Skip to main content

ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့် အတွဲ-၁

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်

သာသနာရေးဦးစီးဌာန

ကျမ်းပြုဌာနစု (ဘာသာပြန်)

ဗုဒ္ဓအဘိဓမ္မာ

စေတသိက်များအဖွင့်

အတွဲ-၁

[ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေ၊ မနသိကာရ]

ကျမ်းပြုမှူး ဦးအေးနိုင်၊ ဒု-ကျမ်းပြုမှူး ဦးညွှန့်ဇော်တို့ ရေးသားပြုစုသည်။

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်၌ ရိုက်နှိပ်သည်။

သာသနာ ၂၅၂၇
ကောဇာ ၁၃၄၅
ဧပြီလ ၁၉၈၄


ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်တွင် ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်မောင် (မှတ်ပုံတင်အမှတ်-၀၂၄၀၅/၀၂၅၂၇) က ပုံနှိပ်ထုတ်ဝေသည်။

နိဒါန်း

မျက်မှောက်ခေတ်နှင့် အဘိဓမ္မာ

ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့သည့် ပိဋကသုံးပုံတွင် အဘိဓမ္မာပိဋကသည် သုတ္တန်ပိဋက၊ ဝိနည်းပိဋကတို့ထက်ပို၍ ခက်ခဲသည် နက်နဲသည်၊ သဘောတရားရေးရာ တရားတော်ဖြစ်၍ သင်ကြားပို့ချသူ မလိမ်မာ မပါးနပ်လျှင် သင်ယူလေ့လာရာ၌ စိတ်ဝင်စားမှုမရှိ၊ ပျင်းရိငြီးငွေ့စရာကောင်းပေသည်၊ ထို့ကြောင့် ရှေးအခါက လူပုဂ္ဂိုလ်များ အဘိဓမ္မာကို လေ့လာလိုက်စားမှု နည်းပါးကြခြင်းဖြစ်ပေသည်။

မှန်ပါသည်၊ အဘိဓမ္မာသည် သဗ္ဗညုတဉာဏ်တော်ကြီး၏ ကျက်စားရာ တရားတော်ဖြစ်၍ နက်လည်းနက်နဲပါသည်၊ ခက်လည်း ခက်ခဲပါသည်။ သို့သော် သင်ကြားပို့ချသူ နည်းပရိယာယ်ကြွယ်ဝ၍ လိမ်မာပါးနပ်လျှင် စိတ်ဝင်စားစရာ အလွန်ကောင်းသော သဘာဝတရားကြီး ဖြစ်သည်။

ရှင်တော်ဘုရား ကိုယ်တိုင်ပင်လျှင် တာဝတိံသာ နတ်ပြည်၌ အဘိဓမ္မာတရားကို ဟောတော်မူစဉ်အတွင်းမှာပင် ကျွတ်ထိုက်သည့် နတ် ဗြဟ္မာတို့ ကျွတ်တမ်းဝင်နိုင်ရန် သုတ္တန်နည်းများကို ကြားညှပ်ကာ ဟောတော်မူခဲ့ပါသည်။ ထို့ကြောင့် အဘိဓမ္မာတရားသည် နက်နဲခက်ခဲသော်ငြားလည်း သင်ကြားပို့ချသူ တော်လျှင် တော်သလို စိတ်ဝင်စားစရာ လေ့လာစရာကောင်းသည့် သဘာဝတရားဖြစ်သည်။

အဘိဓမ္မာကား ရုပ်အကြောင်း နာမ်အကြောင်းတို့ကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာ၍ ဟောကြားထားသည့် တရားတော်ဖြစ်သည်။ အဘိဓမ္မာကို လေ့လာလျှင် ရုပ်တရား နာမ်တရားတို့၏ သဘာဝကို အမှန်အတိုင်း သိမြင်လာသဖြင့် ရုပ်ဝါဒသမား နာမ်ဝါဒသမားဟူသော တဖက်စွန်းသို့လည်း မရောက်ရှိနိုင်၊ တွေးခေါ်မြော်မြင်ရေး အပိုင်းတွင်လည်း ထက်မြက်စူးရှလာနိုင်၏။


ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းရာ၌လည်း ရုပ်နာမ်တို့၏ သဘာဝကို လျင်မြန်စွာ ထိုးဖောက်သိမြင်နိုင်၏၊ တရားနာကြားသည့် အခါ၌လည်း တရားသဘောကို အဘိဓမ္မာ မတတ်သူများထက် ပိုမို နားလည် သဘောပေါက်နိုင်ပါသည်။ ပဋိသမ္ဘိဒါဉာဏ်ရရန် ပါရမီမျိုးစေ့လည်း ဖြစ်ပေသည်။

ယခုမျက်မှောက်ခေတ်ကိုကြည့်လျှင် တောရောမြို့ပါ အဘိဓမ္မာ သင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်ကို တွေ့ရသည်။ ရန်ကုန်မြို့၌ဆိုလျှင် ဆူးလေဘုရား အဘိဓမ္မာ ပြန့်ပွားရေးအသင်း အဘိဓမ္မာ သင်တန်း၊ ဝိုင်အမ်ဘီအေ အသင်း အဘိဓမ္မာသင်တန်း၊ မဉ္ဇူသကတိုက် အဘိဓမ္မာသင်တန်း စသော သင်တန်းများနှင့် မထင်ရှားသော အဘိဓမ္မာသင်တန်းများ အများအပြား ရှိပေသည်။

ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကလည်း ၁၃၁၅-ခုနှစ်မှစ၍ တနိုင်ငံလုံး အဘိဓမ္မာစာမေးပွဲများ ကျင်းပပေးခြင်း၊ အောင်မြင်သူများအား အဆင့်အလိုက် အောင်လက်မှတ်များ၊ ဆုစာအုပ်များ၊ ဆုငွေများ၊ ဆုတံဆိပ်များ ထောက်ပံ့ချီးမြှင့်ခြင်းတို့ဖြင့် အဘိဓမ္မာ လိုက်စားရေးကို အားပေးလျက်ရှိပေသည်။ ထို့ကြောင့် လူပုဂ္ဂိုလ်များ အဘိဓမ္မာကို ရှေးကထက် ပိုမိုလေ့လာ လိုက်စားလာကြသည်။

ဤကျမ်းသည် အဘိဓမ္မာကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာလိုက်စားသူများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် အထူးအစီအစဉ်ဖြင့် ရေးသားပြုစုထားသည့် ကျမ်းတကျမ်းဖြစ်သည်။ ဤကျမ်းကို ဖတ်ရှုလေ့လာသူတို့ လွယ်ကူစွာ နားလည်သဘောပေါက်နိုင်ရန် ပါဠိဝေါဟာရတို့ကို ရှောင်နိုင်သမျှရှောင်၍ မြန်မာစကားပြေ သက်သက်ဖြင့် ရေးသားပြုစုထားပါသည်။

ဤကျမ်းကို လေ့လာမိလျှင် ဤကျမ်းက လေ့လာဖတ်ရှုသူများအား အဘိဓမ္မာ သဘောရေးရာနှင့် ပတ်သက်၍ မည်မျှ အကူအညီပေးသည်၊ မည်မျှအသုံးဝင်တန်ဖိုးရှိသည်တို့ကို ဖတ်ရှုသူများကိုယ်တိုင် သိရှိလာမည်ဖြစ်ပါသည်။


ဤကျမ်းမှာ အဘိဓမ္မာအဖွင့် ကျမ်းတကျမ်းဖြစ်၍ ကျမ်းရင်းကို မဖတ်ရှု မလေ့လာမီ အဘိဓမ္မာပိဋကအကြောင်းနှင့် ကျမ်းရင်းလာ အကြောင်းအချို့တို့ကို စာရှုသူနှင့် မိတ်ဆက်ပေးလိုပါသည်။

အဘိဓမ္မပိဋက

ပိဋကမည်ပုံ။ ။ အဘိဓမ္မပိဋက ဟူသော ပုဒ်၌ ပိဋကဟူသော ပါဠိ ဝေါဟာရသည် “သင်ယူအပ်သော ပါဠိတော်” (ပရိယတ္တိပါဠိကျမ်း) ဟူသော အနက်အဓိပ္ပာယ်ကို ဖော်ပြ၏။ ဤအဓိပ္ပာယ်ဖြင့် အဘိဓမ္မတရားတော်များသည် သင်ယူသင့် သင်ယူထိုက်သည့် တရားတော်များဖြစ်ကြောင်း ပိဋကသဒ္ဒါက ညွှန်ပြလေသည်။ ထို့ကြောင့် အဘိဓမ္မပိဋကဆိုသည်မှာ အဘိဓမ္မပရိယတ္တိပါဠိကျမ်း (ဝါ) သင်ယူထိုက်သော အဘိဓမ္မပါဠိကျမ်းဟု ဆိုလိုပေသည်။ (ပိဋက = ပရိယတ္တိ = သင်ယူအပ်သော ပါဠိကျမ်း)။

တနည်းအားဖြင့် ပိဋကသဒ္ဒါသည် မြန်မာလို “တောင်း”ဟု အဓိပ္ပာယ် ရသည်။ တောင်းဆိုသည်မှာ ပစ္စည်းဝတ္ထုများ ထည့်သွင်းသိမ်းဆည်းရာ ဖြစ်၍ ပစ္စည်းဝတ္ထုတို့၏ တည်ရာမှီရာ အသုံးအဆောင်တခုဖြစ်၏။ ထို့အတူ ဘုရားဟောပါဠိတော်များသည်လည်း အနက်အဓိပ္ပာယ် အမျိုးမျိုးတို့ကို ထည့်သွင်းသိုမှီး ထားရာဖြစ်၍ အနက်အဓိပ္ပာယ်များ၏ တည်ရာမှီရာ ဖြစ်သည်။ ထို့ကြောင့် ဘုရားဟောပါဠိတော်များကို တောင်းနှင့် တည်ရာမှီရာ သဘောချင်းတူ၍ ပိဋကဟု ပါဠိလို ခေါ်ဆိုထားခြင်း ဖြစ်သည်။ (ပိဋက = ဘာဇန = တောင်း။ အနက်အမျိုးမျိုးတို့၏ တည်ရာ)။

အဘိဓမ္မာမည်ပုံ။ ။ ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတော်မူခဲ့သည့် တရားတော်များအားလုံးကို ဒုကနည်းဖြင့် အကျဉ်းချုပ်လိုက်လျှင် ဓမ္မဝိနယဟူ၍ နှစ်မျိုးရသည်။ ဝိနယမှာ ဝိနည်းပိဋကဖြစ်၍ ဓမ္မတွင် သုတ္တန်ဓမ္မနှင့် အဘိဓမ္မာဓမ္မဟူ၍ နှစ်မျိုးပါဝင်သည်။
၁။ အဘိ၊ဋ္ဌ၊၁၊၂၁။
၂။ အဘိ၊ဋ္ဌ၊၁၊၃၊၄။ ဓမ္မသင်္ဂဏိမူလဋီကာ၊ ၁၂။၁၃။
.


အဘိဓမ္မာပုဒ်တွင် အဘိ (ဥပသာရ) ပုဒ်သည် အနက်များစွာကို ဟောသော်လည်း ဤနေရာ၌ “သာလွန်သော၊ ထူးဆန်းသော” ဆိုသည့် အနက်နှစ်မျိုးကိုသာ ဟော၏။ ဓမ္မသဒ္ဒါသည် သဘာဝအနက်၊ ပရိယတ္တိအနက် စသည်ဖြင့် အနက်များစွာကို ဟောသော်လည်း ဤနေရာ၌ သင်ယူအပ်သော ပါဠိ (ပရိယတ္တိ) ဟူသော အနက်ကို ဟော၏။ ထို့ကြောင့် အဘိဓမ္မာဆိုသည်မှာ “သာလွန်သောပါဠိ၊ ထူးဆန်းသောပါဠိ” ဟု အဓိပ္ပာယ်ရသည်။

ဓမ္မနှစ်မျိုးရှိသည့်အနက် သုတ္တန်ဓမ္မထက် သာလွန်သောဓမ္မ (ဝါ) သုတ္တန်ဓမ္မထက် ထူးဆန်းသောဓမ္မ ဖြစ်သောကြောင့် ပါဠိလို အဘိဓမ္မ၊ မြန်မာလို “အဘိဓမ္မာ” ခေါ်သည်ဟု ဆိုလိုပါသည်။ အချုပ်ဆိုရသော် အဘိဓမ္မာဟူသည် ဓမ္မအမျိုးအစားချင်းတူသော သုတ္တန်ဓမ္မထက် သာလွန်သော ပါဠိတော် (ဝါ) ထူးဆန်းသော ပါဠိတော်ပင်ဖြစ်သည်။ (အဘိ = သာလွန်သော၊ ထူးဆန်းသော + ဓမ္မ = သင်ယူထိုက်သည့် ပါဠိ)။

မှန်၏၊ အဘိဓမ္မာပါဠိတော်သည် သုတ္တန်ပါဠိတော်ထက် သာလွန်၏၊ ထူးလည်းထူးဆန်း၏။ ဤနေရာ၌ သုတ္တန်ပါဠိတော်ထက် ပိုမိုရှည်လျားသည်ကို သာလွန်သည်ဟု ဆိုပေသည်။ ထူးဆန်းသည်ဆိုသည်မှာ အဘိဓမ္မာပါဠိတော်သည် သုတ္တန်ပါဠိတော်ကဲ့သို့ သုတ္တန်နည်းတနည်းတည်းဖြင့်သာ ဟောကြားသည့် ပါဠိတော်မဟုတ်၊ သုတ္တန်နည်း၊ အဘိဓမ္မာနည်း၊ အမေးအဖြေနည်းဟူသော နည်းသုံးနည်းတို့ဖြင့် ဆန်းဆန်းကြယ်ကြယ် ဝေဖန်ပိုင်းခြားဟောကြားထားသည့် ပါဠိတော် ဖြစ်၍ သုတ္တန်ပါဠိတော်ထက် ထူးဆန်းသောပါဠိတော်ဟု ဆိုခြင်းဖြစ်ပေသည်။

သုတ္တန်တရားတော်များမှာ ကျွတ်ဆိုက်သည့် ဝေနေယျသတ္တဝါတို့၏ အဇ္ဈာသယ၊ ဝါသနာ၊ စရိုက်တို့အလိုက် ထိုက်သင့်သလို ဟောကြားထားသည့် အစိတ်အပိုင်း တရားတော်မျိုးဖြစ်သည်။ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ဣန္ဒြေ၊ ဗိုလ်၊ ဗောဇ္ဈင်၊ မဂ္ဂင်စသောတရားတို့ကို ဟောကြားရာ၌ ပြည့်ပြည့်စုံစုံ ဟောကြားတော်မမူဘဲ တရားနာပုဂ္ဂိုလ်တို့နှင့် လျှော်ရုံ တစိတ်တဒေသအားဖြင့်သာ ဝေဖန်ဟောကြားတော်မူသည်။


တခါတရံ တဂါထာတည်းဖြင့် သို့မဟုတ် နှစ်ဂါထာ၊ သုံးဂါထာမျှလောက်ဖြင့်လည်း သုတ္တန်တရားတပုဒ် ပြီးဆုံးသွားသည်လည်း ရှိပေသည်။

အဘိဓမ္မာတရားတော်များမှာမူ သုတ္တန်တရားတော်များကဲ့သို့ သတ္တဝါတို့၏ အဇ္ဈာသယ၊ ဝါသနာ၊ စရိုက်တို့ကို မလိုက်ဘဲ သဘာဝတရားသက်သက်ကိုသာ ပဓာနထား၍ ဟောကြားထားသည့် တရားတော်မျိုးဖြစ်သည်။ ဘုရားရှင်သည် အဘိဓမ္မာတရားတော်များကို ဟောကြားတော်မူရာတွင် သဗ္ဗညုတဉာဏ်တော် အစွမ်းရှိတိုင်း သဘာဝလောကဓာတ်တခုလုံးကို မွှေနှောက်ချောက်ချားလျက် ခန္ဓာ၊ အာယတနစသော တရားတို့၏ သဘာဝဖြစ်စဉ်ကို သုတ္တန်နည်း၊ အဘိဓမ္မာနည်း၊ အမေးအဖြေနည်းဟူသော နည်းသုံးနည်းတို့ဖြင့် အကြွင်းအကျန်မရှိ အကုန်အစင် ဝေဖန်ပိုင်းခြား ဟောကြားတော်မူပါသည်။

အဘိဓမ္မာတရားတော်များသည် ကျမ်းအားဖြင့် ၇-ကျမ်းရှိသော်လည်း တနေရာတည်း၌ တထိုင်တည်းဖြင့် တခုတည်းသောပရိသတ်အား တဆက်တည်း ဟောထားသော တရားရှည်ကြီး တပုဒ်သာဖြစ်၏။ အဘိဓမ္မာတရားတော်များကို အစမှ အဆုံးတိုင်အောင် ဆက်တိုက် နာကြားရမှ အရေလည်၏။ နားလည်သဘောပေါက်နိုင်၏။ တပိုင်းဖြတ်ဟောခြင်း၊ တပိုင်းဖြတ်နာကြားခြင်းတို့ဖြင့် အဘိဓမ္မာတရားတော်များကို သဘောမပေါက်နိုင်၊ အရေမလည်နိုင်။

ကုသလတိက်တခုကို ဓမ္မသင်္ဂဏီကျမ်းမှ အစပြု၍ ဟောကြားတော်မူလျှင် “တနွယ်ငင်၊ တစင်ပါ” ဆိုသကဲ့သို့ ခုနစ်ကျမ်းမြောက်ဖြစ်သော ပဋ္ဌာန်းကျမ်းကြီးသို့ရောက်မှ ကုသလတိက်၏ သဘောအဓိပ္ပာယ်များ အားလုံး ပြီးဆုံးတော့၏။ အဓိပ္ပာယ်မှာ- အဘိဓမ္မာ သဘာဝတရားတခုကို ဟောမည်ဆိုလျှင် ဓမ္မသင်္ဂဏီနည်းတနည်းမျှဖြင့်ဟော၍ အဓိပ္ပာယ်မပြည့်စုံနိုင်၊ ဝိဘင်းနည်း၊ ဓာတုကထာနည်း၊ ပုဂ္ဂလပညတ်နည်း၊ ကထာဝတ္ထုနည်း၊ ယမိုက်နည်း၊ ပဋ္ဌာန်းနည်းတို့ဖြင့် နည်းပေါင်းစုံခင်း၍ သဘာဝတရားစဉ်ရှိသည့်အတိုင်း သဗ္ဗညုတဉာဏ်တော်အဟုန်ကို အစွမ်းကုန်လွှတ်ကာ ဟောကြားတော်မူပါမှ သဘောတရားတခု၏ အဓိပ္ပာယ်အားလုံး ပြီးပြည့်စုံနိုင်သည်ဟု ဆိုလိုပါသည်။


ထို့ကြောင့် ရှင်တော်ဗုဒ္ဓသည် အဘိဓမ္မာတည်းဟူသော တရားရှည်ကြီးကို လူ့ပြည်၌မဟောဘဲ တာဝတိံသာနတ်ပြည်သို့တက်၍ ဝါတွင်းသုံးလပတ်လုံး ဣရိယာပုတ်တခုတည်းဖြင့် ဟောကြားတော်မူရသည်။ လူသားတို့အဖို့ ဝါတွင်းသုံးလပတ်လုံး ဣရိယာပုထ်တခုတည်းဖြင့် တရားအဆုံးနာယူရန် မည်သို့မျှတတ်နိုင်မည် မဟုတ်ပါချေ။ နတ်ဗြဟ္မာတို့သော်ကား အစမှအဆုံးအထိ ဣရိယာပုထ်တခုတည်းဖြင့် နာကြားနိုင်ကြပါသည်။ ဝါတွင်းသုံးလဆိုသည်မှာ တာဝတိံသာနတ်တို့ အရေအတွက်အားဖြင့် မိနစ်ပိုင်းမျှသာ ကြာပေသည်။

ဤသို့ဆိုသဖြင့် မြတ်စွာဘုရားသည် အဘိဓမ္မာတရားတော်ကို လူ့ပြည်၌ မဟောကြားခဲ့ဟု မမှတ်ယူသင့်ချေ။ ထိုဝါတွင်း၌ပင် ရှင်တော်ဘုရားသည် လူ့ပြည်၌လည်း ဓမ္မသေနာပတိရှင်သာရိပုတ္တရာအား အဘိဓမ္မာတရားကို နည်းရရုံ အကျဉ်းချုပ်နည်းပေး ဟောကြားတော်မူခဲ့ပါသည်။ တရားစစ်သူကြီးရှင်သာရိပုတ္တရာက မိမိ၏အတူနေ တပည့်ရင်း ငါးရာတို့အား ထိုအဘိဓမ္မာတရားကို လူ့လောကနှင့်တန်ရုံ မကျဉ်းမကျယ် တဆင့် ဟောကြားပို့ချခဲ့ပါသည်။ ယခုရှိနေသော အဘိဓမ္မာပိဋကကား တရားစစ်သူကြီး ရှင်သာရိပုတ္တရာ ဟောကြားပို့ချခဲ့သည့် ပိဋကပင်ဖြစ်ပါသည်။

ပရမတ္ထဒေသနာ

အဘိဓမ္မာတရားတော်များသည် ဝိနည်းကဲ့သို့ နည်းအာဏာကို အများဆုံးအသုံးပြုသည့် အာဏာဒေသနာမျိုး၊ သုတ္တန်ကဲ့သို့ ဝေနေယျတို့၏ အသိဉာဏ်နှင့်တိုက်ဆိုင်ညီညွတ်သည့် လောကအသုံးအနှုန်းများကို အများဆုံးဦးစားပေးဟောကြားသော ဝေါဟာရဒေသနာမျိုးမဟုတ်ချေ။ အမှန်စင်စစ်ဖြစ်ပျက်နေသည့် ပရမတ္ထသဘာဝတရားများကို ဖြစ်စဉ်အတိုင်း အကြွင်းမရှိပြည့်စုံစွာ ဟောကြားတော်မူခဲ့သော “ပရမတ္ထဒေသနာ” မျိုးဖြစ်ပေသည်။


ယထာဓမ္မသာသနာ

သာသနာဆိုသည်မှာ ဘုရားရှင်တို့၏ အဆုံးအမ တရားတော်ဖြစ်သည်။ ဘုရားရှင်၏ အဆုံးအမ တရပ်ဖြစ်သော အဘိဓမ္မာတရားတော်သည် ဝိနည်းအဆုံးအမတရားတော်ကဲ့သို့ လွန်ကျူးသည့်အပြစ်အားလျော်စွာ ဆုံးမပညတ်ထားသည့် “ယထာပရာဓသာသနာ” မျိုးလည်းမဟုတ်၊ သုတ္တန်အဆုံးအမတရားတော်ကဲ့သို့ သတ္တဝါတို့၏ ဝါသနာစရိုက်အားလျော်စွာ ဆုံးမလမ်းညွှန် သွန်သင်ထားသော “ယထာနုလောမသာသနာ” မျိုးလည်းမဟုတ်။

အမှန်စင်စစ် ခန္ဓာငါးပါး ရုပ်နာမ်ဓမ္မအစု၌ ငါဟူသောမာနစွဲ၊ ငါ့ဥစ္စာဟူသောတဏှာစွဲ၊ အတ္တရှိ၏ဟူသော ဒိဋ္ဌိတို့ကို ဖြိုခွဲနိုင်၍ ရုပ်နာမ်နှစ်ဝသဘာဝ ဓမ္မတို့၏ သဘာဝဖြစ်စဉ်ကို သိမြင်နိုင်စေရန် သဘာဝတရားအားလျော်စွာ ဆုံးမတော်မူသည့် “ယထာဓမ္မသာသနာ” မျိုးဖြစ်ပေသည်။

နာမရူပပရိစ္ဆေဒကထာ

ပြစ်မှုကြီးငယ်အသွယ်သွယ်ကို မကျူးလွန်မိစေရန် စောင့်ထိန်းနည်း အမျိုးမျိုးတို့ကို သတ်မှတ် ပညတ်ထားရာဖြစ်၍ ဝိနည်းတရားတော်ကို “သံဝရာသံဝရကထာ” ဟု ခေါ်၏။

အယူဝါဒအမျိုးမျိုးတို့ကို လက်ခံယုံကြည်ထားကြသည့် သတ္တဝါတို့ သန္တာန်၌ ရစ်ပတ်ထုံးဖွဲ့နေသော မိစ္ဆာဒိဋ္ဌိ ၆၂-ပါးတို့ကို ဖြေရှင်းဟောကြားရာဖြစ်၍ သုတ္တန်တရားတော်ကို “ဒိဋ္ဌိဝိနိဝေဌနကထာ” ဟုခေါ်သည်။

ယထာ = အားလျော်စွာ + အပရာဓ = အပြစ် + သာသနာ = အဆုံးအမ။
ယထာ = အားလျော်စွာ + အနုလောမ = တရားနာသူနှင့် လျော်သည့် + သာသနာ = အဆုံးအမ။
ယထာ = အားလျော်စွာ + ဓမ္မ = သဘာဝတရား + သာသနာ = အဆုံးအမ။
သံဝရ = ငယ်သောစောင့်ထိန်းမှု + အသံဝရ = ကြီးသောစောင့်ထိန်းမှု + ကထာ = ဟောကြားအပ်သောတရား။
ဒိဋ္ဌိ = မှားသော အယူဝါဒ + ဝိနိဝေဌန = ဖြေရှင်းကြောင်း + ကထာ = တရား။


အဘိဓမ္မာတရားတော်ကား ဝိနည်းတရား သုတ္တန်တရားများနှင့် မတူ၊ ပုဂ္ဂိုလ်, သတ္တဝါစသည့် အပေါ်ယံပညတ်ကို ဖောက်ထွင်း၍ အတွင်းဓာတ် ဖြစ်သည့် ရုပ်တရား၊ နာမ်တရား နှစ်ပါးတို့ကို ကွဲကွဲပြားပြား ပိုင်းခြား သိမြင်နိုင်စေရန် နည်းလမ်းအမျိုးမျိုးတို့ဖြင့် ဟောထားသည့်တရားတော် ဖြစ်သည်။

ထို့ကြောင့် အဘိဓမ္မာတရားတော်သည် “နာမရူပပရိစ္ဆေဒကထာ” ဟူသော နာမည်ထူးကို ရပေသည်။ ဤသို့ သုတ် ဝိနည်း အဘိဓမ္မာဟူသော တရားသုံးမျိုးကို ဟောပုံ ဟောနည်းအားဖြင့်လည်းကောင်း (ဒေသနာ)၊ ဆုံးမပုံ ဆုံးမနည်းအားဖြင့်လည်းကောင်း (သာသနာ)၊ ဟောကြားထားသည့် တရားတော်အားဖြင့်လည်းကောင်း (ကထာ)၊ နှိုင်းယှဉ်ဝေဖန်ပြခြင်းသည် အဘိဓမ္မာတရားတော်၏ ထူးခြားသည့် ဂုဏ်အင်္ဂါများကို ပိုမိုသိမြင်လာစေရန် ဖြစ်ပေသည်။

အဘိဓမ္မာ ၇-ကျမ်း

ကျမ်းအမည်များ

ထိုအဘိဓမ္မာတရားတော်သည် တနေရာတည်း၌ တစ်ခုတည်းသော ပရိသတ်အား ဣရိယာပုထ်တစ်ခုတည်းဖြင့် ဆက်တိုက် ဟောကြားထားသည့် တရားရှည်ကြီးတပုဒ် ဖြစ်သော်လည်း ဟောပုံ ဟောနည်း ကွဲပြားခြားနားရကား ဟောနည်းအားလျော်စွာ-
(၁) ဓမ္မသင်္ဂဏီ
(၂) ဝိဘင်း (ဝိဘင်္ဂ)
(၃) ဓာတုကထာ
(၄) ပုဂ္ဂလပညတ် (ပုဂ္ဂလပညတ္တိ)

နာမရူပ=နာမ်နှင့်ရုပ်ကို + ပရိစ္ဆေဒ=ပိုင်းခြားကြောင်း + ကထာ=တရား။


(၅) ကထာဝတ္ထု၊ (၆) ယမိုက် (ယမက) (၇) ပဋ္ဌန်း (ပဋ္ဌာန) ဟူ၍ ကျမ်းပေါင်း ၇-ကျမ်းရှိသည်။

ဓမ္မသင်္ဂဏီ

ထိုတွင် ဓမ္မသင်္ဂဏီကျမ်းဆိုသည်မှာ ကုသိုလ်စသည့် သဘာဝတရားတို့ကို ကောင်းမွန် ပြည့်စုံစွာ ရေတွက်ပြသောကျမ်း (ဝါ) အကျဉ်းချုပ် ဟောတော်မူသောကျမ်းဖြစ်သည်။ (ဓမ္မ=သဘောတရား + သင်္ဂဏိ=ကောင်းစွာ ရေတွက်ပြခြင်း)။

ဓမ္မသင်္ဂဏီကျမ်း၌ စိတ်, စေတသိက်စသည့် သဘာဝတရားတို့ကို ဤရွေ့ဤမျှ ရှိသည်ဟု အပြည့်အစုံ ရေတွက်ပြထား၏။ အမှန်အားဖြင့် ဤကျမ်းသည် ကျန်အဘိဓမ္မာ ခြောက်ကျမ်းတို့၏ ခေါင်းစဉ်မာတိကာပင် ဖြစ်သည်။ ဓမ္မသင်္ဂဏီကျမ်း၌ ချမှတ်ထားသည့် ခေါင်းစဉ် မာတိကာအတိုင်း ကျန်အဘိဓမ္မာကျမ်းများကို ဝေဖန်ဟောကြားသည်။

မာတိကာစဉ်ရာ၌ ပရမတ်တရားတို့ကို သုံးစု သုံးစုံ စု၍ တိကမာတိကာ, နှစ်စု နှစ်ပုံစု၍ ဒုကမာတိကာဟု မာတိကာနှစ်မျိုးစဉ်၍ ဟောသည်။ ဒုကမာတိကာ၌လည်း အဘိဓမ္မာနည်း ဒုကမာတိကာ၊ သုတ္တန်နည်း ဒုကမာတိကာဟု နှစ်မျိုးခွဲ ဟောသည်။ တိက (တိုက်) မာတိကာ ၂၂-ခု၊ ဒုက (ဒုက်) မာတိကာ ၁၄၂-ခု ရှိသည်။

ယင်းတိက်, ဒုက်တို့ကို မူထား၍-
(၁) စိတ္တုပ္ပါဒကဏ္ဍ (စိတ်စေတသိက်ပိုင်း)
(၂) ရူပကဏ္ဍ (ရုပ်ပိုင်း)
(၃) နိက္ခေပကဏ္ဍ (အကျဉ်း အရကောက်ပိုင်း)
(၄) အဋ္ဌကထာကဏ္ဍ (အကျယ် အရကောက်ပိုင်း)
ဟူ၍ အပိုင်းကြီး လေးပိုင်း ပိုင်းကာ ဟောတော်မူသည်။


ဓမ္မသင်္ဂဏီဟောနည်းမှာ မာတိကာ ခေါင်းစဉ်အားဖြင့် အကျဉ်းချုပ် ဟောသည်ဆိုသော်လည်း ဖဿစသော နာမ်တရား, ပထဝီစသော ရုပ်တရားတို့၏ အနက်အဓိပ္ပာယ်တို့ကို အမျိုးမျိုး အစားစားသော ဝေါဟာရ ပရိယာယ်တို့ဖြင့် ထပ်ဆင့် ဝေဖန် ဟောနည်းများလည်း ပါရှိပေသည်။

ဝိဘင်း (ဝိဘင်္ဂ)

ပါဠိလို ဝိဘင်္ဂကို မြန်မာလို ဝိဘင်းဟု ခေါ်သည်။ ခွဲခြမ်းစိတ်ဖြာ ဝေဖန်ပြသော ကျမ်းဟု အဓိပ္ပာယ်ရသည်။ ဓမ္မသင်္ဂဏီကျမ်း၌ ရေတွက်ပြထားသည့် မာတိကာ ခေါင်းစဉ်အတိုင်း တိက် ၂၂-တိက်နှင့် ဒုက် ၁၀၀ ဒုက်တို့ကိုပင် ခန္ဓဝိဘင်း, အာယတနဝိဘင်း, ဓာတုဝိဘင်း, ဣန္ဒြိယဝိဘင်း, ပဋိစ္စသမုပ္ပါဒ်ဝိဘင်းစသည်ဖြင့် ခေါင်းစဉ်ကြီး ၁၈-ခုထားကာ သုတ္တန်နည်း, အဘိဓမ္မာနည်း, အမေးအဖြေနည်းဟူသော နည်းသုံးနည်းတို့ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ အသေးစိတ် ဟောတော်မူသည်။

ဥပမာ-ဓမ္မသင်္ဂဏီကျမ်း၌ ဝေဒနာစေတသိက်ကို ၅-ပါး၊ ၆-ပါး၊ ၁၂-ပါးစသည်လောက်သာ ဝေဖန်ဟောထားသော်လည်း ဝိဘင်းကျမ်း၌မူ ဝေဒနာမျိုးပေါင်း (၁၀၇၀၇၆) ပါးအထိ ခွဲခြမ်းစိတ်ဖြာ၍ အသေးစိတ် ဟောကြားထားသည်။ သညာစေတသိက်ကိုလည်း သညာပေါင်း (၁၂၂၉၆၄) ပါးအထိ ဝေဖန်ဟောကြားထားသည်။

ဓာတုကထာ

ဝိဘင်းနည်းဖြင့် ဟောကြားပြီးနောက် ထိုတရားများကိုပင် ဓာတုကထာနည်းဖြင့် ဆက်လက်ဟောကြားပါသည်။ ဓာတုကထာကား- ခန္ဓာစသော ဓာတ်တရားများကို “သင်္ဂဟော- အသင်္ဂဟော” စသောနည်း ၁၄-နည်းတို့ဖြင့် တမျိုးဝေဖန်ဟောကြားသော ကျမ်းဖြစ်သည်။ (ဓာတု=ခန္ဓာစသောဓာတ်တရား + ကထာ=ဟောကြားသောကျမ်း)။
၁။ ဝိဘင်း ပါဠိတော်မြန်မာပြန်၊ ၁၁၂၊ ၁၄၅။


ဟောပုံအကျဉ်းမှာ-ရူပက္ခန္ဓာကိုမူတည်လျှင် ရူပက္ခန္ဓာကို ခန္ဓာမည်မျှ အာယတနမည်မျှ ဓာတ်မည်မျှတို့ဖြင့် ရေတွက်ရမည်၊ မည်မျှသော ခန္ဓာ အာယတန, ဓာတ်တို့ဖြင့် မရေတွက်ဟုလည်းကောင်း၊ ရူပက္ခန္ဓာသည် ခန္ဓာမည်မျှ အာယတနမည်မျှ ဓာတ်မည်မျှတို့ဖြင့် ယှဉ်သည်၊ မည်မျှသော ခန္ဓာ, အာယတန, ဓာတ်တို့ဖြင့် မယှဉ်ဟုလည်းကောင်း အကျယ်ဝေဖန် ဟောကြားတော်မူသည်။

အမှန်အားဖြင့် ဓမ္မသင်္ဂဏီကျမ်း၌ ဟောကြားခဲ့သည့် တိက်, ဒုက်တို့ကို ပင် မူတည်၍ ခန္ဓာ ၅-ပါး၊ အာယတန ၁၂-ပါး၊ ဓာတ် ၁၈-ပါးတို့ကို နည်းပေါင်း ၁၄-နည်းတို့ဖြင့် စက်လှည့်ကာ ဟောကြားထားလေသည်။

ပုဂ္ဂလပညတ်

ဓာတုကထာနည်းဖြင့် ဟောကြားပြီးနောက် ပုဂ္ဂလပညတ်နည်းကို ဆက်လက်ဟောကြားပါသည်။ ပုဂ္ဂလပညတ် ဆိုသည်မှာ လူ, နတ်, ဗြဟ္မာ, ယောက်ျား, မိန်းမစသော ပုဂ္ဂိုလ်သတ္တဝါတို့ကို လူနတ်ဗြဟ္မာ စသည်ဖြင့် ခေါ်ဝေါ် ပညတ်ခြင်းဟု အဓိပ္ပာယ် ရသည်။ (ပုဂ္ဂလ=လူနတ်ဗြဟ္မာစသော ပုဂ္ဂိုလ် + ပညတ္တိ=အမည်မှည့်ခေါ် ပညတ်ခြင်း။)

ဤပုဂ္ဂလပညတ်ကျမ်း၌ ခန္ဓာပညတ်, အာယတနပညတ်, ဓာတုပညတ်, သစ္စပညတ်, ဣန္ဒြိယပညတ်ဟူသော သဘာဝပညတ်ငါးမျိုးနှင့် ပုဂ္ဂလပညတ်ဟူသော အသဘာဝပညတ်၊ ပေါင်း ပညတ် ၆-မျိုးကို ဝေဖန်ဟောကြားပါသည်။ အခြား ပညတ်များထက် ပုဂ္ဂိုလ်ပညတ်အကြောင်းကို အကျယ်ဝေဖန် ဟောကြားထားသောကြောင့် ဤကျမ်းကို ပုဂ္ဂလပညတ်ကျမ်းဟု ခေါ်သည်။

ဓမ္မသင်္ဂဏီနည်း၊ ဝိဘင်းနည်း၊ ဓာတုကထာနည်းတို့ဖြင့် ဘုရားရှင် ဟောကြားသည့် တရားတော်များမှာ ကုသိုလ် အကုသိုလ်, အဗျာကတ စသော ပရမတ္ထသဘာဝတရားသက်သက်တို့သာ ဖြစ်ပေသည်။ ထိုကျမ်းများ၌ လူနတ်ဗြဟ္မာ ပုဂ္ဂိုလ်သတ္တဝါ ယောက်ျား မိန်းမစသည့် ပညတ်တရားများကို ထင်ထင်ရှားရှား မဟောကြားခဲ့ပါချေ။


ထို့ကြောင့် အချို့ နတ်ဗြဟ္မာများအဖို့ “ကမ္ဘာလောကကြီးမှာ ပရမတ်သဘာဝတရားချည်းသာရှိလေသလော၊ လူနတ်ဗြဟ္မာပုဂ္ဂိုလ်သတ္တဝါ ဟူသော ပညတ်တရားမရှိလေသလော” ဟု သံသယဝင်လာနိုင်စရာ ရှိပေသည်။ ပညတ်ဆိုသည်မှာ အမှန်တရား မဟုတ်သောကြောင့် အသုံးကျသည့် တရားမျိုး မဟုတ်ဟူ၍လည်း ပရမတ်လွန်တဖက်စွန်းသို့ ရောက်သွားနိုင်ပေသည်။ ထို့ကြောင့် ဤသို့သော သံသယမျိုး၊ တဖက်စွန်းမျိုးသို့ မရောက်စေနိုင်ရန် ဤပုဂ္ဂလပညတ်ကျမ်းကို ဆက်လက်ဟောရခြင်းဖြစ်ပေသည်။

လောက၌ ပရမတ္ထ သဘာဝတရားချည်းသာ ရှိသည်မဟုတ်၊ ပုဂ္ဂလပညတ်စသည့် ပညတ်တရားများလည်း ရှိသေးသည်။ ထို ပညတ်တရားများသည် လောကီဘုံသား လူအများတို့ အညီအညွှတ် အမှန်ပြု၍ ခေါ်ဝေါ် ပြောဆိုသောတရားဖြစ်သောကြောင့် သမုတိသစ္စာ အမှန်တရားမျိုးပင် ဖြစ်၏။ အကယ်၍ ပရမတ်တဖက်စွန်းသို့ရောက်၍ အမိ အဖ ဆရာသမား သားသမီး မောင်နှမ မိန်းမ ယောက်ျားစသည့် ပညတ်များကို ပယ်လိုက်လျှင် လောကကြီးတခုလုံး စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ လောကကြီး ဖြစ်သွားနိုင်သည်။

အမိ အဖ ဆရာသမားတို့အား ကျေးဇူးဆပ်ခြင်း၊ ရိုသေလေးစားခြင်း၊ သားသမီးတို့အား ကျွေးမွေးပြုစုစောင့်ရှောက်ခြင်း၊ အသက်ကြီးသူတို့အား အရိုအသေပေးရခြင်း၊ ကျေးဇူးရှင်တို့အား ကျေးဇူးဆပ်ရခြင်း၊ လှူဒါန်းပေးကမ်းခြင်း၊ သူတပါးအသက်ကို မသတ်ပါ စသည်ဖြင့် သီလ ဆောက်တည်ခြင်း၊ သတ္တဝါပညတ်ကို အာရုံပြု၍ မေတ္တာပို့ခြင်း စသော သမထဘာဝနာပွားများခြင်း စသည်တို့သည် ပညတ်တရားပေါ် အမှီပြု၍ ဖြစ်ကြရသည်။

အယုတ်ဆုံးအားဖြင့် ကုသိုလ် အကုသိုလ်, ခန္ဓာ, အာယတန စသော အမည်များသည်ပင် ပညတ်တရားများဖြစ်ကြလေသည်။ ဤပညတ်တရားများ ကျေးဇူးကြောင့် ဘုရားရှင်လည်း တရားဟောတော်မူနိုင်၏၊ နတ်ဗြဟ္မာများလည်း တရားနာယူနိုင်ကြ၏။ ဤသို့ ပညတ်တရားသည်လည်း သူ့နေရာနှင့်သူ အရေးပါ အသုံးဝင်ပေသည်။


တလောကလုံး ရုပ်နာမ်ပရမတ်တရားချည်းဖြင့် တည်ဆောက်ထားသဖြင့် အယုတ် အလတ် အမြတ် မကွဲပြားပဲ တပြေးညီစွာတည်ရှိသည်ဟု မမှတ်ယူရချေ။ သီလရှိသောပုဂ္ဂိုလ်, သီလမဲ့သောပုဂ္ဂိုလ်, ယုတ်မာသော ပုဂ္ဂိုလ်, မြင့်မြတ်သောပုဂ္ဂိုလ်, ကိလေသာထူသောပုဂ္ဂိုလ်, ကိလေသာနည်းသောပုဂ္ဂိုလ်, ကိလေသာမရှိသောပုဂ္ဂိုလ် စသည်ဖြင့် အမျိုးမျိုး အစားစား ကွဲပြားမှုကို ပညတ်တရားဖြင့် သတ်မှတ်ဖော်ပြရပေသည်။

ဤသို့ လောကလူမှုရေးနယ်၌ ပညတ်တရား၏ အရေးပါပုံ, အမှန်တရားဖြစ်ပုံ, ဒါနအဆင့်၊ သီလအဆင့်၊ သမထဘာဝနာအဆင့်တို့၌ ပညတ်တရားကို မပယ်ရသေးပုံတို့ကို ဝေနေယျသတ္တဝါတို့ ထင်ရှားကွဲပြားအောင် ပုဂ္ဂလပညတ်နည်းဖြင့် ဆက်လက်ဟောကြားရသည်။

ကထာဝတ္ထု

ပုဂ္ဂလပညတ်ကျမ်းကို ဟောပြီးနောက် ကထာဝတ္ထုကျမ်းကို ဆက်လက်ဟောပါသည်။ ကထာဝတ္ထုဆိုသည်မှာ အယူဝါဒနှင့်ဆိုင်သော ပုဂ္ဂိုလ်ရေးရာ စသော စကားတို့၏ တည်ရာဖြစ်သော ကျမ်းဟု အဓိပ္ပာယ်ရ၏။ (ကထာ = အယူဝါဒနှင့်ဆိုင်သော စကား + ဝတ္ထု = တည်ရာ)။

ဘုရားရှင်သည် ဤကျမ်းကို အပြည့်အစုံ ဟောကြားခဲ့သည် မဟုတ်။ “နောင်သောအခါ၌ ငါ့တပည့်ပညာရှိကြီး အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်သည် ဖြစ်ပေါ်လာမည့် သာသနာ့ အညစ်အကြေးတို့ကို ဆေးကြောသုတ်သင်ကာ တတိယသံဂါယနာ တင်ပေလိမ့်မည်။ ထိုအခါ ထိုအရှင်သည် ရဟန်းသံဃာများအလယ်၌ သီတင်းသုံးလျက် မိမိဝါဒဘက်က သုတ်ပေါင်းငါးရာ၊ သူတစ်ပါးဝါဒဘက်က သုတ်ပေါင်းငါးရာ၊ ပေါင်းသုတ်ပေါင်းတထောင်တို့ဖြင့် တန်ဆာဆင်ကာ ဤကျမ်းကို ဝေဖန် ဟောကြားလိမ့်မည်” ဟု မိန့်တော်မူပြီး နည်းရရုံမာတိကာမျှကိုသာ ဟောကြားထားခဲ့ပေသည်။


ဘုရားရှင်ဗျာဒိတ်ထားတော်မူသည့်အတိုင်းပင် ဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံပြီးနောက် နှစ်ပေါင်း (၂၃၅) နှစ်ကြာသောအခါ ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်သည် ရဟန္တာတထောင်တို့နှင့်အတူ တတိယသံဂါယနာတင်ကာ ဤကထာဝတ္ထုကျမ်းကို ဘုရားရှင်ပေးခဲ့သောနည်းကိုမှီ၍ ဝေဖန်ဟောကြားခဲ့ပေသည်။

ဤကထာဝတ္ထုဟောနည်းမှာ ပြဿနာတရပ်ကို သူ့ဘက် (ပရဝါဒီမိစ္ဆာဒိဋ္ဌိ)၊ ကိုယ့်ဘက် (သကဝါဒီသမ္မာဒိဋ္ဌိ) အပြန်အလှန်အခြေအတင် မေးဖြေ ဟောပြောခြင်းဖြစ်သည်၊ ဤကျမ်း၌မူတည် ဆွေးနွေးဖြေရှင်းသည့် ပြဿနာခေါင်းစဉ် (ကထာ) ပေါင်းမှာ ၂၂၆-ခုရှိပေသည်။

ဓမ္မသင်္ဂဏီ, ဝိဘင်း, ဓာတုကထာနည်းတို့ဖြင့် ပရမတ်တရားသက်သက်ကို ဟော၍ ပုဂ္ဂလပညတ်နည်းဖြင့် ပညတ်တရားကို ဟောကြားရာ မည်သည့် အတိုင်းအတာအထိ ပညတ်နည်းကိုသုံး၍ မည်သည့်အတိုင်းအတာအထိ ပရမတ်နည်းသုံးရမည်ကို တရားနာနတ်ဗြဟ္မာတို့စိတ်၌ ဝေခွဲနိုင်မည်မဟုတ်၊ သံသယအမျိုးမျိုးဝင်၍ ပြဿနာမေးခွန်းအမျိုးမျိုး ပေါ်လာနိုင်ပေသည်။

ထို့ကြောင့် မြတ်စွာဘုရားဟောထားခဲ့သည့် သုတ္တန်ပါဠိတော်များ၌ မည်သည့်အရာကို ပရမတ္ထသဘာဝအထိယူရမည်၊ မည်သည့်အရာကို ပညတ်ယူရမည်ဟု ပရမတ္ထသစ္စာနှင့် သမုတိသစ္စာတို့ကို အယူမလွဲအောင် ဤကထာဝတ္ထု အဘိဓမ္မာနည်းဖြင့် ပြန်၍ညှိနှိုင်းဟောကြားရပေသည်။

ဥပမာ-မိမိအကျိုးစီးပွားကို ကျင့်သောပုဂ္ဂိုလ်သည်ရှိ၏ဟု ဘုရားဟောသုတ္တန်ရှိသောကြောင့် ပုဂ္ဂိုလ်သည် အမှန်တကယ်ရှိ၏ဟု ပရဝါဒီကဆို၏။


ထိုဟောကြားချက်မှာ သမုတိသစ္စာအားဖြင့် ဟောကြားခြင်းဖြစ်၍ ပုဂ္ဂိုလ်သည် သမုတိသစ္စာအားဖြင့်သာရှိ၏။ ပရမတ္ထသစ္စာအားဖြင့်ကား ပုဂ္ဂိုလ်ဆိုသည်မှာ လုံးဝမရှိဟု သကဝါဒီက ပြန်လည်ဖြေရှင်းပြခြင်းမျိုး ဖြစ်ပေသည်။

ယမိုက်

ကထာဝတ္ထုကျမ်းကို ဟောတော်မူပြီးသည့်နောက် ယမိုက်ကျမ်းကို ဆက်လက်ဟောကြားပါသည်။ ယမိုက်ဆိုသည်မှာ ယမကဟူသောပါဠိမှ ဆင်းသက်လာသော ဝေါဟာရဖြစ်၍ “အစုံ” ဟု အဓိပ္ပာယ်ရသည်။ အနုလုံနှင့်ပဋိလုံ၊ အမေးနှင့်အဖြေ၊ သန္နိဋ္ဌာန်နှင့်သံသယ စသည်ဖြင့် အစုံအစုံဟောကြားထားသည့်ကျမ်းဟု ဆိုလိုပေသည်။ (ယမက=ယမိုက်အစုံ)။

အမှန်စင်စစ် ခန္ဓာ အာယတန ဓာတ် သစ္စာစသောတရားတို့ကို-
(က) ပုဂ္ဂိုလ်အားဖြင့်လည်းကောင်း၊
(ခ) ဘုံဌာနအားဖြင့်လည်းကောင်း၊
(ဂ) ပုဂ္ဂိုလ်ဘုံနှစ်မျိုးရောသောအားဖြင့်လည်းကောင်း၊
ခွဲခြမ်းစိတ်ဖြာ ဝေဖန်ဟောကြားထားသည့်ကျမ်း ဖြစ်ပေသည်။

ဘုရားရှင်သည် အထက်အဘိဓမ္မာငါးကျမ်းတို့ဖြင့် ပရမတ္ထတရားနှင့် သမုတိသစ္စာတရားနှစ်ပါးတို့ကို ပြည့်ပြည့်စုံစုံ ဝေဖန်ပိုင်းခြား ဟောကြားတော်မူလေသည်။ သို့ရာတွင် ပုဂ္ဂိုလ်သတ္တဝါဟူသော သမုတိသစ္စာတရားနှင့် ခန္ဓာ, အာယတနစသော ပရမတ္ထသစ္စာတရားနှစ်ပါးတို့ အချင်းချင်း ဆက်သွယ်ကြပုံ၊ သုံးဆယ့်တဘုံဟူသော ဩကာသလောကကြီးနှင့် ထိုသစ္စာတရားနှစ်ပါးတို့ ဆက်သွယ်ပုံတို့ကို ဟောရန်ကျန်နေပေသည်။ ထို့ကြောင့် ၎င်းတို့အချင်းချင်း မည်သို့မည်ပုံ ဆက်သွယ်တည်ရှိနေကြပုံကို ယမိုက်နည်းဖြင့် ဆက်လက်ဟောရခြင်းဖြစ်ပေသည်။


ပဋ္ဌာန်း

ယမိုက်ကျမ်းကိုဟောပြီးသည့်အခါ ပဋ္ဌာန်းကျမ်းကို နောက်ဆုံး ဟောကြားတော်မူပါသည်။ ပဋ္ဌာနဟူသော ပါဠိပုဒ်ကို မြန်မာလို ပဋ္ဌာန်းဟု ခေါ်ဝေါ်ခြင်းဖြစ်၏။ အမျိုးမျိုးသောအကြောင်းတရားများဟု အဓိပ္ပာယ်ရသည် (=အမျိုးမျိုးသော + ဌာန = အကြောင်းတရား)။

ပဋ္ဌန်းကျမ်းတွင် ၂၄-ပါးသော အကြောင်းပစ္စည်းတရားတို့ကြောင့် စကြာဝဠာလောကဓာတ်အတွင်းရှိ သဘာဝတရားတို့ ဖြစ်ပေါ်တည်ရှိနေပုံကို အပြည့်အစုံ ရှင်းလင်းဟောကြားထားသည်။ ပုဂ္ဂိုလ်, သတ္တဝါဟူသော သတ္တလောကသည်လည်းကောင်း၊ ရုပ်နာမ်တရားဟူသော သင်္ခါရလောကသည်လည်းကောင်း၊ ၃၁-ဘုံဟူသော ဩကာသလောကသည်လည်းကောင်း မည်သို့သောအကြောင်းကြောင့် ဖြစ်ပေါ်လာကြသနည်း။ တန်ခိုးရှင်တဦးက ဖန်ဆင်း၍ ဖြစ်လာကြသလော။ အကြောင်းမဲ့သက်သက် ဖြစ်လာကြသလောဟူသော ပြဿနာရပ်များကို ဖြေရှင်းရန် ဤ ၂၄-ပစ္စည်း ပဋ္ဌာန်းနည်းဖြင့် အကြောင်းအကျိုးဆက်စပ် ဟောကြားရခြင်းဖြစ်သည်။

လောကသုံးပါးသည် တန်ခိုးရှင်၏ ဖန်ဆင်းမှုကြောင့် ဖြစ်ပေါ်လာသည်လည်းမဟုတ်၊ အကြောင်းကင်း၍ ဖြစ်ပေါ်လာသည်လည်းမဟုတ်၊ ရုပ်နာမ်တရားတို့ အချင်းချင်း ကြောင်းကျိုးဆက်ကာ ဖြစ်ပေါ်လာကြခြင်းဖြစ်သည်ဟု အသေးစိတ်ဝေဖန်ရှင်းလင်းပြသော နည်းဖြစ်သည်။ ဤသို့ ကုသိုလ်စသည့် ပရမတ္ထသဘာဝတရားများကို ဓမ္မသင်္ဂဏီနည်းဖြင့် စ၍ဟောလျှင် နောက်ဆုံးပဋ္ဌာန်းနည်းဖြင့် ဟောပြီးမှသာ အဘိဓမ္မာတရားတော် ပြီးဆုံးလေသည်။

အဘိဓမ္မာအဖွင့်ကျမ်းများ

အထက်တွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း အဘိဓမ္မာတရားတော်များသည် ပညတ်တည်းဟူသော အပေါ်ယံအကာများဖုံးအုပ်နေသည့် ရုပ်နာမ် သဘောတရားများဖြစ်၍ နက်လည်းနက်ပေသည်၊ ခက်လည်းခက်ပေသည်။


ထို့ကြောင့် ရှေးရှေးအဘိဓမ္မာပါရဂူ ဆရာတော်ဘုရားကြီးများသည် ပညာမျက်စိဖြင့် ပညတ်အပေါ်ယံအလွှာကိုခွာ၍ ပရမတ်အတွင်းဓာတ်သားအထိ ထိုးဖောက်မြင်နိုင်ရန် (ဝါ) အဘိဓမ္မာသဘောတရားများကို လွယ်လွယ်ကူကူ သဘောပေါက်နားလည်နိုင်ရန် အဋ္ဌကထာ၊ ဋီကာ၊ အနု၊ မဓု၊ ယောဇနာ၊ ဂဏ္ဌိ၊ အရကောက်၊ နိဿယ၊ မြန်မာပြန်စသည့် အဘိဓမ္မာအဖွင့်ကျမ်းပေါင်းများစွာတို့ကို ခေတ်အဆက်ဆက်တွင် နည်းအမျိုးမျိုးတို့ဖြင့် ဖွင့်ဆိုရေးသားခဲ့ကြပေသည်။

ထိုအဖွင့်ကျမ်းများအနက် မြန်မာပြည်ပြု အဘိဓမ္မာအဖွင့်ကျမ်းတို့မှာ ပါဠိဘာသာအားဖြင့် ၄၃-ကျမ်း၊ နိဿယနှင့် မြန်မာပြန် ၁၁၂-ကျမ်း၊ အထွေထွေ ၁၇၈-ကျမ်းအားဖြင့် စုစုပေါင်း ၃၃၃-ကျမ်းအထိ ရှာဖွေတွေ့ရှိရပေသည်။

ဗုဒ္ဓအဘိဓမ္မာ စေတသိက်များ အဖွင့်ကျမ်း

ရည်မှန်းချက်များ

သာသနာရေးဦးစီးဌာန၊ သုတေသနနှင့် ကျမ်းပြုဌာနခွဲ၊ ကျမ်းပြုဌာနစု (ဘာသာပြန်) က ပြုစုသည့် ဗုဒ္ဓအဘိဓမ္မာစေတသိက်များအဖွင့်ကျမ်းသည်လည်း အဘိဓမ္မာအဖွင့်ကျမ်းတကျမ်းပင် ဖြစ်ပါသည်။ ဤအဖွင့်ကျမ်းသည် ရှေးရှေး အဘိဓမ္မာအဖွင့် ကျမ်းများနှင့် အဖွင့်ကျမ်းချင်းတူသော်လည်း ဖွင့်နည်း ဖွင့်ဟန် အလွန်ခြားနားပါသည်။

“ဗုဒ္ဓအဘိဓမ္မာစေတသိက်များအဖွင့်” ဟူသော နာမည်အရ အဘိဓမ္မာပိဋက၌ လာရှိသည့် ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြိယ၊ မနသိကာရ စေတသိက်တရားများကို ထူးခြားသော အစီအစဉ်ဖြင့် ဖွင့်ဆိုထားသည့် ကျမ်းဖြစ်သည်။ ဤကဲ့သို့သော အဖွင့်ကျမ်းမျိုး ရှေးက တကြိမ်တခါမျှ မပေါ်ခဲ့ဘူးသေးချေ။
၁။ အဘိဓမ္မာသင်းချုပ် (နှာ ၆၁) ၌ ကျမ်းအမည်များ ဖော်ပြထားသည်။


ဤအဖွင့်ကျမ်းကို ပြုစုထုတ်ဝေရာ၌ သာသနာရေးဦးစီးဌာနအနေဖြင့် ပဓာနရည်မှန်းချက်ကြီး (၅)ချက် ထားရှိပါသည်။ ယင်းရည်မှန်းချက်ကြီးများမှာ-

(၁) ဤကျမ်းကို ဖတ်ရှုလေ့လာသူများအဖို့ လောဘဖြစ်စရာ၊ ဒေါသဖြစ်စရာအာရုံများနှင့် တွေ့ကြုံရသည့်အခါ လောဘ ဒေါသ အကုသိုလ်တရားတို့ မဖြစ်ပွားအောင် စိတ်ကို ထိန်းတတ် သိမ်းတတ်ရန်။

(၂) သက္ကာယဒိဋ္ဌိ၊ အတ္တဒိဋ္ဌိတို့မှ ကင်းစင်၍ ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်အမြင် သန်ရန်။

(၃) ရုပ်နာမ်တို့ကို မသိမြင်သောအန္ဓ (အကန်း) ပုထုဇဉ်အဆင့်မှ ရုပ်နာမ် သိမြင်သည့်ကလျာဏ (အကောင်း) ပုထုဇဉ် အဆင့်သို့ တက်လှမ်းနိုင်ရန်။

(၄) ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် ကင်္ခါဝိတရဏဝိသုဒ္ဓိစခန်းသို့ ရောက်၍ စူဠုံသောတာပန် ဖြစ်ရန်။

(၅) ပဋိသမ္ဘိဒါဉာဏ်အတွက် ပါရမီမျိုးစေ့ ရရှိရန်တို့ဖြစ်ပါသည်။

အကုသိုလ်မဖြစ်အောင် စိတ်ကိုထိန်းသိမ်းနိုင်ခြင်း

စိတ်အရေးပါပုံ

ဤရည်မှန်းချက်ကြီး ၅-ခုအနက်၊ အမှတ်(၁) ရည်မှန်းချက်ကို ရှင်းပြပါမည်။ လောကတွင် ရှိရှိသမျှ သင်္ခါရတရားများကို အနှစ်ချုပ်လိုက်လျှင် ရုပ်နှင့် နာမ် နှစ်မျိုးသာရှိ၏။ ရုပ်နာမ်မှတပါး ငါ သူတပါး ယောက်ျား, မိန်းမ, ပုဂ္ဂိုလ် သတ္တဝါဟူ၍မရှိချေ။

ထိုနှစ်မျိုးတွင် ရုပ်တရားသည် အာရုံကို မယူနိုင်၊ မသိနိုင်သဖြင့် အကန်းနှင့် တူ၏။ နာမ်တရားကား အာရုံကို ယူနိုင်သော်လည်း စားခြင်း သောက်ခြင်း, သွားခြင်း, လာခြင်း, ရပ်ခြင်း ထိုင်ခြင်း စသည်တို့ကို မပြုလုပ်နိုင်သောကြောင့် အကျိုးနှင့်တူ၏။


ထိုတရားနှစ်မျိုးတို့သည် သူ့နေရာနှင့်သူ ပဓာနဖြစ်ကြသော်လည်း အကန်းနှင့်တူသော ရုပ်တရားကို အကျိုးနှင့်တူသော နာမ်တရားက အမြဲရှေ့ဆောင်လျက်ရှိသည်။

နာမ်တရားများတွင် စိတ်သည် ပဓာနအကျဆုံးဖြစ်၏၊ အတူဖြစ်ဖော် ဖြစ်ဖက် နာမ်တရားများ၏ ခေါင်းဆောင် အကြီးအကဲဖြစ်သည်။ စိတ်ညစ်နွမ်းလျှင် သတ္တဝါများသည် ညစ်နွမ်းကြရသည်။ စိတ်ဖြူစင်သန့်ရှင်းလျှင် သတ္တဝါများ သန့်ရှင်းစင်ကြယ်ကြရသည်။ စိတ်တခုတည်းကိုသတိဖြင့် စောင့်ရှောက် ထိန်းသိမ်းထားနိုင်လျှင် အကုသိုလ်ဒုစရိုက်တရားများ မဖြစ်ပွားနိုင်၊ သံသရာဝဋ်ဒုက္ခမှ မုချလွတ်မြောက်နိုင်၏။

ဤသို့စသည်ဖြင့် စိတ်အလွန်အရေးပါပုံကို ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်၊ ဒုတိယဂဒ္ဒူလဗန္ဓသုတ်နှင့် တိကအင်္ဂုတ္တိုရ်ပါဠိတော်၊ အရက္ခိတသုတ်တို့၌ ရှင်တော်ဘုရား ဟောကြားထားပေသည်။ ဤအချက်နှင့် ပတ်သက်၍ ဗုဒ္ဓရှင်တော်ဘုရား၏ ဩဝါဒဒေသနာတော်တခုကို သတိပြုနိုင်ရန် တင်ပြပါမည်။

ရဟန်းဘဝတွင်စောင့်ထိန်းရမှုများလှသဖြင့် လူထွက်လိုသောရဟန်း

ဘုရားရှင်လက်ထက်တော်က သာဝတ္ထိပြည်သား သဌေးသားတယောက်သည် မိမိကိုးကွယ် ဆည်းကပ်နေသည့် ဆရာမထေရ်အား- “အရှင်မြတ်ဘုရား... တပည့်တော်သည် ဝဋ်ဒုက္ခအပေါင်းမှ လွတ်မြောက်လိုပါသည်၊ ဝဋ်ဒုက္ခမှ လွတ်မြောက်ကြောင်းတရား တခုကို တပည့်တော်အား ဟောကြားတော်မူပါဘုရား” ဟု လျှောက်ထား၏။

ဆရာမထေရ်က- “ဝဋ်ဒုက္ခအပေါင်းမှ လွတ်မြောက်လိုလျှင် စာရေးတံဆွမ်းကို ကပ်လှူရမည်၊ လဆန်းပက္ခ လဆုတ်ပက္ခတို့၌ ဆွမ်းကပ်လှူရမည်၊ ဝါဆိုသင်္ကန်းကိုလည်း ကပ်လှူရမည်၊ သင်္ကန်းစသော ပစ္စည်းတို့ကိုလည်း ကပ်လှူရမည်၊ မိမိ၏ ရှိပစ္စည်းကို သုံးပုံ ပုံ၍ တပုံကို ဘုရားသာသနာတော်သို့ လှူဒါန်းရမည်၊ တပုံကို ရောင်းဝယ်မှု၌ အရင်းအနှီးပြု၍ ကျန်တပုံကို သားမယားလုပ်ကျွေးမှု၌ အသုံးချရမည်” ဟု ညွှန်ကြားလေသည်။


သဌေးသားသည် ဆရာမထေရ်အမိန့်ရှိသည့်အတိုင်း အားလုံးကို ဆက်ကပ်လှူဒါန်းသည်။ “ထို့နောက် ထိုအလှူဒါနများအပြင် အခြားမည်သည့် ကုသိုလ်ကောင်းမှုမျိုးကို ပြုလုပ်ရပါဦးမည်နည်း” ဟုလျှောက်ထားပြန်သည်။

ဆရာမထေရ်က- “သရဏဂုံသုံးပါးကို ဆောက်တည်၍ ငါးပါးသီလကို ခံယူကျင့်သုံးရမည်” ဟု အမိန့်ရှိ၏။

သရဏဂုံသုံးပါးနှင့် ငါးပါးသီလကို ခံယူဆောက်တည်ပြီးသည့် အခါ၌လည်း “ထိုကုသိုလ်အပြင် အခြားမည်သည့်ကုသိုလ်မျိုးကို ပြုလုပ်ရပါမည်နည်း” ဟု လျှောက်ထားပြန်သည်။

ဆရာမထေရ်က “ဆယ်ပါးသီလကို ခံယူဆောက်တည်ရန်” ညွှန်ကြား၍ ဆယ်ပါးသီလကိုခံယူဆောက်တည်ပြန်လေသည်။

ထိုသဌေးသားသည် ဆရာမထေရ်မြတ်ညွှန်ကြားသကဲ့သို့ အစဉ်အတိုင်း ကုသိုလ်ကောင်းမှုကို တခုပြီးတခုပြုလုပ်သည်။ ထို့ကြောင့် ထိုသဌေးသားကို “အနုပုဗ္ဗသဌေးသား” ဟု ခေါ်ဝေါ်ကြသည်။ (အနုပုဗ္ဗ = အစဉ်အတိုင်း ကုသိုလ်ပြုသူ)။


ထို့နောက် ဆရာမထေရ်အား ရှေးနည်းအတိုင်း လျှောက်ထားပြန်ရာ ဆရာမထေရ်က ရဟန်းပြုရန် ညွှန်ကြားတော်မူလိုက်လေသည်။ သဌေးသားသည်လည်း ဆရာမထေရ်ညွှန်ကြားသည့်အတိုင်း ရဟန်းပြုလေသည်။

ထိုသဌေးသားရဟန်း၏ ဥပဇ္ဈာယ်ဆရာကား ဝိနည်းအရာ၌ လိမ္မာကျွမ်းကျင်သည့် ဝိနည်းဓိုရ်ဆရာတော်တပါးဖြစ်၏။ နိဿယည်းဆရာမှာမူ အဘိဓမ္မာအရာ၌ လိမ္မာကျွမ်းကျင်သည့် အဘိဓမ္မာဆောင် ဆရာတော်တပါးဖြစ်သည်။

သဌေးသားရဟန်းသည် ဥပဇ္ဈာယ်ဆရာထံတော်ပါးသို့ ချဉ်းကပ်သွားသည့်အခါ ဥပဇ္ဈာယ်ဆရာတော်က ရဟန်းများ မပြုလုပ်ကောင်းသည့် အသွားအလာ အနေအထိုင် အပြောအဆို အစားအသောက် အဝတ်အရုံ စသည်တို့ကို ဝိနည်းဥပဒေရှိသည့်အတိုင်း သွန်သင်ဆုံးမ၏။ နိဿယည်းဆရာထံရောက်သည့်အခါ၌လည်း ဘုရားသာသနာတော်တွင် ရှောင်ကြဉ်ရမည့်အမှုကိစ္စ၊ ပြုလုပ်ရမည့်အမှုကိစ္စတို့ကို အဘိဓမ္မာတရားတော်၌ လာရှိသည့်အတိုင်း ဩဝါဒပေးတော်မူသည်။

ဤသို့ ရဟန်းဘဝတွင် ရှောင်ကြဉ်ရမည့်အရာ၊ ဆောင်ရမည့်အရာတို့ကို ဥပဇ္ဈာယ်ဆရာက ဝိနည်းဥပဒေဖြင့်တမျိုး၊ နိဿယည်းဆရာက အဘိဓမ္မာနည်းဖြင့်တဖုံ ဆုံးမဩဝါဒပေးတော်မူသည်ကို ကြားနာရသည့်အခါ သဌေးသားရဟန်းမှာ အလွန်စိတ်ရှုပ်သွားလေတော့သည်။

ဗုဒ္ဓရှင်တော်ဘုရား၏ သာသနာတော်မြတ်ကြီးကို အကျဉ်းထောင်ကြီးအဖြစ် မြင်၍ ရဟန်းဘဝကို ထောင်သားအသွင် ထင်သွားဟန်ရှိပေသည်။ ဤရဟန်းအလုပ်ကား အလွန်တာဝန်ကြီးလေရကား၊ ငါသည် ဆင်းရဲဒုက္ခမှ လွတ်မြောက်လို၍ ရဟန်းပြုခဲ့သည်။ ယခု ဤရဟန်းဘဝသည် လက်ဆန့်တန်းဖို့နေရာပင် မရှိလောက်အောင် ကျဉ်းမြောင်းလှ၏၊ (ဝါ) လက်ကိုပင် မဆန့်ရဲအောင် ကြပ်တည်းလှ၏။ လူ့ဘဝကပင် ဆင်းရဲဒုက္ခမှ လွတ်မြောက်အောင် လုပ်နိုင်ပေလိမ့်ဦးမည်။ ငါလူထွက်မှတော်မည်ဟု အကြံဖြစ်လေသည်။


ထိုအချိန်မှစ၍ ထိုရဟန်းကား ရဟန်းဘဝကို စိတ်အပျက်ကြီး ပျက်သွား၏။ သာသနာတော်၌ လုံးဝ မပျော်ပိုက်တော့ချေ။ ကမ္မဋ္ဌာန်းကိုလည်း မစီးဖြန်းနိုင်၊ စာပေပရိယတ္တိကိုလည်း မသင်ယူနိုင်၊ တမှိုင်မှိုင် တတွေတွေဖြစ်နေပေရာ တဖြည်းဖြည်း ပိန်ချုံးလာ၏။ အကြောများပင် အပြိုင်းပြိုင်း ထလာ၏။ ပွေးနာ ယားနာများလည်း တကိုယ်လုံး ပေါက်လာလေသည်။

တနေ့တွင် ထိုရဟန်း၏ ဖြစ်ပုံကို သတိထားမိသောသာမဏေငယ်လေးတစုက- “အရှင်ဘုရားမှာ အားနည်းတဲ့ရောဂါရှိပုံရတယ်၊ ပိန်လည်းပိန်တယ်၊ အသားအရေလည်းခြောက်တယ်၊ အကြောတွေလည်း အထင်းသားပေါ်နေတယ်၊ ပျင်းတဲ့လူတွေမှာပေါက်လေ့ရှိတဲ့ဝဲနာ ပွေးနာတွေလည်း ပေါက်နေတယ်၊ တမှိုင်မှိုင်တတွေတွေလည်း ဖြစ်နေတာတွေ့ရပါတယ်၊ အရှင်ဘုရား... ဘယ်အလုပ်ကိုပြုလုပ်မိပါသလဲ” ဟု ဝိုင်းမေးကြ၏။

သဌေးသားရဟန်းက ရဟန်းဘဝကို စိတ်ပျက်ပုံ၊ သာသနာတော်မှာ နေရတာ မပျော်ပိုက်ပုံတို့ကို အကြောင်းနှင့်တကွ ရှင်းပြလိုက်လေသည်။ ထိုအခါ ကိုရင်လေးများသည် ထိုရဟန်း၏ ဥပဇ္ဈာယ်ဆရာနှင့် နိဿယည်းဆရာတို့ထံသွား၍ ထိုရဟန်း၏အကြောင်းကို လျှောက်ကြလေသည်။

ဆရာနှစ်ပါးတို့သည် တပည့်ရဟန်းကို ဗုဒ္ဓရှင်တော်ဘုရားထံ ခေါ်ဆောင်သွား၍ အဖြစ်အပျက်အလုံးစုံကို လျှောက်ထားကြလေသည်။ မြတ်စွာဘုရားသည် ထိုသဌေးသား ရဟန်းအား ကိုယ်တော်တိုင် စစ်မေးတော်မူပြီး- “ချစ်သား...သင်သည် တရားအများကြီးကို စောင့်ထိန်းနေစရာမလို၊ တပါးတည်းကိုသာ စောင့်ထိန်းရမည်၊ အဲဒီတရားတပါးကို စောင့်ထိန်းနိုင်မည်လား” ဟု မေးတော်မူ၏။


“အရှင်ဘုရားမြတ်ဘုရား... တရားတပါး ဆိုသည်မှာ ဘယ်လိုတရားမျိုးပါလဲဘုရား” ဟု လျှောက်၏။

“တရားတပါးဆိုသည်မှာ သင်ချစ်သား၏ စိတ်တခုတည်းပင် ဖြစ်သည်၊ သင့်စိတ်ကို စောင့်ထိန်းနိုင်မည်လား”

“စောင့်ထိန်းနိုင်ပါမည်ဘုရား”

“ဒီလိုဆိုလျှင် သင်ချစ်သားရဲ့စိတ်တခုတည်းကို စောင့်ထိန်းပေတော့၊ ဆင်းရဲဒုက္ခအားလုံးမှ မကြာမီ လွတ်မြောက်သွားလိမ့်မည်” ဟု ညွှန်ကြားတော်မူကာ အောက်ပါဆုံးမဩဝါဒကို ပေးတော်မူပါသည်။

အလွန်အကဲ၊ မြင်နိုင်ခဲသည့်၊
ကြည့်လဲမြင်၊ ရှာလျှင်မရ၊
သိမ်မွေ့လှသည့်၊ ငါးဝအာရုံ၊
ကာမဂုဏ်လျှင်၊ ခုံမင်ပျော်မွေ့၊
ကျရောက်လေ့ရှိ၊ စိတ်အသိကို၊
ပဏ္ဍိမည်မှတ်၊ ပုဂ္ဂိုလ်မြတ်သည်၊
မလပ်မကွာ၊ စောင့်ရှောက်ရာ၏၊
စောင့်ကာတားဆီး၊ လုံခြုံပြီးငြား
စိတ်တရားသည်၊ ထက်ဖျားဟုဆို၊
မဂ်ဖိုလ်နိဗ္ဗာန်၊ သုံးတန်သတ်မှတ်၊
ချမ်းသာမြတ်ကို၊ ဆတ်ဆတ်မသွေ ဆောင်သတည်း။

သုဒုဒ္ဒသံ သုနိပုဏံ၊ ယတ္ထကာမနိပါတီနံ၊
စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ။

ဤဒေသနာတော်အဆုံး၌ သဌေးသားရဟန်းနှင့်တကွ များစွာသော ပရိသတ်တို့သည် သောတာပန်တည်သွားကြပေသည်။

စိတ်နှင့်စေတသိက်

ဤသို့ စိတ်သည် အလွန် အရေးပါသည်။ စိတ်တခုတည်းကို ချုပ်ထိန်းနိုင်ပါလျှင် (ဝါ) ယဉ်ကျေးအောင် ဆုံးမထားနိုင်လျှင်၊ “ဒန္တံ၊ ဆုံးမထားသဖြင့်ယဉ်ကျေးပြီးသော။ စိတ္တံ၊ စိတ်သည်။ သုခါဝဟံ၊ မဂ်ဖိုလ်နိဗ္ဗာန် သုံးတန်ချမ်းသာကို ဆောင်နိုင်၏” (စိတ္တံ ဒန္တံ သုခါဝဟံ) ဟု ဘုရားရှင် ဟောတော်မူထားသည့်အတိုင်း ချမ်းသာသုံးပါးကို ရနိုင်ပေသည်။


သတ္တဝါများ၌ ပဋိသန္ဓေတည်ကတည်းက ပါလာခဲ့သော ထိုစိတ်သည် ပင်ကိုသဘာဝအားဖြင့် ညစ်ကြေးမတင် အလွန်စင်ကြယ်သန့်ရှင်းလျက် ရှိပေသည်။ ယင်းသို့ဖြူစင်သန့်ရှင်းသော သဘောရှိသောကြောင့် ထိုစိတ်ကို ဓမ္မသင်္ဂဏီပါဠိတော်၌ “ပဏ္ဍရ” ဟု ဟောထား၏။

သို့ရာတွင် စိတ်၏ သန့်ရှင်းစင်ကြယ်ခြင်းသည် ထာဝစဉ်တည်မြဲမှုမရှိချေ။ (ဝါ) ထိုသန့်ရှင်းစင်ကြယ်သည့်ဘဝင်စိတ်အတိုင်း အမြဲထားရန်မဖြစ်နိုင်ချေ။ မိမိကို အခိုက်အတန့်အားဖြင့် လာမှီကြသည့်ဧည့်သည် (အာဂန္တုက) စေတသိက်တရားများကြောင့် ညစ်နွမ်းသည့်အခါ ညစ်နွမ်းရလေသည်။ ထို့ကြောင့် အင်္ဂုတ္တိုရ်ပါဠိတော်၊ ပဏိဟိတအစ္ဆရာဝဂ်၌-

“ရဟန်းတို့... ဤဘဝင်စိတ်သည် ဖြူစင်သန့်ရှင်းသောကြောင့် ပြိုးပြိုးပြက်ပြက် အရောင်ထွက်သကဲ့သို့ရှိ၏။ ထိုစိတ်သည်ပင်(ဇောခဏ၌) ဧည့်သည်အာဂန္တုက ဖြစ်ကုန်သော (ဝါ) အခိုက်အတန့်အားဖြင့်လာရောက်ကြကုန်သော ညစ်ညူးကြောင်း ကိလေသာတရားတို့ကြောင့် ညစ်နွမ်းရပေသည်” ဟုလည်းကောင်း-

ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်၌လည်း “ရဟန်းတို့ ဤစိတ်ကို ရာဂ၊ ဒေါသ၊ မောဟတို့က ညစ်ညူးအောင် ပြုထားသည်မှာ အချိန်ကြာလှပြီဟု အမြဲမပြတ် မိမိစိတ်ကို ဆင်ခြင်ရမည်” ဟု လည်းကောင်း-ဟောတော်မူထားပေသည်။

မှန်ပါသည်၊ စိတ်ညစ်နွမ်းမှုသည် လောဘ၊ ဒေါသ၊ မောဟ စသော အကုသိုလ်စေတသိက်များကြောင့်ဖြစ်၏။ စေတသိက်ဆိုသည်မှာ သူ့ချည်း သက်သက်ဖြစ်လာနိုင်၊ အာရုံကိုယူနိုင်သောတရားမျိုးမဟုတ်၊ စိတ်ဖြစ်ပေါ်လာမှ စိတ်ကိုမှီ၍ အာရုံကိုယူနိုင်သော တရားမျိုးဖြစ်သည်။ စိတ်နှင့် တပြိုင်နက်ဖြစ်၊ တပြိုင်နက်ပျက်၍ စိတ်မှီသောဝတ္ထုရုပ်ကိုမှီကာ စိတ်ယူသောအာရုံကိုသာ ယူနိုင်ကြသည်။

ပင်ကိုပကတိ ဖြူစင်သန့်ရှင်းနေသည့် စိတ်အစဉ်တွင် ဇောခဏ၌ ညစ်နွမ်းသည့် လောဘဒေါသစသော စေတသိက်များ ပူးဝင်ယှဉ်တွဲခဲ့လျှင် စိတ်အစဉ်သည် ညစ်နွမ်းသွားရသည်။
၁။ ပဏ္ဍရ =စင်သောသဘော၊


ထို့ကြောင့်စိတ်အစဉ်တွင် လောဘဒေါသမောဟ စသော စေတသိက်များ ဝင်မလာအောင် ထိန်းသိမ်းတတ်ရန် အလွန်အရေးကြီး၏။ လောဘ, ဒေါသ, မောဟ ဖြစ်စရာအာရုံတို့နှင့် တွေ့ကြုံဆုံဆည်းရသည့် အခါ၌ လောဘ ဒေါသ မောဟတို့မဖြစ်အောင် ထိန်းသိမ်းထားနိုင်မှသာ စိတ်အစဉ် ဖြူစင်သန့်ရှင်းနေပေမည်။

ဤသို့ဒေါသ, သောကတို့ ဖြစ်ဖွယ်ရာအနိဋ္ဌာရုံတို့နှင့် တွေ့ကြုံရသည့်အခါ ဒေါသောကစသည့် အကုသိုလ်တရားများ မဖြစ်ပွားအောင် စိတ်ကိုထိန်းသိမ်းနိုင်သည့်နေရာ၌ “မလ္လိကာ” ခေါ်ဗန္ဓုလစစ်သူကြီးကတော်ကို စံနမူနာယူသင့်ကြ၏။

အတုယူစရာမလ္လိကာ

ဗန္ဓုလစစ်သူကြီးကား သာဝတ္ထိပြည်၊ ပသေနဒီကောသလမင်းကြီး၏ စစ်သူကြီးဖြစ်သည်။ ဘုရင်၏ ငယ်သူငယ်ချင်းဖြစ်သည့်ပြင် လက်ရုံးရည် နှလုံးရည်တို့နှင့် အလွန်ပြည့်စုံသူ ဖြစ်သောကြောင့် ဘုရင်ကိုယ်တိုင်စစ်သူကြီးအရာထား၍ အားပေးမြှောက်စားခြင်းကိုခံရသူဖြစ်သည်။ ထိုဗန္ဓုလစစ်သူကြီး၏ဇနီးကား မလ္လိကာဖြစ်သည်။ မလ္လိကာ၌ ဖခင်ကဲ့သို့ ရဲစွမ်းသတ္တိနှင့်ပြည့်စုံသည့် သားသုံးကျိပ်နှစ်ယောက် ထွန်းကားသည်။

တနေ့တွင် မတရားအဆုံးအဖြတ်ခံရသည့် တရားရှုံးသူများ၏ တိုင်တန်းချက်အရ ဗန္ဓုလစစ်သူကြီးကိုယ်တိုင် တရားစီရင်ရေးကို ဝင်ရောက်ကိုင်တွယ်ရာ ပြည်သူတို့၏ နှစ်သက်လေးစားမှုကိုရရှိခဲ့သည်။ ထိုအကြောင်းကို မင်းကြီးသိသဖြင့် လာဘ်စား၍ တရားဆုံးဖြတ်သည့်အမတ်များကို ရာထူးမှ နှုတ်ပယ်ပစ်လိုက်သည်၊ တရားစီရင်ရေးကိုလည်း ဗန္ဓုလစစ်သူကြီးအား လုံးဝ အပ်နှင်းလိုက်သည်။


ထိုအခါ ရာထူးချခံရသည့် အမတ်ဟောင်းများသည် စစ်သူကြီးဗန္ဓုလအား ရန်ညှိုးဖွဲ့ကြတော့သည်။ သူတို့သည်အခြေအနေပေးသည်နှင့် “စစ်သူကြီးဗန္ဓုလသည်မင်းဖြစ်ရန်ကြိုးစားနေပါသည်” ဟု မင်းကြီးအား ချောပစ်ကုန်းတိုက်ကြသည်၊ မင်းကြီးသည် ထိုသူတို့၏စကားကိုယုံကြည်ပြီး စစ်သူကြီးဗန္ဓုလကို သားသုံးကျိပ်နှစ်ယောက်နှင့်အတူ သတ်ဖြတ်ရန် စီမံလေသည်။

မင်းကြီး၏ စီမံချက်ကား စစ်သူကြီးကို ဤသာဝတ္ထိပြည်ထဲတွင် သတ်ပါက ပြည်သူလူထု၏ အကဲ့ရဲ့ကို ခံရမည်။ သို့အတွက် ရွာစွန်ဖျား၌ သူပုန်ထဟန်ပြုစေ၍ ထိုသူပုန်များကို သားများနှင့်အတူ သွားရောက်နှိမ်နင်းရန် ဗန္ဓုလကို တာဝန်ပေးမည်။ တာဝန်ထမ်းဆောင်ရာမှအပြန် မြို့ပြင်တွင် ဗန္ဓုလစစ်သူကြီးကို သားသုံးကျိပ်နှစ်ယောက်နှင့်အတူ လုပ်ကြံသတ်ဖြတ်ရန် အခြားသူရဲကောင်းများကို တာဝန်ပေးမည်ဟူ၍ ဖြစ်သည်။

ထိုစီမံချက်အတိုင်း အမိန့်ပေးပြုလုပ်စေရာ လုပ်ကြံသတ်ဖြတ်မှုကြီး ထမြောက် အောင်မြင်သွားခဲ့သည်။ ထိုလုပ်ကြံသည့်နေ့၌ပင် မလ္လိကာသည် အဂ္ဂသာဝကကြီးနှစ်ပါးနှင့်အတူ ရဟန်းငါးရာကို ဆွမ်းကပ်ရန် ပင့်ဖိတ်ထား၏။ ထိုနေ့နံနက်စောစော၌ စစ်သူကြီးကတော် မလ္လိကာထံသို့ အကြောင်းကြားစာတစောင် ရောက်လာသည်။ ထိုစာကား “သင်၏သားသုံးကျိပ်နှစ်ယောက်တို့နှင့်အတူ အရှင်သခင် စစ်သူကြီးဗန္ဓုလ၏ ဦးခေါင်းကို ဖြတ်လိုက်ပြီ” ဟူ၍ ဖြစ်၏။

မလ္လိကာသည် ထိုအကြောင်းကို မည်သူ့အားမျှ အသိမပေးဘဲ စာကို ရင်ခွင်၌ သိမ်းကာ ရဟန်းသံဃာများကိုသာ ဣန္ဒြေရရ ဆွမ်းကျွေးပြုစုလေသည်။ မလ္လိကာ၏ အလုပ်အကျွေး အိမ်ဖော်အမျိုးသမီးကလေးများသည် ဆွမ်းကပ်ပြီး၍ ထောပတ်အိုးများကို သယ်ယူလာကြစဉ် သံဃာတော်များရှေ့မှာပင် ထောပတ်အိုးကွဲသွား၏။


ထိုအခါ တရားစစ်သူကြီး အရှင်သာရိပုတ္တရာက “ကွဲတတ် ပျက်တတ်တဲ့ သဘောတရားသည် ကွဲရ ပျက်ရ၏၊ ဟိုဟို ဒီဒီ မကြံမစည် မတွေးတောရ” ဟု ဆုံးမတော်မူလိုက်သည်။

ထိုအခါမလ္လိကာက ရင်ခွင်မှစာကို ထုတ်၍ “အရှင်မြတ်ဘုရား သားသုံးကျိပ်နှစ်ယောက်နှင့်အတူ ဖခင်ဖြစ်သူ စစ်သူကြီးဗန္ဓုလရဲ့ ဦးခေါင်းကို ဖြတ်လိုက်ကြပြီဆိုတဲ့ ဒီစာကို ယခုမနက်ပဲ တပည့်တော်မ ရရှိခဲ့ပါတယ်၊ ဒါပေမဲ့ တပည့်တော်မမှာ တစုံတရာ စိုးရိမ်ပူဆွေး တွေးတော ကြံစည်ခြင်း မရှိပါ၊ ဒီထောပတ်အိုးကလေးကွဲသည့် ကိစ္စမှာ အဘယ်မှာ တွေးတောကြံစည်ပါ့မလဲဘုရား” ဟု လျှောက်ထားသည်။

ထို့နောက် အရှင်သာရိပုတ္တရာမထေရ်မြတ်သည် ဆွမ်းအနုမောဒနာတရားဒေသနာချီးမြှင့်၍ သံဃာတော်များနှင့်အတူ ကျောင်းတော်သို့ ပြန်ကြွသွားလေသည်။

စစ်သူကြီးကတော် မလ္လိကာသည် ချွေးမသုံးကျိပ်နှစ်ယောက်တို့ကို ခေါ်ပြီး “ချစ်သမီးတို့... သင်တို့၏ ခင်ပွန်းယောက်ျားတို့သည် မျက်မှောက်လောကတွင် အပြစ်မရှိကြဘဲလျက် ရှေးဘဝက သူတို့ပြုခဲ့ဖူးသည့် အကုသိုလ်ကံ၏အကျိုးကို မလွှဲမရှောင်သာ ခံစားကြရလေပြီ။ ချစ်သမီးတို့... မစိုးရိမ်ကြနဲ့၊ မပူဆွေး မငိုကြွေးကြနဲ့၊ ဘုရင်မင်းမြတ်အပေါ်၌လည်း စိတ်ဖြင့် ပြစ်မှားမှုကိုမပြုကြနဲ့” ဟု ဆုံးမစကား ပြောကြားလိုက်လေသည်။

ထိုစစ်သူကြီးကတော် မလ္လိကာကား အရိယာမဟုတ်၊ ပုထုဇဉ်မျှသာ ဖြစ်ပေသည်။ သို့သော် မိမိစိတ်ကို အကုသိုလ်မဖြစ်အောင် ထိန်းတတ် သိမ်းတတ်သည့် အထက်တန်းစား ပုထုဇဉ်ဖြစ်သည်။ ဘုရားရှင်နှင့် သာဝကတို့၏ ဆုံးမဩဝါဒကို နည်းနာကျကျ လက်တွေ့ကျင့်သုံးသူ ဖြစ်၏။ ထို့ကြောင့် ယခုကဲ့သို့ ဒေါသ, သောက ဖြစ်ဖွယ်ရာ အနိဋ္ဌာရုံတို့နှင့်တွေ့ကြုံရခိုက်၌ ဒေါသ သောကတို့ ဝင်မလာနိုင်အောင် စိတ်နှလုံးကိုထိန်းသိမ်း စောင့်ရှောက်နိုင်ခြင်းဖြစ်သည်။ အရှင်သခင် လင်ယောက်ျားနှင့် သားများ သေဆုံးကြရခြင်းသည် ဘယ်သူမပြု မိမိမှုဆိုသကဲ့သို့ ရှေးအတိတ်က


က သူတို့ ပြုလုပ်ခဲ့သည့် အကုသိုလ်ကံကြောင့် ဖြစ်သည်။ မည်သူ့ကိုမျှ အပြစ်တင်စရာ စိတ်ဆိုးစရာ တရားခံလုပ်စရာမလို၊ ပူဆွေးသောက ဖြစ်နေဖို့လည်း မဟုတ်”ဟု အမှန်အတိုင်း နှလုံးသွင်းနိုင်ခြင်းဖြစ်သည်။

၂။ သက္ကာယကွာသော ဒိဋ္ဌိဝိသုဒ္ဓိစခန်း

ရုပ်နာမ် ဓမ္မ ပရမတ္ထသဘာဝတရားများ၌ လက္ခဏ (သဘောလက္ခဏာ)၊ ရသ (ဆောင်ရွက်ရသည့် လုပ်ငန်းကိစ္စ)၊ ပစ္စုပဋ္ဌာန် (မိမိကြောင့် ဖြစ်ပေါ်လာသည့် အကျိုးတရား)၊ ပဒဋ္ဌာန် (မိမိကို ဖြစ်ပေါ်စေသည့် အကြောင်းတရား) ဟူသော သဘောတရား လေးမျိုးတို့ ရှိကြစမြဲဖြစ်သည်။

ထိုလက္ခဏ, ရသ စသော သဘောတရားလေးမျိုးတို့ဖြင့် ရုပ်တရား နာမ်တရားတို့ကို ပိုင်းခြားယူငင် သိမြင်နိုင်ခြင်းသည် အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိတို့မှ ကင်းစင်သောကြောင့် ဒိဋ္ဌိဝိသုဒ္ဓိမည်၏ဟု အဘိဓမ္မတ္တသင်္ဂဟ အဋ္ဌကထာ၌ မိန့်ဆိုထားပါသည်။

ရုပ်တရား နာမ်တရားတို့ကို လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်တင်၍ ဆင်ခြင်လိုက်သည့်အခါ သိမှုသည် ဝိညာဉ်၊ ခံစားမှုသည် ဝေဒနာ၊ မှတ်သားမှုကား သညာ၊ ပြုလုပ်အားထုတ်မှုကား သင်္ခါရ၊ ဖောက်ပြန်တတ်သည့် ဤခန္ဓာကိုယ်ကြီးကား ရုပ်တည်းဟု ပိုင်းခြား သိမြင်ရန်လိုပေသည်။

ယင်းသို့ သဘောလက္ခဏာစသည်ဖြင့် ပိုင်းခြား သိမြင်နိုင်လျှင် ဤရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်တို့မှတပါး အခြားအတ္တဟူသောတရား၊ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမဟူသော တရားများမရှိဟု အမှန်အတိုင်း (ဝါ) ပကတိအရှိအတိုင်း သိမြင်နိုင်၏။

ယင်းသို့ သိမြင်ခြင်းသည် အတ္တဟု စွဲလမ်းယူမှု (အတ္တဒိဋ္ဌိ)၊ ငါ၊ သူတပါး၊ ယောက်ျား မိန်းမဟု စွဲလမ်းယူမှု (သက္ကာယဒိဋ္ဌိ) မိစ္ဆာအညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်သောကြောင့် ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်စခန်းသို့ ရောက်ပြီဟုဆိုရသည်။


ဤအဖွင့်ကျမ်းတွင် ရှေးဦးစွာ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒိယ၊ မနသိကာရစေတသိက်တရားတို့၏ သဘောလက္ခဏာများကို သိလွယ်, မြင်လွယ်, သဘောပေါက်လွယ်စေရန် ယင်းစေတသိက်တို့ကို လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်-ဟူသော ရှုထောင့်လေးထောင့်ကနေ၍ လေးဘက်မြင် အသီးသီးရှုမြင် သုံးသပ်တင်ပြထားပါသည်။

ယင်းသို့တင်ပြရာ၌ “ဥပမာယ မိဓေကစ္စေ၊ အတ္ထံ ဇာနန္တိ ပဏ္ဍိတာ” ဟူသော ဩဝါဒဒေသနာတော်နှင့်အညီ လူသာမန်များပင် လွယ်ကူစွာ သဘောပေါက် နားလည်နိုင်စေရန် ထင်ရှားသော ဥပမာများဖြင့် ပုံဆောင် တင်ပြထားပါသည်။

ထိုရှင်းလင်း သင်ပြချက်များကို ဖတ်ရှု လေ့လာသည့် သုတေသီပုဂ္ဂိုလ်တို့အား ဖတ်ရှုလေ့လာခြင်းဖြင့် နားလည်သိမြင်လာသော သုတမယဉာဏ်၊ ထိုသုတမယဉာဏ်ကို အခြေခံလျက် မိမိကိုယ်တိုင် တွေးတောကြံစည်ခြင်းဖြင့် တိုးတက်ပွင့်လင်းသိမြင်လာသည့် စိန္တာမယဉာဏ်များ ဖြစ်ပွားပေါ်ပေါက်လာနိုင်ပါသည်။

ထိုသုတမယဉာဏ် စိန္တာမယဉာဏ်တို့ဖြင့် ဖဿစသော စေတသိက်နာမ်တရားတို့၏ သဘောလက္ခဏာများကို သိမြင်လာသည့်အခါ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အတ္တဟု မှားယွင်းစွာ ယူမှု၊ ငါသူတပါး ယောက်ျား မိန်းမဟု မှားယွင်းစွာယူမှု မိစ္ဆာအညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်ပြီး ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်အဆင့်သို့ ရောက်နိုင်ပေသည်။

၃။ အန္ဓပုထုဇဉ်အဆင့်မှ ကလျာဏပုထုဇဉ်အဆင့်သို့

ပုထုဇဉ်ဟူသော ဝေါဟာရသည် ပုထုဇ္ဇန ပါဠိမှ ဆင်းသက်လာသည့် မြန်မာဝေါဟာရဖြစ်သည်။ ကိလေသာထူပြောသော ပုဂ္ဂိုလ်ဟု အဓိပ္ပါယ်ရ၏ (ပုထု=များစွာသော ကိလေသာတို့ကို + ဇန=ဖြစ်စေသူ)။ ထိုပုထုဇဉ်သည်—
(၁) အန္ဓပုထုဇဉ်


(၂) ကလျာဏပုထုဇဉ်-

ဟု နှစ်မျိုးရှိကြောင်း ဘုရားရှင်ဟောထား၏။

ထိုတွင် အန္ဓပုထုဇဉ်ဆိုသည်မှာ ခန္ဓာ, အာယတန စသော ရုပ်တရား နာမ်တရားတို့အကြောင်းကို သင်ယူခြင်း၊ မေးမြန်းခြင်း၊ ကြားနာမှတ်သားခြင်း၊ ကြံစည်စဉ်းစားခြင်းတို့ မရှိသဖြင့် ထိုရုပ်တရား နာမ်တရားတို့နှင့်စပ်၍ အသိဉာဏ် ဗဟုသုတကင်းမဲ့သော ပုဂ္ဂိုလ်မျိုးဖြစ်၏။

(ဝါ) ရုပ်တရား နာမ်တရားများ၌ ဉာဏ်ပညာမျက်စိ ကန်းနေသော ပုဂ္ဂိုလ်မျိုးဖြစ်၏။ ထိုပုဂ္ဂိုလ်မျိုးကို သုတ်ပါဠိတော်ကြီးများ၌ အသုတဝါပုထုဇဉ် (သုတမရှိသော ပုထုဇဉ်) ဟု ဟောထားပေသည် (အန္ဓ= ဉာဏ်ပညာ မျက်စိကန်းသော + ပုထုဇဉ်=ကိလေသာများသူ)။

ကလျာဏပုထုဇဉ်ဆိုသည်မှာ ခန္ဓာ စသော ရုပ်တရား နာမ်တရားတို့ကို ခွဲခြားသိမြင်သည့် ဉာဏ်မျက်စိရှိသော (ဝါ) ဉာဏ်ပညာမျက်စိကောင်းသော ပုဂ္ဂိုလ်မျိုးဖြစ်သည် (ကလျာဏ=ဉာဏ်ပညာ မျက်စိကောင်းသော + ပုထုဇဉ်=ကိလေသာများသူ)။

ချဲ့ပြဦးအံ့။ အကြင်ပုဂ္ဂိုလ်သည် ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ် သတိပဋ္ဌာန် စသည့် ရုပ်နာမ်အကြောင်းအရာများကို သင်ယူလေ့လာခြင်း၊ သဘောအဓိပ္ပာယ်တို့ကို အကြိမ်ကြိမ် မေးမြန်းဆွေးနွေးခြင်း၊ ကြားနာမှတ်သားခြင်း၊ ဆောင်ထားခြင်း၊ ခက်ရာခဲဆစ်တို့၌ပင် အဆုံးအဖြတ်ပေးနိုင်ခြင်း စသည်တို့ဖြင့် ရုပ်တရား၊ နာမ်တရားတို့၌ လိမ္မာကျွမ်းကျင်သိမြင်သော သုတမယဉာဏ်လည်းရှိ၏။

ထိုသုတမယဉာဏ်ကို အခြေပြုလျက် ခန္ဓာစသော ရုပ်တရား နာမ်တရားတို့၏ သဘောသဘာဝကို မိမိဉာဏ်စွမ်းဖြင့် ကြံစည်စဉ်းစား၍ “ဤလောက၌ ရုပ်နာမ် ခန္ဓာသာရှိ၏။ ပုဂ္ဂိုလ် သတ္တဝါ ငါသူတပါးမရှိ၊ အတ္တမရှိ”ဟု တိုးတက်သိမြင်လာသည့် စိန္တာမယဉာဏ် အသိမျိုးလည်းရှိ၏။ ထိုပုဂ္ဂိုလ်မျိုးကို ရုပ်နာမ်ဓမ္မ


တို့၌ ပကတိအရှိအတိုင်း သိမြင်သည့် ဉာဏ်မျက်စိ ရှိသောကြောင့် ကလျာဏပုထုဇဉ်ဟုခေါ်သည်။

ထိုကလျာဏပုထုဇဉ်သည်လည်း အနုအရင့်အားဖြင့် နှစ်မျိုးနှစ်စား ရှိပါသည်။ ခန္ဓာစသော ရုပ်နာမ်တရားတို့ကို ခွဲခြား သိမြင် ဉာဏ်အမြင်မျှသာရှိ၍ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်ဟူသော ကျင့်စဉ်ကြီးသုံးရပ်ကို အားထုတ်ဆဲမဟုတ်သော ပုထုဇဉ်မျိုးသည် “နုသော ကလျာဏပုထုဇဉ်” ပုဂ္ဂိုလ်မျိုးဖြစ်သည်။

ခန္ဓာစသော ရုပ်နာမ်တရားတို့ကို ပိုင်းခြားသိမြင်သည့်အပြင် မဂ်ဖိုလ်တရားများကိုရရန် ဝိပဿနာတရား (ပညာကျင့်စဉ်) ကို အားထုတ်ကျင့်ကြံနေသော ပုထုဇဉ်မျိုးသည် “ရင့်သောကလျာဏပုထုဇဉ်” ပုဂ္ဂိုလ်မျိုးဖြစ်သည်။

တနည်းအားဖြင့် ခန္ဓာ စသော ရုပ်နာမ်တရားတို့ကို ခွဲခြားသိမြင်၍ သီလကျင့်စဉ် စသည့် ကျင့်စဉ်ကြီးသုံးရပ်ကို အားထုတ်ဆဲ ပုထုဇဉ်မျိုးကိုလည်း “ရင့်သောကလျာဏပုထုဇဉ်” ဟု ခေါ်သည်။ အယုတ်ဆုံးအားဖြင့် ရုပ်နာမ်ကိုမြင်၍ ကျင့်စဉ်ကြီးသုံးပါးတွင် တပါးပါးကို ကျင့်နေလျှင်ပင် “ရင့်သောကလျာဏပုထုဇဉ်” အဆင့်သို့ ရောက်ပြီဟု ဆိုနိုင်ပါသည်။ ထိုကလျာဏပုထုဇဉ်အဆင့်ကို သေက္ခပုဂ္ဂိုလ်ထဲတွင် (ဝါ) သောတာပန် ပုဂ္ဂိုလ်ထဲတွင် ထည့်သွင်းရေတွက်ရမည်ဟု အဋ္ဌကထာကြီးများ၌ ဖွင့်ဆိုထားပါသည်။

အထက်တွင် တင်ပြခဲ့သည့်အတိုင်း ဤအဘိဓမ္မာ အဖွင့်ကျမ်းကို လေ့လာ ဖတ်ရှုရခြင်းဖြင့် နာမ်တရားတို့၏ သဘောလက္ခဏာများကို သုတမယဉာဏ်, စိန္တာမယဉာဏ်တို့ဖြင့် သိမြင်၍ ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်အဆင့်သို့ ရောက်နေ
၁။ အဘိ၊ဋ္ဌ၊၁၊၃၈၄။ ဒီ၊ဋ္ဌ၊၁၊၅၈။
၂။ သာရတ္ထ ဒီပနီဋီကာ၊ ၂၊၅၄။ ယမိုက်အဖြေကျမ်း၊ ၆၅။ -။ ဝိ၊ဋ္ဌ၊၁၊၂၇၀။ အံ၊ဋ္ဌ၊၂၊၂၉။


သော ပုဂ္ဂိုလ်မျိုးကို သီလ စသောကျင့်စဉ်သုံးရပ်တို့ကို ဖြည့်ကျင့်နေသူ မဟုတ်ပါက “နုသောကလျာဏပုထုဇဉ်” ခေါ်ရ၍ ယင်းကျင့်စဉ်သုံးရပ်ကို ဖြည့်ကျင့်နေသူဖြစ်ပါက “ရင့်သောကလျာဏပုထုဇဉ်” အဆင့်သို့ရောက်နေသူဟုဆိုရသည်။

နုသောကလျာဏ ပုထုဇဉ်ပုဂ္ဂိုလ်သည် နောက်ဘဝတွင် နတ်ပြည်စသော သုဂတိဘုံများသို့ရောက်ရန် (ဝါ) အပါယ်လေးပါးမှ လွတ်ရန် စိတ်မချရသေးသော်လည်း အန္ဓပုထုဇဉ်ပုဂ္ဂိုလ်ထက် အခွင့်အလမ်း သာလျက်ရှိပေသည်။ ရင့်သောကလျာဏပုထုဇဉ်ပုဂ္ဂိုလ်မျိုးကား သောတာပန်နှင့် အလားတူသောကြောင့် သုဂတိဘုံများသို့ လားရောက်ရန် သေချာလျက်ရှိပေသည်။

လက်ရှိဘဝတွင် တမဂ်တဖိုလ်မရသေးသော်လည်း နတ်ပြည်သို့ရောက်သည့်အခါ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို လွယ်ကူစွာ ရရှိနိုင်၏။ လွန်ခဲ့သည့် ဘဝက လေ့ကျင့်အားထုတ်ဖူးသော ဝိပဿနာအာရုံနှင့် ဘာဝနာအသိတို့သည်လည်း အလုံးစုံပွင့်လင်းခြင်းသို့ရောက်တတ်ပေသည်။

၄။ ကင်္ခါဝိတရဏဝိသုဒ္ဓိနှင့် စူဠသောတာပန်

ပထဝီဓာတ်တလုံးကိုဖြစ်စေ၊ လောဘဓာတ်တလုံးကိုဖြစ်စေ၊ ပဋိစ္စသမုပ္ပါဒ်အချက်ကိုဖြစ်စေ အကြောင်းအကျိုးနှင့် ဟုတ်တိုင်းမှန်စွာ နေရာတကျသိမှုသည် ယထာဘူတဉာဏ်အသိမျိုးဖြစ်သည်။ ထိုယထာဘူတဉာဏ်ဖြင့် ရုပ်တရား နာမ်တရားတို့ကား အကြောင်းမဲ့ ဖြစ်ပေါ်လာကြသော တရားများမဟုတ်၊ ဆိုင်ရာအကြောင်းများကြောင့် ဖြစ်လာရသည့်တရားများတည်းဟု ရုပ်နာမ်တို့၏ဖြစ်ကြောင်းကိုသိမြင်၏။

ထို့ကြောင့် ထိုဉာဏ်ကို ပစ္စယပရိဂ္ဂဟဉာဏ်ဟုလည်း ခေါ်သည်။ (ပစ္စယ=အကြောင်းတရား + ပရိဂ္ဂဟ= သိမ်းဆည်းသောဉာဏ်)။
၁။ အံ၊၁၊၅၀၅ (သောတာနုဂတသုတ်)။


ဤသို့လက်ရှိဘဝ၌ ရုပ်နာမ်တို့၏ဖြစ်ကြောင်းကို ကောင်းကောင်းသိမြင်သည့်အခါ “ရှေးဘဝတုန်းကလည်း အကြောင်းအားလျော်စွာ ရုပ်နာမ်ခန္ဓာတို့ဖြစ်ခဲ့လှပြီ၊ ရဟန္တာမဖြစ်သေးသမျှ နောက်နောက်ဘဝတို့၌ လည်း အကြောင်းအားလျော်စွာ ရုပ်နာမ်ခန္ဓာတို့ ဖြစ်ကြလိမ့်ဦးမည်ဟု သဘောကျသဖြင့် “ငါသည် ရှေးအတိတ်က ဖြစ်မှဖြစ်ခဲ့ဘူးလေရဲ့လား” စသောယုံမှားဖြစ်မှု “အလုံးစုံကို အကုန်သိမြင်နိုင်သော ဘုရားရှင်ဆိုတာ ရှိမှရှိနိုင်ပါ့မလား” စသော ယုံမှားဖြစ်မှုများ လုံးဝကင်းပျောက်သွား၏။

ရုပ်နာမ်တရားများသည် အကြောင်းမရှိပဲ ဘာသိဘာသာ ဖြစ်ပေါ်လာ၏ဟု ယူသောအယူများကို အဟေတုကဒိဋ္ဌိဟုခေါ်၏။ ထာဝရဘုရားစသော တန်ခိုးရှင်တို့ ဖန်ဆင်းမှုကြောင့် ဤရုပ်နာမ်ခန္ဓာများ ဖြစ်ပေါ်လာရသည်ဟု ယူဆသော အယူသည် ဣဿရနိမ္မာနဒိဋ္ဌိ ဖြစ်၏။

ရုပ်နာမ်တို့၏ တကယ့်ဖြစ်ကြောင်းတရားများကို ကောင်းစွာ သိမြင်လာရသည့်အခါ ထိုအဟေတုကဒိဋ္ဌိ (အကြောင်းမဲ့ဝါဒ) ဣဿရနိမ္မာန (ဖန်ဆင်းဝါဒတို့) ဖြစ်ရန် အကြောင်းမရှိတော့ချေ။ ထိုမိစ္ဆာအယူမျိုးတို့မှ ကင်းစင်သွား၏။

ဤသို့ ယုံမှားမှုအားလုံးကို လွန်မြောက်၍ အဟေတုကဒိဋ္ဌိ၊ ဣဿရနိမ္မာနဒိဋ္ဌိ အညစ်အကြေးတို့မှ ကင်းဝေး စင်ကြယ်သည့်အခါ ကင်္ခါဝိတရဏဝိသုဒ္ဓိစခန်းသို့ ရောက်ပြီဟု ဆိုရပေမည်။ (ကင်္ခါ=ယုံမှားဖြစ်မှု + ဝိတရဏ=လွန်မြောက်ခြင်း + ဝိသုဒ္ဓိ=ဒိဋ္ဌိနှစ်ပါးအယူမှားမှ စင်ကြယ်ခြင်း)

ဒိဋ္ဌိဝိသုဒ္ဓိအဆင့်၌ ရုပ်နာမ်တို့၏ သဘောလက္ခဏာမျှကိုသာ သိ၏။ ရုပ်နာမ်တို့၏ အကြောင်းတရားကိုမသိသေး။ ဤကင်္ခါဝိတရဏဝိသုဒ္ဓိကျမှ အကြောင်းနှင့်တကွရုပ်နာမ်တို့ကို သိလေသည်။

ဤဝိသုဒ္ဓိကိုရသောပုဂ္ဂိုလ်သည် သောတာပန်အစစ်ကဲ့သို့ဒိဋ္ဌိ (သက္ကာယ) နှင့် ဝိစိကိစ္ဆာ (ရုပ်နာမ်နှင့်ဘုရားစသည်တို့၌ ယုံမှားဖြစ်မှု) တို့ကို ပဋိဝေဓမဂ်ဉာဏ်ဖြင့် အကြွင်းမဲ့မပယ်သတ်နိုင်သေးစေကာမူ ယထာဘူတဉာဏ်စွမ်းဖြင့် ကြာရှည်လေးမြင့်စွာဖယ်ရှားထားနိုင်ပါသည်။ ထို့ကြောင့် ယင်းပုဂ္ဂိုလ်


မျိုးကို သောတာပန်နှင့်အလားတူရကား သောတာပန်အငယ်စား စူဠသောတာပန်ဖြစ်ပြီဟု ဆိုရသည်။ သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိတို့ဖြင့် စင်ကြယ်ပြီး တည်တံ့ခိုင်မြဲပြီးသော သီလ, သမာဓိတို့ရှိပြီးဖြစ်ရကား ကမ္မပထမြောက်သည့် အကုသိုလ်ဒုစရိုက်များကို မပြုတော့သဖြင့် လာမည့်ဘဝ၌ ဧကန်မုချ အပါယ်မကျရန် သေချာနေလေသည်။

ဤကျမ်းတွင် ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒိယ၊ မနသိကာရဟူသော နာမ်တရားတို့၏ အကြောင်းတရား (ပဒဋ္ဌာန်) တို့ကို နားလည်လွယ်အောင် နည်းအမျိုးမျိုးတို့ဖြင့် ဝေဖန်တင်ပြထားပါသည်။

ဤဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒိယ၊ မနသိကာရတို့၏ အကြောင်းတရားတို့ကို လေ့လာ ဖတ်ရှုရသည့်အခါ ဖဿစသော နာမ်တရားများသည် အကြောင်းမဲ့ ဖြစ်ပေါ်လာကြသည်လည်းမဟုတ်၊ တစုံတယောက်သော တန်ခိုးရှင်ကြီးက ဖန်ဆင်းလိုက်သဖြင့် ပေါ်လာကြသည်လည်းမဟုတ်၊ ဆိုင်ရာ (ရုပ်နာမ်) ဟူသော အကြောင်းတရားတို့ကြောင့်သာ ပေါ်လာရခြင်းဖြစ်သည်ဟု ဟုတ်တိုင်းမှန်စွာ ယထာဘူတဉာဏ်ဖြင့်သိနိုင်၏။

ထို့အတူ လူလူချင်းတူကြသော်လည်း ရုပ်ခန္ဓာအချင်းချင်းမတူကြပုံ၊ အချို့ကအသက်ရှည်၍ အချို့ကအသက်တိုပုံ၊ အချို့ကရောဂါထူ၍ အချို့က ရောဂါကင်းပုံ၊ ယောက်ျား မိန်းမကွဲပြားပုံ စသောအကျိုးတရားတို့ကို ထောက်လျှင် ဧကန် အကြောင်းမဲ့မဖြစ်ရာ၊ ဆိုင်ရာအကြောင်းအသီးသီး ရှိရမည်စသည်ဖြင့်လည်း တိုးချဲ့စဉ်းစားကာ အသိဉာဏ်ပွားလာနိုင်ပါသည်။

ဤကျမ်းတွင် ဖဿစသော စေတသိက်များ အဖွင့်၌ ဖဿစသော စေတသိက်များကြောင့် ဘဝစက်ဝန်း (သံသရာ) လည်ပတ်ပုံ၊ ဖဿစသော စေတသိက်များ ပြတ်သဖြင့် ဘဝစက်ဝန်း (သံသရာ) အလည်ရပ်ပုံဟူသော ခေါင်းစဉ်များဖြင့် ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးပြနည်းကို အနုလုံ ပဋိလုံ အစုံအလင်ဖွင့်ဆိုရေးသားထားရာ ပဋိစ္စသမုပ္ပါဒ်နည်းအရ သင်္ခါရ


ဝိညာဉ်ရုပ်နာမ်စသောတရားတို့၏ အကြောင်းများကို သိမ်းဆည်းသိမြင်နိုင်သည့် ပစ္စယပရိဂ္ဂဟဉာဏ် (ဝါ) ဓမ္မဋ္ဌိတိဉာဏ်များ ဖြစ်ပွားလာနိုင်ပါသည်။

ထိုဉာဏ်များ ဖြစ်ပွားလာသည့်အခါ အထက်တွင်တင်ပြခဲ့သကဲ့သို့ ယုံမှားခြင်း အားလုံးကိုလွန်မြောက်၍ အကြောင်းမဲ့ဝါဒ၊ ဖန်ဆင်းဝါဒဟူသော ဒိဋ္ဌိနှစ်ပါးမှစင်ကြယ်သွားသောကြောင့် ကင်္ခါဝိတရဏဝိသုဒ္ဓိ စခန်းသို့ရောက်ပြီဟုဆိုရပါသည်။

ထိုဝိသုဒ္ဓိသို့ ရောက်သောသူသည် ဒိဋ္ဌိနှင့်ဝိစိကိစ္ဆာတရားတို့ကို ကြာမြင့်စွာဖယ်ရှားနိုင်သောကြောင့် သောတာပန်အငယ်စား စူဠသောတာပန်ဖြစ်ပြီဟုဆိုနိုင်ပါသည်။ စူဠသောတာပန်အဆင့် ရောက်သူသည် နောက်ဘဝ၌ သုဂတိဘဝသို့ရောက်ရန် သေချာနေပေပြီဟု ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၊ ဒုတိယအုပ် (၂၄၀) ၌ ဖွင့်ဆိုထားပါသည်။

၅။ ပဋိသမ္ဘိဒါဉာဏ်အတွက် ပါရမီမျိုးစေ့ရရှိနိုင်ခြင်း

ဗုဒ္ဓရှင်တော်ဘုရား၏ သာသနာတော်တွင်—
(၁) ပါရမီပတ္တရဟန္တာ
(၂) ပဋိသမ္ဘိဒါပတ္တရဟန္တာ
(၃) ဆဠာဘိညရဟန္တာ
(၄) တေဝိဇ္ဇရဟန္တာ
(၅) သုက္ခဝိပဿက ရဟန္တာ

ဟူ၍ ရဟန္တာ (၅) မျိုး ရှိပါသည်။

ထိုတွင် ပါရမီပတ္တရဟန္တာဆိုသည်မှာ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလ္လာန်တို့ကဲ့သို့ သာဝကပါရမိဉာဏ်အရာ၌ အထွတ်အထိပ်သို့ မရောက်သည့် ရဟန္တာမျိုးဖြစ်သည်။
၁။ ထေရ၊ဋ္ဌ၊ ၂၊၅၄၅။ (ဝင်္ဂီသတ္ထေရ)


ရဟန္တာဖြစ်သည်နှင့် တပြိုင်နက် (ဝါ) အရိယမဂ်ကို ရသည်နှင့် တပြိုင်နက် ပဋိသမ္ဘိဒါဉာဏ်လေးပါးကိုရသည့် ရဟန္တာမျိုးကို ပဋိသမ္ဘိဒါပတ္တရဟန္တာဟု ခေါ်သည်။

ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဒိဗ္ဗစက္ခုဉာဏ်, အာသဝက္ခယဉာဏ်ဟူသော ဉာဏ်သုံးပါးနှင့် ပြည့်စုံသည့် ရဟန္တာကို တေဝိဇ္ဇရဟန္တာဟု ခေါ်သည်။ ဈာန်မရသော ရဟန္တာမျိုးကို သုက္ခဝိပဿကရဟန္တာဟု ခေါ်သည်။

ထိုငါးမျိုးတွင် ပဋိသမ္ဘိဒါပတ္တရဟန္တာတို့ ရရှိသော ပဋိသမ္ဘိဒါဉာဏ်လေးပါးမှာ—
(၁) အကျိုးတရား စသည်ကို သိမြင်သော အတ္ထပဋိသမ္ဘိဒါဉာဏ်၊
(၂) အကြောင်းတရားစသည်ကို သိမြင်သော ဓမ္မပဋိသမ္ဘိဒါဉာဏ်၊

(၃) သဒ္ဒါအမျိုးမျိုး၊ ဘာသာအမျိုးမျိုး၊ ဝေါဟာရပညတ် အမျိုးမျိုးကို သိမြင်သော နိရုတ္တိပဋိသမ္ဘိဒါဉာဏ်၊

(၄) အခါအခွင့်ကြုံလာသည့်အခါ သက်ဆိုင်ရာဥပမာ၊ ဥပမေယျတို့နှင့်တကွ ရှင်းလင်းပြရန် အလိုလိုထင်လာ မြင်လာသော ပဋိဘာနပဋိသမ္ဘိဒါဉာဏ်၊

တို့ဖြစ်ပါသည်။

ပဋိသမ္ဘိဒါပတ္တရဟန္တာတို့ကား ရဟန္တာဖြစ်သည်နှင့်တပြိုင်နက် ထိုဉာဏ်လေးပါးတို့ကိုပါ တခါတည်းရရှိကြသည်။ သို့ရာတွင် အရှင်အာနန္ဒာနှင့် ခုဇ္ဇုတ္တရာထေရီမတို့ကဲ့သို့ ရဟန္တာမဖြစ်မီ သောတာပတ္တိမဂ်ရချိန်ကပင် ထိုဉာဏ်လေးပါးကို ရရှိကြသည့် ပုဂ္ဂိုလ်ထူးများလည်း ရှိကြသေးသည်။


ဘုရားသာသနာတော်တွင် အကျွတ်တရား ရကြကုန်သော ရဟန်းရှင်လူအပေါင်းတို့တွင် ပဋိသမ္ဘိဒါပတ္တဖြစ်ကြကုန်သူတို့သည် အထွတ်အထိပ် ဖြစ်ကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့မှာ—
၁။ အရှင်သာရိပုတ္တရာ၊
၂။ အရှင်မဟာမောဂ္ဂလ္လာန်၊
၃။ အရှင်အာနန္ဒာ၊ (ရဟန်းယောက်ျား)
၄။ ခေမာထေရီ၊
၅။ ဓမ္မဒိန္နာထေရီ၊ (ရဟန်းမိန်းမ)
၆။ စိတ္တသူကြွယ်၊
၇။ ဥဂ္ဂသူကြွယ်၊
၈။ ဥပါလိသူကြွယ်၊ (လူယောက်ျား)
၉။ ဝေဠုကန္တကီ၊
၁၀။ ဥတ္တရာ (လူမိန်းမ) စသူတို့ ဖြစ်ကြသည်။

ပဋိသမ္ဘိဒါဉာဏ်ကား အလွန်ရခဲသောဉာဏ်တည်း။ ဘုရားရှင်လက်ထက်တော်ကပင် ပဋိသမ္ဘိဒါဉာဏ်ရသူများ အလွန်နည်းပါး၏။ ရဟန္တာဖြစ်တိုင်းလည်း ပဋိသမ္ဘိဒါဉာဏ်ကို မရနိုင်။ ဈာန်အဘိညာဉ်ကို ရတိုင်းလည်း ပဋိသမ္ဘိဒါဉာဏ်နှင့် မပြည့်စုံနိုင်။

ရှေးရှေးဘဝတို့က အဘိဓမ္မာတရားကို လေ့လာလိုက်စား သင်ကြားဖူးသော ပါရမီအခံရှိခဲ့ပါမှ ပဋိသမ္ဘိဒါဉာဏ်တော်ကြီး လေးပါးနှင့် ပြည့်စုံနိုင်ပါသည်။ ဥပမာအားဖြင့် ဧဟိဘိက္ခု ရဟန်းအဖြစ်နှင့်တူပါသည်။

ရှေးရှေးဘဝက သင်္ကန်းလှူခဲ့ဖူးသူဖြစ်ပါမှ သာသနာတော်တွင် ဧဟိဘိက္ခု ရဟန်းဖြစ်ခွင့်ရှိသည်။ မလှူခဲ့ဘူးသူမှာ ဧဟိဘိက္ခုရဟန်းဖြစ်နိုင်ခွင့် မရှိသကဲ့သို့ ဖြစ်သည်။

အနမတဂ္ဂသံသရာတွင် ဈာန်အဘိညာဉ်တရားတို့ကို လေ့လာကြိုးစားနိုင်ချိန်ကား အလွန်များ၏။ သာသနာတော်ပပ သာသနာတော်တွင်းအချိန် နှစ်ချိန်လုံး လေ့လာအားထုတ်နိုင်ကြသည်။ အဘိဓမ္မာတရားကို လေ့လာ


လိုက်စားနိုင်ဘို့အချိန်ကား အလွန်နည်း၏။ သာသနာတော်တွင်းအချိန်၌ သာ လေ့လာလိုက်စားနိုင်သည်၊ ယင်းသို့ ဈာန်အဘိညာဉ်ကို လေ့လာ အားထုတ်နိုင်ချိန်ကများ၍ အဘိဓမ္မာတရားကို လေ့လာလိုက်စားခွင့်ရချိန် က အလွန်နည်းသဖြင့် ကျွတ်တမ်းဝင်ကြသည့်အခါ ဆဠဘိညခေါ် အဘိ ညာဉ်ရပုဂ္ဂိုလ်များ များပြား၍ ပဋိသမ္ဘိဒါပတ္တပုဂ္ဂိုလ်များ ရှားပါးရခြင်း ဖြစ်သည်။

ဤအဓိပ္ပာယ်သဘောတရားအရ နောင်ကျွတ်တမ်းဝင်သည့်အခါ ပဋိ သမ္ဘိဒါဉာဏ်နှင့် ပြည့်စုံကြရလေအောင် ယခုလိုဗုဒ္ဓသာသနာတော်ကြီးနှင့် ကြုံကြိုက်နေသည့် ခေတ်ကောင်း ကာလကောင်းကြီးတွင် အဘိဓမ္မာထွန်း ကားသည့် တိုင်းပြည်တွင် လူဖြစ်ရခိုက် အဘိဓမ္မာတရားများကို လေ့လာ လိုက်စားခြင်းဖြင့် ပါရမီမျိုးစေ့ကို ပျိုးထောင်သင့်ကြပေသည်။

ဤကျမ်းစာအုပ် ဖြစ်ပေါ်လာပုံ

ဤကျမ်းကားဖော်ပြပါ ရည်မှန်းချက်ကြီးများကို အကြောင်းပြု၍ ဒုတိယကျမ်းစာအဖြစ် ပေါ်ထွက်လာသော ကျမ်းတည်း။ သို့သော် ဤ ကျမ်းစာအုပ် ထွက်ပေါ်လာရာ တွင် စီမံကိန်းချမှတ်သည်မှစ၍ ပုံနှိပ်ထုတ် ဝေသည့် အဆင့်အထိ ကွင်းဆက်အကြောင်းများ များစွာရှိပါသေးသည်။

မှန်ပါသည်။ ဤကျမ်းစာအုပ်ကို ယခုလို ထွက်ပေါ်လာနိုင်ရန် ရှေးဦးစွာ ဦးဆောင်ညွှန်ကြားသူမှာ ဆရာဦးလှမောင် (နိုင်ငံတော်ကောင်စီဝင် ဟောင်း)ဖြစ်ပါသည်။ ထိုစဉ်အခါက ဆရာဦးလှမောင်မှာ ဗုဒ္ဓသာသနအဖွဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အတွင်းရေးမှူးနှင့် ဗုဒ္ဓသာသနအဖွဲ့ အုပ် ချုပ်ရေးအရာရှိချုပ်ဖြစ်ပါသည်။

တနေ့တွင် ဆရာဦးလှမောင်သည် နိုင်ငံတော်ဗုဒ္ဓသာသနအဖွဲ့ ဘာသာ ပြန်ဌာန အယ်ဒီတာချုပ် ဦးကျော်ထွတ် (အစိုးရပထမဆုံး ဓမ္မာစရိယ နှင့် သကျသီဟ ဓမ္မာစရိယ) တို့နှင့် ဗုဒ္ဓအဘိဓမ္မာလာ စိတ် စေတသိက်များအကြောင်းကို ဆွေးနွေးကြပါသည်။


ထိုဆွေးနွေးပွဲတွင် စိတ်စေ တသိက်တရားများကို သုတေသနပြုလိုသူ အဘိဓမ္မောသုတေသီများအဖို့ စိတ်အကြောင်းနှင့် ဖဿစသော စေတသိက်တပါးစီ၏ အဓိပ္ပာယ် အကြောင်းအရာများကို တထိုင်တည်းဖြင့် အပြည့်အစုံလေ့လာနိုင်မည့် ကျမ်းစာအုပ်မျိုးရှိရန် လိုအပ်ကြောင်း အဖြေထွက်လာပါသည်။

ထို့ကြောင့် ဆရာဦးလှမောင်က ဆရာကြီး ဦးကျော်ထွတ်အား ဘာသာပြန်ဌာနရှိ ပညာရှင်ဝန်ထမ်းများဖြင့် စေတသိက်တပါးစီတပါးစီ၏ အဓိပ္ပာယ်အကြောင်းအရာများကို ပိဋကသုံးပုံ နိကာယ်ငါးစုံ၌လာရှိသမျှ အားလုံးစုဆောင်း၍ လူသာမန်များ နားလည်နိုင်သောမြန်မာစကားပြေ ရေးသားဟန်ဖြင့် အပြည့်အစုံဆုံး ရေးသားပြုစုရန် ညွှန်ကြားပါသည်။

ဤကဲ့သို့သော ကျမ်းမျိုးကိုပြုစုရန် လုပ်ငန်းကား ညွှန်ကြားရန်လွယ်ကူ သလောက် စုဆောင်းရေးသားပြုစုရာတွင် အလွန်ခက်ခဲသော လုပ်ငန်း ဖြစ်ပါသည်။ နိကာယ်ငါးစုံ ပိဋကသုံးပုံတွင် ပြန့်ကျဲတည်ရှိနေသော စေတသိက်တပါးစီ၏ အဓိပ္ပာယ်များကို ရှာဖွေစုဆောင်းရသည်မှာ မည်မျှ ခက်ခဲသည်ကို စာရှုပရိသတ်များ ခန့်မှန်းနိုင်ပါသည်။ ဘာသာရပ်အနေ အားဖြင့်လည်း ပိဋကသုံးပုံတွင် အခက်ခဲဆုံး အနက်နဲဆုံး အဘိဓမ္မာ ဘာသာရပ်ဖြစ်၍ ရေးသားပြုစုရသည်မှာ ပို၍ ခက်လှပါသည်။

သို့ဖြစ်၍ ဤကျမ်းစာမျိုးကို ရေးသားပြုစုရသည့် ပညာရှင်နှင့်တည်း ဖြတ် ပြင်ဆင်ရသည့် ပညာရှင်များမှာ-
(၁) ပါဠိဘာသာကို နိုင်နိုင်နင်းနင်း တတ်မြောက်ရခြင်း၊
(၂) မြန်မာဘာသာ၌လည်း ကျွမ်းကျင်လိမ္မာရခြင်း၊
(၃) အဘိဓမ္မာ သဘောတရားများကိုလည်း အခြေခံကျကျ တတ် မြောက် နားလည်ထားရခြင်း၊


(၄) အများနားလည် သဘောပေါက်အောင်လည်း ရေးသားတင်ပြ တတ်ရခြင်း -

ဟူသော အင်္ဂါရပ်များနှင့်ပြည့်စုံမှ ရေးသားပြုစုနိုင်မည်၊ တည်းဖြတ် ပြင် ဆင်နိုင်မည်ဖြစ်ပါသည်။

ထို့ကြောင့် ဆရာကြီးဦးကျော်ထွတ်သည် ဆရာဦးလှမောင်၏ ညွှန် ကြားချက်အတိုင်း ဤကျမ်းစာအုပ်ဖြစ်ပေါ်လာရေးအတွက်-
(၁) စာစုလုပ်ငန်းအဆင့်၊
(၂) စာပြုလုပ်ငန်းအဆင့်၊
(၃) စာတည်းလုပ်ငန်းအဆင့်၊
ဟု လုပ်ငန်းစဉ်အဆင့်သုံးဆင့် ချမှတ်ကာ ၁၉၆၇-ခုနှစ်တွင် စာစုလုပ်ငန်း အဆင့်ကို စတင်ဆောင်ရွက်စေပါသည်။

စာစုလုပ်ငန်းမှာ ဖဿ စသော စေတသိက် တပါးစီ၏ အဓိပ္ပာယ် အကြောင်းအရာများကို ရှေးရှေးဆရာတော်ဘုရားကြီးများ မြန်မာ ဘာသာဖြင့် ဖွင့်ဆိုရေးသားထားကြသည့် အဘိဓမ္မတ္ထဒီပကကျမ်း၊ ပရမတ္ထသရူပအနုဝဏ္ဏနာကျမ်း၊ ပရမတ္ထသံခိပ်ဋီကာ စသော အဘိဓမ္မာ ကျမ်းကြီးများနှင့် အဘိဓမ္မာပါဠိတော် မြန်မာပြန်၊ သုတ္တန်ပါဠိတော်မြန်မာ ပြန် စသော မြန်မာပြန်ကျမ်းကြီးများမှ ထုတ်နုတ် ရေးကူးကြရပါသည်။ ရေးကူးရာတွင် ကျမ်းအမည်နှင့် စာမျက်နှာနံပါတ်တို့ကိုပါ ဖော်ပြရ ပါသည်။

ရေးကူးပြီးသည့် လက်ရေးစာမူများကို ကျမ်းရင်းနှင့် ပြန်လည်တိုက် ဆိုင်တည်းဖြတ်၍ စေတသိက်တပါးလျှင် ငါးမူစီ လက်နှိပ်စက်ဖြင့် ရိုက်ကူး ကြရသည်။ လက်နှိပ်စက်မူများကို ငါးဖိုင်စီ တွဲချုပ်ထားရာ စေတသိက် (၅၂)ပါးအတွက် ဖိုင်ပေါင်း (၂၆၁)ရှိပါသည်။ ထိုစေတသိက်များတွင် သုတ် အဘိဓမ္မာကျမ်းပေါင်း (၂၀)ကျော်မှ လက်နှိပ်စက် စာမျက်နှာ


(၁၆၀)ကျော်အထိ စုဆောင်းရသည့် လောဘကဲ့သို့သော စေတသိက် မျိုးလည်း ပါဝင်ပေသည်။

စာစုလုပ်ငန်းပြီးဆုံးသည့်အခါ စာပြုလုပ်ငန်းကို ဆက်လက်ထမ်း ဆောင်ရပါသည်၊ ဤလုပ်ငန်းကား ကျမ်းစာအုပ် ပေါ်ထွက်လာရေး အတွက် အချက်အချာပဓာနအကျဆုံး လုပ်ငန်းဖြစ်ပါသည်။ ထို့ကြောင့် လုပ်ငန်းအောင်မြင်ရေးအတွက် အောက်ပါမူများကို ချမှတ်၍ဆောင်ရွက် ရပြန်ပါသည်။

စာပြုပညာရှင်များသည် စေတသိက်အသီးသီး၏ သဘောအဓိပ္ပာယ် များကို ဖွင့်ဆိုရေးသားကြရာ၌-
(၁) စေတသိက်တို့၏ ဖဿ စသော နာမည်အသီးသီးကိုရပုံ၊
(၂) (က) စေတသိက်၏ သဘောလက္ခဏာ (လက္ခဏ)၊
(ခ) စေတသိက်၏ ဆောင်ရွက်ချက် (ရသ)၊
(ဂ) စေတသိက်ကြောင့် ဖြစ်ပေါ်လာသည့် အကျိုးတရား (ပစ္စုပဋ္ဌာန်)၊
(ဃ) စေတသိက်၏ အနီးဆုံးအကြောင်းတရား (ပဒဋ္ဌာန်)၊
တို့ကို နားလည်လွယ်အောင် ဥပမာ၊ ဥပမေယျတို့ဖြင့် တန်ဆာဆင် ရေးသားရမည်။
(၃) စေတသိက်၏ အမျိုးအမည်များကို ရေတွက် ရှင်းလင်းပြရမည်။
(၄) စေတသိက်၏ နာမည်အမျိုးမျိုးရပုံကို ဖွင့်ဆိုရမည်။

(၅) စေတသိက်အကြောင်း အခြားသိကောင်းစရာများကို ပိဋက တော်၌လာရှိသမျှ စုံစုံလင်လင်တင်ပြရမည်။


(၆) အကုသိုလ်စေတသိက်ဖြစ်လျှင် ထိုစေတသိက်ကို ပယ်သတ်ရန် နည်းလမ်းများ၊ ပယ်သတ်နိုင်လျှင် သံသရာမှထွက်မြောက်ပုံ၊ မပယ်သတ်နိုင်လျှင် သံသရာလည်ပုံတို့ကို ရှင်းပြရမည်။

(၇) ကုသိုလ်စေတသိက်ဖြစ်လျှင် ထိုစေတသိက်၏ကောင်းကျိုးများ၊ ထိုစေတသိက်ကြောင့် သံသရာမှ ထွက်မြောက်ပုံတို့ကိုရေးသား ရမည်-

ဟူသော မူစည်းကမ်းများနှင့်အညီ မိမိတာဝန်ကျရာ စေတသိက်ကို ရေး သားကြရပါသည်။

စာပြုပညာရှင်များသည် စေတသိက်အကြောင်းကို မပြုစုမရေးသားမီ စာစုပညာရှင်များ စုဆောင်းထားသည့် သက်ဆိုင်ရာစေတသိက်ဖိုင်ပါ အကြောင်းအရာများကို ကြေညက်နေအောင် လေ့လာကြရသည်။ ထို နောက် ပိဋကသုံးပုံ နိကာယ်ငါးစုံရှိ ပါဠိတော်၊ အဋ္ဌကထာ၊ မူလဋီကာ၊ အနုဋီကာ၊ မဓုဋီကာ၊ ယောဇနာ၊ ဒီပနီ စသည့် ပါဠိကျမ်းကြီးများ တွင် ယင်းစေတသိက်၏ အကြောင်းအရာများကို စေ့စေ့စုံစုံရှာဖွေ သုတေသနပြုကြရသည်။

ဓမ္မသင်္ဂဏီပါဠိတော်၊ ဝိဘင်းပါဠိတော်စသည့် ဘုရားဟောပါဠိတော် ကြီးများလာ အဓိပ္ပာယ်တို့ကို သက်ဆိုင်ရာ အဋ္ဌကထာအဖွင့်များဖြင့် လည်းကောင်း၊ အဋ္ဌကထာလာအဓိပ္ပာယ်များကို မူလဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ဒီပနီဖွင့်ဆိုချက်များဖြင့်လည်းကောင်း တိုက်ဆိုင်၍ အဓိပ္ပာယ် သဘောတရားများကို ထုတ်နုတ်ရေးသား မှတ်စုပြုထားရပါသည်။

တခါတရံ မရှင်းမလင်း မပြတ်မသားသည့် သဘောအဓိပ္ပာယ်များနှင့် တွေ့ကြုံလာလျှင် အချင်းချင်းဆွေးနွေး၍သော်လည်းကောင်း၊ အယ်ဒီတာ ချုပ်နှင့် နှီးနှော၍သော်လည်းကောင်း၊ ဂဏ္ဌိ၊ ဝိနိစ္ဆယစသော အဆုံးအဖြတ် ကျမ်းကြီးများကို ကြည့်ရှုလေ့လာ၍သော်လည်းကောင်း ရှင်းလင်း ပြတ်သားစွာ နားလည်သဘောပေါက်သည်အထိ ကြိုးစားရသည်။


ယင်းသို့ မိမိတာဝန်ကျသည့်စေတသိက်၏ အဓိပ္ပာယ်သဘောတရား များကို အဖက်ဖက်က ပြည့်စုံအောင် လေ့လာသုတေသနပြုကြပြီးမှ အထက်ပါချမှတ်ထားသည့်မူအတိုင်း စာမူကြမ်းကို စတင်ရေးသားကြရ သည်၊ သက်ဆိုင်ရာစာပိုဒ်များနောက်၌လည်း ရည်ညွှန်း ကိုးကားသည့် ကျမ်းဂန်အမည်နှင့် စာမျက်နှာတို့ကိုပါဖော်ပြရသည်။ ယင်းစာမူကြမ်းကို ဆိုင်ရာ မူရင်းကျမ်းများနှင့် ပြန်လည်တိုက်ဆိုင်၍ ဝေါဟာရအသုံးအနှုန်း၊ ဝါကျဆောက်တည်ပုံ၊ သတ်ပုံသတ်ညွှန်းတို့မှအစ အားလုံးပြင်ဆင်ပြီး စာမူချောထပ်မံရေးသားရသည်၊ စာမူချောရေးသားပြီးသည့်အခါ ထိုစာမူ ချောကိုတည်းဖြတ်ပြင်ဆင်ရန် အယ်ဒီတာချုပ်ထံတင်ပြရပါသည်။

စာတည်းလုပ်ငန်းကို အယ်ဒီတာချုပ်ကပင် တာဝန်ယူရပါသည်။ အယ်ဒီတာချုပ်သည် စာပြုပညာရှင်တင်ပြလာသည့် စာမူချောကို ၎င်းတို့ ရည်ညွှန်းကိုးကားထားသည့် ကျမ်းများနှင့် တိုက်ဆိုင်တည်းဖြတ်ရသည်။ သတ်ပုံသတ်ညွှန်း၊ ဝေါဟာရအသုံးအနှုန်းမှစ၍ ဝါကျဖွဲ့စည်းပုံ၊ စာပိုဒ်ခွဲ အထိ အသေးစိတ်တည်းဖြတ်ရသည်။ အဓိပ္ပာယ်မရှင်းလင်းမပြတ်သားသည့် အရာများကို တွေ့ရှိရသည့်အခါ ဆိုင်ရာစာပြုပညာရှင်နှင့် ဆွေးနွေးညှိနှိုင်း ရသည်။ အကြံပေးလမ်းညွှန်ရသည်။ ဖြည့်စွက်ရေးသားရမည့်အချက်များ နှင့် ပိုနေသည့်အချက်များကိုလည်း ညွှန်ကြားရသည်။

ဤကဲ့သို့ ၁၉၆၇-ခုနှစ်မှစ၍ လုပ်ငန်းစဉ်ကြီးသုံးရပ် ချမှတ်ဆောင်ရွက် ခဲ့သော်ငြားလည်း ပညာရှင်ဝန်ထမ်းများမလုံလောက်ခြင်း၊ အထက်အမိန့် အရ အရေးကြီးသည့် အခြားစာပေလုပ်ငန်းများကိုပါ ပူးတွဲဆောင်ရွက် ရခြင်း စသည်တို့ကြောင့် ယခုအချိန်မှ “ဤဗုဒ္ဓအဘိဓမ္မာစေတသိက်များ အဖွင့် အတွဲ ၁၊ (ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေ၊ မနသိကာရ) ကျမ်းစာအုပ်” သည် ဒုတိယကျမ်းစာအဖြစ် ထွက်ပေါ်လာ ရခြင်းဖြစ်ပါသည်။ အတွဲ ၂၊ ၄၊ ၅ စသည့်ကျမ်းစာအုပ်များလည်း မကြာမီ ဆက်ကာဆက်ကာ ထွက်လာမည်ဖြစ်ပါသည်။


ဗုဒ္ဓအဘိဓမ္မာအတွဲ (၃)ကို ရှေးဦးစွာထုတ်ဝေရခြင်း

ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့်၊ အတွဲ-၃ (လောဘ, ဒေါသ, မောဟ) ကို ၁၉၈၀-ခုနှစ်၊ ဇွန်လတွင် ပထမကျမ်းစာအဖြစ် ထုတ်ဝေဖြန့်ချိ ခဲ့ပြီးဖြစ်ပါသည်။ ဤနေရာ၌ ဤအတွဲ-၁-ကို အတွဲ-၃-နောက်မှထုတ်ဝေ ဖြန့်ချိရသည့်အကြောင်းကို အနည်းငယ်တင်ပြပါမည်။ ဤကျမ်းပြုဌာနစု (ဘာသာပြန်) သည် ဗုဒ္ဓအဘိဓမ္မာ စေတသိက်အဖွင့်ကျမ်းများကို ရေး သားပြုစုရာတွင် အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း စေတသိက်ပိုင်း၌ ပြဆိုထားသည့် အစဉ်အတိုင်း-

(၁) သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-မျိုး (ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေ၊ မနသိကာရ) ကို အတွဲ(၁)၊

(၂) ပကိဏ်း စေတသိက်-၆-မျိုး (ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ၊ ပီတိ၊ ဆန္ဒ) ကို အတွဲ-၂၊

(၃) အကုသိုလ်စေတသိက်-၃-မျိုး (လောဘ၊ ဒေါသ၊ မောဟ) ကို အတွဲ-၃၊ စသည်ဖြင့် ထုတ်ဝေ ဖြန့်ချိသွားရန် မူလကသတ်မှတ်ထား ခဲ့ပါသည်။

ထိုသတ်မှတ်ချက်အတိုင်း ကျမ်းပြုဝန်ထမ်းများသည် စေတသိက်များ ကိုခွဲဝေ၍ ပြုစုရေးသားကြရာ အတွဲ (၃) သတ်မှတ်ထားသော လောဘ၊ ဒေါသ၊ မောဟစေတသိက်များက ရှေ့ဦးစွာပြီးသဖြင့် ထိုစေတသိက်-၃-မျိုးကို မူလရာထားချက်အတိုင်း ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့် အတွဲ(၃) အဖြစ်ဖြင့် ရှေ့ဦးစွာထုတ်ဝေဖြန့်ချိ လိုက်ရခြင်းဖြစ်ပါသည်။ အတွဲ-၃-ကိုထုတ်ဝေပြီး (၃) နှစ်ကျော်ကြာမှ ဤဗုဒ္ဓအဘိဓမ္မာအတွဲ-၁-ကို ရိုက်နှိပ်ထုတ်ဝေရခြင်းမှာလည်း-

(၁) သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးကြီး ဖြစ်မြောက်ရေးကိစ္စအဝဝတွင် ကျမ်းပြု ဝန်ထမ်းများ ပါဝင်ဆောင်ရွက်နေကြရခြင်း၊


(၂) နက်နဲခက်ခဲသော အဘိဓမ္မာသဘောတရားရေးရာများဖြစ်၍ အလျင်အမြန် ရေးသားရန်မလွယ်ကူခြင်း၊
(၃) ပုံနှိပ်ရာ၌အချိန်ကြာမြင့်ခြင်း – စသော အကြောင်းများကြောင့်ဖြစ်ပါသည်။

ဤဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့် အတွဲ-၁ (ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေ၊ မနသိကာရ) ကို သာသနာ ရေးဦးစီးဌာန၊ သုတေသနနှင့်ကျမ်းပြုဌာနခွဲ ကျမ်းပြုဌာနစု (ဘာသာပြန်) က လက်ထောက်ကျမ်းပြုမှူးများဖြစ်ကြသော ဦးအောင်မြင် (ယခု ကယား ပြည်နယ်သာသနာရေးဦးစီးမှူး)၊ ဦးညွန့်မောင် (ယခု ပဲခူးတိုင်း သာသနာ ရေးဦးစီးမှူး)၊ ဦးထွန်းလှ (ယခု တနင်္သာရီတိုင်းသာသနာရေးဦးစီးမှူး) တို့၏ အကျဉ်းရေးသားချက်များကို အောက်ပါကျမ်းပြုမှူး-၂-ဦးတို့က အကျယ် ရေးသားပြုစုကြ၍၊ ကျမ်းပြုမှူး ဦးအေးနိုင်၊ အစိုးရဓမ္မာစရိယနှင့် စေတိယင်္ဂဏ (ရွှေတံဆိပ်ရ အဋ္ဌကထာပြန်အကျော်) ဓမ္မာစရိယ-ဘီအေ တည်း ဖြတ်ပြင်ဆင်ပြီး သာသနာရေးဦးစီးဌာနက ရိုက်နှိပ်ဖြန့်ချိ လိုက်ပါသည်။
(၁) ဦးအေးနိုင် (ကျမ်းပြုမှူး) ဓမ္မာစရိယ-ဘီအေ (ဖဿ၊ ဝေဒနာ၊ စေတနာ)

(၂) ဦးညွန့်ဇော် (ဒု-ကျမ်းပြုမှူး) စ-အ-ဓမ္မာစရိယ (သညာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေ၊ မနသိကာရ)

ဦးအေးနိုင် (ကျမ်းပြုမှူး)
ကျမ်းပြုဌာနစု (ဘာသာပြန်)
သာသနာရေးဦးစီးဌာန


ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့် မာတိကာ

ပရမတ်တရားလေ့လာစိစစ်နည်းလေးမျိုး - ၃
တွေ့ထိပုံ (၃) မျိုး - ၅

ဖဿစေတသိက်
ဖဿစေတသိက်၏သဘောလက္ခဏာ - ၈
ဖဿ၏ရသ (၂) မျိုး - ၉
(၁) ဖဿ၏ဆောင်ရွက်မှုကိစ္စရသ - ၉
(၂) ဖဿ၏အပြည့်အစုံဖြစ်မှုဟူသောသမ္ပတ္တိရသ - ၉

ဖဿစေတသိက်၏ပစ္စုပဋ္ဌာန် - ၁၁
(၁) အကျိုး (ဖလ) ပစ္စုပဋ္ဌာန် - ၁၂
(က) စက္ခုဒွါရ၌ဖြစ်သော ဖဿကြောင့် ဝေဒနာသုံးမျိုးဖြစ်ပုံ - ၁၂
(ခ) သောတဒွါရ၌ ဖြစ်သောဖဿကြောင့် ဝေဒနာသုံးမျိုးဖြစ်ပုံ - ၁၃
(ဂ) မနောဒွါရ၌ မှီသောဖဿကြောင့် ဝေဒနာသုံးမျိုးဖြစ်ပုံ - ၁၄
(ဃ) ဥမ္မာဒန္တီနှင့်သိဝိမင်း - ၁၅


(၂) ဉာဏ်တွင်ထင်မြင်လာသော သဘောချင်းရာ (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန် - ၁၇

ဖဿ၏အနီးကပ်ဆုံး အကြောင်းတရား (ပဒဋ္ဌာန်) ၂-မျိုး - ၁၉
(၁) အာရုံ ၆-ပါး - ၁၉
(၂) ဖဿ၏ အနီးကပ်ဆုံးအကြောင်းတရား အာယတန ၆-ပါး - ၂၁

ဖဿစေတသိက်အမျိုးမျိုးပြားပုံ - ၂၂
(၁) ဖဿ ၆-မျိုး - ၂၂
(က) စက္ခုသမ္ဖဿနှင့်ဘုရားလောင်းရသေ့ ကြီး - ၂၂
(ခ) သောတသမ္ဖဿနှင့်ပုဏ္ဏကနတ်ဘီလူး - ၂၃
(ဂ) ကာယသမ္ဖဿနှင့် ဣသိသိင်္ဂရသေ့ - ၂၄
(ဃ) မနောသမ္ဖဿ - ၂၆
(င) အနိဋ္ဌဖဿများ - ၂၆
(စ) ဖဿစွမ်းရည် - ၂၇
(၂) ဖဿ ၃၂-မျိုး - ၂၉
(၃) ဖဿ ၈၉-မျိုး - ၃၀

ဖဿအကြောင်း အခြားသိကောင်းစရာများ - ၃၂
(၁) ဖဿကို အာဟာရဟုခေါ်ရပုံ - ၃၂
(၂) ဖဿကြောင့် အယူဝါဒ (ဒိဋ္ဌိ) အမျိုးမျိုးပေါ်လာပုံ - ၃၄
(၃) ဘေးဒုက္ခအပေါင်း၏ အကြောင်းရင်းဖဿ - ၃၆
(၄) ဖဿကြောင့် စစ်ပွဲကြီးများ ဆင်နွှဲကြရခြင်း - ၃၈


(၅) ဖဿနှင့်ပဋိစ္စသမုပ္ပါဒ် | ၃၈
(၆) ဖဿနှင့်ပဋ္ဌာန်း | ၃၉

ဖဿစေတသိက်ကို ရှေးဦးစွာဟောရပုံ
(၁) မဟာသံဃိကဂိုဏ်းဝါဒ သို့မဟုတ် မဟာအဋ္ဌကထာဝါဒ | ၄၀
(၂) အဋ္ဌကထာဝါဒ | ၄၀
(၃) ဋီကာဝါဒ | ၄၁
(၄) အနုဒီပနီဝါဒ | ၄၂
ဖဿကြောင့် သံသရာလည်ပုံ | ၄၄
ဖဿပြတ်က သံသရာအလည်ရပ်ပုံ | ၄၆

ဝေဒနာစေတသိက်
ခံစားပုံ (၃) မျိုး | ၄၉
(၁) ဝေဒနာစေတသိက်၏ သဘောလက္ခဏာ | ၄၉
(၂) သုခဝေဒနာနှင့် သောမနဿဝေဒနာဖြစ်ပုံ | ၄၉
(၃) ဒုက္ခဝေဒနာနှင့် ဒေါမနဿဝေဒနာဖြစ်ပုံ | ၅၀
(၄) မနောဒွါရ၌ ဝေဒနာသုံးမျိုးဖြစ်ပုံ | ၅၁
(၅) စက္ခုဒွါရစသည်၌ ဝေဒနာသုံးမျိုးဖြစ်ပုံ | ၅၃
သုတ္တန်နှင့် အဘိဓမ္မာ | ၅၃

ဝေဒနာ၏ ဆောင်ရွက်မှုကိစ္စ (ရသ)
(၁) သုခဝေဒနာနှင့် သောရေယျသဌေးသား | ၅၄
(၂) ပဋာစာရီသဌေးသမီးနှင့် ဒုက္ခဝေဒနာ | ၅၅
(၃) ဥပေက္ခာဝေဒနာနှင့် မဟာသင်္ခပုဏ္ဏား | ၅၆
(၄) ဖဿစသည်တို့ ဝေဒနာအမည်မရနိုင်ပုံ | ၅၇


ဝေဒနာစေတသိက်၏ ပစ္စုပဋ္ဌာန်
(၁) သာယာအပ်သောတရားဟု ထင်မြင်ပုံ | ၅၉
(၂) နှိပ်စက်နာကျင်တတ်သော တရားဟုထင်ပုံ | ၆၀
(၃) ငြိမ်သက်သောတရားဟု ထင်မြင်ပုံ | ၆၁

ဝေဒနာစေတသိက်၏ အနီးကပ်ဆုံးအကြောင်း (ပဒဋ္ဌာန်) | ၆၁

ဝေဒနာစေတသိက် အမျိုးမျိုးပြားပုံ
(၁) ဝေဒနာ ၁-မျိုး | ၆၃
(၂) ဝေဒနာ ၂-မျိုး | ၆၃
(၃) ဝေဒနာ ၂-မျိုးနှင့် ရေကန်ကြီးဥပမာ | ၆၄
(၄) ဝေဒနာ ၃-မျိုး | ၆၆
(၅) ဝေဒနာ ၅-မျိုး | ၆၇
(၆) ဝေဒနာ ၆-မျိုး | ၆၈
(က) သာမိသသုခဝေဒနာ | ၆၉
(ခ) နိရာမိသသုခဝေဒနာ | ၇၁
(ဂ) သာမိသဒုက္ခဝေဒနာ | ၇၃
(ဃ) နိရာမိသဒုက္ခဝေဒနာ | ၇၅
(င) အရှင်မဟာသီဝမထေရ်ကြီးဝတ္ထု | ၇၇
(စ) သာမိသ အဒုက္ခမသုခဝေဒနာ | ၈၂
(ဆ) နိရာမိသ အဒုက္ခမသုခဝေဒနာ | ၈၄
(၇) ဝေဒနာ ၈-မျိုး | ၈၆
(၈) ဝေဒနာ ၃၆-မျိုး | ၈၇
(၉) ဝေဒနာ ၁၀၈-မျိုး | ၈၉


ဝေဒနာအကြောင်း အခြားသိကောင်းစရာများ
(၁) စိတ်နှင့်အမြဲတမ်းဖြစ်သောတရား | ၉၁
(၂) ရဟန္တာနှင့် ဒုက္ခဝေဒနာ | ၉၁
(၃) ပုထုဇဉ်နှင့် အရိယာတို့ ဝေဒနာခံစားပုံချင်း မတူပုံ | ၉၂
(၄) သတိသမ္ပဇဉ်ရှိသူတို့ ဝေဒနာသုံးပါး၌ ရှုပုံ | ၉၆
(၅) ဝေဒနာတို့၏ ဖြစ်ကြောင်း ချုပ်ကြောင်းတရားစသည်များ | ၉၉
(၆) သုခဝေဒနာအချင်းချင်း အဆင့်အတန်းကွာခြားပုံ | ၁၀၀
(၇) ဝေဒနာနှင့် ဥတ္တမပုရိသ | ၁၀၂
(က) ဝေဒနာ ၆-ပါးကို သိရခြင်း | ၁၀၃
(ခ) ဝေဒနာဖြစ်ကြောင်းတရားကို သိရခြင်း | ၁၀၃
(ဂ) ဝေဒနာချုပ်ဆုံးခွင့်ကို သိရခြင်း | ၁၀၄
(ဃ) ဝေဒနာချုပ်ဆုံးကြောင်းအကျင့်ကို သိရခြင်း | ၁၀၆
(င) ဝေဒနာ၏ နှစ်သက်သာယာဖွယ်ကို သိရခြင်း | ၁၀၈
(စ) ဝေဒနာ၏ ကြောက်မက်ဖွယ်ဘေးကို သိခြင်း | ၁၀၉
(ဆ) ဝေဒနာ၏ ကျွတ်လွတ်ခွင့်ကို သိရခြင်း | ၁၁၁
(၈) သတိပဋ္ဌာန်တရားနှင့် ဝေဒနာ | ၁၁၂
စိတ္တလတောင် မဟာထေရ်ဝတ္ထု | ၁၁၄

ဝေဒနာကြောင့် ဘဝစက်ဝန်း (သံသရာ) လည်ပတ်ပုံ
(၁) ဝေဒနာကြောင့် တဏှာဖြစ်ပုံ | ၁၁၆
(၂) တဏှာကြောင့် ဥပါဒါန်ဖြစ်ပုံ | ၁၁၉
(၃) ဥပါဒါန်ကြောင့် ဘဝဖြစ်ပုံ | ၁၂၀
(၄) ဘဝကြောင့် ဇာတိစသည်ဖြစ်ပုံ | ၁၂၁
သံသရာဘဝစက်ဝန်းလည်ပုံ | ၁၂၁


ဝေဒနာကို အစွဲပြု၍ ဘဝစက်ဝန်း (သံသရာ) အလည်ရပ်ပုံ | ၁၂၁

သညာစေတသိက်
မှတ်သားပုံ ၃-မျိုး | ၁၂၅
သညာ၏ သဘောလက္ခဏာ
(၁) အာရုံအမျိုးမျိုးကို မှတ်သားပုံ | ၁၂၅
(၂) သညာသိ ပညာသိ ဝိညာဉ်သိ အထူး | ၁၂၇
(၃) ဝိပဿနာကမ္မဋ္ဌာန်းအရာ အသိ ၃-မျိုးအထူး | ၁၂၈
(၄) ပင်လယ်ပမာ သညာသဘော | ၁၂၉
(၅) သတိနှင့် သညာအထူး | ၁၃၁

သညာစေတသိက်၏ ဆောင်ရွက်မှုကိစ္စ (ရသ)
(၁) နောက်ထပ်သိရန် မှတ်သားပုံ | ၁၃၁
(၂) လက်သမားဥပမာ | ၁၃၁
(၃) ပစ္စည်းထိန်းဥပမာ | ၁၃၂
(၄) လက္ခဏာနှင့် ကိစ္စအထူး | ၁၃၂
(၅) သညာ၏ သဘောအကျဉ်းချုပ် | ၁၃၂
(၆) ဘုရားအဆူဆူချွတ်၍ မကျွတ်နိုင်ပုံ | ၁၃၃
(၇) သညာ၏ ပစ္စုပဋ္ဌာန် | ၁၃၄
(၈) မှားမှားမှန်မှန် စွဲလမ်းတတ်ပုံ | ၁၃၄
(၉) မျက်မမြင်ခြောက်ယောက်ဥပမာ | ၁၃၄

သညာ၏ ပဒဋ္ဌာန်
(၁) အနီးကပ်ဆုံး အကြောင်းဖြစ်ပုံ | ၁၃၅
(၂) တောစောင့်ယောက်ျားရုပ် (စာခြောက်ရုပ်) ဥပမာ | ၁၃၆


(၃) မိန်းမရှာ၊ ယောက်ျားရှာ ဥပမာ | ၁၃၆
(၄) သညာ၏ နီးသောအကြောင်းနှင့် ဝေးသော အကြောင်း | ၁၃၆

သညာစေတသိက် အမျိုးမျိုးပြားပုံ
(၁) သညာ ၂-မျိုး | ၁၃၇
(၂) သညာ ၂-မျိုး (တနည်း) | ၁၃၈
(၃) သစ္စာသညာ ၃-မျိုး | ၁၃၉
(၄) တနည်း သညာ ၃-မျိုး | ၁၃၉
သမဏသညာ ၃-မျိုးကို ပွားများသဖြင့် ရအပ်သော အကျိုး ၇-ပါး | ၁၄၁
(၅) သညာ ၄-မျိုး | ၁၄၁
(၆) သညာ၌ ဝေဖန်ပုံ ၆-မျိုး | ၁၄၂
(၇) သညာတို့ကို သိခြင်း | ၁၄၂
(၈) သညာတို့၏ ဖြစ်ကြောင်း | ၁၄၃
(၉) သညာတို့၏ ထူးသောအဖြစ် | ၁၄၃
(၁၀) သညာတို့၏ အကျိုး | ၁၄၃
(၁၁) သညာတို့၏ ချုပ်ငြိမ်းမှု | ၁၄၃
(၁၂) သညာချုပ်ငြိမ်းစေနိုင်သည့် အကျင့် | ၁၄၄
(၁၃) တနည်း သညာ ၆-မျိုး | ၁၄၄
(၁၄) ဝတ္ထုဘေဒ (မှီရာအပြား) သညာ ၆-မျိုး | ၁၄၅
(၁၅) သညာ ၇-မျိုး | ၁၄၆
(၁၆) သညာ ၇-မျိုး (တနည်း) | ၁၄၆
ပစ္စေကဗုဒ္ဓါဖြစ်သွားသော ဗာရာဏသီမင်း | ၁၄၇
(က) ကြက်တောင် အကြောတုံးများကို မီးရှို့သည့် ဥပမာ | ၁၄၈


(ခ) သန်လျက်မြှောက်ချီသည့် ဥပမာ | ၁၄၉
(ဂ) အာဟာရေ ပဋိကူလသညာ | ၁၅၀
(ဃ) အကျိုးဆက် (နိဿယ) အားဖြင့် ဆင်ခြင်ခြင်း | ၁၅၁
(၁၇) သညာ ၁၀-မျိုး | ၁၅၁
အရှင်ဝင်္ဂီသ ပဟာနသညာဖြစ်ပုံ | ၁၅၂
(၁၈) သညာ ၁၀-မျိုး (တနည်း) | ၁၅၄
(က) ဂိရိမာနန္ဒထေရ်၏ ရောဂါကို သညာဖြင့် ကုသပေးပုံ | ၁၅၅
(ခ) အနိစ္စသညာ ပွားခြင်းကြောင့် ရအပ်သော အကျိုး ၆-မျိုး | ၁၅၅
(ဂ) အရှင်အာနန္ဒာ၏ တပည့် အရှင်ဝင်္ဂီသ အသုဘသညာဖြစ်ပုံ | ၁၅၆
(၁၉) သညာ ၁၁-မျိုး | ၁၅၇
(၂၀) သညာ ၁၂-မျိုး | ၁၅၈

သညာအကြောင်း အခြားသိကောင်းစရာများ
(၁) သညာ ဝိညာဉ် ပညာ အဆုံးအဖြတ် | ၁၅၈
(၂) သစ္စာနှင့် မိစ္ဆာ | ၁၅၈
(၃) သညာနှင့် ခန္ဓဒေသနာ | ၁၇၂
(၄) သညာကို သီးခြား ဟောခြင်းအကြောင်း | ၁၇၃
(၅) ဝိပလ္လာသတရားသုံးပါး | ၁၇၃
(၆) သညာဝိပလ္လာသ၌ တောသမင်ဥပမာ | ၁၇၃
(၇) ကြောင်ကြောင်မြင်လျက်နှင့် မှားကြပုံ | ၁၇၄
(၈) လွန်ကဲသောတရားများ | ၁၇၅


(၉) သညာကို သီးခြားဟောရခြင်း အကြောင်းတမျိုး | ၁၇၆
(က) သညာက ဝေဒနာအရသာပေါ်အောင် ကျေးဇူးပြုပုံ | ၁၇၆
(ခ) တီကောင်ကို ကြာဆံထင်မှတ်သည့် ဥပမာ | ၁၇၇
(ဂ) မျက်မှန်စိမ်းတပ်၍ အစာကျွေးသည့် ဥပမာ | ၁၇၇
(၁၀) သတ္တဝါနှင့် သညာ | ၁၇၇
(၁၁) တံလျှပ်ဥပမာနှင့် သညာ | ၁၇၈
(၁၂) သညာပွေက ဒုက္ခဝေမည် | ၁၇၉
သညာအထပ်ထပ် ရစ်ပတ်ပွေလိမ်ပုံ | ၁၈၀
သညာကို သိမ်းလျှင် ဒုက္ခငြိမ်းမည် ဧကန် | ၁၈၁

စေတနာစေတသိက်
ဆက်သွယ်ပေးပုံ (ဝါ) နှိုးဆော်ပုံ (၃) မျိုး | ၁၈၂
စေတနာစေတသိက်၏ သဘောလက္ခဏာ | ၁၈၂
(၁) စေ့ဆော်တိုက်တွန်းပုံ | ၁၈၃
(၂) ပြုပြင် စီမံပုံ | ၁၈၄

စေတနာ၏ ဆောင်ရွက်မှုကိစ္စ (ရသ) | ၁၈၅
စေတနာနှင့် လယ်ပိုင်ရှင် | ၁၈၅

စေတနာ၏ ပစ္စုပဋ္ဌာန် | ၁၈၆
စေတနာနှင့် လက်သမားဆရာကြီး | ၁၈၆

စေတနာစေတသိက်၏ ပဒဋ္ဌာန် | ၁၈၇
စေတနာစေတသိက်၏ နာမည်ထူးများ | ၁၈၈


(၁) ကမ္မ | ၁၈၈
(၂) ပစ္စယ | ၁၈၉
(၃) အာဟာရ | ၁၉၁
(၄) သင်္ခါရ | ၁၉၃
(၅) ဘဝ (ကမ္မဘဝ) | ၁၉၄
(၆) သင်္ခါရနှင့် ဘဝအထူး | ၁၉၅
(၇) ဒါန | ၁၉၅

စေတနာစေတသိက် အမျိုးမျိုးပြားပုံ | ၁၉၆
(၁) စေတနာ ၂-မျိုး | ၁၉၆
(၂) စေတနာ ၃-မျိုး | ၁၉၉
(က) စေတနာသုံးတန်နှင့် ပဋိသန္ဓေအကျိုး | ၂၀၁
(ခ) စေတနာသုံးတန် ပြည့်ဝသော သုမနပန်းသည် | ၂၀၂
(ဂ) ပုဗ္ဗစေတနာ၏ အကျိုး | ၂၀၃
(ဃ) ပုဗ္ဗစေတနာ ချို့တဲ့ခဲ့သော ပဉ္စပါပီနှင့် မင်းကုသ | ၂၀၃
(င) အပရစေတနာ ချို့တဲ့သော အပုတ္တက သဌေးကြီး | ၂၀၄
(စ) ကုသိုလ်ကံ အကုသိုလ်ကံနှင့် စေတနာသုံးတန် | ၂၀၅


(၄) ကိစ္စအားဖြင့် စေတနာ ၄-မျိုး | ၂၀၉
(က) ဇနကကံ | ၂၀၉
(ခ) ဥပတ္ထမ္ဘကကံ | ၂၁၀
ဇနကကံကို အမျိုးမျိုးထောက်ပံ့ပုံ | ၂၁၁
ကုသိုလ်က အကုသိုလ်ကို၊ အကုသိုလ်က ကုသိုလ်ကို ထောက်ပံ့ပုံ | ၂၁၂
(ဂ) ဥပပီဠကကံ | ၂၁၂
နှိပ်စက်ပုံ ၃-မျိုး | ၂၁၄
(ဃ) ဥပဃာတကကံ | ၂၁၆
သတ်ဖြတ်ပုံ ၃-မျိုး | ၂၁၈
(၆) အကျိုးပေးစဉ်အားဖြင့် စေတနာ ၄-မျိုး | ၂၂၀
(က) ဂရုကကံ | ၂၂၀
ကုသိုလ်ဂရုကံနှင့် အကုသိုလ်ဂရုကံများ | ၂၂၀
အကုသိုလ် ဂရုကံ ၅-မျိုး | ၂၂၁
(ခ) အာသန္နကံ | ၂၂၄
(ဂ) အာစိဏ္ဏကံ | ၂၂၅
(ဃ) ကဋတ္တာကံ | ၂၂၅
(င) ကံလေးမျိုးတို့ အကျိုးပေးပုံ | ၂၂၆
(စ) အာသန္နကံနှင့် အာစိဏ္ဏကံပြဿနာ | ၂၂၇

(၇) အကျိုးပေးကာလအားဖြင့် စေတနာ ၄-မျိုး | ၂၂၈
(က) ဒိဋ္ဌဓမ္မဝေဒနိယကံ | ၂၂၈
ဒိဋ္ဌဓမ္မဝေဒနိယကံနှင့် ပဝတ္တိကျိုး | ၂၂၉
ဒိဋ္ဌဓမ္မဝေဒနိယကံ အကျိုးပေးပုံ | ၂၂၉
ဒိဋ္ဌဓမ္မဝေဒနိယကံ၏ အင်္ဂါ ၄-ပါး | ၂၃၁
(ခ) ဥပပဇ္ဇဝေဒနိယကံ | ၂၃၂
(ဂ) အပရာပရိယာယဝေဒနိယကံ | ၂၃၃
(ဃ) အဟောသိကံ | ၂၃၇
(င) အကျိုးပေးခြင်း နှိုင်းယှဉ်ပုံ | ၂၃၈
(၈) အကျိုးပေးရာဌာနအားဖြင့် စေတနာ ၄-မျိုး | ၂၃၉
(က) အကုသိုလ်ကံ | ၂၃၉
(ခ) ကာမာဝစရကုသိုလ်ကံ | ၂၄၀
တိဟိတ်ကုသိုလ်နှင့် ဒွိဟိတ်ကုသိုလ် | ၂၄၂
အယုတ်အမြတ် ကုသိုလ်ကံ ၄-မျိုး | ၂၄၃
အယုတ်အမြတ် ကုသိုလ်ကံ ၃-မျိုး | ၂၄၆
ကာမာဝစရကုသိုလ်ကံများ အကျိုးပေးပုံ | ၂၅၁
(ဂ) ရူပါဝစရကုသိုလ်ကံ | ၂၅၄
ရူပကုသိုလ်ကံ ၃-မျိုးစီတို့ ကွဲပြားပုံ | ၂၅၆
ရူပကုသိုလ်ကံများ အကျိုးပေးပုံ | ၂၅၇
အဘိညာဉ်နှင့် ပဋိသန္ဓေအကျိုး | ၂၅၉
ရူပကုသိုလ်ကံများနှင့် နိကန္တိတဏှာ | ၂၆၀
အင်္ဂါတိက္ကမဈာန်နှင့် အာလမ္ဗနာတိက္ကမဈာန် | ၂၆၃
(ဃ) အရူပါဝစရကုသိုလ်ကံ | ၂၆၄

အကြောင်းအရာ,စာမျက်နှာ
အရူပဈာန် အားထုတ်ရာ၌ ရည်မှန်းချက်များ,၂၆၄
အရူပဈာန်များရအောင်အားထုတ်နည်းများ,၂၆၅
အရူပကုသိုလ်ကံများ အကျိုးပေးပုံ,၂၆၈
(၉) ပြုလုပ်ပုံ အားဖြင့် စေတနာ လေးမျိုး,၂၆၉
(က) ကဏှကဏှဝိပါကကံ,၂၆၉
(ခ) သုက္ကသုက္ကဝိပါကကံ,၂၆၉
(ဂ) ကဏှသုက္ကဝိပါကကံ,၂၇၀
(ဃ) အကဏှအသုက္က အကမ္မဝိပါကကံ,၂၇၀
(၁၀) ဖြစ်ရာဌာန စသောအားဖြင့် စေတနာ ၁၆ မျိုး,၂၇၁
(က) ဂတိသမ္ပတ္တိ ပဋိဗာဠှအကုသိုလ်ကံ,၂၇၁
(ခ) ဥပဓိသမ္ပတ္တိ ပဋိဗာဠှအကုသိုလ်ကံ,၂၇၂
(ဂ) ကာလသမ္ပတ္တိ ပဋိဗာဠှအကုသိုလ်ကံ,၂၇၃
(ဃ) ပယောဂသမ္ပတ္တိ ပဋိဗာဠှအကုသိုလ်ကံ,၂၇၃
(င) ဂတိဝိပတ္တိ အကုသိုလ်ကံ,၂၇၃
(စ) ဥပဓိဝိပတ္တိ အကုသိုလ်ကံ,၂၇၄
(ဆ) ကာလဝိပတ္တိ အကုသိုလ်ကံ,၂၇၄
(ဇ) ပယောဂဝိပတ္တိ အကုသိုလ်ကံ,၂၇၅
(ဈ) ဂတိဝိပတ္တိ ပဋိဗာဠှကုသိုလ်ကံ,၂၇၆
(ည) ဥပဓိဝိပတ္တိ ပဋိဗာဠှကုသိုလ်ကံ,၂၇၆
(ဋ) ကာလဝိပတ္တိ ပဋိဗာဠှကုသိုလ်ကံ,၂၇၇
(ဌ) ပယောဂဝိပတ္တိ ပဋိဗာဠှကုသိုလ်ကံ,၂၇၈
(ဍ) ဂတိသမ္ပတ္တိကုသိုလ်ကံ,၂၇၈

အကြောင်းအရာ,စာမျက်နှာ
(ဎ) ဥပဓိသမ္ပတ္တိကုသိုလ်ကံ,၂၇၉
(ဏ) ကာလသမ္ပတ္တိ ကုသိုလ်ကံ,၂၇၉
(တ) ပယောဂသမ္ပတ္တိ ကုသိုလ်ကံ,၂၈၁
စေတနာအကြောင်း အခြားသိကောင်းစရာများ,၂၈၁
(၁) ရှေးဘဝကံက ယခုဘဝ၌ အကျိုးပေးနိုင်ပုံ,၂၈၁
(၂) ဝေးကွာသောအရပ်၌ ကံတို့အကျိုးပေးနိုင်ပုံ,၂၈၇
(၃) ကံတရားနှင့် မျိုးစေ့,၂၉၀
(၄) ကံကိုချည်းသာ အားမကိုးရာ,၂၉၀
(၅) စေတနာ ပါမပါသာ ပဓာန,၂၉၃
(၆) ကံယုံကြည်မှုနှင့် ပုဗ္ဗေကတဟေတုဒိဋ္ဌိ,၂၉၇
(၇) အိပ်မက်စေတနာနှင့် မိဘလင်သားတို့စေတနာ,၂၉၉
(၈) ကံတူအကျိုးပေးပုံ,၃၀၀
(၉) တစ်ယောက်ကုသိုလ်ကံကြောင့် အများစံရပုံ,၃၀၂
(၁၀) တစ်ယောက်အကုသိုလ်ကံကြောင့် အများခံရပုံ,၃၀၃
(၁၁) ဒဏ်ခံရတတ်ပုံ,၃၀၈
(၁၂) ကုသိုလ်ကံများသူနှင့် နည်းသူ,၃၀၈
(၁၃) ကုသိုလ်က အကုသိုလ်ထက် အားကြီးပုံ,၃၀၉
(၁၄) ကံအကျိုးပေးဆန်းကြယ်ပုံ,၃၁၁
(က) သူတို့သုံးဦး,၃၁၃
(ခ) သေကံမရောက် သက်မပျောက်သူနှစ်ဦး,၃၁၅
(ဂ) အမိနိုင်ငံပြန်လိုသည့်သင်္ဘောသား,၃၁၅
(ဃ) လက်မှတ်မရမက ဝယ်သောဘုန်းတော်ကြီး,၃၁၆
စေတနာကြောင့် ဘဝစက်ဝန်း (သံသရာ) လည်ပုံ,၃၁၇
(၁) ဝိညာဉ်ကြောင့် နာမ်ရုပ်ဖြစ်သည်,၃၁၈

အကြောင်းအရာ,စာမျက်နှာ
(၂) နာမ်ရုပ်ကြောင့် အာယတန (၆)ပါး စသည်ဖြစ်ခြင်း,၃၁၉
(၃) အာသဝကြောင့် အဝိဇ္ဇာဖြစ်သည်,၃၁၉
(၄) အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်သည်,၃၂၀
စေတနာချုပ်ငြိမ်းကင်းပြတ်သဖြင့် ဘဝစက်ဝန်း (သံသရာ) အလည်ရပ်ပုံ,၃၂၀
ဧကဂ္ဂတာစေတသိက်,၃၂၂
စိတ်၏ တည်ကြည်ခြင်းသဘော ၃-မျိုး,၃၂၂
ဧကဂ္ဂတာစေတသိက်၏ လက္ခဏာ,၃၂၃
(၁) သဘောအားဖြင့် မရွေ့ရှားပုံ,၃၂၃
(၂) သုတ္တန်ဧကဂ္ဂတာနှင့် အဘိဓမ္မာဧကဂ္ဂတာ,၃၂၄
(၃) သမ္ပယုတ်တရားတို့ကို မပျံ့လွင့်အောင်ပြုပုံ,၃၂၅
(၄) ဧကဂ္ဂတာသမာဓိနှင့် ဈာန်ဣန္ဒြေဗိုလ်,၃၂၅
(၅) စိတ်ဖြစ်တိုင်း ဧကဂ္ဂတာဖြစ်ပုံ,၃၂၆
ဧကဂ္ဂတာသမာဓိ၏ လက္ခဏာတမျိုး,၃၂၆
(၁) အကြီးအမှူးပဓာနဖြစ်ပုံ,၃၂၈
(၂) သမာဓိနှင့် စုလစ်မွမ်းချွန်ဥပမာ,၃၂၈
(၃) သမာဓိနှင့် ပြည့်ရှင်မင်း ဥပမာ,၃၂၉
(၄) သမာဓိနှင့် ထီးဖြူရုံဥပမာ,၃၂၉
ဧကဂ္ဂတာ၏ ဆောင်ရွက်မှု ရသ ၂-မျိုး,၃၃၀
အတူဖြစ်ဖက်နာမ်တရားတို့ကို ပေါင်းစုပေးခြင်းကိစ္စ,၃၃၁
(၁) ပေါင်းစုပေးပုံနှင့် ရေဥပမာ,၃၃၀
(၂) ဘုရင်မင်းမြတ်ဥပမာ,၃၃၁

အကြောင်းအရာ,စာမျက်နှာ
ပျံ့လွင့်မှုဥဒ္ဓစ္စကို ဖျက်ဆီးခြင်းကိစ္စ,၃၃၁
(၁) ဥဒ္ဓစ္စကို ဖျက်ဆီးပုံ,၃၃၁
(၂) သမ္ပတ္တိရသ (အကျိုးရသ),၃၃၂
ဧကဂ္ဂတာ၏ ပစ္စုပဋ္ဌာန် ၂-မျိုး,၃၃၂
ငြိမ်သက်သောတရားဟု ရှုမြင်ထင်ခြင်း,၃၃၂
(၁) အာရုံတခု၌ ငြိမ်သက်ပုံ,၃၃၂
(၂) ဆီမီးလျှံ၏ငြိမ်သက်ခြင်းနှင့်တူပုံ,၃၃၃
ဉာဏ်ဟူသော အကျိုးတရားကိုဖြစ်ပွားစေသည်ဟု ရှုမြင်ထင်ခြင်း,၃၃၃
သမာဓိကဉာဏ်ကို ဖြစ်စေနိုင်ပုံ,၃၃၄
ဧကဂ္ဂတာ၏ အနီးကပ်ဆုံးအကြောင်း (ပဒဋ္ဌာန်),၃၃၅
(၁) အနီးကပ်ဆုံးအကြောင်းဖြစ်ပုံ,၃၃၅
(၂) သုခပဒဋ္ဌာန်,၃၃၅
(၃) သုခသည် ဧကဂ္ဂတာ၏ အနီးကပ်ဆုံးသော အကြောင်းပဒဋ္ဌာန်ဖြစ်ပုံ,၃၃၆
(၄) သုခနှင့် စတုတ္ထဈာန်,၃၃၆
(၅) စတုတ္ထဈာန်၌ရှိသော ဧကဂ္ဂတာ၏ အနီးကပ်ဆုံးသော အကြောင်း,၃၃၇
(၆) သုခသည် သမာဓိ၏ နီးစွာသောအကြောင်း,၃၃၈
ဧကဂ္ဂတာစေတသိက်အမျိုးမျိုးပြားပုံ,၃၃၉
(၁) ဇာတ်အားဖြင့် ဧကဂ္ဂတာ ၃-မျိုး,၃၃၉
(က) အကုသိုလ်ဧကဂ္ဂတာ,၃၃၉
သတ်မှုဆိုင်ရာ,၃၃၉

အကြောင်းအရာ,စာမျက်နှာ
ခိုးမှုဆိုင်ရာ,၃၄၀
မိစ္ဆာစာရမှုဆိုင်ရာ,၃၄၀
(၂) ကုသိုလ် ဧကဂ္ဂတာ,၃၄၂
(၃) အဗျာကတ ဧကဂ္ဂတာ,၃၄၂
(က) အဗျာကတ ဧကဂ္ဂတာဖြစ်ပုံ,၃၄၂
(ခ) အဗျာကတ ဧကဂ္ဂတာနှင့် အားနည်းမှု,၃၄၂
(၄) အကုသိုလ်ဧကဂ္ဂတာနှင့် ကုသိုလ်ဧကဂ္ဂတာ နှိုင်းယှဉ်ပုံ,၃၄၃
(၅) သမာဓိ ၂-မျိုး,၃၄၄
(၆) သမာဓိ ၃-မျိုး,၃၄၅
(၇) သမာဓိ ၄-မျိုး,၃၄၇
(၈) သမာဓိ ၅-မျိုး,၃၄၇
သမာဓိ၏အမည်ထူးများ,၃၄၈
(၁) သမထအမည်ကိုရခြင်း,၃၄၈
(က) ပုထုဇဉ်သမာဓိ,၃၄၈
(ခ) ရဟန္တာသမာဓိ,၃၄၉
(ဂ) ဒုတိယဈာန်စသည်၌ရှိသောသမာဓိ,၃၄၉
(၂) အဓိစိတ္တအမည်ကိုရခြင်း,၃၄၉
(၃) အပ္ပနာအမည်ကိုရခြင်း,၃၅၀
(၄) ဣန္ဒြေဗိုလ် စသောအမည်ကိုရခြင်း,၃၅၀
(၅) ဣန္ဒြေမည်ပုံ,၃၅၀
(၆) ဥဒ္ဓစ္စသည် သမာဓိအလိုသို့ လိုက်မလိုက်,၃၅၀
(၇) မဏိသာရ မဉ္ဇူ အဆို,၃၅၀
(၈) ပရမတ္ထ သရူပ အနုဝဏ္ဏနာအလို,၃၅၁

အကြောင်းအရာ,စာမျက်နှာ
(၉) ဒီပနီအလို,၃၅၂
(၁၀) ဗိုလ်မည်ပုံ,၃၅၂
(၁၁) ဗောဇ္ဈင်မည်ပုံ,၃၅၂
(၁၂) မဂ္ဂင်မည်ပုံ,၃၅၃
(၁၃) ဣန္ဒြေ ဗိုလ် မဂ္ဂင် မမည်သော ဧကဂ္ဂတာ,၃၅၃
(၁၄) ဈာနင်မည်ပုံ,၃၅၃
(က) ဈာနင်အမည်မရသော ဧကဂ္ဂတာ,၃၅၃
(ခ) ဈာနင်အမည်ရသော သမာဓိ၏ သမာဓာနသဘော,၃၅၄
(ဂ) အာရုံ၌စိတ်ကို ကောင်းစွာထားခြင်း,၃၅၄
(ဃ) အာရုံ၌စိတ်ကို အညီအမျှထားခြင်း,၃၅၅
(င) ဣန္ဒြေတို့ကို အညီအမျှထားရှိခြင်း,၃၅၅
(၁၅) မဇ္ဈိမပဋိပဒါလမ်းစဉ်,၃၅၇
သမာဓိအကြောင်း အခြားသိကောင်းစရာများ,၃၅၇
(၁) သမာဓိ သမာဓာနနှင့်သီလသမာဓာနအထူး ၂-ပါး,၃၅၇
(၂) ဥပစာရသမာဓိနှင့် အပ္ပနာသမာဓိအထူး,၃၅၈
(၃) တည်ကြည်မှုသမာဓိကိုပွားပုံ,၃၅၉
(၄) သမာဓိ၏အကျိုးအာနိသင်,၃၅၉
(၅) သမာဓိ၏တန်ခိုး,၃၆၁
(၆) သမာဓိဝိပ္ဖာရဣဒ္ဓိ,၃၆၂
(၇) သမာဓိဝိပ္ဖာရဣဒ္ဓိဖြစ်ပေါ်သော ပုဂ္ဂိုလ်များ,၃၆၂
(၈) အရှင်သာရိပုတ္တရာ၏ သမာဓိတန်ခိုး,၃၆၂
(၉) အရှင်သဉ္ဇီဝမထေရ်၏ သမာဓိတန်ခိုး,၃၆၃
(၁၀) အရှင်ခါဏုကောဏ္ဍည၏ သမာဓိတန်ခိုး,၃၆၃

အကြောင်းအရာ,စာမျက်နှာ
(၁၁) မယ်ဥတ္တရာ၏ သမာဓိတန်ခိုး,၃၆၄
(၁၂) မိဖုရားခေါင်ကြီးသာမာဝတီ၏ သမာဓိတန်ခိုး,၃၆၅
သမာဓိကိုမထူထောင်နိုင်ကသံသရာ၌အူကြောင်ကြောင်ဖြစ်မည်,၃၆၆
(၁) စိတ်ကိုအစိုးမရသူ အရူးနှင့်တူ,၃၆၇
(၂) စိတ်ကိုအစိုးမရသူ ခွေးရူးပြန်သူနှင့်တူ,၃၆၇
(၃) ဣတိပိသော တပုဒ်ဆုံးအောင် သမာဓိမရှိကြ,၃၆၈
(၄) နှုတ်နှင့်သာအဆုံးသတ်ကြရန်,၃၆၈
(၅) စိတ်မခိုင်သူနှင့် ပဲ့မနိုင်သည့်လှေသူကြီးဥပမာ,၃၆၈
သမာဓိကိုထူထောင်မှ အူကြောင်ကြောင်ဘဝမှလွတ်မည်,၃၆၉
(၁) သမာဓိကို ထူထောင်ကြပါစို့,၃၆၉
(၂) အာနာပါနဖြင့် သမာဓိကိုထူထောင်ပုံ,၃၇၀
(၃) ဝီရိယ ၂-ပါး,၃၇၀
(၄) စိတ်အမှတ်ပြုမှု မြဲအောင်လုပ်,၃၇၁
(၅) စိတ်ရူးစိတ်နောက်ပျောက်နိုင်ပုံ,၃၇၁
ဇီဝိတိန္ဒြေစေတသိက်,၃၇၃
ဇီဝိတိန္ဒြေမည်ပုံ,၃၇၃
ဇီဝိတိန္ဒြေ၏လက္ခဏာ,၃၇၃
(၁) နာမ်တရားတို့ကို စောင့်ရှောက်ပုံ,၃၇၃
(၂) ရေဥပမာ,၃၇၄
(၃) ထင်ရှားရှိခိုက်သာ စောင့်ရှောက်ပုံ,၃၇၅
(၄) ရေကန်ရှိရေ,၃၇၅
(၅) ကြာရိုးကြာစွယ်အတွင်းရှိရေ,၃၇၅
(၆) နို့ထိန်း (ကလေးထိန်း) ဥပမာ,၃၇၆

အကြောင်းအရာ,စာမျက်နှာ
(၇) လှေလှော်သူဥပမာ,၃၇၆
ဇီဝိတိန္ဒြေစေတသိက်၏ရသ,၃၇၇
နာမ်အစဉ်ဖြစ်အောင် ဆောင်ရွက်ပုံ,၃၇၇
ဇီဝိတိန္ဒြေစေတသိက်၏ ပစ္စုပဋ္ဌာန်,၃၇၈
(၁) ဘင်ခဏမတိုင်မီ တည်တံ့အောင်ထားပုံ,၃၇၈
(၂) ဆီမီးဥပမာ,၃၇၉
ဇီဝိတိန္ဒြေစေတသိက်၏ ပဒဋ္ဌာန်,၃၇၉
နာမ်တရားများ နီးစွာသောအကြောင်းဖြစ်ပုံ,၃၇၉
ဇီဝိတိန္ဒြေအကြောင်း အခြားသိကောင်းစရာများ,၃၈၁
(၁) ဇီဝိတိန္ဒြေ ၂-မျိုး,၃၈၁
(၂) သက်ရှိသတ္တဝါတို့၏အသက်,၃၈၁
(၃) အသက်နှင့်ရုပ်နာမ်,၃၈၂
(၄) သဝိညာဏကနှင့် အဝိညာဏက,၃၈၃
(၅) သစ်ပင်သည် သက်ရှိလော၊ သက်မဲ့လော,၃၈၃
(က) သာရတ္ထဒီပနီဋီကာရှင်းလင်းချက်,၃၈၅
(ခ) အဘိဓမ္မာအဆို,၃၈၆
(ဂ) စိတ်ရှိသည်အသက်ရှိသည်ဟုထင်မှတ်ရအောင် စွမ်းဆောင်ပုံ,၃၈၇
(ဃ) အသေအရှင်ပြဿနာ,၃၈၈
(င) အကျဉ်းချုပ်မှတ်သားရန်,၃၈၉
(၆) ဇီဝိတိန္ဒြေ၏ စောင့်ရှောက်ရာကာလအဆုံးအဖြတ်,၃၉၀
(၇) နာမ်ဇီဝိတိန္ဒြေသည် နာမ်ရုပ်နှစ်ပါးတို့ကို စောင့်ရှောက်သလော,၃၉၁
(၈) စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်တို့ကိုလည်း စောင့်ရှောက်သည်မဟုတ်လော,၃၉၁

အကြောင်းအရာ,စာမျက်နှာ
(၉) ရုပ်နာမ်ဇီဝိတိန္ဒြေတို့ အတူချုပ်ကြပုံ,၃၉၂
(၁၀) ဇီဝိတိအစဉ် ၂-မျိုး,၃၉၃
(၁၁) ဇီဝိတိန္ဒြေအစဉ် ၂-မျိုးပျက်စီးပုံ,၃၉၃
(၁၂) ကာလသုံးပါးနှင့် ဇီဝိတိန္ဒြေ,၃၉၅
(၁၃) ဦးခေါင်းပြတ်နှင့် ဇီဝိတိန္ဒြေ,၃၉၇
(၁၄) ကိုယ်စောင့်ဇီဝိတိန္ဒြေ,၃၉၉
(၁၅) ဇီဝိတိန္ဒြေသည် ဝဋ်ဒုက္ခတို့၏ဦးခေါင်း,၄၀၀
(၁၆) ဇီဝိတိန္ဒြေ၏အစွမ်း,၄၀၁
(၁၇) ဇီဝိတိန္ဒြေကြာမြင့်စွာရှင်သန်ရေး,၄၀၁
(၁၈) ဖြစ်ချုပ်ခြင်းလက္ခဏာနှင့် ဇီဝိတိန္ဒြေ,၄၁၀
မနသိကာရစေတသိက်,၄၁၄
နှလုံးသွင်းပုံ ၃-မျိုး,၄၁၄
မနသိကာရစေတသိက်၏လက္ခဏာ,၄၁၄
(၁) အာရုံသို့ ဖြောင့်စွာသွားစေပုံ,၄၁၆
(၂) ရထားထိန်းဥပမာ,၄၁၆
မနသိကာရစေတသိက်၏ရသ,၄၁၆
(၁) အာရုံနှင့်ယှဉ်စေပုံ,၄၁၆
(၂) ဝိတက်၊ စေတနာ၊ မနသိကာရအထူး,၄၁၇
(၃) လှေပြိုင်သူဥပမာ,၄၁၇
မနသိကာရစေတသိက်၏ ပစ္စုပဋ္ဌာန်,၄၁၈
(၁) အာရုံရှိရာသို့ ရှေးရှုပုံ,၄၁၈
(၂) သတိနှင့် မနသိကာရအထူး,၄၁၈
(၃) တိဿရဟန်းကြီး၏ မကောင်းသောနှလုံးသွင်း,၄၁၉
(၄) မျောက်မင်း၏သတိနှင့်မနသိကာရ,၄၂၀

အကြောင်းအရာ,စာမျက်နှာ
မနသိကာရ စေတသိက်၏ ပဒဋ္ဌာန်,၄၂၂
အာရုံသည် အနီးကပ်ဆုံးအကြောင်းဖြစ်ပုံ,၄၂၂
မနသိကာရအမျိုးမျိုး,၄၂၃
(၁) မနသိကာရ ၃-မျိုး,၄၂၃
(က) ဝီထိပဋိပါဒက မနသိကာရ,၄၂၃
(ခ) ဇဝနပဋိပါဒက မနသိကာရ,၄၂၃
(ဂ) အာရမ္မဏပဋိပါဒက မနသိကာရ,၄၂၃
(၂) မနသိကာရ ၃-မျိုး အထူးထပ်မံရှင်းပြခြင်း,၄၂၄
(၃) မနသိကာရ ၂-မျိုး,၄၂၆
(က) အသုံးများသော မနသိကာရ,၄၂၆
(ခ) သင့်လျော်အောင်နှလုံးသွင်းရပုံ,၄၂၈
(ဂ) စိတ်နာဖွယ်မဟုတ်,၄၂၉
(ဃ) ဘုရားအဆုံးအမနာခံနိုင်ရမည်,၄၃၀
(င) ရန်တုံ့မူသည်နှင့်တူ,၄၃၀
(စ) နှလုံးသွင်းမကောင်းမှု,၄၃၁
(ဆ) ခါးပိုက်နှိုက် ၂-ဦး နှလုံးသွင်း,၄၃၂
(ဇ) နှလုံးသွင်းပြောင်းပါ,၄၃၃
(ဈ) ကုသိုလ်မပြတ်ဖြစ်ပါစေ,၄၃၄
(ည) လိုချင်ရနေသည့် ရုက္ခစိုးနတ်ကြီး,၄၃၄
(ဋ) အထည်ချုပ်သမားဘဝ,၄၃၅
(ဌ) အမြင်အထင်မကောင်းသောပြိတ္တာ,၄၃၅
(ဍ) မနသိကာရနှင့် အရိယာမဂ်,၄၃၆
(ဎ) နှလုံးသွင်းကောင်းတော့ သောတာပန်ဖြစ်,၄၃၇
(ဏ) ငါးမျှားသမားအရိယ,၄၃၇
(တ) မလ္လိကာမိဖုရားကြီးနှင့် နှလုံးသွင်း,၄၃၈

အကြောင်းအရာ,စာမျက်နှာ
ယောနိသောနှင့် ကောင်းရာသုဂတိ,၄၄၁
သေခါနီးရှင်ပြု,၄၄၁
အမျိုးသမီးငါးရာနှင့် နှလုံးသွင်း,၄၄၂
(ခ) နှလုံးသွင်းမကောင်းမှုကြောင့် ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ,၄၄၄
သေခါနီးငယ်,၄၄၆
ကြောင်နှင့်ကြက်,၄၄၆
ကျားသစ်မနှင့် သမင်မ,၄၄၆
ဘီလူးနှင့်လူ,၄၄၇
ဘီလူးမရှာပုံတော်ထွက်,၄၄ဂ
ဘုရားထံတော်သို့,၄၄ဂ
ဘီလူးမသောတာပန်တည်,၄၄ဂ
ဘီလူးမကျေးဇူးဆပ်ခြင်း,၄၄၉
နှလုံးသွင်းမှုသတိပြုဆင်ခြင်,၄၅ဝ
(ဂ) အယောနိသောနှင့်မြေပြိတ္တာ,၄၅ဝ
သဌေးကြီးနှလုံးသွင်းကောင်းပုံ,၄၅၁
သဌေးကြီးလက်ခမောင်းခတ်ခြင်း,၄၅၁
ရန်သူအား ရှေးဦးစွာအမျှဝေခြင်း,၄၅၂
သူခိုးက တောင်းပန်ပုံ,၄၅၃
(ဃ) အမျှမဝေ ကုသိုလ်မရ,၄၅၃
အ၀တ်မဆီး ကိုယ်လုံးတီးဘဝ,၄၅၄
အယောနိသောနှင့် ပြိတ္တာဘုံ,၄၅၅
(င) နှလုံးသွင်းမကောင်းလျှင်ကဏှာ၊ ကောင်းလျှင် ဘာဝနာ,၄၅၆

အကြောင်းအရာ,စာမျက်နှာ
အစုံတဏှာနှင့် အဆန်ဘာဝနာ,၄၅၆
ပွဲကြည့်တတ်၍ ရဟန္တာဖြစ်ပုံ,၄၅ဂ
မတ္တရာဆရာတော်,၄၅ဂ
မနသိကောင်းမှ အယူမှန်မည်,၄၅ဂ
ယောနိသောနှင့်ဘုရားရှင်,၄၅၉
ဘုရားဖြစ်ရန် မနသိကာရအကြောင်းခံပုံ,၄၅၉
နှလုံးသွင်းကောင်းအောင်ကြိုးပမ်းကြစို,၄၆ဝ
နှလုံးသွင်းမကောင်းလျှင် အပါယ်ကျ၍ သံသရာလည်မည်,၄၆ဝ
နှလုံးသွင်းကောင်းလျှင် နိဗ္ဗာန်ရ၍ သံသရာစက်ရပ်မည်,၄၆၂
ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်သံသရာ,၄၆၄
(၁) အနုလုံ,၄၆၄
(၂) ပဋိလုံ,၄၆၅
နိဂုံး,၄၆၆

စာမျက်နှာ-1


အတွဲ (၁)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ပရမတရား လေ့လာစိစစ်နည်း လေးမျိုး

လေ့လာစိစစ်နည်းခေါ်ပုံ။ ။ ရုပ်နာမ်ဓမ္မ ပရမတ္ထသဘာဝတရားအားလုံး၌ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်ဟူသော သဘောတရားလေးမျိုး အသီးသီး ရှိစမြဲ ဖြစ်သည်။ ရုပ်တရား နာမ်တရားများကို လေ့လာရာ၌ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်ဟူသော ရှုထောင့်လေးဘက်မှ ရှုမြင်လေ့လာနိုင်မှ ဒိဋ္ဌိဝိသုဒ္ဓိ အဆင့်သို့ ရောက်နိုင်ပါသည်။ ဤသို့ ပရမတ်တို့ကို လေ့လာစိစစ်ရာ၌ အသုံးပြုသော နည်းများဖြစ်၍ ဤလက္ခဏစသော ရှုထောင့်လေးခုတို့ကို “ပရမတ်တရား လေ့လာစိစစ်နည်းလေးမျိုး” ဟု အမည်ပေးထားခြင်း ဖြစ်ပါသည်။

ဤရုပ် နာမ်တရားတို့ကို ရှုမှတ်ရာ၌ သုတမယဉာဏ် အဖြစ်ဖြင့် အထောက်အကူ ရနိုင်ရန် ဤသာသနာရေးဦးစီးဌာနမှ ပြုစုထုတ်ဝေသော “ဗုဒ္ဓအဘိဓမ္မာအဖွင့်ကျမ်းများ” ၌ ရုပ်နာမ်တို့၏ သဘောတရားများကို တင်ပြရာတွင် လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန် ဟူသော အချက်ကြီး လေးချက်ကို ပဓာနပြု၍ တင်ပြထားပါသည်။ ထို့ကြောင့် ဗုဒ္ဓအဘိဓမ္မာ

စာမျက်နှာ-2


ရုပ်နာမ်တို့၏ သဘောတရားများကို မလေ့လာမီ ဤလက္ခဏစသော အချက်ကြီး လေးချက်တို့၏ အဓိပ္ပာယ်အသီးသီးကို သိထားရန် တစ်ခုစီ ရှင်းပြပါမည်။

လက္ခဏ

လက္ခဏဆိုသည်မှာ မြန်မာလို အမှတ်အသားဟု အဓိပ္ပာယ်ရ၏၊ ပါဠိသက်အားဖြင့် လက္ခဏာဟု ရှေးထုံးပြုကြ၏။ ဤနေရာ၌ ပရမတ်တရားတို့၏ အမှတ်အသားကို လက္ခဏာဟု ခေါ်၏။ ထိုအမှတ်အသားလက္ခဏာသည် -
(၁) တရားအများနှင့် သက်ဆိုင်သည့် သာမညလက္ခဏာ၊
(၂) အများနှင့်မဆိုင် ကိုယ်ပိုင်သီးခြား အမှတ်အသားဖြစ်သော သဘာဝလက္ခဏာ၊

ဟု နှစ်မျိုးရှိ၏။

ထိုတွင် မမြဲခြင်း(အနိစ္စ)၊ ဆင်းရဲခြင်း(ဒုက္ခ)၊ အစိုးမရခြင်း(အနတ္တ)၊ လက္ခဏာအမှတ်အသားများသည် ရုပ်တရား နာမ်တရား အားလုံးတို့နှင့် သက်ဆိုင်သောကြောင့် သာမညလက္ခဏာ မည်၏။ ရုပ်တရားအားလုံးတို့နှင့် သက်ဆိုင်သော(ရုပ္ပန) လက္ခဏာနှင့် နာမ်တရား အားလုံးတို့နှင့် သက်ဆိုင်သော အာရုံသို့ သွတ်ကိုင်းခြင်း(နမန) လက္ခဏာတို့သည်လည်း “သာမညလက္ခဏာ”များဖြစ်ကြသည်။

ရုပ်တရားများတွင် ခက်မာမှုသဘောသည် ပထဝီဓာတ်၏ ကိုယ်ပိုင်သီးခြားလက္ခဏာဖြစ်၏။ ဖွဲ့စည်းမှု ယိုစီးမှုသဘောသည် အာပေါဓာတ်၏ ကိုယ်ပိုင်လက္ခဏာဖြစ်သည်။ နာမ်တရားများတွင်လည်း အာရုံကို သိခြင်း ယူခြင်းသည် စိတ်၏ သီးခြားလက္ခဏာဖြစ်၍ အာရုံကိုတွေ့ထိခြင်းသည် ဖဿစေတသိက် တစ်မျိုးတည်းနှင့်သာ ဆိုင်သော ကိုယ်ပိုင်လက္ခဏာဖြစ်သည်။ ထိုကိုယ်ပိုင် သီးခြားလက္ခဏာများကို “သဘာဝလက္ခဏာ” ဟု ခေါ်သည်။

စာမျက်နှာ-3


ဤ “ဗုဒ္ဓအဘိဓမ္မာ အဖွင့်ကျမ်းများ” ၌ တရားတစ်ပါးစီ တစ်ပါးစီ၏ ကိုယ်ပိုင်သီးခြား လက္ခဏာဖြစ်သော “သဘာဝလက္ခဏာ” ဖြင့်သာ စိစစ် တင်ပြထားပါသည်။

ရသ

ရသသဒ္ဒါသည် ဤနေရာ၌ (၁) ပြုဖွယ်လုပ်ငန်း (ကိစ္စ) နှင့် (၂) ပြည့်စုံခြင်း (သမ္ပတ္တိ) ဟူသော အဓိပ္ပာယ်နှစ်မျိုးကို ဟောသည်။ ယင်းအဓိပ္ပာယ်များအရ ရသသည် (၁) ကိစ္စရသ၊ (၂) သမ္ပတ္တိရသဟု နှစ်မျိုးပြား၏။ ထိုတွင် ကိစ္စရသဆိုသည်မှာ ပရမတ်တရားတို့၏ ကိုယ်ပိုင် ပြုမူဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သည်။ ဥပမာ - အာရုံ၏သဘောမှန်ကို ဖုံးကွယ်ထားခြင်းသည် မောဟစေတသိက်၏ ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်၍ မိမိဖြစ်ရာပုဂ္ဂိုလ်နှင့် ဟဒယဝတ္ထုရုပ်တို့ကို လောင်ကျွမ်းခြင်းသည် ဒေါသစေတသိက်လုပ်ငန်းဖြစ်သည်။ ယင်းကိစ္စရသကို အကျိုးပစ္စုပဋ္ဌာန် တရားကို ဖြစ်ပေါ်စေနိုင်သဖြင့် အကြောင်းရသဟူ၍လည်း ဆိုနိုင်သည်။

အကြောင်းစုံညီသဖြင့် ဖြစ်ပေါ်လာရခြင်းကို သမ္ပတ္တိရသဟု ခေါ်သည်။ ယင်းရသကို အကျိုးရသဟူ၍လည်း ခေါ်နိုင်သည်။ ဥပမာ - ဒေါသကြောင့် ခြေတုန်လက်တုန်ဖြစ်ခြင်း၊ အသံတုန်ခြင်း၊ မျက်နှာထားခက်ထန်ကြမ်းတမ်းလာခြင်း စသော တစ်ကိုယ်လုံး၌ မလိုလားအပ်သော အနိဋ္ဌရုပ်များ ဖြစ်ပေါ်လာခြင်းသည် ဒေါသစေတသိက်၏ သမ္ပတ္တိရသပင် ဖြစ်ပါသည်။

ပစ္စုပဋ္ဌာန်

ပစ္စုပဋ္ဌာန် ဆိုသည်မှာ ဉာဏ်တွင် ရှေးရှုထင်ခြင်းဟု အဓိပ္ပာယ်ရသည်။ ထိုပစ္စုပဋ္ဌာန်သည် (၁) အကျိုး (ဖလ) ပစ္စုပဋ္ဌာန်၊ (၂) ဉာဏ်တွင်ထင်မြင်လာသော သဘောခြင်းရာ (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်ဟု နှစ်မျိုးရှိသည်။
၁။ ပစ္စုပဋ္ဌာန = ပတိ + ဥပဋ္ဌာန။ ပတိ = ရှေးရှု။ ဥပဋ္ဌာန = ထင်ခြင်း။
၂။ ဥပဋ္ဌာနာကာရ = ထင်သောအခြင်းအရာ။

စာမျက်နှာ-4


ထိုတွင် အကျိုးပစ္စုပဋ္ဌာန်ဆိုသည်မှာ ကိစ္စတစ်ခုခုကို လုပ်ကိုင်ဆောင်ရွက်သည့်အခါ ထိုကိစ္စကြောင့် အကျိုးတစ်မျိုးမျိုးရှိလာသကဲ့သို့ ပရမတ်တရားတို့၏ ပြုမူဆောင်ရွက်မှု ကိစ္စရသကြောင့် ဖြစ်ပေါ်လာရသည့် အကျိုးတရားမျိုးဖြစ်၏။ ဥပမာ - ကောင်းမွန်ဖြောင့်မှန်စွာ မကျင့်နိုင်ခြင်းဟူသော မောဟစေတသိက်၏ ပစ္စုပဋ္ဌာန်နှင့်တူသည်။ မောဟစေတသိက်၏ ကိစ္စရသသည် အာရုံ၏သဘောမှန်ကို ဖုံးကွယ်ထားခြင်းဖြစ်၏။ ကောင်းမွန်ဖြောင့်မှန်စွာ မကျင့်နိုင်ခြင်းသည် အာရုံ၏သဘောမှန်ကို ဖုံးကွယ်ထားခြင်း ကိစ္စရသကြောင့်ဖြစ်၍ အကျိုးပစ္စုပဋ္ဌာန်ဟု ခေါ်သည်။

ဉာဏ်တွင်ထင်မြင်လာသော သဘောခြင်းရာ ပစ္စုပဋ္ဌာန်ကား ပရမတ်တရားတစ်ခု၏ သဘောထားကို ဉာဏ်ဖြင့်သက်ဝင် နက်နက်နဲနဲ ဆင်ခြင်လိုက်သည့်အခါ စူးစူးစိုက်စိုက် လေ့လာရှုမြင်သူတို့၏ ဉာဏ်တွင် ထိုပရမတ်တရား၏ သဘောလက္ခဏာဖြစ်စေ၊ ကိစ္စဖြစ်စေ၊ အကြောင်းတရားဖြစ်စေ၊ အကျိုးတရားဖြစ်စေ ထင်လာတတ်သည်။ ယင်းသို့ထင်မြင်လာသော ပရမတ်တရား၏ သဘောလက္ခဏာစသော အခြင်းအရာသည်ပင် ဥပဋ္ဌာနာကာရ-ပစ္စုပဋ္ဌာန်ဖြစ်သည်။ ဥပမာ - တစ်စုံတစ်ယောက်သောသူကို သူ၏ ဟန်ပန် အမူအရာတို့ကိုကြည့်၍ အကဲခတ်သည့်အခါ အကဲခတ်သူဉာဏ်တွင် ထိုသူ၏ စိတ်နေသဘောထားတစ်မျိုး ထင်မြင်လာသကဲ့သို့ပင် ဖြစ်ပါသည်။

ပဒဋ္ဌာန်

ပဒဋ္ဌာန် ဆိုသည်မှာ ပရမတ်တရားတို့၏ အနီးကပ်ဆုံးသော အကြောင်းတရားဖြစ်သည်။ အကျိုးတရားတစ်ခု ဖြစ်ပေါ်လာမှုတွင် အကြောင်းတစ်ခုသာ ရှိသည်မဟုတ်၊ ဆင့်ကဲဆင့်ကဲ အထောက်အကူပြုနေကြသည့် ကွင်းဆက်အကြောင်းများ အမြောက်အမြားရှိ၏။ ယင်းအကြောင်းများကို နီးသောအကြောင်း၊ ဝေးသောအကြောင်းဟု ကျမ်းဂန်များ၌ နှစ်မျိုးခွဲထား၏။ ယခု ပဒဋ္ဌာန်ဆိုသည်မှာ ထိုနှစ်မျိုးအနက် အကျိုးတရား၏ အနီးကပ်ဆုံးသောအကြောင်းပင်ဖြစ်သည်။
၁။ ပဒဋ္ဌာန် - ပဒ + ဋ္ဌာန။ ပဒ = အကြောင်း + ဋ္ဌာန = အကြောင်း။

စာမျက်နှာ-5


ဥပမာ - ဒေါသဖြစ်စရာ အနိဋ္ဌာရုံတစ်ခုနှင့် တွေ့ကြုံ၍ ဒေါသဖြစ်ပေါ်လာရာ၌ ဒေါသဖြစ်ခြင်း အကြောင်းတရားကို စိစစ်လျှင် (၁) အနိဋ္ဌာရုံ နှင့် (၂) နှလုံးသွင်းမကောင်းမှု (အယောနိသောမနသိကာရ) ဟူသော အကြောင်းနှစ်ခုကို တွေ့၏။ ထိုတွင် အနိဋ္ဌာရုံနှင့် တွေ့ကြုံနေရစေကာမူ နှလုံးသွင်းမကောင်းမှသာ ဒေါသဖြစ်လာနိုင်စရာ ရှိသောကြောင့် နှလုံးသွင်းမကောင်းမှု (အယောနိသော မနသိကာရ) သည်သာ နီးသော အကြောင်း ပဒဋ္ဌာန်ဖြစ်၍ အနိဋ္ဌာရုံမှာ ဝေးသောအကြောင်းမျှသာ ဖြစ်သည်။

၁။ အယောနိသော = နည်းမှန်လမ်းမှန် မဟုတ်သောအားဖြင့် (ဝါ) မသင့်လျော်သောအားဖြင့် + မနသိကာရ = နှလုံးသွင်းခြင်း။

စာမျက်နှာ-6


ဖဿစေတသိက်

ထိပုံ (၃) မျိုး

(က) အာရုံကို တွေ့ထိခြင်းမျှ သဘောသည်လည်းကောင်း၊
(ခ) အာရုံကို တွေ့ထိတတ်သော သဘောသည်လည်းကောင်း၊
(ဂ) မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် နာမ်တရားများအား အာရုံနှင့် ထိအောင် ပြုလုပ်တတ်သော သဘောသည်လည်းကောင်း
ဖဿမည်၏။

အထက်ဖော်ပြပါ ထိပုံ (၃) မျိုးတွင် (က) ၌ ဖော်ပြထားသော “အာရုံကို တွေ့ထိခြင်းမျှ သဘော” သည်သာ ဖဿ၏အမှန်သဘော မုချသဘောဖြစ်သည်။ (ခ) (ဂ) တို့၌ ဖော်ပြထားသော သဘောတို့သည် ဖဿ၏ အမှန်သဘာဝ မုချသဘောများ မဟုတ်ကြချေ၊ အတ္တစွဲလမ်းသူတို့၏ အယူကိုပယ်ဖျက်ဖို့ရာ ပရိယာယ်ဆင် ဥပစာတင်၍ ဖော်ပြထားသော သဘောအဓိပ္ပာယ်များဖြစ်ပါသည်။

ချဲ့ဦးအံ့ - ပရမတ္ထသဘောတရားတို့မည်သည် အမူအရာကြိယာ သက်သက်မျှသာဖြစ်သော တရားမျိုးဖြစ်၏၊ ထိုပရမတ္ထသဘောတရားများ၌ ဒြဗ် သဏ္ဌာန် ကိုယ်ဟန်ပုံပန်းဟူ၍ မရှိကြ၊ ဖြစ်ပေါ်ရန် အကြောင်းတို့ စပ်၍သာ ဖြစ်ကြရကုန်၏၊ မိမိတို့၏ အားစွမ်းသတ္တိဖြင့် ဖြစ်ပေါ်လာနိုင်ကြသည်မဟုတ်ကြကုန်၊ ခဏမျှသာ တည်တံ့နိုင်ကြကုန်၏၊ သူတစ်ပါးအလိုသို့လိုက်နိုင်သော တရားမျိုးမဟုတ်၍ အနတ္တဓမ္မတို့သာ ဖြစ်ကုန်၏၊ ဖဿစေတသိက်သည်လည်း ပရမတ္ထသဘောတရားဖြစ်၍ အာရုံကို တွေ့ထိခြင်း အမူအရာကြိယာသဘောသည်သာ ဖဿ၏အမှန်သဘော၊ မုချသဘောဖြစ်ပါသည်။
၁။ အဘိဓမ္မာဝတာရဋီကာသစ်၊ ပ၊ ၂၉ဝ။

စာမျက်နှာ-7


သို့သော် ပရမတ်အရာတွင် မကျွမ်းကျင်သော ပုထုဇဉ်အချို့က ခန္ဓာကိုယ်တွင်း၌ ထိုထိုအမှုကိုပြုလုပ်စီမံတတ်၍ ကာရက၊ ခံစားတတ်၍ ဝေဒက ခေါ်သော အတ္တသည်ရှိ၏။ အာရုံကို ထိရာ၌ တွေ့ထိခြင်းကြိယာကား ဖဿတည်း၊ ထိုတွေ့ထိခြင်းကြိယာကို ဖြစ်စေတတ်သော (ဝါ) အာရုံကို တွေ့ထိတတ်သော ကတ္တားမှာ အတ္တဖြစ်သည်ဟု စွဲလမ်းမှတ်ထင်ကြလေသည်။ ထိုယူမှားချက်ကို ပယ်ဖျက်ဖို့ရာ ဖဿ၌ ထိတတ်သော ကတ္တားသဘောမရှိသော်လည်း ရှိသကဲ့သို့ ပရိယာယ်ဆင် ဥပစာတင်၍ (ခ) အဓိပ္ပာယ်ကို ပြဆိုထားခြင်း ဖြစ်ပါသည်။

အဓိပ္ပာယ်မှာ - အာရုံကို တွေ့ထိရာ၌ အတ္တက တွေ့ထိသည်မဟုတ်၊ အတ္တဆိုသည်ပင် အထင်အရှား မရှိ၊ ဖဿကသာ တွေ့ထိသည်၊ ဖဿဟူသော သဘောတရားမှတစ်ပါး အခြား တွေ့ထိတတ်သော ကတ္တားမျိုးမရှိဟု ဆိုလိုပါသည်။

အချို့ကလည်း “ဝေဒနာစသော တရားတို့သည် အတ္တကြောင့်သာ အာရုံကိုတွေ့ထိကြရ၏၊ အတ္တသည် တွေ့ထိခြင်းကြိယာကို ပြီးစေနိုင်သော သတ္တိရှိ၏” ဟု စွဲလမ်းကြပြန်၏။ ထိုစွဲလမ်းချက်ကို ပယ်ဖျက်ဖို့ရာ ဖဿ၌ အာရုံကို ထိစေကြောင်း သတ္တိမရှိသော်လည်း ရှိသကဲ့သို့ ဥပစာတင် ပရိယာယ်ဆင်၍ (ဂ) အဓိပ္ပာယ်ကို ပြဆိုထားခြင်း ဖြစ်ပါသည်။

အဓိပ္ပာယ်မှာ - ဖဿနှင့် ဖြစ်ဖော်ဖြစ်ဖက်ဖြစ်ကြသော ဝေဒနာစသည့် နာမ်တရားတို့၏ အာရုံကို ထိစေခြင်း အကြောင်းမှာ အတ္တမဟုတ်၊ အတ္တဟုပင် အထင်အရှားမရှိ၊ ဖဿသည်သာလျှင် ဝေဒနာစသော ဖြစ်ဖော်ဖြစ်ဖက် တရားတို့၏ အာရုံကို တွေ့ထိကြောင်း ဖြစ်သည်ဟု ဆိုလိုပါသည်။

ဤသို့ ပရမတ္ထတရားတိုင်း၌ အဓိပ္ပာယ်သုံးမျိုး ဖွင့်ဆိုရခြင်း အကြောင်းကို အခြား စေတသိက် အဖွင့်များ၌လည်း ဤနည်းအတိုင်း သိရန်ဖြစ်ပါသည်။

စာမျက်နှာ-8


(၁) ဖဿစေတသိက်၏ သဘောလက္ခဏာ

ဖဿသည် အာရုံကို တွေ့ထိခြင်း သဘောလက္ခဏာရှိ၏။

အာရုံကို တွေ့ထိခြင်း ဆိုသည်မှာ အာရုံ၏ ကောင်းသော (ဣဋ္ဌ) အရသာနှင့် မကောင်းသော (အနိဋ္ဌ) အရသာသို့ ဆိုက်ရောက်အောင် ထိထိခိုက်ခိုက် ယူမှုမျိုးဖြစ်သည်။

တွေ့ထိမှု သဘောသည် ရုပ်တရား အချင်းချင်း၌သာ ရှိနိုင်ဖြစ်နိုင်၏၊ နာမ်တရားများ၌ မရှိနိုင်၊ မဖြစ်နိုင်၊ ထိုသို့မဖြစ်နိုင်ပါလျက် ဖဿဟူသော နာမ်တရားသည် အဘယ်သို့ အာရုံကို တွေ့ထိနိုင်ပါသနည်းဟု မေးဖွယ်ရှိ၏။

အဖြေကား - ဖဿက အာရုံကို တွေ့ထိနိုင်သည်ဟုဆိုရာ၌ ရုပ်ဝတ္ထုအချင်းချင်း တွေ့ထိသကဲ့သို့ ကိုယ်ထိလက်ရောက် တိုက်ရိုက် တွေ့ထိခြင်းမျိုး မဟုတ်၊ နာမ်တရားတို့၏ သဘာဝအတိုင်း အာရုံတစ်ခုခု၌ တွေ့ထိသော အခြင်းအရာအားဖြင့် (ဝါ) ဓာတ်ခိုက်သည့် သဘောဖြင့် ဖြစ်ခြင်းမျိုးကို တွေ့ထိသည်ဟု ဆိုပါသည်။ အမှန်အားဖြင့် ရူပါရုံသည် မျက်စိအကြည်ဓာတ်ကို ထိခိုက်ရာ၌ အရာဝတ္ထုချင်း မငြိမကပ် မထိမစပ်မိဘဲ ဓာတ်ခိုက်သည့် သဘောအားဖြင့် ထိခိုက်သကဲ့သို့ ဖဿကလည်း မငြိမကပ် မထိမစပ်ဘဲ စိတ်နှင့်အာရုံနှစ်ပါးစုံကို ဓာတ်ခိုက်သည့်သဘောဖြင့် ထိခိုက်ခြင်းဖြစ်သည်။

