စာမျက်နှာ-394


(၄) ရူပ စတုတ္ထဈာန်၊
(၅) ပဌမ အရူပဈာန်၊
(၆) ဒုတိယ အရူပဈာန်၊
(၇) တတိယ အရူပဈာန်၊
(၈) စတုတ္ထ အရူပဈာန်
ဟူ၍ (၈) ပါး ရှိသည်။

ပဉ္စက နည်းအားဖြင့်
(၁) ရူပ ပဌမဈာန်၊
(၂) ရူပ ဒုတိယဈာန်၊
(၃) ရူပ တတိယဈာန်၊
(၄) ရူပ စတုတ္ထဈာန်၊
(၅) ရူပ ပဉ္စမဈာန်၊
(၆) ပဌမ အရူပဈာန်၊
(၇) ဒုတိယ အရူပဈာန်၊
(၈) တတိယ အရူပဈာန်၊
(၉) စတုတ္ထ အရူပဈာန်
ဟူ၍ (၉) ပါး ရှိသည်။

ဗဟုသုတဖြစ်စေရန် သမာပတ် (၉) ပါးကို ရေတွက်ပြထားသော်လည်း တကယ်ဝင်စားရာ၌ သမာပတ် (၈) ပါးသာ ဝင်စားတော်မူကြသည်။ ဈာန်ဝင်စားမှု အလေ့အကျင့်ရလာသောအခါ ဝိတက်နှင့် ဝိစာရကို တစ်ပြိုင်နက် တစ်ခါတည်း ကျော်လှန်ဖယ်ရှားကြသည်။ ထို့ကြောင့် ဤမှ နောက်တွင် သမာပတ် (၈) ပါးဟု သုံးနှုန်းဖော်ပြပါမည်။

အဘိညာဉ်ရနိုင်သော ကမ္မဋ္ဌာန်း

ကမ္မဋ္ဌာန်း ၄၀ အနက် ဈာန်ရနိုင်-မရနိုင်သော ကမ္မဋ္ဌာန်းများကို ဤကျမ်းစာအုပ် စာမျက်နှာ (၂၄) ၌ ပြခဲ့ပြီးဖြစ်သည်။ ဈာန်မရနိုင်သော ကမ္မဋ္ဌာန်းများသည် အဘိညာဉ်ကိုလည်း မဖြစ်စေနိုင်ပေ။ ဈာန်ရနိုင်သော ကမ္မဋ္ဌာန်းများတွင်လည်း အချို့မှာ အဘိညာဉ်ကို မဖြစ်စေနိုင်ပေ။ ဈာန်ရစေနိုင်သော
စာမျက်နှာ-395


ကမ္မဋ္ဌာန်းများအနက် ကသိုဏ်း (၁၀) ပါးကို ရှုမှတ်ပွားများ အားထုတ်မှသာလျှင် အဘိညာဉ်ကို ရရှိနိုင်သည်။ ထို့ကြောင့် ကသိုဏ်း (၁၀) ပါးကို အဘိညာဉ် ရရှိနိုင်သော ကမ္မဋ္ဌာန်း ဟု မှတ်သားအပ်၏။

အဘိညာဉ်ရရန် ကြိုတင်လေ့ကျင့်မှု (ပရိကံ) ၁၄-မျိုး

ရူပပဌမဈာန်မှ အရူပစတုတ္ထဈာန်အထိ ဈာန်ရပြီးသော ယောဂီပုဂ္ဂိုလ်သည် သမာပတ် (၈) ပါးလုံးကို သြဒါတကသိုဏ်း အဆုံးရှိသော ကသိုဏ်း (၈) ပါးတို့၌ ကြိုတင်လေ့ကျင့်မှု (ပရိကံ) ၁၄-မျိုးတို့ကို ပြုလုပ်ရမည်။ ဥပမာအားဖြင့် အဆင်တန်ဆာ အမျိုးမျိုး ပြုလုပ်လိုသော ရွှေပန်းထိမ်ဆရာသည် ရှေးဦးစွာ ရွှေကို နူးညံ့အောင် လိုသလို နန်းဆွဲ၍ ရအောင် မီးပူတိုက် ထုရိုက်မှု ပြုသကဲ့သို့ ပင်တည်း။

ထို့ကြောင့် အဘိညာဉ်တန်ခိုး အမျိုးမျိုး ရရှိလိုသော ပုဂ္ဂိုလ်သည် အောက်ဖော်ပြပါ အခြင်းအရာ ၁၄-မျိုးတို့ဖြင့် စိတ်ကို ယဉ်ကျေးနူးညံ့အောင် အမှု၌ ခံ့အောင် ကြိုတင် ဆုံးမအပ်၏။ ၎င်းတို့မှာ—
(၁) ကသိုဏ်း အနုလုံ
(၂) ကသိုဏ်း ပဋိလုံ
(၃) ကသိုဏ်း အနုလုံ ပဋိလုံ
(၄) ဈာန် အနုလုံ
(၅) ဈာန် ပဋိလုံ
(၆) ဈာန် အနုလုံ ပဋိလုံ
(၇) ဈာန်ကို ခုန်ကျော်ခြင်း
(၈) ကသိုဏ်းကို ခုန်ကျော်ခြင်း
(၉) ဈာန်နှင့် ကသိုဏ်းတို့ကို ခုန်ကျော်ခြင်း
(၁၀) ဈာန်အင်္ဂါ ပြောင်းရွှေ့ခြင်း
(၁၁) အာရုံ ပြောင်းရွှေ့ခြင်း
(၁၂) ဈာန်အင်္ဂါနှင့် အာရုံတို့ကို ပြောင်းရွှေ့ခြင်း
(၁၃) ဈာန်အင်္ဂါကို မှတ်ခြင်း
(၁၄) အာရုံကို မှတ်ခြင်း တို့ ဖြစ်သည်။
စာမျက်နှာ-396


(၁) ကသိုဏ်းအနုလုံ = ပထဝီကသိုဏ်းမှ သြဒါတကသိုဏ်းအထိ အစဉ်အတိုင်း အကြိမ်တစ်ရာ၊ တစ်ထောင် ဝင်စားရမည်။

(၂) ကသိုဏ်းပဋိလုံ = သြဒါတကသိုဏ်းမှ ပထဝီကသိုဏ်းသို့တိုင် နောက်ပြန် အစဉ်အားဖြင့် အကြိမ်တစ်ရာ၊ တစ်ထောင် ဝင်စားရမည်။

(၃) ကသိုဏ်းအနုလုံပဋိလုံ = ပထဝီကသိုဏ်းမှ သြဒါတကသိုဏ်းသို့၊ သြဒါတကသိုဏ်းမှ ပထဝီကသိုဏ်းသို့ အပြန်အလှန်အားဖြင့် အကြိမ်တစ်ရာ၊ တစ်ထောင် ဝင်စားရမည်။

(၄) ဈာန်အနုလုံ = ရူပပဌမဈာန်မှ စတုတ္ထအရူပဈာန်တိုင်အောင် အစဉ်အတိုင်း မြင့်တက်၍ အကြိမ် ရာထောင် ဝင်စားရမည်။

(၅) ဈာန်ပဋိလုံ = စတုတ္ထအရူပဈာန်မှ ရူပပဌမဈာန်အထိ နောက်ပြန်အစဉ်အတိုင်း ဆင်းသက်၍ အကြိမ် ရာထောင် ဝင်စားရမည်။

(၆) ဈာန်အနုလုံပဋိလုံ = ရူပပဌမဈာန်မှ စတုတ္ထအရူပဈာန်သို့၊ စတုတ္ထအရူပဈာန်မှ ရူပပဌမဈာန်သို့ အပြန်အလှန်အားဖြင့် အကြိမ် ရာထောင် ဝင်စားရမည်။

(၇) ဈာန်ကို ခုန်ကျော်ခြင်း = ပထဝီကသိုဏ်း၌ ပဌမဈာန်ကို ဝင်စားပြီး ဒုတိယဈာန်ကို ခုန်ကျော်၍ တတိယဈာန်ကို ဝင်စား၏။ ထို့နောက် ပထဝီကသိုဏ်း နိမိတ်ကို ခွာ၍ စတုတ္ထဈာန်ကို ခုန်ကျော်ပြီး ပဌမအရူပဈာန်ကို ဝင်စား၏။ ထို့နောက် တတိယအရူပဈာန်ကို ဝင်စား၏။ ဤနည်းဖြင့် ကသိုဏ်းကို မူသေထား၍ ဈာန်ကို တစ်ခုခြား ခုန်ကျော်၍ အကြိမ် ရာထောင် ဝင်စားရမည်။ ထို့အတူ အာပေါကသိုဏ်း စသည်တို့၌လည်း ဝင်စားရမည်။

စာမျက်နှာ-397


(ဂ) ကသိုဏ်းကို ခုန်ကျော်ခြင်း = ပထဝီကသိုဏ်း၌ ပဌမဈာန်ကို ဝင်စားပြီး တေဇောကသိုဏ်း၌ ပဌမဈာန် ဝင်စား၊ ထို့နောက် နီလကသိုဏ်း၌ ပဌမဈာန် ဝင်စား၊ ထို့နောက် လောဟိတကသိုဏ်း၌ ပဌမဈာန် ဝင်စား၊ ဤနည်းဖြင့် ဈာန်ကို မခုန်ကျော်ဘဲ ကသိုဏ်းကို တစ်ခုခြား ခုန်ကျော်၍ အကြိမ် ရာထောင် ဝင်စားရမည်။

(၉) ဈာန်နှင့် ကသိုဏ်းတို့ကို ခုန်ကျော်ခြင်း = ပထဝီကသိုဏ်း၌ ပဌမဈာန်ကို ဝင်စားပြီး၊ တေဇောကသိုဏ်း၌ တတိယဈာန်ဝင်စားသည်။ ထို့နောက် နီလကသိုဏ်းကို ခွာ၍ ပဌမအရူပဈာန်ကို ဝင်စား၊ ထို့နောက် လောဟိတကသိုဏ်းမှ တတိယအရူပဈာန်ကို ဝင်စား၊ ဤနည်းဖြင့် ဈာန်ကို၊ ကသိုဏ်းကို ခုန်ကျော်၍ အကြိမ် ရာထောင် ဝင်စားရမည်။

(၁၀) ဈာန်အင်္ဂါ ပြောင်းရွှေ့ခြင်း = ပထဝီကသိုဏ်း၌ ပဌမဈာန်ကို ဝင်စားရာ ဈာန်အင်္ဂါ (၅) ပါး ပါရှိသည်။ ယင်း ဈာန်အင်္ဂါများကို တစ်ခုချင်း နှစ်ခုတွဲ ပယ်နုတ်ခြင်း၊ ထပ်ပေါင်းခြင်းဖြင့် ဈာန်အင်္ဂါ ပြောင်းရွှေ့၍ ဝင်စားရမည်။

(၁၁) အာရုံပြောင်းရွှေ့ခြင်း = ပထဝီကသိုဏ်း အာရုံ၌ ပဌမဈာန် ဝင်စားနေစဉ် အာပေါကသိုဏ်း အာရုံသို့ ပြောင်းရွှေ့ ကူးပြောင်း၍ ပဌမဈာန်ကိုပင် ဝင်စား၏။ ဤနည်းအားဖြင့် တစ်ခုတည်းသော ဈာန်ဖြင့် ကသိုဏ်းအာရုံ ပြောင်း၍ ဝင်စားရမည်။

(၁၂) ဈာန်အင်္ဂါနှင့် အာရုံတို့ကို ပြောင်းရွှေ့ခြင်း = ပထဝီကသိုဏ်း၌ ပဌမဈာန်ကို ဝင်စားပြီး၊ အာပေါကသိုဏ်း၌ ဒုတိယဈာန်ကို၊ တေဇောကသိုဏ်း၌ တတိယဈာန်ကို၊ ဝါယောကသိုဏ်း၌ စတုတ္ထဈာန်ကို၊ နီလကသိုဏ်းကို ခွာ၍ ပဌမအရူပဈာန်ကို

စာမျက်နှာ-398


ဝင်စား၏။ ဤနည်းဖြင့် ကသိုဏ်းနှင့် ဈာန်အင်္ဂါကို တစ်ခုကျော် ဝင်စားခြင်းဖြင့် ဈာန်အင်္ဂါ နှင့် ကသိုဏ်းအာရုံတို့ကို ပြောင်းရွှေ့ဝင်စားရမည်။

(၁၃) ဈာန်အင်္ဂါကို မှတ်ခြင်း = ဈာန်ဝင်စားပြီးတိုင်း ပြီးတိုင်း ထိုဈာန်များကို အာရုံပြု၍ ပဌမဈာန်၌ အင်္ဂါငါးပါးရှိ၏ဟု၊ ဒုတိယဈာန်၌ အင်္ဂါသုံးပါးရှိ၏ဟု၊ တတိယဈာန်၌ အင်္ဂါနှစ်ပါး ရှိ၏ဟု၊ ထို့အတူ စတုတ္ထဈာန်နှင့် ပဌမအရူပဈာန် စသည်တို့၌ ဈာန်အင်္ဂါ နှစ်ပါးစီ ရှိ၏ဟု ဈာန်အင်္ဂါမျှကိုသာ အကြိမ် ရာထောင် မှတ်သားရမည်။

(၁၄) အာရုံကို မှတ်ခြင်း - ဤကား ပထဝီကသိုဏ်းတည်း၊ ဤကား အာပေါကသိုဏ်းတည်း စသည်ဖြင့် ကသိုဏ်းအာရုံကို အကြိမ်ရာထောင် တိတိကျကျ ခွဲခြား မှတ်သားရမည်။

မလွယ်ကူသော အရာများ

ဤ ၁၄-မျိုးသော ပရိကံ အခြင်းအရာတို့ဖြင့် စိတ်ကို ယဉ်ကျေးနူးညံ့အောင် ကြိုတင်ဆုံးမထားခြင်း မရှိသော ယောဂီသည် တန်ခိုးဖန်ဆင်းခြင်းကို ဖြစ်စေနိုင်ရန် အကြောင်းမရှိချေ။ မှန်၏။ ကမ္မဋ္ဌာန်းအားထုတ်ခါစ ယောဂီသည် ကသိုဏ်းပရိကံပြုရန် ဝန်လေး၏။ တစ်ရာမှာ တစ်ယောက်၊ တစ်ထောင်မှာ တစ်ယောက်သာ စွမ်းနိုင်၏။ ကသိုဏ်းပရိကံပြုပြီးသူသည်လည်း ပဋိဘာဂနိမိတ်ကို ဖြစ်စေရန် ဝန်လေး၏။ ပဋိဘာဂနိမိတ် ဖြစ်ပေါ်ပြီးသူသည်လည်း ထိုနိမိတ်ကို ပွားစေ၍ ဈာန်သမာပတ် (၈) ပါးကို ရရှိရန် ဝန်လေး၏။ ဈာန်သမာပတ် (၈) ပါးကို ရပြီးသူသည်လည်း ၁၄-မျိုးသော အခြင်းအရာတို့ဖြင့် စိတ်ကို ယဉ်ကျေးနူးညံ့အောင် ကြိုတင်ဆုံးမ လေ့ကျက်နိုင်ရန် ဝန်လေး၏။ ထို ၁၄-မျိုးတို့ဖြင့် စိတ်ကို ကြိုတင်ဆုံးမပြီးသူသည်လည်း တန်ခိုး ဖန်ဆင်းနိုင်ရန် ဝန်လေး၏။ တန်ခိုးဖန်ဆင်းနိုင်သူသည်လည်း လျင်မြန်စွာ ရှုနိုင်ခြင်း၊ ဝင်စားနိုင်ခြင်း၊ ဖန်ဆင်းနိုင်ခြင်း၌ ဝန်လေး၏။ အဆိုပါပုဂ္ဂိုလ်တို့တွင် တစ်ရာမှာ တစ်ယောက်၊ တစ်ထောင်မှာ တစ်ယောက်သော သူသည်သာလျှင် ဝန်မလေးဘဲ လွယ်လင့်တကူ ပြုလုပ်နိုင်စွမ်းရှိကြလေသည်။
စာမျက်နှာ-399


သို့ရာတွင် ပါရမီထူးရှိသောပုဂ္ဂိုလ်၊ ပစ္ဆိမဘဝိက ဘုရားအလောင်းပုဂ္ဂိုလ်တို့ကား ပရိကံမပြုဘဲ ရူပပဉ္စမဈာန်ကို ရရုံဖြင့်လည်းကောင်း၊ မဂ်ကိုရသည်နှင့် တစ်ပြိုင်နက်လည်းကောင်း အဘိညာဉ်တန်ခိုး အမျိုးမျိုးကို လွယ်လင့်တကူ ပြုလုပ် စွမ်းဆောင်နိုင်ကြသည်။

အဘိညာဉ်ဝီထိကျမှ တန်ခိုးဖန်ဆင်းနိုင်ခြင်း

အဘိညာဉ်ရရှိပြီးသော ပုဂ္ဂိုလ်သည် တန်ခိုးတစ်မျိုးမျိုးကိုဖန်ဆင်းလိုသော အခါ ရှေးဦးစွာ သတ်မှတ်ထားသည့် ကသိုဏ်းတစ်ပါးပါးကို အာရုံပြု၍ စတုတ္ထဈာန် သို့မဟုတ် ပဉ္စမဈာန်ကို ဝင်စားရ၏။ ထိုသို့ ဝင်စားခိုက်၌ “အဘိညာပါဒက သမာပဇ္ဇနဝီထိ” ဖြစ်၏။ ယင်းဝီထိကို အဘိညာဉ်၏ အခြေခံစိတ်ဖြစ်စဉ် “အဘိညာပါဒကဈာနဝီထိ” ဟု ခေါ်သည်။

ထို့နောက် မိမိကိုယ်ကို အများဖြစ်အောင် ဖန်ဆင်းလိုလျှင် အများကို အာရုံပြု၍ “တစ်ရာ ဖြစ်စေသတည်း၊ တစ်ထောင် ဖြစ်စေသတည်း” ဟု ကြိုတင်မှု ပရိကံပြုရမည်။ ယင်းကို နှစ်ခုမြောက်ဖြစ်သော “စိတ်ဖြစ်စဉ် ဝီထိ” ဟုခေါ်သည်။

ထို့နောက် ကသိုဏ်းတစ်ပါးပါးကို အာရုံပြု၍ စတုတ္ထဈာန် သို့မဟုတ် ပဉ္စမဈာန်ကို နောက်ထပ်ဝင်စားရမည်။ ယင်းကိုလည်း “သမာပဇ္ဇနဝီထိ” ဟူ၍ လည်းကောင်း၊ “ပါဒကဈာနဝီထိ” ဟူ၍ လည်းကောင်း ခေါ်သည်။ ယင်း (စိတ်ဖြစ်စဉ်) ဝီထိသည် သုံးခုမြောက်သော ဝီထိဖြစ်သည်။

ထို့နောက် မိမိဖန်ဆင်းလိုသည့် တန်ခိုးကို အာရုံပြု၍ ဤလေးကြိမ်မြောက် အဘိညာဉ်ဝီထိစိတ် ဖြစ်သည်နှင့်တစ်ပြိုင်နက် မိမိဖန်ဆင်းလိုသော တန်ခိုး အမျိုးမျိုးကို အလိုရှိတိုင်း ဖြစ်ပေါ်လာစေနိုင်တော့သည်။ ထိုသို့ တန်ခိုး အမျိုးမျိုး ဖန်ဆင်းနိုင်သော စိတ်အစဉ်ကို အဘိညာဉ်ဝီထိ ဟု ခေါ်၏။

အဘိညာဉ် ၅-ပါး

ဘုရားအစရှိသော အရိယာသူတော်ကောင်းကြီးများသည် ကျွတ်ထိုက်သော သတ္တဝါတို့ကို ချေချွတ်တော်မူရာ၌လည်းကောင်း၊ သတ္တဝါတို့၏ အသက်အိုးအိမ် စည်းစိမ်ချမ်းသာ၏ အန္တရာယ်နှင့် မျက်မှောက်ပြုရမည့် မဂ်ဖိုလ်တို့၏ အန္တရာယ် အမျိုးမျိုးမှ ကာကွယ်စောင့်ရှောက်ရာ၌လည်းကောင်း၊ သာသနာတော်စည်ပင် ပြန့်ပွားအောင် ဆောင်ရွက်တော်မူရာ၌ လည်းကောင်း အဘိညာဉ် တန်ခိုး အမျိုးမျိုးကို အသုံးပြုတော်မူခဲ့ကြသည်။ တန်ခိုးပြတော်မူခဲ့ကြသည်။ ထိုတန်ခိုး အဘိညာဉ်သည် အောက်ပါအတိုင်း ၅-မျိုးရှိ၏—
စာမျက်နှာ-400


(၁) ဣဒ္ဓိဝိဓအဘိညာဉ် = မြေလျှိုးမိုးပျံ ရုပ်သွင် အမျိုးမျိုး ဖန်ဆင်းနိုင်ခြင်း၊
(၂) ဒိဗ္ဗသောတအဘိညာဉ် = အသံအားလုံးကို ကြားနိုင်ခြင်း၊
(၃) စေတောပရိယအဘိညာဉ် = သူတစ်ပါးစိတ်ကို သိနိုင်ခြင်း၊ (ပရစိတ္တဝိဇာနန အဘိညာဉ်)
(၄) ပုဗ္ဗေနိဝါသအဘိညာဉ် = ရှေးဘဝများကို သိနိုင်ခြင်း၊

(၅) ဒိဗ္ဗစက္ခုအဘိညာဉ် = အနီး အဝေး အကြီး အသေး အဆင်း အားလုံးကို မြင်နိုင်ခြင်း၊ ပဋိသန္ဓေနေဆဲ၊ သေဆုံးဆဲသတ္တဝါတို့ကို သိမြင်နိုင်သောကြောင့် စုတူပပါတအဘိညာဉ် ဟုလည်း ခေါ်သည်။

ဤအဘိညာဉ် ၅-ပါးကို “လောကီအဘိညာဉ်” ဟု ခေါ်သည်။

အဘိညာဉ် ၆-ပါး

အထက်ပါ အဘိညာဉ် ၅-ပါးတွင် ကိလေသာအာသဝေါတရားတို့ကို ကုန်ခန်းစေနိုင်သည့် အရဟတ္တမဂ်ဉာဏ်ဟု ခေါ်သော “အာသဝက္ခယအဘိညာဉ်” ကို ထည့်၍ရေတွက်လျှင် အဘိညာဉ် ၆-ပါးဖြစ်သည်။ ဤအာသဝက္ခယ အဘိညာဉ်ကို လောကုတ္တရာအဘိညာဉ်ဟု ခေါ်သည်။

အဘိညာဉ် ၇-ပါး

အထက်ပါ အဘိညာဉ် ၅-ပါးတွင် “ယထာကမ္မူပဂအဘိညာဉ်နှင့် အနာဂတံသအဘိညာဉ်” ၂-ပါးကို ပေါင်းထည့်လျှင် အဘိညာဉ် ၇-ပါး ဖြစ်သည်။ ဤအဘိညာဉ်နှစ်ပါးသည် ဒိဗ္ဗစက္ခုအဘိညာဉ်မှ ဖြာထွက်လာသော အဘိညာဉ် ဖြစ်သည်။ ထိုအဘိညာဉ်များကို နောက်၌ အကျယ်ပြပါမည်။
စာမျက်နှာ-401


တန်ခိုးဣဒ္ဓိ ၁၀-မျိုး

တန်ခိုးဣဒ္ဓိကို အမျိုးမျိုးဖြစ်စေနိုင်သော ဖန်ဆင်းနိုင်သော စွမ်းအား အလျောက် အောက်ပါအတိုင်း ၁၀-မျိုး ခွဲခြားနိုင်သည်—
(က) အဓိဋ္ဌာနိဒ္ဓိ = အဓိဋ္ဌာန်တန်ခိုး၊
(ခ) ဝိကုဗ္ဗနိဒ္ဓိ = ရုပ်ပြောင်း ရုပ်လွှဲ ဖန်ဆင်းခြင်းတန်ခိုး၊
(ဂ) မနောမယိဒ္ဓိ = စိတ်ဖြင့် ကိုယ်တွင်း၌ ကိုယ်ပွား ဖန်ဆင်းခြင်း တန်ခိုး၊
(ဃ) ဉာဏဝိပ္ဖါရိဒ္ဓိ = ဉာဏ်ပျံ့နှံ့ခြင်းတန်ခိုး၊
(င) သမာဓိဝိပ္ဖါရိဒ္ဓိ = သမာဓိပျံ့နှံ့ခြင်းတန်ခိုး၊
(စ) အရိယိဒ္ဓိ = အရိယာတို့တန်ခိုး၊
(ဆ) ကမ္မဝိပါကဇိဒ္ဓိ = ကံအကျိုးကြောင့် ရသောတန်ခိုး၊
(ဇ) ပုညဝတောဣဒ္ဓိ = ကုသိုလ်တန်ခိုး (ဘုန်းတန်ခိုး)၊
(ဈ) ဝိဇ္ဇာမယိဒ္ဓိ = ဝိဇ္ဇာမန္တန် တန်ခိုး၊
(ည) သမ္မာပယောဂပစ္စယိဒ္ဓိ = နည်းမှန်လမ်းမှန် အားထုတ်မှုတန်ခိုး။

၎င်း ၁၀-မျိုးအနက် ရှေ့သုံးမျိုး အမှတ်စဉ် (က၊ ခ၊ ဂ) သည် ဣဒ္ဓိဝိဓ အဘိညာဉ်များ ဖြစ်ကြသည်။

(က) အဓိဋ္ဌာနိဒ္ဓိ

ဤတန်ခိုးဖြင့် တစ်ယောက်တည်းကို အများဖြစ်အောင် ဖန်ဆင်းနိုင်၏။ တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်းစသည်ဖြစ်အောင် အဓိဋ္ဌာန်ပြု၍ ဖန်ဆင်းနိုင်၏။ သာဓကအားဖြင့် အရှင်စူဠပန်သည် သမာပတ် (၈) ပါးကို ဝင်စားပြီးနောက် စတုတ္ထဈာန်ကို ပြန်လည်ဝင်စား၍ “သတံ ဟောမိ၊ သဟဿံ ဟောမိ၊ မိမိကိုယ်ကို တစ်ရာဖြစ်စေသတည်း၊ တစ်ထောင်ဖြစ်စေ သတည်း” ဟု အဓိဋ္ဌာန်ပြုလျက် အရှင်စူဠပန်ပေါင်း ရာထောင် ဖန်ဆင်းတော်မူသည်။ ဤသို့ တန်ခိုးဖန်ဆင်းခြင်းကို အဓိဋ္ဌာန်ပြုသည့်အတိုင်း ဖြစ်ပေါ်လာခြင်းကြောင့် အဓိဋ္ဌာနိဒ္ဓိဟု ခေါ်၏။ (အဓိဋ္ဌာန+ဣဒ္ဓိ၊ အဓိဋ္ဌာန = အဓိဋ္ဌာန်ပြုခြင်းဖြင့် + ဣဒ္ဓိ = အပြီးပြည့်စုံစေခြင်း)
စာမျက်နှာ-402


ယင်းသို့ ဖန်ဆင်းရာ၌ မူလဖန်ဆင်းရှင်နှင့် တစ်ထေရာတည်း တူအောင် ဖန်ဆင်းသည်လည်း ရှိသည်။ မတူအောင် ပုံအမျိုးမျိုး ပြုလုပ် ဖန်ဆင်းသည်လည်း ရှိသည်။ အရှင်စူဠပန်တစ်ပါးက သင်္ကန်းချုပ်နေ၏။ အခြား စူဠပန်က သင်္ကန်းလျှော်နေသည်။ ဤသို့ စူဠပန်ပေါင်း တစ်ထောင်တို့က တစ်မျိုးစီ ဆောင်ရွက်နေပုံ ဖန်ဆင်းပြနိုင်သည်။

(ခ) ဝိကုဗ္ဗနိဒ္ဓိ (ရုပ်ပြောင်း ရုပ်လွှဲ)

ဤတန်ခိုးဖြင့် ပကတိသော ရဟန်းအသွင်ကို ပယ်စွန့်၍ လုလင်ပျို အသွင်၊ နဂါး အသွင်၊ ဂဠုန် အသွင်၊ ဘီလူး အသွင်၊ သိကြား၊ နတ်၊ ဗြဟ္မာ အသွင်၊ သမုဒ္ဒရာ၊ တော၊ တောင်၊ ခြင်္သေ့၊ သစ်၊ ကျား၊ ဆင်၊ မြင်း၊ ရထား၊ ခြေလျင်တပ်၊ စစ်တပ်စသည် အသွင်အမျိုးမျိုးဖြစ်အောင် ဖန်ဆင်းနိုင်သည်။

ပကတိအသွင်ကို ပယ်စွန့်၍ ပြောင်းလဲသော အသွင်သဏ္ဌာန် အမျိုးမျိုးကို ဖန်ဆင်းနိုင်သောကြောင့် ဝိကုဗ္ဗနိဒ္ဓိဟု ခေါ်သည် (ဝိ+ကုဗ္ဗန၊ ဝိ = အမျိုးမျိုး + ကုဗ္ဗန = ပြုလုပ်ဖန်ဆင်းခြင်း)

သာဓကအားဖြင့် အရှင်မဟာရောဟဏဂုတ္တမထေရ်သည် ထေရမ္ဗကုန်း (မထေရ်တို့ သီတင်းသုံးရာ သရက်ကုန်း) ၌ သီတင်းသုံးနေစဉ် မကျန်းမမာဖြစ်နေတော်မူသည်။ နဂါးမင်းသည် ထိုအရှင်ကို ပြုစုနေသည်။ ဂဠုန်တစ်ကောင်သည် အရှင်မြတ်အား ပြုစုနေသော နဂါးလုလင်ကို ချီသုတ်ဖမ်းယူရန် ကောင်းကင်မှ သက်ဆင်းလာသည်။ ထိုအခါ တန်ခိုးရှင် ရဟန်း သုံးသောင်းတို့ အလယ်၌ ရဟန်း (၈) ဝါရ အရှင်ဗုဒ္ဓရက္ခိတသည် နဂါးပုန်းခိုရန် တောင်ကြီးအသွင် လျင်မြန်စွာ ဖန်ဆင်းပေး၍ ဂဠုန်၏ရန်မှ ကာကွယ်လိုက်သည်။ မိမိကိုယ်ကို ကျောက်တောင်ကြီးအသွင် ပြောင်းလိုက်ခြင်းတည်း။

(ဂ) မနောမယိဒ္ဓိ

ဤမနောမယိဒ္ဓိသည် အဓိဋ္ဌာနိဒ္ဓိကဲ့သို့ ကိုယ်၏ အပြင်ဘက်၌ အရာအမျိုးမျိုး ဖန်ဆင်းခြင်းလည်း မဟုတ်၊ ဝိကုဗ္ဗနိဒ္ဓိကဲ့သို့ မိမိကိုယ်ကို အသွင်တစ်မျိုး ပြောင်းလဲ၍ ဖန်ဆင်းခြင်းလည်း မဟုတ်၊ ပကတိကိုယ်အတွင်း၌ အဘိညာဉ်စိတ်ကြောင့်ဖြစ်သော အခြားပုံတူကိုယ်ကို ဖန်ဆင်းခြင်းဖြစ်သည်။ မိမိ၏ မူလကိုယ်ကို မူလအတိုင်းထားကာ စိတ်အလိုရှိသလောက် ပုံတူကိုယ်ငယ်အမျိုးမျိုး ဖန်ဆင်းခြင်းဖြစ်သည်။ ဤဖန်ဆင်းမှုမှာ ပို၍ခက်ခဲသည်။ အဘိညာဉ်ရသော ပုဂ္ဂိုလ်များအနေဖြင့် မိမိတို့စွမ်းရည်ကို စမ်းသပ်သည့်အနေဖြင့် ဤကဲ့သို့ ကိုယ်နှစ်ထပ် ဖန်ဆင်းကြခြင်းဖြစ်သည်။
(မနော+မယ၊ မနော = စိတ်ဖြင့် + မယ = ပြီးစီးသော)
စာမျက်နှာ-403


(ဃ) ဉာဏဝိပ္ဖါရိဒ္ဓိ

အရဟတ္တမဂ်ဉာဏ်ဖြစ်သည်မှ ရှေ့၌လည်းကောင်း၊ နောက်၌ လည်းကောင်း၊ ထိုဉာဏ်ဖြစ်ဆဲခဏ၌ လည်းကောင်း ဉာဏ်၏အစွမ်းအာနုဘော် ပျံ့နှံ့မှုကြောင့် ဖြစ်သော တန်ခိုးကို ဉာဏဝိပ္ဖါရိဒ္ဓိဟုခေါ်သည်။ (ဉာဏ+ဝိပ္ဖါရ = ဉာဏ = ဉာဏ် + ဝိပ္ဖါရ = ပျံ့နှံ့မှု)

ထို့ပြင် အနိစ္စာနုပဿနာစသည်ဖြင့် နိစ္စသညာစသည်ကို ပယ်ခြင်းသဘော ပြီးမြောက်မှု၊ အရဟတ္တမဂ်ဖြင့် အလုံးစုံသော ကိလေသာတို့ကို ပယ်ခြင်းသဘော ပြီးမြောက်မှုတို့သည်လည်း ဉာဏဝိပ္ဖါရိဒ္ဓိမည်၏။ သာဓကအားဖြင့် အရှင်ဗာကုလ၊ အရှင်သံကိစ္စတို့၏ ဉာဏဝိပ္ဖါရိဒ္ဓိဖြစ်ပုံများကို အကျဉ်းအားဖြင့် ဖော်ပြပါဦးမည်။

အရှင်ဗာကုလ

ကောသမ္ဘီသေဋ္ဌေးကြီး၏ မွေးကင်းစသား အရှင်ဗာကုလလောင်းလျာ ဖြစ်သော ငါးရက်သား ကလေးငယ်သည် မင်္ဂလာနေ့မြတ်အခါတွင် ယမုနာမြစ်ဆိပ်၌ ရေချိုးပေးနေစဉ် ကလေးထိန်း၏ ပေါ့ပေါ့ဆဆ ပြုမှုကြောင့် မြစ်ရေစီးကြောင်း၌ လိမ့်ကျ မျောပါသွားလေသည်။

ကံအားလျော်စွာပင် ထိုကလေးငယ်ကို ငါးကြီးက တွေ့ရှိမျိုချကာ ဗာရာဏသီ ဆိပ်ကမ်းသို့ ရောက်ရှိသွားသည်။ ထိုငါးကြီးကို တံငါသည်က ဖမ်းမိ၍ ဗာရာဏသီ သေဋ္ဌေးကတော်တစ်ဦးအား ရောင်းချလိုက်သည်။ သေဋ္ဌေးကတော်သည် ထိုငါးအပေါ်၌ နှစ်သက်လှသဖြင့် မိမိကိုယ်တိုင် ကိုင်တွယ်ချက်ပြုတ်မည် ကြံရွယ်ကာ ငါးဝမ်းကို ခွဲလေသည်။

ထိုအခါ ငါးဝမ်းထဲ၌ ရွှေရုပ်သဖွယ် အလွန်တင့်တယ်သော သူငယ်ကလေးကို တွေ့ရသဖြင့် “ငါ သားရပြီ ငါ သားရပြီ” ဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်လေသည်။

သာမန်ကလေးတစ်ယောက်သာဆိုလျှင် မြစ်ရေစီးကြောင်းထဲ ကျသွားပြီ ဆိုကတည်းက အသက်ရှင်နိုင်ရန် မျှော်လင့်စရာအကြောင်း မရှိတော့ပေ၊ သို့သော် ပစ္ဆိမဘဝိက (နောက်ဆုံးဘဝ) အဖြစ်၌တည်သော အရှင်ဗာကုလလောင်းလျာကလေးကား ငါးဝမ်းထဲ၌ နာကျင်ပင်ပန်း ဆင်းရဲမှုမရှိဘဲ အသက်ရှင်နေခဲ့ရသည်။ ထိုသို့ အသက်ရှင်နေရခြင်းသည် နောင်အခါ မုချရရှိမည့် အရဟတ္တမဂ်ဉာဏ်၏ အစွမ်းအာနုဘော်ကြောင့် ဖြစ်သည်။ (ဥပရိပဏ္ဏာသ၊ ဋ္ဌ၊ ၁၃၅)
စာမျက်နှာ-404


အရှင်သံကိစ္စမထေရ်

အရှင်သံကိစ္စလောင်းလျာသည်လည်း မိခင်ဝမ်း၌ ကိန်းအောင်းနေစဉ်မှာပင် မိခင်ကွယ်လွန်ခဲ့သည်။ မိခင်၏အလောင်းကို မီးရှို့သင်္ဂြိုဟ်ကြရာ အခြားသော ကိုယ်အစိတ်အပိုင်းများ မီးလောင်ကျွမ်းသွားကြသော်လည်း ထိုသူငယ်ရှိနေသော ဝမ်းဗိုက်ပိုင်းမှာမူ မီးမလောင်ကျွမ်းဘဲ ကျန်ရှိနေလေသည်။ ဤကဲ့သို့ မီးမလောင်ကျွမ်းဘဲ အေးချမ်းစွာ အသက်ရှင်နေခြင်းသည် နောင်အခါတွင် မုချရရှိမည့် အရဟတ္တမဂ်ဉာဏ်၏ တန်ခိုးအစွမ်းသတ္တိကြောင့် ဖြစ်ပေသည်။ (ဓမ္မပဒ၊ ဋ္ဌ၊ ၁၊ ၄၂၆။ အရှင်သံကိစ္စအကြောင်းကို ဤကျမ်းစာအုပ် စာမျက်နှာ ၁၃၅-၌ ရှုပါ။)

(င) သမာဓိဝိပ္ဖါရိဒ္ဓိ

သမာဓိ၏ ရှေ့၌လည်းကောင်း၊ နောက်၌လည်းကောင်း၊ ဈာန်သမာပတ်ကို ဝင်စားခါနီး၌လည်းကောင်း၊ ဝင်စားဆဲခဏ၌လည်းကောင်း သမာဓိ၏ တန်ခိုး အာနုဘော် ပျံ့နှံ့မှုကြောင့်ဖြစ်သော ပြီးပြည့်စုံမှုကို သမာဓိဝိပ္ဖါရိဒ္ဓိဟုခေါ်သည်။ (သမာဓိ+ဝိပ္ဖါရ၊ သမာဓိ = ဈာန်သမာဓိ + ဝိပ္ဖါရ = ပျံ့နှံ့မှု) ထို့ပြင် ပဌမဈာန် စသည်ဖြင့် နီဝရဏတို့ကို ပယ်နိုင်ခြင်း၊ စတုတ္ထအရူပဈာန်သမာပတ်ဖြင့် အာကိဉ္စညာယတနသညာကို ပယ်နိုင်ခြင်းတို့သည်လည်း သမာဓိဝိပ္ဖါရိဒ္ဓိမည်၏။

သာဓကအားဖြင့် အရှင်သာရိပုတ္တရာ၊ အရှင်သဉ္ဇီဝ၊ အရှင်ခါဏုကောဏ္ဍည၊ ဥတ္တရာ၊ သာမာဝတီတို့၏ သမာဓိတန်ခိုးများကို အကျဉ်းမျှ ဖော်ပြပါဦးမည်။

အရှင်သာရိပုတ္တရာ

လသာသော ညတစ်ညတွင် အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့သည် ကပေါတချောက်ကမ်းအနီး လေဟာပြင်၌ ထိုင်လျက် သမာပတ်ဝင်စားနေသည်။ ရိတ်ထားပြီးစဖြစ်သော အရှင်သာရိပုတ္တရာ၏ ဦးခေါင်းတော်မှာ လရောင်ဖြင့် အရောင်ဟပ်လျက် တောက်ပနေသည်။

ဘီလူးကြီးတစ်ကောင်သည် လရောင်ဖြင့် တောက်ပနေသော အရှင်သာရိပုတ္တရာ၏ ဦးခေါင်းတော်ကို မြင်ရ၍ လက်ယားလာသဖြင့် တင်းပုတ်ဖြင့် ထုနှက်လိုက်သည်။ အသံမှာ မိုးကြိုးသံကဲ့သို့ မြည်လေသည်။

အရှင်သာရိပုတ္တရာသည် ဈာန်သမာပတ်ကို ဝင်စားနေချိန်ဖြစ်၍ ဘီလူးရိုက်ပုတ်သည့်အတွက် ဦးခေါင်းတော် နာကျင်မှု လုံးဝ မဖြစ်ပေ။ ဤသည်မှာ အရှင်သာရိပုတ္တရာ၏ သမာဓိပျံ့နှံ့မှု တန်ခိုးကြောင့်ပင် ဖြစ်သည်။ (ဥဒါန၊ ၁၂၃)။
စာမျက်နှာ-405


အရှင်သဉ္ဇီဝ

အရှင်သဉ္ဇီဝသည် ပဌမဈာနသမာပတ္တိမှစ၍ စတုတ္ထအရူပဈာန်သမာပတ် အထိ အစဉ်အတိုင်း ဝင်စားလာပြီး စတုတ္ထအရူပဈာန်သမာပတ်သို့ ရောက်သောအခါ နိရောဓသမာပတ်ကို ကူးပြောင်းဝင်စားတော်မူသည်။ အရှင်သဉ္ဇီဝ နိရောဓသမာပတ် ဝင်စားသောနေရာမှာ လမ်းဘေး တစ်နေရာ ဖြစ်သည်။

အရှင်သဉ္ဇီဝသည် နိရောဓသမာပတ်ဝင်စားနေသဖြင့် စိတ်၊ စေတသိက်၊ စိတ္တဇရုပ်တို့ချုပ်ငြိမ်းကာ မလှုပ်မယှက် ငုတ်တုတ်သေနေသူကဲ့သို့ ဖြစ်နေသည်။ ထိုသို့ နိရောဓသမာပတ်ဝင်စားနေသော အရှင်သဉ္ဇီဝကို နွားကျောင်းသားတို့ တွေ့မြင်ကြသောအခါ တကယ်သေနေပြီ မှတ်ထင်၍ မြက်၊ သစ်ခြောက်၊ ထင်း၊ နွားချေး စသည်တို့ဖြင့် စုပုံကာ မီးရှို့ကြသည်။ သို့သော် အရှင်မြတ်၏ သင်္ကန်းချည်မျှင်တစ်မျှင်မျှပင် မီးမလောင်ပေ။ ဤကဲ့သို့ မီးမလောင်ခြင်းသည် သမာဓိ၏ ပျံ့နှံ့မှု သမထအာနုဘော်ကြောင့်ပင် ဖြစ်သည်။ (မူလပဏ္ဏာသ၊ ၄ဝ၉)

အရှင်ခါဏုကောဏ္ဍည

အရှင်ခါဏုကောဏ္ဍညသည် များသောအားဖြင့် ဈာနသမာပတ် ဝင်စားလျက် နေလေ့ရှိသည်။ ညတစ်ညတွင် မထေရ်သည် တောအုပ်ငယ်တစ်ခု၌ နိရောဓသမာပတ်ကို ဝင်စားလျက် ထိုင်နေတော်မူသည်။

ထိုညမှာပင် ခိုးသား (၅၀၀) တို့သည် ရွာထဲမှ ပစ္စည်းများကို ခိုးယူလာခဲ့ကြ၍ တောတစ်နေရာသို့ ရောက်သောအခါ အပန်းဖြေနားနေကြသောကြောင့် သစ်ငုတ်ဟု ထင်ရသော အရာဝတ္ထုတစ်ခုပေါ်၌ ဥစ္စာထုပ် (၅၀၀) ကို စုပုံတင်ထားလိုက်ကြသည်။ အပန်းဖြေပြီးနောက် ခရီးဆက်ရန်အတွက် ဥစ္စာထုပ်များကို ယူငင်ကြသည်။

ထိုအခိုက်တွင် အရှင်မြတ်သည်လည်း အဓိဋ္ဌာန်ပြုထားသော အချိန်ကာလ စေ့သဖြင့် သမာပတ်မှထကာ လှုပ်ရှားလာတော်မူသည်။ ထိုသို့ မထေရ်လှုပ်ရှားလာသည်ကို သူခိုးတို့ တွေ့မြင်ကြသောအခါ ကြောက်လန့်၍ အော်ဟစ်ထွက်ပြေးကြသည်။ မထေရ်က “ဒကာတို့ မကြောက်ကြနှင့်၊ ငါ ရဟန်းပါ” ပြောမှ မထေရ်ထံ လာရောက် ရှိခိုးကန်တော့ကြပြီး မထေရ်အား ကြည်ညိုသောကြောင့် သူခိုးတို့သည် ရှင်ရဟန်းပြုပြီးနောက် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြသည်။

ဤသာဓက၌ ဥစ္စာထုပ်များစွာဖြင့် အဖိခံရသော်လည်း နာကျင်ထိခိုက်မှုတစ်စုံတစ်ရာ မဖြစ်ခြင်းသည် သမာဓိတန်ခိုး အစွမ်းကြောင့် ဖြစ်ပေသည်။
စာမျက်နှာ-406


ထို့အတူ ဥတ္တရာအား ဆီပူမလောင်ခြင်း၊ သာမာဝတီအား မြားပစ်၍ မရခြင်းတို့သည်လည်း ၎င်းတို့၏ မေတ္တာဈာန်သမာဓိ၏ တန်ခိုးအစွမ်းကြောင့် ဖြစ်ကြလေသည်။ (ဥတ္တရာအကြောင်းကို ဤကျမ်းစာအုပ် စာမျက်နှာ ၂၅၈-၌ လည်းကောင်း၊ သာမာဝတီအကြောင်းကို စာမျက်နှာ ၂၇၀-၌လည်းကောင်း ဖော်ပြပြီး)

(စ) အရိယိဒ္ဓိ

အရိယာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပြီးမြောက်မှုတန်ခိုးကို အရိယိဒ္ဓိဟု ခေါ်သည်။ (အရိယ+ဣဒ္ဓိ၊ အရိယ = အရိယာတို့၏ + ဣဒ္ဓိ = ပြီးမြောက်မှု)။ ဤသာသနာတော်၌ ရဟန်းသည် စက်ဆုပ်ဖွယ်အာရုံ၌ စက်ဆုပ်ဖွယ်မဟုတ်ဟု အမှတ်ရှိလျက် နေလိုလျှင်လည်း နေနိုင်၏။ စက်ဆုပ်ဖွယ် မဟုတ်သော အာရုံ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ရှိလျက် နေလိုလျှင်လည်း နေနိုင်၏။ စက်ဆုပ်ဖွယ်အာရုံ၊ စက်ဆုပ်ဖွယ်မဟုတ်သော အာရုံနှစ်မျိုးလုံးကို လျစ်လျူရှုလျက် နေလိုလျှင်လည်း နေနိုင်၏။

ဤကဲ့သို့ အလိုရှိတိုင်း စိတ်ကို ထားနိုင်ခြင်းသည် စိတ်၏ ဝသီဘော်သို့ ရောက်ကုန်သော အရိယာပုဂ္ဂိုလ်တို့အားသာလျှင် ဖြစ်သင့်သောကြောင့် အရိယိဒ္ဓိဟု ဆိုအပ်ပေသည်။ ဤ၌ သာဓကတစ်ခုကို ထုတ်ပြပါဦးမည်။

လက်ချောင်းပြတ်ပါသော ဆွမ်းကို ဘုဉ်းပေးနိုင်ခြင်း

အရှင်မဟာကဿပသည် အနာကြီးရောဂါ (နူနာ) စွဲကပ်နေသူတစ်ဦးအား ချီးမြှောက်လိုသဖြင့် မိမိသီတင်းသုံးရာ တောင်ပေါ်မှနေ၍ ရွာတွင်းသို့ ဆွမ်းခံကြွတော်မူသည်။ ရွာတွင်းသို့ ရောက်လျှင် ထိုရောဂါသည်၏ အိမ်ဝတွင် ဆွမ်းရပ်တော်မူသည်။ ရောဂါသည်သည် ထွက်၍ ဆွမ်းလောင်း၏။ ယင်းသို့ ဆွမ်းလောင်းစဉ် သွေးပြည်များ ယိုစီးလျက် ပုပ်ပွဆဲရှိနေသော လက်ချောင်းတစ်ချောင်းသည် သပိတ်ထဲ၌ ပြုတ်ကျ ကျန်ရစ်ခဲ့သည်။ ယင်းသို့ ပြုတ်ကျခဲ့သည်ကို အရှင်မြတ် သိတော်မူသည်။

အရှင်မြတ်သည် ဆွမ်းဒကာ ရောဂါသည် စေတနာ၊ သဒ္ဓါ တိုးပွားစေရန်အတွက် ထိုအနီးနားမှာပင် ထိုင်လျက် ဆွမ်းထဲမှ လက်ချောင်းပြတ်ကလေး ဖယ်ကာ ဖယ်ကာ မြိန်ရှက်စွာ ဘုဉ်းပေးတော်မူသည်။ ပုထုဇဉ်တို့ဆိုလျှင်ကား ထိုအဖြစ်မျိုး၌ အူအခွေလိုက် ထွက်လောက်အောင် ပျို့အန်ကြမည် ဖြစ်သည်။ မြန်မာနိုင်ငံ ကုန်းဘောင်ခေတ်တွင် ထွဋ်ခေါင်ဆရာတော်ကြီးသည်လည်း ကိုယ်ပျက်နေသော ကပ္ပိယက ဆွမ်းပြင်ပေးသည်ကို ဘုဉ်းပေးတော်မူသတဲ့။
စာမျက်နှာ-407


ဤသို့ သည်းခံနိုင်ခြင်းမျိုး၊ လျစ်လျူရှုနိုင်ခြင်းမျိုးကို အရိယာ ရဟန္တာပုဂ္ဂိုလ်တို့သာ ပြုလုပ်နိုင်ကြသည်။ ထို့ကြောင့် ထိုကဲ့သို့ အရိယာပုဂ္ဂိုလ်တို့၏ ပြီးပြည့်စုံခြင်း သဘောကို အရိယိဒ္ဓိ ဟု ခေါ်ဆိုရလေသည်။

(ဆ) ကမ္မဝိပါကဇိဒ္ဓိ

ကံ၏ အကျိုးကို မှီ၍ ဖြစ်သော ပြီးမြောက်ခြင်းသဘောသည် ကမ္မဝိပါကဇိဒ္ဓိ မည်၏။ (ကမ္မ+ဝိပါက+ဇ+ဣဒ္ဓိ။ ကမ္မ = ကံ + ဝိပါက = အကျိုး + ဇ = ဖြစ်သော + ဣဒ္ဓိ = တန်ခိုး)

သာဓကအားဖြင့် ကောင်းကင်၌ ပျံသန်း သွားလာနိုင်သော ငှက်များ၊ အလုံးစုံသော နတ်များ၊ အချို့သော ကမ္ဘာဦး လူသားများ၊ အချို့သော ဝိနိပါတိက ဘုမ္မစိုးနတ်များ၊ နတ်နဂါးများ စသည်တို့သည် ကံ၏ အကျိုးကို မှီ၍ ပြီးမြောက်မှု တန်ခိုးကို ရရှိနေကြသူများ ဖြစ်ကြသည်။

မှန်၏။ ထိုငှက်များ၊ နတ်များ၊ အချို့သော ကမ္ဘာဦး လူသားများ၊ ဝိနိပါတိကနတ်များ၊ နတ်နဂါးများ စသည်တို့သည် ဈာန်လည်း မရှိ၊ ဝိပဿနာလည်း မရှိဘဲ ကောင်းကင်၌ သွားလာနိုင်ခြင်း၊ တန်ခိုးဖန်ဆင်းနိုင်ခြင်းသည် ကမ္မဝိပါကဇိဒ္ဓိ အစွမ်းသတ္တိကြောင့် ဖြစ်သည်။

(ဇ) ပုညဝတောဣဒ္ဓိ

ထူးခြားသော ကောင်းမှု ကုသိုလ်ရှင်၏ ပြီးမြောက်ခြင်း တန်ခိုးကို ပုညဝတောဣဒ္ဓိ (ပုညဝန္တဣဒ္ဓိ) ဟု ခေါ်သည်။

သာဓကအားဖြင့် စကြဝတေးမင်းတို့ ကောင်းကင်ဖြင့် သွားသောအခါ ယုတ်စွအဆုံး မြင်းထိန်း နွားထိန်းတို့မှ အစ အင်္ဂါလေးပါးရှိသော စစ်တပ်ပါ မကျန် လိုက်ပါသွားနိုင်ခြင်းသည် စကြဝတေးမင်း၏ ကောင်းမှု ပြည့်စုံ ပြီးမြောက်ခြင်း ပုညဝတောဣဒ္ဓိကြောင့် ဖြစ်ပေသည်။

သေဋ္ဌေးကြီး ၅-ဦး

ထို့ပြင် ဇောတိက သေဋ္ဌေးကြီးအတွက် မြေကြီးကို ဖောက်ခွဲ၍ ပတ္တမြား ပြာသာဒ်နှင့် ပဒေသာပင် ၆၄-ခု ထွက်ပေါ်လာခြင်း၊ မြောက်ကျွန်းသူ တုလကာယီ သေဋ္ဌေးကတော်အဖြစ် ရောက်လာခြင်း၊ ဇဋိလသေဋ္ဌေးအတွက် အတောင်ရှစ်ဆယ်ရှိသော ရွှေတောင် ပေါ်ပေါက်ခဲ့ခြင်း၊ ဃောသကသေဋ္ဌေးအား ခုနစ်နေရာ၌ သေကြောင်းကြံသော်လည်း ရောဂါမရှိ သေဘေး မငြိခြင်း၊ မေဏ္ဍကသေဋ္ဌေးအား တစ်ပယ်မျှ အရပ်၌ ရတနာခုနစ်ပါး ပြီးပြည့်စုံသော ဆိတ်ရုပ်၊ သိုးရုပ်များ ပေါ်ပေါက်ခြင်းတို့သည် ထိုသေဋ္ဌေးကြီးတို့၏ ပုညဝတောဣဒ္ဓိကြောင့်ပင် ဖြစ်သည်။
စာမျက်နှာ-408


ဘုန်းကံကြီးမားသူ ၅-ဦး

(၁) မေဏ္ဍကသေဋ္ဌေး၊
(၂) ၎င်း၏ သေဋ္ဌေးကတော် စန္ဒပဒုမသိရီ၊
(၃) ၎င်းတို့၏ သား ဓနဉ္စယသေဋ္ဌေး၊
(၄) ၎င်းတို့၏ ချွေးမ သုမနာဒေဝီ (ဓနဉ္စယသေဋ္ဌေး ကတော်)၊
(၅) ၎င်းတို့၏ ကျွန် ပုဏ္ဏ၊

ဤ ၅-ဦးတို့သည် ဘုန်းကံကြီးမားသူများ ဖြစ်ကြသည်။ ၎င်းတို့ ဘုန်းကံ ကြီးမားပုံမှာ ဤသို့ ဖြစ်သည်။

မေဏ္ဍကသေဋ္ဌေးကြီး သည် ခေါင်းလျှော်ပြီးနောက် ကောင်းကင်ကို မော်ကြည့်သောအခါ ကောင်းကင်မှ သလေးနီစပါးများ ကျလာပြီး စပါးကျီ (၁၂၅၀၀) တစ်သောင်းနှစ်ထောင်ငါးရာတို့ကို ပြည့်စေခဲ့သည်။

သေဋ္ဌေးကတော်ကြီး စန္ဒပဒုမသိရီ သည် တစ်စလယ်ချက်မျှသော ထမင်းကို သူ့လက်ဖြင့် ကိုင်၍ ကျွေးမွေး ပေးကမ်း လှူဒါန်းလျှင် ဇမ္ဗူဒိပ် တစ်ကျွန်းလုံး နေသူအားလုံး အစေ့အငှ ရရှိ၍ လူကုန်သွားသော်လည်း ထမင်းမှာမူ မကုန်သေးဘဲ ရှိနေသည်။

သေဋ္ဌေးကြီး မေဏ္ဍကနှင့် စန္ဒပဒုမသိရီတို့၏ သားဖြစ်သူ ဓနဉ္စယသေဋ္ဌေး သည်လည်း ငွေတစ်ထောင်ထုပ်ကို ကိုင်၍ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးရှိ လူအားလုံးကို ဝေပေးလျှင် လူအားလုံး အစေ့အငှ ရရှိပြီးသော်လည်း ငွေမှာမူ မကုန်သေးဘဲ ရှိနေလေသည်။

မေဏ္ဍကသေဋ္ဌေးကြီးတို့၏ ချွေးမဖြစ်သူ (ဓနဉ္စယ၏ ဇနီး) သုမနာဒေဝီ သည်လည်း စပါးပြည့်နေသော ပြည်တောင်းတစ်ခုကို ကိုင်၍ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးနေ လူအားလုံးကို ဝေပေးလျှင် လူအားလုံးအား ဝေငှပြီးသော်လည်း စပါးမှာ မကုန်သေးပေ။

မေဏ္ဍကသေဋ္ဌေးကြီး၏ ကျွန်ဖြစ်သူ လယ်သမား ပုဏ္ဏ သည်လည်း ထယ်တစ်ခုတည်းဖြင့် ထယ်ထိုးလျှင် ထယ်ရေးလမ်းကြောင်းတို့သည် ထယ်၏ ဟိုဘက် ဒီဘက် ခုနစ်ကြောင်းစီအားဖြင့် ၁၅-ကြောင်းတို့ တစ်ပြိုင်နက် ဖြစ်ပေါ်ကြသည်။
စာမျက်နှာ-409


ဤကဲ့သို့ ထူးထူးခြားခြား ပြီးမြောက်မှု သဘောများသည် ထိုသူတို့၏ ကောင်းမှုကုသိုလ် ပြည့်စုံမှု ပုညဝတောဣဒ္ဓိ ကြောင့် ဖြစ်ကြသည်။

(ဈ) ဝိဇ္ဇာမယိဒ္ဓိ

ဝိဇ္ဇာဓိုရ် (ဝိဇ္ဇာ)၊ ဇော်ဂျီ၊ တပသီ (ရသေ့) တို့ ဂါထာ မန္တန်တန်ခိုးဖြင့် မြေလျှိုး မိုးပျံ ကောင်းကင်ယံ၌ သွားလာနိုင်ခြင်းသည် ဝိဇ္ဇာမယိဒ္ဓိမည်၏။ (ဝိဇ္ဇာ+မယ၊ ဝိဇ္ဇာ = ဂါထာ မန္တန်အတတ်ပညာဖြင့် + မယ = ပြီးစီးသော)

ဝိဇ္ဇာဓိုရ်တို့သည် ဂန္ဓာရီဝိဇ္ဇာ စသော မန္တန်များကို ရွတ်ဖတ်၍ (မန္တန်စုပ်၍) ကောင်းကင်၌ သွားလာနိုင်ကြသည်။ မိုးကောင်းကင်၌ ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်၊ ခြေလျင်တပ် စသော အမျိုးမျိုးသော စစ်တပ်တို့ကို ပြနိုင်ကြသည်။

(ည) သမ္မာပယောဂပစ္စယိဒ္ဓိ

လုပ်ထုံးလုပ်နည်းအတိုင်း နည်းမှန်လမ်းမှန် ကြိုးစားအားထုတ်ခြင်းကြောင့် ထိုထိုအမှုကိစ္စ၏ ပြီးစီးပြည့်စုံခြင်းကို သမ္မာပယောဂပစ္စယိဒ္ဓိ ဟု ခေါ်သည်။ (သမ္မာ+ပယောဂ+ပစ္စယ။ သမ္မာ = မှန်ကန်စွာ + ပယောဂ = အားထုတ်မှု + ပစ္စယ = အကြောင်း)

ကာမဂုဏ်မှ ထွက်မြောက်လိုမှု “နေက္ခမ္မ” ဖြင့် ကာမစ္ဆန္ဒကို ပယ်ခြင်း၊ မေတ္တာဖြင့် ဒေါသကို ပယ်ခြင်း၊ ပဌမဈာန်စသည်ဖြင့် နီဝရဏတို့ကို ပယ်ခြင်း၊ အရဟတ္တမဂ်ဖြင့် အလုံးစုံသော ကိလေသာတို့ကို ပယ်ခြင်းသဘောတို့သည် အကျင့်ပဋိပတ်ကို နည်းလမ်းမှန်ကန်စွာအားထုတ်မှုကြောင့် ပြီးမြောက်ခြင်း သမ္မာပယောဂပစ္စယိဒ္ဓိပင် ဖြစ်သည်။

ထို့ပြင် စစ်ပညာ၊ ဆေးပညာ၊ ဗေဒင်ပညာ၊ ပိဋကတ်သုံးပုံအတတ်ပညာ၊ ထွန်ယက်စိုက်ပျိုးရေးပညာ စသည်တို့သည်လည်း ထိုထိုအရာ၌ နည်းမှန်လမ်းမှန် ကြိုးစားအားထုတ်မှုကြောင့် ပြီးမြောက်ခြင်းသဘောပင်ဖြစ်၍ သမ္မာပယောဂပစ္စယိဒ္ဓိပင် မည်၏။

ဣဒ္ဓိဝိဓတန်ခိုးဖြင့် အမျိုးမျိုး ဖန်ဆင်းနိုင်ပုံ

ဣဒ္ဓိဝိဓအဘိညာဉ် ရရှိထားသော တန်ခိုးရှင်သည် မိမိအလိုရှိရာ တန်ခိုး ဖန်ဆင်းနိုင်ရန်အတွက် ရှေးဦးစွာ အဘိညာဉ်၏ အခြေခံဖြစ်သော အဘိညာပါဒကစတုတ္ထဈာန် (ပဉ္စမဈာန်) ကို ဝင်စားရမည်။ ထိုဈာန်မှထသော
စာမျက်နှာ-410


အခါ မိမိ ဖြစ်စေလိုသည့်အတိုင်း “သတံ ဟောမိ = တစ်ရာ ဖြစ်ပါစေ။ သဟဿံ ဟောမိ = တစ်ထောင် ဖြစ်ပါစေ” စသည်ဖြင့် ပရိကံ ပြုရသည်။ ထို့နောက် တစ်ဖန် အဘိညာပါဒက စတုတ္ထဈာန် (ပဉ္စမဈာန်) ကို ဝင်စားပြန်ရမည်။ ထိုဈာန်မှထသောအခါ သန္နိဋ္ဌာပကအဓိဋ္ဌာန် (အပြီးသတ်ဆောက်တည်မှု) အဘိညာဉ်ကို ဝင်စားရမည်၊ ထိုအခါ အဓိဋ္ဌာန်စိတ်နှင့် တစ်ပြိုင်နက် မိမိဖြစ်လိုရာအတိုင်း ဖန်ဆင်းနိုင်တော့၏။ ထိုဣဒ္ဓိဝိဓအဘိညာဉ်ရ တန်ခိုးရှင်သည်—

အနည်းကို အများဖြစ်အောင် ဖန်ဆင်းနိုင်၏။
အများကို အနည်းဖြစ်အောင် ဖန်ဆင်းနိုင်၏။
ဖုံးကွယ်ဝေးခြားသည်ကို ထင်ရှား နီးနားအောင် ဖန်ဆင်းနိုင်၏။
ထင်ရှား နီးနားကို ဖုံးကွယ်ဝေးခြားအောင် ဖန်ဆင်းနိုင်၏။
အကာအကွယ် အတားအဆီး မရှိ သွားနိုင်အောင် ဖန်ဆင်းနိုင်၏။
မြေလျှိုးနိုင်အောင် ဖန်ဆင်းနိုင်၏။
မိုးပျံနိုင်အောင် ဖန်ဆင်းနိုင်၏။
ရေပေါ်သွားနိုင်အောင် ဖန်ဆင်းနိုင်၏။
လ နေတို့ကို ကိုင်တွယ် သုံးသပ်နိုင်၏။

အနည်းကို အများ၊ အများကို အနည်း ဖန်ဆင်းခြင်း

အဘိညာဉ်ရ တန်ခိုးရှင်သည် အနည်း (တစ်ယောက်တည်း) ကို အများ၊ အများကို အနည်း (တစ်ယောက်တည်း) ဖြစ်အောင် ဖန်ဆင်းရာ၌ သာဓက အဖြစ် အရှင်စူဠပန် တန်ခိုးဖန်ဆင်းပုံကိုပင် သိအပ်၏။

တစ်နေ့သ၌ ဆရာဇီဝက ဆွမ်းစားပင့်ဖိတ်ထားသဖြင့် မြတ်စွာဘုရား အမှူးရှိသော သံဃာတော်များ ဆရာဇီဝကအိမ်သို့ ဆွမ်းစားကြွတော်မူကြသည်။ ဘုရားရှင်အား ဆရာဇီဝက ယာဂုဆက်ကပ်သောအခါ ဘုရားရှင်က သပိတ်ကို လက်တော်ဖြင့် ပိတ်ထားလိုက်သည်။ ဇီဝကက အကြောင်းကို မေးမြန်း လျှောက်ထားရာ ကျောင်း၌ ရဟန်းတစ်ပါး ကျန်ရှိနေသေးကြောင်း ဘုရားရှင်က မိန့်တော်မူသည်။ ဇီဝကသည် ထိုရဟန်းအား သွားရောက်ပင့်ဆောင်ရန် အမျိုးသား တစ်ဦးကို အမြန်စေလွှတ်လိုက်၏။
စာမျက်နှာ-411


အရှင်စူဠပန်သည် မိမိအား လာရောက် ပင့်ဆောင်သူ ဒကာ ကျောင်းသို့ မရောက်မီ မိမိတစ်ပါးတည်းကို မိမိနှင့် ရုပ်သွင်သဏ္ဌာန်တူ ရဟန်းပေါင်း တစ်ထောင်အဖြစ် အဘိညာဉ်တန်ခိုးဖြင့် ဖန်ဆင်းထားသည်။ ထိုရဟန်းများ အနက် အချို့မှာ သင်္ကန်းချုပ်နေပုံ၊ အချို့မှာ သင်္ကန်းဆေးဆိုးနေပုံ၊ အချို့မှာ စာပြန်နေပုံ စသည်ဖြင့် တစ်ပါးနှင့်တစ်ပါး လှုပ်ရှားဆောင်ရွက်မှု မတူအောင် ဖန်ဆင်းထားသည်။

ထိုဒကာသည် မိမိအား အပင့်ခိုင်းစဉ်က ရဟန်းတစ်ပါးတည်းသာဟု ပြောလိုက်သော်လည်း ယခု ကျောင်း၌ တွေ့မြင်ရသည်မှာ ရဟန်းတစ်ထောင်ခန့် ရှိနေသဖြင့် ဘုရားရှင်ထံ ပြန်၍ အကျိုးအကြောင်း လျှောက်ထားရပြန်သည်။

ထိုအခါ ဘုရားရှင်က “အရှင်စူဠပန်ကို ဘုရားရှင် ခေါ်နေပါသည်” ဟု လျှောက်ရန် မိန့်တော်မူသဖြင့် ကျောင်းသို့ သွားရောက် လျှောက်ထားရာ ရဟန်းအားလုံးက “ငါ စူဠပန်၊ ငါ စူဠပန်” ဟု ဝိုင်းအုံ၍ နှုတ်ခွန်းဆက်ကြပြန်သည်။

ထိုဒကာအနေဖြင့် အဘယ်ကိုယ်တော်သည် ရှင်စူဠပန်အစစ် ဖြစ်သည်ကို မဝေခွဲနိုင်ကြောင်း ပြန်လည် လျှောက်ထားရာ ဘုရားရှင်က “ပထမဆုံး ပြောသော ရဟန်းကို သင်္ကန်းစဆွဲပြီး ‘အရှင့်အား ဘုရားရှင် ခေါ်တော်မူသည်’ ဟု ပြော၍ ပင့်လာရန် မိန့်ကြားတော်မူသည့်အတိုင်း တစ်ဖန် သွားရောက်၍ ပင့်ရပြန်သည်။ “ငါ စူဠပန်” ဟု ပထမဦးဆုံး ပြောသော ရဟန်း၏ သင်္ကန်းစကို ဆွဲကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် ဖန်ဆင်းထားသော နိမ္မိတရုပ်ပွား ရဟန်းများ အားလုံး ကွယ်ပျောက်သွားလေတော့သည်။

ဣဒ္ဓိဝိဓ အဘိညာဉ် တန်ခိုးဖြင့် တစ်ယောက်တည်းမှ အများဖြစ်အောင် ဖန်ဆင်းရာ၌ “သတံ ဟောမိ = တစ်ရာဖြစ်ပါစေ၊ သဟဿံ ဟောမိ = တစ်ထောင်ဖြစ်ပါစေ” စသည်ဖြင့် ပရိကံပြု၍ ဖန်ဆင်းရသည်။

တစ်ဖန် ထိုဖန်ဆင်းထားသော ရဟန်းတို့တွင် တစ်ပါးနှင့်တစ်ပါး ရုပ်အသွင်သဏ္ဌာန် တူကြသော်လည်း လုပ်ဆောင်ပုံချင်း မတူအောင်—
“ဤမျှလောက်သော ရဟန်းတို့ ပထမအရွယ် ဖြစ်ကြပါစေသတည်း”
“ဤမျှလောက်သော ရဟန်းတို့ သင်္ကန်းချုပ်နေကြပါစေသတည်း”
စသည်ဖြင့် မိမိဖန်ဆင်းလိုတိုင်း ပရိကံတစ်ခုစီကို ပြု၍ ဖန်ဆင်းရသည်။
စာမျက်နှာ-412


တစ်ပါးတည်းမှ အများဖြစ်အောင် ဖန်ဆင်းထားသည်ကို ပိုင်းခြား သတ်မှတ်ထားသော အချိန်ကာလ မစေ့ရောက်မီ တန်ခိုးကို ရုပ်သိမ်းလိုမှု (ဝါ) အများကို တစ်ပါးတည်း ဖြစ်စေလိုမှု “ဧကော ဟောမိ = တစ်ပါးတည်း ဖြစ်စေသတည်း” ဟု ပရိကံပြု၍ ဖန်ဆင်းရသည်။ ထိုသို့မဟုတ်လျှင်လည်း ပိုင်းခြား သတ်မှတ်ထားသော တန်ခိုး ဖန်ဆင်းရာ အချိန်ကာလ စေ့ရောက်ပါက ဖန်ဆင်းထားသည့် နိမ္မိတရုပ်ပွား အားလုံး အလိုအလျောက် ကွယ်ပျောက်သွားကြသည်။

ဖုံးကွယ်သည်ကို ထင်ရှားအောင်၊ ဝေးကွာသည်ကို နီးလာအောင် ဖန်ဆင်းခြင်း

ဣဒ္ဓိဝိဓ အဘိညာဉ် ရရှိထားသော တန်ခိုးရှင်သည် အမိုက်မှောင်ကိုလည်း အလင်းရောင် ဖြစ်အောင် ပြုနိုင်၏။ ဖုံးကွယ်နေသည်ကိုလည်း ဟင်းလင်း ပွင့်အောင် ထင်ရှားအောင် ပြုနိုင်၏။ ဝေးခြားနေသည်ကိုလည်း အနီးအနား ဖြစ်အောင် ပြုနိုင်၏။ ယင်းသို့ပြုရာ၌ အဘိညာပါဒက စတုတ္ထဈာန်မှထ၍ အမိုက်မှောင်သည် အလင်းဖြစ်စေသတည်း၊ ဖုံးကွယ်နေသော အရာသည် ဟင်းလင်း ထင်ရှားစေသတည်း၊ ဝေးခြားနေသောအရာသည် အနီးအနား၌ ဖြစ်စေသတည်းဟု ပရိကံပြု၍ ဖန်ဆင်းရသည်။ ထိုအခါ အမိုက်မှောင်မှ အလင်းရောင် ဖြစ်လာသည်၊ ဖုံးကွယ်နေရာမှ ဟင်းလင်းပွင့်၍ ထင်ရှားလာသည်၊ ဝေးခြားနေရာမှ အနီးအနားသို့ ရောက်ရှိလာသည်။ သူတစ်ပါးကလည်း မိမိကို မြင်စေရန်၊ မိမိကလည်း သူတစ်ပါးကိုမြင်ရန် ဖန်ဆင်းနိုင်၏။

သာဓကအားဖြင့် ဘုရားရှင်သည် အနာထပိဏ်သေဋ္ဌေး၏ သမီးဖြစ်သူ စူဠသုဘဒ္ဒါ ပင့်လျှောက်သဖြင့် ဝိသကြုံနတ်သား ဖန်ဆင်းသည့် ပြာသာဒ် ယာဉ်ပျံ ငါးရာတို့ဖြင့် သာဝတ္ထိမြို့မှ ခုနစ်ယူဇနာဝေးသော သာကေတမြို့သို့ ကြွတော်မူသည်။ ထိုအခါ သာကေတ မြို့သူမြို့သားများနှင့် သာဝတ္ထိ မြို့သူမြို့သားများ အချင်းချင်း အပြန်အလှန် မြင်ရအောင် ဘုရားရှင်ကိုယ်တော်တိုင် အဓိဋ္ဌာန် ဖန်ဆင်းတော်မူသည်။ သာကေတမြို့အလယ်၌ ပြာသာဒ်ယာဉ်ပျံမှ သက်ဆင်းတော်မူပြီးနောက် အဝီစိငရဲကို မြင်ရအောင် မြေကို နှစ်ခြမ်းခွဲ၍ ပြတော်မူသည်။ ကောင်းကင်၌လည်း ဗြဟ္မာ့ပြည်ကို မြင်ရအောင် ပြတော်မူသည်။
စာမျက်နှာ-413


ထင်ရှားသည်ကို ဖုံးကွယ်အောင်၊ နီးသည်ကို ဝေးအောင် ဖန်ဆင်းခြင်း

ဣဒ္ဓိဝိဓ အဘိညာဉ်ရသော တန်ခိုးရှင်သည် ထင်ထင်ရှားရှား ရှိနေသည်ကိုလည်း ဖုံးကွယ်သွားအောင် ပြုနိုင်သည်။ အနီးအနား၌ ရှိနေသည်ကိုလည်း မမြင်ရအောင်၊ ဝေးခြားအောင် ပြုနိုင်သည်။ အနီးအနား၌ ရှိနေသော မိမိကို လည်းကောင်း၊ သူတစ်ပါးကို လည်းကောင်း မမြင်ရအောင် ပြုနိုင်သည်။

ယင်းသို့ ပြုရာ၌ တန်ခိုးရှင်သည် အဘိညာဉ်၏ အခြေခံဖြစ်သော စတုတ္ထဈာန်မှထ၍ အမိုက်တိုက် ဖြစ်စေသတည်း၊ ထင်ရှားနေသောအရာသည် ဖုံးကွယ်သွားစေသတည်း၊ အနီးအနားသည် အဝေးအခြား ဖြစ်စေသတည်းဟု ပရိကံပြု၍ အဓိဋ္ဌာန်ရသည်။ ထိုအဓိဋ္ဌာန်စိတ်နှင့် တစ်ပြိုင်နက် မိမိဖြစ်စေလိုသည့်အတိုင်း ဖြစ်သွားသည်။

သာဓကအားဖြင့် ဗာရာဏသီ သေဋ္ဌေးကြီးနှင့် သေဋ္ဌေးကတော် သုဇာတာတို့၏ တစ်ဦးတည်းသောသား ယသသည် နွေ၊ မိုး၊ ဆောင်းအလိုက် စံနန်းသုံးဆောင်တို့ဖြင့် ခမ်းနား ကြီးကျယ်စွာ စည်းစိမ်ခံစား နေရသော်လည်း လောကီအာရုံ ကာမဂုဏ် အပေါ်၌ ငြီးငွေ့လာသည်။ ထို့ကြောင့် တစ်နေ့သော ကာလ မိုးမလင်းမီ အချိန်တွင် အိမ်မှ ထွက်၍ မိဂဒါဝုန် တောဘက်သို့ ရွှေခြေနင်းစီးလျက် တစ်ဦးတည်း ထွက်လာခဲ့သည်။

ဘုရားရှင်သည်လည်း ယသ၏ အကြောင်းကို သိမြင်တော်မူသဖြင့် စင်္ကြံမှ သက်ကာ ယသကို စောင့်မျှော်လျက် ထိုင်နေတော်မူသည်။ ယသ သေဋ္ဌေးသားသည် ဘုရားရှင်ထံ ရောက်၍ ဘုရားရှင် ဟောကြားသော တရားတော်ကို နာကြားရသဖြင့် သောတာပန် တည်လေသည်။ အိမ်၌ကား ယသ ပျောက်၍ မိဘများ ပူပင်သောက ရောက်နေကြပြီ။ စံနန်းသုံးဆောင် နေရာအနှံ့ ရှာသော်လည်း ယသကို မတွေ့ရပေ။ သို့ဖြစ်ရာ ဖခင် သေဋ္ဌေးကြီးသည် အရပ်လေးမျက်နှာသို့ မြင်းစီးသူရဲများ လွှတ်၍ အရှာခိုင်းသည်။ ကိုယ်တိုင်မူကား မိဂဒါဝုန်တောဘက်သို့ သားကို ရှာရန် ထွက်လာခဲ့သည်။

သေဋ္ဌေးကြီးသည် တစ်နေရာသို့အရောက်တွင် သားယသ စီးနင်းသွားသော ရွှေခြေနင်းရာကို တွေ့လိုက်ရသဖြင့် မျက်ခြည်မပြတ် ခြေရာခံကာ လိုက်ရှာတော့၏။ ဘုရားရှင်သည် ယသ၏ ဖခင်သေဋ္ဌေးကြီး လာနေသည်ကို အဝေးမှပင် မြင်တော်မူသဖြင့် မဂ်ဖိုလ်အတွက် အနှောင့်အယှက် မဖြစ်စေရန် ယသနှင့် သားအဖ အချင်းချင်း မမြင်ရအောင် အဘိညာဉ် တန်ခိုးဖြင့် ဖုံးကွယ်ထားတော်မူသည်။
စာမျက်နှာ-414


သေဋ္ဌေးကြီးက “အရှင်ဘုရား၊ တပည့်တော်၏သား ယသကို တွေ့မြင်လိုက်ပါသလား” ဟု မေးရာ ဘုရားရှင်က “သင်၏ သားကို တွေ့လိုလျှင် ဤနေရာ၌ ခဏ ထိုင်ဦးလော့၊ ဤနေရာ၌ ထိုင်နေရင်းပင် အနီးအနားတွင် သင်၏ သားကို တွေ့မြင်ရလိမ့်မည်” ဟု မိန့်တော်မူသဖြင့် သေဋ္ဌေးကြီး ဝမ်းသာသွားသည်။

သေဋ္ဌေးကြီး ထိုင်ပြီးသောအခါ ဘုရားရှင်သည် တရားတော်ကို ဆက်လက်၍ ဟောကြားတော်မူရာ သေဋ္ဌေးကြီးမှာလည်း သောတာပန်တည်လေတော့သည်။ ယသသည် ဖခင်ကြီးအား ဘုရားရှင် တရားဟောနေစဉ်မှာပင် မိမိ သိမြင်ခဲ့သော တရားကျင့်စဉ် အတိုင်း သစ္စာလေးပါးကို သုံးသပ်ဆင်ခြင်ရာ ရဟန္တာ အဖြစ်သို့ ရောက်ရှိလေသည်။ ထိုစဉ် ဘုရားရှင်သည် သားအဖ အချင်းချင်း မမြင်ရအောင် ဖန်ဆင်းထားသော တန်ခိုး အစီအရင်ကို ရုပ်သိမ်းတော်မူပြီး သားအဖ အချင်းချင်း မြင်ကြစေသတည်းဟု အဓိဋ္ဌာန်ပြုတော်မူလိုက်ရာ သေဋ္ဌေးကြီးမှာ မိမိနှင့် အနီးကပ် ထိုင်နေသော သားယသကို ဘွားခနဲ တွေ့မြင်လိုက်ရသဖြင့် အလွန်ပင် ဝမ်းမြောက် ဝမ်းသာ ဖြစ်ရလေတော့သည်။

အကာအကွယ် အတားအဆီးမရှိ သွားနိုင်အောင် ဖန်ဆင်းခြင်း

ဣဒ္ဓိဝိဓ အဘိညာဉ်ရသော တန်ခိုးရှင်သည် ကောင်းကင်ပြင်မှာကဲ့သို့ အငြိအထွယ် မရှိဘဲ နံရံကိုလည်း ဖောက်ထွက်၍ သွားနိုင်၏။ တံတိုင်းကိုလည်း ဖောက်ထွက်၍ သွားနိုင်၏။ တောင်ကိုလည်း ဖောက်ထွက်၍ သွားနိုင်၏။ မည်သည့် အရာဖြင့် ပြုလုပ်ထားသော မည်မျှ ကြီးမား ထူပြောသော နံရံ တံတိုင်း ဖြစ်စေ၊ မည်မျှ ကြီးမားသော သံတောင် ကျောက်တောင်ပင် ဖြစ်စေ ဖောက်ထွင်းနိုင်၏။

သို့ရာတွင် ထိုနံရံ၊ တံတိုင်း၊ တောင်တို့ကို ဖောက်ထွင်း သွားလာလိုသော တန်ခိုးရှင်သည် အာကာသကသိုဏ်း ဈာန်ကို ဝင်စားပြီး ထိုဈာန်မှ ထလျှင် မိမိ ဖောက်ထွင်း သွားလိုသော နံရံ စသည်တို့ကို “အပေါက် အခေါင်း ဟင်းလင်း အာကာသ ဖြစ်စေသတည်း” ဟု ပရိကံ ပြု၍ အဓိဋ္ဌာန် ရသည်။ ထိုအဓိဋ္ဌာန် စိတ်နှင့် တစ်ပြိုင်နက် နံရံ စသည်၌ တန်ခိုးရှင် အတွက် ထုတ်ချင်းပေါက်လေတော့သည်။

နံရံ၊ တံတိုင်း စသည်ကို ထုတ်ချင်းပေါက် အာကာသဖြစ်အောင် ဖန်ဆင်း ရာ၌ “ပင်ကို ပကတိအားဖြင့် အာကာသ ကသိုဏ်းကို နိုင်နင်းစွာ ရရှိသူ၊ ဝင်စားနိုင်သူ ဖြစ်ရမည်” ဟု ပဋိသမ္ဘိဒါမဂ်၌ ဖော်ပြ၏။ မဟာဋီကာ၌ကား ပထဝီကသိုဏ်းစသော ကသိုဏ်းတစ်ပါးပါး၌ ကသိုဏ်းဈာန်ဝင်စား၍ အဓိဋ္ဌာန်လျှင် ဖြစ်ကြောင်း၊ သမာပတ် ရှစ်ပါး၌ ဝသီဘော်မြောက်ခြင်း သည်သာ ပမာဏဖြစ်ကြောင်း ဖော်ပြထားသည်။
စာမျက်နှာ-415


မြေလျှိုးနိုင်အောင် ဖန်ဆင်းခြင်း

မြေလျှိုးခြင်းကို ပါဠိစာပေတွင် မြေ၌ ပေါ်ခြင်း၊ ငုပ်ခြင်းဟု သုံးသည်။ ဣဒ္ဓိဝိဓ အဘိညာဉ်ရသော တန်ခိုးရှင်သည် မြေကြီးထဲ၌လည်း ငုပ်လျှိုး သွားလာနိုင်သည်။ တစ်ဖန် မြေကြီးထဲမှလည်း ပေါ်ထွက်လာနိုင်သည်။ ထိုသို့ မြေကြီးထဲ၌ ပေါ်ခြင်း ငုပ်ခြင်းကို ဖန်ဆင်းနိုင်ရန် အတွက် အာပေါကသိုဏ်းကို အဘိညာပါဒက ဈာန်အထိ ဝင်စားရသည်။ ထိုဈာန်မှ ထလျှင် မိမိ အလိုရှိသလောက် ဤမျှသော အရပ်၌ မြေသည် ရေဖြစ်စေသတည်းဟု ပရိကံပြု၍ အဓိဋ္ဌာန် ရသည်။ ယင်းသို့ အဓိဋ္ဌာန်သည်နှင့် တစ်ပြိုင်နက် မြေသည် ရေဖြစ်သွားတော့၏။

တန်ခိုးရှင်သည် ထိုရေ၌ ငုပ်ခြင်း၊ ပေါ်ခြင်းကို ပြုနိုင်လေသည်။ ဤမျှသာမက ထိုရေ၌ ရေချိုးခြင်း၊ သောက်ခြင်း၊ မျက်နှာသစ်ခြင်း စသည်တို့ကိုလည်း ပြုလုပ်နိုင်သည်။ ရေသာမက အလိုရှိလျှင် ထောပတ်၊ ဆီ၊ ပျား၊ တင်လဲ စသည် ဖြစ်အောင်လည်း ဖန်ဆင်းနိုင်သည်။ ထိုဖန်ဆင်းထားသော ထောပတ် စသည်ကို စား၍လည်း ရသည်။

တန်ခိုးရှင်သည် မြေကို ဖန်ဆင်းထားသော ရေ၌ စိုစေလိုလျှင် စို၏။ မစိုစေလိုလျှင် မစို။ ထိုမြေသည် ဖန်ဆင်းရှင် အတွက်သာ ရေဖြစ်နေ၏။ အခြားသူတို့ အတွက်ကား မြေသာ ဖြစ်၏။ အခြားသူတို့ အတွက်လည်း ကာလ အပိုင်းအခြားဖြင့် မြေကို ရေအဖြစ် ဖန်ဆင်း နိုင်သည်။ အချိန် ကာလ စေ့လျှင် မြေသာလျှင် ပြန်ဖြစ်သွားသည်။

မြေ၌ ပေါ်ခြင်း၊ ငုပ်ခြင်းကို ပြုရာတွင် အရှင်အာနန္ဒာကို သာဓကအဖြစ် ထုတ်ပြပါဦးမည်။

ဘုရားရှင် ပရိနိဗ္ဗာန် စံပြီးနောက် သုံးလကျော်ရောက်သော တစ်နေ့တွင် အရှင်မဟာကဿပ အမှူးရှိသော ရဟန္တာ ငါးရာတို့ ပထမ သံဂါယနာ တင်ကြမည် ဖြစ်သည်။ ထိုသံဂါယနာ တင်ပွဲတွင် အရှင်အာနန္ဒာ မပါ၍ မဖြစ်ပေ။ သို့သော် အရှင်အာနန္ဒာမှာ ရဟန္တာမဖြစ်သေးသဖြင့် ရဟန္တာ တို့ချည်း ပြုလုပ်မည့် သံဃာ့အစည်းအဝေးသို့ ကြွရောက်ရန် မသင့်လျော်ပေ။ သံဃာငါးရာအတွက် နေရာခင်းထားရာတွင် သံဃာစုံသောအခါ သံဃာ တစ်ပါးစာ နေရာ လစ်လပ်နေသည်။ အချို့သံဃာများက “ဤနေရာ မည်သူ့ အတွက်နည်း” ဟု မေးရာ တစ်ပါးက အရှင်အာနန္ဒာအတွက် ဖြစ်ကြောင်း ဖြေကြားသည်။ အရှင်အာနန္ဒာ ဘယ်ကြွနေသနည်းဟု မေးရာ ဖြေမည့်သူ မရှိတော့ချေ။
စာမျက်နှာ-416


ထိုအချိန်တွင် အရှင်အာနန္ဒာသည် ရဟန္တာဖြစ်ပြီး၍ မိမိ၏ တန်ခိုးအာနုဘော်ကို ပြလိုသောကြောင့် အဘိညာဉ်တန်ခိုးဖြင့် မြေကြီးထဲသို့ ငုပ်လျှိုးသွားပြီး အစည်းအဝေးအတွင်း၌ မြေမှ ဘွားခနဲပေါ်၍ မိမိအတွက် ခင်းထားသော နေရာ၌ ထိုင်တော်မူလေသည်။

ကောင်းကင်၌ သွားလာနိုင်ခြင်း

ဣဒ္ဓိဝိဓအဘိညာဉ်ရသော တန်ခိုးရှင်သည် ငှက်ကဲ့သို့ ကောင်းကင်၌ ပျံသန်း သွားလာနိုင်၏။ အလိုရှိလျှင် ထိုင်လျက်၊ လျောင်းလျက်လည်း လေထဲ၌ ရွေ့လျား သွားလာနိုင်သည်။ ပကတိလူတို့ ပကတိမြေပေါ်၌ သွား ရပ် ထိုင် လျောင်း ပြုသကဲ့သို့ ကောင်းကင်၌ သွားနိုင်၊ ရပ်နိုင်၊ ထိုင်နိုင်၊ လျောင်းနိုင် သည်။

ကောင်းကင်၌ သွားလာလိုသော တန်ခိုးရှင်သည် ပထဝီကသိုဏ်းသမာပတ်ကို နိုင်နင်းစွာ ဝင်စားနိုင်သူ ဖြစ်ရမည်။ ပထဝီကသိုဏ်းကို အဘိညာပါဒက (အဘိညာဉ်၏ အခြေခံ) စတုတ္ထဈာန်အထိ ဝင်စားပြီးနောက် ကောင်းကင်ကို “မြေဖြစ်စေသတည်း” ဟု အဓိဋ္ဌာန်ပြုရသည်။ ယင်းသို့ အဓိဋ္ဌာန်ပြု၍ ဖြစ်ပေါ် လာသော ကောင်းကင်မြေပြင်၌ အလိုရှိသလို လမ်းလျှောက်သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းခြင်းကို ပြုလုပ်နိုင်သည်။

ကောင်းကင်၌ သွားလာလိုသော တန်ခိုးရှင်သည် ဣဒ္ဓိဝိဓအဘိညာဉ် သာမက ဒိဗ္ဗစက္ခုအဘိညာဉ်ကိုပါ ရရှိရန် လိုအပ်သည်။ အဘယ်ကြောင့် ဆိုသော် ကောင်းကင်၌ ဖြစ်ပေါ်တတ်သော ရာသီဥတုအန္တရာယ်၊ နဂါး ဂဠုန် စသည်တို့၏ အန္တရာယ်ကို မြင်နိုင်ရန်ဖြစ်သည်။ ထို့ပြင် ကောင်းကင်မှ မြေပြင်သို့ သက်ဆင်းလိုသောအခါ မသင့်လျော်သော ရေချိုးဆိပ်၊ ရွာတံခါး စသည်တို့၌ မသက်ဆင်းမိရန် ဒိဗ္ဗစက္ခုဖြင့် ကြည့်ရှု၍ လူသူဆိတ်ကွယ်ရာ၌ ဆင်းသက်ရမည် ဖြစ်သည်။

ရေပေါ်၌ သွားနိုင်ခြင်း

ဣဒ္ဓိဝိဓအဘိညာဉ်ရသော တန်ခိုးရှင်သည် မြေပေါ်မှာကဲ့သို့ ရေပေါ်၌လည်း သွားလာနိုင်သည်။ သွားရုံသက်သက် မဟုတ်ဘဲ ကြိုက်နှစ်သက်ရာ ဣရိယာပုထ်ဖြင့် နေထိုင်နိုင်သည်။ ယင်းသို့ ရေပေါ်၌ သွား ရပ် ထိုင် လျောင်း လိုသော တန်ခိုးရှင်သည် ပထဝီကသိုဏ်းကို အဘိညာပါဒက (အဘိညာဉ်၏ အခြေခံ) စတုတ္ထဈာန်ထိအောင် ဝင်စား၍ “ရေပြင်သည် မြေပြင် ဖြစ်စေသတည်း” အဓိဋ္ဌာန်ရသည်။ ယင်းသို့ အဓိဋ္ဌာန်လိုက်သည်နှင့် တစ်ပြိုင်နက် ပကတိရေပြင်သည် တန်ခိုးရှင်အတွက် မြေပြင် ဖြစ်သွားတော့သည်။ ထိုမြေပြင်၌ မိမိ
စာမျက်နှာ-417


ကြိုက်နှစ်သက်ရာ ဣရိယာပုထ်ဖြင့် လှုပ်ရှားသွားလာနိုင်သည်။ တွေ့မြင်ရသော သူတို့အဖို့မှာ ရေပြင်၌ သွားနေသည်၊ ထိုင်နေသည်၊ ရပ်နေသည်၊ လျောင်းနေသည်ဟု ထင်မြင်ရသည်။

ရေပြင်ကို မြေပြင်ဖြစ်အောင် ဖန်ဆင်းရာတွင် မြေသက်သက်မျှသာ မဟုတ်ဘဲ ထိုမြေ၌ ပတ္တမြား၊ ရွှေ၊ ငွေ၊ သစ်ပင် အလိုရှိရာကိုလည်း ဖန်ဆင်းနိုင်၏။ ထိုမြေသည် ဖန်ဆင်းသူ တန်ခိုးရှင်အတွက်သာ ဖြစ်ပြီး အခြားလူများအတွက်ကား ရေသာလျှင် ဖြစ်သည်။ ထိုတန်ခိုးရှင်သည် ရေပေါ်၌သာမဟုတ်၊ ရေထဲ၌လည်း ငုပ်လျှိုးသွားလာနိုင်သည်။

ဣဒ္ဓိဝိဓအဘိညာဉ်တန်ခိုး ဖန်ဆင်းခြင်းနှင့် စပ်လျဉ်း၍ ကိုရင် သံဃရက္ခိတ အကြောင်းကို ဖော်ပြပါမည်။

သိကြားမင်း၏ ပြာသာဒ်ကို ခြေကြားဖြင့် ညှပ်၍ လှုပ်ပြခြင်း

ကိုရင်လေး ရှင်သံဃရက္ခိတသည် အရှင်မဟာနာဂမထေရ်၏ တူဖြစ်ပြီး ရှင်ပြုရန် ဆံချစဉ်မှာပင် ရဟန္တာဖြစ်ခဲ့သည်။ ထိုကိုရင်လေးသည် အဘိညာဉ်တန်ခိုးနှင့်လည်း ပြည့်စုံသည်။ ရဟန္တာဖြစ်ပြီးသည်နှင့် “ကိုရင်လေး စဉ်းစားဆင်ခြင်မိသည်မှာ—

ဤသာသနာတော်၌ ရှင်ရဟန်းပြုသည့်နေ့မှာပင် ရဟန္တာဖြစ်ပြီး သိကြားမင်း၏ ဝေဇယန္တာပြာသာဒ်ကို လှုပ်ဖူးသော ရဟန်းတော်များ ရှေးက ရှိခဲ့ဖူးသလော”
ဟူ၍ ဖြစ်သည်။

ထိုသို့ စဉ်းစားဆင်ခြင်ရာ တစ်ပါးမျှ မရှိခဲ့ဖူးသည်ကို သိ၍ “ငါ လှုပ်ပြမည်” ဟု ကြံကာ အဘိညာဉ်တန်ခိုးဖြင့် ချက်ချင်း တာဝတိံသာနတ်ပြည်သို့ ကြွလေသည်။ တာဝတိံသာသို့ ရောက်လျှင် သိကြားမင်း၏ ဝေဇယန္တာပြာသာဒ် အပေါ်၌ ရပ်ပြီး ပြာသာဒ်ကြီးကို လက်ဖြင့်လှုပ်၊ ခြေဖြင့်လှုပ်၍ စမ်းကြည့်ရာ လှုပ်မရဘဲ ဖြစ်နေသည်။ ထိုအခါ သိကြားမင်း၏ ဇနီးနှင့် နတ်သမီးတို့က—

“သားမောင် ကိုရင်လေး ... သားမောင်ဟာ ဦးခေါင်းမှာ မိခင် ဝမ်းဗိုက်နံ့တောင်မှ မပျောက်သေးဘူး (ခုမှ မွေးကင်းစဟု ဆိုလိုသည်)၊ နတ်ပြည်လာပြီး ဝေဇယန္တာပြာသာဒ်ကြီးကို လှုပ်ရမ်းရသလား၊ အဘယ်မှာ ဖြစ်နိုင်ပါမည်လဲ ကိုရင်၊ ဝေဇယန္တာပြာသာဒ်ကြီးဟာ ခိုင်မာသော အဆောက်အအုံကြီး မဟုတ်ပါလား”
ဟု ပြောဆို လှောင်ပြောင်ကြသည်။
စာမျက်နှာ-418


ကိုရင်လေးသည် နတ်သမီးများ၏ လှောင်ပြောင်မှုကို ခံရသောအခါ “ငါ ဆရာ့နည်းကို အပြည့်အစုံမရခဲ့၍သာ ဤသို့လှောင်ပြောင်ခြင်း ခံရသည်” ဟု သဘောပေါက်ကာ ဦးလေးတော် ဆရာဖြစ်သော အရှင်မဟာနာဂမထေရ်ကြီးကို သတိရလေသည်။ ဆရာမြတ် မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို အဘိညာဉ်ဖြင့် ဆင်ခြင်ကြည့်ရှုရာ သမုဒ္ဒရာအတွင်း၌ လိုဏ်ဂူဖန်ဆင်း၍ သီတင်းသုံးနေတော်မူသည်ကို သိမြင်လေသည်။

ကိုရင်လေးသည် ချက်ချင်းပင် ဆရာမထေရ်မြတ် သီတင်းသုံးနေရာ သမုဒ္ဒရာထဲသို့ အဘိညာဉ်တန်ခိုးဖြင့် သွားရောက်၍ မထေရ်ကြီးအား ရှိခိုးကန်တော့ကာ မထေရ်ကြီးရှေ့မှောက်၌ ရပ်နေလေသည်။ ထိုအခါ မထေရ်ကြီးက—

“ချစ်သား သင်သည် စစ်ပညာမတတ်သေးဘဲ အဘယ့်ကြောင့် စစ်ကို အလျင် ထိုးချင်ဘိသနည်း”
ဟု ဆီး၍ မိန့်တော်မူပြီး “ချစ်သား၊ သင်သည် ဝေဇယန္တာပြာသာဒ်ကြီးကို မလှုပ်နိုင်ခဲ့ဘူးမဟုတ်လား” ဟု မေးတော်မူရာ ကိုရင်လေးကလည်း “ဆရာ့နည်းကို အပြည့်အစုံမရ၍ မလှုပ်ပြနိုင်ခဲ့ပါကြောင်း” အမှန်အတိုင်း လျှောက်ထားလေသည်။ ထိုအခါ မထေရ်ကြီးက—

“ချစ်သား သင်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှ မလှုပ်ပြနိုင်လျှင် ဤလောက၌ အဘယ်ပုဂ္ဂိုလ် လှုပ်ပြနိုင်ပါမည်နည်း၊ ချစ်သား၊ သင်မြင်ဖူးသည် မဟုတ်လော၊ ရေပေါ်၌ ပေါ်လောပေါ်ပြီး မျောနေသော နွားချေးခြောက်များ၊ ထို့ပြင် ဆီပူအိုးကင်းနှင့် မုန့်ကြော်ရာတွင် ဆီတွေ အိုးကင်းဘေးပတ်လည်၌ နယ်နိမိတ်ခြားနေသည်ကို တွေ့မြင်ဖူးသည် မဟုတ်လော၊ ဤမျှလောက် နည်းပေးလျှင် ချစ်သား နားလည်လောက်ပါပြီ”
ဟု မိန့်ကြားတော်မူသည်။

ကိုရင်လေး ရှင်သံဃရက္ခိတသည် “ဤမျှလောက်ဆိုလျှင် နည်းရပါပြီဘုရား” ဟု လျှောက်ထားကာ အာပေါကသိုဏ်း အာရုံရှိသော ဈာန်သမာပတ်ကို ဝင်စား၍ ဝေဇယန္တာပြာသာဒ်တည်ရာ တစ်ပြင်လုံးကို ရေဖြစ်အောင် အဓိဋ္ဌာန်ပြီးနောက် တာဝတိံသာနတ်ပြည်သို့ ပြန်တက်လေသည်။
စာမျက်နှာ-419


နတ်သမီးများသည် ကိုရင်လေး ပြန်ကြွလာသည်ကို မြင်ကြသောအခါ “ကိုရင်လေး တစ်ခေါက်ပြန်ကြွလာပြန်ပြီလား၊ အရင်တစ်ခါ လှောင်ပြောင်လွှတ်လိုက်တာ မမှတ်မိသေးဘူးထင်တယ်” ဟု ဝိုင်း၍ ပြောဆိုကြသည်။ ထိုအခါ သိကြားမင်းက—

“ရှင်မတို့ ထိုသားတော် ကိုရင်လေးကို ယခုအထိ ပြောဆို လှောင်ပြောင်နေကြတုန်းဘဲလား၊ ကိုရင်လေး သူ့ဆရာဆီက နည်းရလာပြီ။ မကြာမီ ဤပြာသာဒ်ကြီးကို လှုပ်ရမ်းပြလိမ့်မယ်။ ကိုရင်လေးကို အထင်သေးသည့်သဘောနှင့် မထီလေးစား မပြောကြနဲ့”
ဟု တားမြစ်လေသည်။

သိကြားမင်း တားမြစ်၍ မပြီးဆုံးမီမှာပင် ကိုရင်လေးသည် ဝေဇယန္တာပြာသာဒ်ကြီး၏ အထွက်ထုပိကာကို ခြေမကြားဖြင့်ညှပ်ကာ သွက်သွက်ခါအောင် လှုပ်ရမ်းပြလေသည်။ ထိုအခါ စောစောက လှောင်ပြောင်ကြသော နတ်သမီးများမှာ အလွန်တရာ ကြောက်လန့် တုန်လှုပ်ခြောက်ခြားကာ—

“ကိုရင်လေးဘုရား သိကတော်မူပါ၊ ဆက်ပြီး မလှုပ်ပါလေနဲ့ဘုရား၊ ရပ်ပေးတော်မူပါ၊ ကြောက်လှပါပြီ ဘုရား”
ဟု အော်ဟစ် တောင်းပန်ကြသည်။ ကိုရင်လေးသည် နတ်သမီးများတောင်းပန်သဖြင့် ပြာသာဒ်ကြီးကို နေမြဲတိုင်း တည်နေစေပြီးနောက် ပြာသာဒ်ထိပ်ဖျား၌ ရပ်တော်မူကာ—

“ငါသည် ရှင်သာမဏေပြုရာနေ့မှာပင် ရဟန္တာဖြစ်ပြီး ထိုနေ့မှာပင် သိကြားမင်း၏ ဝေဇယန္တာပြာသာဒ်ကြီးကို လှုပ်ပြနိုင်ခဲ့ပေပြီ၊ ဘုရား၊ တရားနှင့် သံဃာအရှင်မြတ်တို့၏ ဂုဏ်ကျေးဇူးကား အံ့ဩဖွယ်ရာ ထူးခြား မြင့်မြတ်ပါပေစွတကား”
ဟု ဥဒါန်းကျူးတော်မူလေသည်။

နေလတို့ကို ကိုင်တွယ်သုံးသပ်နိုင်ခြင်း

ဣဒ္ဓိဝိဓအဘိညာဉ်ရသော တန်ခိုးရှင်သည် အလိုရှိပါက လ နေတို့ကိုလည်း လက်ဖြင့် ကိုင်တွယ် သုံးသပ်နိုင်၏။ ထိုသို့ လနေတို့ကို ဤလူ့ပြည်၌ပင် ကိုင်တွယ် သုံးသပ်လိုသောအခါ ကသိုဏ်းတစ်ပါးပါး၌ အဘိညာပါဒက (အဘိညာဉ်၏ အခြေခံ) စတုတ္ထဈာန်တိုင်အောင် ဝင်စားရသည်။ ထိုဈာန်မှ ထလျှင် လနှင့်နေတို့ကို အာရုံပြု ဆင်ခြင်၍ မိမိ၏ တစ်တောင့်ထွာအတွင်း၌
စာမျက်နှာ-420


ဖြစ်စေသတည်းဟု ဉာဏ်ဖြင့် အဓိဋ္ဌာန်ရသည်။ ယင်းသို့ အဓိဋ္ဌာန်လိုက်သည်နှင့် တစ်ပြိုင်နက် (အပွားဖြစ်သော) လနှင့် နေတို့သည် အညှာမှ ပြုတ်ကျသော ထန်းသီးကဲ့သို့ တန်ခိုးရှင်၏ တစ်တောင့်ထွာ အတွင်း၌ ဖြစ်လာ၏။ ထိုအခါ တန်ခိုးရှင်သည် လ၊ နေတို့ကို ထိုင်လျက်ဖြစ်စေ၊ လျောင်းလျက်ဖြစ်စေ လက်ဖြင့် ကိုင်တွယ်သုံးသပ်နိုင်တော့၏။ ထိုမျှမကသေး၊ အလိုရှိလျှင် လ နေတို့ကို ခြေပွတ် အိုးခြမ်းကွဲအဖြစ် ပြု၍ ခြေတို့ကို တင်ထားနိုင်သည်။ အင်းပျဉ်ပြု၍ တက်ထိုင်နိုင်သည်။ ညောင်စောင်းပြု၍ တက်လျောင်းနိုင်သည်။ တံကဲပျဉ်ချပ်ပြု၍ မှီနေနိုင်သည်။

ဣဒ္ဓိဝိဓတန်ခိုးရှင်သည် လ နေတို့ထံသို့သွားရောက်၍ သုံးသပ်လိုလျှင်လည်း သုံးသပ်၍ ရ၏။ မိမိလက်ကို ပွားအောင် ပြု၍ ရှည်အောင်ပြု၍လည်း သုံးသပ်နိုင်၏။ လက်ကို ပွားစေ ရှည်စေရာတွင် ကိုယ်တွင်းရုပ် (ဥပါဒိန္နကရုပ်) က ပွားသလော၊ ကိုယ်ပရုပ် (အနုပါဒိန္နကရုပ်) က ပွားသလောဟု မေးလျှင် ကိုယ်တွင်းရုပ်ကို မှီ၍ ကိုယ်ပရုပ်က ပွားသည်ဟု ဖြေဆိုရမည် ဖြစ်သည်။

ထိုစကားရပ်၌ အရှင်တိပိဋကစူဠနာဂမထေရ်က—

“အသို့နည်း ငါ့ရှင်တို့ ကိုယ်တွင်းရုပ်သည် ငယ်သည်လည်း မဖြစ်တော့ပြီလော၊ ကြီးသည်လည်း မဖြစ်တော့ပြီလော၊ အကြင်အခါ၌ တန်ခိုးရှင်သည် သော့ပေါက် စသည်ဖြင့် ထွက်လို၏။ ထိုအခါ ကိုယ်တွင်းရုပ် သေးငယ်သွားသည် မဟုတ်လော၊ အကြင်အခါ၌ ကြီးမားသော ခန္ဓာကိုယ်ကို ပြုလို၏။ ထိုအခါ၌ အရှင်မဟာမောဂ္ဂလာန်ကဲ့သို့ ကြီးမားသည် မဟုတ်လော”
ဟု မိန့်တော်မူခဲ့သည်။

ကြီးအောင်၊ သေးအောင် ဖန်ဆင်းခြင်း

အရှင်မဟာမောဂ္ဂလာန်နှင့် နန္ဒောပနန္ဒနဂါးမင်း

ဘုရားရှင်သည် “မနက်ဖြန် ရဟန်းငါးရာနှင့်တကွ ဆွမ်းစားကြွတော်မူပါ” ဟု အနာထပိဏ်သေဋ္ဌေး ဆွမ်းစားပင့်သည်ကို လက်ခံထားတော်မူသည်။ ထိုနေ့ နံနက် မိုးသောက်ချိန်၌ လောကဓာတ် တစ်သောင်းကို ကြည့်ရှုဆင်ခြင်တော်မူရာ ဘုရားရှင်၏ ဉာဏ်တော်၌ နန္ဒောပနန္ဒနဂါးမင်း ထင်ပေါ်လာသည်။ ထိုနဂါး၏ သရဏဂုံတည်ခြင်း အကြောင်းကို ဆင်ခြင်တော်မူရာ၌ကား “ဤနဂါးသည် မှားသောအယူရှိ၏။ ရတနာသုံးပါး၌ မကြည်ညို” ဟု မြင်တော်မူသည်။ ထိုနဂါးအား မည်သူ ဆုံးမနိုင်မည်နည်းဟု ဆင်ခြင်ပြန်ရာ အရှင်မဟာမောဂ္ဂလာန်ကို မြင်တော်မူသည်။
စာမျက်နှာ-421


ဘုရားရှင်သည် အရှင်အာနန္ဒာကို ခေါ်၍ ရဟန်းငါးရာတို့အား နတ်ပြည်သို့ ကြွရောက်မည် ဖြစ်ကြောင်း ပြောကြားစေသည်။ ထိုနေ့မှာပင် နန္ဒောပနန္ဒနဂါးမင်းသည်လည်း စားပွဲသောက်ပွဲ ကျင်းပရန် စီမံနေသည်။ နဂါးမင်းသည် နဂါးပရိသတ် ခြံရံလျက် ရတနာခွက်ဖြင့် ထည့်ထားသော နတ်သုဒ္ဓါများကို စားရန် ကြည့်ရှုနေသည်။

ဘုရားရှင်သည် နဂါးမင်း၏ ဘုံဗိမာန် မျက်နှာကြက် အထက်အရပ်မှ ရဟန်းငါးရာနှင့်တကွ တာဝတိံသာ နတ်ပြည်သို့ ကြွတော်မူသည်။ ထိုအခါ ရဟန်းတို့၏ ခြေမှ မြူမှုန့်များ နဂါးမင်း၏ ဦးထိပ်ပေါ်သို့ ကျကုန်၏။ နဂါးမင်းသည် စိတ်ဆိုးပြီး သူ၏ ပကတိကိုယ်ကို စွန့်၍ ဖန်ဆင်းသော ခန္ဓာကိုယ်ကြီးဖြင့် မြင်းမိုရ်တောင်ကို ခုနစ်ပတ် ရစ်ပတ်၍ အထက်၌ ပါးပျဉ်းဖြင့် အုပ်မိုးကာ တာဝတိံသာ နတ်ဘုံကို မမြင်ရအောင် မှောင်အတိ ဖြစ်စေသည်။

ထိုအခါ အရှင်ရဋ္ဌပါလက “ယခင်က ဤအရပ်၌ မြင်းမိုရ်တောင်၊ တာဝတိံသာ၊ ဝေဇယန္တာပြသာဒ် စသည်တို့ကို မြင်ပြီး ယခုအခါ မမြင်ရသည်မှာ အဘယ့်ကြောင့်နည်း” ဟု ဘုရားရှင်အား မေးရာ “နန္ဒောပနန္ဒနဂါးမင်း သင်တို့ကို အမျက်ထွက်သောကြောင့် မမြင်ရအောင် အမှောင်ချထားသည်” ဟု ဘုရားရှင်က မိန့်တော်မူသည်။ အရှင်ရဋ္ဌပါလ၊ အရှင်ဘဒ္ဒိယနှင့် အရှင်ရာဟုလာ စသော အဘိညာဉ်ရ တန်ခိုးရှင် ရဟန်းများက ထိုနဂါးမင်းကို ဆုံးမပါမည်ဟု ခွင့်တောင်းကြသော်လည်း ဘုရားရှင်က ခွင့်ပြုတော်မမူချေ။ ထိုနဂါးကို တပည့်တော် ဆုံးမပါမည်ဟု အရှင်မဟာမောဂ္ဂလာန် လျှောက်ထားသောအခါမှ ဘုရားရှင် ခွင့်ပြုတော်မူသည်။

အရှင်မဟာမောဂ္ဂလာန်သည် မိမိ၏ ပကတိ လူ့ကိုယ်ကို ပယ်စွန့်၍ နန္ဒောပနန္ဒထက် အဆများစွာ ကြီးမားသော နဂါးအသွင်ကို ဖန်ဆင်းပြီး နန္ဒောပနန္ဒအား ကိုယ်ဖြင့် ၇-ပတ် ရစ်ပတ် ဖွဲ့ခွေလျက် နန္ဒောပနန္ဒ၏ ပါးပျဉ်းထက်၌ မိမိ၏ ပါးပျဉ်းကို ထားကာ ၎င်းအား မြင်းမိုရ်တောင်ဖြင့် ဖိညှပ်ထားလိုက်သည်။

ထိုအခါ နန္ဒောပနန္ဒက အခိုးအငွေ့ လွှတ်၏။ အရှင်မြတ်ကလည်း အခိုးအငွေ့ လွှတ်၏။ နန္ဒောပနန္ဒက မီးလျှံလွှတ်လျှင် အရှင်မြတ်ကလည်း မီးလျှံလွှတ်၏။ နန္ဒောပနန္ဒ၏ အခိုးအငွေ့ မီးလျှံတို့သည် အရှင်မြတ်အား တစ်စုံတစ်ရာ မထိခိုက်သော်လည်း အရှင်မြတ် လွှတ်သော အခိုးအငွေ့ မီးလျှံတို့မှာမူ နန္ဒောပနန္ဒအား နှိပ်စက်ထိခိုက်၍ ပင်ပန်းစေသည်။ နန္ဒောပနန္ဒသည် မခံမရပ်နိုင်တော့၍ “သင် ဘယ်သူနည်း” ဟု မေးသဖြင့် အရှင်မြတ်က “ငါ မောဂ္ဂလာန်” ဟု ပြန်ပြောရာ နဂါးမင်းက “သင်၏ ရဟန်းအသွင်ကို ပြပါ” ဟု ဆိုလေသည်။
စာမျက်နှာ-422


အရှင်မဟာမောဂ္ဂလာန်သည် ဖန်ဆင်းထားသော နဂါးအသွင်ကို စွန့်၍ ပကတိ ရဟန်းအသွင်ဖြင့် နန္ဒောပနန္ဒ၏ လက်ယာနားပေါက်မှ ဝင်၍ လက်ဝဲနားပေါက်မှ ထွက်ပြ၏။ လက်ဝဲနားပေါက်မှ ဝင်၍ လက်ယာနားပေါက်မှ ထွက်ပြ၏။ လက်ယာနှာခေါင်းပေါက်မှ ဝင်၍ လက်ဝဲနှာခေါင်းပေါက်မှ ထွက်ပြ၏။ လက်ဝဲနှာခေါင်းပေါက်မှ ဝင်၍ လက်ယာနှာခေါင်းပေါက်မှ ထွက်ပြ၏။ ထိုအခါ နဂါးမင်းသည် ခံတွင်းကို ဖွင့်ဟထားရာ အရှင်မြတ်လည်း ခံတွင်းမှ ဝင်၍ ဝမ်းထဲ၌ စင်္ကြံလျှောက်နေသည်။

ထိုစဉ် ဘုရားရှင်က “မောဂ္ဂလာန် သတိထားလော၊ ဤနဂါးသည် တန်ခိုးကြီး၏” ဟု သတိပေးတော်မူသည်။ အရှင်မဟာမောဂ္ဂလာန်က “တပည့်တော်သည် ဣဒ္ဓိပါဒ် လေးပါးတို့ကို ပွားစေပြီး အကြိမ်များစွာ ပြုထားပြီး ဖြစ်ပါသည်။ ဤနဂါးတစ်ဦးကိုသာ မက ၎င်းနှင့် တူသော နဂါးပေါင်း အရာ၊ အထောင်၊ အသောင်းကိုသော်လည်း ဆုံးမနိုင်ပါသည်” ဟု နဂါး၏ ဝမ်းတွင်းမှ နေ၍ လျှောက်ထားသည်။

နန္ဒောပနန္ဒသည် “ဤရဟန်း ဝင်စဉ်က သူ့ကို ငါ မမြင်လိုက်၊ ထွက်လာလျှင် အစွယ်ကြား၌ ထား၍ ဝါးချေပစ်မည်” ဟု ကြံစည်နေသည်။ ထို့နောက် “ရှင်မောဂ္ဂလာန် ထွက်ခဲ့ပါ၊ ဝမ်းထဲ၌ လမ်းလျှောက်လျက် ကျွန်ုပ်ကို မနှိပ်စက်ပါနဲ့” ဟု ဆိုလေသည်။ အရှင်မြတ်လည်း နဂါး၏ခံတွင်းမှ ထွက်လာခဲ့ပြီး အပြင်၌ ရပ်နေတော်မူသည်။ နဂါးမင်းသည် ဤသူကား မောဂ္ဂလာန်ပင် ဖြစ်ရမည်ဟု တွေးတော၍ နှာခေါင်းဖြင့် လေမှုတ်၏။ သို့သော် အရှင်မြတ်မှာ စတုတ္ထဈာန် ဝင်စားနေပြီးဖြစ်၍ အရှင်မြတ်၏ မွေးညင်းတွင်းမှ မွေးညင်းတစ်ပင်မျှကိုလည်း လေတိုး၍ မလှုပ်ရှားစေနိုင်ပေ။

ဘုရားရှင်နှင့်အတူ လိုက်ပါလာကြသော အရှင်ရဋ္ဌပါလ စသည့် ရဟန်းများလည်း အလုံးစုံသော တန်ခိုးပြာဋိဟာတို့ကို ပြနိုင်စွမ်းရှိကြ၏။ သို့သော် နဂါးနှာခေါင်းမှ လေမှုတ်ထုတ်သော အခိုက်၌ အရှင်မဟာမောဂ္ဂလာန်ကဲ့သို့ စတုတ္ထဈာန်ကို လျင်မြန်စွာ ဝင်စားနိုင်ကြမည် မဟုတ်သည်ကို သိတော်မူသောကြောင့် ထိုရဟန်းများ နဂါးကိုဆုံးမရန် ခွင့်တောင်းစဉ်က ခွင့်မပြုခဲ့ခြင်း ဖြစ်သည်။

နန္ဒောပနန္ဒသည် “ငါ၏ နှာခေါင်းလေဖြင့် ဤရဟန်း၏ မွေးညင်းတွင်းမျှကိုသော်လည်း လှုပ်ရှားစေရန် ငါမတတ်နိုင်၊ ဤရဟန်းကား တန်ခိုးကြီးလှပေစွ” ဟု စဉ်းစားနေသည်။ ထိုစဉ် အရှင်မဟာမောဂ္ဂလာန်သည် ရဟန်းအသွင်ကိုစွန့်၍ ဂဠုန်အသွင်ကို ဖန်ဆင်းပြီး နန္ဒောပနန္ဒကို လိုက်၏။ နန္ဒောပနန္ဒသည် နဂါး
စာမျက်နှာ-423


အသွင်ကိုစွန့်ပြီး လုလင်အသွင် ဖန်ဆင်း၍ အရှင်မြတ်၏ ခြေတော်ကို ရှိခိုးလျက် “အရှင်ဘုရား... အရှင်ဘုရားတို့ကို ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏” ဟု လျှောက်၏။

ထိုစဉ် အရှင်မြတ်က “နန္ဒောပနန္ဒ ဘုရားရှင် ကြွလာတော်မူ၏၊ လာလော့၊ ဘုရားရှင်ထံ သွားကြစို့” ဟု နဂါးမင်းအား ပြောဆိုဆုံးမ၍ နဂါး အဆိပ်အတောက်ကင်းအောင် (ယဉ်ကျေးအောင်) ပြုပြီးလျှင် ဘုရားရှင်ထံသို့ ခေါ်ဆောင်သွားလေသည်။ နဂါးမင်းသည် ဘုရားရှင်အားရှိခိုး၍ “အရှင်ဘုရားတို့ကို ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏” ဟု လျှောက်၏။ ဘုရားရှင်ကလည်း “နန္ဒောပနန္ဒ သင်သည် ချမ်းသာခြင်း ဖြစ်ပါစေ” ဟု မိန့်တော်မူပြီး ရဟန်းအပေါင်း ခြံရံလျက် အနာထပိဏ်သေဋ္ဌေးအိမ်သို့ ဆွမ်းစားကြွတော်မူသည်။

အနာထပိဏ်သေဋ္ဌေးကြီးသည် အတော်နေမြင့်မှ ဆွမ်းစားကြွလာတော်မူသော ဘုရားရှင်အား “အဘယ့်ကြောင့် အလွန်နေမြင့်မှ ကြွလာတော်မူပါသနည်း” ဟု မေးလျှောက်ရာ “အရှင်မောဂ္ဂလာန်နှင့် နန္ဒောပနန္ဒနဂါးမင်းတို့ စစ်ပွဲဖြစ်နေသောကြောင့်” ဟု ဖြေတော်မူသည်။ မည်သူရှုံး၍ မည်သူနိုင်သနည်းဟု မေးလျှောက်ပြန်ရာ နဂါးမင်းရှုံး၍ မောဂ္ဂလာန်နိုင်သည်ဟု ဖြေကြားတော်မူသည်။

ထိုအခါ အနာထပိဏ်သေဋ္ဌေးကြီးသည် အရှင်မောဂ္ဂလာန်အား ဂုဏ်ပြု ပူဇော်သက္ကာရကို ပြုလိုပါသောကြောင့် ခုနစ်ရက်ပတ်လုံး တပည့်တော်၏ ဆွမ်းကို ဘုရားအမှူးရှိသော ရဟန်းငါးရာတို့ လက်ခံတော်မူရန် ပင့်လျှောက်၍ ခုနစ်ရက်တိုင်တိုင် လှူဒါန်းပူဇော်လေသည်။

ရေတစ်ဝက်၊ မြေတစ်ဝက်လှုပ်၍ တန်ခိုးပြခြင်း

သာသနာ့ဒါယကာ သီရိဓမ္မာသောကမင်းကြီးသည် နိဂြောဓသာမဏေငယ်ကို အကြောင်းပြု၍ ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်ခဲ့သည်။ ယခင်က အာဇီဝကတက္ကတွန်း တိတ္ထိခြောက်သောင်းတို့အား လုပ်ကျွေးလှူဒါန်းနေကျ အလှူဝတ်ကို ဖြတ်၍ ရဟန်းတို့အား နိစ္စဘတ်ဆွမ်း လှူဒါန်းပြီး အသောကာရုံကျောင်းတိုက်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့သည်။

သီရိဓမ္မာသောကမင်းကြီး၏ အထောက်အပံ့ကို မရသော တိတ္ထိတို့မှာ တစ်နေ့တစ်ခြား အနေအစား ကြပ်ပြီး လာဘ်လာဘ ချို့တဲ့လာသည်။ သို့ဖြစ်ရာ ဗုဒ္ဓသာသနာတော်သို့ ဝင်ရောက်၍ ရဟန်းတု ရဟန်းယောင်များအဖြစ်ဖြင့် နေထိုင်လာကြသည်။
စာမျက်နှာ-424


ရဟန်းစစ် ရဟန်းမှန်တို့သည် ရဟန်းတု ရဟန်းယောင်များနှင့် ဥပုသ်ပဝါရဏာ သံဃကံ စသည်တို့ကို မပြုလုပ် မပေါင်းသင်းဘဲ နေခဲ့ကြသည်မှာ (၇) နှစ် တိုင်တိုင် ကြာမြင့်ခဲ့သည်။

သီရိဓမ္မာသောကမင်းကြီးသည် ထိုအကြောင်းကို သိ၍ သာသနာတော်၌ ပေါ်ပေါက်နေသော အဓိကရုဏ်းကို ငြိမ်းအေးအောင်ပြု၍ ရဟန်းတော်များ အတူတကွ ဥပုသ်ကံ စသည်ပြုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရန် အမတ်တစ်ဦးအား တာဝန်ပေးလိုက်သည်။ ထိုအမတ်သည် မင်းကြီး၏ စကားကို အယူအဆလွဲမှားပြီး ဥပုသ်ပဝါရဏာပြုရန် ငြင်းဆန်သော ရဟန်းကောင်းများကို သတ်ဖြတ်သုတ်သင်လေသည်။

မင်းကြီးသည် ထိုကိစ္စ၌ မိမိ၏ပယောဂ ပါ မပါ သံသယဝင်ကာ စိတ်ပူပင်သောက ရောက်နေလေသည်။ မိမိ၏ ယုံမှားသံသယနှင့် ပူပင်သောကကို ပယ်ဖျောက်ပေးနိုင်မည့် ရဟန်းအား စုံစမ်းရှာဖွေရာ အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်သည် သင့်လျော်ကြောင်း အကြံပေးကြသည်။

မင်းကြီးသည် မိမိ၏ ယုံမှားသံသယနှင့် သာသနာတော်၌ ပေါ်ပေါက်နေသော အဓိကရုဏ်းကို ငြိမ်စေပြီး သာသနာတော်ကို ချီးမြှောက်နိုင်စွမ်း ရှိမရှိ သိနိုင်ရန် အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်အား ဤကဲ့သို့ မေးမြန်းစုံစမ်းလေသည်။

“အရှင်ဘုရား တပည့်တော်အား တန်ခိုးပြာဋိဟာ တစ်မျိုး ပြတော်မူပါဘုရား”
“ဒကာတော် အဘယ်တန်ခိုးပြာဋိဟာကို ကြည့်လိုပါသလဲ”
“အရှင်ဘုရား မြေတုန်လှုပ်ပုံကို ပြတော်မူပါ”
“ဒကာတော် မြေတစ်ပြင်လုံး တုန်လှုပ်ပုံနှင့် မြေကြီး တစ်ဝက်တစ်ခြမ်း တုန်လှုပ်ပုံ နှစ်မျိုးအနက် အဘယ်ကို ကြည့်လိုပါသလဲ”
“အရှင်မြတ် အဘယ်အရာက ပိုမိုခက်ခဲပါသလဲ ဘုရား”
“ဒကာတော် ရေအပြည့်ထည့်ထားသော ခွက်ထဲရှိ ရေအားလုံးကို လှုပ်ပြခြင်းနှင့် ရေတစ်ဝက်ကိုသာ လှုပ်ပြခြင်းသည် အဘယ်အရာက ပိုမိုခက်ခဲသည်ဟု သင် ထင်သလဲ”
“အရှင်မြတ် ရေတစ်ဝက်ကို လှုပ်ပြခြင်းက ပိုမို၍ ခက်ခဲပါလိမ့်မည် ဘုရား”
စာမျက်နှာ-425


“ဒကာတော် ထို့အတူဘဲ မြေတစ်ပြင်လုံးကို လှုပ်ပြခြင်းထက် မြေတစ်ဝက်တစ်ခြမ်းကို လှုပ်ပြခြင်းက ပိုမို၍ ခက်ခဲပေတယ်”
“အရှင်မြတ် သို့ဖြစ်လျှင် မြေတစ်ဝက်တစ်ခြမ်း လှုပ်ပုံကို ပြသတော်မူပါ ဘုရား”
“ဒကာတော်၊ သို့ဖြစ်လျှင် ပတ်ဝန်းကျင်တစ်ယူဇနာအရပ်တွင် အရှေ့ဘက်မျက်နှာစာ၌ မျဉ်းတစ်ကြောင်းသား၍ မျဉ်း၏ အပြင်ဘက်၌ ရထားဘီးတစ်ခု၊ အတွင်းဘက်၌ ရထားဘီးတစ်ခု ထားပြီး ရထားကို ရပ်နေပါစေ၊ တောင်ဘက်မျက်နှာစာ၌ မျဉ်းတစ်ခုသား၍ မျဉ်း၏ အပြင်ဘက်၌ ခြေနှစ်ချောင်း၊ အတွင်းဘက်၌ ခြေနှစ်ချောင်း ထားပြီး မြင်းတစ်ကောင်ကို ရပ်နေပါစေ၊ အနောက်ဘက်မျက်နှာစာ၌ မျဉ်းတစ်ခုသား၍ မျဉ်း၏ အပြင်ဘက်၌ ခြေတစ်ချောင်း၊ အတွင်းဘက်၌ ခြေတစ်ချောင်း ထားပြီး လူတစ်ယောက်ကို ရပ်နေပါစေ၊ မြောက်ဘက်မျက်နှာစာ၌ မျဉ်းတစ်ခုသား၍ ရေအပြည့်ထည့်ထားသော ရေခွက်တစ်ခွက်ကို မျဉ်း၏ အပြင်ဘက် အတွင်းဘက် အညီအမျှ ကျအောင် ထားပါ”

သီရိဓမ္မာသောကမင်းကြီးသည် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ် မိန့်တော်မူသည့်အတိုင်း ပြုလုပ်ပေးပြီးနောက် “အရှင်ဘုရား တန်ခိုးပြချိန် တန်ပါပြီ” ဟု လျှောက်ထားသည်။

အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်သည် အဘိညာဉ်၏ အခြေခံဖြစ်သော အဘိညာပါဒက စတုတ္ထဈာန်ကို ဝင်စားတော်မူပြီး ထိုဈာန်မှထ၍ အဘိညာဉ်တန်ခိုးဖြင့် တစ်ယူဇနာအတွင်းရှိ မြေပြင်ကို တုန်လှုပ်ပြကာ “ဒကာတော်မင်းကြီး မြင်စေသတည်း” ဟု အဓိဋ္ဌာန်တော်မူသည်။

ထိုအခါ အရှေ့ဘက်မျက်နှာစာမျဉ်း၌ အတွင်းဘက်ရှိ ရထားဘီးသာ တုန်လှုပ်ပြီး အပြင်ဘက်ရှိ ရထားဘီးမှာ မလှုပ်မယှက် ငြိမ်သက်နေသည်။ ထို့အတူ တောင်ဘက်မျက်နှာစာမျဉ်း၌ ရပ်နေသော မြင်း၏ မျဉ်းအတွင်းရှိ ခြေနှစ်ချောင်းသာ လှုပ်ပြီး အပြင်ဘက်ရှိ ခြေနှစ်ချောင်းမှာ မလှုပ်မယှက် ငြိမ်သက်နေသည်။ အနောက်ဘက်မျက်နှာစာမျဉ်း၌ ရပ်နေသောလူ၏ မျဉ်းအတွင်းရှိ ခြေတစ်ချောင်းသာ လှုပ်ပြီး အပြင်ဘက်ရှိ ခြေတစ်ချောင်းမှာ မလှုပ်မယှက် ငြိမ်သက်နေသည်။ မြောက်ဘက်မျက်နှာစာ မျဉ်းပေါ်၌
စာမျက်နှာ-426


တည်ထားသော ရေပြည့်ခွက် တစ်လုံးထဲရှိ ရေတို့သည် မျဉ်း၏ အတွင်းဘက်၌သာ တုန်လှုပ်နေပြီး မျဉ်းအပြင်ဘက်ရှိ ရေတို့မှာ မလှုပ်မယှက် ငြိမ်သက်နေသည်။

သီရိဓမ္မာသောကမင်းကြီးသည် အလွန်တရာ ခက်ခဲနက်နဲလှသည့် တန်ခိုးပြာဋိဟာ ပြသမှုကို ကိုယ်တိုင်ကိုယ်ကျ မြင်ရတွေ့ရသောအခါ ဤအရှင်မြတ် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်သည် ငါ၏ ယုံမှားသံသယနှင့် ပူပင်သောကကို ပယ်ဖျောက်နိုင်သူ ဖြစ်ပြီ၊ သာသနာတော်၌ ပေါ်ပေါက်နေသော အဓိကရုဏ်းကို ငြိမ်းအေးစေနိုင်သူ ဖြစ်ပြီ၊ သာသနာတော်အား ချီးမြှောက်နိုင်သူ ဖြစ်ပြီဟု ယုံကြည်အားကိုးကာ မိမိ၏ စိတ်ထဲရှိသမျှ သံသယအားလုံးကို မေးမြန်းလျှောက်ထားလေတော့သည်။

ဤဗုဒ္ဓသာသနာတော်တွင် ဣဒ္ဓိဝိဓအဘိညာဉ်ဖြင့် တန်ခိုးအမျိုးမျိုး ပြသနိုင်သော ရဟန်းတော်ပေါင်း မြောက်မြားစွာရှိသည့်အနက် ဤ၌ အချို့အဝက်ကိုသာ သာဓကအဖြစ် ထုတ်ဆောင်ပြခြင်း ဖြစ်ပါသည်။

ဒိဗ္ဗသောတ အဘိညာဉ်

နတ်တို့၏ နားသည် လူဖြစ်စဉ်က ပြုလုပ်ဆည်းပူး အားထုတ်အပ်သော ကောင်းမှုကံကြောင့် ဖြစ်ပေါ်လာသဖြင့် သည်းခြေ၊ သလိပ်၊ သွေး စသော အပိတ်အပင် အနှောင့်အယှက်များ မရှိပေ။ ထိုထို ညစ်ညူးကြောင်း အညစ်အကြေးတို့မှ ကင်းဝေးသောကြောင့် နတ်တို့၏ နားသည် အဝေးမှ အသံနှင့် အလွန်တိုးသော အသံတို့ကို ကြားနိုင်ကြသည်။

ဒိဗ္ဗသောတ အဘိညာဉ်ရ တန်ခိုးရှင်၏ နားသည်လည်း ဈာန်သမာဓိ စွမ်းအားကြောင့် လူသာမန်တို့ နားထက် ထူးခြားသော စွမ်းရည် ဖြစ်ပေါ်လာရသည်။ အဝေးမှ အသံ၊ အလွန်တိုးသော အသံတို့ကို ကြားနိုင်၏။ ထို့ကြောင့် ဒိဗ္ဗသောတ အဘိညာဉ်ရ တန်ခိုးရှင်၏ နားအကြားစွမ်းအင်သည် နတ်တို့၏ နားအကြား စွမ်းအင်နှင့် တူညီသည်။ (ဒိဗ္ဗ+သောတ၊ ဒိဗ္ဗ = နတ်တို့၏ နားနှင့် တူသော + သောတ = နား)

ဒိဗ္ဗသောတ အဘိညာဉ် ဖြစ်ပေါ်ပုံ

စတုတ္ထဈာန်ရပြီးသော ပုဂ္ဂိုလ်သည် အဘိညာဉ်၏ အခြေခံဖြစ်သော စတုတ္ထဈာန်ကို ဝင်စား၍ ထိုဈာန်မှ ထပြီးနောက် ကြိုတင် ပြင်ဆင်မှု (ပရိကံ) ကို ပြုရသည်။ ရှေးဦးစွာ ပကတိနားဖြင့် ကြားနိုင်လောက်သည့် ကျောင်းတိုက်မှ
စာမျက်နှာ-427


ခေါင်းလောင်းထိုးသံ၊ စည်သံ၊ ခရုသင်းသံ၊ ရဟန်းသာမဏေငယ်တို့၏ စာရွတ်ဆိုသံ၊ သာမန်စကားပြောသံ၊ ရေနွေးဆူသံ၊ နေပူကျဲကျဲ၌ သစ်ရွက်ခြောက် ဖျစ်ဖျစ်မြည်သံ၊ ပုရွက်ဆိတ်၊ ခြ၊ သန်း၊ ကြမ်းပိုးတို့ မြည်သံ စသည်အားဖြင့် အကြမ်းဆုံး အကျယ်ဆုံး အသံမှ အနူးညံ့ဆုံး အတိုးဆုံး အသံအထိ အသံအာရုံများကို နှလုံးသွင်းရမည်။ ထိုအသံတို့ကို အရပ်ဆယ်မျက်နှာလုံး၌ နှလုံးသွင်း ဆင်ခြင်အပ်၏။ ထိုသို့ နှလုံးသွင်းသောအခါ ထိုအသံတို့သည် ပကတိစိတ်၌ပင် ထင်ရှားလာကုန်၏။ ပရိကံပြုသော သမာဓိစိတ်၌မူကား ပိုမိုပေါ်လွင် ထင်ရှားလာကုန်၏။

အရပ်ဆယ်မျက်နှာရှိသည့်အနက် အရပ်မျက်နှာတစ်ခုစီကို စိတ်အာရုံစူးစိုက်၍ အဓိဋ္ဌာန်ပြုရမည်။ ဥပမာ—အရှေ့အရပ်၌ရှိ နတ်တို့၏ အသံကို ကြားရစေသတည်း၊ သို့မဟုတ် ပဲခူးမြို့ရှိ မည်သည့်ကျောင်း၊ မည်သည့်နေအိမ်မှ အသံကို ကြားရစေသတည်း စသည်ဖြင့် အလိုရှိသလို အဓိဋ္ဌာန်ပြု၍ စတုတ္ထဈာန်ကို ပြန်လည်ဝင်စားရသည်၊ ထိုစတုတ္ထဈာန်မှာ အဘိညာဉ်ဇော တစ်ကြိမ်သာဖြစ်၍ ဒိဗ္ဗသောတအဘိညာဉ်ဟု ခေါ်ရသည်။

ထိုအဘိညာဉ်ကို အားကောင်းအောင် ပြုလုပ်လိုသော ပုဂ္ဂိုလ်သည် အသံကို မိမိကြားလိုသော အရပ်ဖြင့် ပိုင်းခြားရမည်။ လက်တစ်သစ်၊ နှစ်သစ်၊ လေးသစ်၊ ရှစ်သစ်၊ တစ်ထွာ၊ တစ်တောင်၊ အခန်းတွင်း၊ ကျောင်းဦးပြာသာဒ်၊ ပရိဝုဏ်၊ သံဃာ့ရံ၊ ဆွမ်းခံရွာ၊ ဇနပုဒ် စသည်ဖြင့် စကြဝဠာတံတိုင်းတိုင်အောင် လည်းကောင်း၊ ထို့ထက်ကျော်လွန်၍လည်းကောင်း ကြားလိုရာအရပ်ကို ပိုင်းခြား၍ အဘိညာပါဒကဈာန်ကို ပွားများဝင်စားရာ၏။ အကြိမ်များစွာ လေ့ကျင့်ပြီးသော ပုဂ္ဂိုလ်များမှာမူ အဘိညာပါဒကဈာန်ကို တစ်ဖန် မဝင်စားတော့ဘဲ အဓိဋ္ဌာန်ပြုပြီးနောက် ဒိဗ္ဗသောတအဘိညာဉ်စိတ် တိုက်ရိုက်ဖြစ်ပေါ်၍ ကြားနိုင်ကြသည်။ ဤသို့ကြားရာ၌လည်း အသံတို့သည် ဗြဟ္မာ့ပြည်တိုင်အောင် ပျံတက်လျက် ခရုသင်း၊ ထက်စည်၊ အိုးစည်၊ မောင်း စသော အသံများဖြင့် အုတ်အုတ်ကျက်ကျက် ရောယှက်ဆူပွက်နေစေကာမူ မိမိကြားလိုသော အသံကို ဤကား ခရုသင်းသံ၊ ဤကား ထက်စည်သံ စသည်ဖြင့် ခွဲခြားစစ်ထုတ်၍ အလိုရှိရာ အသံကို ပြတ်ပြတ်သားသား ကြားနိုင်စွမ်းရှိသည်။

နားပင်းနေသူ ဒိဗ္ဗသောတအဘိညာဉ် မရနိုင်

ပကတိအားဖြင့် နားကောင်းသူသည် သင့်လျော်ရာအရပ်မှ အသံများကို ကြားနိုင်စွမ်းရှိသည်။ ပင်ကိုက နားမကောင်းသူ၊ နားပင်းသူများမှာ မည်သည့်အသံကိုမျှ ကြားနိုင်စွမ်းမရှိပေ။ အလားတူပင် ဒိဗ္ဗသောတအဘိညာဉ်ဖြင့်
စာမျက်နှာ-428


ဝေးသောအသံ၊ နီးသောအသံ၊ တိုးတိုးသံ၊ သိမ်မွေ့သောအသံ စသည်တို့ကို အလိုရှိသလို ကြားနိုင်သည်ဟု ဆိုသော်လည်း မူလ (ပဋိသန္ဓေ) က နားပင်းလာသူများမှာ ဒိဗ္ဗသောတအဘိညာဉ်ကို မရနိုင်ပေ။

ဘာသာခြား စကားသံကို ဒိဗ္ဗသောတအဘိညာဉ်ဖြင့် သိနိုင်ပါသလား

ဒိဗ္ဗသောတအဘိညာဉ်ရသော ပုဂ္ဂိုလ်သည် မည်သည့် ဗြဟ္မာ၊ လူ၊ နတ်တို့က ပြောသည်ဖြစ်စေ ကျယ်ကျယ်၊ တိုးတိုး အမျိုးမျိုးသော အသံကို အမှန်ပင် ကြားနိုင်ပေသည်။ သို့ရာတွင် ထိုဒိဗ္ဗသောတအဘိညာဉ်ရ ပုဂ္ဂိုလ်သည် ဘာသာခြားစကားသံများကို ကြားလျှင် သိပါသလား၊ အဓိပ္ပာယ် နားလည်ပါသလားဟု မေးငြားအံ့။ မသိနိုင်ချေ။ အဓိပ္ပာယ်ကို နားမလည်ချေ။ သို့သော် ပရစိတ္တဝိဇာနနအဘိညာဉ် ဖြင့် စကားပြောသူ၏ စိတ်အလိုကို သိအောင်ပြု၍ ဘာသာခြားစကားသံ၏ ဆိုလိုရင်းအဓိပ္ပာယ်ကို သိရှိနားလည်နိုင်ပေသည်။ (ပဏ္ဍိတဝေဒနိယကျမ်း)

ဒိဗ္ဗသောတအဘိညာဉ်ဖြင့် ဆွမ်းဒကာအား ချီးမြှောက်ခြင်း

ဒုဋ္ဌဂါမဏိမင်းကြီးသည် စစ်ရှုံးသဖြင့် တိဿအမတ်နှင့်အတူ မြင်းမတစ်ကောင်ကို စီးလျက် ထွက်ပြေးလာကြသည်။ မင်းကြီးသည် လမ်းခရီး၌ ဆာလောင်မွတ်သိပ်လှသဖြင့် တိဿအမတ်အား “နောင်တော်ရယ် ငါကိုယ်တော် ဆာလောင်လှပြီ၊ ဘယ်လိုလုပ်ကြမလဲ” ဟု မေးမြန်းလျက် ညည်းညူလေသည်။

ထိုအခါ တိဿအမတ်က ရွှေခွက်ဖြင့် ထည့်ယူလာသော တစ်ယောက်စာ ထမင်းရှိနေသေးကြောင်း သံတော်ဦးတင်ရာ မင်းကြီးက လေးပုံ အညီအမျှ ပုံရန် မိန့်ကြားလေသည်။ ထိုစဉ် တိဿအမတ်က “မင်းကြီး၊ ကျွန်ုပ်တို့မှာ မြင်းနှင့်ပါမှ သုံးဦးတည်းရှိရာ အဘယ်ကြောင့် လေးပုံ ပုံရပါမည်နည်း” ဟု မေး၏။ မင်းကြီးက—

“နောင်တော်၊ ငါကိုယ်တော်မြတ်သည် သိတတ်သော အရွယ်မှစ၍ သံဃာတော် အရှင်မြတ်များအား ဆွမ်းဦးမလှူဒါန်းဘဲ မစားဖူးပါ၊ ယခုလည်း မလှူရသေးဘဲ မစားလိုပါ”
ဟု ပြောလေသည်။

တိဿအမတ်သည် မင်းကြီး၏ အမိန့်အတိုင်း ထမင်းကို လေးပုံ ပုံ၏။ တစ်ပုံကိုမူ “သံဃာတော် အရှင်မြတ်တို့ဘုရား၊ ဆွမ်းဘုဉ်းပေးရန် အချိန်တန်ပါပြီ၊ ဆွမ်းစားကြွတော်မူပါဘုရား” ဟု ဆိုပြီး သံဃာတော်အား ဆွမ်းတော်တင်၍
စာမျက်နှာ-429


ပင့်ဖိတ်လေသည်။ ထိုသို့ ပင့်ဖိတ်ပြီးနောက် တိဿအမတ်က “အရှင်မင်းကြီး အခုလို တောကြီးမျက်မည်းထဲမှာ ဘယ်ကလာ အလှူခံပုဂ္ဂိုလ် ရနိုင်ပါမည်နည်း” ဟု လျှောက်ထားရာ မင်းကြီးက “ကျွန်ုပ်၏ စေတနာသဒ္ဓါတရား ရှိရိုးမှန်လျှင် အလှူခံပုဂ္ဂိုလ် ကြွလာပါလိမ့်မည်” ဟု မိန့်ကြားလေသည်။

တိဿအမတ်သည် သုံးကြိမ်တိုင်တိုင် ပင့်ဖိတ်၍ ဆွမ်းတော်ကပ်သည်၊ ထိုခဏတွင် ပိယင်္ဂုကျွန်း၌ သီတင်းသုံးနေသော အရှင်ဗောဓိမာတုတိဿမထေရ်ကြီးသည် ဒိဗ္ဗသောတအဘိညာဉ်ဖြင့် ကြားတော်မူ၍ မင်းကြီးအား ချီးမြှောက်ရန် ကောင်းကင်ခရီးဖြင့် ကြွလာတော်မူသည်။

မင်းကြီးသည် သပိတ်ပိုက်လျက် ကောင်းကင်ခရီးဖြင့် ဆွမ်းခံကြွလာတော်မူသော အရှင်မြတ်အား မြင်ရလျှင် ပိုမိုသဒ္ဓါတရားဖြစ်ကာ သပိတ်ကို လှမ်းယူပြီး မိမိအတွက် ဝေစုကိုပါ လှူဒါန်းလိုက်သည်။ ထို့နောက် “ဤကောင်းမှုကြောင့် အစားအသောက်အတွက် တစ်စုံတစ်ရာ အနှောင့်အယှက် မတွေ့ရ မကြုံရပါလို၏” ဟု ဆုတောင်းလိုက်သည်။ တိဿအမတ်သည်လည်း သူ၏ဝေစုကို မထေရ်မြတ်အား လှူဒါန်းလိုက်သည်။ မြင်းမသည်လည်း သူ၏ဝေစုကို လောင်းလှူလိုသည့် အရိပ်လက္ခဏာ ပြသနေသဖြင့် မြင်းမ၏ ဝေစုကိုပါ အရှင်မြတ်အား လှူဒါန်းလိုက်သည်။

မထေရ်မြတ်သည် ဆွမ်းအားလုံးကို အလှူခံ၍ ကောင်းကင်ခရီးဖြင့် ပြန်ကြွတော်မူပြီး သီတင်းသုံးရာ ကျောင်းသို့ ရောက်လျှင် သံဃာ (၁၂၀၀၀) တစ်သောင်းနှစ်ထောင်နှင့်အတူ ဘုဉ်းပေးတော်မူလေသည်၊

မင်းကြီးသည် ဆာလောင်မွတ်သိပ်လှသဖြင့် “ဆွမ်းကျန်များကို စွန့်ကြဲပို့လွှတ်တော်မူလျှင် ကောင်းလေစွ” ဟု စဉ်းစားကြံစည်နေမိသည်။ ထိုအကြံအစည်ကို အရှင်မြတ် သိတော်မူသဖြင့် ဆွမ်းဘုဉ်းပေးအပြီးတွင် ဆွမ်းကျန်များကို သပိတ်နှင့်အတူ တန်ခိုးဖြင့် ကောင်းကင်မှ စေလွှတ်ပို့ပေးလိုက်သည်။ မင်းကြီး၊ တိဿအမတ်နှင့် မြင်းမတို့ သုံးဦးသား ဝအောင် စားကြရလေသည်။

မင်းကြီးသည် သပိတ်တော်ကို ကိုယ်တိုင်ဆေးကြော၍ သပိတ်ထဲသို့ သပိတ်သုတ်ရန် တဘက်တစ်ထည်ကိုပါ ထည့်ပြီးလျှင် “မထေရ်မြတ်ထံ ပြန်ရောက်စေသတည်း” ဟု အဓိဋ္ဌာန်၍ မြှောက်တင်လိုက်ရာ သပိတ်သည် ကောင်းကင်သို့ ပျံတက်၍ မထေရ်မြတ်၏ လက်တော်သို့ ရောက်ရှိလေသည်။ (အံ၊ဋ္ဌ၊၂၊၁၀၅။)
စာမျက်နှာ-430


စေတောပရိယအဘိညာဉ် (ပရစိတ္တဝိဇာနနအဘိညာဉ်)

သူတစ်ပါးတို့၏ စိတ်အကြံကို သိစွမ်းနိုင်သော ဉာဏ်ကို စေတောပရိယအဘိညာဉ် ဟုလည်းကောင်း၊ ပရစိတ္တဝိဇာနနအဘိညာဉ် ဟု လည်းကောင်း ခေါ်သည်။ (စေတော+ပရိယ၊ စေတော=စိတ်ကို + ပရိယ=ပိုင်းခြား၍သိသော ဉာဏ်။ ပရ+စိတ္တ+ဝိဇာနန၊ ပရ=သူတစ်ပါး၏ + စိတ္တ=စိတ်ကို + ဝိဇာနန=သိခြင်း)

သူတစ်ပါးစိတ်ကို သိအောင်ပြုလုပ်ပုံ

ဤစေတောပရိယဉာဏ်သည် ဒိဗ္ဗစက္ခုဉာဏ်ကို ရပြီးမှသာ ပြည့်စုံနိုင်၏။ ထိုဒိဗ္ဗစက္ခုဉာဏ်သည် ဤစေတောပရိယဉာဏ်၏ ပရိကံ (ကြိုတင်ပြင်ဆင်မှု) ဖြစ်သည်။

စေတောပရိယအဘိညာဉ်ဖြင့် သူတစ်ပါးစိတ်ကို သိအောင် ပြုလိုသော ပုဂ္ဂိုလ်သည် ရှေးဦးစွာ အာလောက (အလင်း) ကသိုဏ်းကို ပွားများဝင်စား၍ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် သူတစ်ပါး၏ နှလုံးသားရုပ်ဝတ္ထုကို မှီတွယ်၍ ဖြစ်နေသော သွေး၏ အရောင်အဆင်းကို ကြည့်ရှု၍ ထိုသူ၏စိတ်ကို ရှာအပ်၏။

ယင်းသို့ ရှာရာတွင် ရွှင်လန်းဝမ်းမြောက်စိတ် ဖြစ်နေသောသူ၏ နှလုံးသွေးသည် နီမြန်းနေပြီး ပညောင်သီးမှည့် အဆင်းနှင့်တူ၏။ နှလုံးမသာယာစိတ် ဖြစ်နေသူ၏ နှလုံးသွေးသည် မည်းနက်နေပြီး သပြေသီးမှည့် အဆင်းနှင့် တူ၏။ မရွှင်မမည်း အလယ်အလတ်စိတ် ဖြစ်နေသူ၏ နှလုံးသွေးသည် ကြည်လင်နေပြီး နှမ်းဆီအဆင်းနှင့်တူ၏။

နီသော နှလုံးသွေးရုပ်သည် ဝမ်းသာမှု (သောမနဿ) ကြောင့် ဖြစ်၏။ မည်းနက်သော နှလုံးသွေးရုပ်သည် နှလုံးမသာယာမှု (ဒေါမနဿ) ကြောင့် ဖြစ်၏။ ကြည်လင်သော နှလုံးသွေးရုပ်သည် အလယ်အလတ်စိတ်ရှိမှု (ဥပေက္ခာ) ကြောင့် ဖြစ်၏။ ဤသို့အားဖြင့် သူတစ်ပါး၏ နှလုံးသွေးရုပ် အဆင်းအရောင်ကို ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ကြည့်ရှု၍ ထိုသူ၏စိတ်ကို ရှာပြီး စေတောပရိယဉာဏ် အားကောင်းအောင် ပြုလျက် စိတ်ကိုသိလေ၏။

စေတောပရိယအဘိညာဉ် ဉာဏ်အားကောင်းလာသောအခါ နှလုံးသွေးရုပ်ကို မကြည့်ရှုရတော့ဘဲ စိတ်တစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့လျက် ထိုသူ၏ သန္တာန်၌ ဖြစ်နေသော ကာမာဝစရစိတ်အားလုံးကို လည်းကောင်း၊ ရူပါဝစရစိတ် အားလုံးကိုလည်းကောင်း၊ အရူပါဝစရစိတ် အားလုံးကိုလည်းကောင်း သိနိုင်လေတော့သည်။
စာမျက်နှာ-431


ထိုကဲ့သို့ နှလုံးသွေးရုပ်ဝတ္ထုကို ကြည့်ရှုရန် သူတစ်ပါးစိတ်ကို သိအောင် ပြုလုပ်ခြင်းနှင့် စပ်လျဉ်း၍ ရှေးအဋ္ဌကထာ၌ အောက်ပါအတိုင်း မိန့်ဆိုထားသည်—

အရူပဘုံ၌ သူတစ်ပါးစိတ်ကို သိလိုသော အဘိညာဉ်ရ ပုဂ္ဂိုလ်သည် အဘယ်သူ၏ နှလုံးသွေးရုပ်ကို ကြည့်ရှုရသေးသနည်း၊ အဘယ်သူ၏ ဣန္ဒြေဖောက်ပြန်ပုံကို ကြည့်ရှုရသေးသနည်းဟု မေးလျှင် တစ်စုံတစ်ယောက်၏ နှလုံးသားရုပ်ကို ဣန္ဒြေဖောက်ပြန်ပုံကိုမျှ မကြည့်ရှုရတော့ပါ၊ အမှတ်မရှိ တစ်ပါးပါးသောဘုံ၌ အမှတ်မရှိ တစ်စုံတစ်ယောက်သော သူ၏ စိတ်ကို နှလုံးသွင်းဆင်ခြင်လျှင် တစ်ဆယ့်ခြောက်ပါး အပြားရှိသော စိတ်ကို သိခြင်းသည် စေတောပရိယအဘိညာဉ်တန်ခိုးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏ အရာပေတည်း၊ သို့သော် ယခုပြဆိုခဲ့သော နှလုံးသွေးရုပ်ကို ကြည့်၍ ရှာပုံစကားသည် ဤစေတောပရိယအဘိညာဉ်၌ နှလုံးသွင်းလေ့လာမှုကို မပြုဖူးသေးသော အားထုတ်ခါစ ပုဂ္ဂိုလ်အတွက်သာ ဖြစ်ပေသည်။

ထို့ကြောင့် သူတစ်ပါး၏ နှလုံးသွေးရောင် အဆင်းကို ကြည့်၍ စိတ်ကို သိအောင်ပြုခြင်းသည် စေတောပရိယအဘိညာဉ်၌ နှလုံးမသွင်းဖူးသေးသူ အတွက်သာ ဖြစ်သည်။ ထိုအဘိညာဉ်၌ အဖန်ဖန် နှလုံးသွင်းလေ့ကျက်ဖူးသော ပုဂ္ဂိုလ်ကား အာရုံပြုရုံမျှဖြင့် သူတစ်ပါးစိတ်ကိုသိနိုင်၏။

သူတစ်ပါးစိတ်ကို သိပုံ

စေတောပရိယအဘိညာဉ်ရ တန်ခိုးရှင်သည် သူတစ်ပါးစိတ် ဖြစ်နေပုံ အမျိုးမျိုးကို သိနိုင်သည်။ အဘယ်သို့နည်း—

ရာဂနှင့်တကွ ဖြစ်သောစိတ် ဖြစ်နေလျှင်လည်း ရာဂစိတ် ဖြစ်နေကြောင်း သိ၏။ ရာဂကင်းသောစိတ် ဖြစ်နေလျှင်လည်း ရာဂကင်းသောစိတ် ဖြစ်နေကြောင်း သိ၏။

ဒေါသစိတ် ဖြစ်နေလျှင်လည်း ဒေါသစိတ် ဖြစ်နေကြောင်း သိ၏။ ဒေါသကင်းသောစိတ် ဖြစ်နေလျှင်လည်း ဒေါသကင်းသောစိတ် ဖြစ်နေကြောင်း သိ၏။

မောဟစိတ် ဖြစ်နေလျှင်လည်း မောဟစိတ် ဖြစ်နေကြောင်း သိ၏။ မောဟကင်းသောစိတ် ဖြစ်နေလျှင်လည်း မောဟကင်းသောစိတ် ဖြစ်နေကြောင်း သိ၏။
စာမျက်နှာ-432


တွန့်ဆုတ်သောစိတ် ဖြစ်နေလျှင်လည်း တွန့်ဆုတ်သောစိတ် ဖြစ်နေကြောင်း သိ၏။ ပျံလွှင့်သောစိတ် ဖြစ်နေလျှင် ပျံလွှင့်သောစိတ် ဖြစ်နေကြောင်း သိ၏။

မဟဂ္ဂုတ်စိတ် ဖြစ်နေလျှင် မဟဂ္ဂုတ်စိတ် ဖြစ်နေကြောင်း သိ၏။ မဟဂ္ဂုတ်စိတ် မဟုတ်လျှင် မဟဂ္ဂုတ်စိတ် မဟုတ်ကြောင်း သိ၏။

အမြတ်ဆုံး မဟုတ်သော စိတ်ဖြစ်နေလျှင်လည်း အမြတ်ဆုံးမဟုတ်သောစိတ် ဖြစ်နေကြောင်း သိ၏။ အမြတ်ဆုံး (အနုတ္တရ) စိတ် ဖြစ်နေလျှင် အမြတ်ဆုံး (အနုတ္တရ) စိတ်ဖြစ်နေကြောင်း သိ၏။

တည်ကြည်စိတ် ဖြစ်နေလျှင် တည်ကြည်စိတ် ဖြစ်နေကြောင်း သိ၏၊ တည်ကြည်စိတ် မဟုတ်လျှင် တည်ကြည်စိတ် မဟုတ်ကြောင်း သိ၏။

လွတ်မြောက်သောစိတ် ဖြစ်နေလျှင် လွတ်မြောက်သောစိတ်ဖြစ်နေကြောင်း သိ၏၊ မလွတ်မြောက်သောစိတ် ဖြစ်နေလျှင် မလွတ်မြောက်သောစိတ် ဖြစ်နေကြောင်း သိ၏။

အနာထပိဏ်သေဋ္ဌေးကြီး၏ စိတ်အကြံကို သိတော်မူပုံ

ဘုရားရှင်သည် နောင်တွင် ကျောင်းဒကာ ဖြစ်လာမည့် အနာထပိဏ်သေဋ္ဌေးကြီးအား စေတောပရိယအဘိညာဉ်ဖြင့် ကိုယ်တော်မြတ်အပေါ်၌ ဗုဒ္ဓအစစ် ဖြစ်ကြောင်း သက်ဝင် ယုံကြည်စေခဲ့သည်။

အနာထပိဏ်သေဋ္ဌေးကြီးသည် အရောင်းအဝယ် ကိစ္စဖြင့် ရာဇဂြိုဟ်သို့ ရောက်ခိုက် ဘုရားပွင့်တော်မူကြောင်း သိရ၍ ဘုရားရှင် အထံတော်သို့ သွားရောက်ခဲ့သည်။

လောက၌ ဘုရားအမည်ခံ ပုရာဏကဿပ အစရှိသော ပုဂ္ဂိုလ်များစွာ ရှိသည်။ ငါကဲ့သို့ ထင်ရှားသော သေဋ္ဌေးကြီး တစ်ယောက်အဖို့ ဘုရားကိုးကွယ်မှားလျှင် လူကဲ့ရဲ့ရာ ဖြစ်ပေတော့မည်။

သို့အတွက် ဘုရားရှင်ထံ မရောက်ခင် ကြိုတင်၍ စိတ်အကြံဖြင့် အဓိဋ္ဌာန်ခဲ့သည်မှာ “ငါ၏ မိဘများ ပေးလိုက်သည့် သုဒတ္ထ ဟူသော ငယ်နာမည်ကို အခြားမည်သူမျှ မသိရှိကြ၊ အနာထပိဏ်ဟူသော အမည်ကိုသာ လူများစု သိရှိကြသည်။ ယခု ဖူးတွေ့ရမည့် ဘုရားရှင်သည် သဗ္ဗညု ဗုဒ္ဓအစစ် ဧကန် ဖြစ်ပါက ငါ့အား ‘သုဒတ္ထ’ ဟူသော ငယ်နာမည်ဖြင့် မိန့်မြွက် ခေါ်တော်မူပါစေ” ဟူ၍ ဖြစ်သည်။
စာမျက်နှာ-433


ဘုရားရှင်သည် သေဋ္ဌေးကြီး၏ စိတ်အကြံကို စေတောပရိယ တန်ခိုး အဘိညာဉ်ဖြင့် သိတော်မူ၍ သေဋ္ဌေးကြီး ရောက်လာသည့်အခါ “လာ လာ သုဒတ္ထ” ဟု ကြိုဆို နှုတ်ဆက် မိန့်မြွက်တော်မူလိုက်ရာ သေဋ္ဌေးကြီးမှာ ဘုရားရှင်အပေါ်၌ ဘုရားစင်စစ် ဧကန် ဖြစ်ကြောင်းကို စိတ်ချလက်ချ သက်ဝင် ယုံကြည်သွားလေသည်။

ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်

ရှေးရှေးဘဝတို့၌ မြင်ဖူး၊ တွေ့ဖူး၊ ကြားဖူး၊ အာရုံပြုဖူးသော မိမိခန္ဓာ၊ သူတစ်ပါးခန္ဓာ၊ ထိုခန္ဓာတို့နှင့် ဆက်နွှယ်နေသော အမျိုး၊ အမည်၊ အနွယ်၊ နိဗ္ဗာန်စံပြီးသူ ဖြစ်လျှင် ထိုပုဂ္ဂိုလ်တို့၏ နိဗ္ဗာန် စသည်တို့—ဤတရားအားလုံးသည် စိတ်ဖြင့် စွဲမှီအပ် အာရုံပြုအပ်ဖူးသောကြောင့် “ပုဗ္ဗေနိဝါသ” မည်၏။ ထိုပုဗ္ဗေနိဝါသ အမည်ရသော တရားအားလုံးကို ပြန်ပြောင်း၍ အောက်မေ့နိုင်သော သတိနှင့် ယှဉ်သည့် ဉာဏ်သည် “ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်” မည်၏။ (ပုဗ္ဗေ = ရှေး၌ + နိဝါသ = နေဖူးသည်ကို + အနုဿတိ = အစဉ်အောက်မေ့နိုင်သော အသိ)

ရှေးဖြစ်ဟောင်း အောက်မေ့ပုံ

ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်ဖြင့် ရှေးဖြစ်ဟောင်းများကို ပြန်ပြောင်း အောက်မေ့ သတိရနိုင်သော တန်ခိုးရှင်သည် လွန်ခဲ့ပြီးသော တစ်ဘဝ၊ နှစ်ဘဝ၊ သုံးဘဝ၊ လေးဘဝ၊ ငါးဘဝ၊ ဆယ်ဘဝ၊ ဘဝနှစ်ဆယ်၊ ဘဝသုံးဆယ်၊ ဘဝလေးဆယ်၊ ဘဝငါးဆယ်၊ ဘဝတစ်ရာ၊ ဘဝတစ်ထောင်၊ ဘဝတစ်သိန်းနှင့် များစွာသော ကမ္ဘာတို့ကို မှတ်မိသည်။

ထိုသို့ မှတ်မိရာတွင် ငါသည် မည်သည့်ဘဝ၌ ဖြစ်ခဲ့ဖူးပြီ၊ ထိုဘဝ၌ ငါ၏အမည်ကား မည်သူ၊ ငါ၏အနွယ်ကား ဂေါတမနွယ်၊ ငါ၏အဆင်းကား ဖြူသည်၊ မည်းသည်။ ထိုဘဝ၌ မည်သည့်အစာကို စားခဲ့ရသည်။ မည်သို့ ချမ်းသာသည်၊ ဆင်းရဲသည်၊ အသက် မည်မျှ ရှည်သည်၊ ထိုဘဝမှ ကွယ်လွန်ပြီးနောက် မည်သည့်ဘဝ၌ ဖြစ်ရသည်။ ထိုဘဝ၌ အမည်ကား ဤသို့၊ အဆင်းကား ဤပုံ စသည်ဖြင့် ဖြစ်ခဲ့သမျှ ကြုံခဲ့သမျှ အရာအားလုံးကို အောက်မေ့ သိမြင်နိုင်သည်။

ဥပမာအားဖြင့် အမျိုးသားတစ်ယောက်သည် မိမိရွာမှ အခြားရွာသို့ သွားရာ၏။ ထိုရွာမှ အခြားရွာသို့ ဆက်သွားပြန်၏။ အလိုရှိသမျှ သွားပြီးနောက် မိမိအိမ်သို့ ပြန်ရောက်ခဲ့၏။ ထိုသို့ ပြန်ရောက်ပြီးနောက်တွင် မိမိ
စာမျက်နှာ-434


သွားရောက်ခဲ့သော ခရီးစဉ်ကို ပြန်ပြောင်း အောက်မေ့ဆင်ခြင်သောအခါ တစိမ့်စိမ့်တွေး၍ တရေးရေး မှတ်မိနေသည်။ မြင်ယောင်နေသည်။ ယခုပင် သွားနေရသကဲ့သို့ ခံစားနေရသည်။

ထိုအတူပင် ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်ရသော ပုဂ္ဂိုလ်သည်လည်း ရှေးရှေးဘဝများစွာက မိမိနေထိုင် တွေ့ကြုံခဲ့ရသမျှ အားလုံးကို ပြန်ပြောင်း အောက်မေ့ ဆင်ခြင်၍ ထိုထိုဘဝ၌ တွေ့ကြုံခံစားခဲ့ရသမျှ အဖြစ်အပျက်အားလုံးကို အရှိအတိုင်း အမှန်အတိုင်း သိမြင်နိုင်လေသည်။

ရှေးဖြစ်ဟောင်းကို အောက်မေ့နိုင်သော ပုဂ္ဂိုလ် ၆ ဦး

ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်ရ၍ ရှေးဖြစ်ဟောင်းများကို ပြန်ပြောင်း အောက်မေ့ သိမြင်နိုင်သော ပုဂ္ဂိုလ် ၆-ဦး ရှိသည်။ ၎င်းတို့မှာ—
၁။ သာသနာပ ရသေ့ (တိတ္ထိ)
၂။ ပကတိသာဝက
၃။ မဟာသာဝက
၄။ အဂ္ဂသာဝက
၅။ ပစ္စေကဗုဒ္ဓါ
၆။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်
တို့ ဖြစ်သည်။

သိနိုင်သောကမ္ဘာ အပိုင်းအခြား

ရှေးဖြစ်ဟောင်း အောက်မေ့သိမြင်နိုင်သော ပုဂ္ဂိုလ် ၆-ဦးအနက် သာသနာပ ရသေ့ (တိတ္ထိ) တို့သည် ကမ္ဘာ (၄၀) ကိုသာ အောက်မေ့ သိမြင်နိုင်ကြသည်။ ထို့ထက်ပို၍ မသိနိုင်ကုန်၊ ထိုပုဂ္ဂိုလ်တို့သည် သမထဘာဝနာ သက်သက်ကိုသာ အားထုတ်၍ အဘိညာဉ်ရသူများ ဖြစ်ကြသည်။ ရုပ်နာမ်နှစ်ပါးကို ပိုင်းခြား သိမြင်သော ဝိပဿနာတရား အားထုတ်မှု မရှိခြင်းကြောင့် ပညာအားနည်းကြသည်။ အကယ်၍ နာမ်ခန္ဓာ ဖြစ်စဉ်မရှိသည့် အသညသတ်ဘုံသို့ ရောက်ခဲ့သည့် ဘဝတစ်ခု ကြားခံရှိနေပါက သာသနာပရသေ့တို့၏ ဉာဏ်သည် ရှေ့မတိုးနိုင်တော့ဘဲ ရပ်ဆိုင်းသွားကြ၍ ထိုခဏမှ ဘဝသံသရာ စတင်သည်ဟု ယူဆကြလေတော့သည်။
စာမျက်နှာ-435


ဗုဒ္ဓဘုရားရှင်၏ တပည့် သာဝကများမှာကား ဘုရားရှင်ထံမှ နည်းပညာ ရရှိထားကြသောကြောင့် ထိုအသညသတ် ကြားခံကို ကျော်၍ ရှေ့သို့ ကမ္ဘာ (၅၀၀) ခုန်ကျော်၍ အာရုံပြုနိုင်ကြသည်။

ပကတိသာဝကတို့သည် သမထဝိပဿနာပညာအားကောင်းသောကြောင့် ကမ္ဘာတစ်ရာမှ ကမ္ဘာတစ်ထောင်အထိ အောက်မေ့သိမြင်နိုင်ကြသည်။

ရှစ်ကျိပ်သော မဟာသာဝကတို့သည် ထို့ထက် ပညာဉာဏ် အားကောင်းသောကြောင့် ကမ္ဘာတစ်သိန်းအထိ အောက်မေ့ သိမြင်နိုင်ကြသည်။ အဂ္ဂသာဝကနှစ်ပါး (အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန်) တို့သည် ကမ္ဘာပေါင်း တစ်အသင်္ချေနှင့် တစ်သိန်းတိုင်အောင် အောက်မေ့သိမြင်နိုင်ကြသည်။

ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် ကမ္ဘာပေါင်း နှစ်အသင်္ချေနှင့် တစ်သိန်းတိုင်အောင် အောက်မေ့ သိမြင်နိုင်ကြသည်။

သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့ကား ကမ္ဘာအပိုင်းအခြား အတိုင်းအဆမရှိ အောက်မေ့ သိမြင်တော်မူနိုင်ကြသည်။

သိပုံ အခြင်းအရာ

ရှေးဖြစ်ဟောင်းကို ပြန်ပြောင်း၍ အောက်မေ့ဆင်ခြင်ရာ၌ သိပုံအခြင်းအရာ တစ်ဦးနှင့်တစ်ဦး မတူကြပေ။ ဉာဏ်ပါရမီအလိုက် ကွာခြားကြသည်။

သာသနာပ ရသေ့ (တိတ္ထိ) တို့သည် ခန္ဓာစဉ်ကို လျှောက်၍သာ အောက်မေ့နိုင်ကြသည်။ “ခန္ဓာအစဉ်ကိုလွှတ်၍ ဘဝတစ်ခု၏ အဆုံး စုတိကို အောက်မေ့ပြီးနောက် ထိုဘဝ၏အလယ်ပိုင်းကို မဆင်ခြင်တော့ဘဲ ခုန်ကျော်ကာ ထိုဘဝ၏ အစ ပဋိသန္ဓေကို အောက်မေ့ခြင်း” ဟု ဆိုအပ်သော စုတိပဋိသန္ဓေနှစ်ခုကို အာရုံပြု၍ အောက်မေ့ခြင်း မပြုနိုင်ကြကုန်။ ဥပမာ—မျက်စိမမြင်သူသည် တောင်ဝှေးကိုလွှတ်၍ မိမိအလိုရှိရာသို့ မသွားရောက်နိုင်သကဲ့သို့ ထို့အတူ သာသနာပ ရသေ့ (တိတ္ထိ) တို့သည် ခန္ဓာအစဉ်ကိုလွှတ်၍ မိမိအလိုရှိရာကို ခုန်ကျော်လျက် မအောက်မေ့ မဆင်ခြင်နိုင်ကြပေ။

ပကတိသာဝကများနှင့် ရှစ်ကျိပ်သော မဟာသာဝကကြီးတို့သည် ခန္ဓာအစဉ်ကိုလျှောက်၍လည်း အောက်မေ့နိုင်ကြသည်။ ခန္ဓာအစဉ်ကိုလွှတ်၍ စုတိပဋိသန္ဓေအလိုအားဖြင့်လည်း ပြောင်းရွှေ့၍ အောက်မေ့နိုင်ကြသည်။
စာမျက်နှာ-436


