သာသနာရေးဝန်ကြီးဌာန
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
သာသနာ - ၂၅၅၁
ကောဇာ - ၁၃၆၉
ခရစ်နှစ် - ၂၀၀၇
ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းမြအောင် မှတ်ပုံတင်အမှတ် ၁၁/၉၄ (၁) က ပုံနှိပ်ထုတ်ဝေသည်။
နိဒါန်း
လူ့ဘဝကား အဖိုးတန် ရတနာတစ်ပါး ဖြစ်၏။
သို့ကြောင့်ပင် မြတ်ဗုဒ္ဓက ခဲငါးခဲ (ဒုလ္လဘငါးပါး) တရားကို ဟောတော်မူရာ၌ “မနုဿတ္တဘာဝေါ ဒုလ္လဘော (လူ့ဘဝကို ရခဲ၏)”ဟု ဟောတော်မူခဲ့ခြင်းဖြစ်သည်။ ဤသို့ ရခဲလှသော လူ့ဘဝ ရတနာကို ရရှိခိုက် တန်ဖိုးနှင့်ထိုက်တန်အောင် နေထိုင် အသုံးချတတ်ရန် အရေးကြီးလှ၏။ လူ့ဘဝရတနာကို တရားဓမ္မနှင့်အညီ မနေထိုင် မကျင့်သုံးတတ်ခြင်း၊ ပေါ့ပေါ့တန်တန် နေခြင်း စသောနည်းတို့ဖြင့် အချည်းအနှီး အချိန်ကုန်ဆုံးစေပါက ထိုသူကို အဘယ်သို့ ဆိုကြမည်နည်း။
စလေဆရာ ဦးပုည-က “ယုန်မင်းဝတ္ထု”တွင်-
ယခုအခါမူ၊ လူလည်းဖြစ်လာ၊
သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား၊
ဟောကြားမည့်သူ၊ လူလည်းမရှား၊
သို့ပါလျက်သားနှင့်မူ
အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ်၊
အပါယ်လေးလီ၊ မြစ်နဒီတွင်၊ ပလုံစီမြုပ်လို၊ လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည်-
ဟု ဆိုခဲ့ပေသည်။
သို့ဖြစ်၍ “အပါယ်လေးလီ၊ မြစ်နဒီတွင် ပလုံစီမြုပ်သည့် လူယုတ်ကြီးတွေ” မဖြစ်ကြစေဘဲ ပစ္စုပ္ပန်ဘဝတွင် မိမိသူတပါး နှစ်ဦးသားနှင့် လောကကောင်းကျိုး ပွားတိုးအောင် ပြုမူနိုင်ကြစေရန်လည်းကောင်း၊ တမလွန်ဘဝတွင် သုဂတိဘုံများမှာ ကျင်လည်ခံစား နိဗ္ဗာန်အထိ သွားနိုင်အောင် နေထိုင်ကျင့်သုံးတတ်စေရန်လည်း ကောင်း ဤသို့ စသော ရည်ရွယ်ချက်များဖြင့် ဤ“ဗုဒ္ဓဘာသာကောင်းတစ်ယောက်” ကျမ်းစာအုပ်ကို ရေးသားထုတ်ဝေလိုက်ခြင်း ဖြစ်ပေသည်။
မြတ်ဗုဒ္ဓက “သဒ္ဓမ္မဿဝနံ အတိဒုလ္လဘံ (သူတော်ကောင်းတို့၏ တရားမှန်ကို နာကြား (ဖတ်ရှု)ခွင့် ရရှိရန် ပိုမိုရခဲ၏)ဟူ၍ ဟောကြားတော်မူသည်နှင့်အညီ ဤ ကျမ်းစာအုပ်သည်လည်း ခဲငါးခဲ(ဒုလ္လဘငါးပါး) တရားတော် အပါအဝင် ဓမ္မရတနာ တစ်ပါးပင် ဖြစ်ပါသည်။ ဤကျမ်းကို လူ့ဘဝ၏ အရွယ်သုံးပါးနှင့် လိုက်ဖက်စွာ စီစဉ်ထားခြင်း ဖြစ်သည်။
လူ့ဘဝ
ပထမအရွယ် = အာဒိကလျာဏပိုင်း
ဒုတိယအရွယ် = မဇ္ဈေကလျာဏပိုင်း
တတိယအရွယ် = ပရိယောသာနကလျာဏပိုင်း-
ဟူ၍ ဖြစ်သည်။ ဤကျမ်းစာအပိုင်းပါ ပါဠိစကားလုံးများ၏ အဓိပ္ပာယ်မှာ လူ့ဘဝကို အစ၊ အလယ်၊ အဆုံး သုံးပါးလုံးမှာ ကောင်းစေရမည်ဟု ဆိုလိုပါသည်။ မှန်၏။ ဤကျမ်းစာအုပ်၌ ဖော်ပြပါရှိသည့်အတိုင်း သူ့အပိုင်းနှင့် သူ့အရွယ် ဟန်ချက်ညီညီ နေထိုင်ကျင့်ကြံသွားပါက “ဗုဒ္ဓဘာသာကောင်းတစ်ယောက်” ဧကန်မုချ ဖြစ်နိုင် ပေသည်။
သို့အတွက်လည်း ဤကျမ်းစာအုပ်၏ “အာဒိကလျာဏပိုင်း”၌ လူ့ဘဝ ပထမ အရွယ်နှင့် သက်ဆိုင်သော “ကိုးကွယ်မှုအကြောင်း၊ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူရုံနှင့် ဗုဒ္ဓဘာသာဝင်အဖြစ်မှ မပျက်စီးစေဘဲ ယုံကြည်လက်ခံ ကျင့်ကြံလိုက်နာရမည့် အချက် များ၊ သရဏဂုံ, သီလဆောက်တည်ပုံများ၊ လူ့ကျင့်ဝတ်စည်းကမ်းများ၊ အန္တရာယ် ကင်းကွာ, ကျက်သရေမင်္ဂလာရှိစေရန် ရွတ်ဖတ်ရမည့် ပါဠိဂါထာများ”ကို ရေးသား စီစဉ်ထားပေသည်။
“မဇ္ဈေကလျာဏပိုင်း”၌ လူ့ ဘဝ လူလတ်ပိုင်း ဒုတိယအရွယ်နှင့် သက်ဆိုင်သော “ဘုရားအာရုံပြုခြင်း, ပုတီးစိပ်ခြင်း ကျင့်စဉ်အပါအဝင် ကံ, ဒုစရိုက်, သုစရိုက် ဒါန သီလ ဘာဝနာ စသော ဘာသာရေးဗဟုသုတများ၊ ကျက်မှတ်ရမည့်ပါဠိ သုတ်တော်များနှင့် နည်းယူကျင့်ကြံရမည့် သုတ်တော်မြန်မာပြန်များ”ကို စီစဉ် ထားရှိပေသည်။
ယင်းနောက် “ပရိယောသာနကလျာဏပိုင်း” ၌ လူ့ဘဝ တတိယအရွယ်နှင့် သက်ဆိုင်သော “ဓမ္မသဘောတရားများနှင့် သမထ, ဝိပဿနာ ကျင့်စဉ်နည်းလမ်း များ”ကို တသီတဝေကြီး ဖော်ပြထားရှိပေသည်။
ဤကျမ်းစာ၌ လူ့ဘဝအရွယ်နှင့် ကျမ်းစာအပိုင်းကို လိုက်ဖက်စွာ စီစဉ်ထား သည် ဆိုသဖြင့် “သက်ဆိုင်ရာ အရွယ်မှာ သက်ဆိုင်ရာ အပိုင်းကိုသာ လေ့လာ လိုက်နာကျင့်ကြံရမည်”ဟု မူသေသတ်မှတ်ထားခြင်းကား မဟုတ်၊ အသက်, အရွယ် အချိန်, အားလပ်မှု၊ ဉာဏ်စွမ်း ဉာဏ်စ ပါရမီဓာတ်ခံ စသော အခြေအနေများနှင့် လိုက်ဖက်စေရန် ယေဘုယျ သတ်မှတ်ထားခြင်းသာ ဖြစ်သည်။ ပိုမိုတိကျအောင် ဆိုရပါမူ မည်သည့် အရွယ်သို့ ရောက်ရှိနေသူပင်ဖြစ်စေ ဗုဒ္ဓဝါဒ၏ အခြေခံများကို သိမှတ်လိုပါက “မဇ္ဈေကလျာဏပိုင်း”ကို လေ့လာကြရပါမည်။ အကယ်၍ အဆင့်မြင့် ကျင့်စဉ်တရားများကို သိမှတ်ကျင့်ကြံလိုပါမူ “ပရိယောသာနကလျာဏပိုင်း”ကို လေ့လာဖတ်ရှုကြရမည် ဖြစ်ပေသည်။
ခြုံ၍ဆိုရပါလျှင် မိမိတို့၏ အဖိုးတန်ဘဝ ရတနာကို ထိုက်ထိုက်တန်တန် အသုံးချလိုသူများ၊ ဗုဒ္ဓဘာသာကို အခြေခံမှ စတင်လေ့လာလိုသူများ၊ ဗုဒ္ဓဘာသာဝင် အဖြစ် ခံယူလိုသူများ၊ “ဗုဒ္ဓဘာသာကောင်းတစ်ယောက်” ဖြစ်လိုသူများ၊ ဗုဒ္ဓဘာသာဝင် အမည်ခံယူထားပြီး ဗုဒ္ဓဘာသာဝင်အသိ မရှိကြသေးသူများ၊ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ သွားရောက်ကြမည့် ပုဂ္ဂိုလ်များ၊ နိုင်ငံခြားသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများ၊ ဗုဒ္ဓဘာသာဆိုင်ရာ ဗဟုသုတ ကြွယ်ဝ လိုသူများ စသည်တို့သည် ဤကျမ်းစာကို လေ့လာသင့်ကြပါသည်။
ဤသို့ လေ့လာပြီး ဤ “ကျမ်းစာ ဓမ္မရတနာ”တွင် ဖော်ပြထားသော နည်းများဖြင့် မိမိတို့၏ “ဘဝရတနာ”ကို အလှဆင်ကြမည် ဆိုပါလျှင် မိမိတို့သည် တုမမြင်နှိုင်းမရ အတိုင်းအဆ မပြနိုင်လောက်အောင် အဖိုးတန်မြင့်မြတ်သော “ဗုဒ္ဓဘာသာကောင်း တစ်ယောက်”ဖြစ်လာပြီး ပစ္စုပ္ပန်, သံသရာ နှစ်ဖက်နှစ်လမ်းမှာ စိတ်ချရ ပါလိမ့်မည်။ ထိုဗုဒ္ဓဘာသာကောင်းတို့ များပြားလာသည်နှင့်အမျှ ထိုသူမျိုးတို့ နေထိုင်ရာ တိုင်းပြည်နှင့် လူမျိုးပါ ပို၍ ပို၍ ငြိမ်းချမ်းသာယာလာနိုင်မည် ဖြစ်ပေသည်။
ဂေါတမမြတ်စွာဘုရား၏ ဗုဒ္ဓဝင်အကျဉ်းချုပ်
၁။ ဂေါတမ ဘုရားအလောင်းတော်သည် ဤ ဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက် သည် ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရသေ့ ဖြစ်ခဲ့လေ သည်။
၂။ သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ကိုယ်တော် တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကို ရယူနိုင်သော်လည်း ဩဃလေးဖြာ သံသရာ၌ နစ်မွန်းမျောပါကုန်သော ဝေနေယျသတ္တဝါအပေါင်းတို့ကို သနားကြင်နာတော် မူလှသဖြင့် ယူတော်မမူခဲ့ပေ။
၃။ သုမေဓာရှင်ရသေ့ဘဝမှ ဝေဿန္တရာမင်း ဘဝတိုင်အောင် မရေမတွက် နိုင်သော ဘဝများစွာတို့၌-
(၁) ရွှေ၊ ငွေ၊ ဆင်၊ မြင်း အစရှိသည်ကို လှူခြင်း ဒါနပါရမီ၊
(၂) ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည်ကို လှူခြင်း ဒါနဥပပါရမီ၊
(၃) ကိုယ့်အသက်ကို လှူခြင်း ဒါနပရမတ္တပါရမီ
အစရှိသော ပါရမီသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့လေသည်။
၄။ ထို့ပြင် အလွန် စွန့်နိုင်ခဲစွာသော-
(၁) ပဒေသရာဇ်၊ ဧကရာဇ်၊ စကြာမင်းတို့၏ စည်းစိမ်ဥစ္စာ ရတနာကို စွန့်ခြင်း ဓနပရိစ္စာဂ၊
(၂) သားသမီးကို စွန့်ခြင်း ပုတ္တပရိစ္စာဂ၊
(၃) မယားကို စွန့်ခြင်း ဘရိယပရိစ္စာဂ၊
(၄) ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း အင်္ဂပရိစ္စာဂ
(၅) ကိုယ့်အသက်ကို စွန့်ခြင်း ဇီဝိတပရိစ္စာဂ--
ဟုဆိုအပ်သော စွန့်ခြင်းကြီး ငါးပါးကို ဖြည့်စွန့်တော်မူခဲ့လေသည်။
၅။ ဤသို့ ဘဝများစွာ သံသရာကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့် တော်မူခဲ့ပြီးနောက် ဘုရားအလောင်းတော်သည် တုသိတာ နတ်ပြည်၌ သေတကေတု မည်သော နတ်သား ဖြစ်ခဲ့လေသည်။ နတ်သားဖြစ်စဉ် စကြဝဠာတိုက်တစ်သောင်းမှ နတ် ဗြဟ္မာ အပေါင်းတို့က “ဘုရားဖြစ်ချိန် တန်ပါပြီ၊ လူ့ပြည်သို့ ဆင်း၍ ဘုရားဖြစ်တော်မူပါ”ဟု ဘုရားအလောင်းတော်ကို တောင်းပန်လေသည်။
၆။ သို့ဖြစ်၍ ဘုရားအလောင်းတော် သေတကေတုနတ်သားလည်း-
(၁) ကာလ=ဘုရားဖြစ်ရာ အချိန်ကာလ၊
(၂) ဒီပ=ဘုရားဖြစ်ရာ ကျွန်းအရပ်၊
(၃) ဒေသ=ဘုရားဖြစ်ရာ အရပ်ဒေသ၊
(၄) ကုလ=ဘုရားဖြစ်ရာ အမျိုးအနွယ်၊
(၅) မာတုအာယုပရိစ္ဆေဒ=ဘုရားအလောင်းတော်၏ မယ်တော်ဖြစ်မည့် သူ၏ သက်တမ်းအပိုင်းအခြား-
ဟူသော ကြည့်ခြင်းကြီး ငါးပါးတို့ကို ကြည့်ရှုတော်မူလေသည်။
၇။ ယင်းသို့ ကြည့်ရှုတော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် ၆၇-ခု၊ ဝါဆိုလပြည့် ကြာသပတေးနေ့၌ ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒန မင်းကြီး၏ တောင်ညာဒေဝီမိဖုရားကြီး မယ်တော်မာယာဝမ်း၌ ပဋိသန္ဓေ တည်နေ လေသည်။
၈။ ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့် သောကြာနေ့ဝယ် ဒေဝဒဟပြည်နှင့် ကပိလဝတ်ပြည်၏ အကြားရှိ လုမ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာဝမ်းမှ မီးရှူးသန့်စင် ဖွားမြင်တော်မူ လေသည်။
၉။ ဘုရားအလောင်းတော်သည် ၁၆-နှစ်အရွယ် ရောက်သောအခါ ယသောဓရာ မင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ မင်းစည်းစိမ်ကို ခံစားလေသည်။
၁၀။ ၂၉-နှစ်အရွယ် ရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီး လေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်း ပြုလေသည်။
၁၁။ ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲသော ဒုက္ကရစရိယာအကျင့်ကို ရဟန်းအဖြစ်နှင့် ၆-နှစ်ပတ်လုံး ကျင့်တော်မူခဲ့သည်။
၁၂။ ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာမည်သော သူဌေးသမီး လှူဒါန်းအပ်သော နို့ဃနာဆွမ်းကို အဇပါလညောင်ပင်ရင်း၌ အလှူခံ ဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ ကြွသွားတော်မူလေသည်။
၁၃။ သုဒ္ဓိယငစင် မြက်ထမ်းသမား (မြက်ရိတ်လုလင်)သည် မဟာဗောဓိပင်သို့ ကြွလာသော ဘုရားအလောင်းတော်အား မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။
၁၄။ ဘုရားအလောင်းတော်သည် သုဒ္ဓိယငစင် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့်လိုက်သောအခါ ထိုခဏဝယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပရာဇိတပလ္လင် ဖြစ်လာလေသည်။ (ထိုမြက်တို့သည် မြက်ရိပ်အသွင်သဏ္ဌာန်ဖြင့် မတည် ကြကုန်)။
၁၅။ ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ နေတော် မူစဉ် နေမဝင်မီ ဒေဝပုတ္တမာရ် (မာရ်နတ်ရန်)ကို အောင်မြင်တော်မူ၍ ညဉ့်ဦးယာမ်၌ ရှေးက နေခဲ့(ဖြစ်ခဲ့)ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့တတ် သိတတ်သော “ပုဗ္ဗေနိဝါသာနုဿတိဉာဏ်”ကို ရတော်မူလေသည်။ သန်းခေါင်ယာမ်၌ နတ်တို့၏ မျက်စိနှင့်တူသော စုတေခါနီးသော သတ္တဝါ စသည်တို့ကို မြင်တတ်သော “ဒိဗ္ဗစက္ခုဉာဏ်”ကို ရတော်မူလေသည်။
မိုးသောက်ယာမ်၌ အာသဝေါတရား လေးပါးတို့၏ ကုန်ခြင်းကို ပြုတတ်သော အာသဝက္ခယဉာဏ်”ကို ရတော်မူ၍ အသက်(၃၅)နှစ်အရွယ် မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယာမ်အချိန်ဝယ် လောကသုံးပါးတွင် အတူမရှိသော သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။
၁၆။ သုံးလူ့သခင် သဗ္ဗညုဘုရားရှင်သည် ၄၅-ဝါ ကာလပတ်လုံး ဝေနေယျ သတ္တဝါတို့အား ဓမ္မစကြာ စသည့်တရားတို့ကို ဟောပြတော်မူသည်။ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ အကျိုးစီးပွားကို ဆောင်ရွက်တော်မူခဲ့လေသည်။
၁၇။ ၄၅-ဝါ ကာလပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွားကို မနားမနေ ဆောင်ရွက်တော်မူခဲ့သော သဗ္ဗညုဘုရားရှင်သည် သက်တော် (၈၀)အရွယ် ရောက်သောအခါ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့် - အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန် ဝင်စံတော်မူလေသည်။
မာတိကာ
အပိုင်း (၁)
အာဒိကလျာဏပိုင်း
အခန်း (၁)
လူနှင့် ကိုးကွယ်မှု
အကြောင်းအရာ | စာမျက်နှာ
ကိုးကွယ်မှု၏ အဓိပ္ပာယ် | ၁
မကိုးကွယ်ရာနှင့် ကိုးကွယ်ရာ | ၂
ကိုးကွယ်မှားအပြစ်၊ ကိုးကွယ်မှန်အကျိုး | ၃
အခန်း (၂)
ကိုးကွယ်ရာ ရတနာသုံးပါး
ဗုဒ္ဓ, ဓမ္မ, သံဃာ ရတနာ | ၅
အနန္တော အနန္တ ၅-ပါး | ၆
စိတ်ထားမှန်ကန်ခြင်း | ၉
အခန်း (၃)
ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူခြင်း
သရဏဂုံသုံးပါး ပါဠိနှင့်အနက် | ၁၀
သရဏဂုံသုံးပါး ခံယူဆောက်တည်ပုံ | ၁၁
သရဏဂုံ တည်ခြင်းအကျိုး | ၁၂
အခန်း (၄) ဗုဒ္ဓဘာသာဝင်အဖြစ်မှ ပျက်စီးပုံ
အကြောင်းအရာ | စာမျက်နှာ
သရဏဂုံ ပျက်စီးခြင်း | ၁၄
အယူဝါဒပျက်စီးခြင်း | ၁၄
အခန်း (၅) ဗုဒ္ဓဘာသာအိမ်တိုင်း ရုပ်ပွားဆင်းတု ထားရှိ ကိုးကွယ်ခြင်း
ဗုဒ္ဓဘာသာအိမ်တိုင်း ရုပ်ပွားဆင်းတု ထားရှိ ကိုးကွယ်ခြင်း | ၁၆
မျက်နှာတော်၏ ငြိမ်းအေးမှု | ၁၈
ရုပ်ပွားဆင်းတု ပူဇော်ပုံ ပူဇော်နည်း | ၂၀
ရုပ်ပွားဆင်းတု ပူဇော်ရသည့်အကျိုး | ၂၀
အခန်း (၆) ဗုဒ္ဓဘာသာတစ်ယောက် ယုံကြည်လက်ခံရမည့် အချက်များ
ရတနာသုံးပါးကို ယုံကြည်ခြင်း | ၂၂
အခြားယုံကြည်ရမည့် အချက်များ | ၂၄
သမ္မာဒိဋ္ဌိ (အမြင်မှန်) ဆယ်ချက် | ၂၆
အခန်း (၇) ရတနာသုံးပါး အကျိုးကျေးဇူး
ဘုရားကျေးဇူး | ၂၇
တရားကျေးဇူး | ၂၉
သံဃာကျေးဇူး | ၃၂
အကျိုးပြ ပုံဝတ္ထုများ | ၃၄
အခန်း (၈) ဥပါသကာဂုဏ် ၁၀-ပါး
ဥပါသကာ | ၃၆
ဥပါသကာတို့ ရှောင်ရန်အချက်များ | ၄၁
ဥပါသကာအရည်အချင်း | ၄၁
ဥပါသကာပျက်စီးခြင်း | ၄၂
ဥပါသကာ၏ ဂုဏ်ရည် ၁၀-ပါး | ၄၃
အခန်း (၉) ဗုဒ္ဓဘာသာတစ်ယောက် ရှောင်ရမည့် အချက်များ
အကြောင်းအရာ | စာမျက်နှာ
ဒုစရိုက် ၁၀-ပါး | ၄၅
မရောင်းကောင်းသော ကုန်စည်မျိုး (၅)မျိုး | ၄၉
အခန်း (၁၀) ဗုဒ္ဓဘာသာဝင်တစ်ဦး၏ တစ်နေ့တာလုပ်ငန်း
မေတ္တာဖြင့် နိုးထခြင်း | ၅၁
ရတနာသုံးပါးအား ရှိခိုးခြင်း | ၅၂
ဩကာသကန်တော့ချိုး | ၅၂
သရဏဂုံနှင့် ငါးပါးသီလတောင်းပုံ | ၅၃
ရှစ်ပါးသီလတောင်းပုံ | ၅၃
ကိုးပါးသီလတောင်းပုံ | ၅၅
အာဇီဝဋ္ဌမကသီလတောင်းပုံ | ၅၆
ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးကပ်လှူခြင်း | ၅၇
လက်နက်ကိုးပါးအောင် ဘုရားရှိခိုး | ၅၇
မေတ္တာပို့ခြင်း | ၅၉
ဆုတောင်းအမျှဝေ | ၆၁
အကျိုးကျေးဇူးများ
သီလဆောက်တည်ခြင်းအကျိုး | ၆၄
ဘုရားရှိခိုးခြင်းအကျိုး | ၆၅
မေတ္တာပို့သခြင်းအကျိုး | ၆၅
ဆွမ်းကပ်လှူရခြင်းအကျိုး | ၆၆
ရေချမ်းကပ်လှူရခြင်းအကျိုး | ၆၆
ပန်းလှူရသောအကျိုး | ၆၇
ဆီမီးလှူရသောအကျိုး | ၆၈
ဗုဒ္ဓဘာသာဝင်တစ်ဦး၏ တစ်နေ့တာကာလ | ၆၈
အခန်း (၁၁) ကျက်မှတ်ရန် ပါဠိအနက်များ
အကြောင်းအရာ | စာမျက်နှာ
ဘုရားဂုဏ်တော်ကိုးပါး ပါဠိနှင့် အနက် | ၇၀
တရားဂုဏ်တော်ခြောက်ပါး ပါဠိနှင့် အနက် | ၇၂
သံဃာ့ဂုဏ်တော်ကိုးပါး ပါဠိနှင့် အနက် | ၇၄
ငါးပါးသီလ ပါဠိနှင့် အနက် | ၇၆
ရှစ်ပါးသီလ ပါဠိနှင့် အနက် | ၇၇
ကိုးပါးသီလ ပါဠိနှင့် အနက် | ၇၈
အာဇီဝဋ္ဌမကသီလ ပါဠိနှင့် အနက် | ၇၉
အခန်း (၁၂) ဂိဟိဝိနယခေါ် လူ့ဝိနည်းကျင့်ဝတ်များ
သိင်္ဂါလသုတ်ဖြစ်ပေါ်လာပုံ | ၈၁
သိင်္ဂါလသုတ်မြန်မာပြန် | ၈၁
အရပ်ခြောက်ပါး | ၈၂
ညစ်ညူးသော ကံလေးပါး | ၈၃
အကြောင်းလေးပါး | ၈၄
စည်းစိမ်ပျက်ကြောင်း ခြောက်ပါး | ၈၅
အခါမဲ့(ညအခါ၌) သွားလာခြင်းအပြစ်ခြောက်ပါး | ၈၆
ပွဲလမ်းသဘင်ကြည့်ရှုခြင်းအပြစ်ခြောက်ပါး | ၈၆
လောင်းကစားခြင်းအပြစ်ခြောက်ပါး | ၈၇
ခင်ပွန်းယုတ်အပြစ်ခြောက်ပါး | ၈၉
ပျင်းရိခြင်းအပြစ်ခြောက်ပါး | ၉၂
မိတ်ဆွေတု လေးယောက် | ၉၅
စိတ်နှလုံးကောင်းရှိသော မိတ်ဆွေလေးယောက် | ၉၇
အရပ်ခြောက်ပါးကို လုံခြုံစေခြင်း | ၉၉
သားသမီးနှင့် မိဘဆက်ဆံရေး | ၁၀၀
တပည့်နှင့် ဆရာဆက်ဆံရေး | ၁၀၁
လင်နှင့်မယား ဆက်ဆံရေး | ၁၀၂
မိတ်ဆွေချင်း ပေါင်းသင်းဆက်ဆံရေး | ၁၀၃
အလုပ်ရှင်နှင့် အလုပ်သမားဆက်ဆံရေး | ၁၀၄
ဒကာနှင့် ဆရာဆက်ဆံရေး | ၁၀၅
အခန်း (၁၃) အန္တရာယ်ကင်းရန် ရွတ်ဖတ်ရမည့် ပါဠိဂါထာများ
အကြောင်းအရာ | စာမျက်နှာ
ဘုရား, တရား, သံဃာ့ဂုဏ်တော်များ | ၁၀၆
အဋ္ဌာနမေတံ ဗုဒ္ဓမန္တန်တော် | ၁၀၇
နာညတြဂါထာတော်(အသက်ရှည်ဆေးဂါထာ) | ၁၀၈
နမော တေ ဂါထာတော် | ၁၀၉
ပဋ္ဌာန်းပစ္စယုဒ္ဒေသ(၂၄-ပစ္စည်း)ပါဠိတော် | ၁၁၀
ပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိတော် | ၁၁၀
သမ္ဗုဒ္ဓေဂါထာဘုရားရှိခိုး | ၁၂၅
ပရိမိတ္တဇာလသုတ် | ၁၂၆
ဓာရဏပရိတ်ပါဠိတော် | ၁၂၉
အခန်း (၁၄) ကျက်သရေမင်္ဂလာရှိရန် ရွတ်ရမည့် ဂါထာများ
သဗ္ဗမင်္ဂလာဂါထာတော် | ၁၃၇
ရှင်သီဝလိဂါထာတော် | ၁၃၈
စိန္တာမဏိဂါထာတော် | ၁၄၃
မဟာကပ္ပိနသစ္စာ သုံးဂါထာတော် | ၁၄၅
အခန်း (၁၅) ရဟန်းသံဃာများနှင့် ပြောတတ် ဆိုတတ် ဆက်ဆံတတ်ရန်
စကားပြောနည်း | ၁၄၆
ရှိခိုးဦးချနည်း | ၁၅၀
စားသောက်ဖွယ်ကပ်လှူနည်း | ၁၅၁
စားသုံးဖွယ်အသီးအနှံများ အပ်စပ်အောင်ပြုလုပ်ပေးနည်း | ၁၅၃
အပိုင်း (၂) မဇ္ဈိမကလျာဏပိုင်း
အခန်း (၁) ဘုရားအာရုံပြုနည်း
အကြောင်းအရာ | စာမျက်နှာ
အားတော်ဆယ်ပါး, ဉာဏ်တော်ဆယ်ပါးဖြင့် အာရုံပြုနည်း | ၁၅၇
ဘုရားဂုဏ်တော်တစ်ပါးစီဖြင့် အာရုံပြုနည်း | ၁၆၂
ဉာဏ်တော်များကို အသုံးပြုတော်မူပုံ | ၁၆၅
အခန်း (၂) ပုတီးစိပ်ခြင်း
ပုတီး | ၁၆၇
ပုတီးစိပ်နည်း | ၁၆၇
ပုတီးစိပ်နည်းများ | ၁၇၀
ပုတီးစိပ်ပုံ ၂-မျိုး | ၁၇၆
ပုတီးမစိပ်မီ ကျင့်ဝတ်(၁၁)ပါး | ၁၇၆
ပုတီးစိပ်စဉ် ကျင့်ဝတ်ငါးပါး | ၁၇၇
ပုတီးစိပ်ပြီး ကျင့်ဝတ်နှစ်ပါး | ၁၇၇
ပုတီးစိပ်ခြင်း၏ အကျိုး | ၁၇၇
အခန်း (၃) ကံအကြောင်း
ကံကို ယုံသလား | ၁၈၁
ကံနှင့် လက်တွေ့ဘဝ | ၁၈၁
အလုပ်ကံတွေ ဆန်းကြယ်ခြင်းမှာ | ၁၈၃
ကံဆိုသည်မှာ အဘယ်နည်း | ၁၈၄
ကံ၏အခြေအမြစ် | ၁၈၅
ကံ၏အကျိုးတရား (ကမ္မဖလ) | ၁၈၆
ကံအမျိုးမျိုး (ကမ္မဘေဒ) | ၁၈၇
ကံချင်း မတူ၍ လူချင်း မတူ | ၁၉၃
အခန်း (၄) ဒုစရိုက်နှင့် သုစရိုက်
အကြောင်းအရာ | စာမျက်နှာ
ဒုစရိုက်(၁၀)ပါး အပြား(၄၀) | ၁၉၇
ဒုစရိုက်နှင့် သုစရိုက်အကျိုးပြ ပုံဝတ္ထုများ | ၁၉၉
သုစရိုက်(၁၀)ပါး အပြား(၄၀) | ၂၀၀
ဝဋ်အမြဲ ငရဲအပ | ၂၁၅
အခန်း (၅) ဒါန, သီလ, ဘာဝနာ
ဒါနဟူသည် | ၂၂၂
ဒါနအမျိုးမျိုး | ၂၂၂
ဒါနဝတ္ထုများ | ၂၃၀
သီလအမျိုးမျိုး | ၂၃၆
သီလဝတ္ထုများ | ၂၃၉
ဘာဝနာ၏ သဘောအဓိပ္ပာယ် | ၂၄၁
သမထဘာဝနာ | ၂၄၁
ဝိပဿနာဘာဝနာ | ၂၄၂
ကမ္မဋ္ဌာန်း | ၂၄၂
အခန်း (၆) သံသရာနှင့် သုံးဆယ့်တစ်ဘုံ
သံသရာဟူသည် အဘယ်နည်း | ၂၄၃
သုံးဆယ့်တစ်ဘုံသရုပ် | ၂၄၆
ကမ္ဘာမြေ တည်နေပုံ | ၂၄၇
သုံးဆယ့်တစ်ဘုံ တည်နေပုံ | ၂၄၇
နတ်ပြည်, ဗြဟ္မာ့ပြည်မှ မြေအမျိုးအစား | ၂၄၉
နတ်အစားစား | ၂၄၉
ဗြဟ္မာအစားစား | ၂၅၀
နတ်သက်တမ်း | ၂၅၀
ဗြဟ္မာသက်တမ်း | ၂၅၁
အမှန်အရှိနှင့် ဉာဏ်အသိ | ၂၅၂
အခန်း (၇) ရွတ်ဖတ်ရန် သုတ်တော်များ
အကြောင်းအရာ | စာမျက်နှာ
ရတနာရွှေချိုင့် မြန်မာပြန် | ၂၅၄
ရတနာရွှေချိုင့် ပါဠိ | ၂၅၆
ပရိတ်ကြီးပါဠိတော်နှင့် မြန်မာပြန်
ပရိတ်နိဒါန်း မြန်မာပြန် | ၂၅၇
ပရိတ်နိဒါန်း ပါဠိတော် | ၂၅၉
၁-မင်္ဂလသုတ်
မင်္ဂလသုတ် ရွတ်ဖတ်ခြင်းအကျိုး | ၂၆၀
မင်္ဂလသုတ် မြန်မာပြန် | ၂၆၀
မင်္ဂလသုတ် ပါဠိတော် | ၂၆၃
၂-ရတနသုတ်
ရတနသုတ် ရွတ်ဖတ်ခြင်းအကျိုး | ၂၆၅
ရတနသုတ် မြန်မာပြန် | ၂၆၈
ရတနသုတ် ပါဠိတော် | ၂၇၁
၃-မေတ္တသုတ်
မေတ္တသုတ် ရွတ်ဖတ်ခြင်းအကျိုး | ၂၇၃
မေတ္တသုတ် မြန်မာပြန် | ၂၇၄
မေတ္တသုတ် ပါဠိတော် | ၂၇၆
၄-ခန္ဓသုတ်
ခန္ဓသုတ် ရွတ်ဖတ်ခြင်းအကျိုး | ၂၇၇
ခန္ဓသုတ် မြန်မာပြန် | ၂၇၇
ခန္ဓသုတ် ပါဠိတော် | ၂၇၈
၅-မောရသုတ်
မောရသုတ် ရွတ်ဖတ်ခြင်းအကျိုး | ၂၇၉
မောရသုတ် မြန်မာပြန် | ၂၇၉
မောရသုတ် ပါဠိတော် | ၂၈၁
၆-ဝဋ္ဋသုတ်
ဝဋ္ဋသုတ် ရွတ်ဖတ်ခြင်းအကျိုး | ၂၈၁
ဝဋ္ဋသုတ် မြန်မာပြန် | ၂၈၁
ဝဋ္ဋသုတ် ပါဠိတော် | ၂၈၂
၇-ဓဇဂ္ဂသုတ်
ဓဇဂ္ဂသုတ် ရွတ်ဖတ်ခြင်းအကျိုး | ၂၈၃
ဓဇဂ္ဂသုတ် မြန်မာပြန် | ၂၈၃
ဓဇဂ္ဂသုတ် ပါဠိတော် | ၂၈၉
၈-အာဋာနာဋိယသုတ်
အာဋာနာဋိယသုတ် ရွတ်ဖတ်ခြင်းအကျိုး | ၂၉၂
အာဋာနာဋိယသုတ် မြန်မာပြန် | ၂၉၃
အာဋာနာဋိယသုတ် ပါဠိတော် | ၂၉၇
၉-အင်္ဂုလိမာလသုတ်
အင်္ဂုလိမာလသုတ် ရွတ်ဖတ်ခြင်းအကျိုး | ၂၉၉
အင်္ဂုလိမာလသုတ် မြန်မာပြန် | ၂၉၉
အင်္ဂုလိမာလသုတ် ပါဠိတော် | ၃၀၀
၁၀-ဗောဇ္ဈင်သုတ်
ဗောဇ္ဈင်သုတ် ရွတ်ဖတ်ခြင်းအကျိုး | ၃၀၀
ဗောဇ္ဈင်သုတ် မြန်မာပြန် | ၃၀၀
ဗောဇ္ဈင်သုတ် ပါဠိတော် | ၃၀၂
၁၁-ပုဗ္ဗဏှသုတ်
ပုဗ္ဗဏှသုတ် ရွတ်ဖတ်ခြင်းအကျိုး | ၃၀၃
ပုဗ္ဗဏှသုတ် မြန်မာပြန် | ၃၀၃
ပုဗ္ဗဏှသုတ် ပါဠိတော် | ၃၀၅
အဘိဏှသုတ်ပါဠိတော်နှင့် မြန်မာပြန်
အဘိဏှသုတ် မြန်မာပြန် | ၃၀၇
အဘိဏှသုတ် ပါဠိတော် | ၃၀၈
မဟာသမယသုတ် ပါဠိတော်နှင့် မြန်မာပြန်
မဟာသမယသုတ် မြန်မာပြန် | ၃၀၉
မဟာသမယသုတ် ပါဠိတော် | ၃၁၉
အခန်း (၈) ပါဠိတော်မြန်မာပြန် ကောက်နုတ်ချက်များ
အကြောင်းအရာ | စာမျက်နှာ
သက္ကပဥှသုတ် မြန်မာပြန် | ၃၂၇
ဂေါပကနတ်သားဝတ္ထု | ၃၃၁
သိကြားမင်းပြဿနာမေးခြင်း | ၃၃၃
ဝေဒနာ ကမ္မဋ္ဌာန်း | ၃၃၅
ပါတိမောက္ခသံဝရသီလ | ၃၃၆
ဣန္ဒြိယသံဝရသီလ | ၃၃၈
ဝမ်းမြောက်မှုကို ရဖူးခြင်း | ၃၃၉
နိဓိကဏ္ဍသုတ် မြန်မာပြန်
ဇင်္ဂမရွှေအိုး | ၃၄၀
အနုဂါမိကရွှေအိုး | ၃၄၀
ရွှေအိုးမြှုပ်ရန်ဌာန | ၃၄၀
ဣစ္ဆာသယရွှေအိုး | ၃၄၁
ပရာဘဝသုတ် မြန်မာပြန်
ပရာဘဝသုတ်နိဒါန်း | ၃၄၂
ပျက်စီးဆုတ်ယုတ်ကြောင်းများ | ၃၄၂
ကလဟဝိဝါဒသုတ် မြန်မာပြန်
ငြင်းခုံခိုက်ရန်ဖြစ်ခြင်း အကြောင်းအရင်းများ | ၃၄၅
အပိုင်း (၃) ပရိယောသာနကလျာဏပိုင်း
အခန်း (၁) သုံးဆယ့်နှစ်ကောဋ္ဌာသ
အကြောင်းအရာ | စာမျက်နှာ
သုံးဆယ့်နှစ်ကောဋ္ဌာသပါဠိ | ၃၄၉
သုံးဆယ့်နှစ်ကောဋ္ဌာသ အနက် | ၃၄၉
သုံးဆယ့်နှစ်ကောဋ္ဌာသ မြန်မာပြန် | ၃၅၀
သုံးဆယ့်နှစ်ကောဋ္ဌာသ အဓိပ္ပာယ် | ၃၅၀
သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းစီးဖြန်းပုံ | ၃၆၄
သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းစီးဖြန်းရခြင်းအကျိုး | ၃၇၀
အခန်း (၂) သာသနာ၏ အနှစ်သုံးပါး
(က) သီလ | ၃၇၁
(ခ) သမာဓိ | ၃၇၃
(ဂ) ပညာ | ၃၇၅
(ဃ) သာသနာ၏ အနှစ် | ၃၇၈
အခန်း (၃) ပဋိစ္စသမုပ္ပါဒ်အကြောင်း
ပဋိစ္စသမုပ္ပါဒ် | ၃၈၀
အနုလောမပဋိစ္စသမုပ္ပါဒ်၊ ဥဒ္ဒေသပါဠိတော် | ၃၈၀
အနက် (နိသျ) | ၃၈၁
ပဋိစ္စသမုပ္ပါဒ် အင်္ဂါတစ်ပါးစီ၏ အဓိပ္ပာယ် | ၃၈၂
ကာလသုံးပါး | ၃၈၇
ဝဋ်သုံးပါး | ၃၈၇
ခြင်းရာနှစ်ဆယ် | ၃၈၇
အစပ်သုံးပါး | ၃၈၈
အကြောင်းအရာ | စာမျက်နှာ
အလွှာလေးပါး | ၃၈၈
မူလနှစ်ပါး | ၃၈၈
ပဋိလောမ ပဋိစ္စသမုပ္ပါဒ်ပါဠိတော် | ၃၉၀
ပဋိလောမ ပဋိစ္စသမုပ္ပါဒ်အနက် | ၃၉၁
ပဋိလောမ ပဋိစ္စသမုပ္ပါဒ်အဓိပ္ပာယ် | ၃၉၂
အခန်း (၄) ဗောဓိပက္ခိယတရား (၃၇)ပါး
ဗောဓိပက္ခိယ | ၃၉၆
(က) သတိပဋ္ဌာန် ၄-ပါး | ၃၉၆
(ခ) သမ္မပ္ပဓာန် ၄-ပါး | ၃၉၈
(ဂ) ဣဒ္ဓိပါဒ် ၄-ပါး | ၃၉၉
(ဃ) ဣန္ဒြေ ၅-ပါး | ၄၀၀
(င) ဗိုလ် ၅-ပါး | ၄၀၁
(စ) ဗောဇ္ဈင် ၇-ပါး | ၄၀၁
(ဆ) မဂ္ဂင် ၈-ပါး | ၄၀၃
အခန်း (၅) သစ္စာ (၄)ပါး တရား
ဒုက္ခသစ္စာ | ၄၀၅
သမုဒယသစ္စာ | ၄၀၆
နိရောဓသစ္စာ | ၄၀၇
မဂ္ဂသစ္စာ | ၄၀၉
အခန်း (၆) သမထနှင့် ဝိပဿနာ
သမထဟူသည် အဘယ်နည်း | ၄၁၃
ဝိပဿနာဟူသည် အဘယ်နည်း | ၄၁၄
မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဝိပဿနာဘာဝနာကို ချီးမွမ်းတော်မူခြင်း | ၄၁၇
သမထအမျိုးမျိုး (ကမ္မဋ္ဌာန်း ၄၀) | ၄၂၀
သမထနှင့် ဝိပဿနာ ၂-ပါးသာလျှင် အားကိုးဖွယ် | ၄၂၃
အခန်း (၇) ကမ္မဋ္ဌာန်းအားမထုတ်ခင် လိုအပ်ချက်များ
အကြောင်းအရာ | စာမျက်နှာ
ပလိဗောဓ | ၄၂၅
ပလိဗောဓကြီး ၁၀-ပါး | ၄၂၅
ပလိဗောဓငယ် ၅-ပါး | ၄၃၅
စရိုက် | ၄၃၆
မိမိစရိုက်ကို ဆန်းစစ်ရန် လိုအပ်ခြင်း | ၄၃၆
စရိုက်အလိုက် နှလုံးသွေးဖြစ်တတ်ပုံ | ၄၃၈
စရိုက် ၆-ပါးနှင့် သင့်လျော်သော ကမ္မဋ္ဌာန်း | ၄၃၈
အခန်း (၈) သမထကမ္မဋ္ဌာန်း အားထုတ်နည်း
ပထဝီကသိုဏ်းဖြင့် ဈာန်ရအောင် ပြုလုပ်နည်းအညွှန်း
(က) ပရိကံပိုင်း
(၁) အခြေခံပြင်ဆင်ချက် | ၄၄၀
(၂) နေရာယူခြင်း | ၄၄၂
(၃) လုပ်ငန်းပြင်ဆင်ခြင်း | ၄၄၃
(၄) အထိုင်ကျင့်ခြင်း | ၄၄၄
(ခ) ဆက်လက်အားထုတ်ခြင်း
(၁) စိတ်နှိုးခြင်း | ၄၄၅
(၂) နိမိတ်ကို စောင့်ရှောက်ခြင်း | ၄၄၆
(၃) ဈာန်ရခြင်း | ၄၄၇
သမာပတ်ကိုးပါး(ရှစ်ပါး) | ၄၅၆
အဘိညာဉ်အဆင့်သို့ | ၄၅၇
အခန်း (၉) မဟာသတိပဋ္ဌာနသုတ်တော်မြန်မာပြန်
အကြောင်းအရာ | စာမျက်နှာ
အကျဉ်းချုပ် | ၄၆၂
(က) ကာယာနုပဿနာသတိပဋ္ဌာန်
(၁) ထွက်သက်ဝင်သက်ကို ရှုဆင်ခြင်ခြင်းအပိုင်း | ၄၆၃
(၂) ဣရိယာပုထ်ကို ဆင်ခြင်ခြင်းအပိုင်း | ၄၆၄
(၃) သတိသမ္မဇဉ်ဖြင့် ဆင်ခြင်ခြင်းအပိုင်း | ၄၆၅
(၄) စက်ဆုပ်ဖွယ်ဟု နှလုံးသွင်းခြင်းအပိုင်း | ၄၆၅
(၅) ဓာတ်အားဖြင့် နှလုံးသွင်းခြင်းအပိုင်း | ၄၆၆
(၆) သူသေကောင် ကိုးမျိုးကို ဆင်ခြင်ခြင်းအပိုင်း | ၄၆၇
(ခ) ဝေဒနာနုပဿနာသတိပဋ္ဌာန်
ဝေဒနာကို ဆင်ခြင်ခြင်း ကိုးပါး | ၄၆၈
(ဂ) စိတ္တာနုပဿနာသတိပဋ္ဌာန်
စိတ်ကို ဆင်ခြင်ခြင်း တစ်ဆယ့်ခြောက်ပါး | ၄၇၀
(ဃ) ဓမ္မာနုပဿနာသတိပဋ္ဌာန်
(၁) နီဝရဏတရားငါးပါးကို ဆင်ခြင်ခြင်းအပိုင်း | ၄၇၁
(၂) ခန္ဓာငါးပါးကို ဆင်ခြင်ခြင်းအပိုင်း | ၄၇၃
(၃) အာယတနတစ်ဆယ့်နှစ်ပါးကို ဆင်ခြင်ခြင်းအပိုင်း | ၄၇၄
(၄) ဗောဇ္ဈင်ခုနစ်ပါးကို ဆင်ခြင်ခြင်းအပိုင်း | ၄၇၆
(၅) သစ္စာလေးပါးကို ဆင်ခြင်ခြင်းအပိုင်း | ၄၇၆
ဒုက္ခအရိယသစ္စာ | ၄၇၈
ဒုက္ခသမုဒယအရိယသစ္စာ | ၄၈၀
ဒုက္ခနိရောဓအရိယသစ္စာ | ၄၈၄
ဒုက္ခနိရောဓဂါမိနီပဋိပဒါအရိယသစ္စာ | ၄၈၆
အခန်း (၁၀) အကျဉ်းဆုံးမှတ်ရန် ဝိပဿနာဂါထာတော်များ
အကြောင်းအရာ | စာမျက်နှာ
အနိစ္စလက္ခဏာ | ၄၉၂
ဒုက္ခလက္ခဏာ | ၄၉၂
အနတ္တလက္ခဏာ | ၄၉၃
ဖြစ်, ချုပ်တရား | ၄၉၃
အခန်း (၁၁) တရားအားထုတ်ရန် နည်းလမ်းများ
တရားအားထုတ်မည့်သူ၌ ရှိရမည့် အင်္ဂါ ၅-ပါး | ၄၉၄
အားထုတ်ရန်တရားများ | ၄၉၄
အပရိဟာနိယတရား ၇-ပါး | ၄၉၄
ဈာန်မဂ်ဖိုလ်ကို အန္တရာယ်ပြုသော ကံကြီး ၅-ပါး | ၄၉၅
ကမ္မဋ္ဌာနုပစာရတရား ၁၅-ပါး | ၄၉၅
ကလျာဏမိတ်ဆွေနှင့် ဂုဏ်ရည် ၇-ပါး | ၄၉၆
တရားအားမထုတ်မီ ကြိုတင်ပြုဖွယ်ကိစ္စများ | ၄၉၇
တရားအားထုတ်ရန် တော(၃)တော | ၄၉၇
သင့်တင့်လျောက်ပတ်သော နေရာကျောင်း | ၄၉၈
မသင့်တင့်မလျောက်ပတ်သော နေရာကျောင်း | ၄၉၈
ဝတ်ဆင်သင့်သော အဝတ်အစားများ | ၄၉၉
သမထကမ္မဋ္ဌာန်းအားထုတ်ပုံ | ၄၉၉
ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း | ၅၀၂
အာနာပါနကမ္မဋ္ဌာန်း | ၅၀၄
အခန်း (၁၂) ဣရိယာပုထ် ၄-ပါးဖြင့် တရားအားထုတ်ပုံ
သတိပဋ္ဌာန်တရား(၄)ပါးဖြစ်ပေါ်ပုံ | ၅၀၉
အာနာပါနအကျိုးဆက် | ၅၀၉
ဗောဇ္ဈင် ၇-ပါး ဖြစ်ပေါ်ပုံ | ၅၁၀
ဝိပဿနာဟူသည် | ၅၁၁
သတိပဋ္ဌာန်တရားကို ဣရိယာပုထ် ၄-ပါးဖြင့် ရှုမှတ်ပုံ | ၅၁၃
လက်တွေ့ ဣရိယာပုထ် ၄-ပါးဖြင့် တရားအားထုတ်ပုံ | ၅၁၃
အခန်း (၁၃) အာနာပါန ကမ္မဋ္ဌာန်းဖြင့် ဘုရားဖြစ်တော်မူခြင်း
အကြောင်းအရာ | စာမျက်နှာ
ဘုရားရှင်အဆူဆူအားထုတ်သော အာနာပါနကမ္မဋ္ဌာန်း | ၅၂၃
မြတ်စွာဘုရား အလေးထား ဟောကြားတော်မူသောအာနာပါန | ၅၂၃
အာနာပါနကမ္မဋ္ဌာန်း ပွားများရခြင်းအကျိုး | ၅၂၆
အာနာပါန သမာဓိကို အခြေခံ၍ ဝိပဿနာကူးနိုင်ခြင်း | ၅၂၉
ဝိပဿနာပွားများပုံ | ၅၃၀
ပဋိသင်္ခါဉာဏ်နှင့် တော (၄၀) | ၅၃၅
ဉာဏဒဿနဝိသုဒ္ဓိစခန်း | ၅၃၈
အခန်း (၁၄) ဝိပဿနာဉာဏ် (၁၀)ပါး
ဝိပဿနာဉာဏ် | ၅၄၁
ဝိပဿနာဉာဏ် (၁၀)ပါး | ၅၄၁
ဝိပဿနာဉာဏ်ကိစ္စ | ၅၄၃
ဝိပဿနာဉာဏ်ဘေးရန် | ၅၄၄
ဝိပဿနာဉာဏ်အကျိုး | ၅၄၆
အခန်း (၁၅) ယခုခေတ် ကမ္မဋ္ဌာန်းနည်း အမျိုးမျိုး
လယ်တီဆရာတော်၏ ဝိပဿနာရှုနည်း | ၅၄၇
မင်းကွန်းဆရာတော်၏ ဝိပဿနာရှုနည်း | ၅၅၁
မိုးညှင်းဆရာတော်၏ ဝိပဿနာရှုနည်း | ၅၅၃
စွန်းလွန်းဆရာတော်၏ ဝိပဿနာရှုနည်း | ၅၅၆
ဟံသာဝတီဆရာတော်၏ ဝိပဿနာရှုနည်း | ၅၅၉
မဟာစည်ဆရာတော်၏ ဝိပဿနာရှုနည်း | ၅၆၂
တောင်ပုလုဆရာတော်၏ ဝိပဿနာရှုနည်း | ၅၆၇
မိုးကုတ်ဆရာတော်၏ ဝိပဿနာရှုနည်း | ၅၆၈
နိဗ္ဗိန္ဒတောရဆရာတော်၏ ဝိပဿနာရှုနည်း | ၅၇၁
အကြောင်းအရာ | စာမျက်နှာ
ကသစ်ဝိုင်ဆရာတော်၏ ဝိပဿနာရှုနည်း | ၅၇၅
ဝေဘူဆရာတော်၏ ဝိပဿနာရှုနည်း | ၅၇၇
အနာဂါမ်ဆရာသက်ကြီး၏ ဝိပဿနာရှုနည်း | ၅၇၈
ညောင်လွန်တောရဆရာတော်၏ ဝိပဿနာရှုနည်း | ၅၇၉
ရွှေဥဒေါင်းတောင်ဆရာတော်၏ ဝိပဿနာရှုနည်း | ၅၈၁
အခန်း (၁၆) ကြည်ညိုဖွယ်ရာ အရိယာများ
(က) လူဝတ်ကြောင် ယောက်ျားအရိယာများ | ၅၈၃
(ခ) လူဝတ်ကြောင် မိန်းမအရိယာများ | ၅၈၅
(ဂ) ရဟန်းယောက်ျားအရိယာများ | ၆၀၁
(ဃ) အမျိုးသမီးထေရီများ | ၆၀၈
ဝေါဟာရ ရှင်းလင်းချက် | ၆၃၅
မှတ်သားဖွယ် အက္ခရာစဉ် | ၆၆၀
နောက်ဆက်တွဲ | ၆၇၇
စာမျက်နှာ-1
အပိုင်း ( ၁ ) အာဒိကလျာဏပိုင်း
အခန်း ( ၁ ) လူနှင့် ကိုးကွယ်မှု
(က) ကိုးကွယ်မှု အဓိပ္ပာယ်
လူ့သမိုင်းဆရာတို့၏ အဆိုအရ လူသည် ခြေသလုံးအိမ်တိုင်ဘဝမှ တဖြည်းဖြည်းချင်း ယဉ်ကျေးလာပြီး အစုအသင်းနှင့် နေတတ်လာသူများ ဖြစ်သည်ဟု သိရ၏။ မည်သို့ပင်ဖြစ်စေ လူသည် ကြောက်တတ်မှု (Fear) နှင့် ရလိုမှု (Reward) သဘောတရားများဖြင့် ဖွဲ့စည်းထားသော သဏ္ဌာန်တစ်ခုသာဖြစ်ကြောင်း ထင်ရှား၏။
လူ့လောကကြီးတွင်လည်း ကြောက်စရာ အမြောက်အမြား ရှိသည့်နည်းတူ ရယူချင်စရာများနှင့်လည်း ပြည့်နှက်လျက် ရှိနေပါသည်။ ဒီရေတက်ခြင်း၊ မီးကြီးလောင်ခြင်း၊ လေမုန်တိုင်းကျခြင်း စသော ဩကာသလောက၏ ဘေးအန္တရာယ်များ၊ မြွေဘေး၊ သစ်၊ ကျား၊ ဆင်ရိုင်းဘေး၊ မချစ်မနှစ်သက်သူဘေး စသော သတ္တလောက၏ ရန်ပြုမှုများနှင့် နာဖျားမကျန်းမမာ၊ အိုနာသေရ ဘေးဒုက္ခများ၏ နှိပ်စက်ကလူ ပြုမှုကို လူသားသည် အလူးအလဲ ခံနေရသည်သာ ဖြစ်၏။ ဤသို့သော ဘဝဒုက္ခ အန္တရာယ်များ၏ လှုံ့ဆော်ဖန်တီးမှုကြောင့် လူသားသည် ကြောက်တတ်လာ၏။ ထိုဘေးဆိုး, ဒုက္ခဆိုးတို့မှ ကင်းငြိမ်းမှုကို လိုလားလာကြသည်။ ကိုးကွယ်ရာကို ရှာဖွေလာကြသည်။
ဤအချက်နှင့် ပတ်သက်၍ --
ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ဝနာနိ စ။
အာရာမရုက္ခစေတျာနိ၊ မနုဿာ ဘယတဇ္ဇိတာ။ (ဓမ္မပဒ၊ ဂါထာ-၁၈၈)
စာမျက်နှာ-2
“ဘေးရန် အန္တရာယ်အမျိုးမျိုးကို စိုးရွံ့ကြောက်လန့်နေကြကုန်သော လူတို့သည် တောင်တို့ကိုလည်းကောင်း၊ တောတို့ကိုလည်းကောင်း၊ အာရာမ်တို့ကိုလည်းကောင်း၊ အဓိကရသစ်ပင် စသော ကိုးကွယ်ရာတို့ကိုလည်းကောင်း ကိုးကွယ်ကြကုန်၏”ဟု- မြတ်ဗုဒ္ဓ ဟောကြားခဲ့၏။
ပင်လယ် သမုဒ္ဒရာတို့၌ အသက်မွေးမှု ပြုကြသူတို့၏ သမုဒ္ဒရာစောင့် နတ်များကို ကိုးစားကြသည့်နည်းတူ တောရပ်ဒေသ၌ လုပ်ကိုင်စားသောက်ကြသူတို့ကလည်း တောတောင်ဥယျာဉ် စသည်တို့ကို ပူဇော်ကြသည်။ ထို့ပြင် ကောက်ပင်စိုက်ပျိုး အောင်မြင်လိုမှုအတွက် မိုးနတ် စသည်တို့ကို ပ-သကြ၏။ သားဆုပန်ရန် တောစိုး သစ်ပင်ကြီးများ၌ ရှိမည်ထင်သော နတ်တို့ကို တင်မြှောက်ကြသည်။
ဤသည်မှာ ထိုစဉ်က ကမ္ဘာ့လူသား အားလုံးလိုလိုနှင့် သက်ဆိုင်သော ကိုးကွယ်မှုများ ဖြစ်သည်။ ကိုးကွယ်မှုအစ၊ ကိုးကွယ်မှု၏ အဓိပ္ပာယ်ဟု ဖော်ပြအပ်ပါသည်။
(ခ) မကိုးကွယ်ရာနှင့် ကိုးကွယ်ရာ
ဗုဒ္ဓမြတ်စွာဘုရား ပွင့်ထွန်းတော်မူလာပြီးနောက် မကိုးကွယ်ရာနှင့် ကိုးကွယ်ရာကို ခွဲခြား၍ ဟောကြားညွှန်ပြခဲ့ပါသည်။ မြတ်ဗုဒ္ဓဟောကြားမိန့်မှာခဲ့သည်မှာ-
နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏ မုတ္တမံ။
နေတံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။ (ဓမ္မပဒ၊ ဂါထာ - ၁၈၉)
“ဤတောတောင် အာရာမ် အဓိကရသစ်ပင် စသော ကိုးကွယ်ရာ ဟူသမျှကို ကိုးကွယ်ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်း မဟုတ်၊ မြတ်သော ကိုးကွယ်ခြင်း မဟုတ်၊ ဤကိုးကွယ်ရာဟူသမျှကို ကိုးကွယ် ဆည်းကပ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်”- ဟူ၍ ဖြစ်ပါသည်။
ဤကဲ့သို့ ရှင်းလင်းထင်ရှားစွာ ဟောကြားခဲ့သည့် တရားတော်အရ မကိုးကွယ်ရာကို အတိအကျ သိရှိကြရပါသည်။
စာမျက်နှာ-3
ကိုးကွယ်ရာနှင့် ပတ်သက်၍လည်း မြတ်စွာဘုရားသည်--
ယော စ ဗုဒ္ဓဉ္စ ဓမ္မဉ္စ၊ သံဃဉ္စ သရဏံ ဂတော။
စတ္တာရိ အရိယသစ္စာနိ၊ သမ္မပ္ပညာယ ပဿတိ။
ဒုက္ခံ ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခဿ စ အတိက္ကမံ။
အရိယံ စဋ္ဌကံ မဂ္ဂံ၊ ဒုက္ခုပသမဂါမိနံ။ (ဓမ္မပဒ၊ ဂါထာ - ၁၉၀၊ ၁၉၁)
အကြင်သူသည် မြတ်စွာဘုရားကို လည်းကောင်း၊ တရားတော်ကို လည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ဆည်းကပ်၏။ ထိုသူသည် ဆင်းရဲအမှန် “ဒုက္ခသစ္စာ”၊ ဆင်းရဲခြင်း၏အကြောင်းအရင်းအမှန် “သမုဒယသစ္စာ”၊ ဆင်းရဲလွတ်မြောက်ရာအမှန် “နိရောဓသစ္စာ”၊ ဆင်းရဲ ငြိမ်းရာ “နိဗ္ဗာန်”သို့ ရောက်ကြောင်းအမှန်၊ “အင်္ဂါရှစ်ပါးရှိသော မြတ်သော “မဂ္ဂသစ္စာ”ဟူသော အရိယသစ္စာလေးပါးတို့ကို မဂ်ပညာဖြင့် ကောင်းစွာ မြင်နိုင်၏-- ဟူ၍ အကျယ်တဝင့် ဟောကြားညွှန်ပြတော်မူခဲ့သည်။
(ဂ) ကိုးကွယ်မှားအပြစ်၊ ကိုးကွယ်မှန်အကျိုး
မြတ်စွာဘုရားသည် မြတ်သောကိုးကွယ်ခြင်း မဟုတ်လျှင် မည်သို့မည်ပုံ အပြစ် ကျရောက်နိုင်ကြောင်း ဖော်ပြလတ္တံ့ပါ ဂါထာဖြင့် ဟောကြားမိန့်မှာခဲ့ပါသည်--
နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏ မုတ္တမံ။
နေတံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ- (ဓမ္မပဒ၊ ဂါထာ - ၁၈၉)
“ဤတောတောင် အာရာမ် အဓိကရသစ်ပင် စသော ကိုးကွယ်ရာ ဟူသမျှကို ကိုးကွယ်ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်း မဟုတ်၊ မြတ်သော ကိုးကွယ်ခြင်း မဟုတ်၊ ဤကိုးကွယ်ရာဟူသမျှကို ကိုးကွယ် ဆည်းကပ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်” ဟူ၍ ဖြစ်ပါသည်။
စာမျက်နှာ-4
ထို့ကြောင့် လူတို့သည် ကိုးကွယ်မှုမှားလျှင် ဒုက္ခခပ်သိမ်း မကင်းငြိမ်းနိုင်ဘဲ သံသရာဝဲဩဃအတွင်း တဝဲလည်လည် ကျင်လည် ကျက်စား နေရမည်သာ ဖြစ်ပေသည်။
ကိုးကွယ်မှု မှန်လျှင် အကျိုးကျေးဇူး များစွာ ရရှိနိုင်ကြောင်းကိုလည်း ဗုဒ္ဓမြတ်စွာသည်--
ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ သရဏ မုတ္တမံ။
ဧတံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။ (ဓမ္မပဒ၊ ဂါထာ - ၁၉၂)
“ဤရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းသည် ဘေးမရှိသော ကိုးကွယ်ဆည်းကပ်ခြင်း မည်၏။ မြတ်သော ကိုးကွယ်ဆည်းကပ်ခြင်း မည်၏။ ဤရတနာသုံးပါးကို ကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ လွတ်မြောက်၏- ဟူ၍ ဟောကြား ညွှန်ပြတော်မူခဲ့ပါသည်။
ထို့ကြောင့် လူတို့သည် ကိုးကွယ်မှုမှန်လျှင် ဒုက္ခခပ်သိမ်း ကင်းငြိမ်းပြီး လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာများကို ရရှိနိုင်ရုံမျှမက မဂ်ဖိုလ်နိဗ္ဗာန်သို့တိုင် မျက်မှောက်ပြုနိုင်ပါကြောင်း ရေးသားဖော်ပြအပ်ပါသည်။
စာမျက်နှာ-5
အခန်း ( ၂ ) ကိုးကွယ်ရာ ရတနာသုံးပါး
(က) ဗုဒ္ဓရတနာ
ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ဗုဒ္ဓရတနာ၊ ဓမ္မရတနာနှင့် သံဃာရတနာတည်းဟူသော ရတနာသုံးပါးကို ကိုးကွယ်ရမည်ဖြစ်ပါသည်။ သတ္တဝါတို့၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးတတ်သောကြောင့် ဗုဒ္ဓ၊ ဓမ္မနှင့် သံဃာတည်းဟူသော ရတနာသုံးပါးကို သရဏဟူ၍လည်း ခေါ်ဝေါ်ပါသည်။
မြတ်ဗုဒ္ဓကို ကိုးကွယ်ပူဇော်ရခြင်းမှာ ဗုဒ္ဓရှင်တော်ဘုရား၏ သတ္တဝါတို့ကို ကြီးပွားချမ်းသာကြောင်း နည်းလမ်း၌ ဖြစ်စေခြင်း၊ မကြီးပွားမချမ်းသာကြောင်း မကောင်းသော နည်းလမ်းမှ ဆုတ်နစ်စေခြင်းနှင့် အပြစ်ဒေါသ အလုံးစုံ ကင်းစင်၍ ဂုဏ်ကျေးဇူးအလုံးစုံနှင့် ပြည့်စုံစေခြင်းတို့ကြောင့်ပင် ဖြစ်သည်။
(ခ) ဓမ္မရတနာ
ဓမ္မရတနာတည်းဟူသော ဘုရား၏ တရားတော်ကို ကိုးကွယ်ရခြင်းမှာ တရားတော်ကို ကျင့်ကြံလိုက်နာသူတို့ကို ဘဝသံသရာခရီးခဲမှ ထုတ်ဆွဲကယ်တင်ခြင်း၊ တရားကျင့်တုန်းအခိုက်နှင့် ကျင့်ပြီးနောက်ကာလတို့၌လည်း သက်သာမှုကို ပေးစေခြင်းဖြင့် သတ္တဝါတို့၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်စီးစေနိုင်ခြင်းကြောင့် ဖြစ်ပါသည်။
(ဂ) သံဃာရတနာ
သံဃာတော်ကို ကိုးကွယ်ရခြင်းမှာ အနည်းငယ်မျှသော ကောင်းမှုကုသိုလ်တို့ကို ကြီးကျယ်ဖွံ့ဖြိုး အကျိုးများစေရန် ပြုခြင်းဖြင့် သံဃာတော်များသည် သတ္တဝါတို့၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးနိုင်ခြင်းကြောင့် ဖြစ်ပါသည်။
ထိုရတနာသုံးပါးအား ကြည်ညိုလေးစား ကိုးကွယ်ဆည်းကပ်သောသူကို သရဏဂုံတည်သူဟု ခေါ်ပါသည်။ ထိုသူသည် ကောင်းမြတ်သော ဘဝသို့ ရောက်ရမည် ဖြစ်သည့်ပြင် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ အခြွေအရံပေါများခြင်း စသော အကျိုးများကို ရရှိမည် ဖြစ်ပေသည်။
စာမျက်နှာ-6
ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ၊ မိဘ၊ ဆရာ တည်းဟူသော အနန္တောအနန္တငါးပါးကို တစ်ဂိုဏ်းတည်းထား၍ ပူဇော်ကိုးကွယ်ကြရသည်။
(ဃ) အနန္တောအနန္တ ၅-ပါး
၁။ ဗုဒ္ဓဂုဏော အနန္တော၊
၂။ ဓမ္မဂုဏော အနန္တော၊
၃။ သံဃဂုဏော အနန္တော၊
၄။ မာတာပိတုဂုဏော အနန္တော၊
၅။ အာစရိယဂုဏော အနန္တော။
ဗုဒ္ဓဂုဏော - မြတ်စွာဘုရား၏ ဂုဏ်တော်ကျေးဇူးတော်သည်၊ အနန္တော - အဆုံးမရှိ ကျယ်ဝန်းလှ၏။
ဓမ္မဂုဏော - တရားတော်၏ ဂုဏ်တော်ကျေးဇူးတော်သည်၊ အနန္တော - အဆုံးမရှိ ကျယ်ဝန်းလှ၏။
သံဃဂုဏော - သံဃာတော်မြတ်၏ ဂုဏ်တော်ကျေးဇူးတော်သည်၊ အနန္တော - အဆုံးမရှိ ကျယ်ဝန်းလှ၏။
မာတာပိတုဂုဏော - အမိအဘတို့၏ ဂုဏ်တော်ကျေးဇူးတော်သည်၊ အနန္တော - အဆုံးမရှိ ကျယ်ဝန်းလှ၏။
အာစရိယဂုဏော - ဆရာသမားတို့၏ ဂုဏ်တော်ကျေးဇူးတော်သည်၊ အနန္တော - အဆုံးမရှိ ကျယ်ဝန်းလှ၏။
ဘုရား၊ တရား၊ သံဃာ ရတနာ(၃)ပါးနှင့် မိဘဆရာသမားတို့၏ ဂုဏ်တော် ကျေးဇူးတော်တို့သည် အဆုံးမရှိ ကျယ်ဝန်းကြီးမား များပြားလှပေသည်။
ဗုဒ္ဓဂုဏော အနန္တော
ဗုဒ္ဓမြတ်စွာဘုရားသည် သံသရာဝဋ်ဆင်းရဲအတွင်း၌ ဒုက္ခမျိုးစုံနှင့် တွေ့ကြုံခံစားနေရသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို ထိုသံသရာဝဋ်ဆင်းရဲအတွင်းမှ ထုတ်ဆောင်ကယ်တင်၍ ရာဂ ဒေါသ စသော တစ်ဆယ့်တစ်သီးသော မီးတို့၏ ငြိမ်းအေးရာဖြစ်သော (သို့မဟုတ်) သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်မြောက်ရာဖြစ်သော နိဗ္ဗာန်သို့ ပို့ဆောင်ကယ်တင်တော်မူပေသည်။ ဤသို့ ဗုဒ္ဓမြတ်စွာသည်...
စာမျက်နှာ-7
သံသရာတွင် ကျင်လည်နေကြရသော သတ္တဝါအပေါင်းကို ဝဋ်ဆင်းရဲမှ ကယ်တင်၍ ချမ်းသာရာ နိဗ္ဗာန်သို့ ပို့ဆောင်တတ်သောကြောင့် သတ္တဝါအားလုံးတို့၏ အတိုင်းမသိသော ကျေးဇူးရှင်ဖြစ်ပါသည်။
ဓမ္မဂုဏော အနန္တော
သံသရာ၏ အရင်းအမြစ်ဖြစ်သော အဝိဇ္ဇာ (မောဟ) အမိုက်မှောင်နှင့် တဏှာသံယောဇဉ်တို့သည် သတ္တဝါတို့ကို သံသရာ၌ နစ်မွန်းအောင် ပြုလုပ်လျက် ဖွဲ့နှောင်ထားကြသည်။ တရားတော်သည် မိမိတရားတော်ကို ကျင့်ကြံအားထုတ်သော သတ္တဝါတို့ကို ထိုသို့ အမိုက်မှောင်အတွင်း၌ နစ်မွန်းအောင် ပြုလုပ်တတ်သော အဝိဇ္ဇာနှင့် တဏှာတို့ကို ရှင်းလင်းသုတ်သင်လျက် လွတ်မြောက်အောင် ကယ်တင်ပေးသည်။ ထို့ကြောင့် တရားတော်သည် သတ္တဝါအားလုံးတို့အဖို့ ဆပ်၍ မကုန်နိုင်လောက်အောင် ကျေးဇူးများပါသည်။
သံဃဂုဏော အနန္တော
အရိယာသံဃာတော်မြတ်သည် လောဘ၊ ဒေါသ စသော ကိလေသာတရားတို့ ကင်းရှင်း၍ မဂ်ဖိုလ်နိဗ္ဗာန်တည်းဟူသော တရားတော်မြတ်တို့နှင့်သာ ပျော်မွေ့နေကြသဖြင့် သတ္တဝါများ၏ ကုသိုလ်ကောင်းမှု စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်ပေသည်။ ထိုသို့ အရိယာသံဃာတော်များကို ကိုးကွယ်ဆည်းကပ် လုပ်ကျွေးခြင်းဖြင့် ကုသိုလ်ကောင်းမှုများစွာ ဖြစ်ထွန်း၍ ကောင်းကျိုးချမ်းသာ ခံစားကြရသည်။ သို့ဖြစ်၍ အရိယာသံဃာတော်များသည် သတ္တဝါတို့၏ အတိုင်းမသိသော ကျေးဇူးရှင်များ ဖြစ်ပါသည်။ အရိယာနွယ်ဝင် ပုထုဇဉ်သံဃာတော်များသည်လည်း ဗုဒ္ဓရှင်တော်မြတ် ဟောကြားထားရစ်ခဲ့သော တရားတော်များကို သတ္တဝါတို့အား လူ နတ် နိဗ္ဗာန် သုံးတန်ချမ်းသာကို လမ်းညွှန်သည့်အနေဖြင့် ဟောပြောပြသကြသောကြောင့် သတ္တဝါများစွာတို့၏ အတိုင်းမသိသော ကျေးဇူးရှင်များပင် ဖြစ်ပါသည်။
မာတာပိတုဂုဏော အနန္တော
မိခင်သည် ကလလရေကြည် တည်သည့်အချိန်မှစ၍ သားသမီးအပေါ် ချစ်ခြင်းမေတ္တာဖြင့် သန္ဓေသားကို ယုယစွာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည်။ အချို၊ အချဉ်၊ အစပ်၊ အခါး အစရှိသည့် မသင့်မြတ်သော အစားအစာကို ရှောင်ကြဉ်ခဲ့ရသည်။ အချိန်စေ့၍ ဖွားမြင်လာသောအခါတွင်လည်း ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် အရွယ်မှစ၍ လူလားမြောက်သည့် အရွယ်အထိ ပိုးမွေးသလို မွေးမြူခဲ့ရသည်။
စာမျက်နှာ-8
ထို့အတူ ဖခင်အနေဖြင့်လည်း သားသမီး၏ ကျန်းမာပျော်ရွှင်ရေး၊ စားဝတ်နေရေး၊ ပညာရေး အစရှိသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ပေသည်။
မိဘနှစ်ဦးတို့သည် သားသမီးများ အရွယ်ရောက်လာသည့်အခါတွင်လည်း “မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ” ဟူသည်နှင့်အညီ မိဘတို့၏ ဝတ္တရားများကို ပြည့်စုံအောင် ဆောင်ရွက်ပေးကြရသည်။ ထို့ပြင် “လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့်ဘ” ဆိုသည့်အတိုင်း သားသမီးတို့၏ လက်ဦးဆရာများလည်း ဖြစ်ကြပါသည်။ တဖန် မိဘတို့၏ သားသမီးတို့အပေါ် ကျေးဇူးကြီးမားပုံမှာ စာဖွဲ့၍ မကုန်နိုင်လောက်အောင် များပြားလှသဖြင့် “မိဘကျေးဇူး၊ မြင်းမိုရ်ဦး၊ အထူးသိလျက် အဆပ်ခက်”ဟုပင် ဆိုရိုးပြုခဲ့ရသည်။ ကျွန်ုပ်တို့ မြတ်စွာဘုရားကိုယ်တော်တိုင်ပင် အမိ၏ ကျေးဇူးကိုဆပ်ရာတွင် နို့တစ်လုံးဖိုးမျှသာ ကျေသည်ဟု ကျမ်းဂန်စကား မှာထားချက်များ ရှိပေသည်။ ဤသို့ဖြင့် မိဘတို့သည် သားသမီးတို့အပေါ် များစွာ ကျေးဇူးကြီးမားလှပေသည်။
အာစရိယဂုဏော အနန္တော
တပည့်တို့၏ အကျိုးကျေးဇူးတို့ကို ကျင့်ဆောင်တတ်သောကြောင့် ဆရာဟု ခေါ်ဆိုရကြောင်း အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်အညီ ဆရာသည် တပည့်သားတို့အပေါ် မေတ္တာစေတနာ အရင်းခံထား၍ မလိမ္မာ မယဉ်ကျေးသည်ကို လိမ္မာယဉ်ကျေးလာစေရန်လည်းကောင်း၊ မကောင်းသောအမှုကို ရှောင်ကြဉ်စေ၍ ကောင်းသော အမှုကို ပြုလုပ်စေရန်လည်းကောင်း ချိုသာစွာ ဆုံးမသွန်သင်ပြသကြသည်။ ထို့ပြင် “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ ဝတ်ငါးဖြာ” ဟူသည်နှင့်အညီ ဆရာကျင့်ဝတ်များကို ပြည့်စုံစွာ ဆောင်ရွက်ပေးကြပါသည်။ ဤသို့အားဖြင့် ဆရာတို့သည် တပည့်များ၏ အနန္တကျေးဇူးရှင်များ စာရင်းတွင် ပါဝင်ပါသည်။
စာမျက်နှာ-9
အခန်း ( ၃ ) ဗုဒ္ဓဘာသာအဖြစ် ခံယူခြင်း
(က) စိတ်ထားမှန်ကန်ခြင်း
လူ့လောကတွင် စိတ်ထားဖြူစင် ဖြောင့်မတ်မှန်ကန်ရန် အရေးကြီးလှ၏။ စိတ်ထားဖြူစင်ဖြောင့်မတ် မှန်ကန်မှသာ ယုံကြည်မှု အားကောင်းသည်။
ဘုရား, တရား, သံဃာ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ခြင်းသည် တစ်စုံတစ်ယောက်သောသူကို ကြောက်ရွံ့သောကြောင့် ဆည်းကပ်ကိုးကွယ်ခြင်းမျိုး မဖြစ်စေရပါ။ တစ်စုံတစ်ယောက်သောသူက ခိုင်းစေသောကြောင့်လည်း မဖြစ်စေရပါ။ ပစ္စည်းလာဘ်လာဘ, အာဏာ, ပါဝါ စသည်တို့ကို ရယူလိုသောကြောင့် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းမျိုးလည်း မဖြစ်စေရပါ။
မိမိကိုယ်တိုင်က “ဘုရားအစစ် ဘုရားအမှန်, တရားအစစ် တရားအမှန်, သံဃာအစစ် သံဃာအမှန် တကယ်ဖြစ်သည်”ဟု ယုံကြည်သက်ဝင်သောကြောင့် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းမျိုးသာ ဖြစ်စေရပါမည်။
ဤသို့ စစ်မှန်သော ဘုရား, တရား, သံဃာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ပြီး တရားအစစ်အမှန်အကျင့်များကို လိုက်နာကျင့်သုံး ကြိုးစားအားထုတ်ပါက လက်ငင်းအားဖြင့် စိတ်ချမ်းသာမှု ရရှိပြီး ဝဋ်ဆင်းရဲအပေါင်းမှ ဧကန်မုချ ကင်းလွတ်နိုင်သည်ဟု မိမိကိုယ်တိုင် မမှိတ်မသုန် ယုံကြည်သက်ဝင်သောကြောင့် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းမျိုး ဖြစ်စေရပါမည်။
(ခ) သရဏဂုံ သုံးပါး ပါဠိ
၁။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။
၂။ ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။ ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။
၃။ တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။ တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။
စာမျက်နှာ-10
မှတ်ချက်။ ။ ဒုတိယမ္ပိကို အသံထွက်အောင် နှုတ်မြွက်ရွတ်ဆိုရာ၌ ဒုတိယမ်ပိ- ဟု အသံထွက်အောင် ရွတ်ဆိုပါ။ ဒုတိယံမိ- ဟု အသံထွက်လျှင် မှားယွင်းသည်။ ထို့အတူ တတိယမ်ပိ- ဟု အသံထွက်အောင် ရွတ်ဆိုပါ။ တတိယံမိ- ဟု အသံထွက်လျှင် မှားယွင်းသည်။
“အက္ခရာနှစ်လုံး၊ ထပ်ဆင့်သုံး၊ ပေါ်လုံးရှေ့တွက် အသတ်တည်း။”
သရဏဂုံ သုံးပါးအနက်
၁။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံ=သရဏံ ဣတိ၊ ကိုးကွယ်လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍။ ဂစ္ဆာမိ၊ မှီဝဲဆည်းကပ် သိမှတ်ပါ၏။
ဓမ္မံ၊ မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်ပိုင်းဖြတ် ဆယ်ပါးသော တရားတော်မြတ်ကို။ သရဏံ=သရဏံ ဣတိ၊ ကိုးကွယ်လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍။ ဂစ္ဆာမိ၊ မှီဝဲဆည်းကပ် သိမှတ်ပါ၏။
သံဃံ၊ သံဃာတော်မြတ်ကို။ သရဏံ=သရဏံ ဣတိ၊ ကိုးကွယ်လဲလျောင်း ပုန်းအောင်း မှီခိုရာ ဟူ၍။ ဂစ္ဆာမိ၊ မှီဝဲဆည်းကပ် သိမှတ်ပါ၏။
၂။ ဒုတိယမ္ပိ၊ နှစ်ကြိမ်မြောက်လည်း။ ဗုဒ္ဓံ၊ ... ကို။ သရဏံ၊ ... ဟူ၍၊ ဂစ္ဆာမိ၊ ... ၏ စသည်ဖြင့် ကုန်ဆုံးအောင် အနက်ပေးပါ။
၃။ တတိယမ္ပိ၊ သုံးကြိမ်မြောက်လည်း။ ဗုဒ္ဓံ၊ ... ကို။ သရဏံ၊ ... ဟူ၍၊ ဂစ္ဆာမိ၊ ... ၏ စသည်ဖြင့် ကုန်ဆုံးအောင် အနက်ပေးပါ။
(ဂ) သရဏဂုံသုံးပါး ခံယူဆောက်တည်ပုံ
“သရဏဂမန” ဟူသော ပါဠိပုဒ်မှ ဂမနကို ဂုံသို့ ပြောင်း၍ သရဏဂုံဟု မြန်မာမှု ပြုထားခြင်း ဖြစ်၏။ ဘုရား, တရား, သံဃာ ရတနာသုံးပါးကို ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍ မှီဝဲဆည်းကပ် သိမှတ်ခြင်းသည် သရဏဂုံ ဆောက်တည်ခြင်း ဖြစ်၏။
“ဘုရား, တရား, သံဃာ ရတနာသုံးပါးသာလျှင် ကိုးကွယ်ရာ အစစ်အမှန်ဖြစ်၏”ဟု ယုံကြည်သိမှတ်လျက် ရိုသေလေးမြတ် ဆည်းကပ်လိုသော ကုသိုလ်စေတနာ (မဟာကုသိုလ်စိတ် စေတသိက် နာမ် ခန္ဓာအပေါင်း) ကို “သရဏဂုံ” ဟု ခေါ်၏။
စာမျက်နှာ-11
ကိုးကွယ်မှုအားဖြင့်-
(၁) ဘုရားကိုးကွယ်မှု၊
(၂) တရားကိုးကွယ်မှု၊
(၃) သံဃာကိုးကွယ်မှု-
ဟူ၍ သုံးပါးရှိပါသည်။ ဤသုံးပါးကိုပင် “သရဏဂုံသုံးပါး” ဟု ခေါ်ဆိုခြင်းဖြစ်၏။
မိမိသန္တာန်၌ ရတနာသုံးပါးကို ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်လိုသော စိတ်စေတနာ (မဟာကုသိုလ်စိတ် စေတသိက် နာမ် ခန္ဓာအပေါင်း) ဖြစ်နေကြောင်းကို ထင်ရှားပြဖို့ရာ ဝန်ခံကတိပေးထားသောအားဖြင့် (ခ)မှာ ဖော်ပြထားသည့်အတိုင်း “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသော ပါဠိစကားကို သုံးကြိမ်ပြည့်အောင် ရွတ်ဆိုခြင်းသည် သရဏဂုံ ဆောက်တည်ခြင်းဖြစ်၏။ နှုတ်ဖြင့် ရွတ်ဆိုရမည်။ စိတ်ကူးရုံမျှဖြင့် ဆောက်တည်ရာ မရောက်။
လူဝတ်ကြောင်များအနေဖြင့် ပါဠိဘာသာ မဟုတ်သော်လည်း မိမိတို့ ကျွမ်းကျင်သော ဘာသာစကားဖြင့် “ဘုရားကို ကိုးကွယ်ဆည်းကပ်ပါ၏။ တရားကို ကိုးကွယ်ဆည်းကပ်ပါ၏။ သံဃာတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏” ဟူသော အဓိပ္ပာယ် သက်ဝင်အောင် လေးနက်ယုံကြည်စွာ သရဏဂုံ ဆောက်တည်နိုင်ပါသည်။
ဗုဒ္ဓဘာသာဝင်ဖြစ်သူသည် ရဟန်းတော်တစ်ပါးပါး၏ ရှေ့မျက်မှောက်တွင် ရိုသေစွာ ထိုင်ရှိခိုး၍ ဩကာသဖြင့် ကန်တော့ပြီးမှ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသည်ဖြင့် ပီသစွာ ရွတ်ဆိုလျက် သရဏဂုံကို ဆောက်တည်ရမည်။ သုံးကြိမ်ပြည့်အောင် ပီသစွာ ရွတ်ဆိုဆောက်တည်ရမည်။
ရဟန်းသံဃာမရှိသော နေရာရောက်နေပါက ရုပ်ပွား, ဆင်းတု, စေတီတော်တို့၏ ရှေ့တွင် ရိုသေစွာ ထိုင်ရှိခိုးလျက် ဩကာသဖြင့် ကန်တော့ပြီးမှ သရဏဂုံ ဆောက်တည်ရမည်။
“အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသည်ဖြင့်လည်း ဆောက်တည်နိုင်သည်။ “အဇ္ဇတဂ္ဂေ ပါဏုပေတံ၊ ယနေ့မှစ၍ အသက်ဆုံးသည်တိုင်အောင်” ဟု အနက်ပေးပါ။
(ဃ) သရဏဂုံတည်ခြင်း၏ အကျိုး
သရဏဂုံ မဆောက်တည်ဘဲ သီလယူနိုင်သော်လည်း သရဏဂုံ တည်ပြီးမှ ဆောက်တည်ကျင့်သုံးအပ်သော သီလသည်သာလျှင် ပိုမိုပြီး ကောင်းကျိုးကြီးမား...
စာမျက်နှာ-12
မြင့်မားသောကြောင့် ရှေးဦးစွာ သရဏဂုံ ဆောက်တည်ပြီးမှသာ ငါးပါးသီလ, ရှစ်ပါးသီလ စသည်တို့ကို ဆောက်တည်ကြပါသည်။
ဉာဏ်ယှဉ်, မယှဉ်
စေတီ, ပုထိုး, ရုပ်ပွား, ဆင်းတုတော်များကို တွေ့မြင်သောအခါနှင့် ရဟန်းသံဃာတော်များကို တွေ့မြင်သောအခါ - မိဘတို့က “ရှိခိုးကြ၊ ဦးချကြ”ဟု ခိုင်းသောကြောင့် ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သော ကလေးသူငယ်တို့၏ မိရိုးဖလာ သရဏဂုံသည် ဉာဏ်မယှဉ် (ဉာဏဝိပ္ပယုတ်ဖြစ်)သော သရဏဂုံဖြစ်သည်။ ဤသရဏဂုံသည်လည်း ကောင်းကျိုးရနိုင်၏။
ဘုရား, တရား, သံဃာ ရတနာသုံးပါး၏ ဂုဏ်တော်များကို မဖောက်မပြန် မှန်ကန်စွာ ပါဠိအနက် အဓိပ္ပာယ် ထင်မြင်၍ သုဂတိဘဝအဆင့်ဆင့်နှင့် နိဗ္ဗာန်တိုင်အောင် ကောင်းကျိုးရနိုင်သည်ဟု ယုံကြည်သက်ဝင်လျက် ရတနာသုံးပါးတို့ကို ကိုးကွယ်ဆည်းကပ်သူတို့၏ သရဏဂုံသည် ဉာဏ်နှင့်ယှဉ် (ဉာဏသမ္ပယုတ်ဖြစ်)သော သရဏဂုံ ဖြစ်၏။
သရဏဂုံ၏ ကောင်းကျိုးအာနိသင်ကား လူ့ဘဝ, နတ်ဘဝ၏ ပြည့်စုံခြင်း၊ လူ့စည်းစိမ်, နတ်စည်းစိမ်, ဗြဟ္မာ့စည်းစိမ် ချမ်းသာများနှင့် ပြည့်စုံသည့်အပြင် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တိုင်အောင် ကောင်းကျိုးပေးနိုင်သည်။
တိသရဏဂမနိယထေရ်
တိသရဏဂမနိယထေရ် အလောင်းသည် ဝိပဿီဘုရားလက်ထက် ဗန္ဓုမတီမြို့၌ မျက်မမြင် မိဘနှစ်ပါးကို လုပ်ကျွေးမွေးမြူနေ၏။ ထိုခေတ်က လူ့သက်တမ်းသည် အနှစ်တစ်သိန်း ရှည်၏။
ဝိပဿီမြတ်စွာဘုရား၏ လက်ယာရံ အဂ္ဂသာဝက “နိသဘ”မထေရ်၏ထံတွင် တိသရဏဂမနိယထေရ်အလောင်း လုလင်သည် သရဏဂုံ ဆောက်တည်၍ အနှစ်တစ်သိန်းကာလပတ်လုံး မညှိုးနွမ်း မပျက်စီးအောင် စောင့်ထိန်း၏။ သေသောအခါ ထိုသရဏဂုံ ကောင်းမှုဖြင့်ပင် တာဝတိံသာနတ်ပြည်မှာ နတ်သားဖြစ်၏။
ထိုသရဏဂုံ ကောင်းမှုကြောင့်ပင် တိသရဏဂမနိယထေရ် အလောင်းနတ်သားသည် အပူဇော်ခံရခြင်း၊ ခပ်သိမ်းသော နတ်တို့ မိမိအလိုသို့ လိုက်ရခြင်း၊ မနှိုင်းယှဉ်နိုင်သော စည်းစိမ်ကို ရခြင်း၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိခြင်း၊ အဆွေခင်ပွန်းတို့ (အနှောင့်အယှက်ပေးရန်) မလှုပ်ရှားနိုင်ခြင်း၊ ကျေးဇူးသတင်း ကျော်စောခြင်း၊ အကြိမ်(၈၀) သိကြားမင်းဖြစ်ရခြင်း၊ (၇၅)ကြိမ် စကြဝတေးမင်း ဖြစ်ရခြင်း၊ မရေ...
စာမျက်နှာ-13
မတွက်နိုင်အောင် ပဒေသရာဇ်မင်း ဖြစ်ရခြင်း ကောင်းကျိုးအာနိသင်တို့ကို ရရှိပြီးနောက် ယခုဂေါတမဘုရားရှင် ပွင့်ထွန်းတော်မူသောအခါ သာဝတ္ထိပြည်၌ အလွန် ချမ်းသာကြွယ်ဝသော အမျိုး၌ လူလာဖြစ်၏။
(၇)နှစ်အရွယ်မျှ ရှိသေးသော တိသရဏဂမနိယထေရ်အလောင်း သူငယ်ကလေးသည် ကစားဖော်များနှင့်အတူ သံဃာ့အာရာမ်သို့ သွား၏။ ရဟန္တာတစ်ပါးက သူငယ်အား တရားဟော၍ သရဏဂုံ ဆောက်တည်စေ၏။ သူငယ်ကလေးသည် ရှေးရှေးဘဝက မိမိစောင့်ထိန်းခဲ့ဖူးသော သရဏဂုံကို အောက်မေ့ဆင်ခြင်၍ ဝိပဿနာကို တွင်တွင်ကြီး ပွားများပြီး အားထုတ်လိုက်သောအခါ တစ်နေရာတစ်ထိုင်တည်းမှာပင် အရဟတ္တဖိုလ်သို့ ရောက်သွား၏။
(၇)နှစ်သားအရွယ်မှာပင် ဘုရားရှင်က ရဟန်းပြုပေး၍ “ရဟန္တာသခင် တိသရဏဂမနိယထေရ်အရှင်”ဟု သာသနာတော်တွင် ထင်ရှားကျော်စောတော်မူခဲ့သည် (ထေရာပဒါန်၊ သုဘူတိဝဂ်)။
ဘီလူးအဆွဲခံရသော သူငယ်
ရာဇဂြိုဟ်မြို့ကြီး၌ သမ္မာဒိဋ္ဌိအယူရှိသူ၏ သားနှင့် မိစ္ဆာဒိဋ္ဌိအယူရှိသူ၏သား သူငယ်ချင်းနှစ်ယောက်တို့သည် ခုံညင်းကစားကြရာ သမ္မာဒိဋ္ဌိသူငယ်က “နမော ဗုဒ္ဓဿ”ဟု ဆို၍ ခုံညင်းပစ်၏။ အမြဲတမ်းနိုင်၏။ ထိုအခါ မိစ္ဆာဒိဋ္ဌိသူငယ်က ဤသူသည် “နမော ဗုဒ္ဓဿ”ဟု ဆို၍ ကစားလျှင် အမြဲနိုင်သည်ဟု မှတ်သား၍ သူလည်း “နမော ဗုဒ္ဓဿ”ရအောင် လေ့ကျင့်သင်ကြားထား၏။
တစ်နေ့တွင် မိစ္ဆာဒိဋ္ဌိသူငယ်၏ဖခင် တောသို့ ထင်းခုတ်သွားရာ သားငယ်ကိုပါ ခေါ်သွား၏။ ထင်းခုတ်ပြီးပြန်အလာ မြို့ပြင်သုသာန်အနီးတွင် ရေမိုးကောင်း၍ လှည်းဖြုတ် ထမင်းစား အပန်းဖြေ၏။ ဖြေလွှတ်ထားသော နွားတို့သည် ညနေတွင် မြို့တွင်းဝင်သည့် နွားများနှင့်အတူ ရောဝင်လိုက်ပါသွားကြ၏။
ဖခင်သည် နွားပျောက်ရှာရင်း သူ၏နွားများ မြို့တွင်းသို့ ရောပါသွားသည်ဟု သတင်းရ၍ မြို့တွင်းသို့ သွားရောက်ရှာဖွေ တွေ့ရှိသော နွားတို့ကို ဆွဲယူပြီး ပြန်လာရာ မြို့တံခါးပိတ်ထားပြီ ဖြစ်သောကြောင့် မြို့ပြင်သို့ ထွက်ခွင့်မရတော့ပေ။
သားငယ်သည် တစ်ယောက်ထီးတည်း သုသာန်၏အနီးဝယ် ညဉ့်အမှောင်ရောက်လျှင် လှည်းအောက်သို့ ဝင်ရောက် အိပ်ပျော်သွား၏။
ညဉ့်နက်လျှင် အစာရှာ ဘီလူးနှစ်ဦးတို့သည် အိပ်ပျော်နေသော သူငယ်ကို တွေ့၏။
စာမျက်နှာ-14
သမ္မာဒိဋ္ဌိဘီလူးက တားမြစ်ပါသော်လည်း မရဘဲ မိစ္ဆာဒိဋ္ဌိဘီလူးက စားဖို့ရန် သူငယ်၏ခြေကို ကိုင်၍ ဆွဲယူ၏။ ထိုအခါ သူငယ်သည် သင်ကြားထားပြီးသော လေ့ကျင့်မှုအရ “နမော ဗုဒ္ဓဿ”ဟု ယောင်ယမ်း ရွတ်ဆိုလိုက်၏။
ထိုအခါ မိစ္ဆာဒိဋ္ဌိဘီလူးကို သမ္မာဒိဋ္ဌိဘီလူးက “ငါရှိပါလျက် သင်သည် မပြုထိုက်သော အလုပ်ကို ပြုလုပ်၏။ သင်သည် သူငယ်အတွက် ဒဏ်ဆောင်ရမည်”ဟု ဆို၏။ ဘီလူးနှစ်ဦး တစ်ညလုံး သူငယ်ကို စောင့်ရှောက်လျက် နေကြရ၏။ သူငယ် ထမင်းမစားရသေးသည်ကို သိ၍ မိစ္ဆာဒိဋ္ဌိဘီလူးသည် မြို့သို့ဝင်၍ ရှင်ဘုရင်စားသော ရွှေခွက်ကို ထမင်းအပြည့် ထည့်ယူလာ၏။ ဘီလူးနှစ်ဦးသည် မိဘနှစ်ပါးယောင် ဆောင်၍ သူငယ်ကို ကျွေးရ၏။
နံနက်လင်းသောအခါ မင်းကြီး၏ ရွှေခွက်ပျောက်၍ မြို့တံခါးပိတ်ပြီး ရှာ၏။ မတွေ့။ မြို့ပြင်သို့ ထွက်ရှာရာ ထင်းလှည်းပေါ်မှာ ရွှေခွက်ကို တွေ့၏။ သူငယ်ကို ဖမ်းဆီး၍ မင်းကြီးထံ အပ်၏။
စစ်မေးသောအခါ မိဘတို့ လာကျွေး၍ စားရသည်ဟု သူငယ်က ဖြေဆို၏။ မိဘတို့ကို စစ်မေးသောအခါ မြို့ထဲမှာပင် ညက သူတို့ရှိနေကြောင်းကို သက်သေပြနိုင်ကြ၏။
မင်းကြီးသည် သားအမိ သားအဖ သုံးယောက်လုံးကို ခေါ်၍ ဘုရားထံ သွား၏။
“ဗုဒ္ဓါနုဿတိ (ဘုရားကို သတိရခြင်း) သည် အကာအကွယ် ဖြစ်နိုင်ပါသလား ဘုရား” ဟု ဗိမ္ဗိသာရမင်းကြီးက ဘုရားရှင်အား မေးမြန်းလျှောက်ထားသောအခါ ဘုရားရှင်က--
“ဗုဒ္ဓါနုဿတိသာလျှင် အစောင့်အရှောက် ဖြစ်နိုင်သည် မဟုတ်၊ လူ့ခန္ဓာကိုယ်တွင် ခြောက်ဌာနလုံခြုံအောင် စိတ်ကို ကောင်းစွာ ပွားများကြသော သူတို့အား အခြားသော အကာအကွယ် မန္တန်ဆေးဝါး ဆောင်စရာ မလိုတော့ပြီ”-
ဟူ၍ ဟောကြားတော်မူပါသည် (ဓမ္မပဒ။ ပကိဏ္ဏကဝဂ်၊ ထင်းခုတ်သမား သားအဖ ဝတ္ထု)။
စာမျက်နှာ-15
မှတ်ချက်။ ။ ဤ၌ “နမော ဗုဒ္ဓဿ” ဟု ရွတ်ဆိုခြင်းသည် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”ဟု တိုက်ရိုက်မဆိုသော်လည်း ဘုရားကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ အလိုအလျောက် သက်ရောက် အကျုံးဝင်သွားသည်ဟု သဘောပေါက် နားလည်ရမည်။
စာမျက်နှာ-16
အခန်း ( ၄ ) ဗုဒ္ဓဘာသာအဖြစ်မှ ပျက်စီးပုံ
(က) သရဏဂုံပျက်စီးခြင်း
ဘုရား, တရား, သံဃာ ရတနာသုံးပါးသည် ကိုးကွယ်အားထားရာ ဖြစ်သောကြောင့် “သရဏ”ဖြစ်၍ ထို ‘သရဏ’ အပေါ်တွင် ယုံမှားတွေဝေမှုမရှိဘဲ ကြည်ညိုလေးမြတ် ဆည်းကပ်ကိုးကွယ်သော သဒ္ဓါ၊ ပညာ စသည့် ကုသိုလ်စိတ်များသည် “သရဏဂုံ” ဖြစ်ကြောင်း ရှေ့တွင် ဖော်ပြပြီးဖြစ်ပါသည်။
ယင်း “သရဏဂုံ” သည် “လောကီသရဏဂုံ”၊ “လောကုတ္တရာသရဏဂုံ” ဟူ၍ အခြေခံ အမျိုးအစားအားဖြင့် (၂)မျိုးရှိသည်။ လောကုတ္တရာသရဏဂုံဆိုသည်မှာ အရိယာပုဂ္ဂိုလ်တို့အဖို့ သောတာပတ္တိမဂ်ဉာဏ် ဖြစ်ပေါ်ခိုက်ခဏမှာပင် ရတနာသုံးပါးအပေါ်၌ တွေဝေယုံမှားမှု၊ မယုံကြည်မှုများ ကင်းပြတ်ပြီး ဖြစ်သဖြင့် အထူးဆောက်တည်ရန် မလိုတော့ချေ။ အလိုလို သရဏဂုံတည်ပြီး ဖြစ်၏။
လောကီသရဏဂုံမူကား ဖော်ပြလတ္တံ့ပါအတိုင်း (၄)မျိုးရှိ၏--
(၁) မိမိကိုယ်ကို ရတနာသုံးပါးအား အပ်နှင်းခြင်း (အတ္တသန္နိယျာတန သရဏဂုံ)၊
(၂) မိမိကိုယ်ကို ရတနာသုံးပါးသာလျှင် ကိုးကွယ်လဲလျောင်းရာ ရှိသည်၏ အဖြစ်ကို ပြုခြင်း (ဝါ) ရတနာသုံးပါးအပေါ် လုံးဝအားကိုးထားခြင်း (တပ္ပရာယဏတာသရဏဂုံ)၊
(၃) မိမိကိုယ်ကို ရတနာသုံးပါး၏ တပည့်အဖြစ် ခံယူခြင်း (သိဿဘာဝူပဂမနသရဏဂုံ)၊
(၄) ရတနာသုံးပါးအား ဝပ်တွားခယ မိမိကိုယ်ကို နှိမ့်ချ၍ အလွန် ရိုသေသော အခြင်းအရာကို ပြသခြင်း (ပဏိပါတသရဏဂုံ)။
အမှတ်စဉ် (၄)ဖြစ်သော “ပဏိပါတသရဏဂုံ” တွင်--
(၁) သာကီဝင်မင်းမျိုးတို့က ဘုရားရှင်အား ဆွေမျိုးအဖြစ်မှတ်ယူ၍ ရှိခိုးခြင်း၊ ခရီးဦးကြိုခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေပြုခြင်းမျိုးသည် သရဏဂုံ ဆောက်တည်ရာ မရောက်။
စာမျက်နှာ-17
(၂) အကြောက်တရားကို အခြေခံ၍ ရှိခိုးခြင်း၊ ခရီးဦးကြိုခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေပြုခြင်းသည် သရဏဂုံ ဆောက်တည်ရာ မရောက်။
(၃) ဘုရားရှင်အား လောကီလမ်းညွှန် အဆုံးအမစကားကို နာယူရသောကြောင့် ဆရာအဖြစ် မှတ်ယူ၍ ခရီးဦးကြိုခြင်း စသည်ကို ပြုလုပ်ခြင်းသည် သရဏဂုံ ဆောက်တည်ရာ မရောက်။
(၄) သီလ၊ သမာဓိ၊ ပညာဂုဏ် စသည်တို့ကို ရည်မှတ်၍ ခရီးဦးကြိုပြုခြင်း၊ ရှိခိုးခြင်း၊ လက်အုပ်ချီခြင်း စသည်တို့ကို ပြုလျှင် “ဒက္ခိဏေယျပဏိပါတ” ဖြစ်၍ သရဏဂုံတည်သည်။
ထို့ကြောင့် ဆွေမျိုးဉာတိအမှတ်ဖြင့်လည်းကောင်း၊ ကြောက်၍သော်လည်းကောင်း၊ အတတ်ပညာသင်ပေးသူ ဆရာအဖြစ် မှတ်ယူသော်လည်းကောင်း၊ မည်သူ့ကိုမဆို ရှိခိုးမှု၊ ခရီးဦးကြိုမှု စသည်ကိုပြုလျှင် ဆောက်တည်ထားသော သရဏဂုံ ပျက်ယွင်းခြင်းမရှိချေ။
မှတ်ချက်။ ။ ဘုရား, တရား, သံဃာကို မပစ်ပယ်ဘဲ လာဘ်လာဘ ရွှင်စေလို၍ နတ်ကို ပူဇော်ပသခြင်း၊ နတ်ဖမ်းစားမည်ကို စိုးရိမ်၍ ရိုးရာ တင်မြှောက်ခြင်းတို့သည် သရဏဂုံ မပျက်ပေ။
သို့ရာတွင် ရတနာသုံးပါး မှတပါးသော ပုဂ္ဂိုလ်တို့၌ သီလ၊ သမာဓိ၊ ပညာဂုဏ် ကြီးမြတ်မှုကို ရည်မှတ်လျက် အထက်တွင် ဖော်ပြခဲ့သည့် လောကီသရဏဂုံ ဆောက်တည်ပုံ (၄)မျိုးကို ပြုလုပ်လျှင်သော်လည်းကောင်း၊ သရဏဂုံ ဆောက်တည်ထားသူ သေဆုံးလျှင်သော်လည်းကောင်း သရဏဂုံ လုံးဝပျက်စီးသည်။
မှတ်ချက်။ ။ ဘုရားကို ပစ်ပယ်ပြီး နတ်ကိုဖြစ်စေ၊ တခြားသောဘုရားအလောင်း (တရုတ်အန်းကုန်း) စသည်ကိုဖြစ်စေ ကိုးကွယ်ရာဟူ၍ ဆည်းကပ်မူကား သရဏဂုံ ပျက်သည်။
ရတနာသုံးပါး ဂုဏ်တော်များ၌ မသိနားမလည်ခြင်း၊ ရတနာသုံးပါးအပေါ် တွေဝေခြင်း၊ မှားယွင်းစွာ ယူဆမိခြင်း၊ မရိုမသေ မလေးမစားပြုခြင်းတို့ကြောင့် ဆောက်တည်ထားသော သရဏဂုံ ညစ်နွမ်းသည်။ သို့ဖြစ်၍ သရဏဂုံ ညစ်နွမ်းခြင်း၊ ပျက်စီးခြင်းမရှိအောင် သတိဆောင်ကြရာသည်။
စာမျက်နှာ-18
(ခ) အယူဝါဒ ပျက်စီးခြင်း
ဗုဒ္ဓဘာသာဝင်သည်--
(၁) ဘုရား၊ (၂) တရား၊ (၃) သံဃာ၊ တို့ကို ယုံကြည်ရသည်။
(၄) ကံ၊ ကံ၏အကျိုး၊
(၅) အကြောင်းနှင့် အကျိုး ဆက်သွယ်ဖြစ်မှု (ပဋိစ္စသမုပ္ပါဒ်)၊
(၆) အတိတ်ဘဝ, အနာဂတ်ဘဝ-
ဤ၌ ကံဟူသည် ကုသိုလ်ကံ (ကောင်းသောအလုပ်) နှင့် အကုသိုလ်ကံ (မကောင်းသောအလုပ်) ပင် ဖြစ်သည်။ လောက၌ မည်သူမဆို ကောင်းတာလုပ်လျှင် ကောင်းကျိုးကို ခံစားရ၏။ မကောင်းတာလုပ်လျှင် မကောင်းကျိုးကို ခံစားရ၏။ မိမိပြုလုပ်သော ကံသည် မိမိ၏ ကိုယ်ပိုင်ဥစ္စာ (ကမ္မဿကာ) မည်ပါသည်၊ မိမိပြုလုပ်သော ကံအရ ဆိုးမွေ, ကောင်းမွေ (ကမ္မဒါယာဒ) ကို ခံယူရမည် ဖြစ်၏။ ဤသို့ စသည်ဖြင့် ယုံကြည်လက်ခံခြင်းကို “ကမ္မဿကတာသမ္မာဒိဋ္ဌိ” ဟု ခေါ်ပါသည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ထိုသို့ လက်ခံယုံကြည်နေက အမှန်ကို လက်ခံယုံကြည်ခြင်း ဖြစ်၍ အယူဝါဒ မပျက်မစီး တည်နေသည် မည်သည်။
ဤကဲ့သို့ ဘုရား, တရား စသည်တို့ကို မယုံကြည်တော့ဘဲ အောက်ပါတို့ကို လက်ခံယုံကြည်ပါက ဗုဒ္ဓဘာသာဝင်အဖြစ် ပျက်စီးရုံမျှမက အယူမှန် ဝါဒမှန်လည်း ပျက်စီးသည်၊ မိစ္ဆာဒိဋ္ဌိဖြစ်သည် ဟူလို။
အယူဝါဒမှန်ကို ပျက်စီးစေနိုင်သော အယူမှား (မိစ္ဆာဒိဋ္ဌိ) တို့မှာ အောက်ပါအတိုင်း ဖြစ်၏-
(၁) လောက၌ ဖန်ဆင်းရှင် ရှိ၏။ မြေကြီး၊ ဟိမဝန္တာတောင်၊ စကြဝဠာ၊ မဟာသမုဒ္ဒရာတို့နှင့် သတ္တဝါအားလုံးကို ထိုဖန်ဆင်းရှင်က ဖန်ဆင်း၏ဟု မှားယွင်းစွာ ယူဆတတ်ကြသည်။ ယင်းသို့ ယူဆသော ဝါဒကို “ဖန်ဆင်းရှင် (ဣဿရနိမ္မာန) ဝါဒ” ဟု ခေါ်ပါသည်။
စာမျက်နှာ-19
(၂) လောက၌ ကုသိုလ်ကံ, အကုသိုလ်ကံ ဟူ၍ မရှိ။ ကောင်းမှုကို ပြုသော်လည်း ကောင်းမှုကုသိုလ် မမည်။ မကောင်းမှုကို ပြုသော်လည်း မကောင်းမှု အကုသိုလ်မမည်ဟု ယူဆတတ်ကြသည်။ ယင်းသို့ ယူဆခြင်းသည် အကြောင်းကံကို ပယ်ခြင်းဖြစ်၍ “အကိရိယဒိဋ္ဌိ” ဟု ခေါ်ပါသည်။
(၃) တဖန် ကုသိုလ်ကံ, အကုသိုလ်ကံတို့၏ အကျိုးတရားဟူ၍ မရှိ။ ကုသိုလ်ကံ, အကုသိုလ်ကံတို့ကို ပြုလုပ်သော်လည်း မည်သည့် ကောင်းကျိုး, မကောင်းကျိုးကိုမျှ မခံစားရဟု ယူဆတတ်ကြသည်။ ယင်းသို့ ယူဆခြင်းသည် အကျိုး (ဝိပါက) ကို ပယ်ခြင်းဖြစ်၍ “နတ္ထိကဒိဋ္ဌိ” ဟု ခေါ်ပါသည်။
(၄) ထို့ပြင် ကုသိုလ်ကံ, အကုသိုလ်ကံဟူ၍လည်း မရှိ။ ကုသိုလ်ကံ, အကုသိုလ်ကံတို့၏ အကျိုးဟူ၍လည်းမရှိဟု ယူဆတတ်ကြပြန်သည်။ ယင်းသို့ ယူဆခြင်းသည် အကြောင်း, အကျိုး နှစ်မျိုးစလုံးကို ပယ်ခြင်း ဖြစ်၍ “အဟေတုကဒိဋ္ဌိ” ဟု ခေါ်ပါသည်။
ဤသို့ စသည်ဖြင့် အယူမှား (မိစ္ဆာဒိဋ္ဌိ) တစ်မျိုးမျိုးကို လက်ခံယုံကြည်လိုက်လျှင် ထိုသူ၏ မူလက ရှိနေသော အယူမှန်ဝါဒ (သမ္မာဒိဋ္ဌိ) ပျက်စီးလေတော့သည်။
စာမျက်နှာ-20
အခန်း ( ၅ ) ဗုဒ္ဓဘာသာအိမ်တိုင်း၌ ရုပ်ပွားဆင်းတု ထားရှိကိုးကွယ်ခြင်း
(က) မျက်နှာတော်၏ ငြိမ်းအေးမှု
မြတ်ဗုဒ္ဓ၏ ရုပ်တု၊ ရုပ်ပွားတော်၊ ဆင်းတုတော်များတွင် ထူးခြားသည့် ဝိသေသလက္ခဏာနှင့် အရည်အချင်းများ ရှိ၏။ မည်သည့် ရုပ်ပုံ, ရုပ်တုနှင့်မျှ မတူသော ထူးခြားချက်များ ဖြစ်သည်။ ၎င်းထူးခြားချက်မှာ မြတ်စွာဘုရား၏ ပုံတော်၏ ငြိမ်းအေးမှု ပေါ်နေခြင်းပင် ဖြစ်ပါသည်။ မြတ်စွာဘုရားသည် ကိလေသာဆယ်ပါး လုံးဝကင်းပြီး၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်၊ နိဗ္ဗာန်ကို အာရုံပြုနေသူ ဖြစ်သဖြင့် အတွင်းရေး ငြိမ်းအေးနေ၏။ အတွင်းစိတ် ငြိမ်းအေး၍ ကိုယ်တော်မြတ်၏ မျက်နှာတော်သည် မည်သည့် ရုပ်တု, ဆင်းတုနှင့်မျှ မတူအောင် ထူးခြားနေရခြင်း ဖြစ်ပါသည်။
မြတ်ဗုဒ္ဓ၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာ၊ ရှစ်ဆယ်သော လက္ခဏာ စသည့် ပြင်ပ ရုပ်ပိုင်းဆိုင်ရာ ညီညွတ်မှုများအပြင် နှလုံးတော်မြတ်ရှိ မြတ်စွာဘုရား၏ တရားဓမ္မ အအေးဓာတ်ကြီး၊ ဓမ္မဓာတ်ကြီးကို မျက်နှာတော်ပေါ်တွင် ထင်ရှားစွာ ဖူးတွေ့ရပါသည်။
မန္တလေး မဟာမြတ်မုနိဘုရားကြီးကို ဂရုတစိုက် လေ့လာကြည့်လျှင် ကိုယ်တော်မြတ်၏ ထူးခြားသည့် မျက်နှာတော် ငြိမ်းအေးမှုများ တွေ့ရှိရပါမည်။ ကိုယ်တော်မြတ်၏ မျက်နှာတော်မှာ ဓမ္မဓာတ်၊ နိဗ္ဗာနဓာတ်၊ ငြိမ်းအေးမှုဓာတ် ပြည့်ဝစွာ လွှမ်းမိုးနေပြီး သမာပတ်ဝင်စား၍ အလွန်တရာ ငြိမ်းအေးနေပုံကို ဖူးတွေ့ရပါမည်။
(ခ) ရုပ်ပွားဆင်းတု ပူဇော်ပုံ ပူဇော်နည်း
ဗုဒ္ဓဘာသာအိမ်တိုင်းတွင် ဗုဒ္ဓ၏ ရုပ်ပွားဆင်းတုများကို ကိုးကွယ်ပူဇော်ကြပါသည်။ မြတ်စွာဘုရားကို အိမ်ဦးခန်းမှာသာ အမြင့်အမြတ်ထားရပါသည်။ လှေကားအောက် စသည်မှာ မထားရ၊ အနိမ့်မှာ မထားရ၊ မြေညီမှာ မထားရ။ အမြင့်အမြတ် နေရာမပေးနိုင်လျှင် မထားသည်က ကောင်းပါသည်။ ယုတ်နိမ့်သော နေရာ၌ ဘုရားထားလျှင် နေ့စဉ် ငရဲကြီးနေ၏။ ဘေးဥပါဒ် ကျရောက်ပါလိမ့်မည်။ မြတ်ဗုဒ္ဓ၏ ရုပ်ပွားဆင်းတုများကို ထားရှိပြီး ပူဇော်နည်း၊ ရှိခိုးနည်းများ စနစ်...