ထိုဓာတ်ခိုက်မှုမျိုးသည် အချို့အရာ၌ အလွန်ထင်ရှား၏၊ ဥပမာ - (၁) ချဉ်သီးစားနေသူကို မြင်ရသောသူသည် မိမိကိုယ်တိုင် မစားရသော်လည်း စားရဘိသကဲ့သို့ တံတွေး လျှာရည်ယိုခြင်း၊

၁၊ ၂၊ ၃။ အဋ္ဌသာလိနီ အဋ္ဌကထာ၊ ၁၅၁။ သင်္ဂြိုဟ်မဟာဋီကာသစ်၊ ၉၁။

စာမျက်နှာ-9


(၂) ကြင်နာသနား တတ်သူသည် သူတပါး သတ်ပုတ်ညှဉ်းဆဲခံ နေရသည်ကို မြင်ရသောအခါ မိမိကိုယ်တိုင်မခံရသော်လည်း ခံနေရဘိသကဲ့သို့ ကြက်သီးမွေးညှင်းထခြင်း၊ ခန္ဓာကိုယ် တုန်လှုပ်ခြင်း၊

(၃) ကြောက်လန့်တတ်သူသည် သစ်ပင်ထိပ်ဖျားသို့ ရောက်နေသူကို မြင်ရသည့်အခါ မြေပေါ်မှာ ရပ်နေပါလျက် မိမိကိုယ်တိုင်သစ်ပင်ထိပ်ဖျားသို့ ရောက်နေဘိသကဲ့သို့ ကြောက်ဒူးတုန်ခြင်း၊

(၄) ခွေးစသောသတ္တဝါတို့သည် ခြင်္သေ့ ကျား စသည်တို့ကိုမြင်သည့်အခါ တစ်ရက်မပြေးနိုင်ပဲ ဖင်သီနေသကဲ့သို့ ကြောက်မက်ဖွယ်ရာ အာရုံများနှင့် တွေ့ကြရသည့်အခါ ခြေလက်မသယ်နိုင် မင်သက်မိနေခြင်း စသည်တို့ကဲ့သို့ ဖြစ်သည်။

အထက်ပါ ဥပမာများ အတိုင်း ကိုယ်တိုင်ကိုယ်ကျ တွေ့ရှိရခြင်း မဟုတ်သော်ငြားလည်း ဓာတ်သဘာဝ အလိုက် ထိခိုက်မှုမျိုး ဖြစ်နိုင်သကဲ့သို့ နာမ်ဓာတ်တို့၏ သဘာဝအတိုင်း ထိခိုက်မှု သဘောကိုပင် ဖဿဟု ခေါ်ဆိုခြင်း ဖြစ်သည်။

ဖဿစေတသိက်၌-
(၂) ဖဿ၏ ရသ (၂) မျိုး
(က) ဆောင်ရွက်မှု လုပ်ငန်း ဟူသော ကိစ္စရသ၊
(ခ) အပြည့်အစုံဖြစ်ပေါ်ခြင်း ဟူသော သမ္ပတ္တိရသ၊
နှစ်မျိုးလုံးရှိ၏။
၁။ အဘိဓမ္မာဝတာရဋီကာသစ်၊ ပ၊ ၂၉၁။

စာမျက်နှာ-10


(က) ဖဿ၏ ဆောင်ရွက်မှုကိစ္စရသ

ဖဿ၏ ဆောင်ရွက်မှုလုပ်ငန်း ကိစ္စမှာ စိတ်နှင့်အာရုံကို ထိပေးခြင်း ဖြစ်၏။

စိတ်သည် ဖဿနှင့်ကင်း၍ မိမိအလိုလို အာရုံကို မယူနိုင်ချေ၊ ဖဿက စိတ်ကို အာရုံနှင့်ဆက်စပ်ပေးမှု တွေ့ထိပေးမှုကြောင့်သာ စိတ်သည် အာရုံကို ယူနိုင်၏၊ မြင်သိစိတ်(စက္ခုဝိညာဏ်)ကို အဆင်းအာရုံ(ရူပါရုံ)နှင့် ဆက်စပ်ပေး၏။ပ။ လျက်သိစိတ်(ဇိဝှါဝိညာဏ်)ကို အရသာအာရုံ(ရသာရုံ) နှင့် ဆက်စပ်ပေး၏၊ ထိသိစိတ် (ကာယဝိညာဏ်)ကို အတွေ့အထိအာရုံ (ဖောဋ္ဌဗ္ဗာရုံ) နှင့် ဆက်စပ်ပေး၏၊ ကြံစိတ်(မနောဝိညာဏ်)ကို တရားအာရုံ(ဓမ္မာရုံ) နှင့် ဆက်စပ်ပေး၏၊ ဤသို့ ဖဿစေတသိက်သည် ဝိညာဏ်ခြောက်ပါးကို အာရုံခြောက်ပါးနှင့် ဆက်စပ်ပေးခြင်း လုပ်ငန်းကို ဆောင်ရွက်သည်။

(ခ) ဖဿ၏ အပြည့်အစုံဖြစ်မှုဟူသော သမ္ပတ္တိရသ

ဖဿဖြစ်ပေါ်မှုဟူသည် ဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ တွေ့ဆုံထိခိုက်မှုကြောင့် ဖြစ်၏၊ မျက်စိအကြည်ဓာတ် (စက္ခုပသာဒ) စသောဝတ္ထုရုပ်များနှင့် အဆင်းအာရုံ(ရူပါရုံ)စသောအာရုံတရားတို့ ထိခိုက်မှုကြောင့် ဖဿဟူသော အကျိုးတရား ပေါ်လာခြင်းဖြစ်သည်။

ဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ ဆုံထိခိုက်မှုကြောင့် ဖဿဖြစ်ပေါ်ပုံကို ဆိတ်နှစ်ကောင် ဝှေ့ခတ်သောဥပမာ၊ လင်းကွင်းနှစ်ခုတီးသော ဥပမာ၊ လက်ဝါးနှစ်ဘက်တီးသော ဥပမာတို့ဖြင့် မိလိန္ဒပဉှာပါဠိတော်၌ ရှင်းလင်းဟောကြားထား၏၊ ဆိတ်နှစ်ကောင်ခတ်သော ဥပမာ၌ ဆိတ်တကောင်သည် ရူပါရုံစသောအာရုံတရားနှင့်တူ၍ အခြားဆိတ်တကောင်က မျက်စိအကြည်ဓာတ်စသော ဝတ္ထုရုပ်နှင့်တူ၏။
၁။ အဋ္ဌသာလိနီအဋ္ဌကထာ၊ ၁၅၁။

စာမျက်နှာ-11


ထိုဆိတ်နှစ်ကောင် ထိတွေ့ဝှေ့ခတ်ခြင်းသည် ဖဿဖြစ်ပုံနှင့်တူ၏၊ လင်းကွင်းတီးသော ဥပမာ၊ လက်ဝါးတီးသော ဥပမာတို့၌လည်း တစ်ဘက်သောလင်းကွင်း၊ တစ်ဘက်သောလက်ဝါးတို့သည် အာရုံတရားနှင့်တူ၍ အခြားလင်းကွင်းနှင့် လက်ဝါးတို့သည် ဝတ္ထုရုပ်များနှင့်တူကြ၏၊ လင်းကွင်းနှစ်ခု၊ လက်ဝါးနှစ်ဘက်တို့ တွေ့ဆုံတီးခတ်မိခြင်းသည် ဖဿဖြစ်ပေါ်ခြင်းနှင့်တူ၏ဟု ဖော်ပြထားပါသည်။

(၃) ဖဿစေတသိက်၏ ပစ္စုပဋ္ဌာန်

ဖဿစေတသိက်၏ ပစ္စုပဋ္ဌာန်သည်——
(က) အကျိုး(ဖလ)ပစ္စုပဋ္ဌာန်နှင့်
(ခ) ဉာဏ်တွင် ထင်မြင်လာသော သဘောအချင်းအရာ (ဥပဋ္ဌာနာကာရ)ပစ္စုပဋ္ဌာန်
ဟူ၍ နှစ်မျိုးရှိသည်။

(က) အကျိုး (ဖလ)ပစ္စုပဋ္ဌာန်

ဖဿ၏အကျိုး ပစ္စုပဋ္ဌာန်သည် ဝေဒနာဟူသော အကျိုးတရားဖြစ်၏။ အာရုံကို ထိတွေ့မှုဖဿကြောင့် အာရုံ၏အရသာကို ခံစားမှု(ဝေဒနာ) ဟူသော အကျိုးတရား ပေါ်လာ၏၊ အာရုံတခုခုကို ခံစားရာ၌ ရှေးဦးစွာ ထိုအာရုံနှင့် ထိတွေ့ရန်လိုအပ်ပါသည်၊ တွေ့ထိမှုရှိမှသာ ထိုအာရုံကို ခံစားနိုင်၏၊ ဖဿသည် မိမိနှင့်ပေါင်းဆုံမိသော ရူပါရုံစသော အာရုံခြောက်ပါးတို့၏ ကောင်းသောရသဂုဏ် မကောင်းသော ရသဂုဏ် ပေါ်အောင် ကြိတ်နယ်ထိခိုက်ပေး၏၊ ယင်းသို့ ဖဿ ကြိတ်နယ် ထိခိုက်ပေးမှုကြောင့် ပေါ်လာသည့်အရသာကို ဝေဒနာက ခံစားခြင်း ဖြစ်ပါသည်။
၁။ မိလိန္ဒပဉှာပါဠိတော်၊ ၆၁။
၂။ အဋ္ဌသာလိနီ အဋ္ဌကထာ၊ ၁၅၂။
၃။ ပရမတ္ထသံခိပ်ဋီကာ ဒု၊ ၃၇၄။

စာမျက်နှာ-12


ဖဿသည် ဝေဒနာဟူသောအကျိုးတရားကို ဖြစ်စေရာ၌ စိတ်၌သာ ဖြစ်စေပေသည်၊ ဥပမာ-မီးကျီးခဲ၊ ချိတ်၊ အပူငွေ့တို့နှင့် အလားတူသည်၊ မီးကျီးခဲကား ပြင်ပဝတ္ထုဖြစ်သော အကြောင်းတည်း၊ ထိုမီးကျီးခဲဖြင့် ချိတ်ကို ကင်သောအခါ ချိတ်၌အပူငွေ့ ဖြစ်ပေါ်လာ၏၊ ထိုအပူငွေ့သည် မီးကျီးခဲကြောင့်ဖြစ်ရသော်လည်း မီးကျီးခဲကို နူးညံ့ပျော့ပြောင်းအောင် မပြု၊ မိမိမှီရာ ချိတ်ကိုသာ နူးညံ့ပျော့ပြောင်းအောင် ပြုသကဲ့သို့ ထို့အတူ ဝတ္ထုအာရုံဟူသော ပြင်ပအကြောင်းနှင့် စိတ်ဟူသော အတွင်းအကြောင်း သုံးမျိုးတွင် ဝတ္ထုအာရုံ ကြောင့် ဖြစ်ရသော ဖဿသည် ထိုဝတ္ထုအာရုံတို့၌ ဝေဒနာကို မဖြစ်၊ မိမိမှီရာ စိတ်၌သာ ဝေဒနာကို ဖြစ်စေခြင်း ဖြစ်သည်။

ဤဥပမာ၌ ဝတ္ထုအာရုံတို့သည် မီးကျီးခဲနှင့်တူ၏၊ စိတ်သည် ချိတ်နှင့် တူ၏၊ ဖဿသည် အပူငွေ့နှင့်တူ၏၊ ဖဿကြောင့်ဖြစ်သော ဝေဒနာသည် ချိတ်၏ ပျော့ပြောင်းနူးညံ့ပုံနှင့်တူ၏။

စက္ခုဒွါရ၌ဖြစ်သော ဖဿကြောင့် ဝေဒနာသုံးမျိုး ဖြစ်ပုံ

မျက်စိအကြည်ဓာတ်၊ အဆင်းအာရုံနှင့် မြင်သိဝိညာဏ်ဓာတ်တို့ သုံးပါးပေါင်းဆုံမိသည့်အခါ အာရုံကို ထိခြင်းဆိုသည့် ဖဿသဘော ပေါ်လာပါသည်၊ ဤနေရာ၌ မြင်သိမှု စက္ခုဝိညာဏဓာတ်က အဆင်းမှန်း သဏ္ဌာန်မှန်း၊ ဖြူလျှင်ဖြူမှန်း၊ နီလျှင်နီမှန်းမျှကိုသာ သိသည်၊ ကောင်းသောအရသာ မကောင်းသောအရသာ ပေါ်ထွက်အောင် စက္ခုဝိညာဏ်က မစွမ်းနိုင်၊ အရသာပေါ်လာအောင် အာရုံကို ဖိညှစ်ကြိတ်နယ်မှုကား ဖဿ၏ ကိစ္စဖြစ်သည်၊ ဖဿကြိတ်နယ်ပေးမှုကြောင့် အရသာပေါ်လာသည့်အခါ အာရုံအမျိုးအစားအလိုက် အာရုံ၏အရသာကို ခံစားသည့် ဝေဒနာတရား အစားစား ပေါ်လာရသည်။
၁။ အဋ္ဌသာလိနီအဋ္ဌကထာ၊ ၁၅၂။

စာမျက်နှာ-13


အဆင်းအာရုံက လှလှပပ တင့်တင့်တယ်တယ် ကောင်းသည့်အာရုံ ဖြစ်လျှင် ကောင်းသည်ကို ခံစားသည့် သုခဝေဒနာ ဖြစ်လာသည်။ မြင်တွေ့ရသည့်အဆင်းက ဆိုးသည့်အဆင်းအာရုံ၊ ရွံ့စရာ မုန်းစရာ ကောင်းသည့် အဆင်းအာရုံဖြစ်လျှင် ဆိုးသည်ကို ခံစားသည့် ဒုက္ခဝေဒနာ ဖြစ်လာသည်။

အဆင်းအာရုံက အကောင်းအဆိုး မထင်ရှားသည့် ရိုးရိုးအဆင်း အာရုံဖြစ်လျှင် ခံစားမှုသဘော မထင်ရှားသည့် ဥပေက္ခာဝေဒနာ ဖြစ်လာသည်။

သောတဒွါရ၌ ဖြစ်သော ဖဿကြောင့် ဝေဒနာသုံးမျိုးဖြစ်ပုံ

ထို့အတူ နားအကြည်ဓာတ်၊ အသံအာရုံ၊ ကြားသိမှု သောတဝိညာဏ်တို့ ပေါင်းဆုံမိ၍ ဖဿဖြစ်ပေါ်လာသည့်အခါ၌လည်း ကြားရသည့် အသံအာရုံ၏ အကောင်းအဆိုးကို လိုက်၍ ခံစားမှုဝေဒနာ အကောင်းအဆိုးများ ထိုက်သလို ဖြစ်လာရပေသည်။

သီချင်းသံ၊ တူရိယာသံ၊ သာယာနာပျော်ဖွယ် ကောင်းသည့်အသံ၊ ချိုသာအေးမြသည့်အသံများကို ကြားရသည့်အခါ နားထဲမှာ ခံသာသည့် သုခဝေဒနာဖြစ်သည်။ နားထောင်လို့ကောင်းသည့် သဘော၊ နားဝင်ချိုသည့် သဘောမျိုးပင် ဖြစ်ပါသည်။

စူးရှသည့်အသံ၊ ကြိမ်းမောင်း ဆဲဆိုသံများကို ကြားရသည့်အခါ နားထဲမှာ မခံသာသည့် ဒုက္ခဝေဒနာဖြစ်ပေါ်လာသည်။ နားမခံသာသည့် သဘော၊ အခံရခက်သည့် သဘောမျိုးဖြစ်ပါသည်။

ကောင်းဆိုးနှစ်ပါး မထင်ရှားသည့် ရိုးရိုးအသံများကို ကြားရသည့်အခါ၌ မကောင်းမဆိုး ရိုးရိုးခံစားမှု ဥပေက္ခာဝေဒနာ ဖြစ်ပေါ်လာသည်။ ယင်းဥပေက္ခာဝေဒနာသည် အလွန်သိမ်မွေ့ ငြိမ်သက်သည့်အတွက် ခံစားမှု မထင်ရှားချေ၊ ခံစားသည်ကိုပင် မသိပဲ ဖြစ်တတ်ပေသည်။

စာမျက်နှာ-14


နှာခေါင်းအကြည်ဓာတ် အနံ့အာရုံ ဃာနဝိညာဏ်၊ လျှာအကြည်ဓာတ် ရသာရုံ ဇိဝှာဝိညာဏ်၊ ကိုယ်အကြည်ဓာတ် ဖောဋ္ဌဗ္ဗာရုံ ကာယဝိညာဏ်၊ ထိုသုံးပါးစီ သုံးပါးစီ ဆုံမိသည့်အခါ၌လည်း ဖဿဓာတ်ဖြစ်ပေါ်လာပြီး ယင်းဖဿကြောင့် ခံစားမှုဝေဒနာသုံးမျိုး ဖြစ်ပေါ်ပုံတို့ကိုလည်း အထက်ပါနည်းကိုမှီ၍ သိနိုင်ကြပေသည်။

မနောဒွါရ၌မှီသော ဖဿကြောင့် ဝေဒနာသုံးမျိုးဖြစ်ပုံ

စိတ်နှလုံးနှင့် သဘောအာရုံကို မှီပြီး ကြံသိမှု ဖြစ်တိုင်း ဖြစ်တိုင်းမှာ မနောဒွါရ ခေါ်သည့် စိတ်နှလုံး၊ သဘောအာရုံဆိုသည့် စိတ်ကူးအာရုံနှင့် ကြံသိမှုခေါ်သည့် မနောဝိညာဏ်ဓာတ်တို့ ဆုံမိကြသည်။ ယင်းသုံးပါးတို့ ဆုံမိသည့်အခါ စိတ်ကူးထဲမှာ အာရုံကို တွေ့မှုဖဿ ဖြစ်ပေါ်လာပါသည်။ စိတ်ကူးထဲမှာ အာရုံကို တွေ့လျှင် ထိုအာရုံကို ခံစားသည့်ဝေဒနာများ ထိုက်သလိုဖြစ်ပေါ်လာပါသည်။

ကိုယ်အလိုရှိသည့် အာရုံကောင်းများနှင့်တွေ့လျှင် သုခဝေဒနာဖြစ်လာ၏၊ မှန်၏၊ ရှေးတုန်းက ကောင်းစား ချမ်းသာခဲ့ဖူးသည်များကို ပြန်လည်တွေးတောပြီး စိတ်ထဲမှာချမ်းသာပျော်ရွှင်နေတတ်ပေသည်။ နောင်အခါ ကြီးပွားချမ်းသာမည့် အရေးများကိုလည်း မြော်တွေးကြံတွေးပြီး ဝမ်းသာပျော်ရွှင်နေတတ်ပေသည်။ ယခုလောလောဆယ် ကြီးပွားချမ်းသာနေပုံများကိုလည်း စဉ်းစားကြံပြီး ပျော်ရွှင်ချမ်းသာနေတတ်ပေသည်။ ဤသည်မှာ ကောင်းသော ဖဿအတွေ့ကြောင့် သုခဝေဒနာ ဖြစ်လာပုံ ဖြစ်သည်။

မိမိအလိုမရှိသည့် အနိဋ္ဌာရုံများနှင့် တွေ့လျှင်ကား ဆင်းရဲဒုက္ခဝေဒနာ ဖြစ်လာ၏။ ဒုက္ခဝေဒနာ ဖြစ်ပုံကား ရှေးအခါက ဆင်းရဲခဲ့ရပုံ၊ ဘေးဒုက္ခရောက်ခဲ့ရပုံများကို ပြန်လည်စဉ်းစား တွေးတော၍သော်လည်းကောင်း၊ နောင်အခါ ဆင်းရဲဒုက္ခရောက်ရမှာ ဘေးရန်နှင့်တွေ့ရမှာ အကြပ်အတည်းနှင့် ရင်ဆိုင်ရမှာများကို စဉ်းစားကြံတွေး၍သော်လည်းကောင်း၊

စာမျက်နှာ-15


ယခုလောလောဆယ် ဆင်းရဲနေပုံ ဘေးရန်နှင့် တွေ့နေပုံတို့ကို စဉ်းစား ကြံတွေး၍သော်လည်းကောင်း စိတ်မချမ်းမသာ ဝမ်းနည်းစိတ်ပျက်စွာ ဖြစ်နေတတ်ပေသည်။ ဤသို့ဖြစ်ခြင်းသည် မကောင်းသော ဖဿအတွေ့ကြောင့် ဒုက္ခဝေဒနာဖြစ်ပုံ ဖြစ်ပါသည်။

ဤသို့အာရုံက ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ စိတ်ကူးထဲမှာ အာရုံကောင်းနှင့် တွေ့လျှင် ဝမ်းသာရွှင်ပြသည့် သုခဝေဒနာဖြစ်သည်။ အာရုံဆိုးနှင့် တွေ့လျှင် စိတ်နှလုံး မသာယာသည့် ဒုက္ခဝေဒနာဖြစ်သည်။ သို့ရာတွင် အာရုံက မထင်မရှား မှေးမှေးမှိန်မှိန်ဖြစ်နေလျှင် ဝေဒနာကလည်း နည်းနည်းသာ ဖြစ်သည်။ အာရုံက ပီပီသသ ထင်ထင်ရှားရှားဖြစ်လျှင်ကား ဝေဒနာကလည်း အလွန်အကဲ ဖြစ်လာပေသည်။

မဆိုးမကောင်း သာမန်အာရုံနှင့် တွေ့လျှင်တော့ ဥပေက္ခာဝေဒနာ ဖြစ်လာသည်။ ယင်းဝေဒနာသည် ချမ်းသာမှုလည်းမရှိ၊ ဆင်းရဲမှုလည်း မပါ၊ ခံစားမှုသဘောပင် မထင်ရှားသည့် အလွန်သိမ်မွေ့သော ဝေဒနာမျိုး ဖြစ်ပေသည်။

ဥမ္မာဒန္တီနှင့် သိဝိဘုရင်

ပဏ္ဏာသနိပါတ် ဥမ္မာဒန္တီဇာတ်၌ ဘုရားလောင်း သိဝိဘုရင်ကြီးသည် ဥမ္မာဒန္တီသဌေးသမီးကို မြင်တွေ့ရသည့် ဖဿကြောင့် ရူးနောက်သွားသည်အထိ ဒုက္ခရောက်သွားရပေသည်၊ ဇာတ်လမ်းအကျဉ်းချုပ်မှာ-

သိဝိဘုရင်ကြီးသည် တန်ဆောင်မုန်းလပြည့် တစ်ခုသောနက္ခတ်ပွဲသဘင်နေ့မှာ ဆီမီးရောင်ရှိန် တထိန်ထိန်ထွန်းညှိ အလှဆင်ထားသည့် အရိဋ္ဌပူရ မြို့တော်ကြီးကို လှည့်လည်ရှုစားရန် ထွက်တော်မူလာခဲ့ပေသည်။ ရှေးဦးစွာ စစ်သေနာပတိကြီး အဘိပါရက၏ အိမ်ရှေ့သို့ ရောက်သွား၏၊ ထိုအခါမှာ စစ်သေနာပတိကြီးကတော် ဥမ္မာဒန္တီသဌေးသမီးသည် ကိန္နရီမကလေး သဖွယ် လေသာပြူတင်းပေါက်မှာရပ်လျက် မင်းကြီးအား ပန်းပွင့်ပန်းကုံးတို့ဖြင့် ကြဲချယင်း မိမိရဲ့အလှအပကို ပြသလိုက်၏။

စာမျက်နှာ-16


ယင်းသို့ အလှအပပြခြင်းမှာ အကြောင်း ရှိပေသည်။ ဥမ္မာဒန္တီသဌေး သမီးကလေးအရွယ်ရောက်လာချိန်တွင် ဖခင်သဌေးကြီးက “မိမိမှာဘုရင်နှင့်သာ ထိုက်တန်သည့် သမီးရတနာထွန်းကားခဲ့ပါသည်။ လက္ခဏာတတ် ပုဏ္ဏားတော်ကြီးများကို စေလွှတ်စုံစမ်းပြီး အရှင်မင်းကြီး အလိုရှိတိုင်း စီမံပါ”ဟု သိဝိဘုရင်ကြီးအား လျှောက်ထားခဲ့ဖူးသည်။ ထိုစဉ်အခါက မင်းကြီးသည် သဌေးကြီး လျှောက်တင်သည်အတိုင်း ပုဏ္ဏားတော်ကြီးများကို သွားရောက်စုံစမ်းရန် စေလွှတ်လိုက်သည်။

ပုဏ္ဏားတော်ကြီးများသည် ဥမ္မာဒန္တီကို မြင်ရသည်နှင့်တပြိုင်နက် သတိလွှတ်ကင်းပြီး ဣန္ဒြေ မဆောင်နိုင်ပဲ စားသောက်သည့်နေရာမှာပင် အမှားမှားအယွင်းယွင်း ဖြစ်ခဲ့ကြရသည်၊ ထိုအခါ ဥမ္မာဒန္တီက ကျက်သရေမဲ့တယ်ဆိုပြီး ပုဏ္ဏားတော်ကြီးများကို အိမ်မှ နှင်ထုတ်စေခဲ့သည်။

ဤပြုမူချက်ကြောင့် ပုဏ္ဏားတော်ကြီးများသည် ဥမ္မာဒန္တီအပေါ် ရန်ငြိုးဖွဲ့ကြသည်။ ဘုရင့်ထံသို့ ရောက်ကြသည့်အခါ “ဥမ္မာဒန္တီဟာ ယုတ်မာတဲ့ အမျိုးသမီးဖြစ်ပါတယ်၊ မိဖုရား မဖြစ်ထိုက်ပါဘူး”လို့ လျှောက်တင်ကြ၏။ မင်းကြီးကလည်း ယုံကြည်ပြီး ဥမ္မာဒန္တီကို လျစ်လျူရှုထားခဲ့သည်။ ထိုအကြောင်းကို သိရသည့်အခါ ဥမ္မာဒန္တီက “နေနှင့်ဦးပေါ့၊ ဘုရင်ကြီးကို ဖူးမြော်ခွင့် ရတဲ့တစ်နေ့မှာ ဘုရင်ကြီး ဘယ်လိုဖြစ်မယ်ဆိုတာ သိရပါလိမ့်မယ်” လို့ ဘုရင်ကြီးအပေါ် စိတ်ထဲမကျေမနပ်ဖြစ်နေခဲ့သည်။

ထို့နောက် ဖခင် သဌေးကြီးက သမီးချော ဥမ္မာဒန္တီကို စစ်သေနာပတိကြီး အဘိပါရကထံ ဆက်သလိုက်လေသည်။ ထို့နောက် စစ်သူကြီးကတော် ဖြစ်လာသည့် ဥမ္မာဒန္တီသည် ဘုရင်ကြီး မြို့လှည့်လည်လာသည့်အခါမှာ ဤကဲ့သို့ မိမိ၏ အလှကျက်သရေများကို အစွမ်းကုန် ပြသလိုက်ခြင်း ဖြစ်ပေသည်။

ထိုအခါ သိဝိဘုရင်ကြီးမှာ ဥမ္မာဒန္တီ၏ ရုပ်ဆင်းအင်္ဂါလက္ခဏာများကို မြင်တွေ့လိုက်ရသည်နှင့်တပြိုင်နက် စိတ်ရူးနောက်သွား၏။ မြို့ကိုဆက်လက် မရှုစားနိုင်တော့ပဲ ထိုအိမ်ရှေ့မှပင် နန်းတော်သို့ လှည့်ပြန်လာခဲ့ရသည်။ နန်းတော်သို့ ရောက်သော်လည်း မအိပ်နိုင် မစားနိုင် ဥမ္မာဒန္တီ၏ ရုပ်ဆင်း-

စာမျက်နှာ-17


အင်္ဂါကိုသာ မျက်စိထဲမှာဖျောက်မရပဲ သူရူးပမာ မြည်တမ်းပြောဆိုနေလေသည်၊ သိကြားမင်းကသာ လိုရာဆုကို ပေးမယ် ဖြစ်လဲဖြစ်နိုင်မယ်ဆိုလျှင် “တညနှစ်ညလောက် အဘိပါရက စစ်သူကြီးဖြစ်ပါရစေ၊ ဥမ္မာဒန္တီနဲ့ တညနှစ်ညလောက် ပျော်မွေ့ ပြီးတော့မှ သိဝိမင်းကြီးပြန်ဖြစ်ပါရစေ” ဆုတောင်းမယ်ဟု မဖြစ်နိုင်သည်ကို ယောင်ယမ်းပြောဆိုနေပါသတဲ့။

ဤကဲ့သို့ သိဝိဘုရင်ကြီး ဒုက္ခဝေဒနာခံစားနေရသည်မှာ ဥမ္မာဒန္တီ၏ အဆင်းအာရုံကို သူ့စိတ်ထဲမှာ တွေ့နေတဲ့ ဖဿကြောင့်ပင် ဖြစ်ပါသည်။

(ခ) ဉာဏ်တွင် ထင်မြင်လာသော သဘောအချင်းအရာ (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်

ဖဿသည် (၁) မျက်စိအကြည်ဓာတ်စသော ဝတ္ထုရုပ် (၂) အဆင်းအာရုံ (ရူပါရုံ)စသော ရုပ်တရားများနှင့် (၃) မြင်သိစိတ် (စက္ခုဝိညာဏ်) စသောဝိညာဏ်၊ ထိုသုံးပါးတို့၏ပေါင်းဆုံတိုက်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာသောတရားဟု အဘိဓမ္မာသဘောကို လေ့လာသူတို့၏ဉာဏ်တွင် သဘောပေါက် ထင်မြင်လာသော အချင်းအရာရှိ၏။

ဥပမာ-ကောင်းကင်ပြင်၌ တိမ်တိုက်နှစ်ခုတို့ တွေ့ဆုံတိုက်ခိုက်မိသောအခါ လျှပ်စစ် ဝင်းပြောင်လာသကဲ့သို့ လည်းကောင်း၊ ကျောက်ခဲနှင့် မီးခတ်သံတုံးတို့ တွေ့ဆုံထိခိုက်မိသောအခါ မီးပွားမီးတောက်ပေါ်လာသကဲ့သို့လည်းကောင်း၊ မျက်စိအကြည်ဓာတ်စသော ဝတ္ထုရုပ်များနှင့် အဆင်းအာရုံစသော အာရုံရုပ်တို့ထိခိုက်မိသောအခါ မြင်သိစိတ်စသော အသိစိတ်ဓာတ်(ဝိညာဏ်)ဖြစ်ပေါ်လာပါသည်၊ ထိုဝတ္ထုအာရုံ ဝိညာဏ်သုံးပါး ဆုံမိကြသောအခါမှ ဖဿပေါ်လာပါသည်။
၁။ အဋ္ဌသာလိနီအဋ္ဌကထာ၊ ၁၅၂။

စာမျက်နှာ-18


အဘိဓမ္မာ ရုပ်နာမ်တရားကို စူးစူးစိုက်စိုက် လေ့လာသူသည် ဖဿ၏ သဘောကို ဆင်ခြင်လေ့လာလိုက်သည့်အခါ “ဖဿဆိုသည်မှာ ဝတ္ထု အာရုံ ဝိညာဏ်သုံးပါးတို့ ပေါင်းဆုံမိသောကြောင့် ဖြစ်ပေါ်လာသော တရား”ဟု ဉာဏ်တွင်ထင်မြင်လာခြင်းဖြစ်ပါသည်။

၄။ ဖဿ၏ အနီးကပ်ဆုံး အကြောင်းတရား (ပဒဋ္ဌာန်) ၂-မျိုး

(၁) အာရုံခြောက်ပါး
ဖဿစေတသိက်၏ အနီးကပ်ဆုံး အကြောင်းတရားသည် မျက်စိအကြည်ဓာတ်စသော ဝတ္ထုရုပ်ခြောက်ပါး၌ ရှေးရှုထင်လာသော အာရုံခြောက်ပါးဖြစ်၏။

ဖဿသည် ပစ္စုပဋ္ဌာန်ခန်းတွင်ပြဆိုခဲ့သည့်အတိုင်း ဝတ္ထု အာရုံ ဝိညာဏ် သုံးပါးတို့ ပေါင်းဆုံမိခြင်းကြောင့် ဖြစ်ပေါ်လာသောတရားဖြစ်၏၊ ထိုသုံးပါးတွင် မျက်စိအကြည်ဓာတ်စသော ဝတ္ထုရုပ်များ၌ အဆင်းအာရုံ (ရူပါရုံ)စသောအာရုံများရှေးရှု ထင်လာမှုသည် အရေးအကြီးဆုံး သော အကြောင်းဖြစ်သည်၊ ဝတ္ထုရုပ် အကြည်ဓာတ်များ၌ အာရုံထင်လာလျှင် ထိုအာရုံကို ဆင်ခြင်နှလုံးသွင်းမှု (အာဝဇ္ဇန်း)ရှိပါက မြင်သိစိတ်စသော စိတ်ဝိညာဏ်များ ဧကန် ဖြစ်ပေါ်လာရ၏။ စိတ်ဖြစ်လျှင် ထိုစိတ်နှင့် တပါတည်း ဖဿလည်းဖြစ်လာရသည်။

ဤသို့ ဝတ္ထုအကြည်ဓာတ်များ၌ အာရုံထင်လာလျှင် ဧကန်အမှန် ဖဿဖြစ်တော့ရကား ဖဿဖြစ်ဖို့ရာ အနီးကပ်ဆုံးအကြောင်းမှာ ရှေးရှုထင်လာသော အာရုံပင်ဖြစ်သည်
၁။ အဋ္ဌသာလိနီအဋ္ဌကထာ၊ ၁၅၂။
၂။ ဓမ္မသင်္ဂဏိမူလဋီကာ၊ ၁၊ ၈၆။

စာမျက်နှာ-19


(၂) ဖဿ၏ အနီးဆုံးအကြောင်းတရား အာယတန ၆-ပါး ဟူသော ဖဿစေတသိက်ကို ဖြစ်ပေါ်စေနိုင်သော အနီးကပ်ဆုံး အကြောင်းတရားသည် တနည်းအားဖြင့် “သဠာယတနပစ္စယာ ဖဿော” ပဋိစ္စသမုပ္ပါဒ် ဝိဘင်းပါဠိတော်အရ အာယတန (၆) ပါး ဖြစ်ပါသည်။ အာယတန (၆) ပါးအရ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဟူသော ကိုယ်တွင်းအာယတန (၆) ပါးနှင့် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ သဘောဟူသော ပြင်ပအာယတန (၆) ပါး နှစ်မျိုးလုံးပင် ဖြစ်ပေါ်လာခြင်း၏ အနီးဆုံး အကြောင်းများ ဖြစ်ပါသည်။

မျက်စိအကြည်ဓာတ်ကိုလည်းကောင်း၊ အဆင်းရူပါရုံတို့ကိုလည်းကောင်း စွဲမှီ၍ မြင်သိမှု စက္ခုဝိညာဉ်စိတ် ဖြစ်ပေါ်လာ၏။ မျက်စိ၊ အဆင်း၊ မြင်သိမှု သုံးခုတို့ ပေါင်းဆုံမိခြင်းကြောင့် အာရုံတို့ကို ဓာတ်ခိုက်သကဲ့သို့ တွေ့ထိခြင်းဆိုသည့် ဖဿစေတသိက် ဖြစ်ပေါ်လာသည်ဟု ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတော်မူခဲ့ပါသည်။

မှန်ပါသည်။ မီးခြစ်အိမ်နံဘေး ယမ်းသုတ်ထားသည့် စက္ကူပြားကလေးကို မီးခြစ်ဆံနှင့် ခြစ်လိုက်သည့်အခါ မီးတောက်မီးလျှံ ပေါ်လာသကဲ့သို့ မျက်စိအကြည်ဓာတ် အစရှိသည့် အာယတန (၆) ပါး၌ အဆင်းစသည့် အာရုံ (၆) ပါးတို့ အသီးသီး ထင်လာသည့်အခါ စက္ခုဝိညာဉ်စသော ဝိညာဏဓာတ် (၆) ပါးတို့ ပေါ်လာကြပါသည်။

ယင်းသို့ စက္ခုအကြည်ဓာတ်၌ လူရိပ်စသော အဆင်းအာရုံတို့ ထင်လာ ထိခိုက်လာသည်နှင့် တပြိုင်နက် စက္ခုဝိညာဉ်ခေါ်သော မြင်သိစိတ်သည် ထိုအဆင်းအာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာ၏။ ထိုအခါ ထိုစက္ခုဝိညာဉ်စိတ်နှင့်အတူ အာရုံကို ထိတတ်သည့် စက္ခုသမ္ဖဿခေါ်သော ဖဿစေတသိက်လည်း ဖြစ်ပေါ်လာ၏။
၁။ အဘိ၊ ၂၊ ၁၄၃။ ၂။ သံ၊ ၁၊ ၃၀၀။

စာမျက်နှာ-20


ထို့အတူ နားအကြည်၊ သဒ္ဒါရုံ၊ သောတဝိညာဉ် သုံးပါးပေါင်းဆုံသည်နှင့် တပြိုင်နက် သောတသမ္ဖဿ ဖြစ်ပေါ်လာ၏။ နှာခေါင်းအကြည်၊ ဂန္ဓာရုံ၊ ဃာနဝိညာဉ် သုံးပါးပေါင်းဆုံမိသည်နှင့် တပြိုင်နက် ဃာနသမ္ဖဿ ဖြစ်ပေါ်လာ၏။ လျှာအကြည်၊ ရသာရုံ၊ ဇိဝှာဝိညာဉ် သုံးပါးပေါင်းဆုံမိသည်နှင့် တပြိုင်နက် ဇိဝှာသမ္ဖဿ ဖြစ်ပေါ်လာ၏။ ကိုယ်အကြည်၊ ဖောဋ္ဌဗ္ဗာရုံ၊ ကာယဝိညာဉ် သုံးပါးပေါင်းဆုံမိသည်နှင့် တပြိုင်နက် ကာယသမ္ဖဿ ဖြစ်ပေါ်လာ၏။ ဘဝင်မနော၊ အာရုံခြောက်ပါးနှင့် တပါးပါး၊ မနောဝိညာဉ်ဆိုတဲ့ ဓာတ်သုံးပါး ပေါင်းဆုံမိသည်နှင့် တပြိုင်နက် မနောသမ္ဖဿ ဖြစ်ပေါ်လာ၏။

စက္ခုသမ္ဖဿဆိုသည်မှာ မျက်စိအတွေ့ ဖြစ်သည်။ မျက်စိအတွေ့ဆိုသည်မှာ မျက်စိတွင် ထင်လာထိခိုက်လာသော အဆင်းအသံ၏ ကောင်း၊ မကောင်းသော အရသာကို ကြိတ်၍ယူခြင်း၊ ညှစ်၍ထုတ်ခြင်းတည်း။

မျက်စိအကြည်ဓာတ်သည် မိမိ၌ ထင်လာသည့် အဆင်းကို လက်ခံရုံမျှသာ စွမ်းနိုင်သည်၊ ထိုအဆင်းကို အာရုံမပြုနိုင်။ စက္ခုဝိညာဉ်သည် ထိုအဆင်းကို အာရုံပြုရုံမျှသာ ပြုနိုင်သည်၊ ကောင်းသောရသ၊ မကောင်းသောရသ ပေါ်လာ ထင်လာအောင် ကြိတ်နယ်ခြင်းကို မပြုတတ်။ ဖဿဓာတ်ကသာ အာရုံကောင်းလျှင် ကောင်းသလောက်၊ မကောင်းလျှင် မကောင်းသလောက် ဣဋ္ဌအရသာ၊ အနိဋ္ဌအရသာ အကုန်ထွက်လာအောင် ကြိတ်နယ်ဖိညှစ်၍ ထုတ်နိုင်သည်။

ဥပမာအားဖြင့်ဆိုသော် နှမ်းကို ဆီကြိတ်သည်နှင့် တူ၏။ ဆီကြိတ်ရာတွင် ကြိတ်ဆုံသည် မျက်စိအကြည်ဓာတ်နှင့်တူ၏၊ နှမ်းဆန်သည် ရူပါရုံစသည်နှင့်တူ၏၊ ကြိတ်ဆုံတွင်းသို့ နှမ်းထည့်ပေးသူသည် ဝိညာဉ်နှင့်တူ၏၊ ဆီထွက်အောင် ကြိတ်ဝါးသည်နှင့်တူသော ဖဿ၏အစွမ်းကြောင့် ထွက်လာသော နှမ်းဆီသည် ကောင်းသောအရသာ၊ မကောင်းသောအရသာတို့နှင့်တူ၏။
၁။ အဘိ၊ ဋ္ဌ၊ ၂၊ ၁၆။

စာမျက်နှာ-21


ဤသို့ ဖဿသည် မျက်စိစသော အတွင်းအာယတန ခြောက်ပါး၊ အဆင်းအာရုံစသော အပြင်အာယတန ခြောက်ပါးတို့ကြောင့် ဖြစ်ပေါ်လာရသည်။

ဖဿစေတသိက် အမျိုးမျိုးပြားပုံ

ဖဿ (၆) မျိုး။ ။ ဖဿစေတသိက်သည် အာရုံကို တွေ့ထိခြင်းသဘော လက္ခဏာအားဖြင့် တပါးတည်းဖြစ်သော်လည်း စက္ခုဝိညာဉ်စသော ဝိညာဉ်ဓာတ်များနှင့်အတူ ဖြစ်ရခြင်းကြောင့် စက္ခုဝိညာဉ်စသော ဝိညာဉ်ဓာတ်တို့ကို အစွဲပြု၍ အကျဉ်းအားဖြင့် (၆) ပါး ပြားပါသည်။ ယင်း (၆) ပါးမှာ-
(၁) စက္ခုသမ္ဖဿ = စက္ခုဝိညာဉ်နှင့်အတူဖြစ်သော ဖဿ၊
(၂) သောတသမ္ဖဿ = သောတဝိညာဉ်နှင့်အတူဖြစ်သော ဖဿ၊
(၃) ဃာနသမ္ဖဿ = ဃာနဝိညာဉ်နှင့်အတူဖြစ်သော ဖဿ၊
(၄) ဇိဝှာသမ္ဖဿ = ဇိဝှာဝိညာဉ်နှင့်အတူဖြစ်သော ဖဿ၊
(၅) ကာယသမ္ဖဿ = ကာယဝိညာဉ်နှင့်အတူဖြစ်သော ဖဿ၊
(၆) မနောသမ္ဖဿ = ဒွေးပဉ္စဝိညာဉ်မှတပါး လောကီဝိပါက် (၂၂) ပါးနှင့်အတူဖြစ်သော ဖဿ၊
တို့ဖြစ်ပါသည်။

စက္ခုသမ္ဖဿနှင့် ဘုရားလောင်း ရသေ့ကြီး

စက္ခုသမ္ဖဿ ဆိုသည်မှာ မျက်စိအတွေ့တည်း။ မျက်စိအတွေ့ဆိုသည်ကား မျက်စိတွင် ထင်လာ ထိခိုက်လာသော အဆင်းသဏ္ဌာန်၏ ကောင်း၊ မကောင်းသော အရသာကို ကြိတ်နယ်၍ယူခြင်းတည်း။ တနည်းဆိုရသော် အာရုံ၏အရသာကို ကြိတ်နယ်၍ ထုတ်ပေးခြင်းပင် ဖြစ်သည်။
၁။ အဘိ၊ ၂၊ ၁၄၃။
၂။ ဇာတက၊ ဋ္ဌ၊ ၁၊ ၃၂ဝ။

စာမျက်နှာ-22


ဖဿဖြင့် အာရုံကိုတွေ့၍ ဝေဒနာဖြင့် ခံစားရာ၌ဖြစ်စေ၊ စက်ဆုပ်ရွံရှာရာ၌ဖြစ်စေ၊ ကြောက်လန့်ရာ၌ဖြစ်စေ၊ တဏှာဖြင့် သာယာရာ၌ဖြစ်စေ၊ ဖဿသည် အချုပ်အချာ ပဓာနဖြစ်၏။ ဖဿအားကောင်းလျှင် ဝေဒနာအားကောင်း၏၊ တဏှာအားကောင်း၏။ ဖဿပျော့လျှင် ဝေဒနာပျော့၏၊ တဏှာပျော့၏။

ဥပမာ - အဆင်းသဏ္ဌာန် လှပသည့် အရာဝတ္ထုကို ကြည့်ရှုကြရာ၌ ထိုအရာဝတ္ထုက ဝေးနေခဲ့သော်လည်းကောင်း၊ အလင်းရောင် နည်းခဲ့သော်လည်းကောင်း ဖဿအားပျော့၏။ ထိုအခါ ဝေဒနာနှင့် တဏှာလည်း အားသေးသွား၏။ ထိုအဆင်းအာရုံကို နီးနီးကပ်ကပ် ထင်ထင်လင်းလင်း ကြည့်ရှုရသည့်အခါ၌မူ ဖဿအားကောင်း၍ ခံစားမှုဝေဒနာ၊ သာယာမှု တဏှာတို့လည်း အားကြီးလာပေသည်။

ယောက်ျားတို့၏ စက္ခုသမ္ဖဿခေါ် မျက်စိအတွေ့များအနက် မိန်းမတို့၏ အဆင်းသဏ္ဌာန်နှင့်စပ်သော မျက်စိအတွေ့သည် အပြင်းထန်ဆုံး အားအကောင်းဆုံးဖြစ်သကဲ့သို့ မိန်းမတို့၏ မျက်စိအတွေ့တွင်လည်း ယောက်ျားတို့၏ အဆင်းသဏ္ဌာန်နှင့်စပ်သော မျက်စိအတွေ့သည် အပြင်းထန်ဆုံး အားအကောင်းဆုံး ဖြစ်ပေသည်။ စက္ခုအတွေ့မှ လျှောက်၍ မနောအတွေ့၌ ခိုက်လေသည်။ ရွှင်လန်းရုံမျှ ဝေဒနာခဏတွင် မရပ်မူ၍ ဝေဒနာမှတဆင့် တဏှာအထိ အကြောင်းအကျိုးဆက် ဖြစ်လာ၏။ ထို့ကြောင့် ဗုဒ္ဓရှင်တော်ဘုရားက-

“မိန်းမတို့၏ အဆင်းသဏ္ဌာန်ကဲ့သို့ ယောက်ျားစိတ်ကို သိမ်းကျုံးဆွဲငင်ယူနိုင်သော အဆင်းသဏ္ဌာန်မည်သည်ကို လောကတွင် တခုခုသော အဆင်းသဏ္ဌာန်ကိုမျှ ငါဘုရားမြင်တော်မမူ၊ မိန်းမအဆင်းသည်လည်း ယောက်ျား၏စိတ်ကို သိမ်းကျုံးဆွဲငင်၍ ယူနိုင်၏”

စသည်ဖြင့် အင်္ဂုတ္တိုရ်ပါဠိတော် ရူပါဒိဝဂ်၌ ဟောတော်မူခဲ့ခြင်း ဖြစ်ပေသည်။

စာမျက်နှာ-23


ဤနေရာ၌ သမာပတ်ရှစ်တန်၊ ဈာန်အဘိညာဉ်ရပြီး ပုဂ္ဂိုလ်ကြီးဖြစ်ပါလျက် မိန်းမရုပ်ဆင်းအင်္ဂါကို တွေ့ရသည့် စက္ခုသမ္ဖဿ ဒဏ်ချက်ကြောင့် ဈာန်အဘိညာဉ်များ ကွယ်ပျောက်၍ ဒုက္ခရောက်ရပုံကို အကျဉ်းချုပ် ဖော်ပြပါမည်။

ရှေးအခါက ဘုရားလောင်းသည် ရသေ့ဝတ်၍ ကသိုဏ်းပရိကံကို ပွားများအားထုတ်ခဲ့ရာ သမာပတ်ရှစ်တန် ဈာန်အဘိညာဉ်ကို ရရှိ၍ ဟိမဝန္တာတော၌ပင် ဈာန်ချမ်းသာဖြင့် ချမ်းသာစွာ နေထိုင်လေသတဲ့။ တနေ့တွင် ဆားဓာတ်၊ အချဉ်ဓာတ်များကို မှီဝဲရန် ဗာရာဏသီဘုရင်၏ ဥယျာဉ်တော်သို့ ကောင်းကင်ခရီးဖြင့် ရောက်လာခဲ့လေသည်။ ဘုရင်က ကြည်ညိုသဖြင့် ဥယျာဉ်တော်တွင် သီတင်းသုံးစေကာ နန်းတော်သို့ နေ့တိုင်း ဆွမ်းခံကြွပြီး ဆုံးမဩဝါဒပေးရန် ဖိတ်ကြားထားလေသည်။ ဘုရားလောင်းရသေ့သည် ဘုရင့်ဖိတ်ကြားချက်ကို လက်ခံ၍ သီတင်းသုံးခဲ့ရာ (၁၆) နှစ်အထိပင် ကြာခဲ့လေသည်။

တစ်နေ့တွင် ဘုရင်ကြီးသည် မိဖုရားကြီး မုဒုလက္ခဏအား ရသေ့ကြီးအား ပြုစုရန် မမေ့ဖို့ မှာကြားပြီး သူပုန်ရန်ကို နှိမ်နင်းရန် နယ်စွန်နယ်ဖျားသို့ ကြွသွားလေသည်။ မိဖုရားကြီးသည် ဘုရင်ကြီး မှာကြားခဲ့သည့်အတိုင်း ရသေ့ကြီးအား ဆွမ်းဝတ်မှန်မှန် ပြုခဲ့လေသည်။ တစ်နေ့မှာတော့ မိဖုရားကြီးသည် ဘုရားလောင်းရသေ့ကြီး ဆွမ်းခံဝင် နောက်ကျနေသဖြင့် နံ့သာရေဖြင့် ရေမိုးချိုးပြီး ဖီးလိမ်းပြင်ဆင်ကာ အခင်းငယ်ကလေးတွင် လဲလျောင်းယင်း ရသေ့ကြီးအလာကို စောင့်နေပါသည်။ မကြာမီ နန်းတော်လေသာပြူတင်းမှ ဘုရားလောင်းရသေ့ ကြွလာသည်ကို အသံကြား၍ လဲလျောင်းရာ ကပျာကရာ ထလိုက်ရာ ခါးဝတ်ထမီ လျှောကျသွားသတဲ့။

ရသေ့ကြီးသည် ထိုဝိသဘာဂအာရုံကို ဣန္ဒြေစောင့်စည်းဘဲ ကြည့်လိုက်မိသည့် စက္ခုသမ္ဖဿဒဏ်ချက်ကြောင့် နှစ်ပေါင်းများစွာ ဈာန်သမာဓိ အစွမ်းဖြင့် ပယ်ခွာထားခဲ့သည့် နီဝရဏကိလေသာများ ပြန်ပေါ်လာခဲ့ရာ

စာမျက်နှာ-24


ရရှိထားသည့် ဈာန်အဘိညာဉ်များ ပျောက်ကွယ်သွားရရှာလေသည်။ ခါတိုင်းကဲ့သို့ နန်းတော်တွင် ဆွမ်းမစားနိုင်ရှာတော့ဘဲ ဆွမ်းကိုသပိတ်နှင့် ခံပြီး ကျောင်းအရောက် မြေပြင်ကပင် ခြေလျင်လျှောက်ပြန်လာခဲ့ရသည်။

ကျောင်းပြန်ရောက်တော့လည်း ဆွမ်းမစားနိုင်ရှာဘဲ သပိတ်ကို ခုံအောက်မှာသာ ချပြီး ပျဉ်ချပ်ပုံပေါ်မှာ ခုနစ်ရက်ပတ်လုံး ကိလေသာမီးလောင်ကာ လဲလျောင်းနေရှာသတဲ့။ ဘုရင်ကြီး တိုင်းပြည်သို့ ပြန်လာသောအခါ နန်းတော်သို့ မသွားသေးဘဲ ရသေ့ကြီးကျောင်းသို့ ရှေးဦးစွာ ဝင်ရောက်ဖူးမြော်ကန်တော့၏။ ထိုအခါ ရသေ့ကြီး၏ အတ္ထုပ္ပတ်ကို ကြားသိရတဲ့အတွက် ရသေ့ကြီးကို နန်းတော်သို့ ပင့်ဆောင်သွားခဲ့သည်။ နန်းတော်သို့ ရောက်သည့်အခါ မိဖုရားကြီးကို ရသေ့ကြီးအား သဘောထားကြီးကြီးနဲ့ ပေးလှူလိုက်လေသည်။ နောက်ဆုံးတွင် မိဖုရားကြီး မုဒုလက္ခဏက မိန်းမတို့၏ အလိမ္မာဉာဏ်ဖြင့် ဆုံးမလိုက်သည့်အခါမှ သတိသံဝေဂရပြီး မိဖုရားကြီးကို ဘုရင်ကြီးဘဲ ပြန်အပ်လိုက်သည်။ ထို့နောက် ဟိမဝန္တာသို့ပြန်ပြီး သမထဘာဝနာကို ပြန်လည်အားထုတ်ရာ ဈာန်အဘိညာဉ်များကို ပြန်လည်ရရှိသွားလေသည်။

ဤသို့ စက္ခုသမ္ဖဿဒဏ်ချက်ကြောင့် ဘုရားလောင်း ရသေ့ကြီးမှာ ဒုက္ခဝေဒနာအမျိုးမျိုးကို ခံစားရလေသည်။

သောတသမ္ဖဿနှင့် ပုဏ္ဏကနတ်ဘီလူး

ဝေဿဝဏ် နတ်မင်းကြီး၏ တူဖြစ်သော ပုဏ္ဏက နတ်ဘီလူးသည် ဣရန္ဓတီ နဂါးပျိုမ၏ သီချင်းသံကိုကြားရသည့်အခါ ဖြစ်ပေါ်လာသော သောတသမ္ဖဿခေါ် နားအတွေ့သည် တကိုယ်လုံး ပျံ့နှံ့ပြီး ရိုးတွင်းခြင်ဆီကို ဆိုက်သည်ဟု ဝိဓူရဇာတ်တော်၌ လာရှိသည်။ သီဟိုဠ်ကျွန်း၌ ကြာအိုင်ကြီး တအိုင်တွင် ကြာဖူးချိုးနေသော မိန်းမပျိုလေးတစ်ဦး၏ သီချင်းသံကို ကြားရသဖြင့် ကောင်းကင်ပျံသမဏေမှာ ဖြစ်ပေါ်လာ

စာမျက်နှာ-25


သော နားအတွေ့ကြောင့် အတောင်ကျိုး၍ကျလာသော ငှက်ပမာ ဈာန်ကျိုး၍ မြေသို့ ကျရလေသည်။ ဃာနအတွေ့၊ ဇိဝှာအတွေ့တို့မှာလည်း ဤနည်းကို မှီ၍သိနိုင်ပေသည်။

ကာယသမ္ဖဿနှင့် ဣသိသိင်္ဂရသေ့

ရှေးအခါက ဣသိသိင်္ဂခေါ် ရသေ့လေးတစ်ပါးသည် ဈာန်ကစားလျက် (ဝါ) ဈာန်ချမ်းသာကို ခံစားလျက် ဟိမဝန္တာ၌ နေလေသည်။ ထိုရသေ့ကလေးသည် ကာသိတိုင်း ဘုရားလောင်းပုဏ္ဏား ရသေ့ကြီး၏သားဖြစ်၏။ သမင်ပျိုမတကောင်က ဘုရားလောင်းရသေ့ကြီး၏ ကျင်ငယ်စွန့်ရာ ဌာနရှိ ရသေ့ကြီးသုက်သွေးပေကျံလိမ်းကပ်နေသည့် မြက်များကို စားမိရာမှ ကိုယ်ဝန်ရှိကာ ထိုဣသိသိင်္ဂရသေ့ကလေးကို မွေးဖွားခဲ့ခြင်း ဖြစ်ပေသည်။

ဖခင်ရသေ့ကြီးသည် သားငယ်ကို ကြီးပြင်းအောင် မွေးမြူ၍ အရွယ်ရောက်လာသည့်အခါ “ဣသိသိင်္ဂ” ဟု နာမည်ပေးကာ ရသေ့ပြုပေးထား၏။ ထိုရသေ့ငယ်ကလေးကား ဟိမဝန္တာအရပ်၌ ကြီးပြင်းရ၍ အမျိုးသမီးများကို တခါတရံမျှ မမြင်ဖူး မတွေ့ဖူးပါချေ။ တချိန်က ဖခင်ကြီးခေါ်ဆောင်ပြသဖြင့် အမျိုးသမီးနှင့် ပုံသဏ္ဌာန်တူသည့် ပန်းမျှကိုသာ မြင်ဖူးတွေ့ဖူးပေသည်။ ဖခင်ရသေ့ကြီးက ဟိမဝန္တာမှာရှိသည့် ထိုပန်းများကို ပြသ၍ “လောကမှာ ဤပန်းများနှင့် ပုံသဏ္ဌာန်တူသည့် မိန်းမဆိုတာ ရှိတယ်၊ ထိုမိန်းမများရဲ့ အလိုကိုလိုက်တဲ့သူမှန်သမျှ အားလုံး ပျက်စီးလေ့ရှိကြတယ်၊ အဲဒီမိန်းမများရဲ့ အလိုကို ဘယ်အခါမှ မလိုက်ပါလေနဲ့ ငါ့သား” လို့ ဆုံးမထားခဲ့သည်။

ဖခင်ရသေ့ကြီး ဗြဟ္မာ့ပြည်လားပြီးနောက် ဣသိသိင်္ဂ ရသေ့လေးဟာ သီလအကျင့်ကို ပြင်းထန်စွာ ကျင့်ခဲ့လေသည်၊ ကျင့်သည့်အတွက် ဣန္ဒြေများလည်း အလွန်ရင့်ကျက်တည်ငြိမ်လျက်ရှိပေသည်။ ထိုရသေ့ငယ်၏ သီလတန်ခိုးကြောင့် သိကြားမင်း၏ ဘုံဗိမာန်တုန်လှုပ်လေသည်။ သိကြားမင်းက ဆင်ခြင်ကြည့်သည့်အခါ ရသေ့ကလေးကို တွေ့သည်။ “ဤရသေ့ငယ်သည် ငါ၏သိကြားမင်း စည်းစိမ်ကို လုယူမည့်ရသေ့ငယ်ဖြစ်သည်။ ထို

စာမျက်နှာ-26


ရသေ့ငယ်၏ သီလကို ဖျက်ဆီးမှတော်ပေမည်” ဟု ကြံစည်ပြီး မိမိ၏ အလုပ်အကျွေး နတ်သမီးများထဲမှ အလမ္ဗုသာ နတ်သမီးကို ရွေးချယ်ခေါ်ယူ၍ ရသေ့ငယ်ကလေး၏ သီလကို ဖျက်ဆီးရန် တာဝန်ပေးလိုက်လေသည်။

အလမ္ဗုသာနတ်သမီးကလေးသည် ဝတ်စားပြင်ဆင် တန်ဆာဆင်ယင်၍ ရသေ့ကလေး၏ ကျောင်းသင်္ခမ်းသို့ ရောက်လာခဲ့လေသည်။ ထိုအချိန်တွင် ရသေ့ကလေးမှာ နံနက်စောစော ရေမိုးချိုးကာ ဈာန်ချမ်းသာဖြင့် နေပြီးနောက် ကျောင်းသင်္ခမ်းမှ ထွက်ကာ မီးဖိုချောင်ကို တံမြက်စီးလှည်းနေခိုက်ဖြစ်သည်။ နတ်သမီးသည် မီးဖိုချောင်အပြင်မှ နတ်အသွင်ဖြင့် မိန်းမရိပ်ကို ပြ၏။ ရသေ့ကလေးမြင်သွား၍ စက္ခုသမ္ဖဿမျက်စိအတွေ့ကြောင့် ကျောင်းတံခါးဝသို့ ထွက်ကြည့်၏။ နတ်သမီးက အတန်ငယ် ဆုတ်ယောင်ပြု၍ မျှား၏၊ ရသေ့ကလေးမှာ တံခါးပြင်ပသို့ အနည်းငယ်ထွက်လာ၏၊ နတ်သမီးလည်း နောက်သို့ ဆုတ်ယောင်ပြုကာ မျှားပြန်၏။ စက္ခုအတွေ့သည် အားရှိလာ၍ ရသေ့ကလေးသည် နတ်သမီးကို လိုက်၍ တားလေသည်။ နတ်သမီးလည်း နောက်ဆုတ်ဟန်ပြုစဉ် ရသေ့ငယ်က အပြေးလှမ်း၍ ဖမ်းသည့်အခါ ရသေ့ငယ်ကို နတ်အတွေ့နှင့် ပွေ့ပိုက်၍ သီလပျက်စေလေသည်။

ထိုခဏမှာ သိကြားမင်းလာ၍ ထိုနေရာ၌ အကာအရံ ဖန်ဆင်းပေးရလေသည်။ ရသေ့ငယ်သည် နတ်သမီး၏ ဖောဋ္ဌဗ္ဗအတွေ့ကြောင့် သုံးနှစ်တိုင်တိုင် သတိမရဘဲ နတ်သမီးအတွေ့နှင့် နေရလေသည်။ နတ်သမီး၏ ဖောဋ္ဌဗ္ဗအတွေ့နှင့်ပင် အာဟာရကိစ္စလည်း ပြီးစီးလေသည်။ သုံးနှစ်ကြာ၍ နတ်သမီး လွှတ်လိုက်သည့်အခါမှ သတိရ၍ ကြည့်ရှုရာ သင်္ခမ်းကျောင်းမှာ တောခြုံပုပ္ပေါင်းများ ဖုံးလွှမ်းနေသည်ကို တွေ့ရလေသည်။ နတ်သမီးသည် မိမိကိုယ်ကို ကွယ်ပြီး ရသေ့ကလေး၏ အမူအရာကို အကဲခတ်နေ၏။ ရသေ့ကလေးသည် မိမိ၌ သီလသိက္ခာ၊ ဈာန်သမာပတ် အကုန်ပျက်စီးသွားပြီ ဖြစ်ကြောင်း သိရ၍ ငိုကြွေးလေတော့သည်။

စာမျက်နှာ-27


ထိုအခါ နတ်သမီးသည် ကိုယ်ထင်ပြ၍ “ရှင်ရသေ့၊ ကျွန်တော်မ ပြုလို၍ ပြုရသည်မဟုတ်ပါ၊ သိကြားမင်း၏ အမိန့်အာဏာနှင့် ပြုရပါသည်၊ ကျွန်တော်မကို သည်းခံတော်မူပါ၊ ရှင်ရသေ့လည်း အားထုတ်မြဲ အားထုတ်တော်မူပါ၊ သီလသိက္ခာ၊ ဈာန်သမာပတ်ကို ရမြဲရပါလိမ့်မည်” ဟု ကန်တော့၍ နတ်ပြည်သို့ ပြန်လေသည်။ သိကြားမင်းလည်း အားရတော်မူ၍ “သင်အလိုရှိရာ အခွင့်ကိုတောင်းတော့” ဟု ဆို၏။ “တခြားအခွင့်ကို အလိုမရှိပါ၊ နောင်ရသေ့သူတော်ကောင်း၊ ရဟန်းသူတော်ကောင်းများကို ဖျက်ဆီးမှုမှ လွတ်ပါရစေ” ဟု ခွင့်တောင်းလေသည်။

မနောသမ္ဖဿ

မနောသမ္ဖဿဆိုသည်မှာ ဘဝင်ခိုက်မှု၊ နှလုံးခိုက်မှု သဘောမျိုးဖြစ်သည်။ တစ်စုံတစ်ယောက်သော သူသည် တပ်နှစ်သက်ဖွယ်ကောင်းသူလေးကို အခါခါမြင်ခဲ့ရဖူး၏။ ထိုသူကလေးနှင့် ရင်းရင်းနှီးနှီး စကားပြောသော်လည်း ပြောခဲ့ဖူး၏။ ကိုယ်အင်္ဂါ ရောယှက်ခြင်းသို့လည်း ရောက်ခဲ့ဖူး၏။

နောက်ညအချိန်တွင် စိတ်ကူးယဉ်စရာ ကောင်းသည့် မှောင်မိုက်သော တိုက်ခန်းထဲတွင် တစ်ယောက်တည်း နေရသည့်အခါ ထိုအတိတ် အာရုံဟောင်းများကို ပြန်လည်စိတ်ကူး အာရုံပြုသော စိတ်ဝိညာဉ်များ ပေါ်လာကြ၏။ ထိုအခါ ဘဝင်ခိုက်မှုဟူသော မနောသမ္ဖဿတို့သည် ထိုအာရုံများနှင့် တွေ့ကြုံရောယှက်စဉ်ကကဲ့သို့ စက္ခုအတွေ့၊ သောတအတွေ့၊ ဃာနအတွေ့၊ ဇိဝှာအတွေ့၊ ကာယအတွေ့ အမျိုးမျိုးတို့ကို တဖန် မနောအတွေ့ဖြင့် တွေ့ဆုံပိုက်ကျုံး၍ အမျိုးမျိုးသော ရုပ်ဓာတ်၊ နာမ်ဓာတ်တို့ကို လှုံ့ဆော်ထကြွ စေကုန်၏။

ဤသည်တို့ကား ဣဋ္ဌဖြစ်သော ဖဿခြောက်ပါးတို့ အာရုံခြောက်ပါး၌ ထိခိုက်ပုံ၊ တွေ့ထိပုံ သဘောများ ဖြစ်ပါသည်။

အနိဋ္ဌဖဿများ

အနိဋ္ဌအရာ၌ အလွန် ရွံရှာဖွယ် စက်ဆုပ်ဖွယ် ကောင်းသော အာရုံများကို မြင်ရသည့်အခါ စက္ခုအတွေ့မှ နှလုံးအတွေ့သို့ စိုက်၍ ပျို့ခြင်း၊ အံခြင်း၊ ကြောက်စရာ၊ ထိတ်-

ပဋိစ္စသမုပ္ပါဒဒီပနီ၊ ၇၇။

စာမျက်နှာ-28


လန့်စရာ အာရုံကိုမြင်ရ၍ စက္ခုအတွေ့မှ နှလုံးအတွေ့သို့ခိုက်၍ အထိတ်တလန့်ဖြစ်ခြင်း၊ လန့်၍ ထိတ်၍ သေဆုံးခြင်းတို့သည် စက္ခု (စက္ခုသမ္ဖဿ) ခိုက်မှုဖြစ်ပေသည်။

ထို့အတူ ကြောက်မက်ဖွယ်ကောင်းသံကို ကြားရ၍ လန့်ခြင်း ထိတ်ခြင်း၊ ခြင်္သေ့သံကိုကြားရ၍ တောသားအပေါင်းတို့ သေဆုံးခြင်း စသည်တို့သည် သောတအတွေ့ (သောတသမ္ဖဿ) ခိုက်မှုပေတည်း။ ကြွင်းသော ဃာနအတွေ့၊ ဇိဝှာအတွေ့၊ ကာယအတွေ့၊ မနောအတွေ့တို့ကိုလည်း ဤနည်းအတိုင်း သိနိုင်ပေသည်။

ဖဿစွမ်းရည်

လောက၌ အဆင်းသဏ္ဌာန်မှာ ကြည့်ရှု၍ ကောင်းသည်၊ မကောင်းသည်ဟု မျက်စိမှာ နှစ်ထွေ ဖြစ်ကြရသည်ကား စက္ခုသမ္ဖဿ၏ အစွမ်းဖြစ်သည်။ အဆင်းသဏ္ဌာန်ကိုမြင်ရ၍ ချစ်ခင်စုံမက်ဖွယ်၊ မုန်းဖွယ်၊ ပြင်းပြဖွယ်ဟု မျက်စိမှာ နှစ်ဆူ ဖြစ်ကြရသည်မှာလည်း စက္ခုသမ္ဖဿ၏ အစွမ်းပေတည်း။ နား၊ နှာ စသည်တို့၌လည်း ဤနည်းအတူပင် ဖြစ်လေသည်။ ဤသည်ကို ရည်၍ -

ခြောက်ပါးဖဿ၊ ဖြန်းဖြန်းထ၍၊ ရသခြောက်မည်၊ အာရုံရည်ကို၊ ကြိတ်နယ်သောအား၊ တွေ့ထိငြားက၊ ဤကားဣဋ္ဌ၊ အနိဋ္ဌနှင့်၊ ဤမျှမကောင်း၊ ဤမျှကောင်းဟု၊ အကြောင်းသွေးဆော်၊ အရေးပေါ်လျက်၊ ခြောက်ဖော်အာရုံ၊ ရသဂုဏ်တို့၊ အကုန်ပေါ်ထွက်၊ ရွှန်းရွှန်းတက်၍၊ မက်ဖွယ်မုန်းဖွယ် အနှုန်းခြယ်သည် ... ခြောက်သွယ်ဖဿ စွမ်းရည်တည်း --
ဟု ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး ရေးသားခဲ့ပေသည်။

၃၂-မျိုး

အထက်ပါဖဿ ၆-မျိုးကား သဠာယတနပစ္စယာ ဖဿောဟူသော ပဋိစ္စသမုပ္ပါဒ် ဝိဘင်းပါဠိတော် -
၁။ အဘိ၊ ဋ္ဌ၊ ၂၊ ၁၆။

စာမျက်နှာ-29


ဘုရားရှင်ဟောတော်မူထားသော ဖဿအမျိုးအစားဖြစ်ပါသည်၊ ဘုရားရှင်သည် ဤဖဿ ၆-မျိုးကို မျိုးတူရာပေါင်း၍ အကျဉ်းနည်းဖြင့် ဟောတော်မူထားခြင်း ဖြစ်သည်၊ အကျယ်အားဖြင့်မူ-

(၁) အဟိတ်ကုသလဝိပါက် စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှာဝိညာဏ်, ကာယဝိညာဏ်တို့နှင့် အတူဖြစ်သော စက္ခုသမ္ဖဿစသည့်ဖဿ ၅-ပါး၊

(၂) အဟိတ်အကုသလဝိပါက် စက္ခုဝိညာဏ်, စသည်တို့နှင့်အတူဖြစ်သော စက္ခုသမ္ဖဿစသော ဖဿ ၅-ပါး၊

(၃) ကျန်လောကီဝိပါက်ဝိညာဏ် ၂၂-ပါးနှင့်အတူ ဖြစ်သောမနောသမ္ဖဿ ၂၂-ပါး- ဟူ၍ ဖဿပေါင်း ၃၂-ပါးဖြစ်သည်။

ဖဿ ၈၉-မျိုး

ဖဿသည် ၃၂-ပါးသာ ရှိသည်မဟုတ်၊ သဗ္ဗစိတ္တသာဓာရဏစေတသိက်ဖြစ်သည့်အတိုင်း စိတ် ၈၉-ပါးလုံးနှင့် အမြဲတမ်း အတူဖြစ်နိုင်သဖြင့် တနည်းအားဖြင့် ဖဿပေါင်း (၈၉)ပါး ရှိပါသည်။

ဖဿ အကြောင်း အခြားသိကောင်းစရာများ

ဖဿကိုအာဟာရခေါ်ပုံ

သတ္တဝါများ ကြာရှည်လေးမြင့် တည်တံ့အောင် (ဝါ)အသက်ရှည်အောင် လွန်စွာ ဆောင်တတ်, လွန်စွာ အားပေးတတ်, လွန်စွာ ကျေးဇူးပြုတတ်သည့် အကြောင်းတရားများကို “အာဟာရ”ဟု ခေါ်ပါသည်။ (အာဟာရ = အကျိုးကိုဆောင်ယူတတ်သော အကြောင်းတရား)။

စာမျက်နှာ-30


ထိုအာဟာရအမည်ရသော တရားများသည် “ကဗဠီ၊ ဖဿ၊ မနောသန္ဓေ၊ ဝိညာဏေ၊ လေးထွေအာဟာရ” ဆိုသည့်အတိုင်း လေးပါးရှိကြောင်း နိဒါနဝဂ္ဂသံယုတ်ပါဠိတော် အာဟာရသုတ်၌ ဘုရားရှင် ဟောတော်မူထားပါသည်။ ထိုလေးပါးမှာ-
(၁) ဩဇာရုပ်ဟူသော ကဗဠီကာရအာဟာရ၊
(၂) ဖဿစေတသိက်ဟူသော ဖဿအာဟာရ၊
(၃) စေတနာစေတသိက်ဟူသော မနောသန္ဓေတနာအာဟာရ၊
(၄) စိတ် ၈၉-ပါး (ဝါ) ပဋိသန္ဓေဝိညာဏ်ဟူသော ဝိညာဏအာဟာရတို့ဖြစ်ပါသည် ။

ထိုလေးမျိုးတွင် ကဗဠီကာရ အာဟာရကို ရုပ်အာဟာရခေါ်၍ ဖဿအာဟာရ, မနောသန္ဓေတနာအာဟာရ, ဝိညာဏအာဟာရတို့ကို နာမ်အာဟာရ (၃)ပါးဟုခေါ်သည်၊ ထိုလေးပါးတို့အကျိုး အသီးသီးဆောင်ပုံမှာ-

ကဗဠီကာရ အာဟာရသည် ဩဇာရုပ်လျှင် ရှစ်ခုမြောက်ဖြစ်သော ဩဇာဋ္ဌမကရုပ်ဟူသော အကျိုးတရားကို ဆောင်သည်၊ ဖြစ်စေသည်။ ဖဿအာဟာရသည် ဝေဒနာသုံးပါးဟူသော အကျိုးတရားကိုဆောင်သည်၊ ဖြစ်စေသည်။

မနောသန္ဓေတနာအာဟာရသည် ဘဝသုံးပါးတို့၌ ပဋိသန္ဓေဝိညာဏ်ဟူသော အကျိုးတရားကို ဆောင်သည်၊ ဖြစ်စေသည်။

ဝိညာဏအာဟာရသည် မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် နာမ်ရုပ်တရားဟူသော အကျိုးတရားများကို ဆောင်သည်၊ ဖြစ်စေသည်။
၁။ သံ၊ ၁၊ ၂၅၃။ သံ၊ ဋ္ဌ၊ ၂၊ ၂၁၊
၂။ ဝိဘာဝိနီဋီကာ၊ ၂၂၄။

စာမျက်နှာ-31


ထိုနာမ်အာဟာရသုံးပါးတွင် ဖဿအာဟာရသည် ငှက်တို့၏နှုတ်သီးနှင့်တူ၏။ ငှက်စသောသတ္တဝါတို့သည်နှုတ်သီးဖြင့် အစာအာဟာရကို ယူ၍ မိမိခန္ဓာကိုယ်ကို မွေးမြူကြရသည်။ နှုတ်သီးမရှိချေသော် အာဟာရကို မရကြသဖြင့် သေဖွယ်ရာ ရှိကြသကဲ့သို့ သတ္တဝါတို့သည်လည်း ဖဿဖြင့်သာလျှင် အာရုံ၏အရသာတို့ကို ယူ၍ ဝေဒနာဟူသော ခံစားမှုအမျိုးမျိုးတို့ကို ဖြစ်ပေါ်စေနိုင်ပေသည်။ ဖဿဖြစ်မှု မရှိခဲ့သော် အာရုံအရသာကို မယူနိုင် မရနိုင်သဖြင့် ခံစားမှုဝေဒနာများလည်း မပေါ်ပေါက်နိုင်ပေ၊ ထိုသို့ ဖဿသည် ဝေဒနာဟူသော အကျိုးတရားကို ဆောင်နိုင် ပေါ်စေနိုင်သောကြောင့် “အာဟာရ”ဟူသောနာမည်ကို ရခြင်းဖြစ်ပါသည်။

သံသရာကျင်လည်ရသော သတ္တဝါတို့၏ဘဝဆက် ရှည်ရာမှာ ဖဿအာဟာရဟူသော အတွေ့သာလျှင် အချုပ်အခြာဖြစ်၏၊ ဖဿမဖြစ်လျှင် ဝေဒနာလည်း မဖြစ်နိုင်။ ဝေဒနာမဖြစ်က တဏှာလည်း မရစ်ဝဲတော့သဖြင့် သံသရာပြတ်စဲဖို့သာရှိ၏။ ယခုမှာကား ရူပါရုံနှင့် စက္ခုပသာဒတို့ ရှုမိရာဝယ် ဖဿဟူသော အတွေ့ဓာတ်ဖြစ်ပေါ်လာသဖြင့် “ဖဿပစ္စယာ ဝေဒနာ”ဟူသည့် အတိုင်း ဣဋ္ဌအနိဋ္ဌအရသာကို ခံစားတတ်သော ဝေဒနာဖြစ်ပေါ်လာသည့်အတွက် တောင့်တမှုတဏှာများတိုးပွားလျက် ထိုအရသာမျိုးရနိုင်ဖို့ အကြောင်း ကောင်းကောင်းဆိုးဆိုး ကံအမျိုးမျိုးကိုပြုကာ သံသရာဝဋ်ကြွေးတက်၍ ဘဝသက်ရှည်ရပြန်သည်။ ထို့ကြောင့် သံသရာတွင် ခန္ဓာအစဉ်ရှည်ဖို့ရာ ဖဿကံက ဆောင်ထားသဖြင့် ဖဿကို အာဟာရနာမည်နှင့် ဟောတော်မူခြင်းဖြစ်ပါသည်။

ဖဿကြောင့် အယူဝါဒ (ဒိဋ္ဌိ) အမျိုးမျိုး

ဤလောက၌ အယူဝါဒ အမျိုးမျိုး ရှိကြပုံ

အကြောင်းနှင့်အကျိုးသည် နှစ်ခုမပြား တခုတည်းသာဖြစ်၏ဟု ခံယူစွဲကိုင်ထားသူများ (ဧကတ္တဝါဒီ) ရှိကြသကဲ့သို့ အကြောင်းနှင့် အကျိုးသည် တစုံတရာ ဆက်စပ်မှုမရှိ၊ တသီးတခြားစီ အဆက်အစပ် မရှိဖြစ်နေကြသည်ဟု အယူဝါဒရှိသူများ (နာနာတ္တဝါဒီ) လည်း ရှိကြသည်။
၁။ သင်္ဂဟမဟာဋီကာ (လယ်တီ) ၃၄၇။
၂။ သင်္ဂြိုဟ်ဘာသာဋီကာ၊ ၅၇၂။

စာမျက်နှာ-32


အချို့က အရာရာကို ထာဝရဘုရားသခင်က ဖန်ဆင်းပေးသည်ဟု အယူရှိကြသည်။ (ဣဿရနိမ္မာနဝါဒီ) အချို့က ခန္ဓာကိုယ်ကြီး ပျက်စီး သေဆုံးသွားသော်လည်း အသက်ဝိညာဏ်ကောင်သည် ပျက်စီးသေဆုံးခြင်းမရှိ၊ အခြားခန္ဓာသစ်တခုသို့ ပြောင်းရွှေ့သွားသည်ဟုယူဆကြသော (သဿတဝါဒီ)၊ အချို့က ဘဝဆိုသည်မှာ မိခင်ဝမ်းဗိုက်မှ သင်္ချိုင်းအထိသာဖြစ်၍ သေလျှင်ပြတ်၏၊ နောက်ဘဝမရှိဟု ယူဆကြသူ (ဥစ္ဆေဒဝါဒီ) များလည်း ရှိကြပေသည်။

ဤသို့ကမ္ဘာတွင် အယူဝါဒအမျိုးမျိုး ပေါ်လာရခြင်းသည် “အရင်းစစ် အမြစ်မြေက” ဆိုသကဲ့သို့ ဖဿဟူသော အကြောင်းရင်းကြောင့် ဖြစ်သည်ဟု သုတ်သီလက္ခန်ပါဠိတော် ဗြဟ္မဇာလသုတ်၌ ဘုရားရှင်ဟောတော်မူထားပါသည်။ မှန်ပါသည် “တိဏ္ဏံ သင်္ဂတိ ဖဿော” ဟူသောဒေသနာတော်အရ ဝတ္ထု အာရုံ ဝိညာဏ် သုံးပါးတို့ ဆုံမိသောအခါ၌ သတ္တဝါများသဏ္ဌာန်၌ ဖဿဓာတ်ပေါ်လာပါသည်။

ထိုဖဿဓာတ်သည် “ဖဿခြောက်မည်၊ သူ့စွမ်းရည်ဖြင့်၊ ... ကြိတ်နယ်သောအား၊ စက်ရှိန်ဝါး၍ ခြောက်ပါးအာရုံ၊ မြေ့မြေ့တုန်လျက်၊ ခြောက်စုံရသ၊ အနိဋ္ဌနှင့်၊ ဣဋ္ဌဟူသည် အရည်မီးမီး၊ ယိုထွက်စီးသော်၊ ဓာတ်သီးခြောက်ဖြာ၊ ဝေဒနာဟု၊ ထွေလာအထူး၊ ထွက်ပေါ်ပြူး၍” လင်္ကာလာသည့် အတိုင်း ကောင်းသော ဣဋ္ဌအရသာ၊ မကောင်းသော အနိဋ္ဌအရသာတို့ကို အရည်မီးမီး ယိုစီးထွက်သကဲ့သို့ ထင်ရှားပေါ်ထွက်အောင် အာရုံကို ဖိညှစ်ကြိတ်နယ်ပေး၏။ ထိုဖဿကြိတ်နယ်မှုကြောင့် အာရုံမှကောင်းသောအရသာ ပေါ်လာသောအခါ ထိုအရသာကို ဝမ်းသာစွာခံစားသည့် သုခဝေဒနာဖြစ်လာ၏၊ မကောင်းသော အရသာပေါ်လာသောအခါ ထိုအရသာကိုမသာမယာညှိုးနွမ်းစွာ ခံစားရသော ဒုက္ခဝေဒနာဖြစ်ပေါ်လာ၏။

စာမျက်နှာ-33


ထိုအခါ ချမ်းသာမှုကို တပ်မက်စွဲလမ်းခြင်း တဏှာ၊ ဆင်းရဲခြင်းမှ လွတ်မြောက်လိုခြင်း တဏှာဖြစ်လာ၏၊ ထိုတဏှာတို့ကို အရင်းခံကာ မိမိချမ်းသာတည်မြဲရေး လက်မလွှတ်ရေးတို့ကို အကူအညီ အကာအကွယ်ပေးမည့် အယူအဆဝါဒတခုကို တွေးတော ကြံစည်ကြတော့သည်။

ကုသိုလ်ကောင်းမှုများစွာ ပြုလုပ်ထားသူသည် မိမိလုပ်ဆောင်ချက်များကို ပျောက်ပျက်မသွားစေလိုပေ၊ ဤကောင်းမှုများကြောင့် အနာဂတ်တွင် ကောင်းကျိုးချမ်းသာကို ခံစားလိုပေသေးသည်၊ ထို့ကြောင့် အနာဂတ်ဘဝရှိခြင်းကို နှစ်သက်သဘောကျ၏၊ အကြောင်းအကျိုး ဆက်စပ်မှုရှိခြင်းကို နှစ်သက်၏။

မကောင်းမှုများစွာကိုသာ ပြုလုပ်လွန်ကျူးထားသူသည် မိမိကျူးလွန်မှုများကြောင့် ဖြစ်ပေါ်လာမည့် အပြစ်ကို မခံယူလိုချေ၊ ထို့ကြောင့် အပြစ်ခံရမည့် နောက်ဘဝတခုရှိမှုကို မလိုလားပေ၊ အကြောင်းအကျိုး ဆက်စပ်မှုကို မလိုလားချေ။

သို့ဖြစ်၍ မိမိပြုခဲ့သော ကောင်းမှု၏ အကျိုးကို ခံစားလို၍ အနာဂတ်ဘဝရှိ၏ဟူသော အယူဝါဒ (သဿတဝါဒ)၊ မိမိပြုခဲ့သော မကောင်းမှု၏ အကျိုးကို မခံစားလို၍ အနာဂတ်ဘဝမရှိဟူသော အယူဝါဒ (ဥစ္ဆေဒဝါဒ) များကို တီထွင်ကြံဆကြ၏၊ လက်ခံယုံကြည်ကြ၏၊ ဤသို့အယူဝါဒမှန်သမျှသည် မိမိတွေ့ကြုံရမှု (ဖဿ) ကို အကြောင်းပြု၍ ပေါ်လာရခြင်းဖြစ်သည်။

ဤသို့လျှင် ပဋိစ္စသမုပ္ပါဒ်နည်းအတိုင်း အာရုံ၏ထိခိုက်တွေ့ထိမှုဖဿကြောင့် ခံစားမှုဝေဒနာဖြစ်လာ၏၊ ထိုဝေဒနာကြောင့် တဏှာဖြစ်ပေါ်လာ၏၊ ထိုတဏှာကြောင့် ဒိဋ္ဌိ (ဥပါဒါန်) ဟူသော အယူဝါဒများ ဖြစ်ပေါ်လာရပေသည်။ အမှန်ဆိုရသော် ဖဿကြောင့် ပေါ်လာသော ဝေဒနာကို ငမ်းငမ်းတက် စုံမက်တွယ်တာသော တဏှာ၏ ပြင်းစွာ မွတ်သိပ်

စာမျက်နှာ-34


သော ဆာလောင်မှုကြောင့် ဒိဋ္ဌိလှိုင်းဂယက်ထ၍ တုန်လှုပ်ခြင်းသာ ဖြစ်ပေသည်၊ ထို့ကြောင့် ဖဿသည် ဒိဋ္ဌိ (ခေါ်) အယူဝါဒအမျိုးမျိုးပေါ်လာခြင်း၏ မူလအကြောင်းရင်း ဖြစ်လေသည်။

ဘေးဒုက္ခအပေါင်း၏အကြောင်းရင်း ဖဿ

သတ္တဝါတို့သည် ချမ်းသာ ခံစားမှုကို အလွန် စုံမက်ကြ၏၊ ချမ်းသာခံစားရေးအတွက် ချမ်းသာမှုပေးနိုင်မည့် အာရုံကို တွေ့ထိရန် အမြဲ ကြိုးပမ်းနေကြ၏။

လှပသော အဆင်းကို မြင်ရလျှင် ချမ်းသာမှု ဖြစ်ပေါ်၏၊ ထို့ကြောင့် လှပသော အဆင်းကို မြင်တွေ့မှု (စက္ခုသမ္ဖဿ) အတွက် ထိုအဆင်း ရူပါရုံ ရှိရာသို့ သွားရ၏၊ ထိုအဆင်းရူပါရုံ ရရှိရေးအတွက် ဒုက္ခခံကြရ၏၊ သာယာသော အသံကို ကြားတွေ့မှု (သောတသမ္ဖဿ)၊ မွှေးကြိုင်သောရနံ့ကို နံတွေ့မှု (ဃာနသမ္ဖဿ)၊ လျှာပေါ်၌ မြိန်မြိန်ကလေးတွေ့မှု (ဇိဝှာသမ္ဖဿ)၊ နူးညံ့သောအိပ်ရာ နေရာ အဝတ်အထည် ယောက်ျား မိန်းမ အတွေ့အထိ (ကာယသမ္ဖဿ)၊ စိတ်ကူးယဉ်ကြည်နူးမှု (မနောသမ္ဖဿ) ဤဖဿများ ဖြစ်ပေါ်ရေးအတွက် ကြိုးပမ်းနေစဉ် အဆုံးအပိုင်းအခြား မရှိသော ဒုက္ခများကို ခံစားနေကြရ၏။

မြင်တွေ့မှု၊ ကြားတွေ့မှု၊ နံတွေ့မှု၊ လျက်တွေ့မှု၊ ထိတွေ့မှု၊ စိတ်ကူးတွေ့မှုများ ဖြစ်ပေါ်လာရေးအတွက် ထိုထိုအာရုံများနောက်သို့ တကောက်ကောက် လိုက်နေကြ၏၊ ထိုသို့အာရုံများနှင့် ထိတွေ့နိုင်ရေးအတွက် တရားသဖြင့် ကြိုးပမ်းအားထုတ်၍ မရနိုင်သောအခါ ဖြတ်လမ်းမှ လိုက်၍ ခိုးဝှက်လုယက်၏၊ သူတပါး သားမယား ပြစ်မှား၏၊ ထိုအခါ ခိုးသူကို ပိုင်ရှင်တို့က ဖမ်းဆီးသတ်ဖြတ်ကုန်၏၊ အစိုးရမင်းတို့က အပြစ်ဒဏ်ခတ်၊ နှိပ်စက် ညှဉ်းဆဲကုန်၏၊ သေလွန်သောအခါ၌လည်း အပါယ်လေးပါးသို့ လားရ၏၊ ထို့ကြောင့် ပစ္စုပ္ပန်, တမလွန် နှစ်တန်သော ဘေးဒုက္ခအပေါင်းသည် ဖဿသာလျှင် အကြောင်းရင်းမူလ ရှိ၏။
၁။ ဒီ၊ ၁၊ ၃၈၊ ၄၁။ ဒီ၊ ဋ္ဌ၊ ၁၊ ၁၁၄။ ဒီ၊ ဋီ၊ ၁၊ ၁၈၁။ ဒီ၊ ဋီ၊ သစ်၊ ၄၆၀။

စာမျက်နှာ-35


သာသနာပ ကမ္မဝါဒီပုဂ္ဂိုလ်တို့သည် သတ္တဝါတို့၏ချမ်းသာမှု ဆင်းရဲမှု၏ အကြောင်းရင်းကို အမျိုးမျိုးယူဆလာကြကုန်၏၊ အချို့သော ကမ္မဝါဒီ ပုဂ္ဂိုလ်တို့က သတ္တဝါတို့၏ ချမ်းသာ ဆင်းရဲဖြစ်ခြင်းသည် မိမိကြောင့်သာဖြစ်၏ဟုယူဆကြ၏၊ အချို့က မိမိကြောင့်ဖြစ်သည်မဟုတ်၊ သူတပါးကြောင့်သာဖြစ်၏ဟု ယူဆကြ၏၊ အချို့က မိမိသူတပါးအကြောင်း နှစ်မျိုးကြောင့်ဖြစ်၏ဟု ယူဆကြ၏၊ အချို့ကမူ အကြောင်းတရားကင်း၍ အလိုလို ဖြစ်၏ဟု ယူဆကြ၏။

ဗုဒ္ဓဘုရားရှင်၏အလိုတော်အရကား သတ္တဝါတို့၏ ချမ်းသာဆင်းရဲဖြစ်ရခြင်းမှာ မိမိ သူတပါးစသော အကြောင်းလည်းမဟုတ်၊ အကြောင်းကင်း၍လည်း ဖြစ်သည်မဟုတ်၊ အမှန်မူ ချမ်းသာမှု ဆင်းရဲမှုဟူသော အကျိုးတရားတို့သည် အကြောင်းတရားတို့ကို စွဲမှီ၍ ဖြစ်ပေါ်ကြရ၏၊ ဖဿဟူသော အကြောင်းကြောင့်သာ ချမ်းသာမှု၊ ဆင်းရဲမှုဟူသော ဝေဒနာအမျိုးမျိုးတို့ ဖြစ်ပေါ်လာကြကုန်၏၊ ချမ်းသာမှု ဆင်းရဲမှုတို့၏ အရင်းခံအကြောင်းတရားကား ဖဿသာလျှင် ဖြစ်တော့၏။ ဖဿတွေ့ထိမှု မရှိပဲ ချမ်းသာဆင်းရဲမှုဟူသောမည်သည့်ဝေဒနာမျိုးမျှမဖြစ်ပေါ်နိုင်ချေ။

ဖဿကြောင့်စစ်ပွဲကြီးများဆင်နွှဲကြရခြင်း

ကောင်းမြတ်သော အဆင်း ရူပါရုံစသည်ဖြင့် တွေ့ထိမှု ဖဿဖြစ်သောအခါ သာယာသော ခံစားမှု သုခဝေဒနာဖြစ်၏၊ မကောင်းသော အဆင်းရူပါရုံ စသည်နှင့် တွေ့ထိမှုဖဿ ဖြစ်သောအခါ မသာယာသောခံစားမှု ဒုက္ခဝေဒနာ ဖြစ်ရ၏၊ ထိုသာယာသောခံစားမှု သုခဝေဒနာကို ပြင်းစွာတပ်မက်စွဲလမ်းခြင်း တဏှာဖြစ်ရ၏၊ မသာယာသော ခံစားမှု ဒုက္ခဝေဒနာ ဖြစ်ပေါ်ချိန်၌ ထိုဒုက္ခမှလွတ်မြောက်လိုမှုနှင့် သုခဝေဒနာကို ပြင်းစွာလိုလားတောင့်တမှု တဏှာဖြစ်၏၊ ထိုတပ်မက်စွဲလမ်းမှု တဏှာကြောင့် မိမိနှစ်သက်သော ရူပါရုံစသော အာရုံပစ္စည်းဝတ္ထုကို ရရှိရန် ရှာဖွေမှု (ပရိယေသန) ဖြစ်၏၊ ထိုသို့ရှာဖွေမှုကြောင့် ထိုအာရုံ
၁။ သံ၊ ၁၊ ၂၇၀။

စာမျက်နှာ-36


ပစ္စည်းဝတ္ထုများကိုရခြင်း (ပဋိလာဘ) ဖြစ်၏၊ ထိုရရှိလာသော အာရုံ ပစ္စည်းဝတ္ထု အစုစုတို့ကို ဤပစ္စည်းစုကား ငါ့အတွက်၊ ဤပစ္စည်းစုကား သူတပါးအတွက် ဖြစ်လတ္တံ့၊ ဤမျှသော ပစ္စည်းကို သုံးဆောင်အံ့၊ ဤမျှသော ပစ္စည်းကို သိုမှီးသိမ်းဆည်းထားအံ့စသည်ဖြင့် ကြံစည်ဆုံးဖြတ်မှု (ဝိနိစ္ဆယ) ဖြစ်၏၊ ထိုသို့ ဆုံးဖြတ်ပြီးသောအခါ မိမိသုံးဆောင်ခံစားမည့် ပစ္စည်းဝတ္ထုများကို သိုမှီးသိမ်းဆည်းထားမည့် ပစ္စည်းဝတ္ထုများအပေါ်၌ တွယ်တာတပ်မက်မှု (ဆန္ဒရာဂ) ဖြစ်၏။

ထိုသို့တွယ်တာတပ်မက်အပ်သော ပစ္စည်းဝတ္ထုတို့ကို ငါ့ပစ္စည်း ငါပိုင်ဟု အပြီးအပိုင်သိမ်းပိုက်မှု (ပရိဂ္ဂဟ) ဖြစ်၏။ ထိုသို့ ငါပိုင်သိမ်းပိုက်ပြီးသော ပစ္စည်းတို့ကို အခြားသူတို့နှင့် ဆက်ဆံမည်ကို သည်းမခံနိုင်မှု၊ ဤမျှထူးခြားကောင်းမွန်သော ပစ္စည်းဝတ္ထုတို့ကို မည်သူနှင့်မျှ ဝေခွဲ၍ မသုံးဆောင်လိုမှု၊ ငါတယောက်တည်း သုံးဆောင်မည် စသည်ဖြင့် နှမြောတွန့်တိုမှု ဝန်တိုမှု (မစ္ဆရိယ) ဖြစ်၏။ ထိုသို့ နှမြောတွန့်တိုမှုကြောင့် ဘဏ္ဍာတိုက် သေတ္တာစသည်တို့တွင် ထည့်သွင်းပိတ်ဆို၍ စောင့်ရှောက်မှု (အာရက္ခ) ဖြစ်၏။

ထိုသို့ ပစ္စည်းဥစ္စာများကို ငါပိုင်သိမ်းဆည်းစောင့်ရှောက်ရာတွင် ခိုးသားဓားပြရန် ကာကွယ်ရန် ဒုတ် ဓား စသော သေနတ် စသောလက်နက်စွဲကိုင်မှု၊ မိုက်ရိုင်းစော်ကားသော စကားများကို ပြောဆိုမှု၊ လိမ်လည်မှု၊ ကုန်းတိုက်မှု၊ သူပိုင်ငါပိုင် ငြင်းခုံမှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုများ ခိုက်ရန် ဖြစ်ပွားမှုများ စစ်ပွဲကြီးငယ်များအထိ ဖြစ်ပွားရလေသည်။ ပိုင်ဆိုင်မှုကို ချိုးဖောက်လုယက်သူနှင့် ပိုင်ဆိုင်မှုကို ခုခံကာကွယ်သူတို့၏ရန်ပွဲ နယ်မြေ ကျူးကျော်ရေး စစ်ပွဲများ နယ်မြေပိုင်ဆိုင်မှုအတွက် ခုခံရေးစစ်ပွဲများ ဝါဒစစ်ပွဲများ စသည်ဖြင့် အာရုံကိုထိမှုဖဿအစုကို အရင်းခံပြု၍ အတိုင်းမသိသော ယုတ်မာမှု အကုသိုလ်တရားများ ဖြစ်ပေါ်လာလေတော့သည်။
၁။ (ဒီ၊ ၂၊ ၅၀။ သုတ္တနိ၊ ၄၁၃-၅။ ဒီ၊ ဋ္ဌ၊ ၂၊ ၉၀။ မဟာနိ၊ ၁၉၆-၂၂၀။)

စာမျက်နှာ-37


ဖဿနှင့် ပဋိစ္စသမုပ္ပါဒ်

ဝိဘင်းပါဠိတော် ပဋိစ္စသမုပ္ပါဒ်ဝိဘင်း၌ ပဋိစ္စသမုပ္ပါဒ်ကြောင်းကျိုးဆက်နည်းကို သုတ္တန်နည်း၊ အဘိဓမ္မာနည်း နည်းနှစ်ပါးတို့ဖြင့် ဝေဖန်ဟောကြားတော်မူပါသည်။

သုတ္တန်နည်းဖြင့် ဝေဖန်ဟောကြားရာ၌ “သဠာယတနပစ္စယာ ဖဿော - စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မန” ဟူသော အာယတနခြောက်ပါးကြောင့် စက္ခုသမ္ဖဿ, သောတသမ္ဖဿ, ဃာနသမ္ဖဿ, ဇိဝှာသမ္ဖဿ, ကာယသမ္ဖဿ, မနောသမ္ဖဿ ဟူသော ဖဿခြောက်ပါးတို့ ဖြစ်ပေါ်လာကုန်၏။ “ဖဿပစ္စယာ ဝေဒနာ” ထိုဖဿ ခြောက်ပါးတို့ကြောင့် ဒွါရခြောက်ပါးတို့၌ ဝေဒနာ ခြောက်မျိုးတို့ ဖြစ်ပေါ်လာကုန်၏။

ဤသို့လျှင် ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကြီး လည်ပတ်စေရန် ဖဿသည် အရေးကြီးသော ကွင်းဆက်ကြီးတခု ဖြစ်ပေသည်။ မီးပွတ်ဆုံ၌ ကျည်ပွေ့တပ်၍ ပြင်းစွာဖိနှိပ်မှုကြောင့် မီးနှင့်မီးပွားများ ပေါ်လာသကဲ့သို့ ဝတ္ထုအာရုံ ထိခိုက်မှုကြောင့် ဖဿဖြစ်ပေါ်လာ၏။ မီးပွင့်မီးပွားကြောင့် ပူလောင်မှု ဖြစ်ရသကဲ့သို့ ဖဿကြောင့် ခံစားမှုဝေဒနာ ဖြစ်ပေါ်လာ၏။

အဘိဓမ္မာနည်းအားဖြင့် ဝေဖန်ဟောကြားရာ၌ “နာမ ပစ္စယာ ဖဿော” မနောဝိညာဏဓာတ်ဟူသော နာမ်တရားကြောင့် ဖဿဖြစ်၏။ “သဠာယတန ပစ္စယာ ဖဿော” မနာယတနကြောင့် ဖဿဖြစ်၏။ “ဝေဒနာ ပစ္စယာ ဖဿော” ဝေဒနာကြောင့် ဖဿဖြစ်၏။ “ဖဿ ပစ္စယာ နာမံ” ဖဿကြောင့် မနောဝိညာဏဓာတ်ဖြစ်၏။ “ဖဿ ပစ္စယာ ဆဋ္ဌာယတနံ” ဖဿကြောင့် မနာယတနဖြစ်၏။ “ဖဿ ပစ္စယာ ဝေဒနာ” ဖဿကြောင့် ဝေဒနာဖြစ်၏၊ ဤသို့ အကြောင်းအကျိုး အပြန်အလှန် ဆက်စပ်ဟောကြားတော်မူ၏။
၁။ အဘိ၊ ဋ္ဌ၊ ၂၊ ၁၇၆။
၂။ အဘိ၊ ဝိ၊ ၁၄၈။

စာမျက်နှာ-38


ဤသို့ သုတ္တန်နည်း အဘိဓမ္မာနည်း နှစ်မျိုးကွဲပြားရခြင်းမှာ သုတ္တန်နည်းသည် စိတ္တက္ခဏအားဖြင့် ရှေ့နောက် ကာလကွဲပြားသော တရားတို့ကို အကြောင်းအကျိုး ဆက်စပ်ပြခြင်းဖြစ်၍ အဘိဓမ္မာနည်းမှာမူ စိတ္တက္ခဏတခုအတွင်း၌ အတူဖြစ်ဖက်တရားများကို အနုစိတ်အကြောင်းအကျိုး ဆက်စပ်ပြခြင်းဖြစ်သောကြောင့် နည်းနှစ်ပါးမတူပဲ ကွဲပြားရပါသည်။

အဘိဓမ္မာနည်းအားဖြင့် အနုစိတ် အကြောင်းအကျိုး ဆက်စပ်ပုံကို ပို၍ရှင်းလင်းစေရန် ပဋ္ဌာန်းနည်း ကျေးဇူးပြုပုံကို ပြဦးအံ့။

ဖဿနှင့်ပဋ္ဌာန်း

“သဠာယတန ပစ္စယာ ဖဿော” ၌ ပဋ္ဌာန်းနည်းကြောင်းကျိုး ဆက်စပ်ဟန်ကား စက္ခုပသာဒ ရုပ်သည် စက္ခုဒွါရဖြစ်သော ဖဿအား နိဿယ၊ ပုရေဇာတ၊ ဣန္ဒိယ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတဟူ၍ ပစ္စယသတ္တိ ခြောက်ပါးတို့ဖြင့်ကျေးဇူးပြု၏၊ သောတ, ဃာန, ဇိဝှါ, ကာယပသာဒတို့၌လည်း ဤနည်းတူ သိအပ်၏။ မနာယတနဖြစ်သော လောကီဝိပါက် စိတ်သည် သမ္ပယုတ်ဖြစ်သော မနောသမ္ဖဿအား သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ အာဟာရ၊ ဣန္ဒိယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတဟူ၍ပစ္စယသတ္တိကိုးပါးတို့ဖြင့် ကျေးဇူးပြု၏။

ရူပါရုံသည် စက္ခုသမ္ဖဿအား အာရမ္မဏ၊ ပုရေဇာတ၊ အတ္ထိ၊ အဝိဂတဟူ၍ ပစ္စယသတ္တိလေးပါးတို့ဖြင့် ကျေးဇူးပြု၏။ သဒ္ဒါရုံစသည်၌လည်း ဤနည်းအတူပင် သိအပ်၏၊ ပစ္စုပ္ပန်ဖြစ်သော ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံတို့သည် မနောသမ္ဖဿအား အာရမ္မဏ၊ ပုရေဇာတ၊ အတ္ထိ၊ အဝိဂတ ဟူသော ပစ္စယသတ္တိလေးပါးတို့ဖြင့် ကျေးဇူးပြု၏။ အတိတ် အနာဂတ် ကာလဝိမုတ်ဖြစ်သော အာရုံခြောက်ပါးသည် မနောသမ္ဖဿအား အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
၁။ အဘိ၊ ဋ္ဌ၊ ၂၊ ၁၈။ မူလဋီ၊ ၂၊ ၁၃၃။

စာမျက်နှာ-39


ဖဿပစ္စယာ ဝေဒနာ၌ ပဋ္ဌာန်းပစ္စည်းဖြင့် ကျေးဇူးပြုဟန်ကား- စက္ခုသမ္ဖဿစသော ဖဿငါးပါးသည် မိမိယှဉ်ဖက်ဖြစ်သော ဝေဒနာ ငါးပါးအား သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ အာဟာရ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတဟူ၍ ပစ္စယသတ္တိရှစ်ပါးဖြင့် အသီးသီးကျေးဇူးပြု၏။

စက္ခုသမ္ဖဿစသော ဖဿငါးပါးသည် သမ္ပဋိစ္ဆိုင်း၌ယှဉ်သော ဝေဒနာအား အနန္တရ၊ သမနန္တရ၊ ဥပနိဿယ၊ နတ္ထိ၊ ဝိဂတဟူ၍ ပစ္စယသတ္တိငါးပါးတို့ဖြင့် ကျေးဇူးပြု၏။

စက္ခုသမ္ဖဿစသော ဖဿငါးပါးသည် သန္တီရဏ, တဒါရုံ၌ ယှဉ်သော ဝေဒနာအား ဥပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

မနောဒွါရဝီထိ၌ တဒါရုံ၌ယှဉ်သော မနောသမ္ဖဿသည် ထိုတဒါရုံ၌ယှဉ်သော ဝေဒနာအား သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ အာဟာရ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတဟူသော ပစ္စယသတ္တိရှစ်ပါးတို့ဖြင့် ကျေးဇူးပြု၏။

ပဋိသန္ဓေ ဘဝင် စုတိစိတ်တို့၌ယှဉ်သော မနောသမ္ဖဿသည် မိမိယှဉ်ဖက်ဝေဒနာအား ထိုနည်းအတူ ရှစ်ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

မနောဒွါရာဝဇ္ဇန်း၌ ယှဉ်သော မနောသမ္ဖဿသည် တဒါရုံ၌ယှဉ်သော ဝေဒနာအား ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ ဤကား နည်းရုံမျှ သဲလွန်စပြခြင်းဖြစ်၏။

ဖဿစေတသိက်ကို ရှေးဦးစွာဟောရပုံ

မဟာသံဃိကဂိုဏ်းဝါဒ (သို့မဟုတ်) မဟာအဋ္ဌကထာဝါဒ

အာရုံ၌ စိတ်ပထမဆုံးကျရောက်ခြင်း သဘောကို ဖဿဟုခေါ်၏။ ထို့ပြင် “ဖုဋ္ဌော ဘိက္ခဝေ ဝေဒေတိ၊ ဖုဋ္ဌော ဖုဋ္ဌော စေတေတိ၊ ဖုဋ္ဌော သဉ္ဇာနာတိ” ဖဿဖြင့် တွေ့ထိပြီးသော အာရုံကို ခံစား၏၊ လှုံ့ဆော်၏၊ မှတ်သား၏၊ ဟူသော ပါဠိတော်ကို ကိုးကား၍ အာရုံတခု ရှေးရှုထင်လာရာ၌ ဖဿသည် ရှေးဦးစွာဖြစ်၏။ ဖဿဖြစ်ပြီးမှ ဝေဒနာ၊ သညာစသော သမ္ပယုတ်တရားများ ဖြစ်ကြသည်။
၁။ အဘိ၊ဋ္ဌ၊၂၊၁၆၉။ ၁၇၀။ မူလဋီ၊၂၊၁၁၉။ ၁၂၀။ အနုဋီ၊၂၊၁၃၁၊ ၁၃၂။
၂။ သံ၊၂၊၂၉၁။

စာမျက်နှာ-40


ဤသို့လျှင် ဖဿသည် ယှဉ်ဖက်စေတသိက်တို့ထက် အလျင်စော၍ ပထမဖြစ်သောကြောင့် “တသ္မိံ သမယေ ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ” စသည်ဖြင့် ဓမ္မသင်္ဂဏီပါဠိတော်၌ ဖဿကို ရှေးဦးစွာဟောခြင်းဖြစ်သည်ဟု ဖွင့်ဆိုကြလေသည်။

ထို့ပြင်... နန်းပြာသာဒ်ကြီးတခု၌ တိုင်သာလျှင်ပဓာနဖြစ်၍ ထုပ် လျောက်ဒိုင်း, မြှားတန်းတို့သည် တိုင်ကိုမှီကြရ၍ တိုင်သည် အားကြီးသော အကြောင်းဖြစ်သကဲ့သို့ ထိုနည်းအတူ ဖဿနှင့်ယှဉ်ဖက် စေတသိက်တရားများသည် ဖဿက အာရုံကို ထိပေးမှသာလျှင် မိမိတို့လုပ်ငန်း အသီးသီးကို လုပ်ဆောင်နိုင်ကြသည်။

ထို့ကြောင့် သမ္ပယုတ်တရားအပေါင်းသည် ဖဿကိုမှီကြရ၍ ဖဿသည် ယှဉ်ဖက်စိတ်စေတသိက်တို့၏ အားကြီးသော အကြောင်း (ဗလဝပစ္စယ) ဖြစ်သည်။ ထို့ကြောင့် ဓမ္မသင်္ဂဏီပါဠိတော်၌ ဖဿကို ရှေးဦးပထမဟောခြင်းဖြစ်သည်ဟု ဖွင့်ဆိုကြလေသည်။ ဤဝါဒနှစ်ခုကို အဘိဓမ္မာဝတာရဋီကာသစ်၌ မဟာသံဃိကဝါဒဟုဆို၍ အနုဒီပနီ၌ မဟာအဋ္ဌကထာဝါဒဟု ဆိုလေသည်။

ဤဝါဒကို အဋ္ဌကထာဆရာ ရှင်မဟာဗုဒ္ဓဃောသနှင့် အရှင်ဗုဒ္ဓဒတ္တတို့က မနှစ်သက်သဖြင့် ပယ်ခဲ့ကြသည်။

အဋ္ဌကထာဝါဒ

စိတ်တခုဖြစ်ပေါ်လာရာ၌ ယှဉ်ဖော်ယှဉ်ဖက် စိတ်စေတသိက်တရားအားလုံးသည် တပြိုင်နက်ဖြစ်ပေါ် ချုပ်ပျက်ကြ၏။ ဖဿသည် ရှေးဦးဖြစ်၍ ဝေဒနာသည် နောက်မှဖြစ်သည် စသည်ဖြင့် ရှေ့နောက်ခွဲခြား၍ မရနိုင်ချေ။ ထို့ကြောင့် သမ္ပယုတ်တရားတို့ထက် ရှေးဦးစွာ ဖြစ်သောကြောင့် ဖဿကို ရှေးဦးစွာ ဟောတော်မူသည်ဟု ဆိုခြင်းမှာ ယုတ္တိမရှိချေ။
၁။ အဘိဓမ္မာဝတာရဋီ၊၁၊၂၈၉။
၂။ အနုဒီပနီ၊၈၂။

စာမျက်နှာ-41


ထို့ပြင် ဖဿသည် ဝေဒနာစသော တရားတို့၏ အားကြီးသောအကြောင်းတရား (ဗလဝပစ္စယ) ဖြစ်သည်ဟု ဆိုရန်မှာလည်း အကြောင်းပြချက်အထောက်အထား အခိုင်အမာမရှိချေ။ ထို့ကြောင့် သမ္ပယုတ်တရားအပေါင်း၏ အားကြီးသော အကြောင်းတရား (ဗလဝပစ္စယ) ဖြစ်သောကြောင့် ဖဿကို ရှေးဦးစွာ ဟောတော်မူသည်ဟု ဆိုခြင်းမှာလည်း ယုတ္တိမရှိဟု ပယ်ချခဲ့သည်။

ဖဿကို ရှေးဦးစွာ ဟောရခြင်း၏ အကြောင်းပြချက် တစုံတရာရှာရန် မလိုချေ။ ဟောရိုးဟောစဉ် (ဒေသနာက္ကမ) မျှသာ ဖြစ်သည်။ မြတ်စွာဘုရား၏ တရားတော်များမှာ ကျင့်စဉ်ဖြစ်စဉ် ဒေသနာစဉ် စသည်ဖြင့် အစီအစဉ်ထားနည်း အမျိုးမျိုးရှိသေးသည်။ သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိ၊ ဝိသုဒ္ဓိစသည်ဖြင့် ဝိသုဒ္ဓိ ခုနစ်ပါးသည် အစဉ်အတိုင်း ကျင့်ရသော ကျင့်စဉ် (ပဋိပတ္တိက္ကမ) များဖြစ်ပါသည်။

ဂဗ္ဘသေယျကသတ္တဝါတို့အား ပဋိသန္ဓေအခါ၌ ကလလရေကြည်၊ အမြှုပ်၊ သားတစ်၊ အသားစိုင်စသော သတ္တာဟများသည် ဖြစ်စဉ် (ဥပ္ပတ္တိက္ကမ) များ ဖြစ်ပါသည်။ တသ္မိံ သမယေ ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ၊ သညာ ဟောတိ စသည်တို့သည် ဟောစဉ်များ (ဒေသနာက္ကမ) ဖြစ်ပါသည်။

ဖဿကအလျင်ဖြစ်၍ ဝေဒနာက နောက်မှဖြစ်ခြင်းကြောင့် ဖဿကို ရှေးဦးစွာဟောသည်မဟုတ်ပေ။ တသ္မိံ သမယေ ဝေဒနာ ဟောတိ၊ ဖဿော ဟောတိ၊ သညာ ဟောတိ၊ စေတနာ ဟောတိ စသည်ဖြင့် ဝေဒနာ သညာတို့ကို ရှေးကထား၍ ဟောလိုက ဟောနိုင်ပေသည်။ ဤသို့လျှင် ဒေသနာစဉ်အားဖြင့်သာ ဖဿကို ရှေးဦးစွာ ဟောတော်မူခြင်းဖြစ်၍ ရှေ့နောက်အစီအစဉ်ကို မရှာကြံသင့်ဟု ပယ်မြစ်ခဲ့လေသည်။

ဋီကာဝါဒ

အထက်ပါ ရှင်မဟာဗုဒ္ဓဃောသနှင့် အရှင်ဗုဒ္ဓဒတ္တ အဋ္ဌကထာဆရာကြီးများ၏ အယူအဆကို မနှစ်သက်သဖြင့်-
၁။ အဘိ၊ဋ္ဌ၊၁၊၁၅၀။ အဘိဝတာရ၊ ၂၁။

စာမျက်နှာ-42


ဖဿသည် ဝေဒနာ၏ အားကြီးသောအကြောင်း (ဗလဝပစ္စယ) တရားဖြစ်သည်ဟူသော မဟာအဋ္ဌကထာ အယူဝါဒကို ဋီကာဆရာကြီးများက ထပ်ဆင့်ထောက်ခံ ဖွင့်ပြကြပြန်သည်။

ဖဿအပါအဝင်ဖြစ်သော စိတ်စေတသိက်တရားစုသည် အာရုံနှင့် တွေ့ထိသောအခါ တပြိုင်နက်တည်းဖြစ်ပေါ်ချုပ်ပျက်ကြသည်။ ဖဿကြောင့် ဖြစ်သော ဝေဒနာသည်လည်း တပြိုင်နက်တည်း ဖြစ်ကြပျက်ကြသည်။ သို့ရာတွင် အလင်းရောင်နှင့်ဆီမီးသည် တပြိုင်နက်ဖြစ်ပေါ်ကြသော်လည်း ဆီမီးသည် အလင်းရောင်၏ အကြောင်းထူး တခုဖြစ်သကဲ့သို့ ဖဿသည်လည်း ဝေဒနာ၏အကြောင်းတခု ဖြစ်သောကြောင့် ဖဿသည် ဝေဒနာထက် ရှေးဦးစွာ ဖြစ်သကဲ့သို့ ပြဆိုခြင်း ဖြစ်ပေသည်။

ဝေဒနာသည် စက္ခုစသောရုပ်တို့နှင့် ရံခါကင်း၍ ဖြစ်နိုင်၏။ ဝိတက် လောဘစသော အချို့သောယှဉ်ဖက် စေတသိက်များနှင့် ရံခါကင်း၍ လည်းဖြစ်နိုင်၏။ ဖဿနှင့်ကင်း၍မူကား ဝေဒနာသည် တကြိမ်တခါမျှ မဖြစ်နိုင်ချေ။ ထို့ကြောင့် ဖဿသည် ဝေဒနာ၏ အားကြီးသော အကြောင်း (ဗလဝပစ္စယ) ဟု ဆိုနိုင်သည်၊ ဖဿသည် ဝေဒနာအတွက်သာ အားကြီးသောအကြောင်းတရားမဟုတ်သေး၊ ယှဉ်ဖက်စေတသိက်တရား အားလုံးအတွက် အားကြီးသော အကြောင်းထူးတခု ဖြစ်ပေသည်။

စိတ်စေတသိက်တရားတို့မှာ တွေ့ထိသောအခြင်းအရာ ဖဿသာမရှိပါက အာရုံသည် ထိုစိတ်စေတသိက်တရားတို့အား အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြုနိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ဖဿသည် ယှဉ်ဖော်ယှဉ်ဖက် နာမ်တရားတို့အတွက် အားကြီးသော အကြောင်းထူးတခုဖြစ်ကြောင်း ထင်ရှား၏။ ထို့ကြောင့် ဓမ္မသင်္ဂဏီပါဠိတော်၌ စိတ္တုပ္ပါဒ်ကို ဝေဖန်တော်မူသော မြတ်စွာဘုရားသည် ဖဿကို ပထမဆုံးထုတ်ဖော်ဟောကြားတော်မူသည်။
၁။ မူလဋီ ၁၊၁၆။ ဒီ၊ဋီ၊၁၊၁၇၂။ သီ၊ဋီ၊သစ်၊၁၊၄၆၀။

စာမျက်နှာ-43


အနုဒီပနီဝါဒ

လယ်တီဆရာတော်ဘုရားကြီးသည်လည်း မဟာအဋ္ဌကထာဝါဒကို ထောက်ခံရေးသားတော်မူခဲ့သည်။

အာရုံ၌ စိတ်ပထမဆုံးကျရောက်သောအခြင်းအရာသည် ဖဿစေတသိက်က အာရုံကို တွေ့ထိသည်မည်၏ဟု မဟာအဋ္ဌကထာဆရာ ပြဆိုခြင်းမှာ ဖဿက အခြားသောစေတသိက်တို့ထက် စော၍ ပထမဦးစွာ ဖြစ်ခြင်းကို ဆိုလိုသည်မဟုတ်။ ဖဿစေတသိက် အာရုံကို တွေ့ထိမှုကိစ္စက ပဓာနဖြစ်သောကြောင့် ပထမဖြစ်သည်ဟု ဆိုလိုသည်။

ဥပမာ-မနောပုဗ္ဗင်္ဂမာဟုဆိုရာ၌ စိတ်သည် စေတသိက်တရားတို့၏ ဦးစီးခေါင်းဆောင် ပဓာနဖြစ်မှုကို ရှေ့သွား (ပုဗ္ဗင်္ဂမ) ဟု ဆိုလိုသည်။ စိတ်သည် စေတသိက်တရားတို့ထက် အချိန်ကာလစော၍ ရှေးဦးစွာဖြစ်သည်ကို ရှေ့သွား (ပုဗ္ဗင်္ဂမ) ဟုဆိုလိုသည်မဟုတ်။ ဤနည်းတူ ဝေဒနာ၏ အာရုံအရသာခံစားမှု၊ သညာ၏ မှတ်သားမှုကိစ္စထက် ဖဿ၏ အာရုံကို တွေ့ထိမှုက ပဓာနကျသောကြောင့် ဖဿကို ရှေးဦးစွာ ဟောရခြင်းဖြစ်သည်။

ထို့ပြင် ဖဿ၏ အားကြီးသောအကြောင်း (ဗလဝပစ္စယ) ဖြစ်ရာ၌ “ဝေဒနက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာဟူသော နာမ်ခန္ဓာသုံးပါးတို့ကို အမည်သညာ ထုတ်ဖော်ပညတ်ရန်အကြောင်းတရားကား ဖဿသာလျှင်ဖြစ်၏” ဟု ဟောတော်မူခြင်းကြောင့် ဖဿ၏ အားကြီးသောအကြောင်း (ဗလဝပစ္စယ) ဖြစ်ပုံမှာ သိသာလှပေသည်။ စိတ်သည် အာရုံကိုသိခြင်းသဘောအားဖြင့် အလုံးစုံသောစေတသိက်တို့၏ ရှေ့သွားခေါင်းဆောင်ဖြစ်သကဲ့သို့ ဖဿသည်လည်း အာရုံကို တွေ့ထိခြင်းသဘောအားဖြင့် ကြွင်းသော စေတသိက်တရားတို့၏ ရှေ့သွားဦးစီးခေါင်းဆောင်ဖြစ်သည် စသည်ဖြင့် ဖဿ၏ ရှေ့ဦးစွာဖြစ်ပုံ (ပထမာဘိနိပါတ) နှင့် အားကြီးသောအကြောင်း (ဗလဝပစ္စယ) ဖြစ်ပုံများကို ထောက်ခံထားပေသည်။
၁။ မ၊၃၊ပါ၊၆၇။
၂။ အံ၊၂၊၃၆၃။

စာမျက်နှာ-44


ဖဿကြောင့် သံသရာလည်ပုံ

ဝတ္ထု အာရုံ ဝိညာဏ်သုံးပါးတို့ ပေါင်းဆုံထိခိုက်မှု ဖဿဖြစ်လတ်သော် ခံစားမှုဝေဒနာဖြစ်၏။ ဝေဒနာဖြစ်သည့်အခါ သာယာတပ်မက်မှု တောင့်တမှုတဏှာဖြစ်၏။ ထိုတပ်မက်မှုတဏှာကြောင့် ပြင်းစွာစွဲလမ်းမှု ဥပါဒါန်ဖြစ်၏။ ထိုဥပါဒါန်ကြောင့် ထိုအာရုံများကို တွေ့ထိခံစားနိုင်ရေးအတွက် ကောင်းကောင်းဆိုးဆိုး ကံအမျိုးမျိုးကိုပြု၏။ ထိုကံကြောင့် ဘဝသစ်၌ ဆက်ကာဆက်ကာ ဖြစ်ရပြန်၏။ ထိုကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကြောင်းရင်းကား ဖဿပင်ဖြစ်ပေသည်။

အာရုံကိုတွေ့ထိမှု ဖဿအရင်းခံ၍ သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာတို့ဖြစ်ရ၏။ ထိုတွင် သုခဝေဒနာကို သာယာစွဲလမ်းသောသူအား ရာဂါနုသယဖြစ်၏။ ဒုက္ခဝေဒနာကို ခံစားရသောအခါ စိုးရိမ်ပင်ပန်းရ၏၊ ရင်ဘတ်စည်တီး ငိုကြွေးရ၏၊ ထိုသူအား ပဋိဃာနုသယဖြစ်၏။ ဥပေက္ခာဝေဒနာခံစားရသော အခါ၌ ထိုဥပေက္ခာဝေဒနာ၏ ဖြစ်ကြောင်းကိုလည်းကောင်း၊ လွတ်မြောက်ရာကိုလည်းကောင်း၊ ဟုတ်တိုင်းမှန်ရာမသိ ထိုသူအား အဝိဇ္ဇာနုသယဖြစ်၏။ ရာဂါနုသယ၊ ပဋိဃာနုသယ၊ အဝိဇ္ဇာနုသယတို့ကို မပယ်နိုင်လျှင် ဝဋ်ဆင်းရဲ၌ ရှည်ကြာဦးမည်သာ ဖြစ်ပေသည်။

ဖဿအာဟာရ၌ တပ်မက်မှုတဏှာဖြစ်လျှင် ဝိညာဏ်သည် ထိုဖဿ၌ ထောက်ရာတည်ရာရ၍ စည်ပင်ကြီးပွား၏။ ထိုအခါ (ဝိညာဏပစ္စယာ နာမရူပံ) အရ နာမ်ရုပ် နှစ်ပါးဖြစ်ပေါ်၏။ ထိုနာမ်ရုပ် ၂-ပါး၌ စေတနာ ကံသင်္ခါရတို့တိုးပွားလာ၏။ ကံသင်္ခါရတို့တိုးပွားလျှင် နောက်ဘဝ၌ ပဋိသန္ဓေနေမှု အိုမှု နာမှု သေမှုစသည်တို့ ဖြစ်ပေါ်လာ၏။ ဥပမာအားဖြင့် ပန်းချီဆရာသည် အရုပ်ရေးရန် ဆေးရောင်စုံ ရှိသော်ငြားလည်း နံရံ ပျဉ်ချပ်-
၁။ အနုဒီ၊၈၂။
၂။ မ၊၃၊၃၃၃။

စာမျက်နှာ-45


အဝတ်စသော အောက်ခံကားချပ်ရှိပါမှ အင်္ဂါကြီးငယ် တင့်တယ်ပြည့်စုံသော ယောက်ျားရုပ် မိန်းမရုပ်စသည့်တို့ကို ဖန်ဆင်းရေးခြယ်နိုင်ပေသည်။ ထိုအတူ ဖဿရှိမှ တဏှာဖြစ်မည်၊ တဏှာဖြစ်မှ ဝိညာဏ်နာမ်ရုပ် စသော တရားများ ဆက်လက်ဖြစ်၍ သံသရာစက်လည်တော့သည်။

ဖဿကို ဟုတ်တိုင်းမှန်စွာ မသိသောကြောင့် ဖဿ၌တပ်မက်၏။ တပ်မက်မှုနှင့်ယှဉ်၍ တွေဝေလျက် သာယာမှုကို ရှုမြင်နေသောသူအား နောင်အခါဥပါဒါနက္ခန္ဓာ ငါးပါးတို့သည် ဆည်းပူးစုံဆောင်းမိ၏။ ဘဝသစ်ကိုဖြစ်စေတတ်သော တပ်မက်မှု တဏှာရာဂသည် တိုးပွားလာ၏။ ကိုယ်စိတ်နှစ်ပါး ပူပန်ဆင်းရဲခြင်း တို့သည် တိုးပွားကုန်၏။

ဖဿက အာရုံကိုတွေ့ထိမှု မပြုလျှင် ခံစားမှုဝေဒနာ၊ မှတ်သားမှုသညာ၊ စေ့ဆော်မှုစေတနာ၊ သာယာတပ်မက်မှုတဏှာ အစရှိသော သံသရာရှည်ကြောင်း နာမ်တရားအပေါင်းသည် ဖြစ်ပေါ်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် “နာမ်တရားတို့အစ ဖဿက၊ သံသရာလည်မှု ဖပြု” ဟုဆိုနိုင်ပေသည်။ ထို့ကြောင့် “ဖဿ သမုဒယာ သဗ္ဗေဓမ္မာ” ဟု ဟောတော်မူပေသည်။

ဖဿပြတ်က သံသရာအလည်ရပ်ပုံ

ဖဿချုပ်လျှင် ဝေဒနာချုပ်၏။ ဝေဒနာချုပ်လျှင် တဏှာ, ဥပါဒါန် ချုပ်ငြိမ်း၍ သံသရာဇာတ်သိမ်းပေပြီ။ ထိုတဏှာချုပ်ရာ ဌာနသည်လည်း ချစ်အပ်သော၊ သာယာအပ်သော ဖဿပင် ဖြစ်လေသည်။

ဖဿ၌ တပ်မက်စွဲလမ်းမှု တဏှာရာဂ မရှိသောအခါ ဝိညာဏ်သည် ထောက်တည်ရာမရှိတော့ချေ။ ထိုအခါ နာမ်ရုပ်နှစ်ပါး ဖြစ်ပေါ်ခြင်းမရှိနိုင် စေတနာ ကံသင်္ခါရ တို့သည်လည်း မတိုးပွားတော့ချေ။ ထိုသို့ ကံသင်္ခါရတို့-
၁။ အံ၊၁၊၃၂၅။
၂။ မ၊၃၊၃၃၅။
၃။ အံ၊၃၊၁၅၃။ ၂၄၁။
၄။ အဘိ၊၂၊၁၀၉။

စာမျက်နှာ-46


တိုးပွားခြင်း မရှိလျှင် ဘဝသစ်၌ ဖြစ်ခြင်း၊ နောက်ဘဝ၌ ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း စသည်တို့ မဖြစ်တော့ပါချေ။ ဥပမာဆိုရသော် စုလစ်မွမ်းချွန် အထွဋ်တပ်ထားသော အိမ်၏ အရှေ့ဘက် လေသာပြုတင်းပေါက်ကို ဖွင့်ထားလျှင် အရှေ့မှ နေထွက်လာသောအခါ ပြုတင်းပေါက်မှ ထိုးဖောက်ဝင်ရောက်လာသော နေရောင်ခြည်သည် အနောက်ဖက်နံရံ၌တည်၏။ အကယ်၍ထိုနံရံမရှိမူ ထိုနေရောင်သည်။ မဟာပထဝီမြေကြီး၌ တည်၏။ အကယ်၍ မြေကြီးမရှိမူ ရေ၌တည်၏။ အကယ်၍ရေမရှိမူ ထိုနေရောင်ခြည်သည် တည်ရာမရှိတော့ချေ။ ထို့အတူ ဖဿမဖြစ်လျှင် တပ်မက်မှုရာဂ မရှိ၊ တပ်မက်မှုမရှိလျှင် ဝိညာဏ်, နာမ်ရုပ်, သင်္ခါရ ဘဝသစ်၌ ဖြစ်ပေါ်မှုများ မရှိတော့ချေ။

ထိုသို့ မူလအကြောင်းရင်းဖြစ်သော ဖဿချုပ်ငြိမ်းလျှင် အကျိုးဆက်ဖြစ်သော ဝေဒနာတဏှာစသည်တို့ ချုပ်ငြိမ်းပုံကို ဤဥပမာဖြင့် သိအပ်၏။ ထင်းချောင်းနှစ်ချောင်း ပွတ်တိုက်လျှင် အပူဓာတ် မီးဓာတ် ဖြစ်ပေါ်လာ၏။ ထိုထင်းချောင်းကို တခြားစီထားလျှင် အပူဓာတ် ချုပ်ငြိမ်းသွား၏။ ဤနည်းတူ ဖဿမဖြစ်လျှင် ဝေဒနာစသည်တို့လည်း မဖြစ်တော့ချေ။

ဝေဒနာသည် ဖဿကို စွဲ၍ဖြစ်၏။ ထိုဖဿသည်လည်း အာယတန ၆-ပါး စသောအကြောင်းတရားကို စွဲ၍ဖြစ်သောတရားတည်း။ အကြောင်းတရားတို့သည် ပြုပြင်စီရင်အပ်သော သင်္ခတတရားတည်း။ ထို့ကြောင့် ဖဿသည် မမြဲသောအနိစ္စတရားဖြစ်၏။ အကြောင်း ဖဿမမြဲလျှင် အကျိုးဖြစ်သော ဝေဒနာသည် အဘယ်မှာမြဲအံ့နည်း။ ဤသို့ ဖဿ ဝေဒနာတို့၏မမြဲခြင်း၊
၁။ သံ၊၁၊၃၂၇။
၂။ သံ၊၂၊၄၁၆။

စာမျက်နှာ-47


ပျက်စီးခြင်း၊ ချုပ်ငြိမ်းခြင်း၊ တပ်မက်ဖွယ်မရှိခြင်း၊ စွန့်ပစ်စရာဖြစ်ခြင်းကို ရှုဆင်ခြင်သော ယောဂီပုဂ္ဂိုလ်အား ဖဿဝေဒနာတို့၌ တပ်မက်မှု (ရာဂါနုသယ) မကြေနပ်မှု (ပဋိဃာနုသယ)၊ တွေဝေမှု (အဝိဇ္ဇာနုသယ) တို့ကို ပယ်နိုင်၏။ ထိုပုဂ္ဂိုလ်သည် ဤခန္ဓာကိုယ် ပျက်စီးသေဆုံးသောအခါ ဤဘဝ၌ပင် အလုံးစုံသော ဝေဒနာတို့သည် ချုပ်ငြိမ်းလေပြီ။

ဤသို့လျှင် ဖဿချုပ်ငြိမ်းက ဝဋ်ဒုက္ခကုန်ဆုံး၍ သံသရာဆိတ်သုဉ်းလေတော့သည်။
၁။ သံ၊၂၊၄၁၅။

စာမျက်နှာ-48


ဝေဒနာ စေတသိက်

ဝေဒနာ=ခံစားခြင်း ခံစားပုံ (၃)မျိုး

(က) အာရုံ၏အရသာကို ခံစားတတ်သော သဘောသည်လည်းကောင်း၊
(ခ) မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် နာမ်တရားများအား အာရုံ၏ အရသာကို ခံစားအောင် ပြုလုပ်တတ်သော သဘောသည်လည်းကောင်း၊
(ဂ) အာရုံ၏ အရသာကို ခံစားကာမျှဖြစ်သော သဘောသည် လည်းကောင်း-
ဝေဒနာမည်၏။

(၁) ဝေဒနာစေတသိက်၏ သဘောလက္ခဏာ

ဝေဒနာသည် အာရုံ၏ အရသာကို ခံစားခြင်း သဘောလက္ခဏာရှိ၏။

ခံစားပုံ။ ။ခံစားခြင်းဆိုသည်မှာ... အာရုံနှင့် တွေ့ဆုံရသည့်အခါ အာရုံအလိုက် ကိုယ်စိတ်နှစ်ပါးတို့၌ ခံသာသည့်သဘော၊ မခံသာသည့်သဘောပင် ဖြစ်ပါသည်။ တွေ့ကြုံရသည့်အာရုံက ကောင်းသောအာရုံ (ဣဋ္ဌာရုံ)၊ မကောင်းသောအာရုံ (အနိဋ္ဌာရုံ) အလယ်အလတ် ရိုးရိုး အာရုံ (မဇ္ဈတ္တာရုံ) ဟု သုံးမျိုးရှိသောကြောင့် ထိုခံစားခြင်းသဘောသည်လည်း သုံးမျိုး ရှိပါသည်။
၁။ အဘိ၊ဋ္ဌ၊၁၊၁၅၂။ ဝိသုဒ္ဓိ၊၂၊၉၁။

စာမျက်နှာ-49


ယင်းသုံးမျိုးမှာ-
(၁) အာရုံကောင်းကို ခံစားသည့်သုခဝေဒနာ (သုခချမ်းသာကို+ ဝေဒနာ=ခံစားခြင်း) ၊
(၂) အာရုံဆိုးကို ခံစားသည့် ဒုက္ခဝေဒနာ ( ဒုက္ခ=ဆင်းရဲကို+ဝေ ဒနာ=ခံစားခြင်း) ၊

(၃) မကောင်းမဆိုး အလယ်အလတ် ရိုးရိုးအာရုံကို ခံစားသည့် ဥပေက္ခာဝေဒနာ (ဥပေက္ခာ=မကောင်းမဆိုး ရိုးရိုးအာရုံ ကို ခံစားခြင်း+ဝေဒနာ= ခံစားခြင်း)။ ဟူ၍ ဖြစ်ပါသည်။

တနည်းအားဖြင့် ကိုယ်၌ ခံသာသည့်သဘော, မခံသာသည့်သ ဘော၊ စိတ်၌ခံသာသည့်သဘော, မခံသာသည့်သဘောတို့ကို လိုက်၍ လည်းခံစားခြင်းသည် ငါးမျိုးရှိပါသည်၊ ယင်းငါးမျိုးမှာ--
(၁) ကိုယ်၌ ခံသာသည့်သဘော (သုခ ဝေဒနာ)
(၂) ကိုယ်၌ မခံသာသည့်သဘော (ဒုက္ခ ဝေဒနာ) ၊
(၃) စိတ်၌ ခံသာသည့်သဘော (သောမနဿ ဝေဒနာ)၊
(၄) စိတ်၌ မခံသာသည့် သဘော (ဒေါမနဿ ဝေဒနာ)၊

(၅) ခံသာ မခံသာ မရှိ၊ အလယ်အလတ် ရိုးရိုး အာရုံကို ခံစား သည့်သဘော (ဥပေက္ခာ ဝေဒနာ)၊ တို့ဖြစ်ပါသည်။

သုခဝေဒနာနှင့် သောမနဿဝေဒနာဖြစ်ပုံ

ယင်း ဝေဒနာစေတသိက် သည် ဒွါရခြောက်ပါးလုံး၌ ဖြစ်သော်လည်း ကာယဒွါရ၌ ဖြစ်ပုံမှာ အထူး သိသာထင်ရှားပေသည်၊ ထို့ကြောင့် ကာယဒွါရ၌ ဝေဒနာဖြစ်ပုံကို ရှေးဦးစွာ ပြဆိုပါမည်၊ မည်သူ မဆို ပူအိုက်နေစဉ် ခန္ဓာကိုယ်ကို ရေအေး လေအေးကလေးများနှင့်

စာမျက်နှာ-50


တွေ့ထိလိုက်ရသည့်အခါ၌ဖြစ်စေ၊ အလွန်ချမ်းအေးနေစဉ် မီးလှုံရခြင်း၊ စောင်ခြုံအနွေးထည် ဝတ်ဆင်ရသည့်အခါ၌ဖြစ်စေ၊ ရာသီဥတုသာယာသည့် အခါ၌ဖြစ်စေ၊ နူးညံ့အိစက်သည့်အိပ်ရာ၌ အိပ်စက်ရသည့်အခါ၌ ဖြစ်စေ၊ လေ ရေ မီးရှိန်, ဥတုငွေ့ အိပ်ရာနေရာတို့၏ အတွေ့ဖောဋ္ဌဗ္ဗာရုံသည် ကာယ ပသာဒရုပ်ကို ထိခိုက်၍ မနောဒွါရကိုပါ ထိခိုက်လေသည်။

ထိုအခါ ကာယပသာဒရုပ်အိမ်တွင် ခံသာသည့်သဘောများ ဖြစ်ပေါ် လာသလို မနောဒွါရခေါ်သောနှလုံးအိမ်တွင်လည်း ဝမ်းမြောက်ခြင်း ချမ်း သာခြင်း ကြည်နူးခြင်းဟု ဆိုရသော ခံသာသည့် သဘောများ ဖြစ်ပေါ် လာပေသည်၊ ထိုခံသာသည့် သဘောများကို သုခဝေဒနာဟု ခေါ်သည်၊ တနည်းအားဖြင့် ခန္ဓာကိုယ် (ကာယပသာဒ)၌ ခံသာသည့် သဘောကို သုခဝေဒနာခေါ်၍ နှလုံးအိမ်၌ ခံသာသည့် သဘောကို သောမနဿဝေဒနာဟု ခေါ်ဆိုပါသေးသည်။

ယင်းသုခဝေဒနာများသည် ခြင်ဆီ အရိုးအကြော, အသား, အသွေး အရေတို့လည်းမဟုတ်၊ ထိခိုက်လာသည့် ဖောဋ္ဌဗ္ဗာရုံလည်း မဟုတ်ကြချေ၊ မီးခြစ်အိမ်နှင့် မီးခြစ်ဆံတို့ ထိခိုက်သည့်ကြားမှ ပေါ်လာသည့်မီးတောက် မီးပွားကဲ့သို့ ကာယဒွါရနှင့် ဖောဋ္ဌဗ္ဗာရုံတို့ ထိခိုက်မှုကြောင့် ဖြစ်ပေါ်လာ သော ဝေဒနာစေတသိက် နာမ်တရားပင် ဖြစ်ပါသည်။

ဒုက္ခဝေဒနာနှင့် ဒေါမနဿဝေဒနာဖြစ်ပုံ

မည်သူမဆို မကောင်းသော အတွေ့ရှိသည့် မီး လေ နေပူ သစ် သံ ကျောက်စသော တစုံတခုနှင့်ထိမိ တိုက်ခိုက်မိသည့်အခါ ထိုအရာ ဝတ္ထုတို့၏ အတွေ့ဖောဋ္ဌဗ္ဗာရုံသည် ကာယပသာဒရုပ်များကို ထိခိုက်၍ မနောဒွါရကို တိုက်ခိုက်လေသည်၊ ထိုအခါ ကာယပသာဒရုပ်တွင် နာကျင် ကိုက်ခဲခြင်း ညောင်းညာခြင်းပူလောင်ခြင်း,အေးစိမ့်ပြီး အခံရခက်ခြင်း
၁။ပရမတ္ထစက္ခု၊၁၄၈။

စာမျက်နှာ-51


ယားယံခြင်းစသည့် မခံသာသော သဘောများဖြစ်ပေါ်လာ၍ နှလုံးအိမ်၌ လည်း မနေသာမထိုင်သာခြင်း, စိတ်ဆင်းရဲခြင်း စသော မခံသာသ သဘောများ ဖြစ်ပေါ်လာလေသည်။ ထိုမခံသာသည့် သဘောများကို ဒုက္ခဝေဒနာဟု ခေါ်ပါသည်။

တနည်းအားဖြင် ခန္ဓာကိုယ်(ကာယပသာဒ)၌ ဖြစ်သော မခံသာသည့် သဘောကို ဒုက္ခဝေဒနာဟုခေါ်၍ နှလုံးအိမ် (မနောဒွါရ)၌ ဖြစ်သော မခံသာသည့် သဘောကို ဒေါမနဿဝေဒနာဟု ခေါ်ဆိုပါသေးသည်။ ဤသည်မှာ ပြင်ပ ဖောဋ္ဌဗ္ဗာရုံကြောင့် ဒုက္ခဝေဒနာ ဖြစ်ပုံဖြစ်ပါသည်။

ကိုယ်တွင်း ဖောဋ္ဌဗ္ဗာရုံကြောင့် ဒုက္ခဝေဒနာဖြစ်ပုံကို ဆက်လက် ရှင်းပြ ပါမည်။ ဥတုမညီညွတ်သည့် အတွက်ကြောင့်ဖြစ်စေ၊ ဣရိယာပုထ်မမျှတ သည့်အတွက်ကြောင့်ဖြစ်စေ၊ မသင့်သော အစာအဟာရကြောင့်ဖြစ်စေ၊ သံကျောက် လက်နက်စသော မာသည့် အရာဝတ္ထုတခုနှင့် ထိခိုက်မိသော ကြောင့်ဖြစ်စေ ကိုယ်တွင်း အဇ္ဈတ္တတေဇောဓာတ် ပျက်သွားလေသည်။ ယင်း တေဇောဓာတ် ပျက်သည် ဝါယောဓာတ်ကိုဖြစ်စေ၍ တေဇော ဝါယောဓာတ်ပျက်အငွေ့အရှိန်ဖောဋ္ဌဗ္ဗာရုံဖြစ်လာ၏၊ ယင်းဓာတ်ပျက်အငွေ့ အရှိန်ဖောဋ္ဌဗ္ဗာရုံသည် ဓာတ်တပါးကိုလည်း ဖောက်ပြန်ပျက်ပြားစေ၏၊ ကိုယ်လုံးရှိ ကာယပသာဒရုပ်များကို ထိခိုက်၍ မနောဒွါရကိုလည်း ထိခိုက်၏။

ထိုအခါ ကိုယ်ခန္ဓာ(ကာယဒွါရ)၌ အောင့်,ကိုက် နာကျင်ခြင်းစသော မခံသာသည့် သဘောဖြစ်ပေါ်လာသကဲ့သို့ နှလုံးအိမ် (မနောဒွါရ)၌ လည်း ဆင်းရဲပင်ပန်းစွာ မနေသာ,မထိုင်သာ,မခံသာသည့် သဘောများ ဖြစ်ပေါ်လာလေသည်။

ယင်း တေဇော, ဝါယောဓာတ်ပျက်အငွေ့အရှိန် ဖောဋ္ဌဗ္ဗာရုံသည် ဦးခေါင်း မျက်စိ, နား, သွား ခါး ဝမ်း, ရင် အကြောအချဉ်စသည် တို့ကို ထိခိုက်တိုးဝှေ့ခဲ့ပါက ခေါင်းခဲနာ, မျက်စိနာ, နားနာ, သွားနာ,

စာမျက်နှာ-52


ခါးနာ ဝမ်းနာ ရင်နာ ညောင်းကိုက်သည့်အနာစသော ရောဂါအမျိုးမျိုး ဖြစ်ပေါ်လာ၏၊ ထိုဖောဋ္ဌဗ္ဗာရုံသည် တခုတည်းသောနေရာ၌ ထိခိုက်စုဝေး ၍ အသွေးအသားဟူသော ဓာတ်တပါးကို ပျက်ပြားစေခဲ့သော် အနာ ပေါက်သည်ဟု ဆိုရပြန်လေသည်၊ ဤသို့စသည်ဖြင့် ဆိုးဝါးသော ဖောဋ္ဌဗ္ဗာရုံကြောင့် မခံသာသည့် ဒုက္ခဝေဒနာများဖြစ်ပေါ်လာရလေသည်။

မနောဒွါရ၌ ဝေဒနာသုံးမျိုးဖြစ်ပုံ

မနောဒွါရဟုခေါ်သော စိတ်ထဲ၌ သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာဖြစ်ပေါ်လာပုံမှာ ရှေးကခံစားရခဲ့ဖူးသော ဝမ်းသာကြည်နူး ဖွယ် ကောင်းသည့် အာရုံများကိုဖြစ်စေ၊ ခံစားရမည့် အာရုံကောင်းများ ကိုဖြစ်စေ စဉ်းစား စိတ်ကူးသည့်အခါ၌ စိတ်ထဲတွင် ရွှင်လန်းဝမ်းသာမှု၊ ချမ်းသာမှု သုခဝေဒနာများ ဖြစ်လာပါသည်။

တွေ့ကြုံပြီး တွေ့ကြုံရလတ္တံ့ သော စိတ်ညစ်စရာ, စိတ်ပျက်စရာ, ဝမ်းနဲ စရာ, လွမ်းဆွတ် ဆွေးစရာ, ကြောက်လန့်စရာ စသည့် အာရုံဆိုးများကို စဉ်းစား စိတ်ကူးမိသည့်အခါ၌ စိတ်ထဲတွင် နှလုံးမသာယာမှု ဆင်းရဲ ညှိုးနွမ်းမှု ဒုက္ခဝေဒနာများ ဖြစ်လာပါသည်။

ကောင်းသည်လည်း မဟုတ်၊ ဆိုးသည်လည်း မမည်၊ အလယ်အလတ်၌ တည်သော သာမန်ရိုးရိုး အကြောင်းအရာများကို စဉ်းစားကြံစည်နေ သည့်အခါ၌မူ မကောင်းမဆိုး ရိုးရိုးခံစားမှု ဥပေက္ခာဝေဒနာများ ဖြစ် ပေါ်လာပါသည်။

စက္ခုဒွါရစသည်၌ ဝေဒနာသုံးမျိုးဖြစ်ပုံ

နှစ်သက်မြတ်နိုးဖွယ် ကောင်း သည့် အာရုံကောင်းများကို မြင်ရ ကြားရ နံ စားရသည့်အခါ ကောင်းသည့်ခံစားမှု သုခဝေဒနာ များ ဖြစ်ပေါ်လာသကဲ့သို့ မလိုချင်ဖွယ်, စက်ဆုပ်ရွံရှာဖွယ် ကောင်းသည့် အာရုံဆိုးများကို မြင်ရ ကြားရ နံ စားရသည့်အခါ၌လည်း မခံသာ သည့် (ဝါ) ဆင်းရဲသည့် ဒုက္ခဝေဒနာများ ဖြစ်ပေါ်လာပေသည်။

စာမျက်နှာ-53


မကောင်းမဆိုး အလယ်အလတ်ရိုးရိုး မြင်နေကျ ကြားနေကျ နံနေကျ စသည့် အာရုံတို့ကို မြင် ကြားရ နံစားရသည့်အခါ၌ ကောင်းသည့်သဘော, မကောင်းသည့်သဘော ခံသာသည့်သဘော မခံသာသည့်သဘောများ မထင်ရှားချေ၊ သို့သော် အာရုံကို ခံစားကာမှ သဘောကား ရှိပေသည်၊ ယင်းကဲ့သို့ မကောင်းမဆိုး ရိုးရိုးအလယ်အလတ် ခံစားမှုသဘောသည် ဥပေက္ခာဝေဒနာပင် ဖြစ်ပါသည်။

သုတ္တန်နှင့် အဘိဓမ္မာ

အထက်တွင် စက္ခုဒွါရ စသော ဒွါရခြောက်ပါး လုံး၌ ဝေဒနာသုံးမျိုးလုံး ဖြစ်ပုံကိုဖော်ပြထားခြင်း မှာ သုတ္တန်ဒေသနာတော်များအရ ဖော်ပြခြင်း ဖြစ်ပါသည်၊ မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော်ဆဆက္ကသုတ်စသည်၌ မြင်ခိုက် ကြားခိုက် နံခိုက် စသည်တို့၌ ဝေဒနာသုံးမျိုးလုံး ဖြစ်ပုံကို ဘုရားရှင်ဟောတော်မူ ထားပါသည်၊ သို့ရာတွင် အဘိဓမ္မာဒေသနာ၌မူ စက္ခုဒွါရစသည်၌ မြင်သိ စိတ် စသည်တို့ ဖြစ်လာသည့်အခါ ယင်းမြင်သိစိတ် စသည်နှင့်အတူ ယှဉ်တွဲ ပါရှိသည့်ဝေဒနာမှာ သုခလည်း မဟုတ်၊ ဒုက္ခလည်း မဟုတ်၊ ဥပေက္ခာ ဝေဒနာသာ ဖြစ်သည်၊ သုခဝေဒနာနှင့် ဒုက္ခဝေဒနာတို့သည် ကာယဒွါရ၌ ဖြစ်သည့် တွေ့သိစိတ် (ကာယဝိညာဏ်) နှင့် သာ ဖြစ်သည်ဟု ဟောတော် မူထားပါသည်။

သို့ဖြစ်၍ ဤနေရာတွင် သုတ္တန်နှင့် အဘိဓမ္မာ မညီသကဲ့သို့ ရှိနေပါ သည်၊ အမှန်စင်စစ် အဘိဓမ္မာဒေသနာတွင် စက္ခုဝိညာဏ် (မြင်သိစိတ်) ဖြစ်ခိုက်ကို ရည်ညွှန်းဟောထားခြင်းဖြစ်၍ သုတ္တန်ဒေသနာ၌မူ စက္ခု ဝိညာဏ် ခေါင်းဆောင်သော စိတ်ဖြစ်စဉ် (စက္ခုဝိညာဏာဝီထိ)တွင် ပါဝင် သော ဇောအခိုက်အတန့်ကို ရည်ညွှန်းဟောထားခြင်း ဖြစ်ရကား တရား တော်နှစ်ခု ညီညွတ်ပါသည်၊ ဇောအခိုက်၌မူ ဝေဒနာသုံးမျိုးလုံး ဖြစ်နိုင် ပါသည်။
၁။ အနတ္တလက္ခဏသုတ် တရားတော်ကြီး၊ ၃၅။

စာမျက်နှာ-54


၂။ ဝေဒနာ၏ ဆောင်ရွက်မှုကိစ္စ(ရသ)

ဝေဒနာစေတသိက်သည် အာရုံ၏အရသာခံစားမှုကို ဆောင်ရွက်သည်။ ဤ၌ ဝေဒနာစေတသိက်၏ သဘောလက္ခဏာနှင့် ဆောင်ရွက်မှုကိစ္စ (ရသ) တို့သည် “အာရုံ၏ အရသာကို ခံစားမှု” တခုတည်းဖြစ်၍ တူညီကြသည်၊ သို့ဖြစ်၍ ဝေဒနာ၏ ရသကို မရှင်းပြတော့ပါ၊ လက္ခဏာ ပိုင်းတွင် ရှင်းပြခဲ့သည့်အတိုင်း မှတ်သားရန် ဖြစ်ပါသည်၊ သို့ရာတွင် လက္ခဏာပိုင်းတွင် မပါရှိသေးသည့် အဓိပ္ပာယ်များကိုမူ ဤရသပိုင်းတွင် ဖြည့်စွက်ရှင်းလင်း ရေးသားပါမည်။

ဝေဒနာစေတသိက်သည် အာရုံ၏အရသာကို ခံစားသည်ဟု ဆိုခြင်း မှာ-သာမန်အားဖြင့် ဆိုခြင်းဖြစ်ပေသည်။ အထူးအားဖြင့်ကား- သုခ ဝေဒနာသည် အာရုံကောင်းကိုခံစား၍ ဒုက္ခဝေဒနာက အာရုံဆိုးတို့ကို ခံစားခြင်းကိစ္စကို ဆောင်ရွက်သည်၊ ဥပေက္ခာဝေဒနာကမူ မကောင်း မဆိုး သာမန်ရိုးရိုးအာရုံကို ခံစားကာမျှ သဘောဖြစ်ပါသည်။ ဤနေရာ၌ ထိုဝေဒနာသုံးပါးတို့ ဖြစ်ပေါ်ခံစားပုံကို ဥပမာပုံဆောင်၍ ဆက်လက် ရှင်းပြပါမည်။

သုခဝေဒနာနှင့် သောရေယျသဌေးသား

ဗုဒ္ဓရှင်တော်ဘုရား သက် တော်ထင်ရှားရှိစဉ်အခါက သောရေယျမြို့၌ သောရေယျအမည်ရှိသော သဌေးသားတဦး ရှိပါသည်၊ မိဘများနှင့်အတူနေသော်လည်း အိမ်ထောင်သည်ဖြစ်၍ သားနှစ်ယောက် ဖခင်ဖြစ်ပါသည်၊ တနေ့တွင် သောရေယျ သဌေးသားသည် သူငယ်ချင်း တယောက်ကိုခေါ်၍ ယာဉ်စီးကာ အခြံအရံများနှင့် ရေကူးရန် မြို့မှ ထွက်လာခဲ့၏၊ ထိုအချိန်တွင် အရှင်မဟာကစ္စည်းမထေရ်သည် သောရေယျ မြို့တွင်းသို့ ဆွမ်းခံဝင်ရန် မြို့ပြင်တွင်သင်္ကန်းရုံနေခိုက် ဖြစ်သည်။
၁။ အဘိ၊ ဋ္ဌ၊၁၊ ၁၅၂။
၂။ ဓမ္မပဒဋ္ဌ၊၁၊ ၂၀၇။

စာမျက်နှာ-55


အရှင်မဟာကစ္စည်းမထေရ်ကား အလွန်ချောမောလှပ၏၊ အသားအရေမှာ ရွှေအဆင်းကဲ့သို့ ဝါဝင်းနေသည်၊ သောရေယျ သဌေးသားသည် မြို့ပြင် အထက်တွင် အရှင်မဟာကစ္စည်းမထေရ်ကို ရုတ်တရက် မြင်လိုက်ရာ နှလုံး သားတွင် တမျိုးခံစားလိုက်ရ၏၊ စိတ်နှလုံး ချမ်းမြေ့သွား၏၊ ကြည့်လို့ မြင်လို့မဝအောင် ဖြစ်၏၊ ယင်းကဲ့သို့ သောရေယျ သဌေးသားသန္တာန်၌ ကြည့်လို့ မြင်လို့ကောင်းခြင်း, စိတ်ချမ်းသာခြင်းသည် သုခဝေဒနာပင် ဖြစ်သည်။

ယင်းသို့ သုခဝေဒနာဖြစ်ပေါ်ပြီးမှ “ဝေဒနာ ပစ္စယာ တဏှာ”ဆိုသည့် ပဋိစ္စသမုပ္ပါဒ် တရားတော်အတိုင်း ထိုအရှင်မဟာကစ္စည်း မထေရ်ကဲ့သို့ ချောမောလှပသူမျိုးကို လိုချင်ခြင်း၊ အရှင်မဟာ ကစ္စည်းမထေရ်ကိုပင် လိုချင်ခြင်းဆိုသည့် တဏှာ ဖြစ်ပေါ်လာသည်၊ ထို့ကြောင့် သောရေယျ သဌေးသားသည် “ဒီမထေရ်သည် ငါ့အမျိုးသမီးဖြစ်ယင် ကောင်းမှာပဲ ငါ့အမျိုးသမီးဟာ ဒီမထေရ်လို လှပချောမောယင် သိပ်ကောင်းမှာပဲ” လို့ စိတ်ထဲတွင် ပြစ်မှားမိလိုက်သည်၊ ဤသို့ ရဟန္တာမထေရ်မြတ်ကို ပြစ် မှားမိတဲ့မနောကံကြောင့် သောရေယျသဌေးသားမှာ ယောင်္ကျားဘဝမှ မိန်းမဘဝသို့ ချက်ခြင်း ပြောင်းလဲသွားရလေသည်။

ပဋာစာရီသဌေးသမီးနှင့်ဒုက္ခဝေဒနာ

ပဋာစာရီသဌေးသမီးဆိုလျှင် ဗုဒ္ဓဘာသာဝင်တိုင်းလိုလို သိကြပါသည်၊ ပဋာစာရီသဌေးသမီး ခံစားရသည့် ဒုက္ခဝေဒနာဒဏ်ချက် ကား အလွန်ပြင်းထန်လှပါသည်၊ အဝတ်မကပ် ရူးသွပ်သည့်ဘဝသို့ရောက် သည့်အထိ ဒုက္ခဝေဒနာကို ခံစားရသည်၊ သူသည် ဒုတိယသားကို မွေး ဖွားရန်အတွက် မိဘဆွေမျိုးများထံ ပြန်လာစဉ် လမ်းတွင်လေကြီးမိုးကြီး မိပြီး အားကိုးရာလင်ယောက်ျားမှာမြွေကိုက်ခံရ၍သေဆုံးသွားရရှာသည်၊ မိဘများထံ ဆက်လက်ပြန်လာသည့်အခါ မှာလည်း လမ်းတွင်ဖွားပြီးစ သားငယ်ကို စွန်ချီသွား၍ သားကြီးမှာ ရေထဲမျောပါ သွားပြန်သည်၊
၁။ ဓမ္မပဒ၊ဋ္ဌ၊ဝ၊၄၃၇။

စာမျက်နှာ-56


နောက် လွန်ခဲ့တဲ့ညကပင် မိဘနှစ်ပါးနှင့် မောင်ဖြစ်သူပါ သုံးယောက်လုံး အိမ်ပိသေဆုံးသွားသည့်သတင်းကို ကြားရပြန်သည်၊ ထိုအခါ ပဋာစာရီ မှာ အဝတ်မကပ် ရူးသွပ်သည့်ဘဝသို့ ရောက်သွားရရှာသည်၊ ဤသို့ ဒုက္ခ ဝေဒနာဖြစ်ပေါ်ပုံသည် ပဋာစာရီသဌေးသမီး၌ အလွန်ထင်ရှားသိသာ ပါသည်။

ဥပေက္ခာဝေဒနာနှင့် မဟာသင်္ခပုဏ္ဏား

စိတ်ချမ်းသာသည်လည်း မဟုတ်၊ စိတ်ဆင်းရဲသည် လည်းမဟုတ်, ဝမ်းသာသည်လည်းမဟုတ်, ဝမ်းနည်းသည်လည်းမဟုတ်ပဲ မထင်မရှား ခံစားရသည့် ဝေဒနာကား ဥပေက္ခာဝေဒနာဖြစ်သည်။

အကုသိုလ်အရာတွင် စိတ်မပါပဲ ဝတ်ကျေတန်းကျေ ပြုလုပ်ရသည့် မကောင်းမှုမျိုး၊အလှူဒါနပြုရာတွင် ပင်ကိုယ်က သဒ္ဓါတရားနည်းပါးသော် လည်း အများလုပ်၍ မနေသာ မလွှဲသာသည့်အတွက် ရောက်ပြုလုပ်ရ သောကုသိုလ်မျိုး၊ပင်ကိုယ်က သဒ္ဓါတရားကောင်းသူ ဖြစ်ပါသော်လည်း မိမိဘာသာသဒ္ဓါ ပြုရသည်မဟုတ်ပဲ မနေသာအောင် သူတပါးတို့က ပြော ဟောသဖြင့် ငါးမူး တကျပ် နှစ်ကျပ်စသည်တို့ကို အောင့်အည်း ပါဝင်လှူ ဒါန်းရသည့် ကုသိုလ်မျိုး၊အမိအဖညီအစ်ကို မောင်နှမတို့သေ၍ မလွှဲသာ မရှောင်သာပဲ ပြုရသည့် ကုသိုလ်မျိုးတို့သည် ဥပေက္ခာဝေဒနာ ကုသိုလ် မျိုးဖြစ်သည်။

သီလကုသိုလ်ခံယူရာတွင် သူတပါးအလှူပွဲ၌ တခါတရံ စိတ်မပါလှပဲ အများနှင့်တွဲ၍ ခံယူဆောက်တည်ရသော ငါးပါးသီလမျိုး၊ သူတပါးတိုက် တွန်းလွန်းသဖြင့် စိတ်မပါ့တပါ ခံယူဆောက်တည်ရသော ဥပုသ်သီလမျိုး၊ မိဘဆရာသမားတို့၏ ဝေယျာဝစ္စများကို ဝမ်းဝယ်မဖြောင့် စိတ်မှာ ဆောင့်၍ ဆောင်ရွက်ရသည့် သီလကုသိုလ်မျိုးတို့သည်လည်း ဥပေက္ခာ ဝေဒနာကုသိုလ်မျိုးဖြစ်ပါသည်။

စာမျက်နှာ-57


ဘာဝနာကုသိုလ်အရာ၌လည်း ပျင်းပျင်းရှိရှိနှင့် အနိစ္စ ဒုက္ခ အနတ္တလက္ခဏာရေးသုံးပါးကို ပွားများခြင်း၊ရတနာသုံးပါးဂုဏ်ကို အောင့် မေ့တချက်၊ မုံ့တချက်နှင့် ပုတီးစိပ်ခြင်း၊ တသမ်းသမ်းတဝေဝေနှင့် ပရိတ်ရွတ်ခြင်း၊ မေတ္တာပို့ခြင်း၊ တငိုက်ငိုက်နှင့် ဘုရားရှိခိုးခြင်း၊ပျင်းပျင်း ရှိရှိနှင့် ပရိယတ္တိစာပေကျက်အံခြင်း စသည်တို့သည် ဥပေက္ခာဝေဒနာများ ဖြစ်ကြသည်၊ ဤဥပေက္ခာဝေဒနာများကား အညံ့စားဥပေက္ခာဝေဒနာ များ ဖြစ်ပါသည်။

ကုသိုလ်ရေး၌ အားမရနိုင်လောက်အောင် အကြီးအကျယ် အလိုဆန္ဒ ရှိသောပုဂ္ဂိုလ်တို့၏သန္တာန်၌ ဖြစ်သောဥပေက္ခာဝေဒနာမျိုးကား အမြတ် စား ဥပေက္ခာဝေဒနာပင်ဖြစ်သည်။

ဥပမာ-အလောင်းတော် မဟာသင်္ခပုဏ္ဏားကြီးသည် သမာဓိတရား ကြီးမား၍ ကုသိုလ်ရေး၌ပြု၍ အားမရနိုင်လောက်အောင် အဇ္ဈာသယဆန္ဒ ဓာတ် ပြင်းထန်သူ ဖြစ်သည်၊ ဗာဟိရဝတ္ထုပစ္စည်းများကို လှူဒါန်းရ သည်ကို မရောင့်ရဲ မကျေနပ်နိုင်၊ ခန္ဓာကိုယ်တွင်း ပစ္စည်းများဖြစ်သည့် ခြေ လက် အင်္ဂါနားနှာခေါင်း မျက်စိစသည်တို့ကို လှူရမှ ရောင့်ရဲတင်း တိမ်နိုင်သူဖြစ်သည်၊ ထို့ကြောင့် သိကြားမင်းဖန်ဆင်းပေးသော ရတနာ မဏ္ဍပ်ကြီး၌ ဘုရားအမှူးရှိသော သံဃာတော် လေးသိန်းတို့ကို ခုနစ်ရက် ပတ်လုံး ဂဏာနို့ဆွမ်းဖြင့်လှူဒါန်းပါသော်လည်း ဝမ်းမြောက်မှု သောမနဿဝေဒနာ မဖြစ်၊သာမန်ခံစားမှု ဥပေက္ခာဝေဒနာသာ ဖြစ်ရလေသည်။

ထို့အတူ မဟာသိဝိရာဇ်မင်းကြီးသည်လည်း တနေ့လျှင် အသပြာ ငါးသိန်းကုန် ငါးသိန်းကုန်အသက်ထက်ဆုံး လှူဒါန်းရသော်လည်း တကြိမ် တခါမျှဝမ်းမြောက်ဝမ်းသာမှုမဖြစ်၊ ဥပေက္ခာဝေဒနာသာဖြစ်ရလေသည်။

ဖဿစသည်တို့ ဝေဒနာအမည်မရနိုင်ပုံ

ဤနေရာ၌ အာရုံ၏အရသာ ခံစားမှုကို ဝေဒနာဟု ခေါ် လျှင် ဝေဒနာနှင့်အတူ ဖြစ်ကြသည့် ဖဿ သညာစသော စေတသိက်များ
၁။ အဘိဓမ္မတ္ထဝိဘာဝိနီဋီကာ၊၁၄၅။

စာမျက်နှာ-58


သည်လည်း အာရုံ၏အရသာကို ခံစားကြသည်ဖြစ်၍ ယင်းစေတသိက်တို့ ကိုလည်း ဝေဒနာဟုခေါ်သင့်သည်မဟုတ်လောဟု မေးနိုင်၏၊ အဖြေကား ဖဿ သညာစသော စေတသိက်တို့သည် အာရုံ၏ အရသာကို ခံစားကြ သည်ဟုဆိုရသော်လည်း မိမိတို့၏အာရုံကို တွေ့ထိမှုကိစ္စ၊ အမှတ်ပြုမှုကိစ္စ စသည်တို့ကို ငံ့နေရသောကြောင့် မပြောပဖွယ် အနည်းငယ် တစိတ် တဒေသမျှကိုသာ ခံစားနိုင်ကြသည်၊ ဝေဒနာစေတသိက်မှာမူကား ခံစား မှုသည်ပင် မိမိကိစ္စဖြစ်၍ အာရုံ၏အရသာကို အားရှိပါးရှိ အစိုးတရအလုံးစုံကို ခံစား၏၊ ထို့ကြောင့် ထိုစေတသိက်ကိုသာ ဝေဒနာဟုခေါ်ခြင်းဖြစ် ပါသည်။

ဥပမာအားဖြင့် ဘုရင်မင်းမြတ် စားတော်ကဲတို့နှင့်တူပါသည်၊ တူပုံ မှာ ဘုရင်မင်းမြတ်အား နေ့စဉ်မပြတ် ပွဲတော်ဆက်ရသော စားတော်ကဲ သည် ဘုရင်ရှေ့တော်မှောက်သို့ ရောက်သောအခါ ပွဲတော်များ၌အဆိပ် အတောက်များပါမပါကို ဘုရင်သိဖို့ရန် ပွဲတော်ပါ ထမင်းဟင်းလျာတို့မှ အနည်းငယ်အနည်းငယ်စီယူ၍ စားပြရလေသည်၊ ယင်းကဲ့သို့ စားတော် ကဲက စားပြပြီး အဆိပ်မပါမှန်းသိမှ ဘုရင်မင်းမြတ်သည် ပွဲတော်ပါ ဘောဇဉ်များကို အားပါးတရ ဝအောင်ပွဲတော် တည်လေသည်။

ဤဥပမာ၌ ပွဲတော်ပါဘောဇဉ်များကို အားပါးတရ ဝဝလင်မစားရ၊ အနည်းငယ် မြည်းရုံသာမြည်းရသော စားတော်ကဲနှင့် အာရုံ၏အရသာကို တစိတ်တဒေသ ခံစားရသော ဖဿ သညာစေတသိက်တို့ တူကြသည်၊ အလိုရှိတိုင်း အစိုးတရ ပွဲတော်တည်ရသော ဘုရင်မင်းမြတ်နှင့် အာရုံ၏ အရသာကို အစိုးတရပိုင်ပိုင်နိုင်နိုင် ခံစားရသော ဝေဒနာ စေတသိက်တို့တူ ကြပါသည်။

၃။ ဝေဒနာစေတသိက်၏ပစ္စုပဋ္ဌာန်

ဝေဒနာစေတသိက်သည် “ကိုယ်စိတ်တို့၌ဖြစ်၍ သာယာအပ်သော တရား၊ နှိပ်စက်နာကျင်တတ်သောတရား၊ ငြိမ်သက်သောတရားဟု လေ့ လာရှုမှတ်သူတို့၏ဉာဏ်၌ ရှေးရှုထင်မြင်လာသော အခြင်းအရာရှိ၏။၁
၁။ ဝိသုဒ္ဓိ၊၂၊၉၁။

စာမျက်နှာ-59


ဤပြဆိုချက်သည် ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၊ ခန္ဓနိဒ္ဒေသ၌ ဖွင့်ဆိုထားသည့် ဝေဒနာငါးမျိုး၏ ပစ္စုပဋ္ဌာန်တို့ကို တခုတည်းပေါင်း၍ စုစည်းပြထားခြင်းဖြစ်ပါသည်။ ထိုစုစည်းပြဆိုချက်ကို ခွဲခြားစိတ်ဖြာ၍ ပြရလျှင်-
(၁) သုခဝေဒနာသည် ကိုယ်၌ဖြစ်၍ သာယာအပ်သော တရားဟု လည်းကောင်း၊
(၂) ဒုက္ခဝေဒနာသည် ကိုယ်၌ဖြစ်၍ နှိပ်စက်တတ် နာကျင်တတ်သော တရားဟုလည်းကောင်း၊
(၃) သောမနဿ ဝေဒနာသည် စိတ်၌ဖြစ်၍ သာယာအပ်သော တရားဟုလည်းကောင်း၊
(၄) ဒေါမနဿဝေဒနာသည် စိတ်၌ဖြစ်၍ နှိပ်စက်နာကျင်တတ်သော တရားဟုလည်းကောင်း၊

(၅) ဥပေက္ခာဝေဒနာသည် ငြိမ်သက်သောတရားဟုလည်းကောင်း၊ လေ့လာရှုမှတ်သူတို့၏ ဉာဏ်တွင် ရှေးရှုထင်မြင်လာသော အခြင်းအရာရှိပေသည်။

သာယာအပ်သောတရားဟုထင်ပုံ

ပူအိုက်နေစဉ် လေအေး, ရေအေးကလေးများဖြင့် တွေ့ထိလိုက်ရသည့်အခါ နေသာထိုင်သာရှိပြီး ကောင်းသွား၏၊ အလွန်ချမ်းအေးနေစဉ် ပူနွေးသည့် ဂွမ်းစောင် သိုးမွေးစောင်ကြီးများကို ခြုံလိုက်ရသည့်အခါ၌လည်း နွေးသွား ချမ်းသာသွား၏၊ ယင်းသို့ကောင်းမွန်သော ဖောဋ္ဌဗ္ဗာရုံသည် ကာယပသာဒရုပ်များကိုတွေ့ထိ၍ ကိုယ်ခန္ဓာ၌ ဖြစ်ပေါ်လာသော ခံသာသောသဘော၊ ချမ်းသာသော သဘော၊ နေသာထိုင်သာရှိသော သဘောများကို သုခဝေဒနာဟုခေါ်၍ နှလုံးအိမ်၌ ဖြစ်ပေါ်လာသော ဝမ်းမြောက်မှု ချမ်းသာမှုများကို သောမနဿ ဝေဒနာဟု ခေါ်သည်။ ဤကဲ့သို့ ကိုယ်ထဲ စိတ်ထဲ၌ ခံသာမှု ချမ်းသာမှုသဘော ပေါ်လာသည့်

စာမျက်နှာ-60


အခါ ဝေဒနာသဘောကို ရှုမှတ်လေ့လာနေသည့် ပုဂ္ဂိုလ်၏ဉာဏ်၌ ဤသုခဝေဒနာ, သောမနဿဝေဒနာများသည် သာယာဖွယ်ကောင်းသည့် တရားများပေတည်းဟု ထင်မြင်လာပေသည်။

နှိပ်စက်နာကျင်တတ်သော တရားဟုထင်ပုံ

မကောင်းသော အတွေ့အထိများနှင့် တွေ့ထိပြီး နာကျင်ကိုက်ခဲမှု မူးဝေမှု ညောင်းမှု ပူမှု ချမ်းမှု မောပန်းမှု ယားယံမှု ထုံကျင်မှု အောင့်မှုအစရှိသော ကိုယ်ထဲ၌မခံသာမှုဟူသမျှတို့ကို ဒုက္ခဝေဒနာဟုခေါ်သည်။ စိတ်နှလုံးထဲ၌ မချမ်းသာမှု စိတ်ဆင်းရဲမှုတို့ကို ဒေါမနဿဝေဒနာဟုခေါ်သည်။

ဤသို့ ကိုယ်ထဲ, စိတ်ထဲ၌ မခံသာမှု ဆင်းရဲမှု သဘောပေါ်လာသည့် အခါ ဝေဒနာသဘောကို ရှုမှတ်လေ့လာနေသည့် ပုဂ္ဂိုလ်၏ဉာဏ်၌ ဒုက္ခဝေဒနာ, ဒေါမနဿဝေဒနာများသည် နာကျင်တတ်သောတရား နှိပ်စက်တတ်သောတရားများပေတည်းဟု ထင်မြင်လာပေသည်။

ငြိမ်သက်သောတရားဟု ထင်မြင်ပုံ

မကောင်းမဆိုး အလယ်အလတ် ရိုးရိုး မြင်နေကြ ကြားနေကြ အာရုံစသည်တို့ကို မြင်ရ ကြားရသည့်အခါ စသည်မှာတော့ ကောင်းသည် ခံသာသည်ဟူ၍လည်း မထင်ရှား၊ အခံရခက်သည် ဆင်းရဲသည် ဟူ၍လည်း မထင်ရှားချေ။ သို့သော် မကောင်းမဆိုး ရိုးရိုးအလယ်အလတ် ခံစားမှုသဘောကတော့ ရှိပေသည်၊ ထိုသို့ဆင်းရဲသည်လည်း မဟုတ်၊ ချမ်းသာသည်လည်းမဟုတ်သော ခံစားမှုသဘောကို ဥပေက္ခာဝေဒနာဟု ခေါ်သည်။ ထိုဥပေက္ခာဝေဒနာသည် အမိုက်မှောင်ကဲ့သို့ (ဝါ) မှောင်ထဲရှိသော ဝတ္ထုပစ္စည်းကဲ့သို့ မထင်မရှားချေ၊ ပစ္စက္ခဉာဏ်ဖြင့်သိနိုင်ခဲ၏၊ သို့သော် ချမ်းသာမှု ဆင်းရဲမှုတို့ ပျောက်ကင်းသွားသည့်အခါ၌ ပျောက်ကင်းသွား
၁။ မ၊ဋ္ဌ၊၁၊၂၇၂။

စာမျက်နှာ-61


သော ချမ်းသာမှု ဆင်းရဲမှုတို့မှ တခြားတပါးဖြစ်သော အလတ်စား ခံစားမှုသဘောသည် ဥပေက္ခာဝေဒနာတည်းဟု မိဂပဒဝတ္ထုနည်းဖြင့် မှန်းဆ၍သိရသည်။

မိဂပဒဝဠဉ္စနနည်း

မိဂပဒဝဠဉ္စနနည်းဆိုသည်မှာ “ကျောက်ဖျာကြီး၏တဘက်တွင် သမင်၏အတက်ခြေရာ အခြားတဘက်တွင် အဆင်းခြေရာတို့ကိုတွေ့ရလျှင် ကျောက်ဖျာပေါ်၌ သမင်ခြေရာ မတွေ့ရသော်လည်း ကျောက်ဖျာပေါ်၌ ခြေရာမထင်ကောင်း၍ ခြေရာမထင်သည်၊ သမင်က ကျောက်ဖျာပေါ်တွင် ဖြတ်သွားသည်” ဟု မှန်းဆသိရသောနည်းဖြစ်သည်။ (မိဂ = သမင် + ပဒဝဠဉ္စန = ခြေရာ။)

ဤနေရာ၌ ဥပေက္ခာဝေဒနာဖြစ်ပေါ်မှုသည် အလွန်သိမ်မွေ့ ငြိမ်သက်သောကြောင့် မထင်ရှား မသိသာသော်ငြားလည်း နာမှု ကျင်မှုစသော ရှေးဒုက္ခဝေဒနာ ပျောက်ကင်းသွားပြီး နောက်ဖန်ခံသာမှု သုခဝေဒနာ သို့မဟုတ် မခံသာမှု ဒုက္ခဝေဒနာ မဖြစ်ပေါ်သေးမီအတွင်း၌ ခံစားမှုမထင်ရှားသော်လည်း အလတ်စားအာရုံ၌ အလတ်စား အခြင်းအရာအားဖြင့် ခံစားသောဝေဒနာတမျိုးရှိရာသည်၊ ထိုဝေဒနာသည် ဥပေက္ခာဝေဒနာပင်တည်းဟု (မျက်မှောက်ထင်ရှားသိရသော သုခဝေဒနာ, ဒုက္ခဝေဒနာတို့ကို ထောက်ဆ၍) သိရပေသည်။

ဤဥပမာ၌ သမင်၏အတက်ခြေရာ အဆင်းခြေရာတို့နှင့် ဒုက္ခဝေဒနာ သုခဝေဒနာတို့တူကြသည်။ ကျောက်ဖျာပေါ်တွင်ဖြတ်သွားသော မမြင်ရသည့်သမင်ခြေရာနှင့် ခံစားမှုမထင်ရှားသော ဥပေက္ခာဝေဒနာတို့ တူကြသည်။

ဤကဲ့သို့ ဥပေက္ခာဝေဒနာ ဖြစ်ပေါ်မှုသည် အလွန်သိမ်မွေ့ နူးညံ့လှသောကြောင့် ဝေဒနာသဘောကိုရှုမှတ်လေ့လာနေသည့် ပုဂ္ဂိုလ်၏ဉာဏ်၌ ဤဥပေက္ခာဝေဒနာသည် ငြိမ်သက်သော သဘောတရားပေတည်းဟု ထင်မြင်လာပေသည်။

စာမျက်နှာ-62


၄။ ဝေဒနာစေတသိက်၏အနီးဆုံးအကြောင်း (ပဒဋ္ဌာန်)

ဝေဒနာစေတသိက်ကို ဖြစ်ပေါ်လာစေသော အကြောင်းများအနက် အနီးကပ်ဆုံးသော အကြောင်းတရားမှာ ဖဿစေတသိက်ဖြစ်ပါသည်။ ဖဿကြောင့် ဝေဒနာဖြစ်ပေါ်ပုံကို ဖဿစေတသိက်၏အကျိုး ပစ္စုပဋ္ဌာန်အခန်း၌ အကျယ်ရှင်းပြခဲ့ပါသည်။ သို့အတွက် ဤနေရာ၌ သဘောချင်းတူသဖြင့် သိသာရုံမျှသာ ဖော်ပြပါတော့မည်။

“မျက်စိအကြည်ဓာတ်နှင့် ရူပါရုံတို့ကိုလည်းကောင်း၊ နားအကြည်ဓာတ်နှင့် သဒ္ဒါရုံတို့ကိုလည်းကောင်း၊ နှာခေါင်းအကြည်ဓာတ်နှင့် ဂန္ဓာရုံတို့ကိုလည်းကောင်း၊ လျှာအကြည်ဓာတ်နှင့်ရသာရုံတို့ကိုလည်းကောင်း၊ ကိုယ်အကြည်ဓာတ်နှင့် ဖောဋ္ဌဗ္ဗာရုံတို့ကိုလည်းကောင်း၊ စိတ်နှလုံးနှင့် စိတ်ကူးအာရုံတို့ကိုလည်းကောင်း၊ အစွဲပြု၍ မြင်သိစိတ် ကြားသိစိတ် နံသိစိတ် စားသိစိတ် ထိသိစိတ် ကြံသိစိတ်ဟူသော ဝိညာဏ်ခြောက်ပါး ဖြစ်ပေါ်လာသည်၊ ဝတ္ထု အာရုံဝိညာဏ်သုံးပါး ဆုံမိခြင်းကြောင့် အာရုံကို တွေ့ထိမှု ဖဿဖြစ်ပေါ်လာ၏၊ ဖဿ ဖြစ်ပေါ်လာသောကြောင့် ခံစားမှုဝေဒနာဖြစ်လာ၏။”

“သူရိယကန္တာ၊ ကျောက်လောင်စာနှင့်၊ ရောင်ဝါဝင်းထိန်၊ နေအရှိန်သည်၊ အကြောင်းစုံ၍ ပေါင်းဆုံမိသည်ရှိသော် ကျောက်နှင့် နေတို့မှာ မီးမရှိသော်ငြားလည်း ဓာတ်သဘောအလျောက် မီးထတောက်လာသကဲ့သို့ ထို့အတူ၊ အာရုံစုံစု၊ သိမှုသဘော၊ စိတ်ဟူသောဓာတ်တမျိုးသည် အခွင့်သာလျှင်၊ သင့်ရာပေါ်ရေး၊ စုဝေးသောအား၊ ထင်ရှားရှိနေပြီ မဟုတ်ပါသော်လည်း၊ ဝတ္ထု အာရုံ စသည်ဆုံ၍၊ ကြုံတွေ့ကြသည်ရှိသော်၊ မကြုံစတောင်း မယုံကောင်းမျှ၊ အကြောင်းလျော်စွာဖြစ်ပေါ်၍လာရပေသည်။”
၁။ အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။
၂။ သံ၊၁၊၃ဝဝ။
၃။ သင်္ခေပ၊၂၈။

စာမျက်နှာ-63


အထက်ပါဒေသနာတော်နှင့် အဆိုအမိန့်များအရ ဝတ္ထုရုပ် (သို့မဟုတ်) ပသာဒခေါ်သော အကြည်ဓာတ်အခံဓာတ်များတွင် ရူပါရုံစသော အာရုံဓာတ်အတိုက်ဓာတ်များလာတိုက် လာထင်သည့်အခါ မူလ အခံဓာတ်နှင့် အတိုက်ဓာတ်တို့တွင် စိတ်ဝိညာဏ်ဟုခေါ်သည့်ဓာတ်တမျိုး မရှိသော်ငြားလည်း ဓာတ်သဘောအလျောက် မီးထတောက်သည့်ပမာ သိမှုခေါ်သည့် ဝိညာဏဓာတ်တမျိုး ဖြစ်ပေါ်လာပေသည်။

ဤသို့ အခံဓာတ်(ဝတ္ထု)၊ အတိုက်ဓာတ်(အာရုံ) နှင့် အသိဓာတ်(ဝိညာဏ်) တို့သုံးမျိုးပေါင်းဆုံမိသည့်အခါ အာရုံကိုဓာတ်ခိုက်သကဲ့သို့ တွေ့ထိမှုဆိုသည့် ဖဿသဘောတရားလည်း ပေါ်လာပါသည်။ ဤနေရာ၌ ဖဿစေတသိက်ဖြစ်ပေါ်လာခြင်းသည် ထိုဝတ္ထု, အာရုံ, ဝိညာဏ်သုံးပါးတို့ ပေါင်းဆုံမိပြီးမှ ပေါ်လာသည်မဟုတ်၊ ဖဿသည် စေတသိက်ဖြစ်သောကြောင့် ဝိညာဏဓာတ်ပေါ်သည်နှင့်တပြိုင်နက် ထိုဝိညာဏဓာတ်နှင့်အတူ ဖဿပါလာခြင်း ဖြစ်သည်။ ထိုသုံးပါးဆုံမိသည်နှင့် တပြိုင်နက် ဖဿက မိမိတွေ့ထိရသော အာရုံ၏ အရသာကို ပေါ်လာအောင် ကြိတ်နယ်ထုတ်ဆောင်ပေးသည်။

ဖဿကြိတ်နယ် ထုတ်ပေးသဖြင့် ပေါ်ထွက်လာသည့်အာရုံ၏ အရသာကို ကောင်းလျှင် ကောင်းသည့် အလျောက်၊ မကောင်းလျှင် မကောင်းသည့်အလျောက် ခံစားသည့် ဝေဒနာတရား ပေါ်လာရသည်။ နှစ်သက်သာယာဖွယ် ကောင်းသော ဣဋ္ဌာရုံနှင့် တွေ့လျှင် ရွှင်ရွှင်လန်းလန်း ဝမ်းမြောက်ဝမ်းသာ ခံစားသော သုခဝေဒနာ, သောမနဿဝေဒနာများ ဖြစ်၏။ ထိုအခါ ယင်းဝေဒနာတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ပြုံးပြုံးရွှင်ရွှင် ကြည်ကြည်လင်လင် ဖြစ်နေပေသည်။

မသာယာဖွယ်၊ မုန်းဖွယ်၊ အော့နှလုံးနာဖွယ်ကောင်းသော အနိဋ္ဌာရုံနှင့် တွေ့ကြုံလျှင် ညှိုးညှိုးနွမ်းနွမ်း ကိုယ်စိတ်မချမ်းမသာ ဖြစ်မှုကို ခံစားသော ဒုက္ခဝေဒနာ, ဒေါမနဿဝေဒနာများ ဖြစ်၏။ ထိုအခါ ယင်းဝေဒနာတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ညှိုးညှိုးနွမ်းနွမ်းနှင့် မျက်နှာ မသာမယာ ဖြစ်၍နေပေသည်။

စာမျက်နှာ-64


ဤသို့ ဖဿက အာရုံကို တွေ့ထိမှုအာရုံ၏ အရသာပေါ်အောင် ဖိညှစ်ကြိတ်နယ်ပေးပါမှ အာရုံ၏ အရသာကို ခံစားမှုဆိုသည့် ဝေဒနာ ဖြစ်လာနိုင်ပါသည်။ ဖဿက ဤသို့မရွက်ဆောင်ပါက (ဝါ) ဖဿတရား မဖြစ်ပေါ်လာပါက အာရုံ၏ အရသာကို ခံစားမှုဆိုသည့်ဝေဒနာတရားလည်း ဖြစ်မလာနိုင်ပေ။ ထို့ကြောင့် ဖဿစေတသိက်သည် ဝေဒနာစေတသိက် ဖြစ်ပေါ်ခြင်း၏ အနီးကပ်ဆုံးသော အကြောင်း (ပဒဋ္ဌာန်) တရား ဖြစ်သည်။

ထို့ကြောင့် သဠာယတနဝဂ္ဂသံယုတ် ပါဠိတော် ဝေဒနာသံယုတ် မူလကသုတ်၌ အောက်ပါအတိုင်း ဟောတော်မူခဲ့ခြင်း ဖြစ်ပါသည်။

“ရဟန်းတို့၊ ဖဿကြောင့်ဖြစ်ကုန်သော၊ ဖဿလျှင် အရင်းမူလရှိကုန်သော၊ ဖဿဟူသော အကြောင်းရှိကုန်သော၊ ဖဿဟူသော အထောက်အပံ့ရှိကုန်သော ဝေဒနာတို့သည် ဤသုံးမျိုးတို့တည်း၊ အဘယ်သုံးမျိုးတို့နည်း၊ သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာတို့တည်း။”

“ရဟန်းတို့၊ ချမ်းချမ်းသာသာ ခံစားမှု၏ အကြောင်းဖြစ်သော ဖဿကို အစွဲပြု၍ သုခဝေဒနာ ဖြစ်ပေါ်လာရ၏။ ထိုသုခဝေဒနာ ဖြစ်ပေါ်ကြောင်း ဖြစ်သော ဖဿတရားချုပ်ငြိမ်းသွားမှသာ သုခဝေဒနာ ချုပ်ငြိမ်း၏။”

“ရဟန်းတို့၊ ဆင်းရဲစွာ ခံစားမှု၏ အကြောင်းဖြစ်သော ဖဿကို အစွဲပြု၍ ဒုက္ခဝေဒနာ ဖြစ်ပေါ်လာရ၏၊ ထိုဒုက္ခဝေဒနာ ဖြစ်ပေါ်ကြောင်း ဖြစ်သော ဖဿတရား ချုပ်ငြိမ်းသွားမှသာ ဒုက္ခဝေဒနာ ချုပ်ငြိမ်း၏။”

“ရဟန်းတို့၊ အသင့်အတင့် ခံစားမှု၏ အကြောင်းဖြစ်သော ဖဿကို အစွဲပြု၍ ဥပေက္ခာဝေဒနာ ဖြစ်ပေါ်လာရ၏၊ ထိုဥပေက္ခာဝေဒနာ ဖြစ်ပေါ်ကြောင်း ဖြစ်သော ဖဿတရား ချုပ်ငြိမ်းသွားမှသာ ဥပေက္ခာဝေဒနာ ချုပ်ငြိမ်း၏။”

စာမျက်နှာ-65


“ရဟန်းတို့၊ ဥပမာအားဖြင့် ထင်းချောင်းနှစ်ချောင်းတို့၏ အချင်းချင်းထိခိုက်မှု ပေါင်းဆုံမှုကြောင့် အပူငွေ့ဖြစ်ပေါ်လာရ၏၊ မီးဖြစ်ပေါ်လာရ၏၊ ထိုထင်းချောင်းနှစ်ချောင်းကို တခြားစီခွဲထားလိုက်လျှင် ထိုထင်းချောင်းနှစ်ချောင်း ထိခိုက်ပေါင်းဆုံမှုကြောင့် ဖြစ်ပေါ်လာသည့် အပူငွေ့သည် ချုပ်ငြိမ်းသွား၏ (မဖြစ်ပေါ်လာနိုင်)။”

“ရဟန်းတို့၊ ဤအတူပင် ဤဝေဒနာ သုံးမျိုးတို့သည် ဖဿကြောင့် ဖြစ်ကုန်၏၊ ဖဿလျှင် အရင်းမူလရှိကုန်၏၊ ဖဿဟူသော အကြောင်းရှိကုန်၏၊ ဖဿဟူသော အထောက်အပံ့ရှိကုန်၏၊ ဖဿကို အစွဲပြု၍ ဝေဒနာတို့ ဖြစ်ကုန်၏၊ ထိုဝေဒနာအားလျော်သော ဖဿ၏ချုပ်ငြိမ်းခြင်းကြောင့် ထိုဖဿကြောင့် ဖြစ်သော ဝေဒနာတို့ ချုပ်ငြိမ်းကြကုန်၏။”

၅။ ဝေဒနာစေတသိက်အမျိုးမျိုးပြားပုံ

ဝေဒနာတမျိုး

သင်္ခါရတရားတို့၏ အမြဲမရှိသည့် သဘောအားဖြင့် ခံစားမှု ဝေဒနာဟူသမျှသည် “ဒုက္ခဝေဒနာ” တမျိုးတည်းသာ ဖြစ်ပေသည်။ မှန်၏။ အခါတပါး၌ ရဟန်းတပါးသည် ဘုရားရှင်၏ မျက်မှောက်သို့ သွားရောက်၍-

“မြတ်စွာဘုရား၊ မြတ်စွာဘုရားသည် ဒုက္ခဝေဒနာ, သုခဝေဒနာ, ဥပေက္ခာဝေဒနာ ဟူ၍ ဝေဒနာသုံးမျိုး ရှိကြောင်း ဟောတော်မူခဲ့ပါသည်။ နောက် ထပ်မံ၍ ‘ဝေဒနာမှန်သမျှ ဒုက္ခဝေဒနာချည်း ဖြစ်သည်’ ဟု ဟောတော်မူပြန်သည်၊ ဤသို့ဟောရာ၌ ရှင်တော်မြတ်ဘုရား၏ ရည်ရွယ်ချက်ကို သိလိုပါသည် ဘုရား” ဟု လျှောက်၏။
၅။ သံ၊ ၂။ ၄၁၇။

စာမျက်နှာ-66


ဘုရားရှင်က--
“ချစ်သား၊ ဝေဒနာသုံးမျိုး ဟောကြားပြီးလျက် နောက် ဝေဒနာဟူသမျှ ဒုက္ခဝေဒနာချည်းဖြစ်သည်ဟု ထပ်မံဟောခြင်းမှာ ပြုပြင်ပြောင်းလဲမှုရှိသော သင်္ခါရတရားတို့၏မမြဲခြင်းသဘော၊ ကုန်ခမ်းခြင်းသဘော၊ ပျက်စီးခြင်းသဘော၊ စွဲမက်စရာမရှိခြင်းသဘော၊ ချုပ်ငြိမ်းခြင်းသဘော၊ ဖောက်ပြန်ပြောင်းလဲခြင်းသဘောတို့ကို ရည်ရွယ်၍ ငါဘုရားဟောတော်မူခြင်း ဖြစ်သည်။” ဟု မိန့်တော်မူပါသည်။

ဤ၌ ဟောတော်မူလိုရင်းမှာ – ဆင်းရဲမှုကို ခံစားသည် ဖြစ်စေ၊ ချမ်းသာမှုကို ခံစားသည်ဖြစ်စေ ခံစားမှုဟူသမျှသည် ပျက်စီးမှု၊ မမြဲမှု၊ ပြုပြင်ပြောင်းလဲမှု သဘောရှိသောကြောင့် သင်္ခါရဒုက္ခချည်းသာ ဖြစ်သည်ဟု အဓိပ္ပါယ်ရပါသည်။

ဝေဒနာနှစ်မျိုး

ဝေဒနာစေတသိက်သည် အာရုံ၏ အရသာကို ခံစားခြင်း သဘောလက္ခဏာအားဖြင့် တမျိုးတည်းဖြစ်သော်လည်း ဖြစ်ပေါ်ရာ ဒွါရ၏ အစွမ်းအားဖြင့်--
(၁) ပဉ္စဒွါရိက ဝေဒနာ
(၂) မနောဒွါရိက ဝေဒနာ

ဟု နှစ်မျိုးရှိပါသည်။

ထိုနှစ်ပါးတွင် ပဉ္စဒွါရိက ဝေဒနာဆိုသည်မှာ--ဒွါရငါးပါး ထင်ရှားရှိနေသမျှ ကာလပတ်လုံး စက္ခုဒွါရ၊ သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှါဒွါရ၊ ကာယဒွါရဟူသော ဒွါရငါးပါးကို အစွဲပြု၍ ဖြစ်ပေါ်လာသော ဝေဒနာ ဖြစ်သည်။

မနောဒွါရိက ဝေဒနာကား အသက်ထင်ရှားရှိနေသမျှ ကာလပတ်လုံး မနောဒွါရ၌ ဖြစ်ပေါ်နေသော ဝေဒနာ ဖြစ်သည်။
၁။ သံ၊ ဋ္ဌ၊ ၂။ ၇၃။ အံ၊ ဋ္ဌ၊ ၂။ ၃၆၀။

စာမျက်နှာ-67


ဒွါရငါးပါး၌ ဖြစ်သော ပဉ္စဒွါရိကဝေဒနာသည် မနောဒွါရိက ဝေဒနာနောက်မှ ဖြစ်ပေါ်ပြီး ရှေးဦးစွာ ချုပ်ဆုံးသွားသည်၊ မနောဒွါရိက ဝေဒနာမှာမူ ပဉ္စဒွါရိက ဝေဒနာ မဖြစ်မီ ရှေးဦးစွာဖြစ်၍ ပဉ္စဒွါရိက ဝေဒနာချုပ်ဆုံးပြီးနောက်မှ ချုပ်ဆုံးပေသည်။

မှန်၏။ ထိုမနောဒွါရိက ဝေဒနာသည် ပဋိသန္ဓေနေချိန်၌ ပဋိသန္ဓေစိတ်နှင့်အတူ ဟဒယဝတ္ထုရုပ်ကိုမှီ၍ ဖြစ်ပေါ်လာသည်။ ပဉ္စဒွါရိက ဝေဒနာသည် စက္ခုဒွါရစသည်တို့ ဖြစ်ပေါ်ရာ ပဝတ္တိအခါမှသာ ဖြစ်၍ မနောဒွါရိက ဝေဒနာထက် အဖြစ်နောက်ကျသည်။

ပထမအရွယ် အသက်(၂၀)တွင် တပ်မက်ခြင်း(လောဘ)၊ ပြစ်မှားခြင်း(ဒေါသ)၊ တွေဝေခြင်း(မောဟ)တို့ လွန်ကဲသဖြင့် ပဉ္စဒွါရိက၌ ဖြစ်သော (ပဉ္စဒွါရိက) သုခ, ဒုက္ခ, ဥပေက္ခာ ဝေဒနာတို့သည် အလွန်အားရှိကြ၏။ အသက်(၅၀) အရွယ် ရောက်သည့်အခါ၌မူ ထိုဝေဒနာသည် တန့်နေ၏။ အသက်(၆၀) အရွယ်မှစပြီး ထိုဝေဒနာဖြစ်မှု ဆုတ်ယုတ်သွားပေသည်။ အသက်(၈၀) (၉၀) အရွယ်၌မူ ခံစားမှု ဝေဒနာ အလွန့်အလွန် အားနည်းသွားတော့သည်။

ထိုအရွယ်တွင် သတ္တဝါတို့သည် သတိလွှတ်၍ ခံစားမှုဝေဒနာလည်း မပေါ်လျှင် မထင်ရှားတော့ချေ။ ကြာမြင့်စွာ အတူနေထိုင်ဘူးသူတို့ကိုပင်မသိကြတော့ကုန်။ အလွန်ထင်ရှားသော ရူပါရုံစသည့် အာရုံများကိုလည်း မမြင်ကြတော့၊ အနံ့ကောင်းနှင့် အနံ့ဆိုးတို့ကိုလည်းကောင်း၊ သာယာဖွယ်နှင့် ရွံရှာဖွယ်တို့ကိုလည်းကောင်း၊ အကြမ်းနှင့် အနုတို့ကိုလည်းကောင်း ခွဲခြား မသိကြတော့ကုန်၊ ထို (သူငယ်ပြန်) သည့်အချိန်တွင် အရွယ်ကြီးသူတို့အား ပဉ္စဒွါရိက ဝေဒနာသည် ပျက်စီးသွားပေသည်။

မနောဒွါရိက ဝေဒနာမှာမူ ဆက်လက်ဖြစ်လျက် ရှိသေးသည်။ သို့သော် ထိုဝေဒနာသည်လည်း အစဉ်အတိုင်း ယုတ်လျော့သွား၍ သေခါနီးအချိန်တွင် နှလုံးအိမ်ကိုမှီ၍ တည်နေ၏၊ ထိုဝေဒနာ ဆက်လက်ဖြစ်နေသမျှ ကာလပတ်လုံး သတ္တဝါ အသက်ရှင်နေသေးသည်ဟုဆိုရ၏၊ ထိုဝေဒနာ ဆက်လက်မဖြစ်တော့မှပင် သတ္တဝါ သေသည် ချုပ်သည်ဟု ဆိုရပေမည်။

စာမျက်နှာ-68


ဝေဒနာ (၂)မျိုးနှင့် ရေကန်ကြီး ဥပမာ

ဤအဓိပ္ပာယ် ပေါ်လွင်အောင် ဥပမာဆောင်ပြပါမည်၊ ရေဝင်ပေါက်လမ်း ငါးခုရှိသော ရေကန်ကြီး တကန်ရှိပါသည်၊ ပထမမိုးစတင်ရွာသည့်အခါ မိုးရေသည် ရေဝင်လမ်း ငါးသွယ်တို့ဖြင့် ကန်ထဲသို့ ကန်အတွင်းရှိတွင်းများ ပြည့်သွားအောင် စီးဝင်၏၊ မိုးအကြိမ်ကြိမ် ရွာသည့်အခါ ရေဝင်လမ်းတို့ ပြည့်လျှံသွားပြီး တစ်ဂါဝုတ် နှစ်ဂါဝုတ်အထိ ရေလွှမ်းမိုးသွားလေသည်။

ထိုအချိန်တွင် ရေလွှတ်ပေါက်တို့ကို ဖွင့်၍ လယ်ယာလုပ်ငန်းတို့ကို ပြုလုပ်သည့်အခါ ကန်မှရေများ ထွက်လာ၏၊ ကောက်ရိတ်ချိန် ရောက်သည့်အခါ၌မူ ကန်မှ ရေထွက်ယုတ်လျော့ အားနည်းသွားပေသည်၊ ကန်တွင်ရေနည်းသွားသဖြင့် ငါးဖမ်းလို့ရမည့်အခြေပင် ရောက်လာ၏။ ထို့နောက် တွင်းထဲတွင် နှစ်ရက်သုံးရက်အထိ ရေရှိနေပေသေးသည်၊ တွင်းများထဲ၌ ရေရှိနေသေးသရွေ့ ရေကန်ကြီး၌ ရေရှိ၏ဟု ဆိုရ၏၊ တွင်းထဲ၌ရေများ ခန်းသွားမှ ကန်ကြီး၌ ရေမရှိတော့ဟု ဆိုရလေသည်။

ဤဥပမာ၌ ပထမအကြိမ် မိုးစတင်ရွာ၍ ရေဝင်ပေါက်ငါးသွယ်တို့ဖြင့် မိုးရေဝင်ပြီး ကန်အတွင်းရှိ တွင်းများပြည့်သည့်နှင့် ပထမဆုံးပဋိသန္ဓေနေချိန်တွင် ဟဒယဝတ္ထုရုပ်ကိုမှီ၍ မနောဒွါရိကဝေဒနာ ဖြစ်ပေါ်လာခြင်းတို့ တူပါသည်။ မိုးအကြိမ်ကြိမ် ရွာသဖြင့် ရေဝင်လမ်းငါးသွယ်တို့ ပြည့်သွားခြင်းနှင့် ပဉ္စဒွါရိကဝေဒနာ ဖြစ်ပေါ်လာခြင်းတို့ တူကြပါသည်၊ တစ်ဂါဝုတ် နှစ်ဂါဝုတ်မျှ ရေလွှမ်းမိုးခြင်းနှင့် ပထမအရွယ် အသက်နှစ်ဆယ်အချိန်၌ တပ်မက်ခြင်းစသည်တို့ကြောင့် ထိုပဉ္စဒွါရိကသုခဝေဒနာစသည်တို့ လွန်ကဲအားကောင်းခြင်းတို့ တူပါသည်၊ ကန်မှ ရေမထွက်သေးဘဲ ကန်တွင် ရေအပြည့် တည်ရှိနေခြင်းနှင့် အသက်ငါးဆယ်အရွယ်တွင် ထိုပဉ္စဒွါရိက ဝေဒနာတို့မယုတ်လျော့ ရပ်တည်နေခြင်းတို့ တူပါသည်။

စာမျက်နှာ-69


ရေလွှတ်ပေါက်များကို ဖွင့်၍ လယ်ယာလုပ်ငန်းတို့ဖြင့် ပြုလုပ်သည့် အခါ ရေများ ထွက်ကုန်သဖြင့် လျော့နည်းသွားခြင်းနှင့် အသက် ခြောက်ဆယ် အရွယ်မှစ၍ ထိုဝေဒနာ ဆုတ်ယုတ်လျော့နည်းသွားခြင်းတို့ တူပါသည်၊ ရေလျော့နည်းသွား၍ ရေလမ်းများ၌ ရေအနည်းငယ်သာ တည်ရှိတော့ခြင်းနှင့် အသက်ရှစ်ဆယ် ကိုးဆယ်အရွယ် ပဉ္စဒွါရိကဝေဒနာ အားနည်းသွားခြင်းတို့ တူပါသည်။

တွင်းများ၌သာ ရေရှိတော့ခြင်းနှင့် ဟဒယဝတ္တုရုပ်ကိုမှီ၍ မနောဒွါရိက ဝေဒနာသာ ဖြစ်တော့ခြင်းတို့ တူ၏၊ တွင်းများ၌ ရေအနည်းငယ်မျှသာ ကျန်စေကာမူ ကန်တွင် ရေရှိနေသေးသည်ဟု ဆိုရသကဲ့သို့ ထို့အတူ မနောဒွါရိကဝေဒနာ ဆက်လက်ဖြစ်နေသေးသရွှေ့ သတ္တဝါအသက်ရှင်နေသေးသည်ဟု ဆိုရပေမည်။ တွင်းများထဲ၌ ရေလုံးဝ ခန်းသွားပါလျှင် ကန်တွင် ရေမရှိတော့ဟု ဆိုရသကဲ့သို့ ထိုသို့ မနောဒွါရိကဝေဒနာ လုံးဝမဖြစ်တော့လျှင် သတ္တဝါသေပြီဟု ဆိုရပေတော့သည်။

တနည်းအားဖြင့် ဝေဒနာသည်-
(၁) ကာယိကဝေဒနာ၊
(၂) စေတသိကဝေဒနာ၊
ဟူ၍ နှစ်မျိုးရှိပါသည် ။ ထိုတွင် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိ၍ ကိုယ်၌ဖြစ်သော ခံစားမှုသည် ကာယိကဝေဒနာ ဖြစ်သည်။ အာရုံခြောက်ပါးကို အာရုံပြု၍ စိတ်ထဲ၌ဖြစ်သော ခံစားမှုသည် စေတသိကဝေဒနာ ဖြစ်သည်။

ကာယိကဝေဒနာသည် ဒုက္ခဝေဒနာ, သုခဝေဒနာဟု နှစ်မျိုးရှိသကဲ့သို့ စေတသိကဝေဒနာသည်လည်း ဒုက္ခဝေဒနာ သုခဝေဒနာဟူ၍ နှစ်မျိုးရှိပေသည်။
၁။ သံ၊၂၊၄၂၉။

စာမျက်နှာ-70


တနည်းအားဖြင့် ဝေဒနာသည်-
(၁) သာတဝေဒနာ၊
(၂) အသာတဝေဒနာ၊
အားဖြင့် နှစ်ပါးရှိ၏၊ ထိုတွင် သာယာနှစ်သက်ဖွယ်ကောင်းသော အာရုံကို ခံစားခြင်းသည် သာတဝေဒနာ မည်၏၊ မသာယာဖွယ်, မနှစ်သက်ဖွယ် ကောင်းသော အာရုံကို ခံစားခြင်းသည် အသာတဝေဒနာ မည်၏။

ထိုသာတဝေဒနာသည် ကာယိကသာတဝေဒနာ၊ မာနသိကသာတဝေဒနာအားဖြင့် နှစ်မျိုးရှိသကဲ့သို့ အသာတဝေဒနာသည်လည်း ကာယိကအသာတဝေဒနာ၊ မာနသိကအသာတဝေဒနာအားဖြင့် နှစ်မျိုးရှိပေသည်။

ဝေဒနာ(၃)မျိုး

ဝေဒနာ စေတသိက်သည် အာရုံကို ခံစားခြင်း သဘောလက္ခဏာရှိသော်လည်း အာရုံခံစားပုံ(၃)မျိုး ကွဲပြားသောကြောင့် ဝေဒနာလည်း အောက်ပါအတိုင်း သုံးမျိုးရှိပါသည်။
(၁) သုခဝေဒနာ (ချမ်းသာသုခကို ခံစားခြင်း)
(၂) ဒုက္ခဝေဒနာ (ဆင်းရဲဒုက္ခကို ခံစားခြင်း)
(၃) အဒုက္ခမသုခဝေဒနာ (ချမ်းသာလည်း မဟုတ်၊ ဆင်းရဲ လည်း မဟုတ်သည်ကို ခံစားခြင်း)

ထိုသုံးမျိုးတွင် သုခဝေဒနာဆိုသည်မှာ-မိမိ အလိုရှိအပ် နှစ်သက် မြတ်နိုးအပ်သော ဣဋ္ဌာရုံတို့နှင့် တွေ့ကြုံ ဆုံဆည်းရသည့်အခါ ထိုဣဋ္ဌာရုံကို ခံစားခြင်းသဘော၊ ကိုယ်ထဲစိတ်ထဲ၌ ခံသာသောသဘော၊ ရွှင်လန်း ချမ်းမြေ့သော သဘောများပင် ဖြစ်သည်။
၁။ အဘိ၊၁၊၁။ အဘိ၊၂၊၃။ သံ၊၂၊၄ဝ၇။

စာမျက်နှာ-71


မိမိတို့ အလိုမရှိအပ်၊ မနှစ်သက် မမြတ်နိုးအပ်သော အနိဋ္ဌာရုံတို့နှင့် တွေ့ကြုံဆုံဆည်းရသည့်အခါ ထိုအနိဋ္ဌာရုံ ခံစားခြင်း၊ ကိုယ်ထဲစိတ်ထဲ မခံသာသောသဘော၊ မရွှင်လန်း မချမ်းမြေ့သောသဘော၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲမှုသဘောတို့ကို ဒုက္ခဝေဒနာဟု ခေါ်သည်။

အဒုက္ခမသုခဝေဒနာဆိုသည်မှာ-ဒုက္ခလည်းမဟုတ် သုခလည်း မဟုတ်သော ဝေဒနာဖြစ်သည်၊ ထိုဝေဒနာကို ဥပေက္ခာဝေဒနာဟုလည်း ခေါ်သည်၊ ဣဋ္ဌာရုံလည်းမဟုတ် အနိဋ္ဌာရုံလည်းမမည်၊ ရိုးရိုးအလယ်အလတ်ဖြစ်သော သာမန်အာရုံများနှင့် တွေ့ကြုံရသည့်အခါ မသိမသာမထင်မရှား ခံစားမှု သဘောသည် အဒုက္ခမသုခဝေဒနာခေါ် ဥပေက္ခာဝေဒနာပင် ဖြစ်သည်၊ ထိုဝေဒနာသုံးမျိုး၏ သဘော လက္ခဏာများကို ဖော်ပြပြီးခဲ့သော လက္ခဏာခန်းနှင့်ရသခန်းတို့တွင် ဝတ္ထုသက်သေများနှင့်တကွ ရှင်းလင်းခဲ့ပြီး ဖြစ်ပါသည်။

ဝေဒနာ(၅)မျိုး

ဝေဒနာ၏ အာရုံ၏ အရသာကို ခံစားပုံသည် သာယာနှစ်သက်သောအားဖြင့်လည်း အာရုံ၏ အရသာကို ခံစား၏၊ မသာမယာမခံသာသောအားဖြင့်လည်း အာရုံ၏ အရသာကို ခံစား၏၊ သာယာသည်လည်းမဟုတ် မသာယာသည်လည်း မဟုတ် အလယ်အလတ်အားဖြင့်လည်း အာရုံ၏ အရသာကို ခံစား၏၊ ဤသုံးမျိုးမှတပါးသော အာရုံ၏ခံစားမှုမည်သည် မရှိချေ။ ထို့ကြောင့် ခံစားပုံ(၃)မျိုး ကွဲပြား(အနုဘဝနဘေဒ)သောကြောင့် ဝေဒနာသုံးမျိုး ရှိပုံကို အထက်တွင် ပြဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် ဗုဒ္ဓရှင်တော်ဘုရားသည် ဣန္ဒိယဝိဘင်းပါဠိတော်၌ ”သုခိန္ဒိယံ၊ ဒုက္ခိန္ဒိယံ၊ သောမနဿိန္ဒိယံ၊ ဒေါမနဿိန္ဒိယံ၊ ဥပေက္ခိန္ဒိယံ”ဟု ငါးပါး ခွဲခြားဝေဖန် ဟောတော်မူပြန်သောကြောင့် ထိုဝေဒနာသည် ဣန္ဒြေ အပြား(ဣန္ဒိယဘေဒ)အားဖြင့် အောက်ပါအတိုင်း ငါးပါးရှိကြပြန်သည်။
(၁) သုခဝေဒနာ (ကိုယ်၌ဖြစ်သော ချမ်းသာခံစားမှု)
(၂) ဒုက္ခဝေဒနာ (ကိုယ်၌ဖြစ်သော ဆင်းရဲခံစားမှု)

စာမျက်နှာ-72


(၃) သောမနဿဝေဒနာ (စိတ်၌ဖြစ်သော ချမ်းသာခံစားမှု)
(၄) ဒေါမနဿဝေဒနာ (စိတ်၌ဖြစ်သော ဆင်းရဲခံစားမှု)
(၅) ဥပေက္ခာဝေဒနာ (အလယ်အလတ်အားဖြင့် ခံစားမှု)

အဘယ်ကြောင့် ဝေဒနာသုံးပါးက ငါးပါး ဖြစ်လာရသနည်း ဆိုသော် သုခဝေဒနာ တမျိုးတည်း ဖြစ်သော်လည်း ချမ်းသာခံစားမှု (သုခဝေဒနာ) သည် ကိုယ်၌ဖြစ်သော ချမ်းသာခံစားမှု၊ စိတ်၌ဖြစ်သော ချမ်းသာခံစားမှု ဟု နှစ်မျိုးကွဲပြားပါသည်၊ ထို့ကြောင့် ကိုယ်၌ဖြစ်သော ချမ်းသာခံစားမှုကို သုခဝေဒနာဟု ခေါ်၍ စိတ်၌ဖြစ်သော ချမ်းသာ ခံစားမှုကို သောမနဿဝေဒနာဟု ခေါ်ရလေသည်။

ထို့အတူ ဆင်းရဲခံစားမှု (ဒုက္ခဝေဒနာ) သည်လည်း တပါးတည်း ဖြစ်သော်လည်း ကိုယ်၌ဖြစ်သော ဆင်းရဲခံစားမှု၊ စိတ်၌ဖြစ်သော ဆင်းရဲ ခံစားမှုဟု နှစ်မျိုးပြားသောကြောင့် ကိုယ်၌ဖြစ်သော ဆင်းရဲခံစားမှုကို ဒုက္ခဝေဒနာဟု ခေါ်၍ စိတ်၌ဖြစ်သော ဆင်းရဲခံစားမှုကို ဒေါမနဿ ဝေဒနာဟု ခေါ်ပါသည်။

ဝေဒနာ ၆-မျိုး

ဝေဒနာသည် ဖြစ်ပေါ်ရာ ဒွါရ ပြား (ဒွါရဘေဒ) အားဖြင့် အောက်ပါအတိုင်း (၆) မျိုးရှိသည်။
(၁) စက္ခုသမ္ဖဿဇာဝေဒနာ (မျက်စိအတွေ့ကြောင့် ဖြစ်လာသော ခံစားမှု)၊
(၂) သောတသမ္ဖဿဇာဝေဒနာ (နားအတွေ့ကြောင့် ဖြစ်လာသော ခံစားမှု)၊
(၃) ဃာနသမ္ဖဿဇာ ဝေဒနာ (နှာခေါင်းအတွေ့ကြောင့် ဖြစ်လာ သောခံစားမှု)၊
(၄) ဇိဝှါသမ္ဖဿဇာ ဝေဒနာ (လျှာအတွေ့ကြောင့် ဖြစ်လာသော ခံစားမှု)၊

စာမျက်နှာ-73


(၅) ကာယသမ္ဖဿဇာ ဝေဒနာ (ကိုယ်အတွေ့ကြောင့် ဖြစ်လာသော ခံစားမှု)၊
(၆) မနောသမ္ဖဿဇာ ဝေဒနာ (နှလုံးအတွေ့ကြောင့် ဖြစ်လာသော ခံစားမှု)၊

ထိုခြောက်ပါးတွင် စက္ခုဝိညာဏ်ဒွေ၌ရှိသော ဝေဒနာသည် စက္ခု အတွေ့ (စက္ခုသမ္ဖဿ) ကြောင့် ဖြစ်ပေါ်လာသော ဝေဒနာဖြစ်၍ စက္ခု သမ္ဖဿဇာ ဝေဒနာမည်၏။

သောတဝိညာဏ်ဒွေ၌ရှိသော ဝေဒနာသည် သောတအတွေ့ (သောတသမ္ဖဿ) ကြောင့် ဖြစ်ပေါ်လာသော ဝေဒနာဖြစ်၍ သောတ သမ္ဖဿဇာ ဝေဒနာမည်၏။

ဃာနဝိညာဏ်၌ရှိသော ဝေဒနာသည် ဃာနအတွေ့ (ဃာနသမ္ဖဿ) ကြောင့် ဖြစ်ပေါ်လာသော ဝေဒနာဖြစ်၍ ဃာနသမ္ဖဿဇာ ဝေဒနာ မည်၏။

ဇိဝှါဝိညာဏ်၌ရှိသော ဝေဒနာသည် ဇိဝှါအတွေ့ (ဇိဝှါသမ္ဖဿ) ကြောင့် ဖြစ်ပေါ်လာသော ဝေဒနာဖြစ်၍ ဇိဝှာသမ္ဖဿဇာဝေဒနာ ဖြစ်သည်။

ကာယဝိညာဏ်ဒွေ၌ရှိသော ဝေဒနာသည် ကာယအတွေ့ (ကာယသမ္ဖဿ) ကြောင့် ဖြစ်ပေါ်လာ၍ ကာယသမ္ဖဿဇာ ဝေဒနာမည်၏။

ဒွေပဉ္စဝိညာဏ် တဆယ်ကြဉ်သော လောကီဝိပါက် ၂၂-ပါး၌ရှိသော ဝေဒနာသည် (ဝါ) ဒွေပဉ္စဝိညာဏ်ကြဉ်သော စိတ် ၇၉-ပါး၌ ရှိသော ဝေဒနာသည် မနောနှလုံးအတွေ့ (မနောသမ္ဖဿ) ကြောင့် ဖြစ်ပေါ်လာ သော ဝေဒနာဖြစ်၍ မနောသမ္ဖဿဇာ ဝေဒနာမည်၏။

စာမျက်နှာ-74


ဝေဒနာခြောက်ပါး ဖြစ်ပုံကို အနည်းငယ် ရှင်းပြဦးအံ့။ ဣဋ္ဌ အာရုံကို မြင်သည့်အခါ မျက်စိအတွေ့ခေါ်သော စက္ခုသမ္ဖဿ၏ အာနုဘော်ကြောင့် ထိုအာရုံ၌ ရှုချင်ဖွယ်ကောင်းသော ဣဋ္ဌရသသည် ပေါ်ထွက် လာ၏၊ ထိုအခါ ပေါ်လာသော ဣဋ္ဌရသကို ကောင်းစွာ ကောင်းနိုး၊ လှပတင့်တယ်စွာဟု ခံစားစံစားသော စက္ခုသမ္ဖဿဇာသုခဝေဒနာသည် စိတ်သန္တာန်မှာ ဖြစ်ပေါ်လာ၏၊ ခြောက်သွေ့သော ထမင်းကို ထောပတ် ရည်ဆမ်းလိုက်ဘိသကဲ့သို့ စိတ်သန္တာန်မှာ ရွှမ်းရွှမ်းစို၍ လာ၏၊ ညှိုးနွမ်းနေသော ပဒုမ္မာကြာကို သီတာရေချမ်း ဆွတ်ဖျန်းလိုက်သဖြင့် လန်းဆန်းလာသကဲ့သို့ စိတ်သန္တာန်၌ ရွှင်လန်း ဖွံ့ဖြိုးလာ၏၊ မျက်နှာရွှန်း၍ အသွေးအရည်တက်၍လာ၏။ ထိုသို့ စက္ခုအမြင် စိတ်အစဉ်မှာ ရွှမ်းရွှမ်းစိုတက်၍လာသော သုခဝေဒနာသည် စက္ခုသမ္ဖဿဇာ သုခဝေဒနာ ဖြစ်သည်။