အဂ္ဂသာဝကနှင့် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် မျက်စိအမြင်ကောင်းသူ တောင်ဝှေးမပါဘဲ လမ်းလျှောက်နိုင်သကဲ့သို့ ခန္ဓာအစဉ်ကိုလျှောက်၍ ဆင်ခြင်ဖွယ် အောက်မေ့ဖွယ် မလိုတော့ပေ။ ဘဝတစ်ခု၏ စုတိကို မြင်ပြီးလျှင် ပဋိသန္ဓေကို မြင်တော်မူနိုင်ကြသည်။ တစ်ဖန် အခြားဘဝတစ်ခု၏ စုတိကိုမြင်ပြီးလျှင် ပဋိသန္ဓေအလိုအားဖြင့်သာလျှင် ပြောင်းရွှေ့ဆက်စပ်လျက် အောက်မေ့တော်မူနိုင်ကြပေသည်။

သဗ္ဗညုဘုရားရှင်တို့ကား ခန္ဓာအစဉ်ဖြင့် ပြုဖွယ်ကိစ္စလည်း မရှိ၊ စုတိပဋိသန္ဓေအလိုအားဖြင့် ပြောင်းရွှေ့၍ ဆင်ခြင်ဖွယ်လည်း မလိုတော့ပေ။

မှန်ပေသည်။ ဘုရားရှင်တို့အဖို့ အောက်မေ့ ဆင်ခြင်တော်မူလိုက ကမ္ဘာပေါင်းများစွာတို့၌ အောက်မှအထက်၊ အထက်မှအောက် အလိုရှိတော်မူရာ ဌာန၊ ဘုံ၊ ဘဝသည် ထင်ရှားလျက် ရှိပေသည်။ ထို့ကြောင့် ကမ္ဘာပေါင်း များစွာတို့ကိုသော်လည်း အလိုရှိရာ အလိုရှိရာကိုသာ ဉာဏ်ဖြင့်သက်ရောက်၍ ခြင်္သေ့များ ခုန်သွားပုံကဲ့သို့ ခုန်ကျော်၍ အောက်မေ့ဆင်ခြင်တော်မူနိုင်ကြပေသည်။

ထိုသို့ အောက်မေ့ဆင်ခြင်တော်မူရာ၌ ဘုရားရှင်တို့၏ ဉာဏ်တော်ကို ဥပမာအားဖြင့် အောက်ပါအတိုင်း ဖော်ပြထားပါသည်။

သားမြီးမျှင်ကို ထိမှန်အောင် ပစ်နိုင်သော ဘုရားအလောင်းတော် သရဘင်္ဂပညာရှိကဲ့သို့သော လေးသည်ကျော် ပစ်လိုက်သောမြားသည် အကြား၌ သစ်ပင် ခြုံနွယ်စသည်တို့၌ မငြိကပ်ဘဲ ပစ်မှတ်၌သာ ကျရောက်ထိမှန်သကဲ့သို့ ထို့အတူ အကြားအကြားသော ဘဝတို့၌ မကပ် မလွှဲချော်ဘဲ မလိုအပ်သည့်ဘဝကို ကျော်လွန်ချန်ထားခဲ့၍ အလိုရှိရာ အလိုရှိရာ ဘဝ ဘုံ ဌာနကိုသာ အောက်မေ့နိုင် သိတော်မူနိုင်ပေသည်။

ပုဂ္ဂိုလ်အလိုက် အလင်းကွဲပြားခြင်း

ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်ဖြင့် ရှေးဖြစ်ဟောင်း အောက်မေ့နိုင်သော ပုဂ္ဂိုလ်တို့သည် တစ်ဦးနှင့်တစ်ဦး ပါရမီလိုက်၍ အမြင်အင်အားချင်း၊ အလင်းရောင်အင်အားချင်း မတူကြပေ။

သာသနာပ တိတ္ထိတို့၏ အမြင်စွမ်းအား အလင်းရောင်သည် ပိုးစုန်းကြူး၏ အလင်းရောင်နှင့် တူ၏။

ပကတိသာဝကတို့၏ အမြင်စွမ်းအား အလင်းရောင်သည် ဆီမီးခွက် အလင်းရောင်နှင့် တူ၏။

မဟာသာဝကတို့၏ အမြင်စွမ်းအား အလင်းရောင်သည် မီးရှူးတန်ဆောင် (မီးရှူးတိုင်) မီးဒုတ် အလင်းရောင်နှင့် တူ၏
စာမျက်နှာ-437


အဂ္ဂသာဝကတို့၏ အမြင်စွမ်းအား အလင်းရောင်သည် သောက်ရှူးကြယ် (သောကြာကြယ်) အလင်းရောင်နှင့် တူ၏။

ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့၏ အမြင်စွမ်းအား အလင်းရောင်သည် လရောင်နှင့် တူ၏။

သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ အမြင်စွမ်းအား အလင်းရောင်သည် သရဖီဥတု (တန်ဆောင်မုန်းလ) အခါ တောက်ပသော နေမင်း၏ အလင်းရောင်နှင့် တူ၏။

ထို့ကြောင့် သာသနာပရသေ့ (တိတ္ထိ) တို့၏ ရှေးဖြစ်ဟောင်း (ပုဗ္ဗေနိဝါသ) ကို အောက်မေ့ခြင်းသည် မျက်မမြင်ပုဂ္ဂိုလ်များ တောင်ဝှေးနှုန်းဖြင့် (ထောက်၍ စမ်း၍) သွားခြင်းနှင့် တူ၏။

ပကတိသာဝကတို့၏ အောက်မေ့ခြင်းသည် သစ်တုံးတစ်ခုဖြင့် ခင်းထားသော ချောင်းငယ်တံတားကို သွားခြင်းနှင့် တူ၏။

မဟာသာဝကတို့၏ အောက်မေ့ခြင်းသည် လူလေးငါးယောက်သွားလောက်သည့် ပျဉ်ခင်းတံတားကို သွားခြင်းနှင့် တူ၏။

အဂ္ဂသာဝကတို့၏ အောက်မေ့ခြင်းသည် လှည်းလမ်းတံတားကို သွားခြင်းနှင့် တူ၏။

ပစ္စေကဗုဒ္ဓါတို့၏ အောက်မေ့ခြင်းသည် ကုန်သည်များသွားရာ လမ်းမကြီးကို သွားခြင်းနှင့် တူ၏။

သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ အောက်မေ့ခြင်းသည် လှည်းအစီး နှစ်ဆယ်၊ သုံးဆယ် တစ်ပြိုင်နက် သွားလောက်သည့် လှည်းလမ်းမကြီး (အဝေးပြေးကားလမ်းမကြီး) ကို သွားခြင်းနှင့် တူ၏။

ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်ဖြင့် အောက်မေ့သိမြင်ခြင်း

ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်ဖြင့် ရှေးဖြစ်ဟောင်းတို့ကို အောက်မေ့လိုသော ပုဂ္ဂိုလ်သည် အစဉ်အတိုင်း ဈာန်လေးပါးတို့ကို ဝင်စားပြီးလျှင် အဘိညာဉ်၏ အခြေခံဖြစ်သော စတုတ္ထဈာန်မှ ထ၍ မိမိနောက်ဆုံးဖြစ်သော ထိုင်နေခဲ့ခြင်းကို နှလုံးသွင်း ဆင်ခြင်အပ်၏။ နောက်ကြောင်းပြန်၍ ဤတစ်နေ့တာ အမျိုးမျိုး အထွေထွေ လှုပ်ရှား သွားလာခဲ့သော အချိန်ကာလ၊ နေရာဌာနတို့ကို နှလုံးသွင်း ဆင်ခြင်အပ်၏။

ထို့နောက် ဒုတိယနေ့၊ တတိယနေ့၊ စတုတ္ထနေ့၊ ပဉ္စမနေ့၊ ဆယ်ရက်မြောက်နေ့၊ လခွဲ၊ တစ်လ၊ တစ်နှစ်၊ ဆယ်နှစ်၊ နှစ်နှစ်ဆယ် စသည်ဖြင့် ဤဘဝ၌ မိမိ၏ ပဋိသန္ဓေကာလတိုင်အောင် နောက်ကြောင်းပြန်၍ နှလုံးသွင်း ဆင်ခြင်အပ်၏။
စာမျက်နှာ-438


ထို့နောက် ရှေးဘဝစုတိခဏ၌ ဖြစ်ခဲ့သော ရုပ်နာမ်တို့ကို နှလုံးသွင်း ဆင်ခြင်အပ်၏။ ပညာထက်သော ပုဂ္ဂိုလ်ဖြစ်မှ ပထမအကြိမ်ဖြင့်ပင် ပဋိသန္ဓေကိုခွာ၍ စုတိခဏ၌ နာမ်ရုပ်ကို အာရုံပြုခြင်းငှာ စွမ်းနိုင်၏။ မစွမ်းနိုင်ခဲ့သော် လက်မြှောက်အရှုံးမပေးအပ်။ အဘိညာပါဒကဈာန်ကိုပင် အဖန်ဖန် အထပ်ထပ် ဝင်စားအပ်၏။ ထိုဈာန်မှ ထတိုင်းထတိုင်း စုတိဌာနကို နှလုံးသွင်း ဆင်ခြင်အပ်၏။ ယင်းသို့ ပြုလုပ်ခြင်းအားဖြင့် ရှေး၌ နှလုံးသွင်း ဆင်ခြင်ပြီးသည်ကို မဆင်ခြင်ရတော့ဘဲ ပဋိသန္ဓေကိုသာ ဆင်ခြင်ကာ မကြာမီ ထိုပဋိသန္ဓေကိုခွာ၍ စုတိခဏ၌ ဖြစ်ခဲ့သော နာမ်ရုပ်ကို အာရုံပြုနိုင်တော့၏။

ထိုကဲ့သို့ နောက်ဆုံးထိုင်နေခြင်းမှစ၍ ဤဘဝပဋိသန္ဓေတိုင်အောင် အာရုံပြု၍ ဖြစ်သော ဉာဏ်သည်လည်း ပုဗ္ဗေနိဝါသာနုဿတိဉာဏ် မဟုတ်သေးပေ။ ယင်းဉာဏ်သည်ကား ပရိကံသမာဓိနှင့် ယှဉ်သော ဉာဏ်သာ ဖြစ်၏။

အကြင်အခါ၌ ပဋိသန္ဓေကို ကျော်လွန်၍ လွန်ခဲ့သော ဘဝစုတိခဏ၌ ဖြစ်သော နာမ်ရုပ်ကို အာရုံပြုလျက် နှလုံးသွင်း ဆင်ခြင်စိတ် ဖြစ်ပေါ်၏။ ထို့နောက် စတုတ္ထဈာန်ဇော ဖြစ်ပေါ်လာ၍ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ် ဖြစ်ပေါ်လာ၏။ ထိုအခါ ထိုဉာဏ်၌ ယှဉ်သော သတိဖြင့်သာ များပြားလှစွာသော ရှေး၌ နေခဲ့ဖူးသည့် ခန္ဓာအစဉ်ကို အောက်မေ့နိုင်သည်။

ထိုပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်ဖြင့် ဘဝတစ်ခုမှစ၍ ဘဝပေါင်း ရာ၊ ထောင်၊ သိန်း၊ သန်း၊ ကုဋေ၊ ကုဋာနှင့်တကွ ကပ်ကမ္ဘာတည်ခြင်း၊ ပျက်ခြင်း၊ ကမ္ဘာသစ်တည်ပုံ စသည်တို့ကို အလိုရှိတိုင်း အောက်မေ့သိမြင်နိုင်သည်။

ဇာတိဿရဉာဏ်

ဇာတိဿရဉာဏ်သည် ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်နှင့် ဆင်တူ၏။ သို့သော် ထိုအဘိညာဉ်လောက်ကား တန်ခိုးအစွမ်းမရှိပေ။ ဇာတိဿရဉာဏ်သည် သမထစွမ်းအားကြောင့် ဖြစ်ပေါ်သည်မဟုတ်။ ရှေးဆုတောင်းနှင့် ကာမာဝစရ ကုသိုလ်ကံအထူးကြောင့် ဖြစ်ပေါ်သော ဉာဏ်ဖြစ်သည်။ (ဇာတိ = ရှေးဘဝကို + သရ = အောက်မေ့ခြင်း။)

ဇာတိဿရဉာဏ်ရသူသည် မိမိဖြစ်ခဲ့ဖူးသော ရှေးဘဝတို့ကို တစ်ဘဝမှ ဘဝငါးရာအထိ အောက်မေ့နိုင်သည်။ ယင်းသို့ အောက်မေ့ရာတွင် အချို့မှာ အမိဝမ်းထဲကပင် အောက်မေ့နိုင်ကြသည်။ အချို့မှာ မွေးဖွားစကလည်းကောင်း၊ အချို့မှာ မိမိနေခဲ့ဖူးသော အရပ်ကို မြင်ရမှလည်းကောင်း၊ အချို့မှာ အကြောင်းတိုက်ဆိုင်မှလည်းကောင်း၊ အချို့မှာ တစ်ဘဝနှစ်ဘဝကို ခုန်ကျော်၍လည်းကောင်း အောက်မေ့သိမြင်နိုင်ကြသည်။ ဇာတိဿရဉာဏ်ရသူသည် မိစ္ဆာဒိဋ္ဌိဖြစ်လျှင် (၈) ဘဝထက်ပို၍ မအောက်မေ့နိုင်။ (မ၊ဋ္ဌ၊၄၊၁၅။ သံ၊ဋ္ဌ၊၂၊၃၁၇။ မ၊ဋီ၊၃၊၂၃၅။)
စာမျက်နှာ-439


ဇာတိဿရဉာဏ်ရသူများ
ဇာတိဿရဉာဏ်ရသူများအနက် အချို့ကို သာဓကအဖြစ် အကျဉ်းချုပ် ဖော်ပြပါမည်။

ပတိပူဇိကာမာလာ: သာဝတ္ထိပြည်သူ ပတိပူဇိကာသည် တာဝတိံသာနတ်ပြည် မာလာဘာရီနတ်သား၏ ဇနီး နတ်သမီးဘဝမှ စုတေကာ လူဖြစ်လာသည်ကို သိမြင်လေသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၂၉။)

ကုမ္မာသပိဏ္ဍိဇာတ်လမ်း: ဘုရားအလောင်းတော် ဗြဟ္မဒတ်မင်းသားသည် သွားတတ်စအရွယ်ကပင် ဇာတိဿရဉာဏ်ရ၍ ဆင်းရဲသားဘဝမှ စုတေကာ ပစ္စေကဗုဒ္ဓါအား မုယောမုန့် လှူဒါန်းခဲ့သော အကျိုးကြောင့် ဤဘဝ၌ မင်းသားဖြစ်ရသည်ကို သိမြင်လေသည်။ (ဇာ၊ဋ္ဌ၊၃၊၃၈၆။)

တေမိမင်းသား: အလောင်းတော် တေမိမင်းသားသည် တစ်လသားအရွယ်တွင် ခမည်းတော်မင်းကြီး၏ ရင်ခွင်၌ နေစဉ် ခမည်းတော်မင်းကြီးက သူခိုးလေးယောက်အား သတ်မိန့်စီရင်ချက်ချရာတွင် “ငါသည် ခိုးသူသတ်ရာ ဤအိမ်သို့ အဘယ်ဘဝမှ ရောက်လာလေသနည်း” ဟု ဆင်ခြင်ရာ တာဝတိံသာမှ ရောက်လာခဲ့သည်ကိုလည်းကောင်း၊ ဥဿဒငရဲငယ်၌ အနှစ်ရှစ်သောင်း ဖြစ်ခဲ့ရသော ဘဝကိုလည်းကောင်း၊ ဗာရာဏသီ၌ အနှစ်နှစ်ဆယ် မင်းပြုခဲ့ရသည်ကိုလည်းကောင်း သိမြင်လေသည်။ (ဇာ၊ဋ္ဌ၊၆၊၄။)

သူငယ်လေးတစ်ဦး: သူငယ်လေးတစ်ယောက်သည် မမွေးဖွားမီ မိခင်ဝမ်းတွင်းကပင် ဇာတိဿရဉာဏ်ရရှိပြီး အစဉ်အတိုင်း မိမိဖြစ်ခဲ့ရသော နွားဘဝ၊ ခွေးဘဝ၊ လင်းမြွေဘဝ၊ ညီငယ်နှင့် ချစ်ကြိုက်နေသည့် မိမိမယား၏ တိုက်တွန်းချက်ကြောင့် ညီငယ်၏ သတ်ဖြတ်မှုကို ခံခဲ့ရသော လူ့ဘဝတို့ကို သိမြင်လေသည်။ ထိုလူငယ်လေးသည် မိခင်ဝမ်းမှ ကျွတ်လာသည့်အခါ မိခင်လက်နှင့်ထိလျှင် ငို၏။ မိခင်နို့ကိုလည်း မစို့၊ ထို့ကြောင့် အဖိုးအဖွားများက မွေးမြူခဲ့ရသည်။ (အံ၊ဋ္ဌ၊၂၊၁၇၉။)

ယခုမျက်မှောက်ဘဝ လူဝင်စားအချို့တို့လည်း ရှေးကဖြစ်ခဲ့ဖူးသော တစ်ဘဝ၊ နှစ်ဘဝ စသည်ကို အောက်မေ့သိမြင်နိုင်သည့် ဇာတိဿရဉာဏ်ရှင်များ ဖြစ်ကြသည်။

ဇာတိဿရဉာဏ်ကို လူသားများသာမက တိရစ္ဆာန်များလည်း ရှိကြသည်။ သာဓကအားဖြင့် မတကဘတ္တဇာတ်လာ သိုးတစ်ကောင်သည် ဘဝငါးရာ ခေါင်းဖြတ်အသတ်ခံရပြီး ယဇ်ပူဇော်ခံခဲ့ရကြောင်း သိမြင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၆၃။)
ဘုရားအလောင်း ရွှေဟင်္သာမင်းသည် လူ့ပြည်လောက ပုဏ္ဏားဘဝမှ ကွယ်လွန်ပြီး ဟင်္သာမျိုး၌ ဖြစ်လာကြောင်း သိမြင်လေသည်။ (ဇာ၊ဋ္ဌ၊၁၊၁၅၀။)
စာမျက်နှာ-440


ဒိဗ္ဗစက္ခု အဘိညာဉ် (စုတူပပါတ အဘိညာဉ်)

နတ်တို့၏ မျက်စိသည် လူဖြစ်စဉ် ဘဝက ပြုလုပ် ဆည်းပူး အားထုတ်အပ်သော ကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာသဖြင့် သည်းခြေ၊ သလိပ်၊ သွေး စသော အပိတ်အပင် အတားအဆီး အနှောင့်အယှက်များ မရှိပေ။ ထိုထို ညစ်ညူးကြောင်း အညစ်အကြေး အပြစ်ဒေါသတို့မှ ကင်းလွတ်သောကြောင့် မည်မျှဝေးကွာသော သေးငယ်သော အရာဝတ္ထု၊ အဆင်းအမျိုးမျိုးကို ဖြစ်စေ မြင်နိုင်စွမ်း ရှိသည်။

ဒိဗ္ဗစက္ခု အဘိညာဉ်ရသော တန်ခိုးရှင်၏ မျက်စိသည် ဈာန်သမာဓိ စွမ်းအားကြောင့် သာမန်လူတို့၏ မျက်စိထက် ပိုမိုထူးခြားသော စွမ်းအားရှိသည်။ နတ်တို့၏ မျက်စိကဲ့သို့ အလွန်ဝေးကွာနေသော ရုပ်အဆင်း၊ သေးငယ်မှုန်မွှားသော ရုပ်အဆင်းတို့ကို မြင်နိုင်သည်။ ထို့ကြောင့် ဒိဗ္ဗစက္ခု အဘိညာဉ်ရ တန်ခိုးရှင်၏ အမြင်စွမ်းအားသည် နတ်တို့၏ အမြင်စွမ်းအားနှင့် ဆင်တူသည်။ (ဒိဗ္ဗ+စက္ခု၊ ဒိဗ္ဗ = နတ်တို့၏ မျက်စိနှင့်တူသော + စက္ခု = မျက်စိ)

ဒိဗ္ဗစက္ခု အဘိညာဉ်ကိုပင် စုတူပပါတ အဘိညာဉ် ဟုလည်း ခေါ်သည်။ အခေါ်အဝေါ်ကွဲသော်လည်း တန်ခိုးစွမ်းအား အမြင်စွမ်းအားချင်း တူညီသည်။ သေဆဲနှင့် ဘဝသစ်၌ ဖြစ်ဆဲသတ္တဝါတို့ကို သိမြင်သော ဉာဏ်ကို စုတူပပါတ အဘိညာဉ်ဟု ခေါ်သည်။ (စုတိ + ဥပပါတ၊ စုတိ = သေဆဲ + ဥပပါတ = ဘဝသစ်၌ ဖြစ်ဆဲ)

သတ္တဝါ အမျိုးမျိုးကို မြင်ပုံ

ဒိဗ္ဗစက္ခု အဘိညာဉ်ရသော တန်ခိုးရှင်သည် သေဆဲသတ္တဝါ၊ ဘဝသစ်၌ ဖြစ်ဆဲသတ္တဝါ၊ အမျိုးယုတ်သူ၊ မြတ်သူ၊ အဆင်းလှသူ၊ မလှသူ၊ သုဂတိရောက်သူ၊ ဒုဂ္ဂတိရောက်သူ၊ ဒုစရိုက်ကျူးလွန်သူ၊ သုစရိုက်နှင့် ပြည့်စုံသူ၊ ကံကောင်းသူ၊ ကံဆိုးသူ၊ အရိယာပုဂ္ဂိုလ်တို့ကို ကဲ့ရဲ့စွပ်စွဲသူ၊ မှားယွင်းသော အယူရှိသူ စသည်ဖြင့် သတ္တဝါအမျိုးမျိုးနှင့် ၎င်းတို့၏ ကံအမျိုးမျိုးကို သိမြင်တော်မူသည်။ ထို့ပြင် နံရံတစ်ဘက်၊ တံတိုင်းတစ်ဘက်၊ စကြဝဠာ အနားစွန်း၊ ထိုထက်မက ဝေးကွာသော အရပ်တို့၌ ရှိသည့် အဆင်းရူပါရုံ၊ အရာဝတ္ထုအမျိုးမျိုး၊ သတ္တဝါအမျိုးမျိုးတို့ကို သိမြင်တော်မူသည်။

အရိယာကို စွပ်စွဲသူ

အရိယာကို ကဲ့ရဲ့စွပ်စွဲသူသည် အရိယူပဝါဒကံ ထိုက်သည်။ ထိုကံထိုက်ပြီးသူသည် သောတာပန်ပင် ဖြစ်သော်လည်း အထက်မဂ်တို့ကို မရနိုင်တော့ပေ။
စာမျက်နှာ-441


ထိုသို့သော ဒုစရိုက်မှ ကျူးလွန်သူတို့၏ မကောင်းမှု အကုသိုလ်ကံကို ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့် သိမြင်တော်မူကြသည်။

သာဓကအားဖြင့် ရွာတစ်ရွာ၌ မထေရ်ကြီးတစ်ပါးနှင့် ရဟန်းငယ်တစ်ပါးတို့သည် ဆွမ်းခံလှည့်လည်နေကြ၏။ ထိုနှစ်ပါးတို့သည် ပထမအိမ်၌ပင် ပူပူနွေးနွေး ယာဂုတစ်ခွက်စီ ရရှိကြ၏။ မထေရ်ကြီးမှာ လေနာရောဂါရှိသဖြင့် ဝမ်းထဲ၌ လေထိုးကျင်နှိပ်စက်ခြင်း ခံနေရသဖြင့် ဗိုက်အောင့်နေသည်။

ထို့ကြောင့် မထေရ်ကြီးသည် “ဤယာဂုသည် ငါ့အား သင့်လျော်၏၊ မအေးမီ ယာဂုကို သောက်တော့မည်” ဟု ကြံကာ တံခါးခုံပြုလုပ်ရန် လူတို့ချထားသော သစ်တုံးပေါ်၌ ထိုင်၍ ယာဂုကို သောက်တော်မူသည်။

ရဟန်းငယ်သည် မထေရ်ကြီးက ရွာလမ်းမ၌ ထိုင်၍ ယာဂုသောက်နေသည်ကို စက်ဆုပ်ရှက်နိုးသဖြင့် “ကိုယ်တော်ကြီး ဆာလောင်မှုအားကြီးပေ (ငတ်ကြီးကျပေစွ)၊ ငါတို့အား အရှက်ကွဲအောင် ပြုလုပ်ဘိ၏” ဟု ဆိုလေသည်။

မထေရ်ကြီးသည် ဆွမ်းခံပြီးနောက် ကျောင်းသို့ ပြန်ရောက်သောအခါ ရဟန်းငယ်ကို ခေါ်၍ “ငါ့ရှင်၊ ဤသာသနာ၌ သင့်မှာ ထောက်တည်ရာရှိပါ၏လော့ (မဂ်ရပြီလော)” ဟု မေးသည်။ ထိုအခါ ရဟန်းငယ်က “အရှင်ဘုရား တပည့်တော် သောတာပန်ပါ” ဟု လျှောက်၏။ ထိုအခါ မထေရ်ကြီးက “ငါ့ရှင် သို့ဖြစ်လျှင် အထက်မဂ်အတွက် မကျင့်လေနှင့်တော့၊ သင် ရဟန္တာကို ကဲ့ရဲ့စွပ်စွဲမိပြီ” ဟု မိန့်တော်မူသည်။

သို့ရာတွင် ရဟန်းငယ်သည် ထိတ်လန့်လျက် မထေရ်ကြီးအား ရှိခိုးကန်တော့ တောင်းပန်ရာ မထေရ်ကြီးက သည်းခံခွင့်လွှတ်တော်မူသဖြင့် ထိုစွပ်စွဲမှုကံသည် အပြစ်မရှိတော့ဘဲ ပကတိအတိုင်းပင် ဖြစ်လေတော့သည်။

ပုထုဇဉ်အတွက် အန္တရာယ်

ဒိဗ္ဗစက္ခု အဘိညာဉ်သည် ထိုအဘိညာဉ်ရ ပုထုဇဉ်ပုဂ္ဂိုလ်တို့အတွက် အန္တရာယ်ဖြစ်တတ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအဘိညာဉ်ရ ပုထုဇဉ်သည် သမုဒ္ဒရာ၊ တော၊ တောင်တို့ကို ဖောက်ထွင်းသွားလိုသောအခါ သွားလိုရာအရပ်၌ အရောင်အလင်း ဟင်းလင်းဖြစ်စေရန် ဦးစွာ ဖန်ဆင်းရသည်။ ထိုသို့ ဖန်ဆင်း၍ ဖြစ်ပေါ်လာသော အလင်းနေရာအရပ်၌ ကြောက်မက်ဖွယ်ရာ ဘီလူး၊ ရက္ခိုသ် စသည်တို့၏ အဆင်းကို မြင်ရတတ်သည်။ ထိုအခါ ပုထုဇဉ်အား ကြောက်လန့်မှု ဖြစ်ပေါ်ပြီး စိတ်ပျံ့လွင့်ဖောက်ပြန်၍ ဈာန်လျောသွားတတ်သည်။ ထို့ကြောင့် အဘိညာဉ်ရပုထုဇဉ်သည် ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် အဆင်းကို ကြည့်ရှုရာ၌ မမေ့မလျော့ သတိဖြင့် ပြုလုပ်ရာ၏။
စာမျက်နှာ-442


အာသဝက္ခယ အဘိညာဉ်

ဤအာသဝက္ခယအဘိညာဉ်ကို အာသဝေါတရား လေးပါးတို့ ကုန်ခန်းချုပ်ငြိမ်းပြီးသော ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာအရှင်မြတ်တို့သာ ရရှိနိုင်ကြကုန်၏။ ပုထုဇဉ်နှင့် သောတာပန် စသော ကျင့်ဆဲပုဂ္ဂိုလ်များ အာသဝက္ခယအဘိညာဉ်ကို မရနိုင်ကြချေ။ အာသဝေါတရား လေးပါးတို့ကို ကုန်ခန်းစေနိုင်သည့် အရဟတ္တမဂ်ဉာဏ်ကို အာသဝက္ခယအဘိညာဉ်ဟု ခေါ်သည်။ (အာသဝ + ခယ၊ အာသဝ = အာသဝေါတရားလေးပါး + ခယ = ကုန်ခန်းခြင်း)

ယထာကမ္မူပဂ အဘိညာဉ်

ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ကြည့်ရှုဆင်ခြင်၍ မြင်အပ်ပြီးသော သတ္တဝါတို့၏ ရှေးကပြုဖူးခဲ့သည့်ကံကို သိမြင်ခြင်းနှင့် ကံအားလျော်စွာ လားရောက်ရမည့် ဘုံဘဝစသည်တို့ကို သိမြင်နိုင်ရန် ဤယထာကမ္မူပဂအဘိညာဉ်ကို ဝင်စားရသည်။

ဤယထာကမ္မူပဂအဘိညာဉ် တန်ခိုးဖြင့် သတ္တဝါတို့၏ ရှေးကုသိုလ်ကံ၊ အကုသိုလ်ကံ၊ ထိုကံအားလျော်စွာ လားရောက်ရမည့် ဘုံဌာနစသည်တို့ကို သိမြင်နိုင်သည်။ (ယထာ + ကမ္မ + ဥပဂမန၊ ယထာ = အားလျော်စွာ၊ အလျောက် + ကမ္မ = ကုသိုလ်၊ အကုသိုလ်ကံ + ဥပဂမန = ကပ်ရောက်ခြင်း)

အနာဂတံသ အဘိညာဉ်

ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ကြည့်ရှုဆင်ခြင်၍ မြင်အပ်ပြီးသော သတ္တဝါတို့၏ အနာဂတ်ကာလနှင့် စပ်ဆိုင်သမျှကို သိခြင်းသည် အနာဂတံသအဘိညာဉ် မည်၏။ ဉာဏ်စွမ်းအားအလျောက် အနာဂတ်တစ်ဘဝ၊ နှစ်ဘဝ၊ တစ်ကမ္ဘာ၊ နှစ်ကမ္ဘာ စသည်ကို ကြိုတင်သိမြင်နိုင်ကြသည်။

ယထာကမ္မူပဂအဘိညာဉ်နှင့် အနာဂတံသအဘိညာဉ် နှစ်ပါးသည် ဒိဗ္ဗစက္ခုအဘိညာဉ်နှင့် ဆက်စပ်နေသည်။ ဤအဘိညာဉ်နှစ်ပါးသည် ဒိဗ္ဗစက္ခုအဘိညာဉ်ကို ဝင်စားပြီးသည့်နောက် ကောက်ကာငင်ကာ ဝင်စားလိုက်ရုံသာဖြစ်သည်။ ယင်းအဘိညာဉ်နှစ်ပါးအတွက် ပရိကံ သီးခြားပြုလုပ်ရန် မလိုတော့ပေ။ ဤအဘိညာဉ်နှစ်ပါးသည်လည်း လောကီအဘိညာဉ်ပင် ဖြစ်၏။
စာမျက်နှာ-443


အနာဂတ်ကို ဟောကြားတော်မူခြင်း
အနာဂတံသအဘိညာဉ်ဖြင့် နောင်အနာဂတ်ကာလ၌ ဖြစ်မည့် ခန္ဓာ၊ အာယတန၊ ဓာတ် အစုတို့ကို အပိတ်အပင် အတားအဆီးမရှိ သိမြင်နိုင်သည်။

ဘုရားရှင်တို့သည် အနာဂတံသအဘိညာဉ် ဉာဏ်တော်ဖြင့် အနာဂတ်ကာလ၌ ဖြစ်ပေါ်မှုမှန်သမျှကို ဧကန်ဒိဋ္ဌ သိမြင်ကြသော်လည်း အသေးအမွှားများ၊ အကျိုးမရှိသောအရာများကို ဟောတော်မမူကြပေ။ အနာဂတ်အတွက် ဘုရားရှင်တို့ မိန့်ကြားတော်မူအပ်သော စကားတော်ကို “ဗျာဒိတ်” ဟု ခေါ်သည်။

ဥပမာအားဖြင့် ဒီပင်္ကရာဘုရားရှင်သည် သုမေဓာရှင်ရသေ့အား ဗျာဒိတ်စကား မိန့်ကြားတော်မူရာတွင် “ဤရသေ့သည် ဤကမ္ဘာမှနောက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ ဂေါတမအမည်ဖြင့် ဘုရားဖြစ်လိမ့်မည်” စသည်ဖြင့် မိန့်ကြားတော်မူခဲ့သည်။

ဒေဝဒတ်သည် ဘုရားရှင်အား ပြစ်မှား၍ မြေမျိုခံရသည်။ ယင်းသို့ မြေမျိုရာတွင် လည်ပင်းတိုင်အောင် နှစ်မြုပ်၍ မေးရိုးနစ်မြုပ်တော့မည့် ဆဲဆဲအချိန်တွင် ဒေဝဒတ်သည်—

“အကျွန်ုပ်သည် ဤအရိုးတို့ဖြင့်လည်းကောင်း၊ ကျန်ရှိနေသော အသက်တို့ဖြင့် လည်းကောင်း မြတ်စွာဘုရားအား ရှိခိုးပါ၏၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏”

ဟု နောက်ဆုံး ဝန်ချကန်တော့ တောင်းပန်သော ကောင်းမှုကြောင့် ဤကမ္ဘာမှနောက် ကမ္ဘာတစ်သိန်းထက်၌ “အဂ္ဂိဿရ” အမည်ဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်လိမ့်မည်ဟု အနာဂတံသအဘိညာဉ် ဉာဏ်တော်ဖြင့် ဘုရားရှင် ဟောကြားတော်မူခဲ့သည်။

အရှင်ပိဏ္ဍောလ တန်ခိုးပြခြင်း

ရာဇဂြိုဟ်သူဌေးကြီးသည် သမ္မာဒိဋ္ဌိအယူရှိသူလည်း မဟုတ်၊ မိစ္ဆာဒိဋ္ဌိအယူရှိသူလည်း မဟုတ်၊ ဘာသာရေး လက်လွှတ်နေသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ သူ၏အိမ်တွင် စန္ဒကူးနံ့သာနီတုံးကြီး တစ်တုံးရှိသည်။ ယင်းကို အဘယ်အသုံးအဆောင် ပြုလုပ်ရအံ့နည်းဟု စဉ်းစားနေသည်။ ဆက်လက်၍ ဤသို့ စဉ်းစားမိပြန်သည်—

“ဤလောက၌ ငါတို့သည် ရဟန္တာဟု ဝန်ခံပြောဆိုကြသူတို့ကား များလှ၏၊ သို့သော် မည်သူသည် ရဟန္တာအစစ် ဖြစ်သည်ဟု ဝေဖန်ပိုင်းခြား၍ မသိနိုင်ချေ၊ ဤစန္ဒကူးတုံးကို သပိတ်လုပ်ပြီး အတောင် (၆၀) ခန့်ရှိသော ဝါးလုံးကို စိုက်ထောင်၍ အဖျား၌ ထိုသပိတ်ကို
စာမျက်နှာ-444


ဆွဲထားကာ ရဟန္တာဖြစ်သူသည် ကောင်းကင်ခရီးဖြင့် ကြွပြီးလျှင် ဤစန္ဒကူးသပိတ်ကို ယူဆောင်ပါစေဟု ကြေညာမည်။ ဤစန္ဒကူးသပိတ်ကို ဈာန်ပျံ၍ ယူဆောင်နိုင်သော ရဟန္တာပုဂ္ဂိုလ်အား ငါသည် သားမယားနှင့်တကွ ကိုးကွယ်မည်”။

ထိုအကြံအတိုင်း စန္ဒကူးသပိတ် ပြုလုပ်ပြီး အတောင် (၆၀) ခန့်ရှိ ဝါးလုံးကို စိုက်ထောင်၍ အဖျား၌ ချိတ်ဆွဲထား၏။ “ရဟန္တာပုဂ္ဂိုလ်များ ဤစန္ဒကူးသပိတ်ကို ကောင်းကင်ခရီးဖြင့် ယူဆောင်တော်မူကြပါ” ဟုလည်း ကြေညာသည်။

ပုရာဏကဿပစသော တိတ္ထိဆရာကြီး ၆-ဦးတို့သည် ထိုစန္ဒကူးသပိတ်ကို ရယူရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားကြသည်။ ဂိုဏ်းဆရာကြီးက ခြေမြှောက်လက်မြှောက်၍ ကောင်းကင်ပျံတက်တော့မည့် ပုံသဏ္ဌာန် လုပ်ပြနေစဉ် တပည့်များက သစ်သားခွက်တစ်လုံးအတွက် လျှို့ဝှက်အပ်သော အဖိုးတန်တန်ခိုးကို မပြရန် ဆွဲထားကြသည်။ သူဌေးကြီးအား စန္ဒကူးသပိတ်ကို ဖြုတ်လှူရန် တိုက်တွန်းကြ၏။ သူဌေးကြီးကိုလည်း အမျိုးမျိုး ဖြောင့်ဖျဖြားယောင်း သိမ်းသွင်းကြသည်။ သို့သော် သူဌေးကြီးက လက်မခံပေ။

ခုနစ်ရက်မြောက်သောနေ့၌ အရှင်မဟာမောဂ္ဂလာန်နှင့် အရှင်ပိဏ္ဍောလဘာရဒွါဇတို့ နှစ်ပါးသည် ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံဝင်ရန် ကျောက်ဖျာတစ်ခုပေါ်၌ သင်္ကန်းရုံနေတော်မူကြသည်။ ထိုစဉ် အရက်မူးသမားနှစ်ယောက်က—

“ဤလောက၌ မိမိကိုယ်ကို ရဟန္တာဟု ဝန်ခံပြောဆိုနေကြသူများ ရှိသော်လည်း ယခုအခါ ရဟန္တာမရှိကြောင်းကို ကောင်းကောင်းသိရပြီ၊ ရာဇဂြိုဟ်သူဌေး၏ စန္ဒကူးသပိတ်ကို ယူနိုင်သည့် ရဟန္တာမရှိ၊ ယနေ့ ခုနစ်ရက်မြောက် ရောက်နေပြီ” —

စသည်ဖြင့် အားလုံးကို ထိပါးပုတ်ခတ်၍ ပြောဆိုနေကြသည်။

အရက်မူးသမားတို့ ပြောကြသော စကားကို ကြားရသောအခါ အရှင်မဟာမောဂ္ဂလာန်သည် အရှင်ပိဏ္ဍောလဘာရဒွါဇအား “ငါ့ရှင် ကြားရဲ့လား၊ ဤအရက်မူးသမားတို့သည် ဘုရားရှင်၏ သာသနာတော်ကိုပါ ထိပါးပုတ်ခတ် ပြောဆိုကြပြီ၊ ငါ့ရှင်လည်း တန်ခိုးရှင်ပင် ဖြစ်သည်၊ ထိုစန္ဒကူးသပိတ်ကို ကောင်းကင်ခရီးဖြင့် သွား၍ ယူဆောင်ပါလေ” ဟု တိုက်တွန်းတော်မူသည်။

အရှင်မဟာမောဂ္ဂလာန်၏ တိုက်တွန်းချက်ဖြင့် အရှင်ပိဏ္ဍောလဘာရဒွါဇသည် အဘိညာဉ်၏ အခြေခံဖြစ်သော စတုတ္ထဈာန်ဝင်စားပြီး ထိုဈာန်မှထ၍ အဘိညာဉ်တန်ခိုးဖြင့် မိမိတို့ သင်္ကန်းဝတ်ရုံသည့် နေရာမှ သုံးဂါဝုတ်ပမာဏရှိ ကျောက်ဖျာ
စာမျက်နှာ-445


ကြီးကို ကောင်းကင်သို့ တက်စေပြီး ရာဇဂြိုဟ်မြို့ပေါ်၌ ခုနစ်ကြိမ်၊ ခုနစ်ပတ် လှည့်လည်စေသည်။

ရာဇဂြိုဟ်မြို့နေ လူထုကြီးသည် အရှင်ပိဏ္ဍောလကို မြင်ကြသဖြင့် ကြောက်ရွံ့ထိတ်လန့်ကြကာ “အရှင်ပိဏ္ဍောလဘာရဒွါဇဘုရား၊ ကျောက်ဖျာကြီးကို မြဲမြဲကိုင်ထားတော်မူပါ၊ လူအားလုံးကို မပျက်ပြုန်းပါစေလင့်” ဟု အော်ဟစ်လျှောက်ထားကြသည်။ ထိုစဉ် အရှင်မြတ်သည် ကျောက်ဖျာကြီးကို ခြေစွန်းဖြင့် တွန်းကန်၍ မူလနေရာသို့ ပစ်ချလိုက်သည်။

အရှင်ပိဏ္ဍောလသည် ရာဇဂြိုဟ်သူဌေး၏ အိမ်အထက် ကောင်းကင်ပြင်၌ ရပ်တည်ကာ နေတော်မူသည်။ သူဌေးကြီးသည် မြေ၌ဝပ်တွားဦးချလျက် “သက်ဆင်းတော်မူပါ အရှင်မြတ်ဘုရား” ဟု လျှောက်ထားလေသည်။ အရှင်မြတ်လည်း မြေသို့ သက်ဆင်းတော်မူသည်။ သူဌေးကြီးသည် အရှင်မြတ်အား အိမ်ထဲ၌ ပင့်ဆောင်ထိုင်နေစေပြီး စန္ဒကူးသပိတ်ကို ကောင်းကင်မှချကာ စတုမဓုအပြည့်ထည့်၍ အရှင်မြတ်အား ဆက်ကပ်လှူဒါန်းလေသည်။

အရှင်ပိဏ္ဍောလ စန္ဒကူးသပိတ်ကို အလှူခံ၍ ဝေဠုဝန်ကျောင်းတော်သို့ ပြန်ကြွလာရာတွင် အရှင်မြတ် တန်ခိုးပြစဉ်က မမြင်မတွေ့လိုက်ရသောသူများသည် အရှင်မြတ်နောက်သို့ အုပ်ဖွဲ့ဝိုင်းအုံ၍ လိုက်လာကာ တန်ခိုးပြရန် တောင်းပန်ကြသည်။ အရှင်မြတ်လည်း လူထုပရိသတ်ကြီးအား တန်ခိုးပြလျက် ကျောင်းတော်သို့ ဆိုက်ရောက်ခဲ့သည်။

တန်ခိုးမပြရန် သိက္ခာပုဒ် ပညတ်တော်မူခြင်း

ထိုလူအုပ်ကြီး၏ အသံများမှာ ဆူညံနေသည်။ ဘုရားရှင်သည် အရှင်အာနန္ဒာအား အကျိုးအကြောင်း မေးမြန်းတော်မူရာ အရှင်အာနန္ဒာကလည်း အရှင်ပိဏ္ဍောလ တန်ခိုးပြသည့် အကြောင်းကို လျှောက်ထားလေသည်။ ထိုအခါ ဘုရားရှင်သည် အရှင်ပိဏ္ဍောလအား ခေါ်ယူ၍ ဟုတ်-မဟုတ် မေးမြန်းတော်မူရာ အရှင်ပိဏ္ဍောလကလည်း ဟုတ်မှန်ကြောင်း လျှောက်ထားလေသည်။ ထိုအခါ ဘုရားရှင်သည် အရှင်ပိဏ္ဍောလအား ကဲ့ရဲ့တော်မူပြီး တရားဟောတော်မူကာ——

“ရဟန်းတို့ တန်ခိုးပြာဋိဟာကို မပြအပ်၊ တန်ခိုးပြသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်စေ”

ဟု သိက္ခာပုဒ် ပညတ်တော်မူသည်။ ထို့နောက် စန္ဒကူးသပိတ်ကို အစိတ်စိတ်အမွှာမွှာ ခွဲစေပြီး မျက်စဉ်းအဖြစ် အသုံးပြုရန် ရဟန်းတို့အား ဝေငှပေးလိုက်သည်။ ထိုကဲ့သို့သော သစ်သားသပိတ်မျိုးကို အသုံးမပြုရန်နှင့် အသုံးပြုပါက “ဒုက္ကဋ်အာပတ်သင့်စေ” ဟု သိက္ခာပုဒ် ပညတ်တော်မူသည်။
စာမျက်နှာ-446


ယမိုက်ပြာဋိဟာ ပြပွဲကြီး ဝါဆိုလပြည့်နေ့တွင် ကျင်းပမည်

တိတ္ထိတို့သည် ဘုရားရှင်က ရဟန်းများ တန်ခိုးပြာဋိဟာ မပြရန် သိက္ခာပုဒ် ပညတ်လိုက်ခြင်းကို အခွင့်ကောင်းယူကာ “ငါတို့သည် ရဟန်းဂေါတမနှင့် တန်ခိုးပြိုင်မည်” ဟု လှည့်လည်ကြွားဝါ ကြေညာနေကြလေသည်။

ထိုအကြောင်းကို ဗိမ္ဗိသာရမင်းကြီး ကြားသိသောအခါ ဘုရားရှင်ထံမှောက် သွားရောက်၍ အကျိုးအကြောင်း ဆွေးနွေးမေးမြန်း လျှောက်ထားလေသည်။
“မြတ်စွာဘုရား တန်ခိုးပြာဋိဟာ မပြရန် တပည့်ရဟန်းများအား သိက္ခာပုဒ် ပညတ်အပ်ပါပြီလားဘုရား”
“ပညတ်အပ်ပြီ ဒကာတော်”
“ယခု တိတ္ထိတို့က အရှင်ဘုရားတို့နှင့် တန်ခိုးပြိုင်မည်ဟု ပြောနေကြပြီ၊ ဘယ်လိုလုပ်ကြမလဲ အရှင်ဘုရား”
“ဒကာတော်၊ သို့ဖြစ်လျှင် ငါဘုရား တန်ခိုးပြာဋိဟာ ပြမည်”
“အရှင်ဘုရား တန်ခိုးမပြရန် သိက္ခာပုဒ် ပညတ်ပြီး မဟုတ်ပါလား”
“ဒကာတော်၊ ထိုသိက္ခာပုဒ်ကို ငါဘုရားအတွက် ပညတ်သည်မဟုတ်၊ သာဝကများအတွက်သာ ပညတ်ခြင်းဖြစ်သည်”
“အရှင်ဘုရား၊ မိမိကိုဖယ်ရှား၍ အခြားသူတို့အတွက်သာ တွက်ပြီး ပညတ်ခြင်းသည် ဖြစ်နိုင်ပါသလား”
“ဒကာတော်၊ သင့်ကိုပင် ပြန်၍မေးဦးမည်၊ သင်၏ဥယျာဉ်ထဲမှ သရက်သီးများကို အခြားသူတို့ ခူးစားလျှင် မည်သို့ပြုမည်နည်း”
“မင်းပြစ်မင်းဒဏ် ခတ်ရပါမည်ဘုရား”
“ဒကာတော်ကိုယ်တိုင်ကော စားခွင့်ရပါသလား”
“ရပါတယ်ဘုရား၊ တပည့်တော်အား ဒဏ်ခတ်ရန်မလိုပါ”
“ဒကာတော်၊ သင်၏အာဏာစက်သည် ယူဇနာသုံးရာကျယ်ဝန်းသော ဤပြည်အဝန်း၌ ပျံ့နှံ့သကဲ့သို့ ငါဘုရား၏ အာဏာစက်သည်လည်း စကြဝဠာကုဋေတစ်သိန်း (အာဏာခေတ်) ၌ ပျံ့နှံ့သည်။ ငါဘုရားအတွက် သိက္ခာပုဒ် ပညတ်ရိုးမရှိ၊ သာဝကတို့အတွက်သာ ပညတ်ရိုးရှိ၍ ငါဘုရားသည် ယနေ့မှနောက် လေးလမြောက်ဖြစ်သော ဝါဆိုလပြည့်နေ့၌ တန်ခိုးပြာဋိဟာ ပြမည်။”
စာမျက်နှာ-447


“ဘယ်အရပ်မှာ ပြတော်မူမည်လဲဘုရား”
“သာဝတ္ထိပြည် ကဏ္ဍမ္ဗသရက်ပင်အနီးမှာ ပြမည် ဒကာတော်”

တိတ္ထိတို့ ပျက်စီးခြင်း

ဤကဲ့သို့ ဘုရားရှင်က တန်ခိုးပြာဋိဟာပြမည်ဟု ကြေညာလိုက်သောအခါ တိတ္ထိတို့သည် မိမိတို့ရှုံးမည်ကို သိကြသော်လည်း အမူအရာမပျက် ဟန်ဆောင်လှုပ်ရှား ဝါကြွားနေကြသည်။ ပြာဋိဟာမဏ္ဍပ် ဆောက်လုပ်ရန် ဒါယကာများထံတွင် အလှူခံနေကြသည်။ ယင်းသို့ အလှူခံရာ အသပြာတစ်သိန်း ရရှိခဲ့ကြသည်။ ထိုအသပြာတစ်သိန်းဖြင့် မဏ္ဍပ်ဆောက်လုပ်ပြီး အဆန်းတကြယ် မွမ်းမံခြယ်မှုန်းထားကြသည်။

ဘုရားရှင်အတွက် မဏ္ဍပ်ကိုမူ သိကြားမင်းက ဆောက်လုပ်ဖန်ဆင်းပေးသည်။ သိကြားမင်းသည် တိတ္ထိတို့၏မဏ္ဍပ် ပျက်စီးစေရန်အတွက် လေနတ်သားအား လေတိုက်ဖျက်ဆီးစေသည်။ နေနတ်သားကလည်း တိတ္ထိတို့မဏ္ဍပ်ပေါ်တွင် ကွက်၍ ပြင်းစွာပူလောင်စေသည်။ တိတ္ထိတို့မှာ နေပူရှိန်ကြောင့် ချွေးဒီးဒီးကျနေကြသည်။ ထိုအခါ လေနတ်သားသည် လေဗွေတိုက်ခတ်၍ ချွေးယိုနေသော တိတ္ထိတို့ကိုယ်တွင် မြူမှုန်အလိမ်းလိမ်း ကပ်စေသည်။ မိုးနတ်သားကလည်း မိုးသီးမိုးပေါက် ရွာသွန်းချသည်။

တိတ္ထိတို့သည် မဏ္ဍပ်လည်းပျက်၊ နေကလည်းပူ၊ လေဗွေလည်းထ၊ မိုးသီးမိုးပေါက်လည်းကျသဖြင့် ကိုးကွယ်ရာမရဖြစ်ကာ ဦးတည့်ရာသို့ ထွက်ပြေးကြတော့သည်။ ဂိုဏ်းဆရာကြီး ပုရာဏကဿပသည်လည်း ဦးတည့်ရာသို့ ထွက်ပြေးလာခဲ့ရာ လမ်းတွင် သူ၏တပည့် လယ်သမားတစ်ယောက်နှင့် တွေ့လေသည်။ ထိုစဉ် လယ်သမားထံတွင် အသင့်ပါလာသော အိုးနှင့်ကြိုးကို တောင်းယူကာ အိုးထဲသို့ သဲအပြည့်ထည့်ပြီး အိုးနှုတ်ခမ်းတွင် ကြိုးကွင်းချည်ကာ မိမိလည်ပင်း၌ ကြိုးကွင်းစွပ်လျက် ရေစီးသန်သော ချောင်းထဲသို့ ခုန်ဆင်းနစ်မြုပ်ကာ သေလွန်ပြီးနောက် အဝီစိငရဲသို့ ရောက်လေတော့၏။

ဘုရားတပည့်များ တန်ခိုးပြရန် ခွင့်တောင်းကြခြင်း

ထိုတန်ခိုးပြာဋိဟာပြပွဲတွင် အနာဂါမ်အမျိုးသမီး သုမ္မနာ၊ အနာဂါမ်အမျိုးသား စူဠအနာထပိဏ်၊ ခုနစ်နှစ်အရွယ် ပဋိသမ္ဘိဒါပတ္တရဟန္တာ သာမဏေရီမလေး ရှင်မစိရာ၊ ခုနစ်နှစ်အရွယ် ပဋိသမ္ဘိဒါပတ္တရဟန္တာ ကိုရင်လေး ရှင်စုန္ဒ၊ ရဟန္တာထေရီမကြီး အရှင်မဥပ္ပလဝဏ်၊ ရဟန္တာအရှင်မြတ်ကြီး အရှင်မဟာ
စာမျက်နှာ-448


မောဂ္ဂလာန်စသော တန်ခိုးရှင်တို့က “ဤတန်ခိုးပြာဋိဟာ ပြခြင်းကိစ္စတွင် ဘုရားရှင်ကိုယ်တော်တိုင် အပင်ပန်းခံရန်မလိုပါ၊ တပည့်တော် တပည့်တော်မတို့ တန်ခိုးပြပါမည်” ဟု တောင်းပန်လျှောက်ထားကြသော်လည်း ဘုရားရှင်က ခွင့်ပေးတော်မမူပေ။

ရတနာစင်္ကြံ ဖန်ဆင်းတော်မူခြင်း

ဝါဆိုလပြည့်နေ့သို့ ရောက်ပြီ။ ဘုရားရှင်သည် တန်ခိုးပြာဋိဟာပြရန်အတွက် အရှေ့နှင့်အနောက် စကြဝဠာတိုက်တစ်သောင်း အလျားရှိသော ရတနာစင်္ကြံကို ဖန်ဆင်းတော်မူသည်။ ထိုသို့ ဖန်ဆင်းရာတွင် စကြဝဠာတိုက်တစ်သောင်းရှိ မြင်းမိုရ်တောင်ပေါင်း တစ်သောင်းတို့ကို တိုင်အဖြစ်စိုက်ထူလျက် ထိုမြင်းမိုရ်တိုင်များပေါ်တွင် ရတနာစင်္ကြံလမ်းမကြီးကို ဖန်ဆင်းတော်မူသည်။ အနံပမာဏမှာ ၁၂-ယူဇနာရှိပြီး နံပါးနှစ်ဘက်မှာ ရွှေသားအတိဖြစ်သည်။ ထုပ်၊ လျောက်၊ ဒိုင်း၊ မြားတို့မှာ ရတနာဆယ်ပါးဖြင့် ပြီးနေပြီး၊ အမိုးကို ရွှေပျဉ်ချပ်များဖြင့် မိုးထားပုံ ဖန်ဆင်းထားသည်။ စင်္ကြံလမ်း၌ ပတ္တမြား၊ ပုလဲရတနာတို့ကို သဲအဖြစ် ခင်းထားသည်။

အရှေ့နောက်ဝဲယာ အရပ်လေးမျက်နှာတို့၌ ကြည့်ရှုရန် ရောက်ရှိနေကြသော လူထုပရိသတ် ပမာဏမှာ ၁၂-ယူဇနာစီ ရှည်လျားသည်။ နတ် ဗြဟ္မာ ပရိသတ်ကား အပိုင်းအခြားမရှိ များပြားလှဘိ၏။

ယမိုက်ပြာဋိဟာ ပြပြီ

ယခု ဘုရားရှင်ပြတော်မူမည့် တန်ခိုးပြာဋိဟာကို “ယမကပါဋိဟာရိယ - ယမိုက်ပြာဋိဟာ” ဟု ခေါ်သည်။ ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာ ပြပွဲကြီးဟု ခေါ်သည်။ (ယမက + ပါဋိဟာရိယ၊ ယမက = အစုံ = ရေမီးအစုံ + ပါဋိဟာရိယ = ပြာဋိဟာ = တန်ခိုး)။ ယမိုက်ပြာဋိဟာ ပြတော်မူပုံမှာ ဤသို့တည်း ——

(၁) အထက်ပိုင်း ကိုယ်တော်မှ မီးအလျှံများ တဖွားဖွားထွက်၍ အောက်ပိုင်း ကိုယ်တော်မှ ရေအလျဉ် တသွင်သွင် စီးနေ၏။ အောက်ပိုင်း ကိုယ်တော်မှ မီးအလျှံများ တဖွားဖွားထွက်၍ အထက်ပိုင်း ကိုယ်တော်မှ ရေအလျဉ် တသွင်သွင် စီးနေ၏။

(၂) ရှေ့ပိုင်း ကိုယ်တော်မှ မီးအလျှံများ တဖွားဖွားထွက်၍ နောက်ပိုင်း ကိုယ်တော်မှ ရေအလျဉ် တသွင်သွင် စီးနေ၏။ နောက်ပိုင်း ကိုယ်တော်မှ မီးအလျှံများ တဖွားဖွားထွက်၍ ရှေ့ပိုင်း ကိုယ်တော်မှ ရေအလျဉ် တသွင်သွင် စီးနေ၏။

စာမျက်နှာ-449


(၃) လက်ယာမျက်လုံးတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ဝဲမျက်လုံးတော်မှ ရေအလျဉ် တသွင်သွင် စီးနေ၏။ လက်ဝဲမျက်လုံးတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ယာမျက်လုံးတော်မှ ရေအလျဉ် တသွင်သွင် စီးနေ၏။

(၄) လက်ယာနားတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ဝဲနားတော်မှ ရေအလျဉ် တသွင်သွင် စီးနေ၏။ လက်ဝဲနားတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ယာနားတော်မှ ရေအလျဉ် တသွင်သွင် စီးနေ၏။

(၅) လက်ယာနှာခေါင်းတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ဝဲနှာခေါင်းတော်မှ ရေအလျဉ် တသွင်သွင် စီးနေ၏။ လက်ဝဲနှာခေါင်းတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ယာနှာခေါင်းတော်မှ ရေအလျဉ် တသွင်သွင် စီးနေ၏။

(၆) လက်ယာပခုံးစွန်းတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ဝဲပခုံးစွန်းတော်မှ ရေအလျဉ် တသွင်သွင် စီးနေ၏။ လက်ဝဲပခုံးစွန်းတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ယာပခုံးစွန်းတော်မှ ရေအလျဉ် တသွင်သွင် စီးနေ၏။

(၇) လက်ယာလက်တော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ဝဲလက်တော်မှ ရေအလျဉ် တသွင်သွင် စီးနေ၏။ လက်ဝဲလက်တော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ယာလက်တော်မှ ရေအလျဉ် တသွင်သွင် စီးနေ၏။

(ဂ) လက်ယာနံပါးတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ဝဲနံပါးတော်မှ ရေအလျဉ် တသွင်သွင် စီးနေ၏။ လက်ဝဲနံပါးတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ယာနံပါးတော်မှ ရေအလျဉ် တသွင်သွင် စီးနေ၏။

(၉) လက်ယာခြေတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ဝဲခြေတော်မှ ရေအလျဉ် တသွင်သွင် စီးနေ၏။ လက်ဝဲခြေတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ယာခြေတော်မှ ရေအလျဉ် တသွင်သွင် စီးနေ၏။

စာမျက်နှာ-450


(၁၀) လက်ချောင်းခြေချောင်းတော်တို့မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ချောင်းခြေချောင်းတော်တို့၏ အကြားအကြားမှ ရေအလျဉ် တသွင်သွင် စီးနေ၏။ လက်ချောင်းခြေချောင်းတော်တို့၏ အကြားအကြားမှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ချောင်းခြေချောင်းတော်တို့မှ ရေအလျဉ် တသွင်သွင် စီးနေ၏။

(၁၁) အချို့သော မွေးညင်းတော်တို့မှ မီးအလျှံများ တဖွားဖွားထွက်၍ အချို့သော မွေးညင်းတော်တို့မှ ရေအလျဉ် တသွင်သွင် စီးနေ၏။

(၁၂) အချို့သော မွေးညင်းတွင်းတို့မှ မီးအလျှံများ တဖွားဖွားထွက်၍ အချို့သော မွေးညင်းတွင်းတို့မှ ရေအလျဉ် တသွင်သွင် စီးနေ၏။

(၁၃) ထိုထို ဆိုင်ရာဆိုင်ရာ ကိုယ်တော်အစိတ်အပိုင်းမှ ရောင်ခြည်တော် ခြောက်သွယ်တို့သည် အစုံလိုက် အစုံလိုက်၊ အသွယ်လိုက် အသွယ်လိုက်၊ အစုလိုက် အစုလိုက် ကွန့်မြူးထွက်ပေါ်ကုန်၏။

ဤကဲ့သို့ ဘုရားရှင်ပြတော်မူသည့် “မီးအလျှံ ရေအလျဉ်၊ မီးအလျှံ ရေအလျဉ်” အားဖြင့် အစုံအစုံသော ယမိုက်ပြာဋိဟာကို ဘုရားရှင်မှတစ်ပါး အခြားသော တပည့်သာဝကတို့ မပြနိုင်ကြကုန်။ ထိုသို့ပြရာတွင် မီးအလျှံသည် ရေအလျဉ်နှင့် မရော၊ ရေအလျဉ်သည်လည်း မီးအလျှံနှင့်မရောဘဲ သန့်လျက် သန့်လျက် ကန့်လျက် ကန့်လျက် ဖြစ်ပေါ်နေကြသည်။

မည်သည့် ပုဂ္ဂိုလ်မဆို တစ်ချိန်တည်း၌ စိတ်နှစ်မျိုး တစ်ပြိုင်နက် မဖြစ်နိုင်သောကြောင့် ဘုရားရှင်အနေဖြင့် ဤယမိုက်ပြာဋိဟာကို ပြရာတွင် မီးအလျှံကို ဖန်ဆင်းသည်က တစ်ချိန်၊ ရေအလျဉ်ကို ဖန်ဆင်းသည်က တစ်ချိန် ဤသို့ သူ့အချိန်နှင့်သူ ဖန်ဆင်းတော်မူသည်။

မီးလျှံများ ထွက်ပေါ်လာနိုင်စေရန်အတွက် ရှေးဦးစွာ တေဇောကသိုဏ်းကို အာရုံပြု၍ ရူပါဝစရစတုတ္ထဈာန်ကို ဝင်စားတော်မူသည်။ ထိုဈာန်မှထသောအခါ ဈာန်အင်္ဂါနှစ်ပါးရှိသည့်အနက် တစ်ပါးစီကို အာရုံပြု၍ ပစ္စဝေက္ခဏာဝီထိ နှစ်ကြိမ်ဖြစ်ရသည်။ ယင်း ပစ္စဝေက္ခဏာဝီထိ၌ ကာမာဝစရ (မဟာကြိယာ) ဇောစိတ်များဖြစ်၍ ဇောလေးကြိမ်၊ သို့မဟုတ် ငါးကြိမ်သာ ဖြစ်ရသည်။ ထို့နောက် လိုအပ်သည့် ကိုယ်တော်အစိတ်အပိုင်းမှ မီးအလျှံများ ထွက်ပေါ်
စာမျက်နှာ-451


စေသတည်းဟု အဓိဋ္ဌာန်ပြုတော်မူသည်။ အဓိဋ္ဌာနဝီထိ တစ်ဝီထိ ဖြစ်ရသည်။ ယင်းသို့ အဓိဋ္ဌာန်ပြုသည်နှင့် တစ်ပြိုင်နက် ကိုယ်တော်၏ အစိတ်အပိုင်းများမှ မီးအလျှံများ တဖွားဖွား ထွက်ပေါ်လာလေတော့သည်။

အလားတူပင် ရေအလျဉ် တသွင်သွင် စီးထွက်စေနိုင်ရန် အာပေါကသိုဏ်းကို အာရုံပြု၍ ရူပါဝစရ စတုတ္ထဈာန်ကို ဝင်စားတော်မူသည်။ ထိုဈာန်မှ ထလျှင် ဈာန်အင်္ဂါတို့ကို ဆင်ခြင်ပြီး ပစ္စဝေက္ခဏာဝီထိ နှစ်ကြိမ်ဖြစ်ရသည်။ ထို့နောက် လိုအပ်သည့် ကိုယ်တော်အစိတ်အပိုင်းမှ ရေအလျဉ်များ တသွင်သွင် စီးထွက်စေသတည်းဟု အဓိဋ္ဌာန်ပြုတော်မူရသည်။ ယင်းသို့ အဓိဋ္ဌာန်ပြုသည်နှင့် တစ်ပြိုင်နက် ရေအလျဉ်များ တသွင်သွင် စီးဆင်းထွက်ပေါ်လာသည်။

ဤကဲ့သို့ ဖန်ဆင်းမှု အချိန်ကာလ ကွာခြားသော်လည်း ဘုရားရှင်တို့မှာ တစ်ဝီထိနှင့် တစ်ဝီထိကြား ဘဝင်ခြားမှု နှစ်ကြိမ်ခန့်သာဖြစ်၍ ဘဝင်ခြားမှု နည်းပါးသောကြောင့်လည်းကောင်း၊ တစ်ဝီထိအတွင်း၌လည်း ပစ္စဝေက္ခဏာဝီထိ၌ ပစ္စဝေက္ခဏာဇော လေးကြိမ်သာ စောသောကြောင့်လည်းကောင်း၊ ဝသီဘော် နိုင်နင်းမှု အထွတ်အထိပ်သို့ ရောက်ပြီးသောကြောင့်လည်းကောင်း အလွန်မြန်ဆန်လှသဖြင့် ထိုပြာဋိဟာကို ဖူးမြင်ရသူတို့၏ စိတ်သန္တာန်၌ကား မီးအလျှံနှင့် ရေအလျဉ် တစ်ချိန်တည်း၊ တစ်ခဏတည်း၊ တစ်ပြိုင်နက်တည်း ဖြစ်သည်ဟု ထင်မှတ်ကြရသည်။ အမှန်စင်စစ် ထက်အောက် ဘယ်ညာ ရွှေ့ပြောင်းတိုင်း ရွှေ့ပြောင်းတိုင်း တေဇောကသိုဏ်း သမာပတ်၊ အာပေါကသိုဏ်း သမာပတ်နှင့် ပစ္စဝေက္ခဏာဝီထိ၊ အဓိဋ္ဌာန်ဝီထိများ အသီးသီး ဖြစ်ကြရသည်။ တစ်ကြိမ်တည်း တစ်ခါတည်း ဈာန်ဝင်စားရုံမျှဖြင့် တောက်လျှောက်ဖြစ်ပေါ်နေသည် မဟုတ်ဟု မှတ်ရမည်။

ဘုရားရှင် ယမိုက်ပြာဋိဟာ ပြတော်မူအပ်သော မီးအလျှံနှင့် ရေအလျဉ်တို့သည် ဘုရားရှင်၏ ကိုယ်တော်အရပ်ရပ်တို့မှ ထွက်ကြပြီးလျှင် အထက်ဘဝဂ်တိုင်အောင် ပျံတက်၍ ဇာတိခေတ် စကြဝဠာတစ်သောင်းတို့တွင် အစွန်အဖျား စကြဝဠာတိုက်များ၏ အနားရေး၌ သက်ဆင်းကျရောက်လျက် ရှိကြလေသည်။

လောကဝိဝရဏ တန်ခိုးပြခြင်း

ဘုရားရှင်သည် ယမိုက်ပြာဋိဟာကို ပြတော်မူပြီးနောက် သြဒါတကသိုဏ်းလျှင် အာရုံရှိသော ရူပါဝစရကြိယာစတုတ္ထဈာန်ကို ဝင်စားတော်မူပြီး စကြဝဠာတိုက် တစ်သောင်း၌ အလင်းရောင်အတိ ဖြစ်စေသတည်းဟု အဓိဋ္ဌာန်တော်မူသည်။ ထိုသို့ အဓိဋ္ဌာန်တော်မူသည်နှင့် တစ်ပြိုင်နက် မဟာပထဝီ မြေကြီးမှစ၍
စာမျက်နှာ-452


အကနိဋ္ဌဗြဟ္မာ့ပြည်တိုင်အောင် တစ်ပြင်တည်း ဟင်းလင်းပွင့်၍ အလင်းရောင် ဖြစ်သွားလေတော့သည်။ ယင်းသို့ ဖြစ်သွားခြင်းကို “လောကဝိဝရဏ” ဟု ခေါ်သည်။ (လောက + ဝိဝရဏ။ လောက = စကြဝဠာ ကမ္ဘာလောကကို + ဝိဝရဏ = ဖွင့်ပြခြင်း။)

ထိုအခါ လူတို့သည် မိမိတို့နေရာအသီးသီးမှနေ၍ အထက်၌ စတုမဟာရာဇ်နတ်ပြည်မှစ၍ အကနိဋ္ဌဗြဟ္မာ့ပြည်အထိလည်းကောင်း၊ အောက်၌ ငရဲကြီး ငရဲငယ်တို့မှစ၍ အဝီစိငရဲအထိလည်းကောင်း အားလုံးကို မြင်တွေ့နေကြရသည်။

ဘုရားရှင်သည် ဖန်ဆင်းထားသော ရတနာစင်္ကြံတော်၌ စင်္ကြံကြွတော်မူရင်း ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာ ပြတော်မူရင်း အကြားအကြား၌ တရားဟောတော်မူသည်။ ထိုတရားတော်ကို နာကြားရ၍ လူ နတ် ဗြဟ္မာ သတ္တဝါပေါင်း ကုဋေနှစ်ဆယ် ကျွတ်တမ်းဝင်ကြသည်။ ဤတရားပွဲကြီးသည် အလွန်ကြီးကျယ်လှသောကြောင့် “ဓမ္မာဘိသမယ = တရားအောင်ပွဲကြီး” ဖြစ်ပေ၏။

နိမ္မိတဘုရားရှင်များ ပြာဋိဟာ ပြတော်မူခြင်း

ဘုရားရှင်သည် ဤပြာဋိဟာပြပွဲကြီး၌ ပြဿနာ မေးလျှောက်မည့်သူ ရှိမရှိ ဆင်ခြင်တော်မူရာ တစ်ဦးတစ်ယောက်မျှ မရှိကြောင်း သိရှိရသဖြင့် ရာပေါင်းများစွာသော ကိုယ်တော်ပွား နိမ္မိတဘုရားများကို ဖန်ဆင်းတော်မူကာ နိမ္မိတဘုရားရှင်များက မေးအပ်သော ပြဿနာကို ပကတိဘုရားရှင်က ဖြေကြားခြင်း၊ ပကတိဘုရားရှင်က မေးအပ်သော ပြဿနာကို နိမ္မိတဘုရားများက ဖြေကြားခြင်းတို့ကို ပြုလုပ်တော်မူသည်။ နိမ္မိတရုပ်ပွား ဘုရားရှင်များသည် အချို့စင်္ကြံကြွလျက်၊ အချို့ထိုင်လျက်၊ အချို့ရပ်လျက်၊ အချို့လျောင်းစက်လျက် နေတော်မူကြသည်။ ထိုနိမ္မိတဘုရားရှင်တို့၏ ကိုယ်တော်အရပ်ရပ်မှလည်း ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးလွှတ်ပြန့်လျက် ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာတို့ကို ပြတော်မူကြသည်။

တာဝတိံသာ နတ်ပြည်၌ ဝါဆိုတော်မူခြင်း

ဘုရားရှင်သည် “ရှေးနောင်တော်ဘုရားရှင်များ ယမိုက်ပြာဋိဟာပြပြီးနောက် မည်သည့်အရပ်၌ ဝါဆိုကြသနည်း” ဟု ဆင်ခြင်တော်မူရာ “တာဝတိံသာ နတ်ပြည်၌ ဝါကပ်တော်မူကြပြီး မယ်တော်နတ်သားအား အဘိဓမ္မာတရား ဟောမြဲဖြစ်ကုန်၏” ဟု သိမြင်တော်မူသဖြင့် တာဝတိံသာနတ်ပြည်သို့ ကြွရောက်၍ ဝါဆိုတော်မူကာ မယ်တော်နတ်သားအား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရား ဟောကြားတော်မူလေသည်။
စာမျက်နှာ-453


တန်ခိုးအဘိညာဉ်ဖြင့် အချိန်မကုန်သင့်ကြောင်း

ဘုရားရှင်၏ အလိုဆန္ဒတော်ကား ဝေနေယျသတ္တဝါတို့အတွက်၊ သာသနာတော်အတွက် အကျိုးမများရာ၌ တန်ခိုးအဘိညာဉ် အသုံးပြုခြင်းကို နှစ်သက်တော်မမူပေ။ ဤကိစ္စနှင့်စပ်၍ အရှင်မဟာကဿပမထေရ်မြတ်ကြီးအား မိန့်ကြားတော်မူသည့် ဩဝါဒတော်မှာ တပည့်သာဝကများ လိုက်နာသတိပြုဖွယ် ဖြစ်ပေသည်။

တစ်နေ့တွင် အရှင်မဟာကဿပ မထေရ်မြတ်ကြီးသည် ရာဇဂြိုဟ်မြို့ကို ဂေါစရဂါမ်ပြုလျက် ပိပ္ပလိလိုဏ်ဂူ၌ သီတင်းသုံးတော်မူ၏။ အရှင်မြတ်သည် ဆွမ်းကိစ္စပြီးစီးတော်မူပြီးနောက် နေ့ပိုင်းအချိန်တွင် အာလောကကသိုဏ်းကို ပွားတော်မူ၍ မေ့မေ့လျော့လျော့ နေကြသော သတ္တဝါများနှင့် မမေ့မလျော့ဘဲ အပ္ပမာဒတရား လက်ကိုင်ထားကြသော သတ္တဝါများကိုလည်းကောင်း၊ ရှေ့မြေတောတောင် အစရှိသည်တို့၌ နေကြသည့် စုတေခါနီးသတ္တဝါနှင့် ပဋိသန္ဓေနေပြီးစသတ္တဝါများကိုလည်းကောင်း ဒိဗ္ဗစက္ခု အဘိညာဉ်တန်ခိုးဖြင့် ကြည့်ရှုတော်မူလျက် နေတော်မူလေသည်။

မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေထိုင်တော်မူလျက်ပင် “ငါ့သားတော်ကြီး ကဿပမထေရ် အဘယ်နေခြင်းမျိုးဖြင့် နေလေသနည်း” ဟု ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ကြည့်ရှုဆင်ခြင်တော်မူရာ “သတ္တဝါတို့ စုတေခြင်းနှင့် ပဋိသန္ဓေနေခြင်းကို ကြည့်ရှုလျက် နေထိုင်ကြောင်း” ကို သိတော်မူလေသည်။ ထိုသို့သိတော်မူသဖြင့် အရှင်မဟာကဿပမထေရ်မြတ်ကြီးအား အောက်ပါအတိုင်း ဩဝါဒ မိန့်ကြားတော်မူပါသည် -

“ကဿပ၊ သတ္တဝါတို့၏ စုတေခြင်းနှင့် ပဋိသန္ဓေနေခြင်းမည်သည်ကို ဘုရားရှင်တို့၏ ဉာဏ်တော်ဖြင့်သော်မှ မပိုင်းခြားနိုင်ပေ၊ မိခင်ဝမ်း၌ ပဋိသန္ဓေနေပြီး မိဘများ မသိလိုက်ဘဲ စုတေကွယ်လွန်သွားကြသည့် သတ္တဝါများကား မရေတွက်နိုင်အောင်ပင် များပြားလှပေသည်၊ ထိုသို့ သတ္တဝါတို့၏ စုတေခြင်းနှင့် ပဋိသန္ဓေနေခြင်းကို အဘိညာဉ်တန်ခိုးဖြင့် သိအောင် ကြည့်ရှုနေခြင်းသည် သင်တို့ ပြုလုပ်ရမည့်အရာ မဟုတ်ချေ၊ ကဿပ၊ မမေ့မလျော့နေခြင်းသည်သာ သင်သားတော်ကြီးတို့၏ ပြုလုပ်ရမည့်အရာ ဖြစ်ပေသည်။ အချင်းခပ်သိမ်း သတ္တဝါတို့၏ စုတေခြင်းနှင့် ပဋိသန္ဓေနေခြင်းကို သိဖို့၊ ကြည့်ဖို့မှာ ငါဘုရား၏ အရာသာ ဖြစ်ပေသည်”

ဟု မိန့်ကြားတော်မူလေသည်။
စာမျက်နှာ-454


ဤသို့ အရှင်မြတ်ကြီး ဒိဗ္ဗစက္ခုအဘိညာဉ် ဝင်စား၍ အချိန်ကုန်လွန်သည်ကို အလိုရှိတော်မမူကြောင်း ကြည့်ခြင်းဖြင့် ဘုရားရှင်၏ ဆန္ဒတော်မှာ တန်ခိုးအဘိညာဉ် ဝင်စား၍ အချိန်ကုန်လွန်ခြင်းထက် မမေ့မလျော့ နေထိုင်ခြင်း အပ္ပမာဒတရားဖြင့် အချိန်ကုန်လွန်ခြင်းကိုသာ အထူးနှစ်သက်တော်မူသည်။

တန်ခိုးပြ၍ သာသနာပြုနည်းကို ပယ်တော်မူခြင်း

မြတ်စွာဘုရားရှင်သည် ဤသို့ ရေမီးအစုံအစုံသော အလွန်ခက်ခဲသည့် တန်ခိုးပြာဋိဟာတို့ကို ဖန်ဆင်းနိုင်ငြားသော်လည်း တန်ခိုးပြ၍ သာသနာပြုနည်းကို နှစ်သက်တော်မမူချေ။ ဤတန်ခိုးများသည် ထူးဆန်းအံ့ဩဖွယ် ဖြစ်သော်လည်း ဉာဏ်ပညာ အဆင့်အတန်းမြင့်သူများအနေဖြင့် “မြတ်စွာဘုရားလည်း မျက်လှည့်ဆရာနှင့် ဘာထူးလဲ၊ ဂန္ဓာရီဝိဇ္ဇာဓိုရ်နှင့် ဘာထူးလဲ” စသည်ဖြင့် ပြောစရာ ဖြစ်လာသည်။ ထို့ကြောင့် ဆုံးမဩဝါဒပေး၍ နည်းလမ်းညွှန်ပြကာ တရားဟောနည်းဖြင့်သာလျှင် သာသနာပြုတော်မူသည်။

တစ်နေ့သ၌ ဘုရားရှင်သည် နာဠန္ဓာမြို့၊ ပါဝါရိကသူဌေး၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေတော်မူသည်။ ထိုအခါ ကေဝဋ္ဋ အမည်ရှိ သူကြွယ်သားသည် ဘုရားရှင်ထံ လာရောက်ချဉ်းကပ်ရှိခိုးပြီး ဤသို့ လျှောက်ထားသည်။

“အရှင်ဘုရား ဤနာဠန္ဓာမြို့သည် ပြည့်စုံကြွယ်ဝပါ၏၊ စည်ပင်ဝပြောပါ၏၊ လူဦးရေ များပြားပါ၏၊ လူအသွားအလာ ထူထပ်ပါ၏၊ ဘုရားရှင်၌ အလွန်ကြည်ညိုပါ၏၊ အရှင်ဘုရား တောင်းပန်ပါ၏၊ လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြတော်မူရန် ရဟန်းတစ်ပါးအား တာဝန်ပေးတော်မူပါ၊ ဤသို့ တန်ခိုးပြလျှင် ဤနာဠန္ဓာမြို့နေ လူထုသည် ဘုရားရှင်၌ အတိုင်းထက်အလွန် ကြည်ညိုကြပါလိမ့်မည်”

ကေဝဋ္ဋသည် တန်ခိုးပြပါရန်ဟူသော ဤစကားကို ဘုရားရှင်အား သုံးကြိမ်တိုင်တိုင် လျှောက်ထားခဲ့သည်။ ဘုရားရှင်ကလည်း သုံးကြိမ်လုံးပင် ပယ်မြစ်တော်မူခဲ့သည်။

ပြာဋိဟာ (၃) ပါး

ဘုရားရှင်သည် တန်ခိုးပြရန် လျှောက်ထားသော ကေဝဋ္ဋ၏ စကားကို ပယ်မြစ်တော်မူပြီးနောက် ပြာဋိဟာသုံးပါးအကြောင်းကို ဆက်လက်ဟောကြားတော်မူသည်။ ထိုသုံးပါးမှာ —
စာမျက်နှာ-455


(၁) ဣဒ္ဓိပါဋိဟာရိယ = တန်ခိုးပြခြင်း ပြာဋိဟာ၊
(၂) အာဒေသနာပါဋိဟာရိယ = အတပ်ဟောခြင်း ပြာဋိဟာ၊
(၃) အနုသာသနီပါဋိဟာရိယ = ဆုံးမခြင်း ပြာဋိဟာ တို့ ဖြစ်သည်။ (ဒီ၊ ၁၊ ၂၀၆)

(၁) တန်ခိုးပြခြင်း ပြာဋိဟာ

ဤသာသနာတော်၌ ရဟန်းသည် တန်ခိုးဖန်ဆင်းခြင်း အမျိုးမျိုးကို ပြီးစေနိုင်၏။ တစ်ယောက်တည်းမှအများ၊ အများမှ တစ်ယောက်တည်း၊ နံရံတံတိုင်းတို့ကို ဖောက်ထွင်းခြင်း၊ ကောင်းကင်၌ သွား၍ မြေ၌ ငုပ်ခြင်း ပေါ်ခြင်း၊ ရေပေါ်၌သွားခြင်း၊ လနေတို့ကို သုံးသပ်ခြင်း စသည်တို့သည် ဣဒ္ဓိပါဋိဟာရိယ မည်၏။

ထိုသို့သော တန်ခိုးပြာဋိဟာ ပြခြင်းကို မြင်ရလျှင် သာသနာကို ကြည်ညိုသောသူတို့က အံ့ဩချီးမွမ်းကြမည်။ သာသနာတော်ကို မကြည်ညိုသောသူတို့ကား “ဤဂန္ဓာရီမည်သော အတတ်ပညာသည် ရှိ၏၊ ထိုအတတ်ဖြင့် တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်၏” ဟု ပြောကြမည်။

(၂) အတပ်ဟောခြင်း ပြာဋိဟာ

ဤသာသနာတော်၌ ရဟန်းသည် “သင်၏ စိတ်သည် ဤသို့ သဘောရှိ၏၊ သင်၏ စိတ်သည် ဤသို့ အခြင်းအရာရှိ၏၊ သင်၏ စိတ်အကြံသည် ဤသို့ဖြစ်၏” ဟု တစ်ပါးသောပုဂ္ဂိုလ် သတ္တဝါတို့၏ စိတ်ကိုလည်း အတပ်ဟောနိုင်၏၊ စိတ်၌ ဖြစ်သည်ကိုလည်း အတပ်ဟောနိုင်၏၊ ကြံစည်သည်ကိုလည်း အတပ်ဟောနိုင်၏၊ ဆင်ခြင်သည်ကိုလည်း အတပ်ဟောနိုင်၏။

ထိုသို့သော အတပ်ဟောခြင်း ပြာဋိဟာကို မြင်ရလျှင် သာသနာတော်ကို ကြည်ညိုသောသူတို့က အံ့ဩချီးမွမ်း ကြည်ညိုကြမည်။ သာသနာတော်ကို မကြည်ညိုသောသူတို့ကား “ဤစိန္တာမဏိမည်သော အတတ်ပညာသည် ရှိ၏၊ ထိုအတတ်ဖြင့် သူတစ်ပါး၏ စိတ်ကူးအကြံအစည်ကို သိနိုင်၏” ဟု ပြောကြမည်။

ထို့ကြောင့် ဘုရားရှင်က ထိုတန်ခိုးပြခြင်း ပြာဋိဟာနှင့် အတပ်ဟောခြင်း ပြာဋိဟာကို ပြသရန် ဝန်လေးပါကြောင်း၊ ရှက်ပါကြောင်း၊ စက်ဆုပ်ပါကြောင်း ကေဝဋ္ဋအား မိန့်ကြားတော်မူသည်။
စာမျက်နှာ-456


(၃) ဆုံးမခြင်း ပြာဋိဟာ

ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ဆုံးမ၏။ “ဤသို့ ကြံကုန်လော့၊ ဤသို့ မကြံကုန်လင့်၊ ဤသို့ နှလုံးသွင်းကုန်လော့၊ ဤသို့ နှလုံးမသွင်းကုန်လင့်၊ ဤတရားကို ပယ်ကုန်လော့၊ ဤတရားသို့ ရောက်၍ နေကုန်လော့” ဟု ဆုံးမ၏။ ဤသို့ ဆုံးမခြင်းသည် ဆုံးမခြင်း ပြာဋိဟာမည်၏။

ထိုသုံးမျိုးသော ပြာဋိဟာတို့အနက် ဤဆုံးမခြင်း ပြာဋိဟာကို ပြသကြရန်၊ တရားဟော၍ သာသနာပြုကြရန် ဘုရားရှင် ခွင့်ပြုတော်မူသည်။

တန်ခိုးပြရန် တိုက်တွန်းတော်မူခြင်း

ဘုရားရှင်သည် အရှင်ပိဏ္ဍောလဘာရဒွါဇပြသည့် တန်ခိုးကဲ့သို့ သတ္တဝါတို့အား အကျိုးမများသော တန်ခိုးပြခြင်းမျိုးကိုလည်းကောင်း၊ ကေဝဋ္ဋသူကြွယ် တောင်းပန်သော တန်ခိုးပြခြင်းမျိုးကိုလည်းကောင်း၊ အံ့ဩဖွယ်ဖြစ်အောင် ကြံဆောင်၍ ဣဒ္ဓိပါဋိဟာရိယ၊ အာဒေသနာပါဋိဟာရိယတို့ဖြင့် တန်ခိုးပြခြင်းမျိုးကိုလည်းကောင်း ဤကဲ့သို့သော အကျိုးမများသည့် တန်ခိုးပြခြင်းမျိုးတို့ကို ဘုရားရှင် ကဲ့ရဲ့တော်မူသည်။ “တန်ခိုးရှိမှန်း လူမသိစေရ” ဟုပင် မိန့်ကြားတော်မူခဲ့သည်။

သို့ရာတွင် ဝေနေယျဇ္ဈာသယ (ကျွတ်ထိုက်သော သတ္တဝါ) တို့၏ အလိုဆန္ဒအားလျော်စွာ တန်ခိုးပြခြင်းကိုကား ဘုရားရှင်ကိုယ်တော်တိုင် တိုက်တွန်းတော်မူသည်။

သာဓကအားဖြင့် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ ဘုရားရှင် သီတင်းသုံးနေတော်မူစဉ် အရှင်သာဂတသည် ဘုရားရှင်၏ အလုပ်အကျွေးအဖြစ်ဖြင့် ရှိနေ၏။ စမ္ပာမြို့နေ ကောဠိဝိသအမျိုးအနွယ် သူဌေးသား သောဏသည် နူးညံ့သိမ်မွေ့၏။ သူ၏ ခြေဖဝါးပြင်၌ အမွေးနုများ ပေါက်နေ၏။

ဗိမ္မိသာရမင်းကြီးသည် သူအုပ်ချုပ်သော ရွာပေါင်း ရှစ်သောင်းတို့မှ လူထုအား အစည်းအဝေး ခေါ်၏။ သောဏကိုလည်း အစည်းအဝေးသို့ တက်ရောက်ရန် ဆင့်ခေါ်ထားသည်။ ထို့ကြောင့် သောဏအား ဆွေမျိုးများက ထမ်းစင်ဖြင့် ထမ်း၍ မင်းကြီးထံ ပို့ပေးကြသည်။ သူ၏ မိဘများကလည်း “ချစ်သား၊ သင်၏ ခြေတို့ကို မင်းကြီးကြည့်ရှုလို၍ ခေါ်တာဖြစ်လိမ့်မည်၊ မင်းကြီးဘက်သို့ ခြေမဆန့်လင့်၊ မင်းကြီးရှေ့၌ ခြေကို မြင်ရအောင် တင်ပျဉ်ခွေ ထိုင်ပါ” ဟု မှာလိုက်ကြသည်။

စာမျက်နှာ-457


ဗိမ္ဗိသာရမင်းကြီးသည် သောဏ၏ ခြေဖဝါးမှ အမွေးတို့ကို ကြည့်ရှု၍ အစည်းအဝေး တက်ရောက်လာသော လူထုကြီးအား ပစ္စုပ္ပန်ဘဝ၌ ခံစားရသော အကျိုးတရားတို့ကို ပြောပြဆုံးမ၏။ တမလွန်ဘဝ၌ ဖြစ်သော အကျိုးတရားတို့ကို သိလိုပါမူ ဘုရားရှင်ထံသို့ သွားရောက်ချဉ်းကပ်ကြပါဟု ဆုံးမ၍ ဘုရားရှင်ထံ လွှတ်လိုက်သည်။

ထိုလူများသည် အရှင်သာဂတထံ ချဉ်းကပ်၍ ဘုရားရှင်အား ဖူးမြော်လိုပါကြောင်း လျှောက်ထားကြသည်။ အရှင်သာဂတသည် လူထုကြီးရှေ့မှောက်မှာပင် လှေခါးဦး၌ ခင်းထားသော ကျောက်ဖျာ၌ ငုပ်လျှိုး၍ ဘုရားရှင်ရှေ့တော်မှောက်၌ ပေါ်ပေါက်ပြီး ဘုရားရှင်အား လျှောက်ထားလေသည်။

ထိုအခါ ဘုရားရှင်က “သာဂတ၊ ထိုသို့ ဖူးမြော်လိုကြမူ ကျောင်းစွန်းအရိပ်၌ နေရာခင်းလော့” ဟု မိန့်တော်မူသည်။ အရှင်သာဂတသည် နေရာခင်းရန် အင်းပျဉ်ကိုယူ၍ ဘုရားရှင်၏ ရှေ့တော်မှ မြေ၌ ငုပ်လျှိုးကာ လူထုပရိသတ်ရှေ့ လှေခါးဦးကျောက်ဖျာ၌ ပေါ်၍ ကျောင်းစွန်းအရိပ်တွင် နေရာခင်းလေသည်။

ထိုအခါ ဘုရားရှင်သည် ကျောင်းတော်မှ ထွက်၍ ခင်းထားသော နေရာ၌ ထိုင်နေတော်မူသည်။ သို့ရာတွင် လူထုပရိသတ်ကြီးမှာ အရှင်သာဂတအပေါ်သာ အာရုံညွတ် စိတ်ဝင်စားနေကြပြီး၊ ဘုရားရှင်အပေါ် စိတ်မဝင်စားနိုင်ဘဲ ဖြစ်နေကြသည်။ ဘုရားရှင်သည် အရှင်သာဂတအား “ချစ်သား သာဂတ၊ သို့ဖြစ်လျှင် အတိုင်းထက်အလွန် တန်ခိုးပြာဋိဟာကို ပြဦးလော့” ဟု တိုက်တွန်းတော်မူသည်။

ဘုရားရှင်၏ တိုက်တွန်းခွင့်ပြုတော်မူချက်အရ အရှင်သည် ကောင်းကင်သို့ ပျံတက်၍ ကောင်းကင်ပြင်၌ စင်္ကြံသွား၏၊ ရပ်၏၊ ထိုင်၏၊ လျောင်း၏။ အခိုးအလျှံကိုလည်း လွှတ်၏၊ ကွယ်ပျောက်၏။ ဤသို့စသည်ဖြင့် တန်ခိုးအမျိုးမျိုးတို့ကို ပြပြီးနောက် ကောင်းကင်မှ ကွယ်ပျောက်၍ ဘုရားရှင်၏ ခြေတော်ရင်း၌ ဝပ်စင်းဦးခိုက်လျက် “မြတ်စွာဘုရား... မြတ်စွာဘုရားသည် တပည့်တော်၏ ဆရာပါတည်း” ဟု သုံးကြိမ်တိုင်တိုင် လျှောက်ထား၏။

ထိုအခါ လူထုပရိသတ်ကြီးသည် “အချင်းတို့ အံ့ဖွယ်ရှိပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပေစွ၊ တပည့်တောင်မှ ဤမျှလောက် တန်ခိုးကြီးနေသေးလျှင် ဆရာမူကား အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း။ သာလွန်၍ အံ့ဩဖွယ်ရာ တန်ခိုးကြီးမည်သာတည်း” ဟု အောက်မေ့ကြကာ ဘုရားရှင်၌ အာရုံစိုက် စိတ်ဝင်စားလာကြလေသည်။ (ဝိ၊ ၃၊ ၂၆၅)
စာမျက်နှာ-458


အရှင်ပိလိန္ဒဝစ္ဆ

အရှင်ပိလိန္ဒဝစ္ဆအလောင်း သူတော်ကောင်းသည် ပဒုမုတ္တရဘုရားရှင် လက်ထက်တွင် ဟံသာဝတီနေပြည်တော်ဝယ် စည်းစိမ်ဥစ္စာ ပေါများသော အမျိုး၌ ဖြစ်ခဲ့သည်။

တရားပွဲတစ်ခု၌ ဘုရားရှင်သည် ရဟန်းတစ်ပါးအား “နတ်တို့ချစ်မြတ်နိုးခံရခြင်း” ၌ ဧတဒဂ်ဘွဲ့ထူး ပေးတော်မူသည်။ ထိုတရားပွဲ၌ တရားနာနေသော ပိလိန္ဒဝစ္ဆလောင်းလျာသည် ထိုရဟန်းကို အားကျ၍ ထိုဧတဒဂ်ဘွဲ့ထူးမျိုး ရရှိရန် ဆုပန်ခဲ့သည်။ ဘုရားရှင်ကလည်း ဆုတောင်းပြည့်မည်ကို သိမြင်တော်မူသောကြောင့် “ထိုဧတဒဂ်မျိုးကို ရမည်” ဟု ဗျာဒိတ်ပေးတော်မူခဲ့သည်။

အရှင်ပိလိန္ဒဝစ္ဆလောင်းလျာသည် သုမေဓဘုရားရှင်လက်ထက်၌ လူဖြစ်၍ ထိုဘုရားရှင် ပရိနိဗ္ဗာန်စံသောအခါ ဘုရားရှင်၏ စေတီတော်အား ကြီးစွာပူဇော်သက္ကာရပြုခဲ့ပြီး သံဃာတော်၌လည်း ကြီးစွာသောအလှူဒါနပြုခဲ့သည်။ ထိုဘဝမှ စုတေသောအခါ လူ့ပြည်နတ်ပြည်တို့၌ ကျင်လည်ခဲ့ရပြီး တစ်ခုသော ဘဝဝယ် စကြဝတေးမင်းအဖြစ်ဖြင့် လူအပေါင်းကို ငါးပါးသီလ မြဲစေပြီး နတ်ရွာသုဂတိသို့ ပို့ဆောင်ပေးခဲ့သည်။

ဂန္ဓာရီဝိဇ္ဇာ အတတ်ပညာရှင်

အရှင်ပိလိန္ဒဝစ္ဆလောင်းလျာသည် ဂေါတမဘုရားရှင် ပွင့်တော်မူသောအခါ၌ သာဝတ္ထိပြည်ဝယ် ပုဏ္ဏားမျိုး၌ ဖြစ်လာပြီး အမျိုးအနွယ်အားဖြင့် “ပိလိန္ဒဝစ္ဆ” အမည်ရခဲ့သည်။ သူသည် ပရိဗိုဇ်ရဟန်းအဖြစ် ခံယူပြီး စူဠဂန္ဓာရီမန္တန်အတတ်ကို သင်ယူတတ်မြောက်ခဲ့သည်။ ထိုအတတ်ပညာဖြင့် ကောင်းကင်၌ ပျံသန်းသွားလာနိုင်သူ၊ သူတစ်ပါး၏စိတ်အကြံကိုသိသူ ဝိဇ္ဇာဓိုရ်တစ်ဦးဖြစ်လျက် ရာဇဂြိုဟ်ပြည်၌ ထင်ရှားကျော်ကြားကာ လာဘ်လာဘနှင့် အခြွေအရံပေါများသူ ဖြစ်ခဲ့သည်။

ဗုဒ္ဓဘုရားရှင် ရာဇဂြိုဟ်သို့ ရောက်တော်မူသော နေ့မှစ၍ ဝိဇ္ဇာဓိုရ် ပိလိန္ဒဝစ္ဆပရိဗိုဇ်၏ စူဠဂန္ဓာရီအတတ်ပညာမှာ မိမိလိုရာကို မပြီးစေနိုင်ဘဲ ဖြစ်လေသည်။ မန္တန်ရွတ်သော်လည်း ကောင်းကင်သို့ မပျံနိုင်၊ သူတစ်ပါးစိတ်ကိုလည်း မသိနိုင်တော့ပေ။

ထိုအခါ ဝိဇ္ဇာဓိုရ်ပိလိန္ဒဝစ္ဆသည် “မဟာဂန္ဓာရီဝိဇ္ဇာရှိသောအရပ်၌ စူဠဂန္ဓာရီဝိဇ္ဇာ မပြည့်စုံနိုင်” ဟု ဆရာ့ဆရာတို့ မိန့်မှာဖူးသည်ကို သတိရလာသည်။ ထို့ကြောင့် သူသည် မြတ်စွာဘုရားရှင်ကို မဟာဂန္ဓာရီအတတ်ကို တတ်သူဟု
စာမျက်နှာ-459


ယုံမှားမရှိ သိလိုက်တော့၏။ ထို့ပြင် ထိုမြတ်စွာဘုရားရှင်ကို ဆည်းကပ်၍ မဟာဂန္ဓာရီဝိဇ္ဇာအတတ်ကို သင်ယူရပါမူ ကောင်းလေစွဟု စဉ်းစားနေသည်။ ထို့နောက် ဘုရားရှင်ထံ သွားရောက်ပြီး မဟာဂန္ဓာရီဝိဇ္ဇာအတတ်ကို သင်ကြားလို၍ ရဟန်းပြုခဲ့ရာ အရှင်ပိလိန္ဒဝစ္ဆသည် ဘုရားရှင်၏ တရားတော်ကို နာကြားရသဖြင့် ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့သည်။

အရှင်ပိလိန္ဒဝစ္ဆ၏ အထုံဝါသနာ

အရှင်ပိလိန္ဒဝစ္ဆသည် လွန်ခဲ့သော ဘဝပေါင်းငါးရာ (၅၀၀) တိုင်တိုင် နှုတ်ကြမ်းသော ပုဏ္ဏားမျိုး၌ ဖြစ်ခဲ့ဖူးသည်။ ထိုပုဏ္ဏားမျိုးသည် သူတစ်ဖက်သားအား “ဝသလ = သူယုတ်” ဟု ခေါ်ဝေါ်ပြောဆိုလေ့ရှိသည်။ ထိုအထုံဝါသနာကြောင့် ယခုဘဝ ရဟန္တာဖြစ်ပြီးသော အခါ၌လည်း လူနှင့်ဖြစ်စေ၊ ရဟန်းနှင့်ဖြစ်စေ စကားပြောလျှင် “သူယုတ် လာ၊ သူယုတ် သွား၊ သူယုတ်” စသည်ဖြင့် ပြောဆိုလေ့ရှိသည်။ သို့သော်လည်း အရှင်မြတ်၏ စိတ်စေတနာကား မကြမ်းတမ်းပေ။

ပိတ်ချင်းသီးအစစ်မှ ကြွက်ချေးဖြစ်ရခြင်း

တစ်နေ့တွင် အရှင်ပိလိန္ဒဝစ္ဆသည် ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံဝင်လာစဉ် ပိတ်ချင်းသီးများကို ခွက်အပြည့်ထည့်ယူ၍ မြို့တွင်းသို့ဝင်လာသော ပိတ်ချင်းသီးကုန်သည် အမျိုးသားတစ်ယောက်နှင့် တွေ့ဆုံသည်။ ထိုအခါ အရှင်မြတ်က “သူယုတ်၊ သင့်ခွက်ထဲက ဘာတွေလဲ” ဟု မေးသည်။ ပိတ်ချင်းသီးကုန်သည်က “စောစောစီးစီး နိမိတ်မရှိ မင်္ဂလာမရှိ သူယုတ်ဟု ကြမ်းတမ်းရိုင်းပြစွာ ပြောဆိုရကောင်းလား” ဟု အောက်မေ့ကာ စိတ်တိုတိုဖြင့် “ကြွက်ချေးတွေ” ဟု ဘုကျကျ ခပ်ရိုင်းရိုင်းပင် ပြန်ပြောလိုက်သည်။ ထိုဘုကျကျ စကားသည်ပင် ဒေါသအငွေ့အသက်ပါ၍ ဖရုသဝါစာဖြစ်ကာ အရှင်မြတ်အား ပြစ်မှားရာ ရောက်လေသည်။

အရှင်မြတ်သည် သူ၏အထုံဝါသနာအတိုင်းပင် “အော်... ကြွက်ချေးဆိုရင်လဲ ကြွက်ချေးပဲ ဖြစ်မှာပေါ့” ဟု မိန့်တော်မူသည်။ ခွက်ထဲမှ ပိတ်ချင်းသီးများသည် မထေရ်မြတ် မျက်ကွယ်သို့ ရောက်သောအခါ အားလုံးကြွက်ချေးများ ဖြစ်သွားတော့သည်။

ထိုသူသည် ပိတ်ချင်းသီးတစ်တောင့်ကိုယူ၍ လက်ဖြင့်နှိပ်ကြည့်ရာ ကြွက်ချေးမှ ကြွက်ချေးအစစ် ဖြစ်နေတော့သည်။ ထိုသူသည် စိတ်မချမ်းမသာဖြင့် ကပျာကယာ ပိတ်ချင်းသီးများ တင်ဆောင်လာသော လှည်းဆီသို့ သွားကြည့်ရာ လှည်းပေါ်ပါ ပိတ်ချင်းသီးများလည်း ကြွက်ချေးများချည်း ဖြစ်နေတော့သည်။
စာမျက်နှာ-460


ထိုအကြောင်းကို ဟိုလူ့ပြော ဒီလူပြော ပြောပြမိရာ အရှင်ပိလိန္ဒဝစ္ဆ၏ ဒကာအား ပြောမိလျက်သားဖြစ်လေသည်။ ထိုဒကာ အကြံပေးသဖြင့် ပိတ်ချင်းသီးကုန်သည်သည် ကြွက်ချေးများဖြစ်နေသော ပိတ်ချင်းသီးခွက်ကို ကိုင်လျက် အရှင်ပိလိန္ဒဝစ္ဆထံသို့ သွားရောက်ပြန်သည်။ အရှင်မြတ်သည် ထိုဒကာကိုမြင်လျှင် “သူယုတ်၊ သင့်ခွက်ထဲက ဘာတွေလဲ” ဟု သူ့ဝါသနာအတိုင်း မေးမြန်းရာ ဒကာက “ပိတ်ချင်းသီးတွေပါ ဘုရား” ဟု ရိုရိုသေသေ လျှောက်၏။ အရှင်မြတ်က “သူယုတ်၊ သင်ပြောတဲ့အတိုင်း ပိတ်ချင်းသီးတွေပင် ဖြစ်ပေလိမ့်မည်” ဟု မိန့်တော်မူသည်။ ထိုသို့ မိန့်တော်မူလိုက်သည်နှင့် တစ်ပြိုင်နက် ကြွက်ချေးများအားလုံး ဇာတိရုပ်ပြန်၍ ပိတ်ချင်းသီးများ ဖြစ်သွားကြလေသည်။

ထိုအရှင်ပိလိန္ဒဝစ္ဆသည် သူ၏ ရှေးဆုတောင်းအတိုင်း နတ်တို့က ချစ်ခင်မြတ်နိုးအပ်သူတို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူးကို ရရှိတော်မူခဲ့သည်။

အဘိညာဉ်တန်ခိုးဖြင့် ပြန်ပေးလက်မှ ကယ်တင်ခြင်း

တစ်နေ့သောအခါတွင် ဗာရာဏသီပြည်ရှိ အရှင်ပိလိန္ဒဝစ္ဆ၏ ဒါယကာအိမ်ကို ခိုးသူတို့ ဝင်ရောက်နှိပ်စက် လုယက်ကြသည်။ ခိုးသူတို့သည် ထိုအိမ်မှ ကလေးငယ်နှစ်ယောက်ကို ပြန်ပေးဖမ်းသွားကြသည်။

ထိုအကြောင်းကို ဒါယကာတို့က အရှင်ပိလိန္ဒဝစ္ဆထံ သွားရောက်လျှောက်ထားရာ အရှင်ပိလိန္ဒဝစ္ဆသည် ပြန်ပေးဆွဲခံရသော ကလေးနှစ်ယောက်ကို ခိုးသူတို့ထံမှ တန်ခိုးအဘိညာဉ်ဖြင့် ဆောင်ယူ၍ ဒါယကာတို့၏ နေအိမ်ပေါ်၌ ပြန်ပို့ထားတော်မူသည်။ ဤကား အရှင်ပိလိန္ဒဝစ္ဆ၏ တန်ခိုးအာနုဘော်ဟု လူတို့ သိရှိရ၍ အရှင်ပိလိန္ဒဝစ္ဆအား အလွန်ကြည်ညိုကြသည်။

မြက်ကရွတ်ခွေမှ ရွှေပန်းကုံးအဖြစ်သို့

ဗိမ္ဗိသာရမင်းကြီးသည် အရှင်ပိလိန္ဒဝစ္ဆအား ကြည်ညိုလှသဖြင့် အရှင်မြတ်၏ ဝေယျာဝစ္စ ဆောင်ရွက်ရန်အတွက် အရံစောင့် ငါးရာကို လှူဒါန်းလေသည်။ ထိုအရံစောင့် ငါးရာကို ရွာသီးခြား တည်ထောင်စေကာ ထိုရွာအား “ပိလိန္ဒဝစ္ဆရွာ” ဟု ခေါ်တွင်ကြသည်။

အရှင်ပိလိန္ဒဝစ္ဆသည် နေ့စဉ် ထိုရွာထဲသို့ ဆွမ်းခံကြွ၏။ တစ်နေ့သောအခါ ထိုရွာ၌ ပွဲလမ်းသဘင် ရှိသည်။ ကလေးသူငယ်တို့သည် အဝတ်အစားကောင်းများ လှလှပပ ဝတ်ဆင်၍ ပန်းကုံးများ ပန်ဆင်ကာ ပျော်မြူးနေကြသည်။
စာမျက်နှာ-461


ထိုအချိန်တွင် ဆင်းရဲသား အိမ်တစ်အိမ်မှ သမီးငယ်သည် အခြားကလေးငယ်များ လှလှပပ ဝတ်ဆင်၍ ပန်းကုံးများ ပန်ဆင်ကာ ပျော်မြူးနေကြသည်ကို မြင်သဖြင့် “ပန်းကုံး ဝယ်ပေးပါ၊ အဝတ်တန်ဆာ ဆင်ပေးပါ” ဟု ပြော၍ ငိုနေရှာသည်။ မိဘများက “ငါတို့မှာ ဆင်းရဲကြလို့ ဘယ်ကလာ ပန်းတွေ အဝတ်အစားတွေ ဝယ်ပေးနိုင်မလဲ... သမီးရယ်” ဟု ဖျောင်းဖျ ချော့မော့ကြသည်။ သို့သော် ကလေးမကား ငိုမြဲငိုနေ၏။

ထိုအခိုက်တွင် အရှင်ပိလိန္ဒဝစ္ဆသည် ထိုအိမ်သို့ ဆွမ်းခံဝင်၍ ခင်းထားသော နေရာ၌ ထိုင်နေသည်။ အရှင်မြတ်က “ဒီကလေးမ ဘာကြောင့် ငိုတာလဲ” မေးရာ မိဘများက အမှန်အတိုင်း လျှောက်ထားကြသည်။ ထိုအခါ အရှင်မြတ်သည် မြက်ကရွတ်ခွေတစ်ခုကို ယူစေပြီး ကလေးမ၏ ဦးခေါင်း၌ လှုပ်ပေးခိုင်းလိုက်သည်။ အရှင်မြတ်၏တန်ခိုးကြောင့် မြက်ကရွတ်ခွေမှ အလွန်လှပဆန်းကြယ် ရှုချင်ဖွယ်ကောင်းသော ရွှေပန်းကုံး ဖြစ်သွားလေတော့သည်။ ထိုရွှေပန်းကုံးမျိုး ဗိမ္ဗိသာရမင်း၏ နန်းတော်၌ပင် မရှိချေ။

ထိုကလေးမ ရွှေပန်းကုံးဆွဲထားသည်ကို မြင်ရသော သူတို့က မင်းကြီးနား ပေါက်ကြားအောင် လျှောက်ထားကြသည်။ “ခိုးယူသိမ်းဆည်းထားသည်” ဟုလည်း စွပ်စွဲပြောဆိုကြသည်။ မင်းကြီးသည် ထိုသူဆင်းရဲ အရံစောင့်မိသားစုကို ဖမ်းဆီးချုပ်နှောင်စေသည်။

နောက်တစ်နေ့ နံနက်တွင် ထိုအရံစောင့်အိမ်သို့ အရှင်မြတ် ဆွမ်းခံကြွရာ အကြောင်းစုံ သိရှိရသည်။ အရှင်မြတ်သည် ဗိမ္ဗိသာရမင်းကြီး၏ နန်းတော်သို့ ချက်ချင်းကြွရောက်ပြီး “ဘာကြောင့် ဤအရံစောင့်ကို ဖမ်းဆီးရသနည်း” ဟု မေးရာ မင်းကြီးကလည်း အမှန်အတိုင်း လျှောက်ထားသည်။

အရှင်ပိလိန္ဒဝစ္ဆသည် ဗိမ္ဗိသာရမင်းကြီး၏ ပြာသာဒ်နန်းဆောင်ကို “ရွှေဖြစ်စေသတည်း” ဟု အဓိဋ္ဌာန်လိုက်ရာ နန်းတော်တစ်ခုလုံး ရွှေနန်းတော်ကြီး ဖြစ်သွားသည်။ ထိုစဉ် အရှင်မြတ်က “မင်းကြီး၊ ရွှေတွေ များလှချည့်လား၊ ဘယ်က ရထားသလဲ” ဟု မေးတော်မူရာ ဗိမ္ဗိသာရမင်းကြီးက “တပည့်တော် သဘောပေါက်ပါပြီ ဘုရား” ဟု လျှောက်ထားကာ ဖမ်းဆီးထားသော အရံစောင့် သူဆင်းရဲကိုလည်း ပြန်လည်လွှတ်ပေးလိုက်သည်။

သမထမှ ဝိပဿနာသို့

သမထကမ္မဋ္ဌာန်းအားထုတ်၍ သမထယာနိကလမ်းဖြင့် နိဗ္ဗာန်သို့ သွားသော ယောဂီပုဂ္ဂိုလ်သည် ဈာန်စခန်း၌သာ နစ်မွန်းပျော်မွေ့နေလျှင် နိဗ္ဗာန်နန်းသို့
စာမျက်နှာ-462


ထက်လှမ်းနိုင်မည် မဟုတ်ပေ။ သမထ၏ ပန်းတိုင်၊ သမထ၏ လမ်းဆုံးသည် ဈာနီအဘိညာဉ်တန်ခိုးရခြင်းနှင့် ဗြဟ္မာ့ပြည်၌ ဖြစ်ရခြင်းတို့သာ နောက်ဆုံးပန်းတိုင် ဖြစ်သည်။ ဈာန်အဘိညာဉ်ရသူသည်လည်း ဈာန်အဘိညာဉ်မှ လျောကျနိုင်သည်။ ဗြဟ္မာ့ပြည်သို့ ရောက်သူသည်လည်း နတ်ပြည်၊ လူပြည်၊ အပါယ်ငရဲသို့ ပြန်လည်ရောက်ရှိနိုင်သည်။ သံသရာလမ်းဆုံး နိဗ္ဗာန်ကုန်းသို့ မတက်ရောက်နိုင်သေးသမျှ သံသရာထဲ၌ တဝဲလည်လည် ကျင်လည်နေကြရဦးမည်ဖြစ်သည်။

ထို့ကြောင့် သံသရာလမ်းဆုံး နိဗ္ဗာန်ကုန်းသို့ တက်ရောက်၍ အမြတ်ဆုံး ငြိမ်းအေးဓာတ်ကို ရယူခံစားလိုသူတို့သည် အားထုတ်ပွားများအပ်ပြီးသော သမထ (ဈာန်သမာဓိ) ကို အခြေခံအုတ်မြစ်အဖြစ်ပြု၍ ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်သော ရုပ်နာမ်ဓမ္မ သင်္ခါရတို့ကို လက္ခဏာယာဉ် သုံးပါးထင်၍ ဆင်ခြင်ပွားများကာ ဝိပဿနာတရားကို ကြိုးစားအားထုတ်ကြရာ၏။
စာမျက်နှာ-463


အပိုင်း (၂)

အခန်း (၁၀)

ဝိပဿနာဘာဝနာ ပွားများအားထုတ်ခြင်း

ဝိပဿနာ၏ အခြေခံ

သမထ

ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် မိမိတို့၏ နောက်ဆုံးပန်းတိုင်ဖြစ်သော “နိဗ္ဗာန်” သို့ အရောက်သွားကြရာတွင် ဈာန်ယာဉ်စီး၍ သွားသော “သမထယာနိက” ကျင့်စဉ်လမ်းဖြင့်လည်းကောင်း၊ ဉာဏ်ယာဉ်စီး၍ သွားသော “ဝိပဿနာယာနိက” ကျင့်စဉ်လမ်းဖြင့်လည်းကောင်း သွားနိုင်ကြသည်။

ယင်းလမ်းနှစ်သွယ်အနက် သမထယာနိကလမ်းဖြစ်သော ကမ္မဋ္ဌာန်း (၄၀) ကျင့်ကြံဖွယ်တို့ကို အပိုင်း (၁) ၌ ရှင်းလင်းပြဆိုခဲ့ပြီး ဖြစ်သည်။ သမထယာနိကလမ်းသည် နိဗ္ဗာန်သို့ သွားရာ ကျင့်စဉ်တစ်ခုဖြစ်သော်လည်း သမထအားထုတ်ခြင်း သက်သက်၌သာ အားရတင်းတိမ် ကျေနပ်နေပါက နိဗ္ဗာန်သို့ အရောက်ကူးမြောက်နိုင်မည် မဟုတ်ပေ။ သမထလုပ်ငန်း၏ အမြင့်ဆုံးအကျိုးရလဒ်သည် ဈာန်အဘိညာဉ်ရခြင်းနှင့် ဗြဟ္မာ့ပြည်သို့ ရောက်ရခြင်းသာ ဖြစ်သည်။

ထို့ကြောင့် သမထကမ္မဋ္ဌာန်း အားထုတ်ခြင်းသည် ဝိပဿနာအခြေခံကောင်းခြင်းအတွက်သာလျှင် ဖြစ်၏။ သမထအခြေခံ အင်အားကောင်းသူသည် ဝိပဿနာသို့ ကူးပြောင်း အားထုတ်ပါက လျင်မြန်လွယ်ကူစွာ ပေါက်ရောက်အောင်မြင်နိုင်သည်။

လမ်း နှစ်သွယ်

နိဗ္ဗာန်သို့ သွားသောလမ်းသည် —

သမထယာနိကလမ်း၊
ဝိပဿနာယာနိကလမ်း
ဟူ၍ လမ်းနှစ်သွယ်ရှိသည်။

သမထယာနိကလမ်းဖြင့် သွားသော သမထယာနိကပုဂ္ဂိုလ်သည် သမထကမ္မဋ္ဌာန်း တစ်ခုခုကို ဦးစွာ ပွားများအားထုတ်၍ ဥပစာရသမာဓိကိုဖြစ်စေ၊ အပ္ပနာသမာဓိ (ဈာန်) ကိုဖြစ်စေ ရရှိပြီးနောက် ထိုသမာဓိကို အခြေခံ၍
စာမျက်နှာ-464


ရုပ်နာမ်တရားတို့ကို ဝိပဿနာရှုသည်။ ထိုသို့ရှုရာတွင် ဈာန်ရသောပုဂ္ဂိုလ်သည် ပထမဈာန်ကို ဝင်စား၍ ထိုဈာန်ကို ဝိပဿနာရှု၏၊ တစ်ဖန် ဒုတိယဈာန်ကို ဝင်စား၍ ထိုဈာန်ကို ဝိပဿနာရှု၏။ ဤနည်းဖြင့် ဈာန်ကို အစဉ်အတိုင်း တစ်ကြိမ်စီ ဝင်စား၍ တစ်ကြိမ်စီ ဝိပဿနာရှုသည်။

ဤကဲ့သို့ သမထနှင့် ဝိပဿနာကို ဒွန်တွဲလျက် အစုံအစုံတွဲလျက် မဂ်ဖြစ်ပေါ်သည်တိုင်အောင် ပွားများအပ်သော နည်းကို “ယုဂနဒ္ဓဘာဝနာနည်း” ဟု ခေါ်သည်။ (ယုဂ = စုံတွဲ၊ နဒ္ဓ = ဖွဲ့စည်းခြင်း၊ တွဲစပ်ခြင်း)။ သမထကို ရှေ့သွားပြု၍ ဝိပဿနာရှုသောကြောင့် “သမထပုဗ္ဗင်္ဂမနည်း” ဟုလည်း ခေါ်သည်။ သမထယာနိကလမ်းစဉ်ဟုလည်း ခေါ်သည်။

ဝိပဿနာယာနိကလမ်းဖြင့် သွားသော ဝိပဿနာယာနိကပုဂ္ဂိုလ်သည် ဥပစာရသမာဓိ၊ အပ္ပနာသမာဓိ ရရှိရန် သမထကမ္မဋ္ဌာန်း တစ်ခုခုကို ပွားများအားထုတ်မှုမပြုဘဲ ရုပ်နာမ်နှစ်ပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ဆင်ခြင်၍ ရရှိလာသော ခဏိကသမာဓိကို အခြေခံလျက် ဝိပဿနာသက်သက်ကိုသာ ရှုသည်။ ထိုသို့ သမထမဖက် ဝိပဿနာသက်သက် ရှုသောနည်းကို သုဒ္ဓဝိပဿနာယာနိကလမ်း ဟု ခေါ်သည်။ (သုဒ္ဓ = သက်သက်။)

ဤကဲ့သို့ ဝိပဿနာယာနိကပုဂ္ဂိုလ်တို့ ဝိပဿနာပွားများသောနည်းကို ဝိပဿနာရှေ့သွားပြု၍ ပွားများသောကြောင့် (ဝိပဿနာကိုသာလျှင် ရှေးဦးစွာ ပွားများသောကြောင့်) “ဝိပဿနာပုဗ္ဗင်္ဂမနည်း” ဟု ခေါ်သည်။ ဝိပဿနာယာနိကလမ်းစဉ်ဟုလည်း ခေါ်သည်။

ဝိပဿနာ အားမထုတ်မီ ကြိုတင်ပြင်ဆင်မှုများ

ယောဂီပုဂ္ဂိုလ်သည် ယခုဘဝမှာပင် မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဆိုက်ရောက်အောင် ဝိပဿနာကို တကယ်တမ်း အားထုတ်တော့မည်ဆိုလျှင် ဤကျမ်းစာအုပ် စာမျက်နှာ (၂၅) ၌ ပြဆိုခဲ့ပြီးသော အနှောင့်အယှက် (ပလိဗောဓ) တို့ကို ကြိုတင်၍ ပယ်ဖြတ်ထားရမည်။ ထို့နောက် ——

သင့်လျော်သော နေရာကို ရွေးချယ်ခြင်း၊
သင့်လျော်သော အချိန်ကို ရွေးချယ်ခြင်း၊
ဘုရားရှိခိုးခြင်း၊
သရဏဂုံသီလ ဆောက်တည်ခြင်း၊
မေတ္တာပို့ အမျှဝေခြင်း၊
စာမျက်နှာ-465


ဆရာသမားထံ၌ ဝိပဿနာတောင်းခံခြင်း၊
ပြစ်မှားမိသော အပြစ်ကြီးငယ်တို့ကို ခွင့်လွှတ်ရန် တောင်းပန်ခြင်း၊
မိမိနှင့် သင့်လျော်သော ထိုင်နည်းကို ရွေးချယ်ခြင်း၊
မဂ်ဖိုလ်၌ စိတ်ညွတ်ခြင်း ——
တို့ကို ကြိုတင်ပြုလုပ်ရမည်။

ဝိသုဒ္ဓိ ၇-ပါး ကျင့်စဉ်တရား

ဝိပဿနာကမ္မဋ္ဌာန်း ပွားများအားထုတ်မည့် ယောဂီပုဂ္ဂိုလ်သည် အထူးဖြူစင်သန့်ရှင်း စင်ကြယ်ခြင်း ဝိသုဒ္ဓိ ၇-ပါးနှင့် ပြည့်စုံရမည်။ (ဝိ + သုဒ္ဓိ။ ဝိ = အထူး + သုဒ္ဓိ = စင်ကြယ်ခြင်း)၊ ၎င်းတို့မှာ —

သီလဝိသုဒ္ဓိ = သီလစင်ကြယ်ခြင်း၊
စိတ္တဝိသုဒ္ဓိ = စိတ်စင်ကြယ်ခြင်း၊
ဒိဋ္ဌိဝိသုဒ္ဓိ = အယူအမြင် စင်ကြယ်ခြင်း၊
ကင်္ခါဝိတရဏဝိသုဒ္ဓိ = ယုံမှားသံသယကို လွန်မြောက်သော ဉာဏ်၏ စင်ကြယ်ခြင်း၊
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ = လမ်းမှန် မမှန်ကို သိသော ဉာဏ်အမြင်၏ စင်ကြယ်ခြင်း၊
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ = မဂ်သို့ ရောက်ကြောင်းဖြစ်သော ဉာဏ်အမြင်၏ စင်ကြယ်ခြင်း၊
ဉာဏဒဿနဝိသုဒ္ဓိ = သစ္စာလေးပါးကို သိသော ဉာဏ်အမြင်၏ စင်ကြယ်ခြင်း တို့ဖြစ်သည်။

(၁) သီလဝိသုဒ္ဓိ

ဤဝိသုဒ္ဓိ ၇-ပါးအနက် နံပါတ် ၁-ဖြစ်သော သီလဝိသုဒ္ဓိကို ယောဂီပုဂ္ဂိုလ်သည် ဝိပဿနာ အားမထုတ်မီကပင် ဖြူစင်သန့်ရှင်းစေရမည်။ သီလပြည့်စုံရမည်။ သီလနှင့်ပတ်သက်၍ အကျယ်ကို ဗုဒ္ဓဘာသာ လက်စွဲကျမ်း ပထမတွဲ၊ စာမျက်နှာ (၃၆၉) အပိုင်း (၄) ၌ ပြခဲ့ပြီးဖြစ်သည်။ ကိုယ်ကျင့်သီလစင်ကြယ်ခြင်းကို သီလဝိသုဒ္ဓိဟု ခေါ်သည်။
စာမျက်နှာ-466


အချုပ်အားဖြင့်ဆိုလျှင် ရဟန်းသည် ပါတိမောက္ခသံဝရသီလ၊ ဣန္ဒြိယသံဝရသီလ၊ အာဇီဝပါရိသုဒ္ဓိသီလ၊ ပစ္စယသန္နိဿိတသီလဟူသော ဤသီလ (၄) ပါးကို ထက်ဝန်းကျင် သန့်ရှင်းစင်ကြယ်အောင် ပြုအပ်၏။

ရှင်သာမဏေသည် ဆယ်ပါးသီလကို ထက်ဝန်းကျင် သန့်ရှင်းစင်ကြယ်အောင် ပြုအပ်၏။

လူပုဂ္ဂိုလ်ယောဂီသည် ငါးပါးသီလ၊ သို့မဟုတ် အာဇီဝဋ္ဌမကသီလကို ထက်ဝန်းကျင် သန့်ရှင်းစင်ကြယ်အောင် ပြုအပ်၏။

အန္တရာယ်ငါးပါး ကင်းဝေးရန်

ဝိပဿနာကမ္မဋ္ဌာန်း အားထုတ်မည့် ယောဂီပုဂ္ဂိုလ်သည် အထူးအားဖြင့် အောက်ဖော်ပြပါ အန္တရာယ်ငါးပါးကို မကျူးလွန်စေရ၊ မကျရောက်စေရ။ ကျူးလွန်ကျရောက်သူဖြစ်ပါက မဂ်ဖိုလ်ကို ရနိုင်မည်မဟုတ်ပေ။ ၎င်းတို့မှာ —

(က) ကမ္မန္တရာယ် = ပဉ္စာနန္တရိယကံ စသည်ကို ကျူးလွန်ခြင်း၊
(ခ) ကိလေသန္တရာယ် = နိယတမိစ္ဆာဒိဋ္ဌိ အယူရှိခြင်း၊
(ဂ) ဝိပါကန္တရာယ် = အဟိတ်၊ ဒွိဟိတ် ပဋိသန္ဓေနေရခြင်း၊
(ဃ) အရိယူပဝါဒန္တရာယ် = အရိယာကို ကဲ့ရဲ့စွပ်စွဲခြင်း၊
(င) အာဏာဝီတိက္ကမန္တရာယ် = ရဟန်းတော်များ အာပတ် (၇) ပုံ ကျူးလွန်ခြင်း —— တို့ဖြစ်သည်။

(က) ကမ္မန္တရာယ်

ကံငါးပါး၊ သို့မဟုတ် ကံ (၆) ပါးကို ကျူးလွန်ခြင်းကြောင့် ကျရောက်သော အန္တရာယ်ကို ကမ္မန္တရာယ်ဟု ခေါ်သည်။ ၎င်းသည် အောက်ပါအတိုင်း (၆) ပါးရှိပါသည် ——

မာတုဃာတက = မိခင်ကို သတ်ခြင်း၊
ပိတုဃာတက = ဖခင်ကို သတ်ခြင်း၊
အရဟန္တဃာတက = ရဟန္တာကို သတ်ခြင်း၊
လောဟိတုပ္ပါဒက = ဘုရားရှင်၌ သွေးစိမ်းတည်အောင် ပြုခြင်း၊
စာမျက်နှာ-467


(၅) သံဃဘေဒက = သံဃာအချင်းချင်း စိတ်ဝမ်းကွဲအောင် ပြုခြင်း၊
(၆) ဘိက္ခုနီဒူသက = သီလရှိသော ရဟန်းမိန်းမကို ဗလက္ကာရပြု၍ ဖျက်ဆီးခြင်း။

ဤ ၆-ပါးအနက် ရှေ့ငါးပါး (ပဉ္စာနန္တရိယကံ) သည် သဂ္ဂန္တရာယ် = နတ်ရွာသုဂတိအတွက်လည်း အန္တရာယ်ဖြစ်၏။ မဂ္ဂန္တရာယ် = မဂ်ဖိုလ်အတွက်လည်း အန္တရာယ်ဖြစ်၏။ ဤငါးပါးကို ကျူးလွန်မိသူသည် နတ်ရွာသုဂတိသို့လည်း မရောက်နိုင်၊ သောတာပတ္တိစသော မဂ်ဖိုလ်ကိုလည်း မရနိုင်ဟု ဆိုလိုသည်။ ဘိက္ခုနီဒူသကကံသည် မဂ္ဂန္တရာယ် = မဂ်ဖိုလ်အန္တရာယ်အတွက်သာ ဖြစ်စေသည်။

(ခ) ကိလေသန္တရာယ်

အယူမှား၌ စွဲမြဲစွာယူခြင်းဟု ဆိုအပ်သော နိယတမိစ္ဆာဒိဋ္ဌိ ကို ကိလေသန္တရာယ်ဟု ခေါ်သည်။ ထိုနိယတမိစ္ဆာဒိဋ္ဌိသည် အောက်ပါအတိုင်း (၃) မျိုး ရှိ၏ —

(၁) အကိရိယဒိဋ္ဌိ = ကောင်းမှု၊ မကောင်းမှုကို ပြုသော်လည်း ပြုရာမရောက်ဟု မြဲမြံစွာ ယူခြင်း၊

(၂) နတ္ထိကဒိဋ္ဌိ = သတ္တဝါသည် သေလျှင်ပြတ်၏၊ ဘဝတစ်ပါးမရှိ၊ ကောင်းမှု မကောင်းမှုတို့၏ ကောင်းကျိုး ဆိုးကျိုးမရှိဟု မြဲမြံစွာ ယူခြင်း၊

(၃) အဟေတုကဒိဋ္ဌိ = ကုသိုလ်ကံ၊ အကုသိုလ်ကံဟူ၍ မရှိ၊ အကြောင်းမရှိဘဲ အလိုလို ချမ်းသာကြသည်၊ ဆင်းရဲကြသည်ဟု မြဲမြံစွာ ယူခြင်း။

ဤနိယတမိစ္ဆာဒိဋ္ဌိ အယူရှိသော သူသည် နတ်ပြည်သို့လည်း မရောက်နိုင်၊ မဂ်ကိုလည်း မရနိုင်။

(ဂ) ဝိပါကန္တရာယ်

နဂါး၊ ဂဠုန်၊ တိရစ္ဆာန်၊ ငရဲသူ၊ ငရဲသား၊ အမိဝမ်းတွင်းမှ အင်္ဂါချို့တဲ့သူများသည် အဟိတ်ပဋိသန္ဓေ နေရသူများ ဖြစ်ကြ၏။ လူဖြစ်သော်လည်း ဉာဏ်ပညာ လေးလုံးထိုင်းမှိုင်းသူများသည် ဒွိဟိတ်ပဋိသန္ဓေ နေရသူများ
စာမျက်နှာ-468


ဖြစ်ကြ၏။ ဤပုဂ္ဂိုလ်များသည် ပဋိသန္ဓေဉာဏ်ကင်းသည့်အတွက် မဂ်ဖိုလ်ကို မရနိုင်ချေ။ လူ့အဖြစ် နတ်အဖြစ်သို့သာ ရောက်နိုင်ကြသည်။ အတိတ်ကံ၏ အကျိုးဝိပါကက မဂ်ဖိုလ်မရအောင် အန္တရာယ်ပြု တားဆီးထား၏။

(ဃ) အရိယူပဝါဒန္တရာယ်

အရိယာဟု သိလျက်ဖြစ်စေ၊ မသိဘဲဖြစ်စေ အရိယာပုဂ္ဂိုလ်အား ကဲ့ရဲ့စွပ်စွဲခြင်းသည် အရိယူပဝါဒန္တရာယ် မည်၏။ အရိယာကို စွပ်စွဲကဲ့ရဲ့သူအား သဂ္ဂန္တရာယ်၊ မဂ္ဂန္တရာယ် နှစ်မျိုးလုံးဖြစ်၏။ သို့သော် အရိယာအား ကဲ့ရဲ့စွပ်စွဲပြီးနောက် ကန်တော့တောင်းပန်လျှင် ထိုအန္တရာယ်မှ လွတ်ကင်း၏။ (အရိယာ = အရိယာပုဂ္ဂိုလ်ကို + ဥပဝါဒ = စွပ်စွဲမှု)

(င) အာဏာဝီတိက္ကမန္တရာယ်

မြတ်စွာဘုရား ပညတ်တော်မူအပ်သော ဝိနည်းသိက္ခာပုဒ်တော်များနှင့် အာပတ် (၇) ပုံကို သိလျက် လွန်ကျူးသော ရဟန်းအား အာဏာဝီတိက္ကမန္တရာယ် ကျရောက်၏။ ထိုရဟန်းအား သဂ္ဂန္တရာယ်၊ မဂ္ဂန္တရာယ် နှစ်ပါးလုံးဖြစ်၏။ သို့သော် ဝိနည်းတော်နှင့်အညီ ကုစားပြီးသောအခါ၌ ထိုအန္တရာယ်မှ ကင်းလွှတ်၏။ (အာဏာ = မြတ်စွာဘုရားရှင်၏ အာဏာတော်ကို + ဝီတိက္ကမ = ကျူးလွန်မှု)

ထို့ကြောင့် ဝိပဿနာရှုမည့် ယောဂီပုဂ္ဂိုလ်သည် မဂ်ဖိုလ်ကို ရနိုင်ရန်အတွက် သက်ဆိုင်ရာ ကိုယ်ကျင့်သီလနှင့် ပြည့်စုံရမည့်အပြင် အန္တရာယ်ငါးပါးကိုလည်း မကျူးလွန်သူ ဖြစ်ရမည်။

အန္တရာယ်ကို ကုစားခြင်း

ဤအန္တရာယ်ငါးမျိုးအနက် ကမ္မန္တရာယ်ကို ကျူးလွန်သူနှင့် ကိလေသန္တရာယ်၊ ဝိပါကန္တရာယ် ကျရောက်နေသူတို့သည် ဤဘဝအတွက် ထိုအန္တရာယ်များ ကင်းပျောက်ရန် ကုစား၍ မရနိုင်ပေ။ ကွယ်လွန်ပြီးနောက် အဝီစိငရဲ၊ သို့မဟုတ် ငရဲတစ်ခုခုသို့ မုချ ကျရောက်ရပေမည်။ အရိယူပဝါဒန္တရာယ်နှင့် အာဏာဝီတိက္ကမန္တရာယ်မှာ ကုစား၍ ရကောင်းပေသည်။

သာဓကအားဖြင့် အဇာတသတ်မင်းသည် ဖခင် ဗိမ္ဗိသာရမင်းကြီးအား သတ်ပြီးနောက် နောင်တရ၍ ဘုရားရှင်ထံမှောက်သို့ ရောက်ရှိကာ သရဏဂုံတည်ခဲ့သည်။ အဇာတသတ်မင်းသည် အကယ်၍သာ ပိတုဃာတက (အဖသတ်) ကံကို မကျူးလွန်ခဲ့ပါက ဤနေရာမှာပင် သောတာပန်ဖြစ်လေရာ၏ဟု ဘုရားရှင် မိန့်တော်မူသည်။
စာမျက်နှာ-469


အဇာတသတ်မင်းသည် သရဏဂုံတည်ပြီးနောက် ဘုရားဒကာ၊ ကျောင်းဒကာအဖြစ်ဖြင့် သာသနာတော်ကို ပူဇော်သက္ကာရ ပြုခဲ့သည်။ ရတနာသုံးပါးကို ကြည်ညိုယုံကြည်သော ပုထုဇဉ်တို့တွင် အဇာတသတ်မင်း၏ သဒ္ဓါတရားနှင့် တူသူ တစ်ဦးမျှ မရှိချေ။ ဘုရားရှင်၏ ဓာတ်တော်များကို ပင့်ဆောင်ခြင်း၊ ပူဇော်ခြင်းတို့၌လည်း သူမတူတန်အောင် ဆောင်ရွက်ခဲ့သည်။ ပထမသံဂါယနာတင်ပွဲကြီးတွင်လည်း သာသနာ့ဒါယကာအဖြစ် ခံယူခဲ့သည်။

ဤကဲ့သို့ ကြီးကျယ်များပြားသော အလှူဒါနများ၊ ကောင်းမှုများကို သဒ္ဓါတရားထက်သန်စွာ ပြုလုပ်ခဲ့သော်လည်း ပိတုဃာတက (အဖသတ်) ကံကြောင့် တမလွန်၌ အပါယ်ငရဲဘေးမှ မလွတ်ခဲ့ပေ။ သို့ရာတွင် အဇာတသတ်မင်းသည် ပိတုဃာတကကံကြောင့် အဝီစိငရဲ၌ ဖြစ်ရမည့်အစား ဗုဒ္ဓဘုရားရှင်၏ သာသနာတော်တည်းဟူသော အမှီကောင်းကို ရရှိခဲ့သောကြောင့် အဝီစိငရဲထက် သက်သာသော လောဟကုမ္ဘီငရဲ၌သာ ဖြစ်ရလေသည်။ အဇာတသတ်မင်းသည် လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းကျခံပြီးနောက် ထိုငရဲမှ လွတ်မြောက်၍ ဗုဒ္ဓသာသနာတော်၏ ကျေးဇူးကြောင့် “ဝိဇိတာဝီ” အမည်ဖြင့် ပစ္စေကဗုဒ္ဓါဖြစ်ပြီး ပရိနိဗ္ဗာန်စံဝင်ရမည် ဖြစ်သည်။ ဤဘဝအတွက် ကုစား၍ မရသော်လည်း သံသရာအတွက်မူ ကုစား၍ သက်သာရာ ရနိုင်ပေသည်။

ကိလေသန္တရာယ်သို့ ကျရောက်၍ နိယတမိစ္ဆာဒိဋ္ဌိ (မှားယွင်းသော အယူ၌ စွဲမြဲခြင်း) ကို မစွန့်လွှတ်နိုင်သော သူတို့သည်လည်း ကွယ်လွန်ပြီးနောက် အဝီစိငရဲသို့ မုချလားရောက်ရပေမည်။ သာဓကအားဖြင့် ပုရာဏကဿပစသော တိတ္ထိဂိုဏ်းဆရာကြီးများသည် နိယတမိစ္ဆာဒိဋ္ဌိအယူကို မစွန့်လွှတ်နိုင်ဘဲ ကွယ်လွန်ခဲ့ကြသဖြင့် အဝီစိငရဲသို့ ရောက်ကြရသည်။

ဝိပါကန္တရာယ်ကျရောက်၍ အဟိတ်ပဋိသန္ဓေ၊ ဒွိဟိတ်ပဋိသန္ဓေနေသူများသည် ဤဘဝ၌ မည်မျှပင် ကုသိုလ်ပြု၍ တရားအားထုတ်စေကာမူ မဂ်ဖိုလ်ကိုရနိုင်မည် မဟုတ်ပေ။ သို့သော် ထိုပုဂ္ဂိုလ်တို့ ပြုလုပ်သော ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှုကုသိုလ်များသည် လူကောင်း နတ်ကောင်း ဖြစ်စေနိုင်သည်။ တစ်ဆင့်ထက်တစ်ဆင့် ပါရမီရင့်ကျက်၍ မဂ်ဖိုလ်နိဗ္ဗာန်ရရန်အတွက် အထောက်အပံ့လည်း ဖြစ်နိုင်သည်။ ဤအန္တရာယ်သုံးမျိုး ဆိုက်ရောက်နေသူတို့မှာ ဤဘဝ၌ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားကို မရနိုင်ချေ။

အရိယာပုဂ္ဂိုလ်ကို ကဲ့ရဲ့စွပ်စွဲမိ၍ အရိယူပဝါဒန္တရာယ် ကျရောက်သူသည် ထိုအရိယာပုဂ္ဂိုလ်အား ကန်တော့တောင်းပန်လျှင် ထိုအန္တရာယ်မှ ကင်းလွတ်နိုင်သည်။ သာဓကကို ဤကျမ်းစာအုပ် စာမျက်နှာ (၄၄၀) ၌ ပြခဲ့ပြီးဖြစ်သည်။
စာမျက်နှာ-470


မြတ်စွာဘုရားရှင်၏ အာဏာတော်ဖြစ်သော ဝိနည်းသိက္ခာပုဒ်တော်ကို ကျူးလွန်ခြင်း (အာဏာဝီတိက္ကမန္တရာယ်) သို့ ကျရောက်သော ရဟန်းအား ထိုအန္တရာယ်မှ ကင်းလွတ်ရန် ကုစား၍ ရသည်။ ယင်းသို့ ကုစားရာ၌ ပါရာဇိကသိက္ခာပုဒ်ကို ကျူးလွန်သော ရဟန်းသည် ပရိသုဒ္ဓပြု (လူဝတ်လဲ) မှသာ ထိုအပြစ်အန္တရာယ်မှ ကင်းလွတ်သည်။ ပါရာဇိကကို ကျူးလွန်ပြီး ဖြစ်ပါလျက် လူဝတ်မလဲဘဲ ရဟန်းအသွင် အယောင်ဆောင်နေပါက အခြား ကုသိုလ်ကောင်းမှုပြုသော်လည်း လူ့ဘဝ နတ်ဘဝဟူသော သုဂတိဘဝသို့ မရောက်နိုင်။ တရားအားထုတ်သော်လည်း မဂ်ဖိုလ်ကို မရနိုင်။ ထိုပုဂ္ဂိုလ် လားရောက်ရမည့် ဘုံဘဝမှာ အပါယ်လေးပါးသာ ဖြစ်သည်။

ပါရာဇိကကျူးလွန်သော ရဟန်းသည် လူဝတ်လဲပြီးနောက် သီလဆောက်တည်၍ ကောင်းမှုကုသိုလ်များကို ပြုလုပ်ပါက ကောင်းရာသုဂတိဘဝသို့ ရောက်နိုင်သည်။ တရားအားထုတ်ပါက မဂ်ဖိုလ်ကိုလည်း ရနိုင်သည်။

သံဃာဒိသိသ်အာပတ် ကျူးလွန်သော ရဟန်းသည် ပရိဝါသ်၊ မာနတ် ဆောက်တည်ခြင်း စသည်ဖြင့် ဝိနည်းတော်နှင့်အညီ ကုစားပါက ထိုအပြစ်အန္တရာယ်မှ ကင်းလွတ်သည်။ ပါစိတ်၊ ဒုက္ကဋ်စသော အာပတ်များကို ကျူးလွန်သော ရဟန်းသည် ဒေသနာကြားခြင်းစသည် ပြုလုပ်၍ ကုစားပါက ထိုအပြစ်များမှ ကင်းလွတ်သည်။ ထိုထိုအာပတ်များကို ကျူးလွန်သော ရဟန်းသည် ဝိနည်းတရားတော်နှင့်အညီ မကုစားပါက (ဝါ) အပြစ်ကင်းစင်အောင် မပြုလုပ်ပါက သဂ္ဂန္တရာယ်၊ မဂ္ဂန္တရာယ်ဖြစ်၏။ ထိုအာပတ်တန်းလန်းဖြင့် ကွယ်လွန်သွားပါက အပါယ်ဘုံဘဝသို့ မုချလားရောက်ရမည် ဖြစ်သည်။

သာဓကအားဖြင့် ကဿပဘုရားရှင်လက်ထက်က အနှစ်နှစ်သောင်း ရဟန်းတရား အားထုတ်နေသော ရဟန်းတစ်ပါးသည် လှေဖြင့် ခရီးသွားရင်း ပြိန်းမြက်ပင်ကို ဆွဲဖြတ်မိသဖြင့် ပါစိတ်အာပတ် သင့်ခဲ့သည်။ ထိုအာပတ်ကို ဒေသနာမကြားမိဘဲ ဝိပ္ပဋိသာရ - နှလုံးမသာယာစိတ်ဖြင့် ကွယ်လွန်သွားသောကြောင့် အပါယ်ဒုဂ္ဂတိဘုံ၌ တိရစ္ဆာန်နဂါး ဖြစ်ရလေသည်။

ထို့ကြောင့် ဝိပဿနာကမ္မဋ္ဌာန်း အားထုတ်မည့် ယောဂီ (ရဟန်း) သည် အန္တရာယ်ငါးပါးမှ ကင်းဝေးရန် အထူးလိုအပ်သည်။ အန္တရာယ်တစ်ပါးပါးကို ကျရောက်ကျူးလွန်မိသူ ဖြစ်ပါက ကုစား၍ ရသော အန္တရာယ်ဖြစ်လျှင် သီလဝိသုဒ္ဓိဖြစ်စေရန်အတွက် နည်းမှန်လမ်းမှန်ဖြင့် ကုစားထားပြီး ဖြစ်စေရမည်။
စာမျက်နှာ-471


(၂) စိတ္တဝိသုဒ္ဓိ

ဝိပဿနာတရားကို အားထုတ်လိုသူသည် သီလဝိသုဒ္ဓိကို ပြည့်စုံစေပြီးနောက် စိတ္တဝိသုဒ္ဓိကို ပြည့်စုံစေရမည်။ ကာမဂုဏ်အာရုံတို့ကို တပ်မက်မှုစသော နီဝရဏအညစ်အကြေးတို့မှ စိတ်၏ သန့်ရှင်းစင်ကြယ်ခြင်းသည် စိတ္တဝိသုဒ္ဓိ မည်၏။

အကျဉ်းအားဖြင့် မှတ်သားရန်မှာ ပြဆိုခဲ့ပြီးသည့် သမထကမ္မဋ္ဌာန်း (၄၀) အနက် ကမ္မဋ္ဌာန်းတစ်ခုခုကို ပွားများအားထုတ်၍ ရရှိအပ်သော ဥပစာရသမာဓိနှင့် အပ္ပနာသမာဓိ (ဈာန်သမာဓိ) သည် သမထယာနိကပုဂ္ဂိုလ်အတွက် စိတ်စင်ကြယ်မှု စိတ္တဝိသုဒ္ဓိမည်၏။ (ဝါ) ပထမဈာန်မှစ၍ စတုတ္ထအရူပဈာန် (နေဝသညာနာသညာယတနဈာန်) အထိ ဈာန် (၈) ပါးအနက် ဈာန်တစ်ခုခုကို ရရှိထားခြင်းသည် စိတ္တဝိသုဒ္ဓိမည်၏။

သမထမဖက် ဝိပဿနာသက်သက်ဖြင့် ရုပ်နာမ်ဓမ္မသင်္ခါရတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုမှတ်ပွားများ အားထုတ်၍ ရရှိအပ်သော “ခဏိကသမာဓိ” သည် ဝိပဿနာလမ်းစဉ် ပုဂ္ဂိုလ်အတွက် စိတ်စင်ကြယ်မှု စိတ္တဝိသုဒ္ဓိမည်၏။

ဝိပဿနာအားထုတ်သော ယောဂီအား သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာတို့ ထက်သန်ညီမျှသောအခါ၌ ရှုမှတ်မှုချည်းသာ တစ်စပ်တည်း ဆက်စပ်လျက် စင်ကြယ်စွာ ဖြစ်နေ၏။ ထိုထိုအာရုံကို ကြံစည်မှု နီဝရဏတို့သည် အကြားအကြား၌ ကြားဝင်၍ မဖြစ်ကြ။ ထိုသို့သော ကာလ၌ ရှုမှတ်တိုင်း ရှုမှတ်တိုင်း ရုပ်နာမ်အာရုံအပေါ်၌ တည်ကြည်စူးစိုက်နေသော သမာဓိကို “ခဏိကသမာဓိ” ဟု ခေါ်သည်။ ဝိပဿနာစိတ်၏ အခိုက်အတန့်မျှ၌ တည်ကြည်မှု ဖြစ်သည်။

ထို့ကြောင့် ဝိပဿနာရှုမည့် ယောဂီသည် စိတ္တဝိသုဒ္ဓိဖြစ်ရန်အတွက် သမထလမ်းစဉ် ပုဂ္ဂိုလ်ဖြစ်ပါက သမထကမ္မဋ္ဌာန်း တစ်ခုခုကို ဥပစာရသမာဓိ၊ သို့မဟုတ် အပ္ပနာသမာဓိ ရအောင် အားထုတ်ရမည်။ ဝိပဿနာသက်သက် ပုဂ္ဂိုလ်ဖြစ်ပါက ခဏိကသမာဓိရအောင် ရုပ်နာမ်ဓမ္မတို့ကို လက္ခဏာယာဉ်တင်၍ ရှုမှတ်ရမည်။

(၃) ဒိဋ္ဌိဝိသုဒ္ဓိ

ဒိဋ္ဌိဆိုသည်မှာ အယူဝါဒဖြစ်သည်။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ မိမိတို့၏ ဉာဏ်အမြင်၌မူ မှန်သည်ဟု ထင်မြင်ယူဆ စွဲလမ်းယုံကြည်မှု တစ်ရပ်ကို ဒိဋ္ဌိဟု ခေါ်ဆိုရသည်။ ဒဿနဟူ၍လည်းကောင်း၊ သဘောတရားရေး အယူအဆ သဘောတရားရေးအမြင်ဟူ၍လည်းကောင်း ဆိုကြသည်။
စာမျက်နှာ-472


သတ္တဝါတစ်ယောက်၏ ပစ္စုပ္ပန်ဘဝနှင့်စပ်လျဉ်းသည့် အယူအဆ၊ အယူဝါဒကို ဤ၌ အဓိကထား၍ မဆိုလိုပါ။ အတိတ်ဘဝ၊ ပစ္စုပ္ပန်ဘဝ၊ အနာဂတ်ဘဝ ဟူသော ဘဝအဆက်ဆက် ကျင်လည်မှုနှင့် စပ်လျဉ်း၍ အကြောင်းအကျိုး ဆက်စပ် တွေးခေါ်မြော်မြင်မှုကို ဤနေရာ၌ ဒိဋ္ဌိဟု ဆိုလိုသည်။

သတ္တဝါတို့သည် ဘဝသံသရာနှင့် စပ်လျဉ်း၍လည်းကောင်း၊ အကြောင်းအကျိုးနှင့် စပ်လျဉ်း၍လည်းကောင်း အတိတ်ကြောင့် ဖြစ်သလော၊ အနာဂတ်ကြောင့် ဖြစ်သလော၊ ပစ္စုပ္ပန်ကြောင့် ဖြစ်သလော၊ အကြောင်းကြောင့် ဖြစ်သလော၊ အကျိုးကြောင့်ဖြစ်သလော၊ အကြောင်းမဲ့ဖြစ်သလော စသည်ဖြင့် အမျိုးမျိုး အထွေထွေ ကြံစည်ယူဆကြသည်။

ယင်းဒိဋ္ဌိသည် မှန်သောအယူဝါဒ = သမ္မာဒိဋ္ဌိ နှင့် လွဲမှားသော အယူဝါဒ = မိစ္ဆာဒိဋ္ဌိ ဟူ၍ နှစ်မျိုးရှိသည်။ (သမ္မာ = မှန်ကန်သော၊ မိစ္ဆာ = လွဲမှားသော။)

မိစ္ဆာဒိဋ္ဌိကြီး ၃-မျိုး

မိစ္ဆာဒိဋ္ဌိ အမျိုးမျိုးရှိသည့်အနက် အကြီးမားဆုံး မိစ္ဆာဒိဋ္ဌိသုံးမျိုးတို့မှာ အောက်ပါအတိုင်း ဖြစ်သည် —
(၁) အကိရိယဒိဋ္ဌိ = ပြုသော်လည်း ပြုရာမရောက်ဟု ယူဆခြင်း၊
(၂) နတ္ထိကဒိဋ္ဌိ = ကောင်းမှု မကောင်းမှုသည် အကျိုးကို မဖြစ်စေနိုင်ဟု ယူဆခြင်း၊
(၃) အဟေတုကဒိဋ္ဌိ = အကြောင်းမဲ့ အလိုလို ဆင်းရဲချမ်းသာကြသည်ဟု ယူဆခြင်း။

အကိရိယဒိဋ္ဌိ

အသက်ဝိညာဉ်ဟု ခေါ်သော အတ္တသည် မပျက်မစီးဘဲ အမြဲတည်နေသောကြောင့် မည်သူကမျှ မဖျက်ဆီးနိုင်၊ မသတ်ဖြတ်နိုင်။ ထို့ကြောင့် သတ္တဝါတစ်စုံတစ်ခုကို သတ်ဖြတ်ဖျက်ဆီးသည်ဟု ဆိုရသော်လည်း သတ်ဖြတ်ဖျက်ဆီးရာမရောက်၊ အသက်ဝိညာဉ်သည် မသေဘဲ ရုပ်ဟောင်း ရုပ်သစ်လဲခြင်းမျှသာ ဖြစ်သည်။ လူတစ်ယောက်သည် အဝတ်ဟောင်းကိုချွတ်၍ အဝတ်သစ်ကို ပြောင်းလဲဝတ်ဆင်သကဲ့သို့ ဖြစ်သည်။ အသက်ဝိညာဉ်ဟုခေါ်သော အတ္တသည် တည်မြဲသောကြောင့် မည်သို့မျှ ပြုပြင်ပြောင်းလဲခြင်း မဖြစ်စေနိုင်။ ထို့ကြောင့် သတ္တဝါကို သတ်ဖြတ်ညှဉ်းဆဲသည်ဟု ဆိုရာ၌ အသက်ဝိညာဉ်အတ္တသည် ချို့ယွင်းပျက်စီးမှု
စာမျက်နှာ-473


မရှိသောကြောင့် အမှန်စင်စစ် သတ်ဖြတ်ညှဉ်းဆဲရာ မရောက်ဟု ယူဆယုံကြည်ကြသည်။ ထိုသူတို့သည် သတ်ဖြတ်ညှဉ်းဆဲမှုစသော မကောင်းမှု ဒုစရိုက်များကို ဆည်းပူးစုဆောင်းလေတော့သည်။ (အ + ကိရိယ၊ အ = မဟုတ် + ကိရိယ = ပြုလုပ်ခြင်း။)

နတ္ထိကဒိဋ္ဌိ

ကောင်းမှု မကောင်းမှု (ဝါ) ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးမည်သည် မရှိဟုယူဆခြင်းသည် နတ္ထိကဒိဋ္ဌိ မည်၏။ လောက၌ စည်းစိမ်ချမ်းသာ ခံစားရမှုနှင့် ဆင်းရဲဒုက္ခ ခံစားရမှုများသည် ကုသိုလ်အကုသိုလ်၏ အကျိုးမဟုတ်၊ ပစ္စုပ္ပန်ဉာဏ်ဝီရိယ၏ အကျိုးဖြစ်သည်၊ သို့မဟုတ် တန်ခိုးရှင်၊ ဝိဇ္ဇာ၊ ဇော်ဂျီ၊ နတ်များက ဖန်တီးပေး၍ ရရှိခြင်းဖြစ်သည်ဟု ကုသိုလ်၏ အကျိုး၊ အကုသိုလ်၏ အကျိုးများမရှိဟု ယုံကြည်ယူဆမှုကို နတ္ထိကဒိဋ္ဌိဟု ခေါ်သည်။ ဤဝါဒသည် ကုသိုလ်၏ အကျိုးပေးရာဘုံဌာနဖြစ်သော နတ်ပြည် ဗြဟ္မာ့ပြည်များ မရှိ၊ အကုသိုလ်၏ အကျိုးပေးရာဘုံဌာနဖြစ်သော အပါယ်ငရဲမရှိဟု အကျိုးတရားကို ပယ်မြစ်သည့် ဝါဒဖြစ်သည်။

အဟေတုကဒိဋ္ဌိ

အကြောင်းမဲ့သက်သက် ဖြစ်ချင်လျှင် ဖြစ်တတ်၏၊ ပျက်ချင်လျှင် ပျက်တတ်၏။ အကြောင်းအကျိုး ဆက်စပ်မှုမရှိ၊ မတော်တဆ တိုက်ဆိုင်မှုများသာ ရှိသည်၊ “ညောင်ဦးကမ်းပါးပြိုတာနှင့် စမ္ပာနဂိုရ်ကနွားမကြီး ပေါင်ကျိုး” ဆိုသကဲ့သို့ မတော်တဆ တိုက်ဆိုင်မှုသာ ရှိသည်။ မကောင်းကျိုးခံစားရခြင်းသည် မကောင်းမှုပြုခြင်းကြောင့် မဟုတ်၊ ကောင်းကျိုးခံစားရခြင်းသည် ကောင်းမှုပြုခြင်းကြောင့် မဟုတ်၊ အဖြစ်အပျက်အားလုံးသည် အကြောင်းကင်းမဲ့လျက် ရှိကြသည်ဟု ယူဆယုံကြည်သည်။ ထိုကဲ့သို့ အယူရှိသူသည် မကောင်းမှုကို ရှောင်ကြဉ်ခြင်း၊ ကောင်းမှုကို ဆည်းပူးခြင်း မပြုလုပ်တော့ဘဲ ပေါက်လွှတ်ပဲစား စိတ်အလိုလိုက် ပြုကျင့်လေတော့သည်။ ဤဝါဒသည် အကြောင်းတရားကို ပယ်မြစ်သည့်ဝါဒ ဖြစ်သည်။ (အ + ဟေတုက၊ အ = မရှိ + ဟေတုက = အကြောင်း။)

ကမ္မဿကတာသမ္မာဒိဋ္ဌိ

ဤဖော်ပြပါ မိစ္ဆာဒိဋ္ဌိအကြီးစား အယူဝါဒကြီးသုံးခုအနက် တစ်ခုခုကို လက်ခံ စွဲလမ်းယုံကြည် ယူဆနေပါက ဝိပဿနာတရားကို အားထုတ်သော်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ်တရားထူးကို မရနိုင်။ ဤမိစ္ဆာဒိဋ္ဌိအယူဝါဒကြီးက
စာမျက်နှာ-474


တားဆီးထားသည်။ ဤမိစ္ဆာဒိဋ္ဌိအယူဝါဒကြီးသုံးမျိုးမှ စင်ကြယ်ပါလျှင် ကမ္မဿကတာသမ္မာဒိဋ္ဌိ (ကံ၊ ကံ၏အကျိုးကို လက်ခံယုံကြည်သည့် သမ္မာဒိဋ္ဌိ) ဖြစ်ပြီဟု ဆိုရပေသည်။

ထိုမိစ္ဆာဒိဋ္ဌိကြီးသုံးမျိုးမှ ကင်းလွတ်ပြီးနောက် ကံသာလျှင် အမိ၊ ကံသာလျှင် အဖ၊ ကံသာလျှင် ဆွေမျိုး၊ ကောင်းတာလုပ်လျှင် ကောင်းကျိုးရမည်၊ မကောင်းတာလုပ်လျှင် မကောင်းကျိုးရမည်ဟု ယုံကြည်ယူဆခြင်းသည် ကမ္မဿကတာသမ္မာဒိဋ္ဌိမည်၏။ (ကမ္မ + သကတာ၊ ကမ္မ = ကုသိုလ်ကံ အကုသိုလ်ကံ + သကတာ = ကိုယ်ပိုင် ဥစ္စာရှိခြင်း။) ကံသာလျှင် မိမိကိုယ်ပိုင်ဥစ္စာရှိသည်ဟု ယူဆခြင်းဖြစ်သည်။

ဝိပဿနာသမ္မာဒိဋ္ဌိ

ဤဝိသုဒ္ဓိခုနစ်ပါးကျင့်စဉ်၌ ကမ္မဿကတာသမ္မာဒိဋ္ဌိ ဖြစ်ရုံမျှဖြင့် အယူဝါဒစင်ကြယ်ပြီ၊ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်ပြီဟု မဆိုနိုင်သေးချေ။ ရုပ်တရား၊ နာမ်တရားတို့ကို ခွဲခြမ်းစိတ်ဖြာ၍ ပိုင်းခြားထင်ထင် သိမြင်သော အခါမှသာလျှင် အယူဝါဒစင်ကြယ်မှု ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်သည်ဟု ဆိုနိုင်သည်။

ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမဟူသည်မှာ စကားအဖြစ် ခေါ်ဝေါ်ပြောဆိုလွယ်ရုံ ထားရှိသော ဝေါဟာရ၊ စကားလုံး၊ ပညတ်မျှသာ ဖြစ်သည်။ အမှန်တကယ် ပရမတ္ထအားဖြင့် ထင်ရှားမရှိချေ။ အဟုတ်ရှိ၊ အမှန်ရှိသော တရားများမှာ ရုပ်နာမ်နှစ်ပါး၊ တစ်နည်း ခန္ဓာငါးပါး၊ တစ်နည်း အာယတန ၁၂-ပါး၊ တစ်နည်း ဓာတ် ၁၈-ပါးတို့သာ ပရမတ္ထအားဖြင့် ထင်ရှားရှိကြသည်။ ဤကဲ့သို့ ရုပ်နာမ်တရားတို့ကို ခွဲခြမ်းစိတ်ဖြာ ပိုင်းခြား၍ သိတတ်သော ဉာဏ်အမြင် (ဝိပဿနာသမ္မာဒိဋ္ဌိ) ကို ရရှိသည့်အခါမှသာလျှင် အယူဝါဒစင်ကြယ်ပြီ၊ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်ပြီဟု ဆိုနိုင်သည်။

နာမရူပပရိစ္ဆေဒဉာဏ်

မိမိကိုယ်ကို ဤကား ငါဖြစ်သည်၊ ငါရှိသည်၊ ငါ့စိတ်နှင့် ငါ့ကိုယ်၊ ငါစိုး ငါပိုင်၊ ငါထင်သလိုလုပ်မည်၊ ငါလုပ်တတ်သည်၊ ငါလုပ်နိုင်သည်၊ ငါခံစားနိုင်သည်၊ ခံစားခြင်းသည် ငါဖြစ်သည် — ဤသို့ စသည်ဖြင့် ရုပ်တရား၊ နာမ်တရားတို့၏ အကြောင်းအကျိုး ဆက်စပ်၍ သဘာဝအတိုင်း ဖြစ်ပျက်နေမှုကို ငါဟုစွဲလမ်းထင်မှတ်နေကြသည်။ ပုဂ္ဂိုလ် သတ္တဝါဟု စွဲလမ်းထင်မှတ်ကြသည်။ ယောက်ျား မိန်းမဟု စွဲလမ်းထင်မှတ်ကြသည်။ ကျွန်ုပ်တို့၏အသိဉာဏ်သည် အမှန်အတိုင်း သိမြင်ခြင်းမရှိ။
စာမျက်နှာ-475


အဖြူကို မြင်ပါလျက် အဖြူဟု မသိချေ။ ဥပမာ - မိန်းမပျို၏ ဖြူဖွေးဝင်းလက်သော သွားများကို မြင်ရာ၌ အမှန်စင်စစ် ဖြူသော အရောင်အဆင်းကိုသာ တွေ့မြင်ရခြင်းဖြစ်သည်။ သို့ရာတွင် လှပသော သွားများအဖြစ် ရှုမြင်မှတ်သားကြသည်။ ထိုသို့အမှတ်မှားခြင်း၊ အသိမှားခြင်းကြောင့် လှပသည်ဟု ယူဆလျက် ထပ်ကာထပ်ကာ တွေ့မြင်လိုမှု၊ အပိုင်ရလိုမှု၊ ကြိုးစားအားထုတ်မှု၊ ကာကွယ်စောင့်ရှောက်မှုစသည့် နောက်ဆက်တွဲများ အဆုံးမရှိ တိုးပွားများပြားလာလေတော့သည်။

ထိုနည်းအတူ အနီရောင်ကို တွေ့မြင်လျှင် အနီရောင်အဖြစ်သာ ရှုမြင်ရမည်။ ထိုသို့ မရှုမြင်ဘဲ - ပုဂ္ဂိုလ်၊ သတ္တဝါအစွဲ ဝင်ရောက်လာသောအခါ သံသရာမဆုံးနိုင်အောင် အကျယ်ချဲ့လေတော့သည်။ ဥပမာ - အမျိုးသမီးတစ်ဦး၏ နီရဲနေသော နှုတ်ခမ်းကို တွေ့မြင်ရာ၌ မျက်စိသည် အနီရောင်မျှကိုသာ အမှန်တကယ်မြင်ရခြင်း ဖြစ်သည်။ သို့ရာတွင် ကြည့်ရှုသော လူ၏စိတ်သည် အနီကို အနီအတိုင်းမမြင်ဘဲ မိန်းမပျို၏နှုတ်ခမ်း နီတျာတျာဟု ရှုမြင်မှတ်သားလေတော့၏။ ထိုကဲ့သို့ အနီရောင်ကို ပုဂ္ဂိုလ် သတ္တဝါအဖြစ်၊ ယောက်ျား မိန်းမအဖြစ် ရှုမြင်မှတ်သားမှုကြောင့် ယင်းနှုတ်ခမ်းနီတျာတျာကို ကြိမ်ဖန်များစွာ ရှုမြင်လိုခြင်း၊ အပိုင်ရလိုခြင်း၊ ရရှိအောင် ကြိုးစားအားထုတ်ခြင်း၊ ရရှိပြီးနောက် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရခြင်း စသည်ဖြင့် မဆုံးနိုင်အောင် သံသရာရှည်ရလေတော့သည်။

ထို့ကြောင့် နာမ်ရုပ်တရားများကို ပုဂ္ဂိုလ် သတ္တဝါ ငါ သူတစ်ပါး ယောက်ျား မိန်းမဟု ရှုမြင်မှတ်သားစွဲလမ်းမှုမပြုဘဲ နာမ်တရားကို နာမ်တရားအဖြစ် သိမှတ်ရမည်။ ရုပ်တရားကို ရုပ်တရားအဖြစ် သိမှတ်ရမည်။ ထို့ကြောင့် ဝိပဿနာရှုရာ၌ ကျွန်ုပ်တို့ ငယ်စဉ်ကာလမှစ၍ ယခုအချိန်အထိ သိနားလည်ခဲ့သော အသိဉာဏ်အားလုံးကို စွန့်လွှတ်ရမည်။ လူသစ်၊ စိတ်သစ်၊ အတွေးသစ်၊ အသိဉာဏ်သစ်ဖြင့် စတင်လေ့လာရမည်၊ မွေးရာပါ အစွဲအလမ်းများကို စွန့်လွှတ်ရမည်၊ သို့မှသာလျှင် နာမ်တရား၊ ရုပ်တရားများကို ပိုင်းခြားထင်ထင် သိမြင်နိုင်မည်ဖြစ်သည်။ (နာမရူပပရိစ္ဆေဒ = နာမ + ရူပ + ပရိစ္ဆေဒ၊ နာမ = နာမ်တရား + ရူပ = ရုပ်တရား + ပရိစ္ဆေဒ = ပိုင်းခြားဝေဖန် ခွဲခြမ်းနိုင်ခြင်း။)

နာမ်နှင့်ရုပ်

မိမိကိုယ်ကို ခွဲခြမ်းစိတ်ဖြာသည့်အခါ အကျဉ်းချုပ်အားဖြင့် အပိုင်းနှစ်ပိုင်းတွေ့မည်ဖြစ်သည်။ ၎င်းတို့မှာ နာမ်ပိုင်းနှင့် ရုပ်ပိုင်းဖြစ်သည်။ ကျွန်ုပ်တို့သည် နာလျှင် နာသည်ဟု သိတတ်ကြသည်၊ သက်သာလျှင် သက်သာသည်ဟု
စာမျက်နှာ-476


သိတတ်ကြသည်။ ကောင်းမကောင်းကိုလည်း သိတတ်ကြသည်။ ဖြူနီကြောင်ကြား အရောင်အဆင်းများကိုလည်း သိတတ်ကြသည်။ လေးထောင့်၊ သုံးမြှောင့်၊ အဝိုင်းစသော ပုံသဏ္ဌာန်ကိုလည်း သိတတ်ကြသည်။ အသံကိုလည်း သိတတ်ကြသည်။ အနံ့၊ အရသာကိုလည်း သိတတ်ကြသည်။ အပူအအေး လှုပ်ရှားငြိမ်သက်မှု၊ ခက်မာနူးညံ့မှုစသော အတွေ့အထိအာရုံကိုလည်း သိတတ်ကြသည်။ စဉ်းစားတွေးခေါ်၍လည်း သိတတ်ကြသည်။ ဤသို့ အာရုံခြောက်ပါးကို သိတတ်သောသဘော သိနေသောသဘောကို နာမ်တရား ဟု ခေါ်သည်။ ထိုသိတတ်သော သဘောကို ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမဟူ၍ မထင်မှတ်ရ၊ နာမ်တရား နာမ်သဘောဟူ၍သာ သိမှတ်ရမည်။

ထိုနာမ်တရား၏ မှီရာ တည်ရာ ရုပ်ခန္ဓာကြီးကိုလည်း ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမဟူ၍ မရှုမြင်ရ။ ခန္ဓာကိုယ်ကို ဉာဏ်ဖြင့် အာရုံပြုရှုမှတ်သည့်အခါ ပူခြင်းသဘော၊ အေးခြင်းသဘောကို တွေ့ရမည်။ ယင်းပူခြင်း၊ အေးခြင်းသည် ရုပ်တရားဖြစ်သည်။ အပူအအေးကို သိခြင်းသည် နာမ်တရားဖြစ်သည်။ ခန္ဓာကိုယ်ကို ထိတို့ကိုင်တွယ် စမ်းသပ်ကြည့်သည့်အခါ မာခြင်းသဘော ပျော့ခြင်းသဘောကို တွေ့ရမည်။ ယင်းမာခြင်း ပျော့ခြင်းသည် ရုပ်တရားဖြစ်သည်။ မာသည် ပျော့သည်ဟု သိခြင်းသည် နာမ်တရားဖြစ်သည်။ လှုပ်ရှားခြင်းသဘော ငြိမ်သက်ခြင်းသဘော ထောက်ကန်ခြင်းသဘောကိုလည်း တွေ့ရမည်ဖြစ်သည်။ ယင်းလှုပ်ရှားငြိမ်သက်မှု ထောက်ကန်မှုသည် ရုပ်တရားဖြစ်သည်။ ယင်းကို သိခြင်းသည် နာမ်တရားဖြစ်သည်။ ကျွန်ုပ်တို့ နေ့စဉ် တွေ့ထိခံစားနေရသော အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ တို့သည် ရုပ်တရားဖြစ်သည်။ ယင်းအဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ တို့ကို သိတတ်သော သဘောသည် နာမ်တရားဖြစ်သည်။

အချမ်းအပူစသော ဆန့်ကျင်ဘက်အကြောင်းများကြောင့် ဖောက်ပြန်တတ်သော သဘောကို ရုပ်တရား ဟု ခေါ်သည်။ ဤခန္ဓာကိုယ်ကြီးသည် ချမ်းရာမှ အပူသို့ ကူးပြောင်းသွားလျှင် ဖောက်ပြန်တတ်သည်။ ပူရာမှ အချမ်းသို့ ကူးပြောင်းသွားလျှင် ဖောက်ပြန်တတ်သည်။ ပူပြင်းခြောက်သွေ့သော နွေရာသီမှ စိုစွတ်ထိုင်းမှိုင်းသော မိုးရာသီသို့၊ မိုးရာသီမှ အေးမြသော ဆောင်းရာသီသို့ ကူးပြောင်းသွားသောအခါ ဥတုပြောင်း နှာစေး၊ ချောင်းဆိုး၊ ကျောက်ရောဂါ၊ ဝက်သက်ရောဂါစသည်ဖြင့် ဖျားနာကြသည်ကို ကြည့်ရှုပါက ဤခန္ဓာကိုယ်ကြီးသည် အချမ်းအပူကြောင့် ဖောက်ပြန်တတ်သည်မှာ ထင်ရှားသည်။ ထမင်းဆာ၊ ရေဆာသည့်အခါ ခန္ဓာကိုယ်ပင်ပန်းနွမ်းလျနေ၍ အစာဝ ရေဝသည့်အခါ ခန္ဓာကိုယ်...
စာမျက်နှာ-477


အင်အားပြည့်ဖြိုးနေသည်ကို တွေ့နိုင်သည်။ မှက်၊ ခြင်၊ ယင်၊ မြွေ၊ ကင်း၊ သန်းတို့ ကိုက်ခဲခြင်းခံရလျှင်လည်း ဤခန္ဓာကိုယ်ကြီးသည် ဖောက်ပြန်လာတတ်သည်။ ဤကဲ့သို့ သိသာထင်ရှားစွာ ဖောက်ပြန်တတ်သောကြောင့် ဤခန္ဓာကိုယ်ကြီးသည် ရုပ်တရားဖြစ်သည်ဟု မှတ်ယူရမည်။ ဤခန္ဓာကိုယ်ကို ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမဟူ၍ မှတ်သားမထားရ၊ စွဲလမ်းမထားရ။

ရုပ်နှင့်နာမ် ခွဲခြားသိရန် ဥပမာများ

ရုပ်တရား နာမ်တရားတို့ကို ခွဲခြမ်းစိတ်ဖြာ၍ သိနိုင်အောင် ဆင်ခြင်သုံးသပ်ရာ၌ ဖော်ပြပါ ဥပမာများဖြင့် နှိုင်းယှဉ်စဉ်းစား ဝေဖန်သုံးသပ်ကြရသည်။ ဤအတ္တဘောသည် သစ်သားယန္တရားရုပ် (ရုပ်သေးရုပ်) နှင့် တူ၏။ နာမ်တရားသည် ကြိုးဆွဲသူနှင့်တူ၏။ ရုပ်သေးရုပ်သည် ရုပ်သေး၌ တပ်ဆင်ထားသော ကြိုးကို ဆွဲငင်ပေးမှ လှုပ်ရှားသည်။