စာမျက်နှာ-21
တကျ ရှိရပါမည်။ အိမ်တစ်အိမ်တွင် မြတ်ဗုဒ္ဓ၏ ရုပ်တုကို ပင့်ယူပူဇော်ပြီဆိုသည်နှင့် တပြိုင်နက် ရှေးဦးစွာ ရုပ်တုတော်ကို အနေကဇာတင်ရမည် ဖြစ်ပါသည်။ အနေကဇာတင်ခြင်းဆိုသည့် ဝေါဟာရမှာ ဘုန်းကြီးများ ရွတ်သည့်စကားမှ ရသည့် ဝေါဟာရဖြစ်သည်။
အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။
ဂဟကာရက ဒိဋ္ဌာသိ၊ ပုန ဂေဟံ န ကာဟသိ။
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ဝိသင်္ခတံ။
ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္ဈဂါ။
ဤကား မြတ်စွာဘုရား ဘုရားဖြစ်ဖြစ်ချင်း ကျူးရင့်တော်မူသည့် ဥဒါန်းစကားတော်ပင် ဖြစ်ပါသည်။ ဆိုလိုရင်းမှာ-
“ငါ၏ ဘဝ ခန္ဓာအမျိုးမျိုးကို တည်ဆောက်လာသော ဟယ် . . . တဏှာလက်သမား-ငါသည် သင့်ကို အမှန်တကယ် မသိခဲ့သောကြောင့် သင့်ကို ရှာဖွေရင်း ဘဝများစွာ သံသရာပတ်လုံး တပြောင်းပြန်ပြန် ကျင်လည်ပြေးသွားခဲ့ရတယ်။ ယခုမူ ငါသည် သင့်ကို တွေ့ပြီ။ ဤအချိန်က စပြီး သင်သည် ငါ့အတွက် ဘဝခန္ဓာသစ် ထပ်မံဖြစ်အောင် လုပ်ခွင့်ရတော့မည် မဟုတ်။ ငါသည် သင့်ခန္ဓာအိမ်ရဲ့ အခြင်ရနယ်တွေကိုလဲ ဖျက်ချလိုက်ပြီ၊ အမိုးအစွန်းအထွတ်ကိုလဲ လှဲလိုက်ပြီ၊ ယခု ငါ့စိတ်သည် သင်၏နယ်ပယ်မှ လုံးဝကင်းလွတ်သော နိဗ္ဗာန်ကို မြင်နေပြီ၊ ငါရဲ့စိတ်သည် သင်တဏှာရဲ့ နယ်မှ လွတ်ပြီ ကျွတ်ပြီ”- ဟူ၍ အဓိပ္ပာယ်ရပါသည်။ ဤကဲ့သို့ အနေကဇာတင်ပြီးသည်နှင့် အသက်ရှိသော မြတ်စွာဘုရားကဲ့သို့ သဘောထားရပါမည်။
မြတ်ဗုဒ္ဓ၏ ရုပ်တုကို အနေကဇာတင်ပြီးနောက် ပူဇော်ကိုးကွယ်လျှင် ဂုဏ်တော်ကိုးပါးကို လေးစားသည့်စိတ်နှင့် ဆွမ်းတော်ပွဲကို စနစ်တကျ ကပ်လှူပူဇော်ရပါမည်။ ထို့အတူ ပန်း၊ ရေချမ်း၊ ဆီမီးကိုလည်း ဤကဲ့သို့ပင် ကပ်လှူပူဇော်ရပါမည်။ ထိုသို့ ကပ်လှူပူဇော်ရာတွင် မြတ်စွာဘုရားအား မိမိတို့၏ စားဦးစားဖျားများ ကပ်လှူပူဇော်ခြင်းကို မြတ်စွာဘုရားထံ စိတ်ရောက်ပြီး လှူဒါန်းနေခြင်းဟု မှတ်ယူထားရပါမည်။ မြတ်စွာဘုရားအား ဆွမ်းတော်ကပ်ပြီး၍ ပြန်စွန့်လာသည့်အခါ...
စာမျက်နှာ-22
စေတနာ ပြတ်သားစွာဖြင့် သတ်သတ်မှတ်မှတ် လှူဒါန်းထားခြင်း ဖြစ်သောကြောင့် လူများစားရန်မသင့်ဟု မှတ်ယူရပါမည်။
(ဂ) ရုပ်ပွားဆင်းတု ပူဇော်ရသည့်အကျိုး
မြတ်စွာဘုရား၏ ရုပ်ပွားဆင်းတုတော်ကို ပူဇော်ရှိခိုးကြသည့် သူများမှာ “သက်တော်ထင်ရှား မြတ်စွာဘုရားပါတကား” ဟု ဂုဏ်တော်ကိုးပါးကို စိတ်ရောက်ပြီးကြသူများ ဖြစ်ကြပါသည်။ ဤကဲ့သို့ ပူဇော်ကိုးကွယ်ကြမည်ဆိုလျှင် “သမေ စိတ္တေ သမံ ဖလံ” ဆိုသည့် ဘုရားဟောပါဠိတော်အရ အကျိုးထူးများ ရရှိနိုင်ပါသည်။
“စိတ္တေ၊ မိမိ၏စိတ်သည်။ သမေ၊ သက်တော်ထင်ရှား မြတ်စွာဘုရားနဲ့ ရုပ်တုဆင်းတုတော်နဲ့ အညီအမျှ ထားနိုင်သည်ရှိသော်။ သမံ ဖလံ၊ ဘုရားအစစ်ကို ပူဇော်ရသကဲ့သို့ အကျိုးတရား အတူတူပင် ရရှိနိုင်ပါသည်။” ထိုကြောင့် ရုပ်ပွားဆင်းတု ကိုးကွယ်ကြသူများ၏ စိတ်သည် အချုပ်ဖြစ်သည်။ မိမိစိတ်သည် စွမ်းလျှင် မိမိအား အကျိုးပေးစွမ်းမည်သာ ဖြစ်ပေသည်။
မိမိတို့၏ နေအိမ်များအသီးသီးတွင် ရုပ်ပွားဆင်းတု ကိုးကွယ်ထားပြီးသည်နှင့် လိုက်နာရမည့် စည်းကမ်းများ ရှိပါသည်။ ဘုရားစင်ကို သီးခြားစင်မြင့်နှင့် ကိုးကွယ်ထားရမည်။ စင်ကို ပိတ်လိုက်ကာ၊ သို့မဟုတ် ဇာလိုက်ကာဖြင့် ကန့်လန့်ကာရမည်။ မိမိအာရုံပြု ပူဇော်လိုသည့် အချိန်တွင် ဘုရားစင်လိုက်ကာ ဆွဲဖွင့်၍ ပူဇော်ကိုးကွယ်ရပါသည်။
ဘုရားစင်ရှေ့ ဒူးထောင် ပေါင်ကား မနေရပေ။ မြတ်ဗုဒ္ဓကို အဂါဝရဖြစ်အောင် ပြုလုပ်နေထိုင်ကြလျှင် အပြစ်ဖြစ်ပါသည်။ အပြောအဆို ယဉ်ကျေးသိမ်မွေ့ရပါမည်၊ ဘုရားစင်ရှေ့ထားပြီး ဆဲဆိုခြင်း၊ ရန်ဖြစ်ခြင်းများ မပြုလုပ်ရပါ။ အမင်္ဂလာစကားများ မပြောဆိုမိခြင်းသည် အဓိကဖြစ်သည်။
မိမိတို့အိမ်တွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို ဘုရားစင်နှင့် ကိုးကွယ်ထားခြင်းအားဖြင့် ဖော်ပြလတ္တံ့ပါ အကျိုးကျေးဇူး (၉) မျိုးကို ရရှိပါသည်-
(၁) ဘုရားစင်ရှိသည့်အတွက် ဘုရားကို မြင်နေရခြင်း၊ ဘုရားဝေယျာဝစ္စပြုနေရခြင်း၊ ဘုရားကို ကိုင်းညွှတ်သည့်စိတ်ဖြင့် မမေ့ခြင်းနှင့် ဘုရားတရားနှင့် ကင်းကွာမနေခြင်းပင် ဖြစ်သည်။
၁။ နှစ်ဖက်လှ - တက္ကသိုလ်တရားများ - နှာ - ၁၉၃
စာမျက်နှာ-23
(၂) မြတ်စွာဘုရားကို ဖူးတွေ့ရခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ် ပို၍ ယုံကြည်မှု လေးနက်လာသည်။
(၃) အိမ်တွင် ဘုရားစင်ရှိလျှင် စနစ်တကျ ဆည်းကပ်ကိုးကွယ်မှု ပြုခြင်းဖြင့် သတိမြဲခြင်းနှင့် ပညာဉာဏ် ထက်မြက်ခြင်းများ ရှိလာသည်။
(၄) ကုသိုလ်တရားများ တိုးပွားလာသည်။
(၅) စိတ်ညစ်ညူးမှုရှိလာလျှင် ဘုရားစင် ဘုရားရှင်ရှေ့တော်သို့ သွားပြီး ဘုရားပန်းလဲခြင်း၊ မြတ်စွာဘုရားကို အသေအချာကြည့် အာရုံပြုလိုက်ခြင်းဖြင့် စိတ်ညစ်ညူးမှုများ ပပျောက်လာသည်။ အမှားအယွင်းများ မပြုလုပ်မိတော့ဘဲ ရပ်တန်းမှ ရပ်ပြီး စိတ်ကြည်နူးမှု ချက်ချင်းရရှိလာပါသည်။
(၆) အိမ်တွင် ဘုရားစင်ရှိသဖြင့် နာနာဘာဝ ဝိနာဘာဝများ၏ အနှောင့်အယှက်များမှ ကင်းပြီး မကြောက်မရွံ့ နေနိုင်ပါသည်။
(၇) ဆင်းရဲဒုက္ခကို သည်းခံလာနိုင်သည်။
(၈) ဘုရားစင်ကို ပိုးမျှင် ဖုန်များ ကင်းစင်အောင် လှည်းကျင်းသုတ်သင်ပြီး ကျကျနန ထားလျှင် အိမ့်ကျက်သရေ၊ လူ့ကျက်သရေ တက်ပြီး ဂုဏ်သိက္ခာများ တက်ပါမည်။
(၉) ဘုရားစင်ရှိသဖြင့် မြတ်စွာဘုရားနှင့် အတူပေါင်းသင်းနေရသကဲ့သို့ ဖြစ်ပြီး သူတစ်ပါး၏ ချီးမြှောက်ပူဇော်မှုကို ခံယူရရှိနိုင်ပါသည်။
စာမျက်နှာ-24
အခန်း ( ၆ ) ဗုဒ္ဓဘာသာတစ်ယောက် ယုံကြည်လက်ခံရမည့် အချက်များ
(၁) ရတနာသုံးပါးကို ယုံကြည်ခြင်း
လူတစ်ဦးတစ်ယောက်သည် ဗုဒ္ဓဘာသာနှင့် စပ်လျဉ်း၍ ယုံကြည်ရမည့် အချက်များကို ယုံကြည်ပါမှ ဗုဒ္ဓဘာသာတစ်ယောက် ဖြစ်နိုင်၏။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်လိုသူများအတွက် ယုံကြည်ရမည့် အချက်များမှ လိုရင်းအချက်မျှကို ရွေးနုတ်ဖော်ပြပါမည်။
ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် ရတနာသုံးပါး၊ ကံနှင့် ကံ၏အကျိုးတရား၊ မျက်မှောက်လောကနှင့် တမလွန်လောက စသည်တို့ကို ယုံကြည်ရပေမည်။
ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် ရတနာသုံးပါးကို ယုံကြည်ရန် အရေးကြီးလှ၏။ “ဘုရားအစစ် ဟုတ်သတဲ့လား၊ တရားကကော မှန်သတဲ့လား” စသည်ဖြင့် သံသယ မပွားသင့်ပေ။ ရတနာသုံးပါးတွင် ဂုဏ်တော်များ အသီးသီး ရှိ၏။ ယင်းဂုဏ်တော်တို့ကို ဆင်ခြင်သိမြင်၍ ရတနာသုံးပါးကို သံသယကင်းစွာ ယုံကြည်ရမည် ဖြစ်သည်။ ရတနာသုံးပါး ဂုဏ်တော်များကို အကျဉ်းမျှ ဖော်ပြလိုက်ပါသည်။
(က) ဘုရားဂုဏ်တော်
မြတ်စွာဘုရား၌ ဂုဏ်တော် ကိုးပါးရှိ၏။ ယင်းဂုဏ်တော်တို့မှာ အောက်ပါတို့ပင် ဖြစ်သည်--
(၁) ကိလေသာမှ ဝေးကွာခြင်း၊ ကိလေသာရန်သူကို သတ်တတ်ခြင်း၊ သံသရာလည်ပတ်ခြင်းကို ဖျက်ဆီးတတ်ခြင်း၊ အပူဇော်ခံထိုက်ခြင်း၊ ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို မပြုခြင်း (အရဟံ) ဂုဏ်တော်၊
(၂) တရားအားလုံးကို ဆရာမရှိဘဲ ပါရမီစွမ်းအားကြောင့် မိမိအလိုလို၊ မှန်ကန်စွာ သိတော်မူခြင်း (သမ္မာသမ္ဗုဒ္ဓ) ဂုဏ်တော်၊
(၃) အသိဉာဏ် (ဝိဇ္ဇာ), အကျင့်တရား (စရဏ) တို့နှင့် ပြည့်စုံခြင်း (ဝိဇ္ဇာစရဏ သမ္ပန္န) ဂုဏ်တော်၊
စာမျက်နှာ-25
(၄) နိဗ္ဗာန်သို့ ကောင်းစွာ သွားတတ်ခြင်း၊ ကောင်းစွာ ဟောပြောတတ်ခြင်း (သုဂတ) ဂုဏ်တော်၊
(၅) သတ္တဝါ (သတ္တလောက), သတ္တဝါတို့၏ တည်နေရာ (ဩကာသလောက), အရာအားလုံးတို့၏ ဖြစ်ပျက်မှု (သင်္ခါရလောက)၊ ဤလောကအကြောင်းကို သိခြင်း (လောကဝိဒူ) ဂုဏ်တော်၊
(၆) မယဉ်ကျေးသူ၊ ဆုံးမထိုက်သူတို့ကို ယဉ်ကျေး သိမ်မွေ့အောင် ဆုံးမတတ်ခြင်း (အနုတ္တရော ပုရိသဒမ္မသာရထိ) ဂုဏ်တော်၊
(၇) နတ် လူ အားလုံးတို့၏ ဆရာဖြစ်ခြင်း (သတ္ထာ ဒေဝမနုဿာနံ) ဂုဏ်တော်၊
(၈) အမှန် (သစ္စာ) တရား လေးပါးကို သိခြင်း (ဗုဒ္ဓ) ဂုဏ်တော်၊
(၉) ဘုန်းအမျိုးမျိုး ရှိခြင်း (ဘဂဝါ) ဂုဏ်တော်။
မြတ်စွာဘုရားသည် ဤဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူပေသည်။ ထို့ပြင် အခြားဂုဏ်တော်များလည်း မြတ်စွာဘုရားတွင် ရှိနေပေသေးသည်။ ဝီရိယကောင်းခြင်း၊ ရိုးဖြောင့်ခြင်း စသော သာမန်ဂုဏ်များသည် မြတ်စွာဘုရားအတွက် အသေးအဖွဲ ပမာဏ မပြောပလောက်သည့် ဂုဏ်မျှသာ ဖြစ်သည်။
(ခ) တရားဂုဏ်တော်
ထို့ပြင် တရားတော်၏ ဂုဏ်များရှိသေး၏။ အောက်ပါတို့ဖြစ်သည်-
(၁) မြတ်စွာဘုရားက ကောင်းစွာ ဟောကြားထားခြင်း (သွာက္ခာတ) ဂုဏ်တော်၊
(၂) ကျင့်ကြံသူအတွက် မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ရှုမြင်နိုင်သည့် စွမ်းအားရှိခြင်း (သန္ဒိဋ္ဌိက) ဂုဏ်တော်၊
(၃) ရှုပွားနေသော ယောဂီအတွက် မဂ်ပြီးလျှင် ဖိုလ်တရားသည် အချိန်မဆိုင်းဘဲ ဖြစ်ပေါ်နိုင်ခြင်း (အကာလိက) ဂုဏ်တော်၊
(၄) “လာလော့၊ လက်တွေ့ ကျင့်ကြည့်လော့” ဟု တရားတော်နှင့် ပတ်သက်၍ ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်ခံနိုင်ခြင်း (ဧဟိပဿိက) ဂုဏ်တော်၊
စာမျက်နှာ-26
(၅) မိမိသန္တာန်၌ အစဉ်အမြဲ ကပ်၍ ဆောင်ထားသင့်ခြင်း (ဩပနေယျက) ဂုဏ်တော်၊
(၆) မဂ်, ဖိုလ်, နိဗ္ဗာန် တရားအရသာကို အရိယာ သူတော်ကောင်းတို့သည် အသီးသီး လက်တွေ့ခံစားနိုင်ခြင်း (ပစ္စတ္တံ ဝေဒိတဗ္ဗ) ဂုဏ်တော်။
(ဂ) သံဃာ့ဂုဏ်တော်
ထို့ပြင် သံဃာတော်၏ ဂုဏ်တော်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(၁) ကောင်းသောအကျင့်ရှိခြင်း (သုပ္ပဋိပန္န) ဂုဏ်တော်၊
(၂) ဖြောင့်မတ်စွာ ကျင့်ကြံခြင်း (ဥဇုပ္ပဋိပန္န) ဂုဏ်တော်၊
(၃) နိဗ္ဗာန်ရောက်ရေးအတွက် ကျင့်ခြင်း (ဉာယပ္ပဋိပန္န) ဂုဏ်တော်၊
(၄) လောကုတ္တရာ တရားနှင့် အညီ ကျင့်ခြင်း (သာမိစိပ္ပဋိပန္န) ဂုဏ်တော်၊
(၅) အဝေးကဆောင်ယူလာသည့် ပစ္စည်းကိုပင် ခံယူထိုက်ခြင်း (အာဟုနေယျ) ဂုဏ်တော်၊
(၆) ဧည့်သည်အတွက် အထူး စီမံထားသော ပစ္စည်းကိုပင် အလှူခံထိုက်ခြင်း (ပါဟုနေယျ) ဂုဏ်တော်၊
(၇) ကောင်းမွန်မြင့်မြတ်သော အလှူကို ခံယူထိုက်ခြင်း (ဒက္ခိဏေယျ) ဂုဏ်တော်၊
(၈) လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံထိုက်ခြင်း (အဉ္ဇလိကရဏီယ) ဂုဏ်တော်၊
(၉) လူအပေါင်းတို့၏ ဒါနမျိုးစေ့ကို စိုက်ပျိုးရာ လယ်မြေကောင်းပမာ ဖြစ်ခြင်း (အနုတ္တရံ ပုညက္ခေတ္တံ လောကဿ) ဂုဏ်တော်။
ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ဤသို့သော ရတနာသုံးပါး ဂုဏ်တော်များကို သိမြင်ပြီး ရတနာသုံးပါးကို မြတ်နိုးအားကိုးဖွယ်အဖြစ် ယုံကြည်ရမည် ဖြစ်သည်။
(၂) အခြားယုံကြည်ရမည့် အချက်များ
ထို့ပြင် ဗုဒ္ဓဘာသာဝင် တစ်ယောက်သည် ကုသိုလ်ကံ, အကုသိုလ်ကံနှင့် ယင်းကံတို့၏ ကောင်းကျိုး ဆိုးကျိုးကိုလည်းကောင်း၊ ပစ္စုပ္ပန်လောကနှင့် တမလွန်လောကကိုလည်းကောင်း ယုံကြည်ရဦးမည် ဖြစ်သည်။ ယင်းတို့ကို မယုံကြည်ဘဲ
စာမျက်နှာ-27
“ဤဘဝနှင့် ဤဘဝ ပြုပြင်သမျှ ကုသိုလ်အကုသိုလ်များသည် သေလျှင် ပြတ်၏၊ နောက်ဘဝအတွက် အကျိုးဆက်မရှိ” ဟု လက်ခံယုံကြည်မှုကို “ကင်းပြတ်ဝါဒ” (ဥစ္ဆေဒဒိဋ္ဌိ) ဟု ခေါ်ပါသည်။ အယူမှား (မိစ္ဆာဒိဋ္ဌိ) တစ်မျိုးပင် ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် ကုသိုလ်ကံ အကုသိုလ်ကံနှင့် ယင်းကံတို့၏ အကျိုး၊ ဤလောကနှင့် တမလွန်လောကကို ယုံကြည်ရမည်ဟု ဆိုခြင်း ဖြစ်သည်။
(၃) သမ္မာဒိဋ္ဌိ (အမြင်မှန်) ဆယ်ချက်
ထို့ပြင် ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် အမြင်မှန်ဆယ်ချက် (ဒသဝတ္ထုက သမ္မာဒိဋ္ဌိ) ကိုလည်း လက်ခံယုံကြည်ရပေဦးမည်။ အမြင်မှန်ဆယ်ချက်သည် အောက်ပါအတိုင်း ဖြစ်၏-
(၁) အလှူဒါနပြုလျှင် ကောင်းကျိုးကို ခံစားရ၏ဟု ယုံကြည်ခြင်း၊
(၂) ပူဇော်မှု၏ အကျိုးရှိကြောင်း ယုံကြည်ခြင်း၊
(၃) လက်ဆောင် ပေးကမ်း ပူဇော်မှု (ပဟေဏကသက္ကာရ) ၏ အကျိုးရှိကြောင်း ယုံကြည်ခြင်း၊
(၄) ကုသိုလ်ကံ, အကုသိုလ်ကံတို့၏ ကောင်းကျိုး, ဆိုးကျိုး, အကျိုးရင်း အကျိုးဆက်ရှိကြောင်း ယုံကြည်ခြင်း၊
(၅) မိခင်အပေါ် ပြုစုလုပ်ကျွေးခြင်း၏ ကောင်းကျိုးနှင့် ပြစ်မှားခြင်း၏ ဆိုးကျိုးရှိကြောင်း ယုံကြည်ခြင်း၊
(၆) ဖခင်အပေါ် ပြုစုလုပ်ကျွေးခြင်း၏ ကောင်းကျိုးနှင့် ပြစ်မှားခြင်း၏ ဆိုးကျိုးရှိကြောင်း ယုံကြည်ခြင်း၊
(၇) လူတို့ မမြင်နိုင်သည့် ငရဲ, ပြိတ္တာ, နတ်, သိကြား, ဗြဟ္မာဟူသော (ဩပပါတိက) သတ္တဝါတို့ရှိကြောင်း ယုံကြည်ခြင်း၊
(၈) ဤမျက်မှောက်လောကရှိကြောင်း ယုံကြည်ခြင်း၊
(၉) သေပြီး နောက်ဘဝ တမလွန်လောကရှိကြောင်း ယုံကြည်ခြင်း၊
(၁၀) ဤလောက၌ ငြိမ်သက်ကောင်းမွန်စွာ ကျင့်ကြသော သမဏ, ဗြာဟ္မဏတို့ ရှိကြကြောင်း၊ ယင်းတို့က ဤလောက, တမလွန်လောကကို ကိုယ်တိုင် သိမြင်၍ လူအများကို ပြန်လည် ဟောပြကြကြောင်း ယုံကြည်ခြင်း။
စာမျက်နှာ-28
ဤအချက် ဆယ်ချက်တို့ကို ယုံကြည်ခြင်းသည် မှန်ကန်သော ယုံကြည်ချက်ပင် ဖြစ်သည်။ သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် ဖော်ပြပါ ရတနာသုံးတန်, ကံ, ကံ၏ အကျိုး စသော အချက်တို့ကို သံသယကင်းစွာ ယုံကြည်ကြရမည် ဖြစ်ပါသည်။
စာမျက်နှာ-29
အခန်း ( ၇ ) ရတနာသုံးပါး အကျိုးကျေးဇူး
“ရတနာ” ဟူသည်ကား နီလာ၊ စိန်၊ ကြောင်မျက်ရွဲ၊ ပတ္တမြား၊ မြ၊ ဂေါ်မုတ်၊ ဥဿဖရား၊ သန္တာ၊ ပုလဲ စသည့် နဝရတ်ကိုးသွယ်၊ ရတနာကိုးပါး ဖြစ်ပေသည်။ အဆိုပါ ကျောက်မျက်များသည် တန်ဖိုးကြီးမား ရှားပါးသဖြင့် လူသားတို့ကို နှစ်သက်လိုလားစေတတ်သောကြောင့် ရတနာဟူသော အမည်ကို ရရှိထားခြင်း ဖြစ်ပါသည်။ ဤသည်ကား လောကီရတနာ ဖြစ်ပါသည်။
ဘုရား၊ တရားနှင့် သံဃာတို့သည်လည်း ကြည်ညို ကိုးကွယ်သူတို့၏ နှစ်သက်မှုကို ဖြစ်စေတတ်သောကြောင့် “ရတနာ” မည်ပါသည်။ ဤသည်ကား လောကုတ္တရာရတနာ ဖြစ်ပါသည်။
(က) ဘုရားကျေးဇူး
ဘုရားဂုဏ်တော်ဟူသည်မှာ အခြားမဟုတ်၊ ထိုမြတ်စွာဘုရား၌ တည်ရှိသော လောကီ၊ လောကုတ္တရားတရား ဓမ္မအနှစ်သာရများနှင့် ၎င်းတရားတော်၏ သတ္တိ စွမ်းပကားများပင် ဖြစ်ပါသည်။
ဂုဏ်တော်ကိုးပါးတို့တွင် အရဟံဂုဏ်တော်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်၊ ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်၊ လောကဝိဒူဂုဏ်တော် ဟူသော ဂုဏ်တော်လေးပါးတို့သည် မြတ်စွာဘုရား၌ ပြည့်စုံသော ကျေးဇူးတော်ကို ပြသပါသည်။ ဝါသနာနှင့်တကွ တစ်ထောင့်ငါးရာ ကိလေသာတို့မှ သန့်ရှင်းပြီးဖြစ်ခြင်း၊ သိရမည့်တရားအားလုံးကို ကိုယ်တိုင် အမှန်အတိုင်း သိပြီးဖြစ်ခြင်း၊ ဝိဇ္ဇာသုံးပါး ဝိဇ္ဇာရှစ်ပါး စရဏတရား တစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊ ဤအချက်တို့သည် မြတ်စွာဘုရားကို သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားဖြစ်ကြောင်း သိသာစေမည့် အချက်များ ဖြစ်ပါသည်။
ထို့ပြင် သုဂတဂုဏ်တော်၊ ဗုဒ္ဓဂုဏ်တော်၊ ဘဂဝါဂုဏ်တော်တို့မှ အချို့သော အချက်များဖြင့် မြတ်စွာဘုရား၏ ဘုရားဂုဏ်နှင့် ပြည့်စုံပုံကို ဖော်ပြပါသေးသည်။ နိဗ္ဗာန်သို့သာ ကြွသွားတော်မူခြင်း၊ အရေးကြီးလှသော သစ္စာလေးပါးကို မုချ ဆတ်ဆတ်သိခြင်း၊ ဓမ္မဘုန်းတော်၊ သိရီဘုန်းတော်၊ ပယတ္တဘုန်းတော် စသည်နှင့် ပြည့်စုံခြင်းမှာလည်း မြတ်စွာဘုရား၌ ရှိသော ဂုဏ်အရည်အချင်းများပင် ဖြစ်ပါသည်။
စာမျက်နှာ-30
အနုတ္တရော ပုရိသဒမ္မသာရထိဂုဏ်တော်၊ သတ္ထာ ဒေဝမနုဿာနံ ဂုဏ်တော် နှစ်ပါးသည် မြတ်စွာဘုရားအနေဖြင့် ပရဟိတဆောင်ရွက်တော်မူခဲ့ပုံကို သိရပါသည်။ ကမ္ဘာလောကကြီးအတွင်းရှိ လူကြမ်း၊ နတ်ကြမ်း၊ ဗြဟ္မာကြမ်းတို့ကို အနုနည်းဖြင့် ဆုံးမပြီး နိဗ္ဗာန်ချမ်းသာကို ရစေခြင်း၊ လူ့ကမ္ဘာ နတ်ကမ္ဘာရှိ လူအပေါင်း နတ်အပေါင်းတို့အား အတုမရှိ အကျိုးပြုသော ဆရာတစ်ဆူအနေဖြင့် အရာရာ၌ ကြီးပွားတိုးတက်အောင် အဆုံးအမ ပေးတော်မူခြင်းများသည် စင်စစ် ပရဟိတ ဆောင်ရွက်မှုများပင် ဖြစ်လေသည်။
ထိုမှတပါး သုဂတ၊ ဗုဒ္ဓနှင့် ဘဂဝါဂုဏ်တော်မှ အချို့သော အချက်များအရလည်း မြတ်စွာဘုရားအနေဖြင့် ပရဟိတ ဆောင်ရွက်တော်မူပုံကို သိရပါသည်။ စကား ခြောက်ခွန်းအနက် သတ္တဝါတို့အား အကျိုးဖြစ်ထွန်းစေမည့် စကားနှစ်ခွန်းကို မြွက်ကြားတော်မူခြင်း၊ သစ္စာလေးပါးကို မိမိသိသကဲ့သို့ ဝေနေယျသတ္တဝါများ သိရှိစေရန် ဟောကြားဆုံးမနည်းပြတော်မူခြင်း၊ ယသဘုန်းတော် ကာမဘုန်းတော် စသည်တို့နှင့် ပြည့်စုံတော်မူခြင်းတို့မှာ ပရဟိတအတွက် ဖြစ်လေသည်။
တနည်းအားဖြင့် ဆိုသော် မြတ်စွာဘုရားသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဆင်းရဲမှုအနန္တကို ခံယူတော်မူပြီး ပါရမီဆယ်ပါး$^1$, စွန့်ခြင်းကြီး ငါးပါး$^2$, စရိယသုံးပါး$^3$ တို့ကို ဖြည့်ဆည်းတော်မူ၍ သဗ္ဗညုဘုရားစင်စစ် ဖြစ်တော်မူလာသောအခါ မိမိကိုယ်တော်တိုင် ကိလေသာအာသဝေါတို့မှကင်းဝေးစေရန် တရားဟောကြားတော်မူလေသည်။ မိမိကိုယ်တော်တိုင် မဖောက်မပြန် အမှန်အတိုင်း သိသင့်သိအပ်သော တရားအားလုံးကို ထိုးထွင်းသိမြင်တော်မူသည့်နည်းတူ လူ နတ် ဗြဟ္မာတို့ကိုလည်း သိစေတော်မူသည်။
မိမိကိုယ်တော်တိုင် လောကရေးရာဟူသမျှကို နက်ရှိုင်းစွာ တတ်သိနားလည်တော်မူသည့်နည်းတူ လောကအကြောင်းကို လေ့လာလိုက်စားကြသည့် ပညာရှင် အဆက်ဆက်တို့အတွက် လောက၏ အကြောင်းအရာများကို လည်းကောင်း၊ ထိုလောကမှ ထွက်ရပ်လမ်းကိုလည်းကောင်း ပြသခဲ့လေသည်။
$^1$ (၁) ဒါနပါရမီ၊ (၂) သီလပါရမီ၊ (၃) နေက္ခမ္မပါရမီ၊ (၄) ပညာပါရမီ၊ (၅) ဝီရိယပါရမီ၊ (၆) ခန္တီပါရမီ၊ (၇) သစ္စာပါရမီ၊ (၈) အဓိဋ္ဌာန်ပါရမီ၊ (၉) မေတ္တာပါရမီ၊ (၁၀) ဥပေက္ခာပါရမီ။$^2$ ဓန၊ ပုတ္တ၊ ဘရိယ၊ ဇီဝိတ၊ အင်္ဂ။$^3$ (၁) လောကတ္ထစရိယ၊ (၂) ဉာတတ္ထစရိယ၊ (၃) ဗုဒ္ဓတ္ထစရိယ။
စာမျက်နှာ-31
မြတ်စွာဘုရားသည် ဆုံးမထိုက်သူမှန်သမျှကို ခြွင်းချန်မထားဘဲ လိမ္မာယဉ်ကျေးအောင် ဆုံးမတော်မူခဲ့လေသည်။ မဆုံးမထိုက်သူ ဖြစ်ဘိမူ မိမိအား ရန်ပြုသော ရန်သူပင် ဖြစ်လင့်ကစား မဟာကရုဏာတော် သက်၍ သည်းခံတော်မူလေသည်။ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းအား လက်ရှိဘဝ ချမ်းသာစေရန်အတွက်လည်း ဆုံးမသည်။ နောင်ဘဝ အဆက်ဆက် သုခတိုးပွားစေရန်အတွက်လည်း ဆုံးမသည်။ ထို့ထက် ဘဝသံသရာမှ လွတ်မြောက်၍ နိဗ္ဗာန်သို့ ရောက်စေရန်အတွက်လည်း မဇ္ဈိမပဋိပဒါအကျင့်မြတ်ကို ပေးတော်မူလေသည်။ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း ဆင်းရဲဒုက္ခကြားမှ သတ္တဝါအများ လုံးဝကင်းလွတ်စေရန်အတွက် ဟောကြားတော်မူလေသည်။ ကိုယ်တော်မြတ်၏ ကျက်သရေရှိလှသော ပုံတော်ကို အဖူးမြော်ခံခြင်းအားဖြင့် ကမ္ဘာလောကသားတို့အား ကုသိုလ်ရရှိကြစေရန် အကျိုးပြုတော်မူလေသည်။ ဤသို့ဖြင့် ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် လူသုံးပါးတို့၏ ကိုးကွယ်ရာစင်စစ် ဖြစ်တော်မူပါပေသည်။ မြတ်စွာဘုရား၏ ဂုဏ်တော်ကျေးဇူးတော်များမှာ အစိန္တေယျ၊ အပ္ပမေယျ မကြံစည်အပ်၊ မနှိုင်းယှဉ်အပ်လောက်အောင် မြင့်မြတ်လှပါသည်။
ဘုရားဂုဏ်တော်ကို စွဲမြဲစွာ ဆင်ခြင်ပွားများသည်ရှိသော အောက်ပါ အကျိုးကျေးဇူးများကို မုချမသွေ ရရှိနိုင်ပါသည်-
(၁) မြတ်စွာဘုရားအပေါ် ကိုင်းညွတ်သောစိတ် အမြဲရှိလာခြင်း၊
(၂) ယုံကြည်မှု လေးနက်လာခြင်း၊
(၃) သတိ ပို၍ ကောင်းလာခြင်း၊
(၄) ပညာဉာဏ် ထက်မြက်လာခြင်း၊
(၅) ကောင်းမှု တိုးပွားလာခြင်း၊
(၆) စိတ်ညစ်မှုကင်းပြီး နှစ်သက်ကြည်နူးစွာ နေရခြင်း၊
(၇) ကြောက်ရွံ့ ထိတ်လန့်ဖွယ် ကြုံရလျှင် မကြောက်မလန့် စိတ်တည်တံ့ခြင်း၊
(၈) မတော်တဆ ဆင်းရဲဒုက္ခ တွေ့ရလျှင် သည်းခံနိုင်ရည်ရှိခြင်း၊
(၉) မြတ်စွာဘုရားနှင့် အတူနေရဘိသကဲ့သို့ စိတ်တွင် ထင်မှတ်လျက် ရှိခြင်း၊
စာမျက်နှာ-32
(၁၀) ဗုဒ္ဓါနုဿတိ ဘာဝနာအစွမ်းကြောင့် မိမိကိုယ်သည် စေတီထိုက်၍ သူတပါးတို့၏ ပူဇော်မှု ချီးမြောက်မှုကို ကောင်းစွာ ခံယူနိုင်ခြင်း၊
(၁၁) မိမိစိတ်သည် သမ္မာသမ္ဗောဓိဉာဏ်$^1$ ၌ ကိုင်းညွတ်လာခြင်း၊
(၁၂) မကောင်းမှုကို ကျူးလွန်ရန် ပက်ပင်းကြုံရသောအခါမျိုးတွင် မိမိကိုယ်ကို ကောင်းစွာ စောင့်စည်း ထိန်းသိမ်းနိုင်ခြင်း၊
(၁၃) သေလျှင် အပါယ်လေးပါးမှ ကင်း၍ လူ့ပြည် နတ်ရပ် ကောင်းမြတ်သော သုဂတိဘုံ သုဂတိဘဝကို ရရှိခြင်း စသည်တို့ ဖြစ်လေသည်။
အမှန်စင်စစ် မြတ်စွာဘုရားသည် အစိန္တေယျ$^3$ ဖြစ်သည့်နည်းတူ အစိန္တေယျ မြတ်စွာဘုရား၌ ကိုးစားကြည်ညိုသူများ ရရှိနိုင်သည့် ကောင်းကျိုးသည်လည်း အစိန္တေယျပင် ဖြစ်ပေသတည်း။
(ခ) တရားကျေးဇူး
မြတ်စွာဘုရားသည် (၄၅) ဝါ ကာလပတ်လုံး ဟောကြားတော်မူခဲ့သည့် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်တို့ကို လည်းကောင်း၊ မြတ်စွာဘုရား အကျိုးပြုသဖြင့် လူနတ်ဗြဟ္မာတို့ ရရှိခံစားရသည့် မဂ် ဖိုလ် နိဗ္ဗာန် တရားကို လည်းကောင်း စိစစ်ကြည့်လျှင် ဂုဏ်ထူးဝိသေသခြောက်မျိုးနှင့် ပြည့်စုံကြောင်း တွေ့ရလေသည်။ ဤခြောက်မျိုးကို တရားဂုဏ်တော်ခြောက်ပါး ဟု ခေါ်၏။ ယင်း ဂုဏ်တော်ခြောက်ပါး၏ အဓိပ္ပာယ်မှာ အောက်ပါအတိုင်း ဖြစ်၏--
၁။ သွာက္ခာတော = ကောင်းစွာ ဟောကြားထားသည့်အတွက် သွာက္ခာတဂုဏ် ရှိ၏။ မြတ်စွာဘုရား ဟောကြားထားသည့်တရားကို လေ့လာကြည့်လျှင်-
(၁) အစနိဒါန်းပိုင်း၌ ကောင်းမြတ်သော ကလျာဏဂုဏ် ရှိ၏၊
(၂) အလယ်ပိုင်း၌ ကောင်းမြတ်သော ကလျာဏဂုဏ် ရှိ၏၊
$^1$ သမ္မာသမ္ဗောဓိဉာဏ် = မဖောက်မပြန် ကိုယ်တိုင် ထိုးထွင်း သိရှိသော ဉာဏ်တော် (ဝါ) ဘုရားဉာဏ်တော်။
$^2$ ဝိသုဒ္ဓိ၊ နှာ-၂၀၆၊
$^3$ အစိန္တေယျ = လူသာမန်တို့၏စိတ်ဖြင့် ကြံစည်တွေးဆ၍ မရနိုင်မှု။
စာမျက်နှာ-33
(၃) အဆုံးနိဂုံးပိုင်း၌လည်း ကောင်းမြတ်သော ကလျာဏဂုဏ်ရှိ၏၊
(၄) သဒ္ဒါနည်း၊ ဆန်းနည်း၊ အလင်္ကာနည်းတို့ဖြင့်လည်း ပြည့်စုံ၍ စာပေအဆင့်အတန်း မြင့်၏၊
(၅) အဓိပ္ပာယ် အနှစ်သာရလည်း ပြည့်ဝ၏၊
(၆) ရှုထောင့်စုံမှ ကြည့်လျှင် အဘက်ဘက်မှ ပြည့်စုံလျက် ရှိ၏၊
(၇) အရေးကြီးဆုံးမှာ ဗြဟ္မစရိယဟု ခေါ်သည့် မြတ်သောအကျင့်ကို ဖော်ပြခြင်း ဖြစ်၏။
ဤကဲ့သို့ ဂုဏ်ရည်ခုနစ်ရပ်နှင့် ဟောကြားခဲ့သည့် တရားတော်များသည် စိတ်က ယုံကြည်နိုင်ရုံအဆင့်မျှမက ၎င်းတရားကို လူကိုယ်တိုင်ရှုမြင်နိုင်၏။ လက်တွေ့ရယူနိုင်၏။ ကိုယ်တိုင် ရှုမြင်လိုသူတိုင်း ကြိုးစားအားထုတ်ပါလျှင် မဂ်တရား၊ ဖိုလ်တရားကို ကိုယ်တိုင်ရပေ၏။ သူတပါးက ဟောပြ၊ ပြောပြသည်ကို နားထောင်ပြီး ဘေးက သွားရေကျ ပြန်ရရုံ အဖြစ်မျိုး မဟုတ်။ အမှန်တရားသည် တနေရာရာမှာ ရှိလေ၏ဟု ရော်ရမ်းမှန်းဆ စိတ်ချယုံကြည်နေရမှုမျိုးလည်း မဟုတ်၊ မိမိကိုယ်တိုင် လက်တွေ့ သိရ မြင်ရ သိနိုင်မြင်နိုင်သည့် တရားဖြစ်၍ တရားတော်သည် သန္ဒိဋ္ဌိက ဟူသော ဂုဏ်ထူးဝိသေသ ရှိလေသည်။
အခါမလင့် ချက်ချင်း အကျိုးပေးသော တရားလည်း ဖြစ်၏။ ဤတရားကား အခြားမဟုတ်၊ မဂ်တရားသာ ဖြစ်၏။ မဂ်တရားသည်သာ ဖိုလ်ဟူသော အကျိုးကို ချက်ချင်း ဖြစ်ပေါ်စေ၏။
မြတ်ဗုဒ္ဓဟောကြားခဲ့သည့် တရားတော်များကို တိတ်တဆိတ် သိုဝှက်ပြီး ဖတ်ရန်မလို၊ အခြား ဘာသာဝင်များအား မဖတ်ရဟု တားမြစ်ရန် မလို၊ မည်သူ့ကိုမဆို တရားတော်ကို လေ့လာကျင့်ကြံကြည့်ရန် ခေါ်ပြရမည် ဖြစ်ပါသည်၊ ကျင့်ကြံလေ့လာနိုင်သော တရားတော်လည်း ဖြစ်ပါပေသည်။ ထို့ကြောင့် မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်ဟူသော ဗုဒ္ဓ၏ တရားတော်သည် နိုင်ငံတကာကို ဖိတ်ခေါ်ပြနိုင်သည့် ဧဟိပဿိကဂုဏ် နှင့်လည်း ပြည့်စုံပါသည်။
မြတ်ဗုဒ္ဓ၏ တရားကို မိမိစိတ်မှာ လက်ခံထားလိုက်လျှင် စိတ်ချမ်းသာမှုရ၏ စိတ်ရိုင်း စိတ်ယုတ်များ ကင်း၏၊ စိတ်ထားမှန်လာသည့်အတွက် ပြုမူပြောဆိုရာ၌လည်း အမှားမှား အယွင်းယွင်း မဖြစ်တော့ပေ၊ တရားတော်ကို မည်သူမဆို
စာမျက်နှာ-34
ကျင့်ပိုင်ခွင့်၊ သိပိုင်ခွင့်၊ ခံစားပိုင်ခွင့် ရှိ၏။ ထို့ကြောင့် တရားတော်သည် ပုဂ္ဂလိက အသွင်ဆောင်သော ဘုံပိုင်ပစ္စည်း ဖြစ်၏။ တဖန် တရား၏ အကျိုးကျေးဇူးကို တစ်ဦးစီ ခံစားရယူနိုင်ပါသည်။
အထူးသတိပြုရန်မှာ မြတ်စွာဘုရားသည် လူနားမလည်နိုင်သော တရား၊ လူမကျင့်နိုင်သော တရားမျိုးကို လုံးဝ ဟောကြားခဲ့ခြင်း မရှိကြောင်း ဖြစ်လေသည်။ မြတ်ဗုဒ္ဓ၏ တရားတော်များသည် လောကီအမြိုက်ဆေး တစ်ပါးလည်း ဖြစ်ပါသည်။ ထိုအမြိုက်ဆေးကို စနစ်တကျ မှီဝဲသုံးဆောင်တတ်လျှင် ကိလေသာအပူမီး ငြိမ်း၍ သေသည့်အခါ အပါယ်လေးပါးမှ ကင်းမည်၊ လူ့ပြည်နတ်ရပ် ကောင်းမြတ်သော သုဂတိဘုံ သုဂတိဘဝကို ရရှိနိုင်မည် ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။
(ဂ) သံဃာ့ကျေးဇူး
အရိယာသံဃာတော်အပေါင်းသည် တစ်လောကလုံးရှိ လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ကြည်လင်ရွှင်ပြ မြတ်နိုးလှစွာ ကိုင်းညွှတ်ရိုသေ ရှိခိုးမှုများကို ခံထိုက်ပေ၏၊ သံဃာတော်များသည် သာသနာတော်မဟုတ်၊ သာသနာ့ဝန်ဆောင်များသာ ဖြစ်ပေသည်။ သံဃာတော်များ၏ တာဝန်ကား ပရိယတ္တိသာသနာ$^1$၊ ပဋိပတ္တိသာသနာ$^2$၊ ပဋိဝေဓသာသနာ$^3$ သုံးမျိုးကို ကိုယ်တိုင်အားထုတ်၍ သူတပါးနားလည်အောင် ပို့ချဟောပြောခြင်းများပင် ဖြစ်ပါသည်။
ဤသာသနာသုံးရပ်ကို မကွယ်ပအောင် ဘုရားလက်ထက်တော်မှ စ၍ ကျမ်းဂန် တတ်သိသည့် ပညာရှိအပေါင်းတို့သည် အဆက်ဆက် ဆောင်ရွက်လာခဲ့ကြသည်။ ရှေးက သံဃာတော်များသည် ကိုယ်ကျိုးအတွက် တရားကိုသာ အားထုတ်နေခဲ့ကြလျှင် လည်းကောင်း၊ ရဟန်းသံဃာများကို စာပေမပို့ချဘဲ နေခဲ့ကြလျှင် လည်းကောင်း ဤသာသနာတော် (၃)ရပ်သည် မကြာသော ကာလအတွင်း ကွယ်ပျောက်သွားနိုင်ဖွယ်ရာ ရှိပါသည်။ စာချဆရာတော်များ လုံ့လဖြင့် အပင်ပန်းခံလျက် ကျမ်းဂန်ပြုစုခြင်း၊ အဆက်ဆက် ပို့ချခဲ့ခြင်းကြောင့်သာ ယခုတိုင် ဤသာသနာတော်ကြီးကို တွေ့ကြုံနေရခြင်း ဖြစ်သည်။ သာသနာတော် တည်တံ့နေခြင်းကို မြင်တွေ့ရသည့်အခါ ရှေးအဆက်ဆက် ကျမ်းပြုဆရာ၊ စာချဆရာတော်...
$^1$ ပရိယတ္တိသာသနာ = ဘုရားပါဠိတော်နှင့် အဋ္ဌကထာကျမ်းစာများ။$^2$ ပဋိပတ္တိသာသနာ = တရားတော်လာအတိုင်း ကျင့်ကြံအားထုတ်မှု။$^3$ ပဋိဝေဓသာသနာ = မဂ်ဖိုလ်နိဗ္ဗာန်တရားကို သိကြ ရကြမှု။
စာမျက်နှာ-35
ကြီးများကို အထူးကြည်ညို လေးစားဖွယ်ရာ ကောင်းသည်ဟု ဆိုရပါမည်။ ထို့ကြောင့် ကျမ်းဂန်တတ်သိ ပညာရှိများကို “ဘုရားရှင်အရာ၌ ထား၍ ဘုရားရှင် ကိုယ်တော်စား သာသနာပြု ပုဂ္ဂိုလ်များ” ဟု မြှောက်စားထားခဲ့ကြပါသည်။
မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက် (၇) ရက်ခန့်အကြာမှာ အရှင်မဟာကဿပရှေ့တွင် ရဟန်းတစ်ပါးက မဖွယ်မရာ စကားဖြင့် ဘုရားရှင်ကို ထိပါး ပုတ်ခတ် ပြောဆိုသည်။ ထို့ကြောင့် လေးလမြောက်မှာ အရှင်မဟာကဿပ ကိုယ်တိုင် ကြီးကြပ်၍ ပိဋကတ်တော်များကို စီစဉ်ကာ သင်္ဂါယနာ$^1$ တင်ခဲ့လေသည်။
ထို့နောက် အနှစ် ၁၀၀-လောက်ကြာပြန်လျှင် ရဟန်းအချို့ မအပ်မရာ ငွေအလှူခံမှုကြောင့် ရှင်မဟာကဿပ တိုက်တွန်းချက်အရ ဒုတိယသင်္ဂါယနာ တင်ခဲ့လေသည်။ ဘုရားရှင် ပရိနိဗ္ဗာန်စံ၍ အနှစ် ၂၃၅ နှစ်မြောက် ဓမ္မာသောကမင်းလက်ထက် သာသနာတော်ကို တိတ္ထိတို့ နှောင့်ယှက်မှုကြောင့် အရှင်မောဂ္ဂလိပုတ္တတိဿမထေရ် အမှူးပြုပြီး တတိယသင်္ဂါယနာ တင်ခဲ့ရပြန်ပါသည်။ ထိုသင်္ဂါယနာတင်ပြီးနောက် သာသနာတော် စည်ပင်ထွန်းကားနေစဉ် သီဟိုဠ်ကျွန်းတွင် သူပုန်ဘေးကြီး ဖြစ်ပေါ်သဖြင့် ကျမ်းတတ်အကျော် ဆရာတော်များ၊ လူများ ကစဉ့်ကလျား ဖြစ်ကာ ဆွမ်းဘောဇဉ်ကို မျှတအောင် မရကြတော့ပေ။ သို့သော် ရဟန်းတော်များသည် နှုတ်တက်ဆောင်ထားသော ကျမ်းဂန်များ မေ့လျော့သွားမည် စိုးသောကြောင့် ရေစိုသော သဲပြင်ပေါ် လျောင်းနေပြီး ရင်မပူအောင် ရင်ဘတ်ပေါ် သဲစိုတင်၍ ရွတ်အံသရဇ္ဈာယ်လျက် ထိန်းသိမ်း ဆောင်ရွက်တော်မူခဲ့ကြပါသည်။
သူပုန်ဘေးကြီး ငြိမ်းအေးသွားသည့်အခါ နောင် ယခုကဲ့သို့ ဘေးဖြစ်လာခဲ့လျှင် နောင်လာနောက်သားတို့ ပိဋကတ်တော်ကို နှုတ်တက်ဆောင်ရွက်ရန် ခဲယဉ်းမည်ကို သိလာကြသည်။ ထို့ကြောင့် မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက် အနှစ် (၄၅၀) ခန့် ဝဋဂါမဏိမင်းလက်ထက်တွင် ပိဋကတ်တော်များကို ပေရွက်ပေါ် ရေး၍ စတုတ္ထသင်္ဂါယနာ တင်ခဲ့ပါသည်။
စတုတ္ထသင်္ဂါယနာ တင်ပြီးနောက် မြန်မာနိုင်ငံတွင် သထုံမှ ပုဂံသို့ သာသနာတော် ပြန့်ပွားလာခဲ့ရာ ထိုကဲ့သို့ ကြိုးကြိုးစားစား မြန်မာရဟန်းတော်များ ဆောင်ရွက်လာခဲ့၍ မြန်မာ့သမိုင်းတလျှောက် ဗုဒ္ဓသာသနာ ရှင်သန် တည်တံ့လာခဲ့၏။ မင်းတုန်းမင်းတရား လက်ထက်တွင် ပဉ္စမသင်္ဂါယနာတင်ပြီး စာတတ်ဆရာတော်ကြီးများက ပိဋကတ်ကျမ်းစာများကို ကျောက်ထက် အက္ခရာတင်ခဲ့ကြသည်။
$^1$ သင်္ဂါယနာ - စုပေါင်း၍ ရွတ်ဆိုခြင်း။
စာမျက်နှာ-36
ပဉ္စမသင်္ဂါယနာနောက်ပိုင်း မြန်မာနိုင်ငံ သူ့ကျွန်ဘဝ ကျရောက်ချိန်၌လည်း သံဃာတော်များသည် ပရိယတ်၊ ပဋိပတ် မပြတ်ကျင့်ဆောင်လာခဲ့သည်။ ဗုဒ္ဓသာသနာတော်သည် တည်တံ့ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသောအခါတွင်မူ ပုဒ်ပါဌ်အက္ခရာတို့ကို သုတ်သင်၍ ဆဋ္ဌသင်္ဂါယနာတင်တော်မူခဲ့ကြသည်။
ဤသို့လျှင် မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူသည်မှစ၍ နှစ်ပေါင်း ၂၅ဝဝ-ကျော် သမိုင်းကာလကြီးတစ်လျှောက်လုံး သာသနာတော်ကြီး မကွယ်ပျောက်ရအောင် ဆောင်ရွက်တော်မူလာကြသော အရိယာ သံဃာတော်နှင့် ပုထုဇဉ် ပညာရှိများအတွက် လွန်စွာပင် ကျေးဇူးတော် ကြီးမားလှပါကြောင်း ရေးသား ဖော်ပြအပ်ပေသည်။
သက်ကြီးအိုမ စဏ္ဍာလိ
မြတ်စွာဘုရား ကျေးဇူးကား အလွန်ကြီးမားပါသည်။ ရေးသားဖော်ပြ၍ပင် မကုန်နိုင်ပါ။ အနည်းငယ်မျှ ပုံဝတ္ထုသာဓကဖြင့် ဖော်ပြပါဦးမည်။
စဏ္ဍာလီအမည်ရှိသော အဘွားအိုကြီးတစ်ယောက်သည် အလွန်ဆင်းရဲ၍ သားသမီးမြေးမြစ်တွေ မရှိပါ။ ဒုက္ခိတ ဆင်းရဲသူမ အဘွားကြီး ဖြစ်ပါသည်။
တစ်နေ့သောအခါတွင် အဘွားကြီးသည် တောင်ဝှေးတစ်ချောင်းဖြင့် တုန်တုန်ချိချိ လမ်းလျှောက်လာသည်။ မြတ်စွာဘုရား ဆွမ်းခံကြွတော်မူလာသောအခါ ထိုအဘွားကြီး ရှေ့၌ စုံရပ်တော်မူသည်။ အဘွားအိုကြီးသည် ရှိခိုးရမှန်းမသိဘဲ ကြောင်ကြည့်နေ၏။ ထိုအခါ မြတ်စွာဘုရား နောက်တော်ပါးက ပါလာသော အာနန္ဒာက “အဘွားအိုကြီး . . . မြတ်စွာဘုရားကို ရှိခိုးလိုက် ရှိခိုးလိုက်” ဟု တိုက်တွန်းတော်မူသည်။ အဘွားကြီးသည် ရှင်အာနန္ဒာက တိုက်တွန်းသောကြောင့် တောင်ဝှေးကို အသာချပြီး လက်အုပ်ချီကာ မြတ်စွာဘုရားကို ရှိခိုးလိုက်သည်။
မြတ်စွာဘုရားသည် ရှိခိုးခံပြီးနောက် ဆက်လက် ကြွသွားတော်မူ၏။ အဘွားကြီးလည်း သူသွားမည့် လမ်းသို့ ဆက်၍ လျှောက်၏။ ထိုခဏတွင် သားကလေး မွေးကာစ ဖြစ်သော နွားမကြီးတစ်ကောင်သည် အဘွားကြီးဆီ ပြေးလာပြီး ဝှေ့လိုက်ရာ အဘွားကြီးခမျာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားလေသည်။
စာမျက်နှာ-37
သို့သော် မြတ်စွာဘုရားကို ရှိခိုးလိုက်သော ကုသိုလ်ကြောင့် နတ်ပြည်၌ နတ်သမီးသွားဖြစ်လေသည်။ စဏ္ဍာလီ အဘွားအိုကြီး နတ်သမီးဖြစ်ရသည်မှာ မြတ်စွာဘုရား၏ ကျေးဇူးတော်ကြောင့် ဖြစ်သည်။
လူဆိုးကြီး အင်္ဂုလိမာလ
အင်္ဂုလိမာလသည် သူ့မိခင်ကို သတ်ရန် ဓားပိုက်၍ တအားလိုက်နေတုန်း မြတ်စွာဘုရားက အချိန်မီ သွားရောက်ကယ်တင်တော်မူခဲ့သည်။ မိခင်ကြီးသည် သေဘေးမှ ကင်းလွတ်ရ၏။ အင်္ဂုလိမာလလည်း အကျွတ်တရားရပြီး ရဟန္တာ ဖြစ်ခဲ့ရသည်။ ဤသားအမိ ယခုလို ချမ်းသာရာရခြင်းသည် မြတ်စွာဘုရား၏ ကျေးဇူးတော်ကြောင့် ဖြစ်သည်။
ပဋာစာရီ အရူးမ
ပဋာစာရီ အမည်ရှိသော အမျိုးသမီးသည် လင် မြွေကိုက်၍ သေ၏။ သားငယ်ကို စွန်ချီသွားပြီး သားကြီး ရေနစ်၍ သေ၏။ ဤကဲ့သို့ သားသေ လင်ဆုံးသဖြင့် အရူးလုံးလုံး ဖြစ်ရရှာသည်။
ထိုအရူးမ ပဋာစာရီကို မည်သူမျှ မကယ်နိုင်ကြ။ မည်သည့် ဆေးဆရာမျှ မကုနိုင်ကြ။ သောကဒဏ် ပြင်းထန်လှသောကြောင့် ဆောက်တည်ရာ မရ၊ ပူဆွေး ငိုကြွေး၍ ပြေးလွှားနေရှာသည်။
ထိုအရူးမ ပဋာစာရီကို မြတ်စွာဘုရားထံမှောက် ရောက်အောင် ပညာရှိတစ်ဦးက လှည့်ပတ်ဖြားယောင်း၍ ခေါ်ဆောင်သွား၏။ မြတ်စွာဘုရားသည် ဒုက္ခိတ အရူးမအပေါ် မဟာကရုဏာ မေတ္တာတော်တန်ခိုးလွှတ်၍ ပဋာစာရီ၏ ပူလောင် ပြင်းပြလျက်ရှိသော စိတ်ကို ငြိမ်းအေးစေသည်။ “ချစ်သမီး ပဋာစာရီ” ဟု ကြင်နာယုယ ရင်းနှီးစွာ ခေါ်တော်မူလိုက်သည်။ ထိုအခါ ပဋာစာရီသည် မြတ်စွာဘုရားသခင်ကို သေချာစွာ ကြည့်၍ မြတ်စွာဘုရား၏ မေတ္တာဓာတ်ကို ရရှိသောကြောင့် စိတ်သောက အပူငြိမ်း၍ သတိတရား ပြန်ရလာသည်။ အသိစိတ်ဓာတ် ပြန်ဝင်လာသည်။ မြတ်စွာဘုရား၏ မေတ္တာတော်ကြောင့် အရူးရောဂါ ပျောက်သွားသည်။
ပဋာစာရီအနေဖြင့် အရူးပျောက်၍ စိတ်ထားမှန် ပြန်လည်ဖြစ်သွားသည်ကို မြတ်စွာဘုရား သိရှိတော်မူသောကြောင့် သစ္စာတရားလေးပါးကို ဟောလိုက်ရာ ပါရမီရင့်သန်သော မိန်းမဖြစ်၍ တရားထူးတရားမြတ်ရရှိကာ ရဟန္တာထေရီမကြီး တစ်ပါး ဖြစ်သွားလေသည်။ ဤသည်မှာ အံ့ဩ၍ မကုန်နိုင်သော မြတ်စွာဘုရား၏ ကျေးဇူးပင် ဖြစ်ပါသည်။
စာမျက်နှာ-38
ကိသာဂေါတမီ
ကိသာဂေါတမီ အမည်ရှိသော အမျိုးသမီးတစ်ဦးသည် သူအလွန်ချစ်သော တစ်ဦးတည်းသော သားကလေး သေဆုံးသွားသည့်အတွက် သားသေကို ပိုက်ပြီး တစ်မြို့လုံးလိုက်၍ ဆေးကုခိုင်းလေသည်။ သူ့သားကလေး ပြန်ရှင်အောင် လုပ်ပေးကြပါဟု ငိုယိုမြည်တမ်းလျက် အရူးမကြီးတစ်ပိုင်းဖြစ်ကာ တစ်မြို့လုံးလှည့်လည် သွားလာနေရှာသည်။
ထိုအခါ ပညာရှိတစ်ယောက်က “သင့်သားကို အသက်ပြန်ရှင်အောင် ကုနိုင်သော ဆရာ ဇေတဝန်ကျောင်းတော်မှာ ရှိ၏” ဟူ၍ ပရိယာယ်ဖြင့် ပြောကာ မြတ်စွာဘုရားထံသို့ လွှတ်လိုက်လေသည်။
ကိသာဂေါတမီသည် သားသေလေးကိုပိုက်လျက် ဇေတဝန်ကျောင်းတော်သို့ သွားပြီး မြတ်စွာဘုရားကို တွေ့သောအခါ “သူ့သားလေးကို အသက်ပြန်ရှင်အောင် ကုပေးပါ” ဟု တောင်းပန်ရှာ၏။ မြတ်စွာဘုရားက “ကုပေးမည် ချစ်သမီး . . . ၊ မြို့ထဲသွားချေ၊ ဆေးဖော်ဖို့အတွက် လူမသေဖူးသော အိမ်မှ မုန်ညင်းစေ့ လက်တစ်ဆွန်း တောင်းချေ” ဟု လွှတ်လိုက်၏။ ကိသာဂေါတမီသည် သားသေကလေးကို ပိုက်လျက် လူမသေဖူးသော အိမ်ကို မေးသည်။ “ထိုအိမ်ကလည်း သေဖူးသည် ဤအိမ်ကလည်း သေဖူးသည်” ဟူသော အဖြေကိုသာ ရ၏။ ယခု သာဝတ္ထိတစ်မြို့လုံး အိမ်ပေါင်းစုံ ရောက်ခဲ့ပြီ၊ လူမသေဖူးသော အိမ်ဟူ၍ မတွေ့ချေ။ ကိသာဂေါတမီ ခမျာ ဖတ်ဖတ်မောနေသည်။
သို့သော် လူမသေဖူးသော အိမ်ကို လိုက်၍ မေးရင်း သူ၏စိတ်ထဲ၌ တဖြည်းဖြည်းချင်း အသိဉာဏ် ဝင်လာသည်။ ငါ့သားသာ သေသည်မဟုတ်၊ အခြားသူများလည်း သေကြသည်တကား။ သေခြင်းတရားကား လူတိုင်း မလွန်ဆန်နိုင်သော သဘာဝတရားပေတကား။ ဤကဲ့သို့ အသိစိတ်ဓာတ်ဝင်လာပြီး မိမိရင်ခွင်ဖြင့် ပိုက်ထွေးထားသော သားလေး၏အလောင်းကို သင့်ရာမှာ စွန့်ပစ်လိုက်ပြီး မြတ်စွာဘုရားထံသို့ ပြန်သွားလေသည်။
မြတ်စွာဘုရားသည် မဟာကရုဏာမေတ္တာတော်မြတ် စေလွှတ်၍ ကိသာဂေါတမီ၏ အပူမီးကို ငြိမ်းစေလျက် အေးမြကြည်လင်သော တရားဓမ္မကို ဟောကြားတော်မူလိုက်သောအခါ ပါရမီဓာတ်ခံ ရင့်သန်သူကလေးဖြစ်၍ တရားထူးတရားမြတ် ရရှိပြီး ရဟန္တာထေရီမတစ်ပါး ဖြစ်သွားလေသည်။
စာမျက်နှာ-39
လင်းနို့သားငါးရာ
တရားတော်၏ ကျေးဇူးကို အနည်းငယ် ဖော်ပြရသော် ကဿပဘုရားရှင် လက်ထက်၌ လိုဏ်ဂူတစ်ခုအတွင်းတွင် ရဟန်းတစ်ပါးက ပဋ္ဌာန်းတရားကို ရွတ်ဖတ်တော်မူရာ ထိုလိုဏ်ဂူအတွင်း၌ နေသော လင်းနို့ငါးရာတို့သည် အဓိပ္ပာယ်ကို မသိသော်လည်း တရားသံကို ကြည်ညိုသောစိတ်ဖြင့် သေလွန်ကြရာ ကောင်းရာ သုဂတိသို့ ရောက်ကြလေသည်။ ဘဝများစွာ သံသရာ၌ ကောင်းစွာကျင်လည်ရပြီး နောက်ဆုံးဘဝ၌ ရှင်သာရိပုတ္တရာ၏ တပည့်သား ရဟန်းငါးရာ ဖြစ်လာကြသည်။ ပဋ္ဌာန်းတရားတော် အကျိုးဆက်ကြောင့် ဤနောက်ဆုံးဘဝတွင် ကျွတ်တမ်းဝင်တော် မူကြလေသည်။
ဖားနတ်သား
ထို့ပြင် တရားသံကို ကြည်ညိုသော ဖားသူငယ်သည် နတ်သားဖြစ်ခဲ့ရ၏။ မြတ်စွာဘုရား တရားဟောတော်မူနေစဉ် ပရိသတ်အစွန်၌ ဖားငယ်ကလေးတစ်ကောင်က တရားသံ၌ နစ်မျောနေသည်။ ထိုအခါ နွားကျောင်းသားတစ်ယောက် ရောက်လာပြီး အမှတ်တမဲ့ တုတ်ကို ထောက်လိုက်ရာ ဖားငယ်ကလေးအပေါ် ထောက်မိသည့်အတွက် သေရှာသည်။ တရားနာရင်း သေသည့်အတွက်ကြောင့် နတ်ပြည်၌ နတ်သား ဖြစ်လေသည်။
ထို့ပြင် တရားတော်ကို ကျင့်သုံးသည့်အတွက် ကောင်းရာသုဂတိ ရောက်သူများ အရိယာရဟန္တာဖြစ်သူများ မရေမတွက်နိုင်လောက်အောင် များပြားလေသည်။
လောသကတိဿ
သံဃာတော်များ၏ ကျေးဇူးသည်လည်း ရေးသားဖော်ပြ၍ မကုန်နိုင်၊ ရှင်သာရိပုတ္တရာသည် ခွက်လက်ဆွဲ၍ တောင်းစားနေသော ခုနစ်နှစ်သားအရွယ် ကလေးတစ်ယောက်ကို ခေါ်ယူ၍ ရှင်ပြုပေးပြီး ဆွမ်းခံကျွေးတော်မူလေသည်။ ထိုကလေးမှာ အကုသိုလ်ဝဋ်ကြွေး ကြီးလှသော လောသကတိဿ ဖြစ်လေရာ ရှင်သာရိပုတ္တရာက လက်ဖြင့် ကိုင်၍ မကျွေးလျှင် အစားအစာဝအောင် မစားရရှာ။ သို့ဖြစ်၍ လောသကတိဿရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန် စံသည်အထိ ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက ပြုစုစောင့်ရှောက်တော်မူသည်။
သူဌေးကြီး ဦးကပ်စေး
ရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးသည် “ပြိတ္တာတို့ဘောင် ဥစ္စာဆောင်သည်” ဆိုသည့်အတိုင်း သေလျှင် ပြိတ္တာဖြစ်လောက်သည့် ကပ်စေးနှဲ သူဌေးလင်မယားကို တန်ခိုးတော်ဖြင့် ချေချွတ်ကယ်မတော်မူသည်။
စာမျက်နှာ-40
ထို့ပြင် ရှင်မောဂ္ဂလာန်နှင့် ရှင်မဟာကဿပတို့သည် ဂိလာန ဒုက္ခိတတို့အား ဗောဇ္ဈင်တရားကို ရွတ်ပွား၍ ရောဂါပျောက်အောင် ကယ်တင်ကြသည်။ အရှင်အင်္ဂုလိမာလမထေရ်သည်လည်း မီးမဖွားနိုင်သော ကိုယ်ဝန်သည် မိန်းမများကို ပရိတ်ရွတ် သစ္စာဆို၍ ချမ်းသာစွာ မီးဖွားအောင် ကူညီတော်မူခဲ့သည်။
လာဇာဒေဝီ (ပေါက်ပေါက်ပန်း နတ်သမီး)
ရာဇဂြိုဟ်ပြည်အနီး လယ်သမားရွာကြီး၌ သူဆင်းရဲ လယ်သူမလေးတစ်ယောက် ရှိသည်။ သလေးစပါးတို့ကို ပေါက်ပေါက်ဖောက်ပြီး ဆင်းရဲစွာ စားသောက်နေရှာသည်။ နိရောဓသမာပတ်မှ ထလာတော်မူသည့် အရှင်မဟာကဿပ မထေရ်မြတ်ကြီးသည် သူဆင်းရဲ လယ်သူမလေးကို စောင့်ရှောက် ချီးမြှောက်ရန် ဆွမ်းခံဝင်လာရာ လယ်သူမလေးက သဒ္ဓါတရား ထက်သန်လှစွာဖြင့် မိမိ၌ ရှိသည့် ပေါက်ပေါက်များကိုပင် လောင်းလှူလိုက်လေသည်။ မပြောပလောက်သည့် ဤမျှလောက်သော ကုသိုလ်ကောင်းမှုကြောင့်ပင် သေလွန်သောအခါ နတ်ပြည်မှာ ဖြစ်ရ၍ လာဇာဒေဝီ (ပေါက်ပေါက်ပန်း နတ်သမီး) အမည်တွင်လေသည် (ဓမ္မပဒ)။
ယခု ဖော်ပြခဲ့သည်တို့မှာ အပေါ်ယံမျှဖြစ်သော ရတနာသုံးပါး၏ ကျေးဇူးတရားသာ ဖြစ်သည်။ ထို့ထက် လေးနက် နက်ရှိုင်းသော ကျေးဇူးဂုဏ်တို့ကား အနန္တရှိပေသေးသတည်း။
စာမျက်နှာ-41
အခန်း ( ၈ ) ဥပါသကာဂုဏ် (၁၀) ပါး
ဘုရား တရား သံဃာ ရတနာသုံးပါးကို မြတ်နိုးစွာ ဆည်းကပ်ကိုးကွယ်သော လူပုဂ္ဂိုလ်ကို “ဥပါသကာ” ဟု ခေါ်ဆို၏။ အမျိုးသမီးဖြစ်လျှင် “ဥပါသိကာ” ဟု ခေါ်ဆိုရ၏။
လူပုဂ္ဂိုလ်တို့သည် မိမိ၏ ခန္ဓာကိုယ်နှင့် အသက်ကို မငဲ့ကွက်ဘဲ ရတနာမြတ်သုံးပါးအား ပေးလှူခြင်း၊ ရတနာမြတ်သုံးပါးအပေါ်၌ ယုံကြည်ကိုးစား အားထားခြင်း၊ ရတနာမြတ်သုံးပါး၏ တပည့်သားအဖြစ် စွဲမှတ် ခံယူခြင်း၊ ရတနာမြတ်သုံးပါးကိုသာလျှင် ရှိခိုးမှု ရိုသေကိုင်းရှိုင်းမှု ပြုခြင်း စသောနည်းလမ်းတို့ဖြင့် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တတ်သော ပုဂ္ဂိုလ် (ဥပါသကာ, ဥပါသိကာမ) အဖြစ်သို့ ရောက်ရှိကြသည်။ ထိုသို့ ဥပါသကာဖြစ်ပြီးသူများကို “ဗုဒ္ဓဘာသာဝင် သူတော်စင်” ဟု သတ်မှတ်ရသည်။
ဥပါသကာတို့ ရှောင်ရန် အချက်များ
ဥပါသကာအဖြစ် ခံယူပြီးသော ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်သည် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲ၍ စွမ်းနိုင်ပါမူ ရှစ်ပါး၊ ဆယ်ပါးသီလများကို စောင့်ထိန်း၍ ဖော်ပြလတ္တံ့ပါ အချက်များကို ရှောင်ကြဉ်ရမည်-
(၁) လက်နက်ရောင်းဝယ် ဖောက်ကားခြင်း၊
(၂) လူအရောင်းအဝယ် ပြုလုပ်ခြင်း၊ (ကျွန်ရောင်း ကျွန်ဝယ်ခြင်း၊ ပြည့်တန်ဆာ ရောင်းဝယ်ခြင်း စသည်)၊
(၃) ကြက် ဝက် အမဲသား ငါး ရောင်းဝယ်ခြင်း၊
(၄) မူးယစ်ဆေးဝါး အမျိုးမျိုးနှင့် သေရည်သေရက် ရောင်းဝယ်ခြင်း၊
(၅) လူကို သေစေတတ်သည့် အဆိပ် ရောင်းဝယ်ခြင်း- တို့ ဖြစ်ပါသည်။
စာမျက်နှာ-42
ထို့ပြင် ကာယဒုစရိုက်မှု, ဝစီဒုစရိုက်မှုတို့ကို ကျူးလွန်၍ ရရှိလာသော ဥစ္စာပစ္စည်းတို့ဖြင့်လည်း အသက်မွေးဝမ်းကျောင်း မပြုရပေ။ ယင်းတို့အားလုံးသည် မိစ္ဆာဇီဝခေါ် ယုတ်မာ အောက်တန်းကျသော အသက်မွေးဝမ်းကျောင်းများ ဖြစ်ကြသည်။
ဥပါသကာအရည်အချင်းနှင့် ပြည့်စုံခြင်း
ဥပါသကာအဖြစ်သို့ ရောက်ပြီးသော ဗုဒ္ဓဘာသာဝင်တစ်ယောက်သည်-
(၁) သဒ္ဓါတရားနှင့် ပြည့်စုံရ၏၊
(၂) အနည်းဆုံး ငါးပါးသီလ လုံခြုံရ၏၊
(၃) ကောတုဟလမင်္ဂလာခေါ် အထူးအဆန်းမင်္ဂလာကို ယုံကြည်လက်ခံခြင်း မပြုရ၊
(၄) ကံ၊ ကံ၏အကျိုးကို ယုံကြည်ရ၏၊
(၅) အယူပျက်သည့် သာသနာပ အလှူခံပုဂ္ဂိုလ်တို့ကို အရိုအသေ မပြုရ၊ မလှူဒါန်းရပေ။
အဆိုပါ အင်္ဂါရပ်တို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို-
(၁) ဥပါသကရတန = နှစ်သက်ကြည်ညိုဖွယ် ဥပါသကာဟူ၍ လည်းကောင်း၊
(၂) ဥပါသကပဒုမ = ပဒုမ္မာကြာနှင့် တူသော ဥပါသကာဟူ၍ လည်းကောင်း၊
(၃) ဥပါသကပုဏ္ဍရီက = ကြာဖြူနှင့် တူသော ဥပါသကာဟူ၍ လည်းကောင်း- ခေါ်ဆိုထိုက်ပါသည်။
ဥပါသကာ ပျက်စီးခြင်း
ဥပါသကာဖြစ်ပြီးသူသည်-
(၁) သဒ္ဓါ မရှိခြင်း၊
(၂) သီလ မရှိခြင်း၊
(၃) အထူးအဆန်း မင်္ဂလာကို သက်ဝင်ယုံကြည်ခြင်း၊
စာမျက်နှာ-43
(၄) ကံ, ကံ၏အကျိုးကို မယုံကြည်ခြင်း၊
(၅) အယူပျက်သော သာသနာပ တိတ္ထိတို့ကို ရှိခိုးခြင်း၊ အရိုအသေ ပြုခြင်း လှူဒါန်းခြင်း-
စသည့်အချက်တို့ကို ပြုလုပ်ပါက ရတနာသုံးပါးအပေါ် ကိုးကွယ်ဆည်းကပ်သော ဥပါသကာအဖြစ် ပျက်ပြယ်သွားပါသည်။ ထို့ကြောင့် ဖော်ပြခဲ့သော သွေဖည်ချက် ၅-ချက်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို-
(၁) ဥပါသကစဏ္ဍာလ = ဒွန်းစဏ္ဍား ဥပါသကာဟူ၍လည်းကောင်း၊
(၂) ဥပါသကမလ = မသန့်ရှင်းသော ဥပါသကာဟူ၍လည်းကောင်း၊
(၃) ဥပါသကပဋိကိဋ္ဌ = စက်ဆုပ် ရွံ့ရှာဖွယ် ဥပါသကာဟူ၍ လည်းကောင်း- ခေါ်ဆိုရတော့၏။
ဥပါသကာ၏ ဂုဏ်ရည် ၁၀-ပါး
ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သော ပုဂ္ဂိုလ်တစ်ယောက်သည် ဖော်ပြလတ္တံ့ပါ ဂုဏ်အင်္ဂါများနှင့် ပြည့်စုံပါက အဆင့်မြင့် ဥပါသကာ, ဂုဏ်သရေရှိ ဥပါသကာ စစ်စစ် ဖြစ်ပါသည်-
(၁) ဘုရားရှင်၏ တပည့်သား သံဃာများနှင့် အေးအတူ ပူအမျှ ဆင်းရဲချမ်းသာကို ဝေမျှ ခံစားခြင်း၊
(၂) ဗုဒ္ဓ၏ တရားတော်ကိုသာ အလေးဂရုပြုခြင်း (အခြားသာသနာပ အယူဝါဒများကို လုံးဝ ဂုုံမပြုခြင်း)၊
(၃) မိမိရှိသမျှ ပစ္စည်းဥစ္စာကို မျှတစွာ ခွဲခြမ်းသုံးစွဲ လှူဒါန်းတတ်ခြင်း၊
(၄) ဘုရားသာသနာ ပျက်စီးမည့်အရေး တွေ့မြင်ပါက သာသနာတော် ကြီးပွားရာ ကြီးပွားကြောင်းကိုသာ မနေမနား ကြိုးစားအားထုတ်ခြင်း၊
(၅) အယူဖြောင့်မှန်ပြီး လူပြိန်းတို့လက်ခံသည့် အထူးအဆန်းမင်္ဂလာကို ယုံကြည်မှု မရှိသည့်အပြင် မိမိအသက်ကို ပဓာနမထားဘဲ မိမိကိုးကွယ်ရာ ဆရာ (ဘုရား) မှ အခြား အယူပျက်သော တိတ္ထိဆရာများကို မိမိ၏ ဆရာအဖြစ် မည်သည့် အခါမျှ မရည်ညွှန်းခြင်း၊
စာမျက်နှာ-44
(၆) ကာယကံ, ဝစီကံကို စောင့်ထိန်းခြင်း၊
(၇) အတူနေ ပုဂ္ဂိုလ်များနှင့် သင့်တင့် ညီညွတ်စွာ နေထိုင်တတ်၍ အချင်းချင်းအပေါ် ငြူစူမှုကင်းပြီး သာသနာတော်ကို ခုတုံးလုပ်၍ ဟန်ဆောင် ပလွှား ဝါကြွားမှု မပြုခြင်း၊
(၈) ဘုရားရတနာကို ကိုးကွယ်ဆည်းကပ်ခြင်း၊
(၉) တရားရတနာကို ကိုးကွယ်ဆည်းကပ်ခြင်း၊
(၁၀) သံဃာရတနာကို ကိုးကွယ်ဆည်းကပ်ခြင်းတို့ ဖြစ်ပါသည်။ (မိလိန္ဒပဥှာ၊ ၁၀၂)
အကယ်၍ ဖော်ပြပါ ဥပါသကာဂုဏ် ၁၀-ပါးကို ပြောင်းပြန် ကျင့်သုံးသူ ဖြစ်ပါက ဂုဏ်သိက္ခာမရှိသော ဥပါသကာ၊ သို့မဟုတ် ဥပါသကာ မဟုတ်သူအဖြစ် ရောက်ရှိပါသည်။
စာမျက်နှာ-45
အခန်း ( ၉ )
ဗုဒ္ဓဘာသာတစ်ယောက် ရှောင်ရမည့် အချက်များ
(က) ဒုစရိုက် ၁၀-ပါး
မြန်မာအမျိုးသား လူငယ်လူရွယ် ယောက်ျားမိန်းမများမှာ ကျောင်းစနေချိန်မှ စ၍ ဘွဲ့ဒီဂရီ ရသည်အထိနှင့် လုပ်ငန်းခွင် စသော နေရာဌာနတိုင်းတွင် လူမျိုးနှင့် ကိုးကွယ်သည့် ဘာသာဆိုသော ကွက်လပ်၌ “ဗမာ၊ ဗုဒ္ဓဘာသာ” ဟူ၍ အမြဲ ဖြည့်ကြရပါသည်။ သဗ္ဗညုဘုရားရှင်ကို “ဗုဒ္ဓ” ဟု ခေါ်၏။ ထိုဗုဒ္ဓရှင်တော်မြတ်၏ တရားတော်ကို “ဗုဒ္ဓဘာသာ” ဟု ခေါ်၏။ ထိုဗုဒ္ဓရှင်တော်မြတ်၏ တရားတော်အတိုင်း လိုက်နာနေထိုင်သူကို “ဗုဒ္ဓဘာသာဝင်” ဟု ခေါ်၏။ ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေဖြင့် ဗုဒ္ဓဘုရားရှင်နှင့် သူတော်စင်တို့ မနှစ်သက်အပ် ပယ်အပ်သော ဒုစရိုက် (၁ဝ) ပါးတရားများကို သိသင့်လှပါသည်။
“ပါဏာတိပါတ” အစ “မိစ္ဆာဒိဋ္ဌိ” အဆုံးရှိသော ဒုစရိုက် ၁၀-ပါးတို့၏ အပါယ်လေးဘုံ၌ ဖြစ်ရခြင်း စသော ကြီးသော အပြစ်နှင့်ငယ်သော အပြစ်ဟူ၍ နှစ်မျိုးရှိ၏။ စင်စစ်မူ အပြစ်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အကုသိုလ်ကို ရှောင်နိုင်လျှင် ကောင်း၏။
မကောင်းသောအမူကို ပြုမူကျူးလွန်သော အလေ့အကျင့်တို့ကို ပါဠိလို ဒုစ္စရိတ၊ မြန်မာလို ဒုစရိုက်ဟု ခေါ်သည်။ [ဒု = မကောင်းသော + စရိတ = စရိုက်(အကျင့်)] ဒုစရိုက်တရားများမှာ ၁၀-ပါး ရှိပါသည်။ ယင်းတို့မှာ-
ကာယဒုစရိုက် = ကာယကံ (၃) ပါး၊
ဝစီဒုစရိုက် = ဝစီကံ (၄) ပါး၊
မနောဒုစရိုက် = မနောကံ (၃) ပါးတို့ ဖြစ်ပါသည်။
ကာယဒုစရိုက် = ကာယကံ (၃)ပါး
(၁) ပါဏာတိပါတ = သူတပါးအသက်ကို သတ်ခြင်း၊
(၂) အဒိန္နာဒါန = ပိုင်ရှင်သည် ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သော သူတပါးဥစ္စာကို ခိုးယူခြင်း၊
(၃) ကာမေသုမိစ္ဆာစာရ = ကာမဂုဏ်တို့၌ မှားယွင်းစွာ ဖောက်ပြန်ကျူးလွန်ခြင်း၊
စာမျက်နှာ-46
ဝစီဒုစရိုက် = ဝစီကံ (၄)ပါး
(၁) မုသာဝါဒ = မဟုတ်မမှန်သော အရာကို ဟုတ်မှန်သည့်အနေဖြင့် လိမ်ညာပြောဆိုခြင်း၊
(၂) ပိသုဏဝါစာ = ချောပစ် ကုန်းတိုက်ခြင်း၊ ချစ်သူနှစ်ဦး ကွဲသွားအောင်၊ သို့မဟုတ် မိမိအား ချစ်ခင်လာအောင် ချစ်သူနှစ်ဦးကို ရန်တိုက်ပေးခြင်း၊ သင့်တင့်ညီညွတ်နေသော မိတ်ဆွေနှစ်ဦးတို့ကို မသင့်မတင့်ဖြစ်အောင် စိတ်ဝမ်းကွဲအောင် ပြောဆိုခြင်း၊
(၃) ဖရုသဝါစာ = ကြမ်းကြမ်းတမ်းတမ်း ဆဲရေးတိုင်းထွာ ပြောဆိုခြင်း၊
(၄) သမ္ဖပ္ပလာပ = မိမိသူတပါး နှစ်ဦးသား လုံးဝအကျိုးမရှိသော စကားပြောဆိုခြင်း။
မနောဒုစရိုက် = မနောကံ (၃)ပါး
(၁) အဘိဇ္ဈာ = သူများ စည်းစိမ်ဥစ္စာ ချမ်းသာ ကြွယ်ဝနေသည်ကို မြင်သောအခါ “ထိုစည်းစိမ် ချမ်းသာများ ငါ၏ဥစ္စာ ဖြစ်လာပါမူ ကောင်းလေစွ” ဟု သူတပါး၏ စည်းစိမ်ချမ်းသာအပေါ် မကောင်းကြံစည်ခြင်း၊
(၂) ဗျာပါဒ = သူတပါး ပျက်စီးစေလိုသည့်စိတ် ဖြစ်ပေါ်ခြင်း၊
(၃) မိစ္ဆာဒိဋ္ဌိ = လှူခြင်းသည် အကျိုးမရှိ၊ မလှူခြင်းသည် အပြစ်မရှိ စသည်ဖြင့် ဖောက်ပြန်မှားယွင်းစွာ ယူခြင်း။
ဤဒုစရိုက် (၁၀) ပါးကို အကုသလကမ္မပထတရား (၁၀) ပါးဟုလည်း ခေါ်သေး၏။ (အကုသလ = အကုသိုလ် + ကမ္မ = ကံ + ပထ = အပါယ်ရောက်ကြောင်းလမ်း)
လင်္ကာ။
သက်သတ်, ခိုးမှု၊ ကာမေသု၊ သုံးခု ကာယကံ။
လှည့်စား, ရန်တိုက်၊ မိုက်မိုက်ကန်းကန်း၊ နှုတ်ကြမ်းလေ့ခြင်း၊ ပြိန်ဖျင်းစကား၊ ပြောဆိုငြား၊ လေးပါး ဝစီကံ။
သူ့ဥစ္စာမှန်၊ မတရားကြံ၍၊ ဖောက်ပြန်သေကျေ၊ ပျက်စေလိုငြား၊ အယူမှား၊ သုံးပါး မနောကံ။
စာမျက်နှာ-47
၁။ သူ၏အသက်ကို သတ်ခြင်း ပါဏာတိပါတကံကို ကျူးလွန်ခြင်း အပြစ်နှင့် ပတ်သက်၍ ဓမ္မဒိန္နာအလောင်း ဆိတ်သတ်သမားသည် ဆိတ်ကို လည်ဖြတ်သတ်မိသော အကုသိုလ်ကံကြောင့် ဆိတ်မွေးအရေအတွက်နှင့် အမျှ ဘဝတိုင်း ဘဝတိုင်း၌ လည်ဖြတ် အသတ်ခံခဲ့ရပါသည်။ (ဓမ္မပဒဋ္ဌကထာ၊ ဗာလဝဂ်၊ အညတရပုရိသဝတ္ထု)
၂။ ပိုင်ရှင်သည် ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သော သူတပါးဥစ္စာကို ခိုးယူခြင်း အဒိန္နာဒါနကံနှင့် ပတ်သက်၍ ဘုရားသခင်နှင့် သံဃာတော်များ လုပ်ကျွေးရန် ဖြစ်သော ပစ္စည်းများကို ခိုးယူစားသုံးမိသဖြင့် ထမင်း အစာရေစာ ငတ်မွတ်သော ခုပ္ပိပါသပြိတ္တာဖြစ်ရပုံ, ဘုရားလေးဆူတို့၏ အကြား၌ ကြီးစွာသော ဆင်းရဲခံစားရပုံတို့ တိရောကုဋ္ဋပေတဝတ္ထု၌ လာပါသည်။
ပါရမီတော်ခန်းပျို့တွင်-
“အံအဲစွာမြို့၊ ပြိတ္တာတို့ကား၊ မည်သို့ခြင်းရာ၊ မဟူသာခဲ့၊ ပမာ နည်းထုံး၊ ဆိုဖွယ်ဆုံးမျှ၊ နှစ်သုံးလေးငါး၊ ဘုရားရှင်တော်၊ ပွင့်ငြားသော်လည်း၊ ကျွတ်ဖော်ဝေးလံ၊ နံသည်ကိုထား၊ လျှာဖျားဆွတ်လောက်၊ ရေမိုးပေါက်မျှ၊ မသောက်ရတန်၊ ပူဆာထန်၏”-
ဟူ၍ ရှင်မဟာသီလဝံသဆရာ မိန့်ဆိုတော်မူပါသည်။
၃။ မေထုန်အကျင့်တို့၌ မှားသောအားဖြင့် ကျင့်ခြင်း ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်မိခြင်းကြောင့် ရွှေပန်းထိမ်သည်သည် တိရစ္ဆာန်ဘဝ၌ ဝှေးသင်းခံရခြင်း၊ လူ့ဘဝ ရသော်လည်း ယောက်ျားမဟုတ် မိန်းမ မဟုတ် နပုန်း ပဏ္ဍုက် ဖြစ်ခြင်း၊ နောက်ဆုံးဘဝတွင် မိန်းမဖြစ်ခြင်းဖြင့်သာ အရဟတ္တမဂ်ဖိုလ်သို့ ဆိုက်ရောက်ရပါသည်။
သူဌေးသား လေးယောက်သည် သူတပါး သားမယားကို ကျူးလွန်ဖျက်ဆီးခြင်းကြောင့် လောဟကုမ္ဘီငရဲတွင် “ဒု-သ-န-သော” ဟု တစ်လုံးစီ ရွတ်ဆိုကာ နှစ်လိုက်ပေါ်လိုက် ခံစားရပါသည်။
၄။ မဟုတ်မမှန် လိမ်ညာစွပ်စွဲခဲ့သော စိဉ္စမာဏဝိကာသည် ပုဆိုးကြမ်းကို ဝမ်းတွင် ရစ်ပတ်ပြီး ပျဉ်ချပ်ဖုံးအုပ်၍ ကိုယ်ဝန်ပြုလုပ်ကာ ဘုရားရှင်ကို ပရိသတ်လေးပါး အလယ်တွင် စွပ်စွဲခဲ့ပါသည်။ ထိုလိမ်လည် စွပ်စွဲသော အကုသိုလ်ကံကြောင့် မြေလွှာသည် နှစ်ဖြာကွဲ၍ မျိုခြင်းခံရပါသည်။ အဝီစိငရဲတွင် အမျိုးတို့ ပေးအပ်သော ကမ္ဗလာနီခြုံဘိသကဲ့သို့ လောင်မြိုက်ခြင်း ခံရရှာပါသည်။
စာမျက်နှာ-48
၅။ ချောပစ်ကုန်းတိုက်ခြင်း၌ ညီညွတ်မှုကို ကွဲပြားအောင် ကုန်းတိုက်သော ရဟန်းသည် ဘုရားတစ်ဆူတစ်ဆူအကြား၌ ငရဲသို့ ကျရောက်ခြင်း ခံရပါသည်။ ကျွန်ုပ်တို့ ဘုရားလက်ထက်ဝယ် ရာဇဂြိုဟ်ပြည်အနီး၌ ပူတိမုခပြိတ္တာမျိုး၌ ဖြစ်ရပါသည်။
၆။ အယုတ်တမာ ကြမ်းတမ်းစွာ ဆဲဆိုသော နန္ဒိယ၏ မယား ရေဝတီသည် လူ့ပြည်၌ စဉ်းလဲခြင်း၊ ဝန်တိုခြင်းရှိသဖြင့် ရဟန်းပုဏ္ဏား ဖုန်းတောင်းယာစကာတို့အား ဆဲရေး ရေရွတ်ခြင်း၊ ယုတ်မာသော ဖရုသဝါစာကံကြောင့် ငရဲ၌ အနှစ်နှစ်ထောင် ကျရောက်ခံရပါသည်။ ငရဲမှ လွတ်သော်လည်း လက် ခြေ နား နှာခေါင်း ဖြတ်ခြင်း ခံရပါသည်။ တဖန် ဦးခေါင်း ဇောက်ထိုးမိုးမျှော် ငရဲ၌ ပစ်ချခြင်း ခံရပါသည်။
ဖရုသဝါစာ စေတနာသည် မိမိရည်မှန်းအပ်သော သူတပါးထံသို့ကား မရောက်၊ မိမိအားသာလျှင် မိမိနှုတ်က ထုတ်ဖော်ဆဲရေးသော စကားအတိုင်း ဘေးအန္တရာယ် ကျရောက်တတ်သည်ကို သတိပြုသင့်လှပါသည်။
၇။ ကချေသည်တို့၏ အကြီးအမှူး ဂါမဏိသည် အကျိုးမရှိ ပြိန်ဖျင်းသော စကားကို ဆိုခြင်းဖြင့် ရာဂ ဒေါသ မောဟဖြင့် နှောင်ဖွဲ့ခြင်း၊ သတ္တဝါတို့အား လွန်စွာတပ်နှစ်သက်ခြင်း၊ အမျက်ထွက်ခြင်းတို့ကို ဖြစ်စေ၍ တွေဝေမှု အာရုံတို့ကို အနီးသို့ ဆောင်တတ်, လွန်စွာ မေ့လျော့စေတတ်သောကြောင့် “ဟာသ” အမည်ရှိသော ငရဲ၌ ဖြစ်၏။
၈။ အာဂန္တုကသူဌေးသည် အဘိဇ္ဈာကံ၏ အပြစ်ကြောင့် ပစ္စည်းဥစ္စာ ပေါများသော်လည်း အမွေခံသားသမီး မရှိ၊ မိမိ ကိုယ်တိုင်လည်း ကောင်းစွာ မသုံးဆောင်၊ မင်းဘဏ္ဍာအဖြစ် အသိမ်းခံရ၏။ သူဌေးကြီးဖြစ်သော်လည်း ပရစေတနာ ပျက်သောကြောင့် ဒါနအကျိုးကို မခံစားရ၊ မဟာရောရုဝငရဲ၌ ဖြစ်ရ၏။
၉။ ခုပ္ပိပါသ ပြိတ္တာသည် အသယှသူဌေးကြီး၏ အလှူပွဲ ကြီးကြပ်ရသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့၏။ သဒ္ဓါတရား မရှိ၊ ဣဿာ၊ မစ္ဆရိယ၊ ဗျာပါဒ အားကြီး၏။ အလှူခံ ပုဂ္ဂိုလ်တို့ကို မပေးလှူရအောင် မရှိတော့ဘူးဟု ပြောဆို၏။ မလွှဲသာ၍ ပေးရလျှင်လည်း မကြည်သာသော မျက်စိ မျက်နှာဖြင့် ကြည့်ရှုခြင်းတို့ကို ပြု၏။ ဒေါသစိတ်ဖြင့် သူတပါးတို့၏ အကျိုးကို ဖျက်ဆီးသော ကံကြောင့် ခုပ္ပိပါသပြိတ္တာ ဖြစ်ရရှာ၏။ မျက်နှာ ခြေလက်တို့သည် မလှမပဖြစ်၍ ကြီးစွာသော ဆင်းရဲခြင်းတို့ကို ခံရပါသည်။
စာမျက်နှာ-49
၁၀။ အယူမှားမှု, ကံ,ကံ၏ အကျိုးကို မယုံကြည်မှု, တရားသဘောကို ဖောက်ပြန်သောအားဖြင့် မြင်မှုတို့ဖြင့် မှားယွင်းသောအယူကို ကျူးလွန်သဖြင့် အပြစ်ခံရသော ကောရခတ္တိယသည် မှားသောမိစ္ဆာအယူကို ယူမိသောကြောင့် ကာလကဉ္စိက အသုရကာယ်ဘုံ၌ ဖြစ်ရရှာသည်။ (ဒီဃနိကာယ်၊ ပါထိကဝဂ်၊ ပါထိကသုတ်)။
ထို့ကြောင့် ဒုစရိုက် (၁၀) ပါး တရားကို သိရှိနားလည်ကြကုန်သော မြန်မာလူမျိုးတို့သည် ရှေးကပြုခဲ့မိသော မကောင်းမှု အကုသိုလ်ကံတို့ကို ပပျောက်စေရန် ဒါန သီလ ဘာဝနာ စသော ကုသိုလ်တရားတို့ကို ပြုလုပ်ပွားများသင့်၏။ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်လာစေရန် ကြိုးစားအားထုတ်မှု (သမ္မပ္ပဓာန်) တရားတို့ကို ပြုလုပ်သင့်ကြပါသည်။ ဤသို့ဖြင့် အပါယ်သို့ မကျရောက်အောင် နေထိုင် ကျင့်ကြံပြီး ဘာသာသွေး ဘာသာအသိတို့ တိုးတက် ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်ကြပါလျှင် ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးသည် အရှည်တည်တံ့ ထွန်းကား ပြန့်ပွားနိုင်မည် ဖြစ်ပါသည်။
(ခ) မရောင်းကောင်းသော ကုန်စည်မျိုး (၅)ပါး
ဗုဒ္ဓမြတ်စွာသည် အင်္ဂုတ္တရနိကာယ ပဉ္စကနိပါတ် ဥပါသကဝဂ် ဝဏိဇ္ဇသုတ်တော်တွင် ဗုဒ္ဓဘာသာ ဥပါသကာတစ်ယောက်အနေဖြင့် မရောင်းကောင်းသော ကုန်စည်မျိုး (၅) ပါးကို ဟောကြားတော်မူခဲ့ပါသည်။ ထို (၅) ပါးတို့မှာ-
(၁) သတ္ထဝဏိဇ္ဇာ = အများသေစေကြောင်း လေး မြား စသော လက်နက်ပေါင်း အမျိုးမျိုးကို ရောင်းခြင်း၊
(၂) သတ္တဝဏိဇ္ဇာ = ဆင် မြင်း လူ စသော အစေခံ သတ္တဝါ အပေါင်းကို ရောင်းခြင်း၊
(၃) မံသဝဏိဇ္ဇာ = ဝက် သမင် စသော အသားစားကြောင်း သတ္တဝါအပေါင်းကို ရောင်းခြင်း၊
(၄) မဇ္ဇဝဏိဇ္ဇာ = သေရည်အရက် အမျိုးမျိုးကို ရောင်းခြင်း၊
(၅) ဝိသဝဏိဇ္ဇာ = အများကို သေစေတတ်သော အဆိပ်အမျိုးမျိုးကို ရောင်းခြင်းတို့ ဖြစ်ပါသည်။
စာမျက်နှာ-50
ဗုဒ္ဓမြတ်ဘုရားသည် ဓား လှံ လေး မြား စသော (လူသတ်) လက်နက်တို့ကို မိမိကိုယ်တိုင် ပြုလုပ်၍ လည်းကောင်း၊ တခြား တပါးသောသူကို ပြုလုပ်ခိုင်း၍ လည်းကောင်း၊ သူတပါး ပြုလုပ်ပြီးသည်ကို တဆင့်ဝယ်ယူ၍ လည်းကောင်း ရောင်းဝယ်ခြင်း မပြုလုပ်ရဟု တားမြစ်တော်မူပါသည်။ အဘယ်ကြောင့် တားမြစ်ရသနည်းဟူမူ ဓား လှံ စသော လက်နက်တို့သည် တပါးသော သတ္တဝါတို့ကို သတ်ဖြတ်နှိပ်စက်ကြောင်း ဖြစ်သောကြောင့် ဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာသည် မိစ္ဆာစာရဖြင့် အသက်မွေးသော မိန်းမပျက် (ပြည့်တန်ဆာ) ရောင်းဝယ်ခြင်း၊ လူများကို ကျွန်ဖြစ်စေရန် ရောင်းဝယ်ခြင်း စသော ကူးသန်းရောင်းဝယ်ခြင်းကို မပြုလုပ်ရဟု တားမြစ်တော်မူပါသည်။ အကြောင်းမှာ သူ့ကျွန်၏ အဖြစ်ကို ပြုတတ်သောကြောင့် ဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာသည် သားသမင် နွား ကြက် ဝက် စသော ဟင်းလျာ သတ္တဝါတို့ကို မွေးမြူ၍ သားငါးမျိုး ကုန်ရောင်းခြင်းကို တားမြစ်တော်မူပါသည်။ အကြောင်းမှာ သတ္တဝါတို့ကို သတ်ဖြတ်ရခြင်း ဟူသော အကြောင်းကြောင့် ဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာသည် လတ်တလော သေစေတတ်သော အဆိပ်အမျိုးမျိုး၊ ယုတ်စွအဆုံး ကိုယ်ဝန်ကျစေတတ်သော ဆေးမျိုး ရောင်းစားခြင်းကို မပြုမလုပ်အပ်ဟု တားမြစ်တော်မူပါသည်။ အဘယ်ကြောင့်ဆိုသော် အဆိပ်အမျိုးမျိုးတို့သည် တပါးသော သတ္တဝါတို့ကို သေစေတတ်သောကြောင့် ဖြစ်ပါသည်။
လင်္ကာ။
လူနှင့် လက်နက်၊ ကြက်ဝက်, ယစ်မျိုး၊ အဆိပ်ဆိုးဟု၊ ကောင်းကျိုး မရ၊ အပါယ်ကျသော၊ ဝဏိဇ္ဇငါး၊ မရောင်းစားဘဲ၊ ခုနစ်ပါးဒုစရိုက်၊ ကြဉ်ဖယ်လိုက်၍၊ အမြိုက်ဘူမိ၊ ရောက်ကြောင်းရှိသော၊ သုစရိုက်ကျင့်၊ စိတ်ကောင်းမြင့်လျက်၊ သင့်တင့်ညီစွာ၊ ကုန်သွယ်ပါလျှင်၊ မိစ္ဆာဇီဝါ၊ ကင်းလွတ်ပါလျက်၊ သမ္မာဇီဝါ၊ ပြည့်စုံပါသည်။ ဥပါသကာ, ဇီဝတည်း။ (ဥပါသကဂုဏပကာသနီ)
စာမျက်နှာ-51
ယင်းငါးမျိုးသော ကုန်စည်တို့ကို ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ကူးသန်းရောင်းဝယ်ခြင်း မပြုဘဲ ရှောင်ကြဉ်သင့်ပါသည်။ ထိုသို့ ရှောင်ကြဉ်မှသာလျှင် နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော သုစရိုက်တရားတို့ကို ကျင့်ကြံနိုင်ပါမည်။ သို့မှသာ ကောင်းမြတ်သော စိတ်ထားပြည့်ဝပြီး သင့်တင့်ညီညွတ်မျှတသော ကုန်သွယ်မှု ဖြစ်နိုင်ပါမည်။ ကောင်းသော အသက်မွေးမှုပြုခြင်း ဖြစ်နိုင်ပေမည်။
စာမျက်နှာ-52
အခန်း ( ၁၀ )
ဗုဒ္ဓဘာသာတစ်ဦး၏ တစ်နေ့တာလုပ်ငန်း
(က) မေတ္တာဖြင့် နိုးထခြင်း
အရုဏ်ဦးအချိန်ကာလကား နေ့တစ်နေ့၏ အစဖြစ်၏။ ထိုအချိန်ကာလတွင် ဗုဒ္ဓဘာသာဝင် တစ်ဦးသည် မေတ္တာဖြင့် နိုးထ၍ နေ့တစ်နေ့ကို စတင်သင့်၏။ “သတ္တဝါမှန်သမျှ ကိုယ်စိတ်နှဖြာ ချမ်းသာကြပါစေ” ဟု မေတ္တာပို့ခြင်းသည် အလွန်မွန်မြတ်သော အလုပ်ဖြစ်၏။ သောကကို မေတ္တာဖြင့် ရှုမြင်ခြင်း၊ အကောင်းမြင် အမြင်ဖြင့် စတင်နိုးထခြင်း ဖြစ်၏။ ဘာသာတရားကို ထိန်းသိမ်း၍ သူတော်ကောင်း ဘဝဖြင့် တစ်နေ့တာ ဆက်လက် ရပ်တည်ခြင်းလည်း မည်၏။ “ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ရခြင်း” စသော မင်္ဂလာတရားနှင့်လည်း ညီ၏။ ဝါ-မင်္ဂလာရှိပေ၏။
ရှေးဗုဒ္ဓဘာသာဝင်တို့သည် အရုဏ်ဦး နိုးထစ ကာလမှာ ဘုရားဝတ်ပြုခြင်း၊ မေတ္တာပို့သခြင်း၊ ကုသိုလ်အမျှကို ပေးဝေခြင်းဖြင့် ကြေးစည်သံတဝေဝေ လွင့်ပျံ့အောင် ရိုက်ခတ်လေ့ရှိကြသည်။ ကြေးစည်သံသည် ဘာသာတရား ကိုင်းရှိုင်းမှု၏ သင်္ကေတ၊ သူတော်ကောင်း၏ သဘာဝ၊ မြန်မာ့ယဉ်ကျေးမှု၏ အလှအပတစ်ခု ဖြစ်၏။ ထို အစဉ်အလာကောင်းကို ထိန်းသိမ်းသည့်အနေဖြင့် ယခုကာလ ဗုဒ္ဓဘာသာဝင်တစ်ဦးသည် အရုဏ်ဦးကာလမှာ မေတ္တာဖြင့် နိုးထယုံမျှဖြင့် မပြည့်စုံသေး။ ရှေးဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ အစဉ်အလာအတိုင်း ဘုရားဝတ်တက်ခြင်း၊ မေတ္တာပို့ခြင်း စသည်ကို ပြုလုပ်ရန် မျက်နှာသစ်ခြင်း၊ အခင်းကြီး အခင်းငယ် သွားလာခြင်းကိစ္စ ပြီးလျှင် ဘုရားစင်ရှိရာသို့ ချဉ်းကပ်သင့်ပေသည်။
(ခ) ရတနာသုံးပါးအား ရှိခိုးခြင်း
ရတနာသုံးပါးကို ရှိခိုးသည့်အခါ ထိခြင်းငါးပါးဖြင့် ရှိခိုးရ၏။ “ခြေ, လက်, နဖူး၊ တံတောင်, ဒူး၊ ငါးဦး ကြမ်းမှာတည်” ဟူသည်နှင့်အညီ-
(၁) ခြေဖျားနှင့် ကြမ်းပြင် ထိခြင်း၊
(၂) လက်ဖဝါးနှင့် ကြမ်းပြင် ထိခြင်း၊
(၃) နဖူးနှင့် ကြမ်းပြင် ထိခြင်း၊
(၄) တံတောင်နှစ်ဖက်နှင့် ကြမ်းပြင် ထိခြင်း၊
(၅) ဒူးနှစ်ဖက်နှင့် ကြမ်းပြင် ထိခြင်း။
စာမျက်နှာ-53
ဤငါးမျိုးဖြင့် ထိခြင်းကို ထိခြင်း (တည်ခြင်း) ငါးပါး ဟု ခေါ်ပါသည်။ ထိုသို့ ရှိခိုးရာတွင် ရတနာသုံးပါး၏ ဂုဏ်တော်ကို ရည်မှန်း၍ -
ဗုဒ္ဓံ ပူဇေမိ (မြတ်စွာဘုရားကို + ပူဇော်ပါ၏)
ဓမ္မံ ပူဇေမိ (တရားတော်မြတ်ကို + ပူဇော်ပါ၏)
သံဃံ ပူဇေမိ (သံဃာတော်မြတ်ကို + ပူဇော်ပါ၏)
ဟူ၍ စိတ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့် အသံထွက် ရွတ်ဆို၍ဖြစ်စေ ရှိခိုးဦးချရပါမည်။
ယင်းနောက် “ဩကာသကန်တော့ချိုး” ဖြင့် အပြစ်ခပ်သိမ်း ပပျောက်စေရန် ကန်တော့ရမည်။ မိမိအိမ်၌ရှိသော ဘုရားဆင်းတုတော်ရှေ့၌ ဆိုရန် ဖြစ်၏။
(ဂ) ဩကာသ ကန်တော့ချိုး
ဩကာသ ဩကာသ ဩကာသ၊ ကာယကံ ဝစီကံ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ ဒုတိယ တတိယ၊ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရား ငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။
(ကန်တော့သူဆိုရန်) အကယ်၍ ဘုန်းကြီးထံမှာ ဆိုပါက ဘုန်းကြီးက ဆုပေးလျှင် “ပေးသောဆုနှင့် ပြည့်စုံရပါလို၏” ဟု ဆိုရမည်။
(ဃ) သရဏဂုံနှင့် ငါးပါးသီလတောင်းပုံ ပါဠိ
အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
စာမျက်နှာ-54
ဘုန်းကြီးထံမှာ ဖြစ်ပါက “ယမဟံ ဝဒါမိ၊ တံ ဝဒေထ (ငါဆိုသော စကားကို လိုက်ဆိုကြ)” ဟု ဆိုသောအခါ “အာမ ဘန္တေ (မှန်ပါဘုရား)” ဟု ဆိုရမည်။
ဘုရားရှိခိုးပုံ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ (သုံးကြိမ်ဆို)
သရဏဂုံ ဆောက်တည်ပုံပါဠိ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။
ဘုန်းကြီးထံမှာ ဖြစ်က “တိသရဏဂမနံ ပရိပုဏ္ဏံ (သရဏဂုံ ဆောက်တည်ခြင်း ကိစ္စ ပြည့်စုံပြီ)” ဟု ဘုန်းကြီးက ဆိုသောအခါ “အာမ ဘန္တေ (မှန်ပါဘုရား)” ဟု ဆိုရမည်။
စာမျက်နှာ-55
ငါးပါးသီလ ခံယူဆောက်တည်ပုံ ပါဠိ
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၄။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၅။ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(“အာမ ဘန္တေ” ဟု ကန်တော့သူကဆိုရန်)
ဘုန်းကြီးထံမှာ ဖြစ်က “တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ (သရဏဂုံနှင့် ငါးပါးသီလကို ကောင်းကောင်းမွန်မွန် မမေ့မလျော့ စောင့်ရှောက်လေ)” ဟု ဆိုသောအခါ “အာမ ဘန္တေ (မှန်ပါဘုရား)” ဟု ဆိုရမည်။
ငါးပါးသီလ ဆောက်တည်ပုံ ပြီး၏။
(င) ရှစ်ပါးသီလ တောင်းခံပုံ ပါဠိ
(ဩကာသ-ဆိုရန်)
အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ...