မြင်တွေ့လိုက်ရသည့် အဆင်းအာရုံက မကြည့်ချင်စရာ, ရွံ့စရာ, မုန်းစရာ အနိဋ္ဌာရုံမျိုးဖြစ်ပါက စိတ်မချမ်းသာမှု စိတ်ဆင်းရဲမှု ဟူသော ဒုက္ခဝေဒနာ ဖြစ်လာသည်၊ ထိုဝေဒနာသည် မျက်စိအတွေ့ကြောင့် ဖြစ်ပေါ်လာသော ဝေဒနာဖြစ်၍ စက္ခုသမ္ဖဿဇာ ဒုက္ခဝေဒနာဖြစ်သည်။

ကောင်း မကောင်း မထင်ရှားသည့် ရိုးရိုးမြင်နေကျ အဆင်းအာရုံ ကို မြင်ရသည့်အခါ၌မူ ခံစားမှုသဘော မထင်ရှားသည့် ဥပေက္ခာဝေဒနာ ဖြစ်လာသည်၊ ထိုဝေဒနာသည် စက္ခုသမ္ဖဿဇာ ဥပေက္ခာဝေဒနာ ဖြစ်သည်။

သာယာဖွယ်အသံကိုကြား၍ သောတ အတွေ့ကြောင့် ဖြစ်ပေါ်လာသော နားအရသာ, နားမြိန်ယှက်မှု နားချမ်းသာမှု နားဆိမ့်အိန့်မှုသည် သောတသမ္ဖဿဇာ သုခဝေဒနာဖြစ်သည်။

မသာယာဖွယ် အသံကိုကြားရ၍ သောတအတွေ့ကြောင့် ဖြစ်ပေါ်လာသော နားမချမ်းသာမှုသည် သောတသမ္ဖဿဇာ ဒုက္ခဝေဒနာ ဖြစ်သည်။

စာမျက်နှာ-75


အနံ့ကို နံ၍ ဃာနအတွေ့ကြောင့် ဖြစ်ပေါ်လာသော ခံစားမှု၊ ဃာနသမ္ဖဿဇာ ဝေဒနာများ၊ ရသာစုံကို သုံးဆောင်ရ၍ ဇိဝှါအတွေ့ကြောင့် ဖြစ်ပေါ်လာသော ခံစားမှု ဇိဝှါသမ္ဖဿဇာ ဝေဒနာများ၊ ဖောဋ္ဌဗ္ဗာရုံတို့နှင့် ပေါင်းဆုံမိ၍ ကိုယ်အတွေ့ကြောင့် ဖြစ်ပေါ်လာသော ခံစားမှု ကာယသမ္ဖဿဇာ ဝေဒနာများ၊ အာရုံခြောက်ပါးတွင် တစ်ပါးပါးသော အာရုံကို အာရုံပြု၍ စိတ်အတွေ့ နှလုံးအတွေ့ကြောင့် ဖြစ်ပေါ်လာသော ခံစားမှု မနောသမ္ဖဿဇာ ဝေဒနာများ ဖြစ်ပုံကိုလည်း စက္ခုသမ္ဖဿဇာ ဝေဒနာ၊ သောတသမ္ဖဿဇာ ဝေဒနာများနည်းကိုမှီး၍ သိနိုင်ကြပေသည်။

တနည်းအားဖြင့် ဝေဒနာသည်
(၁) သာမိသ သုခဝေဒနာ (ကာမဂုဏ် အစာနှင့် စပ်ဆိုင်သော ချမ်းသာမှု)
(၂) နိရာမိသ သုခဝေဒနာ (ကာမဂုဏ်အစာနှင့် မစပ်ဆိုင်သော ချမ်းသာမှု)
(၃) သာမိသ ဒုက္ခဝေဒနာ (ကာမဂုဏ် အစာနှင့် စပ်ဆိုင်သော ဆင်းရဲမှု)
(၄) နိရာမိသ ဒုက္ခဝေဒနာ (ကာမဂုဏ်အစာနှင့် မစပ်ဆိုင်သော ဆင်းရဲမှု)
(၅) သာမိသ အဒုက္ခမသုခဝေဒနာ (ကာမဂုဏ်အစာနှင့် စပ်ဆိုင်သော မထင်မရှား ခံစားမှု)
(၆) နိရာမိသ အဒုက္ခမသုခဝေဒနာ (ကာမဂုဏ်အစာနှင့် မစပ်ဆိုင်သော မထင်မရှား ခံစားမှု)
ဟူ၍ (၆) မျိုးရှိပါသည်။
၁။ ဒီ၊၂၊၂၃၆။

စာမျက်နှာ-76


(၁) သာမိသ သုခဝေဒနာ

ဤခြောက်မျိုးတွင် အလိုရှိအပ် ချစ်ခင်အပ် နှစ်သက်သာယာအပ်သော လင်မယား, သား သမီး, အဝတ်အစား, အိမ်, ယာ, နွား, ဆင်, မြင်း, ရွှေ, ငွေစသည်တို့ကို လည်းကောင်း၊ ကိုယ်တွင်း၌ရှိသော အဆင်း၊ မျက်စိမြင်မှု၊ ချမ်းသာမှု၊ တတ်သိလိမ္မာမှု စသည်တို့ကိုလည်းကောင်း အကြောင်းပြု၍ ဝမ်းသာခြင်းသည် သာမိသသုခမည်ပါသည်၊ ကာမဂုဏ်အစာနှင့် စပ်ဆိုင်သောချမ်းသာဟု ဆိုလိုပါသည်။

ထိုချမ်းသာမှုကို ဂေဟဿိတသောမနဿဟုလည်း ခေါ်ပါ၏၊ ကာမဂုဏ်နေအိမ်ကို မှီသော ရွှင်လန်းဝမ်းသာမှုဟု ဆိုလို၏၊ ဤ၌ဂေဟဆိုသည်မှာ အိမ်ဟု အဓိပ္ပာယ်ရ၏၊ အဆင်း, အသံ, အနံ့, ရသာ, အတွေ့အထိ, ဓမ္မသဘောဟူသော အာရုံခြောက်ပါး ကာမဂုဏ်တရားများကို ကာမတဏှာ၏ နေအိမ်ကြီးသဖွယ်ဖြစ်သောကြောင့် ဂေဟဟုခေါ်၏၊ ထိုဂေဟ ဟူသော ကာမဂုဏ်ခြောက်ပါး ကာမဂုဏ်တရားကို အကြောင်းပြု၍ ကာမတဏှာနှင့်အတူဖြစ်ပေါ်လာသော ဝမ်းမြောက်ခြင်း သောမနဿဝေဒနာကို ဂေဟဿိတသောမနဿဝေဒနာဟု ခေါ်ပါသည်။

ဤသာမိသသုခဝေဒနာသည် လှပသောအဆင်းကို အကြောင်းရင်းပြု၍ လင်မယားစသော ကာမဂုဏ်ဝတ္ထုကို အာရုံပြုလျက် ဝမ်းသာသောအခါ၌ ရူပါရုံကို မှီ၍ဖြစ်သည် မည်၏။ သာယာချိုမြိန်သော စကားသံ စသည်ကို အကြောင်းရင်းပြု၍ လင်မယား စသော ကာမဂုဏ်ဝတ္ထုကို အာရုံပြုလျက် ဝမ်းသာသောအခါ၌ သဒ္ဒါရုံစသည်ကို မှီ၍ ဖြစ်သည် မည်၏၊ ထိုသို့သော ကာမဂုဏ်ဝတ္ထုတို့နှင့် လောလောဆယ် ပြည့်စုံသည်ကို နှလုံးသွင်းမိ၍လည်း ဝမ်းသာမှုဖြစ်တတ်၏၊ ရှေးက ပြည့်စုံစွာခံစားခဲ့ဖူးသည်ကို ဆင်ခြင်အောက်မေ့၍လည်း ဝမ်းသာမှုဖြစ်တတ်၏၊ ထိုဝမ်းသာမှု အားလုံးသည် သာမိသသုခဝေဒနာဖြစ်ပါသည်။
၁။ သာမိသ = ကာမဂုဏ်အစာ၌မှီသော + သုခဝေဒနာ = အချမ်းသာခံစားမှု။

စာမျက်နှာ-77


(၂) နိရာမိသသုခဝေဒနာ

သီလ, သမာဓိ, ပညာ ကုသိုလ်တရားတို့ကို ကြိုးစားအားထုတ်သောသူအား ထိုကုသိုလ်လုပ်ငန်းရပ်ကို အကြောင်းပြု၍ ရွှင်လန်းဝမ်းမြောက်မှုကို နိရာမိသသုခဝေဒနာဟု ခေါ်၏။ ဥပမာ ဒွါရခြောက်ပါး၌ ထင်လာသော အာရုံခြောက်ပါးတို့ကို မပြတ်မစဲ အမြဲရှုမှတ်နေသောသူသည် ဉာဏ်ရင့်လာသောအခါ၌ ထိုအာရုံခြောက်ပါး၏ ဖြစ်မှုပျက်မှုကို မျက်မှောက်တွေ့မြင်၍ မမြဲသော အချင်းအရာကိုလည်း သိမြင်၏၊ ထိုအခါ၌ မျက်မှောက်မြင်အပ်သော ပစ္စုပ္ပန်အာရုံနှင့် နှိုင်းဆ၍ တွေ့ကြုံခဲ့ဖူးသည့် အတိတ်အာရုံ ခြောက်ပါးတို့ကိုလည်းကောင်း၊ တွေ့ကြုံဆဲ အာရုံတို့ကိုလည်းကောင်း မမြဲဆင်းရဲ ပြောင်းလဲဖောက်ပြန်သော တရားချည်းသာဟု သိမြင်ဆုံးဖြတ်၏၊ ဤသို့သိမြင်သောသူအား မှတ်သိတိုင်း မှတ်သိတိုင်း ဝမ်းသာမှု ဖြစ်ပေါ်တတ်၏၊ ဤဝမ်းသာမှုသည် နိရာမိသသုခဝေဒနာမည်၏၊ “ကာမဂုဏ်အစာနှင့် မစပ်ဆိုင်သော ချမ်းသာ”ဟု ဆိုလို၏။

ယင်းချမ်းသာမှုကို “နေက္ခမ္မဿိတသောမနဿ” ဟုလည်း ခေါ်၏၊ အိမ်ရာ အနှောင်အဖွဲ့ နီဝရဏစသော ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြောင်း နေက္ခမ္မပဋိပတ်လုပ်ငန်းကို မှီသော ရွှင်လန်းဝမ်းသာမှု ဟု ဆိုလို၏။ ဤ၌ “နေက္ခမ္မ” ဆိုသည်မှာ ရှင်ရဟန်းပြုခြင်း, ပထမဈာန်, နိဗ္ဗာန်, ဝိပဿနာတို့နှင့်တကွ ခပ်သိမ်းသော ကုသိုလ်တရားတို့ကို ထိုအိမ်ရာ အနှောင်အဖွဲ့ နီဝရဏ စသော ဆန့်ကျင်ဘက်တရားတို့မှလွတ် မြောက်သောကြောင့် နေက္ခမ္မဟူ၍ခေါ်၏။

ထင်ရှားစေဦးအံ့။ “သံသရာဝဋ်ဒုက္ခမှ ငါလွတ်မြောက်ရတော့မည်”ဟု ရည်မှန်းကာ ရှင်ရဟန်းပြုရန် ရဟန်းများထံသို့ သွားသူ၊ သွားရောက်ပြီး ရှင်ရဟန်းပြုသောသူ၊ ရှင်ရဟန်းပြုပြီး စတုပါရိသုဒ္ဓိသီလ၌ တည်သောသူ၊ ဓုတင်ပဋိပတ်တို့ကို ဆောက်တည်ကျင့်ကြံသောသူ၊ ကသိုဏ်း ပရိကံစီမံ ပွားများအားထုတ်သူ၊ ယင်းသို့ ပွားများအားထုတ်သဖြင့် ရူပါဝစရပထမဈာန် စသည်ကို ရသောသူ၊ ထိုဈာန်ကို အခြေပါဒပြု၍ ဝိပဿနာတရား ပွားသောသူတို့၏ ပဋိပတ်လုပ်ငန်းရပ်များကို နေက္ခမ္မ ဟုခေါ်၏၊ ယင်း နေက္ခမ္မလုပ်ငန်းရပ်ကို အကြောင်းပြု၍ဖြစ်သော ဝမ်းမြောက်ခြင်းသောမနဿဝေဒနာကို နေက္ခမ္မဿိတသောမနဿဝေဒနာဟု ခေါ်ပါသည်။ ဤဝမ်းသာမှု ဝမ်းမြောက်မှုသည် ဥဒယဗ္ဗယဉာဏ်သို့ ရောက်ခါစ၌ ဆီး၍ မရနိုင်လောက်အောင် အလွန်ထက်သန်စွာ ဖြစ်ပေါ်တတ်၏။
၁။ နိရာမိသ = ကာမဂုဏ်အစာ၌ မမှီသော + သုခဝေဒနာ = ချမ်းသာခံစားမှု။

စာမျက်နှာ-78


သာမိသဒုက္ခဝေဒနာ

အလိုရှိအပ်သော ကိုယ်တွင်းကိုယ်ပ ကာမဂုဏ် စည်းစိမ်တို့နှင့် လောလောဆယ် မပြည့်စုံမှုကို စဉ်းစားမိသောသူအား “ငါ့မှာ ကံဆိုးလေစွ”ဟု ဝမ်းနည်းမှု စိတ်မချမ်းသာမှု ဖြစ်ပေါ်တတ်၏၊ ရှေးက မပြည့်စုံခဲ့၍ ဆင်းရဲဒုက္ခအမျိုးမျိုးနှင့် တွေ့ခဲ့ဖူးသည်ကို စဉ်းစားမိ၍လည်း ဝမ်းနည်းမှု ဖြစ်ပေါ်တတ်၏၊ ဤသို့ လိုအပ်သော (ဝါ) လိုချင်သော ကာမဂုဏ်စည်းစိမ်တို့နှင့် မပြည့်စုံခြင်းကို အကြောင်း ပြု၍ ဖြစ်ပေါ်လာသော ဝမ်းနည်းမှု၊ နှလုံးမသာယာမှု, စိတ်ညစ်မှု, လွမ်းဆွတ်မှု, ပူဆွေးမှုဟူသမျှသည် သာမိသဒုက္ခမည်၏။

ထိုဝမ်းနည်းမှုအစုစုကို ဂေဟဿိတဒေါမနဿဟုလည်း ခေါ်၏၊ ကာမဂုဏ် နေအိမ်ကို မှီ၍ဖြစ်သော ဝမ်းနည်းမှုဟု ဆိုလိုသည်။ ဤ၌ ပါဠိလို ဂေဟသည် မြန်မာလို အိမ်ဟု အဓိပ္ပာယ်ရသည်၊ အဆင်း, အသံ, အနံ့, အရသာ, အတွေ့ အထိ, ဓမ္မသဘောဟူသော ခြောက်ဖြာအာရုံ ကာမဂုဏ်တရားစုကို ကာမ တဏှာ၏နေအိမ်ကြီးသဖွယ် ဖြစ်သောကြောင့် ဂေဟဟုခေါ်ပါသည်၊ ထိုဂေဟဟုခေါ်သော အာရုံခြောက်ပါး ကာမဂုဏ်တရားတို့ကို တောင့်တတိုင်းမရသဖြင့် “ငါ့မှာ ဤကာမတရားတို့ကို မရလေခြင်း”ဟု နှလုံးပူပန်သောသူ၊ ရပြီးသော ကာမဂုဏ်စည်းစိမ်ချမ်းသာများ ဆုံးရှုံးပျက်စီးသွားသည့်အခါ “ငါ့မှာ လက်ရှိစည်းစိမ်ဥစ္စာများ ဆုတ်ယုတ်လျော့ပါးပျက်စီးသွားကုန်ပြီ”ဟု နှလုံးပူပန်သောသူတို့၏ သန္တာန်၌ ကာမဂုဏ်စည်းစိမ် ချမ်းသာကို မှီ၍(အာရုံပြု၍)ဖြစ်သော နှလုံးမသာယာမှု စိတ်ဆင်းရဲမှုကို ဂေဟဿိတဒေါမနဿဝေဒနာဟု ခေါ်ပါသည်။

စာမျက်နှာ-79


နိရာမိသဒုက္ခဝေဒနာ

နိရာမိသဒုက္ခဝေဒနာ။ ။ ဥဒယဗ္ဗယ စသော ဝိပဿနာဉာဏ်ထူးများသို့ ရောက်ပြီးသော ယောဂီပုဂ္ဂိုလ်သည် အားထုတ်သည့်အချိန်ကာလ ကြာမြင့်လာသည့်အခါ “အရိယာတို့ သိအပ်သည့် မဂ်တရား ဖိုလ်တရားကို ဘယ်သောအခါမှ သိရပါ့မလဲဟု ကြံစည် တောင့်တမိတတ်၏။

ကြာမြင့်စွာအားထုတ်ပါသော်လည်း တောင့်တတိုင်း မပြည့်စုံလာသည့်အခါ “ဒီဘဝမှာတော့ မဂ်, ဖိုလ်ကို မရတော့ဘူးထင်ပါရဲ့” ကြံတွေးလျက် ဝမ်းနည်းပူဆွေးမှု ဖြစ်လာတတ်၏၊ ကြာမြင့်စွာအားထုတ်ပါသော်လည်း ဝိပဿနာဉာဏ် အထူးများသို့ပင် မရောက်နိုင်သောသူအားလည်း ဤဝမ်းနည်းမှုမျိုး ဖြစ်ပေါ်တတ်ပေသည်၊ ဤနိရာမိသဒုက္ခဖြစ်ပုံကို ပေါ်လွင်ထင်ရှားအောင် သုတ်မဟာဝါအဋ္ဌကထာ၊ သက္ကပဉှသုတ်လာ အရှင်မဟာသီဝ မထေရ်ကြီး ဝတ္ထုကို အကျဉ်းချုပ် ထုတ်ပြပါမည်။

အရှင်မဟာသီဝမထေရ်ကြီးဝတ္ထု

ရှေးအခါက အရှင်မဟာသီဝမည်သော မထေရ်ကြီးသည် ဂိုဏ်းကြီး (၁၈)ဂိုဏ်းရှိ သံဃာ့ပရိသတ်အား စာပေကျမ်းဂန်တို့ကို ပို့ချနေလေသည်၊ ထိုမထေရ်ကြီး၏လမ်းညွှန်နည်းပေးမှုဖြင့် ရဟန္တာဖြစ်သွားကြသည့် ရဟန်းတော်များမှာ သုံးသောင်းမျှ ရှိသတဲ့၊ ထိုရဟန်းတို့ထဲတွင် တပည့် ရဟန်းတော်တစ်ပါးက ဆရာမထေရ်၏ သီလဂုဏ်အဆင့်ကို ဆင်ခြင်ကြည့်ရာ ပုထုဇဉ်မျှသာ ရှိသေးကြောင်း သိရ၍ “ဩော် ငါတို့ဆရာတော်ကြီးဟာ တစ်ပါးသူတို့ရဲ့ ကိုးကွယ်ရာသာဖြစ်ပြီး သူကိုယ်တိုင် ကိုးကွယ်ရာဖြစ်အောင် မစွမ်းဆောင်နိုင်သေးပါတကား၊ ငါ့ကိုယ်တိုင်သွားပြီး သတိပေး ဆုံးမ စကား ပြောကြားမည်”ဟု စဉ်းစားပြီး ကောင်းကင်ခရီးဖြင့် ကြွသွား၏။

ကျောင်းအနီးတွင် ဆင်းသက်၍ ဆရာတော် မထေရ်ကြီး အနီးသို့ သွား၏၊ ဘာကိစ္စအတွက် ကြွလာပါသလဲလို့ ထိုမထေရ်ကြီးက မေးသည့် အခါ အနုမောဒနာတရားတပုဒ်ကိုသင်ယူလို၍ လာပါသည်ဟုလျှောက်၏ အားလပ်ချိန် မရှိဟု မထေရ်ကြီးက အမိန့်ရှိသည့်အခါ ဆွမ်းခံသွားရန် တန်ဆောင်းတွင် ရပ်နေခိုက် မေးပါမည်ဟု လျှောက်၏၊ ထိုနေရာ၌ အခြား

စာမျက်နှာ-80


ရဟန်းတို့က မေးနေကြသည်ဟုဆိုရာ ဆွမ်းခံရွာသို့ဝင်စဉ် လမ်းမှာ မေးပါ မည်ဟု လျှောက်ပြန်၏၊ အဲသည်လမ်းမှာလဲပဲ မေးမည့်သူများ ရှိနေကြသည်ဟုဆိုရာ သင်္ကန်းရုံချိန် သပိတ်ကိုအိပ်ထဲမှ ထုတ်ချိန် ယာဂု သောက်ပြီးချိန်တို့မှာ မေးပါမည်ဟု လျှောက်ပြန်၏၊ အဲဒီအချိန်တွေမှာလဲ အဋ္ဌကထာကို လေ့လာကြတဲ့ မထေရ်များက မေးနေကြသည်ဟု ဆိုပြန်၏။

ဤသို့အားဖြင့် ဆွမ်းခံရွာမှ ပြန်လာချိန်၊ ဆွမ်းစားပြီးစအချိန်၊ နေ့လယ်ချိန်၊ အိပ်ယာဝင်ခါနီး ခြေဆေးချိန်၊ နံနက် မျက်နှာသစ်ရန် သွားချိန်၊ မျက်နှာသစ်ပြီး ပြန်လာချိန်၊ ကျောင်းခန်းတွင်း၌ ခေတ္တ နေထိုင်ချိန်တို့၌ မေးပါမည်ဟု တချိန်ပြီးတချိန် ခွင့်တောင်း၏၊ ဤအချိန် များ၌လည်း မေးမည့်သူများ ရှိနေသည်ဟု မိန့်တော်မူလေသည်။

တပည့် ရဟန္တာမထေရ်က “အရှင်ဘုရား မျက်နှာသစ်ပြီးသည့်အခါ ကျောင်းခန်းတွင်းသို့ဝင်၍ သုံးလေးထိုင်ခန့်မျှ ဖင်နွေးအောင်ထိုင်ပြီး တရားနှလုံးသွင်းတဲ့ အချိန်ကလေးတော့ ထားခွင့်ရှိသင့်ပါသေးသည်၊ ယခု အတိုင်းဆိုလျှင် အရှင်ဘုရားတို့မှာ သေဖို့ အချိန်ကိုပင် မရကြတော့ပါလားဘုရား၊ အရှင်ဘုရားသည် နောက်မှီခုံကြီးနှင့် တူပါသည်၊ သူတစ်ပါးတို့၏ မှီရာသာဖြစ်ပြီး မိမိကိုယ်တိုင်၏ မှီရာတော့ မဖြစ်နိုင်၊ မတတ်နိုင်ပါ၊ အရှင်ဘုရား၏ အနုမောဒနာ တရားကိုလည်း မနာကြားလိုတော့ပါ” ဟု လျှောက်ပြီး ကောင်းကင်သို့ ပျံတက်ကြွသွားလေတော့သည်။

ထိုအခါ မထေရ်ကြီးက “ထိုရဟန်းလာခြင်းမှာ စာသင်ဖို့ မဟုတ်၊ ငါ့ကို သတိပေးဖို့ဖြစ်မယ်” ဟု သိရှိရိပ်မိပြီးနောက်တစ်နေ့နံနက် စောစောတွင် သပိတ်, သင်္ကန်းများကိုယူကာ တရား အားထုတ်ရန် ကျောင်းမှထွက်ခွာသွားလေတော့သည်။

စာမျက်နှာ-81


ယင်းသို့ ထွက်ခွာသွားသည်ကို မည်သည့်တပည့်ကိုမျှ အသိမပေးခဲ့ပေ၊ အသိမပေးခြင်းမှာလည်း “မိမိလို ပုဂ္ဂိုလ်မျိုးအတွက် အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ရရန် မခဲယဉ်း၊ နှစ်ရက် သုံးရက် အားထုတ်ရုံမျှဖြင့် ရဟန္တာ ဖြစ်ပြီး ပြန်လာနိုင်မည်”ဟု အထင်ကြီးမိသောကြောင့် ဖြစ်၏။

ဤသို့ဖြင့် ရွာအနီး တောင်ချိုင့်တစ်ခု၌နေပြီး ဝါဆိုလဆန်း ၁၃-ရက် နေ့မှစ၍ တရားအားထုတ်လေရာ ဝါဆိုလပြည့်နေ့အထိ တရားထူးကို မရရှိ သေးသောကြောင့် “ဩော်-ငါသည် နှစ်ရက် သုံးရက်မျှဖြင့် အရဟတ္တဖိုလ်ကိုရမည်ဟု မျှော်လင့်လာခဲ့၏၊ သို့သော် ယခု မျှော်လင့်သလို မရခဲ့ချေ၊ ရှိပါစေတော့ ဤဝါတွင်း သုံးလကို သုံးရက်လောက် သဘောထားပြီး အားထုတ်ပစ်မည်၊ ဝါကျွတ်လျှင် သိရောပေါ့”ဟု နှလုံးသွင်းပြီး ဆက်လက်အားထုတ်ပြန်လေသည်။

ဝါကျွတ်သည့်အခါမှာလည်း မဂ်, ဖိုလ်ကို မရသေးသောကြောင့် “ဪ နှစ်ရက် သုံးရက်မျှဖြင့် ကိစ္စပြီးမည်ဟုထင်လာခဲ့တာ ၃-လကြာသော်လည်း ကိစ္စမပြီးသေးပါတကား၊ သီတင်းသုံးဖော်များကတော့ ရဟန္တာ အဖြစ်ဖြင့် ပဝါရဏာပြုကြပေလိမ့်မည်”ဟု တွေးတောစဉ်းစားနေစဉ် မထေရ်မြတ်၏မျက်လုံးအိမ်ထဲမှ မျက်ရည်အယဉ်တို့သည် တသွင်သွင်ယိုစီး ကျလာကုန်၏။

ထို့နောက် အိမ်ရာဝင်ခါနီး ခြေဆေးရခြင်း၊ ခုတင်ပေါ်၌ လဲလျောင်းနေရခြင်းများကြောင့် မဂ်ဖိုလ်ကို မရနိုင်ခြင်းဖြစ်မည်၊ ရဟန္တာ မဖြစ်သရွှေ့ ကျောလဲမခင်း၊ ခြေလည်းမဆေးတော့အံ့ဟု ဆုံးဖြတ်ကာ ခုတင်ကို သိမ်းထားလိုက်လေသည်။ ထိုင်, ရပ်, သွား ဣရိယာပုတ်သုံးပါး ဖြင့်သာ အားထုတ်ခဲ့ရာ ၂၉-နှစ်တိုင်တိုင် ကြာခဲ့သော်လည်း မဂ်,ဖိုလ်ကို မရနိုင်ဘဲ ရှိလေသည်။ ထို၂၉-နှစ်အတွင်း ပဝါရဏာနေ့ ရောက်တိုင်းရောက်တိုင်း မထေရ်ကြီးမှာ မျက်ရည်အဖြာဖြာ ကျဆင်းခဲ့ရလေသည်။

စာမျက်နှာ-82


အနှစ် ၃၀-မြောက်၊ ပဝါရဏာနေ့သို့ ရောက်သည့်အခါမှာလည်း မဂ်, ဖိုလ်ကို မရသေးသောကြောင့် “ဪ...ငါတရားအားထုတ်ခဲ့သည်မှာ နှစ်ပေါင်း ၃၀-ကြာခဲ့ပြီးအရဟတ္တဖိုလ်ကိုလည်း မရသေး၊ အမှန်ပါပဲ ငါ့မှာ သည်ဘဝတွင် မဂ်ဖိုလ်ရပုံမပေါ်ပါဘူး”ဟု တွေးတောမိစဉ် ဝမ်းနည်းလာပြီး မျက်ရည်များ စီးကျလာလေတော့သည်။

ထိုအခါ နတ်သမီးတစ်ယောက်က သတိပေးလိုသဖြင့် မနီးမဝေးတွင် မတ်တပ်ရပ်ကာ ငိုကြွေးနေလေသည်၊ “ဟဲ့ ဒီမှာငိုကြွေးနေတာ ဘယ်သူလဲ” ဟု မထေရ်ကြီးက မေးသည့်အခါ “တပည့်တော် နတ်သမီးပါဘုရား”လို့ လျှောက်၏၊ ဘာကြောင့် ငိုနေရတာလဲဟု မေးလျှင် “အရှင်ဘုရား ငိုနေသည်ကိုမြင်ရ၍ ငိုလျှင်လဲ မဂ်ဖိုလ်ရနိုင်သည်ဟု ထင်မှတ်သည့်အတွက် ငါလဲ တမဂ်တဖိုလ်၊ နှစ်မဂ်နှစ်ဖိုလ်လောက် ဖြစ်စေမည်ဟုကြံပြီး ငိုနေပါသည်အရှင်ဘုရား”ဟု နတ်သမီးက လျှောက်၏။

နတ်သမီးက ဤသို့လျှောက်မှပင် မဟာသိဝမထေရ်ကြီးသည် သတိ သံဝေဂရပြီး မိမိကိုယ်ကို ဤသို့ဆုံးမ၏။ “အို-အမောင်မဟာသီဝ-နတ် သမီးကပင် မင်းကိုပျက်ရယ်ပြုနေချေပြီ၊ သည်အပြုအမူသည် မင်းနှင့် သင့်လျော်ပါသလား”ဟု ဆင်ခြင်ဆုံးမ၍ သမ္မပ္ပဓာန်လုံ့လကို ရှေးကထက် ထက်သန်စေလျက် ဝိပဿနာတရားကို ပွားများအားထုတ်တော်မူရာ မကြာမီ ပဋိသမ္ဘိဒါပတ္တ ရဟန္တာအဖြစ်သို့ ရောက်တော်မူသွားပါသည်။

ဤဝတ္ထု၌ အနှစ်သုံးဆယ်တိုင်တိုင် ပဝါရဏာနေ့ရောက်တိုင်း ရောက်တိုင်း မဟာသီဝမထေရ်ကြီး ဝမ်းနည်း၍ ငိုကြွေးရခြင်းသည် နိရာမိသဒုက္ခ ဝေဒနာပင် ဖြစ်ပါသည်။

သာမိသာဒုက္ခမသုခဝေဒနာ

သာမိသာဒုက္ခမသုခဝေဒနာ။ ။ ဝိပဿနာကင်းသော အန္ဓပုထုဇဉ်အား ကိုယ်တွင်းကိုယ်ပ၌ ရှိသော မကောင်း မဆိုး ရိုးရိုးကာမဂုဏ်ဝတ္ထုတို့ကို မြင်သောကာလစသည်၌ ဝမ်းသာမှု

စာမျက်နှာ-83


မထင်ရှား၊ နှလုံးမသာမှုလဲမဖြစ်၊ ထိုအာရုံဝတ္ထုကို စွန့်ပစ်နိုင်သည်လဲ မဟုတ်၊ အမှန်အားဖြင့် ထိုအာရုံဝတ္ထု၌ သာယာတပ်မက်သော လောဘ နှင့်တကွ မကောင်းမဆိုး ရိုးရိုးခံစားမှု ဖြစ်ပေါ်လျက်ရှိ၏၊ ဤအလတ်စား ခံစားမှုသည် သာမိသဒုက္ခမသုခမည်၏၊ ဂေဟဿိတဥပေက္ခာလည်း မမည်၏။ အညာဏုပေက္ခာဟူ၍လည်း ခေါ်၏၊ မောဟနှင့်တကွဖြစ်သော လျစ်လျူရှုမှုဟုဆိုလို၏၊ ဤဝေဒနာသည် ဝိပဿနာယောဂီအားလည်း ရှူမှုတို့၏ အကြားအကြား၌ ဝင်၍ဖြစ်တတ်၏၊ ဖြစ်သော်လည်း ပြခဲ့သည့် အတိုင်းပင် မထင်ရှားဘဲ ရှိတတ်၏။

နိရာမိသအဒုက္ခမသုခဝေဒနာ

နိရာမိသအဒုက္ခမသုခဝေဒနာ။ ။ ဝိပဿနာ၏ ညစ်ညူးကြောင်းဘေးရန်တို့မှ စင်ကြယ်ပြီးသောအခါ၌ ထင်တိုင်းသော အာရုံခြောက်ပါးတို့ကို မှတ်တိုင်းမှတ်တိုင်း သိမှုဝိပဿနာ ဉာဏ်နှင့် ယှဉ်တွဲလျက် အလတ်စားခံစားမှုသည် ထင်ရှားစွာဖြစ်တတ်၏၊ ဘင်္ဂဉာဏ် ထက်သန်သည်မှစ၍ အထူးထင်ရှားတတ်၏။ သင်္ခါရုပေက္ခာ ဉာဏ်၌ကား သာ၍ပင် ထင်ရှားစွာဖြစ်တတ်၏၊ ဤအလတ်စားခံစားမှုသည် နိရာမိသဒုက္ခမသုခမည်၏၊ နေက္ခမ္မဿိတဥပေက္ခာလည်း မမည်ပေသည်။

ဝေဒနာ(၁၈)မျိုး

ဝေဒနာ(၁၈)မျိုး။ ဝေဒနာသည် ဣဋ္ဌာရုံကို ဆင်ခြင်သုံးသပ်သည့် ဝိစာရနှင့် အတူဖြစ်သော-
(၁) သောမနဿူပဝိစာရဝေဒနာ ၆-ပါး
(၂) ဒေါမနဿူပဝိစာရဝေဒနာ ၆-ပါး
(၃) ဥပေက္ခူပဝိစာရဝေဒနာ ၆-ပါး
အားဖြင့် ဝေဒနာ(၁၈)ပါး ရှိပါသည်။

ထိုတွင် သောမနဿူပဝိစာရဝေဒနာဆိုသည်မှာ အလိုရှိအပ် နှစ်သက်အပ်သော ရူပါရုံစသည့် ဣဋ္ဌာရုံ(၆) မျိုး၌ ဆင်ခြင်သုံးသပ်မှု ဝိစာရနှင့် တကွ ဖြစ်သည့် ဝမ်းမြောက်ခြင်းသောမနဿူပဝိစာရ ဝေဒနာ(၆)ပါး ဖြစ်ပါသည်။
၁။ သံ၊ဋ္ဌ၊၄၂၉။ သံ၊ ၂၃၊ ၁၂၃... ၄။

စာမျက်နှာ-84


ဒေါမနဿူပဝိစာရဝေဒနာ ဆိုသည်မှာလည်း အလိုမရှိအပ် မနှစ်သက် မမြတ်နိုးအပ်သော ရူပါရုံ သဒ္ဒါရုံစသည့် အနိဋ္ဌာရုံ(၆)မျိုး၌ ဆင်ခြင်သုံး သပ်မှု ဝိစာရနှင့် တကွဖြစ်သော မသက်မသာဖြစ်ခြင်း၊ မခံသာခြင်း ဒေါမနဿူပဝိစာရ ဝေဒနာ(၆)ပါး ဖြစ်ပါသည်။

ဥပေက္ခူပဝိစာရ ဆိုသည်မှာလည်း အလိုရှိအပ်သည်လည်း မဟုတ် အလိုမရှိအပ်သည်လည်း မဟုတ်သော ရူပါရုံ သဒ္ဒါရုံစသည့် ဣဋ္ဌမဇ္ဈတ္တာရုံ (၆)မျိုး၌ ဆင်ခြင်သုံးသပ်မှု ဝိစာရနှင့် တကွဖြစ်သော လျစ်လှူရှုခြင်း မသိမသာ အလယ်အလတ် ခံစားခြင်း ဥပေက္ခူပ ဝိစာရဝေဒနာ(၆)ပါး ဖြစ်ပါသည်။

ဝေဒနာ(၃၆)မျိုး

ဝေဒနာ(၃၆)မျိုး။ ။ထိုဝေဒနာသည်–
(၁) ကာမဂုဏ်၌မှီသော ဂေဟဿိတ သောမနဿဝေဒနာ - ၆-ပါး
(၂) ကာမဂုဏ် ထွက်မြောက်မှု၌မှီသော နေက္ခမ္ဗဿိတ သောမနဿဝေဒနာ - ၆-ပါး
(၃) ကာမဂုဏ်၌မှီသော ဂေဟဿိတဒေါမနဿဝေဒနာ - ၆-ပါး
(၄) ကာမဂုဏ် ထွက်မြောက်မှု၌ မှီသော နေက္ခမ္မဿိတ ဒေါမနဿဝေဒနာ - ၆-ပါး
(၅) ကာမဂုဏ်၌မှီသော ဂေဟဿိတဥပေက္ခာဝေဒနာ - ၆-ပါး
(၆) ကာမဂုဏ် ထွက်မြောက်မှု၌ မှီသောနေက္ခမ္မဿိတ ဥပေက္ခာဝေဒနာ - ၆-ပါး
အားဖြင့်(၃၆)ပါး ရှိလေသည်။
၁။ သံ၊၂၊၄၂၉။ သံ၊ဋ္ဌ၊၄၂၉။ သံ၊ဋ္ဌ၊၃၊၁၂၃-၄။

၂။ ဂေဟ၊ တဏှာ၏ အိမ်သဖွယ်ဖြစ်သော ကာမဂုဏ်တရား + သိတ၊ မှီသော။ သောမနဿဝေဒနာ = ဝမ်းမြောက်ဝမ်းသာ ဖြစ်ပေါ်ခံစားမှု။

စာမျက်နှာ-85


(၁) ထိုတွင် ဂေဟဿိတ သောမနဿ ဝေဒနာဆိုသည်မှာ လိုချင်ဖွယ် နှစ်သက်မြတ်နိုးဖွယ် စိတ်နှလုံး ရွှင်ပြုံးကြည်နူးဖွယ် ကောင်းသည့် အဆင်းအာရုံ စသည်တို့နှင့် တွေ့ကြုံဆုံစည်းရသည့် အခါ၌ ဖြစ်ပေါ်လာတတ်သော ဝမ်းသာမှု, ချမ်းသာမှု သဘောသည်လည်းကောင်း၊ ရှေးက မြင်ခဲ့ တွေ့ကြုံခဲ့ဖူးသည့် နှစ်သက် မြတ်နိုးဖွယ် အဆင်းအာရုံ စသည်တို့ကို ပြန်လည်စဉ်းစား တွေးတောလိုက်သည့် အခါ၌ ဖြစ်သော ကြည်နူးခြင်း ဝမ်းသာရွှင်လန်းခြင်း စသည်တို့သည်လည်းကောင်း ဂေဟဿိတ သောမနဿဝေဒနာမည်ပါသည်။

ထိုဝေဒနာသည် ရှေ့တွင်ပြဆိုခဲ့ပြီးသော “သာမိသသုခ”ဝေဒနာနှင့် တူပါသည်၊ ဂေဟဿိတ၌ ဂေဟမည်ပုံကို ရှေးနည်းအတိုင်း မှတ်သားရန် ဖြစ်ပါသည်။

ထိုဂေဟဿိတသောမနဿ ဝေဒနာသည် လိုလားနှစ်သက်ဖွယ်ကောင်းသော ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဓမ္မာရုံဟူသော အာရုံတို့ကိုမြင်၍၊ ကြား၍၊ အနံ့ရ၍၊ စားရ၍၊ တွေ့ထိရ၍၊ တွေးတောစဉ်းစားရ၍၊ စက္ခု သောတ ဃာန ဇိဝှာ, ကာယ မန-ဟူသော ဒွါရခြောက်ပါး၌ ဖြစ်သော အားဖြင့် ဂေဟဿိတသောမနဿဝေဒနာ ခြောက်ပါးဖြစ်ပါသည်။

(၂) နေက္ခမ္မဿိတသောမနဿဝေဒနာ ဆိုသည်မှာရူပါရုံတို့သဘော သည် တည်မြဲသော သဘောမရှိ၊ ဖောက်ပြန်ပျက်စီး၍ ချုပ်ငြိမ်း သွားသော သဘောရှိ၏ဟု သိမြင်ထားသူသည် ရူပါရုံကို တွေ့မြင်သည့် အခါ“ယခုရှေ့တွင် တွေ့မြင်နေရသည့် ရူပါရုံသည်လည်းကောင်း၊ ရှေးက တွေ့မြင်ဖူးသော ရူပါရုံသည်လည်းကောင်း၊ အားလုံးသော ရူပါရုံတို့သည် အမြဲမရှိကြ၊ ဆင်းရဲကြ၏၊ နောက်ဆုံး ဖောက်ပြန် ပျက်စီးသွားရသော သဘောရှိကြ၏”ဟု အမှန်သဘောအတိုင်း ပညာဖြင့် ရှုမြင်သည့်ပုဂ္ဂိုလ်အား စိတ်ချမ်းသာမှု၊ ရွှင်လန်းဝမ်းမြောက်မှုဖြစ်၏။

၁။ နေက္ခမ္မ = ကာမဂုဏ်မှလွတ်သော ပဋိပတ္တိလုပ်ငန်း၌ + သိတ = မှီသော၊ သောမနဿဝေဒနာ = ဝမ်းမြောက် ဝမ်းသာ ဖြစ်ပေါ်ခံစားမှု။

စာမျက်နှာ-86


ထိုဝမ်းမြောက်ရွှင်လန်းခြင်းသည် ကာမဂုဏ်နှင့်မစပ်ဆိုင်၊ မပတ်သက် သည့် ဝိပဿနာအာရုံကိုမှီ၍ဖြစ်သော ဝမ်းမြောက်ခြင်းမျိုးဖြစ်၍ နေက္ခမ္မဿိတ သောမနဿဝေဒနာဖြစ်သည်၊ ထိုဝေဒနာသည် ရှေ့တွင်ပြဆိုခဲ့ပြီးသော နိရာမိသသုခဝေဒနာနှင့်တူပါသည်။

ထိုနေက္ခမ္မဿိတသောမနဿ ဝေဒနာသည်လည်း ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဓမ္မာရုံဟူသော အာရုံခြောက်ပါးတို့ကို မြင်၍ကြား၍ အနံ့ရ၍၊ စားရ၍၊ တွေ့ထိရ၍၊ တွေးတောစဉ်းစား၍ စက္ခုဒွါရစသော ဒွါရခြောက်ပါး၌ဖြစ်သောအားဖြင့် နေက္ခမ္မဿိတ သောမနဿဝေဒနာ ခြောက်ပါးဖြစ်ပါသည်။

(၃) ဂေဟဿိတဒေါမနဿဝေဒနာကား ‘ထိုချစ်ဖွယ်၊ နှစ်သက်မြတ်နိုးဖွယ် စိတ်နှလုံး ရွှင်ပြုံးဖွယ်ကောင်းသော ရူပါရုံ စသောအာရုံကောင်း များကို မရရှိခြင်းကြောင့်လည်းကောင်း၊ ထိုအာရုံကောင်းများကို “ငါမရပါ ကလား”ဟု ကြံစည်စဉ်းစားမိသောကြောင့်လည်းကောင်း၊ ရှေးကဆုံစည်း ခဲ့ဖူး၍ ချုပ်ဆုံး ပျက်စီးသွားပြီးသော အာရုံကောင်းများကို ပြန်လည် စဉ်းစားမိသောကြောင့်လည်းကောင်း နှလုံးမသာယာမှု၊ စိတ်မချမ်းသာမှု တို့ဖြစ်ရသည်။ ထိုစိတ်နှလုံးမသာယာမှုသည် ကာမဂုဏ်ကိုအကြောင်းပြု၍ ဖြစ်ပေါ်သော ဂေဟဿိတ ဒေါမနဿဝေဒနာဖြစ်ပါသည်။

ထိုဂေဟဿိတဒေါမနဿ ဝေဒနာသည် ဂေဟဿိတသောမနဿ ဝေဒနာနည်းတူ အာရုံခြောက်ပါး၊ ဒွါရခြောက်မျိုးအလိုက် ခြောက်မျိုး ရှိပါသည်။

(၄) နေက္ခမ္မဿိတ ဒေါမနဿဝေဒနာဆိုသည်မှာ “ရူပါရုံဆိုတာ တည်မြဲတဲ့သဘောမရှိ၊ ဖောက်ပြန်ပျက်စီးပြီး ချုပ်သွားတတ်တဲ့သဘော ရှိ၏” ဟု သိမြင်ထားသူသည် ရှေးကတွေ့ခဲ့ဖူးသည့် ရူပါရုံ၊ ယခုတွေ့မြင်နေရသည့် ရူပါရုံစသော ရူပါရုံမှန်သမျှတို့သည် အမြဲမရှိကြ၊ ဆင်းရဲကြ၏၊ နောက်ဆုံးတွင် ပျက်စီးရသည့်သဘောရှိ၏ဟု ဟုတ်တိုင်းမှန်စွာ သိမြင်၍ အရဟတ္တ ဖိုလ်ကို လိုချင်တောင့်တလျက်ရှိ၏။

စာမျက်နှာ-87


သို့သော် ဒွါရခြောက်ပါးတို့၌ ဣဋ္ဌာရုံများထင်လာသည့် အခါ အနိစ္စ ဒုက္ခ အနတ္တဟု ဝိပဿနာရှု၍ ကြိုးစားအားထုတ်ရန် မစွမ်းနိုင်သောကြောင့် “ဒီလဆန်းပိုင်းမှာလည်း (သို့မဟုတ်) ဒီလဆုတ်ပိုင်းမှာလည်း အရဟတ္တဖိုလ်ရအောင် ဝိပဿနာတရားကို အားမထုတ်နိုင်သေး၊ ဒီလမှာလည်း အားမထုတ်နိုင်သေး၊ ဒီနှစ်မှာလည်း အားမထုတ်နိုင်သေး” ဟုစိုးရိမ်ပူဆွေးသောသူအားဖြစ်သော နှလုံးမသာယာမှုမျိုးသည် နေက္ခမ္မဿိတ ဒေါမနဿဝေဒနာဖြစ်ပါသည်။ တနည်းအားဖြင့် နိရာမိသဒုက္ခ ဝေဒနာအဖွင့်တွင် တင်ပြခဲ့သည့် မဟာသီဝမထေရ်ကြီးသန္တာန်မှာ ဖြစ်သည့် နိရာမိသဒုက္ခဝေဒနာမျိုးနှင့်တူပါသည်၊

ထိုနေက္ခမ္မဿိတ ဒေါမနဿဝေဒနာသည် နေက္ခမ္မဿိတသောမနဿ ဝေဒနာနည်းတူ ဒွါရခြောက်စုံ၊ အာရုံခြောက်ပါးအလိုက် ခြောက်မျိုး ရှိပါသည်။

(၅) ကာမဂုဏ်၌မှီသော ဂေဟဿိတဥပေက္ခာ ဝေဒနာသည် ခန္ဓာ, အာယတန စသော ရုပ်နာမ်တရား၌ အကြားအမြင်မရှိသော အန္ဓပုထုဇဉ် ပုဂ္ဂိုလ်အား မျက်စိဖြင့် ရူပါရုံကို မြင်ရသည့်အခါ ဝမ်းသာမှုလည်း မထင်ရှား၊ နှလုံးမသာယာမှုလည်းမဖြစ်၊ ရူပါရုံကို စွန့်ပစ်နိုင်သည်လည်းမဟုတ်၊ ထန်းလျက်ခဲဝယ်ပုန်းကွယ်နားနေသည့် ယင်ကောင်ပမာ ထိုရူပါရုံစသည်၌ သာယာတပ်မက်သော လောဘနှင့်တကွ မကောင်းမဆိုး ရိုးရိုးခံစားမှု သည် ဖြစ်ပေါ်လာ၏၊ ဤအလတ်စား ခံစားမှုသည် ကာမဂုဏ်ကိုမှီ၍ဖြစ် သောကြောင့် ဂေဟဿိတ ဥပေက္ခာဝေဒနာဖြစ်သည်။ ထိုဝေဒနာသည် လည်း ဂေဟဿိတ ဒေါမနဿဝေဒနာနည်းတူ အာရုံဒွါရအားဖြင့်ခြောက် မျိုးပြားသည်။

(၆) နေက္ခမ္မဿိတဥပေက္ခာ ဝေဒနာသည် ရူပါရုံကို မျက်စိဖြင့် မြင်ရ သည့်အခါ ရူပါရုံတို့၏ မမြဲသောသဘော၊ ဖောက်ပြန်သည့်သဘော၊ တပ်မက်ဖွယ်မဟုတ်သည့်သဘော၊ ချုပ်ဆုံး ကွယ်ပျောက်တတ်သည့် သဘော

စာမျက်နှာ-88


တို့ကို ကောင်းစွာ သိမြင်ပြီးဖြစ်သောကြောင့်ရူပါရုံမှန်သမျှ အမြဲမရှိကုန်၊ ဆင်းရဲကြကုန်၏၊ ဖောက်ပြန်ပျက်စီးတတ်သောသဘောရှိကုန်၏-ဟုဟုတ် တိုင်းမှန်စွာ ဝိပဿနာဉာဏ်ဖြင့် ရှုမြင်သော ပုဂ္ဂိုလ်အား ဝိပဿနာဉာဏ် နှင့်ယှဉ်တွဲလျက် အလတ်စား ခံစားမှုသည် ထင်ရှားစွာဖြစ်တတ်၏၊ ထို ခံစားမှုမျိုးသည် ရူပါရုံ၏ ဆွဲဆောင်မှု မပါ၊ ရူပါရုံကို မတပ်မက်သော အားဖြင့် ဖြစ်သောခံစားမှုမျိုးဖြစ်သောကြောင့် နေက္ခမ္မဿိတဥပေက္ခာ ဝေဒနာဖြစ်ပါသည်။

ထိုနေက္ခမ္မဿိတဥပေက္ခာ ဝေဒနာသည် ဒွါရခြောက်ပါး၌ ဣဋ္ဌာရုံများ ထင်လာသည့်အခါ ထိုဣဋ္ဌာရုံများ၌ မတပ်မက်မစွဲလမ်းသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း၊ အနိဋ္ဌာရုံများ ထင်လာသည့်အခါ ထိုအနိဋ္ဌာရုံ များ၌ ဒေါသမဖြစ်သော ပုဂ္ဂိုလ်၏သန္တာန်၌လည်းကောင်း ဖြစ်ပေါ်လာ သောဝိပဿနာဉာဏ်နှင့်အတူဖြစ်သည့် အလတ်စား ခံစားမှုမျိုးဖြစ်သည်။

ထိုဝေဒနာသည် ရှေ့ဝေဒနာများနည်းတူ ဒွါရခြောက်စုံ အာရုံခြောက် ပါးအားဖြင့်ခြောက်မျိုးရှိပါသည်။

ဝေဒနာ(၁၀၈)မျိုး

ဝေဒနာ(၁၀၈)မျိုး။ အထက်ဖော်ပြပါ ဝေဒနာ (၃၆)ပါးသည်-
(၁) အတိတ်၌ဖြစ်သောဝေဒနာ - ၃၆-ပါး
(၂) ပစ္စုပ္ပန်၌ဖြစ်သောဝေဒနာ - ၃၆-ပါး
(၃) အနာဂတ်၌ ဖြစ်သောဝေဒနာ - ၃၆-ပါး
အားဖြင့် ဝေဒနာ(၁၀၈)ပါးဖြစ်လာပါသည်။

ယင်းကဲ့သို့ဝေဒနာအမျိုးမျိုးပြားပုံကို ကျေးဇူးရှင်လယ်တီဆရာတော် ဘုရားကြီးက ဤသို့ လင်္ကာဖွဲ့ဆိုခဲ့ပါသည်။
၁။ သံ၊ ၂၊ ၄၂၉။

စာမျက်နှာ-89


“ခံစား စံစား၊ စကားနှစ်ထွေ၊ တရားနေမှာ၊ ဝေဒနာဓာတ်၊ ခန္ဓာမှတ်လော၊ သုံးရပ်ဝေခဲ့၊ ဆင်းရဲဒုက္ခ၊ သုခချမ်းသာ၊ ဥပေက္ခာ ဟူ၊ လျစ်လျူခံစား၊ မထင်ရှားတည်း၊ ငါးပါးအလို၊ တပုံဆိုသော်၊ ကိုယ်စိတ်နှစ်ဖြာ၊ ချမ်းသာဆင်းရဲ၊ လျစ်လျူခဲ့လော၊ တနဲထို့ပြင်၊ အမြင်အကြား၊ အနံ့အားနှင့်၊ စားလျက်ထိ၊ ကြံသိခြောက်ဖြာ၊ ချမ်းသာဆင်းရဲ၊ လျစ်လျူခဲ့ငြား၊ ဆယ့်ရှစ်ပါးတည်း၊ သုံးပါးကာလ၊ ပွားထတုံသေး၊ ငါးဆယ့်လေးတည်း၊ တရေးသဏ္ဌာန်၊ နှစ်ပွားပြန်က၊ တရာ့ရှစ်ပင်၊ အကျယ်မြင်လော”

၆။ ဝေဒနာအကြောင်း အခြားသိကောင်းစရာများ

စိတ်နှင့်အမြဲတမ်းဖြစ်သောတရား

ဝေဒနာစေတသိက်သည် စိတ်ဖြစ်တိုင်းပါရသော စေတသိက်ဖြစ်သည်။ စိတ် ၈၉-ပါးတွင် မည်သည့်စိတ်ဖြစ်စေ ဝေဒနာပါရမြဲဖြစ်၏။ စိတ်ဆိုသည်မှာ အာရုံနှင့်ကင်း၍ ဖြစ်ပေါ်နိုင်ကောင်းသော တရားမဟုတ်၊ အာရုံတစ်ခုခုကို အမှီပြု၍ ဖြစ်ပေါ်ရမြဲပင်ဖြစ်၏။

အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သည့် ဣဋ္ဌာရုံကိုစွဲမှီ၍ စိတ်ဖြစ်ပေါ်လာရလျှင် ထိုစိတ်နှင့်အတူ ထိုဣဋ္ဌာရုံကို ခံစားမှု သုခဝေဒနာ၊ သောမနဿဝေဒနာတို့ ဖြစ်ပေါ်လာသည်။ မလိုလားအပ် မတောင့်တအပ်သော အနိဋ္ဌာရုံကို အာရုံပြု၍ စိတ်ဖြစ်ပေါ်လာလျှင် ထိုစိတ်နှင့်အတူ ယင်းအနိဋ္ဌာရုံကို ခံစားသော ဒုက္ခဝေဒနာ၊ ဒေါမနဿဝေဒနာတို့ ဖြစ်ပေါ်လာသည်။

ကောင်းသည်လည်းမဟုတ်၊ ဆိုးသည်လည်းမဟုတ်သော ဣဋ္ဌမဇ္ဈတ္တာရုံကိုစွဲ၍ စိတ်ဖြစ်ပေါ်လာသည့်အခါ ထိုစိတ်နှင့်အတူ ယင်းဣဋ္ဌမဇ္ဈတ္တာရုံကို ခံစားသော ဝေဒနာဖြစ်သည်။ ထိုဝေဒနာကို ဥပေက္ခာဝေဒနာဟု ခေါ်သည်။ ဤသို့ ဝေဒနာသည် ကုသိုလ်စိတ်ဖြစ်သောအခါ၌လည်း ပါသည်၊ အကုသိုလ်စိတ်ဖြစ်သောအခါ၌လည်း ပါသည်၊ အဗျာကတစိတ်ဖြစ်သည့်အခါ၌လည်း ပါသည်။

စာမျက်နှာ-90


သို့သော် သုခဝေဒနာ၊ ဒုက္ခဝေဒနာဖြစ်သောအခါ၌ ဝေဒနာ၏သဘော ထင်ရှား၍ ဥပေက္ခာဝေဒနာဖြစ်သောအခါ၌ ဝေဒနာ၏သဘော မထင်ရှားချေ။ ဤမျှသာ ထူးပေသည်။ ဤသို့ စိတ်ဖြစ်တိုင်းပါသောကြောင့် ဝေဒနာစေတသိက်ကို အဘိဓမ္မာဝတာရအဋ္ဌကထာ၊ နာမရူပပရိစ္ဆေဒအဋ္ဌကထာများ၌ “သဗ္ဗသာဓာရဏစေတသိက်” ဟု လည်းကောင်း၊ အဘိဓမ္မတ္ထသင်္ဂဟအဋ္ဌကထာ၌ “သဗ္ဗစိတ္တသာဓာရဏစေတသိက်” ဟု လည်းကောင်း အမည်ပေးထားခြင်း ဖြစ်သည်။

ရဟန္တာနှင့် ဒုက္ခဝေဒနာ

ရဟန္တာပုဂ္ဂိုလ်သည် နောက်ထပ်အသစ်တဖန် ပဋိသန္ဓေမနေတော့ပါ။ ထိုပုဂ္ဂိုလ်သည် တစုံတခုသော ဒုက္ခဝေဒနာကို ခံစားဦးမည်လော။ အချို့သောဝေဒနာကို ခံစား၍ အချို့သော ဝေဒနာကို မခံစားရတော့ပါ။

အဘယ်ဝေဒနာကို ခံစား၍ အဘယ်ဝေဒနာကို မခံစားတော့သနည်း။ ကိုယ်၌ဖြစ်သော ကာယိကဒုက္ခဝေဒနာကိုသာ ခံစား၍ စိတ်၌ဖြစ်သော စေတသိကဒုက္ခဝေဒနာကို မခံစားတော့ပါ။

အဘယ်ကြောင့် ကာယိကဒုက္ခဝေဒနာကို ခံစား၍ စေတသိကဒုက္ခဝေဒနာကို မခံစားတော့သနည်း။

ရဟန္တာပုဂ္ဂိုလ်သည် ကာယိကဒုက္ခဝေဒနာဖြစ်ခြင်း၏ အကြောင်းတရားများကို မပယ်ရသေးသောကြောင့် ကာယိကဒုက္ခဝေဒနာကို ခံစားရသေး၏။ စေတသိကဒုက္ခဝေဒနာဖြစ်ကြောင်း တရားများကိုမူ ပယ်သတ်ပြီးဖြစ်သောကြောင့် စေတသိကဒုက္ခဝေဒနာကို မခံစားရတော့ပါ။

ဤကား မိလိန္ဒမင်းကြီး၏ အမေးနှင့် အရှင်နာဂသေနမထေရ်မြတ်၏ အဖြေများဖြစ်ပါသည်။
၁။ မိလိန္ဒ၊ ၄၄။

စာမျက်နှာ-91


မှန်ပါသည်။ အနိဋ္ဌဖောဋ္ဌဗ္ဗာရုံနှင့် တွေ့ကြုံဆုံဆည်းရသည့်အခါ၌ ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ်သည် ကာယဒွါရကို အမှီပြု၍ ဖြစ်ပေါ်လာသည်။ ထိုဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ်နှင့်အတူ ထိုအနိဋ္ဌဖောဋ္ဌဗ္ဗာရုံကို ခံစားသော ကာယိကဒုက္ခဝေဒနာစေတသိက် ပါမြဲဖြစ်ပါသည်။ ထိုကာယိကဒုက္ခဝေဒနာဖြစ်ကြောင်း အဗျာကတတရားများကို သောတာပတ္တိမဂ်စသော လောကုတ္တရာကုသိုလ်စိတ်များဖြင့် မပယ်သတ်ပါ။ ထို့ကြောင့် ရဟန္တာပုဂ္ဂိုလ်သန္တာန်၌ ကာယိကဒုက္ခဝေဒနာ ဖြစ်ပေါ်ပါသေးသည်။

ရဟန္တာပုဂ္ဂိုလ် မဆိုထားဘိ ဘုရားရှင်ကိုယ်တော်မြတ်ကြီးပင်လျှင် ထိုတရားများကို မပယ်သောကြောင့် ဘုရားရှင်အား ကျောက်ကုန်းတော် ကိုက်ခဲခြင်းနှင့် လေနာရောဂါစွဲကပ်ခြင်း ဟူသော ကာယိကဒုက္ခဝေဒနာများကို ခံစားရပေသေးသည်။

စေတသိကဒုက္ခဝေဒနာမှာကား ဒေါသစိတ်ဖြစ်ပေါ်လာမှ ထိုဒေါသစိတ်နှင့်အတူဖြစ်ရသော ဝေဒနာမျိုးဖြစ်သည်။ ဒေါသစိတ်မဖြစ်လျှင် ထိုစေတသိကဒုက္ခဝေဒနာလည်း မဖြစ်ပေါ်နိုင်တော့ချေ။ ရဟန္တာပုဂ္ဂိုလ်တို့သည် စေတသိကဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ဒေါသစိတ်ကို အကြွင်းမဲ့ ပယ်သတ်ခဲ့ပြီးဖြစ်သောကြောင့် ရဟန္တာပုဂ္ဂိုလ်များသဏ္ဌာန်၌ စိတ်နှလုံးမသာယာခြင်း၊ စိတ်ညစ်ခြင်း၊ စိတ်ဆိုးခြင်းစသော စေတသိကဒုက္ခဝေဒနာမျိုး လုံးဝမဖြစ်ပေါ်တော့ချေ။

ပုထုဇဉ်နှင့် အရိယာတို့ ဝေဒနာခံစားပုံခြင်း မတူပုံ

ပုထုဇဉ်ပုဂ္ဂိုလ်သည် ဝေဒနာသုံးမျိုးလုံးကို ခံစားသကဲ့သို့ အရိယာပုဂ္ဂိုလ်သည်လည်း သုခဝေဒနာကိုလည်း ခံစား၏၊ ဒုက္ခဝေဒနာကိုလည်း ခံစား၏၊ ဥပေက္ခာဝေဒနာကိုလည်း ခံစား၏။

၁။ မ၊ ၂၊ ၁၇။ ၂။ သံ၊ ၁၊ ၁၇၆။ သံ၊ ဋ္ဌ၊ ၁၊ ၂၃၇။ ၃။ သံ၊ ၂၊ ၄၀၉ (သလ္လသုတ်)။ ၄။ သံ၊ ဋ္ဌ၊ ၃၊ ၂ဝ။

စာမျက်နှာ-92


သို့သော် ပုထုဇဉ်နှင့် အရိယာပုဂ္ဂိုလ်တို့ ဝေဒနာခံစားပုံသည် တစ်ဦးနှင့်တစ်ဦး မတူကြ၊ ကွဲပြားခြားနားကြသည်။ ယင်းသို့ ကွဲပြားခြားနားပုံကို ဘုရားရှင်သည် သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်၊ ဝေဒနာသံယုတ် သလ္လသုတ်၌ ဤသို့ ဟောကြားတော်မူပါသည်။

“ရဟန်းတို့ အကြားအမြင်မရှိသော ပုထုဇဉ်သည် ဒုက္ခဝေဒနာနှင့် တွေ့ကြုံရသောအခါ စိုးရိမ်ပူပန်မှုဖြစ်၏။ ကိုယ်စိတ်ပင်ပန်း၏၊ ငိုကြွေးမြည်တမ်း၏၊ မေ့မြော့သွား၏။ ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှု ဝေဒနာနှစ်ခုကို ခံစားရ၏။ ဥပမာအားဖြင့် ပထမအကြိမ် ငြောင့်စူးခံရသော ယောက်ျားအား ထိုနေရာအနီး၌ပင် ဒုတိယအကြိမ် ထပ်မံငြောင့်စူးခံရ၍ ငြောင့်နှစ်ချောင်းဖြင့် ဝေဒနာခံစားနေရသူနှင့် တူပေသည်။

ရဟန်းတို့ ထိုသို့ နှစ်ချောင်းစူးခံရသော ယောက်ျားကဲ့သို့ အကြားအမြင်မရှိသော ပုထုဇဉ်ပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာနှင့် တွေ့ကြုံရသည့်အခါ အမျက်ဒေါသထွက်၏။ ထိုအခါ ယင်းပုထုဇဉ်ပုဂ္ဂိုလ်၏ သဏ္ဌာန်၌ ဒုက္ခဝေဒနာကြောင့်ဖြစ်သော ပဋိဃာနုသယ (ဒေါသဟူသော အနုသယတရား) သည် ကိန်းလာဖြစ်ပေါ်လာ၏။

ပုထုဇဉ်ပုဂ္ဂိုလ်သည် ယင်းဒုက္ခဝေဒနာနှင့် တွေ့ကြုံရသည့်အခါ၌ ကာမချမ်းသာမှတစ်ပါး ဒုက္ခဝေဒနာမှ လွတ်မြောက်ရာကို မသိမြင်သောကြောင့် ကာမချမ်းသာကို လိုချင်နှစ်သက်၏။ ထိုကာမချမ်းသာကို လိုချင်နှစ်သက်သော ပုထုဇဉ်ပုဂ္ဂိုလ်အား သုခဝေဒနာကြောင့်ဖြစ်သော ရာဂါနုသယသည် ကိန်းလာဖြစ်ပေါ်လာ၏။

ထိုပုထုဇဉ်ပုဂ္ဂိုလ်သည် ထိုဝေဒနာတို့၏ ဖြစ်ကြောင်းကိုလည်းကောင်း၊ ချုပ်ကြောင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ လွတ်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ မသိမြင်ချေ။ ယင်းသို့ ဟုတ်တိုင်းမှန်စွာ မသိမြင်သော ပုထုဇဉ်အား ဥပေက္ခာဝေဒနာကြောင့်ဖြစ်သော အဝိဇ္ဇာနုသယသည် ကိန်းလာဖြစ်ပေါ်လာ၏။”

စာမျက်နှာ-93


ထိုပုထုဇဉ်ပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာကို ခံစားရသည့်အခါမှာလည်း ကိလေသာနှင့်ယှဉ်၍ ဒုက္ခဝေဒနာကို ခံစားရ၏။ သုခဝေဒနာကို ခံစားသည့်အခါမှာလည်း ကိလေသာနှင့်ယှဉ်၍ သုခဝေဒနာကို ခံစားရ၏။ ဥပေက္ခာဝေဒနာကို ခံစားသည့်အခါမှာလည်း ကိလေသာနှင့်ယှဉ်၍ ဥပေက္ခာဝေဒနာကို ခံစား၏။

ရဟန်းတို့၊ အကြားအမြင်မရှိသော ဤပုထုဇဉ်ပုဂ္ဂိုလ်ကို ပဋိသန္ဓေနေမှု၊ အိုမှု၊ သေမှု၊ စိုးရိမ်ပူဆွေး ငိုကြွေးမှု၊ ကိုယ်စိတ်ဆင်းရဲမှု၊ ပြင်းစွာပူပန်မှုတို့နှင့် ယှဉ်စပ်နေသူ၊ ဆင်းရဲဒုက္ခနှင့် ယှဉ်စပ်နေသူဟု ငါဘုရား ဟောပေသည်။

ရဟန်းတို့၊ အကြားအမြင်ရှိသော အရိယာတပည့်မှာမူကား ဒုက္ခဝေဒနာနှင့် တွေ့ကြုံရသည့်အခါ စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်း စိတ်ပင်ပန်းခြင်းလည်းမဖြစ်၊ မေ့မြော့သွားခြင်းလည်းမရှိ။ စိတ်ဆင်းရဲခြင်း၊ စိတ်ညစ်ခြင်းစသော စိတ်ဝေဒနာကို မခံစားရသော်လည်း ကိုယ်ဆင်းရဲမှု၊ ကိုယ်ပင်ပန်းမှုစသည့် ကိုယ်၌ဖြစ်သော ဒုက္ခဝေဒနာကိုမူ ခံစားရပေသေးသည်။

ရဟန်းတို့၊ ဥပမာအားဖြင့်ဆိုသော် ပထမအကြိမ်သာ ငြောင့်စူးခံရ၍ ထိုကြောင့်တစ်ချောင်းတည်းဖြင့်သာ ဝေဒနာခံစားရသော ယောက်ျားနှင့် တူပေသည်။

ရဟန်းတို့၊ ထိုကြောင့်တစ်ချောင်းသာ အစူးခံရသော ယောက်ျားကဲ့သို့ အကြားအမြင်ရှိသော အရိယာသာဝကသည် ဒုက္ခဝေဒနာနှင့် တွေ့ကြုံရသည့်အခါတွင် စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်း စိတ်ပင်ပန်းခြင်းလည်းမရှိ၊ မေ့မြော့သွားခြင်းလည်းမရှိ၊ စိတ်ဆင်းရဲမှု၊ စိတ်ညစ်မှုစသော စိတ်ဝေဒနာကို မခံစားရသော်လည်း ကိုယ်ဆင်းရဲပင်ပန်းမှုစသော ကာယိကဒုက္ခဝေဒနာကိုမူ ခံစားရပေသေးသည်။
၁။ ရဟန္တာအရိယာဖြစ်သည်။ အနာဂါမ်အရိယာဟုလည်း ဆိုကြသည်။ (သံ၊ ဋ္ဌ၊ ၃၊ ၁၁၇။)

စာမျက်နှာ-94


အရိယာသာဝကသည် ဒုက္ခဝေဒနာနှင့် တွေ့ကြုံရသည့်အခါတွင် အမျက်ဒေါသထွက်ခြင်း၊ စိတ်ဆိုးခြင်းများ မဖြစ်တော့။ ထို့ကြောင့် အရိယာသာဝကအား ဒုက္ခဝေဒနာကြောင့်ဖြစ်သည့် ပဋိဃာနုသယလည်း မကိန်းတော့၊ မဖြစ်ပေါ်တော့။ ထိုအရိယာသာဝကသည် ယင်းဒုက္ခဝေဒနာနှင့် တွေ့ကြုံရသည့်အခါတွင် ကာမချမ်းသာမှတစ်ပါး ဒုက္ခဝေဒနာ၏ လွတ်မြောက်ရာကို သိသောကြောင့် ကာမချမ်းသာကို မနှစ်သက် မလိုချင်။ ထို့ကြောင့် ထိုအရိယာသာဝကအား သုခဝေဒနာကြောင့်ဖြစ်သော ရာဂါနုသယသည် မကိန်းတော့၊ မဖြစ်ပေါ်တော့ချေ။

ထိုအရိယာသာဝကသည် ဝေဒနာတို့၏ဖြစ်ကြောင်းကိုလည်းကောင်း၊ ချုပ်ကြောင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာသိ၏။ ယင်းသို့ သိသောကြောင့် ထိုအရိယာသာဝကအား ဥပေက္ခာဝေဒနာကြောင့်ဖြစ်သော အဝိဇ္ဇာနုသယသည် မကိန်းတော့၊ မဖြစ်ပေါ်တော့ချေ။

ထိုအရိယာသာဝကသည် ဒုက္ခဝေဒနာကို ခံစားသည့်အခါမှာလည်း ကိလေသာနှင့် မယှဉ်မူ၍ ဒုက္ခဝေဒနာကို ခံစား၏။ သုခဝေဒနာကို ခံစားသည့်အခါမှာလည်း ကိလေသာနှင့် မယှဉ်မူ၍ သုခဝေဒနာကို ခံစား၏။ ဥပေက္ခာဝေဒနာကို ခံစားသည့်အခါမှာလည်း ကိလေသာနှင့် မယှဉ်မူ၍ ဥပေက္ခာဝေဒနာကို ခံစား၏။

ရဟန်းတို့၊ အကြားအမြင်ရှိသော အရိယာသာဝကကို ပဋိသန္ဓေနေမှု၊ အိုမှု၊ သေမှု၊ စိုးရိမ်ပူဆွေး ငိုကြွေးမှု၊ စိတ်ဆင်းရဲမှု၊ ပြင်းစွာပင်ပန်းမှုတို့နှင့် မယှဉ်စပ်သူ၊ ဆင်းရဲဒုက္ခနှင့် မယှဉ်စပ်သူဟု ငါဘုရားဟော၏။

ရဟန်းတို့၊ ဤကား အရိယာသာဝကနှင့် ပုထုဇဉ်ပုဂ္ဂိုလ်တို့နှစ်ဦး ဝေဒနာခံစားပုံ အထူးတည်း။

စာမျက်နှာ-95


သတိသမ္ပဇညရှိသူတို့ ဝေဒနာသုံးပါး၌ရှုပုံ

အခါတစ်ပါး၌ ဗုဒ္ဓရှင်တော်ဘုရားသည် ဝေသာလီပြည်၊ မဟာဝုန်တော၊ ကူဋာဂါရကျောင်းတော်၌ သီတင်းသုံးနေတော်မူ၏။ တစ်ခုသော ညနေချမ်းအချိန်တွင် ရှင်တော်ဘုရားသည် သူနာရဟန်းရှိသောကျောင်းသို့ ကြွတော်မူပြီး “ရဟန်းတို့၊ ရဟန်းဆိုသည်မှာ အချိန်ရှိသရွေ့ သတိသမ္ပဇညတရား လက်ကိုင်ထားလျက် နေထိုင်ရမည်” ဟု ဆုံးမတော်မူပါသည်။

ရဟန်းတို့၊ အဘယ်သို့ နေထိုင်ခြင်းသည် ရဟန်းတော်များအား သတိရှိသော နေထိုင်ခြင်းမည်သနည်း။

ရဟန်းတို့၊ ဤငါဘုရားသာသနာတော်၌ ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု အကြိမ်ကြိမ်ရှုမှတ်လျက်နေ၏။ ပြင်းစွာအားထုတ်သော လုံ့လဝီရိယရှိ၏၊ သတိသမ္ပဇဉ်ဆင်ခြင်ဉာဏ်ရှိ၏၊ လောက၌ မက်မောခြင်း အဘိဇ္ဈာ၊ နှလုံးမသာယာခြင်း ဒေါမနဿတို့ကို ပယ်ဖျောက်၍ နေထိုင်၏။ ဝေဒနာတို့၌။ပ။ ဒေါမနဿတို့ကို ပယ်ဖျောက်၍ နေထိုင်၏။ စိတ်၌။ပ။ ဒေါမနဿတို့ကို ပယ်ဖျောက်၍ နေထိုင်၏။ သဘောတရားတို့၌။ပ။ ဒေါမနဿတို့ကို ပယ်ဖျောက်၍ နေထိုင်၏။ ဤသို့နေထိုင်ခြင်းသည် သတိရှိသော နေထိုင်ခြင်းမည်၏။

ရဟန်းတို့၊ အဘယ်သို့ နေထိုင်ခြင်းသည် ရဟန်းတော်များအား ဆင်ခြင်ဉာဏ် သမ္ပဇဉ်ရှိသော နေထိုင်ခြင်းဖြစ်သနည်း။

ရဟန်းတို့၊ ဤငါဘုရားသာသနာတော်၌ ရဟန်းသည် ရှေ့သို့လှမ်းရာ၊ နောက်သို့ဆုတ်ရာတို့၌ သိလျက် လှမ်းလေ့ ဆုတ်လေ့ရှိ၏။ တည့်တည့်ကြည့်ရာ၊ စောင်းကြည့်ရာတို့၌ သိလျက်နှင့် ကြည့်လေ့ရှိ၏။ ကွေးရာ၊ ဆန့်ရာတို့၌ သိလျက်နှင့် ကွေးလေ့ ဆန့်လေ့ရှိ၏။ ဒုကုဋ်၊ သပိတ်၊ သင်္ကန်းတို့ကို ဆောင်ရာတို့၌ သိလျက် ဆောင်လေ့ရှိ၏။ စားရာ၊ သောက်ရာ၊ ခဲရာ၊ လျက်ရာတို့၌ သိလျက်နှင့် စားသောက်လေ့၊ ခဲလေ့၊ လျက်လေ့ရှိ၏။
၁။ သံ၊ ၂၊ ၄၁၂။ (ပဌမဂေလညသုတ်)

စာမျက်နှာ-96


ကျင်ကြီး ကျင်ငယ်စွန့်ရာတို့၌ သိလျက်နှင့် စွန့်လေ့ရှိ၏။ သွားရာ၊ ရပ်ရာ၊ ထိုင်ရာ၊ အိပ်ရာတို့၌ သိလျက် သွားလေ့၊ ရပ်လေ့၊ ထိုင်လေ့၊ အိပ်လေ့ရှိ၏။ နိုးရာ၊ စကားပြောရာ၊ ဆိတ်ဆိတ်နေရာတို့၌ သိလျက် နိုးလေ့၊ စကားပြောလေ့၊ ဆိတ်ဆိတ်နေလေ့ရှိ၏။ ရဟန်းတို့၊ ဤသို့သိလျက် နေထိုင်ခြင်းသည် ဆင်ခြင်ဉာဏ် သမ္ပဇဉ်ဉာဏ်ရှိသော နေထိုင်ခြင်းမည်၏။

ရဟန်းတို့၊ သတိသမ္ပဇဉ် ဆင်ခြင်ဉာဏ်ရှိ၍ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် နိဗ္ဗာန်ရောက်ဖို့စိတ်သာ ရှိနေသောသူအား သုခဝေဒနာ ဖြစ်ပေါ်လာသည့်အခါ ထိုသူသည် “ငါ့အား ဤသုခဝေဒနာ ဖြစ်ပေါ်လာခဲ့ပေပြီ၊ ဤသုခဝေဒနာသည် အစွဲပြု၍သာ ဖြစ်ပေါ်၏၊ အစွဲမပြုဘဲ ဖြစ်လာသည်မဟုတ်။ အဘယ်ကို အစွဲပြု၍ ဖြစ်ပေါ်လာသနည်း၊ ဤခန္ဓာကိုယ်ကိုပင် အစွဲပြု၍ ဖြစ်ပေါ်လာ၏။ ဤခန္ဓာကိုယ်သည်လည်း မမြဲသောသဘော၊ ပြုပြင်အပ်သောသဘော၊ အကြောင်းကို အစွဲပြု၍ ဖြစ်ပေါ်ခြင်းသဘောရှိ၏။ ဤသို့ သဘောရှိသော ခန္ဓာကိုယ်ကို အစွဲပြုပြီး ဖြစ်ပေါ်လာရသော သုခဝေဒနာကား အဘယ်သို့ မြဲနိုင်မည်နည်း” ဟု သိ၏။

ထိုသူသည် ခန္ဓာကိုယ်၌လည်းကောင်း၊ သုခဝေဒနာ၌လည်းကောင်း မမြဲခြင်းသဘောကို မပြတ်ရှုနေ၏၊ ပျက်စီးတတ်သောသဘောကို မပြတ်ရှုနေ၏၊ မကွယ်ရာမရှိသည့် သဘောကို မပြတ်ရှုနေ၏၊ ချုပ်ပျောက်တတ်သည့်သဘောကို မပြတ်ရှုနေ၏၊ စွန့်ပစ်ဖွယ်သဘောကို မပြတ်ရှုနေ၏။ ခန္ဓာကိုယ်၌လည်းကောင်း၊ သုခဝေဒနာ၌လည်းကောင်း ယင်းသို့ မပြတ်ရှုနေသော ရဟန်းအား ခန္ဓာကိုယ်နှင့် သုခဝေဒနာတို့၌ ရာဂါနုသယသည် ပျောက်ကင်း၏။

ရဟန်းတို့၊ သတိသမ္ပဇဉ် ဆင်ခြင်ဉာဏ်ရှိ၍ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် နိဗ္ဗာန်ရောက်ဖို့စိတ်သာ ရှိနေသောသူအား ဒုက္ခဝေဒနာ ဖြစ်ပေါ်လာသည့်အခါ ထိုသူသည် “ငါ့အား ဤဒုက္ခဝေဒနာ ဖြစ်ပေါ်လာခဲ့ပြီ၊ ဤဒုက္ခဝေဒနာသည် အစွဲပြု၍သာ ဖြစ်လာ၏၊ အစွဲမပြုဘဲ ဖြစ်လာသည်မဟုတ်။

စာမျက်နှာ-97


အဘယ်ကို အစွဲပြု၍ ဖြစ်ပေါ်လာသနည်း၊ ခန္ဓာကိုယ်ကိုပင် အစွဲပြု၍ ဖြစ်ပေါ်လာ၏။ ဤခန္ဓာကိုယ်သည်လည်း မမြဲသောသဘော၊ ပြုပြင်အပ်သောသဘော၊ အကြောင်းကို အစွဲပြု၍ ဖြစ်ပေါ်လာခြင်း သဘောရှိ၏။ ဤသို့ သဘောရှိသော ခန္ဓာကိုယ်ကို အစွဲပြုပြီး ဖြစ်ပေါ်လာရသော ဒုက္ခဝေဒနာကား အဘယ်သို့ မြဲနိုင်မည်နည်း” ဟု သိ၏။

ထိုသူသည် ခန္ဓာကိုယ်၌လည်းကောင်း၊ ဒုက္ခဝေဒနာ၌လည်းကောင်း မမြဲခြင်းသဘောကို မပြတ်ရှုနေ၏၊ ပျက်စီးတတ်သော သဘောကို မပြတ်ရှုနေ၏၊ စွဲမက်ဖွယ်ရာမရှိသည့် သဘောကို မပြတ်ရှုနေ၏၊ ချုပ်ပျောက်တတ်ခြင်းသဘောကို မပြတ်ရှုနေ၏၊ စွန့်ပစ်ဖွယ်သဘောကို မပြတ်ရှုနေ၏။ ခန္ဓာကိုယ်၌လည်းကောင်း၊ ဒုက္ခဝေဒနာ၌လည်းကောင်း ယင်းသို့ မပြတ်ရှုနေသော ထိုရဟန်းအား ခန္ဓာကိုယ်နှင့် ဒုက္ခဝေဒနာတို့၌ ပဋိဃာနုသယသည် ပျောက်ကင်း၏။

ရဟန်းတို့၊ သတိသမ္ပဇဉ် ဆင်ခြင်ဉာဏ်ရှိ၍ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် နိဗ္ဗာန်ရောက်ဖို့စိတ်သာ ရှိနေသောသူအား ဥပေက္ခာဝေဒနာ ဖြစ်ပေါ်လာသည့်အခါ ထိုသူသည် “ငါ့အား ။ပ။ ဥပေက္ခာဝေဒနာသည် အဘယ်သို့ မြဲနိုင်မည်နည်း” ဟု သိအပ်၏။

ထိုသူသည် ခန္ဓာကိုယ်၌လည်းကောင်း၊ ဥပေက္ခာဝေဒနာ၌လည်းကောင်း မမြဲခြင်းသဘောကို မပြတ်ရှုနေ၏။ပ။ စွန့်ပစ်ဖွယ်သဘောကို မပြတ်ရှုနေ၏။ ခန္ဓာကိုယ်၌လည်းကောင်း၊ ဥပေက္ခာဝေဒနာ၌လည်းကောင်း ယင်းသို့ မပြတ်ရှုနေသော ထိုရဟန်းအား ခန္ဓာကိုယ်၌လည်းကောင်း၊ ဥပေက္ခာဝေဒနာ၌လည်းကောင်း အဝိဇ္ဇာနုသယသည် ပျောက်ကင်း၏။

ထိုသူသည် သုခဝေဒနာကို ခံစားရသည့်အခါ ထိုသုခဝေဒနာကား မမြဲဟုသိ၏။ လွှမ်းမိုး၍ မဖြစ်သောတရားဟု သိ၏၊ မနှစ်သက်အပ်သောတရားဟု သိ၏။ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာတို့ကို ခံစားရသည့်အခါ၌လည်း ထိုအတူသိ၏။ ထိုသူသည် သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာတို့ကို ခံစားရသည့်အခါ (ကိလေသာနှင့်) မယှဉ်စပ်သည်ဖြစ်၍ ထိုဝေဒနာတို့ကို ခံစား၏။

စာမျက်နှာ-98


ထိုသူသည် ခန္ဓာကိုယ်အပိုင်းအခြားရှိသော ဝေဒနာကို ခံစားရသည်ရှိသော် ခန္ဓာကိုယ်အပိုင်းအခြားရှိသော ဝေဒနာကို ခံစား၏ဟု သိ၏။ အသက်အပိုင်းအခြားရှိသော (ဝါ) အသက်ကို ရန်ရှာသော ဝေဒနာကို ခံစားရသည်ရှိသော် အသက်အပိုင်းအခြားရှိသော ဝေဒနာကို ခံစား၏ဟု သိ၏။ ခန္ဓာကိုယ်ပျက်စီးရ၍ အသက်ကုန်ဆုံးသည်မှ အထက်ကာလ၌ (ဝါ) ခန္ဓာကိုယ်ပျက်စီးခါနီး အသက်ကုန်ဆုံးခါနီး၌ ဤဘဝ၌ပင် ခံစားမှုဟူသမျှတို့သည် မနှစ်သက်အပ်ကုန်သည်ဖြစ်၍ ငြိမ်းအေးကုန်လတ္တံ့ဟု သိ၏။

ရဟန်းတို့၊ ဥပမာအားဖြင့် ဆီကိုစွဲ၍လည်းကောင်း၊ မီးစာကိုစွဲ၍လည်းကောင်း ဆီမီးသည် တောက်ရ၏။ ထိုဆီနှင့် မီးစာတို့ ကုန်ခမ်းခြင်းကြောင့်ပင်လျှင် မီးသည် လောင်စာမရှိသည်ဖြစ်၍ ငြိမ်းလေသကဲ့သို့တည်း။

ဝေဒနာတို့၏ ဖြစ်ကြောင်း၊ ချုပ်ကြောင်းတရားစသည်များ

အခါတစ်ပါး၌ အရှင်အာနန္ဒာသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍—

“အရှင်ဘုရား ဝေဒနာတို့သည် အဘယ်မျှရှိပါကုန်သနည်း။ ဝေဒနာ၏ဖြစ်ကြောင်းကား အဘယ်ပါနည်း။ ဝေဒနာ၏ ချုပ်ငြိမ်းကြောင်းကား အဘယ်ပါနည်း။ ဝေဒနာချုပ်ငြိမ်းကြောင်းသို့ ရောက်ကြောင်းအကျင့်ကောင်းကား အဘယ်ပါနည်း။ ဝေဒနာ၏ သာယာဖွယ် (အဿာဒ) ကား အဘယ်ပါနည်း။ အပြစ် (အာဒီနဝ) ကား အဘယ်ပါနည်း။ ထွက်မြောက်ရာ (နိဿရဏ) ကား အဘယ်ပါနည်း”

ဟု အမေးပုစ္ဆာ (၇) ချက်ကို မေးမြန်းလျှောက်ထားပါသည်။
၁။ သံ၊ ၂၊ ၄၂၀၊ ၄၂၁။

စာမျက်နှာ-99


ဘုရားရှင်က “အာနန္ဒာ-ဝေဒနာတို့သည် သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာ”ဟု သုံးမျိုးရှိပေသည်။

အာရုံ, ဝိညာဏ်သုံးပါးတို့ တွေ့ဆုံမှုကြောင့် ဖြစ်ပေါ်လာသောကြောင့် ဝေဒနာဖြစ်ပေါ်လာရသည်၊ ဖဿချုပ်ငြိမ်းသွားသောကြောင့် ဝေဒနာလည်း ချုပ်ငြိမ်းသွားရသည်။

မှန်ကန်သောအမြင် (သမ္မာဒိဋ္ဌိ)။ပ။ မှန်ကန်သောတည်ကြည်မှု (သမ္မာသမာဓိ) ဟု အင်္ဂါရှစ်ပါးရှိသော အရိယာမဂ်သည်ပင် ဝေဒနာချုပ်ငြိမ်းကြောင်းသို့ ရောက်ကြောင်းအကျင့်ဖြစ်သည်။

ဝေဒနာကိုအစွဲပြု၍ဖြစ်သော ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှုသည် ဝေဒနာ၏ သာယာဖွယ်ဖြစ်၏။

ဝေဒနာ၏ မမြဲခြင်း ဆင်းရဲခြင်း, ဖောက်ပြန်ခြင်းသဘောသည် ဝေဒနာ၏အပြစ်ဖြစ်၏။

ဝေဒနာခံစားလိုမှု၊ ဝေဒနာခံစားခြင်း၌ သာယာစွဲမက်မှုတို့ကိုဖျောက်ခြင်း ပယ်ခြင်းသည် ဝေဒနာ၏ထွက်မြောက်ရာဖြစ်၏။

သုခဝေဒနာအချင်းချင်း အဆင့်အတန်းကွာခြားပုံ

အာနန္ဒာ- ကာမဂုဏ် ငါးပါးဆိုသည်မှာ-

(၁) အလိုရှိအပ်, နှစ်သက်အပ်, စိတ်နှလုံးတို့ကို တိုးပွားစေတတ်၍ ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့်စပ်သဖြင့် စွဲမက်အပ်ကုန်သော ရူပါရုံများ၊

(၂) အလိုရှိအပ်။ပ။စွဲမက်အပ်ကုန်သော သဒ္ဒါရုံများ၊
(၃) အလိုရှိအပ်။ပ။ စွဲမက်အပ်ကုန်သော ဂန္ဓာရုံများ၊
၁။ သံ၊ ၂၊ ၄၂၄။

စာမျက်နှာ-100


(၄) အလိုရှိအပ်။ပ။ စွဲမက်အပ်ကုန်သော ရသာရုံများ၊
(၅) အလိုရှိအပ်။ပ။ စွဲမက်အပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံများ ဖြစ်ကြကုန်၏။

အာနန္ဒာ၊ ဤကာမဂုဏ်ငါးပါးကို အစွဲပြု၍ ဖြစ်ပေါ်လာသော ကိုယ်စိတ်ချမ်းသာမှုကို ကာမချမ်းသာဟု ခေါ်၏။

အာနန္ဒာ၊ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍ အကုသိုလ်တရားများကင်းလျက် ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါငါးပါးရှိသော ပထမဈာန်ချမ်းသာသို့ ရောက်နေ၏။ အာနန္ဒာ၊ ဤပထမဈာန်ချမ်းသာသည် ဆိုခဲ့ပြီးသော ကာမချမ်းသာထက် အထူးသဖြင့် သာလွန်မွန်မြတ်လှ၏။

အာနန္ဒာ၊ ထိုပထမဈာန်ချမ်းသာထက် ဒုတိယဈာန်ချမ်းသာကလည်းကောင်း၊ ဒုတိယဈာန်ချမ်းသာထက် တတိယဈာန်ချမ်းသာကလည်းကောင်း၊ တတိယဈာန်ချမ်းသာထက် စတုတ္ထဈာန်ချမ်းသာကလည်းကောင်း၊ စတုတ္ထဈာန်ချမ်းသာထက် အာကာသာနဉ္စာယတနဈာန်ချမ်းသာကလည်းကောင်း၊ ထိုထက် ဝိညာဏဉ္စာယတနဈာန်ချမ်းသာကလည်းကောင်း၊ ထိုထက် အာကိဉ္စညာယတနဈာန်ချမ်းသာကလည်းကောင်း၊ ထိုထက် နေဝသညာနာသညာယတနဈာန်ချမ်းသာကလည်းကောင်း သာလွန်မွန်မြတ်လှပေသည်။

အာနန္ဒာ- ထိုနေဝသညာနာသညာယတနဈာန်ချမ်းသာထက် သညာဝေဒနာတို့ချုပ်ရာ နိရောဓသမာပတ်ချမ်းသာသည် သာလွန်မွန်မြတ်လှပေသည်။

အာနန္ဒာ- အယူတပါးရှိကြသော ပရိဗိုဇ်တို့က သညာဝေဒနာတို့ချုပ်ခြင်း ငြိမ်းခြင်းကို ချမ်းသာဟု ရဟန်းဂေါတမသည် ခေါ်ဆိုပညတ်၏။ အဘယ်ကြောင့် ယင်းသို့ဆိုသနည်းဟု မေးဖွယ်ရှိ၏။

စာမျက်နှာ-101


အာနန္ဒာ- ဤသို့မေးသော ပရိဗိုဇ်တို့ကို “ငါ့ရှင်တို့၊ ရှင်တော်ဘုရားသည် ချမ်းသာခံစားမှုကိုသာ ရည်ရွယ်၍ ချမ်းသာဟု ပညတ်သည်မဟုတ်၊ အကြင်အကြင်အရပ်၌ ခံစားမှုရှိသောချမ်းသာ (ဝေဒယိတသုခ) တို့ဖြစ်စေ၊ ခံစားမှုမရှိသောချမ်းသာ (အဝေဒယိတသုခ) ကို ဖြစ်စေရအပ်၏။ ထိုချမ်းသာဟူသမျှကို ရှင်တော်ဘုရားသည် ချမ်းသာသုခဟု ပညတ်၏” ဟု ပြန်လည်ဖြေဆိုရမည်၊ ပြန်လည်ပြောဆိုကြရမည်။

မှတ်ချက်။ ။ ငါးပါးသော ကာမဂုဏ်ချမ်းသာနှင့် ရှစ်ပါးသော ဈာန်သမာပတ်ချမ်းသာတို့သည် ခံစားမှုရှိသော ဝေဒယိတသုခမည်ကုန်၏။ နိရောဓသမာပတ်ချမ်းသာသည် ခံစားမှုမရှိသော အဝေဒယိတသုခမည်၏။ ခံစားမှုရှိသော ဝေဒယိတသုခဖြစ်စေ၊ ခံစားမှုမရှိသော အဝေဒယိတသုခဖြစ်စေ၊ ဆင်းရဲကင်းမှု သုခသဘောကြောင့် အမှန်စင်စစ် ချမ်းသာဧကန်ဖြစ်ပေသည်။

ဝေဒနာနှင့် ဥတ္တမပုရိသ

ဥတ္တမပုရိသဆိုသည်မှာ ယောက်ျားမြတ်၊ ယောက်ျားအာဇာနည်ဖြစ်သည်။ ဝေဒနာနှင့် သက်ဆိုင်သည့် ၇-ဌာနတို့၌ လိမ္မာကျွမ်းကျင် ဉာဏ်မြင်ရှိသောပုဂ္ဂိုလ်ကို “ဥတ္တမပုရိသ” ဟု ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် သတ္တဋ္ဌာနသုတ်၌ ဘုရားရှင်ဟောတော်မူပါသည်၊ လိမ္မာကျွမ်းကျင် ဉာဏ်ဖြင့် သိမြင်ရမည့် (၇) ဌာနမှာ-
(၁) စက္ခုသမ္ဖဿဇာဝေဒနာ။ပ။ မနောသမ္ဖဿဇာဝေဒနာ ဟူသော ဝေဒနာခြောက်ပါးကိုသိရခြင်း၊
(၂) ဝေဒနာဖြစ်ပွားခြင်းအကြောင်းတရားကို သိရခြင်း၊
(၃) ဝေဒနာ၏ ချုပ်ဆုံးခွင့်ကို သိရခြင်း၊
၁။ သံ၊ဋ္ဌ၊ ၃၊ ၁၂၀။ ၂။ သံ၊ ၁၊ ၅၀။

စာမျက်နှာ-102


(၄) ဝေဒနာချုပ်ဆုံးခြင်းသို့ ဆိုက်ရောက်စေတတ်သော အကျင့်ကို သိရခြင်း၊
(၅) ဝေဒနာ၏ နှစ်သက်သာယာဖွယ်ကို သိရခြင်း၊
(၆) ဝေဒနာ၏ ကြောက်မက်ဖွယ် ဘေးကို သိရခြင်း၊
(၇) ဝေဒနာ၏ ကျွတ်လွတ်ခွင့်ကို သိရခြင်း
တို့ဖြစ်ပါသည်။

ဤနေရာ၌ သိခြင်းဆိုရာဝယ် နှုတ်ဖြင့် ပြောတတ် ဟောတတ်ရုံမျှကို အမှတ်သိ သညာသိသာဖြစ်သောကြောင့် သိသည်ဟု မဆိုရ၊ ကိုယ်တွင်းမှာ အလင်းပေါက်အောင် သိသည်ကိုသာ သိသည်ဟု ဆိုရသည်။

၁။ ဝေဒနာ ၆-ပါးကို သိရခြင်း

စက္ခုသမ္ဖဿဇာ ဝေဒနာစသော ဝေဒနာခြောက်ပါးအကြောင်းကို ဝေဒနာစေတသိက်အမျိုးမျိုးပြားပုံအခန်း၌ အကျယ်ရှင်းလင်းခဲ့ပြီးဖြစ်၍ ဤနေရာ၌ ရှင်းလင်းပြရန် မလိုဟု ယူဆပါသည်။

၂။ ဝေဒနာဖြစ်ကြောင်းတရားကို သိရခြင်း

ဖဿစေတသိက်သည် ထိုဝေဒနာခြောက်ပါးဖြစ်ပွားကြောင်း တရားဖြစ်သည်။ ပြင်ပမှ အဆင်း အသံ အနံ့စသည့် အာရုံတရားတို့နှင့် ကိုယ်တွင်းရှိ မျက်စိအကြည်ဓာတ် (စက္ခုပသာဒ)၊ နားအကြည်ဓာတ် (သောတပသာဒ) စသည်တို့ တွေ့ကြုံဆုံဆည်းကြသည့်အခါ ထိုအဆင်း အသံ အစရှိသောအာရုံတို့ကို ဖဿက ဖိနှိပ်ကြိတ်နယ်ပေးသည်၊ ယင်းသို့ ဖိနှိပ်ကြိတ်နယ်ပေးမှ အာရုံအရသာပေါ်သည်၊ ထိုအရသာပေါ်မှ ထိုအရသာကို ခံစားသော ဝေဒနာဖြစ်လာသည်၊ ဤသို့ ဝေဒနာမှန်သမျှ ဖဿရှိမှ ဖြစ်ပေါ်လာနိုင်သောကြောင့် ဖဿသည် ဝေဒနာဖြစ်ပေါ်ရန် အကြောင်းတရားဖြစ်သည်။

စာမျက်နှာ-103


၃။ ဝေဒနာချုပ်ဆုံးခွင့်ကို သိရခြင်း

ဖဿချုပ်ငြိမ်းလျှင်လည်း ဖဿကြောင့် ဖြစ်ပေါ်လာရသည့် ဝေဒနာသည်လည်း “အရင်းလဲ အဖျား ထင်းဖြစ်” ဆိုသကဲ့သို့ လုံးဝ ချုပ်ငြိမ်းသွားပေသည်။ ထို့ကြောင့် ဝေဒနာချုပ်ဆုံးခွင့်တရားသည် ဖဿပင် ဖြစ်ပါသည်။

ချဲ့ဦးအံ့- အဆင်းအရောင်ဆိုသည့် ရူပါရုံသည် စက္ခုပသာဒဆိုသည့် ဓာတ်မှန်၌လာထင်သည့်အခါ စက္ခုသမ္ဖဿဇာဝေဒနာ တဖွားဖွားပေါ်လာ၏၊ ရူပါရုံအဆင်းဓာတ်ပျောက်ကွယ်သွားလျှင် စက္ခုပသာဒ၌ ဖြစ်ပေါ်သမျှသော ဝေဒနာများ အကုန်လုံး ပျောက်ကွယ်သွားပါသည်။ ထိုအတူ သောတသမ္ဖဿဇာ ဝေဒနာ၊ ဃာနသမ္ဖဿဇာ ဝေဒနာ၊ ဇိဝှါသမ္ဖဿဇာ ဝေဒနာ၊ ကာယသမ္ဖဿဇာ ဝေဒနာတို့သည်လည်း ပြင်ပမှ အတိုက်အာရုံနှင့် ကိုယ်တွင်းမှ အခံပသာဒဓာတ်တို့ တိုက်ဆိုင်မိချိန်တွင် ပေါ်လာ၍ အာရုံများ ပျောက်ကွယ်သည်နှင့်တပြိုင်နက် အားလုံး ပျောက်ကွယ်သွားကြကုန်၏။

မနောမှာလည်း မိမိအလိုရှိသော အာရုံနှင့် တွေ့၍နေဆဲအခါ မနောသမ္ဖဿဇာဝေဒနာများ တဖွားဖွားပေါ်နေ၏၊ အာရုံနှင့် စိတ်မျက်နှာလွှဲပြန်လျှင် ထိုဝေဒနာအားလုံး ကွယ်ပျောက်ပြန်၏။

ဤသို့ ဝေဒနာခြောက်မျိုး ဖြစ်ပေါ်မှု ပျောက်ကွယ်ပျက်ဆုံးမှုတို့သည် မိမိတို့ ခန္ဓာကိုယ်မှာ တနာရီမစဲ ကိုယ်တေ့စိတ်တွေ့ချည်း ဖြစ်ကုန်၏၊ ဝိပဿနာသမ္မာဒိဋ္ဌိညာဏ်မရှိကုန်သောသူတို့သည် ထိုဝေဒနာတို့ကို ငါဟုလည်းကောင်း၊ ငါ၏အတ္တဟုလည်းကောင်း သက္ကာယဒိဋ္ဌိအစွဲအလမ်း ပြင်းထန်နေကြ၏၊ ဆင်းရဲလျှင်လည်း ငါဆင်းရဲ၏၊ ငါနာသည်၊ ငါကျင်သည်၊ ငါပူပင်သည်၊ ငါကိုက်ခဲသည်ဟု စွဲလမ်း၏၊ ချမ်းသာလျှင်လည်း ငါချမ်းသာ၏၊ ငါဝမ်းမြောက်၏၊ ငါခံစား၏၊ ငါအေးချမ်း၏ဟု စွဲလမ်း၏။

ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဖြင့် ထိုဝေဒနာတို့ကို အနာအို အနာပျက်ကြီး၌ ကျနေသော ပိုးလောက်ငယ်များအား မှန်ဘီလူးဖြင့်ကြည့်သည့်အခါ ရွစိတက်နေကြသည်ကို မြင်ရသကဲ့သို့ ဒွါရခြောက်ဌာနတို့၌ အာရုံ

စာမျက်နှာ-104


ခြောက်ပါး ဆက်တိုက်နေသောအခါ၌သာ တဖွားဖွား ဖြစ်ပေါ်နေမှု၊ အာရုံခြောက်ပါး ကွယ်ပျောက်သွားပြန်လျှင် ပျောက်ကွယ်ကုန်ခမ်း၍ သွားမှုတို့ကို မြင်သည့်အခါမှ ထိုသက္ကာယဒိဋ္ဌိကို ပယ်နိုင်ပေသည်။

ဤသို့ ဖဿတရားဖြစ်ပွားခြင်းကြောင့် ဝေဒနာတရား ဖြစ်ပွားလာရသည်၊ ဖဿတရားချုပ်ငြိမ်းသွားသည့်အခါ ဝေဒနာတရားလည်း တခါတည်း ချုပ်ငြိမ်းသွားရသည်ဟု ဝေဒနာ၏ ချုပ်ဆုံးခွင့်ကိုလည်းသိရသည်။ ထို့ကြောင့် သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်၊ ဝေဒနာသံယုတ်၊ ဖဿမူလကသုတ်၌ အောက်ပါအတိုင်း ဟောတော်မူခဲ့ခြင်းဖြစ်ပါသည်။

“ရဟန်းတို့ ဖဿကြောင့်ဖြစ်ကုန်သော၊ ဖဿလျှင် အရင်းမူလရှိကုန်သော၊ ဖဿဟူသော အကြောင်းရှိကုန်သော၊ ဖဿဟူသော ထောက်အပံ့ရှိကုန်သော ဝေဒနာတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်း၊ သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာတို့တည်း။

ရဟန်းတို့.... ချမ်းချမ်းသာသာခံစားမှု၏ အကြောင်းဖြစ်သော ဖဿကို အစွဲပြု၍ သုခဝေဒနာဖြစ်ပေါ်လာရ၏၊ ထိုသုခဝေဒနာ ဖြစ်ပေါ်ကြောင်းဖြစ်သော ဖဿတရား ချုပ်ငြိမ်းသွားမှသာ သုခဝေဒနာချုပ်ငြိမ်း၏။

ရဟန်းတို့.... ဆင်းရဲစွာ ခံစားမှု၏ အကြောင်းဖြစ်သော ဖဿကို အစွဲပြု၍ ဒုက္ခဝေဒနာဖြစ်ပေါ်လာရ၏၊ ထိုဒုက္ခဝေဒနာဖြစ်ပေါ်ကြောင်းဖြစ်သော ဖဿတရားချုပ်ငြိမ်းသွားမှသာ ဒုက္ခဝေဒနာ ချုပ်ငြိမ်း၏။

ရဟန်းတို့.... အသင့်တင့်ခံစားမှု၏ အကြောင်းဖြစ်သော ဖဿကို အစွဲပြု၍ ဥပေက္ခာဝေဒနာ ဖြစ်ပေါ်လာရ၏၊ ထိုဥပေက္ခာဝေဒနာဖြစ်ပေါ်ကြောင်းဖြစ်သော ဖဿတရား ချုပ်ငြိမ်းသွားမှ ဥပေက္ခာဝေဒနာချုပ်ငြိမ်း၏။

စာမျက်နှာ-105


ရဟန်းတို့.... ဥပမာအားဖြင့် ထင်းချောင်းနှစ်ချောင်းတို့၏ အချင်းချင်းထိခိုက်မှု၊ ပေါင်းဆုံမှုကြောင့် အပူငွေ့ဖြစ်ပေါ်လာ၏။ မီးဖြစ်ပေါ်လာ၏၊ ထိုထင်းချောင်းနှစ်ချောင်းကို တစ်ချောင်းစီ ခွဲထားလိုက်လျှင် ထိုထင်းနှစ်ချောင်း ထိခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် အပူငွေ့သည် ချုပ်ငြိမ်းသွား၏၊ (မဖြစ်ပေါ်လာနိုင်)။

ရဟန်းတို့.... ဤအတူပင် ဤဝေဒနာသုံးမျိုးတို့သည် ဖဿကြောင့် ဖြစ်ကုန်၏၊ ဖဿလျှင် အရင်းမူလရှိကုန်၏၊ ဖဿဟူသောအကြောင်းရှိကုန်၏၊ ဖဿဟူသော အထောက်အပံ့ရှိကုန်၏၊ ဖဿကိုအစွဲပြု၍ ဝေဒနာတို့ ဖြစ်ကြကုန်၏၊ ထိုဝေဒနာ အားလျှော်သောဖဿ၏ ချုပ်ငြိမ်းခြင်းကြောင့် ထိုဖဿကြောင့် ဖြစ်သော ဝေဒနာတို့ ချုပ်ငြိမ်းကြကုန်၏။”

၄။ ဝေဒနာချုပ်ဆုံးကြောင်း အကျင့်ကို သိရခြင်း

ဝေဒနာ ချုပ်ဆုံးခြင်းသို့ ရောက်စေတတ်သော အကျင့်ဆိုသည်မှာ၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပစသော မဂ္ဂင်တရား ၈-ပါးဖြစ်သည်။

ထိုမဂ္ဂင် ၈-ပါးတွင် သမ္မာဒိဋ္ဌိမဂ္ဂင်သည် ပုဗ္ဗဘာဂသမ္မာဒိဋ္ဌိမဂ္ဂင် နှင့် လောကုတ္တရာသမ္မာဒိဋ္ဌိမဂ္ဂင်ဟု နှစ်မျိုးရှိသည်၊ ဝေဒနာခြောက်ပါး သဘောတရားတို့ကိုလည်းကောင်း၊ ဝေဒနာတို့၏ ဖြစ်ကြောင်း ချုပ်ကြောင်းတရားကိုလည်းကောင်း၊ အဟုတ်မြင်အောင် ကြည့်နိုင်သော ဉာဏ်သည် ပုဗ္ဗဘာဂသမ္မာဒိဋ္ဌိမဂ္ဂင်မည်၏၊ ထိုပုဗ္ဗဘာဂသမ္မာဒိဋ္ဌိမဂ္ဂင်သည် ကြည့်ရှုဖန်များ၍ အလွန်ကြည်လင်ထက်သန်ခြင်းသို့ ရောက်သောအခါ “လောကုတ္တရာသမ္မာဒိဋ္ဌိ” ဖြစ်လာသည်။

သမ္မာသင်္ကပ္ပသည်လည်း ထို့အတူနှစ်ပါးပင်ရှိသည်၊ သမ္မာဒိဋ္ဌိ၏ အဖော်သဟဲကြီးဖြစ်သည်။ ကိုယ်ခန္ဓာ၌ ဝေဒနာတို့၏ ဖြစ်ပေါ်လာမှု၊ ချုပ်ပျောက်သွားမှုတို့ကို မျက်စိနှင့် မြင်သလို မြင်မှုကား သမ္မာဒိဋ္ဌိတည်း။
၁။ ဥတ္တမပုရိသဒီပနီ၊ ၈၂။

စာမျက်နှာ-106


မြင်ကွက်ပေါ်အောင် အချက်ရှာကြံ၍ ပေးတတ်သည်ကား သမ္မာသင်္ကပ္ပဖြစ်သည်။ အချက်ရှာကြံမှုကောင်းမှ မြင်ကွက်ပေါ်သည်။

ဤခန္ဓာကိုယ်၌ တစ်နေ့တစ်နေ့လျှင် အခါများစွာ ဝေဒနာပြောင်းလဲမှု အခါများစွာ ဝေဒနာအသစ်အသစ်ဖြစ်ပေါ်မှု၊ အဟောင်းအဟောင်းချုပ်ပျောက်မှုတို့ကို ထင်လင်းစွာမြင်မှုကား သမ္မာဒိဋ္ဌိ၏ ကိစ္စဖြစ်သည်။ မြင်ကွက်ပေါ်အောင် ကိုယ်တွေ့မျက်မြင်ဖြစ်သော အချက်တွေကို ရှာကြံပေးမှုကား သမ္မာသင်္ကပ္ပမဂ္ဂင်၏ ကိစ္စဖြစ်သည်၊ သမ္မာသင်္ကပ္ပမဂ္ဂင် အချက်ပေးကောင်းမှ သမ္မာဒိဋ္ဌိမဂ္ဂင် ပွင့်လင်းနိုင်သည်။

သမ္မာဒိဋ္ဌိမဂ္ဂင်၊ သမ္မာသင်္ကပ္ပမဂ္ဂင်နှစ်ပါး တစ်နေ့တခြား တိုးပွား၍ လောကုတ္တရာသို့ ကူးသည်နှင့်တပြိုင်နက် ရှေးရှေးက စိတ်သန္တာန်၌ အစဉ်ပါ၍လာခဲ့သော ကာယဒုစရိုက်မျိုး ဝစီဒုစရိုက်မျိုးတို့ကို အကြွင်းမဲ့သတ်နိုင်သောဓာတ်သုံးခု ပေါ်လာ၏၊ ယင်းဓာတ်သုံးခုကား- သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ မဂ္ဂင်သုံးပါးတို့ဖြစ်သည်။

သမ္မာဝါယမမဂ္ဂင်ကား ဤအလုပ် အထမမြောက်သမျှ မနားမနေ စက်ကုန်လွှတ်၍ အားထုတ်သောဝီရိယတည်း။ ယင်းကို သမ္မပ္ပဓာန်ဟုလည်း ခေါ်သည်၊ အာတာပဟုလည်း ခေါ်သည်။

အာရမ္ဘဓာတ်, နိက္ခမဓာတ်, ပရက္ကမဓာတ်ဟူ၍လည်း သုံးပါးရှိ၏၊ အာတာပဆိုသည်မှာ ကိလေသာတို့ကို ပူပန်ခြောက်သွေ့စေနိုင်သော ဝီရိယဖြစ်သည်ဟု ဖွင့်ကြသည်။ ထိုအလုပ်အထမမြောက်သမျှ ရက်လအရှည် မအိပ်မနေ အပူအပြင်း အပင်ပန်းခံသော ဝီရိယမျိုးဖြစ်သည်။

အကျိုးနှင့်တကွ လုပ်ခွင့်လုပ်လမ်းကို ကြားသိရလျှင် နေ့ချင်းညချင်း ထ၍လုပ်နိုင်သော ဝီရိယကို “အာရမ္ဘဓာတ်” ဆိုသည်။ လုပ်စဉ်အခါ နှောက်ယှက်လာသော ထိနမိဒ္ဓ ကောသဇ္ဇစသော စိတ်အညစ်အကြေးတို့ကို ပယ်ဖျက်တွန်းလှန်၍ လုပ်အားသန်သော ဝီရိယကို “နိက္ခမဓာတ်” ဆိုသည်။ အထက်အထက်၌ အလုပ်မှဆုတ်နစ်ရန် စိတ်သန္တာန်မှာပေါ်လာသမျှသော

စာမျက်နှာ-107


ဘေးရန်တို့ကို တွန်းလှန်နင်းနယ်၍ သွားနိုင်သောဝီရိယကို “ပရက္ကမဓာတ်” ခေါ်သည်။ ယခုကာလ ဤဝီရိယမျိုး မရှိကြ၍ ဈာန်မဂ်ဖိုလ် အရနည်းကြခြင်း ဖြစ်သည်။

ကမ္မဋ္ဌာန်းမှု၌ တမုဟုတ်မျှမလစ်ရအောင် စိတ်အစဉ်ကို အတွင်တိုက်တွန်းသော သတိသည် “သမ္မာသတိ” မည်၏။ ကမ္မဋ္ဌာန်းအာရုံကို လွှတ်၍ အခြားအာရုံသို့ စိတ်မသွားမှုသည် “သမ္မာသမာဓိ” မည်၏။

ဤရှစ်ပါးတွင် သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ ဤသုံးပါးကား လောကုတ္တရာဘက်သို့ ကူးပြောင်းသောအခါမှ အလိုလိုပေါ်လာသော အင်္ဂါသုံးပါးတည်း၊ မိမိခန္ဓာကိုယ်၌ တစ်ကိုယ်လုံး သမ္မာဒိဋ္ဌိဉာဏ်အလင်း ပေါက်အောင် မွှေနှောက်ဖောက်ထွင်း ရှုခြင်းဟူသော ဝိပဿနာဘာဝနာအမှု၌ကား သမ္မာသတိ, သမ္မာဝါယမ, သမ္မာသမာဓိ, သမ္မာသင်္ကပ္ပ ဟူသော စက်ကိရိယာလေးခု တပ်ဆင်ထားသည့် သမ္မာဒိဋ္ဌိဟူသော မီးရထားကြီးကို တစ်လံမျှလောက်သော ကိုယ်ခန္ဓာရထားလမ်း၌ ဆံဖျားမှ ခြေဖျားသို့ရောက်အောင်၊ ခြေဖျားမှ ဆံဖျားကိုရောက်အောင် အထင်အမြင် အတွင်ခုတ်ခိုင်းပါလျှင် ခုနစ်ရက်နှင့် လောကုတ္တရာနိဗ္ဗာန်မြို့ကြီးသို့ ဆိုက်သောသူ၊ လခနှင့်ဆိုက်သောသူ၊ တစ်နှစ်နှင့်ဆိုက်သောသူ၊ နှစ်၊ သုံးနှစ်၊ လေးနှစ်၊ ငါးနှစ်၊ ခြောက်နှစ်၊ ခုနစ်နှစ်နှင့်ဆိုက်သောသူများ ရှိပုံကို ကျမ်းဂန်တို့၌ အမျိုးမျိုးဟောတော်မူသည်။

၅။ ဝေဒနာ၏ နှစ်သက်သာယာဖွယ်ကို သိရခြင်း

ဝေဒနာကိုစွဲ၍ ဖြစ်ပေါ်လာသော ချမ်းသာမှု (သုခ)၊ ဝမ်းသာရွှင်လန်းမှု (သောမနဿ) တို့သည် ဝေဒနာ၏ နှစ်သက်သာယာဖွယ်များ ဖြစ်သည်။ မိမိတို့အလိုရှိသော အာရုံဝတ္ထုအမှုအခွင့်တို့နှင့် ဆုံဆည်းကြရ၍ စိတ်နှလုံး ပြုံးပြုံးရွှင်ရွှင် ကြည်လင်ချမ်းမြ သုခသောမနဿများနှင့် နေရသည်မှာ သာယာဖွယ်အဿာဒမည်ပေသည်။ မျက်စိနှင့်ရူပါရုံတို့ တိုက်ဆိုင်တွေ့ဆုံမိသည့်အခါ နှစ်သက်ဖွယ် ဣဋ္ဌရူပါရုံမျိုးဖြစ်ပါက စိတ်နှလုံးရွှင်ပြုံးချမ်းသာသော သုခဝေဒနာဓာတ်နှင့် သောမနဿဝေဒနာဓာတ်

စာမျက်နှာ-108


နှစ်မျိုးပေါ်လာ၏။ ထိုအခါ ပရွက်ဆိတ်သတ္တဝါတို့သည် ပျားသကာတင်လဲတို့ကို မက်မောကြသကဲ့သို့ လူနတ်, ဗြဟ္မာ သတ္တဝါတို့သည် ထိုသုခသောမနဿဓာတ်များကို တွယ်တာမက်မောကြ၏။ ဤအတူ နားစသော ဒွါရများနှင့် သဒ္ဒါရုံစသည်တို့ တိုက်ဆိုင်တွေ့ဆုံမိသောအခါ၌လည်း ဖြစ်ပေါ်လာရသည့် သုခဝေဒနာ၊ သောမနဿဝေဒနာတို့ကိုလည်း မက်မောတွယ်တာကြကုန်၏။

ထိုတွယ်တာသာယာမှုက ယခုလို သာသနာတော်နှင့် ကြုံသည့်အခိုက်မှာပင် ကာမဂုဏ်ဘေး အဝီစိငရဲမီးနှင့် သံသရာဝဋ်ဒုက္ခကြီးတို့မှ မလွတ်ကင်းအောင် ဖမ်းဆီးချုပ်နှောင်၍ ထားကြကုန်၏။ လောဘ, ဒေါသ, မောဟ, မာန်မာနတရားများနှင့် သက္ကာယဒိဋ္ဌိတရားများကို ပွားစေသောအားဖြင့် နှိပ်စက်၏၊ ဤသို့ ဥတ္တမပုရိသခေါ် ယောက်ျားမြတ်တို့သည် ဝေဒနာတို့၏ နှစ်သက်သာယာဖွယ်တို့ကို အပြစ်နှင့်တကွ သိမြင်နိုင်ပေသည်။

၆။ ဝေဒနာ၏ ကြောက်မက်ဖွယ်ဘေးကို သိခြင်း

လူနတ်ဗြဟ္မာစသော သတ္တဝါအပေါင်းတို့သည် သံသရာခရီးသည်ချည်း ဖြစ်ကြ၍ လူ့ပြည်၌ဖြစ်သည့်အခါ လူ့ကာမဂုဏ်၊ နတ်ပြည်၌ဖြစ်သည့်အခါ နတ်ကာမဂုဏ်စသော အာရုံခြောက်ပါးတို့ကို ဒွါရခြောက်ပါးတို့ဖြင့် ခံစားစံစားခဲ့ကြဖူးကုန်၏၊ ထိုခံစားခဲ့စဉ်က အလွန်ဝမ်းသာခြင်း၊ အလွန်စိတ်ချမ်းသာခြင်း၊ အလွန်နှစ်သက်ပျော်ရွှင်ခြင်းစသည့် သုခဝေဒနာ သောမနဿဝေဒနာတို့ကို ရခဲ့ကြဖူးကုန်၏။

သို့သော် ထိုဝေဒနာတရားတို့သည် အမြဲမတည်နိုင်သော အနိစ္စဓာတ်မျိုးဖြစ်၍ ယခုအချိန်တွင် ထိုဝေဒနာတို့ကို လုံးဝမတွေ့ရတော့ချေ၊ အိပ်မက်လောက်မျှပင် ရှာ၍မရတော့ပေ။ သို့သော် ယခုတည်ဆဲဘဝမှာလည်း ထိုသုခ သောမနဿဝေဒနာတို့ကို ရှိနိုင်ရန် နေ့ရှိသရွေ့ မနေမနား ကြိုးစားရှာဖွေနေရခြင်းဟူသော ဒုက္ခခွင်က ထွက်ရသည်ဟူ၍ မရှိပါချေ၊ နောင်ဘဝအဆက်ဆက်၌လည်း မတည်မြဲသော ဝေဒနာတို့ကို ရရှိဖို့ရန်

စာမျက်နှာ-109


ဒုက္ခပေါင်းအနန္တဖြင့် ဆက်လက်ရှာဖွေရဦးမည်ဖြစ်သည်၊ ဤသို့ ဝေဒနာသည် သတ္တဝါအပေါင်းတို့ကို အနိစ္စဒဏ်ချက်ဖြင့် အမြဲတစစ နှိပ်စက်ညှဉ်းပမ်း၍ နေပေသည်။

ဝေဒနာသည် သတ္တဝါအပေါင်းတို့ကို မမြဲမှု အနိစ္စဒဏ်ချက်ဖြင့်သာ နှိပ်စက်သည်မဟုတ်သေး၊ ဆင်းရဲမှု ဒုက္ခဒဏ်ချက်တို့ဖြင့်လည်း အစဉ်နှိပ်စက်ညှဉ်းပမ်းလျက်ရှိသည်၊ ယခုလက်ရှိဘဝ၌ မိမိအလိုရှိရာ နှစ်သက်ရာ အာရုံများနှင့် ပြုံးပြုံးတရွှင်ရွှင် ကြည်လင်ချမ်းမြနေရခြင်း အခွင့်အရေးသည် အလိုအလျောက် ပေါ်ပေါက်လာသော အခွင့်အရေး မဟုတ်၊ ထိုအခွင့်အရေးကို ရဖို့ရန် ရှေးရှေးဘဝတို့က ကြိုတင်၍ ဒါနမှုနှင့် ဒုက္ခခံကာ ရင်းနှီးခဲ့ရခြင်း၊ သီလမှုနှင့် ဒုက္ခစိုက်ရခြင်း၊ ဘာဝနာမှုနှင့် ဒုက္ခစိုက်ရခြင်းစသည်ဖြင့် အမျိုးမျိုးဒုက္ခခံကာ ရင်းနှီးခဲ့ရပေသည်။

ထိုသို့ကြိုတင်ကာ ဒုက္ခနှင့်ရင်းနှီး၍ ထိုအခွင့်အရေးကို ရပါသော်လည်း မိမိသန္တာန်၌ အမြဲအစွဲ အပင်စိုက်၍နေသော ဓာတ်မျိုးမဟုတ်၊ မိမိတို့၏ အတွင်းအကြည်ဓာတ်ခြောက်ပါးနှင့် ပြင်ပအာရုံခြောက်ပါးတို့ တွေ့ဆုံခိုက်မှာမှ ဒွါရခြောက်ပါးတွင် ဖြစ်ပေါ်လာသော အခိုက်အတန့် ယာယီဓာတ်သဘောမျိုး ဖြစ်ပေသည်။ ထို့ကြောင့် အာရုံကောင်းတို့ကို ရရှိဖို့ရန် နေ့ရှိသမျှ ဒုက္ခစိုက်နေရပေသည်။

ကြောင့်ကြစိုက်နိုင်၍ အလိုရှိရာ နှစ်သက်ရာအာရုံနှင့် ပြုံးကာရွှင်ကာ နေရပါသော်လည်း မမြဲသောတရားဖြစ်၍ ပြုံးပြီးကွယ်ပျောက်ကုန်ခန်း၍ သွား၏၊ ထို့ကြောင့် ပြုံးလိုသေးသမျှကာလပတ်လုံး အာရုံကောင်းများ အတွက် ဒုက္ခစိုက်ခွင့်မှ လွတ်ခွင့်မရပြီ၊ ဒုက္ခစိုက်၍ နေဆဲမှာပင် ချုပ်ပျောက်ပျက်စီးသွား၏၊ ပကတိအခါ၌ မပျက်စီးသော်လည်း သေဆုံးသည့်အခါ၌ ဧကန်ပျက်စီးရလေသည်၊ ယင်းသို့ ဧကန်ပျက်စီးသည်ကို သိသောကြောင့်လည်း နောင်ဘဝတွင် သုခသောမနဿ ဝေဒနာများကို အသစ်ထူထောင်နိုင်ရန် ယခုဘဝကပင် ဒါနမှု သီလမှု ဘာဝနာမှုတို့ဖြင့် ဒုက္ခစိုက်ကာ ရင်းနှီးကြရ၏။

စာမျက်နှာ-110


ဤသို့ ဝေဒနာသည် သံသရာတလျှောက်လုံး၌ သတ္တဝါများကို ဒါနမှု သီလမှုတို့ဖြင့် နှိပ်စက်၏၊ ရဟန်းအလုပ်ဖြင့် နှိပ်စက်၏၊ ရသေ့အလုပ်ဖြင့် နှိပ်စက်၍၊ အသက်မွေးမှုအလုပ်ဖြင့် နှိပ်စက်၏။

ဤသို့အားဖြင့် မိမိအလိုရှိအပ်သော အခွင့်ဝတ္ထုတို့နှင့် တွေ့ကြုံ၍ စိတ်နှလုံးပြုံးပြုံးရွှင်ရွှင် ကြည်လင်ချမ်းမြ သုခသောမနဿနှင့် နေရမှုသည် ဝေဒနာ၏ သာယာဖွယ် နှစ်သက်ဖွယ် အဿာဒဖြစ်သည်။ ထိုဝေဒနာ၏ အမည်ရင်းမှာ ဆင်းရဲဒုက္ခပေါင်း များစွာ စိုက်ရမှုသည် မလိုလားအပ်သော ပြစ်ချက် (အာဒီနဝ) များဖြစ်၏။

ဤနေရာ၌ ဥပမာအားဖြင့် မုဆိုးသည် သားကောင်များကို ဖမ်းဆီးသည့်နေရာ၌ အသုံးပြုသည့် အမဲသားတုံးနှင့် တူသည်။ ထိုအမဲသားတုံးများကား စားလိုက်သည်နှင့်တစ်ပြိုင်နက် အသက်သေစေနိုင်သည့် အဆိပ်များကိုတား၍ မွှေးကြိုင်စွာချက်ထားသော အမဲတုံးများဖြစ်သည်၊ ထိုအမဲတုံး၏ မွှေးကြိုင်သော အနံ့အရသာများသည် သာယာဖွယ် နှစ်သက်ဖွယ်ကောင်းသော အဿာဒဖြစ်သည်။ ထိုအမဲတုံးအတွင်း၌ ဝင်နေသောအဆိပ်သည် ထိုအမဲတုံး၏ ကြောက်မက်ဖွယ်ရာ ကောင်းသော အပြစ်အာဒီနဝ ဘေးဖြစ်၏၊ မွှေးကြိုင်သော အနံ့အရသာဟူသော သာယာနှစ်သက်ဖွယ်သော အဿာဒဖြင့် မိအောင်ဖမ်း၍ အဆိပ်တည်းဟူသော ကြောက်မက်ဖွယ်ရာ အာဒီနဝနှင့် သတ်ခြင်းပင်ဖြစ်သည်။

ဤသို့ ဥတ္တမပုရိသခေါ် ယောက်ျားမြတ်တို့သည် ဝေဒနာတို့၏ ကြောက်မက်ဖွယ်ဘေးကို ကောင်းစွာမြင်ကြသည်။

၇။ ဝေဒနာ၏ ကျွတ်လွတ်ခွင့်ကိုသိရခြင်း

ဝေဒနာမှ ကျွတ်လွတ် ထွက်မြောက်ရာ လမ်းကား ထိုဝေဒနာတို့၌ သာယာတပ်စွဲသော ဆန္ဒရာဂခေါ်သည့် တဏှာကိုစွန့်ပယ်ခြင်းဖြစ်သည်။ မှန်၏၊ လောက၌ ရွှေငွေကို သာယာတွယ်တာသော သူကိုသာ ရွှေငွေနှင့်စပ်သော ဒုက္ခဘေးက နှိပ်စက်နိုင်သည်၊ ရွှေငွေကို သာယာ

စာမျက်နှာ-111


တွယ်တာသော တဏှာမရှိလျှင် ရွှေငွေနှင့်စပ်သော ဒုက္ခဘေးမှလွတ်၏၊ ဆင်မြင်းကျွဲနွားကို သာယာတွယ်တာသူကို ဆင်မြင်းကျွဲနွားနှင့်စပ်သော ဒုက္ခဘေးက နှိပ်စက်နိုင်၏၊ မသာယာ မတွယ်တာလျှင် ထိုဒုက္ခဘေးမှ ကျွတ်လွတ်၏။ ထို့အတူ ဝေဒနာ၌ သာယာတွယ်တာမှုတဏှာရှိသူကို ဝေဒနာနှင့်စပ်သော ဒုက္ခဘေးတို့နှိပ်စက်နိုင်၏၊ ဝေဒနာ၌ သာယာတွယ်တာမှုတဏှာကို ပယ်နိုင်လျှင် ထိုဒုက္ခဘေးမှ ကျွတ်လွတ်နိုင်၏။

ဝေဒနာ၌ သာယာမက်မောမှုကြောင့် ဖြစ်ပေါ်လာသည့် ဝေဒနာ၏ အဿာဒဘေး၊ ဝေဒနာတို့၏ အမြဲမတည်ဘဲ ပျက်စီးချုပ်ငြိမ်းသွားမှု စသည်တို့ဖြင့် နှိပ်စက်ခြင်း အာဒီနဝကိုကား တရားကြီး၏ အဿာဒ အာဒီနဝဘေးဟူသကဲ့သို့ အလွန်ကြီးကျယ်လှ၏၊ သံသရာတလျှောက်လုံး၌ မိမိကိုယ်ကို ဝေဒနာ၏အဿာဒဘေး အာဒီနဝဘေးတို့ မပြတ်မစဲ အမြဲနှိပ်စက်နေကြောင်းကို သမ္မာဒိဋ္ဌိဉာဏ်အမြင်ပေါက်သည့်အခါမှ ကျွတ်လွတ်ခွင့်ကို သိနိုင်ပေသည်။ ထိုဝေဒနာမှ ကျွတ်လွတ်ခွင့်ကား ထိုဝေဒနာတို့၌ သာယာတွယ်တာသည့် တဏှာကိုပယ်စွန့်ခြင်းပင်ဖြစ်သည်။

ဤသို့ ဥတ္တမပုရိသခေါ် ယောက်ျားအာဇာနည်သည် ဝေဒနာတို့၏ ကျွတ်လွတ်ခွင့်ကို ကောင်းစွာ သိမြင်ကြပေသည်။

သတိပဋ္ဌာန်တရားနှင့်ဝေဒနာ

ရှင်တော်ဗုဒ္ဓသည် ကုရုတိုင်း၊ ကမ္မာသဓမ္မမြို့ကလေး၌ တပည့်ရဟန်းများအား သံသရာထွက်ရပ်လမ်း တရားတစ်မျိုးကို ဟောကြားညွှန်ပြတော်မူပါသည်။ ထိုတရားတော်မှာ သတိပဋ္ဌာန်တရားတော်ဖြစ်၏၊ ဘုရားရှင် ညွှန်ပြသည့်အတိုင်း ထိုသတိပဋ္ဌာန်တရားကို ပွားများအားထုတ်လျှင် အားထုတ်သူတိုင်း လောဘ ဒေါသစသော စိတ်အညစ်အကြေးများ ပယ်ရှားနိုင်သဖြင့် စိတ်ဓာတ်ဖြူစင်လာမည်၊ စိုးရိမ် ပူဆွေး ငိုကြွေး မြည်တမ်းရခြင်းဆိုသည့် သောကမီး ပရိဒေဝမီးများလည်း ငြိမ်းသွားမည်၊ ဒုက္ခ ဒေါမနဿတရားများ ချုပ်ငြိမ်းသွားပြီး ကိုယ်စိတ်နှလုံးရွှင်ပြုံး ချမ်းသာမည်၊

စာမျက်နှာ-112


နောက်ဆုံးတွင် အရိယာမဂ်ကိုရရှိပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည်ဟု အကျိုးတရားများကို အတိအကျ ညွှန်ပြထားပေသည်။ ထိုသတိပဋ္ဌာန်တရားမှာ—
(၁) ကာယာနုပဿနာသတိပဋ္ဌာန်၊
(၂) ဝေဒနာနုပဿနာသတိပဋ္ဌာန်၊
(၃) စိတ္တာနုပဿနာသတိပဋ္ဌာန်၊
(၄) ဓမ္မာနုပဿနာသတိပဋ္ဌာန်—

ဟု လေးပါးရှိပါသည်၊ ထိုလေးပါးတွင် ဝေဒနာတရား၌ သတိပဋ္ဌာန် ရှုမှတ်ပွားများပုံကို ဖော်ပြပါမည်။

ကိုယ်ထဲစိတ်ထဲ၌ ချမ်းသာမှုဖြစ်ပေါ်လာသည့်အခါ ချမ်းသာတယ်၊ ခံသာတယ်၊ ကောင်းတယ်၊ ဝမ်းသာတယ်စသည်ဖြင့် ရှုမှတ်ရမည်၊ ရှုမှတ်ဖန်များသောအခါ ခံသာသော အခြင်းအရာ၊ ကောင်းသော အခြင်းအရာအားဖြင့်ဖြစ်သော သုခဝေဒနာကို အမှန်အတိုင်းသိလာမည်၊ ညောင်းမှု ကိုက်ခဲမှု စိတ်ဆင်းရဲမှု ဖြစ်ပေါ်လာသည့်အခါ၌လည်း ညောင်းတယ်၊ ကိုက်ခဲတယ်၊ စိတ်ဆင်းရဲတယ်စသည်ဖြင့် ရှုမှတ်ရမည်၊ ရှုမှတ်ဖန်များလာသည့်အခါ ညောင်းသော အခြင်းအရာ၊ စိတ်ဆင်းရဲသော အခြင်းအရာအားဖြင့်ဖြစ်သော ဒုက္ခဝေဒနာကို အမှန်အတိုင်း သိလာမည်။

ဤကဲ့သို့ မပြတ်မစဲရှုမှတ်သော ယောဂီပုဂ္ဂိုလ်အား ချမ်းသာမှုကို ဖြစ်တိုင်းဖြစ်တိုင်းလည်းသိ၏၊ ချမ်းသာမှု၏ကောင်းသောအတွေ့ကိုခံစားမှု စသည်ဖြင့် သဘောတရားတစ်ခုမျှဟူ၍လည်း သိ၏၊ ရှေးရှေးချမ်းသာမှုတို့သည် နောက်နောက်ချမ်းသာမှုတို့နှင့်မဆက်မစပ် အပိုင်းပိုင်းပြတ်လျက် ကုန်ဆုံးကုန်ဆုံးသွားကြသည်ဟူ၍လည်းသိ၏၊ ထိုအခါ တဆက်တည်း တစ်ခုတည်းဟုထင်မြင်ရသော သန္တတိပညတ်ကွဲ၍ မမြဲခြင်းသဘော၊ ဆင်းရဲခြင်းသဘော၊ ငါ့ကောင်မဟုတ်ဟူသောသဘောကိုလည်းသိ၏၊ ဤအသိမျိုးသည် သတ္တဝါဟူသောအယူ ငါကောင်ဟူသော ထင်မှတ်ခြင်းတို့ကို ပယ်စွန့်နိုင်၏။ ကမ္မဋ္ဌာန်းလည်းမည်၏၊ သတိပဋ္ဌာန်ဘာဝနာလည်း ဖြစ်၏။

စာမျက်နှာ-113


ညောင်းညာကိုက်ခဲမှုစသော ဒုက္ခဝေဒနာကို ရှုမှတ်ရာ၌လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။

စိတ္တလတောင် မဟာထေရ်ဝတ္ထု

အခါတစ်ပါး၌ စိတ္တလတောင်၌ သီတင်းသုံးနေတော်မူသော မထေရ်တစ်ပါးသည် မကျန်းမမာဖြစ်ချိန်၌ ဝေဒနာပြင်းထန်လွန်းသဖြင့် တညည်းညည်း တညူညူဖြင့် လူးလှိမ့်နေသည်၊ ထိုအခါ ရဟန်းငယ်တစ်ပါးက “အရှင်ဘုရား၊ ဘယ်နေရာက နာကျင်ပါသလဲ” ဟု မေး၏။ “ငါ့ရှင် ဘယ်နေရာက နာသည်ဟု ကွဲကွဲပြားပြားမပြောနိုင်၊ တစ်ကိုယ်လုံးပင် ဝတ္ထုကို အာရုံပြုကာ ဝေဒနာကသာ ခံစားလျက်ရှိသည်” ဟုပြော၏။ “အရှင်ဘုရား ဝေဒနာကသာ ခံစားနေရသည်ဟုသိချိန်မှစ၍ သည်းခံသင့်သည် မဟုတ်ပါလော” ဟု လျှောက်၏။ “ငါ့ရှင် သည်းခံပါတော့မည်” ဟု ပြန်ပြော၏။ “အရှင်ဘုရား သည်းခံခြင်းသည် အလွန်ကောင်းမြတ်ပါသည်” ဟု လျှောက်၏။ မထေရ်လည်း မညည်းမတွားတော့ဘဲ ကြိတ်မှိတ် သည်းခံတော်မူလေသည်။

ရောဂါသည် မထေရ်၏နှလုံးသားအထိ ခွဲပစ်လိုက်လေသည်၊ မထေရ်၏ ဝမ်းဗိုက်မှထွက်လာသော အူတို့သည် ညောင်စောင်းပေါ်တွင် ပုံနေလေသည်။ “ငါ့ရှင် ဤမျှသည်းခံလျှင် သင့်ပြီလား” ဟု အူတို့ကိုပြ၍ မေး၏၊ ရဟန်းငယ်ကား ဘာမျှပြန်မလျှောက်တော့ဘဲ ဆိတ်ဆိတ်နေလေသည်။ မထေရ်သည် ဝီရိယနှင့်သမာဓိကို ညီစေလျက် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ရောက်၍ ဇီဝိတသမသီသီရဟန္တာအဖြစ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူ၏။

ဇီဝိတသမသီသီရဟန္တာ ဆိုသည်ကား- မဂ်ကိုဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ဖိုလ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ နိဗ္ဗာန်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ပယ်ပြီးသော ကိလေသာကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ အကြိမ်အလှည့်၏ အခြားမဲ့၌ ပရိနိဗ္ဗာန်ပြုတော်မူသော ရဟန္တာမျိုးဖြစ်ပေသည်။

ဝိ၊ ဒီ၊ ဋ္ဌ၊ ၂၊ ၃၆၄။
အဘိ၊ ဋ္ဌ၊ ၂၊ ၂၅၁။

စာမျက်နှာ-114


ဤဝတ္ထု၌ မထေရ်၏ သည်းခံခြင်းသည် ဝေဒနာကို နှလုံးမသွင်းဘဲ ကမ္မဋ္ဌာန်းအာရုံကို ဆင်ခြင်ပွားများသည်ဖြစ်သော သည်းခံနိုင်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ဒုက္ခဝေဒနာတည်းဖြစ်သော သောကအာရုံကို အာရုံပြု၍ နာကသာ ခံစားသည်၊ ငါခံစားသည် မဟုတ်၊ ငါ၏ဝေဒနာမဟုတ်၊ ထိုဝေဒနာ၌လည်း ငါမရှိ၊ ဤဝေဒနာသည် မမြဲသောအနိစ္စသဘောရှိ၏၊ ဆင်းရဲအစစ်ဖြစ်၏၊ အလိုသို့မပါ၊ အတ္တမဟုတ်သဖြင့် သင်္ခါရဟု နှလုံးသွင်းနေသောကြောင့် သည်းခံနိုင်သည်ဟု ဆိုရသည်။

ဤသို့လည်း ဆင်ခြင်ရမည်၊ သုခပေါ်၍ သုခဝေဒနာကို ခံစားဆဲအချိန်၌ ဒုက္ခဝေဒနာမရှိခြင်းကြောင့် သုခဝေဒနာကို ခံစားစဉ်၌ သုခဝေဒနာကိုသာ ခံစားသည်ဟုသိရမည်၊ ရှေးကဖြစ်ဖူးသော ဒုက္ခဝေဒနာသည် ယခု သုခဝေဒနာကို ခံစားချိန်၌မရှိတော့၊ ယခုခံစားနေသော သုခဝေဒနာသည်လည်း ယခုဆဲအချိန်တွင် ပထမ၌မရှိသေး၊ ထို့ကြောင့် ဝေဒနာဟူသောတရားသည် ဖြစ်ပြီးလျှင် ပျက်စီးခြင်း သဘောရှိ၏ဟု ဆင်ခြင်သိမြင်ရမည်။

ဣဋ္ဌာရုံကိုအာရုံပြု၍ သုခဝေဒနာဖြစ်လျှင် ဣဋ္ဌာရုံကိုအကြောင်းပြု၍ သုခဝေဒနာဖြစ်သည်ဟုသိရမည်။ ဣဋ္ဌာရုံချုပ်ပျောက်သွားသောအခါ၌ အကြောင်းဖြစ်သော ဣဋ္ဌာရုံချုပ်သည့်အတွက် အကျိုးဖြစ်သော သုခဝေဒနာလည်း ချုပ်ကွယ်တော့မည်ကို သိရမည်၊ ဣဋ္ဌာရုံတည်နေသမျှ အချိန်ကာလအတွင်း၌ သုခဝေဒနာတစ်ပါးတည်းသာလျှင် တည်မြဲ၍ အာရုံကိုခံစားနေသည်မဟုတ်၊ သုခဝေဒနာပေါင်းများစွာတို့သည် ခဏတိုင်းဖြစ် ခဏတိုင်းချုပ်ကာ သုခဝေဒနာအစဉ်အတန်းကြီး တစ်ခုပြီးတစ်ခု ဆက်ကာဆက်ကာ ခံစားခြင်းဖြစ်သည်ဟုသိ၍ သုခဝေဒနာ၏ မမြဲသောသဘောကိုလည်း ဆင်ခြင်ရမည်။

ဣဋ္ဌာရုံကိုမြဲစေချင်လျက် မမြဲ၊ သုခဝေဒနာကိုလည်း မြဲစေချင်လျက် မမြဲ၊ မြဲအောင်တောင့်တ၍မရခြင်းကြောင့် ဆင်းရဲသောသဘောရှိသည်ဟု ဆင်ခြင်ရမည်၊ ဣဋ္ဌာရုံနှင့် သုခဝေဒနာတို့ကို မြဲအောင်...

စာမျက်နှာ-115


မြဲအောင်ပြု၍ မရခြင်းကြောင့် ငါပိုင်မဟုတ်၊ ငါအစိုးမရ၊ သဘာဝတရား၌ ရုပ်နာမ်တို့၏အလျောက် အကြောင်းအကျိုးစပ်ကာ ဖြစ်ပျက်နေကြခြင်းသာ ဖြစ်သည်ဟု ဆင်ခြင်ရမည်။

ယင်းသို့ အမှန်သဘောကို ဆင်ခြင်သိမြင်သော ယောဂီသည် ဣဋ္ဌာရုံ၌လည်းကောင်း၊ သုခဝေဒနာ၌လည်းကောင်း ငြီးငွေ့လာမည်၊ နှစ်သက်သာယာခြင်းကင်းလာမည်၊ နှစ်သက်သာယာခြင်းကင်းလျှင် တပ်မက်သော တဏှာမှ လွတ်မြောက်မည်၊ တဏှာမှလွတ်မြောက်လျှင် ဥပါဒါန်မဖြစ်၊ ဥပါဒါန်မဖြစ်က ဘဝမဖြစ်၊ ဘဝမဖြစ်လျှင်လည်း တဖန်ဘဝသစ်၌ ဇာတိဖြစ်ရန်မရှိ၊ ဇာတိမဖြစ်က ဇာတိ၏အကျိုးဖြစ်သော ဇရာမရဏ၊ အကျိုးမဲ့များဖြစ်သော သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့သည်လည်း ဖြစ်ခွင့်မရှိနိုင်ကြချေ၊ သောကစသည်တို့ကင်းသဖြင့် အာသဝေါတရားတို့လည်း မပေါ်နိုင်ကြကုန်၊ အာသဝေါတရားများ မဖြစ်ပေါ်ခြင်းကြောင့် သံသရာလည်ခြင်း၏စက်ခေါင်းကြီးဖြစ်သော အဝိဇ္ဇာလည်း လုံးဝမပေါ်လာတော့ချေ၊ သံသရာစက်ခေါင်းကြီး မပေါ်လာ မဖြစ်လာတော့သဖြင့် ဒုက္ခပေါင်းစုံတို့မှ ကင်းလွတ်၍ သံသရာထွက်ရပ်လမ်း ပေါက်ပါတော့သည်။

၇။ ဝေဒနာကြောင့် ဘဝစက်ဝန်း (သံသရာ) လည်ပတ်ပုံ

ဝေဒနာကြောင့်တဏှာဖြစ်ပုံ

ဝေဒနာကြောင့် ဘဝစက်ဝန်းလည်ပတ်ပုံကို ပဋ္ဌာန်းပါဠိတော်တွင် ရှင်တော်ဗုဒ္ဓ ဟောကြားခဲ့သည့် ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးပြ ဒေသနာတော်အတိုင်း သိသာရုံ ဖော်ပြပါမည်၊ ဝေဒနာဆိုသည်မှာ အာရုံ၏အရသာကို ခံစားသည့် သဘောဖြစ်ကြောင်း ရှေ့ပိုင်းတွင် ဖော်ပြခဲ့ပေပြီ၊ မိမိနှစ်သက်လိုလားသည့်အာရုံနှင့် တွေ့ကြုံရသည့်အခါ ကိုယ်၌ဖြစ်စေ စိတ်၌ဖြစ်စေ ခံသာသည့်သဘော၊ ချမ်းမြေ့ရွှင်လန်းသည့်သဘော ပေါ်လာသည်။ ထိုထိုသဘောကို သုခဝေဒနာဟုလည်းကောင်း၊ သောမနဿဝေဒနာဟုလည်း

စာမျက်နှာ-116


ကောင်း ခေါ်သည်၊ ထိုခံသာသည့်သဘော၊ ချမ်းမြေ့ရွှင်လန်းသည့် သဘောများ ပေါ်လာသည့်အခါ ထိုသဘော ထိုခံစားမှုဝေဒနာများ၌ သာယာတပ်မက်မှုတဏှာဖြစ်လာ၏၊ ထိုတဏှာသည် ခံစားမှုဝေဒနာ၌သာ မရပ်ဘဲ ထိုခံစားမှုကိုဖန်တီးပေးသည့် ရူပါရုံစသော အာရုံများကိုလည်း “တနွယ်ငင် တစင်ပါ” ဆိုသကဲ့သို့ ဆက်၍တပ်မက်၏။

ဥပမာအားဖြင့် သတ္တဝါတို့သည် အသက်ခန္ဓာကိုအလွန်တွယ်တာကြ၏၊ အသက်ကို တွယ်တာသည့်အတွက် အသက်ကို ဆက်လက်တည်မြဲစေနိုင်သော ထမင်းအစာကို တွယ်တာကြ၏။ ထမင်းကိုတွယ်တာသည့်အတွက် ဆန်ကို တွယ်တာ၏၊ ဆန်ကို တွယ်တာသည့်အတွက် စပါးကို တွယ်တာ၏၊ စပါးကို တွယ်တာသည့်အတွက် ကျွဲ နွား လယ် ယာ မိုးမြေကို တွယ်တာ၏၊ ထိုအလုံးစုံကို တွယ်တာသည့်အတွက် ကြေးငွေကို တွယ်တာ၏၊ ဤသို့ တဏှာရာဂမည်သည် ဝတ္ထုတစ်ခုကို တွယ်တာမိလျှင် ထိုဝတ္ထုနှင့်ဆက်စပ်သမျှ အရာမက အထောင်မကသော အဆင့်ဆင့်တွယ်တာမှု တဏှာရာဂတရားပြန့်ပွား၍သွားတော့၏။

ထို့အတူ စက္ခုသမ္ဖဿဇာ ဝေဒနာဟုဆိုအပ်သော မျက်စိအရသာတစ်ခုကို တွယ်တာမက်မောမိလျှင် ကောင်းသောအဆင်း သဏ္ဌာန်ကိုလည်းကောင်း၊ ထိုအဆင်းသဏ္ဌာန် တည်ရှိသော သက်ရှိ သက်မဲ့အထည်ဝတ္ထုကိုလည်းကောင်း၊ ထိုအထည်ဝတ္ထုနှင့် စပ်လျဉ်းသမျှကို လည်းကောင်း တွယ်တာမက်မောမှု အဆင့်ဆင့်ဖြစ်ပွား၍ သွားတော့သည်။

ထို့အတူ သောတသမ္ဖဿဇာ ဝေဒနာ (နားအတွေ့ကြောင့်ဖြစ်သော ခံစားမှု) စသော ကျန်ဝေဒနာငါးပါးတို့ကြောင့် တွယ်တာမက်မောမှု တဏှာဖြစ်ပုံကိုလည်း ဤနည်းမှီ၍ သိနိုင်ပေသည်။ ဤသို့ သုခဝေဒနာများ ဖြစ်နေခိုက်မှာလည်း ထိုသုခသောမနဿဝေဒနာတို့ကို တဏှာဖြင့် သာယာသည့်အပြင် ထို့ထက်သာလွန်သော သုခ၊ သောမနဿတို့ကိုလည်း မျှော်လင့် တောင့်တလျက်နေပြန်၏။

စာမျက်နှာ-117


ဒုက္ခဝေဒနာ၊ ဒေါမနဿဝေဒနာ၊ ဥပေက္ခာဝေဒနာတို့ကြောင့် တဏှာဖြစ်ပုံကား- ဒုက္ခဝေဒနာ၊ ဒေါမနဿဝေဒနာတို့ကို ခံစားရသည့်အခါ ထိုဒုက္ခဝေဒနာ၊ ဒေါမနဿဝေဒနာတို့မှ လွတ်မြောက်၍ ဘယ်တော့များမှ ချမ်းသာသုခကို ရပါတုန်းဟု သုခနှင့်သုခဖြစ်မည့် အာရုံကို လှမ်းပြီး တောင့်တသည့် တဏှာဖြစ်လာ၏။

ဥပေက္ခာဝေဒနာခံစားရသည့် အခါ၌လည်း သုခလိုပင် ငြိမ်သက်အေးမြသည်ဟု ထိုဝေဒနာ၌ စုံမက်သည့် တဏှာဖြစ်ပေါ်လာသည်။ ဤသို့ ခံစားမှုဝေဒနာကို အကြောင်းပြု၍ တဏှာအမျိုးမျိုး ဖြစ်ပေါ်လာပေသည်။

တဏှာကြောင့် ဥပါဒါန်ဖြစ်ပုံ

ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သန္တာန်၌ တဏှာဖြစ်လာလျှင် ဥပါဒါန်ဖြစ်ရန် လွယ်ကူသွားတော့၏။ အနည်းငယ် တပ်မက်မှုသည် တဏှာဖြစ်သည်၊ လွန်လွန်ကဲကဲ စွဲလမ်းမှုသည် ဥပါဒါန်မည်၏ (ဥပ=လွန်လွန်ကဲကဲ + အာဒါန=ယူခြင်း)။ လှပသောရူပါရုံကို ပထမဆုံးမြင်လျှင် တဏှာဖြစ်၏၊ ထိုတဏှာသည် တစတစ ရင့်သန်အားကောင်းလာလျှင် ဥပါဒါန် ဖြစ်လာ၏၊ ထို့အတူ သဒ္ဒါရုံစသည်၌ တဏှာဖြစ်ပုံ၊ ဥပါဒါန်ဖြစ်ပုံတို့ကိုလည်း ဤနည်းကိုမှီ၍ သိနိုင်ပေသည်။ “ဖွတ်ကြီးလျှင် မိကျောင်း၊ မြွေကြီးလျှင် နဂါး၊ တစ္ဆေကြီးလျှင် သရဲ၊ သူရဲကြီးလျှင် သံဘက်” ဆိုဘိသကဲ့သို့ တဏှာဓာတ်မှ အဆင့်ဆင့် ရင့်သန်၍ ဖြစ်ပေါ်လာသော ပြင်းထန်သောစွဲလမ်းမှုကိုပင် ဥပါဒါန်ဟု ဆိုရပါသည်။

ထိုဥပါဒါန်သည် ရူပါရုံစသော ကာမအာရုံ ၅-ပါး၌ အလွန်အမင်း တပ်မက်စွဲလမ်းခြင်း ကာမုပါဒါန်၊ သက္ကာယဒိဋ္ဌိ၊ သီလဗ္ဗတုပါဒါန်တို့မှတစ်ပါး အခြား မိစ္ဆာအယူများကို စွဲလမ်းစွာယူခြင်း ဒိဋ္ဌုပါဒါန်၊ နွားကျင့် ခွေးကျင့် စသည်တို့သည် သံသရာထွက်ရပ်လမ်း ဖြစ်သည်ဟု အပြင်းအထန် စွဲယူခြင်း သီလဗ္ဗတုပါဒါန်၊ အတ္တအယူကို စွဲလမ်းစွာယူခြင်း အတ္တဝါဒုပါဒါန် ဟူ၍ လေးမျိုးရှိသည်။

စာမျက်နှာ-118


ဒိဋ္ဌိမှန်လျှင် ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ အယူအစွဲပြင်းထန်သောကြောင့် ဥပါဒါန် အမည်ရတော့သည်။ ဒိဋ္ဌိအမျိုးမျိုးတွင် “အတ္တဝါဒုပါဒါန်သည် ခန္ဓာငါးပါး၌ အခိုင်အမာ အသက်ရှိ၏ဟု စွဲလမ်းသော ဒိဋ္ဌိတစ်မျိုးဖြစ်၏၊ သက္ကာယဒိဋ္ဌိ ဟူ၍လည်းခေါ်၏၊ ထိုသက္ကာယဒိဋ္ဌိဖြင့် မိမိခန္ဓာကိုယ်ကိုငါ ငါဟု စွဲလမ်းခြင်းသည် ပင်ကိုက မိမိကိုယ်ကို တဏှာဖြင့် တပ်မက် ခင်မင်လျက်ရှိခြင်းကြောင့် ဖြစ်၏။

သီလဗ္ဗတုပါဒါန် ဆိုသည်မှာ ခွေးကျင့်၊ နွားကျင့် စသည်ဖြင့် သံသရာဝဋ် ဒုက္ခမှ လွတ်မြောက်နိုင်သည်ဟု အပြင်းအထန် ယုံကြည်စွဲလမ်းသော ဒိဋ္ဌိဖြစ်သည်၊ မိမိကိုယ်ကို တဏှာဖြင့် တပ်မက် ခင်မင်လျက်ရှိသောကြောင့် နောက်နောက်ဘဝ၌ မိမိချမ်းသာဖို့ရန် တောင့်တလျက် ခွေးကျင့်၊ နွားကျင့်များကို ပြင်းထန်စွာ ကျင့်ခြင်းဖြစ်သည်။ ဒိဋ္ဌုပါဒါန်နှင့် ဆိုင်သော ဒိဋ္ဌိများကိုလည်း တဏှာအတွက်ကြောင့်သာ ကောင်းနိုးရာရာထင်၍ ယူမှားမိကြလေသည်။ ဤသို့ အနည်းငယ် တွယ်တာမှုတဏှာကြောင့် ပြင်းပြင်းထန်ထန် စွဲလမ်းတပ်မက် ဥပါဒါန် ဖြစ်ပေါ်လာရပေသည်။

ဥပါဒါန်ကြောင့် ဘဝဖြစ်

သတ္တဝါများသန္တာန်၌ ဥပါဒါန်တရားဖြစ်ပွားလာခဲ့လျှင် ထိုဥပါဒါန်ကြောင့် ဘဝခေါ်သော အကျိုးတရား ပေါ်လာပေသည်၊ ဘဝမှာ ကမ္မဘဝ၊ ဥပပတ္တိဘဝ ဟု နှစ်မျိုးရှိ၏၊ သတ္တဝါတို့ နေ့စဉ်နှင့်အမျှ လှုပ်ရှားပြုလုပ်နေကြသော ကောင်းသောအလုပ်၊ မကောင်းသောအလုပ်တို့ကို ကမ္မဘဝဟုခေါ်၏၊ တရားကိုယ်မှာ လောကီကုသိုလ် (၁၇) ခု၊ အကုသိုလ် (၁၂) ခု၌ ရှိသော စေတနာ (ကံ) ၂၉-ခုဖြစ်သည်။ ဥပပတ္တိဘဝဆိုသည်မှာ ထိုကံကြောင့် ထိုထိုဘုံဘဝတို့၌ လူ၊ နတ်၊ တိရစ္ဆာန် သတ္တဝါများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်၊ တရားကိုယ်မှာ သတ္တဝါအဖြစ် ပေါ်လာသည့် လောကီဝိပါက် စိတ်၊ စေတသိက်နှင့် ကမ္မဇရုပ်တို့ ဖြစ်သည်။

စာမျက်နှာ-119


သတ္တဝါတို့ လူချမ်းသာ၊ နတ်ချမ်းသာ စသည်တို့ကို လိုချင်မှုသည် ကာမုပါဒါန်မည်၏။ ထိုကာမုပါဒါန်ကြောင့် လူချမ်းသာ နတ်ချမ်းသာ များကို ရကြောင်းဖြစ်သည့် ဒါန သီလကုသိုလ် စသည့်ကောင်းမှု ကံ(ကမ္မဘဝ) တို့ကြိုးစားအားထုတ်ကြရသည်။ ထိုဒါနကုသိုလ်, သီလ ကုသိုလ် ဟူသော ကမ္မဘဝကြောင့် လူ့ဘုံ နတ်ဘုံတို့၌ ပဋိသန္ဓေတည်နေရခြင်း၊ ဥပပတ္တိဘဝ ဖြစ်လာရသည်။

ထို့အတူ ယခုဘဝမှာပင် ကာမချမ်းသာကို ခံစား၍ သတ်ခြင်း၊ ခိုးယူခြင်းစသော အကုသိုလ် ဒုစရိုက်အမျိုးမျိုး (ကမ္မဘဝ)ကို ပြုကြ၏။ ထိုအကုသိုလ် ကမ္မဘဝကြောင့် အပါယ်ဘုံ၌ ဥပပတ္တိဘဝဖြစ်ရလေသည်။ ဤသည်မှာ ကာမုပါဒါန်ကြောင့် ကမ္မဘဝ, ဥပပတ္တိဘဝ ဖြစ်ပုံပင် ဖြစ်သည်။

ဥစ္ဆေဒဒိဋ္ဌိ အယူရှိသူများသည် “ငါ၏အတ္တသည် နတ်ဘုံဗြဟ္မာ့ဘုံတို့၌ ပြတ်စဲရလျှင် ကောင်းသော ပြတ်ခြင်းပေတည်း” ဟု ဥစ္ဆေဒဒိဋ္ဌိတည်းဟူသော ဒိဋ္ဌုပါဒါန်အရင်းခံ၍ ထိုဘုံများသို့ ရောက်ဖို့ ကုသိုလ်ကမ္မဘဝကို ပြုစီမံ၏။ သဿတဒိဋ္ဌိအယူရှိသူက “ငါ၏ အတ္တသည် နတ်ဘုံ ဗြဟ္မာ့ဘုံ တို့၌ဖြစ်ရလျှင် ဧကန်ချမ်းသာရလိမ့်မည်” ဟု ဒိဋ္ဌုပါဒါန် အရင်းခံလျက် ထိုဘုံများသို့ ရောက်ဖို့ရန် ကံကိုပြု၏။

သီလဗ္ဗတုပါဒါန်အယူရှိသူတို့ကလည်း “ငါယခု ကျင့်နေသော အလေ့အကျင့်ကို နတ်ပြည် ဗြဟ္မပြည်တို့၌ ကျင့်ရလျှင် လွယ်ကူစွာ ပြည့်စုံပေလိမ့်မည်” ဟု သီလဗ္ဗတုပါဒါန် အရင်းခံလျက် ထိုဘုံများသို့ ရောက်ဖို့ရန် ကံတခုခုကိုပြု၏။ ထိုသို့ပြုရာ၌ လမ်းမှန်ကျင့်မိလျှင် ရည်ရွယ်တိုင်း သုဂတိဘုံ၌ ဥပပတ္တိဘဝဖြစ်၍ လမ်းလွှဲကျင့်မိလျှင် အပါယ်ဘုံ၌ ဥပပတ္တိဘဝ ဖြစ်ရလေသည်။ ဤသို့ ဒိဋ္ဌုပါဒါန် စသည်တို့ကြောင့် ကမ္မဘဝ, ဥပပတ္တိဘဝ နှစ်မျိုး ဖြစ်ရလေသည်။

ဘဝကြောင့်ဇာတိ စသည်ဖြစ်ပုံ

ဇာတိဆိုသည်မှာ ဘဝသစ်၌ ပဋိသန္ဓေ ရုပ်နာမ်နှစ်ပါး ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ထိုဇာတိသည် လောကီကုသိုလ်ကံ အကုသိုလ်ကံ ဟူသော ကမ္မဘဝကြောင့် ဖြစ်လာရ၏။ ဇာတိဖြစ်ခြင်းကြောင့် အိုခြင်း၊

စာမျက်နှာ-120


ဇရာ၊ သေခြင်း (မရဏ)၊ စိုးရိမ်ကြောင့်ကြခြင်း (သောက)၊ ငိုကြွေးမြည်တမ်းခြင်း (ပရိဒေဝ)၊ ကိုယ်ဆင်းရဲခြင်း (ဒုက္ခ)၊ စိတ်ဆင်းရဲခြင်း (ဒေါမနဿ)၊ အလွန်အမင်း ပြင်းစွာ ပင်ပန်း ဆင်းရဲခြင်း (ဥပါယာသ) ဟူသော အကျိုးဆက်များ ဆက်တိုက် ဖြစ်ပေါ်လာကြသည်။

သံသရာ ဘဝစက်ဝန်းလည်ပုံ

စိုးရိမ်ကြောင့်ကြမှု၊ စိတ်ဆင်းရဲမှု၊ ပြင်းစွာ ပင်ပန်းဆင်းရဲမှု တို့သည် ဒေါသစိတ်၏ တွဲဖော်တွဲဖက် အပေါင်းအသင်း စေတသိက်များဖြစ်သည်။ ထို့ကြောင့် စိုးရိမ်ကြောင့်ကြမှု သောက စသည်တို့ဖြစ်တိုင်း အဝိဇ္ဇာတည်းဟူသော မောဟလည်း အမြဲတွဲလျက်ပါရှိသည်။ ပရိဒေဝခေါ် ငိုကြွေးမြည်တမ်းမှုမှာလည်း အဝိဇ္ဇာမကင်းသူတို့၌သာ ဖြစ်လေ့ရှိသည်။ ကိုယ်ဆင်းရဲမှု (ဒုက္ခ) ဖြစ်လာသည့်အခါ စိတ်ဆင်းရဲမှု ဒေါမနဿနှင့်အတူ မောဟလည်း ယှဉ်တွဲပါလာသည်။

မောဟဟူသော အဝိဇ္ဇာဖြစ်လာပြန်လျှင် သင်္ခါရ စသောတရားများလည်း ကြောင်းကျိုးဆက်ကာ ဖြစ်လာရပြန်သည်။ ဤနည်းအားဖြင့် ဝေဒနာကြောင့် ဘဝစက်ဝန်းသည် ချားရဟတ်ပမာ မပြတ်မစဲ တလည်တည်း လည်ပတ်နေပေသည်။

ဝေဒနာကိုအစွဲပြု၍ ဘဝစက်ဝန်း(သံသရာ)အလည်ပုံ

ဘဝသံသရာ လည်ပတ်ရေးတွင် မောဟခေါ် အဝိဇ္ဇာနှင့် လောဘခေါ် တဏှာတို့သည် ပင်မ အကြောင်းကြီးနှစ်ရပ် ဖြစ်ကြသည်။ ထိုနှစ်ပါးသည် ဘဝစက်ဝန်းကြီး လည်ရာ၌ စက်ခေါင်းကြီး နှစ်လုံးဖြစ်သည်။ အဝိဇ္ဇာမှ ဝေဒနာအထိ ရှေ့ပိုင်းဘဝ စက်ကြီးတစ်ခု၊ တဏှာမှ ဇာတိအထိ နောက်ပိုင်း ဘဝစက်ကြီး တစ်ခု ဟူ၍ စက်ကြီးနှစ်လုံး ရှိသည်။ ရှေ့ပိုင်းစက်ကြီးတွင် အဝိဇ္ဇာသည် စက်ခေါင်းဖြစ်၍ နောက်ပိုင်းစက်ကြီးတွင် တဏှာသည် စက်ခေါင်းဖြစ်သည်။

ဤသို့ ဘဝစက်ဝန်း လည်ပတ်ပုံသည် ရှေ့စက်ခေါင်းတစ်လုံး၊ နောက်စက်ခေါင်းတစ်လုံး တပ်ထားသော မီးရထားကြီး သွားလာလည်ပတ်ပုံနှင့် တူပေသည်။ စက်ခေါင်းနှစ်လုံး တပ်ထားသော မီးရထားကြီးသည်

စာမျက်နှာ-121


တောကြိုတောင်ကြား တောင်နံပါး စသည့်လမ်းကောက် လမ်းကျဉ်းများတွင် တက်တုံဆုတ်တုံ ကွေ့ကောက်တုံဖြင့် တသုန်သုန်သွားလာ နေဘိသကဲ့သို့ အဝိဇ္ဇာတဏှာတည်းဟူသော ရှေ့စက်ခေါင်း နောက်စက်ခေါင်း နှစ်လုံးတပ်ထားသော ဘဝယန္တရားသံသရာရထားကြီးသည်လည်း တက်တုံ ဆုတ်တုံ ကွေ့တုံဖြင့် တသုန်သုန်လှည့်လည် သွားလာ၍သာ နေလေသည်။

ဤဘဝသံသရာ လည်ပတ်ကြောင်း အဝိဇ္ဇာ, တဏှာဆိုသည့် သံသရာစက်ခေါင်းကြီး နှစ်လုံးတွင် တစ်လုံးလုံးကို လုံးဝပြတ်အောင် ရပ်အောင် လုပ်နိုင်ပါမှ သံသရာအလည် ရပ်ပေမည်။ ဤနေရာ၌ တဏှာစက်ခေါင်း၏ အကြောင်းတရားဖြစ်သည့် ဝေဒနာတရားကို ရှေ့တွင်ဆိုခဲ့သည့်အတိုင်း သတိပဋ္ဌာန်နည်းဖြင့် ရှုမှတ်ပွားများလျှင် တဏှာစက်ကြီး အလည်ရပ်မည်ဟု ဘုရားရှင်က အောက်ပါအတိုင်း ညွှန်ကြားတော်မူခဲ့ပေသည်။

“ဝေဒနာနုပဿနာ သတိပဋ္ဌာန်တရားကို ပွားများအားထုတ်ကြသော ယောဂီပုဂ္ဂိုလ်တို့သည် သတိပဋ္ဌာန်တရား လေးပါးလုံးကို ပြည့်စုံစေနိုင်ကုန်၏၊ ထိုသတိပဋ္ဌာန်တရား လေးပါးနှင့် ပြည့်စုံသော ယောဂီပုဂ္ဂိုလ်တို့သည် မဂ်လေးပါးဟူသော ဝိဇ္ဇာဉာဏ်၊ ဖိုလ်လေးပါးဟူသော ဝိမုတ္တိအကျိုးတရားတို့ကို ရရှိ၍ သံသရာထွက်ရပ်လမ်း ပေါက်နိုင်ကြကုန်၏။”

ထို့ကြောင့် ဝေဒနာနုပဿနာ သတိပဋ္ဌာန်တရားဖြင့် တဏှာမဖြစ်ပေါ်လာအောင် တားဆီးပိတ်ပင်နိုင်လျှင် တဏှာတည်းဟူသော သံသရာစက်ခေါင်းပြတ်၍ ဘဝသံသရာ အလည်ရပ်နိုင်ပေသည်။ ဝေဒနာနုပဿနာ သတိပဋ္ဌာန်ကို ပွားများအားထုတ်သော ယောဂီပုဂ္ဂိုလ်သည် သုခဝေဒနာ ပေါ်လာလျှင်ဖြစ်စေ၊ ဒုက္ခဝေဒနာ ပေါ်လာလျှင်ဖြစ်စေ၊ ဥပေက္ခာဝေဒနာ ပေါ်လာလျှင်ဖြစ်စေ ဖြစ်ပေါ်လာသမျှ ဝေဒနာတို့ကို ဝေဒနာဟူ၍သာ ရှုမှတ်

စာမျက်နှာ-122


ရမည်၊ ဝေဒနာဟူ၍သာ သိရမည်၊ ဝေဒနာမှတစ်ပါး ခံစားတတ်သော သတ္တဝါမရှိ။ ဝေဒနာကသာ ခံစားသဖြင့် ဝေဒနာသာရှိသည်၊ ထိုဝေဒနာတို့သည်လည်း တည်မြဲနေသည်မဟုတ်၊ မြစ်ရေယာဉ်ကဲ့သို့ အစဉ်တတန်းကြီး ရှေ့ကချုပ် နောက်ကအသစ်ဖြစ်၍ တခဏချင်း ပျောက်ပျက်နေကြသော ဝေဒနာတရားတို့ပါတကားဟု အမြဲမပြတ် ဉာဏ်သတိဖြင့် ဆင်ခြင်ရှုမှတ်နေလျှင် ထိုဝေဒနာကို အကြောင်းပြုပြီး တဏှာမဖြစ်ပေါ်နိုင်တော့ချေ။

ထိုဝေဒနာတရားတို့၌ အနိစ္စအစစ်ကို မြင်နိုင်သော အနိစ္စဝိဇ္ဇာဉာဏ်၊ ဒုက္ခအစစ်ကို မြင်နိုင်သော ဒုက္ခဝိဇ္ဇာဉာဏ်၊ အနတ္တအစစ်ကို မြင်နိုင်သော အနတ္တဝိဇ္ဇာဉာဏ် ဓာတ်များ ပိုင်ပိုင်နိုင်နိုင် ပေါ်လာအောင် အားထုတ်ရမည်။ ထိုဝိဇ္ဇာဓာတ်များ ပေါ်လာသည့်အခါ အဝိဇ္ဇာတည်းဟူသော မောဟအမှောင်ဓာတ်ကြီး ပျောက်ပြီး၊ သံသရာစက်ခေါင်းကြီး တစ်လုံးရပ်သွားပြန်သည်။

ထိုမှတစ်ဆင့်တက်၍ မဂ်ဝိဇ္ဇာလေးပါးတွင် နောက်ဆုံး အရဟတ္တမဂ်ဝိဇ္ဇာဉာဏ် ပေါ်လာသည့် အဆင့်သို့ရောက်လျှင်ကား အဝိဇ္ဇာဓာတ်နှင့် တဏှာဓာတ် ဟူသော သံသရာစက်ခေါင်းကြီး နှစ်လုံးအကြွင်းမဲ့ ပျက်ပြုန်း ချုပ်ငြိမ်းသွားပြီဟု မှတ်ရမည်။ ထိုသို့ အဝိဇ္ဇာ, တဏှာတည်းဟူသော သံသရာစက်ခေါင်းကြီးနှစ်လုံး အလည်ရပ်သည်နှင့် ပြိုင်နက် သံသရာထွက်ရပ်လမ်း ပေါက်တော့သည်။

စာမျက်နှာ-123


သညာ = အမှတ်ပြု၍သိခြင်း၊ မှတ်သားခြင်း။

မှတ်သားပုံ ၃-မျိုး

(က) အာရုံကို မှတ်သားခြင်းမျှဖြစ်သော သဘောသည်လည်းကောင်း၊
(ခ) မိမိဖြစ်ရာ တည်ရာ သတ္တဝါများကို ဖြစ်စေ၊ မိမိနှင့် အတူတကွ ဖြစ်ဖော်ဖြစ်ဖက် နာမ်တရားများကို ဖြစ်စေ အာရုံကို မှတ်သားအောင် ပြုတတ်သော သဘောသည်လည်းကောင်း၊
(ဂ) မိမိကိုယ်တိုင် အာရုံကို မှတ်သားတတ်သော သဘောသည်လည်းကောင်း၊ သညာစေတသိက် မည်ပါသည်။

(၁) သညာစေတသိက်၏ လက္ခဏာ

သညာစေတသိက်သည် အဖြူ အနီ အစရှိသော အာရုံအမျိုးမျိုးကို မှတ်သားမိရုံ သိခြင်းသဘော လက္ခဏာရှိသည်။

အာရုံ အမျိုးမျိုးကို မှတ်သားပုံ

သညာဆိုသည်မှာ အဖြူ အနီ အစရှိသော အာရုံအမျိုးမျိုးကို မှတ်သားတတ်သော သဘောဖြစ်သည်။ သညာ၏ သဘောလက္ခဏာနှင့် စပ်လျဉ်း၍ မူလပဏ္ဏာသပါဠိတော်၌ ဘုရားလက်ထက်တော်က ရှင်မဟာကောဋ္ဌိကနှင့် ရှင်သာရိပုတ္တရာမထေရ်တို့ ဆွေးနွေးချက်ကို ဤသို့တွေ့ရသည်။

၁။ သံ+ဉာ၊ သညာ။ သံ=အမှတ်ပြု၍ +ဉာ=သိခြင်း။ သညာ=အမှတ်ပြု၍သိခြင်း၊ မှတ်သားခြင်း။ မဏိမဉ္စူ၊ ပ၊ ၃၁၅။

၂။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၅၃။
၃။ မ၊ ၁၊ ၃၆၇။

စာမျက်နှာ-124


ရှင်မဟာကောဋ္ဌိက။ ။ ငါ့ရှင် “သညာ သညာ” ဟု ဆို၏၊ အဘယ်အကြောင်းကြောင့် “သညာ” မည်ပါသနည်း။
ရှင်သာရိပုတ္တရာ။ ။ မှတ်သားတတ်၊ မှတ်သားတတ်သောကြောင့် “သညာ” မည်ပေ၏ ငါ့ရှင်။
ရှင်မဟာကောဋ္ဌိက။ ။ အဘယ်ကို မှတ်သားတတ်ပါသနည်း ငါ့ရှင်။
ရှင်သာရိပုတ္တရာ။ ။ ညိုသောအရာကိုလည်း မှတ်သားတတ်၏၊ ဝါသောအရာကိုလည်း မှတ်သားတတ်၏၊ နီသောအရာကိုလည်း မှတ်သားတတ်၏၊ ဖြူသောအရာကိုလည်း မှတ်သားတတ်၏၊ ငါ့ရှင် မှတ်သားတတ်၊ မှတ်သားတတ်သော အကြောင်းကြောင့် သညာဟု ခေါ်ဆိုအပ်၏။ ဟူ၍ ဖြစ်သည်။

ဤပါဠိတော်အရ သတ္တဝါတို့သည် မှတ်သားတတ်သော ဤသညာဖြင့် အာရုံအမျိုးမျိုးကို မှတ်သားကြ၏။ ဤသို့ မှတ်သားရာတွင် ပုဂ္ဂိုလ်သတ္တဝါတို့က မှတ်သားခြင်းမဟုတ်၊ ပုဂ္ဂိုလ်သတ္တဝါတို့၏ သန္တာန်မှာ ဖြစ်ပေါ်လာသည့် မှတ်သားမှုသဘောရှိသော ဤသညာကသာ မှတ်သားခြင်း ဖြစ်သည်။

မှန်၏။ ဤသညာသည် စက္ခုပသာဒ (မျက်စိအကြည်)၊ သောတပသာဒ (နားအကြည်) အစရှိသည့် အတွင်းပသာဒ ဝတ္ထုများနှင့် ရူပါရုံ အစရှိသည့် ပြင်ပအာရုံတို့ တွေ့ထိရာမှ သတ္တဝါတို့သန္တာန်ဝယ် မှတ်သားတတ်သည့်သညာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သတ္တဝါတို့သည် ယင်းသညာဖြင့် ရုပ်ပိုင်းဆိုင်ရာ နာမ်ပိုင်းဆိုင်ရာ အာရုံအမျိုးမျိုးကို အမှတ်ပြုလေသည်။

ဖြူသောအဆင်းအာရုံကို “အဖြူ” ဟု မှတ်သား၏၊ နီသောအဆင်းအာရုံကို “အနီ” ဟု မှတ်သား၏။ ထို့အတူ အချိုအချဉ် စသော အရသာ၊ အရှည်, အတို စသော သဏ္ဌာန် အစရှိသည်တို့ကိုလည်း “အချိုပဲ၊ အချဉ်ပဲ၊ အရှည်ပဲ၊ အတိုပဲ” စသည်ဖြင့် မှတ်သား၏။

စာမျက်နှာ-125


ဤ၌ မှတ်သားခြင်းဆိုသည်မှာ မှတ်သောအားဖြင့် သိခြင်း၊ မှတ်သိ သိခြင်းဖြစ်သည်။ အမိအဖကို “အမိအဖ” ဟူ၍သိခြင်း (မိမှန်း, ဖမှန်း သိခြင်း)၊ “အရှေ့ အနောက် တောင်, မြောက်” ဟူ၍သိခြင်း၊ အခေါ်အဝေါ် အမည်နာမများကို “မည်သူမည်ဝါ၊ မောင်ဖြူ၊ မောင်နီ” ဟု သိခြင်း အစရှိသဖြင့် မျက်စိဖြင့် မြင်သမျှအာရုံ၊ နားဖြင့်ကြားသမျှ အာရုံ စသည့် အာရုံအမျိုးမျိုးကို မှတ်သိ သိခြင်းဖြစ်သည်။

သညာက သိသည်ဟုဆိုသော် ပညာသိ ဝိညာဏ်သိတို့နှင့် သိပုံခြင်း မတူပါ၊ ခြားနားကြပါသည်။

သညာသိ၊ ပညာသိ, ဝိညာဏ်သိအထူး

သညာ၏ အာရုံသိပုံမှာ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ မှတ်မိရုံသာသိခြင်းမျိုး ဖြစ်သည်။ အမှားမရှိ၊ အမှန်အတိုင်း ထိုးထွင်း၍ သိခြင်းမျိုးမှာ ပညာသိဖြစ်သည်။ ဝိညာဏ်မှာ အာရုံကိုရအောင်ယူခြင်း ဖြစ်သည်။ ထိုကြောင့်—

အမှားလည်းရှိ၊ အမှန်ရှိ၍၊ မှတ်မိရုံသာ၊ သိသည်မှာကား၊ သညာဖြစ်၏။ အစဉ်ပိုဒ်နင်း၊ ထိုးထိုးထွင်းလျက်၊ ရှင်းရှင်းသေချာ၊ သိပညာတည်း။ ဝိညာဏဘုံ၊ စိတ်သိပုံကား၊ အာရုံယူမှု၊ ရအောင်ပြုသည်၊ သောတုမှတ်ဖွယ် အချုပ်တည်း— ဟု ဆရာမြတ်တို့ မိန့်ဆိုကြလေသည်။

ဤကား စိတ္တုပ္ပါဒကဏ္ဍမူလဋီကာနှင့်အညီ ရိုးရိုးဖြစ်လေ့ရှိသော သညာ- ပညာ- ဝိညာဏ်အားလုံးနှင့် သက်ဆိုင်သည့်ထူးခြားပုံဖြစ်သည်။ ဤထူးခြားပုံ၏ဆိုလိုရင်းမှာ အနီရောင်အဆင်းတစ်ခုကို မျက်စိဖြင့် တွေ့မြင်ရသောအခါ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ပေါ်လာပြီး ယင်းစိတ်ဝိညာဏ်သည် အာရုံကိုရအောင်ယူ၏။ အာရုံ၏အရောင်အဆင်းကိုမူ မည်သည့်အရောင်ဟု မသိပေ၊ အာရုံတစ်ခုရှိနေကြောင်း သိရုံမျှသာဖြစ်သည်။ ဤသည်ပင်လျှင်
၁။ ဘာသာဋီကာ၊ ၁၂။
၂။ မူလဋီ၊ ၁၊ ၆၅။

စာမျက်နှာ-126


ဝိညာဏ်၏အာရုံသိပုံဖြစ်သည်။ မျက်စိတွင်ထင်လာသည့် အနီရောင်ကို အနီရောင်ဟုသိခြင်းမှာ သညာသိဖြစ်သည်။ သညာကသာလျှင် “အနီရောင်” ဟု အသိအမှတ်ပြု မှတ်သားထားလေသည်။ ဤသို့ သညာက “အနီရောင်” ဟု အသိအမှတ်ပြုသော်လည်း အဘယ်ပုံနီသည်၊ အဘယ့်ကြောင့်နီသည်ဟု ဝေဖန်ပိုင်းခြား၍သိခြင်းမျိုး မဟုတ်။ ပညာကသာ အဘယ်ပုံနီသည်၊ အဘယ့်ကြောင့်နီသည်ဟု ဝေဖန်ပိုင်းခြားသိနိုင်သည်ဟုဆိုလိုရင်းဖြစ်သည်။

ဤအသိသုံးမျိုး အထူးကို ဝိသုဒ္ဓိမဂ်စသော ကျမ်းများ၌လည်း အသပြာသိပုံဥပမာဖြင့်ဖွင့်ဆိုလျက်ရှိ၏။ ဝိသုဒ္ဓိမဂ်လာ အသိသုံးမျိုးအထူးမှာ ဝိပဿနာ ကမ္မဋ္ဌာန်းစီးဖြန်းသည့်အခါ ဖြစ်ပေါ်သည့် သညာ-ပညာ ဝိညာဏ်တို့၏ ခြားနားပုံအထူးဖြစ်သည်။

အသိသုံးမျိုးအထူး

ဝိပဿနာကမ္မဋ္ဌာန်းအရာ သညာသိပုံမှာ သူငယ်၏ အသပြာသိပုံနှင့် တူ၏။ လောက အသုံးကို မသိသေးသော သူငယ်သည် အတုံးအခဲဖြစ်သောအသပြာကို မြင်သောအခါ အညို (သို့မဟုတ်) အဝါ အရွှေဟု မြင်ရတိုင်းသော အဆင်းကိုသာ သိ၏။ အသပြာဖြစ်ကြောင်းမသိ။ ထို့အတူ သညာလည်း မြင်ရသောအာရုံ၏ အညို, အရွှေစသော အဆင်းလောက်ကိုသာသိ၏၊ မှတ်၏။ အနိစ္စစသော အခြင်းအရာတိုင်အောင် မသိနိုင်။

ဝိညာဏ်သိပုံသည် ရွာသူရွာသားတို့ သိပုံနှင့်တူ၏။ ရွာသူရွာသားသည် ထိုအတုံးအခဲကို အညိုအရွှေစသော အဆင်းနှင့်တကွ အသပြာဖြစ်ကြောင်းကိုသိ၏။ သို့သော် မည်မျှအဖိုးတန်သည်၊ အသပြာစစ်သည် မစစ်သည်ကိုကား မသိနိုင်။ ထို့အတူ ဉာဏဝိပ္ပယုတ် ဝိညာဏ်သည်လည်း အာရုံ၏အညိုအရွှေစသော အဆင်းနှင့်တကွ အနိစ္စစသော အခြင်းအရာတိုင်အောင်ကား သိ၏။ သို့သော် တိုးတက်အားထုတ်၍ မဂ်ဖိုလ်ရအောင်ကား မစွမ်းနိုင်။
၁။ ဝိသုဒ္ဓိ၊ ၂၊ ၆၆၊ ၆၇။

စာမျက်နှာ-127


ပညာသိပုံသည် ရွှေပန်းထိမ်သည်၏သိပုံနှင့် တူ၏။ ပန်းထိမ်ဆရာသည် အညို အရွှေစသော အဆင်း၊ အသပြာဖြစ်ကြောင်းနှင့် မည်မျှထိုက်တန်ကြောင်း စသည်ဖြင့် အလုံးစုံကိုသိ၏။ ထို့အတူ ပညာလည်း အာရုံ၏အဆင်း၊ အနိစ္စစသော အခြင်းအရာနှင့် မဂ်, ဖိုလ်ပေါ်လာသည့်တိုင်အောင်ပင် အလုံးစုံကိုသိနိုင်သည်၊ ဤသဘောအဓိပ္ပာယ်ကိုယူ၍ သင်္ဂြိုဟ်ဂဏ္ဌိသစ်၌—

သူငယ်အသပြာ၊ မြင်သောအခါ၌၊ ညိုဝါအရွှေ၊ သိလေမှန်စွာ၊ အသပြာဟု၊ သေချာမသိ။ ဂါမိကဟူ၊ ရွာသူမူကား၊ ဖြူဝါတထွေ၊ ညိုရွှေလည်းကောင်း၊ တကြောင်းအသပြာ၊ သိပုံသာတည်း။ ကမ္မရာအဂ္ဂ၊ မည်မျှအဖိုး၊ သိရိုးမရှိ။ ဟေရညိက၊ နာမအမည်၊ ပန်းထိမ်သည်ကား၊ တပါးမကြွင်း၊ ခပင်းဥဿုံ၊ အလုံးစုံကို၊ အကုန်မှန်စွာ၊ သိလေရာ၏။ သညာဝိညာဉ်၊ ပညာယှဉ်လျက်၊ ဤသုံးချက်နှင့်၊ ယထာက္ကမ၊ တူလေစွဟု၊ မိန့်ဟဋီကာဆိုသတည်း— ဟု မိန့်တော်မူလေသည်။ ဤသို့လျှင် သညာသည် အာရုံကိုသိရာ၌ သူငယ်များမှတ်သားသကဲ့သို့ မှတ်သားမိရုံသိခြင်းဖြစ်သည်။ ထို့ကြောင့် သညာသည် မှတ်သားမိရုံ သိခြင်းလက္ခဏာရှိသည်ဟု ဖွင့်ဆိုကြလေသည်။

ပင်လယ်ပမာသညာသဘော

သညာ၏ မှတ်သားမှု သဘောများမှာ များစွာပင် အဓိပ္ပာယ်နယ်ကျယ်လှပါသည်။ သညာသည် ပညာကဲ့သို့ အမှန်ကိုသာသိသည်မဟုတ်၊ အမှားကိုလည်း သိမှတ်ပါသည်။ တစ္ဆေကြောက်သူသည် ညဉ့်မှောင်မိုက်တွင် ထန်းပင်ငုတ်ကို “တစ္ဆေ” ဟု မှတ်ထင်ရာ၌ အမှားကို မှတ်ခြင်းဖြစ်သည်။

မှားယွင်းသောတရားတွေကို တရားမှန်ဟုထင်မှတ်ရာ၌လည်း ဒိဋ္ဌိသာမက မှားသောသညာလည်း ပါဝင်ပါသည်။ မှားသောအရာ၌ သညာအမှတ် ကြပ်ကြပ်စွဲနေသူကို အမှန်သိအောင်ပြုပြင်ရန် ခဲယဉ်းပါသည်။ အမှားကို အမှန်ဟု ထင်မှတ်နေသောသညာသည် သမုဒ္ဒရာပင်လယ်ပမာ လွန်စွာပင် နယ်ကျယ်ပါသည်။
၁။ ကိုယ်ကျင့်အဘိဓမ္မာ၊ ၁၀၁။

စာမျက်နှာ-128


သံသရာတွင် ကြာရှည်စွာကျင်လည်ရာ၌ အဝိဇ္ဇာတဏှာအတွက်သာမက သညာ၏အမှတ်လွဲမှုများလည်း ပါဝင်ပါသည်။ မစင်ကို လူတို့က စက်ဆုပ်ဖွယ်ဟု အမှန်အတိုင်း မှတ်သားကြသော်လည်း ခွေး၊ ဝက်၊ ကြက်နှင့် ပိုးလောက်စသော သတ္တဝါတို့ကမူ အလွန်ကောင်းသော အာဟာရဟု မှတ်ထင်ကြသည်။ လင်းတစသည်တို့ကလည်း ခွေးသေကောင်ပုပ်ကို အလားတူပင် ကောင်းသောအာဟာရဟုမှတ်ထင်ကြသည်။

ဘုရားရဟန္တာတို့သည်ကား ကာမဂုဏ် အာရုံတွေကို စက်ဆုပ်ဖွယ်ဟု အမှန်အတိုင်း ထင်မှတ်တော်မူကြသည်။ “ဟီနော၊ အယုတ်တမာတည်း။ ဂမ္မော၊ ရွာသူရွာသားတို့ဥစ္စာတည်း။ ပေါထုဇ္ဇနိကော၊ မဖြူစင် မသန့်ရှင်းသော ပုထုဇဉ်တို့ဥစ္စာတည်း။ အနရိယော၊ ဖြူစင်သူတို့၏ ဥစ္စာမဟုတ်။ အနတ္ထသံဟိတော၊ ကောင်းကျိုးမစပ်” ဟု ပြတ်ပြတ်သားသားပင် ရှုတ်ချတော်မူသည်။ လောကီလူသားတို့ကမူ ထိုတရားတို့ကို နားမဝင်ဘဲ ကာမဂုဏ်အာရုံတွေကို မရမနေ ရှာဖွေလျက်ပင် နေကြပါသည်။

ထိုမှတစ်ပါး သညာ၏ မှတ်သားမှုသဘောများကို စဉ်းစားလျှင် များစွာပင်ရှိပါသေးသည်။ ဆွေမျိုး မိတ်သင်္ဂဟများကို အောက်မေ့ သတိရမှု၊ သူငယ်ချင်းချင်း ချိန်းချက်ထားသည်ကို သတိရမှု၊ မိမိအားဂရုတစိုက် လက်ဆောင်ပေးလိုက်သည်ကို အမှတ်ရမှု ဤသို့စသည်ဖြင့် တဏှာပေမဆိုင်ရာ အမှတ်ရမှုများသည်လည်းကောင်း၊

ထို့ပြင် မိမိအားနှိပ်စက်ဖူးသူကို လက်စားချေရန်အမှတ်ရနေမှု၊ သတ်ချိန်ဖြတ်ချိန်ကို အမှတ်ရနေမှု၊ သွားလာရာ၌ ဘေးရန်အန္တရာယ်ကို သတိထားမှု ဤသို့ စသည်ဖြင့် ဒေါသ ဒေါမနဿ ဆိုင်ရာအမှတ်ရမှုများသည်လည်းကောင်း၊ သာမန်အားဖြင့် သတိဟု မှတ်ထင်ရသော်လည်း စင်စစ်မှာ သတိသဘော မဟုတ်ပါချေ။ သညာ၏ အမှတ်အသား ကောင်းသောသဘောများသာ ဖြစ်ထိုက်ပါသည်။ ဤတွင် သတိနှင့်သညာ (၂)မျိုး အထူးကို မှတ်သားရန် လိုအပ်ပါသည်။
၁။ ကိုယ်ကျင့်အဘိဓမ္မာ၊ ၁၀၂။
၂။ ကိုယ်ကျင့်အဘိဓမ္မာ၊ ၇၁၊ ၇၃။

စာမျက်နှာ-129


သတိနှင့်သညာအထူး။ ။ သတိအစစ်အမှန်သဘောမှာ ကုသိုလ်ကောင်းမှုဆိုင်ရာ၌သာ ဖြစ်နိုင်ပါသည်၊ သညာကား ကောင်းမှုကုသိုလ်ပိုင်းဆိုင်ရာ၌လည်း ပါဝင်နိုင်ပြီး၊ မကောင်းမှုအကုသိုလ်ပိုင်းဆိုင်ရာ၌လည်း ပါဝင်နိုင်ပါသည်၊ ကောင်းမှုဆိုင်ရာတွင် ကောင်းသော သညာများဖြစ်နိုင်ပြီး မကောင်းမှုဆိုင်ရာတွင် မကောင်းသော သညာဆိုးများဖြစ်နိုင်ကြလေသည်။

(၂) သညာစေတသိက်၏ ဆောင်ရွက်မှုကိစ္စ (ရသ)

သညာသည် နောက်ထပ်တဖန် သိခြင်း၏ အကြောင်းဖြစ်သော အမှတ်အသားကို ပြုခြင်းကိစ္စရှိ၏။

နောက်ထပ်သိရန် မှတ်သားပုံ။ ။ နောက်ထပ်တဖန်သိခြင်း၏ အကြောင်းဖြစ်သော အမှတ်အသားကို ပြုခြင်းဟူသော အထက်ပါဖော်ပြချက်သည် အဋ္ဌကထာဖွင့်ဆိုချက်အတိုင်း မြန်မာပြန်ထားခြင်းဖြစ်ပါသည်၊ သိလွယ်အောင် ရေးသားရလျှင် သညာသည် အာရုံအမျိုးမျိုးကို သိရုံသာမဟုတ်၊ ထိုအာရုံကို နောက်ထပ်တဖန် ပြန်တွေ့ရသည့်အခါ ပြန်လည်သိရှိနိုင်ရန် မှတ်သားခြင်းကိစ္စကိုလည်း ဆောင်ရွက်သည်ဟု ဆိုလိုပါသည်။

လက်သမားဥပမာ။ ။ သညာ၏ ယင်းကိစ္စဆောင်ရွက်ပုံကို လက်သမားဥပမာစသည်တို့ဖြင့် ကျမ်းဂန်များ၌ ဖော်ပြထား၏၊ လက်သမားသည် အိမ်ဆောက်ရန်အတွက် တံခါးရွက် စသည့် အိမ်ဆောက်ပစ္စည်းများကို ပြုလုပ်ပြီးလျှင် နောင်တံခါးပေါင်ပေါ်၌ တပ်ဆင်လိုသည့်အခါ အထက်အောက် လွယ်ကူစွာ မှတ်မိစေရန် “ဤတံခါးရွက်ကို အထက်ဘက်၌ တပ်ဆင်ရန်၊ ဤတံခါးရွက်ကို အောက်ဘက်၌ တပ်ဆင်ရန်” စသည်ဖြင့် ခဲကြောင်းကလေးများ အသီးသီး ရေးမှတ်သကဲ့သို့
၁။ ကိုယ်ကျင့်အဘိဓမ္မာ၊ ၁၀၂။
၂။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၅၄။

စာမျက်နှာ-130


ထို့အတူ သညာသည် တကြိမ်တခါ တွေ့ကြုံရသော အာရုံကို နောက်တကြိမ်ထပ်တွေ့သည့်အခါ လွယ်ကူစွာ ပြန်လည်သိရှိနိုင်ရန် “အဖြူပဲ အနီပဲ” စသည်ဖြင့် မှတ်သားခြင်းကိစ္စကို ဆောင်ရွက်လေသည်။

ပစ္စည်းထိန်းဥပမာ။ ။ ကျမ်းဂန်များ၌ လက်သမားဥပမာအပြင် ပစ္စည်းထိန်း၏ ပစ္စည်းများကို မှတ်သားပုံနှင့်လည်း ဥပမာဆောင်ပြပါသေးသည်။ ပစ္စည်းထိန်းသည် တာဝန်အရ မိမိထိန်းသိမ်းထားသော အဝတ်တန်ဆာပစ္စည်းဥစ္စာ အမျိုးမျိုးကို နောင်အခါ အလွယ်တကူ သိရှိအသုံးပြုနိုင်ရန် စာရင်းဇယားများပြုလုပ်မှတ်သားထားသည်။ ထို့အတူ သညာသည်လည်း နောက်ထပ်တကြိမ်တွေ့လျှင် ပြန်လည်သိရှိနိုင်ရန် မှတ်သားခြင်းကိစ္စကို ဆောင်ရွက်သည်။

လက္ခဏာနှင့် ကိစ္စအထူး

သညာ၏ လက္ခဏာနှင့် ကိစ္စအထူးမှာ အကျဉ်းချုပ်အားဖြင့် အာရုံတခုကို အသိအမှတ်ပြုမှုကို လက္ခဏာဟုခေါ်ပြီး နောင်သိလွယ်ရန် အမှတ်ပြုမှုကို ကိစ္စဟု ခေါ်သည်။ မှန်၏။ လူတစ်ယောက်ကို တွေ့မြင်သည့်အခါ ထိုသူ၏ အမူအရာ ပုံပန်းသဏ္ဌာန်ကို စိတ်ထဲက အသိအမှတ်ပြုလိုက်၏၊ ယင်းသို့ အသိအမှတ်ပြုခြင်းသည် ရှေးဦးစွာ ပထမသညာဖြစ်ခြင်းတည်း။

ဤသို့ လူတစ်ယောက်ကို အသိအမှတ်ပြုမှု = ပထမသညာဖြစ်မှုသည် ထိုလူအား နောင်အခြားတနေရာတွင် တွေ့ရသောအခါ လွယ်ကူစွာသိနိုင်ရန်အတွက်လည်း အမှတ်ပြုရာရောက်၏၊ ဤသို့ ရှေးဦးစွာ အသိအမှတ်ပြုမှုနှင့် နောင်လွယ်ကူစွာ သိနိုင်ရန်အမှတ်ပြုမှု (၂) မျိုးအနက် ရှေးဦးစွာ အသိအမှတ်ပြုမှုသည် သညာ၏ လက္ခဏာဖြစ်ပြီး နောင်လွယ်ကူစွာ သိနိုင်ရန် အမှတ်ပြုမှုကား သညာ၏ ကိစ္စလုပ်ငန်း ဖြစ်လေသည်။

ဘုရားအဆူဆူချွတ်၍ မကျွတ်နိုင်ပုံ

သညာ၏ လက္ခဏာနှင့် ကိစ္စ (၂) ရပ်ကို ဆက်စပ်၍ ကောက်ချက်ချလျှင် သညာသည် အာရုံအမျိုးမျိုးကို အသိအမှတ်လည်း ပြုတတ်၏၊ နောင်သိလွယ်ရန်လည်း အမှတ်ပြုတတ်၏၊ ထိုအမှတ်ပြုသည့်အတိုင်းလည်း နောက်ထပ်သိတတ်၏ဟု အဓိပ္ပာယ်ပေါ်ထွက်လေသည်။ ဤသည်ကိုပင် နောက်၌ သိခြင်း၏အကြောင်းဖြစ်သော အမှတ်ကို ပြု၍ သိတတ်သောကြောင့် သညာမည်၏ဟု ဖွင့်ဆိုကြခြင်းဖြစ်လေသည်။
၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၅၄။

စာမျက်နှာ-131


ဤ၌ နောင်သိလွယ်ရန် အမှတ်ပြု၍ သိတတ်သောကြောင့် သညာမည်၏ဟုဆိုလျှင် ဤပထမသညာက သိလွယ်အောင် အမှတ်ပြုလိုက်သည့်အတိုင်း ထိုအမှတ်အတိုင်းကြည့်၍ နောက်ထပ်သိသော ဒုတိယသညာသည် အဘယ်သို့ သညာမည်နိုင်ပါသနည်းဟု မေးဖွယ်ရှိ၏၊ ဤဒုတိယသညာသည်လည်း နောက်တဖန် သိလတ္တံ့ဖြစ်သော တတိယသညာကို သိလွယ်အောင် အမှတ်ပြု၍ပင်ဖြစ်သောကြောင့် သညာမည်နိုင်လေသည်။

ဤသို့ အဆက်ဆက်သော သညာများသည် နောင်အခါ တဖန်သိလွယ်ရန် မှတ်၍ မှတ်၍ သိမှုကြောင့် မြဲမြံသော သညာအဖြစ်သို့ ရောက်ပြီး အာရုံတခုခု၌ စွဲမြဲကာ တသက်ပတ်လုံး အသက်ဆုံးသည့်တိုင်အောင်လည်းကောင်း၊ ဘဝတပါးသို့တိုင်အောင်လည်းကောင်း မမေ့မပျောက်နိုင်ပဲ ခိုင်ခိုင်မြဲမြဲမှတ်သားမှုကို ဖြစ်စေနိုင်ပေသည်၊ သညာသည် အထက်တွင်ဆိုခဲ့သည့်အတိုင်း မှားမှားမှန်မှန် မှတ်သားတတ်သော သဘောရှိပေရာ ဤခိုင်မြဲစွာ မှတ်သားမှုသည် အကောင်းဘက်တွင်ဖြစ်ပါက များစွာ အကျိုးရှိသော်လည်း အဆိုးဘက်တွင် မိစ္ဆာသညာသို့ ရောက်သွားပါမူ ဘုရားအဆူဆူ ချွတ်၍ မကျွတ်နိုင်သောအဖြစ်သို့ ရောက်စေနိုင်လေသည်။

သညာ၏ သဘောအကျဉ်းချုပ်

ဖော်ပြပါ သညာ၏ သဘောအဓိပ္ပာယ်တို့မှာ- အဘိဓမ္မာအရာ လိမ္မာတော်မူကြသည့် အဘိဓမ္မာအဖွင့်ကျမ်းဆရာမြတ်တို့၏ အဆိုအမိန့်များဖြစ်သည်။ စင်စစ်အားဖြင့် သညာ၏ သဘောအဓိပ္ပာယ် အတိုချုပ်မှာ သညာသည် အာရုံကို သိရာ၌ မှားသည်လည်း ရှိ၏၊ မှန်သည်လည်း ရှိ၏၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားခြင်းမရှိ၊ ထင်လာသည့်အာရုံကို ထင်လာသည့်အတိုင်း မှတ်သားမိရုံ သိခြင်းသာဖြစ်သည်၊ (ဝါ) အာရုံကို မှတ်သားမိရုံ သိခြင်းသဘောကို သညာဟု ခေါ်ဆိုလေသည်။
၁။ မဏိမဉ္ဇူ၊ ပ၊ ၃၁၆၊ ၃၁၇။ ပရမတ္ထသံခိပ်၊ ဋီ၊ ပ၊ ၁၁၃။ ဋီကာကျော်၊ ၁၀၅။

စာမျက်နှာ-132


သညာသည် ရှေးက မှတ်သားခဲ့ဖူးသော အမှတ်အသားအတိုင်း မှားမှားမှန်မှန် နှလုံးသွင်းတတ် စွဲလမ်းတတ်သော အခြင်းအရာ (ပစ္စုပဋ္ဌာန်) ရှိ၏။

မှားမှားမှန်မှန် စွဲလမ်းတတ်ပုံ။ ။ သညာ၏ အာရုံကို မှတ်သားမှုမှာ စဉ်းစဉ်းစားစား နှိုင်းနှိုင်းချိန်ချိန် မှတ်သားခြင်းမျိုးမဟုတ်၊ ယထာဘူတကျကျ သိမြင်၍ မှတ်သားနည်းမျိုးမဟုတ် (အမေမှာသည့် ဆန်တခွဲ သုံးစိတ်နှင့်မလဲ) ဆိုသကဲ့သို့ ရှေးကမှတ်သားဖူးသော အမှတ်အသားအတိုင်း မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ မှတ်သားနည်းမျိုးသာ ဖြစ်သည်။

မျက်မမြင် ခြောက်ယောက်ဥပမာ။ ။ သညာသည် မှားသောအရာ၌ စွဲလမ်းမှတ်သားတတ်ပုံကို မျက်မမြင်ခြောက်ယောက် ဥပမာဖြင့် ကျမ်းဂန်များ၌ ဖွင့်ဆိုထားသည်ကိုတွေ့ရ၏။

အခါတပါး၌ မျက်မမြင် (၆) ယောက်တို့သည် ဆင်ပြောင်ကြီးကို စမ်းသပ်ကြသည်၊ တဦးက လှုပ်လှုပ်ရှားရှားနေသော နှာမောင်းကို စမ်းမိ၍ အခြား (၅) ဦးတို့မှာလည်း အစွယ်၊ နားရွက်၊ ကိုယ်၊ ခြေထောက်နှင့် အမြီးတို့ကို စမ်းမိကြပြီး ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်အမှတ်သညာဖြင့် မှတ်သားပြီးနောက် ၎င်းတို့ ခြောက်ဦး စုပေါင်း၍ ဆင်အကြောင်းကို ဤသို့ပြောဆိုကြသည်။
၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၅၄။

စာမျက်နှာ-133


နှာမောင်းကို စမ်းမိသူက “ဆင်ဆိုတာ-ငါတို့ မျက်လုံးမကွယ်မီက တွေ့မြင်ခဲ့ရသော မြွေကြီးနှင့်တူသည်” ဟု ပြော၏၊ အစွယ်စမ်းသူက “ဆင်ဆိုတာ စပါးထောင်းသောကျည်ပွေ့နှင့်တူ၏” ဟူ၍လည်းကောင်း၊ ကိုယ်စမ်းမိသူက “ဆင်ဆိုတာ-အိမ်နံရံနှင့်တူ၏” ဟူ၍ လည်းကောင်း၊ နားရွက်စမ်းမိသူက “ဆင်ဆိုတာ-ဖျာသင်ဖြူးနှင့်တူ၏” ဟူ၍ လည်းကောင်း၊ ခြေထောက်စမ်းမိသူက “ဆင်ဆိုတာ အိမ်တိုင်နှင့်တူ၏” ဟူ၍လည်းကောင်း၊ အမြီးစမ်းမိသူက “ဆင်ဆိုတာ-တံမြက်စည်းနှင့်တူ၏” ဟူ၍လည်းကောင်း အသီးသီး ကိုယ့်အမြင် ကိုယ့်အမှတ်အသားအတိုင်း ပြောဆိုကြတော့သည်၊ ဤသို့ဖြင့် သညာသည် ရှေးကမှတ်သားခဲ့ဖူးသော အမှတ်အသားအတိုင်း မှားမှားမှန်မှန် စွဲလမ်းမှတ်ယူတတ်၏၊ ထို့ကြောင့် သညာသည် ရှေးကမှတ်သားခဲ့ဖူးသည့် အမှတ်အသားအတိုင်း စွဲလမ်းမှတ်ယူတတ်သော အခြင်းအရာ (ပစ္စုပဋ္ဌာန်) ရှိသည်ဟု ဖွင့်ဆိုကြလေသည်။

(၄) သညာ၏ ပဒဋ္ဌာန်

သညာသည် ထင်လာသော အာရုံလျှင် နီးစွာသောအကြောင်း (ပဒဋ္ဌာန်) ရှိ၏။

အနီးကပ်ဆုံးအကြောင်းဖြစ်ပုံ။ ။ သညာသည် ထင်လာမြင်လာသော အာရုံကို အထူးမစဉ်းစားပဲ ထင်မြင်တိုင်း မှတ်သားတတ်၏၊ ဖြူသောအဆင်း အာရုံထင်လာလျှင် အဖြူဟု မှတ်သားပြီး၊ နီသောအဆင်း အာရုံထင်လာလျှင် အနီဟုမှတ်သား၏။ အာရုံထင်လာမှုသည် မည်သည့်ပုံစံဖြင့် မည်သို့ပင် ထင်သည်ဖြစ်စေ ထင်လာသည့် ပုံစံအတိုင်း သညာက မှတ်သား၏။
၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၅၄။

စာမျက်နှာ-134


တောစောင့်ယောက်ျားရုပ် (စာခြောက်ရုပ်) ဥပမာ။ ။ တောသမင်သည် မြက်ဖြင့် ပြုလုပ်အပ်သော တောစောင့်ယောက်ျားရုပ် (စာခြောက်ရုပ်) ကို တွေ့မြင်ရာ ယောက်ျားသဏ္ဌာန် ထင်လာသည့်အတိုင်း တကယ်တောစောင့်ယောကျ်ားဟု အမှတ်မှားသကဲ့သို့ သညာသည် ထင်လာမြင်လာသော အာရုံကို အမှားအမှန် အထူးမစဉ်းစားပဲ အာရုံဆင်လာသည့် ပုံစံအတိုင်း မှတ်သားတတ်၏။

မိန်းမရှာ၊ ယောက်ျားရှာဥပမာ။ ။ အလားတူပင် မိန်းမစိတ်ပေါက်နေသည့် မိန်းမရှာနှင့် ယောက်ျားစိတ်ပေါက်နေသည့် ယောက်ျားရှာတို့ကို တွေ့မြင်ရသောအခါ မိန်းမရှာယောက်ျားသည် တကယ်မိန်းမမဟုတ်သော်လည်း မိန်းမသဏ္ဌာန်ထင်လာ၏။ ယောက်ျားရှာမိန်းမသည် တကယ်ယောက်ျားမဟုတ်သော်လည်း ယောက်ျားသဏ္ဌာန်ထင်လာ၏၊ ထိုသို့ထင်လာသည့်အတိုင်း အချို့သူတို့မှာ မဆင်ခြင်မစဉ်းစားမိသဖြင့် မိန်းမရှာယောက်ျားကို မိန်းမအစစ်ဟုလည်းကောင်း၊ ယောက်ျားရှာမိန်းမကို တကယ်ယောက်ျားအစစ်ဟုလည်းကောင်း အမှတ်မှားသကဲ့သို့ သညာသည် ထင်လာသောအာရုံကို အထူးမစဉ်းစားပဲ ထင်မြင်လာသည့် ပုံစံအတိုင်း မှတ်သားတတ်၏။ ထို့ကြောင့် ထင်မြင်လာသောအာရုံသည် သညာ၏အနီးကပ်ဆုံးအကြောင်းဖြစ်သည်။

သညာနီးသောအကြောင်းနှင့် ဝေးသောအကြောင်း။ ။ တောသမင်သည် တောစောင့်ယောက်ျားရုပ်ကို တကယ်ယောက်ျားဟု မှတ်ထင်ရာ၌ တောစောင့်ယောက်ျားရုပ် ထင်လာပါမှ ယောက်ျားအစစ်ဟု အမှတ်မှားမှု သညာဖြစ်လာ၏၊ မထင်သော် မဖြစ်နိုင်၊ ထို့ကြောင့် ဤအမှတ်မှားမှု သညာဖြစ်လာခြင်း၏ အနီးကပ်ဆုံးအကြောင်းကို ရှာသော် တောစောင့်ယောက်ျားရုပ်တည်းဟူသော ထင်လာမြင်လာသော အာရုံသာဖြစ်သည်။

စာမျက်နှာ-135


အလားတူပင် မိန်းမရှာယောက်ျားက မိန်းမသဏ္ဌာန်၊ ယောက်ျားရှာမိန်းမက ယောက်ျားသဏ္ဌာန် ထင်လာရာတို့၌လည်း ဆိုင်ရာမိန်းမသဏ္ဌာန်၊ ယောက်ျားသဏ္ဌာန် ထင်လာပါမှ ယောက်ျားကို မိန်းမ၊ မိန်းမကို ယောက်ျားဟု အမှတ်မှားမှုသညာများ ဖြစ်လာနိုင်၏။ မထင်သော် မဖြစ်လာနိုင်၊ ထို့ကြောင့် ထိုအမှတ်မှားမှုသညာများ ဖြစ်လာနိုင်ခြင်း၏ အနီးကပ်ဆုံးအကြောင်းကိုရှာသော် ဆိုခဲ့သည့်အတိုင်း မိန်းမရှာသဏ္ဌာန်၊ ယောက်ျားရှာသဏ္ဌာန်များ ထင်မြင်လာခြင်းတို့သာဖြစ်သည်။

ဤသို့လျှင် ထင်လာသောအာရုံကို သညာက မှတ်သား၏၊ ယင်းသို့မှတ်သားခဲ့သော် ထင်လာသောအာရုံရှိပါမှ သညာဖြစ်နိုင်မည်ဖြစ်၏၊ မရှိသော်မဖြစ်နိုင်၊ ထို့ကြောင့် သညာဖြစ်ခြင်း၏ အနီးကပ်ဆုံးအကြောင်းကို ရှာသော် ထင်လာသောအာရုံကိုသာ တွေ့ရပါမည်။ ယင်းမှတပါး သင့်လျော်သောအပြားအားဖြင့် နှလုံးသွင်းမှု (ယောနိသော မနသိကာရ)၊ မသင့်မလျော်နှလုံးသွင်းမှု (အယောနိသော မနသိကာရ) စသည်တို့မှာ သညာဖြစ်ခြင်း၏ ဝေးကွာသော (ဒူရ) အကြောင်းများသာ ဖြစ်သည်။ ထို့ကြောင့် ထင်လာတိုင်းသောအာရုံသည် သညာဖြစ်ခြင်း၏ အနီးကပ်ဆုံးအကြောင်း (ပဒဋ္ဌာန်) ဖြစ်သည်ဟု ဖွင့်ဆိုကြသည်။

သညာစေတသိက် အမျိုးမျိုးပြား

သညာ ၂-မျိုး

(၁) ဉာဏသမ္ပယုတ်သညာ (အသိဉာဏ်နှင့်ယှဉ်သော မှတ်သားမှုသညာ)
(၂) ဉာဏဝိပ္ပယုတ်သညာ (အသိဉာဏ်နှင့်မယှဉ်သော မှတ်သားမှုသညာ)

ဉာဏသမ္ပယုတ်သညာမှာ အသိဉာဏ်၏ ဦးဆောင်မှုဖြင့် မှန်ကန်သော မှတ်သားမှုသညာများသာဖြစ်နိုင်၏။

စာမျက်နှာ-136


စူးစမ်းမှုအသိဉာဏ်ကင်းသော ဉာဏဝိပ္ပယုတ်သညာများကား ဖောက်ပြန်မှုသဘောများဖြစ်လာနိုင်သည်။ အထက်တွင်ဆိုခဲ့သည့် မျက်မမြင်ခြောက်ယောက်တို့ မှားယွင်းစွာ စွဲလမ်းနှလုံးသွင်းခြင်းကိုပြုမှု၊ လယ်စောင့်ယောက်ျားရုပ်ကို လူသားယောက်ျားအစစ်ဟု အမှတ်မှားမှု၊ မိန်းမရှာကို မိန်းမသားအစစ်ဟု အမှတ်မှားမှု၊ ယောက်ျားရှာကို ယောက်ျားအစစ်ဟု အမှတ်မှားမှု အစရှိသည်တို့မှာ စူးစမ်းမှုအသိဉာဏ်ကင်းသော ဉာဏဝိပ္ပယုတ်သညာများဖြစ်သည်။ ဉာဏသမ္ပယုတ်သညာမှာ ဤဖောက်ပြန်မှုသဘောများ မဖြစ်နိုင်။

အလားတူပင် သမာဓိနှင့်ယှဉ်သော သညာမှာလည်း ဉာဏသမ္ပယုတ်သညာကဲ့သို့ သမာဓိနောက်သို့ အစဉ်လိုက်၏။ သမာဓိက ဦးဆောင်၏။ မှန်၏။ အင်္ဂုတ္ထိုရ်ပါဠိတော်တွင် သမာဓိအားကောင်းနေသော ပုဂ္ဂိုလ်များမှာ သညာရှိသော်လည်း မရှိသကဲ့သို့ဖြစ်တတ်ကြောင်း ဟောတော်မူသည်။

တနည်း

မဖောက်မပြန် မှန်ကန်သော မှတ်သားမှု = သစ္စာသညာ၊
ဖောက်ပြန်မှားယွင်းသောမှတ်သားမှု = မိစ္စာသညာ၊

ဤသညာ ၂-မျိုးအနက် သစ္စာသညာမှာ ၃-မျိုးရှိကြောင်း ပရမတ္ထသံခိပ်ဋီကာ၌ဆို၏။

သစ္စာသညာ ၃-မျိုး

(၁) မမြဲဟု မှတ်သားမှု = (အနိစ္စသညာ)၊
(၂) ဆင်းရဲဟု မှတ်သားမှု = (ဒုက္ခသညာ)၊
(၃) အနှစ်သာရအတ္တမဟုတ်ဟု မှတ်သားမှု = (အနတ္တသညာ)၊
၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၅၄။
၂။ အံ၊ ၃၊ ၅၂၂။
၃။ ပရမတ္ထသံခိပ်၊ ဋီ၊ ပ၊ ၁၄၄။

စာမျက်နှာ-137


ဤသညာ ၃-မျိုးမှာ လက္ခဏာရေးသုံးပါးကို မှတ်သားသော သညာများဖြစ်သည်။

တနည်း သညာ ၃-မျိုး

(၁) မြဲသည်ဟုမှတ်သားမှုသညာ = (နိစ္စသညာ)၊
(၂) ချမ်းသာဟုမှတ်သားမှုသညာ = (သုခသညာ)၊
(၃) အနှစ်သာရ အတ္တဟုမှတ်သားမှုသညာ = (အတ္တသညာ)၊

မဟာဝဂ္ဂသံယုတ် အဋ္ဌကထာတွင် ဤခန္ဓာကိုယ်ကို အနိစ္စအားဖြင့် ဆင်ခြင်သော် နိစ္စသညာကို ပယ်နိုင်ကြောင်းကို လည်းကောင်း၊ ဒုက္ခအားဖြင့် ရှုဆင်ခြင်သော် သုခသညာကို ပယ်စွန့်နိုင်ကြောင်းကို လည်းကောင်း၊ အနတ္တအားဖြင့် ရှုဆင်ခြင်သော် အတ္တသညာကို ပယ်စွန့်နိုင်ကြောင်းကို လည်းကောင်း ဖွင့်ဆိုထားသည်။

တနည်း

(၁) ညိုသောအဝတ်၊ ညိုသောပန်းစသည်၌ ရှေးဦးစွာ စီးဖြန်းမှုကို မှတ်သောသညာ = (ပရိကမ္မသညာ)၊

(၂) အပ္ပနာ၏ အနီးဖြစ်သော မှတ်သားမှုသညာ = (ဥပစာရသညာ)၊

(၃) ပရိကမ္မ၏ အခြားမဲ့ဖြစ်သော ဈာန်သို့သက်ဝင်၍ တည်ခြင်းကို မှတ်သားသောသညာ = (အပ္ပနာသညာ)

၁။ ပရမတ္ထသံခိပ်၊ ဋီ၊ ၀၊ ၁၄၄။
၂။ သံ၊ ဋ္ဌ၊ ၃၊ ၂၅၁။
၃။ သံ၊ ဋ္ဌ၊ ၂၊ ၂၆၉။

စာမျက်နှာ-138


တနည်း

(၁) ကာမဂုဏ်ကို မှတ်သားသောသညာ = (ကာမသညာ)၊
(၂) ပျက်စီးစေရန် မှတ်သားသောသညာ = (ဗျာပါဒသညာ)၊
(၃) ညှဉ်းဆဲရန် မှတ်သားသောသညာ = (ဝိဟိံသသညာ)၊

ဤသညာ ၃-မျိုးတို့သည် ပယ်အပ်သော သညာများဖြစ်သည်။

တနည်း

(၁) ထွက်မြောက်ရန်မှတ်သားသောသညာ = (နေက္ခမ္မသညာ)၊
(၂) မပျက်စီးစေရန် မှတ်သားသော သညာ = (အဗျာပါဒသညာ)၊
(၃) မညှဉ်းဆဲရန်မှတ်သားသောသညာ = (အဝိဟိံသသညာ)၊