ဥပမာတစ်နည်းအားဖြင့် ကျူစည်းနှစ်စည်းကို မှီလျက် ထောင်ထားရာတွင် ကျူစည်းတစ်ခုသည် ကျူစည်းတစ်ခု မလဲစေရန် အထောက်အပံ့ အကူအညီ ပေးနေသည်။ ကျူစည်းတစ်ခု လဲသွားလျှင် အခြားကျူစည်းလည်း လဲသွားမည် ဖြစ်သည်။ ထို့အတူ ဤရုပ်နှင့်နာမ်သည် အချင်းချင်း တစ်ခုကိုတစ်ခု အထောက်အပံ့ပေးလျက်ရှိသည်။ တစ်ပါးပါး ပျက်စီးသွားလျှင် ကျန်တစ်ပါးလည်း ပျက်စီးသွားရလေသည်။

ထို့ပြင် စည်သံဥပမာ၌ လက်ခတ်ဖြင့် စည်ကို တီးခတ်သောအခါ စည်သံဖြစ်ပေါ်လာရာတွင် စည်ကတစ်ခြား အသံကတစ်ခြား ဖြစ်၏။ စည်နှင့် အသံသည် ရောနှောနေသည် မဟုတ်၊ စည်သည် အသံမဟုတ်၊ အသံသည်လည်း စည်မဟုတ်ချေ။ ထို့အတူ ဝတ္ထု၊ ဒွါရ၊ အာရုံဟု ဆိုအပ်သော ရုပ်ကိုမှီ၍ နာမ်ဖြစ်ပေါ်လာရာတွင် ရုပ်ကတစ်ခြား၊ နာမ်ကတစ်ခြား ဖြစ်၏။ ရုပ်နှင့်နာမ်တို့သည် အချင်းချင်း မရောနှောကြချေ။ ရုပ်ထဲ၌ နာမ်မပါချေ။ နာမ်ထဲ၌လည်း ရုပ်မပါချေ၊ စင်စစ်အားဖြင့် စည်ကိုစွဲ၍ အသံဖြစ်ပေါ်ရသကဲ့သို့ ရုပ်ကိုစွဲ၍ နာမ်ဖြစ်ပေါ်လာရလေသည်။

ရုပ်နာမ်နှစ်ပါးတို့တွင် နာမ်သည် မိမိဘာသာ သက်သက် တန်ခိုးအာနုဘော် အစွမ်းသတ္တိမရှိ။ ၎င်း၏ ကိုယ်ပိုင်တန်ခိုး၊ ကိုယ်ပိုင်အစွမ်းသတ္တိဖြင့် ဖြစ်ခြင်းငှာ မတတ်နိုင်၊ မစားနိုင်၊ မသောက်နိုင်၊ စကားမပြောဆိုနိုင်၊ ဣရိယာပုထ်ကို မပြုပြင်နိုင်။ ထို့အတူ ရုပ်သည်လည်း မိမိချည်းသက်သက် တန်ခိုးအာနုဘော် အစွမ်းသတ္တိမရှိ၊ ၎င်း၏ ကိုယ်ပိုင်တန်ခိုး၊ ကိုယ်ပိုင်အစွမ်းသတ္တိဖြင့် ဖြစ်ခြင်းငှာ
စာမျက်နှာ-478


မတတ်နိုင်၊ ထိုရုပ်သည် စားလိုခြင်း၊ သောက်လိုခြင်း၊ စကားပြောဆိုလိုခြင်း၊ ဣရိယာပုထ်ကို ပြုပြင်လိုခြင်း မရှိပေ။ အမှန်စင်စစ်အားဖြင့် နာမ်ကိုမှီ၍ ရုပ်ဖြစ်ရသည်၊ ရုပ်ကိုမှီ၍ နာမ်ဖြစ်ရသည်။ နာမ်က စားလိုလျှင် ရုပ်က စားပေးရ၏။ နာမ်က သောက်လိုလျှင် ရုပ်က သောက်ပေးရ၏။ နာမ်က စကားပြောဆိုလိုလျှင် ရုပ်က ပြောဆိုပေးရ၏။ နာမ်က ဣရိယာပုထ်ကို ပြုပြင်လိုလျှင် ရုပ်က ပြုပြင်ပေးရ၏။

ဥပမာအားဖြင့် သူကန်းနှင့်သူဆွံ့ (ငကန်းနှင့်ငကျိုး) လူနှစ်ယောက်ရှိရာ၌ သူကန်းသည် ခြေထောက်က သွားနိုင်သော်လည်း မျက်စိမမြင်သဖြင့် သွား၍ မဖြစ်။ သူဆွံ့သည် မျက်စိမြင်သော်လည်း ခြေကျိုးနေသဖြင့် သူတစ်ဦးတည်း သွား၍မဖြစ်။ ၎င်းတို့နှစ်ဦးသည် အရပ်တစ်ပါးသို့ သွားလိုသဖြင့် ဤသို့ တိုင်ပင်ကြသည် —

သူကန်း။ ။ “မိတ်ဆွေ၊ ကျွန်ုပ်သည် ခြေဖြင့်သွားနိုင်သော်လည်း မျက်စိကန်းနေသောကြောင့် လမ်းမြေညီ မညီကို မမြင်နိုင်ပါ”
သူဆွံ့။ ။ “မိတ်ဆွေ၊ ကျွန်ုပ်သည် မျက်စိမြင်သော်လည်း ခြေထောက်ကျိုးနေသောကြောင့် မသွားနိုင်ပါ”
သူကန်း။ ။ “မိတ်ဆွေ၊ ဒါဆိုလျှင် ငါတို့နှစ်ဦး ပေါင်းစပ်ပြီး လိုရာခရီး ကိစ္စပြီးအောင် ပြုကြစို့”

ငကန်းနှင့် ငဆွံ့သည် ဤသို့တိုင်ပင်၍ နှစ်သက်ရွှင်လန်း ဝမ်းသာစွာဖြင့် ငဆွံ့က ငကန်း၏ ပခုံးပေါ်၌ လည်ပင်းကို ခြေခွထိုင်ကာ ခရီးသွားရန် လုပ်ငန်းစကြလေတော့သည်။ ငဆွံ့သည် ငကန်း၏ပခုံးပေါ်တွင် ထိုင်လျက် “ဘယ်ခြေကို လှမ်းပါ၊ ညာခြေကို လှမ်းပါ” စသည်ဖြင့် သွားရမည့်လမ်းကို ကြည့်၍ လမ်းညွှန်လေတော့သည်။

ဤဥပမာ၌ ငကန်းနှင့်ငဆွံ့ နှစ်ဦးစလုံး လမ်းခရီးသွားရန်အတွက် အစွမ်းသတ္တိမရှိကြချေ၊ နှစ်ဦးလုံး အားနည်းချက်ရှိနေကြသည်။ မိမိတို့၏ အစွမ်းသတ္တိဖြင့် လမ်းခရီးကို မသွားနိုင်ကြပေ။ သူတို့နှစ်ဦးသည် နှစ်ယောက်ပေါင်းမှ ခရီးသွားနိုင်သည်။ တစ်ဦးကိုတစ်ဦး အမှီပြုရသည်။ တစ်ဦးကိုတစ်ဦး အထောက်အပံ့ပေးရသည်။ ငကန်းသည်လည်း တစ်ယောက်တည်း ခရီးမသွားနိုင်၊ ငဆွံ့သည်လည်း တစ်ယောက်တည်း ခရီးမသွားနိုင်။
စာမျက်နှာ-479


ဤဥပမာနည်းတူ ရုပ်သည်လည်း မိမိဘာသာ အစွမ်းသတ္တိမရှိ၊ မိမိ၏ ကိုယ်ပိုင်အစွမ်းသတ္တိဖြင့် မဖြစ်နိုင်။ နာမ်သည်လည်း မိမိဘာသာ အစွမ်းသတ္တိမရှိ၊ မိမိ၏ ကိုယ်ပိုင်အစွမ်းသတ္တိဖြင့် မဖြစ်နိုင်။ ရုပ်နှင့်နာမ်သည် အချင်းချင်း အပြန်အလှန် အမှီသဟဲပြုကြ၍ အစွမ်းသတ္တိ ထွက်ပေါ်လာကြလေသည်။ ဤ၌ ရုပ်သည် သူကန်းနှင့်တူ၍ နာမ်သည် သူဆွံ့နှင့်တူ၏။

လှေဥပမာ၌ လူတို့သည် လှေ၌ တည်၍ သမုဒ္ဒရာကို ကူးကုန်သကဲ့သို့ လှေသည်လည်း ပဲ့ကိုင်လှော်ခတ်သူ လူကို အမှီပြု၍ သမုဒ္ဒရာကို ကူးနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ရုပ်တရားသည် လှေနှင့်တူ၍ နာမ်တရားသည် ပဲ့ကိုင်လှော်ခတ်သူလူနှင့် တူ၏။

ဤကဲ့သို့ ဥပမာများနှင့် နှိုင်းယှဉ်စဉ်းစား ဆင်ခြင်သုံးသပ်၍ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ အသက်၊ ဝိညာဉ်၊ လိပ်ပြာ၊ အတ္တ အစွဲများကို ပယ်ဖျောက်နိုင်လျှင် ရုပ်နာမ်မျှသာရှိသည်ကို ထိုးဖောက်သိမြင်နိုင်လျှင် အတ္တဒိဋ္ဌိ ကင်းကွာ၍ အယူစင်ကြယ်မှု (ဒိဋ္ဌိဝိသုဒ္ဓိ) နှင့် ပြည့်စုံပြီဟု ဆိုရပေမည်။

ဤရုပ်တရား နာမ်တရားများအကြောင်းကို ပိုင်းခြားထင်ထင် သိမြင်နိုင်ရန် အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်းကို လေ့လာကြရမည် ဖြစ်သည်။ ဤ၌ အကျဉ်းမျှသာ ပြဆိုထားပါသည်၊ အကျယ်ကို ဗုဒ္ဓဘာသာလက်စွဲကျမ်း တတိယတွဲ စိတ်ပိုင်း၊ စေတသိက်ပိုင်း၊ ရုပ်ပိုင်းများ၌ အပြည့်အစုံ ရှင်းလင်းရေးသားပါမည်။

(၄) ကင်္ခါဝိတရဏဝိသုဒ္ဓိ

သာမန်လူသားတိုင်း ဖြစ်လေ့ဖြစ်ထရှိသော ယုံမှားသံသယကို ပယ်ဖျောက်နိုင်ခြင်းသည် ကင်္ခါဝိတရဏဝိသုဒ္ဓိ မည်၏။ (ကင်္ခါ = ယုံမှားသံသယ + ဝိတရဏ = လွန်မြောက်ခြင်း၊ ကျော်လွန်ခြင်း + ဝိသုဒ္ဓိ = စင်ကြယ်ခြင်း)

ဆေးဆရာသည် အနာရောဂါကို တွေ့မြင်ရသော် ထိုရောဂါဖြစ်ခြင်း၏ အကြောင်းကို ရှာလေ့ရှိသည်။ သနားတတ်သော လူတစ်ယောက်သည်ကား လမ်းဘေး၌ ပက်လက်အိပ်တတ်ကာမျှဖြစ်သော ကလေးငယ်ကို တွေ့မြင်သောအခါ ဤကလေးငယ်သည် အဘယ်သူ၏ သားနည်းဟု ကလေး၏မိဘကို ရှာဖွေလေ့ရှိသည်။ ထို့အတူ ဝိပဿနာအားထုတ်နေသော ယောဂီပုဂ္ဂိုလ်သည် ရုပ်တရား နာမ်တရားတို့ကို တွေ့မြင်ရသောအခါ ထိုရုပ်နာမ်တို့၏ အကြောင်းတရားကို ရှာဖွေလေတော့သည်။
စာမျက်နှာ-480


ဤခန္ဓာကိုယ် အတ္တဘောတည်းဟူသော ရူပကာယသည် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ ဤလေးပါးသော အကြောင်းတရားတို့ကြောင့် ဖြစ်ပေါ်လာရသည်။

အမှန်မသိမှု အဝိဇ္ဇာ ဖုံးလွှမ်းထားသောကြောင့် လိုချင်မှု၊ တောင့်တမှု၊ တပ်မက်စွဲလမ်းမှုများ ဖြစ်ပေါ်လာရသည်။ အဆင်းရူပါရုံကို တွေ့မြင်ရာ၌ အဝိဇ္ဇာဖုံးလွှမ်းမှုကြောင့် ထိုရူပါရုံကို သာယာခြင်း၊ လိုချင်တပ်မက်ခြင်း တဏှာ ဖြစ်ပေါ်လာရသည်။ ထိုတဏှာ အကြိမ်ကြိမ်ဖြစ်လာသောအခါ ပြင်းထန်စွာ စွဲလမ်းမှု ဥပါဒါန် ဖြစ်လာရတော့သည်။ ဥပါဒါန် အစွဲအလမ်းတစ်ခုဖြစ်လာသောအခါ ထိုရူပါရုံကို ရရှိရန်၊ ပိုင်ဆိုင်ရန်၊ သိမ်းပိုက်ရန် အားထုတ်လုပ်ကိုင်မှု၊ ကောင်းသောနည်းဖြင့်ဖြစ်စေ၊ မကောင်းသောနည်းဖြင့်ဖြစ်စေ အားထုတ်လုပ်ကိုင်မှု ကံ တရားကို ပြုလုပ်လေတော့သည်။ ထိုကဲ့သို့ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ အကြောင်းတရားလေးပါးတို့ကြောင့် ရုပ်တရားသည် ဖြစ်ပေါ်လာရတော့သည်။

အဝိဇ္ဇာ၏ ဖုံးလွှမ်းမှု၊ တဏှာ၏ သာယာတပ်မက်မှု၊ ဥပါဒါန်၏ အစွဲကြီးမှု၊ ကံ၏ ပြုပြင်စီမံမှု အရှိန်အဟုန် ဤလေးမျိုးပေါင်းဆုံ၍ အမိဝမ်းတွင်း၌ သတ္တဝါ ပဋိသန္ဓေတည်ရလေတော့သည်။ ခန္ဓာကိုယ် အတ္တဘော စတင်ဖြစ်ပေါ်လေတော့သည်။

ယင်းဖြစ်ပေါ်လာသော ခန္ဓာကိုယ် အတ္တဘောကြီးကို ဆက်လက် ရှင်သန်ကြီးထွားစေရန် အစာအာဟာရဖြင့် ထောက်ပံ့ပေးရသည်။ သင့်လျော်သည့် အပူအအေး မျှတသော ဥတုကို မှီဝဲရသည်။

တစ်ဖန် နာမ်တရား၏ အကြောင်းကို ဆင်ခြင်ရာ၌ မြင်သိစိတ် (စက္ခုဝိညာဉ်) သည် မျက်စိအကြည်ဓာတ်နှင့် အဆင်းရူပါရုံကြောင့် ဖြစ်၏။ ကြားသိစိတ် (သောတဝိညာဉ်) သည် နားအကြည်ဓာတ်နှင့် အသံသဒ္ဒါရုံကို စွဲမှီ၍ ဖြစ်လာ၏။ ဤသို့ စသည်ဖြင့် နာမ်တရား၏ အကြောင်းတို့ကို သိမ်းဆည်းဆင်ခြင်၏။ ထို့ပြင် ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုး ဆက်စပ်ဆင်ခြင်ခြင်းဖြင့်လည်း ရုပ်နာမ်တို့၏ အကြောင်းတရားကို သိမ်းဆည်းဆင်ခြင်၏။

အထူးအားဖြင့် ဤရုပ်တရား နာမ်တရားတို့၏ မူလကြောင်းရင်းမှာ ကံတရားပင် ဖြစ်၏။ ယင်း ကံတရားနှင့် စပ်လျဉ်း၍ ဤလက်စွဲကျမ်း ပထမတွဲ စာမျက်နှာ (၆၅၀)၊ အခန်း (၂၃) ၌ ရှင်းလင်းဖော်ပြခဲ့ပြီးဖြစ်သည်။
စာမျက်နှာ-481


ထိုကံအကြောင်းတရားနှင့် ဝိပါက်အကျိုးတရားတို့သည် မည်သည့်အချိန်အခါက စတင်ဖြစ်ပေါ်ခဲ့သည်ကို မသိနိုင်။ အစမထင်သော သံသရာဟု မြတ်စွာဘုရား ဟောတော်မူခဲ့၏။ သစ်ပင်နှင့် သစ်စေ့သည် မည်သည်က စတင်ခဲ့သနည်း၊ ကြက်ဥနှင့်ကြက်မသည် မည်သည်က စတင်ခဲ့သနည်းဟု ကြံစည်လျှင် ပင်ပန်းရုံမျှသာ ရှိချေမည်။ အကျိုးထူးမည် မဟုတ်ချေ။ ဤကဲ့သို့ အကြောင်းအကျိုး ဆက်စပ်မှုသည် အဆင့်ဆင့် အဆက်ဆက် ဆက်လက်ဖြစ်ပေါ်နေသည်။ ကံကို မည်သူက ပြုလုပ်သည်ဟု ပြုလုပ်သူကို ရှာရန် မလို၊ အကျိုးဝိပါက်ကို မည်သူ ခံစားသည်ဟု ခံစားသူကို ရှာရန် မလိုချေ။ အကြောင်းကံနှင့် အကျိုးဝိပါက်သည် တသီးတခြားစီ ဖြစ်ကြသည်။ ရောနှောမှု မရှိ၊ ဥပမာအားဖြင့် ဆရာသည် တပည့်အား မန္တန်သင်ကြားပေးရာ၌ ဆရာသည် သူ၏ခံတွင်းအတွင်း၌သာ မန္တန်ကို ရွတ်ဆို၏၊ တပည့်သည်လည်း သူ၏ခံတွင်းဖြင့်သာ မန္တန်ကို ရွတ်ဆို၏၊ ဆရာ၏ အသံသည် တပည့်၏ ခံတွင်းသို့ ရောက်လာခြင်း မဟုတ်။ အကြောင်းအကျိုး ဆက်စပ်မှုသာ ဖြစ်သည်။

ဥပမာတစ်နည်းကား ပယောဂဆရာများ ဆေးကုရာ၌ ဆရာသည် ရပ်ဝေးမှ လူနာထံသို့ လိုက်ပါသွားရောက် ကုသခြင်းမပြုဘဲ ဆေးဆရာလာပင့်သူကို ရေမန်းတိုက်လိုက်၏။ ဆရာလာပင့်သူ ရေမန်းသောက်လိုက်သောအခါ ရပ်ဝေးမှာရှိသော လူနာ၏ရောဂါ ပျောက်ကင်းသွားသည်။ ထိုဥပမာ၌ ဆရာလာပင့်သူ သောက်လိုက်သော ရေမန်းသည် ရောဂါသည်၏ ဝမ်းဗိုက်အတွင်းသို့ မရောက်ချေ။ သို့သော်လည်း ထိုကဲ့သို့ ဆရာလာပင့်သူ ရေမန်းသောက်ခြင်းကြောင့် လူမမာရောဂါပျောက်ကင်းခြင်းသည် အကြောင်းအကျိုး ဆက်စပ်မှုသာ ဖြစ်သည်။

ဥပမာတစ်နည်းကား သတို့သမီးပျိုသည် မှန်တင်ခုံရှေ့၌ မျက်နှာကို ခြယ်လှယ်နေသည်။ ယင်းခြယ်လှယ်မှုသည် ကြေးမုံပြင်အတွင်းရှိ ပုံရိပ်မှာ ခြယ်လှယ်ပြီး ဖြစ်နေတော့သည်။ သတို့သမီးသည် မှန်ရိပ်ကို ခြယ်လှယ်ခြင်း မဟုတ်၊ မိမိမျက်နှာကိုသာ ခြယ်လှယ်နေခြင်း ဖြစ်သည်။ သို့သော်လည်း မှန်အတွင်းရှိ မျက်နှာရိပ်မှာ ခြယ်လှယ်ပြီး ဖြစ်နေတော့သည်။

ဥပမာတစ်နည်းကား ဖယောင်းတိုင်တစ်ခုမှ မီးတောက်ကို အခြားဖယောင်းတိုင်ဖြင့် လာရောက် မီးကူးရာ၌ ဖယောင်းတိုင်နှစ်ခု မီးလျှံနှစ်ခု ဖြစ်သွားသည်။ ပထမဖယောင်းတိုင်မှ မီးလျှံသည် ဒုတိယဖယောင်းတိုင်သို့ ရွှေ့ပြောင်းလိုက်ပါသွားခြင်း မရှိ။ သို့ရာတွင် ပထမဖယောင်းတိုင်၏ မီးတောက်မီးလျှံကို အကြောင်းရင်းခံ၍ ဒုတိယဖယောင်းတိုင်၌ မီးတောက်မီးလျှံ ဖြစ်ပေါ်လာခဲ့သည်။
စာမျက်နှာ-482


လူဟူ၍ဖြစ်လာလျှင် စဉ်းစားတွေးခေါ်ကြံဆလျက်ရှိသည်။ ဤခန္ဓာကိုယ် ရုပ်တရားကြီးကို “ငါ ဖြစ်သည်၊ သတ္တဝါဖြစ်သည်” ဟု ထင်မှတ်စွဲလမ်းကြသည်။ ချမ်းသာမှု သုခဝေဒနာ၊ နာကျင်မှု ဒုက္ခဝေဒနာတို့ကို ငါ ချမ်းသာသည်၊ ငါ နာကျင်သည်ဟု ထင်မှတ်ကြသည်။ မှတ်သားမှုသညာကို ငါ မှတ်မိသည်၊ ငါ မှတ်ဉာဏ်ကောင်းသည်ဟု ထင်မြင်ယူဆကြသည်။ ပြုပြင်စီမံမှု သင်္ခါရကို ငါ လုပ်နိုင်သည်၊ ငါ လုပ်တတ်သည် စသည်ဖြင့် ထင်မှတ်ကြသည်။ ဝိညာဉ်ကိုလည်း ငါ သိသည်၊ ငါ နားလည်သည်ဟု ထင်မှတ်ကြသည်။ အရာရာ ငါမပါ ဘာမျှမဖြစ်။ ဤသို့ ငါကိုအရှိထား၍ ပြောဆိုလုပ်ကိုင် ကြံစည်ကြသည်။ ငါ ရှိသည်ဟု ယူဆယုံကြည် စွဲလမ်းမှုကြောင့် ငါကို ဗဟိုမဏ္ဍိုင်ပြု၍ တွေးခေါ်မြော်မြင် စဉ်းစားကြသည်။ ယင်း ငါကို အတ္တ ဟု ခေါ်ဆိုကြ၍ အတ္တသည် လက်မခန့်ရှိ၍ နှလုံးအိမ်အတွင်း၌ တည်နေသည်ဟု ဆိုကြသည်။ အချို့ကလည်း အတ္တသည် အဏုမြူပမာဏမျှရှိ၍ ယင်းအတ္တ၏ အရှိန်အဝါ အရောင်အလင်းသည် သက်ဆိုင်ရာ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့တည်နေသည်ဟု ဆိုကြသည်။ အတ္တသည် မျက်စိ၊ နား၊ နှာခေါင်း၊ ခြေလက်အင်္ဂါ ပြည့်စုံစွာ ပါရှိသည်၊ ဤဘဝမှ အတ္တသည် ထိုဘဝ၊ နောက်ဘဝသို့ လိုက်ပါသွားသည်၊ ထို့ကြောင့် ဤဘဝမှ ဓားဒဏ်ရာ၊ လှံဒဏ်ရာ၊ ကြိုးတုပ်ရာများသည် နောက်ဘဝသို့ လိုက်ပါ၍ အရာထင်နေသည်ဟု ဆိုကြသည်။ အချို့က အတ္တသည် ဖြစ်ရာဘဝ ခန္ဓာကိုယ်သို့လိုက်၍ အကြီးအငယ် ပုံသဏ္ဌာန် ပြောင်းတတ်သည်ဟု ဆိုကြသည်၊ သင်၏ အတ္တသည် ကြွက်ဘဝရောက်သောအခါ သေးငယ်သွားသည်၊ ကလေးငယ်ဘဝ အတ္တသည် လူကြီးဖြစ်လာသောအခါ အတ္တလည်း ကြီးထွားလာသည်၊ ဤအတ္တကို အချို့က ရုပ်တရားဖြစ်သည်ဟု ယူဆ၍ ရုပ်ခန္ဓာပျက်စီးလျှင် အတ္တလည်း ပျက်စီးပြတ်စဲလေတော့သည်ဟု တွေးခေါ်ကြသည်။ အချို့က ယင်းအတ္တသည် နာမ်သဘောဖြစ်၍ မပျက်မစီး အမြဲတည်သည်ဟု ယူဆကြသည်။

ငါသည် အရှိတရားဖြစ်လာသောအခါ ငါ၏ကိုယ်၊ ငါ့ခြေ၊ ငါ့လက်၊ ငါ့အိုး၊ ငါ့အိမ်၊ ငါ့ပစ္စည်း၊ ငါ့သား၊ ငါ့မယား စသည်ဖြင့် ငါသိမ်းပိုက်မှုများ ဖြစ်ပေါ်လာလေတော့သည်။ ငါရှိသောအခါ သူလည်းရှိလာရတော့သည်။ ထိုအခါ ငါနှင့်သူသည် သဟဇာတ = မိတ်ဖြစ်ခြင်း၊ ပဋိပက္ခ = ရန်ဖြစ်ခြင်းများ ဖြစ်ပေါ်လာရသည်။ ငါနေဖို့၊ ငါစားဖို့၊ ငါဝတ်ဖို့၊ ငါ့သားသမီးအတွက်၊ ငါ့ဆွေမျိုးအတွက်၊ ငါ့လူမျိုးအတွက်၊ ငါ့တိုင်းပြည်အတွက် စသည်ဖြင့် ငါနယ်ချဲ့လာတော့သည်။
စာမျက်နှာ-483


ယင်းငါကို အသက်ဝိညာဉ်ဟူ၍ လည်းကောင်း၊ အတ္တဟူ၍ လည်းကောင်း၊ သတ္တဝါဟူ၍ လည်းကောင်း ထင်မှတ်မှုကြောင့် ငါ ယခုရှိသည်ဟု ယူဆ၍ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကာလသုံးပါးနှင့် ဆက်စပ်လျက် ကြံစည်တွေးတောမှု ယုံမှားသံသယများ ဖြစ်ပေါ်လာလေတော့သည်။

အတိတ်ကာလ၌ ယုံမှားခြင်း ၅-ပါး

(၁) ငါသည် ဤဘဝသို့ မရောက်မီ ယခင် အတိတ်ဘဝများ၌ ဖြစ်ဖူးလေသလော၊
(၂) မဖြစ်ဖူးလေသလော၊

(၃) အကယ်၍ အတိတ်ဘဝ၌ ဖြစ်ခဲ့ဖူးပါက ဘယ်သူဘယ်ဝါ ဖြစ်ခဲ့လေသနည်း၊ မောင်ဖြူ၊ မောင်နီ အမည်ရှိလေသလော၊ မင်းစိုးရာဇာ၊ သို့မဟုတ် သူကြွယ်၊ သို့မဟုတ် ဆင်းရဲသား ဖြစ်ခဲ့လေသလော၊

(၄) အတိတ်ဘဝ၌ အဘယ်သို့သော အခြင်းအရာအားဖြင့် ဖြစ်ဖူးလေသနည်း၊ အတိတ်ဘဝ၌ ပိန်သလော၊ ဝသလော၊ ပုသလော၊ ရှည်သလော၊ လှသလော၊ အရုပ်ဆိုးသလော၊

(၅) အတိတ်ဘဝ၌ အဘယ်သို့သောသူဖြစ်၍ အဘယ်သို့သောသူ ဖြစ်ဖူးလေသနည်း၊ အတိတ်ဘဝများ၌ နတ်ဖြစ်ပြီးနောက် တိရစ္ဆာန်ဖြစ်ခဲ့လေသလော၊ ခွေးဖြစ်ပြီးနောက် နွားဖြစ်ခဲ့လေသလော၊ နွားဖြစ်ပြီးနောက် ငှက်ဖြစ်ခဲ့လေသလော၊ ဘုရင်ဖြစ်ပြီးနောက် ဆင်းရဲသား ဖြစ်ခဲ့လေသလော။

အနာဂတ်ကာလ၌ ယုံမှားခြင်း ၅-ပါး

(၁) ငါသည် အနာဂတ်ဘဝ၌ ဖြစ်ရဦးမည်လော၊
(၂) ငါသည် အနာဂတ်ဘဝ၌ မဖြစ်တော့ဘဲ သေပြီးနောက် ဘဝပြတ်စဲပြီလော၊

(၃) အနာဂတ်ကာလ၌ ဘယ်သို့သောသူ ဖြစ်လေမည်နည်း၊ နောက်ဘဝ၌ မင်းဖြစ်မည်လော၊ သူဌေးဖြစ်မည်လော၊ ဆင်းရဲသားဖြစ်မည်လော၊ နတ်ဖြစ်မည်လော၊ ဗြဟ္မာဖြစ်မည်လော၊ တိရစ္ဆာန်ဖြစ်မည်လော၊

(၄) အနာဂတ်ကာလ၌ အဘယ်သို့သော အခြင်းအရာအားဖြင့် ဖြစ်လေမည်နည်း၊ နောက်ဘဝ၌ ဝမည်လော၊ ပိန်မည်လော၊ ပုမည်လော၊ ရှည်မည်လော၊ ဖြူမည်လော၊ မည်းမည်လော၊

စာမျက်နှာ-484


(၅) အနာဂတ်ကာလ၌ အဘယ်သို့သောသူ ဖြစ်၍ အဘယ်သို့သောသူ ဖြစ်ရလတ္တံ့နည်း၊ နောက်နောက် ဘဝများ၌ လူဖြစ်ပြီးနောက် နတ်ဖြစ်မည်လော၊ နတ်ဖြစ်ပြီးနောက် တိရစ္ဆာန်ဖြစ်မည်လော၊ တိရစ္ဆာန်ဖြစ်ပြီးနောက် ငရဲသား ဖြစ်မည်လော။

ပစ္စုပ္ပန်ကာလ၌ ယုံမှားခြင်း ၆-ပါး

(၁) ငါသည် ငါဟုတ်ပါလေ၏လော၊ ဆင်ခြင်တုံတရားနည်းပါးသူ အတွေးခေါင်သူများမှာ ဓာတ်စီးခြင်း၊ စုန်း၊ နတ်၊ တစ္ဆေ ပူးခြင်းတို့ကို ယုံကြည်ကြသည်၊ ထိုအခါ ထိုသူတို့သည် မိမိလုပ်ကိုင်ပြောဆိုသည်ကို ငါပြောတာ၊ ငါလုပ်တာမဟုတ်၊ ဘိုးဘိုးအောင်ဓာတ်စီးပြီး ဘိုးဘိုးအောင်က ပြောသည်၊ လုပ်သည်၊ အောင်မင်းခေါင် ဓာတ်စီးပြီး အောင်မင်းခေါင်က လုပ်သည်၊ ပြောသည်၊ မင်းကြီး မင်းကလေးနှင့် ကိုကြီးကျော်တို့က ပူးကပ်၍ မင်းကြီး မင်းကလေးက ပြောသည်၊ ကိုကြီးကျော်က ပြောသည်ဟု ဆိုကြသည်၊ ဤသို့လျှင် ပစ္စုပ္ပန်ဘဝမှာပင် ငါသည် ငါဟုတ်ပါလေ၏လောဟု သံသယဖြစ်သည်။

(၂) ငါသည် ငါမဟုတ်လေသလော၊ အထက်ဖော်ပြပါအတိုင်း ယုံမှားသံသယဖြစ်သည်၊

(၃) ငါသည် အဘယ်သို့သောသူ ဖြစ်လေသနည်း၊ ငါသည် ရုပ်သက်သက်လော၊ နာမ်သက်သက်လော၊ တန်ခိုးရှိသူလော၊ တန်ခိုးမဲ့သူလော၊ ငါသည် ကြောက်တတ်သူလော၊ ရဲရင့်သူလော၊ ငါသည် နှမြောသူလော၊ ရက်ရောသူလော၊

(၄) ငါသည် အဘယ်သို့သော အခြင်းအရာအားဖြင့် ဖြစ်လေသနည်း၊ ငါဟုဆိုအပ်သော အသက်၊ ဝိညာဉ်၊ လိပ်ပြာသည် ပုံသဏ္ဌာန် ရှိသလော၊ ပုပုလော၊ ရှည်ရှည်လော၊ ဝိုင်းဝိုင်းလော၊ လေးထောင့်လော၊ ဖြူဖြူလော၊ မည်းမည်းလော၊ ကြီးကြီးလော၊ ငယ်ငယ်လော၊

(၅) ငါသည် ဘယ်ဘဝမှ လာသနည်း၊ လူ့ဘဝမှ လာသလော၊ တိရစ္ဆာန်ဘဝမှ လာသလော၊ နတ်ဘဝမှ လာသူလော၊

(၆) ငါသည် ဘယ်ဘဝသို့ လားရောက်မည်နည်း၊ နတ်ဘဝသို့ ရောက်မည်လော၊ လူ့ဘဝသို့ ပြန်ရောက်မည်လော၊ တိရစ္ဆာန်ဘဝသို့ ရောက်မည်လော။

စာမျက်နှာ-485


ဤ ၁၆-ပါးသော ယုံမှားခြင်းများ ဖြစ်ပွားရခြင်းမှာ အသက်၊ ဝိညာဉ်၊ လိပ်ပြာ၊ အတ္တ (ငါ) ရှိသည်ဟူသော အယူအဆကို အခြေခံ၍ ဖြစ်သည်။ သတ္တဝါရှိသည်၊ အတ္တရှိသည်ဟု စွဲလမ်းယူဆခြင်းကြောင့် ထိုသတ္တဝါ ထိုအတ္တသည် တည်မြဲသလော၊ ပြတ်စဲသလော စသည်ဖြင့် တွေးတောကြံစည်မှု ဖြစ်ပေါ်လာရ၏။ မိမိ၏နေ့စဉ်ဘဝ၌ တွေ့ထိခံစားဖြစ်ပျက်နေသော အဖြစ်အပျက်များကို သတ္တဝါမဟုတ်၊ အတ္တမဟုတ်၊ ရုပ်တရား နာမ်တရားမျှသာ ဖြစ်သည်ဟု သိမြင်လာသောအခါတွင်မူ ရုပ်တရား နာမ်တရားတို့သည် တည်မြဲသလော၊ ပြတ်စဲသလောဟူ၍ တွေးတောကြံစည်ဖွယ်မလို။ အကြောင်းတရားကြောင့် အကျိုးတရား ဖြစ်ပေါ်နေသည်ကို သိမြင်နေ၏။ ဤရုပ်နာမ်တို့သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းတရားလေးပါးတို့ကြောင့် ဖြစ်ပေါ်နေကြသည်။ ဖြစ်ပြီးနောက် ချုပ်ပျောက်ပျက်စီးသွားကြသည်။ အကြောင်းမကုန်သေးပါက ထပ်လောင်း၍ ဆက်ကာဆက်ကာ ဖြစ်နေကြသည်၊ မီးစာလောင်စာ ရှိနေသေးပါက မီးတောက်မီးလျှံသည် ဆက်လက်ဖြစ်ပေါ်နေမည်ကို သိမြင်နိုင်သည်။

ထို့ကြောင့် ရုပ်တရား နာမ်တရားတို့၏ ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းတရား လေးပါးကြောင့် ဖြစ်ပေါ်နေကြပုံ၊ ဖြစ်ပြီးနောက် ပျက်စီးချုပ်ပျောက်သွားကြပုံကို ကိုယ်တိုင်ဉာဏ်ဖြင့် တွေ့မြင်လာသောအခါ ဤရုပ် နာမ်တရားများသည် ပျက်စီးသေဆုံးပြီးနောက် ဆက်လက်တည်ရှိနေသေးသလော၊ ပြတ်စဲသွားပြီလောဟု တွေးတောကြံစည်ရန် မလိုတော့ချေ။ မြဲသည်ဟု ယူဆခြင်း = သဿတဒိဋ္ဌိ၊ ပြတ်စဲသည်ဟု ယူဆခြင်း = ဥစ္ဆေဒဒိဋ္ဌိ တို့မှ ကင်းစင်နေတော့သည်။ ဤရုပ်တရား နာမ်တရားတို့ကို အနန္တတန်ခိုးတော်ရှင် ဖန်ဆင်းရှင်ကြီးက ဖန်ဆင်းလိုက်သလော၊ သို့မဟုတ် အကြောင်းမဲ့သက်သက် ဖြစ်ပေါ်နေသလော စသည်ဖြင့် ကြံစည်ယူဆမှု ဣဿရနိမ္မာနဝါဒ မှလည်းကောင်း၊ အဟေတုကဒိဋ္ဌိ မှလည်းကောင်း ကင်းလွတ်လေတော့သည်။

ဤသို့လျှင် အတ္တနှင့် စပ်လျဉ်း၍ တွေးခေါ်ကြံစည်မှုမပြုဘဲ ပစ္စုပ္ပန်ဘဝတွင် ဖြစ်ပျက်နေသော ရုပ်တရား နာမ်တရားတို့၏ အကြောင်းအကျိုး ဆက်စပ်ဖြစ်ပေါ်နေပုံကို ထင်ရှားအောင် ဆင်ခြင်သုံးသပ်ရမည်။ ထို့နောက် ဤပစ္စုပ္ပန်ခန္ဓာအစဉ်သည် အတိတ်ဘဝဟောင်း ခန္ဓာအစဉ်ကို အကြောင်းရင်းခံ၍ ဖြစ်ပေါ်လာခဲ့သည်ကို နောက်ကြောင်းပြန်သုံးသပ်ဆင်ခြင်ရမည်။ ဤဘဝ၏ ပဋိသန္ဓေအချိန်ကို ပြန်လည်ဆင်ခြင်မည်။ ထိုပဋိသန္ဓေ၏ရှေ့၌ဖြစ်သော ယခင်အတိတ်ဘဝ စုတေစိတ်ဖြစ်ပုံကို ဆင်ခြင်သုံးသပ်ရမည်။ တစ်ဖန် ဤဘဝ စုတေစိတ်၏ အခြားမဲ့၌ နောက်ဘဝ ပဋိသန္ဓေစိတ် ဖြစ်ဦးမည်ကိုလည်း ဆင်ခြင်သုံးသပ်ရမည်။ ဤကဲ့သို့ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ဘဝသုံးပါး အကြောင်းအကျိုး ဆက်စပ်၍ ဆင်ခြင်သုံးသပ်ပြီးသောအခါတွင်မူ အထက်၌
စာမျက်နှာ-486


ပြဆိုခဲ့ပြီးသော ယုံမှားခြင်း တစ်ဆယ့်ခြောက်ပါးသည် ကင်းပျောက်လေတော့သည်။ အလားတူပင် မြတ်စွာဘုရား၌ ယုံမှားခြင်း၊ တရားတော်၌ ယုံမှားခြင်း၊ သံဃာတော်၌ ယုံမှားခြင်း၊ သီလ သမာဓိ ပညာ သိက္ခာသုံးပါး၌ ယုံမှားခြင်း၊ ကံ ကံ၏အကျိုး၌ ယုံမှားခြင်း ဟူသော ယုံမှားခြင်း ရှစ်ပါးတို့သည် ပျောက်ကင်းလေတော့သည်။ ၆၂-ပါးသော မိစ္ဆာဒိဋ္ဌိတို့သည် ကင်းကွာနေတော့သည်။ ဤကဲ့သို့ ယုံမှားခြင်းအားလုံးကို ပယ်ဖျောက်နိုင်သော ဉာဏ်ကို ကင်္ခါဝိတရဏဝိသုဒ္ဓိ ဟူ၍ ခေါ်ဆိုရသည်။

ဤအသိဉာဏ်သည် ပုဂ္ဂိုလ်သတ္တဝါအစွဲမရှိ၊ ဓမ္မတရား သဘောသက်သက်၌သာ တည်နေသော ဉာဏ်ဖြစ်၍ ထိုဉာဏ်ကို ဓမ္မဋ္ဌိတိဉာဏ် ဟု ခေါ်ဆိုရသည်။

အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်း ဟုတ်တိုင်းမှန်စွာ သိမြင်သော ဉာဏ်ဖြစ်၍ ယထာဘူတဉာဏ် ဟူ၍ လည်းကောင်း၊ သမ္မာဒဿနဉာဏ် ဟူ၍ လည်းကောင်း ခေါ်ဆိုရသည်။ ဤအဆင့်သို့ ရောက်ရှိလာသော ယောဂီပုဂ္ဂိုလ်သည် မြတ်စွာဘုရားရှင်၏ သာသနာတော်၌ သက်သာရာကိုရသည်၊ ဆောက်တည်ရာ ရသည်၊ မြဲသော သုဂတိရှိသည်၊ ထို့ကြောင့် ဤယောဂီပုဂ္ဂိုလ်ကို “စူဠသောတာပန်” ဟု ခေါ်ဆိုရသည်။

(၅) မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ

ကျင့်စဉ်လမ်းကြောင်း မှန်ကန်မှု ရှိ-မရှိ ဝေဖန်ပိုင်းခြားတတ်သော ဉာဏ်အမြင်၏ စင်ကြယ်မှုကို မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ ဟု ခေါ်သည်။ (မဂ္ဂ = ကျင့်စဉ်လမ်းကြောင်း + အမဂ္ဂ = ကျင့်စဉ်လမ်းကြောင်းမဟုတ် + ဉာဏ = သိသောဉာဏ် + ဒဿန = အမြင်)

ဝိပဿနာရှုမည့် ယောဂီပုဂ္ဂိုလ်သည် ကိုယ်ကျင့်သီလစင်ကြယ်လျှင် သီလဝိသုဒ္ဓိနှင့် ပြည့်စုံပြီ။ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိ၊ သို့မဟုတ် ခဏိကသမာဓိ ရလျှင် စိတ္တဝိသုဒ္ဓိနှင့် ပြည့်စုံပြီ။ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ အသက်၊ လိပ်ပြာ၊ အတ္တ၊ ဇီဝဟု အစွဲအလမ်း မရှိတော့ဘဲ ရုပ်နာမ်မျှဟု ခွဲခြမ်းသိမြင်လျှင် ဒိဋ္ဌိဝိသုဒ္ဓိနှင့် ပြည့်စုံပြီ။ ၁၆-ပါးသော ယုံမှားသံသယတို့ကို လွန်မြောက်၍ အကြောင်းကြောင့် အကျိုးဖြစ်နေသော ရုပ်နာမ်အဆက်ဆက်မျှသာဟု သိမြင်သဘောပေါက်လျှင် ကင်္ခါဝိတရဏဝိသုဒ္ဓိနှင့် ပြည့်စုံပြီ။

သို့ရာတွင် ရှေ့ဝိသုဒ္ဓိလေးပါး အဆင့်၌ တကယ်တမ်း ဝိပဿနာတရား အားထုတ်သည့် အဆင့်သို့ မရောက်သေးပေ။ ဤမဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိအဆင့်၌ကား ဝိပဿနာလမ်းကြောင်းပေါ်သို့ ရောက်ပြီး ဝိပဿနာ အားထုတ်...
စာမျက်နှာ-487


သည့်အဆင့်သို့ ရောက်ပြီး၊ ဤအဆင့်၌ ရှေ့က အကြောင်းအကျိုးနှင့်တကွ ပိုင်းခြားသိမြင်ခဲ့ပြီးသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု လက္ခဏာယာဉ်သို့တင်၍ သုံးသပ်ဆင်ခြင်လျက် ဝိပဿနာရှုနေပြီ ဖြစ်သည်။ ထိုသို့ ဝိပဿနာရှုရာ၌ တဖြည်းဖြည်း ဉာဏ်အမြင်ရင့်ကျက်လာပြီး အောက်ဖော်ပြပါ ဝိပဿနာဉာဏ် ၁၀-ပါး အစဉ်အတိုင်း ဖြစ်ပေါ်လာလေတော့သည်။

ဝိပဿနာဉာဏ်စဉ် ၁၀-ပါး

စဉ်,ဉာဏ်အမည်,အဓိပ္ပာယ် ရှင်းလင်းချက်

(၁),သမ္မသနဉာဏ်,နာမ်ရုပ်နှစ်ပါး သင်္ခါရတရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုမြင်သုံးသပ်ခြင်း။

(၂),ဥဒယဗ္ဗယဉာဏ်,နာမ်ရုပ်နှစ်ပါး သင်္ခါရတရားတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို ရှုမြင်ခြင်း။

(၃),ဘင်္ဂဉာဏ်,နာမ်ရုပ်နှစ်ပါး သင်္ခါရတရားတို့၏ ပျက်ခြင်းကိုသာ ရှုမြင်ခြင်း။
(၄),ဘယဉာဏ်,နာမ်ရုပ်နှစ်ပါး သင်္ခါရတရားတို့ကို ဘေးရန်ဟု ရှုမြင်ခြင်း။
(၅),အာဒီနဝဉာဏ်,နာမ်ရုပ်နှစ်ပါး သင်္ခါရတရားတို့အပေါ်၌ အပြစ်ဟု ရှုမြင်ခြင်း။
(၆),နိဗ္ဗိဒါဉာဏ်,နာမ်ရုပ်နှစ်ပါး သင်္ခါရတရားတို့၌ ငြီးငွေ့ဖွယ်ဟု ရှုမြင်ခြင်း။
(၇),မုစ္စိတုကမျတာဉာဏ်,နာမ်ရုပ်နှစ်ပါး သင်္ခါရတရားတို့မှ လွတ်မြောက်လိုခြင်း။

(၈),ပဋိသင်္ခါဉာဏ်,နာမ်ရုပ်နှစ်ပါး သင်္ခါရတရားတို့ကို ထပ်မံ၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုမြင်ခြင်း။

(၉),သင်္ခါရုပေက္ခာဉာဏ်,နာမ်ရုပ်နှစ်ပါး သင်္ခါရတရားတို့အပေါ်၌ ချစ်ခြင်း၊ မုန်းခြင်း မရှိ၊ လျစ်လျူရှုနိုင်ခြင်း။

(၁၀),အနုလောမဉာဏ်,မဂ်ဉာဏ်၏ ရှေ့ပြေးဉာဏ် ဖြစ်ပေါ်ခြင်း (ဝါ) မဂ်ဉာဏ်နှင့် ရှေ့ပိုင်းဝိပဿနာဉာဏ်များအား ဆီလျော်သောဉာဏ် ဖြစ်ပေါ်ခြင်း။

စာမျက်နှာ-488


ဖော်ပြပါ ဝိပဿနာဉာဏ်စဉ် ဆယ်ပါးအနက် ဒုတိယမြောက်ဖြစ်သော ဥဒယဗ္ဗယဉာဏ် အခိုက်သို့ ရောက်သောအခါ အလင်းရောင် ဩဘာသ၊ ပီတိ၊ ပဿဒ္ဓိ စသော ဝိပဿနာညစ်ညူးကြောင်း တရားဆယ်ပါးတို့ ဖြစ်ပေါ်လာတတ်သည်။ ယင်း ဝိပဿနာညစ်ညူးကြောင်း တရားဆယ်ပါးကို မလွန်မြောက်မီ ရှေ့ပိုင်းဖြစ်သော ဥဒယဗ္ဗယဉာဏ်ကို ဤမဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ၌ ထည့်သွင်း ရေတွက်အပ်၏။

ယင်း ဝိပဿနာညစ်ညူးကြောင်း တရားဆယ်ပါးကို လွန်မြောက်ပြီးသည့်နောက် ဖြစ်ပေါ်လာသော ဥဒယဗ္ဗယဉာဏ် နောက်ပိုင်းတစ်ပိုင်းနှင့် အထက် ဝိပဿနာဉာဏ် ရှစ်ပါးကို ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ ၌ ထည့်သွင်း ရေတွက်ရမည်ဖြစ်သည်။

သမ္မသနဉာဏ်

သမ္မသနဉာဏ်သည် အကျဉ်းအားဖြင့် ရုပ်တရားနှင့် နာမ်တရားဟူ၍ နှစ်ပါး၊ အနုစိပ်အားဖြင့် ခန္ဓာငါးပါး၊ အာယတန ၁၂-ပါး၊ ဓာတ် ၁၈-ပါး စသည်ဖြင့် အကျယ်ချဲ့၍ ဤသင်္ခါရသဘောတရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုမြင်သုံးသပ်တတ်သော ဉာဏ်ဖြစ်သည်။ ဤသမ္မသနဉာဏ်သည် ဝိပဿနာဉာဏ်၏ အစဦးဆုံးဖြစ်သည်။ မူလအခြေပြု ဖြစ်သည်။ ဤဉာဏ်အဆင့်၌ ပိုင်ပိုင်နိုင်နိုင် ပြတ်ပြတ်သားသား သင်္ခါရတရားအားလုံး သိမ်းကျုံး၍ ဝိပဿနာရှုရန် လိုအပ်ပေသည်။

သမ္မသနဉာဏ်ဖြင့် ဝိပဿနာရှု၍ ဆင်ခြင်သုံးသပ်ရာ၌ အောက်ပါအတိုင်း နည်း ၄-နည်း ရှိသည် —

သမ္မသနနည်း ၄-နည်း

(က) ကလာပသမ္မသနနည်း = ရုပ်၊ ဝေဒနာ၊ သညာ စသည်တို့ကို အတိတ်ကာလ၊ အနာဂတ်ကာလ၊ ပစ္စုပ္ပန်ကာလ စသည်ဖြင့် မခွဲခြားဘဲ ရုပ်နာမ်မှန်သမျှ ရုပ်နာမ်အစုအဝေး အားလုံးသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တဖြစ်သည်။ ဤသို့စသည်ဖြင့် စုပေါင်း၍ သုံးသပ်ခြင်း။
စာမျက်နှာ-489


(ခ) အဒ္ဓါသမ္မသနနည်း = ရူပက္ခန္ဓာစသည်တို့ကို အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကာလ အားဖြင့် ခွဲခြား၍ သုံးသပ်ခြင်း။

(ဂ) သန္တတိသမ္မသနနည်း = တစ်ဘဝတည်းမှာပင် အပူရုပ်ဖြစ်စဉ်၊ အအေးရုပ်ဖြစ်စဉ်၊ ရုပ်ဝီထိ၊ နာမ်ဝီထိ ဖြစ်စဉ် တစ်ခုစီကို ခွဲခြား၍ သုံးသပ်ခြင်း။

(ဃ) ခဏသမ္မသနနည်း = ရုပ်ဖြစ်စဉ်တစ်ခု၊ နာမ်ဖြစ်စဉ်တစ်ခုအတွင်းမှာပင် ရုပ်တစ်ခုစီ၊ နာမ်တစ်ခုစီ၏ ဥပါဒ်၊ ဌီ၊ ဘင် ခဏငယ်အားဖြင့် ခွဲခြား၍ သုံးသပ်ခြင်း။

ဤနည်းလေးနည်းတို့တွင် အပေါင်းအစုလိုက် သုံးသပ်ခြင်းဟုဆိုအပ်သော ကလာပသမ္မသနနည်း သည် အလွယ်ကူဆုံးဖြစ်သည်၊ အပေါ်လွင်ဆုံး ဖြစ်သည်။ အဒ္ဓါသမ္မသနနည်း စသည်တို့ကား အဆင့်ဆင့် သိမ်မွေ့သည်ထက် သိမ်မွေ့သွားကြသည်။ ထို့ကြောင့် အလွယ်ကူဆုံးဖြစ်သော ကလာပသမ္မသနနည်းကို ပိုင်နိုင်ကျေပွန်အောင် သုံးသပ်ရှုဆင်ခြင်၍ အသားကျ အထိုင်ကျလာသည့်အခါမှ အဒ္ဓါသမ္မသနနည်းစသည်တို့ကို တစ်ဆင့်ချင်း တိုးမြှင့်၍ ဆင်ခြင်သုံးသပ်ရမည်။ ထို့ကြောင့် ရှေးဦးစွာ ကလာပသမ္မသနနည်းကို ပြဆိုပါမည်။ (ကလာပ = အစုအပေါင်း + သမ္မသန = သုံးသပ်ခြင်း)

(က) ကလာပသမ္မသနနည်း

ရူပက္ခန္ဓာကို ရှုပုံ

ဦးခေါင်း၊ ခြေ၊ လက်၊ ကိုယ်ကာယအပါအဝင် ဤရုပ်ခန္ဓာ၊ ရုပ်အစုအဝေးကြီးသည် ကုန်ခန်းပျက်စီးခြင်းသဘောရှိ၍ အနိစ္စ = အမြဲမရှိပါတကား၊ ထိုပျက်စီးခြင်းသဘောဖြင့် အမြဲနှိပ်စက်နေ၍ အခံရခက်လှသောကြောင့် ဒုက္ခ = ဆင်းရဲပါတကား၊ မိမိအလိုသို့ မလိုက်သောကြောင့် အနတ္တ = အစိုးမရပါတကား၊ အနတ္တ = အနှစ်သာရ အခိုင်အမာ မရှိပါတကား။ ဤရုပ်ခန္ဓာ အစုအဝေးကြီး၌ ရံခါ အပူလွန်ကဲ၍ ပူလောင်နေသည့် တေဇောဓာတ်ကို တွေ့ရမည် ဖြစ်သည်။ လေးလံထိုင်းမှိုင်းမှုသဘော တောင့်တင်း ခက်မာမှုသဘော ပထဝီဓာတ် လွန်ကဲမှုကိုလည်း တွေ့ရမည်ဖြစ်သည်။ ရံခါ ပထဝီဓာတ်လျော့နည်း၍ ပျော့ခွေနွမ်းချိနေသည်ကိုလည်း တွေ့ရမည် ဖြစ်သည်။ ရံခါ အာပေါဓာတ် ပတ်ဖွဲ့မှု လွန်ကဲပြီး အသက်ရှူရှိုက်၍ မရခြင်းကိုလည်း တွေ့ရမည် ဖြစ်သည်။ ရံခါ အာပေါဓာတ် ယိုစီးမှုလွန်ကဲ၍ ဝမ်းလျှောခြင်း၊ ဝမ်းပျက်ခြင်းတို့ကိုလည်း
စာမျက်နှာ-490


တွေ့ရမည် ဖြစ်သည်။ ရံခါ လေဓာတ် ဝါယောဓာတ် လွန်ကဲ၍ အထက်အောက် စုန်ဆန်ဖြစ်ခြင်း၊ ချောင်းဆိုးခြင်း၊ ကြို့ထိုးခြင်း၊ မူးဝေခြင်း၊ နှလုံးတုန် ရင်ခုန်ခြင်း စသည်တို့ကို တွေ့ရမည် ဖြစ်သည်။ ရံခါ လေဓာတ် ဝါယောဓာတ် ယုတ်လျော့၍ ဆီးချုပ်၊ ဝမ်းချုပ်၊ လေချုပ် ဖြစ်နေသည်ကိုလည်း တွေ့ရမည် ဖြစ်သည်။

ဤအခြင်းအရာများကို သတ္တဝါတိုင်း တွေ့ထိ ခံစားသိရှိနေကြသည်။ ယင်းသို့ သိရှိခံစားရသည့် အခိုက်တွင် ပထဝီဓာတ်၏ မမြဲခြင်း၊ ဖောက်ပြန်ခြင်း အနိစ္စ ကို ရှုမြင်သုံးသပ်ရမည်။ အလားတူပင် အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်တို့၏ ဖောက်ပြန်ခြင်း၊ ပြောင်းလဲခြင်း၊ မမြဲခြင်း အနိစ္စသဘောကိုလည်း ရှုမြင် ဆင်ခြင် သုံးသပ်ရမည်။ အမှတ်တမဲ့နေ၍ ခေါင်းခဲသည်၊ ဝမ်းနာသည်၊ ရင်တုန်သည် စသည်ဖြင့် သိမှတ်ရုံမျှ မပြုရ။ ယင်းသို့ တွေ့နေရသော ရုပ်တို့၏ အခြေအနေ ဖောက်ပြန်ခြင်းသဘော၊ မမြဲခြင်းသဘောကို သတိချပ်၍ ရှုမှတ်ဆင်ခြင်ရမည်။

ဥပမာအားဖြင့် ခက်မာတောင့်တင်းနေလျှင် ဤခက်မာတောင့်တင်းနေသည့် ရုပ်များသည် အနိစ္စ = အမြဲမရှိဟု ဆင်ခြင်ရှုမှတ်ရမည်။ ပေါ့ပါးသွက်လက်နေသောအခါ ဤပေါ့ပါးသွက်လက်သည့် ရုပ်များသည် အနိစ္စ = အမြဲမရှိဟု သတိချပ်၍ အဖန်ဖန် ရှုမှတ်ရမည်။ အသက်ရှူကြပ်၍ အသက်ရှူခက်ခဲနေသော အခါတွင် လည်းကောင်း၊ အသက်ရှူချောင်နေသော အခါတွင် လည်းကောင်း သွင်းထုတ်ရှူရှိုက်လေ (ဝါယောဓာတ်) ကို အနိစ္စ = အမြဲမရှိဟု ဝင်လေ ထွက်လေနှင့် ပူးတွဲ၍ သတိချပ်ကာ ရှုမှတ်ဆင်ခြင်ရမည်။ မိမိ၏ ခန္ဓာကိုယ်ပေါ်၌ ပူမှု အေးမှု ဖြစ်ပေါ်နေသည့်အခါ ယင်း ပူမှု အေးမှုသည် အနိစ္စ = အမြဲမရှိ စသည်ဖြင့် ရှုဆင်ခြင်ရမည်။

အလားတူပင် ဤရုပ်ခန္ဓာ ရုပ်အစုအဝေးကြီး၏ အခံရခက်သော သဘော ဆင်းရဲဒုက္ခကို လည်းကောင်း၊ အလိုသို့ မလိုက်ခြင်း အနတ္တသဘောကို လည်းကောင်း အဖန်ဖန် သုံးသပ်၍ ရှုမှတ် ပွားများ အားထုတ်ရမည်။

ဝေဒနာက္ခန္ဓာကို ရှုပုံ

သတ္တဝါတို့သည် ချမ်းသာမှု သုခဝေဒနာ၊ ဆင်းရဲမှု ဒုက္ခဝေဒနာ၊ အလယ်အလတ် ခံစားမှု ဥပေက္ခာဝေဒနာတို့ကို ခံစားနေကြသည်။ ဤဝေဒနာသုံးခုတို့သည် တစ်ခုမဟုတ် တစ်ခု အလှည့်ကျ အလဲအလှယ် အဆက်မပြတ် ဖြစ်ပေါ်လျက် ရှိကြသည်။ ထိုဝေဒနာအားလုံးတို့သည် ဖြစ်ပြီးနောက် ပျက်စီး
စာမျက်နှာ-491


ပျောက်ကွယ်သွားတတ်သောကြောင့် အမြဲ မတည်သောကြောင့် အနိစ္စ = အမြဲ မရှိပါတကား၊ ထိုသို့ မမြဲခြင်းဖြင့် အဖန်ဖန် နှိပ်စက်ခံရ၍ အခံရခက်လှသောကြောင့် ဒုက္ခ = ဆင်းရဲပါတကား၊ မိမိအလိုသို့ မလိုက်သောကြောင့် အနတ္တ = အစိုးမရပါတကားဟု ဆင်ခြင်သုံးသပ်ရမည်။ ပျော်ရွှင်မှု ဝမ်းမြောက်မှု ခံစားနေရချိန်၌ ယင်းပျော်ရွှင်ဝမ်းမြောက်မှု အရှိန်အဟုန်ဖြင့် မေ့မြောမနေဘဲ ဤပျော်ရွှင်ဝမ်းမြောက်မှု သုခဝေဒနာသည် အနိစ္စ = အမြဲမရှိပါတကား စသည်ဖြင့် လက္ခဏာသုံးပါး တင်၍ ရှုဆင်ခြင်ရမည်။ စိုးရိမ်ပူဆွေး ကြောက်ရွံ့ ထိတ်လန့်နေသည့်အခိုက်၌ ဤစိုးရိမ်ပူဆွေးကြောက်ရွံ့မှု ဒုက္ခဝေဒနာသည် အနိစ္စ = အမြဲမရှိပါတကားဟု ဆင်ခြင် ရှုမှတ်ရမည်။ ထိုဒုက္ခဝေဒနာ ဖြစ်စဉ်အတွင်းသို့ မေ့မြောလိုက်ပါသွားခြင်း မပြုရ။ ပျော်ရွှင်သာယာခြင်းလည်း မရှိဘဲ၊ စိုးရိမ်ကြောက်လန့်ခြင်းလည်း မရှိဘဲ၊ အလယ်အလတ် ခံစားမှုဖြစ်နေချိန်တွင်လည်း ဤအလယ်အလတ် ခံစားမှု ဥပေက္ခာဝေဒနာသည် အနိစ္စ = အမြဲမရှိပါတကား၊ ဒုက္ခ = ဆင်းရဲပါတကား၊ အနတ္တ = အစိုးမရပါတကား၊ အနတ္တ = အနှစ်အရသာ မရှိပါတကား၊ ဤသို့ စသည်ဖြင့် ဆင်ခြင်သုံးသပ်ရမည်။ ဝေဒနာ ဖြစ်တိုင်းဖြစ်တိုင်း သတိလက်လွှတ် ဉာဏ်လက်လွတ် မဖြစ်စေဘဲ အလစ်မပေးဘဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုမှတ်ဆင်ခြင်ရမည်။

သညာက္ခန္ဓာကို ရှုပုံ

သတ္တဝါတို့သည် အရောင်အဆင်း မတူညီမှု၊ ပုံသဏ္ဌာန် မတူညီမှု၊ အရသာ မတူညီမှု စသော ထူးခြားမှုများကို ခွဲခြားမှတ်သားလေ့ ရှိကြသည်။ ခွေး၊ နွား စသော အိမ်မွေးတိရစ္ဆာန်တို့သည်ပင်လျှင် မိမိသခင်နှင့် လူစိမ်းသူစိမ်းကို မှတ်သားတတ်ကြ၏။ မိမိနေရပ် မိမိစားကျက်၊ မိမိသွားရာ လမ်းခရီးကို မှတ်သားတတ်ကြ၏။ လူများမှာမူ တိရစ္ဆာန်များထက် အဆင့်မြင့်သဖြင့် မှတ်သားမှု သညာအရာ၌ ထက်မြက်သာလွန်ကြသည်။ ထိုသို့မှတ်သားမှုသညာ ဖြစ်တိုင်း ဖြစ်တိုင်း ဤသညာကား အနိစ္စ-အမြဲမရှိပါတကား၊ ဒုက္ခ-ဆင်းရဲပါတကား၊ အနတ္တ-အစိုးမရပါတကားဟု ရှုမှတ်ရမည်။

သင်္ခါရက္ခန္ဓာကို ရှုပုံ

သတ္တဝါတို့သည် မိမိအလိုဆန္ဒရှိသလို စွမ်းဆောင်ပြုလုပ်နိုင်ကြသည်၊ ပြုပြင်ဖန်တီးနိုင်ကြသည်။ လုံ့လဝီရိယစွမ်းအားဖြင့် လည်းကောင်း၊ အသိဉာဏ်ပညာ စွမ်းအားဖြင့် လည်းကောင်း ပြုပြင်မှု ပြောင်းလဲမှု ဖန်တီးမှုများကို ပြုလုပ်နိုင်ကြသည်။ ထိုင်ရတာကြာ၍ ညောင်းလာလျှင် ထ၍ လမ်းလျှောက်လိုက်သည်။ လမ်းလျှောက်၍ ပင်ပန်းလာလျှင် ထိုင်၍လည်းကောင်း၊ အိပ်၍လည်းကောင်း
စာမျက်နှာ-492


အနားယူလိုက်သည်။ အိပ်ရတာကြာ၍ သွေးလေထိုင်းမှိုင်းလာလျှင် ကိုယ်လက်လှုပ်ရှား ပြုပြင်ကြပြန်သည်။ ဝမ်းလျှော၍ လည်းကောင်း၊ ဝမ်းချုပ်၍ လည်းကောင်း၊ ဖျားနာလျှင် လည်းကောင်း ဆေးဝါးများဖြင့် ပြုပြင်စီရင်ကြသည်။ ဆာလျှင် အစာစား၍၊ အစာမကြေပြန်လျှင် အစာကြေဆေးကို မှီဝဲသည်။ နေ့စဉ် အိပ်ရာထလျှင် မျက်နှာသစ်ခြင်း၊ ကိုယ်လက်သုတ်သင်ခြင်း၊ ခေါင်းဖြီးခြင်း၊ ဆံထုံးထုံးခြင်း၊ မျက်နှာကို ချယ်သခြင်း၊ အဝတ်တန်ဆာ ဆင်ခြင်း စသော ကိုယ်ကာယ ပြုပြင်မှုကိုလည်း နေ့စဉ်ပြုနေရသည်။ စားရေး သောက်ရေး နေရေး ထိုင်ရေးအတွက် တောင်သူလယ်ယာအလုပ်၊ ကုန်သည်အလုပ်၊ လက်မှုပညာ၊ စက်မှုပညာအလုပ်၊ ပြည်သူ့ဝန်ထမ်းအလုပ် စသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကိုလည်း ကြိုးပမ်းလုပ်ကိုင်နေကြရသည်။ ယင်းပြုပြင်ဖန်တီးမှု အားလုံးသည် သင်္ခါရအစုအဝေး သင်္ခါရက္ခန္ဓာ ဖြစ်သည်။ ဤပြုပြင်မှု သင်္ခါရတို့ ဖြစ်တိုင်း ဖြစ်တိုင်း ဤပြုပြင် စီမံမှုရှိသည်တို့သည် အနိစ္စ = အမြဲမရှိပါတကား၊ ဒုက္ခ = ဆင်းရဲပါတကား၊ အနတ္တ = အစိုးမရပါတကား ဟူ၍ သတိချပ်ကာ ရှုမှတ်နေရမည်။

ဝိညာဏက္ခန္ဓာကို ရှုပုံ

သတ္တဝါတို့၌ မနောဟူ၍လည်းကောင်း၊ စိတ်ဟူ၍လည်းကောင်း၊ ဝိညာဏ်ဟူ၍လည်းကောင်း ခေါ်ဆိုအပ်သော တရားသဘောသည် သိတတ်သောသဘောရှိ၏။ ဝိညာဏ်သည် မရပ်မနား အရာရာကို သိ၍သိ၍နေ၏။ ဤကိုယ်ခန္ဓာ ပူလျှင်လည်း ပူမှန်းသိနေ၏။ အေးလျှင်လည်း အေးမှန်းသိနေ၏။ လေးလျှင်လည်း လေးမှန်းသိနေ၏။ ဤသို့ ရုပ်ခန္ဓာကိုလည်း သိ၍သိ၍ နေ၏။ ချမ်းသာခံစားမှု၊ ဆင်းရဲခံစားမှု၊ အလယ်အလတ်ခံစားမှု ဝေဒနာတို့ကိုလည်း သိ၍သိ၍ နေ၏။ မှတ်သားမှုကိုလည်း မှတ်တိုင်းမှတ်တိုင်း အသိတရားဦးဆောင်နေသည်။ ပြုပြင်ဖန်တီးမှု သင်္ခါရတရားများ ဖြစ်တိုင်းဖြစ်တိုင်းလည်း အသိတရား ဝိညာဏ်က ဦးဆောင်နေ၏။

ထို့ကြောင့် ဝိညာဏ်သည် အရာရာတိုင်းကို သိတတ်သောသဘော၊ သိနေသော သဘောရှိ၏။ ဤသိဝိညာဏ် အစုအဝေးကို ဝိညာဏက္ခန္ဓာ ဟု ခေါ်သည်။ ဘာကိုပဲသိသိ သိတိုင်းသိတိုင်း ဤသိမှုဝိညာဏ်သည် အနိစ္စ = အမြဲမရှိပါတကား၊ ဒုက္ခ = ဆင်းရဲပါတကား၊ အနတ္တ = အစိုးမရပါတကား ဟူ၍ သတိချပ်ကာ ရှုမှတ်ဆင်ခြင်နေရမည်။ ဤသို့ ရှုမှတ်မှု မပြုပါက ငါသိသည်၊ ငါ၏ အသိသည် အလွန်ကြီးမား ကျယ်ပြန့်သည်။ ငါ၏ အသိသည် မှန်ကန်သည်၊ ယုတ္တိရှိသည်။
စာမျက်နှာ-493


ခိုင်မြဲသည်။ ဤသို့စသည်ဖြင့် သိမှုဝိညာဏ်ကို အကြောင်းပြု၍ သာယာမှု တဏှာ၊ မောက်မာမှု ဝင့်ကြွားမှု မာနနှင့် အယူလွဲမှားမှု မိစ္ဆာဒိဋ္ဌိများ ဖြစ်ပေါ်လာတော့သည်။

ထို့ကြောင့် ဤခန္ဓာငါးပါးတို့ ဖြစ်တိုင်းဖြစ်တိုင်း၊ တွေ့တိုင်းတွေ့တိုင်း၊ သိတိုင်းသိတိုင်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု လက္ခဏာသုံးပါးတင်၍ ရှုဆင်ခြင်ရမည်။

အာယတနအားဖြင့် ဆင်ခြင်ပုံ

မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနော ဟူသော အာရုံခြောက်ပါးတို့ လာရောက် ထင်ဟပ်ရာဌာန အတွင်းအာယတနခြောက်ပါး နှင့် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ စိတ်ကူးထင်မြင်ရာ အာရုံဟူ၍ သိရာအာရုံ အပြင်အာယတနခြောက်ပါး ဤသို့အားဖြင့် အာယတန ၁၂-ပါးတို့ကို တစ်ခုစီ တစ်ခုစီ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူ၍ လက္ခဏာယာဉ်တင်၍ သုံးသပ်ဆင်ခြင်ရမည်။

မျက်စိသည် အဆင်းရူပါရုံ ထင်ဟပ်လာသည်ကို အာရုံခံယူတတ်၏။ ဓာတ်ပုံရိုက် ကင်မရာ၏ မှန်ဘီလူးကဲ့သို့ ပုံရိပ်ကို ဖမ်း၍ မြင်သိစိတ် ဖြစ်ပေါ်စေနိုင်၏။ ယင်းမျက်စိအကြည်ဓာတ်ကို ပသာဒရုပ် ဟုခေါ်သည်။ (ပသာဒ = ကြည်လင်ခြင်း) ထိုမျက်စိကို ငါဖြစ်သည်၊ ငါ့ဥစ္စာဖြစ်သည်ဟု မရှုမှတ်ဘဲ မျက်စိ၏ မမြဲခြင်းသဘော၊ ဆင်းရဲခြင်းသဘော၊ အစိုးမရခြင်းသဘောကို ဆင်ခြင်ရမည်။ အလားတူပင် အသံအာရုံကို ခံယူနိုင်သော နားအကြည်ဓာတ် (သောတပသာဒ )၊ အနံ့အာရုံကို ခံယူနိုင်သော နှာခေါင်းအကြည်ဓာတ် (ဃာနပသာဒ )၊ အရသာအာရုံကို ခံယူနိုင်သော လျှာအကြည်ဓာတ် (ဇိဝှါပသာဒ )၊ အတွေ့အထိအာရုံကို ခံယူနိုင်သော ကိုယ်ကာယအကြည်ဓာတ် (ကာယပသာဒ )၊ အတွေးအာရုံများကို ခံယူနိုင်သော မနောအကြည်ဓာတ် (မနာယတန) အားဖြင့် ဤခြောက်ပါးတို့သည် မိမိခန္ဓာကိုယ်အတွင်း၌ အကျုံးဝင်တည်ရှိနေသောကြောင့် အတွင်းအာယတနတို့မည်ကုန်၏။ ယင်းတို့ကို လက္ခဏာသုံးချက်ဖြင့် ဆင်ခြင်သုံးသပ်ရမည်။

ထို့နောက် မျက်စိ၌ လာရောက်ထင်ဟပ်တတ်သော အဆင်းရူပါရုံ (ရူပါယတန )၊ နား၌ လာရောက်ရိုက်ခတ်တတ်သော အသံသဒ္ဒါရုံ (သဒ္ဒါယတန )၊ နှာခေါင်းအကြည်ဓာတ်၌ လာရောက်ထိငြိတတ်သော အနံ့ဂန္ဓာရုံ (ဂန္ဓာယတန )၊ လျှာအကြည်ဓာတ်၌ လာရောက်ထိငြိတတ်သော အရသာအာရုံ (ရသာယတန )၊ ကိုယ်ကာယအကြည်ဓာတ်၌ လာရောက်တွေ့ထိတတ်သော အတွေ့အထိအာရုံ (ဖောဋ္ဌဗ္ဗာယတန )၊ မနော၌ လာရောက်ထင်မြင်တတ်သော
စာမျက်နှာ-494


စိတ်ကူးအာရုံ (ဓမ္မာယတန) ဤခြောက်ပါးသောအာယတနတို့သည် ခန္ဓာကိုယ်၏ပြင်ပ၌ တည်ရှိသောကြောင့် အပြင်အာယတနတို့မည်ကုန်၏။ ယင်းခြောက်ပါးတို့၌ လက္ခဏာယာဉ်သုံးချက်တင်၍ ရှုဆင်ခြင်ရမည်။

ဓာတ်အားဖြင့် ဆင်ခြင်ပုံ

ဓာတ် ၁၈-ပါး ရေတွက်ပုံမှာ အထက်တွင် ပြဆိုခဲ့သော အတွင်းအာယတနခြောက်ပါးသည် အခံဓာတ် ဖြစ်၍ အပြင်အာယတနခြောက်ပါးသည် အတိုက်ဓာတ် ဖြစ်သည်။ အတိုက်ဓာတ်နှင့် အခံဓာတ်တို့ ဆုံမိသည့်အခါ ဆိုက်မိသည့်အခါ သိတတ်သောသဘော ဝိညာဏဓာတ် ဖြစ်ပေါ်လာတော့သည်။ ယင်းဝိညာဏဓာတ်ကို အဖြစ်ဓာတ် ဟူ၍ ခေါ်ဆိုနိုင်သည်။

ထို့ကြောင့် အခံဓာတ်ခြောက်ပါး၊ အတိုက်ဓာတ်ခြောက်ပါး၊ အဖြစ်ဓာတ်ခြောက်ပါးဟူ၍ ဓာတ် ၁၈-ပါးကို ရေတွက်နိုင်သည်။

အဆင်း ရူပါရုံ (ရူပဓာတ်) သည် မျက်စိအကြည်ဓာတ် (စက္ခုဓာတ်) ကို လာရောက်တိုက်ခိုက် ထင်ဟပ်လာသည့်အခါ မြင်သိစိတ် (စက္ခုဝိညာဏဓာတ်) ဖြစ်ပေါ်လာတော့သည်။

အသံ သဒ္ဒါရုံ (သဒ္ဒဓာတ်) သည် နားအကြည်ဓာတ် (သောတဓာတ်) သို့ လာရောက်ထိပါး တိုက်ခတ်လာသောအခါ ကြားသိစိတ် (သောတဝိညာဏဓာတ်) ဖြစ်ပေါ်လာတော့သည်။

အနံ့ ဂန္ဓာရုံ (ဂန္ဓဓာတ်) သည် နှာခေါင်းအကြည်ဓာတ် (ဃာနဓာတ်) သို့ လာရောက်ထိခိုက် တိုက်ခတ်လာသောအခါ နံသိစိတ် (ဃာနဝိညာဏဓာတ်) ဖြစ်ပေါ်လာတော့သည်။

အရသာ ရသာရုံ (ရသဓာတ်) သည် လျှာအကြည်ဓာတ် (ဇိဝှာဓာတ်) သို့ လာရောက်ထိတွေ့သောအခါ အရသာသိစိတ် (ဇိဝှာဝိညာဏဓာတ်) ဖြစ်ပေါ်လာတော့သည်။

အတွေ့အထိ ဖောဋ္ဌဗ္ဗအာရုံ (ဖောဋ္ဌဗ္ဗဓာတ်) သည် ကိုယ်ကာယအကြည်ဓာတ် (ကာယဓာတ်) သို့ ထိပါးလာသောအခါ ထိသိစိတ် (ကာယဝိညာဏဓာတ်) ဖြစ်ပေါ်လာတော့သည်။

စိတ်ကူးအာရုံ ဓမ္မာရုံ (ဓမ္မဓာတ်) သည် မနောဓာတ်သို့ ထင်ဟပ်ပေါ်ပေါက်လာသောအခါ ကြံသိစိတ် တွေးသိစိတ် (မနောဝိညာဏဓာတ်) ဖြစ်ပေါ်လာတော့သည်။
စာမျက်နှာ-495


ဤဓာတ် ၁၈-ပါးတို့ ဖြစ်ပုံကို သတိချပ်၍ ပညာဉာဏ်ဖြင့် ရှုဆင်ခြင်ရမည်။ သာယာဖွယ် ရှုမျှော်ခင်း၊ ပန်းချီကား၊ လုလင်ပျို၊ လုံမပျို စသော အဆင်းရူပါရုံကို တွေ့မြင်ရသည့်အခါ သာယာတပ်မက်စိတ်၊ စွဲလမ်းစိတ်များ ဖြစ်ပေါ်မစေဘဲ ဤအဆင်းရူပါရုံသည်လည်းကောင်း၊ မျက်စိအကြည်ဓာတ်သည်လည်းကောင်း၊ မြင်သိစိတ်သည်လည်းကောင်း အနိစ္စ = အမြဲမရှိပါတကား၊ ဒုက္ခ = ဆင်းရဲပါတကား၊ အနတ္တ = အစိုးမရပါတကားဟု ဆင်ခြင်ရမည်။

ရွံရှာဖွယ်၊ ထိတ်လန့်ဖွယ်၊ မနှစ်သက်ဖွယ်ဖြစ်သော မစင်၊ အန်ဖတ်၊ အပုပ်အသိုးများ၊ ဓား၊ လှံလက်နက်နှင့် ရန်သူများ စသော အဆင်းရူပါရုံကို တွေ့မြင်ရသည့်အခါ ရွံရှာစိတ်၊ ထိတ်လန့်တုန်လှုပ်သည့်စိတ် မဖြစ်ပေါ်စေဘဲ ဤအဆင်းရူပါရုံသည်လည်းကောင်း၊ မျက်စိအကြည်ဓာတ်သည်လည်းကောင်း၊ မြင်သိစိတ်သည်လည်းကောင်း အနိစ္စ = အမြဲမရှိပါတကား၊ ဒုက္ခ = ဆင်းရဲပါတကား၊ အနတ္တ = အစိုးမရပါတကားဟု ဆင်ခြင်ရမည်။

သာယာကြည်နူးဖွယ် တူရိယာ တေးဂီတ စသော အသံများနှင့် ကြောက်လန့်ဖွယ်ရာ မနှစ်သက်ဖွယ်ရာ အသံများကို ကြားသိရသည့်အခါ သာယာကြည်နူးတပ်မက် စွဲလမ်းမှု မဖြစ်စေဘဲ ထိတ်လန့်ကြောက်ရွံ့မှု၊ မနှစ်သက်မှု မဖြစ်စေဘဲ ဤအသံသဒ္ဒါရုံသည်လည်းကောင်း၊ နားအကြည်ဓာတ်သည်လည်းကောင်း၊ ကြားသိစိတ်သည်လည်းကောင်း အနိစ္စ = အမြဲမရှိပါတကား၊ ဒုက္ခ = ဆင်းရဲပါတကား၊ အနတ္တ = အစိုးမရပါတကားဟု ဆင်ခြင်ရမည်။

မွှေးကြိုင်ထုံသင်းသော ပန်းနံ့၊ ရေမွှေးနံ့ စသော အနံ့များနှင့် ပုပ်ဟောင်ညှီစော်သော မကောင်းသော အနံ့များကို ရှူရှိုက်ရ၍ နံသိစိတ်ဖြစ်ပေါ်လာသောအခါ သာယာစွဲလမ်းတပ်မက်မှု မဖြစ်စေဘဲ ရွံရှာစက်ဆုပ် အော့နှလုံးနာမှု မဖြစ်စေဘဲ ဤအနံ့ဂန္ဓာရုံသည်လည်းကောင်း၊ နှာခေါင်းအကြည်ဓာတ်သည်လည်းကောင်း၊ နံသိစိတ်သည်လည်းကောင်း အနိစ္စ = အမြဲမရှိပါတကား၊ ဒုက္ခ = ဆင်းရဲပါတကား၊ အနတ္တ = အစိုးမရပါတကားဟု ဆင်ခြင်ရမည်။

နှစ်သက်ဖွယ်ရာ ချိုမြိန်သော စားကောင်းသောက်ဖွယ် အရသာအာရုံများနှင့် ပူလောင် စပ်ခါးသော မနှစ်သက်ဖွယ် အရသာအာရုံများကို စားသောက်ရသည့်အခါ၌ စားသိစိတ်ဖြစ်ပေါ်လာသောအခါ သာယာစွဲလမ်းတပ်မက်မှု မဖြစ်စေဘဲ ရွံရှာစက်ဆုပ် အော့နှလုံးနာမှု မဖြစ်စေဘဲ ဤအရသာရသာရုံသည်လည်းကောင်း၊ လျှာအကြည်ဓာတ်သည်လည်းကောင်း၊ အရသာသိသော
စာမျက်နှာ-496


စိတ်သည်လည်းကောင်း အနိစ္စ-အမြဲမရှိပါတကား၊ ဒုက္ခ = ဆင်းရဲပါတကား၊ အနတ္တ = အစိုးမရပါတကားဟု ဆင်ခြင်ရမည်။

နူးညံ့သော အတွေ့အထိ၊ ပူအိုက်သည့်အခါ၌ အအေးဓာတ်၊ အေးလွန်းသည့်အခါ၌ အနွေးဓာတ် စသော သာယာနှစ်သက်ဖွယ် အတွေ့အထိအာရုံ၊ အခံရခက် စူးရှနာကျင်သော မနှစ်သက်ဖွယ် အတွေ့အထိအာရုံတို့နှင့် တွေ့ထိရ၍ ထိသိစိတ် ဖြစ်ပေါ်လာသောအခါ သာယာစွဲလမ်းတပ်မက်မှု မဖြစ်စေဘဲ စိတ်နှလုံးမသာယာမှု၊ စိတ်ဆင်းရဲမှု မဖြစ်စေဘဲ ဤအတွေ့အထိအာရုံ ဖောဋ္ဌဗ္ဗအာရုံသည်လည်းကောင်း၊ ကိုယ်ကာယအကြည်ဓာတ်သည်လည်းကောင်း၊ ထိသိစိတ်သည်လည်းကောင်း အနိစ္စ = အမြဲမရှိပါတကား၊ ဒုက္ခ = ဆင်းရဲပါတကား၊ အနတ္တ = အစိုးမရပါတကားဟု ဆင်ခြင်ရမည်။

ပစ္စည်းဥစ္စာ လာဘိလာဘ ရရှိခြင်း၊ အောင်မြင်ခြင်း၊ ဆုံးရှုံးခြင်း စသော နှစ်သက်ဖွယ်သော စိတ်ကူးများ၊ မနှစ်သက်ဖွယ်သော စိတ်ကူးများ မနော၌ ပေါ်လာသောအခါ ထိုအာရုံ၌ နစ်မျော မေ့မြောနေခြင်း မပြုဘဲ စိတ်ကူးအာရုံသည်လည်းကောင်း၊ ထိုအာရုံကိုခံယူတတ်သည့် မနောဓာတ်သည်လည်းကောင်း၊ တွေးသိကြံသိစိတ် မနောဝိညာဏဓာတ်သည်လည်းကောင်း၊ အနိစ္စ = အမြဲမရှိပါတကား၊ ဒုက္ခ = ဆင်းရဲပါတကား၊ အနတ္တ = အစိုးမရပါတကားဟု ဆင်ခြင်ရှုမှတ်ရမည်။

(ခ) အဒ္ဓါသမ္မသနနည်း

အထက်တွင် ဖော်ပြပြီးသော ကလာပသမ္မသနနည်းမှာ ခန္ဓာငါးပါး၊ အာယတန တစ်ဆယ့်နှစ်ပါး၊ ဓာတ် တစ်ဆယ့်ရှစ်ပါး တည်းဟူသော သင်္ခါရတရားတို့ကို လက်ငင်းဒိဋ္ဌ တွေ့ကြုံရသော ပစ္စုပ္ပန်ကာလ၌သာလျှင် ပစ္စက္ခဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်ခြင်းဖြစ်သည်။ ထိုသို့ လက်ငင်းဒိဋ္ဌတွေ့ကြုံနေရသော သင်္ခါရတရားတို့၏ မမြဲခြင်း အနိစ္စ သဘော၊ ဆင်းရဲခြင်း ဒုက္ခ သဘော၊ အစိုးမရခြင်း အနတ္တ သဘောတို့ကို အဖန်ဖန်ရှုမြင်သုံးသပ်ပြီးသောအခါ အတိတ်ကာလနှင့် အနာဂတ်ကာလသို့ ဉာဏ်ကိုစေစား၍ အနုမာန (မှန်းဆ) ဉာဏ်ဖြင့် လက္ခဏာယာဉ် သုံးချက်တင်ရမည်။ ပစ္စုပ္ပန်ကာလရှိ ရုပ်နာမ်သင်္ခါရတို့နှင့် အလားတူစွာ အတိတ်ကာလက ဖြစ်ပေါ်ခဲ့ပြီးသော ရုပ်နာမ်ဓမ္မ သင်္ခါရတို့သည်လည်း မမြဲခြင်း အနိစ္စ သဘော၊ ဆင်းရဲခြင်း ဒုက္ခ သဘော၊ အစိုးမရခြင်း အနတ္တ သဘောရှိကုန်၏ဟု ဉာဏ်ဖြင့်ဆင်ခြင် ခြုံငုံသုံးသပ်ရမည်။ အနာဂတ်ကာလ၌ ဖြစ်ပေါ်လတ္တံ့သော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့သည်လည်း မမြဲခြင်း အနိစ္စ သဘော၊ ဆင်းရဲခြင်း ဒုက္ခ သဘော၊ အစိုးမရခြင်း အနတ္တ သဘော ရှိကုန်၏ဟု အနုမာနဉာဏ်ဖြင့်ဆင်ခြင် ခြုံငုံသုံးသပ်ရမည်။
စာမျက်နှာ-497


ဥပမာအားဖြင့် မိမိ အိမ်သူ အိမ်သားတစ်ယောက် ကွယ်လွန် အနိစ္စ ရောက်သည်ကို တွေ့ကြုံရသည်ဆိုပါစို့၊ အခြားသူများသည် ကွယ်လွန်အနိစ္စ ရောက်ခြင်း ရှိမရှိ လေ့လာရမည်။ ထိုအခါ မိမိမိတ်ဆွေများ၊ အိမ်နီးချင်းများ၊ ရပ်သူရွာသားများ၊ မြို့သူမြို့သားများ သေဆုံးကွယ်လွန်သည်ကိုလည်း တွေ့မြင်လာရမည်ဖြစ်သည်။ အသက်အရွယ် ငယ်စဉ်က သေဆုံးသူများ၊ အသက်အရွယ် အလယ်အလတ်တွင် သေဆုံးသူများ၊ အသက်အရွယ် ကြီးရင့်အိုမင်းမှ သေဆုံးသူများကို တွေ့ရှိရ၍ ကြီးငယ်မရွေး အရွယ်သုံးပါး၌ သေဆုံးတတ်သည့် သဘောကို တွေ့မြင်သိရှိလာမည် ဖြစ်သည်။ ဤသို့ မိမိမျက်မှောက် ပစ္စုပ္ပန်ကာလတွင် လူများ၊ တိရစ္ဆာန်များ၊ သက်ရှိသတ္တဝါများ တစ်ဖွဲ့ဖွဲ့ သေဆုံးနေသည်ကို တွေ့မြင်သိရှိလာရတော့သည်။ ထိုကဲ့သို့ မျက်မှောက်ပစ္စုပ္ပန် အတွေ့အကြုံ အသိပစ္စက္ခဉာဏ်ပေါ် အခြေခံပြု၍ အတိတ်ကာလကရှိခဲ့သော အဘိုးအဘွားများ သေဆုံးသည်ကိုလည်း သိမြင်လာတော့သည်။ ယင်းအဘိုးအဘွား မိဘတို့၏ အဆက်ဆက်သောမိဘများ၊ ဘိုးဘေးဘီဘင်များ အဆက်အနွယ်ပေါင်း ထောင်သောင်းမက ဘိုးဘေးဘီဘင်များလည်း သေဆုံးခဲ့သည်ကို အနုမာနဉာဏ်ဖြင့် မှန်းဆဆင်ခြင် သိမြင်နိုင်တော့သည်။ ဤသို့လျှင် အစမထင်သော အတိတ်ကာလသို့ ဉာဏ်ကို စေစားကာ ခြုံငုံသုံးသပ်၍ အတိတ်ကာလက သက်ရှိသတ္တဝါ အားလုံးသည်လည်း သေဆုံးတတ်သော သဘောရှိကုန်၏ဟု သိမြင်လာတော့သည်။

အလားတူပင် အနာဂတ်ကာလ၌ မွေးဖွားလတ္တံ့သော၊ ပေါက်ဖွားလတ္တံ့သော၊ ဖြစ်ပေါ်လတ္တံ့သော သက်ရှိသတ္တဝါအားလုံးတို့သည် သေဆုံးကြမည် ဧကန်ဖြစ်၏ဟု ဆုံးဖြတ်ချက် ချနိုင်လာတော့သည်။

ဤနည်းဖြင့် မြတ်စွာဘုရားရှင်သည် ကိသာဂေါတမီအား သေခြင်းတရား အကြောင်း အနိစ္စတရားအကြောင်းကို သဘောပေါက် နားလည်စေခဲ့သည်။

ဤသို့ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ကာလသုံးပါးလုံးကို ခြုံငုံ၍ သတ္တဝါ အားလုံးတို့သည် သေဆုံးတတ်သော သဘောရှိကုန်၏။ အနိစ္စ = အမြဲမရှိပါတကား၊ ဒုက္ခ = ဆင်းရဲခြင်းပါတကား၊ အနတ္တ = အစိုးမရပါတကား ဟူ၍ ဆင်ခြင်သုံးသပ်ရမည်။

တစ်ဖန် မိမိရှေ့မှောက်၌ သစ်ရွက်တစ်ရွက် ကြွေကျလာသည်ကို တွေ့ရှိရသည် ဆိုပါစို့၊ အခြားသစ်ရွက်များ ကြွေကျခြင်း ရှိမရှိကို လေ့လာရမည်။ ထိုအခါ သစ်ပင်တိုင်း သစ်ပင်တိုင်း၌ ရင့်ရော်သော သစ်ရွက်များ ကြွေနေသည်ကိုလည်း တွေ့မြင်ရမည်။ စိမ်းစိုသော ရွက်ရင့်များ၊ ရွက်နုများ ကြွေနေသည်ကိုလည်း တွေ့မြင်ရမည်။ ဖြူရောင်၊ နီရောင်၊ ဝါရောင်သန်းနေသော ရွက်ဖူး
စာမျက်နှာ-498


ရွက်နုများ အညွန့်အဖူးများ ကြွေနေသည်ကိုလည်း တွေ့မြင်ရမည် ဖြစ်သည်။ ဤသစ်ပင်များ၏ အရွက်တို့သည် ယခင့်ယခင် နှစ်များကလည်း ဤကဲ့သို့ ကြွေခဲ့ကြလေပြီ၊ ရှေးနှစ်ပေါင်း သိန်းသန်းကုဋေ အသင်္ချေကလည်း သစ်ရွက်များ ကြွေခဲ့ကြလေပြီ၊ နောင်အနာဂတ်တွင်လည်း သစ်ရွက်များ ဆက်လက် ကြွေကြဦးမည် ဧကန်အမှန် ဖြစ်တော့သည်။ ထို့ကြောင့် ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ သုံးပါးရှိ သစ်ရွက်များသည် ကြွေခြင်းသဘော ရှိကုန်၏။ မမြဲခြင်းသဘောရှိကုန်၏။ အလားတူ သစ်ပင်၊ ပန်းပင်၊ မြက်ပင် အားလုံးတို့သည်လည်း သေဆုံး ပျက်စီးတတ်ကုန်၏။

ဤသို့ သစ်ရွက်ကလေးတစ်ရွက် ကြွေကျသည်ကို တွေ့မြင်မိရာမှ ဉာဏ်ဆင့်ပွားကာ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ကာလသုံးပါးရှိ သစ်ရွက်အားလုံးသည် ကြွေတတ်သော သဘောရှိသည်။ သစ်ပင်၊ ပန်းပင်၊ မြက်ပင်တို့သည်လည်း သေကြေပျက်စီးတတ်ကြသည်။ သက်ရှိ သတ္တဝါအားလုံးနှင့် သက်မဲ့ ရုပ်ဝတ္ထုဟု ဆိုအပ်သော အလုံးစုံသော သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘော ရှိကုန်၏၊ မမြဲခြင်း အနိစ္စ သဘော ရှိကုန်၏။ ဆင်းရဲခြင်း ဒုက္ခ သဘော ရှိကုန်၏၊ အစိုးမရခြင်း အနတ္တ သဘော ရှိကုန်၏ ဟူ၍ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာ့ဘုံဟု ဆိုအပ်သော ဘုံသုံးပါး၊ သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောကဟု ဆိုအပ်သော လောကသုံးပါးတို့ကို အကြွင်းအကျန်မရှိ အနိစ္စ၊ ဒုက္ခ၊ အနတ္တအဖြစ် ဆင်ခြင်သုံးသပ်ရမည်။

ထိုအခါ လောကသုံးပါး ဘုံသုံးပါး၌ နှစ်သက်ကြည်နူးဖွယ်ရာ တွယ်တာတပ်မက်ဖွယ်ရာ ရှာမတွေ့သဖြင့် လူ့ဘဝ၊ သူဌေးသူကြွယ်ဘဝလည်း မဖြစ်လိုတော့ချေ။ ဘုရင်မင်းစိုးရာဇာလည်း မဖြစ်လိုတော့ချေ။ ရေသတ္တဝါ၊ ကုန်းသတ္တဝါ၊ ကောင်းကင်ပျံသတ္တဝါလည်း မဖြစ်လိုတော့ချေ။ ဆင် မြင်း ကျွဲ နွား စသော အခြေလေးချောင်းသတ္တဝါလည်း မဖြစ်လိုတော့ချေ။ ကြက် ငှက် စသော အခြေနှစ်ချောင်းသတ္တဝါလည်း မဖြစ်လိုတော့ချေ။ မှက် ခြင် ယင် ဖြုတ် စသော ပိုးမွှားလည်း မဖြစ်လိုတော့ချေ၊ နတ်ဘဝ၊ ဗြဟ္မာ့ဘဝကိုလည်း မတောင့်တတော့ချေ။ ဘဝတစ်ခုလုံးကို ငြီးငွေ့စက်ဆုပ်လာတော့သည်။ သို့မှသာလျှင် လောကီကို ပယ်စွန့်၍ လောကုတ္တရာသို့ တက်လှမ်းကူးမြောက်နိုင်မည် ဖြစ်သည်။ လောကီဘုံဘဝ တစ်ခုခုကို အကောင်းထင်နေပါက သာယာစွဲလမ်းလိုလား နှစ်သက်နေပါက ယင်းလောကီဘုံဘဝကို မစွန့်လွှတ်နိုင်၊ မလွန်မြောက်နိုင်ချေ။ လောကုတ္တရာအဆင့်သို့ ကူးမြောက်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ဝိပဿနာရှုရာ၌ သင်္ခါရတရား အားလုံးကို မခြွင်းမချန် သိမ်းကျုံး၍ လက္ခဏာယာဉ် သုံးချက်ဖြင့် ဆင်ခြင်ရှုမှတ်ရမည် ဖြစ်သည်။
စာမျက်နှာ-499


ပဋာစာရီထေရီ၏ ရှုမြင်သုံးသပ်ပုံ

မြတ်စွာဘုရားရှင် လက်ထက်တော်က ပဋာစာရီထေရီမသည် ခြေဆေးသော နေရာ၌ ဖလားဖြင့် ရေကို ခပ်၍ ခြေများပေါ်သို့ ရေလောင်းချလိုက်သည်။ ရေသည် မြေပြင်ပေါ်တွင် အနည်းငယ် စီးသွား၍ စိမ့်ဝင် ခန်းခြောက်သွား၏။ ဒုတိယအကြိမ် ရေတစ်ဖလားကို လောင်းချလိုက်သောအခါ ရေသည် မြေပေါ်တွင် ပထမအကြိမ်ကထက် အနည်းငယ် ဝေးစွာစီးသွား၍ စိမ့်ဝင် ခန်းခြောက်သွား၏။ တတိယအကြိမ် ရေတစ်ဖလားခပ်၍ ခြေများပေါ်သို့ လောင်းချလိုက်သောအခါ ဒုတိယအကြိမ်ကထက် ပို၍ ဝေးစွာ စီးသွားပြီးနောက် စိမ့်ဝင် ခန်းခြောက်သွား၏။

ဤသို့ ရေများပျောက်၍ ပျောက်၍ သွားသည်ကို ဥပမာပြု၍ သတ္တဝါတို့ သေခြင်းတရားအပေါ် ဆင်ခြင်သုံးသပ်လိုက်သောအခါ ပထမအကြိမ်လောင်းသောရေကဲ့သို့ သတ္တဝါတို့သည် ပထမအရွယ်၌ သေဆုံးကုန်၏။ ဒုတိယအကြိမ် လောင်းသော ရေသည် ပထမအကြိမ်ကထက် ပို၍ဝေးစွာ စီးသွားပြီးနောက် ပျောက်ကွယ်သွားသကဲ့သို့ အချို့သော သတ္တဝါတို့သည် ပထမအရွယ်ကို လွန်မြောက်၍ ဒုတိယအရွယ် လူလတ်ပိုင်းသို့ ရောက်ရှိလာမှ သေဆုံးကြသည်လည်း ရှိ၏။ တတိယအကြိမ် လောင်းချသော ရေများသည် ဒုတိယရေထက် ပိုမိုဝေးစွာ စီးသွားပြီးနောက် ပျောက်ကွယ်သွားသကဲ့သို့ အချို့သော သတ္တဝါတို့သည် ဒုတိယအရွယ်ကို လွန်မြောက်၍ ပစ္ဆိမအရွယ် လူအိုလူမင်းဘဝရောက်မှ သေဆုံးကြရသည်လည်း ရှိ၏။ ဤသို့ ဆင်ခြင်သုံးသပ်လျက် သတ္တဝါအားလုံးတို့သည် သေရခြင်းသဘော ရှိကုန်၏။ ဤသို့လျှင် ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို ဆင်ခြင်သုံးသပ်၍ ပဋာစာရီထေရီမသည် ခြေဆေးရေများ ပျောက်ကွယ်သွားရာမှ အဓိပ္ပာယ်ဆက်စပ်ကာ သတ္တဝါသင်္ခါရအားလုံး သေဆုံးခြင်းသဘော၊ ဖြစ်ခြင်း ပျက်ခြင်းသဘော၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောကို သိမ်းကျုံးခြုံငုံ သုံးသပ်ဆင်ခြင်နိုင်မှုကြောင့် ကိလေသာ အာသဝေါ် ကုန်ခန်း၍ ရဟန္တာထေရီမအဖြစ်သို့ ရောက်တော်မူခဲ့သည်။

အိမ်ရှင်မတစ်ဦး ရှုမြင်သုံးသပ်ပုံ

မြတ်စွာဘုရားရှင် လက်ထက်တော်က ဝိပဿနာ ဘာဝနာ ပွားများလေ့ ရှိသော အိမ်ရှင်မတစ်ဦးသည် မီးဖိုချောင်၌ ဟင်းချက်နေစဉ် မီးတောက် မီးလျှံများကိုစူးစိုက်ကြည့်၍ မီးတောက်မီးလျှံများကြောင့် ဟင်းရွက်များ ညှိုးနွမ်းသွားပုံ၊ ဟင်းရည်များ ပွက်ပွက်ဆူပြီးနောက် တဖျစ်ဖျစ်မြည်ကာ ခန်းခြောက်သွားပုံတို့ကို စူးစိုက်ကြည့်နေလျက် ကုန်ခန်းခြင်းသဘော၊ မမြဲခြင်း
စာမျက်နှာ-500


သဘော အနိစ္စ၊ ဆင်းရဲခြင်းသဘော ဒုက္ခ၊ အစိုးမရခြင်းသဘော အနတ္တ ဟု ရှုမြင် ဆင်ခြင်လိုက်ရာ အနာဂါမ် အဖြစ်သို့ ရောက်ရှိသွားကြောင်းကို ထေရီဂါထာ အဋ္ဌကထာ (စာမျက်နှာ-၅) ၌ ဖော်ပြထားပေသည်။

ဓမ္မာထေရီမကြီး ရှုမြင်သုံးသပ်ပုံ

အလားတူပင် မြတ်စွာဘုရား လက်ထက်တော်က ဓမ္မာ အမည်ရှိသော ထေရီမကြီးသည် သက်ကြီးရွယ်အိုဖြစ်၍ တုန်တုန်ယင်ယင် ဆွမ်းခံလှည့်လည်ရာ ချော်လဲ၍ တလိမ့်ခေါက်ကွေး လိမ့်သွားသည်။ ထိုအခါ ခန္ဓာကိုယ်၏ ဆင်းရဲဒုက္ခ ဖြစ်ပုံ၊ ခန္ဓာဝန် ထမ်းဆောင်ရခြင်း၏ ဝန်လေးပုံကို ဆင်ခြင်သုံးသပ်၍ ဒုက္ခလက္ခဏာကို အခြေခံပြီး အနိစ္စလက္ခဏာ၊ အနတ္တလက္ခဏာတို့ကိုလည်း ဆင်ခြင်သုံးသပ်သဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားလေသည်။ ဤသို့ ခြေချော်လဲရုံမျှဖြင့် အရဟတ္တဖိုလ်ဆိုက်အောင် ဆင်ခြင်သုံးသပ်နိုင်ခြင်းမှာ မူလကပင် ကြိုတင်၍ ဝိပဿနာဉာဏ် ပွားများရင့်သန်နေပြီး ဖြစ်သည်ဟု မှတ်ယူရမည်။

အဇ္ဈတ္တိက ဗဟိဒ္ဓ (အတွင်း အပြင်) ခွဲခြား သုံးသပ်ခြင်း

ဤခန္ဓာကိုယ်တွင်း၌ တည်ရှိနေသော ခန္ဓာကိုယ်၌ အကျုံးဝင်သော ရုပ်တရား နာမ်တရားတို့သည် အဇ္ဈတ္တိက (အတွင်း) ရုပ်နာမ်တို့ မည်ကုန်၏။ မိမိခန္ဓာကိုယ်၏ အပ၌ ရှိသော ရုပ်တရား နာမ်တရား အားလုံးတို့သည် ဗဟိဒ္ဓ (အပြင်) ရုပ်နာမ်တို့ မည်ကုန်၏။ အဇ္ဈတ္တိက (အတွင်း) ရုပ်နာမ်တို့သည် လည်းကောင်း၊ ဗဟိဒ္ဓ (အပြင်) ရုပ်နာမ်တို့သည် လည်းကောင်း မမြဲခြင်း အနိစ္စ သဘော၊ ဆင်းရဲခြင်း ဒုက္ခ သဘော၊ အစိုးမရခြင်း အနတ္တ သဘော ရှိကုန်၏ဟု ဉာဏ်ဖြင့် ဆင်ခြင် ခြုံငုံသုံးသပ်ရမည်။

သြဠာရိက သုခုမ (ရုပ်ကြမ်း ရုပ်နု) ခွဲခြားသုံးသပ်ခြင်း

ကြီးမားသော ထင်ရှားသော အဆင်းရုပ်၊ အသံရုပ်၊ စူးရှပြင်းထန်သော အနံ့ရုပ်၊ အရသာရုပ်၊ ရုန့်ရင်းကြမ်းကမ်းပြင်းထန်သော အတွေ့အထိ ရုပ်တို့ကို တွေ့ကြုံရသည့်အခါ ထိုရုပ်များကို အနိစ္စ = အမြဲမရှိပါတကား၊ ဒုက္ခ = ဆင်းရဲပါတကား၊ အနတ္တ = အစိုးမရပါတကားဟူ၍ ဆင်ခြင်သုံးသပ်ရမည်။

သေးငယ်မှုန်မှေးသော မထင်ရှားသော သိမ်မွေ့သော အဆင်းရုပ်၊ အသံရုပ်၊ အနံ့ရုပ်၊ အရသာရုပ်၊ အတွေ့အထိရုပ်တို့ကို တွေ့မြင်ရသည့်အခါ ဤသိမ်မွေ့သော ရုပ်တို့သည်လည်း အနိစ္စ = အမြဲမရှိပါတကား၊ ဒုက္ခ = ဆင်းရဲပါတကား၊ အနတ္တ = အစိုးမရပါတကားဟူ၍ ဆင်ခြင်သုံးသပ်ရမည်။
စာမျက်နှာ-501


ဟီန၊ ပဏီတ (အညံ့ အကောင်း) ခွဲခြားသုံးသပ်ခြင်း

အရုပ်ဆိုး အကျည်းတန်သော ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော အဆင်းရုပ်၊ အသံရုပ်၊ အနံ့ရုပ်၊ အရသာရုပ်၊ အတွေ့အထိရုပ်တို့သည် ညံ့ဖျင်းယုတ်နိမ့်သော ဟီနရုပ် တို့ မည်ကုန်၏။ သန့်ရှင်းကြည်လင်သော လှပသော သာယာဖွယ် ကောင်းသော အဆင်းရုပ်၊ အသံရုပ်၊ အနံ့ရုပ်၊ အရသာရုပ်၊ အတွေ့အထိရုပ် တို့သည်ကောင်းမြတ်သော ပဏီတရုပ် တို့ မည်ကုန်၏။ ရုပ်ဆိုးရုပ်ညံ့များသည် ရုပ်ကောင်း ရုပ်သန့်အဖြစ်သို့ မရောက်မူ၍ ထိုရုပ်ဆိုး ရုပ်ညံ့အဖြစ်မှာပင် ပျက်စီးချုပ်ငြိမ်းသွားကုန်၏။ ရုပ်ကောင်း ရုပ်သန့်တို့သည်လည်း ရုပ်ဆိုး ရုပ်ညံ့ အဖြစ်သို့ မရောက်မူ၍ ကောင်းမွန်ဆဲမှာပင် ကုန်ဆုံးပျက်စီးသွားကုန်၏။ ထို့ကြောင့် ရုပ်ဆိုး ရုပ်ညံ့နှင့် ရုပ်ကောင်း ရုပ်သန့်တို့သည်လည်း အနိစ္စ = အမြဲမရှိပါတကား၊ ဒုက္ခ = ဆင်းရဲပါတကား၊ အနတ္တ = အစိုးမရပါတကား ဟူ၍ ဆင်ခြင်သုံးသပ်ရမည်။

ဒူရ သန္တိက (အဝေး အနီး) ခွဲခြားသုံးသပ်ခြင်း

မိမိလက်တစ်ကမ်းအတွင်းရှိသော ရုပ်ဝတ္ထုများသည် အနီးရုပ် တို့ မည်ကုန်၏။ မိမိလက်တစ်ကမ်းအပ၌ ရှိသော ရုပ်ဝတ္ထုများသည် အဝေးရုပ် တို့ မည်ကုန်၏။ တစ်နည်း — ပကတိအားဖြင့် မြင်ရန် ကြားရန် လွယ်ကူ ထင်ရှားသော ၁၂-တောင် ဥပစာအတွင်း၌ ရှိသော အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ ရုပ်များသည် အနီးရုပ်များ မည်ကုန်၏။ ယင်းထောင်မှ အပဖြစ်သော ရုပ်များသည် အဝေးရုပ်များ မည်ကုန်၏။ တစ်နည်းအားဖြင့် ပကတိမျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ကာယတို့ဖြင့် အာရုံခံ သိနိုင်စွမ်းသော အရပ်ဒေသ အပိုင်းအခြားအတွင်းရှိ ရုပ်များသည် အနီးရုပ်များ မည်ကုန်၏။

ထို့ကြောင့် မျက်စိ တမျှော်တခေါ် မြင်ကွင်းအတွင်းရှိ အဆင်းရူပါရုံများ၊ နားဖြင့် ကြားနိုင်လောက်သည့် ဒေသအပိုင်းအခြား အတွင်းရှိ အသံရုပ်များ၊ နှာဝသို့ အနံ့ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်သည့် ဒေသအတွင်းရှိ အနံ့ရုပ်များ၊ လျှာနှင့် ကိုယ်ကာယသို့ ရောက်ရှိ တွေ့ထိလာသော အရသာရုပ်များ၊ အတွေ့အထိရုပ်များသည် အနီးရုပ်များ မည်ကုန်၏။ မမြင်နိုင်လောက်အောင် ကွာဝေးသော အရပ်ရှိ အဆင်းရူပါရုံများ၊ မကြားနိုင်လောက်အောင် ကွာဝေးသောအရပ် ဒေသရှိ အသံရုပ်များ၊ အနံ့ခံယူ၍ မရနိုင်လောက်အောင် ကွာဝေးသော အရပ်ဒေသရှိ အနံ့ရုပ်များ၊ လျှာနှင့် ကိုယ်ကာယသို့ မရောက်ရှိ မတွေ့ထိနိုင်လောက်အောင် ကွာဝေးသော အရပ်ဒေသရှိ အရသာရုပ်များ၊ အတွေ့အထိ
စာမျက်နှာ-502


ရုပ်များသည် ဝေးသော ရုပ်များ မည်ကုန်၏။ ထိုနီးသောရုပ် ဝေးသောရုပ် တို့သည် အနိစ္စ = အမြဲမရှိပါတကား၊ ဒုက္ခ = ဆင်းရဲပါတကား၊ အနတ္တ = အစိုးမရပါတကား ဟူ၍ ဆင်ခြင်သုံးသပ်ရမည်။

(ဂ) သန္တတိသမ္မသနနည်း

သန္တတိ ဟူသည် အစဉ်အတန်းတစ်ခု၊ ဖြစ်စဉ်တစ်ခုဟု ဆိုလိုသည်။ ရုပ်တရားတို့သည် အပူရုပ်ဖြစ်စဉ်၊ အအေးရုပ်ဖြစ်စဉ်၊ ခံ့ကျန်းသော ရုပ်ဖြစ်စဉ်၊ မကျန်းမာသော ရုပ်ဖြစ်စဉ်၊ ပေါ့ပါးသော ရုပ်ဖြစ်စဉ်၊ လေးလံထိုင်းမှိုင်းသော ရုပ်ဖြစ်စဉ်၊ ပျော့ပျောင်းသော ရုပ်ဖြစ်စဉ်၊ ခက်ထန်မာကျော တောင့်တင်းသော ရုပ်ဖြစ်စဉ်ဟူ၍ ရုပ်ဖြစ်စဉ် (ရူပသန္တတိ) အမျိုးမျိုးရှိသည်။ တစ်ခုနှင့်တစ်ခု မတူ၊ အမြဲပြောင်းလဲနေသည်။

ရုပ်ဖြစ်စဉ်များ ပြောင်းလဲနေပုံကို ထင်ရှားအောင် ပြဆိုပါမည်။ လူတစ်ယောက်သည် နေပူကျဲကျဲ၌ ကြာရှည်ရပ်နေပါက ချွေးသံများ ယိုရွှဲ၍ ခန္ဓာကိုယ်မှာ ပူလောင်နေမည်။ နေရိပ်ထဲသို့ ဝင်လိုက်သောအခါ ချွေးများ တိတ်သွားပြီး ခန္ဓာကိုယ် အပူချိန် လျော့နည်းသွားမည်။ ထို့ကြောင့် နေပူထဲ၌ နေစဉ် အပူရုပ် ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်နေသည်။ နေရိပ်ထဲသို့ ဝင်လိုက်သော အခါ အပူရုပ်ဖြစ်စဉ် ပျောက်၍ အအေးရုပ်ဖြစ်စဉ် ရောက်လာသည်။ မီးမှိတ်ထားသော ရုပ်ရှင်ရုံအတွင်းသို့ အပြင်မှ ဝင်လာသော သူသည် ရုတ်တရက် ဘာကိုမှ မမြင်ရချေ။ တစ်မိနစ်ခန့် ကြာသောအခါ ယင်းရုပ်ရှင်ရုံအတွင်းရှိ လူများ၊ အရာဝတ္ထုများကို မြင်နိုင်လာတော့သည်။ ဤသည်မှာ မျက်စိ၏ မြင်နိုင်စွမ်းအား အပြောင်းအလဲ ရှိပုံကို ထင်ရှားအောင် ပြဆိုခြင်း ဖြစ်သည်။ အလင်းအားကောင်းသော ရုပ်ရှင်ရုံပြင်ပ၌ နေစဉ် မျက်စိအကြည်ဓာတ်သည် ဖြစ်စဉ်တစ်မျိုး၊ မီးမှိတ်ထားသော ရုပ်ရှင်ရုံအတွင်း၌ မျက်စိအကြည်ဓာတ်သည် ဖြစ်စဉ်တစ်မျိုး၊ ဤကဲ့သို့ ရုပ်ဖြစ်စဉ်နှစ်ခု ကွဲပြားခြားနားပုံကို လေ့လာရမည်။

မကျန်းမာသော ရုပ်ဖြစ်စဉ်နှင့် ကျန်းမာသော ရုပ်ဖြစ်စဉ်တို့သည် မတူ ထူးခြား ကွဲပြားမှု ရှိသည်။ အလားတူ ထိုင်သောရုပ်နှင့် ထသောရုပ်၊ ကွေးသောရုပ်နှင့် ဆန့်သောရုပ် မတူထူးခြား ကွဲပြားပုံကို သိရမည်။ ဤသို့ ရုပ်အခြေအနေ ပြောင်းတိုင်း ရုပ်ဖြစ်စဉ် ပြောင်းလဲမှုရှိသည်ကို သိရမည်။ ၎င်းရုပ်ဖြစ်စဉ်များ ပြောင်းလဲမှုကို ကြည့်၍ အပူရုပ်ဖြစ်စဉ်သည် အအေးရုပ်ဖြစ်စဉ်သို့ မရောက်လာဘဲ ချုပ်ပျောက်သွားသည်။ ကျန်းမာသော ရုပ်ဖြစ်စဉ်သည် မကျန်းမာသော ရုပ်ဖြစ်စဉ်သို့ မရောက်လာဘဲ ချုပ်ပျောက်သွားသည်။ ထိုင်ရုပ်သည် ထရုပ်သို့ မရောက်လာဘဲ ချုပ်ပျောက်သွားသည်။ ဆန့်ရုပ်သည် ကွေးရုပ်သို့
စာမျက်နှာ-503


မရောက်လာဘဲ ချုပ်ပျောက်သွားသည်။ ဤရုပ်ဖြစ်စဉ်များသည် အနိစ္စ = အမြဲမရှိပါတကား၊ ဒုက္ခ = ဆင်းရဲပါတကား၊ အနတ္တ = အစိုးမရပါတကားဟု ရှုဆင်ခြင်ရမည်။

တစ်ဖန် စိတ်ဖြစ်စဉ်များကို လေ့လာရာ၌ မြင်သိစိတ် ဖြစ်စဉ်များ၊ ကြားသိစိတ် ဖြစ်စဉ်များ၊ နံသိစိတ် ဖြစ်စဉ်များ၊ အရသာသိစိတ် ဖြစ်စဉ်များ၊ ထိသိစိတ် ဖြစ်စဉ်များ၊ ကြံသိစိတ် ဖြစ်စဉ်များ တစ်ခုနှင့်တစ်ခု မတူ ထူးခြားကွဲပြားကြ၏။ ထိသိစိတ် တစ်မျိုးတည်းမှာပင် ခြေထောက်၌ ထိသိစိတ် ဖြစ်နေပါက ရင်ဘတ်၌ ထိသည်ကို မသိနိုင်ချေ။ ထိတွေ့မှုနှစ်ခု တစ်ပြိုင်နက် ဖြစ်သောအခါ ပြင်းထန် အားကောင်းသော ထိတွေ့မှုကိုသာ သိနိုင်၍ အားနည်းသော ထိတွေ့မှုကို မသိနိုင်တော့ချေ။

ထို့ကြောင့် ခါးပိုက်နှိုက်တစ်ယောက်သည် ဘတ်စ်ကားပေါ်၌ ခရီးသည်တစ်ဦး၏ခြေချောင်းပေါ်ကို ဖိနပ်ဖြင့်နင်းချလိုက်ပြီး ခရီးသည်၏စိတ်အာရုံသည် ခြေထောက်နာကျင်မှုသို့ ရောက်ရှိနေစဉ် အိတ်ကပ်ထဲမှ ပိုက်ဆံကို နှိုက်ယူလိုက်တော့သည်။ အိတ်ကပ်၏ လှုပ်ရှားထိတွေ့မှုကို ခရီးသည်သည် မသိနိုင်တော့ချေ။ အလားတူပင် ကပွဲများ၌ မင်းသား၊ မင်းသမီးကို အာရုံဇောကျနေသော သူများသည် ခါးပိုက်နှိုက်၏ ပစ္စည်းနှိုက်ယူလိုက်သော တွေ့ထိမှုအာရုံကို မသိလိုက်တော့ချေ။ ဤသည်မှာ စိတ်ဖြစ်စဉ် တစ်ခုအတွင်း၌ အသိစိတ် တစ်မျိုးသာ ရှိ၍ အသိစိတ်နှစ်မျိုး တစ်ပြိုင်နက် မဖြစ်နိုင်ကြောင်း သက်သေ အထောက်အထား ဖြစ်သည်။

ထို့ကြောင့် စိတ်ဖြစ်စဉ် တစ်ခုပြီးမှ အခြားစိတ်ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ခွင့် ရှိသည်။ မြင်သိစိတ် ဖြစ်စဉ်သည် ကြားသိစိတ် ဖြစ်စဉ်သို့ မရောက်မီ ချုပ်ပျောက်ခဲ့သည်။ ကြားသိစိတ် ဖြစ်စဉ်သည်လည်း နံသိစိတ် ဖြစ်စဉ်သို့ မရောက်မီ ချုပ်ပျောက်ခဲ့သည်။ အလားတူပင် သုခဝေဒနာ ဖြစ်စဉ်သည် ဒုက္ခဝေဒနာ ဖြစ်စဉ်သို့ မရောက်မီ ချုပ်ပျောက်ခဲ့သည်။ ဒုက္ခဝေဒနာ ဖြစ်စဉ်သည်လည်း သုခဝေဒနာ ဖြစ်စဉ်သို့ မရောက်မီ ချုပ်ပျောက်ခဲ့သည်။ ချစ်စိတ်အစဉ်သည် မုန်းစိတ်အစဉ်သို့ မရောက်မီ ချုပ်ပျောက်ခဲ့သည်။ သာယာကြည်နူးစိတ် အစဉ်သည် ရွံရှာကြောက်လန့်စိတ်အစဉ်သို့ မရောက်မီ ချုပ်ပျောက်ခဲ့သည်။ ဤသို့စသည်ဖြင့် စိတ်ဖြစ်စဉ်များ ပြောင်းလဲပျက်စီး ချုပ်ပျောက်ပုံကို ကြည့်၍ အနိစ္စ = အမြဲ မရှိပါတကား၊ ဒုက္ခ = ဆင်းရဲပါတကား၊ အနတ္တ = အစိုးမရပါတကားဟု ဆင်ခြင်ပွားများရမည်။
စာမျက်နှာ-504


(ဃ) ခဏသမ္မသနနည်း

ရုပ်တရား၌ လည်းကောင်း၊ နာမ်တရား၌ လည်းကောင်း ဖြစ်ဆဲခဏ ဥပါဒ်၊ တည်ဆဲခဏ ဌီ၊ ပျက်ဆဲခဏ ဘင် ဟူ၍ ခဏသုံးပါး၊ အခိုက်အတန့်သုံးပါး ရှိသည်။ ဖြစ်ဆဲဥပါဒ်ခဏ၌ ရုပ်သည် ဖြစ်ပေါ်လာ၍ ဘင်ခဏသို့ ရောက်သောအခါ ချုပ်ပျောက်ပျက်စီး၏။ ဖြစ်ဆဲဥပါဒ်ခဏ၌ ဖြစ်ပေါ်လာသော နာမ်တရားသည် ဖြစ်ပေါ်လာပြီးနောက် ဘင်ခဏသို့ ရောက်သောအခါ ချုပ်ပျောက်ပျက်စီး၏။

ဤသို့ ခဏငယ်အားဖြင့် မမြဲခြင်း အနိစ္စ သဘောကို သုံးသပ် ဆင်ခြင်ရန်မှာ ဝိပဿနာဉာဏ်ရင့်ကျက်၍ ထက်မြက်လာမှသာ ပြုလုပ်နိုင်ပေမည်။

သတိပဋ္ဌာန်နည်းဖြင့် ရှုမှတ်ခြင်း

သတိဗလ၊ သတိသမ္ဗောဇ္ဈင်နှင့် သမ္မာသတိမဂ္ဂင်ဟူသော ဗောဓိပက္ခိယတရား၌ ပါဝင်သည့် သတိကို ဆိုလိုသည်။ သတိတရားသည် အမြဲစောင့်ကြည့်နေသည့် သဘောရှိသည်။ ရုပ်တရား၊ နာမ်တရားတို့ကို မျက်ချည်မပြတ် စောင့်ကြည့်နေခြင်းကို သတိပဋ္ဌာန် ဝိပဿနာရှုနည်းဟု ခေါ်ဆိုရသည်။ (သတိပဋ္ဌာန် = သတိ + ပဋ္ဌာန၊ သတိ + တည်ရာအာရုံ)

ယင်းသတိပဋ္ဌာန် ဝိပဿနာရှုနည်းသည် အကျဉ်းအားဖြင့် အောက်ပါအတိုင်း ၄-မျိုး ရှိသည် —

(က) ကာယာနုပဿနာသတိပဋ္ဌာန် = ကာယကို အဖန်ဖန် အမြဲတစေ စူးစိုက်ရှုမှတ်နည်း။
(ခ) ဝေဒနာနုပဿနာသတိပဋ္ဌာန် = ဝေဒနာကို အဖန်ဖန် အမြဲတစေ စူးစိုက်ရှုမှတ်နည်း။
(ဂ) စိတ္တာနုပဿနာသတိပဋ္ဌာန် = စိတ်ကို အဖန်ဖန် အမြဲတစေ စူးစိုက်ရှုမှတ်နည်း။
(ဃ) ဓမ္မာနုပဿနာသတိပဋ္ဌာန် = အထက်ပါ သတိပဋ္ဌာန်နည်း သုံးနည်းကို ပွားများအားထုတ်ရာမှ ဉာဏ်အဆင့် မြင့်လာသော အခါ တွေ့ကြုံရသည့် အတားအဆီးများ၊ အစွဲအလမ်းများ၊ သို့မဟုတ် ဖြစ်ထွန်းလာသော ကောင်းကျိုးချမ်းသာများကို သတိတရားဖြင့် အဖန်ဖန်အမြဲတစေ စူးစိုက်ရှုမှတ်နည်း။
စာမျက်နှာ-505


တစ်နည်းအားဖြင့် ရူပက္ခန္ဓာကို ရှုမှတ်နည်းသည် ကာယာနုပဿနာသတိပဋ္ဌာန် မည်၏။ ဝေဒနာက္ခန္ဓာကို ရှုမှတ်ခြင်းသည် ဝေဒနာနုပဿနာသတိပဋ္ဌာန် မည်၏။ ဝိညာဏက္ခန္ဓာကို ရှုမှတ်ခြင်းသည် စိတ္တာနုပဿနာသတိပဋ္ဌာန် မည်၏။ ကြွင်းသော သညာက္ခန္ဓာနှင့် သင်္ခါရက္ခန္ဓာတို့ကို ရှုမှတ်ခြင်းသည် ဓမ္မာနုပဿနာသတိပဋ္ဌာန် မည်၏။ တစ်နည်းအားဖြင့် ကာယာနုပဿနာဖြင့် ရုပ်သက်သက်ကို သိမ်းဆည်းခြင်းကို ပြသည်။ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာဖြင့် နာမ်သက်သက် သိမ်းဆည်းခြင်းကို ပြသည်။ ဓမ္မာနုပဿနာဖြင့် ရုပ်နာမ်နှစ်ပါး ရောလျက် သုံးသပ်ခြင်းကို ပြသည်။

အလွယ်အခက် အတိမ်အနက်အားဖြင့် သတ်မှတ်ရာ၌ ကာယာနုပဿနာနည်းသည် ရှုမှတ်ရန် လွယ်ကူ၏။ ပေါ်လွင်ထင်ရှား၏။ ထို့နောက် ဝေဒနာနုပဿနာနည်းသည် အနည်းငယ် ခက်လာ၍ ကာယာနုပဿနာကဲ့သို့ အမြဲပေါ်လွင်ထင်ရှားမှု မရှိ။ အင်အားသေးငယ်သော သုခဝေဒနာ၊ ဒုက္ခဝေဒနာများနှင့် ဥပေက္ခာဝေဒနာတို့ကို ရှုမှတ်ရာ၌ သိမြင်ရန် တွေ့မြင်ရန် နက်နဲခက်ခဲလာ၏။ ထို့ထက် စိတ္တာနုပဿနာကို ရှုမှတ်ရန်မှာ ပိုမိုခက်ခဲလာ၏။ ထို့ထက် ဓမ္မာနုပဿနာမှာ ပိုမိုသိမ်မွေ့ နက်နဲလာသည်။

ကာယ၊ ဝေဒနာ၊ စိတ္တ ဤအနုပဿနာသုံးမျိုးကို ရှုမှတ်၍ ဉာဏ်အသင့်အတင့် ရင့်ကျက်လာမှသာ ဓမ္မာနုပဿနာကို ရှုနိုင်ပေလိမ့်မည်။

ကာယာနုပဿနာသတိပဋ္ဌာန်

ရှေးဦးစွာ ကာယာနုပဿနာကို ပြဆိုပါ့မည်။ ကာယာနုပဿာနာကာယကို ရှုမှတ်နည်း ၁၄-မျိုး ရှိသည် —

အာနာပါန = ထွက်သက် ဝင်သက်ကို ရှုမှတ်ခြင်း။
ဣရိယာပုတ် ၄-မျိုး ကို ရှုမှတ်ခြင်း။
ကိုယ်၊ နှုတ်နှစ်ပါး လှုပ်ရှားမှုများ ကို ရှုမှတ်ခြင်း။
ရွံရှာစက်ဆုပ်ဖွယ်များ ကို ရှုမှတ်ခြင်း။
ဓာတ်ကြီး ၄-ပါး ဖြင့် ခွဲဝေရှုမှတ်ခြင်း။
(၆-၁၄) သူသေကောင် အနေအထား ၉-မျိုး ကို ရှုမှတ်ခြင်း။
စာမျက်နှာ-506


အာနာပါန-ထွက်သက် ဝင်သက်ကို ရှုမှတ်ခြင်း

ထွက်သက် ဝင်သက်ရှုမှတ်နည်းကို ဤကျမ်း (ဒုတိယတွဲ) မှာ အခန်း (၆) စာမျက်နှာ (၁၆၁ မှ ၂၃၂) အထိ ရေးသားဖော်ပြခဲ့ပြီး ဖြစ်သည်။ သို့ရာတွင် ဈာန်လမ်းစဉ်၊ သမထလမ်းစဉ်အရ ဈာန်ရအောင် ရှုမှတ်နည်းကိုသာ အဓိက ထား၍ ပြဆိုခဲ့ပါသည်။ ဝိပဿနာနည်းအရ ထွက်သက် ဝင်သက်ကို ရှုမှတ်နည်း မပြရသေးသဖြင့် ဤ၌ ဆက်လက်ပြဆိုပါမည်။

ထွက်သက်ဝင်သက်ကို ရှည်လျားစွာ ရှုသွင်း ရှုထုတ်ခြင်း၊ တိုကောင်းစွာ ရှူသွင်း ရှူထုတ်ခြင်း၊ ထွက်သက် ဝင်သက်၏ အစ၊ အလယ်၊ အဆုံး သုံးပါးကို သိလျက် ရှူသွင်း ရှူထုတ်ခြင်း၊ ထွက်သက် ဝင်သက်ကို သိမ်မွေ့စွာ ရှူသွင်း ရှူထုတ်ခြင်း၊ (၄) နည်းမှာမူ သမထဘာဝနာ၊ အာနာပါနဈာန် အားထုတ်နည်းတွင် ပြဆိုခဲ့သည့်အတိုင်း ထပ်တူထပ်မျှ တူညီပါသည်။

ဤသို့ ထွက်သက် ဝင်သက် ထွက်လေ ဝင်လေများကို အတို အရှည် အကြမ်း အနု စိတ်ထင်သလို စမ်းသပ်ရှူရှိုက်၍ အကြိမ်ကြိမ် အဖန်ဖန် သုံးသပ်လိုက်သောအခါ ရှူရှိုက်မှုကို စိတ်ကဦးဆောင်နေသည်ဟု သိလာရသည်။ ဝင်လေသည် အမြဲမတည်နိုင်၊ ထွက်သွားရသည်။ ထွက်လေသည်လည်း အမြဲမတည်နိုင်၊ ဝင်လာရပြန်သည်။ လေထုထည်တစ်ခု ဝင်ချည်ထွက်ချည် လှုပ်ရှား ရွေ့လျားနေသည်ကို တွေ့လာရသည်။ ယင်းလေများ ဝင်လိုက် ထွက်လိုက် ဖြစ်နေစေရန် ရင်ခေါင်း၊ ဗိုက်ခေါင်းဟု ဆိုအပ်သော ဤကိုယ်ကာယကြီးသည် ဖောင်းလိုက် ပိန်လိုက် ဖြစ်နေသည်။ ရင်ခေါင်း၊ ဗိုက်ခေါင်းကို ကျုံ့လိုက် ရှုံ့လိုက်သောအခါ နှာဝမှ လေများ ပြန်ထွက်သွားသည်။

ဥပမာအားဖြင့် ပန်းပဲသမား၊ ပန်းထိမ်သမားတို့ အသုံးပြုသည့် ဖားဖိုနှင့် တူနေသည်ဟု ထင်မြင်လာသည်။ ဖားဖိုကို ဖောင်းပွ ဖွင့်ပေးလိုက်သောအခါ အောက်ဘက်ရှိ လေဝင်ပေါက်မှ လေများ ဝင်လာသည်။ ဖားဖိုကို ပြန်လည် ကျုံ့လိုက်ပိတ်လိုက်သောအခါ လေများသည် မီးဖိုဘက်ရှိနှာဝမှ ထွက်သွားကြသည်။ ဤသို့ ဖားဖိုအတွင်းသို့ လေများ ဝင်လာလိုက် ထွက်သွားလိုက် ဖြစ်နေသကဲ့သို့ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကြီးသည် ဖောင်းလိုက် ပိန်လိုက် လေများ ဝင်လာလိုက် ထွက်သွားလိုက် ဖြစ်နေရာ ဖားဖိုကြီးနှင့် တူညီနေတော့သည်။ မိမိအသက်ရှူနေသည်ကို ဖားဖိုကြီးဥပမာ ရှုမှတ်သကဲ့သို့ မိမိအနီးနား ပတ်ဝန်းကျင်ရှိ လူများ၊ တိရစ္ဆာန်များ အသက်ရှူနေသည်ကိုလည်း ဖားဖိုကြီးနှင့် ဥပမာတင်၍ ရှုမှတ်ရမည်။

ထိုထွက်သက်ဝင်သက် ထွက်လေဝင်လေများသည် အသက်ရှူရှိုက်လိုသည့် စိတ်ရှိနေသောကြောင့်သာ ဖြစ်ပေါ်နေသည်။ ရှူရှိုက်လိုစိတ် မရှိပါက ...
စာမျက်နှာ-507


ထွက်သက်ဝင်သက် ချုပ်ငြိမ်းသွားသည်။ သူသေကောင်များမှာ အသက်မရှူတော့သည်ကို တွေ့နိုင်ပေသည်။ ထို့ပြင် ဤကိုယ်ခန္ဓာကြီး ရှိနေသောကြောင့်သာ အသက်ရှူရှိုက်နေခြင်း ဖြစ်သည်။ ဤရင်ခေါင်း ဗိုက်ခေါင်းကြီးကို ဓားဖြင့် ခွဲဖွင့်ထားပါက အသက်ရှူရှိုက်မှု မရှိနိုင်တော့ချေ။ ဖားဖိုကြီး၏ လေခိုရန် သားရေအိတ်ကို ဖောက်ခဲ့ ဆုတ်ဖြဲထားပါက ဖားဖိုအတွင်းသို့ လေဝင်လေထွက် ရှိနိုင်တော့မည်မဟုတ်ချေ။ တစ်ဖန် နှာခေါင်းပေါက် တည်းဟူသော လေဝင်လေထွက်ပေါက် မရှိပါကလည်း အသက်ရှူရှိုက်မှု ဖြစ်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် အသက်ရှူမှုသည် ဤရင်ခေါင်း ဝမ်းခေါင်းနှင့် အခေါင်းပေါက်ကိုလည်းကောင်း၊ စိတ်ကိုလည်းကောင်း အစွဲပြု၍ ဖြစ်ပေါ်နေသည်။ ယင်းတရားသုံးပါး မရှိပါက ထွက်သက်ဝင်သက် ချုပ်ငြိမ်းသွားမည်။

ဤသို့ ထွက်သက်ဝင်သက်တို့၏ ဖြစ်ခြင်းသဘော၊ ပျက်ခြင်းသဘော၊ ဖြစ်ခြင်း ပျက်ခြင်း သဘောတို့ကို အစဉ် ရှုမှတ်နေရမည်။ ထိုအခါ ဤရင်ခေါင်း ဝမ်းခေါင်း ဖောင်းပိန်၍ ဝင်လေထွက်လေ ဖြစ်ပေါ်နေမှုကို လေများဝင်ထွက်နေသည်ဟုသာ ယောဂီ၏ ဉာဏ်တွင် ထင်မြင်လာသည်။ ဤဝင်လေထွက်လေများကို ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ ဟူ၍ လည်းကောင်း၊ ငါပိုင် ငါ့ဥစ္စာ ဟူ၍လည်းကောင်း၊ အခြားသူတစ်ပါးပိုင် ဟူ၍ လည်းကောင်း မထင်မြင်တော့ချေ။ ဝင်လေထွက်လေအပေါ်၌ သာယာစွဲလမ်း တပ်မက်မှု မရှိ၊ ထိုဝင်လေထွက်လေကို အသက်၊ ဝိညာဉ်၊ လိပ်ပြာ၊ အတ္တကောင် ဟူ၍ မယူဆတော့ချေ။

ဤဝင်လေထွက်လေများသည်လည်းကောင်း၊ ဝင်လေထွက်လေကို ဖြစ်ပေါ်စေသည့် ဤကိုယ်ကာယကြီးသည်လည်းကောင်း၊ ရှူရှိုက်လိုသည့် စိတ်သည်လည်းကောင်း အမြဲမရှိ အနိစ္စ၊ ယင်းအနိစ္စဖြင့် အဖန်ဖန် နှိပ်စက်ခံနေရသောကြောင့် ဒုက္ခ စင်စစ်ဖြစ်၏။ ဤဒုက္ခဖြစ်ရခြင်းသည် ရှေးရှေးဘဝအချိန်ကာလများက ဖြစ်ပေါ်ခဲ့သော တဏှာသမုဒယကြောင့် ဖြစ်သည်။ ယင်းဒုက္ခနှင့် သမုဒယတို့ မဖြစ်တော့ဘဲ ချုပ်ငြိမ်းသွားခြင်းသည် နိရောဓသစ္စာ မည်၏။ ဒုက္ခသစ္စာကို ပိုင်းခြားသိလျက် တဏှာသမုဒယကို ပယ်လျက်၊ ချုပ်ငြိမ်းမှု နိရောဓကို အာရုံပြုသော မဂ္ဂင်ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။ ဤသို့လျှင် ထွက်သက်ဝင်သက် တစ်ခုတည်းကို နှလုံးသွင်း ဆင်ခြင်ရာမှ အစပြု၍ အရဟတ္တဖိုလ် နိဗ္ဗာန်တိုင်အောင် ရောက်ရှိနိုင်ပေသည်။

ဣရိယာပုထ် ၄-ပါးကို ရှုမှတ်ခြင်း

သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လဲလျောင်းခြင်း ဤလေးမျိုးကို ဣရိယာပုထ် ဟု ခေါ်သည်။ သွားသောအခါ၌ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း
စာမျက်နှာ-508


“သွားတယ်၊ သွားတယ်” ဟု မှတ်ရမည်၊ သို့မဟုတ် “လှမ်းတယ်၊ လှမ်းတယ်” ဟု မှတ်ရမည်၊ သို့မဟုတ် “ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်” ဟု မှတ်ရမည်။ ရှုမှတ်ရန် အာရုံကျဲနေပါက စိတ်ကို အလုပ်များသွားစေရန် ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းကို သုံးပိုင်း ပိုင်း၍ ရှုမှတ်ရမည်။ “ကြွတယ်၊ လှမ်းတယ်၊ ချတယ်” ဟု သုံးပိုင်းပိုင်း၍ ရှုမှတ်ရမည်။ ထို့ထက် အနုစိတ်လိုပါက ခြေလှမ်းတစ်လှမ်းကို ခြောက်ပိုင်းပိုင်း၍ ရှုမှတ်ရမည်။

ကြွတယ် (မြှောက်တယ်)
ဆွဲတယ် (တစ်ဖက်ခြေဆီသို့ ရောက်အောင် ဆွဲဆောင်ယူခြင်း)
လှမ်းတယ် (တစ်ဖက်ခြေကို လွန်၍ ရှေ့သို့ လှမ်းခြင်း)
လွှတ်တယ် (ရှေ့သို့ လှမ်းသောခြေကို ရပ်ဆိုင်းခြင်း စွန့်လွှတ်ခြင်း)
ချတယ် (မြေပြင်ပေါ်သို့ ချခြင်း)
နင်းတယ် (တစ်ဖက်ခြေကို ကြွနိုင်ရန်အတွက် လှမ်းချသောခြေကို ဖိ၍ နင်းခြင်း)

ဤသို့ သွားခြင်းဣရိယာပုထ်ကို သတိပဋ္ဌာန်ဖြင့် ရှုမှတ်ရာ၌ အစပိုင်းတွင် ခြေတစ်လှမ်းချင်း နှေးကွေးစွာ လှမ်း၍ လေ့ကျင့်ရသည်။ အသွားသင်ကာစ ကလေးကဲ့သို့ ဂရုစိုက်၍ သတိထား၍ တစ်လှမ်းချင်း နှေးကွေးစွာ လှမ်းရမည်။ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း၌ သတိအမြဲကပ်နေရမည်။ ခြေတစ်လှမ်းကို ခြောက်ပိုင်း ပိုင်း၍ ရှုမှတ်ရာ၌ အမှတ်စိပ်လာသဖြင့် ဂရုတစိုက် လေ့ကျင့်ယူရမည် ဖြစ်သည်။ အရပ်သူ အရပ်သားများ သွားရိုးသွားစဉ် သွားသကဲ့သို့ နမော်နမဲ့ ခြေလှမ်း လှမ်းခြင်းမျိုး မပြုရ။ ခြေထောက်နှစ်ဖက်တွင် အသိဉာဏ်နှင့် သတိသည် အမြဲ ယှဉ်ကပ်နေရမည်။ ခြေထောက် လှုပ်ရှားတိုင်း လှုပ်ရှားတိုင်း ရှုမှတ်နေရမည်။ ဤနည်းကို ခေါက်တုံ့ခေါက်ပြန် စင်္ကြံလျှောက်လျက် လေ့ကျင့်ရမည် ဖြစ်သည်။

စင်္ကြံလျှောက်၍ မခံမရပ်နိုင်အောင် ညောင်းညာပင်ပန်း နွမ်းနယ်လာပါက ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းခြင်း ဣရိယာပုထ်များသို့ ပြောင်းလဲရမည်။ ရပ်နေသည့်အခါ ရပ်နေသည့်ပုံကို ကင်မရာဖြင့် အဆက်မပြတ် ဓာတ်ပုံရိုက်နေသကဲ့သို့ “ရပ်နေသည် ရပ်နေသည်” ဟု ရှုမှတ်ရမည်။ ထိုင်နေလျှင်လည်း “ထိုင်သည် ထိုင်သည်” ဟု ရှုမှတ်နေရမည်၊ လဲလျောင်းနေလျှင်လည်း “လဲလျောင်းနေသည် လဲလျောင်းနေသည်” ဟု ရှုမှတ်ရမည်။ အချုပ်အားဖြင့် မိမိကိုယ်ကာယ တည်ရှိနေဟန်ကို အမြဲ စောင့်ကြည့်နေရမည်။ သိနေရမည်။ အလားတူပင်
စာမျက်နှာ-509


သူတစ်ပါးတို့ လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုထ်လေးပါး ပြုပြင်ပြောင်းလဲနေပုံကိုလည်း ရှုမှတ်ရမည်။ ထိုသို့ ရှုမှတ်ဖန် များလာသောအခါ ထိုထို အခိုက်အတန့်များ၌ ရုပ်အမူအရာများ ကုန်ဆုံးသွားသည်ကို တွေ့မြင်လာရသည်။

ညာခြေလှမ်းစဉ်က ရုပ်သည် တစ်မျိုး၊ ဘယ်ခြေ လှမ်းစဉ်က ရုပ်သည် တစ်မျိုး၊ ထို့ကြောင့် ညာခြေလှမ်းစဉ်က ရုပ်သည် ဘယ်ခြေလှမ်းသို့ လိုက်ပါမလာ၊ ညာခြေလှမ်းစဉ်မှာပင် ချုပ်ငြိမ်းခဲ့သည်။ ဘယ်ခြေလှမ်းစဉ်က ရုပ်သည်လည်း ညာခြေလှမ်းသို့ မလိုက်ပါမူ၍ မရောက်မူ၍ ခြေတစ်လှမ်း တစ်လှမ်းအတွင်း၌ တစ်ပိုင်းစီ တစ်ဖြတ်စီ ကုန်ဆုံးသွားသည်ကို တွေ့မြင်ရသည်။ ခြေလှမ်းတစ်လှမ်းအတွင်းမှာပင် “ကြွ၊ လှမ်း၊ ချ” သုံးပိုင်းပိုင်း၍ ရှုမှတ်သည့်အခါ ကြွရုပ်သည် လှမ်းရုပ်သို့ မရောက်၊ လှမ်းရုပ်သည် ချရုပ်သို့ မရောက်၊ ချရုပ်သည်လည်း တစ်ဖက်ခြေကြွခိုက်သို့ မရောက်မူ၍ ချခိုက်၌သာလျှင် ကုန်ဆုံးသွား၏။

ခြေတစ်လှမ်းကို ခြောက်ပိုင်း ပိုင်း၍ ရှုမှတ်ရာ၌ ကြွခိုက်ရုပ်သည် ဆွဲခိုက်သို့ မရောက်၊ ဆွဲခိုက်ရုပ်သည် လှမ်းခိုက်သို့ မရောက်၊ လှမ်းခိုက်ရုပ်သည် လွှတ်ခိုက်သို့ မရောက်၊ လွှတ်ခိုက်ရုပ်သည်လည်း ချခိုက်သို့ မရောက်၊ ချခိုက်ရုပ်သည်လည်း နင်းခိုက်သို့ မရောက်၊ နင်းခိုက်ရုပ်သည်လည်း တစ်ဖက်ခြေကြွခိုက်သို့ မရောက်၊ ထိုထိုခဏ၌သာလျှင် အကန့်ကန့် အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်လျက် ကုန်ဆုံး ချုပ်ပျက်သွားသည်ကို တွေ့မြင်လာရသည်။

ထိုအခါ ရုပ်ခန္ဓာကိုယ်၏ မမြဲခြင်းသဘောကို ကိုယ်တွေ့ ဖြစ်လာရမည်။ ကြံစည်တွေးခေါ်မှန်းဆခြင်း မဟုတ်၊ မျက်ဝါးထင်ထင် အနိစ္စသဘောကို တွေ့လာရတော့သည်။ အနိစ္စသဘောကို တွေ့မြင်ရသောအခါ ဒုက္ခဆင်းရဲခြင်းသဘော၊ အနတ္တ အစိုးမရခြင်းသဘောများကို တစ်ဆက်တည်း သိလာရတော့သည်။ ထို့ပြင် ခန္ဓာကိုယ်ကြီး၏ လှုပ်ရှားမှု၊ ရွေ့လျားမှု ဖြစ်ပေါ်ပုံ အခြင်းအရာကို အသေးစိတ် သိမြင်လာတော့သည်။

သွားသည်ဟု ဆိုရာ၌ ရှေးဦးစွာ သွားလိုစိတ် ဖြစ်၏။ ထိုသွားလိုစိတ်သည် တွန်းကန်မှု ဝါယောဓာတ်ကို ဖြစ်စေ၏။ ဝါယောဓာတ်သည် လိုအပ်သည့် ကိုယ်ကာယ အစိတ်အပိုင်းကို ထောက်ကန် တောင့်တင်းခိုင်မာစေ၍ ရှေ့သို့ သယ်ဆောင်ခြင်း ချလှမ်းခြင်းပြုသည်ကို သွားသည် လမ်းလျှောက်သည်ဟု ခေါ်ဆိုရသည်။

ရပ်တည်ရာ၌ ရှေးဦးစွာ ရပ်လိုစိတ် ဖြစ်၏။ ထိုစိတ်သည် ထောက်ကန်မှု ဝါယောဓာတ်ကို ဖြစ်စေ၏။ ဝါယောဓာတ်သည် လိုအပ်သည့် ကိုယ်ကာယ အစိတ်
စာမျက်နှာ-510


အပိုင်းကို ပျံ့နှံ့ထောက်ကန်၍ တောင့်တင်းခိုင်မာအောင် အဘက်ဘက်မှ တွန်းကန်ထိန်းသိမ်းထားသည်ကို ရပ်နေသည်ဟု ဆိုရသည်။

ထိုင်သည့် အခါ၌လည်း ရှေးဦးစွာ ထိုင်လိုစိတ် ဖြစ်၍ ထိုစိတ်ကြောင့် တွန်းကန်မှု ဝါယောဓာတ်ကို ဖြစ်စေ၏။ ထိုဝါယောဓာတ်သည် လိုအပ်သည့် ကိုယ်ကာယ အစိတ်အပိုင်းသို့ ပျံ့နှံ့၍ ကိုယ်အောက်ပိုင်းသည် ကွေး၍ အထက်ပိုင်းသည် မတ်ထောင်နေသည်ကို ထိုင်သည်ဟု ဆိုရသည်။

အိပ်သည့် အခါ၌လည်း အိပ်လိုစိတ် ရှေးဦးစွာ ဖြစ်၍ ထိုစိတ်ကြောင့် ထောက်ကန်မှု ဝါယောဓာတ်ကို ဖြစ်စေ၏။ ထိုဝါယောဓာတ်သည် လိုအပ်သည့် ကိုယ်ကာယ အစိတ်အပိုင်းသို့ ပျံ့နှံ့၍ တစ်ကိုယ်လုံးကို ဖီလာကန့်လန့် ဆန့်တန်းခြင်း ဖြန့်ထားခြင်းကို အိပ်သည်ဟု ဆိုရသည်။

ဥပမာအားဖြင့် နွားလှည်းသည် ရပ်ခြင်းသွားခြင်းအမှုကို မပြုတတ်သော်လည်း နွားများတပ်၍ မောင်းနှင်သူက မောင်းနှင်သည်ရှိသော် လှည်းသွားသည် လှည်းရပ်သည်ဟု ပြောဆိုရသကဲ့သို့ စိတ်က မောင်းနှင်သော အခါ ဝါယောဓာတ်၏ ရုန်းကန်လှုပ်ရှားမှုကြောင့် သတ္တဝါသည် သွားသည် ရပ်သည်ဟု ပြောဆိုကြရမည်။

အလားတူပင် ရွက်လှေရွေ့လျားရာ၌ လူက ပဲ့ကိုင်ပေးသည့်အတိုင်း ရွက်လှေရွေ့လျားရသည်။ လေကို လိုအပ်သလို ရွက်တိုက်ပေးခြင်းဖြင့် လှေကို လိုရာအရပ်သို့ ရွေ့လျားစေသည်။ ဤဥပမာ၌ ခန္ဓာကိုယ်ကြီးသည် လှေနှင့် တူ၏၊ စိတ်ကြောင့် ဖြစ်သော ဝါယောဓာတ်သည် တိုက်ခတ်နေသော လေနှင့် တူ၏။ စိတ်သည် ပဲ့ကိုင်သူနှင့် တူ၏။

တစ်နည်း- လိုရာပစ်မှတ်ကို ချိန်၍ မြားပစ်သည့် ဥပမာ၌ မြားသည် ခန္ဓာကိုယ်ကြီးနှင့် တူ၏။ လေးညှို့သည် စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်နှင့် တူ၏။ လေးသမားသည် စိတ်နှင့်တူ၏။ ဤသို့ သိမြင်လာသောအခါ ခန္ဓာကိုယ် လျောင်း၊ ထိုင်၊ ရပ်၊ သွားမှုနှင့် စပ်လျဉ်း၍ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ ဟူ၍ ထင်မြင်စွဲလမ်းမှု မရှိတော့ချေ။

ဤခန္ဓာကိုယ်ကြီးသည် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ၊ အာဟာရတို့ကြောင့် ဖြစ်ပေါ်လာ၏ဟု ဖြစ်ခြင်းကိုလည်း ရှု၏။ ဣရိယာပုထ် လေးပါးအခိုက်အတန့်၌ ချုပ်ပျက်ကုန်ဆုံးသွားသော ရုပ်တရားများ၏ မမြဲခြင်း အနိစ္စသဘောကိုလည်း သိမြင်လာ၏။ အနိစ္စဖြင့် နှိပ်စက်အပ်သော ဆင်းရဲခြင်း ဒုက္ခသဘော၊ အစိုးမရခြင်း အနတ္တသဘောကိုလည်း သိမြင်လာ၏။ ထိုအခါ ဣရိယာပုထ် လေးပါး၌ အကျုံးဝင်သော ရုပ်တရား နာမ်တရားအားလုံးတို့သည် ဆင်းရဲခြင်း အစစ်
စာမျက်နှာ-511


အမှန် ဒုက္ခသစ္စာတည်း၊ ယင်းကို ဖြစ်စေတတ်သော ရှေးရှေးသော တဏှာတို့သည် သမုဒယသစ္စာတည်း၊ ထိုဒုက္ခ သမုဒယနှစ်ပါး၏ မဖြစ်ခြင်းသည် နိရောဓသစ္စာတည်း၊ ဒုက္ခကို ပိုင်းခြားသိ၍ သမုဒယကို ပယ်စွန့်၍ နိဗ္ဗာန်ကို အာရုံပြုသော မဂ္ဂင်ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။ ဤသို့လျှင် အရဟတ္တဖိုလ်တိုင်အောင် ရောက်ရှိနိုင်တော့သည်။

ကိုယ်နှုတ်နှစ်ပါး လှုပ်ရှားမှုများကို ရှုမှတ်ခြင်း

ရှေ့သို့ တက်လှမ်းသော် လည်းကောင်း၊ နောက်သို့ ဆုတ်သော် လည်းကောင်း၊ ရှေ့သို့ တည့်တည့်ကြည့်သော် လည်းကောင်း၊ ဘေးသို့ တစောင်း ငဲ့ကြည့်သော် လည်းကောင်း၊ ခြေလက်ကို ကွေးသော် လည်းကောင်း၊ ဆန့်သော် လည်းကောင်း၊ သပိတ် သင်္ကန်း စသော အသုံးအဆောင် ပစ္စည်းကို ဆောင်ယူသော် လည်းကောင်း၊ စားသော် လည်းကောင်း၊ သောက်သော် လည်းကောင်း၊ ခဲသော် လည်းကောင်း၊ လျက်သော် လည်းကောင်း၊ ကျင်ကြီး ကျင်ငယ် အမှုပြုသော် လည်းကောင်း၊ သွားသော် လည်းကောင်း၊ ရပ်သော် လည်းကောင်း၊ ထိုင်သော် လည်းကောင်း၊ အိပ်ပျော်သော် လည်းကောင်း၊ နိုးကြားသော် လည်းကောင်း၊ စကားပြောသော် လည်းကောင်း၊ စကားမပြော တုဏှိဘောနေသော် လည်းကောင်း ပညာဉာဏ်ဖြင့် စဉ်းစားဆင်ခြင်၍ ပြုအပ်၏။

ပညာဖြင့် ဆင်ခြင်ပုံမှာ- တက်အံ့ ဆုတ်အံ့ဟု စိတ်ဖြစ်သည့်ရှိသော် ထိုစိတ်ကြောင့်ဖြစ်သော ဝါယောဓာတ် ပျံ့နှံ့သဖြင့် ကိုယ်ကာယဟု ဆိုအပ်သော အရိုးစုသာ ရှေ့သို့ တက်၏၊ နောက်သို့ ဆုတ်၏။ တက်တတ် ဆုတ်တတ်သော သတ္တဝါမည်သည် မရှိ။ ရှေ့သို့ တက်အံ့ဟု ခြေကို ကြွစဉ် ကာလဖြစ်သော ရုပ်နာမ်သည် ခြေချသည့်တိုင်အောင် မတည်ရှိဘဲ ကြွဆဲ ခဏမှာပင် ချုပ်ပျောက်လေ၏။

တူရူကြည့်အံ့ တစောင်း ကြည့်အံ့ဟု စိတ်ဖြစ်သောအခါ၌လည်း ထိုစိတ်ကြောင့် ဖြစ်သော ဝါယောဓာတ်သည် ခန္ဓာကိုယ်သို့ ပျံ့နှံ့သွားသဖြင့် အောက်မျက်လွှာအောက်သို့ ကျခြင်း အထက်မျက်လွှာ အထက်သို့ တက်ခြင်း ဖြစ်လာသည်။ တစ်စုံတစ်ယောက်ကမျှ ယန္တရားဖြင့် မျက်လွှာကို ဖွင့်လှစ်ပေးသည် မဟုတ်ပေ။

ခြေလက်တို့ကို ကွေးလို ဆန့်လိုစိတ်ဖြစ်သော အခါ၌လည်း ထိုစိတ်ကြောင့် ဖြစ်သော ဝါယောဓာတ်သည် ခန္ဓာကိုယ်သို့ ပျံ့နှံ့သွားသဖြင့် ခြေလက်ကွေးခြင်း ဆန့်ခြင်း ဖြစ်လာသည်။ ဥပမာအားဖြင့် ရုပ်သေးရုပ်၌ တပ်ဆင်ထားသော ရုပ်သေးကြိုးများကို ဆွဲငင်လိုက်သောအခါ ထိုအရုပ်ကလေးများ၏ လက် ခြေ
စာမျက်နှာ-512


စသော ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ကွေးခြင်း ဆန့်ခြင်း ဖြစ်ရသကဲ့သို့ ပင်တည်း။

သင်္ကန်း၊ အဝတ်၊ ပုဆိုး၊ အင်္ကျီကို ဝတ်မည်ဟု စိတ်ဖြစ်သောအခါ ထိုစိတ်ကြောင့် ဖြစ်သော ဝါယောဓာတ်သည် ခန္ဓာကိုယ်သို့ ပျံ့နှံ့သဖြင့် အဝတ်ပုဆိုး စသည်ကို ဝတ်ခြင်း ဖြစ်လာ၏။ အဝတ်ပုဆိုးကလည်း ငါသည် ကိုယ်ကို ဝတ်ရုံ ဖုံးလွှမ်းထား၏ဟု မသိ၊ ကိုယ်ကာယကလည်း ငါ့ကို အဝတ်ပုဆိုးက ဝတ်ရုံဖုံးလွှမ်းထား၏ဟု မသိ။ ဥပမာအားဖြင့် ယမင်းရုပ်ကို အဝတ်တန်ဆာ ဝတ်ဆင်ထားသောအခါ ယမင်းရုပ်ကလည်း ငါ့ကို အဝတ်တန်ဆာ ဝတ်ဆင်ထား၏ဟု မသိ၊ အဝတ်တန်ဆာကလည်း ငါသည် ယမင်းရုပ်ကို ဖုံးလွှမ်းထားသည်ဟု မသိသကဲ့သို့ ဖြစ်၏။ ဓာတ်ပေါင်းတစ်ခုသည် ဓာတ်ပေါင်းတစ်ခုအား ဖုံးလွှမ်းထားရုံမျှသာ ဖြစ်၏။

အစာအာဟာရကို စားသောက်လိုစိတ် ဖြစ်သောအခါ၌လည်း ထိုစိတ်ကြောင့် ဖြစ်ပေါ်သော ဝါယောဓာတ်သည် ခန္ဓာကိုယ်သို့ ပျံ့နှံ့သဖြင့် ထမင်းခွက်ကို ယူခြင်း၊ ထမင်းခွက်၌ လက်ချခြင်း၊ ထမင်းလုတ်ပြုခြင်း၊ ထမင်းလုတ်ကို ယူခြင်း၊ ခံတွင်းသို့ ထည့်သွင်းခြင်းသည် ဖြစ်လာ၏။ တစ်စုံတစ်ယောက်သော သူကမျှ သံကောက်ဖြင့် မေးရိုးကို ဖွင့်လှစ်၍ ထမင်းစားအောင် ပြုလုပ်သည်မဟုတ်။ ဝါယောဓာတ် ပျံ့နှံ့သောကြောင့် ထမင်းလုတ်ကို ခံတွင်း၌ ထည့်ခြင်း၊ အထက်သွားများက ကျည်ပွေ့ ကိစ္စကို ပြီးစေလျက် အောက်သွားများက ဆုံကိစ္စကို ပြီးစေလျက် လျှာက လက်ကိစ္စကို ပြီးစေလျက် အစာအာဟာရ စားသောက်ခြင်း ဖြစ်ရ၏။

ကျင်ကြီးကျင်ငယ်အမှုကို ပြုလိုသောအခါ၌လည်း ထိုစိတ်ကြောင့် ဖြစ်သော ဝါယောဓာတ်သည် ခန္ဓာကိုယ်သို့ ပျံ့နှံ့၍ တွန်းကန်ပေးမှုကြောင့် အနာမှည့်၍ ပြည်ပေါက်သောအခါ သွေး ပြည်ယိုထွက်သကဲ့သို့ အစာအိမ် ကျင်ငယ်အိမ်၌ စုဝေးနေသော ကျင်ကြီး ကျင်ငယ်သည် ဝါယောဓာတ်၏ တွန်းကန်အားကြောင့် သက်ဆိုင်ရာ ဒွါရပေါက်တို့မှ ယိုစီးထွက်ကျလာ၏။

သွားခြင်း၊ ထိုင်ခြင်း၊ ရပ်ခြင်း၊ လျောင်းခြင်းတို့ကို ပြုလိုသောအခါ၌လည်း ထိုစိတ်များကြောင့် ဖြစ်သော ဝါယောဓာတ်သည် ကိုယ်ကာယသို့ ပျံ့နှံ့၍ သွားခြင်း စသည် ဖြစ်လာ၏။ သွားခြင်း စသည်၌ ဖြစ်သော ရုပ်နာမ်သည် ရပ်ခြင်း စသည်သို့ မရောက်မီ ထိုထိုခဏ၌ပင် ချုပ်ပျောက်လေ၏။ အိပ်စဉ် ကာလ၌ ဖြစ်သော ရုပ်နာမ်သည် အိပ်စဉ်ကာလ၌ပင် ချုပ်ပျောက်၏။ နိုးစဉ် ခဏ၌ ဖြစ်သော ရုပ်နာမ်သည် နိုးစဉ်ခဏ၌ပင် ချုပ်ပျောက်၏။
စာမျက်နှာ-513


စကားပြောလိုသောအခါ၌ ထိုစိတ်ကြောင့် ဖြစ်သော ဝါယောဓာတ်သည် ကိုယ်ကာယသို့ ပျံ့နှံ့သောကြောင့် လည်၊ အာ၊ လျှာ၊ သွား၊ နှုတ်ခမ်းတို့ဖြင့် စကားပြောဆိုရန် လျောက်ပတ်သောအကြောင်းကို စွဲ၍ အသံဖြစ်ပေါ်ခြင်းကို စကားပြောသည်ဟု ဆို၏၊ အသံမပြုခြင်းကို စကားမပြော တုဏှိဘောဟု ဆို၏။ စကားပြောစဉ် ရုပ်နာမ်သည် စကားပြောဆဲခဏ၌ပင် ချုပ်ပျောက်သွား၏။ ဆိတ်ဆိတ်နေစဉ် ရုပ်နာမ်သည်လည်း ဆိတ်ဆိတ်နေသော ခဏ၌ပင် ချုပ်ပျောက်သွား၏။

ဤကဲ့သို့ ပညာဖြင့် ရှုမှတ်ဆင်ခြင်လိုက်သောအခါ ရှေ့သို့ တက်လှမ်းခြင်း စသော ကိုယ်နှုတ်နှစ်ပါး လှုပ်ရှားမှုများနှင့် စပ်လျဉ်း၍ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ ဟူ၍ ထင်မြင် စွဲလမ်းမှု မရှိတော့ချေ။

ဤပြဆိုခဲ့သော ဣရိယာပုထ်လေးပါးကို ရှုမှတ်နည်း (ဣရိယာပထနည်း) နှင့် ကိုယ်နှုတ်နှစ်ပါး လှုပ်ရှားမှုများကို ရှုမှတ်နည်း (သမ္ပဇညနည်း) တို့မှာ အလွန် လျင်မြန်စွာ ရွှေ့လျား ပြောင်းလဲနေသော ရုပ်ခန္ဓာကြီး၏ လှုပ်ရှားဟန်များကို နှေးကွေးသွားအောင် အရှိန်လျှော့၍ ဟန်အမူအရာ တစ်ခုချင်းကို ပြန်လည် စစ်ဆေးပြီး အပြစ်အနာအဆာ ရှာခြင်းဖြစ်သည်။

ဥပမာအားဖြင့် ရုပ်ရှင်ဖလင် ကော်ပြား၏ ရွှေ့လျားမှု မြန်ဆန်ခြင်းကြောင့် ပိတ်ကားပေါ်တွင် ဇာတ်ကောင်များသည် ဟန်ချက်ညီညီ လှုပ်ရှားရွေ့လျားနေသည်။ ယင်းအခြေအနေ၌ ဇာတ်ကောင်များ ရွေ့လျားလှုပ်ရှားဟန်ကို အနုစိတ် စစ်ဆေးကြည့်ရှုရန် မလွယ်ကူချေ။ ထိုသို့ စစ်ဆေးကြည့်လိုပါက ဖလင်ကော်ပြားကို ဖြည်းနှေးစွာ ရွှေ့လျားစေရမည်။ ထိုအခါ ဇာတ်ကောင်များ၏ လက်ဟန် ခြေဟန်များ နှေးကွေးသွား၍ တစ်ကွက်ချင်း အသေးစိတ် ပြန်လည် စစ်ဆေးနိုင်သည်။ ဤပြဆိုခဲ့သော ဣရိယာပထနည်းနှင့် သမ္ပဇည ရှုနည်းတို့သည် အစကနဦး ရှုခါစ၌ ဖလင်ကော်ပြားကို နှေးကွေးစွာ ရွှေ့လျားမှု (Slow Motion) ပြကွက်ကဲ့သို့ ကြည့်မြင်ရသူများ အရသာခံစား၍ မရနိုင်၊ အစာစားသည့်အခါ လက်က ထမင်းဟင်းကို ပြုပြင်ခြင်း၊ ထမင်းလုတ်ကို ယူခြင်း ခွံ့ခြင်း ဝါးခြင်း၊ လျှာဖြင့်မွှေနှောက်ခြင်းတို့ကို တစ်ချက်ချင်း အသေးစိတ် ရှုမှတ်နိုင်ရန် ဖြည်းနှေးစွာ လှုပ်ရှားဆောင်ရွက်ရမည်။ ဤနည်းဖြင့် ဖြည်းနှေးစွာ သတိထား စားကြည့် ဝါးကြည့်ပါက ဘာမျှ အရသာတွေ့တော့မည် မဟုတ်ချေ။ တစ်ဖန် ရှုမှတ်ဖန်များ၍ ဉာဏ်ထက်မြက်လာသောအခါ ရှုမှတ်ဆင်ခြင်မှုများ စိပ်လာ၍ အလွန် လျင်မြန်လာသည်။ မြင်ကွင်း မြင်ကွက်များ၊ ပုံရိပ်များသည် တရိပ်ရိပ် ပြေးသွား၍ လျင်မြန်စွာ ကွယ်ပျောက် ကုန်လွန်သွားသဖြင့် အရသာ
စာမျက်နှာ-514


ခံ၍ မရနိုင်၊ ရုပ်ရှင်ဖလင် ကော်ပြားကို မူလပုံမှန်နှုန်းထားထက် ကျော်လွန်၍ အလွန်လျင်မြန်စွာ ရွှေ့လျားစေပါက ဇာတ်ကောင်များ (ပုံရိပ်များ) သည် လိုအပ်သည့် အဓိပ္ပာယ် ပေါ်လွင်အောင် သရုပ်မဆောင်နိုင်၊ သရုပ်မဖော်နိုင်သဖြင့် ကြည့်ရှုသူအား အလွမ်းအဆွေး အရသာကို မပေးနိုင်တော့ချေ။

ထို့ကြောင့် အလွန်လျင်မြန်စွာ ရိပ်ခနဲ ပေါ်လာပြီး ရိပ်ခနဲ ပျောက်သွား၍ မမြဲခြင်း အနိစ္စသဘော ထင်မြင်လာသည်။ ဣရိယာပထနည်းနှင့် သမ္ပဇညနည်းကို အားထုတ်သူအား အစကနဦးပိုင်း ဝိပဿနာဉာဏ်နုစဉ် အရသာ ခံစားမှုများ လျော့ပါးသွား၍ နောက်ပိုင်းတွင် ဝိပဿနာဉာဏ် ရင့်ကျက် ထက်မြက်လာသောအခါ ရုပ်တရားများ ရိပ်ခနဲ ပေါ်လာပြီး ရိပ်ခနဲ လျင်မြန်စွာ ပျောက်ကွယ်သွားပုံ အနိစ္စသဘောကို အလိုအလျောက် ကိုယ်တိုင်သိမြင်လာတော့သည်။ အနိစ္စလက္ခဏာ ထင်လာပါက ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာတို့လည်း ဆက်တိုက် ထင်လာ၍ ဝိပဿနာဉာဏ် အဆင့်ဆင့် မြင့်တက်သွားလေတော့သည်။

ဤကဲ့သို့ ရုပ်များ ရှေ့နောက်ဖြစ်စဉ် အစဉ်အတန်းကြီးကို သန္တတိ ဟု ခေါ်သည်။ ယင်းသန္တတိဖြစ်စဉ်က ဖုံးလွှမ်းထားသောကြောင့် မမြဲခြင်းသဘော ပြောင်းလဲခြင်းသဘောကို မသိမမြင်နိုင် ဖြစ်နေကြသည်။ သန္တတိဖြစ်စဉ်ကြီးကို တစ်ခုချင်း ခွဲခြမ်း၍ စစ်ဆေးကြည့်ရှုနိုင်သည့်အခါ အနိစ္စသဘောသည် အလိုလို ပေါ်လာတော့သည်။

ထို့ကြောင့် အနိစ္စလက္ခဏာကို သန္တတိက ဖုံးကာထားသည်ဟု မှတ်ယူရမည်။

ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ်ဟု ရှုနည်း

အောက်ခြေဖျားမှ အထက်ဆံဖျားတိုင်အောင် ဤတစ်လံမျှလောက်သော ကိုယ်ကာယ၌ ဆံပင်၊ မွေးညင်း စသော ၃၂-ပါးသော အဖို့အစု (၃၂-ကောဋ္ဌာသ) တို့သည် တည်ရှိကုန်၏။ ယင်း ၃၂-ပါးသော ကောဋ္ဌာသတို့ကို ရွံရှာစက်ဆုပ်ဖွယ်အဖြစ် ရှုမှတ်နည်းကို ဤကျမ်း (ဒုတိယတွဲ) စာအုပ် စာမျက်နှာ (၁၄၀) ၌ ပြဆိုခဲ့ပြီးဖြစ်၍ ဤ၌ အကျယ် မပြတော့ပြီ။

ဤ ၃၂-ကောဋ္ဌာသကို ရှုဖန်များသောအခါ ဤသို့ ထင်မြင်လာ၏။ နှစ်ဖက် အဝရှိသော အိတ်တစ်ခု၌ သလေးစပါး၊ ကောက်စပါး၊ ပဲနောက်၊ မတ်ပဲ၊ နှမ်း၊ ဆန် တည်းဟူသော ကောက်ပဲသီးနှံအမျိုးမျိုး ထည့်ထားသည်။ မျက်စိကောင်းသော ယောက်ျားတစ်ယောက်သည် လာလတ်၍ ထိုအိတ်ကို ဖြေပြီးလျှင် အိတ်တွင်းရှိ ပစ္စည်းများကို တစ်ခုချင်း ကြည့်ရှုမှတ်သား၏။ ဤကား သလေးစပါး၊ ဤကား ပဲနောက် စသည်ဖြင့် ကြည့်ရှုမှတ်သား၏။ ထို့အတူ ယောဂီ
စာမျက်နှာ-515


ပုဂ္ဂိုလ်သည် တစ်လံမျှလောက်သော ဤခန္ဓာကိုယ်ကြီး၌ ဆံပင်၊ မွေးညင်း အစရှိသော ၃၂-ကောဋ္ဌာသတို့ ရှိကုန်၏ဟု တစ်ခုချင်း ကြည့်ရှုရေတွက်၏။ နောက်ဆုံးတွင် ၃၂-ကောဋ္ဌာသ၏ ဖြစ်ခြင်းပျက်ခြင်းကို မြင်၍ ငြီးငွေ့လာ၏။ တပ်မက်ခြင်း ကင်းသွား၏။ ယင်း ၃၂-ကောဋ္ဌာသအပေါ် တွယ်တာတပ်မက်မှုများမှ ကင်းလွတ်ထွက်မြောက်နိုင်လေတော့သည်။