တတိယမ္ပိ...
(နမော တဿနှင့် သရဏဂုံ ဆိုရန်)
ရှစ်ပါးသီလ ခံယူဆောက်တည်ပုံ ပါဠိ
၁။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၂။ အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၃။ အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
စာမျက်နှာ-56
၄။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၅။ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၆။ ဝိကာလဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၈။ ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
(“အာမ ဘန္တေ” ဟု ဆိုရန်)
ရှစ်ပါးသီလ ဆောက်တည်ပုံ ပြီး၏။
(စ) ကိုးပါးသီလ တောင်းခံပုံ ပါဠိ
(ဩကာသ-ဆိုရန်)
အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂ သမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ...
တတိယမ္ပိ...
(နမော တဿနှင့် သရဏဂုံ ဆိုရန်)
ကိုးပါးသီလ ခံယူဆောက်တည်ပုံ ပါဠိ
(၁) မှ (၈) အထိ ရှစ်ပါးသီလ ဆောက်တည်စဉ်က ဆိုသည့်အတိုင်း ဆိုရန်။
(၉) မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရာမိ။
ကိုးပါးသီလ ဆောက်တည်ပုံ ပြီး၏။
စာမျက်နှာ-57
(ဆ) အာဇီဝဋ္ဌမကသီလ တောင်းခံပုံ ပါဠိ
(ဩကာသ-ဆိုရန်)
အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ...
တတိယမ္ပိ...
(နမော တဿနှင့် သရဏဂုံ ဆိုရန်)
အာဇီဝဋ္ဌမကသီလ ခံယူဆောက်တည်ပုံ ပါဠိ
၁။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၂။ အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၄။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၅။ ပိသုဏဝါစာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၆။ ဖရုသဝါစာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၇။ သမ္ဖပ္ပလာပါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၈။ မိစ္ဆာဇီဝါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
အာဇီဝဋ္ဌမကသီလ ဆောက်တည်ပုံ ပြီး၏။
(ဇ) ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်း
(၁) ဆွမ်းတော်ကပ်နှင့် ဆုတောင်း
အရဟတာဒိနဝဂုဏေဟိ၊ အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့်။ သမန္နာဂတံ၊ ပြည့်စုံတော်မူသော။ နာထံ လူ နတ်တို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော။ ဗုဒ္ဓံ၊ သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို။ ဥဒ္ဒိဿ၊ ရည်မှတ်၍။ စေတိယဿ၊ ဓာတုစေတီ, ဓမ္မစေတီ, ဥဒ္ဒိဿစေတီ, ပရိဘောဂစေတီတော်မြတ်အား။ ဝဏ္ဏ ဂန္ဓ ရသ သမ္ပန္နံ၊ အဆင်း အနံ့, အရသာနှင့် ပြည့်စုံသော။ ဣမံ ပိဏ္ဍပါတခါဒနိယဘောဇနီယံ၊ ဤဆွမ်းခဲဖွယ် ဘောဇဉ် ချိုချဉ်အရသာကို။ သက္ကစ္စံ ရိုရိုသေသေ။ ဒေမိ၊ နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ဘုရား။ ပူဇေမိ၊ နိဗ္ဗာန်ရည်မျှော် ပူဇော်ပါ၏ အရှင်ဘုရား။
စာမျက်နှာ-58
ဆုတောင်းပါဠိ။
ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု။
အနက်။
တပည့်တော်၏။ ဣဒံ ပုညံ၊ ဤကောင်းမှုသည်။ အာသဝက္ခယာဝဟံ၊ အာသဝေါတရား လေးပါးတို့၏ ကုန်ရာ ကုန်ကြောင်းဖြစ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ဆောင်ရွက်နိုင်သည်။ ဟောတု၊ ဖြစ်ပါစေသတည်း။
(၂) ရေချမ်းကပ်နှင့် ဆုတောင်း
အရဟတာဒိနဝဂုဏေဟိ = (ဆွမ်းကပ်နည်းတူဆို)
သမန္နာဂတံ = (ဆွမ်းကပ်နည်းတူဆို)
နာထံ = (ဆွမ်းကပ်နည်းတူဆို)
ဗုဒ္ဓံ = (ဆွမ်းကပ်နည်းတူဆို)
ဥဒ္ဒိဿ = (ဆွမ်းကပ်နည်းတူဆို)
စေတိယဿ = (ဆွမ်းကပ်နည်းတူဆို)
သုဒ္ဓသီတလပသန္နံ၊ သန့်ရှင်းအေးမြ ကြည်လင်လှသော။ ဣမံ ပါနီယပရိဘောဇနီယံ၊ ဤသောက်တော်ရေ သုံးတော်ရေကို။
သက္ကစ္စံ = (ဆွမ်းကပ်နည်းတူဆို)
ဒေမိ = (ဆွမ်းကပ်နည်းတူဆို)
ပူဇေမိ = (ဆွမ်းကပ်နည်းတူဆို)
ဆုတောင်းပါဠိ / အနက် = (ဆွမ်းကပ်နည်းတူဆို)
(၃) ပန်းတော်ကပ်နှင့်ဆုတောင်း
အရဟတာဒိ နဝဂုဏေဟိ = (ဆွမ်းကပ်နည်းတူဆို)
သမန္နာဂတံ = (ဆွမ်းကပ်နည်းတူဆို)
နာထံ = (ဆွမ်းကပ်နည်းတူဆို)
ဗုဒ္ဓံ = (ဆွမ်းကပ်နည်းတူဆို)
ဥဒ္ဒိဿ = (ဆွမ်းကပ်နည်းတူဆို)
စေတိယဿ = (ဆွမ်းကပ်နည်းတူဆို)
စာမျက်နှာ-59
ဝဏ္ဏ ဂန္ဓသမ္ပန္နံ၊ အဆင်းအနံ့နှင့် ပြည့်စုံသော။ ဣမံ ပုပ္ဖံ၊ ဤပန်းကို။
သက္ကစ္စံ = (ဆွမ်းကပ်နည်းတူဆို)
ဒေမိ = (ဆွမ်းကပ်နည်းတူဆို)
ပူဇေမိ = (ဆွမ်းကပ်နည်းတူဆို)
ဆုတောင်းပါဠိ / အနက် = (ဆွမ်းကပ်နည်းတူဆို)
(၄) ဆီမီးတော်ကပ်နှင့် ဆုတောင်း
အရဟတာဒိနဝဂုဏေဟိ၊ အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့်။ သမန္နာဂတံ၊ ပြည့်စုံတော်မူသော။ သဗ္ဗညုတာနာဝရဏဉာဏေဟိ၊ သဗ္ဗညုတဉာဏ်, အနာဝရဏဉာဏ်တော်တို့ဖြင့်။ တိလောကေ၊ သုံးပါးသော လောက၌။ အဝိဇ္ဇာန္ဓကာရံ၊ အဝိဇ္ဇာတည်းဟူသော အမိုက်မှောင်ကို။ ဝိဓမိတွာ၊ ပယ်ဖျောက်၍။ ဇလံ ဇလန္တော၊ ထွန်းလင်း တောက်ပတော်မူစေနိုင်သော။ ဗုဒ္ဓံ၊ သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို။ ဥဒ္ဒိဿ၊ ရည်မှတ်၍။ စေတိယဿ၊ ဓာတုစေတီ, ဓမ္မစေတီ, ဥဒ္ဒိဿစေတီ, ပရိဘောဂစေတီတော်မြတ်အား။ ပဘာဝဏ္ဏေဟိ၊ အရောင် အဆင်းတို့ဖြင့်။ အန္ဓကာရံ၊ အမိုက်အမှောင်ကို။ ဝိနာသကံ၊ ပယ်ဖျောက်တတ်သော။ ဣမံ ဒီပဇာလံ၊ ဤဆီမီးလျှံကို၊ သက္ကစ္စံ၊ ရိုရိုသေသေ။ ဒေမိ၊ နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ ဘုရား။ ပူဇေမိ၊ နိဗ္ဗာန်ရည်မျှော် ပူဇော်ပါ၏ အရှင်ဘုရား။
ဆုတောင်းပါဠိ / အနက် = (ဆွမ်းကပ်နည်းတူဆို)
(ဈ) တောင်တွင်းကြီး ဆရာတော်ခင်ကြီးဖျော် ရေးသားသည့် လက်နက်ကိုးပါးအောင် ဘုရားရှိခိုး
ဝါတံ ဝဿဉ္စ ပါသာဏံ၊ အာဝုဓံ ဝါဠုကံ တထာ။
ကုက္ကုဋ္ဌံ ကလလင်္ဂါရံ၊ အန္ဓကာရန္တိမေ နဝ။
သတ္ထေ မာရေန ဝိဿဋ္ဌေ၊ ဝိဇယန္တံ ဇိနံ နမေ။
အဟမ္ပိ တေန ပုညေန၊ ဝိဇေယျံ သဗ္ဗမာယုဓေ။
စာမျက်နှာ-60
ဝါတံ၊ လောကထွတ်ထား တို့ဘုရားလျှင် ငါးပါးမာရ်ခြွေ ပလ္လင်ဗွေ၌ စံနေခိုက်ခါ မာရ်နတ်လာလျက် စက္ကဝါတိုက် တောင်နှင့်ရိုက် ပန်းမှိုက်မြူစုဏ် သေးဖွဲ့နုန့်သို့ မှုန့်မှုန့်ညက်ကြေ ပျက်ပစေဟု စေတနာဆိုး ပြုဖန်မျိုးသား မိုးရပ်သိမ့်ဟည်း မြေကြီးပဲ့တင် သစ်ပင်ကျောက်တုံး အိမ်အလုံးကို ချေမှုန်းဖြတ်ပိုင်း ရှစ်ရပ်တိုင်းမှ အုံ့မှိုင်းလေဆိုး မုန်တိုင်းလက်နက်မျိုးကိုလည်းကောင်း။ ဝဿဉ္စ၊ အဟုန်ဒီးဒီး စီးကျသွယ်သွယ် ရေပြင်ကျယ်၌ မှီဖွယ်ကင်းမည် သေစိမ့်ရည်၍ တစ်မည်ပြုစား ထန်းလုံးဖျားနှင့် တောင်ဖျားမျှခေါင် အမြင့်ဆောင်သား ရှစ်ဘောင်ရပ်ခန်း ပြည့်မောက်လှမ်းသည့် မိုးကြမ်းရေဆိုး လက်နက်မျိုးကို လည်းကောင်း။ ပါသာဏံ၊ ကျောက်ဖြင့် ကြိတ်ဖျက် မှုန့်မှုန့်ညက်လျှင် နှိပ်စက်စေရန် တစ်မည်ဖန်၍ နဘန်မိုးလုံး ထစ်ချုန်း ခြိမ့်ညံ တိုက်ခတ်သံနှင့် အလျှံဖြိုးဖြိုး ကျောက်ခဲကျောက်စိုင်မိုးကိုလည်းကောင်း။ အာဝုဓံ၊ အသွေးတခြား အသားတစ်ထွေ အရေတစ်မျိုး အရိုးတစ်ဂိုဏ်း ထိုးခုတ်ပိုင်း၍ မဆိုင်းသေရန် ပြုစီမံသား အလျှံပြိုးပြက် မိုးလုံးလက်အောင် တစ်ဘက်အသွား နှစ်ဘက်သွားဟု လှံဓား စသည် အမည်မည်လျှင် စုံစီဖန်ပျိုး လက်နက်မိုးကို လည်းကောင်း။ ဝါဠုကံ တထာ၊ ထွက်လေ ဝင်လေ နှစ်ထွေမရှိ သဲဖြင့်ပိ၍ မချိသေအောင် ပြုဆောင်ဖန်ပျိုး သဲထုမိုးကိုလည်းကောင်း။ ကုက္ကုဋ္ဌံ၊ တစိမ့်စိမ့်ပူ သေအောင်ဟူ၍ သူအကြံပျိုး ပြာပူမိုးကိုလည်းကောင်း။ ကလလံ၊ ကျိုက်ကျိုက်ပွက်ဆူ အပူအခိုး ရွှံ့ညွန်မိုးကိုလည်းကောင်း။ အင်္ဂါရံ၊ တခဏချင်း အပြင်းပူလောင် သေအောင် ဖန်ပျိုး မီးကျီးမိုးကိုလည်းကောင်း။ အန္ဓကာရံ၊ ကြည့်သော်မစွမ်း စွမ်းသော်မထင် ကြောက်စိတ်ဝင်၍ အလျင်သေရန် တဖန်ပြုဆောင် အမိုက်မှောင်ကိုလည်းကောင်း။
ဣတိ၊ ဤသို့။ မာရေန ဝိဿဋ္ဌေ၊ မာရ်နတ်မိစ္ဆာ အယုတ်တမာလျှင် ကြိမ်းကာဆင့်ဆင့် ပစ်လွှင့်အပ်ကုန်သော။ ဣမေ နဝ သတ္ထေ၊ လေ, မိုး, ကျောက်, သံ၊ ညွန်, မီးခဲနှင့်၊ ပြာခဲ, မိုက်မှောင်၊ ပြောင်ပြောင်လက်နက် ရောင်ပြိုးပြက်ဟု ကိုးချက်ရန်စွယ် လက်နက်မျိုးအန္တရာယ်တို့ကို။ ဝိဇယန္တံ၊ ဗိုလ်ပါအပေါင်း သောင်း ကုဋေအား ဆောင်နိုင်ငြားလည်း ရိုက်လား ပုတ်လား အဘအပါးဝယ် ဆိုးဝါးမာန်မူ သားငယ်တူသို့ သီတဂူနှုန်း ကြည်နှလုံးဖြင့် မြေလုံးငြိမ့်အောင် သက်သေဆောင်၍ အောင်တော်မူကြီး အောင်တော်မူထသော (ဝါ) အောင်တော်မူသောကြောင့်။ ဇိနံ၊ ဇိနဟူသည် အမည်တံဆိပ် ဘွဲ့ပုံလိပ်ဖြင့် ခတ်နှိပ်ပေါ်ထင် အောင်ပွဲရှင် မြတ်စွာဘုရားကို။ နမေ-နမာမိ၊ ကိုယ်နှုတ်နှလုံး သုံးပါးပျောင်းပျော့ မာန်ကိုလျှော့၍ ကန်တော့ ရှိခိုးပါ၏။ မြတ်စွာဘုရား၊ အဟမ္ပိ၊ စတုသမုဋ္ဌာန် ပြုလုပ်ဖန်သည့်
စာမျက်နှာ-61
ရုပ်နာမ်ပေါင်းချုပ် အကျွန်ုပ်သည်လည်း။ တေန ပုညေန၊ လက်နက်မျိုးကို ဖျက်ချိုးနှိမ်ဖူး ဂုဏ်ကျေးဇူးဖြင့် ချီးကျူးဝန္ဒနာ စေတနာပဏာမ မြတ်ပုညကြောင့် သဗ္ဗမာယုဓေ၊ သေနတ်လေးမြား ဓားလှံမီးပေါက် အမြောက် စိန် ဗုံး ချေမှုန်းခွင်းဖြတ် အကျဉ်းမှတ်သော် လွှတ်အပ်, မလွှတ်အပ် နှစ်ရပ်ကျုံးခြုံ အလုံးစုံသော လက်နက်မျိုးတို့ကို။ ဝိဇေယျံ၊ ယနေ့ကစ နိဗ္ဗာန်ရသည့် ကာလတခွင် သံသာပြင်ဝယ် မမြင်ရ မကြားရ အဝေးကပင် အောင်ရ, နိုင်ရ အောင်နိုင်ရသည့်ကိုယ် ဖြစ်ရပါလို၏ မြတ်စွာဘုရား။
လက်နက်ကိုးပါးအောင် ဘုရားရှိခိုးပြီး၏။
(ည) မေတ္တာပို့ခြင်း
ဘုရားရှိခိုးပြီးနောက် ပရိတ်ကြီး (၁၁) သုတ်မှ လိုရာသုတ်ကို ဖြစ်စေ၊ ဤကျမ်းစာအုပ်ပါ အန္တရာယ်ကင်း ပရိတ်ဂါထာကို ဖြစ်စေ၊ အခြား မိမိတို့ ကြိုက်နှစ်သက်ရာ ပရိတ်ဂါထာများကို ဖြစ်စေ ရွတ်ပွား၍ ဘဝအတွက် အရံအတား ပြုလုပ်ရပါမည်။
ပရိတ်တော်အရံအတားပြုပြီးနောက် သတ္တဝါတို့အား မေတ္တာပို့သရမည်။ ဤကျမ်းစာအုပ်၌ ဖော်ပြထားသည့် မေတ္တာပို့ကား အရပ်မျက်နှာ အသီးသီးကို ဖြန့်ကြက်၍ ပို့သသော (ဒိသာဖရဏ) မေတ္တာပို့ဖြစ်၏။ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသဆရာတော်က ပဋိသမ္ဘိဒါမဂ် ပါဠိတော်နှင့်အညီ ရေးသားတော်မူသည့် မေတ္တာပို့ ဖြစ်သည်။
(၁) အရှေ့အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
(၂) အနောက်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
စာမျက်နှာ-62
(၃) မြောက်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
(၄) တောင်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
(၅) အရှေ့တောင်ထောင့်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
(၆) အနောက်မြောက်ထောင့်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
(၇) အရှေ့မြောက်ထောင့်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
စာမျက်နှာ-63
(၈) အနောက်တောင်ထောင့်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
(၉) အောက်အရပ်၌ရှိသော ထက်ဝန်းကျင် အနန္တစကြဝဠာ အပါယ်ဘုံသား အနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
(၁၀) အထက်အရပ်၌ရှိသော ထက်ဝန်းကျင် အနန္တစကြဝဠာ အနန္တ နတ်ဗြဟ္မာတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
မေတ္တာဘာဝနာ (၁၁)မျိုး
ဤ မေတ္တာဘာဝနာ (၁၁) မျိုးကား မေတ္တသုတ် ပရိတ်တော်လာ မေတ္တာပို့နည်း ဖြစ်သည်။ တိပိဋကဓရ ဓမ္မာဘဏ္ဍာဂါရိက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ ဆရာတော်က ရွတ်ဆိုလွယ်စေရန် သံပေါက်ကဗျာဖြင့် ရေးဖွဲ့ထားပါသည်။
(၁) လုံးစုံများစွာ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၂) ကြောက်တတ်, မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
စာမျက်နှာ-64
(၃) မြင်အပ်, မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၄) ဝေးနေ နီးနေ၊ နှစ်ထွေများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၅) ဘဝဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၆) ရှည်, တို, အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၇) ကြီး, ငယ်, အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၈) ဆူ, ကြုံ, အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၉) လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
(၁၀) အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
(၁၁) ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
မေတ္တာပို့ပြီး၏။
(ဋ) ဆုတောင်းအမျှဝေ
မေတ္တာပို့ပြီးသောအခါ အာနာပါန (ထွက်သက် ဝင်သက် ရှုမှတ်မှု) စသော သမထကျင့်စဉ် တစ်မျိုးမျိုးကို ဖြစ်စေ၊ ဝိပဿနာကျင့်စဉ်ကိုဖြစ်စေ ရှုမှတ်ရမည်။ လုပ်ငန်းအားလုံး ပြီးဆုံးပြီးနောက် ပြုလုပ်ပြီးသမျှ ကုသိုလ်ကောင်းမှုနှင့် ပတ်သက်၍ ဖော်ပြလတ္တံ့ပါအတိုင်း ဆုတောင်းပြီး အမျှဝေရမည် ဖြစ်သည်-
စာမျက်နှာ-65
ဤသို့ပြုရ၊ မြတ်ပုညကြောင့်၊ ချမ်းမြအေးကြည်၊ ဘေးမဲ့မည်သည့်၊ ရွှေပြည်ထုတ်ချောက်၊ လမ်းမကောက်ဘဲ၊ ရောက်ရပါလို၊ တောင်းဆုဆို၏။ ထိုထိုဘဝ၊ ကျင်လည်ရလည်း၊ ဒုက္ခဘေးဒဏ်၊ ရန်မာန်အပေါင်း၊ မကောင်းဟူသမျှ၊ မတွေ့ရဘဲ၊ သဗ္ဗဣစ္ဆာ၊ မင်္ဂလာကို၊ ရွယ်ကာ တ-တိုင်း ရစေသော်။
ယနေ့ယခု၊ ပြုပြုသမျှ၊ မြတ်ဘာဂကို၊ မိဘဆရာ၊ မျိုးသဟာနှင့်၊ ကိုယ်မှာ စောင့်ကြပ်၊ ကိုယ်စောင့်နတ်က၊ အရင်းစ၍၊ ရှိသမျှလုံးစုံ၊ ဘုံသုံးဆယ်တစ်၊ ဖြစ်ဖြစ်သမျှ၊ ဝေနေယျတို့၊ ရကြပါစေ၊ ပေးငှဝေသည်၊ များထွေ သာဓု ခေါ်စေသော်။
ဆုတောင်းအမျှဝေ ပြီး၏။
(ဌ) သီလခံယူခြင်း၊ ဘုရားရှိခိုးခြင်း စသည်တို့၏ အကျိုးများ
ဗုဒ္ဓဘာသာဝင်တစ်ဦးသည် နေ့စဉ်နှင့်အမျှ သီလခံယူခြင်း၊ ဘုရားရှိခိုးခြင်း စသော ကုသိုလ်မှုကို ပြုကြ၏။ ယင်းသို့ပြုရခြင်း၏ အကျိုးကျေးဇူးကို သိထားပါမှ မိမိ၏ ကုသိုလ်မှုကို ပိုမို၍ အားတက်ကြည်ညိုနိုင်မည် ဖြစ်သည်။ သို့ဖြစ်၍ ဤသို့ သိမှတ်လွယ်ရုံ အကျဉ်းမျှ ဖော်ပြပါမည်။
(၁) သီလဆောက်တည်ခြင်း၏ အကျိုး
ဝိမာနဝတ္ထုတော်တွင် ဥတ္တရာနတ်သမီး၊ သောဏဒိန္ဒာနတ်သမီး၊ ဥပေါသထာနတ်သမီးတို့သည် ဥပုသ်သီလ ဆောက်တည်ကျင့်သုံးသဖြင့် ကြီးကျယ်ခမ်းနားသော နတ်စည်းစိမ်ကို ရရှိကြောင်း ဖော်ပြထား၏။ ဥပုသ်သီလ ဆောက်တည်သဖြင့် ကောင်းကျိုးရသော အခြားသာဓက ဝတ္ထုများလည်း များစွာ ရှိပေသေး၏။ သို့ဖြစ်၍ ဥပုသ်သီလကို မပြတ် စောင့်ထိန်းသင့်ကြပါသည်။
(၂) ဘုရားရှိခိုးခြင်း၏ အကျိုး
မြတ်ဗုဒ္ဓ ရွှေလက်ထက်တော်အခါက မဋ္ဌကုဏ္ဍလီ အမည်ရှိ လူတစ်ဦးသည် သေလုဆဲဆဲ အိပ်ရာထဲ လဲနေ၏။ ထိုသူသေလျှင် ငရဲသို့ ကျရောက်မည်ဖြစ်ကြောင်း မြတ်ဗုဒ္ဓက မြင်တော်မူ၏။ မြတ်ဗုဒ္ဓသည် ထိုသူအား ကယ်တင်လိုသဖြင့် ထိုသူနေထိုင်ရာ အိမ်ရှေ့သို့ ကြွရောက်ရပ်တန့်ပြီး ရောင်ခြည်တော်တို့ကို လွှတ်တော်မူသည်။ ထိုသူသည် ဘုရားရှင်အား ဖူးမြင်ခွင့်ရသဖြင့် ကြည်ညိုစိတ်ပေါ်လာပြီး အိပ်လျက်ပင် ရှိခိုး၏။ မကြာခင် ထိုသူ သေလွန်လျှင် နတ်ပြည်၌ တစ်ဆယ့်နှစ်ယူဇနာ ရှိသော ရွှေဗိမာန်ရှင် နတ်သားဖြစ်လေသည်။^၁
၁။ ဝိမာန ဋ္ဌ။ မဋ္ဌကုဏ္ဍလိဝိမာန ဝတ္ထု။
စာမျက်နှာ-66
ထိုမျှရှိခိုး၍ အကျိုးရသည်ကို ထားဘိဦး၊ သုမေဓာဘုရားလက်ထက်တော်က ဥပါသကာတစ်ဦးသည် သူတစ်ပါးတို့အား စေတီတော်ကို ရှိခိုးရန် တိုက်တွန်းသဖြင့် သေလွန်သောအခါ တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်ရလေသည်။^၁
(၃) မေတ္တာပို့သခြင်းအကျိုး
ဗုဒ္ဓရှင်တော်ဘုရား လက်ထက်တော်အခါက တောကျောင်းနေ ရဟန်းငါးရာတို့ကို နတ်ဘီလူးတို့က ခြောက်လှန့်ကြ၏။ ထို့ကြောင့် ရဟန်းတို့သည် တရားအားထုတ်သော်လည်း တရားထူးကို မရနိုင်ကြ။ မြတ်ဗုဒ္ဓက ထိုရဟန်းတို့အား နတ်ဘီလူးတို့ ခြောက်လှန့်မှုမပြုရန် မေတ္တသုတ်ပရိတ်တော်ကို ဟောကြားသင်ပြတော်မူသည်။ ထိုရဟန်းတို့သည် မေတ္တသုတ်ပရိတ်တော်ကို ရွတ်ဆို၍ မေတ္တာပို့သဖြင့် နတ်ဘီလူးတို့ ခြောက်လှန့်မှု ကင်းဝေးခဲ့၏။
ထိုမျှ သာမက မေတ္တာ၏ အကျိုး (၁၁) မျိုးကို ရရှိနိုင်ကြပေသေးသည်။ ယင်းတို့ကား-
(၁) ချမ်းသာစွာ အိပ်ရခြင်း၊
(၂) ချမ်းသာစွာ နိုးထရခြင်း၊
(၃) အိပ်မက်ဆိုးကို မမြင်မက်ခြင်း၊
(၄) နတ်တို့က စောင့်ရှောက်ခြင်း၊
(၅) လူအများ ချစ်ခင်ခြင်း၊
(၆) မီးဘေး မသင့်နိုင်ခြင်း၊
(၇) အဆိပ်, လက်နက် မသင့်ရောက်နိုင်ခြင်း၊
(၈) စိတ်တည်ကြည်ခြင်း၊
(၉) မျက်နှာကြည်လင်ခြင်း၊
(၁၀) တွေဝေစွာ မသေရခြင်း၊
(၁၁) သေလွန်လျှင် ဗြဟ္မာ့ပြည် ရောက်နိုင်ခြင်း-
ဟူ၍ တစ်ဆယ့်တစ်ပါးရှိကြောင်း ပြဆိုထားပါသည်။
(၄) ဆွမ်းကပ်လှူရခြင်းအကျိုး
ရာဇဂြိုဟ်ပြည်၌ အာစာမဒါယိကာ အမျိုးသမီးသည် သူဌေးအိမ်မှ စားကြွင်းစားကျန် ထမင်းချိုးကို ရသဖြင့် အရှင်မဟာကဿပအား လှူဒါန်း၏။^၁
၁။ ဝိမာန၊ ဋ္ဌ။ အနေကဝဏ္ဏနတ်သား ဝတ္ထု။
၁။ ဝိမာန၊ ဋ္ဌ။ အာစာမဒါယိကာဝတ္ထု။
စာမျက်နှာ-67
ထိုကုသိုလ်ကြောင့် သေလွန်လျှင် နိမ္မာနရတိနတ်ပြည်၌ နတ်သမီးဖြစ်ရလေသည်။ ဆွမ်းလှူသူများ ရရှိသော အခြားသာဓကဝတ္ထု များစွာ ရှိသေး၏။
ဆွမ်းလှူသဖြင့် ရရှိနိုင်သော အကျိုးတရား (၅) မျိုးကိုလည်း အင်္ဂုတ္ထိုရ် ပါဠိတော် ဘောဇနသုတ်တွင် ပြဆိုထားပါသည်။ ယင်းတို့မှာ-
(၁) အသက်ရှည်ခြင်း၊
(၂) အဆင်းလှခြင်း၊
(၃) ကိုယ်စိတ်ချမ်းသာခြင်း၊
(၄) ခွန်အားဗလ ကြီးမားခြင်း၊
(၅) ဉာဏ်ပညာ ကြီးမားခြင်းတို့ ဖြစ်သည်။
(၅) ရေချမ်းကပ်လှူရခြင်းအကျိုး
မြတ်ဗုဒ္ဓ ရွှေလက်ထက်တော်က သာဝတ္တိမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ အမျိုးသမီးတစ်ဦးသည် ဘုရားဖူးခရီးသည် ရဟန်းတော်များအား ရေလှူသဖြင့် သေလွန်လျှင် တာဝတိံသာနတ်ပြည်၌ နတ်သမီးဖြစ်ပြီး ခမ်းနားကြီးကျယ်သော နတ်စည်းစိမ်ကို ခံစားရလေသည်။^၂
ထို့ပြင် ရေအကျိုး ဆယ်ပါးရှိကြောင်း လူအများ သိကြ၏။ ယင်းတို့ကား-
(၁) လျင်မြန်ခြင်း၊
(၂) သန့်ရှင်းစင်ကြယ်ခြင်း၊
(၃) ကျော်ကြား လူသိများခြင်း၊
(၄) ဆာလောင် မွတ်သိပ်မှု ကင်းခြင်း၊
(၅) အခြွေအရံများခြင်း၊
(၆) အသက်ရှည်ခြင်း၊
(၇) အဆင်းလှခြင်း၊
(၈) ချမ်းသာကြီးခြင်း၊
(၉) ခွန်အားဗလ ကြီးမားခြင်း၊
(၁၀) ဉာဏ်ပညာ ကြီးမားခြင်းတို့ ဖြစ်ပါသည်။
၂။ ဝိမာန၊ ဋ္ဌ။ လှေယာဉ်စီး နတ်သမီးဝတ္ထု။
စာမျက်နှာ-68
(၆) ပန်းလှူရခြင်းအကျိုး
ကဿပမြတ်စွာဘုရား လက်ထက်တော်က အမျိုးသမီး လေးယောက်သည် ရဟန်းတစ်ပါးအား ပန်းတို့ကို လှူဒါန်းကြ၏။ သေလွန်လျှင် ထိုကုသိုလ်ကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သမီးဖြစ်ပြီး နတ်စည်းစိမ်ကို ခံစားကြရလေသည်။ ဤသို့ဖြင့် ထိုနတ်ပြည်မှာ ဆက်ကာ ဆက်ကာ ဖြစ်ရပြီး ဤဘုရားလက်ထက်တွင် နတ်သမီးဘဝဖြင့် တရားနာကြရကာ သောတာပန်ဖြစ်ကြလေသည်။^၁
ပန်းလှူသဖြင့် ရရှိသော အကျိုးများလည်း ရှိသေး၏။ ယင်းတို့ကား-
(၁) ရုပ်ရည်လှပခြင်း၊
(၂) ကိုယ်ခန္ဓာသန့်ရှင်းခြင်း၊
(၃) ခံတွင်း မွှေးကြိုင်ခြင်းတို့ ဖြစ်သည်။
(၇) ဆီမီးလှူရခြင်းအကျိုး
ဂေါတမဗုဒ္ဓလက်ထက်တော်အခါက သာဝတ္ထိပြည်သူတစ်ဦးသည် တရားပွဲ၌ ဆီမီးညှိထွန်း လှူဒါန်းသဖြင့် သေလွန်သောအခါ တာဝတိံသာနတ်ပြည်၌ ဖြစ်ရလေသည်။^၂
ဆီမီးထွန်းသဖြင့် ရရှိနိုင်သော အခြားအကျိုးများလည်း ရှိပေသေး၏။ ယင်းတို့ကား-
(၁) ပကတိမျက်စိကြည်လင်းခြင်း၊
(၂) ဉာဏ်(မျက်စိ) ကြည်လင်ခြင်းတို့ ဖြစ်သည်။
(ဍ) ဗုဒ္ဓဘာသာဝင်တစ်ဦး၏ တစ်နေ့တာကာလ
ဖော်ပြခဲ့သည့်အတိုင်း ဗုဒ္ဓဘာသာဝင်တစ်ဦးသည် အရုဏ်ဦးအခါ မေတ္တာဖြင့် နိုးထ၍ သီလခံယူခြင်း၊ ဘုရားရှိခိုးခြင်း စသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ရမည်။ ယင်းနောက် စီးပွားရေး၊ လူမှုရေး၊ အမျိုးဘာသာ သာသနာရေးတို့ကို ဆောင်ရွက်ကြရမည် ဖြစ်ပေသည်။ ဤသို့ဖြင့် တစ်နေ့တာ ကုန်ဆုံး၍ ညအိပ်ရာ
၁။ ဝိမာန၊ ဋ္ဌ။ ပန်းလှူသော နတ်သမီးလေးယောက် ဝတ္ထု။
၂။ ဝိမာန၊ ဋ္ဌ။ ဇောတိသရ နတ်သမီး ဝတ္ထု။
စာမျက်နှာ-69
ဝင်သောအခါ အရုဏ်ဦးကာလကကဲ့သို့ပင် သီလခံယူခြင်း၊ ဘုရားရှိခိုးခြင်း စသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ရမည်။
ဤသို့ ပြုလုပ်ခြင်းဖြင့်-
“ဥစ္စာပေါမှု၊ ကုသိုလ်ပေါရာ၊
ပညာပေါငြား၊ ပေါသုံးပါးကို၊
မနားမနေ ကြိုးစားလေ”..
ဟူသော အဆုံးအမကို လိုက်နာကျင့်ကြံရာရောက်ပေသည်။
ထိုသူမျိုးသည် သောက်စားရမ်းကားခြင်း စသော မကောင်းမှုမျိုးကို ပြုလုပ်ရန် နေရာရှိမည်မဟုတ်။ ဗုဒ္ဓဘာသာဝင်တိုင်းသည် ထိုသို့ ကျင့်ကြံနေထိုင်ရမည် ဖြစ်ပါသည်။ ဤသို့ဖြစ်လျှင် ထိုသူမျိုးတို့ နေထိုင်ရာ မြို့ရွာနိုင်ငံသည် အဘယ်မှာ မငြိမ်းချမ်း မသာယာဘဲ နေပါတော့မည်နည်း။ သို့ဖြစ်၍ လူသားလောက ငြိမ်းချမ်းသာယာမှု ရစေရန်အတွက် ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓဘာသာဝင်တို့ နေထိုင်ကျင့်ကြံနည်းဖြင့် တစ်နေ့တာကာလကို ကုန်လွန်စေရမည် ဖြစ်ပါသည်။
စာမျက်နှာ-70
အခန်း ( ၁၁ )
ကျက်မှတ်ရန် ပါဠိနှင့် အနက်များ
(က) ဘုရားဂုဏ်တော်ကိုးပါး ပါဠိနှင့် အနက်
ဘုရားဂုဏ်တော်ကိုးပါး ပါဠိ
ဣတိပိ သော ဘဂဝါ-
(၁) အရဟံ
(၂) သမ္မာသမ္ဗုဒ္ဓေါ
(၃) ဝိဇ္ဇာစရဏသမ္ပန္နော
(၄) သုဂတော
(၅) လောကဝိဒူ
(၆) အနုတ္တရော ပုရိသဒမ္မသာရထိ
(၇) သတ္ထာ ဒေဝမနုဿာနံ
(၈) ဗုဒ္ဓေါ
(၉) ဘဂဝါ။
ဘုရားဂုဏ်တော် ကိုးပါးအနက်
(၁) အရဟံဂုဏ်တော်။
သော ဘဂဝါ၊ သစ္စာလေးဆင့် ခိုင်လုံးရင့်ကာ ပွင့်လာခေါင်ဖျား ထိုအောင်တော်မူ မြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ ကိလေသာတို့မှ ကင်းဝေးတော်မူခြင်း, ကိလေသာ ရန်သူတို့ကို ပယ်သတ်တော်မူခြင်း, သံသရာစက်၏ အကန့်အထောက်တို့ကို ဖျက်ဆီးတော်မူခြင်း, ပူဇော်အထူးနှင့်တကွ ပစ္စည်းလေးပါးတို့ကို ခံယူတော်မူထိုက်ခြင်း, မကောင်းမှုကို ပြုလုပ်ဖွယ် ဆိတ်ကွယ်ရာ မရှိခြင်းဟူသော အကြောင်းကြောင့်လည်း။ အရဟံ၊ “အရဟံ” ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။
စာမျက်နှာ-71
(၂) သမ္မာသမ္ဗုဒ္ဓဂုဏ်တော်။
သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ သယမ္ဘူဉာဏ်တော်မြတ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင်သာလျှင် ကြွင်းမဲ့ ဥဿုံ အလုံးစုံသော ဉေယျဓံ တရားဟူသမျှတို့ကို ကောင်းစွာ မဖောက်မပြန် အမှန်ထိုးထွင်း အလင်းထပ်ပေါ် သိမြင်တော်မူသော အကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ “သမ္မာသမ္ဗုဒ္ဓ” ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။
(၃) ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်။
သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ ဝိဇ္ဇာသုံးပါး ဝိဇ္ဇာရှစ်ပါး စရဏတရား တစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသောအကြောင်းကြောင့်လည်း။ ဝိဇ္ဇာစရဏသမ္ပန္နော၊ “ဝိဇ္ဇာစရဏသမ္ပန္န” ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။
(၄) သုဂတဂုဏ်တော်။
သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ ငြိကပ်မှုကင်း သန့်ရှင်းလှစွာ ကြွသွားတော်မူခြင်း, ကောင်းသော နိဗ္ဗာန်သို့ ဦးတည်၍ ကြွချီတော်မူခြင်း, အစွန်းတရား နှစ်ပါးမှ ကင်းလျက် အမှန်လမ်းဖြင့် ကြွသွားတော်မူခြင်း, သင့်တင့်လျောက်ပတ် ကောင်းမြတ်သော စကားတော်ကိုသာ မြွက်ဆိုတော်မူခြင်းဟူသော အကြောင်းကြောင့်လည်း။ သုဂတော၊ “သုဂတ” ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။
(၅) လောကဝိဒူဂုဏ်တော်။
သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ သတ္တလောက သင်္ခါရလောက ဩကာသလောက တည်းဟူသော လောကသုံးပါးတို့ကိုလည်းကောင်း, လောက၏ သဘာဝ, လောက၏ ဖြစ်ကြောင်းတရား, လောက၏ ချုပ်ငြိမ်းမှုနှင့် လောက၏ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကောင်းကို လည်းကောင်း အကြွင်းမရှိ သိမြင်တော်မူသော အကြောင်းကြောင့်လည်း။ လောကဝိဒူ၊ “လောကဝိဒူ” ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။
(၆) အနုတ္တရော ပုရိသဒမ္မသာရထိဂုဏ်တော်။
သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိဉာဏဒဿနဂုဏ်တော်တို့ဖြင့် မိမိထက် သာလွန်သူ တစ်စုံတစ်ယောက်မျှ မရှိခြင်း, မယဉ်ကျေးသေးသော လူနတ် ဗြဟ္မာ သတ္တဝါတို့ကို ယဉ်ကျေးလိမ္မာအောင် ဆုံးမတော်မူနိုင်ခြင်း
စာမျက်နှာ-72
ယင်းသို့ဆုံးမရာ၌ အတုမရှိ အောင်မြင်တော်မူခြင်းဟူသော အကြောင်းကြောင့်လည်း အနုတ္တရော ပုရိသဒမ္မသာရထိ၊ “အနုတ္တရော ပုရိသဒမ္မသာရထိ” ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။
(၇) သတ္ထာ ဒေဝမနုဿာနံဂုဏ်တော်။
သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ ဗြဟ္မာနတ်လူ သုံးဘုံသူတို့အား ပစ္စုပ္ပန်သံသရာ နှစ်ဖြာအကျိုး ဖွံ့ဖြိုးစေခြင်းငှာ သင့်တင့် လျောက်ပတ် ကောင်းမြတ်သောအဆုံးအမကို ပေးတော်မူတတ်ခြင်း, ဘဝကန္တာရ ခရီးခဲမှ သတ္တဝါတို့ကို ထုတ်ဆောင် ကယ်တင်တော်မူတတ်ခြင်းဟူသော အကြောင်းကြောင့်လည်း။ သတ္ထာ ဒေဝမနုဿာနံ၊ “သတ္ထာ ဒေဝမနုဿာနံ” ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။
(၈) ဗုဒ္ဓဂုဏ်တော်။
သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ သစ္စာလေးပါး မြတ်တရားကို ထင်ရှားပိုင်ပိုင် ကိုယ်တော်တိုင်လည်း သိတော်မူခြင်း သူတစ်ပါးတို့ကိုလည်း မိမိနည်းတူ သိမြင်စေခြင်းငှာ ဟောကြားပြသ ဆုံးမတော်မူခြင်းဟူသော အကြောင်းကြောင့်လည်း။ ဗုဒ္ဓေါ၊ “ဗုဒ္ဓ” ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။
(၉) ဘဂဝါဂုဏ်တော်။
သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ အလေးပြုအပ်ခြင်း, မာရ်ငါးပါးကို ဖျက်ဆီး အောင်မြင်ပြီး ဖြစ်ခြင်း၊ ဣဿရိယ ဓမ္မ, ယသ, သိရီ, ကာမ, ပယတ္တတည်းဟူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူခြင်း စသော အကြောင်းကြောင့်လည်း။ ဘဂဝါ၊ “ဘဂဝါ” ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။
(ခ) တရားဂုဏ်တော် ခြောက်ပါး ပါဠိနှင့် အနက်
တရားဂုဏ်တော်ခြောက်ပါး ပါဠိ
(၁) သွာက္ခာတော ဘဂဝတာ ဓမ္မော
(၂) သန္ဒိဋ္ဌိကော
(၃) အကာလိကော
(၄) ဧဟိပဿိကော
(၅) ဩပနေယျိကော
(၆) ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။
စာမျက်နှာ-73
တရားဂုဏ်တော်ခြောက်ပါး အနက်
(၁) သွာက္ခာတော ဘဂဝတာ ဓမ္မောဂုဏ်တော်။
ဘဂဝတာ၊ ကိုးဂုဏ် လူ့ဆွေ အစိန္တေသည်။ ဓမ္မော၊ မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ် ဆယ်ပါးသော တရားတော်မြတ်ကို။ သွာက္ခာတော၊ အင်္ဂါခုနစ်ဖြာ စုံညီညာဖြင့် ကောင်းစွာ ဟောကြားတော်မူသောကြောင့် (တရားတော်သည်) “သွာက္ခာတဂုဏ်” နှင့် ပြည့်စုံပါပေ၏။
(၂) သန္ဒိဋ္ဌိကဂုဏ်တော်။
ဘဂဝတော၊ သယမ္ဘူထွတ်ထား မြတ်စွာဘုရား၏။ ဓမ္မော၊ မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော တရားတော်သည်။ သန္ဒိဋ္ဌိကော၊ ကျင့်ကြံကြသူ နတ်လူဗြဟ္မာ သတ္တဝါတို့ ကောင်းစွာကိုယ်တိုင် သိမြင်နိုင်သောကြောင့် “သန္ဒိဋ္ဌိကဂုဏ်” နှင့်လည်း ပြည့်စုံပါပေ၏။
(၃) အကာလိကဂုဏ်တော်။
ဘဂဝတော၊ ဘုရားပရမေ သုံးလူ့ဆွေ၏။ ဓမ္မော၊ အမြတ်တရား မဂ်လေးပါးသည်။ အကာလိကော၊ အခါမလပ် ကြားမပြတ်ဘဲ ဆက်စပ်ချက်ချင်း ဖိုလ်ကျိုးနှင်း၍ လက်ငင်းအကျိုးရသောကြောင့် “အကာလိကဂုဏ်” နှင့်လည်း ပြည့်စုံပါပေ၏။
(၄) ဧဟိပဿိကဂုဏ်တော်။
ဘဂဝတော၊ သနင်းမြတ်စွာ တို့ဆရာ၏။ ဓမ္မော၊ နိဗ္ဗာန် ဖိုလ် မဂ် ကိုးချက်ထွေပြား လောကုတ္တရာတရားသည်။ ဧဟိပဿိကော၊ လာပါ, ရှုပါ ကျင့်ကြံပါဟု မပါ-ပါအောင် ခေါ်ဆောင်ပြညွှန်း တိုက်တွန်းခြင်းငှာ ထိုက်သောကြောင့် “ဧဟိပဿိကဂုဏ်” နှင့်လည်း ပြည့်စုံပါပေ၏။
(၅) ဩပနေယျိကဂုဏ်တော်။
ဘဂဝတော၊ ကျွတ်ဆုဝေငှ မြတ်ဗုဒ္ဓ၏။ ဓမ္မော၊ ဗောဓိခွင်၌ သိမြင် ဖော်ကျူး လောကုတ္တရာတရားထူးသည်။ ဩပနေယျိကော၊ အာရုံထင်၍ ဆင်ခြင်ပွားများ စွဲမှတ် ဆောင်ထားထိုက်သောကြောင့် “ဩပနေယျိကဂုဏ်” နှင့်လည်း ပြည့်စုံပါပေ၏။
(၆) ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိဂုဏ်တော်။
ဘဂဝတော၊ နေတနှုန်းသို့ ရွှေဘုန်းကြီးမား မြတ်စွာဘုရား၏။ ဓမ္မော၊ ကိလေသမာရ် ကိုယ်တွင်းရန်ကို ပယ်လှန်ပိုင်းဖြတ် မဂ် ဖိုလ် နိဗ္ဗာန် တရားမြတ်သည်။ ဝိညူဟိ၊ ပညာရှိသူ ရှင်လူ အပေါင်း သူတော်ကောင်းတို့သည်။ ပစ္စတ္တံ၊ ကိုယ်စီကိုယ်င။ ဝေဒိတဗ္ဗော၊ သိအပ်
စာမျက်နှာ-74
ရှုအပ်ခံစားအပ်သည် ဖြစ်၍ “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိဂုဏ်” နှင့်လည်း ပြည့်စုံပါပေ၏။
(ဂ) သံဃာ့ဂုဏ်တော် ကိုးပါး ပါဠိနှင့် အနက်
သံဃာ့ဂုဏ်တော် ကိုးပါးပါဠိ
(၁) သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော
(၂) ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော
(၃) ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော
(၄) သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ၊
ဧသ ဘဂဝတော သာဝကသံဃော-
(၅) အာဟုနေယျော
(၆) ပါဟုနေယျော
(၇) ဒက္ခိဏေယျော
(၈) အဉ္ဇလိကရဏီယော
(၉) အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။
သံဃာ့ဂုဏ်တော်ကိုးပါးအနက်
ဘဂဝတော၊ မြတ်စွာဘုရား၏။ သာဝကသံဃော၊ တပည့်သား သံဃာတော်မြတ်သည်-
(၁) သုပ္ပဋိပန္နော၊ နိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်သော အကျင့်ကို ကောင်းစွာ ကျင့်တော်မူတတ်ပါပေ၏။
(၂) ဥဇုပ္ပဋိပန္နော၊ မဇ္ဈိမပဋိပဒါ အကျင့်မှန်ကို ဖြောင့်မှန်စွာ ကျင့်တော်မူပါပေ၏။
(၃) ဉာယပ္ပဋိပန္နော၊ နိဗ္ဗာန်ထုတ်ချောက် မျက်မှောက်ပြုရေး အလေးပေးကာ ကျင့်တော်မူပါပေ၏။
(၄) သာမိစိပ္ပဋိပန္နော၊ ပေါ်နိုင်ခဲလက် နည်းကျင့်နက်ကို လေးနက်ရိုသေ ကျင့်တော်မူပါပေ၏။
စာမျက်နှာ-75
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ၊ မဂ်ဖိုလ်ရဆဲ အကြင်လေးစုံတွဲတို့သည်။ အဋ္ဌ ပုရိသပုဂ္ဂလာ၊ သင်္ချာချင့်ထောက် ရှစ်ယောက်တို့သည်။ ဟောန္တိ၊ ဖြစ်ကြပေကုန်၏။ ဘဂဝတော၊ ဘုန်းပန်းမဉ္ဇူ သောင်းလုံးကြူသည့် နတ်လူများယွက် ဘုရားမြတ်၏။ ဧသ ဧသော သာဝကသံဃော၊ ဤတပည့်သား သံဃာတော်သည်။
(၅) အာဟုနေယျော၊ တကူးတက ဝေးမှဆောင်ယူ ပူဇော်ခြင်းကို ခံယူတော်မူထိုက်ပေ၏။
(၆) ပါဟုနေယျော၊ ဧည့်ထူးဆောင်ထူး ရည်စူးစီမံ လှူရန်ဟူသမျှ ခံထိုက်လှပါပေ၏။
(၇) ဒက္ခိဏေယျော၊ ထွက်ထွက်မြတ်မြတ် သတ်မှတ်ရည်စူး အလှူထူးကို ခံယူတော်မူထိုက်ပေ၏။
(၈) အဉ္စလိကရဏီယော၊ လက်အုပ်ချီမိုး ရှိခိုးခြင်းကိုလည်း ခံထိုက်ပေ၏။
(၉) လောကဿ၊ ဗြဟ္မာ နတ်လူ ကမ္ဘာသူ ကမ္ဘာသား သတ္တဝါများ၏။ အနုတ္တရံ၊ အတုမရှိ အတူမရှိ အကောင်းဆုံးဖြစ်သော။ ပုညက္ခေတ္တံ၊ ကောင်းမှုတည်းဟူသော မျိုးစေ့ကို စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းသဖွယ်လည်း ဖြစ်တော်မူပါပေ၏။
(ဃ) ငါးပါး၊ ရှစ်ပါး၊ ကိုးပါးနှင့် အာဇီဝဋ္ဌမကသီလ ပါဠိနှင့် အနက်
ငါးပါးသီလ ပါဠိနှင့် အနက်
(၁) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ရသော သီလပဋိပတ် သိက္ခာပုဒ်တော် အကျင့်မြတ်ကို ကောင်းစွာ စောင့်ရှောက် ဆောက်တည်ပါ၏။
(၂) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
ပိုင်ရှင်မပေးသော သူ့ပစ္စည်းကို ခိုးယူခြင်းမှ ရှောင်ကြဉ်ရသော သီလပဋိပတ် သိက္ခာပုဒ်တော် အကျင့်မြတ်ကို ကောင်းစွာ စောင့်ရှောက် ဆောက်တည်ပါ၏။
(၃) ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
ကာမဂုဏ်တို့၌ လော်လည်ဖောက်ပြန် မမှန်သောအကျင့်မှ ရှောင်ကြဉ်ရသော သီလပဋိပတ် သိက္ခာပုဒ်တော် အကျင့်မြတ်ကို ကောင်းစွာ စောင့်ရှောက် ဆောက်တည်ပါ၏။
စာမျက်နှာ-76
(၄) မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
မဟုတ် မမှန် ပြောဆို ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရသော သီလပဋိပတ် သိက္ခာပုဒ်တော် အကျင့်မြတ်ကို ကောင်းစွာ စောင့်ရှောက် ဆောက်တည်ပါ၏။
(၅) သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော မူးယစ်စေတတ်သော သေရည်အရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ရသော သီလပဋိပတ် သိက္ခာပုဒ်တော် အကျင့်မြတ်ကို ကောင်းစွာ စောင့်ရှောက် ဆောက်တည်ပါ၏။
ရှစ်ပါးသီလ ပါဠိနှင့် အနက်
(၁) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ရသော သီလပဋိပတ် သိက္ခာပုဒ်တော် အကျင့်မြတ်ကို ကောင်းစွာ စောင့်ရှောက် ဆောက်တည်ပါ၏။
(၂) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
ပိုင်ရှင်မပေးသော သူ့ပစ္စည်းကို ခိုးယူခြင်းမှ ရှောင်ကြဉ်ရသော သီလပဋိပတ် သိက္ခာပုဒ်တော် အကျင့်မြတ်ကို ကောင်းစွာ စောင့်ရှောက် ဆောက်တည်ပါ၏။
(၃) အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
မမြတ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်ရသော သီလပဋိပတ် သိက္ခာပုဒ်တော်အကျင့်မြတ်ကို ကောင်းစွာ စောင့်ရှောက် ဆောက်တည်ပါ၏။
(၄) မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
မဟုတ် မမှန် ပြောဆို ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရသော သီလပဋိပတ် သိက္ခာပုဒ်တော် အကျင့်မြတ်ကို ကောင်းစွာ စောင့်ရှောက် ဆောက်တည်ပါ၏။
(၅) သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော မူးယစ်စေတတ်သော သေရည်အရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ရသော သီလပဋိပတ် သိက္ခာပုဒ်တော် အကျင့်မြတ်ကို ကောင်းစွာ စောင့်ရှောက် ဆောက်တည်ပါ၏။
စာမျက်နှာ-77
(၆) ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
နေလွဲအခါ စားသောက်ခြင်းမှ ရှောင်ကြဉ်ရသော သီလပဋိပတ် သိက္ခာပုဒ်တော် အကျင့်မြတ်ကို ကောင်းစွာ စောင့်ရှောက် ဆောက်တည်ပါ၏။
(၇) နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
အကုသိုလ်များကြောင်း မကောင်းမှုဖြစ်သော ကခြင်း, သီဆိုခြင်း, တီးမှုတ်ခြင်း, ဘုရားအဆုံးအမတော်၏ ဆန့်ကျင်ဘက်ပမာ ဖီလာဖြစ်သော ကြည့်ရှုနားထောင်ခြင်း, ပန်းပန်ခြင်း, နံ့သာလိမ်းကျံခြင်း နံ့သာပျောင်းတို့ဖြင့် အပြေအပြစ် ပြုခြင်းမှ ရှောင်ကြဉ်ရသော သီလပဋိပတ် သိက္ခာပုဒ်တော်အကျင့်မြတ်ကို ကောင်းစွာ စောင့်ရှောက် ဆောက်တည်ပါ၏။
(၈) ဥစ္စာသယနမဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
မြင့်သောနေရာ, မြတ်သောနေရာ၌ လျောင်းစက် နေထိုင်ခြင်းမှ ရှောင်ကြဉ်ရသော သီလပဋိပတ် သိက္ခာပုဒ်တော် အကျင့်မြတ်ကို ကောင်းစွာ စောင့်ရှောက် ဆောက်တည်ပါ၏။
ကိုးပါးသီလ ပါဠိနှင့် အနက်
(၁) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၂) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၃) အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၄) မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၅) သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၆) ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၇) နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၈) ဥစ္စာသယနမဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၉) မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရာမိ။
မေတ္တာနှင့် တကွဖြစ်သော စိတ်ဖြင့် လုံးစုံများစွာ သတ္တဝါတို့၌ ပျံ့နှံ့စေ၍ နေပါမည်။
စာမျက်နှာ-78
အမှာ။ ။ ကိုးပါးသီလ အနက်ပေးရာ၌ (၁) မှ (၈) အထိ သိက္ခာပုဒ်များကို ရှစ်ပါးသီလ အနက်ပေးနည်းအတိုင်း မှတ်ရမည်။
အာဇီဝဋ္ဌမကသီလ ပါဠိနှင့် အနက်
(၁) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၂) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၃) ကာမေသု မိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၄) မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၅) ပိသုဏဝါစာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
အချစ်ပျက်စေမှု ကုန်းတိုက်မှုကို ပြောဆိုပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရသော သီလပဋိပတ် သိက္ခာပုဒ်တော် အကျင့်မြတ်ကို ကောင်းစွာ စောင့်ရှောက် ဆောက်တည်ပါ၏။
(၆) ဖရုသဝါစာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
လွှသွားပမာ ကြမ်းတမ်းခက်ထန်စွာ ပြောဆိုပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရသော သီလပဋိပတ် သိက္ခာပုဒ်တော် အကျင့်မြတ်ကို ကောင်းစွာ စောင့်ရှောက် ဆောက်တည်ပါ၏။
(၇) သမ္ဖပ္ပလာပါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
အနှစ်မစု ပြိန်ဖျင်းမှုကို ပြောဆို ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရသော သီလပဋိပတ် သိက္ခာပုဒ်တော် အကျင့်မြတ်ကို ကောင်းစွာ စောင့်ရှောက် ဆောက်တည်ပါ၏။
(၈) မိစ္ဆာဇီဝါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
ယုတ်မာသော အသက်မွေးမှုမှ ရှောင်ကြဉ်ရသော သီလပဋိပတ် သိက္ခာပုဒ်တော် အကျင့်မြတ်ကို ကောင်းစွာ စောင့်ရှောက် ဆောက်တည်ပါ၏။
အမှာ။ ။ နံပါတ် (၁) မှ (၄) အထိ သိက္ခာပုဒ်များကို ရှေး၌ အနက်ပေးပြီး ဖြစ်သည်။
စာမျက်နှာ-79
အခန်း ( ၁၂ )
ဂိဟီဝိနယ-ခေါ် လူ့ဝိနည်းကျင့်ဝတ်များ
သိင်္ဂါလသုတ် ဖြစ်ပေါ်လာပုံ
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေတော်မူစဉ် သိင်္ဂါလ သတို့သားသည် နံနက်စောစောထပြီး ရာဇဂြိုဟ်ပြည်မှ ထွက်၍ မြို့ပြင်သို့ ရောက်သောအခါ လက်အုပ်ချီလျက် အရပ်ခြောက်ပါးတို့ကို နေ့စဉ် ရှိခိုး၏။
ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်စဉ် အရပ်ခြောက်မျက်နှာသို့ လှည့်လည်ရှိခိုးနေသည့် သိင်္ဂါလသတို့သားကို မြင်တော်မူလေရာ ဤသို့ မေးမြန်းတော်မူ၏-
“သူကြွယ်သား - သင်သည် နံနက်စောစောထပြီး ရာဇဂြိုဟ်ပြည်မှ ထွက်၍ လက်အုပ်ချီလျက် ဘယ်အတွက်ကြောင့် အရှေ့, တောင်, အနောက်, မြောက်, အောက်, အထက် ဟူသော အရပ် ခြောက်ပါးတို့ကို ရှိခိုးနေဘိသနည်း”
“မြတ်စွာဘုရား - အကျွန်ုပ် ဖခင်သည် သေခါနီးတွင် ‘ချစ်သား အရပ်မျက်နှာတို့ကို ရှိခိုးရမည်’ ဟု မှာခဲ့၍ ဖခင်စကားကို လေးစားလိုက်နာသောအားဖြင့် အရပ်ခြောက်ပါးတို့ကို ရှိခိုးနေပါသည်”- ဟု ဖြေ၏။
“သူကြွယ်သား - အရိယာတို့၏ သာသနာတော်၌ အရပ်ခြောက်ပါးတို့ကို ဤကဲ့သို့ ရှိမခိုးရဘူး”
“မြတ်စွာဘုရား - သည်လို ရှိမခိုးရလျှင် အရိယာတို့၏ သာသနာတော်၌ အရပ်ခြောက်ပါးတို့ကို အဘယ်သို့ ရှိခိုးရမည်နည်း။ အကျွန်ုပ် တောင်းပန်ပါ၏။ အရိယာတို့ သာသနာတော်၌ ရှိခိုးအပ်သော အရပ်ခြောက်ပါးတို့ကို ဟောတော်မူပါ”
“သူကြွယ်သား - ယင်းသို့ နာကြားလိုသည် ဖြစ်ဘိမူ ကောင်းစွာ နာကြား မှတ်သားလော့၊ ငါဘုရား ဟောကြားတော်မူအံ့”
စာမျက်နှာ-80
“ကောင်းပါပြီ မြတ်စွာဘုရား - လေးလေးစားစား နာခံမှတ်သားထားပါမည်”
ဤကဲ့သို့ သိင်္ဂါလသတို့သား တောင်းပန် လျှောက်ထားသောကြောင့် သိင်္ဂါလလုလင်ကို အကြောင်းပြု၍ ဤ “သိင်္ဂါလသုတ်” ကို အိမ်ရာတည်ထောင် လူ့ဘောင်နေသူ လူတို့၏ လောကီအကျိုးစီးပွားအလို့ငှာ ဟောတော်မူခဲ့ပါသည်။
စာမျက်နှာ-81
သိင်္ဂါလသုတ် မြန်မာပြန်
အရပ်ခြောက်ပါး
သူကြွယ်သား - အရိယာ သာဝကသည် ညစ်ညူးသော ကံလေးပါးတို့ကို ပယ်အပ်ကုန်၏။ လေးပါးသော အကြောင်းတို့ဖြင့် မကောင်းမှုကို မပြု၊ စည်းစိမ် ပျက်စီးကြောင်း ခြောက်ပါးတို့ကို မမှီဝဲ။ ထိုအရိယာသာဝကသည် ဤသို့ တစ်ဆယ့်လေးပါးသော မကောင်းမှုမှ ကင်းသည်ဖြစ်၍ အရပ်ခြောက်ပါးတို့ကို လုံခြုံစေလျက် ပစ္စုပ္ပန်, တမလွန် နှစ်တန်သော လောကကို အောင်မြင်နိုင်ခြင်းငှာ ကျင့်၏။ ထိုအရိယာသာဝက၏ ဤပစ္စုပ္ပန်လောကသည်လည်းကောင်း၊ တမလွန်လောကသည်လည်းကောင်း နှစ်သက်အပ်၏။ ထိုအရိယာသာဝကသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်လောကသို့ ရောက်၏။
ကံကိလေသာ လေးပါးတို့ကို ပယ်ပြီး လေးပါးသော အကြောင်းတို့ဖြင့် မကောင်းမှုကို မပြုဘဲ စည်းစိမ်ပျက်စီးကြောင်း ခြောက်ပါးတို့ကို မမှီဝဲ၊ ရှောင်ကြဉ်နေသည့် အရိယာသာဝက တစ်ယောက်၏ ဤပစ္စုပ္ပန်ဘဝ တမလွန်ဘဝသည် ရန်မျိုးငါးအင် ကင်းစင်သောကြောင့် နှစ်သက်မြတ်နိုးအပ်သော ဘဝ မည်ပါသည်။
ဆောင်ပုဒ်။ ။ သူ့သက်သတ်က၊ စသည့်လိမ်းကျံ၊ ကံကိလေသာ၊ လေးဖြာပယ်ဘိ၊ အဂတိဟု၊ မပြုလေးဖြာ၊ ဥစ္စာကုန်ပျောက်၊ သေသောက်ခြင်းက၊ စသည့် ခြောက်လီ၊ မမှီဝဲမှု၊ ဆယ့်လေးခုမှ၊ ပြုကြကင်းလက်၊ ခြောက်ရက်မျက်နှာ၊ ဖုံးလွှမ်းကာလျှင်၊ သေခါ နတ်ပြည်- ရောက်လိမ့်မည်။
(ဆရာတော်ဦးဗုဓ်)
ညစ်ညူးသော ကံလေးပါး
ထိုအရိယာသာဝကသည် အဘယ်ညစ်ညူးသော ကံလေးပါးတို့ကို ပယ်အပ်သနည်းဟူမူကား-
(၁) သူ့အသက်သတ်ခြင်းသည် ညစ်ညူးသော ကံမည်၏။
(၂) မပေးသည်ကို ခိုးယူခြင်းသည် ညစ်ညူးသော ကံမည်၏။
စာမျက်နှာ-82
(၃) ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းသည် ညစ်ညူးသောကံ မည်၏။
(၄) မဟုတ်မမှန်ပြောခြင်းသည် ညစ်ညူးသောကံ မည်၏။
ထိုအရိယာသာဝကသည် ဤညစ်ညူးသော ကံလေးပါးတို့ကို ပယ်အပ်ကုန်၏။ (မပြုလုပ်ဘဲ ရှောင်ကြဉ် အပ်ကုန်၏။)
သူ့အသက်သတ်ခြင်း စသည့် လေးပါးသည် သတ္တဝါတို့၏ ညစ်နွမ်းကြောင်းဖြစ်သောကြောင့် “ညစ်ညူးသောကံ” (ကံကိလေသာ) မည်ပါသည်။
အကြောင်းလေးပါး
အဘယ်လေးပါးသော အကြောင်းတို့ဖြင့် မကောင်းမှုကို မပြုသနည်း ဟူမူကား-
(၁) ဆန္ဒာဂတိ (ချစ်သဖြင့် မလိုက်အပ်သည်) သို့ လိုက်၍ မကောင်းမှုကို ပြု၏။
(၂) ဒေါသာဂတိ (မုန်းသဖြင့် မလိုက်အပ်သည်) သို့ လိုက်၍ မကောင်းမှုကို ပြု၏။
(၃) ဘယာဂတိ (ကြောက်သဖြင့် မလိုက်အပ်သည်) သို့ လိုက်၍ မကောင်းမှုကို ပြု၏။
(၄) မောဟာဂတိ (မသိသဖြင့် မလိုက်အပ်သည်) သို့ လိုက်၍ မကောင်းမှုကို ပြု၏။
သူကြွယ်သား - စင်စစ်သော်ကား အရိယာသာဝကသည် ဆန္ဒာဂတိ, ဒေါသာဂတိ, မောဟာဂတိ, ဘယာဂတိသို့ မလိုက်မှားသောကြောင့် ဤလေးပါးသော အကြောင်းတို့ဖြင့် မကောင်းမှုကို မပြုဟု ငါဘုရား မိန့်တော်မူ၏။
သူကြွယ်သား - ချစ်ခြင်းကြောင့်လည်းကောင်း၊ မုန်းခြင်းကြောင့်လည်းကောင်း၊ ကြောက်ခြင်းကြောင့်လည်းကောင်း၊ မသိခြင်းကြောင့်လည်းကောင်း တရားကို လွန်ကျူး၍ ကျင့်သောသူ၏ အခြံအရံ အကျော်အစောသည် လဆုတ်ပက္ခ လကဲ့သို့ တစ်နေ့တခြား ဆုတ်ယုတ်၏။
စာမျက်နှာ-83
သူကြွယ်သား - ချစ်ခြင်းကြောင့်လည်းကောင်း၊ မုန်းခြင်းကြောင့်လည်းကောင်း၊ ကြောက်ခြင်းကြောင့်လည်းကောင်း၊ မသိခြင်းကြောင့်လည်းကောင်း တရားကို လွန်ကျူး၍ မကျင့်သောသူ၏ အခြံအရံ အကျော်အစောသည် လဆန်းပက္ခ လကဲ့သို့ တစ်နေ့တခြား ပြည့်စုံ၏။
ဆောင်ပုဒ်။ ။ ချစ်, မုန်း, ကြောက်ထွေ၊ တွေဝေသောအား၊ လွန်ကျူးမှားသော်၊ မပွားလရောင် - ဆုတ်ယောင်သောဝ်။
ချစ်, မုန်း, ကြောက်ထွေ၊ တွေဝေသောအား၊ မလွန်ငြားသော်၊ တိုးပွားလရောင် - ပြည့်ယောင်သောဝ်။
(ဆရာတော်ဦးဗုဓ်)
စည်းစိမ်ပျက်ကြောင်း ခြောက်ပါး
အရိယာသာဝကသည် အဘယ်ခြောက်ပါးသော စည်းစိမ်ပျက်ကြောင်းတို့ကို မမှီဝဲသနည်း ဟူမူကား-
(၁) မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက် သောက်လေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။
(၂) အချိန်အခါမဲ့ (ညအခါ) ၌ ခရီးသွားလာလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။
(၃) ပွဲလမ်းသဘင် ကြည့်ရှုလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။
(၄) မေ့လျော့ကြောင်းဖြစ်သော လောင်းကစားလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။
(၅) မကောင်းသော အဆွေခင်ပွန်းတို့နှင့် ပေါင်းသင်းလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။
(၆) ပျင်းရိလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။
ဆောင်ပုဒ်။ ။ သေစာသောက်စား၊ လမ်းသွားခါမဲ့၊ ရှုငဲ့သဘင်၊ ပျော်ရွှင်အန်လောင်း၊ မကောင်းမိတ်ဖျင်း၊ ပျင်းရိခြင်းကား၊ ယိုယွင်း ဥစ္စာ-ပျက်ကြောင်းတည်း။
(ဆရာတော်ဦးဗုဓ်)
စာမျက်နှာ-84
သေရည်သေရက်သောက်ခြင်း အပြစ်ခြောက်ပါး
သူကြွယ်သား - မူးယစ် မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက် သောက်လေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း-
(၁) ဥစ္စာဆုတ်ယုတ်ခြင်းသည် ကိုယ်တွေ့မျက်မြင် အပြစ်ဖြစ်၏။
(၂) ခိုက်ရန် ဖြစ်ပွားတတ်၏။
(၃) အနာရောဂါ ဖြစ်ကြောင်း ဖြစ်၏။
(၄) အရှိန်အစော် မဲ့တတ်၏။
(၅) လျှို့ဝှက်အပ်သည်ကို ဖော်ပြတတ်၏။
(၆) ဉာဏ်ပညာ အားနည်းအောင် ပြုတတ်၏။
ဆောင်ပုဒ်။ ။ ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊ ရောဂါထူပြော၊ ကျော်စောမဲ့တုံ၊ မလုံအင်္ဂါ၊ ပညာနည်းပါး၊ ဤခြောက်ပါးကား၊ သောက်စား သေစာ-အပြစ်တည်း။
အခါမဲ့ (ညအခါ) သွားလာခြင်း အပြစ်ခြောက်ပါး
သူကြွယ်သား - အခါမဲ့ ခရီးသွားလာလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း-
(၁) အခါမဲ့ ခရီးသွားသူ ထိုလူ၏ ကိုယ်သည်လည်း အကာအကွယ် အစောင့်အရှောက် ကင်း၏။
(၂) ထိုသူ၏ သားမယားတို့သည်လည်း အကာအကွယ် အစောင့်အရှောက် ကင်း၏။
(၃) ထိုသူ၏ ဥစ္စာပစ္စည်းသည်လည်း အကာအကွယ် အစောင့်အရှောက် ကင်း၏။
(၄) သူတစ်ပါးပြုသည့် မကောင်းမှု ဒုစရိုက်တို့၌ (မိမိအပေါ်) ယုံမှားအပ်၏။
(၅) မဟုတ်မမှန်ဘဲ အစွပ်အစွဲ ခံရတတ်၏။
(၆) များစွာသော ဆင်းရဲတရားတို့၏ ရှေ့သွားဖြစ်၏။
စာမျက်နှာ-85
ဆောင်ပုဒ်။ ။ ကိုယ်၊ ကိုယ့် သားမယား၊ တခြားဥစ္စာ၊ လုံရာမဲ့ရှောင်း၊ မကောင်းအရာ၊ ရွံ့ရှာလေအပ်၊ ယိုးစွပ်ရောက်မှု၊ ဆင်းရဲစုဟု၊ ခြောက်ခု ခါမဲ့ သွားပြစ်တည်း။
(ဆရာတော် ဦးဗုဓ်)
ပွဲလမ်းသဘင် ကြည့်ရှုခြင်း အပြစ်ခြောက်ပါး
သူကြွယ်သား - ပွဲလမ်းသဘင် ကြည့်ရှုလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း-
(၁) အဘယ်မှာ ကပွဲရှိသနည်းဟု မေး၍ သွားနေရ၏။
(၂) အဘယ်မှာ သီဆိုပွဲရှိသနည်းဟု မေး၍ သွားနေရ၏။
(၃) အဘယ်မှာ တီးမှုတ်ပွဲရှိသနည်းဟု မေး၍ သွားနေရ၏။
(၄) အဘယ်မှာ စာဟောပွဲရှိသနည်းဟု မေး၍ သွားနေရ၏။
(၅) အဘယ်မှာ လက်ခုပ်တီးပွဲရှိသနည်းဟု မေး၍ သွားနေရ၏။
(၆) အဘယ်မှာ စည်တီးပွဲရှိသနည်းဟု မေး၍ သွားနေရ၏။
ပွဲလမ်းသဘင် ပျော်ရွှင်ရန်အတွက် ကြိုတင်ပြင်ဆင်နေရသဖြင့် အလုပ်အကိုင်ပျက်ခြင်း၊ ပွဲသဘင်ပြီးသော်လည်း လုပ်ငန်းခွင် မဝင်နိုင်သေးသဖြင့် စီးပွားရေးလုပ်ငန်း ပျက်စီးခြင်းတို့ကြောင့် မရရှိသေးသည့် စည်းစိမ်ဥစ္စာတို့ မဖြစ်နိုင်ကုန်၊ ရရှိပြီးသည့် စည်းစိမ်ဥစ္စာတို့သည်လည်း အစောင့်အရှောက် ကင်းမဲ့နေ၍ အခိုးအဝှက်ခံရပြီး ပျက်စီးနိုင်ကုန်၏။ ထို့ကြောင့် ပွဲလမ်းသဘင် ကြည့်ရှုလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်း ဖြစ်သည်။
ဆောင်ပုဒ်။ ။ ကခြင်း တလီ၊ သီခြင်း တသီး၊ မှုတ်တီး တသင်း၊ ပြိန်ဖျင်း တအုပ်၊ လက်ခုပ် တတည်၊ အိုးစည် တဖြာ၊ ရှိရာ ရှာဟု၊ ဥစ္စာပျက်မှု၊ ဤခြောက်ခုကား၊ ကြည့်ရှုသဘင်-အပြစ်တည်း။
(ဆရာတော် ဦးဗုဓ်)
စာမျက်နှာ-86
လောင်းကစားခြင်း အပြစ်ခြောက်ပါး
သူကြွယ်သား - မေ့လျော့ကြောင်းဖြစ်သော လောင်းကစားလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း-
(၁) နိုင်သော် ရန်ပွား၏။
(၂) ရှုံးသော် ဥစ္စာအတွက် ပူပန်ရ၏။
(၃) ကိုယ်တွေ့ မျက်မြင် ဥစ္စာ ဆုတ်ယုတ်၏။
(၄) တရားရုံး၌ ထိုသူ၏စကားသည် သက်သေအဖြစ် မတည်။
(၅) အဆွေခင်ပွန်းတို့သည် မထီမဲ့မြင် ပြုအပ်၏။
(၆) “ဤသူသည် ကစားသမားတည်း၊ မယားကို ကျွေးမွေးရန် မစွမ်းနိုင်” ဟု သမီးပေး သားယူ ပြုလိုကုန်သော သူတို့သည် အလိုမရှိအပ်။
ဆောင်ပုဒ်။ ။ အောင်မူ ရန်ပွား၊ ရှုံးသား စိုးရိမ်၊ စည်းစိမ် လျော့ပါး၊ တရား သဘင်၊ မဝင်သက်သေ၊ မိတ်ဆွေနှိပ်ဆို၊ မလိုထိမ်းမြား ဤခြောက်ပါးကား၊ ပျော်ပါး ကြွေအန်-အပြစ်တည်း။
(ဆရာတော် ဦးဗုဓ်)
ခင်ပွန်းယုတ် အပြစ်ခြောက်ပါး
သူကြွယ်သား - မကောင်းသော သူတို့ကို အဆွေခင်ပွန်း ပြုလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း-
(၁) အကြင်သူတို့သည် လောင်းကစားကြူးကုန်၏။
(၂) အကြင်သူတို့သည် ကာမဂုဏ်ကြူးကုန်၏။
(၃) အကြင်သူတို့သည် သေသောက်ကြူးကုန်၏။
(၄) အကြင်သူတို့သည် အတုပြု၍ လှည့်ပတ်တတ်ကုန်၏။
(၅) အကြင်သူတို့သည် မာယာဖြင့် လှည့်ပတ်တတ်ကုန်၏။
(၆) အကြင်သူတို့သည် အနိုင်အထက် ပြုတတ်ကုန်၏။
ထိုသူတို့သည်သာလျှင် ထိုသူ၏ အဆွေခင်ပွန်း အပေါင်းအဖော် ဖြစ်ကုန်၏။ ထို့ကြောင့် ပစ္စုပ္ပန်၌လည်းကောင်း၊ တမလွန်၌လည်းကောင်း၊ ပျက်စီးခြင်းသို့ ရောက်၏။
စာမျက်နှာ-87
ဆောင်ပုဒ်။ ။ ကြွေအန်ကြူးထ၊ မိန်းမကြူးထွေ၊ သေစာကြူးမှု၊ အတုပြုငြား၊ လှည့်စားတထောက်၊ မျက်မှောက်လှည့်ချက်၊ နိုင်ထက်လုယူ၊ ဤသူခြောက်ပါး၊ မိတ်ဖြစ်သားကြောင့်၊ ပျက်ပြားမိတ်ဆွေ- အပြစ်တည်း။
(ဆရာတော် ဦးဗုဓ်)
ပျင်းရိခြင်း အပြစ်ခြောက်ပါး
သူကြွယ်သား - ပျင်းရိလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း-
(၁) အေးလွန်းသည်ဟု အမှုကိစ္စကို မပြု၊
(၂) ပူလွန်းသည်ဟု အမှုကိစ္စကို မပြု၊
(၃) မိုးချုပ်လွန်းသည်ဟု အမှုကိစ္စကို မပြု၊
(၄) စောလွန်းသည်ဟု အမှုကိစ္စကို မပြု၊
(၅) ဆာလွန်းသည်ဟု အမှုကိစ္စကို မပြု၊
(၆) ဝလွန်းသည်ဟု အမှုကိစ္စကို မပြု။
ဤသို့ မခိုင်လုံသော ကိစ္စများကို ယိုးမယ်ဖွဲ့၍ နေသော ထိုသူအား မဖြစ်သေးသော စည်းစိမ်တို့သည်လည်း မဖြစ်ကုန်၊ ဖြစ်ပြီးသော စည်းစိမ်တို့သည်လည်း တစ်နေ့တခြား လျော့ပါးပျက်စီးကုန်၏။ သူကြွယ်သား - ပျင်းရိလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။
ဆောင်ပုဒ်။ ။ အချမ်းပြည့်ဝှန်၊ အလွန်ပူနိုး၊ မိုးချုပ်လှမော၊ စောလွန်းလှယောင်၊ ဆာလောင်ပြင်းလှ၊ ဝမ်းဝလွန်းထွေ၊ နေက ဥစ္စာ၊ မဖြစ်ရာသည်၊ ခြောက်ဖြာပျင်းသူ-အပြစ်တည်း။
(ဆရာတော် ဦးဗုဓ်)
မိတ်ဆွေတု မိတ်ဆွေစစ်
သေရည်ဆိုင်၌သာ အဖော်ဖြစ်သောသူသည် သောက်ဖော်သောက်ဖက် မိတ်ဆွေမည်၏။ အဆွေ အဆွေဟု ခေါ်၍ မျက်မှောက်၌သာ အဖော်သဟဲ ဖြစ်လျက် မျက်ကွယ်၌ ရန်သူသဖွယ်ဖြစ်သော သူသည် ဟန်ဆောင်မိတ်ဆွေ
စာမျက်နှာ-88
မည်၏။ အကြင်သူသည် အကြောင်းကိစ္စ ဖြစ်ပေါ်လတ်သော် အဖော်သဟဲ ဖြစ်၏။ ထိုသူသည် မိတ်ဆွေစစ် မည်၏။
လူ့ဘဝဖျက် အကျင့်စရိုက်
နေမြင့်အောင် အိပ်ခြင်းလည်းကောင်း၊ သူတစ်ပါးမယားကို မှီဝဲခြင်းလည်းကောင်း၊ ရန်သူများခြင်းလည်းကောင်း၊ အကျိုးမဲ့ ပြုခြင်းလည်းကောင်း၊ မကောင်းသော အဆွေခင်ပွန်းရှိခြင်းလည်းကောင်း၊ အလွန်စေးနှဲခြင်းလည်းကောင်း ဤအကြောင်း ခြောက်ပါးတို့သည် လူကို ဖျက်ဆီးတတ်ကုန်၏။
မကောင်းသော မိတ်ဆွေခင်ပွန်းရှိသူသည်လည်းကောင်း၊ မကောင်းသော အပေါင်းအဖော် ရှိသူသည်လည်းကောင်း၊ မကောင်းသော အလေ့အကျင့်, မကောင်းသော ကျက်စားရာ ရှိသူသည်လည်းကောင်း ဤလောက, တမလွန်လောက နှစ်ပါးစုံသော ဘဝမှ ပျက်စီးခြင်းသို့ လျှောကျတတ်၏။
လောင်းကစားလေ့ရှိခြင်းလည်းကောင်း၊ မိန်းမလိုက်စားခြင်းလည်းကောင်း၊ သေရည်သေရက် သောက်လေ့ရှိခြင်းလည်းကောင်း၊ ကခြင်း, သီခြင်းကို ကြည့်ရှုနားထောင်လေ့ရှိခြင်းလည်းကောင်း၊ နေ့အခါ၌ အိပ်လေ့ရှိခြင်းလည်းကောင်း၊ အခါမဲ့၌ ခရီးသွားလေ့ရှိခြင်းလည်းကောင်း၊ မကောင်းသော သူတို့ကို အဆွေခင်ပွန်း ဖွဲ့လေ့ရှိခြင်းလည်းကောင်း၊ အလွန်နှမြောစေးနှဲခြင်းလည်းကောင်း ဤခြောက်ပါးသော အကြောင်းတို့သည် လူကို ဖျက်ဆီးတတ်ကုန်၏။
အကြင်သူတို့သည် ကြွေအန်တို့ဖြင့် လောင်းကစားကုန်၏။ သေရည်သေရက် သောက်ကုန်၏။ သူတစ်ပါးတို့၏ အသက်နှင့် တူကုန်သော သူယုတ်မာတို့သာ မှီဝဲလေ့ရှိ၍ ပညာရှိတို့ မမှီဝဲအပ်ကုန်သော သူတစ်ပါးမယားတို့ကို သွားလာ (မှီဝဲ) ကုန်၏။ ထိုသူတို့၏ စည်းစိမ် အခြံအရံသည် လဆုတ်ပက္ခ၌ လကဲ့သို့ ဆုတ်ယုတ်၏။
မရှိဆင်းရဲသော မွတ်သိပ်သော အကြင်အရက်သမားသည် သောက်လိုသည်ဖြစ်၍ အရက်ဆိုင်သို့ သွား၏။ ထိုအရက်သမားသည် ရေ၌ ကျောက်ခဲ နစ်မြုပ်သကဲ့သို့ ကြွေး၌ နစ်မြုပ်လတ္တံ့၊ မိမိ၏ ဆွေမရှိ, မျိုးမရှိ အထီးကျန်သူ အဖြစ်ကို လျင်စွာ ပြုလတ္တံ့။
စာမျက်နှာ-89
လူပျင်းဘဝ
နေ့၌ အိပ်လေ့ရှိသော, ညဉ့်၌ ထလေ့မရှိသော, အမြဲမူးယစ်သော, ကာမဂုဏ် လိုက်စားသော သူသည် အိမ်ကို အုပ်စိုး၍ နေခြင်းငှာ မတတ်နိုင်ပေ။
အေးလွန်းသည်, ပူလွန်းသည်, မိုးချုပ်လွန်းသည်ဟု ဆင်ခြေပေး၍ အမှုကိစ္စတို့ကို မပြုလုပ်ဘဲ စွန့်လွှတ်ကုန်သော သူတို့ကို အကျိုးစီးပွားတို့သည် ကျော်လွန်၍ သွားကုန်၏။
ဝီရိယ စွမ်းပကား
ဤလောက၌ အကြင်သူသည် အအေးကိုလည်းကောင်း၊ အပူကိုလည်းကောင်း မြက်မျှလောက်ပင် မအောက်မေ့၊ ထိုသူသည် လူ့ကိစ္စတို့ကို ပြုသည်ဖြစ်၍ စီးပွားချမ်းသာကို မစွန့်၊ စီးပွားချမ်းသာနှင့် ပြည့်စုံသည်သာ ဖြစ်၏။
မိတ်ဆွေတု
သူကြွယ်သား - မိတ်ဆွေစစ် မဟုတ်သည့် ဤမိတ်ဆွေတု လေးယောက်တို့ကို သိအပ်ကုန်၏-
(၁) ယူသာ ယူတတ်သော မိတ်ဆွေစစ် မဟုတ်သည့် မိတ်ဆွေတုကို သိအပ်၏ (အညဒတ္ထုဟရ မိတ်ဆွေတု )။
(၂) နှုတ်မျှဖြင့်သာလျှင် (လောကွတ်) ပေးတတ်သော မိတ်ဆွေစစ် မဟုတ်သည့် မိတ်ဆွေတုကို သိအပ်၏ (ဝစီပရမ မိတ်ဆွေတု )။
(၃) အကြိုက်ကိုလိုက်၍ ပြောဆိုတတ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကို သိအပ်၏ (အနုပ္ပိယဘာဏီ မိတ်ဆွေတု )။
(၄) ပျက်စီးကြောင်း၌ အပေါင်းအဖော်ဖြစ်သော မိတ်ဆွေစစ် မဟုတ်သည့် မိတ်ဆွေတုကို သိအပ်၏ (အပါယသဟာယ မိတ်ဆွေတု )။
စာမျက်နှာ-90
အညဒတ္ထုဟရ မိတ်ဆွေတု
သူကြွယ်သား - စင်စစ် ယူသာယူတတ်သော မိတ်ဆွေစစ် မဟုတ်သည် မိတ်ဆွေကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏-
(၁) ယူသာ ယူတတ်၏။
(၂) နည်းသော ဥစ္စာကို ပေးခြင်းဖြင့် များစွာသော ဥစ္စာကို အလိုရှိ၏။
(၃) မိမိဘေးဖြစ်မှ ထိုသူ့ကိစ္စကို ပြုလုပ်ပေးတတ်၏။
(၄) အကျိုးစီးပွား ရလိုသောကြောင့် ဆည်းကပ်၏။
ဤလေးပါးသော အကြောင်းတို့ဖြင့် စင်စစ် ယူသာယူတတ်သော မိတ်ဆွေစစ် မဟုတ်သည့် မိတ်ဆွေတုကို သိအပ်၏။
ဆောင်ပုဒ်။ ။ လက်ချည်းလာ၍၊ ဥစ္စာဆောင်သယ်၊ နည်းငယ်ဖြင့်သာ၊ များစွာ လိုရှိ၊ ဘေးထိရောက်ခါ၊ ပြုလာတုံဘိ၊ မိမိအကျိုးငှာ၊ မှီလာပေါင်းယှဉ်၊ လေးယောက်စဉ်ကား၊ အညဒတ္ထုဟရတည်း။
(ဆရာတော် ဦးဗုဓ်)
ဝစီပရမ မိတ်ဆွေတု
သူကြွယ်သား - နှုတ်မျှဖြင့်သာလျှင် ပေးတတ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏-
(၁) လွန်ပြီးသော အကြောင်းအရာဖြင့် ချီးမြှောက်၏။
(၂) မဖြစ်သေးသော အကြောင်းအရာဖြင့် ချီးမြှောက်၏။
(၃) အချည်းနှီး လောကွတ်မျှဖြင့် ချီးမြှောက်၏။
(၄) ဖြစ်ဆဲကိစ္စတို့၌ ပျက်စီးခြင်းကို ပြသ၏။
ဤလေးပါးသော အကြောင်းတို့ဖြင့် နှုတ်မျှဖြင့်သာ ပေးတတ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကို သိအပ်၏။
ဥပမာ - “မနှစ်က ခင်ဗျားမလာဘူးဗျာ၊ ကျုပ်တို့မှာ အလုပ်အကိုင် သိပ်လည်တယ်” စသည်ဖြင့် လွန်ပြီးသည့် အကြောင်းအရာဖြင့် ချီးမြှောက်၏။ “ရှေ့လလောက်မှာ ကောက်စပါး ပေါ်ပါလိမ့်မယ်၊ ခင်ဗျား လာခဲ့ပါ” စသည်ဖြင့် မဖြစ်သေးသည့် အကြောင်းအရာဖြင့် ချီးမြှောက်၏။ ကားလေးတစ်ခေါက်လောက် ကူညီပါဟု တောင်းခံလာသောအခါ “ကားပျက်နေတယ်” ဟု ဖြစ်ဆဲ ပစ္စုပ္ပန်ကိစ္စတို့၌ ပျက်စီးခြင်းကို ပြသ၏။
စာမျက်နှာ-91
ဆောင်ပုဒ်။ ။ ရှေ့ဖြင့် စေ့စပ်၊ တထပ်နောက်မှီး၊ ချည်းနှီးသင်္ဂြိုဟ်၊ ပေးလို စဟန်၊ ပစ္စုပ္ပန်မှု၊ ပြညွှန်ပျက်ပြား၊ ဤလေးပါးကား၊ မှတ်သား ဝစီပရမတည်း။
(ဆရာတော် ဦးဗုဓ်)
အနုပ္ပိယဘာဏီ မိတ်ဆွေတု
သူကြွယ်သား - အကြိုက်ကိုလိုက်၍ ပြောဆိုတတ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏-
(၁) ထိုသူအား မကောင်းမှုကိုလည်း ခွင့်ပြု၏။
(၂) ထိုသူအား ကောင်းမှုကိုလည်း ခွင့်ပြု၏။
(၃) ထိုသူ၏ မျက်မှောက်၌ ချီးမွမ်းစကားကို ဆို၏။
(၄) ထိုသူ၏ မျက်ကွယ်၌ ကဲ့ရဲ့စကားကို ဆို၏။