ဤသညာ ၃-မျိုးတို့သည် ပွားများအပ်သော သညာများ ဖြစ်သည်။

ဘုရားရှင်သည် ဆိုခဲ့သည့် ကာမ၊ ဗျာပါဒ၊ ဝိဟိံသ သညာတို့ကို ပယ်နိုင်ရန် နေက္ခမ္မ၊ အဗျာပါဒ၊ အဝိဟိံသ သညာတို့ကို ပွားများရမည်ဟု ဆက္ကအင်္ဂုတ္တိုရ်ပါဠိတော်၌ ဟောတော်မူသည်။

တနည်း

(၁) ငါသည် အဆင်းဖောက်ပြန်မှုသို့ ရောက်၍ နေ၏ဟု မှတ်သားမှုသညာ၊
(၂) ငါ၏ အသက်မွေးမှုသည် သူတပါးတို့နှင့် ဆက်စပ်နေ၏ဟု မှတ်သားမှုသညာ၊
(၃) ငါသည် လူ့အသွင်အပြင်မှ အခြားသော ရဟန်းအသွင်အပြင်ကို ပြုအပ်၏ဟု မှတ်သားမှုသညာ၊

ဤသညာ ၃-မျိုးကို ရဟန်းအား ဖြစ်ထိုက်သည့် သမဏသညာ ၃-မျိုးဟု ခေါ်သည်၊ ၎င်းသညာ ၃-မျိုးကို ရဟန်းတို့ပွားများရန် ကြိမ်ဖန်များစွာ...
၁။ အံ၊ မြန်၊ ၂၊ ၄၉၁။ ၄၉၂။

စာမျက်နှာ-139


ပြုလုပ်ကြရန် ဟောတော်မူသည်၊ ၎င်းသညာ ၃-မျိုးတို့သည် တရား ၇-မျိုးကို ပြည့်စေနိုင်ကြောင်းကိုလည်း ဟောတော်မူသည်။

သမဏသညာ ၃-မျိုးကို ပွားများသဖြင့် ရအပ်သောအကျိုး ၇-ပါး

(၁) သီလတို့၌ မပြတ်ဖြစ်ခြင်း၊ မပြတ်ဖြည့်ကျင့်လေ့ရှိခြင်း၊
(၂) အဘိဇ္ဈာ မများခြင်း၊
(၃) ဆင်းရဲ ရှိခြင်း၊
(၄) အလွန်မာန်မူမှု မရှိခြင်း၊
(၅) သိက္ခာ ၃-ပါးကို လိုလားခြင်း၊

(၆) ထိုရဟန်းအား အသက်၏ အရံအတားဖြစ်သော ပစ္စည်းတို့၌ ဤအကျိုးငှာတည်းဟု ဆင်ခြင်ခြင်း၊

(၇) ထက်သန်သော လုံ့လရှိသည်ဖြစ်၍လည်း နေခြင်း -

ဤတရား ၇-ပါးတို့မှာ သမဏသညာ ၃-မျိုးတို့ကို ရဟန်းတို့ ပွားများအပ်၊ ကြိမ်ဖန်များစွာ ပြုအပ်သဖြင့် ရအပ်သည့် အကျိုးတရားများ ဖြစ်သည်။

သညာ ၄-မျိုး

(၁) နည်းသော အာနုဘော်ရှိသောသညာ = (ကာမာဝစရ သညာ)၊
(၂) မြတ်သည်၏အဖြစ်သို့ ရောက်သောသညာ = (ရူပါဝစရ သညာ)၊
(၃) အတိုင်းအရှည် မရှိသောသညာ = (လောကုတ္တရာသညာ)၊
(၄) “တစုံတခုမျှ မရှိ”ဟူသော သညာ = (အာကိဉ္စညာယတန သညာ)၊

ဤသညာ ၄-မျိုးတို့တွင် အာကိဉ္စညာယတနသညာသည် အမြတ်ဆုံးတည်းဟု ဟောတော်မူသည်။ အဘယ်ကြောင့်ဆိုသော် ဤအာကိဉ္စညာယတနသညာမှနောက်၌ သညာဟု ပညတ်ခြင်းမည်သည်မရှိသောကြောင့်ပင်ဖြစ်သည်ဟု အဋ္ဌကထာ၌ ဖွင့်ဆိုလေသည်။
၁။ အံ။ ၃။ ၄၂၇။

စာမျက်နှာ-140


သညာ၌ ဝေဖန်ပုံ ၆-မျိုး

(၁) သညာတို့ကို သိခြင်း၊
(၂) သညာတို့၏ ဖြစ်ကြောင်းကို သိခြင်း၊
(၃) သညာတို့၏ ထူးသောအဖြစ်ကို သိခြင်း၊
(၄) သညာတို့၏ အကျိုးကို သိခြင်း၊
(၅) သညာတို့၏ ချုပ်ငြိမ်းရာကို သိခြင်း၊
(၆) သညာတို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကို သိခြင်း၊

သညာတို့ကို သိခြင်း

သညာတို့ကို သိခြင်းဟူသည် ရူပသညာ စသည့် သညာ ၆-မျိုးတို့ကို သိခြင်းကိုဆိုလို၏၊ ၎င်းတို့မှာ-
(၁) ရူပသညာ (အဆင်း၌ မှတ်သားမှု)၊
(၂) သဒ္ဒသညာ (အသံ၌ မှတ်သားမှု)၊
(၃) ဂန္ဓသညာ (အနံ့၌ မှတ်သားမှု)၊
(၄) ရသသညာ (အရသာ၌ မှတ်သားမှု)။
၁။ အံ ၃၊ ၃၀၆။
၂။ အံ၊ ဋ္ဌ၊ ၃၊ ၃၀၅။

စာမျက်နှာ-141


(၅) ဖောဋ္ဌဗ္ဗသညာ (အတွေ့၌ မှတ်သားမှု)၊
(၆) ဓမ္မသညာ (သဘောတရား၌ မှတ်သားမှု)၊
ဟူ၍ ၆-မျိုးရှိပါသည်။

သညာတို့၏ဖြစ်ကြောင်း

သညာတို့၏ ဖြစ်ကြောင်းဆိုသည်မှာ ဖဿကိုပင် ဆိုလို၏၊ တွေ့ထိမှု ဖဿကြောင့် သညာများဖြစ်ပေါ်လာ၏၊ “စက္ခုသမ္ဖဿဇာသညာ” (စက္ခုဝိညာဏ်စိတ်နှင့်အတူဖြစ်သော ဖဿကြောင့်ဖြစ်သောသညာ) စသည်ဖြင့် ဘုရားရှင် ဟောတော်မူထားသည်ကို ကြည့်က ဖဿသည် သညာတို့၏ဖြစ်ကြောင်း ဖြစ်သည်မှာ ထင်ရှားပါသည်။

သညာတို့၏ထူးသောအဖြစ်

သညာတို့၏ထူးသောဖြစ်ခြင်းဆိုသည်မှာ ရူပါရုံ၌ မှတ်သားမှု ရူပသညာသည် တမျိုးတခြားဖြစ်၍ သဒ္ဒါရုံ၌ မှတ်သားမှု သဒ္ဒသညာသည် တမျိုးတခြားသာဖြစ်သည်၊ ထို့အတူ ဂန္ဓသညာ၊ ရသသညာ၊ ဖောဋ္ဌဗ္ဗသညာ၊ ဓမ္မသညာ တို့လည်း တမျိုးတခြားသာ ဖြစ်သည်၊ ဤသည်ကိုပင် သညာတို့၏ထူးသောအဖြစ်ဟု ဆိုပေသည်။

သညာတို့၏အကျိုး

သညာတို့၏အကျိုးဆိုသည်မှာ “ဤသို့ မှတ်သားမှုသညာ ရှိသူဖြစ်ခဲ့၏” ဟူ၍ သိနိုင်လောက်သည့် အခြင်းအရာအားဖြင့် ခေါ်ဝေါ်ပြောဆိုနိုင်သောကြောင့် သညာကို ခေါ်ဝေါ်ရခြင်း အကျိုးရှိ၏ဟု ငါဆို၏၊ ရဟန်းတို့ ဤသည်ကိုပင် သညာတို့၏ အကျိုးဟု ဆိုအပ်ခြင်းဟူ၍ ဘုရားရှင်ဟောတော်မူသည်။

သညာတို့၏ချုပ်ငြိမ်းမှု

သညာတို့၏ ချုပ်ငြိမ်းမှုဆိုသည်မှာ တွေ့ထိမှု ဖဿ၏ ချုပ်ငြိမ်းမှုပင် ဖြစ်သည်၊ တွေ့ထိမှု ဖဿချုပ်လေသော် မှတ်သားမှုသညာတို့လည်း ချုပ်ငြိမ်းလေတော့သည်။

စာမျက်နှာ-142


သညာချုပ်ငြိမ်းစေနိုင်သည့်အကျင့်

ဤအကျင့်တရားဟူသည် အင်္ဂါ ၈-ပါးရှိသော မဂ္ဂင်တရားများပင် ဖြစ်သည်၊ မဂ္ဂင်တရား ၈-ပါးမှာ-
(၁) မှန်ကန်စွာသိမြင်မှု (သမ္မာဒိဋ္ဌိ)၊
(၂) မှန်ကန်စွာပြောဆိုမှု (သမ္မာဝါစာ)၊
(၃) မှန်ကန်စွာကြံစည်မှု (သမ္မာသင်္ကပ္ပ)၊
(၄) မှန်ကန်စွာပြုလုပ်မှု (သမ္မာကမ္မန္တ)၊
(၅) မှန်ကန်စွာအသက်မွေးမှု (သမ္မာအာဇီဝ)၊
(၆) မှန်ကန်စွာအားထုတ်မှု (သမ္မာဝါယာမ)၊
(၇) မှန်ကန်စွာအောက်မေ့မှု (သမ္မာသတိ)၊
(၈) မှန်ကန်စွာတည်ကြည်မှု (သမ္မာသမာဓိ)၊
ဟူ၍ဖြစ်သည်။

ဤသို့အားဖြင့် ဘုရားရှင်သည် သညာတို့၏ဖြစ်ကြောင်း စသည်ဖြင့် ဝေဖန်၍ ဟောတော်မူ၏၊ ဤသို့ဟောတော်မူသော ဒေသနာကို ကိလေသာကို ဖောက်ခွဲကြောင်း၊ (နိဗ္ဗေဓိက ပရိယာယ) တရားဒေသနာဟု ခေါ်၏၊ ဤဒေသနာတော်ကို “နာကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြကုန်” ဟု ဘုရားရှင် တိုက်တွန်းတော်မူသည်။

တနည်းသညာ ၆-မျိုး

(၁) ရူပသညာ (အဆင်း၌ မှတ်သားမှု)
(၂) သဒ္ဒသညာ (အသံ၌ မှတ်သားမှု)
(၃) ဂန္ဓသညာ (အနံ့၌ မှတ်သားမှု)
(၄) ရသသညာ (အရသာ၌ မှတ်သားမှု)
(၅) ဖောဋ္ဌဗ္ဗသညာ (အတွေ့၌ မှတ်သားမှု)
(၆) ဓမ္မသညာ (သဘောတရား၌ မှတ်သားမှု)
၁။ အံ၊ ၂၊ ၃၆၁။

စာမျက်နှာ-143


ဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အရှင်ရာဟုလာ လျှောက်ထားတောင်းပန်ချက်အရ “ရူပသညာသည် မြဲသလော၊ မမြဲသလော” စသည်ဖြင့် ဤသညာ (၆) မျိုးကို လက္ခဏာရေး (၃) ပါးဖြင့် စိစစ်ပြတော်မူကာ ထိုသညာများ၌ ငြီးငွေ့သော် တပ်ခြင်းကင်းသော် အရဟတ္တဖိုလ်ရနိုင်ကြောင်း ဟောတော်မူသည်။

တနည်းသညာ (၆) မျိုး

ဝတ္ထုဘေဒ (မှီရာအပြား) သညာ ၆-မျိုး

မှီရာအပြား (ဝတ္ထုဘေဒ) အားဖြင့် သညာ (၆) မျိုးရှိ၏။
(၁) မျက်စိအကြည်ဓာတ်တွင် ထိခိုက်မှုကြောင့်ဖြစ်သော မှတ်သားမှု (စက္ခုသမ္ဖဿဇာသညာ)၊
(၂) နားအကြည်ဓာတ်တွင် ထိခိုက်မှုကြောင့်ဖြစ်သော မှတ်သားမှု (သောတသမ္ဖဿဇာသညာ)၊
(၃) နှာခေါင်းအကြည်ဓာတ်တွင် ထိခိုက်မှုကြောင့်ဖြစ်သော မှတ်သားမှု (ဃာနသမ္ဖဿဇာသညာ)၊
(၄) လျှာအကြည်ဓာတ်တွင် ထိခိုက်မှုကြောင့်ဖြစ်သော မှတ်သားမှု (ဇိဝှာသမ္ဖဿဇာသညာ)၊
(၅) ကိုယ်အကြည်ဓာတ်တွင် ထိခိုက်မှုကြောင့်ဖြစ်သော မှတ်သားမှု (ကာယသမ္ဖဿဇာသညာ)၊
(၆) မနောအကြည်ဓာတ်တွင် ထိခိုက်မှုကြောင့်ဖြစ်သော မှတ်သားမှု (မနောသမ္ဖဿဇာသညာ)၊

ဤသညာ (၆) မျိုးတို့ကို ဝိဘင်းပါဠိတော်၊ အဘိဓမ္မဘာဇနိယတွင် သညာက္ခန္ဓာ၌ အကျုံးဝင်သော သညာများအဖြစ် ဘုရားရှင်ဟောတော်မူသည်။
၁။ အဘိ၊ ဝိ၊ ၂၇။

စာမျက်နှာ-144


သညာ (၇) မျိုး

(၁) မမြဲဟု မှတ်သားမှုသညာ = (အနိစ္စသညာ)၊
(၂) အနှစ်သာရ အတ္တမဟုတ်ဟု မှတ်သားမှုသညာ = (အနတ္တသညာ)၊
(၃) မတင့်တယ်ဟု မှတ်သားမှုသညာ = (အသုဘသညာ)၊
(၄) အပြစ်ကို မှတ်သားမှုသညာ = (အာဒီနဝသညာ)၊
(၅) ပယ်ရန်မှတ်သားမှုသညာ = (ပဟာနသညာ)၊
(၆) တပ်မက်မှုကင်းရန် မှတ်သားမှုသညာ = (ဝိရာဂသညာ)၊
(၇) ချုပ်ငြိမ်းမှုကို မှတ်သားမှုသညာ = (နိရောဓသညာ)၊

ဘုရားရှင် ရာဇဂြိုဟ်ပြည်၊ ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးတော်မူစဉ် မဆုတ်ယုတ်ကြောင်း (ကြီးပွားကြောင်း) အပရိဟာနိယတရား (၇) ပါးကို ဟောတော်မူရာ-

“ငါ၏ချစ်သား၊ ချစ်သမီးတို့သည် ဖော်ပြပါ သညာ (၇) မျိုးတို့၌ ပွားများနေသမျှ သင်တို့အား ကြီးပွားရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ”- ဟု ဟောတော်မူလေသည်။

ဖော်ပြပါ သညာ (၇) မျိုးအနက် အာဒီနဝသညာဆိုသည်မှာ အချုပ်အားဖြင့် ခန္ဓာကိုယ်၏ ဆိုးကျိုး ဆိုးပြစ်များကို မှတ်သားသော သညာဖြစ်သည်။ သုတ္တနိပါတ်အဋ္ဌကထာတွင် အာဒီနဝသညာကြောင့် အရှင်ပစ္စေကဗုဒ္ဓါဖြစ်ကာ ဂန္ဓမာဒနတောင်၊ နန္ဒမူလိုဏ်သို့ ကြွတော်မူကြောင်း ဖွင့်ဆိုထားပုံကို တွေ့ရသည်။
၁။ အံ၊ ၂၊ ၃၀၉။
၂။ အံ၊ မြန်၊ ၂၊ ၅၂၁။
၃။ သုတ္တနိပါတ်အဋ္ဌကထာ၊ ပ၊ ၈၉။

စာမျက်နှာ-145


ပစ္စေကဗုဒ္ဓါဖြစ်သွားသော ဗာရာဏသီမင်း

ရှေးအခါ ဗာရာဏသီပြည် ဗာရာဏသီမင်းကြီးတွင် အိုင်းအမာနာခေါ် မြင်းဖုနာပေါက်သဖြင့် မခံသာအောင် နာကျင်ကိုက်ခဲနေ၏၊ ဆေးဆရာသမားတော်ကြီးများက မင်းကြီး၏မြင်းဖုနာကို ခွဲစိပ်ကုသပေးကြကာ ထောပတ်ဆီဦး စသောမသင့်သော အစာများကို မသုံးဆောင်ရန် တားမြစ်လျှောက်ထားခဲ့ကြ၏။

ဤသို့ဖြင့် မြင်းဖုနာမှာ သက်သာရာရသော်လည်း အစားရှောင်၍ သုံးဆောင်နေရသဖြင့် အာဟာရချို့တဲ့ကာ အားအင်နည်းပြီး ခန္ဓာကိုယ် ပိန်ချုံးလာတော့၏၊ မင်းကြီးသည် မိမိ၏အနာ ပျောက်ကင်းနိုင်လောက်ပြီဟု ထင်မှတ်ကာ အားအင်ပြည့်ဖြိုးစေသည့် ထောပတ်၊ ဆီဦး၊ ပျားသကာတို့ကို ပြန်လည်သုံးဆောင်လေ၏။ ထိုအခါ မြင်းဖုနာမှာ တဖြည်းဖြည်း ပြန်ယင်းလာပြီး မခံသာအောင် ကိုက်ခဲနာကျင်လျက်ရှိလေသည်။ သမားတော်ကြီးများသည် ဗာရာဏသီမင်း၏ မြင်းဖုနာကို သုံးကြိမ်တိုင်အောင်ပင် ပြန်လည်ခွဲစိပ်ကုသပေးကြရလေသည်။

မင်းကြီးသည် ထိုအခါ မိမိခံစားရသည့် ရောဂါဝေဒနာကို အကြောင်းပြု၍ “ငါ့မှာ ဤခန္ဓာကိုယ်ရလာမှုကြောင့် ဒုက္ခများလှချေ၏၊ ခန္ဓာကိုယ်သည် အနာရောဂါများလှစွာ ဖြစ်ပေါ်တတ်၏၊ အပြစ်အနာအဆာတို့ဖြင့် စက်ဆုပ်ရွံရှာဖွယ်ကောင်းလှပေသည်” ဟု ခန္ဓာကိုယ်ပေါ်အပြစ်ဟူ၍မှတ်သားမှု = (အာဒီနဝသညာ) ဖြစ်ပြီး မင်းစည်းစိမ်ကိုစွန့်၍ ရဟန်းပြုကာ ဝိပဿနာတရား ပွားများအားထုတ်လေ၏။ ခုနစ်နှစ်ကာလ ကြာမြင့်သောအခါ ပစ္စေကဗောဓိဉာဏ်ကိုရပြီး အရှင်ပစ္စေကဗုဒ္ဓါဘုရားငယ်တဆူဖြစ်ကာ ပစ္စေကဗုဒ္ဓါအရှင်တို့၏ သီတင်းသုံးတော်မူရာ ဂန္ဓမာဒနတောင်၊ နန္ဒမူလိုဏ်သို့ ကြွတော်မူလေသည်။

တနည်း

(၁) မတင့်တယ်ဟု မှတ်သားမှုသညာ = (အသုဘသညာ)၊
(၂) သေခြင်း၌ မှတ်သားမှုသညာ = (မရဏသညာ)၊

စာမျက်နှာ-146


(၃) စားဖွယ်၌ စက်ဆုပ်ဖွယ်ဟု မှတ်သားမှုသညာ = (အာဟာရေပဋိကူလသညာ)၊
(၄) လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟု မှတ်သားမှုသညာ = (သဗ္ဗလောကေအနဘိရတိသညာ)၊
(၅) မမြဲဟု မှတ်သားမှုသညာ = (အနိစ္စသညာ)၊
(၆) မမြဲမှု၌ ဆင်းရဲပုံ မှတ်သားမှုသညာ = (အနိစ္စဒုက္ခသညာ)၊
(၇) ဆင်းရဲခြင်း၌ အစိုးမရ အနတ္တဟု မှတ်သားမှုသညာ = (ဒုက္ခေအနတ္တသညာ)၊

ကြက်တောင် အကြောထုံးများကို ရှူသည့် ဥပမာ

ဖော်ပြပါသညာ (၇) မျိုးတို့တွင် ကြက်တောင်ကို လည်းကောင်း၊ အကြောထုံးကိုလည်းကောင်း မီးဖြင့် ရှို့အပ်လေသော် တွန့်ရှုတ်ခြင်း၊ ဆုတ်နစ်ခြင်း၊ မပျံ့နှံ့ခြင်းများ ဖြစ်သကဲ့သို့ ထိုအတူ အသုဘသညာ၌ လေ့လာသောစိတ်ဖြင့် ကြိမ်ဖန်များစွာ ပွားများအားထုတ်သော ရဟန်းအား မေထုန်အကျင့်သို့ရောက်ခြင်းမှတွန့်ဆုတ်ခြင်း၊ မပျံ့နှံ့ခြင်း၊ လျစ်လျူရှုခြင်း၊ စက်ဆုပ်ရွံရှာခြင်းဖြစ်၏။ ထိုအသုဘသညာကို ကြိမ်ဖန်များစွာ ပွားသော်လည်း မေထုန်နှင့်စပ်၍ စက်ဆုပ်ရွံရှာမှု မရှိခဲ့သော်-

“ငါသည် အသုဘသညာ၌ မပွားများရသေး၊ ငါ့အား ယင်းသညာကို မပွားမီရှေ့နှင့် ပွားပြီးနောက် ထူးခြားမှု မရှိပါ၊ ငါသည် ဘာဝနာ၏ အားအစွမ်းသို့ မရောက်သေး”- ဟု သဘောပေါက်နားလည်နိုင်၏။ ယင်းသညာ၌ ကြိမ်ဖန်များစွာ ပွားသဖြင့် မေထုန်မှု၌ စက်ဆုပ်ခဲ့သော် အသုဘသညာကို ပွားများပြီး ဖြစ်ကြောင်းကို လည်းကောင်း၊ ရှေ့နှင့်နောက် ထူးခြားမှု ရှိကြောင်းကို လည်းကောင်း၊ ဘာဝနာ၏ အားအစွမ်းသို့ ရောက်နေပြီဖြစ်ကြောင်းကို လည်းကောင်း သဘောပေါက် နားလည်နိုင်၏။
၁။ အံ၊ မြန်၊ ၂၊ ၅၄၇။

စာမျက်နှာ-147


ထို့အတူ-
မရဏသညာ၌ အသက်ရှင်ခြင်းကို နှစ်သက်မှု၊
သဗ္ဗလောကေအနဘိရတိသညာ၌ လောက၏ ဆန်းကြယ်မှု၊
အာဟာရေပဋိကူလသညာ၌ အရသာကို တပ်မက်မှု၊
အနိစ္စသညာ၌ လာဘ်ပူဇော်သော အကျော်အစောလိုလားမှု- တို့၌ မစက်ဆုပ်မရွံရှာခဲ့သော် ဆိုခဲ့သည့်သညာတို့၌ မပွားများရသေးကြောင်းကို လည်းကောင်း၊ ရှေ့နောက် ထူးခြားမှု မရှိကြောင်းကို လည်းကောင်း၊ ဘာဝနာ၏ အားအစွမ်းသို့ မရောက်သေးကြောင်းကို လည်းကောင်း သဘောပေါက် သိရှိနိုင်၏။ အကယ်၍ စက်ဆုပ်ခြင်းရှိခဲ့သော် ဆိုင်ရာ သညာအသီးသီးတို့၌ “ဘာဝနာ၏ အားအစွမ်း အသီးသီးသို့ရောက်ပြီ” ဟု သိနိုင်လေသည်။

သန်လျက် မြှောက်ချီသည့် ဥပမာ

အနိစ္စေဒုက္ခသညာ၌ သန်လျက် မြှောက်ချီသော လူသတ်သမား၌ ပြင်းထန်အားကြီးသော ဘေးဟူသော သညာသည် ရှေ့ရှုတည်သကဲ့သို့ ဘေးဟုရှုသော သညာသည်အကယ်၍တည်ခဲ့မူ အနိစ္စေဒုက္ခသညာကို အားထုတ်ပွားများသောသူအား ပျင်းရိမှု ပေါ့ဆမှု မရဲရင့်မှု မေ့လျော့မှု အားမထုတ်မှု မဆင်ခြင်မှု၌ ပြင်းထန်အားကြီးသော ဘေးဟူသော သညာတည်သောအခါ “ဘာဝနာ၏ အားအစွမ်းသို့ရောက်ပြီ” ဟု သိနိုင်၏။

ထို့အတူ ဒုက္ခေအနတ္တသညာကို ပွားများအားထုတ်သောအခါ ဝိညာဉ်ဆိုသော ကိုယ်ခန္ဓာ၌လည်းကောင်း၊ အပဖြစ်သော အလုံးစုံသော အာရုံတို့၌လည်းကောင်း ငါဟူသော အခြင်းအရာဖြင့် စွဲလမ်းမှုဒိဋ္ဌိ၊ ငါ၏ ဥစ္စာဟူသော စွဲလမ်းမှုတဏှာနှင့် ထောင်လွှားမှု မာနကင်းသောစိတ်သည် မာနသုံးပါးကို ကောင်းစွာလွန်မြောက်ခြင်းဖြစ်ခဲ့မူ “ဘာဝနာအားအစွမ်းသို့ ရောက်ပြီ” ဟု သိနိုင်လေသည်။

စာမျက်နှာ-148


ဤသို့လျှင် ဆိုခဲ့သည့်သညာ (၇) ပါးကို ပွားများခြင်း၊ ကြိမ်ဖန်များစွာ လေ့လာခြင်းအားဖြင့် အကျိုးအာနိသင် ကြီးမားပုံ၊ နိဗ္ဗာန်လျှင် တည်ရာရှိပုံ၊ နိဗ္ဗာန်လျှင် အဆုံးရှိပုံတို့ကို ဘုရားရှင် ဟောတော်မူသည်။

အာဟာရေပဋိကူလသညာ

ဆိုခဲ့သည့်သညာ (၇) မျိုးအနက် အာဟာရေပဋိကူလ သညာမှာ စားသောက်ဖွယ် အစာအာဟာရ ဟူသမျှကို “စက်ဆုပ်ရွံရှာဖွယ်ရာ” ဟု မှတ်ထင်လာအောင် ဆင်ခြင်မှုကို “အာဟာရေ ပဋိကူလ သညာ” ဟု ခေါ်၏။ ထိုကဲ့သို့ ပဋိကူလသညာ ဖြစ်ပေါ်လာအောင် ဆင်ခြင်ရာ၌ နည်း (၁၀) မျိုး ရှိ၏။ ထို (၁၀) မျိုးမှာ-
(၁) အာဟာရကိုရနိုင်ရာအရပ်သို့ အရောက်သွားရခြင်း (ဂမန)၊
(၂) ရှာဖွေရခြင်း (ပရိယေသန)၊
(၃) စားသောက် သုံးဆောင်ရခြင်း (ပရိဘောဂ)၊
(၄) သလိပ်၊ သည်းခြေ၊ သွေး၊ ပြည် ဟူသော အာသယ ၄-ပါး (အာသယ)၊
(၅) စုဝေးတည်ရာ အစာသစ်အိမ် (နိဓာန)၊
(၆) မကြေမကျက်ခင် (အပက္က)၊
(၇) ကြေကျက်ပြီး (ပက္က)၊
(၈) အကျိုးရင်း (ဖလ)၊
(၉) အကျိုးဆက် (နိဿန္ဒ)၊
(၁၀) အလူးလူး အလဲလဲဖြစ်ပုံ (သမ္မက္ခန)၊

ဤဆင်ခြင်နည်း (၁၀) မျိုးတို့ဖြင့် စက်ဆုပ်ရွံရှာဖွယ်၏ အဖြစ်ကို မျိုအပ် စားအပ်၊ သောက်အပ်၊ လျက်အပ်သမျှသော ဆွမ်း ခဲဖွယ် ဘောဇဉ် စသောအာဟာရ၌ ရှုဆင်ခြင်ရပါမည်။
၁။ အံ၊ မြန်၊ ၂၊ ၅၄၇၊ ၄၈၄၉။
၂။ ဝိသုဒ္ဓိ၊ ပ၊ ၃၃၆။

စာမျက်နှာ-149


အကျိုးဆက်(နိဿန္ဒ)အားဖြင့် ဆင်ခြင်ခြင်း

ဆင်ခြင်နည်း (၁၀) မျိုးအနက် အထူးထင်ရှားသိလွယ်သည့် အကျိုးဆက်(နိဿန္ဒ)အားဖြင့် ဆင်ခြင်ပုံကို သိသာရုံ ဖော်ပြပါမည်။

မွန်မြတ်လှတဲ့ ခဲဖွယ် ဘောဇဉ်သည် တပေါက်သောဒွါရဖြင့် ကိုယ်တွင်းသို့ဝင်ပြီး ဒွါရကိုးဖြာတို့မှ ယိုစီးခဲ့၏၊ ထိုဘောဇဉ်ကို အခြံအရံများနှင့်အတူ သုံးဆောင်စားသောက်ကြ၏၊ စွန့်ပစ်ကြသောအခါ မိမိကိုယ်ကို မမြင်ရအောင် ပုံးအောင်း စွန့်ပစ်ကြရလေသည်၊ ထိုဘောဇဉ်ကို ရသတဏှာဖြင့် လွန်စွာတပ်မက် သုံးဆောင်ကြ၏၊ စွန့်ပစ်သောအခါ ရွံ့ရှာစက်ဆုပ်ဖွယ် ကောင်းလှပေသည်၊ ထိုဘောဇဉ်သည် တညဉ့်မျှကိုယ်တွင်း၌ အောင်းကာမျှဖြင့် အံ့ဖွယ်စက်ဆုပ်ဖွယ်အတိဖြစ်လေ၏ ဟူ၍ ဆင်ခြင်ရသည်။

ခန္ဓာကိုယ်၌ ပုဂ္ဂိုလ်, သတ္တဝါ ငါ သူတပါး ယောက်ျား, မိန်းမဟူသော အမှတ်သညာ ကင်းပျောက်၍ ဓာတ်လေးပါး အစုအဝေးမျှသာထင်မြင် လာအောင်လည်း ဆင်ခြင်ရပေသည်။

သညာ (၁၀) မျိုး

(၁) မတင့်တယ်ဟု မှတ်သားမှုသညာ (အသုဘသညာ)၊
(၂) သေခြင်း၌ မှတ်သားမှုသညာ (မရဏသညာ)၊
(၃) စားဖွယ်၌ စက်ဆုပ်ဖွယ်ဟု မှတ်သားမှုသညာ (အာဟာရေပဋိကူလသညာ)၊
(၄) လောကသုံးပါး၌ မမေ့လျော်ဖွယ်ဟု မှတ်သားမှုသညာ (သဗ္ဗလောကေအနဘိရတိသညာ)၊
(၅) မမြဲဟု မှတ်သားမှုသညာ (အနိစ္စသညာ)၊
၁။ ဝိသုဒ္ဓိ၊ ပ၊ ၃၄၀။

စာမျက်နှာ-150


(၆) မမြဲမှု၌ ဆင်းရဲဟု မှတ်သားမှုသညာ (အနိစ္စဒုက္ခသညာ)၊
(၇) ဆင်းရဲခြင်း၌ အစိုးရမဟုတ် အနတ္တဟု မှတ်သားမှုသညာ (ဒုက္ခေအနတ္တသညာ)၊
(၈) ပယ်ရန်မှတ်သားမှုသညာ (ပဟာနသညာ)၊
(၉) တပ်မက်မှုကင်းရန် မှတ်သားမှုသညာ (ဝိရာဂသညာ)၊
(၁၀) ချုပ်ငြိမ်းခြင်းကို မှတ်သားမှုသညာ (နိရောဓသညာ)။

ဆိုခဲ့ပါ သညာ ၁၀ ပါးကို တစ်ပါးစီထည့်၍ သညာ (၁၀) မျိုးဖြစ်သည်။

အရှင်ဝင်္ဂီသနှင့် ပဟာနသညာ

ဖော်ပြပါ သညာများအနက် ပဟာနသညာဆိုသည်မှာ ဖြစ်ပေါ်လာသော မကောင်းမှုအကုသိုလ်တရားများကို ပယ်စွန့်ခြင်း၌ မှတ်သားသော သညာဖြစ်သည်၊ မိမိသန္တာန်သို့ မကောင်းမှုအကုသိုလ်တရားများ ဝင်လာသည့်အခါ လက်ခံထားခြင်းမပြုဘဲ တဒင်္ဂပဟာန်စသည်ဖြင့် ပယ်စွန့်ခြင်း၌ မှတ်သားသောသညာကို ပဟာနသညာဟု ခေါ်သည်။

သံယုတ္တနိကာယ် ပါဠိတော်တွင် အရှင်ဝင်္ဂီသ ပဟာနသညာ ဖြစ်ပေါ်လာပုံမှာ အတုယူလိုက်နာဖွယ်ရာ ကောင်းလှပေသည်၊ ထိုအချိန်က အရှင်ဝင်္ဂီသမှာ ရဟန်းဘောင်သို့ ရောက်လာကာစ ရဟန်းငယ် ဦးပဉ္စင်းငယ်သာ ရှိသေး၏။ ဥပဇ္ဈာယ်ဆရာဖြစ်သော အဂ္ဂသာဝက အရှင်သာရိပုတ္တရာ [?] ထံတော်၌ သီတင်းသုံးနေထိုင်ရ၏၊ တနေ့တွင် ဥပဇ္ဈာယ်ဆရာတော် မရှိခိုက် တစ်ပါးတည်း ကျောင်းစောင့်နေစဉ် အမျိုးသမီးတစ်စု ကျောင်းလှည့်လည်ကြည့်ရှုရန် ရောက်လာကြ၏၊ ထိုအခါ အရှင်ဝင်္ဂီသသည် အမျိုးသမီးတို့ ရူပါရုံအဆင်းအလှကို တွေ့မြင်ရသဖြင့် သာသနာတော်၌ မမွေ့လျော်ဘဲ ဖြစ်လာ၏။
၁။ ဒီ၊ ၃၊ ၂၅၄။
၂။ ဒီ၊ ၃၊ ၂၅၉။

စာမျက်နှာ-151


ရဟန်းဖြစ်စ အရှင်ဝင်္ဂီသကို တပ်မက်ခြင်းရာဂသည် နှိပ်စက်ဖျက်ဆီးလေပြီ၊ ထိုအခါ အရှင်ဝင်္ဂီသသည် မိမိ၏ ရဟန်းဘဝအရ မတော်ဖြစ်ရသည့်ဘေးကို တွေးမိပြီး မိမိစိတ်၌ ဖြစ်ပေါ်လာသည့် အကုသိုလ်ရာဂကို “တွန်းလှန်တော့အံ့” ဟု အကြံဖြစ်ကာ ဝိပဿနာတရားဓမ္မဖြင့် ထိုရာဂကို ပယ်ဖျောက်၏၊ အရှင်ဝင်္ဂီသသည် ထိုကဲ့သို့ အကုသိုလ်ရာဂကို ပယ်ဖျောက်ခြင်း၌ အမှတ်သညာကို ဖြစ်စေပြီး အောက်ပါအတိုင်း ထုတ်ဖော်ကျူးရင့်လေသည်။

“လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ငြိမ်သက်နေသော ငါ့ကို ကာမဝိတက်တို့သည် ပြေးဝင်လာကုန်ပြီတကား၊ ဤခက်ထန်ကြမ်းကြုတ်မှုတို့သည် ပြေးဝင်လာကုန်ပြီတကား၊ ဤခက်ထန်ကြမ်းကြုတ်မှုတို့သည် မည်းနက်သော မာရ်၏ အသင်းအပင်းမှ ပြေးဝင်လာကုန်ပြီတကား။

သင်ပြီးသော လေးအတတ်ရှိကုန်သော ခိုင်ခန့်သောလေးကို စွဲကိုင်ကုန်သော လေးသမားကြီးများဖြစ်ကုန်သော မပြေးတတ်ကုန်သော တစ်ထောင်မျှသော ထင်ရှားသောမင်းသားတို့သည် ထက်ဝန်းကျင်မှ ဝိုင်းအုံပစ်ကြကုန်ရာ၏။

ဤလေးသည်တော် တစ်ထောင်အလွန်ရှိကုန်သော (ရူပါရုံစသော ကာမဂုဏ်ငါးပါးတို့ကို တပြိုင်နက်ပစ်ခြင်းငှာ စွမ်းနိုင်ကုန်သော) မိန်းမတို့သည် အကယ်၍ လာကုန်လတ္တံ့ (ဤသို့လာကုန်သော်လည်း) မိမိတရား၌ တည်နေသောငါ့ကို တုန်လှုပ်ခြင်းငှာ မစွမ်းနိုင်ကုန်လတ္တံ့။

စင်စစ်အားဖြင့် ငါသည် နိဗ္ဗာန်ကိုရကြောင်း ဝိပဿနာကို နေမင်း၏အဆွေဖြစ်တော်မူသော မြတ်စွာဘုရား၏ (မျက်မှောက်တော်မှ) ဤသို့ကြားနာဖူး၏၊ နိဗ္ဗာန်ကိုရကြောင်းဖြစ်သော ဝိပဿနာ၌ ငါ၏စိတ်သည် မွေ့လျော်ခြင်းရှိ၏။”

စာမျက်နှာ-152


“ဟယ် ... ကိလေသာယုတ်၊ ဤသို့နေသော ငါ့ကို အကယ်၍ ကပ်လာငြားအံ့၊ ဤသို့ကပ်လာသည်ရှိသော်၊ ဟယ် ... သေစေတတ်သော ကိလေသာယုတ်၊ အကြင်အခြင်းအရာအားဖြင့် ပြုသည်ရှိသော် ငါ၏ သွားရာလမ်းကို မမြင်ရလတ္တံ့၊ ထိုအခြင်းအရာအားဖြင့် ငါပြုလတ္တံ့” –

ဟူ၍ ကျူးရင့်လေသည်၊ ဤသို့ တဒင်္ဂပဟာန် စသည်ဖြင့် အကုသိုလ်ကို ပယ်ခြင်း၌ မှတ်သားသော သညာကို ပဟာနသညာဟု ခေါ်သည်။

ဂိရိမာနန္ဒသုတ်လာ သညာ (၁၀) မျိုး

(၁) မမြဲဟု မှတ်သားမှုသညာ (အနိစ္စသညာ)၊
(၂) အနှစ်သာရ အတ္တမဟုတ်ဟု မှတ်သားမှုသညာ (အနတ္တသညာ)၊
(၃) မတင့်တယ်ဟု မှတ်သားမှုသညာ (အသုဘသညာ)၊
(၄) အပြစ်ကို မှတ်သားမှုသညာ (အာဒီနဝသညာ)၊
(၅) ပယ်ရန်မှတ်သားမှုသညာ (ပဟာနသညာ)၊
(၆) တပ်မက်မှုကင်းရန် မှတ်သားမှုသညာ (ဝိရာဂသညာ)၊
(၇) ချုပ်ငြိမ်းမှုကို မှတ်သားမှုသညာ (နိရောဓသညာ)၊
(၈) လောကသုံးပါး၌ မမွေ့လျော်ဖွယ်ဟု မှတ်သားမှုသညာ (သဗ္ဗလောကေအနဘိရတိသညာ)၊
(၉) သင်္ခါရအားလုံး၌ အလိုမရှိအပ်ဟူသော အမှတ်သညာ (သဗ္ဗသင်္ခါရေသုအနိစ္ဆာသညာ)၊
(၁၀) ထွက်သက် ဝင်သက်ကို အာရုံပြု၍ အောက်မေ့ခြင်းသညာ (အာနာပါနဿတိသညာ)။
၁။ သံ၊ ၁၊ ၁၉၇။ မြန်၊ ၁၇၅။

စာမျက်နှာ-153


သညာဖြင့် ကုသပေးပုံ

ဘုရားရှင်လက်ထက်တော်က အရှင်ဂိရိမာနန္ဒထေရ် အသဲအသန်မမာမကျန်း ဖြစ်နေ၏၊ ထိုအကြောင်းကို အရှင်အာနန္ဒာမထေရ်မြတ်က ဘုရားရှင်အား လျှောက်ထား၏၊ ဘုရားရှင်က-

“ချစ်သား အာနန္ဒာ... ဂိရိမာနန္ဒရဟန်းတော်သည် ဆိုခဲ့သည့် သညာ (၁၀) မျိုးကို ပွားများအားထုတ်ပါက ပျောက်ကင်းချမ်းသာပါလိမ့်မည်” ဟု မိန့်တော်မူ၏၊ ထိုအခါ အရှင်အာနန္ဒာမထေရ်သည် ဖော်ပြပါ သညာ (၁၀) မျိုးတို့ကို ဘုရားရှင်ထံမှ သင်ယူပြီး ဂိရိမာနန္ဒထေရ်အား ဟောတော်မူ၏၊ ဂိရိမာနန္ဒထေရ်သည် အရှင်အာနန္ဒာဟောတော်မူသည့်အတိုင်း ဖော်ပြပါ သညာ (၁၀) မျိုးကို အနိစ္စသညာမှစ၍—

“ရူပံ - ဖောက်ပြန်တတ်သော ရုပ်သည်၊ အနိစ္စံ = အမြဲမရှိ။ ဝေဒနာ = ခံစားမှုဝေဒနာသည်၊ အနိစ္စာ = အမြဲမရှိ။ သညာ = မှတ်သားမှုသညာသည်၊ အနိစ္စာ = အမြဲမရှိ” စသည်ဖြင့် ပွားများတော်မူရာ အရှင်ဂိရိမာနန္ဒ၏ ရောဂါမှာ တစ်ခဏချင်း ပျောက်ကင်းချမ်းသာလေတော့သည်။

အနိစ္စသညာပွားခြင်းကြောင့် ရအပ်သော အကျိုး (၆) မျိုး

အနိစ္စသညာကို ပွားခြင်းကြောင့် (၆) မျိုးသော အာနိသင်များကို ရနိုင်ကြောင်း အင်္ဂုတ္တိုရ်ပါဠိတော်တွင် တွေ့ရသည်၊ ယင်းမှာ-
(၁) သင်္ခါရတရားတို့ကို အပိုင်းအခြားမရှိ ထင်မြင်လာနိုင်ခြင်း၊
(၂) သင်္ခါရလောကကို မမွေ့မလျော်ဖွယ်ဟု ထင်မြင်လာနိုင်ခြင်း၊
(၃) အလုံးစုံသော သင်္ခါရဒုက္ခမှ လွန်မြောက်နိုင်ခြင်း၊
(၄) နိဗ္ဗာန်သို့ ညွတ်ကိုင်းသောစိတ် ဖြစ်ပေါ်လာနိုင်ခြင်း၊
၁။ အံ၊ ၃၊ ၄၄၂။
၂။ အံ၊ ၂၊ ၃၇၅။

စာမျက်နှာ-154


(၅) လောဘ, ဒေါသ စသည့် သံယောဇဉ်တရားများကို ပယ်ဖျောက်နိုင်ခြင်း၊
(၆) လောဘ, ဒေါသ စသည့် ကိလေသာမီးများ ငြိမ်းအေးခြင်းနှင့် ပြည့်စုံနိုင်ခြင်း -

ဟူ၍ ၆ ပါးသော အကျိုးကို ရရှိနိုင်သည်၊ အနိစ္စသညာကို ပွားများကြရန် ဘုရားရှင်ကိုယ်တိုင် တိုက်တွန်းတော်မူခဲ့သည်။ အနတ္တသညာအကျိုးကို အင်္ဂုတ္တိုရ်ပါဠိတော်တွင် ရှုပါ။

အရှင်အာနန္ဒာ၏ တပည့် အရှင်ဝင်္ဂီသနှင့် အသုဘသညာ

ဘုရားရှင်လက်ထက်တော်က ရဟန်းငယ် အရှင်ဝင်္ဂီသသည် အရှင်အာနန္ဒာမထေရ်မြတ်၏ တပည့်တစ်ဦးဖြစ်သည်၊ သာသနာတော်တွင် ထင်ရှားလှသည့် အရှင်အာနန္ဒာမထေရ်မြတ်အား လူမျိုးပေါင်းစုံ ကြည်ညိုမြတ်နိုးကြသဖြင့် ပင့်ဖိတ်ကြသောအခါ အရှင်ဝင်္ဂီသသည် မထေရ်မြတ်၏ နောက်တော်ပါအဖြစ် အမြဲပင်လိုက်ပါရလေသည်၊ မထေရ်မြတ်ကြွလာသည့်အခါတွင် လူအများ တရားနာလာရောက်ကြပြီး မရှင်းလင်းသည့် ဓမ္မသဘောများကို မေးမြန်းကြ၏၊ အမျိုးသမီးများကလည်း အရှင်မြတ်၏ အနီးအနား ချဉ်းကပ်ကြကာ ယပ်လေခပ်ခြင်း စသည်ဖြင့် ရှိခိုးကြည်ညိုကြ၏၊ ထိုရဟန်းငယ်အရှင်ဝင်္ဂီသသည် အမျိုးသမီးတို့၏ ရူပါရုံအဆင်းအလှကို အနီးကပ်တွေ့မြင်ရလေရာ ရာဂမီးတောက်လောင်လေ၏၊ အရှင်ဝင်္ဂီသသည် မြင့်မြတ်သော ရဟန်းဘဝ၊ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသောအကျိုးစီးပွားကို တွေးမိကာ ထိုရာဂကို ပယ်ဖျောက်ရန် စဉ်းစားမိ၏၊ သို့ရာတွင် မည်သို့မည်ပုံ ပယ်ဖျောက်ရမည်ကို နည်းလမ်းရှာမရဘဲ ဖြစ်နေ၏၊ ထို့ကြောင့် အရှင်ဝင်္ဂီသသည် မထေရ်မြတ် အရှင်အာနန္ဒာအား ဖွင့်ဟ၍ လျှောက်ထားရလေသည်။ ထိုအခါ အရှင်အာနန္ဒာမထေရ်မြတ်က -
၁။ အံ၊ ၂၊ ၃၀၆။

စာမျက်နှာ-155


“ငါ့ရှင် - သင်ကား အမှတ်သညာ မှားနေပါပေါ့ကော၊ မာတုဂါမတို့၏ မတင့်မတယ် စက်ဆုပ်ဖွယ်သော ရုပ်အဆင်းကို တင့်တယ်လှပသည်ဟု အမှတ်မှားနေမှုကြောင့် ကာမရာဂမီး တောက်လောင်မှုကို ခံရပါလေသည်၊ ထိုရာဂကို အသုဘသညာဖြင့် မတင့်မတယ် စက်ဆုပ်ဖွယ်ဟု နှလုံးသွင်း ရှုမှတ်ပါလေ၊ ထိုကဲ့သို့ ရှုမှတ်လျှင် ရာဂမီး ငြိမ်းအေးပါလိမ့်မည်” -

ဟု မိန့်တော်မူ၏၊ ဤသို့ဖြင့် ရဟန်းငယ် အရှင်ဝင်္ဂီသသည် အသုဘသညာဖြင့် ဖြစ်ပေါ်လာသည့် ကာမရာဂကို ငြိမ်းစေခဲ့ရလေသည်။

သညာ (၁၁) မျိုး

(၁) ဖြစ်ပြီးမှတ်သားမှု (အတီတသညာ)၊
(၂) ဖြစ်လတ္တံ့မှတ်သားမှု (အနာဂတသညာ)၊
(၃) ဖြစ်ဆဲမှတ်သားမှု (ပစ္စုပ္ပန္နသညာ)၊
(၄) အတွင်းသန္တာန်၌ ဖြစ်သောမှတ်သားမှု (အဇ္ဈတ္တသညာ)၊
(၅) အပသန္တာန်၌ဖြစ်သောမှတ်သားမှု (ဗဟိဒ္ဓသညာ)၊
(၆) ကြမ်းတမ်းသော မှတ်သားမှု (ဩဠာရိကသညာ)၊
(၇) နူးညံ့သောမှတ်သားမှု (သုခုမသညာ)၊
(၈) ယုတ်ညံ့သောမှတ်သားမှု (ဟီနသညာ)၊
(၉) မြင့်မြတ်သောမှတ်သားမှု (ပဏီတသညာ)၊
(၁၀) ဝေးသောမှတ်သားမှု (ဒူရသညာ)၊
(၁၁) နီးသောမှတ်သားမှု (သန္တိကေသညာ)။

ဤသညာ ၁၁ မျိုးကို ဝိဘင်းပါဠိတော် သုတ္တန္တဘာဇနိယတွင် ဘုရားရှင်ဟောတော်မူသည်၊ ယင်းသညာ (၁၁) မျိုးကို စုပေါင်း၍ သညာက္ခန္ဓာ သညာအစုဟု ခေါ်ဆိုကြောင်း ဟောတော်မူသည်။
၁။ သံ၊ ၁၊ ၁၈၉။ သံ၊ ဋ္ဌ၊ ၁၊ ၂၅၈။

စာမျက်နှာ-156


သညာ (၁၂) မျိုး

(၁) ကာမဂုဏ်၌ မှတ်သားမှုသညာ (ကာမသညာ)၊
(၂) ပျက်စီးစေရန် မှတ်သားမှုသညာ (ဗျာပါဒသညာ)၊
(၃) ညှဉ်းဆဲရန် မှတ်သားမှုသညာ (ဝိဟိံသသညာ)၊
(၄) ထွက်မြောက်ရန် မှတ်သားမှုသညာ (နေက္ခမ္မသညာ)၊
(၅) မပျက်စီးစေရန် မှတ်သားမှုသညာ (အဗျာပါဒသညာ)၊
(၆) မညှဉ်းဆဲရန် မှတ်သားမှုသညာ (အဝိဟိံသသညာ)၊
(၇) အဆင်း၌ မှတ်သားမှုသညာ (ရူပသညာ)၊
(၈) အသံ၌ မှတ်သားမှုသညာ (သဒ္ဒသညာ)၊
(၉) အနံ့၌ မှတ်သားမှုသညာ (ဂန္ဓသညာ)၊
(၁၀) အရသာ၌ မှတ်သားမှုသညာ (ရသသညာ)၊
(၁၁) အတွေ့၌ မှတ်သားမှုသညာ (ဖောဋ္ဌဗ္ဗသညာ)၊
(၁၂) သဘောတရား၌ မှတ်သားမှုသညာ (ဓမ္မသညာ)။

ဖော်ပြပါ သညာ (၁၂) ပါးတို့ကို မဟာနိဒ္ဒေသပါဠိတော်တွင် ပရိညာ (၃) ပါးဖြင့် ပိုင်းခြား၍ ဘုရားရှင်ဟောတော်မူသည်။

သညာအကြောင်း အခြားသိကောင်းစရာများ

သညာ, ဝိညာဏ်, ပညာ အဆုံးအဖြတ်

သာသနဝိသောဓနီကျမ်း ဒုတိယတွဲ၌ သညာ၊ ဝိညာဏ်၊ ပညာတို့ ခြားနားပုံ အဆုံးအဖြတ်ကို တွေ့ရ၏။ တချိန်က မြောင်းမြမြို့၊ နယ်ပိုင်ဝန်ထောက် ဦးရွှေစံအောင်က လျှောက်ထားသဖြင့် လယ်တီဆရာတော်ဘုရားကြီး ဖြေဆိုတော်မူသော အဆုံးအဖြတ်ဖြစ်သည်။
၁။ မဟာနိဒ္ဒေသပါဠိ၊ ၄၃။

စာမျက်နှာ-157


ဤအဆုံးအဖြတ်ကိုထောက်၍ ထိုခေတ်က လူဒါယကာတို့ အဘိဓမ္မာလေ့လာလိုက်စားကြသည်ကိုလည်းကောင်း၊ ထိုသူတို့၏ အဘိဓမ္မာဉာဏ်အတိမ်အနက်ကိုလည်းကောင်း၊ အဘိဓမ္မာသာသနာပြန့်ပွားခဲ့သည်ကိုလည်းကောင်း မှန်းဆသိရသည့်ပြင် ဗဟုသုတဖြစ်ဖွယ်၊ စိတ်ဝင်စားဖွယ်၊ မှတ်သားဖွယ်လည်း ကောင်းလှသဖြင့် ဤ၌ မူရင်းအတိုင်း ဖော်ပြအပ်ပါသည်။

သညာ, ဝိညာဏ်, ပညာသုံးပါးတို့၏ အထူးကိုပြဆိုသော အဋ္ဌကထာ ဋီကာများ၌ ဉာဏ်သဘောမကြေမလည်ရှိရာကို ထုတ်ဆိုလျှောက်ထားချက်မှာ--
၁။ သညာ၊
၂။ ဝိညာဏ်၊
၃။ ပညာ၊

ဤအမည်သုံးပါးတို့သည် သိခြင်းအနက်ကိုဟောသော ဉာ-ဓာတ်ဖြင့် ပြီးကြကုန်၏၊ သံ, ဝိ, ပ ဟူသော ဥပသာရပုဒ်အတွက်သာ ထူးကြကုန်၏။ ထိုသုံးပါးတို့တွင်-

သညာ၌ သံသဒ္ဒါသည် သုဋ္ဌုအနက်ကိုဟော၏၊ ကောင်းကောင်းသိခြင်းကို ဆိုလို၏၊ ကောင်းကောင်းသိခြင်းဆိုသည်မှာလည်း မမေ့မပျောက်သည်ကို ဆိုလိုသည်၊ မှတ်မိသည်ကိုဆိုလိုသည်၊ ထိုသညာသည် အားနည်းခဲ့သော် ခဏမျှသာမှတ်မိ၏၊ မကြာမီမေ့ပျောက်၏၊ အတန်အားရှိခဲ့သော် အတန်ကြာမှတ်မိ၏၊ အတန်ကြာလျှင် မေ့ပျောက်၏၊ အလွန်အားရှိခဲ့သော် အလွန်ကြာမြင့်စွာ မှတ်မိ၏။

ဝိညာဏ်၌ ဝိသဒ္ဒါသည် ဝိဝိဓအနက်ကိုဟော၏၊ ထွေထွေလာလာ သိခြင်းကိုဆိုလို၏၊ ထွေထွေလာလာသိခြင်းဆိုသည်မှာလည်း-
၁။ မျက်စိမြင်မှု၊
၂။ နားကြားမှု၊

စာမျက်နှာ-158


၃။ နှာခေါင်းနံမှု၊
၄။ လျှာ၏သိမှု၊
၅။ ကိုယ်အင်္ဂါတို့၏ အတွေ့အထိကို သိမှု၊
၆။ စိတ်မနော၏ အတွေးအကြံကို သိမှု၊
၇။ ဟုတ်သည်မှန်သည်ကို ဟုတ်မှန်တိုင်းသိမှု၊
၈။ ဟုတ်သည်မှန်သည်ကို မဟုတ်မမှန်သိမှု၊
၉။ မဟုတ်မမှန်သည်ကို မဟုတ်မမှန်သိမှု၊
၁၀။ မဟုတ်မမှန်သည်ကို ဟုတ်မှန်သည်ဟု သိမှု - စသည်တို့ကို ဆိုလိုသည်။

ထိုစကား၌ ဟုတ်သည်မှန်သည်ကို ဟုတ်မှန်တိုင်းသိမှုဆိုသည်ကား နေ့အခါ၌ တုံးကိုတုံးမှန်းသိမှု၊ တိုင်ကိုတိုင်မှန်းသိမှုစသည်တည်း။ ဟုတ်သည်မှန်သည်ကို မဟုတ်မမှန်သိမှုဆိုသည်ကား ညဉ့်မှောင်တွင်း၌ တုံးတိုင်ကိုပင် လူဟုသိမှုစသည်တည်း။

ထို့အတူ မျက်စိမလည်သူမှာ အရှေ့ကို အရှေ့၊ အနောက်ကို အနောက်ဟု သိမှုစသည်တည်း။ မျက်စိလယ်သူမှာ အရှေ့ကို အနောက်ဟု၊ အနောက်ကို အရှေ့ဟုသိမှု၊ လူကောင်းတို့မှာ မီးကိုမီးဟု၊ ရွှေကိုရွှေဟုသိမှု၊ လူရူးတို့မှာ မီးကိုရွှေဟု၊ ရွှေကိုမီးဟုသိမှု စသည်တည်း။

ပညာ၌ ပသဒ္ဒါသည် ပကာရအနက်ကို ဟော၏၊ အထူးအပြား သိခြင်းကိုဆိုလို၏၊ အထူးအပြားသိခြင်းဆိုသည်မှာလည်း သညာ၏သိခြင်း၊ ဝိညာဏ်၏သိခြင်းတို့သည် ခပ်သိမ်းသောသတ္တဝါတို့၏ ပကတိအရိုးသိ အစဉ်သိဖြစ်ကြကုန်၏၊ ထိုအသိနှစ်မျိုးတို့ကိုလွန်၍ ခက်ခဲနက်နဲသော...

စာမျက်နှာ-159


အရေးအခွင့်တို့၌ အမှန်အကန်သိခြင်းကို အထူးအပြားသိခြင်းဆိုသည်။ ဤသိခြင်းကို သညာသိ ဝိညာဏ်သိတို့က ချီးမွမ်းအံ့ဩကြရ၏၊ သညာ သိခြင်းသည်လည်း-
၁။ မိရိုးဖလာနှင့်ပြီးသောသညာသိ၊

၂။ ပိဋကတ်ကျမ်းဂန်ရှိတိုင်းကို သင်ကြားအားထုတ်သဖြင့် ပိဋကတ်ကျမ်းဂန်ရှိသည့်အတိုင်းကို အစေ့အစပ် မှတ်မိသဖြင့် ပြီးသောသညာသိ- ဟူ၍နှစ်မျိုးရှိ၏။

ထိုသင်ကြားအားထုတ်သဖြင့် ပိဋကသုံးပုံကို အကုန်အစင်တတ်သော်လည်း သဘောဘက်ကို ပေါက်ရောက်အောင် မကြံမစည်နိုင်မူ၍ ကျမ်းဂန်ရှိတိုင်း ပြောတတ် ဟောတတ်ရုံမျှသာ တတ်ခဲ့သော် သညာတတ်သညာသိပင်ဖြစ်၏၊ ထိုသုံးမျိုးတို့တွင် ဝိညာဏ်ပညာတို့သည် မိမိ၏အရာတို့၌ မိမိတို့နှင့် ဆိုက်တိုက်လာသမျှ အာရုံတို့ကို ဖော်ပြတတ်ကြကုန်၏၊ မှတ်မိအောင်ကား မပြုတတ်ကြကုန်။

၁။ စက္ခုဝိညာဏ်သည် စက္ခုဒွါရတို့၌ ဆိုက်တိုက်လာသမျှသော ရူပါရုံတို့ကို မြင်မှုနှင့်ဖော်ပြ၏။

၂။ သောတဝိညာဏ်သည် သောတဒွါရတို့၌ ဆိုက်တိုက်လာသမျှ သော သဒ္ဒါရုံတို့ကို ကြားမှုနှင့်ဖော်ပြ၏။

၃။ ဃာနဝိညာဏ်သည် ဃာနဒွါရ၌ ဆိုက်တိုက်လာသမျှသော ဂန္ဓာရုံတို့ကို နံမှုနှင့်ဖော်ပြ၏။

၄။ ဇိဝှါဝိညာဏ်သည် ဇိဝှါဒွါရတို့၌ ဆိုက်တိုက်လာသမျှသော ရသာရုံတို့ကို လျက်မှုနှင့် ဖော်ပြ၏။

၅။ ကာယဝိညာဏ်သည် ကိုယ်အင်္ဂါတို့၌ ဆိုက်တိုက်လာသမျှ သော ဖောဋ္ဌဗ္ဗာရုံတို့ကို ထိမှုသိမှုနှင့်ဖော်ပြ၏။

စာမျက်နှာ-160


၆။ မနာဝိညာဏ်သည် ဘဝင်ဟူသော မနောဒွါရ၌ ဆိုက်တိုက် လာသမျှသော ဓမ္မာရုံတို့ကို ကြံမှုသိမှုနှင့်ဖော်ပြ၏။ (ဝိညာဏ်ခြောက်ပါးတို့က ဖော်ပြသမှုတို့ကို သညာကအမှတ်ပြု၏)

ပညာသည်လည်း မိမိအရာ၌ ဆိုက်တိုက်လာသမျှတို့ကို ဖြောင့်မှန်စွာ ဖော်ပြ၏။ ပညာဖော်ပြသမျှတို့ကို သညာက အမှတ်ပြု၏။

ဒိဋ္ဌိသည် ပညာ၏အရာတို့၌ မဟုတ် မမှန်ရာတို့ကို ဖော်ပြ၏၊ ဒိဋ္ဌိဖော် ပြသမျှကို သညာက အမှတ်ပြု၏။

(ဤသို့လျှင် သညာသည် ဒိဋ္ဌိတို့၏ နောက်လိုက်နောက်ပါဖြစ်၏)

စားပွဲထိုင်ကြရာ၌ စားပွဲပေါ်တွင်ရှိသမျှသော စားဖွယ်သောက်ဖွယ် ဝတ္ထုတို့ကို ဘယ်နေရာ၌ ရှိသည်ဟု စက္ခုဝိညာဏ်ကဖော်ပြ၏၊ စက္ခုဝိညာဏ်၏အလိုမှာ စားဆဲသောက်ဆဲအခါ၌ ထိုထိုဝတ္ထုကို မြင်ရ၏၊ စားသောက်၍ပြီးသောအခါ၌ ဘယ်ဟာများကို စားသောက်ရသည်ဟု ပြန်၍ ပြောဆိုနိုင်ကြရန် မရှိ၊ သညာ၏ အတွက်ကြောင့်သာ ပြန်၍ ပြောဆိုနိုင်ကြ၏။

စာပေကျမ်းဂန်တို့ကို ကျက်အံကြရာ၌ စက္ခုဝိညာဏ်သည် စာလုံးတို့ကို အစဉ် အတိုင်း ဖော်ပြ၏၊ သညာက အစဉ်အတိုင်း အမှတ်ပြု၏၊ စက္ခုဝိညာဏ်အလိုသော် အစဉ်အတိုင်း မြင်ရရုံမျှသာ ရှိရာ၏။ ပြီးလျှင်အကုန်အစင် ကွယ်ပျောက်ရာ၏၊ အနှစ်တရာတိုင်တိုင် ကျက်အံ နေသော်လည်း စာရသည်ဟူ၍မရှိရာ၊ သညာအတွက်ကြောင့်သာ တခေါက်ထက်တခေါက် မှတ်မိသဖြင့် စာရမှု ဖြစ်လာ၏။

( ပညာ ဒိဋ္ဌိအရာတို့မှာလည်း ဤနည်းတူမှတ်လေ )

စာမျက်နှာ-161


ဝိညာဏ်နှင့်ပညာဒိဋ္ဌိတို့၌ “မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ” ဟူသော ဓမ္မပဒပါဠိတော်နှင့် အညီ ပညာဒိဋ္ဌိတို့၏ အရာတို့၌ လည်း ဝိညာဏ်သည် ပညာဒိဋ္ဌိတို့၏ ရှေ့ဆောင်ရှေ့သွားဖြစ်၍ ပညာဒိဋ္ဌိတို့၏ အာရုံတို့ကို ထွန်းပြ၏၊ ဥပမာကား-
၁။ ညဉ့်အခါ၌ မီးထွန်းကြရာ ဝိညာဏ်သည် မီးတောက်နှင့်တူ၏၊
၂။ ပညာဒိဋ္ဌိတို့သည် အိမ်သူအိမ်သားတို့နှင့် တူကုန်၏၊
၃။ အာရုံခြောက်ပါး တရားသဘောတို့သည် အိမ်တွင်းရှိအထည် ဝတ္ထုတို့နှင့်တူကုန်၏၊

ထိုသုံးမျိုးတို့တွင် မီးတောက်သည် ထိုအထည်ဝတ္ထုတို့ကို ထွန်းပြလေ၏၊ မိမိသည်မူကား တစုံတခုကိုမျှ မမြင်တတ်၊ မသိတတ်၊ အိမ်သူအိမ်သားတို့သည်ကား အထည်ဝတ္ထုတို့ကို အကုန်မြင်ကြ သိကြကုန်၏။

ထိုအတူ- ဝိညာဏ်သည် အာရုံ ၆ ပါး တရားသဘောတို့ကို ရှေ့ဆောင်ရှေ့သွား ကိစ္စနှင့် ထွန်းပြ၏၊ မိမိသည်မူကား ပညာအမြင်မျိုး ဒိဋ္ဌိအမြင်မျိုးနှင့် မြင်တတ် သိတတ်သည်မဟုတ်။

သဗ္ဗညုတဉာဏ်တော်ကြီးပင်ဖြစ်သော်လည်း ဝိညာဏ်ရှေ့ဆောင်ရှေ့သွား မရှိက တစုံတခုသောဓမ္မကိုမျှ အာရုံမပြုနိုင်၊ ဥပါဒ်ကိစ္စနှင့် ဖြစ်ခြင်းငှာပင် မတတ်နိုင်။

ဤဥပမာ၌ မီးတောက်သည် ရုပ်တရားဖြစ်၍ အထည်ဝတ္ထုတို့ကို အလင်းကိစ္စနှင့် ထွန်းပြ၏၊ သိမှုကိစ္စနှင့် မပြနိုင်၊ ဝိညာဏ်သည်မူကား နာမ် တရားဖြစ်ပေ၍ အာရုံကို သိမှုကိစ္စနှင့် ထွန်းပြပေ၏၊ မနက်နဲသော ပညာဒိဋ္ဌိတို့၏နောက်လိုက်ဖြစ်သော သညာရှေ့သွားဖြစ်သော ဝိညာဏ်တို့သည်

စာမျက်နှာ-162


မနက်နဲကြကုန်၊ နက်နဲသော ပညာ, ဒိဋ္ဌိ၏ နောက်လိုက်ဖြစ်သော သညာ၏ရှေ့သွားဖြစ်သော ဝိညာဏ်တို့သည် နက်နဲကြကုန်၏ ပညာ, ဒိဋ္ဌိနှင့် မယှဉ်သော သညာဝိညာဏ်တို့သည်လည်း ရှိကြကုန်၏၊ ဤစကား၌ ဒိဋ္ဌိကိုထည့်သွင်း၍ ဆိုသည်မှာ မှားသောအဖို့၌ သိမှုမြင်မှုမျိုးဖြစ်၍ ထည့်သွင်းလိုက်သည်။

(ဤကား-သညာ, ဝိညာဏ်, ပညာဟူသောသိမှု ၃-ပါးတို့၏ခြားနားပုံကိုပြဆိုခြင်းတည်း)

အဋ္ဌကထာ,ဋီကာတို့၏ အာဘော်

အဋ္ဌကထာ,ဋီကာတို့၌ သညာ၏သိခြင်းသည် သူငယ်တို့၏ ရွှေကို သိခြင်းနှင့်တူ၏၊ ဝိညာဏ်၏သိခြင်းသည် ရပ်သူရွာသား လူကြီးလူကောင်းတို့၏ ရွှေကိုသိခြင်းနှင့်တူ၏၊ ပညာ၏သိခြင်းသည် ရွှေပန်းထိမ်သည်တို့၏ ရွှေကိုသိခြင်းနှင့်တူ၏ဟူ၍ တရပ်။

သညာသည် လောကီရေးရာ၌ သိ၏၊ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတို့ကို ပေါက်ရောက်အောင် မသိနိုင်၊ ဝိညာဏ်သည် လောကီ ရေးရာ၌လည်း သိတတ်၏၊ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘော တို့ကိုလည်း ပေါက်ရောက်အောင် ကြံနိုင်သိနိုင်၏၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် သို့မူကား မပေါက်မရောက်နိုင်၊ ပညာသည်မူကား လောကီရေးရာတို့၌ လည်း သိတတ်၏၊ အနိစ္စသဘော,ဒုက္ခသဘော, အနတ္တသဘောတို့ကို လည်း ပေါက်ရောက်အောင် သိနိုင်၏၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကိုလည်း ပေါက်ရောက်နိုင်၏-ဟူ၍ တရပ်လာ၏။

မောင်ရွှေစံအောင် ထင်မြင်ချက်မှာမူကား-သညာသည် အာရုံကို သိဟတ်ရုံမျှသာဖြစ်၏၊ အာရုံ၏ နက်နဲသော သဘောကို ထိုးထွင်း၍ သိတတ်သည်မဟုတ်၊ အာရုံ၏သဘောမျိုးတို့တွင်လည်း ရုပ်တရား နာမ်

စာမျက်နှာ-163


တရားဟူသော ပရမတ္ထတရားတို့၏ အနိစ္စ, ဒုက္ခ, အနတ္တသဘောများသည် အလွန်နက်နဲ၏၊ ထိုးထွင်းသော ပဋိဝေဓဉာဏ်၏ အရာသာဖြစ်၏၊ ထိုအရာများကို ဝိညာဏ်သည် ပေါက်ရောက်အောင် သိနိုင်လိမ့်မည်မထင်၏။

(ဤကား မောင်ရွှေစံအောင်၏ ထင်မြင်ချက်တည်း)

အဖြေမူကား ဝိပလ္လာသတရား ၃-ပါးတို့တွင် သညာဝိပလ္လာသထက် စိတ္တဝိပလ္လာသ နက်နဲ၏၊ ထို့ကြောင့် သညာဝိပလ္လာသကို “မရှိစိကုပမာ သညာ” ဟူ၍ ဟောတော်မူ၏။ (သညာသည် တံလျှပ်နှင့် တူ၏ ဟူလို)

စိတ္တဝိပလ္လာသကို “မာယုပမဝိညာဏံ” ဟူ၍ ဟောတော်မူ၏။ (ဝိညာဏ်သည် မျက်လှည့်နှင့်တူ၏ ဟူလို)

တံလျှပ်ဥပမာသည် တိမ်၏၊ မျက်လှည့်ဥပမာသည် နက်နဲ၏၊ ဤသို့လျှင် မိစ္ဆာပက္ခ၌ သညာ၏သိမှုသည် သေးငယ်၏၊ ထွေထွေလာလာကြံဖန်တတ်သည်မဟုတ်၊ ဝိညာဏ်၏ သိမှုသည် ကြီးမား၏၊ ထွေထွေလာလာ မှောက်မှားစွာ ကြံဖန်တတ်၏။

ထို့ကြောင့် ဗောဓိပက္ခိယတရားတို့၌ ဝိညာဏ်သည်သာလျှင် စိတ္တိဒ္ဓိပါဒ အမည်နှင့်ပါဝင်၏၊ သညာသည် တစုံတခုသောကိစ္စနှင့်မျှ မပါဝင်လေ၊ အဋ္ဌကထာဋီကာတို့၌ သညာ၏အသိထက် ဝိညာဏ်၏ အသိက ကြီးမားသည်ကို ပြဆိုကြပေကုန်သည်။

“ဝိညာဏ်သည် အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတို့ကို ပေါက်ရောက်အောင် ကြံနိုင် သိနိုင်သည်” ဟူသောစကား၌လည်း အနိစ္စ သဘောသည် အကြမ်း အလတ်, အနု ၃-မျိုးရှိ၏၊ ထို ၃-မျိုးတို့တွင်-

၁။ မျက်မြင် ကိုယ်တွေ့တို့ကို သက်သေပြု၍ သိမြင်ထင်လင်းနိုင်ကောင်းသော ရုပ်အနိစ္စ, နာမ်အနိစ္စများသည် အကြမ်းမည်၏၊

စာမျက်နှာ-164


ဥပမာကား- လူတို့၏ ခန္ဓာကိုယ်တို့၌ အဆင်း, အသံ, အပူ, အအေး, သုခဝေဒနာ ဒုက္ခဝေဒနာ သောမနဿ ဒေါမနဿ အစရှိသည်တို့သည် ဖောက်ပြန် ပျက်ပြား ပြောင်းလဲခွင့်ရှိတိုင်း ပြောင်းလဲ၍ နေကြမှုတို့ပေတည်း၊ ဤကဲ့သို့သော အနိစ္စအကြမ်းများသည် မျက်မြင်ကိုယ်တွေ့ဟု ဆိုအပ်သော ဝိညာဏ်၏ အရာမှာပင် ထင်လင်းစွာ သိမြင်နိုင်ကောင်း၏၊ သညာသည်မူကား ထွေထွေလာလာ ကြံဖန်ခြင်းမရှိဖြစ်၍ ဤကဲ့သို့သော အနိစ္စအကြမ်းကိုမျှ မိမိ၏ အစွမ်းသတ္တိအားဖြင့် ပေါက်ရောက်အောင် ကြံဖန်တတ်သော တရားမဟုတ်။

၂။ အနိစ္စလတ်ဆိုသည်ကား – ဣရိယာပုထ်တို့၏ ပြောင်းလဲမှုတို့ကို ကိုယ်တွေ့ မျက်မြင်တွေ့ထင်ကြရသဖြင့် ထင်ရှားလျက်နေသော ရုပ်, နာမ်, ဓမ္မတို့၏ အနိစ္စသဘောမျိုးကို ဆိုသတည်း၊ ထို အနိစ္စလတ်မျိုးသည်လည်း ကိုယ်တွေ့မျက်မြင် ဝိညာဏ်၏ ကြံဖန်မှုနှင့်ပင် ထင်ရှားနိုင်ရာ၏၊ ဝိညာဏ်ဆိုသော်လည်း ဘုရားဟော ဒေသနာကို ကြားနာဖူးသူတို့၏ ဝိညာဏ်ကိုယူလေ။

၃။ အနိစ္စနုဆိုသည်ကား- ဝိညာဏ်၏ အရာဖြစ်သော အနိစ္စကြမ်း အနိစ္စလတ်တို့ကို အထောက်အထားပြု၍ အချို့ အနုထက်အနုတို့ကို အဆင့်ဆင့်သိမြင်ကြရာ၌၊ ထင်မြင်ရသော အနိစ္စသဘောမျိုးကို ဆိုသတည်း။ ဥပမာကား- ကြာမြင့်စွာ နေထိုင်ရာ၌ အတော်ကြာခဲ့လျှင် ညောင်းညာမှု ထင်ရှား၍လာ၏၊ ထိုသို့ထင်ရှား၍ လာသောညောင်းညာမှုတို့ကို ကိုယ်တွေ့ဒိဋ္ဌဟုခေါ်၏၊ ဝိညာဏ်၏သိမှုနှင့်ပင် သိနိုင်၏၊ ထိုသို့ ထင်ရှား၍လာသော ညောင်းညာမှုကိုတွေ့ကြုံကြရသဖြင့် ထိုင်စမှ

စာမျက်နှာ-165


စ၍ ညောင်းရုပ်မျိုး၊ ညာရုပ်မျိုး အစဉ်အတိုင်း အဆင့်ဆင့်ဖြစ်ပေါ်ပွားများပြောင်းလဲ၍ အနိစ္စအချက်တွေ တရွဖြစ်နေသည်ကို ဉာဏ်ထဲတွင် သိမြင်နိုင်၏။

ဤကား အနိစ္စအနုတည်း၊ သိမ်မွေ့နက်နဲသည်ကို အနုဟုဆိုသည်။ ဤအနိစ္စအနုဆိုသည်ကား - ဝိညာဏ်၏ အရာမဟုတ်၊ ပညာ၏ အရသာပေတည်း။

(အနိစ္စကြမ်းကို ထင်မြင်ခဲ့လျှင် ဒုက္ခကြမ်း၊ အနတ္တကြမ်းတို့ကို ထင်မြင်တော့သည်၊ အနိစ္စလတ်ကို ထင်မြင်ခဲ့လျှင် ဒုက္ခလတ် အနတ္တလတ်တို့ကို ထင်မြင်ခဲ့တော့သည်၊ အနိစ္စနုကို ထင်မြင်ခဲ့လျှင် ဒုက္ခနု အနတ္တနုတို့ကို ထင်မြင်တော့သည်)

ဒုက္ခဆိုသည်ကား ဘယဋ္ဌေနဒုက္ခကို ဆိုလိုသည်၊ ဥပမာကား- ပင်လယ်ကျွန်း၌ ပျက်လတ္တံ့သော သင်္ဘောကို စီးမိသောသူတို့သည် မြန်မြန်ကြီးပျက်မည်ကို မြင်ကြလေလေ စိတ်အပူကြီးပူရန် ဘယဋ္ဌဒုက္ခ ကြီးကြီးမားမား ဖြစ်လေသကဲ့သို့ အနမတဂ္ဂသံသရာ ထိုသမုဒ္ဒရာကြီး အတွင်း၌ ပဋိစ္စသမုပ္ပါဒ်စက်သင်္ဘောကိုစီး၍ နေကြရကုန်သောသူတို့သည် ရုပ်နာမ် ဓမ္မတို့၏ မြန်မြန်ကြီးပျက်မှုကို ထင်မြင်လေလေ သင်္ခါရဒုက္ခဘေး၊ ဝိပရိဏာမဒုက္ခဘေး ကြီးမားလေလေ ထင်မြင်ကြကုန်၏၊ ထိုသုံးပါးတို့တွင် အကြမ်း အလတ်တို့ကို ထင်မြင်နိုင်ရုံမျှနှင့် အနုသယ ကိလေသာတို့ကို မပယ်နိုင်သေး၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်မပေါက်နိုင်သေး၊ အနုကို ထင်မြင်နိုင်ကြမှသာလျှင် အနုသယကိလေသာတို့ကို ပယ်နိုင်၏၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ပေါက်နိုင်၏၊ ထို့ကြောင့် အဋ္ဌကထာဋီကာတို့၌--

ဝိညာဏ်၏ သိမှုသည် လက္ခဏာရေးသုံးပါးကို ပေါက်နိုင်၏၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့မူကား မပေါက်နိုင်၊ ပညာ၏သိမှုသည်သာ လျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ပေါက်ရောက်နိုင်သည်- ဟူ၍ ဖွင့်ဆိုကြလေကုန်သည်။

စာမျက်နှာ-166


(ဤကား-အဋ္ဌကထာဋီကာကျမ်းတို့၏ အာဘော်ကို ပြဆိုချက်ပေတည်း)

ဤအရာ၌ စောဒနာရန်ရှိသည်ကား- သတ္တင်္ဂုတ္တရပါဠိတော် နောက်ဆုံးဝဂ်၌ “ရာဂဿ ဘိက္ခဝေ အဘိညာယ သတ္တဓမ္မာ ဘာဝေတဗ္ဗာ၊ ကတမေ သတ္တ အနိစ္စသညာ အနတ္တသညာ အသုဘသညာ နဝသညာ ပဟာနသညာ ဝိရာဂသညာ နိရောဓသညာ” စသည်ဖြင့်လည်းကောင်း။ ဆက္ကင်္ဂုတ္တရပါဠိတော် နောက်ဆုံးဝဂ်၌လည်း “ရာဂဿ ဘိက္ခဝေ အဘိညာယ ဆမ္မာ ဘာဝေတဗ္ဗာ၊ ကတမေ စ အနိစ္စသညာ အနိစ္စေဒုက္ခသညာ ဒုက္ခေအနတ္တသညာ၊ ပဟာနသညာ ဝိရာဂသညာ နိရောဓသညာ” စသည်ဖြင့်လည်းကောင်း သုတ်ပေါင်းများစွာလာ၏။ ဤသို့လာသောကြောင့် သညာ၏ သိခြင်းသည်လည်း ဝိညာဏ်၏ သိခြင်းကဲ့သို့ လက္ခဏာရေးသုံးပါးကို ပေါက်ရောက်နိုင်၏ဟူ၍ ဆိုရန်ရှိ၏။

အဖြေကား = သညာ၏သိခြင်းမည်သည် ဝိညာဏ်၏သိခြင်း ပညာ၏ သိခြင်းတို့ကို စွဲမြဲစေတတ်၏၊ ထို့ကြောင့် လက္ခဏာရေးသုံးပါးအရာ၌ ထိုနှစ်ပါးသော သိခြင်းတို့ကို စွဲမြဲစေခြင်းငှာ သညာကိုပွားစေရမည်ဟူ၍ ဟောတော်မူသည်၊ အသိအမြင်မပေါက်သေးသော လက္ခဏာရေးအချက် တို့၌ သညာ၏ကိစ္စသက်သက်နှင့် အသစ်အသစ် အသိအမြင်တိုးပွားစေရန် ဟောတော်မူသည်မဟုတ်။

အနိစ္စသညာ ဘာဝေတဗ္ဗာ ဟူသည်ကား အသိအမြင် အသစ်အသစ် တိုးပွားအောင် ပွားများစေမှုကို ဆိုလိုရင်းမဟုတ်၊ သတိပဋ္ဌာန်အရာ၌ သတိပဋ္ဌာန်ကို ပွားများစေမှုကဲ့သို့ မမေ့မပျောက် မလစ်မလပ်ရအောင် အထပ်ထပ်ပွားများစေမှုကို ဆိုလိုသည်၊ သညာကို အထပ်ထပ်ပွားများစေခဲ့လျှင် အသစ်အသစ် အသိအမြင် တိုးပွားစေမှုဟူသော ဝိညာဏ်ကိစ္စ ပညာကိစ္စတို့လည်း အထူးအားရှိကြကုန်လတ္တံ့။

စာမျက်နှာ-167


(ဤကား အဋ္ဌကထာဋီကာကျမ်းဂန်တို့နှင့် ပါဠိတော်တို့ကို ညှိနှိုင်းချက်တည်း)

နယ်ပိုင်ဝန်ထောက် မောင်ရွှေစံအောင်ထံ ပြန်ကြားချက်

မောင်ရွှေစံအောင်ထံမှ ရောက်ရှိသည့် သညာ, ဝိညာဏ် ပညာ၏ သုံးပါးစိစစ်ချက်များကို အသေအချာကြည့်ရှုရာ မောင်ရွှေစံအောင် အလိုမှာ-

“အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးမည်သည် အကြမ်းပင် ဖြစ်သော်လည်း ပညာသိ၏ အရာသာ ဖြစ်သင့်သည်၊ ဝိညာဏ်၏ အရာ မဖြစ်သင့်ရာ”။ တချက်။

အဋ္ဌကထာ၌- “ဝိညာဏ်သည် လက္ခဏာရေးသုံးပါးကို ပေါက်ရောက်စေနိုင်၏၊ မဂ်ဖိုလ်ပေါ်ပေါက်၍ လာအောင်ကား မစွမ်းနိုင်” ဟူသော စကားမှာလည်း လက္ခဏာရေးအလင်းပေါက်မှ မဂ်ပေါက် ဖိုလ်ပေါက်မှုသည် ပညာသိ၏ အရာသာဖြစ်သော်လည်း ဝိညာဏ်သည် ထို ပေါက်မှုနှစ်ပါးမှာလည်း ပညာ၏ ရှေ့ဆောင် ရှေ့သွား ကိစ္စနှင့်ပါရလျက် ရှိ၏၊ ထိုနှစ်ပါးတွင်မူကား လက္ခဏာရေးအရာမှာ ဝိညာဏ်၏ ကိစ္စသည် ပြောစလောက်အောင်ပင် ရှိသေး၏၊ မဂ်ဖိုလ်ပေါက်မှုမှာမူကား ဝိညာဏ် ကိစ္စသည် ပြောစလောက်အောင် မရှိပြီ။

ဥပမာကား- ညဉ့်အခါ ရွှေလသာခိုက်မှာ ပိုးစုန်းကြူး၏ အရောင်သည် လရောင်တွင်းမှာပင် ပြောစလောက်အောင် ပေါ်နိုင်သေး၏၊ နေ့အခါ နေရောင်တွင်းမှာမူ ပြောစလောက်အောင် မပေါ်နိုင်ပြီ။

(ဤဥပမာအတိုင်း ၎င်းအဋ္ဌကထာစကားမှာယူလို၏ မောင်ရွှေစံအောင်)

စာမျက်နှာ-168


ဆရာတော်၏ ဉာဏ်မှာလည်း မောင်ရွှေစံအောင် ဉာဏ်နှင့် ယှဉ်ကာပင် သွား၏၊ သို့ရာတွင်–

(၁) လက္ခဏပဋိဝေဓံ ပါပေတုံ သက္ကောတိ၊ မဂ္ဂဖလာပါတုဘာဝံ ပါပေတုံ န သက္ကောတိ- ဟူသော အဋ္ဌကထာ၏ ပြဋ္ဌာန်းချက်ကြီးကို အလွန် ပေါ့လျော့၍ သွားအောင် မရှောင်ရှားသာချဟု မြော်မိသည်။ တချက်။

(၂) စိတ်ဝိညာဏ်မည်သည် အာရုံအသစ်အသစ်ကိုလည်း ရှာကြံတတ်သည်ဖြစ်၍ ဒိဋ္ဌသုတ, ဥပနိဿယ အားပေး အားမြှောက်ကောင်းခဲ့လျှင် လက်နက်ကိရိယာ အဆန်းတကြယ်ကြံဖန်လုပ်ဆောင်ခြင်း အစရှိသော မိစ္ဆာဉာဏ်၏အရာဖြစ်သော အကုသိုလ်အမှုမျိုးတို့၌လည်း လောကတွင် ခက်ခဲနက်နဲသောအရာကြီးများကိုပင် ပေါက်ရောက် အထမြောက်အောင် ကြံဖန်လုပ်ဆောင်နိုင်ကြသည်များကိုလည်း တွေ့မြင် ကြားသိ ရှိနေကြသည်။ တချက်။

(ဤစကား၌ “မိစ္ဆာဉာဏံ” ပုဒ်ကိုဖွင့်ရာ အဋ္ဌကထာမှာ “ပါပကေ ဥပါယစိန္တနဝသေန ဥပ္ပန္နော မောဟော မိစ္ဆာဉာဏံ နာမ” ဟူ၍မောဟကို မိစ္ဆာဉာဏ်ဆိုလို၏၊ မူလဋီကာဆရာကား ဆန်းကြယ်သောဝိတက်ကို မိစ္ဆာဉာဏ်ဆိုလို၏၊ ဆရာတော်၏ အလိုကား ဆန်းကြယ်သော စိတ်ဝိညာဏ်ကို မိစ္ဆာဉာဏ်ဆိုလို၏။)

(၃) မြတ်စွာဘုရားသည်လည်း တိရစ္ဆာန်သတ္တဝါတို့၏ အဆင်မျိုး၊ သဏ္ဌာန်မျိုး၊ အနန္တဆန်းကြယ်မှုကို ဥဒါဟရုဏ်ထုတ်ပြတော်မူ၍ ထို တိရစ္ဆာန်သတ္တဝါစု အနန္တဆန်းကြယ်မှုကို စိတ်သည်ပင်ပြုလေ၏၊ တိရစ္ဆာန်သတ္တဝါစု အနန္တဆန်းကြယ်မှုထက်ပင် စိတ်သည် ပိုလွန်၍ ဆန်းကြယ်နိုင်သေးသည်ဟု ဟောတော်မူသည့်များကို မြော်မိသည်။ တချက်။

စာမျက်နှာ-169


အနိစ္စကြမ်း, ဒုက္ခကြမ်း အနတ္တကြမ်းဆိုသည်မှာလည်း ဝိညာဏ်၏နယ်တွင်းမှာပင် ထင်မြင်တွေ့ရှိ၍နေကြသော အနိစ္စမျိုး, ဒုက္ခမျိုး အနတ္တမျိုးတို့ကို ဆိုလိုပေသည်၊ ကိုယ်တွေ့မျက်မြင် နားကြားတို့နှင့် အများသိကြသော အနိစ္စမှု ဒုက္ခမှု အနတ္တမှုတို့ကား ဝိညာဏ်၏ နယ်တွင်း၌ရှိသည်။ သေလောက်သော ဘေးနှင့် တွေ့ရှိခဲ့လျှင် ဘယ်အခါမဆို သေရခြင်း၊ အိုခွင့်ဆိုက်လျှင် အိုရခြင်း၊ နာခွင့်ဆိုက်လျှင် နာရခြင်းတို့ပေတည်း။

အလတ်ဆိုသည်ကား- ထိုအကြမ်းတို့ထက် အတန်ငယ် သိမ်မွေ့သော ဣရိယာပုထ် ကြီးငယ်ပြောင်းလဲခြင်း၊ အပူအအေး ပြောင်းလဲခြင်း၊ အာဟာရအတွက် ပြောင်းလဲခြင်း၊ သောမနဿ ဒေါမနဿအတွက် ပြောင်းလဲခြင်း၊ ဤကဲ့သို့သော ရုပ်နာမ်တို့၏ပြောင်းလဲခြင်းများကို အနိစ္စလတ်, ဒုက္ခလတ် အနတ္တလတ်ဟု ဆိုသည်၊ ထိုသို့ပြောင်းလဲခြင်းသည် ကိုယ်တွေ့ဖြစ်ကြ၍ ဝိညာဏ်နယ်ဟူ၍ ဆိုပေသည်။

သို့ရာတွင် ပကတိ မိမွေးတိုင်း ဖမွေးတိုင်း အနေအထားအားဖြင့် ရုပ်ဟူ၍ နာမ်ဟူ၍ မသိကြ၊ ရုပ်နာမ်တို့၏ အနိစ္စမှု ဒုက္ခမှု အနတ္တမှုဟူ၍ မသိကြ၊ မသိကြသော်လည်း အမှုမှာ ဝိညာဏ်သိ၏ နယ်တွင်းမှာဖြစ်၍ ရုပ်နာမ်ပေါ်အောင် ခွဲခြမ်း၍ ပြောခဲ့လျှင် ဝိညာဏ်သိနှင့် ကွဲပြားစွာ သိနိုင်ရန်ရှိပါ၏။

(“အာရမ္မဏဝိဇာနာနလက္ခဏံ ဝိညာဏံ”ဟူသော စကား၌ အာရမ္မဏပုဒ်ကို ကံပုဒ်ထားသည်မှာ အာရုံဟူ၍ သိကာမတ္တမျှ ဖြစ်၍ထားသည်မဟုတ်၊ နာမ်တရားတို့၏ သဘောသတ္တိကိုပြဆိုရာ “အာရမ္မဏ ဖုသနလက္ခဏော ဖဿော၊ အာရမ္မဏ ဝေဒယိတလက္ခဏာ ဝေဒနာ” အစရှိသဖြင့် များသောအားဖြင့် အာရုံကို ကံပုဒ် အာဓာရပုဒ် ထားမြဲဖြစ်ပေသည်။)

အာရမ္မဏသဒ္ဒါနှင့် ဆိုသည်ကို မြှော်၍ ဝိညာဏ်သည် အာရုံကို အာရုံယူ၍ သိကာမျှသာဟု မဆိုသာပေ၊ မနောဝိညာဏ်သည်မူကား သုခကို သုခဟူ၍၊ ဒုက္ခကို ဒုက္ခဟူ၍၊ ဣဋ္ဌကို ဣဋ္ဌဟူ၍ အနိဋ္ဌကို အနိဋ္ဌဟူ၍ ဖြစ်သည်ကို အဖြစ်ဟူ၍၊ ပျက်သည်ကို အပျက်ဟူ၍၊ လူကို လူဟူ၍၊ နွားကို နွားဟူ၍၊ မြေကို မြေဟူ၍၊ ရေကို ရေဟူ၍၊ မီးကို မီးဟူ၍၊ ရွှေကို ရွှေဟူ၍၊ ငွေကို ငွေဟူ၍ သိသည်သာဖြစ်သည်။

စာမျက်နှာ-170


သူတော်ကောင်းတရားကို ကြားနာရသော သူ၏ ဝိညာဏ်သည် ကုသိုလ်ကို ကုသိုလ်ဟူ၍၊ အကုသိုလ်ကို အကုသိုလ်ဟူ၍၊ လောဘကို လောဘဟူ၍၊ ဒေါသကို ဒေါသဟူ၍ သိသည်သာ ဖြစ်သည်။

လူ့လောက၌ အရပ်ဒေသအားလျော်စွာ အမျိုးအရိုးအားလျော်စွာ လုပ်ရေး ဆောင်ရေး ပြောရေး ဆိုရေး အသက်မွေးမှု အမျိုးမျိုးတို့မှစ၍ အချင်းချင်း ဒိဋ္ဌသုတတို့နှင့် ပြီးစီးကြသော အသိအလိမ္မာမျိုးသည် သညာ ဝိညာဏ်တို့၏ကိစ္စပေတည်း။

ထိုအရေးတို့၏ အတွင်းမှာမူကား အချို့အချို့သော အချက်အရာတို့၌ ဉာဏ်၏အချက်လည်း ပါ၏၊ ဉာဏ်၏အချက်မည်သည်ကား ကြံနိုင်ပေစွဟု ချီးမွမ်းရ နည်းယူ၍ နည်းခိုးရသော အရာမျိုးပေတည်း။

(ဤမျှလောက်သော စကားရပ်တို့ဖြင့် ဝိညာဏ်သည် အနိစ္စကြမ်း အနိစ္စလတ်တို့ကို ကြံနိုင်၏ဟူသော စကားရပ်တို့ကို အတည်ပြုလိုက်သည်။)

(သညာဝိညာဏ် ပညာအဆုံးအဖြတ်ပြီး၏)

သစ္စာနှင့်မိစ္ဆာ

“ပရမတ္ထသံခိပ် ဋီကာ”တွင် မှန်သော သစ္စာသညာမှာ အနိစ္စသညာ၊ ဒုက္ခသညာနှင့် အနတ္တသညာဟူ၍ သုံးပါးမျှသာရှိကြောင်းကို လည်းကောင်း၊ ချွတ်ယွင်း ဖောက်ပြန် မမှန်သောသညာများမှာ နိစ္စသညာ, သုခသညာ, အတ္တသညာ, သတ္တသညာ, ဣတ္ထိသညာ, ပုရိသသညာ စသောအားဖြင့် များပြားလှကြောင်းကို လည်းကောင်း ဖွင့်ဆိုထားသည်။
၁။ ပရမတ္ထသံခိပ်ဋီ၊ ပ၊ ၁၄၄။

စာမျက်နှာ-171


သညာနှင့်ခန္ဓဒေသနာ

မှတ်သားမှုသညာကို ဆိုခဲ့သည့်အတိုင်း အတိတ်သညာ အနာဂတ်သညာ အစရှိသည့် သညာအမျိုးမျိုးကို ဉာဏ်ဖြင့်စုစည်းတော်မူကာ မှတ်သားမှုသညာအစု (သညာက္ခန္ဓာ) အဖြစ် ခန္ဓဒေသနာ (ခန္ဓာငါးပါး)တွင် သီးခြားထည့်သွင်း ဟောတော်မူသည်။

သညာကိုသီးခြားဟောခြင်းအကြောင်း

တွေ့ထိမှုဖဿ စသည်တို့ကဲ့သို့ ပြုပြင်မှုအစုံ (သင်္ခါရက္ခန္ဓာ) တွင် ထည့်သွင်းဟောသင့်ပါလျက် မဟောဘဲ သီးခြားဟောတော်မူရခြင်းမှာ သတ္တဝါတို့အား အနှစ်သာရ ရှာမရသည့် အနတ္တသဘောကို အထည်ကိုယ်အမာခံ အနှစ်သာရအတ္တဟူ၍ ဖောက်ဖောက်ပြန်ပြန် ထင်စေတတ်သော တရားစုတွင် မှတ်သားမှုသညာသည် အလွန်ကဲဆုံးဖြစ်၏။

မှတ်သားမှုသညာအတွက်ကြောင့် အနတ္တကိုအတ္တဟု ဖောက်ဖောက်ပြန်ပြန်ထင်မှတ်မှုများ ဖြစ်ရသည်၊ ဤ၌ ဖောက်ဖောက်ပြန်ပြန်မှားယွင်းသော တရားဆိုသည်မှာ ဝိပ္ပလ္လာသတရားတည်း။ ဖောက်ဖောက်ပြန်ပြန် မှားယွင်းခြင်းကို (ဝါ) ဟုတ်သည် မှန်သည်ကို မဟုတ်မမှန်ဟု မှားယွင်းခြင်း၊ မဟုတ်မမှန်သည်ကို ဟုတ်မှန်သည်ဟု မှားယွင်းခြင်းကို ဝိပ္ပလ္လာသသညာဟုခေါ်သည်။

ဝိပ္ပလ္လာသတရား (၃) ပါး

(၁) အမှတ်မှားမှု (သညာဝိပ္ပလ္လာသ)
(၂) အကြံအသိမှားမှု (စိတ္တဝိပ္ပလ္လာသ)
၁။ ပရမတ္ထသံခိပ်၊ ဋီ၊ ဒု၊ ၃၂၅၊ ၃၂၆၊ ၃၂၇။

စာမျက်နှာ-172


(၃) အမြင်အယူမှားမှု (ဒိဋ္ဌိဝိပ္ပလ္လာသ) ဟူ၍ သုံးမျိုးရှိ၏။

ထိုသုံးမျိုးတို့တွင် သညာဝိပ္ပလ္လာသ၌-
(၁) အနိစ္စ၌ နိစ္စဟု အမှတ်မှားခြင်း၊
(၂) အသုဘ၌ သုဘဟု အမှတ်မှားခြင်း၊
(၃) ဒုက္ခ၌ သုခဟု အမှတ်မှားခြင်း၊
(၄) အနတ္တ၌ အတ္တဟု အမှတ်မှားခြင်း၊
ဟူ၍ လေးမျိုးရှိ၏။ ထို့အတူ စိတ္တဒိဋ္ဌိ ဝိပ္ပလ္လာသတို့၌လည်း လေးမျိုးစီပင် ရှိသည်။

သညာဝိပ္ပလ္လာသ၌ တောသမင်ဥပမာ

သညာ၏အမှတ်မှားပုံမှာ တခုသော တောကြီးအလယ်တွင် လယ်သမားတို့သည် စပါးခင်းများလုပ်ကိုင်ထားကြ၏၊ တောသမင်တို့သည် လယ်ရှင်ယောက်ျားမရှိခင် စပါးခင်းသို့ လာ၍ အသီးအနှံတို့ကို စားတတ်ကြသည်၊ လယ်ရှင်သည် တောသမင်တို့ကို ကြောက်လန့်စေခြင်းငှာ မြက်ခြောက်တို့ကို လူသဏ္ဌာန်ပြုလုပ်၍ စပါးခင်းအလယ်၌ စိုက်ထား၏။

ထိုလူရုပ်၌ မြက်ခြောက်တို့ကို လျှော်ဖြင့် ဖွဲ့စည်း၍ ကိုယ်သဏ္ဌာန် ဦးခေါင်းသဏ္ဌာန် လက်သဏ္ဌာန်လုပ်၏၊ အိုးငယ်ကို ထုံးဖြူဖြင့် မျက်နှာသဏ္ဌာန်ရေး၍ ဦးခေါင်း၌ စွပ်ထား၏။ အဝတ်ဟောင်း, အင်္ကျီဟောင်းတို့ကို စွတ်၍ထား၏၊ လက်တို့၌ လေးမြားတို့ကို ကိုင်စွဲ၏၊ တောသမင်တို့သည် စပါးခင်းသို့ စားသောက်ရန် ရောက်လာကြသောအခါ ထိုမြက်ခြောက်ရုပ်ကို မြင်ရလျှင် လူမဟုတ်သည်ကို လူအဟုတ်ထင်မှတ်၍ ကြောက်လန့်ပြီး ထွက်ပြေးကြလေသည်။

ဤဥပမာတွင် တောသမင်တို့၌ ပကတိလူအသွင်ကို ရှေးအခါက မှတ်ခဲ့ဖူးကြ၏၊ ထိုအမှတ်သညာအတိုင်း မြက်ရုပ်ကို လူဟူ၍ မှတ်ကြပြန်၏၊ အမှတ်မှားကြ၏၊ သညာဝိပ္ပလ္လာသသည် ဤသို့ တောသမင်ဥပမာနှင့်တူလေသည်။

စာမျက်နှာ-173


ကြောင်ကြောင်မြင်လျက်နှင့် မှားကြပုံ

တောသမင်တို့ ဤသို့ မှားကြပုံမှာ မျက်စိလယ်သောသူသည် နေထွက်နေဝင် ကြောင်ကြောင်မြင်လျက်နှင့် မှားကြခြင်းဖြစ်သည်။ ကိုယ်ခန္ဓာတွင် အသုဘသဘော၊ အနိစ္စဒုက္ခ အနတ္တသဘောတို့သည် ကိုယ်တွေ့မျက်မြင် အလွန်ထင်ရှား၏၊ ကြောင်ကြောင်မြင်မျိုးပင်ဖြစ်ပါသည်။

သညာဝိပ္ပလ္လာသသည် တောသမင်ကဲ့သို့ ကြောင်ကြောင်မြင်လျက် မှားတတ်၏၊ မှားမိပြန်လျှင်လည်း အလွန်ခိုင်မြဲတတ်ပါသည်၊ ပြောင်းလဲ၍ မရနိုင်အောင် ရှိတတ်ပါသည်၊ ထို့ကြောင့် မိစ္ဆာသညာများသည် ဘုရားအဆူဆူချွတ်သော်လည်း ကျွတ်ရန် ခဲယဉ်းလှကြောင်း မိန့်ဆိုကြသည်။ စိတ္တဝိပ္ပလ္လာသသည် မဟုတ်သည်ကို အဟုတ်ကြံ၍ လှည့်စားတတ်သောကြောင့် ဤသညာဝိပ္ပလ္လာသထက် နက်နဲ၏၊ သို့ရာတွင် အကြောင်းယုတ္တိနှင့် ဖြေဖျောက်လျှင် ပြေပျောက်နိုင်ပါသေးသည်၊ သညာဝိပ္ပလ္လာသကဲ့သို့ မခိုင်မြဲတတ်ပေ။

လွန်ကဲသောတရားများ

ပုထုဇဉ်တို့အား အထည်ကိုယ် အမာခံအနှစ်သာရမဟုတ်သော အနတ္တကို အထည်ကိုယ် အမာခံအနှစ်သာရ အတ္တဟု ဖောက်ဖောက်ပြန်ပြန် ထင်စေတတ်သော တရားတို့တွင် သညာသည် အလွန်ကဲဆုံးဖြစ်၏၊ သညာအတွက်ကြောင့် အတ္တဝိပ္ပလ္လာသဖြစ်ရသည်။

သတ္တဝါတို့အား သုခဟူ၍ ဖောက်ဖောက်ပြန်ပြန် ထင်စေတတ်သောတရားတို့တွင် ဝေဒနာသည် အလွန်ကဲဆုံး ဖြစ်သည်၊ ဝေဒနာအတွက်ကြောင့် သုခဝိပ္ပလ္လာသဖြစ်ရသည်။ သတ္တဝါတို့အား နိစ္စဟူ၍ ဖောက်ဖောက်ပြန်ပြန်ထင်စေတတ်သော တရားတို့တွင် စိတ်သည် အလွန်ကဲဆုံး ဖြစ်သည်၊ စိတ်အတွက်ကြောင့် နိစ္စဝိပ္ပလ္လာသဖြစ်ရသည်။ ဤသို့အားဖြင့် သညာသည် အနတ္တကို အတ္တဟု ထင်မှတ်ရာ၌ အလွန်ကဲဆုံးဖြစ်သည်။
၁။ ဒီပနီပေါင်းချုပ်၊ ၁။ ၂။

စာမျက်နှာ-174


အလွန်ကဲဆုံးဖြစ်သောကြောင့် သတ္တဝါကို အတ္တဟုစွဲလမ်းကြရာ၌ ထားအပ်သော အားကိုးအပ်သော တရားစုတွင် သညာသည် အားအထားရဆုံး အားအကိုးရဆုံးဖြစ်၏။

မှန်၏၊ လောကသားတို့သည် မိမိတို့ သိသင့်သိထိုက်သည့်အရာ အတတ်ပညာများကို မှတ်သားခြင်းသညာဖြင့် အပြည့်အစုံတတ်မြောက်အောင် သင်ကြားမှတ်သားကြပြီး သိကြားလိမ္မာသော အတတ်ပညာရှင် အဖြစ်သို့ ရောက်သောအခါ မိမိကိုယ်ကို အထင်ကြီးလာကာ “ငါသည်လည်း အများနည်းတူ တတ်သည်ပင် အဘယ်သူက ငါ့ထက်သာလွန်တတ်ဦးမည်နည်း”ဟု ထင်မြင်ကြွားမောက် ဘဝင်မြင့်လာကြ၏။

ဤသည်မှာ သိကြားလိမ္မာမှု၊ မှတ်သားသိရှိမှုဟု ဆိုအပ်သည့်သညာကို အမွန်အမြတ်အတ္တကြီးတခု ပြုလုပ်ခြင်းပင် ဖြစ်၏၊ ထို့ကြောင့် အတ္တဟူ၍ မှတ်ထင်အားကိုးအပ်သော တရားတို့တွင် သညာသည် အထွတ်အထိပ်ဖြစ်သည်၊ ထို့ကြောင့် မြတ်စွာဘုရားသည် ယင်းသညာကို အသီးအခြား ထုတ်နုတ်တော်မူ၍ ခန္ဓာတခုအဖြစ် သီးခြားဟောခဲ့လေသည်။

သညာကို သီးခြားဟောရခြင်း အကြောင်းတမျိုး

သညာက ဝေဒနာအရသာပေါ်အောင် ကျေးဇူးပြုပုံ

နာမရူပပရိစ္ဆေဒကျမ်းအဆိုအရ သညာကို သီးခြားခန္ဓာတခုအဖြစ် ဟောရခြင်းမှာ သာယာတပ်မက်မှုတဏှာ၏အကြောင်းရင်းမှာ ခံစားမှုဝေဒနာဖြစ်သည်၊ ဝေဒနာက အရသာကို ခံစားသည့်အခါ မှတ်သားမှုသညာ အရေးကြီးသည်၊ သညာက အမျိုးမျိုးမှတ်လေလေ ခံစားမှုဝေဒနာမှာ အရသာရှိလေလေဖြစ်သည်။
၁။ ပရမတ္ထသံခိပ်၊ ဋီ၊ ဒု၊ ၃၂၆။ ၃၂၇။
၂။ နာမရူပပရိစ္ဆေဒ။

စာမျက်နှာ-175


တီကောင်ကို ကြာဆံထင်မှတ်သည့်ဥပမာ

ရှေးအခါက ကုန်သည်တစုတို့ ညမှောင်မှောင် ထမင်းတောင်းစားကြရာ အမျှင်အမျှင်သဏ္ဌာန်ရှိသော တီကောင်ဟင်းချိုကို ကြာဆံဟင်းထင်မှတ်သဖြင့် ကြာဆံဟင်းဟူသောသညာဖြင့် မြိန်ရှက်စွာ စားသောက်ကြပြီးနောက် အရသာရှိလှသောကြောင့် ကျန်သမျှကို နံနက်စာအတွက် ချန်ထားကြ၏၊ နံနက်လင်းသောအခါ တီကောင်တွေကိုမြင်ရ၍ အော့အန်ကြသည်ဟုဆိုသည်၊ ဤ၌ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သညာက မှတ်သားတိုင်း ဝေဒနာမှာ အရသာရှိလေသည်။

မျက်မှန်စိမ်းတပ်၍ အစာကျွေးသည့်ဥပမာ

တိရစ္ဆာန်ရုံမှမြင်းကျားကို အစာကျွေးနေပုံ တမျိုးကို တွေ့ရဖူးသည်၊ ပထမ ကောက်ရိုးကျွေးသည်၊ မြင်းသည် အနည်းငယ်သာ စားသည်၊ ထိုအခါ အလုပ်သမားသည် ယင်းမြင်းကို မျက်မှန်စိမ်းတပ်ပေးပြီး ယခင်ကောက်ရိုးကိုပင် ပြန်ကျွေးရာ မြင်းသည် အားပါးတရ များစွာ စားသောက်သည်၊ ဤ၌ ပထမတကြိမ် ကောက်ရိုးကျွေးစဉ်က ခံစားမှုဝေဒနာမှာ အရသာမပေါ်ဘဲဖြစ်နေရာ မျက်မှန်စိမ်းတပ်ပေးလိုက်သောအခါ မှတ်သားမှုသညာက မျက်စိအကြည်တွင် ထင်လာသည့်အတိုင်း စိမ်းစိုသော မြက်ပင်ကလေးများဟု မှတ်သားပေးလိုက်သဖြင့် ဝေဒနာမှာ အရသာပေါ်သွားလေသည်။

ဤသို့ ခံစားမှုဝေဒနာ အရသာပေါ်အောင် မှတ်သားမှုသညာက ကျေးဇူးပြုတတ်လေသည်၊ ထို့ကြောင့် သညာကို သီးခြားထုတ်တော်မူ၍ ခန္ဓဒေသနာကို ဟောတော်မူလေသည်။

သတ္တဝါနှင့်သညာ

သတ္တဝါတို့သည် အာရုံအမျိုးမျိုးကို သညာဖြင့် အမှတ်ပြုကြ မှတ်သားကြ၏၊ ကောင်းမှုကုသိုလ်ဆိုင်ရာကိုလည်း မှတ်သား၍ မကောင်းမှုအကုသိုလ်ဆိုင်ရာကိုလည်း မှတ်သားကြ၏။
၁။ သင်္ဂြိုဟ်ဘာသာဋီကာ၊ ၅၈၆-၈၉။

စာမျက်နှာ-176


စင်စစ်အားဖြင့် သတ္တဝါတို့၏ ဤမှတ်သားမှုသညာသည် ရေငတ်နေကြသော သားသမင်တို့အား ရေအသွင် ထင်မှတ်အောင် ဟန်ဆောင်တတ်သည့် တံလျှပ်နှင့်တူသော သဘောတရားသာဖြစ်သည်၊ တရားသဘောအရ အမာခံအနှစ်သာရ ရှာမရဘဲ ဆိုင်ရာဝတ္ထုအာရုံတို့ ပေါင်းဆုံသောအခါ ရုတ်တရက် ဖြစ်ပေါ်၍ ကွယ်ပျောက်တတ်သော သဘောမျှသာဖြစ်သည်။

တံလျှပ်ဥပမာနှင့်သညာ

နေပူရှိန်ပြင်းထန်လှသည့် ကာလတွင် မြစ်ကမ်းပါးတလျှောက် သဲသောင်ပြင်တို့၏ ထက်ဝန်းကျင်ဝယ် ရေဟုထင်မှတ်ရသည့် တံလျှပ်ခေါ် နေရောင်လှိုင်းတွန့်များ ထနေသောအခါ အပူဒဏ်ကြောင့် ရေငတ်နေကြသည့် သားသမင်များသည် ထိုတံလျှပ်ကို ရေထင်မှတ်ပြီး တံလျှပ်ရှိရာသို့ အပြေးအလွှားသွားရောက်ကြကုန်၏။

တံလျှပ်သည် ရေမဟုတ်ဘဲ ရေအသွင် ထင်နေရသော နေရောင်လှိုင်းတွန့်များသာဖြစ်၍ အစိုင်အခဲ အနှစ်ရှိသော အရာဝတ္ထုမဟုတ်၊ သားသမင်တို့ ရေထင်မှတ်ပြီး ထိုဤ ပြေးလွှား ရှာဖွေကြသော်လည်း ရေတွေ့လိမ့်မည်မဟုတ်ဘဲ နောက်ဆုံး မောဟိုက်ပင်ပန်းပြီး သေပွဲဝင်ရသည့်အထိ ဒုက္ခရောက်ကြရလေသည်။

အလားတူပင် မှတ်သားမှု သညာအစုသည် ဆိုင်ရာဝတ္ထုအာရုံတို့ ပေါင်းဆုံကြသည့်အခါ ရုတ်တရက်ဖြစ်ပေါ်လာပြီး ကွယ်ပျောက်သွားသော သဘောသာဖြစ်သည်၊ အထည်ကိုယ် အမာခံအနှစ်သာရရှိသော တရားမဟုတ်၊ သတ္တဝါတို့အား ငါ သူတပါး ယောက်ျား မိန်းမ စသည်ဖြင့် အမျိုးမျိုးထင်မှတ်အောင် ပြုလုပ်တတ်သော သဘောတရားသာဖြစ်သည်၊ ယင်းသည် တဆင့်ထက်တဆင့် ယောက်ျား မိန်းမ စသော အမှတ်သညာကို ရင့်စေကာ သံသရာဝဋ်အတွင်းမှ မလွတ်ကင်းနိုင်အောင် နှိပ်စက်တတ်၏၊ စင်စစ်အားဖြင့် ငါ သူတပါး ယောက်ျား မိန်းမစသည်တို့မှာလည်း အမာခံအနှစ်သာရ ရှာမရသော ရုပ်, နာမ်အစုမျှသာဖြစ်သည်။
၁။ သံခိပ်၊ ဋီ၊ ဒု၊ ၃၂၉။ ၃၃ဝ။

စာမျက်နှာ-177


သညာပွေက ဒုက္ခဝေမည်

မှတ်သားမှုသညာ အမျိုးအစားများကို သညာအကြောင်း သိကောင်းစရာများ အဖြစ် ဖော်ပြခဲ့သည်။ ထိုဆိုခဲ့သည့် သညာအမျိုးအစားများ အနက် အောက်ဖော်ပြပါ သညာလေးမျိုးတို့၏ သဘောကို နောက်ဆုံးအနေဖြင့် ရှင်းလင်းလိုပါသည်၊ ယင်းလေးမျိုးမှာ-

(၁) ဤကိုယ်ကာယ ခန္ဓာကိုယ်သည် ကျင်ကြီး, ကျင်ငယ်, ချွေး တံတွေး ချေးညှော်တို့ဖြင့်လည်းကောင်း၊ ပိုးမျိုးရှစ်ဆယ်တို့ဖြင့်လည်းကောင်း အခါခပ်သိမ်း မတင့်တယ်၊ စက်ဆုပ်ဖွယ် ဖြစ်ပါလျက် တင့်တယ်လှပသည်ဟု အမှတ်မှားမှု (အသုဘေ သုဘသညာ)၊

(၂) လူ့ဘဝ, လူအသွင် လူတို့အနေအထားအားဖြင့်ဖြစ်စေ၊ နတ်ဘဝ, နတ်အသွင် နတ်တို့အနေအထားအားဖြင့်ဖြစ်စေ၊ ဗြဟ္မာဘဝ ဗြဟ္မာအသွင်, ဗြဟ္မာတို့အနေအထားအားဖြင့်ဖြစ်စေ၊ မည်သည့်ဘဝ မည်သည့်အသွင် မည်သည့်အနေအထား မည်သည့်အဆင့်အတန်းမျိုးနှင့်ဖြစ်စေကာ ရုပ်နှင့်နာမ် နှစ်တန်သော ဖြစ်ပေါ်ခြင်းမျိုးသာဖြစ်နေကြောင်း တွေ့နိုင်၏၊ ဤရုပ် ဤနာမ် ဖြစ်ပေါ်နေမှုသည် ဝဋ်ဒုက္ခအစစ်သာ ဖြစ်ပါချေသည်။ ယင်းသို့ ဖြစ်ပါလျက် တမျိုးတဖုံ နည်းမျိုးစုံအောင် ကြိုးစားပါက ချမ်းသာသုခကို ရနိုင် ခံစားနိုင်သည်ဟု အထင်မှား အမှတ်မှားနေမှု (ဒုက္ခေ သုခသညာ)၊

(၃) သုံးဆယ့်တဘုံ သင်္ခါရလောက အတွင်းဝယ် လူဟူ၍လည်းကောင်း၊ နတ်ဟူ၍လည်းကောင်း၊ ဗြဟ္မာဟူ၍လည်းကောင်း၊ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ ဟူ၍လည်းကောင်း အထည်ကိုယ် အတုံးအခဲ မြဲသော အမာခံ အနှစ်သာရ မရှိပါဘဲလျက် နည်းမျိုးစုံအောင် ကြိုးစားပါက အမှန်မြဲသောသဘော ရှိနိုင်သည်ဟု အထင်မှား အမှတ်မှားမှု (အနိစ္စေ နိစ္စသညာ)၊

စာမျက်နှာ-178


(၄) သုံးဆယ့်တစ်ဘုံ သင်္ခါရလောကအတွင်းဝယ် အရိယာအရှင်တို့ အမြင်အားဖြင့် ပြုလုပ်သူ စီမံဖန်တီးသူ၊ စံစား ခံစားသူ၊ ပုဂ္ဂိုလ် သတ္တဝါ ငါ သူတပါး အတ္တ အနေအထားမရှိပါဘဲလျက် ရှိနိုင် တွေ့နိုင်သည်ဟု အထင်မှား အမှတ်မှားနေမှု (အနတ္တေ အတ္တသညာ) ဟူ၍ အမှတ်သညာ လေးမျိုးဖြစ်သည်။

သညာအထပ်ထပ် ရစ်ပတ်ပွေလိမ်ပုံ

ဖော်ပြပါ သညာလေးမျိုးတို့ ပုထုဇဉ်လောကတွင် ရှုပ်ပွေကြပုံကို အများနားလည်သော နည်းဖြင့် ရှင်းလင်းရသော်- လောကဤလူနယ်တွင် ရုပ်နှင့်နာမ် နှစ်ခုသာ ပေါင်းစုနေသည့် ဤကိုယ်ကာယ ခန္ဓာငါးပါးကို ပထမ “လူ” ဟု အမှတ်သညာဖြင့် မှတ်သားကြသည်၊ ထိုမှတဆင့် ယင်းလူကိုပင် “ယောက်ျား မိန်းမ” ဟု မှတ်သားကြပြန်သည်၊ ထိုမှတဆင့် ယောက်ျား မိန်းမကိုပင် “ပုသည်၊ ကွဲသည်၊ ချောသည်၊ လှသည်၊ ဝသည်၊ ဂုဏ်ရှိသည်၊ ဂုဏ်မဲ့သည်” အစရှိသည်ဖြင့် မှတ်သားကြပြန်သည်။

ဤသို့ မှတ်သားမှုသညာ ရှုပ်ကြသဖြင့် သားဒုက္ခ၊ သမီးဒုက္ခ၊ ပစ္စည်းဒုက္ခ၊ အပေါင်းအသင်းဒုက္ခအစရှိသည်ဖြင့် ဆင်းရဲဒုက္ခတွေ ရှုပ်ပွေလျက် ဝေချင်တိုင်း ဝေနေကြပါတော့သည်၊ ဤဒုက္ခ ထိုဒုက္ခတို့မှ ဆင့်ပွား၍ သံသရာလောကထဲတွင် မရပ်မနား ပြေးသွားလျက်သာ နေကြရလေသည်။

သညာကိုသိမ်းလျှင် ဒုက္ခငြိမ်းမည်ဧကန်

အမှတ်မှားမှု မှတ်သားမှု သညာများ လောကသံသရာတွင် ရှုပ်ပွေနေကြပုံကို သိမြင်လာကြသဖြင့် ခေတ်အဆက်ဆက်မှ ပညာရှင် သူတော်စင်တို့ နည်းကောင်း နည်းမှန် ရနိုင်ရန် ရှာဖွေစူးစမ်းခဲ့ကြသည်၊ သို့ရာတွင် သာသနာပ ထိုကာလများ၌ နည်းမှန် လမ်းမှန် မတွေ့နိုင်ကြဘဲ သံသရာလောကထဲဝယ် တဝဲလယ်လယ်ဖြစ်၍သာ နေခဲ့ကြရပေသည်၊ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူလာ၍ သာသနာတော်နှင့်ကြုံကြိုက်သော အခါကျမှသာ-

စာမျက်နှာ-179


(၁) တင့်တယ်၏ဟူ၍ ထင်မှတ်မှု (သုဘသညာ) ကို ပျက်ပြယ်စေနိုင်သော ကာယာနုပဿနာသတိပဋ္ဌာန် နည်းကိုလည်းကောင်း၊ (၂) ချမ်းသာသုခရှိ၏ဟု ထင်မှတ်မှု (သုခသညာ) ကို ပျက်ပြယ်စေနိုင်သော ဝေဒနာနုပဿနာ သတိပဋ္ဌာန် နည်းကိုလည်းကောင်း၊

(၃) မြဲ၏ဟု ထင်မှတ်မှု (နိစ္စသညာ) ကို ပျက်ပြယ်စေနိုင်သော စိတ္တာနုပဿနာ သတိပဋ္ဌာန်နည်းကိုလည်းကောင်း၊

(၄) ငါရှိ၏ဟု ထင်မှတ်မှု (အတ္တသညာ) ကို ပျက်ပြယ်စေနိုင်သော ဓမ္မာနုပဿနာ သတိပဋ္ဌာန်ကို လည်းကောင်း တွေ့လာကြရလေသည်၊ ထိုသတိပဋ္ဌာန် နည်းလေးတန်ကို သတိပဋ္ဌာန် ဝိဘင်း ပါဠိတော်တွင် မြတ်စွာဘုရား ဟောကြားတော်မူသည်။

ဤသတိပဋ္ဌာန် နည်းလေးတန်သည် လောကဝယ် လောကီသားတို့၏ အထပ်ထပ် အကြိမ်ကြိမ် ရှုပ်ထွေးပွေလိမ်နေသည့် အမှတ်သညာများကို ပယ်ဖျောက်စေနိုင်သော နည်းကောင်း နည်းမှန် ကိုယ်တွေ့ လက်တွေ့ တရားတော်ကြီး ဖြစ်သည်၊ ဤ တရားတော်ကြီးကို လေ့လာကြိုးပမ်း အားထုတ်ခြင်းအားဖြင့် ဝဋ်ဒုက္ခသံသရာမှ လွတ်မြောက်နိုင်ကြမည်မှာ မုချဧကန်ပင် ဖြစ်ပါသတည်း။

စာမျက်နှာ-180


စေတနာစေတသိက်

စေတနာ = ဆက်စပ်ဆက်သွယ်ပေးခြင်း၊ နှိုးဆော်တိုက်တွန်းခြင်း

ဆက်သွယ်ပေးပုံ (ဝါ) နှိုးဆော်ပုံ (၃) မျိုး

(က) မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် တရားများကို အာရုံနှင့် ဆက်စပ်ပေးတတ်၊ ဆက်သွယ်ပေးတတ်သော သဘောသည်လည်းကောင်း၊ (ဝါ) အတူဖြစ်ဖက် ဖဿ စသောတရားတို့ကို တွေ့ထိမှုစသော မိမိတို့၏ကိစ္စကို ရွက်ဆောင်ရန် ကြောင့်ကြစိုက်တတ် နှိုးဆော်တတ်သော သဘောသည်လည်းကောင်း၊

(ခ) မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် တရားများ၏ မိမိတို့ကိစ္စကို ရွက်ဆောင်ကြောင်းဖြစ်သော သဘောသည်လည်းကောင်း၊

(ဂ) မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် တရားများကို အာရုံနှင့် ဆက်စပ် ဆက်သွယ်ပေးကာမျှ သဘောသည်လည်းကောင်း၊ မိမိတို့၏ ကိစ္စကို ဆောင်ရွက်အောင် နှိုးဆော်တိုက်တွန်းကာမျှ သဘောသည် လည်းကောင်း စေတနာမည်၏။

(၁) စေတနာစေတသိက်၏ သဘောလက္ခဏာ

စေတနာသည် မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် ဖဿစသော တရားတို့ကို မိမိတို့၏ အာရုံကိုတွေ့ထိမှု စသော ကိစ္စ၌ နှိုးဆော်တိုက်တွန်းမှု သဘော “စေတယိတလက္ခဏာ” ရှိသည်။
၁။ အဘိ၊ဋ္ဌ။ ၁၊ ၁၅၄။

စာမျက်နှာ-181


တနည်းအားဖြင့် ဖဿစသော အတူဖြစ်ဖော်ဖြစ်ဖက် တရားတို့ကို အာရုံနှင့် စေ့စပ် ဆက်သွယ်ပေးမှုသဘော “အဘိသန္ဒနလက္ခဏာ” ရှိသည်။

တနည်းအားဖြင့် ဖဿစသော အတူဖြစ်ဖော်ဖြစ်ဖက် တရားတို့ကို ပြုပြင်စီမံမှုသဘော “အဘိသင်္ခါရဏလက္ခဏာ” ရှိသည်ဟု ကျမ်းဂန်များ၌ ဖွင့်ဆိုထားပေသည်။

စေ့ဆော်တိုက်တွန်းပုံ

ချဲ့ဦးအံ့ - စေတနာစေတသိက်သည် စိတ်ဖြစ်သည့် အခါတိုင်း စိတ်နှင့်အတူ ဖြစ်ပေါ်လာရသည့် စေတသိက်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ထိုစေတသိက်ကို စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက် (ဝါ) စိတ်ဖြစ်တိုင်းပါ (သဗ္ဗစိတ္တသာဓာရဏ) စေတသိက်ဟု အဘိဓမ္မတ္ထသင်္ဂဟ အဋ္ဌကထာကျမ်း စသည်တို့၌ ဖော်ပြထားခြင်း ဖြစ်ပါသည်။

ထိုစေတနာ စေတသိက်သည် မိမိလည်း အာရုံကိုယူသည်၊ မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် စိတ်စေတသိက်တို့ကိုလည်း အာရုံနှင့် ဆက်စပ်ပေးသည်။ ထို့အတူ ဖြစ်ဖက် စိတ်စေတသိက် တရားများ ဆိုင်ရာ ကိစ္စများကို ရွက်ဆောင်အောင်လည်း တိုက်တွန်းနှိုးဆော်ပေးသည်။

ဥပမာအားဖြင့် စေတနာစေတသိက်သည် ကျောင်းတွင် ပညာသင်ကြားနေသော ခေါင်းဆောင် တပည့်ကြီးနှင့် သဘောတူပေသည်။ ခေါင်းဆောင် တပည့်ကြီးသည် ဆရာလာနေသည်ကို အဝေးမှ မြင်သည်နှင့် တပြိုင်နက် မိမိကိုယ်တိုင်လည်း စာအံစာကျက်၏၊ အခြားအတူနေ တပည့်ငယ်များကိုလည်း “ဟိုမှာ ဆရာလာနေပြီ” စသည် ပြော၍ စာအံစာကျက်ရန် တိုက်တွန်းနှိုးဆော်၏။ ထိုခေါင်းဆောင် တပည့်ကြီးနည်းတူ စေတနာစေတသိက်သည် မိမိလည်း အာရုံကိုယူသည်၊ မိမိနှင့်အတူ ဖြစ်ဖက် စိတ်စေတသိက် တရားတို့ကို အာရုံ၌ ဆက်စပ်ပေးမှုကိုလည်းပြုသည်။
၁။ မဏိမဉ္ဇူ၊ ၁၊ ၃၁၈။
၂။ မိလိန္ဒ၊ ၆၂။

စာမျက်နှာ-182


စသော အတူဖြစ်ဖော်ဖြစ်ဖက် တရားတို့ကို ဆိုင်ရာကိစ္စများ ရွက်ဆောင်ကြရန်လည်း တိုက်တွန်းနှိုးဆော်ပေးသည်။

ဤသို့ မိမိကိစ္စ သူတပါးကိစ္စတို့ကို ပြီးစေတတ်သောကြောင့် (ဝါ) မိမိလည်း အာရုံကိုယူတတ်၊ အတူဖြစ်ဖက်တရားတို့ကိုလည်း မိမိကဲ့သို့ အာရုံကိုယူပြီး ဆိုင်ရာကိစ္စကို ဆောင်ရွက်ကြရန် နှိုးဆော်သကဲ့သို့ ဖြစ်သောကြောင့် စေတနာကို ခေါင်းဆောင် တပည့်ကြီးနှင့် တူသောတရားဟု အဋ္ဌကထာ ဋီကာများ၌ ဖွင့်ဆိုကြပေသည်။

ပြုပြင်စီမံပုံ

တနည်းအားဖြင့် စေတနာ စေတသိက်သည် အတူဖြစ်ဖော်ဖြစ်ဖက် တရားတို့ကို ပြုပြင်စီမံတတ်သော သဘောရှိသည်၊ ဥပမာအားဖြင့် စေတနာ စေတသိက်သည် စစ်ဗိုလ်ချုပ်ကြီးနှင့် တူပါသည်။ စစ်မြေပြင်တွင် တိုက်ပွဲဝင်နေသော စစ်ဗိုလ်ချုပ်ကြီးသည် မိမိကိုယ်တိုင်လည်း ရန်သူများကို တက်တက်ကြွကြွ မနေမနား ကြိုးစား တိုက်ခိုက်သည်၊ နောက်လိုက်ငယ်သား တပည့်စစ်သားများကိုလည်း မိမိကဲ့သို့ မနေမနား ကြိုးစား တိုက်ခိုက်ကြရန် ပြုပြင်စီမံ ကွပ်ကဲရသည်။

ထိုစစ်ဗိုလ်ချုပ်ကြီးနည်းတူ စေတနာစေတသိက်သည် မိမိလည်း အာရုံကိုယူသည် (ဝါ) အာရုံ၌ ယှဉ်စပ်ထားသည်၊ မိမိနှင့်အတူ ဖြစ်ဖက် စိတ်စေတသိက် တရားတို့ကိုလည်း အာရုံ၌ ယှဉ်စပ်ပေးသည်၊ ထို့အတူ ဖြစ်ဖော်ဖြစ်ဖက် တရားတို့အား ဆိုင်ရာဆိုင်ရာကိစ္စတို့ကို ရွက်ဆောင်ကြရန်လည်း စီမံပေးသည်။

ဤသို့ စီမံတတ်သောကြောင့် စေတနာစေတသိက်ကို စစ်ဗိုလ်ချုပ်ကြီးနှင့် တူသောတရားဟု ဖွင့်ဆိုကြပေသည်။

(၂) စေတနာ၏ ဆောင်ရွက်မှုကိစ္စ ရသ

မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် တရားများ ဆိုင်ရာ ကိစ္စများကို ရွက်ဆောင်နိုင်ကြမှု၌ ကြောင့်ကြ ဗျာပါရပြုမှုဟူသော လုပ်ငန်းကိစ္စကို ဆောင်ရွက်ခြင်း သဘောရှိသည်။
၁။ အဋ္ဌသာလိနီအဋ္ဌကထာ၊ ၁၅၅။
၂။ အဋ္ဌသာလိနီအဋ္ဌကထာ၊ ၁၅၄။

စာမျက်နှာ-183


မှန်၏၊ စေတနာစေတသိက်သည် ထိုထိုအာရုံကိုယူရာ၌ မိမိကိုယ်တိုင် အာရုံ၌ ယှဉ်စပ်မိဖို့ရန်လည်းကောင်း၊ မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် တရားတို့ကိုလည်း ယှဉ်စပ်မိဖို့ရန်လည်းကောင်း လွန်စွာကြောင့်ကြ ဗျာပါရများလှ၏၊ စေတနာသည် ကောင်းမှုကုသိုလ်ကို ပြုရာ၌လည်းကောင်း၊ မကောင်းမှု အကုသိုလ်ကို ပြုရာ၌လည်းကောင်း အလွန်ကြောင့်ကြဗျာပါရ များသည်။ ထို့ကြောင့် စေတနာထက်သန်လျှင် ထက်သန်သလောက် ခန္ဓာကိုယ်တစ်ခုလုံး သွက်သွက်လက်လက် ထက်ထက်မြက်မြက်ရှိ၍ စေတနာသဘော ပေါ်လွင်ထင်ရှားသည်၊ အခြားယှဉ်ဖက်တရားများမှာ စေတနာသဘော လောက် မထင်ရှားကြချေ။

စေတနာနှင့် လယ်ပိုင်ရှင်

ဥပမာအားဖြင့် စေတနာ စေတသိက်၏ ကြောင့်ကြ ဗျာပါရများပုံသည် လယ်လုပ်သားများနှင့်အတူ ကိုယ်တိုင်ထွက်၍ လယ်ရိတ်သိမ်းသော လယ်ပိုင်ရှင်ကြီးနှင့် တူပေသည်။ လယ်ပိုင်ရှင်ကြီးတို့မည်သည် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းပြီးသော လယ်ယာသီးနှံများကို ရိတ်သိမ်းရာတွင် မိမိပိုင်ပစ္စည်းများ မပျက်မစီးစေရန်၊ အလေအလွင့် နည်းပါးစေရန်၊ အချိန်မီပြီးစီးရန် “ဥစ္စာရင်လို ဥစ္စာရင်ခဲ” ဆိုသလို လယ်လုပ်သားများထက် ပိုမို၍ ကြောင့်ကြဗျာပါရ စိုက်ရမည်မှာ ဓမ္မတာဖြစ်ပေသည်။

သို့ဖြစ်၍ လယ်ပိုင်ရှင်သည် ရှေးဦးစွာ လယ်ရိတ်သွားရန် လယ်လုပ်သားများကို ဆော်ဩ၍ ခေါ်ဝေါ်စုဆောင်းရ၏၊ ထို့နောက် မိမိနှင့် တပေါင်းတစည်းတည်း လယ်ရိတ် ဆင်းကြသည်၊ ကောက်ရိတ်သည့် အခါ၌လည်း “ယူကြပါ၊ ငင်ကြပါ၊ ရိတ်ကြပါ” ဟု အမြဲမပြတ် နှိုးဆော်ရ၏။ မည်သည့်နေရာအထိ ရိတ်ရမည်ဟုလည်း အပိုင်းအခြားကို ညွှန်ကြားရ၏။ ကောက်ရိတ်သမားတို့ ကြိုးကြိုးစားစား ရိတ်ကြရန် သူတို့အား ထမင်း ယမကာ နံ့သာ ပန်းမာလ်စသည်တို့ဖြင့် အလိုက်သိစွာ တိုက်ကျွေးပေးကမ်းရ၏၊ ရိတ်ရမည့် လမ်းကိုလည်း ညီမျှအောင် ဆောင်ရွက်ပေးရ၏။

စာမျက်နှာ-184


ထို့အတူ စေတနာ စေတသိက်သည် မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက်တရားကို အာရုံ၌ ယှဉ်စပ်မိရန် လွန်စွာ ကြောင့်ကြဗျာပါရများလှ၏။

ဤဥပမာ၌ လယ်ပိုင်ရှင်ကြီးသည် စေတနာ စေတသိက်နှင့်တူ၍ ကောက်ရိတ်သမား လယ်လုပ်သားများသည် စေတနာနှင့်အတူ ဖြစ်ကြသည့် တရားများနှင့် တူသည်။ လယ်လုပ်သားများ ကြိုးကြိုးစားစား ကောက်ရိတ်အောင် လယ်ပိုင်ရှင်ကြီး၏ ကြောင့်ကြဗျာပါရ များခြင်းသည် မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် တရားတို့ အာရုံ၌ ယှဉ်စပ်မိရန် စေတနာ၏ ကြောင့်ကြဗျာပါရများပုံတို့ တူကြပါသည်။

(၃) စေတနာ စေတသိက်၏ ပစ္စုပဋ္ဌာန်

စေတနာစေတသိက်သည် ပြုပြင်စီမံတတ်သောတရားဟု လေ့လာရှုမှတ်သူတို့၏ ဉာဏ်၌ ရှေးရှုထင်လာသော အခြင်းအရာရှိ၏။

ချဲ့ဦးအံ့ - ပစ္စုပဋ္ဌာန်ဆိုသည်မှာ ရှေးတွင် ဖော်ပြခဲ့သည့်အတိုင်း ပရမတ်သဘောတရားတစ်ခု၏ သဘောကို ဉာဏ်ဖြင့် သက်ဝင် နက်နက်နဲနဲ ဆင်ခြင်ရှုမှတ်ဖန် များသည့်အခါ လေ့လာရှုမှတ်သူတို့၏ ဉာဏ်တွင် ထိုပရမတ် သဘောတရား၏ သဘောလက္ခဏာဖြစ်စေ၊ ဆောင်ရွက်သည့်ကိစ္စ ဖြစ်စေ၊ အကျိုးဖြစ်စေ၊ အကြောင်းဖြစ်စေ ထင်မြင်လာခြင်းမျိုးဖြစ်သည်။ ယင်းသို့ ထင်မြင်လာခြင်းကို ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်ဟု ခေါ်သည်။

ဤစေတနာ စေတသိက်၌ “ပြုပြင်စီမံတတ်သောတရား” ဆိုသည့် ပစ္စုပဋ္ဌာန်မှာလည်း ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်မျိုးဖြစ်၍ စေတနာ စေတသိက်၏ လက္ခဏာပိုင်းတွင် ပြခဲ့သော လက္ခဏာသုံးမျိုးအနက် တစ်မျိုးထင်လာခြင်းဖြစ်သည်။

စေတနာနှင့် လက်သမားဆရာကြီး

ထို့ကြောင့် လက္ခဏာပိုင်းတွင် တင်ပြခဲ့သည့် စစ်ဗိုလ်ချုပ်ကြီး ဥပမာအတိုင်း စေတနာစေတသိက်၏ ပြုပြင်စီမံပုံကို မှတ်သားသင့်ပေသည်။
၁။ အဋ္ဌသာလိနီ အဋ္ဌကထာ၊ ၁၅၄၊ ၁၅၅။
၂။ အဋ္ဌသာလိနီ အဋ္ဌကထာ၊ ၁၅၅။

စာမျက်နှာ-185


ဤနေရာတွင် စေတနာစေတသိက် စီမံပုံသဘောကို ခေါင်းဆောင် လက်သမားကြီးနှင့် ပမာဆောင်၍ ရှင်းပြပါမည်။ ခေါင်းဆောင် လက်သမားကြီးသည် ခေါင်းဆောင်ဖြစ်သည့်အတိုင်း ထကြွနိုးကြား၊ ကြောင့်ကြဗျာပါရများလှ၏၊ မိမိကိုယ်တိုင် သစ်များကို ရွေဘော်ထိုးခြင်း စသည်ကိုပြုသည့်ပြင် လက်အောက်ငယ်သားများကိုလည်း မိမိကဲ့သို့ သစ်များကို ရွေဘော်ထိုးခြင်းစသည့် ကိစ္စများ ရွက်ဆောင်ရန် စီမံ၏။

ထို့အတူ စေတနာစေတသိက်သည်လည်း မိမိကိုယ်တိုင်လည်း အာရုံကိုယူ၏၊ အတူဖြစ်ဖော်ဖြစ်ဖက် တရားများကိုလည်း အာရုံ၌ ယှဉ်စပ်၍ ဆိုင်ရာကိစ္စတို့ကို ရွက်ဆောင်ရန် ကြောင့်ကြစိုက်ကာ စီမံ၏။ ဤသို့ စေတနာစေတသိက်၏ သဘောလက္ခဏာများကို အဖန်ဖန်အထပ်ထပ် ရှုမှတ်လေ့လာ ပွားများသူတို့၏ ဉာဏ်၌ စေတနာစေတသိက်သည် ခေါင်းဆောင် လက်သမားကြီးပမာ ပြုပြင်စီမံတတ်သော သဘောတရားပင်တည်းဟု ထင်မြင်လာတတ်သော သဘောရှိပေသည်။

(၄) စေတနာစေတသိက်၏ ပဒဋ္ဌာန်

ပဒဋ္ဌာန်ဆိုသည်မှာ တရားတစ်ခု ဖြစ်ပေါ်လာဖို့ရာ အနီးကပ်ဆုံး အကြောင်းတရားပင်ဖြစ်သည်။ ဤ၌ စေတနာစေတသိက်၏ အနီးကပ်ဆုံး အကြောင်းတရားဟူသော ပဒဋ္ဌာန်ကား ဝိညာဏ်ခေါ်သော စိတ် ၈၉-ပါး ဖြစ်သည်။

မှန်၏။ စေတနာကား စေတသိက်တရား ဖြစ်သည်၊ စေတသိက် ဆိုသည်မှာ စိတ်နှင့်ကင်း၍ အာရုံကိုမယူနိုင်ချေ။ စိတ်ဖြစ်ပေါ်လာမှ စိတ်ကို အမှီပြု၍ အာရုံကိုယူနိုင်ကြသည်။ စိတ်သည်သာ အချို့သော စေတသိက်များနှင့် ကင်း၍ အာရုံကိုယူနိုင်သည်၊ ထိုစေတနာစေတသိက်သည်လည်း ဝိညာဉ်ခေါ်သော စိတ်ဖြစ်ပေါ်လာမှသာ ဝိညာဉ်ကိုမှီ၍ ဖြစ်ပေါ်လာရသည်။ ထို့ကြောင့် စေတနာစေတသိက် ဖြစ်ပေါ်လာရာ၌ ဝိညာဉ်သည် အနီးကပ်ဆုံးသော အကြောင်း (ပဒဋ္ဌာန်) ဖြစ်ပေသည်။
၁။ အဋ္ဌသာလိနီအဋ္ဌကထာ၊ ၁၅၅။

စာမျက်နှာ-186


(၅) စေတနာစေတသိက်၏ နာမည်ထူးများ

စေတနာစေတသိက်သည် ကောင်းမှုကုသိုလ်ကို ပြုလုပ်ရာ၌လည်းကောင်း၊ မကောင်းမှု အကုသိုလ်ကို ပြုလုပ်ရာ၌လည်းကောင်း ရှေ့တန်းက ပါဝင်ရသော စေတသိက်ဖြစ်သည်။ ထို့ကြောင့် ကောင်းမှု မကောင်းမှု ပြုရာတို့၌ မိမိဆောင်ရွက်ရသည့် သဘောသတ္တိအလိုက် စေတနာဟူသော နာမည်မှတပါး အခြားနာမည်ထူးများကိုလည်း ရရှိသေးသည်။ ထိုနာမည်ထူးများမှာ “ကမ္မ၊ ပစ္စယ၊ အာဟာရ၊ သင်္ခါရ၊ ဘဝ၊ ဌာန” ဟူသော နာမည်များဖြစ်သည်။ စေတနာစေတသိက်၏ ထိုနာမည်ထူးများရပုံကို အနည်းငယ်စီ ရှင်းပြပါမည်။

ကမ္မ

ကမ္မဟူသောပါဠိကို မြန်မာလို “ကံ” ဟု ခေါ်ကြသည်။ အမှုအလုပ်ဟု အဓိပ္ပာယ်ရ၏။ ထိုအလုပ်သည် ကိုယ်အလုပ်၊ နှုတ်အလုပ်၊ စိတ်အလုပ်ဟူ၍ သုံးမျိုးရှိသည်၊ ကိုယ်အလုပ်ဆိုသည်မှာ လက်ခြေစသော ကိုယ်အင်္ဂါတို့ဖြင့် ပြုလုပ်ရသော အမှုကိစ္စများ ဖြစ်သည်။ ဥပမာ - သူ့အသက်ကို ကိုယ်တိုင်သတ်ခြင်း၊ ကိုယ်တိုင်လှူဒါန်းပေးကမ်းခြင်း စသည်တို့ ဖြစ်သည်။

နှုတ်အလုပ်ဆိုသည်မှာ နှုတ်ဖြင့် ပြောဆိုပြုလုပ်ရသော အမှုကိစ္စမျိုး ဖြစ်သည်။ ဥပမာ - သူ့ကိုကြိုးပေးသတ်လိုက်ပါ၊ ဘုရားရှိခိုးပါ စသည်ဖြင့် စေခိုင်းတိုက်တွန်းမှု၊ လိမ်လည်ပြောဆိုမှု၊ စာပေသင်ကြားပို့ချမှု၊ တရားဟောပြောမှု စသည်တို့ဖြစ်သည်။

စိတ်အလုပ်ဆိုသည်မှာ ကိုယ်လည်းမလှုပ် နှုတ်လည်းမပါ စိတ်ထဲ၌သာ တွေးတောကြံစည် စိတ်ကူးမှုများဖြစ်သည်။ ဥပမာ - “ဒီလူသေသွားယင် ကောင်းမှာပဲ” စသည်ဖြင့် မကောင်းကြံခြင်း၊ ပြုခဲ့ဖူးသော ဒါနကုသိုလ်၊ သီလကုသိုလ်တို့ကို ပြန်လည်စဉ်းစားအောက်မေ့ခြင်း၊ ဘုရားဂုဏ်ကို စိတ်ဖြင့် အာရုံပြု ပွားများခြင်း စသည်တို့ ဖြစ်ပါသည်။

အချုပ်ဆိုရသော် ကံဆိုသည်မှာ ကိုယ်အလုပ်၊ နှုတ်အလုပ်၊ စိတ်အလုပ်တို့ပင် ဖြစ်ပါသည်။ (ကမ္မ = ကံ = အလုပ်)

စာမျက်နှာ-187


ထိုကိုယ်အလုပ် နှုတ်အလုပ် စိတ်အလုပ်ဆိုသည့် ကံတရားများသည် လှုံ့ဆော်သည့် အကြောင်းတရားမရှိဘဲ ဘာသိဘာသာအလိုလို ဖြစ်ပေါ်လာကြသည်မဟုတ်၊ စိတ်နှင့်အတူ အမြဲယှဉ်တွဲ ဖြစ်ပေါ်နေသည့် စေတနာ စေတသိက်တရား၏ လှုံ့ဆော်ပေးမှုကြောင့် ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်။ စေတနာသည် ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော ကိုယ်မှု နှုတ်မှု စိတ်မှုတို့ကို ပြုလုပ်ရာ၌ လိုရင်းပဓာန အချက်အချာကျသော အကြောင်းတရားဖြစ်သည်။ မည်သည့် လုပ်ကိစ္စမဆို စေတနာမပါလျှင် မထမြောက် မအောင်မြင်နိုင်။ စေတနာပါရှိမှသာ ထမြောက်အောင်မြင်နိုင်သည်။ ထိုကိုယ်မှု နှုတ်မှု စိတ်မှုစသော ကံတရားမှန်သမျှ စေတနာရှိမှ ဖြစ်ပေါ်လာကြရသောကြောင့် -

“ချစ်သားရဟန်းတို့ - စေတနာကို ကံဟူ၍ ငါဘုရားဟောတော်မူ၏၊ စေတနာက စေ့ဆော်တိုက်တွန်းသောကြောင့် ကိုယ်မှု နှုတ်မှု စိတ်မှုတို့ကို ပြုကြ၏” ဟု ဘုရားရှင် ဟောတော်မူခြင်းဖြစ်သည်။

အမှန်အားဖြင့် ကံဆိုသည်မှာ ကိုယ်မှု နှုတ်မှု စိတ်မှုတို့ကိုပင် ခေါ်ပါသည်။ သို့သော် ထိုကိုယ်မှု နှုတ်မှု စိတ်မှုများသည် စေတနာကြောင့်သာ ထမြောက်အောင်မြင်ကြရသောကြောင့် အကျိုးတရားများဖြစ်သော ကိုယ်မှု နှုတ်မှု စိတ်မှုတို့၏ “ကံ” ဟူသော နာမည်ကို အကြောင်းရင်း စေတနာပေါ် တင်စား၍ ဖလူပစာရနည်းအားဖြင့် အကြောင်းရင်း စေတနာကိုပင် ကံတရားဟု ခေါ်ရသည်။ ထို့ကြောင့် စေတနာထက်လျှင် ကံထက်၏၊ စေတနာညံ့လျှင် ကံညံ့ရလေသည်။

ပစ္စယ

ကံအမည်ရသော စေတနာသည် အကျိုးတရားတို့ကို ဖြစ်ပေါ်ရန် (ဝါ) အတူဖြစ်ဖော် ဖြစ်ဖက်တရားကို တည်တံ့နိုင်ရန် ကျေးဇူးပြုနိုင်သောကြောင့် အကြောင်းတရားဟူသော အဓိပ္ပာယ်ဖြင့် ထိုစေတနာကို “ပစ္စယ” ဟု ခေါ်ဝေါ်ရသည်။
၁။ အံ၊ ၂။ ၃၆၃။
၂။ မ၊ ဋ္ဌ၊ ၃၊ ၃၇။ မူလဋီကာ ၁၊ ၇၇။

စာမျက်နှာ-188


ထိုပစ္စယသည် နာနာက္ခဏိက ကမ္မပစ္စယ၊ သဟဇာတကမ္မပစ္စယဟု ၂-မျိုးရှိသည်။ အကျိုး (ပစ္စယုပ္ပန်) တရားမဖြစ်ပေါ်မီ ကြိုတင်ဖြစ်ပေါ်၍၊ အကျိုး (ပစ္စယုပ္ပန်) တရားနှင့် ဖြစ်ရာကာလ ကွဲပြားသော အတိတ်ကုသိုလ် အကုသိုလ်စေတနာ ၃၃-ခုကို နာနာက္ခဏိက ကမ္မပစ္စည်းဟု ခေါ်သည်။ အကျိုး (ပစ္စယုပ္ပန်) တရားနှင့် ပြိုင်တူဖြစ်ပေါ်လာသော ကုသိုလ်အကုသိုလ် ဝိပါက် ကြိယာ စေတနာအားလုံးကို သဟဇာတကမ္မ ပစ္စယ ဟု ခေါ်သည်။

နာနာက္ခဏိက ကမ္မပစ္စည်းသည် မိမိဖြစ်ပေါ် ချုပ်ပျောက်ပြီးနောက် ဝိပါက်စိတ်စေတသိက် နာမ်တရားနှင့် ပဝတ္တိ ပဋိသန္ဓေကမ္မဇရုပ် တရားတို့အား ဖြစ်ပေါ်တည်တံ့စေသောအားဖြင့် ကျေးဇူးပြုသည်၊ သဟဇာတကမ္မပစ္စည်းသည် ပြိုင်တူဖြစ်ဖက် စိတ်စေတသိက်နာမ်တရားနှင့် စိတ္တဇပဋိသန္ဓေကမ္မဇရုပ်တို့အား ဖြစ်ပေါ်တည်တံ့ စေသောအားဖြင့် ကျေးဇူးပြုသည်။ ကုသိုလ် အကုသိုလ် စေတနာ ၃၃-ခုသည် သဟဇာတကမ္မသတ္တိဖြင့်လည်းကောင်း၊ နာနာက္ခဏိကကမ္မသတ္တိဖြင့် လည်းကောင်း ကျေးဇူးပြုသည်၊ ဝိပါက်ကြိယာ စေတနာသည်ကား သဟဇာတကမ္မသတ္တိဖြင့်သာ ကျေးဇူးပြုသည်။

နာနာက္ခဏိကကမ္မစေတနာသည် မိမိဖြစ်ပေါ် ချုပ်ပျောက်သွားပြီးဖြစ်သော်လည်း ဂတိ ဥပဓိ ကာလ ပယောဂ စသောအခြားအကြောင်းများနှင့် ပေါင်းဆုံညီညွတ်လျှင် ဝိပါက်စိတ် စေတသိက်နာမ်တရားနှင့် ပဝတ္တိပဋိသန္ဓေကမ္မဇရုပ် အကျိုးတရားတို့ ဖြစ်ပေါ်လာစေရန် မိမိဖြစ်ပေါ်ရာ ပုဂ္ဂိုလ်၏ခန္ဓာအစဉ်၌ သတ္တိထူးကို မြှုပ်နှံထားသကဲ့သို့သော သတ္တိထူးမျိုးရှိ၏။
၁။ အဘိ၊ ဋ္ဌ၊ ၃။ ၃၄၉။
၂။ အဘိ၊ ဋ္ဌ၊ ၃။ ၃၇၅။ မူလဋီ၊ ၃-၁၇၂။ အနုဋီ၊ ၃။ ၂၃၂။ ပရမတ္ထဒီပနီ၊ ၃၉၁။
၃။ မူလဋီ၊ ၃။ ၁၇၂။ အနုဋီ၊ ၃။ ၂၃၂။ ပရမတ္ထဒီပနီ၊ ၃၉၁။

စာမျက်နှာ-189


ထိုကြောင့် နာနာက္ခဏိက ကမ္မစေတနာသည် ဖြစ်ပေါ်ချုပ်ပျောက် ပြီး၍ ထင်ရှားမရှိတော့သော်လည်း နောင်အခါဝယ် ကမ္ဘာပေါင်းကုဋေများစွာ ကွာခြားစေကာမူ အကျိုးတရားများ ဖြစ်ပေါ်လာစေရန် စွမ်းဆောင်နိုင်ပေသည်။ ဥပမာ ရှေးရှေး သင်ယူထားသော အတတ်ပညာသည် ဖြစ်ပေါ် ချုပ်ပျောက်ပြီး၍ ထင်ရှားမရှိသော်လည်း နောက်နောက် သင်ယူသော အတတ်ပညာများ တိုးတက်ဖြစ်ပွားစေရန် စွမ်းဆောင်နိုင်သကဲ့သို့ ဖြစ်ပေသည်။

အာဟာရ

မိမိနှင့် စပ်ဆိုင်သော အကျိုးတရားတို့ကို လွန်စွာဆောင်တတ်၊ လွန်စွာအားထုတ်ပေးတတ်၊ လွန်စွာကျေးဇူးပြုတတ်သော အကြောင်းတရားကို ပါဠိလို “အာဟာရ” ဟု ခေါ်၏။ အာဟာရအမည်ရသော တရားကား ကဗဠီကာရာဟာရ စသောအားဖြင့် လေးပါးရှိပေသည်။ ထိုလေးပါးတွင် စေတနာသည်လည်း “မနောသန္စေတနာဟာရ” ဟူသော နာမည်ဖြင့် ပါဝင်၏။

စေတနာသည် ငှက်စသော သတ္တဝါတို့၏ အတောင်နှင့် တူပေသည်။ ငှက်စသော သတ္တဝါတို့သည် အတောင်ရှိ၍သာ သစ်ပင်တပင်မှ တပင်သို့၊ တောတခုမှ တခုသို့ လှည့်လည်ပြီး မိမိတို့ခန္ဓာကိုယ်ကို ထိန်းကျောင်း မွေးမြူနိုင်ကြ၏။ အကယ်၍ ထိုသတ္တဝါများ၌ အတောင်မရှိခဲ့ပါလျှင် မပျံသန်းနိုင်ကြပဲ သေကြဖို့သာ ရှိပေသည်။

ထိုအတူ သတ္တဝါအပေါင်းတို့၌လည်း အတောင်နှင့်တူသော စေတနာရှိ၍သာ စေတနာ၏ လှုံ့ဆော်တိုက်တွန်းမှုကြောင့် ကံကြီး ကံငယ်အသွယ်သွယ်တို့ ဖြစ်ပေါ်လာကြပြီးလျှင် ဘဝတခုမှ ဘဝတခုသို့၊ ဘုံတခုမှ တခုသို့ လှည့်လည်နိုင်ကြပေသည်။ အကယ်၍ စေတနာမရှိပါက ကံတရားလည်း မပေါ်လာနိုင်၊ ကံတရားမပေါ်ပါက အကျိုးဝိပါကဝဋ်လည်း မဖြစ်လာနိုင်၊ အကျိုးဝိပါကဝဋ် မဖြစ်လာကလည်း ထိုဝိပါကဝဋ်အတွင်း၌—
၁။ အဘိ၊ဋ္ဌ၊၃၊၃၇။
၂။ မ၊ဋ္ဌ၊၁၊၂၁၀-၂၁၄။

စာမျက်နှာ-190


ထောက်တည် ကိန်းအောင်းနေကြသည့် ကိလေသာဝဋ်တို့လည်း မရှိနိုင်၊ ထိုအခါ ဝဋ်သုံးပါး ပြတ်သွားဖို့ရာပင် ဖြစ်သည်။ ထို့ကြောင့် ဝဋ်သုံးပါး၌ ကျင်လည်နေရမှုသည် စေတနာ၏ အစွမ်းသတ္တိဖြစ်ကြောင်း သိသာထင်ရှားပေသည်၊ ထိုကြောင့် စေတနာသည် အာဟာရဆိုသည့် နာမည်ထူးတမျိုးကို ရရှိခြင်း ဖြစ်သည်။

မနောသန္စေတနာဟာရ အမည်ရသော စေတနာသည် ကာမပဋိသန္ဓေဝိညာဉ်ဟူသော ကာမဘဝ၊ ရူပပဋိသန္ဓေဝိညာဉ်ဟူသော ရူပဘဝ၊ အရူပပဋိသန္ဓေဝိညာဉ်ဟူသော အရူပဘဝအားဖြင့် ဘဝသုံးပါးကို ဖြစ်စေသည်။ ထိုမနောသန္စေတနာဟာရ၌ ကြောက်မက်ဖွယ်ရာ ဘေးကြီးတခုရှိသည်၊ ထိုဘေးကြီးကား သံသရာဝဋ်ဒုက္ခများပြည့်နှက်လျက်ရှိသော ဘဝသုံးပါးကို ဖြစ်စေနိုင်သည့် ကုသိုလ်၊ အကုသိုလ်ကံတို့ကို ပြုလုပ်အားထုတ်မိခြင်းပင် ဖြစ်သည်။ ထိုပြုလုပ် အားထုတ်မိခြင်းကြောင့် ဘဝ ၃-ပါးကို ရရှိကာ အမျိုးမျိုးသော သံသရာဝဋ်ဒုက္ခကို ရရှိခံစားကြရပေသည်။

မနောသန္စေတနာဟာရကို မီးကျီးတွင်း ဥပမာဖြင့် နှိုင်းယှဉ် မှတ်သားသင့်၏။ အခိုးအလျှံမရှိ ရဲရဲညီးသော မီးကျီးခဲတို့ဖြင့် ပြည့်နေသော မီးကျီးတွင်းသို့ အသက်ရှည်ကြာ အနာမဲ့လျက် ချမ်းချမ်းသာသာ နေလိုသော ယောက်ျားတယောက်ကို ခွန်အားကြီးသည့် ယောက်ျားနှစ်ယောက်တို့က ဆွဲငင်တွန်းချသကဲ့သို့ မနောသန္စေတနာဟာရခေါ် ကုသိုလ် အကုသိုလ်စေတနာသည် ပြုလုပ်အားထုတ်သူ ဗာလပုထုဇဉ်တို့ကို ဘဝ (၃) ပါးသို့သာ ဆွဲငင်တွန်းချပေးသည်။ ဤဥပမာ၌ မီးကျီးတွင်းနှင့် ဘဝ ၃-ပါး၊ ချမ်းသာစွာ နေလိုသော ယောက်ျားနှင့် ဝဋ်တရားကို လိုလား တောင့်တသူ ဗာလပုထုဇဉ်၊ ဆွဲငင်တွန်းချသူ ယောက်ျား ၂-ယောက်နှင့် ကုသိုလ်အကုသိုလ် စေတနာ၊ ဆွဲငင်ရာအခါနှင့် ကုသိုလ် အကုသိုလ် စေတနာကို ပြုလုပ်အားထုတ်ရာအခါတို့ တူကြသည်။
၁။ ပရမတ္ထသံခိပ်ဋီကာ၊ဒု၊၃၀၅-၆။
၂။ သံ၊ဋ္ဌ၊၂၊၂၄-၂၆။
၃။ မ၊ဋ္ဌ၊၁၊၂၁၇၊ သံ၊ဋ္ဌ၊၂၊၁၀၄။

စာမျက်နှာ-191


ဤ၌ ထူးခြားသော အကြောင်းတရားဖြစ်သည့် ဘဝ ၃-ပါးကို ဖြစ်စေနိုင်သော လောကီကုသိုလ် အကုသိုလ် စေတနာ ၂၉-ခုကိုသာ မနောသန္စေတနာဟာရဟု ဆိုရသော်လည်း သာမညအားဖြင့် ယှဉ်ဘက်စိတ် စေတသိက်နာမ်တရားနှင့် စိတ္တဇရုပ် ပဋိသန္ဓေကမ္မရုပ်တို့ကို ဖြစ်စေနိုင်သော ကုသိုလ် အကုသိုလ် ဝိပါက်ကိရိယာ စေတနာအားလုံးကိုလည်း မနောသန္စေတနာဟာရဟုပင် ခေါ်ဆိုထိုက်ပေသည်။

မနောသန္စေတနာဟာရသည် ဘဝ ၃-ပါးကို ဖြစ်စေ၏ဟု ဆိုရာ၌ သုတ္တန်နည်းအားဖြင့်သာ ဆိုခြင်းဖြစ်သည်။ အဘိဓမ္မာပဋ္ဌာန်း ပါဠိတော်၌ကား တပြိုင်နက် အတူတကွ ဖြစ်ကြသည့် စိတ် စေတသိက်နာမ်တရားနှင့် စိတ္တဇရုပ် ပဋိသန္ဓေ ကမ္မဇရုပ်တရားတို့ကို ဖြစ်စေနိုင်သည့် သဟဇာတ စေတနာသည်သာ “အာဟာရပစ္စည်း” အဖြစ်ဖြင့် လာရှိ၍ အတူတကွ မဖြစ်ပဲ နောက်မှ ဖြစ်ပေါ်လာမည့် အကျိုးတရားတို့ကို ဖြစ်စေနိုင်သော နာနာက္ခဏိကစေတနာသည် “အာဟာရပစ္စည်း” အဖြစ်ဖြင့် မလာရှိပေ။ ဤသို့အားဖြင့် စေတနာသည် မနောသန္စေတနာဟာရဟူသော နာမည်ဖြင့် “အာဟာရ” ဟူသော နာမည်ထူးကို ရရှိပေသည်။

သင်္ခါရ

စေတနာ စေတသိက်သည် ကမ္မပစ္စယ အာဟာရဟူသော နာမည်ထူးများအပြင် “သင်္ခါရ” ဟူသော နာမည်ထူးကိုလည်း ရရှိသေးသည်။ အကျိုးဖြစ်သော ရုပ်နာမ် သင်္ခတတရားစုကို ပြုပြင် စီမံတတ်သည့် အကြောင်းတရားကို ပါဠိလို “သင်္ခါရ” ဟု ခေါ်သည်။ ထိုသင်္ခါရမည်သော တရားသည် တရားကိုယ်အားဖြင့် လောကီကုသိုလ် စေတနာ ၁၇-ခု၊ အကုသိုလ်စေတနာ ၁၂-ခု၊ ပေါင်း ၂၉-ခုဖြစ်သည်။ ထိုစေတနာ၏ လှုံ့ဆော်စီမံမှုကြောင့် မကောင်းသော ကိုယ်မှု နှုတ်မှု စိတ်မှုတို့သည်လည်းကောင်း၊ ကောင်းသော ကိုယ်မှု နှုတ်မှု စိတ်မှုတို့သည် လည်းကောင်း ဖြစ်ပေါ်လာကြရသည်။
၁။ အဘိ၊ဋ္ဌ၊၁၊၁၉၇။ မ၊ဋ္ဌ၊၁၊၂၁၃။
၂။ ပရမတ္ထဒီပနိ၊၃၅၀။

စာမျက်နှာ-192


ထိုကောင်းမကောင်းသော ကုသိုလ်ကံ အကုသိုလ်ကံ များကြောင့် ဒုဂ္ဂတိဘုံ သုဂတိဘုံများ၌ ငရဲသား တိရစ္ဆာန် ပြိတ္တာ အသူရကာယ် လူ နတ် စသည်တို့ ဖြစ်လာရခြင်းဆိုသည့် အကျိုးတရားများ ဖြစ်ပေါ်လာရသည်။ ထိုသို့ အကျိုးဖြစ်သော ရုပ်နာမ်တရားစုများ ဖြစ်ပေါ်လာအောင် စီမံဖန်တီးပေးလိုက်သည့် တရားကား “အရင်းစစ် အမြစ်မြေက” ဆိုသကဲ့သို့ စေတနာဟူသော အရင်းခံမူလတရားပင် ဖြစ်ပါသည်။ ထို့ကြောင့် စေတနာစေတသိက်ကို “သင်္ခါရ” ဟူသော နာမည်ထူးတမျိုးဖြင့် ဟောတော်မူထားခြင်းဖြစ်ပါသည်။

ဘဝ (ကမ္မဘဝ)

ရှင်တော်ဗုဒ္ဓသည် ပဋိစ္စသမုပ္ပါဒ် ဝိဘင်းပါဠိတော် စသည်၌ စေတနာ စေတသိက်ကို “ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ” ဟူ၍ ဘဝဟူသော နာမည်အမျိုးမျိုးဖြင့် ဟောတော်မူထားပေသည်၊ အဓိပ္ပါယ်မှာ ဆိုခဲ့ပြီးသော လောကီကုသိုလ် ၁၇-ပါး၊ အကုသိုလ်စိတ် ၁၂-ပါး၊ ပေါင်း ၂၉-ပါး၌ ရှိသော လောကီကုသိုလ် အကုသိုလ်စေတနာ ၂၉-ပါးသည် ဝိပါက်နာမက္ခန္ဓာ၊ ကမ္မဇရုပ်ဟူသော အကျိုးတရားတို့ ဖြစ်ပေါ်ကြောင်း ဖြစ်သောကြောင့် ဘဝဟူသော နာမည်ကိုရသည်။ အားကြီးသော တဏှာခေါ်သည့် ဥပါဒါန်ကြောင့် ထိုဘဝဖြစ်လာရသည်။ ထိုဘဝဟူသော အကြောင်းကြောင့် ဝိပါက်နာမက္ခန္ဓာ၊ ကမ္မဇရုပ်ဟူသော ဇာတိဖြစ်လာရသည်ဟု ဆိုလိုပေသည်။

တနည်းအားဖြင့် ဘဝဆိုသည်မှာ ကံကြောင့်ဖြစ်ပေါ်လာသည့် အကျိုးရုပ် နာမ်တရားတို့၏ အမည်ဖြစ်သည်။ သို့သော် အကျိုးရုပ်နာမ်တရားတို့၏ ဘဝဟူသော နာမည်ကို အကြောင်းစေတနာကံ၌ တင်စား၍ ဖလူပစာရနည်းအားဖြင့် အကြောင်းကံကို ဘဝဟု ခေါ်ပေသည်။
၁။ ဝိဘာဝိနီဋီကာ၊၂၃၆။
၂။ အဘိ၊ဋ္ဌ၊၂၊၁၇၄။

စာမျက်နှာ-193


ဧကဂ္ဂတာ စေတသိက်

၄။ ဧကဂ္ဂတာ၏ အနီးကပ်ဆုံးအကြောင်း (ပဒဋ္ဌာန်)

အာရုံတခု၌ တည်တံ့မှု

ဧကဂ္ဂတာသည် တခုသော အာရုံလျှင် နီးစွာသော အကြောင်းရှိသည် (ဧကောသမ္ဗဏပဒဋ္ဌာန်)။

အနီးကပ်ဆုံး အကြောင်းဖြစ်ပုံ

ဧကဂ္ဂတာသည် စိတ်၏ တခုသော အာရုံရှိခြင်းပင်ဖြစ်ရာ တခုသော အာရုံသည် ဧကဂ္ဂတာ၏ အနီးကပ်ဆုံးအကြောင်းဖြစ်သည်။ ယင်းတခုသော အာရုံကြောင့် ဧကဂ္ဂတာဖြစ်လာရသည်။ စိတ်က အာရုံအများသို့ ပျံ့လွှင့်ပြေးသွားနေလျှင် ဧကဂ္ဂတာ မဖြစ်နိုင်။ မှန်ပေသည်၊ ပုထုဇဉ်တို့စိတ်သည် “ပုထုဇ္ဇနော ဥမ္မတ္တကော” ဟု ဆိုသည့်အတိုင်း အာရုံတခု၌ မတည်၊ ထိုထိုဤဤ အလီလီသော အာရုံများသို့ ပြေးသွား၍ နေတတ်ပေသည်။

“စိတ်သွားတိုင်းကိုယ်မပါ” ဟု ပြောဆိုခြင်းမှာ စိတ်သည် အာရုံတခု၌ တည်တံ့မှုမရှိပဲ အာရုံအများသို့ ပြေးသွားပျံ့လွင့်တတ်ပုံကို ပေါ်လွင်စေသည့် အချက်တရပ်ဖြစ်သည်။ ထို့ပြင် “အလုပ်ခွင်တွင် စိတ်ဝင်စားမှုမရှိ” ဟု ပြောဆိုခြင်းများသည်လည်း စိတ်သည် အာရုံတခု၌ တည်တံ့မှုမရှိ၊ အာရုံအများသို့ ပြေးသွားကြောင်း ထင်ရှားစေသည့် သာဓကများပင်ဖြစ်သည်။

ဤကဲ့သို့ စိတ်က အာရုံအမျိုးမျိုးသို့ ပျံ့လွှင့်ပြေးသွားနေလျှင် ဧကဂ္ဂတာ မဖြစ်နိုင်၊ စိတ်က အာရုံတခု၌ တည်တံ့နေပါမှ ဧကဂ္ဂတာဖြစ်လာနိုင်သည်။ ထို့ကြောင့် တခုသောအာရုံသည် ဧကဂ္ဂတာ၏ အနီးကပ်ဆုံးအကြောင်းဖြစ်သည်။ သင့်သောအားဖြင့် နှလုံးသွင်းမှု (ယောနိသောမနသိကာရ)၊ မသင့်သောအားဖြင့် နှလုံးသွင်းမှု (အယောနိသောမနသိကာရ) စသောအကြောင်းများမှာ ဧကဂ္ဂတာ၏ ဝေးသော အကြောင်းများသာ ဖြစ်သည်။ ထို့ကြောင့် ဧကဂ္ဂတာကို တခုသောအာရုံလျှင် နီးစွာသော အကြောင်းရှိသည်ဟု ဖွင့်ဆိုကြသည်။

သုခပဒဋ္ဌာန်

အာရုံတခု၌ တည်တံ့မှု ဧကဂ္ဂတာသည် များသောအားဖြင့် သုခလျှင် နီးစွာသော အကြောင်းရှိသည်။
၁။ အဘိ၊ဋ္ဌ၊ ၁၊ ၁၆၂။

စာမျက်နှာ-194


သုခသည် ဧကဂ္ဂတာ၏ အနီးကပ်ဆုံးသော အကြောင်းပဒဋ္ဌာန်ဖြစ်ပုံ

ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဟူ၍ ဈာန်အင်္ဂါငါးပါးရှိ၏။ ယင်းငါးပါးအနက် ဧကဂ္ဂတာ၏ အနီးကပ်ဆုံး ပဒဋ္ဌာန်မှာ သုခဖြစ်ကြောင်း ထင်ရှားလှသည်။ မှန်၏၊ ဆိုခဲ့သည့် ဈာန်အင်္ဂါငါးပါးတို့သည် မိမိတို့ကိစ္စကို အသီးသီး ဆောင်ရွက်လျက်ရှိကြသည်။ ထိုသို့ ဆောင်ရွက်ကြရာ၌ ဝိတက်က ယှဉ်ဖက်သမ္ပယုတ်တရားစုကို အာရုံတခုသို့ ရောက်နေအောင် မနေမနား တင်ပေးပါမှ ဝိစာရက အာရုံကို ထပ်တလဲလဲ စွဲမြဲစွာ သုံးသပ်ခြင်းသဘောကို ဆောင်ရွက်နိုင်ပေသည်။

ဝိစာရက အာရုံကို ထပ်တလဲလဲ သုံးသပ်ပေးပါမှ ပီတိက အာရုံကို နှစ်သက်ခြင်းသဘောကို ဆောင်ရွက်နိုင်ပါမည်။ ပီတိက အာရုံကို နှစ်သက်ပါမှလည်း သုခက အာရုံ၏ အရသာကို ခံစားခြင်း သဘောကို ဆောင်ရွက်နိုင်ပါမည်။ သုခက မွန်မြတ်သော အရသာကို ခံစားပါမှ ဧကဂ္ဂတာက တခုတည်းသော အာရုံ၌ စိတ်ကို တည်တံ့စေခြင်း ကိစ္စကို ဆောင်ရွက်နိုင်ပါသည်။

ဤဆိုခဲ့သည့် စကားအစဉ်အရ ဧကဂ္ဂတာ၏ အနီးကပ်ဆုံးသော အကြောင်းမှာ သုခဖြစ်နေသည်ကို ထင်ရှားစွာ တွေ့နိုင်လေသည်။ အခြားဝိတက်၊ ဝိစာရ စသည်တို့ကား ဧကဂ္ဂတာ၏ အနီးကပ်ဆုံးသော အကြောင်းမဟုတ်ပဲ ဝေးသော (ဒူရ) အကြောင်းများသာ ဖြစ်ကြလေသည်။

သုခနှင့် စတုတ္ထဈာန်

ဧကဂ္ဂတာ၏ အနီးကပ်ဆုံးသော အကြောင်းသည် သုခဖြစ်သည်ဟု ဆိုသော်လည်း စတုတ္ထဈာန် စသည်မှာ သုခမရှိသောကြောင့် ယင်းစတုတ္ထဈာန်၌ရှိသော ဧကဂ္ဂတာ၏ အနီးကပ်ဆုံးသော အကြောင်းမှာ သုခမဖြစ်နိုင်။ ထို့ကြောင့် သုခသည် ဧကဂ္ဂတာ၏ အနီးကပ်ဆုံးသော အကြောင်းဖြစ်သည်ဟု ဆိုခြင်းသည်—

စာမျက်နှာ-195


ဖြစ်ရာဌာန စသောအားဖြင့် စေတနာ ၈-မျိုး

တနည်းအားဖြင့် စေတနာမည်သော ကံတရားသည် ဖြစ်ရာဌာန (ဂတိ)၊ ရုပ်အင်္ဂါလက္ခဏာ (ဥပဓိ)၊ အားထုတ်ခြင်းလုံ့လ (ပယောဂ)၊ ခေတ်ကာလ (ကာလ)၊ ပြည့်စုံမှု ချို့တဲ့မှုတို့ကို အစွဲပြု၍ အကုသိုလ်ကံ ၈-မျိုး၊ ကုသိုလ်ကံ ၈-မျိုး အားဖြင့် (၁၆) မျိုးရှိ၏။ ထိုတွင် အကုသိုလ်ကံ ၈-မျိုးကား—
၁။ ဂတိသမ္ပတ္တိ ပဋိဗဒ္ဓ အကုသိုလ်ကံ၊
၂။ ဥပဓိသမ္ပတ္တိ ပဋိဗဒ္ဓ အကုသိုလ်ကံ၊
၃။ ကာလသမ္ပတ္တိ ပဋိဗဒ္ဓ အကုသိုလ်ကံ၊
၄။ ပယောဂသမ္ပတ္တိ ပဋိဗဒ္ဓ အကုသိုလ်ကံ၊
၅။ ဂတိဝိပတ္တိ အကုသိုလ်ကံ၊
၆။ ဥပဓိဝိပတ္တိ အကုသိုလ်ကံ၊
၇။ ကာလဝိပ္ပတ္တိ အကုသိုလ်ကံ၊
၈။ ပယောဂဝိပတ္တိ အကုသိုလ်ကံ— တို့ဖြစ်သည်။

၁။ ဂတိသမ္ပတ္တိ ပဋိဗဒ္ဓ အကုသိုလ်ကံ

ထိုတွင် ဂတိသမ္ပတ္တိ ပဋိဗဒ္ဓ အကုသိုလ်ကံ ဆိုသည်မှာ လူ့ဘုံ နတ်ဘုံတို့၌ ဖြစ်ခြင်း ဂတိသမ္ပတ္တိ၏ တားမြစ်ချက်ကြောင့် အကျိုးပေးခွင့်မရသော အကုသိုလ်ကံဖြစ်၏။ မှန်၏၊ လူတယောက်၌ များစွာသော အကုသိုလ်ကံတို့ ရှိကြ၏။ ထိုအကုသိုလ်ကံများသည် အပါယ်လေးဘုံ၌ ဖြစ်ခြင်း ဂတိဝိပတ္တိရှိပါမှ အကျိုးပေးနိုင်ကြသည်။ သို့ရာတွင် ထိုသူကား ကုသိုလ်ကံကြောင့် လူ့ဘုံနတ်ဘုံ တဘုံဘုံတို့၌ဖြစ်၍ ဂတိသမ္ပတ္တိ ရှိနေ၏။ ထို့ကြောင့် အကျိုးပေးခွင့်မရကြသော အကုသိုလ်ကံများကို ဂတိသမ္ပတ္တိ ပဋိဗဒ္ဓ အကုသိုလ်ကံဟု ခေါ်ပါသည် (ဂတိသမ္ပတ္တိ = ဂတိပြည့်စုံခြင်း၏ + ပဋိဗဒ္ဓ = တားမြစ်ချက်)။
၁။ အဘိ၊၂၊၃၅၁။

စာမျက်နှာ-196


၂။ ဥပဓိသမ္ပတ္တိ ပဋိဗဒ္ဓ အကုသိုလ်ကံ

ဥပဓိရုပ်လက္ခဏာ ကိုယ်အင်္ဂါ ပြည့်စုံခြင်း ဥပဓိသမ္ပတ္တိ၏ တားမြစ်ချက်ကြောင့် အကျိုးပေးခွင့်မရသော အကုသိုလ်ကံကို ဥပဓိသမ္ပတ္တိ ပဋိဗဒ္ဓ အကုသိုလ်ကံဟု ခေါ်၏။ မှန်၏၊ လူတဦးတွင် များစွာသော အကုသိုလ်ကံများရှိရာ ထိုအကုသိုလ်ကံများသည် ဥပဓိရုပ်လက္ခဏာ ကိုယ်အင်္ဂါချို့တဲ့မှ အကျိုးပေးနိုင်၏။ သို့သော် ထိုသူမှာ ကုသိုလ်ကံကြောင့် ဥပဓိရုပ်လက္ခဏာနှင့် ပြည့်စုံလျက်ရှိရာ ထိုအကုသိုလ်ကံများ အကျိုးပေးခွင့် မရပဲ ရှိလေသည်။

ဥပမာ—အကုသိုလ်ကံကြောင့် ယုတ်ညံ့သောအမျိုး၌ ဖြစ်ရစေကာမူ ဥပဓိသမ္ပတ္တိကြောင့် ယုတ်ညံ့သောအလုပ်ကို မလုပ်ရပဲ ဘဏ္ဍာစိုး စသော ရာထူးများ၌ ခန့်ထားခံရခြင်းမျိုးဖြစ်သည်။

ဘာတိကမင်းလက်ထက်၌ နွားသတ်သမားများကို ဖမ်း၍ မင်းထံ ခေါ်ဆောင်လာကြသည်။ နွားသတ်သမားတို့၏ သမီးတယောက်သည် အလွန်တရာ အဆင်းလှပ၍ ဥပဓိရုပ်လက္ခဏာနှင့် ပြည့်စုံ၏။ ထို့ကြောင့် မင်းကြီးက ထိုသတို့သမီးကို မောင်းမအရာ၌ထား၍ ချီးမြှောက်၏။ ကျန်ရှိသော ဆွေမျိုးများမှာလည်း ထိုသတို့သမီး၏ အရှိန်အဝါကြောင့် ချမ်းချမ်းသာသာ အသက်မွေးကြရသည်။ ဤသည်မှာ ဥပဓိသမ္ပတ္တိ တားမြစ်ချက်ကြောင့် အကုသိုလ်ကံများ အကျိုးပေးခွင့် မရသော သာဓကပင်ဖြစ်သည်။
၁။ အဋ္ဌ၊၂၊၄၂၁-၂။
၂။ အံ၊ဋ္ဌ၊၂၊၁၁၁။

စာမျက်နှာ-197


ဘဝကား ကမ္မဘဝ၊ ဥပပတ္တိဘဝဟု နှစ်မျိုးရှိ၏။ လောကီကုသိုလ် အကုသိုလ်စေတနာ ၂၉-ပါးကို ကမ္မဘဝခေါ်၍ ထိုစေတနာ ကမ္မဘဝကြောင့် ဖြစ်ပေါ်လာသော လောကီဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ်များကို ဥပပတ္တိဘဝဟု ခေါ်ပါသည်။ ဤနေရာ၌ ဘဝဆိုသည်မှာ ဤဘဝနှစ်မျိုးတွင် ကမ္မဘဝပင် ဖြစ်ပါသည်။

သင်္ခါရနှင့် ဘဝအထူး

သင်္ခါရနှင့် ဘဝသည် စေတနာကိုချည်း ကောက်ယူရသော်လည်း ထူးခြားကွဲပြားမှု ရှိပေသည်။

မှန်၏၊ ပစ္စုပ္ပန်ပဋိသန္ဓေ၏ အကြောင်းဖြစ်သော အတိတ်စေတနာသည် သင်္ခါရမည်၏။ အနာဂတ်ပဋိသန္ဓေ၏ အကြောင်းဖြစ်သော ပစ္စုပ္ပန်စေတနာသည် ဘဝမည်၏။ တနည်းအားဖြင့် စေတနာသက်သက်သည် သင်္ခါရမည်၏။ စေတနာ၊ ထိုစေတနာနှင့်အတူ ဖြစ်သောစိတ်စေတသိက်တို့သည် ဘဝမည်၏။

တနည်းအားဖြင့် ထိုထိုကုသိုလ် အကုသိုလ်တို့ကို ပြုလုပ်ရာ၌ အထမမြောက်မီ ရှေ့အဖို့၌ဖြစ်သော ပုဗ္ဗစေတနာသည် သင်္ခါရမည်၏။ အထမြောက်သော မုဉ္စစေတနာသည် ဘဝမည်၏။ တနည်းသော်ကား ဇော ၇-ကြိမ်တွင် ရှေ့ဇော ၆-ကြိမ်နှင့် ယှဉ်သော စေတနာသည် သင်္ခါရမည်၏။ သတ္တမဇောနှင့်ယှဉ်သော စေတနာသည် ဘဝမည်၏။

ဒါန

စေတနာသည် ဖော်ပြပါနာမည်များအပြင် “ဒါန” ဟူသော နာမည်ကိုလည်း ရသေးသည်။ ဒါနဟူသော ပါဠိသည် ပေးကမ်း လှူဒါန်းကြောင်း (ဝါ) လှူဖွယ်ပစ္စည်းကို စွန့်လွှတ်ကြောင်း တရားဟု အဓိပ္ပါယ်ရသည်။ ထိုတရားကား စေတနာစေတသိက်ပင် ဖြစ်သည်။ ထိုစေတနာစေတသိက်၏ လှုံ့ဆော်မှုကြောင့် ပေးကမ်းစွန့်ကြဲ လှူဒါန်းမှုဆိုသည့် ကံတရားပေါ်လာရသည်။ ထိုစေတနာမျိုးရှိမှ ဒါနမှု အထမြောက်သည်။
၁။ အဘိ၊ဋ္ဌ၊၂၊၁၇၅။
၂။ အဘိ၊ဋ္ဌ၊၂၊၁၀၂။
၃။ မူလဋီ၊၂၊၁၂၇။

စာမျက်နှာ-198


ထို့ကြောင့် လှူဖွယ်ဝတ္ထုပစ္စည်းတို့ကို ပေးကမ်းလှူဒါန်းသောသူ၏ သန္တာန်၌ ထိုဝတ္ထုပစ္စည်းတို့ ဖြစ်ရာကာလမှစ၍ မလှူမီရှေ့အဖို့၌ဖြစ်စေ၊ လှူဒါန်းပေးကမ်းဆဲ၌ဖြစ်စေ၊ လှူဒါန်းပေးကမ်းပြီးနောက်၌ဖြစ်စေ အချိန်သုံးမျိုးလုံး၌ ဖြစ်ပေါ်လာသော စေတနာသည် ဒါနခေါ် “ပုညကိရိယာဝတ္ထုမည်၏” ဟု အဋ္ဌသာလိနီ အဋ္ဌကထာ၌ ဖွင့်ဆိုထားခြင်းဖြစ်သည်။

စေတနာ စေတသိက် အမျိုးမျိုးပြားပုံ

စေတနာ ၂-မျိုး

စေတနာစေတသိက်သည် သဘောလက္ခဏာအားဖြင့် မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် ဖဿစသော တရားတို့ကို အာရုံတွေ့ထိမှုစသော ကိစ္စအသီးသီး၌ နှိုးဆော် တိုက်တွန်းမှု သဘောတမျိုးတည်းသာ ရှိသော်လည်း အကျိုးတရားကို ဖြစ်ပေါ်လာစေနိုင်မှု၊ အကျိုးတရားကို မဖြစ်ပေါ်လာနိုင်စေမှု သဘောအားဖြင့်—
(၁) သဝိပါက စေတနာ၊
(၂) အဝိပါက စေတနာ— ဟူ၍ နှစ်မျိုးနှစ်စား ကွဲပြားပါသည်။

ထိုတွင် သဝိပါကစေတနာဆိုသည်မှာ ကောင်းကျိုး မကောင်းကျိုး နှစ်မျိုးလုံးကို ဖြစ်ပွားပေါ်ပေါက်လာစေနိုင်သည့် စေတနာမျိုးဖြစ်သည်။ (သ = ရှိသော + ဝိပါက = အကျိုးတရား)။ ထိုစေတနာသည် ကုသိုလ်စိတ် ၂၁-မျိုး၊ အကုသိုလ်စိတ် ၁၂-မျိုးတို့နှင့်အတူ ယှဉ်တွဲ ဖြစ်ပေါ်လာသော စေတနာ ၃၃-မျိုး ဖြစ်သည်။

ကုသိုလ်စိတ်နှင့် အတူလာသော ကုသိုလ်စေတနာ ၂၁-မျိုးသည် ကောင်းမွန်သော ပဋိသန္ဓေကျိုး၊ ပဝတ္တိကျိုး နှစ်မျိုးလုံးကို ထိုက်သလို ဖြစ်ပေါ်စေသည်။ ထိုအတူ အကုသိုလ်စိတ်များနှင့်အတူ ဖြစ်ပေါ်လာသော အကုသိုလ်စေတနာ ၁၂-မျိုးသည်လည်း မကောင်းသော ပဋိသန္ဓေကျိုး၊ ပဝတ္တိကျိုး နှစ်မျိုးလုံးကို ထိုက်သလို ဖြစ်ပေါ်စေသည်။
၁။ အဘိ၊ဋ္ဌ၊၁၊၂၀၁-၂။
၂။ အဘိ၊ဋ္ဌ၊၃၊၂၃၀။

စာမျက်နှာ-199


အဝိပါကစေတနာကား ပဋိသန္ဓေအခါ၌လည်းကောင်း၊ ပဝတ္တိအခါ၌ လည်းကောင်း အကျိုးတရား ဖြစ်ပွားစေမှုမရှိသော စေတနာမျိုးတည်း။ (အ=မရှိ+ဝိပါက=အကျိုးတရား) ထိုစေတနာသည် ဝိပါက်စိတ် ၃၆-ခု ကြိယာစိတ် ၂၀-တို့ ဖြစ်သည့်အခါ အတူယှဉ်တွဲပါလာသော စေတနာ ၅၆-မျိုး ဖြစ်သည်။

သဝိပါက စေတနာ ၂-မျိုး

သဝိပါက စေတနာသည်လည်း အကျိုးပေး မြဲမမြဲအားဖြင့်–
၁။ ဓုဝဝိပါက စေတနာ၊
၂။ အဓုဝဝိပါက စေတနာ-
ဟူ၍ နှစ်မျိုးရှိပြန်သည်။

ထိုတွင် ဓုဝဝိပါကစေတနာဟူသည် အကျိုးပေးမြဲသော စေတနာမျိုး ဖြစ်သည့် (ဓုဝ=မြဲသော+ဝိပါက=အကျိုးတရား) အကျိုးပေးမြဲခြင်း ဆိုသည်မှာ ထိုစေတနာ ဖြစ်ပေါ်ပြီးသည်၏ အခြားမဲ့ကာလ၌ ပဋိသန္ဓေကျိုး ပဝတ္တိကျိုးတို့ကို မုချဆတ်ဆတ် ဧကန်အကျိုးပေးခြင်း သဘောပင် ဖြစ်သည်။ ထိုစေတနာသည်လည်း-
၁။ ပဉ္စာနန္တရိယ စေတနာ၊
၂။ မဟဂ္ဂုတ်စေတနာ၊
၃။ မဂ်စေတနာ၊
၄။ နိယတမိစ္ဆာဒိဋ္ဌိစေတနာ-
ဟူ၍ လေးမျိုးရှိသည်။

ထိုတွင် ပဉ္စာနန္တရိယစေတနာဆိုသည်မှာ မိခင်ကိုသတ်ခြင်း (မာတုဃာတက) ဖခင်ကိုသတ်ခြင်း (ပိတုဃာတက) ရဟန္တာအရှင်မြတ်ကို သတ်ခြင်း (အရဟန္တဃာတက) ဘုရားရှင်အား သွေးစိမ်းတည်အောင် ပြုလုပ်ခြင်း (လောဟိတုပ္ပါဒက) သံဃာအချင်းချင်း သင်းခွဲခြင်း (သံဃဘေဒက) ငါးမျိုးတွင် တမျိုးမျိုးကို ပြုလုပ်အားထုတ်ရာ၌ ပါဝင်သော အကုသိုလ်စေတနာမျိုး ဖြစ်သည်။
၁။ အဘိ၊ဋ္ဌ၊၁။၃၉၃။ အနုဋီ၊၁။၁၀၁။

စာမျက်နှာ-200


မဟဂ္ဂုတ်စေတနာဆိုသည်မှာ ရူပကုသိုလ်ဈာန် ၅-ပါး၊ အရူပကုသိုလ်ဈာန် ၄-ပါး၊ ပေါင်း မဟဂ္ဂုတ်ကုသိုလ်ဈာန် ၉-ပါးနှင့်အတူ ယှဉ်တွဲဖြစ်ပေါ်သော မဟဂ္ဂုတ်ကုသိုလ်စေတနာ ၉ ပါးဖြစ်သည်။ ရူပစိတ် အရူပစိတ်များကို မြင့်မြတ်သောစိတ်များ ဖြစ်သောကြောင့် ပါဠိလို မဟဂ္ဂတ ခေါ်၍ မြန်မာလို မဟဂ္ဂုတ်ဟု ပြန်ဆိုကြသည်။ (မဟာ=မြင့်မြတ်ခြင်းသို့+ဂတ=ရောက်သောစိတ်=မဟဂ္ဂတ=မြင့်မြတ်ခြင်းသို့ ရောက်သော မဟဂ္ဂုတ်စိတ်)။

မဂ်စေတနာဆိုသည်မှာ သောတာပတ္တိမဂ်စိတ်၊ သကဒါဂါမိမဂ်စိတ်၊ အနာဂါမိမဂ်စိတ်၊ အရဟတ္တမဂ်စိတ်တို့နှင့် အတူယှဉ်တွဲဖြစ်ပေါ်လာသည့် စေတနာမျိုးဖြစ်သည်။

နိယတမိစ္ဆာဒိဋ္ဌိစေတနာကား ဘုရားပေါင်းများစွာ ချွေချွတ်ကုစား၍ မရအောင် အယူမှားကို ခိုင်မြဲစွာယူသော ဒိဋ္ဌိနှင့်အတူဖြစ်သည့် စေတနာမျိုးဖြစ်သည်။ သက္ကာယဒိဋ္ဌိစသော အယူမှားသည့် ဒိဋ္ဌိများအနက် နတ္ထိကဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိဟူသော ဒိဋ္ဌိကြီးသုံးမျိုးသာ ကမ္မပထမြောက်၍ အပါယ်ပဋိသန္ဓေကျိုးကို ပေးနိုင်သည်။

အဇိတတိတ္ထိဆရာကြီးတို့ကဲ့သို့ ပေးကမ်းလှူဒါန်းခြင်းသည် အကျိုးမရှိ စသည်ဖြင့် အကျိုးတရားကိုပယ်သော အယူသည် နတ္ထိကဒိဋ္ဌိဖြစ်သည်။ မက္ခလိဂေါသာလတိတ္ထိ ဆရာကြီး ယူသကဲ့သို့ အကြောင်းလည်း မရှိ၊ အကျိုးလည်းမရှိဟု ကြောင်းကျိုး နှစ်မျိုးလုံးကို ပယ်သောအယူသည် အဟေတုကဒိဋ္ဌိဖြစ်သည်။ ပုရာဏကဿပတိတ္ထိဆရာကြီး၏ အယူကဲ့သို့ ကောင်းမှု မကောင်းမှုကို ပြုသော်လည်း ပြုသည်မမည်၊ ပြုရာမရောက်ဟု အကြောင်းကံကို တားမြစ်သောအယူသည် အကိရိယဒိဋ္ဌိဖြစ်သည်။ ဆရာကြီးတို့၏ ယူဆပုံသည် မှားသောအယူ ဖြစ်သောကြောင့် မိစ္ဆာဒိဋ္ဌိမည်၏။

စာမျက်နှာ-201


ထိုအယူ၌ ဘုရားရှင်ချွတ်မရလောက်အောင် ခိုင်မြဲသောကြောင့် နိယတခေါ်၏။ ထိုခိုင်မြဲသောအယူမှား (နိယတမိစ္ဆာဒိဋ္ဌိ) နှင့် အတူဖြစ်သော စေတနာကို နိယတမိစ္ဆာဒိဋ္ဌိ စေတနာဟုခေါ်သည်။

ဤဆိုအပ်ခဲ့ပြီးသော ကုသိုလ်စေတနာ အကုသိုလ်စေတနာ ၄-မျိုးမှ တပါးသော ကုသိုလ်စေတနာ အကုသိုလ်စေတနာတို့ကား အကျိုးပေး မမြဲသောကြောင့် အဓုဝဝိပါက စေတနာများ ဖြစ်ပါသည်။

စေတနာ ၃-မျိုး

စေတနာကို--
၁။ ကာယသန္ဓေတနာ၊
၂။ ဝစီသန္ဓေတနာ၊
၃။ မနောသန္ဓေတနာ-
ဟု ကျမ်းဂန်များ၌ သုံးမျိုးခွဲခြားပြထားသေးသည်။

ထိုတွင် ကာယသန္ဓေတနာဆိုသည်မှာ ကာယဒွါရ (ကိုယ်)၌ ဖြစ်သော စေတနာ (ဝါ) ကာယဝိညတ်ကို ဖြစ်စေသော စေတနာဖြစ်သည်။ ထိုစေတနာသည်လည်း အကုသိုလ် ကာယသန္ဓေတနာ၊ ကုသိုလ်ကာယသန္ဓေတနာဟု နှစ်မျိုးပြားသည်။

သူ့အသက်သတ်မှု သူ့ဥစ္စာခိုးယူမှု သူ့သားမယား ကျူးလွန်မှုတို့ကို ဖြစ်စေတတ်သော စေတနာသည် အကုသိုလ်ကာယသန္ဓေတနာမည်၏။ ထိုသုံးပါးမှ ရှောင်ကြဉ်မှုကို ဖြစ်စေတတ်သော စေတနာသည် ကုသိုလ်ကာယသန္ဓေတနာမည်၏။

ဝစီသန္ဓေတနာမှာလည်း ဝစီဒွါရ(နှုတ်)၌ဖြစ်ပေါ်သောစေတနာ(ဝါ) ဝစီဝိညတ်ကိုဖြစ်ပေါ်စေသော စေတနာပင်တည်း။ ထိုဝစီသန္ဓေတနာသည်လည်း အကုသိုလ်ဝစီသန္ဓေတနာ၊ ကုသိုလ်ဝစီသန္ဓေတနာဟု နှစ်မျိုးပြားသည်။
၁။ အဘိ၊၂၊၁၄၂။ အဘိ၊၄။၂၉၀။ အံ၊ဋ္ဌ၊၂။၃၄၇။

စာမျက်နှာ-202


လိမ်လည်ပြောဆိုမှု၊ ချောပြစ်ကုန်းတိုက်မှု၊ ကြမ်းတမ်းစွာဆဲရေးတိုင်းထွာမှု၊ အကျိုးမရှိသောစကားပြောဆိုမှုတို့ကို ဖြစ်စေတတ်သောစေတနာသည် အကုသိုလ်ဝစီသန္ဓေတနာမည်၏။ ထိုလေးပါးမှ ရှောင်ကြဉ်မှုကိုဖြစ်စေတတ်သော စေတနာသည် ကုသိုလ်ဝစီသန္ဓေတနာမည်၏။

မနောသန္ဓေတနာဆိုသည်မှာ မနောဒွါရ၌ဖြစ်ပေါ်လာသောစေတနာဖြစ်သည်။ ထိုစေတနာသည်လည်း အကုသိုလ်မနောသန္ဓေတနာ၊ ကုသိုလ်မနောသန္ဓေတနာဟု နှစ်မျိုးရှိသည်။ ထိုတွင် သူတပါးစည်းစိမ်ဥစ္စာကို မိမိစည်းစိမ်ဥစ္စာဖြစ်စေလိုမှု (အဘိဇ္ဈာ)၊ သူတပါးကို ပျက်စီးစေလိုမှု (ဗျာပါဒ)၊ မှားယွင်းသော အယူဝါဒကို လက်ခံယုံကြည်မှု (မိစ္ဆာဒိဋ္ဌိ) တို့ကို ဖြစ်စေတတ်သောစေတနာသည် အကုသိုလ်မနောသန္ဓေတနာ မည်၏။ သူတပါးစည်းစိမ်ဥစ္စာကိုမိမိဥစ္စာမဖြစ်စေလိုခြင်း (အနဘိဇ္ဈာ)၊ သူတပါးကို မပျက်စီးစေလိုခြင်း (အဗျာပါဒ)၊ မှန်ကန်သော အယူဝါဒကို လက်ခံယုံကြည်ခြင်း (သမ္မာဒိဋ္ဌိ)တို့ကို ဖြစ်စေတတ်သော စေတနာသည် ကုသိုလ်မနောသန္ဓေတနာမည်၏။

ဤစေတနာသုံးမျိုးကိုပင် ကံသုံးမျိုးဟု ခေါ်ပါသည်။ ကာယသန္ဓေတနာသည် ကာယကံ၊ ဝစီသန္ဓေတနာသည် ဝစီကံ၊ မနောသန္ဓေတနာသည် မနောကံဖြစ်ပါသည်။

တနည်းအားဖြင့် စေတနာသည် ပေးကမ်းလှူဒါန်းခြင်း ဒါနအရာ၌–
၁။ ပုဗ္ဗစေတနာ၊
၂။ မုဉ္စစေတနာ၊
၃။ အပရစေတနာ-
ဟူ၍ စေတနာသုံးမျိုးရှိသည်။

ထိုတွင် လှူဒါန်းပေးကမ်းမည်ဟု ကြံစည်သည်မှစ၍ (ဝါ) လှူဖွယ်ဝတ္ထုမရှိသေးလျှင် လှူဖွယ်ဝတ္ထုကို ရှာဖွေစုဆောင်းသည်မှစ၍ “လှူပါ၏”ဟု မဆိုမီ၊ မစွန့်လွှတ် မဆက်ကပ်မီ ရှေ့အဖို့၌ ဒါနနှင့်ဆက်သွယ်၍

စာမျက်နှာ-203


ဒွါရသုံးပါးလုံး၌ ဖြစ်ဖြစ်သမျှကုသိုလ်စေတနာများကို ပုဗ္ဗစေတနာဟုခေါ်သည်။ မဆက်ကပ် မလှူဒါန်းမီ ရှေ့အဖို့၌ဖြစ်သော်လည်း ဒါနကိစ္စနှင့် မဆက်သွယ်ပဲ အခြားကိစ္စအတွက်ဖြစ်သော စေတနာများကို ပုဗ္ဗစေတနာဟု မခေါ်ရချေ။ (ပုဗ္ဗ=မလှူမီ ရှေ့အဖို့၌ဖြစ်သော+စေတနာ=စေတနာ)။

မုဉ္စစေတနာ ဆိုသည်မှာ အလှူခံပုဂ္ဂိုလ်၏လက်သို့ အလှူဝတ္ထုကို ဒေမိ=လှူဒါန်းပါ၏ဟု လျှောက်ဆဲ ဆက်ကပ်ပေးကမ်းဆဲ စွန့်လွှတ်လှူဒါန်းဆဲအခိုက်မှာဖြစ်သော စေတနာမျိုးဖြစ်သည်။ အလှူဒါန ပြီးဆုံးသည့်အခိုက်၌ဖြစ်သော စေတနာဖြစ်၍ ထိုစေတနာကို သန္နိဋ္ဌာနစေတနာဟုလည်း ခေါ်ပါသည်။ (မုဉ္စ=လှူဆဲကာလ၌ ဖြစ်သော+စေတနာ=စေတနာ)။

အပရစေတနာကား-လှူဒါန်းပေးကမ်း စွန့်ကြဲပြီးသည့်နောက် ထိုဒါနကို အထပ်ထပ် မပြတ်ဆင်ခြင်အောက်မေ့မှု၊ ဝမ်းသာအားရဖြစ်မှုများ၌ ပါရှိသော ကုသိုလ်စေတနာမျိုးဖြစ်ပေသည်။

ထိုစေတနာသုံးတန် ထက်သန်ညီညွတ်နေခြင်းကို အလှူဒါနပြည့်စုံခြင်း(ယညသမ္ပဒါ)ဟု ခေါ်သည်။ ယင်းစေတနာသုံးတန်၏ ပြည့်စုံခြင်း (ယညသမ္ပဒါ)သည် မျက်မှောက်ဘဝ၌ပင် လက်ငင်း အကျိုးပေးနိုင်သော တရားသဖြင့်ရရှိသော လှူဖွယ်ဝတ္ထုပစ္စည်း၏ ပြည့်စုံခြင်း (ပစ္စယသမ္ပဒါ)စသည့် သမ္ပဒါလေးပါးတို့တွင် တပါးအပါအဝင်ဖြစ်သည်။

စေတနာသုံးတန်နှင့် ပဋိသန္ဓေကျိုး

ထိုစေတနာသုံးပါးတွင် ပုဗ္ဗစေတနာ၊ အပရစေတနာတို့သည် မုဉ္စစေတနာထက်သန် မွန်မြတ်ခြင်း၏ အကြောင်းသာဖြစ်သောကြောင့် မုဉ္စစေတနာသည်သာ ပဋိသန္ဓေကျိုးကိုပေးသည်။ ပုဗ္ဗစေတနာ အပရစေတနာတို့သည်ကား ပဋိသန္ဓေအကျိုးကို မပေးနိုင်။ ပဝတ္တိအကျိုးကိုသာ ပေးစွမ်းနိုင်၏။
၁။ အဘိ၊ဋ္ဌ၊၁။၂၀၆။

စာမျက်နှာ-204


ထို့ကြောင့် ဥပရိပဏ္ဏာသ အဋ္ဌကထာ၊ စူဠကမ္မဝိဘင်္ဂသုတ်အဖွင့်၌ “ဆုံးဖြတ်သော သန္နိဋ္ဌာနစေတနာ၏ အစွမ်းကြောင့်လည်း နတ်ပြည်တို့၌ဖြစ်ရ၏။ ပုဗ္ဗစေတနာ အပရစေတနာတို့ကြောင့် ဆိုအပ်ပြီးသောနည်းဖြင့် အသက်ရှည်ခြင်းဖြစ်ပေသည်”ဟူသောအဆိုကို ကိုးကား၍ ကေတုမာလာဘိဓဇစသော ရာဇဂုရုဘွဲ့တံဆိပ်တော်ရ စလင်းဆရာတော်ဘုရားကြီး ဆုံးဖြတ်တော်မူပေသည်။

ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးကမူ စေတနာသုံးပါးတွင် မည်သည့်စေတနာမဆို အားကောင်းလျှင် ပဋိသန္ဓေကျိုးကိုပေးနိုင်သည်ဟု ပရမတ္ထဒီပနီအမည်ရှိသော သင်္ဂဟမဟာဋီကာ၌ ဖွင့်ဆိုထားပေသည်။

စေတနာသုံးတန်ပြည့်ဝသော သုမနပန်းသည်

ဗိမ္ဗိသာရမင်းအား နေ့စဉ် ပန်းဆက်သရသော သုမနပန်းသည်ယောက်ျားသည် တနေ့တွင် မင်းကြီးအား ပန်းဆက်သရန်လာရာ ရောင်ခြည်တော်ခြောက်သွယ်ဖြင့် တင့်တယ်စွာဆွမ်းခံဝင်တော်မူလာသည့်ဘုရားရှင်အား ဖူးမြင်ရသည့်အခါ အလွန်ကြည်ညိုသဖြင့် မင်းအားဆက်သရန် ယူဆောင်လာသည့် ပန်းရှစ်ဆုပ်ကို ပေးလှူလိုက်လေသည်။ ပေးလှူပြီးနောက် စိတ်ထဲတွင် ကြည်နူးဝမ်းမြောက်နေပေသည်။ ထိုစေတနာ သုံးတန် ထက်သန် ပြည့်ဝသော ပန်းဒါနကြောင့် ထိုနေ့မှာပင် ဆင်ရှစ်စီး၊ မြင်းရှစ်စီး၊ ကျွန်ယောက်ျားရှစ်ယောက်၊ ကျွန်မိန်းမရှစ်ယောက်၊ ကောင်းမြတ်သောအဆင်း တန်ဆာရှစ်မျိုး၊ အသပြာရှစ်ထောင်၊ မင်းမျိုးမှမွေးဖွားသည့် အမျိုးသမီးရှစ်ယောက်၊ ရွာကြီးရှစ်ရွာ ဟူသော ရှစ်မျိုးရှစ်လီသောဆု “သဗ္ဗဋ္ဌကဒါန”ကိုရရှိသည်။ ထိုဘဝမှစုတေပြီးနောက် ကမ္ဘာတသိန်းပတ်လုံး ဒုဂ္ဂတိဘဝသို့မလားရပဲ လူ နတ်စည်းစိမ်တို့ကို ခံစားပြီးလျှင် နောက်ဆုံးဘဝ၌ သုမနမည်သော ပစ္စေကဗုဒ္ဓါအဖြစ်ဖြင့် ပရိနိဗ္ဗာန်ဝင်စံရပေသည်။
၁။ ဓမ္မပဒ၊ဋ္ဌ၊၁။၃ဝ၆-၃၁၀။

စာမျက်နှာ-205


ပုဗ္ဗစေတနာ၏အကျိုး

စေတနာသုံးတန်ပြည့်စုံသည်ကို မဆိုထားဘိ မိမိ၏ ပစ္စည်းဥစ္စာကို မပေးလှူမီ ပုဗ္ဗစေတနာဖြစ်ရုံမျှဖြင့်ပင် ကြီးမြတ်သောအကျိုးကို ရရှိနိုင်သည်။ ရာဇဂြိုဟ်ပြည်၌ အမျိုးသမီးတယောက်သည် ဝါဝင်းသော သပွတ်ခါးပန်းလေးကို စေတီတော်အားတင်လှူရန် အိမ်မှထွက်ခဲ့သည်။ စေတီတော်သို့မရောက်မီလမ်းခရီးအကြား၌ နွားမကြီးဝှေ့သဖြင့် ထိုအမျိုးသမီးမှာ စုတေရရှာသည်။ ထိုအမျိုးသမီးကလေးမှာ စေတီတော်အား ပန်းလှူမှုအထမမြောက်သော်လည်း တင်လှူလိုသော ပုဗ္ဗစေတနာကြောင့် တာဝတိံသာ နတ်ပြည်၌ သိကြားမင်း၏ အခြံအရံနတ်သမီးဖြစ်ရသည်။ ထိုနတ်သမီးသည် သိကြားမင်း၏ရံရွှေတော်နတ်သမီးအပေါင်းတို့တွင် ရွှေသားအရောင် ဝင်းဝါတောက်ပြောင်သော ကိုယ်ရောင်ကိုယ်ဝါတို့ဖြင့် အခြားနတ်သမီးတို့ထက်သာလွန်သော နတ်သမီးတယောက်ဖြစ်ရသည်။

ပုဗ္ဗစေတနာ ချို့တဲ့ခဲ့သော ပဉ္စပါပီ နှင့် မင်းကုသ

စေတနာသုံးတန်တွင် ပုဗ္ဗစေတနာချို့တဲ့ပျက်ကွက်ပါလျှင် ပထမအရွယ်၌ ဆင်းရဲနွမ်းပါးခြင်း၊ ရုပ်ဆင်းအင်္ဂါမလှခြင်းစသော အကျိုးများ ဖြစ်ရတတ်သည်။ ဘုရားရှင်လက်ထက်တော်က အတွေ့အထိ ဖောဋ္ဌဗ္ဗာရုံအရာ၌ ထင်ရှားကျော်ကြားသည့် ဆင်းရဲသူမကလေး ပဉ္စပါပီသည် ရှေးတခုသောဘဝ၌ ဆင်းရဲသူမကလေးဖြစ်၍ မြေညက်များကို နယ်ပြီး အိမ်နံရံများကို လိမ်းကျံရသော အလုပ်ကိုလုပ်၏။ တနေ့တွင် ပစ္စေကဗုဒ္ဓါတပါးသည် လိုဏ်ဂူလိမ်းကျံရန် မြေညက်လိုသဖြင့် သပိတ်ပိုက်ကာ ထိုဆင်းရဲသူမကလေးအနီးတွင် လာရပ်သည်။ ထိုအခါ ဆင်းရဲသူမကလေးက “ဒီကိုယ်တော်ကြီးဟာ မြေညက်တောင်မှ အလှူခံတယ်”လို့ ဒေါသစိတ်ဖြင့် ပြောကြားပြီး မျက်စောင်းထိုး၍ကြည့်နေသည်။ သို့သော်လည်း မလှုပ်မရှက် ငြိမ်သက်စွာ ရပ်မြဲရပ်နေသည်ကို မြင်ရသည့်အခါ တဖန် ကြည်ညိုစိတ်ဖြစ်ပေါ်လာပြီး ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ သပိတ်ထဲသို့ မြေညက်ခဲကြီးကို ထည့်၍ စေတနာထက်သန်စွာဖြင့် လှူဒါန်းလိုက်လေသည်။
၁။ ဝိမာန။ ၆၅။ ဝိမာန၊ ဋ္ဌ၊ ၁၈၄။

စာမျက်နှာ-206


ထိုဆင်းရဲသူမကလေးသည် ပဉ္စပါပီဘဝ ရောက်သောအခါ မြေညက်လှူခဲ့သောဒါန စေတနာကြောင့် ကိုယ်အတွေ့ အလွန်ကောင်းသော အမျိုးသမီးကလေးဖြစ်ရသော်လည်း မလှူမီ ရှေ့အဖို့၌ ဒေါသစိတ်ဖြင့် မကောင်းပြောကြားမှု၊ မျက်စောင်းထိုးကြည့်မှု ဆိုသည့် ပုဗ္ဗစေတနာချို့တဲ့မှုကြောင့် လက်, ခြေ, ပါးစပ်, မျက်စိ, နှာခေါင်း အင်္ဂါငါးပါးလုံး အချိုးအစားမကျ အရုပ်ဆိုးလှသော အမျိုးသမီးကလေး ဖြစ်ရလေသည်။

ဘုရားအလောင်းတော် ကုသမင်းသည် ကုသမင်းမဖြစ်မီဘဝတခု၌ မိမိအတွက် ဝေစုရသောမုန့်ကို မရီးဖြစ်သူက ပစ္စေကဗုဒ္ဓါတပါးအား ပေးလှူလိုက်ရာ အမျက်ထွက်ပြီး မုန့်ကိုပြန်၍လုယူလိုက်သည်။ နောက်မှ ထိုမုန့်ကို ပစ္စေကဗုဒ္ဓါအား ပြန်လှူသည်။ မုန့်ကိုလှူခဲ့သော ဒါနစေတနာကြောင့် တန်ခိုးကြီးသော မင်းတပါး ဖြစ်ရသော်လည်း ပုဗ္ဗစေတနာချို့တဲ့ပျက်ကွက်ခဲ့သောကြောင့် ရုပ်ဆိုးသူ ဖြစ်ရလေသည်။

အပရစေတနာချို့တဲ့သော အပုတ္တကသဌေးကြီး

အပရစေတနာ ချို့တဲ့ခဲ့လျှင် ကောင်းမြတ်သော အသုံးအဆောင် ပစ္စည်းဘဏ္ဍာတို့ မိမိလက်ဝယ်ရှိနေလင့်ကစား ထိုပစ္စည်းဘဏ္ဍာများကို မသုံးစွဲလိုခြင်း မသုံးစွဲရခြင်းစသော မကောင်းကျိုးများ ဖြစ်ရတတ်လေသည်။ ရှေးအခါက အပုတ္တကမည်သော သဌေးသည် တမ္ဗရသိင်္ခအမည်ရှိသော ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူရန် မှာကြားသွား၏။ အရပ်တပါးမှ ပြန်လာ၍ ဇနီးဖြစ်သူ လောင်းလှူလိုက်သည့် မွန်မြတ်သော ဘောဇဉ်ကို မြင်ရသည့်အခါ “ဤမွန်မြတ်သော ဘောဇဉ်ကို ငါ၏ အစေအပါးကျေးကျွန်များအား ကျွေးမွေးလိုက်လျှင် ကောင်းပေမည်၊ အလုပ်သမားကျေးကျွန်များသည် ဤဘောဇဉ်ကို စားရသည့်အတွက် ငါ့အမှုကိစ္စများကို ပြုလုပ်ကြလိမ့်မည်။ ဤရဟန်းကား မိမိနေရာသို့ပြန်ပြီး ဤဘောဇဉ်ကိုစားကာ အိပ်နေပေလိမ့်မည်”ဟု နှလုံးမသာမယာဖြစ်ကာ အပရစေတနာ ချို့ယွင်းခဲ့လေသည်။

ထိုသဌေးသည် ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူခဲ့သော ဒါနစေတနာကြောင့် နတ်ပြည်၌ နတ်သား ၇ ကြိမ်၊ လူ့ပြည်၌ သဌေး ၇-ကြိမ်ဖြစ်ရသည်။ အပရစေတနာ ချို့တဲ့ပျက်ကွက်ခဲ့သောကြောင့် စည်းစိမ်ဥစ္စာ ရတနာ သုံးဆောင်ဖွယ်ရာ အဖြာဖြာတို့နှင့် ပြည့်စုံသည့် သဌေးကြီးဖြစ်ရသော်လည်း ထိုမွန်မြတ်သည့် ပစ္စည်းဥစ္စာ အသုံးအဆောင်တို့ကို မသုံးစွဲရက်ပဲ ဆန်ကွဲထမင်းနှင့် ပုန်းရည်ဟင်းကိုသာ စား၍ သုံးစပ်, စပ်ချုပ်ထားသော ပိုက်ဆံလျှော်အဝတ်ကိုသာ ဝတ်ဆင်သည်၊ သွားသည့်အခါ၌လည်း သစ်ရွက်ထီးမျှကိုသာ ဆောင်းကာ ရထားအို ရထားဟောင်းကလေးဖြင့် သွားရလေသည်။
၁။ ဇာတက၊ဋ္ဌ၊၅၊၄၇၅-၄၇၆။ ၂။ ဇာတက၊ဋ္ဌ၊၅။၃ဝ၆။ ၃။ သံ၊၁။၉၂။ သံ၊ဋ္ဌ၊၁၊၁၄၇-၈။

စာမျက်နှာ-207


ကုသိုလ်ကံအကုသိုလ်ကံနှင့် စေတနာသုံးတန်

ဒါနပြုရာ၌ ပုဗ္ဗ၊ မုဉ္စ၊ အပရစေတနာသုံးမျိုး အကြိမ်များစွာ ဖြစ်ပေါ်သကဲ့သို့ အခြားသော ပုညကြိယာဝတ္ထု၊ သုစရိုက်မှု၊ ဒုစရိုက်မှုတို့ကို ပြုလုပ်ရာ၌လည်း ထိုစေတနာသုံးမျိုးတို့ အကြိမ်များစွာ ဖြစ်ပေါ်လေ့ရှိပေသည်၊ သို့ဖြစ်၍ ကုသိုလ်မှု အကုသိုလ်မှု တခုခုကိုပြုလုပ်ရာ၌ ပုဗ္ဗ၊ မုဉ္စ၊ အပရစေတနာ သုံးမျိုးရနိုင်သည်သာ ဖြစ်ပေသည်။ ယင်းစေတနာသုံးမျိုးတွင် မုဉ္စစေတနာကို သန္နိဋ္ဌာပက စေတနာဟုလည်း ခေါ်သည်။ တနည်းအားဖြင့် စေတနာသည် မိမိဆိုင်ရာအကျိုးတရားကို အထူးသဖြင့် ပြုပြင်စီရင်ခြင်း “အဘိသင်္ခါရ”ကိုစွဲ၍-
၁။ ပုညာဘိသင်္ခါရ၊
၂။ အပုညာဘိသင်္ခါရ၊
၃။ အာနေဉ္စာဘိသင်္ခါရ-
ဟု ၃-မျိုးရှိသည်။
၁။ အဘိ၊ဋ္ဌ၊၁။၂ဝ၁-၂။ မ၊ဋ္ဌ၊၄။၁၇၉-၁၈ဝ။

စာမျက်နှာ-208


ထိုသုံးမျိုးတွင် ကာမကုသိုလ်စိတ် ၈-ပါးနှင့်အတူဖြစ်သော ကာမကုသိုလ်စေတနာ ၈-ပါး၊ ရူပကုသိုလ်စိတ် ၅-ပါးနှင့်အတူဖြစ်သော ရူပကုသိုလ်စေတနာ ၅-ပါး၊ ပေါင်း စေတနာ ၁၃-ပါးသည် “ပုညာဘိသင်္ခါရ” မည်၏။ အကုသိုလ်စိတ် ၁၂-ပါးနှင့်အတူဖြစ်သော အကုသိုလ်စေတနာ ၁၂-ပါးသည် “အပုညာဘိသင်္ခါရ” မည်၏။ အရူပကုသိုလ်စိတ် ၄-ပါးနှင့်အတူဖြစ်သော အရူပကုသိုလ်စေတနာ ၄-ပါးသည် “အာနေဉ္စာဘိသင်္ခါရ” မည်၏။ ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ ၂-ပါးတို့၌ ကာယသင်္ခါရ၊ ဝစီသင်္ခါရ၊ စိတ္တသင်္ခါရ သုံးပါးစီ ရနိုင်ဖြစ်နိုင်ကြသော်လည်း အာနေဉ္စာဘိသင်္ခါရ၌ကား စိတ္တသင်္ခါရတပါးသာ ဖြစ်နိုင်ပါသည်။