ဓာတုမနသိကာရ = ဓာတ်ကြီးလေးပါး ခွဲဝေ ရှုမှတ်ခြင်း

ယောဂီပုဂ္ဂိုလ်သည် ဤခန္ဓာကိုယ်ကြီး၌ ရှိသော နူးညံ့ခက်မာမှု (ပထဝီဓာတ် )၊ ဖွဲ့စည်းယိုစီးမှု (အာပေါဓာတ် )၊ ပူမှု အေးမှု လောင်ကျွမ်းမှု (တေဇောဓာတ် )၊ ထောက်ကန် လှုပ်ရှား ငြိမ်သက်မှု (ဝါယောဓာတ် ) တို့ကို ကြည့်ရှု ဆင်ခြင်၏။ ဤသို့ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ဖန်များသောအခါ ပုဂ္ဂိုလ်၊ သတ္တဝါဟု ထင်မြင်ယူဆမှု ပျောက်သွား၏။ ခေါင်း၊ ခါး၊ ခြေ၊ လက်၊ ဝမ်းဗိုက်စသည်ဖြင့် ထင်မြင်ယူဆမှုများ ပပျောက်ကင်းပျောက်သွား၍ ဓာတ်လေးပါး အစုအဝေးမျှသာဟု ထင်မြင်လာ၏။

ဥပမာ- နွားသတ်ယောက်ျားသည် နွားကို အစာကျွေး၍ မွေးသော် လည်းကောင်း၊ သတ်ရာအရပ်သို့ ဆောင်သော်လည်းကောင်း၊ သတ်ရာအရပ်၌ ထားသော်လည်းကောင်း၊ သတ်သော်လည်းကောင်း၊ သတ်၍ သေသည်ကို မြင်သော်လည်းကောင်း ထိုခဏ၌ နွားဟူသော အမှတ်သညာ မကွယ်မပျောက်သေးပေ၊ အတုံးအပိုင်း ခုတ်ဖြတ်လှီးဖျက်၍ အဖို့အစု ပြုပြီးသော်မှကား နွားဟူသော အမှတ်သညာ ကွယ်ပျောက်၍ အမဲဟူသော အမှတ်သညာသာ ဖြစ်၏။

ယင်းသို့ အမဲဖြစ်ပြီးသောအခါ ငါ အမဲသားရောင်း၏။ ဤသူတို့ကား အမဲသားဝယ်ကြ၏ ဟူသော အမှတ်သညာသာ ဖြစ်သကဲ့သို့ ဓာတ်လေးပါး အားဖြင့် ပိုင်းခြားဝေဖန်၍ မဆင်ခြင် မအောက်မေ့သောအခါ သတ္တဝါဟူသော အမှတ်သညာ၊ ငါ ဟူသော အမှတ်သညာ ဖြစ်၏။ ဓာတ်လေးပါးအားဖြင့် ပိုင်းခြားဝေဖန်၍ ဆင်ခြင် အောက်မေ့သောအခါ သတ္တဝါဟူသော အမှတ်သညာ၊ ငါ ဟူသော အမှတ်သညာ ကွယ်ပျောက်၍ ဓာတ်လေးပါးမျှသာ ဟူသော အမှတ်သညာ ဖြစ်၏။

သူသေကောင်အနေအထား (၉) မျိုး ရှုမှတ်ခြင်း

ယောဂီပုဂ္ဂိုလ်သည် သင်္ချိုင်းသို့ သွားရောက်၍ သူသေကောင်များကို ကြည့်ရှုပြီးလျှင် ငါ၏ ကိုယ်သည်လည်း ဤသို့ သဘောရှိ၏။ ငါ တွေ့မြင်နေရသော အခြားသူများ၏ ကိုယ်ကာယသည်လည်း ဤသို့ သဘောရှိ၏ဟု
စာမျက်နှာ-516


သူသေကောင်ကို သက်ရှိ လူအရှင်နှင့် ကပ်ယှဉ်၍ ရှုမှတ်ရမည်။ သူသေကောင်များကို အောက်ဖော်ပြပါ အခြေအနေ (၉) မျိုးဖြင့် တွေ့မြင်နိုင်၏ —

သေပြီးနောက် နှစ်ရက်သုံးရက်ကြူး၍ ဖူးဖူးရောင်ပုပ် စက်ဆုပ်ဖွယ်သော သူသေကောင်။

ကျီး၊ လင်းတ၊ စွန်ရဲ၊ တောခွေး၊ အိမ်ခွေးနှင့် သစ် ကျားတို့ ကိုက်ခဲစားသောက်ခံရ၍ ပိုးလောက်ကျနေသော သူသေကောင်။

အကြောဖြင့် ဖွဲ့ထား၍ အရိုးအဆက်များ မပြုတ်သေးသော အသွေးအသား ကျန်ရှိနေသေးသည့် သူသေကောင်။

အကြောဖြင့် ဖွဲ့ထား၍ အရိုးဆက်များ မပြုတ်သေးသော အသားမရှိ သွေးလိမ်းကျံသည့် သူသေကောင်။

အကြောဖြင့် ဖွဲ့ထား၍ အရိုးဆက်များ မပြုတ်သေးသော အသားအသွေး မရှိသည့် သူသေကောင်။

အကြောများပြတ်နေ၍ အရိုးဆက်များ ပြုတ်ထွက်ကာ အရိုးများ ဖရိုဖရဲ ကျဲနေသော သူသေကောင်။

သေဆုံးခဲ့သည်မှာ နှစ်ကာလ ကြာပြီဖြစ်၍ ဖြူဖွေးသော အရိုးတို့သာ ရှိသည့် သူသေကောင်။

သေဆုံးပြီးနောက် သုံးနှစ်ကြာ မိုးစွတ်ခဲ့သည့် အရိုးပုပ်၊ အရိုးဆွေးများသာ ကျန်သည့် သူသေကောင်။

ဆွေးမြေ့ ကြွေမှုန်နေသော အရိုးများသာ ရှိတော့သည့် သူသေကောင်။

ဤသူသေကောင်များကို ကြည့်၍ မိမိကိုယ်နှင့် ယှဉ်တွဲ ဟပ်စပ်ကာ ငါသည်လည်း ဤသို့သဘောရှိ၏ဟု ရှုဆင်ခြင်ရမည်။ သူတစ်ပါးကိုလည်း ဤသို့ သဘောရှိ၏ဟု ရှုဆင်ခြင်ရမည်။ ဤသို့ ဆင်ခြင်ဖန် များသောအခါ လူပကတိကိုပင် အသုဘဟု ထင်မြင်လာ၍ သာယာတပ်မက်မှုများ မဖြစ်တော့ချေ။ မိမိခန္ဓာကိုယ်နှင့် သူတစ်ပါး ခန္ဓာကိုယ်တို့အပေါ် ငြီးငွေ့စက်ဆုပ်လာ၍ တပ်မက်ခြင်း ကင်းလေတော့သည်။ ထို့နောက် ကိလေသာ အာသဝေါတရားတို့မှ လွတ်မြောက်လေတော့သည်။ ဤကား ကိုယ်ကာယကို ဝိပဿနာရှုနည်း ကာယာနုပဿနာသတိပဋ္ဌာန် ဖြစ်သည်။
စာမျက်နှာ-517


ဝေဒနာတို့ကို စူးစိုက်ရှုမှတ်မှုသည် ဝေဒနာနုပဿနာ သတိပဋ္ဌာန် မည်၏။ ခံစားခြင်းကို ဝေဒနာ ဟု ခေါ်သည်။ ခံစားခြင်းမှာ ချမ်းသာကို ခံစားခြင်း သုခဝေဒနာ၊ ဆင်းရဲကို ခံစားခြင်း ဒုက္ခဝေဒနာ၊ ဆင်းရဲ ချမ်းသာမဟုတ် အလယ်အလတ်ဖြစ်သော ဥပေက္ခာဝေဒနာ ဟူ၍ သုံးမျိုး သုံးစား ရှိသည်။ ကောင်းမြတ်သော သာယာဖွယ်အာရုံကို ခံစားရသည့်အခါ သုခဝေဒနာ ဖြစ်သည်။ ဆိုးရွားသော မနှစ်သက်အပ်သော အာရုံကို ရရှိခံစားရသည့်အခါ ဒုက္ခဝေဒနာ ဖြစ်သည်။ ကောင်းသည်လည်း မဟုတ်၊ ဆိုးသည်လည်း မဟုတ် အလယ်အလတ်ဖြစ်သော အာရုံကို ခံစားရသည့်အခါ ဥပေက္ခာဝေဒနာဖြစ်သည်။

လှပသော သာယာနှစ်သက်ဖွယ်ရှိသော ဥယျာဉ်ပန်းခြံ၊ ပန်းချီကား၊ လုလင်ပျို၊ လုံမပျို စသည်တို့ကို မြင်ရသောအခါ မျက်စိချမ်းသာသည်။ ရွံရှာစက်ဆုပ်ဖွယ် အပုပ်အသိုး၊ သူသေကောင်၊ ကြောက်လန့်ဖွယ် လက်နက်၊ ရန်သူတို့ကို မြင်တွေ့ရသောအခါ မျက်စိဆင်းရဲမှု ဖြစ်ရသည်။

ချိုသာသော သီဆိုတီးမှုတ်သံ စသည်ကို ကြားရသောအခါ နားချမ်းသာသည်။ ဆဲဆို ရေရွတ် ကြိမ်းမောင်းသံများ ကြားရသောအခါ နားမချမ်းသာ ဖြစ်ရသည်။ မွှေးကြိုင်သော ပန်းနံ့၊ ရေမွှေးနံ့များ နမ်းရှူရသည့်အခါ နှာခေါင်း ချမ်းသာမှု ဖြစ်ရသည်။ ပုပ်ဟောင်နံစော်သော အနံ့များကို ရှူရှိုက်ရသည့်အခါ နှာခေါင်း မချမ်းသာမှု ဆင်းရဲမှုဖြစ်ရသည်။

ချိုမြိန် အီဆိမ့်သော အရသာအာရုံကို ရရှိသည့်အခါ လျှာ ချမ်းသာမှု ဖြစ်ရသည်။ ပူလောင်စူးရှ စပ်ခါးသော အရသာအာရုံကို ရရှိသည့်အခါ လျှာ မချမ်းသာမှု ဖြစ်ရသည်။

အိစက်နူးညံ့ နွေးထွေးသော အတွေ့အထိအာရုံကို ရရှိသည့်အခါ ကိုယ်ကာယ ချမ်းသာမှု ဖြစ်ရသည်။ ကြမ်းတမ်းမာကျော စူးရှသော၊ ပူလောင်သော အတွေ့အထိကို ရရှိသည့်အခါ ကိုယ်ကာယ မချမ်းသာမှု ဖြစ်ရသည်။

သာယာကြည်နူးဖွယ် စိတ်ကူးအာရုံများကို ရရှိသည့်အခါ စိတ်ချမ်းသာမှု ခံစားရသည်။ စိုးရိမ် ကြောက်လန့်ဖွယ် စိတ်ကူးအာရုံများကို ရရှိသည့်အခါ စိတ်ဆင်းရဲမှု ခံစားရသည်။ ဤသို့လျှင် အာရုံခြောက်ပါးနှင့် တွေ့ထိတိုင်း တွေ့ထိတိုင်း ကြုံတိုင်း ဆုံတိုင်း ချမ်းသာမှု သုခဝေဒနာ၊ ဆင်းရဲမှု ဒုက္ခဝေဒနာ၊ ချမ်းသာဆင်းရဲ မဟုတ်သည့် အလယ်အလတ် ဥပေက္ခာဝေဒနာ ဤဝေဒနာ သုံးခုတို့သည် တစ်ခုမဟုတ် တစ်ခု ဖြစ်ပေါ်နေမည်သာ ဖြစ်သည်။
စာမျက်နှာ-518


ထိုဝေဒနာများကို ခံစားရာ၌ သိ၍ သိ၍ ခံစားရသည်၊ ခံစားမှုကို သိရှိနေရမည်။ သုခဝေဒနာကို ခံစားနေပါသည်၊ သို့မဟုတ် ဒုက္ခဝေဒနာကို ခံစားနေပါသည်၊ သို့မဟုတ် အလယ်အလတ် ဥပေက္ခာဝေဒနာကို ခံစားနေပါသည် ဟူ၍ သိနေရမည်။ ကာမဂုဏ်ငါးပါးနှင့် ဆက်စပ်နေသော ချမ်းသာမှု သုခဝေဒနာကို ခံစားရသည့်အခါ ကာမဂုဏ်ချမ်းသာကို ခံစားရသည်ဟု သိရမည်။ ကာမဂုဏ်နှင့် မပတ်သက်သော ချမ်းသာကို ခံစားနေရသောအခါ ကာမဂုဏ်နှင့် မပတ်သက်သော ချမ်းသာကို ခံစားနေရသည်ဟု သိရမည်။ လူမှုကိစ္စနှင့် ပတ်သက်သော ဆင်းရဲဒုက္ခကို ခံစားရသည့်အခါ လူမှုဒုက္ခကို ခံစားနေရသည် ဟု သိရမည်။ ကာမဂုဏ်စွန့်လွှတ်မှုကြောင့် ဒုက္ခဝေဒနာ ခံစားရသောအခါ ကာမဂုဏ်စွန့်လွှတ်မှု ဒုက္ခကို ခံစားနေရသည်ဟု သိရမည်။ အလားတူပင် အလယ်အလတ် ဥပေက္ခာဝေဒနာခံစားမှုကိုလည်း သိရမည်။ မိမိကိုယ်တွင်း၌ ဖြစ်သော ခံစားမှုဝေဒနာတို့ကိုလည်း ရှုမှတ်ရမည်။ သူတစ်ပါးသန္တာန်၌ ဖြစ်ပေါ်နေသော ဝေဒနာတို့ကိုလည်း ရှုမှတ်ရမည်။ မိမိသူတစ်ပါး နှစ်ဦးလုံး၏ ခံစားမှုဝေဒနာကိုလည်း ရှုမှတ်ရမည်။ ဤဝေဒနာတို့သည် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံနှင့် အတိတ်ကာလ အကြောင်းများကြောင့် ဖြစ်ပေါ်လေ့ရှိကြသည်။ ယင်းအကြောင်းတရားများ မရှိခဲ့သော် ဝေဒနာတို့သည် ကုန်ခန်းပျက်စီးကုန်၍ မဖြစ်ပေါ်ခြင်း သဘောရှိကုန်၏။ ဤသို့လျှင် ဝေဒနာတို့၏ ဖြစ်ခြင်းအကြောင်း၊ ပျက်ခြင်းအကြောင်း၊ ဖြစ်ခြင်းပျက်ခြင်းအကြောင်းတို့ကို ရှုမှတ်ရမည်။ ထိုအခါ ဝေဒနာတို့၌ ငြီးငွေ့လာသည်။ စိတ်ကုန်လာသည်။ ငြီးငွေ့မှုကြောင့် တွယ်တာ တပ်မက်မှု ကင်းလာသည်။ တွယ်တာတပ်မက်မှု မရှိခြင်းကြောင့် လွတ်မြောက်မှု အရဟတ္တဖိုလ်ကို ရရှိလေတော့သည်။

ဤ၌ ချမ်းသာမှု ဝေဒနာကို ချမ်းသာမှု ဝေဒနာ ဟူ၍ သိခြင်းသည် ပက်လက် အိပ်တတ်ကာစ ကလေးငယ်သည်ပင် မိခင်နို့စို့ရသောအခါ၌ ချမ်းသာခံစားနေရသည်ဟု သိနေရသည် မဟုတ်ပါလော။ ထို့ကြောင့် ဤအသိသည် ကလေးသိ ခွေးသိ ဖြစ်မနေပါလော ဟု မေးငြားအံ့။ ဤနေရာ၌ ဤသို့သော ကလေးသိမျိုးကို ဆိုလိုသည်မဟုတ်။ ကလေးငယ်၏ သိမှုသည် သတ္တဝါဟူသော အစွဲအယူအဆကို မစွန့်နိုင်၊ ငါဟု ထင်မှတ်ခြင်းကို မပယ်ခွာနိုင်၊ သတိပဋ္ဌာန် ကမ္မဋ္ဌာန်း ပွားများခြင်းလည်းမဟုတ်။ ဤယောဂီပုဂ္ဂိုလ်၏ သုခဝေဒနာစသည်ကို ပိုင်းခြားသိမှုသည်ကား သတ္တဝါဟူသော အယူဝါဒစွဲကို စွန့်နိုင်၏။ ငါဟု ထင်မှတ်ခြင်းကို ပယ်ခွာနိုင်၏။ သတိပဋ္ဌာန်ကမ္မဋ္ဌာန်း ပွားများခြင်းလည်း ဖြစ်၏။

အဘယ်သူသည် ခံစားသနည်းဟု မေးငြားအံ့၊ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည် ခံစားသည်မဟုတ်ဟု ဖြေရပေမည်။ အဘယ်သူ၏ ခံစားခြင်း ဖြစ်သနည်းဟု မေးငြားအံ့၊ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ် သတ္တဝါ၏ ခံစားခြင်း
စာမျက်နှာ-519


မဟုတ်။ အဘယ်အကြောင်းကြောင့် ခံစားသနည်းဟု မေးငြားအံ့။ အာရုံနှင့် ဒွါရတို့၏ ထင်ဟပ်တိုက်ဆိုင်မှုကြောင့် ခံစားခြင်း ဝေဒနာဖြစ်ရသည်။ ဝေဒနာဖြစ်ခြင်းအကြောင်း အာရုံကို အာရုံပြု၍ ဝေဒနာသည်သာလျှင် ခံစား၏။ အခြား ခံစားတတ်သော ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတစ်ပါး မရှိ၊ ဤသို့ ရှုမှတ်ရမည်။

ဝေဒနာကို သည်းခံခြင်း

သီဟိုဠ်ကျွန်း စိတ္တလတောင်၌ သီတင်းသုံးသော မထေရ်ကြီးတစ်ပါးသည် မကျန်းမမာ ဖြစ်သောအခါ၌ ဝေဒနာပြင်းထန်စွာ ခံစားရသည်ဖြစ်၍ လူးလိမ့် ညည်းညူနေ၏။ ထိုအခါ ရဟန်းငယ်တစ်ပါးက လာ၍ “အရှင်ဘုရား ဘယ်နေရာက နာပါသလဲ ဘုရား”ဟု မေးလျှောက်ရာ “ငါ့ရှင် သီးခြားနာကျင်ရာ ဌာနမရှိ၊ လေထိုးကျင့်သည့် နေရာကို အာရုံပြု၍ ဝေဒနာခံစားမှုဖြစ်၏”ဟု ဖြေကြား၏။ ထိုအခါ ရဟန်းငယ်က “ခံစားမှုဟူသည် ဝေဒနာမျှသာတည်းဟု ဤသို့သိသော ကာလမှစ၍ သည်းခံရန် မသင့်ပါလားဘုရား”ဟု လျှောက်ထားရာ “ငါ့ရှင် ဝေဒနာကို ငါသည်းခံ၏”ဟု ဖြေကြား၏။ ရဟန်းငယ်က “သည်းခံခြင်းသည် မွန်မြတ်ပါသည်ဘုရား” ဟု လျှောက်၏။ မထေရ်သည် ဝေဒနာကို ကြိတ်မှိတ် သည်းခံနေရာ ထိုးကျင့်နေသော ဝမ်းတွင်းလေသည် နှလုံးတိုင်အောင်ရောက်၍ ဝမ်းဗိုက်ကို ခွဲလေ၏။ ခုတင်ညောင်စောင်းပေါ်၌ အူခွေများ အပုံလိုက် ကျလာကုန်၏။ မထေရ်ကြီးသည် ရဟန်းငယ်အား အူခွေများကို ပြ၍ “ဤမျှလောက် ဝေဒနာကို သည်းခံလျှင် တော်လောက်ပါပြီလော ငါ့ရှင်”ဟု မေး၏။ ရဟန်းငယ်သည် ဆိတ်ဆိတ်နေ၏။ မထေရ်ကြီးသည် သဒ္ဓါနှင့်ပညာ၊ ဝီရိယနှင့်သမာဓိကို မျှတစွာ ထား၍ ဝိပဿနာရှုဆင်ခြင်ရာ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ပြီးနောက် ချက်ချင်း ပရိနိဗ္ဗာန်စံတော်မူသည်။ ဤရဟန္တာမျိုးကို ဇီဝိတသမသီသီ (ရဟန္တာဖြစ်ခြင်းနှင့် ပရိနိဗ္ဗာန်စံခြင်း အတူတကွ ဖြစ်သည်) ဟု ခေါ်ဆိုရသည်။ ဤကား ဝေဒနာကို ဝိပဿနာရှုခြင်း ဝေဒနာနုပဿနာ သတိပဋ္ဌာန် ဖြစ်သည်။

စိတ္တာနုပဿနာ သတိပဋ္ဌာန်

စိတ်ကို စူးစိုက်ရှုမှတ်မှုသည် စိတ္တာနုပဿနာ သတိပဋ္ဌာန် မည်၏။

ယောဂီပုဂ္ဂိုလ်သည် မိမိစိတ်ကို အမြဲစောင့်ကြည့်နေရမည်။ မသင်္ကာဖွယ်ရာ လူတစ်ယောက်ကို စုံစမ်းထောက်လှမ်းလိုသော စုံထောက်တစ်ယောက်သည် ထိုလူ ဝင်ထွက်သွားလာ လှုပ်ရှားမှုများကို လည်းကောင်း၊ ထိုလူ၏ အပေါင်းအသင်း မိတ်ဆွေများကို လည်းကောင်း ထက်ချပ်မကွာ လိုက်လံ ကြည့်ရှုမှတ်သားနေပါက လူဆိုးလော လူကောင်းလော ခွဲခြား သတ်မှတ်နိုင်မည် ဖြစ်သည်။
စာမျက်နှာ-520


ထို့အတူ မိမိစိတ်ကို သတိချပ်၍ အမြဲရှုမှတ်နေပါက ချစ်စိတ်လော၊ အချစ်ကင်းသော စိတ်လော၊ မုန်းစိတ်လော၊ အမုန်းကင်းသော စိတ်လော၊ ပျံ့လွင့်တွေဝေသော စိတ်လော၊ ပျံ့လွင့်တွေဝေမှု ကင်းသော စိတ်လော၊ ငိုက်မျဉ်းထိုင်းမှိုင်းသော စိတ်လော၊ မငြိမ်မသက် လှုပ်ရှားနေသော စိတ်လော၊ ကြီးကျယ်အားကောင်းသော စိတ်လော၊ ရိုးရိုးသာမန် အားနည်းသော စိတ်လော၊ ပြိုင်ဘက်ကင်းသော စိတ်လော၊ ပြိုင်ဘက်ရှိသော စိတ်လော၊ တည်ကြည်သော စိတ်လော၊ မတည်ကြည်သော စိတ်လော၊ လွတ်မြောက်သော စိတ်လော၊ မလွတ်မြောက်သော စိတ်လော။ ဤသို့ တစ်ဆယ့်ခြောက်ပါးသော အခြင်းအရာဖြင့် မိမိကိုယ်တွင်းသန္တာန်၌ စိတ်ကို စိစစ်ရှုမှတ်၏။

မိမိစိတ်ကို ရှုမှတ်ရုံမျှမက သူတစ်ပါးစိတ်ကိုပါ ရှုမှတ်၏။ မိမိသူတစ်ပါး ကိုယ်တွင်း ကိုယ်ပ နှစ်ဌာနတို့၌ စိတ်ကို ရှုမှတ်၏။ ထိုဖြစ်ပေါ်လာသမျှ စိတ်အားလုံးသည် အဝိဇ္ဇာအကြောင်းခံ၍ လည်းကောင်း၊ တဏှာအကြောင်းခံ၍ လည်းကောင်း ဖြစ်ပေါ်လာသည် စသည်ဖြင့် စိတ်ဖြစ်ခြင်း၏ အကြောင်းတရားများကို သိမ်းဆည်း၍ ရှုမှတ်၏။ စိတ်တို့၏ ပျက်စီး ချို့ယွင်းခြင်းကိုလည်း ရှုမှတ်၏။ စိတ်တို့၏ ဖြစ်ခြင်း၊ ပျက်ခြင်း နှစ်ပါးကိုလည်း ရှုမှတ်၏။ ထိုသို့စိတ်ကို ဉာဏ်ဖြင့် ရှုမှတ်နေသော်လည်း တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့် ကပ်ငြိမှုမရှိ။ စိတ်ကို အဦးထား၍ သင်္ခါရတရား အားလုံးတို့၏ ပျက်စီးခြင်းကို ဆင်ခြင်သုံးသပ်သော အခါ ငြီးငွေ့လာ၏။ ငြီးငွေ့မှုကြောင့် တပ်မက်ခြင်း ကင်းသွား၏။ တပ်မက်ခြင်း ကင်းသောကြောင့် ကိလေသာ အာသဝေါတို့မှ လွတ်မြောက်လေသည်။

ဓမ္မာနုပဿနာ သတိပဋ္ဌာန်

ဓမ္မာနုပဿနာ သတိပဋ္ဌာန်၌ အောက်ပါအတိုင်း အပိုင်း ၅-ပိုင်း ခွဲခြား ရှုမှတ်ရမည်-

(က) နီဝရဏပိုင်း = ဝိပဿနာတရားကို အားထုတ်ရှုမှတ်သည့်အခါ တွေ့ကြုံရသည့် အတားအဆီးများကို ရှုမှတ်ခြင်း။
(ခ) ခန္ဓာပိုင်း = ဥပါဒါန်ဖြင့် စွဲလမ်းအပ်သော ခန္ဓာငါးပါးကို ရှုမှတ်ခြင်း။
(ဂ) အာယတနပိုင်း = အတွင်းအာယတန ခြောက်ပါး၊ အပြင် အာယတနခြောက်ပါးတို့ကို ရှုမှတ်ခြင်း။
(ဃ) ဗောဇ္ဈင်အပိုင်း = ဝိပဿနာဉာဏ် အဆင့် မြင့်လာသော အခါ ဗောဇ္ဈင်တရား ခုနစ်ပါးကို ရရှိခံစားလာရသည်။ ယင်းဗောဇ္ဈင်ခုနစ်ပါးကို ရှုမှတ်ခြင်း။
(င) သစ္စာလေးပါးအပိုင်း = ဝိပဿနာဉာဏ် အဆင့်မြင့်လာသော အခါ သစ္စာလေးပါးကို ရှုမှတ်ခြင်း။
စာမျက်နှာ-521


ယင်းအပိုင်း ၅-ပိုင်းအနက် နီဝရဏငါးပါး ရှုမှတ်ပုံကို ရှေးဦးစွာ ပြဆိုပါမည်။ နီဝရဏငါးပါး အဓိပ္ပာယ်အကျယ်ကို ဤကျမ်းစာ (ဒုတိယတွဲ)၊ စာမျက်နှာ (၄၇) မှ (၅၁) အထိ ရှင်းလင်းပြဆိုခဲ့ပြီး ဖြစ်ပါသည်။

ယောဂီပုဂ္ဂိုလ်သည် မိမိကိုယ်တွင်း၌ ကာမစ္ဆန္ဒ ဖြစ်ပေါ်လာသောအခါ ငါ၏ကိုယ်တွင်း၌ ကာမစ္ဆန္ဒ ဖြစ်ပေါ်နေပြီဟု သိ၏။ ကာမစ္ဆန္ဒ မရှိသည့်အခိုက်တွင်မူ ငါ၏ကိုယ်တွင်း၌ ကာမစ္ဆန္ဒ မရှိဟု သိ၏။ မဖြစ်ဖူးသေးသော ကာမစ္ဆန္ဒ ဖြစ်ပေါ်ခြင်းကိုလည်း သိ၏။ ဖြစ်ပေါ်ဖူးသော ကာမစ္ဆန္ဒကို ပယ်နိုင်ခြင်းကိုလည်း သိ၏။ ပယ်ပြီးသော ကာမစ္ဆန္ဒ၏ နောက်တစ်ဖန် မဖြစ်ခြင်းကိုလည်း သိ၏။

ယောဂီပုဂ္ဂိုလ်သည် မိမိကိုယ်တွင်း၌ ဒေါသ ဗျာပါဒ ဖြစ်နေသည့်အခိုက် ငါ၏ကိုယ်တွင်း၌ ဒေါသ ဗျာပါဒ ရှိ၏ဟု သိ၏။ ဒေါသ ဗျာပါဒ မဖြစ်သည့်အခိုက်တွင် ငါ၏ကိုယ်တွင်း၌ ဒေါသ ဗျာပါဒ မရှိဟု သိ၏။ မဖြစ်ဖူးသေးသော ဒေါသ ဗျာပါဒ ဖြစ်လာလျှင်လည်း သိ၏။ ဖြစ်ပြီးသော ဒေါသ ဗျာပါဒကို ပယ်နိုင်ခြင်းကိုလည်း သိ၏။ ပယ်ပြီးသော ဒေါသ ဗျာပါဒ၏ နောက်တစ်ဖန် မဖြစ်ခြင်းကိုလည်း သိ၏။

ယောဂီပုဂ္ဂိုလ်သည် မိမိကိုယ်တွင်း၌ (ငိုက်မျဉ်း ထိုင်းမှိုင်းမှု) ထိနမိဒ္ဓ ဖြစ်နေသော အခိုက်၌ ငါ၏ ကိုယ်တွင်း၌ ထိနမိဒ္ဓဖြစ်နေသည် ဟု သိ၏။ မိမိကိုယ်တွင်း၌ ထိနမိဒ္ဓ မရှိသည့်အခိုက် ငါ၏ ကိုယ်တွင်း၌ ထိနမိဒ္ဓ မရှိဟု သိ၏။ မဖြစ်ဖူးသေးသော ထိနမိဒ္ဓ ဖြစ်လာခြင်းကိုလည်း သိ၏။ ဖြစ်ပြီးသော ထိနမိဒ္ဓကို ပယ်နိုင်ခြင်းကိုလည်း သိ၏။ ပယ်ပြီးသော ထိနမိဒ္ဓ၏ နောက်တစ်ဖန် မဖြစ်ခြင်းကိုလည်း သိ၏။

ယောဂီပုဂ္ဂိုလ်သည် မိမိကိုယ်တွင်း၌ (ပျံ့လွင့်မှု နောင်တပူပန်မှု) ဥဒ္ဓစ္စကုက္ကုစ္စ ဖြစ်နေသည့်အခိုက် ငါ၏ကိုယ်တွင်း၌ ဥဒ္ဓစ္စကုက္ကုစ္စ ဖြစ်နေ၏ ဟု သိ၏။ မိမိကိုယ်တွင်း၌ ဥဒ္ဓစ္စကုက္ကုစ္စ မရှိသည့်အခိုက်၌ ငါ၏ ကိုယ်တွင်း၌ ဥဒ္ဓစ္စကုက္ကုစ္စ မရှိဟု
စာမျက်နှာ-522


သိ၏။ မဖြစ်ဖူးသေးသော ဥဒ္ဓစ္စကုက္ကုစ္စ ဖြစ်လာခြင်းကိုလည်း သိ၏။ ဖြစ်ပြီးသော ဥဒ္ဓစ္စကုက္ကုစ္စကို ပယ်ခြင်းကိုလည်း သိ၏။ ပယ်ပြီးသော ဥဒ္ဓစ္စကုက္ကုစ္စ၏ နောက်တစ်ဖန် မဖြစ်ခြင်းကိုလည်း သိ၏။

ယောဂီပုဂ္ဂိုလ်သည် မိမိကိုယ်တွင်း၌ (ယုံမှားသံသယ) ဝိစိကိစ္ဆာ ရှိလျှင် ငါ၏ကိုယ်တွင်း၌ ဝိစိကိစ္ဆာ ရှိ၏ဟု သိ၏။ မိမိကိုယ်တွင်း၌ ဝိစိကိစ္ဆာ မရှိလျှင် ငါ၏ကိုယ်တွင်း၌ ဝိစိကိစ္ဆာ မရှိဟု သိ၏။ မဖြစ်ဖူးသေးသော ဝိစိကိစ္ဆာ ဖြစ်လာသည်ကိုလည်း သိ၏။ ဖြစ်ပြီးသော ဝိစိကိစ္ဆာကို ပယ်နိုင်ခြင်းကိုလည်း သိ၏။ ပယ်ပြီးသော ဝိစိကိစ္ဆာ၏ နောက်တစ်ဖန် မဖြစ်ခြင်းကိုလည်း သိ၏။

တင့်တယ် ကောင်းမြတ် သာယာဖွယ် အာရုံနိမိတ်ကို မသင့်မတင့် နှလုံးသွင်းသောအခါ မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒများ ဖြစ်ပေါ်လာ၍ ဖြစ်ပေါ်ပြီးသော ကာမစ္ဆန္ဒများ တိုးပွားလာသည်။ ထိုအခါ မတင့်တယ်သော အသုဘ အာရုံနိမိတ်ကို ရှု၍ မမြဲခြင်း = အနိစ္စ၊ ဆင်းရဲခြင်း = ဒုက္ခ၊ အစိုးမရခြင်း = အနတ္တ၊ မတင့်တယ်ခြင်း = အသုဘ ဤသို့ နှလုံးသွင်းသည်ရှိသော် ကာမစ္ဆန္ဒကို ပယ်နိုင်လာ၏။ မဖြစ်သေးသော ကာမစ္ဆန္ဒများ မဖြစ်ပေါ် စေရန် တားမြစ်၍ ဖြစ်ပြီးသော ကာမစ္ဆန္ဒများကို ပယ်နိုင်သည်။ ကာမစ္ဆန္ဒကို ပယ်နိုင်ရန် အသုဘနိမိတ်ကို အာရုံယူရမည်။ အသုဘဘာဝနာကို အားထုတ်ရမည်။ မျက်စိ နား နှာခေါင်း စသော ဣန္ဒြေတို့ကို ပိတ်ဆို့ စောင့်ရှောက်ရမည်။ အစာအာဟာရ၌ အတိုင်းအရှည်ကို သိရမည်။ မိတ်ကောင်း ဆွေကောင်း ရှိရမည်။ ကမ္မဋ္ဌာန်း အာရုံအား လျောက်ပတ်သော တရားစကားကို ကြားနာရမည်။ ထမင်း စားသည့်အခါ ဝခါနီး လေးလုတ် ငါးလုတ်အလို၌ ရေကို သောက်၍ မျှတအောင် နေခြင်းကို အစာအာဟာရ၌ အတိုင်းအရှည်ကို သိသည်ဟု ဆိုလိုသည်။

ဒေါသဖြစ်ဖွယ် အာရုံနိမိတ်ကို မသင့်မတင့် နှလုံးသွင်းခြင်းကြောင့် ဒေါသ ဗျာပါဒ ဖြစ်တတ်သည်။ ထိုအာရုံကို အကြိမ်များစွာ အာရုံပြုလျှင်လည်း ဒေါသ ဗျာပါဒများ တိုးပွားလာ၏။ ယင်း ဒေါသ ဗျာပါဒကို မေတ္တာတရားဖြင့် ပယ်ဖျောက်ရမည်။ မေတ္တာစေတောဝိမုတ္တိခေါ်သော မေတ္တာဈာန်ကို ပွားလျှင် ဒေါသ ဗျာပါဒကို ပယ်နိုင်သည်။

ဒေါသ ပယ်နည်း ၆-ပါး

တစ်နည်းအားဖြင့် အောက်ဖော်ပြပါ တရားခြောက်ပါးတို့သည် ဒေါသ ဗျာပါဒကို ပယ်ခြင်းငှာ ဖြစ်ကုန်၏—

ချစ်မြတ်နိုးသော ပုဂ္ဂိုလ်ကို နိမိတ်အာရုံပြု၍ ယူခြင်း။
မေတ္တာဘာဝနာကို အမြဲ အားထုတ်ခြင်း။
စာမျက်နှာ-523


ကံသာလျှင် မိမိဥစ္စာရှိ၏ဟု ဆင်ခြင်ခြင်း။
ပညာဉာဏ်ဖြင့် နှိုင်းချိန်မှု ရှိခြင်း။
မိတ်ဆွေကောင်း ရှိခြင်း။
လျောက်ပတ်သော တရားစကားကို နာကြားရခြင်း။

ထိနမိဒ္ဓ ပယ်နည်း ၆-ပါး

ကမ္မဋ္ဌာန်း အာရုံ၌ မပျော်မွေ့ခြင်းကြောင့် ထိနမိဒ္ဓ ဖြစ်တတ်သည်။ ထိနမိဒ္ဓကို ပယ်ရန် အောက်ပါအတိုင်း နည်းခြောက်နည်းရှိသည်—

အစာအာဟာရ၌ အတိုင်းအရှည်ကို သိရမည်။
ထိနမိဒ္ဓဖြစ်သော ဣရိယာပုထ်ကို အခြား ဣရိယာပုထ်သို့ ပြောင်းရမည်။
အရောင်အလင်းကို နှလုံးသွင်းရမည်။
လွင်တီးခေါင်၌ နေရမည်။
ထိနမိဒ္ဓ မရှိသော အဆွေခင်ပွန်းကောင်းကို ဆည်းကပ်ရမည်။
လျောက်ပတ်သော တရားစကားကို ကြားနာရမည်။

ထိနမိဒ္ဓ ဖြစ်ခြင်းသည် ဝီရိယဓာတ် အားနည်းသောကြောင့် ဖြစ်သည်။ ဝီရိယဓာတ် ၃-မျိုး ရှိသည်—
(၁) အာရမ္ဘဓာတု = ပထမဦးစွာ အားထုတ်ခြင်း။

(၂) နိက္ကမဓာတု = ပျင်းရိခြင်းမှ ထွက်ခွာနိုင်အောင် အရှိန်မြှင့်တင်ပေးသော ဒုတိယအဆင့် ဝီရိယ။

(၃) ပရက္ကမဓာတု = အခက်အခဲမှန်သမျှ ဖြတ်ကျော်သွားနိုင်သော အလွန်အားကောင်းသည့် ဝီရိယဓာတ်။

ဤဝီရိယဓာတ် ၃-မျိုးဖြင့် စိတ်ကို အင်အား ဖြည့်တင်းလိုက်သောအခါ ထိနမိဒ္ဓ ပျောက်ကင်းသွားသည်။
စာမျက်နှာ-524


ဥဒ္ဓစ္စကုက္ကုစ္စ ပယ်နည်း ၆-ပါး

အကြားအမြင်များခြင်း။
ပြန်လှန်မေးမြန်းခြင်း။
ဝိနည်း၌ လိမ္မာကျွမ်းကျင်ခြင်း။
မထေရ်ကြီးများကို ချဉ်းကပ်ခြင်း။
ဝိနည်းတတ်ကျွမ်းသော မိတ်ဆွေကောင်းရှိခြင်း။
လျောက်ပတ်သော တရားစကားကို ကြားနာရခြင်း။

ဝိစိကိစ္ဆာ ပယ်နည်း ၆-ပါး

အကြားအမြင်များခြင်း။
ရတနာသုံးပါးကို အကြောင်းပြု၍ အပြန်ပြန်အလှန်လှန် မေးမြန်းခြင်း။
ဝိနည်း၌ လိမ္မာကျွမ်းကျင်ခြင်း။
ရတနာသုံးပါး၌ သက်ဝင်ကြည်ညိုခြင်း။
သဒ္ဓါလွန်ကဲသော အဆွေခင်ပွန်းကောင်းကို မှီဝဲခြင်း။
လျောက်ပတ်သော တရားစကားကို နာကြားခြင်း။

ဤသို့လျှင် နီဝရဏငါးပါးတို့ကို မိမိသန္တာန်၌လည်းကောင်း၊ သူတစ်ပါး သန္တာန်၌လည်းကောင်း၊ မိမိသူတစ်ပါး နှစ်ဦးလုံး၏ သန္တာန်၌လည်းကောင်း ရှုမှတ်၍ နေ၏။ ထိုနီဝရဏငါးပါးတို့၏ ဖြစ်ခြင်းအကြောင်းကိုလည်း ရှုမှတ်၏။ နီဝရဏငါးပါး ကုန်ခန်းခြင်းကိုလည်း ရှုမှတ်၍ နေ၏။ နီဝရဏတို့၏ ဖြစ်ခြင်းပျက်ခြင်း နှစ်ပါးကိုလည်း ရှုမှတ်၍ နေ၏။ နီဝရဏငါးပါးတို့ကို ယောဂီ၏ ဉာဏ်၌ ထင်ရှား တွေ့မြင်နေရ၏။ သို့သော်လည်း ယင်းနီဝရဏတို့ကို တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့် စွဲလမ်းခြင်း မရှိ။ ထို့ပြင် လောက၌ ဘာကိုမျှ စွဲလမ်းခြင်း မရှိ။ ဤသို့ ရှုမြင်လျက် နေခြင်းကို နီဝရဏတရားတို့၌ ရှုမှတ်ခြင်း ဓမ္မာနုပဿနာ သတိပဋ္ဌာန် ဟု ခေါ်သည်။

ခန္ဓာအားဖြင့် ရှုမှတ်ခြင်း

ယောဂီပုဂ္ဂိုလ်သည် စွဲလမ်းတပ်မက်ဖွယ်ရာ ခန္ဓာငါးပါးတို့ကို ဤသို့ ရှု၏။ ရူပက္ခန္ဓာကို ရှုရာ၌ ရုပ်သည် ဤမျှ အတိုင်းအရှည် ရှိ၏။ ဤကား ရုပ်တည်း၊
စာမျက်နှာ-525


ဤကား ရုပ်၏ ဖြစ်ကြောင်းတည်း၊ ဤကား ရုပ်၏ ချုပ်ငြိမ်းကြောင်းတည်း၊ ဤကား ဝေဒနာတည်း၊ ဤကား ဝေဒနာ၏ ဖြစ်ကြောင်းတည်း၊ ဤကား ဝေဒနာ၏ ချုပ်ငြိမ်းကြောင်းတည်း။ ဤနည်းတူ သညာ၊ သင်္ခါရ၊ ဝိညာဏ် တို့ကိုလည်း ရှုမှတ်၏။ မိမိကိုယ်တွင်း၌ ရှိသော ခန္ဓာငါးပါး ရုပ်နာမ်တရားကိုလည်း ရှုမှတ်၏။ သူတစ်ပါး သန္တာန်၌ ရှိသော ခန္ဓာငါးပါး ရုပ်နာမ်တရားကိုလည်း ရှုမှတ်၏။ မိမိသူတစ်ပါး နှစ်ဦးလုံး၌ ရှိသော ခန္ဓာတို့ကိုလည်း ရှုမှတ်၏။ ခန္ဓာတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ပျက်ခြင်းကိုလည်းကောင်း၊ အဖြစ်အပျက် နှစ်ပါးကိုလည်းကောင်း ရှုမှတ်၍ နေ၏။ ယောဂီ၏ ဉာဏ်၌ ခန္ဓာငါးပါးသည် ထင်ရှား ပေါ်လွင် နေ၍ သတိဖြင့် အဖန်ဖန် ရှုမှတ်၏။ သို့ရာတွင် ခန္ဓာငါးပါးကို တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့် စွဲယူခြင်း မရှိ၊ တစ်လောကလုံး ဘာကိုမျှ စွဲယူခြင်း မရှိ။ ဤသို့လျှင် ခန္ဓာငါးပါးကို ရှုမှတ်ခြင်းသည် ဓမ္မာနုပဿနာ သတိပဋ္ဌာန် မည်၏။

အာယတနအားဖြင့် ရှုမှတ်ခြင်း

ယောဂီပုဂ္ဂိုလ်သည် အတွင်း အာယတန ခြောက်ပါး၊ အပြင် အာယတန ခြောက်ပါးတို့၌ ဤသို့ ရှုမှတ်၏။ မျက်စိအကြည်ဓာတ်ကို သိ၏။ အဆင်း ရူပါရုံကို သိ၏။ ထိုတရားနှစ်ပါးကို စွဲ၍ ဖြစ်ပေါ်လာသော သံယောဇဉ် အနှောအဖွဲ့ကိုလည်း သိ၏။ မဖြစ်ဖူးသေးသော သံယောဇဉ်ဖြစ်ခြင်းကိုလည်း သိ၏။ ဖြစ်ပြီးသော သံယောဇဉ် ပယ်ခြင်းကိုလည်း သိ၏။ ပယ်ပြီးသော သံယောဇဉ်၏ နောက်တစ်ဖန် မဖြစ်ခြင်းကိုလည်း သိ၏။

နားအကြည်ဓာတ်ကို သိ၏။ အသံသဒ္ဒါရုံကို သိ၏။ ထိုနှစ်ပါးကို အစွဲပြု၍ ဖြစ်ပေါ်လာသော သံယောဇဉ်ကိုလည်း သိ၏။ မဖြစ်ဖူးသေးသော သံယောဇဉ် ဖြစ်ခြင်းကိုလည်း သိ၏။ ဖြစ်ပြီးသော သံယောဇဉ် ပယ်ခြင်းကိုလည်း သိ၏။ ပယ်ပြီးသော သံယောဇဉ် နောက်တစ်ဖန် မဖြစ်ခြင်းကိုလည်း သိ၏။

နှာခေါင်းအကြည်ဓာတ်ကိုလည်း သိ၏။ အနံ့အာရုံကိုလည်း သိ၏။ ထိုတရားနှစ်ပါးကို စွဲ၍ ဖြစ်ပေါ်လာသော သံယောဇဉ်ကိုလည်း သိ၏။ မဖြစ်ဖူးသေးသော သံယောဇဉ်ကိုလည်း သိ၏။ ဖြစ်ပြီးသော သံယောဇဉ် ပယ်ခြင်းကိုလည်း သိ၏။ ပယ်ပြီးသော သံယောဇဉ် နောက်တစ်ဖန် မဖြစ်ခြင်းကိုလည်း သိ၏။

လျှာအကြည်ဓာတ်ကိုလည်း သိ၏။ အရသာအာရုံကိုလည်း သိ၏။ ထိုတရားနှစ်ပါးကို စွဲ၍ ဖြစ်ပေါ်လာသော သံယောဇဉ်ကိုလည်း သိ၏။ မဖြစ်ဖူးသေးသော သံယောဇဉ်ကိုလည်း သိ၏။ ဖြစ်ပြီးသော သံယောဇဉ် ပယ်ခြင်းကိုလည်း သိ၏။ ပယ်ပြီးသော သံယောဇဉ် နောက်တစ်ဖန် မဖြစ်ခြင်းကိုလည်း သိ၏။
စာမျက်နှာ-526


ကိုယ်အကြည်ဓာတ်ကိုလည်း သိ၏။ အတွေ့အထိ အာရုံကိုလည်း သိ၏။ ထိုနှစ်ပါးကို စွဲ၍ ဖြစ်ပေါ်လာသော သံယောဇဉ်ကိုလည်း သိ၏။ စိတ်မနောကိုလည်း သိ၏။ စိတ်ကူးအာရုံများကိုလည်း သိ၏။ ထိုနှစ်ပါးကို စွဲ၍ သံယောဇဉ် ဖြစ်ခြင်းကိုလည်း သိ၏။ မဖြစ်ဖူးသေးသော သံယောဇဉ်ကိုလည်း သိ၏။ ဖြစ်ပြီးသော သံယောဇဉ် ပယ်ခြင်းကိုလည်း သိ၏။ ပယ်ပြီးသော သံယောဇဉ်၏ နောက်တစ်ဖန် မဖြစ်ခြင်းကိုလည်း သိ၏။

ဤသို့လျှင် မိမိသန္တာန်၌လည်းကောင်း၊ သူတစ်ပါးသန္တာန်၌လည်းကောင်း၊ မိမိသူတစ်ပါး နှစ်ဦးလုံး၏ သန္တာန်၌လည်းကောင်း အာယတနတရားတို့ကို ရှုဆင်ခြင်၍ နေ၏။ ထိုအာယတနတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ပျက်ခြင်းကိုလည်းကောင်း ဖြစ်ခြင်းပျက်ခြင်းကိုလည်းကောင်း ရှုမှတ်၏။ ထိုအာယတနတရားတို့သည် ဉာဏ်၌ ထင်ရှားလာ၍ သတိချပ်ကာ ရှုမှတ်နေ၏။ ထိုအာယတနတို့ကို တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့် စွဲယူခြင်း မရှိ။ လောက၌ ဘာကိုမျှ စွဲယူခြင်း မရှိတော့ချေ။

ဗောဇ္ဈင်အားဖြင့် ရှုမှတ်ခြင်း

ဝိပဿနာတရား ရှုမှတ်၍ ဉာဏ်ရင့်ကျက်လာသောအခါ အောက်ဖော်ပြပါ ဗောဇ္ဈင်တရား ၇-ပါးတို့ ဖြစ်ပေါ်လာသည်-

သတိသမ္ဗောဇ္ဈင် = ဖြစ်ပေါ်လာသမျှ ရုပ်နာမ်သင်္ခါရတို့ကို မလစ်လပ်အောင် မလွတ်တမ်း ရှုမှတ်တတ်သော သတိ။
ဓမ္မဝိစယသမ္ဗောဇ္ဈင် = သန့်ရှင်းကြည်လင်သော ဉာဏ်ပညာ။
ဝီရိယသမ္ဗောဇ္ဈင် = တက်တက်ကြွကြွ အရှိန်ကောင်းနေသော ဝီရိယ။
ပီတိသမ္ဗောဇ္ဈင် = ရွှင်လန်းကြည်နူး နှစ်သက်သော ပီတိ။
ပဿဒ္ဓိသမ္ဗောဇ္ဈင် = ငြိမ်သက်အေးချမ်းမှု ပဿဒ္ဓိ။
သမာဓိသမ္ဗောဇ္ဈင် = မလှုပ်မယှက် တည်ငြိမ်စူးစိုက်မှု သမာဓိ။
ဥပေက္ခာသမ္ဗောဇ္ဈင် = အတူတကွ ဖြစ်ဖော် ဖြစ်ဖက် တရားတို့ကို အယုတ်အလွန် မရှိစေရ၊ လိုအပ်သည့် အတိုင်းအတာ အထိသာ ရှိစေရန် ဟန်ချက်ညီညီ ထိန်းထားသော ဥပေက္ခာ။
စာမျက်နှာ-527


ယောဂီပုဂ္ဂိုလ်သည် ဤဗောဇ္ဈင် (၇)ပါး တရားတို့ကို မိမိသန္တာန်၌ ရှိ၏ ဟူ၍ သိ၏။ မရှိလျှင် မရှိ ဟူ၍ သိ၏။ မဖြစ်သေးသော ဗောဇ္ဈင်တရားများ၏ ဖြစ်ပေါ်ခြင်းကိုလည်း သိ၏။ ဖြစ်ပြီးသော ဗောဇ္ဈင်တရားတို့၏ ပွားများပြည့်စုံလာမှုကိုလည်း သိ၏။ ဤသို့လျှင် မိမိ၌လည်းကောင်း၊ သူတစ်ပါး၌လည်းကောင်း၊ မိမိသူတစ်ပါး နှစ်ဦးတို့၌လည်းကောင်း ဗောဇ္ဈင်တရားများကို ရှုမှတ်၍ နေ၏။ ထိုဗောဇ္ဈင်တရားတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ပျက်ခြင်းကိုလည်းကောင်း၊ ဖြစ်ခြင်းပျက်ခြင်းကိုလည်းကောင်း ရှုမှတ်၍ နေ၏။ ထိုဗောဇ္ဈင်တရားတို့သည် ဉာဏ်၌ ထင်မြင်လာ၏။ သို့ရာတွင် တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့် စွဲယူခြင်း မရှိ၊ လောက၌ ဘာကိုမျှ စွဲယူခြင်း မရှိတော့ချေ။

ဗောဇ္ဈင်ဖြစ်ခြင်း ပွားများခြင်း၏ အကြောင်းတရားများကို ဖော်ပြပါဦးမည်-

သတိသမ္ဗောဇ္ဈင်ဖြစ်ကြောင်း ၄-ပါး

(၁) ရှေ့သို့ တက်ခြင်း၊ နောက်သို့ ဆုတ်ခြင်းစသော ကိုယ်အမူအရာ၊ နှုတ်အမူအရာတို့၌ အမြဲမပြတ် သတိချပ်၍ ရှုမှတ်ခြင်း။

(၂) သတိလက်လွှတ်နေသည်ကို ရှောင်ကြဉ်ခြင်း။
(၃) သတိကောင်းသူကို မှီဝဲခြင်း။
(၄) သတိဖြစ်စေရန် စိတ်ကို ညွတ်ကိုင်းထားခြင်း။

ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း ၇-ပါး

(၁) ခန္ဓာ၊ အာယတန စသည်ကို အဖန်ဖန် မေးမြန်းခြင်း။
(၂) ကိုယ်တွင်းကိုယ်ပ သန့်ရှင်းစင်ကြယ်ခြင်း။
(၃) သဒ္ဓါနှင့်ပညာ၊ ဝီရိယနှင့် သမာဓိကို ညီမျှစေခြင်း။
(၄) ပညာမဲ့သူကို ရှောင်ကြဉ်ခြင်း။
(၅) ပညာရှိကို မှီဝဲခြင်း။
(၆) နက်နဲခက်ခဲသော ခန္ဓာ အာယတန ဓာတ်တို့ကို ဆင်ခြင်သုံးသပ်ခြင်း။
(၇) ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်စေရန် စိတ်ကို ညွတ်ကိုင်းထားခြင်း။
စာမျက်နှာ-528


ဝီရိယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း ၁၁-ပါး

(၁) အပါယ်ဘေးကို ဆင်ခြင်ခြင်း။
(၂) ဝီရိယ၏ အကျိုးကို ရှုမျှော်ခြင်း။
(၃) သူတော်ကောင်းတို့၏ လမ်းခရီးကို လိုက်သင့်သည်ဟု ဆင်ခြင်ခြင်း။
(၄) ဆွမ်းအလှူရှင်တို့၏ စေတနာကို ထောက်ထားခြင်း။
(၅) ဘုရားရှင်၏ အမွေဖြစ်သောမဂ်ဖိုလ်တို့၏ ကြီးမြတ်မှုကို ဆင်ခြင်ခြင်း။
(၆) ဆရာဖြစ်သော မြတ်စွာဘုရား၏ ကြီးမြတ်မှုကို ဆင်ခြင်ခြင်း။
(၇) ဘုရားသားတော် တည်းဟူသော အမျိုးအနွယ် မြင့်မြတ်မှုကို ဆင်ခြင်ခြင်း။

(၈) အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလ္လာန် စသော သီတင်းသုံးဖော်တို့၏ မြင့်မြတ်မှုကို ဆင်ခြင်ခြင်း။

(၉) ပျင်းရိသူကို ရှောင်ကြဉ်ခြင်း။
(၁၀) ဝီရိယကောင်းသူကို ဆည်းကပ်ခြင်း။
(၁၁) ဝီရိယဖြစ်စေရန် စိတ်ကို ညွတ်ကိုင်းထားခြင်း။

ပီတိသမ္ဗောဇ္ဈင်ဖြစ်ကြောင်း ၁၁-ပါး

(၁) ဘုရားဂုဏ်တော်ကို အောက်မေ့ခြင်း။
(၂) တရားဂုဏ်တော်ကို အောက်မေ့ခြင်း။
(၃) သံဃာ့ဂုဏ်တော်ကို အောက်မေ့ခြင်း။
(၄) သီလဂုဏ်ကျေးဇူးကို အောက်မေ့ခြင်း။
(၅) အလှူဒါနကို အောက်မေ့ခြင်း။
(၆) နတ်တို့၏ ကုသိုလ်ပြုခဲ့ပုံကို အောက်မေ့ခြင်း။
(၇) နိဗ္ဗာန်၏ ငြိမ်းအေးမှုကို အောက်မေ့ခြင်း။
(၈) သဒ္ဓါတရား နည်းပါး၍ ကပ်စေးနှဲသူကို ရှောင်ကြဉ်ခြင်း။
(၉) သဒ္ဓါတရား အားကောင်းသူကို မှီဝဲခြင်း။
(၁၀) ကြည်ညိုဖွယ် သုတ္တန်များကို ရွတ်ဖတ် ဆင်ခြင်ခြင်း။
(၁၁) ပီတိဖြစ်စေခြင်းငှာ စိတ်ကို ညွတ်ကိုင်းထားခြင်း။
စာမျက်နှာ-529


ပဿဒ္ဓိသမ္ဗောဇ္ဈင်ဖြစ်ကြောင်း ၇-ပါး

(၁) မွန်မြတ်သော ဘောဇဉ်ကို မှီဝဲခြင်း။
(၂) လျောက်ပတ်သော ဥတုကို မှီဝဲခြင်း။
(၃) ချမ်းသာသော ဣရိယာပုထ်ကို မှီဝဲခြင်း။
(၄) ကံသာလျှင် ဥစ္စာရှိသည်ကို ဆင်ခြင်ခြင်း။
(၅) သူတစ်ပါးအား နှိပ်စက်တတ်သူကို ရှောင်ကြဉ်ခြင်း။
(၆) ငြိမ်းချမ်းသော ကိုယ်စိတ်ရှိသူကို မှီဝဲခြင်း။
(၇) ပဿဒ္ဓိဖြစ်စေရန် စိတ်ကို ညွှတ်ကိုင်းထားခြင်း။

သမာဓိသမ္ဗောဇ္ဈင်ဖြစ်ကြောင်း ၁၁-ပါး

(၁) ကိုယ်တွင်းကိုယ်ပ သန့်ရှင်းစင်ကြယ်ခြင်း။
(၂) သဒ္ဓါနှင့်ပညာ၊ ဝီရိယနှင့်သမာဓိကို ညီမျှစေခြင်း။
(၃) ကသိုဏ်းဝန်းနိမိတ်ကို အာရုံယူရာ၌ ကျွမ်းကျင်ခြင်း။
(၄) ဆုတ်နစ်သောစိတ် အားလျော့သောစိတ်ကို ပညာ၊ ဝီရိယ၊ ပီတိ တို့ဖြင့် ချီးပခြင်း။
(၅) ပျံ့လွင့်သောစိတ်ကို ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာတို့ဖြင့် နှိပ်ခြင်း။

(၆) စိတ်မသက်သာသောအခါ သံဝေဂဝတ္ထုကို ဆင်ခြင်၍လည်းကောင်း၊ ရတနာသုံးပါးဂုဏ်ကို အောက်မေ့၍လည်းကောင်း စိတ်ကိုရွှင်စေခြင်း။

(၇) အတူတကွဖြစ်ဖက်တရားများ ဟန်ချက်ညီညီ မျှမျှတတ ဖြစ်နေသော အခါ တစ်စုံတစ်ရာ ကြောင့်ကြမစိုက်ဘဲ လျစ်လျူရှုခြင်း။

(၈) ပျံ့လွှင့်သောသူကို ရှောင်ကြဉ်ခြင်း။
(၉) တည်ကြည်သောသူကို မှီဝဲခြင်း။
(၁၀) လွတ်မြောက်မှုကို ဆင်ခြင်ခြင်း။
(၁၁) သမာဓိဖြစ်စေရန် စိတ်ကို ညွတ်ကိုင်းထားခြင်း။
စာမျက်နှာ-530


ဥပေက္ခာသမ္ဗောဇ္ဈင်ဖြစ်ကြောင်း ၅-ပါး

(၁) ကံသာလျှင် ဥစ္စာရှိ၏ဟု ဆင်ခြင်ခြင်း၊ ပုဂ္ဂိုလ်၊ သတ္တဝါ မရှိသဖြင့် ချစ်ခြင်း၊ မုန်းခြင်း မပြုဘဲ လျစ်လျူရှုခြင်း။

(၂) သင်္ခါရတရားတို့၏ ယာယီအခိုက်အတန့်သဘောကိုရှု၍ သင်္ကန်းစသော ပစ္စည်းများ အပေါ်၌ လျစ်လျူရှုခြင်း။

(၃) သားသမီးစသော သတ္တဝါကို ချစ်ခင်တတ်သူနှင့် ဥစ္စာပစ္စည်းချစ်ခင် တတ်သူကို ရှောင်ကြဉ်ခြင်း။

(၄) သတ္တဝါ သင်္ခါရတို့၌ လျစ်လျူရှုတတ်သူကို ဆည်းကပ်ခြင်း။
(၅) ဥပေက္ခာ ဖြစ်စေရန် စိတ်ကို ညွတ်ကိုင်းထားခြင်း။

သစ္စာလေးပါးအားဖြင့် ရှုမှတ်ခြင်း

ယောဂီပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ် ရင့်ကျက်လာသောအခါ သစ္စာလေးပါးကို အာရုံပြု၍ ဤသို့ဆင်ခြင်၏။ ဤကား ဒုက္ခသစ္စာတည်း၊ ဤကား သမုဒယသစ္စာတည်း၊ ဤကား နိရောဓသစ္စာတည်း၊ ဤကား မဂ္ဂသစ္စာတည်းဟု ဟုတ်တိုင်းမှန်စွာ သိ၏။ ထိုသစ္စာ လေးပါးအနက် ရှေးဦးစွာ ဒုက္ခသစ္စာကို အကျယ်ပြဆိုပါအံ့။

ဒုက္ခသစ္စာကို ရှုမှတ်ခြင်း

ဒုက္ခသစ္စာကို သရုပ်အဓိပ္ပာယ် ရေတွက်ရလျှင် အောက်ပါအတိုင်း (၁၂)မျိုး ခွဲခြား၍ ဟောကြားတော်မူခဲ့ပါသည်-
(၁) ဇာတိ = ပဋိသန္ဓေနေခြင်း။
(၂) ဇရာ = အိုမင်းရင့်ရော်ခြင်း။
(၃) မရဏ = သေဆုံးခြင်း။
(၄) သောက = စိုးရိမ်ခြင်း။
(၅) ပရိဒေဝ = ငိုကြွေးမြည်တမ်းခြင်း။
(၆) ဒုက္ခ = ကိုယ်ဆင်းရဲခြင်း။
(၇) ဒေါမနဿ = စိတ်နှလုံး မသာယာခြင်း။
(၈) ဥပါယာသ = လွန်စွာ စိတ်ပင်ပန်းခြင်း။
စာမျက်နှာ-531


(၉) အပ္ပိယေဟိ သမ္ပယောဂေါ = မချစ်မနှစ်သက်အပ်သော သတ္တဝါသင်္ခါရ တို့နှင့် တွေ့ကြုံပေါင်းသင်း ဆက်ဆံရခြင်း။

(၁၀) ပိယေဟိ ဝိပ္ပယောဂေါ = ချစ်နှစ်သက်သော သတ္တဝါ သင်္ခါရတို့နှင့် ကွေကွင်းခွဲခွာရခြင်း။

(၁၁) ယံ ပိစ္ဆံ န လဘတိ = လိုတာ မရနိုင်ခြင်း၊ မရနိုင်သည်ကို လိုချင်ခြင်း။
(၁၂) ပဥ္စုပါဒါနက္ခန္ဓာ = စွဲလမ်းတပ်မက်ဖွယ် ခန္ဓာငါးပါး။

ဇာတိ၏ အဓိပ္ပာယ်

ထိုထိုဘဝ၌ ထိုထိုသတ္တဝါတို့၏ ပထမဦးစွာ ဖြစ်ခြင်း၊ ပဋိသန္ဓေနေခြင်း၊ အမိဝမ်း၌ ကိန်းအောင်းခြင်း၊ ဘဝသစ်၌ ဖြစ်ခြင်း၊ ရုပ်အစုအဝေး နာမ်အစုအဝေးတို့၏ ထင်ရှားဖြစ်ခြင်း၊ မျက်စိ၊ နား၊ နှာခေါင်းစသော အာယတနတို့ကို ရရှိခြင်း၊ ဤသည်ကို ဇာတိ = ပဋိသန္ဓေနေခြင်းဟု ခေါ်ဆိုရသည်။

ဇရာ၏ အဓိပ္ပာယ်

သတ္တဝါတို့၏ အိုခြင်းသဘော၊ အိုသော အခြင်းအစု၊ သွားကျိုးဆံဖြူ ဖြစ်ခြင်း၊ အရေတွန့်ခြင်း၊ အသက်ဓာတ်အင်အား ဆုတ်လျော့ခြင်း၊ မျက်စိ၊ နားစသည်တို့ ရင့်ရော်ခြင်းတို့ ဖြစ်ပါသည်။ ဤသည်ကို ဇရာ = အိုခြင်းဟု ခေါ်ဆိုရသည်။

မရဏ၏ အဓိပ္ပာယ်

ထိုထိုသတ္တဝါတို့၏ လက်ရှိဘဝမှ ရွေ့လျော့ခြင်းသဘော၊ ရွေ့လျော့သော အခြင်းအရာ၊ ခန္ဓာပျက်စီးခြင်း၊ ခန္ဓာကွယ်ပျောက်ခြင်း၊ သေခြင်း၊ အသက်ကို စွန့်ခြင်း၊ သေခြင်းကို ပြုခြင်း၊ ခန္ဓာကို ချခဲ့ခြင်း၊ အသက်၏ ချုပ်ပြတ်ခြင်း ဤသည်ကို မရဏ ဟု ဆိုအပ်၏။

သောက၏ အဓိပ္ပာယ်

ဆွေမျိုးတို့၏ ပျက်စီးခြင်းစသည်ဖြင့် နှိပ်စက်ခံရသောသူ၏ စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်းဖြင့် ထိတွေ့သောသတ္တဝါ၏ စိုးရိမ်ခြင်းသဘော၊ စိုးရိမ်သော အခြင်းအရာ၊ စိုးရိမ်မှု၊ အတွင်း၌ စိုးရိမ်ခြင်း၊ အတွင်း၌ ပြင်းစွာ စိုးရိမ်ခြင်း ဤသည်တို့ကို သောက ဟု ဆိုအပ်၏။
စာမျက်နှာ-532


ပရိဒေဝ၏ အဓိပ္ပာယ်
ဆွေမျိုးတို့၏ ပျက်စီးခြင်းစသော အကြောင်းဖြင့် ထိတွေ့အပ်သော သတ္တဝါသည် ပျက်စီးသေဆုံးသူကို ရည်ညွှန်း၍ ငိုကြွေးမြည်တမ်းခြင်း၊ ဂုဏ်ကျေးဇူးကို ဆို၍ ငိုကြွေးမြည်တမ်းခြင်း၊ ငိုကြွေးမြည်တမ်းသော အခြင်းအရာ၊ ငိုကြွေးမြည်တမ်းမှု ဤသည်တို့ကို ပရိဒေဝ ဟု ဆိုအပ်၏။

ဒုက္ခ၏ အဓိပ္ပာယ်

ကာယပသာဒ၌ ဖြစ်သော နာကျင်မှု၊ ဆင်းရဲမှု၊ မသာယာခြင်း၊ ကိုယ်ကာယ၌ ထိတွေ့မှုကြောင့် ဖြစ်ပေါ်သော ဆင်းရဲဝေဒနာ၊ ဤသည်တို့ကို ဒုက္ခ ဟု ဆိုအပ်၏။

ဒေါမနဿ၏ အဓိပ္ပာယ်

စိတ်၌ဖြစ်သော ဆင်းရဲခြင်း၊ စိတ်၌ မှီသော မသာယာခြင်း၊ စိတ်၌ ထိတွေ့မှုကြောင့် ဖြစ်သော ဆင်းရဲ၊ သာယာဖွယ်မရှိသော ဝေဒနာ၊ ဤသည်တို့ကို ဒေါမနဿ ဟု ဆိုအပ်၏။

ဥပါယာသ၏ အဓိပ္ပာယ်

ဆွေမျိုးတို့၏ ပျက်စီးခြင်း စသော အကြောင်းဖြင့် နှိပ်စက်ခံရသော သူ၏ ဆင်းရဲခြင်းသဘော၊ ဆွေမျိုးပျက်စီးမှု စသည်နှင့် တွေ့ထိခံရသော သတ္တဝါ၏ စိတ်ပင်ပန်းခြင်း၊ လွန်စွာပင်ပန်းခြင်း၊ လွန်စွာ စိတ်ပင်ပန်းမှု၊ ဤသည်တို့ကို ဥပါယာသ ဟု ဆိုအပ်၏။

အပ္ပိယေဟိ သမ္ပယောဂေါ၏ အဓိပ္ပာယ်

မိမိမလိုလား မနှစ်သက်သော ရူပါရုံ စသော အာရုံ ခြောက်ပါးတို့ကို ရရှိနေခြင်း၊ မိမိ၏ အကျိုးစီးပွားမဲ့ကို၊ မချမ်းသာခြင်းကို၊ ဘေးကင်းခြင်းကို အလိုရှိသော သတ္တဝါတို့နှင့် ပေါင်းဆုံရခြင်း၊ စုဝေးရခြင်း၊ ပေါင်းဖော်ရခြင်း၊ ရောနှောရခြင်း၊ ဤသည်ကား မချစ်မနှစ်သက်အပ်သော သတ္တဝါ သင်္ခါရတို့နှင့် ပေါင်းဖော်ရခြင်းကြောင့် ဖြစ်သောဆင်းရဲ အပ္ပိယေဟိ သမ္ပယောဂေါ မည်၏။

ပိယေဟိ ဝိပ္ပယောဂေါ၏ အဓိပ္ပာယ်

မိမိအလိုရှိအပ် နှစ်သက်အပ် တောင့်တအပ်သော အာရုံ ခြောက်ပါးတို့နှင့် ကွေကွင်းရခြင်း၊ အမိ၊ အဘ၊ ညီ၊ အစ်ကို၊ မောင်နှမ၊ ဆွေမျိုး မိတ်သင်္ဂဟ၊ မိကြီး၊ မိထွေး၊ ဘကြီး၊ ဘထွေး စသော သားချင်း ပေါက်ဖော်တို့သည်
စာမျက်နှာ-533


မိမိ၏ အကျိုးစီးပွားကို အလိုရှိကြကုန်၏။ ချမ်းသာခြင်း၊ ဘေးကင်းခြင်း ကို အလိုရှိကြကုန်၏။ ထိုအလိုရှိအပ် တောင့်တအပ် မြတ်နိုးအပ်သော သတ္တဝါ သင်္ခါရတို့နှင့် တစ်ပေါင်းတည်း မဖြစ်ရခြင်း၊ အတူတကွ မဆုံစည်းရခြင်း၊ မပေါင်းဖော်ရခြင်း၊ မရောနှောရခြင်း၊ ဤသည်တို့ကို ပိယေဟိ ဝိပ္ပယောဂေါ ဟု ဆိုအပ်၏။

ယံ ပိစ္ဆံ န လဘတိ၏ အဓိပ္ပာယ်

ပဋိသန္ဓေ နေရခြင်းသဘော ရှိသော သတ္တဝါတို့အား ငါတို့သည် ပဋိသန္ဓေ မနေရပါမူ ကောင်းလေစွ၊ ပဋိသန္ဓေ နေခြင်းသည် ငါတို့ထံ မလာမူ ကောင်းလေစွ၊ ဤသို့ လိုချင်တောင့်တခြင်းသည် မရအပ် မရနိုင်သည်ကို တောင့်တခြင်းဖြစ်၍ ဆင်းရဲဒုက္ခ မည်၏။ အိုခြင်းသဘော ရှိသော သတ္တဝါတို့အား “ငါတို့သည် မအိုရမူ ကောင်းလေစွ၊ အိုခြင်းသည် ငါတို့ထံ မလာမူ ကောင်းလေစွ”၊ ဖျားနာခြင်းသဘော ရှိသော သတ္တဝါတို့အား “ငါတို့သည် ဖျားနာခြင်း မရှိမူ ကောင်းလေစွ၊ ဖျားနာခြင်းသည် ငါတို့ထံ မလာမူ ကောင်းလေစွ”၊ သေခြင်းသဘောရှိသော သတ္တဝါတို့အား “ငါတို့သည် မသေရပါမူ ကောင်းလေစွ၊ သေခြင်းတရားသည် ငါတို့ထံ မလာမူ ကောင်းလေစွ”၊ စိုးရိမ်ငိုကြွေးရခြင်း၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲရခြင်း၊ စိတ်နှလုံး ပင်ပန်းရခြင်း သဘောရှိကုန်သော သတ္တဝါတို့အား “ငါတို့သည် မစိုးရိမ်ရမူ ကောင်းလေစွ၊ မငိုရပါမူ ကောင်းလေစွ၊ ကိုယ်ဆင်းရဲခြင်း မဖြစ်ရပါမူ ကောင်းလေစွ၊ စိတ်နှလုံးမသာယာခြင်း၊ စိတ်၏ လွန်စွာပင်ပန်းခြင်း မရှိပါမူ ကောင်းလေစွ” ဤသို့အားဖြင့် မရနိုင်သည်ကို တောင့်တခြင်း၊ တောင့်တပါလျက် မရနိုင်ခြင်းသည် ယံ ပိစ္ဆံ န လဘတိ မည်၏။

ပဥ္စုပါဒါနက္ခန္ဓာ၏ အဓိပ္ပာယ်

ဥပါဒါနက္ခန္ဓာ ငါးပါးဟူသည် ဥပါဒါန်၏ အာရုံဖြစ်သော ရုပ်အစုအဝေး ရူပက္ခန္ဓာ၊ ဝေဒနာ အစုအဝေး ဝေဒနာက္ခန္ဓာ၊ သညာအစုအဝေး သညာက္ခန္ဓာ၊ သင်္ခါရ အစုအဝေး သင်္ခါရက္ခန္ဓာ၊ ဝိညာဉ်အစုအဝေး ဝိညာဏက္ခန္ဓာ၊ ဤသည်တို့ကို ဥပါဒါနက္ခန္ဓာ ငါးပါးဟု ဆိုအပ်၏။ ဤအလုံးစုံကား ဒုက္ခသစ္စာကို ရှုမှတ်ပုံတည်း။

သမုဒယသစ္စာကို ရှုမှတ်ခြင်း

ဒုက္ခဖြစ်ခြင်း၏ အကြောင်းဖြစ်သော တဏှာသည် သမုဒယသစ္စာ မည်၏။ တဏှာသည် တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်၏။ ပြင်းစွာ တပ်မက်တတ်၏။ ထိုထိုအာရုံ၌ အလွန်နှစ်သက်တတ်၏။ ထိုတဏှာသည်-
စာမျက်နှာ-534


(၁) ကာမတဏှာ၊
(၂) ဘဝတဏှာ၊
(၃) ဝိဘဝတဏှာ- ဟူ၍ သုံးမျိုးရှိသည်။

အာရုံငါးပါး ကာမဂုဏ်တရားကို တပ်မက်သော တဏှာ၊ ကာမဘုံ ကာမဘဝကို တပ်မက်သော တဏှာသည် ကာမတဏှာ မည်၏။

မသေမကြေ မပျက်မစီးဘဲ အမြဲတမ်းဖြစ်လိုသော တဏှာ၊ ထာဝရအသက်ကို လိုချင်သော တဏှာ၊ သက်တမ်းရှည်သော ရူပဗြဟ္မာ၊ အရူပဗြဟ္မာဘုံ ဘဝကို တောင့်တသော တဏှာသည် ဘဝတဏှာ မည်၏။ အသက်ရှင် နေလိုမှုသည် ဘဝတဏှာ မည်၏။

အသက်မရှင် နေလိုမှု သတ်သေလိုမှု ဆန္ဒသည် ဝိဘဝတဏှာ မည်၏။ သေပြီးနောက် ဘယ်ဘဝကိုမျှ မရောက်လို ဘဝပြတ်လိုသော တဏှာသည် ဝိဘဝတဏှာမည်၏။ သေပြီးနောက် ဘဝပြတ်သည်ဟု ယူဆသော ဥစ္ဆေဒဒိဋ္ဌိနှင့် ယှဉ်တွဲသော တဏှာသည် ဝိဘဝတဏှာ မည်၏။

မျက်စိသည် ချစ်အပ် သာယာအပ်သော သဘောရှိ၏။ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ကာယ၊ စိတ်မနောသည် ချစ်အပ် သာယာအပ်သော သဘော ရှိ၏။ ဤမျက်စိ စသော တရားခြောက်ပါး၌ တွယ်တာကပ်ငြိမှု တဏှာသည် ဖြစ်၏။ ယင်းမျက်စိ စသည်တို့၌ တဏှာသည် အဖန်တလဲလဲ ဖြစ်၍ တည်၏။

ငါ၏ မျက်လုံးသည် ကြည်လင်ဝင်းပသည်၊ မှန်ကြည့်လျက် မိမိမျက်လုံးကို သာယာ၏။ ရွှေဗိမာန်၌ ခြင်္သေ့ခံသော လေသွန်ပြတင်းကို ဖွင့်လှစ်ရင်းသကဲ့သို့ ထင်ရ၏။

ငါ၏ နားသည် အလွန်လှ၏။ ကျွမ်းကျင်သော ပန်းထိမ်ဆရာပြုလုပ်ထားသော ငွေပိုက်ခေါင်းနှင့် တူ၏။ မိမိနားကို ကြည့်၍ သာယာတပ်မက်မှု ဖြစ်၏။

ငါ၏ နှာခေါင်းသည် အလွန်လှ၏။ နှာတံပေါ်သည်၊ နှာတံမှာ တင်ထားသကဲ့သို့ ထင်ရသည်။ ဤသို့လျှင် နှာခေါင်းနှာတံ၏ အလှကို သာယာတတ်ကြသည်။
စာမျက်နှာ-535


ငါ၏ နှုတ်ခမ်းသည် နီရဲလှပ၏။ သွားများသည် ပုလဲသွယ်ကဲ့သို့ လှသည်။ ပြုံးလိုက်သည့်အခါ သုံးရက်လကဲ့သို့ နှုတ်ခမ်းသည် ကော့ပျံတက်နေသည်။ လျှာမှာ ကမ္ဗလာနီကဲ့သို့ နူးညံ့ပျော့ပျောင်းလျက် အနီရောင် သမ်းနေသည်၊ ဤသို့ လျှာနှင့် ဆက်စပ်၍ သာယာမှု ဖြစ်တတ်သည်။

ငါ၏ ကိုယ်ကာယသည် အင်ကြင်းပင်ပျိုကဲ့သို့ သွယ်လျနေသည်။ ရွှေတိုင်လုံးကြီးကဲ့သို့ မားမားမတ်မတ် ရှိသည်။ ကိုယ်ကာယ သွယ်ပျောင်း နွဲ့နှောင်းသည်။ သန်မာထွားကျိုင်းသည် စသည်ဖြင့် သာယာတပ်မက်ကြသည်။

ငါ၏ စိတ်သည် သူတစ်ပါးစိတ်နှင့် မတူ၊ မြင့်မြတ်သည်၊ ရက်ရောသည် ဖော်ရွှေသည်။ ဖြောင့်မတ်သည်။ အနစ်နာခံသည် စသည်ဖြင့် မိမိစိတ်ကို အကောင်းဆုံး ထင်မှတ်၍ ချီးကျူးနေတတ်သည်၊ ဤသို့ စိတ်ကို သာယာတပ်မက်ကြသည်။

အဆင်းရူပါရုံသည်လည်းကောင်း၊ အသံ သဒ္ဒါရုံသည်လည်းကောင်း၊ အတွေ့အထိ ဖောဋ္ဌဗ္ဗာရုံသည်လည်းကောင်း၊ စိတ်ကူးအာရုံ ဓမ္မာရုံသည်လည်းကောင်း ချစ်နှစ်သက်ဖွယ် သာယာဖွယ်သဘောရှိ၏။ ဤရူပါရုံစသည်တို့၌ တဏှာသည် ဖြစ်ရ၏။ အကြိမ်ကြိမ် ထပ်၍ ဖြစ်၏။

မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ အရသာသိစိတ်၊ ထိသိစိတ်၊ ကြံသိစိတ် တို့သည် ချစ်နှစ်သက်ဖွယ် သာယာဖွယ် သဘောရှိ၏။ ဤဝိညာဉ် ခြောက်ပါး၌ သာယာတပ်မက်မှု တဏှာဖြစ်၏။ အကြိမ်ကြိမ် ထပ်ကာထပ်ကာ ဖြစ်၏။ မျက်စိဖြင့် အာရုံကို တွေ့ထိခြင်း၊ ယင်းတွေ့ထိမှုကြောင့် ခံစားမှု ဝေဒနာဖြစ်ခြင်း၊ နားဖြင့် အာရုံကို တွေ့ထိခြင်း၊ ယင်းတွေ့ထိမှုကြောင့် ခံစားမှုဝေဒနာဖြစ်ခြင်း၊ နှာခေါင်းဖြင့် အာရုံကို တွေ့ထိခြင်း၊ ယင်းတွေ့ထိမှုကြောင့် ခံစားမှုဝေဒနာ ဖြစ်ခြင်း၊ လျှာဖြင့် အာရုံကို တွေ့ထိခြင်း၊ ယင်းတွေ့ထိမှုကြောင့် ခံစားမှုဝေဒနာဖြစ်ခြင်း၊ ကိုယ်ကာယဖြင့် အာရုံကို တွေ့ထိခြင်း၊ ယင်းတွေ့ထိမှုကြောင့် ခံစားမှုဝေဒနာ ဖြစ်ခြင်း၊ စိတ်မနောဖြင့် အာရုံကို တွေ့ထိခြင်း၊ ယင်းတွေ့ထိမှုကြောင့် ခံစားမှုဝေဒနာဖြစ်ခြင်း၊ ဤတွေ့သိမှုနှင့် ခံစားခြင်းတို့သည် ချစ်နှစ်သက်ဖွယ် သာယာဖွယ် သဘောရှိကုန်၏။ ဤတွေ့ထိမှုနှင့် ခံစားခြင်းတို့၌ သာယာတပ်မက်ခြင်း တဏှာသည် အကြိမ်များစွာ ဖြစ်ရ၏။

အဆင်းရုပ်ကို မှတ်သားခြင်း၊ အသံရုပ်ကို မှတ်သားခြင်း၊ အနံ့ရုပ်ကို မှတ်သားခြင်း၊ အရသာရုပ်ကို မှတ်သားခြင်း၊ အတွေ့အထိရုပ်ကို မှတ်သားခြင်း၊ စိတ်ကူးအာရုံကို မှတ်သားခြင်း၊ ဤအမှတ်သညာ အားလုံးတို့သည် ချစ်နှစ်သက်ဖွယ် သာယာဖွယ် သဘောရှိကုန်၏။ ဤအမှတ်သညာတို့၌ တပ်မက်မှု တဏှာ ဖြစ်ရ၏။ တဏှာသည် အကြိမ်ကြိမ် ဖြစ်၏။
စာမျက်နှာ-536


ရူပါရုံအပေါ်၌ ထားသော စေတနာ၊ သဒ္ဒါရုံအပေါ်၌ ထားသော စေတနာ၊ ဂန္ဓာရုံအပေါ်၌ ထားသော စေတနာ၊ ရသာရုံအပေါ်၌ ထားသော စေတနာ၊ ဖောဋ္ဌဗ္ဗာရုံအပေါ်၌ ထားသော စေတနာ၊ ဓမ္မာရုံအပေါ်၌ ထားသော စေတနာတို့သည် ချစ်နှစ်သက်အပ် သာယာအပ်သော သဘောရှိကုန်၏။ ထိုစေတနာတို့၌ တဏှာသည် အကြိမ်ကြိမ် ဖြစ်၏။

အဆင်း၌ တပ်မက်သော တဏှာ၊ အသံ၌ တပ်မက်သော တဏှာ၊ အနံ့၌ တပ်မက်သော တဏှာ၊ အရသာ၌ တပ်မက်သော တဏှာ၊ အတွေ့အထိ၌ တပ်မက်သော တဏှာ၊ စိတ်ကူးအာရုံ၌ တပ်မက်သော တဏှာ၊ ဤတဏှာတို့သည် ချစ်နှစ်သက်အပ်သော သာယာအပ်သော သဘောရှိကုန်၏။ ဤတဏှာတို့၌ ဆင့်ပွားထပ်ဆင့်၍ တဏှာဖြစ်ပြန်သည်။

အဆင်းကို ကြံစည်ခြင်း သုံးသပ်ခြင်း၊ အသံကို ကြံစည်ခြင်း သုံးသပ်ခြင်း၊ အနံ့ကို ကြံစည်ခြင်း သုံးသပ်ခြင်း၊ အရသာကို ကြံစည်ခြင်း သုံးသပ်ခြင်း၊ အတွေ့အထိကို ကြံစည်ခြင်း သုံးသပ်ခြင်း၊ စိတ်ကူးအာရုံကို ကြံစည်ခြင်း သုံးသပ်ခြင်း ဤကြံစည် သုံးသပ်မှုတို့သည် ချစ်နှစ်သက်အပ် သာယာအပ်သော သဘောရှိကုန်၏။ ဤကြံစည်သုံးသပ်မှု၌ တဏှာသည် ဖြစ်ပေါ်၍ အကြိမ်ကြိမ် ဖြစ်၏။

ဤကား ဒုက္ခဖြစ်ခြင်း၏ အကြောင်း သမုဒယသစ္စာကို ရှုမှတ်ပုံတည်း။

နိရောဓသစ္စာကို ရှုမှတ်ခြင်း

ဒုက္ခချုပ်ငြိမ်းခြင်းကို နိရောဓသစ္စာဟု ခေါ်သည်။ ဒုက္ခဖြစ်ခြင်း၏ အကြောင်း တဏှာသမုဒယ ချုပ်ငြိမ်းလျှင် အကျိုး ဖြစ်သော ဒုက္ခသစ္စာလည်း ချုပ်ငြိမ်းလေသည်။ တဏှာသမုဒယ မဖြစ်လျှင် ဒုက္ခလည်း မဖြစ်တော့ချေ။ တဏှာသမုဒယ မရှိလျှင် ဒုက္ခလည်း မရှိတော့ချေ။ ထို့ကြောင့် နိရောဓသစ္စာ ဟူသည် ပြဆိုအပ်ခဲ့ပြီးသော ထိုထိုတဏှာ၏ အကြွင်းမဲ့ချုပ်ငြိမ်းခြင်း၊ တပ်မက်မှု ကင်းခြင်း၊ စွန့်ခွာခြင်း၊ ဝေးစွာစွန့်ခွာခြင်း၊ လွှတ်မြောက်ခြင်း၊ မကပ်ငြိခြင်း ဖြစ်သည်။ ထိုတဏှာသည် အဘယ်နေရာ၌ ပယ်အပ်သည် ဖြစ်၍ ပျောက်သနည်း။ အဘယ်နေရာ၌ ချုပ်ငြိမ်းသနည်း။

ယခင်ပြဆိုခဲ့သော မျက်စိ၊ နားစသော အတွင်းအာယတနခြောက်ပါး၊ အဆင်းစသော အပြင်အာယတနခြောက်ပါး၊ မြင်သိစိတ် စသော ဝိညာဏ်ခြောက်ပါး၊ မျက်စိဖြင့် ထိတွေ့မှု စသော ထိတွေ့မှု ဖဿခြောက်ပါး၊ မျက်စိဖြင့် ထိတွေ့ ခံစားခြင်း စသော ခံစားမှုဝေဒနာ ခြောက်ပါး၊ အဆင်းကို မှတ်သားခြင်း စသော မှတ်သားမှု သညာခြောက်ပါး၊ ရူပါရုံ၌ ထားရှိသော စေတနာ စသော...
စာမျက်နှာ-537


စေတနာခြောက်ပါး၊ ရူပါရုံ၌ တပ်မက်သော တဏှာခြောက်ပါး၊ ရူပါရုံစသည်၌ ကြံစည်မှုဟူသော ဝိတက်ခြောက်ပါး၊ ရူပါရုံ စသည်ကို သုံးသပ်မှုဟူသော ဝိစာရခြောက်ပါး၊ ဤတရားတို့သည် ချစ်နှစ်သက်အပ်သော သာယာအပ်သော သဘောရှိကုန်၏။ တဏှာကို ပယ်လိုသည်ရှိသော် ဤတရားတို့၌ တပ်မက်မှု တဏှာကို ပယ်ရမည်။ တဏှာချုပ်သည်ဆိုရာ၌ ဤတရားတို့၌ ဖြစ်ပေါ်လေ့ရှိသော တဏှာ ချုပ်ငြိမ်းခြင်းဖြစ်သည်။

ဤတဏှာချုပ်ငြိမ်းမှုသည် ဆင်းရဲဒုက္ခ ချုပ်ငြိမ်းမှု နိရောဓသစ္စာ မည်၏။

မဂ္ဂသစ္စာကို ရှုမှတ်ခြင်း

ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်သည် မဂ္ဂသစ္စာမည်၏။ ယင်းအကျင့်မှာ ဖြူစင်မြင့်မြတ်သော ဤမဂ္ဂင်ရှစ်ပါးပင်တည်း။ မဂ္ဂင်ရှစ်ပါးတို့မှာ-

(က) သမ္မာဒိဋ္ဌိ = မှန်ကန်သော ဉာဏ်အမြင်၊
(ခ) သမ္မာသင်္ကပ္ပ = မှန်ကန်သော အကြံအစည်၊
(ဂ) သမ္မာဝါစာ = မှန်ကန်သော စကား၊
(ဃ) သမ္မာကမ္မန္တ = မှန်ကန်သော အလုပ်၊
(င) သမ္မာအာဇီဝ = မှန်ကန်သော အသက်မွေးဝမ်းကြောင်းမှု၊
(စ) သမ္မာဝါယာမ = မှန်ကန်သော အားထုတ်မှု လုံ့လဝီရိယ၊
(ဆ) သမ္မာသတိ = မှန်ကန်သော ဆင်ခြင်အောက်မေ့မှု သတိ၊
(ဇ) သမ္မာသမာဓိ = မှန်ကန်သော တည်ကြည်မှု၊
တို့ဖြစ်သည်။

မှန်ကန်သော ဉာဏ်အမြင်ဟူသည် ဆင်းရဲဒုက္ခအမှန်ကို သိခြင်း၊ ဒုက္ခဖြစ်ခြင်း၏ အကြောင်းကို သိခြင်း၊ ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်ကို သိခြင်း၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းကို သိခြင်းတို့ပင်တည်း။

မှန်ကန်သော အကြံအစည်ဟူသည် ကာမဂုဏ်ကို စွန့်လွှတ်ရန်၊ တောထွက်တရားကျင့်ရန် ကြံစည်ခြင်း၊ သူတစ်ပါးချမ်းသာစေရန် ကြံစည်ခြင်း၊ သူတစ်ပါးကောင်းကျိုးကို ကြံစည်ခြင်းတို့ပင်တည်း။

မှန်ကန်သော စကားဟူသည် လိမ်လည်ပြောဆိုခြင်း၊ ကုန်းတိုက်စကားပြောဆိုခြင်း၊ ဆဲရေးကြိမ်းမောင်းခြင်း၊ ပြိန်ဖျင်းသော စကားပြောဆိုခြင်းတို့မှ ရှောင်ကြဉ်ခြင်းပင်တည်း။
စာမျက်နှာ-538


မှန်ကန်သောအလုပ်ဟူသည် သူ့အသက်ကို သတ်ခြင်း၊ အရှင်မပေးသော ဥစ္စာကို ခိုးယူခြင်း၊ ကာမဂုဏ်တို့၌ မှားယွင်းဖောက်ပြန်ခြင်းတို့မှ ရှောင်ကြဉ်ခြင်းပင်တည်း။

မှန်ကန်သော အသက်မွေးခြင်းဟူသည် မှားယွင်းသော အသက်မွေးခြင်းကို ပယ်စွန့်၍ ကောင်းသော အသက်မွေးမှုဖြင့် အသက်မွေးခြင်းပင်တည်း။

မှန်ကန်သော အားထုတ်မှု လုံ့လဝီရိယဟူသည် မဖြစ်သေးသော အကုသိုလ်ယုတ်မာမှုတို့ကို မဖြစ်စေခြင်းငှာ လိုလားတောင့်တ၏၊ လုံ့လပြု၏၊ ဝီရိယကို ဖြစ်စေ၏၊ စိတ်ကို ချီးမြှောက်၏၊ ပြင်းထန်စွာ လုံ့လကိုပြု၏။ ဖြစ်လေ့ဖြစ်ထရှိသော အကုသိုလ်ယုတ်မာမှုတို့ကို ပယ်ခြင်းငှာ တောင့်တ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ပြင်းထန်စွာ လုံ့လကို ပြု၏။ ဖြစ်ဖူးပြီးသော ကုသိုလ်တရားတို့ကို အစဉ်မပြတ် ဆက်လက်ဖြစ်ပေါ်တည်စေခြင်းငှာ၊ မပျက်စေခြင်းငှာ၊ အဆင့်ဆင့် တိုးပွားစေခြင်းငှာ၊ ပြန့်ပြောစေခြင်းငှာ၊ ပြည့်ပြည့်စုံစုံ ဖြစ်စေခြင်းငှာ လိုလားတောင့်တ၏၊ လုံ့လပြု၏၊ ဝီရိယကို ဖြစ်စေ၏၊ စိတ်ကို ချီးမြှောက်၏၊ ပြင်းထန်စွာ လုံ့လပြု၏။

မှန်ကန်သော သတိဟူသည် ယောဂီပုဂ္ဂိုလ်သည် လွန်စွာပူပန်သော လုံ့လရှိ၍ ပညာအဆင်အခြင်နှင့် ပြည့်စုံ၍၊ သတိနှင့် ပြည့်စုံ၍၊ သူတစ်ပါးစည်းစိမ်ကို လိုချင်တပ်မက်မှုနှင့် စိတ်နှလုံးမသာယာမှုကို ပယ်ဖျောက်၍ ဤခန္ဓာကိုယ်၌ အဖန်တလဲလဲရှုခြင်း ကာယာနုပဿနာ သတိပဋ္ဌာန်ကို ပွား၏။ ဝေဒနာကို အဖန်တလဲလဲရှု၍ ဝေဒနာနုပဿနာ သတိပဋ္ဌာန်ကို ပွား၏။ စိတ်ကို အဖန်တလဲလဲရှု၍ စိတ္တာနုပဿနာ သတိပဋ္ဌာန်ကို ပွား၏။ နီဝရဏ စသော တရားတို့ကို အဖန်တလဲလဲရှု၍ ဓမ္မာနုပဿနာ သတိပဋ္ဌာန်ကို ပွား၏။ ဤသို့ သတိပဋ္ဌာန်တရားကို ပွားများခြင်းသည် သမ္မာသတိ = မှန်ကန်သော ဆင်ခြင်အောက်မေ့မှု မည်၏။

မှန်ကန်သော တည်ကြည်မှုဟူသည် ယောဂီပုဂ္ဂိုလ်သည် အာရုံငါးပါး ကာမဂုဏ်တရားတို့မှ လည်းကောင်း၊ ကိလေသာစိတ်မှ လည်းကောင်း ကင်းဆိတ်၍သာလျှင်၊ အကုသိုလ်တရားမှ ကင်းဆိတ်၍သာလျှင် ထိုကင်းဆိတ်မှုကြောင့် ပီတိသုခတို့ဖြစ်ပေါ်လာ၏။ ထိုပီတိသုခရှိသော ဝိတက်၊ ဝိစာရရှိသော ပဌမဈာန်ကို ဝင်စား၍ နေ၏။

ထို့နောက် ဝိတက်၊ ဝိစာရငြိမ်းခြင်းကြောင့် ဖြစ်သော မိမိကိုယ်တွင်း၌ ရှိသော စိတ်ကို ကြည်လင်စေ၍ နှစ်သက်မှု ချမ်းသာမှုနှင့် ပြည့်စုံသော ဒုတိယဈာန်ကို ဝင်စား၍ နေ၏။
စာမျက်နှာ-539


တစ်ဖန် သတိပညာနှင့် ပြည့်စုံသည်ဖြစ်၍ နှစ်သက်မှု ပီတိကင်းသော ချမ်းသာသုခကို နာမကာယဖြင့် ခံစားလျက် တတိယဈာန်ကို ဝင်စား၍ နေ၏။

ထို့နောက် သုခ ဒုက္ခနှစ်ပါးကို ပယ်၍ သောမနဿ ဒေါမနဿတို့ ချုပ်ငြိမ်းခြင်းကြောင့် ဥပေက္ခာဝေဒနာနှင့် ယှဉ်သော စင်ကြယ်သော သတိရှိသော စတုတ္ထဈာန်ကို ဝင်စား၍ နေ၏။

ဤသို့ဈာန်လေးပါးကို ဝင်စားနေခြင်းသည် သမ္မာသမာဓိ မှန်ကန်သော တည်ကြည်မှုဖြစ်၏။

ဤသို့လျှင် သစ္စာလေးပါး တရားတို့ကို မိမိသန္တာန်၌ လည်းကောင်း၊ သူတစ်ပါးသန္တာန်၌ လည်းကောင်း၊ မိမိသူတစ်ပါး နှစ်ဦးသားတို့ သန္တာန်၌ လည်းကောင်း ရှုမှတ်ဆင်ခြင်၍ နေ၏။ ဤသစ္စာတရားတို့ ဖြစ်ကြောင်းကို လည်းကောင်း၊ ပျက်ကြောင်းကိုလည်းကောင်း၊ ဖြစ်ကြောင်း ပျက်ကြောင်းကို လည်းကောင်း ရှုမှတ်၍ နေ၏။ သစ္စာတရားတို့သည် ယောဂီ၏ဉာဏ်၌ ရှေးရှုထင်၍ အဖန်ဖန် အောက်မေ့ဆင်ခြင်၏။ တဏှာ ဒိဋ္ဌိတို့ကို စွဲမှီခြင်းမပြု၊ ဘာကိုမျှ ငါ ငါ့ဥစ္စာဟူ၍ မစွဲလမ်း၊ ဤသို့လျှင် သစ္စာလေးပါးတရားတို့ကို အဖန်တလဲလဲ ရှုဆင်ခြင်၍ နေရမည်။

သတိပဋ္ဌာနတရားတော်အတွက် အာမခံချက်

ဤသတိပဋ္ဌာန် လေးပါးတို့ကို မြတ်စွာဘုရား ဟောကြားတော်မူသည့် အတိုင်း ပွားများအားထုတ် နေငြားအံ့၊ အလွန်အကြာဆုံး ခုနစ်နှစ်အတွင်း ဤဘဝ မျက်မှောက်သောကိုယ်၏ အဖြစ်၌ ရဟန္တာ၊ သို့မဟုတ် အနာဂါမ် ဖြစ်လတ္တံ့။ ပညာဉာဏ်ပါရမီ ထက်မြက်၍ လုံ့လဝီရိယကြီးမားသော ပုဂ္ဂိုလ်များအား ခြောက်နှစ်ဖြင့် လည်းကောင်း၊ ငါးနှစ်ဖြင့် လည်းကောင်း၊ လေးနှစ်ဖြင့် လည်းကောင်း၊ သုံးနှစ်ဖြင့်လည်းကောင်း၊ နှစ်နှစ်ဖြင့်လည်းကောင်း၊ တစ်နှစ်ဖြင့် လည်းကောင်း၊ ထိုထက်လျော့နည်းပါမူ ခုနစ်လ၊ ခြောက်လ၊ ငါးလ၊ လေးလ၊ သုံးလ၊ နှစ်လ၊ တစ်လ၊ လဝက်၊ အောက်ထစ်ဆုံး ခုနစ်ရက်၊ ဤသတိပဋ္ဌာန်တရား လေးပါးကို ဟောတော်မူသည့်အတိုင်း ပွားများ အားထုတ်ပါက ရဟန္တာ၊ သို့မဟုတ် အနာဂါမ် ဧကန်ဖြစ်နိုင်ပါသည်။

ဤသတိပဋ္ဌာန်တရားတော်သည်-
(၁) သတ္တဝါတို့ကို ကိလေသာမှ စင်ကြယ်စေခြင်း အကျိုးရှိ၏။
(၂) စိုးရိမ်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်စေနိုင်၏။
စာမျက်နှာ-540


(၃) ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုတို့ကို ချုပ်ငြိမ်းစေနိုင်၏။
(၄) အရိယာမဂ်ကို ရစေနိုင်၏။
(၅) နိဗ္ဗာန်ကို မျက်မှောက်ပြုစေနိုင်၏။

(၁) သတ္တဝါတို့ကို ကိလေသာမှ စင်ကြယ်စေခြင်း

သတ္တဝါတို့၏ စိတ်သည် ရာဂ အစရှိသော အညစ်အကြေး၊ အဘိဇ္ဈာ၊ ဝိသမလောဘ အစရှိသော အညစ်အကြေးတို့ဖြင့် ညစ်နွမ်းလျက် ရှိသည်။ ထိုညစ်နွမ်းနေသော သတ္တဝါတို့၏ စိတ်ကို စင်ကြယ်စေခြင်းငှာ သတိပဋ္ဌာန် လေးပါးကို ပွားများရသည်။ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလအတွင်း၌ ပွင့်တော်မူခဲ့သော နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့သည်လည်းကောင်း၊ ပစ္စေကဗုဒ္ဓါတို့သည်လည်းကောင်း၊ မရေမတွက်နိုင်အောင် များပြားသော အရိယာ သာဝကတို့သည်လည်းကောင်း ဤသတိပဋ္ဌာန်လေးပါးကို ပွားများအားထုတ်မှု လမ်းစဉ်ဖြင့် စိတ်ကို ဖြူစင်စေခဲ့ကြလေသည်။

(၂) စိုးရိမ်ခြင်း၊ ငိုကြွေးခြင်းတို့ကို လွန်မြောက်စေခြင်း

မြတ်စွာဘုရားရှင် လက်ထက်တော်က သန္တတိ အမတ်ကြီးသည် အလွန် ချစ်မြတ်နိုးအပ်သော ကချေသည်မလေး မိမိမျက်စိအောက်၌ ရုတ်တရက် သေဆုံးသွားမှုကြောင့် လွန်စွာ စိုးရိမ်သောက ဖြစ်လျက် ရှိသည်။ အမတ်ကြီးသည် မြတ်စွာဘုရား၏ တရားတော်ကို နာကြားရ၍ စိုးရိမ်ပူဆွေးမှု သောကကို လွန်မြောက်လျက် ရဟန္တာအဖြစ်သို့ ရောက်လေသည်။

ပဋာစာရီသူဌေးသမီးသည် မိဘမောင်ဖွား လင်နှင့်သားတို့ တစ်ပြိုင်နက် သေဆုံးပျက်စီးခြင်းနှင့် တွေ့ကြုံရ၍ သောက ပရိဒေဝ ပြင်းထန်စွာ လွှမ်းမိုး နှိပ်စက်ခံရသဖြင့် သတိလက်လွှတ် ရူးသွပ်သွားခဲ့သည်။ မြတ်စွာဘုရားရှင်၏ တရားတော်ကို နာယူရ၍ သောကပရိဒေဝကို ကျော်လွန်နိုင်ခဲ့သည်။

(၃) ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှုတို့ကို ချုပ်ငြိမ်းစေခြင်း

ဒုက္ခဝေဒနာနှင့် ဒေါမနဿဝေဒနာကို ပယ်ကာ ချုပ်ငြိမ်းအောင် ပြုနိုင်ပုံကို အောက်ပါ ဝတ္ထုသာဓကများဖြင့် သိအပ်၏-

သာဝတ္ထိပြည်၌ တိဿအမည်ရှိသော သူကြွယ်သည် ကုဋေလေးဆယ်သော ရွှေငွေတို့ကို ပယ်စွန့်၍ ရဟန်းပြုကာ လူသူမနီး တောအုပ်ကြီးအတွင်း၌ သီတင်းသုံးနေ၏။ ညီငယ်၏ ဇနီး (ခယ်မ)သည် အရှင်တိဿ လူထွက်လာပါက ပစ္စည်းဥစ္စာများ ပြန်ပေးရမည်ကို စိုးရိမ်သဖြင့် သတ်ရန်ကြံစည်၏။ ခိုးသူငါးရာ တို့ကို ငှားရမ်း၍ ရှင်တိဿကို သတ်ရန် စေလွှတ်၏။ ခိုးသူတို့သည် မထေရ်ကို
စာမျက်နှာ-541


ဝိုင်းထားကုန်၏။ “ဘယ်အတွက် လာကြကုန်သနည်း ဒကာတို့” ဟု မထေရ်က မေး၏။ “သင့်ကို သတ်ရန် လာခဲ့ကြသည်” ဟု ဖြေ၏။ မထေရ်က အာမခံရယူ၍ “ငါ့အား ယနေ့ တစ်ညတာမျှ အသက်ရှင်ခွင့်ပေးပါ” ဟု တောင်းဆို၏။ “အိုရဟန်း ဤတောတွင်း၌ သင့်အတွက် မည်သူက အာမခံမည်နည်း” ဟု မေး၏။ မထေရ်သည် ကျောက်တုံးကြီးကို ယူ၍ ပေါင်ရိုးနှစ်ချောင်းကို ရိုက်ချိုးပြီးလျှင် “ဒါယကာတို့ ထွက်မပြေးနိုင်ရန် အာမခံလုံလောက်ပြီမဟုတ်ပါလော” ဟု ဆို၏။ ခိုးသူတို့လည်း စင်္ကြံဦး၌ မီးဖို၍ အိပ်လျက် စောင့်နေကြ၏။ မထေရ်သည် မိမိသန္တာန်၌ ဖြစ်သော နာကျင်မှု ဒုက္ခဝေဒနာကို ပယ်ခွာ၍ (ဝါ) အာရုံမပြုဘဲ မိမိသီလကို ဆင်ခြင်သည်။ သီလစင်ကြယ်မှုကို အာရုံပြု၍ နှစ်သက်ဝမ်းမြောက်မှု ဖြစ်လာသည်။ အစဉ်အတိုင်း ဝိပဿနာပွားများလျက် ညဉ့်သုံးယံလုံး ရဟန်းတရားကို အားထုတ်၍ အရုဏ်တက်သည်ရှိသော် ရဟန္တာ ဖြစ်လေ၏။ ဤကား ဒုက္ခဝေဒနာကို လွန်မြောက်ပုံတည်း။

အခြားဝတ္ထု သာဓကမှာ ရဟန်းသုံးဆယ်တို့သည် မြတ်စွာဘုရားထံတော်မှ ကမ္မဋ္ဌာန်းကို သင်ယူ၍ တောကျောင်း၌ ဝါကပ်ကြကုန်၏။ ညဉ့်သုံးယံပတ်လုံး ရဟန်းတရားကိုသာ အားထုတ်ရမည်၊ အချင်းချင်း ကူးလူးဆက်ဆံမှု မပြုရဟု ကတိထားကုန်၏။ မိုးသောက်ချိန်၌ ကျားတစ်ကောင်သည် လာ၍ ရဟန်းတစ်ပါးကို ကိုက်ချီသွားလေသည်။ ကျားကိုက်ခံရသော ရဟန်းသည် ငါ့ကို ကျားချီသွားပြီဟု ဟစ်အော်ပြောဆိုခြင်းမရှိ၊ ကျန်သော ရဟန်းတို့ အနှောင့်အယှက် မဖြစ်စေရန် ကြိတ်မှိတ် သည်းခံ၍ အသေခံခဲ့သည်။ ဤနည်းအားဖြင့် ဆယ်ပါးခန့် ကျားစားခံရသောအခါ ကတိကဝတ်ကို ပြင်၍ ကျားကိုက်ခံရလျှင် အချင်းချင်း ပြောရမည်ဟု ကတိထားကုန်၏။ ထိုအခါ ရဟန်းငယ်တစ်ပါးကို ကျားဆွဲလေသည်။ ထိုရဟန်းက “ကျား ကျား” ဟု အော်၏။ ရဟန်းများသည် တောင်ဝှေး မီးရှူးတိုင်တို့ကို ကိုင်၍ ထိုရဟန်း လွတ်မြောက်စေရန် ကျားနောက်သို့ လိုက်ကြကုန်၏။ ကျားသည် ရဟန်းများ မရောက်နိုင်သည့် ချောက်ကမ်းပါးပြတ် တစ်နေရာသို့ ခုန်တက်၍ ရဟန်းငယ်ကို ခြေဖမိုးမှ စ၍ စားလေ၏။ ကျန်သော ရဟန်းများက—

“အိုသူတော်ကောင်း ယခုအခါ ငါတို့သည် ဘာမျှ မတတ်နိုင်၊ ရဟန်းတို့၏ ထူးခြားချက်သည် ဤလိုနေရာမျိုး၌ ထင်ရှားပါ၏” ဟု ဆိုကြကုန်၏။ ထိုရဟန်းငယ်သည် ကျားပါးစပ်ဝ၌ တုံးလုံးလဲလျက် နာကျင်မှုဝေဒနာကို ပယ်ခွာ၍ ဝိပဿနာကို ပွားများနေ၏။ ခြေချင်းဝတ်ကို ကျားစားပြီးသောအခါ သောတာပန် ဖြစ်လေ၏။ ဒူးဆစ်ကို ကျားစား
စာမျက်နှာ-542


ပြီးသောအခါ သကဒါဂါမ် ဖြစ်လေ၏။ ချက်တိုင်အောင် စားပြီးသောအခါ အနာဂါမ် ဖြစ်လေ၏။ အူဝရောက်၍ နှလုံးသားစားမခံရမီ ရဟန္တာအဖြစ်သို့ ရောက်လေ၏။

အခြားသော ဝတ္ထုသာဓကမှာ ပိတမလ္လမည်သော မထေရ်သည် လူဝတ်ကြောင် ဖြစ်စဉ်က တိုင်းသုံးတိုင်းတို့၌ တံခွန်စိုက် ဗိုလ်စွဲသော လက်ဝှေ့သမားကြီးဖြစ်သည်။ သမ္မပစ္ဆိကျွန်း၌ ဘုရင်၏ ချီးမြှောက်မှုကို ခံရသည်။ တစ်နေ့သောအခါ မဟာဝိဟာရ ကျောင်းတော်အနီး ဖြတ်သန်းသွားစဉ်—
“ရူပံ ဘိက္ခဝေ န တုမှာကံ”
(ရုပ်သည် သင်တို့ဥစ္စာ မဟုတ်၊ ရုပ်ကို ပယ်စွန့်လော့)
ဟု တရားသံကို ကြား၍ ရဟန်းပြုခဲ့လေသည်။ ရဟန်းပြုပြီးနောက် တောရဆောက်တည်၍ ရဟန်းတရား အားထုတ်နေစဉ် အချိန်၌ မထေရ်ကို သမင်မှတ်၍ မုဆိုးသည် လှံဖြင့် ပစ်လွှတ်ထိုးလိုက်၏။ မထေရ်သည် အဖော်ရဟန်းတို့အား အသိမပေးဘဲ လှံကို နုတ်၍ အနာဝကို မြက်ဖြင့် ပိတ်ဆို့ပြီးလျှင် ဝိပဿနာကို ပွားများ၏။ အရဟတ္တဖိုလ်သို့ ရောက်ပြီးသောအခါမှ ရဟန်းတို့ကို ချောင်းဟန့်သံဖြင့် ခေါ်ယူ၍ ဥဒါန်းစကား ကျူးရင့်လေတော့သည်။

သိကြားမင်းသည် သေရအံ့သော နိမိတ်ငါးမျိုးကို တွေ့မြင်ရသောအခါ ငါ၏ သက်တမ်း ကုန်ပြီဟု သိ၍ သိကြားမင်းဘဝ သိကြားမင်းစည်းစိမ်ကို လက်လွှတ်ဆုံးရှုံးရမည်ကို ထိတ်လန့်စိုးရိမ်လျက် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်ခြေ ဣန္ဒသာလ (နှံပဲပင်) လိုဏ်ဂူ၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားထံ ချဉ်းကပ်ဖူးမြော်၍ အမေးပြဿနာများကို မေးလျှောက်လေသည်။

မြတ်စွာဘုရားသည် ဝေဒနာကမ္မဋ္ဌာန်းကို ခွဲခြမ်းစိတ်ဖြာ၍ ဟောကြားတော်မူ၏။ ပြဿနာ ဖြေကြားပြီးသည်၏ အဆုံး၌ သိကြားမင်းသည် သောတာပတ္တိဖိုလ်သို့ ရောက်၏။ သိကြားမင်းသည် ထိုနေရာမှာပင် စုတေ၍ သိကြားအဖြစ် ပြန်ဖြစ်၍ ပကတိအတိုင်း တည်ရှိလေ၏။ ထိုင်ရာမထ တစ်ထိုင်တည်းမှာပင် သိကြားသေ၍ သိကြားပြန်ဖြစ်သည်။

ဤသို့လျှင် ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ဒုက္ခ ဒေါမနဿတို့ ချုပ်ငြိမ်းကြောင်း တရားလမ်းစဉ် ဖြစ်ပေသည်။ ဤသတိပဋ္ဌာန်တရား ကျင့်စဉ်သည် နိဗ္ဗာန်ရောက်ရန် တစ်ကြောင်းတည်းသော ခရီးဟု မှတ်ယူလျက် ရိုရိုသေသေ လေးလေးစားစား အားတက်သရော ပွားများကျင့်သုံး အားထုတ်ကြရမည် ဖြစ်သည်။
စာမျက်နှာ-543


ဥဒယဗ္ဗယဉာဏ်

ရုပ်နာမ်တို့ ဖြစ်ခြင်း၊ ပျက်ခြင်းကို သိမြင်သောဉာဏ်သည် ဥဒယဗ္ဗယဉာဏ် မည်၏။ (ဥဒယဗ္ဗယ = ဥဒယ + ဝယ၊ ဥဒယ = ဖြစ်ခြင်း + ဝယ = ပျက်ခြင်း)

သမ္မသနဉာဏ် အစပိုင်း၌ ဝိပဿနာ စတင် အားထုတ်ခါစ ဖြစ်၍ ဉာဏ်နုသေးသည်။ ဉာဏ်နုစဉ်ကာလ၌ ရုပ်တရား နာမ်တရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု ပိုင်ပိုင်နိုင်နိုင် မသိသေး၊ ရံခါ နိစ္စ၊ သုခ၊ အတ္တ ဟု ထင်မှတ်၍ ထိုရုပ်နာမ်တို့ကို လိုချင်တပ်မက်မှု ဖြစ်နိုင်သေး၏။ သမ္မသနဉာဏ် ရင့်ကျက်ပြည့်စုံလာသော အခါ၌မူ အထူးကြောင့်ကြ မစိုက်ရဘဲ မိမိရှုမှတ်နေသော ရုပ်တရား နာမ်တရားတို့ကို မမြဲ၊ ဆင်းရဲ၊ ငါမဟုတ်ဟု ပိုင်ပိုင်နိုင်နိုင် သိမြင် သဘောကျလာသည်။ ထိုရုပ်နာမ်တို့ကို နိစ္စ၊ သုခ၊ အတ္တ ဟု ထင်မှတ်ခြင်း မရှိတော့ချေ။ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောကို အထူး ကြောင့်ကြစိုက် မနေရတော့ဘဲ အလိုလို ဉာဏ်၌ ထင်မြင်နေ၏။

စက်ဘီးစီး ကျွမ်းကျင်လာသောအခါ စက်ဘီးမလဲစေရန် အထူးကြောင့်ကြစိုက်ရန် မလိုတော့ဘဲ စိတ်သွားတိုင်း ကိုယ်ပါ ဖြစ်၍ လိုသလို ယိမ်းနိုင်၊ ယိုင်နိုင်၊ လှည့်နိုင်၊ ကွေ့နိုင်၊ နှေးနိုင်၊ မြန်နိုင် ဖြစ်လာသကဲ့သို့ ဝိပဿနာရှုရာ၌လည်း ဉာဏ်ရင့်ကျက်လာသောအခါ အထူးကြောင့်ကြ မစိုက်ရတော့ဘဲ ရုပ်နာမ်တို့၏ ဖြစ်ပျက်တိုင်း ဖြစ်ပျက်တိုင်း၊ ပေါ်လာတိုင်း ပေါ်လာတိုင်း မလွတ်တမ်း ရှုမှတ်နိုင်လေတော့သည်။ ဤကဲ့သို့ အထူးကြောင့်ကြ မစိုက်ရဘဲ ဝိပဿနာ ရှုနိုင်မှုကို ဝိပဿနုပေက္ခာ ဟု ခေါ်သည်။

ဝိပဿနုပေက္ခာဉာဏ်အဆင့်သို့ ရောက်လာသောအခါ ဖြစ်ဆဲ ရုပ်နာမ်တို့၏ ပြောင်းလဲပျက်စီးမှုကို သိမြင်လာ၏။ ထိုသိမြင်မှုသည် ဥဒယဗ္ဗယဉာဏ် မည်၏။

ရုပ်နာမ်တို့ကို ရှုမှတ်တိုင်း ရှုမှတ်တိုင်း ဘွားခနဲ ဘွားခနဲ ပေါ်လာသကဲ့သို့လည်းကောင်း၊ ခေါင်းပြု၍ ခေါင်းပြု၍ ပေါ်လာသကဲ့သို့လည်းကောင်း ရုပ်နာမ်၏ အစဖြစ်ပေါ်ခြင်း ဥဒယ သည် ဉာဏ်၌ ထင်လာ၏။ ရိပ်ခနဲ ရိပ်ခနဲ လွင့်ပျောက်သွားသကဲ့သို့လည်းကောင်း၊ ဖယောင်းတိုင် မီးတောက်ကလေးများ ဟုတ်ခနဲ ဟုတ်ခနဲ ငြိမ်းပျောက်သွားသကဲ့သို့လည်းကောင်း ရှုမှတ်နေသော ရုပ်နာမ်၏အဆုံး ရုပ်နာမ်၏ ပျက်မှု ဝယ သည် ဉာဏ်၌ ထင်ရှားလာ၏။ ဤကဲ့သို့ ရုပ်နာမ်၏ အစနှင့် အဆုံး (ဖြစ်မှုနှင့် ပျက်မှု) တို့ကို သိမြင်ခြင်းသည် ဥဒယဗ္ဗယဉာဏ် မည်၏။
စာမျက်နှာ-544


ဥဒယဗ္ဗယဉာဏ် အစပိုင်း၌ ခဏပစ္စုပ္ပန်ကို မမြင်နိုင်သေး၊ သန္တတိပစ္စုပ္ပန်ဟု ခေါ်သော ရုပ်အစဉ်အတန်း၊ နာမ်အစဉ်အတန်းတစ်ခု၏ အစနှင့် အဆုံးကိုသာ ဖြစ်ခြင်းနှင့် ပျက်ခြင်းကိုသာ မြင်၏။ ဥပမာ- ထိုင်ရုပ်နှင့် ထရုပ် အပြောင်းအလဲ ဖြစ်သည့်အခါ ထိုင်ရုပ်၌လည်း ရုပ်ဖြစ်စဉ် အမြောက်အမြား ပါဝင်၏၊ ထရုပ်၌လည်း ရုပ်ဖြစ်စဉ် အမြောက်အမြား ပါဝင်၏။ သို့ရာတွင် အစဉ်လုံး ထိုင်ခြင်းနှင့် နောက်ဆုံးတွင် ထိုင်ရာမှ ထခြင်း ဤသို့ အစနှင့် အဆုံး နှစ်ကိုသာ ပြောင်းလဲသည်ကို တွေ့မြင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုင်ရုပ်၏ အစနှင့် အဆုံး၊ ဖြစ်ခြင်းနှင့် ပျက်ခြင်းကို သိသော ဉာဏ်သည် ဥဒယဗ္ဗယဉာဏ် ဖြစ်သည်။ ထိုထိုင်ရုပ်အတွင်းမှာပင် လက်ဖျစ်တစ်တွက် လျှပ်တစ်ပြက်အတွင်း၌ ကုဋေတစ်သိန်းမကသော ရုပ်နာမ်များ ဖြစ်ပျက်နေကြသည်ကိုမူ ဥဒယဗ္ဗယဉာဏ် ရင့်သန်လာမှသာလျှင် သိမြင်နိုင်မည် ဖြစ်သည်။

နေပူထဲ၌ နေစဉ် အပူရုပ်ဖြစ်စဉ်၊ နေရိပ်ထဲ၌ နေစဉ် အအေးရုပ်ဖြစ်စဉ်၊ အလင်းရောင်ထဲ၌ နေစဉ် အလင်းရုပ်ဖြစ်စဉ်၊ အမှောင်ထဲ၌ နေစဉ် အမှောင်ရုပ်ဖြစ်စဉ်၊ ထမင်းဆာနေစဉ် ဆာရုပ်ဖြစ်စဉ်၊ ထမင်းဝနေစဉ် ဝရုပ်ဖြစ်စဉ်၊ ဤသို့ ဖြစ်စဉ်များကို သန္တတိ ဟု ခေါ်သည်။ ဝိပဿနာရှုခါစ၌ သန္တတိပစ္စုပ္ပန်ကိုသာ သိမြင်ခြင်း ဖြစ်သည်။ ခဏပစ္စုပ္ပန်ကိုမူ ဉာဏ်ရှင်သန်အားကောင်းလာမှ သိမြင်နိုင်သည်။

လက်ကို ကွေးရာ၌ စတင်ကွေးသည်မှ ကွေးပြီးသည်အထိ ကွေးရုပ်တစ်ခု သန္တတိပစ္စုပ္ပန်ဖြစ်သည်။ ယင်းကွေးရုပ်တစ်ခုအတွင်း၌ အကြိမ်ပေါင်းများစွာ တစ်ဆင့်ချင်း ကွေးလာပုံကို ရိပ်ခနဲ ရိပ်ခနဲ အပိုင်းပိုင်း ပြတ်၍ ထင်မြင်လာလျှင် ခဏပစ္စုပ္ပန်ရုပ်တို့၏ ဖြစ်ခြင်း ပျက်ခြင်းကို မြင်သည်ဟု မှတ်ရမည်။

မိုးရွာသည့်အခါ ရေမျက်နှာပြင်ပေါ်သို့ မိုးရေပေါက် အမြောက်အမြား ကျလာသည်ကို တစ်ပေပတ်လည်ခန့် အကွက်အတွင်း၌ စူးစိုက်ကြည့်ရှုပါ။ မိုးရေပေါက်များကျလာ၍ ရေပလုံစီများ ဖြစ်ပေါ်လာမည်၊ ချက်ချင်းလိုပင် ပလုံစီများ ပေါက်ကွဲပျက်စီးသွား၏။ ထိုရေပလုံစီများ ဖြစ်ခြင်း ပျက်ခြင်းကို ဉာဏ်၌ စွဲမြဲထင်မြင်အောင် ရှု၍ မိမိကိုယ်ခန္ဓာကို ဉာဏ်ဖြင့် စူးစိုက်ရှုမှတ်ရမည်။ ခန္ဓာကိုယ် အတွင်း၌ တလှုပ်လှုပ်တရရဖြစ်နေမှုကို ဉာဏ်ဖြင့် သိရှိနိုင်မည်ဖြစ်သည်။ ထိုင်နေသည့်အခါ ကြမ်းပြင်၊ သို့မဟုတ် ကုလားထိုင်နှင့် ထိနေသည့် အပိုင်းကို အာရုံစူးစိုက်ရှုမှတ်ရမည်။ ကိုယ်အလေးချိန် ဖိထားသဖြင့် တွန်းကန်ထောက်ကန်သော ဝါယောဓာတ် လှုပ်ရှားမှုများ၊ ပူနွေးမှု တေဇောဓာတ်များ တရွေ့ရွေ့ဖြစ်ပျက်နေသည်ကို သမာဓိအားကောင်းလျှင် ကောင်းသလောက် အသေးစိတ် မြင်နိုင်ပေသည်။ ကုလားထိုင်၊ သို့မဟုတ် ကြမ်းပြင်နှင့် ထိနေမှု ဖဿသဘောကို လည်းကောင်း၊ ထိသိမှု ဝိညာဏ်ကိုလည်းကောင်း စူးစိုက်ရှုမှတ်နိုင်သည်။
စာမျက်နှာ-545


ရှူသွင်း ရှူထုတ်ရာ၌ လေဟုခေါ်သော အဏုမြူရုပ်များသည် နှာခေါင်းကို အမြောက်အမြား ထိခိုက်တိုးဝှေ့သွားသည်ကို သမာဓိအားကောင်းလျှင် ကောင်းသလောက် မြင်နိုင်သည်။ ခန္ဓာကိုယ် တစ်နေရာရာကို အာရုံစူးစိုက်ထားပါက တေဇောဓာတ်များ တရှိန်ရှိန်ဖြစ်ပေါ်နေသည်ကိုလည်းကောင်း၊ ဝါယောဓာတ်များ ထကြွလှုပ်ရှားနေသည်ကိုလည်းကောင်း တွေ့နိုင်သည်။

ဝိပဿနာရှုနေစဉ် ခန္ဓာကိုယ်တစ်နေရာ၌ ယားယံမှုဖြစ်ပေါ်လာပါက ထိုယားယံမှုကို ကုတ်ဖဲ့ကုတ်ခြစ်၍ မဖျောက်ရ၊ ယားသည့်နေရာကို ဉာဏ်ဖြင့် စူးစိုက်ကြည့်ရှု လေ့လာရမည်။ ယားယံသည့်ရုပ်များ တရွရွ တလှုပ်လှုပ် ဖြစ်ပေါ်လိုက် ပျောက်ကွယ်သွားလိုက်၊ ဒီရေလှိုင်းကဲ့သို့ တက်လာလိုက် ကျသွားလိုက် ဖြစ်နေသည်ကို ရှုမှတ်ရမည်။ ထိုသို့ ရှုမှတ်ရင်း အမြဲမရှိ၊ ဆင်းရဲခြင်း၊ အစိုးမရဟု ရှုမှတ်ရမည်။ နိုင်နင်းအောင် ရှုမှတ်နိုင်လျှင် ယားယံသည့်ဝေဒနာသည် အနိစ္စသဘော ဖြစ်သည့်အလျောက် ချုပ်ငြိမ်း ပျောက်ကွယ်သွားလိမ့်မည်။ အတန်ကြာ၍ ညောင်းညာကိုက်ခဲလာလျှင် ထိုညောင်းညာသည့်နေရာ၊ ကိုက်ခဲသည့်နေရာကို အာရုံစူးစိုက်၍ သတိချပ်ကာ ရှုမှတ်ရမည်။ ညောင်းညာကိုက်ခဲခြင်းသည် အမြဲမရှိ၊ ဆင်းရဲခြင်း၊ အစိုးမရခြင်းဟု ဆင်ခြင် ရှုမှတ်ရမည်။ နိုင်နင်းအောင် ရှုမှတ်နိုင်လျှင် ညောင်းညာကိုက်ခဲမှုသည် မကြာမီ ချုပ်ငြိမ်း ပျောက်ကွယ်သွားလိမ့်မည်။

သတ္တဝါတို့သည် ရှေးအသိနှင့် နောက်အသိကို ပေါင်းစပ်တွဲစပ်လေ့ရှိကြသည်။ မျက်စိသည် အဆင်းကိုမြင်ရာ၌ တစ်စက္ကန့်အတွင်း အကြိမ်ပေါင်း ရာထောင်ချီ၍ မြင်သည်။ ထိုမြင်သောမြင်ကွင်းအားလုံးကို စုပေါင်းဆက်စပ်တွဲစပ်ခြင်းကြောင့် မြင်သော ရုပ်ပုံတစ်ရာတစ်ထောင်သည် တစ်ပုံတည်းဟု ထင်မှတ်ရသည်။ ရုပ်ရှင်ဖလင်ကော်ပြားပေါ်၌ အရုပ်များသည် ဖလင်ကွက်တစ်ကွက်ချင်းအလိုက် ရုပ်ပုံတစ်ပုံစီ အပိုင်းကဏ္ဍအလိုက် သီးခြားစီ ရှိနေကြသည်။ ထိုရုပ်ပုံများကို စက်ဖြင့် ဆွဲလှည့်၍ ပိတ်ကားပေါ်ပြသည့်အခါ ပုံသည် တစ်ပုံချင်း ပေါ်လာ၍ မျက်စိကလည်း တစ်ပုံချင်းကို မြင်သည်။ သို့ရာတွင် ကျွန်ုပ်တို့၏စိတ်က ပေါင်းစပ်တွဲစပ် ပေးလိုက်သဖြင့် ပုံပေါင်းတစ်ရာ တစ်ထောင်ကို တစ်ပုံတည်းဟု ထင်မှတ်ရသည်။ ပုံတစ်ခုတည်းအတွင်း၌ လှုပ်ရှားရွေ့လျားနေသည်ဟု ထင်ရသည်။ အမှန်မှာ ရှေးပုံသည် နောက်ပုံအတွင်းသို့ ကူးပြောင်းရောက်ရှိခြင်း မရှိ၊ ထို့ကြောင့် ပုံရိပ်များသည် လှုပ်ရှားခြင်း မရှိ၊ ကြည့်သူ၏ စိတ်က ပေါင်းစပ်ပေးမှုကြောင့် လှုပ်ရှားသည်ဟု ထင်ရသည်။

အလားတူပင် လျှပ်စစ်မီးဆိုင်းဘုတ်၌ မီးများ ဆိုင်းဘုတ်ပတ်ပတ်လည် ပြေးလွှားလှုပ်ရှားနေသည်ဟု ထင်ရတတ်သည်။ အမှန်မှာ မီးတစ်ပွင့်ပြီးမှ တစ်ပွင့် ရှေ့သို့ဆက်လက် မီးလင်းစေခြင်းဖြင့် လှည့်ပတ်ပြေးနေသည်ဟု ထင်ရ
စာမျက်နှာ-546


သည်။ ထိုအခါ မီးတစ်ပွင့်တည်း တစ်နေရာတည်းကိုသာ စူးစိုက်ကြည့်ရှု မှတ်သားနေပါက မီးတစ်ပွင့်သည် မပြေးဘဲ တစ်နေရာတည်းမှာပင် ရပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။

အလားတူပင် ဝိပဿနာဉာဏ် ထက်မြက်လာသောအခါ ဤရုပ်ခန္ဓာကြီးသည် သွားလာလှုပ်ရှား ကွေးရာ ဆန့်ရာ၌ ဘယ်ကိုမျှ မရွေ့လျားဘဲ ရုပ်အသစ်တစ်ခုစီ တစ်ခုစီ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်ပျက်နေသည်ကို တွေ့နိုင်ပေသည်။

ကျွန်ုပ်တို့ငယ်စဉ်က ညအခါ အမှောင်ထဲတွင် မီးစတစ်ခုကိုင်၍ လှည့်ပတ်ရမ်းကြသည်။ မီးစသည် တစ်ခုတည်းဖြစ်သော်လည်း မြန်ဆန်စွာလှုပ်ရှားရွေ့လျားမှုကြောင့် စက်ဝိုင်းပုံ မီးဝိုင်း၊ ဘဲဥပုံမီးဝိုင်း၊ ကြက်ခြေခတ်ပုံ၊ ထဆင်ထူးပုံ စသည်ဖြင့် ပုံအမျိုးမျိုးပေါ်လာသည်။ လှုပ်ရှားမှုကို အနည်းငယ် အရှိန်လျော့ နှေးကွေးစေပါက မီးစက်ဝိုင်းမဟုတ်၊ မီးစတစ်စတည်းသာ ရွေ့လျားနေကြောင်း တွေ့မြင်ရမည်ဖြစ်သည်။ အကယ်၍သာ မီးစလေးခု၊ သို့မဟုတ် ရှစ်ခုကို နေရာတကျ လှုပ်ရှားတတ်ပါက အမှောင်ထဲတွင် ယောက်ျားရုပ်၊ မိန်းမရုပ်၊ ခွေးရုပ်၊ နွားရုပ် စသည့်ပုံများ ထင်လာနိုင်စရာရှိပါသည်။

အဝတ်အထည်များပေါ်တွင် ယောက်ျားရုပ်၊ မိန်းမရုပ်၊ ခြင်္သေ့ရုပ်၊ ငှက်ရုပ် စသည်ဖြင့် အရုပ်အမျိုးမျိုး တွေ့ဖူးကြပါလိမ့်မည်။ ထိုအဝတ်အထည်မှ ချည်မျှင်ချည်ချောင်းများကို တစ်မျှင်စီ တစ်စစီ ဆွဲထုတ်လိုက်သောအခါ ထိုရုပ်ပုံများကို မတွေ့နိုင်တော့ချေ။ ချည်မျှင်များ စုပေါင်းနေသည့်အခိုက်သာလျှင် ရုပ်ပုံများ ပုံပေါ်နေခြင်းဖြစ်သည်။ ထို့ကြောင့် အရောင်အသွေးရှိသော ချည်မျှင်အမျိုးမျိုးကို အစီအစဉ်နေရာတကျ ထည့်သွင်း၍ ယက်လုပ်လိုက်ပါက ထိုရုပ်ပုံများ ပြန်လည်ပေါ်ထွက်လာမည် ဖြစ်သည်။

ရုပ်မြင်သံကြားစက်တွင် အရောင်အသွေးရှိသော မီးလင်းတန်းများကို မှန်ချပ်ပေါ်၌ လျင်မြန်စွာ ပြေးသွားစေသောအခါ ရောင်စုံချည်မျှင်တန်းများ ဖြစ်ပေါ်လာသည်။ ယင်းရောင်စုံ ချည်မျှင်တန်းများကို လိုအပ်သလို အကွက်ချ၍ ယက်လုပ်လိုက်သောအခါ ယောက်ျားရုပ်၊ မိန်းမရုပ်၊ သစ်ပင်၊ တောတောင်၊ တိရစ္ဆာန်ပုံများ ဖြစ်ပေါ်လာတော့သည်။ မီးအလင်းတန်း များလျှင် ပုံသည် သိပ်သည်းကျစ်လစ်၍ မီးအလင်းတန်း နည်းလျှင် ပုံသည် ပွယောင်းယောင်း ဖြစ်နေမည်။ ထို့ကြောင့် ရုပ်မြင်သံကြားမှန်ချပ်ပေါ်ရှိ ပုံများကို တစ်လက်မကွက် အတွင်း တစ်နေရာတည်း စူးစိုက်ကြည့်ရှု မှတ်သားနေပါက မီးတန်းများ တရွေ့ရွေ့ ရွှေ့လျားနေသည်ကို တွေ့မြင်နိုင်သည်။ မှန်ချပ်မျက်နှာပြင် တစ်ခုလုံး ခြုံငုံ၍ကြည့်ပါမူ- ယောက်ျားရုပ်၊ မိန်းမရုပ်များ လှုပ်ရှားနေဟန်ကို တွေ့မြင်ရ...
စာမျက်နှာ-547


မည်ဖြစ်သည်။ သို့ရာတွင် မှန်ချပ်ပေါ်၌ တစ်လက်မကွက်မျှသာ စူးစိုက်ကြည့်နေပါက ယောက်ျား မိန်းမရုပ်ကို မမြင်ရဘဲ မီးအလင်းတန်း လှုပ်ရှားပြေးလွှားမှုကိုသာ တွေ့မြင်ရမည်ဖြစ်သည်။

ဆိုလိုသည်မှာ ကျွန်ုပ်တို့၏မျက်စိသည် ပရမတ္ထရုပ်အစစ်အမှန် တစ်ခုချင်းကို အပိုင်းပိုင်းအပြတ်ပြတ် မြင်ပါသော်လည်း ကျွန်ုပ်တို့၏စိတ်က စုပေါင်းတွဲစပ် ဆက်စပ်ပေးမှုကြောင့် အပေါင်းလိုက် အစုလိုက်သာ သိရှိနေကြခြင်းဖြစ်သည်။ ထိုအပေါင်းအစုလိုက် သိခြင်းကို ပညတ်သိ ဟုခေါ်သည်၊ သမူဟပညတ်မည်၏။

ပညတ်သိနှင့် ပရမတ်သိ

အဝတ်အထည်ပေါ်ရှိ ယောက်ျားပုံ၊ မိန်းမပုံများကိုသိခြင်းသည် အစုလိုက် အပေါင်းလိုက် သိခြင်းဖြစ်၍ ပညတ်သိ မည်၏။ ယင်းအဝတ်အထည်၌ ချည်ချောင်း တစ်ချောင်းစီ တစ်ချောင်းစီ၊ တစ်မျှင်စီ တစ်မျှင်စီကို ခွဲခြား၍သိခြင်းသည် ပရမတ္ထတရား အစစ်အမှန်တရားနှင့် အနီးစပ်ဆုံး သိခြင်းမည်၏။

တစ်ဖန် ချည်မျှင် ချည်ချောင်းဟူသည် ဝါဂွမ်းမွေးများကို စုပေါင်း လိမ်ကျစ်ထားခြင်း ဖြစ်၍ ချည်မျှင်ဟူသောအသိသည် ပညတ်သိ မည်၏။ ဝါဂွမ်း အမွေးအမျှင်ကို သိခြင်းသည် အစစ်အမှန်တရား ပရမတ္ထနှင့် နီးစပ်သောအသိ မည်၏။ တစ်ဖန် ဝါမွေးဝါမျှင်တစ်ခုသည် အဏုမြူမှုန့်များ ပေါင်းစပ် ဆက်စပ် ဖွဲ့စည်းထား၏။ ထို့ကြောင့် ဝါမွေးဝါမျှင်ကို သိခြင်းသည် ပညတ်သိမည်၏။ အဏုမြူမှုန့်များကို သိခြင်းသည် အစစ်အမှန်ပရမတ္ထတရားနှင့် နီးစပ်သောအသိမည်၏။ ယင်းအဏုမြူမှုန့်များ၏ နူးညံ့ခက်မာမှု သဘော၊ ပူမှုအေးမှုသဘော၊ ဖွဲ့စည်းယိုစီးမှုသဘော၊ လှုပ်ရှားငြိမ်သက်မှုသဘောကို သိခြင်းသည် ပရမတ္ထ အစစ်အမှန်တရားကို သိခြင်းဖြစ်၏။ ပညတ်ကိုကျော်လွန် ထိုးဖောက်၍ ပရမတ်တိုင်အောင် သိခြင်း ဖြစ်သည်။

ထို့ကြောင့် မိမိခန္ဓာကိုယ်ကို သိသည်ဟုဆိုရာ၌ ဦးခေါင်း၊ ခြေ၊ လက်၊ ကိုယ်လုံး ဟု အပေါင်းလိုက် အစုလိုက် သိမှုသည် (သမူဟ) ပညတ်သိသာဖြစ်၏။ ငါ၏ လက်မောင်းသည် လုံးသည်၊ ပြားသည်၊ ရှည်သည်၊ ငါ၏ဆံပင်သည် ကွေးသည်၊ ဖြောင့်သည်၊ တိုသည်၊ ရှည်သည်။ ဤသို့သိသော အသိဉာဏ်များသည် ပညတ်သိသာ ဖြစ်၏။ အစစ်အမှန်ပရမတ္ထတရားထိအောင် မသိသေးချေ။

ခန္ဓာကိုယ် အတွင်း၌ ပူခြင်း၊ အေးခြင်း၊ လှုပ်ရှားခြင်း၊ လေးလံခြင်း၊ ပေါ့ပါးခြင်း၊ ညောင်းညာ ကိုက်ခဲခြင်း၊ တောင့်တင်းခြင်း စသော အမူအရာများ အခြေအနေများကိုသာ ဉာဏ်ဖြင့် စူးစိုက် ရှုမှတ်ရမည်။ ခြေထောက်က လေးသည်၊ လက်မောင်းက တောင့်သည်၊ လက်ဖျား အေးသည်၊ နှာခေါင်း
စာမျက်နှာ-548


ယားသည် ဤသို့ ပုံသဏ္ဌာန်နှင့် တွဲဖက်ပေါင်းစပ် သိနေသော အသိဉာဏ်သည် ပရမတ်သိ မဟုတ်၊ ပညတ်သိသာ ဖြစ်သည်။ ဤရုပ်ခန္ဓာသည် ပရမတ္ထအားဖြင့် ဓာတ်သဘောမျှဖြစ်သည်။ ထုထည်အမာခံ ဒြပ်မရှိ၊ ရုပ်ဓာတ်များ အချင်းချင်း မှီတွယ် ပေါင်းစပ် ဖွဲ့စည်း ဖြစ်ပေါ်နေသည်ကို လက္ခဏာတစ်ခုစီ ခွဲခြမ်း စိတ်ဖြာ ရှုမြင်ရမည်။ အရှည်၊ အတို၊ အလုံး၊ အဝိုင်း စသော ပုံသဏ္ဌာန်သည် သဏ္ဌာနပညတ် ဖြစ်သည်။ ချည်မျှင်များ ပေါင်းစပ်၍ အထည်ဖြစ်ပေါ်နေခြင်း သဘော၊ ရုပ်ကလာပ်စည်းများ ပေါင်းစပ်၍ ဤရုပ်ခန္ဓာကြီး ဖြစ်တည်နေမှု သဘောသည် သမူဟပညတ် မည်၏။

မီးဆိုင်းဘုတ်တစ်ခု၌ မီးများ ရှေ့နောက် စဉ်ဆက် ဖွင့်မှိတ်ခြင်းကို မီးပြေးနေသည်ဟု ထင်ရသကဲ့သို့ သွားလာလှုပ်ရှား ဆန့်မှု ကွေးမှုတို့ကို တစ်ဦးတည်း တစ်ယောက်တည်း တစ်ခုတည်းအဖြစ် ထင်မှတ်နေခြင်းသည် သန္တတိပညတ် မည်၏။

ရုပ်ဝတ္ထုများဖွဲ့စည်းဖြစ်ပေါ်ရာ၌ အနှစ်အသား အပြည့်အဝ (တစ်ခဲနက်) ရှိသည်ဟု ထင်ကြရသော်လည်း အမှန်စင်စစ် ခေါင်းပွ ပစ္စည်းများ၊ တစ်နည်း ဖောင်းဥများဖြင့် ဖွဲ့စည်းထားသည်။ ထိုကဲ့သို့ ခေါင်းပွဖြစ်ခြင်း သဘော၊ ဖောင်းဥပါဝင်ခြင်း သဘောကို အာကာသဓာတ် ဟု ခေါ်သည်။

ကျွန်းသားကို ရွှေဘော်ထိုးပြီး ကြည့်ပါက မျက်နှာပြင်သည် တစ်ခဲနက် တစ်သားတည်း ပိတ်မနေဘဲ လေခိုသည့် အကွက်ကလေးများ ဖောင်းဥများ တွေ့မြင်နိုင်သည်။ အလွန် မာကျော ကျစ်လျစ်သော ပျဉ်းကတိုးအနှစ်၊ တမလန်းသားအနှစ်တို့၌လည်း ဖောင်းဥကို တွေ့နိုင်ပေသည်။ ရိုးရိုးမျက်စိဖြင့် မမြင်ရပါက မှန်ဘီလူးဖြင့် ကြည့်လျှင် တွေ့နိုင်ပေသည်။ ကျွန်ုပ်တို့၏ ဆံပင်ကို မှန်ဘီလူးဖြင့် ကြည့်ပါက ခေါင်းပွဖြစ်သည်ကို တွေ့ရသည်။

အလားတူ သံသတ္တုများကို မှန်ဘီလူးဖြင့် အဆတစ်ရာ အဆတစ်ထောင် ပုံကြီးချဲ့ ကြည့်ပါက သံအဏုမြူတစ်လုံးနှင့်တစ်လုံး ကြား အခေါင်းဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။ အသေးငယ်ဆုံးဖြစ်သော ဟိုက်ဒရိုဂျင် အဏုမြူ၌ အီလက်ထရွန် မြူမှုန်များသည် ဗဟိုချက် ဝတ်ဆံနှင့် ခွာလျက် ဝတ်ဆံကို လှည့်ပတ်နေသည်။ အလယ်၌ အခေါင်းဖြစ်နေသည်။ ထိုအဏုမြူမှုန်များ အချင်းချင်း တွဲစပ်ပြီးသော အခါ၌လည်း အီလက်ထရွန်မြူမှုန်သည် ရပ်မနေ ငြိမ်မနေဘဲ ပြေးလွှားလှည့်ပတ်နေသည်။ ထိုမြူမှုန်အချင်းချင်း ပြေးလွှားလှည့်ပတ်နေစဉ် အချင်းချင်း မထိခိုက်ရအောင် ကြားခံနယ်များ (အာကာသဓာတ်) ရှိနေပေသည်။
စာမျက်နှာ-549


ထို့ကြောင့် အသေးဆုံး အဏုမြူမှုန်က စ၍ သက်ရှိ သက်မဲ့အရာအားလုံး ခေါင်းပွပစ္စည်းများဖြင့် ဖွဲ့စည်းထားသည်။ မိမိခန္ဓာကိုယ် ဖွဲ့စည်းပုံကို ကြည့်လျှင် ဦးခေါင်းခွံအတွင်း၌ လိုဏ်ခေါင်း ဖြစ်နေသည်။ ကျောရိုး၊ လက်မောင်းရိုး၊ ပေါင်ရိုးတို့၏ အတွင်း၌လည်း အခေါင်းများရှိနေသည်။ သွေးကြောကြောတို့မှာလည်း အခေါင်းအသီးသီး ရှိကြသည်။ ဗိုက်ခေါင်း ရင်ခေါင်း အတွင်း၌ အူခွေများမှာလည်း အခေါင်းရှိကြသည်။ အသည်း အဆုတ် နှလုံး များမှာလည်း အခေါင်းငယ်များ ရှိကြသည်။ ထိုကဲ့သို့ ခေါင်းပွဖြစ်နေသော်လည်း တစ်ခဲနက် အပြည့်ဟု ထင်မှတ်ကြ၏။ ဤသို့ ထင်မှတ်ခြင်းကို ဃနပညတ် ဟု ခေါ်သည်။ ဃနပညတ်ကြောင့် ခိုင်မာသည် အနှစ်သာရ ရှိသည် အားကိုးလောက်သည် ဟု ထင်မှတ်ကြသည်။

ဥပမာအားဖြင့် ကြက်ဆူသား လက်ပံသားသည် ပွသောကြောင့် မခိုင်၊ ထို့ထက် ကျွန်းသားက ခိုင်သည်။ ထို့ထက် ပျဉ်းကတိုးသား ပိတောက်သားက ခိုင်သည်။ ထိုထက် သံချောင်းက ခိုင်သည်။ ဤသို့ စသည်ဖြင့် တစ်ခဲနက် အနှစ်သာရ ပြည့်သည်ဟု ထင်မှတ်မှုကြောင့် အတ္တ ဟု ထင်မှတ်ကြသည်။ ဤပညတ်များ ဖုံးလွှမ်းထားသဖြင့် အသိမှား အမှတ်မှား ဖြစ်ကြရသည်။

အနိစ္စကို သန္တတိပညတ်က ဖုံးလွှမ်းသည်၊ အနတ္တကို သမူဟပညတ်၊ ဃနပညတ်က ဖုံးလွှမ်းသည်၊ ဒုက္ခကို ဣရိယာပုထ်လေးပါးက ဖုံးလွှမ်းထားသည်၊ အသုဘကို အဆင်တန်ဆာက ဖုံးလွှမ်းထားသည်။

နာမ်တရားကို ရှုမှတ်ခြင်း

ကိုယ်၌ဖြစ်သော ဆင်းရဲမှု၊ စိတ်၌ဖြစ်သော ဆင်းရဲမှု၊ ကိုယ်၌ဖြစ်သော ချမ်းသာမှု၊ စိတ်၌ဖြစ်သော ချမ်းသာမှု ဝေဒနာများ ဖြစ်ပေါ်လာသောအခါ အာရုံစူးစိုက် ရှုမှတ်ရမည်။ ဝေဒနာများ တစ်ခုပြီးတစ်ခု တဖွဲဖွဲ ဖြစ်ပျက်နေသည်ကို မြင်အောင် ရှုရမည်။ မြင်သိစိတ်၊ ကြားသိစိတ် စသော စိတ်ဝိညာဉ်များ ဖြစ်ပေါ်တိုင်း ဖြစ်ပေါ်တိုင်း စူးစိုက် ရှုမှတ်လျှင် စိတ်များ တစ်ခုပြီးတစ်ခု တဖွဲဖွဲ ဖြစ်ပျက်နေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

အလားတူပင် ရည်ရွယ်မှုများ၊ အားထုတ်မှုများ၊ ချစ်ခြင်းမုန်းခြင်း သနားခြင်းများ ဖြစ်လာသောအခါ၌လည်း သတိပြု စူးစိုက် ရှုမှတ်ရမည်။ ထိုအခါ ထိုသဘောတရားများ တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေသည်ကို သိမြင်ရမည်ဖြစ်သည်။ ဤကဲ့သို့ ရုပ်နာမ်တို့၏ဖြစ်ခြင်းပျက်ခြင်းကို ရေပြင်ပေါ်၌ မိုးပေါက်များ ကျလာသောအခါ ဖြစ်ပေါ်လာသော ရေပွက်ကလေးများသည် ပေါ်လာပြီးနောက်
စာမျက်နှာ-550


ချက်ချင်းပျောက်၊ ရေပြင်ပေါ်၌ တုတ်ဖြင့်ရေးခြစ်လျှင် ချက်ချင်းကွယ်ပျောက်၊ တိမ်တိုက်မှ ထွက်ပေါ်လာသော လျှပ်စစ်ရောင်သည် ချက်ချင်းကွယ်ပျောက်၊ ဒုတ်ဒုတ်ဒုတ်ဒုတ် မြည်သော အင်ဂျင်စက်သံသည် ရှေ့အသံများ ကွယ်ပျောက်၍ နောက်အသံအသစ် ဖြစ်ပေါ်လာသည်။ ဤသို့ဖြစ်ပေါ်ပြီးနောက် လျင်မြန်စွာ ပျက်စီးပျောက်ကွယ်သွားကြသည်။

ဝိပဿနာရှုသူအဖို့၌ ထိုဥပမာများထက် လျင်မြန်စွာ သင်္ခါရတရားများ ဖြစ်ပျက်နေသည်ကို ထင်ရှားသိမြင်လာရသည်။ ထိုအခါ ဤလောက တစ်ခုလုံးသည် အိပ်မက်ပမာဖြစ်သည်။ မျက်လှည့်ပြသကဲ့သို့ဖြစ်သည်။ ညအမှောင်ထဲ၌ ဝိုင်း၍ပြသော မီးစစက်ဝိုင်းနှင့်တူသည်၊ ငှက်ပျောတုံးကို တစ်ဖတ်ချင်းခွာကြည့်သော်လည်း အနှစ်ကို မတွေ့ရ၊ အနှစ်ကင်းသည်ကို သိလာရသည်။ နွေးသော ကတ္တရာလမ်းပေါ်၌ နေရောင်ဟပ်၍ ရေအိုင်ဟု ထင်ရသော်လည်း အနီးရောက်လာသောအခါ ထိုနေရာ၌ ရေအိုင် မရှိတော့ဘဲ ခပ်လှမ်းလှမ်း ရှေ့နား၌ ရေအိုင် ရှိသည်ဟု ထင်ရသည်။ ဤသို့ အမြင်မှားခြင်းကို တံလျှပ်ဟုခေါ်သည်။ တံလျှပ်သည် သဲကန္တာရအတွင်း နေပူချိန်၌ ဖြစ်ပေါ်တတ်သည်။ တောသမင်သည် ယင်းတံလျှပ်ကို ရေအိုင်ထင်၍ ပြေးသွားရာ အနီးရောက်သောအခါ ရှေ့နား၌ ရှိသည်ဟု ထင်ရပြန်သည်။ ဤသို့ လိုက်ရင်း လိုက်ရင်း တောသမင် မောသွားသော်လည်း ထိုရေအိုင်ကို တကယ်မတွေ့နိုင်ချေ။ ခပ်လှမ်းလှမ်းမှာမူ မြင်နေရမည်သာ ဖြစ်သည်။

အလားတူပင် သဲကန္တာရအတွင်း၌ ခရီးအတန်ကွာဝေးသောနေရာမှ မြို့ရွာအဆောက်အအုံများသည် ခရီးသည်၏ ရှေ့မျက်နှာစာ ကောင်းကင်ယံတွင် ပုံရိပ်များ ထင်ဟပ်လာတတ်သည်။ ယင်း မြို့ရွာပုံရိပ်များသည် လိုက်လေ ပြေးလေ ဝေးလေဖြစ်သည်။ တံလျှပ်သဘော မျက်စိကို လှည့်စားခြင်းဖြစ်သည်။

ထို့ကြောင့် ဤလောကသည် တံလျှပ်နှင့်တူသည်။ ငှက်ပျောတုံးနှင့်တူသည် ဟု ဝိပဿနာရှုမှတ်သူအား ထင်မြင်လာသည်။

ဝိပဿနာ ညစ်ညူးကြောင်းတရား ၁၀-ပါး

ရုပ်နာမ်တို့၏ ဖြစ်ပျက်မှုကို ဆင်ခြင်သိမြင်သော ဥဒယဗ္ဗယဉာဏ် အဆင့်မြင့်လာသောအခါ ဝိပဿနာရှုသော ယောဂီအား ထူးခြားသော တရား (၁၀)မျိုး ဖြစ်ပေါ်လာတတ်သည်။ ထိုတရားများ ဖြစ်ပေါ်လာလျှင် သာမန် ပျော်မွေ့မှုထက် လွန်ကဲသော တရား၌ ပျော်မွေ့မှုကို ခံစားရသောကြောင့် သာမန်ယောဂီတို့အနေဖြင့် ထိုတရားများကို မဂ်တရား, ဖိုလ်တရားဟု အထင်
စာမျက်နှာ-551


မှားတတ်ကြသည်။ မိမိကိုယ်ကိုလည်း “ငါ မဂ်ရပြီ, ဖိုလ်ရပြီ”ဟု စွဲလမ်းပြီး အထင်ကြီးတတ် အထင်မှားတတ်ကြသည်။

ယင်းသို့ အထင်မှားခြင်း၊ အထင်ကြီးခြင်းသည် အားထုတ်လက်စ ဝိပဿနာအတွက် အနှောင့်အယှက် အဖျက်အဆီး တစ်ခုဖြစ်သည်။ ဝိပဿနာ လမ်းကြောင်းပေါ်မှ လွဲချော်သွားတတ်သည်။ ထိုတရားများကို မဂ်ဟု အထင်မှားပြီး အားရ ကျေနပ်မှုကြောင့် ဝိပဿနာကို ဆက်လက် အားမထုတ်ဘဲ ရပ်ဆိုင်းသွားတတ်သည်။ တောက်ပြောင်လာသော ဝိပဿနာကို ညစ်နွမ်းသွားစေတတ်သည်။ ထို့ကြောင့် ထိုတရားများကို ပါဠိလို “ဥပက္ကိလေသတရားများ” ဟု လည်းကောင်း၊ မြန်မာလို “ဝိပဿနာညစ်ညူးကြောင်း တရားများ” သို့မဟုတ် **“ဝိပဿနာ၏ အညစ်အကြေးများ”**ဟုလည်းကောင်း ခေါ်ကြသည်။

ထိုတရားတို့သည် မဂ်, ဖိုလ်ရပြီးသော အရိယပုဂ္ဂိုလ်အားလည်းကောင်း၊ ပဋိပတ်အကျင့်ကို မှားယွင်းစွာ ကျင့်သူအားလည်းကောင်း၊ ကမ္မဋ္ဌာန်းကို ချထားလျက် ရပ်နားနေသူ (တစ်ဝက် တစ်ပျက် အားထုတ်သူ) အား လည်းကောင်း၊ ပျင်းပျင်းရိရိ ခပ်ပေါ့ပေါ့ အားထုတ်သူအားလည်းကောင်း မဖြစ်ပေါ်ပေ။ ပဋိပတ်အကျင့်ကို နည်းမှန်လမ်းမှန်ဖြင့် မရပ်မနား ကြိုးစား အားထုတ်သော ယောဂီအား ဥဒယဗ္ဗယဉာဏ်သို့ ရောက်သောအခါ ထိုတရားများ မလွဲမသွေ ဖြစ်ပေါ်ကြမည်သာတည်း။ ထိုတရားများမှာ အောက်ပါအတိုင်း ၁၀-ပါး ရှိပါသည်-
(၁) ဩဘာသ = အရောင် အလင်း၊
(၂) ပီတိ = နှစ်သက် အားရခြင်း၊
(၃) ပဿဒ္ဓိ = ငြိမ်းအေးခြင်း၊
(၄) အဓိမောက္ခ = အလွန် သဒ္ဓါကြည်လင်ခြင်း၊
(၅) ပဂ္ဂဟ = ဝီရိယပုံမှန် ဖြစ်နေခြင်း၊
(၆) သုခ = စိတ်ချမ်းသာခြင်း, ဝမ်းသာခြင်း၊
(၇) ဉာဏ = ဉာဏ်ထက်မြက် လျင်မြန်ခြင်း၊
(၈) ဥပဋ္ဌာန = သတိ အလွန်ကောင်းခြင်း၊
(၉) ဥပေက္ခာ = ဝိပဿနာရှုမှု ဟန်ချက် ညီနေ၍ အားမစိုက်ရဘဲ အလိုလို ဖြစ်နေခြင်း၊
(၁၀) နိကန္တိ = ဝိပဿနာ၌ သာယာ ငြိကပ်ခြင်း၊
စာမျက်နှာ-552


(၁) ဩဘာသ = အရောင်အလင်း
ယောဂီပုဂ္ဂိုလ်၏ ကိုယ်မှ အရောင်အလင်းသည် သမထအားထုတ်မှု သမာဓိ သက်သက်ကြောင့်လည်း ဖြစ်ပေါ်တတ်သည်။ ဝိပဿနာဉာဏ်ကြောင့်လည်း ဖြစ်ပေါ်တတ်သည်။

သမာဓိသက်သက်ကြောင့် ကိုယ်မှ အရောင်အလင်း ထွက်ပုံ သာဓကကို အကျဉ်းချုပ် ထုတ်ပြပါဦးမည်။

အနာထပိဏ်သူဌေးကြီးသည် ရာဇဂြိုဟ်သူဌေးအိမ်၌ ရောက်နေခိုက် ဘုရားပွင့်တော်မူနေကြောင်း ကြားသိရ၍ ချက်ချင်း ဘုရားဖူးသွားရန် ကြံစည်နေသည်။ သို့ရာတွင် ညအချိန် ဖြစ်နေ၍ သွားခွင့် မရသောကြောင့် “နံနက်လင်းမှ စောစော ထသွားတော့မည်”ဟု စဉ်းစားရင်း ဘုရားရှင်ကို အာရုံပြုလျက် ဘုရားရှင်ထံ စိတ်ရောက်လျက် အိပ်စက်လေသည်။

အနာထပိဏ်သူဌေးကြီးသည် ထိုည အိပ်ပျော်ရာမှ သုံးကြိမ်တိုင်တိုင် နိုး၏။ ဘုရားရှင်ကို သတိရနေသည့် ဗုဒ္ဓါနုဿတိဘာဝနာ အဟုန်ကြောင့် နိုးတိုင်း နိုးတိုင်း အလင်းရောင်များ ဖြစ်ပေါ်နေသည်။ ထို့ကြောင့် ထိန်ထိန်ကြီး လင်းပြီဟု မှတ်ထင်ကာ အိပ်ရာမှ ထပြီး ကြည့်ရှု စုံစမ်းသောအခါမှ မလင်းသေးကြောင်း သိ၍ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ပြန်အိပ်ခဲ့သည်။

တတိယအကြိမ်၌ကား ကိုယ်ရောင်ကိုယ်ဝါဖြင့် တကယ်မိုးလင်းပြီ ထင်မှတ်ကာ ဘုရားရှင်ထံသို့ တစ်ယောက်တည်း ထသွားလေသည်။ မြို့ပြင် သုဿာန်သို့ ရောက်၍ သူသေကောင်နှင့် သွားတွေ့ရာမှ ကြောက်လန့်စိတ် ဖြစ်ပေါ်ပြီး စိတ်ပျံ့လွင့်ကာ ဗုဒ္ဓါနုဿတိ အားနည်းသွားသောကြောင့် အလင်းရောင် ကွယ်ပျောက်ပြီး အမှောင်အတိကျလေသည်။ ဤကား သမာဓိအားကောင်းသောကြောင့် အလင်းရောင် ဖြစ်ပေါ်လာပုံတည်း။

ဝိပဿနာဉာဏ်ကြောင့် ဖြစ်သော အရောင်အလင်း ဩဘာသသည် အချို့ ယောဂီအား အနည်းငယ်မျှဖြစ်ပြီး တစ်ခဏမျှသာ တည်တံ့၏။ လက်နှိပ်ဓာတ်မီးနှင့် ထိုးလိုက်သလို ဝင်းခနဲဖြစ်သည်။ သပိတ်လုံးကြီးလို၊ လင်ပန်းကြီးလို ဝိုင်းဝိုင်းစက်စက် ချာချာလည်နေသော အလင်းရောင်ကိုလည်း တွေ့ရတတ်သည်။ အချို့သောယောဂီများမှာ အခန်းတစ်ခုလုံးဖြစ်စေ၊ ထို့ထက်မက အကျယ်အဝန်း ဖြစ်စေ လင်းထိန်နေသည်။ ကြာမြင့်စွာလည်း တည်တံ့နေသည်။

ကားမီးနှင့် ထိုးထားသလို၊ လက်ဆွဲဓာတ်မီးကြီး ထွန်းထားသလို၊ လဝန်း နေဝန်းကြီး လင်းနေသလို အမျိုးမျိုး တွေ့ရတတ်သည်။ ထိုအလင်းရောင်သည်
စာမျက်နှာ-553


ကိုယ်ထဲမှထွက်လာသည်ဟု လည်းကောင်း၊ ရှေ့နားဘေးနားတွင် ပေါ်လာသည်ဟု လည်းကောင်း၊ အထက်က အောက်က ပေါ်လာသည်ဟု လည်းကောင်း အမျိုးမျိုး ထင်ရတတ်သည်။

ထိုအလင်းရောင်မျိုး ညအခါ၌ပေါ်လာလျှင် အလင်းရောင်ပျံ့နှံ့ရာ အရပ်အတွင်းရှိ အရာဝတ္ထုများကို ထင်ထင်ရှားရှား မြင်ရသည်။ နေ့အခါ၌ ပေါ်ပေါက်လျှင်လည်း ထူးခြားထင်ရှားစွာ တွေ့ရသိရ၏။ ပကတိမျက်စိဖြင့် မမြင်နိုင်အောင် ကွယ်ခြား ဝေးကွာလျက်ရှိသော်လည်း မျက်မှောက်မှာကဲ့သို့ပင် မြင်ရတတ်သည်။

ယောဂီများ သတိထားရန်

ဤအလင်းရောင်မျိုး ဖြစ်ပေါ်လာသောအခါ ယောဂီသည် “မဂ်ဖိုလ်နိဗ္ဗာန် တရားထူးကို ရသောကြောင့် အလင်းရောင် ဖြစ်ပေါ်သည်”ဟု ထင်မှတ်တတ်သည်။ ထိုအလင်းရောင်ကိုပင် နိဗ္ဗာန်တရားထူးဟု ထင်တတ်သည်။ မိမိကိုယ်ကိုလည်း “ငါ မဂ်ရပြီ”ဟု အထင်ကြီးသွားတတ်သည်။ ထိုသို့ မထင်မှတ်တောင်မှ ထိုအလင်းရောင်ကို သာယာနှစ်သက် သဘောကျလျက် နေမိတတ်သည်။

ထိုသို့ အရောင်အလင်းပေါ်၌ သာယာနှစ်သက်နေသူသည် ဝိပဿနာရှုမှတ်မှု ပျက်တတ်၏။ ရှုမှတ်နေပါသော်လည်း အာရုံသင်္ခါရတို့မှာ ရှေးကလို သန့်ရှင်း ပီပြင်စွာ မထင်ရှားနိုင်တော့ပေ။ ထို့ကြောင့် ထိုအရောင်အလင်းကိုပင် ဝိပဿနာ၏ ညစ်ညူးကြောင်း တရားတစ်ခုအဖြစ် သတ်မှတ်ထားသည်။ အမှန်စင်စစ်အားဖြင့် ထိုအရောင်အလင်း ဖြစ်ပေါ်ရုံသက်သက်ကား ဝိပဿနာညစ်ညူးမှု မဖြစ်နိုင်။ သို့ရာတွင် ထိုအရောင်အလင်းကို သာယာတပ်မက်မှု တဏှာ၊ အထင်ကြီးမှု ထောင်လွှားမှု မာန၊ အထင်မှားမှု ဒိဋ္ဌိ ဤကိလေသာ တရားဆိုးများသာလျှင် ဝိပဿနာ၏ ညစ်ညူးကြောင်း ဘေးရန်အစစ် ဖြစ်ကြသည်။ တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့် စွဲလမ်းကပ်ငြိ ခံရမှုကြောင့် ဤအရောင်အလင်းကို ဝိပဿနာ ညစ်ညူးကြောင်း ဟု ခေါ်ဆိုရသည်။

(၂) ပီတိ = နှစ်သက်ခြင်း

ဝိပဿနာရှုသော ယောဂီပုဂ္ဂိုလ်အား ဥဒယဗ္ဗယဉာဏ်အဆင့်၌ နှစ်သက်မှု အားရမှု ပီတိ (၅)မျိုး ဖြစ်ပေါ်လာတတ်သည်။ ယင်းသို့ ဖြစ်ပေါ်လာရာတွင် အစဉ်အတိုင်း တိုးတက်ပြီး ဥဒယဗ္ဗယဉာဏ် ထက်သန်လာသောအခါ၌ကား ဝါဂွမ်းဆိုင်ကြီးကို ဆီဖြင့်ထိလိုက်သည့်အခါ ပျံ့နှံ့စိမ့်ဝင်၍ အိကျသွားသကဲ့သို့ တစ်ကိုယ်လုံးသို့ ပျံ့နှံ့စိမ့်ဝင်ကာ နှစ်သက်မှုအရသာကို ခံစားရသော ဖရဏာပီတိ မျိုး ဖြစ်ပေါ်တတ်ပေသည်။
စာမျက်နှာ-554


ယောဂီသည် ဖရဏာပီတိအဆင့်သို့ ရောက်သောအခါ တစ်စုံတစ်ခုသော ကိုယ်နှုတ် အမူအရာကိုမျှ မပြုတော့ဘဲ ငြိမ်သက်လျက်သာ ရှိနေတတ်သည်။ မျက်တောင်မျှ မခတ်ချင်လောက်အောင်၊ မျက်စိမျှ မဖွင့်ချင်လောက်အောင် ငြိမ်သက်သိမ်မွေ့စွာ စည်းစိမ်တွေ့နေ၏၊ ပီတိ၏ အရသာကို ခံစားနေမိတတ်သည်။ ပီတိ၏ အရသာကို လက်မလွှတ်တော့ဘဲ ဆက်လက် ခံစားနေလျှင် ဝိပဿနာရှုမှတ်မှု ပျက်ပြားသွားတတ်သည်။ ထို့ကြောင့် နှစ်သက်ခြင်း ပီတိကိုလည်း ဝိပဿနာ၏ ညစ်ညူးကြောင်း တရားတစ်ခုဖြစ်သည်ဟု ဆိုရသည်။ (ပီတိ ၅ မျိုး အကြောင်းကို ဤကျမ်းစာ (ဒု/တွဲ) စာမျက်နှာ ၅၅-၌ ပြခဲ့ပြီ။)

(၃) ပဿဒ္ဓိ = ငြိမ်းအေးခြင်း

ကြောင့်ကြစိုက်ထုတ်မှုကြောင့် ဖြစ်ပေါ်ရသော ပျံ့လွှင့်ခြင်း၊ ပူပန်ခြင်းများ ကင်းစင်နေသောကြောင့် ကိုယ်ထဲစိတ်ထဲ၌ သက်သောင့်သက်သာ ငြိမ်းအေးစွာ ဖြစ်နေခြင်းကို ပဿဒ္ဓိ-ဟု ခေါ်သည်။

ဤပဿဒ္ဓိဟူသော ငြိမ်းအေးခြင်းသဘောသည် နေပူထဲမှ သစ်ပင်ရိပ်သို့ ရုတ်တရက် ရောက်သွားသကဲ့သို့၊ မောပန်းနေရာမှ ရုတ်တရက် အမောအပန်း ပြေသွားသကဲ့သို့ သက်သောင့်သက်သာ ခံစားရခြင်း ဖြစ်သည်။

ဝိပဿနာရှုသူသည် ပဿဒ္ဓိ အားကြီးလာသောအခါ သက်သက်သာသာ ဖြစ်နေရုံမျှမက တစ်ကိုယ်လုံးအနှံ့ ပေါ့ပါးသွက်လက်ကာ နေလို့ထိုင်လို့ကောင်းပြီး ဇိမ်တွေ့နေသည်။ ဥပမာအနည်းငယ်မျှ ရိပ်စားမိရန်မှာ နေပူကျဲကျဲ ခရီးဝေးမှ လာခဲ့သူသည် နေအိမ်၌ အပန်းဖြေပြီး ရေမိုးချိုး အဝတ်သစ်လဲပြီး အိပ်ရာ သန့်သန့်ပေါ်၌ လဲလျောင်းအနားယူလိုက်သောအခါ တစ်ကိုယ်လုံး လန်းဆန်းသွက်လက် ပေါ့ပါးမှု အရသာကို ခံစားရ၏။ ဤကား ပဿဒ္ဓိ အရသာကို မှန်းဆရုံမျှသာ ဥပမာဆောင်ပြခြင်းဖြစ်သည်။

ကိုယ်စိတ်နှစ်ပါး ငြိမ်းအေးခြင်း ပဿဒ္ဓိ ဖြစ်လာလျှင် သူ၏ တွဲဖက်များ ဖြစ်သော ကိုယ်စိတ်ပေါ့ပါး သွက်လက်ခြင်း လဟုတာ၊ ကိုယ်စိတ်နူးညံ့ခြင်း မုဒုတာ၊ အမှု၌ ခံ့ခြင်း = ကမ္မညတာ၊ လေ့လာခြင်း = ပါဂုညတာ၊ ဖြောင့်မတ်ခြင်း = ဥဇုကတာ စေတသိက်များလည်း ဖြစ်ပေါ်လာကြသည်။

ကိုယ်စိတ်ငြိမ်းအေးမှု သက်သက်သာသာဖြစ်မှု ပဿဒ္ဓိကို တွယ်တာနေတတ်သည်။ ပဿဒ္ဓိသည် ဝိပဿနာရှုမှုအတွက် အနှောင့်အယှက် ဖြစ်နေသည်။ ထို့ကြောင့် ပဿဒ္ဓိကိုလည်း ဝိပဿနာညစ်ညူးကြောင်း တရားတစ်ခုအဖြစ် သတ်မှတ်ထားသည်။
စာမျက်နှာ-555


ထိုပဿဒ္ဓိဖြစ်လာသောအခါ ယောဂီ၏ ကိုယ်စိတ်နှစ်ပါး အလွန် ပေါ့ပါးနေမည်။ ရှုမှတ်မှုများလည်း ပေါ့ပါးလျင်မြန်နေမည်။ သွားရာ၊ ထိုင်ရာ၊ အိပ်ရာ၊ ကွေးရာ၊ ဆန့်ရာ စသည်တို့၌ ကိုယ်ခန္ဓာ၊ ခြေ၊ လက်များ မရှိသလိုပင် ပေါ့ပါးနေတတ်သည်။ ခရီးဝေးကို သွားလိုက်ရလျှင် ခဏလေးနှင့် ရောက်မည်ဟု ထင်တတ်သည်။ ထပြေးလိုစိတ်များပင် ဖြစ်လာတတ်သည်။ စိတ်အလိုအတိုင်း မပြုလုပ်ရန် အထူး သတိထားရမည်။