ဤလေးပါးသော အကြောင်းတို့ဖြင့် အကြိုက်ကိုလိုက်၍ ပြောတတ်သော မိတ်ဆွေစစ် မဟုတ်သည့် မိတ်ဆွေတုကို သိအပ်၏။
ဆောင်ပုဒ်။ ။ မကောင်းခွင့်ပြု၊ ကောင်းမှုကိုလျှင်၊ ဆင်ခြင်မရှု၊ ခွင့်ပြုသည်ပင်၊ ရှေ့တွင်ချီးမွမ်း၊ ဖုံးလွှမ်းကွယ်လျှင်၊ ကဲ့ရဲ့မြင်သည်၊ လေးအင် ပိယဘာဏီတည်း။
(ဆရာတော် ဦးဗုဓ်)
အပါယသဟာယ မိတ်ဆွေတု
သူကြွယ်သား - ပျက်စီးကြောင်း၌ အပေါင်းအဖော်ဖြစ်သော မိတ်ဆွေစစ် မဟုတ်သည့် မိတ်ဆွေတုကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏-
(၁) သေရည်သေရက်သောက်ခြင်း၌ အပေါင်းအဖော် ဖြစ်၏။
(၂) အခါမဲ့ခရီးသွားခြင်း၌ အပေါင်းအဖော် ဖြစ်၏။
(၃) ပွဲလမ်းသဘင် ကြည့်ရှုနားထောင်ခြင်း၌ အပေါင်းအဖော် ဖြစ်၏။
(၄) လောင်းကစားခြင်း၌ အပေါင်းအဖော် ဖြစ်၏။
ဤလေးပါးသောအကြောင်းတို့ဖြင့် ပျက်စီးကြောင်း၌ အပေါင်းအဖော်ဖြစ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကို သိအပ်၏။
ဆောင်ပုဒ်။ ။ သောက်ထုတ်သေရက်၊ ညဉ့်နက်လမ်းသွား၊ ရှုစားသဘင်၊ ပျော်ရွှင်အန်စာ၊ လေးရပ်မှာပင်၊ တကွထင်သည်၊ လေးအင် အပါယ်သဟဲတည်း။
(ဆရာတော် ဦးဗုဓ်)
စာမျက်နှာ-92
မိတ်ဆွေတုကို ရှောင်
အကြင်မိတ်ဆွေသည် စင်စစ် ယူသာယူတတ်၏။ အကြင်မိတ်ဆွေသည် နှုတ်မျှဖြင့်သာလျှင် ပေးတတ်၏။ အကြင်မိတ်ဆွေသည် အကြိုက်ကိုသာ လိုက်၍ ပြောဆိုတတ်၏။ အကြင်မိတ်ဆွေသည် ပျက်စီးကြောင်း၌ အပေါင်းအဖော် ဖြစ်၏။ မိတ်ဆွေစစ်မဟုတ်သော ဤလေးယောက်တို့ကို ပညာရှိသည် ဤသို့ ဆိုခဲ့သည့် အတိုင်း သိ၍ ဘေးရန်ရှိသော ခရီးကို ဝေးစွာ ရှောင်ကြဉ်သကဲ့သို့ ဝေးစွာ ရှောင်ကြဉ်ရမည်။
စိတ်ကောင်း နှလုံးကောင်းရှိသော မိတ်ဆွေ
သူကြွယ်သား - ကောင်းသော စိတ်နှလုံးရှိသော ဤမိတ်ဆွေလေးယောက်တို့ကို သိအပ်ကုန်၏-
(၁) ကျေးဇူးပြုတတ်သော ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏ (ဥပကာရ မိတ်ဆွေ )။
(၂) ချမ်းသာအတူ ဆင်းရဲလည်း အတူဖြစ်သော ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏ (သမာနသုခဒုက္ခ မိတ်ဆွေ )။
(၃) အကျိုးစီးပွားကို ပြောကြားတတ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏ (အတ္ထက္ခာယီ မိတ်ဆွေ )။
(၄) အစဉ်သနားတတ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏ (အနုကမ္ပက မိတ်ဆွေ )။
ဥပကာရ မိတ်ဆွေ
သူကြွယ်သား - ကျေးဇူးပြုတတ်သော ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏-
(၁) မူးယစ်နေသော မိတ်ဆွေကို စောင့်ရှောက်တတ်၏။
(၂) မူးယစ်မေ့လျော့နေသော မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်တတ်၏။
(၃) ကြောက်ရွံ့နေသော မိတ်ဆွေ၏ အားကိုးရာ ဖြစ်၏။
(၄) ပြုဖွယ်ကိစ္စ ဖြစ်ပေါ်လာက အကူအညီ တောင်းခံသည်ထက် နှစ်ဆတက်သော စည်းစိမ် အထောက်အပံ့ကို ပေးတတ်၏။
စာမျက်နှာ-93
ဤလေးပါးသော အကြောင်းတို့ဖြင့် ကျေးဇူးပြုတတ်သော ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏။
ဆောင်ပုဒ်။ ။ မေ့လျော့စောင့်လှာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ပြုဖွယ်ရှိက၊ နှစ်ဆဥစ္စာ၊ ချေးပေးလှာသည်၊ လေးဖြာ ဥပကာရတည်း။
(ဆရာတော် ဦးဗုဓ်)
သမာနသုခဒုက္ခ မိတ်ဆွေ
သူကြွယ်သား - ချမ်းသာအတူ, ဆင်းရဲအတူဖြစ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏-
(၁) ထိုမိတ်ဆွေအား လျှို့ဝှက်အပ်သည့် အမှုကိစ္စကို ပြောကြား၏။
(၂) ထိုမိတ်ဆွေ၏ လျှို့ဝှက်အပ်သည့် အမှုကိစ္စကို လျှို့ဝှက်ထား၏။
(၃) ဘေးရန်ဖြစ်ပေါ်လာလျှင် မစွန့်ပစ်။
(၄) ထိုမိတ်ဆွေအတွက် အသက်ကိုပင်သော်လည်း စွန့်လွှတ်၏။
ဤလေးပါးသော အကြောင်းတို့ဖြင့် ချမ်းသာအတူ, ဆင်းရဲအတူဖြစ်သော ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏။
ဆောင်ပုဒ်။ ။ လျှို့ဝှက်စကား၊ ကြားစတုံလျက်၊ တူလျှို့ဝှက်၍၊ ဘေးတွေ့ မစွန့်၊ မတွန့်တိုပါ၊ သူ့ကိုညှာလျက်၊ ကိုယ့်သက်စွန့်မြောက်၊ ဤလေးယောက်ကား၊ မျှလောက် ချမ်းသာဆင်းရဲတည်း။
(ဆရာတော် ဦးဗုဓ်)
အတ္ထက္ခာယီ မိတ်ဆွေ
သူကြွယ်သား - အကျိုးစီးပွားကို ပြောကြားတတ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏-
(၁) မကောင်းမှုမှ တားမြစ်တတ်၏။
(၂) ကောင်းမှု၌ သက်ဝင်စေ၏၊ တိုက်တွန်းတတ်၏။
(၃) မကြားဖူးသော တရားစကားကို ပြောကြားတတ်၏။
(၄) နတ်ပြည်ရောက်ကြောင်း ခရီးလမ်းကို ပြောကြားတတ်၏။
ဤလေးပါးသော အကြောင်းတို့ဖြင့် ချမ်းသာအတူ, ဆင်းရဲအတူဖြစ်သော ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏။
စာမျက်နှာ-94
ဆောင်ပုဒ်။ ။ မကောင်းမြစ်ထာ၊ ကောင်းရာသွင်းထား၊ မကြားစတောင်း၊ အကြောင်းကြားလှာ၊ နတ်ရွာလမ်းပြ၊ ဤလေးဝကား၊ မည်ရ အတ္ထက္ခာယီတည်း။
(ဆရာတော် ဦးဗုဓ်)
အနုကမ္ပက မိတ်ဆွေ
သူကြွယ်သား - အစဉ်သနားတတ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏-
(၁) ထိုမိတ်ဆွေ၏ ဆုတ်ယုတ်ပျက်စီးခြင်းကို မနှစ်သက်။
(၂) ထိုမိတ်ဆွေ၏ ဖြစ်ထွန်းတိုးတက်ခြင်းကို နှစ်သက်၏။
(၃) ထိုမိတ်ဆွေအား ကဲ့ရဲ့စကား ပြောကြားသူကို ကန့်ကွက်တားမြစ်တတ်၏။
(၄) ထိုမိတ်ဆွေအား ချီးမွမ်းစကား ပြောကြားသူကို ထောက်ခံချီးမွမ်းတတ်၏။
ဤလေးပါးသော အကြောင်းတို့ဖြင့် အစဉ်သနားတတ်သော ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏။
ဆောင်ပုဒ်။ ။ ဥစ္စာခမ်းနား၊ မပွားသမြို့၊ မနှစ်လိုငြား၊ ပွားက ရွှင်မြူး၊ ကျေးဇူးမဲ့ကို၊ ဆိုသော်တားမြစ်၊ ကျေးဇူးဖြစ်ကို၊ ဆိုသော်ချီးမွမ်း၊ သူတို့ တမ်းကား၊ မိတ်ကျွမ်း အနုကမ္ပကတည်း။
(ဆရာတော် ဦးဗုဓ်)
မြတ်စွာဘုရားသည် သုတ္တန္တဗန္ဓအားဖြင့် ဟောကြားပြီး၍ ဂါထာဗန္ဓအားဖြင့် ထပ်မံဟောကြားတော်မူလေသည်-
မိတ်ဆွေစစ်ကို ချဉ်းကပ်
အကြင်မိတ်ဆွေသည် ကျေးဇူးပြုတတ်၏။ အကြင်မိတ်ဆွေသည် ချမ်းသာအတူ ဆင်းရဲအတူ ဖြစ်၏။ အကြင်မိတ်ဆွေသည် အကျိုးစီးပွားကို ပြောကြားတတ်၏။ အကြင်မိတ်ဆွေသည် အစဉ်သနားတတ်၏။ ပညာရှိသောသူသည် ဤမိတ်ဆွေစစ် လေးယောက်တို့ကို ဤသို့ ဆိုခဲ့တိုင်းသိ၍ အမိသည် ရင်၌ဖြစ်သောသားသို့ ချဉ်းကပ်သကဲ့သို့ ရိုသေစွာ ချဉ်းကပ်ရမည်။ သီလနှင့်ပြည့်စုံသော ပညာရှိမိတ်ဆွေသည် တောင်ထိပ်၌ တောက်လောင်သော မီးကဲ့သို့ ထွန်းလင်းတင့်တယ်၏။
စာမျက်နှာ-95
ပျားကောင်ပမာ စီးပွားရှာ
ပျားသည် ပန်းပွင့်ကို မထိခိုက်စေမူ၍ ဝတ်ရည်ကိုသာ စုပ်ယူလျက် ပျားလပို့ကို အားထုတ်ဆောက်လုပ်သကဲ့သို့ မိမိ သူတစ်ပါး နှစ်ဦးသားကို မညှင်းဆဲ မထိခိုက်စေမူ၍ တရားသဖြင့် ဥစ္စာပစ္စည်းကို စုဆောင်း ရှာမှီးသော သူ၏ ဥစ္စာစည်းစိမ်တို့သည် ခြတောင်ပို့ ကြီးပွားသကဲ့သို့ ကြီးပွားခြင်းသို့ ရောက်ကုန်၏။
ခွဲဝေသုံးစွဲ မိတ်ဆွေမြဲ
အိမ်ထောင်သည်ဘဝကို တည်ဆောက်သော အမျိုးသားသည် ဤသို့ ဥစ္စာစည်းစိမ်တို့ကို ကောင်းစွာ စုဆောင်းပြီးလျှင် စည်းစိမ်တို့ကို လေးဖို့ လေးပုံ ခွဲဝေရမည်။ ဤသို့ ခွဲဝေသုံးစွဲသော ထိုသူသည် မိတ်ဆွေခင်ပွန်းတို့ကို မကွဲအောင် ဖွဲ့နှောင်စည်းရုံးနိုင်၏။
(၁) တစ်ဖို့သော ဥစ္စာဖြင့် စည်းစိမ်ကို ခံစားရမည်။
(၂-၃) နှစ်ဖို့တို့ဖြင့် ကုန်သွယ်မှု စသည် ပြုလုပ်ရမည်။
(၄) လေးခုမြောက်အဖို့ကိုကား ဘေးရန်ဖြစ်လျှင် အသုံးပြုရန် သိုမှီးသိမ်းဆည်းထားရမည်။
(စည်းစိမ်ဥစ္စာ ကြွယ်ဝသူသည်သာ မိတ်ဆွေ အပေါင်းအသင်း မပြိုကွဲ မပျက်စီးအောင် ထိန်းသိမ်းထားနိုင်သည်။)
အရပ်ခြောက်ပါးကို လုံခြုံစေခြင်း
သူကြွယ်သား - အရိယာသာဝကသည် အရပ်ခြောက်ပါးတို့ကို အဘယ်သို့လျှင် လုံခြုံစေသနည်း ဟူမူကား-
(၁) အမိအဘတို့ကို အရှေ့အရပ် ဟု သိအပ်ကုန်၏။
(၂) ဆရာသမားတို့ကို တောင်အရပ် ဟု သိအပ်ကုန်၏။
(၃) သားမယားတို့ကို အနောက်အရပ် ဟု သိအပ်ကုန်၏။
(၄) ချစ်သော အဆွေခင်ပွန်းတို့ကို မြောက်အရပ် ဟု သိအပ်ကုန်၏။
(၅) အစေအပါး, အလုပ်သမားတို့ကို အောက်အရပ် ဟု သိအပ်ကုန်၏။
(၆) သမဏဗြာဟ္မဏ (ရဟန်း, ပုဏ္ဏား) တို့ကို အထက်အရပ် ဟု သိအပ်ကုန်၏။
စာမျက်နှာ-96
ဆောင်ပုဒ်။ ။ အရှေ့မိဘ၊ တောင်မှ ဆရာ၊ နောက်မှာ မယား၊ မြောက်ကား မိတ်ဆွေ၊ အောက်ခြေ ကျွန်များ၊ အထက်ဖျားကား၊ ပုဏ္ဏားရဟန်း- ခြောက်ရပ်တည်း။
(ဆရာတော် ဦးဗုဓ်)
အရပ်ခြောက်ပါးတို့မှ ဘေးအန္တရာယ်များ မလာရောက်နိုင်အောင် ထိန်းသိမ်းစောင့်ရှောက်နေခြင်းသည် “အရပ်ခြောက်ပါးတို့ကို လုံခြုံစေသည်” မည်၏။
မိဘတို့သည် သားသမီးတို့အပေါ် ရှေးဦးစွာ ကျေးဇူးပြုသောကြောင့် ပုရတ္ထိမာဒိသာ (အရှေ့အရပ်) မည်၏။
ဆရာသမားတို့သည် မြတ်သော ပူဇော်မှုကို ခံယူထိုက်သောကြောင့် ဒက္ခိဏာဒိသာ (တောင်အရပ်) မည်၏။
သားမယားတို့သည် မိမိနောက်မှ အစဉ် လိုက်ပါရသောကြောင့် ပစ္ဆိမာဒိသာ (အနောက်အရပ်) မည်၏။
အဆွေခင်ပွန်းတို့သည် အဆွေခင်ပွန်းတို့ကို အမှီသဟဲပြု၍ ထိုထို ဆင်းရဲဒုက္ခတို့ကို လွန်မြောက်နိုင်သောကြောင့် ဥတ္တရာဒိသာ (မြောက်အရပ်) မည်၏။
အစေအပါး, အမှုလုပ် အလုပ်သမားတို့သည် မိမိခြေရင်း၌ တည်သောကြောင့် ဟေဋ္ဌိမာဒိသာ (အောက်အရပ်) မည်၏။
ရဟန်းသံဃာတို့သည် ဂုဏ်တို့ဖြင့် အထက်၌ တည်သောကြောင့် ဥပရိမာဒိသာ (အထက်အရပ်) မည်၏။
သားသမီးနှင့် မိဘဆက်ဆံရေး
သူကြွယ်သား - ငါးပါးသော အကြောင်းတို့ဖြင့် သားသမီးသည် အရှေ့အရပ်မည်သော မိဘတို့ကို ပြုစုအပ်ကုန်၏-
(၁) မိဘတို့က မွေးမြူအပ်သော ငါသည် ထိုမိဘတို့ကို ပြန်လည်၍ မွေးမြူအံ့၊
(၂) ထိုမိဘတို့၏ အမှုကိစ္စကို ပြုလုပ်ပေးအံ့၊
(၃) မိဘတို့၏ ဥစ္စာကို မပျက်အောင် စောင့်ထိန်းခြင်း, အစဉ်အဆက်မှ လာသော ကုသိုလ်ဝတ်ကို ပြုလုပ်ခြင်းတို့ဖြင့် အမျိုးအနွယ်ကို တည်စေအံ့။
စာမျက်နှာ-97
(၄) အမွေခံထိုက်အောင် မိဘတို့၏ အဆုံးအမကို ကျင့်ကြံလိုက်နာအံ့၊
(၅) ကွဲကွာ သေလွန်သည့် မိဘအတွက် အလှူပေးအံ့ဟု ပြုစုအပ်ကုန်၏။
သူကြွယ်သား - သားသမီးသည် ဤငါးပါးသော အကြောင်းတို့ဖြင့် လုပ်ကျွေးအပ်ကုန်သော အရှေ့အရပ်မည်သော မိဘတို့သည် အကြောင်းငါးပါးတို့ဖြင့် သားသမီးတို့ကို စောင့်ရှောက်ကုန်၏-
(၁) မကောင်းမှုမှ တားမြစ်ကုန်၏။
(၂) ကောင်းမှု၌ သက်ဝင် တည်စေကုန်၏။
(၃) အတတ်ပညာကို သင်စေကုန်၏။
(၄) လျောက်ပတ်သော မယားနှင့် ထိမ်းမြားပေးကုန်၏။
(၅) လျောက်ပတ်သော အချိန်၌ အမွေဥစ္စာကို အပ်နှင်းကုန်၏။
သူကြွယ်သား - သားသမီးသည် ငါးပါးသော အကြောင်းတို့ဖြင့် ဝတ်ပြုအပ်သော အရှေ့အရပ်မည်သော မိဘတို့သည် ဤငါးပါးသော အကြောင်းတို့ဖြင့် သားသမီးကို စောင့်ရှောက်ကုန်၏။ ထိုသားသမီးသည် ဤသို့ လုပ်ကျွေးသည်ရှိသော် ထိုအရှေ့အရပ်သည် လုံခြုံ၏။ ငြိမ်းချမ်း၏။ ဘေးကင်း၏။
မိဘတည်းဟူသော အရှေ့အရပ်ကို ကျင့်ဝတ်ငါးပါးတို့ဖြင့် လုံခြုံအောင် စောင့်ရှောက်လိုက်၍ မိဘကို အကြောင်းပြုပြီး ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ် အကုသိုလ်အပြစ်များ ကင်းစင်သွားသောကြောင့် မိဘတည်းဟူသော အရှေ့အရပ်သည် လုံခြုံသည် မည်၏။ ငြိမ်းချမ်းသည် မည်၏၊ ဘေးကင်းသည် မည်၏။
သားသမီးဝတ္တရား ငါးပါး
ဆောင်ပုဒ်။ ။ ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဖွယ် သားတို့တာ။
မိဘဝတ္တရား ငါးပါး
ဆောင်ပုဒ်။ ။ မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေ နှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ။
(သင်္ဂဇာဆရာတော်)
စာမျက်နှာ-98
တပည့်နှင့် ဆရာဆက်ဆံရေး
သူကြွယ်သား - ငါးပါးသော အကြောင်းတို့ဖြင့် တပည့်သည် တောင်အရပ်မည်သော ဆရာတို့ကို ပြုစုအပ်ကုန်၏-
(၁) နေရာမှထ၍ ခရီးဦးကြိုခြင်းဖြင့်လည်းကောင်း၊
(၂) ခစားဆည်းကပ်ခြင်းဖြင့်လည်းကောင်း၊
(၃) စကားကို နာယူခြင်းဖြင့်လည်းကောင်း၊
(၄) အရိုအသေ လုပ်ကျွေးခြင်းဖြင့်လည်းကောင်း၊
(၅) အတတ်ပညာကို ရိုသေစွာ သင်ကြားလေ့ကျက်ခြင်းဖြင့်လည်းကောင်း ပြုစုအပ်ကုန်၏။
သူကြွယ်သား - ဤငါးပါးသော အကြောင်းတို့ဖြင့် တပည့်သည် ဝတ်ပြုအပ်ကုန်သော တောင်အရပ်မည်သော ဆရာတို့သည် ငါးပါးသော အကြောင်းတို့ဖြင့် တပည့်ကို အစဉ်စောင့်ရှောက်ကုန်၏-
(၁) ကောင်းစွာ ဆုံးမသင့်သော အရာကို ဆုံးမကုန်၏။
(၂) ကောင်းစွာ သင်သင့်သောအရာကို သင်စေကုန်၏။
(၃) အလုံးစုံသော အတတ်ကို ပြောကြား သင်ကြားပေးကုန်၏။
(၄) ကောင်းသော အဆွေခင်ပွန်းတို့ထံ၌ အပ်နှင်းကုန်၏။
(၅) ခပ်သိမ်းသော အရပ်တို့၌ အစောင့်အရှောက်ကို ပြုကုန်၏။
သူကြွယ်သား - ဤငါးပါးသော အကြောင်းတို့ဖြင့် လုပ်ကျွေးအပ်ကုန်သော တောင်အရပ်မည်သော ဆရာတို့သည် ဤငါးပါးသော အကြောင်းတို့ဖြင့် တပည့်ကို စောင့်ရှောက်ကုန်၏။ ထိုတပည့်သည် ဤသို့ လုပ်ကျွေးသည်ရှိသော် ထိုတောင်အရပ်သည် လုံခြုံ၏။ ငြိမ်းချမ်း၏။ ဘေးကင်း၏။
တပည့်ဝတ္တရား ငါးပါး
ဆောင်ပုဒ်။ ။ ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူ ကြိုဆီး၊ ထံနီး လုပ်ကျွေး၊ သင်, တွေး, အံရွတ်၊ တပည့်ဝတ်၊ မချွတ် ငါးခုသာ။
စာမျက်နှာ-99
ဆရာဝတ် ငါးပါး
ဆောင်ပုဒ်။ ။ အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာ အပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ။
(သင်္ဂဇာဆရာတော်)
လင်နှင့်မယား ဆက်ဆံရေး
သူကြွယ်သား - ငါးပါးသော အကြောင်းတို့ဖြင့် လင်သည် အနောက်အရပ်မည်သော မယားကို ပြုစုအပ်၏-
(၁) အမြတ်တနိုး ခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊
(၂) နှိမ့်ချ၍ မခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊
(၃) မိမိမယားကို လွန်၍ အခြားမိန်းမတို့၌ မပျော်ပါးခြင်းဖြင့်လည်းကောင်း၊
(၄) စားဖိုဆောင် အုပ်စိုးမှုကို လွှဲအပ်ခြင်းဖြင့်လည်းကောင်း၊
(၅) အဝတ်တန်ဆာကို ပေးခြင်းဖြင့်လည်းကောင်း ပြုစုအပ်၏။
သူကြွယ်သား - လင်သည် ဤငါးပါးသော အကြောင်းတို့ဖြင့် ပြုစုအပ်သော အနောက်အရပ်မည်သော မယားသည် ငါးပါးသော အကြောင်းတို့ဖြင့် လင်ဖြစ်သူကို စောင့်ရှောက်၏-
(၁) အမှုကြီးငယ်ကိုလည်း ကောင်းစွာ စီရင်၏။
(၂) နှစ်ဘက်သော ဆွေမျိုးကိုလည်း ချီးမြှောက်၏။
(၃) မိမိလင်မှတစ်ပါး အခြားယောက်ျား၌ လွန်ကျူးသော အကျင့်မှ ကင်း၏။
(၄) ရှာဖွေစုဆောင်းခဲ့သည့် ဥစ္စာကို ထိန်းသိမ်း စောင့်ရှောက်၏။
(၅) အလုံးစုံသော ကိစ္စတို့၌ လိမ္မာ၍ ပျင်းရိခြင်း ကင်း၏။
သူကြွယ်သား - ဤငါးပါးသော အကြောင်းတို့ဖြင့် လင်သည် ပြုစုအပ်သော အနောက်အရပ်မည်သော မယားသည် ဤငါးပါးသော အကြောင်းတို့ဖြင့် လင့်ကို စောင့်ရှောက်၏။ ဤသို့ ပြုစုသည်ရှိသော် ဤအနောက်အရပ်သည် လုံခြုံ၏။ ငြိမ်းချမ်း၏။ ဘေးကင်း၏။
စာမျက်နှာ-100
လင့်ဝတ္တရား ငါးပါး
ဆောင်ပုဒ်။ ။ မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာ မမှား၊ ဝတ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ။
မယားဝတ္တရား ငါးပါး
ဆောင်ပုဒ်။ ။ အိမ်တွင်းမှုလုပ်၊ သိမ်းထုတ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင် ဖြန့်ချိ၊ ပျင်းရိမမူ၊ ဝတ်ငါးဆူ၊ အိမ်သူ ကျင့်အပ်စွာ။
(သင်္ဂဇာဆရာတော်)
မိတ်ဆွေချင်း ပေါင်းသင်း ဆက်ဆံရေး
သူကြွယ်သား - ငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားသည် မြောက်အရပ်မည်သော အဆွေခင်ပွန်းတို့ကို ပြုစုအပ်၏-
(၁) ပေးကမ်းစွန့်ကြဲခြင်းဖြင့်လည်းကောင်း၊
(၂) ချစ်ဖွယ်သောစကားကို ဆိုခြင်းဖြင့်လည်းကောင်း၊
(၃) အကျိုးစီးပွားကို ကျင့်ဆောင်ခြင်းဖြင့်လည်းကောင်း၊
(၄) မိမိနှင့် ထပ်တူညီမျှ ဆက်ဆံခြင်းဖြင့်လည်းကောင်း၊
(၅) မချွတ်မယွင်း ပြောဆို ပေးကမ်းခြင်းဖြင့်လည်းကောင်း ပြုစုအပ်ကုန်၏။
သူကြွယ်သား - ဤငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားသည် ပြုစုအပ်ကုန်သော မြောက်အရပ်မည်သော အဆွေခင်ပွန်းတို့သည် ငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားကို စောင့်ရှောက်ကုန်၏-
(၁) မူးယစ်သော မိတ်ဆွေကို စောင့်ရှောက်ကုန်၏။
(၂) မူးယစ်သော မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်ကုန်၏။
(၃) ကြောက်ရွံ့နေသော မိတ်ဆွေ၏ အားကိုးရာ ဖြစ်ကုန်၏။
(၄) ဘေးရန်ဖြစ်လတ်သော် မစွန့်ပစ်။
(၅) ထိုမိတ်ဆွေ၏ သား မြေး အဆက်ဆက်တို့ကိုလည်း တုံ့ပြန် ချီးမြှောက်ကုန်၏။
စာမျက်နှာ-101
သူကြွယ်သား - ဤငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားသည် ပြုစုအပ်ကုန်သော မြောက်အရပ်မည်သော အဆွေခင်ပွန်းတို့သည် ဤငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားကို စောင့်ရှောက်ကုန်၏။ ဤသို့ ပြုစုသည်ရှိသော် ထိုမြောက်အရပ်သည် လုံခြုံ၏။ ငြိမ်းချမ်း၏။ ဘေးကင်း၏။
မိတ်ဆွေဝတ္တရား ငါးပါး
ဆောင်ပုဒ်။ ။ ပေးကမ်း ချီးမြှင့်၊ ကိုယ်နှင့် ယှဉ်ထား၊ စီးပွား ဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေမိတ်သဟာ။
(သင်္ဂဇာဆရာတော်)
၁။ ပေးကမ်းလိုမယ်၊ ချစ်ဖွယ်ဆိုငြား၊ စီးပွားကျင့်မူ၊ ကိုယ်တူပြုခြင်း၊ ချွတ်ယွင်းမဲ့စေ၊ ဤငါးထွေကား၊ ကြင်ဆွေတို့အား-ကျင့်ဝတ်တည်း။
၂။ မေ့လျော့ စောင့်လှာ၊ ဥစ္စာစောင့်ရှောက်၊ ကြောက်လန် ပယ်လေ့၊ ဘေးတွေ့ မစွန့်၊ ဆက်ညွန့် သားမြေး၊ မြတ်လေးပူဇော်၊ ဤငါးဖော်ကား၊ ညီလျော်တို့လမ်း-ကျင့်ဝတ်တည်း။
(ဆရာတော်ဦးဗုဓ်)
သခင်နှင့်ကျွန်, အလုပ်ရှင်နှင့် အလုပ်သမား ဆက်ဆံရေး
သူကြွယ်သား - ငါးပါးသော အကြောင်းတို့ဖြင့် အရှင်သခင်သည် အောက်အရပ်မည်သော အစေအပါး အလုပ်သမားတို့ကို ပြုစုအပ်ကုန်၏-
(၁) ခွန်အား အလျောက်သာ အလုပ်ကိစ္စကို ခိုင်းစေခြင်းဖြင့်လည်းကောင်း၊
(၂) ထမင်းရိက္ခာ ပေးခြင်းဖြင့်လည်းကောင်း၊
(၃) မကျန်းမာသောအခါ ပြုစုခြင်းဖြင့်လည်းကောင်း၊
(၄) ထူးဆန်းသော စားဖွယ် အရသာများကို ခွဲဝေပေးခြင်းဖြင့်လည်းကောင်း၊
(၅) အခါအားလျော်စွာ အားလပ်ခွင့်ပေးခြင်း, အဝတ်တန်ဆာ စသည် ပေးခြင်းဖြင့်လည်းကောင်း ပြုစုအပ်ကုန်၏။
စာမျက်နှာ-102
သူကြွယ်သား - ဤငါးပါးသော အကြောင်းတို့ဖြင့် အရှင်သခင်သည် ပြုစုအပ်ကုန်သော အောက်အရပ်မည်သော အစေအပါး, အလုပ်သမားတို့သည် ငါးပါးသော အကြောင်းတို့ဖြင့် အရှင်သခင်ကို စောင့်ရှောက်ကုန်၏-
(၁) အရှင်၏ ရှေးဦးစွာ အိပ်ရာမှ ထလေ့ရှိကုန်၏။
(၂) အရှင်အိပ်သည်မှ နောက်၌ အိပ်လေ့ရှိကုန်၏။
(၃) ပေးသည်ကိုသာ ယူလေ့ရှိကုန်၏ (ခိုးဝှက်မယူကုန်)။
(၄) အမှုကိစ္စကို ကောင်းစွာ ပြုလုပ်ကုန်၏။
(၅) အရှင်၏ ဂုဏ်သတင်းကို ဆောင်ကုန်၏။
သူကြွယ်သား - ဤငါးပါးသော အကြောင်းတို့ဖြင့် အရှင်သခင်သည် ပြုစုအပ်ကုန်သော အောက်အရပ်မည်သော အစေအပါး, အလုပ်သမားတို့သည် ဤငါးပါးသော အကြောင်းတို့ဖြင့် အရှင်သခင်ကို စောင့်ရှောက်ကုန်၏။ ဤသို့ ကောင်းစွာ ပြုစုသည်ရှိသော် ထိုအောက်အရပ်သည် လုံခြုံ၏။ ငြိမ်းချမ်း၏။ ဘေးကင်း၏။
အရှင့်ဝတ္တရား ငါးပါး
ဆောင်ပုဒ်။ ။ ဝစွာကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင် ကုစေ၊ ငှဝေရသာ၊ အခါကိုလွှတ်၊ အရှင့်ဝတ်၊ ဟောရွတ် ပဉ္စဓာ။
ကျွန်ဝတ္တရား ငါးပါး
ဆောင်ပုဒ်။ ။ အိပ်သော် နောက်ကျ၊ ထ-သော်ကား ရှေး၊ ပေးမှ ယူအပ်၊ စေ့စပ် ဆောင်ရွက်၊ ကျေးဇူးမြွက်၊ ငါးချက် ကျွန်ကျင့်ရာ။
(သင်္ဂဇာဆရာတော်)
ဒကာနှင့်ဆရာ ဆက်ဆံရေး
သူကြွယ်သား - ငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားသည် အထက်အရပ်မည်သော သမဏဗြာဟ္မဏတို့ကို ပြုစုအပ်ကုန်၏-
(၁) မေတ္တာနှင့်ယှဉ်သော ကာယကံမှုဖြင့်လည်းကောင်း၊
(၂) မေတ္တာနှင့်ယှဉ်သော ဝစီကံမှုဖြင့်လည်းကောင်း၊
(၃) မေတ္တာနှင့်ယှဉ်သော မနောကံမှုဖြင့်လည်းကောင်း၊
စာမျက်နှာ-103
(၄) အမြဲမပြတ် လှူဒါန်းလိုသော အလောဘတည်းဟူသော တံခါးကို ဖွင့်၍ ထားခြင်းဖြင့်လည်းကောင်း၊
(၅) ဆွမ်း စသော အာမိသတို့ကို ပေးလှူခြင်းဖြင့်လည်းကောင်း ပြုစုအပ်ကုန်၏။
သူကြွယ်သား - ဤငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားသည် ပြုစုအပ်ကုန်သော အထက်အရပ်မည်သော သမဏဗြာဟ္မဏတို့သည် ခြောက်ပါး သော အကြောင်းတို့ဖြင့် အမျိုးကောင်းသားကို စောင့်ရှောက်ကုန်၏။
(၁) မကောင်းမှုမှ တားမြစ်ကုန်၏။
(၂) ကောင်းမှု၌ သက်ဝင်တည်စေကုန်၏။
(၃) ကောင်းသောစိတ်ဖြင့် စောင့်ရှောက်ကုန်၏။
(၄) မကြားဖူးသော တရားစကားကို ဟောကြားကုန်၏။
(၅) ကြားဖူးသော တရားစကားကို ဖြူစင်စေကုန်၏။
(၆) နတ်ပြည်ရောက်ကြောင်း ခရီးလမ်းကို ပြောကြားကုန်၏။
သူကြွယ်သား - ဤငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားသည် ပြုစုအပ်ကုန်သော အထက်အရပ်မည်သော သမဏဗြာဟ္မဏတို့သည် ဤခြောက်ပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားကို စောင့်ရှောက်ကုန်၏။ ဤသို့ ပြုစုသည်ရှိသော် ဤအထက်အရပ်သည် လုံခြုံ၏။ ငြိမ်းချမ်း၏။ ဘေးကင်း၏။
ဒါယကာဝတ္တရား ငါးပါး
ဆောင်ပုဒ်။ ။ မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်၊ ခင်မင်နှုတ်ချို၊ လိုလျှင် ဖိတ်ထား၊ တတ်အားလှူစေ၊ ငါးခုနေ၊ ပြုလေ ဒါယကာ။
ရဟန်းဝတ္တရား ခြောက်ပါး
ဆောင်ပုဒ်။ ။ မကောင်းမြစ်တာ၊ ကောင်းရာကိုလှစ်၊ အသစ်ဟောကျူး၊ နာဖူး ထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု၊ ခြောက်ခု လွန်သေချာ။
(သင်္ဂဇာဆရာတော်)
ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤသုတ္တန္တစကားကို မိန့်တော်မူပြီး၍ ဤဂါထာဗန္ဓစကားတို့ကိုလည်း မိန့်တော်မူ၏-
စာမျက်နှာ-104
အရပ်ခြောက်ပါး
အမိအဘတို့သည် အရှေ့အရပ် မည်ကုန်၏။ ဆရာတို့သည် တောင်အရပ် မည်ကုန်၏။ သားမယားတို့သည် အနောက်အရပ် မည်ကုန်၏။ အဆွေခင်ပွန်းတို့သည် မြောက်အရပ် မည်ကုန်၏။ အစေအပါး အလုပ်သမားတို့သည် အောက်အရပ် မည်ကုန်၏။ သမဏဗြာဟ္မဏတို့သည် အထက်အရပ် မည်ကုန်၏။အိမ်ကို အုပ်စိုး၍ နေထိုင်သော အမျိုးကောင်းသားသည် ဤအရပ်ခြောက်ပါးတို့ကို ရှိခိုးရာ၏။
ကျော်စောသတင်း ပျံ့သင်းကြောင်းတရား
အကြင်သူသည် အရပ်မျက်နှာတို့ကို ရှိခိုးခြင်း၌ အလိမ္မာရှိ၏။ သီလနှင့် ပြည့်စုံ၏။ သိမ်မွေ့နက်နဲသော ဉာဏ်ပညာရှိ၏။ နှိမ့်ချခြင်း ရှိ၏။ ခက်ထန်ခြင်း မရှိ၊ ထိုဂုဏ်အင်္ဂါတို့နှင့် ပြည့်စုံသော သူသည် အကျော်အစောကို ရ၏။
အကြင်သူသည် ထကြွလုံ့လရှိ၏။ ပျင်းရိခြင်း မရှိ၊ ဘေးရန်ဖြစ်လျှင် မတုန်လှုပ်၊ မပြတ်အားထုတ်အပ်သော အသက်မွေးမှု ရှိ၏။ အရာအားလျော်စွာ သိတတ်သော ပညာရှိ၏။ ထိုသို့သော သူသည် အကျော်အစောကို ရ၏။
အကြင်သူသည် ချီးမြှောက်တတ်၏။ အဆွေခင်ပွန်းကောင်းကို ရှာတတ်၏။ ကျေးဇူးတရားကို သိတတ်၏။ ဝန်တိုမှု မရှိ၊ အကျိုးဆောင်တတ်၏၊ အကြောင်းပြ၍ ဆုံးမတတ်၏၊ ခေါင်းဆောင်တတ်၏၊ ထိုသို့သော သဘောရှိသူသည် အကျော်အစောကို ရ၏။
သင်္ဂဟတရား လေးပါး
ကျင့်ဝတ်တရားတို့၌ “ပေးကမ်းစွန့်ကြဲခြင်း၊ ချစ်ဖွယ်သော စကားကို ဆိုခြင်း၊ အကျိုးစီးပွားကို ကျင့်ဆောင်ခြင်း၊ ကိစ္စအားလျော်စွာ မိမိနှင့် ထပ်တူညီမျှ ဆက်ဆံခြင်း” ဟူသော ကျင့်ဝတ်တရားတို့သည် ရှိကုန်၏။ ထိုထို ပုဂ္ဂိုလ်၌ ထိုက်သည်အားလျော်စွာ ထိုသင်္ဂဟတရားတို့သည် ဤလောက၌ သွားနေရသော ရထား၏ နားစောင့်ကဲ့သို့ ဖြစ်ကုန်၏။
စာမျက်နှာ-105
သင်္ဂဟတရားမဲ့က အကျိုးမရ
လောက၌ ထိုသင်္ဂဟတရားတို့သည် အကယ်၍ မရှိကုန်အံ့၊ အမိသည် သားပြုအပ်သော မြတ်နိုးခြင်းကိုသော် လည်းကောင်း၊ ပူဇော်ခြင်းကို သော်လည်းကောင်း မရရာ။ အဘသည် သားပြုအပ်သော မြတ်နိုးခြင်းကိုသော် လည်းကောင်း၊ ပူဇော်ခြင်းကိုသော်လည်းကောင်း မရနိုင်ရာ။
ထိုသင်္ဂဟတရားတို့ကို “ပြုအပ်၏”ဟု ပညာရှိတို့ မှတ်ယူကုန်သောကြောင့် ကြီးမြတ်သည့်အဖြစ်သို့ ရောက်ကုန်၏။ ချီးမွမ်းလည်း ချီးမွမ်းထိုက်ကုန်၏။
သိင်္ဂါလလုလင် သရဏဂုံတည် ဥပါသကာဖြစ်ခြင်း
ဤသို့ မြတ်စွာဘုရား ဟောကြားတော်မူပြီးသောအခါ သူကြွယ်သား သိင်္ဂါလ သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏-
“အရှင်ဘုရား-တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ အရှင်ဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ အရှင်ဘုရား-ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့ လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့ လည်းကောင်း၊ မျက်စိလည်သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့ လည်းကောင်း၊ မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်”ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့ လည်းကောင်း ဤအတူ သာလျှင် မြတ်စွာဘုရားသည် များစွာသော အကြောင်းတို့ဖြင့် တရားတော်ကို ပြတော်မူပါပေ၏။
အရှင်ဘုရား-အကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ မြတ်စွာဘုရားသည် အကျွန်ုပ်ကို “ယနေ့မှစ၍ အသက်ထက်ဆုံး ဘုရား တရား သံဃာကို ကိုးကွယ်ဆည်းကပ်သော ‘ဥပါသကာ'ဟု မှတ်တော်မူပါ” ဟူ၍ လျှောက်ထားလေသတည်း။
မှတ်ချက်။ ။ အဋ္ဌကထာဆရာက ဤသိင်္ဂါလသုတ်လာ ကျင့်စဉ်များကို လူတို့ လက်တွေ့ ကျင့်ရမည့် ကျင့်စဉ်များဖြစ်၍ လူ့ဝိနည်းတရား (ဂိဟီဝိနယ)ဟု အမည်ပေးထားပေသည်။
စာမျက်နှာ-106
အခန်း ( ၁၃ )
အန္တရာယ်ကင်းရန် ရွတ်ဖတ်ရမည့် ပါဠိဂါထာများ
သိပ္ပံနည်းကျသော ဗုဒ္ဓတရားတော်အရ လူကို မည်သူကမျှ ဖန်ဆင်းထားခြင်း မဟုတ်ဘဲ မိမိကိုယ်ကို မိမိကသာ ဖန်ဆင်းထားခြင်း ဖြစ်ပါသည်။ မိမိက ဖန်ဆင်းသည့် ကိရိယာမှာမူ ကုသိုလ်နှင့် အကုသိုလ်ပင် ဖြစ်ပါသည်။ ငွေကုန်ကြေးကျ အသက်သာဆုံးနှင့် အထိရောက်ဆုံးနည်းဖြင့် ကုသိုလ် များများ အမြဲ ရနေလိုပါလျှင် ဤအခန်းတွင် ဖော်ပြထားသော ဗုဒ္ဓဂုဏ်တော်၊ ဗုဒ္ဓဂါထာတို့ကို ရွတ်ဖတ်ပွားများစေလိုပါသည်။ ထိုသို့ ရွတ်ဖတ်ပွားများခြင်းဖြင့် ကုသိုလ်ခွန်အားများ ရှိနေပါလျှင် အကုသိုလ်မဝင်နိုင်ဘဲ အန္တရာယ်များမှ ကင်းလွတ်ပါလိမ့်မည်။
(က) ဘုရားဂုဏ်တော် ကိုးပါး
ဣတိပိ သော ဘဂဝါ-
(၁) အရဟံ၊
(၂) သမ္မာသမ္ဗုဒ္ဓေါ၊
(၃) ဝိဇ္ဇာစရဏသမ္ပန္နော၊
(၄) သုဂတော၊
(၅) လောကဝိဒူ၊
(၆) အနုတ္တရော ပုရိသဒမ္မသာရထိ၊
(၇) သတ္ထာ ဒေဝမနုဿာနံ၊
(၈) ဗုဒ္ဓေါ၊
(၉) ဘဂဝါ၊
(ခ) တရားဂုဏ်တော် ခြောက်ပါး
(၁) သွာက္ခာတော ဘဂဝတာ ဓမ္မော၊
(၂) သန္ဒိဋ္ဌိကော၊
(၃) အကာလိကော၊
(၄) ဧဟိပဿိကော၊
(၅) ဩပနေယျကော၊
(၆) ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။
စာမျက်နှာ-107
(ဂ) သံဃာဂုဏ်တော် ကိုးပါး
(၁) သုပ္ပဋိပန္နော၊ ဘဂဝတော သာဝကသံဃော၊(၂) ဥဇုပ္ပဋိပန္နော၊ ဘဂဝတော သာဝကသံဃော၊
(၃) ဉာယပ္ပဋိပန္နော၊ ဘဂဝတော သာဝကသံဃော၊
(၄) သာမီစိပ္ပဋိပန္နော၊ ဘဂဝတော သာဝကသံဃော၊
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ၊
ဧသ ဘဂဝတော သာဝကသံဃော
(၅) အာဟုနေယျော၊
(၆) ပါဟုနေယျော၊
(၇) ဒက္ခိဏေယျော၊
(၈) အဉ္ဇလိကရဏီယော၊
(၉) အနုတ်တရံ ပုညက်တ်ေတံ လောကဿ။
မှတ်ချက်။ ။ ဤရတနာသုံးပါးတို့၏ ဂုဏ်တော်ကို နေ့စဉ်ရွတ်ပါ။ ဘုရားကို ပူဇော်လျှင် တန်ခိုးရှိ၏။ တရားကို ပူဇော်လျှင် ပညာကြီး၏။ သံဃာကို ပူဇော်လျှင် ဥစ္စာပေါများ၏။
(ဃ) အဋ္ဌာနမေတံ ဗုဒ္ဓမန္တန်တော်
အဋ္ဌာနမေတံ ဘိက္ခဝေ အနဝကာသော၊
ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ။
အနက်။ ။ ဘိက္ခဝေ၊ ရဟန်းတို့။ ပရူပက္ကမေန၊ သူတပါး၏ လုံ့လပယောဂဖြင့်။ တထာဂတံ၊ မြတ်စွာဘုရားကို။ ဇီဝိတာ၊ အသက်မှ။ ယံ ဝေါရောပေယျ၊ အကြင်ကြောင့် ချနိုင်ရာ၏။ ဧတံ ဌာနံ၊ ဤသို့ သူတပါးလုံ့လ ပယောဂဖြင့် အသက်မှချနိုင်ရာသော အခွင့်သည်။ အနဝကာသော၊ အခွင့်မဟုတ်၊ အရာမဟုတ်ပေ။
စာမျက်နှာ-108
အနက်အဓိပ္ပာယ် အကြောင်းအရာကို နားလည် မှတ်မိပြီးလျှင် ပါဠိသက်သက်ကိုသာ ရွတ်ဆို ပွားများနိုင်ပါပြီ။ ထိုပါဠိတော် နောက်တွင် အောက်ပါစကားကိုလည်း ဆက်၍ ရွတ်ဆိုနိုင်ပါသည်- ဧတေန သစ္စဝဇ္ဇေန အန္တရာယော ဝိနဿတု။
ဟူလို။ “ဤသစ္စာစကားကြောင့် အန္တရာယ်ဟူသမျှ ကင်းပါစေသတည်း”
အဋ္ဌာနမေတံ ပါဠိတော်သည် အက္ခရာ (၃၁)လုံး ပါရှိပါသည်။ ရွတ်ဖတ်သောအခါ အက္ခရာတစ်လုံးချင်း ပေါ်အောင် အောင်မြင် ပြတ်သားစွာ ရွတ်ဖတ်ရပါမည်။
အဋ္ဌာနမေတံ ဗုဒ္ဓမန္တန်သည် အသက်အန္တရာယ်နှင့် ပတ်သက်သော ကိစ္စမျိုးတွင် အထူးအားကိုးရပါသည်။ အသက်အန္တရာယ်နှင့် နီးသူများသည် နံနက်အိပ်ရာထ အာခံတွင်း သန့်ရှင်းပြီးလျှင် ပြီးချင်း အဋ္ဌာနမေတံ စသည် (၉)ခေါက်၊ အလုပ်ခွင် (သို့မဟုတ်) အိမ်မှ စထွက်လျှင် (၉)ခေါက်၊ အလုပ်မှအပြန် (၉)ခေါက် မပျက်မကွက် ရွတ်သင့်ပေသည်။
(င) နာညတြဂါထာ (အသက်ရှည်ဆေးဂါထာ)
နာညတြ ဗောဇ္ဈာ တပသာ၊ နာညတြိန္ဒိယသံဝရာ၊
နာညတြ သဗ္ဗနိဿဂ္ဂါ၊ သောတ္ထိ ပဿာမိ ပါဏိနံ၊
(နင်ညတရဗောဇ္ဈာ. . . ၊ နင်ညတရိန်ဒရိယ. . . စသည်ဖြင့် ဖတ်ပါ။ “ရ”ကို လျှာလိပ်သံဖြင့် ဖတ်ပါ)
အနက်။ ။ ဗောဇ္ဈာ တပသာ၊ ဗောဇ္ဈင်ခုနစ်ပါး မြတ်တရားကို။ အညတြ၊ ကြဉ်ထား၍။ ပါဏိနံ၊ သတ္တဝါတို့၏။ သောတ္ထိ၊ ချမ်းသာရာ ချမ်းသာခွင့်ကို။ အဟံ၊ သင်တို့ဆရာ ငါဘုရားသည်။ န ပဿာမိ၊ မြင်တော်မမူ။
ဣန္ဒြိယသံဝရာ၊ စက္ခုစသား ခြောက်ပါးဣန္ဒြေ စောင့်ထိန်းနေခြင်းကို။ အညတြ၊ ကြဉ်ထား၍။ ပါဏိနံ၊ သတ္တဝါတို့၏။ သောတ္ထိ၊ ချမ်းသာရာ ချမ်းသာခွင့်ကို။ အဟံ၊ သင်တို့ဆရာ ငါဘုရားသည်။ န ပဿာမိ၊ မြင်တော်မမူ။
သဗ္ဗနိဿဂ္ဂါ၊ အလုံးစုံသော တပ်နှစ်သက်ခြင်းတို့၏ ကင်းရာအမှန် မြတ်နိဗ္ဗာန်ကို။ အညတြ၊ ကြဉ်ထား၍။ ပါဏိနံ၊ သတ္တဝါတို့၏။ သောတ္ထိ၊ ချမ်းသာရာ ချမ်းသာခွင့်ကို။ အဟံ၊ သင်တို့ဆရာ ငါဘုရားသည်။ န ပဿာမိ၊ မြင်တော်မမူ။
စာမျက်နှာ-109
နာညတြဂါထာမှာ စာလုံးရေ ၃၂-လုံး ပါရှိပါသည်။ အဓိဋ္ဌာန်နှင့် မှန်မှန် ရွတ်ရမည်။ အိပ်ရာဝင် အိပ်ရာထ ရွတ်ဖတ်ပါ။ အိပ်ရာဝင် ရွတ်သည့်အတွက် တစ်ညလုံး ဘေးကင်းပြီး ချမ်းသာစွာ အိပ်ရပေမည်။ အိပ်ရာထ ရွတ်သည့်အတွက် တစ်နေ့လုံး အန္တရာယ် ကင်းပြီး စီးပွားချမ်းသာ မင်္ဂလာ တိုးတက်ပေမည်။
အထူးသဖြင့် မိမိ၏ လက်ဖဝါးအတွင်းရှိ လက္ခဏာများအနက် အာယုလမ်းကြောင်း၊ မကောင်းသူများ အသက် မတိုရအောင် ဤနာညတြဂါထာကို ယုံယုံကြည်ကြည်ဖြင့် မပြတ် ရွတ်ဖတ်ပါက အသက်ရှည်ပါလိမ့်မည်။
(စ) နမော တေ ဂါထာတော်
နမော တေ ဗုဒ္ဓ ဝီရတ္ထု၊ ဝိပ္ပမုတ္တောသိ သဗ္ဗဓိ။
သမ္ဗာဓပ္ပဋိပန္နောသ္မိံ၊ တဿ မေ သရဏံ ဘဝ။
အနက်။ ။ ဝီရ၊ သီလနှင့် မွေ့လျော် လုံ့လတော် အတန်တန် ရှိရိုးမှန်ငြား မြတ်စွာဘုရား။ တေ၊ သုံးဘုံကျော်ကြား ရှင်တော်ဘုရားအား။ မေ၊ ဘုရား တပည့်တော်၏။ နမော၊ ကာယဝစီ မနောချီလျက် နှစ်သက်မြတ်နိုး ရှိခိုးခြင်းသည်။ အတ္ထု၊ မုချမသွေ ဖြစ်ပါစေသတည်း။ ဗုဒ္ဓ၊ ကြွင်းမဲ့ဥဿုံ အလုံးစုံကို အကုန် သိငြား မြတ်စွာဘုရား။ တွံ၊ ဘေးရန်ကင်းငြား ရှင်တော်ဘုရားသည်။ သဗ္ဗဓိ၊ ခေတ်ကာလအလျောက် ပေါ်ပေါက်များစွာ ရောဂါရန်စွယ် အန္တရာယ်အဝဝ တောင့်တခြင်း ဟူသမျှမှ။ ဝိပ္ပမုတ္တော၊ ပါရမီတန်ခိုးနှင့် ပယ်နှိမ်ချိုးသဖြင့် လွယ်လင့်ကြည်ဖြူ ကင်းလွတ်တော်မူသည်။ အသိ၊ အလွန်သင့်လျော် ဖြစ်တော်မူပါပေ၏ဘုရား။ အဟံ၊ မြတ်စွာဘုရားကို အားထားပူဇော် ဘုရားတပည့်တော်မှာ မူကား။ သမ္ဗာဓပ္ပဋိပန္နော၊ ကျဉ်းမြောင်း ခဲခက် ဒုက္ခနယ် စက်အတွင်းသို့ သက်ဆင်းကျရောက်၍ နေရပါသည်။ အသိ၊ ဝဋ်မကင်းသဖြင့် ညွှတ်ကွင်းပမာ မှန်စွာ ဖြစ်နေရပါ၏ ဘုရား။ တွံ၊ ကရုဏာကြီးမား ရှင်တော်မြတ် ဘုရားသည်။ တဿ မေ၊ မြတ်စွာဘုရားကို အားထားပူဇော် ဘုရားတပည့်တော်၏။ သရဏံ၊ ဘေးရန်ကင်းပ ချမ်းသာရကြောင်း မြတ်သော ပုန်းအောင်း မှီခိုရာသည်။ ဘဝ၊ ကရုဏာမိုး သွန်းကာဖြိုးလျက် နှစ်သက်ကြည်ဖြူ ဖြစ်တော်မူပါဘုရား။
စာမျက်နှာ-110
မည်သူမဆို မိမိမှာ ကြုံတွေ့ရသော ဒုက္ခအခက်အခဲမှ လွတ်ကင်း ချမ်းမြေ့စေရန် “နမော တေ ဂါထာကို ရွတ်ဆို တိုင်တည်ရပါသည်။ ညစဉ် ဘုရားရှိခိုးတိုင်းလည်း ရွတ်ပါ။ သွားလာ နေထိုင်ရာတွင် သတိရတိုင်း ရွတ်ဆိုပါ။ အခက်အခဲ အနှောင့်အယှက် အမျိုးမျိုးမှ ကင်းလွတ်၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေနိုင်ပါသည်။
(ဆ) ပဋ္ဌာန်းပါဠိတော်
ပစ္စယုဒ္ဒေသ (၂၄ ပစ္စည်းပါဠိ)
ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော၊
အဓိပတိပစ္စယော၊ အနန္တရပစ္စယော၊
သမနန္တရပစ္စယော၊ သဟဇာတပစ္စယော၊
အညမညပစ္စယော၊ နိဿယပစ္စယော၊
ဥပနိဿယပစ္စယော၊ ပုရေဇာတပစ္စယော၊
ပစ္ဆာဇာတပစ္စယော၊ အာသေဝနပစ္စယော၊
ကမ္မပစ္စယော၊ ဝိပါကပစ္စယော၊
အာဟာရပစ္စယော၊ ဣန္ဒြိယပစ္စယော၊
ဈာနပစ္စယော၊ မဂ္ဂပစ္စယော၊
သမ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တပစ္စယော၊
အတ္ထိပစ္စယော၊ နတ္ထိပစ္စယော၊
ဝိဂတပစ္စယော၊ အဝိဂတပစ္စယောတိ၊
ပစ္စယုဒ္ဒေသော နိဋ္ဌိတော။
မှတ်ချက်။ ။ ဤပဋ္ဌာန်း ၂၄-ပစ္စည်းသည် တစ်ကမ္ဘာလုံး အကြောင်းအကျိုး ဆက်သွယ် ဖြစ်ပျက်ပုံကို အနှစ်ချုပ်ပြခြင်း ဖြစ်၏။ ပဋ္ဌာန်းရွတ်လျှင် တန်ခိုးကြီး၏။
စာမျက်နှာ-111
ပစ္စယနိဒ္ဒေသ
၁။ ဟေတုပစ္စယောတိ - ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။
၂။ အာရမ္မဏပစ္စယောတိ- ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
သဗ္ဗေ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
ယံ ယံ ဓမ္မံ အာရဗ္ဘ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
၃။ အဓိပတိပစ္စယောတိ - ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
ဝီရိယာဓိပတိ ဝီရိယသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
စိတ္တာဓိပတိ စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
စာမျက်နှာ-112
ဝီမံသာဓိပတိ ဝီမံသသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
ယံ ယံ ဓမ္မံ ဂရုံ ကတွာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အဓိပတိပစ္စယေန ပစ္စယော။
၄။ အနန္တရပစ္စယောတိ - စက္ခုဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
သောတဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ဃာနဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ဇီဝှါဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
စာမျက်နှာ-113
ကာယဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၅။ သမနန္တရပစ္စယောတိ - စက္ခုဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
စာမျက်နှာ-114
မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
သောတဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ဃာနဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ဇီဝှါဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ကာယဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
စာမျက်နှာ-115
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၆။ သဟဇာတပစ္စယောတိ
စတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတပစ္စယေန ပစ္စယော။
စတ္တာရော မဟာဘူတာ အညမညံ သဟဇာတပစ္စယေန ပစ္စယော။
ဩက္ကန္တိက္ခဏေ နာမရူပံ အညမညံ သဟဇာတပစ္စယေန ပစ္စယော။
စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။
စာမျက်နှာ-116
မဟာဘူတာ ဥပါဒါရူပါနံ သဟဇာတပစ္စယေန ပစ္စယော။
ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ကိဉ္စိကာလေ သဟဇာတပစ္စယေန ပစ္စယော၊ ကိဉ္စိကာလေ န သဟဇာတပစ္စယေန ပစ္စယော။
၇။ အညမညပစ္စယောတိ
စတ္တာရော ခန္ဓာ အရူပိနော အညမညပစ္စယေန ပစ္စယော။
စတ္တာရော မဟာဘူတာ အညမညပစ္စယေန ပစ္စယော။
ဩက္ကန္တိက္ခဏေ နာမရူပံ အညမညပစ္စယေန ပစ္စယော။
၈။ နိဿယပစ္စယောတိ
စတ္တာရော ခန္ဓာ အရူပိနော အညမညံ နိဿယပစ္စယေန ပစ္စယော။
စတ္တာရော မဟာဘူတာ အညမညံ နိဿယပစ္စယေန ပစ္စယော။
ဩက္ကန္တိက္ခဏေ နာမရူပံ အညမညံ နိဿယပစ္စယေန ပစ္စယော။
စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ နိဿယပစ္စယေန ပစ္စယော။
မဟာဘူတာ ဥပါဒါရူပါနံ နိဿယပစ္စယေန ပစ္စယော။
စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
စာမျက်နှာ-117
ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
ဇိဝှါယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
၉။ ဥပနိဿယပစ္စယောတိ
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
စာမျက်နှာ-118
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
ဥတုဘောဇနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။
ပုဂ္ဂလောပိ ဥပနိဿယပစ္စယေန ပစ္စယော။
သေနာသနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။
၁၀။ ပုရေဇာတပစ္စယောတိ
စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ဇိဝှါယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
စာမျက်နှာ-119
ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ကိဉ္စိကာလေ ပုရေဇာတပစ္စယေန ပစ္စယော၊ ကိဉ္စိကာလေ န ပုရေဇာတပစ္စယေန ပစ္စယော။
၁၁။ ပစ္ဆာဇာတပစ္စယောတိ
ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။
စာမျက်နှာ-120
၁၂။ အာသေဝနပစ္စယောတိ
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကြိယာဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကြိယာဗျာကတာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။
၁၃။ ကမ္မပစ္စယောတိ
ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။
စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။
၁၄။ ဝိပါကပစ္စယောတိ
ဝိပါကာ စတ္တာရော ခန္ဓာ အရူပိနော အညမညံ ဝိပါကပစ္စယေန ပစ္စယော။
၁၅။ အာဟာရပစ္စယောတိ
ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။
အရူပိနော အာဟာရာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။
၁၆။ ဣန္ဒြိယပစ္စယောတိ
စက္ခုန္ဒြိယံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
သောတိန္ဒြိယံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
ဃာနိန္ဒြိယံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
ဇိဝှိန္ဒြိယံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
စာမျက်နှာ-121
ကာယိန္ဒြိယံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
ရူပဇီဝိတိန္ဒြိယံ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
အရူပိနော ဣန္ဒြိယာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
၁၇။ ဈာနပစ္စယောတိ
ဈာနင်္ဂါနိ ဈာနသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဈာနပစ္စယေန ပစ္စယော။
၁၈။ မဂ္ဂပစ္စယောတိ
မဂ္ဂင်္ဂါနိ မဂ္ဂသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ မဂ္ဂပစ္စယေန ပစ္စယော။
၁၉။ သမ္ပယုတ္တပစ္စယောတိ
စတ္တာရော ခန္ဓာ အရူပိနော အညမညံ သမ္ပယုတ္တပစ္စယေန ပစ္စယော။
၂၀။ ဝိပ္ပယုတ္တပစ္စယောတိ
ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
အရူပိနော ဓမ္မာ ရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
၂၁။ အတ္ထိပစ္စယောတိ
စတ္တာရော ခန္ဓာ အရူပိနော အညမညံ အတ္ထိပစ္စယေန ပစ္စယော။
စတ္တာရော မဟာဘူတာ အညမညံ အတ္ထိပစ္စယေန ပစ္စယော။
ဩက္ကန္တိက္ခဏေ နာမရူပံ အညမညံ အတ္ထိပစ္စယေန ပစ္စယော။
စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။
မဟာဘူတာ ဥပါဒါရူပါနံ အတ္ထိပစ္စယေန ပစ္စယော။
စာမျက်နှာ-122
စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ဇိဝှါယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
စာမျက်နှာ-123
၂၂။ နတ္ထိပစ္စယောတိ
သမနန္တရနိရုဒ္ဓါ စိတ္တစေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ နတ္ထိပစ္စယေန ပစ္စယော။
၂၃။ ဝိဂတပစ္စယောတိ
သမနန္တရဝိဂတာ စိတ္တစေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဝိဂတပစ္စယေန ပစ္စယော။
၂၄။ အဝိဂတပစ္စယောတိ
စတ္တာရော ခန္ဓာ အရူပိနော အညမညံ အဝိဂတပစ္စယေန ပစ္စယော။
စတ္တာရော မဟာဘူတာ အညမညံ အဝိဂတပစ္စယေန ပစ္စယော။
ဩက္ကန္တိက္ခဏေ နာမရူပံ အညမညံ အဝိဂတပစ္စယေန ပစ္စယော။
စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဝိဂတပစ္စယေန ပစ္စယော။
မဟာဘူတာ ဥပါဒါရူပါနံ အဝိဂတပစ္စယေန ပစ္စယော။
စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ဇိဝှါယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
စာမျက်နှာ-124
ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
အမှာ။ ။ ဤပဋ္ဌာန်း ၂၄-ပစ္စည်း အကျယ်ကို ကျက်မှတ် ရွတ်ဖတ်နိုင်လျှင် ပို၍ ကောင်း၏။ ဤအကျယ်ကို မကျက်မှတ်နိုင်လျှင် ၂၄-ပစ္စည်း အကျဉ်းကိုပင် ကျက်မှတ် ရွတ်ဖတ်ပါလေ။ ပဋ္ဌာန်းရွတ်လျှင် တန်ခိုးကြီး၏။
စာမျက်နှာ-125
(စ) သမ္ဗုဒ္ဓေဂါထာ ဘုရားရှိခိုး ပါဌ်-အနက်
သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။ ပဉ္စသတသဟဿာနိ၊ နမာမိ သိရသာမဟံ။ အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ။ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။ နမက္ကရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။အနေကာ အန္တရာယာပိ၊ ဝိနဿန္တု အသေသတော။
အဋ္ဌဝီသံ၊ သုံးပါးဘဝ၊ သုံးလောကတွင် ဉာဏရောင်ဖိတ် အောင်ဘိသိတ်နှင့် နှစ်ကျိပ်ရှစ်ဆူကုန်သော။ သမ္ဗုဒ္ဓေ စ၊ တန်ဆောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာပွင့်လင်း တရားမင်းတို့ကိုလည်းကောင်း။ ဒွါဒသဉ္စ သဟဿကေ၊ နိဗ္ဗာန် ကိန်းအောင်း စက်မွေ့လျောင်းသည့် တစ်သောင်းနှစ်ထောင်ကုန်သော။ သမ္ဗုဒ္ဓေ စ၊ လရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းပြောင် မြတ်ဘုန်းခေါင်တို့ကို လည်းကောင်း။ ပဉ္စသတ သဟဿာနိ၊ သောင်းတိုက်စကြဝဠာ ဂုဏ်ဝါရောင်ရှိန်း ငါးသိန်းကုန်သော။ သမ္ဗုဒ္ဓေ စ၊ နေရာင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းထိန် မြတ်မုနိန်တို့ကိုလည်းကောင်း။ အဟံ၊ အကျွန်ုပ်သည်။ သိရသာ၊ ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရိုသေညွတ်ကျိုး လက်အုပ်မိုး၍ ရှိခိုးပါ၏။
ဂင်္ဂါ ဂင်္ဂါယ၊ ဂင်္ဂါမြစ်အတွင်း၌။ ဝါဠုကာ၊ ရှိကြကုန်သော သဲတို့သည်။ အပ္ပကာ၊ နည်းကြကုန်သေး၏။ နိဗ္ဗူတာ၊ ဘုံဇာတ်သိမ်း၍ ငြိမ်းအေးတော်မူ ကြကုန်ပြီးသော။ ဇိနာ၊ နှောင့်ယှက်ဖန်လာ မာရ်ငါးဖြာကို အရိယာမဂ် ဘုန်းရောင် စက်ဖြင့် ချိုးဖျက်လွယ်ကူ အောင်တော်မူသော ဘုရားရှင်အပေါင်းတို့ကား။ အနန္တာ၊ သင်္ချာဂဏန်း ရေတွက်မှန်းလည်း ဆုံးခန်းတိုင်မြောက် မရောက်နိုင် ကြကုန်။ ။ တေ ဇိနေ စ၊ ထိုဘုရားရှင်တို့ကိုလည်းကောင်း။ တေသံ၊ ထို ငါးသိန်း တစ်သောင်း, နှစ်ထောင်, နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်, မရေတွက်နိုင်သော ဘုရားရှင်တို့၏။ ဓမ္မဉ္စ၊ တရားတော်မြတ်ကိုလည်းကောင်း။ သံဃဉ္စ၊ တပည့်သား သံဃာတော်မြတ်ကို လည်းကောင်း။ အဟံ၊ အကျွန်ုပ်သည်။ အာဒရေန-အာဒရံ၊ ရိုသေစွာ။ နမာမိ၊ ရှိခိုးပါ၏။
စာမျက်နှာ-126
နမက္ကာရာနုဘာဝေန၊ ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရသော ပဏာမကုသိုလ်စေတနာကြောင့်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဥပဒ္ဒဝေ၊ ဘေးရန်တို့ကို။ ဟိတွာ၊ ပယ်ဖျောက်၍။ အနေကာ အန္တရာယာပိ၊ တစ်ပါးမက များလှသွယ်သွယ် အန္တရာယ်တို့သည်လည်း။ အသေသတော၊ အကြွင်းအကျန် မရှိသောအားဖြင့်။ ဝိနဿန္တု၊ ပျောက်ပျက်ပါစေကုန်သတည်း။
(ဆ) ပရိမိတ္တဇာလသုတ် ပါဠိတော်
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ၁။ ဧဝံ မေ သုတံ၊ ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဂိဇ္ဈကူဋေ ပဗ္ဗတေ။
တေန ခေါ ပန သမယေန ကုမ္ဘဏ္ဍေန ယက္ခေန၊ ဒေဝေန ယက္ခေန၊ ဣန္ဒေန ယက္ခေန၊ ဗြမ္မေန ယက္ခေန၊ သုပဏ္ဏေန ယက္ခေန၊ နာဂေန ယက္ခေန၊ ဂန္ဓဗ္ဗေန ယက္ခေန၊ ပုဗ္ဗဒိသေန ယက္ခေန၊ အဂ္ဂိဒိသေန ယက္ခေန၊ ဒက္ခိဏဒိသေန ယက္ခေန၊ နရတိမဒိသေန ယက္ခေန၊ ပစ္ဆိမဒိသေန ယက္ခေန၊ ပါရပ္ပဒိသေန ယက္ခေန၊ ဥတ္တရဒိသေန ယက္ခေန၊ ဧသန္နဒိသေန ယက္ခေန၊ သမုဒ္ဒဒိသေန ယက္ခေန၊ အာကာသ ဒိသေန ယက္ခေန၊ ဘူမဒိသေန ယက္ခေန။
၂။ အပ္ပမေယျော ဗုဒ္ဓေါ၊ အပ္ပမေယျော ဓမ္မော၊ အပ္ပမေယျော သံဃော၊ ဘယဿန္တိ မဟာမောဂ္ဂလ္လာနံ။
၃။ ယတ္ထ ယတ္ထ အပါဒကာ၊ ယတ္ထ ယတ္ထ ဒွေပါဒါ၊ ယတ္ထ ယတ္ထ စတုပ္ပါဒါ၊ ယတ္ထ ယတ္ထ ဗဟုပ္ပါဒါ၊ ပါဒအခွံ၊ ဦရုအခွံ့ စက္ခုအန္ဓ မုခအန္ဓ ဇိဝှါအညံ့။
၄။ နမော ဗုဒ္ဓဿ၊ နမော ဓမ္မဿ၊ နမော သံဃဿ၊ သကလ လောက ဓာတု မာတာ ပိတု ဗုဒ္ဓ ရက္ခနံ ကတံ။ သကလ လောကဓာတု မာတာ ပိတု ဓမ္မ ရက္ခနံ ကတံ။ သကလ လောကဓာတု မာတာ ပိတု သံဃ ရက္ခနံ ကတံ။ ရတ္တိံ ဝါ ဒိဝံ ဝါ သဒါ မံ ရက္ခန္တု။
၅။ သဗ္ဗဒေဝတာယ ဣမဿ ပရိမိတ္တဇာလဿ တေဇေန ဣမသ္မိံ အပါကဋ သရီရေ ယေ ကေစိ ဥပဒ္ဒဝါ၊ အာနုဘာဝေန တေဇေန ဣမသ္မိံ လောကေ ဣမသ္မိံ ဇမ္ဗုဒီပေ ဣမသ္မိံ ပဗ္ဗတေ ဣမသ္မိံ နဂရေ ဣမသ္မိံ ဂေဟေ သဗ္ဗသတြ ဝိနဿန္တု၊ သဗ္ဗေ ဥပဒ္ဒဝါ ဝိနဿန္တုတိ။
ပရိမိတ္တဇာလသုတ္တံ နိဋ္ဌိတံ။
စာမျက်နှာ-127
ပရိမိတ္တဇာလသုတ် နိဿယ
နမော ရတနတ္တယဿ၁။ ဘန္တေ၊ အရှင်မဟာကဿပ။ မေ၊ တပည့်တော် တပည့်တော် အာနန္ဒာသည်။ ဧဝံ၊ ဤသို့၊ သုတံ၊ ကြားလိုက်၏။
ဧကံ၊ တစ်ပါးသော။ သမယံ၊ အခါ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ရာဇဂဟေ၊ ရာဇဂြိုဟ်ပြည်၌။ ဂိဇ္ဈကုဋေ ပဗ္ဗတေ၊ ဂိဇ္ဈကုဋ်တောင်၌။ ဝိဟရတိ၊ နေတော်မူ၏။
တေန ခေါ ပန သမယေန၊ ထိုအခါ၌။ ကုမ္ဘဏ္ဍေန ယက္ခေန၊ ကုမ္ဘဏ်နတ်သည် လည်းကောင်း။ ဒေဝေန ယက္ခေန၊ ဒေဝနတ်သည်လည်းကောင်း။ ဣန္ဒေန ယက္ခေန၊ သိကြားနတ်မင်းသည်လည်းကောင်း။ ဗြဟွေန ယက္ခေန၊ ဗြဟ္မာမင်းသည် လည်းကောင်း။ သုပဏ္ဏေန ယက္ခေန၊ ဂဠုန်မင်းသည်လည်းကောင်း။ နာဂေန ယက္ခေန၊ နဂါမင်းသည်လည်းကောင်း။ ဂန္ဓဗ္ဗေန ယက္ခေန၊ ဂန္ဓဗ္ဗနတ်မင်းသည် လည်းကောင်း။ ပုဗ္ဗဒိသေန ယက္ခေန၊ အရှေ့အရပ်ကိုစောင့်သော ပုဗ္ဗဒိသနတ်မင်း သည် လည်းကောင်း။ အဂ္ဂိဒိသေန ယက္ခေန၊ အရှေ့တောင်အရပ်ကို စောင့်သော အဂ္ဂိဒိသနတ်မင်းသည်လည်းကောင်း။ ဒက္ခိဏဒိသေန ယက္ခေန၊ တောင်အရပ်ကို စောင့်သော ဒက္ခိဏဒိသ နတ်မင်းသည်လည်းကောင်း။ နရတိမဒိသေန ယက္ခေန၊ အနောက်တောင်အရပ်ကို စောင့်သော နရတိမဒိသနတ်မင်းသည် လည်းကောင်း။ ပစ္ဆိမဒိသေန ယက္ခေန၊ အနောက်အရပ်ကို စောင့်သော ပစ္ဆိမဒိသနတ်မင်းသည် လည်းကောင်း။ ပါရပ္ပဒိသေန ယက္ခေန၊ အနောက်မြောက်အရပ်ကို စောင့်သော ပါရပ္ပဒိသနတ်မင်းသည် လည်းကောင်း။ ဥတ္တရဒိသေန ယက္ခေန၊ မြောက်အရပ်ကို စောင့်သော ဥတ္တရဒိသနတ်မင်းသည်လည်းကောင်း။ ဧသန္နဒိသေန ယက္ခေန၊ အရှေ့မြောက်အရပ်ကို စောင့်သော ဧသန္နဒိသ နတ်မင်းသည်လည်းကောင်း။ သမုဒ္ဒဒိသေန ယက္ခေန၊ သမုဒ္ဒရာစောင့် နတ်မင်းသည်လည်းကောင်း။ အာကာသဒိသေန ယက္ခေန၊ ကောင်းကင်စောင့် နတ်မင်းသည်လည်းကောင်း။ ဘူမဒိသေန ယက္ခေန၊ မြေကို စောင့်သော ဘုမ္မစိုးနတ်မင်းသည်လည်းကောင်း။
(ဧတေဟိ၊ ဤ နဂါး, ဂဠုန်, ကုမ္ဘဏ်, ယက္ခ, ဂန္ဓဗ္ဗနှင့် သိကြား, ဗြဟ္မာ,နတ်ဒေဝါ အပေါင်းတို့သည်။ ရက္ခနံ၊ အစောင့်အရှောက်ကို။ ဧဝံ၊ ဤသို့။ ကတံ၊ ပြုအပ်၏။
စာမျက်နှာ-128
၂။ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ အပ္ပမေယျော၊ မရေမတွက်နိုင်သော ဂုဏ် ကျေးဇူးရှိတော်မူ၏။ ဓမ္မော၊ တရားတော်သည်။ အပ္ပမေယျော၊ မရေမတွက်နိုင်သော ဂုဏ်ကျေးဇူးရှိတော်မူ၏။ သံဃော၊ သံဃာတော်သည်။ အပ္ပမေယျော၊ မရေမတွက် နိုင်သော ဂုဏ်ကျေးဇူးရှိတော်မူ၏။ မဟာမောဂ္ဂလ္လာနံ၊ အရှင်မဟာမောဂ္ဂလ္လာန်သည်။ ဘယဿန္တိ၊ ဘေးအန္တရာယ်အပေါင်း ငြိမ်းအေးခြင်းကို ပြုတော်မူတတ်၏။
၃။ ယတ္ထ ယတ္ထ၊ အကြင် အကြင် အရပ်၌။ အပါဒကာ၊ အန္တရာယ်ကို ပြုတတ်သော ခြေမရှိသော သတ္တဝါတို့သည် လည်းကောင်း။
ယတ္ထ ယတ္ထ၊ အကြင်အကြင် အရပ်၌။ ဒွေပါဒါ၊ အန္တရာယ်ကိုပြုတတ်သော ခြေနှစ်ချောင်းရှိသော သတ္တဝါတို့သည် လည်းကောင်း။
ယတ္ထ ယတ္ထ၊ အကြင်အကြင် အရပ်၌။ စတုပ္ပါဒါ၊ အန္တရာယ်ကိုပြုတတ်သော ခြေလေးချောင်းရှိသော သတ္တဝါတို့သည် လည်းကောင်း။
ယတ္ထ ယတ္ထ၊ အကြင်အကြင် အရပ်၌။ ဗဟုပ္ပါဒါ၊ အန္တရာယ်ကိုပြုတတ်သော ခြေများစွာရှိသော သတ္တဝါတို့သည် လည်းကောင်း။
(သန္တိ၊ ရှိကုန်၏။ တေ၊ ထို အန္တရာယ်ပြုတတ်သော သတ္တဝါတို့ကို။)
ပါဒအခွံ၊ အန္တရာယ်ပြုရန် ခြေမကြွနိုင်အောင်။ ဦရုအခွံ၊ အန္တရာယ်ပြုရန် ပေါင်မလှုပ်နိုင်အောင်။ စက္ခုအန္ဓ၊ အန္တရာယ်ပြုရန် မျက်စိမမြင်နိုင်အောင်။ မုခအန္ဓ၊ အန္တရာယ်ပြုရန် ခံတွင်းမဟနိုင်အောင်။ ဇိဝှာအခွံ၊ အန္တရာယ်ပြုရန် လျှာ မလှုပ် နိုင်အောင်။
(ဧတေဟိ၊ ဤ နဂါး, ဂဠုန်, ကုမ္ဘဏ်, ယက္ခ, ဂန္ဓဗ္ဗနှင့် သိကြား,ဗြဟ္မာ, နတ်ဒေဝါ တို့သည်။ ရက္ခနံ၊ အစောင့်အရှောက်ကို။ ကတံ၊ ပြုအပ်ပါပေ၏။
၄။ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား။ နမော၊ ရှိခိုးပါ၏။ ဓမ္မဿ၊ တရားတော်အား။ နမော၊ ရှိခိုးပါ၏။ သံဃဿ၊ သံဃာတော်အား။ နမော၊ ရှိခိုးပါ၏။ (မယာ၊ တပည့်တော်သည်။) သကလလောကဓာတု မာတာပိတု ဗုဒ္ဓရက္ခနံ၊ တလောကလုံး၏ အမိအဘသဖွယ်ဖြစ်သော ဘုရားတည်းဟူသော အစောင့်အရှောက်ကို။ ကတံ၊ ပြုအပ်ပါ၏။
သကလလောကဓာတု မာတာပိတု ဓမ္မရက္ခနံ၊ တလောကလုံး၏ အမိအဘသဖွယ် ဖြစ်သော တရားတည်းဟူသော အစောင့်အရှောက်ကို။ ကတံ၊ ပြုအပ်ပါ၏။
စာမျက်နှာ-129
သကလလောကဓာတု မာတာပိတု သံဃရက္ခနံ၊ တလောကလုံး၏ အမိအဘ သဖွယ်ဖြစ်သော သံဃာတော်တည်းဟူသော အစောင့်အရှောက်ကို။ ကတံ၊ ပြုအပ်ပါ၏။
ရက္ခနံ ကတံ၊ အစောင့်အရှောက်ကို ပြုအပ်သော။ မံ၊ အကျွန်ုပ်ကို။ ရတ္တိံ ဝါ၊ ညဉ့်အခါ၌ လည်းကောင်း။ ဒိဝံ ဝါ၊ နေ့အခါ၌လည်းကောင်း။ သဒါ၊ အခါခပ်သိမ်း။ (ဧတေ၊ ဤနဂါး, ဂဠုန်, ကုမ္ဘဏ်, ယက္ခ, ဂန္ဓဗ္ဗနှင့် သိကြား, ဗြဟ္မာ, နတ်ဒေဝါ အပေါင်း တို့သည်။ ရက္ခန္တု၊ စောင့်ရှောက်တော်မူကြပါစေကုန်သတည်း။
၅။ သဗ္ဗဒေဝတာယ၊ နတ်ဗြဟ္မာအပေါင်း၏ လည်းကောင်း၊ ဣမဿ ပရိမိတ္တဇာလဿ၊ ဤပရိမိတ္တဇာလသုတ်၏ လည်းကောင်း။ တေဇေန၊ တန်ခိုးရှိန်စော် အာနုဘော်ကြောင့်။ ဣမသ္မိံ သရီရေ၊ ဤငါ၏ကိုယ်၌။ အပါကဋာ၊ မထင်ရှားသော ဘေးအန္တရာယ်သည် လည်းကောင်း။ ယေ ကေစိ ဥပဒ္ဒဝါ၊ ထင်ရှား, မထင်ရှား များပြားသော ဘေးရန်တို့သည် လည်းကောင်း။ ဝိနဿန္တု၊ ပျောက်ပျက်ကြပါစေကုန် သတည်း။
သဗ္ဗဒေဝတာယ၊ နတ်ဗြဟ္မာအပေါင်း၏လည်းကောင်း။ ဣမဿ ပရိမိတ္တ ဇာလဿ၊ ဤပရိမိတ္တဇာလသုတ်၏လည်းကောင်း။ အာနုဘာဝေန တေဇေန၊ တန်ခိုးရှိန်စော် အာနုဘော်ကြောင့်။ ဣမသ္မိံ လောကေ၊ ဤလောက၌။ ဣမသ္မိ စက္ကဝါဠေ၊ ဤစကြဝဠာ၌။ ဣမသ္မိံ ဇမ္ဗုဒီပေ၊ ဤဇမ္ဗူဒီပါကျွန်း၌။ ဣမသ္မိံ ပဗ္ဗတေ၊ ဤတောင်၌။ ဣမသ္မိံ နဂရေ၊ ဤမြို့၌။ ဣမသ္မိံ ဂေဟေ၊ ဤအိမ်၌။ သဗ္ဗသတြ၊ ရန်အားလုံးတို့သည်။ ဝိနဿန္တု၊ ပျောက်ပျက်ကြပါစေကုန်သတည်း။ သဗ္ဗေ ဥပဒ္ဒဝါ၊ ဘေးဥပါဒ်အန္တရာယ် အားလုံးတို့သည်။ ဝိနဿန္တု၊ ပျောက်ပျက်ကြ ပါစေကုန်သတည်း။
ပရိမိတ္တဇာလသုတ် နိဿယ ပြီး၏။
(ဇ) ဓာရဏပရိတ် ပါဠိတော်
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဗုဒ္ဓါနံ သဗ္ဗညုတညာဏဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
စာမျက်နှာ-130
ဗုဒ္ဓါနံ အဘိဟဋာနံ စတုန္နံ ပစ္စယာနံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဗုဒ္ဓါနံ အသီတိယာနုဗျဉ္ဇနာနံ ဗျာမပ္ပဘာယ ဝါ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဣမေသံ စတုန္နံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။
အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ၊ အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ။ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ။
ဣမေဟိ တိဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော သဗ္ဗ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗ္ဗ ဝစီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗ္ဗ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ။
ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ ဓမ္မဒေသနာယ ဟာနိ၊ နတ္ထိ ဝီရိယဿ ဟာနိ၊ နတ္ထိ ဝိပဿနာယ ဟာနိ၊ နတ္ထိ သမာဓိဿ ဟာနိ၊ နတ္ထိ ဝိမုတ္တိယာ ဟာနိ။
ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နတ္ထိ ဒဝါ၊ နတ္ထိ ရဝါ၊ နတ္ထိ အဖုဋံ၊ နတ္ထိ ဝေဂါယိတတ္တံ၊ နတ္ထိ အဗျာဝဋမနော၊ နတ္ထိ အပ္ပဋိသင်္ခါ နုပေက္ခာ။ ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော၊ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။
နတ္ထိ တထာဂတဿ ကာယဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ ၀စီဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ မနောဒုစ္စရိတံ၊ နတ္ထိ အတီတံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊ နတ္ထိ အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊ နတ္ထိ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊ နတ္ထိ သဗ္ဗ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗ ဝစီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ ဣမံ ဓာရဏံ အမိတံ အသမံ သဗ္ဗသတ္တာနံ တာဏံ လေဏံ သံသာရဘယဘီတာနံ အဂ္ဂံ မဟာတေဇံ။
ဣမံ အာနန္ဒ ဓာရဏပရိတ္တံ ဓာရေဟိ ဝါရေဟိ ပရိပုစ္ဆာဟိ။ တဿ ကာယေ ဝိသံ န ကမေယျ၊ ဥဒကေ န လဂ္ဂေယျ၊ အဂ္ဂိန ဍဟေယျ၊ နာနာဘယဝိကော၊ န ဧကာဟာရကော၊ န ဒွိဟာရကော၊ န တိဟာရကော၊ န စတုဟာရကော၊ န ဥမ္မတ္တကံ၊ န မူဠကံ၊ မနုဿေဟိ အမနုဿေဟိ န ဟိံသကာ။
စာမျက်နှာ-131
တံ ဓာရဏပရိတ္တံ ယထာ ကတမေ၊ ဇာလော မဟာဇာလော၊ ဇာလိတ္တေ မဟာဇာလိတ္တေ၊ ပုဂ္ဂေ မဟာပုဂ္ဂေ၊ သမ္ပတ္တေ မဟာသမ္ပတ္တေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။ ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ သတ္တသတ္တတိသမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ၊ ဝတ္တေ အဝတ္တေ၊ ဂန္ဓဝေ အဂန္ဓဝေ၊ နောမေ အနောမေ၊ သေဝေ အသေဝေ၊ ကာယေ အကာယေ၊ ဓာရဏေ အဓာရဏေ၊ ဣလ္လိ မိလ္လိ၊ တိလ္လိ မိလ္လိ၊ ယောရုက္ခေ မဟာယောရုက္ခေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။
ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ နဝနဝုတိယာ သမ္မာသမ္ဗုဒ္ဓကောဋိဟိ ဘာသိတံ။ ဒိဋ္ဌိလာ ဒဏ္ဍိလာ မန္တိလာ ရောဂိလာ ခရလာ ဒုဗ္ဘိလာ။ ဧတေန သစ္စဝဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
ဓာရဏပရိတ် နိဿယ
ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏။ ဇီဝိတဿ၊ အသက်၏။ အန္တရာယော၊ ဘေးအန္တရာယ်ကို။ ကေနစိ၊ တစ်စုံတစ်ယောက်သော သူသည်။ ကာတုံ၊ ပြုခြင်းငှာ။ န သက္ကာ၊ မတတ်နိုင်။
ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏။ သဗ္ဗညုတညာဏဿ၊ သဗ္ဗညုတဉာဏ်တော်၏။ အန္တရာယော၊ ဘေးအန္တရာယ်ကို။ ကေနစိ၊ တစ်စုံတစ်ယောက်သောသူသည်။ ကာတုံ၊ ပြုခြင်းငှာ။ န သက္ကာ၊ မတတ်နိုင်။
ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့အား။ အဘိဟဋာနံ၊ ရှေ့ရှုဆောင်အပ်ကုန်သော။ စတုန္နံ ပစ္စယာနံ၊ ပစ္စည်းလေးပါးတို့၏။ အန္တရာယော၊ ဘေးအန္တရာယ်ကို။ ကေနစိ၊ တစ်စုံ တစ်ယောက်သောသူသည်။ ကာတုံ၊ ပြုခြင်းငှာ။ န သက္ကာ၊ မတတ်နိုင်။
ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏။ အသီတိယာနုဗျဉ္ဇနာနံ ဝါ၊ ရှစ်ဆယ်သော လက္ခဏာတော်တို့၏ လည်းကောင် ... ဗျာမပ္ပဘာယ ဝါ၊ တစ်လံမျှသော ရောင်ခြည်တော်၏ လည်းကောင်း။ ဘန္တရာယော၊ ဘေးအန္တရာယ်ကို။ ကေနစိ၊ တစ်စုံ တစ်ယောက်သောသူသည်။ ကာတုံ၊ ပြုခြင်းငှာ။ န သက္ကာ၊ မတတ်နိုင်။
ဣမေသံ စတုန္နံ၊ ဤလေးပါးတို့၏။ အန္တရာယော၊ အန္တရာယ်ကို။ ကေနစိ၊ တစ်စုံတစ်ယောက်သောသူသည်။ ကာတုံ၊ ပြုခြင်းငှာ။ န သက္ကာ၊ မတတ်နိုင်။ တထာ၊ ထို့အတူ။ မေ၊ အကျွန်ုပ်အား။ ဟောတု၊ ဖြစ်ပါစေသတည်း။
စာမျက်နှာ-132