ဤဖော်ပြခဲ့ပြီးသော သင်္ခါရတို့သည် “အဝိဇ္ဇာပစ္စယာသင်္ခါရာ” ပါဠိတော်အရ အဝိဇ္ဇာကြောင့် ဖြစ်ပေါ်ကြသည်။ အဝိဇ္ဇာမရှိလျှင် ထိုသင်္ခါရတရားများ မဖြစ်ပွားနိုင်ချေ၊ မှန်၏၊ အဝိဇ္ဇာမကင်းသေးသော ပုဂ္ဂိုလ်တို့သည်သာ ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနေဉ္စာဘိသင်္ခါရတို့ကို ပြုလုပ်အားထုတ်လေ့ရှိကြသည်။ အဝိဇ္ဇာကင်းပြီးသော ရဟန္တာပုဂ္ဂိုလ်များမှာမူ ထိုပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနေဉ္စာဘိသင်္ခါရတို့ကို မပြုလုပ် အားမထုတ်ကြတော့ချေ။

ချဲ့ပြဦးအံ့-ဆင်းရဲအမှန်ဟူသော ဒုက္ခသစ္စာနှင့် ထိုဒုက္ခသစ္စာဖြစ်ပေါ်လာကြောင်းတဏှာဆိုသည့် သမုဒယသစ္စာတို့ကို မသိမှု အဝိဇ္ဇာတရားကြောင့်သာ သံသရာဝဋ်ဆင်းရဲကို ဆင်းရဲဟု မသိမြင်ပဲ ချမ်းသာဟု မှတ်ထင်...
၁။ အဘိ၊၂။၁၄၃၊၃၅၃။ အဘိ၊ဋ္ဌ၊၂၊၁၃၄-၁၃၆။
၂။ အဘိ၊ဋ္ဌ၊၂။၁၃၇။
၃။ ဝိသုဒ္ဓိ၊၂။၁၆၃။ အဘိ၊ဋ္ဌ၊၂။၁၃၈။

စာမျက်နှာ-209


ကာဝဋ်ဆင်းရဲကို ဖြစ်စေတတ်သည့် ကုသိုလ် အကုသိုလ်သင်္ခါရတို့ကို ပြုလုပ်အားထုတ်ကြသည်။ သံသရာဝဋ်ဆင်းရဲ၏ ချုပ်ငြိမ်းရာအမှန် နိဗ္ဗာန်ဟူသော နိရောဓသစ္စာနှင့် ထိုနိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း လမ်းကောင်း လမ်းမှန်ဖြစ်သော မဂ္ဂသစ္စာတို့ကို မသိမှုအဝိဇ္ဇာကြောင့် သံသရာဝဋ်ဆင်းရဲ၏ ချုပ်ငြိမ်းရာမဟုတ်သော ဗြဟ္မာ့ပြည်စသော ဘုံထူးများကို ဝဋ်ဆင်းရဲ၏ ချုပ်ငြိမ်းရာနိဗ္ဗာန်ဟု မှတ်ထင်၍လည်းကောင်း၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းမဟုတ်သော ကြက် ဝက် ဆိတ် နွား စသော သတ္တဝါများကို သတ်ဖြတ်၍ ယဇ်ပူဇော်မှုစသည်ကို နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း အကျင့်မှန်ဟု မှတ်ထင်၍လည်းကောင်း၊ ဝဋ်ဆင်းရဲ၏ ချုပ်ငြိမ်းရာကို တောင့်တကာ ကုသိုလ် အကုသိုလ်သင်္ခါရတို့ကို ပြုလုပ်အားထုတ်ကြသည်။

တနည်းအားဖြင့် ပဋိသန္ဓေနေခြင်း, အိုခြင်း, နာခြင်း သေခြင်းစသော ဘေးများစွာတို့ဖြင့် ရောပြွမ်းနေသည့် လူ့ဘဝ လူ့ခန္ဓာ နတ်ဘဝ နတ်ခန္ဓာဟူသော သံသရာဝဋ်ဆင်းရဲကို ဆင်းရဲဟု မသိမြင် ချမ်းသာဟုမှတ်ထင်ကာ လူ့ဘဝ လူ့ခန္ဓာ, နတ်ဘဝ နတ်ခန္ဓာကို ရရှိရန် ကာမကုသိုလ်ခေါ်သော ပုညာဘိသင်္ခါရကို ပြုလုပ်အားထုတ်ကြသည်။ ဥပမာ-နတ်သမီးအလိုရှိသောသူသည် နတ်တောင်ဟုခေါ်သော တောင်ကမ်းပါးသို့ ခုုန်ချသကဲ့သို့ဖြစ်သည်။

ကမ္ဘာပေါင်း ရာထောင်ချီ၍ အသက်ရှည်ကြာသော ရူပဗြဟ္မာဘဝ ရူပဗြဟ္မာ့ခန္ဓာသည် အလွန်ချမ်းသာသည်ဟု ဆိုရသော်လည်း နောက်ဆုံးတွင် ဖောက်ပြန်ပျက်စီးရခြင်း (ဝိပရိဏာမ) ဒုက္ခသဘော၊ သာယာနှစ်သက်ဖွယ်မရှိခြင်း၊ အဿာဒသဘောတို့ရှိနေကြပေသည်။ ယင်းသဘောတို့ကို မသိမြင်သောကြောင့် ရူပဗြဟ္မာဘဝ ရူပဗြဟ္မာ့ခန္ဓာကိုရရှိရန် ရူပကုသိုလ်ခေါ်သော ပုညာဘိသင်္ခါရကို ပြုလုပ်အားထုတ်နေကြခြင်းဖြစ်သည်။

စာမျက်နှာ-210


ဥပမာအားဖြင့်သတ္တဝါတို့သည် မီးလျှံကိုတိုးနေကြသော ပိုးဖလံတို့နှင့်လည်းကောင်း၊ ပျားရည်ကိုစုံမက်သဖြင့် ပျားရည်လူးထားသောသန်လျက်သွားကို လျှာဖြင့်လျက်သူနှင့်လည်းကောင်း လွန်စွာတူလှပေသည်။

သူ့အသက်သတ်မှု သူ့ဥစ္စာခိုးယူမှုစသော ဒုစရိုက်မှုများသည် အပြစ်များစွာရှိသော်လည်း အပြစ်ကို မသိမြင်သောသူသည် အသက်မွေးမှု၏ ချမ်းသာကြောင်းဟု မှတ်ထင်သောကြောင့်လည်းကောင်း၊ လောဘ ဒေါသ စသော ကိလေသာနှိပ်စက်သောကြောင့်လည်းကောင်း၊ အကုသိုလ်ခေါ်သော အပုညာဘိသင်္ခါရကို ပြုလုပ်အားထုတ်ကြသည်။ ဥပမာ-မသိနားမလည်သေးသော ကလေးငယ်ကလေးသည် မစင်ပျော့ကိုကိုင်ဆော့ကစားသကဲ့သို့ လည်းကောင်း၊ သေလိုသောသူသည် အဆိပ်သောက်သကဲ့သို့လည်းကောင်းဖြစ်သည်။

ကမ္ဘာပေါင်း သောင်းနှင့်ချီ၍ အသက်ရှည်ကြသော အရူပဗြဟ္မာ့ဘဝ အရူပဗြဟ္မာ့ခန္ဓာ၌ သင်္ခါရဒုက္ခသဘော ဝိပရိဏာမဒုက္ခသဘောကို မသိမြင်သောသူသည် အရူပဗြဟ္မာ့ဘဝ အရူပဗြဟ္မာခန္ဓာသည် သေကျေပျက်စီးမှုမရှိ၊ မြဲစွာတည်နေ၏ဟု မှားသောအယူဖြင့် ယူဆယုံကြည်ကာ အရူပဗြဟ္မာ့ဘဝ အရူပဗြဟ္မာ့ခန္ဓာကို ရရှိရန် အရူပကုသိုလ်ခေါ်သော အာနေဉ္စာဘိသင်္ခါရကို ပြုလုပ်အားထုတ်ကြသည်။ ဥပမာ- မျက်စိလည် လမ်းမှားသောသူသည် ဘီလူးတို့နေထိုင်ရာမြို့သို့ ဖြောင့်စွာသွားသော လမ်းခရီးကို လိုက်မှားမိသကဲ့သို့ဖြစ်သည်။

ဆည်းပူးအားထုတ်ပြုလုပ်ထားသော သင်္ခါရရှိက ဝိညာဉ်ခေါ်သော အကျိုးတရားများဖြစ်ပေါ်လာမြဲဖြစ်သည်။ ဆည်းပူးအားထုတ် ပြုလုပ်ထားသော သင်္ခါရမရှိက ဝိညာဉ်ခေါ်သော အကျိုးတရားများ မဖြစ်ပေါ်နိုင်။ မှန်၏၊ ကာမပုညာဘိသင်္ခါရကြောင့် ကာမသုဂတိ ၇-ဘုံ၌ အဟိတ်ကုသလဝိပါက် ၈-ပါး၊ မဟာဝိပါက် ၈-ပါး ပေါင်း ၁၆-ပါးသော ဝိညာဉ်တရားများဖြစ်ပေါ်လာရသည်။ ရူပပုညာဘိသင်္ခါရကြောင့် ရူပဘုံ၌ ရူပဝိပါက် ၅-ပါးဟူသော ဝိညာဉ်တရားများဖြစ်ပေါ်လာရသည်။ အပုညာဘိသင်္ခါရကြောင့် အပါယ် ၄-ဘုံ၌ အကုသလဝိပါက် ၇-ပါး ဟူသော ဝိညာဉ်တရားများဖြစ်ပေါ်လာကြရသည်။ အာနေဉ္စာဘိသင်္ခါရကြောင့် အရူပဘုံ၌ အရူပဝိပါက် ၄-ပါးဟူသော ဝိညာဉ်တရားများ ဖြစ်ပေါ်လာကြရသည်။
၁။ အဘိ၊ဋ္ဌ၊၂၊၁၃၈။

စာမျက်နှာ-211


ဝိညာဉ်တရားများဖြစ်ပေါ်လာရသည်။ ရူပပုညာဘိသင်္ခါရကြောင့် ရူပဘုံ၌ ရူပဝိပါက် ၅-ပါးဟူသော ဝိညာဉ်တရားများဖြစ်ပေါ်လာရသည်။ အပုညာဘိသင်္ခါရကြောင့် အပါယ် ၄-ဘုံ၌ အကုသလဝိပါက် ၇-ပါး ဟူသော ဝိညာဉ်တရားများဖြစ်ပေါ်လာကြရသည်။ အာနေဉ္စာဘိသင်္ခါရကြောင့် အရူပဘုံ၌ အရူပဝိပါက် ၄-ပါးဟူသော ဝိညာဉ်တရားများ ဖြစ်ပေါ်လာကြရသည်။

ကိစ္စအားဖြင့် စေတနာ ၄-မျိုး

စေတနာမည်သော ကံတရားသည် မိမိဆောင်ရွက်သည့်ကိစ္စကိုလိုက်၍
၁။ ဇနကကံ = အကျိုးအပြစ်ကိုဖြစ်စေသောကံ၊
၂။ ဥပတ္ထမ္ဘကကံ = အထောက်အကူပေးသောကံ၊
၃။ ဥပပီဠကကံ = နှိပ်စက်သောကံ၊
၄။ ဥပင်္ဃာတကကံ = သတ်ဖြတ်သောကံ- ဟူ၍ ၄-မျိုးရှိသည်။

ဇနကကံ

(၁) ထိုတွင် ပဋိသန္ဓေအခါ ပဝတ္တိအခါတို့၌ ဝိပါက်နာမက္ခန္ဓာ၊ ကမ္မဇရုပ်၊ ကမ္မပစ္စယဥတုဇရုပ်တို့ကို ဖြစ်စေတတ်သော ကုသိုလ် အကုသိုလ်စေတနာသည် “ဇနကကံ” မည်၏။ ချဲ့ဦးအံ့-ထိုဇနကကံသည် ပဋိသန္ဓေအခါ၌ ပဋိသန္ဓေစိတ် စေတသိက် ကမ္မဇရုပ်များကိုလည်းကောင်း၊ နတ်ပြည်၌ နတ်တို့၏ဘုံဗိမာန်များ၊ ငရဲပြည်၌ သင်ဓုန်းစက်စသော ကမ္မပစ္စယဥတုဇရုပ်များကိုလည်းကောင်း ဖြစ်စေနိုင်ပါသည်။

ပဝတ္တိအခါ၌ ပဉ္စဝိညာဉ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ တဒါရုံ မဟာဝိပါက် စသော နာမ်ဝိပါက်များကိုလည်းကောင်း၊ စိတ်ဖြစ်တိုင်း ဖြစ်တိုင်း ကမ္မဇရုပ်များကိုလည်းကောင်းဖြစ်စေပါသည်။ အထူးအားဖြင့် အကုသိုလ် ဇနကကံကြောင့် တိရစ္ဆာန်ဘုံ၌ နဂါး ဂဠုန် စသည် ဖြစ်ရသော်ငြားလည်း ပဝတ္တိအခါတွင် လှပသောအဆင်းနှင့် ဘုံဗိမာန် စသည်တို့ကိုရရှိအောင် ပဝတ္တိကုသိုလ်ဇနကကံကဖြစ်စေပါသည်။ ကုသိုလ်ဇနကကံကြောင့် လူ့ဘုံ နတ်ဘုံ စသည်တို့၌ဖြစ်ရသော်ငြားလည်း ပဝတ္တိအခါ ရုပ်ဆင်းအင်္ဂါလှပခြင်းမရှိအောင်၊ ဝေမာနိကပြိတ္တာတို့ကဲ့သို့ နေ့၌ ချမ်းသာသုခကို ခံစားရသော်လည်း ညအခါတွင် ဆင်းရဲဒုက္ခခံရအောင် ပဝတ္တိဇနကကံက ဖြစ်စေပေသည်။
၁။ အဘိ၊ဋ္ဌ၊၂။ ၁၄၃-၄။ ၁၅၇.၃။
၂။ အံ၊ဋ္ဌ၊၂။၁၁၉။မ၊ဋ္ဌ၊၄။၁၇၈။

စာမျက်နှာ-212


ထိုဇနကကံသည် ကမ္မပထမြောက်မှသာ ပဋိသန္ဓေအကျိုး ပဝတ္တိအကျိုးနှစ်မျိုးလုံးကို ပေးစွမ်းနိုင်သည်။ ကမ္မပထမမြောက်လျှင် ပဝတ္တိအကျိုးမျှကိုသာပေးသည်ဟု ပရမတ္ထဒီပနီမဟာဋီကာ၌ ဆို၏။ သို့ရာတွင် အင်္ဂုတ္တိုရ်ဋ္ဌကထာ၊ ဒုတိယအုပ်၊ နိဒါနသုတ်အဖွင့်၌ကား ဇနကကံသည် ပဋိသန္ဓေကျိုးကိုသာဖြစ်စေနိုင်၍ ပဝတ္တိကျိုးကို မဖြစ်စေနိုင်ဟုဆိုသေး၏။

ဥပတ္ထမ္ဘကကံ

ဥပတ္ထမ္ဘကကံဆိုသည်မှာ ဇနကကံကို လည်းကောင်း၊ ဇနကကံ၏ အကျိုးကို လည်းကောင်း ကူညီ ထောက်ပံ့ပေးသော ကုသိုလ် အကုသိုလ်စေတနာများ ဖြစ်ပါသည်။ ထိုစေတနာများသည်-

(က) ဇနကကံကို အကျိုးပေးခွင့်ရအောင်လည်း ကူညီထောက်ပံ့သည်။
(ခ) အကျိုးပေးခွင့်ရသည့် ဇနကကံကို အကျိုးပေး ထက်သန်အောင်လည်း ကူညီထောက်ပံ့သည်။
(ဂ) ဇနကကံ၏ အကျိုးကို ကြာရှည်စွာ တည်တံ့အောင်လည်း ကူညီထောက်ပံ့သည်။
၁။ ပရမတ္ထဒီပနီမဟာဋီကာ၊ ၂၀၉။
၂။ ပရမတ္ထဒီပနိဋီကာ၊ ၂၀၈၊၉။ အံ၊ဋ္ဌ၊၂။၁၀။

စာမျက်နှာ-213


ဇနကကံကို အမျိုးမျိုးထောက်ပံ့ပုံ

ချဲ့ဦးအံ့-သေခါနီးအချိန်၌ ကုသိုလ်ဇောစောလျှင် နောက်ဘဝ၌ ကုသိုလ်ကံ အကျိုးပေးခွင့်ရ၏။ သေခါနီးအချိန်၌ အကုသိုလ်ဇောစောလျှင် နောက်ဘဝ၌ အကုသိုလ်ကံအကျိုး ပေးခွင့်ရ၏။ ဤနေရာ၌ သေခါနီးအချိန်တွင် စောသော ကုသိုလ်ဇော အကုသိုလ်ဇောတို့သည် ကိုယ်တိုင် အကျိုးမပေးပဲ ရေလာမြောင်းပေးဆိုသလို အခြားကံများ အခွင့်သာအောင် ထောက်ပံ့သော ဥပတ္ထမ္ဘကကံများဖြစ်သည်။ ရိုးရိုးပဝတ္တိအခါ၌လည်း ကုသိုလ်များစွာ ပြုလုပ်နေလျှင် ထိုကုသိုလ်ဥပတ္ထမ္ဘကကံများက အခွင့်သာအောင် ထောက်ပံ့မှုကြောင့် ရှေးရှေး ကုသိုလ်ဇနကကံများ အကျိုးပေးခွင့်ရကြ၏။ အကုသိုလ်များစွာပြုလုပ်နေလျှင်လည်း ရှေးရှေးက အကုသိုလ်ဇနကကံများ အကျိုးပေးခွင့် ရပြန်လေသည်။

ဇနကကံတို့ အကျိုးပေးဖို့ အခွင့်သာနေသည့်အခါ အကျိုးပေးထက်သန်အောင်လည်း ထောက်ပံ့၏၊ ဘုရားအလောင်းတော်တို့ ပဋိသန္ဓေနေရာ၌ ပဋိသန္ဓေကျိုးကို ပေးမည့် ဇနကကံတပါးပါး အားရှိအောင် (ဝါ)အကျိုးပေးထက်သန်အောင် များစွာသော ပါရမီကုသိုလ်များက ဝိုင်းဝန်းထောက်ပံ့ကြ၏။ ဥပမာ-လူ့လောက၌ ပြစ်ချက်များစွာ ရှိဖူးသူများသည် အပြစ်တခုပေါ်ပေါက် ထင်ရှားလာသောအခါ ထိုပြစ်ချက်များ၏ ထောက်ပံ့ချက်ကြောင့် ကြီးလေးသော အပြစ်ဒဏ်ကို ခံရ၏။ ဤသည်မှာ ဇနကကံကို ဥပတ္ထမ္ဘကကံက ထောက်ပံ့ပုံဖြစ်သည်။

ဇနကကံက စီမံဖြစ်စေသောအကျိုးဝိပါက်အစဉ်ကို (ဝါ) ဣဋ္ဌ အနိဋ္ဌ ဖြစ်သော အကျိုးနာမ်ရုပ်တရားများကို ကြာရှည်စွာ တည်တံ့နိုင်အောင်လည်း အထောက်အကူပြု၏။ ကုသိုလ်ဇနကကံ၏ အစွမ်းကြောင့် လူ့ဘဝ နတ်ဘဝကိုရရှိလေရာ ထိုလူ နတ်အဖြစ်၌ တာရှည်စွာ တည်နိုင်အောင် ကုသိုလ်ဥပတ္ထမ္ဘကကံက ဘေးအန္တရာယ်ရန်အသွယ်သွယ်တို့ကို ကာကွယ်ပေး၏။ အသက်ရှည်ရာ ရှည်ကြောင်း ဆေးဝါးကောင်းများကို ရရှိအောင် ထောက်ပံ့၏။ အကုသိုလ်ဇနကကံအစွမ်းကြောင့် ခွေးဘဝကိုရရှိလေရာ ထိုခွေးဘဝ၌ ခွေးပိန် ခွေးချီအဖြစ်ဖြင့်တာရှည်အောင်အကုသိုလ်ဥပတ္ထမ္ဘကကံက ထောက်ပံ့ပေး၏၊ ဤကား ဇနကကံ၏ အကျိုးဝိပါက်အစဉ်ကိုအဓွန့်ရှည်စွာ တည်လေအောင် ဥပတ္ထမ္ဘကကံက အထောက်အကူပြုပုံတည်း။
၁။ ပရမတ္ထဒီပနီမဟာဋီကာ၊ ၂၀၈၊ ၉။ အံ၊ဋ္ဌ၊၂။ ၁၀၉။

စာမျက်နှာ-214


ကုသိုလ်က အကုသိုလ်ကို အကုသိုလ်က ကုသိုလ်ကို ထောက်ပံ့ပုံ

ဤနေရာ၌ ကုသိုလ်ဥပတ္ထမ္ဘကကံက အကုသိုလ် ဇနကကံကြောင့် ဖြစ်သော ရုပ်နာမ်ခန္ဓာအစဉ်ကို လည်းကောင်း၊ အကုသိုလ်ဥပတ္ထမ္ဘကကံက ကုသိုလ်ဇနကကံကြောင့်ဖြစ်သော ရုပ်နာမ်ခန္ဓာအစဉ်ကို လည်းကောင်း ထောက်ပံ့နိုင်ပေသေးသည်။ ရှင်းဦးအံ့၊ နဂါး ဂဠုန်စသော သတ္တဝါတို့၏ ရုပ်နာမ်ခန္ဓာအစဉ်ကို ရရှိခြင်းကား အကုသိုလ်ဇနကကံကြောင့်ဖြစ်သည်။ ထိုနဂါး ဂဠုန်စသည်တို့ ပဝတ္တိအခါ၌ တန်ခိုးအာနုဘော်ကြီးခြင်းစသော အကျိုးတရားများကို ရရှိခြင်းသည် ရှေးအတိတ်ကပြုခဲ့ဖူးသော ကုသိုလ် ဥပတ္ထမ္ဘကကံ၏ ကူညီထောက်ပံ့မှုပင်ဖြစ်သည်။ ထို့ပြင် ဝိနိပါတိကအသူရာဘဝကို ရောက်ရခြင်းသည် ကုသိုလ်ဇနကကံကြောင့်ဖြစ်သည်။ ထိုဘဝ၌ ဆင်းရဲခံရခြင်းစသော အနိဋ္ဌကျိုးများကို ကြာရှည်လေးမြင့် ခံစားနေရခြင်းကား ရှေးဘဝက ပြုခဲ့သော အကုသိုလ်ဥပတ္ထမ္ဘကကံ၏ ကူညီထောက်ပံ့မှုဖြစ်သည်။

ဥပပီဠကကံ

ဥပပီဠကကံကား ဇနကကံကိုလည်းကောင်း၊ ထိုဇနကကံကြောင့် ဖြစ်သော အကျိုးခန္ဓာအစဉ်ကိုလည်းကောင်း ဆုတ်ယုတ်လျော့ပါး ညှိုးနွမ်းသိမ်ငယ်သွားအောင် ဖိစီးနှိပ်စက် နှောင့်ယှက် တားမြစ်တတ်သော ကုသိုလ်စေတနာ အကုသိုလ်စေတနာများတည်း။
၁။ ပရမတ္ထဒီပနီမဟာဋီကာ၊ ၂၈၊ ၉။
၂။ ပရမတ္ထဒီပနီမဟာဋီကာ၊ ၂၀၉။

စာမျက်နှာ-215


ထိုဥပပီဠကကံသည်--

(က) ကုသိုလ်ဇနကကံကို တားမြစ် နှိပ်စက်တတ်သော အကုသိုလ်ဥပပီဠကကံ၊
(ခ) အကုသိုလ်ဇနကကံကို တားမြစ် နှိပ်စက်တတ်သော ကုသိုလ်ဥပပီဠကကံဟု နှစ်မျိုးရှိသည်။

ထို့တွင် အထက်အထက်ဘုံ၌ အကျိုးပေးနိုင်သော ကုသိုလ်ကံရှိသော်လည်း အကုသိုလ်ဥပပီဠကကံ၏ နှိပ်စက်မှုကြောင့် အောက်အောက်ဘုံတို့၌ အကျိုးပေးရခြင်း၊ တန်ခိုးကြီးသော ဌာနတို့၌ အကျိုးပေးနိုင်သော ကုသိုလ်ကံရှိသော်လည်း အကုသိုလ်ဥပပီဠကကံ၏ တားမြစ် နှိပ်စက်မှုကြောင့် ဘုန်းတန်ခိုးငယ်သောဌာနတို့၌ အကျိုးပေးရခြင်း၊ မြတ်သော အမျိုး၌ အကျိုးပေးနိုင်သော ကုသိုလ်ကံရှိသော်လည်း အကုသိုလ်ဥပပီဠကကံ၏ တားမြစ်နှိပ်စက်မှုကြောင့် ယုတ်ညံ့သောအမျိုး၌ အကျိုးပေးရခြင်း၊ အသက်ရှည်၍ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာသော အမျိုး၌ အကျိုးပေးနိုင်သော ကုသိုလ်ကံရှိသော်လည်း အကုသိုလ်ဥပပီဠကကံ၏ တားမြစ်နှိပ်စက်မှုကြောင့် အသက်တို၍ စည်းစိမ်ဥစ္စာ နည်းပါးသော အမျိုး၌ ဖြစ်ရခြင်းစသည်တို့ကား အကုသိုလ်ဥပပီဠကကံက တပါးသော ကုသိုလ်ဇနကကံကို တားမြစ်နှိပ်စက်ခြင်း ဖြစ်ပါသည်။ အကုသိုလ်ဥပပီဠကကံက တပါးသော ကုသိုလ်ကံကို တားမြစ်ရာ၌ သုနက္ခတ္တဝတ္ထုဖြင့် ထင်ရှားသိသာပေသည်။

ငရဲကြီးရှစ်ထပ်၌ အကျိုးပေးနိုင်သော အကုသိုလ်ကံ ရှိသော်လည်း နောက်နောက်ကပြုခဲ့သော အားကြီးသော ကုသိုလ်ဥပပီဠကကံ၏ တားမြစ် နှိပ်စက်မှုကြောင့် ဥဿဒငရဲတို့၌လည်းကောင်း၊ ပြိတ္တ၊ တိရစ္ဆာနဘုံ၊ အသုရကာယ်ဘုံတို့၌လည်းကောင်း အကျိုးပေးရခြင်း၊ ခိုးသူတို့ကို သတ်ဖြတ်ရသည့် အကုသိုလ်ကံကို အနှစ်ငါးဆယ်ပတ်လုံး လွန်ကျူးခဲ့သော်လည်း လက်ယာတော်ရံ အရှင်သာရိပုတ္တရာအား နို့ဆွမ်းလှူဒါန်းရသည့် ကုသိုလ်ဥပပီဠကကံ၏ တားမြစ်နှိပ်စက်မှုကြောင့် ဝါတကာဠကမည်သော ခိုးသူသတ်ယောကျ်ား၏ တာဝတိံသာနတ်ပြည်၌ ဖြစ်ရခြင်းစသည်တို့သည် ကုသိုလ်ဥပပီဠကကံက တပါးသော အကုသိုလ်ကံကို တားမြစ်နှိပ်စက်ခြင်း ဖြစ်ပေသည်။
၁။ အံ၊ဋ္ဌ၊၂။၁၄၉။ ပရမတ္ထဒီပနီဋီကာ၊၂၁၉။

စာမျက်နှာ-216


ကံတပါးကြောင့်ဖြစ်သော ခန္ဓာအစဉ်ကို တားမြစ်ရာ၌ ကုသိုလ်ဇနကကံကြောင့် လူ့ခန္ဓာကိုယ်ကို ရရှိပြီးသော်လည်း ပဝတ္တိအခါ၌ အကုသိုလ်ဥပပီဠကကံ၏ နှိပ်စက်မှုကြောင့် အနာရောဂါထူပြောခြင်း၊ စည်းစိမ်ဥစ္စာ ပျက်စီးခြင်း၊ ရာထူးဌာနန္တရ လျှောကျခြင်းစသည်တို့သည် ကံတပါးကြောင့်ဖြစ်သော ခန္ဓာအစဉ်ကို အကုသိုလ်ဥပပီဠကကံက တားမြစ်နှိပ်စက်ခြင်းပင် ဖြစ်သည်။

နှိပ်စက်ပုံ (၃)မျိုး

ထို့ပြင် ဥပပီဠကကံသည် ကုသိုလ်ဇနကကံ၊ အကုသိုလ် ဇနကကံတို့ကို နှိပ်စက်ရာတွင်—
(၁) ဇနကကံများလုံးဝအကျိုးပေးခွင့်မရအောင်လည်းကောင်း၊
(၂) အကျိုးပေးခွင့် ရနေသည့်အခါ၌ပင် အကျိုးပေးမထက်သန်အောင်လည်းကောင်း၊

(၃) ပေါက်ရောက်ပြီးသော သစ်ပင်ချုံနွယ်များကို ဓား တုတ်စသည်တို့ဖြင့် နှိပ်စက်သည့်အခါ ကြာရှည်စွာ မစည်ပင်နိုင်သကဲ့သို့ ကံတပါးတို့ပေးထားအပ်သော အကျိုးဝိပါက်အစဉ်ကို မစည်ပင်အောင် ကြာရှည်စွာမတည်အောင်လည်းကောင်း နည်းသုံးမျိုးဖြင့် နှိပ်စက်လေ့ရှိပေသည်။

၁။ ပရမတ္ထဒီပနီမဟာဋီကာ၊ ၂၁၀။ အံ၊ဋ္ဌ၊၂၊၁၁၉။
၂။ ပရမတ္ထဒီပနီမဟာဋီကာ၊ ၂၁၀။

စာမျက်နှာ-217


ထိုတွင် အကျိုးပေးခွင့်မရအောင် နှိပ်စက်ရာ၌-ကျမ်းပြုဆရာများသည် ကျမ်းမပြုမီ ရှေးဦးစွာ “နမောတဿ” စသည်ဖြင့် ရတနာသုံးပါးတို့ကို ရှိခိုးပူဇော်လေ့ရှိကြသည်။ ထိုရှိခိုးပူဇော်ရာ၌ ဖြစ်ပေါ်လာသော ကုသိုလ်စေတနာကို ပဏာမကုသိုလ်စေတနာဟုခေါ်သည်။ ထိုပဏာမကုသိုလ်စေတနာသည် ကျမ်းပြုခြင်းကိစ္စ၌ ကျမ်းမပြီးအောင် အန္တရာယ်ပြုနိုင်သော အကုသိုလ်များကို အကျိုးပေးခွင့် မရအောင် ကာကွယ် နှောင့်ယှက် နှိပ်စက်၏။ ယခုကာလ၌ ဆရာသမား၊ မိဘဘိုးဘွား၊ သက်ကြီး ဝါကြီးများကို ပြစ်မှားမှု၊ သူတော်သူမြတ်တို့အား ပြစ်မှားမှု အကုသိုလ်ကံသည် ရှေးရှေးကုသိုလ်ကံများ အကျိုးပေးခွင့်မရအောင် တားမြစ် နှိပ်စက်၏။

အကျိုးပေး မထက်သန်အောင် နှိပ်စက်ခြင်းကား ပင်ကိုက မျက်စိ နား နှာ အင်္ဂါစုံသော လူ့ဘဝကိုပေးနိုင်သည့် ဇနကကုသိုလ်ကံရှိသော်လည်း အကုသိုလ်ကံနှောင့်ယှက်မှုကြောင့် စက္ခုပသာဒမပါပဲ ဇစ္စန္ဓအကျိုးကိုသာ ပေးရခြင်း၊ အဇာတသတ်မင်း၏ ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို သတ်မှု ပိတုဃာတက အကုသိုလ်ကံကြီးသည် အဝီစိတိုင်အောင် အကျိုးပေးရန်ရှိသော်လည်း ဘုရားရှင်နှင့် သာသနာတော်ကို ကြည်ညိုသော ကုသိုလ်ကံများက နှောင့်ယှက်နှိပ်စက်မှုကြောင့် အဝီစိငရဲကြီး၏ အခြံအရံဖြစ်သော ဥဿဒငရဲငယ်၌သာ အကျိုးပေးခြင်းမျိုးတည်း။

အကျိုးပေးကြာရှည်စွာ မတည်အောင်နှိပ်စက်ခြင်းမှာ-ကုသိုလ်ဇနကကံစွမ်းကြောင့် လူ့ခန္ဓာကိုယ်ကို ရပြီးဖြစ်သော်လည်း ပဝတ္တိအခါဝယ် အကုသိုလ်ကံ၏ နှိပ်စက်မှုကြောင့် ရောဂါထူပြောခြင်း၊ ဆွေမျိုးဂုဏ်သိန် စည်းစိမ်ရာထူးများ ပျက်ပြားလျက် စိတ်စက်မကြည်သာခြင်း စသည်တို့သည် ကုသိုလ်ကံ၏အကျိုးကို အကုသိုလ်ကံက နှိပ်စက်ခြင်းပင်တည်း။ အကုသိုလ်ကံ၏ အကျိုးဝိပါက်အစဉ်ကို ကုသိုလ်ကံကနှိပ်စက်ပုံမှာ ကျမ်းဂန်များ၌ အထင်အရှား မလာချေ။ အကုသိုလ်ကံကြောင့်ခွေး နဂါး ဂဠုန် စသည်ဖြစ်ရသော ခန္ဓာအစဉ်ဝယ် အကုသိုလ်ကံ အလိုကျအောင်

စာမျက်နှာ-218


ဆင်းရဲသမျှ မဆင်းရဲရပဲ အစားအသောက်စသည်ကို ရရှိအောင် စီမံတတ်သော ကုသိုလ်ကံသည် အကုသိုလ်ကံ၏အကျိုးဝိပါက်အစဉ်ကို နှိပ်စက်ရာရောက်သည်ဟု ပြောစမှတ်ပြုကြပေသည်။ ထို့ပြင် အကုသိုလ်ကြောင့်ဖြစ်သော အကျိုးဝိပါက်အစဉ်ကို အကုသိုလ်ကပင် ထပ်မံနှိပ်စက်သော အရာလည်းရှိသေးသည်။ ဥပမာ- အကုသိုလ်ဇနကကံကြောင့် ဖြစ်လာရသော ခွေးခန္ဓာဝယ် အစာငတ်၍ ခွေးပိန်ခွေးနာဖြစ်အောင် အကုသိုလ်ကံက နှိပ်စက်ပုံမျိုးကဲ့သို့ပင်ဖြစ်သည်။

ဥပဃာတကကံ

ဥပဃာတကကံဆိုသည်မှာ- ကံတပါးကိုလည်းကောင်း၊ ကံတပါးကြောင့် ဖြစ်ပေါ်လာသည့် အကျိုးခန္ဓာအစဉ်ကိုလည်းကောင်း သတ်ဖြတ်တတ်သော ကုသိုလ်စေတနာ အကုသိုလ်စေတနာများဖြစ်သည်။ ထိုကံကိုပင် ကံတပါးကိုကပ်၍ ဖြတ်တတ်သောကြောင့် “ဥပစ္ဆေဒက” ကံဟုလည်း ခေါ်ပါသည်။

ထိုဥပဃာတကကံသည်—
၁။ တပါးသောကုသိုလ်ကံကို သတ်ဖြတ်တတ်သော အကုသိုလ် ဥပဃာတကကံ၊
၂။ တပါးသော အကုသိုလ်ကံကို သတ်ဖြတ်တတ်သော ကုသိုလ် ဥပဃာတကကံ-
ဟူ၍ နှစ်မျိုးရှိပေသည်။

ထိုနှစ်မျိုးတွင် အဇာတသတ်မင်း၏ တဘဝလုံး ဘုရားသခင်အား ဆည်းကပ်ခြင်းစသော ကုသိုလ်ကံများကို ဖခင်ကြီးဗိမ္ဗိသာရဘုရင်အား သတ်ခြင်းဟူသော ဥပဃာတကကံက တားမြစ်သတ်ဖြတ်သည်။ ထို့ပြင် သေခါနီးအချိန်၌ ကုသိုလ်ကံ၏အစွမ်းကြောင့် သုဂတိနိမိတ်ထင်လာစဉ် တဖန် အကုသိုလ် ဥပဃာတကကံက ထင်လာသော သုဂတိနိမိတ်ကိုတား
၁။--အံ၊ ဋ္ဌ၊ ၂။ ၁၁၀။ဝိသုဒ္ဓိ၊ ၂၊ ၂၃၆။

စာမျက်နှာ-219


တားမြစ်သတ်ဖြတ်သည်။ ထိုသို့တားမြစ်သတ်ဖြတ်ချက်ကြောင့် ဒုဂ္ဂတိနိမိတ် ထင်လာ၍ အပါယ်ဘုံ၌ ဖြစ်စေသည်၊ ဤသည်မှာ အကုသိုလ် ဥပဃာတကကံက ကုသိုလ်ကံကို သတ်ဖြတ်ပုံဖြစ်ပါသည်။

အင်္ဂုလိမာလမထေရ်အကြောင်း စာဖတ်ပရိသတ်များ သိပြီးဖြစ်ပါသည်။ အင်္ဂုလိမာလ ခိုးသူကြီးဘဝတွင် ကျူးလွန်ခဲ့သည့် အကုသိုလ်ကံများကား အလွန်များလှသည်။ သို့သော် အရဟတ္တမဂ်ကို ရသည်နှင့် တပြိုင်နက် မဂ်စေတနာဟူသော ကုသိုလ်ဥပဃာတကကံက ထိုအကုသိုလ်အားလုံးကို ချေမှုန်းသတ်ဖြတ်ပစ်လိုက်ပေသည်။ ထို့ပြင် သေခါနီးကာလ၌လည်း အကုသိုလ်ကံ၏အစွမ်းကြောင့် ဒုဂ္ဂတိနိမိတ်ထင်လာစဉ် တဖန် ကုသိုလ်ဥပဃာတကကံက ထင်လာသော ဒုဂ္ဂတိနိမိတ်ကို တားမြစ်သတ်ဖြတ်သည်။ ထိုသို့ တားမြစ်သတ်ဖြတ်ချက်ကြောင့် သုဂတိနိမိတ်ထင်လာ၍ နတ်ပြည်၌ဖြစ်စေသည်။

ထင်ရှားစေဦးအံ့၊ သောဏဂီရိခေါ် တောင်ပေါ်ကျောင်း၌ သီတင်းသုံးနေသော ရဟန္တာ အရှင်သောဏမထေရ်၏ ခမည်းတော်ကြီးသည် သန်သန်မာမာရှိစဉ်က မုဆိုးအလုပ်ဖြင့် နှစ်ပေါင်းများစွာ အသက်မွေးခဲ့၏၊ အိုမင်းမစွမ်းရှိလာသည့်အခါမှ သားတော်ထံတွင် ရဟန်းကြီးပြုနေသည်။ မကျန်းမာ၍ သေခါနီးအချိန်ရောက်သည့်အခါ မုဆိုးလုပ်ခဲ့သည့်အကုသိုလ်ကံကြောင့် တောင်ခြေမှခွေးကြီးများ မိမိကိုကိုက်တော့မည့်ဟန်ဖြင့် ဂတိနိမိတ်များထင်လာ၍ “ခြောက်ပါဟဲ့ သားရဲ့” ဟု ဆက်ကာဆက်ကာအော်ဟစ်ရှာသတဲ့။

ထိုအခါ ရှင်သောဏက “ဘာလဲဦးပဉ္စင်းကြီး” ဟု မေးသည့်အခါ “ခွေးကြီးတွေ၊ ခွေးကြီးတွေ” ဟု ပြန်ပြောရာ ငရဲဂတိနိမိတ် ထင်နေကြောင်း ရဟန္တာအရှင်မြတ်သိသွားလေသည်။ ထို့နောက် “ငါ့လိုသားရှိပါလျက် ငရဲဘာဖြစ်လို့ကျရမလဲ” ဟူသောစိတ်ထားဖြင့် သာမဏေများကို ပန်းရှာခိုင်းပြီး ဘုရားယင်ပြင်တော်မှာ ပန်းမွေ့ရာခင်းစေကာ ဦးပဉ္စင်းကြီးကို ညောင်စောင်းနှင့်တကွမပြီး ရုပ်ပွားတော်ရှေ့၌ ချထားသည်။
၁။ အံ၊ဋ္ဌ၊၂။၁၁၀-၁။
၂။ အံ၊ဋ္ဌ၊၂။၁၁၀-၁။ အဘိ၊ဋ္ဌ၊၂၊၄၂၀။

စာမျက်နှာ-220


သားဖြစ်သူရဟန္တာမထေရ်က “ဦးပဉ္စင်းကြီးအတွက် ပန်းပူဇော်ထားသည်၊ ကြည်ညိုပါ” ဟု တိုက်တွန်းသဖြင့် ကြည်ညိုဝမ်းမြောက်သည့်ခဏ၌ ခွေးကြီးနိမိတ်များမထင်တော့ပဲ နတ်သမီးနိမိတ်များ ပြောင်းလဲထင်လာရာ “သားရဲ့ ဖယ်ပေးပါ၊ ဖယ်ပေးပါ၊ သားရဲ့ မိထွေးများလာနေတယ်” ဟု ယောင်ယမ်းပြောဆိုနေစဉ် စုတိစိတ်ကျ၍ နတ်ပြည်သို့ရောက်ရလေသည် ။

ဤသို့ ကုသိုလ်ဥပဃာတကကံက ထင်လာသော ဒုဂ္ဂတိနိမိတ်ကို တားမြစ်၍ သုဂတိနိမိတ်ထင်စေကာ နတ်ပြည်၌ ဖြစ်စေနိုင်ပေသည်။

ကုသိုလ် ဇနကကံ၏အစွမ်းကြောင့် လူနတ်ခန္ဓာအစဉ်ကို ရရှိလာရာ အကုသိုလ်ဥပဃာတကကံ၏ တားမြစ်နှိပ်စက်မှုကြောင့် အသက်တမ်းမကုန်မီ လတ်တလောသေရခြင်းသည် ကံတပါးကြောင့် ရလာသောခန္ဓာအစဉ်ကို အကုသိုလ် ဥပဃာတကကံက တားမြစ်သတ်ဖြတ်သည် မည်ပေသည်။

သတ်ဖြတ်ပုံ (၃)မျိုး

ကံတပါး၏ အကျိုးဝိပါက်ခန္ဓာအစဉ်ကို သတ်ဖြတ်ရာ၌—
၁။ သတ်ရုံသာသတ်သော ဥပဃာတကကံ၊
၂။ သတ်ပြီးနောက် အခြားသောဇနကကံကို အကျိုးပေးခွင့်ပြုသော ဥပဃာတကကံ၊
၃။ သတ်ဖြတ်ပြီးနောက် မိမိကိုယ်တိုင်ပင် ပဋိသန္ဓေအကျိုးကို ဆက်လက်ပေးသော ဥပဃာတကကံ—

ဟူ၍ (၃)မျိုးရှိပြန်သည်။
၁။ အဘိ၊ဋ္ဌ၊၂။၄၂၀။
၂။ မ၊၄။၁၇၇။

စာမျက်နှာ-221


ထိုတွင် ဓမ္မပဒ၌လာသော စက္ခုပါလမထေရ်ဝတ္ထုဝယ် ဆေးဆရာဘဝတုန်းကပြုခဲ့သောအကုသိုလ်ဥပဃာတကကံ၏ သတ်ဖြတ်မှုကြောင့် ကုသိုလ်ဇနကကံက စီမံထားအပ်သော စက္ခုပသာဒကမ္မဇရုပ်၏ ပျက်စီးသွားရခြင်း၊ အရှင်မဟာမောဂ္ဂလာန်၏ ရှေ့ဘဝကအမိကိုသတ်ခဲ့သော အကုသိုလ်ကံကြောင့် ခိုးသားငါးရာ၏ လက်ချက်ဖြင့် ပရိနိဗ္ဗာန်စံတော်မူရခြင်းတို့မှာ ကံတပါး၏အကျိုးကို သတ်ရုံသာသတ်၍ နောက်ထပ် အကျိုးမဆက်သော ဥပဃာတကကံများ၏ လက်ချက်ပေတည်း။

ဗိမ္ဗိသာရမင်းသည် ရှေ့ဘဝက ဘုရားယင်ပြင်တော်ပေါ်မှာ ဖိနပ်စီးခဲ့ဖူးသော အကုသိုလ် ဥပဃာတကကံ၏ လက်ချက်ကြောင့် ခြေဖဝါးကို ဓားခွဲခံရပြီးနောက် အခြားသော ကုသိုလ်ဇနကကံအတွက် စတုမဟာရာဇ်နတ်ပြည်၌ ဖြစ်ရ၏။ သာမာဝတီ အမှူးရှိသော မောင်းမတို့သည် ရှေ့ဘဝက အကုသိုလ်ဥပဃာတကကံကြောင့် မီးလောင်ခံရ၍ သေဆုံးပြီးနောက် ကုသိုလ်ဇနကကံအတွက် နတ်ပြည် ဗြဟ္မာ့ပြည်တို့သို့ တက်ရောက်ကြရလေသည်။

ဝဠုမုဒါမြစ်နား၌နေသော ရဟန်းငါးရာတို့သည် ရှေ့ဘဝ သားမုဆိုးဖြစ်ခဲ့စဉ်က သားငှက်တို့ကိုသတ်ဖြတ်ခဲ့သော အကုသိုလ်ဥပဃာတကကံကြောင့် ရဟန်းတုရဟန်းယောင် မိဂလဏ္ဍိက၏ သတ်ဖြတ်မှုကိုခံရပြီးနောက် တပါးသောကုသိုလ်ဇနကကံကြောင့် နတ်ပြည်၌ဖြစ်ကြရသည်။ ဤသည်တို့ကား မိမိကသတ်ရုံသာသတ်၍ အခြားသော ဇနကကံကို အကျိုးပေးခွင့်ပြုသော ဥပဃာတကကံဖြစ်သည်။

ဒူသီခေါ် မာရ်နတ်သည် ကကုသန်မြတ်စွာဘုရား၏ လက်ယာတော်ရံ အဂ္ဂသာဝက အရှင်ဝိဓုရ၏ ဦးခေါင်းတော်ကို ကျောက်ခဲဖြင့် ပေါက်၏။ နန္ဒမည်သော နတ်ဘီလူးတယောက်သည် အရှင်သာရိပုတ္တရာ၏ ရိတ်ပြီးခါစ ဦးခေါင်းပြောင်ပြောင်ကို လက်ဖြင့်ခေါက်၏။ ကလာဗုမင်းသည် အလောင်းတော် ခန္တီဝါဒီရှင်ရသေ့ကို သေကြေအောင် နှိပ်စက်၏။ ထိုနတ်များနှင့် မင်းတို့၏ ခန္ဓာအစဉ်ကို ထိုအကုသိုလ်ကံက သတ်ဖြတ်၍ ထိုအကုသိုလ်ကံကြောင့်ပင် အဝီစိငရဲ၌ ပဋိသန္ဓေ နေရပြန်သည်။ ဤလျှင် ကံတစ်ပါး၏ အကျိုးကို သတ်ဖြတ်ပြီးနောက် မိမိကိုယ်တိုင်ပင် ပဋိသန္ဓေကျိုးကို ဆက်လက်ပေးသော ဥပဃာတကကံမျိုးလည်း ရှိပေသည်။
၁။ ပရမတ္ထဒီပနီ မဟာဋီကာ၊၂၁၂။ အနုဒီပနီ၊၁၅၄။

စာမျက်နှာ-222


အကျိုးပေးစဉ်အားဖြင့် စေတနာ ၄-မျိုး

တနည်းအားဖြင့် စေတနာမည်သော ကံတရားသည် အကျိုးပေးစဉ်အားဖြင့်—
၁။ ဂရုကကံ = အကျိုးအပြစ် ကြီးမားသောကံ၊
၂။ အာသန္နကံ = သေခါနီး၌ အောက်မေ့အပ် ပြုအပ်သောကံ၊
၃။ အာစိဏ္ဏကံ = အမြဲလေ့ကျက် တိုးပွားစေသောကံ၊
၄။ ကဋတ္တာကံ = အမှတ်တမဲ့ သာမန်ပြုလုပ်သောကံ—

ဟူ၍ (၄) မျိုး ရှိသည်။

ဂရုကကံ

ထိုတွင် ဂရုကကံဆိုသည်မှာ—ကြီးလေးသော အကျိုးကိုပေးသည့် ကံမျိုး ဖြစ်သည်။ (ဂရု = ကြီးလေးသော အကျိုးကို၊ က = ပြုတတ်သောကံ) ကြီးလေးသော အကျိုးကို ပေးခြင်းဆိုသည်ကား အခြားကံများက ထိုကံ၏အကျိုးပေးမှုကို မခုခံမတားဆီးနိုင်သဖြင့် သေဆုံးသည်နှင့်တပြိုင်နက် ဧကန်အကျိုးပေးသည့် (အကျိုးပေးမြဲသော)ကံမျိုးဟု အဓိပ္ပာယ်ရှိပေသည်။

ကုသိုလ်ဂရုကံနှင့် အကုသိုလ်ဂရုကံများ

ထိုဂရုကကံများကား ကုသိုလ်အရာ၌ တန်ခိုး အာနုဘော် ကြီးမားသော မဟဂ္ဂုတ်ဈာန် ကုသိုလ်ကံများဖြစ်၍ အကုသိုလ်အရာတွင် အပြစ်ကြီးမားသော ပဉ္စာနန္တရိယကံနှင့် နိယတမိစ္ဆာဒိဋ္ဌိကံများတည်း။

ဆက်ဦးအံ့ — ဂရုကကံဟူသည် ပင်ကိုသဘောအားဖြင့် ကြီးလေးသော ကံပင်ဖြစ်၏။ တစ်ပါးသောကံများက လွှမ်းမိုးတားဆီးနိုင်မှု၊ မလွှမ်းမိုးမတားဆီးနိုင်မှုမှာ ဤကြီးလေးသောသဘောနှင့်မသက်ဆိုင်။ ထို့ကြောင့် အာနန္ဒရိယကံ ၂-ပါး ၃-ပါး ပြုရာ၌ ကံတစ်ခုက လွှမ်းမိုး၍ အကျိုးပေးခြင်း၊ မဟဂ္ဂုတ်ဈာန် ၂-ပါး ၃-ပါး စသည်ရာ၌ အထက်အထက်ဈာန်က လွှမ်းမိုး၍ အကျိုးပေးခြင်းတို့ကြောင့် အကျိုးမပေးရသော ကံများ၌ ဂရုကဟူသော အမည်မပျက်၊ ပင်ကိုသဘောအားဖြင့် ကြီးလေးသော ကံများဖြစ်၍ ဂရုကကံအမည် ရမြဲရပေသည်။
၁။ မ၊၁၊၄၀၇-၄၁၅။ မ၊ဋ္ဌ၊၂၊၃၁၂-၃၂၀။

စာမျက်နှာ-223


အကုသိုလ် ဂရုကကံ ၅-မျိုး

အကုသိုလ်အရာ၌ ပဉ္စာနန္တရိယကံ ဆိုသည်မှာ အာနန္ဒရိယကံ ငါးပါး ဖြစ်သည်။ သေဆုံးကွယ်လွန်ပြီးနောက် အခြားမဲ့ ဒုတိယဘဝနှင့် အကျိုးပေးလေ့ ရှိသော ကံမျိုးကို အာနန္ဒရိယကံဟုခေါ်သည်။ ထိုကံသည်—
၁။ မာတုဃာတကကံ = အမိကို သတ်သောကံ၊
၂။ ပိတုဃာတကကံ = အဖကို သတ်သောကံ၊
၃။ အရဟန္တဃာတကကံ = ရဟန္တာကို သတ်သောကံ၊
၄။ လောဟိတုပ္ပါဒကကံ = ဘုရားရှင်၌သွေးခြေဥအောင်လုပ်သောကံ၊
၅။ သံဃဘေဒကကံ = သံဃာအချင်းချင်း သင်းခွဲသောကံ—
ဟူ၍ ငါးမျိုးရှိသည်။

ထိုတွင် အမိကို သတ်အောင် လှုံ့ဆော်ပေးသည့် စေတနာကို မာတုဃာတကကံ၊ အဖကိုသတ်အောင် လှုံ့ဆော်ပေးသည့် စေတနာကို ပိတုဃာတကကံဟု ခေါ်သည်။ အမိအဖမှန်းသိသိ-မသိသိ သေစေလို၍ သတ်မိလျှင် ဂရုကကံ ထိုက်၏။ မိဘတို့က တိရစ္ဆာန်ဖြစ်လျှင် သို့မဟုတ် မိမိက တိရစ္ဆာန်ဖြစ်လျှင် အာနန္ဒရိယကံ မထိုက်သော်လည်း အာနန္ဒရိယကံ လောက်နီးနီး အပြစ်ကြီးလှ၏။ အခြားသူကို သေစေလို၍ သေနတ်ဖြင့် ပစ်ခတ်ရာ မိဘတို့ မတော်တဆ ထိမှန်လျှင်လည်း မာတုဃာတကကံ၊ ပိတုဃာတကကံများ ထိုက်သည်ဟု တတိယပါရာဇိက အဋ္ဌကထာစသည်၌ ဖွင့်ဆိုထားပေသည်။

စာမျက်နှာ-224


ရဟန္တာပုဂ္ဂိုလ်အား သတ်ကြောင်းဖြစ်သော စေတနာကို အရဟန္တဃာတကကံဟု ခေါ်သည်။ ရဟန္တာမဖြစ်မီ သတ်သော်လည်း ရဟန္တာဖြစ်ပြီးမှ သေခဲ့လျှင် ထိုဘဝဇီဝိတိန္ဒြေအစဉ်ကို လျင်စွာချသည်မည်သောကြောင့် အရဟန္တဃာတကပင် ဖြစ်သည်။

လောဟိတုပ္ပါဒကကံ

လောဟိတုပ္ပါဒကကံ ဆိုသည်မှာ ဘုရားရှင်၏ မပြိုကွဲနိုင် သွေးမယိုထွက်နိုင်သော ခန္ဓာကိုယ်၌ သွေးခြေဥအောင် ပြုလုပ်ကြောင်းဖြစ်သော စေတနာပင်ဖြစ်သည်။ ထင်ရှားစေဦးအံ့-အရှင်ဒေဝဒတ်သည် ဂိဇ္ဈကုဋ် တောင်ခြေ၌ စင်္ကြံကြွတော်မူနေသော ဘုရားရှင်ကို ယန္တရားစက်ဆင်၍ ကျောက်တုံးကြီးဖြင့် ဖိသတ်သည်၊ ကျောက်တုံးကြီး ပြိုကျလာရာတွင် တောင်ထွတ်နှစ်ခု ခံထားမှုကြောင့် ကျောက်တုံးကြီးဖြင့် မဖိမိပဲ ကျောက်တုံးမှ ကျိုးပဲ့ကွာကျလာသော ကျောက်ခဲဖြင့် ဘုရားရှင်၏ ခြေမတော်ကို ထိခိုက်မိရာ ခြေမတွင် သွေးခြေဥသွားပေသည်။

ဤကဲ့သို့ ဘုရားရှင်၏ ခန္ဓာကိုယ်တော်၌ သွေးခြေဥအောင် ပြုလုပ်မှုမျိုးကို လောဟိတုပ္ပါဒကကံဟု ခေါ်သည်။ ဤသွေးခြေတော်ဥအောင် ပြုလုပ်မှုသည် သေစေလိုသော စေတနာဖြင့် ပြုသောကြောင့် ပါဏာတိပါတ ကမ္မပထ မမြောက်သော်လည်း (အနုဋီကာ အလိုအားဖြင့်) ဗျာပါဒ ကမ္မပထ မြောက်သည်ဟု ဆိုသင့်ပေသည်။

သံဃဘေဒကကံ

သံဃာတော်အချင်းချင်း ကွဲပြားအောင် ပြုလုပ်ကြောင်း စေတနာသည် သံဃဘေဒကကံ မည်ပါသည်။ သိမ်တစ်ခုတည်း၌ ရဟန်း သံဃာ အချင်းချင်း အတူတကွ ကံမပြုပဲ သူ့ဘက်ငါ့ဘက် နှစ်စုခွဲ၍ တပြိုင်နက် ကံပြုအောင် အားထုတ်စီမံသဖြင့် အထမြောက်ခဲ့သော် ကွဲပြားအောင် ကြံဆောင်စီမံသော ပုဂ္ဂိုလ်မှာ သံဃဘေဒကကံထိုက်၏။ မတရားဘက်၌ လိုက်ပါအားပေးသော ပုဂ္ဂိုလ်များသည်လည်း အပြစ်ကြီးမားလှ၏။

စာမျက်နှာ-225


တသိမ်တည်းပင် ဖြစ်သော်လည်း တဘက်ပြီးမှတဘက်က ကံပြုခြင်း ကံ ဒွါရကွဲပြားခြင်း စသည်တို့မှာ သံဃဘေဒကကံနှင့်မဆိုင်။ တသိမ်တည်းဝယ် ကံကြီးကံငယ် ခွဲခြားလျက် တပြိုင်နက် ကံပြုမှ သံဃဘေဒကကံ ဖြစ်သောကြောင့် လူသာမဏေတို့မှာ သံဃဘေဒကကံ မထိုက်နိုင်ပါချေ။ သို့သော် ရပ်ရွာနယ်ပယ်တို့၌ သံဃာတော်အချင်းချင်း ကွဲပြားအောင် ကြံဆောင်အားထုတ်သူတို့မှာ သူတို့အတွက် ဆိုင်ရာဝယ် အကုသိုလ် တိုးပွားရသောကြောင့် သံဃဘေဒကကံလောက်နီးနီး အပြစ်ကြီးလေးလှ၏။

ဤအာနန္ဒရိယကံ ၅-ပါးတွင် တစ်ပါးပါးကို ပြုမိလျှင် သေသည်၏ အခြားမဲ့၌ အဝီစိငရဲသို့ ရောက်ရ၏။ အဇာတသတ်မင်းသည် အဖကို သတ်၍ ပိတုဃာတကကံ ထိုက်သောကြောင့် အဝီစိငရဲ၏အခြံအရံ ဥဿဒငရဲ၌ ကျရောက်ရသော်လည်း အဝီစိတွင် အပါအဝင်ပင်ဖြစ်၏။

ဤကံ ၅-ပါးတွင် သံဃဘေဒကကံသည် အပြစ်အကြီးဆုံးဖြစ်၏၊ အဝီစိ ငရဲကြီးတွင် ထိုငရဲဘုံသက်ကုန်သည်အထိ ခံရသော ကပ္ပဋ္ဌိတိယကံတည်း။ ကြွင်းသောကံလေးပါးကို ကပ္ပဋ္ဌိတိယကံများဟု အဆိုမရှိချေ။ ထိုက်သင့်သမျှ ခံကြရမည်။

ထို့ကြောင့် ကံ ၅-ပါးလုံးပြုမိလျှင် သံဃဘေဒကကံက အခြားကံ ၄-ပါးကို လွှမ်းမိုး၍ ပဋိသန္ဓေကျိုးပေး၏။ အခြားကံများအတွက် အဝီစိ၌ ဖြစ်ဖွယ်မရှိ။ သို့သော် နောင်အခွင့်သင့်ရာဘဝ၌ ပဝတ္တိကျိုးကိုကား ပေးပေမည်။ ရှေ့ကံ ၄-ပါးလုံးကို ပြုမိလျှင် လောဟိတုပ္ပါဒကကံ အကျိုးပေး၏။ ရှေ့ကံသုံးပါးလုံးပြုမိလျှင် အရဟန္တဃာတကကံက အကျိုးပေး၏။ ရှေ့ဆုံး ကံ ၂-ပါးလုံးကို ပြုမိလျှင် မိဘနှစ်ဦး သီလရှိခြင်း မရှိခြင်း တန်းတူဖြစ်ခဲ့သော် အမိကသာ၍ ကျေးဇူးများသောကြောင့် မာတုဃာတကကံက အကျိုးပေး၏၊ အဖက အမိထက် သီလသာနေပါမူ ပိတုဃာတကကံက အကျိုးပေးလေသည်။ နိယတမိစ္ဆာဒိဋ္ဌိစေတနာအကြောင်းကို ရှေ့တွင် ဖော်ပြခဲ့ပြီးလေပြီ။

စာမျက်နှာ-226


အာသန္နကံ

အာသန္န သဒ္ဒါသည် အနီးဟု အဓိပ္ပာယ်ရ၏။ ထို့ကြောင့်အာသန္နကံ ဆိုသည်မှာ သေခါနီးကာလ၌ (မရဏာသန္နဇောဝီထိသို့ မရောက်မီ) ပြုခဲ့ပြီးသည်ကိုပြန်၍ အောက်မေ့သောကံသည်လည်းကောင်း၊ သေခါနီးကာလ၌ တရားနာခြင်း, အလှူဒါနပြုခြင်း, သီလဆောက်တည်ခြင်း, ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်းစသော ကံသည်လည်းကောင်း အာသန္နကံ မည်ပါသည်။

ထင်ရှားစေဦးအံ့။ အချို့ကုသိုလ်ကံ အကုသိုလ်ကံများကို ကာလအတန်ကြာက ပြုခဲ့ပြီးသည့်နောက် ထပ်ခါထပ်ခါ သတိမရပဲ မသေခါနီးရောက်မှ သတိရတတ်၏။ ထိုကံမျိုးသည် အာသန္နကံမည်၏။ သေခါနီးမှ တရားနာခြင်း၊ ပန်းဆီမီးပူဇော်ခြင်း၊ တစ်ယောက်နှင့်တစ်ယောက် သတ်ပုတ်ရိုက်နှက်ခြင်းစသော ကံမျိုးကိုလည်း အာသန္နကံဟု ခေါ်ပါသည်။

ဒမိဠဒေါဝါရိကမည်သော တံငါသည်တစ်ယောက်သည် အနှစ်ငါးဆယ်ပတ်လုံး ငါးမျှားခြင်းဖြင့် ပါဏာတိပါတကံကို ပြုခဲ့သော်လည်း သေခါနီးအချိန်တွင် စူဠပိဏ္ဍပါတိကတိဿမထေရ်ထံ၌ သရဏဂုံနှင့် ငါးပါးသီလ ဆောက်တည်လိုက်ရသော ကုသိုလ်အာသန္နကံကြောင့် စာတုမဟာရာဇ်နတ်ပြည်၌ ဖြစ်ရလေသည်။

မဟာဝါစကာလအမည်ရှိသော ဥပါသကာသည် သောတာပန်ဖြစ်ရန် ရည်မှန်း၍ အနှစ်သုံးဆယ်ပတ်လုံး ၃၂-ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်သော်လည်း ဩဘာသနိမိတ်မျှ မရသောကြောင့် “ဘုရားသာသနာတော်သည် သံသရာမှထွက်မြောက်ကြောင်း ဖြစ်မည်မထင်” ဟု အယူမှားယွင်း ဖောက်ပြန်၏။ ထိုအယူမှားယွင်း ဖောက်ပြန်မှု အကုသိုလ်အာသန္နကံ၏ အစွမ်းကြောင့် သေဆုံးကွယ်လွန်သည့်အခါ မဟာဂင်္ဂါမြစ်၌ ကိုးဥသဘရှည်သော မိကျောင်းပြိတ္တာကြီး ဖြစ်ရရှာပေသည်။
၁။ အံ၊ဋီ၊၂၊၁၀၂။ ဝိဘာဝိနီဋီကာ။ ၁၆၇။
၂။ အံ၊ဋ္ဌ၊၂၊၁၀၇-၈။

စာမျက်နှာ-227


အာစိဏ္ဏကံ

အာစိဏ္ဏဟူသော ပါဠိကား မြန်မာလို “အမြဲမပြတ်၊ ဆည်းပူးလေ့လာအပ်၊ တိုးပွားစေအပ်ခြင်း” ဟု အဓိပ္ပာယ်ရပါသည်။ ထို့ကြောင့် အကုသိုလ်အရာ၌ သတ်ခြင်း ခိုးခြင်း စသည်တို့ဖြင့် အမြဲအသက်မွေးမှုသည်လည်းကောင်း ကုသိုလ်အရာ၌ ပိဏ္ဍပါတ်ဆွမ်းလောင်းလှူခြင်း, ငါးပါးသီလ ဆောက်တည်ခြင်း, ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းခြင်း, စာပေသင်ကြားပို့ချမှု စသည်တို့ကို အမြဲမပြတ် လေ့လာ ဆည်းပူးမှုသည်လည်းကောင်း အာစိဏ္ဏကံဖြစ်ပါသည်။

ထို့ပြင် အကြိမ်ကြိမ် အဖန်ဖန် ထပ်တလဲလဲ ပြုလုပ်နေမှ အာစိဏ္ဏကံ မည်သည်မဟုတ်၊ တစ်ကြိမ်ကုသိုလ်ပြုပြီးသည့်နောက် ထိုကုသိုလ်ကို ထပ်တလဲလဲ ကြိမ်ဖန်များစွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမှုသည်လည်းကောင်း၊ တစ်ကြိမ် အကုသိုလ်ပြုပြီးနောက် ထိုအကုသိုလ်ကို အကြိမ်ကြိမ်အဖန်ဖန် စိုးရိမ်ပူပန်နေမှုသည်လည်းကောင်း အာစိဏ္ဏကံ မည်ပါသည်။

ကဋတ္တာကံ

ဂရုကကံ, အာသန္နကံ, အာစိဏ္ဏကံတို့မှ အလွတ်ဖြစ်သော အတိတ်ဘဝ ပစ္စုပ္ပန်ဘဝတို့၌ အမှတ်မဲ့ပြုအပ်သော ကုသိုလ်အကုသိုလ်ကံမျိုးကို ကဋတ္တာကံဟု ခေါ်သည်။ သူရူးပစ်လိုက်သော တုတ်သည် အမှတ်မရှိသော အရပ်၌ ကျသကဲ့သို့ ဂရုကကံစသော ကံသုံးပါးမရှိသော် ကဋတ္တာကံသည် အကျိုးပေး၏။

ကံလေးမျိုးတို့အကျိုးပေးပုံ

ထိုဆိုခဲ့ပြီးသော ဂရုကကံစသော ကံလေးမျိုးလုံးပင် ပဋိသန္ဓေ အကျိုးကို ပေးပါသည်။ ယခု ဤကံလေးမျိုးကို စဉ်ထားခြင်းမှာလည်း ပဋိသန္ဓေအကျိုးပေးသည့် အလှည့်အကြိမ်အစဉ်အားဖြင့် စဉ်ထားခြင်းဖြစ်ပါသည်။
၁။ အံ၊ဋ္ဌ၊၂၊၁၀၀။
၂။ အံ၊ဋ္ဌ၊၂၊၁၀၅။ ဝိဘာဝိနီဋီကာ၊ ၁၆၉-၇၀။
၃။ ပရမတ္ထဒီပနီဋီကာ။ ၂၁၄။

စာမျက်နှာ-228


ထို့ကြောင့် ကံ ၄-မျိုးလုံးရှိသူတို့၌ နောက်ဘဝမှာ ဂရုကကံက ပဋိသန္ဓေကျိုးကို ပေး၏၊ လောကီဈာန်လည်းမရ၊ အာနန္ဒရိယကံ နိယတမိစ္ဆာဒိဋ္ဌိကံလည်း ကင်းကြ၍ ဂရုကကံမရှိသော ပုဂ္ဂိုလ်များ၌ အာသန္နကံစသော ကံသုံးမျိုးရှိလျှင် အာသန္နကံက ပဋိသန္ဓေကျိုးကို ပေး၏။ ဂရုကကံ အာသန္နကံမရှိပဲ လတ်တလောသေဆုံးရသူ မေ့မေ့မူးမူးနှင့် သေဆုံးရသူများ၌ အာစိဏ္ဏကံစသောကံ ၂-ပါးရှိလျှင် အာစိဏ္ဏကံက ပဋိသန္ဓေကျိုးကို ပေးလေသည်။

ဤစကားစဉ်အရ ဂရုကစသော ရှေ့ကံ ၃-မျိုးသည် ယခုမျက်မှောက်ဘဝ၌ ပြုသောကံများတည်း၊ ကဋတ္တာကံကား ယခုဘဝ၌ အမှတ်တမဲ့ ပြုထား၍ ဂရုကစသောအဖြစ်သို့ မရောက်သောကံများနှင့် ရှေးရှေးဘဝတို့၌ ပြုခဲ့ပြီးသောကံများတည်း။ ထို့ကြောင့် ကဋတ္တာကံနှင့် မည်သူမျှ မကင်းနိုင်ကြပေ။

ဂရုကကံစသော ရှေ့ကံ ၃-ပါးမရှိလျှင် ဤကဋတ္တာကံသည်ပင် ပဋိသန္ဓေကျိုးကို ပေးရလေသည်။ ဤအဓိပ္ပာယ်ဖြင့် နောင်တမလွန်ဘဝအတွက် ဂတိကောင်းဖို့ မကောင်းဖို့မှာ ယခုလက်ရှိဘဝတွင် အားရပါးရထူထောင်ထားသော ကံတို့၏ လက်ချက်သာဖြစ်သည်။ ထိုကံများ မရှိမှ ရှေ့ဘဝက ကံများ အကျိုးပေးခွင့်ရနိုင်ပေသည် ဆိုသည့်အချက်မှာ ပေါ်လွင်သိသာပါသည်။ ထို့ကြောင့် ဒုတိယဘဝ၌ အားရကျေနပ်နိုင်မည့် ပဋိသန္ဓေကို ရနိုင်ဖို့ လက်ရှိဘဝတွင် ကြိုးစားအားထုတ်သင့်ကြသည်။

အာသန္နကံနှင့် အာစိဏ္ဏကံပြဿနာ

အာသန္နကံ၊ အာစိဏ္ဏကံ ၂-မျိုးတွင် ဒုတိယဘဝ၌ ပဋိသန္ဓေကျိုးပေးမှုကို မငဲ့ပဲပင်ကို သဘောအတိုင်းဆိုပါက အာသန္နကံထက် အာစိဏ္ဏကံက အားကောင်း၏၊ ထို့ကြောင့် အင်္ဂုတ္တိုရ်အဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ်အဋ္ဌကထာတို့၌ “ယဂ္ဂရုကံ၊ ယဗ္ဗဟုလံ၊ ယဒါသန္နံ၊ ကဋတ္တာကမ္မံ” ဟု အာသန္န
၁။ အံ၊ဋ္ဌ၊၂၊၁၀၄-၅။ ဝိသုဒ္ဓိ၊၂၊၂၃၆။

စာမျက်နှာ-229


ကံ၏ ရှေ့က အာစိဏ္ဏကံကိုထား၍ အစဉ်တစ်မျိုးစဉ်ထားသည်။ ထို့ကြောင့် အင်္ဂုတ္တိုရ်ဋီကာနှင့် ဝိသုဒ္ဓိမဂ်ဋီကာတို့၌ “ဂရုကကံသည် ကျန်ကံသုံးပါးတို့၏ ရှေးဦးစွာအကျိုးပေးသည်။ ဂရုကကံမရှိသော် အာစိဏ္ဏကံအကျိုး ပေးသည်။ အာစိဏ္ဏကံမရှိသော် အာသန္နကံအကျိုးပေးသည်။ အာသန္နကံ မရှိသော် ကဋတ္တာကံအကျိုးပေးသည်”ဟု ဖွင့်ဆိုတော်မူကြခြင်းဖြစ်သည်။

သို့ဖြစ်၍ ဤကံလေးပါး၏ ရှေ့နောက်စီစဉ်ပုံမှာ ဗုဒ္ဓရှင်တော်မြတ်ဘုရား၏ မဟာကမ္မဝိဘင်္ဂဉာဏ်အရာသာဖြစ်သည်။ သာဝကတို့၏ ဉာဏ်အရာမဟုတ်ဟု ဝိသုဒ္ဓိမဂ်မဟာဋီကာ၌ ကောက်ချက်ချထားတော်မူသည်။ (ယဗ္ဗဟုလံ ဆိုသည်မှာ အာစိဏ္ဏကံပင် ဖြစ်သည်)။

ဤသို့ ပင်ကိုသဘောအားဖြင့် အာသန္နကံထက် အာစိဏ္ဏကံက အားရှိသော်လည်း တမလွန် (ဒုတိယ)ဘဝ၌ ပဋိသန္ဓေကျိုးပေးရာတွင် မရဏာသန္နဇောဝီထိနှင့် နီးကပ်နေသော အာသန္နကံသာလျှင် သာလွန်၍ အရေးပါ အရာရောက်၏၊ မှန်၏၊ မရဏာသန္နဇော၌ ကံ ကမ္မနိမိတ် ဂတိနိမိတ်တစ်ပါးပါးသည် ပဋိသန္ဓေကျိုးပေးမည့်ကံ၏အစွမ်းကြောင့် ထင်လာရမြဲ ဓမ္မတာဖြစ်၏။

ထိုသို့ထင်စေနိုင်သောကံသည် အမှန်ပဋိသန္ဓေကျိုးကို ပေးရတော့မည်။ ထိုကဲ့သို့ မရဏာသန္နဇော၌ နိမိတ်တစ်ပါးပါးထင်စေဖို့ ကိစ္စကိုလည်း ရှေးရှေးက အလေ့အကျက်များခဲ့သော အာစိဏ္ဏကံထက် မရဏာသန္နဇောနှင့် နီးကပ်လျက်ရှိသော အာသန္နကံကသာလွန်၍ ဆောင်ရွက်နိုင်ဖွယ်ရှိ၏။

ဤအဓိပ္ပာယ်ကို ရည်ရွယ်၍ အင်္ဂုတ္တရအဋ္ဌကထာ စသည်၌ နွားခြံကြီးထဲတွင် အားခွန်ဗလကောင်းသော နွားငယ်၊ လိမ္မာသော နွားပျိုများ ရှိနေကြသော်လည်း နွားခြံတံခါးကို ဖွင့်လိုက်သည့်အခါ ခြံတံခါး အနီး၌ရောက်နေသော အားအင်ချိနဲ့သည့် နွားအိုကြီးကသာ ခြံတံခါးဝနှင့် နီးသောကြောင့် ရှေ့ဆုံးကထွက်ရသကဲ့သို့ အာစိဏ္ဏကံစသည့်အခြားကံများ ရှိသော်လည်း အာသန္နကံသည်သာ သေခါနီးကာလနှင့် နီးသည့်အတွက် ထိုကံကသာ ပဋိသန္ဓေကျိုးကို ပေးသည်ဟု ဥပမာဆောင်ပြထားလေသည်။
၁။ အံ၊ဋီ၊၂၊၁၀၂။ ဝိသုဒ္ဓိဋီ၊၂၊၃၇၇။
၂။ အံ၊ဋ္ဌ၊၂၊၁၁၇။

စာမျက်နှာ-230


ဤနည်းအရ အာသန္နကံက အာစိဏ္ဏကံထက် ရှေ့ဦးစွာအကျိုးပေးလှည့်ကျသောကြောင့် အာသန္နကံကို အာစိဏ္ဏကံ၏ ရှေ့မှာချ၍ သင်္ဂဟအဋ္ဌကထာ၌ စဉ်ပြထားခြင်း ဖြစ်ပါသည်။

အကျိုးပေးကာလအားဖြင့် စေတနာလေးမျိုး

တနည်းအားဖြင့် စေတနာမည်သော ကံတရားသည် အကျိုးပေးရာကာလကို အစွဲပြု၍ –
၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ = လက်ရှိဘဝ၌ပင် ပဝတ္တိအကျိုးပေးသောကံ၊
၂။ ဥပပဇ္ဇဝေဒနီယကံ = သေပြီးဒုတိယဘဝ၌ ပဋိသန္ဓေ ပဝတ္တိ အကျိုးပေးသောကံ၊

၃။ အပရာပရိယာယဝေဒနီယကံ = တတိယဘဝမှ နိဗ္ဗာန်ရသည်အထိ ပဋိသန္ဓေကျိုး ပဝတ္တိကျိုးတို့ကို ပေးသောကံ၊

၄။ အဟောသိကံ = လုံးဝအကျိုးမပေးသောကံ-ဟူ၍လေးမျိုးရှိပြန်သည်။

ဒိဋ္ဌဓမ္မဝေဒနီယကံ

ထိုတွင် ဒိဋ္ဌဓမ္မဝေဒနီယကံဆိုသည်မှာ မျက်မှောက်ထင်ထင် တွေ့မြင်ရသော ပစ္စုပ္ပန် အတ္တဘော၌ (ဝါ) လက်ရှိဘဝ၌ ခံစားအပ်သောကံမျိုး ဖြစ်သည်။ “ခံစား”ဟူသော စကားသည် အကြောင်းကံနှင့်မဆိုင်၊ အကျိုးဝိပါက်နှင့်သာဆိုင်၏။ အကြောင်းကံကို ခံစား၍မဖြစ်၊ အကျိုး ဝိပါက်ကိုသာ ခံစား၍ဖြစ်သည်။

ထို့ကြောင့် အကျိုးဝိပါက်၏-“ဝေဒနီယ” (ခံစားအပ်) ဟူသော နာမည်ကို အကြောင်းကံပေါ်တင်စား၍ ဖလူပစာရအားဖြင့် အကြောင်း ကံကိုပင် “ဝေဒနီယ” (ခံစားအပ်) ဟု ဆိုထားသည်၊ လက်ရှိ ပစ္စုပ္ပန်ဘဝ ၌ပင် အကျိုးပေးသောကံဟုဆိုလိုသည်။ (ဒိဋ္ဌဓမ္မ၊ မျက်မှောက်ထင်ထင် တွေ့မြင်ရသော ပစ္စုပ္ပန်အတ္တဘော၌-ဝါ.လက်ရှိဘဝ၌။ ဝေဒနီယ၊ ခံစားအပ်သောကံ)။

စာမျက်နှာ-231


ဒိဋ္ဌဓမ္မဝေဒနီယကံနှင့် ပဝတ္တိကျိုး

တရားကိုယ်အားဖြင့် ကုသိုလ် အကုသိုလ် ပထမဇောစေတနာသည် ဒိဋ္ဌဓမ္မဝေဒနီယကံဖြစ်သည်။ ဤပထမဇောစေတနာသည် ဇောခုနစ်ကြိမ် တွင် အစဆုံးဖြစ်ရသည့်အတွက် မိမိရှေ့က အာသေဝနသတ္တိဖြင့် ထောက်ပံ့ကူညီချက်ကို မရသောကြောင့် ဒုတိယ၊ တတိယစသော ဇောစေတနာ များလောက် အားမရှိပါချေ။

ထို့ကြောင့် အခြားဒုတိယ၊ တတိယစသော ဇောစေတနာများကဲ့သို့ ပဋိသန္ဓေကျိုးကို ရွက်ဆောင်၍ ဘဝသစ်တမျိုး ဖြစ်ပေါ်လာအောင် မထူထောင်နိုင်။ လက်ရှိဘဝ၌သာ အဟိတ်ကုသလ ဝိပါက် အကုသလဝိပါက် အကျိုးများနှင့် ကမ္မဇရုပ်၊ ကမ္မပစ္စယဥတုဇ ရုပ် အကျိုးများဟူသော ပဝတ္တိကျိုးမျှကိုသာ ဖြစ်ထွန်းပေါ်ပေါက်စေနိုင်သည်။

ဒိဋ္ဌဓမ္မဝေဒနီယကံ အကျိုးပေးပုံ

ဤ၌ ဒိဋ္ဌဓမ္မဝေဒနီယကံ၏ အကျိုးပေးပုံကို ဝတ္ထု သာဓကများဖြင့် ရှင်းပြပါမည်။ ပုဏ္ဏမည်သော ဆင်းရဲသားသည် နိရောဓသမာပတ်မှ ထပြီးစ ဖြစ်သော အရှင်သာရိပုတ္တရာမထေရ်ကြီးအား နံနက်စောစော မျက်နှာ သစ်ရေကို လှူဒါန်း၏။ ဇနီးသည် ဘာရိတက ဆွမ်းလှူဒါန်းဆက် ကပ်၏။ ထိုကုသိုလ်များကြောင့် ဇနီးမောင်နှံတို့မှာ ထွန်ချေးခဲများက ရွှေတုံးရွှေခဲဖြစ်၍ နေ့ချင်းပင် သူဌေးဖြစ်သွားကြ၏။

ကာကဝဠိယဇနီး မောင်နှံတို့သည် နိရောဓသမာပတ်မှ ထပြီးစဖြစ်သော အရှင်မဟာကဿပ မထေရ်မြတ်ကြီးအား ယာဂုဆွမ်းလှူဒါန်း၏၊ ထိုကုသိုလ်ကြောင့် ၇-ရက် အတွင်း၌ ရွှေအိုး ငွေအိုးများကိုရ၍ သူဌေးဖြစ်လေသည်။ ထိုသို့ သူဌေးဖြစ်ကြသည့်အခါ ကောင်းသောအာရုံများကို မြင်ရ ကြားရမှုကြောင့် အဟိတ်ကုသလဝိပါက် စက္ခုဝိညာဉ်စသည်နှင့် ခန္ဓာ ကိုယ်ဝယ် ကုသိုလ်ကမ္မဇရုပ်များ တိုးပွားခွင့်ရလေသည်။ သူဌေးဖြစ် အောင် တိုးပွားလာကြသော ဥစ္စာများကား ကံကြောင့်ဖြစ်ပေါ်သော ရုပ်ဝတ္ထုများဖြစ်၍ ကမ္မပစ္စယဥတုဇရုပ်များဟု ခေါ်သည်။
၁။ ပရမတ္ထဒီပနီမဟာဋီကာ။ ၂၁၂.၈။

စာမျက်နှာ-232


ဤကား ဒိဋ္ဌဓမ္မဝေဒနီယကုသိုလ်ကံကြောင့် လက်ရှိဘဝ၌ ထင်ထင်ရှားရှား အကျိုးပေးသော သာဓကများဖြစ်၏။ ကောင်းသောအမှုကို ပြုသဖြင့် သူတော်ကောင်းစသည်တို့၏ ချီးကျူးမှု၊ ချီးမြှောက်ထောက်ပံ့မှုတို့ကို ခံရခြင်းသည်လည်းကောင်း၊ ထိုက်သည့်အလျောက် လောကီဝတ္တရားဖြင့် အစိုးရတို့၏ အချီးအမြှောက် အမအစကို ခံရခြင်းတို့သည်လည်းကောင်း ကုသိုလ်ဒိဋ္ဌဓမ္မဝေဒနီယကံ၏ မထင်ရှားသော အကျိုးတရားများဟု ဆိုသင့်ပေသည်။

နန္ဒလုလင်သည် ဥပ္ပလဝဏ်မည်သော ရဟန္တာထေရီမအား မတရား ကျင့်သည့် အကုသိုလ်ကြောင့် နေ့ချင်းမြေမျို၍ ဘဝဆုံးရသည်။ နန္ဒ နွားသတ်သမားသည် အနှစ် ၅၀-ပတ်လုံး နွားသတ်ခြင်းဖြင့် အသက်မွေးခဲ့၏၊ တနေ့တွင် ထမင်းပွဲ၌ အမဲသားဟင်းမပါသောကြောင့် နွားအရှင်တကောင်၏ လျှာကို လှီးဖြတ်၍ မီးကင်စားနေစဉ်မှာပင် လျှာပြတ်ကျပြီး သေဆုံးရသည်၊ သေဆုံးပြီးသည့်နောက် ငရဲသို့ ကျရရှာ၏။

နန္ဒဘီလူးသည် အရှင်သာရိပုတ္တရာ၏ ရိတ်ပြီးစ ဦးခေါင်းပြောင်ပြောင်ကို လက်ဖြင့်ခေါက်၏၊ ထိုအကုသိုလ်ကြောင့်ပင် “ပူလှချည့်၊ လောင်လှချည့်”ဟု မြည်တမ်းကာ အဝီစိငရဲကျရလေသည်။ ဤသည်တို့မှာ ဒိဋ္ဌဓမ္မဝေဒနီယ အကုသိုလ်ကံကြောင့် မျက်မှောက်ဘဝ၌ပင် ထင်ထင်ရှားရှား အကျိုးပေးသော သာဓကများဖြစ်ပါသည်။

မကောင်းမှုဒုစရိုက်များကို ပြုကျင့်သဖြင့် သူတော်ကောင်းတို့၏ ကဲ့ရဲ့ မှုကို ခံရခြင်း၊ ထိုက်သည့်အလျောက် အစိုးရအပြစ်ဒဏ်ကို ခံရခြင်းများသည် အကုသိုလ်ဒိဋ္ဌဓမ္မဝေဒနီယကံ၏ မထင်ရှားသော အကျိုးတရားများဖြစ်သည်ဟု ဆိုသင့်ပေသည်။
၁။ မ၊ဋ္ဌ၊၄-၄-၅။
၂။ ပရမတ္ထသံခိပ်ဋိကာ ၂၊၉၈။
၃။ ဝိ၊ဋ္ဌ၊၁။၂၃၇။ ဓမ္မပဒ၊ဋ္ဌ၊၂။၂၁၃-၄။
၄။ မ၊ဋ္ဌ၊၄။၅-၆။

စာမျက်နှာ-233


ဤပထမဇောစေတနာဟူသော ဒိဋ္ဌဓမ္မဝေဒနိယကံသည် ပဝတ္တိအကျိုး ကို ပေးသည်ဟုဆိုသော်လည်း အခါခပ်သိမ်း ပေးနိုင်ကြသည် မဟုတ်၊ အကြောင်းအထောက်အပံ့များစွာ စုံညီမှ အကျိုးပေးနိုင်သည်။ ချဲ့ဦးအံ့- ဤပထမဇောစေတနာသည် ရှေ့ဦးဆုံးဖြစ်သော ဇောဖြစ်၍ မိမိကို အာသေဝနသတ္တိဖြင့် ထောက်ပံ့ကူညီသည့် တရားမရှိသည့်အတွက် အလွန်အားနည်းပေသည်။

ထို့ကြောင့် ကုသိုလ်ဒိဋ္ဌဓမ္မဝေဒနီယကံ ဖြစ်လျှင် ဆန့်ကျင်ဘက် အကုသိုလ်တို့၏ လွှမ်းမိုးနှိပ်စက် နှောင့်ယှက်မှုကို မခံရပါမှ မျက်မှောက်ဘဝ၌ အကျိုးပေးနိုင်ပါသည်။ ဆန့်ကျင်ဘက် ကုသိုလ် အကုသိုလ်တို့၏ လွှမ်းမိုးနှိပ်စက်မှုများ မရှိသည်တိုင်အောင် ကုသိုလ်အရာ၌ ဂတိသမ္ပတ္တိ၊ ကာလသမ္ပတ္တိ၊ ဥပဒိသမ္ပတ္တိ၊ ပယောဂသမ္ပတ္တိဆိုသည့် ထူးခြားသောအကြောင်း အထောက်အပံ့အကူအညီတို့ကိုလည်းကောင်း၊ အကုသိုလ်အရာ၌ ဂတိဝိပတ္တိ၊ ကာလဝိပတ္တိ၊ ဥပဓိဝိပတ္တိ၊ ပယောဂဝိပတ္တိ ဆိုသည့် ထူးခြားသောအကြောင်း အထောက်အပံ့ အကူအညီတို့ကိုလည်းကောင်း ပဌမဇောအားကောင်းလောက်အောင် ရရှိပါမှ ဒိဋ္ဌဓမ္မကျိုးကို ပေးနိုင်သည်။

ဒိဋ္ဌဓမ္မ ဝေဒနီယကံ၏ အင်္ဂါ ၄-ပါး

ထို့ပြင် ဓမ္မပဒ သုခသာမဏေဝတ္ထု၌-
၁။ အလှူခံပုဂ္ဂိုလ်သည် အနာဂါမ်၊ ရဟန္တာတမျိုးမျိုး ဖြစ်ရခြင်း = ဝတ္ထုသမ္ပဒါ၊
၂။ လှူသော ပစ္စည်းမှာ တရားသဖြင့် ရှာဖွေရရှိသော ပစ္စည်းဖြစ်ခြင်း = ပစ္စယသမ္ပဒါ၊
၃။ အလှူရှင်က စေတနာ သုံးတန်လုံး ထက်သန်ရခြင်း = စေတနာသမ္ပဒါ၊

၄။ အလှူခံပုဂ္ဂိုလ်က နိရောဓသမာပတ်မှ ထပြီးစဖြစ်၍ လွန်ကဲသော ဂုဏ်နှင့် ပြည့်စုံခြင်း = ဂုဏာတိရေကသမ္ပဒါ-

ဟု ဒိဋ္ဌဓမ္မကျိုးပေးဖို့ရာ အကြောင်းလေးမျိုး လာသေး၏။ သို့သော် ဤအကြောင်းလေးပါးမှာ ဒါနကုသိုလ်စေတနာ၏ ဒိဋ္ဌဓမ္မကျိုးပေးရာ၌သာ ဆိုင်၏၊ အခြားကုသိုလ်တို့နှင့်မဆိုင်ဟု မှတ်သားရမည်။
၁။ ဝိဘာဝိနီဋီကာ။ ၁၇၁။

စာမျက်နှာ-234


ထိုဒိဋ္ဌဓမ္မဝေဒနီယကံသည် ကုသိုလ်ဖြစ်စေ၊ အကုသိုလ်ဖြစ်စေ ကာကဝဠိယသူဌေး နန္ဒလုလင်တို့ကဲ့သို့ ပြုလုပ်လွန်ကျူးပြီး ၇-ရက်အတွင်း အကျိုးပေးသော “ပရိပက္ကဒိဋ္ဌဓမ္မဝေဒနီယကံ”၊ ၇-ရက်လွန်ပြီးမှ အရွယ် ၃-ပါးတွင် တရွယ်ရွယ်၌ အကျိုးပေးသော “ဒိဋ္ဌဓမ္မဝေဒနီယမတ္တကံ”ဟူ၍ နှစ်မျိုးနှစ်စား ရှိပေသည် ။

ဥပပဇ္ဇ ဝေဒနီယကံ

ဥပပဇ္ဇဝေဒနီယကံကား- ပထမဘဝ၏ အနီးဖြစ်သော ဒုတိယဘဝသို့ရောက်၍ (ဝါ) အခြားမဲ့ဘဝ၌ ရရှိခံစားရသော ကံမျိုးဖြစ်သည်။ ဒုတိယဘဝ၌ အကျိုးပေးသောကံဟု ဆိုလိုပါသည်။ ဤကံသည် တရားကိုယ်အားဖြင့် ဇော ၇-ကြိမ်တို့တွင် နောက်ဆုံးသတ္တမဇော၌ရှိသော စေတနာဖြစ်၏။ ဒါန သီလစသောကုသိုလ်မှု၊ သူတပါးအသက်သတ်ခြင်း ပါဏာတိပါတစသော အကုသိုလ်မှုများသည် ဤသတ္တမဇောအခိုက်ရောက်မှ အထမြောက်ကြ၏။

ရှင်းပြဦးအံ့– ထိုဆိုကုသိုလ်မှု အကုသိုလ်မှုကိုပြုရာ၌ ရှေ့ဇောများဖြင့် အထမမြောက်သေး၊ ရှေ့ဇောများသည် သတ္တမဇောအားရှိအောင် အထောက်အပံ့များသာ ဖြစ်ကြ၏။ သတ္တမဇောကျမှသာ ဆိုင်ရာအမှုများ ပြီးစီးနိုင်၏။ ထို့ကြောင့် “အမှုကိစ္စများကိုပြီးမြောက်စေနိုင်၍ သန္နိဋ္ဌာန်ကျ ဆုံးဖြတ်ချက်ချကြောင်း ဖြစ်သော သတ္တမဇောစေတနာသည် ဥပပဇ္ဇ ဝေဒနီယကံမည်၏”ဟု ဝိဘာဝိနီဋီကာစသည်တို့၌ မိန့်ဆိုကြခြင်း ဖြစ်ပေ သည်။

ဤသို့ သတ္တမဇောစေတနာသည် ကံအထမြောက်မှု၌ အချုပ်အချာဖြစ်၏။ ထို့ကြောင့်ပင် ဤသတ္တမဇောစေတနာသည် ပဋိသန္ဓေကျိုးကို ပေးနိုင်သောစေတနာတို့တွင် ရှေ့ဦးစွာထွက်၍ ဒုတိယဘဝတွင် ပဋိသန္ဓေကျိုးကို ပေးစွမ်းနိုင်လေသည်၊ (ဥပပဇ္ဇ = အနီးဖြစ်သော ဒုတိယဘဝသို့ ရောက်၍ (ဝါ) အခြားမဲ့ဘဝ၌ + ဝေဒနီယ = ခံစားရခြင်း အကျိုးရှိသောကံ)။
၁။ ဓမ္မပဒ၊ဋ္ဌ၊၂။၅၁။
၂။ မ၊ဋ္ဌ၊၄။၃။

စာမျက်နှာ-235


ထိုဥပပဇ္ဇဝေဒနီယကံသည် ဒုတိယဘဝတွင် ပဋိသန္ဓေကျိုး ပဝတ္တိကျိုး နှစ်မျိုးလုံးကို ဖြစ်စေ၊ တမျိုးမျိုးကိုဖြစ်စေ အကျိုးပေးသောကံမျိုး ဖြစ်သည်။ ထိုကံသည် ဒုတိယဘဝတွင် ပဋိသန္ဓေကျိုးကို မပေးသော်လည်း ပဝတ္တိကျိုးကို ပေးနိုင်ပေသည်၊ မှန်၏၊ စမ္ပေယျဇာတ်၌ အလောင်းတော် စမ္ပေယျနဂါးမင်းသည် ရှေးဘဝက နဂါးမင်းစည်းစိမ်ကို တောင့်တ၍ ဒါန သီလစသော ကုသိုလ်ကောင်းမှုများကို ပြုလုပ်ခဲ့၏။ သေဆုံးသောအခါ အကုသိုလ်ကံကြောင့် အဟိတ်တိရစ္ဆာန်ဖြစ်သော နဂါးပဋိသန္ဓေနေ၍ နဂါးမင်းဖြစ်လာခဲ့ပါသည်။

ဤ၌ ရှေ့ဘဝကပြုလုပ်ခဲ့သော ဒါန သီလ စသည့် ကုသိုလ်ကောင်းမှုများသည် ပဋိသန္ဓေကျိုးကို မပေးလိုက်ရပါချေ။ သို့သော် ထိုကုသိုလ်ကောင်းမှုများကြောင့် ပဝတ္တိအခါ၌ကား ကြီးကျယ်သော နဂါးစည်းစိမ်ကို ခံစားရလေသည်။ ဤသို့ ဒုတိယဘဝ၌ ပဋိသန္ဓေကျိုးကို မပေးရသော်လည်း ပဝတ္တိကျိုးမျှကိုပေးသော ဇာတ်ဝတ္ထုပေါင်းများစွာ ရှိလေသည်။

ထိုဥပပဇ္ဇဝေဒနီယကံသည် အခြားမဲ့ဒုတိယဘဝ၌ အကျိုးပေးသောကံ ဖြစ်သောကြောင့် ကုသိုလ်အရာတွင် သမာပတ် ၈-ပါးသည်လည်းကောင်း၊ အကုသိုလ်အရာတွင် အာနန္တရိယကံ ၅-ပါးနှင့် နိယတမိစ္ဆာဒိဋ္ဌိကံတို့သည် လည်းကောင်း ဥပပဇ္ဇဝေဒနီယကံများ ဖြစ်ပေသည်။

အပရာပရိယာယ ဝေဒနီယကံ

အပရာပရိယာယ ဝေဒနီယကံဆိုသည်မှာ တတိယဘဝမှစ၍ နိဗ္ဗာန်ရသည့်တိုင်အောင် အခွင့်သာတိုင်း ပဋိသန္ဓေကျိုး၊ ပဝတ္တိကျိုးတို့ကို ဖြစ်စေနိုင်သောကံမျိုး ဖြစ်သည်။ ဤကံသည် တရားကိုယ်အားဖြင့် ဇော ၇ ကြိမ်တို့တွင် အလယ်ဇောငါးချက်ရှိ စေတနာပင်ဖြစ်သည်။
၁။ ဇာ၊ဋ္ဌ၊၄။၄၅၇-၄၇၂
၂။ အံ၊ဋ္ဌ၊၂။၁၀၄။

စာမျက်နှာ-236


ဤစေတနာများသည် ရှေ့ရှေ့ဇောများ၏ အာသေဝနအကြောင်းဖြင့် ထောက်ပံ့ကူညီမှုကို ရရှိကြသောကြောင့် အလွန်အားကောင်းကြသည်။ ထို့ကြောင့် တတိယဘဝမှစ၍ ဘဝမဆုံးမချင်း သံသရာအတွင်း၌ အခွင့်သင့်ရာဘဝတွင် အကျိုးပေးနိုင်သည်။ အပရာပရိယာယဝေဒနီယကံမှ လွတ်သောသတ္တဝါမည်သည် မရှိချေ။

“ဧကာယ စေတနာယ ကမ္မေ အာယူဟိတေ ဧကာ ပဋိသန္ဓေ ဟောတိ” ဟူသော အဋ္ဌသာလိနီအဋ္ဌကထာအဖွင့်၌ “စေတနာတခုဖြင့် ကံကို အားထုတ်လျှင် တခုသောပဋိသန္ဓေ ဖြစ်၏၊ (ဝါ) စေတနာတခုလျှင် ပဋိသန္ဓေကျိုးတမျိုးပေး၏”ဟု အဓိပ္ပာယ်ယူ၍ အပရာပရိယာယဝေဒနီယကံသည် ဇောစေတနာ ၅ ချက်ရှိသည့်အတွက် ပဋိသန္ဓေကျိုးငါးမျိုးကို ပေး၏ (၅-ဘဝပဋိသန္ဓေရ၏)ဟု ပြောစမှတ်ပြုကြသည်။ ဤကျမ်း၌ကား ထိုအဋ္ဌသာလိနီစကားကိုပင်ထောက်၍ အပရာပရိယာယဝေဒနီယကံသည် စေတနာ ၅-တန်လုံးမှ ပဋိသန္ဓေကျိုးတမျိုးသာ ပေးခွင့်ရှိသည်ဟု ယူလိုပေသည်။

ထင်ရှားစေဦးအံ့-“ဧကာယ စေတနာယ ကမ္မေ အာယူဟိတေ” ပါဌ်၌ စေတနာဟူသည် ဇောနှင့် ယှဉ်သော စေတနာစေတသိက်တည်း။ ကံကား ကိုယ် နှုတ် စိတ်တို့၏ အမူအရာတည်း။ ထိုကံကို ဇောစေတနာတခုတည်းဖြင့် ထမြောက်အောင် အားမထုတ်နိုင်၊ ဝီထိတခုတွင် ပါဝင်သော ဇော ၇-ကြိမ်ဖြင့် အားထုတ်မှ ကံတခု ထမြောက်နိုင်သည်။ ထိုဇောစေတနာ ၇-ကြိမ်လုံးကိုပင် သဘောတူသောကြောင့် စေတနာတခုဟု ဆိုထားသည်။

ထို့ကြောင့် “သတ္တမဇောအတွက် ပဋိသန္ဓေတကျိုး၊ အလယ်ဇော ၅-ချက်အတွက် ပဋိသန္ဓေ ၅-ကျိုး”ဟူသော စကားသည် လားလားမှ မသင့်။ တဝီထိပါ ဇောစေတနာအားလုံးအတွက်မှ ပဋိသန္ဓေကျိုးတချက်သာ ရနိုင်သည်။
၁။ ပရမတ္ထဒီပနီဋီကာ၊ ၂၁၉။ အံ၊ဋ္ဌ၊၂။၁၀၄။

စာမျက်နှာ-237


သို့ဖြစ်၍ ဥပပဇ္ဇဝေဒနီယကံ (သတ္တမဇောစေတနာ)သည် ဒုတိယဘဝ၌ ပဋိသန္ဓေကျိုးပေးခဲ့လျှင် အလယ်ဇော (၅)ချက်က နောက်ထပ် ပဋိသန္ဓေကျိုး မပေးနိုင်၊ ပဝတ္တိအကျိုးကိုသာ ဆိုင်ရာဘဝ၌ ပေးခွင့်ရှိတော့သည်။ သတ္တမဇော ပေးပြီးနောက် အလယ်ဇော ၅-ချက်က ထပ်၍ပဋိသန္ဓေကျိုး ပေးဦးမည်ဆိုလျှင် အာနန္တရိယ နိယတမိစ္ဆာဒိဋ္ဌိ သတ္တမဇောတို့အတွက် အဝီစိ၌ ဖြစ်ပြီးနောက် အလယ်ဇောများအတွက် အဝီစိ၌ပင် ထပ်၍ ဖြစ်ရလိမ့်ဦးမည်။ ထိုကဲ့သို့လည်း ဖြစ်ရိုးမဟုတ်။

“နာနာစေတနာဟိ ကမ္မေ အာယူဟိတေ နာနာ ဟောတိ ပဋိသန္ဓေ” ဟူသော အဋ္ဌသာလိနီ အဖွင့်၌လည်း နာနာစေတနာအရ တဝီထိ၌ပါသော ဇောစေတနာ ၇ ကြိမ်ကို ဆိုလိုရင်းမဟုတ်၊ ပုဗ္ဗစေတနာ မုဉ္စစေတနာ အပရစေတနာအမျိုးမျိုးကို ဆိုလိုရင်းဖြစ်သည်။ ထိုစေတနာအမျိုးမျိုး ဖြင့် ကံကိုအားထုတ်လျှင် ပုဗ္ဗအပရ စေတနာတို့ အတွက်ကြောင့် ပဋိသန္ဓေကျိုး များစွာဖြစ်နိုင်သည်ဟူလို။

ဤအဆုံးအဖြတ်နှင့် စပ်လျက် ထောက်ထားချက်များမှာ လက္ခဏသံယုတ်၊ စတုတ္ထပါရာဇိကပါဠိတော် အဋ္ဌကထာနှင့် ဝိမတိဝိနောဒနီဋီကာ တို့တည်း။ ညွှန်ပြပေအံ့-နွားသတ်သမားတယောက်သည် နွားသတ်မှုကံကြောင့် နှစ်ပေါင်းများစွာ ငရဲ၌ ကျက်ရ၏။ ထိုနွားသတ်မှုကံ အကြွင်းအကျန်ကြောင့် ဂိဇ္ဈကုဋ်တောင်မှာ အရိုးစုပြိတ္တာ ဖြစ်လာသည်။

ဤဝတ္ထု၌ အချို့ဆရာတို့ အယူအတိုင်းဆိုလျှင် နွားသတ်မှု ပါဏာတိပါတကံ ကို ထမြောက်အောင် ပြုလုပ်သော ဝီထိ၌ ပါဝင်သော ဇောစေတနာ-၇ ကြိမ်တွင် သတ္တမဇောဟူသော ဥပပဇ္ဇဝေဒနီယကံကြောင့် ငရဲ၌ ကျ၍ ထိုဝီထိ၌ပါသော အလယ်ဇော ၅-ချက်တွင် တချက်ချက် အပရာပရိယာယဝေဒနီယကံကြောင့် ပြိတ္တာဖြစ်ရသည်ဟု မှတ်ယူဖွယ်ရှိ၏။ အမှန်မှာကား ထိုအတိုင်းမဟုတ်၊ နွားသတ်မှုပြုစဉ်က ပါဏာတိပါတကံ တကြိမ် ထမြောက်ဖို့ရာ ပုဗ္ဗစေတနာ၊ မုဉ္စစေတနာ၊ အပရစေတနာများဖြစ်၏။

စာမျက်နှာ-238


မုဉ္စစေတနာမှာ ကံထမြောက်သည့် တဝီထိ၌ပါသော ဇောစေတနာတို့ တည်း။ ကံအထမမြောက်မီ ရှေ့အဖို့က ဝီထိပေါင်းများစွာ ပါရှိသော စေတနာများကို ပုဗ္ဗစေတနာဟု လည်းကောင်း၊ နောက်အဖို့၌ စေတနာများကို အပရစေတနာဟုလည်းကောင်း ခေါ်၏။

ထိုတွင် မုဉ္စစေတနာ၌ ပါဝင်သော သတ္တမဇောကြောင့် ငရဲ၌ ပဋိသန္ဓေနေရပြီးနောက် ပုဗ္ဗစေတနာ အပရစေတနာတို့တွင် ဝီထိတခုခု၌ ပါသော အလယ်ဇော စေတနာကြောင့် ပြိတ္တာဖြစ်လာရသည်ဟု ဖွင့်၏။ အလယ်ဇောစေတနာ ၅-ချက်တို့ ပဋိသန္ဓေတကြိမ်ပေးရာ၌ “မည်သည့် ဇောက ပေးသနည်း၊ ဒုတိယဇောက ပေးသလော၊ ဆဋ္ဌဇောက ပေးသလော”ဟု မစောကြောထိုက်၊ သင့်ရာတချက်ချက်အတွက် ပဋိသန္ဓေတကျိုးသာ ထွက်သည်ဟု မှတ်ဟူ၍ သင်္ဂြိုဟ်ဘာသာဋီကာတွင် ဆုံးဖြတ်ထားပေသည်။

ထို့ပြင် “အပရာပရိယာယဝေဒနီယကံသည် တတိယဘဝမှစ၍ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် ပဝတ္တိကျိုးကို ပေးနိုင်သည်” ဟူသောစကားအရ မည်သည့် အပရာပရိယစေတနာမဆို အကြိမ်များစွာ ထပ်ကာထပ်ကာ အကျိုးပေးနိုင်သည်ဟု မှတ်ယူကြ၏။ ထိုကဲ့သို့ မမှတ်ယူထိုက်၊ မိမိသတ္တိရှိသမျှ အကျိုးပေးပြီးဖြစ်လျှင် နိဗ္ဗာန်မရမီလည်း ထိုစေတနာများ၏ အစွမ်းသတ္တိ ကုန်ဆုံးကြရသည်သာ။ အကျိုးမပေးရသေးလျှင်သာ နောက်ဆုံးဘဝတိုင်အောင် သတ္တိပါနိုင်သည်ဟု ဆိုလိုသည်။

များစွာသော ဇာတ်နိပါတ်တို့၌ သတ္တဝါတကောင်ကို သတ်မိ၍ ငရဲကျက်ရပြီးနောက် ထိုသတ္တဝါ၏ အမွေအရေအတွက်နှင့် အညီအမျှ (ပုဗ္ဗ အပရ စေတနာများစွာအတွက်) အသတ်ခံရ၍ချည်း သေရကြောင်း၊ နောက်ဆုံး အရေအတွက်စေ့မည့်ဘဝ၌ အသတ်ခံရသော်လည်း ဝဋ်ကျွတ်တော့မည် ဖြစ်၍ ဝမ်းမြောက်ကြောင်းကို ပြသောဝတ္ထုတွေများစွာရှိလေသည်။ နိမိယဇာတကအဋ္ဌကထာ၌လည်း “အပရာပရိယဝေဒနီယကံသည် အကျိုးမပေးရလျှင် မပျက်စီး”ဟု တိုက်ရိုက်ပြသဖြင့် အကျိုးပေးပြီးသည့်အခါမှ ပျက်စီးပျောက်ကွယ်သည်ဟု အဓိပ္ပာယ်ပြလျက် ရှိသည်။

စာမျက်နှာ-239


အဟောသိကံ

အဟောသိကံဆိုသည်မှာ ကံတရားသာဖြစ်၍ ထိုကံ၏အကျိုးတရား လုံးဝမဖြစ်ပွါး မပေါ်ပေါက်လာသည့်ကံမျိုးဖြစ်သည်။ (အဟောသိကမ္မ = အဟောသိကံ။ ကမ္မ = ကံသာလျှင် + အဟောသိ = ဖြစ်၏)။ ထိုကံသည် တရားကိုယ်အားဖြင့် သီးခြားမရှိချေ။ ပထမဇောစေတနာ (ဒိဋ္ဌဓမ္မဝေဒနီယကံ)၊ အလယ်ဇော ၅-ချက် စေတနာ (အပရာပရိယာယဝေဒနီယကံ)၊ သတ္တမဇော စေတနာ (ဥပပဇ္ဇဝေဒနီယကံ) တို့သည်ပင် အဟောသိကံ၏ တရားကိုယ်များ ဖြစ်ပါသည်။

အဓိပ္ပာယ်မှာ ပထမဇောစေတနာဟူသော ဒိဋ္ဌဓမ္မဝေဒနီယကံသည် မျက်မှောက်ဘဝ၌ အကျိုးမပေးသော်လည်းကောင်း၊ အလယ်ဇော ငါးချက်ဟူသော အပရာပရိယာယဝေဒနီယကံသည် တတိယဘဝမှ နိဗ္ဗာန်ရသည့်ဘဝအထိ အကျိုးမပေးခဲ့သော်လည်းကောင်း၊ သတ္တမဇောစေတနာဟူသော ဥပပဇ္ဇဝေဒနီယကံသည် ဒုတိယဘဝ၌ အကျိုးမပေးခဲ့သော်လည်းကောင်း အဟောသိကံဖြစ်သည်ဟု ဆိုလိုပေသည်။

မှန်၏၊ ပစ္စုပ္ပန်ဘဝ၌ ဒိဋ္ဌဓမ္မအကျိုးပေးနိုင်လောက်သောကံအများကို အားထုတ်ထားလျှင် ကံတခုကသာ ဒိဋ္ဌဓမ္မအကျိုးကို ပေးနိုင်၏၊ ကြွင်းသော ကံများသည် အဟောသိကံဖြစ်ကြရသည်။ ဥပပဇ္ဇဝေဒနီယကံများကို အားထုတ်ထားရာ၌လည်း ကံတခုက ပဋိသန္ဓေကျိုးကို ပေးလျှင် ကြွင်းသောကံများသည် ပဋိသန္ဓေကျိုးကိုမပေးနိုင်၊ ပဝတ္တိအကျိုးကိုကား ပေးနိုင်သေး၏။ ပဝတ္တိကျိုးကိုမျှမပေးနိုင်လျှင် အဟောသိကံ ဖြစ်ကြရလေသည်။

ပဉ္စာနန္တရိယကံ ငါးမျိုးလုံးကို လွန်ကျူးထားရာ၌ အစွမ်းသတ္တိ အထက်ဆုံးဖြစ်သော သံဃဘေဒကကံကသာ ပဋိသန္ဓေကျိုးကို ပေးသည်၊ ကြွင်းသော အာနန္တရိယကံလေးမျိုးသည် အဟောသိကံဖြစ်ကြရသည်။ ဈာန်သမာပတ် ၈-ပါးလုံးကို ရရာ၌ တပါးသာ ပဋိသန္ဓေကျိုးကို ပေး၏၊ ကြွင်းသော ဈာန်သမာပတ်များသည် အဟောသိကံ ဖြစ်ကြရသည်။
၁။ အဘိ၊ဋ္ဌ၊၂။၄၃၄။ အံ၊ဋ္ဌ၊၂။၁၀၄-၅။

စာမျက်နှာ-240


အပရာပရိယာယဝေဒနီယကံကား နိဗ္ဗာန်ရ၍ သံသရာစက်ပြတ်မှ အဟောသိကံ ဖြစ်သည်၊ သံသရာစက်ရဟတ် မပြတ်လည်နေသေးလျှင် အဟောသိကံ မဖြစ်ပေ။

ဤကဲ့သို့ အဟောသိကံ ဖြစ်ရသောကံများကား အတော်များများရှိပေသည်။ ကမ္မပထမမြောက်သော စားရင်းသောက်ရင်း သွားရင်းလာရင်း ဖြစ်သည့် သာမန်ကုသိုလ် အကုသိုလ်ဇောစေတနာများ များစွာရှိပေသည်။ ထိုစေတနာများသည် ပဝတ္တိကျိုးမှုကို ပေးနိုင်ထောက်ပံ့နိုင်သည်ဟု ဆိုရသော်လည်း သန္တာန်အစဉ်၌ သတ္တိအရာမထင်ရှားရစ်ပဲ ပြီးပြီးပျောက်ပျောက် အဟောသိကံလောက်ဖြစ်သော ဇောစေတနာတို့သာ များဖွယ်ရှိလေသည်။ အချုပ်ဆိုရသော် အဟောသိကံဆိုသည်မှာ သီးခြားကံတမျိုးမဟုတ်၊ ပဋိသန္ဓေကျိုး ပဝတ္တိကျိုး လုံးဝမပေးသော ဒိဋ္ဌဓမ္မဝေဒနီယကံ၊ ဥပပဇ္ဇဝေဒနီယကံနှင့် အပရာပရိယာယဝေဒနီယကံတို့ပင် ဖြစ်ပါသည်။

ထိုကံများကို ပထမဘဝ ဒုတိယဘဝ တတိယဘဝမှ နိဗ္ဗာန်အထိ စသည်ဖြင့် အကျိုးပေးရာ အချိန်ကာလ နယ်နိမိတ် သတ်မှတ်ပိုင်းခြားထားသောကြောင့် ပါကကာလကံများဟု ခေါ်ရလေသည်။

အကျိုးပေးခြင်း နှိုင်းယှဉ်ပုံ

ယခုကာလ၌ ချက်ခြင်း သူဌေးဖြစ်သွားမှု၊ ချက်ခြင်း မြေမျိုမှု၊ လျှာပြတ်မှုများကို အလွန်ကြီးကျယ်သော အကျိုးအပြစ်များဟု ထင်မှတ်ကြ၏။ ချက်ခြင်း သူဌေးဖြစ်မှုနှင့် ပဋိသန္ဓေသစ် ဘဝသစ်ကို ထူထောင်၍ နတ်ပြည်၌ ဖြစ်ရမှုနှစ်မျိုးကို နှိုင်းယှဉ်ကြည့်လျှင် အလွန်ကွာခြားကြောင်း ထင်ရှားပေသည်။ ချက်ခြင်းသူဌေးဖြစ်မှုကား ဒိဋ္ဌဓမ္မဝေဒနီယကံ၏ အကျိုးတည်း၊ ပဋိသန္ဓေသစ် ဘဝသစ်ကို ထူထောင်၍ နတ်ပြည်၌ဖြစ်ရမှုကား ဥပပဇ္ဇဝေဒနီယကံ၊ အပရာပရိယာယဝေဒနီယကံ တမျိုးမျိုး၏ အကျိုးဖြစ်သည်။
၁။ အံ၊ဋ္ဌ၊၂။၁၀၅။ ဝိသုဒ္ဓိ၊၂၊၂၃၆။

စာမျက်နှာ-241


ဤနေရာ၌ ဒိဋ္ဌဓမ္မဝေဒနီယကံသည် ဥပပဇ္ဇဝေဒနီယကံ အပရာပရိယာယဝေဒနီယကံများကဲ့သို့ သဟိတ်ပဋိသန္ဓေကျိုးကို မပေးနိုင်ပဲ နောက်တဆင့်မျိုးစေ့ရဖို့ အသီးမသီးနိုင်သည့် လေပွင့်ကဲ့သို့ အဟိတ်ဝိပါက်မျှဖြစ်သော ပဝတ္တိအကျိုးကိုသာ ပေးနိုင်လေသည်။ ဘဝသစ်တခုကို ထူထောင်နိုင်ဖို့ကား မလွယ်ကူလှ။ အလွန်အားကောင်းသောကံဖြစ်မှ ဘဝတခုကို ထူထောင်နိုင်သည်။ ပထမဇောစေတနာကား အစဆုံးဇောဖြစ်သောကြောင့် အင်အားမရှိသေးချေ၊ ထို့ကြောင့် အခြားကံများကဲ့သို့ ဘဝသစ်တခုကို မထူထောင်နိုင်ပဲ ပဝတ္တိကျိုးမျှကိုသာ ပေးရခြင်းဖြစ်သည်။ သို့ဖြစ်၍ ဒိဋ္ဌဓမ္မအကျိုးကား ကြီးကျယ်သော အကျိုးမျိုး မဟုတ်ချေ။

အကျိုးပေးရာဌာနအားဖြင့် စေတနာလေးမျိုး

တနည်းအားဖြင့် စေတနာမည်သော ကံတရားသည် အကျိုးပေးရာဘုံဌာနအားဖြင့်–
၁။ အကုသိုလ်ကံ
၂။ ကာမာဝစရကုသိုလ်ကံ
၃။ ရူပါဝစရကုသိုလ်ကံ
၄။ အရူပါဝစရကုသိုလ်ကံ
ဟူ၍ လေးမျိုးရှိသည်။

၁။ အကုသိုလ်ကံ

အပြစ်လည်းရှိ၊ မကောင်းကျိုးကိုလည်း ပေးတတ်သော (ဝါ) ကုသိုလ်နှင့် ဆန့်ကျင်ဘက် ဖြစ်သော တရားကို အကုသိုလ်ဟု ခေါ်သည်။ ထိုအကုသိုလ်တရား ၁၂ ပါး၌ရှိသော အကုသိုလ်စေတနာ ၁၂-ပါးသည် အကုသိုလ်ကံ မည်၏။

ထိုတွင် ဥဒ္ဓစ္စစေတနာမှတပါး အခြားအကုသိုလ်စေတနာ ၁၁-ပါးသည် အပါယ် ၄-ဘုံ၌ “အကုသလဝိပါက် ဥပေက္ခာသန္တီရဏ”ဟူသော အပါယ် ပဋိသန္ဓေကျိုးကို ဖြစ်ပေါ်စေနိုင်၏။ ပဝတ္တိအခါ၌မူ ဥဒ္ဓစ္စစေတနာနှင့်

စာမျက်နှာ-242


အကုသိုလ်စေတနာ ၁၂-ပါးလုံးပင် ကာမ ၁၁-ဘုံတို့၌ အကုသလဝိပါက် ၇-ပါးဟူသော ပဝတ္တိကျိုးကို ဖြစ်စေနိုင်၏။ အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ၌ကား ဃာနဝိညာဉ်၊ ဇိဝှါဝိညာဉ်၊ ကာယဝိညာဉ်တို့မှ တပါး ကျန်အကုသလဝိပါက် ၄-ပါး ဟူသော ပဝတ္တိကျိုးကိုသာ ဖြစ်စေနိုင်၏။ ဥဒ္ဓစ္စအကုသိုလ်စေတနာမှာ ပဝတ္တိအကျိုးမျှကိုသာ ပေးနိုင်၍ ပဋိသန္ဓေ အကျိုးကို မပေးနိုင်။

ထိုအကုသိုလ်ကံသည် ကံ၏ဖြစ်ကြောင်း ကမ္မဒွါရအားဖြင့် ကာယကံ ဝစီကံ မနောကံဟု သုံးမျိုးပြားသည်။ ထိုသုံးမျိုးတွင် သူတပါးအသက်သတ်မှု (ပါဏာတိပါတကံ)၊ သူ့ဥစ္စာခိုးမှု (အဒိန္နာဒါနကံ)၊ ကာမတို့၌ ဖောက်ဖောက်ပြားပြား မှောက်မှောက်မှားမှားပြုကျင့်မှု (ကာမေသုမိစ္ဆာစာရကံ) သုံးပါးတို့ကို ကိုယ်ဖြင့်ပြုလုပ်မှုများဖြစ်၍ အကုသိုလ်ကာယကံဟု ခေါ်သည်၊ လိမ်လည်ပြောဆိုမှု (မုသာဝါဒကံ)၊ ချောပြစ်ကုန်းတိုက်စကား ပြောဆိုမှု (ပိသုဏဝါစာကံ)၊ ဆဲရေးတိုင်းထွာခြင်းစသည်ဖြင့် ကြမ်းကြမ်းတမ်းတမ်းပြောဆိုမှု (ဖရုသဝါစာကံ)၊ မဟုတ်မမှန် ကောင်းကျိုးမဆန်သောစကားကို ပြောဆိုမှု (သမ္ဖပ္ပလာပဝါစာကံ) လေးပါးတို့ကို နှုတ်ဖြင့် ပြောဆိုမှုများဖြစ်၍ အကုသိုလ်ဝစီကံဟုခေါ်သည်။ သူတပါးစည်းစိမ်ကို တောင့်တကြံစည်မှု (အဘိဇ္ဈာ)၊ သူတပါးပျက်စီးသွားစေလိုမှု (ဗျာပါဒ)၊ မှားယွင်းသောအယူ (မိစ္ဆာဒိဋ္ဌိ) သုံးပါးတို့ကို စိတ်ဖြင့်ကြံစည်မှုများ ဖြစ်၍ အကုသိုလ်မနောကံဟု ခေါ်သည်။

၂။ ကာမာဝစရကုသိုလ်ကံ

ကာမာဝစရကုသိုလ်စေတနာ ၈-ပါးသည် ကာမာဝစရကုသိုလ်ကံမည်၏၊ ထိုကုသိုလ် စေတနာ ၈-ပါးသည် များသောအားဖြင့် ကာမ ၁၁-ဘုံ၌ ဖြစ်တတ်သောကြောင့် ကာမာဝစရ (ကာမ = ကာမ ၁၁-ဘုံ၌ + အာစရ = အများအားဖြင့် ဖြစ်တတ်သောတရား) အမည်ရ၍ အပြစ်လည်းကင်း၊ ကောင်းကျိုးပေးခြင်း သဘောလည်းရှိသောကြောင့် ကုသိုလ်အမည်ကို ရပေသည်။
၁။ ဝိဘာဝိနိဋီကာ၊ ၁၇၈-၉။
၂။ အဘိဓမ္မတ္ထသင်္ဂဟ-၃၄၊ ၃၅။

စာမျက်နှာ-243


ထိုကာမာဝစရကုသိုလ်ကံ ၈-ပါးသည် ကာမသုဂတိ ၇-ဘုံ၌ မဟာဝိပါက်စိတ် ၈-ပါးဟူသော ပဋိသန္ဓေအကျိုးကို ဖြစ်စေနိုင်၏။ ပဝတ္တိအခါ၌ကား ကာမဘုံ ရူပဘုံတို့၌ ထိုက်သည့်အားလျော်စွာ မဟာဝိပါက်စိတ် ၈-ပါး၊ အဟိတ်ကုသလဝိပါက်စိတ် ၈-ပါး အကျိုးတရားတို့ကို ဖြစ်စေပေသည်။

ဤကာမာဝစရကုသိုလ်ကံသည် အခြားရူပကုသိုလ်စသောကုသိုလ်များထက်လည်း အရေအတွက်များသည်၊ ကုသိုလ်ဖြစ်ရာဌာနအားဖြင့်လည်း ကျယ်ဝန်းသည်၊ လှူဒါန်းပေးကမ်းမှုမျိုးစုံကို ပြုရာ၌လည်း ထိုကုသိုလ် ၈-ပါးတွင် တပါးပါးဖြစ်သည်။ ငါးပါး ဆယ်ပါးစသော သီလများကို စောင့်ထိန်းရာ၌လည်း ထိုကုသိုလ် ၈-ပါးတွင် တပါးပါးဖြစ်သည်။ အယုတ်ဆုံးအားဖြင့် ရူပကုသိုလ် အရူပကုသိုလ်ဆိုသည့် ဈာန်တရားများရအောင် အားထုတ်ရာ၌လည်းကောင်း၊ လောကမှ လွန်မြောက်ကြောင်း မဂ်တရား ဖိုလ်တရားများကို ရအောင်အားထုတ်ရာ၌လည်းကောင်း ဤကာမာဝစရကုသိုလ်ကံ ၈-ပါးအနက် ပညာဉာဏ်ပါသော ကုသိုလ်စိတ် ၄-ပါးကို အခြေခံ အရင်းအနှီးပြုကာ အားထုတ်ကြရသည်။ ထို့ကြောင့် ထိုကုသိုလ်စိတ် ၈-ပါးကို “မဟာ”ဟူသောပုဒ်ဖြင့် အထူးပြုကာ “မဟာကုသိုလ်ကံ ၈-ပါး”ဟု အမည်ပေးကြပေသည်။

ထိုမဟာကုသိုလ်စေတနာတို့သည် ပဝတ္တိအခါ၌ အပါယ်လေးဘုံတို့၌ ကြီးကျယ်ခမ်းနားသော စည်းစိမ်ချမ်းသာတို့ကို ဖြစ်စေနိုင်သည်။ တန်ခိုးကြီးကုန်သော နဂါး ဂဠုန် ဆင်အာဇာနည် မြင်းအာဇာနည် ခြင်္သေ့အာဇာနည်စသော သတ္တဝါတို့၏ ခန္ဓာအစဉ်၌ ချမ်းသာခြင်း တန်ခိုးကြီးခြင်း အစွမ်းသတ္တိရှိခြင်းစသော ပဝတ္တိအကျိုးများသည် မဟာကုသိုလ်စေတနာ၏ အကျိုးများဖြစ်သည်။
၁။ အဘိဓမ္မတ္ထသင်္ဂဟ၊ ၃၄-၃၅။

စာမျက်နှာ-244


အခြားအပါယ်ဘုံသားတို့အားလည်း ဣဋ္ဌာရုံများနှင့် တွေ့ကြုံဆုံဆည်းရသည့်အခါများ၌ ဖြစ်ပေါ်လာသော ချမ်းသာမှုများသည်လည်း ထိုစေတနာ၏ အကျိုးတရားများ ဖြစ်သည်။ ထို့ပြင် ရူပဗြဟ္မာကြီးသန္တာန်၌လည်း ဣဋ္ဌာရုံနှင့်ပေါင်းဆုံမိသည့်အခါ စက္ခုဝိညာဉ်စသော အဟိတ်ကုသလဝိပါက်များဖြစ်လေ့ရှိရာ မဟာကုသိုလ်စေတနာသည် ရူပဘုံ၌လည်း ပဝတ္တိကျိုးကို ပေးနိုင်ပေသည်။

တိဟိတ်ကုိုလ်နှင့် ဒွိဟိတ်ကုသိုလ်

ဤ မဟာကုသိုလ်ကံဟူသော ကာမာဝစရ ကုသိုလ်စေတနာသည် တိဟိတ်ကုသိုလ်စေတနာ၊ ဒွိဟိတ်ကုသိုလ်စေတနာဟူ၍ နှစ်မျိုးရှိပြန်၏၊ ထိုတွင် အမောဟစေတသိက်တည်းဟူသော ဉာဏ်မပါပဲပြုလုပ်သော ဉာဏဝိပ္ပယုတ် မဟာကုသိုလ်စေတနာလေးပါးသည် ဒွိဟိတ်ကုသိုလ်စေတနာဖြစ်သည်၊ ထိုကုသိုလ်များ၌ ဟိတ်အားဖြင့် အလောဘ အဒေါသဟိတ်နှစ်ပါးသာပါဝင်သောကြောင့် ဒွိဟိတ်ကုသိုလ်ဟုခေါ်သည်။ အမောဟဟိတ်တည်းဟူသော ဉာဏ်ဦးဆောင်၍ ပြုလုပ်သည့် ဉာဏသမ္ပယုတ် မဟာကုသိုလ်လေးပါးသည် တိဟိတ်ကုသိုလ်စေတနာများဖြစ်သည်။ ထိုကုသိုလ်များတွင် အလောဘ အဒေါသ အမောဟ ဟိတ်သုံးပါးလုံးပါဝင်သောကြောင့် ထိုကုသိုလ် စေတနာများကို တိဟိတ်ကုသိုလ်စေတနာဟု ခေါ်သည်။

ဤနေရာ၌ ဉာဏ်ဆိုသည်မှာ ကမ္မဿကတာဉာဏ်နှင့် ဝိပဿနာဉာဏ်များဖြစ်သည်။ ဉာဏ်ကို အဘိဓမ္မာကျမ်းများ၌ ပညိန္ဒြေစေတသိက်ဟူ၍လည်းကောင်း၊ အမောဟစေတသိက်ဟူ၍လည်းကောင်း ခေါ်ဝေါ်သုံးစွဲ၏၊ ကုသိုလ်ပြုလုပ်ရာ၌ ထိုဉာဏ်နှစ်ပါးတွင် တပါးပါး ဦးဆောင်ပြုလုပ်ရန် အထူးလိုအပ်၏။ ကမ္မဿကတာဉာဏ်ဆိုသည်မှာ ကံနှင့် ကံ၏ အကျိုးကို ယုံကြည်သောဉာဏ် (ဝါ) ကံသာ မိမိကိုယ်ပိုင်ဥစ္စာရှိသည်ဟု သိသောဉာဏ်မျိုးဖြစ်သည်။
၁။ ပရမတ္ထဒီပနီမဟာဋီကာ၊ ၂၃၉။

စာမျက်နှာ-245


အဓိပ္ပါယ်မှာ- လောက၌ ကုသိုလ်ကံ အကုသိုလ်ကံတို့ အမှန်တကယ်ရှိကြ၏၊ ကုသိုလ်ကံပြုလျှင် ကောင်းကျိုးခံရမည်၊ အကုသိုလ်ကံပြုလုပ်လျှင် မကောင်းကျိုးခံရမည်။ သတ္တဝါမှန်သမျှ မိမိတို့ပြုလုပ်သည့်ကံသာ ကိုယ်ပိုင်ဥစ္စာရှိသည်ဟု အမှန်ယုံကြည်သိမြင်သောဉာဏ်ဟု ဆိုလိုပါသည်။

ရုပ်တရားနာမ်တရားတို့၌ အမြဲမရှိ အနိစ္စ၊ ဆင်းရဲအစု ဒုက္ခ၊ အစိုးတရ အနှစ်သာရမရှိ အနတ္တဟု ရှုမြင်သောဉာဏ်ကို ဝိပဿနာဉာဏ်ဟု ခေါ်သည်။ ကုသိုလ်ပြုသည့်အခါ “ငါယခုပြုလုပ်တာ ကုသိုလ်ကံပဲ၊ ဒီကုသိုလ်ကံဟာ အမှန်ကောင်းကျိုးပေးနိုင်တယ်” လို့ ဆင်ခြင်သိမြင်သည့် ကမ္မဿကတာဉာဏ်အပြင် ဝိပဿနာဉာဏ်ပါဖြစ်လျှင် ထိုကုသိုလ်သည် သာ၍ အားကောင်းထက်မြက်ပေသည်။ ထို့ကြောင့် ကုသိုလ်ပြုစဉ်အခါဝယ် ကမ္မဿကတာဉာဏ်ဖြစ်စေ၊ ဝိပဿနာဉာဏ်ဖြစ်စေ ဉာဏ်တခုခုပါလျှင် တိဟိတ်ကုသိုလ်ဖြစ်သည်။

ကုသိုလ်ပြုစဉ် ထိုကဲ့သို့ နားလည်သိမြင်သော ကမ္မဿကတာဉာဏ် ဝိပဿနာဉာဏ်ကို မပါပဲ ကလေးသူငယ်နှင့် လူရိုင်းများပြုသကဲ့သို့ တော်စွာလျော်စွာ အမှတ်တမဲ့ပြုလျှင် ဉာဏ်မပါသည့်အတွက် ဒွိဟိတ်ကုသိုလ်မျိုးသာဖြစ်သည်။

အယုတ်အမြတ် ကုသိုလ်ကံ (၄) မျိုး

အထက်တွင်ပြဆိုခဲ့သော တိဟိတ်ကုသိုလ် ဒွိဟိတ်ကုသိုလ်ဖြစ်မှုသည် ပြုလုပ်ဆဲ မုဉ္စစေတနာအခိုက်အတန့်ကို အစွဲပြု၍ ကွဲပြားခြားနားကြခြင်းဖြစ်သည်။ ပြုလုပ်ဆဲ မုဉ္စစေတနာအခိုက်၌ ဖော်ပြပါဉာဏ်များပါလျှင် တိဟိတ်ကုသိုလ်ဖြစ်၍ မပါလျှင် ဒွိဟိတ်ကုသိုလ်ဖြစ်၏။ ဤတိဟိတ်ကုသိုလ် ဒွိဟိတ်ကုသိုလ်တို့ကို အယုတ်အမြတ် ခွဲခြားသတ်မှတ်ရာ၌ကား ကုသိုလ်မပြုလုပ်မီ ပုဗ္ဗစေတနာအခိုက်နှင့် ကုသိုလ်ပြုပြီးနောက် အပရစေတနာအခိုက်တို့၌ ကုသိုလ်စိတ်ဖြစ်ပုံ မဖြစ်ပုံတို့ကို ကြည့်ရှု၍ သတ်မှတ်ခြင်းဖြစ်သည်။ အကျဉ်းအားဖြင့်ဆိုရလျှင် ကုသိုလ်မပြုမီ ရှေးအဖို့၌သော်

စာမျက်နှာ-246


လည်းကောင်း၊ ကုသိုလ်ပြုပြီးနောက်ပိုင်း၌သော်လည်းကောင်း၊ အကုသိုလ်မရောပဲ ကုသိုလ်စိတ် စေတနာချည်းသာ ခြံရံနေလျှင် ထိုကုသိုလ်သည် တိဟိတ်ကုသိုလ်ဖြစ်စေ၊ ဒွိဟိတ်ကုသိုလ်ဖြစ်စေ မြင့်မြတ်သောကုသိုလ်မျိုးဖြစ်သည်။ အပြန်အားဖြင့် ကုသိုလ်မပြုမီ ရှေ့အဖို့၌သော်လည်းကောင်း၊ ကုသိုလ်ပြုပြီး နောက်ပိုင်း၌သော်လည်းကောင်း အကုသိုလ်စိတ်များ ခြံရံနေလျှင် ထိုကုသိုလ်ကို တိဟိတ်ဖြစ်စေ၊ ဒွိဟိတ်ဖြစ်စေ အညံ့စား ကုသိုလ်မျိုးဟု ခေါ်ပေသည်။

ချဲ့ပြဦးအံ့- ပါဠိလိုအမြတ်စားကို “ဥက္ကဋ္ဌ” အညံ့စားကို “ဩမက” ဟု သုံးနှုန်း၏။ လှူဒါန်းပေးကမ်းတော့မည်ဟု ကြံစည်သည်မှစ၍ မလှူမီ ပုဗ္ဗစေတနာ အခိုက်၌ အချို့မှာ ကုသိုလ် ဖြစ်မြောက်ရေးကိုသာ တွေးတောနေ၏။ ကုသိုလ်နှင့်စပ်သော ဇောများ တဖွားဖွား ဖြစ်နေ၏။ ကုသိုလ်ပြုမှု အထမြောက်ပြီးသည်နောက် အပရစေတနာ အခိုက်မှာလည်း လွန်စွာအားရ၏။ ငါ ကြံစည်ခဲ့သော ကုသိုလ်ကြီး အထမြောက်သွားပေပြီ၊ ငါ အရတော်လေစွ စသည်ဖြင့် ဝမ်းမြောက်လျက်ရှိ၏၊ ထိုကုသိုလ်မျိုးသည် ရှေ့ရော နောက်ပါ ကုသိုလ်များ ခြံရံလျက်ရှိသောကြောင့် အလွန်အားရှိသည့် အမြတ်စား ဥက္ကဋ္ဌ ကုသိုလ်မျိုး ဖြစ်သည်။ ပြုသောကုသိုလ်က တိဟိတ်ဖြစ်လျှင် တိဟိတ်ဥက္ကဋ္ဌကုသိုလ်၊ ဒွိဟိတ်ဖြစ်လျှင် ဒွိဟိတ်ဥက္ကဋ္ဌကုသိုလ်ဟု ခေါ်ပေသည်။

အချို့မှာ ပုဗ္ဗစေတနာအခိုက်၌ ဝမ်းမြောက်ဝမ်းသာမှု မရှိ၊ မလှူချင် လှူချင်နှင့် နှမြောတွန့်တိုနေခြင်း၊ တစုံတရာအတွက် မကျေမနပ်ဖြစ်ခြင်း၊ မိမိဂုဏ်သတင်း ကြီးလိုခြင်း၊ အထောက်အပံ့ အကူအညီကို မျှော်လင့်ခြင်း၊ ပူဇော်သက္ကာရပြုမှုကို ခံယူလိုခြင်းစသော အကုသိုလ်များ ရှေ့သွားလျက်ရှိ၏၊ ကုသိုလ်ပြုပြီးနောက် အပရစေတနာ အခိုက်မှာလည်း “ငါ ကုသိုလ်ပြုမိတာ မှားလေခြင်း၊ ကုသိုလ်ပြုလုပ်တဲ့အတွက် ငါ့ပစ္စည်း ဆုတ်ယုတ်သွားတယ်၊ ကြွေးတင်သွားတယ်” စသည်ဖြင့် နှလုံးမသာမယာ ဖြစ်တတ်ကြ၏။ ထိုကုသိုလ်မျိုးမှာ ရှေ့နောက်အဖို့တို့၌ အကုသိုလ်များ

စာမျက်နှာ-247


ခြံရံလျက် နေသောကြောင့် များစွာအားမရှိသော အညံ့စား ဩမက ကုသိုလ်မျိုး ဖြစ်ရလေသည်။ ထိုကုသိုလ်သည် တိဟိတ်ဖြစ်လျှင် တိဟိတ် ဩမကကုသိုလ်၊ ဒွိဟိတ်ဖြစ်လျှင် ဒွိဟိတ်ဩမကကုသိုလ်ဟု ခေါ်ဆိုရသည်။

ဆက်ဦးအံ့- ကုသိုလ်ကောင်းမှုပြုပြီးနောက် ရက်ပေါင်း၊ လပေါင်း နှစ်ပေါင်း အတော်ကြာသည့်အခါ ထိုကုသိုလ်ကို သတိရတိုင်း အလွန်အမင်း ဝမ်းမြောက်ခြင်း ထပ်ကာထပ်ကာ ဖြစ်နေတတ်၏။ ဤသို့ကုသိုလ်စိတ် တဖန်ထပ်၍ထုံမွှမ်းမှုကို “အာသေဝန” ရသည် အရှိန်ရသည်ဟု ခေါ်၏။ ထိုအခါ မူလကကုသိုလ်သည် အမြတ်စား ဥက္ကဋ္ဌ ကုသိုလ်မျိုး ဖြစ်ပါက အလွန့်အလွန် မြင့်မြတ်သော (ဥက္ကဋ္ဌုက္ကဋ္ဌ) ကုသိုလ်မျိုးဖြစ်သွား၏။ ဩမက ကုသိုလ်ဖြစ်ပါက မူလကထက် အားရှိမြင့်မားလာသော (ဩမကုက္ကဋ္ဌ) ကုသိုလ်အဖြစ်သို့ ရောက်ရ၏။

ထိုသို့မဟုတ်ပဲ ကုသိုလ်ပြုပြီးနောက် ရက် လအတော်ကြာသည့်အခါ “ငါကုသိုလ်ပြုမိတာ မှားလေခြင်း”ဟု စိတ်နှလုံးမသာယာမှု (ဝိပ္ပဋိသာရ) ဖြစ်လျှင် ထိုနှလုံးမသာယာမှုက မူလကုသိုလ်ကို ပြန်၍အားသေးအောင် ပြုရာရောက်သောကြောင့် မူလကုသိုလ်သည် အမြတ်စားဥက္ကဋ္ဌဖြစ်လျှင် ဥက္ကဋ္ဌဩမက အဖြစ်သို့ လျောကျရလေသည်။ မူလကအညံ့စား ဩမက ဖြစ်နေလျှင် သာ၍ညံ့သွားသဖြင့် ဩမကောမက အဖြစ်သို့ လျောကျရလေသည်။ ထို့ကြောင့် ကုသိုလ်တမျိုးလျှင် အတန်းအစား ၆ မျိုး ခွဲနိုင်ပေသည်။

ထိုဥက္ကဋ္ဌစသော ကုသိုလ်များ၌လည်း ဆန္ဒဝီရိယစိတ်နှင့် ဝီမံသခေါ် ပညာတို့ ထက်သန်လျှင် ထက်သန်သလောက် အကျိုးပေးတတ်၏။ ညံ့လျှင်ညံ့သလောက် အကျိုးယုတ်လျော့၏။ ထို့ပြင် ပုဗ္ဗစေတနာအခိုက်၌သာ အကုသိုလ်ခြံရံ၍ အပရစေတနာအခိုက်၌ ကုသိုလ်ခြံရံသော ကုသိုလ်မျိုး၊ ပုဗ္ဗစေတနာ အခိုက်၌ ကုသိုလ်ခြံရံ၍ အပရစေတနာ အခိုက်၌ အကုသိုလ်ခြံရံသော ကုသိုလ်မျိုးတို့လည်း ရှိပေသေးသည်။

အကြမ်းအားဖြင့် ကာမာဝစရကုသိုလ်ကံကို အယုတ်အမြတ်အားဖြင့် ခွဲခြားရလျှင် အောက်ပါအတိုင်း လေးမျိုးရပေသည်။

စာမျက်နှာ-248


(၁) ကုသိုလ်ပြုဆဲ၌လည်း ဉာဏ်နှင့်ယှဉ်၍ပြု၏။ ကုသိုလ်မပြုမီ ရှေ့ပိုင်းနှင့် ကုသိုလ်ပြုပြီး နောက်ပိုင်းတို့၌လည်း လောဘ ဒေါသ စသော အကုသိုလ်များကင်း၏။ ထိုကုသိုလ်ကို တိဟိတ်ဥက္ကဋ္ဌ ကုသိုလ်ဟု ခေါ်၏။

(၂) ကုသိုလ်ပြုဆဲ၌မူ ဉာဏ်နှင့်ယှဉ်၍ ပြု၏။ ကုသိုလ်မပြုမီ ရှေ့ပိုင်းနှင့် ကုသိုလ်ပြုပြီး နောက်ပိုင်းတို့၌ကား လောဘ၊ ဒေါသ စသော အကုသိုလ်များ ဖြစ်ပွားခဲ့သည်။ ထိုကုသိုလ်မျိုးကို တိဟိတ်ဩမကကုသိုလ်ဟု ခေါ်သည်။

(၃) ကုသိုလ်ပြုဆဲ၌ကား ဉာဏ်နှင့်မယှဉ်ပဲ ကလေးသူငယ်များကဲ့သို့ အမှတ်တမဲ့ပြု၏။ ကုသိုလ်ပြုမီ ရှေ့ပိုင်းနှင့် ကုသိုလ်ပြုပြီး နောက်ပိုင်းတို့၌မူ လောဘ ဒေါသ စသော အကုသိုလ်များ ကင်းစင်၏။ ထိုကုသိုလ်မျိုးကို ဒွိဟိတ်ဥက္ကဋ္ဌကုသိုလ်ဟုခေါ်သည်။

(၄) ကုသိုလ်ပြုဆဲ၌လည်း ဉာဏ်မပါပဲ ကလေးသူငယ်များပမာ အမှတ်တမဲ့ပြု၏။ ကုသိုလ်ပြုမီ ရှေ့ပိုင်းနှင့် ကုသိုလ်ပြုပြီး နောက်ပိုင်းတို့၌လည်း လောဘ၊ ဒေါသ စသော အကုသိုလ်တရားများ ဖြစ်ပွားခဲ့သည်။ ထိုကုသိုလ်မျိုးကို ဒွိဟိတ်ဩမက ကုသိုလ်ဟု ခေါ်သည်။

အယုတ်အမြတ် ကုသိုလ်ကံ ၃-မျိုး

ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၊ သီလနိဒ္ဒေသ၌ လာသည့် ကုသိုလ် အယုတ် အလတ် အမြတ် ခွဲနည်း သုံးမျိုးကိုလည်း မှတ်သားနည်းယူဖွယ်ဖြစ်၍ ဖော်ပြလိုပါသည်။ ထိုသုံးမျိုးမှာ-

(၁) ဂုဏ်သတင်းပျံ့သင်း ကျော်ကြားမှုကို လိုလားသောစိတ်ဖြင့် ပြုလုပ်သော ကုသိုလ်စေတနာသည် အညံ့စားကုသိုလ်စေတနာ ဖြစ်၏။

စာမျက်နှာ-249


(၂) ကုသိုလ်၏အကျိုးတရားကို လိုလားတပ်မက်သော စိတ်စေတနာဖြင့် ပြုလုပ်သော ကုသိုလ်စေတနာသည် အလတ်စားကုသိုလ် စေတနာဖြစ်၏။

(၃) ဤဒါနမှု သီလမှုစသည်တို့ကား ပြုသင့်ပြုထိုက်သော အမှုများတည်းဟု နှလုံးသွင်းကာ အရိယာသူတော်ကောင်းတို့၏ အလေ့သဘောကို နည်းယူပြုလုပ်သော ကုသိုလ်စေတနာသည် အမြတ်စား ကုသိုလ်စေတနာဖြစ်၏။ ဟူ၍ဖြစ်သည်။

ဤသုံးမျိုးတို့တွင် ပထမကုသိုလ်မျိုးကား ဂုဏ်ပကာသန စိတ်ထားဖြင့် ပြုလုပ်သော ကုသိုလ်မျိုးဖြစ်၍ လူ့ဘုံ နတ်ဘုံတို့၌ ဖြစ်ရခြင်း ဘဝသမ္ပတ္တိ၊ စည်းစိမ်ဥစ္စာ ရတနာတို့နှင့် ပြည့်စုံခြင်း ဘောဂသမ္ပတ္တိတို့ကိုမျှပင် လှလှအကျိုးပေးနိုင်သော ကုသိုလ်မျိုး မဟုတ်ပါ၊ ပါရမီကုသိုလ်ဖြစ်ဖို့ကား အလွန်အလှမ်းဝေးပေသည်။

ဒုတိယကုသိုလ်မျိုးကား အကျိုးကိုလိုလားသောစိတ်ဖြင့် အလှူခံပုဂ္ဂိုလ်တို့ အယုတ်အမြတ် ရွေးချယ်မှု၊ အကျိုးကြီးရာသောနည်းလမ်းကို ရွေးချယ်မှုတို့နှင့်ပြုသော ကုသိုလ်မျိုးတည်း၊ ထိုကုသိုလ်မျိုးမှာ ဘဝသမ္ပတ္တိ၊ ဘောဂသမ္ပတ္တိတို့ကိုကား ကောင်းကောင်းအကျိုးပေးနိုင်ပါသည်။ သို့ရာတွင် ပါရမီကုသိုလ်မျိုးကား မဟုတ်ချေ။

တတိယကုသိုလ်မျိုးမှာမူ အလုပ်အမှုကိုသာအလေးဂရုပြုသည်။ အကျိုးကိုမမျှော်လင့်၊ မိမိလက်ရှိ ပစ္စည်း ဝတ္ထုတို့ကို သူတပါးတို့နှင့် မကန့်မကွက် ဆက်ဆံသည်ကိုပြု၍ သုံးဆောင်မှုသည် အရိယာသူမြတ်တို့၏ အစဉ်ထုံးတမ်း သွားမြဲလမ်းပေတည်း။ အရိယာလောင်း သူတော်ကောင်းတို့၏ အစဉ်ထုံးတမ်း ကျင့်မြဲလမ်းပေတည်း။ ငါသည်လည်း အလောင်းအလျာ အရိယာတို့၏ လမ်းစဉ်ကို လိုက်ထိုက်သည်၊ မိမိပိုင်ထိုက်သော ပစ္စည်း ဥစ္စာကို သူတပါးတို့နှင့် ကန့်ကန့်ကွက်ကွက် မဆက်ဆံသည်ကိုပြု၍...
၁။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ။ ပ၊ ၁၃။

စာမျက်နှာ-250


သုံးဆောင်ခြင်းသည် အန္ဓဗာလပုထုဇဉ်တို့၏ အစဉ်ထုံးတမ်း သွားမြဲလမ်းပေတည်း။ ငါသည် ထိုအန္ဓပုထုဇဉ်တို့၏ လမ်းကို လိုက်ခြင်းငှာမထိုက်၊ ဤသို့ နှလုံးထား၍ မိမိပိုင်ထိုက်သော ပစ္စည်းဥစ္စာများကို အယုတ်အလတ် အမြတ်မရွေး မျှဝေလှူဒါန်း ပေးကမ်းစွန့်ကြဲသော ဒါနကုသိုလ်သည် အရိယဘာဝ (အရိယာသူတော်ကောင်းတို့၏ အဖြစ်သနစ် ထုံးတမ်းဓလေ့) ကိုမှီ၍ ပြုသောကုသိုလ်မည်၏။ ပါရမီကုသိုလ်မျိုးတည်း၊ သီလမှု၊ နိက္ခမမှု စသည်တို့၌လည်း ဤနည်းအတိုင်း အကျိုးကို မမျှော်ကိုးပဲ အလုပ်အမှုကိုသာ အလေးဂရုပြု၍ ပြုလုပ်နိုင်မှသာ ပါရမီကုသိုလ်မျိုး ဖြစ်သည်ဟု မှတ်ရမည်။

တနည်းအားဖြင့်

(၁) တဏှာ၏အလိုဖြင့် ဘဝသမ္ပတ္တိ၊ ဘောဂသမ္ပတ္တိတို့ ပြည့်စုံရန် ရည်ရွယ်၍ကျင့်သော သီလကုသိုလ်စေတနာသည် အညံ့စား ကုသိုလ်စေတနာမည်၏၊

(၂) မိမိတဦးတည်း ဝဋ်ဆင်းရဲမှ ထွက်မြောက်ရန် ရည်ရွယ်၍ ကျင့်သော သီလကုသိုလ်စေတနာသည် အလတ်စား ကုသိုလ်စေတနာမည်၏၊ ပါရမီမြောက်ကုသိုလ်လည်း ဖြစ်၏၊

(၃) ခပ်သိမ်းသော သတ္တဝါတို့ ဝဋ်ဆင်းရဲမှ ထွက်မြောက်ရန်ရည်ရွယ်၍ ကျင့်သော သီလကုသိုလ်စေတနာသည် အမြတ်စားကုသိုလ် စေတနာ မည်၏၊ ပါရမီမြောက်ကုသိုလ်မျိုး ဖြစ်၏။

တနည်းအားဖြင့်

ဝဋ်ကိုမှီသော ကုသိုလ်နှစ်မျိုး၊ ဝဋ်ကိုမမှီသော ကုသိုလ်နှစ်မျိုးဟူ၍ အယုတ်အမြတ် ကုသိုလ်လေးမျိုး ရှိ၏၊ ထိုလေးမျိုးမှာ-
(၁) တဏှာကိုမှီတွယ်သော တဏှာနိဿိတကုသိုလ်၊
(၂) ဒိဋ္ဌိကိုမှီတွယ်သော ဒိဋ္ဌိနိဿိတကုသိုလ်၊
၁။ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ပ၊ ၁၃။

စာမျက်နှာ-251


(၃) လောကုတ္တရာကုသိုလ် (ဝိဝဋ္ဋအနိဿိတ)၊

(၄) လောကုတ္တရာ၏ အခြေမူလ အဆောက်အဦဖြစ်သော (ဝိဝဋ္ဋအနိဿိတ) လောကီကုသိုလ်- တို့ ဖြစ်သည်။

ထိုတွင် လူ့ဘဝ နတ်ဘဝတို့၌ဖြစ်ခြင်း ဘဝသမ္ပတ္တိ၊ စည်းစိမ်ဥစ္စာ ရတနာတို့နှင့်ပြည့်စုံခြင်း ဘောဂသမ္ပတ္တိတို့ကို တဏှာဖြင့် လိုလားတောင့်တ၍ ပြုလုပ်သော ကုသိုလ်စေတနာသည် တဏှာနိဿိတကုသိုလ်ကံ မည်၏၊ ပါရမီကုသိုလ်မျိုး မဟုတ်ပေ။

ဒါနမှု လောကီသီလမှု တခုခုသော ပဗ္ဗဇ္ဇိတနိက္ခမမှု စသည်၌ တည်၍ ဤအကျင့်သည်သာလျှင် သံသရာမှ စင်ကြယ်စေနိုင်၏၊ ဤအကျင့်အပြင် စင်ကြယ်စေနိုင်သော နည်းလမ်းမရှိဟု ဝိပဿနာမဂ်ဖိုလ်တို့ကို ပစ်ပယ်၍ ပြုသောကုသိုလ်ကံစေတနာသည် ဒိဋ္ဌိနိဿိတကုသိုလ် မည်၏၊ ကုလားဘုန်းကြီးတို့၏ ကုသိုလ်မျိုးတည်း။ ပါရမီကုသိုလ်မျိုးမဟုတ်၊ ဤ (၂) မျိုးတို့သည် ပါရမီမျိုးမဟုတ်သော “ဝဋ္ဋနိဿိတ” ကုသိုလ်မျိုးတို့ ဖြစ်ကြသည်။

ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိတို့ကို လိုချင်တောင့်တမှု တဏှာလောဘပါသော စိတ်လည်းမရှိ၊ ဒိဋ္ဌိသဘောလည်း မသက်ရောက်ပဲ မိုးကောင်းကင် သဖွယ် အတွယ်အတာ မရှိမူ၍ ဗောဓိဉာဏ်တည်းဟူသော တဖက်ကမ်းသို့ တမ်းတမ်းစူးစူး အထူးရည်ရွယ်၍ စင်ကြယ်သောစိတ်ဖြင့် ပြုအပ်သော ဒါနမှု၊ သီလမှုစသော ကုသိုလ်များသည်သာ လောကုတ္တရာ၏ အခြေမူလ အဆောက်အဦဖြစ်၍ ပါရမီကုသိုလ်မျိုး ဖြစ်ပေသည်။

ယခုကာလ၌ “ဤကုသိုလ်ကြောင့် နိဗ္ဗာန်ကို ရရပါလို၏၊ အကြင်မျှလောက် နိဗ္ဗာန်ကို မရသေး၊ ထိုမျှလောက်ကာလ၌” စသည်ဖြင့် နိဗ္ဗာန်နှင့် သမ္ပတ္တိနှစ်ပါးတို့ကို တွဲဖက်တောင့်တ၍ ပြုကြသောကုသိုလ်များကို ပါရမီကုသိုလ်ဟူ၍ကား ဆိုရ၏။ သို့သော် ထိုကုသိုလ်များသည် ဗောဓိဉာဏ်ကို မြန်မြန်ဆိုက်စေနိုင်သော ကုသိုလ်မျိုးကား မဟုတ်ချေ။
၁။ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ပ၊ ၁၂။

စာမျက်နှာ-252


ထင်ရှားစေဦးအံ့- ဝိပဿီဘုရားရှင်မပွင့်မီ သာသနာပအခါ၌ ညီအစ်ကို နှစ်ဦးတို့သည် ကြံခင်းစိုက်ပျိုးသည့် လုပ်ငန်းဖြင့် အသက်မွေးကြ၏၊ ညီဖြစ်သူမှာ ဇောတိကသူဌေးလောင်း ဖြစ်သည်၊ တနေ့တွင် ကြံခင်းသို့ ကြွလာသည့် ပစ္စေကဗုဒ္ဓါအရှင်မြတ်အား ညီနောင်နှစ်ဦးတို့ ကြံရည် လှူဒါန်း၍ ဆုအသီးသီး တောင်းလိုက်ကြသည်။ အစ်ကိုကြီးက “အရှင်ဘုရားသိသော ရသောတရားကို သိရပါလို ရရပါလို၏” ဟု တိုတိုဆုတောင်း၏။

ညီဖြစ်သူ ဇောတိကသူဌေးလောင်းကမူ “အရှင်ဘုရား သိသော ရသော တရားကို သိရပါလို ရရပါလို၏” ဟု ဆိုပြီးနောက် “အကြင်မျှလောက်ကာလပတ်လုံး နိဗ္ဗာန်ကို မရသေး၊ ထိုမျှလောက်ကာလ၌” စသည်ဖြင့် ဘဝသမ္ပတ္တိ၊ ဘောဂသမ္ပတ္တိနှစ်ပါးတို့ကို နောက်ဖျားကဆွယ်၍ ဆုတောင်း၏။ ဆုတောင်းတိုသည့် အစ်ကိုမှာ ဝိပဿီဘုရားအပွင့်တွင် သံသရာဝဋ်မှ ကျွတ်သွား၏။ ညီဖြစ်သူ ဇောတိကအလောင်းမှာမူ ဆုတောင်းရှည်သည့်အတွက် ဝိပဿီဘုရားလက်ထက်တွင် အကျွတ်တရား မရရှာပဲ ဘုရားခြောက်ဆူကျော်လွန်ပြီး ဂေါတမဘုရားလက်ထက်မှာမှ အကျွတ်တရား ရလေတော့သည်။

သဘောယုတ္တိကား- ကုသိုလ်ပြုစဉ်အခါ၌ ဘဝသမ္ပတ္တိတဏှာ၊ ဘောဂသမ္ပတ္တိတဏှာ အစေးအချို့ ဆက်တွဲခဲ့သည်ရှိသော် ထိုကုသိုလ် အကျိုးပေးရာဘဝတို့၌ ထိုစည်းစိမ်နှင့် ထိုတဏှာခွါ၍မရ၊ ခွဲ၍မရအောင် အကြပ်အတည်း ဖွဲ့စည်းလေ၏၊ အထွတ်အမြတ်တရားနှင့် တွေ့သော်လည်း တရားဘက်သို့ မပါနိုင်ရှိလေ၏။

ကုသိုလ်ပြုစဉ်အခါ၌ ဘဝတဏှာ၊ ဘောဂတဏှာ အလူးအလဲမရှိ၊ ဝိဝဋ္ဋ (ဝဋ်ဆင်းရဲကိုမမှီသောတရားသဘော) မျိုးသက်သက် ဖြစ်ခဲ့သည်ရှိသော် ထိုကုသိုလ်အကျိုးပေး၍ ပဒေသရာဇ်၊ ဧကရာဇ်၊ စကြာမန္ဓာတ် စည်းစိမ်၌ပင် တည်ငြားသော်လည်း တရားနှင့် တွေ့ခဲ့လျှင် ထိုစည်းစိမ်ကို ခဏချည်း စွန့်လွှတ်လိုက်နိုင်၏။

ဤကား ယခုပြဆိုခဲ့သည့် ကြံစိုက်ပျိုးရေးလုပ်သူ ညီနောင်နှစ်ဦးတို့ ဝတ္ထုကပြဆိုသော သဘောအဓိပ္ပါယ်ဖြစ်သည်။ ထို့ကြောင့် နောက်ဆက်လက်၍ ဖြည့်ကျင့်ရန် လူ့ဘဝကိုပင် တောင့်တသော်လည်း ခံစားစံစားလိုသည့် စိတ်ကို ရိပ်ကာမျှ မသိစေမူ၍ ပါရမီဖြည့်ဖို့စိတ်ဖြင့်သာ တောင့်တရမည်။

စာမျက်နှာ-253


မေဏ္ဍကသူဌေး၏ ကျွန်ဖြစ်သော ပုဏ္ဏသည် ပစ္စေကဗုဒ္ဓါကိုဖူးမြင်၍ ဆွမ်းလှူသောအခါ ဆုတောင်း နေရာမကျသည့်အတွက် ဘဝအဆက်ဆက် ကျွန်ချည်းဖြစ်ရလေသည်။ စူဠသုဘဒ္ဒါကျွန်မသည် ပစ္စေကဗုဒ္ဓါကို သစ်သီးဆွမ်းလှူရာ ဆုတောင်းချော်၍ အလောင်းတော်ဆင်မင်းကိုသတ်သဖြင့် ငရဲသို့ကျရလေသည်။ ရှေးဘဝ၌ ပစ္စေကဗုဒ္ဓါကိုတွေ့ကြသော ကုသမင်းကြီးနှင့် ပပဝတီတို့သည်လည်း ဆုတောင်းမတဲ့ အတန်ငယ်ချဲ့ကြ၍ ကသီလင်တ ဒုက္ခအထွေထွေ ဖြစ်ကြရသည်။ ဤသို့လျှင် ကုသိုလ်ပြုကြရာတွင် ဆုတောင်းချော်ကြသဖြင့် မတော်မလှ ဖြစ်ကြကုန်သော ဝတ္ထုနိပါတ် ဇာတ်ရာဇဝင်တို့သည် အလွန်ပင်များလှကုန်၏။

ကာမာဝစရကုသိုလ်ကံများ အကျိုးပေးပုံ

လှူဒါန်းပေးကမ်းခြင်းဒါနကုသိုလ်၊ ၅-ပါး ၈-ပါး ၁၀-ပါး စသည်တို့ကိုစောင့်ထိန်းမှု သီလကုသိုလ်များနှင့် ဈာန်မဂ်ဖိုလ် အထိ မရောက်သေး မရသေးသော သမထဘာဝနာ၊ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းအားထုတ်မှု ဘာဝနာကုသိုလ်များမှာ ကာမာဝစရကုသိုလ်များပင်ဖြစ်ပါသည်။

ထိုကာမာဝစရကုသိုလ်ကံ (၈) ပါးသည် လူ့ဘုံ နတ်ဘုံဟူသော ကာမသုဂတိ ၇-ဘုံတို့တွင် တဘုံဘုံ၌ မဟာဝိပါက်စိတ် ၈-ပါး၊ အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် ၁-ပါး အားဖြင့် ကာမသုဂတိပဋိသန္ဓေကိုးပါးကို ဖြစ်စေနိုင်ပေသည်။ ထိုပဋိသန္ဓေကိုးပါးကို ဖြစ်စေနိုင်ခြင်းဆိုသည်မှာ ထိုကာမသုဂတိခုနစ်ဘုံတို့၌ ထိုစိတ်တပါးပါးဖြင့် ပဋိသန္ဓေနေ၍ လူအမျိုးမျိုး နတ်အဖုံဖုံဖြစ်ခြင်းပင်ဖြစ်သည်။

ပဝတ္တိအခါ၌မူ ကာမသုဂတိ (၇) ဘုံ၌ မဟာဝိပါက် ၈-ပါး၊ အဟိတ်ကုသလဝိပါက် ၈-ပါးအားဖြင့် (၁၆) ပါးသော အကျိုးဝိပါက်စိတ်များကိုလည်းကောင်း၊ အပါယ်လေးဘုံတို့၌ အဟိတ်ကုသလဝိပါက် ၈-ပါးတို့ ကိုလည်းကောင်း၊ ရူပ ၁၅-ဘုံ၌ ဃာနဝိညာဉ် ဇိဝှါဝိညာဉ် ကာယဝိညာဉ်မှတပါး အဟိတ်ကုသလဝိပါက် (၅) ပါးတို့ ကိုလည်းကောင်း ပဝတ္တိကျိုးအဖြစ်...

စာမျက်နှာ-254


ဖြစ်ပေါ်စေနိုင်၏။ ထိုတွင် ကာမသုဂတိ (၇) ဘုံ၌ လူ့စည်းစိမ်၊ နတ်စည်းစိမ်တို့ကိုရရှိခံစားရခြင်း၊ စိတ်ချမ်းသာမှု ကိုယ်ချမ်းသာမှုကိုရရှိခြင်း၊ အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော ဥယျာဉ် ရေကန် ဘုံဗိမာန် အဆင်တန်ဆာ အဆောက်အဦစသည့် ဣဋ္ဌာရုံများကို မြင်တွေ့ရခြင်း ရရှိပိုင်ဆိုင်ခြင်း စသည်တို့သည်ပင် (၁၆) ပါးသော အကျိုးဝိပါက်များ ဖြစ်ခြင်း ဖြစ်ပါသည်။ ထိုစိတ်များသည် ဘဝကိစ္စ၊ တဒါရုံကိစ္စ မြင်ခြင်း ဒဿနစသော ကိစ္စ၊ သမ္ပဋိစ္ဆိုင်းကိစ္စ စသည်ဖြင့် သူ၏ကိစ္စနှင့်သူ ဆောင်ရွက်ကြသည်။

နဂါး ဂဠုန် ဆင်အာဇာနည် မြင်းအာဇာနည် ခြင်္သေ့အာဇာနည် စသော သတ္တဝါတို့၏ ခန္ဓာအစဉ်၌ ကြီးကျယ်ခမ်းနားစွာသော စည်းစိမ်ခံစားရခြင်း၊ တန်ခိုးကြီးခြင်း၊ ဣဋ္ဌာရုံများနှင့် တွေ့ကြုံဆုံဆည်းရခြင်းတို့သည် အပါယ်ဘုံများ၌ အဟိတ်ကုသလဝိပါက် ၈-ပါး အကျိုးတရားတို့ ဖြစ်ပွားခြင်းပင် ဖြစ်သည်၊

ရူပဗြဟ္မာကြီးများသည် လူ့ဘုံသို့လာ၍ ဘုရားဖူး တရားနာကြသည့် အခါ၌ဖြစ်စေ၊ ရူပဘုံ၌ ဣဋ္ဌာရုံများကို မြင်ရကြားရကြသည့် အခါ၌ဖြစ်စေ အဟိတ်ကုသလဝိပါက် ၅-ပါးတို့ ထိုက်သည့်အားလျော်စွာ ဖြစ်နိုင်ကြပေသည်။

အတန်ငယ်ချဲ့၍ ဆိုရသော်- ရှေးတွင်ဖော်ပြခဲ့သည့် အယုတ် အလတ် အမြတ်ကုသိုလ်တို့တွင် အမြတ်စားတိဟိတ်ဥက္ကဋ္ဌ ကုသိုလ်ကံဖြစ်ပါက ထိုကံကြောင့် လူ့ဘုံ နတ်ဘုံဟူသော သုဂတိဘုံတို့၌ တိဟိတ်မဟာဝိပါက် ဉာဏသမ္ပယုတ္တစိတ် ၄-ပါးတို့တွင် တပါးပါးဖြင့် ပဋိသန္ဓေခံနေ၍ ဉာဏ်ပညာထက်မြက်သည့် တိဟိတ်ပုဂ္ဂိုလ်အမျိုးအစား ဖြစ်နိုင်သည်။ ပဝတ္တိအခါ၌မူ အထက်ဖော်ပြပါအတိုင်း (၁၆) ပါးသော အကျိုးဝိပါက် စိတ်များကို ဖြစ်ပေါ်စေနိုင်၏။

စာမျက်နှာ-255


တိဟိတ်ဩမကကုသိုလ်နှင့် ဒွိဟိတ်ဥက္ကဋ္ဌ ကုသိုလ်များကြောင့်ကား ထိုသုဂတိဘုံများ၌ မဟာဝိပါက် ဉာဏဝိပ္ပယုတ္တစိတ် ၄-ပါးတို့တွင် တပါးပါးဖြင့် ပဋိသန္ဓေနေ၍ ဉာဏ်ပညာကင်းသော ဒွိဟိတ်ပုဂ္ဂိုလ်မျိုး ဖြစ်နိုင် သည်။ ပဝတ္တိအခါ၌လည်း မဟာဝိပါက်ဉာဏဝိပ္ပယုတ္တ ၄၊ အဟိတ်ကုသလဝိပါက် ၈၊ ပေါင်း ၁၂-ပါးသော အကျိုးကိုပေး၏။

ဒွိဟိတ်ဩမက ကုသိုလ်ကံကြောင့်မူ လူ့ဘုံနှင့် စာတုမဟာရာဇ်နတ်ဘုံတို့၌ အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်ဖြင့် ပဋိသန္ဓေနေကြ၍ ပဋိသန္ဓေကပင် မျက်စိကန်းသူ၊ နားထိုင်းသူ၊ ဆွံ့အသူ၊ နပုံးပဏ္ဍုက် စသော လူအညံ့စားများနှင့် ဝိနိပါတိကအသူရာခေါ်သည့် တစ္ဆေ မြေဘုတ်စသော နတ်အညံ့စားများ ဖြစ်ကြရသည်။ ပဝတ္တိအခါ၌လည်း အဟိတ်ကုသလဝိပါက် ၈-ပါးကို ဖြစ်စေသည်။

ကာမကုသိုလ်စိတ်သည် အကျိုးပေးရာ၌ အလွန်ကျယ်ပြန့်သည်။ အရာကျယ်လှသည်။ ဘဝသစ်တခုကို ထူထောင်ခြင်းဆိုသည့် ပဋိသန္ဓေကျိုးကို ပေးစွမ်းနိုင်သော ဇနကသတ္တိရှိသကဲ့သို့ နိဗ္ဗာန်ရောက်သည့်တိုင်အောင် ဘဝအဆက်ဆက်တို့၌ ပဝတ္တိအကျိုး အမျိုးမျိုးကိုလည်း ပေးနိုင်သော အပရာပရိယကမ္မသတ္တိလည်းရှိ၏။ ထို့ပြင် ဈာန်မဂ်ဖိုလ်တရားများကို ရအောင်အားထုတ်ရာ၌ ပရိကံ ဥပစာ အနုလုံ ဂေါတြဘူ ကုသိုလ်ဇောများ အဖြစ်ဖြင့် အခြေခံအကြောင်းတရားများလည်း ဖြစ်ကြသည်။

အယုတ်ဆုံး ဈာန်ဝင်စားရာ (ဈာနသမာပတ်)၊ ဖိုလ်ဝင်စားရာ (ဖလသမာပတ်)၊ နိရောဓသမာပတ် ဝင်စားရာတို့၌ပင်သော်လည်း ကာမကုသိုလ် ဉာဏသမ္ပယုတ္တစိတ်တို့ ပါရသည်ချည်းဖြစ်၏။ ဤသို့ အရာကျယ်လှသဖြင့် မဟာပုဒ်ဖြင့် အထူးပြုကာ “မဟာကုသိုလ်” ဟု ခေါ်ခြင်းဖြစ်သည်။

လောက၌ သူသူငါငါ ပြုလုပ်နေကြသော ကုသိုလ်တို့မှာ ကာမကုသိုလ်သာ များကုန်၏။ ထိုကုသိုလ်ပြုရာ၌ အမွန်အမြတ် ဖြစ်နိုင်သမျှ ဖြစ်အောင် ပြုလုပ်တတ်ကြရန် အောက်ပါကုသိုလ် ၆-မျိုးကို နောက်ဆုံး တင်ပြလိုက်ပါသည်။

စာမျက်နှာ-256


၁။ မိမိသဘောအလျောက် ပြုသောကုသိုလ် (သယံကာရကုသိုလ်)၊
၂။ သူတပါးပြုသည်ကိုမြင်၍ ပြုသောကုသိုလ် (ပရံကာရကုသိုလ်)၊
၃။ မိမိလက်ဖြင့် ကိုယ်တိုင်ကိုယ်ကျ ပြုသောကုသိုလ် (သာဟတ္ထိကကုသိုလ်)၊
၄။ သူတပါးကိုစေခိုင်း၍ ပြုသောကုသိုလ် (အာဏတ္တိကကုသိုလ်)၊

၅။ ကံ ကံ၏အကျိုးကို သိမြင်နားလည်၍ ဉာဏ်နှင့်ယှဉ်ပြီးပြုသော ကုသိုလ် (သမ္မဇာနကတကုသိုလ်)၊

၆။ ကံ ကံ၏အကျိုးကိုမသိပဲ ဉာဏ်ကင်း၍ပြုသော ကုသိုလ် (အသမ္မဇာနကတကုသိုလ်)- တို့ဖြစ်သည်။

(၁)(၃)(၅) အမှတ်ပြ ကုသိုလ်တို့သည် ကျန်ကုသိုလ်များထက် သာလွန်မွန်မြတ်ကြ၏။ ထို့ကြောင့် ကုသိုလ်ပြုလုပ်ကြရာ၌ သူတပါးကို ကြည့်မနေပဲ ကိုယ့်သဘောအလျောက် ကိုယ်တိုင်ကိုယ်ကျ ကံ ကံ၏အကျိုးကို သိမြင်နားလည်သော အသိဉာဏ်ခေါင်းဆောင်သည့် ကုသိုလ်စိတ် အပြည့်အဝဖြင့် အားထုတ်ပြုလုပ်သင့်ကြပေသည်။

၃။ ရူပါဝစရကုသိုလ်ကံ

ရူပါဝစရကုသိုလ်စေတနာ ၅-ပါးသည် ရူပါဝစရကုသိုလ်ကံမည်၏။ ထိုကုသိုလ်စေတနာ ၅ ပါးသည် များသောအားဖြင့် ရူပဘုံများ၌ ဖြစ်တတ်သောကြောင့် လည်းကောင်း၊ ရူပဘုံ၌ ပဋိသန္ဓေအကျိုးကို ဖြစ်ပေါ်စေတတ်သောကြောင့် လည်းကောင်း ရူပါဝစရဟူသော နာမည်ကို ရရှိခြင်းဖြစ်သည်။ (ရူပ၊ ရူပ ၁၅-ဘုံ၌ + အဝစရ၊ များသောအားဖြင့် ဖြစ်တတ်သောတရား)။ ထိုစေတနာများကို အပြစ်လည်းကင်း ကောင်းကျိုးပေးခြင်း သဘောလည်းရှိသောကြောင့် ကုသိုလ်ကံဟု ခေါ်သည်။
၁။ ဝိဘာဝိနီဋီကာ။ ၇၆။

စာမျက်နှာ-257


ထိုရူပကုသိုလ် ၅-ပါးတွင် ပါဝင်ကြသော ဝိတက် ဝိစာရ ပီတိ ဝေဒနာ ဧကဂ္ဂတာတို့သည် ကသိုဏ်းစသော အာရုံတို့ကို စူးစူးစိုက်စိုက်ရှုတတ် သောကြောင့် လည်းကောင်း၊ ကာမစ္ဆန္ဒစသော နီဝရဏတရားတို့ကို လောင်မြိုက်တတ်သောကြောင့် လည်းကောင်း ဈာန်ဟုခေါ်သည်။ ဝိတက်စသော ဈာန်တို့နှင့်အတူ ယှဉ်တွဲ၍ ဖြစ်သော ကုသိုလ်ကံ ၅-ပါးကို ဈာန်စေတနာဟုခေါ်ပေသည်။

ထိုကုသိုလ်တို့သည် ကိလေသာကို နှစ်ပေါင်း ကြာညောင်းစွာ ပယ်ခွာထားနိုင်စွမ်းလည်းရှိ၏၊ ကြီးကျယ်သော အကျိုးပေးမှုလည်းရှိ၏။ ဈာန်သမာပတ်ဝင်စားသည့်အခါ၌ ရှည်လျားသောစိတ်အစဉ်လည်း ရှိပေသည်။ ထို့ကြောင့် မဟဂ္ဂုတ် (မဟဂ္ဂတ) ဟူ၍လည်း ခေါ်လေသည်။ ကြီးမြတ်ခြင်းသို့ ရောက်သောတရားဟု အဓိပ္ပါယ်ရသည်။ တနည်းအားဖြင့် ဆန္ဒ၊ ဝီရိယစသောအဓိပတိတရား ၄-ပါးထက်သန်၍ မြင့်မြတ်သောပုဂ္ဂိုလ်တို့ ကျင့်ရသည့်တရားမျိုးဖြစ်သောကြောင့် မဟဂ္ဂုတ်ဟု ခေါ်ခြင်းဖြစ်သည်။

ထိုကုသိုလ်ကံများကို လှူဒါန်းပေးကမ်းခြင်းဒါန၊ ကိုယ်နှုတ်တို့ကို စောင့်ထိန်းမှုသီလတို့ဖြင့် မရရှိနိုင်၊ ပွားများအားထုတ်မှုဘာဝနာကုသိုလ်ဖြင့်သာ ရရှိနိုင်၏။ စိတ်၌သာဖြစ်၍ မနောကံတမျိုးသာရှိသည်။ ထိုရူပါဝစရကုသိုလ်ကံသည်-
၁။ ဈာန်အင်္ဂါ ၅-ပါးရှိသော ပထမဈာန်ကုသိုလ်ကံ၊
၂။ ဈာန်အင်္ဂါ ၄-ပါးရှိသော ဒုတိယဈာန်ကုသိုလ်ကံ၊
၃။ ဈာန်အင်္ဂါ ၃-ပါးရှိသော တတိယဈာန်ကုသိုလ်ကံ၊
၄။ ဈာန်အင်္ဂါ ၂-ပါးရှိသော စတုတ္ထဈာန်ကုသိုလ်ကံ၊
၅။ ဈာန်အင်္ဂါ ၂-ပါးရှိသော ပဉ္စမဈာန်ကုသိုလ်ကံ- ဟူ၍ ငါးမျိုးရှိ၏။
၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၈၇၊ ၂၁၁။ အဘိဓမ္မတ္ထသင်္ဂဟ၊ ၄၊ ၃၅။

စာမျက်နှာ-258


ရူပကုသိုလ်ကံ (၃) မျိုးစီတို့ကွဲပြားပုံ

ထိုငါးမျိုးတွင် ပထမဈာန်ကုသိုလ်ကံသည် ဈာန်ကို အားထုတ်စဉ်အခါ၌ ဖြစ်ပေါ်ခဲ့သော ဆန္ဒ၊ ဝီရိယ၊ စိတ်၊ ဝိမံသတို့၏ အထက်အနိမ့်ကိုလိုက်၍ သုံးမျိုးကွဲပြားသွားသည်။ ဈာန်တရားတို့၌ ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသ (ပညာ) ဟူသော အဓိပတိတရား လေးပါးတို့တွင် တပါးပါးသည် အမြဲ အဓိပတိတပ်၏၊ အဓိပတိတပ်ခြင်းဆိုသည်မှာ ထိုတရားလေးမျိုးတွင် အလွန်အင်အားကောင်းသည့် တပါးပါးက အကြီးအမှူး၊ ဦးစီးနာယက၊ ပဓာနရှေ့ဆောင်ပြုခြင်းဖြစ်သည်။ ထိုအခါ အတူတကွ ဖြစ်ဖော်ဖြစ်ဖက် ရုပ်တရား နာမ်တရားအားလုံးတို့ အဓိပတိကိစ္စကို ဆောင်ရွက်သော တရား၏နောက်သို့လိုက်ပါကြရ၏။

ဥပမာ- လိုချင်မှုဆန္ဒတရားသည် အဓိပတိကိစ္စတပ်၍ ဆန္ဒ၏အားစွမ်း ထက်သန်ကြီးမားနေလျှင် ထိုဆန္ဒကို ခေါင်းဆောင်ပြုကာ အတူဖြစ်ဖက် ရုပ်တရား နာမ်တရားတို့သည် ပြုလိုသောအမှုကို ပြီးစီးအောင် ရွက်ဆောင်ကြရ၏။ ဤသည်မှာ အဓိပတိတပ်ခြင်း၏ အဓိပ္ပါယ်ဖြစ်ပါသည်။

ဈာန်ကိုရအောင် အားထုတ်စဉ်က ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသတရားတို့ ယုတ်ညံ့အားနည်းနေလျှင် ဈာန်ရသည့်အခါ ထိုအဓိပတိတပ်သော တရားတို့ နုညံ့နေပါသည်၊ ထိုဈာန်မျိုးကို ပရိတ္တဈာန်ဟုခေါ်၏။ ထို့အတူ ဈာန်ရသည့်အခါ အဓိပတိတပ်သောတရားက အားအလယ်အလတ်ရှိလျှင် မဇ္ဈိမဈာန်ဖြစ်သည်၊ အဓိပတိတပ်သောတရားက ထက်မြက်အားကောင်းလျှင် ပဏိတဈာန်ဟုခေါ်သည်။ ဤသို့ ပထမဈာန်စသော ရူပကုသိုလ်ကံတို့သည် ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသဟူသော အဓိပတိတရားတို့၏ အထက်အနိမ့်ကိုလိုက်၍ ပရိတ္တဈာန်၊ မဇ္ဈိမဈာန်၊ ပဏိတဈာန်ဟု သုံးမျိုးသုံးစား ကွဲပြားလေသည်။
၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၂၅၇။

စာမျက်နှာ-259


ရူပကုသိုလ်ကံများ အကျိုးပေးပုံ

ရူပကုသိုလ်ကံများတွင် ပရိတ္တဖြစ်သော ပထမဈာန်ကုသိုလ်ကံသည် ပထမဈာန်သုံးဘုံတွင် အညံ့စားဖြစ်သော ဗြဟ္မပါရိသဇ္ဇာဘုံ၌ ပထမဈာန် ဝိပါက်ဖြင့် ပဋိသန္ဓေနေသော ဗြဟ္မပါရိသဇ္ဇာဗြဟ္မာကို ဖြစ်ပေါ် လာစေ၏။ မဇ္ဈိမဖြစ်သော ပထမဈာန်ကုသိုလ်ကံသည် ပထမဈာန်သုံးဘုံတွင် အလတ်တန်းစားဖြစ်သော ဗြဟ္မပုရောဟိတာဘုံ၌ ပထမဈာန်ဝိပါက်ဖြင့် ပဋိသန္ဓေ နေသော ဗြဟ္မပုရောဟိတာဗြဟ္မာကို ဖြစ်ပေါ်လာစေ၏။ ပဏီတဖြစ်သော ပထမဈာန်ကုသိုလ်ကံသည် ပထမဈာန်သုံးဘုံတွင် အထက်တန်းစား ဖြစ် သော မဟာဗြဟ္မာဘုံ၌ ပထမဈာန်ဝိပါက်ဖြင့် ပဋိသန္ဓေနေသော မဟာ ဗြဟ္မာကြီးကို ဖြစ်ပေါ်လာစေသည်။

ပရိတ္တဖြစ်သော ဒုတိယဈာန် တတိယဈာန်ကုသိုလ်ကံတို့သည် ဒုတိယ ဈာန်သုံးဘုံတွင် အညံ့စားဖြစ်သော ပရိတ္တာဘာဘုံ၌ ဒုတိယဈာန်ဝိပါက် ဖြင့် ပဋိသန္ဓေနေသော ပရိတ္တာဘာဗြဟ္မာကြီးတို့ကို ဖြစ်ပေါ်လာစေသည်။ မဇ္ဈိမဖြစ်သော ဒုတိယဈာန်၊ တတိယဈာန်ကုသိုလ်ကံတို့သည် ဒုတိယဈာန် သုံးဘုံတွင် အလတ်တန်းစားဖြစ်သော အပ္ပမာဏာဘာဘုံ၌ ဒုတိယဈာန် ဝိပါက်ဖြင့် ပဋိသန္ဓေနေသော အပ္ပမာဏာဘာဗြဟ္မာကြီးတို့ကို ဖြစ်ပေါ် လာစေသည်။ ပဏီတဖြစ်သော ဒုတိယဈာန် တတိယဈာန် ကုသိုလ်ကံ တို့သည် ဒုတိယဈာန်သုံးဘုံတွင် အထက်တန်းစားဖြစ်သော အာဘဿရာ ဘုံ၌ ဒုတိယဈာန်ဝိပါက်ဖြင့် ပဋိသန္ဓေနေသော အာဘဿရဗြဟ္မာကြီး တို့ကိုဖြစ်ပေါ်လာစေသည်။

ပရိတ္တဖြစ်သော စတုတ္ထဈာန်ကုသိုလ်ကံကြောင့် တတိယဈာန်သုံးဘုံ တွင် အညံ့စားဖြစ်သော ပရိတ္တသုဘာဘုံ၌ စတုတ္ထဈာန်ဝိပါက်ဖြင့်ပဋိသန္ဓေ နေသော ပရိတ္တာသုဘာဗြဟ္မာကြီးများဖြစ်ကြရသည်။ ထို့အတူ မဇ္ဈိမဖြစ် သော စတုတ္ထဈာန်ကုသိုလ်ကံကြောင့် တတိယဈာန် သုံးဘုံတွင် အလတ် တန်းစားဖြစ်သော အပ္ပမာဏသုဘာဘုံ၌ စတုတ္ထဈာန်ဝိပါက်ဖြင့် ပဋိသန္ဓေ နေသော အပ္ပမာဏသုဘာဗြဟ္မာကြီးများ ဖြစ်လာကြရသည်။ ပဏီတဖြစ်

စာမျက်နှာ-260


သော စတုတ္ထဈာန်ကုသိုလ်ကံကြောင့် တတိယဈာန်သုံးဘုံတွင် အထက် တန်းစားဖြစ်သော သုဘကိဏှာဘုံ၌ စတုတ္ထဈာန်ဝိပါက်ဖြင့် ပဋိသန္ဓေနေ သော သုဘကိဏှဗြဟ္မာကြီးများဖြစ်လာကြရ၏။

အဘိညာဉ်ကိစ္စမတပ်၊ သာမန်ဖြစ်သော ပဉ္စမဈာန် ကုသိုလ်ကံသည် စတုတ္ထဈာန်ဘုံတို့တွင် တဘုံအပါအဝင်ဖြစ်သော ဝေဟပ္ဖိုလ်ဘုံ၌ ပဉ္စမ ဈာန်ဝိပါက်ဖြင့် ပဋိသန္ဓေနေသော ဝေဟပ္ဖိုလ်ဗြဟ္မာကြီးတို့ကို ဖြစ်ပေါ် စေလေသည်။ ထိုဗြဟ္မာကြီးတို့သည် ပဉ္စမဈာန်ကုသိုလ်ကံကြောင့် ကမ္ဘာ ငါးရာအထိ အသက်ရှည်ကြ၏။ ဈာန်ရ တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်များ အနေ ဖြင့် အမြင့်ဆုံးရောက်နိုင်သော “ပုထုဇ္ဇနဘဝဂ်” ခေါ်သည့်ဘုံ ဖြစ်သည်။

သာသနာပအခါ၌ ကမ္မကိရိယဝါဒီအယူရှိသော တိတ္ထိတို့သည် စိတ်ရှိ နေ၍သာ တပ်နှစ်သက်ခြင်း အမျက်ထွက်ခြင်း တွေဝေခြင်း စသည့်ဒုက္ခ များနှင့် တွေ့ကြုံကြရ၏။ ထိုစိတ်မရှိပါက အလွန်ချမ်းသာပေမည်၊ မျက် မှောက်ဘဝမှာပင် နိဗ္ဗာန်ရောက်သူဖြစ်မည်ဟု ယူဆကာ “သညာသည် အနာရောဂါနှင့်တူ၏၊ အိုင်းအမာကြီးဖြစ်၏၊ စိတ်သည် စက်ဆုပ်ရွံရှာ ဖွယ် ကောင်း၏” စသည်ဖြင့် သညာကို စက်ဆုပ်သည့် သညာဝိရာဂ ဘာဝနာကို ပဉ္စမဈာန်ဝင်စားပြီးအထမှာ ပွားများ၏။

ထိုသညာ ဝိရာဂ ဘာဝနာ အရူပဝိရာဂဘာဝနာ ပေါက်လျှင် သညာအပေါ် နာမ်တရားအ ပေါ်၌ လုံးဝစက်ဆုပ်သောကြောင့် မူလရပြီးသော ပဉ္စမဈာန်အတွင်း၌ သညာဝိရာဂဓာတ် အရူပဝိရာဂဓာတ်သွင်းမိလေပြီ။ ထိုသညာဝိရာဂဓာတ် ဝင်ပြီးဖြစ်သော ပဉ္စမဈာန်ကုသိုလ်ကံကြောင့် ထိုကံ၏အလိုကျအတိုင်း နာမ်တရားလုံးဝမရှိသော အသညသတ်ဘုံ၌ ဇီဝိတနဝက ကလာပ်ခေါ် ရုပ်တရားဖြင့် ပဋိသန္ဓေနေကာ အသညသတ်ဗြဟ္မာကြီးဖြစ်ရ၏။ ပဝတ္တိအ ခါ၌ ကမ္မဇရုပ်နှင့် ဥတုဖရုပ်များသာ ဆက်လက်ဖြစ်ပွားနေသည်။ ကာမဘုံ တွင် သေဆုံးခဲ့စဉ်က ဣရိယာပုတ်အတိုင်းပင် ထိုင်၍သော်လည်းကောင်း၊ ရပ်၍သော်လည်းကောင်း၊ လျောင်း၍သော်လည်းကောင်း ကမ္ဘာငါးရာ ပတ်လုံး ရွှေတုံးကြီးကဲ့သို့ တည်နေပေသည်။

စာမျက်နှာ-261


အနာဂါမ်ပုဂ္ဂိုလ်တို့၏ ပဉ္စမဈာန်ကုသိုလိကံသည် သုဒ္ဓါဝါသငါးဘုံ၌ ထိုက်သင့်သလို ပဉ္စမဈာန်ဝိပါက် ပဋိသန္ဓေဝိညာဏ်ကို ဖြစ်ပေါ် စေ၏။ ပဉ္စမ ဈာန်ရသော အနာဂါမ်ပုဂ္ဂိုလ်သည် သဒ္ဓိန္ဒြေလွန်ခဲ့လျှင် အဝိဟာဘုံ၌၊ ဝီရိ ယိန္ဒြေလွန်ကဲလျှင် အတပ္ပါဘုံ၌၊ သတိန္ဒြေလွန်ကဲလျှင် သုဒဿာဘုံ၌၊ သမာ ဓိန္ဒြေလွန်ကဲလျှင် သုဒဿီဘုံ၌၊ ပညိန္ဒြေလွန်ကဲလျှင် အကနိဋ္ဌာဘုံ၌ အသီး သီး ဖြစ်ကြရသည်။ ဒေါသစသော ကိလေသာ အညစ်အကြေးတို့ စင် ကြယ်ပြီးသော အနာဂါမ်ပုဂ္ဂိုလ်၊ အရဟတ္တမဂ်ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်တို့ နေထိုင်ရာဘုံဖြစ်၍ သုဒ္ဓါဝါသဘုံခေါ်သည် (သုဒ္ဓ=ကိလေသာ စင်ကြယ် သော ပုဂ္ဂိုလ်တို့၏+အာဝါသ=နေထိုင်ရာဘုံ)။

အဘိညာဉ်နှင့် ပဋိသန္ဓေအကျိုး

ဤပဉ္စမဈာန် ကုသိုလ်ကံအရာ၌ ရိုးရိုးပဉ္စမဈာန် ကုသိုလ်ကံသည် ဝေဟပ္ဖိုလ်ဘုံ၌ ပဉ္စမဈာန်ဝိပါက်ကို ဖြစ်ပေါ်စေ၏။ သညာဝိရာဂဓာတ် သွင်းထားသော ပဉ္စမဈာန်ကုသိုလ်ကံမှာ အသညသတ်ဘုံ၌ ရုပ်ပဋိသန္ဓေ ကျိုးကို ဖြစ်ပေါ်စေ၏။ အနာဂါမ်ပုဂ္ဂိုလ်တို့၏ ပဉ္စမဈာန်ကုသိုလ်ကံကား သုဒ္ဓါဝါသငါးဘုံ၌ ဣန္ဒြေအလိုက် ပဉ္စမဈာန်ဝိပါက် ပဋိသန္ဓေဝိညာဉ်ကို ဖြစ်ပေါ်စေသည်။

တန်ခိုးအမျိုးမျိုး ဖြစ်ပေါ်လာရအောင်ဝင်စားသော ပဉ္စမဈာန် ကုသိုလ်မှာမူ အထက်ဖော်ပြပါ ပဉ္စမဈာန်တို့ကဲ့သို့ ပဋိသန္ဓေကျိုးကို မဖြစ် ပေါ်စေနိုင်ပါချေ။ အကြောင်းကား မဟဂ္ဂုတ်ကုသိုလ်တို့သည် တူသောအာ သေဝနကို ရမှအားရှိ၍ ပဋိသန္ဓေကျိုးပေးနိုင်သည်။ အဘိညာဉ်ကုသိုလ်မှာ ထိုကဲ့သို့တူသော အာသေဝနကိုမရသောကြောင့် ပဋိသန္ဓေကျိုးမပေးနိုင် ဟု နာမရူပပရိစ္ဆေဒဋီကာ၌ ဖြေဆိုထား၏။

တူသော အာသေဝနကိုရမှု ဟူသည်ကား ဇောရာ၌ မဟဂ္ဂုတ်ဇောချင်းတူ၍ ထိုတူသောမဟဂ္ဂုတ် ဇောတို့တွင် ရှေးရှေးဇော၏ ကျေးဇူးပြုခြင်းကို ခံရမှုတည်း။ ဈာနဝီထိကို ကြည့်လျှင် ဈာန်တကြိမ်သာကျသော အာဒိကမ္မိကဝီထိ၊ အဘိညာဝီထိ တို့၌ ဈာန်ဇောသည် ဘုံအားဖြင့် မဟဂ္ဂုတ်ချင်းတူသောရှေးရှေးဇောမှ

စာမျက်နှာ-262


အာသေဝနသတ္တိဖြင့် ကျေးဇူးပြုမခံရ၊ သမာပတ်ဝင်စားသော (ဈာနသမာ ပတ္တိ) ဝီထိ၌သာ ဈာန်အကြိမ်များစွာဖြစ်၍ မဟဂ္ဂုတ်ချင်းတူသော ရှေး ရှေးဇောမှ ကျေးဇူးပြုခံရသည်။ ထို့ကြောင့် နာမရူပပရိစ္ဆေဒကျမ်းအလို အာဒိကမ္မိကဝီထိက မဟဂ္ဂုတ်ကုသိုလ်ဈာန်နှင့် အဘိညာဝီထိကပဉ္စမဈာန် တို့သည် ပဋိသန္ဓေကျိုးကို မပေးနိုင်ဟု ဆိုရန် ရှိပေသည်။

ထိုတွင် အာဒိကမ္မိက ဝီထိကဈာန်သည် တူသော မဟဂ္ဂုတ်ဇောမှ အာသေဝနကိုမရ၍ အကျိုးမပေးဟူသောစကားကို ပထမစဉ်းစားသင့်၏၊ ဈာန်မရသော (သုက္ခဝိပဿက) အနာဂါမ်ပုဂ္ဂိုလ်တို့သည် သေခါနီး လော လောဆယ်မှာ ဧကန်အမှန် ဈာန်ရကြ၏။ ထိုဈာန်ကို နောက်ထပ်လည်း ဝင်စားချိန်မရတော့ပြီ၊ ထိုသေခါနီးမှရသော အာဒိကမ္မိကဈာန်သည် ဗြဟ္မာပြည်၌ ပဋိသန္ဓေကျိုးပေးနိုင်ပုံကိုထောက်လျှင် အာဒိကမ္မိကဝီထိမှ ဈာန်သည် ပဋိသန္ဓေကျိုးပေးနိုင်ကြောင်း သိသာပေသည်။

အဘိညာဉ်ဇောများလည်း အကြိမ်များစွာ အဘိညာဝီထိများကျနေ ပါလျှင် အားမရှိဟုမဆိုနိုင်၊ အားရှိလွန်းသည့်အတွက် ချက်ချင်းလက်ငင်း တန်ခိုးအမျိုးမျိုးဖြစ်အောင် စွမ်းဆောင်နိုင်ကြသည်။ ထိုသို့အားရှိသော် လည်း မိမိတို့ကပင် ပဉ္စမဈာန်၏အကျိုးအရာမှာ တည်သောကြောင့် လည်းကောင်း၊ တန်ခိုးအမျိုးမျိုးဖြစ်ပေါ်လာခြင်းသည်ပင် အဘိညာဉ်၏ အကျိုးဖြစ်သောကြောင့် လည်းကောင်း နောက်ထပ် အကျိုးပေးခွင့်မရှိ တော့ချေ။ ထိုတန်ခိုးများ ပေါ်လာဖို့ရန် ရည်သန်အားထုတ်အပ်သော အဘိညာဉ်ဖြစ်ရကား ထိုအကျိုးများပေါ်လာသည်နှင့်တပြိုင်နက် ရည်ရွယ် ချက် ပြီးမြောက်သဖြင့် အဘိညာဉ်အင်အားလည်း ကုန်ခန်းလျော့သွား လေသည်ဟု ဆိုလိုပေသည်။

ရူပကုသိုလ်ကံများနှင့် နိကန္တိတဏှာ

“ပရိတ္တ (အညံ့စား) ဖြစ်သော ရူပါဝစရ ပထမဈာန်ကုသိုလ် ကံကြောင့် ဗြဟ္မပါရိသဇ္ဇာပထမဈာန်ဘုံ၌ ဖြစ်ရ၏”စသော ဥပဒေသကား နိကန္တိတဏှာစသည်တို့မရှိရာ ရိုးရာအားဖြင့် အကျိုးပေးရာဌာနကို ညွှန်းဆို

စာမျက်နှာ-263


သော သတ်မှတ်ချက်ဖြစ်သည်။ နိကန္တိတဏှာနှင့် စေတောပဏိဓိတို့ရှိပါလျှင် ထိုသတ်မှတ်ချက်အတိုင်းမဟုတ်ဘဲ တမျိုးပြောင်းလဲ၍ ဖြစ်တတ်သေး၏။ ထိုတွင် နိကန္တိတဏှာဆိုသည်မှာ ရှေးရှေးကအနေအထိုင်များခဲ့သော ဘုံဘဝကို နှစ်သက်တွယ်တာမှု၊ ထိုဘုံဘဝ၌ ဖြစ်ရန်တောင့်တမှု မျိုးဖြစ်သည်၊ စေတောပဏိဓိကား စိတ်၏တောင့်တမှု ဆန္ဒတည်း။ သီလ စင်ကြယ်ပါက စေတောပဏိဓိအတိုင်း ပြည့်စုံနိုင်ပုံကို “ရဟန်းတို့.... သီလရှိ သော ပုဂ္ဂိုလ်အား သီလတရား စင်ကြယ်ခြင်းကြောင့် စိတ်၏ တောင့်တ ခြင်း (စေတောပဏိဓိ)သည် ပြည့်စုံနိုင်၏”ဟု အင်္ဂုတ္တိုရ်ပါဠိတော်၌ ဟော ပေးထားပေသည်။

ဈာန်ကိုရပြီးသော ပုထုဇဉ်ပုဂ္ဂိုလ်သည် စုတေခါနီး၌ နိကန္တိတဏှာ ဖြင့် ကာမဘုံကို တွယ်တာလျှင် ဈာန်ကွယ်ပျောက်၍ နတ်ပြည်တထပ် ထပ်သို့ ရောက်ကြရာ၏။ ဈာန်ရသောတာပန်၊ သကဒါဂါမ်ပုဂ္ဂိုလ်တို့သည် ဈာန်မှမယုတ်လျှင် သုဒ္ဓါဝါသမှတစ်ပါး အခြား ဗြဟ္မာဘုံများတွင် အလိုရှိ ရာဘုံတွင် ဖြစ်နိုင်ကြ၏။ ဗြဟ္မာဘုံသို့ရောက်ပြီးသော တိဟိတ်ပုထုဇဉ် ဗြဟ္မာကြီးသည်ပင် လူ့ဘုံစသော ကာမသုဂတိဘုံများ၌ ဖြစ်လိုသော စေတောပဏိဓိရှိခဲ့လျှင် ဈာန်မှယုတ်လျော့လျက် ကာမဘုံ၌ ဖြစ်နိုင်ပေ၏။

ဤနေရာ၌ တိဿခေါ် မဟာဗြဟ္မာကြီးအကြောင်းကို သာဓက အဖြစ် ထောက်ထားနိုင်ပေသည်။ တိဿဗြဟ္မာကြီးကား ပထမဈာန် သုံးဘုံတွင် မဟာဗြဟ္မာဘုံ၌ရှိသော ဗြဟ္မာမင်းကြီးတည်း။ ထိုဘုံ၌ သက် တမ်းကုန်လုနီး၍ အထက်ဗြဟ္မာဘုံသို့ တက်ရန် ဈာန်ပွားပြီးလေပြီ။ အရှင် အာနန္ဒာ၏ တပည့်ကြီးများဖြစ်၍ ဘုရားရှင်ကို ဖူးမြင်လိုက်ကြရသော သဗ္ဗကာမီမထေရ်စသော ရဟန္တာမထေရ်ကြီးတို့သည် ဒုတိယ သံဂါယနာ တင်ပွဲအပြီးတွင် ဆင်ခြင်ကြည့်ကြရာ နောင်အနှစ် ၁၁၁-နှစ် ကြာမြင့်သည့် အခါ ဤကဲ့သို့ပင် သာသနာ့ အညစ်အကြေး ဘေးရန်များ ပေါ်လာ ပေဦးမည်ဟု မြင်၏။ ထိုအခါ သာသနာ့ အညစ်အကြေးများကို မည်သူ ဖြေရှင်းသုတ်သင်နိုင်မည်နည်းဟု ဆက်လက် ဆင်ခြင်ကြည့်ကြရာ လူ့ဘုံ

စာမျက်နှာ-264


နတ်ဘုံတို့တွင် ဖြေရှင်းပေးနိုင်စွမ်းသည့် ပုဂ္ဂိုလ်ကို မမြင်ဘဲ မဟာဗြဟ္မာ ဘုံက တိဿဗြဟ္မာကြီးသာ ဖြေရှင်းနိုင်မည်ကို မြင်တော်မူကြသတဲ့၊ ထို အခါ ရဟန္တာမထေရ်ကြီးအချို့သည် မဟာဗြဟ္မာဘုံသို့ ကြွရောက်ကာ တိဿဗြဟ္မာကြီးအား ထိုအချိန်တွင် သာသနာတော် သန့်ရှင်းရေးကို ဆောင်ရွက်ပေးရန် တောင်းပန်ကြသည်။

တိဿဗြဟ္မာကြီးလည်း တာဝန်ယူပါမည်ဟု ဝမ်းသာအားရ ကတိပြု လိုက်လေသည်။ အချိန်ရောက်သည့်အခါ ဗြဟ္မာ့ဘုံမှ စုတေ၍ မောဂ္ဂလိ ပုဏ္ဏေးမ၏ဝမ်း၌ ပဋိသန္ဓေနေလေသည်။ မွေးဖွားလာသည့်အခါတွင် တိဿ အမည်တွင်၍ နောင်သောအခါ ဘုရားသာသနာသို့ ဝင်လာပြီး အရှင်မဟာ မောဂ္ဂလိပုတ္တတိဿ မထေရ်ဖြစ်လာသည်။ သာသနာတော်တွင် ရှုပ်ထွေး နေသော သာသနာအညစ်အကြေးများကို သုတ်သင်ရှင်းလင်း၍ အကြီး အမှူး ဦးစီးခေါင်းဆောင်ပြုကာ တတိယသံဂါယနာ တင်ခဲ့ပေသည် ။

ဤတိဿဗြဟ္မာကြီးဝတ္ထု၌ တိဿဗြဟ္မာကြီးသည် အထက်ဗြဟ္မာဘုံ၌ ဖြစ်နိုင်သည့် ဈာန်သမာပတ်ရပြီးသော မဟာဗြဟ္မာမင်းကြီး ဖြစ်လျက် စေတောပဏိဓိကြောင့် ကာမဘုံ၌ ဖြစ်သည်ကို တွေ့ရ၏။ သာရတ္ထဒီပနီ ဋီကာ၌ ဤသို့ ဖြစ်ခြင်းမှာ ပုဂ္ဂိုလ်တိုင်း စေတောပဏိဓိကြောင့် မဖြစ်နိုင်၊ ပြုအပ်သော ကောင်းမှုအထူးရှိကြ၍ ဘုန်းကံကြီးမားသူများသာ စေတောပဏိဓိအစွမ်းကြောင့် ဖြစ်နိုင်ပေသည်။ ကာမဘုံ၌ ဖြစ်ခြင်းသည် ကာမာဝစရကုသိုလ်ကံ၏ အစွမ်းဖြစ်သည်။

ကာမာဝစရကုသိုလ်ကံမှာ အင်အားသေးသော လဟုကံမျိုးဖြစ်၍ အင်အားကြီးမားသော ဈာန်ကုသိုလ်ဂရုကကံ၏အကျိုးပေးမှုကို တားမြစ် နိုင်စွမ်းမရှိပါချေ။ သို့သော်လည်း “ရဟန်းတို့ ..သီလရှိသော ပုဂ္ဂိုလ်အား သီလတရား၏ စင်ကြယ်ခြင်းကြောင့် စိတ်၏တောင့်တခြင်းသည် ပြည့်စုံ၏” (ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ)ဟု ဘုရားရှင်
၁။ ပါရာဇိကကဏ္ဍအဋ္ဌကထာ၊ပ။၂၉။

စာမျက်နှာ-265


ဟောထားတော်မူသောကြောင့် ကာမဘုံ၌ ဖြစ်လိုသော စေတောပဏိဓိ တရားသည် ဈာန်ဂရုကကံ၏ အကျိုးကို တားမြစ်လိုက်သဖြင့် ကာမာဝစရကုသိုလ်ကံသည် အကျိုးပေးခွင့်ရခြင်း ဖြစ်သည်ဟု ရှင်းပြထား ပေသည်။

ရူပ အရူပဗြဟ္မာဘုံ၌ဖြစ်ကြသော သောတာပန်၊ သကဒါဂါမ်အရိယာ ပုဂ္ဂိုလ်တို့မှာ ကာမဘုံ၌ ပြန်မဖြစ်ကြတော့ဘဲ ထိုဘုံတို့၌သာ ပရိနိဗ္ဗာန်ပြု ကြ၏။ ထိုအရိယာတို့သည် ဈာန်ကြောင့် ကာမဘုံသို့ ပြန်မလာရကား ဈာနအနာဂါမ်ပုဂ္ဂိုလ်တို့မည်၏။ ရူပါဝစရသမာပတ် ၄-ပါး၊ အရူပါဝစရ သမာပတ် ၄-ပါး ပေါင်းသမာပတ် ၈-ပါးကိုရသော ပုဂ္ဂိုလ်များသည် ထိုဈာန်များအနက် မိမိအဝါးဝစွာ လေ့လာထားသည့် ဈာန်က ပဋိသန္ဓေ ကျိုးကို ပေး၏။

၄။ အရူပါဝစရကုသိုလ်ကံ

အရူပါဝစရကုသိုလ်စေတနာ ၄-ပါးသည် အရူပါဝစရကုသိုလ်ကံမည်၏။ ထိုကုသိုလ်စေတနာ ၄-ပါးသည် များသောအားဖြင့် အရူပဘုံများ၌ ဖြစ်တတ်သောကြောင့် လည်းကောင်း၊ အရူပဘုံ၌ ပဋိသန္ဓေကျိုးကို ဖြစ်ပေါ် စေတတ်သော ကြောင့်လည်းကောင်း အရူပါဝစရဟူသော နာမည်ကို ရရှိခြင်းဖြစ်သည်။ (အရူပ=အရူပ ၄-ဘုံ၌+အဝစရ=များသောအားဖြင့် ဖြစ်တတ်သော တရား)။ ထိုစေတနာများကို အပြစ်လည်းကင်း၊ ကောင်းကျိုးပေးခြင်း သဘောလည်း ရှိသောကြောင့် ကုသိုလ်ကံဟုလည်း ခေါ်သည်။

ထိုအရူပါဝစရကုသိုလ်စိတ်သည် ဥပေက္ခာ၊ ဧကဂ္ဂတာ ဟူသော ဈာန် အင်္ဂါနှစ်ပါးရှိသော ဈာန်စိတ်ဖြစ်သည်။ ကောင်းကင်ပညတ် အာရုံတို့ကို စူးစူး စိုက်စိုက် ရှုတတ်သောကြောင့်လည်းကောင်း၊ နီဝရဏ တရားတို့ကို လောင်မြိုက်တတ်သောကြောင့်လည်းကောင်း ဈာန်မည်၏။ ထိုဈာန်စိတ်နှင့်အတူဖြစ်သည့် စေတနာကို အရူပါဝစရကုသိုလ်ကံဟု
၁။ သာရတ္ထဒီပနီဋီကာ၊ပ။၁၁၄-၁၁၅။

စာမျက်နှာ-266


ခေါ်သည်။ ထိုကုသိုလ်ကံကို ပွားများအားထုတ်မှု ဘာဝနာကုသိုလ်ကြောင့် သာ ရနိုင်သည်။ စိတ်၌သာဖြစ်၍ မနောကံ ကုသိုလ်တမျိုးသာ ဖြစ်၏။ ထိုအရူပါဝစရကုသိုလ်ကံသည်...
၁။ အာကာသာနဉ္စာယတနကုသိုလ်ကံ၊
၂။ ဝိညာဏဉ္စာယတနကုသိုလ်ကံ၊
၃။ အာကိဉ္စညာယတနကုသိုလ်ကံ၊
၄။ နေဝသညာနာသညာယတနကုသိုလ်ကံ-

ဟူ၍ လေးမျိုးရှိသည်။

ရူပဈာန်၌ အောက် အောက်ဈာန်၏ အင်္ဂါကို ပယ်ခါနိုင်မှ အထက်အထက်ဈာန်များ ဖြစ်နိုင် ကြသည်။ ထို့ကြောင့် ရူပဈာန်များကို အင်္ဂါ တိက္ကမဈာန်ဟုခေါ်သည်၊ (အင်္ဂ=ဈာန်အင်္ဂါကို+တိက္ကမ=လွန်မြောက် သောဈာန်)။ အရူပဈာန်မှာမူကား ဥပေက္ခာ၊ ဧကဂ္ဂတာဟု ဈာန်အင်္ဂါ ၂-ပါးစီ အညီအမျှရှိသောကြောင့် ဈာန်အင်္ဂါကို လွန်ဖွယ်မလို။ အောက် အောက်ဈာန်၏ အာရုံကို လွန်မြောက်နိုင်မှ အထက်အထက်ဈာန်များ ဖြစ်ပေါ်လာကြသည်။ ထို့ကြောင့် အရူပဈာန်ကို အာလမ္ဗနာတိက္ကမဈာန် ဟုခေါ်သည်။

အရူပဈာန်အားထုတ်ရာ၌ ရည်မှန်းချက်များ

ထိုအရူပါဝစရဈာန်ကို သာသနာပ အခါ၌သာ ကြိုးစားအားထုတ်ကြသည်မဟုတ်၊ သာသနာတော်တွင်း၌လည်း အား ထုတ်ကြသည်။ သို့ရာတွင် အားထုတ်သူတို့ ရည်ရွယ်ချက်ခြင်း မတူ ကြချေ။ သာသနာပအခါ၌ ရသေ့ ပရိဗိုဇ်တို့သည် ရုပ်တရား၌ အပြစ်မြင် ၍ ရုပ်တရား၏ နယ်နိမိတ်ကို လွန်မြောက်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် အားထုတ်ကြ၏။ ရုပ်တရားတို့မည်သည် အလွန်ရုန့်ရင်း၏၊ အလွန်ရုန့်ရင်း

စာမျက်နှာ-267


သော ကိလေသာတို့၏ အာရုံလည်းဖြစ်၏၊ ရုပ်ကြီးကို ထိန်းသိမ်းမွေးမြူ ရသည့် ကိစ္စကား အလွန်ကြီးလေး၏၊ အတွင်းဘေးရန် အပြင်ဘေးရန် တို့ ဝိုင်းရံလျက်ရှိ၏။ အပါယ်ဘေးနှင့် အလွန်နီး၏၊ ရုပ်တရားသည် အနှစ်မရှိ၊ အရှည်အကြာမခိုင်၊ ယိုယွင်းလွယ်၏၊ ရူပါဝစရဈာန်သည် ရုပ်နိမိတ်၌ တွယ်တာသောဈာန်ဖြစ်၍ အနှစ်မရှိ၊ ရုပ်၌သာယာသည့် နိကန္တိတဏှာတည်းဟူသော သံကြိုးအနှောင်အဖွဲ့ရှိနေသည်ဖြစ်၍ ရုပ်နိမိတ် ကို လွန်မြောက်နိုင်သော အစွမ်းသတ္တိမရှိ၊ ထိုကြောင့် ရုပ်နိမိတ်နှင့် မစပ် မရှက်သော ကောင်းကင်နိမိတ်ဖြစ်သောဈာန်ကို ရှာလိုကြခြင်းဖြစ်သည်။

သာသနာတော်တွင်း၌ ဘုရားတပည့်သား ရဟန်းတော်များမှာမူကား အရူပဈာန်များသည် အထူးသိမ်မွေ့၏၊ သမာဓိအားရှိ၍ အထူးအား ကောင်းရကား ဝိပဿနာ၏ အခြေပါဒကနှင့် အဘိညာဉ်၏အခြေပါဒက ပြုရန် အလွန်ကောင်း၏၊ ရံဖန်ရံခါ ဝင်စားနေရန်လည်း အလွန်သင့်လျော် သည့် ဈာန်မျိုးဖြစ်သည်ဟု ထင်မြင်ယူဆကြသည်။ ထိုယူဆချက်အတိုင်း ဝိပဿနာနှင့် အဘိညာဉ်တို့အတွက် အခြေပါဒကပြုရန် ရည်ရွယ်၍ အရူပဈာန်ကို ကြိုးစားအားထုတ်ကြခြင်း ဖြစ်သည်။

အရူပဈာန်များရအောင် အားထုတ်နည်းများ

ပထမ အရူပကုသိုလ်ဈာန်များကို အလိုရှိ သော ရူပါဝစရဈာနလာဘီပုဂ္ဂိုလ်သည် ရှေးဦးစွာ “ဟိရူပံ၊ ဟိရူပံ” (ရုပ်ကြီးသည် စက်ဆုပ်ရွံရှာဖွယ် ကောင်းပေစွ၊ ရုပ်ကြီးသည် စက်ဆုပ်ရွံရှာဖွယ်ကောင်း ပေစွ)ဟု စီးဖြန်းရ၏။ ရရှိထားသော ပဉ္စမဈာန်ကိုလည်း စတုတ္ထဈာန်၌ ပါရှိသော သုခနှင့် နီးကပ်နေသဖြင့်လည်း မငြိမ်သက်ဟု ထင်၏။ အထက် အရူပဈာန်ကို ထောက်လျှင် ရုန့်ရင်းကြမ်းတမ်းသေး၏ဟု အပြစ်မြင်၏။ ထို့ကြောင့် ရူပါဝစရပဉ္စမဈာန်၌ တပ်နှစ်သက်ခြင်းကိုစွန့်၍ အာကာသ ကသိုဏ်းမှတပါး ကျန်ကသိုဏ်း ၉-ပါးတို့တွင် ပထဝီကသိုဏ်းစသော တစ်ပါး ပါးကို အလိုရှိသော အရပ်ပိုင်းခြားပြီး “ပထဝီ၊ ပထဝီ” စသည်ဖြင့် စီးဖြန်းရ၏။ ထိုစီးဖြန်းသောဘာဝနာအဟုန်ကြောင့် ကြည့်ရှုတိုင်း ကြည့်

စာမျက်နှာ-268


ရှုတိုင်းသော အရပ်မျက်နှာ ကောင်းကင်အားလုံးသည် ပထဝီကသိုဏ်း ဝန်းသာ ထင်၏၊ နေ၊ လ၊ နက္ခတ်၊ တာရာ၊ တော၊ တောင်၊ သစ်ပင် စသော တစ်စုံတစ်ခုကိုမျှ မမြင်တော့ချေ။ ထိုသို့ ပထဝီနိမိတ်ထင်လာသော အခါမှ မိမိထင်လာသော ပထဝီကသိုဏ်းဝန်းနိမိတ်ကိုခွာရ၏။ နိမိတ်ခွာ ခြင်းဆိုသည်မှာ မိမိရသော ကသိုဏ်းဝန်းနိမိတ်ကို နှလုံးမသွင်းဘဲနေခြင်း ပင် ဖြစ်သည်။

ဤသို့ ထင်နေသော ကသိုဏ်းဝန်းကို အာရုံမပြု၊ နှလုံးမသွင်းတော့ဘဲ ကသိုဏ်းဝန်းပျံ့နှံ့ရာအရပ်ကို “အာကာသော အနန္တော၊ အာကာသော အနန္တော” (ကောင်းကင်သည် အဆုံးအပိုင်းအခြားမရှိ)ဟု ကောင်းကင် ကိုသာ စိတ်ဖြင့် နှလုံးသွင်း ဆင်ခြင်ပွားများရ၏။ ထိုပွားများမှုကို ပရိ ကမ်ပြုသည်ဟု ခေါ်သည်။ ဤသို့ ပရိကမ်ပြုဖန်များလျှင် ထမင်းအိုးဝတွင် ဖုံးထားသော အဝတ်ကို ဖွင့်လှစ်လိုက်သည့်အခါ အဝတ်ကွယ်ပျောက်၍ မျက်နှာဝဟင်းလင်း ပေါ်ပေါက်လာသကဲ့သို့ ကသိုဏ်းဝန်းကွယ်ပျောက် ၍ ကသိုဏ်းဝန်းပျံ့နှံ့ရာအရပ်အားလုံး၌ ကောင်းကင်ဟင်းလင်းဖြစ်၍ ထင်လာသည်။ ဤသို့ မူလကသိုဏ်းကို နှလုံးမသွင်းဘဲ ခွာ၍ရအပ်သော ထမင်းအိုးဝကဲ့သို့ ဟင်းလင်းပွင့်ထင်လာသည့် ကောင်းကင်နိမိတ်ကို အာရုံ ပြု၍ “အာကာသော အနန္တော၊ အာကာသော အနန္တော”ဟု အဖန်ဖန် အထပ်ထပ် ကြိမ်ဖန်များစွာ ပွားများရာ၏။

ထိုသို့ စီးဖြန်းပွားများရာ၌ ရူပပဉ္စမဈာန်အပေါ်၌ နှစ်သက်တွယ်တာ မှု နိကန္တိတဏှာမကွာမီအတွင်း၌ဖြစ်သော မဟာကုသိုလ်သည် ပရိကမ္မ ဘာဝနာ အဆင့်ဖြစ်သည်။ ထိုနိကန္တိတဏှာကွာသည်မှစ၍ ဂေါတြဘူစိတ် ဖြစ်သည့်အထိ ဥပစာရဘာဝနာ အဆင့်တည်း။ ဤဥပစာရဘာဝနာ အစွမ်းဖြင့် နေ့ညမပြတ် ပွားများအားထုတ်သည့်အခါ ပရိကံ၊ ဥပစာရ၊ အနုလုံ၊ ဂေါတြဘူ ဟူသော ကာမကုသိုလ်ဇော လေးကြိမ်စောပြီးနောက် ပထမာရုပ္ပဝိညာဏ်ခေါ်သော အာကာသာနဉ္စာယတနကုသိုလ်ဈာန်စိတ် ဖြစ်ပေါ်လာလေတော့၏။

စာမျက်နှာ-269


ဝိညာဏဉ္စာယတနဈာန်ကိုအလိုရှိသော ဈာနလာဘီယောဂီပုဂ္ဂိုလ်သည် အာကာသာနဉ္စာယတနဈာန်ကို အဖန်ဖန်ဝင်စား၍ အသားကျသည့်အခါ အာကာသာနဉ္စာယတနဈာန်မှအထတွင် “ငါရပြီးသော အာကာသာနဉ္စာယတနဈာန်သည် ရူပပဉ္စမဈာန်တည်းဟူသော ရန်သူနှင့်နီးလှ၏၊ အဖန်ဖန် မလေ့လာပဲ အမှတ်တမဲ့နေလျှင် ရူပပဉ္စမဈာန်သို့ လျောကျဖွယ်ရှိသည်။ ဒုတိယာရုပ္ပခေါ် ဝိညာဏဉ္စာယတနဈာန်လောက်လည်း မငြိမ်သက်” အပြစ်ရှုပြီးလျှင် ကောင်းကင်ပညတ်ကို အာရုံမပြုတော့ပဲ လွန်မြောက်၍ ပထမာရုပ္ပဝိညာဏ်ကို အာရုံပြုကာ “အနန္တဝိညာဏံ” ဟု အဖန်ဖန်ပွားများလတ်သော် ထိုအာရုံ၌ စွဲမြဲလျက် ပထမာရုပ္ပဝိညာဏ်၌ နိကန္တိတဏှာ ကင်းကွာသည့်အခါ ဥပစာရဘာဝနာသို့ရောက်၏။ ထို့နောက် ဆက်လက် အားထုတ်လျှင် ဒုတိယရုပ္ပဝိညာဏ်ခေါ်သော ဝိညာဏဉ္စာယတနကုသိုလ်ဈာန် ဖြစ်ပေါ်လာပေသည်။