နေပြီး မည်သူ့ကိုမဆို ရိုသေကိုင်းညွတ်ရန် ဝန်မလေးပေ။ ကြမ်းတမ်းသော အာရုံများ ကြမ်းတမ်းသော လူများနှင့် မတွေ့လိုဘဲ အေးအေးသာသာ ရှုမှတ်၍ နေလိုသည်။ တရားရှုမှတ်ရန် အထူးပင် ခံ့ကျန်း လျောက်ပတ်ချိန်ဖြစ်သည်၊ တစ်နာရီ၊ နှစ်နာရီကြာအောင် တစ်ထိုင်တည်း ရှုမှတ်နေသော်လည်း ကိုယ်ထဲ၌ ညောင်းညာကိုက်ခဲခြင်း၊ ပူလောင်ခြင်း၊ မောပန်း နာကျင်ခြင်းများ မရှိဘဲ ပကတိအနေအထား အတိုင်း ရှိနေတတ်သည်။

ရှုမှတ်မှု အာရုံပေါ်၌ အစဉ်အတိုင်း ကျရောက်ပြီး တွန့်ခြင်း၊ ရပ်ခြင်း၊ ပျက်ခြင်း မရှိဘဲ ရှုမှတ်မှုအရှိန် ကောင်းနေတတ်သည်။ မကောင်းမှု၌ စိတ်ဝင်စားခြင်း၊ မိမိအပြစ်ကို ဖုံးကွယ်လိုခြင်း၊ မရှိသောဂုဏ်ကို ဖော်ပြဟန်ဆောင်လိုခြင်းတည်းဟူသော ကောက်ကျစ်စဉ်းလဲမှုများမှ လုံးဝကင်းစင်နေသည်။ စိတ်နှလုံး အလွန် ဖြောင့်စင်းနေသည်။

ဤကဲ့သို့ ပဿဒ္ဓိ စသော တရားများ ထက်သန်စွာ ဖြစ်ပေါ်နေချိန်တွင် ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းသက်သာ၍ အလွန်နေထိုင်ကောင်းသည်၊ အလွန် ချမ်းသာသည်ဟု ထင်ရတတ်သည်။ ထိုတရားများကို တရားထူးတရားမြတ် “မဂ်” ဟု ထင်မြင် ယူဆတတ်သည်။

(၄) အဓိမောက္ခ = အလွန် သဒ္ဓါကြည်လင်ခြင်း

ဝိပဿနာရှုမှတ်စိတ်နှင့် ယှဉ်တွဲလျက် ဖြစ်ပေါ်လာသည့် သဒ္ဓါတရားသည် အလွန်ကြည်လင်သော သဒ္ဓါတရား ဖြစ်သည်။ ဝိပဿနာကမ္မဋ္ဌာန်း အာရုံ၌ သက်ဝင် ယုံကြည် ဆုံးဖြတ်နိုင်သောကြောင့် အဓိမောက္ခဟု ခေါ်သည်။ ဤသဒ္ဓါတရားသည် ယုံကြည်ရုံမျှ မဟုတ်ဘဲ စူးစိုက်သက်ဝင် ဆုံးဖြတ်နိုင်ခြင်းသဘော ရှိသည်။

အဓိမောက္ခဟုခေါ်သော သဒ္ဓါတရားကြောင့် ဝိပဿနာရှုမှတ်တိုင်း ရှုမှတ်တိုင်း စိတ်သည် ညစ်ညူးခြင်းမရှိဘဲ အလွန်ကြည်လင်နေသည်။ မမှတ်ဘဲရပ်နားနေလျှင်လည်း ကြည်လင်လျက်သာရှိ၏။ ဤအဓိမောက္ခသဒ္ဓါ၏ အစွမ်းကြောင့်
စာမျက်နှာ-556


ကံ၊ ကံ၏အကျိုးနှင့် ရတနာသုံးပါး၏ ဂုဏ်ကို ယုံကြည်မှုသည်လည်း ထက်သန်စွာ ဖြစ်ပေါ်လာတတ်သည်။ ထိုအခါ မိမိကိုယ်တိုင် ဆက်လက် အားထုတ်ရန် အားတက်သရော ကြံစည်နေတတ်သည်။ သူတစ်ပါးကိုလည်း တိုက်တွန်းရန် ကြံစည်မိတတ်သည်။ တရားအားထုတ်သူများနှင့် ကမ္မဋ္ဌာန်းဆရာတို့ကိုလည်း အထူးကြည်ညိုနေတတ်သည်။

ဤကဲ့သို့ စိတ်ကလည်း အလွန်ကြည်လင်၊ ကံ၊ ကံ၏အကျိုးတရားနှင့် ရတနာသုံးပါးအပေါ် ယုံကြည်မှုကလည်း အလွန်ထက်သန်လှသောကြောင့် တရားထူးရပြီဟု မှတ်ထင်တတ်၏။ ထို့ကြောင့် ယုံကြည်မှု သဒ္ဓါ လွန်ကဲခြင်း အဓိမောက္ခသည် ဝိပဿနာ ညစ်ညူးကြောင်း တရားတစ်ခု ဖြစ်သည်။

(၅) ပဂ္ဂဟ = ဝီရိယပုံမှန် ဖြစ်နေခြင်း

မလျော့လွန်း မတင်းလွန်း အလယ်အလတ် ညီမျှမှန်ကန်စွာ အားထုတ်သော ဝီရိယကို ပဂ္ဂဟဟုခေါ်သည်။ ဝိပဿနာရှုသော ယောဂီသည် ဥဒယဗ္ဗယဉာဏ် ရင့်သန်လာသောအခါ နာမ်ရုပ်ကို ရှုမှတ်ရာ၌ အထူးတလည် ကြောင့်ကြလည်း မစိုက်ရ၊ လုံးဝကြောင့်ကြ မစိုက်ဘဲလည်း မဟုတ်မူ၍ မှန်မှန်ကလေး ရှုမှတ်လာနိုင်သည်။

ထိုကဲ့သို့သော ကာလမျိုး၌ ယောဂီသည် အထူး ကြောင့်ကြမစိုက်ရဘဲ မှတ်သင့်သမျှကို သူ့အလိုလိုဝင် မှတ်လျက် မှတ်လျက် ဖြစ်နေတတ်သည်၊ ထိုသို့ အလိုက်သင့် ရှုမှတ်မှုဖြစ်နေသည့်အခါ ယောဂီအနေဖြင့် မိမိကိုယ်ကို အထင်ကြီးမှု မာနဝင်လာတတ်သည်။ ထို့ကြောင့် မှန်မှန်ကလေး ရှုမှတ်အားထုတ်မှု ပဂ္ဂဟသည်လည်း ဝိပဿနာညစ်ညူးကြောင်း တရားတစ်ခု ဖြစ်သည်။

(၆) သုခ = ချမ်းသာခြင်း

ဝိပဿနာ ရှုမှတ်သောစိတ်နှင့် ယှဉ်တွဲလျက် အလွန်အမင်း ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်း သုခ ဖြစ်ပေါ်လာတတ်သည်။ ထို့ကြောင့် ထိုချမ်းသာသုခမျိုး ဖြစ်ပေါ်လာချိန်၌ အတော်အတန် ရောဂါဝေဒနာများ ပျောက်ကင်းသွားတတ်သည်။ ထိုချမ်းသာသုခမျိုးကို ဝိပဿနာယောဂီမှတစ်ပါး အခြားသောသာမန် လူနတ်တို့ မတွေ့နိုင်၊ မခံစားနိုင်ကြပေ၊ ထိုချမ်းသာသုခနှင့်အတူ များစွာ နှစ်သက်အားရမှု ပီတိနှင့် ဝမ်းမြောက်မှုတို့လည်း ဖြစ်ပေါ်တတ်၏။

သို့သော် ထိုချမ်းသာသုခကို ဝိပဿနာယောဂီအနေဖြင့် အမြိုက်နိဗ္ဗာန်အစစ်ဟု ထင်နေလျှင် ဆက်လက်အားထုတ်ရမည့် ဝိပဿနာအတွက် အနှောင့်အယှက် အညစ်အကြေးဖြစ်တော့၏။ ထိုချမ်းသာသုခကို မစွဲလမ်း၊ အထင်မကြီးဘဲ ဆက်လက်အားထုတ်ရာ၏။

စာမျက်နှာ-557


(၇) ဉာဏ = ဉာဏ်ထက်မြက် လျင်မြန်မှု

ယောဂီသည် ဥဒယဗ္ဗယဉာဏ် ရင့်သန်သောအခါ ဒွါရခြောက်ပါး၌ အလွန် လျင်မြန်စွာ ဖြစ်ပျက်နေသော ရုပ်နာမ်တို့ကို ရှုမှတ်ရင်း ရှုမှတ်ရင်း ရှင်းလင်းပြတ်သား ထင်ရှားစွာ သိမြင်လာသည်။ ဥပမာအားဖြင့် ဓားထက်ထက်နှင့် ဗူးသီး ခရမ်းသီးကို တိခနဲ ရှင်းခနဲ ပြတ်သွားအောင် လှီးဖြတ်လိုက်သကဲ့သို့ ရုပ်နာမ်ကို ရှုမှတ်တိုင်း ရှုမှတ်တိုင်း တိခနဲ တိခနဲ ရှင်းခနဲ ရှင်းခနဲ ပြတ်ပြတ်သားသား ပိုင်းခြားလျက် သိသိသွား၏။ နာမ်ရုပ် အဖြစ်အပျက်အပေါ်၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောများကိုလည်း ရှင်းလင်းစွာ သိသိသွား၏။ ထိုသို့ သိမှုကို ဉာဏ = သိမြင်မှု ဉာဏ်ပညာဟု ခေါ်သည်။

ယောဂီသည် ရုပ်နာမ်ကို ရှုမှတ်ရင်း ဤကားရုပ်၊ ဤကား နာမ်ဟု တိခနဲ ရှင်းခနဲ သိခြင်း၊ အနိစ္စ စသည်တို့၏သဘောကို ရှင်းခနဲ သိနေခြင်းကို တရားထူးဟူ၍လည်းကောင်း၊ တရားထူးရ၍ ဤသို့ လျင်မြန် ထက်မြက် ရှင်းလင်းပြတ်သားစွာ သိနိုင်သည်ဟူ၍ လည်းကောင်း ထင်မှတ်သာယာတတ်၏။ ထိုသို့ ထင်မှတ်သာယာနေလျှင် ဝိပဿနာရှုမှတ်မှု ပျက်စီး၏။

ထို့ကြောင့် ထိုသို့ သိမြင်မှုများ ထက်မြက် လျင်မြန်မှုကိုလည်း ဝိပဿနာ ညစ်ညူးကြောင်း တရားဟု ဆိုရလေသည်။

(ဂ) ဥပဋ္ဌာန = သတိ အလွန်ကောင်းခြင်း

အမှတ်ခံ ရုပ်နာမ်များက ရှုမှတ်သည့်စိတ်ထဲသို့ အလိုလိုဝင်ရောက်လာသကဲ့သို့လည်းကောင်း၊ ရှုမှတ်စိတ်ကလည်း အရှုခံ နာမ်ရုပ်များထဲသို့ အလိုလို ဝင်ရောက်သွားသကဲ့သို့လည်းကောင်း ထင်ပေါ်သော သတိကို ဥပဋ္ဌာန-ဟု ခေါ်သည်။

ရုပ်နာမ်အာရုံကို ပေါ်လွင် ထင်ရှားစေတတ်သော ဤသတိထင်ရှားစွာ ဖြစ်ပေါ်လာခြင်းကြောင့် အလွန် သိမ်မွေ့ နူးညံ့သော ရုပ်နာမ်အမူအရာကလေးများသည် မြုပ်ကွယ်သွားခြင်းမရှိဘဲ သတိ၌ အလွန် ထင်ရှားလျက် ရှိ၏။ ရှေ့အမှတ် ဆုံးသည်နှင့် တစ်ပြိုင်နက် နောက်အာရုံက အရန်သင့် ထင်ပေါ်လျက်ရှိ၏။

ဤကဲ့သို့ ရှုမှတ်မှုသတိနှင့် ရုပ်နာမ်အာရုံ၊ ရုပ်နာမ်အာရုံနှင့် သတိ၊ ရှေ့အမှတ်နှင့် နောက်အာရုံ အရန်သင့် အံဝင်ခွင်ကျ ဖြစ်ပေါ်မှုကို ယောဂီအနေဖြင့် တရားထူးဟူ၍ စွဲမှတ်အထင်ကြီးတတ်သည်။ ထိုဥပဋ္ဌာန-ဟု ခေါ်သော သတိ၌ စွဲလမ်း နှစ်သက် အထင်ကြီးနေလျှင် ဝိပဿနာအတွက် အနှောင့်အယှက် အညစ်အကြေး ဖြစ်၏။
စာမျက်နှာ-558


ဤအချိန်၌ နောက်ကြောင်းပြန် စဉ်းစား ဆင်ခြင်မိပါက လွန်ခဲ့ပြီးသော အတွေ့အကြုံ အဖြစ်အပျက်အာရုံများ အလုံးစုံ ထင်မြင်လာ၏။

(၉) ဥပေက္ခာ = လျစ်လျူရှုခြင်း

ဤ၌ ဥပေက္ခာ ဆိုသည်မှာ ဝိပဿနုပေက္ခာကို လည်းကောင်း၊ ယင်း၏ ရှေ့သွားဖြစ်သော အာဝဇ္ဇန်းကို လည်းကောင်း ခေါ်သည်။ (ဝိပဿနုပေက္ခာကို ဤကျမ်းစာ(ဒုတိယတွဲ) စာမျက်နှာ ၃၀၁-၌ ပြခဲ့ပြီး)

မြင်မှု ကြားမှု စသည်၌ လည်းကောင်း၊ ရှုမှတ်မှု၌ လည်းကောင်း စိတ်တစ်ခုခု ဖြစ်တော့မည်ဆိုလျှင် အာရုံကိုစတင်၍ လှမ်းယူမှု (အာဝဇ္ဇန်း) စိတ်က ရှေးဦးစွာ ဖြစ်ပေါ်လာရသည်။ ထိုအာဝဇ္ဇန်းစိတ်က ကောင်းသောအာရုံကို ဆင်ခြင်လျှင် နောက်စိတ်များလည်း ကောင်းသော စိတ်များ ဖြစ်ကုန်၏။ မကောင်းသောအာရုံကို ဆင်ခြင်လျှင် နောက်စိတ်များလည်း မကောင်းသော စိတ်များ ဖြစ်ကုန်၏။

ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ရှေးမဆွကပင် နာမ်ရုပ်ဖြစ်ပျက်ကို ရှုမှတ်မည်ဟု စိတ်ကို ဆုံးဖြတ်ထား၏။ အကြိမ်များစွာ ရှုမှတ်လျက် လေ့ကျက်ထားပြီးလည်း ဖြစ်၏။ ထို့ကြောင့် ဖြစ်ပျက် ရုပ်နာမ်များကို “ဖြစ်သည်၊ ပျက်သည်”ဟု အမှန်အတိုင်း ဆင်ခြင်လျက် အာဝဇ္ဇန်းစိတ် ရှေးဦးစွာ ဖြစ်ပေါ်၏။ ဝိပဿနာဇော စိတ်သည်လည်း ဆင်ခြင်သည့်အတိုင်းပင် “ဖြစ်သည်။ ပျက်သည်”ဟု သိလျက် နောက်ကလိုက်၍ ဖြစ်ပေါ်နေသည်။

သို့ရာတွင် ဝိပဿနာ အားထုတ်ခါစ ဘာဝနာနုစဉ်၌ကား အာရုံကို တည့်တည့်မတ်မတ် ဆင်ခြင်မိရန် ရှုမှတ်မိရန် အမြဲကြောင့်ကြစိုက်ရသည်။ ထိုသို့ ကြောင့်ကြစိုက်ရင်းကပင် တခြားတစ်ပါးကို များစွာ ဆင်ခြင်မိတတ်သည်။ ဥဒယဗ္ဗယဉာဏ် ရင့်သန်လာသောအခါ၌ကား အထူး ကြောင့်ကြစိုက်ရန် မလိုတော့ဘဲ ရှေးရှုမှတ်မှုနှင့် တစ်ဆက်တည်း ရုပ်နာမ်ဖြစ်ပျက်ကို တည့်တည့်မတ်မတ် ဆင်ခြင်မိတော့သည်။

ထိုကဲ့သို့ ရုပ်နာမ် ဖြစ်ပျက်ကို တည့်တည့်မတ်မတ် ဆင်ခြင်နိုင်သော အာဝဇ္ဇန်းသည် အာဝဇ္ဇနုပေက္ခာ မည်၏။ ထိုအာဝဇ္ဇန်းအားလျော်စွာ အထူး ကြောင့်ကြမစိုက်ရဘဲ ဖြစ်ပျက်အခိုက်၌ ရုပ်နာမ်ကို သိမှတ်လျက်ရှိသော ဝိပဿနာဉာဏ်သည် ဝိပဿနုပေက္ခာ မည်၏။ အထူးကြောင့်ကြမစိုက်ရဘဲ သူ့အလိုလို ဆင်ခြင်လျက် သူ့အလိုလိုမှတ်သိနေသော ဤဥပေက္ခာနှစ်မျိုးလုံးကိုပင် ဤအရာ၌ ဝိပဿနာညစ်ညူးကြောင်း ဥပေက္ခာဟု ခေါ်ဆိုသည်။
စာမျက်နှာ-559


မှန်၏။ ဝိပဿနာရှုသူသည် ဥဒယဗ္ဗယဉာဏ် ရင့်သန်လာချိန်၌ အထူး ကြောင့်ကြမစိုက်ရဘဲ နာမ်ရုပ်ဖြစ်ပျက်ကို သူ့အလိုလိုဆင်ခြင်လျက် သူ့အလိုလို မှတ်သိနေမှုကို တရားထူးဟုထင်မှတ်ပြီး စွဲလမ်း အထင်ကြီးနေတတ်သည်။

(၁၀) နိကန္တိ - ဝိပဿနာ၌ သာယာငြိကပ်ခြင်း

ဝိပဿနာကို နည်းမှန်လမ်းမှန်နှင့် မရပ်မနား ကြိုးစားအားထုတ်သော ယောဂီအား ဥဒယဗ္ဗယဉာဏ်သို့ ရောက်သောအခါ ဩဘာသ၊ ပီတိ စသော တရားများ မလွဲမသွေ ဖြစ်ပေါ်လာတတ်သည်။ ဝိပဿနာရှုခိုက်၌ ဖြစ်ပေါ်လာသည့် ထိုဩဘာသ၊ ပီတိ စသော တရားများအပေါ်၌ သာယာနှစ်သက် သဘောကျသော တဏှာသည် နိကန္တိ မည်၏။

ထိုအရောင်အလင်း စသည်တို့အပေါ်၌ သာယာနှစ်သက်သော တဏှာသည် အလွန်နူးညံ့သိမ်မွေ့၏။ ကိလေသာဟုပင် မထင်နိုင်ဘဲ ဘာဝနာ၌ ပျော်မွေ့မှု “ဘာဝနာရတိ”ဟု ထင်ရလောက်အောင် သိမ်မွေ့၏။ ထိုသာယာမှုကိုပင် “တရားထူး”ဟူ၍လည်းကောင်း၊ တရားထူးရသောကြောင့် ဘာဝနာ၌ ဤသို့ ပျော်မွေ့သည်ဟုလည်းကောင်း အထင်မှားတတ်သည်။ ထို့ကြောင့် တဏှာဟု ခေါ်သော ဤနိကန္တိသည်သာ ဝိပဿနာညစ်ညူးကြောင်း “ဥပက္ကိလေသ အစစ်” ဖြစ်သည်။ ထိုနိကန္တိဖြစ်ရုံမျှဖြင့်ပင် ဝိပဿနာရှုမှု ပျက်စီးတတ်သည်။ ထိုနိကန္တိကို တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့် ထင်မှား စွဲလမ်းလျှင်ကား ဆိုဖွယ်ရာပင် မရှိတော့ချေ။

ဖြစ်စဉ်မဟုတ် ဒေသနာအစဉ်

ဝိပဿနာညစ်ညူးကြောင်း “ဥပက္ကိလေသ” တရား ဆယ်ပါးတို့သည် မှတ်သိမှု စိတ်တစ်ချက်တစ်ချက်၌ အမှတ်မရှိ တစ်ခုချင်းလည်း ဖြစ်တတ်ကုန်၏။ နှစ်ခု၊ သုံးခု စသည်အားဖြင့်လည်း ဖြစ်တတ်ကုန်၏။ နိကန္တိမှကြွင်းသော ဥပက္ကိလေသ ၉-ပါးတို့ကား တစ်ပြိုင်နက်လည်း ဖြစ်ပေါ်တတ်ကုန်၏။ ထို့ပြင် ဩဘာသ မဖြစ်ဘဲ ပီတိလည်း ဖြစ်တတ်သည်။ သုခစသည်လည်း ဖြစ်တတ်သည်။ ဖြစ်ပေါ်ပုံ အခြင်းအရာမှာ အချို့သောယောဂီအတွက် အစဉ်ကျချင်မှ ကျမည်။ သို့သော် ဆင်ခြင်မှု စွဲလမ်းမှုသည်ကား ဩဘာသ စသည် တစ်ခုချင်း၌သာ ဖြစ်၏။ ယခု ပြဆိုခဲ့သော ဥပက္ကိလေသ (၁၀) ပါးအစဉ်သည် ဖြစ်စဉ်မဟုတ် “ဒေသနာအစဉ်” မျှသာဖြစ်သည်။

မဖြစ်ဖူး၍ ထူးဆန်းနေခြင်း

ဝိပဿနာရှုသော ယောဂီပုဂ္ဂိုလ်အား ရှေးယခင် ဝိပဿနာမရှုမီကာလက အရောင်အလင်း၊ နှစ်သက်မှု၊ ကိုယ်စိတ်ငြိမ်းချမ်းမှု စသည်တို့ မဖြစ်ပေါ်ခဲ့ဖူးပေ။
စာမျက်နှာ-560


မဖြစ်ဖူးသေးသော တရားများ၊ မခံစားဖူးသေးသော တရားများကို ဖြစ်ပေါ်ခံစားရသဖြင့် ထူးဆန်းနေသည်။ မဖြစ်ဖူး၍ ထူးဆန်းနေသည်။ ထိုထူးဆန်းသော တရားများကိုပင် တရားထူးဟု ထင်တတ်သည်။ တရားထူးရ၍ ဤသို့ ထူးထူးဆန်းဆန်း ဖြစ်သည်ဟု ထင်မြင်ယူဆတတ်သည်။

ထိုသို့ ယူဆသော ယောဂီအား ရှုမှတ်မှု ဝိပဿနာလမ်း လွဲချော်သွားလေတော့သည်။ အထက်ဉာဏ်အထူး တရားအထူးများရအောင် ကြိုးစား၍ မရှုမှတ်တော့ဘဲ ဖြစ်ပေါ်လာသော အလင်းရောင်စသည်တို့ကိုသာ သာယာစွဲလမ်းလျက် အဖန်ဖန် စဉ်းစားနေတတ်သည်။ ထိုအရောင်အလင်း စသည်တို့ကို သာယာနှစ်သက်လျှင် တဏှာဖြစ်၏။ “ငါ့မှာသာ ဤသို့ ထူးထူးခြားခြားဖြစ်တာ၊ ငါ သူများထက် ထူးပြီ”ဟု အထင်ရောက် အထင်ကြီးလျှင် မာနဖြစ်၏။ “ငါက လင်းတာ၊ ငါ့ကိုယ်က လင်းတာ၊ ငါ့အရောင်အဝါ” စသည်ဖြင့် ယူဆ စွဲလမ်းလျှင် ဒိဋ္ဌိဖြစ်၏။ ထို့ကြောင့် ဩဘာသ စသော (၁၀) ပါးကို တဏှာ၊ မာန၊ ဒိဋ္ဌိ သုံးပါးဖြင့် မြှောက်ပွားလျှင် ဥပက္ကိလေသ (၃၀) ရ၏။

ဥပက္ကိလေသ အစစ်သည် နိကန္တိ

ဥပက္ကိလေသ (၁၀) ပါးအနက် ဩဘာသအစ ဥပေက္ခာအဆုံးရှိသော (၉) ပါးတို့သည် တဏှာ၊ မာန၊ ဒိဋ္ဌိဟူသော ညစ်ညူးကြောင်းတို့၏ တည်ရာအကြောင်း ဖြစ်သောကြောင့်သာ ဥပက္ကိလေသဖြစ်ကြသည်။ ၎င်း (၉) ပါးတို့ကို အကုသိုလ်ဖြစ်သောကြောင့် ဥပက္ကိလေသတရားများဟု ဟောထားသည် မဟုတ်ပေ။ ၎င်းတို့သည် အကုသိုလ်တရားများလည်း မဟုတ်ကြပေ။ စွဲလမ်းနှစ်သက် အထင်ကြီးမှု မရှိဘဲ အရောင်အလင်းပေါ်လျှင် ပေါ်သည့်အတိုင်း၊ နှစ်သက်မှု ဖြစ်လျှင် ဖြစ်သည့်အတိုင်း ထားပြီး ဝိပဿနာကို ရှုပွားနိုင်ပါလျှင် ထို (၉) ပါးတို့သည် ဝိပဿနာအတွက် အနှောင့်အယှက် အညစ်အကြေးများ ညစ်ညူးကြောင်းများ မဖြစ်ကြတော့ပေ။ ထို (၉) ပါးတို့သည် တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့် စွဲလမ်းမှသာလျှင် ဥပက္ကိလေသမည်၏။ မစွဲလမ်းလျှင် ဥပက္ကိလေသ မမည်ပေ။

အမှန်စင်စစ်အားဖြင့် “နိကန္တိတစ်ပါးတည်းသာ ဥပက္ကိလေသအစစ်လည်း ဟုတ်၏။ ဥပက္ကိလေသတို့၏ တည်ရာအကြောင်းလည်း ဟုတ်၏။”

အထူးအားဖြင့် ဘင်္ဂဉာဏ်၊ သင်္ခါရုပေက္ခာဉာဏ်အရာ၌ ထင်ရှားဖြစ်ပေါ်သော ဗောဇ္ဈင်တရားများကိုလည်းကောင်း၊ ထို ဗောဇ္ဈင်တရားများအားလျော်စွာ ဖြစ်သော သုခ၊ သဒ္ဓါတို့ကို လည်းကောင်း ဥပက္ကိလေသ- ဟု မဆိုအပ်ကုန်။ ထို့ပြင် အရိယာတို့အား အားထုတ်ခါစ ဥဒယဗ္ဗယဉာဏ် အခိုက်၌ တွေ့ရသော အလင်းရောင်ကိုလည်း ဥပက္ကိလေသာဟု မဆိုအပ်ပေ။
စာမျက်နှာ-561


ထို့ကြောင့် ဝိပဿနာရှုသူ ယောဂီသည် မိမိရှုမှတ်ပွားများနေသော ဝိပဿနာ မညစ်နွမ်းစေရန်အတွက် လမ်းလွဲချော်မသွားစေရန်အတွက် နိကန္တိကို အထူးသတိထားရမည်။

(၆) ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ

အရိယာမဂ်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော သန့်ရှင်းစင်ကြယ်သော အသိဉာဏ်အမြင်ကို ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိဟု ခေါ်သည်။ (ပဋိပဒါ + ဉာဏ + ဒဿန၊ ပဋိပဒါ = မဂ်သို့ ရောက်ကြောင်း အကျင့် + ဉာဏ = ဉာဏ် + ဒဿန = အမြင်)

ပြဆိုခဲ့ပြီးသော ဝိပဿနာညစ်ညူးကြောင်းတရား ဆယ်ပါးတို့ကို မလွန်မြောက်သေးမီ ဥဒယဗ္ဗယဉာဏ် ရှေ့ပိုင်းသည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ၏ နယ်ပယ်၌ ပါဝင်၍ ဝိပဿနာညစ်ညူးကြောင်းတရား ဆယ်ပါးတို့ကို လွန်မြောက်ပြီးနောက် ဖြစ်ပေါ်လာသော ဥဒယဗ္ဗယဉာဏ် နောက်ပိုင်းနှင့် အထက် ဝိပဿနာဉာဏ်စဉ် ရှစ်ပါးတို့သည် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ၏ နယ်ပယ်၌ ပါဝင်ကြသည်။

ဝိပဿနာရှုသော ယောဂီသည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိနယ်ပယ်ဖြစ်သော ဥဒယဗ္ဗယဉာဏ် ရှေ့ပိုင်းတွင် ဖြစ်ပေါ်တတ်သည့် အရောင်အလင်းစသော ဝိပဿနာ ညစ်ညူးကြောင်းတရားတို့အပေါ်၌ သာယာစွဲလမ်း တပ်မက်မှုမရှိဘဲ ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို အမြဲတစေ သတိချပ်၍ ရှုမှတ်နေ၏။ ဖြစ်ပေါ်လာတိုင်းသော ရုပ်နာမ် အမူအရာ ဟူသမျှကို မှတ်သိရုံသာ သိလျက် နေ၏။ အရောင်အလင်း ဩဘာသ စသည်တို့ကို အလေးထား၍ မစဉ်းစား မဆင်ခြင်၊ သိမှု မှတ်မှုကိုသာ အလေးဂရုပြု၍ မပြတ်မှတ်သိလျက် နေ၏။ ထိုအခါ ယောဂီ၏ ဉာဏ်၌ ရုပ်နာမ်တို့၏ ဖြစ်မှုပျက်မှုသည် အထူးသန့်ရှင်းစင်ကြယ်စွာ ထင်ပေါ်နေတော့သည်။ ရုပ်နာမ်ဓမ္မတို့သည် ဖြစ်ပြီးပျက်၊ ဖြစ်ပြီးချုပ်၊ ဖြစ်ပြီးပျောက်၍ နေသည်ကို ဉာဏ်၌ ရှင်းခနဲ ရှင်းခနဲ ကွင်းခနဲ ဘွင်းခနဲ ထင်နေတော့သည်။ ထိုသို့ ရုပ်နာမ်ဖြစ်ပေါ်မှုအပေါ်၌ တင်ထားသော အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာတို့သည် လည်း အထူးသန့်ရှင်းစင်ကြယ်စွာ ထင်ပေါ်နေတော့သည်။ ဖြစ်ပေါ်လာသော အရောင်အလင်းဩဘာသ စသည်တို့အပေါ်၌ လုံးဝဂရုစိုက်ခြင်း၊ အာရုံရောက်ခြင်း မရှိတော့ဘဲ မှတ်တိုင်း မှတ်တိုင်းသော ဖြစ်မှုပျက်မှုတို့ကိုသာ ဉာဏ်၌ ရှင်းလင်းပြတ်သားစွာ သိမြင်နေတော့သည်။ ထိုအခါ ဝိပဿနာညစ်ညူးကြောင်း “ဥပက္ကိလေသ” တို့မှ လွတ်မြောက်ပြီး ဥဒယဗ္ဗယဉာဏ် အဆင့်မြင့်သို့ ရောက်ရှိလေတော့သည်။
စာမျက်နှာ-562


ဘင်္ဂဉာဏ်၊ သို့မဟုတ် ဥဒယဗ္ဗယဉာဏ်မှ ဘင်္ဂဉာဏ်သို့ ကူးပုံ

ယောဂီပုဂ္ဂိုလ်သည် ရုပ်နာမ်အဖြစ်အပျက်ကို အတွင်းလှိုက်စား၍ သိလာသောအခါ ထိုရုပ်နာမ်တို့၏ မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရ၊ ငါကောင်မဟုတ်ခြင်းတို့ကိုလည်း ထင်ထင်ရှားရှား သိမြင်လာတော့သည်။ ထိုသို့ ရုပ်နာမ်အဖြစ်အပျက်ကို ရှုမှတ်နေသောကြောင့် ဖြစ်ပေါ်ပြီးနောက် မရှိခြင်း၊ ပျောက်ကွယ်သွားခြင်းဟူသော အနိစ္စလက္ခဏာ၊ ထိုဖြစ်မှု ပျက်မှုက မပြတ်နှိပ်စက်နေခြင်းဟူသော ဒုက္ခလက္ခဏာ၊ မဖြစ်စေလိုသော်လည်း တားမရ၊ မပျက်စေလိုသော်လည်း မပျက်ဘဲ မနေသောကြောင့် အလိုအတိုင်း မဖြစ်ခြင်း ဟူသော အနတ္တလက္ခဏာတို့သည် အထူး ထင်ရှားလာတော့သည်။

ထိုကဲ့သို့ ဖြစ်တိုင်း ပျက်တိုင်းသော ရုပ်နာမ်ကို ရှုမှတ်၍ မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်းကို ကောင်းစွာ ထင်ထင် သိမြင်ပြီးသော ယောဂီအား ဥဒယဗ္ဗယဉာဏ် ရင့်သန်ပြီ၊ ပြည့်စုံပြီ၊ အထွတ်အထိပ် ရောက်ပြီဟု မှတ်ရမည်။ ဥဒယဗ္ဗယဉာဏ် အထွတ်အထိပ်သို့ ရောက်သောအခါ ရုပ်နာမ် အဖြစ်အပျက်ကို သိမှတ်မှု၊ ရှုမှတ်မှုသည်လည်း အလွန်လျင်မြန်စွာ ဖြစ်လာတော့၏။ ဖြစ်ပျက် သိမှုကို အထူးသတိထား အားမစိုက်ရတော့ဘဲ သူ့အလိုလို သိ၍ သိ၍ နေတော့သည်။ အသိက အလွန်လျင်မြန်နေသောကြောင့် ရှုမှတ်ဖြစ်ခိုက် အာရုံသင်္ခါရတို့သည်လည်း လျင်မြန်စွာ ထင်ပေါ်ကြတော့၏။ ထိုအခါ ရုပ်နာမ်တို့၏ ဖြစ်စ (ဥပါဒ်) နှင့် တည်တံ့မှု (ဌီ) တို့ကို လည်းကောင်း၊ ရုပ်နာမ် အစဉ်အတန်းကို လည်းကောင်း၊ အကောင်အထည်၊ ပုံသဏ္ဌာန်၊ ဒြပ်ရှိသလို ထင်ပေါ်သော သင်္ခါရနိမိတ်ကိုလည်းကောင်း နှလုံးမသွင်းမိတော့ပေ။ ဖြစ်ပျက်ကို မှတ်ခိုက်မှာပင် အဖြစ်သည် ဉာဏ်၌ မထင်တော့ဘဲ “ပျက်၊ ပျက်၊ ပျက်” ဟု သိမှုသည်သာ ဉာဏ်၌ ထင်နေတော့သည်။ ယောဂီ၏ ဉာဏ်သည် ဖြစ်ခြင်း (ဥပါဒ်ခဏ) သို့ စူးစိုက်မှု မပြုတော့ဘဲ ပျက်ခြင်း (ဘင်ခဏ) ဘင် အစွန်း အပျက်ကိုသာ စူးစိုက် ရှုမှတ်တော့သည်၊ ထိုအခါ ဘင်္ဂဉာဏ်သို့ ရောက်ပြီဟု မှတ်ရမည်။

ထို့ကြောင့် တစ်ခုခုသော အာရုံကို ကုန်သွားသည်၊ ပျက်သွားသည်ဟု သိမြင်ခြင်းသည် ဘင်္ဂဉာဏ်မည်၏။

ထိုဘင်္ဂဉာဏ်သို့ ရောက်သော ယောဂီသည် ရှူမှု၊ ရှိုက်မှု၊ ဖောင်းမှု၊ ပိန်မှု၊ ထိုင်မှု၊ ရပ်မှု၊ သွားမှု၊ ကွေးမှု၊ ဆန့်မှု၊ မြင်မှု၊ ကြားမှု၊ ကြံမှု စသော ဖြစ်ခိုက် ရုပ်နာမ်အာရုံ တစ်ခုခုကို မှတ်ခိုက် မှတ်ခိုက်မှာပင် ကုန်သွားသည်၊ ပျောက်သွားသည်ဟု သိမြင်နေ၏။ ဤသို့ သိမြင်မှုကိုလည်း ကုန်သွားသည်၊ ပျောက်သွားသည်ဟု တစ်ဖန်ထင်၍ သိမြင်ပြန်သည်။ ဤကဲ့သို့ အာရုံတစ်ခုခု
စာမျက်နှာ-563


ထင်ပေါ်လာတိုင်း ထိုအာရုံနှင့် မှတ်သိမှုတို့ကို ရှေ့နောက်ဆင့်လျက် ကုန်ပျက်သွားကြသည်ဟု မြင်သောဉာဏ်သည် ဘင်္ဂါနုပဿနာဉာဏ် မည်၏။ (ဘင်္ဂ + အနုပဿနာ၊ ဘင်္ဂ... အပျက်ကို + အနုပဿနာ အပျက်ဟု အဖန်ဖန်ရှုမြင်ခြင်း)

ဘင်္ဂဉာဏ်ကို အပျက်ဟု ထပ်ဆင့်ရှုမြင်ပုံ

ယောဂီပုဂ္ဂိုလ်သည် ရုပ်၊ နှိုက်ရုပ်၊ ဖောင်းရုပ်၊ ပိန်ရုပ်၊ ထိုင်ရုပ်၊ ထရုပ်၊ ကွေးရုပ်၊ ဆန့်ရုပ်၊ မျက်စိအကြည်ရုပ်၊ နားအကြည်ရုပ်၊ အဆင်းရုပ်၊ အသံရုပ် စသည်တို့ကို ဖြစ်ပေါ်ခိုက်၌ ရှုမှတ်စဉ် ထိုရုပ်တို့ ကုန်ဆုံးသွားသည်၊ ပျောက်ကွယ် ပျက်စီးသွားသည်ဟု သိမြင်၏။ ဤသိမြင်မှုသည် အာရုံ၏ အပျက်သဘောကို သိသော ပထမ ဘင်္ဂဉာဏ်မည်၏။ ထိုသိမြင်မှု ပထမဘင်္ဂဉာဏ်သည်လည်း ကုန်ဆုံးသွားသည်၊ ကွယ်ပျောက် ပျက်စီးသွားသည်ဟု တစ်ဖန် သိမြင်ပြန်၏။ ဤသို့ ပထမဘင်္ဂဉာဏ်၏ အပျက်သဘောကို တစ်ဖန် သိသောဉာဏ်သည် ဒုတိယ ဘင်္ဂဉာဏ်မည်၏။ အပျက်ကို အပျက်ဟု ထပ်ဆင့်၍ ဝိပဿနာရှုခြင်းပင် ဖြစ်သည်။ ရုပ်အာရုံတစ်ခု ထင်ရှားတိုင်း ထင်ရှားတိုင်း ထိုရုပ်၏ အပျက်ကို သိမြင်သော ပထမ ဘင်္ဂဉာဏ်နှင့် ထိုသိမှု၏ အပျက်ကို ထပ်ဆင့်သိမြင်သော ဒုတိယဘင်္ဂဉာဏ် ဟူ၍ ဘင်္ဂဉာဏ် နှစ်ဆင့် နှစ်ဆင့် ဖြစ်၏။

နာကျင်မှု စသော ဝေဒနာ ထင်ရှားဖြစ်ခိုက်၌ “နာတယ်၊ နာတယ်” စသည်ဖြင့် ရှုမှတ်လျက် ထိုဝေဒနာကုန်ပျက်သွားသည်ကို သိမြင်၏။ ဤကား ပထမ ဘင်္ဂဉာဏ်တည်း။ ထိုသိမြင်မှုဉာဏ် ကုန်ပျက်သွားသည်ကို တစ်ဖန် သိမြင်ပြန်၏။ ဤကား ဒုတိယ ဘင်္ဂဉာဏ်တည်း။ ဤသို့ ဝေဒနာ ထင်ရှားခိုက်၌ ဘင်္ဂဉာဏ်သည် နှစ်ဆင့် နှစ်ဆင့် ဖြစ်၏။ အခြားသော နာမ်တရားများ ထင်ရှားခိုက်၌လည်း ဤနည်းတူပင် ဘင်္ဂဉာဏ် နှစ်ဆင့် နှစ်ဆင့် ဖြစ်၏။

အာရုံတစ်ခုခု ပေါ်လာတိုင်း ပေါ်လာတိုင်း မှတ်သိရသော ထိုအာရုံနှင့် မှတ်သိမှု ဤနှစ်မျိုးလုံး ရှေ့နောက်ဆင့်လျက် အလွန်လျင်မြန်စွာ ကုန်ဆုံး ကွယ်ပျောက်သွားသည်ကို မပြတ် သိမြင်လေတော့၏။ ဤသို့ အာရုံတစ်ခုခု အပျက်သဘောနှင့် မှတ်သိမှု ဝိပဿနာစိတ်၏ အပျက်သဘောတို့ကို အစဉ်မပြတ် သိနိုင် မြင်နိုင်လျှင် ဘင်္ဂဉာဏ် ဖြစ်ပြီဟု ယုံကြည်စွာ ဆုံးဖြတ်အပ်တော့သည်။

ဤနေရာ၌ “အပျက်” ဟူသည်မှာ ဖွာလန်ကျဲလျက် ကစဥ့်ကရဲ ဖြစ်သွားခြင်းကို ဆိုလိုသည် မဟုတ်၊ ကုန်ဆုံးသွားခြင်း၊ ပျောက်ကွယ်သွားခြင်းကိုသာ ဆိုလိုပေသည်။
စာမျက်နှာ-564


ဘင်္ဂဉာဏ်၏ အင်္ဂါသုံးတန်

ဝိပဿနာရှုသော ယောဂီပုဂ္ဂိုလ်အတွက် မည်သို့သော အခြေအနေမျိုး၌ ဘင်္ဂဉာဏ်ဖြစ်ပြီ၊ ဘင်္ဂဉာဏ်အဆင့်သို့ ရောက်ပြီဟု သိနိုင်ရန် ဖော်ပြပါ အင်္ဂါသုံးတန်ဖြင့် ဝေဖန်နှိုင်းချိန်ရမည်။ ထိုအင်္ဂါသုံးတန်ညီညွတ်နေလျှင် ဘင်္ဂဉာဏ်အဆင့်သို့ ရောက်ပြီဟု ဆုံးဖြတ်နိုင်တော့သည်။ ၎င်းတို့မှာ-

(၁) အာရုံတစ်ခုခု၏ အပျက်ကို သိမြင်ပြီးသည်၏အခြားမဲ့၌ ထိုသိမြင်သော စိတ်၏ အပျက်ကို ထပ်ဆင့်သိမြင်ခြင်း၊

(၂) ဥဒယဗ္ဗယဉာဏ် ဖြစ်စဉ်ကကဲ့သို့ ဖြစ်မှုကို ရှုတော့ဘဲ အပျက်သက်သက်ကိုသာ ရှုမြင်နိုင်ခြင်း၊

(၃) အာရုံတစ်ခုခု၏ အပျက်ကို သိမြင်ပြီးလျှင် ထိုသိမြင်သော စိတ်၏ အပျက်ကို တစ်ဖန်သိမြင်နိုင်ရန် တည့်တည့်မတ်မတ် ဆင်ခြင်နိုင်သော အာဝဇ္ဇန်း ဖြစ်ပေါ်လာခြင်း-

တို့ ဖြစ်သည်။ ထိုအာဝဇ္ဇန်းကို “ယောနိသောမနသိကာရ” အသင့်အတင့် နှလုံးသွင်းမှုဟုလည်း ခေါ်သည်။

ဤအင်္ဂါသုံးပါးညီလျှင် ဘင်္ဂဉာဏ်ဖြစ်ပြီ ဟု ဆုံးဖြတ်အပ်တော့၏။ ထိုသုံးပါးအနက် တတိယအင်္ဂါနှင့် ပထမအင်္ဂါတို့မှာ မှတ်သိမှု တစ်ကြိမ်တည်း၌ ပါဝင်နေသော ရှေ့ဆင့်နောက်ဆင့် (ဝါ) ရှေ့သွားနှင့် နောက်လိုက် ဖြစ်ကြသည်။ အာဝဇ္ဇန်းက တည့်တည့်မတ်မတ် ဆင်ခြင်မိလျှင် သိမှုဉာဏ်ကလည်း တည့်တည့်မတ်မတ် ပြောင်းရွှေ့၍ သိမြင်လေတော့သည်။

ယောဂီများ အထူးမှတ်သားရန်

ဝိပဿနာရှုသော ယောဂီသည် တစ်ခုတည်းသော အာရုံကို အကြိမ်များစွာ ထပ်၍ထပ်၍ ဝိပဿနာရှုရန် မလို။ အာရုံတစ်ခုခုကို တစ်ကြိမ် တစ်ကြိမ်သာ ရှုရန်လိုသည်ဟု မြဲမြံစွာ မှတ်သားထားရမည်။ ထို့ပြင် ဤဘင်္ဂဉာဏ်ဆိုင်ရာ ပါဠိ အဋ္ဌကထာတို့ကို ထောက်၍ တစ်ကြိမ်တစ်ကြိမ်သော ရုပ်နာမ်အမူအရာ၌ ပါဝင်သည့် တရားဟူသမျှကို စေ့အောင် ခွဲခြမ်းရေထွက်၍ ရှုရန်မလို၊ ထင်ရှားသော တရားတစ်ခုခုကိုသာ အဓိကထား၍ ရှုရန်လိုသည်။ တစ်ဝီထိအတွင်း၌ ပါဝင်သော ရှေ့စိတ်နောက်စိတ်များကိုလည်း အသီးသီး ခွဲခြမ်း၍ ရှုရန် မလို၊ တစ်ဝီထိလုံးကိုသာ သိမ်းကျုံး၍ ရှုရန်လိုသည်။ အတိတ်၊ အနာဂတ်နှင့် မထင်ရှားသော တရားတို့ကို ရှာကြံ မှန်းဆ၍ ရှုရန်မလို၊ အထင်အရှား လောလောဆယ် ဖြစ်ပျက်နေသော ရုပ်နာမ်ကိုသာ (မျက်မှောက်) ရှုရန် လိုသည်။ ဤအချက်များကို လေးလေးနက်နက် မှတ်သားထားရမည်။
စာမျက်နှာ-565


ထို့ပြင် ဝိပဿနာရှုသော ယောဂီသည် အတိတ် အနာဂတ်တရားတို့ကို အစပြု၍ မရှုအပ်၊ လောလောဆယ် ဖြစ်ဆဲပျက်ဆဲ ပစ္စုပ္ပန်တရားကိုသာ အစပြု၍ ရှုရမည်။ ပစ္စုပ္ပန်တရားကို သန့်ရှင်းစင်ကြယ်စွာ မျက်မှောက် သိမြင်ပြီးသော အခါ၌ ဉာဏ်သက်ဝင်၍ သဘောကျသည်အားလျော်စွာ အတိတ် အနာဂတ်တရားတို့ကို ဆင်ခြင်ဆုံးဖြတ်သော အနုမာနဉာဏ်သည် အလိုလို ဖြစ်ပေါ်လာ၏။ ထိုအနုမာန (မှန်းဆ) ဉာဏ်ဖြင့်သာလျှင် အတိတ် အနာဂတ် တရားတို့ကို ရှုအပ်၏။ အတိတ် အနာဂတ်တရားတို့ကို တမင်ရှာကြံ၍ ဖြစ်စေ၊ တမင် ကြောင့်ကြစိုက်၍ ဖြစ်စေ ရှုဆင်ခြင်နေရန် မလိုအပ်ပေ။

ဘင်္ဂဉာဏ် ရင့်သန်သော ယောဂီပုဂ္ဂိုလ်သည် မှတ်အပ်သော အာရုံသင်္ခါရနှင့် မှတ်သိမှု ဝိပဿနာသင်္ခါရတို့၏ ရှေ့ဆင့်နောက်ဆင့်လိုက်၍ လျင်မြန်စွာ ကုန်ခန်း ပျက်စီးနေကြသည်ကိုသာ မပြတ် တွေ့မြင်နေတော့သည်။ ဥပမာအားဖြင့် အိုးကင်းထဲ၌ ထည့်၍ လှော်သော နှမ်းစေ့တို့သည် တဖျစ်ဖျစ်မည်လျက် ပေါက်ကွဲသကဲ့သို့ လည်းကောင်း၊ သည်းထန်စွာ ရွာသွန်းသော မိုးရေပေါက်များကြောင့် ရေပြင်ပေါ်၌ ဖြစ်ပေါ်ကြသော ရေပွက်ကလေးများ လျင်မြန်စွာ ပျက်၍ ပျက်၍ သွားကြသကဲ့သို့ လည်းကောင်း၊ နေပူကျဲကျဲ ကွင်းပြင်ထဲ၌ ရိပ်ခနဲ ရိပ်ခနဲ လျင်မြန်စွာ လှုပ်ရှားပျက်စီးသွားသော တံလျှပ်ကဲ့သို့လည်းကောင်း အာရုံသင်္ခါရ နှင့် မှတ်သိမှု သင်္ခါရတို့သည် ဘင်္ဂဉာဏ်ရင့်သန်ထက်မြက်နေသော ယောဂီ၏ ဉာဏ်၌ ရိပ်ခနဲရိပ်ခနဲ လျင်မြန်စွာ ပျောက်ကွယ်ပျက်စီးသွားကြသည်ကို မပြတ် တွေ့မြင်နေလေတော့သည်။

ဘင်္ဂဉာဏ်၏ အကျိုးအာနိသင် ၈-ပါး

အလုံးစုံသော ရုပ်နာမ်ဓမ္မ သင်္ခါရတို့သည် လျင်လျင်မြန်မြန် ချုပ်ပျောက် ပျက်စီးလေသည်တကားဟု မပြတ်မလပ် အထပ်ထပ် ရှုသော ယောဂီပုဂ္ဂိုလ် အားဖော်ပြပါ အကျိုးအာနိသင်တို့ ဖြစ်ပေါ်ကုန်၏။ ၎င်းတို့မှာ-
(၁) ဘဝသည်မြဲ၏ဟု ယူသော ဘဝဒိဋ္ဌိ-သဿတဒိဋ္ဌိကို ပယ်နိုင်ခြင်း၊
(၂) အသက်ဇီဝိတ၌ တပ်မက်တွယ်တာမှုကို စွန့်ခွာနိုင်ခြင်း၊
(၃) နေ့ညမပြတ် ဘာဝနာ၌ လွန်စွာ အားထုတ်နိုင်ခြင်း၊

(၄) ယုတ်မာသော အလိုရမ္မက်တို့မှ ကင်းဝေးသောကြောင့် စင်ကြယ်သော အသက်မွေးမှုရှိခြင်း၊

(၅) ကိစ္စကြီးငယ်တို့၌ ကြောင့်ကြဗျာပါရကို ပယ်နိုင်ခြင်း၊
(၆) အတ္တကို ချစ်ခြင်းကင်းသောကြောင့် ဘေးရန်ကင်းကွာခြင်း၊
စာမျက်နှာ-566


(၇) သည်းခံနိုင်ခြင်း၊ ကောင်းသော အမှု၌ မွေ့လျော်သော အဖြစ်ကို ရခြင်း၊
(ဂ) ဆိတ်ငြိမ်သော တောကျောင်း၊ သမထ၊ ဝိပဿနာ ဘာဝနာ၌ မွေ့လျော်ခြင်း၊ ကာမဂုဏ်တို့၌ မွေ့လျော်ပျော်ပိုက်ခြင်းကို နှိပ်နင်း ဖျက်ဆီးနိုင်ခြင်း
တို့ဖြစ်သည်။

ဘယဉာဏ်

ဘင်္ဂဉာဏ် အထွတ်အထိပ်သို့ရောက်သော ယောဂီပုဂ္ဂိုလ်သည် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ ပျက်ခြင်းကို ရှုမှတ်နေစဉ်မှာပင် “ထိုရုပ်နာမ်တို့သည် ရှေးကလည်း ချုပ်ပျောက် ပျက်စီးခဲ့ပြီ၊ ယခုလည်း ချုပ်ပျောက် ပျက်စီးနေဆဲပင်၊ နောင်ကိုလည်း ချုပ်ပျောက်ပျက်စီးကြဦးမည်” ဟု ဆင်ခြင်လျက် တပျက်တည်း ပျက်နေသော ရုပ်နာမ်သင်္ခါရတို့ကို “ကြောက်စရာကောင်းသည်၊ ကြောက်စရာ ကြီးပါတကား” ဟူသော အသိဉာဏ် ဖြစ်ပေါ်လာသည်။ ထိုအသိဉာဏ်သည် ဘယဉာဏ်မည်၏။

အပျက်တရားကို ရှုမှတ်သော ယောဂီအား မှတ်တိုင်း မှတ်တိုင်း ပျက်၍ ပျက်၍ သွားသော သင်္ခါရတရားတို့အပေါ်၌ ကြောက်စရာဟု ရှုမြင်သော အသိဉာဏ်ဖြစ်ပေါ်လာသည်။ ရှုမှတ်သောအာရုံသင်္ခါရတို့၌လည်း ကြောက်စရာ ကောင်းသည်ဟု ထင်မြင်လာသည်။ ထို့ကြောင့် ဥဒယဗ္ဗယဉာဏ်၊ ဘင်္ဂဉာဏ် ဖြစ်စဉ်ကကဲ့သို့ ရှုမှတ်ရသည်မှာ ကြည်သာရွှင်ပြ တက်ကြွခြင်းမရှိဘဲ အားငယ်သလိုလို ဖြစ်လာတတ်သည်။

တပျက်တည်း ပျက်နေသော ရုပ်နာမ် သင်္ခါရတို့အပေါ် ဘယဉာဏ်ဖြင့် ကြောက်ခြင်းသည် ရန်သူများ၊ သားရဲတိရစ္ဆာန်များကို ကြောက်သကဲ့သို့ စိတ်နှလုံးမသာယာ တုန်လှုပ်ချောက်ချားစွာ ကြောက်ခြင်းမျိုးကား မဟုတ်ပေ။ ကြောက်စရာကောင်းသည်ကို အမှန်အတိုင်း သိရ၍ မရွှင်မပျ ဖြစ်ရုံမျှသာ ဖြစ်သည်။

အတိတ်သင်္ခါရတို့သည် ချုပ်ကုန်ပြီး ပစ္စုပ္ပန်သင်္ခါရတို့သည် ချုပ်ဆဲ၊ အနာဂတ် သင်္ခါရတို့သည် ချုပ်လတ္တံ့ ဟု ရှုသော ယောဂီအား ကြောက်မက်ဖွယ်အားဖြင့် ထင်လာသော ဘယဉာဏ် ဖြစ်ပေါ်လာ၏။

ဥပမာအားဖြင့် မိန်းမတစ်ယောက်တွင် သားသုံးယောက်ရှိ၏။ ထိုသားသုံးယောက်သည် မင်းပြစ်မင်းဒဏ် သင့်၍ ဦးခေါင်းဖြတ် အသတ်ခံရမည်
စာမျက်နှာ-567


ဖြစ်သည်။ မိခင်သည် သားသုံးယောက်နှင့်အတူ လူသတ်သင်္ချိုင်းသို့ လိုက်ပါသွား၏။ လူသတ်သမားသည် ရှေးဦးစွာ သားကြီး၏ ဦးခေါင်းကို ဖြတ်ပြီး၍ သားလတ်၏ ဦးခေါင်းကို ဖြတ်ရန် အားထုတ်နေသည်။ မိခင်သည် သားကြီး ဦးခေါင်းဖြတ်သည်ကို လည်းကောင်း၊ သားလတ် ဦးခေါင်းဖြတ်ဆဲကို လည်းကောင်း မြင်၍ “ဤသားငယ်သည်လည်း သားကြီး သားလတ်တို့ကဲ့သို့ပင် ဖြစ်လတ္တံ့” ဟု သိမြင်ပြီးဖြစ်၍ သားငယ်၌ တပ်မက်ခြင်း တွယ်တာခြင်းကို အာလယပြတ် စွန့်လွှတ်လိုက်တော့၏။

ဤဥပမာ၌ မိခင်သည် သားကြီး ဦးခေါင်းပြတ်သည်ကို ရှုခြင်းကဲ့သို့ ယောဂီ၏ အတိတ်သင်္ခါရတို့၏ ခဏိကနိရောဓကို ရှုခြင်း (ဝါ) ပျက်ခြင်းဘင်ကို ရှုခြင်းကို မှတ်အပ်၏။ သားလတ်၏ ပြတ်ဆဲဖြစ်သော ဦးခေါင်းကို ရှုသကဲ့သို့ ပစ္စုပ္ပန်သင်္ခါရတို့၏ ခဏိကနိရောဓကို ရှုခြင်းကို မှတ်အပ်၏။ သားငယ်၌ ပျောက်ပျက် ချုပ်ငြိမ်းကုန်လတ္တံ့ဟု အနာဂတ်သင်္ခါရတို့၏ ချုပ်ပျက်လတ္တံ့သော ဘင်ကို ရှုခြင်းကို မှတ်အပ်၏။

ဘယဉာဏ်သည် ကြောက်လန့်တတ်သလော ဟု မေးငြားအံ့၊ မကြောက်တတ်၊ မလန့်တတ်ချေ။ အဘယ်ကြောင့်ဆိုသော် ဉာဏ်၏ ကြောက်သော အခြင်းအရာအားဖြင့် မဖြစ်ခြင်းကြောင့်တည်း။ ထိုစကားမှန်၏၊ ဘယဉာဏ်ဖြင့် အတိတ်ဖြစ်သော သင်္ခါရတို့သည် ချုပ်ကုန်ပြီ၊ ပစ္စုပ္ပန် သင်္ခါရတို့သည် ချုပ်ဆဲ၊ အနာဂတ် သင်္ခါရတို့သည် ချုပ်ကုန်လတ္တံ့ ဟု ဆင်ခြင်ခြင်းမျှသာ ဖြစ်၏။

ဥပမာအားဖြင့် မျက်စိအမြင် ရှိသော ယောက်ျားသည် မြို့တံခါး၌ မီးကျီးတွင်း သုံးတွင်းကို ကြည့်ရသော်လည်း ကြောက်စိတ်မဖြစ်။ ဤမီးကျီးတွင်း၌ ကျသောသူ အားလုံးတို့သည် အတိုင်းအဆမရှိသော ဆင်းရဲကို ခံစားရလိမ့်မည်ဟု ဆင်ခြင်ခြင်းမျှသာ ဖြစ်၏။

ဥပမာတစ်နည်းကား မျက်စိအမြင်ရှိသော ယောက်ျားသည် ရှားတံကျင်၊ သံတံကျင်၊ ရွှေတံကျင်အားဖြင့် အစဉ်အလိုက်ထားသော တံကျင် သုံးခုကို မြင်ရသော်လည်း ကြောက်စိတ်မဖြစ်၊ ဤတံကျင်တို့ဖြင့် ထိုးလျှိုခံရသောသူ အားလုံးတို့သည် အတိုင်းအဆမရှိသော ဆင်းရဲကို ခံစားကြရလိမ့်မည်ဟု ဆင်ခြင်ခြင်းမျှသာ ဖြစ်၏။

ထိုဥပမာတို့ကဲ့သို့ ဘယဉာဏ်သည် မကြောက်၊ ထိုဘယဉာဏ် ရှိသူအား မီးကျီးတွင်း သုံးတွင်း၊ တံကျင် သုံးချောင်းတို့နှင့် တူကုန်သော ဘုံသုံးပါးတို့၌ အတိတ်သင်္ခါရတို့သည် ချုပ်ကုန်ပြီ၊ ပစ္စုပ္ပန်သင်္ခါရတို့သည် ချုပ်ဆဲ၊ အနာဂတ်...
စာမျက်နှာ-568


အမှန်စင်စစ်အားဖြင့် ဘဝသုံးပါး၊ ယောနိ (ပဋိသန္ဓေ) လေးပါး၊ ဂတိငါးပါး၊ ဝိညာဏဋ္ဌိတိ ခုနစ်ပါး၊ သတ္တဝါသ ကိုးပါးတို့၌ တည်ကုန်သော ရုပ်နာမ်ဓမ္မ သင်္ခါရတို့သည် အထူးထူး အပြားပြား ကြီးကျယ် များပြားသော အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်ကုန် ဘေးရှိကုန်သောကြောင့် ကြောက်မက်ဖွယ်ရာ အားဖြင့် ယောဂီ၏ဉာဏ်၌ ထင်ကုန်၏။ ထိုဉာဏ်ကို ဘယဉာဏ် ဟု ခေါ်ဆိုခြင်း ဖြစ်လေသည်။

အာဒီနဝဉာဏ်

ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့၏ အပြစ်ကို ရှုမြင်တတ်သောဉာဏ်သည် အာဒီနဝဉာဏ် မည်၏။ ဘယဉာဏ် ရင့်သန်လာလျှင် အာဒီနဝဉာဏ် ဖြစ်ပေါ်၏။ ထိုအခါ ရှုမှတ်တိုင်း ရှုမှတ်တိုင်းသော သင်္ခါရတို့၌လည်းကောင်း၊ ဘုံဘဝတို့၌ လည်းကောင်း သာယာဖွယ်ဟု မထင်တော့ပြီ။ အကောင်းမထင်၊ အပြစ်ကိုသာ မြင်တော့သည်။ ရွံမုန်းဖွယ်ရာကိုသာ တွေ့နေရသည်။ ဤဘဝ၌ ရုပ်တရား နာမ်တရားများ စတင်ဖြစ်ခဲ့ခြင်းသည် ကြောက်မက်ဖွယ် ဖြစ်သည်ဟု သိနေခြင်းသည် အပြစ်ကိုမြင်သောဉာဏ် မည်၏။ ရုပ်တရား နာမ်တရားတို့ စတင်ဖြစ်ပြီးနောက် မဆုံးနိုင်အောင် ဆက်ကာ ဆက်ကာ ဖြစ်နေခြင်းသည် ကြောက်စရာ ကောင်း၏။ အဟောင်းအဟောင်းများ ချုပ်ပျောက်သွား၍ အသစ်အသစ်များ ဖြစ်ပေါ်လျက် ရှိသော ရုပ်နာမ် အစဉ်အတန်းကြီးသည် ကြောက်စရာ ကောင်းသည် ဟု အပြစ်မြင်လာ၏။ အကောင်အထည် ဒြပ်မရှိပါဘဲလျက် အကောင်အထည် ဒြပ်ရှိသကဲ့သို့ ထင်မြင်ရမှု (သင်္ခါရနိမိတ်) သည် ကြောက်ဖွယ် ဖြစ်သည်ဟု သိ၏။ ချမ်းသာရန် ကောင်းစားရန် ရည်သန် အားထုတ်မှုသည် ကြောက်ဖွယ်ဖြစ်သည်ဟု သိ၏။ နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ရခြင်းသည် ကြောက်ဖွယ် ဖြစ်သည်ဟု သိ၏။

အလုံးစုံသော လောကသုံးပါး ဘဝသုံးပါးတို့သည် ရဲရဲတောက် မီးကျီးတို့ဖြင့် ပြည့်သော မီးကျီးတွင်းနှင့် တူကုန်၏၊ ပထဝီ စသော မဟာဘုတ်လေးပါးတို့သည် အဆိပ်ပြင်းသော အဆိပ်လျင်မြန်သော မြွေတို့နှင့် တူကုန်၏။ ခန္ဓာငါးပါးတို့သည် သံလျက် ဓား ပင့်မိုးမြှောက်ချီ ချိန်ရွယ်နေသော သူသတ်ယောက်ျားနှင့် တူကုန်၏၊ အတွင်းအာယတန ခြောက်ပါးတို့သည် ရွာဆိုးကုန်းနှင့် တူကုန်၏။ အပြင်အာယတန ခြောက်ပါးတို့သည် ရွာကို လုယက် ဖျက်ဆီးတတ်သော ခိုးသား ဓားပြတို့နှင့် တူကုန်၏။ အလုံးစုံသော သင်္ခါရတို့သည် အိုင်းအမာနှင့်တူကုန်၏၊ အနာနှင့် တူကုန်၏၊ မြားငြောင့်နှင့်တူကုန်၏။ ကြီးမားသော အပြစ်အစု ဖြစ်ကုန်၏။
စာမျက်နှာ-569


အလုံးစုံသော သင်္ခါရတရားတို့နှင့် လောကသုံးပါး ဘဝသုံးပါးတို့သည် ခြင်္သေ့ သစ် ကျား သားရဲ တိရစ္ဆာန် ပေါများသော တောအုပ်ကြီးနှင့် တူကုန်၏။ ခြင်္သေ့ သစ်ကျားတို့ ဝင်အောင်းနေသော ကျောက်ဂူလိုဏ်ခေါင်းနှင့် တူကုန်၏။ မိကျောင်း၊ ငါးမန်းတို့ ပေါများသော ပင်လယ်ရေပြင်နှင့် တူကုန်၏။ အဆိပ်ခပ်ထားသော စားသောက်ဖွယ်ရာနှင့် တူကုန်၏။ မီးစွဲလောင်နေသော နေအိမ်နှင့် တူကုန်၏။ စစ်မျက်နှာ နှစ်ဖက် ရင်ဆိုင် တိုက်ခိုက်နေသော စစ်မြေပြင်နှင့် တူကုန်၏။ ဤသို့ ကြီးစွာသော အပြစ်အစုကို မြင်ခြင်းသည် အာဒီနဝဉာဏ် မည်၏။

နိဗ္ဗိဒါဉာဏ်

သင်္ခါရတရားတို့ကို ငြီးငွေ့ဖွယ်ဟု သိမြင်ခြင်းသည် နိဗ္ဗိဒါဉာဏ် မည်၏။ အာဒီနဝဉာဏ် ရင့်သန်လာလျှင် နိဗ္ဗိဒါဉာဏ် ဖြစ်ပေါ်လာ၏။ အာဒီနဝဉာဏ်ဖြင့် အပြစ်မြင်ပြီးသည် အားလျော်စွာ ရှုမှတ်တိုင်း ရှုမှတ်တိုင်းသော ရုပ်နာမ် သင်္ခါရတို့ကို ငြီးငွေ့ဖွယ်ဟု ထင်မြင်၏။ စဉ်းစား ဆင်ခြင်ကြည့်လျှင်လည်း ငြီးငွေ့ဖွယ်ဟု ထင်မြင်၏။ ထိုငြီးငွေ့မှုကို သိနေရသော အသိကိုပင်လျှင် ငြီးငွေ့ဖွယ်ဟု ထင်မြင်၏။ ဤသို့လျှင် ဘုံသုံးပါး၌ ဖြစ်သော သင်္ခါရတရားအပေါင်း၌ ဆန့်ကျင်၏၊ မွေ့လျော်ခြင်း မရှိ၊ ငြီးငွေ့ခြင်းသို့ ရောက်၏၊ စိတ်ကုန်ခန်း၏။

ဥပမာကား စိတ္တကုဋ်တောင်ခြေရင်း အနောတတ်အိုင်၌ မွေ့လျော်ကုန်သော ရွှေဟင်္သာမင်းတို့သည် ဒွန်းစဏ္ဍားရွာ တံခါးအနီး မစင်ကြယ်သောရေအိုင်ငယ်၌ မမွေ့လျော်နိုင်သကဲ့သို့ ထက်ဝန်းကျင် ကောင်းစွာ အပြစ်မြင်အပ်သည် ဖြစ်၍ သင်္ခါရတရားတို့၌ ယောဂီပုဂ္ဂိုလ်သည် မွေ့လျော်ခြင်း မရှိတော့ချေ။

ဘယဉာဏ်၊ အာဒီနဝဉာဏ်၊ နိဗ္ဗိဒါဉာဏ် ဟူသော ဤဉာဏ်သုံးပါးသည် ဉာဏ် အနု၊ အလတ်၊ အရင့် အားဖြင့်သာ သုံးမျိုးကွဲပြားခြင်းဖြစ်သည်။ သင်္ခါရတရားတို့၏ အပြစ်ကို ထင်ရှား သိမြင်သော သဘောလက္ခဏာမှာ အတူတူပင် ဖြစ်သည်။

ထို့ကြောင့် အချို့သော ယောဂီအား ဘယဉာဏ်ဖြစ်ပေါ်လျှင် မကြာမီ တစ်ခဏတွင်း၌ အာဒီနဝဉာဏ်၊ နိဗ္ဗိဒါဉာဏ်များ ဆက်လက်ဖြစ်ပေါ်တတ်သည်။ အထက်အထက်သောဉာဏ်သို့ လျင်မြန်စွာ တက်လှမ်းနိုင်သော ယောဂီပုဂ္ဂိုလ်များမှာ ဤဉာဏ်သုံးပါးလုံး စေ့စေ့ငှငှဖြစ်မနေတော့ဘဲ ဉာဏ်တစ်ပါး နှစ်ပါးသာ ဖြစ်လေ့ရှိသည်။
စာမျက်နှာ-570


မုစ္စိတုကမျတာဉာဏ်

အမြဲမပြတ် တရစပ် ပျက်စီးနေသော ရုပ်နာမ်သင်္ခါရတို့အပေါ်၌ နိဗ္ဗိဒါဉာဏ် ဖြင့် ငြီးငွေ့ခြင်း မမွေ့လျော်ခြင်းရှိသော ယောဂီပုဂ္ဂိုလ်သည် သင်္ခါရများစွာတို့ အနက် တစ်ခုသော သင်္ခါရမျှ၌သော်လည်း ကပ်ငြိတွယ်တာစိတ် မဖြစ်တော့ချေ။ ထိုအလုံးစုံသော သင်္ခါရတို့မှ လွတ်မြောက်လို၏။ ရှောင်ခွာထွက်ပြေးလို၏။ ဤကဲ့သို့ အလုံးစုံသော သင်္ခါရတို့မှ လွတ်မြောက်လိုစိတ် ဖြစ်ပေါ်နေခြင်းကို မုစ္စိတုကမျတာဉာဏ် ဟု ခေါ်သည်။

တစ်နေရာရာ၌ အပြစ်တစ်ခုခုကို မြင်လျှင် ထိုနေရာ၌ မပျော်မွေ့ခြင်း ငြီးငွေ့ခြင်းဖြစ်ပြီး ထိုနေရာမှ ထွက်ခွာသွားလိုခြင်း၊ ထိုနေရာကို စွန့်လွှတ်လိုခြင်းသည် ဖြစ်မြဲဓမ္မတာပင်တည်း။ ထို့အတူ ရှုမှတ်ရသော အာရုံသင်္ခါရနှင့် ရှုမှတ်မှု ဝိပဿနာသင်္ခါရတို့၌ ကြောက်မက်ဖွယ်ထင်လျက် အပြစ်ရှိသည်ဟု မြင်လျက် ငြီးငွေ့မှု နိဗ္ဗိဒါဉာဏ် ထက်သန်စွာ ဖြစ်လာသော ယောဂီအား အာရုံသင်္ခါရ ဝိပဿနာသင်္ခါရ တို့မှလည်းကောင်း၊ ဘုံဘဝတို့မှလည်းကောင်း လွတ်မြောက်လိုတော့၏။

သွားမှု၊ ထိုင်မှု၊ အိပ်မှု၊ ကွေးမှု၊ ဆန့်မှု စသော ကိုယ်အမူအရာတို့မှ လည်းကောင်း၊ မြင်မှု၊ ကြားမှု၊ ထိမှု၊ ကြံစည်မှု၊ ရှုမှတ်မှု စသော အမူအရာတို့မှ လည်းကောင်း၊ လူအဖြစ်၊ နတ်အဖြစ်၊ ဗြဟ္မာအဖြစ်၊ ယောက်ျား မိန်းမအဖြစ် စသော ဘဝဟူသမျှတို့မှ လည်းကောင်း ကျွတ်ရာ လွတ်ရာ တစ်ခြား တစ်နေရာသို့ စွန့်ခွာထွက်သွားလိုတော့သည်။ ထိုထို အခြင်းအရာတို့မှ လွတ်ရာကင်းရာသို့ ရောက်ရှိလိုတော့သည်။ ထို့ကြောင့် မုစ္စိတုကမျတာဉာဏ် ဖြစ်လာသောအခါ အချို့ယောဂီများသည် “ဘာကိုမျှ နှလုံးမသွင်းဘဲ မမှတ်ဘဲ နေတာက ကောင်းလေမလား” ဟု ဆင်ခြင်မိတတ်သည်။ ဆင်ခြင်မိသည့် အတိုင်း တရားအာရုံကို မမှတ်တော့ဘဲ ရပ်နားနေမိတတ်သည်။ ယင်းသို့ ရပ်နားနေချိန်၌ သင်္ခါရအားလုံးတို့မှ လွတ်မြောက်လိုစိတ်သာ ဖြစ်ပေါ်နေတော့၏။

ဥပမာအားဖြင့် ပိုက်ကွန်မိထားသော ငါး၊ မြွေခံတွင်းသို့ ရောက်ရှိနေသော ဖား၊ လှောင်ချိုင့်၌ အလှောင်ထားခံရသော တောကြက်၊ ကျော့ကွင်းမိနေသော တောသမင်၊ အလမ္ပာယ်ထံသို့ ရောက်နေသော မြွေ၊ ညွန့်အိုင်တွင်းသို့ သက်ဆင်းမိသောဆင်၊ ဂဠုန်မင်း၏ ခံတွင်းသို့ ရောက်နေသော နဂါး၊ ရာဟု အသူရိန် အဖမ်းခံရသော လ၊ ရန်သူတို့ ဝိုင်းပိတ်ထားသော ယောက်ျား စသော ထိုထို သတ္တဝါတို့သည် ထိုအချိန်၌ ဘာစိတ်မျှမဖြစ်ဘဲ ပိုက်ကွန် စသော အနှောင်အဖွဲ့ (ရန်သူ) မှ လွတ်မြောက်လိုစိတ်သာ ဖြစ်ကုန်သကဲ့သို့ သင်္ခါရအားလုံးတို့ အပေါ်၌ ငြီးငွေ့နေသော ယောဂီသူမြတ်သည်လည်း ထိုသင်္ခါရ၌ အတွင်းဝင်...
စာမျက်နှာ-571


အကျုံးဝင်သော တေဘူမက တရားအပေါင်းတို့မှ လွတ်မြောက်လိုစိတ် ထွက်မြောက်လိုစိတ်သာ ဖြစ်ပေါ်နေတော့သည်။

ပဋိသင်္ခါဉာဏ်

အလုံးစုံသော ဘုံဘဝတို့၌ တည်ရှိ ပျက်စီးနေသော သင်္ခါရတို့မှ လွတ်မြောက်လိုသော ယောဂီသည် ထိုသင်္ခါရအားလုံးတို့မှ လွတ်မြောက်ရန် ရှုမှတ်အပ်ပြီးသော သင်္ခါရတို့ကိုပင်လျှင် တစ်ဖန် ပြန်လည် ရှုမှတ်၍ လက္ခဏာယာဉ် သုံးပါးသို့ တင်၏။ တစ်ဖန် သိမ်းဆည်းရှုမှတ်၏။ ဤကဲ့သို့ လက္ခဏာယာဉ် သုံးပါးတို့တွင် တစ်ပါးပါးကို ရှုမှတ်တိုင်း ရှုမှတ်တိုင်း၌ ထင်ရှားသိ၏၊ ဤအသိအမြင်သည် တစ်ဖန် ရှုမှတ်မှု၊ တစ်ဖန် သိမြင်မှု ဖြစ်သောကြောင့် ပဋိသင်္ခါဉာဏ် မည်၏။

သင်္ခါရတရားတို့၌ နိစ္စ၊ သုခ၊ အတ္တ-ဟု စွဲလမ်းမှု လုံးဝကင်းစင်လျှင် သင်္ခါရတို့မှ ငြိမ်းအေးသော နိဗ္ဗာန်ကို ဆိုက်ရောက်တော့၏။ ထိုပုဂ္ဂိုလ်သည် ပရိနိဗ္ဗာန် မပြုရသေးမီ၌လည်း သင်္ခါရတို့နှင့်စပ်၍ စိုးရိမ် ကြောင့်ကြမှု၊ စိတ်ဆင်းရဲမှု မရှိတော့ပြီ။ ထို့ကြောင့် သင်္ခါရတို့မှ လွတ်မြောက်လိုလျှင် တခြားတစ်ပါးကို ပြုလုပ်ရန် မလို၊ ထိုသင်္ခါရတို့ကိုပင် အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု နိုင်နိုင်နင်းနင်း သိနိုင်အောင်၊ လျစ်လျူရှုနိုင်အောင် အမြဲမပြတ် မှတ်မြဲမှတ်နေဖို့ လိုသည်။ မုစ္စိတုကမျတာဉာဏ်၏ အစွမ်းကြောင့် သင်္ခါရတို့မှ လွတ်မြောက်လိုစိတ် ဖြစ်နေသော ယောဂီသည် ဖြစ်ပျက်တိုင်း ဖြစ်ပျက်တိုင်းသော သင်္ခါရတို့ကိုပင် တစ်ဖန် ဆက်လက်၍ မှတ်မြဲမှတ်နေရမည်။ ထိုသို့ မှတ်နေသောအခါ အနိစ္စ၊ ဒုက္ခ၊ အနတ္တ အခြင်းအရာတို့တွင် တစ်ပါးပါးကို မှတ်တိုင်း မှတ်တိုင်း ထင်ရှားသိနေတော့၏။

ဤပဋိသင်္ခါဉာဏ်သည် အချို့ယောဂီများမှာ တစ်ခဏအတွင်း၌ပင် ရင့်သန်တတ်၏။ အချို့မှာ တစ်နေ့ခန့်၊ တစ်ညဉ့်ခန့်၊ တစ်ရက်ခန့်၊ နှစ်ရက်ခန့်၊ သုံးရက်ခန့် ကြာမြင့်မှ ရင့်သန်လာတတ်သည်။ ဤပဋိသင်္ခါဉာဏ် ဖြစ်ပေါ်စ ဉာဏ်မရင့်သေးမီ၌ သင်္ခါရတို့၌ သာယာဖွယ်မရှိပုံ၊ ဆင်းရဲဒုက္ခတို့ဖြင့် အမြဲမပြတ် နှိပ်စက်ခံရသောကြောင့် မခံချိမခံသာ ဖြစ်ရပုံ သဘောတို့ကို အထူးထင်ရှားစွာ တွေ့မြင်လာရသည်။ သင်္ခါရုပေက္ခာ ကဲ့သို့ ညီမျှစွာ မရှုနိုင်သေးသောကြောင့် မှတ်သိမှုက ကောင်းနေသော်လည်း “မကောင်း” ဟု ထင်တတ်သည်။ အားမရနိုင်ဘဲ ရှိနေတတ်သည်။ ထိုဉာဏ် ရင့်သန်လာသော အခါ၌ကား မှတ်သိမှု အထူးအားကောင်းလာသည်ဟု ထင်ရတတ်သည်။
စာမျက်နှာ-572


ဥဒယဗ္ဗယဉာဏ်၌ ဥပက္ကိလေသနှင့် ရောသောဉာဏ်၊ ဥပက္ကိလေသမှ လွတ်သောဉာဏ်ဟု နှစ်ပိုင်းကွဲသကဲ့သို့ ဤပဋိသင်္ခါဉာဏ်၌လည်း မခံသာမှုတို့နှင့် ရောပြွမ်းနေသဖြင့် အားရလောက်အောင် မှတ်သိမှု မကောင်းသောဉာဏ်၊ မခံသာမှု ကင်းသဖြင့် အားရလောက်အောင် မှတ်သိမှု ကောင်းသောဉာဏ်ဟု နှစ်ပိုင်းကွဲပြား၏။ ထို့အတူပင် ဘင်္ဂဉာဏ်၌လည်း ဖွာကျဲကျဲ ပူယောင်းယောင်း ဖြစ်၍ အားရလောက်အောင် မှတ်သိမှု မကောင်းသောဉာဏ်၊ သိပ်သိပ်သည်းသည်း စီးစီးပိုင်ပိုင် မှတ်သိမှု ကောင်းသောဉာဏ်ဟု နှစ်ပိုင်းကွဲပြား၏။

မြွေဆိုးကို စွန့်လွှတ်သော ဥပမာ

ဘယဉာဏ်ဖြင့် သင်္ခါရတို့ကို ကြောက်ခြင်း၊ အာဒီနဝဉာဏ်ဖြင့် သင်္ခါရတို့ကို အပြစ်ဟု ရှုမြင်ခြင်း၊ မုစ္စိတုကမျတာဉာဏ်ဖြင့် သင်္ခါရတို့မှ လွတ်မြောက်လိုခြင်း၊ ပဋိသင်္ခါဉာဏ်ဖြင့် သင်္ခါရတို့ကို တစ်ဖန်ပြန်၍ လက္ခဏာယာဉ်သုံးပါး တင်၍ ရှုမြင်သုံးသပ်ခြင်းတို့ကို ထင်ရှားပေါ်လွင်စေရန် ဥပမာဖြင့် ပြဆိုပါမည်။

တံငါတစ်ယောက်သည် “ငါးတို့ကို ဖမ်းအံ့” ဟု ငါးအုပ်ဆောင်းကို ကိုင်၍ ရေထဲ၌ ငါးကို အုပ်လိုက် ဆောင်းလိုက်၏။ ထို့နောက် တံငါသည် ဆောင်းဝမှ လက်ဖြင့် နှိုက်၍ ရေထဲ၌ ငါးဟု ယူဆရသော သတ္တဝါကောင်ကို လည်၌ ထိထိမိမိ ဖမ်းဆုပ်လိုက်၏။ ယင်းသို့ ကိုင်လျက် “ငါးကြီး ဖမ်းမိပြီ” ဟု စိတ်ထဲ၌ ရွှင်လန်းဝမ်းမြောက်နေသည်။ ထို့နောက် “ဧရာမငါးကြီး ရပြီ” ဟု လက်ကို ဆောင်းဝမှ နုတ်၍ မြှောက်ပင့်ကြည့်လိုက်သည်။ ထိုအခါ ငါးကြီး မဟုတ်ဘဲ လည်ရေး သုံးရစ်ရှိသော မြွေဆိုး မြွေဟောက်ကြီး ဖြစ်နေလေသည်။

တံငါသည် မြွေဟောက်ကို အလွန်ကြောက်သော်လည်း ဘေးရောက်မည်ကို မြင်သောကြောင့် ချက်ချင်း လွှတ်မပစ်ရဲပေ။ မြွေဟောက်ကြီးကို ဆုပ်ကိုင်ထားရသည်ကိုလည်း ရွံ့ကြောက်ကြီး ဖြစ်လျက် ငြီးငွေ့လာသည်။ ထိုမြွေဟောက်ကို မည်ကဲ့သို့ လွှတ်ပစ်ရမည်ကို စဉ်းစားနေသည်။ ထို့နောက် မိမိလက်၌ ရှစ်ပတ်ထားသောမြွေကို အမြီးဖျားမှ စ၍ လက်တစ်ဖက်ဖြင့် ဖြေ၍ အမြီး၌ ကိုင်ကာ ဆွဲဆန့်လိုက်ပြီး လည်ပင်း၌ ကိုင်ထားသော လက်မောင်းကို မြှောက်၍ ဦးခေါင်းပေါ်၌ နှစ်ပတ် သုံးပတ် မွှေ့ရမ်းပစ်လိုက်ရာ မြွေဟောက်ကြီးမှာ အန္တရာယ်ပြုနိုင်သည့် အင်အား မရှိတော့ဘဲ အားနည်းသွားတော့၏။ ထိုအခါမှ တံငါသည် “ဟယ် မြွေဆိုး မြွေယုတ် သွားချင်ရာ သွားပေတော့” ဟု လွှတ်ပစ်၍ ကန်ပေါင်ပေါ်သို့ လျင်မြန်စွာ ပြေးတက်လိုက်သည်။

“အို... မိတ်ဆွေတို့ ငါသည် မြွေဆိုးကြီး၏ ခံတွင်းမှ လွတ်မြောက်ရပေပြီ” ဟု ဆို၍ မိမိလာခဲ့သော လမ်းခရီးကို ကြည့်လျက် ရပ်နေလေ၏။
စာမျက်နှာ-573


ဤဥပမာ၌ တံငါအနေဖြင့် မြွေဟောက်ကို ငါးဟူ၍ ထင်မှတ်ပြီး လည်၌ ဆုပ်ကိုင်၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသောအခါကဲ့သို့ ယောဂီအား အတ္တဘောရခြင်းကို အစကာလ၌ နှစ်သက်ခြင်းကဲ့သို့ မှတ်အပ်၏။ တံငါသည် ဆောင်းပေါက်ဝမှ လက်ကို ဆွဲထုတ် မြှောက်ပင့်ကြည့်လိုက်ရာ လည်ရေးသုံးခု ရှိသော ဦးခေါင်းကို မြင်သကဲ့သို့ ယောဂီအား တေဘူမကသင်္ခါရတို့၌ လက္ခဏာရေး သုံးပါးကို မြင်ခြင်းကို မှတ်အပ်၏။ ဆုပ်ကိုင်မိထားသော မြွေကို တံငါသည် ကြောက်သကဲ့သို့ သင်္ခါရတို့၌ ကြောက်လန့်သော ယောဂီ၏ ဘယဉာဏ် ဖြစ်ပေါ်ခြင်းကို မှတ်အပ်၏။ မြွေဟောက်ဟု သိသောအခါမှ စ၍ ထိုမြွေကြောင့် ဖြစ်မည့် အပြစ်တို့ကို ရှုမြင်ခြင်းကဲ့သို့ သင်္ခါရတို့၌ အပြစ်ဟု ထင်မြင်လာသော ယောဂီ၏ အာဒီနဝဉာဏ် ဖြစ်ပေါ်ခြင်းကို မှတ်အပ်၏။ တံငါသည် ကိုင်ထားသော မြွေကို ပြန်ကိုက်မည်စိုး၍ မလွှတ်ပစ်သေးဘဲ ဆုပ်ကိုင်ထားရခြင်း၌ ငြီးငွေ့နေသကဲ့သို့ သင်္ခါရတရားတို့ အပေါ်၌ ငြီးငွေ့မှု ဖြစ်ပေါ်နေသော ယောဂီ၏ နိဗ္ဗိဒါဉာဏ်ကို မှတ်အပ်၏။ မြွေကို လွှတ်ပစ်ချင်စိတ် ဖြစ်သကဲ့သို့ မုစ္စိတုကမျတာဉာဏ်ကို မှတ်အပ်၏။

ထိုတံငါသည် မြွေကို ဦးခေါင်းပေါ်၌ ပတ်ပတ်လည် မွှေ့ရမ်း၍ အားနည်းအောင် ပြန်မကိုက်နိုင်အောင် ပြုလုပ်ပြီး ကျွတ်ကျွတ်လွတ်လွတ် လွှတ်ပစ်သကဲ့သို့ ထို့အတူ ယောဂီပုဂ္ဂိုလ်သည် လက္ခဏာရေး သုံးပါးကို တင်သဖြင့် သင်္ခါရတို့ကို ပတ်ပတ်မွှေ့၍ အားနည်းအောင် ပြု၍ တစ်ဖန် “နိစ္စ၊ သုခ၊ အတ္တ၊ သုဘ” ဟု ထင်မှတ်စွဲလမ်းခြင်းငှါ မဖြစ်နိုင်အောင် ကျွတ်ကျွတ် လွတ်လွတ် စွန့်လွှတ်လိုက်တော့၏။ ထိုသို့ မလွှတ်နိုင်သေးဘဲ မြွေကို မွှေ့ရမ်း၍ အားနည်းအောင် ပြုသောအခါကဲ့သို့ သင်္ခါရတရားတို့ကို လက္ခဏာရေး သုံးချက် တင်၍ ထပ်မံရှုဆင်ခြင်မှုကို မှတ်အပ်၏။ ကျွတ်ကျွတ်လွတ်လွတ် စွန့်သော အခါကဲ့သို့ မဂ်ဉာဏ်ဖြစ်ပေါ်မှုကို မှတ်အပ်၏။

သင်္ခါရုပေက္ခာဉာဏ်

အထူးကြောင့်ကြ မစိုက်ရတော့ဘဲ သင်္ခါရ တရားတို့ကို သူ့အလိုအလျောက် အစဉ်မပြတ် သိလျက် သိလျက် သိမ်မွေ့စွာ ဖြစ်နေသော အသိဉာဏ်သည် သင်္ခါရုပေက္ခာဉာဏ် မည်၏။

ပဋိသင်္ခါဉာဏ် အပြည့်အစုံ ရင့်သန် အားကောင်းလာသောအခါ ဖြစ်ဆဲ ပျက်ဆဲ သင်္ခါရအာရုံကို ရှုမှတ်နိုင်စေရန် အထူးကြောင့်ကြမစိုက်ရတော့ဘဲ ရှုမှတ်တိုင်းသော သင်္ခါရအာရုံ၏ အပျက်လက္ခဏာနှင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ အခြင်းအရာ တစ်ပါးပါးကို သူ့အလိုလို သိလျက် သိလျက် နေသည်။ ထိုသို့ သိမှတ်နေမှုသည် အရှိန်ကောင်းလျက် ကြာမြင့်စွာ ဖြစ်နေ၏။ ရှုမှတ်မှုတိုင်း၌...
စာမျက်နှာ-574


အပျက်လက္ခဏာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ အခြင်းအရာတစ်ပါးပါးကို ရှင်းလင်း ထင်ရှားစွာ သိလျက် သိလျက် နေ၏။ ရှေးဉာဏ်များ ဖြစ်ခိုက်ကကဲ့သို့ သင်္ခါရတို့၌ အပြစ်မြင်ခြင်း၊ ငြီးငွေ့ခြင်း၊ လွှတ်လိုခြင်း၊ လွှတ်ရန် နည်းလမ်း ရှာကြံခြင်း၊ ရှုမှတ်မကောင်းဘူးထင်၍ ရှုမှတ်ရာ၌ အားမရခြင်း စသည်တို့ လုံးဝမရှိတော့ပေ။

တစ်စုံတစ်ခုသော သတ္တဝါ သင်္ခါရ ပစ္စည်း ဝတ္ထု ပျက်စီးမည်ကို စိုးရိမ် ကြောင့်ကြခြင်းလည်း မရှိ။ သင်္ခါရတို့ကို ကြောက်ရွံ့မှုလည်း မရှိ။ စိတ်သည် အလွန်ကြည်လင် သန့်ရှင်းနေ၍ မတွေ့ဖူး မကြုံဖူးသော ချမ်းသာသုခကို တွေ့မြင်ရသည်ဟု ထင်၏။ သို့ရာတွင် ဤမျှလောက် ထူးကဲသော စိတ်ကြည်လင် ချမ်းသာမှုကို အလွန်အမင်း သာယာခြင်း မရှိ၊ ဝမ်းသာခြင်းလည်း မဖြစ်။ ငြိမ်သက် သိမ်မွေ့သော ရှုမှတ်မှုသာလျှင် အစဉ်မပြတ် တသမတ်တည်း ကြာမြင့်စွာ ဖြစ်လျက် ရှိ၏။ ထိုအခါ အထူးကြောင့်ကြ မစိုက်ရတော့ဘဲ သူ့အလိုလိုပင် အစဉ်မပြတ် သင်္ခါရတရားတို့၏ အပျက်ကို သိလျက် သိမ်မွေ့စွာ ဖြစ်နေသည်။

ဥပမာ - ယောက်ျားတစ်ယောက်အား အလွန်ချစ်မြတ်နိုးအပ်သော ဇနီး မယားတစ်ယောက်ရှိသည်ဟု ဆိုပါစို့။ ထိုယောက်ျားသည် ထိုမယားနှင့် ကင်းကွာ၍ မနေနိုင်၊ အလွန်မြတ်နိုး၏။ ထိုမယားကို တခြားယောက်ျားနှင့် ရင်းရင်းနှီးနှီး ရယ်ရယ်မောမော ပြောဆိုနေထိုင် ဆက်ဆံသည်ကို တွေ့မြင်ရလျှင် အလွန်ဒေါသ အမျက်ထွက်၏။ စိတ်နှလုံး မသာမယာဖြစ်၍ ပြင်းစွာသော ဒေါမနဿ ဝေဒနာကို ခံစားရ၏။ နောင်သောအခါ ထိုမိန်းမ၏ ဖောက်ပြန်မှု မစောင့်စည်းမှု အပြစ်များကို တွေ့မြင်၍ ထိုမိန်းမကို ရွံရှာစက်ဆုပ်လျက် အပြီးအပိုင် ကွာရှင်းလိုက်၏။ ထိုမိန်းမကို မိမိ၏ ဇနီးမယားဟူ၍ မမှတ်တော့ပြီ။ ထိုသို့ ကွာရှင်းပြီးနောက်တွင် အခြားယောက်ျားများနှင့် ရင်းနှီးစွာ ရယ်မော ပြောဆို ဆက်ဆံနေသည်ကို မြင်သော်လည်း ဒေါသအမျက် မထွက်တော့ချေ။ စိတ်နှလုံး မသာယာခြင်း မဖြစ်တော့ချေ။ မိမိနှင့် ဘာမျှ မဆိုင်တော့သလို စိတ်အေးအေးထား၍ လျစ်လျူရှုနိုင်တော့သည်။

ဤနည်းအတူ ယောဂီ ပုဂ္ဂိုလ်သည် သင်္ခါရတို့မှ လွတ်မြောက်လိုသည် ဖြစ်၍ ပဋိသင်္ခါဉာဏ်ဖြင့် သင်္ခါရတို့ကို လက္ခဏာသုံးပါးဖြင့် သုံးသပ်၏။ ထိုသို့ သုံးသပ်ပြီးနောက် သင်္ခါရတို့၏ ပျက်စီးခြင်း ဘေးကို လည်းကောင်း၊ သင်္ခါရနှင့် စပ်လျဉ်း၍ ဖြစ်နိုင်သော နှစ်သက်ခြင်းကို လည်းကောင်း စွန့်ပစ်ပယ်ခါ၍ အလုံးစုံသော သင်္ခါရတို့၌ ကွာရှင်းပြီးသော ဇနီးမယားကို လျစ်လျူရှုသကဲ့သို့ လျစ်လျူရှုလျက် နေ၏။
စာမျက်နှာ-575


သင်္ခါရုပေက္ခာဉာဏ်သည် သင်္ခါရတရားကို မနှစ်သက်သော်လည်း အခြား အာရုံပြုစရာ မရှိသဖြင့် သင်္ခါရတရားတို့ကိုသာလျှင် အာရုံပြုနေရသည်။ ထိုယောဂီ၏ စိတ်သည် သင်္ခါရအာရုံကို အာရုံပြုရာ၌ နှစ်နှစ်ကာကာ စုံစုံမက်မက် အာရုံသို့ ရှေးရှုပြေးဝင်ခြင်း မရှိ၊ အာရုံကို စက်ဆုပ်ရွံရှာသည်ဖြစ်၍ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေ၏။ စိတ်သည် ကျုံ့ယုံနေ၏၊ ရှုံ့နေ၏၊ ဆုတ်နစ်နေ၏၊ နောက်တွန့်နေ၏။

ပိန်းကြာဖက်တွင် ရေမတင်သကဲ့သို့

ဥပမာကား အလယ်၌ ချိုင့်နေသော ပိန်းရွက်၊ သို့မဟုတ် ပဒုမ္မာကြာရွက် ပေါ်ရှိ ရေပေါက်တစ်ခုသည် ကြာဖက်ကို မထိချင် မကိုင်လိုဟန်ဖြင့် ကျုံ့နေ၏၊ မပျံ့ဘဲ လုံးနေ၏၊ ရှုံ့နေ၏၊ ကြာဖက်မှ ဆုတ်နစ်လျက် နေ၏။

ကြက်တောင်ကို မီးထိသည့်ပမာ

ဥပမာတစ်နည်းကား ကြက်တောင်ကို၊ သို့မဟုတ် အကြောတုံးကို မီး၌ ထည့်သောအခါ ကြက်တောင်၊ သို့မဟုတ် အကြောတုံးသည် ပြန့်ကားမလာဘဲ ရှုံ့တွန့်လိပ်သွားသည်။ ထို့အတူ ယောဂီ၏ စိတ်သည် ဘဝသုံးပါး ဘုံသုံးပါးတို့၌ နှစ်ခြိုက်ပြန့်ပွားမှုမရှိ ဆုတ်နစ်၏၊ ရှုံ့တွန့်၏၊ လျစ်လျူရှု၏။

ဤသင်္ခါရုပေက္ခာဉာဏ်သည် မိမိရရှိ အာရုံပြုနေရသော သင်္ခါရအာရုံကို လွှတ်လိုသော်လည်း အခြား အာရုံပြုဖွယ်ရာ (နိဗ္ဗာန်) ကို မတွေ့ရသေးသဖြင့် ဤသင်္ခါရအာရုံကို မလွှတ်ရဲ၊ မလွှတ်နိုင်။ လွှတ်စမ်းကြည့်သော်လည်း နိဗ္ဗာန်တည်းဟူသော တစ်ဘက်ကမ်းကို အလှမ်းမမီသေးသဖြင့် သင်္ခါရအာရုံဘက်သို့ ပြန်လှည့်လာရပြန်သည်။ နိဗ္ဗာန်ကို လက်လှမ်းမီသောအခါ၌မူ နောက်ကြောင်း ပြန်မလှည့်တော့ဘဲ နိဗ္ဗာန်သို့သာလျှင် စွတ်စွတ်ရွတ်ချွတ် ပြေးဝင်လေတော့သည်။

ဒိသာကာက ကျီးကဲ့သို့

ဥပမာကား ရှေးအခါက သမုဒ္ဒရာကို ဖြတ်သန်း ကုန်ကူးကြသော ကုန်သည်တို့သည် သင်္ဘောထွက်ခွာသောအခါ အရပ်မျက်နှာကိုပြတတ်သော ဒိသာကာကကျီးကို ယူဆောင်သွားကြကုန်၏။ သင်္ဘောသည် လေအဟုန်ဖြင့် လွှင့်အပ်သည် ဖြစ်၍ ကမ်းမမြင် လမ်းမမြင် သမုဒ္ဒရာအလယ်သို့ ရောက်သွားတတ်သည်။ ထိုအခါမျိုး၌ ဒိသာကာကကျီးကို လွှတ်ကုန်၏။ ထိုကျီးသည် လင်းယဉ်တိုင်ဖျားမှ ကောင်းကင်သို့ ပျံတက်၍ အရပ်လေးမျက်နှာ အရပ်ရှစ်မျက်နှာသို့ ပျံ့ဝဲလျက်...
စာမျက်နှာ-576


ကမ်းကို ရှာ၏။ အကယ်၍ ကမ်းကို မမြင်လျှင် လင်းယဉ်တိုင်သို့ ပျံလာ၍ နားလာပြန်၏။ ကမ်းကို တွေ့မြင်ပါမူ ထိုကမ်းဘက်သို့ ပျံသွားလေသည်။ လင်းယဉ်တိုင်သို့ ပျံမလာတော့ချေ။ သင်္ဘောသည် ကျီးပျံရာ အရပ်မျက်နှာသို့ ရွက်လွှင့် လိုက်ပါသွားလျှင် လိုရာသောင်ကမ်းသို့ ရောက်ရှိလေတော့သည်။

ဤဥပမာ၌ ဒိသာကာကကျီးသည် လင်းယဉ်တိုင်ဖျားမှ အရပ်ရှစ်မျက်နှာသို့ ပျံဝဲ၍ ကမ်းကို မမြင်ရသဖြင့် လင်းယဉ်တိုင်သို့ အဖန်ဖန် ပြန်လာနားသကဲ့သို့ သင်္ခါရုပေက္ခာဉာဏ်သည်လည်း သင်္ခါရအာရုံကို စွန့်လွှတ်၍ နိဗ္ဗာန်အာရုံကို ရှာဖွေစုံစမ်း၍ မတွေ့ပြန်လျှင် သင်္ခါရအာရုံကိုပင် ပြန်လည်ရယူ ရှုမှတ်ရ၏။ ကျီးသည် ကမ်းကို တွေ့သောအခါ တရှိန်ထိုး ကမ်းဘက်သို့ ပျံသွားသကဲ့သို့ သင်္ခါရုပေက္ခာဉာဏ်သည် ဂေါတြဘူဉာဏ်၊ မဂ်ဉာဏ် အခိုက်၌ သင်္ခါရအာရုံကို စွန့်လွှတ်ပြီး နိဗ္ဗာန်အာရုံကိုသာလျှင် မိမိရရ အာရုံပြုတော့သည်။

မုန့်ညက်ဆင့်ခြင်း ဥပမာ

အချင်းတစ်တောင်ခန့်ရှည်သော ဝါးခွေကို တစ်ဘက်တွင် အဝတ်အုပ်၍ တစ်ဘက်မှ အဝတ်စများကို တင်းအောင်ဆွဲထား၏။ ထိုအခါ အဝတ်၏ မျက်နှာပြင်သည် စည်မျက်နှာပြင်ကဲ့သို့ ညီညာစွာ တင်းမာနေသည်။ ယင်းကို မုန့်ဆင့်ဒိုင်းဟု ခေါ်ကြသည်။ ထောင်းထားသော မုန့်ညက်များကို အနုအကြမ်း ခွဲခြမ်းစိစစ် ရွေးထုတ်သည့်အခါ ထောင်းထားသော မုန့်ညက်များကို ဒိုင်းပေါ်သို့ တင်၍ လက်နှစ်ဖက်ဖြင့် တုန်ခါမြှောက်ပင့်ပေးရသည်။ မုန့်ညက်အနုများသည် ဒိုင်းမျက်နှာပြင်ကို တွယ်ကပ်နေ၍ မုန့်ညက်ကြမ်းများသည် တဖြည်းဖြည်း အောက်သို့ လိမ့်ဆင်းသွားကြသည်။ နောက်ဆုံးတွင် ဒိုင်းမျက်နှာပြင်ပေါ်၌ မုန့်ညက်အနုများ သာ ငြိကပ်ကျန်ရှိတော့သည်။ ထိုအခါ ဗန်းစကောအတွင်း၌ မုန့်ညက်နုများ ကျသွားစေရန် ဒိုင်းမျက်နှာပြင်ကို ဝါးခြမ်းစိတ်ဖြင့် ရိုက်ခါချလိုက်သည်။ ဤသို့ပြုခြင်းကို မုန့်ညက်ဆင့်သည်၊ မုန့်မှုန့်ဆင့်သည်ဟု ခေါ်သည်။

ဤဥပမာ၌ ဒိုင်း၏ မျက်နှာပြင်သည် မုန့်မှုန့်အကြမ်းများကို ငြိတွယ်ခြင်း မရှိ၊ လိမ့်ဆင်းစေလျက် မုန့်မှုန့်အနုများ ဒိုင်းမျက်နှာပြင်၌ ငြိတွယ်ကျန်ရစ်သကဲ့သို့ သင်္ခါရုပေက္ခာဉာဏ်သည် အနုလောမဉာဏ်အဆင့်သို့ မရင့်ကျက်မီ သင်္ခါရတို့ကို အာရုံပြုလျက် သိမ်းဆည်းလျက် နေရ၏။ နိဗ္ဗာန်အာရုံသို့ ပြေးမဝင်နိုင်။ ထိုသင်္ခါရတို့ကိုသာ လက္ခဏာရေးသုံးချက်ဖြင့် ရှုမှတ်လျက် လျစ်လျူရှုဆင်ခြင်၏။ သင်္ခါရတို့၏ ပျက်စီးခြင်းကို မှီ၍ ဖြစ်လတ္တံ့သောဘေးကိုလည်းကောင်း၊ သင်္ခါရတို့၏ ပြည့်စုံခြင်းကို မှီ၍ ဖြစ်လတ္တံ့သော နှစ်သက်ခြင်းကို လည်းကောင်း စွန့်ပယ်၏။
စာမျက်နှာ-577


ဥပမာတစ်နည်းကား ဝါဖတ်သောလေးငယ်၏ လေးကြိုးကို ဝါဂွမ်းအစုပေါ်တင်၍ လက်တောက်ဖြင့် ဆွဲငင်တုန်ခါစေသောအခါ လေးကြိုးသည် ဝါဂွမ်းများကို တုန်ခါရမ်းခါစေ၏။ ဝါဂွမ်းသည် လေးကြိုးပတ်ပတ်လည်၌ အကြိမ်များစွာ တုန်ခါရသဖြင့် ကြွ၊ ရွ၊ လာ၍ ကြည်လင်လာ၏။ ဝါဂွမ်းအမျှင်များ အချင်းချင်း စည်းရုံးငြိတွယ်၍ ဂွမ်းဆိုင် ဂွမ်းကပ် ဂွမ်းလုံးကြီး ဖြစ်လာသည်။

ဤဥပမာ၌ ဝါဖတ်လေး၏ လေးကြိုးသည် ဝါဂွမ်းကို ရမ်းခါ တုန်ခါ၍ ခါထုတ်သော်လည်း ဝါဂွမ်းမျှင်များသည် လေးကြိုးကို ငြိတွယ်လျက် နေကြသည်။ ဂွမ်းထဲ၌ ရှိသော ခဲ၊ သလဲ၊ ဖုန်၊ အမှိုက်တို့ကို ခါထုတ်ပစ်၍ ဝါဂွမ်းသက်သက်ကိုသာလျှင် စိစစ်ရွေးချယ်ခြင်းပြုလေသည်။ ဤနည်းအတူ သင်္ခါရုပေက္ခာဉာဏ် သည် တေဘူမကသင်္ခါရတို့ကို လက္ခဏာယာဉ်သုံးပါး တင်ခြင်းဖြင့် မွှေ့ရမ်းခါထုတ်၍ သင်္ခါရတရားတို့ကို စိစစ်ရွေးချယ်၏။ သို့ရာတွင် ထိုသို့ စိစစ်ရွေးချယ်ခြင်း၌လည်း လျစ်လျူရှုသည်သာ ဖြစ်၏။ သင်္ခါရတို့အပေါ်၌ ချစ်ခြင်း၊ ကြောက်ခြင်းမရှိ လျစ်လျူရှုနိုင်သည်။

မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရယူ၍ ကျွတ်တမ်းဝင်လိုသော ပုဂ္ဂိုလ်များသည် ဤသင်္ခါရုပေက္ခာဉာဏ်ကို ရင့်ကျက် အားကောင်းလာအောင် အဖန်ဖန်ပွားများပါလျှင် အထက်တစ်ဆင့် ဝိပဿနာဉာဏ်ဖြစ်သော အနုလောမဉာဏ် သို့ရောက်၏။ အနုလောမဉာဏ်သို့ ရောက်ပါက နောက်ကြောင်းသို့ ပြန်မလှည့်တော့ဘဲ နိဗ္ဗာန်သို့ ပြေးဝင်လေတော့သည်။ ဒိသာကာကကျီးသည် ပင်လယ်ကမ်း (ကုန်းမြေ) ကို တွေ့မြင်ရသောအခါ ကုန်းမြေဘက်သို့ တဟုန်ထိုး ပျံသွားသကဲ့သို့ အနုလောမဉာဏ်၊ ဂေါတြဘူဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့ တောက်လျှောက် ဖြစ်ပေါ်လေတော့သည်။

ထို့ကြောင့် ဘုရားအလောင်းတော်ကြီးများ ပါရမီဖြည့်စဉ် ကာလ၌ ဤသင်္ခါရုပေက္ခာဉာဏ် တိုင်ရုံသာလျှင် ဝိပဿနာ ရှုတော်မူကြသည်။ ဤဉာဏ်သို့ ရောက်လျှင် ဆက်လက် အားမထုတ်တော့ဘဲ ရပ်ထားရသည်။

အနုလောမဉာဏ်

ဥဒယဗ္ဗယဉာဏ် စသော ရှေးဉာဏ်များနှင့် လည်းကောင်း၊ မဂ်စိတ္တုပ္ပါဒ် ပါဝင်သော ဗောဓိပက္ခိယတရားများနှင့် လည်းကောင်း ရှေးနောက် လျော်စွာ ဖြစ်သောဉာဏ်ကို အနုလောမဉာဏ် ဟု ခေါ်သည်။ (အနုလောမ = ဆီလျော်ခြင်း။)
စာမျက်နှာ-578


သင်္ခါရုပေက္ခာဉာဏ် ပြည့်စုံ ရင့်ကျက်လာသောအခါ ဤ အနုလောမဉာဏ် ဖြစ်ပေါ်လာ၏။ ထိုအခါ အဓိမောက္ခ-ဟု ခေါ်သော သဒ္ဓါတရားသည် အထူး အားကောင်းလာ၏။ ထိုသဒ္ဓါ၏ အစွမ်းကြောင့် ရှုမှတ်သောစိတ်သည် အလွန် ကြည်လင်လာ၏။ မယုတ်မလွန် ဟန်ချက်ညီအောင် အားထုတ်မှု ဝီရိယသည်လည်း မြဲမြံခိုင်ခံ့လာ၏။ အမှတ်ရမှု သတိသည်လည်း ထင်ထင်ရှားရှား ဖြစ်လာ၏။ စိတ်သည် ရှုမှတ်သော အာရုံ၌ ကောင်းစွာ စူးစိုက် တည်ကြည်လာ၏။ သင်္ခါရုပေက္ခာဉာဏ်သည်လည်း အထူး ထက်မြက် သန့်ရှင်းလာသည်။ ထို့ကြောင့် ရှုမှတ်မှုသည်လည်း အထူးပင် သွက်လက်ထင်ရှား အားကောင်းလာသည်၊ တိုးတက်လာသည်။

ထိုအခါ ဖြစ်ဆဲ ပျက်ဆဲသော ရုပ်နာမ်ဓမ္မသင်္ခါရ တစ်ခုခုကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ အခြင်းအရာ သုံးမျိုးအနက် တစ်မျိုးမျိုးဖြင့် ရှုမြင်လျက် အနည်းဆုံး သဒိသာနုပဿနာဝီထိ နှစ်ကြိမ် သုံးကြိမ် ဖြစ်ပေါ်လာ၏။ သဒိသာနုပဿနာဝီထိ ဆိုသည်မှာ တူညီသော ရှုမှတ်မှု စိတ်အစဉ်ကို ခေါ်သည်။

ထိုဝီထိစိတ် ဖြစ်ပုံမှာ ပထမအကြိမ်၌ အနိစ္စ-ဟု ရှုမြင်လျှင် ဒုတိယ၊ တတိယ အကြိမ်တို့၌လည်း အနိစ္စ-ဟုသာ ရှုမြင်သည်။ ထို့အတူ ပထမအကြိမ်၌ ဒုက္ခ-ဟု ရှုမြင်လျှင် ဒုတိယ၊ တတိယ အကြိမ်တို့၌လည်း ဒုက္ခ-ဟုသာ ရှုမြင်သည်။ ပထမ အကြိမ်၌ အနတ္တ-ဟု ရှုမြင်လျှင် ဒုတိယ၊ တတိယ အကြိမ်တို့၌လည်း အနတ္တဟုသာ ရှုမြင်သည်။ ဤသို့ အခြင်းအရာ တစ်မျိုးတည်းဖြင့် ရှုမှတ်မှု နှစ်ကြိမ် သုံးကြိမ် ဖြစ်ခြင်းကို ဆိုလိုသည်။

ဝုဋ္ဌာနဂါမိနီ ဝိပဿနာ

သင်္ခါရတရားတို့ကို အနိစ္စ စသော အခြင်းအရာအားဖြင့် ညီတူညီမျှ ရှုမှတ်၍ နောက်ဆုံးဖြစ်သော သဒိသာနုပဿနာဝီထိ နှစ်ကြိမ် သုံးကြိမ်တို့၌ ပါဝင်သော သင်္ခါရုပေက္ခာဉာဏ်သည် အထွတ်အထိပ်သို့ ရောက်ရှိတော့၏။ ထို့ကြောင့် ယင်းဉာဏ်သည် “သိခါပတ္တသင်္ခါရုပေက္ခာ” မည်၏။ (သိခါ = အထွတ်အထိပ် + ပတ္တ = ရောက်ခြင်း) ထိုသင်္ခါရုပေက္ခာဉာဏ်သည်ပင် မဂ်နှင့် ဆက်စပ်လျက် မဂ်သို့ ရောက်တတ်သောကြောင့် “ဝုဋ္ဌာနဂါမိနီဝိပဿနာ” လည်း မည်၏။ (ဝုဋ္ဌာန = ထမြောက်သော၊ လွတ်မြောက်သော၊ မဂ်သို့ + ဂါမိနီ = သွားတတ်သောတရား)
စာမျက်နှာ-579


မဂ်တရားသည် ဝိပဿနာ၏ အာရုံ ဖြစ်သော သင်္ခါရနိမိတ်တို့ကိုလည်း အာရုံမပြု၊ ဖြစ်သင့်ဖြစ်ဆိုက်သော သက်ဆိုင်ရာ ကံ၊ ကိလေသာ၊ ဝိပါက်တို့ကိုလည်း နောက်တစ်ဖန် မဖြစ်စေတော့ဘဲ ငြိမ်းအေးစေတတ်၏။ ထိုသို့ သင်္ခါရနိမိတ်တို့ကို အာရုံမပြုခြင်း၊ ကံ၊ ကိလေသာ၊ ဝိပါက်တို့ကို နောက်တစ်ဖန် မဖြစ်စေဘဲ ငြိမ်းအေးစေခြင်းကို ထမြောက်မှု (ဝါ) လွတ်မြောက်မှု ဝုဋ္ဌာနဟု ခေါ်သည်။ မဂ်တရားသည် ထိုနှစ်မျိုးလုံးတို့မှ ထမြောက်သောကြောင့် ဝုဋ္ဌာန မည်၏။

အထွတ်အထိပ်သို့ ရောက်သော သင်္ခါရုပေက္ခာဉာဏ်၊ အနုလောမဉာဏ်နှင့် ဂေါတြဘူဉာဏ် ဤသုံးပါးတို့သည် ဝုဋ္ဌာနဟု ခေါ်သော မဂ်နှင့် တစ်ဆက်တည်း တစ်စပ်တည်း ဖြစ်သောကြောင့် မဂ်သို့ ဆိုက်ရောက်သော ဝုဋ္ဌာနဂါမိနီ ဝိပဿနာ မည်၏။

ဥဒယဗ္ဗယဉာဏ် နောက်ပိုင်းမှစ၍ အနုလောမဉာဏ်ဟု ခေါ်သော ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ်တိုင်အောင် ဝိပဿနာဉာဏ် ၉-ပါးကို ပဋိပဒါ ဉာဏဒဿန ဝိသုဒ္ဓိ ဟု ခေါ်ဆိုရသည်။

ပရိညာ ၃-ပါး

ဝိပဿနာရှုသော ယောဂီပုဂ္ဂိုလ်သည် ရုပ်နာမ်ဓမ္မ သင်္ခါရတို့ကို ရှုမှတ် ဆင်ခြင်၍ သိမြင်ရာ၌ အဆင့်သုံးဆင့်ဖြင့် သိမြင်နိုင်ကြသည်။ ၎င်းတို့မှာ –
(၁) ဉာတပရိညာ = ပိုင်းခြား၍ သိခြင်း၊
(၂) တီရဏပရိညာ = စူးစမ်းသုံးသပ် ဆုံးဖြတ်၍ သိခြင်း၊
(၃) ပဟာနပရိညာ = ပယ်သည်၏ အစွမ်းဖြင့် သိခြင်း
တို့ဖြစ်သည်။

ဉာတပရိညာ ဟူသည် တေဘူမက သင်္ခါရတရားတို့၌ ရုပ်သည် ဖောက်ပြန်ခြင်း လက္ခဏာရှိ၏၊ ဝေဒနာသည် အာရုံ၏ အရသာကို ခံစားခြင်း လက္ခဏာရှိ၏ စသည်ဖြင့် သိအပ်သော ရုပ်၊ ဝေဒနာ စသော တေဘူမကတရားတို့၏ အသီးအသီးသော ဖောက်ပြန်ခြင်းသဘော၊ ခံစားခြင်းသဘော စသည်တို့ကို ကောင်းစွာ ပိုင်းခြား၍ သိသော ပညာဖြစ်သည်။
စာမျက်နှာ-580


ထို့ကြောင့် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးအဆင့်သည် ဉာတပရိညာ မည်၏။ (ဉာတ + ပရိ + ညာ၊ ဉာတ = သိအပ်သည် + ပရိ = ပိုင်းခြား၍ + ညာ = သိခြင်း)

တီရဏပရိညာ ဟူသည် တေဘူမက သင်္ခါရတရားတို့၌ ရုပ်သည် မမြဲ၊ ဆင်းရဲ၏၊ အစိုးမရ၊ အလိုသို့ မလိုက် စသည်ဖြင့် တေဘူမကတရားတို့ကို မမြဲခြင်း အနိစ္စလက္ခဏာစသည်ကို စူးစမ်းသုံးသပ် ဆုံးဖြတ်ကာ ပိုင်းခြား၍ သိသော အနိစ္စတာ စသော လက္ခဏာ ၃-ပါးကို အာရုံပြုသည့် ဝိပဿနာပညာ ဖြစ်သည်။

ထို့ကြောင့် အထက် သမ္မသနဉာဏ်နှင့် ဥဒယဗ္ဗယဉာဏ် နှစ်ပါးသည် တီရဏပရိညာ မည်၏။ (တီရဏ = စူးစမ်းသုံးသပ် ဆင်ခြင်ခြင်း)

ပဟာနပရိညာ ဟူသည် တေဘူမက သင်္ခါရတရားတို့၌ မြဲ၏ဟု အမှတ်မှားသည်ကို ပိုင်းခြား၍ သိသော ဝိပဿနာပညာဖြစ်၏။ တေဘူမကတရားတို့၌ ကိလေသာတို့ကို ပယ်ခွာ၍ ကွဲကွဲပြားပြားသိခြင်း ဖြစ်သည်။

ထို့ကြောင့် ဘင်္ဂဉာဏ်မှ စ၍ အနုလောမဉာဏ်တိုင်အောင် ဝိပဿနာဉာဏ် ရှစ်ပါးသည် ပဟာနပရိညာ မည်၏။ (ပဟာန = ပယ်ခြင်း)

ဂေါတြဘူဉာဏ်

ပုထုဇဉ်အနွယ်ကို လွန်မြောက်၍ အရိယာအနွယ်သို့ ဝင်ရောက်ခြင်းကြောင့် ဤဉာဏ်ကို ဂေါတြဘူ ဟု ခေါ်ဆိုရသည်။ (ဂေါတြဘူ = ဂေါတ္တ = ပုထုဇဉ်အနွယ်ကို + ဘူ = လွှမ်းမိုးခြင်း။ ဂေါတြ = အရိယာအနွယ်သို့ + ဘူ = ဝင်ရောက်ခြင်း)

ဤနေရာ၌ ဂေါတြဘူစိတ်သည် လည်းကောင်း၊ မဂ်စိတ်သည်လည်းကောင်း တစ်ကြိမ်သာ ဖြစ်ခွင့်ရှိ၏။ ရှေးရှေးသော ဝိပဿနာဉာဏ်စိတ်များက သင်္ခါရအာရုံကိုသာ အာရုံပြုခဲ့၍ ဂေါတြဘူဉာဏ်နှင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့သည် နိဗ္ဗာန်ကို အာရုံပြုကြသည်။ ဂေါတြဘူဉာဏ်သည် နိဗ္ဗာန်ကို အာရုံပြုသောကြောင့် မဂ်စိတ်နှင့် အာရုံတူ၏။ သို့ရာတွင် ကိလေသာကို ပယ်နိုင်စွမ်းမရှိသောကြောင့် ဉာဏဒဿနဝိသုဒ္ဓိ ၌ အကျုံးမဝင်ချေ။ သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးပါးဖြင့် မသုံးသပ်ခြင်းကြောင့် အောက်ဖြစ်သော ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ ၌လည်း အကျုံးမဝင်ချေ။ ကြားခံတစ်ခုဖြစ်နေ၍ ရှေးနောက် ဝိသုဒ္ဓိနှစ်ပါးသို့ မပါဝင်နိုင်ဘဲ ထိုဝိသုဒ္ဓိ နှစ်ခုအကြား၌ တည်ရှိနေသည်။
စာမျက်နှာ-581


ယခုပြဆိုပြီးသော သင်္ခါရုပေက္ခာဉာဏ်၊ အနုလောမဉာဏ်၊ ဂေါတြဘူဉာဏ် ဤသုံးပါးတို့သည် လောကီဝိပဿနာဉာဏ်တို့၏ အထွတ်အထိပ်ဖြစ်သဖြင့် သိခါပတ္တဝိပဿနာဉာဏ် မည်၏။ (သိခါ = အထွတ်အထိပ်၊ ပတ္တ = ရောက်ခြင်း) ယင်း သိခါပတ္တဝိပဿနာဉာဏ် သုံးပါးအနက် ဂေါတြဘူဉာဏ်သည် ထိပ်ဆုံး အမြင့်ဆုံးဖြစ်သည်။

မဂ္ဂဝီထိ ဖြစ်ပုံ

မဂ္ဂဝီထိအတွင်း၌ ပရိကံ၊ ဥပစာ၊ အနုလုံ ဟူသော ရှေးဇောစိတ် သုံးခုသည် သင်္ခါရတရားတို့ကို လက္ခဏာရေး သုံးပါးဖြင့် သုံးသပ်လျက် အာရုံပြု၏။ ထို့နောက် ဂေါတြဘူဉာဏ်သည် နိဗ္ဗာန်ကို ရှေးဦးစွာ အာရုံပြု၏။ ထိုဂေါတြဘူဉာဏ်က ယူပေးထားသော နိဗ္ဗာန်အာရုံကို မဂ်စိတ်က ဆက်လက်အာရုံပြုသည်။ ထို့ကြောင့် ဂေါတြဘူဉာဏ်သည် မဂ်ဉာဏ်အတွက် နိဗ္ဗာန်ဟူသော အာရုံကို ဆက်သွယ်ရယူပေးသဖြင့် အာဝဇ္ဇန်းစိတ်နှင့် အလားတူသည်ဟု ဆိုရပေမည်။ ဤ၌ မဂ္ဂဝီထိစိတ်အစဉ် ဖြစ်ပုံကို ပြဆိုပါဦးမည်။
သင်္ခါရအာရုံ

နိဗ္ဗာန်အာရုံ

ဘင်၊ ဘွင်၊ မ၊ ပရိ၊ ဥပ၊ အနု၊ ဂေါ၊ မဂ်၊ ဖိုလ်၊ ဖိုလ်၊ ဘွင်
000 000 000 000 000 000 000 000 000 000 000

ဇောခုနှစ်ကြိပ်
မှတ်ရန်။

မ = မနောဒွါရာဝဇ္ဇန်း
ပရိ = ပရိကံဇော
ဥပ = ဥပစာဇော
အနု = အနုလုံ (အနုလောမ) ဇော
ဂေါ = ဂေါတြဘူဇော
မဂ် = မဂ်ဇော
ဖိုလ် = ဖိုလ်ဇော
စာမျက်နှာ-582


သင်္ခတနယ်မှ အသင်္ခတနယ်သို့ ကူးပြောင်းပုံ

သင်္ခတနယ်ပယ်ဖြစ်သော သင်္ခါရတရားတို့ကို အာရုံပြုနေရာမှ အသင်္ခတ နယ်ပယ်ဖြစ်သော နိဗ္ဗာန်သို့ ကူးပြောင်းပြေးဝင်ရာ၌ ဖော်ပြပါဥပမာဖြင့် ရှင်းလင်းစွာ သိအပ်၏။

ဘေးရန်ထူပြောသော နယ်ပယ်တစ်ခုနှင့် ဘေးရန်ကင်းသော နယ်ပယ်တစ်ခုကို ရေစီးကြမ်းသော ချောင်းကြီးတစ်ခုဖြင့် ခြားထားသည် ဆိုပါစို့၊ ယောက်ျားတစ်ယောက်သည် ဘေးရန်ထူပြောသော နယ်ပယ်အတွင်း၌ ခြင်္သေ့ သစ် ကျားတို့ လိုက်လံခြင်း၊ ခိုးသားဓားပြတို့ လိုက်လံခြင်းခံရသဖြင့် ဘေးကင်းရာဖြစ်သော ဟိုမှာဘက်ကမ်းသို့ သွားရောက်လို၏။ နယ်ခြားချောင်းမှာ ရေစီးသန်ခြင်း၊ ချောက်ကမ်းပါး မတ်စောက်ခြင်းတို့ကြောင့် တစ်ဖက်ကမ်းသို့ ကူးရန် မလွယ်ကူချေ။ ထိုအခါ ဤမှာဘက်ကမ်း၌ ပေါက်ရောက်နေသော သစ်ပင်ကြီးတစ်ပင်မှ နွယ်တန်းကြီးတစ်ခု တွဲလဲကျနေသည်ကို တွေ့ရ၏။ ထိုယောက်ျားသည် နွယ်တန်းကို ခိုစီး၍ အင်အားစိုက်ထုတ် ခုန်ပျံလွှဲလိုက်သည့်အခါ ဟိုမှာဘက်ကမ်းပေါ်သို့ ရောက်ရှိခိုက် နွယ်တန်းကို လက်လွှတ်လိုက်သည်။ ထိုသို့ နွယ်တန်းကို လက်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် ဘေးကင်းရာနယ်မြေ ဟိုမှာဘက်ကမ်းသို့ အပြီးအပိုင် ရောက်ရှိသွားလေသည်။

ဤဥပမာ၌ မဂ္ဂဝီထိအတွင်း၌ ပရိကံ၊ ဥပစာ၊ အနုလုံ ဇောသုံးချက်တို့သည် သင်္ခါရ တရားတို့ကို အာရုံပြုလျက် ဇောအရှိန်အဟုန်ကို မြှင့်တင်လိုက်သည်။ ထိုယောက်ျား၏ နွယ်တန်းကို ကိုင်စွဲ၍ တအားလွှဲလိုက်သော အခိုက်အတန့်နှင့် တူလေသည်။ နွယ်တန်းသည် သင်္ခါရတရားနှင့်တူသည်။ ဟိုမှာဘက်ကမ်းပေါ် ရောက်ရှိခိုက်တွင် နွယ်တန်းကို လွှတ်လိုက်သကဲ့သို့ ဂေါတြဘူဇောစိတ်သည် သင်္ခါရတရားတို့ကို အာရုံမပြုတော့ဘဲ နိဗ္ဗာန်ကို အာရုံပြုသည်နှင့် တူ၏။ ဟိုမှာဘက်ကမ်းသို့ ကျရောက်၍ ခိုင်မြဲစွာ ရပ်တည်နိုင်သကဲ့သို့ မဂ်ဉာဏ်သည် နိဗ္ဗာန်ကို ပိုင်နိုင်စွာ ထိုးထွင်း သိမြင်ခြင်းနှင့် တူ၏။ ဟိုမှာဘက်ကမ်းသို့ ကူးရာ၌ နွယ်တန်းကို ဆွဲမကိုင်လျှင်လည်း မဖြစ်၊ လိုအပ်သည့်နေရာ၌ နွယ်တန်းကိုမလွှတ်ဘဲ နေလျှင်လည်း ဟိုမှာဘက်ကမ်းသို့ မကျရောက်ဘဲ ဤမှာဘက်ကမ်းသို့ ပြန်ပါသွားနိုင်သည်။ ထို့ကြောင့် ပရိကံ၊ ဥပစာ၊ အနုလုံ ဇောသုံးချက်သည် သင်္ခါရတရားကို ဆွဲကိုင်အာရုံပြု၍ အရှိန်ယူ ခုန်ပျံလွှဲပေးလိုက်သည်။ ဂေါတြဘူစိတ်သည် သင်္ခါရအာရုံကို လွှတ်၍ နိဗ္ဗာန်အာရုံသို့ ပြေးဝင်သည့်အခါ နွယ်တန်းကို လက်လွှတ်၍ ဟိုမှာဘက်ကမ်းသို့ ခုန်ချလိုက်သည်နှင့်တူ၏။
စာမျက်နှာ-583


သောတာပတ္တိမဂ်ဉာဏ် သည် နိဗ္ဗာန်ကို အာရုံပြုလျက် ဒိဋ္ဌိ၊ ဝိစိကိစ္ဆာတည်းဟူသော ကိလေသာနှစ်ပါးကို ပယ်လေသည်။ သစ်ပင်သည် တစ်ကြိမ် မိုးကြိုးစက် ထိမှန်လျှင် မီးလောင်ငုတ်တိုဖြစ်၍ သေဆုံးသွားတော့သည်။ ထို့အတူ မဂ်ဉာဏ်သည် တစ်ကြိမ်သာဖြစ်လျက် သက်ဆိုင်ရာ ကိလေသာကို အပြီးအပြတ် ပယ်သတ်လေသည်။ ထိုမဂ်ဖြင့် ပယ်သတ်လိုက်သော ကိလေသာသည် နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိတော့ပြီ။

ဖိုလ်စိတ်များ

သောတာပတ္တိမဂ်စိတ် နောင်၌ သောတာပတ္တိဖိုလ်စိတ် နှစ်ကြိမ်၊ သို့မဟုတ် သုံးကြိမ် ဖြစ်လေသည်။ သကဒါဂါမိမဂ်စိတ် နောင်၌ သကဒါဂါမိဖိုလ်စိတ် နှစ်ကြိမ်၊ သို့မဟုတ် သုံးကြိမ် ဖြစ်လေသည်။ အနာဂါမိမဂ်စိတ် နောင်၌ အနာဂါမိဖိုလ်စိတ် နှစ်ကြိမ်၊ သို့မဟုတ် သုံးကြိမ်ဖြစ်လေသည်။ အရဟတ္တမဂ်စိတ် နောင်၌ အရဟတ္တဖိုလ်စိတ် နှစ်ကြိမ်၊ သို့မဟုတ် သုံးကြိမ် ဖြစ်လေသည်။

ဖိုလ်စိတ် နှစ်ကြိမ်၊ သို့မဟုတ် သုံးကြိမ် ဖြစ်ရခြင်းမှာ ဉာဏ်ထက်မြက်သော ပုဂ္ဂိုလ်အား ပရိကံဇောစိတ် မဖြစ်တော့ဘဲ ရှေးဇောတစ်ချက် လျော့နည်းသွားသဖြင့် နောက်ဆုံး၌ ဖိုလ်ဇောတစ်ကြိမ် ပိုဖြစ်ခွင့်ရခြင်း ဖြစ်သည်။ ဉာဏ်ထက်မြက်သော ပုဂ္ဂိုလ်များမှာ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ၊ မဂ် ဟူ၍ ရှေးဇောလေးချက် ဖြစ်ပေါ်ခဲ့သဖြင့် ဖိုလ်ဇောအလှည့်၌ သုံးကြိမ် ဖြစ်ခွင့်ရှိသည်။ (ရှေးဇော ၅ ချက်ဖြစ်လျှင် ဖိုလ် ၂ ကြိမ် ဖြစ်သည်။)

ဖိုလ်စိတ်သည် မဂ်စိတ်က ပယ်သတ်ထားသော ကိလေသာတို့၏ အနံ့အသက် အငွေ့တို့ကို မကျန်မကြွင်း ချုပ်ငြိမ်းသွားစေရန် ဆောင်ရွက်ပေးသည်။ ဥပမာအားဖြင့် ရဲရဲတောက်နေသော မီးပုံကြီးကို ရေဖြင့် ပက်ဖျန်းလိုက်သောအခါ မီးများငြိမ်းသေသွားသည်။ မှန်၏၊ သို့ရာတွင် ပြာပူစသော အပူအငွေ့ အခိုးအငွေ့များ ကြွင်းကျန်သေးသဖြင့် ထပ်မံ၍ ရေရွှဲရွှဲစိုအိုင်ထွန်းအောင် လောင်းလိုက်သောအခါ ပြာပူမျှပင် မကျန်တော့ဘဲ မီးပူကြီးငြိမ်းအေးသွား၏။

ဤနည်းအတူ မဂ်စိတ်ခဏ၌ ကိလေသာတို့ကို ပယ်သတ်ခဲ့သော်လည်း ကြွင်းကျန်သော ကိလေသာ အငွေ့အသက်များကို ဖိုလ်စိတ်ဖြင့် ငြိမ်းအေးစေသည်။
စာမျက်နှာ-584


ဥပမာတစ်နည်းကား ပေကျံနေသော အဝတ်တစ်ခုကို ဆပ်ပြာဖြင့် လျှော်၏။ ထို့နောက် ဆပ်ပြာနံ့စသည် အနံ့အသက်များ ပျောက်သွားစေရန် ပေါင်ဒါဖြူးပြီး ရေမွှေးဖျန်း၏။ အလားတူ မဂ်တည်းဟူသော ဆပ်ပြာဖြင့် ပယ်ခွာလိုက်သော ကိလေသာအညစ်အကြေးတို့၏ အနံ့အသက်ကို ဖိုလ်တည်းဟူသော ရေမွှေးပေါင်ဒါဖြင့် ထပ်မံ၍ ဖယ်ရှားလိုက်သည်။

ပစ္စဝေက္ခဏာဝီထိ (ပြန်လည်ဆင်ခြင်မှု)

ဤကဲ့သို့ မဂ္ဂဝီထိ ဖြစ်ပြီးသောအခါ (ဝါ) မဂ်ဉာဏ် ဖိုလ်ဉာဏ်ရပြီးသောအခါ အောက်ဖော်ပြပါ ဆင်ခြင်သည့် စိတ်အစဉ် (ပစ္စဝေက္ခဏာဝီထိ) ၅-မျိုး ဖြစ်လေ့ရှိသည်။
(၁) မိမိရရှိပြီးသော မဂ်ကို ဆင်ခြင်ခြင်း၊
(၂) မိမိရရှိထားသော ဖိုလ်ကို ဆင်ခြင်ခြင်း၊
(၃) နိဗ္ဗာန်ကို ဆင်ခြင်ခြင်း၊
(၄) ပယ်အပ်ပြီးသော ကိလေသာတို့ကို ဆင်ခြင်ခြင်း၊
(၅) မပယ်အပ်သေးသော ကြွင်းကျန်သော ကိလေသာ တို့ကို ဆင်ခြင်ခြင်း၊

ယင်းဆင်ခြင်မှု (၅) မျိုးအနက် အမှတ်စဉ် (၄) နှင့် (၅) ပယ်အပ်ပြီးသော ကိလေသာကို ဆင်ခြင်ခြင်းနှင့် မပယ်အပ်သေးသော ကိလေသာကို ဆင်ခြင်ခြင်းတို့သည် အချို့သောပုဂ္ဂိုလ်အား ဖြစ်လေ့ဖြစ်ထ မရှိချေ။

ရဟန္တာပုဂ္ဂိုလ်အားမူ ကိလေသာမှန်သမျှ အကြွင်းအကျန်မရှိ ပယ်အပ်ပြီး ဖြစ်သောကြောင့် အမှတ်စဉ် (၅) ဖြစ်သည့် မပယ်ရသေးသော ကြွင်းကျန်သော ကိလေသာတို့ကို ဆင်ခြင်မှု (ပစ္စဝေက္ခဏာဝီထိ) မဖြစ်တော့ချေ။ ဆင်ခြင်မှု လေးမျိုးသာ ဖြစ်ခွင့်ရှိသည်။

အထက်မဂ်သို့ တက်လှမ်းခြင်း
သောတာပတ္တိမဂ်ကို ရပြီး၍ သကဒါဂါမိမဂ် စသော အထက်မဂ်ဉာဏ်သို့ တက်လှမ်းလိုသော ယောဂီပုဂ္ဂိုလ်သည် ပြဆိုခဲ့ပြီးသည့်အတိုင်း ဥဒယဗ္ဗယဉာဏ်မှ စ၍ ဝိပဿနာရှုရမည်။ ဝိပဿနာ ဉာဏ်စဉ်ကိုးပါး အစဉ်အတိုင်း ဖြစ်၍ သကဒါဂါမိမဂ် စသော အထက်မဂ်သုံးပါးကို ရောက်နိုင်လေသည်။ ထိုသို့...
စာမျက်နှာ-585


ဝိပဿနာမစမီ “အထက်မဂ် အထက်ဖိုလ်ကို ရပါလို၏၊ ရောက်ရပါလို၏” ဟု တောင့်တမှုကို ပြုရမည်။ တောင့်တမှု မပြုဘဲ ဝိပဿနာရှုပါက ရပြီးသော ဖိုလ်စိတ်သာလျှင် ထပ်မံ ဖြစ်ပေါ်လေ့ရှိသည်။ ထိုကဲ့သို့ ရပြီးသော ဖိုလ်စိတ် ထပ်ကာ ထပ်ကာ ဖြစ်ပေါ်ခြင်းကို ဖိုလ်ဝင်စားသည်၊ ဖလသမာပတ်ဝင်စားသည် ဟု ခေါ်ဆိုရသည်။

ဖိုလ်ဝင်စားခြင်း

မိမိရရှိပြီးသော ဖိုလ်စိတ်ကို အကြိမ်ကြိမ် အထပ်ထပ် ထပ်မံ ဖြစ်စေခြင်းကို ဖိုလ်ဝင်စားသည် ဟု ခေါ်ဆိုရသည်။

ဥပမာ သောတာပတ္တိဖိုလ်ကို ရရှိပြီးသော သောတာပန်ပုဂ္ဂိုလ်သည် ဖိုလ်ဝင်စားလိုပါက “မိမိရရှိပြီးသော သောတာပတ္တိဖိုလ်စိတ် ပြန်လည် ဖြစ်ပေါ်စေသတည်း၊ မည်မျှကြာအောင် ဖြစ်စေသတည်း၊ မည်မျှကြာပြီးနောက် ဖိုလ်စိတ်မှ ထစေသတည်း” ဤသို့ အဓိဋ္ဌာန်ပြုရမည်၊ စိတ်ကို ဆောက်တည်ရမည်။ ထို့နောက် ဥဒယဗ္ဗယဉာဏ်မှ စ၍ အစဉ်အတိုင်း ဝိပဿနာဉာဏ်စဉ် ဆယ်ပါး ရှုမှတ်ပွားများရမည်။ ဝိပဿနာဉာဏ် အရှိန်အဟုန် ကောင်းလာသောအခါ ဖိုလ်စိတ်များ အဓိဋ္ဌာန်ပြုထားသည့်အတိုင်း အကြိမ်ပေါင်း ရာထောင် သိန်းသန်းမက ဆက်လက်ဖြစ်ပေါ်လေတော့သည်။ ဤသို့ ဖိုလ်စိတ်များ ဖြစ်ပေါ်နေမှုကို ဖိုလ်ဝင်စားသည်ဟု ခေါ်ဆိုရသည်။

ယင်းသို့ ဖိုလ်ဝင်စားခြင်းသည် လွန်စွာ ချမ်းသာသဖြင့် ဖလသမာပတ် ချမ်းသာကို ခံစားသည် ဟု ခေါ်ဆိုရသည်။ အရိယာပုဂ္ဂိုလ်တို့သည် မိမိ ရရှိထားသော ဖလသမာပတ်ကို ဝင်စားခြင်းဖြင့် အချိန် ကုန်လွန်စေကြသည်။ လောကုတ္တရာချမ်းသာကို ခံစားကြသည်။ ယင်းချမ်းသာသည် ကိလေသာ ပူလောင်ခြင်းတို့မှ ကင်းလွတ် ထွက်မြောက်သောကြောင့် ဝိမုတ္တိသုခ ဟူ၍လည်း ခေါ်ဆိုရသည်။

သကဒါဂါမ်ပုဂ္ဂိုလ်သည် သကဒါဂါမိဖိုလ်ကို ဝင်စားသည်။ အနာဂါမ်ပုဂ္ဂိုလ်သည် အနာဂါမိဖိုလ်ကို ဝင်စားသည်။ ရဟန္တာပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်ကို ဝင်စားသည်။ မြတ်စွာဘုရားရှင်သည် အရဟတ္တဖိုလ်ကို ဝင်စားတော်မူသည်။ ဤသို့ မိမိသက်ဆိုင်ရာ ဖိုလ်ကိုသာ ဝင်စားတော်မူကြသည်။
စာမျက်နှာ-586


အရဟတ္တမဂ်စိတ်၏ အကျိုးတရားဖြစ်သော အရဟတ္တဖိုလ်စိတ်သည် ခဏမခြားဘဲ တစ်ဆက်တည်း တစ်စပ်တည်း ဖြစ်ပေါ်၏။ ဤကဲ့သို့ အကြောင်းတရား ဖြစ်ပေါ်ပြီးနောက် အကျိုးတရားဖြစ်ဖို့ရန် အချိန်ကာလ မစောင့်ဆိုင်းရဘဲ တစ်ဆက်တည်း အကျိုးပေးခြင်းကို “အကာလိကော = အခါမလင့် အကျိုးကို ပေးတတ်သည်” ဟု တရားဂုဏ်တော်၌ ဖော်ပြထားခြင်း ဖြစ်သည်။ လောကီ ကုသိုလ်တည်းဟူသော အကြောင်းကံများသည် အချိန်ကာလ အနည်းငယ်ဖြစ်စေ၊ ဘဝတစ်ခု၊ ကမ္ဘာတစ်ခု ဖြစ်စေ ကွာခြားပြီးနောက်မှ အကျိုးပေးလေ့ပေးထ ရှိသည်။ ထို့ကြောင့် လောကီ ကုသိုလ်ကံများကို “အကာလိကော” ဟု ဂုဏ်ထူး ဝိသေသပြု၍ မချီးကျူးနိုင်။ လောကုတ္တရာမဂ် ကုသိုလ်ကံကိုသာလျှင် “အကာလိကော = အခါမလင့် အကျိုးပေးတတ်သည်” ဟူသော ဂုဏ်ထူးဖြင့် ချီးကျူးထားခဲ့သည်။ ယင်းသို့ ဖိုလ်စိတ်ဖြစ်ပေါ်ရာ၌ လောကီအဘိညာဉ်များနှင့် ပဋိသမ္ဘိဒါဉာဏ် စသော ဉာဏ်များလည်း တစ်ပါတည်း ရရှိပြီး ဖြစ်တတ်သည်။

အတိတ်ဘဝ အဆက်ဆက်က ဖြည့်ဆည်းပူးခဲ့သော ပါရမီ ကုသိုလ်ကံအလျောက် ဉာဏ်အမျိုးမျိုးတို့ကို ရရှိသည်။

မြတ်စွာဘုရားရှင်အား အရဟတ္တမဂ်ဉာဏ်၏ အကျိုးတရားဖြစ်သော အရဟတ္တဖိုလ်ဉာဏ်ကို ရသည်နှင့် တစ်ပြိုင်နက် သဗ္ဗညုတဉာဏ်၊ ဆအသာဓာရဏဉာဏ်၊ ဒသဗလဉာဏ် အစရှိသော ဉာဏ်တော်အမျိုးမျိုးတို့ကို ပြည့်စုံစွာ တစ်ပါတည်း ရရှိတော်မူသည်။

သဗ္ဗညုတဉာဏ်တော်

သဗ္ဗညုတဉာဏ်တော်သည် လောကုတ္တရာဉာဏ် မဟုတ်၊ လောကီဉာဏ်သာ ဖြစ်သည်။ တရားကိုယ်အားဖြင့် မဟာကြိယာဉာဏသမ္ပယုတ်စိတ် လေးခုတို့ ဖြစ်ကြသည်၊ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ဆည်းပူးတော်မူခဲ့သော ပါရမီ ကုသိုလ်တော်ကြောင့် မြတ်စွာဘုရားရှင်အားသာလျှင် သဗ္ဗညုတဉာဏ်တော် ဖြစ်ခွင့်ရှိသည်။ (သဗ္ဗ + ညုတ၊ သဗ္ဗ = အလုံးစုံ + ညုတ = သိတတ်ခြင်း)

သဗ္ဗညုတဉာဏ်တော်သည် မြတ်စွာဘုရားရှင်၏ အလိုတော်နှင့် ဆက်စပ်လျက်ရှိသည်။ မြတ်စွာဘုရားရှင် သိတော်မူလိုသည့်အခါ၌သာလျှင် ဤဉာဏ်ဖြစ်ပေါ်၍ မလိုသည့်အခါ ဤဉာဏ်တော် မဖြစ်ချေ။ အနန္တစကြဝဠာ လောကဓာတ် တစ်...
စာမျက်နှာ-587


ခွင်လုံးကို တစ်ပြိုင်နက် သိလိုကလည်း သိနိုင်၏။ တစ်ခုချင်း သိလိုကလည်း သိနိုင်၏။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကာလ သုံးပါးလုံးကို ခြုံငုံ၍လည်း သိမြင်နိုင်၏။ ကာလတစ်ခုချင်း အချိန်ကန့်သတ်၍လည်း သိနိုင်၏။ သိလိုသည့် အခါ သိလိုသည့် အာရုံကို ဦးတည်ဆင်ခြင်မှသာလျှင် သိမြင်တော်မူသည်။ အချိန်အကန့်အသတ် မရှိ၊ နေရာအကန့်အသတ် မရှိ၊ အမြဲထာဝရ သိနေသော ဉာဏ်မျိုးမဟုတ်ချေ။

ဗုဒ္ဓနှင့်ခေတ်ပြိုင် မဟာဝီရ (ဂျိန်းဘုရား)၊ မက္ခလိဂေါသာလ စသော တိတ္ထိ ဆရာကြီးများသည်လည်း သဗ္ဗညု-အလုံးစုံကို သိသူ၊ သဗ္ဗဒဿာဝီ-အလုံးစုံကို မြင်သူဟူ၍ ဝန်ခံကြေညာကြသည်။ ၎င်းတို့အယူ၌ သဗ္ဗညုတဉာဏ်တော်သည် အစဉ်ထာဝရ ထွန်းလင်းတောက်ပနေသော အဏုမြူမီးလုံးကြီးသဖွယ်ဖြစ်၍ အစဉ်ထာဝရ အမြဲ သိနေသည်။ မသိသော အချိန်ကာလဟူ၍မရှိ၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်၊ ကာလသုံးပါးလုံးကိုလည်းကောင်း၊ အနန္တစကြဝဠာ လောကဓာတ်အားလုံးကိုလည်းကောင်း၊ အမြဲသိမြင်နေတော့သည်။ အိပ်ပျော်နေစဉ်၊ စားသောက်နေစဉ် အချိန်ကာလတို့၌လည်း ထိုပုဂ္ဂိုလ်၏ သဗ္ဗညုတဉာဏ်သည် အမြဲထွန်းလင်းတောက်ပ သိမြင်နေသည်ဟု ဆိုကြသည်။

အသာဓာရဏဉာဏ်တော် ၆-ပါး

မြတ်စွာဘုရားရှင် တစ်ပါးတည်းသာ ရစကောင်းသော ဉာဏ်တော် ခြောက်ပါးတို့သည် ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ အရိယာသာဝကတို့နှင့် မဆက်ဆံသောကြောင့် အသာဓာရဏဉာဏ်တော် ဟု ခေါ်ဆိုရသည်။ (အ + သာဓာရဏ၊ အ = မရှိ + သာဓာရဏ = ဆက်ဆံခြင်း)

ယင်းဉာဏ်တော် ၆-ပါးတို့မှာ —
(၁) ဣန္ဒြိယပရောပရိယတ္တဉာဏ် = ဣန္ဒြေအနုအရင့်ကို သိသောဉာဏ်၊
(၂) အာသယာနုသယဉာဏ် = နှလုံးသွင်းဓာတ်ခံကို သိသောဉာဏ်၊
(၃) ယမကပါဋိဟာရိယဉာဏ် = ရေမီး အစုံ အစုံ တန်ခိုးပြာဋိဟာ ပြနိုင်သောဉာဏ်၊

(၄) မဟာကရုဏာသမာပတ္တိဉာဏ် = ဒုက္ခိတသတ္တဝါတို့ကို ကြီးစွာသော သနားကြင်နာမှုနှင့် ယှဉ်သောဉာဏ်၊

(၅) သဗ္ဗညုတဉာဏ် = အလုံးစုံကို သိမြင်သောဉာဏ်၊
(၆) အနာဝရဏဉာဏ် = အပိတ်အပင် အတားအဆီး မရှိ ဖောက်ထွင်း သိမြင်သောဉာဏ်။
စာမျက်နှာ-588


ထိုခြောက်ပါးတို့တွင် ဣန္ဒြိယပရောပရိယတ္တဉာဏ် ဟူသည်မှာ သတ္တဝါတို့၏ သန္တာန်၌ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ဟူသော ဣန္ဒြေငါးပါးတို့ရှိကုန်၏။ ယင်း ဣန္ဒြေငါးပါး အနုအရင့်ကို လိုက်၍ ကျွတ်ထိုက် မကျွတ်ထိုက် ခွဲခြားသိမြင်တော်မူ၏။ သဒ္ဓါစသော ဣန္ဒြေများ မရင့်ကျက်သေးပါက အချိန်ကာလ စောင့်ဆိုင်း၍ ရင့်ကျက်သည့်အချိန်ရောက်မှ တရားဟောတော်မူသည်။

အာသယာနုသယဉာဏ် ဟူသည်မှာ ပုထုဇဉ်သတ္တဝါတို့သည် သေလျှင် နောက်ဘဝမရှိ ဘာပြတ်သည်ဟူသော နှလုံးသွင်းရှိကြသည်။ အချို့မှာ သေသောအခါ ရုပ်နာမ်သာ ပျက်စီး၍ အသက်ဝိညာဉ်အတ္တသည် ထာဝရ တည်ရှိလျက် ဘဝအဆက်ဆက် ကူးပြောင်းသွားသည်ဟု နှလုံးသွင်းရှိကြသည်။ ဤသို့ ပြတ်စဲခြင်း၊ တည်မြဲခြင်း အယူအဆ နှလုံးသွင်းရှိမှုကို အာသယဟုခေါ်သည်။ ကာမရာဂ၊ ဘဝရာဂ အစရှိသော အနုသယဓာတ်ခံများသည် သတ္တဝါတို့၏ သန္တာန်၌ ကိန်းဝပ်လျက်ရှိသည်။ ဤအာသယနှင့် အနုသယသို့လိုက်၍ စရိုက်ခြောက်ပါး ဖြစ်ပေါ်ကြသည်။ သတ္တဝါတို့၏ နှလုံးသွင်းအာသယနှင့် အနုသယဓာတ်ခံကို ဘုရားရှင်သာလျှင် သိမြင်တော်မူသည်။

ယမကပါဋိဟာရိယဉာဏ် ဟူသည်မှာ ရေမီးအစုံအစုံသော တန်ခိုးပြာဋိဟာကို စီရင်နိုင်သော ဉာဏ်တော်ဖြစ်သည်။ ယင်းတန်ခိုးပြာဋိဟာကို မဟာဗောဓိမဏ္ဍိုင်၌ နတ်ဗြဟ္မာတို့၏ ယုံမှားသံသယကို ပယ်ဖျောက်ခြင်းငှါ တစ်ကြိမ်၊ ကပ္ပိလဝတ်ပြည်သို့ ပထမအကြိမ် ကြွရောက်တော်မူစဉ် ဆွေတော်မျိုးတော်တို့၏ မာန်စွယ်ကို ချိုးနှိမ်ခြင်းငှါ တစ်ကြိမ်၊ သာဝတ္ထိပြည် သရက်ဖြူပင်အနီး၌ တိတ္ထိတို့၏ မာန်မာနကို ချိုးနှိမ်ရန်တစ်ကြိမ်၊ ပါထိကပုတ္တပရိဗိုဇ်ကို အကြောင်းပြု၍ ပရိသတ်စည်းဝေးရာ၌ တစ်ကြိမ် ပြတော်မူခဲ့သည်။

မဟာကရုဏာသမာပတ္တိဉာဏ် ဟူသည်မှာ ကရုဏာဈာန်သမာပတ်ကို ဝင်စားခြင်းဖြစ်သည်။ ဒုက္ခိတသတ္တဝါအပေါင်းကို ကြီးစွာသော သနားကြင်နာမှုနှင့် ယှဉ်လျက် နေ့စဉ်နေ့တိုင်း ညဉ့်အခါနှင့် နံနက်မိုးသောက်အခါတို့၌ ကုဋေနှစ်သန်းလေးသိန်း အရေအတွက်ရှိသော မဟာကရုဏာသမာပတ်ကို ဝင်စားတော်မူသည်။

(သဗ္ဗညုတဉာဏ်တော်အကြောင်းကို အထက်၌ ရှင်းခဲ့ပြီးဖြစ်သည်။)
အနာဝရဏဉာဏ် ဟူသည်မှာ သဗ္ဗညုတဉာဏ်တော်ကိုပင် ခေါ်ဆိုသည်။ ယင်းဉာဏ်တော်ကို တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ကမျှ တားဆီးပိတ်ဆို့ မထားနိုင်၊ တစ်စုံတစ်ခုသော တရားကမျှ တားဆီးပိတ်ဆို့မထားနိုင်၊ ထို့ကြောင့်
စာမျက်နှာ-589


အနာဝရဏဉာဏ်တော် ဟု ခေါ်သည်။ (အာဝရဏ = တားဆီး ပိတ်ဆို့ခြင်း၊ အနာဝရဏ = တားဆီးပိတ်ဆို့၍ မရခြင်း)

ဒသဗလဉာဏ်တော်

မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသည်နှင့်တစ်ပြိုင်နက် စွမ်းအားထက်မြက်သော ဒသဗလဉာဏ်တော် (ဉာဏ်တော် ၁၀-ပါး) ကိုလည်း လက်ကိုင်မိမိ ရရှိတော်မူသည်။ (ဒသ + ဗလ၊ ဒသ = ဆယ်ပါး + ဗလ = စွမ်းအား)
ယင်းဉာဏ်တော် ၁၀-ပါးတို့မှာ —
(၁) ဌာနာဌာနကောသလ္လဉာဏ် = အကြောင်းဟုတ်၊ မဟုတ်ကို အမှန်အတိုင်း သိမြင်သောဉာဏ်၊

(၂) ဝိပါကဉာဏ် = ကံတရားတို့၏ အကျိုးပေးမှုကို အကြောင်းရင်းများနှင့် တကွ အမှန်အတိုင်း သိမြင်သောဉာဏ်၊

(၃) သဗ္ဗတ္ထဂါမိနီ ပဋိပဒါဉာဏ် = အလုံးစုံသော ဘုံဘဝသို့ ရောက်စေတတ်သော အကျင့်အမျိုးမျိုးနှင့် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကို အမှန်အတိုင်း သိမြင်သောဉာဏ်၊

(၄) အနေကဓာတု နာနာဓာတုဉာဏ် = သက်ရှိ သတ္တဝါတို့၏ ခန္ဓာ၊ အာယတန၊ ဓာတ် အမျိုးမျိုးကို လည်းကောင်း၊ သက်မဲ့တို့၏ ထူးခြားကွဲပြားချက် အမျိုးမျိုးကိုလည်းကောင်း အမှန်အတိုင်း သိသောဉာဏ်၊

(၅) နာနာဓိမုတ္တိကဉာဏ် = သတ္တဝါတို့၏ နှလုံးသွင်း သဘောထား အလိုဆန္ဒ အမျိုးမျိုးရှိနေမှုကို သိမြင်သောဉာဏ်၊

(၆) ဣန္ဒိယပရောပရိယတ္တိဉာဏ် = သတ္တဝါတို့၏ ဣန္ဒြေရင့်၊ မရင့်ကို သိသောဉာဏ်၊

(၇) ဈာနဝိမောက္ခသမာဓိ သမာပတ္တိဉာဏ် = ဈာန်တရား၊ ဝိမောက္ခတရား၊ သမာဓိတရား၊ သမာပတ်တို့၏ ညစ်ညူးကြောင်း၊ ဖြူစင်ကြောင်းတရား၊ ဆုတ်ယုတ်ကြောင်း၊ တိုးတက်ကြောင်းတရားကို သိမြင်သောဉာဏ်၊

(၈) ပုဗ္ဗေနိဝါသာနုဿတိဉာဏ် = ရှေး၌ ဖြစ်ဖူးသော ဘုံဘဝ ခန္ဓာအစဉ်ကို သိမြင်သောဉာဏ်၊
စာမျက်နှာ-590


(၉) စုတူပပါတဉာဏ် = သတ္တဝါတို့ စုတေခြင်း၊ ပဋိသန္ဓေ တည်နေခြင်းကို သိမြင်သောဉာဏ်၊
(၁၀) အာသဝက္ခယဉာဏ် = အာသဝေါတရားတို့၏ ကုန်ရာဖြစ်သော အရဟတ္တမဂ်ဉာဏ် တို့ဖြစ်သည်။

သာဝကတို့ရနိုင်သောဉာဏ်တော်များ

မြတ်စွာဘုရားရှင်၏ တပည့်သားသာဝက အရိယာပုဂ္ဂိုလ်တို့မှာ အဘိညာဉ် ခြောက်ပါး၊ ဝိဇ္ဇာသုံးပါး၊ ပဋိသမ္ဘိဒါဉာဏ်လေးပါးတို့ကို ရနိုင်ကြသည်။ ယင်းရရှိသော ဉာဏ်အားလျော်စွာ ဆဠဘိညရဟန္တာ၊ တေဝိဇ္ဇရဟန္တာ၊ ပဋိသမ္ဘိဒါပတ္တရဟန္တာ၊ သုက္ခဝိပဿကရဟန္တာဟူ၍ ကွဲပြား ခြားနားမှုရှိကြသည်။

ဆဠဘိညရဟန္တာ

ဆဠဘိညကို (ဆ + အဘိည) ဟု ပုဒ်ဖြတ်၍ (ဆ = ၆ + အဘိည = အဘိညာဉ်) အဘိညာဉ်ခြောက်ပါးရရှိသော ရဟန္တာပုဂ္ဂိုလ် ဟု ဆိုလိုသည်။ ယင်းအဘိညာဉ် ခြောက်ပါးတို့မှာ —
(၁) ဣဒ္ဓိဝိဓအဘိညာဉ်၊
(၂) ဒိဗ္ဗသောတအဘိညာဉ်၊
(၃) ဒိဗ္ဗစက္ခုအဘိညာဉ်၊
(၄) ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်၊
(၅) စေတောပရိယအဘိညာဉ်၊
(၆) အာသဝက္ခယအဘိညာဉ် တို့ဖြစ်ကြသည်။

ယင်းခြောက်ပါးအနက် အမှတ်စဉ် (၁ မှ ၅) အထိ လောကီအဘိညာဉ်ငါးပါးကို ဤကျမ်းစာအုပ် (ဒုတိယတွဲ) စာမျက်နှာ (၄၀၁) ၌ ဖော်ပြပြီးဖြစ်သည်။ အမှတ်စဉ် (၆) အာသဝက္ခယအဘိညာဉ်ကို အနည်းငယ်ရှင်းလင်းရန်လိုသေးသဖြင့် ရှင်းလင်းရေးသားပါမည်။

အာသဝက္ခယအဘိညာဉ်

အာသဝ + ခယ ဟု ပုဒ်ဖြတ်၍ အာသဝေါတရားလေးပါးတို့ကို ကုန်ခန်းအောင် ပယ်သတ်နိုင်သော အရဟတ္တမဂ်ဉာဏ်ကို အာသဝက္ခယအဘိညာဉ် (အာသဝက္ခယဉာဏ်) ဟုခေါ်သည်။ ထိုအာသဝက္ခယအဘိညာဉ်ဖြင့် ဝတ္ထုအာရုံ ကာမဂုဏ်တို့၌
စာမျက်နှာ-591


သာယာတပ်မက်မှု ကာမတဏှာတည်းဟူသော ကာမာသဝ၊ ထိုထိုဘဝတို့၌ သာယာတပ်မက်သည့် ဘဝနိကန္တိကလောဘဇော (ဘဝတဏှာ) တည်းဟူသော ဘဝါသဝ၊ ၆၂ ပါးသော မိစ္ဆာဒိဋ္ဌိ တည်းဟူသော ဒိဋ္ဌာသဝ၊ သစ္စာလေးပါး၊ သံသရာ၏ ရှေးအစွန်း၊ နောက်အစွန်း၊ ရှေးနောက်အစွန်းနှင့် ပဋိစ္စသမုပ္ပါဒ်တရားများကို မသိခြင်း မောဟတည်းဟူသော အဝိဇ္ဇာသဝ အားဖြင့် အာသဝေါတရားလေးပါးတို့ကို အရဟတ္တမဂ်ဖြင့် ပယ်သတ်နိုင်သည်။ အလွန်ခက်ခဲသော အာသဝေါတရားလေးပါး ပယ်ခြင်းကိစ္စကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းကြောင့် ထူးကဲ လွန်မြတ်သော ဉာဏ်ပညာ အဘိညာဉ် ဟု ခေါ်ဆိုရသည်။ အလွန်တန်ခိုးကြီးသော စွမ်းအားကြီးသောဉာဏ်ဟု ဆိုလိုသည်။

ဤအာသဝက္ခယဉာဏ်တည်းဟူသော အဘိညာဉ်ကိုမူ သဗ္ဗညုဘုရားရှင်နှင့် ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝကတို့ အားလုံးရရှိကြသည်။ သို့ရာတွင် အခြားသော အဘိညာဉ် အသိုင်းအဝိုင်းများ ပါမှု မပါမှု၊ နည်းမှု များမှု ကွာခြားမှုရှိသည်။

တေဝိဇ္ဇ ရဟန္တာ

ဝိဇ္ဇာသုံးပါးတည်းဟူသော ဉာဏ်အလင်းရောင် သုံးပါးရရှိသော ရဟန္တာပုဂ္ဂိုလ်ကို တေဝိဇ္ဇရဟန္တာ ဟု ခေါ်ဆိုရသည်။ (တေ + ဝိဇ္ဇာ၊ တေ = သုံး + ဝိဇ္ဇာ = ဝိဇ္ဇာဉာဏ်) ယင်းဝိဇ္ဇာသုံးပါးတို့မှာ —
(၁) ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊
(၂) ဒိဗ္ဗစက္ခုဉာဏ်၊
(၃) အာသဝက္ခယဉာဏ်
တို့ ဖြစ်ကြသည်။ အတိုကောက်အားဖြင့် ဤဉာဏ်သုံးပါးကို “ပု၊ ဒိ၊ အာ” ဟု ရေးသားပြောဆိုသုံးနှုန်းလေ့ ရှိကြသည်။

ပဋိသမ္ဘိဒါပတ္တ ရဟန္တာ

ပဋိသမ္ဘိဒါဉာဏ်လေးပါးနှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်ကို ပဋိသမ္ဘိဒါပတ္တရဟန္တာ ဟု ခေါ်ဆိုရသည်။ (ပဋိသမ္ဘိဒါ + ပတ္တ၊ ပဋိသမ္ဘိဒါ = ထိုးထွင်းသိတတ်သော ဉာဏ်ပညာသို့ + ပတ္တ = ရောက်ခြင်း၊ ရခြင်း)
စာမျက်နှာ-592


ပဋိသမ္ဘိဒါ လေးပါးမှာ အောက်ပါအတိုင်း ဖြစ်ကြသည် —

(၁) အတ္ထပဋိသမ္ဘိဒါ = အနက် အဓိပ္ပာယ်ကို ထိုးထွင်း သိခြင်း၊ အကျိုးတရားကို သိခြင်း၊

(၂) ဓမ္မပဋိသမ္ဘိဒါ = ပါဠိကို ထိုးထွင်းသိခြင်း၊ အကြောင်း တရားကို သိခြင်း၊

(၃) နိရုတ္တိပဋိသမ္ဘိဒါ = ဘာသာစကား တည်ဆောက်မှု သဒ္ဒါ စည်းကမ်း နည်းလမ်းကို ထိုးထွင်း၍သိခြင်း၊ (ဝါ) အရိယာတို့ အသုံးပြုသော မာဂဓ ဘာသာ သဒ္ဒါအမျိုးမျိုးကို သိခြင်း၊

(၄) ပဋိဘာနပဋိသမ္ဘိဒါ = ပြဆိုပြီး ပဋိသမ္ဘိဒါဉာဏ်သုံးမျိုးကို အကျယ် ဝေဖန်ခြင်း။

ဤပဋိသမ္ဘိဒါဉာဏ် လေးပါးကို ရရှိသော ပုဂ္ဂိုလ်သည် စာမသင်ဘဲနှင့် ထက်၏။ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့ကို လိမ္မာကျွမ်းကျင်စွာ တတ်မြောက်ပြီး ဘုရားဟော တရားတော်များ၏ အနက်အဓိပ္ပာယ်များကို ဆရာထံ မသင်ယူရဘဲ ဖွင့်ဆို ရှင်းလင်းနိုင်၏။

မြတ်စွာဘုရား လက်ထက်တော်က အရှင်စူဠပန်မထေရ်သည်လည်းကောင်း၊ လူဒါယကာများအနက် စိတ္တသူကြွယ်သည်လည်းကောင်း ပဋိသမ္ဘိဒါဉာဏ် ရရှိသူများဖြစ်၍ ဘုရားဟော တရားတော်များကို ပြန်လည် ရှင်းလင်း ဟောကြားနိုင်ကြသည်။

အရှင်စူဠပန်မထေရ်သည် ပုထုဇဉ်ဘဝက ဂါထာတစ်ဂါထာမျှကို ဝါတွင်းသုံးလ ကျက်၍ မရနိုင် ဖြစ်ခဲ့သည်။ ရဟန္တာအဖြစ်သို့ ရောက်သောအခါ ပဋိသမ္ဘိဒါဉာဏ် လေးပါးကို ရရှိသောကြောင့် ရဟန္တာဖြစ်သည့်နေ့မှာပင် မြတ်စွာဘုရား၏ ရှေးတော်မှောက်၌ ပရိသတ်များအား အနုမောဒနာတရား ဟောကြားချီးမြှင့်နိုင်သည်။

သုက္ခဝိပဿက ရဟန္တာ

ဈာန်အဘိညာဉ် တန်ခိုးဣဒ္ဓိပါဒ်တည်းဟူသော အဆီအစေးခြောက်ခန်း၍ ဝိပဿနာဉာဏ် သက်သက်ဖြင့်သာ ရဟန္တာဖြစ်လာသော ပုဂ္ဂိုလ်များကို သုက္ခဝိပဿက ရဟန္တာ ဟု ခေါ်သည်။ (သုက္ခ + ဝိပဿက၊ သုက္ခ = ခြောက်သွေ့သော + ဝိပဿက = ဝိပဿနာဉာဏ်ရှိသူ)
စာမျက်နှာ-593


ဤရဟန္တာပုဂ္ဂိုလ်မှာ မြေလျှိုးမိုးပျံ တန်ခိုးဈာန်အဘိညာဉ် တစ်ပါးကိုမျှ မရ၊ အာသဝက္ခယ ဉာဏ်တည်းဟူသော အရဟတ္တမဂ်ဉာဏ်ကိုသာ ရရှိသည်။ လောကီဈာန်ရှစ်ပါး၊ သမာပတ် ရှစ်ပါးကိုလည်းကောင်း၊ လောကီအဘိညာဉ် ငါးပါးကိုလည်းကောင်း၊ သို့မဟုတ် ပုဗ္ဗေနိဝါသဉာဏ်နှင့် ဒိဗ္ဗစက္ခုဉာဏ်ကို လည်းကောင်း၊ ပဋိသမ္ဘိဒါ ဉာဏ်လေးပါးကိုလည်းကောင်း မရရှိချေ။

လောကီဈာန် အဘိညာဉ်များမှာ ရှေးပါရမီကုသိုလ် ဆုတောင်းကြောင့် အရဟတ္တမဂ်ဉာဏ်ကို ရသည်နှင့်အပြိုင်နက် ရသည်လည်းရှိ၏။ ဝိပဿနာတရားကို အားမထုတ်မီ လောကီဈာန်ရှစ်ပါး၊ သမာပတ်ရှစ်ပါးတို့ကို လိမ္မာကျွမ်းကျင်အောင် အားထုတ်၍ ယင်းဈာန်သမာပတ် အဘိညာဉ်တို့ကို ရပြီးနောက်မှ ဝိပဿနာဉာဏ်သို့ ကူးပြောင်းကာ အရဟတ္တမဂ်ဉာဏ်သို့ ဆိုက်ရောက်သည် လည်းရှိ၏။ ကြိုတင်အားထုတ်မှုကြောင့် ဖြစ်စေ၊ ပါရမီကုသိုလ်ကြောင့် ဖြစ်စေ လောကီအဘိညာဉ်များ ရရှိသောပုဂ္ဂိုလ်ကို ဆဠဘိညရဟန္တာ၊ တေဝိဇ္ဇရဟန္တာဟု ခေါ်ဆိုနိုင်သည်။ ဈာန်အဘိညာဉ် မရသော ရဟန္တာပုဂ္ဂိုလ်ကို သုက္ခဝိပဿက ရဟန္တာဟု ခေါ်ဆိုနိုင်သည်။

အရိယာပုဂ္ဂိုလ် ၈-ယောက်

မိမိတို့ရရှိထားသော လောကုတ္တရာ မဂ်ဉာဏ်လေးပါး၊ ဖိုလ်ဉာဏ်လေးပါးကို အကြောင်းပြု၍ အရိယာပုဂ္ဂိုလ် ရှစ်ယောက်တို့ကို အောက်ပါအတိုင်း ရေတွက်ကြသည် —
(၁) သောတာပတ္တိ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်
(၂) သကဒါဂါမိ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်
(၃) အနာဂါမိ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်
(၄) အရဟတ္တ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်
(၅) သောတာပတ္တိ ဖလဋ္ဌာန်ပုဂ္ဂိုလ်
(၆) သကဒါဂါမိ ဖလဋ္ဌာန်ပုဂ္ဂိုလ်
(၇) အနာဂါမိ ဖလဋ္ဌာန်ပုဂ္ဂိုလ်
(၈) အရဟတ္တ ဖလဋ္ဌာန်ပုဂ္ဂိုလ်
စာမျက်နှာ-594


မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်လေးယောက်တို့မှာ မဂ်စိတ္တုပ္ပါဒ် ဖြစ်ဆဲခဏကိုသာ ယူရမည် ဖြစ်သည်။ မဂ်စိတ်သည် တစ်မျိုးလျှင် တစ်ကြိမ်သာ ဖြစ်ခွင့်ရှိ၍ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ဟု ခေါ်ဆိုရသော ပုဂ္ဂိုလ်၏သက်တမ်းမှာ စိတ္တက္ခဏ တစ်ချက်စာမျှသာ ရှိသည်။ ဖလဋ္ဌာန်ပုဂ္ဂိုလ်မှာမူ ဖိုလ်စိတ်သည် မကြာခဏ အကြိမ်များစွာ ဖြစ်ခွင့်ရှိ၍ ဖြစ်နိုင်သောကြောင့် မဂ်စိတ်ဖြစ်ပြီးနောက်ပိုင်း ပရိနိဗ္ဗာန်စံသည့် ကာလအထိ ဖလဋ္ဌာန်ပုဂ္ဂိုလ်ဟု ခေါ်ဆိုရသည်။

ဖလဋ္ဌာန်ပုဂ္ဂိုလ်များကို အမည်ပေးရာ၌ သောတာပတ္တိဖလဋ္ဌာန် ပုဂ္ဂိုလ်ကို သောတာပန် ဟု ခေါ်ဆိုရသည်။ သကဒါဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ်ကို သကဒါဂါမ် ဟု ခေါ်ဆိုရသည်။ အနာဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ်ကို အနာဂါမ် ဟု ခေါ်ဆိုရသည်။ အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ်ကို ရဟန္တာ ဟု ခေါ်ဆိုရသည်။ ထိုအရိယာပုဂ္ဂိုလ် ရှစ်ယောက်တို့အနက် ဖလဋ္ဌာန်ပုဂ္ဂိုလ် လေးယောက်တို့ကို ထပ်မံ၍ ခွဲခြားနိုင်သည်။