ဘဂဝတော၊ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော။ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား။ အတီတံသေ၊ လွန်လေပြီးသောအဖို့၌။ အပ္ပဋိဟတံ ဉာဏံ၊ အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော်သည်။ ဟောတိ၊ ဖြစ်၏။ ဘဂဝတော၊ ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော။ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား။ အနာဂတံသေ၊ နောက်လာလတ္တံ့သော အနာဂတ်အဖို့၌။ အပ္ပဋိဟတံ၊ ဉာဏံ၊ အဆီး အတား အပိတ်အပင် မရှိသော ဉာဏ်တော်သည်။ ဟောတိ၊ ဖြစ်၏။ ဘဂဝတော၊ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော။ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား။ ပစ္စုပ္ပန္နံသေ၊ ပစ္စုပ္ပန်မျက်မှောက်ဖြစ်သော အဖို့၌။ အပ္ပဋိဟတံ ဉာဏံ၊ အဆီးအတား အပိတ်အပင် မရှိသော ဉာဏ်တော်သည်။ ဟောတိ၊ ဖြစ်၏။
ဟီဟိ၊ သုံးပါးကုန်သော။ ဣမေဟိ ဓမ္မေဟိ၊ ဤကျေးဇူးတရားတော်တို့နှင့်။ သမန္နာဂတဿ၊ ပြည့်စုံတော်မူသော။ ဘဂဝတော၊ ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံ တော်မူသော။ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား။ သဗ္ဗ၊ အလုံးစုံသော။ ကာယကမ္မံ၊ ကိုယ်ဖြင့်ပြုအပ်သော အမှုသည်။ ဉာဏပုဗ္ဗင်္ဂမံ၊ ဉာဏ်တော်ပြဋ္ဌာန်းခြင်းရှိသည်။ ဉာဏာနုပရိဝတ္တံ၊ ဉာဏ်တော်၏ နောက်သို့ အစဉ်လိုက်သည်။ ဟောတိ၊ ဖြစ်၏။ သဗ္ဗ၊ အလုံးစုံသော။ ဝစီကမ္မံ၊ နှုတ်ဖြင့် ပြုအပ်သော အမှုသည်။ ဉာဏပုဗ္ဗင်္ဂမံ၊ ဉာဏ်တော်ပြဋ္ဌာန်းခြင်းရှိသည်။ ဉာဏာနုပရိဝတ္တံ၊ ဉာဏ်တော်၏နောက်သို့ အစဉ် လိုက်သည်။ ဟောတိ၊ ဖြစ်၏။ သဗ္ဗ၊ အလုံးစုံသော။ မနောကမ္မံ၊ နှလုံးဖြင့်ပြီးသော အမှုသည်။ ဉာဏပုဗ္ဗင်္ဂမံ၊ ဉာဏ်တော်ပြဋ္ဌာန်းခြင်းရှိသည်။ ဉာဏာနုပရိဝတ္တံ၊ ဉာဏ်တော်၏ နောက်သို့ အစဉ်လိုက်သည်။ ဟောတိ၊ ဖြစ်၏။
ဆဟိ၊ ခြောက်ပါးကုန်သော။ ဣမေဟိ ဓမ္မေဟိ၊ ဤကျေးဇူးတရားတော်တို့နှင့်။ သမန္နာဂတဿ၊ ပြည့်စုံတော်မူသော။ ဘဂဝတော၊ ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံ တော်မူသော။ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား။ ဆန္ဒဿ၊ သတ္တဝါတို့၏ အကျိုးစီးပွားကို ပြုလိုသော ဆန္ဒတော်၏။ ဟာနိ၊ ဆုတ်ယုတ်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဓမ္မဒေသနာယ၊ တရားတော်ကို ဟောပြောခြင်း၏။ ဟာနိ၊ ဆုတ်ယုတ်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဝီရိယဿ၊ သူတပါးတို့၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်း၌ လုံ့လဝီရိယတော်၏။ ဟာနိ၊ ဆုတ်ယုတ်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဝိပဿနာယ၊ သင်္ခါရတရားတို့ကို အနိစ္စ အစရှိသော လက္ခဏာရေးသုံးပါးဖြင့် ရှုမှု “ဝိပဿနာ” ဉာဏ်တော်၏။ ဟာနိ၊
စာမျက်နှာ-133
ဆုတ်ယုတ်ခြင်းသည်။ နတ္ထိ၊ မရှိ။ သမာဓိဿ၊ စိတ်တည်ကြည်မှု “သမာဓိ”တော်၏။ ဟာနိ၊ ဆုတ်ယုတ်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဝိမုတ္တိယာ၊ အရဟတ္တဖိုလ်ကို ဝင်စားတော်မူခြင်း၏။ ဟာနိ၊ ဆုတ်ယုတ်ခြင်းသည်။ နတ္ထိ၊ မရှိ။
ဒွါဒသဟိ၊ တစ်ဆယ့်နှစ်ပါးကုန်သော။ ဣမေဟိ ဓမ္မေဟိ၊ ဤကျေးဇူးတရား တော်တို့နှင့်။ သမန္နာဂတဿ၊ ပြည့်စုံတော်မူသော။ ဘဂဝတော၊ ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော။ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား။ ဒဝါ၊ ရယ်မြူးလို၍ ပြုမူပြောဆိုခြင်းသည်။ နတ္ထိ၊ မရှိ။ ရဝါ၊ သတိလွတ်၍ ချွတ်ယွင်းပြုမူ ပြောဆိုခြင်းသည်။ နတ္ထိ၊ မရှိ။ အဖုဋံ၊ ဉာဏ်တော်ဖြင့် မတွေ့မထိ မသိအပ်သော တရားသည်။ နတ္ထိ၊ မရှိ။ ဝေဂါယိတတ္တံ၊ ဉာဏ်ဖြင့် မဆင်မခြင် အဆောတလျင် ပြုသောအမှုသည်။ နတ္ထိ၊ မရှိ။ အဗျာဝဋမနော၊ သူတပါးတို့အတွက် ကြောင့်ကြမဲ့ ဖြစ်သော စိတ်နှလုံး တော်သည်။ နတ္ထိ၊ မရှိ။ အပ္ပဋိသင်္ခါနုပေက္ခာ၊ ဉာဏ်ဖြင့် မဆင်မခြင် လျစ်လျူရှုသော အမှုသည်။ နတ္ထိ၊ မရှိ။
အဋ္ဌာရသဟိ၊ တစ်ဆယ့်ရှစ်ပါးကုန်သော။ ဣမေဟိ ဓမ္မေဟိ၊ ဤကျေးဇူးတရား တော်တို့နှင့်။ သမန္နာဂတဿ၊ ပြည့်စုံတော်မူသော။ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား။ နမော၊ ရှိခိုးပါ၏။ သတ္တန္နံ၊ ခုနစ်ဆူကုန်သော။ သမ္မာသမ္ဗုဒ္ဓါနံ၊ ဝိပဿီ, သိခိ, ဝေဿဘူ ကကုသန္ဓ, ကောဏာဂမန, ကဿပ, ဂေါတမ-တည်းဟူသော မြတ်စွာဘုရားရှင် တို့အား။ နမော ရှိခိုးပါ၏။
တထာဂတဿ၊ ဝိပဿီအစရှိသော ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော် မူသော မြတ်စွာဘုရားအား။ ကာယဒုစ္စရိတံ၊ ကိုယ်ဖြင့် ပြုအပ်သော မကောင်းမှု “ကာယဒုစရိုက်”သည်။ နတ္ထိ၊ မရှိ။ တထာဂတဿ၊ မြတ်စွာဘုရားအား။ ဝစီဒုစ္စရိတံ၊ နှုတ်ဖြင့် ပြုအပ်သော မကောင်းမှု “ဝစီဒုစရိုက်”သည်။ နတ္ထိ၊ မရှိ။ တထာဂတဿ၊ မြတ်စွာဘုရားအား။ မနောဒုစ္စရိတံ၊ စိတ်ဖြင့် ပြုအပ်သော မကောင်းမှု “မနောဒုစရိုက်” သည်။ နတ္ထိ၊ မရှိ။ အတီတံသေ၊ လွန်လေပြီးသော အဖို့ကာလ၌။ ဗုဒ္ဓဿ၊ မြတ်စွာ ဘုရားအား။ ပဋိဟတံ ဉာဏံ၊ ဆီးတားပိတ်ပင်ခြင်းမရှိသော ဉာဏ်တော်သည်။ နတ္ထိ၊ မရှိ။ အနာဂတံသေ၊ နောင်လာလတ္တံ့သော အဖို့ကာလ၌။ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား။ ပဋိဟတံ ဉာဏံ၊ ဆီးတားပိတ်ပင်ခြင်းမရှိသော ဉာဏ်တော်သည်။ နတ္ထိ၊ မရှိ။ ပစ္စုပ္ပန္နံသေ၊ မျက်မှောက်သော အဖို့ကာလ၌။ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား။
စာမျက်နှာ-134
ပဋိဟတံ ဉာဏံ၊ ဆီးတားပိတ်ပင်ခြင်းမရှိသော ဉာဏ်တော်သည်။ နတ္ထိ၊ မရှိ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား။ သဗ္ဗေ၊ အလုံးစုံသော။ ကာယကမ္မံ၊ ကိုယ်ဖြင့်ပြုအပ်သော အမှုသည်။ ဉာဏာပုဗ္ဗင်္ဂမံ၊ ဉာဏ်တော်လျှင် ရှေ့သွားမရှိခြင်းသည်။ နတ္ထိ၊ မရှိ။ ဉာဏံ၊ ဉာဏ်တော်သို့၊ နာနုပရိဝတ္တံ၊ အစဉ်မလိုက်ခြင်းသည်။ နတ္ထိ၊ မရှိ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား၊ သဗ္ဗ၊ အလုံးစုံသော။ ဝစီကမ္မံ၊ နှုတ်ဖြင့်ပြုအပ်သော အမှုသည်။ ဉာဏာပုဗ္ဗင်္ဂမံ၊ ဉာဏ်တော်လျှင် ရှေ့သွား မရှိခြင်းသည်။ နတ္ထိ၊ မရှိ။ ဉာဏံ၊ ဉာဏ်တော်သို့။ နာနုပရိဝတ္တံ၊ အစဉ်မလိုက်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဗုဒ္ဓဿ မြတ်စွာဘုရားအား။ သဗ္ဗ၊ အလုံးစုံသော။ မနောကမ္မံ၊ စိတ်ဖြင့်ပြုအပ်သော အမှုသည်။ ဉာဏာပုဗ္ဗင်္ဂမံ၊ ဉာဏ်တော်လျှင် ရှေ့သွားမရှိခြင်းသည်။ နတ္ထိ၊ မရှိ။ ဉာဏံ ဉာဏ်တော်သို့။ နာနုပရိဝတ္တံ၊ အစဉ်မလိုက်ခြင်းသည်။ နတ္ထိ၊ မရှိ။
ဣမံ ဓာရဏံ၊ ဤအဆောင်သည်။ ဝါ၊ ဤဆောင်ထားအပ်သော ဓာရဏ ပရိတ်တော်သည်။ အမိတံ၊ မနှိုင်းယှဉ်အပ်။ အသမံ၊ တူမျှခြင်းလည်း မရှိ။ သဗ္ဗ သတ္တာနံ၊ ခပ်သိမ်းသော သတ္တဝါအပေါင်းတို့၏။ တာဏံ၊ ခိုမှီကိုးကွယ်ရာလည်း ဖြစ်၏။ လေဏံ၊ ပုန်းအောင်းလဲလျောင်းရာလည်း ဖြစ်၏။ သံသာရဘယဘီတာနံ၊ သံသရာဘေးကို ကြောက်ရွံ့သောသူတို့၏။ အဂ္ဂံ၊ အလွန်မြတ်သော။ ပရိတ္တံ၊ အရံ အတားဖြစ်၏။ မဟာတေဇံ၊ ကြီးသော တန်းခိုးရှိန်စော် အာနုဘော်ရှိသော၊ ပရိတ္တံ၊ အရံအတား ဖြစ်၏။
အာနန္ဒ၊ ချစ်သားအာနန္ဒာ။ ဣမံ ဓာရဏပရိတ္တံ၊ ဤတန်ခိုးတေဇော် အာနုဘော် ကြီးမြတ်သော ဓာရဏပရိတ်တော်ကို။ ဓာရေဟိ၊ ရွတ်ဆောင်ပါလော့။ ဝါရေဟိ၊ မှတ်သားပါလော့။ ပရိပုစ္ဆာဟိ၊ မေးမြန်းစူးစမ်းဆင်ခြင်လော့။ တဿ၊ ထိုသို့ ရွတ်ဆောင်, မှတ်သား, မေးမြန်းစူးစမ်း ဆင်ခြင်သောသူ၏။ ကာယေ၊ ကိုယ်၌။ ဝိသံ၊ မြွေနဂါးစသည်တို့၏ အဆိပ်သည်။ န ကမေယျ၊ မကျရောက်ရာ။ ဥဒကေ၊ ရေ၌။ န လဂ္ဂေယျ၊ မငြိတွယ် မနစ်မွန်းရာ။ အဂ္ဂိ၊ မီးသည်။ န ဍဟေယျ၊ မလောင်ကျွမ်းရာ။ နာနာဘယဝိကော၊ အထူးထူး အပြားပြား များစွာသော ဘေးရန် တို့သည် မထိမရောက်နိုင်ရာ။ န ဧကာဟာရကော၊ တစ်စုံတစ်ယောက်မျှ တစ်ရက် မကောင်းကြံသော သူသည်လည်း မကြံနိုင်ရာ။ န ဒွိဟာရကော၊ နှစ်ရက် မကောင်း ကြံသော သူသည်လည်း မကြံနိုင်ရာ။ န တိဟာရကော သုံးရက် မကောင်းကြံသော
စာမျက်နှာ-135
သူသည်လည်း မကြံနိုင်ရာ။ န စတုဟာရကော၊ လေးရက် မကောင်းကြံသော သူသည်လည်း မကြံနိုင်ရာ။ န ဥမ္မတ္တကံ၊ ရူးသွပ် ပျံ့လွင့်သော အနာလည်း မဖြစ်နိုင်ရာ။ န မူဠကံ၊ တွေဝေမိုက်မဲသော အနာလည်း မဖြစ်နိုင်ရာ။ မနုဿေဟိ၊ လူတို့သည် လည်းကောင်း။ အမနုဿေဟိ၊ ဘီလူးတို့သည်လည်းကောင်း။ န ဟိံသကာ၊ မညှင်းဆဲ မဖျက်ဆီး မနှိပ်စက်နိုင်ရာ။
တံ ဓာရဏပရိတ္တံ၊ ထိုဓာရဏပရိတ်တော်သည်။ ယထာ ကတမေ၊ အဘယ်သည် တို့နည်း ဟူမူကား။ ဇာလော၊ စကြဝဠာ ကမ္ဘာတစ်သောင်းကို လောင်ကျွမ်းစေသော နေခုနစ်စင်း၏ အရှိန်အစော်ကဲ့သို့ ဘေးရန်အန္တရာယ် အပေါင်းတို့ကို လောင်ကျွမ်း ပယ်ဖျောက်နိုင်သည့် တန်ခိုးရှိန်စော် အာနုဘော်ရှိ၏။ မဟာဇာလော၊ နတ်, သိကြား, နဂါး, ဂဠုန်, ကုမ္ဘဏ်, ဘီလူး, ရက္ခိုသ် အစရှိသည်တို့ကို တားမြစ်နိုင်သော သံကွန်ရက်နှင့်တူသော ဘုန်းတန်ခိုးရှိန်စော် အာနုဘော်ရှိ၏။ ဇာလိတ္တေ၊ ရေ, မီး, မင်း, ခိုးသူ, မချစ်မနှစ်လိုသောသူဟု ဆိုအပ်သော ရန်သူအန္တရာယ်အပေါင်းကိုလည်း ဖယ်ရှားတားမြစ်နိုင်၏။ မဟာဇာလိတ္တေ၊ ရောဂန္တရကပ်၊ သတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်ဟု ဆိုအပ်သော ကပ်သုံးပါးတို့မှ ကင်းလွတ်စေနိုင်၏။ ပုဂ္ဂေ၊ အမိဝမ်းတွင်း၌ ပဋိသန္ဓေ နေသော်လည်း အ-ခြင်း, ဆွံ့ခြင်း, နားပင်းခြင်း, ရူးသွပ်ပျံ့လွင့်ခြင်း အနာမျိုးတို့မှ လွတ်စေနိုင်၏။ မဟာပုဂ္ဂေ၊ သစ်ပင်, တောင်, ကမ်း, ချောက်တို့မှ ကျငြားသော်လည်း မသေနိုင်ရာ။ သမ္ပတ္တေ၊ မရသေးသော စည်းစိမ်ချမ်းသာ ရတနာဥစ္စာအပေါင်း ကိုလည်း ရစေနိုင်၏။ မဟာသမ္ပတ္တေ၊ ရပြီးသော စည်းစိမ်ချမ်းသာ ရတနာဥစ္စာ အပေါင်းကိုလည်း ကြီးကျယ်ပြန့်ပွား များစေ၏။ ဘူတင်္ဂမှိ၊ ဟုတ်မှန်သောအားဖြင့်။ တမင်္ဂလံ၊ အမိုက်ပျောက်၍ အလင်းရောက်စေနိုင်၏။
အာနန္ဒ၊ ချစ်သားအာနန္ဒာ။ ခေါ ပန၊ စင်စစ်မူကား။ ဣမံ ဓာရဏပရိတ္တံ၊ ဤ ဓာရဏပရိတ်တော်ကို။ သတ္တသတ္တတိသမ္မာသမ္ဗုဒ္ဓကောဋီဟိ၊ ခုနစ်ဆယ့်ခုနစ်ကုဋေ ကုန်သော ဘုရားရှင်တို့သည်။ ဘာသိတံ၊ ကောင်းစွာဟောတော်မူအပ်ပြီး။ ဝတ္တေ၊ ကောင်းသောအကျိုးနှင့်ယှဉ်၏။ အဝတ္တေ၊ မကောင်းသောအကျိုးနှင့် မယှဉ်။ ဂန္ဓဝေ၊ ကောင်းသော တရားအရသာ အနံ့မျိုးကို ဆောင်၏။ အဂန္ဓဝေ၊ မကောင်းသော တရားအရသာ အနံ့မျိုးကို မဆောင်။ နောမေ၊ ကောင်းသော စိတ်နှလုံးကို ဆောင်၏ အနောမေ၊ မကောင်းသော စိတ်နှလုံးကို မဆောင်။ သေဝေ၊ သူတော်ကောင်း
စာမျက်နှာ-136
တို့နှင့် ပေါင်းဖော်ယှဉ်တွဲ မှီဝဲရသည်ဖြစ်၏။ အသေဝေ၊ သူတော်မဟုတ်သူယုတ်တို့နှင့် မပေါင်းဖော် မယှဉ်တွဲ မမှီဝဲရသည် ဖြစ်၏။ ကာယေ၊ ကောင်းသောကိုယ်ကို ဖြစ်စေ၏။ အကာယေ၊ မကောင်းသောကိုယ်ကို မဖြစ်စေရာ။ ဓာရဏေ၊ ကောင်းသော ကုသိုလ်အမှုကို ပြုဆောင်ရ၏။ အဓာရဏေ၊ မကောင်းသော အကုသိုလ်အမှုကို မပြုမဆောင်ရ။ ဣလ္လိ၊ ကောင်းသောအိပ်မက်ကို မြင်မက်ရ၏။ မိလ္လိ၊ မကောင်းသော အိပ်မက်ကို မမြင်မက်ရ။ တိလ္လိ၊ ကောင်းသော အတိတ်နိမိတ်ကို မြင်ရ၏။ မိလ္လိ၊ မကောင်းသော အတိတ်နိမိတ်ကို မမြင်ရ။ ယောရုက္ခေ၊ သေပြီးသော သစ်ပင်တို့ကို ရှင်စေနိုင်၏။ မဟာယောရုက္ခေ၊ ရှင်ပြီးသောသစ်ပင်တို့ကိုလည်း အကိုင်းအခက် အရွက်အလက်နှင့် ပြည့်စုံစေနိုင်၏။ ဘူတင်္ဂမှိ၊ ဟုတ်မှတ်သောအားဖြင့်။ တမင်္ဂလံ၊ အမိုက်ပျောက်၍ အလင်းရောက်နိုင်၏။
အာနန္ဒ၊ ချစ်သားအာနန္ဒာ။ ခေါ ပန၊ စင်စစ်၊ ဣမံ ဓာရဏပရိတ္တံ၊ ဤဓာရဏ ပရိတ်တော်ကို။ နဝနဝုတိယာ သမ္မာသမ္ဗုဒ္ဓေါကောဋီဟိ၊ ကိုးဆယ့်ကိုးကုဋေ ကုန်သော ဘုရားရှင်တို့သည်။ ဘာသိတံ၊ ဟောတော်မူအပ်ပြီ။ ဒိဋ္ဌိလာ၊ မကောင်းသဖြင့် ကြံသောသူတို့၏ အကြံအစည်ကိုလည်း သိမြင်နိုင်၏။ ဒဏ္ဍိလာ၊ ဓား, လှံ, လက်နက်, လေး, မြား, မီးပေါက်, အမြောက်အစရှိသော ဘေးတို့သည်လည်း မထိရောက်စေနိုင်။ မန္တလာ၊ မန္တာန်, မန္တရား, ဂါထာ, အင်းအိုင်တို့သည်လည်း ထက်မြက်နိုင်၏။ ရောဂိလာ၊ ရောဂါအန္တရာယ်မျိုးတို့ကိုလည်း ပယ်ဖျောက်နိုင်၏။ ခရုလာ၊ ကြမ်းတမ်းခက်မာသော အနာရောဂါမျိုးတို့လည်း မထိမရောက်နိုင်။ ဒုဗ္ဘိလာ၊ ကြိုး, ထိတ်, သံခြေကျင်း, ကပ်ဘိ, တွင်းလှောင်, ပင်းသကာ, လည်ထောက် ကိုလည်း လွတ်စေနိုင်၏။ ဧတေန သစ္စဝဇ္ဇေန၊ ဤသို့မှန်သော သစ္စာစကားကြောင့် သဗ္ဗဒါ၊ အခါခပ်သိမ်း။ မေ၊ ငါ့အား။ (တေ၊ သင့်အား၊ အမှာကံ၊ ငါတို့အား၊ တုမှာကံ၊ သင်တို့အား။) သောတ္တိ၊ ချမ်းသာခြင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။
ဓာရဏပရိတ် နိဿယ ပြီး၏။
စာမျက်နှာ-137
အခန်း (၁၄) ကျက်သရေမင်္ဂလာရှိရန် ရွတ်ရမည့်ဂါထာများ
(က) “သဗ္ဗမင်္ဂလာ” ဂါထာတော်
လူ့လောကအပါအဝင် ၃၂-ဘုံ၌ ကျင်လည်နေကြကုန်သော သတ္တဝါတို့သည် ဒုက္ခအမျိုးမျိုး၊ အန္တရာယ်အသွယ်သွယ်တို့ဖြင့် တွေ့ကြုံရင်ဆိုင်ခံစားကြရလေသည်။ ဟိုဘေးဥပါဒ်အန္တရာယ် ရန်အသွယ်သွယ်တို့မှ ကင်းဝေးရန်လည်း နည်းမျိုးစုံဖြင့် ရှာဖွေကြိုးစားကြ၏။ အောင်မြင်သည်များရှိသကဲ့သို့ မအောင်မြင်သည်များလည်း ရှိသည်။ အောင်မြင်သည်များထဲတွင် အကောင်းဆုံးနည်းလမ်းကား ဗုဒ္ဓ၏တရား ဒေသနာ ဂါထာ မန္တန်တော်များပင် ဖြစ်ပါသည်။ ထိုအထဲတွင် “ဒိဝါ တပတိ” အစချီသော ဂါထာသည် ရှေးဘုရားရှင် သက်တော်ထင်ရှားရှိစဉ် ကုက္ကုဋဝတီပြည်တွင် မဟာကပ္ပိနမင်းနှင့် အနောဇာဒေဝီတို့ စိုးစံချိန်က စတင်ပြီး ယနေ့တိုင် သာမန် ရပ်ရွာအခမ်းအနားမှသည် မင်းခမ်းမင်းနားအထိ သာမန်အောက်တန်းစား ဆင်းရဲ သားမှသည် သူဌေးသူကြွယ် ဘုရင်မင်းမြတ်အထိ လက်ကိုင်ပြု၍ ရွတ်ဆိုပူဇော်ခဲ့ ကြရာ အောင်မြင်မှုသရဖူကို ရယူခဲ့ကြသည်သာ ဖြစ်ပေသည်။
ဘေးဥပါဒ် အန္တရာယ်ကင်း၍ ကြီးပွားတိုးတက်မှု အသွယ်သွယ်ကို ရရှိခံစား စံစားလိုသူတိုင်းသည် ဤ “ဒိဝါ တပတိ” အစချီသော “သဗ္ဗမင်္ဂလာ” ဂါထာတော်ကို အလေးအနက် ယုံကြည်ချက်ထား၍ နေ့စဉ် အိပ်ရာဝင် အိပ်ရာထချိန်၌ ခံတွင်းသန့်သန့်ဖြင့် အနည်းဆုံး (၉)ခေါက် ရွတ်ဆိုပူဇော်ရန် ဖြစ်ပါသည်။
ချက်ထားပြီးသော ထမင်းဟင်းတို့သည် ဆာလောင်၍ လိုအပ်သောအခါ အလွယ် တကူ စားသုံးနိုင်သကဲ့သို့ မိမိ ပရိစယ၊ (လေ့လာဆည်းပူး ရွတ်ဖတ်ပူဇော်မှု၊ ပြုထားသော ဤဂါထာတော်ကို ဈေးရောင်းသောအခါ၊ စာမေးပွဲဖြေသောအခါ စသော လိုအပ်သောအခါတိုင်း၌ ရွတ်ဖတ်ပူဇော်လိုလျှင် အကျိုးထူးတရားကို အလွယ် တကူ ရယူခံစားနိုင်မည် ဖြစ်ပေသည်။ လိုအင်ရမ္မက် လောဘမထွက်ဘဲ စိတ်လက် ကြည်လင်စွာဖြင့် ရွတ်ဆိုပူဇော်ရန် အထူးအရေးကြီးပါသည်။ (အနက် အဓိပ္ပာယ် သိပြီးက ပါဠိသက်သက်ကိုသာ ရွတ်ဆိုနိုင်ပါသည်။)
စာမျက်နှာ-138
သဗ္ဗမင်္ဂလာ ဂါထာတော်
ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ၊ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗမဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။
အာဒိစ္စော၊ ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် ထွန်းပြောင်ပဝင်း ရှင်နေမင်းသည်။ ဒိဝါ၊ နေ့အခါ၌။ တပတိ၊ လောကအလယ် ဂုဏ်မြင့်ကြွယ်၍ တင့်တယ်ပါပေ၏။
စန္ဒိမာ၊ စန်းငွေယုန်ခ သော်တာလသည်။ ရတ္တိံ၊ ညဥ့်အခါ၌ အာဘာတိ၊ နှစ်သက် စဖွယ် တင့်တယ်ပါပေ၏။
သန္နဒ္ဓေါ၊ ချပ်ဝတ်တန်ဆာ ကိုယ်မှာစုံလင် ဆင်ယင်ထားသော။ ခတ္တိယော၊ လူတို့သနင်း ပြည့်ရှင်မင်းသည်။ တပတိ၊ ကြီးမြင့်ခံ့ထယ် တင့်တယ်ပေ၏။
ဈာယီ၊ ဘက်စုံကောင်းမြတ် သမာပတ်ကို မပြတ်ထင်ရှား ဝင်စားလျက် ရှိသော။ ဗြာဟ္မဏော၊ ကိလေသာကို အပပြုပြီးသော အာသဝေါကင်းကွာ ရဟန္တာပုဂ္ဂိုလ်သည်။ တပတိ၊ ဈာန်မင်္ဂနှစ်သွယ် စွယ်စုံခြယ်၍ တင့်တယ်ပါပေ၏။
အထ၊ ထိုမှကြူး၍ ထူးသည်မှာကား။ ဗုဒ္ဓေါ၊ သစ္စာလေးဆင့် ခိုင်လုံးရင့်ကာ ပွင့်လာခေါင်ဖျား ... အောင်တော်မူ မြတ်စွာဘုရားသည်။ သဗ္ဗ၊ အလုံးစုံသော။ အဟောရတ္တိ၊ နေ့ညဥ့်ကာလပတ်လုံး။ တေဇသာ၊ ကြီးကဲစိုးရ တန်ခိုးတော်အနန္တဖြင့်။ တပတိ၊ အံ့ချီးလောက်ဖွယ် လောကလယ်၌ တင့်တယ်တော်မူပါပေသတည်း။
(ခ) ရှင်သီဝလိ ဂါထာတော်
လူ့ဘဝ လူဖြစ်လာကြချင်းတူသော်လည်း အခြေအနေချင်း မတူနိုင်ကြပေ။ လူသားများသာမဟုတ် (၃၁)ဘုံသား အားလုံးပင် တစ်ဦးနှင့်တစ်ဦး တစ်ယောက်နှင့် တစ်ယောက်, တစ်ကောင်နှင့်တစ်ကောင် အခြေအနေ မတူပေ။ ဤကား အတိတ်ကံ မတူခဲ့ကြ၍ ဖြစ်ပေသည်။
လူဖြစ်လာပြီး လူ့ဘဝ စသည် တည်ဆဲခဏ (လူ့ဘဝ သက်တမ်း စသည် တလျှောက်)တွင်မူလည်း တစ်ဦးနှင့် တစ်ဦး, တစ်ယောက်နှင့် တစ်ယောက်
စာမျက်နှာ-139
တစ်ကောင်နှင့်တစ်ကောင် မတူညီကြပေ။ ဤကား ပစ္စုပ္ပန်ကံ (လက်တွေ့ပြုလုပ်မှု) မတူညီကြ၍ ဖြစ်ပေသည်။ ဤသို့ ဆူကြုံ, နိမ့်မြင့် ဖြစ်နေရမှုကို ပြုပြင်ဖန်တီးယူက ရနိုင်ပေသည်။ အချို့မှာမူ ချမ်းသာ၍ အချို့မှာမူ ဆင်းရဲကြ၏။ ချမ်းသာအောင် နည်းလမ်းကောင်းရှာ၍ အလုပ်ကြိုးစား လုပ်ကိုင်ကြရမည်။ ထိုသို့ လုပ်ကိုင် ဆောင်ရွက်ကြရာတွင် အခြားသော ကူညီပံ့ပိုးမှုများ လိုအပ်ပေသည်။ ဘဝတိုးတက် ရာထူးတိုးတက်ကြောင်း၊ ထွန်းကားရာထွန်းကားကြောင်းအတွက် အခြားကူညီပံ့ပိုးမှု များအနက် ဗုဒ္ဓ၏ တရားဒေသနာ ဂါထာတော်များသည် အဓိကအခန်းမှ ပါဝင် နေကြောင်း လက်ခံကြရပေမည်။
ဥပမာအားဖြင့် လာဘ်ပေါများလိုသူသည် ရှင်သီဝလိဂါထာကို ရွတ်ဖတ်ပူဇော် ရမည်။ ရှင်သီဝလိသည် ကောလိယသာကီဝင်မင်းမျိုး သုပ္ပဝါသာ၏ သားတော် ဘုရားရှင်၏ တပည့်သားသာဝက လာဘ်ပေါများသူ ဧတဒင်္ဂရရဟန္တာမထေရ်မြတ် ဖြစ်သည်။ ထိုရဟန္တာမထေရ်၏ ဗုဒ္ဓလက်ထက်တွင် ထင်ထင်ရှားရှား လာဘ်ပေါများသူ ဖြစ်ခဲ့ကြောင်း မထေရ်၏ဇာတ်တော်အကြောင်းအရာများအရ မည်သို့မျှ အငြင်း ထွက်ဖွယ် မရှိ။
သို့သော် ရှင်သီဝလိရဟန္တာ သက်တော်ထင်ရှား မရှိတော့သော ယခုလို အချိန် အခါမျိုးတွင် ရှင်သီဝလိရုပ်တုကိုးကွယ်သူ၊ ရှင်သီဝလိဓာတ်တော်ပူဇော်သူ၊ ရှင်သီဝလိ ဂါထာများ ရွတ်ဖတ်ပူဇော်သူတို့သည် အောက်ပါအချက်များကို စိစစ်သုံးသပ် ကြည့်ပါက လာဘ်ပေါများနိုင်မည်ဖြစ်သည်ကို အငြင်းထွက်ဖွယ် မရှိပေ-
(၁) ရှင်သီဝလိ၏ ကိလေသာအာသဝေါတရား လုံးဝကင်းစင်ပြီးသောရဟန္တာ ပုဂ္ဂိုလ်မြတ်ဖြစ်ခြင်း၊
(၂) လာဘ်လာဘ ဧတဒဂ် ပိုင်ရှင်ဖြစ်ခြင်း၊
(၃) ရတနာ (၃)ပါးတို့မှာ ထူးခြားသော အစွမ်းသတ္တိများရှိခြင်း၊
(၄) ရတနာ(၃)ပါးအပေါ် သက်ဝင်ယုံကြည်သောစိတ်၏အကျိုးပေးဆန်းကြယ်ခြင်း၊
(၅) လူတို့သည် ဆန္ဒပြင်းပြလျှင် အောင်မြင်မှု ရတတ်ခြင်း၊
(၆) ဘုရားရှင်၏ ဂုဏ်တော်ကို အာရုံပြု၍ ကြောက်ခြင်း၊ လန်ခြင်း၊ ကြက်သီး မွေးညင်းထခြင်း စသည်တို့ပျောက်ခြင်းကို ဓဇဂ္ဂသုတ်တွင် ဟောကြားတော် မူရာ လာဘ်လာဘ ဧတဒဂ်ရ ရှင်သီဝလိကို ပူဇော်လျှင် လာဘ်ပေါများမည်မှာ သေချာပါသည်။
စာမျက်နှာ-140
ထို့ကြောင့် အချိန်များစွာ သဒ္ဓါ(ယုံကြည်မှု)၊ ထက်သန်စွာထား၍ ကြိုးစား ရွတ်ဖတ်ပူဇော်ပါက မုချမသွေ မိမိ၏ လိုအင်ဆန္ဒ ပြည့်ဝမည် ဖြစ်ပေသည်။ ရေသောက်ချင်ကာမှ ရေတွင်းတူးခြင်းမျိုးကဲ့သို့ တခါတရံ စိတ်ကူးပေါက်မှ ရွတ်ဖတ်ခြင်းမျိုး မဟုတ်ဘဲ အမြဲတစေ လုပ်ငန်းတစ်ရပ်အနေဖြင့် ဇွဲရှိရှိ စိတ်အား ထက်သန်စွာ ရွတ်ဖတ်ပူဇော်ရန် အထူးလိုအပ်ပေသည်။ အကျိုးပေး နည်းမှု များမှုသည် မိမိ သဒ္ဓါတရားနှင့် ကြိုးစားအားထုတ်မှုအပေါ်တွင် တည်မှီနေမည်သာ ဖြစ်ပေသည်။
ရှင်သီဝလိ (၁ဝ)ဂါထာ
၁။ သီဝလိ စ မဟာနာမံ၊ သဗ္ဗလာဘံ ဘဝိဿတိ၊
ထေရဿ အာနုဘာဝေန၊ သဗ္ဗေ ဟောန္တု ပိယံ မမ။
မဟာနာမံ၊ ကြီးမြတ်သောအမည်ရှိသော။ သီဝလိ စ၊ ရှင်သီဝလိမထေရ်သည် လည်း၊ သဗ္ဗလာဘံ၊ အလုံးစုံသောလာဘ် ပူဇော်သက္ကာရ ဟူသမျှကို၊ ဘဝိဿတိ၊ ဖြစ်စေလတ္တံ့။ ထေရဿ၊ ရှင်သီဝလိမထေရ်မြတ်၏။ အာနုဘာဝေန၊ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့်၊ သဗ္ဗေ၊ ခပ်သိမ်းသောလူတို့သည်။ မမ၊ အကျွန်ုပ်အား။ ပိယံ (ယာ)၊ မေတ္တာသက်ဝင် ချစ်ခင်ကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြစေကုန်သတည်း။
၂။ သီဝလိ စ မဟာဝီရော၊ ယေ ယေ ပဿန္တု မံ ပိယံ။
တေ တေ ပဿန္တု ပရမံ၊ ဇနပဒံ ပူဇယန္တု။
သီဝလိ စ၊ ရှင်သီဝလိမထေရ်မြတ်သည်။ မဟာဝီရော စ၊ ကြီးမြတ်သော ရဲရင့်ခြင်း လည်းရှိတော်မူ၏။ တဿ၊ ထိုရှင်သီဝလိမထေရ်၏။ တေဇေန၊ တန်ခိုးတော်အားဖြင့်။ ယေ ယေ၊ အကြင်အကြင်သူတို့သည်။ မံ၊ အကျွန်ုပ်ကို။ ပိယံ၊ ချစ်ချစ်ခင်ခင်။ ပဿန္တု၊ ရှုမြင်ကြစေကုန်သတည်း။ တေ တေ၊ ထိုထိုသူတို့သည်။ ပရမံ၊ ထူးမြတ်လှစွာ။ ပဿန္တု၊ ရှုကြည့်ကြစေကုန်သတည်း။ ဇနပဒံ၊ ဇနပုဒ်သည် (ဝါ) ဇနပုဒ်နေသူ များဗိုလ်လူသည်။ ပူဇယန္တု၊ ပူဇော်လာကြစေကုန်သတည်း။
၃။ သီဝလိ စ မဟာထေရော၊ မမ သီသေ ဌပေတွာန။
ဇမ္ဗူဒီပမဏ္ဍလေန၊ ဇယော မန္တာ သုခါဝဟာ။
မဟာထေရော၊ ကြီးမြတ်သော မထေရ်တစ်ပါး ဖြစ်တော်မူသော။ သီဝလိ စ၊ ရှင်သီဝလိမထေရ်မြတ်သည်လည်း။ မမ၊ အကျွန်ုပ်၏။ သီသေ၊ ဦးခေါင်းရတနာ မြတ်အင်္ဂါ၌။ ဌာတု၊ တည်ပါစေသတည်း။ ဌပေတွာန၊ ဤသို့တည်
စာမျက်နှာ-141
နေသောကြောင့်။ ဇမ္ဗူဒီပမဏ္ဍလေန၊ ဇမ္ဗူဒီပါကျွန်းအဝှန်းနှင့်အမျှ။ ဇယော၊ အောင်မြင်ခြင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။ မန္တာ၊ အောင်မြင်ကြောင်းမှန် ဂါထာမန္တန်တို့သည်။ သုခါဝဟာ၊ ချမ်းသာကို ဆောင်ကြသည်။ ဟောန္တု၊ ဖြစ်ကြ ပါစေကုန်သတည်း။
၄။ သီဝလိ စ မဟာနာမံ၊ ဣန္ဒာ ဒေဝါ သဗြဟ္မကာ။
မနုဿပုရိသော ဣတ္ထိ၊ မဟာလာဘံ ဘဝိဿတိ။
မဟာနာမံ၊ ကြီးမြတ်သောနာမ ရှိတော်မူသော။ သီဝလိ စ၊ သီဝလိထေရ် သည်လည်း။ အတ္ထိ၊ ရှိတော်မူ၏။ တဿာနုဘာဝေန၊ ထိုရှင်သီဝလိထေရ်၏ အစွမ်း အာနုဘော်တော်ကြောင့်။ သဗြဟ္မကာ၊ ဗြဟ္မာနှင့်တကွဖြစ်ကုန်သော။ ဣန္ဒာ ဒေဝါ၊ သိကြား, နတ်တို့သည်လည်းကောင်း။ မနုဿပုရိသော ဣတ္ထိ စ၊ လူယောက်ျား, လူမိန်းမတို့သည်လည်းကောင်း။ မဟာလာဘံ၊ ကြီးစွာသော လာဘ်သပ်ပကာကို။ ဘဝိဿတိ၊ ရသည်ဖြစ်လတ္တံ့ သတည်း။
၅။ သီဝလိ စ မဟာလာဘံ၊ နာနာ ဒေတိ ဝရံ ဝရံ။
ဣဒမ္ပိ ပူဇိတံ ဒေတိ၊ မဟာသုခံ ဘဝိဿတိ။
သီဝလိ၊ ရှင်သီဝလိ မထေရ်မြတ်သည်။ ဝရံ၊ တောင့်တအပ်မြတ်သော။ မဟာ လာဘံ၊ လာဘ်လာဘအများအပြားကို။ နာနာ၊ အမျိုးမျိုး။ ဒေတိ၊ ပေးတတ်၏။ ၀ရံ၊ မြတ်သော။ ဣဒမ္ပိ ပူဇိတံ၊ ပူဇော်အပ်သော ပစ္စည်းဝတ္ထုများကိုလည်း။ ဒေတိ၊ ပေးတတ်ပေ၏။ တေန၊ ထိုရှင်သီဝလိမထေရ်၏ ဘုန်းတော်ကြောင့်။ မဟာသုခံ၊ ကြီးမြတ်သောချမ်းသာသည်။ ဘဝိဿတိ၊ ဖြစ်ပေလတ္တံ့။
၆။ ဝဏ္ဏ ဒန္တံ နရာတိတ္တိ၊ အာဏာ မယှံ ဘဝေ ဘဝေ။
တေဇ၊ တပ ရုက္ခေ ရာဇဓီတာ၊ သဗ္ဗေ ကောဓံ ဝိနဿန္တု။
ဘန္တေ၊ ထေရ်ရှင်သီဝလိအရှင်ဘုရား။ အရှင်ဘုရား၏။ ဝဏ္ဏ၊ အဆင်းတော် သည်လည်းကောင်း။ ဒန္တံ၊ ယဉ်ကျေးသိမ်မွေ့တော်မူပုံသည်လည်းကောင်း။ နရာတိတ္တိ၊ လူတို့အား မရောင့်ရဲစေနိုင်ပါ။ တဝ၊ အရှင်ဘုရား၏။ ရုက္ခေ၊ ရုက္ခမူကျောင်း၌။ ရာဇဓီတာ၊ ရုက္ခစိုးနတ်သမီးသည်။ ရက္ခတု၊ စောင့်ရှောက်မှုမြဲပါစေသတည်း။ သဗ္ဗေ၊ ခပ်သိမ်းသောသတ္တဝါတို့သည်။ ကောဓံ၊ အမျက်ဒေါသကို။ ဝိနဿန္တု၊ ပယ်ဖျောက် နိုင်ကြပါစေသတည်း။ မယှံ၊ အကျွန်ုပ်၏။ အာဏာ၊ အာဏာစက်သည်လည်း။ ဘဝေ၊ ဖြစ်စေလိုရာ၌။ ဘဝေ၊ ဖြစ်ပါစေသတည်း။
စာမျက်နှာ-142
၇။ သီဝလိ စ မဟာလာဘံ၊ သဗ္ဗလာဘံ ဘဝိဿတိ။
ထေရဿ အာနုဘာဝေန၊ သဒါ ဟောတု ပိယံ မမ။
သီဝလိ စ၊ ရှင်သီဝလိထေရ်မြတ်သည်လည်း။ မဟာလာဘံ၊ ကြီးမြတ်သော လာဘ်လာဘ ရှိတော်မူ၏။ မမ၊ အကျွန်ုပ်အား။ သဗ္ဗလာဘံ၊ ခပ်သိမ်းသော လာဘ်လာဘသည်။ ဘဝိဿတိ၊ ဖြစ်ပေလတ္တံ့။ ထေရဿ၊ ရှင်သီဝလိထေရ်၏။ အာနုဘာဝေန၊ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့်။ သဒါ၊ အခါခပ်သိမ်း။ မမ၊ အကျွန်ုပ်အား။ ပိယံ၊ လူအပေါင်းတို့က ချစ်မြတ်နိုးအပ်သည်။ ဟောတု၊ ဖြစ်ပါစေသတည်း။
၈။ သီဝလိ စ မဟာထေရော၊ ယေ ယေ ပဿန္တု မံ ပိယံ။
တေ တေ ပဿန္တု မံ ပိယံ၊ ဇနပဒံ ပူဇိဿန္တိ။
သီဝလိ စ၊ ရှင်သီဝလိမထေရ်မြတ်သည်လည်း။ မဟာထေရော၊ ကြီးမြတ်သော ထေရ်တစ်ပါး ဖြစ်တော်မူ၏။ တဿ၊ ထိုရှင်သီဝလိမထေရ်မြတ်၏။ အာနုဘာဝေန၊ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့်။ ယေ ယေ၊ အကြင် အကြင် သူတို့သည်။ မံ၊ အကျွန်ုပ်ကို။ ပိယံ၊ ချစ်မြတ်နိုးစွာ။ ပဿန္တု၊ ရှုကြည့်ကြပါစေသတည်း။ တေ တေ၊ ထိုထိုသူတို့သည်။ မံ၊ အကျွန်ုပ်ကို။ ပိယံ၊ နှစ်နှစ်သက်သက်။ ပဿန္တု၊ ကြည့်မြင်ကြပါစေကုန်သတည်း။ ဇနပဒံ၊ ဇနပုဒ်နေ ပြည်သူအပေါင်းသည်။ ပူဇိဿန္တိ၊ ပူဇော်ကြပေကုန်လတ္တံ့။
၉။ သီဝလိ စ မဟာထေရော၊ မမ သီသေ ဌပေတွာန။
မန္တတေဇ ဇယောမန္တံ၊ အဟံ ဝန္ဒာမိ သဗ္ဗဒါ။
မဟာထေရော၊ မဟာထေရ်မြတ်ဖြစ်တော်မူသော။ သီဝလိ စ၊ ရှင်သီဝလိ ရဟန္တာသည်လည်း။ မမ၊ အကျွန်ုပ်၏။ သီသေ၊ ဦးခေါင်းရတနာ၌။ ဌာတု၊ တည်ပါစေ သတည်း။ ဌပေတွာန၊ တည်နေပြီး၍။ မန္တတေဇ ဇယောမန္တံ၊ ထက်မြက်သော မန္တန်, အောင်အပ်သောမန္တန်ကို ပေးတတ်သော။ တံ၊ ထိုထေရ်ရှင်သီဝလိကို။ အဟံ၊ အကျွန်ုပ်သည်။ သဗ္ဗဒါ၊ အမြဲမပြတ်။ ဝန္ဒာမိ၊ ရှိခိုးပါ၏ဘုရား။
၁၀။ သီဝလိ စ မဟာထေရော၊ ဒေဝမနုဿပူဇိတော။
သော ရဟော၊ ပစ္စယာဒီနံ၊ မဟာလာဘံ ကရောတု မေ။
ဒေဝမနုဿပူဇိတော၊ နတ်လူတို့သည် ပူဇော်အပ်သော။ ပစ္စယာဒီနံ၊ ပစ္စည်း လေးပါး အစရှိသော ပူဇော်အထူးတို့ကို။ ရဟော၊ ခံယူတော်မူထိုက်သော။
စာမျက်နှာ-143
သော သီဝလိ မဟာထေရော၊ ထိုအရှင်သီဝလိ မဟာထေရ်မြတ်သည်။ မေ၊ အကျွန်ုပ်အား။ မဟာလာဘံ၊ လာဘ်လာဘပေါများခြင်းကို။ ကရောတု၊ ပြုတော် မူပါစေသတည်း။
မှတ်ချက်။ ။ အနက်အဓိပ္ပာယ်သိပြီးလျှင် ပါဠိဂါထာသက်သက်ကိုသာ ရွတ်ဆို ပူဇော်နိုင်သည်။ အားလုံး မရနိုင်သေးမီ အစနှင့်အဆုံး နှစ် ဂါထာကို နေ့စဉ်ရွတ်ဖတ် ပူဇော်ပါလေ။ ယုံကြည်မှုနှင့် ရွတ်ဖတ် ပူဇော်မှု များလာလေလေ အကျိုးထူးများ တိုးတက်ရရှိနိုင်လေလေ ဖြစ်လာပါလိမ့်မည်။ ကြိုးစားရွတ်ဖတ်ကြပါလေ။
(ဂ)စိန္တာမဏိ ဂါထာတော်
ဗုဒ္ဓစာပေကျမ်းဂန်များဖြစ်သော ဓမ္မပဒအဋ္ဌကထာနှင့် ဇာတ်အဋ္ဌကထာ များ၌ မန္တန်များအကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ လေ့လာသိရှိရသမျှ မန္တန်ပေါင်း (၁၉)မျိုးအနက် စိန္တာမဏိမန္တန် (စိန္တာမဏိဂါထာ)သည် လွန်စွာနာမည် ကြီးသော ဂါထာဖြစ်ပါသည်။ ယင်း မန္တန်၏ အခြေအမြစ်ကို လေ့လာသောအခါ ၅၅၀-နိပါတ် ပဒကုသလဇာတ်တွင် ဘုရားအလောင်းတော် ပဒကုသလလုလင်အား မယ်တော်ဘီလူးမက ပေးခဲ့သော ဂါထာဖြစ်ကြောင်း သိရှိရပေသည်။
ထိုဇာတ်တော်တွင် “စိန္တာမဏိဂါထာ”ကို ရသည့်အချိန်မှစ၍ ပဒကုသလလုလင် သည် ခြေရာကောက်အတတ်ပညာကို ကောင်းစွာတတ်မြောက်ကြောင်း၊ ဘုရင်၏ ဘဏ္ဍာထုပ်များကို ပြန်လည်ရှာဖွေ ဖော်ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ဘုရင်မင်းမြတ်၏ နဝရတ်လက်စွပ်တော်ကို ကြွက်တွင်းမှ ပြန်လည်ထုတ်ယူပေးနိုင်ခဲ့ကြောင်း၊ သန်လျက် ပျောက်ဆုံးမှုတို့ကို ပြန်လည်ဖော်ထုတ်ပေးနိုင်ခဲ့သဖြင့် ဘုရင့်စည်းစိမ် ခံစားခဲ့ရ ကြောင်းစသည်ဖြင့် စိန္တာမဏိဂါထာတော်၏ တန်ခိုးအစွမ်းသတ္တိများကို ဖွင့်ဆို ဖော်ပြထားလေသည်။
စိန္တာမဏိ ဂါထာတော်
၁။ စိန္တာမဏိ ရတနာနိ၊ ဗုဒ္ဓံ ဗုဒ္ဓရတနာနံ။ ကရံ ကရတိ သရဏံ၊ ခိပ္ပမေဝ သမိဇ္ဈတု။
၂။ စိန္တာမဏိ ရတနာနိ၊ ဓမ္မံ ဓမ္မရတနာနံ။ ကရံ ကရတိ သရဏံ၊ ခိပ္ပမေဝ သမိဇ္ဈတု။
၃။ စိန္တာမဏိ ရတနာနိ၊ သံဃံ သံဃရတနာနံ။ ကရံ ကရတိ သရဏံ၊ ခိပ္ပမေဝ သမိဇ္ဈတု။
စာမျက်နှာ-144
၁။ စိန္တာမဏိရတနာနိ၊ ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်။ ဗုဒ္ဓံ၊ ဘုရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဗုဒ္ဓရတနာနံ၊ ဘုရားတည်းဟူသော ရတနာတို့ကို။ သရဏံ၊ ကိုးကွယ်ဆည်းကပ်လေးမြတ်ခြင်းကို။ ကရံ-ကရောန္တော၊ ပြုထိုက်သည်ဖြစ်၍။ ကရတိ၊ ပြုသောသူ၌။ ဣစ္ဆာ၊ ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။ ခိပ္ပမေဝ၊ ဆောလျင်စွာလျှင်။ သမိဇ္ဈတု၊ ပြည့်စုံပါစေသတည်း။
၂။ စိန္တာမဏိရတနာနိ၊ ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်။ ဓမ္မံ၊ တရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဓမ္မရတနာနံ၊ တရားတည်းဟူသော ရတနာတို့ကို။ သရဏံ၊ ကိုးကွယ်ဆည်းကပ်လေးမြတ်ခြင်းကို။ ကရံ-ကရောန္တော၊ ပြုထိုက်သည်ဖြစ်၍။ ကရတိ၊ ပြုသောသူ၌။ ဣစ္ဆာ၊ ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။ ခိပ္ပမေဝ၊ ဆောလျင်စွာလျှင်။ သမိဇ္ဈတု၊ ပြည့်စုံပါစေသတည်း။
၃။ စိန္တာမဏိရတနာနိ၊ ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်။ သံဃံ၊ သံဃာတည်းဟူသော ရတနာမြတ်ပေတည်း။ သံဃရတနာနံ၊ တရားတည်းဟူသော ရတနာတို့ကို။ သရဏံ၊ ကိုးကွယ်ဆည်းကပ်လေးမြတ်ခြင်းကို။ ကရံ-ကရောန္တော၊ ပြုထိုက်သည်ဖြစ်၍။ ကရုတိ၊ ပြုသောသူ၌။ ဣစ္ဆာ၊ ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။ ခိပ္ပမေဝ၊ ဆောလျင်စွာလျှင်။ သမိဇ္ဈတု၊ ပြည့်စုံပါစေသတည်း။
ဤစိန္တာမဏိဂါထာသည် လွန်စွာနာမည်ကြီးသောကြောင့် ဂါထာ၏အကျိုးကို အနည်းငယ် ဆက်လက်ဖော်ပြလိုပါသည်။
အထူးအားဖြင့် “စိန္တာ”ဟူသည် အကြံအစည်ပညာ၊ “မဏိ”ဟူသည် “မြကျောက်” ပတ္တမြားဟူ၍ အဓိပ္ပာယ်ရှိ၏။ သို့ဖြစ်၍ ပတ္တမြားကဲ့သို့ အဖိုးတန်သော အကြံ အစည် ပညာဉာဏ်ကို “စိန္တာမဏိ”ဟု ဆိုနိုင်သည်။ ထို့ကြောင့် ဤဂါထာကို ရွတ်ဖတ်ပူဇော်လေ့ရှိသောသူသည် အကြံကောင်း ဉာဏ်ကောင်းများ ထွက်နိုင်ပေ သည်။ “အကြံကောင်းလျှင် တစ်ချက်” ဟူသော စကားပုံအရ အကြံကောင်းလျှင် စီးပွားဥစ္စာဖြစ်ထွန်းမည် အမှန်ဖြစ်ပေသည်။
ဤစိန္တာမဏိဂါထာကို ရွတ်ဖတ်ပူဇော်လေ့ရှိသူသည် သူတပါးတို့၏ အကြံအစည်ကို ကြိုတင်သိနိုင်သည်။ ထို့ကြောင့် ဘေးအန္တရာယ်ကို ကြိုတင်ရှောင်ကွင်းမည် ဖြစ်ပေသည်။ ဟုတ်,မဟုတ် မှန်,မမှန် မိမိကိုယ်တိုင် ကြိုးစားရွတ်ဖတ်ပူဇော်ခြင်းဖြင့် လက်တွေ့စမ်းသပ် ရွတ်ဖတ်ကြပါလေ။
စာမျက်နှာ-145
(ဃ) မဟာကပ္ပိနသစ္စာ သုံးဂါထာ
ကုက္ကုဋဝတီပြည့်ရှင် မဟာကပ္ပိနမင်းကြီးသည် မြင်းသည်ကျော် လေးဦးတို့ကို စေလွှတ်၍ နေပြည်တော်ပတ်ဝန်းကျင်၌ ရတနာသုံးပါးသတင်းကို နေ့စဉ် စုံစမ်း ခဲ့၏။ သို့သော် သတင်းကောင်းကို မရရှိဘဲ ဖြစ်နေခဲ့သည်။ တစ်နေ့သ၌ မင်းကြီး သည် အမတ်တစ်ထောင်ခြံရံလျက် မြင်းကိုယ်စီဖြင့် ဥယျာဉ်တော်သို့ ထွက်ခွာလာ ခဲ့သည်။ ထိုအခါ မင်းကြီးသည် နေပြည်တော်မှ ယူဇနာ (၁၂၀) ဝေးကွာသော သာဝတ္ထိပြည်မှ လာကြသည့် ကုန်သည်ငါးရာကို တွေ့၍ သတင်းစကားကို မေးမြန်းရာ သာဝတ္ထိပြည်တွင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ပွင့်ထွန်းနေ ကြောင်း သတင်းကောင်းကို [?] ကြားလိုက်ရသည်။ ထိုသတင်းကောင်းအတွက် မင်းကြီးသည် ရတနာတစ်ပါး အသပြာတစ်သိန်းဖြင့် ဆုတော်ငွေ အသပြာသုံးသိန်းကို ကုန်သည်ငါးရာအား ပေးသနားပူဇော်လိုက်သည်။မင်းကြီးနှင့် အမတ်တစ်ထောင်တို့သည် အချင်းချင်း တိုင်ပင်ကြပြီး ရောက်ရာ နေရာမှပင် မြတ်စွာဘုရားထံ ဆက်လက်သွားရောက်၍ ရဟန်းပြုကြရန် ဆုံးဖြတ် ကြသည်။ သိန္ဓောမြင်းကိုယ်စီ စီး၍ သာဝတ္ထိပြည်သို့ ထွက်လာခဲ့ကြရာ လမ်းတွင် တစ်ဂါဝုတ်နက်၍ နှစ်ဂါဝုတ်ကျယ်သော အပရစ္ဆာမြစ်ကြီး ရှေ့က ဆီးနေသည်ကို တွေ့ကြရသည်။
ထိုအခါ မင်းကြီးသည် တစ်ဘက်ကမ်းသို့ ကူးသွားနိုင်ရန် လှေမရှိ ဖောင်မရှိ ဖြစ်ပြီး အခက်တွေ့နေသဖြင့် “ငါသည် ရတနာသုံးပါးကို ရည်စူး၍ တောထွက်လာသူ စင်စစ် ဖြစ်ပေ၏။ ငါ့အဖို့ ရတနာသုံးပါးတို့၏ အာနုဘော်ကြောင့် ဤရေသည် ရေကဲ့သို့ မဖြစ်ပါစေသတည်း”ဟု ဘုရားဂုဏ်ကို အာရုံပြု၍ ဖော်ပြလတ္တံ့ ပါဂါထာကို နှုတ်မှ ရွတ်ဆိုကာ အခြံအရံအမတ်တစ်ထောင်, သိန္ဓောမြင်းတစ်ထောင်နှင့်တကွ အပရစ္ဆာမြစ်ကို ဖြတ်ကူးရာ သိန္ဓောမြင်းတို့သည် မြေပြင်ပေါ်၌ကဲ့သို့ ပြေးလွှား ကြရသည်။ ခွာဖျားတို့ကိုပင် ရေကြည်တစ်ပေါက်မျှ မစွတ်စိုပေ။
ပထမ အပရစ္ဆာမြစ်ကြီးကို ဖြတ်ကူးစဉ် မဟာကပ္ပိနမင်းကြီး ရွတ်ဆိုသော ဂါထာ
ဘဝသောတီ ဟဝေ ဗုဒ္ဓေါ၊ တိဏ္ဏော လောကန္တဂူ ဝိဒူ။
ဧတေန သစ္စဝဇ္ဇေန၊ ဂမနံ မေ သမိဇ္ဈတု။
စာမျက်နှာ-146
အနက်
ဟဝေ၊ စင်စစ်။ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်ရ လောကထွတ်ထား မြတ်စွာဘုရားသည်။ ဘဝသောတံ၊ ဘဝသုံးသွယ် ရေပြင်ကျယ်ကို။ တိဏ္ဏော၊ နိဗ္ဗာန်ထုတ်ချောက် ကူးမြောက်တော်မူပြီးလေပြီ။ လောကန္တဂူ၊ လောက၏အဆုံးသို့ ရောက်တော်မူလေပြီ။ ဝိဒူ၊ ခပ်သိမ်းသောတရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူလေပြီ။ ဧတေန သစ္စဝဇ္ဇေန၊ ဝစီမင်္ဂလာ ဤသစ္စာစကားကြောင့်။ မေ၊ အကျွန်ုပ်၏။ ဂမနံ၊ မြတ်ဘုရားထံမှောက် သွားရောက်ခြင်းသည်။ သမိဇ္ဈတု၊ ထမြောက်ကုံလုံ ပြည့်စုံပါစေ သတည်း။ရွတ်ဖတ်နည်း
ဗုဒ္ဓေါ = ဗုဒ်မော
တိဏ္ဏော = တိဏ်ဏော
လောကန္တဂူ = လောကန်တဂူ
သစ္စ = သစ်စ
ဝဇ္ဇေန = ဝဇ်ဇေန
သမိဇ္ဈတု = သမိဇ်ဈတု
မဟာကပ္ပိနမင်းကြီးနှင့် အမတ်တစ်ထောင်တို့သည် ထိုအပရစ္ဆာမြစ်ကို ကူး၍ ရှေ့သို့ ခရီးဆက်ခဲ့ရာ ယူဇနာတစ်ဝက်နက်ပြီး ယူဇနာတစ်ဝက်ခန့် ကျယ်သော နီလဝါဟိနီမြစ်ကြီး ဆီးနေသည်ကို တွေ့ကြရပြန်သည်။ မင်းကြီးသည် မြစ်ကို ကူးရန် လှေမရှိ ဖောင်မရှိ ဖြစ်နေသဖြင့် တရားဂုဏ်ကို အာရုံပြု၍ ဖော်ပြ လတ္တံ့ပါ ဂါထာကို နှုတ်မှ ရွတ်ဆိုလျက် အခြံအရံအမတ်တစ်ထောင်, သိန္ဓောမြင်း တစ်ထောင်နှင့်အတူ နီလဝါဟိနီမြစ်ကို ဖြတ်ကူးရာ သိန္ဓောမြင်းတို့သည် မြေပြင် ပေါ်မှာကဲ့သို့ ပြေးသွားကြရသည်။ ခွာဖျားတို့ကိုပင် ရေကြည်တစ်ပေါက်မှ မစွတ်စိုချေ။
ဒုတိယ နီလဝါဟိနီမြစ်ကြီးကို ဖြတ်ကူးစဉ် မဟာကပ္ပိနမင်းကြီး ရွတ်ဆိုသောဂါထာ
ယဒိ သန္တိဂမော မဂ္ဂေါ၊ မောက္ခော စစ္စန္တိကံ သုခံ။
ဧတေန သစ္စဝဇ္ဇေန၊ ဂမနံ မေ သမိဇ္ဈတု။
စာမျက်နှာ-147
အနက်
မဂ္ဂေါ၊ အရိယမဂ်လေးပါးသည်။ ယဒိ၊ စင်စစ်။ သန္တိဂမော၊ နိဗ္ဗာန်ထုတ်ချောက် ရောက်စေနိုင်၏။ မောက္ခော စ၊ အရိယမဂ်ဖြင့် ရောက်အပ်သော နိဗ္ဗာန် တရားမြတ်သည်လည်း။ အစ္စန္တိကံ သုခံ၊ ချမ်းသာစင်စစ် ဧကန်ဖြစ်၏။ ဧတေန သစ္စဝဇ္ဇေန၊ ဝစီမင်္ဂလာ ဤသစ္စာစကားကြောင့်။ မေ၊ အကျွန်ုပ်၏။ ဂမနံ၊ မြတ်ဘုရားထံမှောက် သွားရောက်ခြင်းသည်။ သမိဇ္ဈတု၊ ထမြောက်ကုံလုံ ပြည့်စုံပါစေ သတည်း။ရွတ်ဖတ်နည်း
သန္တိ = သန်တိ
မဂ္ဂေါ = မဂ်ဂေါ
မောက္ခော = မောက်ခေါ
စစ္စန္တိကံ = စစ်စန်တိကံ
မဟာကပ္ပိနမင်းကြီးနှင့် အမတ်တစ်ထောင်တို့သည် နီလဝါဟိနီမြစ်ကို ဖြတ်ကူး၍ ရှေ့သို့ ခရီးဆက်ခဲ့ရာ တစ်ယူဇနာနက်ပြီး တစ်ယူဇနာကျယ်သော စန္ဒဘာဂါ မြစ်ကြီး ဆီးနေသည်ကို တွေ့ကြရပြန်သည်။ မင်းကြီးသည် မြစ်ကို ကူးရန် လှေ မရှိ ဖောင်မရှိ ဖြစ်နေသဖြင့် သံဃာ့ဂုဏ်ကို အောက်မေ့ကာ ဖော်ပြလတ္တံ့ပါ ဂါထာကို နှုတ်မှ ရွတ်ဆိုလျက် အခြံအရံအမတ်တစ်ထောင်, သိန္ဓောမြင်းတစ်ထောင် တို့နှင့်အတူ စန္ဒဘာဂါမြစ်ကို ဖြတ်ကူးရာ သိန္ဓောမြင်းတို့သည် မြေပေါ်၌ကဲ့သို့ ပြေးသွားကြရသည်။ ခွာဖျားကိုပင် ရေကြည်တစ်ပေါက်မှ မစွတ်စိုချေ။
တတိယ စန္ဒဘာဂါမြစ်ကြီးကို ဖြတ်ကူးစဉ် မဟာကပ္ပိနမင်းကြီး ရွတ်ဆိုသောဂါထာ
သံဃော ဝေ တိဏ္ဏကန္တာရော၊ ပုညခေတ္တော အနုတ္တရော။
ဧတေန သစ္စဝဇ္ဇေန၊ ဂမနံ မေ သမိဇ္ဈတု။
အနက်
သံဃော၊ အရိယာသံဃာတော်မြတ်သည်။ ဝေ၊ စင်စစ်။ တိဏ္ဏကန္တာရော၊ သံသရာခရီးခဲကို ကူးမြောက်ပြီး ဖြစ်တော်မူပေ၏။ အနုတ္တရော၊ အတူမရှိ လွန်မြတ်ဘိသော။ ပုညခေတ္တော၊ ကောင်းမှုမျိုးကို စိုက်ပျိုးကြဲချရာ လယ်ယာမြေစစ် ပုညခေတ်လည်း ဖြစ်ပါပေ၏။ ဧတေန သစ္စဝဇ္ဇေန၊ ဝစီမင်္ဂလာ ဤသစ္စာစကား ကြောင့်။ မေ၊ အကျွန်ုပ်၏။ ဂမနံ၊ မြတ်ဘုရားထံမှောက် သွားရောက်ခြင်းသည်။ သမိဇ္ဈတု၊ ထမြောက်ကုံလုံ ပြည့်စုံပါစေသတည်း။
စာမျက်နှာ-148
ရွတ်ဖတ်နည်း
ကန္တာရော = ကန်တာရောပုည = ပုန်ည
ခေတ္တော = ခေတ်တော
အနုတ္တရော = အနုတ်တရော
မဟာကပ္ပိန မင်းကြီးနှင့် အမတ်တစ်ထောင်တို့သည် စန္ဒဘာဂါမြစ်ကို ဖြတ်ကူး ကြပြီးနောက် မြတ်စွာဘုရားထံမှောက် ရောက်ရှိကြ၍ တရားနာကြရသဖြင့် အားလုံး သောတာပတ္တိဖိုလ်၌ တည်ကြပြီး ဧဟိဘိက္ခုရဟန်း ဖြစ်လာကြသည်။ ထို့နောက် ယင်း ရဟန်းတော် အားလုံးသည် ပဋိသမ္ဘိဒါပတ္တ ရဟန္တာချည်း ဖြစ်တော်မူကြ လေသည်။
မဟာကပ္ပိနမင်းကြီးနှင့် အမတ်တစ်ထောင်တို့သည် မြတ်စွာဘုရားထံ သွားရောက် ကြကြောင်း ကုန်သည်ငါးရာ၏ ပြောကြားချက်အရ သိရှိရသော အနောဇာဒေဝီနှင့် အမတ်ကတော်တစ်ထောင်တို့သည်လည်း မဟာကပ္ပိနမင်းနှင့် အမတ်တစ်ထောင် နည်းတူ မြတ်စွာဘုရားထံ လိုက်သွားကြရာ မြစ်သုံးမြစ်ကို ဖော်ပြခဲ့ပြီးသော ဂါထာ သုံးဂါထာရွတ်၍ ကူးနိုင်ကြသည်။ မြတ်စွာဘုရားထံ ရောက်သောအခါ တရားတော်ကို နာကြားရပြီး အားလုံး သောတာပန်ဖြစ်ကြကာ ဥပ္ပလဝဏ်ထေရီမ၏ ဆောင်ရွက် ပေးမှုကြောင့် အားလုံး ဘိက္ခုနီမ ဖြစ်လာကြသည်။
မိမိတို့ ခရီးသွားရာတွင် (ဝါ) စစ်ထွက်ရာတွင် ဖော်ပြပါ မြစ်ကူးဂါထာ သုံးဂါထာကို ရွတ်ဆိုသွားလျှင် လမ်းခရီး အဆီး အတား အန္တရာယ် မုချ ကင်းမည်ဖြစ်သည်။ ရတနာသုံးပါးဂုဏ်ကို အာရုံပြု၍ ယုံကြည်စွာ ရွတ်ဆိုရန် ဖြစ်ပေသည်။
စာမျက်နှာ-149
အခန်း (၁၅)
ရဟန်းသံဃာများနှင့် ပြောတတ်ဆိုတတ် ဆက်ဆံတတ်ရန်
စကားပြောနည်း
ရဟန်းသံဃာတော်များနှင့် ပြောဆိုဆက်ဆံရာ၌ မင်း၊ ငါ၊ ကျုပ်၊ ခင်ဗျား၊ ကျွန်တော်၊ ကျွန်မ စသည်ဖြင့် ပြောဆိုခြင်း မပြုရ။
မိမိကိုယ်ကိုပြောလျှင် “တပည့်တော်၊ ဘုရားတပည့်တော်”ဟု သုံးနှုန်းပြောဆို ရမည်။
မင်း၊ သင်၊ ခင်ဗျား” အစား “အရှင်ဘုရား” ဟု သုံးနှုန်းပြောဆိုရမည်။ ခေါ်သောအခါမှာလည်း “ကိုရင်ဘုရား၊ ဦးပဉ္ဇင်းဘုရား၊ ဆရာတော်ဘုရား၊ ဘုန်းဘုန်း ဘုရား”ဟု ခေါ်ဝေါ်သုံးနှုန်းရမည်။
ကိုရင်၊ ဦးပဉ္ဇင်း၊ ရဟန်းသံဃာတော်များကလည်း “ကျုပ်၊ ခင်ဗျား၊ အစ်မ၊ အစ်ကို၊ ညီမ၊ နှမ၊ အမေ၊ အဖေ” စသည်ဖြင့် ခေါ်ဝေါ်ခြင်း မပြုရပေ။ ဒကာမ ကြီး၊ ဒါယိကာမကြီး၊ ဒကာကြီး၊ ဒါယကာကြီး၊ ဒကာလေး၊ ဒါယကာလေး စသည်ဖြင့် သာသနာတော်သုံး စကားလုံးများဖြင့် ပြောဆိုကြရပေသည်။
ရဟန်းသံဃာတော်များကို လူပုဂ္ဂိုလ်များက ပြောဆိုလျှောက်ထားရာ၌ “ထမင်း စားပါဘုရား၊ ဟင်းစားပါဘုရား” စသည်ဖြင့် မပြောရ၊ ဤသို့ ပြောလျှင် ရဟန်း သံဃာတော်များမှာ ဝိနည်းသိက္ခာပုဒ်အရ ဘုဉ်းပေးသုံးဆောင်ခွင့် မရှိတော့ပေ။
ထမင်းအစား “ဆွမ်း”ဟု သုံးနှုန်းရမည်၊ “ဆွမ်းဘုဉ်းပေးပါဦး ဘုရား၊ ဆွမ်းဟင်းများ ပြည့်စုံပါသလားဘုရား” စသည်ဖြင့် ပြောဆို လျှောက်ထားရသည်။ ရဟန်းသံဃာတော်များ ခရီးသွားနေစဉ် မိမိက ခဏခေတ္တရပ်တန့်စေပြီး စကားပြောလိုလျှင် “ရပ်တော်မူပါဦးဘုရား” စသည်ဖြင့် ပြောဆိုလျှောက်ထား ရသည်။
ဆွမ်းခံကြွလာလျှင် လောင်းလှူလိုပါက “ရပ်တော်မူပါဦးဘုရား” ဟု လျှောက်ထားပြီး ရိုသေစွာ ဆွမ်းနှင့်ဆွမ်းဟင်းများကို လောင်းလှူရသည်။
မလောင်းလှူနိုင်ပါကလည်း “ကန်တော့ပါသေးရဲ့ ဘုရား၊ ကန်တော့ဆွမ်းပါဘုရား” စသည်ဖြင့် ပြောဆို လျှောက်ထားရသည်။
စာမျက်နှာ-150
လမ်းမှာ ခဏ ခေတ္တရပ်၍ ရဟန်းသံဃာတော်များနှင့် စကားပြောဆိုပါက ရှေးဦးစွာ လက်အုပ်ကလေးချီ၍ ဦးညွှတ်လိုက်ပြီးမှ ဆက်လက်ပြီး စကားပြောရသည်။
ရဟန်းသံဃာတော်များထံသို့ သွားသောအခါ မိမိတွေ့ရှိသည့် ရဟန်းသံဃာတော် အား ရှေးဦးစွာ ရှိခိုးဦးချရသည်။ ရုပ်ပွားဆင်းတုတော်များရှိသော နေရာ ဖြစ်ပါက ရှေးဦးစွာ ရုပ်ပွားဆင်းတုတော်များကို ရှိခိုးဦးချပြီးမှ ရဟန်းသံဃာတော်များကို ရှိခိုးဦးချရသည်။
ရှိခိုးဦးချနည်း
စေတီတော်၊ ရုပ်ပွားဆင်းတုတော်များနှင့် ရဟန်းသံဃာတော်များကို ရှိခိုးဦးချ သောအခါ စနစ်ကျရန်လိုပါသည်။
(က) အမျိုးသားဖြစ်ပါက ရှေးဦးစွာ ဆောင့်ကြောင့်ထိုင်ပါ။ (အမျိုးသမီး ဖြစ်က ကြံ့ကြံ့ထိုင်ရန်)
(ခ) တံတောင်နှစ်ခုကို ဒူးနှစ်ဖက်ပေါ်သို့တင်၍ လက်နှစ်ဖက်ကို (လက် ငါးချောင်း အချင်းချင်း ညီညီညာညာ ဖြစ်စေလျက်) ယှက်မိုးပြီး နဖူးအလယ်တည့်တည့်ကို ရောက်အောင်ထားပါ။ ထိုအခါ လက်နှစ်ဖက်ယှက်မိုးထားခြင်းသည် ကြာငုံဖူးကလေးကဲ့သို့ တင့်တင့် တယ်တယ်ရှုစဖွယ်လေး ဖြစ်နေပါလိမ့်မည်။
(ဂ) သုံးကြိမ် ရှိခိုး ဦးချပါ။
(၁) ပထမအကြိမ် ဗုဒ္ဓံ ပူဇေမိ။
(၂) ဒုတိယအကြိမ် ဓမ္မံ ပူဇေမိ။
(၃) တတိယအကြိမ် သံဃံ ပူဇေမိ။
ဤ “ဗုဒ္ဓံ ပူဇေမိ” စသည်တို့ကို နှုတ်ဖြင့် အသံထွက်အောင် ရွတ်ဆိုရန် မလိုပါ။ စိတ်ထဲက အဓိပ္ပာယ်ပေါက်အောင် နှလုံးသွင်း၍ ရှိခိုးဦးချရန် ဖြစ်သည်။ ရှေးဦးစွာ ပါဠိကို အသံထွက်ပီသအောင် လေ့လာ ကျက်မှတ်ထားပါ။ အနက် အဓိပ္ပာယ်ကိုလည်း ရအောင် သိအောင် ကြိုးစားထားပါ။
စာမျက်နှာ-151
အနက်
(၁) ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ ပူဇေမိ၊ ပူဇော်ပါ၏ အရှင်ဘုရား။(၂) ဓမ္မံ၊ တရားတော်မြတ်ကို။ ပူဇေမိ၊ ပူဇော်ပါ၏ အရှင်ဘုရား။
(၃) သံဃံ၊ သံဃာတော်မြတ်ကို။ ပူဇေမိ၊ ပူဇော်ပါ၏ အရှင်ဘုရား။
(ဃ) ထိခြင်းငါးမျိုး
ရှိခိုးဦးချရာ၌ ထိခြင်းငါးမျိုးနှင့် ညီညွတ်အောင် ရှိခိုးဦးချရသည်။ မြေပေါ်မှာ ရှိခိုးက မြေနှင့် ထိအောင်၊ ကြမ်းပေါ်မှာ ရှိခိုးက ကြမ်းနှင့် ထိအောင်၊ ဖျာပေါ်မှာ ရှိခိုးက ဖျာနှင့် ထိအောင်၊ ကော်ဇောပေါ်မှာ ရှိခိုးက ကော်ဇောနှင့် ထိအောင် ရှိခိုးဦးချရသည်။
ယင်းထိခြင်းငါးမျိုးဆိုသည်မှာ - ဒူးနှစ်ဖက်၊ တံတောင် နှစ်ဖက်နှင့် နဖူးဟူသော ငါးမျိုးတို့ကို ကြမ်းပြင်သို့ထိအောင် ရှိခိုးဦးချခြင်း ဖြစ်သည်။
အလွန်ရိုသေလေးစားထိုက်သော ဆရာတော်ကြီးများထံမှ ရှိခိုး ဦးချပြီး ထပြန်သောအခါ ချက်ချင်း မျက်နှာလှည့်ပြီး ထ-မပြန်ရပါ၊ ရှိခိုးဦးချပြီး၍ မတ်တပ်ရပ်လိုက်ပြီးလျှင် ဆရာတော်ကြီးဘက်သို့ပင် မျက်နှာမူ ဦးညွတ်လျက် နောက်သို့ နှစ်လှမ်းသုံးလှမ်း ဆုတ်ပြီးမှ လှည့်ပြန်ရပါသည်။
စားသောက်ဖွယ်များ ကပ်လှူနည်း
ရဟန်းသံဃာတော်များသည် စားသောက်ဖွယ်များကို မိမိဖာသာ မိမိကိုယ်တိုင် ယူ၍ ဘုဉ်းပေးသုံးဆောင်ခွင့် မရှိပါ။ မစားရပါ။ ဘုဉ်းပေးသုံးဆောင်လျှင် (စားလျှင်) ဝိနည်းသိက္ခာပုဒ်အရ အပြစ်သင့်ပါသည်။ (အာပတ်သင့်သည်ဟု သုံးနှုန်း၏။)
လူပုဂ္ဂိုလ်များက ဝိနည်းသိက္ခာပုဒ်နှင့် ညီညွတ်အောင် ကိုယ်ထိလက်ရောက် ကပ်လှူမှ ရဟန်းသံဃာတော်များက ဘုဉ်းပေးသုံးဆောင်ခွင့် (စားခွင့်) ရှိပါသည်။
စာမျက်နှာ-152
လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ဆွမ်းစသော စားသောက်ဖွယ်ပစ္စည်းကို ရဟန်း သံဃာတော်၏ လက်သို့ ထိအောင် ရောက်အောင် ပေးခြင်းကို ကပ်လှူသည်ဟု ခေါ်သည်။ ယင်းသို့ ကိုယ်ထိ လက်ရောက် ပေးလှူခြင်းကို ကပ်သည်ဟုလည်း အတိုကောက် သုံးနှုန်း၏။
ယင်းသို့ ကပ်လှူရာ၌ အင်္ဂါ (၅)မျိုးနှင့် ပြည့်စုံမှ ကပ်လှူမှု ထမြောက် အောင်မြင်ပါသည်။ အင်္ဂါ ငါးမျိုးနှင့် ပြည့်စုံအောင် ပေးလှူခြင်းကို အကပ်မြောက် သည်ဟု အတိုကောက် သုံးနှုန်း၏။
အကပ်မြောက် အင်္ဂါငါးမျိုး
၁။ ကပ်လှူမည့်သူက ကပ်လှူခြင်း ခံယူမည့် ရဟန်း၏လက်သို့ ရောက်အောင် ထိအောင် စားဖွယ်ပစ္စည်းကို ရှေးရှုဆောင်ပေးခြင်း၊
မှတ်ချက်။ ။လက်ဖြင့် ရှေ့ထိုးပေးမှ ရှေးရှုဆောင်ရာရောက်သည် မဟုတ်သေး။ ဦးခေါင်းပေါ်၌ ရွက်ထားသော စားဖွယ်ခွက်ကို ပေးလှူလို၍ အနည်းငယ် စောင်းပေးလိုက်လျှင် ရှေးရှုဆောင်ပေးရာ ရောက်သောကြောင့် ရဟန်းက ထိုခွက်ကို လက်ဖြင့် ထိကာ အလိုရှိရာ ယူစားနိုင်၏။
၂။ ကပ်လှူမည့်သူသည် ကပ်လှူခြင်း ခံယူမည့် ရဟန်း၏ နှစ်တောင့်ထွာ အတွင်း ရောက်ရှိနေရခြင်း၊ (နှစ်တောင့်ထွာ ဟတ္ထပါသ် သုံးနှုန်းခေါ်ဆို၏။)
၃။ အားအလတ်စားရှိသူ တစ်ယောက်တည်း မြှောက်ချီ မ-ယူနိုင်သော ပစ္စည်းဝတ္ထု ဖြစ်စေရခြင်း၊
မှတ်ချက်။ ။ ဆွမ်းနှင့် ဆွမ်းဟင်းပန်းကန်များတင်ထားသော စားပွဲခုံသည် ခွန်အား အလတ်စားရှိသူ တစ်ယောက်တည်း မြှောက်ချီ မ-ယူနိုင်ပါက နှစ်ယောက်သုံးယောက် ဝိုင်းဝန်းမြှောက်ချီ မ-ယူ၍ ဆက်ကပ်မှုမျိုးသည် အကပ်မြောက်ပါသည်။ အလှူရှင်များ အတူတကွ မ-ယူ ကပ်လှူနိုင်သည်။
စာမျက်နှာ-153
၄။ ကိုယ်ဖြင့်ဖြစ်စေ၊ ကိုယ်နှင့်စပ်သော (ကိုင်ထားသော) ခွက်စသည်ဖြင့်ဖြစ်စေ အနီးကပ် ပစ်၍ ဖြစ်စေ ဤသုံးမျိုးတွင် တစ်မျိုးမျိုးဖြင့် ကပ်လှူသူက ပေးခြင်း၊
မှတ်ချက်။ ။ ပစ်၍ ပေးခြင်းမျိုးကိုကား ရိုင်းစိုင်းရာ ရောက်သောကြောင့် အကပ်မြောက်သော်လည်း ကပ်လှူလေ့ မရှိပါ။
၅။ ကိုယ်၏ အစိတ်အပိုင်း လက်စသည်ဖြင့် ဖြစ်စေ၊ ကိုယ်နှင့် စပ်သော (ကိုင်ထားသော) ခွက်၊ တုတ်စသည်ဖြင့် ခံ၍ ထိ၍ ဖြစ်စေ ဤနှစ်မျိုးတွင် တစ်မျိုးမျိုးဖြင့် အကပ်ခံရသောရဟန်းက ခံယူခြင်း။
ဤငါးမျိုးနှင့် ပြည့်စုံညီညွတ်အောင် ကပ်လှူရမှ အကပ်မြောက် ပါသည်။
အကျဉ်းချုပ်
ရှေ့ရှုဆောင်ခြင်း၊
နှစ်တောင့်ထွာအတွင်း ဖြစ်ခြင်း၊
တစ်ယောက် မ-နိုင်ခြင်း၊
လက်ဖြင့် သို့မဟုတ် ပန်းကန်စသည်ဖြင့် ထည့်၍ ကပ်ခြင်း၊
ရဟန်းက အကပ်ခံခြင်း။
ဤသို့ စားသောက်ဖွယ်များကို ရဟန်းသံဃာတော်များအား ကပ်လှူရာ၌ အမျိုး သမီးဖြစ်ပါက ကြံ့ကြံ့ကလေးထိုင်၍၊ အမျိုးသားဖြစ်ပါက ဒူးတုပ်ထိုင်ပြီး ဖော်ပြ ခဲ့ပြီးသော အင်္ဂါငါးမျိုးနှင့် ပြည့်စုံညီညွတ်အောင် ရိုသေ လေးစားစွာ ကပ်လှူရ ပါမည်။ သက္ကစ္စဂါရဝမြောက်ရမည်။ သို့မှသာ လူနတ်နိဗ္ဗာန် သုံးတန်ရောက်ကြောင်း အကျင့်ကောင်းဖြစ်၍ မွန်မြတ်သော ကောင်းကျိုးကို ရရှိနိုင်မည် ဖြစ်ပါသည်။
စားသုံးဖွယ် အသီးအနှံ အညွန့်များကို ရဟန်းသံဃာတော်များ ဘုဉ်းပေး သုံးဆောင်နိုင်အောင် ပြုလုပ်ပေးနည်း
ရဟန်းသံဃာတော်များသည် သစ်ပင်ကို ခုတ်လှဲခြင်း၊ မီးရှို့ခြင်း စသည်ဖြင့် မဖျက်ဆီးရပါ။ မျိုးစေ့ကိုလည်း မဖျက်ဆီးရပါ။ ဖျက်ဆီးလျှင် အာပတ်သင့်ခြင်း အပြစ်ရပါသည်။
စာမျက်နှာ-154
ရဟန်းသံဃာတော်များသည် သစ်ပင်များကို ကိုယ်တိုင် ဖျက်ဆီးတာကို မဆို ထားနှင့် သူတပါးကို ခိုင်းသော အခါမှာပင် အပ်စပ်အောင် ခိုင်းရပါသည်။ မခိုင်းတတ်လျှင် အာပတ်သင့်ခြင်း အပြစ်ရပါသည်။
ဤသစ်ပင်ကို ဖြတ်စမ်း၊ ခုတ်စမ်း၊ လှဲစမ်း၊ ချိုင်စမ်း၊ ဤအသီးကို ဆွတ်စမ်း၊ ခူးစမ်း၊ ငရုတ်သီးကို ထောင်းစမ်း၊ ကြက်သွန်ကို ထောင်းစမ်း၊ ကြံကို ဖြတ်စမ်း စသည်ဖြင့် မခိုင်းရပါ။
“ဤသစ်ကိုင်းကြီး ပိုထွက်နေတယ်၊ ကပ္ပိစမ်း။ ငရုတ်သီးနှင့် ကြက်သွန်အပ်စပ် အောင် ကပ္ပိစမ်း” စသည်ဖြင့် ခိုင်းရပါသည်။ ကပ္ပိဟု ပြောရသည်၊ “ကပ္ပိ” ဆိုသည်မှာ “အပ်စပ်အောင်လုပ်” ဟု ပြောခြင်းဖြစ်၏။
သစ်ပင်များသည် အမြစ်ဖြင့် အသက်ရှင်ခြင်း၊ အဆစ်မှ အမြစ်ထွက်၍ အသက် ရှင်ခြင်း၊ (ကြံပင်စသည်)၊ ပင်စည်မှ အမြစ်ထွက်၍ အသက်ရှင်ခြင်း (ပိတောက်ပင် စသည်)၊ အညွန့်ဖြင့် အသက်ရှင်ခြင်း (ကန်စွန်းရွက်စသည်)၊ အစေ့မှ အပင်ပေါက်၍ အသက်ရှင်ခြင်းတို့ဖြင့် ရပ်တည်နေကြပါသည်။
မျိုးစေ့ကိုဖြစ်စေ၊ သစ်ပင်ကိုဖြစ်စေ ရဟန်းသံဃာတော်များ ဖျက်ဆီးခွင့် မရှိ သောကြောင့် ငရုတ်သီး၊ ကြက်သွန်၊ မာလကာသီး၊ ကြံ စသည်တို့ကို ရဟန်း၊ သံဃာတော်များအား ကပ်လှူလိုပါက အပ်အပ်စပ်စပ် ဘုဉ်းပေးသုံးဆောင်ခွင့် ရအောင် အလှူရှင်လူပုဂ္ဂိုလ်များက ပြုလုပ် ဆောင်ရွက်ပေးရပါသည်။
ငရုတ်သီးစိမ်း စသည်တို့ကို-
(၁) မီးဖြင့်တိုက်ခြင်း၊ ကပ်ခြင်း၊
(၂) ဓားဖြင့်ခုတ်ခြင်း၊ လှီးခြင်း၊
(၃) လက်သည်းဖြင့် ဆိတ်ဖြတ် ထိုးဖောက်ခြင်း၊
(၄) အပင် မပေါက်နိုင်သော အစေ့အနုဖြစ်က အလိုအလျောက် အပ်စပ်ခြင်း၊
(၅) သရက်သီးမှည့် စသည်တွင် အပင်ပေါက်နိုင်သော အစေ့ကို ထုတ်ပစ် ခြင်း-
ဤငါးမျိုးတွင် တမျိုးမျိုးဖြင့် အပ်စပ်အောင် ပြုလုပ်ဆက်ကပ်ရသည်။ ငရုတ်သီး၊ ကြက်သွန်တို့ကို ထောင်းခြင်း၊ မီးကင်ခြင်း ပြုလုပ်ပြီးမှ ကပ်လှူပါက အထူးပြုလုပ် စရာ မလိုတော့ပေ။
စာမျက်နှာ-155
မထောင်း၊ မကင်၊ မပြုတ်ဘဲ ငရုတ်သီး၊ ကြက်သွန်၊ ကန်စွန်းရွက်စသည်တို့ကို ရဟန်းသံဃာတော်များအား ကပ်လှူလိုပါက အပ်စပ်အောင် ပြုလုပ်ပေးရပါသည်။ ရှင်သန်ပေါက်ရောက်နိုင်သော အရွက်၊ အညွန့်၊ အသီးဖြစ်ပါက အပ်စပ်အောင် ပြုလုပ်ပေးရပါသည်။ အဆစ်ပါသော ကြံချောင်းဖြစ်ပါက ပေါက်ရောက်နိုင်သေး သောကြောင့် အပ်စပ်အောင် ပြုလုပ်ပေးရပါသည်။ အဆစ်တွေကို ပယ်ပစ်ပါက အထူးပြုလုပ်စရာ မလိုတော့ပေ။
အပ်စပ်အောင်ပြုလုပ်နည်း
ရှင်သန်ပေါက်ရောက်နိုင်သော အရွက်၊ အညွန့်၊ သီးနှံတို့ကို ရဟန်းသံဃာ တော်အား ကပ်လှူပါက ကပ်လှူခြင်းခံယူသော ရဟန်းက ယင်းပစ္စည်း (ဥပမာ- ငရုတ်သီး)ကို ကိုင်၍ “ကပ္ပိယံ ကရောဟိ” ဟု အသံထွက်အောင် ပြောဆိုလိုက် သောအခါ ကပ်လှူသောသူက “ကပ္ပိယံ ဘန္တေပါဘုရား” ဟု ဆိုလျက် လက်သည်းဖြင့် ငရုတ်သီးကို ဆိတ်ပစ်၊ သို့မဟုတ် ချိုးပစ်လိုက်ရပါသည်။
အဓိပ္ပာယ်
(က) ကပ္ပိယံ၊ အပ်စပ်အောင်။ ကရောဟိ၊ ပြုလုပ်ပေးပါလော့။ (ကပ္ပိယံ ကရောဟိ - ရဟန်း သံဃာတော်များနှင့် အပ်စပ်အောင် ဘုဉ်းပေး သုံးဆောင်ခွင့် ရအောင် ပြုလုပ်ပေးပါဟု ဆိုလိုသည်။)
(ခ) ဘန္တေ၊ အရှင်ဘုရား။ ကပ္ပိယံ၊ အပ်စပ်အောင် ပြုလုပ်ပြီးပါပြီ ဘုရား။
(ကပ္ပိယံ ဘန္တေ - ရဟန်းသံဃာတော်များနှင့် အပ်စပ်အောင် ပြုလုပ် ပြီးပါပြီဘုရားဟု ဆိုလိုသည်။)
ဤသည်ကား ရဟန်းသံဃာများနှင့် ဆက်ဆံရာ၌ ဗုဒ္ဓဘာသာတို့ သိသင့်သော အချက်များဖြစ်ပါသည်။
စာမျက်နှာ-156
အပိုင်း (၂) မဇ္ဈေကလျာဏပိုင်း
အခန်း (၁)
ဘုရားအာရုံပြုနည်း
(က) ဘုရားဂုဏ်တော် (၉)ပါး တစ်ပါးစီဖြင့် အာရုံပြုနည်း
ဘုရားရှင်၏ဂုဏ်တော်များကို အာရုံပြုလျက် ဗုဒ္ဓနုဿတိကမ္မဋ္ဌာန်း စီးဖြန်းပွား များရာ၌ ရှေးဦးပထမ သမာဓိမရသေးခင် ဂုဏ်တော်တစ်ပါးတည်းကိုသာ စွဲ၍ အထပ်ထပ် အာရုံပြုနေလျှင် ပျော်မွေ့ဖွယ်ကောင်းသော်လည်း ကျဉ်းမြောင်းသော ဥယျာဉ်တွင် ကြာရှည်စွာ မကြည့်ချင်သကဲ့သို့ ထိုဂုဏ်တော်တစ်ပါးတည်း၌ စိတ် အစဉ် မပျော်မွေ့ဘဲ ပျံ့လွင့်နေတတ်ပါသည်။
ဂုဏ်တော်ကိုးပါးကို တစ်ပါးနှင့်တစ်ပါး ဆက်သွယ်လျက် လွှဲကာဖယ်ကာ အာရုံပြု နေရသောအခါ သိသာကျယ်ဝန်း၍ ပန်းမျိုးစုံသော ဥယျာဉ်ကြီးတွင် ပျော်ပြီးရင်း ပျော်ရင်း ဖြစ်သကဲ့သို့ ထိုဘုရားဂုဏ်တော်ကို အာရုံပြုသူတို့၏ စိတ်ဓာတ်လည်း မပြတ် ကြည်နူးချမ်းမြေ့ရုံသာမက အတော်ကြာလျှင် ဂုဏ်တော်တစ်ပါးပါး၌ သမာဓိ စူးစိုက်လာလိမ့်မည်။
ထို့ကြောင့် ဤနည်းအတိုင်းပင် ဘုရားရှင်ဂုဏ်တော်များကို ဆက်သွယ်၍ အာရုံပြုလိုကြသော အမျိုးသား၊ အမျိုးသမီးတို့သည် ရှေးဦးစွာ မိမိ၏သီလကို ငါးပါးဖြစ်စေ၊ ရှစ်ပါးဖြစ်စေ၊ ဆယ်ပါးဖြစ်စေ အထူးလုံခြုံစွာ ရှိစေရမည်။ ထို့နောက် ဆိတ်ငြိမ်သောအရပ်ကို ရစေရမည်။ မိမိ၏အိမ်မှာ ဖြစ်လျှင်လည်း အားလုံး တိတ်ဆိတ်သောအခါ ဖြစ်စေရမည်။ ရုပ်ပွားတော်၊ စေတီတော်အနီးအပါးဖြစ် လျှင်လည်း ပွဲလမ်းအခါမဟုတ်ဘဲ ဆိတ်ငြိမ်သောအခါ ဖြစ်စေရမည်။ သို့သော် အမျိုးသမီးဖြစ်လျှင် မည်သည့်နည်းနှင့်မျှ ယုံကြည်စိတ်ချလောက်သော အဖော်မပါဘဲ စေတီရုပ်ပွားအနီး၊ သို့မဟုတ် တောတောင် ပိတ်ပေါင်း ကမ္မဋ္ဌာန်းကျောင်းတို့၌ နေထိုင်၍ အာရုံမပြုသင့်ပါ။ အရပ်ရပ်အပြစ်ကင်းသော နေရာကောင်းကို ရွေးချယ် ပြီးနောက် တကယ့်ယောဂီစိတ်ကို ရောက်စေလျက် မိမိ၏ရှေ့မှောက်၌ ဘုရားရှင် ရောက်တော်မူနေသကဲ့သို့ ထင်မြင်စေကာ ဖော်ပြလတ္တံ့ပါအတိုင်း အာရုံပြုရပါမည်-
စာမျက်နှာ-157
(၁) အရဟံဂုဏ်တော်
ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်တော်၊ ဒိဗ္ဗစက္ခု ဉာဏ်တော်၊ “အာသဝက္ခယ”ခေါ် အရဟတ္တ မဂ်ဉာဏ်တော်များကြောင့် ဘုရားရှင်၏ စိတ်တော်အစဉ်သည် ကိလေသာအနောက် အကျုမှ ကင်းစင်သဖြင့် အမြဲကြည်လင်တော်မူပါသည်။(၂) သမ္မာသမ္ဗုဒ္ဓဂုဏ်တော်
ထိုကဲ့သို့ ကြည်လင်သော စိတ်တော် အစဉ်ဝယ် တွဲယှဉ်၍ မကြာ မကြာ ဖြစ်ပေါ်လာသော ဉာဏ်တော်ကား သိဖွယ်ဟူသမျှကို တစွန်းတစ မကျန်ရအောင် လုံးဝကုန်စင် သိမြင်တော်မူနိုင်ပါသည်။
(၃) ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်
ပါရမီပြည့်၍ ဘုရားဖြစ်တော့မည့်ဘဝ၌ သီလစောင့်ခြင်း၊ ဣန္ဒြေစောင့်ခြင်းစသော ကိုယ်ကျင့်တရား စရဏတစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူရကား ဘုရားမဖြစ်မီ ကဆုန်လပြည့် ညဉ့်ဦးယံဝယ် ရှေးဖြစ်ဟောင်းကို အောက်မေ့နိုင်သော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော်၊ သန်းခေါင်ယံဝယ် နတ်ဗြဟ္မာလောကရှိ သတ္တဝါများနှင့် ငရဲ၊ ပြိတ္တာ သတ္တဝါဟူသမျှကို မြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်တော်၊ မိုးသောက်ယံဝယ် ကိုယ်တော်၏သန္တာန်၌ ကိလေသာ ဓာတ်ခိုး ဓာတ်ငွေ့များ လုံးဝ ခြောက်ခန်းစေ နိုင်သော “အာသဝက္ခယ”ခေါ် အရဟတ္တမဂ်ဉာဏ်တော်ဟူသော ဉာဏ်တော်ကြီးများ အဆင့်ဆင့် ပေါ်ပေါက်လာပါသည်။
(၄) သုဂတဂုဏ်တော်
အသက်ပေါင်း များစွာနှင့် စည်းစိမ်ပေါင်း များစွာတို့ကိုစွန့်တော်မူလျက် သတိကြီးစွာ ထားပြီးလျှင် အမှား မရှိအောင် ဉာဏ်ဖြင့် ရှောင်၍ ပါရမီတော်များကို ဖြည့်ကာ ဖြည့်ကာ နိဗ္ဗာန်သို့ ကောင်းစွာကြွတော်မူခဲ့ပါသည်။
(၅) လောကဝိဒူဂုဏ်တော်
ကြီးကျယ်သော ဉာဏ်တော်ကြီးက စိတ်တော် အစဉ်ဝယ် တွဲယှဉ်၍ ပါဝင်သောကြောင့် ရှင်တော်မြတ်ဘုရားသည် ကမ္ဘာလောကဓာတ် အရပ်ရပ်ကိုလည်းကောင်း၊ သတ္တဝါ အနန္တကိုလည်းကောင်း၊ ရုပ်နာမ်ဓမ္မသင်္ခါရလောကကိုလည်းကောင်း သိမြင်တော်မူ ပါသည်။
(၆) အနုတ္တရော ပုရိသဒမ္မသာရထိဂုဏ်တော်
သတ္တလောက (သတ္တဝါ ဟူသမျှ)၏ လိုအင်ဆန္ဒနှင့် သဒ္ဒါ၊ ပညာစသော ဣန္ဒြေတို့၏ အနုအရင့်တို့ကို နိုင်းချင့်ခွဲခြမ်း သိစွမ်းတော်မူရကား ထိုသတ္တဝါအများ၏ အလိုကျအောင် သင့်လျော်သော တရားတော်ကို ဟောပြော ပြသ ဆုံးမတော်မူနိုင်ပါသည်။
စာမျက်နှာ-158
(၇) သတ္တာ ဒေဝမနုဿာနံဂုဏ်တော်
ထိုကဲ့သို့ မိမိတို့ အလိုလိုက်၍ အကြိုက်ကျအောင် ဟောပြော ဆုံးမတော်မူသော ဘုရားရှင်ကို ဆရာမတင်လျှင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ဆရာတင် တော့မည်နည်း။ ဘုရားရှင်သည်သာ မိမိတို့၏ ဆရာစင်စစ် ဖြစ်တော်မူပါပေ သည်။(၈) ဗုဒ္ဓဂုဏ်တော်
ဘုရားရှင်သည် အလောင်းတော်သုမေဓာဘဝက ဒီပင်္ကရာ ဘုရားရှင်ကို ဖူးတွေ့ခါစ၌ သတ္တဝါတို့ကို ကယ်တင် လိုသောဆန္ဒတော် ပြင်းပြလှသဖြင့် “ဗုဒ္ဓေါ ကိုယ်တိုင် သိရသောအခါဝယ်၊ ဗောဓေယျံ- သတ္တဝါတို့ကိုလည်း သိစေတော်မူမည်” ဟု ဓိဋ္ဌာန်တော်မူခဲ့သည်။
(၉) ဘဂဝါဂုဏ်တော်
ထိုကဲ့သို့ လူရောနတ်ပါ ဗြဟ္မာမလပ် အရပ်ရပ် သွန်သင်ဆုံးမ၍ ယဉ်ကျေးကြသော သတ္တဝါတို့၏ တစ်ပါးတည်းသာဖြစ်သော ဆရာသခင် ဘုရားရှင်၏ ဘုန်းတော်၊ ဉာဏ်တော်၊ ကျက်သရေတော် တန်ခိုးကြီးမားပုံကို အာရုံပြု၍ ကုန်နိုင်ဖွယ် မရှိတော့ပြီတကား။
ထိုမျှလောက် ထူးခြားသောဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်မိကြသည်မှာ မိမိတို့ ရှေးကံကောင်းလှပေပြီ။ ထိုဘုရားရှင်၏ ဂုဏ်တော်များကို အာရုံပြုနေရ, အောက်မေ့ နေရသည်မှာ စိတ်ရောကိုယ်ပါ ချမ်းသာလှပါပေ၏။ ဘုရားရှင်ကို ရည်မှန်းလျက် လှူဒါန်းပူဇော်နေရသည်မှာ အကျိုးကြီးမားလှပေ၏။ ထိုဘုရားရှင်၏ ဂုဏ်တော်များကို အာရုံပြုလိုက်ရလျှင် မိမိသန္တာန်မှာ ကိလေသာ အနောက်အကျကို ကင်းဝေးစေလျက် ကုသိုလ်စိတ်တွေ များလှသောကြောင့် အထပ်ထပ်အာရုံပြုနေပါမူ ကိလေသာတွေ နည်းပါးသည်ထက် နည်းပါးပေလိမ့်မည်။ လုံးဝလွတ်လပ်ခွင့် မရသေးသော အိမ်ရှင်တို့ကား အလုပ်ကိစ္စ အားလပ်တိုင်းမှာပင် သန့်ရှင်းသောအဝတ်ကို ဝတ်ပြီးလျှင် ဘုရားရှင်ရှေ့တော်မှာဖြစ်စေ၊ သို့မဟုတ် ဆိတ်ငြိမ်သောအိမ်ခန်းမှာဖြစ်စေ ငြိမ်သက်စွာနေလျက် ဘုရားဂုဏ်တော်များကို အထပ်ထပ်အာရုံပြုကြပါလေ။ အာရုံ မပြုတတ်သေးပါလျှင် ဂုဏ်တော်ကိုးပါး အာရုံပြုနည်းကို ကြည့်ရှုဖတ်နေကြပါကုန်။ လူမှုရေးကိစ္စများလှ၍ အချိန်မရလျှင်လည်း ဂုဏ်တော်တစ်ပါးကို စိတ်ထဲမှာ စွဲ၍ အလုပ်လုပ်ရင်း အာရုံပြုနေပါလျှင် လောကသံသရာ နှစ်ဖြာသော အကျိုးစီးပွားများကို ရနိုင်ပါသည်။
ဂုဏ်တော်ကို အာရုံပြု အကျိုးရသော မိဖုရားစောလုံဝတ္ထု
ပုဂံပြည် နရသီဟပတေ့မင်း၏ “စောလုံ” မည်သော မိဖုရားသည် အပြစ် ကင်း၍ ကောင်းခြင်း အင်္ဂါလက္ခဏာ အသွင်အပြင်နှင့် ပြည့်စုံသောကြောင့်
စာမျက်နှာ-159
မိဖုရားအများတွင် ဘုရင်အမြတ်နိုးဆုံး မိဖုရားတစ်ဦးပေတည်း။ ထိုမင်းသည် နွေလအခါဝယ် ဧရာဝတီမြစ်ကမ်းတွင် စံနန်းတော်တည်၍ မောင်းမမိဿံ အခြွေ အရံများနှင့်အတူ ရေကစားတော်မူမြဲဖြစ်၏။ အခါတစ်ပါးဝယ် မိဖုရားစောလုံကို ကျီစယ်လိုသဖြင့် မျက်နှာ၊ ဆံပင်ပါမကျန် တစ်ကိုယ်လုံး ရွှဲရွှဲစိုအောင် ရေဖြင့် ပက်စေတော်မူသည်။