အာကိဉ္စညာယတနဈာန်ကို အလိုရှိသော ဈာနလာဘီယောဂီပုဂ္ဂိုလ်သည် မိမိရထားသော ဝိညာဏဉ္စာယတနဈာန်ကို အဖန်ဖန်ဝင်စား၍ အသားကျသည့်အခါ ဝိညာဏဉ္စာယတနဈာန်မှ အထတွင် “ငါရအပ်ပြီးသော ဝိညာဏဉ္စာယတနဈာန်သည် အာကာသာနဉ္စာယတနဈာန်တည်းဟူသော ရန်သူနှင့်နီး၏၊ တတိယာရုပ္ပဈာန်လောက်လည်း မငြိမ်သက်” အပြစ်ရှုပြီးလျှင် ပထမာရုပ္ပဝိညာဏ်တည်းဟူသော အာရုံကိုလွှတ်၍ ပထမာရုပ္ပဝိညာဏ်၏ မရှိခြင်းတည်းဟူသော နတ္ထိဘောပညတ်အာရုံကို မှန်းလျက် “နတ္ထိ ကိဉ္စိ၊ နတ္ထိကိဉ္စိ” (စိုးစဉ်း အနည်းငယ်မျှမရှိတော့ပြီ) ဟု စီးဖြန်း၏၊ စီးဖြန်းပါများလတ်သော် ထိုအာရုံ၌စွဲမြဲလျက် ဒုတိယာရုပ္ပဝိညာဏ်၌ နိကန္တိတဏှာကင်းကွာသည့်အခါ ဥပစာရဘာဝနာသို့ရောက်၏၊ ထို့နောက် ဆက်လက်အားထုတ်လျှင် တတိယာရုပ္ပဝိညာဏ်ခေါ်သော အာကိဉ္စညာယတနကုသိုလ်ဈာန် ဖြစ်ပေါ်လာပေသည်။

နေဝသညာနာသညာယတနဈာန်ကို အလိုရှိသော ဈာနလာဘီယောဂီပုဂ္ဂိုလ်သည် ရှေးနည်းအတိုင်း မိမိရပြီးသော တတိယာရုပ္ပဈာန်ကို လေ့လာ၍ အသားကျသည့်အခါ ဈာန်မှအထတွင် “ငါရထားသော”

စာမျက်နှာ-270


အာကိဉ္စညာယတနဈာန်သည် ဝိညာဏဉ္စာယတနဈာန်တည်းဟူသော ရန်သူနှင့်နီးကပ်လှ၏၊ စတုတ္ထာရုပ္ပခေါ် နေဝသညာနာသညာယတနဈာန်လောက်လည်း မငြိမ်သက်၊ သညာသည် အိုင်းအမာ ဆူးငြောင့်နှင့်တူ၏၊ နေဝသညာနာသညာယတနသမာပတ်ကား မွန်မြတ်လှပေ၏ဟု အာကိဉ္စညာယတနဈာန်ကို အပြစ်ရှုလျက် နေဝသညာနာသညာယတနဈာန်ကို မွန်မြတ်သည်ဟုယူဆပြီး နတ္ထိဘောပညတ်အာရုံကို စွန့်လွှတ်လွန်မြောက်၍ တတိယာရုပ္ပဈာန်ကို အာရုံပြုကာ “သန္တမေတံ၊ ပဏီတမေတံ” (ဤတတိယာရုပ္ပဈာန်သည် မရှိခြင်းကိုပင် အာရုံပြုနိုင်သည့်အတွက် ငြိမ်သက်ပါပေစွ၊ မွန်မြတ်ပါပေစွ) ဟု အဖန်ဖန်ပွားများရသည်၊ ပွားများဖန်များ၍ ဝိညာဏဉ္စာယတနဈာန်၌ နိကန္တိတဏှာကင်းကွာသည့်အခါ ဥပစာရဘာဝနာသို့ ရောက်၏၊ ထို့နောက် ဆက်လက်အားထုတ်လျှင် စတုတ္ထာရုပ္ပခေါ် နေဝသညာနာသညာယတနကုသိုလ်ဈာန် ဖြစ်ပေါ်လာလေသည်။

အရူပကုသိုလ်ကံများအကျိုးပေးပုံ

ထိုအရူပကုသိုလ်ဈာန် လေးပါး၌ရှိသောစေတနာ (၄) ပါးကို အရူပကုသိုလ်ကံဟုခေါ်သည်၊ ထိုတွင် အာကာသာနဉ္စာယတနကုသိုလ်ကံစေတနာကြောင့် အာကာသာနဉ္စာယတနဘုံ၌ အာကာသာနဉ္စာယတနဝိပါက်စိတ် စေတသိက် ၃၀-ဟူသော နာမ်တရားများဖြင့် ပဋိသန္ဓေနေကာ အာကာသာနဉ္စာယတန အရူပဗြဟ္မာကြီး ဖြစ်လာပြီး မဟာကပ်ပေါင်း နှစ်သောင်းအသက် ရှည်ကြ၏။

ထို့အတူ ဝိညာဏဉ္စာယတနကုသိုလ်ကံစေတနာကြောင့် ဝိညာဏဉ္စာယတနဘုံ၌ ဝိညာဏဉ္စာယတနဝိပါက်စိတ်၊ စေတသိက် ၃၀-ဟူသော နာမ်တရားများဖြင့် ပဋိသန္ဓေနေကာ ဝိညာဏဉ္စာယတနအရူပဗြဟ္မာကြီး ဖြစ်လာပြီး မဟာကပ်ပေါင်း လေးသောင်းအသက်ရှည်ကြ၏၊ အာကိဉ္စညာယတနကုသိုလ်ကံစေတနာကြောင့် အာကိဉ္စညာယတနဘုံ၌ အာကိဉ္စညာယတနဝိပါက်စိတ်၊ စေတသိက် ၃၀-ဟူသော နာမ်တရားများဖြင့်

စာမျက်နှာ-271


ပဋိသန္ဓေနေကာ အာကိဉ္စညာယတန အရူပဗြဟ္မာကြီးဖြစ်လာပြီး မဟာကပ်ပေါင်း ခြောက်သောင်း အသက်ရှည်ကြ၏၊ နေဝသညာနာသညာယတနကုသိုလ်ကံစေတနာကြောင့် နေဝသညာနာသညာယတနဘုံ၌ နေဝသညာနာသညာယတနဝိပါက်စိတ် စေတသိက် ၃၀-ဟူသော နာမ်တရားတို့ဖြင့် ပဋိသန္ဓေနေကာ နေဝသညာနာသညာယတန အရူပဗြဟ္မာကြီး ဖြစ်လာပြီး မဟာကပ်ပေါင်း ရှစ်သောင်း အသက်ရှည်လေသည်။

ပြုလုပ်ပုံအားဖြင့် စေတနာ ၄-မျိုး

တနည်းအားဖြင့် စေတနာမည်သော ကံတရားသည် ပြုလုပ်ပုံအကျိုးပေးပုံကို အစွဲပြု၍-
၁။ ကဏှကဏှဝိပါကကံ၊
၂။ သုက္ကသုက္ကဝိပါကကံ၊
၃။ ကဏှသုက္ကကဏှသုက္ကဝိပါကကံ၊
၄။ အကဏှအသုက္ကအကဏှအသုက္ကဝိပါကကံ-
ဟူ၍ လေးမျိုးရှိပါသည်။

၁။ ကဏှကဏှဝိပါကကံ

ထိုတွင် ပြုလုပ်စဉ်က မည်း၍ မည်းသော အကျိုးရှိသော အမည်းကံ၊ အမှောင်ကံကို ကဏှကဏှဝိပါကကံခေါ်သည် (ကဏှ = ပြုလုပ်စဉ်က မည်း၍ + ကဏှဝိပါက = မည်းသော အကျိုးရှိသောကံ)။ မည်းသောကံဆိုသည်မှာ ကမ္မပထမြောက်သော အကုသိုလ်ကံမျိုးဖြစ်၏။ ထိုကံကြောင့် အပါယ်လေးဘုံတို့၌ ဖြစ်ရခြင်း၊ လူ့ဘုံ၌ လူသတ္တဝါများ ဖြစ်လာရသော်ငြားလည်း ရုပ်ဆင်းအင်္ဂါ မလှမပခြင်း၊ ကိုယ်အင်္ဂါချို့တဲ့ခြင်း၊ ဘုန်းကံနည်းပါး ဆင်းရဲနွမ်းပါးခြင်း စသည်တို့ကား မည်းသောအကျိုးများဖြစ်ပါသည်။

၂။ သုက္ကသုက္ကဝိပါကကံ

ပြုလုပ်စဉ်က ဖြူစင်၍ ဖြူစင်သော အကျိုးရှိသော အဖြူကံ အလင်းကံကို သုက္ကသုက္ကဝိပါကကံဟု ခေါ်သည်။ (သုက္က = ပြုလုပ်စဉ်က ဖြူစင်၍ + သုက္ကဝိပါက = ဖြူစင်သောအကျိုးရှိသည့်ကံ)။

စာမျက်နှာ-272


အဖြူကံဟူသည် ကမ္မပထမြောက်သော ကုသိုလ်ကံများဖြစ်သည်။ ထိုဖြူသောကံကြောင့် နတ်ပြည်စသော သုဂတိဘုံတို့၌ဖြစ်ရခြင်း၊ လူ့ဘဝ၌ ဥပဓိသမ္ပတ္တိ ဘောဂသမ္ပတ္တိတို့နှင့် ပြည့်စုံ၍ ဘုန်းကံကြီးမားခြင်းစသည်တို့ကား ဖြူသောအကျိုးများဖြစ်ပေသည်။

၃။ ကဏှသုက္ကကဏှသုက္ကဝိပါကကံ

ပြုလုပ်အားထုတ်စဉ်၌ အမည်းအဖြူရော၍ အမည်းအဖြူရောသော အကျိုးရှိသည့် အမည်းအဖြူကံ၊ အမှောင်အလင်းကံကို ကဏှသုက္ကကဏှသုက္ကဝိပါကကံဟု ခေါ်သည် (ကဏှသုက္က = အမည်းအဖြူရော၍ + ကဏှသုက္ကဝိပါက = အမည်းအဖြူရောသော အကျိုးရှိသည့်ကံ)။ အမည်းအဖြူကံကား ကုသိုလ် အကုသိုလ်နှစ်မျိုး ရောနှောပြုသော မိဿကံမျိုးတည်း။ ထိုကံကြောင့် ဖြစ်ပေါ်လာသည့် ဆင်းရဲချမ်းသာ နှစ်မျိုးကို အမည်းအဖြူရောသောအကျိုးဟုခေါ်၏။ ဥပမာ- အကုသိုလ်ကံကြောင့် တိရစ္ဆာန်ဘုံတွင် မင်္ဂလာဆင်မျိုး၌ဖြစ်၍ ကုသိုလ်ကံကြောင့် ပဝတ္တိအခါ ချမ်းသာကို ခံစားရခြင်းမျိုးကိုလည်းကောင်း၊ ကုသိုလ်ကံကြောင့် မင်းမျိုး၌ ဖြစ်ရသော်လည်း အကုသိုလ်ကံကြောင့် ပဝတ္တိအခါ၌ ဆင်းရဲကို ခံစားရခြင်းမျိုးကိုလည်းကောင်း အမည်းအဖြူရောသော အကျိုးဟု ဆိုသည်။

၄။ အကဏှအသုက္ကအကဏှအသုက္ကဝိပါကကံ

ပြုလုပ်အားထုတ်စဉ်၌ အမည်းအဖြူမှလွတ်၍ မမည်းမဖြူ အကျိုးရှိသည့် မမည်းမဖြူသောကံ၊ မမှောင်မလင်းသော ကံကို အကဏှအသုက္ကအကဏှအသုက္ကဝိပါကကံဟု ခေါ်သည် (အကဏှအသုက္က = ပြုလုပ်စဉ်အမည်းအဖြူလွတ်၍ + အကဏှအသုက္ကဝိပါက = မမည်းမဖြူ အကျိုးရှိသောကံ)။ မမည်းမဖြူသောကံ ဆိုသည်မှာ ကံကုန်ခြင်းကို ပြုတတ်သည့် မဂ်ဉာဏ်လေးပါးဖြစ်သည်။ ထိုမဂ်ဉာဏ်လေးပါးသည် မည်းသော အကျိုးကိုလည်းမပေး၊ ဖြူသောအကျိုးကိုလည်း မပေးပဲ အလွန်ဖြူစင်သည့် ဖိုလ်လေးပါးတည်းဟူသော အကျိုးကို ဖြစ်ပေါ်စေပါသည်။

စာမျက်နှာ-273


၃။ ကာလသမ္ပတ္တိပဋိဗဒ္ဓအကုသိုလ်ကံ

ခေတ်ကောင်း အခါကောင်းဟူသော ကာလသမ္ပတ္တိ တားမြစ်ချက်ကြောင့် အကျိုးမပေးနိုင်သည့် အကုသိုလ်ကံများသည် ကာလသမ္ပတ္တိပဋိဗဒ္ဓ အကုသိုလ်ကံဖြစ်၏၊ မှန်၏ လူတစ်ဦးတစ်ယောက်၌ များစွာသော အကုသိုလ်ကံတို့ ရှိကြ၏။ ထိုအကုသိုလ်ကံများသည် ခေတ်ဆိုးကာလဆိုးဟူသော ကာလဝိပတ္တိနှင့်ကြုံမှသာ အကျိုးပေးနိုင်ခွင့် ရှိလေသည်။ သို့သော်ထိုသူမှာ ကုသိုလ်ကံကြောင့် ခေတ်ကောင်း ကာလကောင်းဟူသော ကာလသမ္ပတ္တိ၌ ဖြစ်၏။ ထို့ကြောင့် ကုသိုလ်ကံများသာ အကျိုးပေးခွင့်ရ၍ ထိုအကုသိုလ်ကံများမှာ အကျိုးပေးခွင့် မရချေ။ ဤကား ကာလသမ္ပတ္တိတားမြစ်ချက်ကြောင့် အကုသိုလ်ကံများ အကျိုးပေးခွင့် မရခြင်းပင် ဖြစ်သည်။

၄။ ပယောဂသမ္ပတ္တိပဋိဗဒ္ဓအကုသိုလ်ကံ

မှန်ကန်သော အားထုတ်မှု လုံ့လနှင့်ပြည့်စုံခြင်း ပယောဂသမ္ပတ္တိ၏ တားမြစ်ချက်ကြောင့် အကျိုးပေးခွင့်မရသည့် အကုသိုလ်ကံများကို ပယောဂသမ္ပတ္တိပဋိဗဒ္ဓ အကုသိုလ်ကံဟု ခေါ်သည်။ ချဲ့ဦးအံ့- တစ်စုံတစ်ယောက်သောသူ၌ များစွာသော အကုသိုလ်ကံများရှိရာ လုံ့လကြိုးကုတ် အားထုတ်မှုမရှိ ပယောဂဝိပတ္တိဖြစ်ပါမှ ထိုအကုသိုလ်ကံများ အကျိုးပေးနိုင်သည်။ သို့ရာတွင် ထိုသူသည် ကုသိုလ်ကံကြောင့် မှန်သော အားထုတ်လုံ့လဝီရိယနှင့် ပြည့်စုံလျက်ရှိရာ ထိုအကုသိုလ်ကံများ အကျိုးပေးခွင့်မရ၊ ကုသိုလ်ကံများသာ အကျိုးပေးခွင့်ရလျက် ရှိလေသည်။ ဤကား ပယောဂသမ္ပတ္တိ တားမြစ်ချက်ကြောင့် အကုသိုလ်ကံများ အကျိုးပေးခွင့်မရခြင်းပင် ဖြစ်သည်။

၅။ ဂတိဝိပတ္တိအကုသိုလ်ကံ

အပါယ်လေးဘုံ၌ ဖြစ်ခြင်းဟူသော ဂတိဝိပတ္တိ အခွင့်ကောင်းကိုရ၍ အကျိုးပေးသော အကုသိုလ်ကံကို ဂတိဝိပတ္တိအကုသိုလ်ကံဟု ခေါ်၏၊ မှန်၏၊

၁၊ အဘိ၊ဋ္ဌ၊၂၊၄၂၂။

စာမျက်နှာ-274


တစ်စုံတစ်ယောက်သောသူ၌ များစွာသော အကုသိုလ်ကံများရှိရာ ထိုအကုသိုလ်ကံများသည် လူ့ဘုံ နတ်ဘုံတို့၌ ဖြစ်ခြင်းဟူသော ဂတိသမ္ပတ္တိနှင့် ကြုံခဲ့လျှင် အကျိုးပေးနိုင်ခွင့် မရချေ။ သို့သော် ထိုသူသည် အကုသိုလ်ကံကြောင့် အပါယ်ဘုံ၌ဖြစ်လာရာ ဂတိဝိပတ္တိနှင့်ကြုံသဖြင့် ထိုအကုသိုလ်ကံများ အကျိုးပေးခွင့် ရလေသည်။ ဤသည်မှာ ဂတိသမ္ပတ္တိ တားမြစ်ချက်ကြောင့် အကျိုးမပေးစွမ်းနိုင်သော အကုသိုလ်ကံတို့ ဂတိဝိပတ္တိကြောင့် အကျိုးပေးခွင့်ရလာခြင်း ဖြစ်သည်။

၆။ ဥပဓိဝိပတ္တိအကုသိုလ်ကံ

ဥပဓိရုပ်လက္ခဏာ ကိုယ်အင်္ဂါချို့တဲ့မှုကြောင့် အကျိုးပေးသော အကုသိုလ်ကံကို ဥပဓိဝိပတ္တိ အကုသိုလ်ကံဟုခေါ်၏။ ထင်ရှားစေဦးအံ့-တစ်ယောက်သောသူ၌ အကုသိုလ်ကံတို့ များစွာရှိ၏။ ထိုအကုသိုလ်ကံများသည် ရုပ်ဆင်းအင်္ဂါ ကြန်အင်လက္ခဏာနှင့် ပြည့်စုံခြင်း ဥပဓိသမ္ပတ္တိဖြစ်လျှင် အကျိုးပေးခွင့်မရချေ။ သို့ရာတွင် ထိုသူသည် တစ်ခုသော အကုသိုလ်ကံကြောင့် ဥပဓိရုပ်လက္ခဏာ ချို့တဲ့လာခဲ့ရာ ထိုအကုသိုလ်ကံများ အကျိုးပေးခွင့် ရလာကြသည်။ ဥပမာ မြတ်သောအမျိုး၌ ဖြစ်သော်လည်း ဥပဓိရုပ်လက္ခဏာ ချို့တဲ့ရှာသောကြောင့် အခွန်တောင်းလာသူ မင်းမှုထမ်းက အိမ်ကျွန်မဟု မှတ်ထင်ကာ ပြက်ရယ်ပြုခြင်းခံရသော ကောတလဝါပီ ရွာနေ သူဌေးကြီး၏ အိမ်ရှင်မကဲ့သို့တည်း။ ဤကား ဥပဓိသမ္ပတ္တိ တားမြစ်ချက်ကြောင့် အကျိုးပေးနိုင်ခွင့် မရှိသော အကုသိုလ်ကံများ ဥပဓိဝိပတ္တိကြောင့် အကျိုးပေးခွင့် ရလာခြင်းဖြစ်သည်။

၇။ ကာလဝိပတ္တိအကုသိုလ်ကံ

ခေတ်ပျက် ကာလပျက် ခေတ်ဆိုး ကာလဆိုးနှင့် ကြုံကြိုက်၍ အကျိုးပေးခွင့်ရသော အကုသိုလ်ကံကို ကာလဝိပတ္တိ အကုသိုလ်ကံဟု ခေါ်၏။ မှန်၏။ တစ်စုံတစ်ယောက်သောသူ၌ များစွာသော အကုသိုလ်ကံများရှိရာ
၁။ အဘိ၊ဋ္ဌ၊၂၊၄၂၂။ ၂။ အဘိ၊ဋ္ဌ၊၂၊၄၂၃။

စာမျက်နှာ-275


ထိုအကုသိုလ်ကံများသည် ခေတ်ကောင်း ကာလကောင်းဖြစ်လျှင် အကျိုးပေးနိုင်ခွင့် မရှိချေ။ သို့သော် ထိုသူမှာ တစ်ခုသော အကုသိုလ်ကံကြောင့် ခေတ်ဆိုး ကာလဆိုးဟူသော ကာလဝိပတ္တိအချိန်၌ လာကြုံကြိုက်လေရာ အကုသိုလ်ကံများ အကျိုးပေးခွင့်ရလာသည်။ ဤကား ခေတ်ကောင်း အချိန်ကောင်းဟူသော ကာလသမ္ပတ္တိ တားမြစ်ချက်ကြောင့် အကျိုးမပေးစွမ်းနိုင်သော အကုသိုလ်ကံများသည် ခေတ်ပျက် ကာလပျက် ဟူသော ကာလဝိပတ္တိကြောင့် အကျိုးပေးခွင့်ရခြင်း ဖြစ်ပေသည်။

၈။ ပယောဂဝိပတ္တိအကုသိုလ်ကံ

မမှန်ကန်သော ကြိုးစားအားထုတ်မှု (ဝါ) လုံးဝမကြိုးစား မအားထုတ်မှုဟူသော ပယောဂဝိပတ္တိကြောင့် အကျိုးပေးခွင့်ရသော အကုသိုလ်ကံမျိုးကို ပယောဂဝိပတ္တိ အကုသိုလ်ကံဟု ခေါ်သည်။ ချဲ့ဦးအံ့-ထိုအကုသိုလ်ကံများသည် မှန်ကန်သော ကြိုးစားအားထုတ်မှုဟူသော ပယောဂသမ္ပတ္တိရှိခဲ့လျှင် အကျိုးပေးနိုင်ခွင့် မရနိုင်ချေ။ သို့သော် ထိုသူ၌ မှားယွင်းသော အားထုတ်မှုဟူသော ပယောဂဝိပတ္တိ၌တည်လျက် များစွာသော သူ့အသက် သတ်မှု၊ သူ့ဥစ္စာခိုးမှုစသည့် အကုသိုလ်ကံများကို ကြိုးစားအားထုတ်၏။ ထိုသူ့ကို ဥစ္စာနှင့်တကွ ဖမ်း၍ မင်းထံပို့ကြ၏။ မင်းက ညှဉ်းဆဲမှုအမျိုးမျိုးကိုပြု၍ သတ်စေ၏။ ဤကား ပယောဂသမ္ပတ္တိ တားမြစ်ချက်ကြောင့် အကျိုးမပေးစွမ်းနိုင်သော အကုသိုလ်ကံများသည် ပယောဂဝိပတ္တိကြောင့် အကျိုးပေးခွင့် ရလာခြင်းပင် ဖြစ်သည်။

ကုသိုလ်ကံ (၈) မျိုးကား

၁။ ဂတိဝိပတ္တိပဋိဗဒ္ဓကုသိုလ်ကံ၊
၂။ ဥပဓိဝိပတ္တိပဋိဗဒ္ဓကုသိုလ်ကံ၊
၃။ ကာလဝိပတ္တိပဋိဗဒ္ဓကုသိုလ်ကံ၊
၄။ ပယောဂဝိပတ္တိပဋိဗဒ္ဓကုသိုလ်ကံ၊
၅။ ဂတိသမ္ပတ္တိကုသိုလ်ကံ၊
၆။ ဥပဓိသမ္ပတ္တိကုသိုလ်ကံ၊
၇။ ကာလသမ္ပတ္တိကုသိုလ်ကံ၊
၈။ ပယောဂသမ္ပတ္တိကုသိုလ်ကံ- တို့ဖြစ်သည်”။
၁။ အဘိ၊ဋ္ဌ၊၂၊၄၂၃။ ၂။ အံ၊ဋ္ဌ၊၂၊၁၁၂။

စာမျက်နှာ-276


၁။ ဂတိဝိပတ္တိပဋိဗဒ္ဓကုသိုလ်ကံ

ထိုတွင် ဂတိဝိပတ္တိပဋိဗဒ္ဓကုသိုလ်ကံဆိုသည်မှာ အပါယ်ဘုံတို့၌ဖြစ်ခြင်းဟူသော ဂတိဝိပတ္တိ၏တားမြစ်ချက်ကြောင့် ကောင်းကျိုးပေးခွင့်မရသောကုသိုလ်ကံမျိုးဖြစ်ပါသည်။ မှန်၏... တစ်စုံတစ်ယောက်သောသူ၌ များစွာသော ကုသိုလ်ကံတို့ရှိကြ၏။ ထိုကုသိုလ်ကံများသည် လူ့ဘုံနတ်ဘုံတို့၌ ဖြစ်မှုဟူသော ဂတိသမ္ပတ္တိရှိခဲ့ပါလျှင် အကျိုးပေးနိုင်ကြသည်။ သို့သော် ထိုသူသည် တစ်စုံတစ်ခုသော အကုသိုလ်ကံကြောင့် ငရဲ အသူရကာယ်ဟူသော ဂတိဝိပတ္တိ၌ဖြစ်၏။ ထို့ကြောင့်ကုသိုလ်ကံများ အကျိုးပေးခွင့် မရပဲ အကုသိုလ်ကံများသာ အကျိုးပေးခွင့်ရကြသည်။ ဤကား ဂတိဝိပတ္တိတားမြစ်ချက်ကြောင့် ကုသိုလ်ကံများအကျိုးပေးခွင့် မရခြင်းဖြစ်သည်။

၂။ ဥပဓိဝိပတ္တိပဋိဗဒ္ဓကုသိုလ်ကံ

ဥပဓိရုပ်လက္ခဏာ ချို့တဲ့ခြင်းဟူသော ဥပဓိဝိပတ္တိ၏ တားမြစ်ချက်ကြောင့် အကျိုးပေးခွင့်မရသောကုသိုလ်ကံမျိုးကို ဥပဓိဝိပတ္တိပဋိဗဒ္ဓကုသိုလ်ကံဟု ခေါ်၏၊ လူတစ်ဦးတစ်ယောက်တွင် များစွာသော ကုသိုလ်ကံတို့ရှိကြ၏။ ထိုကုသိုလ်ကံများသည် ကိုယ်လက်အင်္ဂါမချို့တဲ့ပဲ ဥပဓိရုပ်လက္ခဏာကောင်းမွန်ခြင်းဆိုသည့် ဥပဓိသမ္ပတ္တိအင်္ဂါနှင့်ညီညွတ်မှ အကျိုးပေးနိုင်ခွင့်ရှိကြသည်။
၁။ အဘိ၊ ၂၊ ၃၅၁။ ၂။ အဘိ၊ ဋ္ဌ၊ ၂၊ ၄၂၄။

စာမျက်နှာ-277


သို့သော် ထိုသူသည် တစ်စုံတစ်ခုသော အကုသိုလ်ကံကြောင့် ဥပဓိရုပ်လက္ခဏာချို့တဲ့လျက် ရှိရာ ထိုကုသိုလ်ကံများ အကျိုးပေးခွင့်မရတော့ချေ။

ထင်ရှားစေဦးအံ့ – ဥပဓိရုပ်လက္ခဏာချို့တဲ့နေသူသည် ဘုရင့်သားတော်ပင် ဖြစ်သော်ငြားလည်း ဘုရင်ဖြစ်နိုင်သည့် အခွင့်အရေးတို့မရနိုင်။ ထို့အတူ စစ်သေနာပတိချုပ်၏သားပင်ဖြစ်လင့်ကစား စစ်သေနာပတိရာထူးကို ရနိုင်မည်မဟုတ်။ ရှေးအခါက သိရီလင်္ကာခေါ်သီဟိုဠ်ကျွန်းကို အုပ်စိုးသောဘုရင်ကြီး၌ သားတော်တစ်ပါးထွန်းကားခဲ့ရာ မိဖုရားအား ဆုတော်ပေးမည်ဟု ဝန်ခံကတိပြုခဲ့၏၊ မင်းသားကလေးသည် ၇-နှစ်၊ ၈-နှစ်သား အရွယ်တွင် နန်းတော်ရင်ပြင်၌ ကြက်ဘိုက်ကစားရာ ကြက်ခွပ်လိုက်သဖြင့် မင်းသားကလေးမှာ မျက်စိနှစ်ကွင်း အလင်းမရဖြစ်ခဲ့ရသည်။

ထိုမင်းသားကလေး ၁၆-နှစ်သားအရွယ်ရောက်သည့်အခါ မယ်တော်မိဖုရားကြီးက ဘုရင်ကြီးထံ သားတော်အား မင်းမြှောက်ရန် ဆုကို တောင်း၏။ ထိုအခါ ဘုရင်ကြီးက သားတော်ကလေးမှာ ကိုယ်အင်္ဂလက္ခဏာချို့တဲ့သောကြောင့် သီရိလင်္ကာကျွန်းကြီးတွင် ဘုရင်မြှောက်ခွင့်မပေးပဲ နာဂခေါ်ကျွန်းငယ်ကလေး၌သာ မြို့စားနယ်စားအဖြစ် ပေးခဲ့ရသည်။ ဤသို့ မင်းသားကလေးမှာ ဘုရင့်သားတော်ဖြစ်သော်ငြားလည်း ဥပဓိရုပ်လက္ခဏာချို့တဲ့ရှာသောကြောင့် တစ်ကျွန်းလုံးကို အုပ်ချုပ်ရသည့် မင်းမဖြစ်လာပဲ ကျွန်းငယ်ကလေးကိုအုပ်စိုးရသည့် နယ်စားရာထူးဖြင့်သာ ကျေနပ်ရရှာလေသည်။ ဤကား ဥပဓိဝိပတ္တိတားမြစ်ချက်ကြောင့် ကုသိုလ်ကံများ ပြည့်ပြည့်စုံစုံအကျိုးပေးခွင့်မရသောသာဓကပင် ဖြစ်ပေသည်။

၃။ ကာလဝိပတ္တိပဋိဗဒ္ဓကုသိုလ်ကံ

ခေတ်ပျက် ကာလပျက်ဟူသော ကာလဝိပတ္တိတားမြစ်ချက်ကြောင့် အကျိုးပေးခွင့်မရသောကုသိုလ်ကံများကို ကာလဝိပတ္တိပဋိဗဒ္ဓကုသိုလ်ကံဟုခေါ်၏။
၁။ အဘိ၊ဋ္ဌ၊၂၊၄၂၅။

စာမျက်နှာ-278


မှန်၏၊ တစ်စုံတစ်ယောက်သောသူ၌ ကုသိုလ်ကံများစွာရှိ၏။ ထိုကုသိုလ်ကံများသည် အချိန်ကောင်းကာလကောင်းမျိုးနှင့် ကြုံကြိုက်မှသာ အကျိုးပေးခွင့်ရကြ၏။ သို့သော် ထိုသူသည် တစ်စုံတစ်ခုသော အကုသိုလ်ကံကြောင့် ခေတ်ဆိုး ကာလဆိုးထဲ၌ဖြစ်ရရာ ထိုကုသိုလ်ကံများမှာ အကျိုးပေးခွင့် မရတော့ချေ။ ဤကား ကာလဝိပတ္တိတားမြစ်ချက်ကြောင့် ကုသိုလ်ကံများအကျိုးပေးခွင့် မရခြင်းပင်ဖြစ်သည်။

၄။ ပယောဂဝိပတ္တိပဋိဗဒ္ဓကုသိုလ်ကံ

မှားသော အားထုတ်ခြင်းဟူသော ပယောဂဝိပတ္တိ၏ တားမြစ်ချက်ကြောင့် အကျိုးပေးခွင့်မရသောကုသိုလ်ကံများကို ပယောဂဝိပတ္တိပဋိဗဒ္ဓကုသိုလ်ကံဟုခေါ်သည်။ မှန်၏ ပုဂ္ဂိုလ်တစ်ဦး၌ ကုသိုလ်ကံများစွာရှိ၏။ ထိုကုသိုလ်ကံများသည် မှန်ကန်သော ကြိုးစားအားထုတ်မှုဟူသော ပယောဂသမ္ပတ္တိအကူအညီကိုရလျှင် အကျိုးပေးနိုင်ခွင့်ရှိ၏၊ သို့သော် ထိုသူသည် သတ်ဖြတ်ခိုးဆိုးသောအားဖြင့် မှားယွင်းသော ကြိုးစားအားထုတ်မှုဟူသော ပယောဂဝိပတ္တိ၌ တည်လျက်ရှိ၏၊ ထို့ကြောင့် မိမိနှင့်အမျိုးတူ အနွယ်တူများကပင် ထိမ်းမြားလက်ထပ်မှုကို မပြုကြ၊ “မိန်းမလိုက်စားသူ၊ သေသောက်ကြူးသူ၊ အလောင်းအစားဝါသနာပါသူ” ဟု အဝေးမှရှောင်သွားကြ၏။ ထို့ကြောင့် ကုသိုလ်ကံများအကျိုးပေးခွင့် မရတော့ချေ။ ဤကား ပယောဂဝိပတ္တိတားမြစ်ချက်ကြောင့် ကုသိုလ်ကံများအကျိုးပေးခွင့်မရခြင်းပင်ဖြစ်သည်။

၅။ ဂတိသမ္ပတ္တိကုသိုလ်ကံ

လူ့ဘုံ နတ်ဘုံတို့၌ဖြစ်ခြင်းဟူသော ဂတိသမ္ပတ္တိနှင့် ပြည့်စုံသောကြောင့် အကျိုးပေးသောကုသိုလ်ကံကို “ဂတိသမ္ပတ္တိကုသိုလ်ကံ”ဟု ခေါ်၏။ ချဲ့ဦးအံ့၊ တစ်စုံတစ်ယောက်သောသူအား ကုသိုလ်ကံတို့များစွာရှိကြ၏၊ ထိုကုသိုလ်ကံတို့သည် အပါယ်ဘုံတို့၌ဖြစ်ခြင်းဟူသော ဂတိဝိပတ္တိဖြစ်ခဲ့လျှင် အကျိုးပေးနိုင်ခွင့် မရှိပါချေ၊ သို့ရာတွင် ထိုသူသည် တစ်ခုသောကုသိုလ်ကံကြောင့် လူ့ဘုံ နတ်ဘုံဟူသော ဂတိသမ္ပတ္တိ၌ ဖြစ်ရာအကျိုးပေးခွင့်ရကြလေသည်။
၁။ အဘိ၊ဋ္ဌ၊၂၊၄၂၂။

စာမျက်နှာ-279


ဤကား ဂတိဝိပတ္တိတားမြစ်ချက်ကြောင့် အကျိုးမပေးစွမ်းနိုင်သော ကုသိုလ်ကံများ ဂတိသမ္ပတ္တိကြောင့် အကျိုးပေးခွင့်ရလာခြင်းပင် ဖြစ်သည်။

၆။ ဥပဓိသမ္ပတ္တိကုသိုလ်ကံ

ဥပဓိရုပ်လက္ခဏာ, ကိုယ်အင်္ဂါပြည့်စုံမှု ဟူသော ဥပဓိသမ္ပတ္တိကြောင့် အကျိုးပေးသောကုသိုလ်ကံမျိုးကို ဥပဓိသမ္ပတ္တိကုသိုလ်ကံဟု ခေါ်၏။ မှန်၏၊ လူတဦးတယောက်၌ ကုသိုလ်ကံများစွာရှိ၏၊ ထိုကုသိုလ်ကံများသည် ဥပဓိရုပ်လက္ခဏာချို့တဲ့မှု ဥပဓိဝိပတ္တိဖြစ်နေလျှင် အကျိုးပေးနိုင်ခွင့်မရှိချေ။

သို့သော် ထိုသူသည် တခုသောကုသိုလ်ကံကြောင့် ဥပဓိရုပ်လက္ခဏာ ကိုယ်အင်္ဂါတို့နှင့်ပြည့်စုံခြင်း ဥပဓိသမ္ပတ္တိရှိလေရာ ထိုကုသိုလ်ကံများ အကျိုးပေးခွင့်ရရှိကြကုန်၏။ ထိုဥပဓိရုပ်လက္ခဏာကိုယ်အင်္ဂါတို့နှင့် ပြည့်စုံသူသည် ဘုရင့်သားတော်ဖြစ်ခဲ့ပါမူ မိမိထက်အသက်ကြီးသည့် နောင်တော်မင်းသားများကိုပင် ကျော်လွန်၍ မင်းအဖြစ်ကိုရနိုင်သည်၊ အိမ်ရှေ့မင်း၏သား ဖြစ်ခဲ့မူ ဖခင်ကွယ်လွန်သော် အိမ်ရှေ့မင်းသော်လည်းကောင်း၊ စစ်သူကြီးသော်လည်းကောင်း၊ ဘဏ္ဍာစိုးသော်လည်းကောင်း ဖြစ်နိုင်သည်။

ဤသည်မှာ ဥပဓိဝိပတ္တိတားမြစ်ချက်ကြောင့် အကျိုးမပေးနိုင်သော ကုသိုလ်ကံများသည် ဥပဓိသမ္ပတ္တိရှိမှုကြောင့် အကျိုးပေးခွင့်ရလာခြင်းပင်ဖြစ်သည်။

၇။ ကာလသမ္ပတ္တိကုသိုလ်ကံ

ခေတ်ကောင်း, အချိန်ကောင်း၌ ဖြစ်ခြင်းကာလသမ္ပတ္တိ ရှိမှုကြောင့် အကျိုးပေးခွင့်ရသော ကုသိုလ်ကံများကို ကာလသမ္ပတ္တိကုသိုလ်ကံဟု ခေါ်၏။ ထိုကုသိုလ်ကံများသည် ခေတ်ပျက်အခါပျက် (ကာလဝိပတ္တိ) ဖြစ်လျှင် အကျိုးမပေးနိုင်ချေ။ သို့သော် ထိုသူသည် တစုံတခုသော ကုသိုလ်ကံကြောင့် ခေတ်ကောင်း အခါကောင်း ဟူသော ကာလသမ္ပတ္တိနှင့် ကြုံတွေ့ရ၍ ထိုကုသိုလ်ကံများ အကျိုးပေးခွင့် ရလာကြသည်။ ထင်ရှားစေဦးအံ့။
၁။ အဘိ၊ဋ္ဌ၊၂၊၄၂၆။
၂။ အဘိ၊ဋ္ဌ၊၂၊၄၃၀။

စာမျက်နှာ-280


သီဟိုဠ်ကျွန်း၌ ဗြဟ္မဏတိဿခိုးသူ သူပုန်နှိပ်စက်၍ ခေတ်ပျက်ကာလပျက် (ကာလဝိပတ္တိ) နှင့် ကြုံကြိုက်နေသောကြောင့် မဟာသောဏထေရ် အမှူးရှိသော ရဟန်းတော်များသည် ကုသိုလ်ကံများ ရှိလင့်ကစား ထိုကုသိုလ်ကံများသည် ကာလဝိပတ္တိကြောင့် အကျိုးမပေးနိုင်သဖြင့် သစ်မည်စည်သီး၊ သစ်ခေါက်၊ သစ်ခွ၊ ကြာရိုး စသော အစာအာဟာရများဖြင့်သာ ရောင့်ရဲတင်းတိမ်၍ နေကြရရှာလေသည်။

ဗြဟ္မဏတိဿခိုးသူဘေးကြီး ကင်းငြိမ်း၍ မင်းကျင့်တရား (၁၀) ပါးနှင့်အညီ အုပ်ချုပ်သော ပိတုမဟာရာဇာနန်းတက်လာသည့်အခါ မြို့ရွာနယ်ပယ်များ ပြန်လည်စည်ကားလာ၏၊ ရဟန်းတော်များလည်း ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဟူသော ပစ္စည်းလေးပါးပေါများလာကြသည်။ မဟာသောဏထေရ်တပါးတည်းကို အကြောင်းပြု၍ ရသောပစ္စည်းလေးပါးသည်ပင် ရဟန်းပေါင်းများစွာသုံးစွဲ၍ မကုန်နိုင်တော့ချေ။

ဤကား ခေတ်ပျက်, ကာလပျက် (ကာလဝိပတ္တိ) ၌ ကုသိုလ်ကံအကျိုးပေးခွင့် မရ၍ လာဘ်လာဘနည်းပါးကြသော်ငြားလည်း ခေတ်ကောင်းကာလကောင်း (ကာလသမ္ပတ္တိ) ၌ ကုသိုလ်ကံအကျိုးပေးခွင့်ရ၍ လာဘ်လာဘပေါများသော ဝတ္ထုသာဓကပင် ဖြစ်ပေသည်။

၈။ ပယောဂသမ္ပတ္တိကုသိုလ်ကံ

မှန်ကန်သော အားထုတ်မှုဟူသော ပယောဂသမ္ပတ္တိကြောင့် အကျိုးပေးနိုင်သော ကုသိုလ်ကံမျိုးကို ပယောဂသမ္ပတ္တိကုသိုလ်ကံဟု ခေါ်၏။ တစုံတယောက်သောသူအား များစွာသော ကုသိုလ်ကံတို့ရှိကြ၏၊ ထိုကုသိုလ်ကံများသည် မှားယွင်းသော အားထုတ်မှု (ပယောဂဝိပတ္တိ) ဖြစ်ခဲ့လျှင် အကျိုးပေးနိုင်ခွင့်မရချေ။

သို့သော် ထိုသူသည် တစုံတခုသော ကုသိုလ်ကံကြောင့် မှန်ကန်သောအားထုတ်မှု၌ တည်၍ ကောင်းမှုကုသိုလ်များကို ဆည်းပူး၏၊ ငါးပါး, ဆယ်ပါးစသော သီလများကို စောင့်ထိန်း၏၊ ဤသို့ ပယောဂသမ္ပတ္တိနှင့် ပြည့်စုံခဲ့လျှင် တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူများက—
၁။ အဘိ၊ဋ္ဌ၊၂၊၄၃၃။

စာမျက်နှာ-281


ပင် ဆင်ယာဉ် မြင်းယာဉ်စသော လက်ဆောင်ပဏ္ဏာများနှင့် မင်းသမီးတို့ကိုပင် ထိုသူနှင့်တော်သည်ဟု ပို့စေကြကုန်၏။ ရဟန်းတော်များဖြစ်မူ အခြံအရံများ၏၊ ဘုန်းကြီး၏ စသည်ဖြင့် ကုသိုလ်ကံများအကျိုးပေးခွင့် ရလာကြလေသည်။

ထင်ရှားစေဦးအံ့၊ ကူဋကဏ္ဏမင်းသည် တိပိဋကစူဠနာဂမထေရ်ကို ကြည်ညို၏၊ တချိန်တွင် မထေရ်မြတ်၏ လက်ညှိုး၌ အနာတလုံးပေါက်လေသည်။ မင်းကြီးသည် မထေရ်၏ ရောဂါအခြေအနေကို မေးရန်ကျောင်းသို့လာ၏၊ မထေရ်ကို ကြည်ညိုလွန်းသဖြင့် ပြည်ပေါက်လုနီးနေသော မထေရ်၏ လက်ညှိုးကို ပါးစပ်၌ ငုံထားရာ ပါးစပ်တွင်း၌ပင် အနာသည် ပြည်ပေါက်၏။ မင်းကြီးသည် သွေးပြည်တို့ကို ထွေးမပစ်ဘဲ အမြိုက်ရသာကဲ့သို့ မျိုချလိုက်သည်။ ထိုမထေရ်ပျံလွန်တော်မူသောအခါ မင်းကြီးသည် မီးအိုးကင်းကို ခေါင်းပေါ်ရွက်၍ “ဓမ္မလှည်းယာဉ်ကြီး၏ ဝန်ရိုးကျိုးပါပြီ” ဟု ဆိုကာ ငိုကြွေးမြည်တမ်းရှာလေသည်။ ဤသည်မှာ မထေရ်၏ ပယောဂသမ္ပတ္တိကြောင့် ဘုန်းတန်ခိုးကြီးသော သာဓကပင် ဖြစ်သည်။

ဤကံ ၁၆-ပါးတို့ကား ဝိဘင်းပါဠိတော်၌ ဟောကြားသောကံတို့ ဖြစ်သည်၊ ထိုကံအားလုံး ဇနကစသော ကံများ၌ အကျုံးဝင်ကြ၏၊ ထိုဇနကစသောကံများကို အကျဉ်းချုံးလျှင် “ဒိဋ္ဌဓမ္မဝေဒနိယကံ၊ ဥပပဇ္ဇဝေဒနိယကံ၊ အပရာပရိယာယဝေဒနိယကံ” ဟု သုံးမျိုးသာ ကျန်သည်။ ထိုကံ ၃-ပါးကား အကျိုးပေးရာကာလမပြောင်းရွှေ့ကြ၊ မိမိအကျိုးပေးရမည့်ကာလ၌သာ အကျိုးပေးကြတော့၏။

၇။ စေတနာ အကြောင်း အခြား သိကောင်းစရာများ

ရှေးဘဝကံက ယခုဘဝ၌ အကျိုးပေးနိုင်ပုံ

ရှေးအခန်းတွင် အကုသိုလ်ကံ, ကာမာဝစရကုသိုလ်ကံ၊ ရူပါဝစရကုသိုလ်ကံနှင့် အရူပါဝစရကုသိုလ်ကံတို့က နောက်ဘဝ၌ ပဋိသန္ဓေ
၁။ အံ၊ဋ္ဌ၊၂၊၁၁၄။

စာမျက်နှာ-282


အကျိုး၊ ပဝတ္တိအကျိုးအမျိုးမျိုးတို့ ဖြစ်ပေါ်စေပုံကို စုံလင်စွာဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ဤနေရာ၌ “ရှေးရှေးဘဝတို့က ပြုလုပ်ခဲ့သော ထိုထိုကုသိုလ်ကံစေတနာ၊ အကုသိုလ်ကံစေတနာတို့သည် ထိုဘဝထိုခဏ၌ပင် ချုပ်ငြိမ်းခဲ့လေပြီ ဖြစ်ရကား ယခုဘဝ၌ အဘယ်သို့ ပဋိသန္ဓေအကျိုး၊ ပဝတ္တိအကျိုးတို့ကို ဖြစ်ပေါ်ဖွံ့ဖြိုးစေနိုင်ပါသနည်း” ဟု မေးစရာရှိပေသည်။

ဤအမေးကို အတန်ငယ် ရှင်းလင်းဖြေဆိုပါမည်။ စေတနာခေါ် ကံတရားတို့ ချုပ်ငြိမ်းခြင်းမည်သည်-
၁။ စေတနာ၏ ချုပ်ငြိမ်းခြင်း (စေတနာနိရောဓ)
၂။ ကံအရှိန်အဟုန်အာနုဘော်၏ ချုပ်ငြိမ်းခြင်း (ကမ္မဝေဂနိရောဓ) ဟူ၍ နှစ်မျိုးရှိသည်။

ထိုနှစ်မျိုးတွင် ရှေးဘဝကပြုလုပ်ခဲ့သော စေတနာတို့သည် နာမ်တရားတို့၏ သဘောတံထွာ၊ ဓမ္မတာအတိုင်း ဥပါဒ်အားဖြင့် ဖြစ်ပေါ်လာပြီး ဘင်သဘောဖြင့် ချုပ်ငြိမ်းသွားကြ၏၊ ထိုသို့ ဖြစ်တည်ပျက် သဘောဖြင့် စေတနာတို့၏ ချုပ်ငြိမ်းသွားခြင်းကို စေတနာနိရောဓဟု ခေါ်သည်။

ဤသို့ စေတနာတရား ချုပ်ငြိမ်းသွားသော်ငြားလည်း စေတနာကံ၏ အရှိန်အဟုန်အာနုဘော်မှာကား ချုပ်ငြိမ်းသွားသည်မဟုတ်၊ နောက်ဘဝတို့၌ အခွင့်သင့်သည့်အခါ အကျိုးပေးရန် အကြောင်းတရားအနေဖြင့် ကျန်ရှိနေပေသေးသည်။ ထိုကံ၏ အရှိန်အဟုန်သည် ပဋိသန္ဓေအကျိုး ပဝတ္တိအကျိုး အမျိုးမျိုးတို့ကို အဖန်ဖန် ဖြစ်ပေါ်စေပြီးမှသာလျှင် ချုပ်ငြိမ်းသွားပေသည်။ ထို့ကြောင့် ဘုရားရှင်က—

“ရဟန်းတို့ ... စေဆော်စီရင်၍ ဆည်းပူးပြုလုပ်အပ်ကုန်ပြီးသော ကုသိုလ်ကံ အကုသိုလ်ကံစေတနာတို့၏ အကျိုးတရားတို့ကို မခံစားရဘဲ ပျောက်ပျက်ခြင်းကို ငါဘုရား ဟောကြားတော်မမူ” —

ဟု ဆုံးမလမ်းညွှန်တော်မူခဲ့ခြင်းဖြစ်ပါသည်။

စာမျက်နှာ-283


ကုသိုလ် အကုသိုလ်စေတနာသည် ချုပ်ငြိမ်းပြီးနောက်မှ ခဏချင်းကွာခြား၍လည်းကောင်း၊ ဘဝများစွာ ကွာခြား၍လည်းကောင်း၊ အကျိုးဝိပါက်တရားကို ဖြစ်ပေါ်စေ၏ဆိုသည့် သဘောကား သာမန်ဉာဏ်ဖြင့် သိနိုင်ခဲသောအရာ ဖြစ်၏၊ သာမန်စဉ်းစားလျှင် ယုံကြည်နိုင်ဖွယ်မရှိ၊ သို့သော် လောက၌ အကြောင်းတရား ထင်ရှားမရှိပါမှ အကျိုးပေးနေသည့်အရာများကို သတိထားကြည့်လျှင် များစွာတွေ့ရမည် ဖြစ်ပါသည်။

အမြော်အမြင်ရှိသော မိဘတို့သည် မိမိတို့သားသမီးများကို နုနုနယ်နယ် ငယ်ရွယ်စဉ်ကပင် ကျန်းမာစေကြောင်း အစာကောင်း, ဆေးကောင်းများကို ကျွေးမွေးကြ၏၊ ထိုဆေးအစာနှင့် ထိုဆေးအစာတို့ကြောင့် ဖြစ်သော ရုပ်တို့သည် အတော်အတန် ကြီးလာသည့်အခါ စွဲမြဲတည်ရှိကြတော့သည်မဟုတ်၊ သို့သော် ထိုသူငယ်တို့ ကြီးရင့်လာသည့်အခါ လူတကာထက် ကျန်းမာသန့်ရှင်းသော ရုပ်အဆင်းများကို ရရှိနိုင်ကြသည်။

ထို့ပြင် ငယ်ရွယ်စဉ်က သင်ကြားထားသော လက်မှု၊ နှုတ်မှု၊ စိတ်မှု အတတ်တို့သည် ခန္ဓာကိုယ်တွင်း၌ စွဲမြဲတည်ရှိကြတော့သည်မဟုတ်၊ အချို့အတတ်ပညာများကို မှတ်ပင်မမှတ်မိတော့ချေ။ သို့သော် ငယ်ငယ်စဉ်က သင်ကြားမှုကြောင့် ကြီးရင့်သည့်အခါ ကျေးဇူးပြုလျက် အသိဉာဏ်တိုးတက်ကြပေသည်။ ထိုကဲ့သို့ အကြောင်းတရားမရှိဘဲ ချုပ်ကွယ်ပြီးနောက်မှ ကျေးဇူးခံစားရသော်လည်း အခြားသူ ခံစားရသည်မဟုတ်၊ ထိုသူပင် ခံစားရသည်။ ဤသို့လျှင် ချုပ်ကွယ်ပြီးမှ ကျေးဇူးခံစားရသော အရာများ လောကမျက်မြင် အထင်အရှားရှိလေရကား ဤကုသိုလ် အကုသိုလ်စေတနာတို့ ချုပ်ကွယ်သွားပြီးမှ အကျိုးပေးမှု၌ ယုံမှားဖွယ် ရှိထိုက်တော့ချေ။

ဤနေရာ၌ ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူသော ပဋ္ဌာန်းတရားတော်တွင် နာနာက္ခဏိကကမ္မပစ္စည်း၏ ကြောင်းကျိုးဆက်ပုံကို သိမြင် နားလည်ရန် အထူးလိုအပ်ပေသည်။ အကျိုးတရားနှင့် ပြိုင်တူမဖြစ်ဘဲ အကျိုးတရားမဖြစ်မီ ရှေးဘဝက ကြိုတင်ဖြစ်နှင့်သော အကြောင်းတရားကို

စာမျက်နှာ-284


နာနာက္ခဏိကကမ္မအကြောင်းဟုခေါ်သည် (နာနာ = အကျိုးတရားနှင့် တခြားစီ + ခဏိက = အချိန်၌ဖြစ်သော + ကမ္မ = စေတနာအကြောင်းကံ)။ ထိုအကြောင်းကံစေတနာသည် ယခုဘဝတွင် ဖြစ်ပေါ်ချုပ်ငြိမ်းသွားပြီးနောက် ထိုအကြောင်းကံ၏ အရှိန်အဟုန်အစွမ်းသတ္တိကြောင့် အနာဂတ်ဘဝသစ်တွင် ပဋိသန္ဓေဝိညာဉ်နာမ်ရုပ်စသော အကျိုးတရားတို့ဖြစ်ပေါ်လာခြင်းကို နာနာက္ခဏိကကမ္မပစ္စည်းဖြင့် ကျေးဇူးပြုသည်ဟု ဆိုလိုပါသည်။

ချဲ့ဦးအံ့ - ကုသိုလ် အကုသိုလ်စေတနာတို့သည် ချုပ်ကွယ်သွားသည်ဟု ဆိုသော်လည်း ပြီးပြီးပျောက်ပျောက်ဆိုသလို ဘာမှအစအနမကျန်အောင် ချုပ်ကွယ်သွားကြသည်ကား မဟုတ်ပေ၊ ဥပါဒ် ဌီ ဘင် စေ၍ ပရမတ္ထအထည်ကိုယ်သဘော ပျောက်ကွယ်သွားသော်လည်း ကုသိုလ် အကုသိုလ်စေတနာ၏ သတ္တိမှာ ကျန်ရစ်ခဲ့လေသည်။ ကုသိုလ်ဇောစိတ် အကုသိုလ်ဇောစိတ်များကား အကျိုးဝိပါက်စိတ်များ ဖြစ်ပေါ်ပုံနှင့် မတူကြချေ။ ဝိပါက်စိတ်တို့ဖြစ်လာသည့်အခါ ညင်ညင်သာသာ ငြိမ်ငြိမ်သက်သက် ဖြစ်ပေါ်လေ့ရှိသော်လည်း ကုသိုလ်ဇောစိတ် အကုသိုလ်ဇောစိတ်တို့မှာ မငြိမ်မသက် တက်တက်ကြွကြွ ကြောင့်ကြဗျာပါရ ရှိကြသည်။

ချစ်ဖွယ်အာရုံတခု၌ လောဘစိတ်ဖြစ်ပုံ၊ မုန်းဖွယ်အာရုံတခု၌ ဒေါသစိတ်ဖြစ်ပုံနှင့် ရတနာသုံးပါး၏ ဂုဏ်ကိုလေးနက်စွာ အာရုံပြုရာ အလှူအတန်းရွှင်လန်းစွာ ပေးကမ်းရာတို့၌ မဟာကုသိုလ်စိတ်ဖြစ်ပုံတို့ကို ကိုယ်တွေ့ကြုံခဲ့သမျှ ပြန်လည်စဉ်းစားကြည့်က ကုသိုလ်စိတ် အကုသိုလ်စိတ်တို့၏ တက်တက်ကြွကြွ ကြောင့်ကြဗျာပါရရှိမှုကို တွေ့မြင်ရမည်ဖြစ်ပါသည်။ ထိုသို့ကုသိုလ်ဇောစိတ် အကုသိုလ်ဇောစိတ်တို့ ကြောင့်ကြဗျာပါရရှိမှုသည် စေတနာစေတသိက်၏အစွမ်းသတ္တိဖြစ်၏။

ဥပမာအားဖြင့် - စေတနာ စေတသိက်သည် အသင်းအဖွဲ့တခုတွင် အတွင်းရေးမှူးနှင့်တူ၏၊ ထိုအသင်းအဖွဲ့၌ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အသင်းဝင်များရှိကြရာတွင် အတွင်းရေးမှူးမှာ ကြောင့်ကြဗျာပါရ

စာမျက်နှာ-285


အများဆုံးပုဂ္ဂိုလ်ဖြစ်သည်။ အသင်းကိစ္စအဝဝကို မိမိကိုယ်တိုင်လည်းရွက်ဆောင်ရသည်၊ အသင်းဝင်များကိုလည်း ဆိုင်ရာကိစ္စများကို ရွက်ဆောင်ကြရန် နှိုးဆော်ရသည်၊ အကြောင်းအားလျော်စွာ အစည်းအဝေးဖိတ်ခေါ်၍ အစည်းအဝေး တက်ရောက်ကြရန်လည်း တိုက်တွန်းလှုံ့ဆော်ရသည်။ အစည်းအဝေး အစီအစဉ်များကိုလည်း စီစဉ်ရသည် စသည်ဖြင့် အခြားအသင်းဝင်သူများထက်ပို၍ ကြောင့်ကြဗျာပါရများရလေသည်။

ထိုသို့ ကုသိုလ်စိတ် အကုသိုလ်စိတ်တို့၌ရှိသော စေတနာစေတသိက်သည် အသင်းအဖွဲ့၏ အတွင်းရေးမှူးပမာ လွန်စွာဗျာပါရများလှသောကြောင့် အခြားစိတ်စေတသိက်များထက်ပို၍ အစွမ်းသတ္တိရှိ၏၊ ပို၍အရှိန်အဝါအာနုဘော်ကြီး၏။ ထို့ကြောင့် ထိုစေတနာဟုခေါ်သော ကံတရားသည် နာမ်တရားတို့၏ ဓမ္မတာသဘောအရ ဖြစ်တည်ပျက်အားဖြင့် ချုပ်ကွယ်ပျောက်ဆုံးသွားသော်ငြားလည်း မိမိ၏ အရှိန်အဝါသတ္တိကို သတ္တဝါတို့၏သန္တာန်၌ မြှုပ်နှံထားရစ်သကဲ့သို့ဖြစ်လေသည်။

တန်ခိုးအရှိန်အဝါ မထက်မြက်မထင်ရှားသော မိဘများကွယ်လွန်သွားသည့်အခါ ထိုမိဘတို့၏ အရှိန်အဝါသည် သားသမီးများအပေါ်၌ သိသိသာသာမကျန်ရစ်တော့ဘဲ ထက်မြက်ထင်ရှား တန်ခိုးအရှိန်အဝါများရှိသော မိဘတို့ကွယ်လွန်သည့်အခါ၌သာ ထိုမိဘတို့၏ အရှိန်အဝါသည် သားသမီးတို့အပေါ်မှာ သိသိသာသာ ကျန်ရစ်သကဲ့သို့ဖြစ်သည်။

မျိုးစေ့တခုသည် ဆိုင်ရာသစ်ပင်ကို တကြိမ်ပေါက်ရောက်စေပြီးသည့်အခါ အသုံးမကျတော့သကဲ့သို့ အတိတ်ကံက မြှုပ်နှံထားရစ်ခဲ့သည့် အရှိန်အဟုန်သတ္တိသည်လည်း ဆိုင်ရာအကျိုးကို ပေးပြီးသည့်အခါမှသာ အရှိန်အဟုန်ကုန်ခမ်းလေတော့သည်။ ထို့ကြောင့် စေတနာ ကွယ်ပျောက်ရာ၌ တရားကိုယ်သာ ကွယ်ပျောက်၍ သူ၏ နာနာက္ခဏိက ကမ္မသတ္တိမှာ မပျောက်မပျက် ဆက်လက်တည်ရှိရစ်၏။ အကျိုးပေးပြီးသည့်အခါနှင့် အကျိုးပေးခွင့်မရ၍ အဟောသိကံဖြစ်သည့်အခါကျမှသာ ထိုစေတနာ၏ သတ္တိများ လုံးဝကင်းရှင်းသွားလေတော့၏။ ထို့ကြောင့် ပဋ္ဌာနပကရဏ အနုဋီကာ၌—

စာမျက်နှာ-286


မှန်၏၊ အကြင်သတ္တဝါသန္တာန်၌ ကုသိုလ် အကုသိုလ် စေတနာဖြစ်၏၊ ထိုသတ္တဝါသန္တာန်၌ပင် ကာလ၊ ဂတိ၊ ဥပဓိ၊ ပယောဂဟူသော အကြောင်းတို့နှင့် ပေါင်းဆုံညီညွတ်သည့်အခါ ထိုစေတနာ၏ အကျိုးတရားများဖြစ်ကြသော ဝိပါက်နာမက္ခန္ဓာနှင့် ကမ္မဇရုပ်တို့သည် ဖြစ်ကြပေလိမ့်မည်။ ထိုသတ္တဝါသန္တာန်၌ ထိုဝိပါက်နာမက္ခန္ဓာနှင့် ကမ္မဇရုပ်တို့ကို ဖြစ်ပေါ်စေနိုင်သည့်သဘောရှိသောသတ္တိထူးကို စွမ်းအားရှိသလောက် မြှုပ်နှံ၍ စေတနာတရားချုပ်ငြိမ်းသွားခြင်းဖြစ်ပေသည်—

ဟု အနုဋီကာဆရာကြီး ဖွင့်ဆိုထားခြင်းဖြစ်ပေသည်။

ဤနေရာ၌ ဥပမာဆောင်၍ပြရသော် လူတယောက်သည် အခြေအနေအရ မိတ်ဆွေတဦးထံမှ ကြွေးမြီချေးယူသည် ဆိုကြပါစို့။ ထိုကြွေးယူခြင်းကိစ္စသည် ကြွေးယူ၍ရလျှင်ရခြင်း ပြီးငြိမ်းချုပ်ပျောက်သွား၏၊ သို့ရာတွင် ကြွေးယူခြင်းအမှုကိုပြုခဲ့လေသောကြောင့် ထိုကြွေးယူခြင်းအမှုသည် နောင်တနှစ် နှစ်နှစ် စသည်အချိန်ကျရောက်သည့်အခါ မိတ်ဆွေ၏ ကြွေးမြီကို ပြန်၍ ပေးဆပ်ရန်အတွက် အကြောင်းပစ္စည်းဖြစ်နေပေသည်။ ထိုကြွေးယူမှု ချုပ်ငြိမ်းပျောက်ပျက်သွားသော်ငြားလည်း ထိုကြွေးယူမှု၏ အရှိန်အဟုန် အစွမ်းသတ္တိ ရှိနေလေသောကြောင့် မိတ်ဆွေဖြစ်သူ၏ ကြွေးကို ဧကန်ပေးဆပ်ရမည့်သဘော ကျရောက်နေ၏။ ကြွေးဝန်တင်၍နေလေ၏၊ ကြွေးကိုပြေလည်အောင် ဆပ်ပြီးသည့်အခါ၌မူကား တစုံတရာကြွေးဝန်ဟူ၍ မရှိတော့ပြီ။

ထိုအတူ မိမိပြုလုပ်လိုက်သော ကုသိုလ်ကံ အကုသိုလ်ကံသည် နောင်အကြောင်းညီညွတ်သည့်အခါ အကျိုးတရား ဖြစ်ပွားပေါ်ပေါက်လာစေရန် မျိုးထားမှု၊ အာမခံမှုဟူသော နာနာက္ခဏိက ကမ္မပစ္စယသတ္တိထူးကို ထားခဲ့ပြီး ချုပ်သွား၏၊ အကျိုးမပေးသေးသမျှ ကာလပတ်လုံး ကံကြွေးတင်လေ၏။ ထိုသို့ ကံကြွေးတင်နေခြင်းကြောင့် အကျိုးမပေးဘဲ မဖြစ်—
၁။ ပဉ္စပကရဏ (ပဋ္ဌာန) အနုဋီကာ၊ ၂၃၂။

စာမျက်နှာ-287


စင်စစ် အကျိုးပေးရမည်သာ ဖြစ်၏။ အကျိုးပေးပြီးသည့်အခါမှသာ ကံကြွေးပြေလည်၍ ထိုကံ၏အရှိန်အဟုန် သတ္တိ ကုန်ဆုံးသွားလေတော့သည်။ ဤကဲ့သို့ အတိတ်ဘဝက ပြုလုပ်ခဲ့သည့် ကုသိုလ်ကံ အကုသိုလ်ကံစေတနာတို့ကြောင့် နောက်ဘဝသစ်တွင် ခန္ဓာအသစ်ဖြစ်ပေါ်ရခြင်းမှာ နာနာက္ခဏိကကမ္မပစ္စည်းအရ ကြောင်းကျိုးဆက်သွယ်ပုံပင် ဖြစ်ပါသည်။

ထို့ကြောင့် ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် ပဋ္ဌာန်းပါဠိတော်တွင်—

အတိတ်ဖြစ်သော ကုသိုလ် အကုသိုလ်ကံ စေတနာသည် (ဝိပါက်) နာမ်ခန္ဓာ အကျိုးတရားတို့အားလည်းကောင်း၊ ကမ္မဇ ရုပ်တရားတို့အားလည်းကောင်း နာနာက္ခဏိကကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေ၏

ဟု ဟောတော်မူခြင်းဖြစ်ပေသည်။ ဤသို့ သတ္တဝါတို့၏ အတိတ်ကုသိုလ်ကံ အကုသိုလ်ကံစေတနာသည် ဘဝသစ်တွင် ခန္ဓာသစ်ကို ဖြစ်ပေါ်ဖန်တီးနိုင်ပုံကို ပဋ္ဌာန်းဒေသနာတော်လာ နာနာက္ခဏိကကမ္မပစ္စည်းဖြင့် နားလည်နိုင်ပေသည်။

ဝေးကွာသော အရပ်၌ ကံတို့အကျိုးပေးနိုင်ပုံ

စေတနာကံဟူသော နာမ်တရားသည် ဥပါဒ် ဌီ ဘင် အားဖြင့် ဖြစ်တည် ချုပ်ပျက်သွားသော်ငြားလည်း ကံ၏အရှိန်အဟုန် အစွမ်းအာနုဘော်မှာမူကား ထိုသတ္တဝါ၏ သန္တာန်၌ ကျန်ရစ်တည်ရှိနေသည်ဟုဆို၏။ ထိုသို့ဖြစ်လျှင် ကံကိုပြုလုပ်သော သတ္တဝါသည် ဤလူ့ပြည်၌ ကွယ်လွန်သေဆုံးသွားပါလျက် အလွန်ဝေးကွာလှသော ငရဲပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့၌ အဘယ်သို့ဖြစ်နိုင်ပါသနည်းဟု မေးဖွယ်ရှိပြန်၏။
၁။ ပဋ္ဌာနပါဠိ၊ ၁၊ ၇၊ ၁၅၄။

စာမျက်နှာ-288


အဖြေကား ဝေးလွန်းသော အရပ်မှာပင် ဖြစ်စေ၊ နီးလွန်းသော အရပ်မှာပင်ဖြစ်စေ၊ အောက်အရပ်မှာဖြစ်စေ၊ အထက်အရပ်မှာဖြစ်စေ ကံအရှိန်အဟုန် အာနုဘော်၏ ပြန့်နှံ့ခြင်းမည်သည် ကြံစည်၍မရနိုင်လောက်အောင် အရှိန်အဟုန်ရှိ၏။ အကျိုးဝိပါက်တို့မည်သည်လည်း မိမိတို့ဖြစ်ထိုက်သော ဘုံဌာနမှာသာ ဖြစ်ကြကုန်၏။ ဌာနဘူမိလွှဲပြောင်း၍ ဖြစ်လေ့မရှိကြ။ ငရဲဇာတ်ရှိသော ဝိပါက်သည် ငရဲဘုံ၌သာဖြစ်၏။ ဗြဟ္မာဇာတ်ရှိသော ဝိပါက်သည် ဗြဟ္မာဘုံ၌သာဖြစ်၏။ ကံ၏ အရှိန်အဟုန်ပြန့်နှံ့ခြင်းနှင့် အကျိုးဝိပါက်များကို သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင်တို့ပင် သော်လည်း တားဆီးပိတ်ပင်၍ မရနိုင်ပေ၊ ဤကား အကျဉ်းဖြေဆိုချက် ဖြစ်၏။

ချဲ့ဦးအံ့- ပကတိ လူသားတို့၏ အဆင်းအရောင်သည် ပြင်ပသို့ ထွက်လေ့မရှိ၊ လူတို့၏အရိပ်မှာမူ ကြည်လင်သောမှန်အပြင်၊ ရေအပြင် စသည်တို့၌ထင်သော သဘောရှိ၏၊ ကြေးမုံဖလ်မှန်စသည်တို့သည် ဆယ်တောင် တဆယ့်နှစ်တောင် ဝေးကွာသော်လည်း ထိုကြေးမုံ ဖလ်မှန် အကြည်ပေါ်၌ လူရိပ်ထင်၏။ အလွန်တရာကြည်လင်သော ကြေးမုံမှန်ပြင်များဖြစ်လျှင်မူ အလွန်တရာ ဝေးကွာသော အရပ်ကပင်သော်လည်း ထင်ပေသည်။

ကြေးမုံမှန်ပြင် စသည်တို့၏ ကြည်လင်ခြင်းသာ လိုရင်းပဓာနဖြစ်၏၊ မှန်၏၊ ကြည်လင်သော ကြေးမုံမှန်ပြင်စသည်ကား လူရိပ်လူပုံ ဖြစ်ပေါ်ခြင်းငှါ ထိုက်သော အရပ်ဋ္ဌာနဖြစ်၏၊ ထို့ကြောင့် လူတို့၏အဆင်းသည် ကြေးမုံမှန်ပြင်စသော ကြည်လင်သောအရာများ မရှိခဲ့လျှင် အနီးအရပ်ဋ္ဌာနမှာသော်လည်း မထင်ချေ။ ကြေးမုံမှန်ပြင်စသော ကြည်လင်သော အရာရှိခဲ့သော် အနီးမှာဖြစ်စေ၊ အဝေးမှာဖြစ်စေ ထင်၏။ သို့သော် လူရိပ်ရွှေ့လျားသွားလာမှုကား မရှိပါချေ။

ဤဥပမာအတိုင်း ကံ၏အကျိုးဝိပါက်များ ဖြစ်ပေါ်ပုံကို မှတ်သားသင့်၏။ အရိပ်ထင်မှုမှာ လူ၏ကိုယ်ကိုလည်းကောင်း၊ ကြည်လင်သော ကြေးမုံပြင်ကိုလည်းကောင်း၊ အလယ်စပ်ကြား၌ တည်ရှိသော အလင်းကို

စာမျက်နှာ-289


လည်းကောင်း အစွဲပြု၍ အရိပ်ထင်ခြင်းဖြစ်သည်။ အရိပ်၏ သွားခြင်း လာခြင်းမရှိသောကြောင့် အနီးမှာ လျင်မြန်စွာထင်သည်၊ အဝေးမှာ နှေးနှေးထင်သည်ဟူ၍ ကွဲပြားခြားနားမှု မရှိချေ။ ကြေးမုံမှန်ပြင်ရှေ့တွင် ရပ်လိုက်လျှင် ဝေးသောမှန်မှာဖြစ်စေ၊ နီးသောမှန်မှာဖြစ်စေ တပြိုင်နက် အရိပ်ထင်လေသည်သာ ဖြစ်၏။

လူသည် ကံနှင့်တူ၏၊ မှန်၌ထင်သောအရိပ်သည် ကံကြောင့် ဖြစ်ပေါ်လာသော အကျိုးဝိပါက်များနှင့်တူ၏။ ဝေးသောမှန်၌ဖြစ်စေ နီးသောမှန်၌ဖြစ်စေ တပြိုင်နက် အရိပ်ထင်သကဲ့သို့ ကံ၏အရှိန်အဟုန် ပျံ့နှံ့ခြင်းအားဖြင့် ထိုက်သင့်သောဘုံဘဝတို့၌ အကျိုးဝိပါက် ပေါ်လာသည့်အခါ နီးသောလူ့ဘုံမှာဖြစ်စေ၊ ဝေးလှစွာသော အောက်အဝီစိမှာဖြစ်စေ အနှေးအမြန် အထူးမရှိပဲ ကံအားလျော်စွာအကျိုးဝိပါက် ပေါ်လာခြင်း ဖြစ်ပေသည်။

လူပုံလူရိပ်မှာ ရုပ်တရားလျှင် အရင်းခံရှိသောကြောင့် အလယ်ကြား၌ အကာအကွယ် ခြားနေလျှင် ထင်နိုင်သည် မဟုတ်ချေ။ အကျိုးဝိပါက်များမှာမူ စေတနာတည်းဟူသော နာမ်တရားလျှင် အရင်းမူလရှိသောကြောင့် အကြား၌ မြေကြီး သမုဒ္ဒရာ မြင်းမိုရ်တောင် စသည်တို့ရှိနေသော်လည်း အဆီးအတား အကာအကွယ်သဘော မသက်ရောက်ပါချေ။

ကြောင်းကျိုးညွှန်ပြ ပဋ္ဌာန်းဒေသနာ၌ အကျိုးဝိပါက်များကို ဖြစ်ပေါ်စေရာတွင် အာရမ္မဏပစ္စည်း (အာရုံကြောင်းတရား)၊ ဥပနိဿယပစ္စည်း (အားကြီးသော မှီရာအကြောင်း)၊ နာနာက္ခဏိကကမ္မပစ္စည်း (အကျိုးနှင့် ကာလခဏသီးခြားဖြစ်သော ကံဟူသောအကြောင်း) တို့သည် အထူးကျေးဇူးပြုသော အကြောင်းပစ္စည်းများဖြစ်၏။ ဤပစ္စည်း သုံးမျိုးတို့ ကျေးဇူးပြုသောကြောင့် ကာလအားဖြင့် အလွန်ရှည်ကြာသော်လည်းကောင်း၊ ဌာနအားဖြင့် အလွန်ဝေးကွာသော်လည်းကောင်း မိမိတို့၏ အကျိုးတရားများကို ဖြစ်ပွားပေါ်ပေါက်လာစေနိုင်သည်သာလျှင် ဖြစ်ပေသည်။

စာမျက်နှာ-290


ကံတရားနှင့်မျိုးစေ့

ကံဆိုသည်မှာ မျိုးစေ့နှင့်သဘောတူပင် ဖြစ်သည်။ သစ်ပင်တို့သည် တပင်နှင့်တပင် တူကြသည်မဟုတ်၊ အချို့သစ်ပင်များက ချိုသောအရသာရှိသော သစ်သီးကိုသီး၍ အချို့သစ်ပင်များ ချဉ်သောအရသာရှိသည့် သစ်သီးကိုသီးကြသည်။ အကြောင်း၎င်းကို ရှာဖွေစိစစ်ကြည့်လျှင် မျိုးစေ့မတူသောကြောင့် ဖြစ်သည်ဟု တွေ့ရ၏။ ထို့အတူပင် မျိုးစေ့တည်းဟူသော ကံအကြောင်းတရား မတူကြခြင်းကြောင့် မင်း၊ ပုဏ္ဏား၊ သူဌေး၊ သူကြွယ်၊ ကုန်သည်၊ လယ်လုပ်၊ အရာရှိ၊ မင်းစေဟု လူတန်းစား ကွဲပြားခြားနားလာရသည်။

သရက်စေ့ကို စိုက်ပျိုးပါလျှင် သရက်ပင်ပေါက်၍ သရက်သီးကိုစားကြရပေသည်။ သံပရာစေ့ကိုစိုက်ပါမူ သံပရာပင်ပေါက်၍ သံပရာသီးကိုစားရသည်။ ထို့အတူ ကုသိုလ်ကံကို ပြုလုပ်သူသည် ကောင်းကျိုးကို စံရသကဲ့သို့ အကုသိုလ်ကံကို ပြုလုပ်သူမှာ မကောင်းကျိုး ခံရမည်မှာ ယုံမှားဖွယ် မရှိချေ။ မှန်၏—ကုသိုလ်ကံသည် ကုသိုလ်ပြုသူနောက်သို့ အကျိုးပေးရန် အစဉ်လိုက်နေသည့်နည်းတူ အကုသိုလ်ကံသည်လည်း အကုသိုလ်ပြုသူနောက်သို့ အပြစ်ပေးရန်အတွက် အစဉ်မပြတ် လိုက်လျက်နေပေသည်။

ကံကိုချည်းသာအားမကိုးရာ

ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် “သတ္တဝါမှန်သမျှ ကံသာ မိမိတို့ကိုယ်ပိုင်ဥစ္စာရှိကြ၏” စသည်ဖြင့် ကံကို အရင်းမူလ ပဓာနအဖြစ် ဟောတော်မူထားပါသည်။ သို့သော် စည်းစိမ်ဥစ္စာ ကြီးပွားတိုးတက်ရေးနှင့် တိုင်းပြည်ကြီးပွားတိုးတက်ရေး စသည်တို့အတွက်ကား ကံကိုချည်း အားမကိုးရ၊ ဉာဏ်ဖြင့်လည်း တီထွင်ကြံဆရသကဲ့သို့ မလျော့သော လုံ့လဝီရိယတို့ဖြင့်လည်း ကြိုးစား၍ အလုပ်လုပ်ကြရပေမည်။ သို့မှသာ အဖက်ဖက်က ကြီးပွားတိုးတက်လာနိုင်ပေသည်။

မှန်ပါသည်—ဤလူ့ဘုံလောကကြီးကား ကံ၏အကျိုးသက်သက်ကို မှီခို၍ အသက်မွေးကြရသော ကမ္မဖလူပဇီဝီဘုံမျိုးမဟုတ်၊ ထကြွနိုးကြား ကြိုးစားအားထုတ်မှုဟူသော လုံ့လဝီရိယ၏ အကျိုးကို မှီခိုအားထား၍ အသက်မွေးရသော ဥဋ္ဌာနဖလူပဇီဝီဘုံမျိုး ဖြစ်သည်ကို သတိပြုရမည် ဖြစ်ပေသည်။
၁။ မ၊၃။၂၄၄။ မိလိန္ဒ။ ၆၇။ အဘိ၊၆။၃၉၆။ အဘိ၊ဋ္ဌ၊၁။၁၀၇။ အဘိ၊ ဋ္ဌ၊ ၁၊ ၇၂။
၂။ အဘိ

စာမျက်နှာ-291


မတော်တဆ အသက်ဘေးနှင့်ကြုံတွေ့ရာ၌လည်း “ကံကောင်းလျှင် ဤဘေးမှ လွတ်မြောက်မှာပဲ”ဟု ကံကိုချည်းပုံ၍ အားမကိုးရ၊ ဘေးလွတ်ရာလွတ်ကြောင်းကို ဉာဏ်ဖြင့် ကြံဆမြော်မြင်၍ လုံ့လဥဿာဟဖြင့် လွတ်မြောက်အောင် အားထုတ်ကြိုးပမ်းရပေသည်။ အလောင်းတော် မဟာဇနကမင်းသားသည် ပင်လယ်သမုဒ္ဒရာ၌ သင်္ဘောပျက်၍ အသက်ဘေးနှင့် ကြုံတွေ့ခဲ့ရ၏။ သို့သော် ၇-ရက်ပတ်လုံး မလျော့သော လုံ့လဝီရိယဖြင့် ကြိုးစားကူးခတ်ခဲ့ရာ မေခလာနတ်သမီးကယ်သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သည့်အပြင် မူလရည်မှန်းချက်အတိုင်း မင်းအဖြစ်ကိုပင် ရရှိခဲ့လေသည်။

အလောင်းတော်နှင့် အတူ ပါလာသော သင်္ဘောသားများကား လုံ့လမကူကြသဖြင့် ရေတွင်နစ်ကာ ငါးစာဖြစ်ကြရရှာသည်။ ဤဝတ္ထု၌ အလောင်းတော် မဟာဇနကမင်းသည် ကံကိုချည်းအားကိုး အားထားပြုခဲ့ပါမူ အခြားသင်္ဘောသားများနည်းတူ ပင်လယ်ကြောတွင် နစ်မြောသေဆုံးဖွယ်ရာ ရှိ၏၊ ဉာဏ်ဝီရိယကူမ၍သာ အသက်ဘေးမှ လွတ်မြောက်လာရခြင်း ဖြစ်ပေသည်။ ထီးနန်းအုပ်ချုပ် မင်းလုပ်ရခြင်းကား ကံ၏ကိစ္စသာ ဖြစ်၏။

လုံ့လကြိုးကုတ် အားထုတ်ကြရာ၌လည်း ဉာဏ်မပါသော ဝီရိယသည် အကျိုးမပြီးသည့်အပြင် အချည်းနှီးပင် ဖြစ်တတ်သေး၏။ ဉာဏ်ဝီရိယမဖက် ကံသက်သက်ကိုသာ ယုံကြည်မှုပါကား ပို၍အကျိုးမပြီး အချည်းနှီး ဖြစ်လေသည်။ အခါတစ်ပါး၌ တံငါသည်တစ်ယောက်သည် ငါးသုံးကောင်ကို ဖမ်းမိ၏။ ထိုတွင် ကံကိုယုံကြည်သည့်ငါးက “ကံကောင်းလျှင် လွတ်မှာပဲ” ဟု မလှုပ်မယှက် ငြိမ်သက်စွာပင်နေ၏။
၁။ အံ၊၁။၄၅၂။ အံ၊ဋ္ဌ၊၂။၃၃၇။
၂။ ဇာ၊ ဋ္ဌ၊ ၆။ ၃၉-၇၄။

စာမျက်နှာ-292


ဉာဏ်နှင့်မဖက် ဝီရိယသက်သက်ကိုသာ အားကိုးသော ငါးကလည်း တံငါသည်၏လက်တွင်းမှ လွတ်ကင်းရန် ရံခါရံခါ ခုန်ကြည့်သောအားဖြင့် ကြိုးပမ်းရှာ၏။ သို့သော် ထိုငါးနှစ်ကောင်လုံး နောက်ဆုံးတွင် အသတ်ခံကြရသည်။ ဉာဏ်ရှိသော ငါးတစ်ကောင်ကမူ တံငါသည်အလစ်ကိုချောင်း၍ လစ်သည်နှင့်တပြိုင်နက် တစ်ကြိမ်တည်း မြစ်တွင်းသို့ ခုန်ဆင်းလွတ်မြောက်သွားလေသည်။

ဤသို့ မူလရှိနေနှင့်သောကံကို ဉာဏ်ဝီရိယတို့ဖြင့် အထောက်အကူပြုပါမှ အကျိုးပြီးမြောက်နိုင်သည်ဟူသော ရှင်တော်ဗုဒ္ဓ၏ ညွှန်ကြားချက်ကို မပျက်မကွက် လိုက်နာသင့်ကြပေသည်။ ကံကိုယုံ၍ မီးပုံအတွင်း ခုန်ဆင်းခဲ့ပါလျှင် မီးလောင်ခံရမည်မှာ သေချာ၏။ ကျားသောင်းကျန်းနေသည့် အရပ်သို့သွား၍ ကျားကိုက်ခံရလျှင်လည်း “ကံမကောင်း၍” ဟု ကံကြမ္မာကို ရိုးစွပ်၍မရနိုင်ချေ။ ထို့ကြောင့် ကျေးဇူးရှင် မန်လည်ဆရာတော်ဘုရားကြီးက—

“ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူ့ထံ၌၊ ဉာဏ်ဝီရိယ၊ ပယောဂတည့်၊ ကာလဒေသ၊ ပုဂ္ဂလကို၊ နှိုင်းဆအပ်တုံ၊ ကံကိုယုံ၍၊ မီးပုံအတွင်း၊ မဆင်းထိုက်စွာ၊ ကျားရဲရာလည်း၊ ကြမ္မာအကြောင်း၊ မရိုးကောင်းရှင့်၊ သူဟောင်းရှေးက၊ ဆိုကုန်ကြ၏၊ လုံ့လမထူ၊ ဉာဏ်မကူပဲ၊ အယူတစ်ချောင်း၊ ကံတစ်ကြောင်းမျှ၊ မကောင်းလည်း ကံ၊ ကောင်းလည်းကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး၊ ပညာဉာဏ်ဖြင့်၊ သင့်မသင့်ကို၊ အခွင့်ရှု၍၊ အပြုလုံ့လ၊ ရှိအပ်လှတည့်၊ တံငါ့လက်တွင်း၊ ရောက်လျှင်းတုံငြား၊ သုံးကောင်ငါးကို၊ မှတ်သားဝမ်းထဲ၊ နည်းယူစွဲလော့။”
၁။ မဃဒေဝလင်္ကာသစ်။ ၁၇၆၇။

စာမျက်နှာ-293


ကံယုံကြည်မှုနှင့် ပုဗ္ဗေကတဟေတုဒိဋ္ဌိ

ကံတရားကို ယုံကြည်လက်ခံထားကြသည့် ဗုဒ္ဓဘာသာ ကမ္မဝါဒီ ပုဂ္ဂိုလ်တို့သည် မြတ်ဗုဒ္ဓ၏ ကမ္မဝါဒကို တိကျပြတ်သားစွာ နားလည်သိရှိထားရန် အလွန်အရေးကြီး၏။ ဗုဒ္ဓမြတ်စွာသည် ကံနှင့်ပတ်သက်၍—

သတ္တဝါတို့သည် ကံသာ ကိုယ်ပိုင်ဥစ္စာရှိ၏၊ ကံကပေးသော အမွေကို ခံယူရ၏၊ ကံသာ ဆင်းရဲကြောင်း၊ ချမ်းသာကြောင်းဖြစ်၏၊ ကံသာ ဆွေမျိုးမိတ်ရင်း သူငယ်ချင်းရှိ၏၊ ကံသာ အားထား ကိုးကွယ်ရာ ရှိ၏။ ကံကသာ သတ္တဝါတို့ကို အယုတ်အမြတ်ဖြစ်အောင် ဝေဖန်ဖန်တီးပေးသည်ဟု လမ်းညွှန်တော်မူထားခဲ့ပါသည်။

ဤမြတ်ဗုဒ္ဓ၏ ကမ္မဝါဒ၌ ကံဆိုသည်မှာ လွန်ခဲ့သည့် ဘဝများက ပြုလုပ်ခဲ့သည့် အတိတ်ကံများနှင့် ယခုလက်ရှိဘဝ၌ ပြုလုပ်သော ပစ္စုပ္ပန်ကံ ၂-မျိုးလုံးပင် ဖြစ်ပါသည်။ ဤကံ ၂-မျိုးလုံးကို အားကိုးယုံကြည်မှသာ အယူမှန်သော ကမ္မဿကတာ သမ္မာဒိဋ္ဌိဖြစ်နိုင်သည်။

မှန်ပါသည်—အချို့ကမ္မဝါဒီပုဂ္ဂိုလ်တို့သည် အတိတ်ကံကို အလွန်အစွဲသန်ကြသည်။ ဘာမဆို အတိတ်ကံကိုချည်း ချကြသည်။ လက်ရှိဘဝ၌ ချမ်းသာမှု၊ ဆင်းရဲမှု၊ ကျန်းမာမှု၊ ပညာရှိမှု၊ ပညာမဲ့မှု ဖြစ်ပျက်သမျှ အစုစုတို့သည် ရှေးဘဝကပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်ကြသည်ဟု အယူရှိကြသည်။ ယင်းပုဂ္ဂိုလ်များကား ကံနှင့်ပတ်သက်ရာ၌ တစ်ဖက်စွန်းရောက်သော ပုဂ္ဂိုလ်များတည်း။ ပစ္စုပ္ပန်အကြောင်းကံကို လုံးဝပယ်ထား၍ အတိတ်ကံ အကြောင်းတရားတစ်ခုကိုသာ လက်ခံယုံကြည်သောကြောင့် ဧကပက္ခဟီနဝါဒ (ပစ္စုပ္ပန်အကြောင်းတစ်ဖက်ကို ပယ်သောအယူဝါဒ) ရှိသူများ ဖြစ်၏။
၁။ မ၊၃။၂၄၄။

စာမျက်နှာ-294


ထိုအယူဝါဒရှိသူများသည် ဒိဋ္ဌိကြီးသုံးမျိုးတွင် “ပုဗ္ဗေကတဟေတုဒိဋ္ဌိ” ခေါ် မိစ္ဆာဒိဋ္ဌိများ ဖြစ်ကြောင်း တိကအင်္ဂုတ္တိုရ်ပါဠိတော် တိတ္ထာယတနသုတ်၌ ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူထားပေသည်။ ပုဗ္ဗေကတဟေတုဒိဋ္ဌိဆိုသည်မှာ နိဂဏ္ဍတက္ကတွန်းတို့ကဲ့သို့ ဖြစ်သမျှ ပြုသမျှ ရှေးအတိတ်ကံကြောင့်ချည်းဖြစ်သည်ဟု မှားယွင်းစွာယူမှုမျိုး ဖြစ်ပေသည်။

အကယ်၍ ပုဗ္ဗေကတဟေတုဒိဋ္ဌိကို အယူမှန်ဟု လက်ခံခဲ့လျှင် အကျိုးမဲ့မှုများ မြောက်မြားစွာ ဖြစ်ပေါ်လာမည် ဖြစ်ပေသည်။ ပုဗ္ဗေကတဟေတုဒိဋ္ဌိဖြစ်သူသည် ရှေးကံက တိုက်တွန်းသောကြောင့် သတ္တဝါတို့သည် အသက်ကိုသတ်ကြရ၏၊ သူ့ဥစ္စာကို ခိုးကြရ၏၊ မမြတ်သောမေထုန်အကျင့်ကို ကျင့်ကြရ၏၊ လိမ်လည်ပြောဆိုကြရ၏၊ ကုန်းတိုက်ကြရ၏၊ အကျိုးမရှိ ပေါ့ပျက်သော စကားကို ပြောဆိုကြရ၏၊ ငြူစူစောင်းမြောင်းကြရ၏၊ သူတပါးကို ညှဉ်းဆဲလိုသော စိတ်ရှိကြရ၏၊ မှားသောအယူ ယူကြရ၏—ဟု တစ်ဖက်စွန်းရောက်သော အယူကို ယူ၏။

ထိုသို့ယူဆသဖြင့် ထိုပုဗ္ဗေကတဟေတုဒိဋ္ဌိရှိသူများအဖို့ သူတော်ကောင်း ပညာရှိဖြစ်ကြောင်း သူတော်ကောင်းတို့၏ တရားကို နာကြားခြင်း၊ အသင့်အတင့် နှလုံးသွင်းခြင်း၊ တရားအားလျော်စွာ ကျင့်ခြင်းစသော တရားတို့သည် အကျိုးမပွား၊ အလကားတရားတို့သာ ဖြစ်ကြပေတော့၏။ အကြောင်းမှာ လူတော်သူကောင်းဖြစ်ရန်နှင့် လူမိုက်လူယုတ်မာဖြစ်ရန် အကြောင်းများသည် ရှေ့ကပြုခဲ့သော ကံအကြောင်းတရားများသာ ဖြစ်သည်၊ အခြားအကြောင်းတစ်ပါးမရှိဟု ယုံကြည်သောကြောင့် ဖြစ်ပေသည်။

ထို့ပြင် ဤပုဗ္ဗေကတဝါဒကိုသာ အမြတ်တနိုး အားကိုးယုံကြည်သော သူတို့အား အကြင်အမှုကို ငါတို့ မချွတ်ဧကန် အမှန်ပြုထိုက်၏၊ ထိုအမှုကို ငါတို့ ပြုကျင့်ကုန်အံ့ဟူ၍လည်းကောင်း၊ အကြင်အမှုကို ငါတို့ မပြုသင့် မပြုထိုက်၊ ထိုအမှုကို ငါတို့မပြုဘဲ ရှောင်ကြဉ်ကုန်အံ့ဟူ၍လည်းကောင်း စိတ်ကောင်းဆန္ဒ၊ ဝီရိယမဖြစ်နိုင်ကြတော့ပေ။ အဘယ်ကြောင့်ဆိုသော်

စာမျက်နှာ-295


ပြုထိုက်သည်ကိုပြုခြင်း၊ မပြုထိုက်သည်ကိုမပြုဘဲ ရှောင်ကြဉ်ခြင်းများသည် ရှေးကံကြောင့်သာဖြစ်၏၊ စိတ်ကောင်းဆန္ဒ ဝီရိယတို့ကြောင့်ဖြစ်သည် မဟုတ်ဟု ယုံကြည်ထားသောကြောင့်ပင် ဖြစ်သည်။

ဤသို့ ပုဗ္ဗေကတဟေတု အယူဝါဒရှိသူတို့သည် ပစ္စုပ္ပန်ကံကို လုံးဝ ဘေးဖယ်ထားသဖြင့် မျက်မှောက်ဘဝ၌ ကောင်းသောအမှုကိစ္စများကို ဆောင်ရွက်လိုစိတ်၊ ဆောင်ရွက်မှု၊ မကောင်းသော ဒုစရိုက်မှုများကို ရှောင်ကြဉ်လိုစိတ်၊ ရှောင်ကြဉ်မှုတို့ မရှိတော့ဘဲ ဖြစ်မှုပျက်မှု ကောင်းမှု ဆိုးမှု အားလုံးအတွက် အတိတ်ကံလက်ချက်ဟု အတိတ်ကံကိုချည်း ပုံချနေရကား တစ်ဖက်အစွန်းရောက်၍ မှားသောအယူဝါဒပင် ဖြစ်ပါသည်။

အမှန်စင်စစ်သော်ကား လောက၌ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ ချမ်းသာမှု၊ ဆင်းရဲမှု၊ ကျန်းမာမှု၊ ရောဂါရမှုစသော ကောင်းကျိုးဆိုးပြစ်များသည် အတိတ်ဘဝကပြုလုပ်ခဲ့သည့် အတိတ်ကံသက်သက်ကြောင့်ချည်း မဟုတ်ချေ။ မျက်မှောက်ပစ္စုပ္ပန်ဘဝ၌ ဉာဏ်ဦးဆောင်သည့် ကြိုးစားအားထုတ်မှု ဝီရိယကြောင့် ဖြစ်ပေါ်လာသော ပစ္စုပ္ပန်ကံသည်လည်း အရေးပါသော အကြောင်းတရားတစ်ခု ဖြစ်ပါသည်။ ရှေးဘဝကအတိတ်ကံ ပါလာသော်လည်း ထိုအတိတ်ကံသည် လက်ရှိဘဝ၌ ဉာဏ်ရှေ့ဆောင်၍ ကြိုးစားအားထုတ်သည့် ပစ္စုပ္ပန်ကံ၏ အကူအညီကိုမရပါက ထိုက်သင့်သလောက် အကျိုးတရား မဖြစ်ပွားနိုင်ချေ။

ပစ္စုပ္ပန်ကံ၏ အကူအညီကိုမရဘဲ အတိတ်ကံသက်သက်ကြောင့် ဖြစ်ပေါ်ရသော အကျိုးတရားများကား ရှိပါသည်။ ထိုအတိတ်ကံသက်သက်ကြောင့် ဖြစ်ရသည့် အကျိုးတရားများမှာ အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာ့ဘုံတို့၌ ပဋိသန္ဓေလေးမျိုးတွင် တစ်မျိုးမျိုးဖြင့် ပဋိသန္ဓေနေကာ အပါယ်ဘုံသားနှင့် လူ၊ နတ်၊ ဗြဟ္မာများ ဖြစ်လာရခြင်းသည် လည်းကောင်း၊ လူ၊ နတ်၊ ဗြဟ္မာ ဖြစ်ရာ၌လည်း မြင့်မြတ်သောအမျိုး၌ ဖြစ်ခြင်း၊ ယုတ်ညံ့သောအမျိုး၌ ဖြစ်ခြင်းများသည်လည်းကောင်း၊ ပဋိသန္ဓေတည်နေချိန်မှစ၍ မျက်စိ၊ နား၊ နှာခေါင်းစသည်တို့၏ ပြည့်စုံမှု ချွတ်ယွင်းမှုတို့သည်လည်းကောင်း၊ ပဋိသန္ဓေပညာ၏ ပြည့်စုံမှု ချွတ်ယွင်းမှုတို့သည်လည်းကောင်း၊

စာမျက်နှာ-296


ကြွင်းသော အင်္ဂါကြီးငယ် တင့်တယ်သော ရုပ်လက္ခဏာတို့နှင့် ပြည့်စုံမှု စသည်တို့သည်လည်းကောင်း၊ အတိတ်ဘဝက ပြုလုပ်ခဲ့သော သုစရိုက်ကံ၊ ဒုစရိုက်ကံတို့ကြောင့်သာ ဖြစ်ပေါ်လာသော အကျိုးတရားများ ဖြစ်ပါသည်။

ထိုဆိုခဲ့ပြီးသော အကျိုးတရားတို့ကို ပစ္စုပ္ပန်ကံဖြင့် ဖြစ်ပေါ်အောင် မတတ်နိုင်ကုန်။ အတိတ်ကံကြောင့် ပဋိသန္ဓေတည်နေစဉ်ကပင် မျက်စိအကြည်ရုပ် မပါလာခဲ့သည့် ပဋိသန္ဓေကန်းအား ပဝတ္တိကာလတွင် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတစ်စုံတစ်ယောက်သည်လည်းကောင်း၊ တန်ခိုးရှင်ကြီးသည်လည်းကောင်း၊ ပစ္စုပ္ပန်ဉာဏ်စွမ်း၊ ဝီရိယစွမ်း၊ တန်ခိုးစွမ်းတို့ဖြင့် မျက်စိအကြည်ရုပ်ကို ဖြစ်ပေါ်လာအောင် မတတ်နိုင်ပါချေ။

သို့ရာတွင် လက်ရှိဘဝ၌ စီးပွားဥစ္စာအဖြာဖြာနှင့် ပြည့်စုံခြင်း၊ ပညာတတ်မြောက်ခြင်း၊ အသက်ရှည်ခြင်း၊ အနာရောဂါကင်းခြင်း စသော အကျိုးတရားများ ဖြစ်ပွားလာရခြင်းကား အတိတ်ကံချည်း သက်သက်မဟုတ်ပါချေ။ လယ်ယာထွန်ယက် စိုက်ပျိုးခြင်း၊ တိရစ္ဆာန်များမွေးမြူခြင်း၊ ကုန်စည်ရောင်းဝယ် ဖောက်ကားခြင်း၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာရပ်များကို သင်ကြားခြင်းစသည့် ပစ္စုပ္ပန်ကံ၏ အထောက်အကူပြုမှုကြောင့်သာ ထိုအကျိုးတရားများ ဖြစ်ပွားလာရခြင်းဖြစ်ပါသည်။

ထို့အတူ လက်ရှိဘဝ၌ ပျက်စီးဆုတ်ယုတ်မှု အမျိုးမျိုးတို့ ဖြစ်ပေါ်လာရခြင်းသည်လည်း ပစ္စုပ္ပန်ကံ၏ အကူအညီရသောကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပေသည်။ ဤသို့ “ကံ” ဟူသော အရာ၌ အတိတ်ကံတစ်မျိုးတည်းကိုသာ မယူဘဲ အတိတ်ကံ၊ ပစ္စုပ္ပန်ကံ နှစ်မျိုးလုံးကို ယူခြင်းသည်သာ ဗုဒ္ဓရှင်တော်မြတ်ဘုရား၏ ကမ္မဝါဒဖြစ်ပါသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာ ကမ္မဝါဒီတို့သည် လက်ရှိဘဝ၌ အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သောကံကို အားကိုးယုံကြည်မှသာ မဇ္ဈိမပဋိပဒါလမ်းဖြောင့် လမ်းမှန်သို့ရောက်၍ သမ္မာဒိဋ္ဌိအယူရှိသော ဗုဒ္ဓဘာသာလူမျိုးအစစ် ဖြစ်နိုင်ကြပေမည်။

စာမျက်နှာ-297


ထိုသို့မဟုတ်ဘဲ ဖြစ်သမျှ ပြုသမျှမှာ ရှေးဘဝကကံကြောင့်သာဟု ယူဆခဲ့ပါလျှင် နိဂဏ္ဍတက္ကတွန်းတို့ယူသော ပုဗ္ဗေကတဟေတုဒိဋ္ဌိသို့ ဝင်ရောက်သွားမည်ကို သတိပြုစရာ ကောင်းလှပေသည်။ အတိတ်က ပြုခဲ့သောကံမှာ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ အတိတ်ကံအတွက် ဆောင်ရွက်ဖွယ် စိုးစဉ်းမျှ မရှိတော့ပြီဖြစ်၍ အတိတ်ကံကို ပဓာနမပြု၊ လျှစ်လျူရှုထား၍ ယခုဘဝ၌ ပြုသင့်ပြုထိုက်သော ဝီရိယကိုသာ ဉာဏ်နှင့်ယှဉ်၍ ပစ္စုပ္ပန်ကံကောင်းရန်အတွက် ကြိုးစားအားထုတ်သင့်ကြပေသည်။

စေတနာပါ မပါသာ ပဓာန

လောက၌ တစ်စုံတစ်ခုသော ကိုယ်မှု နှုတ်မှု တို့ကို ပြုလုပ်ပြောဆိုရာတွင် စေတနာ ပါမှု မပါမှုသာ လိုရင်းပဓာနဖြစ်ပေသည်။ ထင်ရှားစေဦးအံ့။ မျက်စိနှစ်ကွင်း အလင်းမရရှာသော စက္ခုပါလခေါ် ရဟန္တာမထေရ်မြတ်သည် မိုးရွာပြီးစ နံနက်စောစောထ၍ စင်္ကြံကြွတော်မူရာ ပိုးကောင်များစွာကို နင်းမိသဖြင့် ပိုးကောင်အမြောက်အများ သေကြေပျက်စီးကြရ၏၊ သို့သော် ထိုမထေရ်မြတ်အား သေစေလိုသော စေတနာမရှိသဖြင့် ပါဏာတိပါတမဖြစ်ပေ။

ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှား ရှိတော်မူစဉ်အခါက သောတာပန်အရိယာဖြစ်သူ အမျိုးသမီးတစ်ဦးသည် မုဆိုးကြီးတစ်ယောက်နှင့် သင့်မြတ်ကာ အတူနေထိုင်ကြသည်။ ထိုအမျိုးသမီးသည် ခင်ပွန်းဖြစ်သူ မုဆိုးကြီး စေခိုင်းသမျှ လေး၊ မြား၊ လှံ၊ ပိုက်ကွန်စသည်တို့ကို ယူဆောင်ပေးရသည်။ ဇနီးသည် ယူဆောင်ပေးသောလေး၊ မြား စသည်ဖြင့် တောသတ္တဝါတို့၏ အသက်ကိုသတ်ဖြတ်သည်။ သို့ရာတွင် ဇနီးဖြစ်သူမှာ သတ္တဝါတို့ကို သတ်ဖြတ်ပါစေဟူသောရည်ရွယ်ချက်ဖြင့် လေး၊ မြားစသည်တို့ကို ယူဆောင်ပေးသည်မဟုတ်၊ သောတာပန် အရိယာဖြစ်၍ သတ္တဝါတို့အား သေစေလိုသော စေတနာလည်းမရှိ၊ ခင်ပွန်းသည်၏ စကားကို လိုက်နာသောအားဖြင့်သာ ယူဆောင်ပေးရခြင်း ဖြစ်သည်။
၁။ ဓမ္မပဒ၊ဋ္ဌ၊၁၊၁၃။

စာမျက်နှာ-298


ထို့ကြောင့် သေစေလိုသည့် စေတနာကင်းသော ဇနီးသည်မှာ ပါဏာတိပါတကံမဖြစ်ပေ။ ဥပမာ လက်၌အနာမရှိက အဆိပ်ကိုကိုင်သော်လည်း အဆိပ်မသင့်သကဲ့သို့ ဖြစ်သည်။

ထို့အတူ မုဆိုး၏စေခိုင်းမှုကြောင့် တွန်သံပေးကြရသော တယ်ခါ၊ တယ်ကြက်စသည်တို့မှာလည်း သေစေလိုသော စေတနာမရှိသောကြောင့် ပါဏာတိပါတ မဖြစ်ပေ။

မိခင်၏စကားကို နားမထောင်ဘဲ တောသို့ ထွက်ခွာသွားသော သားငယ်ကို “ကျွဲမကြီးခတ်၍ သေပါစေ” ဟု ကြိမ်ဆဲသော မိခင်၏စကားသည်လည်းကောင်း၊ အကျိုးလိုလားမှုဖြင့် တပည့် သားသမီးများကို ကြမ်းတမ်းစွာ ငေါက်ငမ်းဆဲဆို ကြိမ်းမောင်းကြသော ဆရာမိဘတို့၏ စကားသည်လည်းကောင်း၊ နှုတ်ထွက်ပင် ကြမ်းတမ်းသော်လည်း စိတ်စေတနာ မပါရှိသောကြောင့် (ဝါ) စိတ်စေတနာ နူးညံ့သောကြောင့် ဖရုသဝါစာမဖြစ်ဟု ကျမ်းဂန်များ၌ ပြဆိုထားပေသည်။ သို့ရာတွင် “ဤသူကို ချမ်းသာစွာအိပ်ပါစေ” ဟု ပြုံးရွှင်စွာသတ်မိန့်ချသော တရားသူကြီး၏စကားသည် နှုတ်ထွက်ပင် နူးညံ့သိမ်မွေ့စေကာမူ စိတ်စေတနာ ကြမ်းတမ်းသောကြောင့် (ဝါ) သေစေလိုသော စိတ်စေတနာပါရှိသောကြောင့် ဖရုသဝါစာဖြစ်ပေသည်။

ကြမ်းတမ်းစွာပြောဆိုလေ့ရှိသော ပိလိန္ဒဝစ္ဆ ရဟန္တာအရှင်မြတ်သည် သူတစ်ပါးကို သူယုတ်ဟု ခေါ်ဝေါ်ပြောဆိုလေ့ရှိသော ပုဏ္ဏားမျိုး၌ ဘဝငါးရာပတ်လုံး အဆက်ဆက် ဖြစ်ခဲ့ဖူးသောကြောင့် တွေ့မြင်သူတိုင်းကို သူယုတ်-သူယုတ် (ဝသလ-ဝသလ) ဟု ပြောဆိုလေ့ရှိသည်။ ထိုအကြောင်းကို ဘုရားရှင်ထံ လျှောက်ထားကြရာ “အရိယာပုဂ္ဂိုလ်တို့ မည်သည်မှာ စေတနာအထူးမရှိဘဲ ဝါသနာအလျောက် ပြောဆိုခြင်းသာဖြစ်သည်” ဟု ဟောတော်မူ၏။
၁။ ဓမ္မပဒ၊ဋ္ဌ၊၂၊ ၁၈။
၂။ ဇာ၊ဋ္ဌ၊၃၊၅၉-၆၁။
၃။ အဘိ၊ဋ္ဌ၊၁၊၁၃။ ဒီ၊ဋ္ဌ၊၁၊၇၃-၇၄။ မ၊ဋ္ဌ၊၁၊၂၀၄။ သံ၊ဋ္ဌ၊၁၊၁၃၆။

စာမျက်နှာ-299


သူတပါးကို ထိပါးပုတ်ခတ် ကဲရဲ့ရှုတ်ချလိုသောစိတ် စေတနာတို့ဖြင့် ရုန့်ရင်းကြမ်းတမ်းသောစကားကို မပြောဆိုကြ၊ အရိယာပုဂ္ဂိုလ်တို့အား ယုတ်မာကြမ်းတမ်းသော စေတနာမည်သည် မရှိ၊ ပိလိန္ဒဝစ္ဆမထေရ်သည် ဘဝအဆက်ဆက်က ပါလာခဲ့သော ဂေါတြအလျှောက် ပြောဆိုခြင်းဖြစ်သည်၊ သို့ဖြစ်၍ ဖရုသဝါစာမဖြစ်”ဟု ဘုရားရှင်မိန့်တော်မူသည်။

အိပ်မက် စေတနာ

အိပ်မက်ထဲတွင် ဘုရားဖူးရသည်၊ တရားနာရသည်၊ မိဘလင်သားတို့အား လုပ်ကျွေးပြုစုရသည်၊ သူ့အသက်သတ်ရသည်၊ သူ့ဥစ္စာခိုးရသည် စသည်ဖြင့် မြင်မက်သောသူ၏ ကုသိုလ်အိပ်မက်စေတနာ၊ အကုသိုလ်အိပ်မက်စေတနာတို့သည် အာရုံထင်လာမှ အားနည်းသောကြောင့် ပဋိသန္ဓေကျိုးကို မပေးစွမ်းနိုင်။ တပါးသော ကုသိုလ်စေတနာ အကုသိုလ်စေတနာတို့၏ ထောက်ပံ့ကူညီမှုကို ရပါမူ ပဝတ္တိကျိုးကိုကား ပေးစွမ်းနိုင်ပေသည်။

မိဘနှစ်ပါးတို့က သားသမီးများအား လုပ်ကျွေးပြုစုသော စေတနာနှင့် ခင်ပွန်းသည် ယောက်ျားတို့က ဇနီးမယားတို့အား လုပ်ကျွေးပြုစုသော စေတနာတို့သည် ကုသိုလ်စေတနာများဖြစ်၍ ကောင်းကျိုးပေးနိုင်သည်။ ထိုစေတနာကို မဆိုထားဘိ ထိုသူတို့အချင်းချင်း ချစ်ခင်ကြသော မေတ္တာပါသည့် စေတနာသည်ပင် တဆင့်ထက်တဆင့် ရင့်စေ၍ စကြဝတေးမင်းအဖြစ်တိုင်အောင် အကျိုးပေးနိုင်ကြောင်းကို မာတုဂုဏသုတ်၌--

“သင်တို့သည် သားသမီးတို့ကို ချစ်ခင်ကြကုန်၏၊ ခင်ပွန်းသည် လင်ယောကျ်ားတို့အား ကြင်ယာသက်ထား ဇနီးမယားတို့က ချစ်ခင်ကြ၏၊ လင်ယောကျ်ားကလည်း ဇနီးမယားတို့အား ချစ်ခင်ကြ၏၊ မေတ္တာ၏အစွမ်းအားဖြင့် ထိုချစ်ခင်ကြခြင်းသည် စကြဝတေးမင်း၏ အဖြစ်ကိုပြုတတ်၏” ဟူ၍ ဟောတော်မူသည်။
၁။ အံ၊ဋ္ဌ၊၁၊၂၁၆။ ဓမ္မပဒ၊ဋ္ဌ၊၂၊၄၁၉-၄၂ဝ။
၂။ အဘိ၊ဋ္ဌ၊၂၊ ၃၉၁။ အံ၊ဋ္ဌ၊၃၊၇၂။ ဝိ၊ဋ္ဌ၊၂၊၁၀၉။

စာမျက်နှာ-300


သားမယားတို့အား ချစ်ခင်ခြင်းသည် တဏှာအားဖြင့် ချစ်ခြင်း၊ မေတ္တာအားဖြင့် ချစ်ခြင်းဟူ၍ နှစ်မျိုးရှိသည်၊ ထိုနှစ်မျိုးတို့တွင် “ငါ့အား ခြေဆုပ်လက်နယ်ပြုခြင်း၊ ယပ်ခပ်ခြင်း၊ ကျွေးမွေးခြင်း၊ နာရေးဖျားတာပြုစုခြင်း၊ ကောင်းမှုပြုရာ ညီညာခြင်း၊ ဥစ္စာကို ထိန်းသိမ်းခြင်း စသော အမှုကိုပြုပေသည်”ဟု ဂုဏ်ကျေးဇူးကို အောင့်မေ့၍ ချစ်ခြင်းသည် မေတ္တာအားဖြင့် ချစ်ခြင်းမည်၏။ ထိုမေတ္တာသည် မဟာကုသိုလ်ပင်ဖြစ်ရကား မြတ်သောအကျိုးကို ပေး၏ဟု မနောရထပူရဏီ ကျမ်း၌ရေးသား ဆုံးဖြတ်ထားပေသည်။

ကံတူအကျိုးပေးပုံ

ဇာတ်တော်များ၌ ကံတူအကျိုးပေးပုံမှာ များစွာပါရှိပေသည်၊ ရှေးရှေးက စိတ်တူကံတူ ပြုခဲ့သော ကံတို့သည် နောင်အခါ၌လည်း အတူအကျိုးပေးတတ်ကြ၏။ ဒါနအတူပြုခြင်း၊ သီလအတူဆောက်တည်ခြင်း၊ အတူပြုခွင့်မရသည့် အခါ၌လည်း တယောက်ပြုနေသည်ကို တယောက်က သဘောကျခြင်း၊ အိမ်ရှင်လင်ယောကျ်ား ပစ္စည်းရှာ၍ အိမ်သူက ထိုပစ္စည်းဖြင့် ကုသိုလ်ပြုသည်ကို ဝမ်းမြောက်ခြင်း စသော ကုသိုလ်များကို “ကံတူ”ဟု ဆိုလိုပေသည်။

ထိုကဲ့သို့ ကံတူပြုရာ၌ ပညာရှိ သူတော်ကောင်းချင်းဖြစ်လျှင် တယောက်စကား တယောက်နားထောင်ကာ မခွဲမခွာနေလိုသော သမ္မာဆန္ဒဖြင့် တယောက်နှင့်တယောက် ငဲ့ညှာသော တဏှာဆန္ဒများလည်း ကုသိုလ်၏ ရှေးအဖို့ နောက်အဖို့မှာ မကင်းပဲရှိတတ်၏။ ထိုကုသိုလ်ကံ အကျိုးပေးသောအခါ သမ္မာဆန္ဒ၊ တဏှာဆန္ဒ အလိုကျအောင် ထိုသူနှစ်ယောက်တို့ အတူတွေ့ဆုံရတတ်၊ အတူအကျိုးခံစားရတတ်ပေသည်။ ဤအရာမျိုးကို “ကံတူအကျိုးပေး”ဟု ခေါ်သည်။

ထိုကဲ့သို့ တယောက်နှင့်တယောက် ညှာမှုဆန္ဒပြင်းပြလှသော ကုသိုလ်ရှင်တို့သည် သံသရာထဲ၌ ပါရမီဖြည့်ဖက် အဖြစ်ဖြင့် ကျင်လည်ကာ တပျော်တပါး အလောင်းတော်များဖြစ်ရပုံကိုလည်း ဘုရားရှင်နှင့် ယသော်ဓရာ
၁။ မနောရထပူရဏီကျမ်း၊ ၁၅၇။

စာမျက်နှာ-301


မိဖုရား၊ ရှင်မဟာကဿပနှင့် မယ်ဘဒ္ဒါ၊ မဟာကပ္ပိနမင်းနှင့် အနော်ဇာတို့အပြင် မကင်းရာမကင်းကြောင်းဖြစ်၍ ပါလာကြသော ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်၊ ရှင်အနုရုဒ္ဓါ၊ ရှင်ရာဟုလာ၊ ခေမာထေရီ၊ ဥပ္ပလဝဏ်ထေရီ၊ မိထွေးတော် ဂေါတမီ၊ သုဒ္ဓေါဒနမဟာရာဇာတို့၏ ဝတ္ထုကြောင်းများဖြင့် ကောင်းကောင်းကြီး ယုံကြည်သင့်ကြပေသည်။

အကုသိုလ်ကံအရာမှာလည်း စိတ်တူသဘောတူပြုလျှင် ကံတူအကျိုးပေးပင်ဖြစ်၏။ ရှေးအခါက ဇနီးမောင်နှံနှစ်ဦးတို့သည် လှေပျက်၍ လူမရှိသော ကျွန်းငယ်တခုသို့ ရောက်သွားသည်။ ထိုကျွန်း၌ အစာမရကြသဖြင့် ငှက်ကလေးများကို သတ်၍ စားကြရ၏။ ထိုမကောင်းမှုအတွက် ငရဲကျပြီးနောက် ဘုရားလက်ထက်၌ ဥတေနမင်း၏သားတော် ဗောဓိမင်းသားနှင့် မိဖုရားဖြစ်လာကြသည်။ ရှေးက ငှက်ကလေးများကို သတ်စားမိခဲ့သောကြောင့် သားသမီးမရပဲ ရှိလေသည်။

ငှက်ငယ်ကလေးများကို သတ်စားစဉ်က မိန်းမက သဘောမတူခဲ့လျှင် မိန်းမအတွက် သားသမီးရထိုက်၏။ ယောက်ျားက သဘောမကျလျှင်လည်း ယောက်ျားအတွက် သားသမီးရထိုက်၏။ ထိုဇနီးမောင်နှံနှစ်ယောက်တို့မှာမူ စိတ်တူကိုယ်တူ သတ်ခဲ့သောကြောင့် လုံးဝ သားသမီးမရနိုင်ပဲ ရှိလေသည်။ ဤသို့စသည်ဖြင့် စိတ်တူကိုယ်တူပြုခဲ့သော အကုသိုလ်ကံများ၏ ကံတူအကျိုးပေးတတ်ပုံကို သတိထား၍ တယောက်က အကုသိုလ်မှုကိုပြုသည့်အခါ တယောက်က သဘောမကျဘဲ တားမြစ်ရန် သတိပြုသင့်ကြပေသည်။ ထို့ကြောင့် မဃဒေဝလင်္ကာသစ်၌-

“အကုသိုလ်နှင့် ကုသိုလ်နှစ်ပါး၊ ကံတရားကား၊ မယားပြုရာ၊ စိတ်မပါလျှင်၊ လင်မှာမရ၊ လင်ပြုကလည်း၊ မယားအိမ်သူ၊ စိတ်မတူသော်၊ မှတ်ယူမှန်စွာ၊ မရရာဘူး”
ဟု ညွှန်ကြားထားခြင်းဖြစ်ပေသည်။
၁။ မဃဒေဝလင်္ကာသစ်၊ ၂၃၇ အပိုဒ် (၂ဝ၉)

စာမျက်နှာ-302


တယောက်ကုသိုလ်ကံကြောင့် အများစံရပုံ

လောက၌ ဆရာတပည့်တစုံ၊ မိသားတစု၊ ဆွေမျိုးတစု စသည်ဖြင့် အစုအဖွဲ့များရှိလေရာ တယောက်ယောက်၏ ကုသိုလ်ကံအကျိုးကို အစုအဖွဲ့ပါဝင်သူများလည်း ထိုက်တန်သလောက် ခံစားကြရ၏။ သီဟိုဠ်ကျွန်း ဘာတိကမင်းလက်ထက်၌ နွားသားစားသူများကို ဖမ်းဆီး၍ ဒဏ်တပ်လေရာ ဒဏ်ငွေမဆောင်နိုင်ကြသဖြင့် နန်းတော်တွင်း၌ အမှိုက်သုတ်သင်သူများအဖြစ် စေခိုင်းထားလေသည်။

သူတို့အထဲတွင် အဆင်းလှသူကလေးတယောက်ကို ရှင်ဘုရင်မြင်၍ ထိုသူကလေးကို နန်းတွင်းတွင် “သာမာဒေဝီ”ဟူသော ဘွဲ့အမည်ဖြင့် နန်းတွင်းသူအဖြစ် ချီးမြှောက်လိုက်၏။ သူကလေး၏ ဆွေမျိုးများကိုလည်း အပြစ်မှ လွတ်စေပြီးလျှင် ချမ်းသာစွာ အသက်မွေးနိုင်လောက်အောင် ချီးမြှောက်မစလေသည်။ ဤကား တယောက်ကုသိုလ်ကြောင့် ဆွေမျိုးများ၌ အကျိုးရပုံ ဖြစ်သည်။

မြန်မာဘုရင်များ လက်ထက်၌လည်း ပထမကျော် အောင်မြင်ခဲ့လျှင် ထိုပထမကျော် အောင်မြင်သူ၏ မိဘများအပြင် မွေးချင်းပေါက်ဖော် နီးစပ်ရာ ဆွေမျိုး ၁၅-ဦးအထိ ဈေး၊ ပွဲ၊ ကင်း၊ ကူးတို့စသည့် အခွန်တော်များ၊ သဿမေဓအခွန်တော်များနှင့် မင်းတိုင်း ၁၂-မှုတို့မှ လွတ်ငြိမ်းချမ်းသာခွင့်များ ရကြခြင်းသည်လည်း တယောက်ကံကြောင့် အများအကျိုးခံစားရပုံဖြစ်သည်။ ထို့ပြင် နန္ဒမင်းသား၏ ကုသိုလ်အကျိုးဆက်ကြောင့် ပဒေသာပင်ပေါက်၍ နိုင်ငံသူနိုင်ငံသားအားလုံး ချမ်းသာကြရခြင်းသည်လည်း တယောက်ကံကြောင့် အများခံစားရပုံဖြစ်ပါသည်။

ဘုန်းကံပါရမီ ကြီးမားသောပုဂ္ဂိုလ်ကောင်း တဦးတယောက်ပေါ်ပေါက် ဖြစ်ထွန်းလာသည်ရှိသော် “တယောက်ကောင်း၊ အပေါင်းချမ်းသာ” ဆိုသကဲ့သို့ လူများစွာတို့ အကျိုးစီးပွား ဖြစ်ထွန်းကြ၏။ ချမ်းသာသုခ ရရှိကြပေသည်။ ကုသိုလ်ကံကြီးလျှင် ကြီးသည့်အလျောက် များစွာသောသူတို့ ခိုကိုးကြရ၏။ ဥပမာ-သဌေးကြီးတယောက် ဖြစ်ထွန်းလျှင် ထိုသဌေးကိုမှီ၍ အသက်မွေးကြကုန်သော သူတို့မှာ ချမ်းသာကြီးပွားကြကုန်၏။

စာမျက်နှာ-303


မင်းကောင်းတပါး ပေါ်ထွန်းလာသည်ရှိသော် ထိုမင်း၏ တိုင်းနိုင်ငံမှာ ချမ်းသာကြီးပွားကြကုန်၏။ စကြဝတေးမင်းကြီး ပေါ်ပေါက်လာသောအခါ ကျွန်းငယ်များစွာတို့နှင့်တကွ လေးကျွန်းလုံး၌ နေကြကုန်သောသူတို့မှာ ချမ်းသာကြီးပွားကြကုန်၏။ သုံးလောကထုတ်တင် သဗ္ဗညုဘုရားရှင် ပွင့်ပေါ်တော်မူလာသောအခါ၌မူ ဇာတိ၊ အာဏာ၊ ဝိသယာဟူသော လောကဓာတ် ၃-ပါး၌ နေထိုင်ကြကုန်သော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့မှာ နိဗ္ဗာန်တိုင်အောင်သော အကျိုးကိုရ၍ ချမ်းသာကြီးပွားကြရပေကုန်၏။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာက-

“ရဟန်းတို့-လောက၌ တဦးတယောက်သော ပုဂ္ဂိုလ် ထွန်းလင်း ပေါ်ပေါက်လာခဲ့သော်၊ လူအပေါင်း၏ အကျိုးစီးပွား ဖြစ်ခြင်းငှာ လူအပေါင်း၏ ချမ်းသာခြင်းငှာ ဖြစ်ပေါ်လာခြင်း ဖြစ်သည်” ဟု ဟောတော်မူခြင်းဖြစ်သည်။ ထို့အတူ မျက်မှောက်ခေတ်၌လည်း ဆွေမျိုးအုပ်စုတွင် ကံထူးချွန်သူ တစုံတယောက် ထွန်းကား ပေါ်ပေါက်လာပါက ဆွေမျိုးသားချင်းများ၊ မိတ်ဆွေသင်္ဂဟများ၊ အခြံအရံများ အားလုံး ကောင်းကျိုးခံစားရပုံကို လေ့လာ တွေ့ရှိနိုင်ပါသည်။

တယောက် အကုသိုလ်ကံကြောင့် အများခံရပုံ

ကုသိုလ်ကံသည် အခြားဆွေမျိုး မိတ်သင်္ဂဟတို့၏ ကုသိုလ်ကံအား အကျိုးပေးရန် အထောက်အကူပြုနိုင်သကဲ့သို့ အကုသိုလ်ကံကြီးသူ၏ အကုသိုလ်ကံသည်လည်း အခြားပုဂ္ဂိုလ်များ၏ အကုသိုလ်ကံအား အကျိုးပေးရန် အထောက်အကူ ပြုနိုင်ပေသည်။ ထင်ရှားစေဦးအံ့-ကဿပဘုရားရှင် လက်ထက်တော်၌ သူကြွယ်တယောက်၏ ကျောင်းဘုန်းကြီးတပါးသည် သီလရှိ၏၊ အနေအထိုင်ကောင်း၏၊ သို့သော် ကျောင်းဒကာသူကြွယ် ခဏခေတ္တလာရောက်ပို့ထားသည့် အာဂန္တုရဟန္တာအား ကျောင်းဒကာ ကြည်ညိုသည်ကို သည်းမခံနိုင်ပဲ ကုလမစ္ဆရိယ အကုသိုလ်တရား ဖြစ်ပွားလျက် ရှိလေသည်။ ထို့ကြောင့် သူကြွယ်အိမ်သို့ နံနက်ဆွမ်းစားသွားခါနီး၌ အာဂန္တုကိုယ်တော်မနိုးအောင် ခေါင်းလောင်းကို လက်သဲဖြင့် ထိုး၍ ကြွသွားလေသည်။ အိမ်ရောက်၍ သူကြွယ်က အာဂန္တုကိုယ်တော်အကြောင်း မေးသည့်အခါ-

“ဒကာကြီးရဲ့ကိုယ်တော်ဟာ အင်မတန် အအိပ်ကြီးတယ်၊ မနေ့က ဒကာကြီးရဲ့အိမ်မှာ အစားကောင်း အသောက်ကောင်းများ စားသောက်ပြီး နင်းကန် အိပ်နေတယ်၊ ခေါင်းလောင်း ထိုးတာတောင် မနိုးလို့ ထားခဲ့တယ်-” ဟု ပြောလေသတဲ့။
၁။ အံ၊၁။၂၁။
၂။ ဇာတကအဋ္ဌကထာ၊ ၂၅၁။ ဓမ္မပဒအဋ္ဌကထာ ပ၊ ၂၉၇။

စာမျက်နှာ-304


ကျောင်းဒကာမှာ လိမ္မာပါးနပ်သူဖြစ်၍ သူ့ဘုန်းကြီး၏ စိတ်ထားကို ရိပ်စားမိ၏။ ထို့ကြောင့် ကျောင်းဘုန်းကြီးအား ဆွမ်းကပ်ပြီးနောက် “ဤခဲဖွယ်ဘောဇဉ်များကို အာဂန္တုကိုယ်တော်အား လှူပါ”ဟု သပိတ်ထဲ၌ ထည့်ပေးလိုက်၏။ ကျောင်းဘုန်းကြီးက မကျေနပ်၊ “သည်လို ဆွမ်းကောင်းတွေ စားနေရလျှင် ဒီကိုယ်တော် ငါ့ကျောင်းက ဆွဲချတောင်သွားတော့မှာ မဟုတ်ဘူး”ဟု ကျောင်း၌ ဆက်လက်နေထိုင်မည်ကို ဝန်တိုသော အာဝါသမစ္ဆရိယ၊ မိမိထက်သာသည်ကို မနာလိုသော ဣဿာတို့ကြောင့် ကျောင်းဒကာလှူဒါန်းလိုက်သည့် ဆွမ်းများကို လမ်းမှာ သွန်ပစ်လိုက်လေသည်။

အာဂန္တုရဟန္တာ အရှင်မြတ်သည် ကျောင်းဘုန်းကြီး၏ စိတ်ဓာတ်ကို သိတော်မူ၍ စောစောကပင် ကောင်းကင်ခရီးဖြင့် လိုရာအရပ်သို့ ကြွနှင့်ပြီးဖြစ်လေသည်။ ကျောင်းဘုန်းကြီးသည် ကျောင်းသို့ရောက်၍ ရှာဖွေရာ အာဂန္တုကိုယ်တော်ကို မတွေ့သည့်အခါ “ဒီကိုယ်တော်ဟာ ဧကန်ရဟန္တာဖြစ်မှာပဲ၊ ငါ့စိတ်သဘောကို သိတဲ့အတွက် တပါးအရပ်သို့ ကြွသွားတာဖြစ်မယ်၊ ငါဟာ ဝမ်းရေးကြောင့် ရဟန်းတို့နဲ့ မသင့်မလျှော်တဲ့အမှုကို ပြုမိလေပြီ”ဟု ကြီးစွာသော စိတ်နှလုံး မချမ်းမသာခြင်းဖြစ်လေသည်။ ထိုဘုန်းကြီးမှာ မကြာမီစုတေ၍ ငရဲသို့ ရောက်ရလေသည်။

စာမျက်နှာ-305


ထိုငရဲမှ တက်ပြီးနောက် ဘီလူးဘဝ-၅ဝဝ၊ ခွေးဘဝ ၅ဝဝ-တို့၌ အစာဝအောင် မစားရသည်သာ များလေ၏။ ထိုကဲ့သို့ ဆင်းဆင်းရဲရဲဖြင့် ကျင်လည်ခဲ့ရာ ကျွန်ုပ်တို့ဘုရားရှင် လက်ထက်တော်၌ အိမ်ခြေတထောင်ရှိသော တံငါသည်ရွာဝယ် တံငါသည်မ ဝမ်း၌ ပဋိသန္ဓေနေရလေသည်။ ထိုသူ ပဋိသန္ဓေနေသည့် နေ့မှစ၍ တံငါရွာကြီးတရွာလုံး ငါးရှာမရရုံသာမက မီး ၇-ကြိမ်လောင်၍ မင်းဒဏ် ၇-ကြိမ်ခံရသည်။ တရွာလုံး ခဏချက်ချင်းဆိုသလို ဆုတ်ယုတ်လျော့ပါး ဆင်းရဲသွားကြ၏။

ထိုအခါ စဉ်းစားဉာဏ်ရှိသူ လူကြီးများက “ငါတို့ရွာထဲမှာ ကံဆိုးသူ ရှိလိမ့်မယ်၊ ရွာကို တဝက်စီခွဲကြစို့”ဟု တိုင်ပင်ပြီး တဝက်စီခွဲကြသည်။ ထိုအခါ ထိုကိုယ်ဝန်ပါသောဘက်၌ ရှေးနည်းတူ ဆင်းရဲပြန်သဖြင့် ထပ်၍ထပ်၍ ခွဲကြရာ နောက်ဆုံး၌ ထိုကိုယ်ဝန်ရှိသော မိဘတို့တအိမ်သာ သီးခြားဖြစ်နေလေသည်။ ထို့နောက် မိခင်မှာ ဆင်းရဲစွာ ဖွားမြင်ပြီး သူငယ်ကလေး သွားလာနိုင်သည့်အခါ ခွက်ကလေးကို ကလေးလက်၌အပ်၍ မိခင်ခမြာ ထွက်ပြေးရှာလေတော့သည်။ ကလေးငယ်လည်း ထိုခွက်ကလေးဖြင့် တောင်းရမ်းစားသောက်၍ ဆင်းရဲငြိုငြင်စွာ အသက်မွေးရရှာ၏။

ဤသို့ဖြင့် ၇-နှစ်သားအရွယ် ရောက်လာ၍ တနေ့တွင် အိမ်တအိမ်၏ တံခါးဝ၊ ထမင်းအိုးဆေး စွန့်သွန်ရာဌာနတွင် ကျီးငှက်ပမာ ထမင်းလုံးတလုံးစီ ရှာဖွေကောက်ယူစားနေစဉ် သာဝတ္ထိပြည်ထဲ ဆွမ်းခံကြွလာသည့် တရားစစ်သူကြီး အရှင်သာရိပုတ္တရာမထေရ်ကြီး မြင်သွားလေသည်။ ထိုအခါ ရှင်သာရိပုတ္တရာမထေရ်ကြီးသည် အလွန်သနားတော်မူသဖြင့် ကျောင်းတော်သို့ ခေါ်သွားကာ ကိုယ်တိုင် ခဲဖွယ်ဘောဇဉ်များ ကျွေးမွေး၍ ကိုယ်တိုင်ပင် ရေချိုးပေးပြီး ရှင်ပြုပေးလိုက်လေသည်။ ထို့နောက်

စာမျက်နှာ-306


အသက်နှစ်ဆယ်ပြည့်၍ ရဟန်းခံပေးရာ လောသကတိဿရဟန်းဟု အမည်တွင်၏။ ရဟန်းဘဝတွင် ဝိပဿနာတရားကို ပွားများအားထုတ်ရာ ရှေးရဟန်းဘဝတုန်းက သီလရှိသော ပုဂ္ဂိုလ်ဖြစ်သည့်အတွက် ရဟန္တာဖြစ်သွားလေသည်။ ထိုသို့ ရဟန္တာဖြစ်သွားသော်လည်း ဘုန်းကံနည်းပါး လာဘ်လာဘ ရှားပါးလှပေသည်။ အသဒိသ အလှူကြီးပေးလှူသော်လည်း ထိုရဟန်းမှာ ဆွမ်းဝအောင် မဘုဉ်းပေးရရှာပေ။ အသက်ရှင်ရုံမျှသာ စားသောက်ရ၏။ ထိုရဟန်း၏ သပိတ်ထဲသို့ ယာဂုတဇွန်းမျှ ထည့်လိုက်ရုံဖြင့် သပိတ်ပြည့်သွားပြီဟု အလှူရှင်တို့စိတ်တွင် ထင်သွား၏။ တခါတရံ ထိုရဟန်း၏သပိတ်ထဲသို့ ယာဂုခဲဖွယ်စသည်တို့ကို လှူဒါန်းမည်ပြုသည့်အခါ အလှူရှင်တို့၏ ခွက်ထဲ၌ ယာဂုစသည်တို့ ပျောက်နေတတ်ပေသည်။

ထိုရဟန်း ပရိနိဗ္ဗာန်စံမည့်နေ့၌မူ ဆရာရင်းဖြစ်သူ အရှင်သာရိပုတ္တရာမထေရ်ကြီးက “ဒီနေ့ ငါ့တပည့် ပရိနိဗ္ဗာန်စံတော့မယ်၊ ငါသည် ငါ့တပည့်အား အစားအစာဝအောင် လှူဒါန်းကျွေးမွေးသင့်ပေသည်” ဟု ကြံစည်ပြီး မိမိနှင့်အတူ ဆွမ်းခံခေါ်သွားလေသတဲ့၊ ထိုအခါ ထိုရဟန်းအတွက်ကြောင့် အရှင်သာရိပုတ္တရာကိုယ်တော်ကြီးပင် ကန်တော့ဆွမ်းမျှကိုပင် မရတော့ချေ။ ထို့ကြောင့် ထိုရဟန်းကို ပြန်လွှတ်လိုက်ပြီး ရှင်သာရိပုတ္တရာတပါးတည်း ဆွမ်းခံကြွမှ ဆွမ်းရလေတော့သည်။

အရှင်သာရိပုတ္တရာလည်း အိမ်တအိမ်တွင် ဆွမ်းဘုဉ်းပေးပြီးလျှင် အိမ်ကလူများကို ထိုရဟန်းထံသို့ ဆွမ်းပို့လွှတ်လိုက်ရာ လွှတ်လိုက်သူများမှာ သတိမေ့ပြီး လမ်းတွင်ချ၍ စားပစ်လိုက်ကြလေသည်။ ထိုအကြောင်းကို အရှင်သာရိပုတ္တရာ ကျောင်းပြန်ရောက်မှသိရလျှင် ကောသလမင်းထံသွား၍ စတုမဓူအလှူခံကာ ထိုရဟန်းအား ကျွေးရလေသည်။ ထိုသို့ကျွေးရာ၌လည်း သပိတ်ကိုလွှတ်ပေးလိုက်လျှင် သပိတ်ပါကွယ်မည်စိုးသောကြောင့် အရှင်သာရိပုတ္တရာကိုယ်တော်တိုင် သပိတ်ကိုကိုင်၍ ကျွေးတော်မူမှ ထိုစတုမဓူကို အဝဘုဉ်းပေး၍ ပရိနိဗ္ဗာန်စံရလေသည်။

စာမျက်နှာ-307


အာနန္ဒာသဌေး

ထို့အတူ တယောက်ကံကြောင့် အများခံရသည့် ဝတ္ထုတခုရှိသေးသည်။ ထိုဝတ္ထုမှာ- ဓမ္မပဒအဋ္ဌကထာ၊ ဗာလဝဂ်၌လာသော အာနန္ဒာသဌေးကြီး ဝတ္ထုဖြစ်သည်။ ဗုဒ္ဓရှင်တော်ဘုရား သက်တော်ထင်ရှားရှိစဉ်က သာဝတ္ထိပြည်၌ အာနန္ဒာခေါ်သော သဌေးတဦးရှိ၏။ ကုဋေရှစ်ဆယ် ကြွယ်ဝချမ်းသာ၏။ သို့သော် မပေးကမ်း မလှူဒါန်းလို၊ အလွန်နှမြောဝန်တိုသော သဘောရှိ၏။ လဝက်တိုင်း လဝက်တိုင်း ဆွေမျိုးများကို စည်းဝေးစေပြီး ပစ္စည်းဥစ္စာများကို မသုံးဖြုန်းကြရန် ဆုံးမ၏။ သားဖြစ်သူ မူလသိရီကိုမူ “ချစ်သား- ကုဋေလေးဆယ်လောက်သော ပစ္စည်းဥစ္စာကို များတယ်လို့ မယူဆနဲ့၊ ရှိရင်းပစ္စည်းဟောင်းများကို မလျော့သွားအောင် မပေးမကမ်းပဲ စုဆောင်းထားပြီး ပစ္စည်းသစ်များကိုသာ တိုးပွားအောင် ကြံဆောင်အားထုတ်ရမယ်” စသည်ဖြင့် တနေ့သုံးကြိမ် ဆုံးမလေ့ရှိသတဲ့။

ထိုအာနန္ဒာသဌေးကြီး သေဆုံးသွားသည့်အခါ မြေ၌မြှုပ်ထားသည့် ရွှေအိုးကြီးငါးလုံးကို သားဖြစ်သူ မူလသိရီအား မပြောကြားမိခဲ့ချေ။ ထိုအာနန္ဒာသဌေးကြီးသည် သာဝတ္ထိပြည်တံခါးအနီးရှိ ဒွန်းစဏ္ဍားရွာတရာက ဒွန်းစဏ္ဍားမ၏ဝမ်း၌ ပဋိသန္ဓေနေလေသည်။ ထိုကလေး ပဋိသန္ဓေနေချိန်မှစ၍ ထိုဒွန်းစဏ္ဍားရွာသားအားလုံး အလုပ်အကိုင် အဆင်မပြေကြတော့ချေ။ လုပ်သလောက် အခကြေးငွေများကို မရရှာကြ။ ထမင်းဟင်းကိုလည်း စားလောက်ရုံမျှသာရကြ၏။ ထို့ကြောင့် သူတို့အထဲ၌ “ကံဆိုးသူ” ရှိမည်ဟု တိုင်ပင်ကြပြီး ရွာကိုအထပ်ထပ် စိပ်ပိုင်းကြရာ နောက်ဆုံး ထိုအာနန္ဒာသဌေးဘဝက လာသူ၏ အမိအဖတို့သာ ကြွင်းကျန်လေတော့သည်။ ဤသို့ ထိုသူငယ်၏ကံကြောင့် ဒွန်းစဏ္ဍားတရွာလုံး မကောင်းကျိုးခံရလေသည်။

ဤဝတ္ထုများတွင် ကဿပဘုရားရှင်လက်ထက်ကပြုခဲ့သော မကောင်းမှုကံကြောင့် ထိုပုဂ္ဂိုလ်တို့သာမက ထိုပုဂ္ဂိုလ်တို့ နေထိုင်ရာ တရွာလုံး မကောင်းကျိုးခံစားရပုံ၊ အရှင်သာရိပုတ္တရာကိုယ်တော်ကြီးပင် ထို

စာမျက်နှာ-308


ရဟန်းနှင့်တွဲ၍ ဆွမ်းခံဝင်ရာ ဆွမ်းမရပုံတို့မှာ တယောက်၏ မကောင်းမှုကံက အခြားသက်ဆိုင်သူများကိုလည်း ကံအရှိန်ခတ်တတ်ကြောင်း ညွှန်ပြသည့် သက်သေသာဓကတို့ပေတည်း။

ဒဏ်ခံရတတ်ပုံ

အချို့ကုသိုလ်ကံများသည် ကံပြုသူက အစောင့်အရှောက် အနေအထိုင်ကောင်းလှ၍ ထိုသူကို တိုက်ရိုက်ထိခိုက်အောင် မတတ်နိုင်လျှင် ထိုသူနှင့် ဆက်နွယ်သော မိဘ၊ ဆရာ၊ သား၊ သမီး၊ ကျေးကျွန်နှင့် တပည့်၊ ဒါယကာ၊ ဒါယိကာမများကို ထိခိုက်စေတတ်၏။ ထိုကဲ့သို့ တစုံတယောက်ကို ထိခိုက်သွားလျှင် “ဒဏ်ခံသွားရှာသည်” ဟု ပြောစမှတ်ပြုကြ၏။ ထိုသို့ သက်ဆိုင်သူက ဒဏ်ခံသွားသောအခါ အကုသိုလ်ကံရှင်မှာလည်း စိတ်ဒုက္ခရောက်ရသောကြောင့် တနည်းအားဖြင့် ကံပြုသူကိုလည်း ညှဉ်းဆဲပြီးပင် ဖြစ်လေသည်။ ထို့ကြောင့် မဃဒေဝလင်္ကာသစ်၌-

“အခံပုည၊ ရှိကြသူမှာ၊ ဇာတာမူလ၊ ဇနမ၌၊ ပါပဟ၊ စီးနင်းကျလည်း၊ ကိုယ်မှတပါး၊ ခြွေရံများနှင့်၊ ကျွဲနွားမျှသာ၊ ပျက်စီးရာ၏၊ ကိုယ်မှာချမ်းမြေ့၊ ဘေးမတွေ့ဘူး--”
ဟု မာန်လည်ဆရာတော်ဘုရားကြီး မိန့်ဆိုတော်မူခြင်းဖြစ်သည်။

ကုသိုလ်ကံ များသူနှင့် နည်းသူ

လောကတွင် လှူဒါန်းမှု၊ သီလဆောက်တည်မှု၊ ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းအားထုတ်မှု ဟူသော ကုသိုလ်ကောင်းမှု၌ ပျော်မွေ့သူ လူသူတော်ကောင်းများရှိသကဲ့သို့ အမြဲလို ခိုးဆိုးတိုက်ခိုက် လုယက်သတ်ဖြတ် စားသောက်နေသူ လူယုတ်မာများလည်း ရှိကြ၏။ ထိုသူနှစ်မျိုးသည် သာမန်အကုသိုလ်ကံတခုကို ကိုယ်စီကိုယ်ငှ ပြုမိကြသည့်အခါ သူတော်ကောင်း၌ ထိုအကုသိုလ်ကံမှာ အကျိုးပေးခွင့် မရတတ်ပေ။ များစွာသော ကောင်းမှုကံတို့က ထိုကံကို ဖုံးလွှမ်းလိုက်ကြ၏။ ယုတ်မာသူ
၁။ ဇနမ-ဖြစ်ပုံ။
၂။ မဃဒေဝလင်္ကာသစ်၊ ၃၈၃။

စာမျက်နှာ-309


၌မူ ထိုအကုသိုလ်ကံကို ကာကွယ်ဖို့ရန် အားကိုးလောက်သည့် ကုသိုလ်ကံ မရှိရကား ထိုအနည်းငယ်မျှသော အကုသိုလ်ကံသည်ပင် လွတ်လွတ်လပ်လပ် အကျိုးပေးနိုင်တော့၏။ အတန်ငယ်ထင်ရှားစေဦးအံ့ တညတွင် သဌေးသားနှင့် ဘိန်းစားတို့သည် အိမ်တအိမ်မှကြက်ကို တကောင်စီ ခိုးယူကြ၏။ ကြက်ရှင်ကသိ၍ လိုက်ရှာသည့်အခါ ကြက်တကောင်ကို သဌေးသားထံ၌ တွေ့ရ၏။ သို့ရာတွင် သဌေးသားကို သူခိုးဟု မစွပ်စွဲဝံ့သည့်ပြင် ချော့ချော့မော့မော့နှင့် ကြက်ကို ပြန်တောင်းယူရ၏။ ဘိန်းစားကိုမူ ရဲဌာနတိုင်၍ ထောင်ချလိုက်သည်နှင့် တူပေသည်။

တနည်းအားဖြင့် ဆားတပိဿာကို ဧရာဝတီမြစ်ထဲ၌ချသော် ရေ၏ အရသာမပျက်သကဲ့သို့ ကုသိုလ်ကံများစွာရှိသူ၌ အကုသိုလ်ကလေးအတွက် မကောင်းကျိုးအရသာ မပေါ်ထွက်နိုင်ချေ။ ထိုဆားတပိဿာကို ရေအင်အားနည်းသည့် သောက်ရေအိုးတလုံးထဲ၌ထည့်လိုက်လျှင် သောက်ရေများ အားလုံး ပျက်သွားသကဲ့သို့ ကုသိုလ်ကံအကာအကွယ် အနည်းငယ်မျှရှိသူ၌ အထိုက်အလျောက် အကုသိုလ်ဖြစ်လျှင် ထိုရှိရင်း ကုသိုလ်ကလေးများ၏ သတ္တိပင် ပျက်ပြားတတ်လေသည်။

ဤသို့လျှင် ကာမာဝစရကုသိုလ်ကံ အကုသိုလ်ကံတို့သည် “ရေများ ရေနိုင်၊ မီးများ မီးနိုင်” ဆိုသကဲ့သို့ များရာကနိုင်သော သဘောရှိရကား များစွာသောကုသိုလ်များကို အနည်းငယ်သော အကုသိုလ်က မနှောင့်ယှက်နိုင်ပါသော်လည်း အနည်းငယ်သောကုသိုလ်ကို အနည်းငယ်သော အကုသိုလ်ကပင် အနှောင့်အယှက်ပေးနိုင်သောကြောင့် လူတိုင်းလူတိုင်း ကုသိုလ်ခံတပ်ကြီးများကို ခိုင်ခန့်စွာ ဆောက်တည်ထားသင့်ကြပေသည်။

ကုသိုလ်က အကုသိုလ်ထက် အားကြီးပုံ

ကာမကုသိုလ်တရားတို့သည် မိမိနှင့်ဆန့်ကျင်ဘက် အကုသိုလ်တရားတို့ကို မိမိဖြစ်ဆဲ တည်ဆဲခဏ၌ အခိုက်အတန့်အားဖြင့် ပယ်ခြင်း (တဒင်္ဂပဟာနသတ္တိ)၊ မဟဂ္ဂုတ်ကုသိုလ်တို့သည် ကာမစ္ဆန္ဒစသော နီဝရဏ

စာမျက်နှာ-310


အကုသိုလ်တို့ကို ကာလရှည်ကြာအောင် ပယ်ခွာတားခြင်း (ဝိက္ခမ္ဘနပဟာနသတ္တိ)၊ မဂ်ကုသိုလ်များသည် ဆိုင်ရာအကုသိုလ်တရားတို့ကို နောက်ထပ်တဖန် ပြန်၍မဖြစ်နိုင်အောင် အပြီးတိုင် အကြွင်းမဲ့ပယ်ရှားဖျက်ဆီးခြင်း (သမုစ္ဆေဒပဟာနသတ္တိ) ဟူသော အစွမ်းသတ္တိသုံးမျိုးဖြင့် အကုသိုလ်တို့ကို ပယ်ဖျောက်နိုင်ခြင်းကြောင့် ကုသိုလ်သည် အကုသိုလ်ထက် အားကြီးကြောင်း ထင်ရှားသိသာ၏။

ကုသိုလ်သည် အဖန်တလဲလဲပွားများအပ်၊ ထုံအပ်သော အာသေဝနသတ္တိရသောကြောင့် အားကြီး၍ အကုသိုလ်မှာမူ ပွားများအပ်၊ ထုံအပ်သော အာသေဝနသတ္တိမရှိသောကြောင့် အားနည်းသည်။

ကုသိုလ်တို့၌ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ၊ ဟီရိ၊ ဩတ္တပ္ပ ဟူသော အား (၇) ပါး ပါဝင်ခြင်းကြောင့် အားကြီးသည်၊ အကုသိုလ်၌ကား အထက်ပါအားများမရှိ၊ အဟိရိက၊ အနောတ္တပ္ပ အား ၂-ပါးသာရှိ၍ ထိုနှစ်ပါးသည်လည်း ဆန့်ကျင်ဘက်နှင့် တွေ့သည့်အခါ မတုန်မလှုပ် ခံနိုင်ရည်ရှိသောအားများမဟုတ်ဘဲ၊ အတူဖြစ်ဘက်တရားတို့ကို ခိုင်ခံ့ရုံသာ စွမ်းနိုင်သောတရားများ ဖြစ်သည်။ ထို့ကြောင့် အကုသိုလ်သည် ကုသိုလ်ထက် အားနည်းသည်ဟု မှတ်ယူနိုင်သည်။

မိလိန္ဒပဉှာ ပါဠိတော်၌လည်း မိလိန္ဒမင်းကြီးက - အကုသိုလ်သည် ချက်ချင်းလက်ငင်း ဒိဋ္ဌဓမ္မအကျိုးပေးများခြင်းကြောင့် လည်းကောင်း၊ အကျိုးပေးမြန်ခြင်းကြောင့် လည်းကောင်း၊ ကုသိုလ်ထက်အားကြီးသည် မဟုတ်လောဟု သာဓကဥပမာစုံလင်စွာဖြင့် လျှောက်ထားရာ အရှင်နာဂသေနမထေရ်က ကုသိုလ်ကသာ အကုသိုလ်ထက် အားကြီးကြောင်းကို အထောက်အထား ယုတ္တိသာဓကဥပမာတို့ဖြင့် ဖြေကြားတော်မူရာ မိလိန္ဒမင်းကြီးသည် သာဓုခေါ်၍ ကုသိုလ်၏ အားကြီးသည့်အဖြစ်ကို ဝန်ခံရလေသည်။
၁။ အလင်္ကာ၊ ဋီ၊ သစ်၊ ဟောင်း၊ ၅၁။
၂။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၇-၁၊ ၂၉၅။ ဝိဘာဝိနီဋီကာ၊ ၂၂၃။
၃။ မူလဋီကာ၊ ၃၊ ၃၊ ၂၉။ အဘိဓမ္မာဝတာရဋီကာသစ်၊ ၁၊ ၁၇၆။

စာမျက်နှာ-311


အကျယ်ကို သိလိုပါမူ မိလိန္ဒပဉှာပါဠိတော် ၂၉၁ နှင့် မြန်မာပြန် (၃၀၀) တို့၌ကြည့်နိုင်ပါသည်။

ကံအကျိုးပေး ဆန်းကြယ်ပုံ

အလုံးစုံသော သတ္တဝါတို့သည် အစမထင်သော အနုမတဂ္ဂသံသရာပြင်၌ ကျင်လည်ကြရာတွင် အောက်ဆုံးဖြစ်သော အဝီစိငရဲကြီးမှသည် အထက်ဆုံး ဘဝဂ်ခေါ်သည့် နေဝသညာနာသညာယတနဘုံအထိ ဘုံပေါင်း သုံးဆယ့်တစ်ဘုံအတွင်း၌ ကျင်လည်ကြရကုန်၏။ ထိုဘုံများကား သတ္တဝါများတည်းခိုရန် စရပ်ကြီးများသဖွယ် ဖြစ်ကြကုန်၏။ သတ္တဝါတို့သည် ကံအားလျော်စွာ ကျင်လည်ကြရသည်ရှိသော် နတ်အဖြစ်သို့လည်း ရောက်ကြ၏။ ဗြဟ္မာအဖြစ်သို့လည်း ရောက်ကြ၏။ ပထမဈာန်ဗြဟ္မာအဖြစ်သို့လည်း ရောက်ကြ၏။ ထိုအထက်၌ ဒုတိယဈာန်ဗြဟ္မာ၊ တတိယဈာန်ဗြဟ္မာ၊ ဝေဟပ္ဖိုလ်ဗြဟ္မာ၊ အသညသတ်ဗြဟ္မာ အဖြစ်သို့လည်း ရောက်ကုန်၏။ ထိုမှအထက် အရူပဗြဟ္မာအဖြစ်သို့လည်း ရောက်ကြ၏။ ထိုသို့ အထက်အထက်ဘုံတို့၌ ဖြစ်ကုန်သော်လည်း စိတ်မချရသေးဘဲ တဖန်အပါယ်ငရဲသို့ ကျရောက်ရပြန်ကုန်၏။

ထိုသို့ ကမ္မဝိပါကတန်ခိုးဖြင့် မြေလျှိုးမိုးပျံ ကျင်လည်ကြရပုံသည် အလွန်ဆန်းကြယ်လှသောကြောင့် ထိုကံ၏အစွမ်းကို သာမန်လူသားတို့ ကြံစည်ခြင်းငှာ ထိုက်သောအရာမဟုတ်ချေ။ ယနေ့ပင်လျှင် တန်ခိုးအာနုဘော်ကြီးသော နတ်မင်းကြီး၊ ဗြဟ္မာမင်းကြီးဖြစ်၍ ခမ်းနားစွာ ခံစားစံစားနေရ၏။ နက်ဖြန်သဘက်တွင် ခွေး၊ ဝက်၊ ကြက်၊ ငှက် တိရစ္ဆာန် ဖြစ်နိုင်၏ဟု ဆိုထိုက်၏။ ဤသို့ဖြစ်ရခြင်းမှာ ကံအကျိုးပေးအစွမ်းက မကြံစည်နိုင်လောက်အောင် ဆန်းကြယ်၍နေသောကြောင့် ထိုသို့ကျင်လည်မှု ဆန်းကြယ်ပုံကို လူသာမန်တို့ မကြံစည်နိုင်တုံ။ အပါယ်ဘုံတွင် အကျုံးဝင်သော ပြိတ္တာဘုံ၊ တိရစ္ဆာန်ဘုံတို့၌ သတ္တဝါအမျိုးမျိုးတို့

စာမျက်နှာ-312


အထူးထူးအထွေထွေ ဖြစ်နေကြပုံကို ကြည့်ရှုဆင်ခြင်လျှင် သာ၍ပင် ကံအကျိုးပေးဆန်းကြယ်၍ ကြံနိုင်ဖွယ်ရာအကြောင်းမရှိသော အချက်တို့ ထင်ရှားကုန်၏။

ထို့ပြင် လူတိရစ္ဆာန်တို့ ကိုယ်ခန္ဓာတွင် ရှေးကံကြောင့်ဖြစ်ပွားနေကြသော ကမ္မဇရုပ်များ ရှိကြ၏။ ထိုကမ္မဇရုပ်တို့သည် ကြံစည်၍မရနိုင်လောက်အောင် ဆန်းကြယ်သော ရုပ်များဖြစ်ကြ၏။ ကမ္မဇရုပ်တို့ အကြွင်းမဲ့ချုပ်ငြိမ်းသွားသည့် ခန္ဓာကိုယ်ကြီးကို တဖန်ပြန်၍ ရှင်အောင် ကြိုးစားသူသည် ရူးသွပ်ခြင်း ဟူသော ဆုလာဘ်ကိုသာ ရရှိမည်။ အကြောင်းမှာ ထိုရုပ်တရားတို့သည် ပစ္စုပ္ပန်၌ဖြစ်သော လူတို့၏အစွမ်းနှင့် မည်သို့မျှ မသက်ဆိုင်ဘဲ ရှေးအတိတ်ကံ၏ အရာသာဖြစ်သောကြောင့်ဖြစ်သည်။

ထိုမှတပါးလည်း ကံ၏အစွမ်းကြောင့် ဖြစ်ကုန်သော သတ္တဝါတို့၏ သန္တာန်၌ ရုပ်နာမ်တို့၏ တည်ထောင်ဖြစ်ပွား၍ နေပုံသည်လည်း လွန်စွာဆန်းကြယ်၏။ လူသတ္တဝါချင်း အတူတူဖြစ်လျက် အချို့မှာ အသက်ရှည်၍ အချို့မှာ အသက်တိုကြ၏။ အချို့မှာ အနာရောဂါများ၍ အချို့မှာ အနာရောဂါနည်းကြ၏။ အချို့မှာ ရုပ်ဆင်းအင်္ဂါ လှပတင့်တယ်ကြ၍ အချို့မှာ အရုပ်ဆိုး အကြည့်တန်ကြ၏။ အချို့မှာ တန်ခိုးအာဏာကြီးမားကြ၍ အချို့မှာ တန်ခိုးအာဏာ ဩဇာအရှိန်အဝါ နည်းပါးကြ၏။ အချို့မှာ ပစ္စည်းဥစ္စာရွှေငွေရတနာများ ကြွယ်ဝချမ်းသာကြ၍ အချို့မှာ ထမင်းနပ်မှန်အောင် မစားရသည်အထိ ဆင်းရဲကြ၏။ အချို့မှာ အဆင့်အတန်းမြင့်သော အမျိုး၌ဖြစ်၍ အချို့မှာ အဆင့်အတန်းနိမ့်သော အမျိုး၌ ဖြစ်ကြ၏။ အချို့မှာ ပညာရှိ၍ အချို့မှာ ပညာမဲ့ကြသည်။ ဤသို့မတူ ကွဲပြားခြားနားကြပုံ၊ ပုံပန်းသဏ္ဌာန်နှင့်တကွ တည်ရာဌာနအားဖြင့် နာမ်တို့၏ ဖြစ်နေပုံတို့သည် သာမန်လူသားတို့ ကြံစည်ဆင်ခြင်၍ ရနိုင်သော အရာမဟုတ်ပေ။ ဘုရားရှင်တို့၏ ဉာဏ်တော်အရာသာ ဖြစ်သည်။

စာမျက်နှာ-313


သူတိုသုံးဦး

ကံအကျိုးပေး ဆန်းကြယ်ပုံကို ပြဆိုဦးအံ့ - ဗုဒ္ဓရှင်တော်မြတ်ဘုရား သက်တော်ထင်ရှားရှိတော်မူစဉ်က သာဝတ္ထိမြို့တော်၏ တံခါးအနီးတွင် ဒွါရမည်သော ရွာတရွာရှိ၏။ ထိုရွာကို မီးလောင်သည့်အခါ မီးလောင်ပြီး လေအဟုန်ဖြင့် ကောင်းကင်သို့ လွင့်တက်သွားသော မြက်ကရွတ်ခွေတခုသည် ကောင်းကင်တွင် ပျံလာသော ကျီးတကောင်၏ လည်ပင်းတွင် ဝင်စွပ်မိလေသည်။ ထိုကျီးမှာ ကျယ်လောင်စွာ အော်မြည်ကာ မြေသို့ကျ၍ သေရရှာသည်။

မဟာသမုဒ္ဒရာ၌လည်း သင်္ဘောကြီးတစင်းသည် ရွက်တိုက်စက်ခုတ်၍ သွားနေဆဲမှာပင် ရုတ်တရက် ရပ်သွား၏။ ရွက်လည်းရ စက်လည်း ကောင်းလျက် သင်္ဘောကြီးရပ်တန့်သွားသည့် အချက်ကို လေ့လာရှာဖွေကြရာ မည်သည့်ချို့ယွင်းချက်ကိုမှ မတွေ့ကြသဖြင့် “သင်္ဘောမှာ ကံဆိုးသူ ပါနေပြီ” ဟု ယူဆပြီး မဲချကြသည်။ စာရေးတံမဲသည် သင်္ဘောသူကြီးကတော်၏ လက်၌သာ သုံးကြိမ်တိုင်တိုင် ကျလေသည်။ ထိုအခါ သင်္ဘောသူကြီးသည် မိမိမိန်းမအတွက် လူအများကို မပျက်စီးကောင်းပေဟု ဆိုပြီး ထိုလှေသူကြီးကတော်၏ လည်တွင် သဲအိုးကိုချည်၍ သမုဒ္ဒရာထဲသို့ ပစ်ချလိုက်စေသည်။ ထိုအခါမှသာ သင်္ဘောကြီးသည် ရှေးနည်းအတိုင်း ဆက်လက်ပြေးသွားနိုင်လေတော့သည်။

ရဟန်းတော်တပါးသည်လည်း တောင်ခြေရင်းရှိ လိုဏ်တခု၌ သီတင်းသုံးနေထိုင်စဉ် အထက်မှ တောင်ထွတ်ကြီးတခု ပြိုကျ၍ လိုဏ်ပေါက်ဝ ပိတ်သွားလေသည်။ ခုနစ်ရက်ကြာမှ ကျောက်တုံးကြီး အလိုလိုလိမ့်သွား၍ ပွင့်လေသည်။

ထိုဆန်းကြယ်သောအဖြစ်အပျက်ကြီးသုံးခုတို့အကြောင်းကို ဇေတဝန်ကျောင်းတော်၌ ရှင်တော်မြတ်ဘုရား တရားဟောကြားတော်မူနေစဉ် လျှောက်ထားကြသည်။ ထိုအခါမှ ရှင်တော်ဘုရားသည် ထိုပုဂ္ဂိုလ်သုံးဦးတို့၏ အတိတ်အကြောင်းကို ပြန်ပြောင်း ဟောကြားတော်မူသည်။

စာမျက်နှာ-314


ထိုသုံးဦးတို့တွင် ကျီးသတ္တဝါသည် ရှေးလူဖြစ်စဉ်ဘဝ၌ နွားကြမ်းတကောင်ကို ဆုံးမ၍မရသောကြောင့် နွား၏လည်တွင် ကောက်ရိုးစည်းကို ဖွဲ့ချည်လျက် မီးတိုက်ပြီးလွှတ်လိုက်၏။ နွားကြမ်းကြီးမှာ ထိုမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသွားရလေသည်။ ထိုကံဟောင်းကြောင့် ယခု ကျီးဖြစ်သောဘဝတွင် ကောင်းကင်သွားစဉ်မှာပင် လည်တွင်မီးကွင်းစွပ်၍ သေဆုံးရခြင်းဖြစ်သည်။

လှေသူကြီးကတော်မှာလည်း ရှေးဘဝက မိန်းမတယောက်ပင် ဖြစ်၏။ ခွေးတကောင်သည် မိမိတောထဲသို့ ဝင်သည့်အခါ၌ဖြစ်စေ၊ ပြန်လာသည့်အခါ၌ ဖြစ်စေ မိမိနောက်သို့ တကောက်ကောက်လိုက်လျက်နေသည်။ တွေ့မြင်သူများက “တို့ခွေးမုဆိုး ထွက်လာပြီဟေ့” ဟု ပျက်ရယ်ပြုကြ၏။ မိမိခွေးကိုလည်း မလိုက်အောင် မည်သို့မျှမလုပ်နိုင်ချေ။ ထို့ကြောင့် ခွေး၏လည်တွင် သဲအိုးကိုဆွဲကာ ရေ၌နှစ်သတ်ဖူးခဲ့သည်။ ထိုကံဟောင်းကြောင့် သင်္ဘောသူကြီးကတော် ဖြစ်လာချိန်တွင် ယခုကဲ့သို့ သမုဒ္ဒရာထဲတွင် သဲအိုးဆွဲ၍ ပစ်ချခံရလေသည်။

လိုဏ်ပိတ်ခံရသော ရဟန်းမှာလည်း ရှေးဘဝက နွားကျောင်းသား ဖြစ်ခဲ့ရာ ဖွတ်တကောင် တွင်းထဲဝင်သည်ကို မြင်၍ သစ်ရွက်တို့ဖြင့် တွင်းကို ပိတ်ဆို့သွားခဲ့သည်။ ခုနစ်ရက်ကြာမှ ထိုနေရာသို့ရောက်၍ တွင်းကိုဖွင့်ကြည့်ရာ အစာငတ်၍ အားပြတ်ပြီးထွက်လာသည့် ဖွတ်ကို မြင်ရ၍ သနားသဖြင့် ချမ်းသာစွာလွှတ်လိုက်သည်။ ထိုကံဟောင်းကြောင့် လိုဏ်ပိတ်ခုနစ်ရက်ခံရခြင်း ဖြစ်လေသည်ဟု အတိတ်ဇာတ်ကြောင်းပြန်ကာ အောက်ပါတရားကို ဟောကြားတော်မူပါသည်။

“မကောင်းမှုကို ပြုခဲ့သောသတ္တဝါသည် ကောင်းကင်၌ပင် တည်နေသည်ဖြစ်စေ၊ သမုဒ္ဒရာအလယ်၌ပင် တည်နေသည်ဖြစ်စေ၊ တောင်ခေါင်းအတွင်း၌ပင် ဝင်အောင်းနေသည်ဖြစ်စေ၊ ထိုပြုခဲ့သည့်မကောင်းမှု

စာမျက်နှာ-315


ကံ၏အကျိုးမှ မလွတ်မြောက်နိုင်ချေ။ ဤဩကာသလောကတွင် မကောင်းမှုကံ၏ အကျိုးပေးမှုမှ လွတ်မြောက်နိုင်သည့် အရပ်ဆိုသည်မှာ လုံးဝမရှိပါချေ။”

သေမင်းမရောက် သက်မပျောက်သူနှစ်ဦး

ကံအကျိုးပေး ဆန်းကြယ်ပုံကို မျက်မှောက်ခေတ်အဖြစ်အပျက်များဖြင့် ဆက်လက်တင်ပြပါဦးမည်။ လွန်ခဲ့သည့် နှစ်နှစ်လောက်က မြန်မာနိုင်ငံအထက်ပိုင်း မြို့ကြီးတမြို့တွင် အသက် (၁၈) နှစ်အရွယ် အမျိုးသမီးငယ်တဦးမှာ ကိစ္စတခုဖြင့် ကားလမ်းမကြီးဘေးမှ လမ်းလျှောက်လာပါသည်။ ထိုအချိန်တွင် လော်ရီကားကြီးတစင်းမှာ ထိုကလေးမနောက်မှ သူသွားသည့်ဘက်သို့ပင် ဦးတည်မောင်းနှင်လာရာ ထိုကလေးမလေးနှင့် ပေ (၄၀) ကွာခန့်အရောက်တွင် စတီယာရင် ချွတ်ယွင်းသွားပြီး ထိုကလေးမလေးရှိရာဘက်သို့ ထိုးသွားနေသည်။ ထိုသို့ကားကြီး မိမိဘက်သို့လာနေသည်ကိုမူ ကလေးမမှာ နောက်ပြန်ဖြစ်နေ၍ မသိရှာချေ။ သို့သော် အနီးမှ အမျိုးသားကြီးတဦးက တွေ့ရသဖြင့် အလျင်အမြန်ပြေးသွားပြီး ထိုကလေးမကလေးကို ဘေးသို့တွန်းလိုက်ရာ ထိုကလေးမလေးလွတ်သွားပြီး အမျိုးသားကြီးမှာ ထိုကားကြီးတိုက်၍ ကွယ်လွန်သွားရရှာလေသည်။

ထို့အတူ လွန်ခဲ့သည့်နှစ်က မွန်ပြည်နယ်၊ အပေါင်မြို့အနီး ဇင်းကျိုက်ရွာကလေးတွင် ကလေးမိခင်တဦးသည် ကားလာနေစဉ် လမ်းဖြတ်ကူးသည့် သားငယ်အား ကားတိုက်မိမည်စိုးသောကြောင့် နောက်မှလိုက်၍ဖမ်းရာ သားငယ်ကလေး လွတ်သွားပြီး မိခင်မှာ ကားတိုက်သေဆုံးရရှာသည်။

အမိနိုင်ငံပြန်လိုသည့် သင်္ဘောသား

ထို့ပြင် မကြာမီက မြန်မာသူငယ်ချင်းနှစ်ယောက်တို့သည် နိုင်ငံခြား သင်္ဘောကုမ္ပဏီတခုစီတွင် သင်္ဘောသားများအဖြစ် ဝင်ရောက်အမှုထမ်း
၁။ အဘိ၊ ဋ္ဌ ၁၊ ၃၁၃။ ဓမ္မပဒပါဠိ၊ ၃၂။

စာမျက်နှာ-316


နေကြပါသည်။ ထိုနှစ်ယောက်အနက် တယောက်မှာ မြန်မာနိုင်ငံရှိ မိဘများထံသို့ ကားတစီးတင်ပို့လိုက်ရာ မိဘများထံသို့ ကားရောက်ရှိနေပြီ ဖြစ်ပါသည်။ ထိုအချိန်တွင် သူငယ်ချင်းနှစ်ယောက်တို့ အမှုထမ်းကြသည့် သင်္ဘောနှစ်စင်းမှာ စင်္ကာပူနိုင်ငံတွင် ဆုံမိကြပါသည်။ မိဘများထံသို့ ကားပို့ထားသည့် သင်္ဘောသား အမှုထမ်းသည့် သင်္ဘောမှာ အခြားနိုင်ငံသို့ ဆက်လက်ထွက်ခွာရမည်ဖြစ်၍ သူငယ်ချင်းသင်္ဘောမှာ မြန်မာနိုင်ငံသို့ ထွက်ခွာရမည်ဖြစ်ပါသည်။ ထို့ကြောင့် မိဘများထံ ကားပို့ထားသည့် သင်္ဘောသားကလေးမှာ ကားနှင့်ပတ်သက်သည့် စီမံစရာကိစ္စများကို မိဘများထံ ပြန်စီမံလိုသဖြင့် မိမိသူငယ်ချင်းကို တောင်းပန်ကာ သင်္ဘောအရာရှိများ၏ သဘောတူညီချက်ကို ရယူ၍နေရာချင်းလဲလိုက်ကြပါသည်။

သို့ဖြင့် မိဘများထံ ကားပို့ထားသည့် မြန်မာသင်္ဘောသားကလေးမှာ မြန်မာနိုင်ငံသို့ ထွက်ခွာလာသည့်သင်္ဘောတွင် စီးနင်းလိုက်ပါလာပါသည်။ ကံမကောင်း အကြောင်းမလှချင်တော့ ထိုသင်္ဘောကြီးမှာ မြန်မာနိုင်ငံသို့ မရောက်မီ လေမုန်တိုင်းဒဏ်ကြောင့် သမုဒ္ဒရာထဲတွင် နစ်မြုပ်သွားလေရာ ထိုမြန်မာသင်္ဘောသားကလေးမှာလည်း အခြားသင်္ဘောသားအများစုနှင့်အတူ ပျက်စီးသေဆုံးသွားရရှာပါသည်။ ကံတရားကား အကျိုးပေးဆန်းကြယ်လှပေစွတကား။

လက်မှတ်မရမကယူသော ဘုန်းတော်ကြီး

ဒုတိယကမ္ဘာစစ်ကြီး ငြိမ်းပြီးစကာလ၌ ထားဝယ်မြို့သား ကျောင်းထိုင်ဘုန်းတော်ကြီးတပါးသည် ညောင်တုန်းမြို့ ရွှေဟင်္သာတောရတိုက်၊ ကျေးဇူးရှင်ဆရာသမားများထံသို့ အဖူးမြော်လာခဲ့ပါသည်။ ထိုဘုန်းတော်ကြီးသည် ထားဝယ်မြို့သို့အပြန်တွင် ထားဝယ်မြို့သို့ဝင်သည့် အဒမ်မဆင်ခေါ် ခရီးသည်တင်သင်္ဘောကြီးနှင့် လိုက်ပါရန် သင်္ဘောလက်မှတ်သွားယူပါသည်။ လက်မှတ်ရောင်းဌာန မန်နေဂျာက သင်္ဘောလက်မှတ်ကုန်သွားပြီဖြစ်ကြောင်း လျှောက်ထားရာ ဘုန်းတော်ကြီးက သင်္ဘော

စာမျက်နှာ-317


လက်မှတ်ရအောင် စီစဉ်ပေးဖို့ အတန်တန်တောင်းပန်သည်။ မန်နေဂျာက “အရှင်ဘုရား၊ သိပ်လိုက်ချင်နေရင် နက်ဖြန်နံနက်စောစော တခေါက်လာကြည့်ပါ။ ကံကောင်းလျှင် အရှင်ဘုရားလက်မှတ်ရမှာပဲ” ဟု ပြန်လျှောက်ထားလိုက်သည်။

မန်နေဂျာပြောထားသည့်အတိုင်း နောက်တနေ့ နံနက်စောစော တခေါက်သွားရာ အခြားပျက်ကွက်သူ၏ လက်မှတ်ကိုရရှိ၍ အဒမ်မဆင်သင်္ဘောကြီးဖြင့် ထားဝယ်သို့ ပြန်ခဲ့သည်။ အဒမ်မဆင်သင်္ဘောကြီးကား ထားဝယ်သို့ဝင်ကာနီးတွင် ညအချိန်နစ်မြုပ်သွားလေရာ ထိုဘုန်းတော်ကြီးမှာလည်း ခရီးသည်ပေါင်းများစွာနှင့်အတူ ပျံလွန်တော်မူရရှာသည်။ လက်မှတ်အရောင်းဌာနက မန်နေဂျာပြောလိုက်သည့် “ကံကောင်းလျှင်” ဆိုသောစကားမှာ ကံအကျိုးပေးဆန်းကြယ်မှုကြောင့် ထိုဘုန်းတော်ကြီးအတွက် ပြောင်းပြန်ဖြစ်သွားရပေသည်။

ထို့ပြင် ကူးတို့သင်္ဘောစီးလက်မှတ်ယူပြီးမှ ခရီးသည်များလွန်း၍ ပြန်လည်ဆင်းနေခဲ့သဖြင့် ကူးတို့သင်္ဘောနစ်မြုပ်သွားရာတွင် မသေဘဲ ကျန်နေသူများရှိသကဲ့သို့ လေယာဉ်လက်မှတ်ယူပြီးမှ အချိန်မီ ရောက်မလာသဖြင့် ကျန်ရစ်ခဲ့ရာ ထိုလေယာဉ်ပျက်ကျရာတွင် မပါဝင်ဘဲ အသက်ရှင်သူများလည်း ရှိပေသည်။

ဤသို့လျှင် ကံအကျိုးပေးကား မကြံစည်နိုင်လောက်အောင်ပင် ဆန်းကြယ်လှပေသည်။ ထို့ကြောင့် ဗုဒ္ဓရှင်တော်ဘုရားက -

“ရဟန်းတို့၊ ကြံစည်၍ မရနိုင်သော (ဝါ) မကြံစည်သင့် မကြံထိုက်သော ကံ၏အကျိုးကို မကြံစည်သင့်၊ မကြံထိုက်၊ ထိုကံအကျိုးပေးပုံကို ကြံစည်စဉ်းစားသောသူသည် ရူးသွပ်ရုံ ပင်ပန်းဆင်းရဲရုံမှတပါး အခြားအကျိုးမရှိ” -

ဟု လမ်းညွှန် ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါသည်။
၁။ အံ၊ ၁၊ ၅၉၂။

စာမျက်နှာ-318


၇။ စေတနာကြောင့် ဘဝစက်ဝန်း (သံသရာ) လည်ပုံ

ယခုပစ္စက္ခအခြေအနေကိုကြည့်လျှင် လက်ရှိဘဝ၌ မိမိတို့ ချမ်းသာရေးကိုသာ မြော်တွေး၍ သတ်မှု၊ ခိုးမှု၊ လာဘ်စားမှု၊ အဂတိလိုက်စားမှု၊ မကောင်းကြံစည်မှု စသည့် အကုသိုလ်ဒုစရိုက်မှုများကို အပြစ်မရှိသည့်အလား အားပါးတရ အားထုတ်နေကြသည်ကို တွေ့ရသည်။ တမလွန်ဘဝကောင်းစားရေးအတွက်လည်း လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာ့ချမ်းသာတို့ကို ရည်မျှော်ကာ ဒါနမှု၊ သီလမှု၊ ဘာဝနာမှုများကို ပြုကြသည်။ ထိုဘဝနှစ်ပါး ကောင်းစားရေးအတွက် ကြိုးစားအားထုတ်ကြသည့် ကုသိုလ်မှု၊ အကုသိုလ်မှုများကို သင်္ခါရဟုခေါ်သည်။

ထိုသင်္ခါရနှစ်မျိုးတွင် မကောင်းမှုအကုသိုလ်သင်္ခါရကြောင့် ဒုဂ္ဂတိဘုံတို့၌ အပါယ်ပဋိသန္ဓေဝိညာဏ်ဖြစ်ကာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူ၍ သတ္တဝါအမျိုးမျိုးဖြစ်လာကြသည်။ ကုသိုလ်သင်္ခါရ (ပုညာဘိသင်္ခါရ + အာနေဉ္စာဘိသင်္ခါရ) ကြောင့် လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာ့ဘုံတို့၌ ပဋိသန္ဓေဝိညာဏ်အမျိုးမျိုး ဖြစ်ပေါ်လာကာ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအစားစား ဖြစ်လာကြသည်။ ပဋိသန္ဓေ၏ နောက်ပိုင်းကာလတွင်လည်း သင်္ခါရကြောင့်ပင် မြင်သိစိတ်၊ ကြားသိစိတ်စသော ပဝတ္တိဝိပါက်ဝိညာဏ်များ ဆက်လက်ဖြစ်ကြသည်။

ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်

ဘဝသစ်တွင် ထိုပဋိသန္ဓေဝိညာဏ်စိတ်များ ဖြစ်လာသည်နှင့်တပြိုင်နက် ဖဿစသော ဆိုင်ရာစေတသိက်ခန္ဓာသုံးပါးနှင့် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဓာတ်ကြီးလေးပါးစသော ကမ္မဇရုပ်တရားများသည်လည်း မီးတွင်ရှိန်ဝါ ထပ်ချပ်ပါသကဲ့သို့ ပဋိသန္ဓေဝိညာဏ်စိတ်များနှင့်အတူ ပါလာကြသည်။ ထိုတပြိုင်နက်ဖြစ်သော ဝိညာဏ်၊ နာမ်၊ ရုပ်တို့တွင် ဝိညာဏ်သည် ရှေ့သွားခေါင်းဆောင်ဖြစ်သည်။ ထို့ကြောင့် ဝိညာဏ်ကြောင့် နာမ်ဖြစ်သည်ဟုဆိုသည်။ ပဋိသန္ဓေ၏ နောက်ပိုင်းတွင်လည်း စိတ်ဝိညာဏ်၏ အထောက်အပံ့ကြောင့် ကမ္မဇရုပ်၊ စိတ္တဇရုပ်၊ ဥတုဇရုပ်နှင့် အာဟာရဇရုပ်များ အဆက်မပြတ် ဖြစ်လာကြသည်။

စာမျက်နှာ-319


နာမ်ရုပ်ကြောင့်အာယာတန (၆) ပါးစသည် ဖြစ်ခြင်း

စေတနာ စေတသိက်

၃၁၉ စေတသိက်ခန္ဓာသုံးပါး ဟူသောနာမ် တရားနှင့် ရုပ်များကြောင့် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဟူသော အာယာတန (၆)ပါးဖြစ်သည်။ အာယာတန (၆)ပါးကြောင့် အာရုံ အာယတန ဝိညာဏ်တို့ပေါင်းဆုံမှု အတွေ့ဓာတ်ဖဿဖြစ်သည်။ အတွေ့ဓာတ် ဖဿကြောင့် အာရုံကိုခံစားမှုဝေဒနာပေါ်လာ၏။ ခံစားမှုဝေဒနာကြောင့် တပ်မက်တွယ်တာမှု၊ လိုချင်တောင့်တမှုတဏှာဖြစ်လာသည်။ တဏှာကြောင့် လက်ရှိဘဝလောကစည်းစိမ်ဟူသော ဘောဂသမ္ပတ္တိ၊ တမလွန်ဘဝချမ်းသာ ဟူသော ဘဝသမ္ပတ္တိတို့ကိုမရမနေလိုချင်မှု၊ စွဲလမ်းမှုဥပါဒါန်ဖြစ်လာသည်။

ဥပါဒါန်ကြောင့်ကောင်းသောအလုပ် (ကုသိုလ်)၊ မကောင်းသောအလုပ် (အကုသိုလ်)တို့ကိုပြုလုပ်အားထုတ်ခြင်းဟူသော ကမ္မဘဝဖြစ်လာ၏။ ယင်း ကမ္မဘဝကြောင့် ဘဝသစ်၌ ပဋိသန္ဓေနေရခြင်း ဇာတိဖြစ်လာ၏။ ဇာတိ ကြောင့်အိုခြင်း(ဇရာ)၊ သေခြင်း(မရဏ)၊ စိုးရိမ်ကြောင့်ကြခြင်း(သောက)၊ ငိုကြွေးမြည်တမ်းခြင်း(ပရိဒေဝ)၊ ကိုယ်ဆင်းရဲခြင်း (ဒုက္ခ)၊ စိတ်ဆင်းရဲခြင်း(ဒေါမနဿ)၊ အလွန်အမင်းပြင်းထန်စွာ ဆင်းရဲခြင်း (ဥပါယာသ) ဟူသောအကျိုးဆက်များဖြစ်လာကြသည်။

အာသဝကြောင့်အဝိဇ္ဇာဖြစ်သည်။

ဤစိုးရိမ်ကြောင့်ကြခြင်း(သောက)၊ စိတ်ဆင်းရဲမှု (ဒေါမနဿ)၊ ပြင်းစွာ ပင်ပန်းဆင်းရဲမှု (ဥပါယာသ)တို့သည်ဒေါသစိတ်နှင့် တွဲဖော်တွဲဖက် စေတသိက်များဖြစ်သည်။ ထို့ကြောင့်သောကစသည်တို့ဖြစ်တိုင်း အဝိဇ္ဇာဟူသော မောဟလည်း အမြဲတွဲလျက်ပါသည်၊ ပရိဒေဝဟူသော ငိုကြွေးမြည်တမ်းခြင်းမှာလည်းအဝိဇ္ဇာမကင်းသူတို့၌သာဖြစ်လေ့ ရှိ၏၊ ကိုယ်ဆင်းရဲမှုဒုက္ခဖြစ်လာသည့်အခါ စိတ်ဆင်းရဲမှုဒေါမနဿနှင့်အဝိဇ္ဇာလည်း ဆက်လက်ဖြစ်လာတတ်သည်။

ထိုသောက စသည်တို့မှာဇာတိကြောင့် ဖြစ်သည်ဆိုသော်လည်း အလွန်ဝေးသော အရင်းခံ အကြောင်းသာ ဖြစ်သည်၊ “ကာမတော ဇာယတိ သောကော” ဒေသနာတော်အရ၊ အနီးဆုံး အကြောင်းမှာ အာသဝတရားများသာဖြစ်ပါသည်။ ဆိုလိုသည်မှာ သောကစသည်ဖြစ်ခြင်းမှာ အာသဝေါမကင်းသေးသောကြောင့် ဖြစ်သည်။

စာမျက်နှာ-320


အာသဝေါမကင်းသေးက အာသဝကြောင့် သောကစသည်နှင့်တကွ အဝိဇ္ဇာလည်း ဖြစ်ပြန်သည်ဟူ၍ ဖြစ်ပါသည်။

အဝိဇ္ဇာကြောင့်သင်္ခါရဖြစ်သည်။

အဝိဇ္ဇာ တိမ်သလာ စွဲနေကြသော သတ္တဝါများသည် အာရုံ၏အမှန် သဘောတရားများကို ထိုးဖောက်မမြင်နိုင်ရကား ဒုက္ခအတိဖြစ်သောရုပ် နာမ်တို့၏ အပြစ်အနာအဆာတို့ကို မမြင်စွမ်းနိုင်ပါချေ။ မြင်သမျှကြားသမျှ၊ တွေ့သမျှအာရုံတို့ကို သာယာဖွယ်၊ နှစ်သက်ဖွယ်အသွင်ဖြင့်သာ ထင်မှတ် မှားကြသည်။

ထို့ကြောင့် လက်ရှိဘဝ၌ ချမ်းသာရေးအတွက် မင်းပြစ် မင်းဒဏ်ခံရခြင်း အပါယ်ကျခြင်း စသောအပြစ်များကို မမြင်နိုင် မကြောက်နိုင်ဘဲ ခိုးမှု၊ သတ်မှုစသော အကုသိုလ်ဒုစရိုက်မှုများကို လွန်ကျူးကြသည်။ အဝိဇ္ဇာမှောင်ချထားမှုကြောင့် လူ့စည်းစိမ် နတ်စည်းစိမ် ဗြဟ္မာ့စည်းစိမ်တို့၏ အပြစ်ကိုမမြင်ဘဲ ထိုချမ်းသာများအတွက် ဒါန၊ သီလ၊ ဘာဝနာကုသိုလ်တို့ကို အဆင်းရဲ အနစ်နာခံကာ ကြိုးစားအားထုတ်ကြသည်။

ထိုကုသိုလ်အကုသိုလ်များကို အကျိုးတရားကို ပြုစီမံတတ်သောကြောင့် သင်္ခါရဟုခေါ်သည်၊ ထိုသင်္ခါရများကား အဝိဇ္ဇာဖုံးလွှမ်းထားမှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်၊ ဤနည်းအားဖြင့် ရုပ်၊ နာမ် ခန္ဓာအစဉ်တို့သည်ကြောင်းကျိုးဆက်ကာ မပြတ်မစဲ ထပ်တလဲလဲ လှည့်ပတ် ဖြစ်ပေါ်နေကြပေသည်။

၉။ စေတနာချုပ်ငြိမ်းကင်းပြတ်သဖြင့် ဘဝစက်ဝန်း(သံသရာ) အလည်ရပ်ပုံ

စေတနာခေါ် ကုသိုလ် အကုသိုလ်သင်္ခါရတို့ဖြစ်ပေါ်လာကြောင်း တရားကား– “အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်သည်”(အဝိဇ္ဇာပစ္စယာသင်္ခါရာ)ဟူသော ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အရ အဝိဇ္ဇာအမှောင်တရား ဖြစ်ပါသည်။ ထို့ကြောင့် ဘဝသံသရာထွက်ရပ်လမ်းတွင် အဝိဇ္ဇာအကြွင်းမဲ့ချုပ်ငြိမ်းမှု သာ လိုရင်းပဓာနဖြစ်သည်။ ဝဋ်တရားများ၏ ဦးခေါင်းပမာ အလွန်အရေးပါသည်။

စာမျက်နှာ-321


ပါသည့် အဝိဇ္ဇာအမှောင်ဓာတ် အဆုံးသတ် ချုပ်ငြိမ်းခဲ့လျှင် သင်္ခါရ ဝဋ်တရားများ ချုပ်ငြိမ်းတော့သည်သာ ဖြစ်၏။

အဝိဇ္ဇာကား အလွန်အစွမ်းသတ္တိထက်သော နာမ်ဓာတ်တမျိုးတည်း။ ထိုအဝိဇ္ဇာဓာတ်ကို ဝိဇ္ဇာဓာတ်ကသာ သတ်နိုင်သည်။ ဒါနမှု သီလမှုတို့က လည်း မသတ်နိုင်၊ သမထဘာဝနာမှုကလည်း မသတ်နိုင်၊ အရိယဝိဇ္ဇာဓာတ်ဖြင့်သာ သတ်နိုင်ပါသည်။ အရိယဝိဇ္ဇာဓာတ်ဆိုသည်မှာ အနိစ္စဝိဇ္ဇာ၊ ဒုက္ခဝိဇ္ဇာ၊ အနတ္တဝိဇ္ဇာဟူသော ဝိပဿနာ ဝိဇ္ဇာနှင့် မဂ္ဂဝိဇ္ဇာ၊ ဖလဝိဇ္ဇာဓာတ်ကြီးတို့ဖြစ်ပါသည်။

ထိုအရိယဝိဇ္ဇာဓာတ်များဖြင့် အဆင့်ဆင့် သတ်မှ မောဟတည်းဟူသော အဝိဇ္ဇာဓာတ်ကြီး သေနိုင်သည်။ “အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော” ဒေသနာတော်အရ ကာမာသဝစသော အာသဝတရားများ မချုပ်ငြိမ်းသေးသမျှ အာသဝကြောင့်ဖြစ်သော အဝိဇ္ဇာဓာတ်လည်း ဆက်လက် ရှင်သန်နေမည်သာ ဖြစ်ပေသည်။

အရိယဝိဇ္ဇာဓာတ်များဖြင့် ပယ်သတ်ရာတွင်လည်း အနာဂါမိမဂ္ဂဝိဇ္ဇာ၊ ဖလဝိဇ္ဇာဓာတ်တို့ဖြင့် ပယ်သတ်ပြီးသည့်အထိ အဝိဇ္ဇာတည်းဟူသော အမှောင်ဓာတ်မှာ လုံးဝချုပ်ဆုံး ပျောက်ကွယ်မသွားသေးပါချေ။ ဆိုလိုသည်မှာ သောတာပန် သကဒါဂါမ် အနာဂါမ်အရိယာပုဂ္ဂိုလ်များ ဖြစ်နေသည့် တိုင်အောင် အဝိဇ္ဇာအမှောင်ဓာတ် ဖုံးလွှမ်းလျက် ရှိနေပေသေးသည်၊ သို့သော် အဝိဇ္ဇာဓာတ်မှာ တဆင့်ထက် တဆင့် ပါး၍ပါး၍ သွားပြီဟု ဆိုလိုပါသည်၊

နောက်ဆုံး အရဟတ္တမဂ် ဝိဇ္ဇာဉာဏ်ကြီး ပေါ်လာသည့်အချိန်၌ကား (ဝါ) ရဟန္တာပုဂ္ဂိုလ်ဖြစ်သွားသည့် အချိန်၌ကား အာသဝေါတရားကုန်ခန်း၍ အဝိဇ္ဇာဓာတ်လည်း အကြွင်းမဲ့ချုပ်ငြိမ်းသွားလေတော့၏။ အဝိဇ္ဇာအမှောင်ထုကြီး ဖယ်ခွာချုပ်ငြိမ်း သွားသည်နှင့်တပြိုင်နက် သင်္ခါရဟူသော ကုသိုလ် အကုသိုလ်စေတနာစသည်တို့လည်း မပေါ်လာတော့ဘဲ ဘဝစက်ဝန်းကြီး အလည်ရပ်ကာ သံသရာ ထွက်ရပ်လမ်းပေါက်ပါတော့သည်။ ဤကား စေတနာဟူသော သင်္ခါရပြတ်သဖြင့် ဘဝစက်ဝန်းအလည်ရပ်သွားပုံပင် ဖြစ်သည်။

စာမျက်နှာ-322


ဧကဂ္ဂတာ (သမာဓိ) စေတသိက်

ဧကဂ္ဂတာ အာရုံတခု၌ စိတ်တည်တံ့ခြင်း တည်ကြည်ခြင်းသဘော (သမာဓိ)

စိတ်၏တည်ကြည်ခြင်းသဘောသုံးမျိုး

(က) အာရုံတခု၌ စိတ်၏တည်တံ့ခြင်း၊ တည်ကြည်ခြင်းမျှ ဖြစ်သော သဘောသည်လည်းကောင်း၊

(ခ) အာရုံတခု၌ စိတ်၏တည်တံ့ကြောင်း တည်ကြည်ငြိမ်သက်ကြောင်းဖြစ်သော (ဝါ) အာရုံတခု၌ စိတ်ကိုတည်တံ့အောင်၊ ငြိမ်သက်တည်ကြည်အောင် ပြုလုပ်တတ်သော သဘောသည်လည်းကောင်း၊

(ဂ) အာရုံတခု၌ တည်တံ့တတ်သော၊ ငြိမ်သက် တည်ကြည်တတ် (ဝါ) မိမိကိုယ်တိုင် အာရုံတခု၌ ငြိမ်သက် တည်ကြည်တတ်သော သဘောသည်လည်းကောင်း ဧကဂ္ဂတာ စေတသိက်မည်ပါသည်။

၁။ ဧကဂ္ဂတာ စေတသိက်၏ လက္ခဏာ

ဧကဂ္ဂတာခေါ် သမာဓိသည် အာရုံတပါးသို့ မိမိကိုယ်တိုင် မရွေ့လျားခြင်း၊ ယှဉ်ဘက်သမ္ပယုတ်တရားတို့ကို မပြန့်လွှင့်စေခြင်း သဘောလက္ခဏာရှိသည်။
၁။ ဧက+အဂ္ဂ+တာ။ ဧက=တခု၊ အဂ္ဂ=အာရုံရှိသည်၊ တာ=အဖြစ်။

၂။ သံ+အာ+ဓာ+ဣ။ သံ=ကောင်းစွာ၊ အာ+ဓာ+ဣ=အာဓာန=ဌပန=ထားခြင်း။ အာရုံတခု၌ စိတ်ကို ကောင်းစွာထားခြင်း = တည်ကြည်ခြင်း။

မဏိမဉ္ဇူ၊ ၈၊ ၂၄၈။
၃။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၂။ သံခိပ်၊ ဋီ၊ ပ၊ ၁၁၆။

စာမျက်နှာ-323


သဘောအားဖြင့် မရွေ့ရှားပုံ။ ။အာရုံတပါးသို့ မိမိ မရွေ့ရှားခြင်း ဆိုသည်မှာ ဧကဂ္ဂတာသည် အာရုံ တပါးသို့ မိမိ သဘောအားဖြင့် မရွေ့ရှားခြင်းပင် ဖြစ်သည်၊ ဧကဂ္ဂတာ ကို သမာဓိဟူ၍လည်းခေါ်၏။ ဤဧကဂ္ဂတာခေါ် သမာဓိ၏ သဘော လက္ခဏာကို ဗုဒ္ဓမြတ်စွာ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူ စဉ် ဝိသာခမည်သော ဥပါသကာတဦးက အရှင်မဓမ္မဒိန္နာဘိက္ခုနီအား-

“အရှင်မ...သမာဓိဆိုသည်မှာ အဘယ်ပါနည်း” ဟု လျှောက်ထားရာ အရှင်မဓမ္မဒိန္နာက-
“ဒါယကာ....စိတ်၏အာရုံတမျိုးတည်းသာ ရှိခြင်းသည် သမာဓိတည်း” ဟု ဖြေတော်မူခဲ့သည်။

ဤပါဠိတော်အရ ဧကဂ္ဂတာခေါ် သမာဓိဆိုသည်မှာ စိတ်၏အာရုံ တမျိုးတည်းသာ ရှိခြင်းဖြစ်သည်၊ စိတ်သည်အာရုံအမျိုးမျိုးသို့ ရွေ့ရှားခြင်းမရှိဘဲ မိမိသဘောအားဖြင့်ပင် အာရုံတမျိုးတည်း၌ တည်နေခြင်းဖြစ်သည်။ အဆင်းရူပါရုံမှ အသံသဒ္ဒါရုံသို့ ဖြစ်စေ၊ ရူပါရုံတခုမှ အခြားရူပါရုံတခု သို့ဖြစ်စေ မရွေ့ရှားဘဲ အာရုံတခု၌ တခဏမျှတည်နေခြင်းသည် လည်းကောင်း၊ ထိုအာရုံ၌ ကြာမြင့်စွာ တည်နေခြင်းသည်လည်းကောင်း စိတ်၏ အာရုံတမျိုးတည်းသာ ရှိခြင်းဖြစ်၍ ဧကဂ္ဂတာသမာဓိဟု ခေါ်သည်။

အာရုံနှင့်စိတ်တွေ့ကြသောအခါ အချို့သောစိတ်တို့သည် အာရုံ၌တည်နေရုံမျှဖြစ်ပြီး အခြားအာရုံတမျိုးသို့ ရွေ့ရှားသွားတတ်၏။ အာရုံတခုကို အမှား အမှန် အကောင်း အဆိုးမဆုံးဖြတ်နိုင်ဘဲ ယုံမှားနေသောစိတ်သည် ထိုအာရုံ၌ တည်နေရုံမျှသာတည်နေသောစိတ်မျိုးဖြစ်သည်။
၁။ မ၊ ၁၊ ၃၇၅။

စာမျက်နှာ-324


အမှားအမှန် အကောင်းအဆိုး တမျိုးမျိုးသောအာရုံ၌ ကြာကြာမတည်၊ တခဏမျှသာတည်နေပြီး ထက်ဝန်းကျင်စေ့လည်လည် ယုံမှားကာ“ဟုတ်မှဟုတ်ပါမည်လား” စသည်ဖြင့် အကောင်းလိုလို အဆိုးလိုလို ထိုဤ ရွေ့ရှားနေတတ်၏။ အချို့သောစိတ်သည် အခြားအာရုံတမျိုးသို့ မရွေ့မလည်ဘဲ အာရုံတမျိုးတည်း၌ ကြာမြင့်စွာတည်နေတတ်၏။

စိတ်ပါလက်ပါ ငါးမျှားနေသည့်အခါ လောဘဦးစီးသော အကုသိုလ်စိတ်သည် ငါးတည်းဟူသော အာရုံတမျိုးတည်း၌ ကြာမြင့်စွာတည်နေတတ်၏။ စိတ်ပါလက်ပါ ဘုရားရှိခိုးသည့်အခါ သဒ္ဓါဦးစီးသော ကုသိုလ်စိတ်သည် ဘုရားတည်းဟူသော အာရုံတမျိုး၌ ကြာမြင့်စွာတည်နေတတ်၏။ ထိုစိတ်များသည် အခြားအာရုံတမျိုးမျိုးသို့ မရွေ့မလည် မိမိသဘောအားဖြင့် တည်ကြည်နေ၏။ ဤသည်မှာ ငါးတည်းဟူသော အာရုံသို့မဟုတ် ဘုရားတည်းဟူသော အာရုံတမျိုး၌ ဧကဂ္ဂတာကျနေခြင်း သမာဓိရနေခြင်းဖြစ်သည်။ ဤသို့တခဏမျှ မိမိသဘောအားဖြင့် စိတ်တည်နေမှု၊ မရွေ့မလည် ကြာမြင့်စွာတည်နေသည့်သဘောကို ဧကဂ္ဂတာ သမာဓိဟုခေါ်သည်။

ထို့ပြင် အာရုံတို့မည်သည် တခုတည်းပင် ဖြစ်သော်လည်း သဘောအမျိုးမျိုးနှင့် ပြည့်စုံ၏။ ရူပါရုံတခုတည်းကိုပင် လူအများကြည့်သောအခါ စိတ်အမျိုးမျိုးဖြစ်သွားတတ်ခြင်း၊ ပုဂ္ဂိုလ်တယောက်တည်းပင် ကြည့်ရှုသော်လည်း မကြာမကြာ စိတ်အမျိုးမျိုးပြောင်းသွားတတ်ခြင်းတို့မှာ တခုသောအာရုံ၏ သဘောအမျိုးမျိုးရှိကြောင်း ထင်ရှားသော သာဓကများဖြစ်သည်။ ထို့ကြောင့် တခုသောအာရုံ၏ သဘောအမျိုးမျိုးသို့ မရောက်စေဘဲ တခဏမျှဖြစ်စေ ကြာမြင့်စွာဖြစ်စေ စိတ်၏တည်တံ့မှု တည်ကြည်မှုသဘောကို ဧကဂ္ဂတာ သမာဓိဟု ခေါ်သည်။ ဤသို့ ဧကဂ္ဂတာခေါ် သမာဓိသည် အာရုံတပါးသို့ မိမိသဘောအားဖြင့် မရွေ့ရှားခြင်းလက္ခဏာရှိသည်။
၁။ သံခိပ်၊ ဋီ၊ မ၊ ၁၁၆။

စာမျက်နှာ-325


သုတ္တန်ဧကဂ္ဂတာနှင့် အဘိဓမ္မာ ဧကဂ္ဂတာ

ဤ၌ စိတ်၏အာရုံတခု၌ ကြာမြင့်စွာတည်တံ့မှု တည်ကြည်မှုသဘောကို သုတ္တန်နည်းအရ ဧကဂ္ဂတာဟု ခေါ်ဆိုခြင်းဖြစ်ပြီး စိတ်၏ ဥပါဒ် ဌီ ဘင် အခိုက်အတံ့တခဏမျှ အာရုံတခု၌တည်တံ့မှု တည်ကြည်မှု သဘောကို အဘိဓမ္မာနည်းအရ ဧကဂ္ဂတာဟုခေါ်ဆိုခြင်းဖြစ်သည်။

သမ္ပယုတ်တရားတို့ကို ဧကဂ္ဂတာခေါ် သမာဓိသည် အာရုံတပါး မပျံ့လွင့်အောင်ပြုပုံ

သို့ မရွေ့ရှားဘဲ မိမိသဘောအားဖြင့် တည်ကြည်ရုံမျှသာမက ယှဉ်ဘက်စိတ်စေတသိက်တို့ကို ထိုထိုအာရုံသို့ မပျံ့လွင့်အောင် အာရုံတခုတည်း၌ တည်တံ့နေအောင်လည်း ပြုလုပ်တတ်ပေသည်။ ဧကဂ္ဂတာခေါ် သမာဓိ၏အစွမ်းကြောင့်ပင် ယှဉ်ဖက် စိတ်စေတသိက်တို့သည် ထိုထိုအာရုံသို့ မပျံ့လွင့်ဘဲ တခုတည်းသောအာရုံ၌ တည်တံ့နေနိုင်ကြသည်။

သတ္တဝါတို့၏စိတ်သည် အဆင်း (ရူပါရုံ)မှ အသံ (သဒ္ဒါရုံ) သို့လည်းကောင်း၊ အလိုရှိအပ်သောအဆင်း (ဣဋ္ဌရူပါရုံ)မှ မလိုလားအပ်သော (အနိဋ္ဌရူပါရုံ)သို့လည်းကောင်း၊ သာယာဖွယ်ကောင်းသော(ဣဋ္ဌသဒ္ဒါရုံ)ကိုနာခံနေရာမှ မနှစ်မြို့ဖွယ်ကောင်းသော အသံ (အနိဋ္ဌသဒ္ဒါရုံ)များသို့လည်းကောင်း၊ ပညာရေးအကြောင်းကို စဉ်းစားနေရာမှ စီးပွားရေးအကြောင်း၊ သားရေး သမီးရေး အကြောင်းသို့လည်းကောင်း ပြေးသွားပျံ့လွင့်၍နေတတ်လေသည်။ ဘုရားရှိခိုးရင်း တရားနာရင်းပင် ထိုထိုဤဤ တွေးချင်ရာ တွေးနေတတ်ခြင်း၊ လတ်တလောအကြောင်းအရာ တမျိုးကိုစဉ်းစားနေရာမှ အတိတ်ဖြစ်စဉ်အမျိုးမျိုးသို့ ငေးမောတွေးတော နေတတ်ခြင်းစသည်တို့မှာ စိတ်၏ပျံ့လွင့်ခြင်းများပင်ဖြစ်သည်။

ဧကဂ္ဂတာသည် ထိုကဲ့သို့ အာရုံအမျိုးမျိုးသို့ ပျံ့လွင့်၍နေသော ယှဉ်ဘက် စေတသိက်တရားများကို အာရုံတမျိုးတည်း၊ တအာရုံတည်း၌ တခဏမျှပင်ဖြစ်စေ တည်တံ့အောင် တည်ကြည်အောင် ပြုလုပ်တတ်သည်။ ထို့ကြောင့် ဧကဂ္ဂတာခေါ် သမာဓိသည် ယှဉ်ဖက်သမ္ပယုတ်တရားတို့ကို မပျံ့လွင့်စေခြင်း လက္ခဏာရှိသည်ဟု ဖွင့်ဆိုကြသည်။

စာမျက်နှာ-326


ဧကဂ္ဂတာသမာဓိနှင့် ဈာန်-ဣန္ဒြေ-ဗိုလ်

ဧကဂ္ဂတာ စေတသိက်ကို သမာဓိဟူသော အမည်ဖြင့် အဘိဓမ္မာအဖွင့် ကျမ်းများတွင် ကုသိုလ်ဆိုင်ရာဈာန် မဂ်အရာ စသည်များ၌သာ များသောအားဖြင့် ဖွင့်ဆို သုံးနှုန်းထားသည်ကို တွေ့ရသည်။ ဈာန်အရာတွင် စူးစိုက်စွာတည်ကြည်မှု မဂ်အရာတွင် မဖောက်မပြန် မှန်ကန်သောတည်ကြည်မှု၊ ဣန္ဒြေအရာတွင် အစိုးတရ တည်ကြည်မှု၊ ဗိုလ်အရာတွင် မတုန်မလှုပ်တည်ကြည်မှု၊ ကမ္မဋ္ဌာန်းဘာဝနာအရာတွင် စိတ်၏ငြိမ်ဝပ်ပိပြားမှုသဘောများဖြစ်သဖြင့် အားကောင်းသော ဧကဂ္ဂတာ သမာဓိသဘောမျိုးဖြစ်သည်။ အာရုံ၌တည်ကာမျှဖြစ်သော ရိုးရိုးဧကဂ္ဂတာသမာဓိမျိုးမဟုတ်ပေ။

ပင်ကို ဧကဂ္ဂတာသမာဓိမှာ အရှင်မဓမ္မဒိန္နာ အမိန့်ရှိသည့်အတိုင်း “စိတ်၏ အာရုံတမျိုးတည်းသာရှိခြင်း” နှင့် အာရုံတခု၌ စိတ်တည်တံ့ခြင်း(တည်ကြည်ခြင်း) သဘောများသာ ဖြစ်သင့်သည်။ ဤသဘောတို့သည် ဧကဂ္ဂတာခေါ် သမာဓိ၏ သဘောအားလုံးကိုခြုံမိငုံမိ၏။ “စိတ္တဿ ဧကဂ္ဂတာ စိတ္တဿဌိတိ”ဟူသော ဘုရားစကားတော်နှင့်လည်း ညီညွတ်လေသည်။

စိတ်ဖြစ်တိုင်း ဧကဂ္ဂတာဖြစ်ပုံ

ဧကဂ္ဂတာသည် ကောင်းမှု မကောင်းမှုကုသိုလ်၊ အကုသိုလ်စသည်အားလုံး၌ပင် စိတ်ဖြစ်တိုင်း ဖြစ်တိုင်းပါဝင်သော သဘောတရားဖြစ်သည်။ စိတ်ဖြစ်သည့်တချိန်တည်းမှာပင် အာရုံနှင့် စိတ်ချိတ်မိလျက်ရှိသည်။ စိတ်သည် အာရုံနှင့်ကင်း၍ စိတ်ချည်းသက်သက် မဖြစ်နိုင်။ သို့ရာတွင် အာရုံနှင့်စိတ် ချိတ်မိခြင်းကို ဧကဂ္ဂတာခေါ်သည်မဟုတ်၊ ယင်းသည် အာရုံနှင့်စိတ်တွေ့ခြင်းသာဖြစ်သည်။

အနီရောင်ပန်းတပွင့်ကိုတွေ့မြင်ရာ၌ မြင်သိစိတ်ဖြစ်သည်နှင့် တချိန်တည်းမှာပင် အနီရောင်ပန်းအဆင်းအာရုံနှင့် ချိတ်မိလျက်ရှိသည်။ သို့ရာတွင် မြင်သိစိတ်နှင့် အဆင်းအာရုံတို့ ချိတ်မိဆုံမိမှုကို ဧကဂ္ဂတာမခေါ်၊ မြင်သိစိတ်၏ အနီရောင်ပန်းအဆင်းအာရုံ၌ တခဏမျှပင်သော်လည်း တည်တံ့မှု တည်ကြည်မှုသဘောကိုသာ ဧကဂ္ဂတာခေါ်သည်။ ထို့ပြင် ဤတည်တံ့မှုဧကဂ္ဂတာ သဘောသည် မြင်သိစိတ်

စာမျက်နှာ-327


ပေါ်လာနှင့် အနီရောင်ပန်းအဆင်း အာရုံတို့ကို တွေ့ဆုံပြီး နောက်မှ ဖြစ်ပေါ်သည်မဟုတ်၊ တွေ့ဆုံသည်နှင့် တပြိုင်နက် တည်တံ့မှုသဘော ဧကဂ္ဂတာ လည်း ဖြစ်ပေါ်လာလေသည်။

ထို့ပြင် ဤမြင်သိစိတ်၏ အာရုံ၌ တည်တံ့မှုသဘောသည် ပကတိရိုးရိုးဧကဂ္ဂတာများအနက် တည်တံ့ရုံတည်ကြည်ရုံမျှဖြစ်သည့် အားနည်းသော ဧကဂ္ဂတာသာဖြစ်သည်။ ဣန္ဒြေကိစ္စ ဗိုလ်ကိစ္စတပ်သော ဧကဂ္ဂတာသမာဓိမျိုးမဟုတ်။ မြင်သိစိတ် ကြားသိစိတ် စသည်တို့၏အာရုံ၌ တည်တံ့မှု သမာဓိသည် အားထုတ်မှုဝီရိယမှကင်းသဖြင့် အစိုးတရ တည်တံ့မှု မတုန်မလှုပ် တည်တံ့မှုသဘောများ မဖြစ်နိုင်ဘဲ အာရုံ၌တည်တံ့ရုံမျှ တည်ကြည်ရုံမျှသာဖြစ်သည်။ အလားတူပင် ဘုရား တရား စသည်များ၌ ယုံမှားသောစိတ်သည်လည်း ဘုရားအာရုံ တရားအာရုံ၌ ဆုံးဖြတ်နိုင်ခြင်းသဘောမရှိသောကြောင့် စိတ်တည်တံ့ရုံမျှတည်ကြည်ရုံမျှသာဖြစ်သည်။ အကုသိုလ်ဆိုင်ရာ ရိုးရိုးသမာဓိ၊ အားနည်းသော သမာဓိသာဖြစ်သည်၊ သမာဓိန္ဒြေ သမာဓိဗိုလ် မဟုတ်။

အကုသိုလ်မှုဆိုင်ရာ စိတ်ပါလက်ပါ ငါးမျှားနေသော သမာဓိနှင့် စိတ်ပါလက်ပါ ဘုရားရှိခိုးသော သမာဓိ၊ တရားနာသော သမာဓိ၊ ဒါနမှု၌ ရေစက်ချနေသော သမာဓိ၊ စာပေဆိုင်ရာ စိတ်ဝင်စားစွာ လေ့လာနေသော သမာဓိ စသည်တို့မှာ ထပ်ခါထပ်ခါ ဧကဂ္ဂတာကျသမာဓိ ရနေသော သဘောများဖြစ်၍ မိစ္ဆာသမာဓိမဂ္ဂင်၊ သမာဓိန္ဒြေ၊ သမာဓိဗိုလ် စသည်တို့ ဖြစ်နိုင်ပေသည်။ ထို့ကြောင့် ကမ္မဋ္ဌာန်း စသည့် အာရုံတခုခုကိုယူရာ၌ ထိုအာရုံပေါ်မှာ ကြာရှည်စွာ ထပ်ခါထပ်ခါ အာရုံပြုနိုင်ခဲ့လျှင် “သမာဓိရပြီ - သမာဓိအားကောင်းလာပြီ” ဟု ပြောဆိုလေ့ ရှိကြ၏။ သမာဓိဓာတ်ခံ ကောင်းသူမှာ အနေအထိုင်လည်း တည်ကြည်ပြီ အပြောအဆိုလည်း တည်ငြိမ်၏။ သွားလာသောအခါ၌လည်း ဣန္ဒြေရပြီး ပေါင်းသင်းဆက်ဆံမှု၌ ဖြောင့်မတ်တည်ကြည်လေသည်။ သို့ရာတွင် စွဲရာမစွဲလမ်းအောင်လည်း သတိထားအပ်ပေသည်။

စာမျက်နှာ-328


အချုပ်အားဖြင့်ဆိုရလျှင် ဧကဂ္ဂတာခေါ် သမာဓိဆိုသည်မှာ- စိတ်မလှုပ်ရှားမှု၊ စိတ်မပျံ့လွင့်မှု၊ စိတ်တည်တံ့မှု၊ တည်ကြည်မှု၊ ငြိမ်သက်မှု၊ တည်ငြိမ်မှု၊ စိတ်၏ တည်တည်တံ့တံ့ စူးစိုက်မှု၊ အာရုံတခု၌ ခိုင်ခန့်တည်ငြိမ်မှု၊ စိတ်၏ ငြိမ်ဝပ်ပိပြားမှု၊ အာရုံတခု၌ စိတ်ကို ကောင်းစွာထားမှု စသည်တို့ ဖြစ်ပါသည်။ ဤသဘောတရား အားလုံးတို့မှာ သမာဓိ အနု အရှင့် သဘောကွာခြားခြင်းမှတပါး ဘုရားလက်ထက်တော်က ဘိက္ခုနီမ ဓမ္မဒိန္နာအမိန့်ရှိသည့် “စိတ်၏ အာရုံတမျိုးတည်းသာရှိခြင်း” သဘောများပင်ဖြစ်သည်။ ထို့ကြောင့် ယင်းတို့ကို ဧကဂ္ဂတာသမာဓိဟု ခေါ်သည်။

ဧကဂ္ဂတာသမာဓိ၏ လက္ခဏာတမျိုး

ဧကဂ္ဂတာသမာဓိသည် အကြီးအမှူး အဖြစ်ဟူသော ပါမောက္ခ သဘောလက္ခဏာရှိသည်။

အကြီးအမှူး ပဓာနဖြစ်ပုံ

မိလိန္ဒပဉှာ ပါဠိတော်တွင် မိလိန္ဒမင်းကြီးက အရှင်နာဂသိန် မထေရ်ကျော်အား သမာဓိ၏ လက္ခဏာသဘော လျှောက်ထားပုံကို တွေ့ရ၏။ မိလိန္ဒမင်းကြီးက--

“အရှင်ဘုရား နာဂသေန၊ သမာဓိသည် အဘယ်လက္ခဏာ ရှိပါသနည်း” ဟု လျှောက်ထားရာ မထေရ်မြတ်က—

“မင်းမြတ်.... သမာဓိသည် ကြီးမှူး - ပြဋ္ဌာန်းခြင်းပါမောက္ခ လက္ခဏာရှိ၏၊ ကုသိုလ်တရား အားလုံးတို့သည် သမာဓိလျှင် ပြဋ္ဌာန်းကုန်၏၊ သမာဓိ၌ ညွှတ်ကုန်၏၊ သမာဓိ၌ ကိုင်းကုန်၏၊ သမာဓိ၌ ချိုင်းကုန်၏”

ဟု မိန့်တော်မူကာ “စုလစ်မွမ်းချွန် ဥပမာ၊ ပြည့်ရှင်မင်း ဥပမာ” တို့ဖြင့် ဖြေတော်မူသည်ကို တွေ့ရ၏။
၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၁။
၂။ မိမြန်၊ ၄၁။

စာမျက်နှာ-329


သမာဓိနှင့် စုလစ်မွမ်းချွန် ဥပမာ

ဇရပ်, တန်ဆောင်း, ပြာသာဒ် စသော အဆောက်အဦများတွင် ထုပိကာခေါ် စုလစ်မွမ်းချွန် အထွတ်သည် အခြားသော အခြင်, ထုပ်, လျှောက်, ဒိုင်း, မြှား စသည်တို့ကို ဖွဲ့လျက်တည်သောကြောင့် အခြင်, ထုပ်, လျှောက် စသည်တို့၏ အကဲ အဦး အမှူး ပဓာနဖြစ်၏။

ထို့အတူ ထိုသမာဓိနှင့် ယှဉ်သောစိတ်သည် ကုသိုလ်တရားအားလုံးတို့ကို ပြီးစေတတ်သောကြောင့် ထိုကုသိုလ်တရားအားလုံးတို့၏ အကဲအဦးအမှူးပဓာနဖြစ်၏။ ကုသိုလ်တရား အားလုံးတို့သည် သမာဓိ၌ ညွတ်ကိုင်းကြရလေသည်။ ထို့ကြောင့် ဧကဂ္ဂတာသမာဓိကို ပါမောက္ခ လက္ခဏာရှိသည်ဟု ဖွင့်ဆိုကြလေသည်။ တဆက်တည်းမှာပင် မိလိန္ဒမင်းကြီးက-

“ထိုထက်အလွန် ဥပမာပြုတော်မူဦးလော”
ဟု လျှောက်ထားပြန်ရာ မထေရ်မြတ်က ပို၍ထင်ရှားအောင် ပြည့်ရှင်မင်း ဥပမာကို မိန့်တော်မူပြန်၏။

သမာဓိနှင့် ပြည့်ရှင်မင်းဥပမာ

စစ်သည်တော် များစွာတို့နှင့် စစ်မြေပြင်သို့ ချီတက်သောမင်းသည် စစ်သည်တော်များစွာတို့၏ အကြီးအမှူးဖြစ်သကဲ့သို့ ထို့အတူ ဧကဂ္ဂတာခေါ် သမာဓိသည် ကုသိုလ်တရား အားလုံးတို့၏ အကြီးအမှူး ပဓာနဖြစ်၏။ ထို့ကြောင့် ဧကဂ္ဂတာသမာဓိကို ပါမောက္ခလက္ခဏာရှိသည်ဟု ဖွင့်ဆိုကြလေသည်။

သမာဓိနှင့် ထီးဖြူရုံ ဥပမာ

ပါဠိတော်လာ ဥပမာများအပြင် အဘိဓမ္မတ္တသရူပဒီပကကျမ်း၌ ထီးဖြူရုံဥပမာ ဖြင့်လည်း ဖွင့်ဆိုထား၏။ ထီးဖြူရုံ၌ ခရိုင်ချုပ်သည် ထီးရိုး, ထီးရွက် စသည်တို့၏ အကြီးအကဲအမှူး ဖြစ်သကဲ့သို့ သမာဓိသည်လည်း ကုသိုလ်တရား အားလုံးတို့၏ အကဲအဦး အကြီးအမှူးဖြစ်သည်ဟု သမာဓိကို ထီးခရိုင်ချုပ်နှင့် ဥပမာပေးထားပါသည်။
၁။ သရူပဒီပက၊ ပ၊ ၄၁၀၊ ၄၁၁။