သောတာပန် - ၃-မျိုး

(၁) သတ္တက္ခတ္တုပရမ သောတာပန် = ကာမဘုံတွင် လူ့ဘဝ၊ နတ်ဘဝတို့၌ သောတာပန် အဖြစ်ဖြင့် ခုနစ်ဘဝ ကျင်လည်နိုင်သည်။ ဤကာမဘုံ၌ ခုနစ်ဘဝ ပြည့်သောအခါ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံရသည်။ ရူပဘုံ၊ အရူပဘုံသို့တက်၍ သကဒါဂါမ်၊ အနာဂါမ် အဖြစ်ဖြင့် ဘုံစဉ်စံရပါမူ ခုနစ်ဘဝမက ဖြစ်နိုင်သည်။ (သတ္တ = ခုနစ် + ခတ္တု = အကြိမ် + ပရမ = အလွန်ဆုံး)

(၂) ကောလံကောလ သောတာပန် = နှစ်ကြိမ်မှ ခြောက်ကြိမ်အထိ ပဋိသန္ဓေနေရသော သောတာပန်။ (ကောလံ = တစ်ခုသော အမျိုးမှ + ကောလ = တစ်ခုသော အမျိုးသို့)

(၃) ဧကဗီဇီ သောတာပန် = နောက်ထပ် တစ်ကြိမ်သာ ပဋိသန္ဓေ နေရသော သောတာပန်။ (ဧက = တစ်ကြိမ် + ဗီဇီ = ပဋိသန္ဓေမျိုးစေ့ရှိသူ)

ထိုကဲ့သို့ သောတာပန်သုံးမျိုး ကွဲပြားရခြင်းမှာ ဝိပဿနာဉာဏ်နုံ့နှေးမှု၊ အလယ်အလတ်ဖြစ်မှု၊ ထက်မြက်မှု သုံးမျိုးကွဲခြင်းကြောင့် ဖြစ်သည်။
စာမျက်နှာ-595


သကဒါဂါမိ ၅-မျိုး

ဤလူ့ပြည်သို့ တစ်ကြိမ်သာ လာရောက်ခြင်းရှိသောကြောင့် သကဒါဂါမ်ဟု ခေါ်သည်။ (သကိံ = တစ်ကြိမ် + အာဂါမီ = လာရောက်ခြင်း)
ထိုသကဒါဂါမ်သည် အောက်ပါအတိုင်း ၅-မျိုးရှိသည် —

(၁) ဣဓ ပတွာ ဣဓ ပရိနိဗ္ဗာယီ = ဤလူ့ပြည်၌ သကဒါဂါမိမဂ်ကို ရ၍ ဤလူ့ပြည်မှာပင် ပရိနိဗ္ဗာန်စံသော သကဒါဂါမ်၊

(၂) ဣဓ ပတွာ တတ္ထ ပရိနိဗ္ဗာယီ = ဤလူ့ပြည်၌ သကဒါဂါမိမဂ်ကို ရ၍ ထိုနတ်ပြည်၌ ပရိနိဗ္ဗာန်စံသော သကဒါဂါမ်၊

(၃) တတ္ထ ပတွာ တတ္ထ ပရိနိဗ္ဗာယီ = ထိုနတ်ပြည်၌ သကဒါဂါမိမဂ်ကို ရ၍ နတ်ပြည်မှာပင် ပရိနိဗ္ဗာန်စံသော သကဒါဂါမ်၊

(၄) တတ္ထ ပတွာ ဣဓ ပရိနိဗ္ဗာယီ = ထိုနတ်ပြည်၌ သကဒါဂါမိမဂ်ကို ရ၍ ဤလူ့ပြည်၌ ပရိနိဗ္ဗာန်စံသော သကဒါဂါမ်၊

(၅) ဣဓ ပတွာ တတ္ထ နိဗ္ဗတ္တိတွာ ဣဓ ပရိနိဗ္ဗာယီ = ဤလူ့ပြည်၌ သကဒါဂါမိမဂ်ကို ရ၍ နတ်ပြည်၌ တစ်ကြိမ်ဖြစ်ပြီးလျှင် ဤလူ့ပြည်သို့ ပြန်လာ၍ ပရိနိဗ္ဗာန်စံသော သကဒါဂါမ်။

အနာဂါမ် ၅-မျိုး

ဤကာမဘုံသို့ တစ်ဖန် ပြန်မလာသောကြောင့် အနာဂါမိ (အနာဂါမ်) ဟု ခေါ်သည်။ (အာဂါမီ = လာရောက်ခြင်းရှိသူ + န = မဟုတ်)

ယင်းအနာဂါမ်ပုဂ္ဂိုလ်တို့သည် သဒ္ဓါ၊ ဝီရိယ စသော ဣန္ဒြေတို့၏ အနုအရင့်ကိုလိုက်၍ အောက်ပါအတိုင်း ၅-မျိုး ကွဲပြားသည် —

(၁) အန္တရာပရိနိဗ္ဗာယီ = မိမိရောက်ရှိနေသော သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံ သက်တမ်း၏ ထက်ဝက်အတွင်းမှာပင် အရဟတ္တဖိုလ်သို့ရောက်၍ ပရိနိဗ္ဗာန်ပြုသော အနာဂါမ် ပုဂ္ဂိုလ်၊

စာမျက်နှာ-596


(၂) ဥပဟစ္စပရိနိဗ္ဗာယီ = မိမိရောက်ရှိနေသော သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံ၏ သက်တမ်း တစ်ဝက် ကျော်ပြီးသောအခါမှ အရဟတ္တဖိုလ်ကို ရ၍ ပရိနိဗ္ဗာန်ပြုသော အနာဂါမ်ပုဂ္ဂိုလ်၊

(၃) အသင်္ခါရပရိနိဗ္ဗာယီ = ဆင်းရဲငြိုငြင်ခြင်းမရှိ၊ အလွယ်တကူ ရဟန္တာ ဖြစ်ရသော အနာဂါမ်ပုဂ္ဂိုလ်၊

(၄) သသင်္ခါရပရိနိဗ္ဗာယီ = လုံ့လ ပယောဂ စိုက်ထုတ်၍ ငြိုငြင်ပင်ပန်း ခဲယဉ်းစွာဖြင့် ရဟန္တာဖြစ်ရသော အနာဂါမ်ပုဂ္ဂိုလ်၊

(၅) ဥဒ္ဓံသောတအနာဂါမီ = အထက်ဗြဟ္မာဘုံသို့ တက်ရောက်၍ ရဟန္တာ ဖြစ်ပြီး ပရိနိဗ္ဗာန်စံသော အနာဂါမ်ပုဂ္ဂိုလ်။

ဥဒ္ဓံသောတ အနာဂါမ်ပုဂ္ဂိုလ် သည် —
(၁) သုဒ္ဓါဝါသငါးဘုံ ဘုံစဉ်စံ၍ အကနိဋ္ဌဘုံ၌ ပရိနိဗ္ဗာန်ပြုသော ပုဂ္ဂိုလ်၊

(၂) အကနိဋ္ဌဘုံသို့ မရောက်မီ အောက်သုဒ္ဓါဝါသ လေးဘုံမှာပင် ရဟန္တာ ဖြစ်၍ ပရိနိဗ္ဗာန်စံရသော ပုဂ္ဂိုလ်၊

(၃) ဤလူ့ပြည်မှ စုတေ၍ အကနိဋ္ဌဘုံသို့ ရောက်ရှိပြီး ပရိနိဗ္ဗာန်စံရသော ပုဂ္ဂိုလ်၊

(၄) ဤလူ့ပြည်မှ အနာဂါမ်ပုဂ္ဂိုလ်သည် သုဒ္ဓါဝါသ အောက်လေးဘုံတွင် တစ်ခုခုသောဘုံ၌ ရောက်ရှိ၍ ထိုဘုံမှာပင် ပရိနိဗ္ဗာန်စံရသော ပုဂ္ဂိုလ် — ဟူ၍ ဤသို့အားဖြင့် ဥဒ္ဓံသောတ အနာဂါမ် ပုဂ္ဂိုလ် လေးမျိုးရှိသည်။

ရဟန္တာ ၅-မျိုး

ရဟန္တာပုဂ္ဂိုလ်သည်လည်း အောက်ပါအတိုင်း ငါးမျိုးရှိသည် —

(၁) ပညာဝိမုတ္တ ရဟန္တာ = သုက္ခဝိပဿက ရဟန္တာနှင့် ရူပဈာန် လေးပါးမှ ထ၍ အရဟတ္တဖိုလ်ရသော ရဟန္တာပုဂ္ဂိုလ်၊

(၂) ဥဘတောဘာဂဝိမုတ္တရဟန္တာ = အရူပဈာန်ကို ရပြီးနောက် အရဟတ္တဖိုလ်သို့ ရောက်သော ရဟန္တာပုဂ္ဂိုလ်၊

(၃) တေဝိဇ္ဇ ရဟန္တာ = (ပြဆိုခဲ့ပြီ)
(၄) ဆဠဘိည ရဟန္တာ = (ပြဆိုခဲ့ပြီ)
(၅) ပဋိသမ္ဘိဒါပတ္တ ရဟန္တာ = (ပြဆိုခဲ့ပြီ)
စာမျက်နှာ-597


အရိယာပုဂ္ဂိုလ် ၇-မျိုး

မဂ်ဉာဏ်၏ ရှေးအဖို့ဖြစ်သော ဝုဋ္ဌာနဂါမိနီဝိပဿနာ (သင်္ခါရုပေက္ခာဉာဏ်) ၏ ထက်မြက်မှု၊ မထက်မြက်မှုကိုလိုက်၍ အရိယာပုဂ္ဂိုလ် (၇)မျိုး ရှိသည်။ ၎င်းတို့မှာ-
(၁) သဒ္ဓါနုသာရီ ပုဂ္ဂိုလ် = ယုံကြည်မှုသို့ အစဉ်လိုက်သော ပုဂ္ဂိုလ်၊

(၂) သဒ္ဓါဝိမုတ္တ ပုဂ္ဂိုလ် = သဒ္ဓါလွန်ကဲမှုဖြင့် အာသဝေါတရားမှ လွတ်သော ပုဂ္ဂိုလ်၊

(၃) ကာယသက္ခိ ပုဂ္ဂိုလ် = ကိုယ်တိုင် တွေ့ထိ၍ သက်သေခံနိုင်သော ပုဂ္ဂိုလ်၊
(၄) ဥဘတောဘာဂဝိမုတ္တ ပုဂ္ဂိုလ် = နှစ်ကြိမ်လွတ်မြောက်သော ပုဂ္ဂိုလ်၊
(၅) ဓမ္မာနုသာရီ ပုဂ္ဂိုလ် = ပညာဖြင့် အစဉ်အောက်မေ့တတ်သော ပုဂ္ဂိုလ်၊

(၆) ဒိဋ္ဌိပ္ပတ္တ ပုဂ္ဂိုလ် = သစ္စာလေးပါးကို သိမြင်ပြီးလျှင် ချက်ချင်း နိဗ္ဗာန်ရောက်သော ပုဂ္ဂိုလ်၊

(၇) ပညာဝိမုတ္တ ပုဂ္ဂိုလ် = ပညာဖြင့် လွတ်မြောက်သော ပုဂ္ဂိုလ်။

သဒ္ဓါနုသာရီပုဂ္ဂိုလ် ဟူသည် အနိစ္စာနုပဿနာ၌ ထက်မြက်၍ သဒ္ဓါလွန်ကဲသော ပုဂ္ဂိုလ် ဖြစ်သည်။ သောတာပတ္တိ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်ကို ဆိုလိုသည်။ သဒ္ဓါဝိမုတ္တပုဂ္ဂိုလ် ဟူသည် အနိစ္စာနုပဿနာကို နှလုံးသွင်း၍ အထက်မဂ်သုံးပါး၊ အောက်ဖိုလ်သုံးပါးသို့ ရောက်ရှိဆဲပုဂ္ဂိုလ် ဖြစ်သည်။

ကာယသက္ခိပုဂ္ဂိုလ် ဟူသည် သမာပတ် ရှစ်ပါးကို ရသော ယောဂီသည် အထက်မဂ်သုံးပါး၊ အောက်ဖိုလ်သုံးပါး ဤခြောက်ဌာန၌ ဈာန်အတွေ့အထိကို နာမကာယဖြင့် ကိုယ်တိုင် တွေ့ထိပြီးနောက် နိဗ္ဗာန်ကို မျက်မှောက် ပြုရသော ပုဂ္ဂိုလ် ဖြစ်သည်။

ဥဘတောဘာဂဝိမုတ္တ ပုဂ္ဂိုလ် ဟူသည် ဈာန်သမာပတ်အခိုက်၌ ဝိက္ခမ္ဘနဝိမောက္ခဖြင့် တစ်ကြိမ် လွတ်မြောက်သည်၊ မဂ်ကို ရောက်ဆဲခဏ၌ သမုစ္ဆေဒဝိမောက္ခဖြင့် တစ်ကြိမ် လွတ်မြောက်သည်၊ ဤသို့ နှစ်ကြိမ် လွတ်မြောက်ခြင်း ရှိသော ပုဂ္ဂိုလ်ဖြစ်သည်။

ဓမ္မာနုသာရီပုဂ္ဂိုလ် ဟူသည် အနတ္တအားဖြင့် နှလုံးသွင်း၍ သောတာပတ္တိမဂ် ရသော ပုဂ္ဂိုလ်ကို ဆိုလိုသည်။
စာမျက်နှာ-598


ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ် ဟူသည် အနတ္တအားဖြင့် နှလုံးသွင်း၍ အထက်မဂ်သုံးခု၊ အောက်ဖိုလ်သုံးခုကို ရရှိသောအခိုက်ဖြစ်သော ပုဂ္ဂိုလ်ကို ဆိုလိုသည်။

ပညာဝိမုတ္တပုဂ္ဂိုလ် ဟူသည် သုက္ခဝိပဿက ရဟန္တာနှင့် ရူပဈာန်လေးပါးမှ ထ၍ အရဟတ္တဖိုလ်ကို ရသော ရဟန္တာတို့ ဖြစ်ကြသည်။

မဂ္ဂဋ္ဌာန်လေးယောက်၊ ဖလဋ္ဌာန်လေးယောက်တည်းဟူသော အရိယာပုဂ္ဂိုလ် ရှစ်ယောက်တို့ကို သဒ္ဓါနုသာရီ စသော အရိယာ ၇-မျိုးနှင့် တွဲစပ်ကြည့်ပါက သောတာပတ္တိ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်သည် သဒ္ဓါနုသာရီနှင့် ဓမ္မာနုသာရီ ပုဂ္ဂိုလ်မည်၏။ အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ်သည် ပညာဝိမုတ္တနှင့် ဥဘတောဘာဂဝိမုတ္တပုဂ္ဂိုလ် မည်၏။ အထက်မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် သုံးယောက်၊ အောက်ဖလဋ္ဌာန်ပုဂ္ဂိုလ်သုံးယောက် ဤခြောက်ယောက်တို့ကို သဒ္ဓါဝိမုတ္တ၊ ဒိဋ္ဌိပ္ပတ္တ၊ ကာယသက္ခိ ဟူ၍ ခေါ်ဆိုရသည်။

ထို့ကြောင့် သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် နှစ်မျိုး၊ အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ် နှစ်မျိုး၊ အထက်မဂ္ဂဋ္ဌာန်နှင့် အောက်ဖလဋ္ဌာန်ပုဂ္ဂိုလ် သုံးမျိုး ကွဲပြားသည်ကို မှတ်ရမည်။

သောတာပတ္တိမဂ်ဖြင့် ပယ်သော ကိလေသာများ

သောတာပတ္တိမဂ်ဉာဏ်သည် သက္ကာယဒိဋ္ဌိသံယောဇဉ်၊ ဝိစိကိစ္ဆာသံယောဇဉ်၊ သီလဗ္ဗတပရာမာသသံယောဇဉ် ဤသုံးပါးတို့ကို အကြွင်းမဲ့ ပယ်၏။ ကာမရာဂသံယောဇဉ်နှင့် ပဋိဃသံယောဇဉ်ကိုမူ အပါယ်သို့ လားစေနိုင်သည့်အစွမ်းသတ္တိကို ပယ်၏။ မုသာဝါဒ၊ မိစ္ဆာကမ္မန္တနှင့် မိစ္ဆာအာဇီဝတို့ကိုလည်း သောတာပတ္တိမဂ်ဉာဏ်က ပယ်၏။ ဝန်တိုနှမြောခြင်း မစ္ဆရိယကို သောတာပတ္တိမဂ်ဉာဏ်က ပယ်၏။ အနိစ္စကို နိစ္စ ဟူ၍လည်းကောင်း၊ အနတ္တကို အတ္တ ဟူ၍လည်းကောင်း၊ အမှတ်မှားခြင်း = သညာဝိပ္ပလ္လာသ၊ အသိမှားခြင်း = စိတ္တဝိပ္ပလ္လာသ၊ အယူမှားခြင်း = ဒိဋ္ဌိဝိပ္ပလ္လာသတို့ကိုလည်းကောင်း၊ ဒုက္ခကို သုခ ဟူ၍လည်းကောင်း၊ အသုဘကို သုဘ ဟူ၍လည်းကောင်း၊ အယူလွဲမှားခြင်း = ဒိဋ္ဌိဝိပ္ပလ္လာသတို့ကို လည်းကောင်း သောတာပတ္တိမဂ်ဉာဏ်က ပယ်သည်။

တရားစီရင် ဆုံးဖြတ်ရာ၌ အဂတိလိုက်စားခြင်းတည်းဟူသော အဂတိတရားလေးပါးကို သောတာပတ္တိမဂ်ဉာဏ်က ပယ်၏။ ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ၊ မိစ္ဆာဒိဋ္ဌိ ဟူသော အကုသလကမ္မပထတရား ငါးပါးကို သောတာပတ္တိမဂ်ဉာဏ်က ပယ်၏။
စာမျက်နှာ-599


ထို့ပြင် သူ့ကျေးဇူးကို ချေဖျက်ခြင်း = မက္ခ၊ အပြိုင်ပြုခြင်း (ကိုယ့်ထက်သာ မနာလိုခြင်း) = ဣဿာ၊ ဝန်တိုနှမြောခြင်း = မစ္ဆရိယ၊ မိမိအပြစ်ကို ဖုံးလွှမ်းခြင်း = မာယာ၊ ဟန်ဆောင် ဝါကြွားပလွှားခြင်း = သာဌေယျ၊ ဤတရားဆိုး ခြောက်ပါးတို့ကို သောတာပတ္တိမဂ်ဉာဏ်က ပယ်၏။

သောတာပန် စစ်တမ်း

သောတာပန်ပုဂ္ဂိုလ်သည် အပါယ်တံခါး ပိတ်လေပြီ။ ငရဲသို့ ဘယ်တော့မှ မကျရောက်တော့ချေ။ တိရစ္ဆာန်ဘဝ၊ ပြိတ္တာဘဝ၊ အသူရကာယ်ဘဝသို့လည်း မရောက်တော့ချေ။ ထို့ကြောင့် ဘဝသံသရာတစ်လျှောက်၌ ကြီးကျယ်လှစွာသော ဆင်းရဲဒုက္ခများမှ ကင်းလွတ်သွားပြီဖြစ်၍ မည်မျှချမ်းသာမည်ကို ခန့်မှန်းနိုင်ပေမည်။ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည် ဟူသော သုဂတိဘုံဘဝတို့၌သာ ကျင်လည်ရတော့မည် ဖြစ်သည်။ သောတာပန် ဟုတ် မဟုတ် မိမိကိုယ်ကိုမိမိ စစ်ဆေးကြည့်နိုင်သည်။ သူတစ်ပါးကိုလည်း ကြည့်ရှုစစ်ဆေး အကဲဖြတ်နိုင်သည်။

သောတာပန် ဖြစ်ပြီးသော ပုဂ္ဂိုလ်သည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့၌ မတုန်မလှုပ် သက်ဝင် ယုံကြည်မှု ရှိ၏။ သီလကိုလည်း အကျိုးအပေါက် အပြောက်အကြား မရှိရအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်၏။ စည်းစိမ်ဥစ္စာဖြင့် ဖျားယောင်း၍လည်းကောင်း၊ အသက်သွေးဖြင့် ခြိမ်းခြောက်၍လည်းကောင်း သတ်ဖြတ်မှု၊ ခိုးယူလုယက်မှု စသော ငါးပါးသီလကို ဖောက်ဖျက်ရန် စေခိုင်းသော်လည်း ဘယ်သောအခါမျှ ကျူးလွန်လိမ့်မည် မဟုတ်။ ဘုရားရှိခိုးခြင်း၊ ဘုရားအား ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး လှူဒါန်းခြင်း၊ တရားနာယူလိုခြင်းတို့ဖြင့် ရတနာသုံးပါးအပေါ် ကြည်ညိုသည့် အတိုင်းအတာ မည်မျှရှိသည်ကို ခန့်မှန်းနိုင်ပေသည်။ သောတာပန်ဟု အမည်ခံလိုလျက် ဘုရားရှိခိုးခြင်း မပြု၊ အလှူအတန်းလည်း ဝါသနာမပါ၊ သံဃာတော်အားလည်း မရိုသေ၊ ငါးပါးသီလကိုမျှ မလုံခြုံပါမူ အဘယ်မှာ သောတာပန် ဖြစ်နိုင်အံ့နည်း။

သက္ကာယဒိဋ္ဌိ အယူအစွဲနှင့် ဝိစိကိစ္ဆာတို့သည် ပြင်ပသဏ္ဌာန်၌ တိုက်ရိုက်မပေါ်လွင်သောကြောင့် မသိသာသော်လည်း ဣဿာ၊ မစ္ဆရိယတရား နှစ်ပါးမှာမူ ကာယကံ ဝစီကံတို့၌ ဖော်ပြနေ၍ သိသာထင်ရှားလှပေသည်။ ထို့ကြောင့် ပုဂ္ဂိုလ်တစ်ယောက်၏ သန္တာန်၌ ဣဿာ၊ မစ္ဆရိယ မည်မျှ ထူပြောသည်၊ မည်မျှ နည်းပါးသည်ကို အကဲခတ်နိုင်၏။ ရိပ်အရောင်မျှ မတွေ့ရလောက်အောင် ဣဿာ၊ မစ္ဆရိယ ကင်းကွာနေသည်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ရပါမူ ထိုပုဂ္ဂိုလ်ကို သောတာပန် အဖြစ်ဖြင့် ရိုသေမြတ်နိုး ကိုးကွယ်ဆည်းကပ်နိုင်ပါသည်။
စာမျက်နှာ-600


သောတာပန်ပုဂ္ဂိုလ်သည် အလွန် သဒ္ဓါတရား ထက်သန်သည်။ ဝိစိကိစ္ဆာသည် သဒ္ဓါတရား၏ ဆန့်ကျင်ဘက် ဖြစ်သည်။ ထို့ကြောင့် ဝိစိကိစ္ဆာပယ်ပြီးသော သောတာပန်ပုဂ္ဂိုလ်အား သဒ္ဓါတရားလွန်စွာ ထက်သန်နေတော့သည်။ လှူဒါန်းပေးကမ်းခြင်း၌ လွန်စွာ ရက်ရောလှပေသည်။ မိမိ မစားဘဲ မဆောင်ဘဲ အငတ်ခံ၍ လှူဒါန်းလေ့ရှိသည်။

သကဒါဂါမိမဂ်ဖြင့် ပယ်သောကိလေသာများ

သကဒါဂါမိမဂ်ဉာဏ်သည် ရုန့်ရင်းကြမ်းတမ်းသော ကာမရာဂသံယောဇဉ်နှင့် ပဋိဃသံယောဇဉ်တို့ကို ပယ်သတ်သည်။ သောတာပတ္တိမဂ်ဉာဏ်က မပယ်ရသေးသော ကိလေသာများ၊ သံယောဇဉ်များကို နည်းပါးသည်ကို ပြု၍ ပယ်သည်။

အနာဂါမိမဂ်ဖြင့် ပယ်သော ကိလေသာများ

အနာဂါမိမဂ်သည် ကာမရာဂသံယောဇဉ်နှင့် ပဋိဃသံယောဇဉ်တို့ကို အကြွင်းအကျန်မရှိ ပယ်သတ်သည်။ ဒေါသကိလေသာကို ပယ်သတ်သည်။ မိစ္ဆာသင်္ကပ္ပနှင့် ပိသုဏဝါစာ၊ ဖရုသဝါစာတို့ကိုလည်း ပယ်သတ်သည်။ အသုဘကို သုဘအဖြစ် ဖောက်ပြန်စွာ မှတ်သားခြင်း၊ သိခြင်း သညာဝိပ္ပလ္လာသနှင့် စိတ္တဝိပ္ပလ္လာသကိုလည်း ပယ်သတ်သည်။ နီဝရဏတရားတို့တွင် ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ ဟူသော နီဝရဏတရား (၃)ပါး (မှတ်ချက် - စာမူ၌ သုံးပါးဟုပါသော်လည်း ဝိစိကိစ္ဆာအပါအဝင် ၅ ပါးလုံးကိုဆိုလိုဟန်ရှိသည်) တို့ကို ပယ်သတ်သည်။

ထို့ကြောင့် အနာဂါမ်ပုဂ္ဂိုလ်သည် ကာမဂုဏ်မှီဝဲမှု ကာမဂုဏ်ခံစားမှု လုံးဝ မရှိတော့ချေ။ ဒေါသအခြေခံ၍ ကုန်းတိုက်စကား၊ ကြမ်းတမ်းစွာ ဆဲရေးကြိမ်းမောင်းသော စကားများကို မဆိုတော့ချေ။ မေတ္တာဓာတ် အားကြီးလာ၍ အပြောအဆို အမူအရာ အလွန်နူးညံ့သိမ်မွေ့လာသည်။

အရဟတ္တမဂ်ဖြင့် ပယ်သော ကိလေသာများ

အရဟတ္တမဂ်သည် ရူပဘုံဘဝ၌ တွယ်တာတပ်မက်မှု၊ အရူပဘုံဘဝ၌ တွယ်တာတပ်မက်မှု၊ မာနထောင်လွှားမှု၊ ဥဒ္ဓစ္စ ပျံလွှင့်မှု၊ အဝိဇ္ဇာ မိုက်မဲမှု ဟူသော ဤသံယောဇဉ် ငါးပါးတို့ကို ပယ်၏။ ကိလေသာ ဆယ်ပါးတို့အနက် လိုချင်မှု လောဘ၊ မသိမိုက်မဲမှု မောဟ၊ ထောင်လွှားမှု မာန၊ လေးလံထိုင်းမှိုင်းမှု ထိန၊ ပျံလွင့်မှု ဥဒ္ဓစ္စ၊ အရှက်မရှိမှု အဟိရိက၊ မကြောက်လန့်တတ်မှု အနောတ္တပ္ပ ဤကိလေသာ (၇)ပါးတို့ကိုလည်း အရဟတ္တမဂ်က ပယ်သည်။

သမ္ဖပ္ပလာပဝါစာ၊ မိစ္ဆာဝါယာမ၊ မိစ္ဆာသတိ၊ မိစ္ဆာသမာဓိ၊ မိစ္ဆာဝိမုတ္တိနှင့် မိစ္ဆာဉာဏ်တို့ကို အရဟတ္တမဂ်ဉာဏ်က ပယ်သတ်သည်။ လာဘ်ရခြင်း၊ အခြွေအရံများခြင်း၊ ချမ်းသာသုခ ရခြင်း၊ အချီးမွမ်းခံရခြင်းတို့ကြောင့် ဖြစ်သော
စာမျက်နှာ-601


သာယာမှု လောဘကို အရဟတ္တမဂ်က ပယ်သည်။ ဝိပ္ပလ္လာသတရားတို့တွင် ဒုက္ခကို သုခဟု အမှတ်လွဲခြင်း၊ အသိလွဲခြင်း သညာဝိပ္ပလ္လာသနှင့် စိတ္တဝိပ္ပလ္လာသကို အရဟတ္တမဂ်က ပယ်သည်။

ထို့ပြင် သူတစ်ပါး စည်းစိမ်ကို တပ်မက်မှု အဘိဇ္ဈာ၊ မတရားရလိုမှု ဝိသမလောဘ၊ ရိုင်းစိုင်းခက်ထန်မှု ထမ္ဘ၊ သူတစ်ပါးအပေါ် အပေါ်စီး အသာစီး အနိုင်ရလို၍ လွှမ်းမိုးချုပ်ချယ်ခြင်း သာရမ္ဘ၊ ထောင်လွှားခြင်း မာန၊ အလွန်ထောင်လွှားခြင်း အတိမာန၊ မာန်ယစ်ခြင်း မဒ ဤတရား (၆)ပါးတို့ကို အရဟတ္တမဂ်က ပယ်သည်။

မဂ်ဉာဏ်က ကိလေသာပယ်ပုံ

လောဘ၊ ဒေါသ၊ မာန စသော ကိလေသာတရားတို့သည် ဥပါဒ်၊ ဌီ၊ ဘင် သဘောအားဖြင့် ဖြစ်ပြီးနောက် ပျက်သွားကြသည်။ ဖြစ်ဆဲခဏ ပစ္စုပ္ပန်ခဏ၌သာ ရှိကြသည်။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့သည်လည်း ဥပါဒ်၊ ဌီ၊ ဘင် သဘောအားဖြင့် ဖြစ်ပြီးနောက် ချုပ်ပျောက်သွားကြသည်။ ရုပ်ခန္ဓာ နာမ်ခန္ဓာ သန္တတိဖြစ်စဉ်ကြီး အတွင်း၌ ကိလေသာတရားများ ဖြစ်နေခိုက် မဂ်ဉာဏ် မဖြစ်နိုင်ချေ။ မဂ်ဉာဏ် ဖြစ်နေခိုက်၌လည်း ကိလေသာတရားများ မဖြစ်နိုင်ချေ။

ထို့ကြောင့် မဂ်ဉာဏ်သည် ပစ္စုပ္ပန်ကိလေသာကို ပယ်ရန် မဖြစ်နိုင်ချေ။ အကြောင်းမူ မဂ်ဉာဏ်ဖြစ်ခိုက်၌ ကိလေသာ ယှဉ်ပြိုင်၍ မဖြစ်နိုင်သောကြောင့်တည်း။

မဂ်ဉာဏ်သည် အတိတ်ကိလေသာကို ပယ်သည်ဟု ဆိုရန်မှာလည်း အတိတ်ကိလေသာတို့သည် အလိုအလျောက် ချုပ်ပျောက် ချုပ်ငြိမ်းသွားပြီဖြစ်၍ သေပြီးသောသူကို သတ်ရန် မဖြစ်နိုင်သကဲ့သို့ အတိတ်ကိလေသာကို ပယ်ရန် မဖြစ်နိုင်ချေ။

တစ်ဖန် မဂ်ဉာဏ်သည် အနာဂတ်ကိလေသာကို ပယ်သည်ဟု ဆိုရန်မှာလည်း မဖြစ်ပေါ်သေးသော ကိလေသာတို့ကို ပယ်သတ်ရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် မဂ်ဉာဏ်သည် ကိလေသာကို ပယ်သည်ဟု ဆိုရာ၌ ပစ္စုပ္ပန်ကိလေသာကို ပယ်ခြင်းလည်း မဟုတ်၊ အတိတ်ကိလေသာကို ပယ်ခြင်းလည်း မဟုတ်၊ အနာဂတ်ကိလေသာကို ပယ်ခြင်းလည်း မဟုတ်။

ဤသို့ ဆိုပါက မဂ်ဉာဏ်သည် ကိလေသာပယ်ခြင်းအမှုကို မပြုတော့ပြီလော ဟု မေးရန်ရှိ၏။ အမှန်စင်စစ် မဂ်ဉာဏ်သည် ကိလေသာတို့ကို ပယ်သည်သာ ဖြစ်၏။ ကိလေသာပယ်ပုံမှာ ကျွန်ုပ်တို့၏ ရုပ်ခန္ဓာ နာမ်ခန္ဓာ သန္တတိဖြစ်စဉ်
စာမျက်နှာ-602


ကြီးသည် ပင်ကိုသဘာဝအားဖြင့် လောဘ၊ ဒေါသ၊ မာန စသော ကိလေသာတို့၏ ဖြစ်ရာဌာန၊ အကြောင်း ညီညွတ်သည့်အခါ ကိလေသာများ ဖြစ်ပေါ်လာနိုင်သော ဌာနဖြစ်သည်။ ယင်း ရုပ်ခန္ဓာ နာမ်ခန္ဓာ သန္တတိဖြစ်စဉ်ကြီး၌ အရိယာမဂ်တည်းဟူသော အလွန်စွမ်းအားကြီးသည့် ကုသိုလ်ဓာတ်၊ ပညာဓာတ်ကြီး ဖြစ်ပေါ်လာသောအခါ ရုပ်ခန္ဓာ နာမ်ခန္ဓာ သန္တတိဖြစ်စဉ်ကြီးသည် ဓာတ်သဘာဝအားဖြင့် ပြောင်းလဲသွားတော့သည်။ ဓာတ်သဘာဝ ပြောင်းလဲသွားသဖြင့် ယင်းခန္ဓာအစဉ်၌ လောဘ၊ ဒေါသ၊ မောဟ၊ မာန စသော ကိလေသာတို့ ကျရောက်ပေါက်ပွားနိုင်ခြင်း မရှိတော့ချေ။ စိတ်ဓာတ်၊ ရုပ်ဓာတ်များ အပြောင်းလဲကြီး ပြောင်းလဲသွားပြီဖြစ်၍ ကိလေသာများ ဖြစ်ပေါ်ရန် အခွင့်မရှိတော့ချေ။ ဖြစ်ပေါ်ရန် အခြေအနေ မပေးတော့ချေ။

ထို့ကြောင့် ပယ်သည်ဟု ဆိုရာ၌ နောင်တစ်ချိန် လုံးဝ မဖြစ်စေရန် ပြုလုပ်ခြင်းဖြစ်သည်။ ဥပမာ သရက်ပင်ကြီး တစ်ပင်၌ အသီးသီးနိုင်သော ဓာတ်သဘာဝသည် အမြစ်၊ ပင်စည်၊ အခက်အလက်၊ အညွန့်၊ အရွက်၊ အပွင့်တို့၌ ပျံ့နှံ့လျက် တည်နေ၏။ ထိုသရက်ပင်ကို လုံးဝ မသီးစေလိုပါက သရက်သီးများကို ချွေပစ်ရုံဖြင့် မလုံလောက်၊ အပွင့်များ ချွေပစ်ရုံဖြင့် မလုံလောက်၊ အရွက်များ ချွေပစ်ရုံဖြင့် မလုံလောက်၊ အကိုင်းအခက်များ ခုတ်ချိုင်ရုံဖြင့် မလုံလောက်၊ အကြောင်းညီညွတ်ပါက တစ်ချိန်တစ်ခါတွင် ပြန်သီးမည်သာ ဖြစ်သည်။ ထိုသရက်ပင်ကို မသီးစေလိုသော ယောက်ျားသည် သရက်ပင်၏ လေးမျက်နှာတို့၌ မဏ္ဍကမည်သော အဆိပ်ဆူးကို ထိုးနှက်ရာ၏။ ထိုအဆိပ်ဆူးကြောင့် ထိုသရက်ပင်၌ အသီးသီးနိုင်သော ဓာတ်သဘာဝများ ပျက်စီးသွား၍ သရက်သီးများ လုံးဝ မသီးတော့ချေ။

ဤကဲ့သို့ နောက်ထပ် မသီးနိုင်အောင် ဓာတ်သဘာဝ ပြောင်းလဲပေးလိုက်ခြင်းကို နောင်တစ်ဖန် သရက်သီး မသီးနိုင်အောင် ပြုလုပ်သည်ဟု ဆိုလိုသည်။

ရုပ်ခန္ဓာ နာမ်ခန္ဓာဖြစ်စဉ် အတွင်းသို့ အရိယာမဂ်တည်းဟူသော အဆိပ်ဆူး ထည့်ပေးလိုက်သောအခါ ခန္ဓာအစဉ် ဓာတ်သဘာဝ ပြောင်းသွား၍ ကိလေသာတရားတို့ လာရောက်ကျရောက်စွဲကပ်ခြင်း မဖြစ်နိုင်တော့ဘဲ ကိလေသာ ကုန်ခန်းသည်ဟု ဆိုရသည်။

ဥပမာ တစ်နည်းကား ကျွန်ုပ်တို့သည် ငယ်ရွယ်နုနယ် ပျိုမြစ်စဉ်အချိန်က ပွဲလမ်းသဘင် လူစည်ကားရာ အရပ်ဌာနသို့ ပျော်မြူးတက်ကြွစွာ သွားလိုစိတ် ရှိ၏။ အသက်အရွယ် ကြီးရင့်လာသောအခါ ထိုပွဲခင်းမှ ဆူဆူညံညံ အသံများကို နားငြီးသည်ဟု ယူဆလာ၏။ လူထူထူ တိုးဝှေ့သွားလာရခြင်းကို ငြီးငွေ့လာ၏။
စာမျက်နှာ-603


စိတ်ကုန်လာ၏။ အသက်ရှူကျပ်သည်ဟု ထင်လာ၏။ ဤကဲ့သို့ အသက်အရွယ် ကြီးရင့်မှု၊ အတွေးအခေါ် ဉာဏ်ပညာ ရင့်ကျက်မှုကို အကြောင်းပြု၍ စိတ်ဓာတ်၊ ရုပ်ဓာတ်များ ပြောင်းလဲလာတော့သည်။ ပွဲလမ်းသဘင် ကြည့်ရှုလိုစိတ် မရှိတော့ချေ။ ပွဲလမ်းသဘင် ကြည့်ရှုလိုစိတ်ကို ဇွတ်အတင်း အဓမ္မ နှိမ်နင်းဖယ်ရှားနေရသည်မဟုတ်။ သူ့အလိုအလျောက် စိတ်ဓာတ်ပြောင်းလာခြင်း ဖြစ်သည်။ စိတ်ဓာတ်ပြောင်းလဲမှုကြောင့် ပွဲကြည့်လိုမှုများ ကုန်ခမ်းသွားသည်။

မဂ်တရားက ကိလေသာကို ပယ်ရာ၌ တစ်စိတ်တစ်ဒေသ ရိပ်စားမိစေရန် အလားတူ ဥပမာများကို ဆင်ခြင်စဉ်းစားနိုင်ပါသည်။

အလားတူပင် အရက်ကြိုက်သူ တစ်ဦးသည်လည်း အသိပညာ၊ အတွေးအခေါ်၊ အယူအဆ ဓာတ်ခံ ပြောင်းလဲသွားသောအခါ အလိုလို အရက်ဖြတ်ပြီး ဖြစ်ပေလိမ့်မည်။ ဆေးလိပ်ကြိုက်သူလည်း အလားတူပင် အယူအဆ ဉာဏ်အမြင် ပြောင်းလဲသွားသောအခါ ဆေးလိပ်ပြတ်၏။

ရဟန္တာ စစ်တမ်း

တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် အာသဝေါကုန်ခန်း ရဟန္တာဖြစ်ပြီဟု ဝန်ခံပြောဆိုငြားအံ့၊ ထိုပုဂ္ဂိုလ်ကို ဤ (၆) ဌာနဖြင့် မေးမြန်းစိစစ်ရမည်။

ပထမမေးခွန်း

သင်သည် ရဟန္တာဖြစ်ငြားအံ့။ မြင်ရာ၊ ကြားရာ၌ လည်းကောင်း၊ နံရာ၌ လည်းကောင်း၊ စားသောက်ရာ၌ လည်းကောင်း၊ ထိတွေ့ရာ၌ လည်းကောင်း၊ စိတ်ကူးကြံစည်ရာ၌ လည်းကောင်း တဏှာဖြင့် သာယာခြင်း မရှိ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမဟု ယူဆခြင်း (ဒိဋ္ဌိ) မရှိမူ၍ အာသဝေါတရားတို့မှ ကင်းလွတ်ပါ၏လောဟု မေးမြန်းရမည်။

ထိုအမေးကို မြင်ရာ၊ ကြားရာ၊ နံရာ၌ လည်းကောင်း၊ စားသောက်ရာ၊ ထိတွေ့ရာ၌ လည်းကောင်း၊ စိတ်ကူးကြံစည်ရာ၌ လည်းကောင်း တဏှာဒိဋ္ဌိဖြင့် မကပ်ငြိဘဲ အာသဝေါတရား လေးပါးတို့မှ ကင်းလွတ်ပါပြီဟု ဝန်ခံပြောဆိုလာပါက သာဓုခေါ်ရမည်။

ဒုတိယမေးခွန်း

စွဲလမ်းဖွယ်ရာ ခန္ဓာငါးပါးတို့၌ တဏှာဖြင့် သာယာခြင်း၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ ဟု ယူဆခြင်း (ဒိဋ္ဌိ) မရှိမူ၍ အာသဝေါတရား လေးပါးတို့မှ ကင်းလွတ်ပါ၏လော ဟု မေးမြန်းရမည်။
စာမျက်နှာ-604


ထိုအမေးကို စွဲလမ်းဖွယ်ရာ ခန္ဓာငါးပါးတို့၌ တဏှာဒိဋ္ဌိတို့ဖြင့် မကပ်ငြိဘဲ အာသဝေါတရားလေးပါးတို့မှ ကင်းလွတ်ပါပြီဟု ဝန်ခံပြောဆိုလာပါက သာဓုခေါ်ရမည်။

တတိယမေးခွန်း

ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်၊ အာကာသဓာတ်၊ ဝိညာဏဓာတ် ဟူသော ဓာတ် ၆-ပါး တို့၌ တဏှာဖြင့် သာယာခြင်း၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ ဟု ယူဆခြင်း (ဒိဋ္ဌိ) မရှိမူ၍ အာသဝေါတရား လေးပါးတို့မှ ကင်းလွတ် ပါ၏လော ဟု မေးမြန်းရမည်။

ထိုအမေးကို ဓာတ်ခြောက်ပါးတို့၌ တဏှာ ဒိဋ္ဌိတို့ဖြင့် မကပ်ငြိဘဲ အာသဝေါတရားလေးပါးတို့မှ ကင်းလွတ်ပါပြီဟု ဝန်ခံပြောဆိုလာပါက သာဓုခေါ်ရမည်။

စတုတ္ထမေးခွန်း

စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ မန ဟူသော အတွင်းအာယတနခြောက်ပါး၊ ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ၊ ဖေါဋ္ဌဗ္ဗ၊ ဓမ္မ ဟူသော အပြင်အာယတန ခြောက်ပါး၊ ဤအာယတန တစ်ဆယ့်နှစ်ပါးတို့၌ တဏှာဖြင့် သာယာခြင်း၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ ဟု ယူဆခြင်း မရှိမူ၍ အာသဝေါတရားလေးပါးတို့မှ ကင်းလွတ်ပါ၏လော ဟု မေးမြန်းရမည်။

ထိုအမေးကို အာယတန တစ်ဆယ့်နှစ်ပါးတို့၌ တဏှာ ဒိဋ္ဌိတို့ဖြင့် မကပ်ငြိဘဲ အာသဝေါတရားလေးပါးတို့မှ ကင်းလွတ်ပါပြီဟု ဝန်ခံပြောဆိုပါမူ သာဓုခေါ်ရမည်။

ပဉ္စမမေးခွန်း

မိမိ၏သက်ရှိ ခန္ဓာကိုယ်တည်းဟူသော အလုံးစုံသောအာရုံတို့၌ လည်းကောင်း၊ သူတစ်ပါး၏ သက်ရှိခန္ဓာကိုယ်တည်းဟူသော အလုံးစုံသောအာရုံတို့၌ လည်းကောင်း ငါတကားဟု ထောင်လွှားခြင်း မာန၊ ငါ့ဥစ္စာဟု သိမ်းပိုက်ခြင်း တဏှာတို့ကို ပယ်နုတ်အပ်ပြီးပြီလော ဟု မေးမြန်းရမည်။

ထိုအမေးကို မိမိခန္ဓာ၊ သူတစ်ပါးခန္ဓာတည်းဟူသော အလုံးစုံသော အာရုံတို့၌ တဏှာ မာနကို ပယ်နုတ်ပြီးပါပြီဟု ဖြေဆိုပါက သာဓုခေါ်ရမည်။
စာမျက်နှာ-605


ဆဋ္ဌမမေးခွန်း

ရဟန္တာပုဂ္ဂိုလ်သည် မြတ်စွာဘုရား ပညတ်တော်မူအပ်သော သိက္ခာပုဒ်တော်များကို လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပစ္စည်းလေးပါး၌ တင်းတိမ်ရောင့်ရဲလွယ်ခြင်း၊ မျက်စိ၊ နား စသည်တို့ကို သတိတရားဖြင့် အမြဲစောင့်ရှောက်ခြင်း၊ ဣရိယာပုတ်ပြောင်းလဲမှု၊ ကိုယ်ကာယလှုပ်ရှားမှု အားလုံးကို သတိချပ်၍ ရှုမှတ်ခြင်း၊ လူသူကင်းဝေးသောအရပ်၌ နေထိုင်၍ မိမိစိတ်ကို အဘိဇ္ဈာ၊ ဗျာပါဒ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စကုက္ကုစ္စ၊ ဝိစိကိစ္ဆာတို့မှ လွတ်ကင်းစေ၍ ဈာန်တရား ရရှိအောင် အားထုတ်ခြင်း၊ သစ္စာလေးပါးကို ထူးသောဉာဏ်ဖြင့် ဟုတ်တိုင်းမှန်စွာသိ၍ အာသဝေါကုန်ခန်းခြင်း ဤတရားအစုတို့သည် ရဟန္တာနှင့်သာ လျောက်ပတ်သော တရားစုတို့ ဖြစ်ကုန်၏။ အရှင်သည် ထိုတရားအစုနှင့်ပြည့်စုံပါ၏လောဟု မေးမြန်းရမည်။

ထိုမေးခွန်းကို ရဟန္တာတို့အား လျောက်ပတ်သော တရားအစုနှင့် ပြည့်စုံပါသည်ဟု ဝန်ခံပါမူ သာဓုခေါ်ဆိုရမည်။

ဤကား ဥပရိပဏ္ဏာသပါဠိတော်၊ ဆဗ္ဗိသောဓနသုတ်တော်လာ ရဟန္တာ စိစစ်နည်းဖြစ်သည်။

တစ်နည်း မေးခွန်း ၆-မျိုး

ပါရာဇိကဏ်အဋ္ဌကထာ၊ စတုတ္ထပါရာဇိက သိက္ခာပုဒ်အဖွင့်၌ လာသော စိစစ်နည်း မေးခွန်းခြောက်မျိုးကို ဖော်ပြပါဦးမည်။

(၁) ကိံ တေ အဓိဂတံ = သင်သည် ဈာန်ကို ရသလော၊ မဂ်ကို ရသလော၊ အဘယ်မဂ်ကို ရသနည်းဟု မေးရမည်။ ထိုအခါ ဤမည်သောဈာန်၊ ဤမည်သော မဂ်ကို ရပါသည်ဟု ထင်ရှားပိုင်နိုင်စွာ ဖြေဆိုနိုင်ရမည်။

(၂) ကိဉ္စိ တေ အဓိဂတံ = သင်သည် ဈာန်မဂ်ဖိုလ်တရားကို အဘယ်သို့ ရလာခဲ့သနည်း၊ အဘယ်ကမ္မဋ္ဌာန်းကို ပွားများ၍ ရလာခဲ့သနည်း၊ လက္ခဏာယာဉ်သုံးပါးတို့တွင် အဘယ်လက္ခဏာကို ဆင်ခြင်၍ တရားထူးရခဲ့သနည်းဟု မေးရမည်။ ရုပ်ကို ဆင်ခြင်၍ ရသလော၊ နာမ်ကို ဆင်ခြင်၍ ရသလော၊ မိမိသန္တာန်၌ ဆင်ခြင်၍ ရသလော၊ သူတစ်ပါးသန္တာန်၌ ဆင်ခြင်၍ ရသလောဟု မေးရမည်။

စာမျက်နှာ-606


ထိုအခါ ဤကမ္မဋ္ဌာန်းကို ဤလက္ခဏာဖြင့် ဆင်ခြင်၍ ဤရုပ်၊ ဤနာမ်၊ ဤသန္တာန်ကို ဆင်ခြင်၍ ရပါသည် ဟု ထင်ရှားပိုင်နိုင်စွာ ဖြေဆိုနိုင်ရမည်။

(၃) ကဒါ တေ အဓိဂတံ = သင်သည် အဘယ်အချိန်ကာလ၌ တရားထူးရခဲ့သနည်းဟု မေးရမည်။ ထိုအခါ ဤနေ့၊ ဤလ၊ ဤရက်၊ ဤနာရီ၊ ဤမိနစ် အချိန်အခါ၌ ရခဲ့ပါသည်ဟု ထင်ရှားပိုင်နိုင်စွာ ဖြေဆိုနိုင်ရမည်။

(၄) ကတ္ထ တေ အဓိဂတံ = သင်သည် အဘယ်အရပ်၌ ဈာန်၊ မဂ်၊ ဖိုလ်ကို ရခဲ့သနည်းဟု မေးရမည်။ ထိုအခါ ဤမည်သောအရပ်၌ ရခဲ့ပါသည်ဟု ထင်ရှားပိုင်နိုင်စွာ ဖြေဆိုနိုင်ရမည်။

(၅) ကတမေ တေ ကိလေသာ ပဟီနာ = သင်သည် အဘယ်ကိလေသာတို့ကို ပယ်အပ်ကုန်သနည်းဟု မေးရမည်။ ထိုအခါ ဤမည်သော မဂ်ဖြင့် ဤမည်သော ကိလေသာတို့ကို ပယ်သတ်ပြီးပါပြီဟု ထင်ရှားပိုင်နိုင်စွာ ဖြေဆိုနိုင်ရမည်။

(၆) ကတမေသံ တွံ ဓမ္မာနံ လာဘီ = သင်သည် မဂ်လေးပါးတို့တွင် အဘယ်မဂ်ကို ရပြီးဖြစ်သနည်း၊ သင်သည် သောတာပန်လော၊ သကဒါဂါမ်လော၊ အနာဂါမ်လော၊ ရဟန္တာလောဟု မေးမြန်းရမည်။ ထိုအခါ ဤမည်သော မဂ်ကို ရပြီးပါပြီဟု ထင်ရှားပိုင်နိုင်စွာ ဖြေဆိုနိုင်ရမည်။

ဤမေးခွန်းများဖြင့် စိစစ်သည့်အခါ အဆင်ပြေစွာ ဖြေဆိုနိုင်စွမ်း မရှိခဲ့ပါမူ ရဟန္တာမဟုတ် ဟု မှတ်ယူရမည်။ အကယ်၍ အဆင်ပြေစွာ ဖြေစွမ်းနိုင်သော်လည်း ရဟန္တာအစစ် ဖြစ်သည်ဟု ယုံကြည်လက်ခံခြင်း မပြုသင့်သေးချေ။ စာပေပရိယတ္တိ ဗဟုဿုတရှိသော ရဟန်းတို့သည် ဤမေးခွန်းများကို အဆင်ပြေအောင် ဖြေဆိုနိုင်ကြပေလိမ့်မည်။

ထို့နောက် ထပ်ဆင့်၍ စိစစ်ရန်မှာ ဈာန်မဂ်ဖိုလ်ရရာရကြောင်း ကျင့်စဉ်ကို စိစစ်ရမည်၊ ကျင့်စဉ်မှန်ကန်မှု၊ စင်ကြယ်မှု မရှိပါက ရဟန္တာမဟုတ်နိုင် ပယ်ချရမည်။ ကျင့်စဉ်မှန်ကန်မှု၊ စင်ကြယ်မှု ရှိပါက ယင်းကျင့်စဉ်ကို ထကြွ...
စာမျက်နှာ-607


လုံ့လ နိုးကြားခြင်းဖြင့် ကြာမြင့်စွာ အားထုတ်ခဲ့မှု ရှိ မရှိ စိစစ်ရမည်။ ပစ္စည်းလေးပါးတို့၌ ငြိတွယ်မှု ရှိမရှိ၊ သိုမှီးမှု ရှိမရှိ အကဲခတ်ရမည်။ ဤဂုဏ်အင်္ဂါများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရပါက ရဟန္တာ ဟု မှတ်ယူနိုင်ပေပြီ။

ကြောက်ဖွယ်အာရုံဖြင့် စမ်းသပ်ခြင်း

ရဟန္တာ ဟု ဝန်ခံသော ပုဂ္ဂိုလ်ကို ထိတ်လန့်ဖွယ်ရာ တစ်ခုခု ဖန်တီး၍ ထိတ်လန့်ခြင်း ရှိမရှိ စမ်းသပ်ရမည်။ ရဟန္တာမည်သည် မိုးကြိုးစက်ဖြင့် ဦးခေါင်းထက်၌ ပစ်ခွင်းသော်လည်း ထိတ်လန့်တုန်လှုပ်ခြင်း၊ ချောက်ချားခြင်း၊ ကြက်သီးမွေးညှင်းထခြင်း မရှိချေ။

သီဟိုဠ်ကျွန်း စန္ဒမုခတိဿမင်း လက်ထက်၌ မဟာဝိဟာရကျောင်းတိုက်ဝယ် အသက်အရွယ် ကြီးရင့်သော မျက်မမြင် မထေရ်ကြီးတစ်ပါးရှိသည်။ စန္ဒမုခတိဿမင်းသည် ထိုမထေရ်မြတ်၏ ရဟန္တာ ဟုတ်မဟုတ်ကို မဆုံးဖြတ်နိုင် ဖြစ်နေသည်။ ရဟန်းတော်များ ဆွမ်းခံကြွသွားစဉ် ကျောင်းတိုက်အတွင်း၌ မထေရ်ကြီး တစ်ပါးသာ ကျန်ရစ်၏။ ထိုအခါ မင်းကြီးသည် တိတ်ဆိတ်စွာလာ၍ မထေရ်မြတ်၏ ခြေတော်ကို မြွေသဏ္ဌာန်ပြုလုပ် ကိုင်တွယ်ခြောက်လှန့်၏။ မထေရ်ကြီးသည် ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိသည်ကို တွေ့ရ၍ ရဟန္တာဖြစ်ကြောင်း သိနိုင်လေတော့သည်။

သီဟိုဠ်ကျွန်းမှာပင် ပိဏ္ဍပါတိကမထေရ်သည် အကျင့်သီလ ပြည့်စုံမှု၊ ဣန္ဒြေစောင့်စည်းမှု၊ သတိသမ္ပဇဉ် ပြည့်မှုတို့ကြောင့် ရဟန္တာနှင့် ခွဲခြားမရ ဖြစ်နေသည်။ တစ်နေ့သောအခါ ပိဏ္ဍပါတိကမထေရ်သည် ကလျာဏီမြစ်တွင်း ဆင်း၍ ရေချိုး၏။ ဒီဃဘာဏက မထေရ်သည် ပဉ္စင်းငယ်တစ်ပါးကို တီးတိုးမှာကြား၍ ရေငုပ်ပြီး မထေရ်၏ ခြေကို ဆွဲကိုင်စေ၏။ မထေရ်သည် မိကျောင်းအမှတ်ဖြင့် ကြောက်လန့်ရကား သည်းထန်စွာ အော်ဟစ်လေသည်။ ထိုအခါ ပိဏ္ဍပါတိက မထေရ်ကို ရဟန္တာမဟုတ်သေးဟု ဆုံးဖြတ်နိုင်လေတော့သည်။

သီဟိုဠ်ကျွန်း၌ အင်္ဃနကျောင်းဝယ် ဝါတော်ခြောက်ဆယ် ကျော်ပြီးသော မထေရ်ကြီး တစ်ပါးရှိ၏။ မထေရ်ကြီးသည် ဈာန်ငါးပါး၊ သမာပတ်ရှစ်ပါး၊ အဘိညာဉ်ငါးပါးတို့ကို ရရှိပြီးနောက် ဝိပဿနာ ရှုမှတ်ဆင်ခြင် ပွားများရာ ကိလေသာကုန်ခန်း ရဟန္တာဖြစ်ပြီဟု အထင်ကြီး နေပေသည်။ အမှန်စင်စစ် မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ မတက်နိုင်သေးဘဲ ဝိပဿနာဉာဏ် အဆင့်မှာပင် ရပ်တန့်နေသည်။ ဝိပဿနာဉာဏ်၏ အစွမ်းကြောင့် ကိလေသာတရားတို့သည် တစ်ကြိမ်တစ်ခါမျှ ဖြစ်ပေါ်ခြင်း မရှိဘဲ ငုပ်လျှိုးကိန်းဝပ် နေကြသည်၊ ထိုသို့
စာမျက်နှာ-608


ကိလေသာ ဖြစ်ပေါ်လာသည်ကို မတွေ့ရသဖြင့် မိမိကိုယ်မိမိ ရဟန္တာဟု မှတ်ထင်ခြင်း ဖြစ်သည်။

ထိုကျောင်းသို့ ကမ္မဋ္ဌာန်းနည်းပြ ဆရာတော် ရဟန္တာအရှင်ဓမ္မဒိန္န ရောက်ရှိလာ၍ ထိုမထေရ်ကြီးမှာ အဓိမာန (ရဟန္တာဖြစ်ပြီဟု အထင်ကြီးမှု) ဖြစ်နေကြောင်း သိတော်မူသည်။ ထို့ကြောင့် အရှင်ဓမ္မဒိန္နက မထေရ်ကြီးအား တရားထူးကို ရပါပြီလားဘုရား ဟု မေးလျှောက်သည်။ မထေရ်ကြီးက အရဟတ္တဖိုလ်ကို ငါရခဲ့သည်မှာ အနှစ်ခြောက်ဆယ်ကျော်ပြီ ဟု ဖြေ၏။ အရှင်ဓမ္မဒိန္နက အရှင်ဘုရား တန်ခိုးဖန်ဆင်းရန် ဝန်မလေးပါက ခုနစ်တောင်မျှ ရှိသော ဆင်ဖြူတော်ကြီးသည် အစွယ်ဖြင့် ထိုးတော့မည့်ဟန် အရှင်ဘုရားထံ ရှေးရှုပြေးလာပုံ ဖန်ဆင်းတော်မူပါဘုရား ဟု လျှောက်ထားသည်။ မထေရ်ကြီးသည် ချက်ချင်းဖန်ဆင်းတော်မူသည်။ မိမိဖန်ဆင်းသည့် ဆင်ကြီးသည် မိမိကို နင်းမည့်ပုံ ထိုးသတ်မည့်ပုံဖြင့် ပြေးဝင်လာသည်ကို တွေ့မြင်ရသောအခါ ထိတ်လန့်ကြောက်ရွံ့၍ ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။ ထိုအခါ မထေရ်ကြီးသည် မိမိရဟန္တာ မဖြစ်သေးကြောင်း သိရှိ၍ အရှင်ဓမ္မဒိန္နထံ၌ တပည့်ခံ၍ ကမ္မဋ္ဌာန်းတောင်းလေသည်။

သာယာဖွယ်ဖြင့် စူးစမ်းခြင်း

အချို့သော ပုဂ္ဂိုလ်များသည် ပင်ကိုယ်ပကတိအားဖြင့် အလွန်ရဲရင့်ကြသည်။ တုန်လှုပ်ကြောက်ရွံ့မှု မရှိချေ။ ထိုပုဂ္ဂိုလ်မျိုးကို ကြောက်စရာ အာရုံပြု၍ စမ်းသပ်သော်လည်း ထူးခြားချက် တွေ့ရမည် မဟုတ်ပေ။ ထိုပုဂ္ဂိုလ်များကို သာယာနှစ်သက်ဖွယ် အာရုံဖြင့် စုံစမ်းရမည်။

သီဟိုဠ်ကျွန်း၌ မဟာတိဿ မထေရ်သည် ရဟန်းဖြစ်စ တစ်ဝါရသေးမီ အချိန်ကပင် သမာပတ်ရှစ်ပါးကို ရတော်မူသည်။ ယင်းဈာန်သမာပတ်တို့၏ အစွမ်းကြောင့် ကိလေသာတို့သည် ဝေးကွာနေကြသည်၊ ကိလေသာများ မဖြစ်ပေါ်သဖြင့် မိမိကိုယ်မိမိ ရဟန္တာဟု ထင်မှတ်နေသည်။ ထိုမဟာတိဿ မထေရ်ကြီးအား တပည့်ဖြစ်သူ အရှင်ဓမ္မဒိန္နမထေရ်က လျှောက်ထားသည်မှာ အရှင်ဘုရား၏ မျက်မှောက်၌ ကြည်လင်သော လေးထောင့်ကန်တစ်ခုကို အဘိညာဉ်ဖြင့် ဖန်ဆင်းတော်မူပါလော့၊ ထိုရေကန်၌ ကြာရုံများ ကြာများ ကြာပွင့်များ၊ ယင်းကြာပွင့်များကို ဆွတ်ခူးနေသော တစ်ဆယ့်ခြောက်နှစ် အရွယ် လှပတင့်တယ်သော မိန်းမပျိုကို ဖန်ဆင်းတော်မူပါလော့ ဟု လျှောက်ထား၏။
စာမျက်နှာ-609


မဟာတိဿ မထေရ်သည် လျှောက်ထားသည့်အတိုင်း ဖန်ဆင်းပြ၏။ ဆက်လက်၍ အရှင်ဘုရား ထိုမိန်းမပျိုကလေးသည် လှပတင့်တယ် ရှုချင်စဖွယ် ရှိ၏ ဟု အဖန်တလဲလဲ နှလုံးသွင်းတော်မူပါလော့ ဟု လျှောက်ထား၏။ လျှောက်ထားသည့်အတိုင်း လှပတင့်တယ် ရှုချင်စဖွယ် ရှိပေစွ ဟု အဖန်ဖန် နှလုံးသွင်းသောအခါ မိန်းမပျိုအပေါ် တပ်မက်သော တဏှာရာဂ ကိလေသာသည် ဘွားခနဲ ပေါ်လာလေတော့သည်။ ထိုအခါ မဟာတိဿမထေရ်သည် မိမိရဟန္တာ မဟုတ်သေးကြောင်း သိ၍ တပည့်ဖြစ်သူ အရှင်ဓမ္မဒိန္နထံ ကမ္မဋ္ဌာန်းနည်း တောင်းခံရလေသည်။

သီဟိုဠ်ကျွန်း ဝသဘမင်းလက်ထက်၌ မထေရ်တစ်ပါးသည် အကျင့်သီလနှင့် ပြည့်စုံ၏၊ ဣန္ဒြေကို စောင့်စည်း၏။ ဣရိယာပုတ်လေးပါး ကိုယ်ကာယ လှုပ်ရှားမှု၌ သတိသမ္ပဇဉ်နှင့် ပြည့်စုံ၏။ ရဟန္တာနှင့် ထူးမခြားနား ဖြစ်နေ၍ ဝသဘမင်းသည် ထိုမထေရ်ကို နန်းတော်သို့ ပင့်လိုက်သည်။ ဝသဘမင်းသည် မထေရ်မြတ် မြင်လောက်သော အရပ်၌ ဆီးသီးမှည့်များကို ဆုပ်နယ်လျက် အလွန်ချဉ်ကြောင်း မြိန်ကြောင်းကို ပြောဆိုနေစေ၏။ မထေရ်သည် ရသတဏှာကို မပယ်ရသေးသဖြင့် လျှာရည်ယိုတော်မူ၏၊ ထိုအခြင်းအရာကို မြင်၍ ရဟန္တာ မဖြစ်သေးဟု သိလေတော့သည်။

ရဟန္တာအစစ်ကို ဖြားယောင်း၍ မရနိုင်

မြတ်စွာဘုရားရှင် လက်ထက်တော် အခါက အရှင်အနုရုဒ္ဓါ မထေရ်သည် သာဝတ္ထိပြည်သို့ ကြွရာလမ်းခရီးတွင် သာလာယံဇရပ်တစ်ခု၌ ညအိပ်တည်းခိုတော်မူ၏။ ထိုအခါ ဇရပ်အလှူရှင် သူဌေးမအပျိုကြီးသည် အရှင်အနုရုဒ္ဓါကို မိမိအိမ်သို့ ကြွရောက် တည်းခိုပါရန် တောင်းပန်၏။ အရှင်အနုရုဒ္ဓါသည် ထိုအိမ်၌ တစ်ညတာ တည်းခိုတော်မူသည်။

အရှင်အနုရုဒ္ဓါသည် အသားအရေ ရွှေအဆင်းကဲ့သို့ ဝါဝင်းတောက်ပသည်။ အိမ်ရှင်အမျိုးသမီးသည် အရှင်အနုရုဒ္ဓါ မထေရ်ကို မြင်လျှင် မြင်ချင်း ချစ်ခင်စွဲမက်သွား၏။ အမျိုးသမီးသည် စိတ်ကို မထိန်းနိုင်၍ သန်းခေါင်ယံအချိန်တွင် အရှင်အနုရုဒ္ဓါ၏ အခန်းအတွင်းသို့ ဝင်လာ၏။

အရှင်ဘုရား အရှင်ဘုရားသည်လည်း ငယ်ရွယ်နုပျို လှပတင့်တယ်၏၊ တပည့်တော်မသည်လည်း ငယ်ရွယ်နုပျို လှပတင့်တယ်ပါ၏၊ တပည့်တော်မသည် အရှင်ဘုရား၏ အိမ်သူသက်ထား ဇနီးမယားဖြစ်လိုပါသည် ဟု လျှောက်ထားသည်။
စာမျက်နှာ-610


ဤသို့ သုံးကြိမ် လျှောက်ထားသော်လည်း အရှင်အနုရုဒ္ဓါ မထေရ်သည် စက္ခုန္ဒြေ (မျက်လွှာ) ချလျက် မိမိတရားအာရုံကို နှလုံးသွင်းလျက် တိတ်ဆိတ်စွာ နေတော်မူ၏။ အမျိုးသမီးသည် စကားပြန်မရသဖြင့် မိမိဝတ်ထားသော အဝတ်များကို တစ်ထည်ချင်း တဖြည်းဖြည်းချင်း ချွတ်၍ ဖြားယောင်းသွေးဆောင်မှုပြု၏။ မထေရ်၏ ရှေ့မှောက်၌ ကိုယ်လုံးတီး လမ်းလျှောက်၍ ကိုယ်ဟန်ပြသည်။ ထိုင်လျက် ကိုယ်ဟန်ပြသည်၊ ဘေးစောင်း၊ ပက်လက်၊ မှောက်လျက် ကိုယ်ဟန်အမျိုးမျိုးပြ၍ မြူဆွယ်သည်။ နှုတ်မှလည်း ချစ်ဖွယ်ရာ စကားပျားကို ပြောဆို၍ သွေးဆောင်သည်။

အရှင်အနုရုဒ္ဓါသည် စကားမပြောဘဲ နေလျက် မျက်လွှာကို ပင့်၍မျှ မကြည့်ပေ၊ အကြောင်းမူ ကိလေသာမှန်သမျှ အကြွင်းမဲ့ပယ်ပြီး ဖြစ်ရကား ကိလေသာထကြွမှု လုံးဝ မဖြစ်တော့ချေ။ နောက်ဆုံးတွင် မိုးလင်းခါနီး၌ အမျိုးသမီးသည် လက်လျှော့၍ ဝန်ချတောင်းပန်လေတော့သည်။

တရားအားထုတ်သူတို့ ဖြစ်တတ်သော အဓိမာန

မြန်မာတို့၏ ဝေါဟာရတွင် ဟန်ကိုယ့်ဖို့၊ မာန် ဖို ဟူသော အသုံးအနှုန်း ရှိသည်။ ဆိုလိုသည်မှာ ဟန်ဆောင်တတ်ဖို့၊ ဟန်လုပ်တတ်ဖို့ တိုက်တွန်းခြင်းနှင့် မာန်မထောင်ဖို့ ဆုံးမခြင်း ဖြစ်သည်။ မည်သို့ဆိုစေ သတ္တဝါတို့သည် ဟန်လည်း ဆောင်တတ်ကြသည်။ မာန်လည်း ထောင်တတ်ကြသည်။ ဟန်ဆောင်ခြင်းသည် မရှိကို အရှိလုပ်ခြင်း ပြောခြင်းဖြစ်၍ မာန်ထောင်ခြင်းသည် ဝင့်ကြွားခြင်း၊ ရန်မူခြင်း ဖြစ်သည်။

လောကရေးရာတွင် မရှိကို အရှိလုပ်၍ ဟန်ဆောင်ပြောဆိုရာ၌ အပြစ်မကြီးလေးလှသော်လည်း ဓမ္မရေးရာတွင်မူကား မရှိကို အရှိလုပ်၍ ဟန်ဆောင်ပြောဆိုမိလျှင် ငရဲအိုး ချိုးကပ်အောင် ခံရတတ်သည်။ ထိုဓမ္မရေးရာ၌လည်း အခြားတရားများကို မဆိုလို။ ဥတ္တရိမနုဿဓမ္မဟု ခေါ်ဆိုသော ဈာန်တရား၊ မဂ်တရား၊ ဖိုလ်တရား တို့ကိုသာ ဆိုလိုသည်။ (ဥတ္တရိ + မနုဿဓမ္မ။ ဥတ္တရိ = လွန်မြတ်သော + မနုဿ = လူတို့၏ + ဓမ္မ = ကုသိုလ်တရား) လူတို့၏ ဒါန စသော ကုသိုလ်တရားထက် လွန်မြတ်သော ဈာန် မဂ် ဖိုလ်တရားတို့ ဖြစ်သည်။

ထို ဈာန် မဂ် ဖိုလ်တရားများကို မရဘဲ ရသည်ဟု ဟန်ဆောင်ပြောဆိုလျှင် လွန်စွာ အပြစ်ကြီး၏။ ရဟန္တာ မဟုတ်ဘဲ ရဟန္တာဟု ဝန်ခံ ပြောဆိုလျှင် လွန်စွာ အပြစ်ကြီး၏။ ရဟန္တာဟု ပြောဆိုခြင်းအကြောင်း ငါးမျိုးရှိပုံကို အင်္ဂုတ္တိုရ် ပါဠိတော်၊ ပဉ္စကနိပါတ်၌ ဤသို့ ဟောကြားထားတော်မူသည်—
စာမျက်နှာ-611


(၁) ပညာဒုံခဲ မိုက်မဲမှုကြောင့် ရဟန္တာ ဟု ပြောခြင်း၊
(၂) ယုတ်မာသော အလိုဆိုး နှိပ်စက်သောကြောင့် ရဟန္တာ ဟု ပြောခြင်း၊
(၃) ရူးသွပ်သောကြောင့် ရဟန္တာ ဟု ပြောခြင်း၊
(၄) ရနိုးထင်သော အဓိမာနကြောင့် ရဟန္တာ ဟု ပြောခြင်း၊
(၅) အကြောင်းအားလျော်စွာ မပြောမဖြစ်၍ ရဟန္တာ ဟု အမှန်အတိုင်း ပြောရခြင်း။

ဤငါးမျိုးအနက် လေးမျိုးမှာ ပေါ်လွင် ထင်ရှားပါသည်။ နံပါတ် (၄) ဖြစ်သည့် ရနိုးထင်သော အဓိမာနကြောင့် ရဟန္တာ ဟု ပြောခြင်းမှာ ကမ္မဋ္ဌာန်းတရား အားထုတ်သော ယောဂီများနှင့် သက်ဆိုင်သဖြင့် အကျယ် ရှင်းပြပါမည်။

အဓိမာန = အထင်ကြီးခြင်း
အဓိ = လွန်ကဲသော + မာန = မှတ်ထင်ခြင်း။
မိမိ၌ ရှိပြီးသော သီလ၊ သမာဓိ၊ ပညာဂုဏ်ထက် တိုးတက်လွန်ကဲ၍ ဈာန်၊ မဂ်၊ ဖိုလ် တစ်ခုခု ရပြီဟု မိမိကိုယ်မိမိ အထင်ကြီးနေခြင်းကို အဓိမာန ဟု ခေါ်သည်။

ထိုကဲ့သို့ မိမိကိုယ်ကို တရားထူး ရပြီ၊ ဈာန် ရပြီ၊ မဂ်ရပြီ၊ ဖိုလ် ရပြီ ဟု အထင်ရောက် အထင်ကြီးမှု (အဓိမာန) သည် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ပုဂ္ဂိုလ်တို့၌ ဖြစ်လေ့မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ထိုအရိယာပုဂ္ဂိုလ်တို့သည် မိမိ ရပြီးသော မဂ်ကိုလည်းကောင်း၊ ဖိုလ်ကိုလည်းကောင်း၊ နိဗ္ဗာန်ကိုလည်းကောင်း၊ ပယ်ပြီးသော ကိလေသာကိုလည်းကောင်း၊ မပယ်ရသေးသော ကိလေသာကိုလည်းကောင်း (ပစ္စဝေက္ခဏာ) ဆင်ခြင်မှု ပြုလေ့ရှိသောကြောင့်ပင်တည်း။

ထို့ပြင် အကျင့်သီလ မရှိသော ဒုဿီလပုဂ္ဂိုလ်၊ တရား အားမထုတ်သော ပုဂ္ဂိုလ်များမှာလည်း ထိုကဲ့သို့သော အဓိမာနမျိုး မဖြစ်ချေ။ အဘယ့်ကြောင့်ဆိုသော် ထိုပုဂ္ဂိုလ်တို့သည် အရိယာတို့၏ မဂ်ဖိုလ်ဂုဏ်ကျေးူးကို ရလိုခြင်း မရှိသောကြောင့်တည်း။ သီလပင်ရှိလျက် တရားကို အားထုတ်သော်လည်း ကြိုးကြိုးစားစား အားမထုတ်ဘဲ အိပ်လိုက်၊ စားလိုက်၊ အပေါင်းအဖော်နှင့် စကားပြောလိုက်၊ ကျောင်းကန် တိုက်တာ၊ ပစ္စည်းဥစ္စာ စသည်တို့အပေါ် မွေ့လျော် ပျော်ပိုက်နေသော ပုဂ္ဂိုလ်တို့အားလည်း ထိုကဲ့သို့သော အဓိမာနမျိုး မဖြစ်ပေါ်ချေ။
စာမျက်နှာ-612


အမှန်စင်စစ်အားဖြင့် သီလစင်ကြယ်ပြီး သမထ ဝိပဿနာ ကမ္မဋ္ဌာန်းတရားကို မမေ့မလျော့ မပေါ့မဆ ကြိုးကြိုးစားစား အားထုတ်လျက် နာမ်ရုပ်တို့ကို ပိုင်းခြားဆင်ခြင်လျက် သင်္ခါရတရားတို့ကို လက္ခဏာယာဉ်တင်၍ ဆင်ခြင်သော အာရဒ္ဓဝိပဿက (ကမ္မဋ္ဌာန်းအားထုတ်ဆဲ) ပုဂ္ဂိုလ်အားသာလျှင် ထိုကဲ့သို့သော အဓိမာနမျိုး ဖြစ်ပေါ်လေ့ရှိသည်။

သီလစင်ကြယ်၍ ကမ္မဋ္ဌာန်းတရားကို အဆက်မပြတ် ကြိုးစားအားထုတ်နေသူအား ကိလေသာအာရုံ ကာမဂုဏ်တရားများ ဖြစ်ခွင့်မရကြချေ။ ဝိက္ခမ္ဘနပဟာန်အားဖြင့် ထိုထိုအာရုံ ကာမဂုဏ်တို့ကို ပယ်ထားနိုင်ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ကာလကြာမြင့်စွာ ကိလေသာစိတ် မဖြစ်ပေါ်ဘဲနေသဖြင့် မိမိကိုယ်မိမိ မဂ်ဖိုလ်ရပြီ၊ ရဟန္တာဖြစ်ပြီဟု ထင်မြင်ယူဆတတ်သည်။ သူတစ်ပါးကိုလည်း ဖွင့်ပြောတတ်သည်။

ရိုးရိုးသားသားဖြင့် မိမိကိုယ်မိမိ တရားထူး ရပြီဟု ထင်မြင်နေသော ရဟန်းအားကား အပြစ်မရှိပေ။ ထိုသို့ ထင်မြင်မှု မရှိပါဘဲ မရိုးမသား သူတစ်ပါး အထင်ကြီးအောင်၊ ကြည်ညိုအောင် ဝါကြွားလွှား၍ ပြောဆိုသော ရဟန်းအားကား စတုတ္ထပါရာဇိက အာပတ်သင့်တော့၏။ ယင်းသို့ ပါရာဇိက ကျပြီးသော ရဟန်းသည် လူဝတ်မလဲဘဲ ရဟန်းအဝတ်ဖြင့် ကွယ်လွန်ပါမူ သူ၏ သွားရာခရီး တစ်ကြောင်းတည်းမှာ အပါယ်ငရဲသာ ဖြစ်တော့သည်။

မိမိမှာ တရားထူး မရဘဲ တရားထူး ရသည်ဟု လိမ်လည် ဝါကြွား၍ ပြောဆိုသော လူယောဂီပုဂ္ဂိုလ်တို့သည်ကား ကြီးလေးသော မုသာဝါဒကံကြီး ထိုက်လေသည်။ ထိုမုသာဝါဒကံကြောင့် အပါယ်ငရဲသို့ ဧကန်မုချ ကျရောက်ရမည် ဖြစ်သည်။

ရဟန္တာမဟုတ်သူကို ရဟန္တာ-ဟု ကြည်ညိုခြင်း

ရဟန်းတစ်ပါးသည် ရဟန္တာလည်း မဟုတ်၊ မိမိကိုယ်တိုင်လည်း ရဟန္တာဟု ဝန်မခံ။ သို့သော် ထိုရဟန်း၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ကြည်ညိုသော ပုဂ္ဂိုလ်တို့က ရိုးရိုးသားသားစိတ်ထားဖြင့် ရဟန္တာဟု သမုတ်ကြ၏၊ ရဟန္တာအဖြစ်ဖြင့် ကိုးကွယ်ဆည်းကပ်ကြ၏။ ကိုးကွယ်ခံရသော ရဟန်းမှာလည်း အပြစ်မရှိ။ ကိုးကွယ်ကြသော ဒါယကာ ဒါယိကာမတို့မှာလည်း ကုသိုလ်တိုးပွား အကျိုးများ၏။

သာဓကအားဖြင့် ဘုရားရှင် လက်ထက်တော်အခါက သဒ္ဓါတရားနှင့် ပြည့်စုံသော ပုဏ္ဏားတစ်ယောက်သည် ရဟန်းတို့ကို ပင့်ဖိတ်ရာတွင် ရဟန္တာ အရှင်
စာမျက်နှာ-613


မြတ်တို့ ကြွတော်မူကြပါဘုရား၊ ရဟန္တာအရှင်မြတ်တို့ ထိုင်တော်မူကြပါဘုရား၊ ရဟန္တာအရှင်မြတ်တို့ ဘုဉ်းပေးတော်မူကြပါဘုရား ဟု လွန်ကဲသော ကြည်ညိုမှု သဒ္ဓါတရားဖြင့် ရဟန္တာ ဟု သုံးနှုန်းပြောဆိုပင့်ဖိတ်လေသည်။

ထိုရဟန်းတို့သည် ရဟန္တာများ မဟုတ်ကြသဖြင့် ပုဏ္ဏား၏ ရဟန္တာဟု ခေါ်ဝေါ်မှုကို မခံယူရဲကြချေ။ မနေတတ် မထိုင်တတ်ဖြစ်ကြ၏၊ ဝိနယကုက္ကုစ္စဖြစ်၍ ပင့်ဖိတ်သည်ကို မသွားဘဲ ရှောင်နေကြ၏၊ ထိုအကြောင်းကို ဘုရားရှင်အား သွားရောက်လျှောက်ထားကြရာ ဒါယကာတို့က ကြည်ညို၍ ရဟန္တာဟု ခေါ်ဝေါ်ခြင်း၌ အခေါ်ခံရသော ရဟန်းအား အပြစ်မရှိ ဟု ဘုရားရှင် မိန့်ကြားတော်မူသည်။

ရိုးရိုးသားသား စိတ်ထားဖြင့် ကြည်ညိုကြသော လူတို့က ရဟန္တာဟု ခေါ်ဝေါ်သမုတ် ကြည်ညိုရာတွင် ထိုရဟန်းသည် စိတ်ထားမရိုးဖြောင့်ဘဲ မိမိကိုယ်ကို ရဟန္တာဟု ထင်အောင်၊ ပို၍ကြည်ညိုအောင်၊ လာဘ်လာဘ ပေါများအောင် ရောယောင်၍ ဟန်ဆောင်ပြောဆိုပါမူ ထိုရဟန်းအား ပါရာဇိက အာပတ်သင့်တော့၏။ ရဟန်း မဟုတ်တော့ချေ။

ထို့ပြင် လူတို့က သမုတ်သည့်အတိုင်း နှုတ်က ရဟန္တာဟု ဖွင့်ဟပြောဆို ဝန်မခံသော်လည်း စိတ်က သာယာကျေနပ်နေသည်၊ ရဟန္တာ ဟု ရေးသားချိတ်ဆွဲထားသော စာတန်း၊ ပလ္လင်တို့၌ ထိုင်၍ တရားဟောခြင်း၊ ဓာတ်ပုံရိုက်ခံခြင်း၊ အပူဇော်ခံခြင်းတို့ကို ပြုလုပ်သည်ဆိုလျှင် ထိုရဟန်းသည် ရဟန္တာဟု ဝန်ခံရာ ရောက်၏။ ပါရာဇိကကျ၏၊ ရဟန်းကောင်း မဟုတ်တော့ပြီ။

လူပုဂ္ဂိုလ်တို့အနေဖြင့်လည်း မရိုးသားသောစိတ်ထားဖြင့် မိမိတို့ဆရာတော် ဘုန်းကြီးအောင်၊ နာမည်ကြီးအောင်၊ လာဘ်လာဘပေါများအောင်၊ ထိုလာဘ်လာဘကို မှီခို၍ မိမိတို့လည်း စားရသောက်ရအောင် ရဟန္တာ ဟု သမုတ်ခြင်း၊ ကြော်ငြာခြင်း၊ လှည့်လည်ပြောဟော ဝါဒဖြန့်ခြင်း၊ ရုပ်ထုပြုလုပ်၍ ရဟန္တာပြု ကမ္ဗည်းထိုးထားခြင်း စသည်တို့ကို ပြုလုပ်ပါမူ ထိုလူတို့သည် ကြီးမားသော မုသာဝါဒကံကြီးကို ကျူးလွန်သည်မည်၏။ ထိုလူတို့၏ သွားရာခရီး တစ်ကြောင်းတည်းကား အပါယ်ငရဲသာတည်း။

အကြီးဆုံး ခိုးသူကြီး

လူ့လောက၌ ခိုးသူကြီး (ဓားပြကြီး) ငါးဦးရှိသည်။ ထိုခိုးသူကြီးငါးဦးသည် ခိုးသားတပည့်တပန်းများ ရာထောင်ခြံရံလျက် မြို့ရွာနိဂုံး မင်းနေပြည်အနှံ့ လှည့်လည်လျက် ခိုးယူ လုယက်တိုက်ခိုက် နှိပ်စက် သတ်ဖြတ်နေကြသည်။
စာမျက်နှာ-614


ထို့အတူပင် ဗုဒ္ဓမြတ်စွာ သာသနာတော်၌လည်း ထိုခိုးသူကြီးငါးဦးနှင့် တူသော ရဟန်းခိုးသူကြီး ငါးပါးရှိလေသည်။ ၎င်းတို့မှာ-

(၁) ဒါယကာဒါယိကာမများ၊ တပည့်တပန်းများ ဝန်းရံလျက် မြို့ရွာနိဂုံး မင်းနေပြည်ပါ မကျန် နေရာအနှံ့ လှည့်လည် အပူဇော်ခံကာ သတ္တဝါတို့အကျိုး၊ သာသနာတော်အကျိုးကို မရည်ရွယ်ဘဲ မိမိကြီးပွားခမ်းနားရေးအတွက် အားထုတ်ရယူ အလှူခံနေသော ပထမ ရဟန်းခိုးသူကြီးတစ်ပါး။

(၂) ဘုရားရှင်ဟောကြားတော်မူအပ်သော နိကာယ်ငါးရပ် ပိဋကတ်သုံးပုံတို့ကို လေ့လာသင်ယူပြီးနောက် ကိုယ်တိုင်ကြံစည် သိမြင်သယောင် လုပ်ဆောင် ပြောဟော၍ တရားတော်ကို ခိုးယူနေသော ဒုတိယ ရဟန်းခိုးသူကြီး တစ်ပါး။

(၃) သီလစင်ကြယ်သော ရဟန်းတော်ကို သီလ မစင်ကြယ်ဟု ပါရာဇိကဖြင့် စွပ်စွဲဖျက်ဆီးသော တတိယ ရဟန်းခိုးသူကြီးတစ်ပါး။

(၄) သံဃိကပစ္စည်းဖြစ်သည့် ကျောင်း၊ ခုတင်၊ ခေါင်းအုံး စသည်ကို လူတို့အား တရားမဝင်ပေးသော စတုတ္ထရဟန်းခိုးသူကြီးတစ်ပါး။

(၅) မိမိမှာ မရှိသော ဈာန် မဂ် ဖိုလ်တရားကို ရှိဟန်ဆောင်လျက်၊ ဈာန် မဂ်ဖိုလ်မရပါဘဲလျက် ရဟန္တာ မဟုတ်ပါဘဲလျက် ဈာန် မဂ်ဖိုလ် ရသည်၊ ရဟန္တာဖြစ်သည်ဟု လိမ်လည်ပြောဆိုသော ပဉ္စမ ရဟန်းခိုးသူကြီးတစ်ပါး တို့ဖြစ်သည်။

ထိုရဟန်းခိုးသူကြီး ငါးပါးအနက် ပဉ္စမမြောက် ရဟန်းခိုးသူကြီးသည် တစ်ယောက် နှစ်ယောက်ကိုသာမက တစ်လောကလုံးကို လိမ်လည် လှည့်ဖျားရာ ကျသောကြောင့် အကြီးဆုံး အမိုက်ဆုံး အဆိုးဆုံး (မဟာစောရ) ရဟန်းခိုးသူကြီး ဖြစ်၏။
စာမျက်နှာ-615


အပိုင်း (၃)

အခန်း (၁၁)

နိရောဓသမာပတ်အကြောင်း

နိရောဓသမာပတ်ဝင်စားနိုင်သော ပုဂ္ဂိုလ်များ

နိရောဓသမာပတ်အကြောင်းကို ဤကျမ်းစာအုပ် (ဒုတိယတွဲ) စာမျက်နှာ (၃၉၃) ၌ စကားစပ်အနေဖြင့် အနည်းငယ် ဖော်ပြခဲ့သည်။ နိရောဓသမာပတ် အကြောင်းကို ပြည့်ပြည့်စုံစုံ သိနိုင်ရန်အတွက် ဤနေရာ၌ ထပ်မံ ရှင်းလင်းဖော်ပြပါဦးမည်။

နိရောဓသမာပတ် ဆိုသည်မှာ ထွက်သက်ဝင်သက်ချုပ်ခြင်း၊ စိတ်စေတသိက်တို့ ချုပ်ခြင်း၊ စိတ္တဇရုပ်များချုပ်ခြင်းဖြင့် ပိုင်းခြားထားသော အချိန်ကာလ အတိုင်းအတာ တစ်ခုအတွင်း ခန္ဓာကိုယ် မလှုပ်မယှက် ငြိမ်သက်စွာ တည်နေခြင်းကို ဆိုသည်။

ထိုနိရောဓသမာပတ်ကို ပုထုဇဉ်ပုဂ္ဂိုလ်တို့သည် လည်းကောင်း၊ သောတာပန် သကဒါဂါမ် ပုဂ္ဂိုလ်တို့သည် လည်းကောင်း၊ ဈာန်မရသော (သုက္ခဝိပဿက) ဖြစ်သော အနာဂါမ်၊ ရဟန္တာပုဂ္ဂိုလ်တို့သည် လည်းကောင်း မဝင်စားနိုင်ကြချေ။ ဈာန်သမာပတ်ရှစ်ပါးကို ရကုန်သော အနာဂါမ် ရဟန္တာပုဂ္ဂိုလ်တို့သာ နိရောဓသမာပတ်ကို ဝင်စားနိုင်ကြသည်။ ယင်းသို့ ဝင်စားရာ၌ ကာမဘုံ ရူပဘုံ ဟု ဆိုအပ်သော ခန္ဓာငါးပါးရှိသော ဘုံ၌သာ ဝင်စားနိုင်ကြသည်။

ထိုဈာန်သမာပတ်ရ အနာဂါမ်၊ ရဟန္တာပုဂ္ဂိုလ်တို့ နိရောဓသမာပတ်ကို ဝင်စားကြခြင်း၏ ရည်ရွယ်ချက်မှာ သင်္ခတတရားတို့၏ ခဏ ခဏ ဖြစ်ခြင်း ပျက်ခြင်း၌ ငြီးငွေ့၍ မျက်မှောက်ဘဝ ပစ္စက္ခအတ္တဘော၌ စိတ် စေတသိက် စိတ္တဇရုပ် ဖြစ်ခြင်းမရှိဘဲ သညာ ဝေဒနာတို့၏ ချုပ်ရာ အနုပါဒိသေသ နိဗ္ဗာနဓာတ်သို့ ရောက်ရှိသကဲ့သို့ ချမ်းသာစွာ နေလိုကြသောကြောင့် ဖြစ်သည်။

နိရောဓသမာပတ်ကို ဝင်စားလိုသော ပုဂ္ဂိုလ်သည် ဆွမ်းဘုဉ်းပေးပြီး လက်ခြေတို့ကို ကောင်းစွာ ဆေးကြော သုတ်သင်၍ ဆိတ်ငြိမ်ရာအရပ်၌ ခင်းထားသော အခင်းပေါ်တွင် အထက်ပိုင်းကိုယ်ကို မတ်မတ်ထားကာ တင်ပျဉ်ခွေ ထိုင်လျက် နိရောဓသမာပတ်သို့ စိတ်ညွှတ်နေရမည်။
စာမျက်နှာ-616


နိရောဓသမာပတ် ဖြစ်ကြောင်း ၅-ပါး

နိရောဓသမာပတ်ကို ဖြစ်ပေါ်စေရန်၊ ဝင်စားနိုင်ရန် ဖော်ပြပါ အကြောင်း ၅-ပါးနှင့် ပြည့်စုံညီညွတ်ရမည်—
(၁) ဗလသမ္ပဒါ = အစွမ်းနှစ်ပါးနှင့် ပြည့်စုံခြင်း၊
(၂) သင်္ခါရပဋိပဿဒ္ဓိ = သင်္ခါရတို့ ငြိမ်းခြင်း၊
(၃) ဉာဏ စရိယ = ၁၆-ပါးသော ဉာဏ်ဖြစ်ခြင်း၊
(၄) သမာဓိ စရိယ = ၉-ပါးသော သမာဓိဖြစ်ခြင်း၊
(၅) ဝသီဘာဝတာ = ဝသီဘော် နိုင်နင်းခြင်း။

အစွမ်းနှစ်ပါးနှင့် ပြည့်စုံခြင်း ဟူသည် သမထအစွမ်း၊ ဝိပဿနာအစွမ်း နှစ်ပါးနှင့် ပြည့်စုံရမည်ဟု ဆိုလိုသည်။

သင်္ခါရတို့ ငြိမ်းခြင်း ဟူသည် ဒုတိယဈာန်ဝင်စားသောပုဂ္ဂိုလ်အား ဝိတက်၊ ဝိစာရဟု ဆိုအပ်သော ဝစီသင်္ခါရတို့ ငြိမ်းကုန်၏။ စတုတ္ထဈာန် ဝင်စားသော ပုဂ္ဂိုလ်အား ထွက်သက်ဝင်သက်ဟု ဆိုအပ်သော ကာယသင်္ခါရတို့ ငြိမ်းကုန်၏။ နိရောဓသမာပတ် ဝင်စားသောပုဂ္ဂိုလ်အား သညာ ဝေဒနာဟု ဆိုအပ်သော စိတ္တသင်္ခါရတို့ ငြိမ်းကုန်၏။ ဤသို့ သင်္ခါရသုံးပါး ငြိမ်းခြင်းကို ဆိုသည်။
၁၆-ပါးသော ဉာဏ်ဖြစ်ခြင်း ဟူသည်—
(၁) အနိစ္စာနုပဿနာဉာဏ် = မမြဲခြင်းကို ရှုသောဉာဏ်၊
(၂) ဒုက္ခာနုပဿနာဉာဏ် = ဆင်းရဲခြင်းကို ရှုသောဉာဏ်၊
(၃) အနတ္တာနုပဿနာဉာဏ် = မပိုင်စိုးခြင်းကို ရှုသောဉာဏ်၊
(၄) နိဗ္ဗိဒါနုပဿနာဉာဏ် = ငြီးငွေ့ဖွယ်ဟု ရှုသောဉာဏ်၊
(၅) ဝိရာဂါနုပဿနာဉာဏ် = တပ်မက်မှုကင်းခြင်းကို ရှုသောဉာဏ်၊
(၆) နိရောဓာနုပဿနာဉာဏ် = ချုပ်ငြိမ်းခြင်းကို ရှုသောဉာဏ်၊
(၇) ပဋိနိဿဂ္ဂါနုပဿနာဉာဏ် = စွန့်လွှတ်ခြင်းကို ရှုသောဉာဏ်၊
(၈-၁၆) မဂ်ဉာဏ်လေးပါး၊ ဖိုလ်ဉာဏ်လေးပါးတို့ကို ဆိုသည်။

၉-ပါးသော သမာဓိဖြစ်ခြင်း (စာမူ၌ ဉာဏ်ဟု မှားယွင်းပါဝင်နေသည်) ဟူသည် ဈာန်သမာပတ် ၈ ပါးနှင့် ဥပစာရသမာဓိ ၁ ပါး၊ ဤ ၉-ပါးကို ဆိုလိုသည်။

စာမျက်နှာ-617


ဝသီဘော် နိုင်နင်းခြင်းဟူသည် သမာပတ် ရှစ်ပါးကို ဝသီဘော် ငါးပါးတို့ဖြင့် အပြန်အလှန်ဝင်စား၍ ကျွမ်းကျင်နိုင်နင်းခြင်းကို ဆိုလိုသည်။

နိရောဓသမာပတ်၏ ပုဗ္ဗကိစ္စ ၄-ပါး

နိရောဓသမာပတ်ဝင်စားမည့် ပုဂ္ဂိုလ်သည် ပထမဈာန်အစရှိသောဈာန်တို့ကို အစဉ်အတိုင်း ဝင်စား၍ ဈာန်မှထလာသောအခါ ဈာန်အင်္ဂါတို့ကို ဝိပဿနာ ရှုမှတ်ရမည်။ ထိုနောက် ဝိညာဏဉ္စာယတနဈာန်မှထ၍ ထိုဈာန်စိတ္တုပ္ပါဒ်၌ သင်္ခါရတို့ကို မနုလွန်း မထက်လွန်း ဝိပဿနာရှု၏။ ထိုသို့ ဝိပဿနာရှုပြီးသည်၏ အခြားမဲ့၌ အာကိဉ္စညာယတနဈာန်ကို ဝင်စား၏။ ထို အာကိဉ္စညာယတန ဈာန်မှ ထပြီးနောက် နိရောဓသမာပတ်၏ ပုဗ္ဗကိစ္စ (ရှေးဦးပြုဖွယ်) လေးပါးကို ပြုလုပ်ရသည်။ ထိုလေးပါးတို့မှာ—

(၁) နာနာဗဒ္ဓအဝိကောပန = မိမိကိုယ်နှင့် ကင်းကွာနေသော သင်္ကန်း၊ သပိတ်စသော ပရိက္ခရာများ မပျက်စီးစေရန် အဓိဋ္ဌာန်ခြင်း၊

(၂) သံဃပ္ပဋိမာန = သံဃာတော်များ အလိုရှိလျှင် ထနိုင်ရန် အဓိဋ္ဌာန်ခြင်း၊
(၃) သတ္ထုပက္ကောသန = ဘုရားရှင်ခေါ်တော်မူလျှင် ထနိုင်ရန် အဓိဋ္ဌာန်ခြင်း၊

(၄) အဒ္ဓါနပရိစ္ဆေဒ = ခုနစ်ရက်အတွင်း မိမိ၏ အသက် အပိုင်းအခြား တည်တံ့အံ့လောဟု ဆင်ခြင်ခြင်း—

တို့ဖြစ်သည်။

(၁) နာနာဗဒ္ဓအဝိကောပန

ပရိက္ခရာများ မပျက်စီးအောင် အဓိဋ္ဌာန်ခြင်းဆိုသည်မှာ နိရောဓသမာပတ် ဝင်စားနေစဉ် မိမိထံတွင်မရှိဘဲ မိမိနှင့်ကင်းကွာနေသည့် သပိတ်၊ သင်္ကန်း၊ ညောင်စောင်း၊ အင်းပျဉ်၊ ကျောင်း စသည်တို့ကို မီး၊ ရေ၊ လေ၊ ခိုးသူ၊ ကြွက်စသည်တို့ကြောင့် မပျက်စီးရအောင် အဓိဋ္ဌာန်ခြင်းကို ဆိုသည်။

အဓိဋ္ဌာန်ပုံမှာ—

ဤမည်သော ပရိက္ခရာကို ဤခုနစ်ရက်အတွင်း၌ မီးမလောင်ပါစေသတည်း၊ ရေမမျောပါစေသတည်း၊ လေ မဖျက်ဆီးပါစေသတည်း၊ ခိုးသူတို့ မခိုးဝှက်ပါစေသတည်း၊ ကြွက်၊ ပိုးဟပ်စသည်တို့ မကိုက်ခဲပါစေသတည်း ဟူ၍ဖြစ်သည်။
စာမျက်နှာ-618


ဤသို့ အဓိဋ္ဌာန်ထားလျှင် ထိုအရှင် ပိုင်ဆိုင်သော ပရိက္ခရာတို့သည် မည်သို့သော အကြောင်းကြောင့်မျှ ပျက်စီး ပျောက်ရှခြင်း မဖြစ်နိုင်တော့ပေ။ မိမိကိုယ်နှင့်ထိစပ်နေသော သင်္ကန်း စသည်တို့မှာမူ အဓိဋ္ဌာန်မပြုသော်လည်း မီးလောင်ပျက်စီးခြင်း စသည် မဖြစ်နိုင်ချေ။

အဓိဋ္ဌာန်မပြုခြင်း၏ အပြစ်

ဤသို့ အဓိဋ္ဌာန်မှု မပြုလုပ်ထားသော ရဟန်း၏ ပရိက္ခရာများသည် မီးစသည်တို့ကြောင့် ပျက်စီးနိုင်၏။ ဥပမာအားဖြင့် အရှင်မဟာနာဂမထေရ်သည် မယ်တော်၏ရွာသို့ ဆွမ်းခံဝင်ပြီး မယ်တော် ကပ်လှူလိုက်သော ယာဂုကို အလှူခံ၍ ဆွမ်းစားဇရပ်၌ ဆွမ်းကို ငံ့လင့်လျက် သီတင်းသုံးနေ၏။ ထိုအခိုက် အဓိဋ္ဌာန်မပြုဘဲ နိရောဓသမာပတ်ကို ဝင်စားနေစဉ် ဆွမ်းစားဇရပ်ကို မီးစွဲလောင်လေသည်။ အခြားရဟန်းများမှာ မိမိတို့ ပရိက္ခရာကို ယူဆောင်၍ တိမ်းရှောင်သွားကြသည်။

ရွာသူရွာသားများသည် မီးကို ငြိမ်းသတ်ရန် စုဝေးရောက်ရှိလာကြရာ မီးစွဲလောင်နေသော ဇရပ်ပေါ်၌ ငုတ်တုတ်ထိုင်နေသော အရှင်မဟာနာဂကို မြင်ကြသဖြင့် အချို့လူများက “ရဟန်းပျင်း၊ ရဟန်းပျင်း” ဟု ဝိုင်းအုံ အော်ဟစ် ပြောဆိုကြသည်။

မီးသည် ဇရပ်အမိုးအကာတို့ကို လောင်ကျွမ်းပြီး မထေရ်ကို ပတ်ပတ်လည် ဝိုင်းနေလေပြီ။ လူတို့သည် မီးကို ရေဖြင့် ဝိုင်းဝန်းစုပေါင်း၍ ပက်ဖျန်းငြိမ်းသတ်ကြသည်။ မထေရ်ကို မလောင်ကျွမ်းမီ မီးငြိမ်းလေ၏။ ကြည်ညိုသောလူတို့သည် မထေရ်အား ရှိခိုးလျက် ထိုင်နေကြ၏။

မထေရ်သည် ပိုင်းခြားထားသော အချိန်စေ့၍ သမာပတ်မှထလျှင် မိမိအား ပူဇော်နေကြသော လူတို့ကို မြင်ရသဖြင့် “ငါ သမာပတ် ဝင်စားမှုသည် လူသိအများသိလေပြီ” ဟု နှလုံးသွင်းလျက် ကောင်းကင်သို့ ပျံတက်ကာ ပိယင်္ဂုကျွန်းသို့ ကြွသွားတော်မူလေသည်။

ထို့ကြောင့် ထိုကဲ့သို့သော အဖြစ်မျိုး မကြုံကြိုက်စေရန် မီးစသော အန္တရာယ်မှ ကင်းဝေးစေရန် အဓိဋ္ဌာန်ပြုရသည်။

(၂) သံဃပ္ပဋိမာန

သံဃာတော်များ အလိုရှိလျှင် ထနိုင်ရန် အဓိဋ္ဌာန်ခြင်း ဟူသည် မိမိ နိရောဓသမာပတ်ဝင်စားနေချိန်အတွင်း သံဃာအား သံဃာ့ကံပြုလုပ်ရန် အကြောင်းပေါ်လာသဖြင့် မိမိကို မျှော်လင့် အလိုရှိကြမည်။ ဤရဟန်းဘယ်မှာလဲ ဟု
စာမျက်နှာ-619


မေးကြမည်။ ရဟန်းတစ်ပါးပါးအား အခေါ်ခိုင်းနိုင်သည်။ ထိုအခါမျိုးတွင် နိရောဓသမာပတ်မှ ထနိုင်ရန် အဓိဋ္ဌာန်ထားခြင်းဖြစ်သည်။

အဓိဋ္ဌာန်ပုံမှာ—

ငါသည် ခုနစ်ရက်အတွင်း နိရောဓသမာပတ်ကို ဝင်စားနေစဉ် သံဃာတော်သည် ဝိနယကံတစ်ခုခုအတွက် ငါ့အား အလိုရှိ၍ ခေါ်ပါက သမာပတ်မှ ထစေသတည်း ဟူ၍ ဖြစ်သည်။

ဤသို့ အဓိဋ္ဌာန်ထားလျှင် သံဃာအမိန့်ဖြင့် ရဟန်းတစ်ပါးပါးက သမာပတ်ဝင်စားနေသော ရဟန်း ကြားလောက်သည့် နေရာတွင် ရပ်လျက် “အို...ငါ့ရှင် သံဃာတော်သည် ငါ့ရှင်ကို မျှော်လင့်နေပါ၏” ဟု ဆိုလိုက်ရုံမျှဖြင့် သမာပတ်မှ ထလာတော့၏။ ထိုသို့ သံဃကိစ္စတွင် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် သံဃာတော်များအလိုရှိလျှင် သမာပတ်မှ ထနိုင်ရန် အဓိဋ္ဌာန်ပြုထားရသည်။

(၃) သတ္ထုပက္ကောသန

ဘုရားရှင်ခေါ်တော်မူလျှင် ထနိုင်ရန် အဓိဋ္ဌာန်ခြင်း ဟူသည် ဘုရားရှင်သည် သိက္ခာပုဒ် ပညတ်ခြင်း စသော အကြောင်းဝတ္ထု တစ်စုံတစ်ခုကြောင့် သံဃာ့အစည်းအဝေးသို့ ကြွရောက်တော်မူ၍ ဤရဟန်း ဘယ်မှာလဲ ဟု မေးတော်မူမည်။ တစ်စုံတစ်ယောက်က သမာပတ်ဝင်စားနေကြောင်း လျှောက်ထားလျှင် “ငါဘုရား အမိန့်တော်ဖြင့် ခေါ်ချေလေ” ဟု ရဟန်းတစ်ပါးပါးအား စေခိုင်းမည်။ ထိုအခါမျိုးတွင် သမာပတ်မှ ထနိုင်ရန် အဓိဋ္ဌာန်ထားခြင်း ဖြစ်သည်။

အဓိဋ္ဌာန်ပုံမှာ—

ငါသည် ခုနစ်ရက်အတွင်း နိရောဓသမာပတ်ကို ဝင်စားနေစဉ် ငါ့အား ဘုရားရှင်ခေါ်တော်မူပါက သမာပတ်မှ ထစေသတည်း ဟူ၍ဖြစ်သည်။

ထိုသို့ အဓိဋ္ဌာန်ထားလျှင် ဘုရားရှင်အမိန့်တော်ဖြင့် ရဟန်းတစ်ပါးပါးက လာရောက်၍ သမာပတ်ဝင်စားနေသော ရဟန်း ကြားလောက်သည့် နေရာတွင် ရပ်လျက် “အို...ငါ့ရှင် ဘုရားရှင်သည် ငါ့ရှင်ကို ခေါ်တော်မူ၏” ဟု ဆိုရုံမျှဖြင့် သမာပတ်မှ ထလာတော့၏။ ဤသို့ အကြောင်းကိစ္စရှိ၍ ဘုရားရှင်ခေါ်တော်မူလျှင် သမာပတ်မှ ထနိုင်ရန် အဓိဋ္ဌာန် ပြုထားရသည်။
စာမျက်နှာ-620


(၄) အဒ္ဓါနပရိစ္ဆေဒ

ခုနစ်ရက်အတွင်း မိမိ၏ အသက် အပိုင်းအခြား တည်တံ့အံ့လောဟု ဆင်ခြင်ခြင်းဟူသည် နိရောဓသမာပတ်ကို ဝင်စားသော ရဟန်း၏ သေခြင်းတရားကို နိရောဓသမာပတ်က တားမြစ်ခြင်းငှာ မစွမ်းနိုင်။ နိရောဓသမာပတ်ဝင်စားနေစဉ်အတွင်း သေဆုံးခြင်းသည် မဖြစ်သင့် မဖြစ်ကောင်း။ ထမင်းအသက် ခုနစ်ရက်သာဖြစ်၍ ခုနစ်ရက်အတွင်း မသေမီအကြား၌သာလျှင် သမာပတ်မှ ထရသည်။ ထို့ကြောင့် နိရောဓသမာပတ် ဝင်စားနေစဉ် ခုနစ်ရက်အတွင်း မိမိ၏ အသက် အပိုင်းအခြား တည်တံ့မှု ရှိ-မရှိ ကြည့်ရှု ဆင်ခြင်ရသည်။ နိရောဓသမာပတ် ဝင်စားနေစဉ်အတွင်း “ထိုအာယုသင်္ခါရ၏ တည်တံ့နိုင်သော အပိုင်းအခြား၌ အဆောတလျင် သေခြင်းသည် မဖြစ်ပါစေသတည်း” ဟု နှလုံးသွင်း ဆင်ခြင်၍ အဓိဋ္ဌာန်ရသည်။

အခြားသော ပုဗ္ဗကိစ္စသုံးပါးကို မဆင်ခြင်လျှင် နေနိုင်သေးသော်လည်း ဤ အာယုသင်္ခါရ တည်တံ့မှု ရှိ-မရှိကိုမူ မချွတ်ဧကန် ဆင်ခြင်ရမည်ဟု အဋ္ဌကထာ၌ မိန့်ဆိုကြသည်။

နိရောဓသမာပတ် ဝင်စားပုံ

နိရောဓသမာပတ် ဝင်စားပုံမှာ ရှေးဦးစွာ ပထမဈာန်ကို ဝင်စားရ၏၊ ထိုဈာန်မှ ထ (နိုး) လာသောအခါ ထိုဈာန်၌ ရှိသော တရားများ (ဈာန်အင်္ဂါများ) ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တအားဖြင့် ရှုမှတ်ရ၏။ ရှုမှတ်မှုသည် မထက်လွန်း မနုလွန်း အလယ်အလတ်မျှသာ ဖြစ်စေရမည်။

ထို့နောက် ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပထမအရူပဈာန် (အာကာသာနဉ္စာယတနဈာန်)၊ ဒုတိယအရူပဈာန် (ဝိညာဏဉ္စာယတနဈာန်)၊ တတိယအရူပဈာန် (အာကိဉ္စညာယတနဈာန်) တို့ကို အစဉ်အတိုင်း ဈာန်တစ်ပါးစီ ဝင်စားရမည်။ ဈာန်တစ်ပါးကို ဝင်စားပြီးတိုင်း ထိုဈာန်၏ ဈာန်အင်္ဂါတရားများကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ဝိပဿနာ ရှုရမည်။

ထိုသို့ ရှုပြီးနောက် စတုတ္ထအရူပဈာန် (နေဝသညာနာသညာယတနဈာန်) ကို မဝင်စားမီ အထက်တွင် ဖော်ပြခဲ့ပြီးသော ပုဗ္ဗကိစ္စလေးပါး (အဓိဋ္ဌာန်လေးချက်) ကို ပြုလုပ်ရ၏။ ထို့နောက် နေဝသညာနာသညာယတန (စတုတ္ထအရူပ) ဈာန်ကို ဝင်စားရမည်။ ယင်းဈာန်စိတ် (၂) ကြိမ် ဖြစ်ပြီးနောက် စိတ်၊ စေတသိက် (နာမ်ခန္ဓာ) ဖြစ်စဉ်ကြီးသည် အဓိဋ္ဌာန်ပြု သတ်မှတ်ထားသည့် ကာလ အတိုင်းအတာအထိ ရပ်ဆိုင်းသွားတော့သည်၊ စိတ်၊ စေတသိက်တို့ မရှိတော့ချေ။ ထို့အတူ စိတ်ကြောင့်ဖြစ်သော ရုပ်များ (စိတ္တဇရုပ်များ) လည်း မဖြစ်တော့ချေ၊
စာမျက်နှာ-621


မရှိတော့ချေ။ ထိုသို့ စိတ် မရှိ၊ စိတ္တဇရုပ် မရှိသော်လည်း သမာပတ်၏ အစွမ်းကြောင့် ထိုင်လျက်သား အနေအထားမှ လဲကျ ယိုင်လဲခြင်း မရှိ၊ ကျောက်ဆင်းတုကဲ့သို့ ခိုင်မြဲစွာ မလှုပ်မယှက် တည်နေတော့သည်။

ဤသမာပတ် ဝင်စားနေချိန်၌ ထိုပုဂ္ဂိုလ်၏ ကိုယ်ခန္ဓာသည်လည်းကောင်း၊ ကိုယ်ခန္ဓာနှင့် ဆက်စပ်သမျှ သင်္ကန်း စသည်တို့သည်လည်းကောင်း မီးမလောင်၊ ခြမကိုက်၊ ခုတ်ဖြတ်သော်လည်း မစုတ်ပြတ်နိုင်၊ ထုနှက်သော်လည်း မကွဲမပျက်၊ ရွှေ့ပြောင်း၍လည်း မရနိုင်ချေ။

နိရောဓသမာပတ်မှ ထခြင်း

အဓိဋ္ဌာန်ပြု သတ်မှတ်ထားသော အချိန်ကာလ စေ့သောအခါ အနာဂါမ်ပုဂ္ဂိုလ်ဖြစ်လျှင် အနာဂါမိဖိုလ်စိတ် တစ်ကြိမ်ဖြစ်၍ ဘဝင်စိတ်ဖြစ်သည်။ ထို့နောက် အခြား ဝီထိစိတ်များ ဖြစ်ကုန်၏။ ရဟန္တာပုဂ္ဂိုလ်ဖြစ်လျှင် အရဟတ္တဖိုလ်စိတ် တစ်ကြိမ်ဖြစ်ပြီး ဘဝင်စိတ် ဖြစ်၏။ ထို့နောက် အခြား ဝီထိစိတ်များ ဆက်လက် ဖြစ်ကုန်၏။

နိရောဓသမာပတ် ဝင်စားသော ရဟန်းသည် အာကိဉ္စညာယတနဈာန်မှ ထ၍ ပုဗ္ဗကိစ္စလေးပါးကို မပြုဘဲ နေဝသညာနာသညာယတနဈာန်ကို ဝင်စားလျှင် ထိုဈာန်မှနောက်၌ ပိုင်းခြားသတ်မှတ်ထားသော ကာလပတ်လုံး စိတ်၊ စေတသိက်တို့ ဖြစ်ခြင်းမရှိဘဲ (စိတ္တုပ္ပါဒ်) တို့ ဆက်လက် မတည်တံ့နိုင်ဘဲ နိရောဓသို့ မဆိုက်ဘဲ တစ်ဖန် အာကိဉ္စညာယတနဈာန်သို့သာ ပြန်လည်၍ တည်လေ၏။

ဥပမာအားဖြင့် ခရီးသွားဖူး၊ သွားစမရှိသော ယောက်ျားသည် လမ်းခရီးအကြား၌ ရေရှိသော ချောက်သို့လည်းကောင်း၊ နက်သော ရွှံ့ညွန်ရေအိုင်သို့လည်းကောင်း၊ နေပူကြောင့် လောလောပူ ကျက်နေသော ကျောက်ဖျာပူသို့လည်းကောင်း ရောက်ရှိ၏။ ထိုယောက်ျားသည် ဝတ်ထားသော အဝတ်တို့ကို သေသပ်ကျစ်လျစ်စွာ ပြုပြင်ဝတ်ဆင်ခြင်း မပြုဘဲ ချောက်သို့ဆင်းရာ ပစ္စည်းပစ္စယများကို ရေစိုမည်ကြောက်သဖြင့် တစ်ဖန် ကမ်းသို့ပြန်တက်၏။ ထိုကမ်း၌ ကျောက်ဖျာကို နင်းရသဖြင့် လွန်စွာပူပြင်းလှသောကြောင့် တစ်ဖန် ဤမှာဘက်သို့ ပြန်လာ၏။

ဤဥပမာ၌ ခရီးသွား မကျွမ်းကျင်သော ထိုယောက်ျားသည် အဝတ်တို့ကို မပြုပြင်ဘဲ ချောက်သို့ ဆင်းရုံမျှဖြင့် အလွန်ပူသော ကျောက်ဖျာကို နင်းမိရုံမျှဖြင့် ပြန်ဆုတ်၍ ဤမှာဘက်သို့ လာရောက် ရပ်တည်ရသကဲ့သို့ ထိုအတူ
စာမျက်နှာ-622


နိရောဓသမာပတ် ဝင်စားသော ပုဂ္ဂိုလ်သည် ပုဗ္ဗကိစ္စကို မပြုသည်၏ အဖြစ်ကြောင့် နေဝသညာနာသညာယတနဈာန်ကို ဝင်စားကာမျှ ဖြစ်ပြီးနောက် အာကိဉ္စညာယတနဈာန်၌ ပြန်လည်၍ တည်ရလေသည်။

ဥပမာ တစ်နည်းကား... ခရီးကို သွားဖူးသော ယောက်ျားသည် ထိုအရပ်သို့ရောက်လျှင် ခါးဝတ်ပုဆိုးတစ်ထည်ကို မြဲမြဲဝတ်၍ အပေါ်ရုံပုဆိုးတစ်ထည်ကို လက်ဖြင့် မြဲစွာကိုင်မ၍ ချောက်ကို ကူး၏၊ လောလောပူသော ကျောက်ဖျာကို နင်းမိရုံသာနင်း၍ ထိုမှာဘက်သို့ သွား၏။

ထိုဥပမာကဲ့သို့ နိရောဓသမာပတ် ဝင်စားရန် ပုဗ္ဗကိစ္စ ပြုပြီးသော ရဟန်းသည် နေဝသညာနာသညာယတနဈာန်ကို ဝင်စား၍ ထိုဈာန်မှနောက်၌ စိတ်မရှိသည်ဖြစ်၍ စိတ်၊ စေတသိက်၊ စိတ္တဇရုပ်တို့ ချုပ်ခြင်း = (နိရောဓ) သို့ ရောက်လေတော့၏။

နိရောဓသမာပတ် ဝင်စားသူနှင့် သေသူအထူး

နိရောဓသမာပတ် ဝင်စားသူနှင့် သေဆုံးသူ မည်ကဲ့သို့ထူးခြားပုံကို စူဠဝေဒလ္လသုတ်၌ ဝိသာခဒါယကာအား အရှင်မ ဓမ္မဒိန္နာထေရီက ဤသို့ ဟောကြားတော်မူခဲ့သည်—

“သေဆုံးသော သတ္တဝါအား ကာယသင်္ခါရ၊ ဝစီသင်္ခါရ၊ စိတ္တသင်္ခါရတို့ ချုပ်ကုန်၏၊ ငြိမ်းကုန်၏၊ ဇီဝိတိန္ဒြေသည် ကုန်ပြီ၊ ကမ္မဇတေဇောဓာတ် (ကိုယ်ငွေ့) သည် ငြိမ်းသဖြင့် အေးစက်နေလေပြီ၊ စက္ခုဣန္ဒြေ (မျက်စိ အကြည်ဓာတ်) စသည်တို့ ပျက်စီးကုန်ပြီ။

သညာ ဝေဒနာတို့ ချုပ်ရာ နိရောဓသမာပတ်ကို ဝင်စားသောရဟန်း၏ ကာယသင်္ခါရ၊ ဝစီသင်္ခါရ၊ စိတ္တသင်္ခါရတို့ ချုပ်ကုန်၏၊ ငြိမ်းကုန်၏၊ ဇီဝိတိန္ဒြေမူကား မကုန်သေး၊ ကမ္မဇတေဇောဓာတ်သည်လည်း မငြိမ်းသေး၍ ကိုယ်ငွေ့ (အပူဓာတ်) ရှိနေသေး၏။ စက္ခု (မျက်စိအကြည်ဓာတ်) ဣန္ဒြေတို့လည်း မပျက်စီးကုန်သေး၊ နိရောဓသမာပတ် ဝင်စားသူနှင့် သေသူသည် ဤသို့ ထူးခြား၏”။

နိရောဓသမာပတ် ဝင်စား၍ ထိုသမာပတ်မှ ထလာသော ရဟန်း၏စိတ်သည် ရှေးမဆွကပင် သင်္ခါရတို့မှ မျက်နှာလွှဲပြီးသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ဖိုလ်စိတ်၏ ဖြစ်ခြင်းကြောင့်လည်းကောင်း နိဗ္ဗာန်သို့ ညွှတ်ကိုင်းနေ၏။ သို့ရာတွင် ထိုနိရောဓသမာပတ်ကို သင်္ခတတရားဟူ၍ လည်းကောင်း၊ အသင်္ခတတရားဟူ၍ လည်းကောင်း၊ လောကီဟူ၍ လည်းကောင်း၊ လောကုတ္တရာဟူ၍လည်းကောင်း မဆိုသင့်ချေ။ အဘယ့်ကြောင့်ဆိုသော် ထိုနိရောဓသမာပတ်သည်
စာမျက်နှာ-623


ပရမတ္ထ သဘောတရားအားဖြင့် မရှိသောကြောင့်တည်း။ စိတ်၊ စေတသိက်၊ စိတ္တဇရုပ်တို့ ချုပ်ငြိမ်းနေသည့် အခိုက်အတန့်မျှသာ ဖြစ်သည်။

နိရောဓသမာပတ်၏ အကျိုးအာနိသင်

ပြဆိုခဲ့ပြီးသော နည်းတို့ဖြင့် သင်္ခါရတို့ ငြိမ်းသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ငြိမ်သက်သော တည်ရာသို့ အစဉ်လိုက်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ငြိမ်သက်သော အရိယာပုဂ္ဂိုလ်တို့သာ မှီဝဲအပ်သည် ဖြစ်၍ မျက်မှောက်သော ကိုယ်၏အဖြစ်၌ “ဒုက္ခတာ” သုံးပါးတို့ ငြိမ်းသည်၏ အဖြစ်ကြောင့်လည်းကောင်း နိဗ္ဗာန်ဟု ခေါ်ဆိုခြင်းသို့ ရောက်သော ဤနိရောဓသမာပတ်ကို အရိယာအရှင်မြတ်တို့သည် စင်ကြယ်မြင့်မြတ်သော မဂ်ပညာ ဖိုလ်ပညာကို တိုးပွားစေလိုသောကြောင့် ဝင်စားကြကုန်၏။ နိရောဓသမာပတ်ကို ဝင်စားခြင်းကြောင့် မဂ်ပညာ ဖိုလ်ပညာများ တိုးပွားခြင်း အကျိုးအာနိသင် ရှိ၏။

ထို့ပြင် နိရောဓသမာပတ် ဝင်စားနေရာမှ ထလာသော အရှင်မြတ်သည် သတ္တဝါတို့အား ချီးမြှောက်ရန်အတွက် ထိုသတ္တဝါ၏ ကုသိုလ်ကံ လုံလောက်မှု ရှိ မရှိ ကြည့်ရှုဆင်ခြင်တော်မူကြသည်။ ကုသိုလ်အကြောင်း အထောက်အပံ့ လုံလောက် ပြည့်စုံသော ပုဂ္ဂိုလ်ထံသို့ အလှူခံရန် ကြွတော်မူလေ့ရှိကြသည်။ နိရောဓသမာပတ်မှ ထလာသော အရှင်သူမြတ်အား လှူဒါန်းလိုက်ရသော အလှူရှင်သည်လည်း ချက်ချင်း အကျိုးပေးတော့၏။

သာဓကအားဖြင့် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် နိရောဓသမာပတ်မှ ထလာရာတွင် ချီးမြှောက်သင့်သည့် သတ္တဝါတို့ကို ကြည့်ရှုတော်မူရာ လယ်သမား ပုဏ္ဏနှင့် ဇနီးမောင်နှံကို မြင်တော်မူသည်။ ထို့ကြောင့် လယ်ထွန်နေသော ပုဏ္ဏ၏ လယ်ကန်သင်းသို့ ကြွရောက်၍ ရပ်တန့်တော်မူသည်။ ထိုအခါ ပုဏ္ဏမှာ လှူစရာမရှိသဖြင့် မျက်နှာသစ်တော်ရေနှင့် ဒန်ပူတစ်ခုကို အရှင်မြတ်အား လှူဒါန်းလိုက်သည်။

အရှင်မြတ်သည် ထိုနေရာမှ ကြွသွားတော်မူရာ လယ်ထွန်ရာသို့ ထမင်းပို့လာသော ပုဏ္ဏ၏ ဇနီးနှင့် လမ်းတွင် တွေ့ဆုံလေသည်။ ပုဏ္ဏ၏ ဇနီးသည် ပုဏ္ဏအတွက် ယူဆောင်လာသော ထမင်းများကို အရှင်မြတ်အား အကုန်လောင်းလှူလိုက်သည်။
စာမျက်နှာ-624


ပုဏ္ဏအတွက် ထမင်းပြန်ချက်၍ ပြီးမှ လယ်တောသို့ လာခဲ့သည်။ ပုဏ္ဏသည် ထမင်းစားပြီး တအောင့်တနား နားနေ အိပ်ပျော်ရာမှ မျက်စိဖွင့်ကြည့်လိုက်ရာ ထွန်ယက်ထားသော လယ်ကွင်းထဲမှ ထယ်စာခဲများအားလုံး ရွှေသားပကတိ ဖြစ်နေလေတော့သည်။

ဤနိရောဓသမာပတ်သည် ဝင်စားသော ပုဂ္ဂိုလ်အား မျက်မှောက်ဘဝ အတ္တဘော၌ ဖြစ်ပျက်ရုပ်နာမ်တို့ ချုပ်ငြိမ်း၍ အနုပါဒိသေသ နိဗ္ဗာနဓာတ်ကို ခံစားနိုင်ခြင်း၊ ထိုအရှင်အား လှူဒါန်းရသော ပုဂ္ဂိုလ်တို့သည် မျက်မှောက်ဘဝ လက်ငင်းဒိဋ္ဌ မကြာမြင့်မီ အချိန်အတွင်း စည်းစိမ်ချမ်းသာတို့ကို ရရှိခြင်း စသော ထူးမြတ်ကြီးမားသည့် အကျိုးတရားများကို ပေးနိုင်စွမ်းရှိလေသည်။
စာမျက်နှာ-625


အခန်း (၁၂) မြတ်သောနိဗ္ဗာန်

ဗုဒ္ဓဘာသာဝင်တို့၏ အမြတ်ဆုံး ရည်ရွယ်ချက်နှင့် အမြင့်ဆုံး ပန်းတိုင်၊ သို့မဟုတ် နောက်ဆုံး ပန်းတိုင်ကား မြတ်သော နိဗ္ဗာန်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့သည် မည်သည့် ကုသိုလ်မျိုးကိုပင် ပြုပြု “အဆုံးဘဝ ပစ္ဆိမ၌ နိဗ္ဗာန်ချမ်းသာကို ရရပါလို၏” ဟု အမြဲတစေ ဆုတောင်းလေ့ရှိကြသည်။ ဗုဒ္ဓဘာသာတို့ လိုလားတောင်းတသော ထိုနိဗ္ဗာန်ကို ကျမ်းတတ်ပညာရှင်တို့က “နိဗ္ဗာန်ရွှေဘုံ၊ နိဗ္ဗာန်ရွှေပြည်၊ နိဗ္ဗာန်နန်း၊ နိဗ္ဗာန်ရွှေမြို့” စသည်ဖြင့် တင်စား၍ ခေါ်ဝေါ်ခဲ့ကြသည်။

ယင်းသို့ ပညာရှင်တို့က တင်စားခေါ်ဝေါ်ခဲ့ကြသဖြင့် အချို့ ဉာဏ်နုသော ပုဂ္ဂိုလ်များအနေဖြင့် နိဗ္ဗာန်ကို လူ့ပြည် နတ်ပြည် စသည်တို့ကဲ့သို့လည်းကောင်း၊ ကြီးကျယ်ခမ်းနားသော ဘုံနန်းပြာသာဒ်ကြီးများကဲ့သို့လည်းကောင်း တင့်တယ်လှပနေမည်ဟု ထင်မြင်ယူဆကြသည်။

ထိုနိဗ္ဗာန်သည် တင်စားခေါ်ဝေါ်ထားသကဲ့သို့ ရွှေဘုံ ရွှေနန်း ရွှေပြည် စခန်း မဟုတ်ပေ၊ မြို့ကြီး ပြကြီး ပြည်ကြီးလည်း မဟုတ်ပေ။ အမှန်စင်စစ်အားဖြင့် နိဗ္ဗာန်ဟူသည် “သန္တိလက္ခဏာ” ဟု ခေါ်ဆိုသော ကိလေသာ ဝဋ်ဆင်းရဲတို့၏ ငြိမ်းခြင်းသဘောရှိ၏။ အမြဲမပြတ် ဖြစ်ပျက်နေသော ရုပ်၊ နာမ်၊ သင်္ခါရတို့မှ ကင်းဆိတ်နေ၏။

နိဗ္ဗာန်သည် သင်္ခါရနှင့် ဆန့်ကျင်ဘက် (ပြောင်းပြန်)

မီးနှင့် ရေ၊ အပူနှင့် အအေး၊ အလင်းနှင့် အမှောင်သည် ပြောင်းပြန်ဖြစ်သကဲ့သို့၊ ဆန့်ကျင်ဘက် ဖြစ်သကဲ့သို့ နိဗ္ဗာန်သည် သင်္ခါရတို့နှင့် ပြောင်းပြန်ဖြစ်၏။ ဆန့်ကျင်ဘက်ဖြစ်၏။ သင်္ခါရ (သင်္ခတ) တရားအားလုံးတို့တွင် တစ်စုံတစ်ခုသော သင်္ခါရ (သင်္ခတ) ၌မျှ နိဗ္ဗာန် မရှိသကဲ့သို့ ထိုနိဗ္ဗာန်၌လည်း အလုံးစုံသော သင်္ခါရတရားတို့ မရှိကုန်။ သင်္ခါရ (သင်္ခတ) တရားနှင့် အသင်္ခတ (နိဗ္ဗာန်) သည် မျဉ်းပြိုင် နှစ်ကြောင်းကဲ့သို့ မည်သည့်အခါမျှ ပေါင်းဆုံမိခြင်း မဖြစ်နိုင်ချေ။

ထို့ကြောင့် နိဗ္ဗာန်နှင့် သင်္ခါရတို့ ပြောင်းပြန်ဖြစ်ပုံ ဖြောင့်ဖြောင့် ဆန့်ကျင်ပုံကို ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌ ဤသို့ ဟောကြားထားတော်မူသည်—
စာမျက်နှာ-626


ဖြစ်ခြင်းရှိသော တရားသည် သင်္ခါရတည်း၊ ဖြစ်ခြင်းကင်းသော တရားသည် နိဗ္ဗာန်တည်း။

မပြတ်ဖြစ်သော ရုပ်၊ နာမ် အစဉ်သည် သင်္ခါရတည်း၊ မပြတ်ဖြစ်သော ရုပ်၊ နာမ် အစဉ်ကင်းသော တရားသည် နိဗ္ဗာန်တည်း။

ပုံသဏ္ဌာန်၊ အထည်ကိုယ် ထင်ပေါ်သော တရားသည် သင်္ခါရတည်း၊ ပုံသဏ္ဌာန်၊ အထည်ကိုယ် မထင်ပေါ်သော တရားသည် နိဗ္ဗာန်တည်း။

ချမ်းသာကောင်းစားရန် ရည်သန်အားထုတ်ခြင်းသည် သင်္ခါရတည်း၊ ချမ်းသာကောင်းစားရန် အားထုတ်ခြင်းကင်းသော တရားသည် နိဗ္ဗာန်တည်း။

ရှေးဘဝ၊ ရှေးစိတ်နှင့် စပ်၍ ဖြစ်ခြင်းသည် သင်္ခါရတည်း၊ ရှေးဘဝ၊ ရှေးစိတ်နှင့် စပ်၍ ဖြစ်ခြင်းကင်းသော တရားသည် နိဗ္ဗာန်တည်း။

နိဗ္ဗာန်သည် အဘာဝ (မရှိ) ပညတ်မဟုတ် (သုညမဟုတ်)

နိဗ္ဗာန်သည် ရုပ်နာမ်ဓမ္မ သင်္ခါရ ဝဋ်ဒုက္ခ ဆင်းရဲဟူသမျှတို့၏ ကင်းငြိမ်းခြင်း သဘောမျှသာဖြစ်၍ ပုံပန်းသဏ္ဌာန်၊ နိမိတ်၊ အပိုင်းအခြား၊ အထည်ကိုယ်ဒြပ် ကင်းသည့်အနေအားဖြင့်သာလျှင် အရိယာပုဂ္ဂိုလ်တို့၏ ဉာဏ်၌ ရှေးရှုထင်ပေါ်၏။ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး သိပြီးသော အရိယာပုဂ္ဂိုလ်ပင်ဖြစ်သော်လည်း ထိုနိဗ္ဗာန်ကို “မည်သို့သော အရောင်အဆင်းရှိသည်၊ မည်သို့သော ပုံပန်းသဏ္ဌာန်ရှိသည်၊ မည်သည့် အရာဝတ္ထုနှင့် တူသည်” ဟု မပြောပြနိုင်ပေ။ ထိုအရိယာပုဂ္ဂိုလ်အနေဖြင့် အမြဲမပြတ် ဖြစ်ပျက်လေ့ရှိသော ရုပ်နာမ်သင်္ခါရအားလုံးတွင် လုံးဝ မပေါ်လာတော့ဘဲ ချုပ်ငြိမ်းကင်းဆိတ်သည့် သဘောသည် နိဗ္ဗာန်ဖြစ်သည်ဟု သိလည်းသိ၏၊ ပြောလည်း ပြောနိုင်၏။ ထို့ကြောင့် မိလိန္ဒပဉ္စာ ၌—

“မင်းကြီး နိဗ္ဗာန်နှင့်တူသော ဥပမာမရှိ၊ နိဗ္ဗာန်၏ အရောင်အဆင်း၊ ပုံပန်းသဏ္ဌာန်၊ အရွယ်အစား၊ အတိုင်းအရှည်တို့ကို ဥပမာဖြင့်သော်လည်းကောင်း၊ အထောက်အကူ အကြောင်းဖြင့်သော်လည်းကောင်း၊ တိုက်ရိုက် အကြောင်းရှင်းဖြင့်သော်လည်းကောင်း၊ သိကြောင်း နည်းပညာဖြင့်သော်လည်းကောင်း ဆောင်ကပ်၍ ဖော်ပြခြင်းငှာ မဖြစ်နိုင်”

ဟု မိလိန္ဒမင်းကြီးအား အရှင်နာဂသိန် မိန့်ကြားတော်မူခဲ့သည်။
စာမျက်နှာ-627


“ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ ငြိမ်းခြင်း၊ ကင်းဆိတ်ခြင်း၊ မဖြစ်ပေါ်ခြင်း၊ မရှိခြင်း သဘောသည် နိဗ္ဗာန်၊ ထိုနိဗ္ဗာန်မှာ အရောင်အဆင်း၊ ပုံပန်းသဏ္ဌာန်၊ အရွယ်ပမာဏ မရှိ၊ ထိုနိဗ္ဗာန်ကို အကြောင်းဥပမာတို့ဖြင့် ပေါ်လွင်ထင်ရှားအောင် မပြနိုင်” ဟု ဆိုသောကြောင့် နိဗ္ဗာန်ဟူသည် “ဘာမျှ မရှိခြင်း” အဘာဝပညတ်နှင့် အတူတူပင်ဖြစ်သည်ဟု ထင်မြင်ယူဆဖွယ်ရှိ၏။

သို့ရာတွင် နိဗ္ဗာန်သည် ဘာမျှ မရှိခြင်း အဘာဝပညတ်ကဲ့သို့ လုံးဝ မရှိသည်ကား မဟုတ်ချေ။ သုညမဟုတ်ချေ။ သင်္ခါရတို့၏ ငြိမ်းခြင်း၊ ကင်းဆိတ်ခြင်း၊ မဖြစ်ပေါ်ခြင်း၊ မရှိခြင်း စသောအားဖြင့် ထင်ရှားရှိသည်သာတည်း။ ထို့ကြောင့် ထိုသင်္ခါရတရားတို့၏ ငြိမ်းခြင်း စသော သဘောကို မျက်မှောက်ပြု တွေ့သိလျက် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ မဂ်တရား၊ ဖိုလ်တရားများ ဖြစ်ပေါ်လာရသည်။

ကြံစည် စဉ်းစားရုံမျှဖြင့် မသိနိုင်သော နိဗ္ဗာန်

ရုပ်နာမ်ဓမ္မ သင်္ခါရတို့ မဖြစ်ပေါ်လာတော့ဘဲ ငြိမ်းခြင်းတည်းဟူသော နိဗ္ဗာန်ဓာတ်သဘောသည် ရုပ်တရား နာမ်တရားတို့ကဲ့သို့ ဖြစ်ပေါ်ခြင်းမရှိသောကြောင့် အဇာတ၊ အဘူတ မည်၏။ အကြောင်းတရားတို့က မပြုပြင် မစီရင်အပ်သောကြောင့် အကတ မည်၏။ အကြောင်းတရားများစွာ ညီညွတ်၍ ပြုလုပ်အပ်သည့်တရား မဟုတ်သောကြောင့် အသင်္ခတ မည်၏။

ထိုနိဗ္ဗာန်ဟူသော အေးငြိမ်းဓာတ်သဘောသည် အကယ်၍ “မရှိ” ပါမူ မပြတ်ဖြစ်ပျက်နေသော ရုပ်ခန္ဓာ နာမ်ခန္ဓာအစဉ်၏ ပြတ်ခြင်းဟူသည်လည်း မရှိနိုင်တော့ပြီ။ သို့သော် ထိုအေးငြိမ်းဓာတ် နိဗ္ဗာန်သဘောတရားသည် မရှိသည် မဟုတ်ချေ။ မဂ်ဖိုလ်၏ မျက်မှောက်အာရုံဖြစ်လျက် ပရမတ္ထအားဖြင့် ထင်ရှားရှိနေ၏။ ထိုသို့ ထင်ရှားရှိသောကြောင့်သာ အကျင့်မြတ်ကို မှန်ကန်စွာ ကျင့်ကြံသူ၏ သန္တာန်၌ မပြတ်ဖြစ်နေသော ရုပ်ခန္ဓာအစဉ်၊ နာမ်ခန္ဓာအစဉ်သည် ပရိနိဗ္ဗာနစုတိမှ နောက်ကာလ၌ တစ်ဖန် ဖြစ်ပေါ်မလာတော့ဘဲ အမြဲတမ်း ငြိမ်းသွားလေသည်။ ထိုသို့ ငြိမ်းခြင်းဓာတ်သဘောတရား (နိဗ္ဗာန်) သည် ထင်ရှားရှိနေသည်။

ယင်းသို့ ထင်ရှားရှိသော ဓာတ်သဘောဖြစ်သောကြောင့် မြတ်စွာဘုရားရှင်က ဥဒါန်းပါဠိတော် ၌ ဤသို့ ဟောကြားတော်မူခဲ့သည်—
စာမျက်နှာ-628


“နိဗ္ဗာန်တည်းဟူသော အကြောင်းအာရုံသည် ပရမတ္ထအားဖြင့် ထင်ရှားရှိ၏။ နိဗ္ဗာန်တည်းဟူသော အကြောင်းအာရုံ၌ ပထဝီဓာတ်လည်းမရှိ၊ အာပေါဓာတ်လည်းမရှိ၊ တေဇောဓာတ်လည်းမရှိ၊ ဝါယောဓာတ်လည်းမရှိ၊ အာကာသာနဉ္စာယတန၊ ဝိညာဏဉ္စာယတန၊ အာကိဉ္စညာယတန၊ နေဝသညာနာသညာယတန တရားတို့လည်းမရှိ၊ ဤမျက်မှောက်လောကလည်းမရှိ၊ တစ်ပါးသော လောကလည်းမရှိ၊ လ၊ နေ၊ နက္ခတ်၊ တာရာတို့လည်းမရှိ။ လာရောက်ခြင်းကိုလည်း ငါမဟော၊ အခြားသို့ ပြောင်းရွှေ့သွားခြင်းကိုလည်း ငါမဟော၊ တည်တံ့နေခြင်းကိုလည်း ငါမဟော၊ စုတေရွှေလျောခြင်းကိုလည်း ငါမဟော၊ ကပ်ရောက်၍ ဖြစ်ခြင်းကိုလည်း ငါမဟော။ ထိုနိဗ္ဗာန်ဟူသော အာရုံအကြောင်းသည် တည်ရာလည်းမရှိ၊ မပြတ်ဖြစ်ခြင်းလည်းမရှိ။ နိဗ္ဗာန်သည် နာမ်တရားပင်ဖြစ်သော်လည်း စိတ်၊ စေတသိက်တို့ကဲ့သို့ အာရုံပြုတတ်သော သဘောမဟုတ်။ မဂ်ဖိုလ်တို့၏ အာရုံအကြောင်းဖြစ်သော နိဗ္ဗာန်သည် ထိုနိဗ္ဗာန်ကို သိလျှင် အလုံးစုံသော ဆင်းရဲမရှိခြင်းကြောင့် ရုပ်နာမ်သင်္ခါရဟူသော ဝဋ်ဆင်းရဲ၏ အဆုံးတည်း။”

နိဗ္ဗာန်သည် သင်္ခါရတရားတို့နှင့် ပြောင်းပြန်၊ သင်္ခါရတရားတို့၏ ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ဖြစ်သောကြောင့် သင်္ခါရတရားတို့အပေါ်၌ စွဲလမ်းနှစ်သက်တွယ်တာ ခုံမင်နေကြသော သူသူငါငါ ပုထုဇဉ်သတ္တဝါတို့အနေဖြင့် ထိုနိဗ္ဗာန်ကို စဉ်းစားတွေးခေါ် မြော်မြင် ဆင်ခြင်၍ မသိနိုင်ချေ။ “နိဗ္ဗာန်သည် မည်သို့နည်း၊ မည်ကဲ့သို့သော အရာနည်း၊ မည်ကဲ့သို့သော ချမ်းသာနည်း၊ မည်ကဲ့သို့ ဖြစ်သနည်း” စသည်ဖြင့် ကြံစည်စဉ်းစားနေလျှင် ပင်ပန်းရုံ၊ အချိန်ကုန်ရုံသာ ရှိချေမည်။

နိဗ္ဗာန်သည် “ဂမ္ဘီရော ဒုဒ္ဒသော” ဟူသော ဘုရားရှင်၏ စကားတော်နှင့်အညီ အလွန်နက်နဲ၏၊ အလွန်ခက်ခဲ၏၊ လူသားတို့၏ ပကတိဉာဏ်ဖြင့် သိလည်း မသိနိုင်ပေ။ နိဗ္ဗာန်ကို သိလိုလျှင်၊ နိဗ္ဗာန်၏အရသာကို ခံစားလိုလျှင် နိဗ္ဗာန်အကြောင်းကို သူတစ်ပါးအား မေးမြန်းနေရန် မလို။ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းဖြစ်သော ဝိပဿနာအကျင့်မှန်ကို နည်းမှန်လမ်းမှန် ကြိုးစား၍ ကျင့်ကြံပါလေ။ အဆင့်ဆင့် ဉာဏ်ရင့်ကျက်၍ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်နှင့် ပြည့်စုံလာသောအခါ ပညာရှိ အရိယာ သူတော်ကောင်းတို့သာ မျက်မှောက်ပြု သိမြင်အပ်သော အသင်္ခတ ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်သည့် နိဗ္ဗာန်ကို...
စာမျက်နှာ-629


ဥပမာအားဖြင့် သစ်သီးတစ်လုံး၏ အရသာကို မည်သို့နည်းဟု သူတစ်ပါးအား မေးမြန်းစုံစမ်းနေမည့်အစား ကိုယ်တိုင် ယူငင်စားကြည့်ခြင်းအားဖြင့် ထိုသစ်သီး၏ အရသာကို လက်တွေ့ သိရှိခံစားရမည် မဟုတ်ပါလော။ ထို့ကြောင့် နိဗ္ဗာန်၏ အရသာကို တွေ့ရှိခံစားလိုပါလျှင် ဝိပဿနာအကျင့်မှန်ကို ကိုယ်တိုင် ကျင့်ကြံအားထုတ်ပါလေ သူတော်ကောင်း။

နိဗ္ဗာန် ၂-မျိုး

မဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်သည် ရုပ်နာမ်သင်္ခါရ ဝဋ်ဆင်းရဲဟူသမျှတို့၏ ကင်းပချုပ်ငြိမ်းခြင်း၊ အေးငြိမ်းခြင်းတည်းဟူသော သန္တိလက္ခဏာ သဘောအားဖြင့် တစ်ပါးတည်းသာဖြစ်သော်လည်း ခန္ဓာအကြွင်းအကျန် ရှိ၊ မရှိ ကွဲပြားသောကြောင့် ပရိယာယ်အားဖြင့် နှစ်မျိုးကွဲပြားရသည်။ ထိုနှစ်မျိုးမှာ—
(၁) သဥပါဒိသေသ နိဗ္ဗာန် = ခန္ဓာအကြွင်းအကျန်ရှိသေးသော နိဗ္ဗာန်၊
(၂) အနုပါဒိသေသ နိဗ္ဗာန် = ခန္ဓာ လုံးဝမကျန်ရှိတော့သော နိဗ္ဗာန်—
တို့ဖြစ်သည်။

သဥပါဒိသေသနိဗ္ဗာန် ဆိုသည်မှာ ပရိနိဗ္ဗာန် မစံရသေးသော သက်တော်ထင်ရှား ဘုရား၊ ရဟန္တာတို့၏ သန္တာန်၌ ကိလေသာတို့ လုံးဝမဖြစ်ပေါ်နိုင်သောအားဖြင့် ငြိမ်းအေးနေခြင်းကို ဆိုသည်။ ခန္ဓာကိုယ်နှင့်တကွ သက်ရှိထင်ရှား ခံစားရသော နိဗ္ဗာန်ကို ခေါ်သည်။ (သ + ဥပါဒိ + သေသ + နိဗ္ဗာန၊ သ = တကွဖြစ်သည်၊ ရှိသည် + ဥပါဒိ = တဏှာစသည်တို့က အကျိုး၏အဖြစ်ဖြင့် ယူအပ်သောခန္ဓာ + သေသ = ကိလေသာတို့မှ ကြွင်းကျန်သည် + နိဗ္ဗာန = ငြိမ်းခြင်း)။ အကြောင်းကိလေသာတို့ ချုပ်ငြိမ်းမှု၏ အကျိုးဖြစ်သော ခန္ဓာအကြွင်းအကျန် ရှိသေးသည်ဟု ဆိုလိုသည်။

အနုပါဒိသေသနိဗ္ဗာန် ဆိုသည်မှာ ဘုရား၊ ရဟန္တာတို့အား ပရိနိဗ္ဗာနစုတိ နောက်ကာလ၌ ရုပ်နာမ်သင်္ခါရတို့ မဖြစ်ပေါ်လာတော့ဘဲ လုံးဝငြိမ်းသွားခြင်းကို ဆိုသည်။ ပရိနိဗ္ဗာန်စံပြီးနောက် ခံစားရသော နိဗ္ဗာန်ကို ခေါ်သည်။ (အန + ဥပါဒိ + သေသ + နိဗ္ဗာန၊ အန = မရှိ + ဥပါဒိ = အကျိုးဖြစ်သောခန္ဓာ + သေသ = ကြွင်းကျန်သည် + နိဗ္ဗာန = ငြိမ်းခြင်း) ပရိနိဗ္ဗာနစုတိမှ နောက်ကာလ၌ အကျိုးဖြစ်သော ဝိပါက်နာမက္ခန္ဓာ၊ ကမ္မဇရုပ်ခန္ဓာမျှ မကြွင်းတော့ဘဲ သင်္ခါရတို့၏ လုံးဝငြိမ်းခြင်းသဘောဟု ဆိုလိုသည်။
စာမျက်နှာ-630


ဘဝသစ် ခန္ဓာသစ်ကို မဖြစ်စေတော့ဘဲ မျက်မှောက်ဘဝ၌သာလျှင် ဘုရား၊ ရဟန္တာ၏ ခန္ဓာငြိမ်းအေးခြင်း (ဝါ) ပရိနိဗ္ဗာနစုတိခန္ဓာတို့ ချုပ်ငြိမ်းသည်မှ နောက်ကာလ၌ ခန္ဓာအသစ် ဆက်စပ်၍ မဖြစ်တော့ဘဲ အမြဲတမ်း ငြိမ်းခြင်းကို “အနုပါဒိသေသ နိဗ္ဗာနဓာတ်” ဟု ခေါ်ဆိုသည်။

တစ်နည်း နိဗ္ဗာန် ၂-မျိုး

နိဗ္ဗာန်သည် ငြိမ်းအေးခြင်း သန္တိလက္ခဏာအားဖြင့် တစ်ပါးတည်းဖြစ်သော်လည်း ပရိယာယ် တစ်နည်းအားဖြင့် နှစ်မျိုးကွဲပြားပြန်သည်။
ထိုနှစ်မျိုးမှာ—
(၁) ကိလေသပရိနိဗ္ဗာန် = ကိလေသာငြိမ်းသော နိဗ္ဗာန်၊
(၂) ခန္ဓပရိနိဗ္ဗာန် = ခန္ဓာငြိမ်းသော နိဗ္ဗာန်— တို့ဖြစ်သည်။
ဤနှစ်မျိုးအနက် ကိလေသပရိနိဗ္ဗာန်သည် သဥပါဒိသေသ နိဗ္ဗာန်နှင့် တူ၏။ ခန္ဓပရိနိဗ္ဗာန်သည် အနုပါဒိသေသ နိဗ္ဗာန်နှင့် တူ၏။

မဂ်ဖိုလ်၏ အာရုံဖြစ်သော နိဗ္ဗာန်

မဂ်ဖိုလ်၏ အာရုံဖြစ်သော နိဗ္ဗာန်သည် သာမညနိဗ္ဗာန်ဖြစ်၏။ သဥပါဒိသေသ၊ အနုပါဒိသေသ နိဗ္ဗာန်တို့သည် ထိုသာမညနိဗ္ဗာန်အတွင်း အကျုံးဝင်သော ဝိသေသနိဗ္ဗာန် ဖြစ်၏။

ထို့ကြောင့် မဂ်ဖိုလ်ဖြစ်ဆဲ၌ သဥပါဒိသေသ၊ အနုပါဒိသေသအားဖြင့်လည်း ခွဲခြား၍ အာရုံပြုသည်မဟုတ်၊ ရာဂငြိမ်းခြင်း၊ ဒေါသငြိမ်းခြင်း၊ မောဟငြိမ်းခြင်း၊ ရုပ်ငြိမ်းခြင်း၊ ဝေဒနာငြိမ်းခြင်း ဤသို့စသည်ဖြင့်လည်း အစိတ်စိတ်ခွဲခြား၍ အာရုံပြုသည်မဟုတ်၊ ယခုငြိမ်းခြင်း၊ နောင်ကာလ၌ ငြိမ်းခြင်းအားဖြင့်လည်း ခွဲခြား၍ အာရုံပြုသည်မဟုတ်၊ “နိဗ္ဗာန်၊ ချုပ်ငြိမ်းသည်၊ ကင်းဆိတ်သည်၊ ကိလေသာမရှိ၊ ခန္ဓာမရှိ၊ သင်္ခါရမရှိ” ဟူသော အမည်ပညတ်တို့နှင့်တကွလည်း အာရုံပြုသည် မဟုတ်။

အမှန်စင်စစ်အားဖြင့် မဂ်ဖိုလ်က နိဗ္ဗာန်ကို အာရုံပြုသည်ဆိုရာ၌ ရှုမှတ်သိအပ်သော ရုပ်နာမ်သင်္ခါရနှင့် မှတ်သိမှု သင်္ခါရတို့ မပေါ်လာတော့ဘဲ ပူပန်မှုများ ဖြစ်ပျက်မှုများ လုံးဝမရှိသော အငြိမ်းဓာတ်ကြီးကို အာရုံပြု သိလိုက်ခြင်းတည်း။
စာမျက်နှာ-631


မဂ်စိတ် ဖိုလ်စိတ် ဖြစ်ဆဲခဏ၌ ရုပ်နာမ်ခန္ဓာ သင်္ခါရ ဟူသမျှတို့ ဖြစ်ပေါ်မှုကို လုံးဝ မသိခြင်း၊ ထိုသင်္ခါရတို့ ချုပ်ငြိမ်းခြင်းသဘောကို သိခြင်းကို မဂ်ဖိုလ်က နိဗ္ဗာန်ကို အာရုံပြုသည်ဟု ခေါ်သည်။

နိဗ္ဗာန်သည် စဉ်းစားလေလေ... နက်နဲလေလေ ဖြစ်သည်။ နိဗ္ဗာန်အကြောင်းကို တွေးလေလေ ပုထုဇဉ်၏ဉာဏ်နှင့် ဝေးလေလေ ဖြစ်သည်။ ထို့ကြောင့် နိဗ္ဗာန်ကို အလိုရှိသော ဗုဒ္ဓဘာသာ အမျိုးကောင်းသား အမျိုးကောင်းသမီးသည် နိဗ္ဗာန်အကြောင်းကို ကြံစည် တွေးတောမနေဘဲ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းဖြစ်သည့် ဝိပဿနာကျင့်စဉ်ကို နည်းမှန်လမ်းမှန်ဖြင့် အရိုးကြေကြေ အရေခန်းခန်း ကြိုးပမ်းအားထုတ်ကြကုန်ရာ၏။
စာမျက်နှာ-632


အခန်း (၁၃) ဒုက္ခကို သိမြင်မှ နိဗ္ဗာန်လိုချင်သည်

ဒုက္ခကို မေ့ပစ်တတ်ခြင်း

ကျွန်ုပ်တို့သည် ဒုက္ခအမျိုးမျိုးကို နေ့စဉ်နှင့်အမျှ ခံစားနေကြရသည်။ သို့သော်လည်း ထိုဒုက္ခကို မသိမမြင်နိုင်ကြချေ။ သိသာထင်ရှားသော ဒုက္ခကိုမူ သိသော်လည်း မေ့ပစ်တတ်ကြ၏။ အချိန်ကြာသွားသည်နှင့်အမျှ ကိုယ်တိုင်ခံစားခဲ့ရသော ထိုဆင်းရဲဒုက္ခသည် တဖြည်းဖြည်း မှေးမှိန်သေးငယ်သွား၍ ကြာသော် လုံးဝပင် ပျောက်သွားတတ်သည်။

ဥပမာ— အမျိုးသမီးများ သားသမီးမွေးဖွားရာ၌ အသက်ထွက်မတတ် ပင်ပန်းဆင်းရဲကြသည်။ ငယ်သံပါအောင်ပင် ဟစ်အော်၍ ဇောချွေးများ မိုးသီးမိုးပေါက်ကျခဲ့ရသည်။ ဤမျှ ပြင်းထန်သော နာကျင်မှု ဆင်းရဲဒုက္ခဝေဒနာကို သိပါ၏၊ သေသေချာချာ မှတ်မိပါ၏။ သို့သော်လည်း လမှနှစ်သို့ ကူးလာသောအခါ ထိုဒုက္ခကို ကြောက်မက်ဖွယ်ရာ ကြီးကျယ်သော ဒုက္ခဟု မယူဆတော့ချေ။ တဖြည်းဖြည်း ဒုက္ခသည် သေးငယ်သွားလေတော့၏။

ရံခါ ဒုက္ခသည် သုခအသွင်ပြောင်းလာ၍ ပျော်ရွှင်စရာ ရယ်မောစရာ ဖြစ်လာတတ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ရန်သူလေယာဉ်ပျံ လာရောက်၍ ဗုံးကြဲ၊ စက်သေနတ်ပစ်သောအခါ ပြေးလွှားပုန်းရှောင်ကြရသည်။ အချို့မှာ စင်ပုံပေါ် မျက်နှာတည့်တည့် မှောက်လျက်သား ကြုံခဲ့သည်။ ထိုစဉ်က ကြောက်ကြောက်လန့်လန့် စိတ်ဆင်းရဲခဲ့ရသော်လည်း နောင်တစ်ချိန် ပြန်ပြောင်းသတိရသည့်အခါ ရယ်မောစရာတစ်ခု ဖြစ်လာခဲ့သည်။

အလားတူပင် ရန်သူနှင့် တွေ့ကြုံ၍ ပြေးလွှားပုန်းရှောင်ခဲ့ရမှုများသည် နောင်တစ်ချိန် ပြန်လည်ပြောပြရာ၌ ပျော်စရာစွန့်စားခန်းတစ်ခု ဖြစ်လာတတ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့သိနိုင်သော အတိုင်းအတာဖြင့် ဆင်းရဲဒုက္ခကို သိငြားသော်လည်း ထိုဆင်းရဲဒုက္ခကို မေ့ပစ်တတ်ကြသည်၊ သို့မဟုတ် ဒုက္ခကို သုခအသွင်ပြောင်းကာ တစ်မျိုးတစ်ဖုံ ခံစားလိုက်ကြသည်။

သို့ဖြစ်ရကား ပုထုဇဉ်လူသားတို့သည် ဒုက္ခကို မကြောက်၊ ဒုက္ခကို ပိုင်းခြား၍ မသိ၊ ဒုက္ခမှ လွတ်မြောက်ရန် မကြိုးစားလိုကြချေ။
စာမျက်နှာ-633


ဒုက္ခဟု မထင်ရသော ဒုက္ခ
ကျွန်ုပ်တို့သည် အာရုံငါးပါးနှင့် စပ်လျဉ်း၍ စိတ်ချမ်းသာမှု သာယာမှု သုခဝေဒနာကို ခံစားလျက်ရှိကြသည်။ ဝမ်းမြောက်ရွှင်လန်း ချမ်းမြေ့နေကြသည်။ ထိုချမ်းသာမှုသည် မည်မျှကြာသနည်း။ ရေမျက်နှာပြင်ပေါ်သို့ မိုးပေါက်များ ကျလာစဉ် ဖြစ်ပေါ်လာသော ရေပွက်များ၊ ရေပလုံစီများ၊ ရေပူပေါင်းများပမာ ဖြစ်ပြီးနောက် ချက်ချင်း ခဏမဆိုင်းဘဲ ပျက်စီးပျောက်ကွယ်သွားကြသည်။ ထိုကဲ့သို့ ပျက်စီးခြင်းသဘောသည် အမြဲနှိပ်စက်အပ်သည်ဖြစ်၍ ထိုချမ်းသာသုခသည် အမှန်စင်စစ် ဆင်းရဲဒုက္ခဖြစ်၏။ ယင်းကဲ့သို့ မမြဲခြင်းသဘောဖြင့် ဖိစီးနှိပ်စက်နေပုံကို မသိမမြင်သောကြောင့် ယင်းလောကီစည်းစိမ်ချမ်းသာ ခံစားမှုကို ဒုက္ခဟု မယူဆကြချေ။ ဝိပဿနာဉာဏ် ရင့်သန်သော ပုဂ္ဂိုလ်များသာလျှင် ယင်းချမ်းသာသုခမျိုးကို ဒုက္ခဟု ရှုမြင်နိုင်ကြသည်။ ဤကဲ့သို့ မတည်မမြဲ ဖောက်ပြန်ပျက်စီးတတ်သော ချမ်းသာသုခကို “ဝိပရိဏာမ ဒုက္ခ” ဟု ခေါ်ဆိုရသည်။ (ဝိပရိဏာမ = ဖောက်ပြန်ခြင်း)

သတ္တဝါတို့သည် ချမ်းသာတစ်ခုခု ရရှိဖို့အတွက် ဆင်းရဲဒုက္ခပေါင်းများစွာကို ရင်းနှီးစိုက်ထုတ်ကြရသည်။ ဇာတ်မင်းသား မင်းသမီး အချောအလှကို ကြည့်ရှုရန်၊ ဇာတ်ပွဲအရသာ ခံစားရန်အတွက် ပွဲလက်မှတ်ရရှိရန်၊ နေရာကောင်းကောင်းရရှိရန် ကြိုးစားအားထုတ်ကြရသည်။ ထောင်သောင်းမကသော လူပရိသတ်ကြီးအလယ်၌ ကျဉ်းကြပ်စွာ နေထိုင်လျက် လူတို့မှ ထွက်ပေါ်သော မကောင်းသော လူနံ့များကို ရှူရှိုက်ကြရသည်။ အိပ်ရေးပျက်ခဲ့ရသည်၊ တစ်ညလုံး ထိုင်ရ၍ ကျောအောင့်၊ ခါးနာ၊ ဇက်ညောင်း၊ မျက်စိညောင်း ဒုက္ခများ ခံစားကြရသည်။ သို့ရာတွင် ပွဲကြည့်သူသည် ယင်းဆင်းရဲဒုက္ခများကို ထည့်သွင်းရေတွက်ခြင်းမပြု၊ ဘေးချိတ်ထားလိုက်သည်။ ဇာတ်စင်ဆီသို့ ရမ္မက်ဇော ပြင်းထန်စွာ အာရုံစိုက်ထားလိုက်ကြသည်။ ပွဲပြီး ဇာတ်သိမ်းသည့်အခါမှ ကျောအောင့် ခါးတောင့်သည်ကို သိလာရသည်။

ထို့ပြင် သတ္တဝါတို့သည် အသက်ရှင်ရပ်တည်နိုင်ရေးအတွက် နေ့စဉ် အစာရှာဖွေ စားသောက်ကြရသည်။ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ပရိယေသန ဝမ်းစာရှာဖွေမှု မည်မျှ ဒုက္ခကြီးမားသည်ကို ကြည့်တတ်သူများ မြင်နိုင်ပေသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ကုန်သွယ်မှု၊ ဈေးရောင်းမှု၊ သယ်ယူပို့ဆောင်ရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ မည်မျှများပြားသည်၊ မည်မျှ လုံ့လဝီရိယ စိုက်ထုတ်ရသည်ကို အကျယ်ချဲ့၍ ကြည့်ရှုလေ့လာသင့်သည်။
စာမျက်နှာ-634


မောဟအမှောင်ဖုံး၍ လောဘဇောတိုက်ထားသဖြင့် ယင်းလုပ်ငန်းဆောင်တာများ ထမ်းဆောင်နေရခြင်းကို မငြီးငွေ့နိုင်ကြချေ။ ဒုက္ခဟူ၍ မထင်ကြချေ။ မအောင်မြင်သည့်အခါတွင်မူ စိတ်ပျက်အားငယ် စိတ်ညစ်ညူးကြ၍ အောင်မြင်သည့်အခါ ဝမ်းမြောက်ရွှင်မြူး တက်ကြွလေ့ရှိကြသည်။ နေ့စဉ် ထမင်းတစ်နပ် စားနိုင်ရန်အတွက် ဆန်ဖိုး၊ ဆီဖိုး၊ ဈေးဖိုး ငွေရအောင် ရှာကြရသည်။ ငွေရပြီးနောက် ဈေးသို့သွား၍ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ ဟင်းသီးဟင်းရွက်၊ အမဲသား၊ ငါး ဝယ်ကြရပြန်သည်။ ထို့နောက် ဆေးကြော၊ ခုတ်ထစ်၊ ထောင်းထု၊ ပြင်ဆင်ချက်ပြုတ်ရသည်။ မစားမီနှင့် စားပြီးနောက် ပန်းကန်ခွက်ယောက်များ ဆေးကြောခင်းကျင်း သိမ်းဆည်းရပြန်သည်။

ထို့ပြင် အဝတ်တန်ဆာ ချုပ်လုပ်မှု၊ လျှော်ဖွပ်မှု၊ မီးပူတိုက်မှု၊ သိမ်းဆည်းမှု၊ ရွေးချယ်မှု ပြုကြရပြန်သည်။ နံနက်မိုးသောက် အလင်းရောက်လျှင် မျက်နှာသစ်ခြင်း၊ သွားတိုက်ခြင်း၊ ကိုယ်လက်သုတ်သင်ခြင်း၊ ခေါင်းဖြီးခြင်း၊ မျက်နှာကို ခြယ်သခြင်း၊ ရေမိုးချိုးခြင်း၊ အစာစားခြင်း၊ အိပ်စက်နားနေခြင်း စသော ကိုယ်ကာယကျန်းမာရှင်သန်ရေး၊ လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ပညာရေး စသည်ဖြင့် အရေးကိစ္စများကို မအားမလပ်ရအောင် မရပ်မနား ပြုပြင်စီမံ အားထုတ်ရခြင်း သင်္ခါရအမှု များကို ဆောင်ရွက်နေကြရသည်။ ထိုသို့ ပြုပြင်စီမံဆောင်ရွက်နေရမှု သင်္ခါရတို့ကို ဒုက္ခဟူ၍ မထင်၊ မိမိစိတ်ကြိုက်နှင့် တွေ့လျှင် သုခဟုပင် ထင်မြင်ယူဆကြသည်။

ဥပမာ— မိမိကိုယ်ပိုင် ငွေစက္ကူများကို နာရီများစွာကြာအောင် ကိုင်တွယ်ရေတွက်နေရသော်လည်း ဆင်းရဲသည်ဟု မထင်၊ ငါရသည် ဟု ယူဆလျက် ပီတိဖြင့် ရေတွက်နေတတ်ကြသည်။

လုံမပျိုများမှာ နေ့စဉ် သနပ်ခါးလိမ်း၊ မိတ်ကပ်ခြယ်၊ နှုတ်ခမ်းနီ ပါးနီ ဆိုးနေရသော်လည်း ပင်ပန်းဆင်းရဲသည်ဟု မထင်၊ ငါလှသည် ဟု မှန်ထဲတွင် အရိပ်တကြည့်ကြည့် ကြည်နူးနှစ်သက်လျက်ရှိသည်။ ထိုပြုပြင်စီမံဆောင်ရွက်ရမှု သင်္ခါရတို့ကို ဒုက္ခမှန်း မသိကြချေ။

ထို့ကြောင့် ပုထုဇဉ်သတ္တဝါတို့သည် ဒုက္ခကို ဒုက္ခမှန်းမသိ၊ ဆင်းရဲနေပါလျက် ဆင်းရဲသည်ဟု မထင်၊ မောဟဖုံးလွှမ်း၊ လောဘဖုံးလွှမ်း၍ သာယာနေကြသည်။ ဒုက္ခကိုပင် ကြည်နူးနှစ်သက်နေကြသည်။ ထိုကဲ့သို့ ဒုက္ခကို ဉာဏ်ဖြင့်ပိုင်းခြား၍ မသိသေးသမျှ ကာလပတ်လုံး ဤသံသရာဝဋ်ဆင်းရဲကြီးကို ငြီးငွေ့မှုမရှိ၊ ပျင်းမုန်းမှုမရှိ၊ စိတ်မကုန်နိုင်၊ မမောနိုင်မပန်းနိုင် တစ်ခုပြီးတစ်ခု ဖြစ်ချင်ကြသည်။ ဖြစ်အောင်လည်း ကြိုးပမ်းလုပ်ဆောင်နေကြသည်။
စာမျက်နှာ-635


ဤပြုပြင်စီမံဆောင်ရွက်မှု သင်္ခါရတို့ကို လည်းကောင်း၊ ဖောက်ပြန်ပျက်စီးလွယ်သော ချမ်းသာသုခကို လည်းကောင်း၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်မှု သောမနဿဝေဒနာကို လည်းကောင်း၊ ကိုယ်ကာယ၌ ဖြစ်ပေါ်သော နာကျင်မှု ဆင်းရဲဝေဒနာကို လည်းကောင်း၊ ဆင်းရဲအမှန် ဆင်းရဲအစစ်ဖြစ်သည်ဟု ဉာဏ်ဖြင့်ပိုင်းခြား၍ သိခြင်းသည် ဒုက္ခသစ္စာကို ပိုင်းခြားသိမှု ဉာတပရိညာ မည်၏။

ယင်းသို့ ဆင်းရဲအမှန် ဆင်းရဲအစစ်ကို ပိုင်းခြားသိမှသာလျှင် ထိုသံသရာဝဋ်ဆင်းရဲမှ ကင်းလွတ်ထွက်မြောက်လိုစိတ် ဖြစ်ပေါ်နိုင်သည်။ သံသရာဝဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်း၊ စိတ်ကုန်ခန်းခြင်း ဖြစ်လာ၍ တပ်မက်မှု ကင်းကွာလာလိမ့်မည်။ ထိုအခါ သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်မြောက်ရန် ဝဋ်ဆင်းရဲတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို တောင့်တမှု ဖြစ်ပေါ်လာလိမ့်မည်။ ဤသံသရာဝဋ်ဆင်းရဲအပေါင်းကို သာယာနှစ်သက် တပ်မက်မှု ရှိနေလျှင် နိဗ္ဗာန်ကို အမှန်တကယ် လိုလားတောင့်တမှု မရှိနိုင်သေးချေ။ နိဗ္ဗာန်ကို ရရပါလို၏ဟု နှုတ်ကသာ ရွတ်ဆိုဆုတောင်းနေရသော်လည်း အမှန်တကယ် စိတ်ထဲကမူ နိဗ္ဗာန်ကို မလိုချင်သေးချေ။

နေစရာတိုက်အိမ် ကောင်းကောင်းကိုသာ လိုချင်သည်။ စီးစရာကား ကောင်းကောင်းသာ လိုချင်သည်။ စားကောင်းသောက်ဖွယ်များနှင့် အမြဲတမ်း ပြည့်စုံနေချင်သည်။ ကာမဂုဏ်ငါးပါး အာရုံတရားများ အချိန်မရွေး လိုတရ ဖြစ်ချင်သည်။ ဝတ္ထုအာရုံ ကာမဂုဏ်ငါးပါးတို့ကို ဆင်းရဲအစစ် ဆင်းရဲအမှန်ဟု မယူဆ၊ မထင်မြင်နိုင်သောကြောင့် လိုချင်တပ်မက်မှု ပြင်းထန်စွာ ဖြစ်ပေါ်လျက်ရှိကြသည်။ မရဖူးသေးသော စည်းစိမ်ဥစ္စာ၊ ရာထူး၊ ဂုဏ်သိရ်တို့ကို ရလိုကြသည်။ ရပြီးသောအခါ၌လည်း မစွန့်လွှတ်နိုင်ကြချေ။ ဆထက်ထမ်းပိုး တိုး၍သာလျှင် အလိုရှိကြသည်။

နိဗ္ဗာန်ချမ်းသာကို အနုမာနဉာဏ်ဖြင့် မှန်းဆသိလိုပါက ထိုဝတ္ထုအာရုံ ကာမဂုဏ်ငါးပါးတို့အပေါ်၌ လိုချင်တပ်မက်မှုကို လျှော့ချရမည်။ လိုချင်တပ်မက်မှု လျော့နည်းသွားသည်နှင့်အမျှ ဆင်းရဲဒုက္ခသည်လည်း အချိုးကျ လျော့နည်းသွားလေသည်။ ပစ္စည်းရှိခြင်း၊ မရှိခြင်း၊ ရခြင်း၊ မရခြင်းမှာ ပဓာနမဟုတ်၊ ထိုပစ္စည်းအပေါ် လိုချင်တပ်မက်မှု လျော့နည်းခြင်း၊ မရှိခြင်းသာလျှင် အဓိကဖြစ်သည်။

တိုက်အိမ်ရရှိထားသူသည် ထိုတိုက်အိမ်အတွက် ပြုပြင်မွမ်းမံရမှု၊ ကြောင့်ကြစိုက်ထုတ်ရမှု၊ စိုးရိမ်ရမှု၊ ထိုတိုက်အိမ် ထိခိုက်ပွန်းပဲ့ စွန်းပေမှုအတွက် စိတ်မချမ်းသာရမှုများ အချိန်မရွေး ဖြစ်လျက်ရှိသည်။ တိုက်အိမ်ပေါ်၌...
စာမျက်နှာ-636


နေသော်လည်း ယင်းတိုက်အိမ်ပေါ်၌ တွယ်တာတပ်မက်မှု မရှိလျှင် ထိုတိုက်အိမ် ပွန်းပဲ့ပျက်စီး စွန်းပေမှုအတွက် စိတ်မချမ်းသာမှု ဆင်းရဲဒုက္ခ မဖြစ်ရတော့ချေ။ တိုက်အိမ်မရှိသူကလည်း တိုက်အိမ်ကို ရရှိလိုပါလျက် မရနိုင်သဖြင့် တွေးမိတိုင်း စိတ်မချမ်းမသာ စိတ်ဆင်းရဲမှု ဖြစ်ရလေသည်။ မိမိမရနိုင်သည့် တိုက်အိမ်အပေါ် လိုချင်တပ်မက်မှု မရှိပါက ယင်းစိတ်မချမ်းသာမှုမျိုး ဖြစ်တော့မည် မဟုတ်ချေ။