စောလုံမိဖုရားလည်း ကျီစယ်သည်ကို အပြစ်ဟု ထင်မှား၍ ရန်ငြိုးထားပြီးလျှင် မိန်းမတို့ဓမ္မတာ သာမန်အပြစ်မျိုးဖြင့် အငြိုးကြီးတတ်သည့်အားလျော်စွာ အနာကြီး နာသောကြောင့် စားတော်ပွဲတွင် အဆိပ်ခတ်၍ ဆက်သစေလေသည်။ ဘုရင်မင်းလည်း ပွဲတော် မတည်သေးဘဲ ခွေးကို ကျွေးစေရာတွင် တခဏချင်း ခွေးသေသည်ကို မြင်၍ ပွဲတော်ဆက်သသူကို စစ်ဆေးသောအခါ မိဖုရားစောလုံအပေါ် ကျရောက်၏။ မိဖုရားကို စစ်ဆေးပြန်ရာ “မိမိကို တစ်ကိုယ်လုံး စိုအောင် ရေပက်စေလျက် အရှက်ခွဲသောကြောင့် မကျေနပ်သည့်အတွက် အသက်ကို လုပ်ကြံကြောင်း” ဟု ပြတ်ပြတ်တောင်းတောင်း ခပ်မာမာနှင့် သံတော်ဦးတင်သဖြင့် မင်းတို့မျက်စောင်း အကြောင်း မရွေးတတ်သည့်အတိုင်း ဆိုင်းငံ့ စဉ်းစားခြင်း မရှိ၊ အမြတ်နိုးဆုံး မိဖုရားကိုပင် ထောက်ထားတော်မမူဘဲ ပန်းပဲသမားကို ခေါ်၍ သံကျပ်စင် (ကျပ်ခိုးစင်)ကို လုပ်စေပြီးလျှင် “မီးရဲရဲညီးသော ကျပ်စင်ပေါ်တင်၍ သတ်စေ”ဟု အမိန့် ချမှတ်သည်။
စောလုံမိဖုရားလည်း ပန်းပဲသမားကို ရွှေငွေများစွာပေး၍ ခုနစ်ရက်ကြာအောင် ကျပ်စင်ကို ပြုလုပ်စေပြီးလျှင် တရားနာ၍ နေ့ရောညဉ့်ပါ သီလကို ဆောက်တည်ပြီးမှ ၇-ရက်ပတ်လုံး ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များကို ရွတ်ဖတ် အာရုံပြု၍ နေလျက် ၇-ရက်စေ့သောအခါ မီးရဲရဲညီးသော သံကျပ်စင်ထက်သို့ မကြောက်မရွံ့တက်လေရာ အလွန်အေးမြ မွှေးကြိုင်လှသော ဂေါသီတစန္ဒကူးကို ထည့်ခတ်လိုက်သလို တစ်ခါတည်း မီးငြိမ်း၍ သွားလေသည်။
ဤနည်းအတိုင်း ရတနာသုံးပါး၏ ဂုဏ်တော်များကို အာရုံပြုနေမှုကြောင့် သုံးကြိမ်တိုင်အောင် ထပ်ခါထပ်ခါ မီးငြိမ်းပြီးနောက် “ချမ်းသာခွင့်ရမည်မဟုတ်လျှင် တစ်ခဏချင်း လောင်ကျွမ်းစေလော့” ဟု စိတ်ကို လျှော့ချ အဓိဋ္ဌာန်သည့်အခါကျမှ တစ်ခဏချင်း ကွယ်ပျောက်ရရှာလေသည်။ မိဖုရားမရှိသည့်နောက် ဘုရင်လည်း စက်တော်ခေါ်ရာ၌ ကယောင်ယတမ်းဖြစ်ပြီးလျှင် မိဖုရားကို တမ်းတ၍ နေရစ်ရှာလေသတည်း။
(ဤဝတ္ထု၌ ရာဇဝင်ဆရာတို့ ယူပုံနှင့် အနည်းငယ် ကွဲလွဲ၏။ တွေ့ဖူးသော စာအတိုင်း ရေးသားလိုက်သည်။)
စာမျက်နှာ-160
အထူးသတိပေးချက်
ဤပြဆိုခဲ့ပြီးသော စကားအစဉ်ဖြင့် ဘုရားရှင်နှင့်စပ်၍ တတ်သိနားလည် ထိုက်သောအချက်များကို အထိုက်အလျောက် နားလည်သဘောပေါက်လောက်ပေပြီ။ ဗုဒ္ဓဘာသာဝင်တို့သည် သက်တော်ထင်ရှား ဘုရားရှင်ကို ရည်မှန်းလျက်(ဝါ)အာရုံ ပြုလျက် ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး၊ နံ့သာတိုင်စသည်တို့ကို ပူဇော်လေ့ရှိကြ၏။ ထိုသို့ ပူဇော်ရာ၌ ဝတ်ကျေတမ်းကျေ အိမ်နီးချင်း ရိုသေရုံ သဘောမထားဘဲ ရုပ်ပုံတော်၊ စေတီတော်ကို ပူဇော်သောအခါ ဘုရားကျောင်းတော်ကို သွား၍ သက်တော်ထင်ရှား ရှင်တော်ဘုရားအား လှူဒါန်းပူဇော်သကဲ့သို့ စိတ်ထဲ၌ ထင်ယောင် မြင်ယောင် ဖြစ်လာအောင် ပူဇော်ရာ၏။ ထိုသို့ ပူဇော်ရာဝယ် ဆွမ်းကို နေလွဲ သောအခါ ကပ်လှူလျှင် အပြစ်တင်လေ့ရှိသကဲ့သို့ ထို့အတူ မှောင်သောအခါ မှောင်သော နေရာမဟုတ်ဘဲ “နေ့လယ်ကြောင်တောင်အခါ ဆီမီးပူဇော်မှုကို ပြုသင့်သည်” ဟု မထင်ပေ။ထို့ပြင် ရုပ်ပွားတော်တည်ရာ ဂူ, လိုဏ်, အာရုံခံတန်ဆောင်း, စေတီရင်ပြင်တော် စသည်၌ ဖယောင်းစက်တွေ ဗလပွကျအောင် ပူဇော်မှု၊ ပန်းတွေကို ဖရိုဖရဲ ပစ်ထားခဲ့မှု၊ ရေတွေ ပုပ်နံအောင် ရက်ရှည်လများ ထားမှုကို ယခုအခါ တန်ခိုး ကြီးသော ဘုရားတိုင်းမှာပင် တွေ့မြင်ရ၏။ ထိုအမှုများကို မိမိတို့အိမ်မှာပြုလျှင် ကျေနပ်နိုင်ကြမည်မဟုတ်ဘဲ ဘယ်အတွက် ဘုရားနှင့်စပ်သော အဆောက်အအုံမှာ ပြုဝံ့ကြ၊ ပြုရက်ကြပါပေသနည်း။ ထို့ကြောင့် ပန်း ဆီမီး စသည်ကို ပူဇော်ရာ၌ မညစ်မပေစေဘဲ ဖူးမြင်သူ လူအများတို့ သဒ္ဓါတိုးပွားအောင် သားနားသပ်ရပ်စွာ ပူဇော်ကြမှသာ နောင်သံသရာ၌ အကျိုးပေးစင်ကြယ်နိုင်ပါလိမ့်မည်။
ထို့ပြင် ဘုရားနှင့်စပ်သော အဆောက်အအုံများ၌လည်း ခမ်းနား သပ်ရပ်သော ဝတ္ထုမှတစ်ပါး တိုလီမုတ်စ မလှပသောပစ္စည်းဝတ္ထု၊ မရှိမှသာ ပို၍ ကျက်သရေရှိရာ ရောက်သောကြောင့် တစ်ယောက်တည်း မတတ်နိုင်လျှင် လူအများ စုပေါင်း၍ ကြီးကျယ်ခမ်းနားသော ဘုရားကျောင်းစေတီတော်စသည်များကိုသာ တည်ထား ကိုးကွယ်ခြင်း၊ ကြည်ညိုဖွယ် မဖြစ်လောက်အောင် ပျက်စီး ယိုယွင်းနေသော ဘုရားကျောင်း စသည်များကို စုပေါင်းပြုပြင်ခြင်း၊ ရှိပြီးနေရာများ၌ နောက်ထပ် တည်ထားမည့်အစား မရှိသေးသော နေရာဝယ် တည်ထားကိုးကွယ်ခြင်း စသည်တို့ဖြင့် အရှည်ကို မြင်မြော်၍ ပူဇော်ကိုးကွယ်သင့်ကြပေသည်။
စာမျက်နှာ-161
အမှာ
ယခုအခါ တချို့ကိုးကွယ်ပုံမှာ မိမိအတွက် ကုသိုလ်ရမှုတစ်ခုတည်းကိုသာ ရည်ရွယ်ဟန်တူ၏။ ဘာသာ၊ သာသနာ အသရေရှိမှုကို ရည်ရွယ်ဟန် မတူ။ ထို့ကြောင့် ထိုသူ၏ အလှူဝတ္ထု ပူဇော်ကိုးကွယ်မှုအတွက် အမျိုး၊ ဘာသာ၊ သာသနာမှာ ဂုဏ်မတက်ဘဲ ဂုဏ်ပျက်ရလေသည်။ ယခုခေတ်သည် သူတစ်ပါးအလုပ်ကို ဝေဖန်ကြသော ခေတ်ဖြစ်၏။ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် အမျိုး၊ ဘာသာ၊ သာသနာကို မညှိုးနွမ်း ရအောင် ဝေဖန်ခံနိုင်အောင် စောင့်စည်းထိန်းသိမ်းသင့်ပါကြောင်း တိုက်တွန်းအပ် ပေသည်။
(ခ) အားတော်ဆယ်ပါးနှင့် ဉာဏ်တော်ဆယ်ပါးဖြင့် အာရုံပြုနည်း
မြတ်ဗုဒ္ဓသည် လူသားစင်စစ်ဖြစ်သော်လည်း သာမန်လူသားမဟုတ်၊ တုနှိုင်း၍ မရသော မဟာလူသားပေတည်း။ အဘယ်ကြောင့် ထိုသို့ဆိုရသနည်း၊ မြတ်ဗုဒ္ဓ၏ အားတော်၊ ဉာဏ်တော်တို့သည် သာမန်လူသားတို့၏ အား, ဉာဏ်နှင့် မတူသော ကြောင့်ပေတည်း။ မြတ်ဗုဒ္ဓကို အာရုံပြုကြည်ညိုလျှင် ထိုအားတော်၊ ဉာဏ်တော်တို့ကို အာရုံပြု ကြည်ညိုမှ ပိုမို အနှစ်သာရ ပြည့်စုံမည် ဖြစ်ပေသည်။
မြတ်ဗုဒ္ဓတွင် ကာယဗလဘက်၌ အားတော်ဆယ်ပါးရှိ၏။ ယင်းအားတော်တို့ကို ဆင်ဆယ်မျိုးဖြင့် နှိုင်းယှဉ်ဖော်ပြမှ ပေါ်လွင်ထင်ရှား သိသာပေမည်။
(၁) ပကတိလူ ၁၀-ယောက်၏ အားသည် ကာဠာဝက မည်သော ဆင်မဲတစ်ကောင်၏ အားနှင့် ညီမျှ၏။
(၂) ထိုကာဠာဝကဆင် ၁၀-ကောင်၏ အားသည် ဂင်္ဂေယျဆင် တစ်ကောင်၏ အားနှင့် ညီမျှ၏။
(၃) ထိုဂင်္ဂေယျဆင် ၁၀-ကောင်၏အားသည် ဖျော့တော့သော အဆင်း ရှိသည့် ပဏ္ဍရဆင် တစ်ကောင်၏အားနှင့် ညီမျှ၏။
(၄) ထိုပဏ္ဍရဆင် ၁၀-ကောင်၏အားသည် ကြေးနီရောင်အဆင်းရှိသည့် တမ္ပဆင် တစ်ကောင်၏ အားနှင့် ညီမျှ၏။
(၅) ထိုတမ္ပဆင် ၁၀-ကောင်၏အားသည် ကြောင်သောအဆင်းရှိသည့် ပိင်္ဂလဆင် တစ်ကောင်၏ အားနှင့် ညီမျှ၏။
စာမျက်နှာ-162
(၆) ထိုပိင်္ဂလဆင် ၁၀-ကောင်၏အားသည် အနံ့မွှေးသော ဂန္ဓဆင် တစ်ကောင်၏ အားနှင့် ညီမျှ၏။
(၇) ထိုဂန္ဓဆင် ၁၀-ကောင်၏အားသည် တင့်တယ်စွာသွားတတ်သော မင်္ဂလဆင် တစ်ကောင်၏ အားနှင့် ညီမျှ၏။
(၈) ထိုမင်္ဂလဆင် ၁၀-ကောင်၏ အားသည် ရွှေရောင်အဆင်းရှိသော ဟေမဆင်တစ်ကောင်၏ အားနှင့် ညီမျှ၏။
(၉) ထိုဟေမဆင် ၁၀-ကောင်၏ အားသည် ကောင်းကင်ပျံ ဆင်ဖြူမျိုး ဖြစ်သော ဥပေါသထဆင်တစ်ကောင်၏ အားနှင့် ညီမျှ၏။
(၁၀) ထိုဥပေါသထဆင် ၁၀-ကောင်၏ အားသည် အစွယ်မှ အရောင် ခြောက်မျိုးထွက်သော ဆဒ္ဒန်ဆင်ဖြူတော်တစ်ကောင်၏ အားနှင့် ညီမျှ၏။
မြတ်ဗုဒ္ဓ၏ အားတော်ကား ထိုဆဒ္ဒန်ဆင် ၁၀-စီးအား ရှိတော်မူ၏။ ကာဠာဝကဆင်၏ အားနှင့်နှိုင်းယှဉ်ဖော်ပြရလျှင် မြတ်ဗုဒ္ဓ၏ အားတော်သည် ကာဠာဝကဆင် ကုဋေတစ်ထောင်၏ အားနှင့်ညီမျှလေသည်။ ပကတိလူတို့အားနှင့် နှိုင်းယှဉ်ဖော်ပြရလျှင်မူ ပကတိလူပေါင်း ကုဋေတစ်သောင်း၏ အားနှင့် ညီမျှ ကြောင်း သိရှိမှတ်သားနိုင်ပေသည်။
မြတ်ဗုဒ္ဓ၏အားတော်ကို ဆင် ၁၀-မျိုးဖြင့် အဆင့်ဆင့် တွက်ချက်ပုံ
ဆဒ္ဒန်ဆင် - ၁
ဥပေါသထဆင် - ၁၀
ဟေမဆင် - ၁၀၀
မင်္ဂလဆင် - ၁၀၀၀
ဂန္ဓဆင် - ၁၀,၀၀၀
ပိင်္ဂလဆင် - ၁၀၀,၀၀၀
တမ္ပဆင် - ၁,၀၀၀,၀၀၀
ပဏ္ဍရဆင် - ၁၀,၀၀၀,၀၀၀
ဂင်္ဂေယျဆင် - ၁၀၀,၀၀၀,၀၀၀
ကာဠာဝကဆင် - ၁,၀၀၀,၀၀၀,၀၀၀
ပကတိလူ - ၁၀,၀၀၀,၀၀၀,၀၀၀
စာမျက်နှာ-163
ဆဒ္ဒန်ဆင် ၁၀-ကောင်မှာ ကာဠာဝကဆင် ၁,၀၀၀,၀၀၀,၀၀၀,၀၀၀
ဆဒ္ဒန်ဆင် ၁၀-ကောင်မှာ ပကတိလူ ၁၀,၀၀၀,၀၀၀,၀၀၀,၀၀၀
မြတ်ဗုဒ္ဓ၏ အားတော်မှာ ကာဠာဝကဆင် ကုဋေတစ်ထောင်။
မြတ်ဗုဒ္ဓ၏ အားတော်မှာ ပကတိလူ ကုဋေတစ်သောင်း။
ထို့ကြောင့် မြတ်ဗုဒ္ဓ၏အားတော်သည် သာမန်အားမဟုတ်ပေ၊ သုံးလောကတွင် တုနှိုင်းမဲ့ခွန်အားဗလရှင် ဖြစ်တော်မူပေသည်၊ မည်သူမျှ မတုနိုင်၊ မတုပနိုင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဖြစ်ပေသည်။ ထို့ကြောင့်ပင် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ခြင်း ဖြစ်ပေသည်။
မြတ်ဗုဒ္ဓသည် ကာယဗလ (ကိုယ်အား) တော် ရှုထောင့်မှသာ တုနှိုင်းမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသည်မဟုတ်၊ ဉာဏ်တော် ရှုထောင့်မှ ကြည့်လျှင်လည်း သုံးလောကတွင် တုမမြင် နှိုင်းမရအောင် အထူးမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်တော်မူပေသည်။ မည်သူတွေ ဉာဏ် ဘယ်လောက်ကောင်းကောင်း၊ ဉာဏ် ဘယ်လောက်ထက်ထက် မြတ်ဗုဒ္ဓ၏ ဉာဏ်တော်ကိုကား လိုက်၍ မမီနိုင်ပါပေ။
မြတ်ဗုဒ္ဓတွင် ဉာဏ်တော် ၁၀-ပါးရှိ၏။ ယင်းတို့ကား-
(၁) အကြောင်းဟုတ်၊ မဟုတ်ကို သိသောဉာဏ်တော် (ဌာနာဌာန ကောသလ္လဉာဏ်)၊
(၂) ကောင်းကျိုး၊ မကောင်းကျိုးကို သိသောဉာဏ် (ဝိပါကဉာဏ်)၊
(၃) သတ္တဝါတို့ လားရာရောက်ရာကို သိသောဉာဏ် (သဗ္ဗတ္ထဂါမိနီ ပဋိပဒါဉာဏ်)၊
(၄) အထူးထူးသော ဓာတ်သဘောတို့ကို သိသောဉာဏ်တော် (အနေကဓာတု နာနာဓာတုဉာဏ်)၊
(၅) သတ္တဝါတို့၏ အလိုဆန္ဒအားလုံးကို သိသောဉာဏ်တော် (နာနာဓိမုတ္တိက ဉာဏ်)၊
(၆) သတ္တဝါတို့၏ ဣန္ဒြေအနုအရင့်ကို သိသောဉာဏ်တော် (ဣန္ဒြိယ ပရောပရိယတ္တဉာဏ်)၊
စာမျက်နှာ-164
(၇) ဈာန်၊ ဝိမောက္ခ၊ သမာဓိ၊ သမာပတ် စသည်တို့၏ ညစ်ညူး ကြောင်းကို သိသော ဉာဏ်တော် (ဈာန ဝိမောက္ခ သမာဓိ သမာပတ္တိ ဉာဏ်)၊
(၈) ရှေးဖြစ်ဟောင်း ဘဝခန္ဓာအစဉ်ကို သိသော ဉာဏ်တော် (ပုဗ္ဗေ နိဝါသာနုဿတိဉာဏ်)၊
(၇) သတ္တဝါတို့၏ စုတေခြင်း၊ ပဋိသန္ဓေနေခြင်းတို့ကို သိသောဉာဏ်တော် (စုတူပပါတ၊ သို့မဟုတ် ဒိဗ္ဗစက္ခုဉာဏ်)၊
(၁၀) အာသဝေါတရားတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော ဉာဏ်တော် (အာသဝက္ခယဉာဏ်)
ဟူ၍ ဖြစ်ပါသည်။
ဉာဏ်တော်များကို အသုံးပြုတော်မူပုံ
မြတ်ဗုဒ္ဓသည် ဝေနေယျသတ္တဝါတို့အတွက် ဉာဏ်တော် ၁၀-ပါးကို အသုံးပြု တော်မူ၏။ အသုံးပြုတော်မူပုံမှာ-
သတ္တဝါတစ်ဦးတစ်ယောက်သည် အာသဝေါတရား ကုန်နိုင်၊ မကုန်နိုင်၊ သို့မဟုတ် ရဟန္တာဖြစ်နိုင်, မဖြစ်နိုင်ကို ဌာနာဌာနကောသလ္လဉာဏ်တော်ဖြင့် ကြည့်ရှုဆင်ခြင် တော်မူပါသည်။
ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တွင် ဈာန်မဂ်ဖိုလ် ရမှုအတွက် အန္တရာယ် (အဟိတ်၊ ဒွိဟိတ်ပဋိသန္ဓေနေမှု) ရှိမရှိကို ဝိပါကဉာဏ်တော်ဖြင့် ကြည့်ရှုဆင်ခြင်တော်မူပါသည်။
ဈာန်မဂ်ဖိုလ်ရမှုအတွက် အမိသတ်ခြင်းစသော ကံကြီး (ပဉ္စာနန္တရိယကံ)၊ ထိုက်မှု ရှိ,မရှိကို သဗ္ဗတ္ထဂါမိနီပဋိပဒါဉာဏ်တော်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူပါသည်။
အထက်ပါ ဉာဏ်တော် (၃)မျိုးဖြင့် ကြည့်ရှုပြီး ဖော်ပြခဲ့သော အန္တရာယ်ကို ကင်းရှင်းပါမှ ကယ်သင့်ကယ်ထိုက် ချွတ်သင့်ချွတ်ထိုက်သော သတ္တဝါတို့၏ အကျင့်စရိုက် (စိတ်အလိုနှင့် ကိုက်ညီမည့်တရားကို ဟောကြားဖို့ရန် သတ္တဝါတို့၏ စရိုက်ကို အနေကဓာတု, နာနာဓာတုဉာဏ်တော်ဖြင့် ကြည့်ရှုဆင်ခြင်တော်မူပါသည်။
စာမျက်နှာ-165
သတ္တဝါတို့၏ နှလုံးသွင်း သဘောထားကို သိပြီး သင့်လျော်သော တရားကို ဟောဖို့ရန် နာနာဓိမုတ္တိကဉာဏ်တော်ဖြင့် ကြည့်ရှုဆင်ခြင်တော်မူပါသည်။
သင့်လျော်သော တရားကို ဟောဖို့ရန် သတ္တဝါတို့၏ သဒ္ဓါတရား ကောင်း, မကောင်း စသောအချက်တို့ကို ဣန္ဒိယပရောပရိယတ္တဉာဏ်တော်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူပါသည်။
ဈာန်တရား၊ ဝိမောက္ခတရား၊ သမာဓိ စသော တရားတို့၏ ညစ်ညူးဖြူစင် ကြောင်းတို့ကို ... ဈာနဝိမောက္ခသမာဓိသမာပတ္တိဉာဏ်ဖြင့် .. ကြည့်ရှုဆင်ခြင်တော် မူပါသည်။ ထိုသို့ ဆင်ခြင်ပြီး ကယ်သင့် ကယ်ထိုက် ချွတ်သင့် ချွတ်ထိုက်သော ဝေနေယျသတ္တဝါတို့ရှိရာသို့ တန်ခိုးအထူးဖြင့် အမြန် ကြွမြန်းတော်မူပါသည်။
ထိုသို့ ကြွမြန်းပြီးနောက် သတ္တဝါတို့၏ ရှေးဘဝဖြစ်ပုံနှင့် လောလောဆယ် စိတ်ဖြစ်ပုံကို ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော်ဖြင့် လည်းကောင်း၊ စုတူပပါတ၊ သို့မဟုတ် ဒိဗ္ဗစက္ခုဉာဏ်တော်ဖြင့်လည်းကောင်း ကြည့်ရှု ဆင်ခြင်တော်မူပါသည်။ ဝေနေယျသတ္တဝါတို့အား အရဟတ္တမဂ်ရရန် တရားဟောခြင်းအလို့ငှာ အာသဝက္ခယဉာဏ်တော်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူပါသည်။
ဤဉာဏ်တော်တို့ကို အသုံးပြုတော်မူပုံကို ကြည့်ခြင်းအားဖြင့် မြတ်ဗုဒ္ဓသည် မိမိပိုင်ဆိုင်သမျှသော ဉာဏ်အားလုံးကို ဝေနေယျသတ္တဝါတို့အတွက် အစွမ်းကုန် အသုံးပြုတော်မူသည့် ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ဖြစ်ကြောင်း အာရုံပြု နှလုံးသွင်း၍ ကြည်ညို ပူဇော်နိုင်ပါ၏။
စာမျက်နှာ-166
အခန်း (၂) ပုတီးစိပ်နည်း
ပုတီးနှင့်ပတ်သက်၍ ဗုဒ္ဓဘာသာ၌ ၃၂-ကောဋ္ဌာသကိုရည်၍ ၃၂-လုံး။ ဗုဒ္ဓနှင့် သံဃံဂုဏ်ကို ရည်စူး၍ ၉-လုံး။ ဓမ္မဂုဏ်ကို ရည်စူး၍ ၆-လုံး။ ဗုဒ္ဓမြတ်စွာ၏ စက်လက္ခဏာတော်ကို ရည်စူး၍ ၁၀၈-လုံး စသည်ဖြင့် အသီးသီးပြုလုပ်ကြ လေသည်။ သို့သော် ပုတီးလုံးရေ မည်ရွေ့မည်မျှ ပြုလုပ်ရမည်ဟူ၍ကား ပညတ်ချက် ကန့်သတ်ချက် မရှိပေ။ပုတီးပြုလုပ်ရာတွင် ကြိုးထုံးမှ စခဲ့သည်။ နောက်ပိုင်းတွင် သန္တာ၊ ပယင်း၊ ပုလဲ၊ လူရိုး (မိဘဆရာသမားတို့၏ အရိုး)၊ သစ်သားမျိုးစုံ (နေ့နံအလိုက်)၊ ငွေ၊ ယွန်း၊ အုန်း၊ ထန်း စသည်တို့ဖြင့် ပြုလုပ်ကြသည်။ သို့သော် ပုတီးပြုလုပ်ရန် အတွက် မည်သည့်ပစ္စည်းမျိုးဖြင့်သာ ပြုလုပ်ရမည်ဟူ၍ ပညတ်ကန့် သတ် သတ်မှတ် ထားချက် မရှိပေ။
ပုတီးစိပ်ခြင်း
ပုတီးအကြောင်းကို အနည်းငယ်သိရှိပြီးသောအခါ ပုတီးကို မည်ကဲ့သို့ စိပ်ကြ မည်နည်း၊ အဘယ်ကိုအာရုံပြု၍ အဘယ်ကို ရွတ်ဆို၍ ပုတီးစိပ်ကြမည်နည်း ဟူသောအမေး၏အဖြေကို သိထားသင့်ပေသည်။ သို့မှသာ ပုတီးစိပ်ခြင်း၏ အကျိုးကို ခံစားရမည်ဖြစ်ပေသည်။
ပုတီးစိပ်ခြင်းဆိုသည်မှာ-
(၁) နှလုံးသွင်း ဆင်ခြင်ပွားများမှု၊ (၂) ပုတီးစေ့ချမှတ်မှု-
ဟူ၍ လုပ်ငန်းနှစ်ရပ်ကို တပြိုင်နက် ပူးတွဲ ဆောင်ရွက်ရသည်ဖြစ်သောကြောင့် အာရုံမရဘဲ ပုတီးလုံးလေးများ ရေတွက်ရုံသက်သက်ဖြင့် ပုတီးစိပ်သည်ဟုဆိုလျှင် မပြည့်စုံကြောင်း အကျိုးထူးရနိုင်မည်မဟုတ်ကြောင်း သိအပ်ပေသည်။ အာရုံမိ သော ပုတီးစိပ်ခြင်းသည်သာ အရည်အချင်းကို အကျိုးပြုသော အရေအတွက် တစ်ရပ် ဖြစ်သည်၊ တစ်နည်းအားဖြင့် အဓိဋ္ဌာန်ပါရမီကို ဖြည့်ဆည်းရာ၌ အကူအညီကောင်း တစ်ရပ်ဖြစ်လေသည်။
စာမျက်နှာ-167
ပုတီးစိပ်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကုသိုလ်ရရန်ပင် ဖြစ်ပါသည်။ သို့သော် ပုတီးစိပ်ခြင်းအလုပ်သည် အပြစ်ကင်း၍ ပုတီးစိပ်စဉ် အာရုံစူးစိုက် နေခိုက် စိတ်ချမ်းသာ နေလိမ့်မည်၊ ဘေးအန္တရာယ်ကင်းခြင်း, သိဒ္ဓိအမျိုးမျိုးကို ရရှိခြင်း အကျိုးကျေးဇူး များကိုလည်း ရရှိနိုင်ပေသည်။
ပုတီးစိပ်ခြင်းတွင် “နှလုံးသွင်း ဆင်ခြင်ပွားများမှု”ဟူသော အရာ၌ မိမိတို့ နှစ်သက်အားသန်ရာကို အာရုံပြု နှလုံးသွင်းနိုင်ကြပါသည်။ အချို့လည်း ဗုဒ္ဓါ နုဿတိဂုဏ်တော်၊ အချို့လည်း ဓမ္မာနုဿတိဂုဏ်တော်၊ အချို့လည်း သံဃာနုဿတိ ဂုဏ်တော်၊ အချို့လည်း ၃၂ ကောဋ္ဌာသ၊ လက္ခဏာရေးသုံးပါး၊ ဗောဓိပက္ခိယတရား ၃၇-ပါး၊ သစ္စာလေးပါး စသည်ဖြင့် အမျိုးမျိုးအာရုံပြု နှလုံးသွင်းကြပါသည်။ ဗုဒ္ဓဘာသာဝင် အများအပြားတို့ကမူ ... များသောအားဖြင့် ဂုဏ်တော်များကိုသာ အာရုံပြု နှလုံးသွင်းရွတ်ဆိုကြသည်သာ များပါသည်။
အာရုံပြု ရွတ်ဆိုရန် ဘုရားဂုဏ်တော်ကိုးပါး အနှစ်ချုပ်
၁။ အရဟံဂုဏ်တော်
မြတ်စွာဘုရားသည် ကိလေသာတို့မှ ကင်းဝေး လေပြီ၊ ကိလေသာတို့ကို ပယ်ရှားပြီး ဖြစ်လေပြီ၊ သံသရာစက်၏ အကန့်အထောက်တို့ကို ဖျက်ဆီးပြီး ဖြစ်လေပြီ၊ လူသူလေးပါး မသိမမြင်နိုင်သည့် ဆိတ်ကွယ်ရာကို ရစေကာမူ မည်သည့်နည်းနှင့်မျှ မကောင်းမှု အလုပ်ကို မလုပ်တော့ပြီ၊ အထွက်အမြတ် ပေးလှူပူဇော်မှု ဟူသမျှကိုလည်း ကောင်းစွာ ခံယူတော်မူထိုက်လေပြီ။ (သော ဘဂဝါ ဣတိပိ အရဟံ)
၂။ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်
သိရမည့်တရားဟူသမျှကို မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ထိုးထွင်း၍ မှန်မှန်ကန်ကန် သိရှိတော်မူလေပြီ။
(သော ဘဂဝါ ဣတိပိ သမ္မာ သမ္ဗုဒ္ဓေါ)
၃။ ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်
ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏအကျင့်တရား တစ်ဆယ့်ငါးပါးတို့နှင့် ကောင်းစွာပြည့်စုံတော် မူပါပေသည်။ (သောဘဂဝါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော)
၄။ သုဂတဂုဏ်တော်
နိဗ္ဗာန်သို့ ဦးတည်၍ နှစ်ဖက်စွန်းလွတ်သော လမ်းမှန်ဖြင့် သန့်ရှင်းစွာ ကြွသွားတော်မူပါပေသည်။ စကားဆိုရန် ခွင့်ခြောက်တန်တို့တွင် ဟုတ်မှန် ကျိုးကြောင်း စကားကောင်းကိုသာ မိန့်ဆိုတော် မူပါပေသည်။ (သော ဘဂဝါ ဣတိပိ သုဂတော)
စာမျက်နှာ-168
၅။ လောကဝိဒူဂုဏ်တော်
သတ္တ, သင်္ခါရ, ဩကာသ ဟူသော လောကကြီး သုံးပါးကို ပိုင်းခြားဝေဖန်၍ သိမြင်တော်မူဘိသည်၊ လောကနှင့်ပတ်သက်၍ ဖြစ်ပေါ်မှု, ချုပ်ငြိမ်းမှု, ထွက်မြောက်မှုဆိုင်ရာ ကျင့်လမ်း ကြံလမ်းကိုလည်း ပြည့်စုံစွာ သိမြင်တော်မူဘိသည်၊ သိမြင်တော်မူသည့်အတိုင်းလည်း ဟောကြားတော်မူခဲ့ပေသည်။ (သော ဘဂဝါ ဣတိပိ လောကဝိဒူ)၆။ အနုတ္တရော ပုရိသဒမ္မသာရထိဂုဏ်တော်
မြတ်စွာဘုရားထက် သီလ, သမာဓိ, ပညာ သာလွန်သူ မရှိချေ။ မယဉ်ကျေး မလိမ္မာသူတို့ကိုလည်း ယဉ်ကျေးလိမ္မာအောင် ဆုံးမတော်မူနိုင် ပေသည်။ (သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသဒမ္မ သာရထိ)
၇။ သတ္ထာ ဒေဝမနုဿာနံ ဂုဏ်တော်
လူ နတ် ဗြဟ္မာ သတ္တဝါတို့အား ပစ္စုပ္ပန် ချမ်းသာရအောင် ကောင်းမြတ်သော အဆုံးအမကို ပေးတော်မူသည့်အပြင် ဘဝသံသာရမှ လွတ်မြောက်ရေးအတွက်ကိုပါ နည်းပေးလမ်းပြပြု၍ ကယ်မတော်မူပါပေသည်။ (သော ဘဂဝါ ဣတိပိ သတ္ထာ ဒေဝမနုဿာနံ)
၈။ ဗုဒ္ဓေါဂုဏ်တော်
သစ္စာလေးပါး အမှန်တရားကို ကိုယ်တော်တိုင် သိရှိတော် မူရုံမျှမက ပါရမီရှိသော သတ္တဝါတို့အား မိမိသိသလို သိစေခြင်းငှာ မနေမနား တရားပြတော်မူခဲ့လေပြီ။ (သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ)
၉။ ဘဂဝါဂုဏ်တော်
မာရ်ငါးပါးကို အောင်မြင်တော်မူပြီး ဖြစ်လေပြီ၊ ဘုန်းတော်ခြောက်ပါးတို့နှင့်လည်း ကောင်းစွာ ပြည့်စုံ တော်မူပါပေသည်။ (သော ဘဂဝါ ဣတိပိ ဘဂဝါ)
ဤကဲ့သို့ ဖော်ပြပြီးသော ဂုဏ်တော်များကို အာရုံပြု၍ ပုတီးစိပ်ရမည်။ ဂုဏ်တော်တစ်ပါးလျှင် ပုတီးတစ်လုံး၊ သို့မဟုတ် ဂုဏ်တော်ကိုးပါးလုံး ရွတ်ဆိုပြီးမှ ပုတီးတစ်လုံး စသည်ဖြင့် မိမိနှစ်သက်သလို မိမိအဆင်ပြေသလို စိပ်နိုင်ပါသည်။ အနက်အဓိပ္ပာယ်ကို သိရှိအောင် ကျက်မှတ်ပြီး ပါဠိကို ရွတ်ဆို၍ စိပ်ရမည် ဖြစ်ပါသည်။
ဤ၌ ဘုရားဂုဏ်တော်ဆိုသည်မှာ မြတ်စွာဘုရား၌ တည်ရှိသော လောကီ, လောကုတ္တရာ တရားဓမ္မ အနှစ်သာရများနှင့် ၎င်းတရားတော်၏ စွမ်းပကားများပင် ဖြစ်သည်။
စာမျက်နှာ-169
ပုတီးစိပ်နည်းများ
ဤဂုဏ်တော်များကို ပုတီးစိပ်ရာတွင်ပင် ဖော်ပြလတ္တံ့ပါအတိုင်း ပုံစံအမျိုးမျိုးဖြင့် သမာဓိ ပိုမို ရရာရကြောင်းဖြင့် ပြုပြင်စီမံ၍ ပုတီးစိပ်ကြလေသည်-(၁) ဂုဏ်တော်တစ်ထောင် ပုတီးစိပ်နည်း၊
(၂) ဂုဏ်တော်ကွန်ချာ ပုတီးစိပ်နည်း၊
(က) အနုလုံ ပဋိလုံ (အစမှ အဆုံး၊ အဆုံးမှ အစ အပြန်အလှန်) ပုတီးစိပ်နည်း၊
(ခ) သီဟဂတိက (ခြင်္သေ့အလား) ပုတီးစိပ်နည်း၊
(ဂ) မူလမူလီ (ဂုဏ်တပါးက မူလ၊ ကျန်ဂုဏ်တော်များက မူလီ) ပုတီးစိပ်နည်း၊
(ဃ) ဝဇိရပါကာရ (ဂုဏ်တော်အပြင် ချဲ့ထွင်မှုများဖြင့်) ပုတီး စိပ်နည်း၊
(၃) ရှင်အရဟံ ပုတီးစိပ်နည်း-
စသည်ဖြင့် ပုတီးစိပ်နည်းပေါင်းများစွာ ရှိပေသည်။
(၁) ဂုဏ်တော်တစ်ထောင် ပုတီးစိပ်နည်း
ဂုဏ်တော်တစ်ထောင်ဆိုရာတွင် ဂုဏ်တော်တစ်ပါးတည်းကို တစ်ထောင် စိပ်ခြင်း၊ ဂုဏ်တော်ကိုးပါးလုံးကို တစ်ထောင်စိပ်ခြင်း နှစ်မျိုးလုံးပင် ဖြစ်နိုင်ပါသည်။ ဂုဏ်တော်တစ်ထောင် ပုတီးစေ့ချမှတ်ပုံမှာ-
(က) သော ဘဂဝါ ဣတိပိ အရဟံ ပုတီးတစ်လုံး၊
သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ ပုတီးတစ်လုံး၊
ဤသို့ စသည်ဖြင့် “သော ဘဂဝါ ဣတိပိ ဘဂဝါ” အထိ စိပ်သွားပြီး တစ်ဖန် “သော ဘဂဝါ ဣတိပိ အရဟံ” မှ ပြန်စ၍ စိပ်ပါ။ ဤသို့ စိပ်သဖြင့် တစ်ရာ့ရှစ်လုံး ပုတီးကုံး ၉-ပတ် ပြည့်သောအခါ ဂုဏ်တော် တစ်ထောင် ရပါသည်။ (၉၇၂-ကို ၁၀၀၀-ဟုပင် ခေါ်သည်)။
စာမျက်နှာ-170
သို့မဟုတ်-
(ခ) “သော ဘဂဝါ ဣတိပိ အရဟံ” တစ်ပါးတည်း ပုတီးတစ်ပတ် ပြည့်အောင်စိပ်။ နောက် “သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ” စသည်ဖြင့် ဂုဏ်တော် တစ်ပါးလျှင် ပုတီးတစ်ပတ်ကျစီ စိပ်သွားပါကလည်း ဂုဏ်တော်ကိုးပါး ပြည့်လျှင် ကိုးပတ်ပြည့်သဖြင့် ဂုဏ်တော်တစ်ထောင် ရပါသည်။
သို့မဟုတ်-
(ဂ) “သော ဘဂဝါ ဣတိပိ အရဟံ” မှ “သော ဘဂဝါ ဣတိပိ ဘဂဝါ” အထိ ဂုဏ်တော်ကိုးပါး ဆုံးအောင်ပွားပြီးမှ ပုတီးတစ်လုံးချပါ၊ ဤသို့ ဂုဏ်တော်ကိုးပါးဆုံးမှ ပုတီးတစ်လုံးတစ်လုံးချ၍ စိပ်ခြင်းအားဖြင့်လည်း တစ်ရာရှစ်လုံး ပုတီးတစ်ပတ်ရလျှင် ဂုဏ်တော်တစ်ထောင် ဖြစ်ပါသည်။
(၂) ဂုဏ်တော်ကွန်ချာ ပုတီးစိပ်နည်း
ဂုဏ်တော်ကွန်ချာ ပုတီးစိပ်နည်းပေါင်းများစွာ ရှိသည့်အနက် အသုံးများသော ကွန်ချာနည်းများကိုသာ ဖော်ပြပါမည်-
(က) အနုလုံပဋိလုံပုတီးစိပ်နည်း
အနုလုံပဋိလုံနည်း ဆိုသည်မှာ အစမှအဆုံး, အဆုံးမှအစ အပြန်ပြန် အလှန်လှန် စိပ်ခြင်းကို ခေါ်ပါသည်။ အနုလုံ၌-
သော ဘဂဝါ ဣတိပိ အရဟံ
။ ။ သမ္မာသမ္ဗုဒ္ဓေါ
။ ။ ဝိဇ္ဇာစရဏသမ္ပန္နော
။ ။ သုဂတော
။ ။ လောကဝိဒူ
။ ။ အနုတ္တရော ပုရိသဒမ္မသာရထိ
။ ။ သတ္ထာ ဒေဝမနုဿာနံ
။ ။ ဗုဒ္ဓေါ
။ ။ ဘဂဝါ-
ဟူ၍ ဖြစ်ပါသည်။
စာမျက်နှာ-171
ပဋိလုံ၌-
သောဘဂဝါ ဣတိပိ ဘဂဝါ
။ ။ ဗုဒ္ဓေါ
။ ။ သတ္ထာ ဒေဝမနုဿာနံ
။ ။ အနုတ္တရော ပုရိသဒမ္မသာရထိ
။ ။ လောကဝိဒူ
။ ။ သုဂတော
။ ။ ဝိဇ္ဇာစရဏသမ္ပန္နော
။ ။ သမ္မာသမ္ဗုဒ္ဓေါ
။ ။ အရဟံ -
ဟူ၍ ဖြစ်ပါသည်။
(ခ) သီဟဂတိက ပုတီးစိပ်နည်း
သီဟဂတိကနည်းဆိုသည်မှာ- ဂုဏ်တော်တစ်ပါးစီကို ရှေ့သို့ တိုး၍ တိုး၍ သွားပြီး တစ်ဂုဏ်တော် တိုးတိုင်း တိုးတိုင်း အစသို့ တစ်ခေါက် တစ်ခေါက် ပြန်ဆင်း၍ စိပ်နည်း ဖြစ်ပါသည်။
ပုံစံ
(၁) သော ဘဂဝါ ဣတိပိ အရဟံ၊
(၂) သောဘဂဝါ ဣတိပိ အရဟံ၊ သောဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊ သောဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊ သောဘဂဝါ ဣတိပိ အရဟံ၊
(၃) အ ၊ သံ ၊ ဝိ ၊ ဝိ ၊ သံ ၊ အ ၊
(၄) အ ၊ သံ ၊ ဝိ ၊ သု ၊ သု ၊ ဝိ ၊ သံ ၊ အ ၊
(၅) အ ၊ သံ ၊ ဝိ ၊ သု ၊ လော ၊ လော ၊ သု ၊ ဝိ ၊ သံ ၊ အ ၊
စာမျက်နှာ-172
(၆) အ ၊ သံ ၊ ဝိ ၊ သု ၊ လော ၊ အ ၊ အ ၊ လော ၊ သု ၊ ဝိ ၊ သံ ၊ အ ၊
(၇) အ ၊ သံ ၊ ဝိ ၊ သု ၊ လော ၊ အ ၊ သ ၊ သ ၊ အ ၊ လော ၊ သု ၊ ဝိ ၊ သံ ၊ အ ၊
(၈) အ ၊ သံ ၊ ဝိ ၊ သု ၊ လော ၊ အ ၊ သ ၊ ဗု ၊ ဗု ၊ သ ၊ အ ၊ လော ၊ သု ၊ ဝိ ၊ သံ ၊ အ ၊
(၉) အ ၊ သံ ၊ ဝိ ၊ သု ၊ လော ၊ အ ၊ သ ၊ ဗု ၊ ဘ ၊ ဘ ၊ ဗု ၊ သ ၊ အ ၊ လော ၊ သု ၊ ဝိ ၊ သံ ၊ အ ၊
(ဂ) မူလမူလီ ပုတီးစိပ်နည်း
မူလမူလီပုတီးစိပ်နည်းဆိုသည်မှာ- ဂုဏ်တော်တစ်ပါးကို မူထား၍ ကျန် (၈) ပါးကို မူလီသတ်မှတ်ပြီး စိပ်ခြင်း ဖြစ်ပါသည်။ မူလီသွတ်သောအခါ မူလထားသော ဂုဏ်တော်ကို ကျော်ပြီး ချန်ခဲ့ရပါသည်။
ပုံစံ
(၁) အရဟံမူ - သော ဘဂဝါ ဣတိပိ အရဟံ၊ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိ၊ သု၊ လော၊ အ၊ သ၊ ဗု၊ ဘ။
(၂) သမ္မာသမ္ဗုဒ္ဓေါမူ - သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊ အ၊ -၊ သု၊ လော၊ အ၊ သ၊ ဗု၊ ဘ။
(၃) ဝိဇ္ဇာစရဏသမ္ပန္နောမူ- သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော၊ အ၊ သံ၊ -၊ သု၊ လော၊ အ၊ သ၊ ဗု၊ ဘ။
(၄) သုဂတောမူ - သော ဘဂဝါ ဣတိပိ သုဂတော၊ အ၊ သံ၊ ဝိ၊ -၊ လော၊ အ၊ သ၊ ဗု၊ ဘ။
(၅) လောကဝိဒူမူ - သော ဘဂဝါ ဣတိပိ လောကဝိဒူ၊ အ၊ သံ၊ ဝိ၊ သု၊ -၊ အ၊ သ၊ ဗု၊ ဘ။
(၆) အနုတ္တရောပုရိသဒမ္မသာရထိမူ သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသဒမ္မသာရထိ၊ အ၊ သံ၊ ဝိ၊ သု၊ လော၊ -၊ သ၊ ဗု၊ ဘ။
စာမျက်နှာ-173
(၇) သတ္ထာ ဒေဝမနုဿာနံမူ - သော ဘဂဝါ ဣတိပိ သတ္ထာ ဒေဝမနုဿနံ၊ အ၊ သံ၊ ဝိ၊ သု၊ လော၊ အ၊ -၊ ဗု၊ ဘ။
(၈) ဗုဒ္ဓေါမူ - သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ၊ အ၊ သံ၊ ဝိ၊ သု၊ လော၊ အ၊ သ၊ -၊ ဘ။
(၉) ဘဂဝါမူ - သော ဘဂဝါ ဣတိပိ ဘဂဝါ၊ အ၊ သံ၊ ဝိ၊ သု၊ လော၊ အ၊ သ၊ ဗု၊ - ။
(ဃ) ဝဇီရပါကာရ ပုတီးစိပ်နည်း
ဝဇီရပါကာရနည်းဆိုသည်မှာ - ဂုဏ်တော်သက်သက် မဟုတ်တော့ဘဲ ချဲ့ထွင်မှု များဖြင့် ဖြည့်စွက်၍ ဝေဝေဆာဆာ စိပ်ခြင်းပင် ဖြစ်ပါသည်။
ပုံစံ
သော ဘဂဝါ ဣတိပိ အရဟံ၊
အရဟံ ၀တ သော ဘဂဝါ၊
အရဟန္တံ သရဏံ ဂစ္ဆာမိ၊
အရဟန္တံ သိရသာ နမာမိ၊ ပဌမော ဝဇိရပါကာရော၊
သော ဘဂဝါ ဣတိပိ အရဟံ။
(ဤတစ်ပုဒ်ကို အရကျက်၍ “အရဟံ”နေရာတွင် အခြားဂုဏ်တော်များကို အစား ထိုးပြီး “ပဌမော”နေရာတွင်“ဒုတိယော, တတိယော, စတုတ္ထော, ပဉ္စမော, ဆဋ္ဌမော, သတ္တမော, အဋ္ဌမော, နဝမော” တစ်ခုစီ အစားထိုး ရွတ်ဆိုရန်ပင် ဖြစ်ပါသည်။
နိဿယအနက်
သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ ပူဇော်ဖွယ်အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း။ အရဟံ၊ အရဟမည်တော်မူပါ ပေ၏။
သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ အရဟံ ဝတ၊ ပူဇော်အထူးကို ခံယူတော် မူထိုက်ပေစွတကား။
စာမျက်နှာ-174
အရဟန္တံ၊ အရဟံဂုဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။ အဟံ၊ အကျွန်ုပ်သည်။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။
အရဟန္တံ၊ အရဟံဂုဏ်တော်ရှင် မြတ်စွာဘုရားကို။ အဟံ၊ အကျွန်ုပ်သည်။ သိရသာ၊ ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ဦးညွတ်ဝပ်လျှိုး ရှိခိုးပါ၏။
ပထမော၊ ရှေးဦးစွာသော။ ဝဇိရပါကာရော၊ စိန်တံတိုင်းကြီးသဖွယ်ဖြစ်သော။ သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ ပူဇော်ဖွယ် အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း။ အရဟံ၊ အရဟမည်တော်မူပါပေ၏။
(၃) ရှင်အရဟံ ပုတီးစိပ်နည်း
ရှင်အရဟံပုတီးစိပ်နည်းဆိုသည်မှာ - ရဟန္တာသခင် ရှင်အရဟံ စိပ်သောနည်းဖြစ်၍ ရှင်အရဟံ ပုတီးစိပ်နည်းဟု ခေါ်ကြောင်း အဆိုအမိန့် ရှိကြပါသည်။
ပုံစံ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ နာမရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ။
ဓမ္မံ သရဏံ ဂစ္ဆာမိ၊ နာမရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ။
သံဃံ သရဏံ ဂစ္ဆာမိ၊ နာမရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ နာမရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ။
အနန္တံ ဗလဝံ ဗုဒ္ဓံ၊ အနန္တ ဂေါစရံ ဓမ္မံ၊
အနန္တံ အရိယံ သံဃံ၊ အနန္တ ဗောဓိ မုတ္တမံ။
မြန်မာပြန်
မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်ပါ၏။ နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၊ နာမ်ရုပ်သည် အနှစ်သာရ မဟုတ်ပါတကား။
တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။ နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၊ နာမ်ရုပ်သည် အနှစ်သာရ မဟုတ်ပါတကား။
သံဃာတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။ နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၊ နာမ်ရုပ်သည် အနှစ်သာရ မဟုတ်ပါတကား။
စာမျက်နှာ-175
ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ပါ၏။ တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။ သံဃာတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။ နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၊ နာမ်ရုပ်သည် အနှစ်သာရ မဟုတ်ပါတကား။
အားတော်နှင့် ပြည့်စုံသော မြတ်စွာဘုရားသည် အနန္တတန်ခိုးတော်တည်း။ မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်တရားသည် အနန္တတန်ခိုးတော် တည်း။ အရိယာသံဃာတော်မြတ်သည် အနန္တတန်ခိုးတော်တည်း။ ဗောဓိပက္ခယတရား တော်သည် အနန္တတန်ခိုးတော်တည်း။
ဤနည်းဖြင့် စိပ်သောအခါ အစမှအဆုံးတိုင် ရွတ်ဆိုပြီးမှ ပုတီးတစ်လုံး ချသင့် ပေသည်။ ဤပုတီးစိပ်နည်းကို ဒန္တယုဂနည်း (ဝါ) စွယ်စုံ ပုတီးစိပ်နည်းဟုလည်း ခေါ်ဆိုပါသည်။
ပုတီးစိပ်ပုံ (၂)မျိုး
ပုတီးစိပ်ခြင်းသည် ဖော်ပြလတ္တံ့ အတိုင်း ၂-မျိုးရှိသည်။
(၁) သာမန်ပုတီးစိပ်ခြင်း၊
(၂) အဓိဋ္ဌာန်ပုတီးစိပ်ခြင်း။
(၁) သာမန်ပုတီးစိပ်ခြင်းဆိုသည်မှာ- ကုသိုလ်ရနိုင်သည့် အခွင့်အရေးကောင်းကို လက်လွတ်မခံဘဲ နေရာမရွေး၊ အချိန်မရွေး ပုတီးစိပ်ခြင်းမျိုးကို ဆိုပါသည်။
အဓိဋ္ဌာန်ပုတီးစိပ်ခြင်း
(၂) အလုပ်ခွင်ချ၍ အဓိဋ္ဌာန်ပုတီးစိပ်ခြင်းဆိုသည်မှာ- ပုတီးစိပ်ခြင်းကို သီးခြား လုပ်ငန်းတစ်ခုအဖြစ် သပ်သပ် အချိန်ပေးပြီး အဓိဋ္ဌာန် ကျကျနန စိပ်ခြင်းမျိုး ဖြစ်ပါသည်။ ဤသို့ စနစ်တကျ ပုတီးစိပ်ကြမည်ဆိုလျှင် ဖော်ပြလတ္တံ့ပါ အချက် (၁၁)ချက်ကို လက်တွေ့ဆောင်ရွက်ရန် လိုအပ်ပေသည်-
ပုတီးမစိပ်မီ ကျင့်ဝတ် (၁၁)ပါး
(၁) ဆာလောင်မွတ်သိပ်မှု ကင်းအောင် တစ်ခုခု စားထားပါ၊
(၂) ကိုယ်ခန္ဓာနှင့် အဝတ်အစား သန့်ပြန့်ပါစေ၊ ပုတီးစိပ်သော နေရာလည်း သန့်ရှင်းပါစေ၊
(၃) မိမိနှင့် သင့်လျော်သော အချိန်ကို ရွေးပါ၊
စာမျက်နှာ-176
(၄) နေရာ စနစ်တကျ ယူပြီးမှ ပုတီးစိပ်အလုပ်ခွင် စ ပါ၊
(၅) သရဏဂုံ သီလ ခံယူဆောက်တည်ပါ၊
(၆) အနန္တငါးပါး ကန်တော့ပါ၊
(၇) မေတ္တာပို့ပါ၊
(၈) မေတ္တာပို့ပြီးနောက် ဘုရားပင့်ပါ။
(၉) ဘုရားကို မိမိခန္ဓာကိုယ်ကို လှူဒါန်းလိုက်ပါ၊
(၁ဝ) ပုတီးစိပ်ရန် ကမ္မဋ္ဌာန်း တောင်းပါ။
(၁၁) မိမိတတ်နိုင်သလောက် အဓိဋ္ဌာန်ပြုပါ။
ပုတီးစိပ်စဉ် ကျင့်ဝတ် ငါးပါး
(၁) ကိုယ်ကို မတ်၍ တင်ပလ္လင်ခွေ၊ သို့မဟုတ် ပုဆစ်ဒူးတုပ်ထိုင်ပါ၊
(၂) ပုတီးကို လက်နှစ်ဖက်ဖြင့် ကိုင်စိပ်ပါ၊
(၃) ယုံယုံကြည်ကြည်စိပ်ပါ၊ မိမိအနှစ်သက်ဆုံး အရာတစ်ခုခုကို စိပ်ပါ၊ သမာဓိရရန် ကြိုးစားပါ၊
(၄) ပုတီးစိပ်နေဆဲ ကာလမှာ အကျိုးတရားကို မျှော်လင့်သည့် လိုချင်စိတ် လုံးဝ မထားရပါ၊
(၅) မဆိုင်သည့် စိတ်ကူးတွေ ဝင်လာလျှင် အမြန် ဖယ်ရှားပစ်ပါ။
ပုတီးစိပ်ပြီး ကျင့်ဝတ်နှစ်ပါး
(၁) ပုတီးစိပ်ခဲ့သည့်လုပ်ငန်းကို ပြန်လည်ဆင်ခြင်သုံးသပ်ပါ။
(၂) နိဗ္ဗာန်ကို ဆုတောင်းပါ။
ပုတီးစိပ်ခြင်း၏အကျိုး
ကိစ္စတိုင်းမှာ အကြောင်းနှင့်အကျိုး ရှိရစမြဲဖြစ်သည်။ ဤပုတီးစိပ်ခြင်း ဟူသော အကြောင်းတွင်လည်း အကျိုးတရားများ ရှိရမည်အမှန်ပင်။ အကျိုးမရှိသော အကြောင်း မရှိနိုင်သကဲ့သို့ အကြောင်း မရှိဘဲလျက်လည်း အကျိုး မပေါ်ထွန်း နိုင်ပေ။ ထို့ကြောင့် ပုတီးစိပ်ခြင်း၏ အကျိုးကို ဖော်ပြရန် လိုအပ်ပေသည်။
စာမျက်နှာ-177
ပုတီးစိပ်ခြင်း အကျိုးကား များပြားလှသည့်အတွက် အမြွက်မျှ အနည်းငယ်မျှသာ တင်ပြနိုင်မည် ဖြစ်ပါသည်။
ပုတီးစိပ်ခြင်း၏အကျိုးကို ဖော်ပြရမည်ဆိုလျှင် မည်သည်ကို အာရုံပြု၍ မည်သည်ကို ရွတ်ဆို၍ ပုတီးစိပ်သည်ကို အခြေခံရမည် ဖြစ်ပေသည်။ ဗုဒ္ဓမြတ်စွာ ဂုဏ်တော်ကို အာရုံပြု၍ ရွတ်ဆိုပြီး ပုတီးစိပ်လျှင် ဂုဏ်တော်ကို ပွားများရကျိုး ရရှိနိုင်မည် ဖြစ်ပေသည်။ ထိုနည်းတူ တရားဂုဏ်တော်ကို အာရုံပြုရွတ်ဆိုလျှင်လည်း တရားဂုဏ်တော် ပွားများရွတ်ဆိုရကျိုး၊ သံဃာ့ဂုဏ်တော်ကို အာရုံပြုရွတ်ဆို လျှင်လည်း သံဃာ့ဂုဏ်တော် ပွားများရွတ်ဆိုရကျိုး စသဖြင့် သက်ဆိုင်ရာဂုဏ်တော် များအလိုက် အကျိုးကျေးဇူးများ ရရှိခံစားရမည် ဖြစ်ပေသည်။ အလားတူပင် ၃၂-ကောဋ္ဌာသကို အာရုံပြုရွတ်ဆို ပုတီးစိပ်လျှင် ၃၂-ကောဋ္ဌာသကာယဂတာသတိ အကျိုး သမထဝိပဿနာပုတီးစိပ်နည်းကို အာရုံပြုရွတ်ဆို ပုတီးစိပ်လျှင်လည်း သမထဝိပဿနာပွားများရကျိုး, အန္တရာယ်ကင်းဂါထာများ စသည်ကို အာရုံပြုရွတ်ဆို ပုတီးစိပ်လျှင်လည်း အန္တရာယ်ကင်းခြင်းစသောအကျိုးများကို ရရှိခံစားရမည် ဖြစ်ပေသည်။ ထို့ကြောင့် ပုတီးစိပ်ခြင်းအကျိုးကို ဖော်ပြပါဟုဆိုလျှင် “မဆုံးနိုင် သော မရေမတွက်နိုင်သော အကျိုးကျေးဇူးများ ရရှိနိုင်ပေသည်”ဟု ဖော်ပြရမည် ဖြစ်ပေသည်။ ဝိပဿနာ ပုတီးစိပ်နည်းဖြင့် စိပ်လျှင်ကား ဈာန် မဂ် ဖိုလ်သို့ ဆိုက်ရောက်နိုင်မည် ဖြစ်ပေသည်။
ပုတီးစိပ်ခြင်း၏ အကျိုးများစွာအနက် ဘုရားဂုဏ်တော် ကိုးပါးကို အာရုံပြု ရွတ်ဆို ပုတီးစိပ်ခြင်း၏ အကျိုးကို စံနမူနာ သဘောမျှ ဖော်ပြပါမည်။
ဂုဏ်တော် ပုတီးစိပ်ခြင်းအကျိုးနှင့် စပ်လျဉ်း၍ စိတ်အခြေအနေ အဆင့်ဆင့် တက်လာခြင်းကိုလည်း လေ့လာမှတ်သား လက်တွေ့ ခံစားသင့်ကြပေသည်။ ဂုဏ်တော်ကို ပွားများလျှင် မည်သူမဆို-
(က) ရတနာသုံးပါးအပေါ် သက်ဝင်ယုံကြည်မှု “သဒ္ဓါ”လည်း ရှိသည်။
(ခ) မိမိကိုယ်ကို မိမိခွင့်မလွှတ်နိုင်လောက်အောင် (ဝါ) သံသယကုက္ကစ္စ နောင်တကြီးစွာ အမြဲဖြစ်နေလောက်အောင် ... ကိုယ်ကျင့်တရား ပျက်စီးခဲ့မှုလည်း မရှိ၊ အခြေခံသီလ အထိုက်အလျောက် လုံခြုံသည်။
(ဂ) ဂုဏ်တော်ပါဠိအနက်ကို အလွတ်ရပြီး အဓိပ္ပာယ်ကိုလည်း သိရှိ နားလည်သည်။
စာမျက်နှာ-178
ဤဖော်ပြပါ အင်္ဂါသုံးရပ်နှင့် ပြည့်စုံလျှင် ထိုသူသည် ဂုဏ်တော်တစ်ပါးစီကို အာရုံစိုက်၍ စွဲစွဲမြဲမြဲ ပွားများအပ်ပေသည်။ ယင်းသို့ ပွားများသောအခါ ပွားများ သည့် သူ၏ စိတ်အစဉ်သည် ဖော်ပြလတ္တံ့ပါအတိုင်း အဆင့်ဆင့် တိုးတက်လာပေ လိမ့်မည်-
(၁) ရာဂစိတ်စသည် လုံးဝ သန့်စင်နေခြင်း၊
(၂) ထိုင်းမှိုင်းမှု၊ စိတ်မငြိမ်သက်မှု၊ ယုံများသံသယဖြစ်မှုများကင်းခြင်း၊
(၃) ဂုဏ်တော်နှင့် မိမိစိတ် အဆက်မပြတ်စေရန် ကြံစည်သုံးသပ် မပြတ် ပြုနေခြင်း၊
(၄) ဂုဏ်တော်၌ ကျေနပ်နှစ်သိမ့်မှု ပီတိဖြစ်ပေါ်လာခြင်း၊
(၅) စိတ်ရောကိုယ်ပါ အေးငြိမ်းလာခြင်း၊
(၆) အေးငြိမ်းမှုထက် သာလွန်သော ချမ်းသာသုခ ဖြစ်ပေါ်လာခြင်း၊
(၇) နောက်ဆုံးတွင် သမာဓိ (စိတ်၏ တည်ကြည်မှု)သည် အထွတ်အထိပ် (ခေါင်ဖျား)သို့ ရောက်ရှိလာခြင်း။
ဤနောက်ဆုံးစိတ် အခြေအနေရှိသူကို “ ဥပစာရ ဈာန်စိတ်ကို ရသူ” ဟု ဝိသုဒ္ဓိမဂ် (ဝိသုဒ္ဓိ၊ ၁။ ၂၀၅။) တွင် ဖွင့်ဆိုထားပေသည်။
ဘုရားဂုဏ်တော်ကို စွဲစွဲမြဲမြဲ ဆင်ဆင်ခြင်ခြင် ပွားများသည်ရှိသော် ဖော်ပြလတ္တံ့ ပါ အကျိုးတရားများကို မုချမသွေ ရရှိနိုင်ပေသည်-
(၁) မြတ်စွာဘုရားအပေါ် ကိုင်းညွတ်သောစိတ် အမြဲရှိလာခြင်း၊
(၂) ယုံကြည်မှု လေးနက်လာခြင်း၊
(၃) သတိ ပို၍ ကောင်းလာခြင်း၊
(၄) ပညာဉာဏ် ထက်မြက်လာခြင်း၊
(၅) ကောင်းမှု တိုးပွားလာခြင်း၊
(၆) စိတ်ညစ်မှု ကင်းပြီး နှစ်သက်ကြည်နူးစွာ နေရခြင်း၊
(၇) ကြောက်ရွံ့ ထိတ်လန့်ဖွယ် ကြုံရလျှင် မကြောက်မလန့် စိတ်တည်တံ့ခြင်း၊
(၈) မတော်တဆ ဆင်းရဲဒုက္ခတွေ့ ရလျှင် သည်းခံနိုင်ရည်ရှိခြင်း၊
စာမျက်နှာ-179
(၉) မြတ်စွာဘုရားနှင့်အတူ နေရဘိသကဲ့သို့ စိတ်တွင် ထင်မှတ်လျက် ရှိခြင်း၊
(၁၀) ဗုဒ္ဓါနုဿတိဘာဝနာအစွမ်းကြောင့် မိမိကိုယ်သည် စေတီထိုက်၍ သူတပါး တို့၏ ပူဇော်မှု, ချီးမြှောက်မှုကို ကောင်းစွာ ခံယူနိုင်ခြင်း၊
(၁၁) မိမိစိတ်သည် သမ္မာသမ္ဗောဓိဉာဏ်၌ ကိုင်းညွတ်လာခြင်း၊
(၁၂) မကောင်းမှုကို ကျူးလွန်ရန် ပက်ပင်းကြုံရသော အခါမျိုးတွင် မိမိကိုယ်ကို ကောင်းစွာ စောင့်စည်း ထိန်းသိမ်းနိုင်ခြင်း၊
(၁၃) သေလျှင် အပါယ်လေးပါးမှကင်း၍ လူ့ပြည်နတ်ရပ် ကောင်းမြတ်သော သုဂတိဘုံ သုဂတိဘဝကို ရရှိခြင်း (ဝိသုဒ္ဓိမဂ်။ ၁။ ၂၀၆)
ဘုရားဂုဏ်တော်ကို ဆင်ခြင်းပွားများ၍ စိတ်ကို ဆောက်တည်သည့် အလေ့အကျင့် ရနေသူသည် ဝိပဿနာအလုပ်ကို ကူးပြောင်းလျှင် လူစိမ်းတစ်ယောက်ထက် ပိုပြီး လွယ်ကူလေသည်။ ဤအနုဿတိကို ပွားများလျက်ပင် ရရှိသော ပီတိကို ပယ်ခွာ၍ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးပါးသို့ ကူးပြောင်းလိုက်ပါက ဝိပဿနာ ဖြစ်သွားလေသည်။ ရှေးအခါက ဂမိယတိဿအမည်ရှိသော မထေရ်တစ်ပါးသည် ပဋ္ဌာန်းကျမ်းနှင့် စပ်လျဉ်း၍ ဘုရားဂုဏ်ကို အာရုံပြုပြီး ဖြစ်ပေါ်လာသော ပီတိကို ပယ်ခွာ၍ ဝိပဿနာရှုသဖြင့် ရဟန္တာဖြစ်ခဲ့ဖူးလေသည်။
အမှန်စင်စစ် မြတ်စွာဘုရားသည် အစိန္တေယျ (လူသာမန်တို့ စိတ်ဖြင့် ကြံစည် တွေးဆ၍ မရနိုင်သူ) ဖြစ်သည့်နည်းတူ အစိန္တေယျ မြတ်စွာဘုရား၌ ကိုးစား ကြည်ညိုသူများ ရနိုင်သည့် ကောင်းကျိုးသည်လည်း အစိန္တေယျပင် ဖြစ်ပေ၏။ တရားတော်၏ဂုဏ်, သံဃာတော်၏ ဂုဏ်များကို ကိုးစားကြည်ညိုသူများ ရရှိနိုင်သည့် ကောင်းကျိုးသည်လည်း အနန္တပင် ဖြစ်ပေသတည်း။
စာမျက်နှာ-180
အခန်း (၃) ကံအကြောင်း
လူတိုင်း၌ “ကံ, ဉာဏ်, ဝီရိယ” သုံးမျိုးရှိသည်။ “ဉာဏ်၊ ဝီရိယ”နှင့် ပတ်သက်၍ ပြဿနာ မပေါ်ချေ။ လူတိုင်းက လက်ခံကြသည်။ “ကံ”နှင့် စပ်လျဉ်း လာလျှင် မူကား “ကံ” မရှိဘူး ဆိုသူကဆို၊ “ကံ”ကို မယုံဘူးဟု ပြောသူက ပြောကြသည်။သို့သော် “ကံမရှိဘူး၊ ကံ မယုံဘူး”ဟု ပြောသူများသည် မိမိ၏အခြေအနေ မိမိ၏အပြုအမူများကို မသုံးသပ် မဆင်ခြင်မိကြသဖြင့် မိမိကိုယ်ကို ပြန်လည် ဆန့်ကျင်မိကြသူများသာ ဖြစ်ကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုကံ-မယုံသူများသည် မိမိတို့ မယုံဘူးဆိုသည့် ကံကိုပင် နေ့စဉ်နေ့တိုင်း ပြုလုပ်နေကြသောကြောင့် ဖြစ်ပေသည်။
ရှင်းပြဦးအံ့။ ပါဠိဘာသာ “ကမ္မ”မှ “ကံ”ဟူသော ပါဠိသက် မြန်မာဝေါဟာရ ဖြစ်လာသည်။ အဓိပ္ပာယ်မှာ အလုပ်ဟူ၍ ဖြစ်ပေသည်။ နေ့စဉ်လှုပ်ရှားနေကြသော လောကလူသားတို့ကို ကြည့်ပါ။ မည်သူမဆို အလုပ်နှင့်ကင်းနိုင်ကြသည် မဟုတ်ပေ။ စားဝတ်နေရေး ပြေလည်မှုအတွက် နေထွက်မှ နေဝင်အထိ ရုန်းကန်လှုပ်ရှား နေကြရသူချည်း ဖြစ်ကြသည်။
ကံနှင့် လက်တွေ့ ဘဝ (ကုသိုလ် အကုသိုလ်)
အလုပ်လုပ်သဖြင့် လုပ်အားတန်ဖိုးကို ရရှိကြသည်။ အစိုးရ အမှုထမ်းများသည် တိုင်းပြည်အတွက် အလုပ်လုပ်ကြသောကြောင့် ထိုလုပ်အားအတွက် တိုင်းပြည်က ပြန်လည် ချီးမြှင့်သော လစာရိက္ခာများ ရရှိနေကြသည်။ ကုန်သည်သည် ကုန်ရောင်း ကုန်ဝယ် လုပ်ငန်းမှ အမြတ်အစွန်း ရရှိခံစားရ၏။ စိုက်ပျိုးရေးသမားတို့သည် စိုက်ပျိုးမှုလုပ်ငန်းမှ သီးနှံများဖြစ်ထွန်းလာပြီး ထိုမှ အကျိုးအမြတ်ကို ပထမဦးဆုံး ခံစားကြရ၏။
နိုင်ငံတိုင်းတွင် လူမှုပညတ်ချက် ဥပဒေဟူသည် ရှိ၏။ ထိုဥပဒေကို လူတိုင်း လိုက်နာ ကျင့်သုံး နေကြရ၏။ ခိုးယူခြင်း၊ လုယက်ခြင်း၊ သတ်ဖြတ်ခြင်း၊ မုဒိမ်း
စာမျက်နှာ-181
ကျင့်ခြင်း၊ သူ့သားမယားကို ကျူးလွန်ခြင်း၊ ပုန်ကန်ခြင်းစသော အပြစ်တို့ကို ကျူးလွန်မိသူသည် မိမိ၏ မကောင်းသော အလုပ်ကြောင့် ဥပဒေအရ ငွေဒဏ်၊ ကြိမ်ဒဏ်၊ ထောင်ဒဏ်၊ ကြိုးဒဏ်၊ သေဒဏ် ခံကြရသည်။
အစိုးရဥပဒေကို ရိုသေလေးစား လိုက်နာပြီး ရာဇဝတ်ပြစ်မှုများကို ရှောင်ကြဉ်သူများမူကား စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေကြရသည်၊ အများ ကောင်းကျိုးကို ဆောင်ရွက်သူများ၊ တိုင်းပြည်အတွက် အလုပ်လုပ်သူများလည်း အစိုးရ ဥပဒေအရ ဆုလာဘ်ပဏ္ဏာ ခံယူကြရသည်။
ကမ္ဘာ့နိုင်ငံ အသီးသီး၌လည်း အစိုးရ ဥပဒေများ ရှိကြ၏။ ထိုလူမှုပညတ်ချက် ဥပဒေများကိုလည်း ကျင့်သုံးလိုက်နာ နေကြရသည်သာ ဖြစ်၏။ ၄င်းအပြင် အများ အကျိုးအတွက် မိမိတို့ ပါဝင်နေသော ပါတီအဖွဲ့အစည်းတို့၏ စည်းမျဉ်းများကို ဦးလည်မသုန် လိုက်နာနေကြမှုများသည်လည်း ကံကို လုပ်နေကြခြင်းပင် ဖြစ်သည်။
တိုင်းပြည် တိုးတက်ရေး၊ ပြည်သူပြည်သားတို့ဘဝ သာယာရေးကို ဦးစီးဦးကိုင် ပြုလုပ်ဆောင်ရွက် နေကြသူများလည်း မိမိတို့၏ ကောင်းသောလုပ်ငန်းကြောင့် ကျော်စောခြင်း(ကိတ္တိ) ရရှိကြသည်။ တန်ခိုးအာဏာ ရှိကြသည်။ ချမ်းချမ်းသာသာ နေကြရသည်။ ဤကဲ့သို့ ကံကို ကိုယ်တိုင် လုပ်နေကြပြီး ကံအကျိုးကို နေ့စဉ် ခံစားနေကြပါလျက် “ကံမရှိဘူး၊ ကံ မယုံဘူး” ဟု ပြောဆိုမိကြပါက ဘူးသမား များသာ ဖြစ်ကြရာသည်။
ထို့ပြင် သက်ဆိုင်ရာလူမှုပညတ်ချက်နှင့် ဝါဒသဘောတရားအရ ပရဟိတ လုပ်အားကို သရုပ်ဖော်ပြ၏။ စုပေါင်း လုပ်ကိုင်ကြ၏။ တစ်ဦးနှင့် တစ်ဦး ကူညီယိုင်းပင်းကြ၏။ ထောက်ပံ့ သင်္ဂြိုဟ်ကြ၏။ ဖေးမ ကူညီကြ၏။ ဤအလုပ်တို့သည်လည်း ကံမဟုတ်လျှင် အဘယ်နည်း။
ဘာသာရေး လမ်းညွှန်ချက်များကြောင့် ကိုယ်ကျင့်တရား ထိန်းသိမ်းကြ၏။ တစ်ဦးနှင့်တစ်ဦး ရိုသေကိုင်းညွတ်ကြ၏။ လှူဒါန်းပေးကမ်း စွန့်ကြဲကြ၏။ ကူညီ ကြ၏။ ယိုင်းပင်းကြ၏။ သနားကြ၏။ မေတ္တာ ထားကြ၏။ ဤသည်တို့လည်း ကံအလုပ်များပင် မဟုတ်ပါလော။
ဤသို့လျှင် လောကီရေး ရှုထောင့်မှ ကြည့်ကြည့်၊ လောကုတ္တရာရေး ရှုထောင့်မှ မြင်မြင်၊ ကံကို နေ့စဉ်ပြုလုပ်နေကြပါလျက် “ကံမရှိဘူး၊ ကံမယုံဘူး”ဟု ပြောနေပါလျှင် မြင်းစီးပြီး “မြင်းထီး,မြင်းမ” မသိသူနှင့် အဘယ်သို့လျှင် ခြားနားပါတော့အံ့နည်း။
စာမျက်နှာ-182
အလုပ်ကံတွေ ဆန်းကြယ်ခြင်းမှာ
လူသားတို့သည် ကံကို လုပ်နေကြခြင်းမှာ နည်းနည်းပါးပါးပင် မဟုတ်၊ အဆန်းတကြယ် အမြောက်အမြားပင် ဖြစ်၏။ လက်ရှိခေတ်တွင် လ-ကမ္ဘာသို ရောက်ပြီး အင်္ဂါဂြိုဟ်၌ ခြေချနိုင်ရန်အထိ ကံတွေကို အဆန်းတကြယ် ဖန်တီး နေကြပြီဖြစ်၏။ဤကဲ့သို့ ကံတွေ အလုပ်တွေ ဆန်းကြယ်လေသည်မှာ လူသားတို့၏ စိတ် ဆန်းကြယ်၍ ဖြစ်သည်။ ထိုစကား မှန်၏။ ကျွန်ုပ်တို့ လူသားတို့၏ စိတ်ကား လောကတွင် ဆန်းကြယ်ပါသည်ဆိုသော အရာဟူသမျှထက် ဆန်းကြယ်လျက် ရှိ၏။ အကြောင်းကား ထိုဆန်းကြောင့်ဆန်းကြယ် အသွယ်သွယ်ကို လူ့စိတ်ကူးဖြင့် ဖန်တီး ယူကြသောကြောင့်တည်း (အင်္ဂုတ္တိုရ်ပါဠိ၊ ပထမ၊ အဋ္ဌသာလိနီစသည်)။
စိတ်ဆန်းကြယ်သည်နှင့်အမျှ လူတို့၏လုပ်ငန်းများလည်း ဆန်းကြယ်လာ၏။ အလုပ်မတူ၍ လူတို့၏အသွင်အပြင်များလည်း ကွဲပြားလာ၏။ ဝတ်စားဆင်ယင်မှု၊ သွားလာနေထိုင်မှုတို့လည်း လုပ်ငန်းအရ ကွဲပြားလာရတော့သည်။
ဤကဲ့သို့ အသွင်အပြင်တွေ ပုံဟန်သဏ္ဌာန်တွေ တစ်ခုနှင့်တစ်ခု မတူကြသော ကြောင့် အမှတ်အသား အခေါ်အဝေါ်များလည်း သူ့နေရာနှင့်သူ ခေါ်ဝေါ် သုံးစွဲ လာရသည်။ ဆရာ, ဆရာမဟူ၍လည်းကောင်း၊ ရှေ့နေ, တရားသူကြီးဟူ၍ လည်းကောင်း၊ ရဲသား, စခန်းမှူးဟူ၍လည်းကောင်း၊ တပ်သား, တပ်ဗိုလ်ဟူ၍ လည်းကောင်း အခေါ်အဝေါ် ဝေါဟာရတွေ ကွဲပြားခြားနားလာရသည်။
အလုပ်ကို အခြေခံသော ဘဝအခြေအနေများ၊ အခေါ်အဝေါ်များ ကွဲပြား နေ၍ “ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်” စသည့် ဆန္ဒများ တဖွားဖွား ပေါ်လာ ရပေသည်။
မိမိစိတ်ဆန္ဒအလိုက် နှစ်ခြိုက်ရာလုပ်ငန်းများကို ပြုလုပ် ဆောင်ွက်လာကြ သည်။ အလုပ်၏ ဂုဏ်သိက္ခာနှင့် ကျင့်ဝတ်များကိုလည်း ထိန်းသိမ်းလာကြ ရသည်။ တစ်ဘဝလုံး လုပ်ခဲ့သမျှ အလုပ်အတွက် လတ်လတ်ဆတ်ဆတ် လုပ်အားတန်ဖိုးကို ခံစားကြရသည့်အပြင် အလုပ်လုပ်သူ၏ စိတ်နေစိတ်ထားပေါ် မူတည်၍ စိတ်စေတနာ သတ္တိကလေးများလည်း လူ့သန္တာန်၌ စွဲမိ ကျန်ရစ်ခဲ့၏။ ထို ထို စေတနာ သတ္တိကလေးများသည် အချည်းနှီး ပျောက်ကွယ် သွားသည် မဟုတ်ပေ။ သေသောအခါ ထိုစိတ်စေတနာ၏ စွမ်းရည်ကြောင့် ဘဝသစ် ဆက်၍ ဖြစ်လာရသည်။ မိမိ၏ စိတ် စေတနာ ကောင်းမှု, ဆိုးမှုအပေါ် အခြေခံ၍
စာမျက်နှာ-183
ဘဝကောင်း, ဘဝဆိုးကို ရလာကြသည်။ ဤသည်မှာ စိတ်ကူးတွေမြင်ချက် မဟုတ်၊ မျိုးစေ့မှ အပင်ပေါက်သည်, မီးကြောင့် အခိုးထွက်သည် ဟူသကဲ့သို့ ကြောင်းကျိုးကွင်းဆက် ယထာဘူတသဘောမှန် ဖြစ်သည်။
အလုပ်နှင့် လုပ်အားတန်ဖိုးကို မငြင်းနိုင်သူမှန်သမျှ ကံကို မငြင်းနိုင်ပေ။ မည်သူမဆို အလုပ်ကံကိုသာ နေ့စဉ် ကြိုးစားနေကြရသည်ဖြစ်သောကြောင့် ကမ္ဘာသူ ကမ္ဘာသားအားလုံးသည် “ကံကို မယုံဘူး” ဟု ပြောလျှင် မိမိအလုပ်ကို “မယုံဘူး” ဟု ပြောမိလျက်သား ဖြစ်ရာသည်။ ဇာတ်ပွဲထဲက နတ်ကလေးပမာ ထွက်ဆိုလို့သာ ထွက်လာရသည် “ငါ ဘာကောင်ပါလိမ့်” ဟု ဆိုရာကျချေမည်။
ဤသို့သော အကြောင်းများကြောင့် လူတိုင်းသည် မိမိတို့ နေ့စဉ် ကံကို လုပ်နေကြကြောင်း၊ ကံ၏အကျိုးကို ခံစားနေကြကြောင်း ဆင်ခြင်သုံးသပ်မိ သင့်၏။ “ကံမရှိ ကံမယုံ”ဟု မည်သည့်အခါမျှ မယူဆထိုက်ကြောင်း ယထာဘူတ ကျကျ တွေးဆသိမြင်အပ်ပေသည်။
ကံဆိုသည်မှာ အဘယ်နည်း
ကံဟူသည် ရုပ်နာမ်ဓမ္မ သမူဟသာဖြစ်သော လူသား၏ ကာယ၊ ဝါစာ၊ မန အမူအရာ လုပ်အား ဖြစ်ပေသည်။
ထိုစကားသင့်စွ၊ ကျွန်ုပ်တို့သည် သက်ရှိလူသား တစ်ဦးစီအား စူးစိုက်စိုက် ဉာဏ်ဖြင့် နှိုက်၍ ကြည့်ရှုဆင်ခြင်ပါမူ သူသည် သူ၏ ကိုယ်ကာယဖြင့်လည်း အလုပ်လုပ်နေသည်။ နှုတ်ဝစီဖြင့်လည်း ပြောဆိုနေသည်၊ ကိုယ်လက် အမူအရာနှင့် ခံတွင်းမှ ထုတ်ဟပြောဆိုခြင်း မရှိသော်လည်း အဘိဇ္ဈာဖြစ်မှုကဲ့သို့ အတွင်း အဇ္ဈတ္တတွင် ကျိတ်ကာမှိတ်ကာ စိတ်သက်သက်ဖြင့်လည်း ကြံစည်လုပ်ကိုင်နေတတ် သည်။ ဤသို့သော မူမှန်သဘာဝတို့ကို အမှန်အတိုင်း သိမြင်ကြရပေမည်။ ယင်း ကာယ၊ ဝါစာ၊ မန အမူအရာများကို ဖယ်ရှားကြည့်လျှင် လူသားကို “အသုဘ” အနေဖြင့်သာ တွေ့ရပေမည်။
ဖော်ပြပြီး ကာယ၊ ဝါစာ၊ မန အမူအရာ အလုပ်တို့ကို ပါဠိဘာသာအားဖြင့် ဝေါဟာရတပ်ဆင်သောအခါ-
ကာယကမ္မ = ကာယကံ = ကိုယ်အမူအရာဖြင့် ပြုလုပ်မှု၊
ဝစီကမ္မ = ဝစီကံ = စကားဖြင့် ပြုလုပ်ဆောင်ရွက်မှု၊
မနောကမ္မ = မနောကံ = အတွင်းစိတ်သက်သက်ဖြင့် အတွင်းကျိတ် ကြံစည်ပြုလုပ်မှု-
စာမျက်နှာ-184
ဝစီကမ္မ၌ “ဝစီ” သို့မဟုတ် “ဝစ” သဒ္ဒါမှာ နှုတ်ခံတွင်းကို မဟောဆို၊ “စကား” ဟူသော အဓိပ္ပာယ်ကိုသာ ပေး၏။ ထို့ကြောင့် ဝစီကံကို “နှုတ်ဖြင့် ပြုလုပ်ချက်” ဟု ဘာသာပြန်ဆိုသည်ထက် “စကားဖြင့် လုပ်ဆောင်ချက်” ဟု အနက်ဖော်ထုတ်သည်က ပို၍ ရှင်းလင်းသည်။
ကံနှင့်လူသားသည် တခြားစီ မဟုတ်၊ ကံဟူသည် လူသား၏စွမ်းရည်တစ်မျိုးသာ ဖြစ်ကြောင်း သဘောပေါက်ရပေမည်။
ဗုဒ္ဓဘာသာအချို့သည် ကံကြမ္မာသည် သီးသီးသန့်သန့် ရှိနေသလို အထင်အမှတ် မှားနေ၏။ “အတ္တ” ရှိသည်ဟု ထင်သကဲ့သို့ ဖြစ်ချေ၏။ အဘိဓမ္မာအရ ကံသည် စေတနာဖြစ်၍ “ဥပါဒ်၊ ဌ၊ ဘင်” စနစ်ဖြင့် ချုပ်ပျက်မြဲဖြစ်၏။ “ကမ္မ သတ္တိ၏ စွမ်းရည်သည် မည်သည့်အဆင့်ရောက်မှ အကျိုးဖြစ်ထွန်းလာသည်။ မိမိတွင် ဘယ်သို့သော ကမ္မသတ္တိရှိနေသည်”ကို အပ်မသိရှိဘဲ “ရှေးအတိတ်ကံကို ယုံပြီး စောင်ခြုံ အိပ်နေမည်၊ ပျော့စိစိ ဆုတ်ဆုတ် နစ်နစ် ဖြစ်နေမည်” ဆိုပါက ရှေးအကြောင်းကံရှိမှ ချမ်းသာမည် (ပုဗ္ဗေကတဟေတုဒိဋ္ဌိ) ဟု ကံတစ်ခုတည်း စွဲယူ မှုမျိုးဖြစ်၍ “ဗုဒ္ဓလမ်းစဉ်မှ သွေဖည်နေပြီ”ဟု နားလည်ရန်သာ ရှိတော့၏။ ဖြစ်သမျှ ရှေးအတိတ်ကံလက်ချက်ဟု ပုံမချရ၊ အတိတ်နှင့်ပစ္စုပ္ပန် ပေါင်းစပ်ယူရ သည်။ အတိတ်ကံနှင့် ပစ္စုပ္ပန်ကံပေါင်းစပ်ပြီး လက်ရှိဘဝ ကောင်းကျိုးကို ရှာရမည်။ အနာဂတ်ကောင်းကျိုးကို ထူထောင်ရမည် ဖြစ်ပါသည်။
ကံ၏အခြေအမြစ်
မြတ်ဗုဒ္ဓသည် ရင်းမြစ်ကျကျ စေတနာကို “ကံ”ဟူ၍ ဤသို့ ဟောပြ၏-
(က) စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ။
စေတနာကို ကံဟူ၍ ငါဘုရားဟော၏။
(ခ) စေတယိတွာ ကမ္မံ ကရောတိ ကာယေန ဝါစာယ မနသာ။
စေ့ဆော်ပြီး၍ ကိုယ်နှုတ်စိတ်တမျိုးမျိုးဖြင့် လုပ်အားကို သရုပ်ဖော်၏။
မမြင်သာသော စေတနာနှင့် မြင်သာသည့် လုပ်အားလှုပ်ရှားမှုတို့၏ ဆယ်သွယ် ပေါင်းကူးမှုကို ပဋ္ဌာန်းဒေသနာတော်ကြီး၌ ဤသို့ ဖော်ပြပေသည်-
$$သဟဇာတာ စေတနာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။$$
စာမျက်နှာ-185
တိုက်ဆိုင်မိသော အာရုံအခိုက်၌ အုပ်စုလိုက် ဖြစ်ပေါ်လာသော စိတ်, စေတသိက် နာမ်တရားစုတွင် တစ်ခုအပါအဝင်ဖြစ်သော စေတနာသည် စိတ်စွမ်းအားကြောင့် ဖြစ်ထွန်းပေါ် ထင်လာသော ရုပ်တရားများအား ကမ္မသတ္တိဖြင့် ကျေးဇူးပြုသည်။ (ဝါ) စေတနာက ကမ္မသတ္တိ (မျိုးစေ့သဘော) စွမ်းအားဖြင့် လုပ်အားတွေ လှုပ်ရှားလာအောင် ဖန်တီးသည်။
“စေတယိတွာ ကမ္မံ ကရောတိ ကာယေန ဝါစာယ မနသာ” ဟူသော ဒေသနာတော်အရ ကာယလုပ်အား, ဝါစာလုပ်အား, မနလုပ်အား (ဉာဏလုပ်အား) တို့သည် စေတနာကြောင့် သရုပ်ပေါ်လာသော ကံတို့ပေတည်း ဟု သုတ္တန်ကျကျ နားလည်ရပေ၏။
ဤတွင် “စေတနာ ကောင်းရှာတယ်၊ တယ် စေတနာသန့်တဲ့ လူပဲ” စသော အရပ်ပြောစကားများတွင် ပါရှိသည့် ဂါမေအသိ စေတနာမျိုးကို ဆွဲ၍ မသွင်းယူသင့်၊ စာပေအရှိ စေတနာသဘောကိုသာ သုံးသပ်ရမည် ဖြစ်သတည်း။
ကံ၏အကျိုးတရား (ကမ္မဖလ)
ကံ၏အကျိုးရှိကြောင်း မည်သို့ သိနိုင်ပါသလဲ
ကမ္မပထမြောက်၍ အပါယ်သို့ လားရာလားကြောင်းဖြစ်သော နတ္ထိကဒိဋ္ဌိ အမြင် ရှိသူများက “အလုပ်ကံနှင့် ကံ၏ အကျိုး (လုပ်အားတန်ဖိုး) မရှိ” ဟု မှတ်ထင် ကြသော်လည်း အမှန်စင်စစ် လုပ်အား (ကံ)၏ စွမ်းရည်သတ္တိ ကောင်းကျိုး, ဆိုးပြစ် သည် မီးနှင့်အခိုးအလျှံကဲ့သို့ ဒွန်တွဲလျက်သာ တည်ရှိနေပေသည်။ အလုပ်(ကံ)၏ ကောင်းကျိုး, ဆိုးပြစ် ရှိမှုကို-
(၁) ကိုယ်တွေ့အားဖြင့် လည်းကောင်း၊
(၂) ဆင်ခြင်ဝေဖန်ဉာဏ်အားဖြင့် လည်းကောင်း၊
(၃) ဘုရားသမ္ဗုဒ္ဓ၏ ဟောကြားချက်အရ လည်းကောင်း-
ယထာဘူတ ကျကျ သိရှိနိုင်ပေသည်။
ကံသည် အကျိုးတရားကို ချက်ချင်း ဖော်ထုတ်သလော
ကံ,ကံ၏အကျိုး ဆက်သွယ်မှုတွင် ဗုဒ္ဓဘာသာတိုင်းလိုလိုပင် ဘုရားမြတ် အလိုတော်ကျအတိုင်း မှန်ကန်စွာ နားလည်ထားရင်း ရှိခဲ့၏။
စာမျက်နှာ-186
ကောင်းသောအလုပ် (ကုသိုလ်ကံ)၊ ဆိုးညစ်သောအလုပ် (အကုသိုလ်ကံ) တို့၏ အကျိုးတရား ဖြစ်ထွန်းစေမှုနှင့် ပတ်သက်၍ ဓမ္မပဒဒေသနာတော်တွင် မြတ်ဗုဒ္ဓက ဤသို့ ဟောကြားထား၏-
ပါပေါပိ ပဿတိ ဘဒြံ၊ ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ပါပံ၊ အထ ပါပေါ ပါပါနိ ပဿတိ။
(ဂါထာ-၁၁၉)
မကောင်းမှုကို ပြုလုပ်ထားသူပင် ဖြစ်လင့်ကစား ထိုအကုသိုလ်ကံ ရင့်ကျက်လာပြီး ဆိုးပြစ်ကို ဖော်ထုတ်၍မပေးမီ အချိန်ပိုင်း၌ ချမ်းသာသုခကို တွေ့မြင် ခံစားနေရသေး၏။ သို့သော်လည်း ပြုလုပ်ခဲ့သော ဒုစရိုက်ကံ ရင့်ကျက်၍ သူ၏ သတ္တိကို ပြသလာသောအခါ ဆိုးညစ်သော ကံပိုင်ရှင်သည် ယုတ်မာဆိုးဝါးသော ဆင်းရဲဒုက္ခ အမျိုးမျိုးကို တွေ့မြင်ခံစားရတော့သည်။
ဘဒြောပိ ပဿတိ ပါပံ၊ ယာဝ ဘဒြံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ဘဒြံ၊ အထ ဘဒြော ဘဒြာနိ ပဿတိ။
(ဂါထာ-၁၂ဝ)
ကောင်းသောအမှုကို ပြုလုပ် ဆောင်ရွက်ထားသည် ဖြစ်လင့်ကစား ထို ကောင်းမှုကုသိုလ်ကံ မရင့်ကျက်သေးသဖြင့် ကောင်းကျိုးသုခကို ပေးအပ် ဆက်နှင်းနိုင်ခြင်းမရှိသေးမီအတွင်း ဆင်းရဲဒုက္ခကို တွေ့ကြုံရတတ်သေး၏။ သို့တစေလည်း ပြုထားသော ကုသိုလ်ကံရင့်ကျက်လာ၍ သူ၏အကျိုး တရားကို ဖော်ထုတ်လာသောအခါ သုစရိုက်ကံသခင် လူသားသည် ချမ်းသာသုခ ဟူသမျှကို အားရပါးရ တွေ့မြင်ခံစားရပေသည်။
ကြားကာလတွင် စံစား ခံစားရသော အကျိုးတရားများမှာ ယခင့် ယခင်က ပြုလုပ်ခဲ့ပြီး ရင့်ကျက်သော ကံတစ်မျိုးမျိုးကြောင့်လည်းကောင်း၊ ဉာဏ်ဝီရိယ အကြောင်းဆက်ကြောင့်လည်းကောင်း ဖြစ်ပေ၏။
အထက်ပါ ဒေသနာတော်၌ “ယာဝ ပါပံ န ပစ္စတိ၊ မကောင်းမှုကံ ရင့်ကျက်မှု မဖြစ်မီ” “ယာဝ ဘဒြံ န ပစ္စတိ၊ ကောင်းမှုကံ မရင့်ကျက်မီ” ဟူသောစကားတို့မှာ ကံတစ်ခုသည် ရင့်ကျက်လာမှသာ အကျိုးကို ဖြစ်စေနိုင်သည် (ဝါ) ငရုတ်သီး စပ်သလို လတ်တလော တစ်ထိုင်တည်း အကျိုးပေးနိုင်ခြင်းမရှိဟု ထင်ထင်ရှားရှား ဟောပြထားခြင်းဖြစ်၏။
စာမျက်နှာ-187
စွန့်လွှတ်ကြရ၏။ ကံအနေဖြင့် ဖြစ်ခဲ့ရသော်လည်း အကျိုးတရားကို ဖော်ထုတ် နိုင်ခြင်း မရှိတော့သောကြောင့် အလကားကံ၊ အချည်းနှီးကံတို့ ဖြစ်ရသည်။ အပွင့်သာ ပွင့်နိုင်ပြီး အသီးအဖြစ်သို့ မရောက်လာနိုင်သကဲ့သို့တည်း။ ဥသာဖြစ်လာပြီး အကောင် မပေါက်နိုင်သည့် လေဥ ပမာတည်း။ ဤသို့သော ကံမျိုးကို ပါဠိလို “အဟောသိကံ” ဟူ၍ ခေါ်ပေသည်။
ဤ၌ ရှင်အင်္ဂုလိမာလ၏ လူသတ်မှု အကုသိုလ်ကံတို့သည် ရှင်အင်္ဂုလိမာလ ရဟန္တာဖြစ်သွား၍ အကျိုးမပေးနိုင်သောကြောင့် အဟောသိကံဖြစ်သွားရပုံကို သတိရနိုင်၏။
အဘိဓမ္မာနည်းအရ ဝီထိတစ်ခုတွင် ပါဝင်သော ဇောစိတ်ခုနစ်ကြိမ်အနက် ပထမ ဇောစိတ်နှင့်ယှဉ်သော စေတနာကံသည် ဒိဋ္ဌဓမ္မအကျိုးပေး၏။
သတ္တမဇောနှင့်ယှဉ်သော စေတနာကံသည် ဥပပဇ္ဇဝေဒနီယ (ဒုတိယဘဝ၌ အကျိုးပေးသောကံ) ဖြစ်၏။ အလယ်ဇော (၅)ချက်နှင့်ယှဉ်သော စေတနာကံတို့ သည် အပရာပရိယဝေဒနီယ (နိဗ္ဗာန်မရမီ ဘဝတစ်ခုခု၌ အကျိုးပေးသောကံ) ဖြစ်သည်။ ထိုကံတို့သည်ပင် မရင့်ကျက်နိုင်လျှင် အဟောသိကံ ဖြစ်သွားကြသည်။
ဤ၌ အရေးကြီးသော သင်ခန်းစာမှာ အကုသိုလ်လုပ်မိလျှင် မတိုးပွားအောင် တိုတိုနှင့်ဖြတ်၊ ကံ မရင့်ကျက်နိုင်၍ (အားမကောင်း၍) အကျိုးမပေးနိုင်ဘဲ အဟောသိကံဖြစ်ပွားလိမ့်မည်။ ကုသိုလ်ကောင်းမှုလုပ်ပြီးလျှင် အထပ်ထပ် ပွားအောင် အားဆင့်ပေး၊ သို့မှသာ အားစွမ်းရည် တိုးတက် ရင့်ကျက်လာပြီး ကောင်းကျိုး ပေးမည်။ ဤအချက်ကို အထူးမှတ်သား၍ လက်တွေ့ကျင့်သုံးသင့်ပေသည်။
ဒိဋ္ဌဓမ္မဝေဒနီယကံနှင့် ပတ်သက်၍ အင်္ဂါလေးပါး-
(၁) စေတနာစင်ကြယ်ထက်သန်ခြင်း၊
(၂) တရားသဖြင့်ရရှိထားသော လှူဖွယ်ဝတ္ထုဖြစ်ခြင်း၊
(၃) အလှူခံပုဂ္ဂိုလ်မှာ အနာဂါမ်၊ သို့မဟုတ် ရဟန္တာဖြစ်ခြင်း၊
(၄) နိရောဓသမာပတ်မှ ထပြီးခါစဖြစ်ခြင်း-
ဤအင်္ဂါလေးရပ်နှင့် ပြည့်စုံသော ဒါနကုသိုလ်ကံသည် ခုနစ်ရက်အတွင်း အကျိုးပေးမြဲ ဖြစ်သည်။ သို့သော် အင်္ဂါ (၃) နှင့် (၄) သည် ယခုခေတ်၌ ပြည့်စုံရန် မလွယ်ပေ။
စာမျက်နှာ-188
အထက်တွင် သုံးသပ်ဖော်ပြခဲ့ပြီးသော ပါဠိတော်ကြီးများ၏ အဆိုအမိန့်အရ မည်သည့်ကံမျှ လောလောလတ်လတ် အကျိုးမပေးနိုင်ကြောင်း နားလည်နိုင်ပြီ။
လက်တွေ့ကျသော အဖြစ်အပျက် အထောက်အထားများ အရလည်း အလုပ် (ကံ)ကို အလုပ်လျှင်လုပ်ချင်း စက္ကန့်မဆိုင်း, မိနစ်မဆိုင်း ဝုန်းဝုန်းဒိုင်းဒိုင်း ချက်ချင်း အကျိုးပေးခြင်း မရှိကြောင်း ပြတ်သားစွာ သိမြင်နိုင်ကြ၏။
ပါဏာတိပါတကံကို အခုကျူးလွန်၊ ခု-ချက်ချင်း အသက်တို၊ ခု-ရောဂါထူပြော ခြင်း မရှိမှု၊ ခု-အလှူပေး၊ ခု-ထပြီး ချမ်းသာခြင်းမရှိမှု၊ ခု-ဝါပင်စိုက်၊ ခု-ချက်ချင်း အဝတ်အထည်ဖြစ်လာခြင်း မရှိနိုင်မှု စသောအားဖြင့် အလုပ်(ကံ)နှင့် ဆိုင်ရာ စဉ်းစားပါလေ။
အကျဉ်းချုပ်အားဖြင့် ရိုးရိုးကမ္မဝါဒနှင့် ပတ်သက်၍ ကျမ်းဂန်များအရ လည်းကောင်း၊ လက်ရှိလောကဖြစ်ရပ်များအရလည်းကောင်း အလုပ်(ကံ) တစ်ခု သည် ပူပူလောလော အကျိုးပေးနိုင်ခြင်းမရှိ၊ အကျိုးပေး မြန်ဆန်လှသော ကံသော်မှ ခုနစ်ရက်အတွင်း၌ အကျိုးပေးသည်။ ဘာအကျိုးကိုမျှ ပေးအပ်ခြင်းမရှိသော ရင့်ကျက်ခွင့်မရသည့် ကံတွေလည်း ရှိသည်ဟု သိရပေသည်။
ကံကိစ္စလေးမျိုး
အထက်တွင် တင်ပြခဲ့သည်မှာ လူသားတို့ နေ့စဉ်လုပ်ကိုင်ပြောဆိုမှု တွေးကြံ မှု၌ စိတ်ဖြစ်တိုင်း ပါဝင်နေသော စေတနာကံ၏ အကျိုးပေးချိန်ကာလကို ခွဲပြခဲ့ခြင်း ဖြစ်၏။
ဤစေတနာကံသည် အကျိုးပေးချိန် ကာလအားဖြင့်သာ ကွဲပြားသည် မဟုတ်သေး၊ ဆောင်ရွက်ချက်လုပ်ငန်းအနေဖြင့်လည်း ကွဲပြားလျက်ရှိသည်။ အကျိုး တရပ်ကို ကိုယ်တိုင် ဖြစ်ပေါ်စေသည့် ကံမျိုးလည်းရှိ၏။ စိတ်တွေ ရုပ်တွေကို ထိုက်သင့်သလို ဖြစ်ပေါ်စေသည့် ဤကံမျိုးကို “ဇနကကံ” ဟု ခေါ်ပါသည်။ တချို့ကံမှာမူ မိမိကိုယ်တိုင် အကျိုးကို မဖြစ်စေဘဲ အခြားကံများအကျိုးပေးခွင့် ရအောင် ကူညီပေးပါသည်။ ဤကံကို “ဥပတ္တမ္ဘကကံ” ဟု ဆိုပါသည်။ ကုသိုလ် ကံက အခြားသော ကုသိုလ်ကံကို ထောက်ခံပေးပြီး အကုသိုလ်ကံက အခြားသော အကုသိုလ်ကံ ရင့်ကျက် အားသန်လာအောင် ကူညီပါသည်။
အချို့သော ကုသိုလ်ကံသည် အကုသိုလ်ကံ အကျိုးပေးခွင့် မရှိအောင်၊ ပေးထားသည့်အကျိုး မဖွံ့ဖြိုးအောင် ကပ်၍ နှိပ်စက်တတ်သည်။ အချို့သော
စာမျက်နှာ-189