စာမျက်နှာ-330


၂။ ဧကဂ္ဂတာ၏ ဆောင်ရွက်မှုရသ(၂)မျိုး

ဧကဂ္ဂတာစေတသိက် ဆောင်ရွက်သည့် လုပ်ငန်းကိစ္စသည်-

(၁) အတူဖြစ်ဖော် ဖြစ်ဖက် နာမ်တရားများကို ဖရိုဖရဲမကြဲအောင် ပေါင်းစုပေးခြင်းကိစ္စ (သဟဇာတသမ္ဘိဏ္ဍနရသ)၊

(၂) အာရုံ၌ ပျံ့လွင့်မှုသဘောရှိသော ဥဒ္ဓစ္စကို ဖျက်ဆီးခြင်းကိစ္စ (ဥဒ္ဓစ္စဝိဒ္ဓသနရသ)၊

ဟူ၍ နှစ်မျိုးရှိပါသည်။

အတူဖြစ်ဖက် နာမ်တရားတို့ကို ပေါင်းစုပေးခြင်းကိစ္စ

အာရုံတခု၌ တည်တံ့မှု ဧကဂ္ဂတာသည် အတူတကွ ယှဉ်ဖော်ယှဉ်ဖက် စိတ်စေတသိက်, သမ္ပယုတ်တရားများကို ဖရိုဖရဲ မကြဲစေမှု ပေါင်းစုခြင်း ကိစ္စ(သဟဇာတသမ္ဘိဏ္ဍနရသ)ရှိသည်။

ပေါင်းစုပေးပုံနှင့် ရေဥပမာ

ရေသည် မုန့်မှုန့် ဆပ်ပြာမှုန့်စသည်ကို ဖရိုဖရဲ မကြဲရအောင် ပေါင်းစုသကဲ့သို့ ဧကဂ္ဂတာလည်း ယှဉ်ဖက် သမ္ပယုတ်တရားများကို စည်းစည်းလုံးလုံးရှိအောင် ပေါင်းစုခြင်းကိစ္စကို ဆောင်ရွက်သည်၊ သိမှုသဘောစိတ်နှင့် စိတ်ကို ချယ်လှယ်တတ်သော စေတသိက်များသည် အာရုံတခု၌ ကောင်းစွာမတည်၊ အဆင်းရူပါရုံမှ အသံသဒ္ဒါရုံသို့လည်းကောင်း၊ ဂန္ဓာရုံစသည်များသို့ လည်းကောင်း၊ အာရုံဝတ္ထု ဆုံစည်းမှုအားလျော်စွာ ထိုထို ဤဤ အလည်လည်သို့ ပြေးသွားပျံ့လွင့်လျက် ဖရိုဖရဲပျံ့ကြဲသကဲ့သို့ ဖြစ်နေသော သဟဇာတသမ္ပယုတ်တရားများကို ဖရိုဖရဲပျံ့ကြဲခွင့်မပြုဘဲ စည်းစည်းလုံးလုံးရှိအောင် ပေါင်းစုပေးခြင်းသည် ဧကဂ္ဂတာ၏ ဆောင်ရွက်မှုကိစ္စရသပင် ဖြစ်သည်။

အာရုံတခု၌ တည်တံ့မှု ဧကဂ္ဂတာက ယှဉ်ဖက်သမ္ပယုတ်တရားများကို ဖရိုဖရဲ မကြဲအောင် ပေါင်းစုတတ်ပုံကို ရေနှင့်ဥပမာပြ၍ ဖွင့်ဆိုကြသည်။
၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၂။

စာမျက်နှာ-331


ဘုရင်မင်းမြတ်ဥပမာ

အာရုံတခု၌ တည်တံ့မှု ဧကဂ္ဂတာကို ဘုရင်မင်းမြတ်နှင့် တူကြောင်းလည်း ဖွင့်ဆိုကြသည်။ စစ်ပွဲတပွဲတွင် နှစ်ဘက်သော စစ်တပ်တို့ တဘက်နှင့်တဘက် ပစ်ခတ်တိုက်ခိုက်ကြသောအခါ တဘက်စစ်တပ်မှာ စစ်အင်အားနိမ့်ကျ၍ တပ်သားများ စိတ်ဓာတ်ကျဆင်းလျက် ဖရိုဖရဲကွဲပျက်လုမတတ် ဖြစ်နေတော့၏။

ထိုအခါ ယင်းစစ်တပ်မှ ဘုရင်မင်းမြတ်သည် ကိုယ်တိုင် ရှေ့တန်းစစ်မျက်နှာသို့ ရောက်လာပြီး ဖရိုဖရဲပြိုကွဲလုမတတ် ဖြစ်နေသော စစ်တပ်ကို မပြိုမကွဲဖရိုဖရဲ မရှိရအောင် တပ်သားများ စိတ်ဓာတ်တက်ကြွလာပြီး စည်းစည်းလုံးလုံးရှိအောင် ကွပ်ကဲကြီးကြပ် ပေါင်းစုပေးမှုကို ဆောင်ရွက်သကဲ့သို့ ဧကဂ္ဂတာသည်လည်း ဖရိုဖရဲ ပျံ့ကြဲသကဲ့သို့ ဖြစ်သော သမ္ပယုတ်တရားများကို စည်းစည်းလုံးလုံးရှိအောင် ပေါင်းစုပေးခြင်းကိစ္စကို ဆောင်ရွက်သည်။

၂။ ပျံ့လွင့်မှုဥဒ္ဓစ္စကို ဖျက်ဆီးခြင်းကိစ္စ

အာရုံတခု၌ တည်တံ့မှု ဧကဂ္ဂတာသည် စိတ်ကို အာရုံတခု၌ အညီအညွတ် ကောင်းစွာထားခြင်းဖြင့် အစိုးတရ တည်ကြည်မှု မတုန်မလှုပ် တည်ကြည်မှုစသည် ဖြစ်ပေါ်လာသောအခါ ပျံ့လွင့်မှု(ဥဒ္ဓစ္စ)ကို ဖျက်ဆီးတတ်သော (ဥဒ္ဓစ္စဝိဒ္ဓသန) ကိစ္စကိုလည်း ဆောင်ရွက်သည်။

ဥဒ္ဓစ္စကိုဖျက်ဆီးပုံ

တရားအားထုတ်သော ယောဂီ သူတော်စင်သည် စိတ်ကို မြေဝိုင်း (ပထဝီကသိုဏ်းဝန်း)အစရှိသော အာရုံပေါ်၌ တည်တံ့ခိုင်မြဲအောင် မြန်မာလို “မြေ၊ မြေ”၊ ပါဠိလို “ပထဝီ၊ ပထဝီ” အစရှိသည်ဖြင့် အဖန်ဖန်စီးဖြန်းလေရာ စီးဖြန်းမှုအရှိန် ရင့်လျက် သမာဓိအဆင့်လည်း မြင့်မား၍လာ၏။

ထိုအခါ အာရုံ၌ အညီအညွတ် ကောင်းစွာထားမှု သမာဓိသည် စိတ်ကို ထိုထိုအာရုံသို့ ပျံ့လွင့်စေတတ်သော ဥဒ္ဓစ္စကို ဖျက်ဆီးခြင်းကိစ္စကို ဆောင်ရွက်လေသည်။ ဤပျံ့လွင့်မှုဥဒ္ဓစ္စကို ဖျက်ဆီးခြင်းသည် အကျိုးသဘောကို ပြီးစေတတ်သော ကိစ္စရသဖြစ်၍ အကြောင်းရသဖြစ်သည်။
၁။ ဘာသာဋီ၊ ၁၀၃။
၂။ ဝိသုဒ္ဓိမြန်၊ ပ၊ ၁၅၃။

စာမျက်နှာ-332


သမ္ပတ္တိရသ(အကျိုးရသ)

အာရုံတခု၌ တည်တံ့မှု ဧကဂ္ဂတာသည် ဆိုခဲ့သည့်အတိုင်း စီးဖြန်းမှုဘာဝနာအဆင့်အတန်း မြင့်မားလာပြီး အစိုးတရ တည်ကြည်မှု မတုန်မလှုပ်တည်ကြည်မှု စသည့် သမာဓိသဘောများ ဖြစ်ပေါ်လာသောအခါ ပျံ့လွင့်မှု(ဥဒ္ဓစ္စ) ဖျက်ဆီးခြင်းကိစ္စကို ဆောင်ရွက်လေသဖြင့် ယင်းပျံ့လွင့်မှု(ဥဒ္ဓစ္စ)ကို ဖျက်ဆီးနိုင်စွမ်းသော ဂုဏ်သတ္တိနှင့်လည်း ပြည့်စုံတော့သည်။ ထိုကဲ့သို့ ဓမ္မကို ဖျက်ဆီးနိုင်သော ဂုဏ်သတ္တိနှင့် ပြည့်စုံခြင်းသည် သမ္ပတ္တိရသ (အကျိုးရသ)ဖြစ်သည်။ ထို့ကြောင့် ဝိသုဒ္ဓိမဂ်အဋ္ဌကထာ မြန်မာပြန်၌ “ဥဒ္ဓစ္စကို ဖျက်ဆီးနိုင်သော အစွမ်းသတ္တိနှင့် ပြည့်စုံခြင်းဂုဏ်ရှိ၏”ဟု မိန့်ဆိုလေသည်။

၃။ ဧကဂ္ဂတာ၏ ပစ္စုပဋ္ဌာန်(၂)မျိုး

ဧကဂ္ဂတာ၏ ပစ္စုပဋ္ဌာန်သည်-
(၁) ငြိမ်သက်သောတရားဟု ရှေးရှုထင်ခြင်း (ဥပသမပစ္စုပဋ္ဌာန်)၊
(၂) ဉာဏ်ဟူသောအကျိုးတရားကို ဖြစ်ပွားစေသည်ဟု ရှေးရှုထင်ခြင်း (ဉာဏပစ္စုပဋ္ဌာန်)၊
ဟူ၍နှစ်မျိုးရှိပါသည်။

၁။ ငြိမ်သက်သောတရားဟု ရှေးရှုထင်ခြင်း

အာရုံတခု၌တည်ကြည်မှု သမာဓိသည် ငြိမ်သက်သောသဘောတရားဟု ယောဂီတို့ဉာဏ်အား ရှေးရှုထင်လာသော အခြင်းအရာရှိသည်။

အာရုံတခု၌ငြိမ်သက်ပုံ

အာရုံတခု၌ တည်တံ့မှု ဧကဂ္ဂတာသည် ကောင်းမှုကုသိုလ်ဆိုင်ရာတွင် စူးစိုက်စွာ တည်တံ့မှု အစိုးတရတည်တံ့မှု မတုန်မလှုပ်တည်တံ့မှုသဘောများ ဖြစ်ပေါ်လာပြီး အာရုံတခု၌ စိတ်ငြိမ်သက်စွာ တည်ကြည်မှု သမာဓိသဘောဖြစ်လာ၏။
၁။ ဝိသုဒ္ဓိ၊ မြန်၊ ပ၊ ၁၅၃။
၂။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၂။

စာမျက်နှာ-333


လာ၏။ ထိုသို့ဖြစ်ပေါ်လာသော သမာဓိသည် အဋ္ဌကထာအဆိုအရ လေငြိမ်သောအရပ်၌ ထွန်းညှိ၍ ထားအပ်သော ဆီမီးလျှံ၏ တည်ငြိမ်ခြင်းနှင့်တူလေသည်။

ဆီမီးလျှံ၏ငြိမ်သက်ခြင်းနှင့်တူပုံ

လေငြိမ်သော အရပ်၌ ထွန်းညှိ၍ ထားအပ်သောဆီမီးလျှံသည် မယိမ်းမယိုင် ဖြောင့်မတ်တည်ငြိမ်သကဲ့သို့ စိတ်၏ တည်ကြည်မှု သမာဓိသည် ထိုထိုအာရုံသို့ ယိမ်းယိုင်လှုပ်ရှားခြင်းမရှိ၊ တခုတည်းသော အာရုံ၌သာ ငြိမ်သက်စွာ တည်ကြည်လေသည်။

ရှင်းပါဦးမည်။ ယောဂီသူတော်စင်သည် မြေဝိုင်း(ပထဝီကသိုဏ်း) အာရုံကို မြန်မာလို “မြေ၊ မြေ”၊ ပါဠိလို “ပထဝီ၊ ပထဝီ”ဟုအဖန်ဖန် စီးဖြန်းသောအခါ ထိုယောဂီ၏စိတ်သည် မြေဝိုင်း(ပထဝီကသိုဏ်း)ဟူသော အာရုံတခု၌သာ ငြိမ်သက်စွာ တည်၍နေသည်။ စီးဖြန်းမှုအရှိန်ရလေလေ တည်ကြည်ငြိမ်သက်မှု သမာဓိအားကောင်းလေလေဖြစ်၏။

ထိုအခါ ယောဂီသူတော်စင်၏ စိတ်သည် လေငြိမ်သောအရပ်၌ ထွန်းညှိ၍ထားအပ်သော ဆီမီးလျှံ၏ တည်ငြိမ်ပုံကဲ့သို့ မြေဝိုင်း(ပထဝီကသိုဏ်း)ဟူသော အာရုံပေါ်မှသွေဖီ၍ မသွားဘဲ ပျံ့လွင့်မှု ဥဒ္ဓစ္စမည်မျှပင်ဆူသော်လည်း တုန်လှုပ်ထကြွခြင်းမရှိ ငြိမ်သက်စွာတည်ရှိလေသည်။ ထို့ကြောင့် သူတော်စင်ယောဂီသည် သမာဓိ၏သဘောကို ဆင်ခြင်လိုက်သည့်အခါ “ငြိမ်သက်သောသဘောတရား”ဟုဉာဏ်အား ရှေးရှုထင်လာလေသည်။ ထိုသို့ ထင်လာသောကြောင့် အာရုံတခု၌ တည်တံ့မှုသမာဓိသည် ငြိမ်သက်သောသဘော (ဥပသမပစ္စုပဋ္ဌာန်)ရှိသည်ဟု ဖွင့်ဆိုကြသည်။

၂။ ဉာဏ်ဟူသောအကျိုးတရားကို ဖြစ်ပွားစေသည်ဟု ရှေးရှုထင်ခြင်း

အာရုံတခု၌ တည်ကြည်မှုသမာဓိသည် ဉာဏ်တည်းဟူသောအကျိုးကို ရှေးရှုဖြစ်စေတတ်သော အခြင်းအရာရှိသည်။
၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၂။

စာမျက်နှာ-334


သမာဓိက ဉာဏ်ကို ဖြစ်စေနိုင်ပုံ

ယောဂီတို့ သမာဓိအလုပ်ကမ္မဋ္ဌာန်း အားထုတ်ကြရာ သမာဓိ အရှိန်တောက်၍ ကမ္မဋ္ဌာန်းပေါက်မြောက်သည့်အခါတွင် ထိုယောဂီတို့သန္တာန်၌ ဖြစ်ပေါ်လာသောတည်ကြည်မှု သမာဓိသည် အစိုးတရတည်ကြည်မှု၊ မတုန်မလှုပ် တည်ကြည်မှု စသော သဘောများ ထင်ရှားလာ၏။ ထိုကဲ့သို့ တခုသော ကမ္မဋ္ဌာန်းအာရုံပေါ်၌ အစိုးတရတည်ကြည်မှု၊ မတုန်မလှုပ် တည်ကြည်မှုသဘောများကို ရရှိလေသောအခါ ထိုသမာဓိသည် ဟုတ်တိုင်းမှန်စွာ သိလွယ် မြင်လွယ်ခြင်းဉာဏ်ဟူသော အကျိုးကို ဖြစ်စေတတ်ပေသည်။

မှန်ပေသည်။ စာပေကျမ်းဂန်ကို သင်အံလေ့ကျက်ရာတွင် သမာဓိရှိသူတို့မှာ တတ်လွယ်မြင်လွယ် သိလွယ်သော်လည်း သမာဓိမရှိသူ သမာဓိနည်းပါးသူတို့မှာ တတ်မြောက်ရန် ခက်ခဲကြပေသည်။ အချို့သော ယောဂီတို့ ကမ္မဋ္ဌာန်းအားထုတ်ရင်း စာပေကို လေ့လာကြရာ ကမ္မဋ္ဌာန်း အားမထုတ်ဘဲ သင်ကြားသူများထက် တတ်လွယ် မြင်လွယ် သိလွယ်ကြသည်ဟု ဆိုကြပေသည်။

စာပေကို လေ့လာရာ၌ စာပေကို စိတ်ဝင်စားမှု၊ စာပေတည်းဟူသော အာရုံတခု၌ တည်ကြည်မှုသမာဓိမရှိဘဲ စိတ်က တောင်ရောက်၊ မြောက်ရောက်ဖြင့် လေ့လာသူများမှာ “ပိုးသာကုန် မောင်ပုံစောင်းမတတ်” ဆိုဘိသကဲ့သို့ အချိန်တွေကုန်သော်လည်း အကျိုးမပြီး အချည်းနှီးသာ ဖြစ်ကြလေသည်။

တရားအားထုတ်၍ စာပေကို လွယ်လင့်တကူ တတ်မြောက်ခြင်းမှာ တရားအားထုတ်သောအခါတွင် ရအပ်သော သမာဓိ၏ အစွမ်းကြောင့် အလွယ်တကူ သိမြင်ခြင်း ဉာဏ်ဟူသောအကျိုး ဖြစ်ပေါ်ခြင်းပင် ဖြစ်လေသည်၊ ထို့ကြောင့် အဋ္ဌကထာ၌ “တည်ကြည်မှု သမာဓိရှိသောသူသည် ဟုတ်တိုင်းမှန်စွာ သိမြင်ပေသည်”ဟု ဘုရားဟောတော်မူခဲ့ကြောင်းဖွင့်ဆိုထားသည်။
၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၂။

စာမျက်နှာ-335


များသောအားဖြင့် ဖြစ်သည်ကို ရည်ရွယ်၍ ဆိုခြင်း ဖြစ်လေသည်၊ ထို့ကြောင့် အဋ္ဌကထာ၌ “သုခသည် ဧကဂ္ဂတာ၏ ပဒဋ္ဌာန်ဖြစ်သည်ဟုဆိုရာ၌ ဝိသေသအားဖြင့် ဖြစ်သည်ကို ဆိုလိုပေသည်”ဟု ဖွင့်ပြ၍ ဋီကာ၌ “ဝိသေသအားဖြင့် ဖြစ်သည်ဟု အဋ္ဌကထာဆရာဆိုသည်မှာ များသော (ယေဘုယျ)အားဖြင့်ဖြစ်သည်ကို ဆိုလိုရင်းဖြစ်၏”ဟု ထပ်ဆင့်ဖွင့်ပြပေသည်။

အနုဋီကာ၌ကား - သုခသည် သမာဓိ၏ အထူးဝိသေသအားဖြင့် အနီးကပ်ဆုံး အကြောင်းဖြစ်နိုင်ပုံကို “ချမ်းသာမှုသုခရှိသူ၏ စိတ်သည် တည်ကြည်၏”ဟု ဟောတော်မူချက်ကို ကိုးကားလျက် ဝိသေသဆိုသည်မှာ အလွန်အကဲ အထူးဝိသေသအားဖြင့် ဖြစ်ခြင်းမျိုးကို ဆိုနိုင်သေးကြောင်း ဖွင့်ဆိုလေသည်။

စတုတ္ထဈာန်၌ရှိသော ဧကဂ္ဂတာ၏ အနီးကပ်ဆုံးသော အကြောင်း

ဆိုခဲ့သည့် စကားများအရ စတုတ္ထဈာန်၌ သုခမရှိသောကြောင့် ယင်းစတုတ္ထဈာန်၌ရှိသော ဧကဂ္ဂတာ၏ အနီးကပ်ဆုံးသော အကြောင်းမှာ သုခမဖြစ်လျှင် အဘယ်သည် စတုတ္ထဈာန်၌ရှိသော ဧကဂ္ဂတာ၏ ပဒဋ္ဌာန် ဖြစ်သနည်း။

အဖြေကား - ယင်းဧကဂ္ဂတာ၏ အနီးကပ်ဆုံးသော အကြောင်းမှာ လျစ်လျူရှုမှု ဥပေက္ခာဖြစ်သည်။

ချဲ့ပါဦးမည် – ဤ၌ ဥပေက္ခာဆိုသည်မှာ လျစ်လျူရှုမှုတည်း။ လျစ်လျူရှုမှုဆိုသည်မှာလည်း ပစ်ထားမှုသဘောမဟုတ်၊ ချမ်းသာမှုသုခသဘော, ဆင်းရဲမှုဒုက္ခသဘောသို့ မရောက်စေဘဲ အာရုံ၌ စိတ်ကို အလယ်အလတ် တည့်မတ်ပေးမှုသဘောပင် ဖြစ်သည်။ ယင်းသို့ဖြစ်သော် စိတ်ကို အာရုံသို့ အလယ်အလတ် တည့်မတ်ပေးမှု ဥပေက္ခာသဘောမဖြစ်လျှင်
၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၂။
၂။ မူလဋီ၊ ၈၈။
၃။ အနုဋီ၊ ၉၅။

စာမျက်နှာ-336


တခုတည်းသောအာရုံ၌ တည်တံ့မှု ဧကဂ္ဂတာသဘော ဖြစ်လာလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သုခမရှိသော စတုတ္ထဈာန်၏ အနီးကပ်ဆုံး အကြောင်းမှာ အာရုံ၌ အလယ်အလတ် တည့်မတ်ပေးမှု ဥပေက္ခာသာ ဖြစ်သင့်ပေသည်။

သုခသည် သမာဓိ၏ နီးစွာသောအကြောင်း

ဆိုခဲ့သည့် ဈာန်အင်္ဂါငါးပါးအနက် အာရုံကို စူးစိုက်စွာရှုမှု ဧကဂ္ဂတာသည် အာရုံ၌ အညီအညွတ် ကောင်းစွာထားမှု သမာဓိသဘော, အာရုံ တခု၌ တည်ကြည်မှု သမာဓိသဘောရှိသည်ဖြစ်ရာ ယင်းစိတ်၏တည်ကြည်မှု သမာဓိမှာလည်း စိတ်ချမ်းသာမှု သုခသဘောမရှိလျှင် ယင်းသမာဓိသဘောလည်း ရှိနိုင်လိမ့်မည်မဟုတ်ချေ။

မှန်၏။ တရားအားထုတ်သော ယောဂီသူတော်စင်သည် မြေဝိုင်း (ပထဝီကသိုဏ်းဝန်း)အာရုံပေါ်၌ စိတ်ကို တည်ကြည်ငြိမ်သက်အောင် မြန်မာလို “မြေ၊ မြေ” ၊ ပါဠိလို “ပထဝီ၊ ပထဝီ”ဟု အဖန်ဖန်စီးဖြန်းရာ၌ စိတ်ချမ်းသာမှုသုခမရှိဘဲ စိတ်ဆင်းရဲမှု စိတ်ကြောင့်ကြမှုများ ဖြစ်နေလျှင် ထိုယောဂီသည် မည်မျှပင်အားထုတ်သော်လည်း ၎င်းစိတ်သည် မြေဝိုင်း (ပထဝီကသိုဏ်း) အာရုံပေါ်၌ ငြိမ်သက်တည်ကြည်ခြင်း သမာဓိဖြစ်နိုင်လိမ့်မည် မဟုတ်ပါချေ။

ဆိုလိုသည်မှာ – စိတ်ချမ်းသာမှုသုခမဖြစ်လျှင် သမာဓိမရ၊ သမာဓိမရလျှင် ယထာဘူတလမ်းမှန်ကျအောင်မသိ၊ ယထာဘူတကျအောင်မသိလျှင် မည်မျှပင်အားထုတ်သော်လည်း ဈာန်မဂ်ဖိုလ်မရနိုင်၊ သုခရှိမှသမာဓိရ၍ သမာဓိရမှ ယထာဘူတလမ်းမှန်ကျအောင်သိပြီး၊ ယထာဘူတသိမြင်ပါမှ ဈာန်မဂ်ဖိုလ်ကို ရရှိနိုင်သည်ဖြစ်ရာ ဈာန်မဂ်ဖိုလ်ကိုရနိုင်ခြင်း၏ အနီးဆုံး အကြောင်းမှာ ယထာဘူတလမ်းမှန်ကျအောင် သိမြင်ခြင်းဖြစ်၍ ယင်းယထာဘူတမြင်နိုင်ခြင်း၏ အနီးဆုံးအကြောင်းမှာ သမာဓိရရှိမှုဖြစ်ပြီး ယင်းသမာဓိရနိုင်ခြင်း၏ အနီးကပ်ဆုံးအကြောင်းမှာ စိတ်ချမ်းသာမှု သုခသာဖြစ်လေတော့သည်။ ထို့ကြောင့် အဋ္ဌကထာ၌ “ချမ်းသာမှုသုခရှိသောလူ၏ စိတ်သည် ကောင်းစွာတည်ကြည်၏” ဟူ၍ လည်းကောင်း၊

စာမျက်နှာ-337


“ကောင်းစွာတည်ကြည်မှု သမာဓိရှိသော သူသည် ယထာဘူတလမ်းမှန် ကျအောင်သိမြင်၏” ဟူ၍လည်းကောင်း ဘုရားရှင် ဟောကြားတော်မူကြောင်းဖွင့်ဆိုခဲ့ပေသည်။ ထို့ကြောင့် သုခသည် သမာဓိ၏ အနီးကပ်ဆုံးသော အကြောင်းဖြစ်သည်ဟု ဖွင့်ဆိုကြလေသည်။

ဧကဂ္ဂတာစေတသိက် အမျိုးမျိုးပြားပုံ

ဇာတ်အားဖြင့် ဧကဂ္ဂတာ ၃-မျိုး

အာရုံတခု၌ တည်တံ့မှု ဧကဂ္ဂတာ သမာဓိသည် မပျံ့လွင့်ခြင်း သဘော (အဝိက္ခေပလက္ခဏာ)အားဖြင့် တမျိုးတည်းသာရှိသည်။ အကုသိုလ်, ကုသိုလ်, အဗျာကတဇာတ်အားဖြင့်ကား-
(၁) အကုသိုလ်ဧကဂ္ဂတာ၊
(၂) ကုသိုလ်ဧကဂ္ဂတာ၊
(၃) အဗျာကတဧကဂ္ဂတာ- ဟူ၍ သုံးမျိုးကွဲပြားလေသည်။

၁။ အကုသိုလ်ဧကဂ္ဂတာ

သတ္တဝါတို့၏သန္တာန်၌ အကုသိုလ်စိတ် ဖြစ်ပေါ်လာသည့်အခါ ထိုအကုသိုလ်စိတ်၌ ယှဉ်တွဲပါရှိသော ဧကဂ္ဂတာစေတသိက်ကို အကုသိုလ်ဧကဂ္ဂတာဟုခေါ်သည်၊ ထို ဧကဂ္ဂတာသည် အကုသိုလ်စိတ်ကို ဆိုင်ရာ အကုသိုလ်အာရုံ၌ တည်တံ့အောင် ဆောင်ရွက်ပေးသည်။

သတ်မှုဆိုင်ရာ

ဥပမာ-သူ့အသက်ကိုသတ်မှု(ပါဏာတိပါတကံ)ဆိုင်ရာတွင် တဘက်ရန်သူကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ရာ၌ ပစ်ခတ်သည့်အခါ ကျည်ဆံလွဲချော်မသွားအောင်၊ တဖက်ရန်သူကို တည့်တည့်ထိမှန်အောင် တဖက်ရန်သူပေါ်၌ စိတ်စိုက်ပြီး ပစ်ခတ်သတ်ဖြတ်ပေလိမ့်မည်။ ထိုအခါ ပစ်ခတ်သူ သန္တာန်ဝယ် ဖြစ်ပေါ်သည့် ဒေါသစိတ်(ဒေါသမူစိတ်)သည် တဘက်ရန်သူတည်းဟူသော ဒေါသဖြစ်ဖွယ်အာရုံ၌ စိတ်စူးစိုက်တည်တံ့လေသည်။
၁။ အဘိ၊ ဋီ၊ ၁၊ ၁၆၂။

စာမျက်နှာ-338


ထို့ပြင် လူတဦးကိုမုန်းထား၍ ဓားဖြင့်ခုတ်သတ်ရာ လူသတ်သမားသည် မပျံ့လွင့်သောစိတ်ဖြင့် မိမိခုတ်လိုက်သည့် ဓားချက်မလွဲမချော်ရအောင် အသတ်ခံရသူအပေါ်၌ စိတ်စိုက်၍ ခုတ်သတ်ပေလိမ့်မည်။ ထိုအခါ ဆိုခဲ့သည့်နည်းတူ ဒေါသစိတ်သည် ဒေါသဖြစ်ဖွယ် အာရုံ၌ စိတ်တည်တံ့လေသည်။

ခိုးမှုဆိုင်ရာ

ဥပမာ-သူတပါးပစ္စည်းကိုခိုးမှု (အဒိန္နာဒါနကံ)ဆိုင်ရာတွင် သူတပါးပိုင် ရွှေထည်ပစ္စည်းတခုကိုခိုးယူရာ၌ ခိုးသူ၏သန္တာန်၌ဖြစ်သော လိုချင်တပ်မက်မောမှု လောဘစိတ်(လောဘမူစိတ်)သည် အခြားအာရုံတပါးသို့ မပျံ့လွင့်ဘဲ ရွှေတည်းဟူသော ခိုးချင်ဖွယ် မက်မောဖွယ်အာရုံတခု၌သာတည်၍ ခိုးပေလိမ့်မည်။ ထိုအခါ ခိုးသူ၏သန္တာန်ဝယ် ဖြစ်ပေါ်သည့် လောဘစိတ်သည် ရွှေတည်းဟူသော ခိုးရာပါပစ္စည်း အာရုံ၌ စိတ်စူးစိုက်တည်တံ့လေသည်။

မိစ္ဆာစာရမှုဆိုင်ရာ

အလားတူပင် - ကာမဂုဏ်တို့၌ မှားယွင်းမှု (ကာမေသုမိစ္ဆာစာရကံ)ဆိုင်ရာတွင် အမျိုးသမီး တဦးကို အလိုမတူဘဲ လွန်ကျူးရာ၌ ကျူးလွန်သူသည် မိမိ၏ရာဂတဏှာစိတ်ကို ကာမချမ်းသာကို ခံစားလိုသည့်ဘက်၌ စိတ်စိုက်၍ လွန်ကျူးမှုကို ပြုပေလိမ့်မည်။ ထိုအခါ လွန်ကျူးသူ၏သန္တာန်ဝယ် ဖြစ်ပေါ်သည့် ရာဂတဏှာစိတ်သည် ကာမဂုဏ်ချမ်းသာတည်းဟူသော တပ်နှစ်သက်ဖွယ်အာရုံ၌ စိတ်တည်တံ့လေသည်။

ဤသို့ အကုသိုလ်ဆိုင်ရာတွင် အကုသိုလ်စိတ်၏ ပင်ကိုသဘောအားဖြင့် အာရုံတခု၌ တည်တံ့မှုကို အကုသိုလ်ဧကဂ္ဂတာဟု ခေါ်သည်။ ယင်းအကုသိုလ်ဧကဂ္ဂတာသည် ဒေါသဖြစ်ဖွယ်အာရုံ၌ ဒေါသစိတ်တည်တံ့အောင်၊ ခိုးမှုဆိုင်ရာ လောဘဖြစ်ဖွယ်

စာမျက်နှာ-339


အာရုံ၌ လောဘစိတ်တည်တံ့အောင်၊ ကာမဂုဏ်မှုဆိုင်ရာ အာရုံ၌ ရာဂ တဏှာစိတ်တည်တံ့အောင် ထို့ကြောင့် အဋ္ဌကထာ၌ အသီးသီး ဆောင်ရွက်ပေးလေသည်။

“သူ့အသက်ကိုသတ်ခြင်း အစရှိသော အမှုတို့၌သော်မှလည်း မပျံ့လွှင့်သည်၏ အဖြစ်ကြောင့် စိတ်၏တခုတည်းသော အာရုံရှိသည်၏အဖြစ်သည် ဖြစ်၏၊ ချဲ့ဦးအံ့၊ လူတို့သည် စိတ်ကိုကောင်းစွာထား၍ မပျံ့လွင့်သော စိတ်ရှိကုန်သည်ဖြစ်၍ မချွတ်မယွင်းကုန်သော (မလွဲမချော်ကုန်သော) လက်နက်တို့ကို သတ္တဝါတို့၏ ကိုယ်တို့၌ ကျနိုင်စေကုန်၏၊ ခိုးဖို့ဆိုင်ရာအာရုံ၌ ကောင်းစွာထားအပ်သော စိတ်ရှိကုန်သည်ဖြစ်၍ သူတပါးတို့၏ဥစ္စာကို ခိုးဆောင်ကြကုန်၏၊ ကာမဂုဏ်ချမ်းသာကို ခံစားမှုဟူသော တခုသော ကိစ္စရှိသောစိတ်ဖြင့် ကဲ့ရဲ့ထိုက်စွာ ယုတ်မာသော အကျင့်သို့ ရောက်ကြကုန်၏၊ ဤသို့လျှင် အကုသိုလ်၏ ဖြစ်ခြင်း၌လည်း စိတ်တခုတည်းသော အာရုံရှိသည်၏ အဖြစ်သည် ဖြစ်၏” ဟု ဖွင့်ဆိုထားလေသည်။

ဤသို့အားဖြင့် အထက်တွင်ဖော်ပြခဲ့သည့် လူသတ်ကောင်၊ သူခိုး၊ မုဒိမ်းကောင်တို့သန္တာန်ဝယ် ဖြစ်ပေါ်သည့် ဒေါသစိတ်၊ လောဘစိတ်၊ တဏှာရာဂစိတ်တို့၏ဆိုင်ရာအကုသိုလ်အာရုံအသီးသီး၌ တည်တံ့မှုဧကဂ္ဂတာများသည် လည်းကောင်း၊ အလားတူပင် ဒေဝဒတ်သည် ဘုရားရှင်အား သတ်ရန် တောင်ပေါ်မှကျောက်တုံးများလှိမ့်ချရာ၌ ဒေဝဒတ်သန္တာန်တွင် ဖြစ်ပေါ်သည့် ဒေါသစိတ်၏အာရုံတခု၌ တည်တံ့မှု၊ ဖခင်ဗိမ္ဗိသာရမင်းကြီးကိုသတ်ရာ၌ သားတော် အဇာတသတ်သန္တာန်တွင် ဖြစ်ပေါ်သည့်ဒေါသစိတ်၏ ဗိမ္ဗိသာရမင်းကြီးတည်းဟူသော အာရုံတခု၌ တည်တံ့မှု၊ မိခင်၏ လက်ညှိုးကို ဖြတ်ယူရန်အမှီလိုက်သော အင်္ဂုလိမာလသန္တာန်တွင် ဖြစ်ပေါ်သည့် ဒေါသစိတ်၏ မိခင်တည်းဟူသော အာရုံတခု၌ တည်တံ့မှု ဧကဂ္ဂတာများသည်လည်းကောင်း အကုသိုလ်ဧကဂ္ဂတာများပင် ဖြစ်သည်။
၁။ အဘိ၊ ဋ္ဌ၊ ၈၊ ၂၉၀။

စာမျက်နှာ-340


အကျဉ်းချုပ်အားဖြင့်- ဧကဂ္ဂတာသည် စိတ်မှန်သမျှနှင့် ဆက်ဆံသဖြင့် အကုသိုလ်စိတ် ဖြစ်တိုင်းဖြစ်တိုင်း ဧကဂ္ဂတာ ပါဝင်သည်သာ ဖြစ်သည်၊ ယင်းအကုသိုလ်စိတ် ဖြစ်တိုင်းဖြစ်တိုင်း ပါဝင်လျက်ရှိသော ဧကဂ္ဂတာကို အကုသိုလ်ဧကဂ္ဂတာဟု ခေါ်သည်။

၂။ ကုသိုလ် ဧကဂ္ဂတာ

ကုသိုလ် ဧကဂ္ဂတာမှာ- ဘုရားရှိခိုးခြင်း၊ တရားနာခြင်း သမထ ဝိပဿနာ အားထုတ်ခြင်းတို့၌ သိသာထင်ရှားပါသည်။

၃။ အဗျာကတ ဧကဂ္ဂတာ

အဗျာကတ ဧကဂ္ဂတာဟူသည် ကုသိုလ် အကုသိုလ်ဟုမဆိုထိုက်သည့် အဗျာကတ စိတ်များဖြစ်ခါ ဆိုင်ရာအာရုံတခု၌ တည်တံ့မှု ဧကဂ္ဂတာပင် ဖြစ်သည်။

အဗျာကတ ဧကဂ္ဂတာဖြစ်ပုံ

အကုသိုလ် ကုသိုလ်မှုဆိုင်ရာ မည်သည့် အလုပ်ကိုမျှ မလုပ်ဘဲ အိပ်နေစဉ်အခါ စသည်များ၌ အိပ်နေသောသူ၏ သန္တာန်၌ဖြစ်သော ဘဝင်စိတ်၏ အတိတ်အာရုံတခုခု၌ တည်တံ့မှုကိုပင် အဗျာကတဧကဂ္ဂတာဟု ဆိုရပေသည်။ ထို့ပြင် မြင်သိစိတ် စက္ခုဝိညာဏ်၏ မြင်သိဖွယ်အာရုံတခု၌ တည်တံ့မှုသည်လည်း အဗျာကတ ဧကဂ္ဂတာပင် ဖြစ်သည်။

အကျဉ်းချုပ်အားဖြင့် အကျိုးဝိပါက်စိတ်များနှင့် ပြုကာမျှမတ္တ ပြုခြင်းမျှသာ ဖြစ်ခဲ့သော ကြိယာစိတ်များ ဖြစ်တိုင်းဖြစ်တိုင်း ပါဝင်လျက်ရှိသော ဧကဂ္ဂတာသည် အဗျာကတ ဧကဂ္ဂတာဖြစ်သည်။

အဗျာကတ ဧကဂ္ဂတာနှင့် အားနည်းမှု

အဗျာကတ ဧကဂ္ဂတာလည်း အကုသိုလ်ဧကဂ္ဂတာကဲ့သို့ပင် အားနည်းလေသည်၊ မှန်ပေသည်၊ မြင်သိစိတ် (စက္ခုဝိညာဏ်) သည် အမြင်ခံ အဆင်းရူပါရုံ၌ တည်တံ့၍ ဧကဂ္ဂတာဖြစ်ရာ၌ ဥပါဒ်၊ ဌီ၊ ဘင်

စာမျက်နှာ-341


အခိုက်အတံ့တည်ကာမတ္တ တည်ခြင်းမျှသာ ဖြစ်လေသည်၊ ထို့ကြောင့် အဋ္ဌကထာ၌ “ဤမြင်သိစိတ် (စက္ခုဝိညာဉ်) သည် အားနည်း၏၊ စိတ်၏တည်ကာမတ္တ (ဌိတိ) မျှကိုသာ ရအပ်၏” ဟု ဖွင့်ဆိုလေသည်။

အကုသိုလ်ဧကဂ္ဂတာနှင့် ကုသိုလ်ဧကဂ္ဂတာ နှိုင်းယှဉ်ပုံ

အကုသိုလ် ဧကဂ္ဂတာသည် ကုသိုလ်ဧကဂ္ဂတာနှင့်နှိုင်းစာပါက အားနည်းလေသည်။ အကုသိုလ်တရားများမှာ အပယ်ခံ (ပဟာတဗ္ဗ) သဘောတရားများဖြစ်ကြပြီး ကုသိုလ်သဘောတရားများမှာ ပယ်တတ်သော (ပဟာယက) သဘောတရားများ ဖြစ်ကြလေသည်။

လောက၌သတ်သူ၊ အသတ်ခံရသူ နှစ်ဦးအနက် အသတ်ခံရသူမှာ သတ်သူအောက် အားနည်း၍ အသတ်ခံလိုက်ရခြင်း ဖြစ်သကဲ့သို့ ထို့အတူပင် အကုသိုလ် သဘောတရားများမှာ အပယ်ခံများဖြစ်၍ ကုသိုလ် သဘောတရားများအောက် အားနည်းကြပေသည်။

၎င်းပြင်- အကုသိုလ် ဆိုင်ရာတွင် ဧကဂ္ဂတာ၏ တည်တံ့မှုမှာ– အကုသိုလ်ဆိုင်ရာ သဘောများနှင့် ရောနှောလျက် ရှိသည်ဖြစ်ရာ အကုသိုလ်မှုဆိုင်ရာ မနှစ်မြို့ဖွယ်အာရုံတခု၌ သန့်ရှင်းစွာ တည်တံ့နိုင်ခွင့်ရနိုင်လိမ့်မည် မဟုတ်ပါ။

ထို့ပြင် အကုသိုလ်၊ ကုသိုလ်သဘောတရားတို့၏ အားနည်းမှု အားကြီးမှုများနှင့် စပ်လျဉ်း၍ အဋ္ဌကထာ၌ ဥပမာ ဥပမေယျများဖြင့် အောက်ပါအတိုင်း ဖွင့်ဆိုထားသည်ကိုလည်း မှတ်သားအပ်ပေသည်။

ဥပမာဆောင် ထင်ရှားအောင် ပြဆိုဦးအံ့၊ မြူ (ဖုံ) ထရာ အရပ်ကို ရေဖြင့်ဖျန်း၍ တံမြက်လှည်းအပ်သည်ကို ပြုအပ်သည်ရှိသော် အနည်းငယ်သော ကာလပတ်လုံးသာလျှင် မြူသည် ငြိမ်သက်စွာ တည်နေ၏။ ခြောက်လေ ခြောက်လေသော် တဖန် ပင်ကို (ပြကတေ့) သော
၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၀၃။
၂။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၀၊ နိဿယ၊ ဒု၊ ၁၄၂။

စာမျက်နှာ-342


သဘောဖြင့်သာလျှင် ထသကဲ့သို့ ဤအတူ အကုသိုလ် အဖို့အရာ၌ ဧကဂ္ဂတာသည် အားမရှိ။ (ပါဠိတော်၌ “သက်ဝင်၍တည်ခြင်း” ဟု ဟောတော်မူသည်မှာ ပါဏာတိပါတ စသော မကောင်းမှုကိုပြုရာဝယ် အခိုက်အတန့်ပင် ဖြစ်စေကာမူ ထိုအာရုံ၌ သက်ဝင်၍တည်မှ ကံထမြောက်ကြ၏၊ ထိုထမြောက်ရုံမျှ သက်ဝင်၍ တည်သည်ကို ရည်ရွယ်၍ ဟောတော်မူခြင်းဖြစ်သည်၊ အားရှိ၍ ဟောတော်မူခြင်း မဟုတ်ပေ)

ထိုမှတပါး ထိုမြူထရာအရပ်ကို အိုးတို့ဖြင့် ရေကို သွန်းဖြန်း၍ ပေါက်တူးဖြင့်တူးဆွ၍ မြေကြီးခဲတို့ကို ထုရိုက်ခြင်း၊ ရေဖြင့်နယ်ခြင်း၊ ဆောင့်ချခြင်းတို့ကိုပြု၍ လိမ်းကျံအပ်သည်ရှိသော် ကြေးမုံမှန်၌ အရိပ်သည် ထင်သကဲ့သို့ အရိပ်ထင်၏၊ အနှစ်တရာလွန်သော်လည်း ထိုခဏ၌ပြုအပ်သကဲ့သို့ဖြစ်၏၊ ကုသိုလ်အဖို့အရာ၌ ဧကဂ္ဂတာသည် အားရှိ၏” ဟူ၍ ရှင်းလင်း ဖွင့်ဆိုထားလေသည်။

သမာဓိ (၂) မျိုး

၁။ ဥပစာရသမာဓိ = အပ္ပနာဈာန်၏ အနီး၌ဖြစ်သော သမာဓိ။

၂။ အပ္ပနာသမာဓိ = ခိုင်မြဲသော သမာဓိ = ဂေါတြဘူ၏ အခြားမဲ့၌ ဖြစ်သော ဧကဂ္ဂတာ = မဟဂ္ဂုတ်စိတ်၊ လောကုတ္တရာစိတ်၌ ရှိသော သမာဓိ။

တနည်း သမာဓိ (၂) မျိုး

၁။ လောကီသမာဓိ = ကာမ၊ ရူပ၊ အရူပ ဟုဆိုအပ်သော ဘုံသုံးပါး၌ လောကီစိတ်များနှင့်အတူဖြစ်သော ဧကဂ္ဂတာ။

၂။ လောကုတ္တရာသမာဓိ = လောကုတ္တရာအရိယာမဂ်၊ ဖိုလ်များနှင့် ယှဉ်သော သမာဓိ။
၁။ ဝိသုဒ္ဓိ၊ ၁၊ ၈၁။

စာမျက်နှာ-343


တနည်း သမာဓိ (၂) မျိုး

၁။ သပ္ပီတိကသမာဓိ = စတုက္ကဈာန်နည်းအားဖြင့် ပထမဈာန်၊ ဒုတိယဈာန်၊ ဈာန် (၂) မျိုး ပဉ္စကဈာန်နည်းအားဖြင့် ပထမ၊ ဒုတိယ၊ တတိယဈာန်၊ ဈာန် (၃) မျိုးတို့၌ ရှိသော ဧကဂ္ဂတာ။

၂။ နိပ္ပီတိကသမာဓိ = ကြွင်းသောစတုတ္ထဈာန်၊ ပဉ္စမဈာန်၊ ဈာန် (၂) မျိုးတို့၌ ရှိသော ဧကဂ္ဂတာ။

တနည်း-သမာဓိ (၂)မျိုး

၁။ သုခသဟဂတသမာဓိ = စတုက္ကဈာန်နည်းအားဖြင့် ဈာန် (၃) မျိုး ပဉ္စကဈာန်နည်းအားဖြင့် ဈာန် (၄) မျိုးတို့၌ ရှိသော ဧကဂ္ဂတာ။

၂။ ဥပေက္ခာသဟဂတသမာဓိ = ကြွင်းဈာန်၌ရှိသောဧကဂ္ဂတာ။

သမာဓိ (၃)မျိုး

၁။ ခဏိကသမာဓိ = နှံ့သောကာမာဝစရစိတ်၌ရှိသော အနည်းငယ် တည်ကြည်ခြင်း ဧကဂ္ဂတာ။
၂။ ဥပစာရသမာဓိ = ထက်သော ကာမာဝစရ စိတ်၌ရှိသော ဧကဂ္ဂတာ။
၃။ အပ္ပနာသမာဓိ = မဟဂ္ဂုတ်စိတ်နှင့် လောကုတ္တရာစိတ်တို့၌ ရှိသော သမာဓိ။

တနည်း-သမာဓိ (၃)မျိုး

၁။ ဟီနသမာဓိ = ရခါမျှ ရကာစဖြစ်သော (အညံ့စားသမာဓိ)။
၂။ မဇ္ဈိမသမာဓိ = လွန်စွာမပွားအပ်သော အလယ်အလတ်ဖြစ်သော သမာဓိ။
၃။ ပဏိတသမာဓိ = လွန်စွာပွားအပ်ပြီး၍ ဝသီဘော်ရောက်သော မွန်မြတ်သော သမာဓိ။
၁။ ဝိသုဒ္ဓိ၊ ၁၊ ၈၁။
၂။ အနုဝဏ္ဏနာ၊ ၃၊ ၂၁၀။
၃။ ဝိသုဒ္ဓိ၊ ၁၊ ၈၂။

စာမျက်နှာ-344


တနည်း– သမာဓိ (၃)မျိုး

၁။ သဝိတက္ကသဝိစာရသမာဓိ = ဥပစာရသမာဓိနှင့်တကွ ပထမဈာန်သမာဓိ။
၂။ အဝိတက္ကဝိစာရမတ္တသမာဓိ = ပဉ္စကဈာန်နည်း ဒုတိယဈာန်သမာဓိ။

၃။ အဝိတက္ကအဝိစာရသမာဓိ = စတုက္ကဈာန်နည်း၌ ဒုတိယဈာန်အစရှိသော ဈာန်များ၊ ပဉ္စကနည်း၌ တတိယဈာန်အစရှိသော သုံးပါးသောဈာန်တို့၌ ရှိသောဧကဂ္ဂတာ။

တနည်း– သမာဓိ(၃)မျိုး

၁။ ပီတိသဟဂတသမာဓိ = စတုက္ကနည်း၌ အစ (၂) ပါးသောဈာန်၊ ပဉ္စကနည်း (၃) ပါးသော ဈာန်တို့၌ရှိသော ဧကဂ္ဂတာ။

၂။ သုခသဟဂတသမာဓိ = တတိယဈာန် စတုတ္ထဈာန်၌ရှိသော ဧကဂ္ဂတာ။
၃။ ဥပေက္ခာသဟဂတသမာဓိ = အဆုံးဖြစ်သောဈာန်၌ ရှိသော ဧကဂ္ဂတာ။

တနည်း-သမာဓိ (၃)မျိုး

၁။ ပရိတ္တသမာဓိ = ကာမာဝစရစိတ်၌ ယှဉ်သောသမာဓိ။ (အားနည်းသော ကာမာဝစရတရားကို ပရိတ္တဟုခေါ်သည်)

၂။ မဟဂ္ဂတသမာဓိ = ရူပ၊ အရူပဈာန်စိတ်တို့၌ယှဉ်သောသမာဓိ။
၃။ အပ္ပမာဏသမာဓိ = လောကုတ္တရာစိတ်၌ ယှဉ်သောသမာဓိ။
၁။ ဝိသုဒ္ဓိ၊ ၁၊ ၈၂။

စာမျက်နှာ-345


သမာဓိ (၄)မျိုး

၃၄၇ ၁။ ကာမာဝစရသမာဓိ = ကာမာဝစရစိတ်၌ ရှိသော ဧကဂ္ဂတာ။
၂။ ရူပါဝစရသမာဓိ = ရူပစိတ်၌ ရှိသော ဧကဂ္ဂတာ။
၃။ အရူပါဝစရသမာဓိ = အရူပစိတ်၌ရှိသော ဧကဂ္ဂတာ။
၄။ အပရိယာပန္နသမာဓိ = လောကုတ္တရာသမာဓိ။

တနည်း– သမာဓိ (၄)မျိုး

၁။ ဆန္ဒာဓိပတိသမာဓိ = ဆန္ဒကို အကြီးအမှူးပြုသော စိတ်၏ တည်ကြည်မှု။
၂။ ဝီရိယာဓိပတိသမာဓိ = ဝီရိယကို အကြီးအမှူးပြုသော စိတ်၏ တည်ကြည်မှု။
၃။ စိတ္တာဓိပတိသမာဓိ = စိတ်ကို အကြီးအမှူးပြုသော စိတ်၏ တည်ကြည်မှု။
၄။ ဝီမံသာဓိပတိသမာဓိ = ဝီမံသကို အကြီးအမှူးပြုသော စိတ်၏ တည်ကြည်မှု—
ဟူ၍ အဓိပတိအစွမ်းဖြင့်(၄)မျိုးဖြစ်သည်။

သမာဓိ (၅)မျိုး

၁။ ပထမဇ္ဈာနသမာဓိ။ ။ ရှေးဦးစွာ ကသိုဏ်းစသော တခုသောသမထ အာရုံ၌ တုန်လှုပ်ခြင်းမရှိဘဲ ရှုမြင်ထင်စွဲ ခိုင်မြဲ တည်ငြိမ်သောသမာဓိ။

၂။ ဒုတိယဇ္ဈာနသမာဓိ။ ။ နှစ်ကြိမ်မြောက် ကသိုဏ်းစသော တခုသော အာရုံ၌ တုန်လှုပ်ခြင်းမရှိဘဲ ရှုမြင်ထင်စွဲ ခိုင်မြဲ တည်ငြိမ်သော သမာဓိ။

၁။ ဝိသုဒ္ဓိ၊ ၁၊ ၈၅။

စာမျက်နှာ-346


၃။ တတိယဇ္ဈာနသမာဓိ။ ။ သုံးကြိမ်မြောက် ကသိုဏ်းစသော တခုသောသမထအာရုံ၌ တုန်လှုပ်ခြင်းမရှိဘဲ ရှုမြင်ထင်စွဲ ခိုင်မြဲတည်ငြိမ်သော သမာဓိ။

၄။ စတုတ္ထဇ္ဈာနသမာဓိ။ ။ လေးကြိမ်မြောက် ကသိုဏ်းစသော တခုသော အာရုံ၌ တုန်လှုပ်ခြင်းမရှိဘဲ ရှုမြင်ထင်စွဲ ခိုင်မြဲတည်ငြိမ်သော သမာဓိ။

၅။ ပဉ္စမဇ္ဈာနသမာဓိ။ ။ ငါးကြိမ်မြောက် ကသိုဏ်းစသော တခုသော အာရုံ၌ တုန်လှုပ်ခြင်းမရှိဘဲ ရှုမြင်ထင်စွဲ ခိုင်မြဲ တည်ငြိမ်သော သမာဓိ။

သမာဓိ၏အမည်ထူးများ

အာရုံတခု၌တည်ကြည်မှု သမာဓိ၏ အမည်ထူးများမှာ-
၁။ သမထ၊
၂။ အဓိစိတ္တ၊
၃။ အပ္ပနာ-
ဟူသောအမည်များပင်ဖြစ်သည်။

(၁) သမထအမည်ကိုရခြင်း

သမထဟူသည် ကာမဂုဏ်ကို နှစ်သက်တွယ်တာတတ်သော ကာမစ္ဆန္ဒ-နီဝရဏစသော ကိလေသာ စသည်တို့ကို ငြိမ်းအေးစေမှုပင် ဖြစ်သည်။ တရားကိုယ်မှာ မဟာကုသိုလ်နှင့် ဈာန်စိတ်များ၌ ရှိသော သမာဓိပင် ဖြစ်သည်-

ပုထုဇဉ်သမာဓိ

ထိုသမာဓိသည် နီဝရဏကိလေသာ အပူဓာတ်တို့ကို ငြိမ်သက်အေးမြစေတတ်ပေရာ ပုထုဇဉ်တို့ ကမ္မဋ္ဌာန်း စတင်အားထုတ်ကြသောအခါ ၎င်းတို့၏ သန္တာန်၌ မဟာကုသိုလ်စိတ်
၁။ ဒီပနီပေါင်းချုပ်၊ ၁၊ ၁၅၁။
၂။ ဘာသာဋီ၊ ၆၂၆။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၈၉၊ ၁၇၅။

စာမျက်နှာ-347


စေတသိက်များ ဖြစ်ကြပေသည်။ ကမ္မဋ္ဌာန်းပေါက်၍ ဈာန်အထမြောက်သောအခါ ရူပပထမဈာန် စိတ်စေတသိက်များ ဖြစ်ကြပေသည်။ ထိုဖြစ်ပေါ်လာသော စိတ်များတွင် ဧကဂ္ဂတာခေါ် သမာဓိသည် အချုပ်အချာဖြစ်သည်။ ထိုသမာဓိသည် ထကြွသောင်းကျန်းလေ့ ရှိသော နီဝရဏ-ကိလေသာအပူဓာတ်တို့ကို ငြိမ်သက်အေးစေတတ်လေသည်၊ ထို့ကြောင့် ပုထုဇဉ်တို့၏သန္တာန်၌ ဖြစ်သောသမာဓိသည် သမထအမည်ကို ရရှိလေသည်။

ရဟန္တာသမာဓိ

ရဟန္တာဖြစ်ပြီးမှ လောကီဈာန်ကို အားထုတ်ရာ၌ ထိုကဲ့သို့ ကိလေသာအပူဓာတ်တို့ကို ငြိမ်ဝပ်စေဖွယ်မလိုပါ။ အာရုံများစွာကို ယူနေရသည့်အတွက် မငြိမ်မသက်ဖြစ်လျက်ရှိသော စိတ်ကို(ဝါ)သမာဓိမရခင် အာရုံအမျိုးမျိုးကို ယူနေရသဖြင့် မငြိမ်မသက်ဖြစ်လျက်ရှိသောစိတ်ကို ငြိမ်သက်စေတတ်သည် ဖြစ်သောကြောင့် သမထအမည်ကို ရရှိခြင်းဖြစ်သည်။

ဒုတိယဈာန်စသည်ရှိသော သမာဓိ

ဒုတိယဈာန်စသည်၌ ရှိသော သမာဓိမှာ ကိလေသာကိုလည်း ငြိမ်သက်စေဖွယ်မလို၊ စိတ်ကိုလည်း ငြိမ်သက်စေဖွယ်မလိုပါ၊ ဝိတက်စသော ရုန့်ရင်းသော ဈာန်အင်္ဂါကို ငြိမ်းစေတတ်သောကြောင့်သာ သမထဟူသောအမည်ကို ရရှိခြင်း ဖြစ်လေသည်-။

(၂) အဓိစိတ္တအမည်ကိုရခြင်း

အဓိစိတ္တဟူသည် လွန်ကဲမြင့်မြတ်သော သမာဓိဖြစ်သည်။ ဤ၌စိတ်ကို အဦးပြု၍ သမာဓိစေတသိက်ကို အဓိစိတ္တဟုဆိုခြင်းဖြစ်သည်၊ မဂ်သမာဓိ ဖိုလ်သမာဓိကို မုချအားဖြင့် အဓိစိတ္တခေါ်သည်၊ ဝိပဿနာ၏ အခြေခံ သမာပတ္တိသမာဓိကို ဥပစာအားဖြင့် အဓိစိတ္တဟု ခေါ်သည်။
၁။ ဘာသာဋီ၊ ၆၂၆။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၈၉၊ ၁၇၅။
၂။ ဘာသာဋီ၊ ၆၂၆။
၃။ ပဋိသံ၊ ဋ္ဌ၊ ၂၊ ၇၃၊ ၇၆။

စာမျက်နှာ-348


(၃) အပ္ပနာအမည်ကို ရခြင်း

အမှန်စင်စစ်၊ အပ္ပနာဆိုသည်မှာ သမ္ပယုတ္တတရားတို့ကို အာရုံသို့ ရှေးရှုတင်ပေးတတ်သည့် ဝိတက်၏အမည်ဖြစ်သည်။ ဝိတက်စသော ဈာန်အင်္ဂါတို့နှင့် အတူဖြစ်သောကြောင့် ဈာန်ကိုလည်း အပ္ပနာဟုခေါ်သည်။ ဈာန်အင်္ဂါတို့တွင် သမာဓိသည် ပဓာနဖြစ်သည်။ ထို့ကြောင့် သမာဓိကိုလည်း အပ္ပနာဟု ခေါ်သည်။

ဣန္ဒြေ၊ ဗိုလ်စသောအမည်ကို ရခြင်း

ဣန္ဒြေမည်ပုံ

အာရုံတခု၌တည်ကြည်မှုသမာဓိသည် ဣန္ဒြေထိုက်သော တရားများတွင်ပါဝင်၏။ မိမိနှင့်သက်ဆိုင်သော တရားများအား မိမိအလိုအတိုင်း ဖြစ်စေနိုင်သောတရားကို ဣန္ဒြေဟု ဆိုရ၏။ သမာဓိသည် မိမိနှင့်သက်ဆိုင်သော မိမိနှင့်အတူဖြစ်သော သမ္ပယုတ်တရားတို့ကို မိမိအလိုအတိုင်း မပျံ့လွှင့်ခြင်းသဘောသို့ လိုက်စေတတ်၏။ ထို့ကြောင့် ဣန္ဒြေကိစ္စတပ်၍ ဣန္ဒြေအမည်ကိုရသည်၊ ယင်းကဲ့သို့ ဣန္ဒြေကိစ္စတပ်သောကြောင့် ပျံ့လွှင့်မှုဥဒ္ဓစ္စသည်ပင် သမာဓိအလိုသို့လိုက်ရလေသည်။

ဥဒ္ဓစ္စသည်သမာဓိအလိုသို့ လိုက်၊ မလိုက်

ဥဒ္ဓစ္စနှင့် ဧကဂ္ဂတာသမာဓိတို့သည် သဘောအားဖြင့် ဆန့်ကျင်ကြ၏။ ဥဒ္ဓစ္စမှာပျံ့လွင့်တုန်လှုပ်သောသဘောဖြစ်သည်။ ဧကဂ္ဂတာသမာဓိကား မပျံ့လွင့်မတုန်လှုပ်ဘဲတည်ကြည်၏။ ဧကဂ္ဂတာသမာဓိသည် စိတ်မှန်သမျှနှင့် ဆက်ဆံသဖြင့် ဥဒ္ဓစ္စစိတ်၌ ဥဒ္ဓစ္စနှင့် ဧကဂ္ဂတာတို့အတူ ဖြစ်သောအခါ ဥဒ္ဓစ္စသည်သမာဓိအလိုသို့လိုက်၍ သို့မဟုတ် သမာဓိသည် ဥဒ္ဓစ္စအလိုသို့လိုက်၍ အတူဖြစ်နိုင် မဖြစ်နိုင် စိစစ်ရန် လိုအပ်လေသည်။

မဏိသာရမဉ္ဇူအဆို

မပျံ့လွှင့်မှုဧကဂ္ဂတာသမာဓိသည် ပျံ့လွင့်မှုဥဒ္ဓစ္စကို ဖြားယောင်းသွေးဆောင်နိုင်၏။ ဥပမာ- မြင်းစီးအတတ် ကျွမ်းကျင်သူသည် မြင်းကြမ်းကိုစီးသောအခါ မြင်း၏အလိုသို့ အတန်ငယ်ဖြားယောင်းလိုက်ပါပြီးနောက် မိမိအလိုသို့ လိုက်ပါ
၁။ ဝိသုဒ္ဓိ၊ ဋီ၊ ၁၊ ၃၃၃။ သာရတ္ထဋီ၊ ၂၊ ၂၆၁။

စာမျက်နှာ-349


အောင် ဆွဲဆောင်စီးနင်းသကဲ့သို့ သမာဓိသည် ပျံ့လွင့်မှုသဘော ဥဒ္ဓစ္စ အလိုသို့ ၁-ဝီထိခန့်ဖြစ်စေ၊ ၂-ဝီထိ၊ ၃-ဝီထိခန့်ဖြစ်စေ အတန်ငယ်လိုက်၍ ပျံ့လွင့်ပြီးနောက်မှ မပျံ့လွင့်မှုသဘော မိမိအလိုသို့ လိုက်ပါစေကာ အတူ တကွ ဖြစ်နိုင်ကြလေသည်။

ပရမတ္ထသရူပအနုဝဏ္ဏနာအလို

ပရမတ္ထသဘောတို့သည် မြင်းကြမ်း ကို စီးသည့် ဥပမာကဲ့သို့ မဖြစ်နိုင်၊ မပျံ့လွင့်မှု တည်ကြည်မှု သမာဓိသည် ပျံ့လွင့်တုန်လှုပ်မှု ဥဒ္ဓစ္စအလိုသို့ လိုက်၍အနည်းငယ်မျှပျံ့လွင့်၍ မသွားပါ။

“သမာဓိသည်ပျံ့လွင့်မှု ဥဒ္ဓစ္စကိုလွှမ်းမိုးတတ်သဖြင့် အတူဖြစ်ဖက် တရားတို့အပေါ် အစိုးတရဖြစ်၏၊ ထို့ကြောင့် ဣန္ဒြေမည်၏”- ဟု အဋ္ဌကထာ၌ ဆိုထား၏။ သမာဓိသည် ဣန္ဒြေကိစ္စတပ်၏၊ မိမိနှင့်အတူ ဖြစ်ဖက်တရားတို့ကို မိမိအလိုအတိုင်း မပျံ့လွင့်ခြင်းသဘောသို့ လိုက်ပါ စေနိုင်၏။ ဣန္ဒြေစစ်စစ်၊ သမထစစ်စစ်ဧကန်ဖြစ်သော သမာဓိသည် ဣန္ဒြေ ကိစ္စမတပ်သော ဥဒ္ဓစ္စနောက်သို့ အနည်းငယ်မျှလိုက်၍ ပျံ့လွင့်မှုသဘော မဖြစ်နိုင်၊ ပျံ့လွင့်မှုသဘောဥဒ္ဓစ္စကသာလျှင် သမာဓိနှင့်အတူဖြစ်ရသဖြင့် မပျံ့လွင့်မှုသဘောသို့လိုက်ကာ အတူဖြစ်ရလေသည်။

ဥဒ္ဓစ္စ၏ ပျံ့လွင့်မှု သဘောဆိုသည် မှာလည်း ဥဒ္ဓစ္စ စေတသိက်နှင့် ဥဒ္ဓစ္စစိတ်တို့အတူဖြစ်သော အခါ၌သာ လက္ခဏာတူ သဘာဂချင်းဖြစ်၍ စိတ်တူကိုယ်တူ သဘောတူဖြစ်သော လူဆိုး ၂-ဦးကဲ့သို့ပျံ့လွင့်မှု သဘော ဖြစ်ရပေသည်။ ဣန္ဒြေကိစ္စတပ်သဖြင့် မိမိထက်တန်ခိုးကြီးသော သမာဓိ နှင့်အတူဖြစ်ရသော အခါ၌မူ အာဏာရှိသူ အစိုးရသူတို့ လာသောအခါ လူဆိုးများ မဆိုးဝံ့သကဲ့သို့ ပျံ့လွင့်မှုဥဒ္ဓစ္စသည် မပျံ့လွင့်သော သမာဓိ အလိုသို့လိုက်၍ အတူဖြစ်ရလေသည်။
၁။ ပရမတ္ထသရူပအနုဝဏ္ဏနာ၊ ပ၊ ၂၃၄-၃၅။ ၂။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၅။

စာမျက်နှာ-350


ဒီပနီအလို

ဧကဂ္ဂတာ၏ သဘောလက္ခဏာတွင် ပြဆိုခဲ့သည့်အတိုင်း အာရုံတရားသည် တခုတည်းပင် ဖြစ်သော်လည်း သဘော အမျိုးမျိုးဖြစ်နိုင်သည်၊ ထိုသဘောအမျိုးမျိုးတို့၌ ပျံ့လွင့် ခြင်းသို့ မရောက်စေဘဲ၊ တခုသောသဘော၌ တခဏမျှဖြစ်သော စိတ်၏ မပျံ့လွင့် မတုန်လှုပ်သော အခြင်းအရာသည်ဖြစ်နိုင်၏။ ထို့ကြောင့်ပျံ့လွင့် ခြင်း လက္ခဏာရှိသော ဥဒ္ဓစ္စ၌ မပျံ့လွင့်ခြင်းလက္ခဏာရှိသော ဧကဂ္ဂတာယှဉ်နိုင်၏။ ဆိုလိုသည်မှာ စိတ်သည် အာရုံနှင့်မကင်းနိုင်၊ စိတ်ဖြစ် ပေါ်လာလျှင် အာရုံတခု၌ တခဏပင်ဖြစ်စေ တည်တံ့ရပါသည်၊ ဥဒ္ဓစ္စ သည်အာရုံ၌ပျံ့လွင့်သော်လည်း ဥဒ္ဓစ္စစိတ်ဖြစ်ပေါ်လာလျှင် တခဏပင်ဖြစ် စေ၊ အာရုံတခု၌ တည်တံ့ရပေဦးမည်။ ထို့ကြောင့်တခုသော အာရုံ၌ ဥဒ္ဓစ္စစိတ်၏ တည်တံ့သော အခြင်းအရာသည် ဖြစ်နိုင်လေသည်၊ ထို့ကြောင့် ဥဒ္ဓစ္စစိတ်၌ ဧကဂ္ဂတာယှဉ်နိုင်လေသည်။

ဗိုလ်မည်ပုံ

အာရုံတခု၌ တည်ကြည်မှုသမာဓိသည် ဗိုလ်ကိစ္စတပ်သော တရားများတွင်ပါဝင်၏၊ မှန်၏၊ ဗိုလ်ဟူသည်မှာ- လှုပ်ရှား မယိုင်မြဲခိုင်တတ်သောတရားများကို ခေါ်ဆိုခြင်းဖြစ်၏၊ သမာဓိသည်ဆန့် ကျင့်ဘက်အကုသိုလ်ကြောင့် မိမိကိုယ်တိုင်လည်း မလှုပ်ရှားအတူဖြစ်ဖက် သမ္ပယုတ်တရားတို့ကိုလည်း မလှုပ်ရှားစေတတ်သည့်ပြင်ဆန့်ကျင်ဘက်ဖြစ် သော အကုသိုလ်များကိုပင်ပယ်ရှားဖြိုဖျက်နိုင်သော ပဟာယကသတ္တိရှိပေ သည်၊ ထိုကြောင့် ထိုသမာဓိသည် ဗိုလ်ကိစ္စတပ်၍ ဗိုလ်အမည်ရလေသည်။

ဗောဇ္ဈင်မည်ပုံ

အာရုံတခု၌ တည်ကြည်မှုသမာဓိသည် ဗောဇ္ဈင်ကိစ္စ တပ်သောတရားများတွင်လည်းပါဝင်ပေသည်၊ ဗောဇ္ဈင် ဆိုသည်မှာ-ယောဂီပုဂ္ဂိုလ်တို့သည် သစ္စာလေးရပ်တရားမြတ်ကို အကြင် တရားအပေါင်းဖြင့်သိရ၏။ ထိုတရားအပေါင်းကို ဗောဇ္ဈင်ဟု ခေါ်ဆို၏။ သမာဓိသည်လည်း ထိုသစ္စာ-၄-ပါးတရားမြတ်ကို သိရခြင်း၏အကြောင်း ဖြစ်လေသည်။ ထို့ကြောင့်ဗောဇ္ဈင် ကိစ္စတပ်သော တရားများတွင်လည်း ပါဝင်လေသည်။
၁။ ပရမတ္ထဒီပနီ၊ ၉၂။

စာမျက်နှာ-351


မဂ္ဂင်မည်ပုံ

အာရုံတခု၌ တည်ကြည်မှုသမာဓိသည် မဂ္ဂင်ကိစ္စလည်း တပ်၏၊ မှန်၏၊ မဂ္ဂင်ဟူသည်မှာ သုဂတိသို့ ရောက်ဖို့ရာ လမ်းကြောင်း၊ ဒုဂ္ဂတိသို့ရောက်ဖို့ရာ လမ်းကြောင်းဖြစ်သော တရား အပေါင်း၏အစိတ်အင်္ဂါကိုမဂ္ဂင်ဟုဆိုအပ်ပေသည်။ သမာဓိသည်ကောင်းစွာ တည်ကြည်မှုသမ္မာသမာဓိအမည်ကို ခံယူသောအခါ သုဂတိသို့ ရောက်ဖို့ရာ လမ်းကြောင်းဖြစ်၏၊ ဖောက်ပြန်မှားယွင်းသောတည်ကြည်မှု မိစ္ဆာသမာဓိ အမည်ကို ခံယူသောအခါ ဒုဂ္ဂတိသို့ ရောက်ဖို့ရာ လမ်းကြောင်း ဖြစ်၏။ ထို့ကြောင့် ထိုသမာဓိသည် မဂ္ဂင်ကိစ္စလည်း တပ်သောတရားဖြစ်လေသည်။

ဣန္ဒြေ၊ ဗိုလ်၊ မဂ္ဂင်မမည်သောဧကဂ္ဂတာ

ဝိစိကိစ္ဆာစိတ်၌ရှိသော ဧကဂ္ဂတာသည် သာမန်ဧကဂ္ဂတာ သာဖြစ်သည်၊ အထူးသတ္တိကောင်းသောဧကဂ္ဂတာ မဟုတ်ပေ၊ မှန်၏၊ အဆိုပါ ဧကဂ္ဂတာသည် “တည်ကြည်ပါတယ်”ဟု ဆိုသော်လည်း ယုံမှား သံသယများသော ဝိစိကိစ္ဆာက အာရုံပေါ်၌ စွဲစွဲမြဲမြဲ မရှိသောကြောင့် ထိုဝိစိကိစ္ဆာနှင့် ယှဉ်ရသည့်အတွက် ဧကဂ္ဂတာလည်း အာရုံပေါ်၌ မစွဲမြဲ နိုင်၊ ထို့ကြောင့် ထိုဝိစိကိစ္ဆာစိတ်၌ရှိသော ဧကဂ္ဂတာသည် ဣန္ဒြေ၊ ဗိုလ်၊ မဂ္ဂင်ကိစ္စ မတပ်ပေ။

ဈာနင်မည်ပုံ

သမာဓိသည် ဈာနင်ကိစ္စတပ်သောတရားများတွင် လည်း ပါဝင်၏၊ ဈာနင်ဟူသည် ဆိုင်ရာအာရုံကို ရိုးရိုး အာရုံပြုပုံထက် လွန်ကဲ၍ စူးစူးစိုက်စိုက် ရှူတတ်သောဈာန်တရား၏ အစိတ်အင်္ဂါများဖြစ်သော ဝိတက်စသည့် တပါးစီတပါးစီကို ဈာနင်ဟု ခေါ်ဆိုခြင်းဖြစ်၏။ ယောဂီတို့သန္တာန်၌ ဖြစ်သော ဧကဂ္ဂတာခေါ် သမာဓိသည် ဆိုင်ရာကမ္မဋ္ဌာန်းအာရုံကိုစူးစူးစိုက်စိုက် ရှူတတ်သောသဘော ရှိသောကြောင့် ဈာနင်ကိစ္စတပ်သော တရားများတွင် ပါဝင်လေသည်။

ဈာနင်အမည်မရသောဧကဂ္ဂတာ

ဧကဂ္ဂတာခေါ် သမာဓိသည် ဈာနင် ကိစ္စ တပ်သည်ဟု ဆိုသော်လည်း ဒွေပဉ္စဝိညာဏ်၌ရှိသော ဧကဂ္ဂတာမှာ ဈာနင်ကိစ္စမတပ်ပေ။ မှန်ပေသည်၊ ဈာနင်ဆိုသည်မှာ အာရုံထဲ၌စူးစိုက်ဝင်သွားသကဲ့သို့ထင်ရလောက်အောင် ဗုဒ္ဓအဘိဓမ္မာ

စာမျက်နှာ-352


ရှုတတ် အာရုံယူတတ်သော တရားဖြစ်၏၊ ဒွေပဉ္စဝိညာဏ်၌ ဝိတက်ဝိစာရ စသည့် စေတသိက်များ မရှိပေ။ အာရုံသို့ တင်ပေးမည့် ဝိတက်မရှိပါ လျှင် အဘယ်မှာ အာရုံကို စူးစိုက်စွာ ယူနိုင်မည်နည်း၊ အာရုံကိုစူးစိုက်စွာ မယူနိုင်လျှင် ဈာနင်အမည်လည်း မရထိုက်ပါ။

ဈာနင်အမည်ရသောသမာဓိ၏ သမာဓာနသဘော

အထက်တွင် ဖော်ပြပါ ဈာနင်ကိစ္စ တပ်သောဧကဂ္ဂတာခေါ် သမာဓိသည် အာရုံ၌ ကောင်းစွာထားခြင်းကိစ္စဖြင့် ယှဉ်ဖက်သမ္ပယုတ်တရားတို့ကို မိမိအလိုသို့လိုက်စေလျက် တခုတည်းသော အာရုံ၌ ကောင်းစွာထားခြင်း (သမာဓာန) သဘောရှိပေသည်။

ယင်းသမာဓိ၏ ကောင်းစွာထားမှုသည်-
(၁) အာရုံ၌ စိတ်ကိုကောင်းစွာထားခြင်းနှင့်
(၂) အာရုံ၌ စိတ်ကို အညီအမျှထားခြင်းဟူသော သဘော နှစ်မျိုးကို ဆောင်ပေသည်'။

အာရုံ၌ စိတ်ကိုကောင်းစွာထားခြင်း

အာရုံ၌ စိတ်ကိုကောင်းစွာ ထားခြင်းဆိုသည်မှာ ကာမဂုဏ်တို့၌ နှစ်သက်တွယ်တာမှု(ကာမစ္ဆန္ဒ)စသော သမာဓိ၏ ဆန့်ကျင်ဘက် သဘောတရားတို့မှ ဝေးကွာမှုကြောင့် စိတ်၏တွန့်ဆုတ်ခြင်း (လီန) သဘောမရှိအောင် ထားခြင်း၊ ပျံ့လွင့်မှုဥဒ္ဓစ္စ၏ မရှိခြင်းကြောင့် စိတ်ကို တွန့်လည်းမတွန့် ပျံ့လည်းမပျံ့လွင့်ရအောင် ထားရှိခြင်းသဘောကို ဆိုလို ပေသည်။
၁။ ဝိဘာဝနီဋီကာ၊ ၉၂၊ ၉၃။
၂။ သံ+အာဓာ၊ သံ=သမ္မာ=ကောင်းစွာ၊ အာ+ဓာ+ဣ=အာဓာန=ထားခြင်း။
၃။ သံ+အာဓာ၊ သံ=သမံ=အညီအမျှ၊ အာ+ဓာ+ဣ=အာဓာန=ထားခြင်း။

စာမျက်နှာ-353


အာရုံ၌စိတ်ကိုအညီအမျှထားခြင်း

အာရုံ၌ စိတ်ကို အညီအမျှထားခြင်း ဆိုသည်မှာ အာရုံ၌စိတ်ကို သဒ္ဓိန္ဒြေနှင့် ပညိန္ဒြေ ၂-ပါးညီမျှအောင် ထားရှိမှု၊ ဝိရိယိန္ဒြေနှင့်သမာဓိန္ဒြေ ၂-ပါးညီမျှအောင် ထားရှိမှုမျိုး ဖြစ်သည်၊ သတိန္ဒြေမှာကား ညီမျှစရာ မလိုပေ။

တနည်း

စိတ်ကိုအညီအမျှ ထားခြင်း ဆိုသည်မှာ တခုတည်းသော အာရုံ၌ သဒ္ဓါစသော ငါးပါးသော ဣန္ဒြေတို့၏ အချင်းချင်း တပါးကိုတပါး မလွန်စေ၊ အညီအမျှ ဖြစ်စေသည်၏ အစွမ်းဖြင့် အဆိုပါဣန္ဒြေတို့၏ ယုတ်မှု လွန်ကဲမှုကိစ္စများမရှိအောင် ညီညီမျှမျှထား ရှိခြင်းသဘောကို ဆိုလိုပေသည်။

ဣန္ဒြေတို့ကိုအညီအမျှထားရှိခြင်း

ဤတွင် ဈာနင်ကိစ္စ တပ်သော သမာဓိသည် သဒ္ဓိန္ဒြေစသည်တို့ကို အဘယ်သို့လျှင် အညီအမျှ ထားရှိပါသနည်းဟု မေးဖွယ်ရှိပေသည်၊ ဤ မေးခွန်းကို ဖြေဆိုရာ၌ ဝိသုဒ္ဓိမဂ် အဋ္ဌကထာစသည်တို့တွင် လာရှိသည့် အတိုင်းဖြေဆိုရန်ဖြစ်သော်လည်း အလွန်ကျယ်လွန်းသည် ဖြစ်သဖြင့် အောက်ဖော်ပြပါ မန်လည်ဆရာတော်ဘုရားကြီး၏ မဃဒေဝလင်္ကာသစ်ကို ဖော်ပြအပ်ပါသည်။

“သဒ္ဓါပညာ၊ သမာဝီရိ၊ စောင်းနှယ်ညိုလော့၊ လောကီ ဓမ္မတာ၊ လူဆိုမှာလျှင်၊ သဒ္ဓါထွန့်၊ ကွန့်၍ဖြိုးဝှန်၊ ဉာဏ်မလွန် နှင့်၊ သားပွန်လိမ္မာ၊ဤအရာ၌၊ ပညာမဘက်၊ သဒ္ဓါထက်က နက်၏ဆင်းရဲ၊ အပြဲမှန်မှာ၊ သဒ္ဓါနုန့်ဆွန်၊ တွန့်၍ဉာဏ်ကွန်၊ ပညာ လွန်သော်၊ ဝင်္ကန်ကောက်ကျစ်၊ ကျိုးမဖြစ်ဘူး၊ စင်စစ်ထိုပြီ၊ သမာဓိများ၊ ပျင်းရိပွား၏၊ အားထုတ်လွန်က၊ ပြန့်တတ်စုနှင့်
၁။ ဋီကာကျော်နိဿယ(အရှင်ဇနက) ၁၂၆။ ၂။ မဏိမဉ္ဇူ၊ ပ၊ ၂၄၀။

စာမျက်နှာ-354


ဥပစာရသမာဓိနှင့် အပ္ပနာသမာဓိအထူး

စိတ်၏တည်ကြည်မှု သမာဓိသည် ဥပစာရအခိုက်အတန့်၌ နီဝရဏတို့ကို ပယ်ခြင်းဖြင့် စိတ်၏ စင်ကြယ်မှုကို ရရှိသည်။ ဈာန်ကိုရသော အပ္ပနာ အခိုက်အတန့်၌ကား ဈာန်အင်္ဂါထင်ရှားဖြစ်ပေါ်ခြင်းဖြင့် စိတ်၏တည် ငြိမ်မှုကို ရရှိခြင်းဖြစ်သည်။

ထို့ ပြင်-ဥပစာရသမာဓိဖြစ်သောအခါ ယောဂီ၏စိတ်သည် ရံခါနိမိတ် ကို အာရုံပြု၍ ရံခါဘဝင်သို့ သက်ရောက်လေသည်။

ဥပမာ- နုနယ်သောကလေးသူငယ်ကို မထူ၍ထားရာ အဖန်ဖန်မြေသို့ လဲကျဘိသကဲ့သို့ ထို့အတူ ဥပစာရ အခိုက်၌ အားအစွမ်းမရှိသောကြောင့် ရံခါ နိမိတ်ကို အာရုံပြုသော်လည်း ရံခါဘဝင်သို့ သက်ရောက်ရ လေသည်။

အပ္ပနာသမာဓိဖြစ်သောအခါ၌ကား ဈာန်စိတ်သည် နေ့ရောညဉ့်ပါ ကုသိုလ်ဇောစိတ်အစဉ်များဖြစ်ပြီး (ဝါ) ကုသိုလ်ဇောချည်းဖြစ်၍ ကမ္မဋ္ဌာန်းအာရုံ၌ တည်လေသည်။

ဥပမာ-အားရှိသော ယောက်ျားသည် နေရာမှထ၍ တနေ့ပတ်လုံး ရပ်နိုင်ဘိသကဲ့သို့ ဤအတူ အပ္ပနာအခိုက်အတန့်၌ ဈာန်အင်္ဂါတို့သည် အားရှိလေသောကြောင့် နေ့ရောညဉ့်ပါ ကုသိုလ်ဇောချည်းဖြစ်၍ ကမ္မဋ္ဌာန်းအာရုံ၌တည်လေသည်။

တည်ကြည်မှု သမာဓိကို ပွားပုံ

တည်ကြည်မှုသမာဓိကိုပွားပုံမှာ- သီလ ကို သုတ်သင်၍ စင်ကြယ်သောသီလ၌ တည်သော ယောဂီသူတော်စင်သည် ကြောင့်ကြမှု ပလိဗောဓများကို ဖြတ် ပယ်၍ ကမ္မဋ္ဌာန်းပေးတတ်သော မိတ်ဆွေကောင်းကို ချဉ်းကပ်ပြီးလျှင် မိမိ၏စရိုက်ဝါသနာအားလျော်သော တပါးပါးသောကမ္မဋ္ဌာန်းကိုယူ၍သင့် လျော်သော နေရာ၌နေပြီး ဘာဝနာပွားခြင်း အစီရင် များကို မယုတ်စေမူ၍
၁။ ဝိသုဒ္ဓိမဂ်၊ ပ၊ ၁၂၃။

စာမျက်နှာ-355


ပွားများအပ်ပေသည်၊ ဤကား အကျဉ်းမျှသာဖြစ်ပေသည်၊ သမာဓိ ဘာဝနာပွားနည်းအကျယ်ကို ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ကမ္မဋ္ဌာနနိဒ္ဒေသပိုင်း တွင် ကြည့်ရှုနိုင်ပါသည်။

သမာဓိ၏အကျိုးအာနိသင်

အာရုံတခု၌ တည်ကြည်မှုသမာဓိကို ပွား စေ ခြင်း ကြောင့် ရအပ် သော အကျိုး ငါးမျိုးရှိပေသည်၊ ယင်းငါးမျိုးမှာ-

(၁) မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းသာစွာနေရခြင်းအကျိုး ရှိသည် (ဒိဋ္ဌဓမ္မသုခဝိဟာရ)၊

၎င်းအကျိုးမှာ ရဟန္တာအရှင်မြတ်တို့ ဈာန်ဝင်စားကြရာ တည်ကြည်သော စိတ် ရှိ တော် မူ ကြ သ ဖြင့် တနေ့ပတ်လုံး ချမ်းသာစွာနေကုန်အံ့ဟု နှလုံးသွင်းတော်မူကြပြီး အထက်တွင် ဆိုခဲ့သည့် အပ္ပနာသမာဓိကို ပွားစေတော် မူကြလေသည်၊ ထိုရဟန္တာအရှင်မြတ်တို့၏ အပ္ပနာသမာဓိကို ပွားစေတော်မူကြခြင်းသည် မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းသာစွာ နေရခြင်း အကျိုးအာနိသင် ရှိလေသည်၊ ယင်းအကျိုးကိုပင် ဆိုလိုပေသည်။
(၂) ဝိပဿနာဟူသောအကျိုးအာနိသင်ရှိသည် (ဝိပဿနာနိသံသ)၊
၎င်းအကျိုးမှာ သမာပတ်မှထ၍ တည်ကြည်သောစိတ်ဖြင့် ဝိပဿနာ ရှုကုန်အံ့ဟု နှလုံးသွင်းကြပြီး သမာဓိကို ပွားစေ ကြကုန်သော သေက္ခပုထုဇဉ်ပုဂ္ဂိုလ်တို့အား ဝိပဿနာလျှင် နီးစွာသော အကြောင်း ရှိသောကြောင့် အပ္ပနာသမာဓိ ဘာဝနာသည် ဝိပဿနာဟူသော အကျိုးအာနိသင်ရှိလေသည်။
၁။ ဝိသုဒ္ဓိ၊ ပ၊ ၈၆။
၂။ ဝိသုဒ္ဓိ၊ ပ၊ ၃၆၈၊ ၆၉။ ဝိသုဒ္ဓိ၊ မဟာဋီ၊ ဒု၊ ၅၄၀။

စာမျက်နှာ-356


ထိုငါးမျိုးအနက် ရှေးဦးစွာသော ဣဒ္ဓိဝိဓ အဘိညာဉ်၌ ဣဒ္ဓိဆယ်မျိုး (တန်ခိုးဆယ်မျိုး) ရှိ ပြန်လေသည်။ အဆိုပါဆယ်မျိုးအနက် သမာဓိ ဝိပ္ပါရဣဒ္ဓိ ခေါ် တည်ကြည်မှုသမာဓိ၏ ပျံ့နှံ့မှုအဟုန်ကြောင့် ဖြစ်ပေါ်လာသော တန်ခိုးများကို အကျဉ်းချုံး၍ ဖော်ပြလိုပေသည်။

သမာဓိဝိပ္ပါရဣဒ္ဓိ

သမာဓိ၏ပျံ့နှံ့မှုအဟုန်ကြောင့် ဖြစ်ပေါ်လာသော တန်ခိုးဆိုသည်မှာ ပထမဈာန်ပသော သမာဓိမှ ရှေးအနီး ဥပစာရခဏ၌ လည်းကောင်း၊ နောက်သမာပတ်လေ့ကျင့်သည်အဆုံး၌လည်းကောင်း၊ ထိုသမာပတ်ဝင် စားဆဲခဏ၌လည်းကောင်း ထိုဈာန်တည်ကြည်မှု သမာဓိ၏ အစွမ်းကြောင့်ဖြစ်သော အထူးကိုပင် ဆိုလိုပေသည်၊ မှန်ပေသည်။ ပထမဈာန် စသည်ဖြင့် နီဝရဏစသော တရားတို့ကိုပယ်ခြင်းကိစ္စ ပြည့်စုံသောကြောင့် သမာဓိဝိပ္ပါရဣဒ္ဓိမည်၏ ဟူ၍ အဆိုအမိန့် ရှိပေသည်။

သမာဓိဝိပ္ပါရဣဒ္ဓိ ခေါ်သမာဓိပျံ့နှံ့မှု အဟုန်ကြောင့် တန်ခိုးဖြစ်ပေါ်သော ပုဂ္ဂိုလ်များ

များမှာ-
(၁) အရှင်သာရိပုတ္တရာမထေရ်၊
(၂) အရှင်သဉ္ဇမထေရ်၊
(၃) အရှင်ခါဏုကောဏ္ဍညမထေရ်၊
(၄) ဥတ္တရာဥပါသိကာ၊
(၅) သာမာဝတီဥပါသိကာတို့ ဖြစ်လေသည်။

အရှင်သာရိပုတ္တရာ၏ သမာဓိတန်ခိုး

အထက်ဖော်ပြပါ ပုဂ္ဂိုလ်များအနက် အရှင်သာရိပုတ္တရာမထေရ်မြတ် သည်ကားပေါတကန္ဒရ ခေါ် တောကျောင်းတကျောင်း၌ အရှင်

စာမျက်နှာ-357


မဟာမောဂ္ဂလာန်နှင့်အတူ သီတင်းသုံးနေတော်မူ၏၊ ထိုစဉ် တနေ့သော အခါဝယ် လရောင်ဖြင့် ကောက်ပြောင် တင့်တယ်လျက်ရှိသော လွင်တီး ခေါင်၌ ကြည်ညိုဖွယ်ရာ သီတင်းသုံး ထိုင်နေတော်မူပေသည်၊

ထိုအခါ ဘီလူးကြမ်းတကောင်သည် ၎င်း၏ အဖော်ဘီလူးက တားမြစ် သည်ကိုမနာခံဘဲ အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ ဆံရိတ်ပြီး ဦးခေါင်း တော်ပြောင်ပြောင်ကို ရိုက်ပုတ် လာ၏၊ ထိုကဲ့သို့ ရိုက်ပုတ်ခြင်းကြောင့် ထွက် ပေါ်လာသော ရိုက်ပုတ်သံသည် မိုးခြိမ်းသံကဲ့သို့ ပြည်၏ဟု ဆိုပေသည်။ မထေရ်မြတ် အရှင်သာရိပုတ္တရာသည် ထိုဘီလူးရိုက်သော ခဏ၌ပင် သမာ ပတ်ကို ဝင်စားတော်မူလိုက်ပေသည်။ ထို့ကြောင့် မိုးကြိုးပစ်သကဲ့သို့ ပြင်း ထန်စွာ ရိုက်ပုတ်သော်လည်း တစုံရာ နာကျင်ခြင်းရှိတော်မမူပေ၊ ထို ကဲ့သို့ တစုံတရာ နာကျခြင်းရှိတော်မမူသည်၏ အဖြစ်သည် သမာဓိပျံ့ နှံ့ ခြင်းအဟုန်ကြောင့် ဖြစ်သောတန်ခိုး ဖြစ်ပေသည်။

အရှင်သဉ္ဇမထေရ်၏ သမာဓိတန်ခိုး

အရှင်သဉ္ဇမထေရ်ကား- ကကုသန် မြတ်စွာ ဘုရား၏ လက်ဝဲရံ အဂ္ဂသာဝကာတဆူ ဖြစ် တော်မူပေသည်။ ထိုအရှင် နိရောဓသမာပတ် ဝင်စားနေတော်မူသည်ကို နွားကျောင်းသားတို့က သေနေပြီထင်မှတ်၍ မြက်ထင်းစသည်ကို ရှာဖွေစုခဲ့ပြီး မီးသင်္ဂြိုဟ်ကြလေသည်၊ ထိုကဲ့သို့ လုပ်ကြသော်လည်း အရှင်မထေရ်၏ ခန္ဓာကိုယ်ကို မဆိုထားဘိ အရှင် မထေရ်ဝတ်ဆင်ထားသော သင်္ကန်းချည်မျှင်ကိုမျှ မီးလောင်ခြင်းကျွမ်းခြင်း မရှိပေ။ ထိုကဲ့သို့ ဖြစ်ခြင်းသည် အစဉ်အတိုင်း ဝင်စားတော်မူအပ်သော သမာပတ်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော သမာဓိ၏ အာနုဘော်ပြည့်စုံ မှုကြောင့် ဖြစ်ပေါ်လာသော တန်ခိုးဖြစ်လေသည်။

အရှင်ခါဏုကောဏ္ဍည၏ သမာဓိတန်ခိုး

ထိုအရှင်သည် ပင်ကိုယ်ကပင် သမာပတ်ဝင်စားခြင်း အလေ့အလာများပေသည်။ တနေ့သော ညဉ့်ဝယ် တောအုပ်အတွင်းတနေ ရာ၌
၁။ ဝိသုဒ္ဓိ၊ ပ၊ ၈၊ ၉။

စာမျက်နှာ-358


သမာပတ်ဝင်စား၍ နေတော်မူ၏၊ ခိုးသားငါးရာတို့သည် ဥစ္စာထုပ်ကို ခိုးယူလာကြပြီး ထိုအရှင် သမာပတ်ဝင်စားရာသို့ ရောက်သောအခါ “ယခု ငါတို့နောက်သို့ လိုက်၍ ဖမ်းဆီးသူရှိတော့မည်မဟုတ်၊ ဤနေရာမှာ အမောဖြေ နားနေကြပါစို့”ဟု ပြောဆိုပြီး ထိုအရှင်သမာပတ်ဖြင့် နေ တော်မူသည်ကို မြင့်မောက်သော သစ်ငုတ်တိုဟု မှတ်ထင်၍ ခိုးယူလာသော ပါသမျှဥစ္စာထုပ်ကို မထေရ်မြတ်၏ အပေါ်၌ စုပုံတင်ထားမိကြလေသည်။

ခိုးသားငါးရာတို့သည် အမောပြေလေသော အခါ သွားကြရန် ပြင်ဆင်လျက် ပထမဆုံးတင်ထားသော ဥစ္စာထုပ်ကို နောက်ဆုံးယူစဉ် အချိန်စေ့သဖြင့် မထေရ်သည် သမာပတ်မှ ထလေ၏။ ထိုအခါမထေရ်၏ လှုပ်ရှားသော အခြင်းအရာကိုမြင်၍ ငါးရာသောခိုးသားတို့သည် ကြောက် လန့်သဖြင့် အော်ဟစ်ကြကုန်၏။ ထိုစဉ် မထေရ်မြတ်က “အိုဒါယကာ မကြောက်ကြ နှင့် ငါကား အခြားမဟုတ် ရဟန်းသာတည်း”ဟု မိန့်လေ၏၊ ခိုးသားတို့သည် မထေရ်ကို ရှိခိုးကြပြီး လွန်စွာကြည်ညိုလှသဖြင့် ရဟန်းပြုကြ၍ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာချည်း ဖြစ်ကြလေ သည်။ ဤဝတ္ထု၌ ဥစ္စာထုပ် ငါးရာတို့ဖြင့် ဖိထားသောမထေရ်၏ တစုံတရာ မနာမကျင်သောအဖြစ်သည် သမာဓိ၏ အာနုဘော်ပြည့်စုံမှုကြောင့် ဖြစ်ပေါ်လာသော တန်ခိုးဖြစ်လေသည်။

မယ်ဥတ္တရာ၏ သမာဓိတန်ခိုး

တခါသော် ပြည့်တန်ဆာမ သီရိမာလာ သည် တဏှာမာန်မူ ငြူစူလျက် ပုဏ္ဏ သဌေး၏ သမီးချစ် မယ်ဥတ္တရာ၏ ဦးခေါင်းပေါ်သို့ ကျိုက်ကျိုက်ဆူဆီပူ များကို လောင်းချလေသည်။ ထိုအခိုက် မယ်ဥတ္တရာသည် မေတ္တာဈာန်ကို ဝင်စားလိုက်သဖြင့် ပိန်းကြာဖက်တွင် ရေမတင်သကဲ့သို့ ဆီပူသည် လျောကျလေ၏။ ဤသို့ ဆီပူမလောင်သောအဖြစ်သည် သဌေးသမီး မယ်ဥတ္တရာ၏ သမာဓိပျံ့နှံ့မှုအဟုန်ကြောင့် ဖြစ်သော တန်ခိုးဖြစ်လေ သည်။
၁။ ဝိသုဒ္ဓိ၊ ဒု၊ ၉။

စာမျက်နှာ-359


မိဖုရားခေါင်ကြီး သာမာဝတီ၏ သမာဓိတန်ခိုး။ ။သာမာဝတီကား ဥတေနမင်း၏ မိဖုရားခေါင်ကြီးဖြစ်သည်။ မာဂဏ္ဍီပုဏ္ဏားသည် သမီးအမှတ်ထားသောတူမ မာဂဏ္ဍီကို မိဖုရားခေါင်ကြီးဖြစ်စေချင်လှသဖြင့် သာမာဝတီ၏ စောင်းခွက်ထဲ၌ မြွေဟောက်ကို သွင်းထားစေပြီး ဥတေနမင်းကြီးအား “အရှင်မင်းကြီး သာမာဝတီသည် အရှင်မင်းကြီးကို သတ်လိုသဖြင့် မြွေဟောက်ကို စောင်းခွက်တွင်းမှာထည့်လျက် သွားလေရာရာ ယူဆောင်ပါသည်” ဟု ဥတေနမင်းကြီးအား ဂုံးတိုက်စကား လျှောက်ထားလေသည်။ ဥတေနမင်းသည် ထိုမြွေကို မြင်၍ အမျက်တော်ထွက်သဖြင့် သာမာဝတီကို သတ်ရန်လေးတင်၍ အဆိပ်လူးမြားကို တပ်လေ၏။

သာမာဝတီသည် မိမိအခြံအရံ ငါးရာနှင့် အတူ ဥတေနမင်းကို မေတ္တာဖြင့် ပျံ့နှံ့စေ၏။ ဥတေနမင်းသည် မြားကို ပစ်လွှတ်ခြင်း၊ လေးကိုလည်း ချခြင်းငှာ မစွမ်းနိုင်ရုံသာမက ခန္ဓာကိုယ်သည်လည်း တဆတ်ဆတ်တုန်လျက် ရှိတော့၏။ ထိုအခါ သာမာဝတီက “အရှင်မင်းကြီး ပင်ပန်းတော်မူပါသလား” မေးလျှောက်လေလျှင် “ရှင်မိဖုရား အလွန် ပင်ပန်းလှပါပြီ” ဟု ဆိုလေ၏။ ယင်းသို့ဖြစ်လျှင် “မလေးကိုချတော်မူပါ” ဟု ဆိုလေသော် မြားသည် မင်းကြီး၏ ခြေရင်း၌ အလိုအလျောက်ကျလာလေ၏။ သာမာဝတီက “အရှင်မင်းကြီး မပြစ်မှားကောင်းသူအား မပြစ်မှားသင့်” ဟု ဆိုဆုံးမလိုက်ပေသည်။ ဤသို့ ဥတေနမင်း မြားကိုမပစ်လွှတ်နိုင်ခြင်းသည် သာမာဝတီ၏ သမာဓိပျံ့နှံ့မှုအဟုန်ကြောင့် ဖြစ်သော တန်ခိုးဖြစ်လေသည်။

ပရမတ္ထသရူပဘေဒနီ

ဖော်ပြပါအဓိပ္ပာယ်ကို ရည်ရွယ်၍ ဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီးသည် ပရမတ္ထသရူပဘေဒနီ၌ အောက်ပါအတိုင်း စပ်ဆိုတော်မူခဲ့ပေသည်။
၁။ ဝိသုဒ္ဓိ၊ ဒု၊ ၉၊ ၁၀။

စာမျက်နှာ-360


“ရှစ်သမာပတ်၊ ခါသုံးမှတ်၌၊ ပစ္စဘ်ပယ်ခွါ၊ ဧကေတာ- ချောက်၊ ဘီလူးခေါက်တည်း၊ သေပျောက်ကျင်နာ၊ ဆိတ်စာမရှိ၊ ထေရ်သာရှိလည်း၊ တစိယိုမှ၊ သဉ္ဇီဝကို၊ နိရောဓဝင်၊ အသေထင်၍၊ မီးတင်ဝိုင်းစု၊ ထိုအတူပင်၊ ခါဏုတွင်ထ၊ ကောဏ္ဍညကို၊ စောရငါးရာ၊ ဘဏ္ဍာထုပ်ဖိ၊ မသေရှိ၏၊ သေဋ္ဌိမီတာ၊ ဥတ္တရာကို၊ ဝန်တိုလှစွာ၊ သိရီမာဟု၊ ပြည့်တန်ဆာမ၊ ဆီပူချလျှင်၊ ဝင်ထ မေတ္တာ၊ သာမာဝတီ၊ မာဂဏ္ဍီကြောင့်၊ ဥတီန-ခင်၊ လေးကိုတင်၍၊ မနှင်မ၊ နိုင်ရလေဘိ၊ ဘေးမထိသား၊ သမာဓိဝိပ္ဖါ” ဟု စပ်ဆိုတော်မူသည်။

သမာဓိကို မထူထောင်နိုင်က သံသရာ၌ အူကြောင်ကြောင် ဖြစ်မည်

လောက၌ ရေတို့မည်သည် အတားအဆီးမရှိ အလွတ်ထားခဲ့လျှင် နိမ့်ရာသို့ စီးဝင်မြဲ ဓမ္မတာဖြစ်သည်၊ ထို့အတူ သတ္တဝါတို့၏ စိတ်မည်သည်လည်း အာရုံတခု၌ တည်ကြည်မှုရအောင် မလုပ်ဘဲ လွှတ်ထားခဲ့လျှင် မကောင်းရာသို့သာ တွင်တွင်သွားမြဲ ဓမ္မတာဖြစ်သည်။ ထို့ကြောင့်ပင် “ပါပသ္မိံ ရမတီ မနော” (စိတ်သည် မကောင်းရာ၌သာလျှင် မွေ့လျော်တတ်၏) ဟု ဓမ္မပဒပါဠိတော်၌ ဗုဒ္ဓဟောတော်မူခဲ့ပေသည်။

ထို့ပြင် – “ပုထုဇ္ဇနော ဥမ္မတ္တကော” ဟု အဆိုအမိန့်ရှိသည်နှင့်အညီ ပုထုဇဉ်သတ္တဝါတို့၏ စိတ်သည် စိတ်ရူးစိတ်နောက် စိတ်လေစိတ်လွှင့်မျိုးသာ ဖြစ်သည်။ လောကတွင် စိတ်မနှံ့သော အရူးများသာမက လူကောင်း သူကောင်းဟု အများက အသိအမှတ်ပြုခြင်းခံရသော သူတို့သည်ပင် သမာဓိကို ပြုစုပျိုးထောင်ခြင်းမရှိပါက စိတ်ကိုအစိုးမရသောအရူး (သူရူး) တို့သာဖြစ်ကြလေသည်။

၁။ ပစ္စဘ်ပယ်ခါ=(ပစ္စဘ်=ပစ္စတ္တ=အသီးသီး) အသီးသီးပယ်ခါခြင်း (ပထမဈာန်ဖြင့် နိဝရဏကို ပယ်ခွါခြင်း၊ ပ၊ နေဝသညာနာသညာယတနသမာပတ်ဖြင့် အာကိဉ္စညာယတန သညာကိုပယ်ခွါခြင်းသည် သမာဓိပျံ့နှံ့သော၊ သမာဓိအဟုန်ကြောင့် ဖြစ်သော သမာဓိဝိပ္ဖါရတန်ခိုးမည်၏)

၂။ ပရမတ္ထသရူပဘေဒနီ၊ ဒု၊ ၄၁၃။
၃။ ဓမ္မပဒ ၃၀။
၄။ ဒီပနီပေါင်းချုပ်၊ ၂၇၂။

စာမျက်နှာ-361


စိတ်ကိုအစိုးမရသူ အရူးနှင့်တူ

စိတ်သည် တံခါး ၆-ပေါက် (၆-ဒွါရ) တို့၏ အနီးအပါး ဥပစာ၌ အာရုံ ၆-ပါးသို့ ပြေးသွားလွှင့်ပါးလေ့ရှိသည်၊ ဥပမာဆိုကြပါစို့... စိတ်မနှံ့သူတဦးသည် ထမင်းစားချိန်မှန်းပင် မသိ၊ ရောက်မိရောက်ရာ သွားလာ၍ နေတတ်ပေသည်။ သက်ဆိုင်ရာ အုပ်ထိန်းသူများက ချော့မော့၍ ထမင်းကျွေးသောအခါ ငါးလုပ်ခြောက်လုပ်မျှ မျိုမိစားမိလျှင် ထမင်းပန်းကန်ကို သွန်မှောက်၍ ထသွားပေလိမ့်မည်။ ထမင်းကို ဝအောင်စားလိုမှ စားပေလိမ့်မည်၊ ထမင်းစားရာ၌ ပြီးစီးရုံမျှပင် စိတ်ကိုအစိုးရခြင်းမရှိပေ။ စကားပြောဆိုရာ၌လည်း စကားဝါကျတခု ချောမောရုံမျှပင် စိတ်ကိုအစိုးမရပေ။ အစတခြား အလယ်တခြား အဆုံးတခြား ကတောက်ကတက် အမြီးအမောက် မတဲ့သော စကားများသာ ဖြစ်နေတတ်ပေသည်။

ထို့အတူ သတ္တဝါတို့၏ စိတ်သည်လည်း ဘုရားကိုရှိခိုးမည်၊ ဘုရားဂုဏ်ကို ကြည်ညိုသောအလုပ်ကို ငါလုပ်မည်ဟု ဦးတည်ကြပါလျက် စိတ်ကို အစိုးမရကြသည့်အတွက် ဣတိပိသောဟပုဒ် ဆုံးသည့်တိုင်အောင် ဘုရားဂုဏ်တော်၌ စိတ်ကို တည်ငြိမ်စွာနေအောင် အစိုးမရကြပေ။ ဘုရားကို လွှတ်၍ ထိုထိုအာရုံတပါးသို့ အခါများစွာ ထွက်သွားလွှင့်ပါးလျက် ရှိကြပေသည်။ ထိုကဲ့သို့ဖြစ်ရသည်မှာ မိမိ၏စိတ်ကို အစိုးတရ ဖြစ်အောင် သမာဓိကို မထူထောင်ကြသောကြောင့် ဖြစ်သည်။

ခွေးရူးပြန်သူနှင့်တူ

စိတ်ကိုအစိုးမရသူ ခွေးရူးပြန်သူသည် ဆာလောင်မွတ်သိပ် ပူလောင်လှ၍ ရေရှိရာသို့ ပြေးလေရာ အလွန်အေးမြလှစွာသော ရေအိုင်ကို တွေ့မြင်ရသော်လည်း ရေအိုင်တွင်းသို့ မဆင်းဝံ့၊ ရေကိုပင်မမြင်ဝံ့ မကြည့်ဝံ့ဘဲ ရှောင်လွှဲ၍ပြေးသွားသကဲ့သို့ ထို့အတူပင် သမာဓိကို ပြုစုပျိုးထောင်မှုမရှိသော သူတို့သည်လည်း အလွန်အေးမြသော ဘုရားအာရုံနှင့် တွေ့ရသော်လည်း ဘုရားဂုဏ်တော်သို့ ထိရောက်အောင် မကြည်ညိုနိုင်ကြ၊ ဘုရားဂုဏ်တော်၌ မသက်ဝင်နိုင်ကြဘဲ အာရုံတပါးသို့သာ စိတ်ထွက်၍ သွားပေသည်။
၁။ ဒီပနီပေါင်းချုပ်၊ ၂၇၂။
၂။ ဒီပနီပေါင်းချုပ်၊ ၂၇၀၊ ၇၁၊ ၇၂။

စာမျက်နှာ-362


ဣတိပိသော တပုဒ်ဆုံးအောင် သမာဓိမရှိကြ

ဣတိပိသောစသော ဂုဏ်တော်ကို ရွတ်ဆိုစဉ် တခြားတပါးသို့ စိတ်ထွက်၍ သွားသဖြင့် အရွတ်အဆို ချွတ်ယွင်းလေသည်၊ အရွတ်အဆို ချွတ်ယွင်းတိုင်း ချွတ်ယွင်းတိုင်း အစက ပြန်ကောက်ပြီး ရွတ်ဆိုခဲ့လျှင် နှစ်နှစ်သုံးနှစ်တိုင်အောင်ပင် ဘုရားရှိခိုးသော်လည်း ဣတိပိသော တပုဒ်အဆုံးသို့ ရောက်မည်မဟုတ်ပေ။

နှုတ်နှင့်သာအဆုံးသတ်ကြရပုံ

အချို့မှာ ဣတိပိသော တပုဒ်ဆုံးသွားသော်လည်း ဣတိပိသော တပုဒ် ဆုံးနိုင်လောက်သော သမာဓိရှိ၍ မဟုတ်ဘဲ နှုတ်တက်ရွရွ ကြေညက်လှသောကြောင့်သာ အဆုံးသို့ရောက်ကြရပေသည်၊ သဗ္ဗေ သတ္တာ အစရှိသော ဗြဟ္မဝိဟာရသမထ အလုပ်ကြီးကို ဦးတည်ကြပါသော်လည်း သမာဓိကို ပြုစုပျိုးထောင်ခြင်း မရှိသဖြင့် စိတ်ကိုမနိုင်ကြသည့်အတွက် စိတ်မှာ လွှင့်ချင်ရာလွှင့်၍ နေသဖြင့် မေတ္တာပို့ ပရိတ်ရွတ် ဘုရားရှိခိုး စသည်၌ နှုတ်နှင့်သာ အဆုံးသတ်ကြရပေသည်။

လှေသူကြီးဥပမာ

စိတ်မခိုင်သူနှင့် အနမတဂ္ဂ သံသရာကြီးသည် ပြင်းထန်စွာ စီးဆင်းနေသော မြစ်ပင်လယ်ကြီးနှင့် တူပေသည်၊ သမာဓိလက်နက်ကို မကိုင်သဖြင့် စိတ်မခိုင်သူ သတ္တဝါအပေါင်းသည် လှေတက်ကို မနိုင်သော လှေသူကြီးနှင့်တူပေသည်။ စိတ်သည် လှေနှင့်တူသည်၊ လှေတက်ကိုမနိုင်သော လှေသူကြီးသည် မြစ်ပင်လယ်ရေယာဉ်ကြောတွင် မျောချင်တိုင်း မျော၍ နေသကဲ့သို့ သမာဓိလက်နက်ကိုမကိုင်သော စိတ်မခိုင်သူသတ္တဝါအပေါင်းသည် အနမတဂ္ဂသံသရာကြောတွင် မျောချင်တိုင်း မျော၍နေကြပေသည်။ ထို့ကြောင့် သမာဓိလက်နက်ကို စိတ်ခိုင်အောင်စွဲကိုင်သင့်ကြလေသည်။
၁။ ဒီပနီပေါင်းချုပ်၊ ၂၇၀၊ ၇၁၊ ၇၂။

စာမျက်နှာ-363


သမာဓိကိုထူထောင်မှ အူကြောင်ကြောင်ဘဝမှလွတ်မည်

ဘုရားသာသနာနှင့်ကြုံကြိုက်သော ယခုအခါတွင် သမာဓိကိုထူထောင်သင့်ကြပေသည်။ အာဠာရနှင့် ဥဒကရသေ့တို့သည် သမာဓိကိုထူထောင်ကြသူများ ဖြစ်ကြသော်လည်း သာသနာပတွင် လုပ်ခဲ့ကြ၍ လောက၌ ဘုရားပွင့်ရာ သာသနာနှင့် ကြုံကြိုက်သောအခါတွင် ၎င်းတို့မှာ ရပ်ပြစ်ရှစ်ပါး၌ပါဝင်သော အရူပဘုံသို့ ရောက်နေတော့သဖြင့် ဘုရားပေါင်းတရာ တထောင်ပွင့်သော်လည်း ကျွတ်ခွင့်မရဘဲရှိနေကြပေသည်၊ ဘုရားမြတ်စွာ၏ သာသနာနှင့်ကြုံကြိုက်ရာ ယခုအခါတွင် သမာဓိကို ထူထောင်လိုက်ပါက စိတ်ကူးစိတ်နောက် စိတ်လေလွှင့်များ ကင်းပျောက်ပေလိမ့်မည်။ သမာဓိကိုထူထောင်ပါမှ အူကြောင်ကြောင်ဘဝမှ လွတ်ကင်းရပေလိမ့်မည်။

သမာဓိကိုထူထောင်ကြပါစို့။ အနမတဂ္ဂသံသရာဘဝ၌ ဗလာလွင့်ပါး ပေါက်လွှတ်ပဲစား ဖြစ်၍နေသော စိတ်ရူးစိတ်နောက်တို့ကို ပျောက်ကင်းစေခြင်းငှါ သမာဓိက္ခန္ဓမဂ္ဂင်သုံးပါးကို ထူထောင်ရန် လိုအပ်ပေသည်၊ မဂ္ဂင် ၈-ပါးကို အုပ်စု အနေအထား အားဖြင့် ခွဲခြားလိုက်ပါလျှင်-
၁။ သီလက္ခန္ဓ (သီလအုပ်စု)
၂။ သမာဓိက္ခန္ဓ (သမာဓိအုပ်စု)
၃။ ပညာက္ခန္ဓ (ပညာအုပ်စု)

ဟူ၍ သုံးမျိုးသုံးစား မှတ်သားနိုင်ပေသည်၊ ယင်းသုံးမျိုးအနက် သမာဓိအုပ်စုမှာ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ သုံးမျိုးပင်ဖြစ်၍ ယင်းသုံးမျိုးသော သမာဓိက္ခန္ဓမဂ္ဂင်ကို ထူထောင်ရန်ဖြစ်သည်။ အဆိုပါသမာဓိက္ခန္ဓမဂ္ဂင်သုံးပါး ထူထောင်မှုဆိုသည်မှာလည်း ကသိုဏ်း ၁၀-ပါးအစရှိသော သမထကမ္မဋ္ဌာန်းလေးဆယ်တွင် တခုခုကိုတည်ထောင်မှု အထူးသဖြင့် အာနာပါနကမ္မဋ္ဌာန်းကို တည်ထောင်မှုပင်ဖြစ်ပေသည်။

အာနာပါန ကမ္မဋ္ဌာန်းအလုပ်ကို နေ့ရှည်ရက်များ ကြီးပွားထမြောက်အောင် အားထုတ်နိုင်ပါမူ ဗောဓိပက္ခိယတရား ၃၇-ပါးတို့ကို ပွားများမှု အကုန်ပြီးစီးနိုင်သည်။
၁။ ဒီပနီပေါင်းချုပ်၊ ၂၇၂၊ ၇၃။

စာမျက်နှာ-364


အာနာပါနဖြင့် သမာဓိကိုထူထောင်ပုံ

ဃရာဝါသသမ္မာ၌ နေကြကုန်သောသူတို့သည် နေ့အခါတွင် အားထုတ်ခွင့်မရနိုင်သော် ညအခါ မအိပ်စက်မီ ၁-နာရီခန့်၊ ၂-နာရီခန့်၊ နံနက်၌ မထမီ တနာရီမျှပင်ဖြစ်စေ အာနာပါနအလုပ်ကို အားထုတ်သင့်ကြပါသည်။ အားထုတ်ပုံမှာ –

“သတောဝ အဿသတိ၊ သတောဝ ပဿသတိ”

ဟူသော ပါဠိတော်မြတ်နှင့်အညီ ပိုင်းခြားသောနာရီတွင်း၌ မိမိစိတ်ကို ထွက်သက် ဝင်သက်အာရုံမှတပါး အခြားသို့ မထွက်စေမူ၍ ထိုနာရီအတွင်းတွင် ထွက်သက်ဝင်သက် အာရုံ၌သာ မိမိစိတ်ကို တည်ငြိမ်စွာနေအောင် ကာယိကဝီရိယ၊ စေတသိကဝီရိယ ၂-ပါးနှင့် အားထုတ်၍ ရှုကြရမည်။

ဝိရိယ ၂-ပါး

ကာယိကဝီရိယဆိုသည်ကား မိမိပိုင်းခြားသော နာရီအတိုင်း တနေ့တရက်မျှ မပျက်မကွက်စေရအောင် တက်ကြွလုံ့လ ဝီရိယကိုပြုမှုဖြစ်သည်၊ စေတသိကဝီရိယဆိုသည်ကား ထွက်သက်ဝင်သက်တည်းဟူသောအာရုံမှ တခြားတပါးသောအာရုံသို့ စိတ်ကိုမထွက်စေရအောင် ကြောင့်ကြစိုက်ထုတ်ခြင်း၊ ငိုက်မြည်းမှု၊ မှိုင်းမှု၊ မေ့မောမှုမရှိစေရန် မိမိစိတ်ကို ထွက်သက်ဝင်သက်တည်းဟူသော အာရုံ၌ အတွင်လှုံ့ဆော်ပေးမှုဖြစ်သည်။
၁။ ဒီပနီပေါင်းချုပ်၊ ၃၂၄။
၂။ အာနာပါနဒီပနီ၊ ၁၅။

စာမျက်နှာ-365


စိတ်အမှတ်ပြုမှု မြဲအောင်လုပ်

နှာခေါင်းဝ၌ မိမိစိတ်ကို အခိုင်အမြဲစိုက်ထား၍ ထိုအရပ်၌ ထွက်သက်လေခပ်သောအခါ (ဝါ) ထိတွေ့ရသောအခါ “ထွက်သက်” ဟူ၍၊ ဝင်သက်လေ ထိတွေ့သောအခါ “ဝင်သက်” ဟူ၍ စိတ်အမှတ်ပြုမှုမြဲအောင် လုပ်ရမည်။ ထိုသို့အားထုတ်သော ကာယိကဝီရိယ၊ စေတသိကဝီရိယ ၂-ပါးသည် သမ္မာဝါယာမမဂ္ဂင်မည်၏။ ထိုသို့အားထုတ်၍ လခွဲ၊ ၁-လ၊ ၂-လစသည် ကြာမြင့်သောအခါ ထွက်သက်ဝင်သက်၌ သတိတရားသည် ခိုင်စွာရပ်တည်၏။ ထိုသတိတရားသည် သမ္မာသတိ မဂ္ဂင်မည်၏။ ထွက်သက် ဝင်သက် အာရုံ၌ စိတ်၏တည်ငြိမ်ခြင်း သမာဓိတရားသည် တိုးပွား၍လာ၏၊ ထိုသမာဓိတရားသည် သမ္မာသမာဓိမဂ္ဂင်မည်၏၊ သမာဓိက္ခန္ဓမဂ္ဂင်သုံးပါး ထူထောင်မိ၏၊ စိတ်ရူး၊ စိတ်နောက်သည် တနေ့တခြား ပျောက်ကင်း၍ သွား၏။

ကမ္မဋ္ဌာန်းအာရုံနှင့် တွေ့ကြုံလျှင် မိမိတို့စိတ်ကို အစိုးမရမှုသည် လူတိုင်းမှာပင် သိမြင်ထင်ရှားလျက် ရှိကြ၏၊ လောက၌ စိတ်ကိုအစိုးမရကြသော သူရူးသူနှမ်းများသည် လောကအရေးအရာတို့၌ အသုံးမကျဖြစ်၏၊ ထို့အတူ လောက၌ လူကောင်းသူကောင်း ဆိုရသော သူတို့သည် ကမ္မဋ္ဌာန်းအမှု၌ကား စိတ်ကိုအစိုးမရကြသော သူရူးသူနှမ်းအရာ၌ပင် တည်ကြကုန်၏၊ ကမ္မဋ္ဌာန်းမှုနှင့်ပင် တွေ့ကြုံလျှင် အသုံးမကျရှိနေကြကုန်၏၊ ထို့ကြောင့် စိတ်ရူးစိတ်နောက်တို့ကို ပျောက်ကင်းကြစေခြင်းငှါ ဤသမာဓိက္ခန္ဓမဂ္ဂင်သုံးပါးကို အားထုတ်ကြရမည်။

စိတ်ရူး စိတ်နောက် ပျောက်နိုင်ပုံ

သမာဓိက္ခန္ဓမဂ္ဂင်သုံးပါး ထူထောင်မိလျှင် ဥပစာရဘာဝနာ၊ အပ္ပနာ ဘာဝနာအဆင့်သို့ မရောက်ကြသေးသော်လည်း တနေ့ တနေ့လျှင် ၁-နာရီအတွင်း၊ ၂-နာရီအတွင်းမှာ အာနာပါနအာရုံ၌ မိမိစိတ်ကို တည်ငြိမ်စွာ သမာဓိရအောင် ထားနိုင်ပါလျှင် အလိုရှိရာကမ္မဋ္ဌာန်း၌ စိတ်ကိုထားခြင်းငှာ လွယ်ကူပေတော့သည်။
၁။ ဒီပနီပေါင်းချုပ်၊ ပ၊ ၂၀၂၊ ၂၀၃။

စာမျက်နှာ-366


သမာဓိက္ခန္ဓမဂ္ဂင်သုံးပါး ထူထောင်မိ၍ စိတ်၏စင်ကြယ်မှု (စိတ္တဝိသုဒ္ဓိ) ဖြစ်လေသောအခါ ငါ၊ ငါ၊ ငါ စွဲလမ်းမှု (သက္ကာယဒိဋ္ဌိ) ၏ အစီးအပွားဖြစ်ကုန်သော သူတပါးစည်းစိမ်ကို မတရားယူလိုမှု (အဘိဇ္ဈာ)၊ သူတပါးပျက်စီးဖို့ရန် ကြံစည်မှု (ဗျာပါဒ)၊ အယူမှားမှု (မိစ္ဆာဒိဋ္ဌိ) ဟူသော မနောဒုစရိုက် သုံးပါးတို့ ကင်းကွာ၍ ဒိဋ္ဌိ၏ မနောကံထကြွလှုပ်ရှားမှုကြီး မရှိတော့ဘဲ ငြိမ်ဝပ်၍သွားပေတော့၏။ ဈာန်မဂ် စသည်ကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရားတို့ကြောင့် ဖြစ်သော စိတ်ရူးစိတ်နောက် စိတ်လေစိတ်လွင့်များ ကင်းပျောက်လျက် မဂ်လမ်း ဖိုလ်လမ်း နိဗ္ဗာန်စခန်းသို့ ဖြောင့်တန်းစွာ ဝင်ရောက်နိုင်မည် ဖြစ်ပါသတည်း။
၁။ ဒီပနီပေါင်းချုပ်၊ ၂၀၃။

စာမျက်နှာ-367

ဇီဝိတိန္ဒြေ စေတသိက်

၁။ ဇီဝိတိန္ဒြေမည်ပုံ

ဇီဝိတိန္ဒြိယ၌− ဇီဝိတ+ ဣန္ဒြိယ= ဇီဝိတိန္ဒြိယ၊ ဇီဝိတ=အသက်၊ ဣန္ဒြိယ=အစိုးရခြင်း၊ ဇီဝိတိန္ဒြိယ= အသက်ရှင်သန်မှုကို အစိုးရခြင်း၊ ထို့ကြောင့်

(က) သမ္ပယုတ်တရားတို့ကို အသက်ရှင်စေတတ်သော သဘောသည် လည်းကောင်း၊
(ခ) မိမိကိုယ်တိုင်လည်း အသက်ရှင်တတ်သော သဘောသည် လည်းကောင်း၊
(ဂ) အသက်ရှင်ခြင်းမျှဖြစ်သော သဘောသည် လည်းကောင်း ဇီဝိတိန္ဒြေမည်၏။

၂။ ဇီဝိတိန္ဒြေ၏ လက္ခဏာ

ဇီဝိတိန္ဒြေစေတသိက်သည် မိမိနှင့် အတွတကွဖြစ်သော နာမ်တရားတို့ကို အစဉ်မပြတ် စောင့်ရှောက်ခြင်း သဘောလက္ခဏာရှိသည်။

နာမ်တရားတို့ကို စောင့်ရှောက်ပုံ

ဇီဝိတိန္ဒြေ စေတသိက်နှင့် အတူတကွ ဖြစ်သည့် တရားများမှာ သတ္တဝါတို့သန္တာန်ဝယ် ဇီဝိတိန္ဒြေ စေတသိက်နှင့် အတူတကွ ဖြစ်ပေါ်နေသည့် စိတ်၊ စေတသိက် နာမ်တရားများ ဖြစ်သည်။ သတ္တဝါတို့ သန္တာန်တွင် ထိုနာမ်တရားတို့ သက်တမ်းစေ့ တည်တံ့နေအောင် ဇီဝိတိန္ဒြေ စေတသိက်က စောင့်ရှောက်သည်။ စောင့်ရှောက်ပုံကို အဘိဓမ္မာကျမ်းဂန်များ၌ နို့ထိန်း၊ လှေလှော်သူ ဥပမာများဖြင့် ထင်ရှားအောင် ဖွင့်ဆိုကြသည်။
၁။ ဝိသုဒ္ဓိ၊ ဋ္ဌ၊ ၂၊ ၃၄၄။
၂။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၇။
၃။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၇။

စာမျက်နှာ-368


ဥပမာ

ရေသည် ကြာကို စိမ်းစိုရွှင်လန်းအောင် စောင့်ရှောက်၏၊ ကြာပင်ကို ညှိုးမခြောက်ရအောင် ရေက စောင့်ရှောက်သည်၊ ကြာပင်ကို စိမ်းရွှင်လန်းဆန်း ရှင်သန်နေခြင်းသည် ရေက စောင့်ရှောက်သောကြောင့် ဖြစ်သည်။ ထို့အတူ ဇီဝိတိန္ဒြေသည် ဖဿဝေဒနာ စသည့် နာမ်တရားတို့ သက်တမ်း တည်တံ့နေအောင် စောင့်ရှောက်၏။ နာမ်တရားကို သက်တမ်းစေ့တည်တံ့ရှင်သန်နေခြင်းသည် နာမ်ဇီဝိတိန္ဒြေ စောင့်ရှောက်သောကြောင့် ဖြစ်သည်။

ဖဿဝေဒနာ စသည့် နာမ်တရားတို့သည် သတ္တဝါတို့ ပဋိသန္ဓေတည်နေသည်မှစ၍ ခန္ဓာငါးပါးတို့ အပြီးသတ် ချုပ်ငြိမ်းသည့်တိုင်အောင် မိမိတို့ လက္ခဏာများလျော်စွာ ဖြစ်ပေါ်၍နေသည်။ ဤသို့ ဖြစ်ပေါ်ခြင်းကို နာမ်တရားတို့ အသက်ရှင်သန်နေသည်ဟုဆိုသည်။ ဤသို့ နာမ်တရားတို့ အသက်ရှင်သန်နေအောင် ဇီဝိတိန္ဒြေစေတသိက်က စောင့်ရှောက်ရသည်။ နာမ်တရားတို့သည် ဇီဝိတိန္ဒြေနှင့်ကင်း၍ မသက်ရှင်နိုင်၊ ဇီဝိတိန္ဒြေနှင့်ကင်း၍ အသက်ရှင်နိုင်ခွင့်မရှိ၊ ပရိနိဗ္ဗာန်မရောက်သေးသမျှ နာမ်တရားတို့ အသက်ရှင်သန် ဖြစ်ပေါ်မှုသည် နာမ်ဇီဝိတိန္ဒြေစေတသိက်လက်တွင်းမှာ ရှိသည်။

ထို့ကြောင့် နာမ်တရားတို့ကို အသက်ရှင်သန်မှုအပေါ် ဇီဝိတိန္ဒြေစေတသိက်က အစိုးရ၏။ ငါနှင့်ကင်း၍ သင်စိတ်အစဉ် နာမ်တရားတို့မှာ အသက်ရှင်နိုင်ခွင့်မရှိ၊ ထို့ကြောင့် သင်တို့၏ အသက်ရှင်သန်မှုသည် ငါ၏ လက်တွင်းမှာ ရှိနေ၏၊ သင်တို့၏ အသက်ရှင်သန်မှုကို ငါအစိုးရ၏ဟုဆိုဘိသကဲ့သို့ နာမ်တရားတို့ အသက်ရှင်မှုကို ဇီဝိတိန္ဒြေက အစိုးရသည်၊ ထို့ကြောင့် ဇီဝိတိန္ဒြေ စေတသိက်ဆိုသည်မှာ နာမ်တရားတို့ကို အသက်ရှင်သန်မှု၌ အစိုးရမှု၊ နာမ်တရားတို့ အသက်ရှင်နေအောင် စောင့်ရှောက်ထိန်းသိမ်းနေသည့် သဘောတရားကို ဇီဝိတိန္ဒြေစေတသိက်ဟုခေါ်သည်။

အချုပ်အားဖြင့် ဆိုရသော် ဇီဝိတိန္ဒြေစေတသိက်ဆိုသည်မှာ- နာမ်ခန္ဓာအစဉ် မပျောက်မပျက်စေရန် စောင့်ရှောက်ထိန်းသိမ်းနေသည့် သဘောတရားပင်ဖြစ်သည်။
၁။ သံခိပ်၊ ဋီ၊ ၂၊ ၁၇၊ ၁၈၊ ၁။

စာမျက်နှာ-369


သဘောတရားကိုခေါ်သည်။ (ဝါ) ပဋိသန္ဓေမှစ၍ ဘဝဇာတ်သိမ်း ချုပ်ငြိမ်းသည့်အထိ နာမ်တရားများ အစဉ်မပြတ်ဖြစ်စေနိုင်သည့် သတ္တိထူးကို ဇီဝိတိန္ဒြေစေတသိက်ဟုခေါ်သည်။

ထင်ရှားရှိခိုက်သာ စောင့်ရှောက်ပုံ

ဥပမာ၌ နှစ်မျိုးခွဲခြားမှတ်သားသင့်သည် -
(၁) ရေကန်ရှိရေ
(၂) ကြာရိုးကြာစွယ်အတွင်းရှိရေ
ဟူ၍နှစ်မျိုးဖြစ်သည်။

၁။ ရေကန်ရှိရေ။ ရေကန်ရှိရေသည် ကြာပင်ကို စိမ်းရွှင်လန်းဆန်းအောင် စောင့်ရှောက်သော်လည်း ကြာပင် ထင်ရှားရှိခိုက်သာ စောင့်ရှောက်နိုင်၍ ကြာပင်မရှိက မစောင့်ရှောက်နိုင်။ ထိုအတူ ဇီဝိတိန္ဒြေစေတသိက်သည် နာမ်တရားတို့ကို သက်တမ်းစေ့တည်ရှိအောင် စောင့်ရှောက်သော်လည်း နာမ်တရားတို့ မချုပ်မပျောက်ထင်ရှားရှိခိုက်သာ စောင့်ရှောက်နိုင်သည်၊ သက်တမ်းစေ့၍ ချုပ်ပျောက်ပြီးနောက် မစောင့်ရှောက်နိုင်။

၂။ ကြာရိုးကြာစွယ်အတွင်းရှိရေ။ ကြာရိုးကြာစွယ်အတွင်းရှိ ရေသည် ကြာရိုးကြာစွယ်အတွင်း မိမိထင်ရှားရှိခိုက်သာ ကြာရိုးကြာစွယ်ကို စိမ်းရွှင်လန်းဆန်းအောင် စောင့်ရှောက်နိုင်သည်၊ ထို့အတူ ဇီဝိတိန္ဒြေစေတသိက်သည် မိမိထင်ရှားရှိဆဲ ခဏ၌သာ နာမ်တရားတို့ သက်တမ်း တည်ရှိအောင် စောင့်ရှောက်နိုင် သည်။

ဤ၌ ဆိုလိုသည့် သဘောမှာ - သားသမီးက မိဘကို စောင့်ရှောက်ရာ၌ သားသမီးနှင့်မိဘတို့ အသက်ထင်ရှား ရှိခိုက်၌သာ စောင့်ရှောက်နိုင်သကဲ့သို့ ဇီဝိတိန္ဒြေစေတသိက်က နာမ်တရားတို့ကို စောင့်ရှောက်ရာ၌ မိမိ ဇီဝိတိန္ဒြေစေတသိက်နှင့်နာမ်တရားတို့ ထင်ရှားရှိခိုက်သာ စောင့်ရှောက်နိုင်သည်ဟု ဆိုလိုပါသည်။
၁။ ဇာ၊ ၁၊ ၃၁၉။ အဘိ၊ ဝတာရ၊ ဋီ၊ သစ်၊ ၃၀၁။

စာမျက်နှာ-370


နို့ထိန်း (ကလေးထိန်း) ဥပမာ

ဇီဝိတိန္ဒြေ စေတသိက်က မိမိထင်ရှားရှိခိုက် နာမ်တရားတို့ကိုစောင့်ရှောက်ရာ၌ နို့ထိန်းနှင့်တူ၏။ နို့ထိန်းသည် သူတပါးဝမ်းမှ သူတပါးကြောင့်ဖြစ်ပေါ်လာသော ကလေးငယ်တို့ကို ကျွေးမွေးယုယ စောင့်ရှောက်၏၊ မိမိကိုယ်တိုင်ကမူ သားငယ် သမီးငယ်၊ ကလေးငယ်များဖြစ်ပေါ်လာအောင် မစွမ်းနိုင်။

ထို့အတူ ဇီဝိတိန္ဒြေစေတသိက်သည် မိမိထင်ရှားရှိခိုက် ယှဉ်ဖက်နာမ်တရားတို့ကို စောင့်ရှောက်သော်လည်း တပါးသောကံစသော အကြောင်းတရားတို့ကြောင့် ဖြစ်ပေါ်လာသော ယှဉ်ဖက်နာမ်တရားတို့ကိုသာ စောင့်ရှောက်သည်၊ မိမိကိုယ်တိုင်ကမူ ကံစသော တပါးသော အကြောင်းတရားတို့ကဲ့သို့ မဖြစ်ပေါ်သေးသော တရားများ ဖြစ်ပေါ်လာအောင် မစွမ်းနိုင်။

လှေလှော်သူဥပမာ (ကိုယ့်ကိုယ်ကိုယ်စောင့်)

ဇီဝိတိန္ဒြေ စေတသိက်သည် ယှဉ်ဖက် နာမ်တရားတို့ကို စောင့်ရှောက်သည်ဟု ဆိုရာ၌ မိမိဇီဝိတိန္ဒြေစေတသိက်ကို မည်သည့် တရားက စောင့်ရှောက်သနည်းဟူမူ -

လှေကို တဘက်ကမ်းသို့ ပို့ဆောင်သော လှေသမားသည် ပို့ရင်းက လှေကိုသာ ပို့ဆောင်သော်လည်း လှေနှင့်မိမိသည် ဆက်စပ်တည်နေသဖြင့် မိမိကိုလည်း ပို့ဆောင်ရာ ရောက်သကဲ့သို့ ဇီဝိတိန္ဒြေ စေတသိက်သည်လည်း ယှဉ်ဖက် နာမ်တရားတို့ကိုသာ စောင့်ရှောက်၏။ သို့ရာတွင် မိမိသည် ယှဉ်ဖက် နာမ်တရားတို့နှင့် ဆက်စပ်တည်ရှိနေသဖြင့် မိမိကိုယ်ကိုလည်း စောင့်ရှောက်သည် မည်ပေသည်။
၃။ အဘိ၊ ဝတာရ၊ ဋီ၊ သစ်၊ ၃၀၁။

စာမျက်နှာ-371


ဤ၌ ဆိုလိုသည်မှာ - ပျော်ပွဲရွှင်ပွဲသို့ သားသမီးများကို လိုက်ပို့သော မိဘများသည် မိမိကိုလည်း ပျော်ပွဲရွှင်ပွဲသို့ ပို့ဆောင်ပြီးသားဖြစ်သကဲ့သို့ ထို့အတူ ဇီဝိတိန္ဒြေစေတသိက်က ယှဉ်ဖက်နာမ်တရားတို့ကိုစောင့်ရှောက်သောအခါ မိမိသည်လည်း ယှဉ်ဖက်နာမ်တရားတို့နှင့် အတူဖြစ်သောကြောင့် မိမိကိုလည်း မိမိပင် စောင့်ရှောက်ရာ ရောက်သည်ဟုဆိုလိုပါသည်။

၃။ ဇီဝိတိန္ဒြေစေတသိက်၏ ရသ

ဇီဝိတိန္ဒြေစေတသိက်သည် မိမိနှင့်အတူတကွဖြစ်သည့်နာမ်တရားတို့ကို သန္တတိအစဉ် ပြတ်၍မသွားရန် စိတ်၊ စေတသိက်၊ နာမ် အစဉ်ဆက်ကာ ဆက်ကာ ဖြစ်အောင် ဆောင်ရွက်ခြင်း ကိစ္စရှိသည်။

နာမ်အစဉ်ဖြစ်အောင် ဆောင်ရွက်ပုံ

သတ္တဝါတို့ သန္တာန်တွင် ဇီဝိတိန္ဒြေစေတသိက်နှင့်အတူ စိတ် စေတသိက် နာမ်တရားများ ထာဝစဉ် ဖြစ်ပေါ်၍နေသည်၊ နာမ်တရားတို့သည် သတ္တဝါတို့သန္တာန်ဝယ် ဖြစ်ပျက်လက္ခဏာဖြင့် ဖြစ်ပေါ်နေကြခြင်းဖြစ်သည်။ ဖြစ်လိုက်ပျက်လိုက်၊ အခုဖြစ်၊ အခုပျက်လက္ခဏာဖြင့်ဖြစ်ပေါ်နေကြသည်။ ရေမြှုပ် ရေဗူးပေါင်းကလေးများပမာ တဖြစ်တည်း ဖြစ်၍ တပျက်တည်း ပျက်နေကြသည်။ ပဋိသန္ဓေမှစပြီး နိဗ္ဗာန်မရောက်သေးသမျှ ဖြစ်ပျက် ဖြစ်ပျက်လက္ခဏာဖြင့် ဆက်ကာဆက်ကာ ဖြစ်ပေါ်နေသည်။ ဤသို့ ဖြစ်ပေါ်နေမှုကို နာမ်သန္တတိ နာမ်အစဉ် ဖြစ်နေခြင်းဟု ခေါ်သည်။

ယင်းနာမ်အစဉ်ကို ဇီဝိတိန္ဒြေကဖြစ်စေသည်၊ နာမ်အစဉ်ဆက်ကာ ဆက်ကာ ဖြစ်နေအောင် နာမ်အစဉ်ပြတ်မသွားအောင် ဇီဝိတိန္ဒြေက ဆောင်ရွက်သည်။ သတ္တဝါတို့သန္တာန်တွင် နာမ်တရားများ ယင်းကဲ့သို့ ဖြစ်ပြီးနောက် ပျက်သွားခြင်းဖြင့် မပြတ်မလတ် ဆုံးပါး၍ နေသော်လည်း သန္တတိနာမ်အစဉ်ကား ပျက်မသွားပေ။ ဇီဝိတိန္ဒြေ၏ ဆောင်ရွက်မှုကြောင့် ထပ်ကာထပ်ကာ အဖန်ဖန်အသက်ရှင်ပြန်၍ နိဗ္ဗာန်မရောက်မချင်း ဆက်တိုက် ဖြစ်ပေါ်နေလေသည်။
၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၇။

စာမျက်နှာ-372


ဤသို့ စိတ် စေတသိက်နာမ်အစဉ် ပြိုကွဲ ပျက်စီးမသွားအောင် ဆောင်ရွက်ခြင်းသည် ဇီဝိတိန္ဒြေ စေတသိက်ကိစ္စ ဖြစ်သည်။

စိမ်းလန်းစိုပြေသော သစ်သီးသစ်ရွက်မှ အရည်ဓာတ်သည် မိမိနှင့်အတူဖြစ်သည့် အသီးအရွက်ကို မညိုးမနွမ်း မပိန်မခြောက်ရအောင် ဆောင်ရွက်သကဲ့သို့ ထို့အတူ ဇီဝိတိန္ဒြေစေတသိက်သည် မိမိနှင့်အတူ ဖြစ်သည့်စိတ် စေတသိက် နာမ်တရားတို့ အစဉ်တစိုက် ဆက်ကာဆက်ကာ ဖြစ်ပေါ်ရှင်သန်နေအောင် ဆောင်ရွက်လေသည်။ ယင်းသို့ ဇီဝိတိန္ဒြေက မဆောင်ရွက်ပါလျှင် သတ္တဝါတို့သန္တာန်ဝယ် စိတ်၊ စေတသိက်၊ နာမ် အစဉ်ကြီး ပြိုကွဲပျက်စီးသွားမည်သာ ဖြစ်သည်၊ ထို့ကြောင့် ဇီဝိတိန္ဒြေ စေတသိက်သည် နာမ်အစဉ်ဖြစ်ပေါ်အောင် ဆောင်ရွက်ခြင်းကိစ္စရှိသည် ဟု ဖွင့်ဆိုလေသည်။

၄။ ဇီဝိတိန္ဒြေစေတသိက်၏ ပစ္စုပဋ္ဌာန်

ဇီဝိတိန္ဒြေစေတသိက်သည် အတူဖြစ်ဖက် စိတ်စေတသိက် နာမ်တရားတို့ကို ချုပ်ပျက်မှု ဘင်ခဏမတိုင်မီ တည်တံ့အောင် ထားတတ်သော တရားဟု လေ့လာသူတို့ဉာဏ်မှာ ရှေးရှုထင်မြင်ခြင်းအခြင်းအရာ ရှိသည်။

ဘင်ခဏမတိုင်မီတည်တံ့အောင် ထားပုံ

ဇီဝိတိန္ဒြေ စေတသိက်သည် ပဋိသန္ဓေမှစ၍စုတိကျအောင် သို့မဟုတ် နာမ်ခန္ဓာအစဉ် အကြွင်းမဲ့ချုပ်ငြိမ်းသည်တိုင်အောင် သတ္တဝါတို့သန္တာန်ဝယ် ဖြစ်ပေါ်လျက်ရှိ၏။ ဇီဝိတိန္ဒြေစေတသိက်နှင့်အတူဖြစ်ဖက် စိတ် စေတသိက်နာမ်တရားများလည်း အတူဖြစ်ပေါ်၏။ ယင်းသို့ဖြစ်ပေါ်သောအခါ ပထမဆုံး စတင်ဖြစ်ပေါ်မှုကို ဥပါဒ်ခဏ၊ ယင်းနောက် ပင်ကိုအတိုင်း တည်နေမှုကို ဌီခဏ၊ ယင်းနောက် ချုပ်ပျက်သွားမှုကို ဘင်ခဏဟု ခေါ်သည်။
၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၇။

စာမျက်နှာ-373


ဇီဝိတိန္ဒြေ စေတသိက်သည် အတူဖြစ်ဖက်နာမ်တရားတို့ကို ဆိုခဲ့သည့် ခဏသုံးပါးမျှ တည်တံ့လျက် ရှင်သန်နေအောင် စောင့်ရှောက်သည်။ သို့ကြောင့် ယင်း ဇီဝိတိန္ဒြေစေတသိက်သည် အတူ ဖြစ်ဖက်နာမ်တရားတို့ကို ခဏသုံးပါးကာလပတ်လုံး တည်တံ့အောင်ထားတတ်သော တရားဖြစ်သည်။

ခဏသုံးပါးကာလမျှ တည်တံ့အောင် ထားသည်ဟု ဆိုသော်လည်း ဘင်အခိုက်အတန့် ဘင်္ဂဏသို့မရောက်မီသာ တည်တံ့အောင် စွမ်းဆောင်နိုင်သည်၊ ချုပ်ပျက်ဆဲ ဘင်ခဏ၌ကား တည်တံ့အောင် စွမ်းဆောင်နိုင်ပေ။

ဆီမီးဥပမာ

ကုန်ခန်းခဲ့သော ဆီ၊ မီးစာတို့သည် မီးလျှံမီးတောက်ကို တည်တံ့အောင် မစွမ်းဆောင်နိုင်သကဲ့သို့ ဇီဝိတိန္ဒြေသည်လည်း မိမိကိုယ်တိုင် ပျက်ဆဲချုပ်ဆဲဖြစ်သောကြောင့် ဘင်ခဏ ဘင်အခိုက်တွင် အတူဖြစ်ဖက် နာမ်တရားတို့ကို တည်တံ့အောင်မထားနိုင် မစွမ်းဆောင်နိုင်ဘဲ ပျက်ဆဲဘင်ခဏမတိုင်မီသာ ထားတတ်လေသည်။ ထို့ကြောင့် ဇီဝိတိန္ဒြေစေတသိက်ကို ပျက်ဆဲခဏမတိုင်မီသာ တည်တံ့ စေနိုင်သည့်တရားဟု ဖွင့်ဆိုကြလေသည်။

၅။ ဇီဝိတိန္ဒြေစေတသိက်၏ ပဒဋ္ဌာန်

ဇီဝိတိန္ဒြေစေတသိက်သည် မိမိစောင့်ရှောက်မှု၏အစွမ်းကြောင့် တည်တံ့နေသော အတူဖြစ်ဖက်နာမ်တရားလျှင် နီးစွာသောအကြောင်းရှိသည်။

နာမ်တရားများ နီးစွာသော အကြောင်းဖြစ်ပုံ

ဇီဝိတိန္ဒြေစေတသိက်နှင့် အတူဖြစ်ဖက် နာမ်တရားဆိုသည်မှာ သတ္တဝါတို့ သန္တာန်ဝယ် ပဋိသန္ဓေမှစ၍ ဇီဝိတိန္ဒြေ ဖြစ်ပေါ်နေ၏။ ဤသို့ဖြစ်ရာ၌ ဇီဝိတိန္ဒြေတပါးသာ ဖြစ်သည်မဟုတ်၊ စိတ် စေတသိက် နာမ်တရားများလည်း ဖြစ်ကြသည်၊ ထို့ကြောင့် အတူဖြစ်ဖက် နာမ်တရားများဆိုသည်မှာ သတ္တဝါတို့၌ရှိသည့် စေတသိက်နှင့် စိတ်တရားများဖြစ်သည်။
၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၇။

စာမျက်နှာ-374


ယင်းနာမ်တရားတို့သည် ဇီဝိတိန္ဒြေအစွမ်းကြောင့် အသက်ရှင်သန်တည်တံ့၍နေကြ၏။ ထို့ကြောင့် ယင်းနာမ်တရားများသည် မိမိဇီဝိတိန္ဒြေ၏ စောင့်ရှောက်မှု အစွမ်းကြောင့် တည်တံ့နေသော တရားများဖြစ်သည်၊ ဇီဝိတိန္ဒြေစေတသိက်၏ နီးစွာသောအကြောင်းမှာ- ယင်းအတူဖြစ်ဖက်နာမ်တရားများဖြစ်သည်။ ဤတွင်အကြောင်းဟူရာ၌ -
(၁) နီးကပ်သော အာသန္နအကြောင်း
(၂) ဝေးကွာသော ဒူရအကြောင်း
ဟူ၍ နှစ်မျိုးရှိသည်။

ဇီဝိတိန္ဒြေစေတသိက်သည် သတ္တဝါတို့၏ ရှေးအတိတ် ကံတရားကြောင့် ဖြစ်ပေါ်နေသည်၊ ထို့ကြောင့် ရှေးအတိတ်ကံသည် အသက်ရှင်သန်မှုဇီဝိတိန္ဒြေ၏ ဝေးသောဒူရအကြောင်းဖြစ်သည်၊ အတူဖြစ်ဖက်နာမ်တရားတို့မှာ ဇီဝိတိန္ဒြေစေတသိက်၏ နီးကပ်သော အာသန္နအကြောင်းဖြစ်သည်။ သတ္တဝါတို့သန္တာန်ဝယ် အတူဖြစ်ဖက် စိတ် စေတသိက်တရားများဖြစ်ပါမှ ဇီဝိတိန္ဒြေ ဖြစ်နိုင်သည်၊ ဇီဝိတိန္ဒြေဖြစ်မှလည်း စိတ် စေတသိက် တရားများ ဖြစ်နိုင်၏။ ဇီဝိတိန္ဒြေ နှင့်အတူ ဖြစ်ဖက်နာမ်တရားတို့သည် ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီဟူသကဲ့သို့ အညမညပစ္စည်း ပစ္စယုပ္ပန်တရားများဖြစ်ကြသည်။ သတ္တဝါတို့ သန္တာန်တွင် အသက်ဇီဝိတိန္ဒြေဖြစ်သောအခါ အတူဖြစ်ဖက် စိတ်ဝိညာဉ်လည်းဖြစ်သည်၊ ယင်း စိတ်ဝိညာဉ်ကို ဇီဝိတိန္ဒြေကအသက်ရှင်သန်အောင် စောင့်ရှောက်သည်၊ ထို့ကြောင့် စိတ်ဝိညာဉ်သည် ဥပါဒ် ဌီ ဘင် ခဏသုံးပါး အခိုက်အတန့်အတွင်း သက်တမ်းစေ့ တည်တံ့နိုင်ခြင်းဖြစ်သည်။ သို့ရာတွင် စိတ်ဝိညာဉ်မဖြစ်ဘဲလည်း အသက်ရှင်သန်မှု ဇီဝိတိန္ဒြေ မဖြစ်နိုင်။

စိမ်းစိုသော သစ်သီးသစ်ရွက်အတွင်းရှိ အရည်ဓာတ်သည် သစ်သီးသစ်ရွက်များမညှိုး မခြောက်ရအောင် စောင့်ရှောက်သည်၊ ထို့ကြောင့် စိမ်းရွှင်လန်းဆန်းတည်တံ့ နိုင်ကြသည်၊ သို့ရာတွင် သစ်သီးသစ်ရွက်များမရှိဘဲလည်း အရည်ဓာတ်မတည်နိုင်၊ မရှိနိုင်သကဲ့သို့ ဖြစ်သည်၊ ထို့ကြောင့် ဇီဝိတိန္ဒြေစေတသိက်သည် အတူဖြစ်ဖက်နာမ်တရားများလျှင် နီးစွာသော အကြောင်းရှိသည်ဟု ဖွင့်ဆိုကြသည်။

စာမျက်နှာ-375


၆။ ဇီဝိတိန္ဒြေ အကြောင်း အခြားသိကောင်းစရာများ

ဇီဝိတိန္ဒြေနှစ်မျိုး

ဇီဝိတိန္ဒြေသည် ရုပ်ဇီဝိတိန္ဒြေ၊ နာမ်ဇီဝိတိန္ဒြေ ဟူ၍ နှစ်မျိုး ရှိသည်။ ရုပ်ဇီဝိတိန္ဒြေက ရုပ်ပိုင်းဆိုင်ရာ ရုပ်တရားများ အသက်ရှင်သန်နေအောင် စောင့်ရှောက်၏၊ ထို့ကြောင့်ရုပ်ဇီဝိတိန္ဒြေကို ရုပ်တရားတို့၏အသက် ရုပ်သက်ဟုခေါ်သည်၊ နာမ်ဇီဝိတိန္ဒြေက နာမ်ပိုင်းဆိုင်ရာနာမ်တရားများအသက်ရှင်သန်နေအောင်စောင့်ရှောက်၏၊ ထို့ကြောင့် နာမ်ဇီဝိတိန္ဒြေကို နာမ်တရားတို့၏အသက် နာမ်သက်ဟု ခေါ်ဆိုကြသည်။

ထို့ပြင် ဇီဝိတိန္ဒြေစေတသိက်ကို နာမ်ဇီဝိတိန္ဒြေဟု ခေါ်သည်၊ ရုပ်ဇီဝိတကို ရုပ်ဇီဝိတိန္ဒြေဟုခေါ်သည်၊ သတ္တဝါတို့သည် ထိုဇီဝိတိန္ဒြေနှစ်မျိုးဖြင့် အသက်ရှင်သန်နေကြသည်၊ ထိုဇီဝိတိန္ဒြေနှစ်မျိုး ပျက်စီးသွားသည်ကိုပင် သတ္တဝါများ သေသည်ဟု ခေါ်ဆိုကြသည်။

သက်ရှိသတ္တဝါတို့၏အသက်

သိပ္ပံအဆို ဇီဝခေါ် အသက်ကို သိပ္ပံလောက၌မည်သည့်အရာဖြစ်သည်ဟူ၍ တိကျစွာမပြောနိုင်ကြောင်း၊ သို့ရာတွင်အကြား၊ အမြင် အတွေ့အကြုံတို့ကို အခြေပြု၍ပြောရသော် ဇီဝခေါ်အသက်ဟူသည် သဇီဝခန္ဓာကိုယ်ကိုဖွဲ့စည်း ထားသောတရားများနှင့် အစဉ်သဖြင့်ဆက်စပ်နေကြောင်း၊ ဇီဝကင်းမဲ့ သောရုပ်ကို အနှံ့အပြားများစွာတွေ့နိုင်သော်လည်း ရုပ်ကင်းမဲ့သောဇီဝကိုမူ ရှာ၍မတွေ့ကြောင်း၊ ထို့ကြောင့် ဇီဝခေါ် အသက်ဆိုသည်မှာ ရုပ်နှင့် ခွဲ၍မရအောင် ဆက်စပ်လျက်ရှိသောအရာ ဖြစ်ဖွယ်ရှိကြောင်း မြန်မာ့စွယ်စုံကျမ်း၌ ဖော်ပြထားသည်။

ဗုဒ္ဓအဘိဓမ္မာ၌ ဇီဝဆိုသည်မှာ ဇီဝိတိန္ဒြေခေါ်ဆိုကြောင်း၊ နှစ်ပေါင်းများစွာကြာမြင့်သော ကာလကပင် အတိအကျဆိုခဲ့သည်၊ ဗုဒ္ဓအဘိဓမ္မာကဆိုခဲ့သည့် ဇီဝိတိန္ဒြေခေါ်အသက်မှာ ရုပ်နာမ်ဇီဝိတိန္ဒြေ နှစ်မျိုးဖြစ်ရာ လူ၏ခန္ဓာကိုယ်တွင် ရုပ်နာမ်ခန္ဓာအစဉ်ကို မပျောက်ပျက်စေရန် အစဉ်မ
၁။ ဝိသုဒ္ဓိ၊ ဋ္ဌ၊ ၂၊ ၃၄၄။ အဘိ၊ ဋ္ဌ၊ ၃၊ ၂၁၂။
၂။ စွယ်စုံ၊ ၄၊ ၃၂၀။

စာမျက်နှာ-376


ပြတ် ဖြစ်ပေါ်စေနိုင်သော သတ္တိထူးဖြစ်သည် (ဝါ) ရုပ် နာမ် ခန္ဓာအစဉ်မပျက်စေရန် စောင့်ထိန်းနေသည့် သဘောတရားတခုဖြစ်သည်။ ယင်းသတ္တိထူးဖြင့် လူ၏ခန္ဓာကိုယ်တွင် ရုပ်ပိုင်းဆိုင်ရာ ရုပ်ခန္ဓာအစဉ်များနှင့် နာမ်ပိုင်းဆိုင်ရာ နာမ်ခန္ဓာအစဉ်များတို့ ရှင်သန်နေကြသည်၊ ယင်းသည် ပရမတ်သဘောတရား ဖြစ်၍ သိမ်မွေ့လှသည်၊ ထို့ကြောင့် ယင်းကို လက်ဆုပ်လက်ကိုင် သိနိုင်ရန်အတွက် နည်းလေးမျိုး ရှုထောင့် လေးမျိုးမှာ - လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်တို့ဖြစ်သည်။

ဗုဒ္ဓအဘိဓမ္မာက ပြဆိုခဲ့သည့် ဇီဝိတိန္ဒြေခေါ် အသက်ကို လက္ခဏာရှုထောင့်မှ ဆင်ခြင်သုံးသပ်၍လည်းကောင်း၊ ရသရှုထောင့်မှ ဆင်ခြင်သုံးသပ်၍လည်းကောင်း စသည်ဖြင့် ရှုထောင့်လေးမျိုးမှ ကြည့်ရှုဆင်ခြင်ရမည် ဖြစ်သည်။ ထိုလေးမျိုးဖြင့် ဆင်ခြင်သုံးသပ်နိုင်ရန် ဝီရိယနှင့် ဉာဏ်အားကို အဆင့်မြင့်အောင် ထူထောင်ရမည်ဖြစ်သည်၊ ထိုအခါ လူ၏ခန္ဓာကိုယ်တွင် ဇီဝခေါ် အသက်ဆိုသည်မှာ ဤလက္ခဏာရှိသော သဘောတရားတည်း (လက္ခဏ)။ ဤကိစ္စကို ဆောင်ရွက်နေသော တရားတည်း (ရသ)။ ဤသို့ ဤပုံ အခြင်းအရာရှိသော သဘောတရားတည်း (ပစ္စုပဋ္ဌာန်)။ ယင်း ဖြစ်ပေါ်လာစေရန် အနီးကပ်ဆုံးသော အကြောင်းတရားကား ဤတရားပင်တည်း (ပဒဋ္ဌာန်)ဟု ပြတ်ပြတ်သားသား ဉာဏ်၌ ထင်လာမည်ဖြစ်သည်။

ထို့ကြောင့် ဇီဝိတခေါ်အသက်ကို ပြတ်သားစွာသိလိုပါလျှင် ဉာဏ်အား ဝီရိယအားကို အဆင့်မြင့်အောင် ထူထောင်ပြီး အဘိဓမ္မာသဘောတရားများကို လေ့လာမှုနှင့် သမထဝိပဿနာ အားထုတ်မှုကို အခြေခံလျက် ထိုလေးမျိုးသော ရှုထောင့်များမှ ဆင်ခြင်သုံးသပ်ကြရန်ဖြစ်သည်။

အသက်နှင့် ရုပ်နာမ်

ဗုဒ္ဓအဘိဓမ္မာက ပြဆိုသည့် ဇီဝခေါ် အသက်မှာ - ရုပ်ကင်းမဲ့သော ဇီဝရှိသကဲ့သို့ နာမ်ကင်းမဲ့သော ဇီဝလည်းရှိသည်၊ ရုပ်ကင်းမဲ့သောဇီဝကို နာမ်သက်သက် သတ္တဝါ အရူပဗြဟ္မာများ၌ တွေ့ရပြီး နာမ်ကင်းမဲ့သော ဇီဝကို ရုပ်သက်သက်သတ္တဝါ အသညသတ်ဗြဟ္မာများ၌ တွေ့ရသည်၊ နာမ်သက်သက် ဇီဝရှိသည့် သတ္တဝါများ တည်ရှိနိုင်ပုံကိုလည်း အဘိဓမ္မာသုတေသီအချို့က

စာမျက်နှာ-377


ဤသို့ ယူဆကြသည်။ အထက်ကောင်းကင်တွင် အသံသဒ္ဒရုပ်များ (ရေဒီယိုအသံလှိုင်းစသည်) တည်ရှိသည်မှာ အထင်အရှားပင်ဖြစ်သည်။ အသံရုပ်သည် သြဠာရိကရုပ်ကြမ်းဖြစ်သည်၊ ရုပ်ကြမ်းများပင် တည်နိုင်သေးလျှင် အရူပ၊ အသညသတ်တို့၌ သိမ်မွေ့လှသည့် နာမ်ဇီဝနှင့် ရုပ်နုရုပ်ဇီဝတို့ တည်ရှိနိုင်သည်ကို မယုံမှားသင့်ဟု ယုံကြည်ကြသည်၊ ရုပ်ဇီဝ၊ နာမ်ဇီဝ နှစ်မျိုးလုံးကိုမူ လူ၊ နတ်၊ တိရစ္ဆာန်များနှင့် ရူပဗြဟ္မာတို့၌ တွေ့ရ၏။

သဝိညာဏကနှင့် အဝိညာဏက

ရုပ် နာမ် ဇီဝိတိန္ဒြေနှစ်မျိုးကို အစွဲပြု၍ ဤဇီဝိတိန္ဒြေနှစ်မျိုးတွင် တမျိုးမျိုးရှိသူများကိုလည်းကောင်း၊ ရုပ် နာမ်ဇီဝိတိန္ဒြေနှစ်မျိုးလုံးရှိသူများကို လည်းကောင်း သဝိညာဏက သက်ရှိဟုခေါ်ပြီး ယင်း ဇီဝိတိန္ဒြေများ မရှိသည့် တော၊ တောင်၊ ရေ၊ မြေ၊ သမုဒ္ဒရာစသည့် အရာဝတ္ထုများကို အဝိညာဏက သက်မဲ့ဟုခေါ်သည်။

တော၊ တောင်၊ ရေ၊ မြေ၊ သမုဒ္ဒရာစသည်တို့၌ နာမ်တရားများမရှိသဖြင့် နာမ်ဇီဝိတိန္ဒြေလည်းမရှိ၊ ရုပ်တရားများအနက် အဋ္ဌကလာပ်ရုပ် ရှစ်ခုရှိသော်လည်း ရုပ်ဇီဝိတိန္ဒြေမပါ၊ သက်ရှိ သက်မဲ့ဟူရာ၌ ဇီဝိတိန္ဒြေ နှစ်မျိုးရှိမရှိသည်သာ အဓိကလိုရင်းဖြစ်၏၊ ထို့ကြောင့် ဇီဝိတိန္ဒြေမရှိသော တော၊ တောင်၊ ရေမြေစသည်တို့ကို အဝိညာဏက သက်မဲ့ဟုခေါ်သည်။

သစ်ပင်သည် သက်ရှိလော သက်မဲ့လော

ဘုရားသခင်လက်ထက်တော် အာဠဝီပြည်သားရဟန်းတို့သည် အာဠဝီစေတီဝန်းကျင်တွင် သစ်ပင် ဝါးပင်များကို ခုတ်ထွင် ရှင်းလင်းကြကုန်၏၊ ထိုအခါလူဒါယကာတို့က ကဲ့ရဲ့ပြစ်တင်ကြသဖြင့် ထိုရဟန်းတို့အား ဘုရားရှင်က ဤသို့ ပြစ်တင်ရှုတ်ချတော်မူ၏ -

“အချီးနှီးဖြစ်သော ယောက်ျားတို့၊ သင်တို့သည် အဘယ်ကြောင့် သစ်ပင်ကို ခုတ်ဖြတ်ကုန်ဘိသနည်း၊ အချီးနှီးဖြစ်သော ယောက်ျားတို့၊ လူဒါယကာတို့သည် သစ်ပင်၌ အသက်ရှိ၏ဟုမှတ်ထင်ကြကုန်၏”။
၁။ ဝိ၊ မြန်၊ ၂၊ ၅၆။

စာမျက်နှာ-378


ဤသို့ဗုဒ္ဓမြတ်စွာ မိန့်မြွက်တော်မူသည်ကို ထောက်၍ သစ်ပင်ကို သက်မဲ့ အဝိညာဏကဟု ယူဆတော်မူကြောင်း ထင်ရှားစွာ သိနိုင်သည်။

မိလိန္ဒပဉှာပါဠိတော်၌လည်း -

“အရှင်ဘုရား နာဂသေန၊ သစ်ပင်သည် စိတ်စေတနာမရှိအံ့၊ သို့ဖြစ်ပါမူ ကြို့ပင်သည် ဘာရဒွါဇပုဏ္ဏားနှင့်အတူ စကားပြော၏ - ဟူသောစကားသည် မှားရာ၏၊ ကြို့ပင်သည် ထိုပုဏ္ဏားနှင့်အတူ အကယ်၍ စကားပြောသည်ဖြစ်အံ့၊ သစ်ပင်သည် စိတ်စေတနာမရှိဟူသော ထိုစကားသည် မှားရာ၏။

မင်းမြတ်၊ ‘သစ်ပင်သည် စိတ်စေတနာမရှိ’ ဟု ဘုရားမြတ်စွာသည် ဤစကားကိုလည်း ဟောတော်မူအပ်၏၊ ကြို့ပင်သည် လည်း ဘာရဒွါဇပုဏ္ဏားနှင့်အတူ စကားပြော၏၊ ဤစကားကိုလည်း လောကပညတ်အားဖြင့်သာ ဆိုအပ်၏၊ မင်းမြတ် စိတ်စေတနာမရှိသော သစ်ပင်ကား စကားပြောခြင်းသည်မရှိ၊ သစ်ပင်သည် စကားပြော၏ဟူသော စကားကား လောကပညတ်သာတည်း” ဟု မိန့်တော်မူသည်ကို လည်းကောင်း။

ထို့ပြင် ဥဒကသတ္တဇီဝပဉှာ၌ -

“အရှင်ဘုရား ... နာဂသေန၊ ဤရေသည် မီး၌ကြိုချက်အပ်သော် ဖျစ်ဖျစ်မည်၏၊ အသံအမျိုးမျိုးထွက်၏၊ ရေသည်အသက်ရှိပါသလော၊ အခြားသောဝတ္ထုတို့က နှိပ်စက်အပ်သည်ဖြစ်၍ အသံပြုပါသလော၊ အချို့သော တိတ္ထိတို့သည် ရေကို အသက်ရှိ၏ဟု ရေအေးကိုပယ်လျက် ရေကိုပူစေပြီးလျှင် သုံးဆောင်ကြကုန်၏။

မင်းမြတ်၊ ရေသည် အသက်မရှိ၊ ရေ၌အသက်ဇီဝသည် လည်းကောင်း၊ သတ္တဝါသည်လည်းကောင်း မရှိ၊ မီး၏အဟုန် ကြီးမားသောကြောင့်သာ အသံပြုခြင်းဖြစ်သည်”
၁။ မိလိန္ဒ၊ ၁၇၃။
၂။ မိလိန္ဒ၊ ၂၅၃။

စာမျက်နှာ-379


ပြင်းထန်မှုကြောင့် ရေသည် ဖျစ်ဖျစ်မည်၏၊ အသံအမျိုးမျိုး ထွက်၏” ဟု မိန့်တော်မူသည်ကို လည်းကောင်း။

သီလက္ခန်အဋ္ဌကထာ၌

မက္ခလိဂေါသာလက “သလေးမုယောစသည့် မြက်သစ်ပင် တို့ကို ကြီးပွားစည်ပင်ခြင်းသဘောရှိ၍ အသက်ရှိသည်ဟု ယူဆ ကြောင်းကို လည်းကောင်း” ယင်းအဋ္ဌကထာ၌ပင်-

နိဂဏ္ဍနာဋပုတ္တက “ရေအေး၌ သတ္တဝါဟု ယူဆကြောင်းကို လည်းကောင်း” မူလပဏ္ဏာသ အဋ္ဌကထာ၌-

“သံ ကြေး စသည်များကို အသက်ရှိသည်ဟု နှလုံးသွင်းကြ သည်များကိုလည်းကောင်း” မိန့်မြွက်ဖွင့်ဆိုကြ၏၊ ယင်းအဆိုအမိန့်များကို ဗုဒ္ဓဝါဒက လက်မခံသော ကြောင့်သစ်ပင်၊ တော၊ တောင်၊ ရေ မြေစသည့် အရာဝတ္ထုများသည် စိတ်စေတနာမရှိ၊ အသက်လည်းမရှိ သတ္တဝါလည်းမဟုတ် အဝိညာဏက သက်မဲ့များသာဖြစ်သည်မှာ ထင်ရှားလေသည်။

သာရတ္ထဋီကာရှင်းလင်းချက်

သစ်ပင်၏ သက်ရှိ သက်မဲ့နှင့် စပ်လျဉ်း ၍ သာရတ္ထဋီကာတွင် ဤသို့ ဖွင့်ဆိုထား၏။

“သစ်ပင်စသည်တို့၌ စိတ်မရှိသောကြောင့် အသက်မရှိ၊ စိတ် မရှိသည်၏ အဖြစ်ကို ခုတ်ဖြတ်သောအခါ စိတ်ရှိသော သတ္တဝါတို့ ကဲ့သို့ ကြောက်ရွံ့ ထိတ်လန့် တုန်လှုပ်ခြင်း မရှိသည်ကိုလည်း ကောင်း၊ ခုတ်ဖြတ်သော်လည်း စည်ပင်ပေါက်ဖွားတတ်သည်ကို လည်းကောင်း၊ ဇာတ်တူသဘော ရှိသည်ကို လည်းကောင်း၊

၁၊ ဒီ.ဋ္ဌ၊၁။၁၄၆။
၂၊ ဒီ၊ဋ္ဌ၊၁။၂၅၁။
၃။ မ၊ဋ္ဌ၊၁။၂၈။
၄။ သာရတ္ထ၊ဋီ၊၁။၁၉။

စာမျက်နှာ-380


ယောနိလေးမျိုး၌ ပါဝင်ခြင်း မရှိသည်ကိုလည်းကောင်း ထောက် ၍ သိအပ်၏။

ဆက်ဦးအံ့၊ ကြီးပွားခြင်း သဘောကား သန္တာ ကျောက် သလင်း၊ ရွှေစသည့် ရတနာများ၌လည်း ရှိသည်ပင်ဖြစ်၏၊ ထို့ကြောင့် သစ်ပင်စသည်တို့၏ ကြီးပွားခြင်းသည် အသက်ရှိ သည်၏ အဖြစ်၌ အကြောင်းမဟုတ်နိုင်။

မန်ကျည်းပင် စသည်တို့၏ အိပ်ခြင်းသည် လူတို့၏ကြံစည်ခြင်း (ပရိကပ္ပ)မျှသာဖြစ်၏၊ ထို့ကြောင့် သစ်ပင်စသည်တို့၏အာရုံယူမှု ဆိုသည်မှာ လူတို့၏ ကြံစည်ခြင်း (ပရိကပ္ပ) မျှသာ ဖြစ်သည်” ဤသို့ဖွင့်ဆိုသည်ကိုထောက်၍လည်း သစ်ပင်တို့သည် အဝိညာဏကသက်မဲ့ သာ ဖြစ်ကြလေသည်။

အဘိဓမ္မာအဆို

ဗုဒ္ဓအဘိဓမ္မာတွင် အသက်ဆိုသည်မှာ ဇီဝိတိန္ဒြေကို ခေါ်သည်၊ အသက်နှင့် ဝိပါက်ခန္ဓာကို ကံကပေးသည်။ ဇီဝိတိန္ဒြေသည် ကံကြောင့်ဖြစ်သည်၊ သတ္တဝါတို့သန္တာန်တွင် ပဋိသန္ဓေမှစ၍ ဖြစ်ပေါ်လာ၏၊ ထို့ကြောင့် ကံကြောင့်ဖြစ်သောသတ္တဝါ တို့၏ သန္တာန်၌သာ ဇီဝိတိရှိသည်၊ ကံကြောင့်မဖြစ်သော အရာဝတ္တု များ၌ ဇီဝိတိန္ဒြေမရှိ၊ သစ်ပင်၌ စိတ်စေတနာမရှိ၊ ထို့ကြောင့် ကုသိုလ် အကုသိုလ်ကံကို မပြုလုပ်တတ် ယင်းသို့ ကံမရှိလျှင် ကံကြောင့်ဖြစ်သော ဇီဝိတိန္ဒြေလည်းမရှိ၊ ထို့ကြောင့် သစ်ပင်၌ ရအပ်သောရုပ်ရှစ်မျိုးတွင် ဇီဝိတိန္ဒြေမပါ၊ ရုပ် နာမ်ဇီဝိတိန္ဒြေနှစ်မျိုးလုံးမရှိသောကြောင့် ဇီဝိတိန္ဒြေ၏ စောင့်ရှောက်မှုမှ ကင်းသဖြင့် ကမ္မဇရုပ် နာမ်အစဉ် ဆက်စပ်ဖြစ်ပေါ်မှု မရှိပေ၊ ကံကြောင့်ဖြစ်သော သတ္တဝါတို့၌ ဇီဝိတိန္ဒြေ စောင့်ရှောက်မှု ကြောင့် ကမ္မဇရုပ်၊ နာမ် အစဉ် ဆက်စပ်မှုရှိသည်။

သတ္တဝါတို့သန္တာန်၌ ဖြစ်ပြီးသော နာမ်တရားများ၊ ဖြစ် ပျက်လက္ခဏာအတိုင်း မပြတ်မလပ် ဆုံးပါး၍နေသော်လည်း ဇီဝိတိစောင့်ရှောက်မှုကြောင့် နာမ်တရားများ ထပ်ကာထပ်ကာ အဖန်ဖန်အသက်ရှင်

စာမျက်နှာ-381


ပြန်၍ နိဗ္ဗာန်မရောက်မီတိုင်အောင် ဆက်စပ်ဖြစ်ပေါ်နေသည်၊ ဤသို့ အဆက်မပြတ် ဖြစ်ပေါ်ရှင်သန်မှုကို နာမ်သံသရာဟုခေါ်သည်၊ သစ်ပင်တို့ ၌ ဤကဲ့သို့ နာမ်သံသရာကျင်လည်မှုမရှိ၊ ဥတုကြောင့်ဖြစ်သော ရုပ်ခန္ဓာ၏ ဖြစ်ပျက်မှုအစဉ် ရူပသန္တတိသာရှိသည်၊ နာမ်သံသရာ နာမ်သန္တတိ အစဉ်၏ကျင်လည်မှုသည် နိဗ္ဗာန်မရောက်မီတိုင်အောင်ရှိပြီး ရုပ်ခန္ဓာ၊ ရုပ်သန္တတိ အစဉ်၏ကျင်လည်မှုသည် တဘဝလျှင် တခါသေမြဲဖြစ်သည်။

သစ်ပင်တို့၏ တိုးတက်ကြီးပွားမှု ဆုတ်ယုတ်မှုမှာ အသက်ရှိ၍မဟုတ်၊ ဗီဇနိယာမ၏ သဘောအရသာဖြစ်သည်၊ “နိယာမဒီပနီတွင်” အောက်ပါ အတိုင်း ဖော်ပြထားသည်—

“ဗီဇနိယာမဆိုသည်ကား တစုံတယောက်သော ပုဂ္ဂိုလ် သတ္တဝါဖြစ်သူ မပြုမပြင်ပါဘဲလျက် ပြုပြင်ဘိသကဲ့သို့ မြက်သစ်ပင် တို့၌ မျိုးစေ့၏တန်ခိုးဖြင့် မဖောက်မပြန်ဘဲ အစဉ်မြဲသောအမူအရာ အထူးကို ဆိုသည်၊ ကုလားပဲ၊ ဂျုံတို့၏ မြောက်အရပ်သို့မျက်နှာမူ ခြင်း၊ ဒက္ခိဏာနွယ်အမျိုးတို့မှာ သစ်ပင်ကို တောင်အရပ်မှ နွယ် ခြင်း၊ နေကြာပန်းတို့မှာ နေရှိရာမျက်နှာမူခြင်း၊ မာလောနွယ်မှာ သစ်ပင်ရှိရာသို့ ရှေးရှုခြင်း၊ အုန်းသီးတို့မှာ ထိပ်၌အပေါက်ရောက် ခြင်း၊ ထိုထိုမျိုးစေ့တို့မှဖြစ်သော အပင်တို့၏ အသီးတို့သည် မျိုး စေ့နှင့်တူစွာ သီးခြင်း စသည်တို့သည် ဗီဇနိယာမတန်ခိုးတို့ပေ တည်း။” ဟူ၍လည်းကောင်း။

“သရက်၊ ပိန္နဲအစရှိကုန်သော သင်္ခါရလောကတို့၏ ဟရိတ ခေါ်သော ဗီဇဓာတ်ကြီးသည် အသက်မရှိ၊ စိတ်မရှိ၊ ဉာဏ်မရှိ၊ ထိုသို့ ဖြစ်ပါလျက် အပင်အသစ် အသစ်ပေါက်ဖွားရန် ကိစ္စမှာ အဘယ်မျှလောက် တန်ခိုးကြီးသည်ဟု သိမြင်ကြကုန်ပြီ၊” ဟူ၍လည်းကောင်း။
၁။ ဒီပနီပေါင်းချုပ်၊ ၁။ ၄၃၆၊ ၄၄၀၊ ၄၄၁။

စာမျက်နှာ-382


“အချို့သောသစ်ပင်တို့၌ ဤဗီဇနိယာမ စီရင်ချက်ကြောင့် တင့်တယ် ဆန်းကြယ်လျက်ရှိသော အပင်သန္တာန်၊ အကိုင်း သန္တာန်၊ အခက်၊ အရွက်၊ အပွင့်၊ အသီးသန္တာန်တို့ကို လူဖြစ်သူ ပန်းချီဆရာတို့ပင် တူအောင် မရေးနိုင်ကြကုန်၊ ဗီဇနိယာမ၏ အစွမ်းတည်း-” ဟူ၍လည်းကောင်း ဆိုထား၏။

စိတ်ရှိသည် အသက်ရှိသည်ဟု ထင်မှတ်ရအောင်စွမ်းဆောင်ပုံမှာ ဗီဇဓာတ်၏ သတ္တိထူးကြောင့် ထိကရုန်းပင်တို့ကဲ့သို့ ထိလိုက်လျှင် တွန့်ခြင်း၊ ဆေးကမြင်းပင်တို့ကဲ့သို့ လူသံမကြားလျှင် ဆန်းပြားစွာလှုပ်ရှား၍ လူသံကြားလျှင် ငြိမ်နေခြင်း၊ ကင်မွန်းပင်၊ သင်္ဘောပင်၊ ကုက္ကိုပင်တို့ကဲ့သို့ နေဝင်လျှင်အိပ်ခြင်း၊ သန္တာနက် ကျောက်ခက်၊ ဆား၊ ဆပ်ပြာတို့ကဲ့သို့ အလိုအလျောက် ကြီးထွားနေခြင်းစသည်တို့ မှာ အသက်ရှိသည် စိတ်ရှိသည်ဟု ထင်မှတ်လောက်အောင် ထူးဆန်း၏၊ ဤသည်တို့မှာ ဗီဇဓာတ်၏ စွမ်းဆောင်ချက်များသာဖြစ်သည်၊ အသက် ဝိညာဉ်ရှိ၍မဟုတ်ပေ။

အသေအရှင်းပြဿနာ

သစ်ပင်များသေသည်ရှင်သည်ဟု ပြောဆိုကြ ခြင်းမှာ ဗီဇဓာတ်ကိုအစွဲပြု၍ ခေါ်ဝေါ်ကြခြင်း သာဖြစ်သည်။ ဒီပဲယင်းဆရာတော်၏ ပရမတ္ထစက္ခုကျမ်းတွင်-

“ဗီဇရုပ်ကိုအစွဲပြု၍ ဗဟိဒ္ဓသန္တာန်၌ အသေအရှင်ဝေါဟာရ ဖြစ်သည်၊ အဇ္ဈတ္တသန္တာန်ဇီဝိတရုပ်နှင့်အလားတူ၏၊ ဗီဇရုပ်ရှိသော သစ်ပင် သစ်စေ့စသည်တို့သည် အာပေါဓာတ်၊ ဩဇာဓာတ် ထောက်ပံ့အပ်သော ဥတုနှင့်ပေါင်းစပ်ထိတွေ့ရသောအခါ ပေါက် ရောက်စည်ကား ပွားများစည်ပင် ရွှင်ကြလေကုန်၏” ဟူ၍ ဖော်ပြထားသည်၊ ထို့ပြင် သမ္မောဟဝိနောဒနီအဋ္ဌကထာ၌-
၁။ ပရမတ္ထစက္ခု။ ၂၀။
၂။ အဘိ၊ ဋ္ဌ၊ ၂၊ ၉၅။

စာမျက်နှာ-383


“ဇီဝိတိန္ဒြေ၏ ပြတ်စဲခြင်းဟူသော ဤစကားရပ်ဖြင့် ဇီဝိတိန္ဒြေနှင့် စပ်သော သက်ရှိသတ္တဝါ၏သေဆုံးခြင်းမည်သည်ဖြစ်၏၊ ဇီဝိတိန္ဒြေနှင့် မစပ်သော သက်မဲ့ရုပ်၏ သေဆုံးခြင်း မည်သည်မရှိ။ ကောက်ပင်သေသည် သစ်ပင်သေသည် ဟူသော စကားများမှာ ဝေါဟာရမျှသာဖြစ်သည်၊ အနက်သဘောအားဖြင့် ဤစကားတို့ သည် ကောက်ပင်စသည်တို့၏ ကုန်ခြင်း ပျက်စီးခြင်းသဘောကို ပြခြင်းသာဖြစ်သည်” – ဟူ၍လည်းကောင်း။

ကထာဝတ္ထုအဋ္ဌကထာ၌ -
“ထိုရုပ်၊ နာမ်ဇီဝိတိန္ဒြေတို့ကြောင့်သာလျှင် သတ္တဝါသည် အသက်ရှင်၏။ ထိုဇီဝိတိန္ဒြေတို့၏ ပျက်စီးခြင်းကြောင့် သေဆုံး၏ဟု ဆိုအပ်၏” ဟူ၍လည်းကောင်း ဖွင့်ဆိုထား၏၊ ဤမိန့်ဆိုချက် ဖွင့်ဆိုချက်များအရ သစ်ပင်များသေသည် ရှင်သည်ဟုပြောဆိုခြင်းမှာ ဗီဇဓာတ်ကိုအစွဲပြု၍ ခေါ်ဝေါ်ကြခြင်းသာဖြစ်သည်။

ဗီဇဓာတ်သည် သက်ရှိသတ္တဝါသန္တာန်ရှိ ဇီဝိတရုပ်နှင့် အလားတူသည်၊ ဇီဝိတရုပ်ကိုအစွဲပြု၍ သတ္တဝါသေသည် ရှင်သည်ဟုအသေအရှင်ဝေါဟာရဖြစ်သကဲ့သို့ ဗီဇဓာတ်ကိုအစွဲပြု၍သစ်ပင်များသေသည်၊ ရှင်သည်ဟု အသေအရှင်ဝေါဟာရဖြစ်ရသည်။ ဗီဇဓာတ်ရှိသောသစ်ပင် ချုံနွယ်များနှင့် မျိုးစေ့တို့သည် မြေ ရေ၌ရှိ သော အာပေါဓာတ် ဩဇာဓာတ် ထောက်ပံ့အပ်သော ဥတုနှင့်ပေါင်းစပ် ထိတွေ့မှုကို ရသောအခါ အပင်များပေါက်လာပြီး တိုးတက်ကြီးပွားကာ စိမ်းလန်းစိုပြေ အသက်ရှင်သန်နေကြသည်၊ မြေ ရေ လေဓာတ်၊ ဥတု၊ ဩဇာဓာတ်တို့ ဖောက်ပြန်သည်နှင့် တပြိုင်နက် သေဆုံးကြလေသည် ထို့ကြောင့် သစ်ပင်များသေသည် ရှင်သည်ဟု ပြောဆိုကြခြင်းမှာ သစ်ပင်တို့အသက်ရှိ၍ ပြောဆိုကြခြင်းမဟုတ်ကြောင်း မှတ်သားရမည် ဖြစ်သည်။
၃။ အဘိ၊ ဋ္ဌ၊ ၂။ ၂၁။

စာမျက်နှာ-384


အကျဉ်းချုပ်မှတ်သားရန်

အချုပ်အားဖြင့် ဆိုရသော် သစ်ပင်၏ သက်ရှိ သက်မဲ့နှင့်စပ်လျဉ်း၍-
“ကံ၊ စိတ်၊ ဥတု၊ အာဟာရကြောင့်ဖြစ်သော အဇ္ဈတ္တရုပ်နာမ် ခန္ဓာ၏ဖြစ်ပျက်အစဉ်ကိုသာ သဝိညာဏက သက်ရှိဟု ဗုဒ္ဓအဘိဓမ္မာက သတ်မှတ်သည်၊ ဥတုကြောင့်သာဖြစ်ပေါ်သည့် ဗဟိဒ္ဓရုပ် ခန္ဓာ၏ဖြစ်ပျက်အစဉ်ကို အဝိညာဏက သက်မဲ့ဟုသတ်မှတ်သည်။ ယင်းသို့သတ်မှတ်ရခြင်း အကြောင်းမှာလည်း ဇီဝိတိန္ဒြေများရှိ မရှိသာလျှင် ပဓာနဖြစ်သည်၊ သစ်ပင်တို့၌ ဇီဝိတိန္ဒြေ နှစ်မျိုးလုံးမရှိဘဲ ဥတုကြောင့်ဖြစ်သော ဗဟိဒ္ဓရုပ်၏ ဖြစ်ပျက်အစဉ်သာရှိ၏။ ထို့ကြောင့် အဝိညာဏက သက်မဲ့များသာဖြစ်လေသည်။”

ဇီဝိတိန္ဒြေ၏စောင့်ရှောက်ရာ ကာလအဆုံးအဖြတ်

ဇီဝိတိန္ဒြေ၏ စောင့်ရှောက်ရာကာလမှာ သမာနဝါဒီဆရာတို့၏အဆိုအရ နာမ်ဇီဝိတိန္ဒြေဖြစ်စေ၊ ရုပ်ဇီဝိတိန္ဒြေဖြစ်စေ အတူဖြစ်ဖက်သဟဇာတ်တရားတို့၏ ဖြစ်ဆဲဥပါဒ်မှစ၍ စောင့်ရှောက် ထောက်ပံ့သည်ဟုဆို၏။ အချို့သော ကေစိဆရာတို့ကမူ နာမ်ဇီဝိတိန္ဒြေသာလျှင် ဖြစ်ဆဲဥပါဒ်ခဏမှစ၍ စောင့်ရှောက်ထောက်ပံ့နိုင်သည်၊ ရုပ်ဇီဝိတိန္ဒြေမှာ တည်ဆဲဌီခဏကာလမှစ၍ စောင့်ရှောက်ထောက်ပံ့နိုင်သည်ဟု ဆိုသည်။ ထိုကေစိဆရာတို့၏အဆိုကို အဘိဓမ္မာဝတာရဋီကာတွင် ပဋ္ဌာန်းပါဠိတော် ကို ထောက်ပြလျက် ပယ်ချထားသည်။

ဆိုလိုသည်မှာ ပဋ္ဌာန်းကျမ်း၌ အသညသတ်ဗြဟ္မာတို့၏ ဣန္ဒိယပစ္စည်းသည် ကမ္မပစ္စည်းနှင့်တူ၏ဟု ဟောတော်မူသောကြောင့် ရုပ်ဇီဝိတိန္ဒြေသည် ဖြစ်ဆဲဥပါဒ်ခဏမှစ၍ ကျေးဇူးပြုသည်ဟု ဆုံးဖြတ်လေသည်။
၁။ အဘိ၊ ဝတာရ၊ ဋီသစ်။ ၃၀၁။
၂။ ပဋ္ဌာန်း၊ ၁။ ၂၆။

စာမျက်နှာ-385


နာမ်ဇီဝိတိန္ဒြေသည် နာမ်ရုပ်နှစ်ပါးတို့ကို စောင့်ရှောက်သလော

ဇီဝိတိန္ဒြေ စေတသိက်၏ အခြင်းအရာ (ပစ္စုပဋ္ဌာန်) တွင် ပျက်ဆဲဘင်ခဏ၌ မိမိ ကိုယ်တိုင်က ချုပ်ဆဲဖြစ်၍ သူတပါးကို မတည်တံ့စေနိုင်ဟု ဆိုသဖြင့် မိမိ ချုပ်ပြီးနောက် မချုပ်သေးသော အတူဖြစ်ခဲ့သည့် စိတ္တဇရုပ် ပဋိသန္ဓေ ကမ္မဇရုပ်တို့ကို နာမ်ဇီဝိတိန္ဒြေက မစောင့်ရှောက်နိုင်ကြောင်း ထင် ရှားလေသည်။

ထို့ပြင် ဓမ္မသင်္ဂဏီပါဠိတော်၌ “နာမ်တရားတို့၏အသက်” ဟူ၍နာမ်ဇီဝိတိန္ဒြေက နာမ်တရားတို့ကို စောင့်ရှောက်ခြင်းကိုသာ ဟော တော်မူသည်။ အဋ္ဌကထာ၌လည်း “နာမ်တရားတို့ဟူသည် ဇီဝိတိန္ဒြေ စေတသိက်နှင့် ယှဉ်ဖော်ယှဉ်ဖက် သမ္ပယုတ်ဖြစ်သော နာမ်တရားတို့ပင် တည်း”ဟူ၍ သမ္ပယုတ်နာမ်တရားများဖြင့် ဖွင့်ဆိုမူသည်။ ထို့ပြင် ဇီဝိတိန္ဒြေစေတသိက်၏လက္ခဏာ၌လည်း “မိမိနှင့် ခွဲခြား၍ မရကုန်သော တရားတို့ကို စောင့်ရှောက်ခြင်း လက္ခဏာ ရှိ၏”ဟူ၍ မိန့်ဆိုသည်။ ထို့ကြောင့် နာမ်ဇီဝိတသည် နာမ်တရားတို့ကိုသာ စောင့်ရှောက်သည်။

စောင့်ရှောက်သည် မဟုတ်လော

စိတ္တဇရုပ် ပဋိသန္ဓေ ကမ္မဇရုပ်တို့ကိုလည်း “သဟဇာတ်တရားတို့ကို စောင့် ရှောက်ခြင်းကိစ္စ၌ အစိုးရခြင်း ကိစ္စနှင့် ယှဉ်ခြင်း ကြောင့် ဣန္ဒြေမည်၏၊ ထို့ကြောင့် ဇီဝိတိန္ဒြေမည်၏” ဟူ၍ ဋီကာ၌ ဖွင့်ဆိုသော ကြောင့် စိတ္တဇရုပ်၊ ကမ္မဇရုပ်တို့သည်လည်း သဟဇာတ်တရားများပင် ဖြစ်၍ ယင်းတို့ကိုလည်း စောင့်ရှောက်သည် မဟုတ်လော။

ထို့ပြင် “မိမိတို့၏ ဥစ္စာဖြစ်ကုန်သော အကျိုးပစ္စုပ္ပန် တရားတို့ကို လည်း စောင့်ရှောက်တတ်၏” ဟု အဋ္ဌကထာ၌ ဖွင့်ဆိုသောကြောင့် ရုပ်တရားတို့သည်လည်း အကျိုးပစ္စုပ္ပန်ပင်ဖြစ်၍ နာမ်ဇီဝိတိန္ဒြေသည် ရုပ်နာမ်နှစ်ပါးကိုပင်စောင့်ရှောက်သည်မဟုတ်လော-ဤသို့မေးရန်ရှိသည်။
၁။ အဘိ၊ ၁၊ ၂၀။
၂။ အဘိ၊ ဋ္ဌ၊ ၁။ ၁၉၃။
၃။ ဝိဘာဝနီဋီ။ ၁၀၆။
၄။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၇။

စာမျက်နှာ-386


အဋ္ဌကထာ၌ပင် “ပျက်ဆဲဘင်ခဏမှ အထက်၌မဖြစ်စေ၊ မတည်စေ မမျှစေနိုင်၊ အဘယ်ကြောင့်ဆိုသော် မိမိ၏လည်းကောင်း ဖြစ်စေတည်စေ မျှစေအပ်သော တရားတို့၏လည်းကောင်း မရှိခြင်းကြောင့်တည်း”ဟု ဖွင့် ဆိုသောကြောင့် နာမ်ဇီဝိတသည် ချုပ်ပျက်သည်မှနောက်၌ မိမိလည်းမရှိ၊ စောင့်ရှောက်အပ်သော တရားစုလည်း မရှိသောကြောင့် မစောင့်ရှောက် နိုင်ရကား သမ္ပယုတ်နာမ်တရားကိုသာ အကျိုးပစ္စယုပ္ပန် ယူရပါမည်။ “မိမိချုပ်ပြီးနောက် သဟဇာတ် တရားစုလည်း မရှိသောကြောင့်” ဟု ဖွင့်ဆိုသည်ကိုထောက်လျှင် ရုပ်တရားများကိုမဆိုလို၊ နာမ်တရားတို့ကို သာ ဆိုလိုကြောင်း ထင်ရှား၏။

အဘယ်ကြောင့်ဆိုသော် နာမ်ဇီဝိတချုပ်ပြီးနောက် သဟဇာတ်ဖြစ် သည့် စိတ္တဇရုပ် ကမ္မဇရုပ်တို့မှာ (၁၆)ချက် အသက်စေ့ အောင် ကျန်ရစ် သောကြောင့် ဖြစ်သည်၊ စောင့်ရှောက်ခြင်း အနုပါလနလက္ခဏာနှင့် စပ်လျဉ်း၍ ဘုရားဟော ပါဠိတော်မူရင်းအတိုင်း သမ္ပယုတ်နာမ်တရားတို့ ကိုသာ ယူရမည်။ အကျိုးပစ္စယုပ္ပန်ဖြစ်ကာမျှဖြစ်သည့် စိတ္တဇရုပ်၊ ပဋိ သန္ဓေ ကမ္မဇရုပ်များကို မယူသင့်ပေ၊ ထို့ကြောင့် နာမ်ဇီဝိတသည် နာမ် ကိုသာ စောင့်ရှောက်ပါသည်၊ နာမ်ရုပ် နှစ်ပါးကို မစောင့်ရှောက်ပါ။

ရုပ် နာမ်ဇီဝိတိန္ဒြေတို့ အတူချုပ်ကြပုံ

နာမ်ဇီဝိတိန္ဒြေခေါ် ဇီဝိတ စေတသိက်သည် ဥပါဒ် ဌီ ဘင် ခဏငယ် သုံးချက်မျှ အသက်ရှိ၏၊ ယင်းခဏငယ် သုံးချက်သည် စိတ္တက္ခဏတချက်ဖြစ်သည်၊ စိတ္တက္ခဏပေါင်း ၁၇- ချက်သည် ရုပ်ဇီဝိတိန္ဒြေ ၏ အသက်ဖြစ်သည်။ ရုပ်သက် နာမ်သက် ဖြစ်သော ရုပ် နာမ်ဇီဝိတိန္ဒြေတို့ သည် ချုပ်သောအခါ စုတိစိတ်၏ ဘင်ခဏဝယ် နှစ်ပါးစုံ တပြိုင်နက်အတူ ချုပ်ကြလေသည်၊ ထို့ကြောင့် ကထာဝတ္ထုအဋ္ဌကထာ၌-
၁။ အဘိ၊ ဋ္ဌ၊ ၁။ ၁၆၇။
၂။ ဝိနိစ္ဆယသုစိ။ ၇။
၃။ အဘိ၊ ဋ္ဌ၊ ၃၊ ၂၁၂။

စာမျက်နှာ-387


“မှန်၏၊ စုတိဆဲခဏဝယ် ရုပ်နာမ် ဇီဝိတိန္ဒြေတို့သည် အတူ တကွသာလျှင် ပျက်ကုန်၏” ဟု ဖွင့်ဆိုလေသည်။

ဇီဝိတိန္ဒြေအစဉ်(၂)မျိုး

သတ္တဝါတို့ သန္တာန်တွင် ရုပ်ဇီဝိတိန္ဒြေအစဉ် နာမ်ဇီဝိတိန္ဒြေအစဉ်ဟူ၍ အစဉ် နှစ်မျိုးရှိသည်၊ ရုပ်ဇီဝိတိန္ဒြေအစဉ်မှာ တဘဝလျှင် သတ္တဝါများ သေ ဆုံးသည့်အခါ တခါတခါ အစဉ်ပြတ်၏၊ နာမ်ဇီဝိတိန္ဒြေ အစဉ်မှာကား အစဉ်ပြတ်သည်ဟူ၍ မရှိပေ၊ အနမတဂ္ဂသံသရာဝယ် အနန္တရစသော ပစ္စည်း တဆက်တည်း ဆက်စပ်လျက် ကြောင်းကျိုး ဆက်ကာဆက်ကာ အစဉ်မပျက် နိဗ္ဗာန် မရောက်သေးသမျှ ဆက်လက်ဖြစ်ပေါ်၍ နေ လေသည် ။

ဇီဝိတိန္ဒြေ အစဉ် (၂) မျိုး ပျက်စီးပုံ

ရုပ်နာမ်ဇီဝိတိန္ဒြေတို့ကို ဓား လက်နက် စသည်တို့ဖြင့် ဖျက် ဆီးရာ၌ ရုပ်ဇီဝိတိန္ဒြေကိုသာ ဖျက်ဆီး၍ရသည်၊ နာမ်ဇီဝိတိန္ဒြေကိုကား ဓား လက်နက် စသည်တို့ဖြင့် ဖျက်ဆီး၍မရ၊ အဘယ်ကြောင့်ဆိုသော် နာမ်ဇီဝိတိန္ဒြေသည် သူ့အလိုလိုပင် ဥပါဒ် ဌီ ဘင် ခဏငယ်အစဉ်အားဖြင့် ချုပ်ပျက်လျက်ရှိသောကြောင့် ဖြစ်သည်၊ ရုပ်ဇီဝိတိန္ဒြေကို ဖျက်ဆီး၍ ရသည်ဟု ဆိုရာ၌လည်း သတ္တဝါတို့သန္တာန်တွင် ဇီဝိတိန္ဒြေ အစဉ်အဆက် ဖြစ်နေမှုကို ဖျက်ဆီးခြင်းကိုသာ ဆိုလိုသည်၊ ရုပ်ဇီဝိတိန္ဒြေသည် ရုပ် တရားတို့ ထုံးစံအတိုင်း စိတ္တက္ခဏ ၁၇- ချက် အသက်မပြည့်သေးလျှင် မည်မျှပင် နှောင့်ယှက်ခြင်းကို ပြုစေကာမူ ချုပ်ပျက်သွားလိမ့်မည် မဟုတ်ပေ၊ စိတ္တက္ခဏ ၁၇- ချက်ပြည့်လျှင်လည်း ရုပ်ဇီဝိတိန္ဒြေ သည် အလိုလို ချုပ်ပျက်မည်သာ ဖြစ်သည်။ စင်စစ်အားဖြင့် ရုပ်ဇီဝိတိန္ဒြေ ပျက်စီးရခြင်းမှာ သတ္တဝါတို့၏ သန္တာန်တွင် ဇီဝိတိန္ဒြေအစဉ် ဆက်ကာ - ဆက်ကာ ဖြစ်နေမှုကို ဖျက်ဆီးခြင်းကြောင့် ပျက်စီးရခြင်း ဖြစ်သည်။
၁။ ဒီပနီပေါင်းချုပ်၊ ၁။ ၄၄၆။

စာမျက်နှာ-388


ထင်ရှားအောင် ဖွင့်ဆိုရပါလျှင် သတ္တဝါတို့ သန္တာန်တွင် ရုပ်ကလာပ် များသည် အစဉ်အဆက် ဆက်ကာဆက်ကာ ဖြစ်ပျက်လျက်ရှိ၏၊ ထို ရုပ်ကလာပ်များတွင် ရုပ်ဇီဝိတိန္ဒြေ ဇီဝိတရုပ်ကလာပ်လည်း ပါဝင်၏၊ ဇီဝိတရုပ်ကလာပ်တခု ချုပ်သွားလျှင် နောက်နောက် ဇီဝိတကလာပ် များ ဆက်လက်ဖြစ်ပေါ်စေရန် ကျေးဇူးပြုခဲ့သည်၊ ရုပ်ဇီဝိတိန္ဒြေနှင့် ရုပ်ခန္ဓာအသစ်တို့သည် ဖြစ်ချုပ်လက္ခဏာ နိယာမအတိုင်း ဖြစ်ပေါ်လိုက် ချုပ်ပျက်သွားလိုက် စသည်ဖြင့် အစဉ်မပျက် ဆက်ကာဆက်ကာ ဇီဝိတ ကမ္မဇရုပ်များ ဖြစ်နေရာဝယ် တဦးတယောက်က ဓား၊ လက်နက် စသည် တို့ဖြင့် ခုတ်ဖြတ်လိုက်၏၊ ထိုသို့ခုတ်ဖြတ်လိုက်ခြင်းသည် ဇီဝိတရုပ်၏ မှီရာ မဟာဘုတ်တို့ကို ဖြတ်လိုက်ခြင်းပင်ဖြစ်၏၊ ထိုသို့ ခုတ်ဖြတ်လိုက်သည့် အခါ ယင်းမဟာဘုတ်တို့နှင့်အတူ ယင်းတို့ကို မှီနေသည့် ရုပ်ဇီဝိတိန္ဒြေ လည်း ရုပ်တို့၏ထုံးစံအတိုင်း ၁၇- ချက် အသက်စေ့ကာ ချုပ်ပျက်လေ၏။

ရုပ်ဇီဝိတိန္ဒြေ ချုပ်ပြီးနောက် အလားတူ မဟာဘုတ်နှင့် ဇီဝိတိန္ဒြေရုပ်များ ဆက်ကာဆက်ကာ ဖြစ်ပေါ်လာအောင် ကျေးဇူးပြုခဲ့သော်လည်း အထိ ခိုက် ခံလိုက်ရသည့်အတွက် ရုပ်ခန္ဓာအစဉ် ကြာမြင့်စွာ ဖြစ်ပေါ်စေရန် များစွာ ကျေးဇူးပြုနိုင်ခြင်း မရှိတော့ပေ၊ ဓားဖြင့်ခုတ်လိုက်သည့် ဒဏ်ရာ ဒဏ်ချက်အလိုက် အနှေးနှင့်အမြန် ရုပ်ဇီဝိတိန္ဒြေ အစဉ်အဆက် ပျက်စီး လေတော့သည်။

ဤသို့ ရုပ်ဇီဝိတိန္ဒြေ ပျက်စီးသောအခါ နာမ်ဇီဝိတိန္ဒြေလည်း ပျက်စီး လေတော့သည်၊ အဘယ်ကြောင့်ဆိုသော် နာမ်ဇီဝိတိန္ဒြေသည် ရုပ်ဇီဝိတိန္ဒြေနှင့် တဆက်တည်းရှိသောကြောင့်ပင် ရုပ်ဇီဝိတိန္ဒြေကို ဖြတ်လိုက် လျှင် ထိုရုပ်ဇီဝိတိန္ဒြေနှင့်တကွ နာမ်ဇီဝိတိန္ဒြေ၏ မှီရာ ဟဒယဝတ္ထုပါ ပျက်စီးသဖြင့် ဟဒယဝတ္ထုကိုမှီ၍ဖြစ်သော နာမ်ဇီဝိတိန္ဒြေလည်း ပျက်စီး ရလေတော့သည်။
၁။ ဝိ၊ ဋ္ဌ၊ ၂။ ၃၈။ သာရတ္ထ၊ ၂၊ ၂၅၃၊ ၂၅၆။ ပါရာဇိကဏ်ဘာသာဋီကာ။ ၃၊ ၂၇၃။

စာမျက်နှာ-389


ကာလ(၃)ပါးနှင့် ဇီဝိတိန္ဒြေ

၃၉၅ အသက်ဇီဝိတိန္ဒြေသည်-
(၁) အသက်ရှင်ဆဲ - ပစ္စုပ္ပန်ဇီဝိတိန္ဒြေ၊
(၂) အသက်ရှင်ပြီး - အတိတ်ဇီဝိတိန္ဒြေ၊
(၃) အသက်ရှင်လတ္တံ့ – အနာဂတ်ဇီဝိတိန္ဒြေ ဟူ၍ (၃)မျိုးရှိ၏။

ထိုတွင် ဇီဝိတိန္ဒြေကို ပြတ်စဲစေရာ၌ အသက်ရှင်ပြီး အတိတ်ဇီဝိတိန္ဒြေသည် ချုပ်ပြီးဖြစ်၏၊ အသက်ရှင်လတ္တံ့ အနာဂတ်ဇီဝိတိန္ဒြေလည်း ဖြစ်ပေါ်လာသေးသည် မဟုတ်(ဝါ)မဖြစ်သေး၊ ထို့ကြောင့် ယင်းနှစ်မျိုးသည် ထင်ရှားမရှိ၊ ယင်းတို့ကို ပြတ်စဲအောင်ပြု၍ မရ၊ အသက်ရှင်ဆဲပစ္စုပ္ပန်ဇီဝိတိန္ဒြေကိုသာ ပြတ်စဲစေနိုင်၏။ ရုပ်ဇီဝိတိန္ဒြေပြတ်လျှင် နာမ်ဇီဝိတိန္ဒြေလည်း ပြတ်စဲတော့၏။ အသက်ရှင်ဆဲ ပစ္စုပ္ပန်ဇီဝိတိန္ဒြေလည်း (၃)မျိုးရှိသည်-
(၁) ခဏပစ္စုပ္ပန်ဇီဝိတိန္ဒြေ၊
(၂) သန္တတိပစ္စုပ္ပန်ဇီဝိတိန္ဒြေ၊
(၃) အဒ္ဓါပစ္စုပ္ပန်ဇီဝိတိန္ဒြေ - ဟူ၍ (၃)မျိုးဖြစ်၏။

(၁) ခဏပစ္စုပ္ပန်ဇီဝိတိန္ဒြေဆိုသည်မှာ-ဥပါဒ်၊ ဌီ၊ ဘင်၊ ခဏ (၃)ပါး ခဏငယ်(၃)ချက် ကာလနှင့်စပ်သည့် ဇီဝိတိန္ဒြေဖြစ်သည်။

(၂) သန္တတိပစ္စုပ္ပန်ဇီဝိတိန္ဒြေဆိုသည်မှာ – (ရူပသန္တတိ၊ ရုပ်ဇီဝိတိန္ဒြေအတွက်) နေပူမှလာ၍ နေရိပ်သို့ဝင်သော သူအား အပူရုပ်အစဉ်မပျက်မီကာလသည်လည်းကောင်း၊ ချမ်းအေးသော အရပ်မှ ပူနွေးသောအရပ်သို့ ဝင်သောသူအား

၁။ သာရတ္ထ၊ ၂၊ ၂၅၄။ ဝိ၊ ဋ္ဌ၊ ၂၊ ၃၉။

စာမျက်နှာ-390


ချမ်းအေးသော ရုပ်အစဉ်မပျက်မီ ကာလသည်လည်းကောင်း၊ အပြင်ဘက်အလင်းရောင်မှ အခန်းတွင်းသို့ဝင်သောအခါ ရုတ်တရက်မမြင်ရသေးဘဲ မှောင်မိုက်နေရာ အမှောင်ရုပ်အစဉ် ဖြစ်ဆဲကာလသည်လည်းကောင်း၊ ရုပ်အစဉ်ဖြစ်ဆဲပစ္စုပ္ပန် သန္တတိပစ္စုပ္ပန်ဟု ခေါ်သည်။ ယင်းရုပ်အစဉ် ဖြစ်ဆဲပစ္စုပ္ပန်နှင့် ဆက်စပ်သည့် ဇီဝိတိန္ဒြေကို သန္တတိပစ္စုပ္ပန် ဇီဝိတိန္ဒြေဟု ခေါ်သည်။

အရူပသန္တတိ နာမ်ဇီဝိတိန္ဒြေအတွက် ခုဒ္ဒကဘာဏကထေရ်တို့၏အလို ဇောဝီထိ (၇) ကြိမ် (၈) ကြိမ်မျှ၊ သံယုတ္တဘာဏကထေရ်တို့၏ အလို ဇောဝီထိ (၂) ကြိမ် (၃) ကြိမ်မျှ နာမ်ဇီဝိတိန္ဒြေ အစဉ်ဖြစ်၍ ချုပ်လတ္တံ့သော ကာလသည် သန္တတိပစ္စုပ္ပန်ဖြစ်သည်၊ ယင်းပစ္စုပ္ပန်နှင့် စပ်သည့် ဇီဝိတိန္ဒြေကို သန္တတိပစ္စုပ္ပန်ဇီဝိတိန္ဒြေဟု ခေါ်သည်။

(၃) အဒ္ဓါပစ္စုပ္ပန်ဇီဝိတိန္ဒြေဆိုသည်မှာ ပဋိသန္ဓေနေသည်မှ သေသည့်အထိ ကာလသည် အဒ္ဓါပစ္စုပ္ပန်ဖြစ်သည်၊ ယင်းပစ္စုပ္ပန်နှင့် စပ်သည့် ဇီဝိတိန္ဒြေကို အဒ္ဓါပစ္စုပ္ပန်ဇီဝိတိန္ဒြေဟု ခေါ်သည်။

ထိုတွင် ခဏပစ္စုပ္ပန်ဇီဝိတိန္ဒြေမှာ-အလိုလိုဖြစ်ပြီး ချုပ်သွားသောကြောင့် ဇီဝိတိန္ဒြေကို ဖြတ်၍မရ၊ သန္တတိ၊ အဒ္ဓါပစ္စုပ္ပန်ဇီဝိတိန္ဒြေ (၂)မျိုးကိုသာ ပြတ်စဲစေနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် ရုပ်ဇီဝိတိန္ဒြေကို ဖြတ်လိုက်ပါက ထိုအဖြတ်ခံရသော ဇီဝိတိန္ဒြေသည် ယင်းသို့ဖြတ်သဖြင့် အားနည်းနေသော ရုပ်အစဉ်အား ကျေးဇူးပြုခဲ့၏၊ ထို့ကြောင့် သန္တတိပစ္စုပ္ပန်နှင့် အဒ္ဓါပစ္စုပ္ပန်တို့သည် ယင်းတို့ ပိုင်းခြားအပ်သော (တဘဝ အတွက် အရှည်ဆုံးသောကာလသို့) မရောက်နိုင်တော့ဘဲ ချုပ်ရလေတော့သည်။

စာမျက်နှာ-391


ထို့ကြောင့် ယင်း ဇီဝိတိန္ဒြေ (၂) မျိုးကိုသာ ပြတ်စဲစေနိုင်လေသည်။

ဦးခေါင်းပြတ်နှင့်ဇီဝိတိန္ဒြေ

စစ်မြေပြင်တွင် အရှိန်နှင့် ပြေးလာသူ တယောက်၏ ဦးခေါင်းကို သန်လျက်နှင့် ဖြတ်လိုက်၏၊ ခေါင်းပြတ်ကိုယ်သည် အရှိန်နှင့်ပြေးနေရာက တယောက်က ဆီးရိုက်လိုက်မှ လဲကျသွားတော့၏၊ ခေါင်းပြတ်ကောင် ပြေးနေစဉ်ဝယ် အသက်ဇီဝိတိန္ဒြေရှိ- မရှိ။

ဦးခေါင်းကို ဖြတ်လိုက်စဉ်ကပင် သေပြီးဖြစ်သည်၊ ထို့ကြောင့် အသက်ဇီဝိတိန္ဒြေမရှိတော့၊ ဇီဝိတိန္ဒြေမရှိဘဲ ခေါင်းပြတ်ကောင် ပြေးနေသည်မှာ ပရမတ္ထဓမ္မတို့၏ ရှေး၌တည်နှင့်သော အရှိန်အဟုန်တို့ကြောင့် ပြေးသွားခြင်း၊ အရပ်တပါးသို့ ရောက်သွားခြင်းသာ ဖြစ်သည်။

ထိုကိစ္စတွင် လေတိုက်၍ သစ်ရွက်လွှင့်သွားခြင်းမျိုး မဟုတ်၊ ဇီဝိတိန္ဒြေ၏ မှီရာစိတ်အစဉ်သည် ခေါင်းပြတ်ကောင်၌ မရှိပါလျှင် ခြေကြွခြင်း၊ ခြေချခြင်း၊ ပြေးသွားခြင်း မဖြစ်နိုင်။ ရှေးအရှိန်အဟုန်မရှိဘဲလည်း မြွေကင်းစသော သတ္တဝါတို့ နှစ်ပိုင်းပြတ်ရာ၌ နှစ်ပိုင်းလုံးပင် ကာလအတန်ကြာအောင် ဟိုဘက်၊ သည်ဘက် သွားနိုင်ကြောင်း တွေ့ရသည်။ ယင်းနှစ်ပိုင်းတွင် ဟဒယဝတ္ထုပါသော အပိုင်း၌ တည်သောစိတ်သည် နှစ်ပိုင်းလုံးကို အလှည့်စီအာရုံပြုကာ ကာယဝိညာဉ်စိတ် ဖြစ်နိုင်သည်၊ စိတ်ဖြစ်ကဝေဒနာပါပြီးဖြစ်၍ နာကျင်မှုဖြစ်နိုင်လေသည်၊ ထို့ကြောင့် ခေါင်းပြတ်ကောင်ပြေးသွားနေစဉ်ဝယ် စိတ်ရော ဇီဝိတိန္ဒြေပါရှိသေးသည်။
၁။ သာရတ္ထ၊ ၂၊ ၂၇၈။ ဝိ၊ ဋ္ဌ၊ ၂၊ ၇၂။
၂။ ဝိမတိ၊ ၁၊ ၂၃၉။

စာမျက်နှာ-392


ဤ၌သာရတ္ထဋီကာနှင့် ဝိမတိဋီကာတို့ ဝိဝါဒကွဲနေရာ အင်္ဂုတ္တိုရ် အဋ္ဌကထာတွင် ဦးခေါင်းပြတ်သွားလျှင် လူခန္ဓာ၌ လက်ခြေတို့ကို မထိန်းသိမ်းနိုင် မစောင့်ရှောက်နိုင်တော့ကြောင်း ဖွင့်ဆိုထားသည်ကို တွေ့ရသည်၊ ထို့အတူ စွယ်စုံကျော်ထင်ကျမ်း၌လည်း-

“ခေါင်းပြတ်၍လှန့်၊ တတွန့်တွန့်၊ စွန့်ရန်ဝိညာဉ်ကြွင်းလိမ့်နည်း” ဟူသော အမေးကို ဦးခေါင်းပြတ်ပြီးကိုယ်တလွန့်လွန့်နေသောသတ္တဝါ၌ ဇီဝိတိန္ဒြေနှင့် စိတ်ဝိညာဉ်တို့ မရှိတော့ကြောင်း၊ ဦးခေါင်းပြတ်သည်နှင့်တပြိုင်နက် နာမက္ခန္ဓာလေးပါး၊ ရုပက္ခန္ဓာတရားတို့ ချုပ်သွားပြီဖြစ်ကြောင်း၊ ပြတ်ပြီးလျက် လှုပ်ရှားနေခြင်းမှာ သက်မဲ့အဝိညာဏကဗာဟိရ ရုပ်မျှသာဖြစ်သည်။ ကြိမ်နွယ် သစ်ခက်တို့ကို ခုတ်ဖြတ်လိုက်သည့်အခါ ထိခိုက်မှုအရှိန်အဟုန်ကြောင့် နောက်ကာလအတန်ကြာအောင် လှုပ်ရှားနေခြင်းမျိုးကဲ့သို့ ဦးခေါင်းပြတ်ပြီးသော်လည်း စိတ္တဇရုပ်အဟုန်ကြောင့် အလုံးစုံသော ဥတုဇရုပ် အဆက်ဆက်မှာ တုန်လှုပ်နေခြင်းဖြစ်ကြောင်း ဖြေရှင်းထားသည်။

ဤပြဿနာနှင့်စပ်လျဉ်း၍ သတပဒိကပုစ္ဆာ ဝိသဇ္ဇနာတွင် မန်လည်ဆရာတော်ကမေး၍ မင်းကွန်းတောရ ဆရာတော်က ဖြေဆိုထားရာ မှတ်သားဖွယ် ကောင်းလှသည်။

မန်လည်အမေး

ကြွက် အိမ်မြှောင် မြွေမြီးတို့၊ ပြတ်ပြီးလျက် ဖျတ်ဖျတ်ခုန်၊ ဆတ်ဆတ်တုန်ဖြစ်ငြား။ ။ တပိုင်းစီ ဝိညာဉ်ပါ၊ ဝေဒနာကွဲကြသလား။ ။ စိတ်ဝိညာဉ်နှစ်ဖြာပြတ်သည်ဟု၊ ပိဋကတ်ကျမ်းဂန် မြတ်မရှိတန်လေလား။ ။ အသိဉာဏ်ထွေပြားလို့၊ ဝေဝါးဘွဲ့အရာ။ ။ ဝိမတိဆရာနှုန်းကိုလဲ၊ ဉာဏ်နှလုံးမကျတတ်လွန်းလို့ပါ။ ။ သဘာဝထက် ဒိဋ္ဌသာ၊ သည်မိစ္ဆာလိမ်နဂပါသ်ကိုလ၊ စိန်တပ်တဲ့သီလဝင်ဉာဏ်တော်၊ ကျမ်းပြုအမော်။ ။ ဖြတ်လိုက်ပါ့ဆရာကျော်ငယ်၊ မညှာတော်မူစမ်းနှင့်လေး..........။
၁။ စွယ်စုံကျော်ထင်၊ ၂၊ ၈၄။

စာမျက်နှာ-393


မင်းကွန်းအဖြေ

ကြွက်အိမ်မြောင် မြွေမြီးတို့၊ ပြတ်ပြီးလျက်ဖျတ်ဖျတ်ခုန်၊ ဆတ်ဆတ်တုန်လှုပ်ရှား။ ။ တလှည့်စီဝေဒနာယှဉ်၊ စိတ်ဝိညာဉ်သတ္တိဖြစ်ငြား။ ။ ယုတ္တိစမ်းလို့ သိစမ်းသာ၊ ရှင့်စောဒနာကို ဖြေပသား၊ အသိဉာဏ်ထွေပြားလို့ ဝေဝါးပါနှင့်သည်အရာ။ ။ ဝိမတိဆရာနှူန်းကိုလ၊ ဉာဏ်နှလုံးကျသင့်လှပေတော့သည်သာ။ ။ သဘာဝနှင့်ဒိဋ္ဌက္ခာ၊ တဆိတ်စာမတူမျှလို့၊ ပရမတ္ထသဘာဝါ၊ သိခက်လှပါ။ ။ သဗ္ဗညုတဉာဏ်အရာကို မိစ္ဆာဉာဏ်ကင်းစေကွဲ့လေး။ ။

မင်းကွန်းဆရာတော်၏ ဆိုလိုရင်းမှာ ကြွက် အိမ်မြှောင်တို့အမြီးပြတ်ရာ၌ နှစ်ပိုင်းလုံးစိတ်ပြောင်းနိုင်၍ နှစ်ပိုင်းလုံးနာကျင်နိုင်ကြောင်း၊ ဤ၌ စိတ်ဝိညာဉ်၏တန်ခိုးသတ္တိကို သံသယမရှိသင့်ကြောင်း။ ထို့ပြင် သဘာဝနှင့် ဒိဋ္ဌသည် အလွန်ကွာကြသည်၊ ပရမတ္ထသဘောဟူသည်လည်း သဗ္ဗညုတဉာဏ်အရာသာဖြစ်သည်၊ ဗုဒ္ဓဝိသယ၌ လွန်၍မကြံသင့်ကြောင်းကို ပိဋကသုံးပုံတွင် အဋ္ဌကထာဆရာတို့ ဆုံးမတော်မူသည်။ ထို့ကြောင့် ဤ၌ဝိမတိဆရာတော်၏ အဆုံးအဖြတ်ကိုသာ တိတိကျကျစေ့စေ့စပ်စပ်သဘောကျအောင်ကြံသင့်သည်၊ ဝိမတိဆရာတော်ထက်လွန်၍ မကြံသင့်ဟုဆုံးဖြတ်တော်မူကာ အထက်တွင်ဆိုခဲ့သည့် စွယ်စုံကျော်ထင်ကျမ်းကို ယုတ္တိမရှိဟု ပယ်ချထားလေသည်။