မော်တော်ကားအပေါ်၌ လိုချင်တပ်မက် စွဲလမ်းနေသူမှာ ထိုမော်တော်ကား ပွန်းပဲ့ပျက်စီးမည်ကို အမြဲစိုးရိမ်နေရခြင်း၊ မတော်တဆ ထိခိုက်ပျက်စီးသောအခါတွင်မူ မထိန်းနိုင်အောင် စိတ်ဆင်းရဲမှု ဒေါမနဿဖြစ်ရခြင်း၊ မော်တော်ကား မရှိသော်လည်း မော်တော်ကားကို လိုလားတပ်မက် စွဲလမ်းနေသူမှာ မော်တော်ကားမြင်တိုင်း အာသာငမ်းငမ်း တပ်မက်မှု၊ အာသာမပြေမှု၊ စိတ်နှလုံးမသာယာမှုများ ဖြစ်နေရလေသည်။

ထို့ကြောင့် နေစရာအိမ်နှင့် ပတ်သက်၍လည်းကောင်း၊ စီးစရာကားနှင့် ပတ်သက်၍လည်းကောင်း၊ စားသောက်ဖွယ်ရာများနှင့် ပတ်သက်၍လည်းကောင်း အကြောင်းအားလျော်စွာ အခြေအနေပေးပါက အသင့်အတင့် နှလုံးသွင်း၍ သုံးဆောင်ကြရမည်။ ပြင်းထန်စွာ မေ့မေ့လျော့လျော့ ယစ်မူးတပ်မက်ခြင်း မဖြစ်ရအောင် သတိတားဖြင့် မိမိစိတ်ကို ထိန်းသိမ်းကြရမည်။ ထိုသို့ စိတ်ကို သတိဖြင့် ထိန်းသိမ်းထားနိုင်ပါက ပျက်စီးခြင်းနှင့် တွေ့ကြုံရသောအခါ ကြီးမားသော စိတ်ဆင်းရဲမှု၊ ပြင်းထန်သော စိတ်ဒုက္ခများ မခံစားရတော့ဘဲ စိတ်ချမ်းသာမှု ရရှိနိုင်ပေသည်။ မိမိတို့၏ ဘဝအခြေအနေအရ ဆင်ခြင်စဉ်းစားသုံးသပ်ကြရမည် ဖြစ်သည်။

ပုထုဇဉ်သတ္တဝါတို့သည် ပြင်ပသက်မဲ့ပစ္စည်းဝတ္ထုများထက် သက်ရှိပစ္စည်းများအပေါ်၌ ပိုမို၍ အစွဲအလမ်း ပြင်းထန်ကြသည်။ မယားကို စွဲလမ်းမှု၊ လင်ကို စွဲလမ်းမှု၊ သားသမီးကို စွဲလမ်းမှုများသည် မရုန်းနိုင်မဖြတ်နိုင်သော အလွန်ခိုင်မာသည့် နှောင်ကြိုးကြီးများ ဖြစ်ကြသည်။ ယင်းနှောင်ကြိုးသည် သမုဒယနှောင်ကြိုး ဖြစ်သည်။ ထိုသမုဒယကြောင့် လင်မယား၊ သားသမီး တစ်ဦးဦး ဖျားနာခဲ့သော်၊ ထိခိုက်ခဲ့သော်၊ သေဆုံးပျက်စီးခဲ့သော် မဖြေနိုင်မဆည်နိုင် ဝမ်းနည်းပက်လက် ဖြစ်ကြရသည်။ ရှိုက်ကြီးတငင် ငိုကြွေးကြရသည်။ သောကမီး တမြေ့မြေ့ လောင်ကျွမ်းခံကြရသည်။ လွမ်းဆွတ်ကြေကွဲကြရသည်။ ယင်းဆင်းရဲဒုက္ခများသည် သမုဒယကို အခြေခံသည်။ တဏှာသမုဒယ တွယ်တာမှု လျော့နည်းသွားလျှင် လျော့နည်းသလောက် စိတ်ဆင်းရဲရမှု လျော့နည်း—
စာမျက်နှာ-637


သွားသည်။ တဏှာသမုဒယနှင့် ဆင်းရဲဒုက္ခတို့သည် အကြောင်းအကျိုး ဆက်စပ်ရာ၌ တိုက်ရိုက်အချိုးကျဖြစ်သည်။ တဏှာသမုဒယ ပြင်းထန်လျှင် ပြင်းထန်သလောက် ဆင်းရဲဒုက္ခ ကြီးမားရသည်။ တဏှာသမုဒယ အားနည်းလျှင် အားနည်းသလောက် ဆင်းရဲဒုက္ခ လျော့နည်းသွားသည်။ တဏှာသမုဒယကို အပြီးအပြတ် ပယ်သတ်နိုင်လျှင် ဆင်းရဲဒုက္ခလည်း လုံးဝ ကင်းပြတ်သွားတော့သည်။

ထို့ကြောင့် ဆင်းရဲဒုက္ခ လျော့နည်းလိုပါက တဏှာသမုဒယကို လျော့နည်းစေရမည်၊ လျှော့ပေးရမည်။ တဏှာသမုဒယ နည်းပါးသွားလေလေ ဆင်းရဲဒုက္ခလည်း နည်းပါးသွားလေလေ ဖြစ်သည်။ ဆင်းရဲဒုက္ခ နည်းပါးလေလေ နိဗ္ဗာန်၏ နယ်ပယ်သို့ နီးကပ်လာလေလေ ဖြစ်သည်။ နိဗ္ဗာန်၏ အရသာကို ဖြည်းဖြည်းချင်း ပို၍ ပို၍ သိမြင်တွေ့ထိလာနိုင်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် နိဗ္ဗာန်၏ ချမ်းသာမှုအရသာကို အရိပ်အရောင်မျှ မြည်းစမ်းလိုပါက သားမယား စည်းစိမ်ဥစ္စာတို့အပေါ်၌ တွယ်တာတပ်မက်မှု တဏှာသမုဒယကို လျှော့ကြည့်ရမည်။ တဏှာသမုဒယ လျော့သွားသည်နှင့်အမျှ စိုးရိမ်မှု၊ စိတ်ဆင်းရဲမှု၊ မနာလိုဝန်တိုမှုများ လျော့ပါးသွားသည်ကို ကိုယ်တိုင်ကိုယ်ကျ ခံစားနိုင်မည်ဖြစ်သည်။

သတ္တဝါတို့သည် မိမိကိုယ်ကို (မိမိအတ္တကို) အခင်တွယ်ဆုံးဖြစ်သည်။ ဇနီးမယား၊ သမီးသားနှင့် စည်းစိမ်ဥစ္စာများမှာ ဒုတိယဆင့်ပွားဖြစ်ကြ၏။ မူရင်းအကျဆုံး တပ်မက်မှုမှာ မိမိကိုယ်၊ မိမိအတ္တဖြစ်သည်။ အသက်ရှင်လိုခြင်း (ဝါ) သေရမှာကြောက်ခြင်းသည် မိမိဘဝကို မစွန့်လွှတ်နိုင်ကြောင်း၊ ပြင်းထန်စွာ တပ်မက်နေကြောင်း ဖော်ပြခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ဘဝ၌ စိတ်အဆင်းရဲဆုံးဖြစ်ခြင်းမှာ မိမိကိုယ်တိုင် နာကျင်မှု၊ ဖျားနာမှု၊ ကိုယ်အင်္ဂါ ထိခိုက်ချို့ယွင်းမှု၊ ဆေးကုမရသော ရောဂါကြီးများ စွဲကပ်မှုတို့ပင် ဖြစ်သည်။ အပြင်းထန်ဆုံးသော စိတ်ဆင်းရဲမှုမှာ သေဘေးနှင့် ရင်ဆိုင်ရသည့်အချိန်ဖြစ်သည်။ ဤသို့ စိတ်ဆင်းရဲရခြင်းမှာ မိမိဘဝကို ပြင်းထန်စွာ စွဲလမ်းတပ်မက်မှု တဏှာသမုဒယကြောင့် ဖြစ်သည်။

မိမိဘဝကို ဆင်ခြင်သုံးသပ်ရာ၌ ရုပ်နာမ်ဓမ္မ သင်္ခါရတို့ အကြောင်းအားလျော်စွာ ပေါင်းဆုံစုစည်း ဖြစ်ပေါ်နေခြင်းမျှသာဖြစ်သည်။ အချိန်မရွေး ဖရိုဖရဲ ပြိုကွဲပျက်စီးသွားနိုင်သည်ဟု ရှုဆင်ခြင် သိမြင်ထားပါက ဘဝပျက်စီးမှုများ၊ ယိုယွင်းနိမ့်ကျမှုများနှင့် တွေ့ကြုံရသောအခါ စိတ်ဆင်းရဲမှု ပြင်းထန်စွာ တုန်လှုပ်မှုများ မဖြစ်နိုင်တော့ချေ။ ဤသည်မှာ လက်တွေ့ဘဝ၌...
စာမျက်နှာ-638


ဆင်းရဲဒုက္ခများ တစ်စုံတစ်ခုသော အတိုင်းအတာ ပမာဏအထိ လျော့နည်းသွားစေရန် စမ်းသပ်လေ့လာ ကျင့်သုံးနည်းကို ဖော်ပြခြင်းဖြစ်သည်။

ဤသို့လျှင် တဏှာသမုဒယ လျော့နည်းလျှင် ဆင်းရဲဒုက္ခလည်း လျော့နည်းသွားသည်။ ဆင်းရဲဒုက္ခ လျော့နည်းခြင်းသည် နိဗ္ဗာန်၏ နယ်ပယ်၊ နိဗ္ဗာန်နယ်နိမိတ်အတွင်းသို့ တဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်လာခြင်းဖြစ်သည်။ တဏှာသမုဒယ လုံးဝကင်းပြတ်သွားသောအခါ ဆင်းရဲဒုက္ခလည်း လုံးဝကင်းရှင်း ချုပ်ငြိမ်းကုန်ဆုံးသွားတော့သည်။ ထိုကဲ့သို့ ဒုက္ခချုပ်ငြိမ်း ကုန်ဆုံးသွားခြင်းသည် နိဗ္ဗာန်သို့ ရောက်ရှိနေခြင်းဖြစ်သည်။

ထို့ကြောင့် နိဗ္ဗာန်ကို အနုမာနဉာဏ်ဖြင့် ရော်ရမ်းမှန်းဆ အာရုံပြု ခံစားလိုပါက မိမိသန္တာန်၌ရှိသော လိုချင်တပ်မက်မှု တဏှာသမုဒယများကို တစ်စုံတစ်ခုသော အတိုင်းအတာ ပမာဏအထိ လျှော့ချပေးရန် လိုအပ်လှပေသတည်း။
စာမျက်နှာ-639


အခန်း (၁၄) မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် ပယ်ရမည့်တရားများ

ကုသိုလ်နှင့် အကုသိုလ်

ဖြူစင်ကောင်းမြတ်သော တရားများကို ကုသိုလ်တရားဟု ခေါ်သည်။ ဆိုးဝါးမည်းညစ်သော တရားများကို အကုသိုလ်တရားဟု ခေါ်သည်။ ကုသိုလ်နှင့် အကုသိုလ်သည် အချင်းချင်း ဖြောင့်ဖြောင့်ဆန့်ကျင်လျက် ရှိကြသည်။ မိမိသက်ဆိုင်ရာ နယ်ပယ်အလိုက် အစွမ်းထက်ကြသည်။ သို့ရာတွင် ကုသိုလ်တရားသည် အကုသိုလ်တရားထက် ပိုမိုအစွမ်းထက်သည်။ စွမ်းအင်ကြီးမားသည်။ ကုသိုလ်တရားသည် အကုသိုလ်တရားကို ပယ်ရှားနိုင်သည်။ ပယ်သတ်နိုင်သည်။

ထို့ကြောင့် ကုသိုလ်တရားကို “ပဟာယက” = ပယ်သတ်တတ်သော တရားဟု ခေါ်ဆို၍၊ အကုသိုလ်တရားကိုမူ “ပဟာတဗ္ဗ” = ပယ်သတ်ခံရသော တရားဟု ခေါ်ဆိုရသည်။

ပဟာန် ၃-ပါး

ကုသိုလ်တရားက အကုသိုလ်တရားကို ပယ်သတ်ခြင်းကို “ပဟာန” = ပဟာန်ဟု ခေါ်သည်။

၁။ ဒါနကုသိုလ်၊ သီလကုသိုလ် အစရှိသော ကာမာဝစရကုသိုလ်တရားများသည် မိမိတို့ ဖြစ်ရှိနေခိုက် ခေတ္တခဏသာ အကုသိုလ်တရားကို ပယ်ရှားခြင်းကြောင့် တဒင်္ဂပဟာန် ဖြင့် ပယ်ခြင်းမည်၏။ (တဒင်္ဂ = တစ်ခဏ၊ ထိုခဏ)

၂။ ဈာန်သမာဓိ ဟူသော အပ္ပနာဇော (ရူပါဝစရကုသိုလ်၊ အရူပါဝစရကုသိုလ်) တို့သည် အကုသိုလ်တရားများကို ရက်၊ လ၊ နှစ်၊ တစ်ကမ္ဘာ၊ နှစ်ကမ္ဘာ စသည် အချိန်အတန်ကြာမြင့်အောင် ပယ်ခွာထားခြင်းကြောင့် ဝိက္ခမ္ဘနပဟာန် ဖြင့် ပယ်ခြင်းမည်၏။

၃။ လောကုတ္တရာ ကုသိုလ်စိတ်တည်းဟူသော မဂ်လေးပါးတို့သည် အကုသိုလ်တရားများကို အပြီးအပြတ် ပယ်သတ်ခြင်းကြောင့် သမုစ္ဆေဒပဟာန် ဖြင့် ပယ်ခြင်းမည်၏။

စာမျက်နှာ-640


ထို့ကြောင့် ကုသိုလ်တရားအပေါင်းတို့တွင် လောကုတ္တရာကုသိုလ်တည်းဟူသော မဂ်ကုသိုလ်သည် အထွတ်အထိပ် အမြတ်ဆုံးဖြစ်၏။ ထိုလောကုတ္တရာ ကုသိုလ်စိတ်လေးပါးတို့တွင်လည်း အရဟတ္တမဂ် ကုသိုလ်စိတ်သည် အမြတ်ဆုံး စွမ်းအားအကြီးဆုံးဖြစ်သည်။

အကုသိုလ်တရားများ

ထိုလောကုတ္တရာ ကုသိုလ်တည်းဟူသော မဂ်ကုသိုလ်ဖြင့် ပယ်အပ်သော အကုသိုလ်တရားများမှာ အောက်ဖော်ပြပါ (၉) မျိုးတို့ ဖြစ်ကြသည်—
(၁) အာသဝေါတရား ၄-ပါး
(၂) ဩဃတရား ၄-ပါး
(၃) ယောဂတရား ၄-ပါး
(၄) ဂန္ထတရား ၄-ပါး
(၅) ဥပါဒါန်တရား ၄-ပါး
(၆) နီဝရဏတရား ၆-ပါး
(၇) အနုသယတရား ၇-ပါး
(၈) သံယောဇဉ်တရား ၁၀-ပါး
(၉) ကိလေသာတရား ၁၀-ပါး

အာသဝေါတရား ၄-ပါး

အစဉ်အမြဲ မပြတ်မလပ် ယိုစီးနေသော တရားများကို အာသဝေါ (အာသဝ) တရားဟု ခေါ်သည်။ (၃၁) ဘုံ၌ ကျင်လည်နေကြကုန်သော သတ္တဝါတို့သည် ရဟန္တာမဖြစ်မချင်း ဤအာသဝေါတရားများ ယိုစီးနေကြသည်။ တစ်နည်းအားဖြင့် စိမ်ရည်အိုးကြီးကို အာသဝေါဟု ခေါ်၍ ယင်းစိမ်ရည်အိုးကြီးနှင့် တူသောကြောင့်လည်း အာသဝခေါ်ရသည်။ စိမ်ရည်အိုးသည် စိမ်ရည်ဂျိုးများ ကပ်နေ၍ အလျဉ်ရနေပြီး နောက်ထပ် လောင်းထည့်သမျှ ကောက်ညှင်းဆန်များ၊ ထန်းလျက်များ၊ ထန်းရည်များသည် စိမ်ရည်အဖြစ်သို့ ပြောင်းလဲသွားကြသည်။
စာမျက်နှာ-641


အလားတူပင် နေ့စဉ်တွေ့ကြုံနေရသော အာရုံငါးပါးအနက် မည်သည့်အာရုံကိုပင်တွေ့တွေ့ အာသဝတရားတို့၏ အာရုံအဖြစ်သို့ ရောက်ရှိသွားကြသည်။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဟူသော ဒွါရငါးခု၌ အာရုံငါးပါးတို့ ကျရောက်လာသည့်အခါ ယင်းဒွါရငါးခု၌ အာသဝ (အာသဝေါ) တရားများ ယိုစီးဖြစ်ပေါ်လာကြတော့သည်။ ယင်းအာသဝေါတရားတို့မှာ အောက်ပါ လေးပါးတို့ ဖြစ်ကြသည်—
(၁) ကာမာသဝ = ကာမတဏှာများ ယိုစီးမှု
(၂) ဘဝါသဝ = ဘဝတဏှာများ ယိုစီးမှု
(၃) ဒိဋ္ဌာသဝ = ဒိဋ္ဌိအယူဝါဒများ ယိုစီးမှု
(၄) အဝိဇ္ဇာသဝ = တွေဝေမိုက်မဲမှု အဝိဇ္ဇာ ယိုစီးမှု

မျက်စိဖြင့် ရုပ်ဝတ္ထု (အဆင်းရူပါရုံ) ကို တွေ့မြင်ရသည့်အခါ ယိုစီးမှု (အာသဝ) များ ဖြစ်ပေါ်လာပုံမှာ ချောမောလှပ ပျိုမျစ်နုနယ်သော လိင်မတူသူကို တွေ့မြင်ရာ၌ မျက်စိမှ သာယာမှု (ကာမတဏှာ) များ ယိုစီး၏။ သက်မဲ့ပစ္စည်းဝတ္ထုများ၊ သက်ရှိသတ္တဝါများကို တွေ့မြင်ရာ၌ မိမိ၏ဘဝအတွက် အသုံးချလိုမှု ဘဝတဏှာများ ယိုစီး၏။ ငါ၊ ငါ့ဥစ္စာ ဟု မှတ်ယူသိမ်းပိုက်မှု ဒိဋ္ဌိ (ဒိဋ္ဌာသဝ) ယိုစီးလေ၏။ ဖြစ်ခြင်း ပျက်ခြင်း အနိစ္စသဘောနှင့် ဒုက္ခသဘော၊ အနတ္တသဘောများ မထင်မြင်နိုင်၊ မဆင်ခြင်နိုင်အောင် တွေဝေမိုက်မဲမှု (အဝိဇ္ဇာသဝ) ယိုစီးလေသည်။

မော်တော်ကားအသစ်ကလေးကို တွေ့မြင်ရာ၌ လိုချင်တပ်မက်မှု၊ အပိုင်ရလိုမှု၊ သိမ်းပိုက်လိုမှု (ကာမတဏှာ = ကာမာသဝ) ယိုစီးလေ၏။ ထိုကားကို မိမိဘဝအတွက် အမြဲတမ်းအသုံးချလိုမှု (ဘဝတဏှာ = ဘဝါသဝ) ယိုစီးလေ၏။ (ငါပိုင်၊ ငါ့ကား) ဟု စွဲယူမှု ဒိဋ္ဌိ (ဒိဋ္ဌာသဝ) ယိုစီးလေ၏။ ပစ္စည်းသင်္ခါရ၊ လူသင်္ခါရအဖြစ်ကို မဆင်ခြင်နိုင်ဘဲ တွေဝေမိုက်မဲမှု (အဝိဇ္ဇာသဝ) ယိုစီးလေ၏။

ကြက်သားဟင်း၊ ဝက်သားဟင်း... စသည့် စားကောင်းသောက်ဖွယ်ကို တွေ့မြင်ရာ၌ ထိုဟင်းလျာတို့ကို စားသောက်လိုမှု၊ အရသာခံလိုမှု၊ မျိုချလိုမှု (ကာမတဏှာ = ကာမာသဝ) များ ယိုစီးလေ၏။ ထိုဟင်းလျာစသည်တို့သည် မိမိဘဝ တည်မြဲရေးအတွက် လိုအပ်သည်ဟု ဘဝအတွက် တပ်မက်မှု (ဘဝတဏှာ = ဘဝါသဝ) ယိုစီးလေ၏။ ထိုဟင်းလျာစသည်တို့ကို ငါပိုင်သည်၊ ငါရသည်၊ ငါ့ဥစ္စာ ဟု...
စာမျက်နှာ-642


သဘော၊ မမြဲသော အနိစ္စသဘောတို့ကို မမြင်နိုင်ဘဲ ပြင်းစွာ တွေဝေမိုက်မဲမှု (အဝိဇ္ဇာသဝ) ယိုစီးလေ၏။

ဤသို့လျှင် အာရုံငါးပါးတို့သည် ဒွါရငါးပေါက်သို့ ရောက်လာတိုင်း အာသဝေါ (အာသဝ) တရားများ ယိုစီးနေကြပုံကို အကျယ်ချဲ့၍ ဆင်ခြင်ရမည်။ ဤသို့ ယိုစီးနေမှုသည် ယခုမှဖြစ်သည်မဟုတ်၊ တစ်ရက်၊ တစ်လ၊ တစ်နှစ်၊ တစ်ဘဝမျှသာ ကြာသေးသည်ဟု မမှတ်လင့်။ အစမထင်သော (အနမတဂ္ဂ) သံသရာမှ စတင်လာခဲ့သည်ဟု မှတ်ယူရမည်။ ဤသို့ ကြာမြင့်စွာသော ကာလမှစ၍ အထုံရနေသော အလျဉ်ရနေသော စိမ်ရည်အိုးကြီး (ချဉ်ဖတ်အိုးကြီး) နှင့် တူသောကြောင့် ဤတရားလေးပါးတို့ကို အာသဝေါ (အာသဝ) ဟူ၍ ခေါ်ဆိုခြင်းဖြစ်သည်။

ဩဃ ၄-ပါး

မြစ်များ၊ ပင်လယ်သမုဒ္ဒရာများအတွင်း၌ ဝဲကြီးများ ဖြစ်ပေါ်နေတတ်သည်။ ယင်းဝဲကြီးသည် လူသတ္တဝါနှင့် လှေသင်္ဘောများကို အပြင်သို့ ထွက်မရအောင် ပြုလုပ်၍ နောက်ဆုံးတွင် အောက်သို့စုပ်ကာ နှစ်မြှုပ်ဖျက်ဆီးတတ်သောကြောင့် ကြောက်မက်ဖွယ်ရာ ဘေးကြီးဟု သတ်မှတ်ကြသည်။ ဝဲကို ပါဠိဘာသာဖြင့် “ဩဃ” ဟု ခေါ်ကြသည်။ ယင်းဝဲဩဃနှင့် တူသောကြောင့် ဩဃဟု အမည်ရသော တရားလေးပါးတို့မှာ—
(၁) ကာမောဃ = ကာမတဏှာ ဝဲ
(၂) ဘဝေါဃ = ဘဝတဏှာ ဝဲ
(၃) ဒိဋ္ဌောဃ = သက္ကာယဒိဋ္ဌိ ဝဲ
(၄) အဝိဇ္ဇောဃ = တွေဝေမိုက်မဲမှု ဝဲ

ကာမတဏှာ ကာမဂုဏ်ဝဲအတွင်း ကျရောက်သွားပါက ရုန်းမထွက်နိုင်ဘဲ တဝဲလည်လည်ဖြစ်၍ နောက်ဆုံးတွင် စုံးစုံးမြုပ်ကာ ပျက်စီးခြင်းဖြင့် အဆုံးသတ်ခဲ့ကြရသည်။ ဘဝတည်မြဲရေးအတွက် ပညာကြိုးစားရခြင်း၊ ဥစ္စာရှာမှီးရခြင်း၊ စည်းစိမ်ဥစ္စာ ရာထူးအာဏာ တည်မြဲရေးအတွက် ကြိုးပမ်းရခြင်းတည်းဟူသော ဘဝတဏှာဝဲအတွင်း၌ တဝဲလည်လည် မျောပါနေ၍ ရုန်းမထွက်နိုင်ဘဲ စုံးစုံးမြုပ်ကာ မပေါ်လာတော့ချေ။ ငါ၊ ငါ့ဥစ္စာ ဟု ထင်မှတ်ကာ သိမ်းပိုက်မှု ဒိဋ္ဌိအတွင်း ကျရောက်သူသည် ရုန်းမထွက်နိုင်ဘဲ တဝဲလည်လည် မျောပါနေ၍ စုံးစုံးမြုပ်ကာ ပျက်စီးရလေတော့သည်။ မိမိဘဝကိုလည်းကောင်း၊ ကာမဂုဏ်အာရုံတို့ကိုလည်းကောင်း မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်းသဘောကို မမြင်နိုင်ဘဲ...
စာမျက်နှာ-643


တွေဝေမိုက်မဲမှု အဝိဇ္ဇာ ဝဲကြီးအတွင်း ကျရောက်နေသူသည်လည်း ထိုဝဲအတွင်းမှာပင် ပျက်စီးရတော့သည်။ ဤသို့ ကာမောဃ စသော ဩဃတရားလေးပါးတို့၏ ဝဲကြီးနှင့် တူပုံကို ဆင်ခြင်ရမည်။

ယောဂ ၄-ပါး

ခွာမရ ခွဲမရအောင် ယှဉ်တွဲပူးကပ်တတ်သော သဘောကို ယောဂ ဟု ခေါ်သည်။ ယောဂလေးပါးတို့မှာ အောက်ပါအတိုင်း ဖြစ်သည်—
(၁) ကာမယောဂ = ကာမတဏှာ ယှဉ်တွဲပူးကပ်မှု
(၂) ဘဝယောဂ = ဘဝတဏှာ ယှဉ်တွဲပူးကပ်မှု
(၃) ဒိဋ္ဌိယောဂ = သက္ကာယဒိဋ္ဌိ ယှဉ်တွဲပူးကပ်မှု
(၄) အဝိဇ္ဇာယောဂ = မိုက်မဲတွေဝေမှု အဝိဇ္ဇာ ယှဉ်တွဲပူးကပ်မှု

ကာမတဏှာသည် ကာမဂုဏ်အာရုံမှာ မခွဲနိုင်မခွာရက် အမြဲယှဉ်တွဲပူးကပ်နေသည်။ ဘဝတဏှာသည် ဘဝရပ်တည်ရေး အထောက်အကူပြုပစ္စည်းကို မခွဲနိုင်မခွာရက် အမြဲယှဉ်တွဲပူးကပ်နေသည်။ သက္ကာယဒိဋ္ဌိသည် ငါ၊ ငါ့ဥစ္စာ ဟု သတ်မှတ်ထားသော ခန္ဓာငါးပါးတည်းဟူသော သံသရာဝဋ်ဆင်းရဲမှ မခွဲနိုင်မခွာရက် အမြဲယှဉ်တွဲပူးကပ်နေသည်။ အဝိဇ္ဇာသည် အမှန်ကိုမသိဘဲ မိုက်မဲတွေဝေစွာဖြင့် အာရုံငါးပါးကို အမြဲယှဉ်တွဲပူးကပ်နေသည်။

ဤပြဆိုခဲ့ပြီးသော အာသဝေါတရား လေးပါး၊ ဩဃ လေးပါး၊ ယောဂ လေးပါးတို့မှာ တရားကိုယ်အားဖြင့် တဏှာလောဘ၊ ဒိဋ္ဌိနှင့် မောဟတို့ဖြစ်ကြ၍ တူညီကြသည်။ ယင်းတို့၏ အားစွမ်းသတ္တိ အမျိုးမျိုးရှိပုံကို ပေါ်လွင်စေခြင်းငှာ အမည်သုံးမျိုးဖြင့် ခွဲခြားခေါ်ဆိုထားခြင်း ဖြစ်သည်။

ဂန္ထ ၄-ပါး

ချည်နှောင်ထုံးဖွဲ့ခြင်းကို ဂန္ထ ဟု ခေါ်သည်။ ကြိုးတစ်ချောင်းဖြင့် ရစ်ပတ်ရုံမျှ ရစ်ပတ်ထားပါက ပြန်လည်ပြေထွက်သွားနိုင်သည်။ ပြုတ်ထွက်လွတ်ထွက်သွားနိုင်သည်။ ကြိုးကို ချည်လိုက်သည့်အခါ၊ ထုံးလိုက်သည့်အခါကျမှ ရုန်းထွက်၍မရအောင် ခိုင်မြဲစွာ တုပ်နှောင်ပြီး ဖြစ်တော့သည်။ ထို့ကြောင့် ချည်နှောင်ထုံးဖွဲ့မှု (ဂန္ထ) သည် ခိုင်မြဲသော အနှောင်အဖွဲ့ဖြစ်သည်။ ယင်းအနှောင်အဖွဲ့ (ဂန္ထ) နှင့် တူသော တရားလေးပါးတို့မှာ—
စာမျက်နှာ-644


(၁) အဘိဇ္ဈာကာယဂန္ထ = သူတစ်ပါးပစ္စည်းကို မတရားယူရန် ကြံစည်ကြိုးပမ်းမှု
(၂) ဗျာပါဒကာယဂန္ထ = သူတစ်ပါး ပျက်စီးစေရန် ကြံစည်ကြိုးပမ်းမှု

(၃) သီလဗ္ဗတပရာမာသကာယဂန္ထ = ခွေးအကျင့်၊ နွားအကျင့်ဖြင့် ကိလေသာ စင်ကြယ်သည်ဟု ယူဆမှု

(၄) ဣဒံသစ္စာဘိနိဝေသကာယဂန္ထ = ဤလောကကို တန်ခိုးရှင်ကြီးက ဖန်ဆင်းသည် စသော ဤအယူဝါဒသာ မှန်သည်၊ အခြားအယူဝါဒအားလုံး မှားသည်ဟု စွဲလမ်းမှု

ဤတရားလေးပါးသည် သတ္တဝါတို့အား ရုပ်တရားနှင့် နာမ်တရားကို ပူးတွဲချည်နှောင်ထုံးဖွဲ့ပေးတတ်၏။ ပစ္စုပ္ပန်ဘဝနှင့် အနာဂတ်ဘဝကို ပူးတွဲချည်နှောင်ထုံးဖွဲ့ပေးတတ်၏။

အဘိဇ္ဈာအားကြီးသူသည် သူတစ်ပါးပစ္စည်းကို မတရားလုယူရန်၊ လိမ်ညာလှည့်ပတ်ယူရန် ကြံစည်ကြိုးပမ်းလျက် အကုသိုလ်ကံများကို ဆည်းပူးစုဆောင်းနေလေတော့သည်။ ဗျာပါဒအားကြီးသူသည် သူတစ်ပါး ပျက်စီးရာပျက်စီးကြောင်း ကြံစည်ကြိုးပမ်းလျက် အကုသိုလ်ကံများကို ဆည်းပူးဆောင်ရွက်နေ၏။ ထိုအကုသိုလ်ကံများသည် သံသရာမှ မလွတ်မြောက်စေရန် ကြီးကျယ်အားကောင်းသော အနှောင်အဖွဲ့ (ဂန္ထ) များ ဖြစ်ကြသည်။

တိတ္ထိတို့၏ အကျင့်

တိတ္ထိတို့သည် ခွေးကို အတုယူ၍ လေးဘက်သွား၏၊ ပြာပုံ၌ ဝပ်၏၊ အဝတ်မစည်း ကိုယ်လုံးတီးနေ၏၊ မြေကြီးပေါ်၌ ပုံကျွေးသော အစာကို လက်ဖြင့်မယူဘဲ ပါးစပ်ဖြင့် ထိုးဟပ်စား၏၊ ကျင်ကြီးကျင်ငယ် အမှုပြုရာ၌ ခွေးကဲ့သို့ပြု၏။ အလားတူပင် နွားအကျင့်ကို အတုယူကျင့်သူသည်လည်း ဦးခေါင်း၌ ချိုတုတပ်လျက် လေးဘက်သွား၏၊ နွားစာကို စား၏၊ နွားကဲ့သို့ မြေကြီးပေါ်၌ လေးဘက်ပစ်လျက် အိပ်၏၊ နွားနှင့်တူအောင် ကျင့်ကြံနေထိုင်၏။ အချို့သော တိတ္ထိများသည် လင်းနို့နှင့်တူအောင် သစ်ပင်၌ ဇောက်ထိုးဆွဲကာ ကျင့်ကြံနေထိုင်ကြ၏။
စာမျက်နှာ-645


ဤသို့ ခွေးအကျင့်၊ နွားအကျင့်ကို ကျင့်ရုံမျှဖြင့် ကိလေသာကုန်ခန်း၍ ကိလေသာစင်ကြယ်သော ရဟန္တာများ ဖြစ်ကြလေပြီဟု ကျင့်ကြံသူ တိတ္ထိများအနေဖြင့် ယုံကြည်ယူဆကြသည်။ နောက်လိုက်တပည့်များကလည်း ထိုအတိုင်း ယုံကြည်ကြသည်။ ထိုကဲ့သို့ ယုံကြည်မှုသည် သံသရာမှ မလွတ်မြောက်နိုင်ရန် ကြီးမားသော အနှောင်အဖွဲ့ (ဂန္ထ) ဖြစ်သည်။ ထိုအကျင့်၌ စွဲလမ်းကပ်ငြိ ချည်နှောင်ခံထားကြရသည်။

အချို့သော ပုထုဇဉ်များသည် အသက်ဝိညာဉ် လိပ်ပြာ (အတ္တကောင်၊ ငါကောင်) ရှိသည်၊ ယင်းသည် သေဆုံးပျက်စီးခြင်းမရှိ၊ ထာဝရအမြဲတည်သည်၊ ထာဝရအမြဲတည်နေသော ဖန်ဆင်းရှင် တန်ခိုးရှင်ကြီးရှိသည်ဟု ယူဆယုံကြည်ကြသည် (သဿတဒိဋ္ဌိ )။ အချို့သော ပုထုဇဉ်တို့သည် သတ္တဝါသည် သေလျှင် ပြတ်စဲ၏၊ အတိတ်ဘဝမရှိ၊ အနာဂတ်ဘဝမရှိ၊ ဤပစ္စုပ္ပန်တစ်ဘဝသာ ရှိသည်ဟု ယူဆယုံကြည်ကြသည် (ဥစ္ဆေဒဒိဋ္ဌိ )။

ဤသို့ မိမိတို့ယူဆယုံကြည်ထားသော အယူဝါဒတစ်ခုသာလျှင် မှန်ကန်သည်၊ မိမိအယူဝါဒနှင့် မတူသော အခြားသော အယူဝါဒအားလုံး မှားသည်ဟု ယူဆသတ်မှတ်လိုက်သည်။ ဤပုဂ္ဂိုလ်သည်လည်း မိမိအယူဝါဒ၌ မိမိဘာသာ ချည်နှောင်ထား၍ သံသရာမှ မလွတ်မြောက်နိုင်ချေ။ ဘဝအဆက်ဆက် တစ်ဘဝနှင့် တစ်ဘဝ ချည်နှောင်ထုံးဖွဲ့ထား၍ သံသရာကျင်လည်ရဦးမည် ဖြစ်သည်။

ဥပါဒါန် ၄-ပါး

ဖားသည် မြွေကို မလွတ်တမ်း ကိုက်ခဲထားသကဲ့သို့ ကာမဂုဏ်အာရုံများနှင့် ဒိဋ္ဌိအယူဝါဒများကို ခိုင်မြဲစွာ ပြင်းထန်စွာ စွဲလမ်းယူငင်တတ်သော တရားများကို ဥပါဒါန် (ဥပါဒါန) ဟု ခေါ်ရသည် (ဥပ + အာ + ဒါန = စွဲမြဲစွာ ပြင်းထန်စွာယူခြင်း)။ ထိုဥပါဒါန်လေးပါးတို့မှာ—
(၁) ကာမုပါဒါန် = ကာမအာရုံတို့၌ ပြင်းထန်စွာ စွဲလမ်းမှု
(၂) ဒိဋ္ဌုပါဒါန် = အယူဝါဒ၌ ပြင်းထန်စွာ စွဲလမ်းမှု
(၃) သီလဗ္ဗတုပါဒါန် = ခွေးအကျင့်၊ နွားအကျင့်ကို ပြင်းထန်စွာ စွဲလမ်းမှု
(၄) အတ္တဝါဒုပါဒါန် = ငါကောင် (အတ္တ) ရှိသည် ဟု ပြင်းထန်စွာ စွဲလမ်းမှု
စာမျက်နှာ-646


ကာမဂုဏ်အာရုံငါးပါးတို့၌ မလွှတ်နိုင်အောင် စွဲလမ်းမှုမှာ သိသာထင်ရှားလေပြီ။ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ အစရှိသော ၆၂-ပါးသော မိစ္ဆာဒိဋ္ဌိ အယူဝါဒများကို ယုံကြည်သူသည်လည်း မိမိအယူဝါဒကို မစွန့်လွှတ်နိုင်၊ ပြင်းထန်စွာ စွဲလမ်းနေသည်။ ခွေးအကျင့်၊ နွားအကျင့်စသည်ကို ကျင့်သူသည်လည်းကောင်း၊ ထိုသို့ကျင့်သူများအား ကိုးကွယ်ဆည်းကပ်သူ တပည့်သည်လည်းကောင်း ထိုခွေးအကျင့်၊ နွားအကျင့်၊ လင်းနို့အကျင့် စသည်တို့ကို ကျင့်ရုံမျှဖြင့် ကိလေသာမှ စင်ကြယ်သည်ဟု ပြင်းထန်စွာ စွဲလမ်းနေကြသည်။

ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်ဟူသော ခန္ဓာငါးပါးတို့သည် အမြဲတည်သော ငါဖြစ်သည်။ အတ္တဖြစ်သည်ဟု ပြင်းထန်စွာ စွဲလမ်းကြသည်။ ဤတရားလေးပါးတို့သည် မစွန့်လွှတ်နိုင်လောက်အောင် ပြင်းထန်စွာ စွဲလမ်းသည့်အဆင့်သို့ ရောက်သောအခါ ဥပါဒါန်ဟု အမည်တွင်လေတော့သည်။

နီဝရဏ ၆-ပါး

ဒါန၊ သီလ ကုသိုလ်စိတ်နှင့် ဈာန်သမာဓိ ကုသိုလ်စိတ်တို့ ဖြစ်ပေါ်ခွင့်မရအောင်၊ မဖြစ်နိုင်အောင် တားဆီးပိတ်ဆို့တတ်သော တရားများကို နီဝရဏ ဟု ခေါ်သည်။ နီဝရဏခြောက်ပါးတို့မှာ—
(၁) ကာမစ္ဆန္ဒနီဝရဏ = ကာမအလိုဆန္ဒ အတားအဆီး
(၂) ဗျာပါဒနီဝရဏ = အမျက်ဒေါသ အတားအဆီး
(၃) ထိနမိဒ္ဓနီဝရဏ = ထိုင်းမှိုင်းငိုက်မြည်းမှု အတားအဆီး
(၄) ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ = မငြိမ်မသက် လှုပ်ရှားချောက်ချားမှု အတားအဆီး
(၅) ဝိစိကိစ္ဆာနီဝရဏ = သို့လော သို့လော တွေးတောမှု သံသယအတားအဆီး
(၆) အဝိဇ္ဇာနီဝရဏ = မိုက်မဲတွေဝေမှု အတားအဆီး တို့ဖြစ်သည်။

ဤနီဝရဏများအကြောင်းကို ဤကျမ်းစာ (ဒုတိယတွဲ) စာမျက်နှာ (၄၇) ၌ ရှင်းလင်းရေးသားပြီး ဖြစ်သည်။
စာမျက်နှာ-647


အနုသယ ၇-ပါး

အကြိမ်ကြိမ် အထပ်ထပ် ဖြစ်တတ်သော တရားများကို အနုသယ ခေါ်၏။ အိမ်ရှင်သည် အလုပ်ကိစ္စရှိ၍ အခြားတစ်နေရာသို့ ခေတ္တခဏ သွားသော်လည်း ကိစ္စပြီးသောအခါ မိမိအိမ်သို့ ပြန်လာ၍ အိမ်မှာအမြဲနေ၏။ ထိုအိမ်သို့ အခြားသူများ ခေတ္တခဏ အလည်အပတ် လာကြသော်လည်း အမြဲမနေ၊ ကိစ္စပြီးစီးပါက ပြန်သွားကြ၏။ အိမ်ရှင်သာလျှင် ထိုအိမ်၌ အမြဲနေ၏။ ထို့အတူ ဤအနုသယတရား ခုနစ်ပါးတို့သည် သတ္တဝါ၏ သန္တာန်၌ အမြဲမပြတ် အဖန်ဖန် ဖြစ်လေ့ဖြစ်ထရှိသောကြောင့် အမြဲကိန်းအောင်းသည် (အနုသယ) ဟု ခေါ်ဆိုရခြင်းဖြစ်သည်။ မဂ်ဖြင့် မပယ်ရသေးသဖြင့် အကြောင်းတိုက်ဆိုင်လာပါက ဖြစ်ပေါ်ရန် သေချာလှပေသည်။ ထို့ကြောင့် အနုသယကို ဖြစ်ရန်အလာရှိသော စွမ်းအားကြီးသော တရားဟု ဆိုလိုသည်။ ယင်းအနုသယ ခုနစ်ပါးတို့မှာ—
(၁) ကာမရာဂါနုသယ = အင်အားကြီးမား၍ အဖြစ်များသော ကာမတဏှာ
(၂) ဘဝရာဂါနုသယ = အင်အားကြီးမား၍ အဖြစ်များသော ဘဝတဏှာ
(၃) ပဋိဃာနုသယ = အင်အားကြီးမား၍ အဖြစ်များသော အမျက်ဒေါသ
(၄) မာနာနုသယ = အင်အားကြီးမား၍ အဖြစ်များသော မာန
(၅) ဒိဋ္ဌာနုသယ = အင်အားကြီးမား၍ အဖြစ်များသော ဒိဋ္ဌိ
(၆) ဝိစိကိစ္ဆာနုသယ = အင်အားကြီးမား၍ အဖြစ်များသော ဝိစိကိစ္ဆာ
(၇) အဝိဇ္ဇာနုသယ = အင်အားကြီးမား၍ အဖြစ်များသော အဝိဇ္ဇာ တို့ဖြစ်သည်။

ဤအနုသယ ခုနစ်ပါးအနက် အမှတ်စဉ် (၁) နှင့် (၂) သည် လောဘစေတသိက် တစ်ခုတည်းသာဖြစ်၍ တရားကိုယ်အားဖြင့် အနုသယ (၆) ပါးသာ ရှိသည်။ ယင်းအနုသယ ခြောက်ပါး၌ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ ဤတရား (၄) ပါး ပေါင်းထည့်ပါက ကိလေသာ (၁၀) ပါး ဖြစ်၏။ ထို့ကြောင့် ဤအနုသယ ခုနစ်ပါးတို့ကို ကိလေသာဟုလည်း ခေါ်ဆိုနိုင်၏။
စာမျက်နှာ-648


သံယောဇဉ် ၁၀-ပါး

ခိုင်မြဲသော နှောင်ကြိုးကို သံယောဇဉ် ဟု ခေါ်သည်။ ဥပမာ-နွားတစ်ကောင်ကို ကြိုးရှည်ရှည်ဖြင့် ချည်ထား၏ (လှန်ထား၏)။ မလိုသည့်အခါ ကြိုးကို လျှော့ပေးထား၏။ နှောင်ကြိုးရှိမှန်း မသိသာချေ။ ကြိုးကို လိုသလို ဆွဲလိုက် ငင်လိုက် တင်းလိုက် လျှော့လိုက် ပြုလုပ်သည်။ ထိုအခါ နှောင်ကြိုးဆွဲငင်ရာသို့ ထိုနွား လိုက်ပါရတော့သည်။ အလားတူပင် သတ္တဝါတို့ကို နှောင်ဖွဲ့ထားသော တရားများကို သံယောဇဉ်ဟု ခေါ်ဆိုရသည်။ သံယောဇဉ် (၁၀) ပါးကို ရေတွက်ရာ၌ သုတ္တန်နည်း၊ အဘိဓမ္မာနည်း ဟူ၍ (၂) မျိုး ကွဲပြားသည်—

သုတ္တန်နည်း,အဘိဓမ္မာနည်း

(၁) ကာမရာဂ သံယောဇဉ်,(၁) ကာမရာဂ သံယောဇဉ်
(၂) ရူပရာဂ သံယောဇဉ်,(၂) ဘဝရာဂ သံယောဇဉ်
(၃) အရူပရာဂ သံယောဇဉ်,(၃) ပဋိဃ သံယောဇဉ်
(၄) ပဋိဃ သံယောဇဉ်,(၄) မာန သံယောဇဉ်
(၅) မာန သံယောဇဉ်,(၅) ဒိဋ္ဌိ သံယောဇဉ်
(၆) ဒိဋ္ဌိ သံယောဇဉ်,(၆) သီလဗ္ဗတပရာမာသသံယောဇဉ်
(၇) သီလဗ္ဗတပရာမာသသံယောဇဉ်,(၇) ဝိစိကိစ္ဆာ သံယောဇဉ်
(၈) ဝိစိကိစ္ဆာ သံယောဇဉ်,(၈) ဣဿာ သံယောဇဉ်
(၉) ဥဒ္ဓစ္စ သံယောဇဉ်,(၉) မစ္ဆရိယ သံယောဇဉ်
(၁၀) အဝိဇ္ဇာ သံယောဇဉ်,(၁၀) အဝိဇ္ဇာ သံယောဇဉ်
သုတ္တန်နည်း၌ ရူပရာဂနှင့် အရူပရာဂကို အဘိဓမ္မာနည်း၌ ဘဝရာဂအဖြစ် တစ်ခုတည်း ပေါင်း၍ ပြထားသည်။ တစ်ဖန် သုတ္တန်နည်း၌ ဥဒ္ဓစ္စသံယောဇဉ်ကို အဘိဓမ္မာနည်း၌ ဖြုတ်ပယ်၍ ဣဿာနှင့် မစ္ဆရိယတရား နှစ်ပါးတို့ကို ထည့်သွင်း ရေတွက်ထားသည်။ ဤတရားများအကြောင်းကို အခြားနေရာများ၌ အသီးသီး ရှင်းပြခဲ့ပြီးဖြစ်၍ ဤ၌ ထပ်မံ မရေးတော့ပြီ။
စာမျက်နှာ-649


ကိလေသာ ၁၀-ပါး

စိတ်ကို ညစ်နွမ်းစေတတ်သော ညစ်ညူးစေတတ်သော တရားများကို ကိလေသာ ဟု ခေါ်ဆိုရသည်။ ကိလေသာအညစ်အကြေးများကို ပယ်ရှားနိုင်သောအခါ စိတ်သည် ဖြူစင်သွားသည်။ ထိုစိတ်၏ အညစ်အကြေး (ကိလေသာ) (၁၀) ပါးတို့မှာ—
(၁) လောဘကိလေသာ = လိုချင် တပ်မက်မှု
(၂) ဒေါသကိလေသာ = ပြစ်မှား ဖျက်ဆီးမှု
(၃) မောဟကိလေသာ = မိုက်မဲ တွေဝေမှု
(၄) မာနကိလေသာ = မောက်မာ ဝင့်ကြွားမှု၊ အထင်ကြီးမှု
(၅) ဒိဋ္ဌိကိလေသာ = ငါကောင် အတ္တကောင် ရှိသည်ဟု ယူဆမှု
(၆) ဝိစိကိစ္ဆာကိလေသာ = ဘုရား၊ တရား၊ သံဃာ စသည်တို့၌ သံသယရှိမှု
(၇) ထိနကိလေသာ = စိတ်လေးလံ ထိုင်းမှိုင်းမှု
(၈) ဥဒ္ဓစ္စကိလေသာ = စိတ်ပျံ့လွင့်မှု၊ စိတ်မငြိမ်မသက်မှု
(၉) အဟိရိကကိလေသာ = အရှက်မရှိမှု
(၁၀) အနောတ္တပ္ပကိလေသာ = ပစ္စုပ္ပန် သံသရာဘေးကို မကြောက်မှု

ကိလေသာ အဆင့် သုံးဆင့် ခွဲခြားခြင်း

ကိလေသာဆယ်ပါးတို့ကို—
(၁) ဝီတိက္ကမကိလေသာ
(၂) ပရိယုဋ္ဌာနကိလေသာ
(၃) အနုသယကိလေသာ
ဟူ၍ အဆင့် သုံးဆင့် ခွဲခြား ပြဆိုလေ့ရှိကြသည်။
စာမျက်နှာ-650


ဝီတိက္ကမကိလေသာ
ကာယကံမြောက် ဝစီကံမြောက် ကျူးလွန်မှု ဖြစ်ပွားသော ကိလေသာတို့ကို ဝီတိက္ကမကိလေသာ ဟု ခေါ်၏။ (ဝီတိက္ကမ = ကျူးလွန်ခြင်း) လောဘ ဒေါသ မောဟ မာန ဒိဋ္ဌိတို့ကို အခြေခံ၍ သတ်ဖြတ် ညှဉ်းပန်းမှု၊ ခိုးဝှက် လုယက်မှု၊ ကာမဂုဏ်၌ မှားယွင်းမှု၊ လိမ်လည် ပြောဆိုမှု၊ ကုန်းတိုက် ပြောဆိုမှု၊ ဆဲရေး ကြိမ်းမောင်းမှု၊ ပြိန်ဖျင်းစကားပြောဆိုမှုများကို ပြုလုပ်ကျူးလွန်စေသော ကိလေသာတရားဆိုးများကို ဝီတိက္ကမကိလေသာ ဟု ခေါ်၏။ ဤကိလေသာကို သီလစောင့်ထိန်းမှု ကာမာဝစရကုသိုလ်က တဒင်္ဂပဟာန်ဖြင့် ပယ်၏။

ပရိယုဋ္ဌာနကိလေသာ

ကာယကံမြောက် ဝစီကံမြောက် ကျူးလွန်ခြင်း မရှိ၊ မနောကံ စိတ်တွင်း၌သာ ကြံစည်ရုံသာ ကြံစည်စိတ်ကူးခြင်းကို ပရိယုဋ္ဌာနကိလေသာ ဟု ခေါ်၏။ (ပရိ = ထက်ဝန်းကျင် + ဥဋ္ဌာန = ထကြွခြင်း)
ယခင် ပြဆိုခဲ့ပြီးသော ဒုစရိုက်အမှုများကို ပြုလုပ်ရန် ကြံစည်စိတ်ကူးမှု အဆင့်၌သာ ရပ်နေသည့် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ စသည်တို့ကို ပရိယုဋ္ဌာနကိလေသာ ဟု ခေါ်၏။ ဤကိလေသာများကို အပ္ပနာသမာဓိ ဟူသော ရူပ အရူပဈာန်ကုသိုလ်က ဝိက္ခမ္ဘနပဟာန်ဖြင့် ပယ်၏။

အနုသယကိလေသာ

အနုသယကိလေသာမှာမူ ကာယကံမြောက် ဝစီကံမြောက် ကျူးလွန်ရန် မဆိုထားဘိ၊ စိတ်ကူးအဆင့်မျှ (မနောကံ အဖြစ်သို့မျှ) မရောက်သေးသော ကိလေသာ အမျိုးအစား ဖြစ်သည်။

ထင်ရှားစေဦးအံ့၊ လောဘ ဒေါသ မာန စသော ကိလေသာတရားများသည် အမြဲတမ်း ဖြစ်နေသည် မဟုတ်။ လောဘဖြစ်ခိုက်၌ ဒေါသ မဖြစ်၊ ဒေါသ ဖြစ်ခိုက်၌ လောဘ မဖြစ်၊ မာန မဖြစ်၊ မာန ဖြစ်ခိုက်၌ ဒိဋ္ဌိမဖြစ်၊ ဒိဋ္ဌိဖြစ်ခိုက်၌ မာန မဖြစ်။ ထို့ပြင် ကျွန်ုပ်တို့ အိပ်မောကျနေစဉ် အခိုက်၌ လောဘလည်း မဖြစ်၊ ဒေါသ မောဟ မာန ဒိဋ္ဌိ စသည်တို့လည်း ဖြစ်ပေါ်ခြင်း မရှိချေ။ အလားတူပင် ဗြဟ္မာ့ပြည်သို့ ရောက်နေသော ဗြဟ္မာကြီးများမှာ သူ၏သက်တမ်းတစ်လျှောက် ကမ္ဘာငါးရာ ကမ္ဘာတစ်ထောင်ကြာအောင် ကာမရာဂ မဖြစ်ချေ၊ ဒေါသ မဖြစ်ချေ၊ ဗြဟ္မာ့ဘုံသည် ထိုကာမရာဂနှင့် ဒေါသတို့ ဖြစ်ရာဘုံဌာန မဟုတ်သောကြောင့်တည်း။
စာမျက်နှာ-651


သို့ရာတွင် ထိုအိပ်ပျော်နေသူမှာ လောဘ ဒေါသ မောဟ မာန ဒိဋ္ဌိ စသည်တို့ ကင်းစင်ပြီလော၊ မရှိတော့ပြီလော၊ တစ်ချိန်ချိန်မှာ မဖြစ်တော့ပြီလော၊ ရူပ အရူပဗြဟ္မာကြီးများမှာ ကာမရာဂနှင့် ဒေါသတရားများ အပြီးအပိုင် ကင်းစင်ပြီလော၊ နောင်တစ်ချိန်ချိန်မှာ မဖြစ်တော့ပြီလော ဟု မေးငြားအံ့၊ မပယ်ရသေးသဖြင့် ထိုလောဘ စသည်တို့ ရှိသေးသည်ဟု ဖြေဆိုရမည်။ အကြောင်းညီညွတ်ပါက ထိုပုဂ္ဂိုလ်၏ ခန္ဓာအစဉ် (သန္တာန်) ၌ ထိုလောဘ ဒေါသ စသည်တို့ ဖြစ်ကြလိမ့်ဦးမည်ဖြစ်၍ ထိုပုဂ္ဂိုလ်မှာ လောဘ ဒေါသ စသည်တို့ ရှိသေးသည်ဟု မှတ်ရမည်။

ထိုကဲ့သို့ အကြောင်းညီညွတ်လျှင် ဖြစ်ပေါ်တတ်သော အကုသိုလ်တရားများကို အနုသယကိလေသာ ဟု ခေါ်ပါက ကိလေသာဟု အမည်မခံရသော ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စနှင့် မိဒ္ဓစေတသိက်တို့ကိုမူ အဘယ့်ကြောင့် အနုသယကိလေသာ ဟု မခေါ်ဆိုရသနည်း။ ယင်း ဣဿာ စသော တရားလေးပါးတို့သည် ရံခါရံခါသာ ဖြစ်သည်။ အမြဲတစေ ကြိမ်ဖန်များစွာ ဖြစ်ခြင်းမရှိသောကြောင့် အနုသယကိလေသာ ဟု မခေါ်ထိုက်ချေ။

အနုသယကိလေသာ၌ ဥပါဒ် ဌီ ဘင် ရှိသလော

အနုသယကိလေသာ၌ ပစ္စုပ္ပန်အဖြစ်သို့ ရောက်လာပါက ဥပါဒ် ဌီ ဘင်ဟူသော ဖြစ်ခြင်းပျက်ခြင်း ရှိသည်သာ ဖြစ်၏။ ယင်းသည် စိတ္တသမ္ပယုတ္တဓမ္မ ဖြစ်၍ စိတ်နှင့်ယှဉ်တွဲလျက် ဖြစ်ခြင်းပျက်ခြင်း ရှိသည်ဟု ကထာဝတ္ထုပါဠိတော်၌ ပြဆိုထား၏။ သတ္တဝါ တစ်စုံတစ်ယောက်၏ နာမ်ရုပ်အစဉ် (နာမကာယသန္တတိ) ဖြစ်စဉ်ကြီး၌ ကာမရာဂါနုသယ စသော အနုသယကိလေသာတို့သည် မပယ်ရသေးသည်ဖြစ်၍ တစ်ချိန်ချိန် တစ်ခါခါတွင် ဖြစ်ပေါ်လာဦးမည် ဖြစ်ခွင့်ရှိသေးသည်ဟု ဆိုရမည်။

လူတစ်ဦးသည် မိမိငွေများကို ဘဏ်၌ အပ်ထား၏၊ သူတစ်ပါးထံ ချေးငှားအကြွေးပေးထား၏၊ ထိုသူမှာ လက်ထဲ၌ ငွေ လုံးဝ မရှိချေ။ ထိုသို့ လက်ထဲ၌ ငွေမရှိသည့်အတွက် ထိုသူကို ငွေမရှိသူ ဟု မခေါ်ဆိုနိုင်၊ လိုချင်သည့်အချိန် ငွေရလာနိုင်သောကြောင့် ငွေရှိသူဟူ၍သာ ခေါ်ဆိုရပေလိမ့်မည်။

ဤအနုသယကိလေသာနှင့် စပ်လျဉ်း၍ အနုသယကိလေသာမှာ ဥပါဒ် ဌီ ဘင် မရှိသေး၊ မဖြစ်သေးခြင်းသည် ငုပ်လျှိုးနေသော စွမ်းသတ္တိ ဖြစ်သည် ဟု သဿတဝါဒ အတွေးအခေါ်သို့ ရောက်ရှိသွားတတ်သည်။ အနုသယကိလေသာသည် အခြားသော စေတသိက်များနည်းတူသာလျှင် ဧကုပ္ပါဒ၊ ဧကနိရောဓ၊ ဧကာလမ္ဗဏ ဖြစ်သည် ဟု သတိပြုသင့်ကြပေသည်။
စာမျက်နှာ-652


အခန်း (၁၅) ဗောဓိပက္ခိယတရား (၃၇) ပါး

အရိယာမဂ် ရရာရကြောင်း ဝိပဿနာဘာဝနာပွားနည်းများ အကြောင်းနှင့် အရိယာမဂ်ဖြစ်ပေါ်ပုံများကို ရှင်းလင်းဖော်ပြခဲ့လေပြီ။ ယခုအခါ ယင်းအရိယာမဂ်၏ ရှေ့တော်ပြေး ဖြစ်ပေါ်လာမည့် တရားများ၊ ယင်းအရိယာမဂ်၏ အဖော်အပေါင်းအသင်းများကို ပြဆိုပါဦးအံ့။

အရိယာမဂ်၏ ဘက်တော်သား အရိယာမဂ်၏ အဖော်များ၊ အပေါင်းအသင်းများကို ဗောဓိပက္ခိယတရား ဟု ခေါ်ရ၏။ (ဗောဓိ = အရိယာမဂ်ဉာဏ် + ပက္ခိယ = အပေါင်းအဖော်များ၊ ဘက်တော်သားများ) ယင်း ဗောဓိပက္ခိယ တရားများမှာ အောက်ပါအတိုင်း (၃၇) ပါးရှိ၏—
(၁) သတိပဋ္ဌာန် ၄-ပါး
(၂) သမ္မပ္ပဓာန် ၄-ပါး
(၃) ဣဒ္ဓိပါဒ် ၄-ပါး
(၄) ဣန္ဒြေ ၅-ပါး
(၅) ဗိုလ် ၅-ပါး
(၆) ဗောဇ္ဈင် ၇-ပါး
(၇) မဂ္ဂင် ၈-ပါး
စုစုပေါင်း ၃၇-ပါး

သတိပဋ္ဌာန် ၄-ပါး

အမြဲဆင်ခြင် အောက်မေ့မှုကို သတိဟု ခေါ်သည်။ ယင်းသတိ၏ တည်ရာအာရုံကို သတိပဋ္ဌာန = သတိပဋ္ဌာန် ဟု ခေါ်သည်။ (သတိ = ဆင်ခြင်အောက်မေ့မှု + ပဋ္ဌာန = တည်ရာအာရုံ) သတိပဋ္ဌာန် လေးပါးတို့မှာ—
(၁) ကာယာနုပဿနာ သတိပဋ္ဌာန် = ထွက်သက်ဝင်သက်၊ ဆံပင်စသော ကာယကို ဆင်ခြင်ရှုမှတ်ခြင်း
(၂) ဝေဒနာနုပဿနာ သတိပဋ္ဌာန် = ခံစားမှု ဝေဒနာတို့ကို ဆင်ခြင်ရှုမှတ်ခြင်း
စာမျက်နှာ-653


(၃) စိတ္တာနုပဿနာ သတိပဋ္ဌာန် = စိတ်၏ မမြဲခြင်း၊ ပျက်စီးခြင်းကို ဆင်ခြင်ရှုမှတ်ခြင်း
(၄) ဓမ္မာနုပဿနာ သတိပဋ္ဌာန် = သညာ သင်္ခါရတို့၏ အဖြစ်အပျက်ကို ဆင်ခြင်ရှုမှတ်ခြင်း
ယင်းသတိပဋ္ဌာန်လေးပါး ဆင်ခြင်ပွားများအားထုတ်နည်းကို ပြဆိုခဲ့ပြီးဖြစ်သည်။

သမ္မပ္ပဓာန် ၄-ပါး

မှန်ကန်စွာ အားထုတ်ခြင်းကို သမ္မပ္ပဓာန် ဟု ခေါ်သည်။ (သမ္မ = မှန်ကန်သော + ပဓာန = အားထုတ်ခြင်း) သမ္မပ္ပဓာန် လေးပါးတို့မှာ—

(၁) ဖြစ်ဖူးပြီးသော အကုသိုလ်အမှုတို့ကို နောင်တစ်ဖန် မပြုလုပ်မိစေရန် အားထုတ်၍ စောင့်စည်းခြင်း

(၂) မဖြစ်ဖူးသေးသော အကုသိုလ်အမှုတို့ကို အသစ်တစ်ဖန် မပြုလုပ်မိစေရန် အားထုတ်၍ စောင့်စည်းခြင်း

(၃) မဖြစ်ဖူးသေးသော ကုသိုလ်အမှုတို့ကို ဖြစ်စေခြင်းငှာ အားထုတ်ခြင်း

(၄) ဖြစ်ဖူးပြီးသော ကုသိုလ်အမှုတို့ကို တိုးပွားများပြားစေရန် ထပ်ကာထပ်ကာ အားထုတ်ခြင်း တို့ဖြစ်ကြသည်။

ယင်းသမ္မပ္ပဓာန်လေးပါးတို့သည် တရားကိုယ်အားဖြင့် ဝီရိယစေတသိက် တစ်ခုတည်းသာ ဖြစ်သည်။

အကုသိုလ်တရားများ မဖြစ်အောင် အားထုတ်ခြင်းဆိုသည်မှာ အကုသိုလ်မှု မပြုမိအောင် စောင့်စည်းခြင်း၊ ရှောင်ကြဉ်ခြင်းတို့၌ စိတ်ဓာတ်အင်အား ခိုင်မာစွာ ထားရှိမှုဖြစ်သည်။

ပျင်းရိခြင်းသည် ဝီရိယ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ ပျင်းရိသူမှာ ဝီရိယမဖြစ်နိုင်။ စွမ်းအားကြီးမားသော ကုသိုလ်ဝီရိယကို သမ္မပ္ပဓာန်ဟု ခေါ်ဆိုခြင်းဖြစ်သည်။ သမ္မပ္ပဓာန်အမည်ရသော ကုသိုလ်ဝီရိယဓာတ် အားကောင်းလာပါက အလုပ်မအားလပ်မှု၊ အိပ်ချင်မှု၊ အိပ်ရေးမဝမှု၊ ကိုယ်ကာယ နွမ်းနယ်မှု စသော အကြောင်းပြချက်များကို လုံးဝလက်မခံဘဲ အချိန်မှန်မှန် ဘုရားရှိခိုးနိုင်သည်။ ဘုရားကို ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး အချိန်မှန်မှန် ဆက်ကပ်နိုင်သည်။
စာမျက်နှာ-654


အိပ်ရာဝင် အိပ်ရာက ရတနာသုံးပါးဝတ်၊ မိဘဝတ်၊ ဆရာဝတ်များကို ပြုလုပ်ရန် ဝန်မလေးချေ။ ထိုမှတစ်ဆင့်တက်၍ သမထဘာဝနာ၊ ဝိပဿနာဘာဝနာများ လုံ့လကြိုးကုတ် အားထုတ်မှု ပြုလုပ်နိုင်တော့သည်။

သမ္မပ္ပဓာန်ဝီရိယ မရှိပါက ဖော်ပြပါ ဒါန၊ သီလ၊ ဘာဝနာကုသိုလ် အမှုများ ပြုလုပ်ရန် တွန့်ဆုတ်နေမည်။ အကြောင်းအမျိုးမျိုးပြလျက် အချိန်ရွှေ့နေပေလိမ့်မည်။ ထိုပုဂ္ဂိုလ်၏ သန္တာန်မှာ သမ္မပ္ပဓာန်ဝီရိယ မဖြစ်ပေါ်သေး၊ ဗောဓိပက္ခိယတရား ၃၇-ပါး၌ အကျုံးဝင်သော သမ္မပ္ပဓာန်ဝီရိယ လေးမျိုး မဖြစ်သေးဟု မှတ်ယူရမည်။

ဣဒ္ဓိပါဒ် ၄-ပါး

လိုအပ်သော အလုပ်ကိစ္စ လုပ်ငန်းဆောင်တာ ပြီးမြောက်မှုကို ဣဒ္ဓိ ဟု ခေါ်သည်။
သာမန်လူသားတို့ မဆောင်ရွက်နိုင်သော ထူးဆန်းအံ့ဩဖွယ် အလုပ်များကို ပြုလုပ်နိုင်မှုကို မြန်မာလို “တန်ခိုး”၊ ပါဠိလို “ဣဒ္ဓိ” ဟု ခေါ်သည်။ ယင်း တန်ခိုး ဣဒ္ဓိတို့ကို ဣဒ္ဓိဝိဓ အဘိညာဉ် အခန်း၌ ဖော်ပြခဲ့ပြီးဖြစ်သည်။

တန်ခိုး (ဣဒ္ဓိ) ၏ အခြေခံတရားများကို ဣဒ္ဓိပါဒ် ဟု ခေါ်ကြသည်။ (ဣဒ္ဓိ = တန်ခိုး + ပါဒ = အခြေခံ) ဣဒ္ဓိပါဒ်လေးပါးတို့မှာ—
(၁) ဆန္ဒိဒ္ဓိပါဒ် = တောင့်တမှု ဆန္ဒ
(၂) ဝီရိယိဒ္ဓိပါဒ် = အားထုတ်မှု ဝီရိယ
(၃) စိတ္တိဒ္ဓိပါဒ် = သိမှု စိတ်
(၄) ဝီမံသိဒ္ဓိပါဒ် = ဉာဏ်ပညာ တို့ဖြစ်သည်။

ဤတရားလေးပါးတို့သည် တန်ခိုးဣဒ္ဓိကို ရရှိနိုင်ရန် ပွားများရမည့် အခြေခံတရားများ ဖြစ်ကြသည်။

ဒါန၊ သီလ၊ ဘာဝနာကုသိုလ်အမှု ပြုလိုသောဆန္ဒကို ပြင်းထန်စေရမည်၊ အားကြီးစေရမည်။ ဝိပဿနာတရား ရှုမြင်လိုသောဆန္ဒ၊ ဈာန်၊ မဂ်၊ ဖိုလ် ရလိုသောဆန္ဒ၊ နိဗ္ဗာန်ကို ရောက်လိုရလိုသော ဆန္ဒ ပြင်းပြရမည်။ ဆန္ဒပြင်းပြ ဆန္ဒအားကောင်းမှသာလျှင် တန်ခိုး၏အခြေခံ ဆန္ဒိဒ္ဓိပါဒ် ဖြစ်နိုင်၏။ ထို့ကြောင့်
စာမျက်နှာ-655


ကုသိုလ်ဆန္ဒကို အားပေးအားမြှောက် ပြုရမည်။ ကုသိုလ်ဆန္ဒ ထက်သန်အောင် ကြောင့်ကြစိုက်ရမည်။ အားထုတ်ရမည်။

ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်အမှု ပြုလုပ်ရန် အင်အားကောင်းသော လုံ့လဝီရိယသည် ဝီရိယိဒ္ဓိပါဒ် မည်၏။ အကြောင်းပြချက်အမျိုးမျိုးဖြင့် ကုသိုလ်အမှု မပြုနိုင်ရန် တားဆီးနှောင့်ယှက် ဟန့်တားတတ်သော ပျင်းရိမှုကို နှိမ်နင်းလွှမ်းမိုးနိုင်သော ဝီရိယသည် ဝီရိယိဒ္ဓိပါဒ် မည်၏။

ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်အမှုများ ပြုလုပ်ရန် စိတ်ထက်သန်မှု၊ စိတ်တက်ကြွမှု၊ စိတ်အားကောင်းမှုသည် စိတ္တိဒ္ဓိပါဒ် မည်၏။

သမထဘာဝနာ၊ ဝိပဿနာဘာဝနာအမှုတို့ကို အကျိုးအပြစ် ခွဲခြမ်းဝေဖန် သိတတ်သော စွမ်းအားကြီးမားသော ဉာဏ်ပညာသည် ဝီမံသိဒ္ဓိပါဒ် မည်၏။ ဆန္ဒသည်လည်းကောင်း၊ ဝီရိယသည်လည်းကောင်း၊ စိတ်သည်လည်းကောင်း၊ ပညာဉာဏ်သည်လည်းကောင်း ဤတရားလေးပါးတို့ ထုထည်ကြီးမား စွမ်းအားထက်မြက်လာသောအခါ သမထဘာဝနာ၊ ဝိပဿနာဘာဝနာ အားထုတ်မှုများသည် စိတ်ထင်တိုင်း ပေါက်ရောက် အောင်မြင်လေတော့သည်။ တန်ခိုးကြီးမားလာတော့သည်။

ဣန္ဒြေ ၅-ပါး

အစိုးရသော သဘောကို ဣန္ဒြေ ဟု ခေါ်သည်။ အစိုးရသူသည် အခြားသူတို့ကို မိမိအလိုသို့ လိုက်စေနိုင်၏။ မိမိနှင့် ဖြစ်ဖော်ဖြစ်ဖက်၊ ယှဉ်ဖော်ယှဉ်ဖက် တရားအပေါင်းတို့ကို မိမိအလိုသို့ လိုက်စေနိုင်၏။ ထို တရားအပေါင်းတို့ကို လွှမ်းမိုးနိုင်၏။ (ဣန္ဒြိယ = ဣန္ဒြေ = အစိုးရခြင်း၊ လွှမ်းမိုးခြင်း၊ အလိုသို့ လိုက်စေနိုင်ခြင်း)

ဣန္ဒြေ အမည်ရသော ဗောဓိပက္ခိယတရား ငါးပါးတို့မှာ—
(၁) သဒ္ဓိန္ဒြေ = ယုံကြည်မှု၌ ပိုင်စိုးခြင်း
(၂) ဝီရိယိန္ဒြေ = အားထုတ်မှု၌ ပိုင်စိုးခြင်း
(၃) သတိန္ဒြေ = ဆင်ခြင်အောက်မေ့မှု၌ ပိုင်စိုးခြင်း
(၄) သမာဓိန္ဒြေ = တည်ကြည်မှု၌ ပိုင်စိုးခြင်း
(၅) ပညိန္ဒြေ = ဉာဏ်ပညာ၌ ပိုင်စိုးခြင်း တို့ဖြစ်သည်။
စာမျက်နှာ-656


ဝိပဿနာဘာဝနာကို ပြင်းထန်သော သမ္မပ္ပဓာန်ဝီရိယဖြင့် အားထုတ်၍ ဣဒ္ဓိပါဒ်လေးပါးဖြင့် အားပေးချီးမြှောက် ထောက်ပံ့လာသောအခါ ယုံကြည်မှု သဒ္ဓါတရားသည် အင်အားကြီးမား အစွမ်းထက်မြက်လာ၍ ယှဉ်ဖော်ယှဉ်ဖက် တရားများကို လွှမ်းမိုးပိုင်စိုးလာ၏။ အားထုတ်မှု ဝီရိယဓာတ်သည်လည်း စွမ်းအားထက်မြက်လာ၍ ယှဉ်ဖော်ယှဉ်ဖက် တရားများကို လွှမ်းမိုးပိုင်စိုးလာ၏။ ဆင်ခြင်အောက်မေ့မှု သတိသည်လည်း အင်အားကြီးမား အစွမ်းထက်မြက်လာ၍ ယှဉ်ဖော်ယှဉ်ဖက် တရားတို့ကို လွှမ်းမိုးပိုင်စိုးလာ၏။ တည်ကြည်မှု သမာဓိသည်လည်း အင်အားကြီးမား အစွမ်းထက်မြက်လာ၍ ယှဉ်ဖော်ယှဉ်ဖက် တရားများကို လွှမ်းမိုးပိုင်စိုးလာ၏။ ထိုးထွင်းသိမြင်မှု ဉာဏ်ပညာသည်လည်း အင်အားကြီးမား အစွမ်းထက်မြက်လာ၍ ယှဉ်ဖော်ယှဉ်ဖက် တရားတို့ကို လွှမ်းမိုးပိုင်စိုးလာ၏။ ဤ ဣန္ဒြေ ငါးပါးတို့သည် မိမိတို့ အလုပ်ကိစ္စကို အစိုးတရ ဖြစ်လာသောအခါ ရှေ့တစ်ဆင့်ဖြစ်သော ဗိုလ် အဖြစ်သို့ တက်လှမ်းလေတော့သည်။

ဗိုလ် ၅-ပါး

အင်အား ကြီးမားခြင်း၊ စွမ်းအား ကောင်းခြင်း၊ အကြီးအမှူးပြု၍ ခေါင်းဆောင်နိုင်ခြင်းကို ဗိုလ် ဟု ခေါ်သည်။ (ဗလ = ဗိုလ် = စွမ်းအား၊ ခွန်အား)

ဗိုလ်အမည်ခံနိုင်သော ဗောဓိပက္ခိယတရား ငါးပါးတို့မှာ—
(၁) သဒ္ဓါဗိုလ် = ယုံကြည်မှု ဗိုလ်
(၂) ဝီရိယဗိုလ် = အားထုတ်မှု ဗိုလ်
(၃) သတိဗိုလ် = ဆင်ခြင်အောက်မေ့မှု ဗိုလ်
(၄) သမာဓိဗိုလ် = တည်ကြည်မှု ဗိုလ်
(၅) ပညာဗိုလ် = ဉာဏ်ပညာ ဗိုလ် တို့ဖြစ်သည်။

သတိပဋ္ဌာန်တရား လေးပါးတို့ကို သမ္မပ္ပဓာန်ဝီရိယဖြင့် ဣဒ္ဓိပါဒ်မြောက်အောင် ပွားများအားထုတ်လာသည့်အခါ ဣန္ဒြေငါးပါးတို့ ဖြစ်ပေါ်လာကြသည်။ ယင်း ဣန္ဒြေငါးပါးတို့သည် ပိုမိုရင့်ကျက် စွမ်းအားထက်မြက်လာသောအခါ ဗိုလ်အမည်ခံလျက် ကုသိုလ်တရား အသင်းအပင်း ကုသိုလ်အုပ်စုကို အကြီးအကဲ ဗိုလ်လုပ်၍ အကုသိုလ်ရန်သူတို့ကို နှိမ်နင်းတိုက်ခိုက် ဖျက်ဆီးနိုင်လေတော့သည်။

စာမျက်နှာ-657


မဂ်ဉာဏ်ကို ဗောဓိ ဟု ခေါ်သည်။ ထိုမဂ်ဉာဏ်၏ အကြောင်းတရားတို့ကို ဗောဇ္ဈင်္ဂ (ဗောဇ္ဈင်) ဟု ခေါ်ဆိုရသည်။ (ဗောဇ္ဈင်္ဂ = ဗောဓိ + အင်္ဂ = မဂ်ဉာဏ်၏ အကြောင်းတရား)

ထို ဗောဇ္ဈင် ၇-ပါး တရားတို့မှာ—
(၁) သတိသမ္ဗောဇ္ဈင် = မဂ်ဉာဏ်၏ အကြောင်းဖြစ်သော ဆင်ခြင်အောက်မေ့မှု
(၂) ဓမ္မဝိစယသမ္ဗောဇ္ဈင် = မဂ်ဉာဏ်၏ အကြောင်းဖြစ်သော ဉာဏ်ပညာ
(၃) ဝီရိယသမ္ဗောဇ္ဈင် = မဂ်ဉာဏ်၏ အကြောင်းဖြစ်သော အားထုတ်မှု
(၄) ပီတိသမ္ဗောဇ္ဈင် = မဂ်ဉာဏ်၏ အကြောင်းဖြစ်သော နှစ်သက်ကြည်နူးမှု
(၅) ပဿဒ္ဓိသမ္ဗောဇ္ဈင် = မဂ်ဉာဏ်၏ အကြောင်းဖြစ်သော ငြိမ်းချမ်းမှု
(၆) သမာဓိသမ္ဗောဇ္ဈင် = မဂ်ဉာဏ်၏ အကြောင်းဖြစ်သော တည်ကြည်မှု

(၇) ဥပေက္ခာသမ္ဗောဇ္ဈင် = မဂ်ဉာဏ်၏ အကြောင်းဖြစ်သော အလယ်အလတ် တည့်မတ်မှု တို့ဖြစ်သည်။

ဤ ဗောဇ္ဈင် ၇-ပါးတို့၏ အဓိပ္ပာယ်နှင့် ပွားများနည်းတို့ကို ရှေ့၌ ဖော်ပြခဲ့ပြီး ဖြစ်သည်။ ဗောဇ္ဈင်ခုနစ်ပါးတရားတို့သည် အရိယာမဂ်၏ ရှေ့ပြေး ပုဗ္ဗနိမိတ်များ ဖြစ်ကြသည်။ နေမထွက်မီ အရှေ့လောကဓာတ်၌ ဖြစ်ပေါ်လာသော အရုဏ်ရောင်သည် နေထွက်ရန် ရှေ့ပြေး ပုဗ္ဗနိမိတ်ဖြစ်သကဲ့သို့ ဗောဇ္ဈင်ခုနစ်ပါးတို့သည် အရိယာမဂ်၏ ရှေ့ပြေး ပုဗ္ဗနိမိတ်များ ဖြစ်ကြသည်။

မဂ္ဂင် ၈-ပါး

လမ်းခရီးကို မဂ္ဂ ဟု ခေါ်သည်။ ဤမဂ္ဂင်ရှစ်ပါးတရားတို့သည် နိဗ္ဗာန်သို့ ရှေးရှုရောက်စေတတ်သောကြောင့် နိဗ္ဗာန်သို့ သွားသော လမ်းကြောင်းမည်၏။
စာမျက်နှာ-658


ထိုနိဗ္ဗာန်ရောက်ကြောင်းလမ်း၏ အစိတ်အပိုင်းရှစ်ပါးကို ပေါင်းစပ်လျက် မဂ္ဂင် ဟု ခေါ်ဆိုရသည်။ မဂ္ဂင် ရှစ်ပါးတို့မှာ—
(၁) သမ္မာဒိဋ္ဌိ မဂ္ဂင် = မှန်ကန်သော ဉာဏ်အမြင်
(၂) သမ္မာသင်္ကပ္ပ မဂ္ဂင် = မှန်ကန်သော အကြံအစည်
(၃) သမ္မာဝါစာ မဂ္ဂင် = မှန်ကန်သော စကား
(၄) သမ္မာကမ္မန္တ မဂ္ဂင် = မှန်ကန်သော အလုပ်
(၅) သမ္မာအာဇီဝ မဂ္ဂင် = မှန်ကန်သော အသက်မွေးဝမ်းကျောင်းမှု
(၆) သမ္မာဝါယာမ မဂ္ဂင် = မှန်ကန်သော အားထုတ်မှု လုံ့လဝီရိယ
(၇) သမ္မာသတိ မဂ္ဂင် = မှန်ကန်သော ဆင်ခြင်အောက်မေ့မှု သတိ
(၈) သမ္မာသမာဓိ မဂ္ဂင် = မှန်ကန်သော တည်ကြည်မှု သမာဓိ တို့ဖြစ်သည်။

ဤမဂ္ဂင်ရှစ်ပါးတရားတို့၏ အဓိပ္ပာယ်ကို ဤကျမ်းစာအုပ် (ဒုတိယတွဲ) စာမျက်နှာ (၅၃၇) ၌ ပြခဲ့ပြီးဖြစ်သည်။

အရိယာမဂ် မဖြစ်မီ ရှေ့အဖို့၌ လောကီကုသိုလ်စိတ်များ ဖြစ်သောအခါ၌လည်း ဤသမ္မာဒိဋ္ဌိ စသော မဂ္ဂင်တရားများ အတူတကွ ဖြစ်ပေါ် ပါဝင်ခဲ့ကြသည်။ ယင်းကို လောကီမဂ်၊ သို့မဟုတ် ပုဗ္ဗဘာဂမဂ် ဟု ခေါ်ရသည်။

ဝိပဿနာရှုမြင် ဆင်ခြင် ပွားများသော ယောဂီပုဂ္ဂိုလ်အား ကာမာဝစရ ကုသိုလ်စိတ်များ ဖြစ်ကြသည်။ ယင်းသို့ ဝိပဿနာရှုခိုက်၌ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဟူသော သီလမဂ္ဂင်သုံးပါး မဖြစ်နိုင်။ ယင်းသီလမဂ္ဂင်သုံးပါးသည် လောကီစိတ်နှင့် ယှဉ်တွဲခိုက် မလွန်ကျူးအပ်သော ဝတ္ထုကို အာရုံပြုသည်။ ရုပ်နာမ်ဓမ္မသင်္ခါရတို့ကို အာရုံမပြုနိုင်သောကြောင့် လောကီကုသိုလ်စိတ်ဖြင့် ဝိပဿနာရှုခိုက်၌ သီလမဂ္ဂင်များ ပါဝင်ခြင်းမရှိ။ ကျန်မဂ္ဂင် ၅ ပါးသာ ဖြစ်ပေါ်ကြသည်။ ထိုသို့ မဂ္ဂင်ငါးပါးသာရှိသဖြင့် ပုဗ္ဗဘာဂမဂ်ကို ပဉ္စကမဂ် ဟု ခေါ်ရသည်။

ထို့ကြောင့် မဂ္ဂသစ္စာကို ပွားများအားထုတ်ရာတွင် အရိယာမဂ်ကို မရမီ ရှေ့အဖို့၌ မဂ္ဂင်ငါးပါးကိုသာ ပွားများအားထုတ်နိုင်ကြသည်။ လောကုတ္တရာမဂ် အခိုက်အတန့်သို့ ရောက်သောအခါတွင်မူ အကုသိုလ်တရားတို့ကို သမုစ္ဆေဒဝိရတီဖြင့် အကြွင်းမဲ့ပယ်သတ်ခြင်းဖြစ်၍ ဝိရတီသုံးပါးဟု ခေါ်ဆိုအပ်သော သီလမဂ္ဂင်သုံးပါးသည် အတူတကွ ပါဝင်လာ၍ မဂ္ဂင်ရှစ်ပါး အပြည့်အစုံ ဖြစ်လေတော့သည်။
စာမျက်နှာ-659


အခန်း (၁၆) အာစရိယဝါဒများ

လယ်တီနည်း

မြန်မာနိုင်ငံတွင် ဝိပဿနာရှုနည်းများ တိုးတက်ထွန်းကားလျက် ရှိသည်။ ရှေးယခင်က ဝိပဿနာတရားကို ဓုတင်ဆောင် တောရဆောက်တည်သော ရဟန်းတော်များသာလျှင် အားထုတ်သင့် အားထုတ်ထိုက်သည်ဟု ယူဆကြသည်။ ထိုအယူအဆမှာ လယ်တီဆရာတော်ဘုရားကြီး လက်ထက်၌ ပျက်ပြယ်သွားခဲ့သည်။ လယ်တီဆရာတော်ဘုရားကြီးသည် သမထ ဝိပဿနာ ဘာဝနာတရားများကို ကိုယ်တိုင်ကိုယ်ကျ အားထုတ်တော်မူခဲ့သည်။ မဟာသတိပဋ္ဌာနသုတ်တော်နှင့်အညီ သတိပဋ္ဌာန်တရားလေးပါးတို့ကို ကိုယ်တိုင်ကိုယ်ကျ ရှုမှတ် ပွားများအားထုတ်တော်မူခဲ့သည်။ ကိုယ်တိုင် ရှုမှတ်တော်မူခဲ့သည့် ကျင့်စဉ်များ၊ တွေ့ရှိချက်များကို အခြေခံ၍ အာနာပါနဒီပနီ၊ ဝိပဿနာဒီပနီ၊ ဘာဝနာဒီပနီ၊ ဓာတ်ကမ္မဋ္ဌာန်းကျမ်း စသော ဝိပဿနာရှုနည်းကျမ်းစာများကို ရေးသားဖြန့်ချိတော်မူခဲ့သည်။

ဝိပဿနာအားထုတ်မှု၏ အကျိုးတရားအဖြစ် ရရှိတွေ့ထိ ခံစားချက်များကို အခြေတည်၍ သမ္မာဒိဋ္ဌိဒီပနီ၊ ဗောဓိပက္ခိယဒီပနီ၊ မဂ္ဂင်္ဂဒီပနီ၊ စတုသစ္စဒီပနီ စသော ကျမ်းများတွင် ဝိပဿနာ အကျင့်လမ်းခရီးတစ်လျှောက်၌ အတွေ့အကြုံများကို ရေးသားဖော်ပြထားသည်ကို တွေ့မြင်နိုင်သည်။

လယ်တီဆရာတော်ဘုရားကြီးသည် ဘုရားဟော ပါဠိတော်နှင့် အဖွင့် အဋ္ဌကထာ၊ ဋီကာလာ သမထဘာဝနာ၊ ဝိပဿနာဘာဝနာတို့ကို အစုံအစေ့ အားထုတ်တော်မူခဲ့ဟန်ရှိသည်။ သို့ဖြစ်ရာ ဆရာတော်ကြီး၏ ကျမ်းများ၌ ကမ္မဋ္ဌာန်းလေးဆယ်နှင့် သတိပဋ္ဌာန် ရှုမှတ်နည်းများ အပြည့်အစုံ ပါရှိနေသည်ကို တွေ့ရှိရပေသည်။ ထို့ကြောင့် လယ်တီဆရာတော်ဘုရားကြီး၏ ကမ္မဋ္ဌာန်းအားထုတ်နည်းသည် ပိဋကတ်သုံးပုံ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာတစ်ခုလုံးကို ရည်ညွှန်းရမည်ဖြစ်သည်။ အာနာပါနနည်း တစ်နည်းတည်း၊ သို့မဟုတ် ၃၂-ကောဋ္ဌာသ ရှုနည်းတစ်နည်းတည်းကိုသာ ပြဆိုခြင်းမဟုတ်။ ဤလက်စွဲကျမ်း ဒုတိယတွဲ၌လည်း လယ်တီဆရာတော်ဘုရားကြီး၏ ကမ္မဋ္ဌာန်းအားထုတ်နည်းများကို အတတ်နိုင်ဆုံး ပြည့်စုံစွာ ဖော်ပြထားပါသည်။
စာမျက်နှာ-660


စွန်းလွန်းနည်း

လယ်တီဆရာတော်ဘုရားကြီး၏ ဝိပဿနာဒီပနီ စသော ကျမ်းစာများကို ကြည့်ရှု၍ ဝိပဿနာတရား အားထုတ်ရာမှ မြင်းခြံမြို့အနီး၊ စွန်းလွန်းဂူကျောင်းဆရာတော် သည် ရဟန္တာဟု ကျော်ကြားခဲ့သည်။ အထူးသဖြင့် အာနာပါန (ဝင်သက် ထွက်သက်) ရှုမှတ်ခြင်းကို ရှေးဦးပထမ ပြင်းပြင်းထန်ထန် ရှူသွင်း ရှူထုတ်နည်းကို ကျင့်သုံးသည်။ အားရှိအားကုန် အသက်ရှူရှိုက်မှုကို ရှည်ရှည်ရှုရှိုက်ခြင်း၊ ထိုထိုရှူရှိုက်ခြင်းများ ပြုလုပ်ရသည်။ “ရှူး-ရှဲ-ရှူး-ရှဲ” ဟူသော ဝင်လေ ထွက်လေအသံမှာ လွှစင်၌ လူသမားများ လွှဆွဲသံကဲ့သို့ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လျက် ရှိသည်။ ထိုသို့ ပြင်းထန်စွာ ရှူရှိုက်မှု နာရီဝက်၊ တစ်နာရီ ပြုလုပ်ပြီးသောအခါ အသက်ရှူရှိုက်မှုကို ဖြည်းညှင်းညင်သာစွာ ဖြစ်အောင် ထိန်းချုပ်ရှူရှိုက်သည်။ ထိုအခါ ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွက်လက်နေ၍ တရရဖြစ်ပေါ်လှုပ်ရှားနေသော ဝါယောဓာတ်များ၊ တေဇောဓာတ်များကို ဖြစ်ခြင်းပျက်ခြင်း အနိစ္စလက္ခဏာ စသည်ဖြင့် ရှုမှတ်ရသည်။ ခံ၍ကောင်းသော သုခဝေဒနာ၊ အခံရခက်သော ဒုက္ခဝေဒနာများ ဖြစ်ပေါ်လာတတ်သည်။ ထိုအခါ ယင်းဝေဒနာများကို မျက်ခြည်မပြတ် ဖြစ်ပျက်သဘော ရှုမှတ်ရသည်။ ဝေဒနာများ မဆုံးမချင်း နောက်မှလိုက်၍ ရှုမှတ်ရမည်။ ဝေဒနာကုန်ဆုံးအောင် ရှုမှတ်ရမည်။

ဤကဲ့သို့ အာနာပါန ဝင်သက်ထွက်သက်ကို ပြင်းထန်စွာ ရှူရှိုက်မှုသည် သမ္မပ္ပဓာန်ဝီရိယကို ထူထောင်နေခြင်းဖြစ်သည်။ ဝီရိယ အားကောင်းလာသောအခါ ကာမစ္ဆန္ဒ နီဝရဏ စသော နီဝရဏတရားများ ကင်းကွာ၍ ဧကဂ္ဂတာသမာဓိနှင့် ဉာဏ်ပညာ ကြည်လင်ထက်မြက်လာသည်။ ထိုသမာဓိ အခြေခံသော ဉာဏ်ပညာဖြင့် ရုပ်နာမ်တို့၏ ဖြစ်ပျက်မှု၊ ဝေဒနာတို့၏ ဖြစ်ပျက်မှုကို ဆင်ခြင်သောနည်း ဖြစ်သည်။

သဲအင်းဂူနည်း

မှော်ဘီမြို့အနီးရှိ သဲအင်းဂူကျောင်းဆရာတော် ၏ ကမ္မဋ္ဌာန်းအားထုတ်နည်းကို သဲအင်းဂူနည်းဟု ခေါ်ကြသည်။ သဲအင်းဂူနည်းမှာ စွန်းလွန်းနည်းကိုပင် ဆက်လက်အမွေခံသည်။ သို့ရာတွင် အသက်ရှူရှိုက်မှုကို စွန်းလွန်းနည်းလောက် ပြင်းပြင်းထန်ထန် မရှူရှိုက်ရဘဲ သင့်တော်ရုံမျှသာ ရှူရှိုက်၍ ဝင်လေထွက်လေကို ရှုမှတ်ရသည်။ နာရီဝက်၊ တစ်နာရီ ကြာသောအခါ တည်ကြည်မှု သမာဓိ ဖြစ်ပေါ်လာ၏။ ခန္ဓာကိုယ်ပေါ်၌ ဝေဒနာများ ဖြစ်ပေါ်လာသည်ကို တွေ့မြင်လာရသည်။ ထိုအခါ အာနာပါနအာရုံမှ ဝေဒနာသို့ ပြောင်းလဲအာရုံပြု၍ ဝေဒနာကို ရှုမှတ်ရသည်။ ဝေဒနာနောက်မှ လိုက်၍ ဝေဒနာ ကုန်ဆုံးသည်အထိ ရှုမှတ်ရသည်။
စာမျက်နှာ-661


ထို့ပြင် အာနာပါန ရှုမှတ်၍ သမာဓိ ရလာသောအခါ တရားပြဆရာက ယောဂီများအား ခန္ဓာကိုယ်ကြီး၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘများ၊ မိမိကိုယ်တိုင် သေဆုံး၊ ဖူးရောင်၊ ပုပ်ပွ၊ လောက်တဖွားဖွားကျ၊ အရိုးကျဲကျဲ၊ အခြင်ကျဲကျဲ ဖရိုဖရဲ ဖြစ်သွားပုံကို ရှုမှတ်စေသည်။ ထို့နောက် ငရဲပြည်၌ ဆင်းရဲဒုက္ခခံစားနေရပုံ၊ နတ်ဗြဟ္မာတို့ ချမ်းသာသုခခံစားနေရပုံကို တရားပြဆရာက ရှင်းလင်းပြောပြ၍ အာရုံပြုရှုမှတ်စေသည်။

ယောဂီပုဂ္ဂိုလ်သည် ယင်းအာရုံနိမိတ်များကို ကိုယ်တိုင်ဖြစ်နေရသကဲ့သို့ ကိုယ်တိုင်တွေ့နေရသကဲ့သို့ မှတ်ထင်လေသည်။ ထို့နောက် တွေ့မြင်ရပြီးသော အာရုံအလုံးစုံတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာယာဉ်တင်၍ ရှုမှတ်စေသည်။ (စွန်းလွန်းနည်းနှင့် သဲအင်းဂူနည်းကို ဤကျမ်းစာအုပ် (ဒုတိယတွဲ) စာမျက်နှာ ၂၂၄ မှ ၂၃၂ အထိ ဖော်ပြထားပြီး ဖြစ်သည်။)

မူလမင်းကွန်းဇေတဝန်နည်း

သထုံမြို့အနီး မင်းကွန်းဇေတဝန်ကျောင်းတိုက် ၌ သီတင်းသုံးတော်မူသော ဆရာတော်ကြီးသည် မဟာသတိပဋ္ဌာနသုတ်တော်လာ ဣရိယာပုထ်လေးပါး သတိပဋ္ဌာန်ရှုမှတ်နည်းကို အထူးပြု၍ ရှုမှတ်တော်မူသည်။ စင်္ကြံသွားရာ၌ “ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်” ဟူ၍လည်းကောင်း၊ တစ်လှမ်းချင်းကို “ကြွ၊ လှမ်း၊ ချ” ဟူ၍ သုံးချက်ခွဲခြား ရှုမှတ်ခြင်း၊ ထို့ထက် အသေးစိတ်၍ “ကြွ၊ ဆွဲ၊ လှမ်း၊ လွှတ်၊ ချ၊ နင်း” ဟူ၍ ခြောက်ပိုင်းခွဲခြား ရှုမှတ်ခြင်း၊ ကိုယ်နှုတ်နှစ်ပါး လှုပ်ရှားမှုများကို ရှုမှတ်ခြင်းဟူ၍ ဣရိယာပထပဗ္ဗကို အထူးဝိသေသပြု၍ ရှုမှတ်တော်မူသည်။ ထိုသို့ရှုမှတ်ရာ၌ ရှေးဦးစွာ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာသို့ မတင်သေးဘဲ သွားလျှင် သွားမှန်းသိ၊ ထိုင်လျှင် ထိုင်မှန်းသိ၊ ကွေးလျှင် ကွေးမှန်းသိ၊ ဆန့်လျှင် ဆန့်မှန်းသိ ဟူ၍ ရှေးဦးစွာ ရှုမှတ်မှု မှတ်သားမှုကို ပြုရမည်။ ရှုမှတ်မှု အရှိန်ရလာသည့်အခါ အနိစ္စလက္ခဏာ စသည်များ အလိုအလျောက် သိမြင်လာလိမ့်မည်ဟု ညွှန်ပြတော်မူခဲ့သည်။ ဤ ဣရိယာပထပဗ္ဗ သတိပဋ္ဌာန် ရှုနည်းနှင့် စပ်လျဉ်း၍ မူလမင်းကွန်းဇေတဝန် ဆရာတော်ဘုရားကြီးလက်ထက်၌ အငြင်းအခုံ ပြဿနာများ ပေါ်ပေါက်ခဲ့သည်။

သို့ရာတွင် မူလမင်းကွန်းဇေတဝန် ဆရာတော်ဘုရားကြီး၏ တပည့် မဟာစည်ဆရာတော် လက်ထက်၌ စာပေကျမ်းဂန်များနှင့် ညှိနှိုင်း ရေးသား ရှင်းလင်းတော်မူရာ ထိုသတိပဋ္ဌာန်နည်းကို ရဟန်းပညာရှိ၊ လူပညာရှိ အားလုံးတို့ လက်ခံလာခဲ့ကြလေသည်။
စာမျက်နှာ-662


မဟာစည်နည်း

မဟာစည်ဆရာတော် သည် မူလမင်းကွန်းဇေတဝန် ဆရာတော်ဘုရားကြီး၏ သတိပဋ္ဌာန် ရှုမှတ်နည်းကို ဆက်လက်အမွေခံတော်မူသည်။ ကိုယ်ကာယ လှုပ်ရှားမှု (ဣရိယာပထပဗ္ဗ) ရှုမှတ်နည်းကို အာနာပါန (ဝင်သက် ထွက်သက်) ရှုမှတ်နည်းနှင့် ပူးတွဲ၍ အာရုံပေါ်ရာ ထင်ရှားရာကို ရှုမှတ်စေခဲ့သည်။

မဟာစည်ဆရာတော် လက်ထက်၌ ထူးခြားချက်မှာ အာနာပါန (ဝင်သက် ထွက်သက်) ကို နှာခေါင်းဝ၌ ရှုမှတ်ခြင်း မပြုဘဲ ဝင်သက် ထွက်သက်ကြောင့် ဖြစ်ပေါ်လာသော ဝမ်းဗိုက် ဖောင်းမှု ပိန်မှုကို ရှုမှတ်စေခြင်းဖြစ်သည်။ ဖောင်းမှု ပိန်မှုကို ပင်တိုင်အာရုံအဖြစ် ရှုမှတ်စေ၍ အကြားအကြား၌ ဖြစ်ပေါ်လာတတ်သော ယားယံမှု၊ နာကျင်မှု ဝေဒနာကိုလည်း ရှုမှတ်ရသည်။ စိတ်မငြိမ်မသက် ဖြစ်ပါကလည်း စိတ္တာနုပဿနာနည်းဖြင့် စိတ်ကို ရှုမှတ်ရသည်။

ဤသို့ ရှုမှတ်၍ သမာဓိ အားကောင်းလာသောအခါ ရုပ်နာမ်တို့၏ တရိပ်ရိပ် ဖြစ်ပျက်နေမှု ဥဒယဗ္ဗယကို ရှုမှတ်လေတော့သည်။ ထို့နောက် ဝိပဿနာဉာဏ်စဉ် ဆယ်ပါးအတိုင်း မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ တက်လှမ်းရန် ဖြစ်သည်။

တောင်ပုလုနည်း

မိတ္ထီလာမြို့အနီး၊ တောင်ပုလုတောရကျောင်း ၌ သီတင်းသုံးတော်မူသော တောင်ပုလုဆရာတော်ကြီးသည်လည်း မူလမင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီး၏ သတိပဋ္ဌာန် ဝိပဿနာ ရှုနည်းကိုပင် ဆက်လက် အမွေခံခဲ့သည်။

တောင်ပုလုနည်းမှာ ကိုယ်ကာယ လှုပ်ရှားတိုင်း လှုပ်ရှားတိုင်း ရုပ်နှင့် နာမ်ကို ခွဲခြမ်း ရှုမှတ်ရသည်။ လျောင်း၊ ထိုင်၊ ရပ်၊ သွား ပြုရာ၌——
သွားတာက ရုပ်၊ သွားချင်တာက နာမ်၊
ရပ်တာက ရုပ်၊ ရပ်ချင်တာက နာမ်၊
ထိုင်တာက ရုပ်၊ ထိုင်ချင်တာက နာမ်၊
လျောင်းတာက ရုပ်၊ လျောင်းချင်တာက နာမ်။
ဤသို့ စသည်ဖြင့် ဖြစ်တိုင်းဖြစ်တိုင်း ပေါ်တိုင်းပေါ်တိုင်းကို ရုပ် နာမ် နှစ်ပါး ခွဲခြမ်း ရှုမှတ်ရသည်။
စာမျက်နှာ-663


ထို့ပြင် ဒွါရခြောက်ပါး၌ မြင်မှု၊ ကြားမှု စသည်တို့ ဖြစ်ပေါ်လာသောအခါ “မြင်လျှင် မြင်ကာမတ္တ၊ ကြားလျှင် ကြားကာမတ္တ၊ နံလျှင် နံကာမတ္တ၊ စားလျှင် စားကာမတ္တ၊ ထိလျှင် ထိကာမတ္တ၊ သိလျှင် သိကာမတ္တ” သာ ဖြစ်သည်။ ထို မြင်၊ ကြား၊ နံ့၊ စား၊ ထိ၊ သိ တို့၏ နောက်၌ သာယာမှု၊ စွဲလမ်းတပ်မက်မှုများ မဖြစ်အောင် သတိဖြင့် စောင့်ထိန်းရမည်။ (မတ္တ = မျှသာ)

ဣရိယာပုထ် ရှုမှတ်ပုံများမှာ ယခင်အတိုင်း ဖြစ်သည်။ ဆရာတော်ဘုရားကြီး၏ ထူးခြားချက်မှာ ဓုတင် (၁၃) ပါးကို မိမိကိုယ်တိုင်လည်း ကျင့်သုံး၍ မိမိတပည့်များကိုလည်း ကျင့်သုံးစေခဲ့သည်။

ဆရာသက်ကြီးနည်း

ရန်ကုန်တစ်ဘက်ကမ်း၊ ဒလ ပျော်ဘွယ်ကြီးရွာနေ ကမ္မဋ္ဌာန်းဆရာကြီး ဆရာသက် သည် ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်ခဲ့ရာ အနာဂါမ်အဖြစ် ထင်ရှားကျော်ကြားခဲ့သည်။ ဆရာသက်ကြီး အားထုတ်ပွားများသော ကမ္မဋ္ဌာန်းမှာ အာနာပါနကမ္မဋ္ဌာန်း ဖြစ်သည်။ ဆရာသက်ကြီးသည် လယ်တီဆရာတော်ဘုရားကြီးထံ၌ စနစ်တကျ နည်းခံလေ့လာပြီး အားထုတ်ခဲ့ခြင်းဖြစ်သည်။

အာနာပါန (ဝင်သက် ထွက်သက်) ကို ရှုမှတ်ရာ၌ သာမန်ရှူရှိုက်နေကျအတိုင်း ရှူရှိုက်၍ စိတ်ကို ဝင်လေ ထွက်လေ တိုး၍ တိုး၍ ထိ၍ ထိ၍ သွားနေသော နှာသီးဖျားနေရာ၌ ထားရမည်။ စိတ်က ဘာကိုမျှ မကြံမတွေးရ၊ မရွတ်ဆိုရ၊ ဝင်လေ ထွက်လေ ဝင်တိုင်း ထွက်တိုင်း အစဉ်အတိုင်း သိ၍ သိ၍ နေအောင်သာ သတိထားရမည်။

ဝင်လေထွက်လေ ထိသောနေရာ နှာသီးဖျားမှာပင် စိတ်ကိုထား၊ ဝင်လေ ဝင်တိုင်း ဝင်တိုင်း ထိတာကို သိ၊ ထွက်လေ ထွက်တိုင်း ထွက်တိုင်း ထိတာကို သိ၍ သိ၍သာ နေ၊

ဤနည်းအတိုင်း နိမိတ်များ ထင်မြင်လာအောင် ရှုမှတ်ရမည်။ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိ ရအောင် အားထုတ်ရမည်။

ဤနည်းအတိုင်း အာနာပါန ကမ္မဋ္ဌာန်းကို ၃-ရက်ခန့် အားထုတ်လိုက်သောအခါ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ်များကို ရရှိတတ်သည်။ နှာသီးဖျား၌ ဝင်လေ ထွက်လေ ထိသည်ကို ဆယ်မိနစ်ခန့်ကြာအောင် မှတ်လျှင် ဝင်လေထွက်လေတို့ တရိပ်ရိပ်ဖြင့် တိုး၍တိုး၍ သွားနေသည်ကို တွေ့နေရမည်။
စာမျက်နှာ-664


ဝင်လေ ပေါ်လာလိုက် ပျောက်သွားလိုက်၊ ထွက်လေ ပေါ်လာလိုက် ပျောက်သွားလိုက် သိနေလိမ့်မည်။ ထိုအခါ ဝင်လေ ထွက်လေတို့ ပေါ်၍ပေါ်၍ ပျောက်ပျောက်သွားသော သဘောကို အနိစ္စ = မမြဲခြင်းပါတကားဟု ဆင်ခြင် နှလုံးသွင်းရမည်။

ယင်းသို့ ဆင်ခြင်နှလုံးသွင်း၍ ၁၀-မိနစ်၊ ၁၅-မိနစ်ခန့် ကြာသောအခါ မိမိ၏ ငယ်ထိပ်ကို အာရုံပြု၊ ငယ်ထိပ်မှာ စိတ်ထား၊ စိတ်တခြားမသွားအောင် ကြပ်ကြပ်သတိထားပါ။ ထိုအခါ ငယ်ထိပ်နေရာ၌ ငါးမူးစေ့ခန့်၊ ကျပ်စေ့ခန့် ဝိုင်းဝိုင်းကလေး တစ်နေရာစာလောက်တွင် အနည်းငယ် အေး၍ဖြစ်စေ၊ အနည်းငယ် ပူနွေးနွေးဖြစ်စေ ထိ ခံစားရလိမ့်မည်။ ထိုအခါ စိတ်ကို တခြားသို့ မသွားစေဘဲ အေးနေသည်၊ ပူနွေးနွေး ဖြစ်နေသည်ကို သိနေရမည်။ အနည်းငယ်မျှ ကြာသောအခါ ထိုငါးမူးစေ့၊ ကျပ်စေ့ခန့်ရှိ အေးသောနေရာ၊ ပူနွေးသောနေရာသည် တလှုပ်လှုပ် လည်နေသကဲ့သို့ ဖြစ်လာမည်။ စိတ်ကို ထိုနေရာ၌ပင် ထားပါ၊ သိနေပါ။

ထိုအဝိုင်းကလေးသည် ကျယ်ပြန့်လာပြီး ဦးခေါင်းတစ်ခုလုံးကို ခြုံငုံကာ အောက်သို့ ဖြာကျ ဆင်းသက်လာတတ်သည်။ ကျလာလျှင် ကျလာသည့်အတိုင်းပင် သိနေပါစေ။ ထိုအခြင်းအရာသည် တဖြည်းဖြည်း ကျယ်ပြန့်လာပြီး တစ်ကိုယ်လုံး ခြုံငုံ၍ သွားတတ်သည်။ တစ်ကိုယ်လုံး ခြုံမိသည်ဖြစ်စေ၊ မခြုံမိသည်ဖြစ်စေ ပူရှိန်ရှိန်အငွေ့၊ သို့မဟုတ် အေးစက်စက် အငွေ့သည် ခန္ဓာကိုယ်တစ်နေရာ၌ လှုပ်ရှားလျက် တိမ်တိုက်များကဲ့သို့ တရွှေ့ရွှေ့ သွားနေတတ်သည်။

တေဇောဓာတ်များ မငြိမ်မသက် ဖြစ်နေသဖြင့် ဝမ်းဗိုက်ထဲ၊ ကျောထဲ၊ ရင်ထဲ၌ တရှိန်ရှိန်နှင့် မငြိမ်မသက် ဖြစ်နေသည်ကို တွေ့ရတတ်သည်။ ကိုယ်ပေါ်၌ ပုရွက်ဆိတ်ကလေးများ သွားနေသကဲ့သို့ တရှူရှူဖြစ်နေသည်ဟု ထင်ရတတ်သည်။ ထိုကဲ့သို့ ဖြစ်ပေါ်မှုများကို သတိဖြင့် မလွှတ်တမ်း ရှုမှတ်ရမည်။ သမာဓိ အားကောင်းလာသောအခါ ခန္ဓာကိုယ်၌ တဖွားဖွား တဖြုတ်ဖြုတ် ဖြစ်ပျက်နေသော ရုပ်နာမ်တို့ကို သိရှိလာမည် ဖြစ်သည်။ ထိုဖြစ်ပျက်ရုပ်နာမ်တို့ကို လက္ခဏာတင်၍ ရှုမှတ်ရမည်။

ထိုမှ တစ်ဆင့်တက်၍ သမာဓိ ရင့်ကျက် အားကောင်းလာသောအခါ ဥဒယဗ္ဗယဉာဏ် စသော ဝိပဿနာဉာဏ်စဉ်များ ဖြစ်လျက် မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ တက်လှမ်းနိုင်သည်။

ဆရာကြီး ဦးဘခင်၊ ဆရာကြီး ဦးဂိုအင်ဂါတို့သည်လည်း ဆရာသက်ကြီး၏ နည်းနာအတိုင်း အမွေခံ၍ အားထုတ်ကြခြင်း ဖြစ်သည်။
စာမျက်နှာ-665


ဝေဘူနည်း

ကျောက်ဆည်မြို့၊ ဝေဘူတောင် ၌ သီတင်းသုံးနေတော်မူသော ဝေဘူဆရာတော်ဘုရားကြီးသည် မြန်မာနိုင်ငံ သာသနာတော်၌ ရဟန္တာဟု ထင်ရှားကျော်ကြားတော်မူသည်။

ဝေဘူဆရာတော်ဘုရားကြီး အားထုတ်သည်မှာလည်း အာနာပါနကမ္မဋ္ဌာန်းပင် ဖြစ်သည်။ နှာသီးဖျား၊ နှာဝ၌ ဝင်လေ ထွက်လေ တိုးဝှေ့ထိခိုက်ခြင်းကိုပင် သတိဖြင့် စောင့်ကြည့်၍ ရှုမှတ်ခြင်းဖြစ်သည်။

ယင်းသို့ ရှုမှတ်၍ သမာဓိ အားကောင်းလာသောအခါ ဝင်လေထွက်လေများ နှာသီးဖျား၌ ပေါ်လာလိုက်၊ ပျောက်သွားလိုက်ဖြင့် ဖြစ်ပျက်နေပုံကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာယာဉ်တင်၍ မဂ်ဖိုလ်ဆိုက်အောင် ဝိပဿနာ ရှုရသည်။

မိုးကုတ်နည်း

မိုးကုတ်ဆရာတော်ဘုရားကြီး သည် မြန်မာပြည် ပဋိပတ္တိသာသနာ၌ ထင်ရှားကျော်ကြားတော်မူသည်။ ဆရာတော်ဘုရားကြီး၏ ကမ္မဋ္ဌာန်း အားထုတ်နည်းမှာ ဤသို့ ဖြစ်သည်။

ရှေးဦးစွာ သမာဓိရအောင် အာနာပါနကို အားထုတ်ရသည်။ ဝင်လေ ထွက်လေကို ရှူရှိုက်ရာ၌ ဝအောင် ရှူရှိုက်ရမည်။ လျော့၍လည်း မရှူရှိုက်ရ၊ အလွန်ပြင်းထန်စွာလည်း မရှူရှိုက်ရ၊ ပုံမှန်အတိုင်း ရှူရှိုက်ရမည်။ စိတ်ကို နှာသီးဖျား၊ အထက်နှုတ်ခမ်း၊ ရင်ညွန့် ဤသုံးနေရာအနက် ကြိုက်သည့်နေရာတွင် ထားနိုင်သည်။ ဆိုလိုသည်မှာ နှာသီးဖျား၌ မှတ်၍ရလျှင် နှာသီးဖျား၌ ထားရမည်၊ အထက်နှုတ်ခမ်း၌ မှတ်၍ရလျှင် အထက်နှုတ်ခမ်း၌ ထားရမည်၊ ရင်ညွန့်၌ မှတ်၍ရလျှင် ရင်ညွန့်၌ ထားရမည်။ ထားသည့်နေရာတွင် သတိမလစ်စေဘဲ ကပ်၍ ရှုမှတ်ရမည်။ ဝင်လေ ထွက်လေ ထိခိုက်နေသည်ကို သိအောင် ပြုရမည်။ ဝင်လေ ထွက်လေကို သိနေခြင်းမှတစ်ပါး အခြားဘယ်ကိုမျှ စိတ်အာရုံ ရောက်မသွားစေရ။

အာနာပါနကမ္မဋ္ဌာန်းကို သမာဓိရရုံမျှသာ အားထုတ်ပြီး သမာဓိရလာသည်နှင့် ဝိပဿနာသို့ ကူးရမည်။ ဈာန်လမ်းသို့ မလိုက်ရ၊ ဉာဏ်လမ်းသို့ လိုက်ရမည်ဟု ဆုံးမတော်မူသည်။ အာနာပါန အားထုတ်၍ သမာဓိရလာသောအခါ ဤကားရုပ်၊ ဤကား နာမ်၊ ဤကား ဝေဒနာ၊ ဤကား သညာ စသည်ဖြင့် သိအောင်ပိုင်းခြား၍ ရှုမှတ်ရမည်။
စာမျက်နှာ-666


ရုပ်နာမ်ကို ပိုင်းခြား၍ သိမြင်လာသောအခါ ပဋိစ္စသမုပ္ပါဒ်နည်းဖြင့် အကြောင်းအကျိုးခွဲပြီး ဒိဋ္ဌိကို ခွာထုတ်ရမည်။

ရုပ်နာမ်ခန္ဓာကို ဖြစ်စေတတ်သည့် “အဝိဇ္ဇာ၊ တဏှာ၊ သင်္ခါရ” တို့က အကြောင်းတရား၊ ရုပ်နာမ်ခန္ဓာက ယင်းတို့၏ အကျိုးတရားဟု အကြမ်းဖျင်းအားဖြင့် သိအောင်ပြုရမည်။ စာအလို ပဋိစ္စသမုပ္ပါဒ်ကို သိပြီးနောက် ခန္ဓာထဲ၌ ဖြစ်ပေါ်နေသော ပဋိစ္စသမုပ္ပါဒ်ကို နားလည်သဘောပေါက်အောင် အားထုတ်ရမည်။ ထိုပဋိစ္စသမုပ္ပါဒ်ကို ရှုမြင်ဆင်ခြင်ရာ၌ ပစ္စုပ္ပန်တည့်တည့်သာ ရှုမြင်ဆင်ခြင်ရမည်။ ထိုခန္ဓာ၌ ပဋိစ္စသမုပ္ပါဒ် ဉာဏ်အမြင် ရင့်သန်အားကောင်းလာသောအခါ သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာတို့ ပြုတ်ကွာ၍ အရိယာအဖြစ်သို့ ရောက်ရှိလေတော့သည်။

ထို့ကြောင့် မိုးကုတ်နည်းဖြင့် ကမ္မဋ္ဌာန်းအားထုတ်မည့် ယောဂီသည် ကမ္မဋ္ဌာန်းအားမထုတ်မီ စာအဆို ပဋိစ္စသမုပ္ပါဒ်ကို လည်လည်ပတ်ပတ် ကျေကျေညက်ညက် သိနားလည်အောင် ကြိုတင် ကြိုးစားရမည်။ စာအသိကို ခန္ဓာ၌ သွင်း၍ မှတ်ဆင်ခြင်ရမည် ဖြစ်သည်။

ကသစ်ဝိုင်နည်း

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ အဗျားရွာလယ်စု ဇာတိဖြစ်သော ကသစ်ဝိုင်ဆရာတော်ဘုရားကြီး သည်လည်း မြန်မာပြည် ပဋိပတ္တိသာသနာတော်၌ ထင်ရှားကျော်ကြားတော်မူသော ဆရာတော်ကြီး ဖြစ်သည်။ ဆရာတော်ဘုရားကြီး၏ ကမ္မဋ္ဌာန်းနည်းမှာ ဖော်ပြပါ (၅) မျိုးတို့ ပေါ်ရာ၌ ရှုမှတ်ခြင်းဖြစ်သည်။ ၎င်း (၅) မျိုးမှာ—
(၁) ပူမှု
(၂) အေးမှု
(၃) လှုပ်ရှားမှု
(၄) ဆင်းရဲမှု
(၅) ချမ်းသာမှု တို့ဖြစ်သည်။

ယင်းငါးမျိုးအနက် တစ်မျိုးမျိုးသည် ခန္ဓာကိုယ် မည်သည့်နေရာ၌ ပေါ်ပေါ်၊ ပေါ်မှုနှင့် သိမှု တစ်ထပ်တည်းကျအောင် ရှုမှတ်ရမည်။ ဤငါးမျိုးအနက် သုံးမျိုး တစ်ပြိုင်နက် ဖြစ်ပေါ်မှု လေးခုရှိသည်။ ၎င်းတို့မှာ—
စာမျက်နှာ-667


(၁) ပူ၊ လှုပ်၊ ဆင်းရဲ၊
(၂) ပူ၊ လှုပ်၊ ချမ်းသာ၊
(၃) အေး၊ လှုပ်၊ ဆင်းရဲ၊
(၄) အေး၊ လှုပ်၊ ချမ်းသာ—
တို့ ဖြစ်သည်။

ခန္ဓာကိုယ် တစ်နေရာ၌ ပူမှု ပေါ်လျှင် “ပူတယ်” ဟု သိရမည်၊ အေးမှု ပေါ်လျှင် “အေးတယ်” ဟု သိရမည်။ ထိုပူမှုအေးမှုသည် အငြိမ်မနေဘဲ လှုပ်ရှားနေတတ်သည်။ ပူမှုအေးမှုလှုပ်ရှားလျှင်လည်း “လှုပ်ရှားတယ်” ဟု သိရမည်။ ပူမှုလှုပ်ရှားခြင်းသည် အခံရခက်လျှင် “ဆင်းရဲဒုက္ခ” ဟု သိရမည်။ အခံရမခက်လျှင် “ချမ်းသာသုခ” ဟု သိရမည်။ အေးမှုလှုပ်ရှားခြင်းသည် အခံရခက်လျှင် “ဆင်းရဲဒုက္ခ” ဟု သိရမည်၊ အေးမှုလှုပ်ရှားခြင်းသည် အခံရမခက်လျှင် “ချမ်းသာသုခ” ဟု သိရမည်။

အပူအအေးဖြစ်ပေါ်မှု၊ ယင်းအပူအအေးလှုပ်ရှားမှု၊ ယင်းလှုပ်ရှားခြင်းကြောင့် ဖြစ်ပေါ်လာသော ဆင်းရဲ ချမ်းသာ ထိုသုံးချက်သည် တစ်ပြိုင်နက် ပေါ်တတ်သော်လည်း အပူထင်ရှားလျှင် အပူဖြစ်ပျက်မှုကို ရှု၊ အအေးထင်ရှားလျှင် အအေးဖြစ်ပျက်မှုကို ရှု၊ လှုပ်ရှားမှုထင်ရှားလျှင် လှုပ်မှုဖြစ်ပျက်ကို ရှု၊ ဆင်းရဲမှုထင်ရှားလျှင် ဆင်းရဲဖြစ်ပျက်ကို ရှု၊ ချမ်းသာမှုထင်ရှားလျှင် ချမ်းသာဖြစ်ပျက်ကို ရှု၊ မထင်ရှားသည်ကို ထင်ရှားအောင် လိုက်လုပ်၍ လိုက်ရှုစရာ မလို၊ ပစ္စုပ္ပန် ပေါ်တုန်း ပေါ်ခိုက် ဖြစ်ပျက်ကိုသာ ရှုမှတ်ပါ။

ခန္ဓာကိုယ်မှာ ပေါ်လာသမျှကို ပေါ်လာသည်နှင့်တစ်ပြိုင်နက် သိနေရမည်။ ပေါ်တယ်၊ သိတယ်၊ ပျက်တယ်။ ထိုပေါ်မှု သိမှု ပျက်မှုသည် လျင်မြန်လာသောအခါ ပေါ်သိပျက်၊ ပျက်၊ ပျက်၊ ပျက် ဟူ၍ ပျက်မှုကိုသာ ရှုလေတော့သည်။ ဤကဲ့သို့ ပေါ်ရာပေါ်ရာကို ရှုမှတ်ရာမှ ဥဒယဗ္ဗယ စသော ဝိပဿနာဉာဏ်စဉ်များ ရင့်သန်လာပြီး မဂ်ဖိုလ်သို့ ဆိုက်ရောက်နိုင်တော့သည်။

မိုးညှင်းနည်း

မိုးညှင်းဆရာတော်ဘုရားကြီးသည် အရွယ်ကောင်းစဉ်က ခင်မွန်ဆရာတော်၊ ရေစကြို ဂူဖြူဆရာတော်၊ လယ်တီဆရာတော်တို့ထံတွင် နည်းနာနိဿယခံယူ၍ ဝိပဿနာကို ကျင့်ကြံ အားထုတ်တော်မူခဲ့သည်။
စာမျက်နှာ-668


နောင်တွင် မုံရွာမြို့အနီး သမ္ဗုဒ္ဓေမိုးညှင်းသို့ ကြွရောက်ကာ ဆယ်နှစ်တာလုံးလုံး စကားမပြော၊ တရားမဟောဘဲ တရားအားထုတ်လျက်သာ နေတော်မူသည်။ သမ္ဗုဒ္ဓေမိုးညှင်းကို အစွဲပြု၍ မိုးညှင်းဆရာတော် အဖြစ် ထင်ရှားကျော်ကြားတော်မူခဲ့သည်။

မိုးညှင်းဆရာတော်ဘုရားကြီးသည် မေတ္တာကမ္မဋ္ဌာန်း ဘာဝနာဖြင့် အမြဲနေလေ့ရှိတော်မူသည်။ ဤရုပ်နာမ်ခန္ဓာ၌ ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်၊ အာကာသဓာတ် စသည်ဖြင့် ဓာတ်အားဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ရှုမှတ်ဆင်ခြင်တော်မူသည်။ ဓာတ်ကမ္မဋ္ဌာန်းကို အားထုတ်သည်ဟု ဆိုနိုင်သည်။

ဤကဲ့သို့ ရုပ်နာမ်ခန္ဓာ၌ ဓာတ်သဘာဝတို့ကို ခွဲခြမ်းစိတ်ဖြာ၍ ရှုမှတ်သောအခါ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ ငါ၊ ငါ့ဥစ္စာဟူသော သက္ကာယဒိဋ္ဌိအစွဲအလမ်းများ မရှိတော့ဘဲ ဓာတ်သဘာဝတို့၏ ဖြစ်ပျက်မှုကိုသာ သိမြင်နေတော့သည်။ ဓာတ်သဘာဝတို့၏ ဖြစ်ပျက်မှု၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာယာဉ်သုံးပါးတင်၍ ရှုမှတ်သောအခါ ဝိပဿနာဉာဏ်အဆင့်ဆင့် ရင့်သန်၍ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိနိုင်လေတော့သည်။

အသီးတစ်ရာ အညှာတစ်ခု

မြန်မာနိုင်ငံ ပဋိပတ္တိသာသနာတော်၌ ထင်ရှားကျော်ကြားသော ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် များစွာရှိသည့်အနက် ဤလက်စွဲကျမ်း (ဒုတိယတွဲ) ၌ အချို့အဝက်သောနည်းကိုသာ ဖော်ပြနိုင်ပါသည်။ ယင်းသို့ ဖော်ပြရာ၌လည်း အပြည့်အစုံမဟုတ်ဘဲ အနှစ်ချုပ်မျှသာ ဖော်ပြပါသည်။ ဤကျမ်း၌ မပါသော ဆရာ့ဆရာကြီးများ၏ နည်းများကို အရေးမထား မလေးစား၍ မဟုတ်ပါ၊ လက်လှမ်းမီရာ တင်ပြရခြင်းဖြစ်၍ ဤ၌ မပါဝင်ခြင်း ဖြစ်ပါသည်။

မြတ်ဗုဒ္ဓ၏ ပဋိပတ္တိသာသနာတော်၌ ဘာဝနာဓလေ့ဖြင့် ပျော်မွေ့နေကြသော ရဟန်းယောဂီ၊ လူယောဂီပုဂ္ဂိုလ်တို့သည် မိမိတို့၏ ဆရာအစဉ်အဆက် ကျင့်ကြံပွားများ အားထုတ်ခဲ့ကြသော အာစရိယဝါဒများအတိုင်း လိုက်နာကျင့်ကြံကြသည်လည်း ရှိ၏။ ထိုအာစရိယဝါဒများကို မူရင်းထား၍ မိမိလက်ထက်တွင် အနည်းငယ် ပုံစံပြောင်း၍ အားထုတ်ကြသည်လည်း ရှိ၏။

မည်သို့ပင်ဖြစ်စေ အညှာတစ်ခုတည်းမှ အသီးပေါင်း မြောက်မြားစွာ သီးသကဲ့သို့လည်းကောင်း၊ များစွာသော မြစ်၊ ချောင်း၊ အင်း၊ အိုင်တို့မှ ရေတို့သည် ပင်လယ်သမုဒ္ဒရာထဲသို့ စီးဆင်းဝင်ရောက်ကြသကဲ့သို့ လည်းကောင်း—
စာမျက်နှာ-669


အားလုံး အားလုံးသော ကမ္မဋ္ဌာန်းနည်းပြဆရာများ၊ တရားအားထုတ်သူယောဂီ ပုဂ္ဂိုလ်များ ကျင့်ကြံအားထုတ်နေကြသည့် သမထဘာဝနာ၊ ဝိပဿနာဘာဝနာ နည်းလမ်းများသည် ဗုဒ္ဓဘုရားရှင် ဟောကြားလမ်းညွှန် နည်းပေးတော်မူခဲ့သော ကျင့်စဉ်နည်းလမ်းများသာ ဖြစ်ပေသည်။ ဘုရားရှင်၏ နည်းလမ်းကျင့်စဉ်ကို မူရင်းထား၍ ယောဂီ၏ ပါရမီဓာတ်ခံဉာဏ်ပညာ အားလျော်စွာ မိမိနှင့် သင့်လျော်ရာ ကမ္မဋ္ဌာန်းများကို ကျယ်ကျယ်၊ ကျဉ်းကျဉ်း၊ ညှင်းညှင်း၊ မြန်မြန်၊ သန်သန်၊ ပျော့ပျော့ အားထုတ်ကြခြင်း ဖြစ်သည်။

အကယ်၍ ဗုဒ္ဓဘုရားရှင် နည်းပေးလမ်းညွှန်တော်မူခဲ့သော ကျင့်စဉ်များကို “ငါ့ဆရာနည်း၊ ငါ့နည်း၊ ငါ့ကျင့်စဉ်” စသည်ဖြင့် အတ္တအစွဲအလမ်း ကြီးမားပြင်းထန်နေလျှင် ရုပ်နာမ်ဓမ္မသင်္ခါရတို့ကို မမြဲခြင်း = အနိစ္စ၊ ဆင်းရဲခြင်း = ဒုက္ခ၊ အစိုးမရခြင်း = အနတ္တဟု ယောဂီကိုယ်တိုင် ဆင်ခြင်သုံးသပ် ရှုမှတ်နေခြင်းနှင့် ဖြောင့်ဖြောင့်ဆန့်ကျင်နေပေလိမ့်မည်။

ဤဗုဒ္ဓဘာသာလက်စွဲကျမ်း (ဒုတိယတွဲ) ၌ ဖော်ပြထားသော သမထကျင့်စဉ်၊ ဝိပဿနာကျင့်စဉ် နည်းလမ်းများသည် ဘုရားဟော မူရင်းပါဠိတော်နှင့် အဋ္ဌကထာ၊ ဋီကာ၊ မြန်မာပြန်တို့မှ ယူငင်ရေးသားခြင်းဖြစ်၍ မည်သည့် ကမ္မဋ္ဌာန်းဆရာ၊ မည်သည့် ဝိပဿနာယောဂီမဆို လက်တွေ့ကျင့်ကြံနိုင်သော ကျင့်စဉ်နည်းလမ်းများ ဖြစ်သည်ဟု အကြွင်းမဲ့ယုံကြည်ပါသည်။

ထို့ကြောင့် မည်သည့် ကမ္မဋ္ဌာန်းဆရာ၊ မည်သည့် ဝိပဿနာယောဂီပုဂ္ဂိုလ်မဆို ဤသမထဝိပဿနာ ကျင့်စဉ်နည်းလမ်းများကို ဆရာစဉ်ဆက် ဆရာတော်ကြီးများ၊ ဆရာကြီးများက ဘုရားရှင်၏ တရားတော်မှ ရရှိလာခဲ့ကြသည်။ ဘုရားရှင် ပေးတော်မူသော နည်းလမ်းများ ဖြစ်သည်ဟု ယုံကြည်ပြီး၊ ဆရာစွဲ၊ ပုဂ္ဂိုလ်စွဲ အားမကြီးဘဲ ဘုရားရှင်အပေါ်၌ အာရုံထားကာ ဆရာ့ဆရာကြီးများကိုလည်း ကြည်ညိုလေးစားလျက် လိုရာပေါက်မြောက် မဂ်ဖိုလ်နိဗ္ဗာန် ရောက်အောင် “သဒ္ဓါ၊ ပညာ၊ သမာ၊ ဝီရိ၊ စောင်းနှယ်ညို၍” ကျင့်ကြံကြိုးကုတ် အားထုတ်ကြကုန်ရာသတည်း။
စာမျက်နှာ-670



စာမျက်နှာ-671

အခန်း (၁၇) ဝေါဟာရများ အဓိပ္ပါယ်

အကနိဋ္ဌ
= အ + ကနိဋ္ဌ
အ = မဟုတ် + ကနိဋ္ဌ = အငယ်၊
= အငယ်မဟုတ်သော = ကြီးသော၊
= အရိယာဗြဟ္မာကြီးများသာ ရောက်ရှိနိုင် နေနိုင်သော ဗြဟ္မာဘုံ (၅) ဆင့်အနက် အထက်ဆုံး အမြင့်ဆုံးဘုံကို အကနိဋ္ဌဘုံ ဟု ခေါ်သည်။

အကပ္ပိယကုဋိ
= အ + ကပ္ပိယ + ကုဋိ
အ = မဟုတ် + ကပ္ပိယ = အပ်သော + ကုဋိ = ကျောင်း၊
= ဝိနည်းတရားတော်နှင့် မညီသဖြင့် ရဟန်းတော်များ အသုံးမပြုသင့်သော မအပ်သောကျောင်း။

အကာလိကော
= အ + ကာလိက
အ = မဟုတ် မရှိ + ကာလိက = အချိန်ယူခြင်း၊
= အချိန်မရွေးဘဲ အချိန်မဆိုင်းဘဲ ချက်ချင်း အကျိုးပေးသည်။

အကိရိယဒိဋ္ဌိ
= အ + ကိရိယ + ဒိဋ္ဌိ
အ = မဟုတ် + ကိရိယ = ပြုလုပ်ခြင်း + ဒိဋ္ဌိ = အယူ၊
= ကုသိုလ်၊ အကုသိုလ်ကို ပြုသော်လည်း ပြုရာမရောက်ဟု ယူခြင်း။

အကုသိုလ်စိတ္တုပ္ပါဒ်
= အကုသိုလ် + စိတ္တုပ္ပါဒ်
အကုသိုလ် = အ + ကုသလ၊ အ = မဟုတ် + ကုသလ = ကောင်းမှု၊
= ကောင်းမှု မဟုတ်သော မကောင်းမှုဖြစ်သော
စိတ္တုပ္ပါဒ် = စိတ္တ + ဥပ္ပါဒ၊
= စိတ္တ = စိတ် + ဥပ္ပါဒ = ဖြစ်ခြင်း၊
= မကောင်းသော အကုသိုလ်စိတ် ဖြစ်ခြင်း။
စာမျက်နှာ-672


အကုသိုလ်ဥပေက္ခာ
= အကုသိုလ် + ဥပေက္ခာ
အကုသိုလ် = မကောင်းမှု + ဥပေက္ခာ = လျစ်လျူရှုခြင်း၊
= အကုသိုလ်စိတ်နှင့် ယှဉ်သော လျစ်လျူရှုမှု။

အကုသိုလ်သောမနဿ
= အကုသိုလ် + သောမနဿ
အကုသိုလ် = မကောင်းမှု ဖြစ်သော + သောမနဿ = ဝမ်းမြောက်မှု၊
= အကုသိုလ်စိတ် နှင့် ယှဉ်သော ဝမ်းမြောက်မှု။

အဂ္ဂသာဝက
= အဂ္ဂ + သာဝက
အဂ္ဂ = အမြတ်ဆုံး + သာဝက = တပည့်၊
= အမြတ်ဆုံးသော တပည့်။

အဇဋာကာသ
= အ + ဇဋာ + အာကာသ
အ = မရှိ + ဇဋာ = ရှုပ်ထွေးမှု + အာကာသ = ဟင်းလင်းပြင်၊
= ရှုပ်ထွေးမှု မရှိသော ဟင်းလင်းပြင် ကောင်းကင်။

အဇာတသတ်မင်း
= အဇာတသတ် + မင်း
အဇာတသတ် = အဇာတ + သတ္တု၊
အဇာတ = မမွေးမီက + သတ္တု = ရန်သူ၊
= မမွေးမီကပင် ရန်သူဖြစ်သောမင်း။

အဇ္ဈတ္တ
= အတွင်း = ကိုယ်တွင်း။

အဇ္ဈတ္တိကဗဟိဒ္ဓ
= အဇ္ဈတ္တိက + ဗဟိဒ္ဓ
အဇ္ဈတ္တိက = ကိုယ်တွင်း၌ ဖြစ်သော + ဗဟိဒ္ဓ = ကိုယ်ပ၌ ဖြစ်သော၊
= ကိုယ်တွင်းကိုယ်ပ၌ ဖြစ်သော။

အညာဏုပေက္ခာ
= အညာဏ + ဥပေက္ခာ
အညာဏ = ဉာဏ်နှင့် မယှဉ်သော + ဥပေက္ခာ = လျစ်လျူရှုခြင်း။

အဋ္ဌကထာ
= အဋ္ဌ + ကထာ
အဋ္ဌ = အနက်အဓိပ္ပါယ် + ကထာ = ဖွင့်ဆိုခြင်း၊
= ဘုရားဟောပါဠိတော်၏ အနက်အဓိပ္ပါယ်ကို ဖွင့်ဆိုခြင်း။
စာမျက်နှာ-673


အဋ္ဌိကအသုဘ
= အဋ္ဌိက + အသုဘ
အဋ္ဌိက = အရိုး + အသုဘ = မတင့်တယ်ခြင်း၊
= အရိုးစုဖြစ်၍ မတင့်တယ်ခြင်း၊ အရိုးစုအလောင်းကောင်။

အတ္တ
= အတ္တဘော၊ ကိုယ်ခန္ဓာ၊ ငါ။

အတ္တဒိဋ္ဌိ
= အတ္တ + ဒိဋ္ဌိ
အတ္တ = အသက် ဝိညာဉ် လိပ်ပြာ + ဒိဋ္ဌိ = ယူဆခြင်း၊
= အသက် ဝိညာဉ် လိပ်ပြာတည်းဟု ယူဆခြင်း။

အတ္တာနုဝါဒ
= အတ္တ + အနုဝါဒ
အတ္တ = မိမိကိုယ်ကို + အနုဝါဒ = ကဲ့ရဲ့ စွပ်စွဲခြင်း၊
= မိမိကိုယ်ကို မိမိ ကဲ့ရဲ့စွပ်စွဲခြင်း၊ ကိုယ့်ကိုယ်ကို မကြည်ညိုခြင်း။

အတ္တဝါဒုပါဒါန်
= အတ္တဝါဒ + ဥပါဒါန
အတ္တဝါဒ = ငါကောင် ရှိသည်ဟု + ဥပါဒါန = ပြင်းထန်စွာ စွဲလမ်းခြင်း။

အန္တရာပရိနိဗ္ဗာယီ
= အန္တရာ + ပရိနိဗ္ဗာယီ
အန္တရာ = အလယ်၌၊ ကြားကာလ၌ + ပရိနိဗ္ဗာယီ = ပရိနိဗ္ဗာန်ပြုသော ပုဂ္ဂိုလ်၊
= သက်တမ်းအလယ်၌ သက်တမ်းမစေ့မီ ကြားကာလ၌ ပရိနိဗ္ဗာန် ပြုသောပုဂ္ဂိုလ်။

အန္တရာယ်
= အန္တရာယ = ဘေးအန္တရာယ် = ပျက်စီးခြင်း။

အန္တောဩဓိ
= အန္တ + ဩဓိ
အန္တ = အတွင်း + ဩဓိ = အပိုင်းအခြား၊
= အတွင်းအပိုင်းအခြား။

အတ္ထပဋိသမ္ဘိဒါ
= အတ္ထ + ပဋိသမ္ဘိဒါ
အတ္ထ = အနက်အဓိပ္ပါယ် အကျိုးတရား + ပဋိသမ္ဘိဒါ = ခွဲခြမ်း ဝေဘန်ခြင်း၊
= အနက်အဓိပ္ပါယ်ကို ခွဲခြမ်းဝေဘန်၍ သိခြင်း။
စာမျက်နှာ-674


အတ္ထိသုခ
= အတ္ထိ + သုခ
အတ္ထိ = ရှိခြင်း + သုခ = ချမ်းသာ၊
= ရှိခြင်း၌ သာယာခြင်း၊ ပိုင်ဆိုင်မှု ချမ်းသာ။

အဒ္ဓါနပလိဗောဓ
= အဒ္ဓါန + ပလိဗောဓ
အဒ္ဓါန = ခရီးသွားမှု + ပလိဗောဓ = အနှောင့်အယှက်။

အဒ္ဓါနပရိစ္ဆေဒ
= အဒ္ဓါန + ပရိစ္ဆေဒ
အဒ္ဓါန = အချိန်ကာလ + ပရိစ္ဆေဒ = အပိုင်းအခြား။

အဒ္ဓါနသမ္မသန
= အဒ္ဓါန + သမ္မသန
အဒ္ဓါန = အချိန်ကာလအားဖြင့် + သမ္မသန = သုံးသပ်ခြင်း။

အဓိမာန
= အဓိ + မာန
အဓိ = လွန်ကဲသော + မာန = မှတ်ထင်ခြင်း၊
= မိမိကိုယ်ကို အထင်ကြီးခြင်း၊ ဈာန်မဂ်ဖိုလ် တရားထူး မရဘဲလျက် ရပြီဟု မှတ်ထင်ခြင်း။

အဓိမောက္ခ
= အကြီးအမှူး၊ ဆုံးဖြတ်ခြင်း၊ ယုံကြည်ခြင်း။

အဓိဋ္ဌာနိဒ္ဓိ
= အဓိဋ္ဌာန်န + ဣဒ္ဓိ
အဓိဋ္ဌာန = အဓိဋ္ဌာန်ခြင်း ... ဆောက်တည်ခြင်း + ဣဒ္ဓိ = တန်ခိုး၊
= အဓိဋ္ဌာန်တန်ခိုး။

အဓိဋ္ဌာနဝသီ
= အဓိဋ္ဌာန + ဝသီ
အဓိဋ္ဌာန = အဓိဋ္ဌာန်မှု၌ + ဝသီ = လေ့လာကျွမ်းတီးခြင်း၊
= သက်ဆိုင်ရာ (ဈာန်) လုပ်ငန်း၌ ကျွမ်းကျင် နိုင်နင်းခြင်း။

အဓိဋ္ဌာနဝီထိ
= အဓိဋ္ဌာန + ဝီထိ
အဓိဋ္ဌာန = အဓိဋ္ဌာန်သော + ဝီထိ = စိတ်အစဉ်။

အနမတဂ္ဂသံသရာ
= အန + မတ + အဂ္ဂ + သံသရာ
အန (န) = မရှိသော + မတ = သိအပ်သော + အဂ္ဂ = အစ + သံသရာ = ကျင်လည်ခြင်း၊
စာမျက်နှာ-675


= သိအပ်သော အစမရှိသော ကျင်လည်ခြင်း = အစမရှိသော သံသရာ။

အနဝဇ္ဇသုခ
= အန + ဝဇ္ဇ + သုခ
အန (န) = မရှိ + ဝဇ္ဇ = အပြစ် + သုခ = ချမ်းသာ၊
= ပြစ်မှုကင်းသော ချမ်းသာ။

အနန္တော အာကာသော
= အနန္တော + အာကာသော
အနန္တော = အဆုံး အပိုင်းအခြား မရှိသော + အာကာသော = ကောင်းကင်၊
= အဆုံး အပိုင်းအခြား မရှိသော ကောင်းကင်။

အနန္တံ ဝိညာဏံ
= အနန္တ + ဝိညာဏံ
အနန္တ = အဆုံး အပိုင်းအခြား မရှိသော + ဝိညာဏံ = ဝိညာဉ်၊
= အဆုံး အပိုင်းအခြား မရှိသော ဝိညာဉ်။

အနတ္တသညာ
= အနတ္တ + သညာ
အနတ္တ = အတ္တမဟုတ်ဟု + သညာ = ရှုမှတ်ဆင်ခြင်ခြင်း၊
= အတ္တမဟုတ်ဟု ရှုမှတ်ဆင်ခြင်ခြင်း။

အနာဂတ်
= အနာဂတ = န + အာဂတ
န = မဟုတ် + အာဂတ = ရောက်ပြီးသော ကာလ၊
= ရောက်ပြီးသော ကာလ မဟုတ် ... မရောက်သေးသော ကာလ၊ နောင်အချိန်။

အနာဂတံသ အဘိညာဉ်
= အနာဂတ + အံသ + အဘိညာဉ်
အနာဂတ = နောင်လာလတ္တံ့သော ကာလ + အံသ = အဖို့၌ + အဘိညာဉ် = အထူးသိသောဉာဏ်၊
= နောင်လာလတ္တံ့သော ကာလအဖို့၌ ဖြစ်မည့် ခန္ဓာ၊ အာယတန၊ ဓာတ်အစုတို့ကို ကြိုတင်သိမြင်သောဉာဏ်။

အနာဂါမိမဂ်
= အနာဂါမိ + မဂ္ဂ
အနာဂါမိ = အနာဂါမ်ပုဂ္ဂိုလ် + မဂ္ဂ = မဂ်ဉာဏ်၊
= အနာဂါမ်ပုဂ္ဂိုလ် ရသော မဂ်ဉာဏ်။
စာမျက်နှာ-676


အနာဂါမ်ပုဂ္ဂိုလ်
= ပဋိသန္ဓေအားဖြင့် ကာမဘုံသို့ မလာရောက်တော့သည့် ပုဂ္ဂိုလ်။

အနာဂါမ်
= အနာဂါမီ = န + အာဂါမီ
အာဂါမီ = လာရောက်ခြင်း ရှိသူ + န = မဟုတ်၊
= ကာမဘုံသို့ တစ်ဖန်ပြန်လာ၍ ပဋိသန္ဓေ မနေသော ပုဂ္ဂိုလ်၊ အနာဂါမ်ပုဂ္ဂိုလ်။

အနာထပိဏ်သူဌေး
= အနာထပိဏ် + သူဌေး
အနာထပိဏ် = အ + နာထ + ပိဏ္ဍိက
အ = မရှိသူ + နာထ = အားကိုးရာ + ပိဏ္ဍိက = ထမင်းပေးတတ်သူ၊
= အားကိုးရာ မရှိသူတို့အား ထမင်းပေးတတ်သော သူဌေး။

အနာဝရဏဉာဏ်တော်
= အနာဝရဏ + ဉာဏ်တော်
အနာဝရဏ = န + အာဝရဏ
န = မရှိခြင်း + အာဝရဏ = တားဆီးပိတ်ဆို့ခြင်း၊
= တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်၊ တစ်စုံတစ်ခုသော တရားကမျှ တားဆီးပိတ်ဆို့၍ မရသောဉာဏ်တော်၊ အတိတ် အနာဂတ်ကိုလည်း မြင်နိုင်သည်၊ ပစ္စုပ္ပန်ကာလတွင်လည်း အနီးအဝေး အကြီးအသေးတို့ကို ဖောက်ထွင်းသိမြင်နိုင်သည့် ဉာဏ်တော် ဖြစ်သည်။

အနိစ္စသညာ
= အနိစ္စ + သညာ
အနိစ္စ = (ခန္ဓာငါးပါးတို့ကို) မမြဲဟု + သညာ = ရှုမှတ်ခြင်း။

အနိဋ္ဌာရုံ
= အနိဋ္ဌာရမ္မဏ = န + ဣဋ္ဌ + အာရမ္မဏ
န = မဟုတ် + ဣဋ္ဌ = အလိုရှိအပ် နှစ်သက်အပ်သော + အာရမ္မဏ = အာရုံ၊
= အလိုရှိအပ် နှစ်သက်အပ်သော အာရုံမဟုတ်၊ အလိုမရှိအပ်၊ မနှစ်သက်အပ်သောအာရုံ။

အနီဃာ ဟောန္တု
အနီဃာ = ကိုယ်ဆင်းရဲခြင်း ကင်းကုန်သည် + ဟောန္တု = ဖြစ်ကြပါစေ။
စာမျက်နှာ-677


အနုတ္တရစိတ်
= န + ဥတ္တရ + စိတ်
ဥတ္တရ = မိမိထက် သာလွန်မြင့်မြတ်မှု + န = မရှိ၊
= မိမိထက် သာလွန်မြင့်မြတ်မှု မရှိသောစိတ်၊ အမြတ်ဆုံးစိတ်။

အနုပါဒိသေသနိဗ္ဗာန်
= အန + ဥပါဒိသေသ + နိဗ္ဗာန်
အန = မရှိ + ဥပါဒိသေသ = ကြွင်းကျန်သော ခန္ဓာ၊
= ခန္ဓာအကြွင်းအကျန် မရှိတော့သော နိဗ္ဗာန်၊ ပရိနိဗ္ဗာန် စံပြီးနောက် ရောက်ရသောနိဗ္ဗာန်။

အနုပါဒိန္နကရုပ်
= အန + ဥပါဒိန္နက + ရုပ်
အန = မဟုတ် + ဥပါဒိန္နက = စွဲလမ်းအပ်သော၊
= စွဲလမ်းအပ်သော ရုပ်မဟုတ်၊ ကိုယ်ပရုပ်။

အနုဗန္ဓနာနည်း
= အနု + ဗန္ဓနာ + နည်း
အနု = အစဉ် + ဗန္ဓနာ = ဖွဲ့ချည်သော အစဉ်လိုက်သော၊
= ထွက်သက်ဝင်သက်လေကို အစဉ်လိုက်သောနည်း။

အနုမာနဉာဏ်
= မှန်းဆ ဆင်ခြင်၍ သိမြင်သောဉာဏ်။

အနုလောမဉာဏ်
= အနုလောမ = ဆီလျော်ခြင်း၊
= ဥဒယဗ္ဗယဉာဏ် စသော ရှေ့ပိုင်းဝိပဿနာဉာဏ်များနှင့် မဂ်ဉာဏ်တို့အကြား ရှေ့နောက် ဆီလျော်စွာ ဖြစ်သော ဉာဏ်။

အနုသယကိလေသာ
= အနုသယ + ကိလေသာ
အနုသယ = အစဉ် ကိန်းဝပ်သော + ကိလေသာ = ပူပန် ညစ်နွမ်းသောတရားများ၊
= သတ္တဝါတို့ သန္တာန်၌ အိမ်ရှင်သဖွယ် အမြဲ ဖြစ်လေ့ ဖြစ်ထရှိသော ကိလေသာ။

အနုဿတိကမ္မဋ္ဌာန်း
= အနု + သတိ + ကမ္မဋ္ဌာန
အနု = အဖန်ဖန် + သတိ = အောက်မေ့ခြင်း + ကမ္မဋ္ဌာန = ဘာဝနာလုပ်ငန်းခွင်၊
စာမျက်နှာ-678


= အဖန်ဖန် ဆင်ခြင် အောက်မေ့ ပွားများရသော ဘာဝနာ လုပ်ငန်းခွင်။

အနေကဓာတု
= အနေက + ဓာတု
အနေက (န + ဧက) = တစ်ခု မဟုတ်သော၊ များစွာ၊
= များစွာသော ဓာတ်သဘာဝများ။

နာနာဓာတု
= အမျိုးမျိုးသော ဓာတ်သဘာဝများ။

အနောဓိသမုဒိတာ
= အနောဓိသ + မုဒိတာ
အနောဓိသ = ပိုင်းခြားကန့်သတ်မှု မရှိသော + မုဒိတာ = ဝမ်းမြောက်ခြင်း။

အနောဓိသ ဥပေက္ခာ = ပိုင်းခြားကန့်သတ်မှု မရှိသော လျစ်လျူရှုခြင်း။
အနောဓိသ ကရုဏာ = ပိုင်းခြားကန့်သတ်မှု မရှိသော သနားကြင်နာခြင်း။
အနောဓိသ မေတ္တာ = ပိုင်းခြားကန့်သတ်မှု မရှိသော ချစ်ခြင်းမေတ္တာ။

အာဝတ္တနဝါရ
= အရေအတွက်၊ အသံတစ်ခုခုကို ကြားရုံမျှကြား၍ ဘာသံညာသံ ခွဲခြားမှု မပြုဘဲ မိမိရှုမှတ်နေသည့် ကမ္မဋ္ဌာန်းအာရုံကို ပြန်၍ ပြန်၍ (လည်၍) ဆက်လက် မှတ်သားမှု အကြိမ်အရေအတွက်ဟု ဆိုလိုသည်။

အပ္ပနာကောသလ္လ
= အပ္ပနာ + ကောသလ္လ
အပ္ပနာ = ဈာန် + ကောသလ္လ = လိမ္မာ ကျွမ်းကျင်ခြင်း၊
= ဈာန်၌ လိမ္မာကျွမ်းကျင်ခြင်း။

အပ္ပနာဆိုက်
= အပ္ပနာ + ဆိုက်
= ဈာန်သို့ ဆိုက်ရောက်ခြင်း။
စာမျက်နှာ-679


အပ္ပနာ ဘာဝနာ
= အပ္ပနာ + ဘာဝနာ
အပ္ပနာ = ဈာန်စိတ်ကို + ဘာဝနာ = ပွားများခြင်း၊
= ဈာန်စိတ်ကို ပွားများခြင်း။

အပ္ပနာ သမာဓိ
= အပ္ပနာ ဘာဝနာအခိုက်၌ ဖြစ်ပေါ်သော သမာဓိ၊ ဈာန်သမာဓိ။

အပ္ပမညာ
= အပိုင်းအခြား အကန့်အသတ် ပမာဏ မရှိသော သတ္တဝါအပေါင်းကို အာရုံပြု၍ ပွားများရသော ဘာဝနာ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရား လေးပါးကို အပ္ပမညာတရားဟု ခေါ်သည်။

အပ္ပမာဏ
= အ + ပမာဏ
ပမာဏ = အတိုင်းအရှည် အကန့်အသတ် + အ = မရှိခြင်း၊
= အတိုင်းအရှည် အကန့်အသတ် ပမာဏ မရှိသော သတ္တဝါ အာရုံ။

အပ္ပါဏကဈာန်
= အ + ပါဏက + ဈာန
အ = မရှိသော + ပါဏက = အသက်ရှူခြင်း + ဈာန = စူးစိုက်မှု၊
= အသက်မရှူဘဲ စူးစိုက်နေခြင်း = အသက်ရှူမှုကို ထိန်းချုပ်၍ ကျင့်ခြင်း = အသက်အောင့် ကျင့်နည်း။

အပ္ပိယေဟိ သမ္ပယောဂေါ
= အပ္ပိယေဟိ = မချစ်မနှစ်သက်သော သူတို့နှင့် + သမ္ပယောဂေါ = အတူအကွ ပေါင်းသင်းဆက်ဆံ နေထိုင်ရခြင်း။

အဗျာပဇ္ဈာ ဟောန္တု
= အဗျာပဇ္ဈာ = စိတ်ဆင်းရဲခြင်း ကင်းကြကုန်သည် + ဟောန္တု = ဖြစ်ကြပါစေကုန်သတည်း။

အဗဒ္ဓသည်းခြေ
= တစ်ကိုယ်လုံး ပျံ့နှံ့တည်နေသော သည်းခြေ။

အဘိဇ္ဈာ
= အလိုကြီးခြင်း၊ သူတစ်ပါးစည်းစိမ်ကို တပ်မက်ခြင်း။
စာမျက်နှာ-680


အဘိဇ္ဈာကာယဂန္ထ
= အဘိဇ္ဈာ + ကာယ + ဂန္ထ
အဘိဇ္ဈာ = အလိုကြီးခြင်း၊ တပ်မက်ခြင်း + ကာယ = နာမကာယဖြင့် ရူပကာယကို လည်းကောင်း၊ ပစ္စုပ္ပန်ကာယဖြင့် အနာဂတ်ကာယကို လည်းကောင်း + ဂန္ထ = ရစ်ပတ်ချည်နှောင် ထုံးဖွဲ့မှု၊
= နာမကာယဖြင့် ရူပကာယကို၊ ပစ္စုပ္ပန်ကာယဖြင့် အနာဂတ်ကာယကို ကြီးမားသောအလိုဖြင့် ရစ်ပတ်ချည်နှောင် ထုံးဖွဲ့မှု (ဝါ) သူတစ်ပါးပစ္စည်းကို မတရားယူရန် ကြံစည်ကြိုးပမ်းမှု။

အဘိညာပါဒက
= အဘိညာ + ပါဒက
အဘိညာ = အဘိညာဉ်၏ + ပါဒက = အခြေခံ၊
= အဘိညာဉ်၏ အခြေခံဖြစ်သော စတုတ္ထဈာန်။

အဘိညာဉ်
= အဘိ + ဉာဏ
အဘိ = ထူးခြားသောအားဖြင့် + ဉာဏ = သိခြင်း၊
= ဉာဏ်အထူး။

အမနာပစကား
= အ + မနာပ + စကား
မနာပ = နှစ်သက်အပ်သည် + အ = မဟုတ်၊
= နှစ်သက်ဖွယ်မဟုတ်သော စကား။

အယောနိသောမနသိကာရ
= အယောနိသော + မနသိကာရ
အယောနိသော = မသင့်လျော်သောအားဖြင့် + မနသိကာရ = နှလုံးသွင်းခြင်း၊
= မသင့်လျော်သော စိတ်ထား။

အရဏဝိဘင်္ဂသုတ်
= အရဏ + ဝိဘင်္ဂ + သုတ်
အရဏ = ကိလေသာ အညစ်အကြေးကင်းမှု + ဝိဘင်္ဂ = ဝေဘန်ပိုင်းခြားခြင်း၊
= ကိလေသာမှု အညစ်အကြေး ကင်းစင်မှုကို ဝေဘန်ပိုင်းခြား၍ ဟောကြားသော သုတ္တန်။
စာမျက်နှာ-681


အရတိ
= သူတစ်ပါးကြီးပွားချမ်းသာခြင်း၌ မမွေ့လျော်ခြင်း၊ မနှစ်သက်ခြင်း။

အရဟတ္တမဂ်
= ရဟန္တာပုဂ္ဂိုလ်တို့ ရအပ်သောမဂ်။

အရဟန္တဃာတက
= အရဟန္တ + ဃာတက
အရဟန္တံ = ရဟန္တာကို + ဃာတက = သတ်ဖြတ်ခြင်း။

အရိယာ
= မြတ်သော ဖြူစင်သော၊ သောတာပန်စသော ပုဂ္ဂိုလ် (၈) ယောက်တို့သည် မြတ်သော အရိယာပုဂ္ဂိုလ်များ ဖြစ်သည်။

အရိယာသာဝက
= အရိယာဖြစ်သော တပည့်။

အရိယိဒ္ဓိ
= အရိယ + ဣဒ္ဓိ
အရိယ = အရိယာပုဂ္ဂိုလ်၏ + ဣဒ္ဓိ = တန်ခိုး။

အရိယူပဝါဒန္တရာယ်
= အရိယ + ဥပဝါဒ + အန္တရာယ်
အရိယ = အရိယာကို + ဥပဝါဒ = ကဲ့ရဲ့စွပ်စွဲခြင်း + အန္တရာယ် = ဘေး၊
= အရိယာပုဂ္ဂိုလ်ကို ကဲ့ရဲ့စွပ်စွဲခြင်းကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်။ ဤအန္တရာယ် ရှိသူမှာ တရားအားထုတ်သော်လည်း ဈာန်၊ မဂ်၊ ဖိုလ် တရားထူး မရနိုင်၊ သေလျှင်လည်း နတ်ပြည်သုဂတိသို့ မရောက်နိုင်။

အရူပဈာန်
= ရုပ်မဟုတ်သည်ကို (နာမ်တရားကို) စူးစိုက်ရှုမှတ်ခြင်း။

အလံသာဋက
= အလံ + သာဋက
အလံ = မရှိခြင်း/ပယ်ခြင်း + သာဋက = ပုဆိုး၊
= ပုဆိုးဝတ်မရအောင် အဝစားသော ပုဏ္ဏား။

အဝေရာ ဟောန္တု
= အဝေရာ = ဘေးရန် ကင်းကုန်သည် + ဟောန္တု = ဖြစ်ကြပါစေသတည်း။

အဝိဇ္ဇာသဝ
= အဝိဇ္ဇာ + အာသဝ
အဝိဇ္ဇာ = တွေဝေမိုက်မဲမှု + အာသဝ = ယိုစီးခြင်း၊
= တွေဝေမိုက်မဲမှု မောဟ အစဉ်မပြတ်ဖြစ်နေခြင်း။
စာမျက်နှာ-682


အဝိဇ္ဇာယောဂ
= အဝိဇ္ဇာ + ယောဂ
ယောဂ = ယှဉ်တွဲခြင်း၊
= တွေဝေမိုက်မှု အဝိဇ္ဇာယှဉ်တွဲပူးကပ်ခြင်း။

အဝိဇ္ဇာနုသယ
= အင်အားကြီးမား၍ အဖြစ်များသော အဝိဇ္ဇာ။

အဝိဇ္ဇာနိဝရဏ
= အဝိဇ္ဇာ + နိဝရဏ
နိဝရဏ = အတားအဆီး၊
= မိုက်မဲတွေဝေမှု အတားအဆီး။

အဝိဇ္ဇာသ
= အဝိဇ္ဇာ = မိုက်မဲတွေဝေမှု + ဩဃ = ဝဲ၊ နစ်မွန်းစေတတ်သောတရား၊
= မိုက်မဲတွေဝေမှုသည် သံသရာဝဲဩဃ၌ နစ်မွန်းစေတတ်သည်။

အသညသတ်
= အ = မရှိ + သည = သညာ/မှတ်သားမှု + သတ် = ဘုံ၊
= သညာ(စိတ်) မရှိသော ဗြဟ္မာဘုံ၊ အသညသတ်ဗြဟ္မာ။

အသာဓာရဏဉာဏ်
= အ + သာဓာရဏ
အ = မရှိ + သာဓာရဏ = ဆက်ဆံခြင်း၊
= သူတစ်ပါးနှင့် မဆက်ဆံသော (မသက်ဆိုင်သော) ဉာဏ်တော်။

အသုဘ
= အ + သုဘ
အ = မဟုတ် + သုဘ = တင့်တယ်ခြင်း၊
= မတင့်တယ်ခြင်း၊ အကောင်ပုပ်၊ လူသေကောင်။

အသုဘသညာ
= အသုဘ + သညာ
= မတင့်တယ် ရွှံ့စဖွယ်ဟု ရှုမှတ်ခြင်း။
စာမျက်နှာ-683


အသင်္ခါရပရိနိဗ္ဗာယီ
= အသင်္ခါရ + ပရိနိဗ္ဗာယီ
အသင်္ခါရ = သူတစ်ပါးမတိုက်တွန်းဘဲ၊ သူတစ်ပါးလုံ့လမပါဘဲ + ပရိနိဗ္ဗာယီ = အရဟတ္တဖိုလ်သို့ ရောက်၍ ပရိနိဗ္ဗာန်ပြုသော အနာဂါမ်ပုဂ္ဂိုလ်။

အာသာပဿာသ
= အာသာ + ပဿာသ
အာသာ = ထွက်သက် (ဝိနည်းအဋ္ဌကထာ အလို) / ဝင်သက် (သုတ္တန်အဋ္ဌကထာ အလို)
ပဿာသ = ဝင်သက် (ဝိနည်းအဋ္ဌကထာ အလို) / ထွက်သက် (သုတ္တန်အဋ္ဌကထာ အလို)

အဟိတာပနယန
= အဟိတ + အပနယန
အဟိတ = အကျိုးစီးပွားမဲ့ + အပနယန = ပယ်ဖျောက်ခြင်း၊ ဖယ်ရှားခြင်း၊
= အကျိုးမဲ့ကို ဖယ်ရှားခြင်း။

အဟိတ်ပဋိသန္ဓေ
= အဟိတ် + ပဋိသန္ဓေ
အဟိတ် = ကုသိုလ်အကြောင်းတရား ကင်းမဲ့သော + ပဋိသန္ဓေ = အမိဝမ်း၌ကိန်းမှု၊
= အလောဘ၊ အဒေါသ၊ အမောဟ ကုသိုလ်အကြောင်း ကင်းသော ပဋိသန္ဓေနေမှု။

အဟေတုကဒိဋ္ဌိ
= အဟေတုက + ဒိဋ္ဌိ
အဟေတုက = ကုသိုလ်ကံ၊ အကုသိုလ်ကံ ဟူသော အကြောင်း မရှိဟု + ဒိဋ္ဌိ = ယူဆခြင်း၊
= ကုသိုလ်ကံ၊ အကုသိုလ်ကံ အကြောင်းမရှိဘဲ အလိုလို ချမ်းသာ ဆင်းရဲသည်ဟု မြဲမြံစွာယူခြင်း။

အော်ဂလီဆန်
= ပျို့တက်ခြင်း၊ ရွှံရှာခြင်း။

အိုင်းအမာ
= အနာဆွေး၊ အနာဟောင်း။

အာကာသကသိုဏ်း
= အာကာသ + ကသိုဏ်း
အာကာသ = ကောင်းကင် + ကသိုဏ်း = (ကသိုဏ်းဝန်း)၊
= ကောင်းကင်ကသိုဏ်းဝန်း။
စာမျက်နှာ-684


အာကာသစေတီ
= သီဟိုဠ်ကျွန်း၊ ဝတ္တကာလကကျေးရွာအနီး တောင်ထိပ်၌ တည်ထားသောစေတီ။

အာကာသဓာတ်
= ကောင်းကင်ဓာတ်၊ ဟင်းလင်းသဘော။

အာကာသာနဉ္စာယတန
= အာကာသ + အာနဉ္စ + အာယတန
အာကာသ = ကောင်းကင် + အာနဉ္စ = အဆုံးအပိုင်းအခြားမရှိသော + အာယတန = ဈာန်စိတ်၏တည်ရာ၊
= အဆုံးအပိုင်းအခြား မရှိသော ကောင်းကင်ပညတ်ကို ယှဉ်ဘက်တရားတို့နှင့်တကွ အာရုံပြုသော ဈာန်စိတ်၏ တည်ရာ။

အာစရိယဝါဒ
= ဆရာအစဉ်အဆက် လိုက်နာကျင့်ကြံသောနည်း၊ ဆရာ့နည်း။

အာဇီဝကတက္ကတွန်း
= ကိုယ်၌ အဝတ်မစည်း အချည်းနှီးနေသော တိတ္ထိ၊ ကိုယ်တုံးလုံးနေ၍ ရေငုပ် မီးလှုံ အစာမစားဘဲ ကျင့်သူများ။

အာဒီနဝဉာဏ်
= ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏အပြစ်ကို ရှုမြင်တတ်သောဉာဏ်။

အာဒီနဝသညာ
= ခန္ဓာကိုယ်၌ အနာရောဂါ အမျိုးမျိုး၊ အပြစ် အနာ အဆာ အမျိုးမျိုးကို ရှုမှတ်ဆင်ခြင်ခြင်း။

အာဏာဝီတိက္ကမန္တရာယ်
= အာဏာ + ဝီတိက္ကမ + အန္တရာယ်
အာဏာ = ဘုရားရှင်၏ အမိန့်အာဏာကို + ဝီတိက္ကမ = လွန်ကျူးမှု၊
= ဘုရားရှင်၏ ဝိနည်းသိက္ခာပုဒ်တည်းဟူသော အမိန့်အာဏာကို လွန်ကျူးသော အန္တရာယ်။ ဤအန္တရာယ်ရှိသော ရဟန်းမှာ သေလျှင် နတ်ပြည်သုဂတိ မရောက်နိုင်၊ တရားအားထုတ်လျှင်လည်း တရားထူးမရနိုင်။

အာနသုခ
= အကြွေးကင်းသော ချမ်းသာမှု။

အာနာပါန
= အာန + အပါန
အာန = ထွက်သက် (ဝင်သက်)
အပါန = ဝင်သက် (ထွက်သက်)
စာမျက်နှာ-685


အာနာပါနဿတိ
= အာနာပါန + သတိ
အာနာပါန = ဝင်သက်ထွက်သက် + သတိ = ရှုမှတ်သော သတိ၊
= ဝင်သက် ထွက်သက်ကို ရှုမှတ်ခြင်း။

အာပေါကသိုဏ်း
= ရေကသိုဏ်း။

အာပေါကောဋ္ဌာသ
= အာပေါ + ကောဋ္ဌာသ
အာပေါ = ရေ + ကောဋ္ဌာသ = အစု၊
= ရေအစုအဝေး။

အာပေါဓာတ်
= ရေဓာတ်။

အာဗာဓပလိဗောဓ
= အာဗာဓ + ပလိဗောဓ
အာဗာဓ = အဖျားအနာရောဂါ + ပလိဗောဓ = အနှောင့်အယှက်၊
= အဖျားအနာ ရောဂါ အနှောင့်အယှက်။

အာယတန
= တည်ရာ၊ နေရာ၊ ဖြစ်ရာ အကြောင်း၊ အာရုံ။

အာယုသင်္ခါရ
= အာယု + သင်္ခါရ
အာယု = အသက် + သင်္ခါရ = ပြုပြင်မှု၊
= အသက်ကို ပြုပြင်လိုသော ဆန္ဒ၊ အသက်ရှည်အောင် ဆေးဝါး ဓာတ်စာ မှီဝဲခြင်း၊ စိတ်ဓာတ်အင်အား တင်းထားခြင်း။

အာရမ္ဘဓာတု
= အာရမ္ဘ + ဓာတု
အာရမ္ဘ = အားထုတ်မှုကို + ဓာတု = ဆောင်ရွက်ခြင်း၊
= ရှေးဦးစွာ လုံ့လစိုက်ထုတ်မှု၊ အားထုတ်မှုသဘော။

အာလောကကသိုဏ်း
= အာလောက + ကသိုဏ်း
အာလောက = အလင်း = အလင်းကသိုဏ်း။

အာဝဇ္ဇနဝသီ
= အာဝဇ္ဇန + ဝသီ
အာဝဇ္ဇန = ဆင်ခြင်မှု + ဝသီ = အလေ့အထ၊
= ဈာန်အင်္ဂါများကို ပြန်လည် ဆင်ခြင်ရာ၌ လျင်မြန်စေရန် လေ့ကျင့်ခြင်း။
စာမျက်နှာ-686


အာဝတ္တနဝါရ
= အာဝတ္တန + ဝါရ
အာဝတ္တန = လည်ခြင်း၊ လန်ကျခြင်း + ဝါရ = အရေအတွက်၊
= ကမ္မဋ္ဌာန်းအာရုံမှ လည်ခြင်း၊ လန်ကျခြင်း။

အာဝါသပလိဗောဓ
= အာဝါသ + ပလိဗောဓ
အာဝါသ = နေရာထိုင်ခင်း + ပလိဗောဓ = အနှောင့်အယှက်။

အာသယာနုသယဉာဏ်
= အာသယ + အနုသယ + ဉာဏ
အာသယ = အလိုဆန္ဒ နှလုံးသွင်း + အနုသယ = ကိန်းအောင်းခြင်း + ဉာဏ = အသိဉာဏ်၊
= သတ္တဝါတို့၏ နှလုံးသွင်းအာသယနှင့် အနုသယဓာတ်ခံကို သိသောဉာဏ်။

အာသဝေါ
= ယိုစီးတတ်သောတရား၊ အစဉ်အမြဲ ဖြစ်လေ့ရှိသောကြောင့် အလျဉ်ရနေသော အစဉ်ရနေသော တရား။

အာသဝက္ခယဉာဏ်
= အာသဝ + ခယ + ဉာဏ်
အာသဝ = အာသဝေါတရားတို့၏ + ခယ = ကုန်ရာ၊
= အာသဝေါတရားတို့၏ ကုန်ရာ အရဟတ္တမဂ်ဉာဏ်။

အာသဝက္ခယအဘိညာဉ်
= အာသဝ + ခယ + အဘိညာဉ်
အာသဝ = အာသဝေါတရား လေးပါးတို့ကို + ခယ = ကုန်ခန်းစေသော + အဘိညာဉ် = ထူးသောဉာဏ်၊
= အာသဝေါတရား လေးပါးတို့ကို ကုန်ခန်းစေနိုင်သော အရဟတ္တမဂ်ဉာဏ်။

အာဟာရဟတ္တက
= အာဟာရ + ဟတ္တက
အာဟာရ = စားသောက်ပြီးနောက် + ဟတ္တက = လက်ကို ဆွဲထူပေးရသူ၊
= စားသောက်ပြီးနောက် မိမိဘာသာ မထနိုင်၍ လက်ကို ဆွဲထူပေးရသူ။

အာဟာရ
= အစားအစာ၊ ခွန်အားကို ဆောင်နိုင်ခြင်း။
စာမျက်နှာ-687


အာဟာရေ ပဋိကူလသညာ
= အာဟာရေ + ပဋိကူလ + သညာ
အာဟာရေ = အစားအစာ၌ + ပဋိကူလ = စက်ဆုပ် ရွံရှာဖွယ် ဟူသော + သညာ = အမှတ်သညာ၊
= အစားအစာ၌ စက်ဆုပ် ရွံရှာဖွယ်ဟု အောက်မေ့ ဆင်ခြင်သော အမှတ်သညာ။

အာဠာရ၊ ဥဒက
= ဘုရားအလောင်းတော် တောထွက်တော်မူစဉ်က ရှေးဦးစွာတွေ့ပြီး လောကီဈာန်သမာပတ် ရသည်အထိ အလောင်းတော်အား နည်းပေးခဲ့သော ရသေ့ကြီး ၂ ဦး။

ဣဋ္ဌမဇ္ဈတ္တာရုံ
= ဣဋ္ဌ + မဇ္ဈတ္တ + အာရုံ
ဣဋ္ဌ = အလိုရှိအပ်သော + မဇ္ဈတ္တ = အလယ်အလတ်ဖြစ်သော (အလိုရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ်သော) အာရုံ။