အကုသိုလ်ကံလည်း ကုသိုလ်ကံအကျိုး မပေးရအောင်၊ အကျိုး မဖွံ့ဖြိုး မထွန်းကား အောင် ကပ်၍ ညှင်းဆဲတတ်ပြန်ပါသည်။ ထိုသို့ အခြားသောဆန့်ကျင့်ဘက်ကံကို နှိပ်စက်ဟန့်တားသည့် ကံနှစ်မျိုးကို “ဥပပီဠကကံ” ဟု သတ်မှတ်ကြ၏။
အင်အားကြီးလှသည့် ကုသိုလ်ကံသည် အကုသိုလ်ကံစွမ်းကို တခါတည်း ဖြတ်ချ တတ်၏။ အားကြီးသော အကုသိုလ်ကံကလည်း အားပျော့သော ကုသိုလ်ကံသတ္တိ စွမ်းရည်ကို ပယ်ဖျက်နိုင်သည်။ ကံတစ်ပါး၏ စွမ်းရည်ကို ဟန့်တားဖျက်ဆီးသော ဤကံမျိုးကို “ဥပစ္ဆေဒကကံ” ဟု သတ်မှတ်ကြသည်။
ခန္တီဝါဒီရှင်ရသေ့ကို စော်ကား၍ ကာလာဗုမင်း မြေမျိုသေရခြင်းသည် ကုသိုလ်ကံ အကျိုးဖြစ်သော လူ့ဘဝမင်းအဖြစ်ကို အကုသိုလ်ကံက ဖြတ်ချလိုက်ခြင်း ဖြစ်သည်။ ရှင်အင်္ဂုလိမာလ အရဟတ္တမဂ်ဉာဏ် (ကုသိုလ်)ကို ရသောအခါ လူသတ်မှုအကုသိုလ် များ ပျက်ပြယ်ကုန်၏။ ကုသိုလ်က အကုသိုလ်ကံကို သတ်ခြင်းမျိုးတည်း။ ဤကား လုပ်ငန်းကိစ္စအားဖြင့် ကံလေးမျိုးခွဲခြင်းဖြစ်သည်။
အလှည့်ကျတာဝန်ယူသော ကံလေးမျိုး
လာမည့်ဘဝသစ်၌ အလှည့်ကျ အကျိုးပေးမှုနှင့် စပ်လျဉ်း၍လည်း “ကံ” လေးမျိုးခွဲကြသေး၏။ မိဘကို သတ်ခြင်းကဲ့သို့ အပြစ်ကြီးလေးသော “ပဉ္စနန္တရိယကံ” ဈာန်ရခြင်းကဲ့သို့ ထွတ်မြတ်သော “မဟဂ္ဂုတ်ကံ”တို့သည် အခြားမည်သည့်ကံကိုမျှ အခွင့်မပေးဘဲ မိမိတို့ကိုယ်တိုင် ပဋိသန္ဓေကျိုး ပေးကြသည်။ ဤကံမျိုးကို “ဂရုကံ” (အင်အားစွမ်းရည် ကြီးလှသောကံ) ဟု ခေါ်သည်။
ကြီးလေးသည့်ကံ မရှိသောသူများ၌ သေခါနီးတွင် ပြုလုပ်သော၊ သေခါနီးတွင် ပေါ်လာသော (ကုသိုလ်၊ သို့မဟုတ် အကုသိုလ်)ကံက ဘဝသစ်၌ အကျိုးပေး၏။ ပဋိသန္ဓေဝိညာဉ်ကို ဖြစ်စေ၏။ ဤကံမျိုးကို “အာသန္နကံ” ဟု ခေါ်၏။ ဘဝကူး ကောင်းရေးအတွက် အထူးသတိပြုရမည့်အချက်တည်း။
အကယ်၍ သေခါနီး၌ ထူးထူးခြားခြား အာသန္နကံမရှိလျှင် တစ်ဘဝတာလုံး မိမိလေ့ကျင့်ခဲ့သည့် (ကုသိုလ်၊ သို့မဟုတ် အကုသိုလ်ကံ) ကံတစ်မျိုးမျိုးက ဝင်လာပြီး ဘဝသစ်အတွက် အကျိုး(ပဋိသန္ဓေဝိညာဉ်)ကို ဖြစ်စေသည်။ ဤကံမျိုးကို “အာစိဏ္ဏကံ” (အလေ့အကျင့်များခဲ့သောကံ)ဟု ဆိုသည်။
ထိုသုံးမျိုးမှ အလွတ်ဖြစ်သော ကံတစ်မျိုးကို “ကဋတ္တာကံ” (ပြုကာခွကာ မတ္တကံ)ဟု ခေါ်လေသည်။ အထက်ပါ ကံသုံးမျိုး အကျိုးပေးခွင့် မကြုံလျှင် ဤကဋတ္တာကံများက အကျိုးပေးကြလေသည်။
စာမျက်နှာ-190
နေ့စဉ်ဘဝတွင် လက်တွေ့ အသုံးကျရုံမျှ အကျဉ်းတင်ပြပါသည်။ အကျယ်ကိုမူ အဘိဓမ္မတ္ထသင်္ဂြိုဟ် စသည်၌ ရှုပါ။
ကံချင်းမတူ လူချင်းမတူ
ဘုရားရှင်လက်ထက်ဝယ် သုဘလုလင်သည် လူချင်းတူပါလျက် တစ်ဦးနှင့် တစ်ဦး အကျိုးပေးထူးခြားပုံကို မြင်ရသဖြင့် မရှင်းလင်းသည့်အတွက် တစ်ဆယ့်လေးချက် သော ပြဿနာတို့ကို လျှောက်ထားရာ၌ ဘုရားရှင်ဖြေတော်မူပုံကို ယခု ရဟန်း ရှင်လူအများ နားလည်သဘောပေါက်စေရန် အကျဉ်းချုံး၍ ရေးသားဖော်ပြပါမည်-
၁။ အချို့မှာ အသက်တိုရခြင်း
ဤလောက၌ အချို့သော မိန်းမယောက်ျားတို့သည် သတ္တဝါတို့အပေါ်၌ သနားခြင်းကင်းမဲ့လျက် သူတပါး၏အသက်ကို ရက်ရက်စက်စက် သတ်ဖြတ်လေ့ ရှိ၏။ ထိုသူမျိုးသည် သေလျှင် ငရဲသို့ ကျရောက်တတ်၏။ (ရှေးက ကုသိုလ်ကံ တစ်ခုခု၏ ထောက်ပံ့မှုကြောင့်) ငရဲသို့ မကျဘဲ လူ့ပြည်သို့ရောက်လျှင် ကြာရှည်စွာ နေခွင့်မရ။ အသက်တိုရလေသည်။
၂။ အချို့မှာ အသက်ရှည်ရခြင်း
ဤလောက၌ အချို့သော မိန်းမယောက်ျားတို့ကား သတ္တဝါတို့အပေါ်၌ သနား ကြင်နာ ကရုဏာထားလျက် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏။ ထိုသူများသည် သေလျှင် အထက်နတ်ပြည်သို့ ရောက်ရတတ်၏။ နတ်ပြည်မရောက်ဘဲ လူ့ပြည်သို့ ရောက်ပြန်လျှင်လည်း အသက်ရှည်စွာ နေကြရလေသည်။
၃။ အချို့မှာ အနာရောဂါများရခြင်း
ဤလောက၌ အချို့သော မိန်းမယောက်ျားတို့သည် တစ်စုံတစ်ယောက်သော သတ္တဝါကို လက်ဖြင့်သော်လည်းကောင်း၊ ခဲ,တုတ်,ဓား စသော လက်နက်ဖြင့်သော် လည်းကောင်း ညှင်းဆဲလေ့ရှိ၏။ ထိုသူမျိုးသေလျှင် ငရဲသို့ ကျရောက်တတ်၏။ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်ရလျှင် ရောဂါထူပြော အနာပေါလေသည်။
စာမျက်နှာ-191
၄။ အချို့မှာ အနာရောဂါကင်းရှင်းရခြင်း
ဤလောက၌ အချို့သော မိန်းမယောက်ျားတို့သည် တစ်စုံတစ်ယောက်သော သတ္တဝါကို လက်ဖြင့်သော်လည်းကောင်း၊ ခဲ,တုတ်,ဓား စသော လက်နက်တို့ဖြင့် သော်လည်းကောင်း ညှင်းဆဲနှိပ်စက်လေ့မရှိ။ ထိုသူမျိုးသည် သေလျှင် အထက် နတ်ပြည်သို့ ရောက်ရတတ်၏။ နတ်ပြည် မရောက်ဘဲ လူ့ပြည်သို့ရောက်လျှင်ကား အနာရောဂါ ကင်းရှင်းရပေသည်။
၅။ အချို့မှာ အရုပ်ဆိုးရခြင်း
ဤလောက၌ အချို့သောမိန်းမယောက်ျားတို့သည် အလွန်ဒေါသကြီး၏။ အနည်းငယ် စကားပြောစရာရှိလျှင် သူတပါးကို ထိပါးပုတ်ခတ်၍ ပြောဆိုလေ့ ရှိ၏။ ထိုသူမျိုးသေလျှင် ငရဲသို့ ကျရောက်တတ်၏။ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်လျှင် မျက်နှာပုပ်သိုး အရုပ်ဆိုးတတ်လေသည်။
၆။ အချို့မှာ ရုပ်အဆင်းလှခြင်း
ဤလောက၌ အချို့သောမိန်းမယောက်ျားတို့သည် ဒေါသမထွက်၊ သူတပါး၏ အပြစ်ကို ပြောဆိုလေ့မရှိ၊ စိတ်ကြည်လင်အေးမြသူဖြစ်၏။ ထိုသူသေလျှင် နတ်ပြည် သို့ ရောက်ရတတ်၏။ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်သို့ ရောက်ရလျှင်လည်း ကြည်လင်လှပသော အဆင်း (ရုပ်ချောခြင်း)ကို ရရှိပေသည်။
၇။ အချို့မှာ ခြွေရံစိုးမိုး တန်ခိုးအာဏာနည်းပါးရခြင်း
ဤလောက၌ အချို့သော မိန်းမယောက်ျားတို့သည် ဣဿာ(ငြူစူခြင်း) တရားအားကြီး၏။ ထိုသူမျိုးသေလျှင် ငရဲသို့ကျရောက်တတ်၏။ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်ရလျှင်လည်း ခြွေရံစိုးမိုးတန်ခိုးအာဏာ နည်းပါးရလေသည်။
၈။ အချို့မှာ ခြွေရံစိုးမိုး တန်ခိုးအာဏာကြီးမားရခြင်း
ထိုကဲ့သို့ ဣဿာ(ငြူစူခြင်း) တရားမရှိသောသူသည် သေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏။ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်သို့ ရောက်ရလျှင်လည်း နာမည် ကျော်ကြား ခြွေရံများ၍ တန်ခိုးအာဏာဩဇာ ကြီးမားရပေသည်။
မှတ်ချက် ။ ။ သူတပါးတို့၏ ကံ, ဉာဏ်, ဝီရိယအားလျော်စွာ စည်းစိမ် ဥစ္စာ ပေါများခြင်း၊ ဂုဏ်သိန်ကြီးမားခြင်း၊ ထင်ရှား ကျော်စောခြင်း၊ တတ်သိလိမ္မာခြင်း စသည်ကို မနာလိုမှု၊ မကြည့်နိုင်မှု၊ စောင်းမြောင်းမှု၊ (မျက်စောင်းထိုးကြည့်မှု) ငြူစူမှု၊ (သည်လိုယုန်တော့
စာမျက်နှာ-192
ချုံတိုင်းမှာရှိရဲ့၊ ဇီးကွက်လောက်တော့ ငှက်တိုင်းလှရဲ့၊ စသည်ဖြင့် နှုတ်ခမ်းစူ၍ ပြောဆိုမှုများသည် အတွင်းက ဣဿာတရား အစွမ်းပင်တည်း။
၉။ အချို့မှာ ဥစ္စာမဲ့မွဲ ဆင်းရဲရခြင်း
ဤလောက၌ အချို့သောမိန်းမယောက်ျားတို့သည် စွန့်ကြဲပေးကမ်း လှူဒါန်း လေ့မရှိ၊ မစ္ဆေရ (ဝန်တိုခြင်း)တရား အလွန်အားကြီး၏။ ထိုသူမျိုးသေလျှင် ငရဲသို့ ကျရောက်တတ်၏။ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်ရလျှင်လည်း ဥစ္စာမဲ့မွဲ ဆင်းရဲ ရလေ၏။
၁၀။ အချို့မှာ ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝခြင်း
ထိုကဲ့သို့ မစ္ဆေရ (ဝန်တိုခြင်း) တရားမရှိဘဲ စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိသော သူသည် သေလျှင် နတ်ပြည်သို့ ရောက်ရ၏။ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်သို့ ရောက်ရလျှင်လည်း ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝရပေသည်။
မှတ်ချက် ။ ။ မိမိ၌ ရှိသောပစ္စည်း၊ မိမိနှင့်သက်ဆိုင်သော ပစ္စည်းများကို သူတပါးနှင့် မဆက်ဆံစေလိုမှု၊ မပေးကမ်း, မလှူဒါန်းရက်မှုကိုလည်းကောင်း၊ မိမိ၏ စည်းစိမ်ဂုဏ်သိန်မျိုး သူတပါးရမှာ စိုးရိမ်ခြင်းကို လည်းကောင်း မစ္ဆေရ (ဝန်တိုခြင်း)ဟု ခေါ်သည်။
၁၁။ အချို့မှာ အမျိုးယုတ်ရခြင်း
ဤလောက၌ အချို့သော မိန်းမယောက်ျားတို့သည် အလွန်မာန်မာနကြီး၏။ (သူတပါးကို အထင်အမြင်သေး၏။ ကိုယ့်ကိုယ်ကို အထင်ကြီး၏။ ရိုသေ လေးစားထိုက် သူကိုမျှ ရိုသေလေးစားရမှန်း မသိတတ်။ ထိုသူမျိုးသေလျှင် ငရဲသို့ ကျရောက်တတ်၏။ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်ရလျှင်လည်း အောက်ကျ နောက်ကျ ယုတ်ညံ့သော အမျိုး၌ ဖြစ်ရ၏။
၁၂။ အချို့မှာ အမျိုးမြတ်ရခြင်း
ထိုကဲ့သို့ မာန်မာနမကြီးဘဲ ရိုသေလေးစားထိုက်သူကို ရိုသေလေးစားလေ့ ရှိသောသူသည် နတ်ပြည်သို့ရောက်ရတတ်၏။ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်သို့ ရောက်ရလျှင်လည်း မြင့်မြတ်သောအမျိုး၌ ဖြစ်ရရိုးရှိ၏။
စာမျက်နှာ-193
၁၃။ အချို့မှာ အသိအလိမ္မာဉာဏ်ပညာ နည်းပါးရခြင်း
ဤလောက၌ အချို့သော မိန်းမယောက်ျားတို့သည် ပညာရှိပုဂ္ဂိုလ်တို့ထံသို့ ချဉ်းကပ်၍ ကုသိုလ်, အကုသိုလ်ကိုလည်းကောင်း၊ အပြစ် ရှိ,မရှိကိုလည်းကောင်း၊ မိမိမှီဝဲထိုက်, မမှီဝဲထိုက်သော အရာကိုလည်းကောင်း၊ နောင်သံသရာဝယ် ကြာရှည် လေးမြင့် ဖွံ့ဖွံ့ဖြိုးဖြိုး အကျိုးပေးမည့် တရားအချက်တို့ကိုလည်းကောင်း မေးမြန်း လေ့မရှိ၊ ထင်မိထင်ရာပြု၍ ဒုစရိုက်များသဖြင့် ထိုသူမျိုးသေလျှင် ငရဲသို့ကျရောက် တတ်၏။ ငရဲမကျဘဲ လူ့ပြည်သို့ရောက်ရလျှင်လည်း အသိအလိမ္မာ ဉာဏ်ပညာကင်း လူဖျင်း, လူအ, လူမိုက် ဖြစ်ရလေသည်။
၁၄။ အချို့မှာ အသိအလိမ္မာဉာဏ်ပညာ ကြီးမားရခြင်း
ထိုကဲ့သို့သော တရားအချက်တို့ကို နှစ်သက်ကြည်ဖြူ နာယူမေးမြန်းလေ့ရှိသော သူသည်ကားသေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏။ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်သို့ ရောက်ရလျှင်လည်း အသိ အလိမ္မာ ဉာဏ် ပညာ ကြီးမားလျက် ထက်မြက်သော အခြေအနေကို ရတတ်ပေသည်။
လိုရင်းအချုပ်မှာ “ဘယ်သူမပြု မိမိမှု” ဟူသည်နှင့်အညီ ရှေးရှေးက ပြုခဲ့သော အမှု (ကံ) အားလျော်စွာ ကောင်းကျိုးနှင့် မကောင်းကျိုးကို ရကြလေသည်။
(ဥပရိပဏ္ဏာသပါဠိတော်၊ ဝိဘင်္ဂဝဂ်၊ စူဠကမ္မဝိဘင်္ဂသုတ်)
စာမျက်နှာ-194
အခန်း (၄) ဒုစရိုက်နှင့် သုစရိုက်
ဒုစရိုက် (၁၀)ပါး အပြား (၄၀)
ဗုဒ္ဓမြတ်စွာသည် ကျမ်းဂန်များစွာတို့တွင် မကောင်းသော အကျင့်ကို ကျင့်ကုန်သောသူတို့အား အပါယ်ငရဲစသည်တို့၌ ခံစားပုံကို ဝတ္ထုဇာတ်လမ်း သက်သေဖြင့် မှတ်တမ်းတင် ဟောကြားတော်မူခဲ့၏။ ကောင်းမှုကုသိုလ်ကို ပြုကုန်သော (ဝါ) ကောင်းသော အကျင့်ကို ကျင့်ကုန်သော (ဝါ) မကောင်းသောအကျင့်စရိုက်မှ ရှောင်ကြဉ်ကုန်သော သူတို့အား ကောင်းကျိုး သုခ ခံစားရပုံများကိုလည်း ဟောကြားတော်မူခဲ့၏။ သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဖြစ်လိုသော သူတို့သည် မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့သော မြတ်ဓမ္မတို့ကို လိုက်နာကျင့်သုံး လေ့လာသင့်ကြပေသည်။
ကာယဒုစရိုက်-ကာယကံ (၃)ပါး
(၁) ပါဏာတိပါတ = သူ့အသက်သတ်မှု၊
(၂) အဒိန္နာဒါန = အရှင်သည် ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သော သူ့ဥစ္စာကို ခိုးမှု၊
(၃) ကာမေသုမိစ္ဆာစာရ = ကာမဂုဏ်တို့၌ ယုတ်ယုတ်မာမာကျင့်မှု၊
ဝစီဒုစရိုက်-ဝစီကံ (၄)ပါး
(၄) မုသာဝါဒ = မုသားပြောဆိုမှု၊
(၅) ပိသုဏဝါစာ = ချောပစ်ကုန်းတိုက်မှု (ချစ်သူနှစ်ဦး ကွဲသွားအောင် သို့မဟုတ် မိမိအား ချစ်လာအောင် ချစ်သူနှစ်ဦးကို ရန်တိုက်ပေးမှု)၊
(၆) ဖရုသဝါစာ = ကြမ်းကြမ်းတမ်းတမ်း အယုတ်တမာဆဲဆိုမှု၊
(၇) သမ္ဖပ္ပလာပ = ပြိန်ဖျင်းသော စကားကို ပြောဆိုမှု။
စာမျက်နှာ-195
မနောဒုစရိုက်-မနောကံ (၃)ပါး
(၈) အဘိဇ္ဈာ = သူတပါးစည်းစိမ်ကို “ငါ့ဟာ ဖြစ်လျှင် ကောင်းလေစွ”ဟု မတရားကြံစည်မှု၊(၉) ဗျာပါဒ = သေကျေပျက်စီးသွားလျှင် ကောင်းလေစွဟု သူတပါးကို ပြစ်မှားမှု၊
(၁၀) မိစ္ဆာဒိဋ္ဌိ = အယူမှားမှု (ကံ,ကံ၏အကျိုးကို မယုံကြည်မှု)။
ဤဒုစရိုက်ဆယ်ပါးကို အပါယ်ရောက်ကြောင်း မကောင်းသော ခရီးလမ်း “အကုသလကမ္မပထတရား”ဟုလည်း ခေါ်ဆို၏။ ယင်း အကုသလကမ္မပထ တရား ၁၀-ပါးကို-
(၁) ကိုယ်တိုင်ပြုလုပ်ခြင်း၊
(၂) သူတပါးကို ပြုလုပ်ခိုင်းခြင်း၊
(၃) ဒုစရိုက်ပြုလျှင် ရနိုင်မည့် လောကီအကျိုးကို ပြောပြ၍ တိုက်တွန်းခြင်း၊
(၄) သူတပါးတို့ အလိုအလျောက် ပြုနေသည်ကို ဝမ်းမြောက်သဘောတူခြင်း- ဤလေးမျိုးဖြင့် မြှောက်လိုက်လျှင် ဒုစရိုက် (၄၀) ဖြစ်လာ၏။
သက်သတ်, ခိုးမှု၊ ကာမေသု၊ သုံးခု ကာယကံ။
လှည့်စား, ရန်တိုက်၊ မိုက်မိုက်ကန်းကန်း၊
နှုတ်ကြမ်းလေ့ခြင်း၊ ပြိန်ဖျင်းစကား၊
ပြောဆိုငြား၊ လေးပါး ၀စီကံ။
သူ့ဥစ္စာမှန်၊ မတရားကြံ၍၊ ဖောက်ပြန်သေကျေ၊
ပျက်စေလိုငြား၊ အယူမှား၊ သုံးပါး မနောကံ၊
(ဆရာတော်အရှင်ဇနကာဘိဝံသ)
အင်္ဂုတ္တိုရ်တိကနိပါတ် ပဌမ ပဏ္ဏာသက ရထကာရဝဂ် သတ္တမသုတ်၌ ဗုဒ္ဓမြတ်စွာသည် သံသရာဘေးကို မြော်တွေးရှုတတ်သော ရဟန်းတို့အား-
“ရဟန်းတို့..... ကာယဒုစရိုက်, ဝစီဒုစရိုက်, မနောဒုစရိုက်ဟူသော တရားသုံးမျိုး
စာမျက်နှာ-196
တို့သည် မိမိကိုယ်ကို နှိပ်စက်ဖို့ရာလည်း ဖြစ်ကုန်၏။ သူတပါးကို နှိပ်စက် ဖို့ရာလည်း ဖြစ်ကုန်၏။ မိမိ သူတပါး နှစ်ဦးသားတို့ကို နှိပ်စက်ဖို့ရာလည်း ဖြစ်ကုန်၏”ဟု ဟောတော်မူ၏။
“ကာယသုစရိုက်, ဝစီသုစရိုက်, မနောသုစရိုက်ဟူသော တရားသုံးမျိုးတို့ကား မိမိကိုယ်ကို နှိပ်စက်ဖို့ရာလည်း မဖြစ်ကုန်၊ သူတပါးတို့ကို နှိပ်စက်ဖို့ရာလည်း မဖြစ်ကုန်၊ မိမိသူတပါး နှစ်ဦးသားတို့ကို နှိပ်စက်ဖို့ရာလည်း မဖြစ်ကုန်” ဟု ဟောတော်မူ၏။
သုစရိုက် (၁၀)ပါး အပြား (၄၀)
ကာယသုစရိုက်-ကာယကံ (၃)ပါး
(၁) ပါဏာတိပါတဝိရတိ = သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်မှု၊
(၂) အဒိန္နာဒါနဝိရတိ = အရှင်သည် ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သော သူတပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်မှု၊
(၃) ကာမေသုမိစ္ဆာစာရဝိရတိ = ကာမဂုဏ်တို့၌ ယုတ်ယုတ်မာမာ ကျင့်ခြင်းမှ ရှောင်ကြဉ်မှု။
ဝစီသုစရိုက်-ဝစီကံ (၄)ပါး
(၄) မုသာဝါဒဝိရတိ = မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်မှု၊
(၅) ပိသုဏဝါစာဝိရတိ = ချောပစ်ကုန်းတိုက်ခြင်းမှ ရှောင်ကြဉ်မှု၊
(၆) ဖရုသဝါစာဝိရတိ = ကြမ်းကြမ်းတမ်းတမ်း အယုတ်တမာ ဆဲဆိုခြင်း ရှောင်ကြဉ်မှု၊
(၇) သမ္ဖပ္ပလာပဝိရတိ = ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်မှု။
မနောသုစရိုက်-မနောကံ (၃)ပါး
(၈) အနဘိဇ္ဈာ = သူတပါးစည်းစိမ်ကို “ငါ့ဟာဖြစ်လျှင် ကောင်း လေစွ”ဟု မတရားကြံစည်ခြင်းကို မပြုမှု၊
စာမျက်နှာ-197
(၉) အဗျာပါဒ = သေကျေပျက်စီးသွားလျင် ကောင်းလေစွဟု သူတပါးအား ပြစ်မှားခြင်းကို မပြုမှု၊
(၁၀) သမ္မာဒိဋ္ဌိ = အယူမှားခြင်း၊ ကံကံ၏အကျိုးကို မယုံကြည်ခြင်းကို မဖြစ်စေမူ၍ ကောင်းသောအယူကို ယူမှု။
ဤသုစရိုက် (၁၀)ပါးကို “ကုသလကမ္မပထ” တရား ဆယ်ပါးဟုလည်း ခေါ်၏။ လူ့ပြည်နတ်ပြည်ရောက်ကြောင်း “ကုသလကမ္မပထ” တရား (၁၀)ပါးကို-
(၁) ကိုယ်တိုင်ပြုခြင်း၊
(၂) သူတပါးကို ပြုဖို့ရန် စေခိုင်းခြင်း၊
(၃) သုစရိုက်၏ အကျိုးကျေးဇူးကို ပြောပြ တိုက်တွန်းခြင်း၊
(၄) သူတပါးတို့ အလိုအလျောက် ပြုနေသည်ကို သဘောတူခြင်း၊ ဤလေးပါးဖြင့် မြှောက်ပွားပါက သုစရိုက် (၄၀) ဖြစ်လာ၏။
သုစရိုက်ပြိုင်၊ ဤဆယ်ခိုင်ကို၊ ကိုယ်တိုင်ပြုငြား၊ သူတပါးခိုင်းတုံ၊ ဂုဏ်ကို ပြောပြ၊ ဝမ်းမြောက်ကြပြန်၊ လေးဆယ်မှန်၊ မြှောက်ဟန် သဘောပိုက်။
(ဆရာတော်အရှင်ဇနကာဘိဝံသ)
ဒုစရိုက်အပြစ်နှင့် သုစရိုက်အကျိုး သက်သေပြဝတ္ထုများ
ပါဏာတိပါတဒုစရိုက်အပြစ်ပြ နွားသတ်သမားဝတ္ထု
လွန်လေပြီးသောအခါက သာဝတ္ထိပြည်၌ နွားသတ်သမား တစ်ယောက်ရှိ၏။ သူသည် နွားတို့ကို ကိုယ်တိုင်လည်း သတ်၍စား၏။ အရောင်းအဝယ်လည်း ပြု၏။ နွားသားမပါလျှင် ထမင်းမစားနိုင်သည်အထိ နွားသားကို ခုံမင်နှစ်သက်၏။ တစ်ခါ သော် သူစားရန်အတွက် ထားသော နွားသားကို ရင်းနှီးသော မိတ်ဆွေတစ်ဦးက ခင်မင်မှုဖြင့် ဇွတ်ယူသွားသောကြောင့် သူ၏ဇနီးသည်က ထိုနေ့တွင် အမဲသား မပါဘဲ အခြားဟင်းလျာများဖြင့် ထမင်းပွဲကို ပြင်ဆင်၍ ကျွေးမွေး၏။ နွားသတ် ယောက်ျားသည် ထမင်းပွဲတွင် အမဲသားမပါသည်ကို သည်းမခံနိုင်သောကြောင့် ခြံထဲမှ နွားတစ်ကောင်၏ လျှာကို ဓားဖြင့်လှီး၍ အိမ်ရှင်မအား အချက်ခိုင်း၏။
စာမျက်နှာ-198
ထိုထမင်းပွဲတွင် စားရန် အမဲသားကို လျှာပေါ်သို့ တင်လိုက်သည်နှင့် တပြိုင်နက် ထိုနွားသတ်သမားယောက်ျား၏ လျှာသည် အရင်းမှပြတ်၍ စားနေသော ထမင်းခွက် ထဲသို့ ကျလေ၏။ သူပြုသော အကုသိုလ်ကံနှင့်အညီ ဆင်းရဲသော ဝေဒနာကို ခံစားရ၏။ ခံတွင်းမှ သွေးများ ယိုစီး၍ နေအိမ်ကိုပတ်ပြီး နွားကဲ့သို့ အော်မြည် လျက် သေ၏။ သေပြီးနောက် အဝီစိငရဲတွင် ကာလကြာမြင့်စွာ ပါဏာတိပါတ အကုသိုလ်ဒုစရိုက်ကံ၏ အပြစ်ကို ကြီးလေးစွာ ခံရရှာလေ၏။
(ဓမ္မပဒအဋ္ဌကထာ။ ဒုတိယအုပ်၊ မလဝဂ်၊ ဂေါယာတကဝတ္ထု)
ပါဏာတိပါတဝိရတိ သုစရိုက်အကျိုးပြ စက္ကနညီနောင်ဝတ္ထု
သီဟိုဠ်ကျွန်းတွင် စူဠစက္ကနနှင့် မဟာစက္ကနဟူ၍ ညီအစ်ကိုနှစ်ယောက် ရှိ၏။ သူတို့၏ မိခင်၌ ရောဂါဝေဒနာ စွဲကပ်ရာ ဆေးဆရာဖြစ်သူက လတ်လတ်ဆတ်ဆတ် ယုန်သားကို စားရလျှင် ဝေဒနာပျောက်ကင်းမည်ဟု ဓာတ်စာပေးသောကြောင့် အစ်ကိုက ညီအား ယုန်ဖမ်း၍ ယူစေရန် စေခိုင်းလိုက်၏။
ညီငယ် စက္ကနသည် တောသို့သွား၍ ထောင်ချောက်ဆင်ပြီး ဖမ်းယူရာ ယုန် တစ်ကောင်သည် စက္ကန၏ထောင်ချောက်တွင်မိလျက် ကြောက်လန့်တကြား “ကရိ ကရိ” ဟူသောအသံကို အော်မည်၏။ သေဘေးကြောက်၍ အော်မြည်နေသော ယုန်ကလေး၏ ဖြစ်အင်ကို မြင်ရသောအခါ စက္ကန၏ စိတ်တွင် ကိုယ်ချင်းစာတရား ဖြစ်ပွားလေ၏။
“ငါ၏မိခင် အသက်ရှင်ရေးအတွက် ဤယုန်သူငယ်ကလေး သေရရှာ တော့မည်။ ငါ၏မိခင် ရောဂါပျောက်, မပျောက်ကိုကား တပ်အပ်သေချာ မသိရ။ ယုန်သည်ကား သူ၏အဖော်များနှင့်ကွဲ၍ သေရရှာတော့မည်၊ ကံတရားအတိုင်းရှိပါစေ”ဟု သနားကြင်နာသော စိတ်ဖြင့် ယုန်ကလေးကို ထောင်ချောက်မှ လွှတ်လိုက်လေ၏။
အိမ်သို့ ပြန်လာသောအခါ အစ်ကိုဖြစ်သူက ဆီး၍ မေးသည်တွင် သနား၍ ကိုယ်ချင်းစာစိတ်ဖြင့် မိပြီးသားယုန်ကို ပြန်လွှတ်ခဲ့ကြောင်း အကျိုးအကြောင်း ပြန်ပြောရာ “မိခင်အရင်းထက် တိရစ္ဆာန်ကို သနားစရာ လိုသေးသလား” ဟု ကြိမ်းမောင်း ဆူပူခြင်းကို ခံရလေ၏။
ညီငယ်ဖြစ်သူ စက္ကနလုလင်သည် မိခင်၏အနီးသို့ သွား၍ ခြေဆုပ်လက်နယ် ပြုလျက် “ငါသည် သိတတ်သောအချိန်မှစ၍ သူတပါး၏ အသက်ကို မသတ်စဖူး၊ ဤမှန်သော သစ္စာစကားကြောင့် ငါ့မိခင်၏ ရောဂါဝေဒနာသည် ပျောက်ကင်း ချမ်းမြေ့ပါစေ”ဟု သစ္စာပြုလေ၏။ ပါဏာတိပါတ ဝိရတီသီလကြောင့် စက္ကန၏
စာမျက်နှာ-199
မိခင်သည် ထိုဝေဒနာမှ လုံးဝ ပျောက်ကင်း၍ ချမ်းသာခြင်းသို့ရောက်ခဲ့ရဖူး လေသည်။ (အဋ္ဌသာလိနီအဋ္ဌကထာ)
အဒိန္နာဒါနနှင့် အဒိန္နာဒါနဝိရတိ အကျိုးပြဝတ္ထု
လွန်လေပြီးသောအခါက ဗာရာဏသီပြည် ဒိသာပါမောက္ခ ဆရာကြီးတွင် တပည့် ငါးရာတို့ ပညာသင်ကြားလျက် ရှိ၏။ ဆရာကြီးတွင် လှပချောမော၍ ရုပ်အဆင်း အင်္ဂါ ပြေပြစ်သော သမီးချောတစ်ယောက်ရှိရာ တပည့်များ စိတ်ဝင်စားကြကုန်၏။
ဆရာကြီးသည် တပည့်တို့၏ အကျင့်စာရိတ္တကို စုံစမ်းလို၍ “တပည့်တို့- မင်းတို့အထဲမှ ငါ့သမီးကို စုံမက်သူသည် မိဘဆွေမျိုးများ မသိအောင် အဝတ် တန်ဆာနှင့် ရွှေငွေဘဏ္ဍာ ဥစ္စာပစ္စည်းများကို ယူဆောင်ခဲ့ကြရမည်။ အကောင်းဆုံး ယူဆောင်နိုင်သူအား ငါ့သမီးနှင့် ထိမ်းမြားလက်ဆက်ပေးစားမည်”ဟု ပြောဆို၏။
တပည့်တို့သည် ဆရာကြီး၏စကားကို နားထောင်လိုခြင်း၊ ဆရာကြီး၏ သမီးကို ရလိုခြင်းဟူသော အကြောင်းနှစ်မျိုးကြောင့် မိဘဆွေမျိုးများ မသိအောင် ပစ္စည်း ဥစ္စာကို ခိုးဝှက်၍ ယူဆောင်ပြီးလျှင် သူ့ထက်ငါ အပြိုင် အားကျမခံ ဆရာကြီးထံ အပ်နှံကြကုန်၏။ အကြီးဆုံးတပည့်တစ်ယောက်ကမူ မည်သည့်ပစ္စည်းကိုမျှ မယူမူ၍ ကျောင်းသို့ ပြန်လာ၏။ ထိုအခါ ဆရာကြီးက ကျောင်းသားကြီးကို ခေါ်၍ “အခြားကျောင်းသားများက ငါ၏ သမီးကို စုံမက်၍ ပစ္စည်းများကို အသီးသီး ယူဆောင်လာကြသည်။ မင်းကား ဘာကြောင့် ယူဆောင် မလာရသနည်း” ဟု မေးမြန်း၏။
ကျောင်းသားကြီးက “ဘေးလူတွေ မျက်စိဖြင့် မမြင်ကြသော်လည်း မိမိခိုးယူ သည်ကို မိမိ၏စိတ်က ရှေးဦးစွာ သိခြင်း၊ ကိုယ်စောင့်နတ်များက သိခြင်းကြောင့် မကောင်းမှုပြုသူအား ဆိတ်ကွယ်ရာ မရှိနိုင်ဟု ယုံကြည်သောကြောင့် လူကြီးမိဘ များ မသိအောင် ယူဆောင်ခြင်း မပြုပါ” ဟူ၍ ရှင်းပြလေသည်။
ဆရာကြီးက တပည့်အားလုံးကို ခေါ်၍ -
“တပည့်တို-ဆရာ့အိမ်တွင် ပစ္စည်းဥစ္စာ အပြည့်အစုံ ရှိ၏။ တပည့်တို့၏ အကျင့်စာရိတ္တကို စုံစမ်းလို၍ ပရိယာယ်ဖြင့် ခိုင်းခြင်းသာ ဖြစ်သည်။ သူတပါး မသိအောင်ယူဆောင်ခြင်းသည် အဒိန္နာဒါနကံကို လွန်ကျူးရာရောက်သော ကြောင့် အပြစ်ကြီးလေးလှသည်။ သတိထား၍ ရှောင်ကြဉ်ကြလေ” ဟု
စာမျက်နှာ-200
ဩဝါဒပေးပြီး ရိုးသားသော တပည့်ကြီးကို သမီးချောနှင့် လက်ဆက်ပေး လိုက်လေ၏။ (စတုက္ကနိပါတ်၊ ကာလိင်္ဂဝဂ်၊ သီလဝီမံသနဇာတ်အဋ္ဌကထာ)
ကာမေသုမိစ္ဆာစာရ ဒုစရိုက်အပြစ်ပြ ဣသိဒါသီထေရီမဝတ္ထု
ဣသိဒါသီထေရီမအလောင်းသည် တစ်ခုသော ဘဝ၌ ရွှေပန်းထိမ်သည် ဖြစ်ရာ သူတပါးမယားကို ပြစ်မှားခြင်း ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်၏။ ထိုဘဝမှ သေခဲ့သော် ငရဲ၌ နှစ်ပေါင်းများစွာ ကျခံရ၏။ ငရဲမှ လွတ်သောအခါ ကန်းလည်း ကန်း, ခွင်လည်းခွင်သော ဆိတ်မတစ်ကောင်၏ဝမ်း၌ ပဋိသန္ဓေနေရလေ၏။ အရွယ်သို့ ရောက်လျှင် သူတပါးမယားကို ပြစ်မှားခဲ့ဖူးသော ကံကြောင့် အသို (ဝှေးစေ့) ထုတ် ခြင်းကို ခံရ၏။ နွားထီးဘဝတွင်လည်း အသို(ဝှေးစေ့)ထုတ်ခြင်းကို ခံရ၏။ ထိုဘဝမှ သေလွန်ခဲ့သော် ကျွန်မတစ်ယောက်၏ ဝမ်းတွင် မိမိပြုခဲ့သော သူတပါး မယားကို ပြစ်မှားခြင်းကံကြောင့် မိန်းမ မဟုတ်၊ ယောက်ျား မဟုတ်၊ နပုံပဏ္ဍုက် ဖြစ်၏။ တဖန် စုတေပြန်သော် ဥဇ္ဇေနီပြည်ဝယ် သေဋ္ဌေးသမီးဖြစ်၍ ဣသိဒါသီဟု အမည်တွင်၏။ အရွယ်ရောက်လျှင် သေဌေးသားတစ်ဦးနှင့် ပေးစားထိမ်းမြား၏။ မယားဝတ္တရားနှင့်အညီ ပြည့်စုံအောင် နေထိုင်ပြုစုပါသော်လည်း ပြုမှားမိသော ကာမေသုမိစ္ဆာစာရကံကြောင့် ခင်ပွန်းဖြစ်သူသည် အကောင်းမထင်ဘဲ အိမ်မှ နှင်ချ ခြင်းခံရ၏။
ဣသိဒါသီသည် ဒုတိယအကြိမ် ကြွယ်ဝသော သတို့သားတစ်ဦးနှင့် ထိမ်းမြား ပြန်၏။ ကျူးလွန်ခဲ့သော ကာမေသုမိစ္ဆာစာရကံကြောင့် ဒုတိယအကြိမ် အိမ်မှ နှင်ချခံရပြန်၏။
ဖခင်ဖြစ်သူသည် လင်ကံဆိုးသော ဣသိဒါသီအား တတိယမြောက် သူတောင်းစား တစ်ဦးကိုခေါ်၍ ပေးစားပြန်၏။ သမက်ဖြစ်သူ သူတောင်းစားအား အိမ်ပေါ်သို ခေါ်ယူပြီး တင်ထား၏။ သူတောင်းစားသည် ဣသိဒါသီ၏ ကာမေသုမိစ္ဆာစာရ အတိတ်ကံကြောင့် စုံမက်နှစ်သက်ခြင်း မရှိဘဲ ဣသိဒါသီကို စွန့်၍ သူတောင်းစား ဘဝသို့ ပြန်သွားလေ၏။
ဤကဲ့သို့ ယူတိုင်းယူတိုင်းသော ယောက်ျားတို့၏ အကြိမ်ကြိမ် စွန့်ပယ်ခြင်းကို ခံရဖန်များသောအခါ သံဝေဂတရားရပြီး ရဟန်းပြုသဖြင့် ကာမတရားတို့ကို စက်ဆုပ်၍ တရားအားထုတ်သောကြောင့် ရဟန္တာထေရီမ ဖြစ်လေ၏။
စာမျက်နှာ-201
ထေရီကျော် ဣသိဒါသီသည် ကာမေသုမိစ္ဆာစာရကံကြောင့် ဘဝအဆက်ဆက် ဒုက္ခရောက်ရပုံအကြောင်းကို သူကိုယ်တိုင် ဇာတ်ကြောင်းပြန်၍ ဟောကြား ထားလေသည်။ (ထေရီဂါထာ အဋ္ဌကထာ)
ကာမေသုမိစ္ဆာစာရဝိရတိ သုစရိုက်အကျိုးပြ မဟာပဒုမမင်းသားဝတ္ထု
လွန်လေပြီးသောအခါက ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီး စိုးအုပ်၏။ ဂေါတမဘုရားအလောင်းသည် ထိုမင်း၏ သားတော်ဖြစ်၏။ ပဒုမမင်းသားဟု အမည်တွင်၏။ မင်းသား၏မိခင် ကွယ်လွန်သောအခါ ဖခင်ဘုရင်ကြီးသည် မိဖုရား တစ်ဦးကို အဂ္ဂမဟေသီမိဖုရားကြီးအဖြစ် တင်မြှောက်၏။ ထို့နောက် ဖခင်ဘုရင် ကြီးသည် ပစ္စန္တရစ်အရပ်သို့ သူပုန်ရန် နှိမ်နင်းရန် သွားလေ၏။ ထိုအချိန်တွင် မိထွေးဖြစ်သူ မိဖုရားကြီးသည် ပဒုမမင်းသား၏ ရုပ်ရည်အဆင်းကို တပ်မက် နှစ်သက်၍ အဆောင်သို့ခေါ်ယူပြီးလျှင် ကိလေသာစိတ် ယိုဖိတ်ကာ ကာမတို့ဖြင့် အမျိုးမျိုးဖြားယောင်း၏။ ကာမနှင့်စပ်သော စကားကို ပြောဆို၏။ ပဒုမမင်းသား သည် အမှောင်ဆုံးသော အမှောင်ကို အသိဖြင့် ခွာရှောင်လျက် “အရှင်မ-မတော်လှပါ။ အရှင်မသည် ဖခင်၏ မိဖုရားကြီးဖြစ်၍ မိခင်အရာ၌ တည်ပါသည်။ လင်ရှိ မယားလည်း ဖြစ်ပါသည်။ အပြစ်ကြီးလေး၍ မလျော်ကန်လှပါဘုရား”ဟု ပြန်ပြော လေ၏။
သုံးကြိမ်သုံးခါ ဖြားယောင်းပါသော်လည်း မရ၍ မိဖုရားကြီးသည် မင်းကြီးအား ပဒုမမင်းသားက ကာမကို အနိုင်အထက်ပြု၍ ကြံစည်ခြင်း ခံရကြောင်း မိန်းမတို့ မာယာဖြင့် ကုန်းတိုက်လေ၏။ ဘုရင်ကြီးသည် ကာမအဆိပ်မွှန်ပြီး အသိတရား ကင်းမဲ့ကာ ဒေါသအမျက်ထွက်လေ၏။ သားတော်မောင် ပဒုမမင်းသား လက်ပြန်ကြိုး တုတ်၍ အသူတစ်ရာနက်သော ချောက်ထဲသို့ ဦးစောက်ပြောင်းပြန် တွန်းချစေဟု အမိန့်တော်ချမှတ်၏။
ထိုသို့ တွန်းချခံရသော်လည်း မေတ္တာ၏စွမ်းအားကြောင့် အသက်မသေဘဲ တောင်စောင့်နတ်သည် ပွေ့ယူပြီး နဂါးမင်း၏အခွေ၌ တည်စေ၏။ နဂါးမင်းက စောင့်ရှောက်ထား၏။ ပဒုမမင်းသားသည် သံဝေဂရပြီး ရဟန်းဝတ်ကာ ဟိမဝန္တာတွင် တရားအားထုတ်နေ၏။
စာမျက်နှာ-202
မုဆိုးတစ်ယောက်သည် ထိုအရပ်သို့ ရောက်ရှိပြီး ဗာရာဏသီမင်းကြီးအား ပဒုမမင်းသား၏ အကြောင်းစုံကို ပြန်၍ လျှောက်ထားလေ၏။ ဗာရာဏသီ မင်းကြီးသည် နောင်တကြီးစွာရရှိပြီး သားတော်ရှိရာ အရပ်သို့ ရောက်လာကာ မိမိအမှားကို တောင်းပန်းသည်းခံစေ၏။ ထီးနန်းစည်းစိမ်ကို လက်ခံရန် ပန်ကြား၏။ ပဒုမမင်းသား ရဟန်းတော်သည် ကာမစည်းစိမ်၏အပြစ်ကို မြင်၍ လက်မခံ ငြင်းဆန် တော်မူ၏။ ဖခင် ဘုရင်ကြီးအား တရားနှင့် အညီ အုပ်စိုးရန် ဆုံးမစကား ပြောကြားလေ၏။
ဘုရင်မင်းကြီးသည် တိုင်းပြည်ကို ပြန်ရောက်သောအခါ သားတော် ပဒုမ မင်းသားအား ကာမဖြင့် ဖြားယောင်းသွေးဆောင်ပြီး မာယာပရိယာယ်ဖြင့် လီဆယ်တိုင်သော မိဖုရားကြီးအား အသူတစ်ရာနက်သော ခိုးသူပစ်ချရာ ချောက် ကမ်းပါးမှ ဦးစောက်ပြောင်းပြန် တွန်းချ၍ သတ်စေဟု အမိန့်တော် ချမှတ်၏။ (ဒွါဒသကနိပါတ် မဟာပဒုမဇာတ် အဋ္ဌကထာ၊ ဓမ္မပဒ အဋ္ဌကထာ ဒုတိယအုပ် စိဉ္စမာဏဝတ္ထု)။
မုသာဝါဒဒုစရိုက်အပြစ်ပြ ရင်သွေးကို ပြန်စားရသော ပြိတ္တာမဝတ္ထု
လွန်လေပြီးသောအခါ သာဝတ္ထိပြည်တွင် ဥပါသကာတစ်ဦး၏ ဇနီးသည် အဆင်းလှ၏။ အရွယ်ကောင်း၏။ အကျင့်နှင့် ပြည့်စုံသော သားယောက်ျားနှစ်ဦး ထွန်းကား၏။ ထိုအမျိုးသမီးသည် ငါ၌ သားယောက်ျားရှိသည်ဟူသော သံယောဇဉ် မာန်တက်၏။ ခင်ပွန်းဖြစ်သူအပေါ် အပြောအဆို အပြုအမူမှ အစ အပေါ်စီးကချည်း ဆက်ဆံသောကြောင့် ခင်ပွန်းဖြစ်သူသည် စိတ်ညစ်၍ နောက်အိမ်ထောင်ပြုလေ၏။
ဒုတိယဇနီးတွင် ကိုယ့်ဝန်သုံးလရှိလာသောအခါ မယားကြီးသည် အစာတွင် ဆေးခတ်၍ ပရိယာယ်ဖြင့် ကိုယ်ဝန်ကို ပျက်ကျစေ၏။ ထိုအကြောင်းကို ခင်ပွန်း ဖြစ်သူနှင့် ဆွေမျိုးများ သိရှိရာ ကျိန်စာဆိုရမည်ဟု အကျပ်ကိုင်သောကြောင့်-
ကျွန်တော်မသည် လင်တူမယား၏ ကိုယ်ဝန်ကို ပျက်ကျအောင် ဖျက်ချရိုးမှန်ပါလျှင် ညစဉ် ညတိုင်း သားသမီး ခုနစ်ယောက်မွေး၍ ကိုယ့်ရင်သွေးကို ပြန်လည်စားသောက်ရပါစေသား။ ယင်တလောင်း လောင်းနှင့် အမြင်မကောင်းသည့် ပြိတ္တာအငတ်မကြီး ဖြစ်ရပါစေသား” ဟု ကျိန်ဆိုရလေ၏။
စာမျက်နှာ-203
မမှန်မုသား ထိုကျိန်စာစကားကြောင့် သေလွန်သောအခါ ထိုရွာ၏ အနီးတွင် ပြိတ္တာမကြီး ဖြစ်ရရှာလေ၏။ “ညစဉ်ညတိုင်း ခလေးခုနစ်ယောက်မွေး၍ ကိုယ့်ရင်သွေး ကလေးများကို ပြန်လည် စားသောက်ရစေသား” ဟူသော မုသာဝါဒ ကျိန်စာဒဏ်ကို ခခံရရှာလေ၏။ (ပေတဝတ္ထုအဋ္ဌကထာ။ သတ္တပုတ္တခါဒကပေတိဝတ္ထု)။
မုသာဝါဒဝိရတိ သုစရိုက်အကျိုးပြ ကဏှဒီပါယနဇာတ်ဝတ္ထု
လွန်လေပြီးသောအခါက ရသေ့တစ်ဦးသည် ဥယျာဉ်၌ သီတင်းသုံးနေ၏။ မိတ်ဆွေ ဒကာတစ်ဦးသည် ဇနီးနှင့် သားငယ်ကို ခေါ်၍ ရသေ့ထံ ရောက်လာ၏။ ရသေ့နှင့် ဇနီးမောင်နှံ စကားလက်ဆုံကျနေခိုက် သားငယ်သည် ဂျင်ပေါက်၍ ဆော့ကစား နေရာ ဂျင်သည် တောင်ပို့တွင်းသို့ ကျသွားလေ၏။ သားငယ်သည် ဂျင်ပြန်ရလို ဇောဖြင့် တောင်ပို့တွင်းသို့ လက်ဖြင့်နှိုက်ယူရာ မြွေကိုက်ခံရသောကြောင့် အဆိပ် မွှန်ပြီး မေ့မြောလေ၏။
မိဘနှစ်ပါးသည် ကလေးကို ပွေ့၍ ရသေ့ထံခေါ်သွားပြီး မြွေဆိပ်ပြယ်စေရန် ကုသပေးပါဟု တောင်းပန်သောကြောင့်
“ငါသည် ရသေ့ဝတ်ခဲ့သည်မှာ အနှစ် (၅၀)ကျော် ခဲ့ပါပြီ၊ ရသေ့ဝတ်ခါစ ခုနစ်ရက်မှသာ ပျော်ပိုက်၍ တရားအားထုတ်ခဲ့သည်။ ခုနစ်ရက်မှ ဤအချိန်အထိ မပျော်ပိုက်သော်လည်း အောင့်အည်း သည်းခံ၍ နေခဲ့၏။ မပျော်ပိုက်သည်ကို မပျော်ပိုက်ပါဟူ၍ မည်သူ့ အားမျှ မပြောကြားခဲ့ပါ။ ဤမှန်သော သစ္စာစကားကြောင့် ကလေး၏ ရောဂါပျောက်ကင်းပါစေ”
ဤသို့ ရသေ့သစ္စာဆိုလိုက်သည်နှင့် တပြိုင်နက် ကလေးငယ်သည် မျက်လုံးကလေး ဖွင့်၍ “အမေ”ဟု နှုတ်မှ ခေါ်လေ၏။ ရင်ဘတ်မှ အထက်ပိုင်းရှိ အဆိပ်တို့သည် အောက်သို့ လျှောကျလာသောကြောင့် အနည်းငယ် သက်သာစ ပြုလေ၏။ တဖန် ဖခင်သည်လည်း ရင်သွေးငယ်၏ ရောဂါပျောက်ကင်းရေးအတွက် -
“အကျွန်ုပ်သည် အလှူပေးခြင်းကို လုံးဝမနှစ်သက်ပါ၊ အကျွန်ုပ် အိမ်သို့ အလှူခံပုဂ္ဂိုလ်များ လာသည်ကိုလည်း မကြိုက်ပါ၊ ယင်းသို မကြိုက်သော်လည်း နှမြောဝန်တို၍ ကပ်စေးနည်းသူအဖြစ် အလှူခံပုဂ္ဂိုလ် များ မရိပ်မိအောင် အစဉ် အလာမပျက် ပေးလှူခဲ့ပါ၏။ ဤမှန်ကန်သော သစ္စာစကားကြောင့် ကလေး၏ ရောဂါ ပျောက်ကင်းပါစေ”
စာမျက်နှာ-204
ဤသို့ ဖခင်၏ သစ္စာစကားဆိုလိုက်သည်နှင့် တပြိုင်နက် ခါးအထက်ပိုင်းရှိ အဆိပ် တို့သည် အောက်သို့ လျှောကျလာသောကြောင့် ကလေးငယ်သည် အိပ်ရာမှ ထ၍ ထိုင်လေ၏၊
ထို့ပြင် မိခင်ဖြစ်သူသည်လည်း ရင်သွေးငယ်၏ ရောဂါ ပျောက်ကင်းရေး အတွက်-
“ချစ်စွာသောသားငယ်- အမေသည် သင်၏အဖေနှင့် ဤမြွေဆိုး ကြီးကို လုံးဝ မချစ်ရိုးအမှန်ပါ၊ ထပ်တူထပ်မျှ ရွံ့မုန်းလှပါ၏။ သင်၏အဖေနှင့် ဤမြွေဆိုးကြီး အပေါ် ထားရှိသော စိတ်ဓာတ်တို့မှာ အတူတူပင် ဖြစ်ပါ၏။ သင်၏အဖေ အိမ်ဦးနတ်အပေါ် ဝမ်းတွင်းက မချစ်သော်လည်း ဆွေမျိုးမိဘ အရှက်မရစေလို၍ အောင့်အည်းသည်းခံပြီး ပေါင်းသင်းခဲ့ပါ၏။ ဤမှန်သော သစ္စာစကားကြောင့် သားငယ်၏ ရောဂါပျောက်ကင်းပါစေ”
ဤသို့ အမိ၏သစ္စာစကားဆုံးသည်နှင့် တပြိုင်နက် ကလေးငယ်၏ ခန္ဓာကိုယ် တစ်ခုလုံး၌ရှိသော အဆိပ်တို့သည် လျှောကျပျောက်ကင်းပြီး ပကတိအတိုင်း ကျန်းမာ လန်းဆန်း၍ ဆော့ကစားလေ၏။
ဤကား မုသားကင်းခြင်း (မုသာဝါဒဝိရတိ)၊ သုစရိုက်အကျိုးတည်း။ (ဒသကနိပါတ်၊ ကဏှဒီပါယနဇာတ်၊ အဋ္ဌကထာ)
ပိသုဏဝါစာ ဒုစရိုက်အပြစ်နှင့် ပိသုဏဝါစာဝိရတိ သုစရိုက်အကျိုးပြဝတ္ထု
ကဿပဘုရားရှင် လက်ထက်တော်၌ အမျိုးသားနှစ်ယောက်တို့သည် ရဟန်း ပြုပြီးလျှင် အကျင့်သီလနှင့် ပြည့်စုံ၍ ရွာငယ်တစ်ခု၌ အညီအညွတ်နေထိုင်ကြ၏။ ထိုနေရာသို့ ယုတ်မာသော အလိုဆိုးရှိသော အာဂန္တုရဟန်းတစ်ပါးရောက်လာ၏။ ကျောင်းနေရဟန်းတို့သည် အာဂန္တုရဟန်းအား ခရီးဦးကြိုဆိုပြုလျက် နေရာပေး ကြ၏။
နှစ်ရက်မြောက်သောနေ့တွင် အာဂန္တုရဟန်းကို ခေါ်၍ ဆွမ်းခံရာသို ဝင်ကြ၏။ ရွာသူရွာသားတို့က မြောက်မြားစွာသော လှူဖွယ်ဝတ္ထုကို လောင်းလှူ ကြ၏။ အာဂန္တုရဟန်းသည် ရွာသူရွာသားများ၏ စေတနာ သဒ္ဓါတရား ကောင်းခြင်း၊ ကျောင်းသင်္ခမ်း၏ အာဝါသနှင့် ပြည့်စုံခြင်းတို့ကို တပ်မက်၍-
စာမျက်နှာ-205
ကျောင်းနေရဟန်းနှစ်ပါးတို့ကို အချင်းချင်း မသင့်မြတ်အောင် ကုန်းတိုက်စကား ပြောကြားလေ၏။ ပြောစတွင် ကျောင်းနေရဟန်းတို့ မယုံကြည်ကြသော်လည်း အကြိမ်ကြိမ် ပြောပါများလတ်သော် မထေရ်နှစ်ပါးတို့သည် အချင်းချင်း စကား မဆို၊ အရိုအသေ မပြုကြတော့ဘဲ ကာလရှည်မြင့်စွာ ဖြစ်သော အချစ်သည် ဖြန်းဖြန်းကွဲ၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် အသီးသီး ချမ်းသာရာအရပ်သို သွားကြကုန်၏။
ကုန်းတိုက်သောရဟန်းသည် သူတော်ကောင်းရဟန်းနှစ်ပါး၏ ချစ်ခြင်းကို ခွဲမိလေပြီဟု နောင်တကြီးစွာရပြီး ဝိပ္ပဋိသာရ = စိတ်နှလုံးပူပန်မှု နှိပ်စက်သော ကြောင့် စိုးရိမ်ခြင်းအဟုန်ဖြစ်၏။ နာလျက် မကြာမီ သေ၍ ကုန်းတိုက်မိသော ပိသုဏဝါစာကံကြောင့် အဝီစိငရဲကျလေ၏။
မထေရ်နှစ်ပါးလည်း နောက်ကာလတွင် အကြောင်းအကျိုးကို သိသဖြင့် အချင်းချင်း မိမိတို့ ကျောင်းသို့ ပြန်လာပြီးလျှင် တစ်ပါးနှင့်တစ်ပါး သည်းခံခွင့်လွှတ်၍ မေတ္တာဗြဟ္မစိုရ်ဖြင့် နေထိုင်ကြလေ၏။ ပိသုဏဝါစာကံ (ကုန်းတိုက်ခြင်း)၏ ကြောက်ဖွယ်ကောင်းပုံကို သံဝေဂယူ၍ ရဟန်းတရား အားထုတ်ကြရာ အရဟတ္တ ဖိုလ်သို့ ရောက်ကြလေကုန်၏။ (ပိသုဏဝါစာဝိရတိအကျိုးဟု မှတ်ရာ၏။)
ကုန်းတိုက်သော ရဟန်းမှာမူ ဘုရားတစ်ဆူနှင့်တစ်ဆူအကြား ကြာမြင့်စွာသော ကာလပတ်လုံး ငရဲ၌ ကျခံရပြီး ဂေါတမမြတ်စွာဘုရား လက်ထက်ဝယ် ရာဇဂြိုဟ် ပြည်၏ အနီး၌ ပူတိမုခပြိတ္တာ ဖြစ်ရလေ၏။ ထိုပြိတ္တာ၏ ကိုယ်ကား ရွှေအဆင်းနှင့် တူ၏။ ခံတွင်းမှ ပိုးလောက်တို့သည် ထွက်ကုန်၏။ ထိုမှ ဤမှ ခံတွင်းကို ခဲကုန်၏။ အရပ်ထက်ဝန်းကျင် ပျံ့နှံ့၍ မကောင်းသောအနံ့လှိုင်ပြီးလျှင် မစင်ပုပ်ငရဲ၌ ကာလ ရှည်မြင့်စွာ ခံရလေ၏။ ပိသုဏဝါစာ၏အပြစ်ကား ကြောက်မက်ဖွယ်ကောင်းလှ၏။
(ပူတိမုခပေတဝတ္ထုအဋ္ဌကထာ၊ ဓမ္မပဒအဋ္ဌကထာဒုတိယအုပ်၊ သူကရပေဝတ္ထု)
ဖရုသဝါစာအပြစ်နှင့် ဖရုသဝါစာဝိရတိသုစရိုက်အကျိုးပြ နန္ဒိဝိသာလဝတ္ထု
လွန်လေပြီးသောအခါက ဂေါတမဗုဒ္ဓလောင်းလျာသည် နွားမျိုး၌ ဖြစ်၏။ နန္ဒိဝိသာလဟု အမည်တွင်၏။ ပိုင်ရှင်ပုဏ္ဏားက သားအရင်းပမာ ချစ်ခင်၍ ကောင်းမွန်စွာ ကျွေးမွေးပြုစု၏။ ခွန်အားနှင့်ပြည့်စုံ၏။
စာမျက်နှာ-206
ပိုင်ရှင်ပုဏ္ဏားကြီးသည် မိမိနွားကြီး၏ ခွန်အားကို ယုံကြည်၍ ဝန်အပြည့် တင်ထားသော လှည်းအစီး တစ်ရာကို ရုန်းနိုင်, မရုန်းနိုင် ငွေတစ်ထောင်ကြေး ပေးကြစတမ်း ကတိပြု၍ သေဋ္ဌေးတစ်ဦးနှင့် အလောင်းအစားပြုလေ၏။
ပိုင်ရှင်ပုဏ္ဏားကြီးသည် လှည်းဦးက နေ၍ နန္ဒိဝိသာလနွားကြီးအား နှင်တံဖြင့် ရိုက်လည်းရိုက်၏။ ဆဲလည်းဆဲ၏။ “ဟဲ့ အမဲနွား ရုန်းပါတော့လား၊ ကောက်ကျစ် စဉ်းလဲသောနွား ရုန်းပါတော့လား” စသည်ဖြင့် ကြမ်းတမ်းသော စကားကို ပြောဆို၍ ရုန်းစေ၏။ ယင်းကဲ့သို့ ဖရုသဝါစာ နားမချမ်းသာဖွယ်ရာ စကားကို ပြောဆို၍ မောင်းနှင်ခြင်းကြောင့် နန္ဒိဝိသာလနွားကြီးသည် ဝန်ကို မရုန်းတော့ဘဲ ရပ်တန့် နေလေ၏။ ထို့ကြောင့် ပိုင်ရှင်ပုဏ္ဏားကြီးမှာ ငွေတစ်ထောင်ရှုံး၍ စိတ်ပျက်ကာ မှိုင်တွေနေတော့၏။
ထိုဖြစ်အင်ကိုသိသော နန္ဒိဝိသာလ နွားကြီးက “သခင်-အဘယ်ကြောင့် မှိုင်တွေ နေရပါသနည်း”ဟု မေးလေရာ ငွေတစ်ထောင်ရှုံး၍ မှိုင်တွေနေကြောင်း ပုဏ္ဏားက ပြန်ပြောလေ၏။ ထိုအခါ နွားကြီးက-
“သခင်သည် အကျွန်ုပ် နားမချမ်းသာဖွယ်ရာ စကားများကိုသာ ကြမ်းတမ်းစွာ ပြောဆိုသောကြောင့် တမင် မရုန်းဘဲနေခြင်းဖြစ်သည်။ နောင်တွင် ဤကဲ့သို့ ဖရုသဝါစာ - ကြမ်းတမ်းသောစကားကို မပြောပါနှင့် အကျွန်ုပ်သည် သခင်၏ - အကျိုးကို သယ်ပိုးပါမည်၊ ပြန်၍ လောင်းပါ၊ နှစ်ထောင် ရစေရမည်” ဟု- ပြောလေ၏။ ထို့ကြောင့် ပုဏ္ဏားကြီးသည် ယခင်သေဋ္ဌေးနှင့် နှစ်ထောင်ကြေး လောင်းပြန်လေ၏။
ပိုင်ရှင်ပုဏ္ဏားကြီးသည် ဤအချီတွင် ပထမအခါကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း မပြောဆိုတော့ဘဲ “ဖေ့သားကြီး ရုန်းလိုက်ပါကွ၊ နွားသူတော်ကောင်းကြီး ရုန်းလိုက်ပါကွ”ဟု အားမာန်တက်ဖွယ် ချိုချိုသာသာ ပြောဆိုခိုင်းစေသောကြောင့် နန္ဒိဝိသာလ နွားကြီးသည် ဝန်အပြည့်တင်ထားသော လှည်းအစီးတစ်ရာကို လွယ်လင့်တကူ ရုန်းပြလေ၏။ ထို့ကြောင့် ငွေနှစ်ထောင် ပြန်၍ နိုင်လေ၏။
(ဧကနိပါတ်၊ ကုရုဝဂ်၊ နန္ဒိဝိသာလဇာတ်အဋ္ဌကထာ)
စာမျက်နှာ-207
သမ္ဖပ္ပလာပကံသို့ ကျူးလွန်သော ဂါမဏိဝတ္ထု
လွန်လေပြီးသောအခါက မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူ၏။ ကချေသည်တစ်ထောင်တို့၏ အကြီးအမှူး ဂါမဏိ သည် ပစ္ဆိမဘဝိကသားဖြစ်၍ ရင့်ကျက်သော ဥညာဏ်ရှိသည်အဖြစ်ကြောင့် အခြံအရံ နှင့်အတူ မြတ်ဗုဒ္ဓထံသို့ ချဉ်းကပ်ပြီးလျှင်“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ကချေသည်တို့သည် ပွဲသဘင်၏ အလယ်၌ မှသောအမှု၊ ချွတ်ယွင်းသောအမှုဖြင့် ပွဲသဘင်ရှုသူ လူအပေါင်းကို ရွှင်ပျဝမ်းမြောက်စေလျက် နှစ်သက်မွေ့လျော်ပျော်ပါးစေ၏။ ထိုကချေသည်သည် သေသည်မှ နောက်၌ ပဟာသအမည်ရှိသော နတ်သမီးတို့၏ အပေါင်းအဖော် အဖြစ်သို့ ရောက်၏ဟု ရှေးအဆက်ဆက်ဖြစ်ကုန်သော ကချေသည်ဆရာတို့ထံမှ ဤစကားကို ကြားဖူးခဲ့ပါသည်။ ဤအရာဝယ် မြတ်ဗုဒ္ဓသည် အဘယ်အယူတော် ရှိပါသနည်း” ဟု မေးလျှောက်၏။ ဗုဒ္ဓမြတ်စွာလည်း “ဂါမဏိ - သင်သည် ဤစကားကို ငါ့အား မမေးလင့်” ဟု သုံးကြိမ်တိုင်အောင် ပယ်တော်မူ၏။ ဂါမဏိသည် သုံးကြိမ် တိုင်အောင် ထပ်မံလျှောက်ထား၏။ ဗုဒ္ဓမြတ်စွာဘုရားလည်း “သင့်ကို ငါ့အား မမေးမလျှောက်နှင့်ဟု ပယ်တော်မူပါလျက် သုံးကြိမ်တိုင်အောင် ထပ်၍ပင်မေးသည် ဖြစ်သောကြောင့် သင့်အား ငါပြောကြားအံ့။ ဂါမဏိ- လွန်လေပြီးသောအခါက သတ္တဝါတို့သည် မကင်းသော ရာဂ, ဒေါသ, မောဟ ရှိကုန်၏။ ယင်းတို့ဖြင့် နှောင်ဖွဲ့ကုန်၏။ ကချေသည်သည် ထိုသတ္တဝါတို့အလယ်သို့ ဝင်၍ ထိုသတ္တဝါတို့အား လွန်စွာနှစ်သက်ခြင်း၊ အမျက်ထွက်ခြင်း၊ မိုက်မဲတွေဝေခြင်းငှာ တပ်နှစ်သက်စေတတ်သော အာရုံ၊ မိုက်မဲတွေဝေစေတတ်သော အာရုံတို့ကို အနီးသို့ ဆောင်၏။ ထိုကချေသည် သည် မိမိလည်း မေ့လျော့, လွန်စွာမေ့လျော့လျက် သူတပါးတို့ကိုလည်း မေ့လျော့, လွန်စွာမေ့လျော့စေတတ်သောကြောင့် သေသည်မှ နောက်၌ ပဟာသအမည်ရှိသော ငရဲ၌ ဖြစ်ရ၏” ဟု ဟောတော်မူ၏။ (သံယုတ်ပါဠိတော်)
ပဟာသငရဲဟူသည် အသီးအခြား မရှိပေ။ စင်စစ်သော်ကား အဝီစိငရဲ၏ သာလျှင် တစ်ခုသော အဖို၌ ကကုန်, သီကုန်သကဲ့သို့ ကချေသည်အသွင်ကို ယူ၍ သာ ကျက်ရကုန်၏။ ထိုကျက်ရာအရပ်ကိုသာ ပဟာသငရဲဟု ဟောတော်မူ၏။ (သံယုတ် အဋ္ဌကထာ)
စာမျက်နှာ-208
သမ္ဖပ္ပလာပဝိရတိအကျိုး
ကုသိုလ်ရေး၊ ဥစ္စာရေး၊ ကျန်းမာရေး၊ ပညာရေး စသောအကြောင်းများနှင့် မပတ်သက်ဘဲ အကျိုးမပြီး အချည်းနှီးသော စကားမျိုးကို ပြောဆိုလျှင် သမ္ဖပ္ပလာပ ဟု မှတ်ရမည်။ ဥပမာအားဖြင့် အတွင်း၌ အဆံမပါသော စပါးဖျင်းများကဲ့သို့ လောကီ လောကုတ္တရာ မည်သည့်အကျိုးကိုမျှ မပြီးသော အကြောင်းအရာများကို ပြောဆိုခြင်းသည် သမ္ဖပ္ပလာပသဘောချည်း မည်၏။ ဗုဒ္ဓမြတ်စွာ လောင်းလျာသည် လူဖြစ်စဉ်အခါက သမ္ဖပ္ပလာပမှ ကောင်းစွာကြဉ်ရှောင်တော်မူသောကြောင့် လူ့ဘဝမှ သေလွန်၍ နတ်ပြည်၌ ဖြစ်တော်မူ၏။ အခြားနတ်တို့ထက် ဆယ်ပါးသော ဂုဏ်ကျေးဇူး တို့ဖြင့် ထူးကဲလွန်မြတ်တော်မူ၏။ တဖန် လူ့ပြည်၌ ဖြစ်သောအခါ စကြာမင်း ဖြစ်၍ ကျွန်းကြီးလေးကျွန်းကို စိုးပိုင်တော်မူ၏။ ခြင်္သေ့မင်း၏ မေးနှင့်တူသော မေးတော် ရှိတော်မူ၏။ သူတပါးတို့ မဖျက်ဆီးနိုင်သော သုံးဆယ့်နှစ်ပါးသော စက်လက္ခဏာရှိတော်မူ၍ ယောက်ျားမြတ် ဖြစ်တော်မူ၏။ နောက်ဆုံးဘဝ၌ ဘုရား အဖြစ်သို့ ရောက်တော်မူ၏။ သူခပ်သိမ်းတို့ မဖျက်ဆီးနိုင်သော အကျိုးထူးကို ရတော်မူသည်မှာ ဤသမ္ဖပ္ပလာပမှ ရှောင်ကြဉ်ခြင်းကြောင့် ဖြစ်ပေသည်။အဘိဇ္ဈာဒုစရိုက်အပြစ်နှင့် အနဘိဇ္ဈာသုစရိုက်အကျိုးပြ ရွဲကုန်သည်ဝတ္ထု
လွန်လေပြီးသောအခါက ရွဲကုန်သည်နှစ်ဦးတို့သည် နီလဝါဟအမည်ရှိသော မြစ်တစ်ဖက်ရှိ အရိဋ္ဌပူရမြို့ သို့ ရွဲရောင်းသွားကြ၏။ သူတို့သည် မြို့တွင်းသို့ လှည့်လည် ရောင်းချရန် ခရီးလမ်းကို နှစ်ဦးသဘောတူခွဲဝေကြ၏။ ကိုယ့်ခရီးတွင် လှည့်လည် ရောင်းချပြီးမှ အခြားတစ်ဦး၏ခရီးတွင် လှည့်လည်ရောင်းချရန် ကတိပြုကြ၏၊
ရွဲကုန်သည်နှစ်ဦးအနက် တစ်ဦးသည် ဖြောင့်မတ်ရိုးသား၍ အခြားတစ်ဦးသည် ကောက်ကျစ်စဉ်းလဲ၏။ ကောက်ကျစ်သော ရွဲကုန်သည်သည် မိမိခရီးစဉ်အတိုင်း လှည့်လည်ရောင်းချလေရာ ဥစ္စာပျက်၍ အလွန်ဆင်းရဲသော မြေးအဘွားနှစ်ယောက် တို့၏ အိမ်ရှေ့သို့ ရောက်လာ၏။ မြေးကလေးက အဘွားအိုအား ရွဲဝယ်ပေးရန် ပူဆာ၏။ အဘွားအိုလည်း ပေးစရာ အသပြာ မရှိ၍ ခွက်ဟောင်းတစ်ခုကို ရွဲကုန်သည်အား ပြကာ ရွဲအနည်းငယ်နှင့်လဲရန် ပြောကြား၏။ ထိုခွက်သည်ကား အသုံးမပြုဘဲ ပစ်ထားသည်မှာ ကြာမြင့်လှပြီဖြစ်၍ အညစ်အကြေးအထပ်ထပ် တင်နေ၏။ ကောက်ကျစ်သော ရွဲကုန်သည်သည် ခွက်ကို ကိုင်မိလျှင်ပင် ရွှေခွက်
စာမျက်နှာ-209
ဖြစ်မည်ဟု သံချောင်းငယ်ဖြင့် ခြစ်၍ ကြည့်၏။ ထိုအခါ ရွှေခွက်ဖြစ်ကြောင်းကို သိလေ၏။ သို့ရာတွင် ရွှေခွက်ကို မတရားယူလိုသော ဆန္ဒဖြင့် ပဲဝက်မျှမတန်သော ခွက်ကို မယူလိုဟု ဆိုကာမြေပေါ်မှာ လှိမ့်၍ ပစ်ချပြီးလျှင် ထွက်သွားလေ၏။
မကြာမီ ဖြောင့်မတ်သော ရွဲကုန်သည်သည် မြေးအဘွားတို့အိမ်သို့ ရောက် လာ၏။ မြေးကလေးက ပူဆာ၍ အဘွားအိုသည် ရွဲကုန်သည်အား ရွဲအနည်းငယ် ပေးရန် ရှေးနည်းအတိုင်း ပြောကြား၏။ ရွဲကုန်သည်သည် ခွက်ကို ကိုင်ကြည့်လိုက် လျှင်ပင် ရွှေခွက်ဖြစ်ကြောင်းကို သိသဖြင့် “အဘွား-ဤခွက်သည် အဖိုးတစ်သိန်း ထိုက်သော ရွှေခွက်တည်း။ အကျွန်ုပ်တွင် ဤမျှထိုက်တန်သည့်ပစ္စည်း မရှိပါ”ဟု ပြော၏။
အဘွားအိုက “ပထမရွဲကုန်သည်သည် ဤခွက်ကို ပဲဝက်မျှ မတန်ဟု ဆိုခဲ့သည် ယခု သင်ကား အဖိုးတစ်သိန်းထိုက်သည်ဟုဆိုလျှင် သင့်ကုသိုလ်ကံပင်ဖြစ်သည်။ ခွက်ကိုယူ၍ ပေးလိုသမျှ ရွဲကိုသာ ပေးခဲ့ပါ”ဟု ပြောလေ၏။
ဖြောင့်မတ်သော ရွဲကုန်သည်လည်း ခရီးစရိတ် ရှစ်သပြာ, ချိန်ခွင်နှင့် လွယ်အိတ် တို့ကိုသာယူပြီးလျှင် မရောင်းရသေးသော ရွဲငါးရာနှင့် ရောင်းချ၍ ရရှိခဲ့သော အသပြာငါးရာကိုပါ မြေးအဘွားနှစ်ယောက်အားပေး၍ မြစ်ဆိပ်သို့ အမြန်သွားလေ၏။ ခရီးသည်ကိုမျှ မစောင့်ဘဲ မိမိကိုသာလျှင် အမြန်ပို့ရန် ပြောကာ တစ်ဖက်ကမ်းသို ကူးလေ၏။
ကောက်ကျစ်သော ရွဲကုန်သည်သည် မြေးအဘွားတို့၏ အိမ်သို့ ကပန်ပြန်လာ ပြီးလျှင် မြေးမလေးအား “သူငယ်မ-ခွက်ကို ယူခဲ့လော့၊ သင့်အား ရွဲအနည်းငယ် ပေးအံ့ ဟု ဆို၏။ မြေးမကလေးက “ငါတို့ခွက်သည် အဖိုးတစ်သိန်း ထိုက်ဟန် ရှိသည်ဖြစ်လျက် သင်သည် ပဲဝက်မျှ မတန်ဟု မဟုတ်မမှန် ပြောဆိုခဲ့သည်။ ဖြောင့်မတ်သော အခြားရွဲကုန်သည်က ငါတို့အား အသပြာ ငါးရာနှင့် ပါသမျှ ရွဲအားလုံးကို ပေး၍ ခွက်ကို ယူသွားလေပြီ”ဟု ခက်ထန်စွာ ပြန်ပြောလေ၏။
သူငယ်မ၏စကားကို ကြားလျှင် ကောက်ကျစ်သော ရွဲကုန်သည်သည် အသပြာ တစ်သိန်းထိုက်သော ရွှေခွက်ကို မိမိမရလိုက်သဖြင့် ပြင်းစွာ ပူပန်၏။ ဣန္ဒြေကိုပင် မဆောင်နိုင်ဘဲ ပါသမျှ အသပြာနှင့် ရွဲအားလုံးတို့ကို ကြဲဖြန့့်ကာ ရွှေခွက်ကို လုယူအံ့ဟု မြစ်ဆိပ်သို့ အလျင်အမြန် လိုက်လေ၏။
စာမျက်နှာ-210
မြစ်ဆိပ်သို့ ရောက်သောအခါ ကောက်ကျစ်သော ရွဲကုန်သည်သည် လှေသမား အား မိမိရှိရာ ဆိပ်ကမ်းအနီးသို့ လှေကို ပြန်၍ လှော်ခဲ့ရန် အတန်တန် ဟစ်အော်ခေါ်၏။ သို့ရာတွင် လှေသမားသည် သူ့ကို လုံးဝ ဂရုမစိုက်ဘဲ ဆက်၍သာ လှော်သွားလေရာ ကောက်ကျစ်သော ရွဲကုန်သည်သည် အဘိဇ္ဈာဒေါမနဿတို့၏ အရှိန်ကြောင့် ပြင်းပြစွာ ပူပန်ခြင်းဖြင့် ရုတ်တရက် လဲကျသေဆုံးသွားလေ၏။ (ဧကနိပါတ် ဇာတ်အဋ္ဌကထာ သေရိဝဝါဏိဇ္ဇဇာတ်)
ဗျာပါဒဒုစရိုက်အပြစ်နှင့် အဗျာပါဒသုစရိုက်အကျိုးပြ သည်းခံစိတ်ထားရှိသော ကျောင်းဒကာဝတ္ထု
ကဿပဘုရားရှင် လက်ထက်တော်အခါက သုမင်္ဂလအမည်ရှိသော သေဋ္ဌေး တစ်ဦးသည် ကြီးကျယ်ခမ်းနားသော ရွှေကျောင်းတော်ကြီးတစ်ဆောင်ကို ဆောက် လုပ်လှူဒါန်းထား၏။ မကြာခဏ ဘုရားကျောင်းတော်သို့ သွားလေ့ရှိ၏။ တနေ့သ၌ ကျောင်းမှအပြန် မြို့တံခါးအနီးရှိ ဇရပ်တစ်ဆောင်ပေါ် တွင် သင်္ကန်းကို ခေါင်းမြီးခြုံ၍ အိပ်နေသော သူခိုးတစ်ယောက်ကို တွေ့မြင်၏။
“ခြေထောက်တွင် ရွှံ့ညွှန်အလိမ်းလိမ်းကပ်လျက် သင်္ကန်းကို ခေါင်းမြီးခြုံပြီး ဤဇရပ်ပေါ်၌ မတော်မလျော် အိပ်စက်နေသူမှာ ရဟန်းအယောင်ဆောင်ထား သော သူခိုးသာ ဖြစ်ရမည်။ ဘယ်နည်းနှင့်မျှ ရဟန်းကောင်း မဖြစ်နိုင်”ဟု မှတ်ချက် ချ၍ ပြောဆို၏။
အယောင်ဆောင်သူခိုးသည် သူ့အား ဤကဲ့သို့ ပြောရမည်လားဟု အမျက် ဒေါသ ပြင်းစွာထွက်လျက် သေဋ္ဌေးကို ရန်ငြိုးဖွဲ့၏။ သေဋ္ဌေးပိုင်သော လယ်ယာ များကို ခုနစ်ကြိမ်တိတိ မီးတိုက်ဖျက်ဆီး၏။ သေဋ္ဌေးပိုင်သော နွားခြံသို့ ဝင်၍ ခုနစ်ကြိမ်တိတိ နွားများ၏ ခြေထောက်ကို ဓားဖြင့် ခုတ်ဖြတ်၏။ သေဋ္ဌေး၏ နေအိမ်ကို ခုနစ်ကြိမ်တိတိ မီးကွင်းပစ်၍ ရှို့၏။
ခိုးသူသည် ဤမျှလောက် ဖျက်ဆီးရသည်ကို မကျေနပ်သေးမူ၍ သေဋ္ဌေး၏ ကုသိုလ်ဖြစ်သော ဂန္ဓကုဋီ(နံ့သာရွှေကျောင်းတော်ကြီး)ကို မြတ်စွာဘုရား ဆွမ်းခံ ကြွနေသည့်အခိုက် မီးတိုက် ဖျက်ဆီးပြန်လေ၏။ သုမင်္ဂလသေဋ္ဌေးသည် မီးလောင် ရာသို့ ပြေးလာပြီးလျှင် စိတ်မချမ်းသာခြင်း၊ ဒေါသထွက်ခြင်း၊ အလျှင်းမရှိမူ၍ တစ်ကြိမ်လောင်သော် နှစ်ကြိမ်လှူမည်ဟု လက်ရုံးဆန့်၍ ပြောကြား၏။ မကြာမီ နောက်ထပ် ကျောင်းသစ်ကြီးတစ်ဆောင် ဆောက်လုပ်ပြီးလျှင် သံဃာနှစ်သောင်း ခြံရံလျက် မြတ်စွာဘုရားအား လှူဒါန်းပြန်၏။
စာမျက်နှာ-211
ဗျာပါဒအားကြီးသော ခိုးသူသည် “ဤသေဋ္ဌေးကို အရှင်ထား၍ အရှက်တကွ အကျိုးနည်းအောင် လုပ်နေခြင်းထက် အသက်သတ်ပစ်မှ နားအေးမည်” ဟု ပြင်းထန်သော အစွဲဖြင့် ဓားမြှောင်ကို ခါးထိုး၍ အမြဲတစေ ချောင်းမြောင်းနေ၏။ သို့သော် အခွင့်မသာ၍ မသတ်နိုင်။
သေဋ္ဌေးကြီးသည် မြတ်စွာဘုရားနှင့် ရဟန်းသံဃာတို့ကို ပင့်၍ ကျောင်း ရေစက်ချပွဲကို ပြုလုပ်သောအခါ “တပည့်တော်၏ အကျိုးတရားပျက်ပြားအောင် ဖျက်ဆီးပြီး အသက်ကိုပင် ရန်ရှာနေသောသူသည် ဤပရိသတ်အတွင်း၌ရှိနေပါသည်။ ထိုသူအား တပည့်တော် အမျက်ဒေါသမထားသည့်အပြင် ယခုပြုသော ကုသိုလ်အဖို ကို ထိုသူအား ရှေးဦးစွာ ပေးပါ၏”ဟု လျှောက်ထား၏။
ထိုစကားကို ကြားသောအခါ သတ်ဖြတ်ရန် ချောင်းမြောင်းနေသော ခိုးသူ သည် မိမိ၏ အမှားကိုသိ၍ သေဋ္ဌေးကြီးအား သည်းခံရန် တောင်းပန်၏။ သေဋ္ဌေး ကြီးက သည်းခံသော်လည်း သူ၏ဗျာပါဒစေတနာကြောင့် သေသောအခါ အဝီစိ ငရဲ၌ နှစ်ပေါင်းများစွာ ခံရလေ၏။ ငရဲမှ လွတ်သောအခါ ရာဇဂြိုဟ်မြို့ အနီး ဂိဇ္ဈကူဋတောင်ဝယ် တစ်ကိုယ်လုံး မီးလောင်၍ ဝေဒနာ ပြင်းပြစွာ ခံစားရသော စပါးကြီးမြွေ ပြိတ္တာကြီး ဖြစ်ရပြန်လေ၏။
(ဓမ္မပဒအဋ္ဌကထာ၊ ဒုတိယအုပ်၊ ဒဏ္ဍဝဂ်၊ အဇဂရပေတဝတ္ထု)
မိစ္ဆာဒိဋ္ဌိနှင့် သမ္မာဒိဋ္ဌိ ဒုစရိုက်သုစရိုက်နှစ်မျိုးပြ အနာထပိဏ်သေဌေးနှင့် တံခါးစောင့်နတ်ဝတ္ထု
ဗုဒ္ဓသာသနာသမိုင်းတွင် သာဝတ္တိပြည်မှ အနာထပိဏ် သေဋ္ဌေးကြီးသည် အလှူဒါနပြုလုပ်ရာတွင် စံတင်ထိုက်သော သေဋ္ဌေးကြီးတစ်ဦးဖြစ်၏။ ဇေတဝန် ကျောင်းတော်ကြီးကို ငါးဆယ့်လေးကုဋေ အကုန်ခံ၍ လှူဒါန်းရသည်ကိုပင် အားရ တင်းတိမ်မှုမရှိဘဲ တစ်နေ့သုံးကြိမ် ဘုရားကျောင်းတော်သို့ သွားလေ့ရှိ၏။ နံနက် သွားလျှင် ယာဂု၊ နေ့လယ်သွားလျှင် အဖျော်ယမကာ၊ ညနေသွားလျှင် ပန်းနံ့သာ ယူဆောင်သွားလေ့ရှိ၏။
တချိန်တွင် သေဋ္ဌေးကြီးသည် စီးပွားရေး မပြေလည်၍ ဆင်းရဲနွမ်းပါး သွား၏။ သို့သော် အလှူအတန်းကိုကား မလျှော့ပေ။ ဤကဲ့သို့ အလှူအတန်း ပြုလုပ်ခြင်းကို သေဋ္ဌေးကြီး၏နေအိမ် စတုတ္ထတံခါးတွင် စောင့်နေသော မိစ္ဆာဒိဋ္ဌိ နတ်သည် ကြားမှ ဝန်တိုမိစ္ဆာဖြစ်ပြီး မကြည်ညိုနိုင်ရှိ၏။ သေဋ္ဌေးကြီး အိမ်သို့ ရဟန်းသံဃာများ ကြွလာသောအခါ သူက နေရာမှ မကြာခဏ ဖယ်ပေးနေရသော ကြောင့် အလိုလို အမျက်ထွက်၍နေ၏။
စာမျက်နှာ-212
တနေ့တွင် မိစ္ဆာဒိဋ္ဌိနတ်သည် ကိုယ်ထင်ပြလျက် “အသင်သေဋ္ဌေးကြီးသည် နောင်ရေးကို မကြည့်ဘဲ ဂေါတမသာသနာကိုချည်း အလကားလှူပစ်သောကြောင့် ပစ္စည်းပြုန်း၍ ဆင်းရဲခြင်းသို့ ရောက်ခဲ့ရသည်။ ပေးလှူခြင်းဖြင့် ဘာအကျိုးရှိ သနည်း။ မိုက်လေစွ”ဟု အပြစ်တင်စကား ဆိုလေ၏။
ယင်းသို့ မိစ္ဆာအမြင်ဖြင့် အလှူဒါနကို မပြုလုပ်ရန် တားမြစ်သောအခါ သေဋ္ဌေး ကြီးသည် မိစ္ဆာနတ်အား မိမိနေအိမ် စတုတ္ထတံခါးမှ ထွက်သွားရန် နှင်ထုတ်လိုက် လေ၏။ မိစ္ဆာဒိဋ္ဌိနတ်သည် ခိုကိုးရာမဲ့ဖြစ်ကာ သိကြားမင်းထံသွား၍ သေဋ္ဌေးကြီး ကျေနပ်သည်အထိ တောင်းပန်ပေးရန် ပန်ကြားလေ၏။
သိကြားမင်းက သေဋ္ဌေးကြီးသည် အလှူဒါန၌ အလွန်ဝါသနာပါသူ ဖြစ်သည်။ တားမြစ်ပိတ်ပင်၍ မလျော်၊ ယခုအချိန်၌ သေဋ္ဌေးကြီးတွင် ပစ္စည်းဥစ္စာများ နွမ်းပါး လျက်ရှိရာ သေဋ္ဌေးကြီးထံမှ ချေးငှားထားသူများကို သေဋ္ဌေးကြီးအား ပစ္စည်းဥစ္စာ များ မှန်မှန်ကန်ကန် ပြန်၍ ပေးဆပ်ကြရန် သင်က လိုက်လံ နှိုးဆော်ပေးပါဟု အကြံပြုလေ၏။
သိကြားမင်းအကြံပြုသည့်အတိုင်း ကြွေးယူသူများကို လိုက်လံဆော်ဩပေးရာ ပစ္စည်းယူသူအားလုံးက ပြန်လည်ပေးပို့ကြသောကြောင့် သေဋ္ဌေးကြီးသည် ယခင် အတိုင်း ပြန်လည်ကြွယ်ဝချမ်းသာလေ၏။ မိမိမှားကြောင်း ဝန်ချ၍ တောင်းပန်သော မိစ္ဆာဒိဋ္ဌိနတ်အား ခွင့်လွှတ်ပြီးလျှင် အယူမှားကို စွန့်၍ အယူမှန်ကို ပြောင်းယူသဖြင့် သမ္မာဒိဋ္ဌိဖြစ်ပြီးလျှင် သောတာပတ္တိဖိုလ်၌ တည်၍ အကျွတ်တရားကို ရရှိသွားလေ၏။ (ဓမ္မပဒအဋ္ဌကထာ၊ ပါပဝဂ် အနာထပိဏ်ဝတ္ထု၊ ဧကနိပါတ် ဇာတ်အဋ္ဌကထာ ကုလဝကဝဂ် ခဒိရင်္ဂဇာတ်)။
ဝဋ်အမြဲ ငရဲအပ
မြန်မာစကားပုံတို့တွင် “ဝဋ်အမြဲ ငရဲအပ” ဟူသော စကားပုံလည်း ပါဝင်၏။ ထိုစကားပုံသည် ဗုဒ္ဓဘာသာနယ်ပယ်မှ စကားပုံဖြစ်သည်။ မြတ်ဗုဒ္ဓ၏တရားဓမ္မနှင့် ဆက်စပ်နေပြီး သဘောအဓိပ္ပာယ် လေးနက်သော စကားပုံ ဖြစ်သည်။
ဝဋ်ဟူသည် အဘယ်နည်း
“ဝဋ်” သည် “ဝဋ္ဋ” ဟူသော ပါဠိစကားမှ ဆင်းသက်လာ၏။ သံသရာ လည်ပတ်ခြင်း၊ အကြောင်းပြီးအကျိုး, အကျိုးပြီးအကြောင်း ဆက်စပ်ဖြစ်ပျက်ခြင်း၊ မကောင်းမှုပြုသည့်အတွက် သံသရာဘဝခရီး၌ ဆိုးကျိုးတစုံတရာကို ခံစားရခြင်း စသော သဘောအဓိပ္ပာယ်များ ရှိပါသည်။
စာမျက်နှာ-213
အဘိဓမ္မတ္ထသင်္ဂဟ (သင်္ဂြိုဟ်) ကျမ်း၊ ပစ္စယသင်္ဂဟအပိုင်းတွင် “ဝဋ်” ဟူသည်-
(၁) ကိလေသဝဋ် (အဝိဇ္ဇာ) တဏှာ၊ ဥပါဒါန်သုံးပါး၊
(၂) ကမ္မဝဋ် (ကုသိုလ်ကံ, အကုသိုလ်ကံ)
(၃) ဝိပါကဝဋ် (အကျိုးတရားများ)
ဟူ၍ သုံးမျိုးပြထား၏။ ထိုတွင် အထက်ပါစကားပုံအရ “ဝဋ်”သည် နောက်ဆုံး အချက် ဝိပါက (အကျိုးတရား) ဝဋ်နှင့် သက်ဆိုင်၏။ သို့ဖြစ်၍ “ဝဋ်” နှင့်“ဝိပါက” (ဝိပါက်)သည် စကားလုံး ကွဲပြားသော်လည်း သဘောအဓိပ္ပာယ် မကွဲပြားပါချေ။ ထို့ကြောင့် တစုံတယောက်သည် ဒုက္ခကြီးစွာ ခံစားနေရလျှင် “ဝဋ်ခံနေရတယ်၊ ဝိပါကဝဋ်ကြီးတယ်”ဟူ၍ လည်းကောင်း၊ “သူတပါးကို မညှင်းဆဲနဲ့၊ ဝဋ်လိုက် တတ်တယ်၊ ဝဋ်အမြဲ ငရဲအပ တဲ့” ဟူ၍ လည်းကောင်း အစဉ်အလာ ပြောဆို ကြခြင်း ဖြစ်သည်။
ငရဲ၏အဓိပ္ပာယ်
“ငရဲ”ကား “နိရယ”ဟူသော ပါဠိစကားမှ ဆင်းသက်လာ၏။ နိ + (ရ) [နိ (ရ) အယ။ အယ =ချမ်းသာ + နိ = မရှိ] ချမ်းသာသုခကို ရခွင့်မရနိုင်သောကြောင့် ငရဲ (နိရဲ)ဟု ခေါ်ခြင်း ဖြစ်သည်။ ယင်းငရဲသည် သိဉ္ဇိုးငရဲစသည်ဖြင့် ငရဲကြီးရှစ်ထပ်ရှိကြောင်း ဤကျမ်းစာအုပ် အခန်း (၆) သံသရာနှင့် သုံးဆယ့်တစ်ဘုံ အခန်းတွင် ဖော်ပြ ထားပါသည်။ ထိုငရဲ တစ်ထပ်တစ်ထပ်တွင်လည်း ဘင် (မစင်) ပုပ် ငရဲ၊ ပြာပူငရဲ၊ လက်ပံတောငရဲ၊ သံလျက်ရွက်ငရဲ၊ ကြိမ်ပိုက်ချောင်းငရဲဟု ငရဲငယ်(ဥဿဒ)ငါးထပ်စီ တံတိုင်းခတ်သလို ရံပတ်တည်ရှိနေ၏။ ထိုအားလုံးကို “ငရဲ”ဟု ခေါ်ခြင်းဖြစ်သည်။
ဝဋ်အဘယ်သို့ မြဲသနည်း
တစုံတယောက်သည် တစုံတယောက်အား ပြစ်မှားမိပါက ထိုသူသည် ငရဲ၌ ဆင်းရဲဒုက္ခကို ခံစားနေရမည်ဖြစ်၏။ ငရဲမှ လွတ်လျှင်လည်း ဆင်းရဲဒုက္ခ တစ်မျိုးမျိုး ကို ပြုမိခဲ့သော အကုသိုလ်အားလျော်စွာ ခံစားရတတ်ပြန်သည်။ ယင်းသို့ ခံစားရခြင်း ကိုပင် ဝဋ် (ဝိပါက်)ဟု ခေါ်ခြင်းဖြစ်သည်။ ထိုဝဋ် (ဝိပါက်)ခေါ် မကောင်းကျိုးကို မြတ်စွာဘုရားသည်ပင် ရှောင်လွဲ၍ မရနိုင်ချေ။
မြတ်စွာဘုရား ဝဋ်(ဝိပါက်) ခံတော်မူရခြင်းနှင့် ပတ်သက်၍ ကြည့်ကန်ရှင်ကြီး မည်သော ပညာရှင်က “ခြေမ တော်တဲ့၊ ကွဲပြန်ခဲ့၊ ဘဲ့ဝိပါတ်တော်ပါနည်း” ဟု “အဲ့ကာရန္တ”သတ်ပုံ ပုစ္ဆာခန်းတွင် မေးမြန်းထားပါသည်။
စာမျက်နှာ-214
ဤမေးခွန်းသည် “ဝဋ်”(ဝိပါက်)တော်သုံးပါးကို သိမ်းကျုံး၍ မေးမြန်းထားခြင်း ဖြစ်ကြောင်း ကျီးသဲလေးထပ်ဆရာတော်က “စွယ်စုံကျော်ထင်”ကျမ်းတွင် သုံးသပ် ဖြေဆိုထား၏။ သုံးပါးအနက် ပထမဝဋ်(ဝိပါက်)တော်ကား ဤသို့တည်း-
လွန်လေပြီးသောအခါ ဂေါတမဘုရားအလောင်းတော်သည် သူကြွယ်မျိုး၌ ဖြစ်၏။ ဖခင်တူညီငယ်နှင့် စည်းစိမ်ဥစ္စာကို အကြောင်းပြုပြီး ခိုက်ရန်ဖြစ်ပွားကြ၏။ ညီငယ်ကို လိမ်လည်လှည့်ဖြားခေါ်ပြီး ထောင်ချောက်ကြား၌ ကျောက်ဖြင့် ထုခတ်သတ်လေ၏။ ဤမကောင်းမှု အကုသိုလ်ကြောင့် ငရဲ၌ ခံခဲ့ရရုံမျှမက နောက်ဆုံး ဘုရားဖြစ်သော ဘဝ၌ပင် အရှင်ဒေဝဒတ်၏ ဝေဘာရတောင်စောင်း၌ ကျောက်မောင်းဆင် လုပ်ကြံခြင်းကို ခံခဲ့ရလေသည်။ တောင်ထိပ်မှ ကျောက်တုံးကြီး လိမ့်လာသောအခါ ဘုရားရှင်၏ ဘုန်းတော်ကြောင့် လမ်းခုလတ်မှ ကျောက်တုံးတစ်တုံးက ဆီးကြိုခံလင့်၏။ ထိုကျောက်တုံးချင်း ထိခတ်စဉ် ကျောက်လွှာတစ်ခုသည် ပဲ့စင်ထွက်၍ ဘုရားရှင်၏ ခြေမတော်ကို ထိခိုက်ပြီး ဆင်းရဲဒုက္ခများစွာ ခံစားတော်မူရလေသည်။ ဤကား ပထမဝဋ် (ဝိပါက်)တည်း။
မြတ်စွာဘုရားတွင် ထိုကျောက်ထိမှုနှင့် ဆက်စပ်၍ နောက်ထပ် ရှေးဘဝ အကြောင်းကံတစ်ခု ရှိနေသေး၏။
လွန်လေပြီးသော ဘဝတစ်ခု၌ ဘုရားအလောင်းသည် ကလေးငယ်သဘာဝ ကစားနေစဉ် အရှင်ပစ္စေကဗုဒ္ဓါတစ်ပါး ဆွမ်းခံဝင်လာ၏။ ကလေးငယ်သည် ပျော်ရွှင် လိုသဖြင့် အရှင်ပစ္စေကဗုဒ္ဓါ၏ ခြေမတော်ကို ကျောက်ဖြင့် ပစ်ခတ်၏။ ခြေမတော်ကို ထိသဖြင့် အရှင်ပစ္စေကဗုဒ္ဓါသည် အလွန်နာကျင်သော ဝေဒနာကို ခံစားခဲ့ရလေသည်။ ထို မကောင်းမှုကံအစွမ်းကြောင့် အရှင်ဒေဝဒတ် ကျောက်မောင်းဆင် လုပ်ကြံစဉ် ခြေမတော်ကို ကျောက်ထိရုံမျှသာ မဟုတ်၊ ခြေမတော်၌ သွေးစိမ်းတည်သည်အထိ ဒဏ်ရာအနာတရဖြစ်ပြီး ဆင်းရဲဝေဒနာကို ကြာရှည်စွာ ခံစားရလေသည်။ ဤကား ဒုတိယဝဋ်(ဝိပါက်) ဖြစ်သည်။
ထိုသို့ ကျောက်ထိခြင်းနှင့်ဆက်စပ်၍ နောက်ထပ် ရှေးဘဝ အကုသိုလ်ကံ တစ်မျိုးလည်း ရှိနေခဲ့သေး၏။
လွန်လေပြီးသောအခါ ဂေါတမဘုရားအလောင်းတော်သည် ပဒေသရာဇ်မင်း ဖြစ်ခဲ့ဖူး၏။ ထိုဘဝတွင် လူယုတ်မာနှင့် ပေါင်းမိသဖြင့် သောက်စားမူးယစ်ပြီး အပြစ်မရှိ သူအား ဓားဖြင့် ခွဲစိတ်ခဲ့ဖူးလေသည်။ ထိုအကုသိုလ်ကံကြောင့် ငရဲ၌
စာမျက်နှာ-215
ခံရပြီးနောက် ဘုရားရှင်ဖြစ်တော်မူလာသော ဘဝမှာပင် ခြေမတော်ကို ကျောက်ထိရုံ၊ သွေးစိမ်းတည်ရုံနှင့် မပြီးသေး။ ဆေးဆရာဇီဝက၏ ဓားဖြင့်ခွဲ၍ ခြေမတော်၌ တည်နေသည့်သွေးခဲကို ထုတ်ယူကုသမှုအတွက် ပြင်းထန်သော ဝေဒနာကိုပါ ခံစားရရှာလေသည်။ ဤကား တတိယဝဋ်(ဝိပါက်)ဖြစ်သည်။
မြတ်စွာဘုရား ခံတော်မူရသော ဝဋ်(ဝိပါက်)တော်တို့ကား ဖော်ပြပါ သုံးပါး အပါအဝင် တစ်ဆယ့်နှစ်ပါးရှိကြောင်း အပဒါန်ပါဠိတော်တွင် ဖော်ပြထားပါသည်။ အရှင်မောဂ္ဂလာန်၏ “ဝဋ်”(ဝိပါက်)တော်လည်း ရှိသေး၏။ အရှင်မောဂ္ဂလာန် အလောင်းတော်သည် တစ်ခုသောဘဝ၌ မယား၏အလိုဆန္ဒအရ မိဘနှစ်ပါးကို တောသို့ထုတ်ပြီး သူခိုးဓားပြယောင်ဆောင်ကာ ရိုက်ခဲ့ဖူး၏။ ထိုအကုသိုလ်ကံကြောင့် သေလျှင် ငရဲသို့ ကျခဲ့ရသည်။ နောက်ဆုံး အရှင်မောဂ္ဂလာန်ဘဝ၌ တန်ခိုးအရာမှာ ဧတဒဂ်ရပါလျက် ခိုးသူတို့၏ ရိုက်နှက်သတ်ဖြတ်မှုကို ခံရပြီး ပရိနိဗ္ဗာန်စံခဲ့ရလေသည်။
အထက်ပါ သာဓကတို့ကို ကြည့်လျှင် ပြုခဲ့မိသော အကုသိုလ်ကံကြောင့် ငရဲသို့ ကျရောက်ရုံမျှဖြင့် မပြီးသေး။ အခွင့်သင့်သော ဘဝမှာ ဝဋ်(ဝိပါက်)ခေါ် ဆင်းရဲဒုက္ခတစ်မျိုးမျိုးကို ဆက်လက် ခံစားရသေးသည်။ မခံစားရအောင် မည်သူမျှ မရှောင်လွှဲနိုင်ကြချေ။ သို့ဖြစ်၍ “ဝဋ်မှာအမြဲ ငရဲမှာအပ”ဟုဆိုထုံးပြုခဲ့ကြခြင်း ဖြစ်လေသည်။
ငရဲကို ဘယ်လို ပ-သနည်း
ငရဲကား ဝဋ်(ဝိပါက်)ကဲ့သို့ မဟုတ်၊ မကောင်းမှု အကုသိုလ်ကို ပြုလုပ်လျှင် ငရဲသို့ ကျရောက်ရတတ်၏ဟု ဆိုသော်လည်း အကုသိုလ်ပြုမိတိုင်း ငရဲသို့ ရောက်ကြရသည်မဟုတ်၊ အကုသိုလ်ကို အမှန်တကယ် ပြုပါလျက် ငရဲနှင့် လွဲချင်လွဲတတ်သော သာဓကများ ရှိကြပါသည်။
မြတ်ဗုဒ္ဓ၏လက်ထက်တော်က ရာဇဂြိုဟ်ပြည်တွင် တမ္ဗဒါဌိကမည်သော ခိုးသူသတ်သမား တစ်ဦး ရှိခဲ့၏။ သူသည် နှစ်ပေါင်း ငါးဆယ့်ငါးနှစ်တိုင်တိုင် ဘုရင့်အကျဉ်းထောင်မှ သေဒဏ် အပေးခံရသူများကို သတ်ခဲ့ရလေသည်။ ထိုအကုသိုလ်ကြောင့် သေလျှင် ငရဲသို့ ရောက်ရမည်ဖြစ်၏။ ဤအခြေအနေတွင်