ကိုယ်စောင့်ဇီဝိတိန္ဒြေ

ဇီဝိတိန္ဒြေသည် သတ္တဝါကို မသေအောင် စောင့်ရှောက်သောတရားဖြစ်သည်၊ သံယုတ် ပါဠိတော်တွင် သတ္တဝါကိုမသေအောင် စောင့်ရှောက်သောကိုယ်စောင့်တရားသုံးပါးကို ဟောတော်မူသည်။
၁။ သတပဒိက၊ ၄၇။

စာမျက်နှာ-394


“ဇီဝိတိန္ဒြေဟူသောအသက်၊ ကမ္မဇတေဇော ဟူသောအခိုး အငွေ့၊ ဝိညာဉ် (ဤတရားသုံးပါးတို့သည်) ဤကိုယ်ကိုစွန့်သွားကြသောအခါဤခန္ဓာကိုယ်သည် စွန့်ပစ်အပ်သည်ဖြစ်၍ စိတ်စေတနာ စေ့ဆော်မှုမရှိဘဲ ပိုးလောက်စသည်တို့၏အစာဖြစ်၍ အိပ်နေရ၏”

ဤဒေသနာတော်အရ၊ (၁) ရုပ်ဇီဝိတိန္ဒြေ၊ နာမ်ဇီဝိတိန္ဒြေခေါ်သော အသက်။ (၂) ဥသ္မာဟုလည်းကောင်း၊ ကမ္မဇတေဇောဟုလည်းကောင်း ခေါ်သောကိုယ်ငွေ့။ (၃) ဝိပါက်ဝိညာဏ် ဤသုံးမျိုးတို့ခန္ဓာကိုယ်၌မရှိလျှင် သတ္တဝါသေဆုံးသည်မည်၏။ သတ္တဝါတို့မသေအောင် စောင့်ရှောက်တတ်သောတရားဟူ၍လည်းကောင်း၊ ကိုယ်စောင့်တရားသုံးပါး ဟူ၍လည်းကောင်း ခေါ်ဆိုကြလေသည်။

ဇီဝိတိန္ဒြေသည် အဝိဇ္ဇာသည်ကိလေသာတို့၏ အချုပ်အခြာဖြစ်သော ဝဋ်ဒုက္ခတို့၏ဦးခေါင်း သကဲ့သို့ အသက်ဇီဝိတိန္ဒြေသည် ဝဋ်ဒုက္ခတို့၏ အချုပ်အခြာဖြစ်သည်။ ထို့ကြောင့်ပင် အဝိဇ္ဇာကိုကိလေသာတို့၏ ဦးခေါင်းဆိုသကဲ့သို့ ဇီဝိတိန္ဒြေကိုလည်း ဝဋ်ဆင်းရဲဒုက္ခတို့၏ဦးခေါင်းဟူ၍ဆိုသည်။ ဇီဝိတိန္ဒြေ အစဉ်ရှိနေသမျှ ဝဋ်ဆင်းရဲဒုက္ခတို့နှင့် မကင်းနိုင်၊ ဇီဝိတိန္ဒြေ အစဉ်သည် ပရိနိဗ္ဗာနစုတိ ခေါ် ရဟန္တာတို့၏ စုတိကျမှ အဆုံးသတ်သည်၊ ဇီဝိတိန္ဒြေအစဉ်ပျက်လျှင် ဝဋ်ဒုက္ခတို့အကြွင်းမဲ့ ချုပ်ငြိမ်းတော့သည်။

ဇီဝိတသမသီသီခေါ်သည့် ရဟန္တာအရှင်မြတ်တို့မှာ အသက်ဇီဝိတိန္ဒြေနှင့် အဝိဇ္ဇာတို့တပြိုင်နက် ချုပ်ငြိမ်းသည်ဟူ၍ပင် အဆိုရှိသည်၊ အစဉ်အားဖြင့်မူ အဝိဇ္ဇာနှင့် ဇီဝိတိန္ဒြေတို့သည် ချုပ်ငြိမ်းရာခဏ တူညီကြသည်မဟုတ်ပေ၊ အဝိဇ္ဇာ၏ ချုပ်ငြိမ်းရာခဏမှာ အရဟတ္တမဂ်ခဏ ဖြစ်ပြီး ဇီဝိတိန္ဒြေနောက်ဆုံးချုပ်ရာ ခဏမှာ ပရိနိဗ္ဗာနစုတိခေါ် ရုပ်နာမ် ခန္ဓာတို့အကြွင်းမဲ့ချုပ်ငြိမ်းရာခဏဖြစ်သည်၊ အရဟတ္တမဂ်သည် ကိလေသာတို့၏ ဦးခေါင်းသဖွယ်ဖြစ်သည့် အဝိဇ္ဇာကို ကုန်စေနိုင်သကဲ့သို့ ရဟန္တာတို့၏ စုတိသည်လည်း ဝဋ်ဒုက္ခတို့၏ ဦးခေါင်းသဖွယ်ဖြစ်သည့် ဇီဝိတိန္ဒြေကို ကုန်စေနိုင်သည်။
၁။ သံ၊ မြန်၊ ၂၊ ၁၀၉။
၂။ သံ၊ ၂၊ ၁၁၇။

စာမျက်နှာ-395


သို့ရာတွင် အဝိဇ္ဇာကို ကုန်စေနိုင်သည့်အရဟတ္တမဂ်စိတ်သည် ဇီဝိတိန္ဒြေကို ကုန်စေခြင်းငှာ မစွမ်းနိုင်၊ ဇီဝိတိန္ဒြေကို ကုန်စေနိုင်သည့် ရဟန္တာတို့၏ စုတိသည်လည်း အဝိဇ္ဇာကို ကုန်စေရန် မစွမ်းနိုင်၊ ဇီဝိတသမသီသီပုဂ္ဂိုလ်များသည် အရဟတ္တမဂ်ရ၍ အဝိဇ္ဇာပြုတ်လေသောအခါ စုတိစိတ်ကျ၍ ဇီဝိတိန္ဒြေလည်း ချုပ်လေသောကြောင့် အဝိဇ္ဇာနှင့် ဇီဝိတိန္ဒြေတို့ တပြိုင်နက် ချုပ်ကြသည်ဟု ဆိုခြင်းဖြစ်သည်။ ဝီထိစဉ်အရ စိတ်အစဉ်ဝီထိ ကွာခြားမှုမရှိဘဲ မဂ္ဂဝီထိနောင်၊ မရဏာသန္နဝီထိဖြစ်သည်ကိုပင် စိတ်အစဉ် အလှည့် အကြိမ်အားဖြင့် တူမျှသည်ဟု ဆိုအပ်သောကြောင့် အဝိဇ္ဇာနှင့် ဇီဝိတိန္ဒြေတို့ တပြိုင်နက် ချုပ်ကြသည်ဟု ဆိုခြင်းဖြစ်သည်၊ အရဟတ္တမဂ်ကြောင့် အဝိဇ္ဇာအကြွင်းမဲ့ ချုပ်လေလျှင် ကိလေသာအားလုံးတို့လည်း ချုပ်ငြိမ်းကြသည်ဖြစ်၍ ကိလေသာ၏ ဦးခေါင်းမှာ အဝိဇ္ဇာဖြစ်သည်။ ထို့အတူပင် ရဟန္တာတို့၏ စုတိတွင် အသက်ဇီဝိတိန္ဒြေအကြွင်းမဲ့ချုပ်ငြိမ်း၏ ဇီဝိတိန္ဒြေချုပ်ငြိမ်းသောအခါ ဝဋ်ဒုက္ခလည်း ချုပ်ငြိမ်းလေသောကြောင့် ဝဋ်ဒုက္ခကိုယ်၏ ဦးခေါင်းသည် ဇီဝိတိန္ဒြေဖြစ်သည်။

ဇီဝိတိန္ဒြေ၏အစွမ်း

အဝိဇ္ဇာသည် အရဟတ္တမဂ်တွင် အဆုံးသတ်သော်လည်း အသက်ဇီဝိတိန္ဒြေသည် ရဟန္တာတို့၏ စုတိကျမှ လက်စသတ်သည်၊ အရဟတ္တမဂ်တွင် အဝိဇ္ဇာရန် အေးသွားသော်လည်း ဇီဝိတိန္ဒြေရှိနေသေးလျှင် ဝဋ်ဒုက္ခတို့ရှိနေသေး၏၊ ရဟန္တာတို့၏ စုတိ မရောက်မီအထိ ဇီဝိတိန္ဒြေဒုက္ခကို ခံရပေဦးမည်၊ အရဟတ္တမဂ်၊ ဖိုလ်ကို ရ၍ ရဟန္တာအဖြစ်ကို ရရှိကြသော်လည်း ပရိနိဗ္ဗာန်မပြုမီကာလအတွင်း ဇီဝိတိန္ဒြေအတွက် သင့်လျော်သည့် အာဟာရများကို သုံးဆောင်ရခြင်း စသည့် ဒုက္ခများကို ခံကြရပေဦးမည်၊ ဤမျှ ဇီဝိတိန္ဒြေ၏ အစွမ်းသတ္တိသည် ထက်လှပေသည်။

ဇီဝိတိန္ဒြေကြာမြင့်စွာရှင်သန်ရေး

ကျန်းမာ၍ ဇီဝိတိန္ဒြေကြာမြင့်စွာ ရှင်သန်ရေးသည် (ဝါ) ကျန်းမာစွာ အသက်ရှည်ရေးသည် လောကတွင် အရေးအကြီးဆုံးဖြစ်သည်။
၁။ အဘိ၊ ဋ္ဌ၊ ၃၊ ၃၀။

စာမျက်နှာ-396


“ရဟန်းတို့ ... ပယ်ဖျောက်နိုင်ခဲသော တပ်မက်ခြင်း အာသာတို့သည် (၁) လာဘ်လာဘကို တပ်မက်ခြင်းအာသာ (၂) အသက်ရှည်လိုခြင်းအာသာဟူ၍ နှစ်မျိုးရှိပေသည်” ဟူသော အင်္ဂုတ္တိုရ်ပါဠိတော် နှင့်အညီ လူတိုင်းပင် ဇီဝိတိန္ဒြေရှင်သန်လိုကြသည်။

“အထူးအားဖြင့် အနာရောဂါစသည့် အန္တရာယ်များ မဖြစ်ခြင်းကို ဆရာတို့ တောင့်တကြကုန်၏” ဟူသော ဝိဘာဝိနီဋီကာနှင့်အညီ- အနာရောဂါကင်း၍ ကျန်းမာခြင်းကို ဆရာတို့ အထူးပင်လိုလား တောင့်တကြသည်၊ ဓမ္မပဒပါဠိတော်တွင် “လာဘ်ဟူသမျှတို့တွင် ရောဂါကင်းရှင်း ကျန်းမာခြင်းသည် အမြတ်ဆုံး အဖိုးအတန်ဆုံးဖြစ်၏” ဟူ၍လည်းကောင်း၊ အင်္ဂုတ္တိုရ်ပါဠိတော်တွင်-

“ရောဂါကင်းရှင်း ကျန်းမာခြင်းကို လူတိုင်းအလိုရှိသင့်၏၊ နှစ်သက်သင့်၏ ကျန်းမာခြင်းသည် လူတိုင်း၏ စိတ်နှလုံးကို ရွှင်ပြုံးစေနိုင်၏၊ ကျန်းမာခြင်းကား လောကတွင် ရခဲသောအရာဝတ္ထုတခုပင်ဖြစ်၏၊ ထိုသို့အရေးကိစ္စဟူသမျှ၌ မဆင်မခြင် ပြုလုပ်ခြင်းသည် ကျန်းမာခြင်း၏ ရန်သူဖြစ်သည်၊ လျော်ကန်သင့်မြတ်ကျန်းမာအောင် ပြုလုပ်ခြင်းသည် ကျန်းမာကြောင်းပင် ဖြစ်သည်” ဟူ၍လည်းကောင်း၊ ပဉ္စကအင်္ဂုတ္တရပါဠိတော်တွင်-

“ကမ္မဋ္ဌာန်းကို အားထုတ်နိုင်စွမ်းရှိသော အစားအစာဟူသမျှကို ကြေကျက်စေနိုင်သည့် ပါစကဝမ်းမီးနှင့် ပြည့်စုံစေရမည်” ဟူ၍လည်းကောင်း စသည်ဖြင့် ကျန်းမာမှု၊ ဇီဝိတိန္ဒြေရှင်သန်မှု အရေးကြီးပုံကို များစွာပင် ဟောကြားတော်မူခဲ့သည်။
၁။ အံ၊ ၁၊ ၁၆။ ၂။ ဝိဘာဝိနီ၊ ၇၁။ ၃။ ဓမ္မပဒပါ။ ၄၃။ ၄။ အံ၊ ၃၊ ၃၆၄။ ၅။ အံ၊ ၂၊ ၅၀။

စာမျက်နှာ-397


ကြီးပုံကို များစွာပင် ဟောကြားတော်မူခဲ့သည်၊ ကျန်းမာ၍ ဇီဝိတိန္ဒြေကြာမြင့်စွာ ရှင်သန်ခြင်းအားဖြင့် ဗုဒ္ဓမြတ်စွာ၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ရရာ ရကြောင်း ကမ္မဋ္ဌာန်းဘာဝနာ အားထုတ်ခြင်း၊ နည်းလမ်းကောင်းများကို ကြိုးပမ်းနိုင်ကြမည် ဖြစ်သည်၊ ပိဋကတ်တော်များတွင် ကျန်းမာ၍ ဇီဝိတိန္ဒြေကြာမြင့်စွာ ရှင်သန်နိုင်ကြောင်း နည်းလမ်းကောင်းများကိုလည်း ဟောကြားတော်မူခဲ့သည်။ ယင်းတို့အနက် ကျန်းမာ၍ အသက်ရှည်ကြောင်း နည်းလမ်းကောင်းအချို့ကို ဖော်ပြလိုသည်-

“မယားတယောက်၊ လင်တယောက်ထက်၊ မဖောက်ဘယ်မျှ၊ သန္တောသဟု၊ ဗြဟ္မစရိယာ၊ ကျင့်မြတ်စွာလည်း၊ မဟာဓမ္မပါလပုဏ္ဏား၊ အမျိုးသားတို့၊ တရားဆောင်တယ်၊ ကင်းအပါယ်နှင့်၊ သူငယ်ဟူသမျှ၊ ငယ်ကမသေ၊ ထောင်သက်နေ၏”

ဟူသော မဃဒေဝလင်္ကာနှင့်အညီ မဟာဓမ္မပါလဇာတ်တော်လာ ပုဏ္ဏားကြီးဇနီးမောင်နှံနှစ်ဦးတို့သည် မိမိဇနီး မိမိခင်ပွန်းမှတပါး အခြားသူများနှင့် ဖောက်ပြန်မှုမရှိ စောင့်စည်းကြ၏၊ ကုသလကမ္မပထတရား (၁၀)ပါးတို့ကို ကျင့်သုံးကြ၏၊ ထို့ကြောင့်ဖြစ်လျှင် ပျက်မြဲဓမ္မတာသဘောရှိသော်လည်း ၎င်းတို့ မျိုးနွယ်စဉ်ဆက်တွင် ငယ်ရွယ်နုနယ်ချိန်မှာ သေဆုံးခြင်းမရှိ၊ ကျန်းမာစွာဖြင့် အသက်ဇီဝိတိန္ဒြေကြာမြင့်စွာ တည်နေပြီး သက်ကြီးရွယ်အိုရောက်မှ သေဆုံးခြင်းများသည်လည်းကောင်း။

ဗာကုလထေရဝတ္ထု၌- မျက်မှောက်ကာလ အချို့သော ဒါနရှင်တို့ ဆေးရုံ ဆေးပေးခန်းများကို တတ်အားသမျှပါဝင်လှူဒါန်းခြင်း၊ စုပေါင်းသံဃာ့ဆေးရုံတည်ဆောက်ခြင်း၊ လမ်းခင်းတံတားဆောက်ခြင်း၊ ခရီးလမ်းဆုံများ၌ အေးရိပ်သာများ ဆောက်လုပ်လှူဒါန်းခြင်းစသည်များ ကဲ့သို့ ဗာကုလမထေရ်မြတ်၏ ရှေးအတိတ် နုစဉ်ကာလက မြတ်စွာဘုရားနှင့် အများသံဃာတို့အား ဆေးလှူဒါန်းခြင်း၊ ကုသခြင်း၊ ကျောင်းအို
၁။ မဃဒေဝ၊ အပိုဒ် ၃၂၇။ ၂။ အံ၊ ဋ္ဌ၊ ၁၊ ၂၃၆။

စာမျက်နှာ-398


ကျောင်းပျက်များ ပြုပြင်ခြင်းစသည့် ဒါနကုသိုလ်ကြောင့် ပစ္စက္ခတွင် အယုတ်သဖြင့် ကျန်းမာရေးအတွက် ဆေးတခွက်မျှပင် မသုံးဆောင်ရဘဲ အသက်ရာကျော် (တရာ့ခြောက်ဆယ်) ဇီဝိတိန္ဒြေ ကြာမြင့်စွာ တည်နေရခြင်းများသည် လည်းကောင်း။

မဟာဝံသကျမ်းလာ သီရိလင်္ကာခေါ် သီဟိုဠ်ကျွန်း မဟာဝသဘမင်းကြီးကား အာယုဒီဃပါရဂူတို့ တွက်ချက်ဆုံးဖြတ်ချက်များအရ နောင်အသက် (၁၂)နှစ်ခန့်သာ နေရတော့မည်ဖြစ်၏၊ ထိုစဉ် ယင်းပညာရှင်တို့အား ငွေဒင်္ဂါးတစ်ထောင်ပေး၍ မည်သူကိုမျှ မပြောရန်မိန့်တော်မူပြီး သံဃာတော်အရှင်မြတ်တို့အား ပင့်ဖိတ်ကာ ကျန်းမာ၍ ဇီဝိတိန္ဒြေကြာမြင့်စွာ ရှင်သန်စေနိုင် အသက်ရှည်စေနိုင်ကြောင်း နည်းကောင်းများကို မေးလျှောက်၏။ အရှင်မြတ်တို့က—

“မင်းကြီး’
(၁) ရေစစ်အလှူကိုဖြစ်စေ၊
(၂) ကျောင်းဇရပ်စသည့် အေးရိပ်သာများကိုဖြစ်စေ၊
(၃) ဆေးပစ္စည်းအလှူကိုဖြစ်စေ ပေးလှူရမည်၊
(၄) ကျောင်းအိုဇရပ်အို စသည်များကိုမွမ်းမံပြင်ဆင်ရမည်၊
(၅) ငါးပါးသီလ ဆောက်တည်ပြီး မကျိုးမပေါက်အောင် စောင့်ထိန်းရမည်၊
(၆) ဥပုသ်သီတင်းနေ့များတွင် ရှစ်ပါးသီလ စောင့်ထိန်းရမည်”

ဟု ဟောတော်မူကြ၏၊ ဝသဘမင်းကြီးသည် အရှင်သူမြတ်တို့ မိန့်တော်မူချက်များအရ လိုက်နာကျင့်သုံးလေရာ နှစ်ပေါင်း(၄၄)နှစ်တိုင်တိုင် နန်းစံသွားရကြောင်း နည်းလမ်းကောင်းများသည်လည်းကောင်း။

ဓမ္မပဒပါဠိအဋ္ဌကထာလာ ဒီဃာယုသတို့သားကား ဘုရားရှင်နှင့် ရသေ့သူတော်စဉ်တို့ ဟောပြောတော်မူချက်များအရ (၇)ရက်သာ အသက်ရှည်မည့်သူဖြစ်၏၊ သို့ရာတွင် ဗုဒ္ဓမြတ်စွာက–
၁။ ဓမ္မပဒ ပါ၊ ၂၉။ ဋ္ဌ၊ ၄၂၃။

စာမျက်နှာ-399


“ရတနာသုံးပါးတို့အား အမြဲရှိခိုးခြင်း အလေ့ရှိလျက် အသက် သိက္ခာဂုဏ်ကြီးသူတို့ကို အရိုအသေပြုတတ်သူအား အသက် (အာယု)၊ အဆင်း (ဝဏ္ဏ)၊ ချမ်းသာခြင်း (သုခ)၊ ခွန်အား (ဗလ) အကျိုးတရား လေးပါးတို့ ပွားကုန်၏” ဟူ၍ နည်းလမ်းညွှန်ပြတော်မူသဖြင့် လိုက်နာကျင့်သုံးရာမှ အသက် (၁၂၀) တိုင်တိုင် ကျန်းမာ၍ ဇီဝိတိန္ဒြေကြာမြင့်စွာ ရှင်သန်ကြောင်း နည်းလမ်းကောင်းများသည်လည်းကောင်း။

ဂီရိမာနန္ဒသုတ်တော်လာ ဂီရိမာနန္ဒထေရ် မကျန်းမမာစဉ် ဘုရားရှင် နည်းညွှန်တော်မူသဖြင့် အရှင်အာနန္ဒာ ဟောကြားတော်မူအပ်သော သညာ (၁၀) ပါး တရားတော်များသည်လည်းကောင်း၊ အခြားသော ဗောဇ္ဈင်သုတ် စသည့် ပရိတ်တော်ဓမ္မများနှင့် မဟာဝဂ္ဂသံယုတ်ပါဠိတော်လာ- ဘုရားရှင်သည် ဣဒ္ဓိပါဒ် (၄) ပါးကို ကြိမ်ဖန်များစွာ ပွားများထားပြီး ဖြစ်၍ ဘုရားရှင်အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ ထိုထက်လွန်ကဲ၍ ဖြစ်စေ တည်နေနိုင်ကြောင်း ဟောကြားတော်မူခြင်းများသည်လည်းကောင်း။

ထို့ပြင် ဗဟုဿုတနှင့်ပြည့်စုံသည့် အဆွေခင်ပွန်းကောင်းတို့ကို ဆည်းကပ်ခြင်းအားဖြင့် မိတ်ကောင်း၊ ဆွေကောင်း သူတော်ကောင်းတို့က အသက်ရှည်ရာရှည်ကြောင်း နည်းလမ်းကောင်း ညွှန်ကြားချက်များအရ လိုက်နာကျင့်သုံးခြင်းများသည်လည်းကောင်း၊ ကျန်းမာ၍ အသက်ဇီဝိတိန္ဒြေကြာမြင့်စွာ တည်ကြောင်း နည်းလမ်းကောင်းများပင် ဖြစ်သည်။

ထို့ပြင် သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်လာ စိတ်ချမ်းသာသဖြင့် ကိုယ်ခန္ဓာကျန်းမာရွှင်လန်းပုံ၊ စိတ်မချမ်းသာသဖြင့် ကိုယ်ခန္ဓာ မကျန်းမမာဖြစ်ရပုံများကို ဟောကြားတော်မူသည့် စိတ်ပျိုကိုယ်နုဒေသနာတော်နှင့် စိတ်ထောင်းကိုယ်ကြေ ဒေသနာတော်များသည်လည်းကောင်း ဇီဝိတိန္ဒြေ ရှင်သန်ရေးအတွက် များစွာမှတ်သားဖွယ်ကောင်းသည့် ဒေသနာတော်များဖြစ်သည်။
၁။ အ၊ ၃။ ၃၄၂။
၂။ သံ၊ ၃။ ၂၂၇။
၃။ သံ၊ ၁။ ၅။

စာမျက်နှာ-400


ယင်းမှာ--

“အကြင်ရဟန်းတို့သည်၊ အတိတ်ကကြုံ၊ ဖြစ်ပျက်ပုံကို၊ တအုံနွေးနွေး၊ ပြန်လည်တွေး၍၊ မစိုးရိမ်ကြကုန်၊ အနာဂတ်ရေး ကြိုတင်တွေး၍၊ မရောက်သေးမရှိသေးသည့်အရာကိုလည်း မမျှော်လင့် မတောင့်တကုန်၊ ပစ္စုပ္ပန်ကျကျ လက်ရှိပစ္စက္ခအခြေအနေမျှဖြင့်သာ မျှတရောင့်ရဲလေ့ ရှိကြကုန်၏။ ထို့ကြောင့် ထိုရဟန်းတို့အား ကိုယ်ရေအဆင်း ကြည်လင်ရခြင်းဖြစ်သည်။

လူမိုက်တို့သည် အနာဂတ်ရေး ကြိုတင်တွေး၍ မရောက်သေးမရသေးသောတရားကို မျှော်လင့်တောင့်တခြင်းကြောင့်လည်းကောင်း၊ အတိတ်ကကြုံ ဖြစ်ပျက်ပုံတို့ကို၊ တအုံနွေးနွေး ပြန်လည်တွေးတော စိုးရိမ်ခြင်းကြောင့်လည်းကောင်း၊ အလွန်ပူကျက်သည့် ကျောက်ပြားထက်တွင်၊ ဖြတ်လျက်တင်ထား၊ ကျူပင်စိမ်းအလား ခြောက်ကပ်သွားကြကုန်၏” ဟူ၍ ဖြစ်သည်။

အဘိဓမ္မာသဘောအရလည်း၊ အသက်ဇီဝိတိန္ဒြေကြာမြင့်စွာ ရှင်သန်နိုင်ကြောင်း နည်းလမ်းကောင်းများကို ကြံဆနိုင်သည်ပင် ဖြစ်သည်၊ အဘိဓမ္မာသဘောအရ-

“ရုပ်ခန္ဓာ၏ ပေါ့ပါးမှု (လဟုတာ), နူးညံ့မှု (မုဒုတာ) တို့ကို အမှုကိစ္စတို့၌ ကောင်းမွန်ခံ့ငြားမှု (ကမ္မညတာ), ရုပ်သုံးပါးသည် ဥတု စိတ် အာဟာရတို့တွင် တပါးပါးကြောင့် ထိုက်သလိုဖြစ်၏” ဟူသောသင်္ဂဟနှင့်အညီ ကောင်းသောဥတု ကောင်းသောအာဟာရ ကောင်းသော စိတ်တို့ဖြင့် ပြုပြင်ပါက ရုပ်ခန္ဓာ၏ ပေါ့ပါးမှု၊ နူးညံ့မှု ထိုထိုကိစ္စအမှုတို့၌ ကောင်းမွန်ခန့်ငြားမှုတို့သည် ကျန်းမာမှု ကောင်းမွန်လာမည်ဖြစ်သည်။ ဇီဝိတိန္ဒြေရှင်သန် အသက်ရှင်ရေးသည် ကျန်းမာမှုသာလျှင် အဓိကဖြစ်သည်။
၁။ အဘိဓမ္မတ္ထသင်္ဂဟ၊ ၄၂။

စာမျက်နှာ-401


“ကိုယ်နှင့်လျှောက်ပတ်၍ လည်းကောင်း၊ မြတ်သောဥတုကိုလည်းကောင်း၊ အာဟာရကိုလည်းကောင်း၊ မပျံ့လွင့်ဘဲ ခိုင်မြဲတည်ငြိမ်အောင် စိတ်ကိုပြုပြင်ခြင်းကိုလည်းကောင်း၊ စိတ်တွင် အမြဲမှီဝဲလေ့လာနိုင်သူတို့အား အာပေါလွန်၍ လေးလံမှု၊ ပထဝီလွန်၍ တောင့်တင်းမှု၊ ဝါယောလွန်လွန်းကာ ရပ်တည်ရာမရမှုဟု ဆိုအပ်သော ထိုဓာတ်တို့၏ ဖောက်ပြား၍ ခြောက်ခြားမှုသည် ငြိမ်းပျောက်၍ ဤရုပ်ခန္ဓာသည် ပေါ့ပါးလျင်မြန်လေ၏” ဟူသည်နှင့်အညီ ဥတုကောင်း၊ အာဟာရကောင်း၊ စိတ်ကောင်းအောင် ပြုပြင်နိုင်က ကျန်းမာနိုင်ကြောင်း ဖွင့်ဆိုသည်၊ ကျန်းမာလျှင် ဇီဝိတိန္ဒြေ ရှင်သန်မည်သာဖြစ်သည်။

“ယောဂီပုဂ္ဂိုလ်တို့သည် ယနေ့ ငါတို့သည် ကောင်းသောဥတု ကောင်းသောအာဟာရကိုရ၍ စိတ်လည်းတည်ကြည်ငြိမ်သက်၍ ငါတို့၏ကိုယ်သည် ပေါ့ပါးလျင်မြန်ပေ၏၊ နူးညံ့ပျော့ပြောင်းပေ၏၊ အမှုကိစ္စတို့၌ ခန့်ငြားပေ၏” ဟူ၍ ဖွင့်ဆိုခြင်းသည်လည်း ထိုနည်းအတူပင်ဖြစ်သည်။

ဤမိန့်ဆိုချက်များအရ ရုပ်ခန္ဓာ၏ ပေါ့ပါးမှု နူးညံ့မှု အမှုကိစ္စတို့၌ ကောင်းမွန်ခန့်ငြားမှုတို့သည် ကျန်းမာကြံ့ခိုင်မှုများ ကောင်းမွန်အောင် လုံ့လဝီရိယ စိုက်ထုတ်ရမည့်ပြင် ဤဘဝကို စီမံပေးလိုက်သည့် အတိတ်ကုသိုလ်ကံကိုလည်း ထောက်ပံ့ကူညီမှုကို ပြုရပါမည်။
၁။ ပရမတ္ထသံခိပ်၊ ဋီ၊ ၂။ ၂၀၃။
၂။ အဘိ၊ ဋ္ဌ၊ ၁။ ၃၆၃။

စာမျက်နှာ-402


“အကြင် အကြင် ဆည်းပူးအပ်ပြီးသော ဘဝသမ္ပတ္တိ၏ အကြောင်းဖြစ်သည့် အတိတ်ကံအား ထောက်ပံ့ကူညီခြင်း၏ အစွမ်းဖြင့် ထိုကံသည် ဖြစ်စေအပ်သော အကျိုးဝိပါက်၏ (ပ) အလိုရှိအပ်သော အကျိုး၏ ပြည့်စုံခြင်းကို တားမြစ်တတ်ကုန်သော ရောဂါစသည့် အန္တရာယ်တို့၏ မဖြစ်ခြင်းကို ပြီးစေနိုင်၏” ဟူသော ဝိဘာဝနီဋီကာနှင့် အတိတ်ကံကို ကူညီထောက်ပံ့ရာ၌ အကောင်းဆုံးသောနည်းမှာ ရတနာသုံးပါးအား ပူဇော်ခြင်းဖြစ်သည်။

ဘုရား တရား သံဃာ ရတနာသုံးပါးတို့ကို ရှိခိုးပူဇော်မှုသည် ဧကန်ဒိဋ္ဌဓမ္မအကျိုးကို ပေးစွမ်းနိုင်သည်၊ ဒါနပြုရာ၌ ဓမ္မိယလဒ္ဓဖြစ်ခြင်း၊ ဒါနစေတနာကြီးမားထက်သန်ခြင်း၊ အလှူခံပုဂ္ဂိုလ်၏ အနာဂါမ်ရဟန္တာဖြစ်ခြင်း၊ သမာပတ်မှ ထပြီးခါစဖြစ်ခြင်းဟု အင်္ဂါလေးပါးပြည့်စုံမှ ဒိဋ္ဌဓမ္မအကျိုးပေးနိုင်သည်၊ ဘုရားကိုရှိခိုးခြင်း ပဏာမစေတနာကား ခေတ်၏ပြည့်စုံခြင်း၊ အဇ္ဈာသယ၏ပြည့်စုံခြင်း၊ အင်္ဂါနှစ်ပါး ပြည့်စုံရုံမျှဖြင့် ရောဂါစသော အန္တရာယ်ကို ကာကွယ်ခြင်းစသည့် ဒိဋ္ဌဓမ္မအကျိုးပေးနိုင်ပါသည်။

ခေတ်၏ပြည့်စုံခြင်းမှာ မိမိရှိခိုးအပ်သော ကောင်းမှုတို့၏ စိုက်ပျိုးရာ၊ ရတနာသုံးပါး၏ အပြစ်ကင်းသန့်ရှင်းလှသည့် ဂုဏ်တော်များနှင့် ပြည့်စုံခြင်းဖြစ်သည်။ အဇ္ဈာသယ၏ ပြည့်စုံခြင်းမှာ ရှိခိုးသောပုဂ္ဂိုလ်၏ ကြီးမားသော သမ္မာဆန္ဒဖြစ်သည်။ ထိုဆန္ဒကား ကြောက်၍ရှိခိုးခြင်း၊ တစုံတရာလာဘ်ကို တောင့်တ၍ ရှိခိုးခြင်း၊ သူတပါးကဲ့ရဲ့မှာစိုး၍ ရှိခိုးခြင်း၊ မိရိုးဖလာ ထုံးစံဖြစ်၍ ရှိခိုးခြင်းစသည်မျိုးမဟုတ်ဘဲ ဂုဏ်တော်၌ စူးစိုက်သောအလိုဆန္ဒဖြစ်သည်။

ထိုအင်္ဂါနှစ်ပါးနှင့် ညီညွတ်စွာ ရတနာသုံးပါးကို ရှိခိုးခြင်းအားဖြင့် ရောဂါစသည့် အန္တရာယ်များကို ကာကွယ်နိုင်ပြီး လက်ငင်းဒိဋ္ဌ ကျန်းမာချမ်းသာ၍ ဇီဝိတိန္ဒြေကြာမြင့်စွာ ရှင်သန်နိုင်ပါသည်။
၁။ ဝိဘာဝနီ၊ ဋီ၊ ၇၀။

စာမျက်နှာ-403


ဆိုလိုသည်မှာ- အသက်ရှည်ရေး ဇီဝိတိန္ဒြေရှင်သန်ရေးသည် ဥတု စိတ် အာဟာရတို့ကို ပြုပြင်ရုံမျှ ကျန်းမာကြံ့ခိုင်ရေးကို ပြုလုပ်ရုံမျှဖြင့် မလုံလောက်ပါ၊ ဘယ လာဘစသည်များကို ကြဉ်ရှောင်ကာ သမ္မာဆန္ဒ ပြင်းပြစွာဖြင့် နေ့စဉ်ဘုရားရှိခိုးခြင်း၊ ဂုဏ်တော်ပုတီးစိပ်ခြင်းများကို ပြုလုပ်ခြင်းအားဖြင့် အတိတ်ကံကိုလည်း အားရှိအောင် ကူညီထောက်ပံ့ရန်ဖြစ်သည်။

ရှေးရှေးဘဝပြုခဲ့ကြသည့် အကုသိုလ်မှု အကုသိုလ်ကံတို့သည် ဤဘဝ၌ မကျန်းမာအောင် အနှောင့်အယှက် ပေးတတ်ကြသည်၊ ယင်းတို့သည် ကပ်၍ နှိပ်စက်တတ်သည့် ဥပပီဠကကံအသွင်ဖြင့်လည်းကောင်း၊ တခါတည်းသေကြေအောင် ဇီဝိတိန္ဒြေ အစဉ်ပြတ်အောင် ပြုလုပ်တတ်သည့် ဥပစ္ဆေဒကကံအဖြစ်ဖြင့်လည်းကောင်း၊ အန္တရာယ်ပြုတတ် ဝင်ရောက် နှောင့်ယှက်တတ်ကြသည်၊ ကံစိတ်ဥတု အာဟာရတို့ ပြုစီမံအပ်သည့် ဤခန္ဓာကိုယ်ဝယ် ရောဂါစသည့် အန္တရာယ်များဖြစ်ရာ၌ ဥတု အာဟာရချွတ်ယွင်းမှု စိတ်မချမ်းသာမှုတို့မှာ နီးကပ်သောအကြောင်းများသာဖြစ်သည်။

ထိုကဲ့သို့ချွတ်ယွင်းမှု စိတ်မချမ်းသာမှုတို့၏ အရင်းခံအကြောင်းမှာ ဥပပီဠက ဥပစ္ဆေဒကခေါ်သည့် ယခင်အကုသိုလ်ကံများ၏ အကျိုးပေးခွင့် ကြုံလာခြင်းများဖြစ်သည်။ ယင်းကံတို့သည် အခွင့်ကောင်းကို စောင့်မျှော်နေသည့်ပမာ ဤဘဝတွင် ဥတု၊ အာဟာရ၊ စိတ်တို့ ချွတ်ယွင်းမှုဖြစ်လာသည့်အခါ ဝင်ရောက်နှောင့်ယှက်တတ်ကြသည်။ အလိုရှိအပ်သော ကျန်းမာမှု ဇီဝိတိန္ဒြေ ကြာမြင့်စွာ ရှင်သန်မှုအကျိုးတရားများကို အနာရောဂါဖြစ်စေခြင်းအားဖြင့် တားမြစ်ကာ နှောင့်ယှက်တတ်ကြသည်။

ဘုရား တရား သံဃာ ရတနာသုံးပါးကို နေ့စဉ်ရှိခိုးခြင်း၊ ဂုဏ်တော်ပုတီးစိပ်ခြင်းအားဖြင့် အန္တရာယ် ပြုတတ်သည့် ထိုကံတို့ကို တားမြစ်၍ ထိုကံတို့ကြောင့် ဖြစ်ပေါ်တတ်သည့် အနာရောဂါဖြစ်မှုများကို ကာကွယ်နိုင်ပါသည်၊ ဤဘဝတွင် အတိတ်ကုသိုလ်ကံကို ကူညီထောက်ပံ့ခြင်းများကို ပဏာမစေတနာက လက်ငင်းဒိဋ္ဌ အကျိုးရအောင် ပြုလုပ်နိုင်ပါသည်။ ထို့ကြောင့် ဤဘဝတွင်

စာမျက်နှာ-404


ကျန်းမာချမ်းသာ၍ အသက်ဇီဝိတိန္ဒြေကြာရှည်စွာ ရှင်သန်လိုပါက ကျန်းမာရေး လေ့ကျင့်ခန်းများကို ပြုလုပ်ရုံမျှဖြင့် မတင်းတိမ်ဘဲ အတိတ်ကုသိုလ်ကံအားရှိလာအောင် နေ့စဉ်ဘုရားရှိခိုးခြင်း ဂုဏ်တော်ပုတီးစိပ်ခြင်းများကို ပြုလုပ်ကြရန်ဖြစ်ပါသည်။

ဖြစ်ချုပ်ခြင်းလက္ခဏာနှင့် ဇီဝိတိ

ကျန်းမာ၍ ဇီဝိတိန္ဒြေ ရှင်သန်ရေးသည် လောကတွင် အရေးအကြီးဆုံးဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ယင်းသို့ဆိုခြင်းမှာ ဗုဒ္ဓမြတ်စွာ၏ ရည်မှန်းချက်ပန်းတိုင် အစစ်ဖြစ်သည့် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို မရသေးမီ ကာလအတွင်း ကျန်းမာစွာဖြင့် ဇီဝိတိန္ဒြေ ရှင်သန်နေခြင်းအားဖြင့် မဂ် ဖိုလ် နိဗ္ဗာန်ရရာရကြောင်း နည်းလမ်းကောင်းများကို ကြိုးပမ်းနိုင်ကြရန် ဖြစ်သည်၊ စင်စစ်အားဖြင့်ဆိုရသော် ယင်းဇီဝိတိန္ဒြေ ရှင်သန်နေမှုသည် ပရမတ္ထသဘောအရ ရုပ်နာမ်၊ ခန္ဓာတို့ အစဉ်မပြတ် ဖြစ်နေခြင်းသာဖြစ်သည်။ ထို့ကြောင့် ဝိသုဒ္ဓိမဂ်မဟာဋီကာ၌-

“ဖြစ်ကုန်၏ဟူသည် အသက်ရှည်ခြင်းတည်း၊ မှန်၏၊ အသက်ရှင်ခြင်းသည်လည်း မပြတ်ဖြစ်ခြင်းပင်တည်း” ဟူ၍ ဖွင့်ဆိုလေသည်။

အသက်ရှင်သန်မှုကို အစဉ်မပြတ် ဖြစ်ခြင်းဟု ဆိုလျှင်- “ဖြစ်လျှင် ပျက်မြဲ မလွဲတံတျာ ဓမ္မတာ” ဟူသည်နှင့်အညီ ဖြစ်ပျက်လက္ခဏာသဘောအရ ဖြစ်လာလျှင် ပျက်ရမည်မှာ မုချဖြစ်သည်။ အသက်ရှင်သန်ဖြစ်ပေါ်မှုသည် မှိုငုံပေါ်ပေါက်လာသည်နှင့်တူ၏၊ မှိုငုံသည် ထိပ်ဖျားဖြင့် မြေမှုန့်ကိုယူ၍ မြေမှုန့်ကို ဦးထိပ်ပေါ်တင်၍ ပေါ်ပေါက်လာသကဲ့သို့ ထို့အတူ ဇီဝိတိန္ဒြေဖြစ်ပေါ်မှုသည် ရင့်ရော်မှုသဘော ပြတ်စဲမှုသဘောကို ဦးထိပ်ပေါ်ရွက်လျက် ဖြစ်လာရ၏၊ မှိုငုံသည် တရံတခါ တစုံတခုသောအရပ်၌ မြေမှုန့်နှင့်ကင်း၍ ဖြစ်နိုင်စကောင်း

စာမျက်နှာ-405


သော်လည်း ဇီဝိတိန္ဒြေအစဉ်ဖြစ်မှုကား တစုံတခုသောအကြောင်းကြောင့် ရင့်ရော်မှု သဘော အစဉ်ပြတ်စဲမှု သဘောတို့နှင့် ကင်း၍ မဖြစ်နိုင်ချေ။

ဇီဝိတိန္ဒြေနှင့်တကွသော ပဋိသန္ဓေစိတ်သည် ဥပါဒ်ဖြစ်ပေါ်လာသည့်အခါ ယင်းသို့ဖြစ်ပေါ်လာသည်၏ အခြားမဲ့၌ပင် ရင့်ရော်မှုသဘောသို့ရောက်ကာ တောင်ထွတ်ပေါ်မှကျသည့် ကျောက်တုံးကဲ့သို့ ယှဉ်ဘက်သမ္ပယုတ်ခန္ဓာတို့နှင့်အတူ ချုပ်ပျက်ရမည်မှာ ဧကန်ဖြစ်သည်။

နေခြည်ထိရောက် နှင်းရေပေါက်သည် ပျက်စီးသွေ့ခြောက် လွှင့်ပျောက်သွားသကဲ့သို့ ထို့အတူ ဇီဝိတိန္ဒြေ ရှင်သန်မှုသည်လည်း ဖြစ်ပျက်လက္ခဏာသဘောအားဖြင့် ကြာမြင့်စွာ တည်လိမ့်မည်မဟုတ်၊ အသက်ဇီဝိတိန္ဒြေ ဖြစ်ပေါ်လာသည်မှစ၍ အရှေ့အရပ်မှ ထွက်ပေါ်လာသည့် နေသည် နောက်မဆုတ်တမ်း ရှေ့သို့သာ လှမ်းသကဲ့သို့ ရောက်လေရာရာတွင် အနည်းငယ်မျှ နောက်သို့ပြန်၍မဆုတ်၊ တစထက်တစ ဝင်ခြင်း ပျောက်ကွယ်ခြင်းတို့သာ ရှေးရှုလေသကဲ့သို့ အသက်ဇီဝိတိန္ဒြေနှင့် ပြည့်စုံမှုဆိုသည်မှာလည်း ချုပ်၊ ပျောက် ပျက်စီးခြင်း သဘောသို့သာ ရှေးရှုလေသည်။

စင်စစ်အားဖြင့် ရုပ်၊ နာမ်ဇီဝိတိန္ဒြေတို့ ရှင်သန်နေမှုသည် အစာ အာဟာရ စသည့် အကြောင်းများနှင့်စပ်၍ ရှင်သန်နေရခြင်း ဖြစ်သည်၊ မှန်၏၊ ရုပ်နာမ် ဇီဝိတိန္ဒြေတို့သည် အာဟာရနှင့်လည်း စပ်၏၊ မဟာဘုတ် ဓာတ်ကြီးလေးပါးနှင့်လည်းစပ်၏၊ အချမ်း၊ အပူ ဥတုနှင့်လည်း စပ်၏၊ ဣရိယာပုထ်နှင့်လည်း စပ်၏၊ ထွက်သက် ဝင်သက်နှင့်လည်း စပ်၏။

“သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ” နှင့် အညီ ရုပ် နာမ် ဇီဝိတိန္ဒြေတို့သည် အစာ၊ အာဟာရကို သင့်တင့်လျောက်ပတ်စွာ ရရှိမှသာလျှင် တည်နေနိုင်ကြသည်၊ အစာအာဟာရကို မရခဲ့သော် ရုပ်နာမ် ဇီဝိတိန္ဒြေပြတ်စဲကြမည်သာဖြစ်သည်၊ ဤဇီဝိတိန္ဒြေတို့သည် ဓာတ်ကြီးလေးပါး ညီညွတ်မျှတမှသာလျှင် တည်နေနိုင်ကြပြီး မမျှတခဲ့သော် မတည်နိုင်၊ ဣရိယာပုထ် ညီညွတ်မျှတမှသာလျှင် တည်နေနိုင်ကြ၏။

စာမျက်နှာ-406


တပါးပါးသော ဣရိယာပုထ်တို့ လွန်ကဲခြင်းအားဖြင့် မမျှတခဲ့သော် မတည်နေနိုင်ပေ၊ ဤနည်းအတူပင် ထွက်သက် ဝင်သက် လေတို့၏အညီအညွတ် မျှတမှုကိုရရှိမှသာလျှင် တည်နေနိုင်မည်ဖြစ်၏၊ ပြင်ပသို့ထွက်သောလေ အတွင်းသို့ မဝင်သော်လည်းကောင်း၊ အတွင်းသို့ဝင်သောလေ ပြင်ပသို့ မထွက်သော်လည်းကောင်း ဇီဝိတိန္ဒြေ ပြတ်စဲကြမည်သာ ဖြစ်သည်။

ထို့ပြင် သတ္တဝါတို့ ဇီဝိတိန္ဒြေခေါ် အသက်၏ ကြာမြင့်သည့်အရွယ်၊ သေဆုံးမည့်ရောဂါ၊ သေဆုံးမည့်အချိန်၊ အသေကောင် ပစ်ချရာအရပ်၊ လားရာဂတိ ဤငါးမျိုးတို့ကို သက်ရှိဇီဝလောကတွင် ကြိုတင်ခန့်မှန်း၍ မရနိုင်သည့် သဘောတရားများအဖြစ် အဆိုအမိန့်ပြုခဲ့ကြသည်၊ အသက် ဇီဝိတိန္ဒြေသည် ဤမျှသာ ရှင်သန်လိမ့်မည်၊ ဤကာလကုန်ဆုံးခဲ့သော် ပြတ်စဲမည်သာ ဖြစ်၏ဟူ၍ အတိအကျ သတ်မှတ်၍မရနိုင်၊ ကလလရေကြည် ခဏ၌လည်းပြတ်စဲနိုင်၏၊ အခြားအချိန်ကာလများ၌လည်း ပြတ်စဲနိုင်သည်ပင်။

ထို့ပြင် ပရမတ္ထသဘောအရ အသက်ဇီဝိတိန္ဒြေ၏ သက်တမ်းသည် တိုတောင်းလှသည်၊ စိတ်တခု၏ ဖြစ်ပျက်ခြင်းမျှသာ သက်တမ်းရှိသည်၊ ရထားဘီးသည် လိမ့်နေသော်လည်း ယင်းလှည်းဘီးတွင် တပ်ဆင်ထားသော အကွပ်ပမာဏ အတွင်း၌သာ လိမ့်၏၊ ရပ်သောအခါတွင်လည်း ယင်းအကွပ်ပမာဏ နေရာမျှ၌သာရပ်၏၊ ထို့အတူ ဇီဝိတိန္ဒြေ ရှင်သန်မှုသည်လည်း စိတ်တခု၏ ဖြစ်ခြင်းမျှလောက်သာ သက်တမ်းရှိ၏၊ အသက်ဇီဝိတိန္ဒြေသည်လည်းကောင်း၊ ခန္ဓာကိုယ် အတ္တဘောသည်လည်းကောင်း ဆင်းရဲချမ်းသာကို ခံစားမှု ဒုက္ခ သုခဝေဒနာ တို့သည်လည်းကောင်း၊ အားလုံးသော ဓမ္မသဘောတို့သည် နိစ္စ၊ အတ္တ မဟုတ်ကြကုန်၊ အနိစ္စ

စာမျက်နှာ-407


အနတ္တတို့သာ ဖြစ်ကုန်၏၊ ဤသို့ဖြစ် ချုပ် လက္ခဏာသဘောအရ အသက်ဇီဝိတိန္ဒြေကို ကြိမ်ဖန်များစွာ ဆင်ခြင်နိုင်ပါလျှင် ဇီဝိတိန္ဒြေမမြဲခြင်းလျှင် ခိုင်မြဲသောသတိကို ရရှိနိုင်ပါသည်၊

ဤသတိကို ရရှိခြင်းအားဖြင့် အသက်ဇီဝိတိန္ဒြေတို့၌ ငြိကပ်တွယ်တာခြင်း တဏှာကို ပယ်စွန့်နိုင်ပါသည်၊ ဇီဝိတိန္ဒြေ၏ ဖြစ်၊ ချုပ် လက္ခဏာ အဖန်ဖန် အောက်မေ့ခြင်းအားဖြင့်လည်း သင်္ခါရဓမ္မတို့၏ အမြဲမရှိခြင်းသဘောကို မှတ်တတ်သည့် အနိစ္စသညာကို လေ့လာရာ ရောက်သည့်ပြင် အနိစ္စသညာကို လေ့လာခြင်းအားဖြင့် ဒုက္ခသညာ၊ အနတ္တသညာတို့လည်း ထင်လာနိုင်သည်မှာ ဧကန်ဖြစ်သည်၊ ယင်းတို့ဖြစ်လျှင် ဗုဒ္ဓမြတ်စွာ၏ အဓိကရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် မဂ်ဖိုလ်၊ နိဗ္ဗာန်ကိုလည်း ဧကန်ပင် ရရှိနိုင်မည် ဖြစ်ပေသည်။

စာမျက်နှာ-408


မနသိကာရ စေတသိက်

မနသိ=စိတ်၌ + ကာရ=ပြုခြင်း၊ မနသိကာရ၊ စိတ်၌အာရုံကိုပြုခြင်း (နှလုံးသွင်းခြင်း)

နှလုံးသွင်းပုံသုံးမျိုး

(က) အာရုံ၌ အစဉ်မပြတ်နှလုံးသွင်းခြင်းမျှ သဘောလည်းကောင်း၊
(ခ) အာရုံ၌ အစဉ်မပြတ် မိမိကိုယ်တိုင် နှလုံးသွင်းတတ်သော သဘောသည်လည်းကောင်း၊
(ဂ) မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် နာမ်တရားတို့ကို အာရုံ၌ အစဉ်မပြတ် နှလုံးသွင်းအောင် ပြုလုပ်တတ်သောသဘောသည်လည်းကောင်း၊
မနသိကာရ မည်လေသည်။

၁။ မနသိကာရစေတသိက်၏လက္ခဏာ

မနသိကာရ စေတသိက်သည် အတူဖြစ်ဖော်ဖြစ်ဖက် ဖြစ်သော စိတ် စေတသိက် နာမ်တရားတို့ကို အာရုံသို့ စိုင်းနှင်ခြင်း အာရုံသို့ ဖြောင့်စုဖြောင့်သွားစေခြင်း လက္ခဏာရှိ၏။

အာရုံသို့ဖြောင့်စွာသွားစေပုံ

စိတ် စေတသိက် နာမ်တရားများအနက် တွေ့ထိမှုဖဿ၊ စောင့်ရှောက်မှု ဇီဝိတိန္ဒြေ နှလုံးသွင်းမှု မနသိကာရတို့သည် သတ္တိမထင်ရှား သိမ်မွေ့ ခက်ခဲသည့်
၁။ အဘိဓမ္မာဝတာရ-ဋီသစ်၊ ပ၊ ၃၀၀။
၂။ အဘိ၊ ဂုတ္ထ၊ ပ၊ ၂၈၃။
၃။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၁၇။

စာမျက်နှာ-409


သဘောတရားများ ဖြစ်ကြသည်။ ဤသဘောတရား သုံးမျိုးအနက် မနသိကာရဆိုသည်မှာ သတ္တဝါတို့သန္တာန်တွင် စိတ်ဖြစ်ပေါ်လာတိုင်း စိတ်နှလုံးထဲ၌ အာရုံကို (ဝါ) အာရုံ၌ စိတ်နှလုံးကိုသွင်းပေးတတ်သော သဘောတရား ဖြစ်သည်။

အနီရောင်အဆင်းအာရုံ ရူပါရုံတခုကို တွေ့မြင်ရသောအခါ အနီအဆင်း ရူပါရုံနှင့် မြင်သိစိတ်တို့ တိုက်ဆိုင်မိကြ၏။ ဤသို့ စိတ်နှင့်အာရုံ တွေ့ကြသည်မှာ မြင်သိစိတ်ဝိညာဉ်၌ အာရုံပေါ်လာအောင် နှလုံးသွင်းပေးမှုသဘောကြောင့် ဖြစ်၏။ မြင်သိစိတ်ဝိညာဉ် ဖြစ်ပေါ်နေသမျှ အနီရောင်အဆင်း အာရုံမှ မဆိတ်အောင် အာရုံနှင့် စိတ်ဖြောင့်စွာဖြစ်ရလေအောင် ထာဝစဉ်နှလုံးသွင်းမှု စိတ်တည်း၌ အာရုံကို သွင်းပေးမှုကိုပြုလုပ်ရသည်။ ဤနှလုံးသွင်းမှု သဘောကိုပင် မနသိကာရဟု ခေါ်သည်။

ဤတွင် နှလုံးသွင်းမှုသဘောမှန်သမျှကို မနသိကာရစေတသိက်ဟု မခေါ်နိုင်၊ အချို့သော နှလုံးသွင်းမနသိကာရမှာ ဝီထိခေါ် စိတ်တို့၏ ရှေ့နောက်စီတန်း ဖြစ်ပေါ်မှုစိတ်ဖြစ်စဉ်ကို စီရင်တတ် ဖြစ်စေတတ်၏။ အချို့သော နှလုံးသွင်းမနသိကာရမှာ ဇောဟု ခေါ်ဆိုသည့် ခံစားစိတ်အစဉ်ကို ဖြစ်စေတတ်လေသည်။ ဤကဲ့သို့ ဝီထိစိတ်အစဉ် ဇောစိတ်အစဉ်တို့ကို ဖြစ်ပေါ်စေနိုင်သည့် နှလုံးသွင်းမနသိကာရများကို မနသိကာရစေတသိက်ဟု မခေါ်ရပေ။

ဤ၌ မနသိကာရ စေတသိက်ဆိုသည်မှာ သတ္တဝါတို့သန္တာန်ဝယ် စိတ်ဖြစ်ပေါ်နေသမျှ အာရုံမှ မဆိတ်အောင် စိတ်ကို အာရုံဆီသို့ဦးတည်ပေးမှု ညွှတ်ကိုင်းပေးမှု အာရုံနှင့်စိတ် ဖြောင့်မတ်အောင် ပြုပေးမှုသဘောသာဖြစ်သည်။ ဤသဘာဝသတ္တိသည် မိမိကိုယ်တိုင်လည်း နှလုံးသွင်းမှုသဘောရှိရုံသာမက ယှဉ်ဖော်ယှဉ်ဖက် နာမ်တရားတို့ကိုလည်း အာရုံသို့ ဖြောင့်ဖြောင့်သွားစေရန် စိုင်းနှင်ခြင်း လက္ခဏာရှိလေသည်။
၁။ ပရမတ္ထသံခိပ်၊ ပ၊ ၁၁၈။

စာမျက်နှာ-410


ရထားထိန်းဥပမာ

ရထားမောင်းနှင်သူ ရထားမှူး ရထားထိန်းသည် မိမိစီးနင်းလိုက်ပါသည့် ရထားမှ မြင်း ၂-ကောင် တို့ကို လိုရာစခန်းသို့ ဖြောင့်တန်းအောင် တကောင်ထက်တကောင် နောက်မကျ ရှေ့မကျအောင် ညီညာဖျဖျသွားစေရန် နှလုံးသွင်း၍မောင်းနှင်သကဲ့သို့ ထို့အတူ မနသိကာရစေတသိက်သည်လည်း အတူဖြစ်ဖက် နာမ်တရားတို့ကို အာရုံသို့ ဖြောင့်ဖြောင့်မတ်မတ် သွားစေရန် နှလုံးသွင်း၍ စိုင်းနှင်ခြင်း မောင်းနှင်ပေးခြင်း သဘောလက္ခဏာရှိလေသည်။

ဤနှလုံးသွင်း မနသိကာရကြောင့်ပင် အတူဖြစ်ဖက် နာမ်တရားတို့သည် အာရုံမှ ဆိတ်သုဉ်းခြင်းမရှိဘဲ အာရုံတခုခုကို အမြဲရယူလျက် ရှိကြသည်။ ယင်းသဘောတရား မရှိလျှင် ထိုနာမ်တရားတို့သည် မည်သည့်အာရုံကိုမှ မရယူနိုင်ကြပေ။ ကောင်းမကောင်းသော အာရုံအလုံးစုံတို့သည် ဤနှလုံးသွင်းမှုရှိမှ ထင်လာနိုင်ကြသည်။

၂။ မနသိကာရစေတသိက်၏ ရသ

မနသိကာရစေတသိက်သည် မိမိနှင့်အတူဖြစ်ဖက် စိတ် စေတသိက် နာမ်တရားတို့ကို အာရုံနှင့်ယှဉ်စေခြင်း ကိစ္စရှိ၏။

အာရုံနှင့်ယှဉ်စေပုံ

သက်ရှိသတ္တဝါအားလုံးတို့ သန္တာန်ဝယ် နေ့စဉ်နှင့်အမျှ စိတ် စေတသိက် နာမ်တရားများအမြဲ ဖြစ်လျက်ရှိသည်။ ယင်းတို့အနက် နှလုံးသွင်းမနသိကာရ နာမ်တရားသည် မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် စိတ် စေတသိက် နာမ်သဘောတရားတို့ကို အာရုံနှင့်ယှဉ်စေခြင်း ကိစ္စကို ဆောင်ရွက်ပါသည်။ အဖြူရောင်အဆင်း အာရုံတခုကိုတွေ့မြင်ရာ၌ အဖြူရောင်ဟုသိသော ယှဉ်ဖက် စိတ် စေတသိက် တို့ကို အဖြူရောင်အဆင်းအာရုံနှင့် ယှဉ်စပ်ပေးခြင်းမှာ မနသိကာရစေတသိက်၏ ဆောင်ရွက်မှုရသဖြစ်သည်။ အဖြူရောင်ကို တွေ့မြင်သည်နှင့် တပြိုင်နက် နှလုံးသွင်း မနသိကာရဖြစ်ပေါ်လာကာ အာရုံကို နှလုံးသွင်းခြင်းဖြင့်
၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၇၇။

စာမျက်နှာ-411


အဖြူရောင်ဟုသိသော ယှဉ်ဖက်စိတ်စေတသိက်တို့ကို အဖြူရောင် အဆင်းအာရုံနှင့် ယှဉ်စပ်ပေးသည်။ ဤသို့နှလုံးသွင်းခြင်းဖြင့် အာရုံနှင့် စိတ်ကို ယှဉ်စပ်ပေးမှုကြောင့် အာရုံသည် ပျောက်ကွယ်မသွားဘဲ စိတ်ဖြစ်နေသည်နှင့်အမျှ တည်ရှိနေခြင်း ဖြစ်သည်၊ (ဝါ) ယင်းသို့ အာရုံနှင့် စိတ်ကို ယှဉ်စပ်ပေးမှုကြောင့် သတ္တဝါတို့ သန္တာန်ဝယ် ဖြစ်ပေါ်လျက်ရှိသော စိတ်တို့သည် အာရုံနှင့်မကင်းဘဲ ထာဝစဉ်အာရုံတခုခုကို ရယူနေကြခြင်းဖြစ်သည်။

ယင်းသို့ ယှဉ်စေခြင်းကိစ္စရှိသည်ဟုဆိုလျှင် စေတနာဝိတက်စေတသိက်တို့လည်း အတူဖြစ်ဖက် နာမ်တရားတို့ကို ဖွဲ့စပ်ခြင်း အာရုံသို့တင်ပို့ခြင်းသဘောရှိသောကြောင့် ထိုတရားသုံးမျိုးတို့ ခြားနားပုံကို သိရန်လိုအပ်ပါသည်။

ဝိတက် စေတနာ မနသိကာရအထူး

ဝိတက် စေတနာ မနသိကာရ အထူးကို အဘိဓမ္မာအဖွင့်ကျမ်းများစွာတို့၌ အလေးထား ဖွင့်ဆိုလျက် ရှိသည်ကို တွေ့ရသည်။ ယင်းတို့ အနက် အများနားလည်နိုင်လောက်သည့် သဘောအဓိပ္ပာယ်မှာ ဤသို့ ဖြစ်သည်။

လှေပြိုင်သူဥပမာ

လောကတွင် လှေအပြေးပြိုင်ကြသောအခါ ပြိုင်ပွဲဝင် လှေတစင်း၌ ဦးပိုင်းကပန်းဆွတ်သူနှင့် အလယ်ပိုင်း လှော်ခတ်သူ ပဲ့ပိုင်းက ပဲ့ကိုင်သူ ဤသုံးယောက်တို့ တပြိုင်နက်လှော်ခတ်ကြ၏။ ယင်းတို့အနက် အလယ်ဝမ်းကလှော်ခတ်သူ၏ အဓိကတာဝန်မှာ ပန်းတိုင်သို့ အမြန်ရောက်အောင် လှော်ခတ်ရန်ဖြစ်၏။ ပဲ့ပိုင်းကပဲ့ကိုင်သူ၏အဓိက တာဝန်မှာ ပန်းတိုင်သို့ ဖြောင့်ဖြောင့်မတ်မတ် သွားအောင် ပဲ့ပေးရန်ဖြစ်၏။ ဦးပိုင်းကလှော်ခတ်သူ၏ အဓိကတာဝန်ကား ပန်းတိုင် အရောက်တွင် အရအမိ ပန်းဆွတ်ရန်ဖြစ်လေ၏။

ဤဥပမာအတိုင်းဝိတက် မနသိကာရစေတနာတို့သည် အာရုံကို တပြိုင်နက်ယူကြရာ ဝိတက်၏ အဓိကတာဝန်မှာ ယှဉ်ဖက်နာမ်တရား တည်းဟူသော လှေကိုအာရုံ ပန်းတိုင်သို့ ရောက်သွားအောင် အတွင်နှင်လျက် တင်ပို့ပေးခြင်းဖြစ်၏၊ လှေ၏ဝမ်းက လှော်ခတ်သူနှင့်တူလေသည်။ မနသိကာရ၏တာဝန်မှာ နှလုံး

စာမျက်နှာ-412


သွင်းမှုပြုခြင်းအားဖြင့် ယှဉ်ဖက်နာမ်စိတ်စေတသိက် တရားတည်းဟူသော လှေကိုအာရုံပန်းတိုင်သို့ ချောချောမောမောရောက်သွားအောင် ဖြောင့်မတ်ပေးခြင်းဖြစ်၏၊ ပဲ့ပိုင်းကပဲ့ကိုင်သူနှင့်တူ၏။ စေတနာကားယှဉ်ဖက်နာမ်သမ္ပယုတ်တရားတည်းဟူသောလှေကို အာရုံပန်းတိုင်၌ စပ်ဖွဲ့ပေးသောကြောင့် ဦးပိုင်းမှ ပန်းဆွတ်သူနှင့် တူလေသည်။ ဤသို့အားဖြင့် ဝိတက် မနသိကာရ စေတနာတို့သည် အတူဖြစ်ဖက်နာမ်တရားတို့ကို အာရုံပေါ်သို့အရောက် တင်ပို့ခြင်း အာရုံနှင့်ဖြောင့်မတ်စွာ အညီအမျှယှဉ်စေခြင်း အာရုံတရားနှင့် စပ်ဖွဲ့ပေးခြင်းတို့ဖြင့် အသီးအသီး ဆောင်ရွက်လျက် ရှိကြလေသည်။

၃။ မနသိကာရစေတသိက်၏ ပစ္စုပဋ္ဌာန်

မနသိကာရစေတသိက်သည် အာရုံရှိရာသို့ ရှေးရှုသည်၏ အဖြစ်လျှင် ထင်သောအခြင်းအရာရှိ၏။

အာရုံရှိရာသို့ရှေးရှုပုံ

နှလုံးသွင်းမှုသဘော မနသိကာရစေတသိက် ဖြစ်ပေါ်လာသော အခါ အာရုံရှိရာသို့ ရှေးရှုညွတ်လျက်ရှိသည်။ အထက်တွင်ဆိုခဲ့သည့် ရထားထိန်းဥပမာ၌ ရထားထိန်းသည် မိမိလိုရာခရီး ရထားဆိုက်ရောက်မည့်အရပ်ဆီသို့ မျက်နှာမူကာ ထိုရောက်လိုရာ အရပ်ဆီသို့ ရှေးရှုညွတ်လျက်ရှိသကဲ့သို့ အလားတူပင် မနသိကာရစေတသိက်သည် နှလုံးသွင်းခြင်းအားဖြင့် အာရုံဆီသို့ ရှေးရှုညွတ်လျက်ရှိလေသည်၊ ထိုကဲ့သို့ အာရုံရှိရာသို့ ရှေးရှုလျက်တည်နေမှုသဘောသည် မနသိကာရစေတသိက်၏ အခြင်းအရာ ပစ္စုပဋ္ဌာန်ဖြစ်သည်။

သတိနှင့် မနသိကာရအထူး

ဤသို့ မနသိကာရစေတသိက်က အာရုံသို့ ရှေးရှုခြင်းသဘောရှိသည်ဆိုလျှင် သတိ စေတသိက်လည်း အာရုံသို့ ရှေးရှုဖြစ်တတ်သောသဘောရှိသဖြင့် မည်သို့ ခြားနားပါသနည်းဟု မေးဖွယ်ရှိလေသည်။ အဖြေကား- သတိစေတသိက်၏ အာရုံသို့ ရှေးရှုဖြစ်ခြင်းသဘောမှာ အာရုံ၌မမေ့မလျော့သောအားဖြင့် ရှေးရှုခြင်းဖြစ်သည်။ မနသိကာရစေတသိက်၏ အာရုံသို့ရှေးရှုခြင်းသဘော
၁။ သင်္ဂြိုဟ်ဘာသာဋီကာ၊ ၁၀၇။
၂။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၇၇။

စာမျက်နှာ-413


မှာအာရုံ၌ကောင်းစွာယှဉ်လျက် ရှေးရှုဖြစ်တတ်သောသဘောဖြစ်သည်။ ထို့ပြင်မနသိကာရမှာ ကောင်းသောနှလုံးသွင်းမှုရှိသလို မကောင်းသော နှလုံးသွင်းမှုလည်းရှိသည်။ ယှဉ်ဖက်စိတ်စေတသိက် နာမ်တရားတို့ကို ကောင်းသော အာရုံဆီသို့ရှေးရှုညွတ်စေခြင်းမျိုးလည်းရှိသလို မကောင်းသောအာရုံ ဆီသို့ ရှေးရှုညွတ်စေခြင်းမျိုးလည်းရှိသည်။ အောက်မေ့မှုသတိကား ဤသို့ မဟုတ်၊ ကောင်းသော ကုသိုလ်အာရုံဆီသို့သာလျှင် မမေ့မလျော့သော အားဖြင့် ရှေးရှုညွတ်စေပါသည်။ ဆိုလိုသည်မှာ သတိသည် ကောင်းသော ကုသိုလ်ဆိုင်ရာ၌သာဖြစ်၏။ မကောင်းသော အကုသိုလ်နှင့်မဆိုင် သတိ အမြဲရှိလျှင် ကောင်းသည်သာဖြစ်ရာ အပိုသည်ဟူ၍မရှိ၊ လိုသည်သာ ရှိ၏။ မနသိကာရကား အကုသိုလ် ကုသိုလ်ကောင်းဆိုး နှစ်တန်ရောထွေးနေ သဖြင့် ကောင်းသောနှလုံးသွင်းမှုဖြစ်ရန် သတိဖြင့် ဆင်ခြင်နှလုံးသွင်းရလေသည်။

တိဿရဟန်းကြီး၏ မကောင်းသောနှလုံးသွင်း

သတိမနသိကာရတို့နှင့်စပ်လျဉ်း၍ ဓမ္မပဒ အဋ္ဌကထာလာ သာဓကအချို့ကို ဖော်ပြလိုပါသည်။ သာဝတ္ထိပြည်ဇာတိ၊ တိဿအမည်ရှိ ရဟန်းကြီးတပါးသည် တခုသောဇနပုဒ်ကျောင်းသို့ ကြွရောက်ဝါဆိုခဲ့၏။ ထို ကျောင်းမှအလျား အနံကောင်းမွန်သည့် အဝတ်အထည် တစကိုရခဲ့လေ၏။ ဝါလကင်းလွတ် သီတင်းကျွတ်သည့်အခါ ထိုအဝတ်ပိုင်းကို ယူဆောင်လာကာ သာဝတ္ထိပြည်သို့ ပြန်ကြွလာပြီး သင်္ကန်းချုပ်၏၊ ထို့နောက်—

“မနက်ဖြန်ကျလျှင် ဒီသင်္ကန်းကို ငါကောင်းကောင်း ဝတ်ရုံလိုက်မည်” ဟု နှလုံးသွင်းပြီး သင်္ကန်း၌ ကပ်ငြိမှုတဏှာကို ဖြစ်စေကာ သင်္ကန်းတန်းပေါ်သို့ ခေါက်တင်ထား၏။ ထိုနေ့ညပိုင်းရောက်သောအခါ အစာမကြေရောဂါဖြင့် ပျံလွန်တော်မူပြီး ထိုသင်္ကန်း၌ပင် သန်းကြီးသတ္တဝါဖြစ်ရရှာသည်။ ဤ၌ တိဿရဟန်းကြီး၏ နှလုံးသွင်း မနသိကာရမှာ မကောင်းသော နှလုံးသွင်းခြင်း မနသိကာရမျိုး ဖြစ်သည်။
၁။ ဓမ္မပဒ၊ ဋ္ဌ၊ ၂၊ ၂၁၈။

စာမျက်နှာ-414


မျောက်မင်း၏ သတိနှင့် မနသိကာရ

ထို့ပြင် ဇာတ်အဋ္ဌကထာလာ ကယ်တင်ရှင် - ဘုရားလောင်း မျောက်မင်းအား ကျောက်တုံးဖြင့် ထုသတ်သော ပုဏ္ဏားယုတ်၏ နှလုံးသွင်းမျိုးမှာလည်း မကောင်းသော နှလုံးသွင်းမျိုးပင် ဖြစ်ပြီး ထိုပုဏ္ဏားယုတ်၏အပေါ် စိတ်မဆိုးအပြစ်မယူဘဲ သတိကို လက်ကိုင်ပြုကာ-

“ဘေးကင်းရာသို့ အရောက်ပို့ဆောင်အံ့” ဟူသော ဘုရားလောင်းမျောက်မင်း၏ နှလုံးသွင်းမျိုးမှာကား ကောင်းမြတ်သော နှလုံးသွင်း မနသိကာရမျိုးဖြစ်လေသည်။

၄။ မနသိကာရစေတသိက်၏ ပဒဋ္ဌာန်

မနသိကာရစေတသိက်သည် အာရုံလျှင် နီးစွာသော အကြောင်းရှိသည်။

အာရုံသည်အနီးကပ်ဆုံး အကြောင်းဖြစ်ပုံ

အကြောင်းတရားများစွာအနက် အကျိုးတရားတစုံတရာဖြစ်မှုအတွက် အနီးကပ်ဆုံး အကြောင်းကို ပဒဋ္ဌာန်ဟု ခေါ်သည်။ ဤ၌ မနသိကာရစေတသိက်၏ အနီးကပ်ဆုံး အကြောင်းမှာ အာရုံဖြစ်သည်။ မှန်ပေသည်။ နှလုံးသွင်းရမည့် အာရုံရှိမှ နှလုံးသွင်း မနသိကာရ ဖြစ်နိုင်သည်။ လူတဦးကို သတ်ဖြတ်ရာ၌ အသတ်ခံရသူမှာ သတ်သူ၏ စိတ်စိုက်ရာ အာရုံတရားဖြစ်သည်။ ထိုအာရုံကြောင့် ဖြစ်ပေါ်လာသည့် နှလုံးသွင်းကား မနသိကာရစေတသိက်တည်း။ ထိုစေတသိက်နှင့်အတူ ဖြစ်ပေါ်လာသည့် စိတ်မှာ ဒေါသစိတ်ဖြစ်သည်၊ ယင်းအတူ ဖြစ်ဖက် ဒေါသစိတ်ကို အသတ်ခံရသူတည်းဟူသော အာရုံတရားနှင့် ဖြောင့်စွာ ဖြစ်အောင် ပြုပေးမှု စိတ်ကိုအာရုံဆီသို့ ဦးတည်ပေးမှု သဘောမှာ မနသိကာရစေတသိက်၏ သဘောလက္ခဏာဖြစ်ပြီး၊ ယင်းဒေါသစိတ်နှင့် အာရုံကို စပ်ယှဉ်အောင် လုပ်ဆောင်ခြင်းကား ထိုစေတသိက်၏ ဆောင်ရွက်မှုရသဖြစ်သည်။
၁။ ဇာ၊ ဋ္ဌ၊ ၅၊ ၃၇။

စာမျက်နှာ-415


ထို့ပြင် ထိုစေတသိက်၏ အသတ်ခံရသူတည်း ဟူသော အာရုံတရားဆီသို့ မျက်နှာမူသကဲ့သို့ ရှေးရှုညွှတ်ကိုင်းနေပုံအခြင်းအရာမှာ ပစ္စုပဋ္ဌာန်ဖြစ်သည်။ ဤ၌ သတ်ဖြတ်သူဝယ် ဆိုခဲ့သည့် နှလုံးသွင်းမှုသဘောဖြစ်လာရခြင်းမှာ အကြောင်းမဲ့ ဖြစ်လာရသည်မဟုတ်၊ အကြောင်းရှိ၍ ဖြစ်ရပါမည်။ အကြောင်းပေါင်းများစွာကြောင့်ပင် ဖြစ်လာရပေသည်။ ယင်းအကြောင်းများတွင် အဓိကအနီးကပ်ဆုံးမှာ အသတ်ခံရသူက တစုံတရာ အန္တရာယ်လုပ်မည်ပြုခြင်း စသောအကြောင်းဖြစ်၏၊ ဤအကြောင်းကြောင့် ထိုကဲ့သို့ နှလုံးသွင်းရခြင်းဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့ ဖြစ်ရပ်မျိုး၌ နှလုံးသွင်း မနသိကာရ၏ အနီးကပ်ဆုံး အကြောင်းကိုရှာသော် အသတ်ခံရသူတည်းဟူသော အာရုံတစုံတခုဖြစ်ကြောင်း သိသာပါသည်။

အလားတူပင် ကုသိုလ်ကောင်းမှုဆိုင်ရာ ဒါနမှု သီလမှု ဘုရားရှိခိုးမှု စသည်များတွင် ဘုရားရှိခိုးရာ၌ ဘုရားအာရုံကြောင့် ဖြစ်ပေါ်လာသည့် ဘုရားရှိခိုးသူ၏ ကောင်းသော နှလုံးသွင်း မနသိကာရစေတသိက်သည် ရှိခိုးခြင်းကုသိုလ်စိတ်ကို ဘုရားအာရုံဆီသို့ ဖြောင့်မတ်အောင် ဦးတည်စေမှု သဘောမှာ ယင်း၏ သဘောလက္ခဏာပင် ဖြစ်သည်။ ထိုကုသိုလ်စိတ်နှင့် ဘုရားအာရုံကို စပ်ယှဉ်ပေးမှု လုပ်ဆောင်ချက်ကား ရသသဘောဖြစ်၏။ ဘုရားအာရုံဆီသို့ မျက်နှာမူသကဲ့သို့ ရှေးရှုညွှတ်နေပုံအခြင်းအရာမှာ ပစ္စုပဋ္ဌာန်ဖြစ်သည်။ ဤ၌ ဘုရားရှိခိုးသူ၏ နှလုံးသွင်းမှာ ဆိုခဲ့သည့် နည်းတူ ဘုရားအာရုံကြောင့် ကောင်းသောနှလုံးသွင်း ဖြစ်ပေါ်လာသည်။ နှလုံးသွင်းရမည့် ဘုရားအာရုံရှိပါမှ နှလုံးသွင်းမှု မနသိကာရဖြစ်နိုင်ပါသည်၊ ထို့ကြောင့် ဤမနသိကာရစေတသိက်သည် အာရုံလျှင် နီးစွာသော အကြောင်း ရှိသည်ဟု ဖွင့်ဆိုကြသည်။

မနသိကာရ ၃-မျိုး

မနသိကာရအမျိုးမျိုး
၁။ ဝီထိပဋိပါဒကမနသိကာရ (ပဉ္စဒွါရာဝဇ္ဇန်းစိတ်)၊
၂။ ဇဝနပဋိပါဒကမနသိကာရ (မနောဒွါရာဝဇ္ဇန်းစိတ်)၊

စာမျက်နှာ-416


၃။ အာရမ္မဏပဋိပါဒကမနသိကာရ (မနသိကာရစေတသိက်)
ဟူ၍ မနသိကာရ ၃-မျိုးရှိသည်။

၁။ ဝီထိပဋိပါဒကမနသိကာရ

ဝီထိပဋိပါဒက မနသိကာရ ဆိုသည်မှာ (ဝီထိ=ဝီထိစိတ်အစဉ်ကို+ ပဋိပါဒက=စီရင်တတ် ဖြစ်ပေါ်စေတတ်သော+မနသိကာရ=နှလုံးသွင်းဆင်ခြင်မှု)၊ ဝီထိစိတ်အစဉ်ကို ပေါ်လာစေနိုင်သော နှလုံးသွင်း ဆင်ခြင်မှုကို ဝီထိပဋိပါဒကမနသိကာရဟု ခေါ်သည်။ တရားကိုယ်မှာ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်သည်။

မှန်ပေသည်၊ ဤ၌ ဝီထိစိတ်စဉ်ဟူသည် သတ္တဝါတို့မှာ စက္ခုအစရှိသည့် ပသာဒငါးခုတို့၌ အာရုံထင်လာသည့်အခါ စိတ္တနိယာမ သဘောအရ စီကာ စဉ်ကာ ဖြစ်ပေါ်နေသည့် စိတ်အစဉ် ဝီထိပင် ဖြစ်သည်။ ဥပမာ-မျက်စိပသာဒ၌ အဆင်းရူပါရုံထင်လာသည့်အခါ ဘဝင်အစဉ်ပြတ်ကာ-

“ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဉ် သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇော ၇-ကြိမ် တဒါရုံ ၂-ကြိမ်”–

ဟူ၍ စိတ်အစဉ်ဝီထိဖြစ်ပေါ်၏၊ ဤစိတ်အစဉ်ဝီထိ၌ ပဉ္စဒွါရာဝဇ္ဇန်းခေါ် ပသာဒငါးခု၌ ထင်လာသည့် အာရုံကို ဆင်ခြင် နှလုံးသွင်းတတ်သည့် အာရုံဆင်ခြင်စိတ်တမျိုးသည် မိမိ၏ရှေး၌ဖြစ်ပေါ်သော ဘဝင်စိတ်အစဉ်ကိုဖြတ်ကာ စက္ခုဝိညာဉ်ခေါ် မြင်သိစိတ်အစရှိသည့် ဝီထိစိတ်များကို ပေါ်လာစေနိုင်၏။ ထို့ကြောင့် ယင်းပဉ္စဒွါရာဝဇ္ဇန်းစိတ်ကို ဝီထိပဋိပါဒကမနသိကာရဟုခေါ်လေသည်။

တနည်းဆိုရသော်--ဆိုခဲ့သည့်စိတ်အစဉ်ဝီထိ၌ ပဉ္စဒွါရာဝဇ္ဇန်းခေါ် အာရုံဆင်ခြင်စိတ်တမျိုး၏ ရှေးဖြစ်သော စိတ်များမှာ ဘဝင်စိတ်များ သာဖြစ်သည်။ နောက်စိတ်များကိုကြည့်လျှင် စက္ခုဝိညာဉ်စသည့် ဝီထိစိတ်အစဉ်အတန်းကို တွေ့ရသည်။ ထို့ကြောင့် ဤပဉ္စဒွါရာဝဇ္ဇန်းစိတ်
၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၇၇။

စာမျက်နှာ-417


သည် ရှေးဖြစ်သောဘဝင်စိတ်အစဉ်နှင့်မတူ ထူးခြားသော စက္ခုဝိညာဉ်စသော နောက်စိတ်များဖြစ်ပေါ်အောင် စီရင်တတ်လေသည်။ မှန်၏၊ သတ္တဝါတို့၏သန္တာန်ဝယ် စက္ခုအစရှိသော ပသာဒများ၌ အဆင်းရူပါရုံ အစရှိသည့် အာရုံများထင်လာမှုမရှိခဲ့သော် (ဝါ) ပသာဒနှင့် အာရုံ တိုက်ဆိုင်မှု မရှိသော် အကျိုးဝိပါက် ဘဝင်များသာ ဖြစ်ပေါ်လျက်ရှိပါသည်။ ဤသို့ဘဝင်စိတ်များ ဖြစ်ပေါ်နေရာမှ ပသာဒနှင့်အာရုံတို့ အခါအခွင့်သင့်၍ ရုတ်တရက် တိုက်ဆိုင်ကြသောအခါ ထင်လာသော အာရုံကို နှလုံးသွင်းဆင်ခြင်သည့် ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဖြစ်၏။ ဤစိတ်က နှလုံးသွင်းပေးမှု ပြုသောကြောင့် ထိုအဆင်းအာရုံကို သိသာသော မြင်သိစိတ် စက္ခုဝိညာဉ်အစရှိသည့် ဝီထိစိတ်များ ပေါ်ပေါက်လာရပေသည်။

ဤတွင်ဆိုခဲ့သည့် ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဖြစ်ပေါ် လာခြင်းမှာ ဘဝင်စိတ်များနှင့်စက္ခုဝိညာဉ်စိတ်တို့၏အကြား အချက်အချာကျသည့်နေရာတွင်ဖြစ်၏။ ဤပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်ပေါ်လာမှုကြောင့် ဘဝင်စိတ်အစဉ်များ ပြတ်ထွက်သွားခြင်း၊ ဤစိတ်ကနှလုံးသွင်းပေးမှုကြောင့် စက္ခုဝိညာဉ်စသော ဝီထိစိတ်များ ဖြစ်ပေါ်လာခြင်းဟူသည့် ထူးခြားသောစိတ်စဉ်များ ပြောင်းလဲပေါ်ပေါက်နိုင်ပါသည်။ ထို့ကြောင့် ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကို ဝီထိပဋိပါဒကမနသိကာရဟု ဖွင့်ဆိုကြလေသည်။

၂။ ဇဝနပဋိပါဒကမနသိကာရ

ဇဝနပဋိပါဒကမနသိကာရ ဆိုသည်မှာ (ဇဝန=ဇောစိတ်အစဉ်ကို+ပဋိပါဒက=စီရင်တတ် ပေါ်လာစေတတ်သော+မနသိကာရ=နှလုံးသွင်းဆင်ခြင်မှု) ဇောစိတ်အစဉ်ကိုဖြစ်စေတတ် ပေါ်လာစေတတ်သော နှလုံးသွင်းဆင်ခြင်မှုကို ဇဝနပဋိပါဒက မနသိကာရဟုခေါ်၏။ တရားကိုယ်မှာ မနောဒွါရာဝဇ္ဇန်းစိတ်ဖြစ်သည်။ ဤ၌ ဇောစိတ်ဆိုသည်မှာ အဟုန်ပြင်းစွာ ဖြစ်ပေါ်တတ်သည့် အာရုံခံစားစိတ်ဖြစ်သည်။ ထိုစိတ်တို့အကြိမ်ကြိမ်စီကာ စဉ်ကာဖြစ်ပေါ်မှုကို ဇောအစဉ်ဟုခေါ်၏။ အထက်တွင်ဆိုခဲ့သည့် ဝီထိစိတ်အစဉ်အတန်းဝယ် ဝုဋ္ဌောခေါ် မနောဒွါရာဝဇ္ဇန်းစိတ်ပါဝင်၏။ ဤစိတ်သည်လည်း ဘဝင်အကြားတွင် ထင်လာသည့်အာရုံကိုဆင်ခြင်နှလုံးသွင်း

စာမျက်နှာ-418


တတ်သော အာရုံဆင်ခြင်စိတ်တမျိုးဖြစ်သည်။ ယင်းစိတ်သည် မိမိရှေး၌ဖြစ်သည့် သမ္ပဋိစ္ဆိုင်း=(အာရုံကို လက်ခံသည့်စိတ်)၊ သန္တီရဏ=(အာရုံကို စုံစမ်းထောက်လှန်းသည့်စိတ်)များနှင့်မတူ ထူးခြားသော နောက်နောက်သောဇောစိတ်==(အာရုံခံစားစိတ်)အစဉ်ကို ပေါ်လာစေတတ်ပါသည်။

ထို့ပြင် ယင်းစိတ်သည် ပသာဒငါးပါး၌ ပေါ်လာသောစိတ်အစဉ်==(ပဉ္စဒွါရဝီထိ) တွင် ဝုဋ္ဌောအမည်ဖြင့် အာရုံကိုသတ်မှတ်ပေးကာ ဘဝင်မနော၌ဖြစ်ပေါ်လာသော စိတ်အစဉ်- (မနောဒွါရဝီထိ)တွင် မနောဒွါရာဝဇ္ဇန်းအမည်ဖြင့် အာရုံခံစားတတ်သည့် ဇောစိတ်အစဉ်ကို ဣဋ္ဌအာရုံ ဣဋ္ဌအခြင်းအရာကို ခံစားစေခြင်းဖြင့်လည်းကောင်း၊ အနိဋ္ဌာရုံ အနိဋ္ဌအခြင်းအရာကို ခံစားစေခြင်းဖြင့်လည်းကောင်း ပိုင်းခြားဆုံးဖြတ်ခြင်း၊ နှလုံးသွင်းစီရင်ခြင်းများကိုပြုလေသည်။ ထို့ကြောင့် ထိုမနောဒွါရာဝဇ္ဇန်းစိတ်ကို ဇဝနပဋိပါဒကမနသိကာရဟုခေါ်သည်။

၃။ အာရမ္မဏပဋိပါဒကမနသိကာရ

အာရမ္မဏပဋိပါဒကမနသိကာရ ဆိုသည်မှာ (အာရမ္မဏ=အာရုံ+ပဋိပါဒက=စီရင်တတ် ပေါ်လာစေတတ်သော+မနသိကာရ==နှလုံးသွင်းဆင်ခြင်မှု) အဆင်းရူပါရုံအစရှိသည့် အာရုံကိုဖြစ်စေတတ်သော နှလုံးသွင်းဆင်ခြင်မှုကို အာရမ္မဏပဋိပါဒကမနသိကာရဟု ခေါ်သည်။ တရားကိုယ်မှာ အထက်တွင်ဖွင့်ဆိုခဲ့သည့် မနသိကာရ စေတသိက်ပင်ဖြစ်သည်။

မနသိကာရ ၃-မျိုး အထူးထပ်မံရှင်းပြခြင်း

မနသိကာရသုံးမျိုးအထူးကို ထင်ရှားအောင် ထပ်ရှင်းရသော် သတ္တဝါတို့သန္တာန်၌ ဖြစ်ပေါ်နေသည့်စိတ်ကို လေ့လာကြည့်လျှင် အာရုံသစ်ထင်လာမှုမရှိသည့်အခါ ပြုခဲ့ ဆိုခဲ့လုပ်ခဲ့ဖူးသည့် အတိတ်အာရုံများ ထင်မြင်နေပြီး သိမှုသဘောကင်းမဲ့နေသည့်အလား ဖြစ်ပေါ်လျက်ရှိရာမှ-

စာမျက်နှာ-419


ဥပမာ- အိပ်ပျော်နေစဉ်အခါ ဖြစ်ပေါ်နေသည့် ဘဝင်စိတ်များသည် အတိတ်မှတစုံတရာ ပြုလုပ်ခဲ့ခြင်းစသည့် အာရုံများကို အာရုံပြုထင်မြင်နေပြီး သိမှုသဘောကင်းမဲ့နေသည့်အလား ဖြစ်ပေါ်နေရာမှ ကျယ်လောင်သော အသံဖြင့် နှိုးလိုက်သည့်အခါ သဒ္ဒါရုံနှင့် ရုတ်တရက် တိုက်ဆိုင်မိတော့၏။

ယင်းနောက် လန့်နိုးပြီး ဘဝင်စိတ်များ ပြတ်ထွက်သွားကာ အသစ်ပေါ်လာသည့် အသံသဒ္ဒါရုံကို နှလုံးသွင်းဆင်ခြင်ခြင်း (ပဉ္စဒွါရာဝဇ္ဇန်းစိတ်)၊ ထိုအသံကို ကြားသိခြင်း (သောတဝိညာဉ်)၊ ထိုအသံသဒ္ဒါရုံကို ခံယူခြင်း (သမ္ပဋိစ္ဆိုင်းစိတ်)၊ ထိုအသံသဒ္ဒါရုံကို စုံစမ်းထောက်လှမ်းခြင်း (သန္တီရဏစိတ်)၊ အလိုရှိအပ်သော ဣဋ္ဌအသံ သို့မဟုတ် အလိုမရှိအပ်သော အနိဋ္ဌအသံဟု ပိုင်းခြားမှတ်သားခြင်း (ဝုဋ္ဌောခေါ် မနောဒွါရာဝဇ္ဇန်း)၊ ယင်းသဒ္ဒါရုံ၏ အရသာကို အကြိမ်ကြိမ်ခံစားခြင်း (ဇောခေါ် အာရုံခံစားစိတ်အစဉ်) အစရှိသည့် စိတ်အစဉ် ဝီထိများ ဖြစ်ချုပ်သဘောဖြင့် ဖြစ်ပေါ်လျက်ရှိ၏။

စိတ်အစဉ်ဝီထိ၌ အာရုံကို နှလုံးသွင်းဆင်ခြင်သည့် ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် အထက်တွင်ဆိုခဲ့သည့်အတိုင်း ဖော်ပြပါ ဝီထိစိတ်အစဉ်ကို ဖြစ်ပေါ်စေနိုင်သော နှလုံးသွင်းစိတ်ဖြစ်သည်။ ထို့ကြောင့် ယင်းကို ဝီထိပဋိပါဒကဟု ကျမ်းဂန်များက မိန့်ဆိုသည်။ ဖော်ပြပါ ဝီထိစိတ်အစဉ်၌ ဣဋ္ဌ၊ အနိဋ္ဌကို ပိုင်းခြားဆင်ခြင်တတ်သည့် ဝုဋ္ဌောခေါ် မနောဒွါရာဝဇ္ဇန်းစိတ်သည်လည်း ယင်းနောက်တွင် ဖြစ်ပေါ်သည့် ဇောစိတ်အစဉ်ကို ပေါ်လာစေတတ်သော နှလုံးသွင်းတမျိုးပင်ဖြစ်သည်။ ထို့ကြောင့် ယင်းစိတ်ကို ဇဝနပဋိပါဒကမနသိကာရဟု ခေါ်သည်။

ဆိုခဲ့သည့် ဝီထိစိတ်အစဉ်၌ အာရုံသစ်မထင်မီ ဖြစ်ပေါ်လျက်ရှိသော ဥပမာ- အိပ်နေစဉ် ဖြစ်ပေါ်လျက်ရှိသည့် ဘဝင်စိတ်များသည် သိမှုသဘောကင်းနေသည့်အလား ဖြစ်နေ၏။ စိတ်တို့မည်သည်လည်း မည်သည့်စိတ်မဟူ အာရုံနှင့်ကင်း၍ မဖြစ်နိုင်သောကြောင့် ဘဝင်စိတ်များဖြစ်သည်နှင့် တပြိုင်နက် အတူယှဉ်တွဲဖြစ်ပေါ်လာသည့် မနသိကာရစေတသိက်က နှလုံးသွင်းဆင်ခြင်ခြင်းဖြင့် ပြောဆိုပြုလုပ်ခဲ့ဖူးသော အတိတ်အာရုံများကို ပေါ်လာစေပါသည်။ ထို့ကြောင့် ယင်းမနသိကာရစေတသိက်ကို အာရမ္မဏပဋိပါဒက မနသိကာရဟု ကျမ်းဂန်များက မိန့်ဆိုကြလေသည်။

စာမျက်နှာ-420


ဤတွင် မနသိကာရ သုံးမျိုးတို့၏ ခြားနားပုံကို ဆိုခဲ့သည့် ဝီထိစိတ်အစဉ်၌ ပေါ်လွင်ထင်ရှားစွာ တွေ့မြင်ရသည်။ မှန်ပေသည်၊ အိပ်နေစဉ် ဖြစ်ပေါ်သည့် ဘဝင်စိတ်များ အာရုံမှ ဆိတ်သုဉ်းခြင်းမရှိအောင် မနသိကာရစေတသိက်က အတိတ်အာရုံများကို ထင်လာစေတတ်၊ ဖြစ်စေတတ်၊ နှလုံးသွင်းပေးတတ်ပါသည်။ ဤသို့ အိပ်နေစဉ်အခါများတွင် ဝီထိစိတ်များ ဖြစ်ပေါ်မှုမရှိသောကြောင့် ပဉ္စဒွါရာဝဇ္ဇန်း၊ မနောဒွါရာဝဇ္ဇန်းဟု ဆိုအပ်သော အာဝဇ္ဇန်း ၂ မျိုးဖြင့် နှလုံးသွင်းဆင်ခြင်မှုများ ဖြစ်ပေါ်ခြင်းမရှိဘဲ ဘဝင်စိတ်များအတွက် မနသိကာရစေတသိက်၏ နှလုံးသွင်းဖြင့်သာ အတိတ်အာရုံများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထို့ကြောင့် ယင်းနှလုံးသွင်းစေတသိက်ကို အာရမ္မဏပဋိပါဒက မနသိကာရဟု ခေါ်လေသည်။

အထက်တွင် ဆိုခဲ့သည့်အတိုင်း အိပ်ပျော်နေစဉ် ခေါ်နှိုးသဖြင့် အာရုံသစ်ထင်လာသောအခါ၌ကား ယင်းအသစ်အာရုံကို ဆင်ခြင်နှလုံးသွင်းတတ်သည့် ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်ပေါ်လာခြင်း၊ ထိုစိတ်က ဆင်ခြင်နှလုံးသွင်းမှုကြောင့် စက္ခုဝိညာဉ် အစရှိသော ဝီထိစိတ်များ ဖြစ်ပေါ်ရခြင်းကို ဝီထိပဋိပါဒက မနသိကာရဟု ခေါ်ပြီး ဝုဋ္ဌောခေါ် မနောဒွါရာဝဇ္ဇန်းစိတ်ကြောင့် ဇောအစဉ် ဖြစ်ပေါ်ရခြင်းကိုကား ဇဝနပဋိပါဒက မနသိကာရဟု ခေါ်လေသည်။

မနသိကာရ ၂-မျိုး

အသုံးများသော မနသိကာရ

ဆိုခဲ့သည့် မနသိကာရ ၃-မျိုးအပြင် ထိုထိုကျမ်းဂန်တို့၌ အသုံးများသော မနသိကာရ ၂-မျိုးကိုလည်း တွေ့ရသည်။ ယင်းမှာ-
၁။ ယောနိသော မနသိကာရ၊
၂။ အယောနိသော မနသိကာရ- ဟူ၍ ဖြစ်သည်။

စာမျက်နှာ-421


ယောနိသော မနသိကာရ ဆိုသည်မှာ ယောနိသော = သင့်သော အကြောင်းအားဖြင့် (ဝါ) အသင့်အားဖြင့် + မနသိကာရ = နှလုံးသွင်းခြင်း၊ သင့်မြတ်သော နှလုံးသွင်းမှု (ဝါ) နှလုံးသွင်းလိမ္မာမှုကို ယောနိသော မနသိကာရဟု ခေါ်သည်။ ဤမနသိကာရ ၂-မျိုးမှာ မနသိကာရစေတသိက်မဟုတ်၊ ဆိုခဲ့သည့် ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဇောစိတ်အစဉ်ကို ဖြစ်ပေါ်စေနိုင်သော မနောဒွါရာဝဇ္ဇန်း ၂ မျိုးကို ခေါ်ဆိုခြင်းဖြစ်သည်။ သို့ရာတွင် ထိုစိတ်တို့ ဖြစ်ပေါ်သည့်အခါ မနသိကာရစေတသိက်ပါဝင်၏။ မနသိကာရစေတသိက်မပါလည်း ထိုစိတ်များ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ယောနိသော မနသိကာရကို ပညာနှင့်ယှဉ်သော မနသိကာရစေတသိက်၊ အယောနိသော မနသိကာရကို မောဟနှင့်ယှဉ်သော မနသိကာရစေတသိက်ဟူ၍လည်း ကောက်ယူခြင်းဖြစ်သည်။

အာဝဇ္ဇန်း ၂-မျိုးအနက် မနောဒွါရာဝဇ္ဇန်းသည် ဒွါရငါးပါး၌ ဖြစ်ပေါ်လာသော စိတ်အစဉ် (ပဉ္စဒွါရဝီထိ) တွင် ဝုဋ္ဌောအမည်ဖြင့်လည်းကောင်း၊ မနောဒွါရ၌ ဖြစ်ပေါ်လာသော စိတ်အစဉ် (မနောဒွါရဝီထိ) တွင် မနောဒွါရာဝဇ္ဇန်းနာမည်ဖြင့် လည်းကောင်း ဖြစ်ပေါ်လာ၍ ကုသိုလ်ဇောစိတ်၊ အကုသိုလ်ဇောစိတ်တို့အား အနန္တရပစ္စည်း၊ သမနန္တရပစ္စည်း စသည်တို့ဖြင့် ကျေးဇူးပြုသည်ဟု ပဋ္ဌာန်းပါဠိတော်တွင် ဟောတော်မူ၏။

မှန်ပေသည်၊ ထိုအာဝဇ္ဇန်းစိတ်သည် ကုသိုလ်အစဉ် ဖြစ်ပေါ်လာရေး၌ အရေးပါလှသည့် လမ်းခွဲမှတ်တိုင်ကြီးသဖွယ် ဖြစ်သည်။ တနည်းသော် ကုသိုလ်၊ အကုသိုလ် လမ်းနှစ်သွယ်အနက် တဘက်ဘက် ပဲ့ကိုင်လမ်းညွှန်ပေးသည့် ပဲ့ကိုင်သမားကြီးနှင့်လည်း တူပါသည်။ ထိုစိတ်က ပိုင်းခြားဆုံးဖြတ် နှလုံးသွင်းဆင်ခြင်မှု လိမ္မာသော် (ဝါ) အကောင်းဘက်မှ ရှုမြင်ဆင်ခြင်သော် ကုသိုလ်စိတ်များ ဖြစ်လာပြီး ပိုင်းခြားဆုံးဖြတ်မှု နှလုံးသွင်းဆင်ခြင်မှု မလိမ္မာခဲ့သော် (ဝါ) အဆိုးဘက်မှ ရှုမြင်ခဲ့ပါလျှင် အကုသိုလ်စိတ်များ ဖြစ်လာနိုင်ပါသည်။

စာမျက်နှာ-422


ထို့ကြောင့် ထိုမနောဒွါရာဝဇ္ဇန်းစိတ်သည် ကုသိုလ်စိတ်အစဉ်၊ အကုသိုလ်စိတ်အစဉ်တို့ ဖြစ်ပေါ်လာမှုတွင် သော့ချက်အကျဆုံး အနီးကပ်ဆုံးအကြောင်းဖြစ်သည်။ ထိုစိတ်က နှလုံးသွင်းလိမ္မာမှု (ယောနိသော မနသိကာရ) ကိစ္စကို ဆောင်ရွက်လျှင် ကုသိုလ်စိတ်အစဉ် ဖြစ်လာပါမည်။ နှလုံးသွင်းမလိမ္မာမှု (အယောနိသော မနသိကာရ) ကိစ္စကို ဆောင်ရွက်ခဲ့လျှင် အကုသိုလ်စိတ်အစဉ် ဖြစ်လာပါမည်။ ထို့ကြောင့် အင်္ဂုတ္တိုရ်ပါဠိတော်၌--

“ရဟန်းတို့ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသောသူအား မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏။ ရဟန်းတို့ မသင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းသည် များစွာအကျိုးမဲ့ခြင်းငှာ ဖြစ်၏။ ရဟန်းတို့ သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသောသူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏။ ရဟန်းတို့ သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းသည် များစွာအကျိုးရှိခြင်းငှာ ဖြစ်၏။” ဟု ဟောတော်မူခဲ့လေသည်။

သင့်လျော်အောင် နှလုံးသွင်းရပုံ

မိလိန္ဒပဉှာပါဠိတော်၌ “နှလုံးသွင်းကောင်းခြင်းသည် ကုသိုလ်တရားအားလုံးတို့အား အရင်းမူလဖြစ်သည်။ မိုးသည် မြက်သစ်ပင်စသည်ကို စောင့်ရှောက်သကဲ့သို့ နှလုံးသွင်းကောင်းခြင်းဖြင့် သူတော်ကောင်းတရားကို စောင့်ရှောက်အပ်၏” ဟူ၍ မိုးဥပမာပေး၍လည်းကောင်း၊ “စက္ကဝက်ငှက်သည် အသက်ဆုံးတိုင်အောင် နှလုံးသွင်းခြင်းကို မစွန့်အပ်” ဟူ၍ စက္ကဝက်ငှက်ဥပမာ ပေး၍လည်းကောင်း၊ “ကြက်သည် ခဲတုတ်စသည်တို့ဖြင့် ပစ်ခတ်သော်လည်း မိမိနေအိမ်ကို မစွန့်သကဲ့သို့ သူတော်ကောင်းသည် ထိုထိုအမှုကိစ္စများကို ပြုလုပ်နေသော်လည်း ကောင်းသောနှလုံးသွင်းမှုကို မစွန့်လွှတ်အပ်” ဟူ၍ ကြက်ကို ဥပမာပေး၍လည်းကောင်း၊
၁။ အဘိ၊ဋ္ဌ၊ ၁၊ ၁၃၇။
၂။ အံ၊ ၁၊ မြန်၊ ၁၅၊ ၂၂၀။
၃။ အံ၊ ၁၊ မြန်၊ ၁၊ ၆၊ ၂၁။

စာမျက်နှာ-423


“တီးတုတ်ငှက်သည် သေရည်ကို သောက်မိသော် ထွေးအံပစ်သကဲ့သို့ သူတော်စင်သည် ကောင်းသောနှလုံးသွင်းခြင်းဖြင့် မနှစ်မြို့ဖွယ်စိတ်ကို ထွေးအံပစ်လေသည်” ဟူ၍ တီးတုတ်ငှက်ကို ဥပမာပေး၍လည်းကောင်း၊ “လှေသူကြီးသည် နေ့ညမပြတ် မမေ့မလျော့ လုံ့လစိုက်ကာ လှေကိုသွားစေသကဲ့သို့ သူတော်စင်သည် နေ့ညမပြတ် မမေ့မလျော့ အားထုတ်ကာ ကောင်းသောနှလုံးသွင်းခြင်းဖြင့် စိတ်ကို မှတ်အပ်လေသည်” ဟူ၍ လှေသူကြီးကို ဥပမာပေး၍လည်းကောင်း ဟောတော်မူခဲ့လေသည်။

ထို့ပြင် အင်္ဂုတ္တိုရ်ပါဠိတော်၌လည်း “နှလုံးသွင်းကောင်းခြင်းသည် များစွာအကျိုးရှိခြင်းငှာ ဖြစ်သကဲ့သို့ ထို့အတူ အကျိုးရှိခြင်းငှာ ဖြစ်သော အခြားတစုံတရာသော တရားမျိုးကိုလည်းမမြင်။ နှလုံးသွင်းကောင်းခြင်းသည် များစွာအကျိုးရှိခြင်းငှာ ဖြစ်၏” ဟူ၍ ဟောတော်မူရာ နှလုံးသွင်းကောင်းခြင်းသည် များစွာသောအကျိုးကို ဖန်တီးနိုင်သည်။ ထို့ကြောင့် အရာရာတွင် ကုသိုလ်ဖြစ်စေရန် သင့်လျော်အောင် နှလုံးသွင်းရပါမည်။

စိတ်နာဖွယ်မဟုတ်

အာရုံခြောက်ပါးနှင့် တွေ့တိုင်း ယောနိသော မနသိကာရဖြစ်အောင် ကြိုးစားရပါမည်။
ဥပမာ- အပြစ်မရှိဘဲ အကဲ့ရဲ့ခံရလျှင် -
၁။ မိလိန္ဒ၊ ၃၉၆။
၂။ မိလိန္ဒ၊ ၃၈၆။
၃။ မိလိန္ဒ၊ ၃၅၀။
၄။ မိလိန္ဒ၊ ၄၀၁။
၅။ မိလိန္ဒ၊ ၃၈၁။
၆။ အံ၊ ၁၊ ၅။

စာမျက်နှာ-424




စာမျက်နှာ-425


စာမျက်နှာ-426

ခါးပိုက်နှိုက် ၂-ဦး နှလုံးသွင်း

ဘုရားလက်ထက်တော်က သူငယ်ချင်းခါးပိုက်နှိုက် ၂-ဦးတို့သည် ဇေတဝန်ကျောင်းတော်တွင် ကျင်းပသည့် ဘုရားရှင်၏ တရားပွဲကို တရားနာပရိသတ်များနှင့်အတူ လိုက်ပါလာခဲ့၏။ တယောက်က ဘုရားတရားတော်ကို ရိုသေစွာ နှလုံးသွင်းကာ ကြားနာသဖြင့် သောတာပတ္တိဖိုလ်သို့ ရောက်ပြီး သောတာပန်အဆင့်အထိ ဖြစ်နေ၏။ နောက်တယောက်မှာ နှလုံးသွင်းလွဲမှားပြီး တရားနာသူတယောက် ပုဆိုးစွန်၌ ထုပ်ယူလာသော ပိုက်ဆံ ၂၅-ပြားကို အလစ်နှိုက်ပြီးယူခဲ့၏။ ထိုခေတ်က ၂၅-ပြားသည် ထိုသူ၏အိမ်၌ ထမင်းနှင့်ဟင်း ချက်ပြုတ်လောက်သော တန်ဖိုးရှိကြောင်း ကျမ်းဂန်များ၌ဆို၏။ ထို့ကြောင့်ပင် သောတာပန်ဖြစ်သွားသူ ခါးပိုက်နှိုက်ကို အဖော်သူငယ်ချင်း ခါးပိုက်နှိုက်က နှလုံးသွင်းလွဲမှားစွာဖြင့် ပြောင်လှောင်ပြက်ရယ်ပြုသည်မှာ -

“မင်း-အလွန်တော်လို့ ကိုယ့်အိမ်မှာ (တနပ်စာ) ထမင်းဖိုး ဟင်းဖိုးမျှကိုတောင် ရအောင် မစွမ်းနိုင်ခဲ့ဘူး-” ဟူ၍ ဖြစ်၏။ (တွံ အဘိပဏ္ဍိတတာယ အတ္တနော ဂေဟေ ပါကဘတ္တမူလမပိ န နိဗ္ဗတ္တေသိ)။

ထိုအခါ သောတာပန်ဖြစ်သွားသူ ခါးပိုက်နှိုက်က ဤသို့ ကောင်းစွာနှလုံးသွင်း၏ -
“သူမသိရှာလို့ သူ့ကိုယ်သူ လူလိမ္မာပညာရှိဟု ထင်မှတ်နေရှာသည်-” ဟူ၍ အောက်မေ့နှလုံးသွင်းပြီး ထိုအကြောင်းကို ဘုရားမြတ်စွာအား လျှောက်ထားရာ ဘုရားရှင်က အောက်ပါအတိုင်း အမိန့်တော်မူခဲ့လေသည်။

“မသိမလိမ္မာသော သူမိုက်ပင်ဖြစ်စေကာမူ ငါမသိတတ်ဘူး၊ မိုက်တယ်ဟုသိလျှင် တော်သေး၏။ ကိုယ့်ထက် တတ်သိလိမ္မာသောသူတို့၏ အဆုံးအမကို နာခံ၍ လူလိမ္မာပညာရှိတယောက် ဖြစ်နိုင်သေး၏။ မသိမလိမ္မာသော လူမိုက်ဖြစ်ပါလျက် ‘ငါဟာပညာရှိပဲ’ ငါတတ်သိတယ် နားလည်တယ်ဟု ထင်မှားလျက်နေသောသူသည်ကား လူမိုက်အစစ်ပေတည်း။ မိမိလောက် တတ်သိနားလည်သည့်သူမရှိဘူးဟု အောက်မေ့လျက် မည်သူ၏ဩဝါဒကိုမျှ မနာခံသောကြောင့် ထိုသို့သောသူမှာ လူမိုက်ဘဝမှ တက်လမ်းမရှိပြီ၊ လူလိမ္မာပညာရှိ မဖြစ်နိုင်တော့ပြီ။ ထို့ကြောင့် ထိုလူမျိုးကို ‘လူမိုက်အစစ်’ ဟု ခေါ်ရမည်။” ဟူ၍ မိန့်တော်မူ၏။

စာမျက်နှာ-427


နှလုံးသွင်းပြောင်းပါ

မိမိမှာ အကုသိုလ်စိတ်များဖြစ်ပေါ်နေလျှင် ကုသိုလ်စိတ်ဖြစ်အောင် နှလုံးသွင်း ပြောင်းပေးရပါမည်။ ဥပမာ--

အမျိုးသမီးတဦးကိုတွေ့သောအခါ မကောင်းသောနှလုံးသွင်းမိသဖြင့် ကိလေသာစိတ်ဖြစ်ပေါ်လာလျှင် အမိအရွယ်ဖြစ်ပါက အမိအရင်းကဲ့သို့ နှလုံးသွင်းကာ၊ အမ နှမအရွယ်ရှိပါက အမ နှမအရင်းကဲ့သို့ နှလုံးသွင်းပြီး သူ၏ဆင်းရဲမှုစသည်ကို မြှော်တွေး၍ သနားခြင်းကရုဏာအစစ်၊ ချမ်းသာစေလိုခြင်း မေတ္တာအစစ်ကို ဖြစ်စေရပါမည်။ ထိုမှတပါး အမျိုးသမီး၏ သဏ္ဌာန်၌ရှိသော မျက်ရည်၊ မျက်ချေး၊ နှပ်၊ တံထွေး၊ ချွဲ၊ သလိပ်၊ ကျင်ကြီးကျင်ငယ်စသော စက်ဆုပ်ဖွယ်တို့ကိုသာ ကွက်၍ အဖန်ဖန် နှလုံးသွင်းလျက် အသုဘသညာကို ဖြစ်စေရပါမည်။ ထို့ပြင် ထိုအမျိုးသမီးတည်းဟူသော အာရုံကို ပယ်ဖျောက်၍ စာပေကျမ်းဂန်ကို ကြံခြင်း၊ မေးခြင်း၊ ပြောဟောခြင်း၊ ဝေယျာဝစ္စ ဝတ်ကြီးဝတ်ငယ်တို့ကို ပြုခြင်း စသည်ဖြင့် ကုသိုလ်စိတ်အစဉ် ဖြစ်လာအောင်လည်း နှလုံးသွင်းရပါမည်။
၁။ ဓမ္မပဒပါဠိ၊ ၆၃။ ဓမ္မပဒ၊ဋ္ဌ၊ ၁၊ ၂၉၉။

စာမျက်နှာ-428


ကုသိုလ်မပြတ်ဖြစ်ပါစေ

ထို့ပြင် သတိပဋ္ဌာန်အဋ္ဌကထာတို့၌လာသောနည်းအတိုင်း ကျမ်းဂန်မပြတ်သင်ယူခြင်း၊ ပို့ချခြင်း၊ ကျက်မှတ်ခြင်း၊ ကြည့်ခြင်း၊ ကြံခြင်း၊ ရွတ်ဖတ်ခြင်း၊ သေနာသနဝတ်စသည်ကို မပြတ်ပြုခြင်း၊ တရားဟောခြင်း၊ ဆွေးနွေးမေးမြန်းခြင်း၊ တရားကိုသာ ပြောဟောခြင်း၊ နာခံခြင်း စသည်တို့ဖြင့် ဆင်ခြင်နှလုံးသွင်းသော ကုသိုလ်ပိုင်းဆိုင်ရာလုပ်ငန်းများကို အမြဲမပြတ် ပြုလုပ်အပ်၏။ ဤသို့ အကုသိုလ်စိတ်များဖြစ်ခွင့်မရအောင် နှလုံးသွင်းပါလျှင် ကုသိုလ်စိတ်များ မပြတ်ဖြစ်စေနိုင်လေသည်။

လိုတရနေသည့် ရုက္ခစိုးနတ်ကြီး

နှလုံးသွင်းကောင်းသဖြင့် လိုတရနေသည့် ရုက္ခစိုးနတ်ကြီးအကြောင်း ဤ၌ မှတ်သားသင့်ပါသည်။

ရှေးအခါ ဒါရဝတီအမည်ရှိသော မြို့တော်မှာ အင်္ကျီရအမည်ရှိသော ကုန်သည်တဦးသည် ကူးသန်းရောင်းဝယ်ပြုလုပ် အသက်မွေး၏။ တနေ့သောအခါ ကုန်ရောင်းသွားရာ တောအုပ်အတွင်းမှ ရုက္ခစိုးနတ်ကြီးတဦးနှင့် တွေ့လေသည်။ ရုက္ခစိုးနတ်ကြီးကား အလွန်ထူးဆန်း၏။ သူ၏လက်တွင်းမှ စားဖွယ်သောက်ဖွယ်များ အလိုလိုထွက်ပေါ်၏။ အဝတ်အစား အသုံးအဆောင်များနှင့် ရွှေငွေရတနာများလည်း အလိုရှိတိုင်း သူ့လက်တွင်းမှ ထွက်ပေါ်နေ၏။ လိုတရနေသော ရုက္ခစိုးနတ်ကြီးဖြစ်၏။ အင်္ကျီရတို့ ကုန်သည်တစုနှင့်တွေ့သောအခါ အမျိုးမျိုးသော အစားအစာများဖြင့် ဝတ်ပြု၏။ ရတနာရွှေငွေ အသုံးအဆောင်များ သုံးလို့မကုန်နိုင်အောင် ပေးစွန့်လိုက်သေး၏။ ထိုအခါ အင်္ကျီရကုန်သည်က စည်းစိမ်ဥစ္စာများ လက်ထဲအလိုလိုရနေသည်မှာ အဘယ်ကောင်းမှု ကုသိုလ်ကြောင့်ဖြစ်ကြောင်း မေးမြန်းလေ၏။ ထိုအခါ ရုက္ခစိုးနတ်ကြီးက သူ၏ဘဝဟောင်းမှ ဖြစ်ကြောင်းကုန်စင်ကို ပြန်ပြောင်းပြောဆိုလေ၏။

စာမျက်နှာ-429


အထည်ချုပ်သမားဘဝ

ရှေးအခါက ရောရုဝအမည်ရှိသောမြို့တမြို့မှာ အထည်ချုပ်သမားဖြစ်ခဲ့ဖူးကြောင်း၊ အလွန်ဆင်းရဲလှသဖြင့် အလှူဒါနမလှူဒါန်းနိုင်ခဲ့ကြောင်း၊ သို့ရာတွင်သူ့အိမ်အနီးမှာ အာသယှခေါ် သဌေးကြီးတဦးက အလှူဒါနများ ပေးလှူခဲ့ကြောင်း၊ ထိုစဉ်သဌေးကြီးအိမ်သို့ အလှူခံပုဂ္ဂိုလ်များ လာသောအခါ “အလှူရှင်အာသယှသဌေးကြီး၏ အိမ်ကဘယ်မှာလဲ၊ ဘယ်ကသွားရမလဲ” ဟု မေးမြန်းကြ၏။ ထိုအခါ သူကနှလုံးသွင်းလိမ္မာစွာဖြင့် ပြောပြလမ်းညွှန်ခဲ့ကြောင်း၊ နှလုံးသွင်းပုံမှာ-

ငါ့မှာတော့ လှူစရာမရှိလို့ မလှူနိုင်ဘူး၊ သူများမှာ လှူစရာရှိလို့ လှူနိုင်ကြတယ်၊ လှူဒါန်းတဲ့လူမှာလဲ ကုသိုလ်ဖြစ်ပါစေ၊ အလှူခံပုဂ္ဂိုလ်များမှာလဲ အလိုရှိတာ ရကြပါစေ’

ဟု ယောနိသောမနသိကာရဖြင့် နှလုံးသွင်းကာ-

အလှူရှင် အာသယှသဌေးကြီး၏ အိမ်ဆိုတာ ဟောဟိုက အိမ်ပါပဲ၊ ဒီကသွားပါ၊ အဲဒီကသွားယင်ရောက်ပါတယ်... ဟုဝမ်းမြောက်ဝမ်းသာ စေတနာကောင်းစွာဖြင့် အလှူအိမ်ရှိရာသို့ (လက်ဖြင့်လမ်းညွှန်ခဲ့၏)၊ ထိုကောင်းမှုကြောင့် ယခုလို ရုက္ခစိုးနတ်ကြီးဖြစ်လာကြောင်း၊ ဖြစ်လာသည့်အခါမှာလည်း ဆိုခဲ့သည့်အတိုင်း ရှေးဘဝတုန်းက သူတပါးအလှူကို ဝမ်းမြောက်ဝမ်းသာ လက်ဖြင့် လမ်းညွှန်ခဲ့သည့်အတွက် ယခုအခါမိမိလက်ကပင် အလိုရှိရာစည်းစိမ်ဥစ္စာများစွာကို လိုတရနေကြောင်း ရုက္ခစိုးနတ်ကြီးက ပြောပြလေသည်။

အပြင်အထင် မကောင်းသောပြိတ္တာ

ထိုနောက်အင်္ကုရ တို့ကုန်သည်တစုသည် ထိုစခန်းမှထွက်လာပြီး တော်တော်သွားမိသည့်အခါ တနေရာမှာ လက်များကောက်ကွေးနေပြီး မျက်နှာတွန့်ရှုံ့လျက် အမြင်အထင်မကောင်းအောင် ဖြစ်နေသည့်ပြိတ္တာတကောင်ကိုတွေ့ရ၏၊ အင်္ကုရ တို့ကုန်သည်တစုက-

စာမျက်နှာ-430


သင့်မှာ ဘယ်လိုမကောင်းမှုကို ပြုခဲ့သဖြင့် ဤကဲ့သို့ဖြစ်နေရပါသနည်း-- ဟုမေးမြန်းသောအခါ ထိုပြိတ္တာက---

သူဟာအရင်ဘဝက အာသယှသဌေးကြီးရဲ့အလှူမှာ စီမံဆောင်ရွက်ခဲ့ရတဲ့အကြီးအကဲ နာယကဖြစ်ခဲ့ပါတယ်၊ သို့ပေမယ့် အလှူခံပုဂ္ဂိုလ်များလာတိုင်းလာတိုင်း သူ့စိတ်ထဲမှာ မချမ်းမသာဖြစ်နေခဲ့တယ်၊ သူ့မှာ ပစ္စည်းဥစ္စာပေးလှူခဲ့ခြင်းလဲ မရှိခဲ့ဘူး၊ သူများပစ္စည်းပေးလှူနေတဲ့အခါ ဆောင်ရွက်ရုံမျှသာရှိပါတယ်၊ စေတနာကောင်းကောင်းနဲ့ ယောနိသောမနသိကာရ သင့်တင့်အောင် နှလုံးသွင်း၍ ဆောင်ရွက်မယ်ဆိုယင် ကုသိုလ်များစွာ ရနိုင်ပါတယ်၊ သို့သော်လဲ သူဟာအလှူခံပုဂ္ဂိုလ်တွေလာတိုင်း စိတ်မချမ်းမသာဖြစ်ပြီး မသင့်မတင့် နှလုံးသွင်းမိလို့ တဘက်မျက်နှာလှည့်ကာ စောင်းရွှဲ တွန့်ရှုံ့တဲ့ အမူအရာ မကြည်မသာ လုပ်ခဲ့မိပါတယ်၊ အဲဒါကြောင့် သူ့မှာ ယခုလိုတောတွင်းမှာ ပြိတ္တာ ဖြစ်လာခဲ့ရပါတယ်--

ဟု ပြောပြလေသည်။ ထိုစဉ်က အင်္ကုရ အမည်ရှိသော ကုန်သည်မှာ ဂေါတမဗုဒ္ဓမြတ်စွာ ပွင့်လာသည့်အခါ တာဝတိံသာ အဘိဓမ္မာတရားပွဲကြီး၌ လက်ဝဲဘက် တနေရာတွင် တရားနာနေသည့် အင်္ကုရနတ်သားပင် ဖြစ်လေသည်။

မနသိကာရနှင့် အရိယာမဂ်

အရုဏ်တက်ခြင်းသည် နေထွက်ခြင်း၏ ရှေ့ပြေး ပုဗ္ဗနိမိတ် ဖြစ်သကဲ့သို့ နှလုံးသွင်းကောင်း ရှိခြင်းသည် အင်္ဂါရှစ်ပါးရှိသော အရိယာမဂ် ဖြစ်ပေါ်လာရန် ရှေ့ပြေး နိမိတ်ဖြစ်သည်။ သမ္ပဒါတရား ခုနစ်ပါးတွင်လည်း [?]။
၁။ ပေတဋ္ဌ၊ ၁၁၁။

စာမျက်နှာ-431


နှလုံးသွင်းမှုသည် တပါးအပါအဝင် ဖြစ်၏။ နှလုံးသွင်းကောင်းမှုကို သိရခြင်းဖြင့် အရိယာမဂ်ကို ပွားများမည့်သူ ဖြစ်ကြောင်း အကဲခတ်နိုင်သည်ဟု ဇာတကအဋ္ဌကထာ၌ ဖွင့်ဆိုထားပါသည်။

နှလုံးသွင်းကောင်းတော့ သောတာပန်ဖြစ်

သောတာပန်ဖြစ်ရန် အကြောင်းလေးမျိုးရှိ၏-
၁။ သူတော်ကောင်းကို ဆည်းကပ်ခြင်း၊
၂။ သူတော်ကောင်းတရား ကြားနာခြင်း၊
၃။ နှလုံးသွင်းကောင်းခြင်း၊
၄။ လောကုတ္တရာတရားကို ကျင့်သုံးခြင်း-

ဟူ၍ ဖြစ်၏။ ယင်းလေးမျိုးအနက် နှလုံးသွင်းကောင်းမှုနှင့် လောကုတ္တရာတရားကိုးပါးကို ကျင့်သုံးမှုတို့သည် အလွန်အရေးကြီးသော အကြောင်းများ ဖြစ်သည်၊ လောကုတ္တရာတရားမြတ်ကို နှလုံးသွင်းကောင်းစွာဖြင့် အားထုတ်သူတို့မှာ သောတာပန် ဖြစ်သွားကြသော သာဓကများစွာပင် တွေ့ရ၏၊ ယင်းတို့အနက် အချို့ကို ထုတ်ပြပါမည်။

ငါးမျှားသမား အရိယ

တခါသောအခါ ဘုရားရှင်သည် သာဝတ္ထိမြို့၏ မြောက်တံခါးအနီးရွာတရွာ၌ ဆွမ်းခံပြီး ရဟန်းသံဃာများနှင့်အတူ ပြန်ကြွလာတော်မူ၏။ ထိုအခါ ငါးမျှားနေသော အရိယအမည်ရှိသည့် လူတယောက် သံဃာတော်များနှင့် ဘုရားရှင်ကို မြင်၍ ငါးမျှားတံကို ချထားပြီး ရပ်လျက်နေ၏။ ထိုပုဂ္ဂိုလ်၏ အကျွတ်တရား ရနိုင်ပုံအကြောင်း ဥပနိဿယကို ဘုရားရှင် ကြိုတင်သိမြင်တော်မူခဲ့ပြီး ဖြစ်၏။ ထို့ကြောင့်-
၁။ ဇာတက၊ ဋ္ဌ၊ ၄၊ ၉၇။

စာမျက်နှာ-432


“အသင် အဘယ်မည်ရှိသနည်း”

ဟု မေးတော်မူရာ ထိုသူက—

“အရိယအမည် ရှိပါသည်ဘုရား”

ဟု လျှောက်ထားသောအခါ ဘုရားရှင်က-

သင်ကဲ့သို့ ညှဉ်းဆဲသတ်ဖြတ်သောသူသည် အရိယ မမည်၊ အရိယဟူသည်မှာ မညှဉ်းဆဲတတ်’ ဟူ၍ မိန့်တော်မူပြီး အောက်ပါ ဂါထာကို ဟောတော်မူ၏။

အကြင် ဒေါသစသော အကြောင်းကြောင့် သတ္တဝါကို ညှဉ်းဆဲသတ်ဖြတ်၏၊ ထိုဒေါသစသော အကြောင်းကြောင့် သတ္တဝါတို့ကို ညှဉ်းဆဲသတ်ဖြတ်သူကို ‘အရိယ’ ဟူ၍ မခေါ်ဆိုရ၊ ခပ်သိမ်းသော သတ္တဝါတို့ကို ညှဉ်းဆဲခြင်းမရှိသောသူကိုသာ ‘အရိယ’ ဟူ၍ ခေါ်ဆိုအပ်၏’

ဟူ၍ ဟောတော်မူသည်။ အရိယသည် ဘုရားရှင်၏ ဒေသနာတော်ကို ကောင်းစွာ နှလုံးသွင်းဆင်ခြင်၍ ကြားနာ၏၊ ဒေသနာတော်အဆုံး၌ ငါးမျှားသမား အရိယသည် သောတာပန် ဖြစ်သွားလေသည်။

ဤ၌ အရိယခေါ် ငါးမျှားသမားသည် ရှေးအဖို့က သီလမစင်ကြယ်ပဲ တရားနာ၍ အားထုတ်စဉ်မှာ နည်းလမ်းကျကျ အားထုတ်မှု နှလုံးသွင်းမှု ယောနိသောမနသိကာရကြောင့် သောတာပန် ဖြစ်သွားရပုံမှာ အတုယူဖွယ် မှတ်သားဖွယ်တရပ် ဖြစ်လေသည်။

မလ္လိကာမိဖုရားကြီးနှင့် နှလုံးသွင်း

ဘုရားရှင် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ပသေနဒီကောသလမင်းကြီးသည် အတုမရှိသော အသဒိသအလှူကြီးကို ပေးလှူခဲ့လေသည်။
၁။ ဓမ္မပဒဋ္ဌ၊ ၂၊ ၂၅ဝ။

စာမျက်နှာ-433


အသဒိသအလှူကြီး၌ တနေ့တည်း စွန့်ကြဲပေးကမ်း လှူဒါန်းသော ဥစ္စာတို့မှာ တဆယ့်လေးကုဋေ ထိုက်တန်ကုန်၏။ ဘုရားရှင်အား လှူဒါန်းသောထီးဖြူ ထိုင်တော်မူရာပလ္လင် သပိတ်ခြေ ခြေဆေးအင်းပျဉ် ဤလေးမျိုးတို့မှာလည်း အဖိုးမဖြတ်နိုင်အောင် ထိုက်တန်ကုန်၏။ ဤကဲ့သို့ သူတထူး၏အလှူနှင့်မတူ ထူးခြားလှသည့် အသဒိသအလှူခေါ် အလှူထူးကြီးကို မိဖုရားကြီး မလ္လိကာနှင့်အတူ ပေးလှူခဲ့လေသည်။

တနေ့သောအခါ၌မူ မလ္လိကာမိဖုရားကြီးသည် ရေချိုးခန်းသို့ ဝင်၍ မျက်နှာသစ်ပြီး ခြေသလုံးကိုရေဆေးရန် ကိုယ်ကိုညွှတ်ကိုင်း၏၊ ထိုစဉ် နောက်မှပါလာသည့် မိဖုရားကြီး၏ခွေးသည် မိဖုရားကြီးကိုယ်ကို ညွှတ်ကိုင်းစဉ် မေထုန်မှုကို ပြုကျင့်လေသည်။ မိဖုရားကြီးသည်လည်း အတွေ့ကို သာယာမိကာ ငြိမ်သက်လျက်နေမိလေ၏။ ယင်းဖောက်ပြန်သည့် အမူအရာကို ပြာသာဒ်ထက် လေသာပြတင်းမှ ကောသလမင်းကြီးက အမှတ်မထင် မြင်လိုက်ရလေသည်။ မိဖုရားကြီးလာသောအခါ-

“ဟယ်... အယုတ်တမာမ- ပျက်စီးလေတော့လော့၊ အဘယ့်ကြောင့် ဤအမှုကို သင်ပြုဘိသနည်း”
ဟုဆိုလေ၏။ ထိုအခါ မိဖုရားကြီးက–

“အရှင်မင်းကြီး အကျွန်ုပ် အဘယ်အမှုကို ပြုမိပါသနည်း”
ဟု မေးမြန်းလေ၏။ ဘုရင်ကြီးက-

“သင်သည် ခွေးနှင့် မေထုန်မှုကို မဖွယ်မရာ ပြုဘိ၏”
ဟု ဆိုလေ၏။ ထိုအခါ မိဖုရားကြီးက–

“အရှင်မင်းကြီး ဤအမှုကို ကျွန်ုပ်မပြုရပါ”
ဟု ဆို၏။ ထိုအခါ ဘုရင်ကြီးက-

“ငါကိုယ်တိုင် မြင်တွေ့၏၊ သင့်စကားကိုငါမယုံ၊ ဟယ်အယုတ်တမာ- ပျက်စီးလေတော့”
ဟု ဆိုလေ၏၊ ထိုအခါ မိဖုရားကြီးက-

စာမျက်နှာ-434


“မြတ်သောမင်းကြီး- ရေချိုးအိမ်သို့ မည်သူဝင်ဝင် လေသာပြတင်းမှကြည့်ရှုလျှင် တယောက်တည်းကိုပင် နှစ်ယောက်ထင်မြင်တတ်၏”
ဟု မဟုတ်မမှန် လိမ်ပြောလေ၏။ ထို့နောက်-

အရှင်မင်းကြီးမယုံလျှင် ဤရေချိုးခန်းသို့ ဝင်တော်မူပါ၊ အကျွန်ုပ်သည် လေသာပြတင်းမှ ကြည့်ပါအံ့
ဟု ဆိုလေ၏။ ထိုသို့ပြောလေလျှင် မင်းကြီးသည်ယုံကြည်ပြီး ရေချိုးခန်းသို့ ဝင်လေ၏။ မိဖုရားကြီးသည် လေသာပြတင်းမှ ရပ်ကြည့်ကာ-

“မိုက်တွင်းနက်လှသောမင်းကြီး- အဘယ့်ကြောင့် ဆိတ်မနှင့် မှီဝဲဘိသနည်း”
ဟု ဆိုလေ၏။ ထိုအခါ မင်းကြီးက’

“မိဖုရား ငါမည်သည့်အမှုကိုမျှ မပြုပါ”
ဟု ဆိုသော် မိဖုရားကြီးက-

“အကျွန်ုပ်ကိုယ်တိုင် မြင်ရပါသည်၊ သင်မင်းကြီးစကားကို မယုံနိုင်ပါ”
ဟု ဆို၏။ ထိုအခါ မင်းကြီးသည် မိဖုရားကြီးစကားကို ယုံကြည်လေတော့၏။

မလ္လိကာမိဖုရားကြီးသည် “ဤမင်းကြီးကား ငါ၏မုသားစကားကို ယုံကြည်လေပြီ၊ ငါ့လှည့်စားသည်ကို ခံရရှာ၏၊ ငါသည်မကောင်းမှုကို ပြုမိလေပြီ၊ ဘုရင်မင်းမြတ်ကြီးကိုလည်း မဟုတ်မမှန် စွပ်စွဲမိချေပြီ၊ ငါ၏အမှုကို ဘုရားသခင်သိတော်မူပေအံ့၊ အဂ္ဂသာဝကနှစ်ပါးနှင့် ရှစ်ကျိပ်သော အသီတိ မဟာသာဝကတို့လည်း သိတော်မူကြကုန်အံ့၊ ငါသည် အလွန်လေးဂန်သော အမှုကိုပြုမိ၏” ဟု နောင်တတဖန် ပူပန်မိလေ၏။

စာမျက်နှာ-435


မိဖုရားကြီးသည် အရွယ်ကြီးရင့် သေဆုံးခါနီးသောအခါ ရှေးအခါက လှူဒါန်းခဲ့သည့် ကုသိုလ်ကောင်းမှုများကို မအောက်မေ့ နှလုံးမသွင်းမိပဲ ဆိုခဲ့သည့် မိမိ၏ မကောင်းသဖြင့် ပြုမူချက်ကိုသာ အောက်မေ့ နှလုံးသွင်းမိပြီး ကွယ်လွန်လေ၏။ ထို့ကြောင့် မလ္လိကာမိဖုရားကြီးသည် ရှေးဦးစွာ ငရဲ၌ ခုနစ်ရက်ခံရပြီးမှ အတိတ်က ကောသလမင်းကြီးနှင့် အတူ လှူဒါန်းခဲ့သည့် အသဒိသအလှူ ဒါနများကို ပြန်လည်အောက်မေ့ နှလုံးသွင်းမိကာ တုသိတာနတ်ပြည်၌ ဖြစ်ရလေသည်။

ယောနိသောနှင့် ကောင်းရာသုဂတိ

ဆိုခဲ့သည့် ဝတ္ထုသာဓကများအနက် အရိယမည်သော ငါးမျှားသမားတဦးနှင့် ခါးပိုက်နှိုက်တို့မှာ ရှေးအခါက နှလုံးသွင်း မှားယွင်းစွာဖြင့် အကုသိုလ်မှုကိုပြုကြသူများဖြစ်သော်လည်း ဘုရားတရားတော်ကို ကောင်းစွာနှလုံးသွင်း၍ ကြားနာရာမှ သောတာပန်အဆင့်အထိ ဖြစ်သွားကြပုံကို တွေ့ရ၏။ မလ္လိကာမိဖုရားကြီးကား ရှေးအခါက အသဒိသအလှူကြီးကို ကောသလမင်းကြီးနှင့်အတူ ပေးလှူခဲ့၏၊ သို့ရာတွင် သေခါနီးဝယ် ထိုအလှူဒါနများကို နှလုံးမသွင်းမိပဲ မိမိခွေးနှင့်မှားမိ၍ လိမ်လည်မိခဲ့သည်ကို နှလုံးသွင်းမိသဖြင့် လောလောဆယ် ငရဲ၌ (၇)ရက် ခံလိုက်ရ၏။ ထို့နောက်မှ အလှူဒါနကို ပြန်လည်နှလုံးသွင်းနိုင်သဖြင့် ငရဲမှလွတ်ကာ နတ်ရွာသို့ ရောက်ရလေ၏။

သေခါနီးရှင်ပြု

သတ္တဝါတို့ သေခါနီးဝယ် နှလုံးသွင်း မနသိကာရ မည်မျှအရေးကြီးကြောင်း ထင်ရှား၏၊ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် သေခါနီးဝယ် နှလုံးသွင်းကောင်းအောင် ပရိတ်တရားနာစေခြင်း၊ သားငယ်မြေးငယ်များ ရှင်ပြုပေးခြင်း၊ ပန်းရေချမ်းများဖြင့်လည်းကောင်း၊ သာယာသော ကြေးစည်သံများ တီးခတ်၍လည်းကောင်း ပြုပြင်ပေးကြသည်။
၁။ ဓမ္မပဒဋ္ဌကထာ၊ ၂၊ ၇၅။

စာမျက်နှာ-436


အကယ်၍ နှလုံးသွင်းမှားယွင်းမိကာ ပြိတ္တာဘုံသို့ ဖြစ်သွားခဲ့သော် ဆွမ်းသွတ် အမျှအတန်းဝေခြင်းဖြင့် ပြုခဲ့ဖူးသည့် ရှင်ပြုကုသိုလ်များကို ပြန်လည်သတိရကာကောင်းစွာနှလုံးသွင်းမိပါလျှင်ထိုပြိတ္တာဘုံဘဝမှ လွတ်မြောက်၍ ကောင်းရာသုဂတိ ရောက်ရှိနိုင်လေသည်။

အမျိုးသမီးငါးရာနှင့် နှလုံးသွင်း

ဘုရားလက်ထက်တော်က သာဝတ္ထိပြည်မှ အမျိုးသမီးငါးရာတို့သည် ဘုရားကျောင်းတော်သို့သွားရောက်ဥပုသ်စောင့်ကြသည်။ ထိုအမျိုးသမီးတို့ကို ဝိသာခါ ဒါယိကာမကြီးက “အဘယ်အကျိုးငှါ ဥပုသ်စောင့်ကြပါသနည်း” ဟု မေးမြန်းလေသည်။ ထိုအခါ သက်ကြီးအဖွားအိုတို့က-

“နတ်တို့၏စည်းစိမ်အလို့ငှါ ဥပုသ်စောင့်ကြပါသည်”
ဟူ၍လည်းကောင်း၊ အရွယ်အလတ်စား အမျိုးသမီးတို့က-

“လင်တူမိန်းမတို့ဘေးမှ ကင်းဝေးအောင် ဥပုသ်စောင့်ကြပါသည်”
ဟူ၍လည်းကောင်း၊ အရွယ်နုသူ အမျိုးသမီးတို့က-

“သားဦးယောကျ်ားဖွားရန်အလို့ငှါ ဥပုသ်စောင့်ကြပါသည်”
ဟူ၍လည်းကောင်း၊ အပျိုစင်အမျိုးသမီးတို့က-

“မြန်မြန်ခိုးရာလိုက်လိုပါသဖြင့် ဥပုသ်စောင့်ကြပါသည်” ဟူ၍လည်းကောင်း အမျိုးမျိုးဖြေဆိုကြလေသည်။

ထိုအခါ ဝိသာခါ ဒါယိကာမကြီးက ထိုအမျိုးသမီးတို့ကို ဘုရားထံ ခေါ်သွားကာ ဥပုသ်စောင့်ရာ၌ ရည်ရွယ်ချက် မတူကြပုံ အကြောင်းစုံကို လျှောက်ထားလေ၏။ ထိုအခါ ဘုရားရှင်က—

“ဝိသာခါ- ဤသတ္တဝါတို့၏ (ကိုယ်တွင်း၌) ဇာတိအစရှိကုန်သော တရားတို့မည်သည်ကား လှံတံဖြင့် လက်စွဲသော နွားကျောင်းသားနှင့်တူကုန်၏၊ ပဋိသန္ဓေနေခြင်းသည် အိုခြင်းထံသို့၊”

စာမျက်နှာ-437


အိုခြင်းသည်နာခြင်းထံသို့, နာခြင်းသည် သေခြင်းအထံသို့ ပို့လွှတ်ပြီးလျှင် ဓားမဖြင့် ဖြတ်ပိုင်းကြကုန်သကဲ့သို့ အသက်ကိုဖြတ်ပိုင်းကြ၏။ ဤသို့ပင် ဖြစ်သော်လည်း ဝဋ်ကင်းရာ နိဗ္ဗာန်ကို တောင့်တသောသူတို့မည်သည် မရှိကုန်။ သံသရာဝဋ်ကိုသာလျှင် တောင့်တကြကုန်၏”
ဟု မိန့်တော်မူလေသည်။

ဤ၌ အမျိုးသမီးငါးရာတို့၏ ရည်ရွယ်ချက်အသီးသီးကို လေ့လာကြည့်လျှင် တယောက်နှင့်တယောက် ရည်ရွယ်ချက်ခြင်းမတူကြသည်ကို တွေ့ရပါမည်။ ဤကဲ့သို့ ရည်ရွယ်ချက်ခြင်း မတူကြသောကြောင့်သာဖြစ်ပါသည်။

အဖွားအိုတို့ ရည်ရွယ်ချက်ကိုထောက်၍ နှလုံးသွင်းပုံကို ခန့်မှန်းရလျှင်-

ငါတို့အသက်ကြီးပြီ၊ သေဖို့ရာ မဝေးတော့၊ ... မသေမီဥပုသ်စောင့်ပြီး နတ်ချမ်းသာကို ဆုတောင်းမည်-
ဟူ၍ နှလုံးသွင်းရှိပုံကို ခန့်မှန်းနိုင်သည်။ ထို့ကြောင့် ဖွားတို့က “နတ်တို့စည်းစိမ်အလို့ငှါ စောင့်ကြသည်” ဟု ဖြေဆိုခြင်း ဖြစ်ကုန်ပါသည်။

အရွယ်အလတ်စား အမျိုးသမီးတို့ ရည်ရွယ်ချက်ကိုထောက်၍ နှလုံးသွင်းပုံကို ခန့်မှန်းရလျှင်-

မယားကြီး မယားငယ်ဖြစ်ရသည့် ဘဝမျိုးသည် အလွန်ဆင်းရဲလှပါသည်၊ မကောင်းပါ၊ ဥပုသ်စောင့်မှု ကုသိုလ်ပြုလုပ်လျှင် ထိုအဖြစ်ဆိုးဘေးမှ ကင်းဝေးနိုင်သည်-
ဟူ၍ နှလုံးသွင်းပုံရပါသည်။ ထို့ကြောင့် ၎င်းတို့က “လင်တူမိန်းမတို့ ဘေးမှကင်းဝေးအောင် စောင့်ကြပါသည်” ဟု အဖြေပေးခြင်းဖြစ်ပါသည်။
၁။ ဓမ္မပဒဝတ္ထု၊ တ၊ ၆၈။

စာမျက်နှာ-438


အရွယ်နုသူ အမျိုးသမီးတို့ရည်ရွယ်ချက်ကိုထောက်၍ နှလုံးသွင်းပုံကို ခန့်မှန်းရလျှင်–

အိမ်ထောင်ကျလျှင် သမီးမိန်းကလေး ဦးစွာရခြင်းထက် သားယောက်ျားလေး ဦးစွာရခြင်းက မြတ်သည်၊ ဥပုသ်စောင့်ခြင်းကုသိုလ်လုပ်လျှင် သားဦးဖွားရလိမ့်မည်--

ဟူ၍ နှလုံးသွင်းရှိပုံကို ခန့်မှန်းနိုင်သည်၊ ထို့ကြောင့်ပင် ၎င်းတို့က “သားဦးယောကျ်ားဖွားရန်အလို့ငှါ စောင့်ပါသည်” ဟု အဖြေပေးခြင်းဖြစ်ပါသည်။

အပျိုစင်အမျိုးသမီးတို့ ရည်ရွယ်ချက်ကိုထောက်၍ ၎င်းတို့နှလုံးသွင်းကို ခန့်မှန်းရလျှင်-

အရွယ်ကြီးမှ အိမ်ထောင်ကျခြင်းထက် နုပျိုစဉ် အိမ်ထောင်ကျခြင်းက ပိုကောင်းမည်၊ ဥပုသ်စောင့်မှုကုသိုလ်ပြုလုပ်လျှင် နုပျိုစဉ် ယောက်ျားနောက် အမြန်လိုက်ရလိမ့်မည် –

ဟူ၍ နှလုံးသွင်းပုံရပါသည်။ ထို့ကြောင့်ပင် ၎င်းတို့က “မြန်မြန်ခိုးရာလိုက်လိုပါသဖြင့် ဥပုသ်စောင့်ကြပါသည်' ဟု ဖြေဆိုခြင်း ဖြစ်နိုင်လေသည်။

ဤဝတ္ထုအရ သတ္တဝါတို့သည် မိမိတို့ဘဝအခြေအနေအရ အလိုဆန္ဒ အဇ္ဈာသယအလိုက် နှလုံးသွင်းပုံချင်း မတူကြပုံ၊ နှလုံးသွင်းအမျိုးမျိုးရှိကြပုံကို သိနိုင်ပေသည်။

နှလုံးသွင်းမကောင်းမှုကြောင့် ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ

ယောနိသော အယောနိသော နှလုံးသွင်းမှုနှင့်စပ်၍ ဓမ္မပဒလာ ကြေကွဲဖွယ် ဖြစ်ရပ်များမှာ မှတ်သားဖွယ် ကောင်းလှပါသည်။
၁။ ဓမ္မပဒအဋ္ဌကထာ၊ ၁၊ ၂၉။

စာမျက်နှာ-439


သဗ္ဗညု ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် မိန်းမမြုံတစ်ဦးကို အကြောင်းပြု၍ ကြေကွဲဖွယ် ဖြစ်ရပ်များကို ဟောကြားတော်မူခြင်းဖြစ်သည်။

ဖခင်သေဆုံးသွားပြီးနောက် တစ်ဦးတည်းသောသားငယ်က မိခင်အား ကောင်းမွန်စွာ လုပ်ကျွေး၏။ မိခင်သည် ချစ်စွာသော သားအား မိမိ အလိုကျဖြစ်အောင် အိမ်ထောင်ချပေးလိုသဖြင့် သားအား အသိပေး တိုင်ပင်၏။ သားဖြစ်သူက “အမိကိုသာ လုပ်ကျွေးနေပါရစေ” အကြိမ်ကြိမ် ငြင်းပယ်ပြောဆို၏။ နောက်ဆုံး မိခင်ကို ပြောမရသဖြင့် မိမိကြိုက်နှစ်သက်သည့် အမျိုးသမီးတစ်ဦးကို မိခင်အားပြောပြကာ အိမ်ထောင်ပြုလိုက်လေသည်။ ထိုအိမ်ထောင်ရှင် အမျိုးသမီးမှာ သားသမီး မထွန်းကားဘဲ မိန်းမမြုံဖြစ်နေ၏။

ထို့ကြောင့် မိခင်က သားဖြစ်သူအား မိဘမျိုးရိုး စဉ်ဆက်အလို့ငှာ အခြား အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုရန်ပြော၏။ ထိုအကြောင်းစုံကို မိန်းမမြုံအမျိုးသမီး သိသွားသောအခါ ဤသို့ နှလုံးသွင်းမိလေ၏။

“သားသမီးတို့မည်သည် မိဘစကားကို မလွန်ဆန်နိုင်၊ ထို့ကြောင့် နောက်မိန်းမတစ်ယောက် ယူမည်မှာ ဧကန်ဖြစ်သည်၊ ယင်းသို့ဆိုလျှင် ငါ့ကို ကျွန်မသဖွယ် ထားရှိပေလိမ့်မည်၊ အခြားအမျိုးသမီးတစ်ဦးကို ငါကိုယ်တိုင် ရှာဖွေပေးမှ သင့်တော်ပေမည်” ဟူ၍ နှလုံးသွင်း ကြံစည်မိလေသည်။ ထိုနှလုံးသွင်း စိတ်ကူးအတိုင်းပင် အခြားအမျိုးသမီးတစ်ဦးကို ရှာဖွေခေါ်ယူ ပေးစားလေသည်။

ထိုနောက် မယားကြီး မိန်းမမြုံသည် ဤသို့ နှလုံးသွင်းမိလေသည်။

“အကယ်၍ မယားငယ်မှာ သားသမီး ဖြစ်ထွန်းခဲ့လျှင် သူသာလျှင် ပစ္စည်းဥစ္စာ ပိုင်ဆိုင်သူ ဖြစ်ပေလိမ့်မည်၊ ထို့ကြောင့် သူ့ကို ဖြစ်နိုင်သည့်နည်းဖြင့် သားသမီး မရအောင် ပြုလုပ်မှသင့်မည်” ဟု မသင့်မတင့် နှလုံးသွင်းကာ အကျွမ်းတဝင် ပြုလုပ်လျက် ကိုယ်ဝန်ကျဆေးကို မသိအောင် အစာအာဟာရများနှင့် ရော၍တိုက်ပြီး ကိုယ်ဝန်ပျက်အောင် ဖျက်ဆီးလေသည်။

စာမျက်နှာ-440


သေခါနီးဝယ်

မယားကြီး မိန်းမမြုံသည် ဤနည်းဖြင့် မယားငယ်အား ကိုယ်ဝန်ပျက်အောင် ပြုလုပ်သည်မှာ နှစ်ကြိမ်ရှိပြီဖြစ်သည်။ ထိုအခါ အိမ်နီးချင်းတို့က သိရှိပြီး “မယားကြီးကို အသိပေးပြောကြားခြင်း မပြုရန်” တိုက်တွန်းကြ၏။ ထိုကြောင့် နောက်တစ်ကြိမ် ကိုယ်ဝန်တည်သောအခါ အသိမပေးတော့ဘဲ နေခဲ့လေသည်။ မယားကြီး မိန်းမမြုံသည် ကိုယ်ဝန်မရှိသေးဟု မှတ်ထင်ကာ စောင့်မျှော်နေရာမှ မယားငယ်ကိုယ်ဝန် အရင့်ရောက်ချိန်ကျမှ သိသဖြင့် ကိုယ်ဝန်ကျဆေး ကျွေးသော်လည်း ပျက်မကျဘဲ ကန့်လန့်ဖြစ်ကာ မယားငယ်မှာ အနိစ္စရောက်သွားရရှာသည်။ ထူးခြားချက်မှာ သေခါနီးဝယ် ဤသို့ ဆုတောင်းမှုကို ပြုသွားလေသည်။

“ငါသည် ဤဘဝမှ စုတေမနေ သေလွန်ခဲ့သော် ဘီလူးမ ဖြစ်ရပြီး သင်နှင့် သားသမီးငယ်များကို စားရသည့်ကိုယ် ဖြစ်ရပါလို၏” ဟူ၍ဖြစ်သည်။ ဤဆုတောင်းမှုကို လေ့လာကြည့်လျှင် “သင့်ကို ငါ ကလဲ့စားချေမည်” ဆိုသည့် ထိုသူငယ်မ၏ မသင့်မတင့် နှလုံးသွင်းရှိပုံကို မှန်းဆနိုင်သည်။

ကြောင်နှင့်ကြက်

မယားငယ် ကွယ်လွန်သောအခါ ထိုအိမ်၌ ကြောင်မဖြစ်လေသည်။ ထိုနောက် မယားကြီး မိန်းမမြုံလည်း လင်ယောက်ျား လက်ချက်ဖြင့် သေဆုံးကာ ကြက်မဖြစ်လေ၏။ ကြောင်မသည် ကြက်မ၏ အဥတို့ကို စားသောက်ကလဲ့စားချေလေ၏။ ထိုအခါ ကြက်မက “ကြောင်မသည် ငါ၏ဥတို့ကို စားပြီးနောက် ငါ့ကိုစားချေတော့မည်” သိရှိကာ “ကလဲ့စားချေမည်” ဟူသော မသင့်လျော်သည့် နှလုံးသွင်းမှုကိုပြုကာ ဤသို့ ဆုတောင်းပြန်လေသည်။

စာမျက်နှာ-441


“ဤဘဝမှ စုတေမနေ သေလွန်သော် ထိုကြောင်မကို သားသမီးများနှင့်တကွ စားရသည့်ကိုယ် ဖြစ်ရပါလို၏” ဟူ၍ ဖြစ်သည်။

ကျားသစ်မ နှင့် သမင်မ

ထို့နောက် ကြက်မသည် ဘဝပြောင်းကာ ကျားသစ်မဖြစ်ပြီး ကြောင်မသည် သမင်မ ဖြစ်လေ၏။ သမင်မ သားဖွားသောအခါ ကျားသစ်မသည် သုံးကြိမ်တိုင်တိုင် ကိုက်စားလေရာ သမင်မလည်း ယခင်နည်းတူ “ကလဲ့စားချေမည်” ဟူသော မသင့်မတင့် နှလုံးသွင်းကာ ဆုပန်လေသည်။

“ဤဘဝမှ စုတေသော် ထိုကျားသစ်မကို သားငယ်များနှင့်တကွ စားရသည့်ကိုယ် ဖြစ်ရပါလို၏” ဟူ၍ ဖြစ်သည်။

ဘီလူး နှင့် လူ

ထို့နောက် သမင်ဘဝမှ စုတေသော် ဘီလူးမဖြစ်၏။ ကျားသစ်မကား သာဝတ္ထိပြည်ဝယ် တစ်ခုသောအမျိုး၌ အမျိုးသမီးတစ်ဦး ဖြစ်လေသည်။ အရွယ်သို့ရောက်သောအခါ အနီးရွာတစ်ရွာသို့ သွားရောက် အိမ်ထောင်ကျလေသည်။ သားဖွားသောအခါ ဘီလူးမသည် ချစ်စွာသော သူငယ်ချင်းတစ်ဦးအသွင် ဆောင်ကာ “ငါ၏ သူငယ်ချင်းမ အဘယ်မှာရှိကြောင်း” မေးပြီး အိမ်ခန်းအတွင်း သားဖွားနေကြောင်း သိရသောအခါ မိန်းကလေး ယောက်ျားလေး ခွဲခြားသိလိုဟန်ဖြင့် ကလေးကိုဆွဲယူကိုက်စား သွားလေသည်။ ဤသို့ဖြင့် တတိယအကြိမ် သားဖွားချိန် ရောက်သောအခါ ယောက်ျားနှင့် တိုင်ပင်၍ အခြားတစ်အိမ်သို့ တိတ်တဆိတ်သွား၍ မီးဖွားလေသည်။

စာမျက်နှာ-442


ဘီလူးမ ရှာပုံတော်ထွက်

ထိုအချိန်တွင် ဘီလူးမသည် ဝေဿဝဏ်နတ်မင်းကြီးထံ ရေပို့ရသည့် အလှည့်ရောက်နေသဖြင့် သွားနေရ၏။ ရေပို့ပြီးသောအခါ အမြန်သွားရောက်ရှာဖွေရာ မတွေ့ရသဖြင့် မသင့်မတင့်နှလုံးသွင်းမှုကိုပြုကာ “မည်သို့ဖြစ်စေ ငါ့လက်တွင်းက သင်မလွတ်ကင်းနိုင်” ဟု ကြိမ်းဝါးလျက် မြို့တွင်းသို့ အပူတပြင်း လိုက်သွားလေသည်။

ဘုရားထံတော်သို့

ကလေးမိခင်သည်လည်း ဖွားမြင်ပြီးနောက် ရေချိုးအမည်ပေးကာ သားငယ်ကို ရင်ခွင်ပိုက်၍ လင်ယောက်ျားနှင့်အတူ ဘုရားကျောင်းဝင်း ဖြတ်သန်းသွားစဉ် လမ်းခုလတ်ဝယ် ဘီလူးမနှင့်ရင်ဆိုင်တိုးတော့ရာ ဟစ်အော်မြည်တမ်းပြီး ဘုရားရှင်ထံ အတင်းဝင်ပြေးရလေ၏။ ဘုရားခြေရင်း ဝပ်စင်းကာ သားငယ်ကိုချပြီး လျှောက်ထား၏။

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ အရှင်ဘုရားတို့အား ဤကလေးကိုလှူပါ၏၊ အရှင်မြတ်တို့သည် တပည့်တော်မ၏သားငယ်အတွက် အသက်ကယ်မတော်မူပါဘုရား” ဟူ၍ လျှောက်ထားလေသည်။

ဘီလူးမသောတာပန်တည်

ဘီလူးမသည် ကျောင်းတွင်းဝင်ရန် ကြိုးစားရာ တံခါးမုခ်၌စောင့်နေသော သုမနနတ်မင်းက ဝင်ခွင့်မပေးဘဲနေ၏။ ထိုအခါ ဘုရားမြတ်စွာသည် အရှင်အာနန္ဒာမထေရ်အား ဘီလူးမကိုခေါ်စေပြီး တရားဟောတော်မူသည်။

“အသင်တို့သည် အဘယ့်ကြောင့် ဤသို့ပြုဘိသနည်း။ ငါဘုရားရှင်၏ရှေ့မှောက် မရောက်လာအံ့၊ မြွေနှင့် မြွေပါတို့ကဲ့သို့လည်းကောင်း၊ ဝံနှင့် ခြုံပင်စောင့်နတ်ကဲ့သို့လည်းကောင်း၊ ကျီးနှင့်...”

စာမျက်နှာ-443


“...ခင်ပုပ်ငှက်ကဲ့သို့ လည်းကောင်း ကမ္ဘာမဆုံးမချင်း ရန်ငြိုးပွားခြင်းတို့သည် ဖြစ်ကုန်ရာ၏။ အဘယ့်ကြောင့် ရန်တုံ့မူခြင်း ပြုကြဘိသနည်း။ တစ်ဦးနှင့်တစ်ဦး ရန်တုံ့မမူမှသာလျှင် ငြိမ်းချမ်းရေးကို ရနိုင်၏။ ရန်တုံ့မူနေသဖြင့် ဘယ်သောအခါမှ ရန်လက်စမသိမ်းဘဲ ငြိမ်းချမ်းရေးကိုရနိုင်မည်မဟုတ်” ဟူ၍ ဟောတော်မူသည်။ ဘီလူးမသည် တရားတော်ကို ကောင်းစွာနှလုံးသွင်းလျက် နာကြား၏။

တရားတော်၏အဆုံး၌ ဘီလူးမသည် သောတာပတ္တိဖိုလ်၌ တည်လေသည်။ ထို့နောက် ဘုရားရှင်သည် ကလေးမိခင်အား သားငယ်ကို ဘီလူးမအား ပေးစေ၏။ ဘီလူးမသည် သူငယ်ကိုဖက်ယမ်းနမ်းရှုံ့ပြီး ပြန်ပေးကာ ဆာလောင်မွတ်သိပ်သဖြင့် ငိုမြည်တမ်း၍ နေ၏။ ဘုရားရှင်သည် ကလေးမိခင်အား ဘီလူးမကို အိမ်ခေါ်သွားစေပြီး နေရာပေးစေကာ ယာဂုစသည်တို့ဖြင့် လုပ်ကျွေးစေ၏။

ဘီလူးမ ကျေးဇူးဆပ်ခြင်း

ကလေးမိခင်သည် ဘီလူးမကို မိမိအိမ်ခေါင်လျောက်၏ အထက်၌ နေရာပေးပြီး ယာဂုဦး ထမင်းဦးတို့ဖြင့် ပြုစုကျွေးမွေး၏။ ထို့နောက် ဘီလူးမသည် အခြားသူတို့ စပါးထောင်းသောအခါ ကျည်ပွေ့ဖြင့် ဦးထိပ်ကို ပုတ်ခတ်သကဲ့သို့ ခံစားရ၏။ ထို့ကြောင့် ဘီလူးမအား ရွာ၏အပ သင့်တော်ဆိတ်ငြိမ်သော တစ်နေရာ၌ထားကာ ပြုစုကျွေးမွေးကြ၏။ ထိုအခါ ဘီလူးမသည် “ငါ့အား ကျေးဇူးအထူးများပေသည် ကျေးဇူးတုံ့ပြန်အံ့” ဟု ကောင်းစွာနှလုံးသွင်းကာ—

“ဤနှစ်၌ ကောင်းစွာ မိုးရွာသွန်းအံ့၊ ကြည်းကုန်းအရပ်၌ ကောက်စပါးစိုက်သင့်၏။ ဤနှစ်၌ မိုးကောင်းစွာမရွာ၊ ချိုင့်ဝှမ်းရာ မြေနိမ့်ရာတို့၌ ကောက်စပါးစိုက်သင့်၏” ဟု ကျေးဇူးတုံ့ပြန်ပြောဆို၏။ ထိုအခါမှစ၍ မြို့ရွာနေ လူအပေါင်းသည်...

စာမျက်နှာ-444


ဘီလူးမအား ပူဇော်သက္ကာရကိုပြုကြသည်မှာ ယခုတိုင်ပင် အချို့အရပ်များ၌ ပြုလုပ်လျက်ရှိကြလေသည်။

နှလုံးသွင်းမှု သတိပြု ဆင်ခြင်

ဤဝတ္ထု၌ မိန်းမမြုံ သားသမီးမရခြင်းက အစပြုကာ တစ်ဦးနှင့်တစ်ဦး တစ်ယောက်နှင့်တစ်ယောက် ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် နိမ့်ချီတစ်ခါ မြင့်ချီတစ်လှည့်၊ ဘတစ်ပြန် ကျားတစ်ပြန်သဘော နှလုံးသွင်းကြသည်နှင့်အမျှ ဆိုးရွားလှသည့် ကြေကွဲဖွယ် ဖြစ်ရပ်ဆန်းတို့ကို နမူနာယူကာ နှလုံးသွင်းမည်မျှ အရေးကြီးလှကြောင်း သတိပြုကြရန်ဖြစ်ပါသည်။

အယောနိသောနှင့် မြွေပြိတ္တာ

ကဿပဘုရားရှင်လက်ထက်တော်အခါက သုမင်္ဂလခေါ် သူဌေးကြီးတစ်ဦးသည် ဘုရားရှင်အား ဂန္ဓကုဋီကျောင်းတော်ကြီးတစ်ဆောင် ဆောက်လုပ်လှူဒါန်း၏။ ကျောင်းကြီးမှာ ရွှေအုတ်တို့ဖြင့် မြေကိုခင်း၍ ဥသဘနှစ်ဆယ် ပမာဏရှိသော အရပ်ဝယ် ထိုမျှလောက် ဥသဘနှစ်ဆယ်ပမာဏ ရှိသော ဥစ္စာတို့ဖြင့် ဆောက်လုပ်လှူဒါန်းခြင်းဖြစ်သည်။ ထို့ပြင် ကျောင်းပူဇော်ပွဲကြီးကိုလည်း ပြုလုပ်စေပါသည်။

တစ်နေ့သောအခါ၌မူ သုမင်္ဂလသူဌေးကြီးသည် နံနက်စောစောကပင် ကဿပမြတ်စွာဘုရားထံတော်သို့ သွားရာ မြို့တော်တံခါးအနီး ဇရပ်တစ်ဆောင်ငယ်၌ ဖန်ရည်စွန်းသော အဝတ်ကိုခေါင်းမြီးခြုံလျက် ခြေထောက်များ၌မူ ရွှံ့ညွန်အလိမ်းလိမ်း ပေကျံနေကာ အိပ်နေသောသူခိုးတစ်ယောက်ကိုတွေ့ရလေ၏။ ထိုအခါ သူဌေးကြီးက—

“ဤသူကား ရွှံ့ညွန်များပေကျံလျက်ရှိ၏။ ညဉ့်နက်သန်းခေါင် သွားလာလှုပ်ရှားကာ အိပ်သောသူ ဖြစ်ပေအံ့” ဟု ဆိုလိုက်မိလေ၏။ အိပ်နေသော သူခိုးသည် မျက်နှာကို ဖွင့်ကြည့်ကာ သူဌေးကြီးကိုမြင်လေလျှင်—

စာမျက်နှာ-445


“ရှိစေတော့ သင့်အား ပြုအပ်သောအမှုကိစ္စကို သိပေအံ့” ဟု ရန်ငြိုးဖွဲ့ကာ သူဌေးကြီး၏လယ်ကိုလည်းကောင်း၊ အိမ်ကိုလည်းကောင်း ခုနစ်ကြိမ်စီတိုင်တိုင် မီးတိုက်ဖျက်ဆီး၏။ နွားခြံမှနွားတို့၏ ခြေတို့ကိုလည်း ထို့အတူ ခုနစ်ကြိမ်တိုင်တိုင်ပင် ခုတ်ဖြတ်၏။ ထိုမျှဖြင့် မကျေနပ်သေး။ သူဌေးကြီးအနှစ်သက်ဆုံး အမြတ်နိုးဆုံးသောအရာမှာ ဂန္ဓကုဋီကျောင်းတော်ကြီးပင် ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ထိုကျောင်းတော်ကြီးကိုလည်း မီးတိုက်ဖျက်ဆီးလေ၏။ ဘုရားရှင်ကြွလာသည့်အခါ ဘုဉ်းပေးရန် အသင့်ပြုလုပ်ထားသော သောက်ရေ သုံးဆောင်ရေတို့ကိုလည်း ဖျက်ဆီးလေ၏။

သူဌေးကြီးလက်ခမောင်းခတ်ခြင်း

သူဌေးကြီးသည် ၎င်းလှူဒါန်းသည့် ဂန္ဓကုဋီကျောင်းတော်ကြီး မီးလောင်သည်ဟုသိရသောအခါ သွားရောက်ကြည့်ရှုပြီး ဆံချည်တစ်ပင်ဖျားမျှလည်း နှလုံးမသာမယာမဖြစ်မူ၍ လက်ဝဲလက်ရုံးကိုခွေပြီး လက်ယာလက်ဖြင့် ပြင်းထန်စွာ လက်ခမောင်းခတ်လေ၏။

သူဌေးကြီးနှလုံးသွင်းကောင်းပုံ

ထိုအခါသူဌေးကြီးကို ကြားသိသူလူအများက မေးမြန်းကြ၏။ “သူဌေးမင်း ဤမျှလောက်သော ဥစ္စာကို စွန့်လွှတ်၍ ဆောက်လုပ် လှူဒါန်းအပ်သော ဂန္ဓကုဋီ ကျောင်းတော်ကြီး မီးလောင်နေပါလျက် အဘယ့်ကြောင့် လက်ခမောင်းခတ်ပါသနည်း” ဟု မေးမြန်းကြ၏။ ထိုအခါသူဌေးကြီးက—

“အမောင်တို့၊ ငါသည် ဤမျှသော ကောင်းမှုကံကိုပြု၍ မီးအစရှိသည်တို့နှင့် မဆက်ဆံသော ဘုရားရှင်၏ သာသနာတော်၌ ဥစ္စာကို မြှုပ်နှံသိုမှီး သိမ်းဆည်းရအပ်ပေပြီ၊ တစ်ဖန် ဤမျှလောက်...”

စာမျက်နှာ-446


“...သော ဥစ္စာကိုစွန့်၍ ဘုရားရှင်အတွက် ဂန္ဓကုဋီကျောင်းတော်ကြီး ဆောက်လုပ်လှူဒါန်းရပေအံ့” ဟု နှလုံးသွင်းကာ နှစ်သက် ဝမ်းမြောက်သောစိတ်ရှိသည်ဖြစ်၍ လက်ခမောင်းခတ်ခြင်း ဖြစ်ပေသည် အမောင်တို့ ဟု ပြောဆိုလေ၏။ ထို့နောက် သူဌေးကြီးသည် နောက်တစ်ဖန်ထိုမျှ ပမာဏ ရှိသော ဥစ္စာကိုစွန့်ကာ ဂန္ဓကုဋီကျောင်းတော်ကြီးကို ဆောက်လုပ်ပြီး ရဟန်းနှစ်သောင်း အခြံအရံရှိသော ကဿပဘုရားရှင်အား လှူဒါန်းပြန်လေ၏။

ရန်သူအား ရှေးဦးစွာ အမျှဝေခြင်း

သူဌေးကြီး ထိုသို့ပြုလုပ်ပုံကို တွေ့မြင်ရသောအခါ ခိုးသူသည် ဤသို့ ကြံစည်လေ၏။

“ငါကား သူဌေးကြီးကို မသတ်မူ၍ မျက်နှာပျက်အောင်ပြုခြင်းငှာ မတတ်နိုင်သေးပါတကား၊ ရှိစေတော့၊ ထိုသူဌေးကြီးကို သတ်တော့အံ့” ဟု ကြံစည်လျက် ခါးဝတ်ပုဆိုးကြား၌ ဓားငယ်ကိုဝှက်ကာ ၇ ရက်ပတ်လုံး ကျောင်းတော်၌ သွားလာလှည့်လည် ချောင်းမြောင်း၏။ သို့သော် အခွင့်မရဘဲ ရှိလေ၏။ သူဌေးကြီးသည် ၇-ရက်ပတ်လုံး ဘုရားအမှူးရှိသော ရဟန်းသံဃာအား လှူဒါန်း၍ ရှိခိုးလျက်—

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ လူတစ်ယောက်သည် တပည့်တော်၏လယ်ကိုလည်းကောင်း၊ အိမ်ကိုလည်းကောင်း၊ ၇-ကြိမ်စီတိုင်တိုင် မီးတိုက်ဖျက်ဆီးပါသည်၊ ၇-ကြိမ်တိုင်တိုင်ပင် နွားခြံမှနွားတို့၏ ခြေထောက်တို့ကိုခုတ်ဖြတ်ပါသည်၊ ယခုအခါ ဂန္ဓကုဋီကျောင်းတော်ကိုလည်း ထိုလူပင် မီးတိုက်ဖျက်ဆီးပါလိမ့်မည်။ တပည့်တော်သည် ဤအလှူ၌ ရှေးဦးစွာသော ကုသိုလ်အဖို့ကို ထိုလူအား အမျှပေးဝေပါ၏ဘုရား” ဟု လျှောက်ထားလေ၏။

စာမျက်နှာ-447


သူခိုးက တောင်းပန်ပုံ

သူခိုးသည် သူဌေးကြီးလျှောက်ထားသောစကားကို ကြားရသောအခါ ဤသို့ နှလုံးသွင်းဆင်ခြင်မိလေ၏။

“ငါသည် ဝန်လေးသောအမှုကို ပြုမိလေသည်၊ သူဌေးကြီးကား အနည်းငယ်မျှပင် အမျက်ထွက်ခြင်းမရှိ၊ အလှူ၏ကုသိုလ်အဖို့ကိုလည်း ငါ့အားသာလျှင် ဦးစွာပေးဝေ၏၊ ငါသည် သူဌေးကြီးအပေါ်၌ များစွာပြစ်မှားမိ၏။ သူတော်ကောင်းကို ပြစ်မှားသော ငါ၏ထိပ်၌ နတ်တို့လက်နက်မိုးကြိုးစက်သည် ကျပေရာ၏” ဟု ကြံ၍ သူဌေးကြီးခြေရင်းဝယ် ဝပ်စင်းလျက်—

“အရှင်သူဌေးမင်း... ကျွန်တော့်အား သည်းခံတော်မူပါ” ဟု တောင်းပန်ကာ အကြောင်းစုံကို ပြန်လည်ပြောဆိုလေ၏။ သူဌေးကြီးကလည်း ထိုပြစ်မှားမှုများအတွက် သည်းခံခွင့်လွှတ်ကြောင်း ပြောဆို၏။

သူခိုးသည် ထိုပြစ်မှုများကို ပြုမိသောကြောင့် အဝီစိငရဲ၌ ကြာမြင့်စွာ ခံစားရပြီး နောက်ဆုံး၌မူ အကျိုးဆက်အားဖြင့် အလျား ၂၂-ယူဇနာရှိသော စပါးကြီးမြွေပြိတ္တာကြီးဖြစ်လေသည်။ ထိုပြိတ္တာကြီး၏ ဦးခေါင်းမှ မီးလျှံသည် အဆုံးအမြီးဖျားတိုင်အောင်၊ အဆုံးအမြီးဖျားမှ မီးလျှံသည်လည်း ဦးခေါင်းတိုင်အောင်၊ ဦးခေါင်း မြီးဖျား ၂-ပါးသောအရပ်မှ မီးလျှံတို့သည် အလယ်၌ သက်ဝင်စုဝေးတည်နေလျက် တောက်လောင်၏ဟု ကျမ်းဂန်များ၌ ဖွင့်ဆိုလေသည်။

အမျှမဝေ ကုသိုလ်မရ

ဂေါတမဗုဒ္ဓမြတ်စွာ ပွင့်တော်မူလာသည့်အခါ ဗိမ္ဗိသာရမင်းကြီးသည် ပထမဦးစွာသောနေ့၌ အလှူကြီး ပေးလှူခဲ့၏။ ထိုစဉ်က ဗိမ္ဗိသာရမင်းကြီး၏ အတိတ်ဘဝက ဆွေမျိုးတော်စပ်ခဲ့ကြသည့် ရှစ်သောင်းလေးထောင်သော ပြိတ္တာတို့သည် ညအချိန်ဝယ် ကြောက်လန့်ဖွယ်ကောင်းသော အသံကို ဟစ်အော်မြည်တမ်းကြကုန်၏။ ဗိမ္ဗိသာရမင်းကြီးအား ကိုယ်ထင်ရှားပြကြကုန်၏။

ဓမ္မပဒ၊ဋ္ဌ၊ ၂။ ၃၉။

စာမျက်နှာ-448


နံနက်မိုးသောက်သောအခါ ဗိမ္ဗိသာရမင်းကြီးသည် ဝေဠုဝန်ကျောင်းတော်သို့သွားကာ ဘုရားရှင်အား အကြောင်းစုံ ဖြစ်ပျက်ပုံကို လျှောက်ထား၏။ ဘုရားရှင်က—

“ဒကာတော်မင်းကြီး၊ ဤကမ္ဘာမှ ပြန်၍ရေသော် (၉၂) ကမ္ဘာထက်၌ ဖုဿဘုရားရှင် လက်ထက်တော်အခါ သင်မင်းကြီး၏ ဆွေမျိုးသားချင်းများ ဖြစ်ကြသည့် ထိုပုဂ္ဂိုလ်တို့သည် ရဟန်းသံဃာတော်တို့အား ရည်ညွှန်းလှူဒါန်းအပ်သော အလှူဆွမ်းဝတ်ကို အဦးအဖျား စားသောက်ကြသောကြောင့် ပြိတ္တာဘုံ၌ ဖြစ်နေကြကုန်၏။ ယမန်နေ့က သင်မင်းကြီးပေးလှူဒါန်းသော အချိန်၌ အမျှမဝေမိသဖြင့် ကုသိုလ်အဖို့ကို မရသောကြောင့် ဤသို့ ကြောက်လန့်ဖွယ်ကောင်းသော အသံကို ဟစ်အော်မြည်တမ်းကြကုန်၏” ဟု မိန့်တော်မူ၏။

ထိုအခါ ဗိမ္ဗိသာရမင်းကြီးသည် နောက်ထပ်တစ်ဖန် ဘုရားအမှူးရှိသော သံဃာတော်များကို ပင့်ဖိတ်လှူဒါန်းကာ—

“မြတ်စွာဘုရား၊ ဤအလှူဒါနကို ပေးလှူသည့်အချိန်မှစ၍ ထိုဆွေမျိုးပြိတ္တာတို့အား နတ်တို့၌ ဖြစ်သော ထမင်းအဖျော် စားဖွယ်သောက်ဖွယ်များ ပြည့်စုံပါစေသတည်း” ဟု ကုသိုလ်အဖို့ဘာဂရကြစေရန် အမျှပေးဝေ၏။ ထိုအမျှဝေသောခဏ၌ပင် တောင့်တသည့်အတိုင်း နတ်တို့၌ ဖြစ်သော ထမင်းအဖျော်စားဖွယ် သောက်ဖွယ်များ ထင်ရှားဖြစ်လာကြကုန်၏။

အဝတ်မဆည်း ကိုယ်လုံးတီးဘဝ

တစ်ဖန် မိုးသောက်သောနေ့၌မူ အဝတ်မဆည်း အချည်းနှီးဖြစ်ကာ ကိုယ်ထင်ရှားပြကြပြန်၏။ ထိုသို့ဖြစ်ပုံကို ဘုရားရှင်အား လျှောက်ထားပြန်ရာ—

စာမျက်နှာ-449


“မင်းကြီး သင်သည် အဝတ်သင်္ကန်းတို့ကို မပေးလှူရကုန်သေး” ဟု မိန့်တော်မူသောကြောင့် တဖန် ရဟန်းသံဃာတို့အား သင်္ကန်းအလှူ ပေးလှူပြန်၏။ ထိုနောက် မင်းကြီးသည်-

“ထိုပေးလှူသောခဏမှာပင် ဆွေမျိုးပြိတ္တာတို့အား နတ်တို့၌ ဖြစ်သော အဝတ်တန်ဆာများ ဖြစ်စေကုန်သတည်း” ဟု ရည်မှန်းအောင့်တလျက် အမျှပေးဝေ၏။ ထိုကြောင့် ဆွေမျိုးပြိတ္တာတစုတို့သည် အမျှပေးဝေသော ခဏမှာပင် ပြိတ္တာအဖြစ် ပြိတ္တာဘဝမှ လွတ်မြောက်၍ နတ်ပြည် နတ်ဘဝ၌ ဖြစ်ကြလေသည်။

အယောနိသောနှင့် ပြိတ္တာဘုံ

ဤဝတ္ထုကိုကြည့်လျှင် ဗိမ္ဗိသာရမင်းကြီး၏ ဆွေမျိုးပြိတ္တာတို့သည် အယောနိသောဖြင့် နှလုံးသွင်း မနသိကာရ လွဲမှားပြီး ရဟန်းသံဃာတို့ အဦးအဖျား စားမိရာမှ ပြိတ္တာဘုံ၌ ဖြစ်ကြရပြီး နောင် အမျှအတန်းပေးဝေသောအခါကျမှ ကောင်းမှုကုသိုလ်များကို ပြန်လည် နှလုံးသွင်းနိုင်ကာ ထိုပြိတ္တာဘဝမှ လွတ်မြောက်၍ နတ်ပြည်၌ ဖြစ်ကြရလေသည်။

ဤဝတ္ထုဖြင့်လည်း သတ္တဝါတို့ ဘဝကူးပြောင်းရာတွင် နှလုံးသွင်းမနသိကာရ မည်မျှ အရေးကြီးလှကြောင်း ထင်ရှားပါသည်။ ထိုကြောင့် ယခုကာလ အသုဘရှုတရားနာ ရေစက်ချရာ၌ ရဟန်းတော်အရှင်မြတ်တို့က-

“ပေတော ကာလက်တော၊ ဘဝတပါးသို့ ပြောင်းသွားသော ပုဂ္ဂိုလ်သည်။ မရဏာသန္နကာလေ၊ သေခါနီးသောကာလ၌။ အယောနိသောမနသိကရိတွာ၊ မသင့်မတင့်နှလုံးသွင်းမိသည်ဖြစ်၍။ ပေတဘဝေ၊ ပြိတ္တာဘုံ၌၊ သစေ ဥပ္ပဇ္ဇတိ၊ အကယ်၍ ဖြစ်ခဲ့ပါငြားအံ့။ တင်္ခဏညေဝ၊ ထိုရေစက်သွန်းချ အမျှပေးဝေသောခဏ၌ပင်။”
၁။ ခုဒ္ဒကပါဌ၊ဋ္ဌ။ ၁၇၂။

စာမျက်နှာ-450


“တတော၊ ထိုပြိတ္တာဘုံဘဝမှ။ မုဉ္ဇိတွာ၊ လွတ်မြောက်၍။ ဒိဗ္ဗာနိ၊ နတ်၌ ဖြစ်ကုန်သော။ ဘောဇနာနိ စ၊ ဘောဇဉ်တို့ကိုလည်းကောင်း၊ ဒိဗ္ဗာနိ၊ နတ်၌ဖြစ်ကုန်သော။ ပါနာနိ စ၊ အဖျော်တို့ကိုလည်းကောင်း၊ လဘိတွာ၊ ရ၍။ အနုဘဝတု၊ အစဉ်သုံးဆောင် ခံစားနိုင်ပါစေ သတည်း”-

အစရှိသည်ဖြင့် ရေစက်သွန်းချပြီး ထိုကုသိုလ်အဖို့ကို အမျှပေးဝေကြလေသည်။ အလားတူပင် ဓမ္မပဒလာ တိဿရဟန်းကြီး နှလုံးသွင်းလွဲမှားပြီး သင်္ကန်း၌ တွယ်တာကာ သန်းကြီးသတ္တဝါဖြစ်ရခြင်း စသည်တို့သည်လည်း နှလုံးသွင်း မနသိကာရ၏ ထင်ရှားသော သာဓကများ ဖြစ်ကြလေသည်။

နှလုံးသွင်းမကောင်းလျှင်တဏှာ ကောင်းလျင်ဘာဝနာ

အင်္ဂုတ္တိုရ်ပါဠိတော်လာ ရာဂဖြစ်ပေါ်ရန်အကြောင်း ၂-ရပ်မှာ နှစ်သက်ဖွယ်အာရုံနှင့် နှလုံးသွင်းမကောင်းခြင်းတို့ဖြစ်သည်။ နှစ်သက်ဖွယ်အာရုံ တွေ့ကြုံရသော်လည်း နှလုံးသွင်းမှန်ကန်ကောင်းမွန်ပါက ရာဂတဏှာ မဖြစ်နိုင်ပေ။

ထိုကြောင့် ကောင်းမှု မကောင်းမှုကိစ္စဟူသမျှတို့၌ နှလုံးသွင်းမှု မနသိကာရအရေးပါလှသည်၊ အရေးကြီးလှပေသည်။ ပွဲလမ်းသဘင်ကြည့်ရာ၌ပင် နှလုံးသွင်းမကောင်းက တဏှာသဘောများ ဖြစ်ပွားနိုင်ပြီး၊ နှလုံးသွင်းလိမ္မာကောင်းမွန်ပါက ဘာဝနာကုသိုလ် ဈာန် မဂ်ဖိုလ်များကိုပင် ရနိုင်သည့် ဝတ္ထုသက်သေ အထောက်အထားများကို တွေ့ရလေသည်။

အစုန်တဏှာနှင့် အဆန်ဘာဝနာ

ပွဲလမ်းသဘင်ကြည့်ရာဝယ် တဏှာနှင့် ဘာဝနာ၊ တဏှာအဖြစ်များသည်။ဟု ဆိုနိုင်၏။ အဘယ်ကြောင့်ဆိုသော် လောက၌ အကောင်းအဆိုး ဤ ၂-မျိုးတွင် အဆိုးသည် စုန်ဆင်းသော သဘောဖြစ်ပြီး၊ အကောင်းဘက်သည် ဆန်တက်ရမည့် အဆန်သဘောဖြစ်၏။ အကုသိုလ်ပိုင်းဆိုင်ရာ

စာမျက်နှာ-451


အပါယ်လေးပါးသို့ ဦးတည်ညွှတ်ကိုင်းသောသဘော စိတ်နေစိတ်ထားများသည် အစုန်သဘောဖြစ်၏၊ ကုသိုလ်ပိုင်းဆိုင်ရာ နတ်ရွာသုဂတိ ဈာန် မဂ် ဖိုလ်နိဗ္ဗာန်သို့ ဦးတည်ညွတ်ကိုင်းသော သဘော စိတ်နေသဘောထားများသည် ပုထုဇဉ်တို့အဖို့ ဆန်တက်ရမည့် သဘောတရားများဖြစ်သည်။

ထို့ကြောင့် တဏှာနှင့် ဘာဝနာတွင် တဏှာအဖြစ်များနိုင်ဖွယ်ရှိ၏။ သို့ရာတွင် နှလုံးသွင်း လိမ္မာပါက ဘာဝနာအဆန်ဘက်သို့ ကောင်းစွာဆန်တက်နိုင်မည်ဖြစ်ပါသည်။ ထိုကြောင့် “မကြည့်တတ်လျှင် တဏှာ ကြည့်တတ်လျှင် ဘာဝနာ” ဟူ၍လည်း မိန့်ဆိုကြလေသည်။

ပွဲကြည့်တတ်၍ ရဟန္တာဖြစ်ပုံ

ထေရဂါထာပါဠိတော်လာ ဘုရားရှင်လက်ထက်တော်က သာကီဝင်မင်းသား နာဂသမာလသည် ဘုရားရှင်ထံမှောက် သဒ္ဓါပေါက်၍ ရဟန်းပြုလေသည်။ နာဂသမာလ ရဟန်းတော်သည် ရံခါ ဘုရားရှင်ကို လုပ်ကျွေးပြုစုရ၏။ တနေ့သောအခါ၌မူ နာဂသမာလရဟန်းတော်သည် ဆွမ်းခံကြွစဉ် လမ်းခုလတ်တနေရာဝယ် ကပွဲတပွဲကို အမှတ်မထင် တွေ့ရလေသည်။ ထိုအခါ မထေရ်က အသင့်အားဖြင့် နှလုံးသွင်းပုံမှာ-

“ဤသို့ ကပြလှုပ်ရှားမှုကား စိတ္တဇလေကြောင့် လှုပ်ရှားနေခြင်းမျှသာ ဖြစ်လေသည်” ဟူ၍ဖြစ်၏။

ဤသို့ အမှန်သဘာဝကို နှလုံးသွင်းပြီး အဖြစ်အပျက်ကို ဆင်ခြင်ကာ အားထုတ်ရာမှ အရဟတ္တဖိုလ်ရ၍ ရဟန္တာဖြစ်ခဲ့လေသည်။ ထို့ကြောင့် မထေရ်မြတ်သည် မိမိ၏အကျင့် ပဋိပတ်ကို-

“ငါသည် ဆွမ်းအလို့ငှာ ရွာတွင်းသို့ဝင်သွားစဉ် (လက်ဝတ်တန်ဆာတို့ဖြင့်) တန်ဆာဆင်ထားသော တင့်တယ်သောအဝတ်တို့ကိုဝတ်သော ထိုကချေသည်မိန်းမကို သေမင်းထောင်ထားသော ကျော့ကွင်းကဲ့သို့ တွေ့မြင်ရ၏။”

စာမျက်နှာ-452


“ထိုကြောင့် ငါ့အား (စက်ဆုပ်ရွံရှာဖွယ်)ဟု အသင့်အားဖြင့် နှလုံးသွင်းမှု ဖြစ်ပေါ်လာ၏၊ အပြစ်ဟုထင်မြင်သော အာဒီနဝဉာဏ်သည် ထင်ရှားဖြစ်ပေါ်၏၊ ငြီးငွေ့မှု နိဗ္ဗိဒါဉာဏ်သည် (ငါ့နှလုံး၌) ကောင်းစွာတည်၏” အစရှိသည်ဖြင့် ရွတ်ဆိုပြောကြားတော် မူခဲ့လေသည်။

မတ္တရာဆရာတော်

ထို့ပြင် မင်းတုန်းမင်းလက်ထက်က မတ္တရာဆရာတော်ဘုရားကြီး၏ နှလုံးသွင်းပုံမှာလည်း များစွာ အတုယူဖွယ် ကောင်းလှပါသည်။ ဗုဒ္ဓအဘိဓမ္မာစေတသိက်များအဖွင့် အတွဲ(၃)တွင် ကြည့်ရှုပါလေ။

မနသိကောင်းမှ အယူမှန်မည်

အယူမှားမိစ္ဆာဒိဋ္ဌိနှင့် အယူမှန် သမ္မာဒိဋ္ဌိတို့မှာ မည်မျှအရေးကြီးကြောင်း ထင်ရှားပါသည်။ မသူတော်တရားကိုကြားနာရခြင်း နှလုံးသွင်းမကောင်းခြင်းသည် အယူမှား(မိစ္ဆာဒိဋ္ဌိ) ဖြစ်ရန် အကြောင်းများဖြစ်သည်။ သူတော်ကောင်းတရားကို ကြားနာရခြင်း နှလုံးသွင်းကောင်းခြင်းသည် အယူမှန်(သမ္မာဒိဋ္ဌိ)ဖြစ်ရန် အကြောင်းဖြစ်သည်။

ထို့ကြောင့် နှလုံးသွင်းကောင်းမကောင်းသည် အယူမှား အယူမှန်ကို အဆုံးအဖြတ်ပေးနိုင်လေသည်၊ အယူမှားလျှင် သံသရာတခွင် ပါစင်အောင် နစ်မွန်းလိမ့်မည်။

ယောနိသောနှင့်ဘုရားရှင်

သံယုတ်ပါဠိတော်၌ ဘုရားရှင်သည် ကောင်းမွန်သော နှလုံးသွင်းရှိတော်မူသည်။ ကောင်းမွန်လှသည့် နှလုံးသွင်းဖြင့် မှန်ကန်စွာ ကြိုးပမ်းအားထုတ်မှုကြောင့် သံသရာဘဝမှ လွတ်မြောက်ခဲ့သည်။ တပည့်သာဝက
၁။ ထေရဂါထာ။ ၂၆၉။ ဋ္ဌ၊၂။
၂။ အံ၊၁။ ၈၆၊ ၈၇။ ပ၊၁။ ၃၆၈။

စာမျက်နှာ-453


ရဟန်းတော်တို့အားလည်း နှလုံးသွင်း ကောင်းခြင်း မှန်ကန်စွာ ကြိုးပမ်းခြင်းဖြင့် ဘဝမှ လွတ်မြောက်မှုကို အရယူကြရန် တိုက်တွန်းခဲ့လေသည်။

ဘုရားဖြစ်ရန် မနသိကာရ အကြောင်းခံပုံ

နှလုံးသွင်း ကောင်းပါက ကောင်းသောလုပ်ငန်း ကောင်းသော ကုသိုလ်မှုဆိုင်ရာ၌ အထွတ်အထိပ်ဆုံးထိ အောင်မြင်မှုကို ရနိုင်၏။ ဝိပဿီအစ ဂေါတမဗုဒ္ဓမြတ်စွာအဆုံး ခုနစ်ဆူကုန်သော ဘုရားရှင်တို့သည် ဘုရားမဖြစ်မီ ပဋိစ္စသမုပ္ပါဒ်နည်းအရ ကြောင်းကျိုးဆက်စပ်၍ မှန်သော သစ္စာတရားကို ရှာခဲ့ကြသည်။

ဤသို့ ဆက်စပ်ရှာဖွေရာတွင် ဇာတိဖြစ်ပေါ်လျှင် ဇရာ မရဏ ဖြစ်ရသည်။ “ဇာတိသည် ဇရာ မရဏ၏ အကြောင်းတရားဖြစ်သည်” အစရှိသည်ဖြင့် ကြောင်းကျိုးဆက်ကာ ရှာဖွေခြင်းဖြစ်သည်။ ဤသို့ ပဋိစ္စသမုပ္ပါဒ်နည်းဖြင့် ဖြစ် ချုပ် လက္ခဏာကို ထိုးထွင်း၍ သိတော်မူသည်။ အမှန်တရားကို ထိုးထွင်း၍ သိခြင်းဖြင့် သဗ္ဗညုတဘုရားအဖြစ်သို့ ရောက်ခဲ့သည်။ ဤသို့ သစ္စာတရားကို ထိုးထွင်း၍ သိနိုင်ခြင်း၏ အရင်းခံအကြောင်းမှန်ကိုရှာလျှင် ယောနိသောမနသိကာရ ခေါ် နှလုံးသွင်းကောင်းမြတ်မှုကို တွေ့ရပါမည်။ ထိုကြောင့် ဘုရားဖြစ်နိုင်ရန်မှာ မနသိကာရ အကြောင်းခံဟု ဆိုရပါမည်။

နှလုံးသွင်းကောင်းအောင် ကြိုးပမ်းကြစို့

နှလုံးသွင်း ကောင်းခြင်းသည် ဘုရားဖြစ်နိုင်သည်အထိ ဧကန် အကျိုးရှိပါသည်။ ထိုကြောင့် နှလုံးသွင်း ယောနိသော ကောင်းအောင် ကြိုးပမ်းကြရပါမည်။ ဗဟုဿုတ အကြားအမြင်များအောင် လေ့လာ ဆည်းပူးခြင်း၊ ပညာရှိ သူဟော်ဟောင်းများကို ဆည်းကပ်နည်းယူ နာခံမှတ်သားခြင်းများကို ပြုလုပ်ရပါမည်။ အကြားအမြင်ရှိသူဟူသည်-
၁။ သံ၊၁။ ၁၀၆။ သံ၊၁။ ၂၄၆၊ ၂၅၂၊ ၃၂၇။
၂။ သံ၊၁။ ၂

စာမျက်နှာ-454


“ငါ၏သန္တာန်၌ အမြဲစိတ်ကောင်းနှလုံးကောင်းဖြစ်စေရမည်” ဟု သတိထားကာ အရာရာကို လုပ်ဆောင်သူမှာ မည်သည့်ကိစ္စမဟူ တွေ့ကြုံရာ အာရုံများ၌ နှလုံးသွင်းကောင်း ယောနိသောမနသိကာရ ဖြစ်တတ်ပါသည်။ ထိုကြောင့်-

“နှလုံးသွင်းကောင်းအောင် ကြိုးပမ်းကြပါ”

နှလုံးသွင်းကောင်းလျှင် ဘုရားဖြစ်သည်အထိ နိဗ္ဗာန်ရောက်သည်အထိ အကျိုးကျေးဇူးရှိမည်ဖြစ်ပါသည်။

နှလုံးသွင်းမကောင်းလျှင် အပါယ်ကျ၍ သံသရာလည်မည်

သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ သူတပါးသားမယား ပြစ်မှားခြင်း၊ မုသားပြောခြင်း၊ မူးယစ်သောက်စားခြင်းအစရှိသော အကုသိုလ်မှုဟူသမျှတို့မှာ ပြုလွယ် လွန်ကျူးလွယ် အားထုတ်လွယ်သော အကုသိုလ်မှုများဖြစ်ကြပါသည်။ ထိုပြင် ဘုရားရှိမခိုးလိုခြင်း၊ တရားမနာလိုခြင်း၊ ဒါန သီလ ဘာဝနာမှု မပြုလိုခြင်း စသည်တို့မှာလည်း ထိုအတူပင် ပြုလွယ် လွန်ကျူးလွယ်သော အကုသိုလ်မှုများပင် ဖြစ်ကြပါသည်။

ထိုကြောင့် ထိုအကုသိုလ်မှုတို့ကို “အနုသောတဓမ္မ” = စုံဆင်းသောအစုန်တရားများ၊ ရေစုံတရားများဟူ၍လည်းကောင်း၊ “အသဒ္ဓမ္မ” = မသူတော်တရားများဟူ၍လည်းကောင်း၊ “ဗာသူပနိဿယ” = လူမိုက်တို့ မှီဝဲဆည်းကပ်အပ်သော တရားများဟူ၍လည်းကောင်း ခေါ်ဆိုအပ်ပါသည်။

ထိုအကုသိုလ်မှုတရားစုတို့ ဖြစ်ပေါ်မှုအကြောင်းရင်းမှာ မသင့်မတင့် နှလုံးသွင်းမှု = အယောနိသောမနသိကာရဖြစ်ပါသည်။ (ဝါ) ထိုအကုသိုလ်ဓမ္မတို့သည် မသင့်သောအားဖြင့် နှလုံးသွင်းမှု = အယောနိသောမနသိကာရလျှင် အကြောင်းရင်းရှိကြပါသည်။ ဤအယောနိသောမနသိကာရဖြစ်ပေါ်ရခြင်းမှာလည်း အတိတ်ဘဝက ကောင်းမှု မပြုခဲ့ဖူးခြင်း၊

စာမျက်နှာ-455


သင့်လျော်လျောက်ပတ်သော အရပ်၌ မနေထိုင်ခဲ့ခြင်း၊ မိမိကိုယ်စိတ် နှစ်ပါးကို မစောင့်စည်း မထိန်းသိမ်းခဲ့ခြင်း၊ သူတော်သူမြတ်တို့ကို မဆည်းကပ်ခဲ့ခြင်း၊ သူတော်ကောင်းတရားမနာကြားခဲ့ခြင်း ဟူသောဖောက်ပြန်မှု ဝိပတ္တိသဘောတို့ကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။

မှန်ပေသည်၊ ရှေးက ကောင်းမှုမပြုခဲ့ဖူးလျှင် မသူတော်တို့ကျက်စားရာ မသင့်မလျော်သည့်အရပ် = အပ္ပဋိရူပဒေသ၌ဖြစ်ရ၏။ ဤမသင့်လျော်သည့် အရပ်၌ဖြစ်ရသူတို့မှာ မိဘကောင်း ဆွေမျိုးကောင်း ဆရာသမားကောင်းတို့နှင့်မဆုံတွေ့ရဘဲ မသူတော်များနှင့် ဆုံတွေ့ရခြင်း၊ မသူတော်များကိုသာ မှီခိုဆည်းကပ်ရခြင်း = အသပ္ပုရိသူပနိသေယ၊ ထိုမသူတော်တို့၏ တရားကိုသာ ကြားနာနေရခြင်း = အသဒ္ဓမ္မသဝန အမှုတို့သာ ဖြစ်နေကြပါမည်။

ထိုသို့ မသူတော်တို့ တရားကိုသာ ကြားနာနေရပါလျှင် မိမိကိုယ်စိတ်နှစ်ပါးကိုလည်း စောင့်ထိန်းမှု မပြုနိုင်တော့ဘဲ မိမိသန္တာန်ဝယ် တွေ့ရာမြင်ရာအာရုံတို့၌ မသင့်မတင့် နှလုံးသွင်းမှု = အယောနိသောမနသိကာရတရားများ ထပ်မနား ဖြစ်ပေါ်လျက်သာရှိနေပါမည်။ ဤကဲ့သို့ အယောနိသောမနသိကာရတရား ဖြစ်ပွားနေသူတို့မှာ-

“ရဟန်းတို့ မသင့်သော နှလုံးသွင်းမှုပြုသောသူအား မဖြစ်ပေါ်သေးသော အကုသိုလ်မှု ပါပဓမ္မတို့သည် ဖြစ်ပေါ်လာကုန်၏၊ ဖြစ်ကုန်ပြီးသော ပါပဓမ္မအကုသိုလ်တို့သည် လွန်စွာပွားများခြင်းသို့ ရောက်ကုန်၏” ဟူ၍ ဟောတော်မူသောကြောင့် မဖြစ်ပေါ်သေးသော အကုသိုလ်တရားများဖြစ်ပေါ်လာနိုင်သည့်ပြင် ဖြစ်ပေါ်ကုန်ပြီးသော ပါပဓမ္မ အကုသိုလ်တို့မှာလည်း စည်ပင်များပြားတိုးပွားလာနိုင်ကြပါသည်။ ထိုအကုသိုလ်ဓမ္မတို့ တိုးပွားစည်ပင်ကြသည်နှင့်အမျှ ကုသိုလ်ဓမ္မတို့မှာလည်း ဆက်...

စာမျက်နှာ-456


ယုတ်နည်းပါး ပျက်ပြားရခြင်း၊ ပြန့်ပွားစည်ပင်မှုမရှိခြင်း၊ ထိုကုသိုလ်တရားတို့ ပြန့်ပွားမှုမရှိသည်နှင့်အမျှ အသဒ္ဓိယ = သဒ္ဓါတရားမရှိခြင်း၊ ပမာဒ = ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့ခြင်း၊ ကောသဇ္ဇ = ပျင်းရိခြင်း၊ ပမောဟ = ပြင်းစွာတွေဝေခြင်း အစရှိသောညစ်ညူးကြောင်း သံကိလေသ အကုသိုလ်တရားတို့၏ အသင်းအပင်း ပါပဓမ္မတို့မှာ လွန်စွာတိုးပွားကြမည်မှာ မုချဧကန်ပင်ဖြစ်ပါသည်။

ထိုအနုသောတဓမ္မခေါ် အကုသိုလ်ရေစုံတရားတို့ တိုးပွားခြင်းကြောင့် (ဝါ) အသဒ္ဓမ္မခေါ် မသူတော်တရားများ တိုးပွားခြင်းကြောင့် သေဆုံးရသည့် နောက်ကာလဝယ် အပါယ်ငရဲ ဝဋ်ဆင်းရဲသို့ ကျရောက်ကာ ဘဝသံသရာဝယ် မပြတ်ထပ်ကာ ခြားရဟတ်ပမာ လှည့်ပတ်လျက်သာ ရှိနေကြပါမည်။

နှလုံးသွင်းကောင်းလျင် နိဗ္ဗာန်ရ၍ သံသရာစက်ပြတ်မည်

သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတပါးသားမယား မပြစ်မှားခြင်း၊ မုသားပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ မူးယစ်သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း အစရှိသော ကုသိုလ်ကောင်းမှု ဟူသမျှတို့သည် ရှောင်ကြဉ်ရန် ခက်ခဲသော အားထုတ်ဆန်တက်ရန် ခက်ခဲသော ကုသိုလ်ပိုင်းဆိုင်ရာ တရားများ ဖြစ်ကြပါသည်၊ ထိုပြင် ဘုရားရှိခိုးမှု တရားနာမှု ဒါန သီလ ဘာဝနာအားထုတ်မှု အစရှိသည့် ကုသိုလ်မှုဆိုင်ရာတို့သည်လည်း ထိုအတူပင် ပြုလုပ်ရန် ခက်ခဲသော အားထုတ်ရန် ခက်ခဲသော ကုသိုလ်မှုတရားများဖြစ်ကြပါသည်။

ထိုကြောင့် ထိုကုသိုလ်ပိုင်းဆိုင်ရာ တရားတို့ကို “ပဋိသောတဓမ္မ” = ဆန်တက်ရန် ခက်ခဲသော အဆန်တရား ရေဆန်တရားများဟူ၍လည်းကောင်း၊ “သန္တဓမ္မ” = သူတော်တရားများဟူ၍လည်းကောင်း၊ “သပ္ပုရိသူပနိဿယ” = သူတော်သူမြတ်တို့ မှီဝဲဆည်းကပ်အပ်သော တရားများဟူ၍လည်းကောင်း ခေါ်ဆိုအပ်ပါသည်။

စာမျက်နှာ-457


ထိုကုသိုလ်ကောင်းမှုတရားစုတို့ ဖြစ်ပေါ်နိုင်မှု အကြောင်းရင်းမှာ သင့်သော အကြောင်းအားဖြင့် နှလုံးသွင်းမှု ယောနိသောမနသိကာရ ဖြစ်ပါသည်၊ (ဝါ) ထိုကုသိုလ်ဓမ္မ ဟူသမျှတို့သည် အသင့်အတင့် နှလုံးသွင်းမှု ယောနိသောမနသိကာရလျှင် အကြောင်းရှိကြပါသည်။

ဤယောနိသောမနသိကာရ ဖြစ်ပေါ်လာနိုင်ခြင်းမှာလည်း ရှေးဘဝက ကောင်းမှုကုသိုလ် ပြုခဲ့ဖူးခြင်း၊ သင့်အပ်လျောက်ပတ်သော အရပ်၌နေခဲ့ဖူးခြင်း၊ မိမိကိုယ်စိတ်နှစ်ပါးကို စောင့်စည်းထိန်းသိမ်းခဲ့ခြင်း၊ သူတော်သူမြတ်တို့ကို ဆည်းကပ်ခဲ့ခြင်း၊ သူတော်ကောင်းတရား နာကြားခဲ့ဖူးခြင်းဟူသော သမ္ပတ္တိစက်တို့နှင့် ပြည့်စုံခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။

မှန်ပါသည်၊ ရှေးရှေးဘဝက ကုသိုလ်ကောင်းမှုကို ပြုခဲ့ဖူးခြင်း ဟူသော ပုဗ္ဗေစကတပုညတာသမ္ပတ္တိစက်ရှိသူသည် သင့်တင့်လျောက်ပတ်သော သူတော်သူမြတ်တို့နေရာ ပဋိရူပဒေသ ခေါ်သော အရပ်၌ဖြစ်၏။ ထိုပဋိရူပဒေသသမ္ပတ္တိစက်ရှိသူသည် မိကောင်း ဖကောင်း ဆွေမျိုးကောင်း ဆရာသမားကောင်းဟူသော သူတော်ကောင်း သူမြတ်လောင်းတို့ကို မှီခိုဆည်းကပ်ရခြင်းဟူသော သပ္ပုရိသူပနိဿယစက်နှင့်ပြည့်စုံ၏။

ထိုသပ္ပုရိသူပနိဿယစက်နှင့်ပြည့်စုံသူသည် သူတော်ကောင်းတရား နာကြားရခြင်းဟူသော သဒ္ဓမ္မသဝနစက်နှင့် ပြည့်စုံပါသည်။ ထိုသဒ္ဓမ္မသဝနစက်ရှိသူသည် မိမိကိုယ်ကိုလည်းကောင်း၊ မိမိစိတ်ကိုလည်းကောင်း၊ စောင့်စည်းထိန်းသိမ်းနိုင်ခြင်းဟူသော အတ္တသမ္မာပဏိဓိစက်နှင့် ပြည့်စုံပါသည်။ ဤအတ္တသမ္မာပဏိဓိစက်နှင့် အချက်ကျကျ ပြည့်စုံနေသူတို့၏ သန္တာန်မှာ တွေ့မြင်ရာ အာရုံတိုင်းတို့၌ ယောနိသောမနသိကာရတရား အဖြစ်များမည်သာ ဖြစ်ပါသည်။ ဤယောနိသောမနသိကာရတရား ဖြစ်ပွားသူတို့မှာ-

“ရဟန်းတို့... သင့်သောအားဖြင့် နှလုံးသွင်းမှု ပြုသူတို့အား မဖြစ်ပေါ်သေးသော ကုသိုလ်တရားများ ဖြစ်ပေါ်လာကုန်၏။”

စာမျက်နှာ-458


“ဖြစ်ပေါ်ကုန်ပြီးသော ကုသိုလ်တရားများ လွန်စွာများပြား တိုးပွား စည်ပင်ကြကုန်၏” ဟူ၍ ဟောတော်မူသောကြောင့် မဖြစ်ပေါ်သေးသော ကုသိုလ်တရား ကုသိုလ်ဇောများ စောနိုင်ဖြစ်ပေါ်လာနိုင်ကြပါသည်။ ဖြစ်ပေါ်ကုန်ပြီးသော ကုသိုလ်တရား ကုသိုလ်ဇောတို့မှာလည်း စည်ပင်များပြား တိုးပွားလာနိုင်ကြပါသည်။

ထိုကုသိုလ်တရားများ တိုးပွားစည်ပင်ကြသည်နှင့်အမျှ အကုသိုလ်ဓမ္မတို့မှာလည်း ဆုတ်ယုတ်နည်းပါး ပျက်ပြားရခြင်း၊ စည်ပင်ပြန့်ပွားမှုမရှိခြင်း၊ ထိုအကုသိုလ်ပါပဓမ္မတို့ ပြန့်ပွားမှုမရှိသည်နှင့်အမျှ ကုသိုလ်ကလျာဏဓမ္မတို့ ဖြစ်ပွားခြင်းကြောင့် ပါမောဇ္ဇ = ဝမ်းမြောက်ခြင်း၊ ပီတိ = နှစ်သက်ခြင်း၊ ပဿဒ္ဓိ = ကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းခြင်း၊ သမာဓိ = တည်ကြည်ခြင်း၊ ယထာဘူတဉာဏ် = ဟုတ်တိုင်းမှန်စွာထိုးထွင်း၍သိခြင်း၊ နိဗ္ဗိဒါဉာဏ် မဂ် ဖိုလ် ပစ္စဝေက္ခဏာဉာဏ်အဆက်ဆက် အကျိုးတရားများ ဖြစ်ပေါ်နိုင်ကြပါသည်။ မဂ် ဖိုလ် ပစ္စဝေက္ခဏာဉာဏ်များ ပေါ်ထွက်လာသောအခါ အနုပါဒိသေသ နိဗ္ဗာန်ကို ဧကန်ရနိုင် ရောက်နိုင်၍ သံသရာစက်ရဟတ် အဆက်ပြတ်သွားပါတော့သည်။

ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်သံသရာ

ပဋိစ္စသမုပ္ပါဒ်နည်းအရ ယောနိသော-အယောနိသော မနသိကာရ နှစ်မျိုးကြောင့် အနုလုံ ပဋိလုံအားဖြင့် သံသရာစက်ရဟတ် အဆက်မပြတ်လည်ပုံနှင့် သံသရာစက်ရဟတ် အဆက်ပြတ်ပုံတို့ကို တင်ပြလိုပါသည်။

အနုလုံ

မသင့်သောအကြောင်းအားဖြင့် နှလုံးသွင်းမှု အယောနိသောမနသိကာရကြောင့် အကုသိုလ်တရားများ ထင်ရှားဖြစ်ပေါ်ရ၏၊ ထိုအကုသိုလ်မှုတရားစုတို့တွင် လောဘ ဒိဋ္ဌိ မောဟ အာသဝတို့ကြောင့် အဝိဇ္ဇာတရား ထင်ရှားဖြစ်ပေါ်ရ၏။ ထိုအဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏၊ သင်္ခါရကြောင့် ဝိညာဉ်ဖြစ်၏၊ ဝိညာဉ်ကြောင့် နာမ်ရုပ်ဖြစ်၏၊ နာမ်ရုပ်ကြောင့် သဠာ-

စာမျက်နှာ-459


ယတနဖြစ်၏၊ သဠာယတနကြောင့် ဖဿဖြစ်၏၊ ဖဿကြောင့် ဝေဒနာ ဖြစ်၏၊ ဝေဒနာကြောင့် တဏှာဖြစ်၏၊ တဏှာကြောင့် ဥပါဒါန်ဖြစ်၏၊ ဥပါဒါန်ကြောင့် ဘဝဖြစ်၏၊ ဘဝကြောင့် ဇာတိဖြစ်၏၊ ဇာတိကြောင့် ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ စသည်တို့ဖြစ်ကြလေသည်။ ထို့နောက်တဖန် ဇရာ မရဏစသည်တို့ဖြင့် နှိပ်စက်အပ်ကုန်သော သတ္တဝါ တို့အား အာသဝေါတရားများ ထင်ရှားဖြစ်ပေါ်လာပြီး ထိုအာသဝေါ တရားတို့ကြောင့် အဝိဇ္ဇာတဖန်ဖြစ်ပေါ်ရပြန်သည်။ ဤသို့ အနုလုံအားဖြင့် သံသရာစက်ရဟတ် အဆက်မပြတ်လှည့်ပတ်လျက်ရှိနေပါမည်။

ပဋိလုံ

သင့်သောအားဖြင့် နှလုံးသွင်းမှု ယောနိသော မနသိကာရကြောင့် ကုသိုလ်တရားများဖြစ်ပွားရ၏၊ ထိုကုသိုလ်ကောင်းမှုတရားစုတို့တွင် အသိ အလိမ္မာ ဉာဏ်ပညာကို ဝိဇ္ဇာဟုခေါ်၏၊ ထိုဝိဇ္ဇာခေါ် ဉာဏ်ပညာတရား ထင်ရှားဖြစ်ခြင်းကြောင့် အဝိဇ္ဇာမောဟချုပ်ရ၏၊ အဝိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရချုပ်၏၊ သင်္ခါရချုပ်ခြင်းကြောင့် ဝိညာဉ်ချုပ်၏၊ ဝိညာဉ်ချုပ်ခြင်း ကြောင့် နာမ်ရုပ်၊ နာမ်ရုပ်ကြောင့်သဠာယတန၊ သဠာယတနကြောင့် ဖဿ၊ ဖဿကြောင့် ဝေဒနာ၊ ဝေဒနာကြောင့် တဏှာ၊ တဏှာကြောင့် ဥပါဒါန်၊ ဥပါဒါန်ကြောင့် ဘဝ၊ ဘဝကြောင့် ဇာတိ၊ ဇာတိကြောင့် ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ စသည်တို့ချုပ်ပျက်ကြလေသည်။ ဤသို့ချုပ်ခြင်းကြောင့် ပဋိလုံအားဖြင့် သံသရာစက်ရဟတ် အဆက် ပြတ်ကာ အနုပါဒိသေသနိဗ္ဗာန်ကို ဧကန်ရနိုင်ရောက်ရှိနိုင်ပါတော့သည်။

စာမျက်နှာ-460


ဤသို့အားဖြင့် အဘိဓမ္မာပိဋကလာ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒိယ၊ မနသိကာရဟူသော စေတသိက် ၇-မျိုးအကြောင်း ကို လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်ဟူသော ရှုထောင့်လေးထောင့်မှရှုမြင် ဝေဖန်၍ မှတ်သားစရာ အဖြာဖြာတို့ဖြင့် တန်ဆာဆင်ကာ ရေးသားပြီး ပေပြီ။ စာရှုပရိသတ်များလည်း ဤစေတသိက် ၇-မျိုး၏ သဘောကို အတော်အတန်နားလည် သဘောပေါက်သွားပြီဟု ယူဆပါသည်။

နောက်ဆုံး နိဂုံးချုပ်တင်ပြလိုသည်မှာ ဤစေတသိက် ၇-မျိုးသည် လောဘ စသော အကုသိုလ်စေတသိက်များကဲ့သို့ အကုသိုလ်မှုများကို ပြုလုပ်သည့် အခါမှသာ ဖြစ်လာကြသည်လည်းမဟုတ်၊ သဒ္ဓါစသော ကုသိုလ် စေတသိက်များကဲ့သို့လည်း ကုသိုလ်မှုများကို ပြုလုပ်သည့်အခါမှသာ ဖြစ် လာကြသည်လည်း မဟုတ်ပါချေ။

အမှန်စင်စစ် ကုသိုလ်မှု အကုသိုလ်မှု များကို ပြုလုပ်သည့်အခါ၌ဖြစ်စေ၊ ဝိပါက်အကျိုးတရားများ ဖြစ်ပွား လာသည့်အခါ၌ဖြစ်စေ၊ ကြိယာအဗျာကတတရားများဖြစ်လာသည့်အခါ ၌ ဖြစ်စေ စိတ်နှင့်အစဉ်အမြဲ ယှဉ်တွဲပေါ်လာရသော စေတသိက်များ ဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုသော် စိတ်ဖြစ်တိုင်း အစဉ်အမြဲ ယှဉ်တွဲ ပါလေ့ ရှိသော စေတသိက်များပင် ဖြစ်ပါသည်၊ ထို့ကြောင့် ထိုစေတသိက် ၇-မျိုးကို ပါဠိလို “သဗ္ဗစိတ္တသာဓာရဏ” စေတသိက်များဟု အဘိဓမ္မာ ကျမ်းများ၌ နာမည်ပေးထားလေသည်။

စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက်များဟု အဓိပ္ပာယ်ရပါသည်။ (သဗ္ဗစိတ္တ-စိတ်အားလုံးနှင့် + သာဓာရဏ=ဆက်ဆံသော၊ အတူဖြစ်သော စေတသိက်များ)၊ စိတ်ဖြစ် တိုင်းပါ စေတသိက်များဟု ဆိုလိုပေသည်။

ဆိုင်ရာအာရုံတခုကို အကြောင်းပြုပြီး စိတ်တခုဖြစ်ပေါ်လာသည့်အခါ ထိုစိတ်နှင့်အတူ အာရုံကို တွေ့ထိမှု ဖဿ၊ အာရုံကို ခံစားမှုဝေဒနာ၊ အာရုံကို မှတ်သားမှုသညာ၊ စေ့ဆော်တိုက်တွန်းမှုစေတနာ၊ အာရုံ၌တည်...

စာမျက်နှာ-461


ငြိမ်အောင်ထားမှု ဧကဂ္ဂတာ၊ တွဲဖက်နာမ်တရားများကို စောင့်ရှောက် မှု ဇီဝိတိန္ဒိယ၊ အာရုံကို နှလုံးသွင်းမှု မနသိကာရဆိုသည့် စေတသိက် ၇- မျိုး အနည်းဆုံးဖြစ်ရပေသည်။ ဤသို့ ဤစေတသိက် ၇-မျိုးအကြောင်း ကို ထပ်ဆင့် မှတ်သားရန် ဖြစ်ပါသည်။

ထိုစေတသိက်များကား အဘိဓမ္မာဒေသနာတွင် ပါဝင်သည့် ပရမတ္ထ သဘောတရားများဖြစ်၍ ထိုစေတသိက်တို့၏ သဘောအဓိပ္ပာယ်များကို အကျယ်ဖွင့်ဆိုရေးသားခြင်းအလုပ်မှာ နိဒါန်းတွင်တင်ပြခဲ့ပြီးသည့်အတိုင်း အလွန်မလွယ်ကူသော လုပ်ငန်းဖြစ်ပါသည်။ သို့သော် သာသနာရေးဦးစီး ဌာန၊ ကျမ်းပြုဌာနစုမှကျမ်းပြုမှူးများသည် ပညာဉာဏ်နှင့် ဝီရိယဓာတ်တို့ ကို ဗိုလ်တင်ကာ ဆိုင်ရာပိဋကတော်များကို မွှေနှောက်၍ အတတ်နိုင်ဆုံး ရွေးကောက်ဖွင့်ဆို ရေးသားထားကြသည်ကို စာရှုသူများ ရိပ်စားမိကြ လိမ့်မည်ဟု ယုံကြည်ပါသည်။

အမှန်အားဖြင့် သဘောအဓိပ္ပာယ် ခက်ခဲ နက်နဲသော အဘိဓမ္မာသဘောတရားဖြစ်သော်လည်း သိလွယ်ရှင်းလင်း သောဝါကျ ပေါ်လွင်ထင်ရှားသော ဥပမာ လွယ်ကူသောဝေါဟာရအသုံး အနှုန်းတို့ဖြင့် ကြိုးစား၍ စီကုံးဖွင့်ဆိုထားကြရကား စာရှုသူများ နား လည် သဘောပေါက်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။ သို့သော် ကျမ်းစာအုပ်မျိုးမှာ ကာလပေါ် ဝတ္ထုစာအုပ်များကဲ့သို့ တကြိမ်ဖတ် စာ အုပ်မျိုးမဟုတ်ပါချေ။ ထို့ကြောင့် တကြိမ်ဖတ်ရှုရုံဖြင့် နားမလည်သေး ပါလျှင် ထပ်ကာ ထပ်ကာ ဖတ်ပါ စဉ်းစားပါ နားလည်လာပါလိမ့်မည်။ ထိုသို့မှ နားမလည်သေးသည့် အချက်များရှိနေသေးလျှင် တတ်သိနား လည်သည့် ဓမ္မမိတ်ဆွေများနှင့် ဆွေးနွေးပါဟု တိုက်တွန်းလိုက်ရပါသည်။

Comments

Popular posts from this blog

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ပဌမော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

သာရတ္ထဒီပနီ-ဋီကာ (တတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

အပဒါန-အဋ္ဌကထာ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါစိတ္တိယ-အဋ္ဌကထာ +နိဿယ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...