ဣဋ္ဌာရုံ
= အလိုရှိအပ်သော အာရုံ။

ဣဒံသစ္စာဘိနိဝေသကာယဂန္ထ
= ဣဒံ + သစ္စံ + အဘိနိဝေသ + ကာယဂန္ထ
ဣဒံ = ဤအယူဝါဒသည် + သစ္စံ = မှန်၏ဟု + အဘိနိဝေသ = စွဲမြဲစွာယူခြင်း + ကာယဂန္ထ = ကာယ၌ ထုံးဖွဲ့ခြင်း၊
= လောကကြီးကို တန်ခိုးရှင်က ဖန်ဆင်းသည် စသော ဤအယူသာ မှန်သည်။ အခြား အယူဝါဒ အားလုံး မှားသည်ဟု စွဲလမ်းမှု။

ဣဒ္ဓိပလိဗောဓ
= ဣဒ္ဓိ + ပလိဗောဓ
ဣဒ္ဓိ = တန်ခိုး ဣဒ္ဓိပါဒ် + ပလိဗောဓ = အနှောင့်အယှက်၊
= တန်ခိုးဣဒ္ဓိပါဒ်သည် ဝိပဿနာ လုပ်ငန်းအတွက် အနှောင့်အယှက်ဖြစ်သည်။

ဣဒ္ဓိပါဋိဟာရိယ
= ဣဒ္ဓိ + ပါဋိဟာရိယ
ဣဒ္ဓိ = တန်ခိုး + ပါဋိဟာရိယ = အထူးထူး ဖန်ဆင်းခြင်း၊ ပြာဋိဟာ၊
= တန်ခိုး ဣဒ္ဓိပါဒ် အထူးထူး ဖန်ဆင်းခြင်း၊ တန်ခိုး ပြာဋိဟာ ပြခြင်း။
စာမျက်နှာ-688


ဣဒ္ဓိပါဒ်
= ဣဒ္ဓိပါဒ = ဣဒ္ဓိ + ပါဒ
ဣဒ္ဓိ = တန်ခိုး + ပါဒ = အခြေခံ၊
= တန်ခိုးဣဒ္ဓိ၏ အခြေခံတရားများ။

ဣဒ္ဓိဝိဓ
= ဣဒ္ဓိ + ဝိဓ
ဣဒ္ဓိ = တန်ခိုး + ဝိဓ = အမျိုးမျိုး၊
= ရုပ်ပြောင်း ရုပ်လဲ ရုပ်သွင်အမျိုးမျိုး ဖန်ဆင်းနိုင်ခြင်း။

ဣရိယာပထနည်း
= သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းခြင်း ဟူသော ဣရိယာပုထ် လေးပါးကို ရှုမှတ်ဆင်ခြင်သောနည်း။

ဣရိယာပထသမသီသီ
= စင်္ကြံလျှောက်ခြင်း၊ ထိုင်ခြင်း စသော ဣရိယာပုထ် တစ်ခု၏ အဆုံး၌ ကိလေသာ ကုန်ခန်းသော ရဟန္တာ။ ထိုင်ရာမှ လဲလျောင်းလိုက်ချိန်၊ လမ်းလျှောက်နေရာမှ ရပ်လိုက်ချိန်၌ ကိလေသာကုန်ခန်းသော ရဟန္တာ။

ဣရိယာပုထ်
= ဣရိယာပထ = ဣရိယာ + ပထ
ဣရိယာ = ကိုယ်အနေအထား + ပထ = ဖြစ်ကြောင်း၊
= ကိုယ်အနေအထားဖြစ်ကြောင်း တရား (လျောင်း၊ ထိုင်၊ ရပ်၊ သွား)။

ဣဿရနိမ္မာနဝါဒ
= ဣဿရ + နိမ္မာန + ဝါဒ
ဣဿရ = အစိုးရသူက + နိမ္မာန = ဖန်ဆင်းခြင်း + ဝါဒ = အယူ၊
= အစိုးရသော နတ်ဘုရားကြီးက ဖန်ဆင်းသည်ဟု ယူသော အယူ။

ဣန္ဒြိယပရောပရိယတ္တဉာဏ်
= ဣန္ဒြိယ + ပရောပရိယတ္တ + ဉာဏ်
ဣန္ဒြိယ = ဣန္ဒြေ + ပရောပရိယတ္တ = အနုအရင့်၊
= သဒ္ဓါ၊ ပညာ စသော ဣန္ဒြေအနုအရင့်ကို သိသောဉာဏ်။

ဣဿာ
= ငြူစူခြင်း၊ သူတစ်ပါး၏ စည်းစိမ်ကို ငြူစူခြင်း။

ဥဂ္ဂဟနိမိတ်
= ဥဂ္ဂဟနိမိတ္တ = ဥ + ဂဟ + နိမိတ္တ
ဥ = အနီးကပ်၍ + ဂဟ = ယူသော + နိမိတ္တ = ကမ္မဋ္ဌာန်းအာရုံ၊
စာမျက်နှာ-689


#ERROR!
စာမျက်နှာ-690
= အထက် ဗြဟ္မာဘုံသို့ တက်ရောက်၍ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံသော အနာဂါမ်ပုဂ္ဂိုလ်။

ဥဒ္ဓံသောတအကနိဋ္ဌာဂါမိ
= ဥဒ္ဓံ + သောတ + အကနိဋ္ဌ + အာဂါမီ
ဥဒ္ဓံ = အထက် + သောတ = တက်၍ + အကနိဋ္ဌ = အကနိဋ္ဌဘုံ + အာဂါမီ = ရောက်ရှိခြင်း၊
= အထက်ဘုံသို့ အဆင့်ဆင့်တက်၍ အကနိဋ္ဌဘုံရောက်မှ အရဟတ္တဖိုလ်ရသော အနာဂါမ်။

ဥဘတောဘာဂဝိမုတ္တ
= ဥဘတော + ဘာဂ + ဝိမုတ္တ
ဥဘတော = နှစ်ပါးသော + ဘာဂ = အဖို့အခြမ်း + ဝိမုတ္တ = လွတ်မြောက်ခြင်း၊
= ဝိက္ခမ္ဘနဝိမောက္ခ (ဈာန်) ဖြင့် တစ်ကြိမ်၊ သမုစ္ဆေဒဝိမောက္ခ (မဂ်) ဖြင့် တစ်ကြိမ်၊ နှစ်ကြိမ် လွတ်မြောက်သော ပုဂ္ဂိုလ်။

ဥပက္ကိလေသ
= အညစ်အကြေး၊ ညစ်ညူးပူပန်ခြင်း၊
= ဝိပဿနာ ညစ်ညူးကြောင်းတရား၊ ဝိပဿနာ၏ အညစ်အကြေးဖြစ်သော တရား။

ဥပဂမနဘေး
= အာရုံသို့ ကပ်ရောက်ခြင်းဘေး။

ဥပဟစ္စပရိနိဗ္ဗာယီ
= ဥပဟစ္စ + ပရိနိဗ္ဗာယီ
ဥပဟစ္စ = ကပ်၍ + ပရိနိဗ္ဗာယီ = ပရိနိဗ္ဗာန်ပြုသော၊
= သက်တမ်း ထက်ဝက်ကို လွန်မှ၊ သက်တမ်း အဆုံးကို ကပ်၍ အရဟတ္တဖိုလ်သို့ ရောက်ပြီး ပရိနိဗ္ဗာန်ပြုသော အနာဂါမ်။

ဥပါယာသ
= လွန်စွာ စိတ်ပင်ပန်းခြင်း။

ဥပဋ္ဌာန
= သတိအလွန်ကောင်းခြင်း၊ အာရုံထင်လွယ်ခြင်း။

ဥပစာရဈာန်
= ဥပ + စရ + ဈာန်
ဥပ = အနီးကပ်၊ အနီးပတ်ဝန်းကျင် + စရာ = ကျင်လည် ကျက်စားခြင်း၊
= ဈာန်၏ အနီးပတ်ဝန်းကျင်၌ ကျင်လည်ကျက်စားခြင်း၊ ဈာန်ရခါနီး အခြေအနေ။
စာမျက်နှာ-691


ဥပစာရဘာဝနာ
= ဈာန်နှင့် နီးကပ်သောဘာဝနာ။

ဥပစာရသမာဓိ
= ဈာန်နှင့် နီးကပ်သော သမာဓိ။

ဥပပတ္တိဘေး
= ထိုထိုဘဝသို့ ရောက်ခြင်း၊ ရခြင်းဘေး။

ဥပသမာနုဿတိ
= ဥပသမ + အနုဿတိ
ဥပသမ = ငြိမ်းအေးခြင်း + အနုဿတိ = အဖန်ဖန် အောက်မေ့မှု၊
= နိဗ္ဗာန်၏ ငြိမ်းအေးခြင်းကို အဖန်ဖန် အောက်မေ့မှု။

ဥပ္ပါဒခဏ
= ဥပ္ပါဒ + ခဏ
ဥပ္ပါဒ = ဖြစ်ခြင်း + ခဏ = တိုတောင်းသော အချိန်၊
= ရုပ်နာမ်တို့၏ ဖြစ်ဆဲခဏ။

ဥပါဒါန်
= ဥပါဒါန = ဥပ + အာဒါန
ဥပ = ကပ်၍ + အာဒါန = ယူခြင်း၊
= စွဲလမ်းခြင်း၊ အစွဲအလမ်း။

ဥပါဒိန္နကရုပ်
= သက်ရှိရုပ်များ။

ဥပေက္ခာ
= လျစ်လျူရှုခြင်း၊ အလယ်အလတ်သဘောထားနိုင်ခြင်း။

ဥပ္ပတ္တိရုပ်
= ကံကြောင့်ဖြစ်သော ရုပ်များ။

ဥပေက္ခာသမ္ဗောဇ္ဈင်
= ဥပေက္ခာ + သမ္ဗောဇ္ဈင်
ဥပေက္ခာ = အလယ်အလတ် တည့်မတ်မှု + သမ္ဗောဇ္ဈင် = မဂ်ဉာဏ်၏အကြောင်း၊
= မဂ်ဉာဏ်၏ အကြောင်းဖြစ်သော အလယ်အလတ် တည့်မတ်စွာ အာရုံကို ရှုနိုင်မှု။

ဥပေက္ခာပါရမီ
= ဥပေက္ခာ + ပါရမီ
ဥပေက္ခာ = လျစ်လျူရှုခြင်း + ပါရမီ = အထွတ်အမြတ်၊
= မြတ်သော လျစ်လျူရှုခြင်း။

ဥဗ္ဗေဂါပီတိ
= ဥဗ္ဗေဂါ + ပီတိ
ဥဗ္ဗေဂါ = ပေါ့ပါး ပျံတက်သော + ပီတိ = နှစ်သက်မှု၊
= ကိုယ်ကာယ ပေါ့ပါးပြီး ကောင်းကင်သို့ ပျံတက်စေနိုင်သည့် နှစ်သက်မှု။

ဥဿဒငရဲ
= ဥဿဒ + ငရဲ
ဥဿဒ = ပိုလွန်သော၊
= ငရဲကြီး ရှစ်ထပ်မှ ပိုလွန်သော ငရဲ၊ ငရဲငယ်။
စာမျက်နှာ-692


ဧကဗီဇီသောတာပန်
= ဧက + ဗီဇီ + သောတာပန်
ဧက = တစ်ကြိမ် + ဗီဇီ = ပဋိသန္ဓေ မျိုးစေ့ရှိသူ၊
= တစ်ကြိမ်သာ ပဋိသန္ဓေမျိုးစေ့ရှိသော သောတာပန်၊ လက်ရှိ ဘဝမှ နောက်တစ်ဘဝ၌ ရဟန္တာဖြစ်မည့် သောတာပန်။

ဧကဂ္ဂတာ
= ဧက + အဂ္ဂ + တာ
ဧက = တစ်ခု + အဂ္ဂ = အာရုံ + တာ = ရှိခြင်း၊
= အာရုံတစ်ခုတည်းရှိခြင်း၊ ကမ္မဋ္ဌာန်းအာရုံ တစ်ခုတည်း၌ စူးစိုက်သက်ဝင်သော သမာဓိ။

ဧတဒဂ်
= ဧတဒဂ္ဂံ = ဧတံ + အဂ္ဂံ
ဧတံ = ဤသူသည် + အဂ္ဂံ = အမြတ်ဆုံးတည်း၊
= ဤသူသည် ဤအရာ၌ အမြတ်ဆုံးဖြစ်၏ဟု ဘုရားရှင် ကိုယ်တိုင် မိန့်မြွက်၍ အပ်နှင်းသော ဧတဒဂ်ဘွဲ့။

ဩဘာသ
= အရောင်အလင်း။

ဩက္ကန္တိကာပီတိ
= ဩက္ကန္တိကာ + ပီတိ
ဩက္ကန္တိကာ = တက်ကြွသောပီတိ/နှစ်သက်မှု၊
= ပင်လယ်ရေပြင်တွင် ဒီရေလှိုင်းလုံးကြီးများ ထက်သကဲ့သို့ တစ်ကိုယ်လုံးကို လွှမ်းခြုံ၍ ကြွတက်သောပီတိ။

ဩဒါတ
= အဖြူရောင်။

ဩဃ
= ဝဲ၊ ရေအလျဉ်၊ ဝဋ်ဒုက္ခ၌ နစ်မွန်းစေတတ်သောတရား။

ဩက္ကဿ
= ကိုယ်တွင်းသို့ ပဋိဘာဂနိမိတ် ဝင်ရောက်ခြင်း။

ဩဓိ
= အပိုင်းအခြား အကန့်အသတ်ရှိသော။

ဩဝါဒပါတိမောက်
= ဩဝါဒ + ပါတိမောက်
ဩဝါဒ = ဘုရားရှင်၏ အဆုံးအမ + ပါတိမောက် = စောင့်စည်းအပ်သောတရား၊
= ဘုရားရှင် ဆုံးမထားသော ရဟန်းတို့ စောင့်စည်းအပ်သည့် တရား၊ ဝိနည်းသိက္ခာပုဒ်တော်များ။
စာမျက်နှာ-693


ဩဠာရိကသုခုမ
= ဩဠာရိက + သုခုမ
ဩဠာရိက = ကြမ်းတမ်းသောရုပ် + သုခုမ = နူးညံ့သောရုပ်၊
= အရုပ်ကြမ်း ရုပ်နု။

ကင်္ခါဝိတရဏဝိသုဒ္ဓိ
= ကင်္ခါ + ဝိတရဏ + ဝိသုဒ္ဓိ
ကင်္ခါ = ယုံမှားခြင်းသံသယ + ဝိတရဏ = လွန်မြောက်ကျော်လွန်ခြင်း + ဝိသုဒ္ဓိ = စင်ကြယ်ခြင်း၊
= အယုံမှားသံသယကို လွန်မြောက်သဖြင့် အထူးစင်ကြယ်ခြင်း။

ကန္တာရ
= ခရီးခဲ = ခဲရာခဲဆစ်၊ ခက်ခက်ခဲခဲ သွားရသောခရီး။

ကဗဠီကာရာဟာရ
= ကဗဠီ + ကာရ + အာဟာရ
ကဗဠီ = ထမင်းလုတ် + ကာရ = ပြုခြင်း + အာဟာရ = အစားအစာ၊
= ထမင်းလုတ်ပြု၍ စားအပ်သော ထမင်း၊ မုန့် စသည့် အစားအစာ။

ကမ္မဇတေဇောဓာတ်
= ကမ္မဇ + တေဇော + ဓာတ်
ကမ္မဇ = ကံကြောင့်ဖြစ်သော + တေဇော = အပူ + ဓာတ်၊
= ကံကြောင့်ဖြစ်သော အပူဓာတ်သဘော။

ကမ္မညတာ
= အမှုကိစ္စ၌ ခန့်ခြင်း၊ သက်ဆိုင်ရာအမှုကိစ္စ၌ နိုင်နင်းခြင်း။

ကမ္မဋ္ဌာန်း
= ကမ္မဋ္ဌာန = ကမ္မ + ဌာန
ကမ္မ = ဘာဝနာ အမှုကိစ္စ၏ + ဌာန = ဖြစ်ရာ တည်ရာ အာရုံ၊
= ဘာဝနာပွားများမှု လုပ်ငန်းခွင်။

ကမ္မပလိဗောဓ
= ကမ္မ + ပလိဗောဓ
ကမ္မ = လုပ်ငန်းကိစ္စ ဆောင်ရွက်ခြင်း + ပလိဗောဓ = အနှောင့်အယှက်၊
= မပြီးပြတ်သေးသော လုပ်ငန်းသည် ကမ္မဋ္ဌာန်း အားထုတ်ရာ၌ အနှောင့်အယှက်ဖြစ်သည်။

ကမ္မဝိပါကဇိဒ္ဓိ
= ကမ္မ + ဝိပါကဇ + ဣဒ္ဓိ
ကမ္မ = ကံ၏ + ဝိပါကဇ = အကျိုးပေးကြောင့် ဖြစ်သော + ဣဒ္ဓိ = တန်ခိုး၊
စာမျက်နှာ-694


= ကံ၏အကျိုးကိုမှီ၍ဖြစ်သော စွမ်းဆောင်နိုင်မှု၊ ဥပမာ ငှက်များ ကောင်းကင်ပျံနိုင်မှု၊ ငါးများ ရေငုပ်နိုင်မှု။

ကမ္မဿကတာသမ္မာဒိဋ္ဌိ
= ကမ္မ + သကတာ + သမ္မာ + ဒိဋ္ဌိ
ကမ္မ = ကုသိုလ်ကံ၊ အကုသိုလ်ကံ + သကတာ = ကိုယ်ပိုင် ဥစ္စာရှိခြင်း + သမ္မာ = ကောင်းသော မှန်ကန်သော + ဒိဋ္ဌိ = အယူ၊
= ကုသိုလ်၊ အကုသိုလ် ကံသာလျှင် မိမိကိုယ်ပိုင်ဥစ္စာဖြစ်သည်ဟု ယူခြင်းသည် မှန်ကန်သောအယူဖြစ်သည်။

ကမ္မန္တရာယ်
= ကမ္မ + အန္တရာယ်
ကမ္မ = ပဉ္စာနန္တရိယကံ စသည်ကို ကျူးလွန်ခြင်းသည် + အန္တရာယ် = ဘေး၊
= ကံကြီးထိုက်သော ဘေးအန္တရာယ်။

ကရုဏာ
= ဒုက္ခိတသတ္တဝါတို့အား သနားခြင်း။

ကရုဏာဒေါသော
= သနားခြင်းကို အခြေခံ၍ ဖြစ်ပေါ်လာသော ဒေါသတရား။

ကလာပသမ္မသနနည်း
= ကလာပ + သမ္မသန + နည်း
ကလာပ = စုပေါင်း၍ + သမ္မသန = ဆင်ခြင်သုံးသပ်သောနည်း၊
= ရုပ်နာမ် ဓမ္မတို့ကို အစုအပေါင်းအားဖြင့် ဆင်ခြင်သုံးသပ်သောနည်း။

ကလျာဏမိတ္တ
= ကလျာဏ = ကောင်းသော + မိတ္တ = အဆွေခင်ပွန်း၊
= မိတ်ကောင်း ဆွေကောင်း။

ကသိဏဖုဋ္ဌောကာသ
= ကသိဏ + ဖုဋ္ဌ + ဩကာသ
ကသိဏ = ကသိုဏ်းရုပ် + ဖုဋ္ဌ = ထိရာ + ဩကာသ = အရပ်၊
= ကသိုဏ်းရုပ် ထိရာ ပျံ့နှံ့ရာအရပ်။

ကသိဏဝိဝိတ္တောကာသ
= ကသိဏ + ဝိဝိတ္တ + ဩကာသ
ကသိဏ = ကသိုဏ်းရုပ် + ဝိဝိတ္တ = ကင်းဆိတ်ရာ + ဩကာသ = အရပ်၊
= ကသိုဏ်းရုပ် ကင်းဆိတ်ရာအရပ်။
စာမျက်နှာ-695


ကသိဏုဂ္ဃါဋိမာကာသ
= ကသိဏ + ဥဂ္ဃါဋိ + အာကာသ
ကသိဏ = ကသိုဏ်းရုပ် + ဥဂ္ဃါဋိ = ပယ်ခွာရာ + အာကာသ = ကောင်းကင်၊
= ကသိုဏ်းရုပ်ကို ခွာ၍ ရအပ်သောကောင်းကင်။

ကသိုဏ်းပညတ်ရုပ်
= ကသိုဏ်းဟု ခေါ်ဝေါ်ပညတ်အပ်သောရုပ်။

ကာကမာသက
= ကျီးနှိုက်၍ စား၍ရလောက်အောင် (စလုတ်ထိ) စားထားသူ။

ကာမတဏှာ
= ကာမ + တဏှာ
ကာမ = ကာမဂုဏ်ငါးပါး + တဏှာ = တပ်မက်မှု၊
= ကာမဂုဏ်ကို တပ်မက်မှု။

ကာမယောဂ
= ကာမ + ယောဂ
ကာမ = ကာမတဏှာ + ယောဂ = ယှဉ်တွဲပူးကပ်မှု။

ကာမရာဂါနုသယ
= ကာမ + ရာဂ + အနုသယ
ကာမ = ကာမဂုဏ်၌ + ရာဂ = တပ်စွန်းမှု + အနုသယ = ကိန်းအောင်းခြင်း၊
= ကာမဂုဏ်၌ တပ်စွန်းမှုဖြင့် ကိန်းအောင်းခြင်း၊ အင်အားကြီးမား၍ အဖြစ်များသော ကာမတဏှာ။

ကာမဝိတက်
= ကာမ + ဝိတက္က
ကာမ = ကာမဂုဏ် + ဝိတက္က = ကြံစည်ခြင်း၊
= ကာမဂုဏ်နှင့် စပ်လျဉ်း၍ ကြံစည်ခြင်း။

ကာမစ္ဆန္ဒနိဝရဏ
= ကာမ + ဆန္ဒ + နီဝရဏ
ကာမ = ကာမဂုဏ် + ဆန္ဒ = အလိုရှိခြင်း၊ တပ်စွန်းခြင်း + နီဝရဏ = အတားအဆီး၊
= ကာမဂုဏ်တပ်စွန်းမှု အတားအဆီး။

ကာမာသဝ
= ကာမ + အာသဝ
ကာမ = ကာမတဏှာ + အာသဝ = ယိုစီးမှု၊
= ကာမတဏှာများ ယိုစီးမှု။

ကာမုပါဒါန်
= ကာမ + ဥပါဒါန
ကာမ = ကာမအာရုံ၌ + ဥပါဒါန = ပြင်းထန်စွာ စွဲလမ်းမှု။
စာမျက်နှာ-696


ကာမောဃ
= ကာမ + ဩဃ
ကာမ = ကာမတဏှာ + ဩဃ = ဝဲ၊
= ကာမတဏှာဝဲ။

ကာယဂတာသတိ
= ကာယ + ဂတာ + သတိ
ကာယ = ကိုယ်၌ + ဂတာ = ဖြစ်သော + သတိ = အောက်မေ့မှု၊
= ဆံပင် စသော ၃၂-ကောဋ္ဌာသ အစုအဝေးကို အာရုံပြု ရှုမှတ်ခြင်း။

ကာယသက္ခိပုဂ္ဂိုလ်
= ကာယ + သက္ခိ
ကာယ = ကိုယ်ဖြင့် + သက္ခိ = သက်သေပြုသော၊
= ကိုယ်ဖြင့် သက်သေပြုသောပုဂ္ဂိုလ်၊ ဤဘဝမှာပင် မဂ်ဖိုလ်ရ၍ ကိုယ်တိုင် သက်သေခံနိုင်သူ။

ကာယသမ္ဖဿ
= ကာယ + သံ + ဖဿ
ကာယ = ကိုယ်ဖြင့် + သံ = ကောင်းစွာ + ဖဿ = တွေ့ထိမှု၊
= ကိုယ်ဖြင့် ကောင်းစွာ တွေ့ထိမှု။

ကာယာနုပဿနာသတိပဋ္ဌာန်
= ကာယ + အနုပဿနာ + သတိ + ပဋ္ဌာန
ကာယ = ကိုယ်၌ + အနုပဿနာ = အဖန်ဖန်ရှုသော + သတိ = ဆင်ခြင်အောက်မေ့မှု + ပဋ္ဌာန = တည်ရာအာရုံ၊
= ကိုယ်ကာယ၌ အဖန်ဖန် ရှုမှတ်ဆင်ခြင် အောက်မေ့မှု သတိ၏ တည်ရာအာရုံ။

ကိလေသပရိနိဗ္ဗာန်
= ကိလေသာ ငြိမ်းအေးသော နိဗ္ဗာန်၊
= အသက်နှင့်ကိုယ်ခန္ဓာတည်ရှိနေသော်လည်း ကိလေသာ ချုပ်ငြိမ်းခြင်းသဘော။

ကိလေသန္တရာယ်
= မှားယွင်းသော အယူကို စွဲမြဲစွာယူခြင်း၊ နိယတ မိစ္ဆာဒိဋ္ဌိကို ကိလေသန္တရာယ်ဟု ခေါ်သည်။

ကုလပလိဗောဓ
= ကုလ + ပလိဗောဓ
ကုလ = ဆွေမျိုး အပေါင်းအဖော် + ပလိဗောဓ = အနှောင့်အယှက်၊
= ဒကာ၊ ဒကာမ၊ ဆွေမျိုး အပေါင်းအဖော်တို့၌ တွယ်တာမှု အနှောင့်အယှက်။
စာမျက်နှာ-697


ကောဋ္ဌာသ
= အစုအဝေး၊ ၃၂-ကောဋ္ဌာသ။

ကောလံကောလသောတာပန်
= ကောလံ + ကောလ + သောတာပန်
ကောလံ = တစ်ခုသော အမျိုးသို့ + ကောလ = တစ်ခုသော အမျိုးမှ၊
= တစ်ခုသော အမျိုးမှ တစ်ခုသော အမျိုးသို့ နှစ်ကြိမ်မှ ခြောက်ကြိမ်အထိ ပဋိသန္ဓေနေရသော သောတာပန်။

ကောသဇ္ဇတရား
= ပျင်းရိသောတရား။

ခဏပစ္စုပ္ပန်
= လက်ငင်း ဖြစ်ဆဲအချိန်။

ခဏသမ္မသနနည်း
= ဖြစ်ဆဲအခိုက် (ဥပါဒ်)၊ တည်ဆဲအခိုက် (ဌီ)၊ ပျက်ဆဲအခိုက် (ဘင်) ခဏဖြင့် ရှုဆင်ခြင်ခြင်း။

ခဏိကာပီတိ
= ခဏိကာ + ပီတိ
ခဏိကာ = တစ်ခဏ + ပီတိ = နှစ်သက်ခြင်း၊
= လျှပ်စီးလက်သကဲ့သို့ တစ်ခဏတာမျှသာ ဖြစ်ပေါ်သော နှစ်သက်ရွှင်လန်းမှု။

ခန္ဓပရိနိဗ္ဗာန်
= ခန္ဓာငြိမ်းသော နိဗ္ဗာန်၊ ခန္ဓာအကြွင်းမရှိ ချုပ်ငြိမ်းသော နိဗ္ဗာန်။

ခန္ဓာ
= အစုအပေါင်း၊ ကာလအားဖြင့် စုပေါင်းထားသော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်။

ခုဒ္ဓိကာပီတိ
= ခုဒ္ဓိကာ + ပီတိ
ခုဒ္ဓိကာ = အငယ်စားဖြစ်သော + ပီတိ = နှစ်သက်မှု၊
= ကြက်သီးမွေးညင်း ထရုံမျှ နှစ်သက်မှုဖြစ်ခြင်း။

ဂဏပလိဗောဓ
= ဂဏ + ပလိဗောဓ
ဂဏ = ဂိုဏ်းဂဏ အဖွဲ့အစည်း + ပလိဗောဓ = အနှောင့်အယှက်၊
= မိမိနှင့် ဆက်နွှယ်နေသော ဂိုဏ်းဂဏ အဖွဲ့အစည်းကို တွယ်တာခြင်းသည် တရားအားထုတ်ခြင်း၏ အနှောင့်အယှက်ဖြစ်သည်။

ဂဏနာနည်း
= ဝင်သက်ထွက်သက်လေကို ရေတွက်၍ ရှုမှတ်သောနည်း။

ဂန္ထ
= ချည်နှောင်ခြင်း၊ ထုံးဖွဲ့ခြင်း၊ နှောင်ဖွဲ့ခြင်း၊ စာပေကျမ်းဂန်။
စာမျက်နှာ-698


ဂန္ထပလိဗောဓ
= ဂန္ထ + ပလိဗောဓ
ဂန္ထ = စာပေကျမ်းဂန် သင်ကြားမှု + ပလိဗောဓ = အနှောင့်အယှက်၊
= စာပေကျမ်းဂန် သင်ကြားမှုသည် လုံ့လ ပယောဂ ကြောင့်ကြစိုက်ထုတ်ရသောကြောင့် တရားအားထုတ်ရာ၌ အနှောင့်အယှက်ဖြစ်သည်။ တရားအားမထုတ်မီ ကျမ်းဂန်သင်ယူမှုကို အပြီးသတ်သင်ယူထားရမည်။

ဂန္ဓာရီ
= တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သော တန်ခိုးရှင်၊ ဂန္ဓာရတိုင်းသား။

ဂန္ဓာရီဝိဇ္ဇာ
= ဂန္ဓာရီ + ဝိဇ္ဇာ
ဝိဇ္ဇာ = အတတ်ပညာ၊
= တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သော အတတ်ပညာ။

ဂမ္ဘီရော ဒုဒ္ဒသော
= ဂမ္ဘီရော + ဒုဒ္ဒသော
ဂမ္ဘီရော = နက်နဲသော + ဒုဒ္ဒသော = ခက်ခဲသော၊ မြင်နိုင်ခဲသော။

ဂေဟဿိတပေမ
= ဂေဟ + အဿိတ + ပေမ
ဂေဟ = အိမ်၌ + အဿိတ = မှီသော + ပေမ = အချစ်၊
= အိမ်သူအိမ်သားအချစ်၊ အိမ်တွင်းအချစ်၊ လင်မယားချစ်၊ သားသမီးချစ်။

ဂေါတြဘူဉာဏ်
= ဂေါတြ + ဘူ + ဉာဏ်
ဂေါတြ (ဂေါတ္တ) = ပုထုဇဉ်အနွယ်ကို + ဘူ = လွှမ်းမိုးခြင်း၊
ဂေါတ္တ = အရိယာအနွယ်သို့ + ဘူ = ပြောင်းဝင်ခြင်း၊
= ပုထုဇဉ်အနွယ် ပုထုဇဉ်ဘဝကို လွန်မြောက်၍ အရိယာနွယ်သို့ ဝင်ရောက်သောဉာဏ်။

ဃနပညတ်
= အစိုင်အခဲ မဟုတ်သော်လည်း အစိုင်အခဲ၊ တခဲနက်အဖြစ် ထင်မှတ်မှု။

ဃာနသမ္ဖဿ
= ဃာန + သံ + ဖဿ
ဃာန = နှာခေါင်း + သံ = ကောင်းစွာ + ဖဿ = တွေ့ထိမှု၊
= နှာခေါင်းဖြင့် ကောင်းစွာ ထိတွေ့မှု။
စာမျက်နှာ-699


စကြဝဠာ
= စက္ကဝါဠ = အဝန်းအဝိုင်း၊ စကြဝဠာ။

စက္ခုသမ္ဖဿ
= စက္ခု + သံ + ဖဿ
= မျက်စိဖြင့် ကောင်းစွာ ထိတွေ့မှု။

စတုဓာတုဝဝတ္ထာန်
= စတု + ဓာတု + ဝဝတ္ထာန
စတု = လေးခု + ဓာတု = ဓာတ်သဘော + ဝဝတ္ထာန = ပိုင်းခြားမှတ်သားခြင်း၊
= ဓာတ်လေးပါး၏ သဘောကို ပိုင်းခြားမှတ်သားခြင်း။

စတုရာရက္ခကမ္မဋ္ဌာန်း
= စတု + အာရက္ခ + ကမ္မဋ္ဌာန်း
စတု = လေးခု + အာရက္ခ = အစောင့်အရှောက်၊
= ဗုဒ္ဓါနုဿတိ၊ မရဏာနုဿတိ၊ မေတ္တာ၊ အသုဘသညာ ဤလေးပါးကို စတုရာရက္ခကမ္မဋ္ဌာန်း၊ အစောင့်အရှောက်ကမ္မဋ္ဌာန်းဟု ခေါ်သည်။

စတုတ္ထအရူပဈာန်
= လေးခုမြောက်ဖြစ်သော နေဝသညာနာသညာယတနဈာန်ကို စတုတ္ထအရူပဈာန်ဟု ခေါ်သည်။

စတုတ္ထဈာန်
= သုခ၊ ဧကဂ္ဂတာအားဖြင့် အင်္ဂါနှစ်ပါးရှိသော ရူပါဝစရ စတုတ္ထဈာန်။

စတုတ္ထပါရာဇိက
= စတုတ္ထ + ပါရာဇိက
စတုတ္ထ = လေးခုမြောက် + ပါရာဇိက = ဆုံးရှုံးမှု၊
= ဈာန်မဂ်ဖိုလ် မရဘဲ ဈာန်မဂ်ဖိုလ်ရသည်ဟု ပြောသော ရဟန်းသည် သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်သည်။

စတုတ္ထဝါရ
= စတုတ္ထ + ဝါရ
စတုတ္ထ = လေးခုမြောက် + ဝါရ = အကြိမ်၊ အရေအတွက်၊
= လေးကြိမ်မြောက်။

စရိုက်
= စရိတ = အလေ့အကျင့်၊ အကျင့်ပါမှု။

စာဂါနုဿတိ
= စာဂ + အနုဿတိ
စာဂ = ပေးကမ်းစွန့်ကြဲခြင်း၌ + အနုဿတိ = အဖန်ဖန် အောက်မေ့မှု၊
= ပေးကမ်း စွန့်ကြဲ လှူဒါန်းခဲ့သမျှ မြတ်ဒါနကို မပြတ် အောက်မေ့ခြင်း။
စာမျက်နှာ-700


စုတိ
= ရွေ့လျောခြင်း၊ သေခြင်း၊ စုတေခြင်း။

စိတ္တဇရုပ်
= စိတ္တ + ဇ
စိတ္တ = စိတ် + ဇ = ဖြစ်ခြင်း၊
= စိတ်ကြောင့်ဖြစ်သောရုပ်။

စိတ္တဝိပလ္လာသ
= စိတ္တ + ဝိပလ္လာသ
စိတ္တ = စိတ် + ဝိပလ္လာသ = ဖောက်ပြန်ခြင်း၊
= စိတ်ဖောက်ပြန်ခြင်း။

စိတ္တဝိသုဒ္ဓိ
= စိတ္တ + ဝိသုဒ္ဓိ
စိတ္တ = စိတ် + ဝိသုဒ္ဓိ = စင်ကြယ်ခြင်း၊
= စိတ်စင်ကြယ်ခြင်း။

စိတ္တာနုပဿနာ
= စိတ္တ + အနုပဿနာ
စိတ္တ = စိတ် + အနုပဿနာ = အဖန်ဖန် ရှုမှတ်ခြင်း၊
= စိတ်ကို အဖန်ဖန် ရှုမှတ်ခြင်း၊ မိမိ၏ စိတ်ကို သတိချပ်၍ အမြဲစောင့်ကြပ်ကြည့်ရှုနေခြင်း။

စိတ္တိဒ္ဓိပါဒ်
= စိတ္တ + ဣဒ္ဓိ + ပါဒ
စိတ္တ = စိတ် + ဣဒ္ဓိ = တန်ခိုး + ပါဒ = အခြေခံ၊
= စိတ်စွမ်းအင် ကြီးမားစေရန် အခြေခံတရား။

စိန္တာမဏိ
= စိန္တာ + မဏိ
စိန္တာ = ကြံစည်သမျှ + မဏိ = ပြီးစေနိုင်သော ပတ္တမြား၊
= အလိုရှိသမျှ ကြံစည်သမျှ ပြီးမြောက်စေနိုင်သော ပတ္တမြားနှင့် တူသည့် အတတ်ပညာ။

စုတူပပါတဉာဏ်
= စုတိ + ဥပပါတ + ဉာဏ်
စုတိ = သေခြင်း + ဥပပါတ = ပဋိသန္ဓေနေခြင်း၊
= သတ္တဝါတို့ သေခြင်း၊ ပဋိသန္ဓေနေခြင်းကို သိမြင်သောဉာဏ်။

စူဠဂန္ဓာရီ
= စူဠ + ဂန္ဓာရီ
စူဠ = ငယ်သော၊ မပြည့်စုံသော + ဂန္ဓာရီ = ဖန်ဆင်းနိုင်သော တန်ခိုးရှင်။
စာမျက်နှာ-701


စူဠသောတာပန်
= အမှန်ကို အမှန်အတိုင်း အရှိကို အရှိအတိုင်း သိမြင်၍ နာမ်ရုပ်နှစ်ပါးကို အကြောင်းနှင့်တကွ ပိုင်းခြားသိမြင်သော ယောဂီပုဂ္ဂိုလ်ကို စူဠသောတာပန်ဟု ခေါ်သည်။

စေတသိက်
= စေတသိက = စိတ်ကိုမှီသောတရား၊ စိတ်၌ယှဉ်သောတရား။

စေတိယင်္ဂဏဝတ်
= စေတိယ + အင်္ဂဏ + ဝတ်
စေတိယ = စေတီ၏ + အင်္ဂဏ = ရင်ပြင်၊
= စေတီရင်ပြင်၌ ပြုလုပ်အပ်သော ဝတ်တရား။

စေတောပရိယအဘိညာဉ်
= စေတော + ပရိယ + အဘိညာဉ်
စေတော = စိတ် + ပရိယ = ပိုင်းခြား၍၊
= သူတစ်ပါး၏ စိတ်အကြံကို ပိုင်းခြား၍ သိသော ဉာဏ်အထူး။

ဆဋ္ဌဝါရ
= ဆဋ္ဌ + ဝါရ
ဆဋ္ဌ = ခြောက်ခုမြောက် + ဝါရ = အကြိမ်၊ အရေအတွက်၊
= ခြောက်ကြိမ်။

ဆန္ဒိဒ္ဓိပါဒ်
= ဆန္ဒ + ဣဒ္ဓိ + ပါဒ
ဆန္ဒ = တောင့်တမှု + ဣဒ္ဓိ = တန်ခိုး + ပါဒ = အခြေခံ၊
= လိုအင်ဆန္ဒ ပြည့်ဝနိုင်သော တန်ခိုး၏ အခြေခံတရား။

ဆဠင်္ဂုပေက္ခာ
= ဆ + အင်္ဂ + ဥပေက္ခာ
ဆ = ခြောက်ခု + အင်္ဂ = အင်္ဂါအစိတ်အပိုင်း၊ ဒွါရ ၆ ပါး၊ အာရုံ ၆ ပါး + ဥပေက္ခာ = လျစ်လျူရှုခြင်း၊
= ဒွါရခြောက်ပါး၊ အာရုံခြောက်ပါး၌ လျစ်လျူရှုခြင်း။

ဆဠဘိညရဟန္တာ
= ဆ + အဘိည + ရဟန္တာ
ဆ = ခြောက် + အဘိည = အဘိညာဉ်၊
= အဘိညာဉ် ၆ ပါးရသော ရဟန္တာပုဂ္ဂိုလ်။

ဇနကကုသိုလ်ကံ
= ဇနက + ကုသိုလ်ကံ
ဇနက = ဖြစ်စေတတ်သောကံ၊
= ပဋိသန္ဓေအကျိုးပေးနိုင်သည့်ကံ၊ ဘဝသစ် တစ်ခုကို ဖြစ်စေနိုင်စွမ်းသော ကံ။
စာမျက်နှာ-702


ဇရာ
= အိုမင်းရင့်ရော်ခြင်း၊ ဆွေးမြေ့ခြင်း။

ဇာတိ
= ပဋိသန္ဓေနေရခြင်း၊ ဘဝသစ်၌ ဖြစ်ရခြင်း။

ဇာတိဿရဉာဏ်
= ဇာတိ + သရ + ဉာဏ်
ဇာတိ = ရှေးက ဖြစ်ခဲ့ဖူးသောဘဝကို + သရ = အောက်မေ့ခြင်း၊
= ရှေးက မိမိဖြစ်ခဲ့ဖူးသော ဘဝများကို အောက်မေ့သိမြင်နိုင်သော ဉာဏ်။

ဇီဝိတသမသီသီရဟန္တာ
= ဇီဝိတ + သမ + သီသီ
ဇီဝိတ = အသက် + သမ = အညီအမျှ + သီသီ = ငြိမ်းချမ်းခြင်း၊
= အရဟတ္တဖိုလ် ရသည်နှင့် တစ်ပြိုင်နက် ပရိနိဗ္ဗာန်စံရသော ရဟန္တာ၊ ကိလေသာကုန်ခန်းခြင်းနှင့် စုတေခြင်း တစ်ပြိုင်နက်ဖြစ်သော ရဟန္တာ။

ဇိဝှါသမ္ဖဿ
= ဇိဝှါ + သံ + ဖဿ
ဇိဝှါ = လျှာ + သံ = ကောင်းစွာ + ဖဿ = တွေ့ထိခြင်း၊
= လျှာဖြင့် ကောင်းစွာ တွေ့ထိခြင်း။

ဈာန်အင်္ဂါ
= ဈာန + အင်္ဂါ
ဈာန = ဈာန် + အင်္ဂါ = အစိတ်အပိုင်း၊
= ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ငါးပါးသည် ဈာန်၏ အင်္ဂါအစိတ်အပိုင်းများ ဖြစ်သည်။

ဈာနဝိမောက္ခသမာဓိသမာပတ္တိဉာဏ်
= ဈာန + ဝိမောက္ခ + သမာဓိ + သမာပတ္တိ + ဉာဏ်
ဈာန = ဈာန်တရား + ဝိမောက္ခ = ဝိမောက္ခတရား + သမာဓိ = သမာဓိတရား + သမာပတ္တိ = သမာပတ်တရား၊
= ဈာန်တရား၊ ဝိမောက္ခတရား၊ သမာဓိတရား၊ သမာပတ်တရားတို့၏ ညစ်ညူးကြောင်း၊ ဖြူစင်ကြောင်း၊ ဆုတ်ယုတ်ကြောင်း၊ တိုးတက်ကြောင်းကို သိမြင်သော ဉာဏ်။
စာမျက်နှာ-703


ဈာနသမာပတ်
= ဈာနသမာပတ္တိ
ဈာန = ဈာန် + သမာပတ္တိ = ကောင်းစွာ ရောက်ရှိခြင်း၊ ဝင်စားခြင်း၊
= ဈာန်ကို အဖန်ဖန် ဝင်စားခြင်း။

ဉာဏစရိယ
= ဉာဏ + စရိယ
ဉာဏ = ဉာဏ် + စရိယ = အကျင့်၊
= ၁၆ ပါးသော ဉာဏ်ဖြစ်ကြောင်း အကျင့်၊ ၁၆ ပါးသောဉာဏ် ဖြစ်ခြင်း။

ဉာဏဝိပ္ဖါရဣဒ္ဓိ
= ဉာဏ + ဝိပ္ဖါရ + ဣဒ္ဓိ
ဉာဏ = ဉာဏ် + ဝိပ္ဖါရ = ပျံ့နှံ့မှု + ဣဒ္ဓိ = တန်ခိုး၊
= ဉာဏ်၏စွမ်းအား ပျံ့နှံ့မှုကြောင့် ဖြစ်သောတန်ခိုး။

ဉာတပရိညာ
= ဉာတ + ပရိညာ
ဉာတ = သိခြင်း + ပရိညာ = ပိုင်းခြား၍၊
= ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်း။

ဉာတိပလိဗောဓ
= ဉာတိ + ပလိဗောဓ
ဉာတိ = ဆွေမျိုး + ပလိဗောဓ = အနှောင့်အယှက်၊
= ဆွေမျိုး မိဘ ညီအစ်ကို မောင်နှမများအပေါ် သံယောဇဉ် ကြီးလွန်းခြင်းသည် တရားအားထုတ်မှုအတွက် အနှောင့်အယှက် ဖြစ်သည်။

ဌာနာဌာနကောသလ္လဉာဏ်
= ဌာန + အဌာန + ကောသလ္လ + ဉာဏ်
ဌာန = အကြောင်းဟုတ်သည် + အဋ္ဌာန = အကြောင်းမဟုတ်သည် + ကောသလ္လ = လိမ္မာခြင်း၊ သိခြင်း၊
= အကြောင်း ဟုတ်မဟုတ်ကို အမှန်အတိုင်းသိသော ဉာဏ်။

တစပဉ္စက
= တစ + ပဉ္စက
တစ = အရေ + ပဉ္စက = ငါးခုတွဲ၊
= ဆံပင်မှ အရေတိုင်အောင် ငါးခုရှိသော အစုအဝေးကို တစပဉ္စကကမ္မဋ္ဌာန်းဟု ခေါ်သည်။
စာမျက်နှာ-704


တဏှာ
= တပ်မက်မှု။

တဏှာပေမ
= တဏှာ + ပေမ
တဏှာ = တပ်မက်မှု + ပေမ = ချစ်ခင်မှု၊
= သားချစ်မယားချစ်။

တဏှာလောဘ
= တဏှာ + လောဘ
တဏှာ = တပ်မက်မှု + လောဘ = လိုချင်မှု၊
= တပ်မက်လိုချင်မှု၊ တပ်မက်စွဲလမ်းမှု။

တဏှာသမုဒယ
= တဏှာ + သမုဒယ
တဏှာ = တပ်မက်မှု + သမုဒယ (သံ + ဥဒယ)၊ သံ = ပြင်းထန်စွာ + ဥဒယ = ဖြစ်ခြင်း၊
= ပြင်းထန်စွာဖြစ်ခြင်း စွဲလမ်းခြင်း၊ တပ်မက်စွဲလမ်းခြင်း။

တတိယဈာန်
= ပီတိ၊ သုခ၊ ဧကဂ္ဂတာအားဖြင့် ဈာန်အင်္ဂါသုံးပါးရှိသော ရူပဈာန်။

တတြမဇ္ဈတ္တုပေက္ခာ
= တတြ + မဇ္ဈတ္တ + ဥပေက္ခာ
တတြ = ထိုထို စေတသိက်တို့ကို + မဇ္ဈတ္တ = အလယ်အလတ် + ဥပေက္ခာ = လျစ်လျူရှုခြင်း၊
= ထိုထိုစေတသိက်တရားတို့ကို မိမိကိစ္စ ပုံမှန်ဆောင်ရွက်နိုင်စေရန် မယုတ်မလွန် သမာသမတ် မျှမျှတတ ဟန်ချက်ညီညီ ထိန်းကျောင်းထားသောတရား။

တတ္ထက
= တတ္ထ + ဝက
တတ္ထ = ထိုစားသည့်နေရာ၌ + ဝက = ကျင်လည်နေသူ၊ လဲနေသူ၊
= အလွန်အကျွံစားသဖြင့် စားသည့်နေရာ၌ လဲနေသူ။

တဒင်္ဂပဟာန်
= တံ + အင်္ဂ + ပဟာန
တံ = ထို + အင်္ဂ = အစိတ်အပိုင်း + ပဟာန = ပယ်ခြင်း၊
= အကုသိုလ်တို့ကို တစ်ခဏမျှ ပယ်ခြင်း၊ ခေတ္တခဏ အကုသိုလ်ကို ပယ်ရှားခြင်း။
စာမျက်နှာ-705


တိကမေတ္တာ
= တိက + မေတ္တာ
တိက = သုံးခု၊
= သုံးခုစီ သုံးမျိုးစီခွဲ၍ ပွားများသောမေတ္တာ။

တိတ္ထိ
= အယူမှားသောသူ၊ ဗုဒ္ဓသာသနာတော်မှ တစ်ပါးသော အယူရှိသောသူ။

တိရစ္ဆာန်
= မဂ်ဖိုလ်မှ ဖီလာဖြစ်သော သတ္တဝါ။

တီရဏပရိညာ
= တီရဏ + ပရိညာ
တီရဏ = စူးစမ်း သုံးသပ် ဆင်ခြင်ခြင်း + ပရိညာ = ပိုင်းခြား၍ သိခြင်း၊
= သမ္မသနဉာဏ်နှင့် ဥဒယဗ္ဗယဉာဏ် နှစ်ပါးကို ဆိုသည်။

တေဇောကသိုဏ်း
= မီးကသိုဏ်း။

တေဇောကောဋ္ဌာသ
= တေဇော + ကောဋ္ဌာသ
တေဇော = မီး + ကောဋ္ဌာသ = အစုအဝေး၊
= မီးဓာတ်အစုအဝေး။

တေဝိဇ္ဇရဟန္တာ
= တေ + ဝိဇ္ဇာ + ရဟန္တာ
တေ = သုံး + ဝိဇ္ဇာ = ဝိဇ္ဇာဉာဏ်၊
= ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ် သုံးပါးကို ရသော ရဟန္တာ။

တေဇောဓာတ်
= အပူဓာတ်၊ မီးဓာတ်။

ထပနာနည်း
= ထပနာ + နည်း
ထပနာ = ထားခြင်း၊
= အာရုံနိမိတ်ပေါ်၌ ရှုမှတ်မှုစိတ်ကို ထားသောနည်း။

ထာဝရသုခ
= ထာဝရ + သုခ
ထာဝရ = မြဲသော + သုခ = ချမ်းသာ၊
= တည်တံ့ခိုင်မြဲသော ချမ်းသာ၊ ချမ်းသာစစ် ချမ်းသာမှန်။
စာမျက်နှာ-706


ထိနမိဒ္ဓနိဝရဏ
= ထိန + မိဒ္ဓ + နီဝရဏ
ထိန = ထုံထိုင်းခြင်း + မိဒ္ဓ = ငိုက်မျဉ်းခြင်း + နီဝရဏ = အတားအဆီး၊
= တရားအားထုတ်ရာ၌ ထုံထိုင်းငိုက်မျဉ်းမှုသည် ဈာန်စိတ် မဖြစ်ပေါ်စေရန် အတားအဆီးဖြစ်သည်။

ဒသဗလဉာဏ်တော်
= ဒသ + ဗလ + ဉာဏ်တော်
ဒသ = ဆယ်ပါး + ဗလ = ခွန်အား၊ စွမ်းအား၊
= စွမ်းအားထက်မြက်သော ဉာဏ်တော်ဆယ်ပါး။

ဒိဋ္ဌဓမ္မသုခဝိဟာရ
= ဒိဋ္ဌ + ဓမ္မ + သုခ + ဝိဟာရ
ဒိဋ္ဌ = မျက်မှောက် + ဓမ္မ = တရား + သုခ = ချမ်းသာခြင်း + ဝိဟာရ = နေခြင်း၊
= မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရခြင်း။

ဒိဋ္ဌိနုသယ
= ဒိဋ္ဌိ + အနုသယ
ဒိဋ္ဌိ = မှားယွင်းသော အယူ + အနုသယ = ကိန်းအောင်းခြင်း၊
= ကိန်းအောင်းနေသော မှားယွင်းသော အယူ၊ အင်အားကြီးမား၍ အဖြစ်များသော ဒိဋ္ဌိ။

ဒိဋ္ဌာသဝ
= ဒိဋ္ဌိ + အာသဝ
ဒိဋ္ဌိ = ၆၂ ပါးသော မိစ္ဆာဒိဋ္ဌိ + အာသဝ = ယိုစီးမှု၊
= ၆၂ ပါးသော မိစ္ဆာဒိဋ္ဌိ အယူဝါဒများ ယိုစီးစိမ့်ဝင်မှု။

ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်
= ဒိဋ္ဌိ + ပတ္တ + ပုဂ္ဂိုလ်
ဒိဋ္ဌိ = သစ္စာလေးပါးကို သိမြင်မှု + ပတ္တ = ရောက်ခြင်း၊
= သစ္စာလေးပါးကို သိမြင်၍ နိဗ္ဗာန်သို့ (သောတာပတ္တိမဂ်ဉာဏ်သို့) ရောက်သောပုဂ္ဂိုလ်။

ဒိဋ္ဌိယောဂ
= ဒိဋ္ဌိ + ယောဂ
ဒိဋ္ဌိ = သက္ကာယဒိဋ္ဌိ + ယောဂ = ယှဉ်တွဲပူးကပ်မှု၊
= သက္ကာယဒိဋ္ဌိ ယှဉ်တွဲပူးကပ်မှု။
စာမျက်နှာ-707


ဒိဋ္ဌိဝိပ္ပလ္လာသ
= ဒိဋ္ဌိ + ဝိပ္ပလ္လာသ
ဒိဋ္ဌိ = မှန်ကန်သော အယူဝါဒ + ဝိပ္ပလ္လာသ = ဖောက်ပြန်ခြင်း၊
= ဒိဋ္ဌိစွဲဖြင့် အမြင်ဖောက်ပြန်ခြင်း၊ အမြင်လွဲမှားခြင်း။

ဒိဋ္ဌိဝိသုဒ္ဓိ
= ဒိဋ္ဌိ + ဝိသုဒ္ဓိ
ဒိဋ္ဌိ = အယူ၊ အမြင် + ဝိသုဒ္ဓိ = စင်ကြယ်ခြင်း၊
= အယူအမြင် စင်ကြယ်ခြင်း။

ဒိဋ္ဌုပါဒါန်
= ဒိဋ္ဌိ + ဥပါဒါန
ဒိဋ္ဌိ = အယူဝါဒ + ဥပါဒါန = စွဲလမ်းမှု၊
= အယူဝါဒ၌ ပြင်းထန်စွာ စွဲလမ်းမှု။

ဒိဋ္ဌောဃ
= ဒိဋ္ဌိ + ဩဃ
ဒိဋ္ဌိ = သက္ကာယဒိဋ္ဌိ + ဩဃ = ဝဲ၊ ရေအလျဉ်၊
= သက္ကာယဒိဋ္ဌိဝဲ၊ သက္ကာယဒိဋ္ဌိ ရေအလျဉ်။

ဒိဗ္ဗစက္ခုအဘိညာဉ်
= ဒိဗ္ဗ + စက္ခု + အဘိညာဉ်
ဒိဗ္ဗ = နတ်မျက်စိနှင့်တူသော + စက္ခု = မျက်စိ၊ အမြင်၊
= နတ်မျက်စိနှင့်တူသော အမြင်စွမ်းအင်။

ဒိဗ္ဗသောတအဘိညာဉ်
= ဒိဗ္ဗ + သောတ + အဘိညာဉ်
ဒိဗ္ဗ = နတ်တို့၏ နားနှင့်တူသော + သောတ = နား၊
= နတ်တို့၏ နားနှင့်တူသော အကြားစွမ်းအင်။

ဒိသာကာက
= ဒိသာ + ကာက
ဒိသာ = အရပ်မျက်နှာ + ကာက = ကျီး၊
= အရပ်မျက်နှာကို ညွှန်ပြတတ်သောကျီး၊ လမ်းပြကျီး။

ဒုကမေတ္တာ
= ဒုက + မေတ္တာ
ဒုက = နှစ်ခု၊
= နှစ်ခုစီ၊ နှစ်မျိုးစီခွဲ၍ ပွားများသောမေတ္တာ။

ဒုက္ကဋ်
= ဒု + ကဋ
ဒု = မကောင်းသဖြင့် + ကဋ = ပြုခြင်း၊
= ဒုက္ကဋ်အာပတ်၊ မကောင်းသော ကာယကံမှု။
စာမျက်နှာ-708


ဒုက္ကရစရိယာ
= ဒု + ကရ + စရိယာ
ဒု = ခဲယဉ်းစွာ + ကရ = ပြုအပ်သော + စရိယာ = အကျင့်၊
= ခဲယဉ်း ပင်ပန်းငြိုငြင်စွာ ပြုအပ်သော အကျင့်။

ဒုက္ခသစ္စာ
= ဒုက္ခ + သစ္စာ
ဒုက္ခ = ဆင်းရဲခြင်း + သစ္စာ = အမှန်တရား၊
= ဆင်းရဲခြင်းသည် အမှန်တရားတစ်ခု။

ဒုက္ခိတသတ္တဝါ
= ဒုက္ခိတ + သတ္တဝါ
ဒုက္ခိတ = ဆင်းရဲခြင်းသို့ ရောက်နေသော၊
= ဆင်းရဲဒုက္ခရောက်နေသော၊ ဆင်းရဲဒုက္ခကို ခံစားနေရသော သတ္တဝါ။

ဒုဂ္ဂတိဘေး
= ဒုဂ္ဂတိ + ဘေး
ဒုဂ္ဂတိ = အပါယ်ငရဲသို့ ကျရောက်ခြင်း၊
= အပါယ်ငရဲသို့ ကျရောက်ခြင်းဘေး။

ဒုစရိုက်
= ဒု + စရိတ
ဒု = မကောင်းသော + စရိတ = အကျင့်၊
= မကောင်းသောအကျင့်။

ဒုတိယဝါရ
= ဒုတိယ + ဝါရ
ဒုတိယ = နှစ်ခုမြောက် + ဝါရ = အရေအတွက်၊ အကြိမ်၊
= နှစ်ကြိမ်။

ဒူရသန္တိက
= ဒူရ + သန္တိက
ဒူရ = အဝေး + သန္တိက = အနီး၊
= အဝေး အနီး။

ဒေဝတာနုဿတိ
= ဒေဝတာ + အနုဿတိ
ဒေဝတာ = နတ်တို့ကို + အနုဿတိ = အဖန်ဖန် အောက်မေ့ခြင်း၊
= နတ်တို့ကို သက်သေထား၍ မိမိ၏ သဒ္ဓါစသော ဂုဏ်ကို အဖန်ဖန် အောက်မေ့သတိရခြင်း။

ဒေါမနဿ
= စိတ်မချမ်းသာခြင်း၊ နှလုံးမသာယာခြင်း။

ဒေါသစရိုက်
= ဒေါသ + စရိတ
ဒေါသ = ပြစ်မှားခြင်း + စရိတ = အကျင့်၊
= ပြစ်မှားလေ့ရှိသော အကျင့်။
စာမျက်နှာ-709


= အပေါက်၊ တံခါးပေါက်၊ ဒွါရ ၆-ပါး။

ဒွိဟိတ်ပဋိသန္ဓေ
= ဟိတ်နှစ်ပါးဖြင့် ပဋိသန္ဓေနေခြင်း။

ဒွတ္တိံသာကာရ
= ဒွတ္တိံသ + အာကာရ
ဒွတ္တိံသ = ၃၂ + အာကာရ = အခြင်းအရာ၊ အစုအဝေး၊
= ၃၂-ကောဋ္ဌာသ။

ဓမ္မဋ္ဌိတိဉာဏ်
= ဓမ္မ + ဌိတိ + ဉာဏ်
ဓမ္မ = တရားသဘောသက်သက်၌ + ဌိတိ = တည်သော၊
= တရားသဘောသက်သက်၌ တည်သောဉာဏ်၊ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်။

ဓမ္မပဋိသမ္ဘိဒါ
= ဓမ္မ + ပဋိသမ္ဘိဒါ
ဓမ္မ = ပါဠိတော် (အကြောင်းတရား) + ပဋိသမ္ဘိဒါ = ထိုးထွင်း၍ သိခြင်း၊
= ပါဠိတော်ကို၊ အကြောင်းတရားကို ထိုးထွင်း၍ သိခြင်း။

ဓမ္မဝိစယသမ္ဗောဇ္ဈင်
= ဓမ္မ + ဝိစယ + သမ္ဗောဇ္ဈင်
ဓမ္မ = တရားသဘောကို + ဝိစယ = စူးစမ်းဆင်ခြင်သော + သမ္ဗောဇ္ဈင် = မဂ်ဉာဏ်၏ အကြောင်း၊
= မဂ်ဉာဏ်၏ အကြောင်းဖြစ်သော ဉာဏ်ပညာ။

ဓမ္မာနုသာရီပုဂ္ဂိုလ်
= ဓမ္မ + အနုသာရီ
ဓမ္မ = မဂ်ပညာတရား + အနုသာရီ = အစဉ်အောက်မေ့ခြင်း၊
= အနတ္တအားဖြင့် နှလုံးသွင်း၍ သောတာပတ္တိမဂ်ရသော ပုဂ္ဂိုလ်။

ဓမ္မာနုပဿနာသတိပဋ္ဌာန်
= ဓမ္မ + အနုပဿနာ + သတိပဋ္ဌာန်
ဓမ္မ = သညာ၊ သင်္ခါရတို့၏ ဖြစ်ပျက်တရားသဘောကို + အနုပဿနာ = အဖန်ဖန် အောက်မေ့ခြင်း၊
= သညာ၊ သင်္ခါရတို့၏ အဖြစ်အပျက်ကို ဆင်ခြင်ရှုမှတ်ခြင်း။
စာမျက်နှာ-710


ဓမ္မာနုဿတိ
= ဓမ္မ + အနုဿတိ
ဓမ္မ = ပိဋကသုံးပုံ စသော တရား + အနုဿတိ = အဖန်ဖန် အောက်မေ့ခြင်း၊
= ပရိယတ္တရား၊ မဂ်ဖိုလ်နိဗ္ဗာန်တရားတို့၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း။

ဓာတုမနသိကာရ
= ဓာတု + မနသိကာရ
ဓာတု = ဓာတ်ကြီးလေးပါး + မနသိကာရ = နှလုံးသွင်းခြင်း၊
= ဓာတ်ကြီးလေးပါးကို ခွဲဝေရှုမှတ်ခြင်း။

ဓာတ်ကမ္မဋ္ဌာန်း
= ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဓာတ်ကြီးလေးပါးကို ပိုင်းခြားဆုံးဖြတ် ရှုမှတ်ခြင်းကို ဓာတ်ကမ္မဋ္ဌာန်းဟု ခေါ်သည်။

နတ္ထိကဒိဋ္ဌိ
= နတ္ထိက + ဒိဋ္ဌိ
နတ္ထိက = ဘဝတစ်ပါးမရှိ၊ ကောင်းမှုမကောင်းမှုတို့၏ ကောင်းကျိုးမကောင်းကျိုး မရှိဟု + ဒိဋ္ဌိ = မြဲမြံစွာယူခြင်း။

နတ္ထိကိဉ္စိ
= နတ္ထိ + ကိဉ္စိ
နတ္ထိ = မရှိ + ကိဉ္စိ = ဘာမျှ၊
= ဘာမျှ မရှိခြင်းသဘောကို အာရုံပြု၍ အဓိဋ္ဌာန်စိတ်ကို ပွားခြင်း။

နတ္ထိဘာဝပညတ်
= နတ္ထိ + ဘာဝ + ပညတ်
နတ္ထိ = မရှိ + ဘာဝ = အဖြစ်၊
= တတိယအရူပဝိညာဉ်၏ မရှိခြင်း၊ ကင်းဆိတ်ခြင်းသဘော။

နာနာဗဒ္ဓဝိကောပန
= နာနာ + အဗဒ္ဓ + ဝိကောပန
နာနာ = အမျိုးမျိုးသော ပစ္စည်း + အဗဒ္ဓ = မစပ်သော၊ ကင်းကွာသော + ဝိကောပန = မပျက်စီးစေခြင်း၊
= မိမိနှင့် ကင်းကွာနေသော အဝေးရှိ အမျိုးမျိုးသော သင်္ကန်း ပရိက္ခရာများ မပျက်စီးစေရန် အဓိဋ္ဌာန်ခြင်း။
စာမျက်နှာ-711


နာနာဓိမုတ္တိကဉာဏ်
= နာနာ + အဓိမုတ္တိက + ဉာဏ်
နာနာ = အမျိုးမျိုး + အဓိမုတ္တိက = နှလုံးသွင်း၊ သဘောထား၊
= သတ္တဝါတို့၏ အမျိုးမျိုးသော သဘောထား၊ အလိုဆန္ဒ၊ နှလုံးသွင်းမှုကို သိမြင်သောဉာဏ်။

နာမကာယသန္တတိ
= နာမ + ကာယ + သန္တတိ
နာမ = နာမ်ဖြစ်သော + ကာယ = ခန္ဓာ + သန္တတိ = အစဉ်၊
= နာမ်ခန္ဓာအစဉ်။

နာမရူပပရိစ္ဆေဒဉာဏ်
= နာမ + ရူပပရိစ္ဆေဒ + ဉာဏ်
နာမ = နာမ် + ရူပ = ရုပ် + ပရိစ္ဆေဒ = ပိုင်းခြားခြင်း၊
= နာမ်ရုပ်ကို ပိုင်းခြား၍ သိသောဉာဏ်။

နိကန္တိ
= ဝိပဿနာ၌ သာယာကပ်ငြိခြင်း။

နိကန္တိတဏှာဘေး
= နိကန္တိ + တဏှာ + ဘေး
နိကန္တိ = တွယ်တာခြင်း + တဏှာ = တပ်မက်ခြင်း၊
= ဘဝ၌ တွယ်တာတပ်မက်ခြင်းဘေး။

နိက္ကမဓာတု
= နိက္ကမ + ဓာတု
နိက္ကမ = လုံ့လ + ဓာတု = ဓာတ်၊
= ပျင်းရိခြင်းမှ ထွက်ခွာနိုင်အောင် အရှိန်မြှင့်တင်ပေးသော လုံ့လဝီရိယဓာတ်။

နိစ္စမ္မဂါဝီ
= နိ + စမ္မ + ဂါဝီ
နိ = မရှိ + စမ္မ = အရေအသား + ဂါဝီ = နွားမ၊
= အရေခွံမရှိသော နွားမ။

နိပ္ပီတိကသုခ
= နိ + ပီတိက + သုခ
နိ = မရှိခြင်း၊ ကင်းခြင်း + ပီတိက = နှစ်သက်မှု + သုခ = ချမ်းသာ၊
= နှစ်သက်မှုကင်းသော (ပီတိမပါသော) ချမ်းသာ၊ တတိယဈာန်ချမ်းသာ။

နိဗ္ဗိဒါဉာဏ်
= နိဗ္ဗိဒါ + ဉာဏ်
နိဗ္ဗိဒါ = ငြီးငွေ့ခြင်း၊
= သင်္ခါရတရားတို့ကို ငြီးငွေ့ဖွယ်ဟု သိသောဉာဏ်။
စာမျက်နှာ-712


နိမိတ်ကစားခြင်း
= ကသိုဏ်းအာရုံကို ပုံစံအမျိုးမျိုးဖြစ်အောင် စိတ်ဖြင့် အမိန့်ပေးလုပ်ဆောင်ခြင်း။

နိမ္မိတမိန်းမပျို
= နိမ္မိတ = ဖန်ဆင်းခြင်း၊
= တန်ခိုးဖြင့် ဖန်ဆင်းသော မိန်းမပျို။

နိမ္မိတဘုရားရှင်
= ဖန်ဆင်းထားသော ဘုရားရှင်။

နိယတမိစ္ဆာဒိဋ္ဌိ
= နိယတ + မိစ္ဆာ + ဒိဋ္ဌိ
နိယတ = အစွဲအမြဲ + မိစ္ဆာ = အမှား + ဒိဋ္ဌိ = ယူခြင်း၊
= အယူမှား၌ စွဲစွဲမြဲမြဲယူခြင်း၊ မစွန့်နိုင်သော ချွတ်၍မရသော မိစ္ဆာဒိဋ္ဌိအယူ။

နိရုတ္တိပဋိသမ္ဘိဒါ
= နိရုတ္တိ + ပဋိသမ္ဘိဒါ
နိရုတ္တိ = သဒ္ဒါနည်းအမျိုးမျိုးကို + ပဋိသမ္ဘိဒါ = ထိုးထွင်း၍ သိခြင်း။

နိရောဓသစ္စာ
= နိရောဓ + သစ္စာ
နိရောဓ = ဒုက္ခချုပ်ငြိမ်းခြင်း + သစ္စာ = အမှန်တရား၊
= ဒုက္ခချုပ်ငြိမ်းခြင်း အမှန်တရားကို နိရောဓသစ္စာဟု ခေါ်သည်။

နိရောဓသညာ
= နိရောဓ + သညာ
နိရောဓ = သင်္ခါရအားလုံး ငြိမ်းရာနိဗ္ဗာန်ကို + သညာ = ရှုမှတ်ဆင်ခြင်ခြင်း။

နိရောဓသမာပတ်
= နိရောဓ + သမာပတ္တိ
နိရောဓ = ထွက်သက်ဝင်သက်၊ စိတ်၊ စေတသိက်၊ စိတ္တဇရုပ်ချုပ်ခြင်းသို့ + သမာပတ္တိ = ရောက်ရှိသွားခြင်း၊
= ရူပပဌမဈာန်မှစ၍ အစဉ်အတိုင်း ဝင်စားလာရာ စတုတ္ထအရူပဈာန်ကို ဝင်စား၍ ထိုဈာန်စိတ် နှစ်ကြိမ်ဖြစ်ပြီးနောက် ထွက်လေဝင်လေ၊ စိတ်၊ စေတသိက်၊ စိတ္တဇရုပ်များ ဖြစ်ပေါ်မှု ရပ်ဆိုင်းသွားခြင်းကို နိရောဓသမာပတ်ဟု ခေါ်သည်။
စာမျက်နှာ-713


နီလကသိုဏ်း
= ညိုပြာရောင်ကသိုဏ်း။

နီဝရဏ
= ဈာန်စိတ်မဖြစ်ပေါ်နိုင်ရန် တားဆီးပိတ်ဆို့တတ်သော တရားဆိုး။

နေဝသညာနာသညာယတနဈာန်
= နေဝ + သညာ + န + အ + သညာ
နေဝ = မဟုတ် + သညာ = အသိစိတ် + န = မဟုတ် + အ = မဟုတ် + သညာ = အသိစိတ်၊
= အသိစိတ်ရှိသည်လည်း မဟုတ်၊ အသိစိတ်မရှိသည်လည်း မဟုတ်၊ မထင်ရှားသော အလွန်သိမ်မွေ့သော အသိစိတ်ရှိသောဈာန်။

ပကတိသာဝက
= ပကတိ + သာဝက
ပကတိ = ရိုးရိုး + သာဝက = တပည့်၊
= အဂ္ဂသာဝက၊ မဟာသာဝက စာရင်းမဝင်သော သာဝကများ။

ပဂ္ဂဟ
= အထူးမပြုပြင်ရဘဲ ဝီရိယပုံမှန် အားထုတ်ခြင်း၊ ဖြစ်နေခြင်း။

ပဉ္စကမဂ်
= အင်္ဂါငါးပါးရှိသော မဂ်။

ပဉ္စမဈာန်
= ဥပေက္ခာ၊ ဧကဂ္ဂတာအားဖြင့် ဈာန်အင်္ဂါနှစ်ပါးသာရှိသော (၅)ခုမြောက်ဈာန်။

ပဉ္စမဝါရ
= ပဉ္စမ + ဝါရ
ပဉ္စမ = ငါးခုမြောက် + ဝါရ = အကြိမ်၊
= ငါးကြိမ်။

ပဉ္စာနန္တရိယကံ
= ပဉ္စ + အာနန္တရိယ + ကံ
ပဉ္စ = ငါးပါး + အာနန္တရိယ = သေသည်၏ အခြားမဲ့၌ အပါယ်သို့ ကျစေတတ်သော၊
= သေသည်၏ အခြားမဲ့၌ အပါယ်သို့ ကျစေတတ်သော ကံကြီးငါးပါး။
စာမျက်နှာ-714


ပစ္စယာဟာရ
= ပစ္စယ + အာဟာရ
ပစ္စယ = အကြောင်းအထောက်အပံ့ + အာဟာရ = အစာ၊
= မိမိပြုလုပ်ခဲ့သည့် ကုသိုလ်အကြောင်းတရားကို အစာအဖြစ် မှီဝဲရခြင်း။

ပစ္စဝေက္ခဏာဝီထိ
= ပစ္စဝေက္ခဏာ + ဝီထိ
ပစ္စဝေက္ခဏာ = ပြန်လည်ဆင်ခြင်မှု + ဝီထိ = စိတ်အစဉ်၊
= မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရပြီးသောအခါ ပြန်လည်ဆင်ခြင်သည့် စိတ်အစဉ်။

ပစ္စဝေက္ခဏဝသီ
= ပစ္စဝေက္ခဏ + ဝသီ
ပစ္စဝေက္ခဏ = ပြန်လည်ဆင်ခြင်မှု + ဝသီ = ကျွမ်းကျင်နိုင်နင်းခြင်း၊
= အလိုဆန္ဒရှိသလို ကျွမ်းကျင်နိုင်နင်းစွာ ပြန်လည်ဆင်ခြင်နိုင်ခြင်း။

ပစ္စေကဗုဒ္ဓါ
= ပစ္စေက + ဗုဒ္ဓါ
ပစ္စေက = သီးခြား + ဗုဒ္ဓ = ဘုရား၊
= ဘုရားငယ်၊ တရားတော်ကို ကိုယ်တိုင်သိသော်လည်း ပြန်လည်၍ အကျယ်ဟောမပြတတ်ချေ။

ပစ္ဆိမဘဝိက
= ပစ္ဆိမ + ဘဝိက
ပစ္ဆိမ = နောက်ဆုံး + ဘဝိက = ဘဝရရှိသော၊
= နောက်ဆုံးဘဝ ရရှိသောပုဂ္ဂိုလ်၊ ထိုဘဝ၌ ရဟန္တာဖြစ်၍ နိဗ္ဗာန်ရောက်ရမည့် ပုဂ္ဂိုလ်။

ပဋိဘာနပဋိသမ္ဘိဒါ
= ပဋိဘာန + ပဋိသမ္ဘိဒါ
ပဋိဘာန = ဉာဏ်အားထင်ခြင်း + ပဋိသမ္ဘိဒါ = ထိုးထွင်း၍ သိခြင်း၊
= ဉာဏ်ဖြင့် ထိုးထွင်း၍ သိခြင်း၊ ဉာဏ်၌ ထင်ပေါ်လာခြင်း။
စာမျက်နှာ-715


ပဉ္စုပါဒါနက္ခန္ဓာ
= ပဉ္စ + ဥပါဒါန + ခန္ဓာ
ပဉ္စ = ငါးပါး + ဥပါဒါန = စွဲလမ်းခြင်း + ခန္ဓာ = အစုအပေါင်း၊
= ဥပါဒါန်ဖြင့် စွဲလမ်းအပ်သော ခန္ဓာငါးပါး။

ပညာဗိုလ်
= ပညာ + ဗလ
ပညာ = အသိဉာဏ်ပညာ + ဗလ = ခွန်အား၊ စွမ်းအား၊
= အစွမ်းထက်သော ဉာဏ်ပညာ၊ ဦးဆောင်မှု ဉာဏ်ပညာ။

ပညာဝိမုတ္တိပုဂ္ဂိုလ်
= ပညာ + ဝိမုတ္တ + ပုဂ္ဂိုလ်
ပညာ = ပညာဖြင့် + ဝိမုတ္တ = ကိလေသာမှ လွတ်သော၊
= ပညာဖြင့် ကိလေသာမှ လွတ်သော ပုဂ္ဂိုလ်။ သုက္ခဝိပဿက ရဟန္တာနှင့် ရူပဈာန်လေးပါးမှ ထ၍ အရဟတ္တဖိုလ်ရသော ရဟန္တာပုဂ္ဂိုလ်။

ပညိန္ဒြေ
= ပညာ + ဣန္ဒြေ
ပညာ = ဉာဏ်ပညာ၌ + ဣန္ဒြေ = ပိုင်စိုးခြင်း၊
= ဉာဏ်ပညာ၌ ပိုင်စိုးခြင်း။

ပညတ်အာရုံ
= တကယ်မရှိဘဲ စိတ်မှ ဖန်တီးယူသော အာရုံ။

ပညတ်သိ
= ခေါ်ဝေါ် သမုတ်ထားသည့်အတိုင်း သိသော အသိ၊ သာမန်အသိ။

ပရမတ်သိ
= ခေါ်ဝေါ် သမုတ်ထားသည်ကို ကျော်လွန်၍ အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်း သိသော အသိ၊ ပညတ်ကို ကျော်လွန် ထိုးဖောက်၍ သိသော အသိ။

ပဋိကူလ
= စက်ဆုပ်ရွံရှာဖွယ်။

ပဋိဃာနုသယ
= ပဋိဃ + အနုသယ
ပဋိဃ = အားကြီးသော ဒေါသ + အနုသယ = ကိန်းအောင်းခြင်း၊
= အင်အားကြီးမား၍ အဖြစ်များသော အမျက်ဒေါသ။
စာမျက်နှာ-716


ပဋိစ္စသမုပ္ပါဒ်
= ပဋိစ္စ + သမုပ္ပါဒ
ပဋိစ္စ = စွဲ၍၊ အကြောင်းပြု၍ + သမုပ္ပါဒ = အတူတကွ ဖြစ်ခြင်း၊
= အကြောင်းတရားတို့ကို စွဲ၍ အကျိုးတရားတို့ ဖြစ်ပေါ်ခြင်း။

ပဋိပက္ခ
= ဆန့်ကျင်ဘက်၊ ရန်ဖြစ်ခြင်း။

ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ
= ပဋိပဒါ + ဉာဏ + ဒဿန + ဝိသုဒ္ဓိ
ပဋိပဒါ = မဂ်သို့ ရောက်ကြောင်း အကျင့် + ဉာဏ = ဉာဏ် + ဒဿန = အမြင် + ဝိသုဒ္ဓိ = စင်ကြယ်ခြင်း၊
= အရိယာမဂ်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော သန့်ရှင်းစင်ကြယ်သော အသိဉာဏ်အမြင်။

ပဋိဘာဂနိမိတ္တ
= ပဋိဘာဂ + နိမိတ္တ
ပဋိဘာဂ = ဆင်တူ၊ ပုံတူ + နိမိတ္တ = အာရုံ၊
= မူရင်းအာရုံနှင့် ဆင်တူသည့် အာရုံသစ်။ တရားအားထုတ်ရာ၌ ထင်မြင်လာသော ပညတ်အာရုံ။

ပဋိသင်္ခါဉာဏ်
= ပဋိသင်္ခါ + ဉာဏ်
ပဋိသင်္ခါ = ပညာဖြင့် ဆင်ခြင်သော၊
= လက္ခဏာယာဉ် သုံးပါးတို့တွင် တစ်ပါးပါးကို ရှုမှတ်တိုင်း ထင်ရှားသိမြင်သော အသိအမြင်သည် တစ်ဖန် ရှုမှတ်၍ သိမြင်မှု ဖြစ်သောကြောင့် ပဋိသင်္ခါဉာဏ် မည်၏။

ပဋိသန္ဓေဘေး
= ဘဝသစ်၌ တစ်ဖန် ဖြစ်ပေါ်ရခြင်း (ပဋိသန္ဓေနေရခြင်း) သည် ကြောက်မက်ဖွယ်ရာ ဘေးဆိုးကြီးတစ်ခု ဖြစ်သည်။

ပဋိသမ္ဘိဒါမဂ်
= ပဋိသမ္ဘိဒါ + မဂ္ဂ
ပဋိသမ္ဘိဒါ = ခွဲခြမ်း စိတ်ဖြာ ဝေဖန်၍ သိမြင်သော + မဂ္ဂ = လမ်းကြောင်း၊
= ပဋိသမ္ဘိဒါမဂ် အမည်ရှိသော ကျမ်း။

ပဋိသမ္ဘိဒါပတ္တရဟန္တာ
= ပဋိသမ္ဘိဒါပတ္တ + ရဟန္တာ
ပဋိသမ္ဘိဒါ = ပဋိသမ္ဘိဒါဉာဏ် လေးပါး + ပတ္တ = ရသော၊ ရောက်သော။
စာမျက်နှာ-717


ပဋိသမ္ဘိဒါပတ္တရဟန္တာ (ဆက်လက်)
= ပဋိသမ္ဘိဒါ ဉာဏ်လေးပါးရသော ရဟန္တာ။ ထိုးထွင်း၍ သိတတ်သော ဉာဏ်ပညာ ရရှိသော ရဟန္တာ။

ပဌမဈာန်
= ရှေးဦးစွာ ရရှိသော ဈာန်။ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာအားဖြင့် အင်္ဂါငါးပါးရှိသော ရူပါဝစရဈာန်။

ပဌမအရူပဈာန်
= အရူပဈာန် လေးပါးအနက် ရှေးဦးဖြစ်သော အရူပဈာန်။

ပဌမအရူပဝိညာဉ်
= အရူပဈာန် လေးပါးအနက် ရှေးဦးစွာဖြစ်သော အရူပဈာန်စိတ်။

ပထမဝါရ
= ပထမ + ဝါရ
ပထမ = ရှေးဦးစွာ + ဝါရ = အရေအတွက်၊ အကြိမ်၊
= ပထမအကြိမ်၊ ရှေးဦးစွာ ရေတွက်ရသော အရေအတွက်။

ပထဝီကသိုဏ်း
= မြေကသိုဏ်း။

ပထဝီကောဋ္ဌာသ
= ပထဝီ + ကောဋ္ဌာသ
ပထဝီ = မြေ + ကောဋ္ဌာသ = အစုအဝေး၊
= မြေအစုအဝေး၊ မြေဓာတ်အစု။

ပထဝီဓာတ်
= မြေဓာတ်။

ပဒေသာပင်
= အလိုရှိရာ ဆွတ်ခူး ရယူနိုင်သော အပင်။

ပပ္ဖါသပဉ္စက
= ပပ္ဖါသ + ပဉ္စက
ပပ္ဖါသ = အဆုတ် + ပဉ္စက = ငါးခုတွဲ၊
= နှလုံးမှ အဆုတ်တိုင်အောင် ငါးခုရှိသော အစုအဝေး။

ပရစိတ္တဝိဇာနနအဘိညာဉ်
= ပရ + စိတ္တ + ဝိဇာနန + အဘိညာဉ်
ပရ = သူတစ်ပါး + စိတ္တ = စိတ် + ဝိဇာနန = သိသော + အဘိညာဉ်၊
= သူတစ်ပါး၏ စိတ်အကြံအစည်ကို သိသော အဘိညာဉ်။

ပရက္ကမဓာတု
= ပရက္ကမ + ဓာတု
ပရက္ကမ = လုံ့လပြုလုပ် အားထုတ်မှု + ဓာတု = ဓာတ်သဘော၊
= အခက်အခဲမှန်သမျှ ဖြတ်ကျော်သွားနိုင်သော အလွန်အားကောင်းသည့် ဝီရိယဓာတ်။
စာမျက်နှာ-718


ပရမတ်ရုပ်
= အမှန်တကယ်ရှိသော ရုပ်။

ပညတ်ရုပ်
= စိတ်ကူး၌ ရှိသော ရုပ်။

ပဏာမာမ
= တိတ္ထိတို့၏ အသက်ရှူ ထိန်းချုပ်၍ ကျင့်သောနည်း။

ပရိကမ္မနိမိတ်
= ပြင်ပဗဟိဒ္ဓ၌ အမှန်တကယ်ရှိသော အာရုံ။ မျက်ဝါးထင်ထင် တွေ့မြင်နေရသော ကသိုဏ်းဝန်းအာရုံမှ စိတ်ပြေးမထွက်ဘဲ စွဲကပ်တည်ငြိမ်နေသော ကသိုဏ်းဝန်းအာရုံ။ လက်တွေ့ ပကတိအတိုင်း မြင်နေရသော ကသိုဏ်းဝန်းအာရုံ။

ပရိကံပြု
= ပရိကမ္မ + ပြု
ပရိကမ္မ = ပရိ + ကမ္မ
ပရိ = ထက်ဝန်းကျင် + ကမ္မ = အလုပ်၊
= စီမံပြုလုပ်ခြင်း၊ ကြိုတင်ပြုလုပ်ခြင်း၊ အထောက်အကူပြု လုပ်ငန်းများ။

ပရိကမ္မဘာဝနာ
= ပရိကမ္မ + ဘာဝနာ
ပရိကမ္မ = ကြိုတင်ပြုလုပ်သော + ဘာဝနာ = ပွားများမှု၊
= ပရိကမ္မနိမိတ်နှင့် ဥဂ္ဂဟနိမိတ္တကို အာရုံပြုလျက် ပွားများသော ဘာဝနာ။

ပရိကမ္မသမာဓိ
= ပရိကမ္မဘာဝနာ အခိုက်၌ ဖြစ်ပေါ်သော သမာဓိ။

ပရိစ္ဆိန္နာကာသ
= ပရိစ္ဆိန္န + အာကာသ
ပရိစ္ဆိန္န = ပိုင်းခြား ပိုင်းဖြတ်အပ်သော + အာကာသ = ကောင်းကင်၊
= ပိုင်းခြား သတ်မှတ်ထားသော လိုဏ်ခေါင်း၊ ဟင်းလင်းပြင် ကောင်းကင်။

ပရိညာ
= ပိုင်းခြား၍ သိခြင်း။

ပရိဒေဝ
= ငိုကြွေးမြည်တမ်းခြင်း။

ပရိယေသန
= ရှာမှီးခြင်း၊ ရှာဖွေခြင်း။
စာမျက်နှာ-719


ပရိသုဒ္ဓပြု
= ပရိသုဒ္ဓ = စင်ကြယ်ခြင်း၊
= စင်ကြယ်အောင် ပြုခြင်း၊ ရဟန်းအဖြစ်မှ လူဝတ်လဲခြင်း။

ပရိယုဋ္ဌာနကိလေသာ
= ပရိ + ဥဋ္ဌာန + ကိလေသာ
ပရိ = ထက်ဝန်းကျင် + ဥဋ္ဌာန = ထကြွသော + ကိလေသာ = အပူလောင် ညစ်နွမ်းမှု၊
= အပြင်သို့ ထကြွ သောင်းကျန်းသော ကိလေသာ။

ပရိယုဋ္ဌာန (စိတ်တွင်း)
= စိတ်၌သာ ကြံစည်စိတ်ကူးနေသော ကိလေသာ။

ပလိဗောဓ
= အနှောင့်အယှက်။

ပသာဒရုပ်
= ကြည်လင်သောရုပ်။ ကြည်လင်သော မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် တို့ကို ပသာဒရုပ်ဟု ခေါ်သည်။

ပဿဒ္ဓိ
= ငြိမ်းအေးခြင်း။

ပဿဒ္ဓိသမ္ဗောဇ္ဈင်
= ပဿဒ္ဓိ + သမ္ဗောဇ္ဈင်
ပဿဒ္ဓိ = ငြိမ်းအေးခြင်း + သမ္ဗောဇ္ဈင် = မဂ်ဉာဏ်၏ အကြောင်း၊
= မဂ်ဉာဏ်၏ အကြောင်းဖြစ်သော ငြိမ်းချမ်းမှု။

ပဟာတဗ္ဗ
= ပယ်အပ်သောတရား၊ ပယ်သတ်ခံရသောတရား။

ပဟာနပရိညာ
= ပဟာန + ပရိညာ
ပဟာန = ပယ်ခြင်း + ပရိညာ = ပိုင်းခြား၍ သိခြင်း၊
= ကိလေသာတို့ကို ပယ်ခွာ၍ ကွဲကွဲပြားပြား သိခြင်း၊ ဝိပဿနာပညာ။

ပဟာနသညာ
= ပဟာန + သညာ
ပဟာန = ပယ်ခြင်း + သညာ = ရှုမှတ်ခြင်း၊
= အကုသိုလ်တရားတို့ကို စွန့်ပယ်နိုင်အောင် ရှုမှတ် ဆင်ခြင်ခြင်း။

ပဟာယက
= ပယ်သတ်တတ်သောတရား။

ပဟာန်
= ပဟာန = ကုသိုလ်တရားက အကုသိုလ်တရားကို ပယ်သတ်ခြင်း။
စာမျက်နှာ-720


ပါစကတေဇော
= ပါစက + တေဇော
ပါစက = ကျေညက်စေတတ်သော + တေဇော = အပူ၊
= စားသောက်အပ်သော အစားအစာကို ကျေညက်စေတတ်သော အပူဓာတ်။

ပါရညတာ
= လေ့လာခြင်း၊ ကျွမ်းကျင်ခြင်း။

ပါဒကဈာနဝီထိ
= ပါဒက + ဈာန + ဝီထိ
ပါဒက = အခြေခံ + ဈာန = ဈာန်စိတ် + ဝီထိ = အစဉ်၊
= အခြေခံဖြစ်သော ဈာန်စိတ်အစဉ်။

ပါရမီ
= အထွတ်အမြတ်၊ မြတ်သော ကုသိုလ်ကံ အစုအဝေး။

ပါရိဟာရိယကမ္မဋ္ဌာန်း
= ပရိ + ဟရ
ပရိ = ထက်ဝန်းကျင်၊ သွားလေရာရာ + ဟရ = ဆောင်ခြင်း၊
= သွားလေရာရာ ဆောင်အပ်သော ကမ္မဋ္ဌာန်း၊ အမြဲ အားထုတ်အပ်သော ကမ္မဋ္ဌာန်း။

ပါရိသုဒ္ဓုပေက္ခာ
= ပရိသုဒ္ဓ + ဥပေက္ခာ
ပရိသုဒ္ဓ = ထက်ဝန်းကျင် စင်ကြယ်သော + ဥပေက္ခာ = လျစ်လျူရှုခြင်း၊
= အလုံးစုံ ဆန့်ကျင်ဘက် တရားတို့မှ စင်ကြယ်သော ဥပေက္ခာ။

ပိတုဃာတက
= ပိတု + ဃာတက
ပိတု = ဖခင် + ဃာတက = သတ်ခြင်း၊
= ဖခင်ကို သတ်ခြင်း။

ပိယေဟိဝိပ္ပယောဂေါ
= ပိယေဟိ + ဝိပ္ပယောဂေါ
ပိယေဟိ = ချစ်ခင် နှစ်သက် ခင်မင်သူတို့နှင့် + ဝိပ္ပယောဂေါ = ကွဲကွာ ခွဲခွာနေရခြင်း။

ပီတကသိုဏ်း
= ရွှေဝါရောင် ကသိုဏ်း။

ပီတိ
= နှစ်သက်ခြင်း။
စာမျက်နှာ-721


ပီတိသုခ
= ပီတိ + သုခ
ပီတိ = နှစ်သက်ခြင်း + သုခ = ချမ်းသာခြင်း။

ပီတိသောမနဿဇဝန
= ပီတိ + သောမနဿ + ဇဝန
ပီတိ = နှစ်သက်ခြင်း + သောမနဿ = ဝမ်းမြောက်ခြင်း + ဇဝန = လျင်မြန်ခြင်း၊ အရှိန်အဟုန်၊
= အနှစ်သက် ဝမ်းမြောက်မှု အရှိန်အဟုန်။

ပီတိသမ္ဗောဇ္ဈင်
= ပီတိ + သမ္ဗောဇ္ဈင်
ပီတိ = နှစ်သက်ခြင်း + သမ္ဗောဇ္ဈင် = မဂ်ဉာဏ်၏ အကြောင်း၊
= မဂ်ဉာဏ်၏ အကြောင်းဖြစ်သော နှစ်သက်ကြည်နူးမှု။

ပုညတာဣဒ္ဓိ
= ပုညဝတော + ဣဒ္ဓိ
ပုညဝတော = ကုသိုလ်ရှင်၏ + ဣဒ္ဓိ = တန်ခိုး၊ ပြီးမြောက်မှု၊
= ထူးခြားသော ကောင်းမှုကုသိုလ်ရှင်၏ လိုရာပြီးမြောက်ခြင်း တန်ခိုး။

ပုထုဇဉ်
= ပုထု + ဇန
ပုထု = များစွာ + ဇန = ဖြစ်ခြင်း၊
= ကိလေသာများစွာ ဖြစ်နေသူ၊ လူသာမန်။

ပုဗ္ဗကိစ္စ
= ပုဗ္ဗ + ကိစ္စ
ပုဗ္ဗ = ရှေးဦး + ကိစ္စ = ပြုဖွယ်၊
= ရှေးဦးပြုဖွယ်။

ပုဗ္ဗဘာဂမဂ်
= ပုဗ္ဗ + ဘာဂ + မဂ်
ပုဗ္ဗ = ရှေ့ပြေး + ဘာဂ = အဖို့၊
= ရှေ့အဖို့၌ ဖြစ်သော မဂ်။

ပုဗ္ဗေနိဝါသာနုဿတိဉာဏ်
= ပုဗ္ဗေနိဝါသ + အနုဿတိ + ဉာဏ်
ပုဗ္ဗေ = ရှေး၌ + နိဝါသ = နေဖူးသောဘဝ + အနုဿတိ = အဖန်ဖန် အောက်မေ့ခြင်း၊
= ရှေး၌ နေဖူးသော ဘဝကို အောက်မေ့ သိမြင်သော ဉာဏ်။

ပုဠုဝကအသုဘ
= ပုဠုဝက = ပိုးလောက် + အသုဘ = သူသေကောင်၊
= ပိုးလောက် ပြည့်နေသော သူသေကောင်။
စာမျက်နှာ-722


ဖရဏာပီတိ
= ဖရဏာ + ပီတိ
ဖရဏာ = ပျံ့နှံ့စိမ့်ဝင်သော + ပီတိ = နှစ်သက်မှု၊
= တစ်ကိုယ်လုံး ပျံ့နှံ့စိမ့်ဝင်သော နှစ်သက်မှု။

ဖလသမာပတ်
= ဖလ + သမာပတ္တိ
ဖလ = ဖိုလ် + သမာပတ္တိ = ရောက်ခြင်း၊ ဝင်စားခြင်း၊
= ဖိုလ်စိတ်ကို အကြိမ်များစွာ ဖြစ်စေခြင်း၊ ဖိုလ်စိတ် အကြိမ်ကြိမ်ဖြစ်ခြင်း။

ဖဿ
= အတွေ့အထိ။

ဖဿာဟာရ
= ဖဿ + အာဟာရ
ဖဿ = ထိမှု + အာဟာရ = အစာ၊
= အာရုံနှင့် တွေ့ထိမှု အစာအာဟာရ။

ဖုသနာနည်း
= ဝင်သက် ထွက်သက် ထိသည့်နေရာ၌ ရှုမှတ်သောနည်း။

ဖုန်းတောင်းယာစကာ
= ဖုန်း = ဘုန်း = ကုသိုလ်ရှိသူ၊ ပစ္စည်းရှိသူ + ယာစကာ = တောင်းခြင်း၊
= ကုသိုလ်ရှိသူထံ တောင်းခံစားသောက်ရသူ၊ သူတောင်းစား။

ဗလသမ္ပဒါ
= ဗလ + သမ္ပဒါ
ဗလ = စွမ်းအား + သမ္ပဒါ = ပြည့်စုံခြင်း၊
= စွမ်းအားနှင့် ပြည့်စုံခြင်း။

ဗုဒ္ဓါနုဿတိ
= ဗုဒ္ဓ + အနုဿတိ
ဗုဒ္ဓ = ဘုရားရှင်၊ ဘုရားရှင်၏ ဂုဏ် + အနုဿတိ = အဖန်ဖန် အောက်မေ့ခြင်း၊
= ဘုရားရှင်နှင့် ဘုရားရှင်၏ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း။

ဗုဒ္ဓိစရိုက်
= ဗုဒ္ဓိ + စရိတ
ဗုဒ္ဓိ = အသိဉာဏ်ပညာ + စရိတ = အကျင့်၊
= အသိဉာဏ်ပညာ ဆင်ခြင်တုံတရား အားကောင်းမှု၊ ပညာဓာတ်ခံရှိမှု။
စာမျက်နှာ-723


ဗောဇ္ဈင်
= ဗောဓိ + အင်္ဂ
ဗောဓိ = မဂ်ဉာဏ် + အင်္ဂ = အကြောင်း၊ အစိတ်အပိုင်း၊
= အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်ကို သိခြင်း၏ အကြောင်း။

ဗောဇ္ဈင်္ဂုပေက္ခာ
= ဗောဇ္ဈင်္ဂ + ဥပေက္ခာ
ဗောဇ္ဈင်္ဂ = ဗောဇ္ဈင်တရား + ဥပေက္ခာ = အညီအမျှထားခြင်း၊
= ဗောဇ္ဈင်တရားများကို အညီအမျှထားခြင်း။

ဗောဓိပက္ခိယတရား
= ဗောဓိ + ပက္ခိယ
ဗောဓိ = မဂ်ဉာဏ်၏ + ပက္ခိယ = အဖို့၊ အသင်းအပင်း၊
= မဂ်ဉာဏ်၏ အသင်းအပင်းဖြစ်သော တရား၊ မဂ်ရစေရန် အထောက်အကူပေးသော တရား။

ဗဒ္ဓသည်းခြေ
= သည်းခြေအိမ်၌ တည်နေသော သည်းခြေ။

ဗျသနတရား
= ဗျသန = ပျက်စီးခြင်း၊
= ဆွေမျိုးစသည် ပျက်စီးခြင်းတရား။

ဗျာဒိတ်
= ဗျာဒိတ = အနာဂတ်တွင် ဖြစ်ပျက်ခြင်း အကြောင်းကို ရည်ညွှန်း၍ မိန့်မြွက်သော ဘုရားစကားတော်။

ဗျာပါဒကာယဂန္ထ
= ဗျာပါဒ + ကာယ + ဂန္ထ
ဗျာပါဒ = သူတစ်ပါး ပျက်စီးစေရန် ကြံစည်ခြင်း + ကာယ = ကိုယ်၌ + ဂန္ထ = ထုံးဖွဲ့ချည်နှောင်ခြင်း၊
= သူတစ်ပါး ပျက်စီးစေရန် ကြံစည် ကြိုးပမ်း အားထုတ်ခြင်း။

ဗျာပါဒနီဝရဏ
= ဗျာပါဒ + နီဝရဏ
ဗျာပါဒ = မုန်းတီးမှု၊ အမျက်ဒေါသထွက်မှု + နီဝရဏ = အတားအဆီး၊
= အမျက်ဒေါသ အတားအဆီး။

ဗျာပါဒဝိတက်
= ဗျာပါဒ + ဝိတက္က
ဗျာပါဒ = သူတစ်ပါး ပျက်စီးစေရန် + ဝိတက္က = ကြံစည်ခြင်း၊
= သူတစ်ပါး ပျက်စီးစေရန် ကြံစည်ခြင်း။
စာမျက်နှာ-724


ဗျာပါရ
= ကြောင့်ကြစိုက်ခြင်း၊ အားထုတ်ခြင်း။

ဗြဟ္မဝိဟာရ
= ဗြဟ္မ + ဝိဟာရ
ဗြဟ္မ = ဗြဟ္မာတို့၏ (မြတ်သော) + ဝိဟာရ = နေခြင်း၊
= ဗြဟ္မာတို့၏ နေခြင်း၊ မြတ်သော နေခြင်း။

ဗြဟ္မစိုရ်ဥပေက္ခာ
= ဗြဟ္မစိုရ် (ဗြဟ္မ + စရိယ) + ဥပေက္ခာ
ဗြဟ္မ = မြတ်သော + စရိယ = အကျင့် + ဥပေက္ခာ = လျစ်လျူရှုခြင်း၊
= ဗြဟ္မစိုရ်တရား လေးပါး၌ ပါဝင်သော ဥပေက္ခာ။

ဗြဟ္မဝိဟာရုပေက္ခာ
= ဗြဟ္မ + ဝိဟာရ + ဥပေက္ခာ
ဗြဟ္မ = ဗြဟ္မာတို့၏ + ဝိဟာရ = နေခြင်း + ဥပေက္ခာ = လျစ်လျူရှုမှု၊
= သတ္တဝါတို့၏ ချမ်းသာမှု ဆင်းရဲမှုသည် ကံအတိုင်းသာ ဖြစ်သည်ဟု သဘောထားနိုင်ခြင်း။ (ဤသို့ စိတ်ထားခြင်းသည် ဗြဟ္မာကြီးတို့၏ စိတ်ထား ဖြစ်သည်။)

ဘယဉာဏ်
= ချုပ်ပျောက်ပျက်စီးနေသော ရုပ်နာမ် ဓမ္မ သင်္ခါရတို့ကို ကြောက်စရာဟု သိမြင်လာသော ဉာဏ်။

ဘဝ
= ဖြစ်ခြင်း၊ တည်ရှိခြင်း။

ဘဝတဏှာ
= ဘဝ + တဏှာ
ဘဝ = ဖြစ်ရာဘဝ၌ + တဏှာ = တပ်မက်မှု၊
= အသက်ရှင်နေလိုမှု။

ဘဝနိကန္တိကလောဘဇဝန
= ဘဝ + နိကန္တိက + လောဘ + ဇဝန
ဘဝ = ထိုထိုဘဝ + နိကန္တိက = သာယာတပ်မက်မှု + လောဘ = လိုချင်မှု + ဇဝန = အရှိန်အဟုန်ပြင်းထန်ခြင်း၊
= ထိုထိုဘဝ၌ သာယာတပ်မက် လိုချင်မှု ပြင်းထန်ခြင်း။

ဘဝယောဂ
= ဘဝ + ယောဂ
ဘဝ = ဘဝတဏှာ + ယောဂ = ယှဉ်တွဲပူးကပ်မှု၊
= ဘဝတဏှာ ယှဉ်တွဲပူးကပ်မှု။
စာမျက်နှာ-725


ဘဝရာဂါနုသယ
= ဘဝ + ရာဂ + အနုသယ
ဘဝ = ဘဝဘဝ + ရာဂ = တပ်စွန်းခြင်း + အနုသယ = ကိန်းအောင်းခြင်း၊
= အင်အားကြီးမား၍ အဖြစ်များသော ဘဝတဏှာ။

ဘဝေါဃ
= ဘဝ + ဩဃ
ဘဝ = ဘဝတဏှာ + ဩဃ = ဝဲ၊
= ဘဝတဏှာဝဲ။

ဘဝါသဝ
= ဘဝ + အာသဝ
ဘဝ = ဘဝတဏှာ + အာသဝ = ယိုစီးမှု၊
= ဘဝတဏှာများ ယိုစီးမှု။

ဘာဝနာ
= ပွားများခြင်း၊ တိုးပွားခြင်း။

ဘာဝနာရတိ
= ဘာဝနာ + ရတိ
ဘာဝနာ = ကမ္မဋ္ဌာန်း ဘာဝနာ၌ + ရတိ = ပျော်မွေ့ခြင်း၊
= ကမ္မဋ္ဌာန်း ဘာဝနာ ပွားများအားထုတ်မှု၌ ပျော်မွေ့ခြင်း။

ဘိက္ခုနီဒူသက
= ဘိက္ခုနီ + ဒူသက
ဘိက္ခုနီ = ရဟန်းမိန်းမ + ဒူသက = ဖျက်ဆီးခြင်း၊
= သီလရှိသော ရဟန်းမိန်းမကို ဗလက္ကာရပြု၍ ဖျက်ဆီးခြင်း။

ဘုတ္တဝမိတက
= ဘုတ္တ + ဝမိတက
ဘုတ္တ = စားခြင်း + ဝမိတက = အန်ထွက်အောင်၊
= အန်ထွက်အောင် စားခြင်း၊ အန်ထွက်အောင် စားသူ။

ဘောဂသုခ
= ဘောဂ + သုခ
ဘောဂ = သုံးဆောင်ခံစားမှု + သုခ = ချမ်းသာ၊
= သုံးဆောင်ခံစားမှု ချမ်းသာ။

ဘောဂသမ္ပတ္တိ
= ဘောဂ + သမ္ပတ္တိ
ဘောဂ = စည်းစိမ်ဥစ္စာ + သမ္ပတ္တိ = ပြည့်စုံခြင်း၊
= စည်းစိမ်ဥစ္စာနှင့် ပြည့်စုံခြင်း။
စာမျက်နှာ-726


ဘင်္ဂခဏ
= ဘင်္ဂ + ခဏ
ဘင်္ဂ = ပျက်ခြင်း + ခဏ = တစ်ခဏ၊
= ပျက်ဆဲခဏ = လျှပ်တစ်ပြက်အတွင်း ပျက်မှု။

ဘင်္ဂဉာဏ်
= ရုပ်၊ နာမ်တို့ ပျက်နေမှုကို သိသော ဉာဏ်။

ဘင်္ဂါနုပဿနာဉာဏ်
= ဘင်္ဂ + အနုပဿနာ
ဘင်္ဂ = အပျက် + အနုပဿနာ = အဖန်ဖန် ရှုခြင်း၊
= အပျက်ကို အပျက်ဟု အဖန်ဖန် ရှုသော ဉာဏ်။

မနောမယိဒ္ဓိ
= မနော + မယ + ဣဒ္ဓိ
မနော = စိတ်ဖြင့် + မယ = ပြီးသော + ဣဒ္ဓိ = တန်ခိုး၊
= စိတ်ဖြင့် ပြီးသော တန်ခိုး။ စိတ်အလိုရှိသလို တန်ခိုးဖန်ဆင်းနိုင်ခြင်း။

မနောကံမေတ္တာ
= မနောကံ + မေတ္တာ
မနောကံ = စိတ်ဖြင့် ပြုလုပ်အပ်သော၊
= သတ္တဝါများ ချမ်းသာကြပါစေဟု စိတ်ဖြင့် နှလုံးသွင်း ပို့လွှတ်သော မေတ္တာ။

မနောသံစေတနာဟာရ
= မနော + သံ + စေတနာ + အာဟာရ
မနော = စိတ် + သံ = အတူတကွ + စေတနာ = တိုက်တွန်းခြင်း + အာဟာရ = အစာ၊
= အလုပ်တစ်ခုကို စိတ်ပါလက်ပါ ပြုလုပ် ပြောဆို ကြံစည်မှုသည် အစာအာဟာရ တစ်မျိုး ဖြစ်သည်။

မနောသမ္ဖဿ
= မနော + သံ + ဖဿ
မနော = စိတ် + သံ = ကောင်းစွာ + ဖဿ = တွေ့ထိမှု၊
= စိတ်ဖြင့် ကောင်းစွာ တွေ့ထိမှု။

မရဏ
= သေဆုံးခြင်း။

မရဏသတိ
= မရဏ + သတိ
မရဏ = သေဆုံးခြင်း + သတိ = အောက်မေ့ခြင်း၊
= ငါ တစ်နေ့ သေရမည်ဟု သေခြင်းတရားကို အောက်မေ့ခြင်း။
စာမျက်နှာ-727


မရဏာနုဿတိ
= မရဏ + အနုဿတိ
မရဏ = သေခြင်း + အနုဿတိ = အဖန်ဖန် အောက်မေ့ခြင်း၊
= သေရမည်ကို အဖန်ဖန် အောက်မေ့ ဆင်ခြင်ခြင်း။

မဟာကရုဏာတော်
= မဟာ + ကရုဏာ + တော်
မဟာ = ကြီးမား ကျယ်ပြန့်သော + ကရုဏာ = သနားခြင်း၊
= စကြဝဠာ အနန္တ၌ရှိသော သတ္တဝါ အားလုံးတို့အပေါ် ပျံ့နှံ့သက်ရောက်သော ဘုရားရှင်၏ သနားတော်မူခြင်း။

မဟာကရုဏာသမာပတ္တိဉာဏ်တော်
= မဟာကရုဏာ + သမာပတ္တိ + ဉာဏ်တော်
သမာပတ္တိ = ကောင်းစွာရောက်ခြင်း၊ ဝင်စားခြင်း၊
= ဘုရားရှင်၏ သတ္တဝါတို့အပေါ် ကြီးမားကျယ်ပြန့်သော သနားကြင်နာမှု ပျံ့နှံ့သက်ဝင်သော ဉာဏ်တော်။

မဟာကြိယာဉာဏသမ္ပယုတ်စိတ်
= မဟာ + ကြိယာ + ဉာဏ + သမ္ပယုတ် + စိတ်
မဟာ = မြင့်မြတ်မှု + ကြိယာ = ပြုကာမျှ + ဉာဏ = အသိဉာဏ် + သမ္ပယုတ် = ယှဉ်သော၊
= ဉာဏ်နှင့်ယှဉ်၍ မြင့်မြတ်သော ကြိယာစိတ်။ ဘုရား၊ ရဟန္တာတို့၏ ကောင်းမှုပြုသောစိတ် (အကျိုးပေးမှု မရှိ၊ ပြုကာမျှသာ ဖြစ်သည်)။

မဟာဂန္ဓာရီဝိဇ္ဇာ
= တန်ခိုးအဘိညာဉ်ဖြင့် မြေလျှိုးမိုးပျံခြင်းကို ခေါ်သည်။ (စူဠဂန္ဓာရီဝိဇ္ဇာမှာ မန္တန်ရွတ်ဆိုမှုဖြင့် ကောင်းကင်ပျံနိုင်ခြင်း ဖြစ်သည်။)

မဟဂ္ဂုတ်စိတ်
= မဟာ + ဂတ + စိတ်
မဟာ = မြတ်သည်၏ အဖြစ်သို့ + ဂတ = ရောက်သော၊
= ရူပစိတ်နှင့် အရူပစိတ်သည် ကာမစိတ်ထက် မြင့်မြတ်သောကြောင့် မဟဂ္ဂုတ်စိတ်ဟု ခေါ်သည်။
စာမျက်နှာ-728


မဟာစောရ
= မဟာ + စောရ
မဟာ = ကြီးသော + စောရ = ခိုးသူ၊
= ခိုးသူကြီး။

မဟာတပအကျင့်
= မဟာ + တပ
မဟာ = ကြီးမားပြင်းထန်သော + တပ = ပူလောင်စေသောအကျင့်၊
= ကိုယ်ကို ပြင်းစွာ ပူလောင်ပင်ပန်းစေသည့် အစာငတ်ခံခြင်း၊ အသက်ရှူမှုကို ထိန်းချုပ်ခြင်း စသောအကျင့်များ။

မဟာဘူတ
= မဟာ + ဘူတ
မဟာ = ကြီးမားသော + ဘူတ = ထင်ရှားသော၊
= ကြီးမားထင်ရှားသောတရား (မဟာဘုတ်လေးပါး - မြေ၊ ရေ၊ လေ၊ မီး)။

မဟာဘူတကသိုဏ်း
= မဟာဘုတ်ကသိုဏ်း (မြေ၊ ရေ၊ လေ၊ မီး ကသိုဏ်းလေးပါး) ကို ခေါ်သည်။

မဟာဝိဟာရ
= မဟာ + ဝိဟာရ
မဟာ = ကြီးသော + ဝိဟာရ = ကျောင်း၊
= ကျောင်းတိုက်ကြီး။

မဟာသာဝက
= မဟာ + သာဝက
မဟာ = ကြီးမြတ်သော + သာဝက = တပည့်၊
= ဧတဒဂ်ဘွဲ့ထူးရ တပည့်ကြီးများ။

မဂ္ဂန္တရာယ်
= မဂ်ဖိုလ်အတွက် အန္တရာယ်။

မဂ္ဂဝီထိ
= မဂ္ဂ + ဝီထိ
မဂ္ဂ = မဂ် + ဝီထိ = စိတ်အစဉ်၊
= မဂ်စိတ်အစဉ်။
စာမျက်နှာ-729


မဂ္ဂင်
= မဂ္ဂင်္ဂ = မဂ္ဂ + အင်္ဂ
= မဂ်၏ အင်္ဂါအစိတ်အပိုင်းများ (မဂ္ဂင်ရှစ်ပါးတရား)။

မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ
= မဂ္ဂ + အမဂ္ဂ + ဉာဏ + ဒဿန + ဝိသုဒ္ဓိ
မဂ္ဂ = ကျင့်စဉ်လမ်းကြောင်း + အမဂ္ဂ = ကျင့်စဉ်မဟုတ်သည် + ဉာဏ = သိသောဉာဏ် + ဒဿန = အမြင် + ဝိသုဒ္ဓိ = စင်ကြယ်ခြင်း၊
= ကျင့်စဉ်လမ်းကြောင်း မှန်ကန်မှု ရှိမရှိ ဝေဖန်ပိုင်းခြားတတ်သော ဉာဏ်အမြင် စင်ကြယ်ခြင်း။

မဂ္ဂသစ္စာ
= မဂ္ဂ + သစ္စာ
မဂ္ဂ = မဂ် + သစ္စာ = အမှန်တရား၊
= မဂ်ကို ရှာမှီးတတ်သော အမှန်တရား (မဂ္ဂင်ရှစ်ပါးတရား)။

မတ္ထလုင်္ဂပဉ္စက
= မတ္ထလုင်္ဂ + ပဉ္စက
မတ္ထလုင်္ဂ = ဦးနှောက် + ပဉ္စက = ငါးခုတွဲ၊
= အူမမှ ဦးနှောက်တိုင်အောင် ငါးခုတွဲရှိသော အစုအဝေး။

မာတုဃာတက
= မာတု + ဃာတက
မာတု = မိခင် + ဃာတက = သတ်ခြင်း၊
= မိခင်ကို သတ်သောကံ။

မာနာနုသယ
= မာန + အနုသယ
မာန = ထောင်လွှားမှု + အနုသယ = ကိန်းဝပ်ခြင်း၊
= အင်အားကြီးမား၍ အဖြစ်များသော မာန။

မိဂဒါဝုန်တော
= မိဂ + ဒါဝန + တော
မိဂ = သမင် + ဒါဝန = ဘေးမဲ့ပေးရာတော၊
= သားသမင်တို့ကို ဘေးမဲ့ပေးထားသောတော။

မိစ္ဆာဒိဋ္ဌိကြီး
= မိစ္ဆာ + ဒိဋ္ဌိ
မိစ္ဆာ = မှားယွင်းသော + ဒိဋ္ဌိ = အယူ၊
= အကြီးမားဆုံးသော အယူမှားမှု။
စာမျက်နှာ-730


မိစ္ဆာဝိတက်
= မိစ္ဆာ + ဝိတက္က
မိစ္ဆာ = မှားယွင်းသော + ဝိတက္က = ကြံစည်မှု၊
= မှားသော အကြံအစည်။

မုဒိတာ
= ချမ်းသာသူတို့ကို တွေ့မြင်လျှင် ဝမ်းမြောက်ကြည်နူးခြင်း။

မုဉ္စိတုကမျတာဉာဏ်
= မုဉ္စိတု + ကမျတာ + ဉာဏ်
မုဉ္စိတု = လွတ်မြောက်ခြင်းငှာ + ကမျတာ = အလိုရှိသည်၏ အဖြစ်၊
= အလုံးစုံသော သင်္ခါရတို့မှ လွတ်မြောက်လိုသော ဉာဏ်။

မုတ္တဆက္က
= မုတ္တ + ဆက္က
မုတ္တ = ကျင်ငယ် + ဆက္က = ခြောက်ခုတွဲ၊
= မျက်ရည်မှ ကျင်ငယ်တိုင်အောင် ခြောက်ခုတွဲရှိသော အစုအဝေး။

မူလပဋိသန္ဓေ
= မူလ + ပဋိသန္ဓေ
မူလ = အရင်းအမြစ်၊ စစဦး + ပဋိသန္ဓေ = နေခြင်း၊
= စစဦး ပဋိသန္ဓေနေခြင်း။

မေဒဆက္က
= မေဒ + ဆက္က
မေဒ = ဆီခဲ + ဆက္က = ခြောက်ခုတွဲ၊
= အသည်းခြေမှ အဆီခဲတိုင်အောင် ခြောက်ခုတွဲရှိသော အစုအဝေး။

မေတ္တာကာယကံ
= သူတစ်ပါး အကျိုးကို လိုလိုလားလားဖြင့် ကိုယ်ထိလက်ရောက် ကူညီဆောင်ရွက်ပေးမှု။

မေတ္တာဈာန်
= သတ္တဝါတို့ကို စူးစိုက်အာရုံပြု၍ ပွားများသော မေတ္တာ။

မေတ္တာဘာဝနာ
= မေတ္တာ + ဘာဝနာ
မေတ္တာ = သတ္တဝါတို့ကို ချစ်သောစိတ် + ဘာဝနာ = ပွားများခြင်း၊
= သတ္တဝါတို့အပေါ် ရင်ဝယ်သားပမာ ချစ်စိတ်ပွားများခြင်း၊ မေတ္တာပို့ခြင်း။

မေတ္တာဝစီကံ
= သတ္တဝါအားလုံး ဘေးကင်းကြပါစေ စသည်ဖြင့် အသံထွက် နှုတ်မြွက်ရွတ်ဆို၍ မေတ္တာပို့ခြင်း။
စာမျက်နှာ-731


မောဟစရိုက်
= မောဟ + စရိတ
မောဟ = လေးလံ ထိုင်းမှိုင်း တွေဝေခြင်း + စရိတ = အကျင့်၊
= ထုံထိုင်းလေးလံခြင်း၊ အအိပ်ကြီးခြင်း၊ မိုက်မဲတွေဝေစွာ ပြုလုပ်ခြင်း။

မောဟ
= မိုက်မဲတွေဝေခြင်း၊ မသိခြင်း။

ယထာကမ္မူပဂအဘိညာဉ်
= ယထာ + ကမ္မ + ဥပဂမန + အဘိညာဉ်
ယထာ = အားလျော်စွာ + ကမ္မ = ကံ + ဥပဂမန = ကပ်ရောက်ခြင်း၊
= ကုသိုလ်၊ အကုသိုလ်ကံ အားလျော်စွာ သတ္တဝါတို့ လားရောက်ရမည့် ဘုံဌာနကို သိမြင်နိုင်သော အဘိညာဉ်။

ယထာဘူတဉာဏ်
= ဖြစ်သည့်အတိုင်း ဟုတ်မှန်သည့်အတိုင်း သိသောဉာဏ် (အရှိအတိုင်း အမှန်အတိုင်း သိသောဉာဏ်)။

ယမကပါဋိဟာရိယ
= ယမက + ပါဋိဟာရိယ
ယမက = အစုံ + ပါဋိဟာရိယ = အထူးထူး ဖန်ဆင်းခြင်း (တန်ခိုး)၊
= ရေ၊ မီး အစုံအစုံ တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်း (ယမိုက်ပြာဋိဟာ)။

ယမ္ပိစ္ဆံ န လဘတိ
= ယံ + ဣစ္ဆ + န + လဘတိ
ယံ = အကြင်အရာကို + ဣစ္ဆ = အလိုရှိ၏ + န လဘတိ = မရ၊
= လိုချင်သည်ကို မရခြင်းသည် ဆင်းရဲ၏။

ယုဂနဒ္ဓဘာဝနာနည်း
= ယုဂ + နဒ္ဓ + ဘာဝနာ
ယုဂ = စုံတွဲ + နဒ္ဓ = တွဲစပ်ခြင်း + ဘာဝနာ = ပွားများခြင်း၊
= သမထနှင့် ဝိပဿနာကို ဒွန်တွဲလျက် မဂ်ရအောင် ပွားများအားထုတ်သောနည်း။
စာမျက်နှာ-732


ယောဂ
= ယှဉ်တွဲပူးကပ်ခြင်း။

ယောနိသောမနသိကာရ
= ယောနိသော + မနသိ + ကာရ
ယောနိသော = သင့်သော၊ အဆင်ပြေသောအားဖြင့် + မနသိ = စိတ်၌ + ကာရ = သွင်းခြင်း၊
= သင့်လျော်အောင် နှလုံးသွင်းခြင်း၊ အဆင်ပြေအောင် စိတ်ထားခြင်း။

ရသတဏှာ
= ရသ = အရသာ + တဏှာ = တပ်မက်မှု၊
= အစားအစာ အရသာ၌ တပ်မက်မှု။

ရာဂစရိုက်
= ရာဂ + စရိတ
ရာဂ = လိုချင်တပ်မက်မှု + စရိတ = အကျင့်၊
= အပျော်အပါး အားကြီးမှု၊ လိုချင်လောဘ လွန်ကဲမှု။

ရူပသန္တတိ
= ရူပ + သန္တတိ
ရူပ = ရုပ် + သန္တတိ = ဖြစ်စဉ်၊
= ရုပ်ဖြစ်စဉ်။

ရောဂသမသီသီရဟန္တာ
= ရောဂ + သမ + သီသီ + ရဟန္တာ
ရောဂ = အနာရောဂါ + သမ = တစ်ပြိုင်နက် + သီသီ = ငြိမ်းချမ်းခြင်း၊
= အရဟတ္တဖိုလ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် စွဲကပ်နေသော အနာရောဂါ ပျောက်ကင်းသွားသော ရဟန္တာ။

လဟုတာ
= ကိုယ်စိတ် ပေါ့ပါးသွက်လက်ခြင်း။

လာဘပလိဗောဓ
= လာဘ + ပလိဗောဓ
လာဘ = လာဘ်လာဘ ပစ္စည်းရရှိမှု + ပလိဗောဓ = အနှောင့်အယှက်၊
= လာဘ်လာဘနှင့် လက်ဆောင်ပစ္စည်း ရရှိမှုသည် ကမ္မဋ္ဌာန်းဘာဝနာအတွက် အနှောင့်အယှက် ဖြစ်သည်။
စာမျက်နှာ-733


လောကဝိဝရဏ
= လောက + ဝိဝရဏ
လောက = စကြဝဠာကမ္ဘာ + ဝိဝရဏ = ဖွင့်ပြခြင်း၊
= ကမ္ဘာမြေမှ အထက် အကနိဋ္ဌဗြဟ္မာပြည်အထိ၊ အောက် အဝီစိအထိ မြင်ရအောင် တန်ခိုးဖြင့် ဖွင့်ပြခြင်း။

လောကီအဘိညာဉ်
= လောကီလောကနှင့် ယှဉ်သော အဘိညာဉ်။

လောကီမဂ်
= လောကီကုသိုလ်စိတ်နှင့် အတူတကွဖြစ်သော သမ္မာဒိဋ္ဌိ စသည့် မဂ္ဂင်ရှစ်ပါး။

လောကုတ္တရာမဂ်
= သောတာပတ္တိမဂ် စသည်တို့ကို ခေါ်သည်။

လောမဟံသစရိယ
= လောမ + ဟံသ + စရိယ
လောမ = မွှေးညင်း + ဟံသ = ရွှင်ခြင်း၊ ထခြင်း + စရိယ = အကျင့်၊
= ကြက်သီးမွေးညင်း ထလောက်အောင် ပြင်းထန်သော အကျင့်။

လောဟကုမ္ဘီငရဲ
= လောဟ = ကြေးသံ + ကုမ္ဘီ = အိုး၊
= သံပူအိုးငရဲ။

လောဟိတကအသုဘ
= လောဟိတက = သွေးများ ယိုထွက်ပေကျံနေသော + အသုဘ = အလောင်း၊
= သွေးများ ယိုထွက်နေသော အလောင်းကောင်။

လောဟိတကသိုဏ်း
= အနီရောင် ကသိုဏ်း။

လောဟိတုပ္ပါဒက
= လောဟိတ = သွေး + ဥပ္ပါဒက = ဖြစ်စေခြင်း၊
= ဘုရားရှင်၌ သွေးစိမ်းတည်အောင် ပြုခြင်း (အနန္တရိယကံ တစ်မျိုး)။
စာမျက်နှာ-734


လက္ခဏာယာဉ်
= လက္ခဏာ + ယာန
လက္ခဏာ = အမှတ် + ယာန = သွားလာခြင်း၊
= အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုမှတ်၍ နေခြင်း။

လဇ္ဇီပုဂ္ဂိုလ်
= မကောင်းမှု အကုသိုလ် ဒုစရိုက် ပြုရမည်ကို ရှက်သောပုဂ္ဂိုလ်။

လွင်တီးခေါင်
= သစ်ပင်ဝါးပင် မရှိသော ကွင်းပြင်။

ဝသီဘာဝတာ
= ဝသီ = လေ့လာခြင်း၊ အလို + ဘာဝတာ = ရှိသည်၏ အဖြစ်၊
= လေ့လာထားခြင်း၊ အလိုရှိတိုင်း ဖြစ်နိုင်ခြင်း (ဝသီဘော်နိုင်ခြင်း)။

ဝက္ကပဉ္စက
= ဝက္က + ပဉ္စက
ဝက္က = အညို့ (ကျောက်ကပ်) + ပဉ္စက = ငါးခုမြောက်၊
= အသားမှ အညို့အထိ ငါးခုမြောက်ရှိသော အစုအဝေး။

ဝဏ္ဏကသိုဏ်း
= အဆင်းကသိုဏ်း (နီလ၊ ပီတ၊ လောဟိတ၊ ဩဒါတ လေးပါးကို ခေါ်သည်)။

ဝါယောကသိုဏ်း
= လေကသိုဏ်း။

ဝါယောကောဋ္ဌာသ
= ဝါယော + ကောဋ္ဌာသ
ဝါယော = လေ + ကောဋ္ဌာသ = အစု၊
= လေဓာတ်အစု။

ဝါယောဓာတ်
= လေဓာတ်၊ လေသဘော။

ဝါရပေါက် / ဝါရကျိုး
= ဝါရ = အကြိမ်၊
= ကမ္မဋ္ဌာန်း ရှုမှတ်နေစဉ် အာရုံတစ်ပါးသို့ စိတ်ရောက်ခြင်း၊ နီဝရဏ ကြားဖြတ်ဝင်ခြင်းကို ခေါ်သည်။
စာမျက်နှာ-735


ဝိကုဗ္ဗနိဒ္ဓိ
= ဝိကုဗ္ဗန + ဣဒ္ဓိ
ဝိကုဗ္ဗန = အဆင်းဖောက်ပြန်ခြင်း + ဣဒ္ဓိ = တန်ခိုး၊
= မိမိ၏ ပကတိရုပ်ကို စွန့်၍ အမျိုးမျိုးသော ပုံသဏ္ဌာန် ဖန်ဆင်းခြင်း (ရုပ်ပြောင်းရုပ်လွှဲ)။

ဝိက္ခမ္ဘနပဟာန်
= ဝိက္ခမ္ဘန + ပဟာန
ဝိက္ခမ္ဘန = ခွာခြင်း + ပဟာန = ပယ်ခြင်း၊
= နီဝရဏ ကိလေသာတို့ကို မဟဂ္ဂုတ်ဈာန်ဖြင့် ခွာ၍ ပယ်ခြင်း။

ဝိက္ခာယိတကအသုဘ
= ဝိက္ခာယိတက = ကိုက်ခဲစားထားသော + အသုဘ = အလောင်း၊
= ခွေး၊ လင်းတ၊ ကျီးတို့ ကိုက်ခဲစားထားသော အလောင်းကောင်။

ဝိက္ခိတ္တကအသုဘ
= လက်၊ ခြေ၊ ခေါင်း၊ ကိုယ် ဖရိုဖရဲ ဖြစ်နေသော အလောင်းကောင်။

ဝိညာဏာဟာရ
= ဝိညာဏ + အာဟာရ
ဝိညာဏ = ဝိညာဉ်၊ စိတ် + အာဟာရ = အစာ၊
= စိတ်၊ စေတသိက်ဟူသော နာမ်ဝိညာဉ်များသည် သတ္တဝါတို့ အသက်ရှင်ရေးအတွက် အစာဖြစ်သည်။

ဝိညာဏက္ခန္ဓာ
= ဝိညာဏ + ခန္ဓာ
ဝိညာဏ = နာမ်တရား + ခန္ဓာ = အစုအဝေး၊
= နာမ်အစုအဝေး (စိတ်အစု)။

ဝိညာဏဉ္စာယတန
= ဝိညာဏ + အာနဉ္စ + အာယတန
ဝိညာဏ = ဝိညာဉ် + အာနဉ္စ = အဆုံးမရှိ + အာယတန = တည်ရာ၊
= အဆုံးမရှိသော ပထမအရူပဝိညာဉ်ကို အာရုံပြုသော ဒုတိယအရူပဈာန်။
စာမျက်နှာ-736


ဝိစာရ
= ဆင်ခြင်သုံးသပ်ခြင်း၊ စိတ်ကို အာရုံပေါ်၌ လှည့်လည်ရစ်ဝဲပေးခြင်း။

ဝိစိကိစ္ဆာနီဝရဏ
= ဝိစိကိစ္ဆာ = ယုံမှားခြင်း + နီဝရဏ = အတားအဆီး၊
= တရားပေါ်၌ ယုံမှားသံသယဖြစ်ခြင်း (ဘာဝနာ၏ အတားအဆီး)။

ဝိစိကိစ္ဆာအနုသယ
= အင်အားကြီးမား၍ အဖြစ်များသော ယုံမှားသံသယ။

ဝိစ္ဆိဒ္ဒကအသုဘ
= ဝိစ္ဆိဒ္ဒက = ပြတ်နေသော + အသုဘ = အလောင်း၊
= ကိုယ်ကို နှစ်ပိုင်းဖြတ်၍ သတ်ထားသော အလောင်းကောင်။

ဝိဇ္ဇာမယိဒ္ဓိ
= ဝိဇ္ဇာ + မယ + ဣဒ္ဓိ
ဝိဇ္ဇာ = အတတ်ပညာ + မယ = ပြီးသော + ဣဒ္ဓိ = တန်ခိုး၊
= ဂါထာမန္တာန် အတတ်ပညာဖြင့် မြေလျှိုးမိုးပျံနိုင်ခြင်း။

ဝိတက်
= ဝိတက္က = ကြံခြင်း၊ စိတ်ကို အာရုံသို့ တင်ပေးခြင်း။

ဝိတက်စရိုက်
= ဝိတက္က = ထူးထူးထွေထွေ ကြံစည်ခြင်း + စရိတ = အကျင့်၊
= အငြိမ်မနေ၊ လှုပ်လှုပ်ရွရွရှိသူ။ အအိပ် အနေ နည်းသည်။

ဝိနယကုက္ကုစ္စ
= ဝိနယ + ကုက္ကုစ္စ
ဝိနယ = ဝိနည်းကျင့်ဝတ် + ကုက္ကုစ္စ = နောင်တပူပန်ခြင်း၊
= ဝိနည်းသိက္ခာပုဒ်ကို ကျူးလွန်မိ၍ စိတ်မချမ်းမသာ ဖြစ်နေခြင်း။
စာမျက်နှာ-737


ဝိနီလကအသုဘ
= ဝိနီလက + အသုဘ
ဝိနီလက = ညိုမဲသော အဆင်းရှိသော + အသုဘ = အလောင်းကောင်၊
= သေဆုံးပြီး သုံးလေးရက်ကြာသောအခါ သွေးပြည်ပုပ်များဖြင့် ညိုမဲနေသော အလောင်းကောင်။

ဝိပရိဏာမဒုက္ခ
= ဝိပရိဏာမ + ဒုက္ခ
ဝိပရိဏာမ = ဖောက်ပြန်ခြင်း + ဒုက္ခ = ဆင်းရဲ၊
= မတည်မမြဲ ဖောက်ပြန်ပျက်စီးတတ်သော ချမ်းသာသုခ။

ဝိပဿနာ
= အထူးအားဖြင့် ရှုမြင်ခြင်း၊ ထူးထူးခြားခြား ရှုမြင်သိရသောတရား။

ဝိပဿနာယာနိက
= ဝိပဿနာ + ယာနိက
ယာနိက = ယာဉ်ဖြင့်သွားခြင်း၊ လမ်းကြောင်း၊
= ဝိပဿနာတည်းဟူသော ယာဉ်ဖြင့် သွားခြင်း၊ ဝိပဿနာလမ်းကြောင်း။

ဝိပါကဉာဏ်
= ဝိပါက + ဉာဏ်
ဝိပါက = အကျိုးပေးမှု၊
= ကံတရားတို့၏ အကျိုးပေးမှု အကြောင်းရင်းကို သိသော ဉာဏ်။

ဝိပါကန္တရာယ်
= အတိတ် အကုသိုလ်ကံက မဂ်မရနိုင်အောင် အန္တရာယ်ပြု တားဆီးထားခြင်း။

ဝိပုဗ္ဗကအသုဘ
= ဝိပုဗ္ဗက + အသုဘ
ဝိပုဗ္ဗက = ပြည်ယိုထွက်သော၊
= သေပြီးငါးရက်အရောက် ပြည်တစိုစို ယိုထွက်နေသော အလောင်းကောင်။

ဝိဘဝတဏှာ
= ဝိဘဝ + တဏှာ
ဝိဘဝ = ဘဝကင်းပြတ်မှု + တဏှာ = တပ်မက်ခြင်း၊
= အသက်မရှင်လို သတ်သေလိုသော ဆန္ဒ။ သေပြီးနောက် ဘဝပြတ်သည်ဟု ယူသော ဥစ္ဆေဒဒိဋ္ဌိနှင့် ယှဉ်တွဲသည့် တဏှာ။
စာမျက်နှာ-738


ဝိမုတ္တိ
= လွတ်မြောက်ခြင်း၊ ဖိုလ်လေးပါး။

ဝိမုတ္တိသုခ
= ဝိမုတ္တိ + သုခ
ဝိမုတ္တိ = လွတ်မြောက်သော + သုခ = ချမ်းသာ၊
= ကိလေသာ ပူလောင်ခြင်းတို့မှ လွတ်ကင်းသော ချမ်းသာ (မဂ်ဖိုလ်ချမ်းသာ)။

ဝိရာဂသညာ
= ဝိရာဂ + သညာ
ဝိရာဂ = ရာဂကင်းသော + သညာ = ရှုမှတ်ခြင်း၊
= ရာဂကင်းပြတ်ရာ နိဗ္ဗာန်သည် ငြိမ်သက်မွန်မြတ်၏ဟု ရှုမှတ်ဆင်ခြင်ခြင်း။

ဝိသဘာဂ
= ဆန့်ကျင်ဘက်အာရုံ။

ဝိသုဒ္ဓိ
= အထူးစင်ကြယ်ခြင်း။

ဝီတိက္ကမကိလေသာ
= ဝီတိက္ကမ + ကိလေသာ
ဝီတိက္ကမ = ကျူးလွန်ခြင်း၊
= ကာယကံမြောက်၊ ဝစီကံမြောက် ကျူးလွန်သော ကိလေသာ။

ဝီမံသိဒ္ဓိပါဒ်
= ဝီမံသ + ဣဒ္ဓိပါဒ
ဝီမံသ = ပညာဉာဏ် + ဣဒ္ဓိပါဒ = အခြေခံတန်ခိုး၊
= တန်ခိုးဣဒ္ဓိရရန် အခြေခံ ဉာဏ်ပညာ။

ဝီရိယဗိုလ်
= ဝီရိယ + ဗလ
ဝီရိယ = အားထုတ်မှု + ဗလ = စွမ်းအား၊
= အားကြီးသော ကြိုးစားအားထုတ်မှု။

ဝီရိယသမ္ဗောဇ္ဈင်
= ဝီရိယ + သမ္ဗောဇ္ဈင်
ဝီရိယ = အားထုတ်မှု + သမ္ဗောဇ္ဈင် = မဂ်ဉာဏ်၏ အကြောင်း၊
= မဂ်ဉာဏ်၏ အကြောင်းဖြစ်သော အားထုတ်မှု။

ဝီရိယိဒ္ဓိပါဒ်
= ဝီရိယ + ဣဒ္ဓိ + ပါဒ
= တန်ခိုးဣဒ္ဓိရရန် အခြေခံဖြစ်သော အားထုတ်မှု။
စာမျက်နှာ-739


ဝီရိယိန္ဒြေ
= ဝီရိယ + ဣန္ဒြေ
ဣန္ဒြေ = အစိုးရခြင်း၊ လွှမ်းမိုးခြင်း၊
= အားထုတ်မှု၌ ပိုင်စိုးခြင်း။

ဝီရိယုပေက္ခာ
= ဝီရိယ + ဥပေက္ခာ
ဥပေက္ခာ = အညီအမျှထားခြင်း၊
= ဝီရိယကို အညီအမျှ ထားခြင်း။

ဝုဋ္ဌာနဂါမိနိဝိပဿနာ
= ဝုဋ္ဌာန + ဂါမိနိ + ဝိပဿနာ
ဝုဋ္ဌာန = လွတ်မြောက်သော မဂ်သို့ + ဂါမိနီ = သွားတတ်သော၊
= သင်္ခါရတို့မှ လွတ်မြောက်သော မဂ်သို့ သွားတတ်သော ဝိပဿနာ (ကံ၊ ကိလေသာ၊ ဝိပါက်တို့မှ လွတ်မြောက်ရာ)။

ဝုဋ္ဌာနဝသီ
= ဝုဋ္ဌာန + ဝသီ
ဝုဋ္ဌာန = ထခြင်း + ဝသီ = အလေ့အကျင့်၊
= သတ်မှတ်ထားသော အချိန်၌ ဈာန်မှ ထနိုင်ခြင်း။

ဝေဒနာ
= ခံစားမှု။

ဝေဒနာက္ခန္ဓာ
= ဝေဒနာ + ခန္ဓာ
ဝေဒနာ = ခံစားမှု + ခန္ဓာ = အစုအဝေး၊
= ခံစားမှုအစုအဝေး။

ဝေဒနာနုပဿနာသတိပဋ္ဌာန်
= ဝေဒနာ + အနုပဿနာ + သတိပဋ္ဌာန်
ဝေဒနာ = ခံစားမှု + အနုပဿနာ = အဖန်ဖန်ရှုခြင်း၊
= ခန္ဓာကိုယ်၌ ဖြစ်ပေါ်လာသော ခံစားမှုကို သတိဖြင့် အစဉ်လိုက်၍ ရှုမှတ်မှု။

ဝေဒနုပေက္ခာ
= ဝေဒနာ + ဥပေက္ခာ
ဝေဒနာ = ခံစားမှု + ဥပေက္ခာ = လျစ်လျူရှုခြင်း၊
= ခံစားမှု၌ လျစ်လျူရှုခြင်း။
စာမျက်နှာ-740


ဝေနေယျဇ္ဈာသယ
= ဝေနေယျ + အဇ္ဈာသယ
ဝေနေယျ = ကျွတ်ထိုက်သောသတ္တဝါ + အဇ္ဈာသယ = အလို၊
= ကျွတ်ထိုက်သော သတ္တဝါတို့၏ အလိုဆန္ဒ။

သကဒါဂါမ်
= သကိ + အာဂါမီ
သကိ = လူ့ပြည်သို့ တစ်ကြိမ် + အာဂါမီ = လာခြင်း၊
= ဤလူ့ပြည်သို့ ပဋိသန္ဓေအားဖြင့် တစ်ကြိမ်သာ ပြန်လာရသောကြောင့် သကဒါဂါမ်ဟု ခေါ်သည်။

သက္ကာယဒိဋ္ဌိ
= ကိုယ်ခန္ဓာအတ္တဘော၊ အသက်၊ လိပ်ပြာ ရှိသည်ဟု ယူသော အယူ။

သင်္ခတတရား
= အကြောင်းတရားတို့က ပြုပြင်စီမံအပ်သော တရား။

သင်္ခါရ
= ပြုပြင်စီမံရသော တရား။

သင်္ခါရက္ခန္ဓာ
= သင်္ခါရ + ခန္ဓာ
= သင်္ခါရအစုအဝေး။

သင်္ခါရနိမိတ်
= အကောင်အထည် မရှိဘဲ အကောင်အထည်ကဲ့သို့ အာရုံထင်မြင်မှု။

သင်္ခါရပဋိပဿဒ္ဓိ
= သင်္ခါရ + ပဋိပဿဒ္ဓိ
ပဋိပဿဒ္ဓိ = ငြိမ်းအေးခြင်း၊
= သင်္ခါရတရားတို့ ငြိမ်းအေးခြင်း။

သဂ္ဂန္တရာယ်
= သဂ္ဂ + အန္တရာယ်
သဂ္ဂ = နတ်ပြည်၊
= နတ်ပြည်သုဂတိအတွက် အန္တရာယ်။

သညာက္ခန္ဓာ
= သညာ + ခန္ဓာ
သညာ = မှတ်သားမှု + ခန္ဓာ = အစုအဝေး၊
= မှတ်သားမှု အစုအဝေး။
စာမျက်နှာ-741


သညာဝိပ္ပလ္လာသ
= သညာ + ဝိပ္ပလ္လာသ
သညာ = မှတ်သားမှု + ဝိပ္ပလ္လာသ = ဖောက်ပြန်ခြင်း၊
= အမှတ်သညာ ဖောက်ပြန်ခြင်း။

သတိန္ဒြေ
= သတိ + ဣန္ဒြေ
သတိ = ဆင်ခြင်အောက်မေ့မှု + ဣန္ဒြေ = ပိုင်စိုးခြင်း၊
= ဆင်ခြင်အောက်မေ့မှု၌ ပိုင်စိုးခြင်း။

သတိပဋ္ဌာန်
= သတိ + ပဋ္ဌာန
ပဋ္ဌာန = အမြဲမြံစွာ တည်ခြင်း၊
= သတိမြဲမြံစွာ တည်အောင် အားထုတ်ခြင်း (သတိမြဲအောင် ထူထောင်သောအလုပ်)။

သတိဗိုလ်
= သတိ + ဗလ
ဗလ = စွမ်းအား၊
= ဆင်ခြင်အောက်မေ့မှု စွမ်းအား (အားကောင်းသော သတိ)။

သတိသမ္ပဇဉ်
= သတိ + သမ္ပဇည
သမ္ပဇည = ဆင်ခြင်သော ဉာဏ်ပညာ၊
= သတိနှင့် ဉာဏ်ပညာ။

သတိသမ္ဗောဇ္ဈင်
= သတိ + သမ္ဗောဇ္ဈင်
= မဂ်ဉာဏ်၏ အကြောင်းဖြစ်သော ဆင်ခြင်အောက်မေ့မှု။

သဏ္ဌာနပညတ်
= သဏ္ဌာန + ပညတ်
သဏ္ဌာန = ပုံပန်းအရွယ်အစား၊
= အလုံးအဝိုင်း စသော ပုံသဏ္ဌာန်ကိုကြည့်၍ ခေါ်ဝေါ်ခြင်း။

သတ္တက္ခတ္တုပရမသောတာပန်
= သတ္တ + ခတ္တု + ပရမ
သတ္တ = ခုနစ် + ခတ္တု = အကြိမ် + ပရမ = အလွန်ဆုံး၊
= ကာမဘုံ၌ အလွန်ဆုံး ခုနစ်ကြိမ်ဖြစ်ပြီးနောက် အဆင့်ဆင့် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံရသော သောတာပန်။

သတ္ထုပက္ကောသန
= သတ္ထု + ပက္ကောသန
သတ္ထု = မြတ်စွာဘုရား + ပက္ကောသန = ခေါ်တော်မူခြင်း၊
= ဘုရားရှင် ခေါ်တော်မူခြင်း။
စာမျက်နှာ-742


သဒိသာနုပဿနာဝီထိ
= သဒိသ + အနုပဿနာ + ဝီထိ
သဒိသ = တူညီသော + အနုပဿနာ = ရှုမှတ်မှု + ဝီထိ = စိတ်အစဉ်၊
= တူညီသော ရှုမှတ်မှု စိတ်အစဉ်။

သဒ္ဓါစရိုက်
= သဒ္ဓါ + စရိတ
သဒ္ဓါ = ယုံကြည်မှု + စရိတ = အကျင့်၊
= သဒ္ဓါတရား အားကြီးခြင်း။

သဒ္ဓါနုသာရီပုဂ္ဂိုလ်
= သဒ္ဓါ + အနုသာရီ + ပုဂ္ဂိုလ်
အနုသာရီ = အစဉ်လိုက်သော၊
= ယုံကြည်မှုသို့ အစဉ်လိုက်သော ပုဂ္ဂိုလ် (အနိစ္စဟု ရှုမြင်မှု၌ ထက်မြက်သော သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်)။

သဒ္ဓါဗိုလ်
= သဒ္ဓါ + ဗလ
ဗလ = စွမ်းအား၊
= ယုံကြည်မှု စွမ်းအား။

သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်
= သဒ္ဓါ + ဝိမုတ္တ
ဝိမုတ္တ = လွတ်မြောက်သော၊
= သဒ္ဓါတရား လွန်ကဲမှုဖြင့် အာသဝေါတရားမှ လွတ်သော ပုဂ္ဂိုလ်။

သဒ္ဓိန္ဒြေ
= သဒ္ဓါ + ဣန္ဒြေ
ဣန္ဒြေ = ပိုင်စိုးခြင်း၊
= ယုံကြည်မှု ပိုင်စိုးခြင်း။

သန္တတိပစ္စုပ္ပန်
= သန္တတိ + ပစ္စုပ္ပန္န
သန္တတိ = အစဉ် + ပစ္စုပ္ပန္န = ဖြစ်ဆဲ၊
= ရုပ်အစဉ် နာမ်အစဉ် ဖြစ်ဆဲကာလ။
စာမျက်နှာ-743


သန္တတိပညတ်
= သန္တတိ + ပညတ်
သန္တတိ = အစဉ်အတန်း၊
= တစ်ခုတည်း ဖြစ်လျက် အများအစဉ်အတန်းဟု ထင်ရသော ပညတ်။

သန္တတိသမ္မသနနည်း
= သန္တတိ + သမ္မသန + နည်း
သမ္မသန = သုံးသပ်ခြင်း၊
= ရုပ်ဖြစ်စဉ် နာမ်ဖြစ်စဉ်ကို သုံးသပ်သောနည်း။

သန္တပ္ပနတေဇော
= သန္တပ္ပန + တေဇော
သန္တပ္ပန = ပူလောင်သော + တေဇော = မီး၊
= ပူလောင်သော မီးဓာတ်။

သန္တိလက္ခဏာ
= သန္တိ + လက္ခဏာ
သန္တိ = ငြိမ်းအေးမှု + လက္ခဏာ = အမှတ်အသား၊ အခြေအနေ၊
= ငြိမ်းအေးမှု အမှတ်အသား။

သန္နိဋ္ဌဝါရ
= သန္နိဋ္ဌ + ဝါရ
သန္နိဋ္ဌ = ဆုံးဖြတ်ခြင်း၊ ပြီးဆုံးခြင်း + ဝါရ = အကြိမ်၊
= အာနာပါန ရှုမှတ်စဉ် အာရုံမပျံ့ဘဲ ချောချောမောမော ရေတွက်ရှုမှတ် ပြီးစီးခြင်း။

သန္နိဋ္ဌာပကအဓိဋ္ဌာန်
= သန္နိဋ္ဌာပက + အဓိဋ္ဌာန်
သန္နိဋ္ဌာပက = ပြီးဆုံးစေခြင်း + အဓိဋ္ဌာန် = ဆောက်တည်မှု၊
= အပြီးသတ် ဆောက်တည်မှု။

သဗ္ဗညုတဉာဏ်တော်
= သဗ္ဗ + ညုတ + ဉာဏ်တော်
သဗ္ဗ = အလုံးစုံ + ညုတ = သိခြင်း၊
= တရားအားလုံးကို သိသော ဉာဏ်တော်။
စာမျက်နှာ-744


သဗ္ဗတ္ထကကမ္မဋ္ဌာန်း
= သဗ္ဗ + အတ္ထက + ကမ္မဋ္ဌာန်း
အတ္ထက = အကျိုးရှိသော၊
= အလုံးစုံ အကျိုးကို ပြီးစေသော၊ အခါခပ်သိမ်း အလိုရှိအပ်သော ကမ္မဋ္ဌာန်း။

သဗ္ဗတ္ထဂါမိနီပဋိပဒါဉာဏ်
= သဗ္ဗ + အတ္ထ + ဂါမိနီ + ပဋိပဒါ
ဂါမိနီ = ရောက်ကြောင်း + ပဋိပဒါ = အကျင့်၊
= အလုံးစုံသော ဘုံဘဝနှင့် နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ကို အမှန်အတိုင်း သိမြင်သော ဉာဏ်။

သဗ္ဗဒဿာဝီ
= သဗ္ဗ = အလုံးစုံကို + ဒဿာဝီ = မြင်သူ၊
= အလုံးစုံကို မြင်သူ။

သဗ္ဗလောကေ အနဘိရတိသညာ
= သဗ္ဗ + လောကေ + အနဘိရတိ + သညာ
အနဘိရတိ = မပျော်ရွှင်ခြင်း + သညာ = ရှုမှတ်ခြင်း၊
= လောကအားလုံးအပေါ် ပျော်ရွှင်ဖွယ်မရှိဟု နှလုံးသွင်းလျက် မစွဲလမ်းဘဲ နေခြင်း။

သဗ္ဗသင်္ခါရေသု အနိစ္စသညာ
= အလုံးစုံသော သင်္ခါရ၌ မမြဲဟု ဆင်ခြင်ခြင်း။

သဗ္ဗသင်္ဂါဟကမေတ္တာပွားနည်း
= သတ္တဝါအလုံးစုံကို ပေါင်းရုံး၍ မေတ္တာပို့သောနည်း။

သမထကမ္မဋ္ဌာန်း
= သမထ = ကိလေသာ နီဝရဏတို့ကို ငြိမ်းစေခြင်း၊
= ကိလေသာတို့ ငြိမ်းအေးအောင် အားထုတ်အပ်သော ကမ္မဋ္ဌာန်း။
စာမျက်နှာ-745


သမထပုဗ္ဗင်္ဂမနည်း
= သမထ + ပုဗ္ဗင်္ဂမ
ပုဗ္ဗင်္ဂမ = ရှေးသွားပြုခြင်း၊ ဦးစားပေးခြင်း၊
= သမထကို ရှေးဦးစွာ အားထုတ်ပြီးမှ ဝိပဿနာရှုသောနည်း။

သမထဘာဝနာ
= သမထကို ပွားများခြင်း။

သမထယာနိကလမ်း
= ဈာန်သမာဓိကို အခြေခံကာ ရုပ်နာမ်တို့ကို ဝိပဿနာရှုသော နည်းလမ်း။

သမသီသီရဟန္တာ
= သမ + သီသီ + ရဟန္တာ
သမ = တပြိုင်နက် + သီသီ = ငြိမ်းချမ်းခြင်း၊
= ရဟန္တာဖြစ်သည်နှင့် တပြိုင်နက် ပရိနိဗ္ဗာန်စံသော ရဟန္တာ။

သမာဓိ
= တည်ကြည်ခြင်း၊ စိတ်ငြိမ်ခြင်း။

သမာဓိစရိယ
= သမာဓိ + စရိယ (အကျင့်)၊
= သမာဓိ ၉-ပါး ဖြစ်ခြင်း။

သမာဓိန္ဒြေ
= တည်ကြည်မှု ပိုင်စိုးခြင်း။

သမာဓိဗိုလ်
= စွမ်းအားကောင်းသော တည်ကြည်မှု။

သမာဓိဝိပ္ဖါရဣဒ္ဓိ
= သမာဓိ + ဝိပ္ဖါရ + ဣဒ္ဓိ
ဝိပ္ဖါရ = ပျံ့နှံ့မှု၊
= ဈာန်သမာဓိ၏ တန်ခိုးအာနုဘော် ပျံ့နှံ့မှုကြောင့် ပြီးပြည့်စုံမှု။
စာမျက်နှာ-746


သမာဓိသမ္ဗောဇ္ဈင်
= မဂ်ဉာဏ်၏ အကြောင်းဖြစ်သော တည်ကြည်မှု။

သမာပဇ္ဇနဝသီ
= သမာပဇ္ဇန = ဝင်စားခြင်း + ဝသီ = အလေ့အကျင့်၊
= ဈာန်သမာပတ်ကို အလိုရှိသောအခါ လျင်မြန်စွာ ဝင်စားနိုင်ရန် လေ့ကျင့်ထားခြင်း။

သမာပဇ္ဇနဝီထိ
= ဈာန်သမာပတ် ဝင်စားသော စိတ်အစဉ်။

သမုဒယသစ္စာ
= ဒုက္ခဖြစ်ကြောင်း အမှန်တရား (တဏှာလောဘ)။

သမုစ္ဆေဒပဟာန်
= အကုသိုလ်တရားတို့ကို အပြီးအပြတ် ပယ်သတ်ခြင်း (မဂ်လေးပါး)။

သမူဟပညတ်
= အပေါင်းအစုလိုက် ခေါ်ဝေါ်မှု၊ သိမှု။

သမ္ပဇညနည်း
= ကိုယ်နှုတ်နှစ်ပါး လှုပ်ရှားမှုကို ပညာဖြင့် ဆင်ခြင်ရှုမှတ်နည်း။

သမ္မာဒဿနဉာဏ်
= အမှန်ကို အမှန်တိုင်း၊ အရှိကို အရှိအတိုင်း သိသောဉာဏ်။
စာမျက်နှာ-747


သမထပုဗ္ဗင်္ဂမနည်း
= သမထ + ပုဗ္ဗင်္ဂမ + နည်း
သမထ = သမထကို + ပုဗ္ဗင်္ဂမ = ရှေးသွားပြုခြင်း၊ ဦးစားပေးခြင်း၊
= သမထကို ရှေးဦးစွာ အားထုတ်ပြီးမှ ဝိပဿနာရှုသောနည်း။

သမထဘာဝနာ
= သမထ + ဘာဝနာ (ပွားများခြင်း)၊
= သမထကို ပွားများခြင်း။

သမထယာနိကလမ်း
= သမထကမ္မဋ္ဌာန်းတစ်ခုခုကို ဦးစွာပွားများအားထုတ်၍ ရရှိသော ဈာန်သမာဓိကို အခြေခံကာ ရုပ်နာမ်တို့ကို ဝိပဿနာရှုသောနည်းလမ်း။

သမသီသီရဟန္တာ
= သမ + သီသီ + ရဟန္တာ
သမ = အညီအမျှ၊ တပြိုင်နက် + သီသီ = ငြိမ်းချမ်းခြင်း၊
= ရဟန္တာဖြစ်သည်နှင့် တပြိုင်နက် ပရိနိဗ္ဗာန်စံသော ရဟန္တာပုဂ္ဂိုလ်။

သမာဓိ
= တည်ကြည်ခြင်း၊ စိတ်တည်ငြိမ်ခြင်း။

သမာဓိစရိယ
= သမာဓိ + စရိယ (အကျင့်)၊
= သမာဓိ ၉-ပါး ဖြစ်ခြင်း။

သမာဓိန္ဒြေ
= သမာဓိ + ဣန္ဒြေ (ပိုင်စိုးခြင်း)၊
= တည်ကြည်မှု ပိုင်စိုးခြင်း။

သမာဓိဗိုလ်
= သမာဓိ + ဗလ (စွမ်းအား)၊
= စွမ်းအားကောင်းသော တည်ကြည်မှု။

သမာဓိဝိပ္ဖါရိဒ္ဓိ
= သမာဓိ + ဝိပ္ဖါရ + ဣဒ္ဓိ
သမာဓိ = ဈာန်သမာဓိ၏ + ဝိပ္ဖါရ = ပျံ့နှံ့မှု + ဣဒ္ဓိ = တန်ခိုး၊
= သမာဓိ၏ တန်ခိုးအာနုဘော် ပျံ့နှံ့မှုကြောင့် ပြီးပြည့်စုံမှု။
စာမျက်နှာ-748


သမာဓိသမ္ဗောဇ္ဈင်
= မဂ်ဉာဏ်၏ အကြောင်းဖြစ်သော တည်ကြည်မှု။

သမာပဇ္ဇနဝသီ
= သမာပဇ္ဇန + ဝသီ
သမာပဇ္ဇန = ကောင်းစွာရောက်ခြင်း၊ ဝင်စားခြင်း + ဝသီ = အလေ့အကျင့်၊
= အလိုရှိသောအခါ ဈာန်သမာပတ်ကို လျင်မြန်စွာ ဝင်စားနိုင်ရန် လေ့ကျင့်ထားခြင်း။

သမာပဇ္ဇနဝီထိ
= ဈာန်သမာပတ် ဝင်စားသော စိတ်အစဉ်။

သမုဒယသစ္စာ
= သမုဒယ + သစ္စာ
သမုဒယ = ဖြစ်ကြောင်း + သစ္စာ = အမှန်တရား၊
= ဒုက္ခဖြစ်ခြင်း၏ အကြောင်းဖြစ်သော တဏှာလောဘသည် သမုဒယသစ္စာမည်၏။

သမုစ္ဆေဒပဟာန်
= သမုစ္ဆေဒ + ပဟာန
သမုစ္ဆေဒ = အပြီးအပြတ် + ပဟာန = ပယ်သတ်ခြင်း၊
= အကုသိုလ်တရားတို့ကို အပြီးအပြတ် ပယ်သတ်ခြင်း (မဂ်လေးပါး)။

သမူဟပညတ်
= သမူဟ (အပေါင်းအစု) + ပညတ် (ခေါ်ဝေါ်ခြင်း)၊
= အပေါင်းလိုက်၊ အစုလိုက် ခေါ်ဝေါ်မှု၊ သိမှု။

သမ္ပဇညနည်း
= သမ္ပဇည = ပညာ၊ ဆင်ခြင်တုံတရား၊
= ကိုယ်နှုတ်နှစ်ပါး လှုပ်ရှားမှုကို ပညာဖြင့် ဆင်ခြင်ရှုမှတ်နည်း။

သမ္မဒဿနဉာဏ်
= သမ္မာ (ကောင်းစွာ) + ဒဿန (မြင်သော)၊
= အမှန်ကို အမှန်တိုင်း အရှိကို အရှိအတိုင်း သိသောဉာဏ်။
စာမျက်နှာ-749


သမ္မပ္ပဓာန်
= သမ္မာ (ကောင်းစွာ) + ပဓာန (အားထုတ်ခြင်း)၊
= မှန်ကန်စွာ အားထုတ်မှု၊ နည်းမှန်လမ်းမှန် အားထုတ်မှု။

သမ္မသနဉာဏ်
= သင်္ခါရသဘောတရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုမြင်သုံးသပ်သော ဉာဏ်။

သမ္မာအာဇီဝမဂ္ဂင်
= နိဗ္ဗာန်ရောက်ကြောင်း မှန်ကန်သော အသက်မွေးမှု။

သမ္မာကမ္မန္တမဂ္ဂင်
= နိဗ္ဗာန်သို့ ရောက်ကြောင်း မှန်ကန်သော အလုပ်။

သမ္မာဒိဋ္ဌိမဂ္ဂင်
= နိဗ္ဗာန်သို့ ရောက်ကြောင်း မှန်ကန်သော ဉာဏ်အမြင်။

သမ္မာပယောဂပစ္စယသိဒ္ဓိ
= နည်းမှန်လမ်းမှန် ကြိုးစားအားထုတ်ခြင်းကြောင့် ထိုထိုအမှုကိစ္စ ပြီးပြည့်စုံခြင်း။

သမ္မာဝါစာမဂ္ဂင်
= နိဗ္ဗာန်ရောက်ကြောင်း မှန်ကန်သောစကား။

သမ္မာဝါယာမမဂ္ဂင်
= နိဗ္ဗာန်သို့ ရောက်ကြောင်း မှန်ကန်သော ကြိုးစားအားထုတ်မှု။
စာမျက်နှာ-750


သမ္မာသတိမဂ္ဂင်
= နိဗ္ဗာန်ရောက်ကြောင်း မှန်ကန်သော ဆင်ခြင်အောက်မေ့မှု။

သမ္မာသမာဓိမဂ္ဂင်
= နိဗ္ဗာန်ရောက်ကြောင်း မှန်ကန်သော တည်ကြည်မှု။

သမ္မာသင်္ကပ္ပမဂ္ဂင်
= နိဗ္ဗာန်ရောက်ကြောင်း မှန်ကန်သော အကြံအစည်။

သမ္မာသမ္ဗုဒ္ဓဘုရားရှင်
= သစ္စာလေးပါးတရားကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူသော ဘုရားရှင်။

သသင်္ခါရပရိနိဗ္ဗာယီ
= ငြိုငြင်ပင်ပန်းစွာ လုံ့လပယောဂဖြင့် အားထုတ်မှသာ ရဟန္တာအဖြစ်ကိုရပြီး ပရိနိဗ္ဗာန်ပြုသော အနာဂါမ်။

သဿတဒိဋ္ဌိ
= သတ္တလောကသည် မြဲ၏ဟု ယူသောအယူ။

သဥပါဒိသေသနိဗ္ဗာန်
= ခန္ဓာအကြွင်းအကျန်ရှိသော နိဗ္ဗာန်။

သာရဏီယတရား
= အမြဲအောက်မေ့ သတိရဖွယ်တရား။
စာမျက်နှာ-751


သိခါပတ္တဝိပဿနာဉာဏ်
= အထွတ်အထိပ်သို့ ရောက်သော ဝိပဿနာဉာဏ်။

သိခါပတ္တသင်္ခါရူပေက္ခာဉာဏ်
= သင်္ခါရတရားတို့ကို ညီတူညီမျှ ရှုမှတ်ခြင်းကြောင့် အထွတ်အထိပ်သို့ ရောက်သောဉာဏ်။

သီလမဂ္ဂင်
= သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ မဂ္ဂင်သုံးပါး။

သီလဗ္ဗတပရာမာသကာယဂန္ထ
= ခွေး၊ နွားတို့၏ အလေ့အကျင့်ဖြင့် ကိလေသာမှ စင်ကြယ်သည်ဟု ယူဆမှု။

သီလဗ္ဗတုပါဒါန်
= ခွေး၊ နွားတို့၏ အလေ့အကျင့်ကို ပြင်းထန်စွာ စွဲလမ်းခြင်း။

သီလဝိသုဒ္ဓိ
= ကိုယ်ကျင့်တရား စင်ကြယ်ခြင်း။

သီလာနုဿတိ
= မိမိ၏ သီလကို အဖန်ဖန် အောက်မေ့ခြင်း။

သုခိတသတ္တဝါ
= ချမ်းသာခြင်းနှင့် ပြည့်စုံသော သတ္တဝါ။
စာမျက်နှာ-752


သုခီ အတ္တာနံ ပရိဟရန္တု
= မိမိတို့၏ ခန္ဓာဝန်ကို ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာ ဆောင်ရွက်နိုင်ကြပါစေ (ကျန်းမာကြပါစေ)။

သုက္ခဝိပဿကရဟန္တာ
= ဈာန်အဘိညာဉ် မရဘဲ ဝိပဿနာဉာဏ်သက်သက်ဖြင့် ရဟန္တာဖြစ်သော ပုဂ္ဂိုလ်။

သုညတထင်အောင်ပွားနည်း
= အတ္တ၊ ဇီဝ၊ လိပ်ပြာမှ ကင်းဆိတ်၍ ဓာတ်ကြီးလေးပါးမျှသာ ဖြစ်ကြောင်း ရှုပွားနည်း။

သုဒ္ဓဝိပဿနာယာနိက
= သမထအားမထုတ်ဘဲ ဝိပဿနာသက်သက် အားထုတ်သော လမ်းစဉ်။

သောတသမ္ဖဿ
= နားနှင့် အာရုံ ကောင်းစွာ ထိတွေ့ခြင်း။

သောတာပတ္တိမဂ်ဉာဏ်
= သောတာပန်ပုဂ္ဂိုလ် ရအပ်သော မဂ်ဉာဏ်။

သောတာပန်ပုဂ္ဂိုလ်
= အရိယာမဂ်တည်းဟူသော ရေအလျဉ်သို့ ရောက်သော ပုဂ္ဂိုလ်။
စာမျက်နှာ-753


သံဃဘေဒက
= သံဃာအချင်းချင်း စိတ်ဝမ်းကွဲအောင် ပြုခြင်း။

သံဃာ
= အပေါင်း၊ အသင်းအဖွဲ့ (အထူးသဖြင့် ရဟန်းအဖွဲ့အစည်း)။

သံဃာဒိသိသ်အာပတ်
= သံဃာ့အကူအညီဖြင့် ကုစားရသော အာပတ်။

သံဃာနုဿတိ
= သံဃာတော်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း။

သံဃပ္ပဋိမာန
= သံဃာတော်များ အလိုရှိလျှင် ထနိုင်ရန် အဓိဋ္ဌာန်ခြင်း။

သံယောဇဉ်
= ခိုင်မြဲသော နှောင်ဖွဲ့ခြင်း။

သံသယဝါရ
= ရှုမှတ်နေစဉ် စိတ်ပျံ့လွင့်ခြင်း၊ နီဝရဏ သို့မဟုတ် အကုသိုလ်ဝိတက် ဝင်လာခြင်းကို ခေါ်သည်။
စာမျက်နှာ-754


ဟတဝိက္ခိတ္တကအသုဘ
= ဓားလှံစသည်ဖြင့် သတ်ဖြတ်၍ ဖရိုဖရဲဖြစ်နေသော သူသေကောင်။

ဟိတအဓိဂမ
= အကျိုးရှိအောင် အကျိုးလိုလားသော မေတ္တာပို့နည်း။

ဟီနပဏီတ
= အညံ့နှင့် အကောင်း၊ အယုတ်နှင့် အမြတ်။
စာမျက်နှာ-755


နိဂုံး

ဤဗုဒ္ဓဘာသာလက်စွဲကျမ်း၌ မွေးသည်မှ သေသည်အထိ၊ ပျိုမြစ်နုနယ်စဉ်မှ အိုမင်းရင့်ရော်သည်အထိ၊ ပညာဉာဏ် နုနယ်သည်မှ ပညာဉာဏ် ကြီးရင့်ထက်မြက်သည်အထိ ကျင့်သုံးလိုက်နာ သုံးသပ်ဆင်ခြင် ရှုမြင်ရမည့် အကျင့်လမ်းစဉ်များ၊ ဉာဏ်အမြင်များကို စုံလင်စွာ ရေးသားဖော်ပြခဲ့လေပြီ။

ဗုဒ္ဓဘာသာဝင်များ ကိုယ်တိုင်လက်တွေ့ လိုက်နာဆောင်ရွက်ရမည့် ဘာသာရေးဆိုင်ရာ လုပ်ငန်းတာဝန်များ၊ ကျင့်ဝတ်များ၊ အကျင့်လမ်းစဉ်များ၊ အားထုတ်နည်းများ၊ လမ်းမှားလမ်းမှန် ခွဲခြားနည်းများကို နိဗ္ဗာန်ချမ်းသာတည်းဟူသော အထွတ်အထိပ်သို့ ရောက်သည်အထိ ဖွင့်ဆိုရှင်းလင်း တင်ပြခဲ့ပါသည်။ ဤသို့ ရှင်းလင်းရေးသားရာ၌ ဘုရားဟောပါဠိတော်များနှင့် အဖွင့်အဋ္ဌကထာ၊ ဋီကာများ၊ မြန်မာဘာသာဖြင့် ရေးသားထားသော ဒီပနီ၊ ဘေဒနီ စသော ဝိပဿနာကျမ်းအစောင်စောင်တို့ကို နည်းမှီး၍ ရေးသားခြင်း ဖြစ်ပါသည်။

ဤသို့ ရေးသားရာ၌ မှားယွင်းချွတ်ချော်ခြင်း၊ တိမ်းယိမ်းခြင်းများ တွေ့ရှိပါက ပညာရှိများထံမှ အမှားပြင်ဆင်ချက်ကို ရယူရန် မျှော်လင့်စောင့်စားလျက်ရှိပါကြောင်း ဖော်ပြလိုက်ရပေသတည်း။

မောင်အံ့ (မဟာဝိဇ္ဇာ-ဘုံဘေ)
၁၃၅၄-ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅-ရက်။
၁၉၉၃-ခုနှစ်၊ ဇန်နဝါရီလ ၁၂-ရက်၊ အင်္ဂါနေ့။

Comments

Popular posts from this blog

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ပဌမော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

ဇာတကပါဠိ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ထေရဂါထာပါဠိ

၂၁၉ ၂၂၀ ၂၂၁ ၂၂၂ ၂၂၃ ၂၂၄ ၂၂၅ ၂၂၆ ၂၂၇ ၂၂၈ ၂၂၉ ၂၃၀ ၂၃၁ ၂၃၂ ၂၃၃ ၂၃၄ ၂၃၅ ၂၃၆ ၂၃၇ ၂၃၈ ၂၃၉ ၂၄၀ ၂၄၁ ၂၄၂ ၂၄၃ ၂၄၄ ၂၄၅ ၂၄၆ ၂၄၇ ၂၄၈ ၂၄၉ ၂၅၀ ၂၅၁ ၂၅၂ ၂၅၃ ၂၅၄ ၂၅၅ ၂၅၆ ၂၅၇ ၂၅၈ ၂၅၉ ၂၆၀ ၂၆၁ ၂၆၂ ၂၆၃ ၂၆၄ ၂၆၅ ၂၆၆ ၂၆၇ ၂၆၈ ၂၆၉ ၂၇၀ ၂၇၁ ၂၇၂ ၂၇၃ ၂၇၄ ၂၇၅ ၂၇၆ ၂၇၇ ၂၇၈ ၂၇၉ ၂၈၀ ၂၈၁ ၂၈၂ ၂၈၃ ၂၈၄ ၂၈၅ ၂၈၆ ၂၈၇ ၂၈၈ ၂၈၉ ၂၉၀ ၂၉၁ ၂၉၂ ၂၉၃ ၂၉၄ ၂၉၅ ၂၉၆ ၂၉၇ ၂၉၈ ၂၉၉ ၃၀၀ ၃၀၁ ၃၀၂ ၃၀၃ ၃၀၄ ၃၀၅ ၃၀၆ ၃၀၇ ၃၀၈ ၃၀၉ ၃၁၀ ၃၁၁ ၃၁၂ ၃၁၃ ၃၁၄ ၃၁၅ ၃၁၆ ၃၁၇ ၃၁၈ ၃၁၉ ၃၂၀ ၃၂၁ ၃၂၂ ၃၂၃ ၃၂၄ ၃၂၅ ၃၂၆ ၃၂၇ ၃၂၈ ၃၂၉ ၃၃၀ ၃၃၁ ၃၃၂ ၃၃၃ ၃၃၄ ၃၃၅ ၃၃၆ ၃၃၇ ၃၃၈ ၃၃၉ ၃၄၀ ၃၄၁ ၃၄၂ ၃၄၃ ၃၄၄ ၃၄၅ ၃၄၆ ၃၄၇ ၃၄၈ ၃၄၉ ၃၅၀ ၃၅၁ ၃၅၂ ၃၅၃ ၃၅၄ ၃၅၅ ၃၅၆ ၃၅၇ ၃၅၈ ၃၅၉ ၃၆၀ ၃၆၁ ၃၆၂ ၃၆၃ ၃၆၄ ၃၆၅ ၃၆၆ ၃၆၇ ၃၆၈ ၃၆၉ ၃၇၀ ၃၇၁ ၃၇၂ ၃၇၃ ၃၇၄ ၃၇၅ (ထေရ၊၂၁၉။) ခုဒ္ဒကနိကာယေ ထေရဂါထာပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ နိဒါနဂါထာ သီဟာနံဝ နဒန္တာနံ, ဒါဌီနံ ဂိရိဂဗ္ဘရေ၊ သုဏာထ ဘာဝိတတ္တာနံ, ဂါထာ အတ္ထူပနာယိကာ [အတ္တူပနာယိကာ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

ပါစိတ္တိယ-အဋ္ဌကထာ +နိဿယ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...