၁။ အပဒါနံပါဠိတော် - ၃၄၆။ ၂။ ဓမ္မပဒ(ဒု) မဟာမောဂ္ဂလာနထေရဝတ္ထု။ ၄၁။
စာမျက်နှာ-216
အရှင်သာရိပုတ္တရာသည် ကယ်မလိုသဖြင့် ဆွမ်းခံကြွ၍ တရားဓမ္မဟောပြတော်မူသည်။ တမ္ဗဒါဋ္ဌိကသည် ဆွမ်းလှူခြင်း၊ တရားနာခြင်း၊ တရားကို ဆင်ခြင်ရှုမှတ်ခြင်း ကုသိုလ်ကို ပြု၏။ သေလွန်သောအခါ ထိုကုသိုလ်ကြောင့်ပင် ကုသိတာနတ်ပြည်၌ ဖြစ်ရလေသည်။ လူအများကို သတ်သည့် အကုသိုလ်ကြောင့် သေသည့်အခါ ရောက်ရမည့် ငရဲကို ထိုကုသိုလ်ဖြင့် အပပြုလိုက်နိုင်ခြင်းပင် ဖြစ်သည်။
ထို့ပြင် သာဝတ္တိပြည်မှာ မဋ္ဌကုဏ္ဍလီမည်သော လုလင်တစ်ဦး ရှိခဲ့ဖူးသည်။ သူသည် မည်သည့်အလှူဒါနကိုမျှမပြု၊ သူ့တွင် ကုသိုလ်ကောင်းမှုမရှိ၊ အကုသိုလ်ကံများသာ ရှိ၏။ သေလျှင် ငရဲသို့ ရောက်ရမည်ဖြစ်၏။ ထိုအဖြစ်ကို မြတ်ဗုဒ္ဓ မြင်တော်မူသဖြင့် ကယ်မလိုသောကြောင့် ထိုသူ၏ အိမ်ရှေ့သို့ သွားရောက်ပြီး ရောင်ခြည်တော်တို့ကို လွှတ်၏။ သေလုဆဲဆဲ မဋ္ဌကုဏ္ဍလီသည် ရောင်ခြည်တော်တို့ကို မြင်သဖြင့် မြတ်ဗုဒ္ဓအား လျောင်းအိပ်လျက်ကပင် ရှိခိုး၏။ မကြာခင် သေလွန်လျှင် ထိုကုသိုလ်ကြောင့်ပင် တာဝတိံသာနတ်ပြည်တွင် နတ်သားဖြစ်ရလေသည်။ ရှိခိုးသောကုသိုလ်ကောင်းမှုဖြင့် ငရဲကို “အပ” ပြုလုပ်ခြင်းပင် ဖြစ်ပါ၏။
သောဏဂီရိ တောင်ပေါ် ကျောင်း၌ သီတင်းသုံးနေသော ရဟန္တာ အရှင်သောဏ၏ ဖခင်သည် မုဆိုးအလုပ်ဖြင့် အသက်မွေးမြူ၏။ အသက်ကြီးကာမှ သားဘုန်းကြီးထံ ခိုဝင်၍ ရဟန်းပြုခဲ့၏။ မကျန်းမမာ၍ သေခါနီးသော (မရဏာသန္နဝီထိ ဇောကျသော)အခါ သူပြုခဲ့သော အကုသိုလ်များ အကျိုးပေးချိန် ရောက်သည့်အလျောက် ခွေးကြီးများ ကိုက်တော့မည့် အဟန်ဖြင့် စိတ်အစဉ်မှာ ဂတိနိမိတ် ထင်မြင်လာ၏။ “သား ခွေးကြီးတွေကို မောင်းပါ သားရဲ့”ဟု ကြောက်လန့်စွာ ယောင်ယမ်းပြောဆို၏။
ရဟန္တာအရှင်သောဏသည် ဖခင်ဦးဇင်းကြီး သေလွန်က ငရဲကျရောက်ရမည်ဖြစ်ကြောင်း သိတော်မူ၏။ “ငါသို့သော သားရှိပါလျက် ငရဲသို့ မကျစေသင့်” ဟု ဆင်ခြင်ပြီး သာမဏေများအား ပန်းများကို ခူးယူစေ၍ စေတီရင်ပြင်မှာ ထားစေသည်။ ဦးဇင်းကြီး လဲလျောင်းရာ ညောင်စောင်းကိုလည်း စေတီရင်ပြင်သို့ ရွှေ့စေပြီး “ဦးဇင်းကြီးအတွက် ပန်းလှူထားတယ်၊ အာရုံပြုပါ” စသည်ဖြင့် ပြောဆို သတိပေး၏။
၁။ ဓမ္မပဒ-ပ။ ယမကဝဂ်၊ မဋ္ဌကုဏ္ဍလီဝတ္ထု၊
စာမျက်နှာ-217
ဦးဇင်းကြီး စိတ်အစဉ်မှာ ငရဲနိမိတ်များ ပျောက်၍ နတ်ဘုံရောက်မည့် အာရုံများ (ဂတိနိမိတ်များ) ပြောင်းလဲ ထင်ပေါ်လာသည်။ နတ်သမီးများ အကြိုလာနေသည်ကို ထင်မြင်ပြီး “သား ဖယ်ပါ၊ ဖယ်ပါ၊ သားရဲ့ မိထွေးတွေ လာနေတယ်”ဟု ပြောဆိုလာသည်။
အရှင်သောဏ၏ ဖခင် ဦးဇင်းကြီးက လားရောက်ရမည့် ငရဲကို လတ်တလော ဖြစ်ပေါ်သော ကုသိုလ်စိတ်ဖြင့် “အပ” ပြုလုပ်နိုင်ခြင်း ဖြစ်သည်။
အရှင်အင်္ဂုလိမာလကိုကား လူသိများကြပါ၏။ လက်ညှိုးပေါင်း တစ်ထောင် ပြည့်အောင် ဖြတ်မည်ဟူသော အကြံဖြင့် ကမ်းကုန်အောင်မိုက်နေသည့် လူသတ်သမားကြီးဖြစ်သည်။ လက်ညှိုးတစ်ထောင်ပြည့်ရန် တစ်ချောင်းသာ လိုတော့သည့် နေ့တွင် မြတ်စွာဘုရားက ကယ်ချွတ်တော်မူသဖြင့် ပရိနိဗ္ဗာန်စံလွန်တော်မူသောအခါ နိဗ္ဗာန်သို့သာ ဝင်စံတော်မူရ၏။ ပြုခဲ့မိသော အကုသိုလ်တို့ကြောင့် ငရဲသို့ မလားရောက်ရပေ။ ဤကား ရဟန္တာဖြစ်သည်အထိ တရားဓမ္မကို နာယူ ကျင့်ကြံသော ကုသိုလ်ကံဖြင့် ငရဲကို “အပ” ပြုလိုက်ခြင်းပင် ဖြစ်သည်။
ဤသို့ စသောအကြောင်းအချက်တို့ကို ရည်ရွယ်၍ “ငရဲ အပ”ဟု ဆိုထုံးပြုကြခြင်းဖြစ်သည်။ သို့သော် ငရဲကို “အပ” ပြုပုံပြုနည်းကား မတူကြပေ။ အထက်ပါ ဝတ္ထုတို့တွင် တမ္ဗဒါဋ္ဌိက, မဋ္ဌကုဏ္ဍလီ, အရှင်သောဏဖခင် ဦးဇင်းကြီးတို့၏ ငရဲကို “အပ ပြုနည်း” သည် စိတ်ချရသောနည်း မဟုတ်။ လတ်တလော ကုသိုလ်ကံကြောင့် နတ်ပြည်သို့ ရောက်နိုင်ကြသော်လည်း ကုသိုလ်ကံ အရှိန်ကုန်လျှင် (အပါယ်တံခါးပိတ်နိုင်သော မဂ်ကုသိုလ်တစ်မျိုးမျိုးကို မရသေးလျှင်) ငရဲသို့ ရောက်နိုင်ပေသေးသည်။ အရှင်အင်္ဂုလိမာလ၏ ငရဲကို “အပ ပြုလိုက်ခြင်းကား ရဟန္တာဖြစ်သည်အထိ ပြုကျင့်အားထုတ်သော မဂ်ကုသိုလ်တို့ဖြင့် ငရဲကို အပ ပြုလိုက်ခြင်းဖြစ်၍ စိတ်ချရသော “အပ” ပြုနည်း ဖြစ်သည်။
ယင်းနှင့်ပတ်သက်၍ ကံတရားတို့၏ အကျိုးပေးရာကာလကို သတိပြုသင့်ပါ၏။ (ဤကျမ်း အခန်း ၃-၌ ကံတရားတို့ကို ဖော်ပြထားပါသည်။) တမ္ဗဒါဌိက မဋ္ဌကုဏ္ဍလီတို့ နတ်ပြည်ရောက်ရခြင်းသည် ဥပပဇ္ဇဝေဒနီယကံ (ဒုတိယဘဝ၌ အကျိုးပေးသောကံ) ဖြင့် နတ်ပြည်ရောက်ကြခြင်း ဖြစ်သည်။ သူတို့ပြုကြသော
စာမျက်နှာ-218
ကုသိုလ်စေတနာကံသည် ဒုတိယဘဝဖြစ်သော နတ်ဘဝမှာ အကျိုးပေးခွင့်ရ၍ ငရဲကို ယာယီ “အပ” ပြုလိုက်နိုင်ခြင်း ဖြစ်၏ဟု ဆိုလိုပါသည်။
အရှင်အင်္ဂုလိမာလကား ရဟန္တာဖြစ်သည့်အလျောက် အလွန်အားကောင်းသော အရဟတ္တမဂ် ကုသိုလ်အဆင့်မှာပင် ထိုမဂ်ကုသိုလ်ဖြင့် ထိုမျှလောက် အားမကောင်းသော လက်ညှိုးဖြတ်မိသည့် အကုသိုလ်ဟူသမျှကို ဘယ်တော့မှ အကျိုးပေးခွင့် မရအောင် ချေဖျက်ပစ်လိုက်နိုင်ခဲ့သည်။ ထို့ကြောင့် လူသတ်, လက်ညှိုးဖြတ်သမျှ အကုသိုလ်အားလုံးသည် အဟောသိကံ (အချည်းနှီးကံ၊ အလကားကံ) များဖြစ်သွားကြရသည်။ အကုသိုလ်မှန်သမျှ ပျက်စီးသွားပြီးဖြစ်၍ အပါယ်ကျိုး, ငရဲကျိုးကို ဘယ်သောကာလမှာမှ မပေးနိုင်တော့ချေ။
အချုပ်အားဖြင့် ဆိုရလျှင် မည်သည့်နည်းဖြင့်ပင် ငရဲကို အပပြုပြု၊ “အပ” ပြုနိုင်လျှင် အကောင်းချည်းသာဖြစ်သည်။ သို့သော် အကုသိုလ်၏ အရှိန်အဟုန်ဟု ဆိုအပ်သော ဝိပါက်(ဝဋ်)မူကား ပရိနိဗ္ဗာန်စံ၍ ဘဝဇာတ် မသိမ်းသေးမီ တချိန်ချိန်၌ အကျိုးပေး ဖြစ်ပေါ်လာတတ်၏။ (ဝါ) ဝဋ်လိုက်တတ်၏။
စာမျက်နှာ-219
အခန်း (၅)
ဒါန သီလ ဘာဝနာ
(က) ဒါန အမျိုးမျိုး
(ခ) သီလအမျိုးမျိုး
(ဂ) ဒါန ဝတ္ထုများ
(ဃ) သီလဝတ္ထုများ
(င) ဘာဝနာ၏သဘောအဓိပ္ပာယ်
(က) ဒါန အမျိုးမျိုး
ဒါနဟူသည်-
(၁) အလှူပေးပုဂ္ဂိုလ်၊
(၂) လှူလိုသော စေတနာ၊
(၃) လှူဖွယ်ဝတ္ထု၊
(၄) ထင်ရှားရှိနေသော အလှူခံပုဂ္ဂိုလ်-
ဤအင်္ဂါ လေးပါးရှိမှ ပြည့်စုံ၏။ ပေးအပ်သော အရာဟူသမျှနှင့် ပေးခြင်းဟူသမျှသည် ဒါနချည်းပင် ဖြစ်၏။ ယင်းဒါနခေါ်သော တရားနှင့် စပ်လျဉ်း၍-
(၁) စေတနာစေတသိက်ကို ဒါနဟု ခေါ်၏။
(၂) စေတနာနှင့်အလားတူသောကြောင့် စေတနာနှင့်ယှဉ်သော အလောဘ စေတသိက်ကိုလည်း ဒါနဟု ခေါ်၏။
(၃) သမ္မာဝါစာ၊ သမ္မာကမ္မန္တနှင့် သမ္မာအာဇီဝတို့ကိုလည်း ဒါနဟုပင် ခေါ်၏။
(၄) ဒေယျဓမ္မော ဒါနန္တိ အာမန္တာ-အရ ဆွမ်းသင်္ကန်းစသော လှူဖွယ်ဝတ္ထုကိုလည်း ဒါနဟူ၍ပင် ခေါ်ပေသည်။
စာမျက်နှာ-220
အဖန်ဖန် ပဋိသန္ဓေနေခြင်းဖြင့် သံသရာကို ရှည်စေတတ်သည့် တရားမှာ တဏှာ(လောဘ)ဖြစ်၏။ ဒါနဟူသော အလောဘသည် ယင်းတဏှာ(လောဘ)၏ ဆန့်ကျင်ဘက်ဖြစ်၍ တဏှာ(လောဘ)ကိုလည်း ပယ်သတ်နိုင်သည့်တရား ဖြစ်သည်။ စစ်မှန်သော ဒါနသည် သံသရာကို တိုစေသည်မှာ အမှန်ပင် ဖြစ်ပါသည်။
ဒါနဟူသည် တရားလေးမျိုး ဖော်ပြထားသော်လည်း အလောဘနှင့် သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝတို့မှာ စေတနာ၏ အသင်းအပင်းများဖြစ်၍ စေတနာဒါနအဖြစ် တစ်ခုတည်း မှတ်ယူရပါမည်။ ဆွမ်းသင်္ကန်းစသော လှူဖွယ်ဝတ္ထုဟူသော ဒေယျဓမ္မကို ဝတ္ထုဒါနအဖြစ် မှတ်ယူပါမည်။ ထို့ကြောင့်ပင် ဒါန နှစ်မျိုးသာ ရှိပါသည်။
လှူဒါန်းရာမှာ စေတနာမရှိလျှင် မလှူဒါန်းနိုင်၊ စေတနာရှိမှသာ လှူဒါန်းနိုင်၏။ စေတနာဆိုရာမှာလည်း လှူဒါန်းနေစဉ်အတွင်း ဖြစ်ပေါ်သော “မုဉ္စစေတနာ” ကို ခေါ်သည်။ မုဉ္စဟူသည် စွန့်လွှတ်ခြင်းပင်ဖြစ်သည်။ စွန့်လွှတ်လှူဒါန်းနေစဉ်ဖြစ်သော မုဉ္စစေတနာသည်သာလျှင် ဒါန၏ တရားကိုယ် အစစ် ဖြစ်ပါသည်။
မစွန့်လွှတ်မီ ရှေးက ကြိုတင်၍ ဖြစ်သော စေတနာကို “ပုဗ္ဗစေတနာ” ဟု ခေါ်၏။ စွန့်လွှတ်ပြီးမှဖြစ်သော စေတနာကို “အပရစေတနာ”ဟု ခေါ်၏။ ယင်းစေတနာသုံးတန်ကို “စေတနာဒါန” ဟု ခေါ်သည်။
ဒါနအမျိုးမျိုးကို ရေးသားတင်ပြပါမည်-
(၁) ကိုယ်တွင်းဆိုင်ရာ အသက်ခန္ဓာအင်္ဂါကြီးငယ်တို့ကို လှူဒါန်းခြင်းဒါန (အဇ္ဈတ္တိကဒါန-ဟုခေါ်၏)၊
(၂) အပြင်အပဖြစ်သော ပစ္စည်းဝတ္ထုတို့ကို လှူဒါန်းခြင်း ဒါန (ဗာဟိရဒါန-ဟု ခေါ်၏)။
(၃) အသက်စည်းစိမ် ဘေးမဲ့ပေးခြင်းဒါန (အဘယဒါန-ဟု ခေါ်၏)၊ ဤဒါနသည် အထူးသဖြင့် မင်းတို့နှင့်သာ သက်ဆိုင်၏။
(၄) ဆွမ်းစသည့်ပစ္စည်းဝတ္ထုကို ပေးလှူခြင်းဒါန (အာမိသဒါန-ဟုခေါ်၏)၊
(၅) လောဘဒေါသ စသည်တို့ဖြင့် ညစ်နွမ်းသောစိတ် အလျှင်း မရှိဘဲ သူတပါးတို့အား မဖောက်မပြန် မှန်ကန်သော တရားဟောပေးခြင်းဖြင့် တရားကို ပေးလှူခြင်း ဒါန (ဓမ္မဒါန-ဟု ခေါ်၏။)
စာမျက်နှာ-221
(၆) အလှူခံပုဂ္ဂိုလ် ဆိုက်ရောက်လာသောအခါ လှူဖွယ်ဝတ္ထုကို အကြွင်းထား၍ လှူဒါန်းခြင်းဒါန (သာဝသေသဒါန-ဟု ခေါ်၏)၊
(၇) အလှူခံပုဂ္ဂိုလ် ဆိုက်ရောက်လာသောအခါ လှူဖွယ်ဝတ္ထုကို အကြွင်းမထားဘဲ အကုန်လှူဒါန်းခြင်းဒါန (နိရဝသေသဒါန-ဟု ခေါ်၏)၊
(၈) ပုဂ္ဂိုလ်တစ်ဦး နှစ်ဦးစသည်အား ပိုင်းခြားသတ်မှတ်၍ လှူဒါန်းခြင်း ဒါန (ပုဂ္ဂလိကဒါန-ဟု ခေါ်၏)၊
(၉) သံဃာတော်ကို ရည်မှန်း၍ လှူဒါန်းခြင်းဒါန (သံဃိကဒါန-ဟုခေါ်၏)၊
ပုဂ္ဂလိကဒါနမှုပြုရန် လွယ်ကူ၏။ သံဃိကဒါနမှု ပြုရန်အတွက် အလှူပြုလုပ်မည့်ပုဂ္ဂိုလ်တိုင်း သတိချပ်ရပေမည်။ အကြောင်းမှာ သံဃာတော်ဟု ဆိုလျှင် အရိယာပုဂ္ဂိုလ်များ အားလုံးပါဝင်၏။ သို့ရာတွင် ပါဝင်သည့် ပုဂ္ဂိုလ်များကို အာရုံမထားဘဲ အများအစုအပေါင်းကိုသာ အာရုံထား၍ လှူဒါန်းမှသာ သံဃိကဒါနမြောက်ပါသည်။ သံဃိကဒါနချည်း သက်သက်ပင် ခုနစ်ပါး ထပ်မံ ခွဲခြားထားပါသည်။ မှတ်ရန်မှာ သံဃိကဒါန ခုနစ်ပါး ရှိသည်ဟုပင် ဖြစ်ပါသည်။
(၁ဝ) ဝဋ်ဆင်းရဲဖြစ်သော လောကီစည်းစိမ်ချမ်းသာကိုသာ တောင့်တ၍ လှူဒါန်းသောဒါန (ဝိဋနိဿိတဒါန-ဟု ခေါ်၏)၊
(၁၁) ဝဋ်ဆင်းရဲကင်းရာ နိဗ္ဗာန်ချမ်းသာကို တောင့်တ၍ လှူဒါန်းသော ဒါန (ဝိဝဋနိဿိတဒါန-ဟု ခေါ်၏)၊
(၁၂) အချိန်အခါနှင့် တိုက်ဆိုင်သော စီမံလှူဒါန်းသော ကထိန်သင်္ကန်း၊ ဝါဆိုသင်္ကန်း၊ ဖျားနာသောရဟန်းအတွက် ဂိလာနဆွမ်း၊ ဧည့်သည် အာဂန္တုရဟန်းတို့အတွက် ဆွမ်း၊ ခရီးထွက်မည့် ဂမိကရဟန်းတို့အတွက် ဆွမ်းလှူခြင်း စသည့်ဒါန (ကာလဒါန-ဟု ခေါ်၏)၊ ကာလဒါန ငါးမျိုးရှိပါသည်။ ၎င်းတို့မှာ-
(က) ဧည့်သည် အာဂန္တုအား ပေးလှူခြင်း၊
(ခ) ခရီးထွက်မည့် ခရီးသည်အား ပေးလှူခြင်း၊
စာမျက်နှာ-222
(ဂ) မကျန်းမမာ ဖျားနာသောသူအား ပေးလှူခြင်း၊
(ဃ) ငတ်မွတ်ခေါင်းပါးသောအခါ၌ ပေးလှူခြင်း၊
(င) လုပ်ကိုင်ရရှိသော ကောက်ဦး သစ်ဦးတို့ကို သီလရှိသော ပုဂ္ဂိုလ်တို့အား ပေးလှူခြင်း-
ဟူ၍ ငါးမျိုးရှိပါသည်။
(၁၃) ဤကဲ့သို့ အချိန်အခါကို မရွေးချယ်ရဘဲ လှူလိုသည့်အချိန် လှူလိုက်နိုင်သောဒါန (အကာလဒါန-ဟု ခေါ်၏)၊
(၁၄) တဏှာဒိဋ္ဌိတို့ဖြင့် သုံးသပ်အပ်သောဒါန (ပရာမဋ္ဌဒါန-ဟု ခေါ်၏)၊ ကုသိုလ်ဆန္ဒပတ္ထနာဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို မတောင့်တဘဲ “ဤဒါန ကုသိုလ်ကြောင့် ငါသည် သိကြားမင်းအစရှိသည့် ထင်ရှားသောနတ် သို့မဟုတ် သာမညနတ်ဖြစ်ရပါလို၏။ ထိုနတ်ပြည်၌ မြဲမြံခိုင်ခံ့သော နတ်စသည် ဖြစ်ရပါလို၏” စသည်ဖြင့် တဏှာဒိဋ္ဌိဦးစီးလျက် တောင့်တလျှင် ထိုဒါနသည် မဂ်ဖိုလ်နိဗ္ဗာန်၏ ပစ္စည်းအထောက်အပံ့ မဖြစ်နိုင်သောကြောင့် ဆုံးရှုံးခြင်းသို့ ရောက်အောင် ပို့ဆောင်တတ်သော ဒါနဟု ဆိုပါသည်။
(၁၅) တဏှာဒိဋ္ဌိတို့ဖြင့် မသုံးသပ်အပ်သော ဒါန (အပရာမဋ္ဌဒါန-ဟု ခေါ်၏)၊ ဝဋ်ဆင်းရဲကင်းရာ နိဗ္ဗာန်ချမ်းသာကို တောင့်တ၍ လှူဒါန်းသော ဒါနဟု ဆိုပါသည်။
(၁၆) နေရာတည်မြဲနေမည့် ဘုရားတန်ဆောင်း၊ ကျောင်း၊ ဇရပ်၊ ရေတွင်း၊ ရေကန် စသည်တို့ကို လှူဒါန်းသောဒါန (ထာဝရ-ဒါနဟု ခေါ်၏)၊
(၁၇) ခေတ္တခဏမျှသုံးစွဲရသော ဆွမ်းသင်္ကန်းစသည်တို့ကို လှူဒါန်းခြင်းဒါန (အထာဝရဒါန-ဟု ခေါ်၏)၊ ထိုဒါနှစ်ခုတွင် ထာဝရဒါနသည် အကျိုးပေး ကြီးမြတ် ခိုင်မြဲ၏။
(၁၈) မိမိ အသက်ထင်ရှားရှိစဉ် လှူဒါန်းသော ဒါန (သဇီဝဒါန-ဟု ခေါ်၏)၊
စာမျက်နှာ-223
(၁၉) မိမိသေပြီးနောက် မိမိပိုင်ပစ္စည်းစုကို မည်သူ့အား ပေးခဲ့သည်၊ ထိုသူ ယူ၍ အလိုရှိတိုင်း အသုံးပြုလော့ဟူ၍ သေသည့်နောက် ရည်မှန်း၍ ပေးကမ်းလှူဒါန်းခြင်းဒါန (အစ္စယဒါန-ဟု ခေါ်၏)၊ ဗုဒ္ဓဘာသာတို့ အနေဖြင့် သေတမ်းစာဖြင့် မိမိပစ္စည်းကို ပေးခွင့် ရှိပါသည်။ သားသမီးများအားလည်း သေတမ်းစာနှင့်တကွ ပေးနိုင်၏။ ဤကား အစ္စယဒါန၌ အကျုံးဝင်ပါသည်။
(၂ဝ) ဆွမ်းတမျိုးတည်း လောင်းလှူခြင်းဒါန (အပရိဝါဒါန-ဟုခေါ်၏)၊
(၂၁) ဆွမ်းဟင်းနှင့်တကွ လောင်းလှူခြင်းဒါန (သပရိဝါရဒါန-ဟုခေါ်၏)၊
(၂၂) အကြွင်းအကျန် အညံ့အဖျင်းဖြစ်သော ပစ္စည်းကို လှူဒါန်းခြင်းဒါန (ဥစ္ဆိဋ္ဌဒါန-ဟု ခေါ်၏)၊
(၂၃) အကြွင်းအကျန် အညံ့အဖျင်း မဟုတ်သောပစ္စည်းကို လှူဒါန်းခြင်းဒါန (အနုစ္ဆိဋ္ဌဒါန-ဟု ခေါ်၏)၊ ၎င်းဒါနကို “အဂ္ဂဒါန”ဟုလည်း ခေါ်၏။
(၂၄) တရားသဖြင့် ရှာဖွေရရှိသော ပစ္စည်းဝတ္ထုလှူဒါန်းခြင်း ဒါန (ဓမ္မိယဒါန-ဟုခေါ်၏)၊
(၂၅) တိုက်ခိုက် ခိုးဝှက် သတ်ဖြတ်ခြင်း စသည်ဖြင့် ရှာဖွေရရှိသော ပစ္စည်းဝတ္ထုလှူဒါန်းခြင်းဒါန (အဓမ္မိယဒါန-ဟု ခေါ်၏)၊
(၂၆) အလှူဒါနပြုကြရာမှာ တန်းတူညီမျှ ရနိုင်လှူဒါန်းနိုင်သော အလှူဒါန (သဒိသဒါန- ဟု ခေါ်၏)၊
(၂၇) အချင်းချင်း အပြိုင်အဆိုင် လှူကြရာမှာ တစ်ဖက်သားများ မလိုက်နိုင်အောင် အနိုင်လှူအပ်သောဒါန (အသဒိသဒါန-ဟု ခေါ်၏)၊
(၂၈) မျက်မြင်ကိုယ်တွေ့ဖြစ်သော ဒါန (ပစ္စက္ခဒါန-ဟု ခေါ်၏)၊
(၂၉) မျက်မြင်ကိုယ်တွေ့မဟုတ် ကိုယ့်မျက်ကွယ်၌ လှူအပ်သော ဒါန (အပစ္စက္ခဒါန-ဟု ခေါ်၏)၊
(၃၀) ကွယ်လွန်လေပြီးသော ဆွေမျိုးသားချင်းများ တမလွန်ဘဝ၌ ကြီးပွားချမ်းသာရေးအတွက် ရည်ရွယ် လှူဒါန်းအပ်သော အလှူဒါန (ပေတဒါန-ဟု ခေါ်၏)၊
စာမျက်နှာ-224
(၃၁) မိမိနောင်တမလွန်ဘဝ ကြီးပွားချမ်းသာရေးအတွက် ရည်မှန်း၍ လှူဒါန်းအပ်သော အလှူဒါန (နိဓိဒါန-ဟု ခေါ်၏)၊
(၃၂) ကံ,ကံ၏အကျိုးကို သိရှိ၍ လှူဒါန်းအပ်သော အလှူဒါန (သမ္ပဇာနကဒါန-ဟု ခေါ်၏)၊
(၃၃) ကံ, ကံ၏အကျိုးကို မသိဘဲ လှူဒါန်းအပ်သော အလှူဒါန (အသမ္ပဇာနကဒါန-ဟု ခေါ်၏)၊
(၃၄) နေ့စဉ်မပြတ် ဆွမ်းလောင်းခြင်း စသည်ဖြင့် အမြဲမပြတ် ပြုလုပ်အပ်သော ဒါန (နိဗဒ္ဓဒါန-ဟု ခေါ်၏)၊
(၃၅) နေ့စဉ်မဟုတ်ဘဲ တတ်နိုင်သည့်အခါမှသာ ဆွမ်းလောင်းခြင်း စသည်ဖြင့် ပြုလုပ်အပ်သောဒါန (အနိဗဒ္ဓဒါန-ဟု ခေါ်၏)၊
(၃၆) သားငါးစသော သတ္တဝါများကို သတ်ဖြတ်၍ ကျွေးမွေးလှူဒါန်းအပ်သောဒါန (သာဝဇ္ဇဒါန-ဟု ခေါ်၏)၊
(၃၇) သားငါးစသော သတ္တဝါများကို သတ်ဖြတ်ခြင်း မပြုဘဲ ဈေးမှ ဖြစ်ပေါ်သော သားငါးဖြင့် ကျွေးမွေးလှူဒါန်းခြင်းဒါန (အနဝဇ္ဇဒါန-ဟုခေါ်၏။)
(၃၈) ကိုယ်တိုင်ကိုယ်ကျ မိမိလက်ဖြင့် ကိုင်တွယ်လှူဒါန်းအပ်သော အလှူဒါန (သာဟတ္ထိကဒါန-ဟု ခေါ်၏)၊
(၃၉) မိမိကိုယ်စား သူတပါးကို စေခိုင်း၍ လှူဒါန်းအပ်သောအလှူဒါန (အာဏတ္တိကဒါန-ဟု ခေါ်၏)၊
(၄၀) မိမိသဘောဖြင့် ပြုအပ်သော အလှူဒါန (သယံကာရဒါန-ဟု ခေါ်၏)၊
(၄၁) သူတပါးတို့ ပြုသည်ကိုမြင်၍ ပြုအပ်သော အလှူဒါန (ပရကာရဒါန- ဟု ခေါ်၏)၊
(၄၂) စိတ်နေ ရွှင်လန်းချမ်းသာစွာ လှူဒါန်းအပ်သောဒါန (သောမနဿဒါန-ဟု ခေါ်၏)၊
(၄၃) ဝမ်းလည်းမသာ၊ ဝမ်းလည်းမနည်း၊ အလယ်အလတ် ခံစားခြင်းရှိ၍ လှူဒါန်းအပ်သော အလှူဒါန (ဥပေက္ခာဒါန-ဟု ခေါ်၏)၊
စာမျက်နှာ-225
(၄၄) ကံ, ကံ၏အကျိုးကို သိမြင်နားလည်၍ လှူဒါန်းခြင်းသည် ဉာဏ်နှင့် ယှဉ်သည့်ဒါန (ဉာဏသမ္ပယုတ္တဒါန-ဟု ခေါ်၏)၊
(၄၅) ကံ, ကံ၏အကျိုးကို မသိမမြင်ဘဲ သူတပါးတို့၏ အတုအပဖြင့် လှူဒါန်းခြင်းသည် ဉာဏ်နှင့်မယှဉ်သည့်ဒါန (ဉာဏဝိပ္ပယုတ္တဒါန-ဟု ခေါ်၏)၊
(၄၆) သူတပါးတို့ တိုက်တွန်းခြင်းရှိ၍ ပြုအပ်သောဒါန (သသင်္ခါရိက ဒါန-ဟု ခေါ်၏)၊
(၄၇) သူတပါးတို့ တိုက်တွန်းခြင်း မရှိဘဲ မိမိဆန္ဒအတိုင်း ပြုအပ်သော ဒါန (အသင်္ခါရိကဒါန-ဟု ခေါ်၏)၊
(၄၈) ကောင်းမှု၏ အရာဖြစ်သော ပေးလှူခြင်းဒါန (ပုညဝိသယဒါန-ဟု ခေါ်၏)၊
(၄၉) ကောင်းမှု၏အရာမဟုတ်ဘဲ လောက၌ ပြုကျင့်ကြမြဲ ဝတ္တရားအတိုင်း ပေးခြင်းမျိုးသည် “လောကဝိသယဒါန” ဖြစ်သည်။ ကြည်လင် စင်ကြယ်သော သဒ္ဓါတရားဖြင့် ပေးခြင်းမဟုတ်ဘဲ ချစ်ကြိုက်၍ ပေးခြင်း၊ စိတ်ဆိုး၍ ပေးခြင်း၊ မိုက်မဲ၍ပေးခြင်း၊ ကြောက်ရွံ့၍ ပေးခြင်းမှ စ၍ ပေးခြင်းဟူသမျှကို “လောကဝိသယဒါန” ဟုခေါ်၏။ ဒါနပါရမီနှင့် လုံးဝမသက်ဆိုင်ကြောင်း မှတ်သားရပါမည်။
(၅၀) လှူဖွယ်ဝတ္ထုများကို ကောင်းမွန်စွာပြုပြင်၍ ရိုသေစွာလှူဒါန်းခြင်း ဒါန (သက္ကစ္စဒါန-ဟု ခေါ်၏)၊
(၅၁) လှူဖွယ်ဝတ္ထုများကို ကောင်းမွန်စွာ မပြုပြင်ဘဲ ဖြစ်သလို လှူဒါန်းခြင်းဒါန (အသက္ကစ္စဒါန-ဟု ခေါ်၏)၊
(၅၂) မြတ်သောပုဂ္ဂိုလ်၊ ကြီးသောပုဂ္ဂိုလ်တို့အား ငယ်သူက ပူဇော်သောအားဖြင့် ပေးလှူခြင်းဒါန (ပူဇာဒါန-ဟု ခေါ်၏)
(၅၃) ကြီးမြတ်သူက ငယ်ရွယ်သူအား ချီးမြှောက်ပေးလှူခြင်းဒါန (အနုဂ္ဂဟဒါန-ဟု ခေါ်၏)၊
(၅၄) တဏှာ၏ကျွန်အဖြစ်ဖြင့် လောကီစည်းစိမ်ချမ်းသာကို တောင့်တ၍ လှူဒါန်းအပ်သော အလှူဒါန (ဒါသဒါန-ဟု ခေါ်၏)၊
စာမျက်နှာ-226
(၅၅) တဏှာသခင် အရှင်ကို ပုန်ကန်၍ လောကုတ္တရာ မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်မှန်းတောင့်တပြီး လှူသောအလှူဒါန (ဘုဇိဿဒါန-ဟု ခေါ်၏)၊
(၅၆) မိဘတို့က သားသမီးတို့ကို နောင်အခါတွင် ငါ့တို့အား ဤကဲ့သို့ပင် ပြန်လည် ကျွေးမွေးလိမ့်မည်ဟု မျှော်မှန်း၍ သားသမီးတို့အား ကျွေးမွေးခြင်းဒါန (ဣဏပယောဇနဒါန-ဟု ခေါ်၏)၊
(၅၇) သားသမီးတို့က အိုမင်းမစွမ်းရှိသည့် မိဘတို့ကို ကျေးဇူးဆပ်သောအားဖြင့် ပြန်လည်ကျွေးမွေးခြင်းဒါန (ဣဏမောက္ခဒါန -ဟု ခေါ်၏)၊
(၅၈) အလှူခံပုဂ္ဂိုလ်များအား လှူဒါန်းကျွေးမွေးခြင်းဒါန (နိမိဒါန-ဟု ခေါ်၏)
(၅၉) အလှူဒါန ပြုလုပ်ရာမှာ လိုလားမှု၊ အားထုတ်မှု၊ ပိုင်းခြား သိမြင်မှုနှင့် ထိုးထွင်း သိမြင်ခြင်း တရားလေးပါး အားနည်းလျှင် ထိုဒါနသည် ညံ့သောအလှူဒါန (ဟီနဒါန-ဟု ခေါ်၏)၊
(၆၀) တရားလေးပါးကို အတန်အသင့် နားလည်ပြီး လှူဒါန်းလျှင် အလတ်စားအလှူဒါန (မဇ္ဈိမဒါန-ဟု ခေါ်၏)၊
(၆၁) တရားလေးပါးကို အသေအချာ သဘောပေါက် နားလည်ပြီး လှူဒါန်းလျှင် မြင့်မြတ်သော အလှူဒါန (ပဏီတဒါန-ဟု ခေါ်၏)၊
(၆၂) အလွန်တရာ ပြုနိုင်ခဲသောဒါန (ဒုက္ကရဒါန-ဟု ခေါ်၏)၊
(၆၃) ကြီးကျယ်ခမ်းနားအံ့ဖွယ်ကောင်းအောင် ပြုသောဒါန (မဟာဒါန-ဟု ခေါ်၏)၊
(၆၄) ပြုလုပ်ရန် ခဲယဉ်းသည်လည်း မဟုတ်၊ ကြီးကျယ်များပြားလှသည်ဟု ပြောဆိုဖွယ်ရာလည်း မရှိသောဒါန (သာမညဒါန-ဟု ခေါ်၏)၊
(၆၅) တရားသဖြင့် လှူဒါန်းအပ်သော တရားနှင့်ညီညွတ်သော ဒါန (ဓမ္မိကဒါန-ဟု ခေါ်၏)၊ ယင်းဒါနသည်-
(က) သံဃာတော်အား လှူဒါန်းမည်ဟု နှုတ်မြွက်ထားပြီးသော ပစ္စည်းကို သံဃာတော်အားသာ လှူဒါန်းခြင်း၊
(ခ) စေတီတော်အား လှူဒါန်းမည်ဟု နှုတ်မြွက်ထားပြီးသော ပစ္စည်းကို စေတီတော်အားသာ လှူဒါန်းခြင်း၊
စာမျက်နှာ-227
(ဂ) ပုဂ္ဂိုလ်တပါးပါးအား လှူဒါန်းမည်ဟု နှုတ်မြွက်ထားပြီးသော ပစ္စည်းကို ပုဂ္ဂိုလ်အားသာ လှူဒါန်းခြင်း-
ဟူ၍ ဓမ္မိကဒါန သုံးမျိုးရှိသည်။
(၆၆) သူတပါး အသက်ကို ရှည်အောင် ပြုလုပ်လှူဒါန်းခြင်း ဒါန (ဇိဝိတဒါန-ဟု ခေါ်၏)
(၆၇) ရံဖန်ရံခါ စေတနာသဒ္ဓါတရားမရှိဘဲ လူကဲ့ရဲ့မည်စိုး၍ ပေးလှူသောဒါန (လောကာဓိပတေယျဒါန-ဟု ခေါ်၏)၊
(၆၈) ရံဖန်ရံခါ စေတနာသဒ္ဓါတရား မရှိဘဲ မိမိဂုဏ်ပျက်မည်စိုး၍ ပေးလှူမှ လျော်မည်ဟု မိမိဂုဏ်ကို ငဲ့ကွက် ပေးလှူသောဒါန (အတ္တာဓိပတေယျ ဒါန-ဟု ခေါ်၏)၊
(၆၉) သူတော်ကောင်းတရားကို အလေးပြုဂရုပြု၍ ပေးလှူသောဒါန (ဓမ္မာဓိပတေယျဒါန-ဟု ခေါ်၏)
(၇ဝ) အဆွေခင်ပွန်းအား ပြုစုသကဲ့သို့ အလှူခံပုဂ္ဂိုလ်တို့အား မိမိသုံးဆောင် စားသောက်သည့်အတိုင်း တတန်းတစားတည်း လှူဒါန်းခြင်းဒါန (ဒါနသဟာယ-ဟု ခေါ်၏)၊
(၇၁) အရှင်သခင်အား ပေးလှူသကဲ့သို့ အလှူခံပုဂ္ဂိုလ်တို့အား မိမိသုံးဆောင်စားသောက်သည်ထက် မြင့်မြတ်သော ပစ္စည်းဝတ္ထုကို ပေးလှူခြင်းဒါန (ဒါနသာမိ-ဟု ခေါ်၏)၊
(၇၂) အလှူခံပုဂ္ဂိုလ်အား မိမိသုံးဆောင် စားသောက်သည်အောက် ညံ့သော ပစ္စည်းဝတ္ထုကို လှူဒါန်းခြင်းဒါန၊ -ကျွန်ကို ပေးလှူသည်နှင့်တူသော ဒါန (ဒါနဒါသ-ဟု ခေါ်၏)၊
(ခ) သီလ အမျိုးမျိုး
သီလဟူသည် ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှု၏ စင်ကြယ်ခြင်းများပင် ဖြစ်ပါသည်။ ဟိရိဩတ္တပ္ပတရား နှစ်ပါးရှိမှ သီလကို ဆောက်တည်နိုင် စောင့်ထိန်းနိုင်သောကြောင့် ဟိရိဩတ္တပ္ပတရား နှစ်ပါးသည် သီလ၏ အနီးဆုံးသော အကြောင်းဖြစ်၏။
သီလအမျိုးမျိုးကို ရေးသားဖော်ပြပါမည်-
(၁) ဤအမှုကို ပြုကျင့်ရမည်ဟု ပညတ်တော်မူအပ်သော အာစရိယဝတ် အစရှိသည့်သိက္ခာပုဒ်များကို ဘုရားရှင် အလိုတော်ကျအတိုင်း လိုက်နာပြုကျင့်ခြင်းသည် “စာရိတ္တသီလ” ဖြစ်သည်။
စာမျက်နှာ-228
(၂) ဤအမှုကို မပြုကျင့်ရဟု ပညတ်တော်မူအပ်သော ပါရာဇိက အစရှိသည့် သိက္ခာပုဒ်တို့ကို ဘုရားရှင် အလိုတော်ကျအတိုင်း စောင့်စည်း ထိန်းသိမ်းခြင်းသည် ဝါရိတ္တသီလ”ဖြစ်သည်။
(၃) မဂ်သီလ၊ ဖိုလ်သီလနှင့် ပြည့်စုံစေရန် ဟောကြားပညတ်အပ်သော အာဇီဝဋ္ဌမကသီလမှ ကြွင်းသော သီလအစုသည် “အာဘိသမာစာရိက သီလ” ဖြစ်သည်။
(၄) မြတ်သော အရိယာမဂ် အကျင့်ကို ရရန် ရှေးဦးစွာ ဤတရားစုကို ကျင့်ကြံစေရမည်ဟု ဟောကြားအပ်သော အာဇီဝဋ္ဌမက သီလသည် “အာဒိဗြဟ္မစရိယသီလ”ဖြစ်သည်။ မြတ်သောအကျင့်၏အစဖြစ်သော သီလဟုဆိုလို။
(၅) ကောင်းသော စကားပြောခြင်း၊ ကောင်းသော အမှုကိစ္စပြုလုပ်ခြင်း၊ ကောင်းသောအသက်မွေးမှုပြုခြင်းတည်းဟူသော ဝိရတီစေတသိတ် သုံးပါးသည် “ဝိရတီသီလ”ဖြစ်သည်။
(၆) စေတနာ၊ အလောဘ၊ အဒေါသ၊ အမောဟနှင့် သံဝရငါးပါး အဝီတိက္ကမတရားတို့သည် “အဝိရတိသီလ”ဖြစ်သည်။
(၇) တဏှာကို ဖြစ်စေ၊ ဒိဋ္ဌိကို ဖြစ်စေ အမှီပြု၍ စောင့်ထိန်းအပ်သော သီလသည် “နိဿိတသီလ”ဖြစ်သည်။
(၈) တဏှာဒိဋ္ဌိနှစ်ပါးကို အမှီမပြုဘဲ မြတ်သောအကျင့်ကို ငါကျင့်မည်ဟူ၍ နှလုံးသွင်းပြီး ကျင့်အပ်သော လောကီသီလသည် “အနိဿိတသီလ”ဖြစ်သည်။
(၉) မိစ္ဆာအယူရှိသော အလေ့အကျင့် သီလမျိုးသည် “ဒိဋ္ဌိနိဿိတသီလ ဖြစ်သည်။ ဤသီလကို ဗုဒ္ဓဝါဒီအယူရှိသူများ စောင့်သုံးခြင်း မရှိပါ။
(၁၀) အလိုရှိသလောက် ကာလကို ပိုင်းခြား၍ စောင့်သုံးအပ်သော သီလသည် “ကာလပရိယန္တသီလ”ဖြစ်သည်။
(၁၁) ကာလကို မပိုင်းခြားဘဲ အသက်ထက်ဆုံး စောင့်သုံးအပ်သော သီလသည် “အာပါဏကောဋိကသီလ”ဖြစ်သည်။
(၁၂) ဥစ္စာ၊ အခြံအရံ၊ ဆွေမျိုး၊ အင်္ဂါကြီးငယ်၊ အသက် ဤငါးပါးတို့တွင် တစ်ပါးပါးကြောင့် ချိုးဖျက်လိုက်ရသော သီလသည် အဆုံးရှိသော “ကာလပရိယန္တသီလ”ဖြစ်သည်။
စာမျက်နှာ-229
(၁၃) ဤငါးပါးတို့ဖြင့် ဖျက်၍မရဘဲ ကောင်းစွာ စောင့်သုံးအပ်သော သီလသည် အဆုံးမရှိသော “အပရိယန္တသီလ” ဖြစ်သည်။
(၁၄) အာသဝေါတို့၏ အာရုံဖြစ်သော အာသဝေါတရားတို့ အာရုံ အပြုခံရသော သီလသည် “လောကိယသီလ”ဖြစ်သည်။
(၁၅) အာသဝေါတရားတို့၏ အာရုံမဟုတ်သော အာသဝေါတရားတို့၏ အာရုံအပြုမခံရသော သီလသည် “လောကုတ္တရသီလ”ဖြစ်သည်။
(၁၆) ကျော်စောဂုဏ်သတင်းကို လိုလား၍ ဆောက်တည် ကျင့်သုံးအပ်သော သီလသည် “ဟီနသီလ”ဖြစ်သည်။
(၁၇) ကောင်းမှု၏ ဘဝချမ်းသာကို လိုလားတောင့်တ၍ ဆောက်တည် ကျင့်သုံးအပ်သော သီလသည် “မဇ္ဈိမသီလ”ဖြစ်သည်။
(၁၈) တရားတော်၏ မြင့်မြတ်မှုကို နှလုံးသွင်းကာ ဆောက်တည်ကျင့်သုံးအပ်သော သီလသည် အမြတ်စားဖြစ်သော “ပဏ္ဍိတသီလ”ဖြစ်သည်။
(၁၉) မိမိ၏ မသင့်လျော်သော အကျင့်အကြံများကို စွန့်ပစ်လိုသဖြင့် မိမိကိုယ်ကို မိမိအလေးဂရုပြု၍ ဆောက်တည်ကျင့်သုံးအပ်သော သီလသည် “အတ္ထာဓိပတေယျသီလ”ဖြစ်သည်။
(၂၀) လူအများ ကဲ့ရဲ့ရှုတ်ချခြင်းကို ပယ်ရှားလိုသဖြင့် လူအများကို အလေး ဂရုပြု၍ ဆောက်တည် ကျင့်သုံးအပ်သော သီလသည် “လောကာဓိပတေယျသီလဖြစ်သည်။
(၂၁) တရားတော်၏ မြင့်မြတ်မှု ဂုဏ်ကျေးဇူးကို ပူဇော်လိုသဖြင့် တရားတော်ကို အလေးဂရုပြု၍ ဆောက်တည်ကျင့်သုံးအပ်သော သီလသည် “ဓမ္မာဓိပတေယျသီလ”ဖြစ်သည်။
(၂၂) တဏှာဒိဋ္ဌိတို့ဖြင့် လွဲမှား သုံးသပ်အပ်သော သီလသည် “ပရာမဋ္ဌသီလ” ဖြစ်သည်။
(၂၃) ကလျာဏ ပုထုဇဉ်တို့ ဆောက်တည်ကျင့်သုံးအပ်သည့် မဂ်၏ အဆောက်အဦဖြစ်သော သီလသည်လည်းကောင်း၊ သေက္ခအရိယာပုဂ္ဂိုလ်တို့၏ မဂ်ခဏ၌ဖြစ်သော သီလသည် လည်းကောင်း၊ “အပရာမဋ္ဌသီလ” ဖြစ်သည်။
(၂၄) ဖိုလ်စိတ်လေးပါး၌ ရှိသော သီလသည် “ပဋိပဿဒ္ဓိသီလ”ဖြစ်သည်။
စာမျက်နှာ-230
(၂၅) စင်ကြယ်သောပုဂ္ဂိုလ်၏ သီလသည် “ဝိသုဒ္ဓသီလ”ဖြစ်သည်။
(၂၆) မစင်ကြယ်သောပုဂ္ဂိုလ်၏ သီလသည် “အဝိသုဒ္ဓသီလ”ဖြစ်သည်။
(၂၇) ယုံမှားသံသယရှိနေသော ပုဂ္ဂိုလ်၏ သီလသည် “ဝေမတိကသီလ” ဖြစ်သည်။
(၂၈) မဂ်တရား လေးပါး၊ အောက်ဖိုလ်သုံးပါးတို့နှင့် ယှဉ်သောသီလသည် “သေက္ခသီလ”ဖြစ်သည်။
(၂၉) အရဟတ္တဖိုလ်နှင့် ယှဉ်သောသီလသည် “အသေက္ခသီလ ဖြစ်သည်။
(၃၀) ထိုမှကြွင်းသော သီလအစုသည် “နေဝသေက္ခနာသေက္ခသီလ” ဖြစ်သည်။ ပုထုဇဉ်တို့၏ သီလစုပင် ဖြစ်ပါသည်။
(၃၁) ယုတ်လျော့သွားမည်သာဖြစ်သော သီလသည် “ဟာနဘာဂိယသီလ”ဖြစ်သည်။
(၃၂) တည်တံ့နေမည်သာဖြစ်သော သီလသည် “ဗြိတိဘာဂိယသီလ” ဖြစ်သည်။
(၃၃) ထူးမြတ်မည်သာဖြစ်သောသီလသည် “ဝိသေသဘာဂိယသီလ”ဖြစ်သည်။
(၃၄) ကိလေသာအမှောင်ထုကို ဖောက်ထွင်းဖြိုခွဲနိုင်သော သီလသည် “နိဗ္ဗေဓဘာဂိယသီလ” ဖြစ်သည်။
(၃၅) ရဟန်းယောက်ျားများ စောင့်ရှောက် ထိန်းသိမ်းအပ်သောသီလသည် “ဘိက္ခုသီလ”ဖြစ်သည်။
(၃၆) ရဟန်းမများ စောင့်ရှောက် ထိန်းသိမ်းအပ်သော သီလသည် “ဘိက္ခုနီသီလ”ဖြစ်သည်။
(၃၇) သာမဏေယောက်ျား, သာမဏေမိန်းမများ စောင့်ထိန်းကျင့်သုံးအပ်သော ဆယ်ပါးသီလသည် “အနုပသမ္ပန္နသီလ”ဖြစ်သည်။
(၃၈) လူတို့စောင့်သုံးအပ်သော ငါးပါးသီလ, ရှစ်ပါးသီလ, ဆယ်ပါးသီလတို့သည် “ဂဟဋ္ဌသီလ”ဖြစ်သည်။
(၃၉) လူများ ကျင့်သုံးအပ်သော သီလအဖြစ်ဖြင့် ငါးပါးသီလ, ရှစ်ပါးသီလ, ဆယ်ပါးသီလတို့အပြင် ဗြဟ္မစရိယ ပဉ္စမသီလလည်း ရှိသေး၏။ ယင်းသီလမှာ ငါးပါးသီလပင် ဖြစ်၏။ ပကတိငါးပါးသီလမှ ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်အစား “သဗြဟ္မစရိယာ ဝေရမဏိ
စာမျက်နှာ-231
သိက္ခာပဒံ သမာဒိယာမိ”ဟူ၍ ဆောက်တည်လိုက်လျှင် “ဗြဟ္မစရိယ ပဉ္စမသီလ” ဖြစ်သည်။
(၄၀) ဗြဟ္မစရိယပဉ္စမဧကဘတ္တိကသီလ”ဟူ၍လည်း ရှိသေး၏။ ဧကဘတ္တိက ဟူသည် နံနက်စာ ထမင်း တစ်ထပ်တည်းကိုသာ စားရခြင်းဖြစ်သည်။ သို့ဖြစ်၍ ယင်းသီလကို စောင့်သုံးလိုလျှင် ဗြဟ္မစရိယပဉ္စမသီလ စောင့်သုံး ခံယူသည့်အခါ အဆုံးတွင် “ဝိကာလဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ”ဟု သိက္ခာပုဒ်တစ်ခုတိုး၍ ဆောက်တည်လိုက်လျှင် “ဗြဟ္မစရိယပဉ္စမ ဧကဘတ္တိကသီလဖြစ်သွားသည်။
[ ငါးပါးသီလ, ရှစ်ပါးသီလ, ကိုးပါးသီလ, ဆယ်ပါးသီလ အကြောင်း ရှေ့အခန်းတွင် အကျယ်တဝင့် ဖော်ပြခဲ့ပြီးဖြစ်ပါ၍ ဤအခန်းတွင် မဖော်ပြတော့ပေ။ ]
(၄၁) လူတို့သည် ပါဏာတိပါတ စသောသိက္ခာပုဒ်ငါးပါးတို့ကို မလွန်ကျူးခြင်းသည် ပင်ကိုသဘောအားဖြင့် ပြည့်စုံသော “ပကတိသီလ” ဖြစ်သည်။
(၄၂) အမျိုးအားဖြင့်ဖြစ်စေ၊ အရပ်ဒေသအားဖြင့် ဖြစ်စေ၊ ပါသဏ္ဍ ခေါ် အယူဝါဒအားဖြင့် ဖြစ်စေ၊ မိမိတို့၏ ရှေးလူကြီးများက ထားရှိခဲ့သော အပိုင်းအခြား စည်းကမ်းအတိုင်း ကျင့်ကြံခြင်းသည် “အာစာရသီလ”ဖြစ်သည်။
(၄၃) မိမိတို့ အမျိုးစဉ်ဆက် ရှောင်ကြဉ်လာသော မကောင်းမှုဖြစ်သည့်အတွက် ရှောင်ကြဉ်ခြင်းသည် “ကုလအာစာရသီလ” ဖြစ်သည်။
(၄၄) မိမိတို့၏ အရပ်ဒေသမှာ အများရှောင်ကြဉ်ကြသော မကောင်းမှုဖြစ်သည့်အတွက် ရှောင်ကြဉ်ခြင်းသည် “ဒေသအာစာရသီလ ဖြစ်သည်။
(၄၅) တဏှာဒိဋ္ဌိကျော့ကွင်းတို့ကို ဖြစ်စေတတ်သော ပါသဏ္ဍအယူဝါဒအရ ရှောင်ကြဉ်ခြင်းသည် “ပါသဏ္ဍသီလ”ဖြစ်သည်။
(၄၆) ဘုရားအလောင်း၏ ပဋိသန္ဓေတည်နေသည့်အခါမှစ၍ မယ်တော်၏ စိတ်သန္တာန်တွင် ယောက်ျားများ၌ ကာမဂုဏ်အတွက် နှစ်သက်မက်မောသည့် စိတ်မရှိခြင်းတည်းဟူသော သီလသည် “ဓမ္မတာသီလ”ဖြစ်သည်။
စာမျက်နှာ-232
(၄၇) ရှေးရှေးဘဝများစွာက ကျင့်သုံးခဲ့ဖူးသော ကံကြောင့် ယခုဘဝမှာ မည်သူကမျှ မဟောပြဘဲ အလိုအလျောက် စောင့်သုံးဖြစ်ပေါ်လာသော သီလကြီး လေးပါးမှာ-
(က) ပါတိမောက္ခသံဝရသီလ
(ခ) ဣန္ဒြိယသံဝရသီလ
(ဂ) အာဇီဝပါရိသုဒ္ဓိသီလ
(ဃ) ပစ္စယသန္နိဿိတသီလ-
ဟူ၍ ဖြစ်ပါသည်။ ဤလေးပါးတို့မှာ ရဟန်းတို့နှင့် အထူး သက်ဆိုင်သောသီလဖြစ်သည်။
(၄၈) လူသာမဏေတို့၏ သီလသည် အရေအတွက်အားဖြင့် အပိုင်းအခြား ရှိ၍ စင်ကြယ်စေအပ်သော သီလဖြစ်သောကြောင့် “ပရိယန္တပါရိသုဒ္ဓိသီလ”ဖြစ်သည်။
(၄၉) ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့သော ရဟန်းတို့၏ ဝိနည်း ကျင့်ဝတ်များကို သင်္ဂါယနာတင် အရှင်မြတ်များက အကျဉ်းချုပ် ပြဆိုတော်မူကြသော သိက္ခာပုဒ် သီလအပေါင်းသည် “အပရိယန္တပါရိသုဒ္ဓိသီလ”ဖြစ်သည်။
(၅ဝ) ကလျာဏပုထုဇဉ်ပုဂ္ဂိုလ်တို့၏ အပြည့်အစုံ စင်ကြယ်စေအပ်သော သီလသည် “ပရိပုဏ္ဏပါရိသုဒ္ဓိသီလ” ဖြစ်သည်။
(၅၁) သေက္ခအရိယာပုဂ္ဂိုလ်တို့၏ ဒိဋ္ဌိဖြင့် မသုံးသပ်အပ်သော သီလနှင့် ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ တဏှာရာဂဖြင့် မသုံးသပ်အပ်သော သီလများသည် “ အပရာမဋ္ဌပါရိသုဒ္ဓိသီလ” ဖြစ်သည်။
(၅၂) ရဟန္တာပုဂ္ဂိုလ်စသည်တို့၏ သီလသည် အလုံးစုံသော ကိလေသာအပူအပင်-ဟူသမျှ ငြိမ်းချမ်းခြင်းဖြင့် စင်ကြယ်သည်၏အဖြစ်ကြောင့် ပဋိပဿဒ္ဓိသီလ”ဖြစ်သည်။
(၅၃) အဆင့်ဆင့်သော ကုသိုလ်တရားဖြင့် ပယ်ရှားသင့်သော အရာဟူသမျှကို ပယ်ရှားခြင်းသည် “ပဟာနသီလ”ဖြစ်သည်။
(၅၄) ပါဏာတိပါတ စသော ရှောင်ကြဉ်ဖွယ်တို့ကို ရှောင်ကြဉ်ခြင်း ဝိရတီ စေတသိတ်ပြဋ္ဌာန်းသည့် ကုသိုလ် စေတသိတ်စုသည် “ဝေရမဏိသီလ”ဖြစ်သည်။
စာမျက်နှာ-233
(၅၅) ပါဏာတိပါတစသည်တို့ကို ပယ်ရှားရှောင်ကြဉ်မှုနှင့် စိတ်ကို တွဲစပ်စွဲမြဲစေသော စေတနာတရားသည် “စေတနာသီလ”ဖြစ်သည်။
(၅၆) သတိစေတသိတ် ပြဋ္ဌာန်းသည့် ကုသိုလ်စေတသိတ်စုသည် “သံဝရသီလ”ဖြစ်သည်။
(၅၇) ပယ်ရှားရှောင်ကြဉ်အပ်သော ပါဏာတိပါတစသော အမှုတို့ကို မလွန်မကျူးသောအားဖြင့်ဖြစ်သော ကုသိုလ်စိတ် စေတသိတ်တရားစုသည် “အဝိတိက္ကမသီလ”ဖြစ်သည်။
(ဂ) ဒါနဝတ္ထုများ
ဥမ္မာဒန္တီဝတ္ထု
ကဿပဘုရားရှင်လက်ထက် ဗာရာဏသီပြည်တွင် အလွန်ဆင်းရဲလှသည့် အမျိုးသမီးတစ်ယောက်ရှိ၏။ ဗာရာဏသီပြည်ကြီးတွင် နက္ခတ်ပွဲသဘင်ကျင်းပရာ ဂုဏ်သရေရှိ သူဌေးသူကြွယ် စသည့် အမျိုးသမီးများ ဝတ်ပန်းပုဆိုးကို ဝတ်ဆင်၍ ပွဲတော် ဆင်နွှဲကြလေသည်။ ဆင်းရဲသည့် အမျိုးသမီးသည် ဝတ်ပန်းပုဆိုးကို ဝတ်လိုလှသဖြင့် မိဘများထံ ပူဆာတောင်းဆိုလေသည်။ မိဘများက တန်ဖိုး ကြီးမားလွန်းသည့် ဝတ်ပန်းပုဆိုးကို မဆင်နိုင်သဖြင့် မိမိတို့၏ သမီးကို သူဌေးကြီးအိမ်သို့ သုံးနှစ်သွားရောက် ကျွန်ခံအလုပ်လုပ်မှ ဝတ်ပန်းပုဆိုးကို ဝတ်ဆင်နိုင်မည်ဖြစ်ကြောင်း ပြောပြလေသည်။ ဆင်းရဲသူမကလေးသည် စိတ်အားတက်ကြွစွာဖြင့် သူဌေးကြီးအိမ်တွင် မခိုမကပ် အလုပ်လုပ်ခြင်းဖြင့် သုံးနှစ်မပြည့်မီပင် ဝတ်ပန်းပုဆိုး တစ်ထည်ကို ရရှိပါသည်။
ဆင်းရဲသူမကလေးသည် နှစ်သက် ကြည်နူးစွာဖြင့် အိမ်သို့ ပြန်လာရာ လမ်းတွင် ရေကန်တစ်ခုတွေ့၍ ဝတ်ပန်းလုံချည်ကို ဝတ်ဆင်တော့မည်ဟု ကြံကာ ရေကန်သို့ ဆင်း၍ ရေချိုးရန် ပြင်ဆင်နေလေသည်။ ထိုအခိုက် ရဟန္တာကိုယ်တော်မြတ်ကြီးတစ်ပါး ဆွမ်းခံလာရင်း သင်္ကန်းကို သူခိုးများ လုယူသွားသောကြောင့် သစ်ရွက်သင်္ကန်း ဝတ်ဆင် ဆွမ်းခံဝင်လာသည်ကို မိဒုက္ခကလေး မြင်တွေ့သွား၏။ အမျိုးသမီးကောင်း မိန်းကလေးငယ် ဆင်ခြင်သည်မှာ “ငါသည် ရှေးဘဝက ကုသိုလ်ဒါန နည်းပါးမှုကြောင့် လူ့ဘဝကို ရလာသော်လည်း ဆင်းရဲနွမ်းပါး အောက်တန်းကျလှသည်။ ဝတ်ပန်းလုံချည် ဝတ်ဆင်လိုသည်နှင့် သူတပါးအိမ်မှာ သုံးနှစ်တာ ဆင်းရဲပင်ပန်းစွာ နေထိုင်
စာမျက်နှာ-234
ရှာကြံခဲ့ရသည်။ ဝတ်ပန်းလုံချည်ကို ယခုဘဝအတွက် မြော်ကိုးဝတ်ဆင်ခြင်း မပြုတော့၊ မဂ်ဖိုလ်နိဗ္ဗာန် ရောက်ရသည့်တိုင်အောင် နောင်အစဉ် ချမ်းသာပြည့်စုံစေသည့် မြတ်ဒါနကို အဆင်သင့်တုန်း လှူဒါန်းမည်”ဟု ကြံစည်စဉ်းစားပြီး ရဟန္တာကိုယ်တော်မြတ်ကြီးအား ဝတ်ပန်းလုံချည်ကို လှူဒါန်းဆက်ကပ်လိုက်လေသည်။
ထိုသို့ ဆက်ကပ်လှူဒါန်းသည့် ဝတ်ပန်းလုံချည်ကို ရဟန္တာကိုယ်တော်မြတ် ဝတ်ဆင်လိုက်သဖြင့် သင်္ကန်းဒါယိကာ သူဆင်းရဲမလေးမှာ ကြည်နူးမဆုံး ပီတိနှင့် တပြုံးပြုံး ဖြစ်နေရှာလေသည်။ ဝမ်းမြောက်လွန်း၍ ပတ္ထနာဆုထူးများကို ဆွတ်ခူးလိုက်သည်မှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-
“ဆင်းရဲအောက်ကျ တပည့်တော်မ သုံးနှစ်တိုင်တိုင် သူတပါးအိမ်မှာ အစေခံသူရင်းငှားအဖြစ် လုပ်ကိုင်သည့်အတွက် ရရှိလာသော ဝတ်ပန်းပုဆိုး ခေါ်သော ဤလုံချည်ကို သင်္ကန်းလျာအဖြစ်ဖြင့် နောင်ခါထင်ရှား ကောင်းစားချမ်းသာဖို့အရေးကို မျှော်တွေးမှန်းဆ လှူဒါန်းပူဇော်ရသော ဤကုသိုလ်ကောင်းမှုကြောင့် မဂ်ဖိုလ်နိဗ္ဗာန် ဝင်စံရသည့်တိုင်အောင် ဖြစ်လေရာရာ သံသရာဘဝတိုင်း၌ အပါယ်ငရဲစတဲ့ ဒုက္ခအမျိုးမျိုးတို့မှ ကင်းလွတ်ရသည်ဖြစ်ရာ လူနတ်ဗြဟ္မာ ချမ်းသာအဖြာဖြာတို့ကို ခံစားရပြီးလျှင် အထူးအားဖြင့် ရုပ်ဆင်းလက္ခဏာတို့သည် ရွှေစင်ရုပ်သဖွယ် မိုးနတ်မယ်ကဲ့သို့ တင့်တယ်လှပ အချိုးကျသည်ဖြစ်၍ မြင်မြင်သမျှသော ယောက်ျားအားလုံးတို့သည် မတည်ဣန္ဒြေ ယွင်းသွေချက်ချင်း သတိကင်း၍ ရူးသွပ်ခြင်းသို့ ရောက်ကြစေသတည်း-
ဟူ၍ ဆုတောင်းပတ္ထနာ ပြုလိုက်လေသည်။
ထိုအမျိုးသမီးကလေးသည် ထိုဘဝမှ သေလွန်ပြီး နတ်ပြည်၌ အကြိမ်ကြိမ် ဖြစ်ပြီးနောက် သိဝိတိုင်း အရိဋ္ဌပူရမြို့ကြီးတွင် ကုဋေရှစ်ဆယ် ကြွယ်ဝချမ်းသာသော သီရိဝိစ္ဆသူဌေးကြီး၏ သမီးရတနာ ဖြစ်လာလေသည်။ ငယ်ရွယ်စဉ်ကပင် မြင်မြင်သမျှ မိန်းမယောက်ျားတို့ တိမ်းပါးမူးမေ့သွားရလောက်အောင် တင့်တယ်သော အဆင်းရှိ၍ ဥမ္မာဒန္တီဟု မှည့်ခေါ်ကြလေသည်။ နတ်သမီးတမျှ ချောမော လှပသည့် ရုပ်ဆင်းဒဏ်ကို မခံနိုင်ကြသည့် ယောက်ျားအပေါင်းသည် ဖောက်ပြန်ရူးသွပ်ကုန်သည်။ ထိုထက်မက လက္ခဏာဖတ်ရန် လာကြသည့် ပုဏ္ဏားကြီးများနှင့် သိဝိဘုရင် မင်းမြတ်ကိုယ်တိုင် ရူးသွပ်ဖောက်ပြန်ရလေ၏။
စာမျက်နှာ-235
ဤဝတ္ထုသည် ဒါနကုသိုလ်၏ အစွမ်းထက်ပုံကို သိစေ၏။ သို့သော် ကုသိုလ်ပြု ဆုတောင်းမှု တိမ်းပါး၍ လူအများ ဆင်းရဲဒုက္ခရောက်ကြ ရသည်ကို သတိပြုရမည် ဖြစ်ပါသည်။ ကုသိုလ်ပြုရာ၌ ဆုတောင်းမလွဲ မမှားအောင် သတိပြု၍ ဒါနပြုကြရန် ဖြစ်ပါသည်။]
ဇောတိရသနတ်သမီးဝတ္ထု
မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေစဉ် များစွာသော ဥပါသကာ-ဥပါသိကာ ယောက်ျားမိန်းမအပေါင်းသည် ဥပုသ်နေ့တွင် ဝတ်ဖြူစင်ကြယ် ဝတ်ဆင်၍ ပန်းနံ့သာများဖြင့် ကျောင်းတော်သို့ သွားကြကုန်၏။ တတ်အားသမျှ ဆွမ်းခဲဖွယ် ဘောဇဉ်များ လှူဒါန်းကျွေးမွေး၍ နေလွဲသည့်အခါ အကျွမ်းဝင်ရာ စိတ်ကြည်ညိုရာ ရဟန်းတို့ထံဝင်လျက် တရားစကားများ မှတ်သား နားထောင် လျှောက်ထားမေးမြန်းကြကုန်၏။ ညနေချမ်းသို့ရောက်လျှင် တရား ဟောပလ္လင် ဓမ္မာသန၌ အလှည့်ကျ တရားဟောကြားကြကုန်သော တရားပွဲသို သွားရောက် တရားနာနေကြစဉ် နေဝင်သွားသဖြင့် မှောင်အတိကျသွား၏။ တစ်ယောက်သောမိန်းမသည် ယခုအခါ၌ ဆီမီးထွန်းခြင်းငှာ သင့်လျော်သောအခါ ဖြစ်သည်ဟု ကြံ၍ မိမိအိမ်မှ ဆီမီးတိုင်ယူပြီး ဆီမီးပူဇော်လေသည်။ ဓမ္မာသန တရားဟောပလ္လင်၏ရှေ့၌ ထား၍ တရားတော်ကို နာနေပြီးလျှင် မိမိ၏ ဆီမီးအလှူကို နှစ်သက်ဝမ်းမြောက်ခြင်းဖြစ်၍ တရားဆုံးသောအခါ အိမ်သို့ ပြန်လေ၏။
ဆီမီးလှူသော မိန်းမသည် နောက်အခါ၌ တစုံတခုသော အနာရောဂါဖြင့် စုတေ၍ တာဝတိံသာနတ်ပြည်၌ ဇောတိရသဗိမာန်ဝယ် .. ဇောတိရသနက်သမီး ဖြစ်လေ၏။ ဆီမီးလှူသော ကုသိုလ်ကြောင့် တပါးသောနတ်တို့၏ အရောင်ကိုပင် လွှမ်းမိုး၍ နေပါသည်။
တိလဒေဝီနတ်သမီးဝတ္ထု
မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေစဉ် ရာဇဂြိုဟ်ပြည်၌ ကိုယ်ဝန်ဆောင်မိန်းမ တစ်ယောက်သည် နှမ်းဆီ သောက်လို၍ နှမ်းတို့ကို ရေဆေးနေလှန်းပြီး အခြောက်ခံထား၏။ ထိုမိန်းမသည် ထိုနေ့၌ပင် သေအံ့ဆဲဆဲ ငရဲသို့ ရောက်မည်ကို ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့် ... မြတ်စွာဘုရား မြင်တော်မူ၏။ ယနေ့တွင်ပင် စုတေ၍ ငရဲပြည်၌ ဖြစ်ရန် အကြောင်း အခွင့်သာနေ၏။ ... မြတ်စွာဘုရားသည် ထိုမိန်းမအား နတ်ပြည် လမ်းကို ပြနိုင်ရန် ရည်ရွယ်လျက် နှမ်းဆွမ်းခံ လှည့်လည်လေသည်။ ထိုမိန်းမ၏
စာမျက်နှာ-236
အိမ်တံခါးသို့ ရောက်လျှင် မိန်းမသည် မြတ်စွာဘုရားကို မြင်သည်နှင့် ကြည်ညို ရွှင်လန်းဝမ်းမြောက်နှစ်သက်သောစိတ် ဖြစ်ပေါ်လျက်ရှိ၏။ ထို့ကြောင့် အလျင် အမြန်ထပြီး လှူစရာရှာရာ မြတ်စွာဘုရားနှင့်သင့်သော လှူစရာ တစုံတခုကိုမျှ မမြင်ပေ။ ထိုမိန်းမသည် လက်များကို ဆေးကြောပြီး လှမ်းထားသော နှမ်းများကို လက်နှစ်ဖက်ဖြင့် လက်ခုပ်အပြည့် ခပ်ယူ၍ သပိတ်တော်အတွင်း လောင်းလှူပြီး ရှိခိုးလျက်နေလေ၏။ မြတ်စွာဘုရားသည် ထိုမိန်းမကို အစဉ်သနားဖြင့် ရှိတော် မူလျက် ချမ်းသာခြင်းဖြစ်စေလော့ဟုဆိုကာ ထွက်ကြွသွားတော်မူလေ၏။ ထိုမိန်းမ လည်း ညဉ့်လွန်မြောက်သည်နှင့် စုတိကျ၍ တာဝတိံသာနတ်ပြည်ဝယ် တစ်ဆယ့် နှစ်ယူဇနာရှိသော ရွှေဗိမာန်၌ တိလဒေဝီနတ်သမီး ဖြစ်ရလေ၏။
(ဃ) သီလဝတ္ထုများ
ဂင်္ဂမာလဇာတ်
မြတ်စွာဘုရားသည် နေ့တဝက်မျှသော အချိန်အတွက် ဥပုသ်ဆောက်တည် သဖြင့် မင်းအဖြစ်ကိုရသည့် ကုသိုလ်ကံအကျိုးပေးကို အကြောင်းပြု၍ ဂင်္ဂမာလဇာတ် ကို ဟောတော်မူခဲ့လေသည်။ ဤဇာတ်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ ဟောတော်မူသည်၊ ဂင်္ဂမာလဇာတ်မှာ အောက်ပါအတိုင်းဖြစ်သည်-
ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုသည်။ ထိုအခါ သုစိပရိဝါရ အမည်ရှိသော သေဋ္ဌေးသည် ကုဋေရှစ်ဆယ် ကြွယ်ဝသည်၊ သေဋ္ဌေးနှင့် သေဋ္ဌေးကတော်တို့သည် တစ်လတွင် ခြောက်ရက် ဥပုသ်သီတင်း ဆောက်တည်သည်၊ အိမ်ရှိအလုပ်သမားတို့လည်း သူတို့နှင့်အတူပင် ဥပုသ်စောင့် ကြသည်၊ ထိုအခါ ဘုရားလောင်းသည် သူဆင်းရဲမျိုး၌ ဖြစ်သည်၊ သေဋ္ဌေးထံ၌ ခစား၍ အသက်မွေးရသည်၊ ဥပုသ်နေ့ တစ်နေ့၌ အခြားသူများ ဥပုသ်စောင့်သည်ကို နေဝက်ကုန်မှ ဘုရားလောင်း သိရသည်၊ သို့ဖြစ်၍ သေဋ္ဌေးထံခွင့်ပန်၍ ကျန်သော နေ့ဝက် ဥပုသ်ဆောက်တည်သည်၊ နံနက်အချိန်က ဘာမျှမစားရသေးမီ ဥပုသ် စောင့်သဖြင့် ညဉ့်အချိန်တွင် ဝမ်းတွင်း၌ လေထသည်၊ ဥပုသ်ကို မဖျက်ဘဲ စောင့်ပြီးလျှင် မည်သည့် အာဟာရကိုမျှ မစားသုံးပေ။
စာမျက်နှာ-237
အာရုဏ်တက်ချိန်၌ ဝေဒနာဖိစီး၍ သတိလစ်လေသည်၊ ထိုအချိန်၌ ဗာရာဏ သီမင်းကြီးသည် မြို့ကို လှည့်လည်ကြည့်ခိုက်ဖြစ်၏။ ဘုရားလောင်းသည် မင်းစည်းစိမ် ကို တပ်မက်၍ သေသွားရာ နေ့ဝက်မျှသော ဥပုသ်၏အကျိုးဆက်ကြောင့် ဗာရာဏ သီမင်း၏ မိဖုရားဝမ်း၌ ပဋိသန္ဓေ တည်လေသည်၊ မွေးဖွားလာသည့် အခါ ဥဒယ ကုမာရအမည်ဖြင့် ဗာရာဏသီထီးနန်းကို စိုးစံမင်းပြုရသော ဘုရင်ကြီးတစ်ပါး အဖြစ် ထင်ရှားကျော်ကြားလာပါသည်။
ဥပေါသထာနတ်သမီးဝတ္ထု
သာကေတပြည်၌ ဥပေါသထာအမည်ရှိသော ဥပါသိကာမိန်းမသည် သဒ္ဓါတရား နှင့် ပြည့်စုံပြီး ရဟန်းတို့အား ပစ္စည်းလေးပါးတို့ဖြင့် လုပ်ကျွေး၏၊ အလွန် စင်ကြယ်သော သီလရှိသူဖြစ်၏၊ လပြည့်၊ လကွယ်၊ လဆန်း၊ လဆုတ်၊ ဥပုသ် နေ့များတွင် ဥပုသ်သီလစောင့်သုံးလေ့ ရှိ၏။ ဥပေါသထာဥပါသိကာမိန်းမသည် သင့်တင့်သော တရားတော်ကို နာရသည်ဖြစ်၍ ရှေးကပြုခဲ့ဖူးသော ပါရမီ အကြောင်း ဥပနိဿယနှင့် ပြည့်စုံခြင်းကြောင့် ကမ္မဋ္ဌာန်း စီးဖြန်းအားထုတ်ပြီး မကြာမီ သောတာပန် တည်လေ၏။
သောတာပန် တည်ပြီးသော ဥပေါသထာ ဥပါသိကာ မိန်းမသည် “တာဝတိံသာ နတ်ပြည်၌ နတ်သမီးနတ်သားအပေါင်းတို့ ပျော်စံရာ နန္ဒဝန်ခေါ် ဥယျာဉ်တော် သည် အလွန်မွေ့လျော်ဖွယ်ရှိကြောင်း” တရားဟောသော ရဟန်းတို့၏ တရားစကား ကို အစဉ်အမြဲ နာကြားရသည်ဖြစ်၍ တာဝတိံသာ နတ်ပြည် နန္ဒဝန်ဥယျာဉ်၌ ပျော်ပါးလိုသော စိတ်ဆန္ဒဖြစ်လျက်သာရှိ၏။ ဤစိတ်ဆန္ဒကို တောင့်တခြင်း ပြုသော ကြောင့် ဘဝပြောင်းသော် တာဝတိံသာနတ်ပြည်သို့ ရောက်၍ နန္ဒဝင်ဥယျာဉ်တော် အတွင်း ဥပေါသထာ နတ်သမီးဟု ထင်ရှားစွာ ဖြစ်ပေါ်လေသည်။
သောဏဒိန္နာနတ်သမီးဝတ္ထု
မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးနေစဉ် နာလန္ဒမြို့၌ သောဏဒိန္နာအမည်ရှိ ဥပါသိကာမိန်းမသည် သဒ္ဓါတရား နှင့် ပြည်စုံသည်ဖြစ်၍ ရဟန်းတို့အား ပစ္စည်းလေးပါးတို့ဖြင့် လုပ်ကျွေး၏၊ အလွန် စင်ကြယ်သော သီလရှိသူဖြစ်၏၊ ဥပုသ်နေ့တိုင်း မပျက်မကွက် ဥပုသ် သီလ စောင့်သုံးလေ့ရှိ၏။ ထိုဥပါသိကာ မိန်းမသည် သင့်တင့်လျောက်ပတ်သော တရားတော်ကို နာကြားရသည် ဖြစ်၍ မိမိဝါသနာ အလေ့အထုံ ရှေးက ပါရမီ ကုသိုလ် အကြောင်းများ ပြည့်စုံခြင်းကြောင့် ကမ္မဋ္ဌာန်းတရားကို ပွားများ
စာမျက်နှာ-238
သည်ရှိသော် သောတာပန်အဖြစ်သို့ ရောက်၏။ သောဏဒိန္နာ ဥပါသိကာမိန်းမ စုတေ၍ တာဝတိံသာနတ်ပြည်၌ သောဏဒိန္နာ နတ်သမီးအဖြစ် ထင်ရှားလေသည်။
(င) ဘာဝနာ၏ သဘောအဓိပ္ပာယ်
“ဘာဝနာ”ကား မြန်မာတို့ အသုံးများသဖြင့် နားယဉ်နေသော စကားလုံး ဖြစ်၏။ သို့သော် မြန်မာစကားလုံး မဟုတ်၊ ပါဠိစကားလုံးဖြစ်သည်၊ “မိမိတို့ သန္တာန်မှာ ဖြစ်လာအောင်၊ တကြိမ်ဖြစ်ခဲ့ပြီး နောက်၌လည်း အထပ်ထပ် ဖြစ်ပေါ် လာအောင် ရှုမှတ်ပွားများခြင်း”ဟု အဓိပ္ပာယ်ရှိပါသည်။
အဘယ်အရာတို့ကို အထပ်ထပ်ဖြစ်ပွားအောင် အားထုတ်သင့်သနည်း။ သမထ နှင့် ဝိပဿနာလုပ်ငန်းတို့ပင် ဖြစ်သည်။ ယင်းလုပ်ငန်းတို့ကို မိမိတို့သန္တာန်မှာ အထပ်ထပ် ဖြစ်ပေါ်လာအောင် ရှုမှတ် အားထုတ်ခြင်းသည် ဘာဝနာပင် ဖြစ်ပါသည်။ “သမထ” “ဝိပဿနာ”ဟု လုပ်ငန်းနှစ်မျိုး ကွဲပြားသဖြင့် “သမထဘာဝနာ” “ဝိပဿနာဘာဝနာ”ဟု ဘာဝနာနှစ်မျိုး ကွဲပြားရပါသည်။
သမထဘာဝနာ
ထိုတွင် “သမထ” ဟူသည် “လိုချင်မှု (လောဘ)စသော အပူဓာတ် (ကိလေသာ) တို့ကို ငြိမ်သက်အေးမြစေတတ်၏”ဟု အဓိပ္ပာယ်ရှိပါသည်။ ထို သမထကား ပထဝီ ကသိုဏ်းဝန်း(စီမံပြုလုပ်ထားသော မြေဝိုင်းကို ရှုမှတ်မှု)စသော ကသိုဏ်း ၁၀-ပါး၊ ဗုဒ္ဓါနုဿတိ (ဘုရားဂုဏ်တော်ကို အဖန်ဖန်ရှုမှတ်မှု) စသော အနုဿတိ ၁၀-ပါး စသည်ဖြင့် ကျင့်နည်းကျင့်စဉ် လေးဆယ်ရှိပါသည်။ ထိုလေးဆယ်ထဲမှ တစ်ပေခန့် လောက်ဖြစ်စေ၊ ကောက်စပါးနယ်သည့် တလင်းဝိုင်းလောက်ဖြစ်စေ ရွှံ့စေးဖြင့် မြေဝိုင်းပုံသဏ္ဌာန် ပြုလုပ်၍ “ပထဝီ ပထဝီ” (မြေ၊ မြေ)ဟူ၍ အဖန်ဖန် ရှုမှတ် ခြင်းကို ပထဝီကသိုဏ်း ရှုသည်ဟု ခေါ်ပါသည်။ မြတ်စွာဘုရား၏ ဂုဏ်တော်များကို “အရဟံ”စသည်ဖြင့် အဖန်ဖန် ရှုမှတ်ခြင်းကို ဗုဒ္ဓါနုဿတိ (ဘုရားဂုဏ်တော်ကို အဖန်ဖန် ရှုမှတ်ခြင်း)ဟု ခေါ်ပါသည်။ ထိုသို့ ရှုမှတ်နေရာ၌ စိတ်သည် ဟိုသည် မပျံ့လွင့်ဘဲ တွေ့မြင် ရှုမှတ်နေသော အာရုံမှာ တည်ငြိမ်နေခြင်းကို “သမာဓိ” ရသည်ဟု ခေါ်ပါသည်။ ထိုအခါ လောဘစသော ကိလေသာများ မရှိဘဲ စိတ်သည် ငြိမ်းအေး ချမ်းသာနေပါသည်။ ထိုသို့ သမာဓိရမှသာ စိတ်ချမ်းသာနိုင်မည် ဖြစ်သဖြင့် သမထ (ငြိမ်းအေးစေမှု)ဟူသည် သမာဓိ၏ အမည်ဖြစ်ပါသည်။ ထို (သမထ)လုပ်ငန်းကို အဖန်ဖန် ပြုလုပ်ရှုမှတ်မှု (ဘာဝနာ)နှင့် တွဲဖက်၍ “သမထဘာဝနာ”ဟု ခေါ်ကြ ပါသည်။
စာမျက်နှာ-239
ဝိပဿနာဘာဝနာ
ထူးထူးခြားခြား ရှုမှတ်သိမြင်တတ်သော အသိဉာဏ်ကို “ဝိပဿနာ”ဟု ခေါ်ပါသည်။ တစုံတခုသော အာရုံကို မြင်လျှင် “မြင်တယ်၊ မြင်တယ်” ဟူ၍ လည်းကောင်း၊ တနေရာရာက နာလျှင် “နာတယ်၊ နာတယ်” ဟူ၍လည်းကောင်း ရှုမှတ်နေရာတွင် ထို မြင်ရာ နာရာအာရုံသည် ဖြစ်လိုက် ပျောက်လိုက်စသည်ဖြင့် မမြဲခြင်း အမှတ် အသား (အနိစ္စလက္ခဏာ)စသည်ကို ရှုမှတ်နေသော ယောဂီသည် သိမြင်လာပါသည်။ ထို (ဝိပဿနာ) လုပ်ငန်းကို အဖန်ဖန်ပြုလုပ်ရှုမှတ်မှု (ဘာဝနာ)နှင့် တွဲဖက်၍ “ဝိပဿနာဘာဝနာ”ဟု ခေါ်ကြခြင်းဖြစ်သည်။ကမ္မဋ္ဌာန်း
ထိုသမထဘာဝနာ၊ ဝိပဿနာဘာဝနာ နှစ်မျိုးလုံးကိုပင် “ကမ္မဋ္ဌာန်း”ဟုခေါ် ကြသေး၏။ သမထအလုပ်၊ ဝိပဿနာအလုပ်တို့၏ တည်ရာ မှီရာဖြစ်သောကြောင့် “ကမ္မဋ္ဌာန်း”ဟု ခေါ်ခြင်းဖြစ်သည်။ မြေဝန်းကို ကြည့်၍ “ပထဝီ၊ ပထဝီ” (မြေ၊ မြေ)ဟု အဖန်ဖန်ရှုမှတ်မှု အလုပ်သည် ထိုမြေဝိုင်းအာရုံမှာ တည်မှ၍ ဖြစ်ရ၏။ ထို့ကြောင့် မြေဝိုင်းပုံသဏ္ဌာန် အာရုံသည် “ကမ္မဋ္ဌာန်း” မည်ပါသည်။ ထို့အတူပင် “မြင်တယ်၊ မြင်တယ်” “နာတယ်၊ နာတယ်” “ညောင်းတယ်၊ ညောင်းတယ်” စသည်ဖြင့် ဝိပဿနာရှုရာ၌ ထိုရှုမှတ်မှု အလုပ်သည် မြင်၊ နာ၊ ညောင်းစသော အာရုံ၌ တည်မှီရပါသည်။ ထို့ကြောင့် ထို မြင်၊ နာ၊ ညောင်းစသောအာရုံသည် “ကမ္မဋ္ဌာန်း”ပင် ဖြစ်ပါသည်။
သို့ဖြစ်၍ “သမထဘာဝနာ” “ဝိပဿနာဘာဝနာ”ဟု ခေါ်သကဲ့သို့ပင် “သမထ ကမ္မဋ္ဌာန်း” “ဝိပဿနာကမ္မဋ္ဌာန်း” ဟူ၍လည်း ခေါ်ဆိုနိုင်သည်သာ ဖြစ်ပါ၏။
မည်သို့ပင်ဖြစ်စေ ထို “သမထ “ဝိပဿနာ” တရားတို့သည် မိမိတို့ သန္တာန်မှာ တစ်ကြိမ်တစ်ခါသာမဟုတ်၊ အကြိမ်ကြိမ် အဖန်ဖန် ငြိမ်းအေးစေသင့် ဖြစ်ပွားစေ သင့်သောကြောင့် “ဘာဝနာ” များပင် ဖြစ်ကြပါသည်။
စာမျက်နှာ-240
အခန်း (၆)
သံသရာနှင့် သုံးဆယ့်တစ်ဘုံ
(က) သံသရာဟူသည် အဘယ်နည်း
မြတ်ဗုဒ္ဓသည် “သံသရာ”နှင့်စပ်ဆိုင်သော ဒေသနာတော်များကို ဟောကြား တော်မူခဲ့၏။ မြတ်ဗုဒ္ဓသည် ဘုရားဖြစ်တော်မူပြီးနောက် ပထမဆုံးကျူးရင့်တော်မူ သော ဝမ်းမြောက်စကား (ပထမဗုဒ္ဓဝစန)တော်သည်ပင် “သံသရာ”နှင့် စပ်ဆိုင် သည့် စကားဖြစ်သည်။
မြတ်ဗုဒ္ဓသည် ဤသို့ ကျူးရင့်ခဲ့၏-
“အို-တဏှာ(လက်သမား) သင့်ကို မြင်သည့် သဗ္ဗညုတဉာဏ်ကို မရနိုင်သဖြင့် ဘဝများစွာ သံသရာမှာ ငါ ကျင်လည်နေခဲ့ရပေ သည်။ အို,နာ,သေ တရားတို့နှင့် ဆက်စပ်နေသဖြင့် အဖန်ဖန် ပဋိသန္ဓေနေရခြင်းကား ဆင်းရဲလှပါဘိ၊ ယခု သင့်ကို ငါမြင်ပြီ။ သင်သည် ခန္ဓာအိမ်သစ်ကို ပြုခွင့်ရတော့မည် မဟုတ်၊ သင်၏အိမ် အခြင်အားလုံးကို ငါချိုးဖျက်ပြီးပြီ၊ အိမ်အထွတ် (အဝိဇ္ဇာ)ကို ငါဖျက်ဆီးပြီးပြီ၊ ငါ၏ စိတ်ကား နိဗ္ဗာန်သို့ ရောက်ပြီ၊ အရဟတ္တဖိုလ် တရားကို ငါရပြီးပြီ။
ဤသို့ (အနေကဇာတိသံသာရံ စသည်ဖြင့်) ကျူးရင့် တော်မူသော စကားတွင် “ဘဝများစွာ သံသရာမှာ ငါကျင်လည်ခဲ့ရပေသည်”ဟူသောစကားရပ်၊ “အဖန်ဖန် ပဋိသန္ဓေနေရခြင်းကား ဆင်းရဲလှပါဘိ ဟူသော စကားရပ်၊ ခန္ဓာအိမ်သစ်ကို ပြုခွင့်ရတော့မည် မဟုတ်”ဟူသော စကားရပ်တို့သည် “သံသရာ”(ဘဝ ဆက်လက် ဖြစ်ပေါ်မှု)နှင့် စပ်ဆိုင်သော စကားရပ်များ ဖြစ်သည်။ မြတ်ဗုဒ္ဓ၏ ဝါဒသည် “သံသရာ”ကို လက်ခံ ယုံကြည်သောဝါဒ ဖြစ်ကြောင်း ထင်ရှားသည့် သာဓကတစ်ရပ် ဖြစ်သည်။ မြတ်ဗုဒ္ဓဝါဒ၏ အဓိက ပန်းတိုင်ဖြစ်သော “နိဗ္ဗာန်”သို့ ရောက်လိုခြင်းသည်ပင် “သံသရာ” ဝဋ်ဒုက္ခမှ
၁။ သံယုတ်ပါဠိတော်၊ နိဒါနဝဂ်၊ အနမတဂ္ဂသံယုတ်၊ တိဏကဋ္ဌစသောသုတ်များ၊ ပုဂ္ဂလပညတ်၊ အင်္ဂုတ္တိုရ်၊ သီလကုန်စသော ပါဠိတော်များ။
၂။ ခုဒ္ဒကနိကာယ်၊ ၁-ဓမ္မပဒပါဠိ-၃၆၊ဓမ္မပဒ၊ဋ္ဌ-ဒု-၈၀။
စာမျက်နှာ-241
လွတ်မြောက်လိုသောကြောင့် ဖြစ်ကြောင်း သိသာလှပါသည်။ ထို့ကြောင့် “သံသရာ” ကို လက်ခံယုံကြည်မှု ဝါဒသည် မြတ်ဗုဒ္ဓဝါဒ၏ ကျောရိုးကြီးနှင့် တူလှပါ၏။ မြတ်ဗုဒ္ဓသည် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း ကာလကြာအောင် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့၏-ဟု ဆိုခြင်းကား ထို “သံသရာ” ခရီးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းရင်း ဖြည့်ကျင့်တော်မူခဲ့ခြင်းဖြစ်သည်။ “သံသရာရှိ၏” ဟူသော ယုံကြည်ချက်သည် မြတ်ဗုဒ္ဓ၏ ဝါဒအတွက် အဘယ်မှာ အရေးမပါဘဲ နေပါမည်နည်း။ ထိုသို့ဆိုလျှင် မေးစရာ ရှိလာ၏။ သံသရာဟူသည် အဘယ်နည်း
ဤမေးခွန်းမျိုးကို မိလိန္ဒမင်းကြီးက ရဟန္တာ အရှင်နာဂသေနအား မေးလျှောက် ခဲ့ဖူးပြီ။ အရှင်နာဂသေနက-
“မင်းမြတ်-ဤအရပ် ဤဘုံ၌ ဖြစ်၍ ဤအရပ် ဤဘုံ၌ပင် သေ၏။ ဤအရပ် ဤဘုံ၌ပင် သေ၍ တပါးသောအရပ် တပါးသော ဘုံ၌ ဖြစ်ပြန်၏။ ထိုအရပ် ထိုဘုံ၌ဖြစ်၍ ထိုအရပ် ထိုဘုံ၌ပင် သေပြန်၏ ထိုအရုပ် ထိုဘုံ၌ သေ၍ တပါးသောအရပ် တပါးသောဘုံ၌ ဖြစ်ပြန်၏၊ မင်းမြတ်-ဤကား သံသရာပင် ဖြစ်၏၁ -
ဟု ဖြေဆိုတော်မူခဲ့သည်။
အဋ္ဌသာလိနီအဋ္ဌကထာ၌လည်း “ခန္ဓာ အာယတန ဓာတ်တရားတို့၏ အဆက် မပြတ်သော ဖြစ်စဉ်သည် သံသရာမည်၏”ဟု ဖော်ပြထားပါသည်။
ခြုံ၍ဆိုရလျှင် သံသရာဟူသည် တစ်ဘဝမှ တစ်ဘဝ တပြောင်းပြန်ပြန် အဖန်ဖန် အထပ်ထပ် အဆက်မပြတ် ဖြစ်ပျက်ခြင်းပင် ဖြစ်သည်။ ဤတွင် သတိပြုစရာ ရှိလာ၏။ သတ္တဝါတို့သည် ဤသို့ သံသရာလည်ပတ်ကြရာ၌ “ဤဘဝ ဤဘုံမှ ရုပ်နာမ်ကပင် ထိုဘဝ ထိုဘုံ၌ ပြောင်းရွှေ့ဖြစ်ပျက်၏”ဟု မစွဲယူသင့်ခြင်း ဖြစ်သည်။ ထိုသို့ စွဲယူက သဿတဒိဋ္ဌိ (မြဲ၏ဟူသော အယူမှား) ဖြစ်လိမ့်မည်၊ တဖန် “ဤဘဝ ဤဘုံမှ ရုပ်နာမ်သည် ဤဘဝ ဤဘုံမှာပင် သေကျေ ကင်းပြတ်၏၊ နောက်ဘဝ နောက်ဘုံနှင့် ဘာမျှမသက်ဆိုင်ဟု စွဲယူပြန်လျှင်လည်း ဥစ္ဆေဒဒိဋ္ဌိ (သေလျင်ပြတ်၏ ဟူသောအယူမှား) ဖြစ်လိမ့်ဦးမည်။ မြတ်ဗုဒ္ဓကား
၁။ မိလိန္ဒပဉှာပါဠိတော်၊ သံသာရပဥှာ။
၂။ အဋ္ဌသာလိနီ အဋ္ဌကထာ။
စာမျက်နှာ-242
ယင်းအယူနှစ်ခုတို့၏ အကြားမှာ အကြောင်းကြောင့် အကျိုးဖြစ်ပေါ်ခြင်းကိုသာ ညွှန်ပြတော်မူလေသည်။ ဤ၌ အမှန်ကို ယူဆတတ်ရန်မှာ သိမ်မွေ့နက်နဲလှ၏။
ဤအကြောင်းနှင့် ပတ်သက်၍ ဤဘဝ ဤဘုံမှ ရုပ်နာမ်တစုံတရာက မပြောင်းရွှေ့ဘဲ ဟိုဘဝ ဟိုဘုံ၌ ပဋိသန္ဓေ နေနိုင်ပုံကို မိလိန္ဒပဉှာတွင် ဤသို ပြဆိုထား၏
အရှင်နာဂသေန။ ။မင်းမြတ်-ဥပမာကား တစ်စုံတယောက်သော ယောက်ျားသည် မီးတိုင်တစ်ခုမှ မီးတိုင်တစ်ခုကို ညှိထွန်း၏၊ မင်းမြတ် အသို့နည်း၊ ထိုမီးသည် ထိုမီးတိုင်မှ ပြောင်းရွှေ့သွားသလော?
မိလိန္ဒမင်း။ ။အရှင်ဘုရား-မပြောင်းရွှေ့ပါ၊
အရှင်နာဂသေန။ ။မင်းမြတ်-ဤအတူပင် ဤဘဝမှ တစုံတရာ မပြောင်းရွှေ့ဘဲ ပဋိသန္ဓေဖြစ်၏။
မိလိန္ဒမင်း။ ။ထို့ထက် အလွန် ဥပမာ ပြုပါဦးလော့?
အရှင်နာဂသေန။ ။မင်းမြတ်- သင်မင်းမြတ်သည် ငယ်စဉ်က ကဗျာဆရာထံမှာ တစုံတခုသော ကဗျာကို သင်ဖူးကြောင်း မှတ်မိပါ၏လော?
မိလိန္ဒမင်း။ ။အရှင်ဘုရား-မှတ်မိပါ၏။
အရှင်နာဂသေန။ ။မင်းမြတ်-အသို့နည်း၊ ထိုကဗျာသည် ဆရာ့ထံမှ ပြောင်းရွှေ့လာသလော?
မိလိန္ဒမင်း။ ။အရှင်ဘုရား-မပြောင်းရွှေ့ပါ။
အရှင်နာဂသေန။ ။မင်းမြတ်- ဤအတူသာလျှင် ဤဘဝမှ တစုံတရာ မပြောင်းရွှေ့ဘဲ ဟိုဘဝ၌ ပဋိသန္ဓေစွဲယူ၏။
သို့ဖြစ်၍ တစ်ဘဝမှ တစ်ဘဝသို့ ပြောင်းရွှေ့၍ သံသရာလည်ပတ်ရာတွင် ဤဘဝဤဘုံမှ ရုပ်နာမ်နှင့် ဟိုဘဝဟိုဘုံမှ ရုပ်နာမ်သည် ထပ်တူထပ်မျှ လုံးဝ တူသည်လည်း မဟုတ်၊ တကွဲတပြား လုံးဝခြားနားသည်လည်း မဟုတ်၊ နွားနို့ နို့ဓမ်းစသည် ဖြစ်ရာတွင် နို့ဓမ်းသည် နွားနို့ မဟုတ်သော်လည်း နွားနို့နှင့် အကြောင်းမကင်းသကဲ့သို့ ထို့အတူပင် ဤဘဝဤဘုံမှ ရုပ်နာမ်အကြောင်းကြောင့် ဟိုဘဝဟိုဘုံမှာ ရုပ်နာမ်အကျိုးတရား ဖြစ်ပေါ်ရခြင်း ဖြစ်သည်။
၁။ မိလိန္ဒပဉှာ၊ အသင်္ကမန ပဋိသန္ဒနပဉ္စာ။
စာမျက်နှာ-243
အကြောင်းမကင်းသကဲ့သို့ ထို့အတူပင် ဤဘဝဤဘုံမှ ရုပ်နာမ်အကြောင်းကြောင့် ဟိုဘဝဟိုဘုံမှာ ရုပ်နာမ်အကျိုးတရား ဖြစ်ပေါ်ရခြင်း ဖြစ်သည်။
ဤသို့ တစ်ဘဝမှ တစ်ဘဝ ပြောင်းရွှေ့ဖြစ်ပျက်ရာ၌ သံသရာခရီးကား ရှည်ဝေး ကြာမြင့်လွန်းလှ၏၊ သမုဒ္ဒရာသည် ဆုံးစမမြင် ကျယ်ပြန့်သလိုပင် သံသရာသည် လည်း ဆုံးစမမြင် အလွန်ပင် ရှည်လျားလှပါ၏၊ သံသရာဟူသော သမုဒ္ဒရာ၏ အနားရေးကမ်းစကို ဘယ်မှာ စတင်ခဲ့ကြောင်း မသိနိုင်ပေ၊ သံသရာ၏ ရှေ့ဖျား အနားရေးအစကား နှစ်ပေါင်း ရာထောင်စသည် ကြာခဲ့ပြီ၊ ကမ္ဘာပေါင်း ရာထောင် စသည် ရှည်ခဲ့ပြီ၊ “ဤမင်း ဤဘုရားလက်ထက်က စတင် ဖြစ်ခဲ့သည်၊ ထိုကာလ၏ ရှေးက စတင် မဖြစ်ပေါ်ခဲ့သေး”ဟု ခေတ်ကာလကို သတ်မှတ်၍ မရနိုင်။ ထို့ကြောင့် “သမုဒ္ဒရာအသွင် သံသရာခွင်” (သံသာရ သာဂရ)ဟု ဖွင့်ဆိုကြခြင်း ဖြစ်ပါ၏။
(ခ) သုံးဆယ်တစ်ဘုံ၏ သရုပ်လက္ခဏာ
သံသရာဟူသည် တစ်ဘဝမှ တစ်ဘဝ အဖန်ဖန် ပြောင်းရွှေ့ဖြစ်ပျက်ခြင်း ဖြစ်ကြောင်း ဆိုခဲ့ပြီ။ ထိုသံသရာခရီးတလျှောက် သတ္တဝါများ ရောက်ကြရသော ဘုံဌာနတို့ကား အဘယ်နည်း။
ယင်းဘုံဌာနများကို ဩကာသလောကဟု ခေါ်သည်။ ဩကာသလောက ဘုံဌာနသည် မြတ်ဗုဒ္ဓ၏ ဝါဒအရ ၃၁-ဘုံရှိကြောင်း အများသိကြပြီး ဖြစ်၏။ ယင်း ၃၁-ဘုံကား-
(၁) အပါယ်ဘုံ - ၄
(၂) လူ့ဘုံ - ၁
(၃) နတ်ဘုံ - ၆
(၄) ရုပ်နာမ်နှစ်ပါးရှိ(ရူပ)ဗြဟ္မာဘုံ - ၁၅
(၅) ရုပ်သက်သက်သာရှိ(အသညသတ်)ဗြဟ္မာဘုံ - ၁
(၆) နာမ်သက်သက်သာရှိ(အရူပ)ဗြဟ္မာဘုံ - ၄
စုစုပေါင်း ၃၁-ဘုံ
မြတ်ဗုဒ္ဓသည် ၃၁-ဘုံရှိကြောင်း သုတ်,ဝိနည်း,အဘိဓမ္မာ သုံးမျိုးလုံးမှာပင် ဟောခဲ့၏၊ အထူးသဖြင့် ယမိုက်ကျမ်းတွင် ၃၁-ဘုံ စုံလင်အောင် ဟောကြားခဲ့ ပေသည်။ ထို ၃၁-ဘုံ၏ တည်နေပုံ ပထဝီဝင်ကား မည်သို့နည်း။
၁။ သီလက္ခန်အဋ္ဌကထာ-၁၁
၂။ ဆရာနှစ်ဖက်လှ၏ သိပ္ပံခေတ်နှင့်ဗုဒ္ဓ၏အစိန္တေယျတရား၊ ၂၀၇/၂၀၈
စာမျက်နှာ-244
၁။ ကမ္ဘာမြေ တည်နေပုံ
ဤလူ့ကမ္ဘာ၏ မြေနှင့်ကျောက် နှစ်မျိုးလုံး၏ ထုထည်သည် ယူဇနာ ၂-သိန်း ၄-သောင်းရှိ၏။ ဤမြေထုထည် ယူဇနာ ၄-သိန်း ၈-သောင်းရှိ ရေခဲထုကြီး ပေါ်၌ တည်နေ၏။ ဤမြေထုနှင့် ရေထု (ယူဇနာ ခုနစ်သိန်းနှစ်သောင်း)ကို ယူဇနာ ကိုးသိန်းခြောက်သောင်းရှိ လေထုကြီးက ပင့်မ သယ်ဆောင်ထားသည်။ ဤလေထုကြီး၏ အောက်၌ အဆုံးအပိုင်းအခြား မရှိသော ကောင်းကင်ကြီး တည်ရှိ၏။ ထိုကမ္ဘာ့ဝန်းကျင် ကောင်းကင်ကြီး အတွင်း၌ မီးကလာပ်တွေ အပြည့်ရှိသည်ဆို၏။ဤကမ္ဘာသည် အထက်ကောင်းကင်, အောက်ကောင်းကင် နှစ်ခုအကြား၌ တည်ရှိနေကြောင်း၊ လေထုက သယ်ပိုးဆောင်ကြဉ်းထား၍ လေ၏ သဘာဝ အလိုက် ရွှေ့လျားမှုရှိနေမည်ဖြစ်ကြောင်း လ,စသော အခြားဂြိုဟ်များကဲ့သို့ အာကာသတွင်းမှာ တွဲလွဲတည်ရှိနေကြောင်း သိရှိနိုင်ပါသည်။ ဤကား လွန်ခဲ့သော နှစ်ပေါင်း ၂၅ဝဝ ကျော်လောက်ကပင် ဖော်ပြခဲ့သည့် အကြောင်းအရာများဖြစ်သည်။ သိပ္ပံပညာရှင် တို့ကမူ ကမ္ဘာကို ဝိုင်းပတ်ထားသော လေထုသည် တန်ချိန် ၅၇၀၀,၀၀၀,၀၀၀,၀၀၀ ခန့် ရှိသည် ဆို၏။ ယူဆချက် နှစ်ရပ်ကို နှိုင်းယှဉ်ကြည့်က စိတ်ဝင်စားဖွယ် ကောင်းလွန်းပေစွ။
၂။ သုံးဆယ်တစ်ဘုံတည်နေပုံ
ငရဲ(ချမ်းသာကင်းသော) ဘုံသည် ရှစ်ဘုံရှိ၏၊ သိင်္ချိုဝ်း၊ ကာလသုတ်၊ သံဃာတ၊ ရောရုဝ၊ မဟာရောရုဝ၊ တာပန၊ မဟာတာပန၊ အဝီစိငရဲတို့ ဖြစ်သည်။ ယင်းရှစ်ဘုံ ကို ပေါင်း၍ “ငရဲဘုံ”ဟု ဘုံတစ်ဘုံအဖြစ် သုံးနှုန်းခေါ်ဝေါ်ကြသည်။
အချို့ပါဠိတော်များ၌ “ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ”ဟု အပါယ်သုံးဘုံသာ ဟောပြ၏၊ အသုရကာယ်ကို တာဝတိံသာနတ်တို့တွင် ရောသွင်း၍ သို့မဟုတ် ပြိတ္တာအတွင်းမှာ ရောသွင်း၍ ထိုသို့ သုံးဘုံသာ ဟောပြဟန်တူသည်။ အများအားဖြင့် အပါယ် လေးဘုံဟု ခေါ်ဝေါ်ကြသည်။
ဤကမ္ဘာမြေပြင်မှ အောက် ယူဇနာ တစ်သောင်းငါးထောင် ကွာဝေးသော အရပ်၌ သိင်္ချိုဝ်းငရဲတည်ရှိ၏။ ယင်း၏အောက် အဆင့်ဆင့်၌ ယူဇနာတစ်သောင်း
၁။ တစ်ယူဇနာ ၁၂ မိုင်၊ ၅ ဖာလုံ၊ ၈ သံကြိုးနှင့် ၄ ယာဒ်ရှိ၏။ အခြားဝါဒကွဲများလည်း ရှိသေးသည်။
၂။ ဆရာနှစ်ဖက်လှ၏ သိပ္ပံခေတ်နှင့် ဗုဒ္ဓ၏အစိန္တေယျတရား၊ ၂၁၇။
စာမျက်နှာ-245
ငါးထောင်စီ ခြားကွာ၍ ကာလသုတ် စသော ကြွင်းငရဲဘုံ အဆင့်ဆင့် တည်ရှိ ကြသည်။ ငရဲဘုံတွင် မီးဟုန်းဟုန်း တောက်လောင်နေသော သံမြေများ၊ ကျိုက် ကျိုက်ဆူပွက်နေသော ရေများ ရှိသည်ဟု ကျမ်းဂန်တို့၌ပြဆိုသည်။
သိပ္ပံပညာရှင်တို့က ကမ္ဘာမြေ၏ ထုထည်သည် မိုင်သန်းပေါင်း နှစ်သိန်း ခြောက်သောင်းရှိသည်၊ မြေပြင်မှ ၆၆-မိုင်ခန့် ထူသော ကျောက်လွှာကြီး နှစ်ထပ် အတွင်း၌ အရေပျော်နေသော သံနစ်ကဲလ်နှင့် ကိုဘောလ်သတ္တုများကို ထိန်းချုပ် ထားသည်၊ ကမ္ဘာ၏ ဗဟိုချက်သည် အရည်လော၊ အစိုင်အခဲလော- ဟူ၍ ယနေ့ထိ မည်သူမျှ မပြောနိုင်သေးချေ စသည်ဖြင့် ပြောဆိုကြသည်။ အဆိုနှစ်ရပ်လုံးသည် စိတ်ဝင်စားဖွယ် ဖြစ်ပါ၏။
အပါယ်ဘုံသားတို့၌ သက်တမ်း သတ်မှတ်ချက် မရှိ၊ ပြုလုပ်ခဲ့သော အကုသိုလ်ကံ အနည်းအများအလိုက် ခံနေကြရလေသည်။
တိရစ္ဆာန်ကား ဘုံသီးခြားမရှိ၊ လူတို့ဘုံမှာပင် နေကြလေသည်။ တိရစ္ဆာန်တို့ နေထိုင်ရာ အစုအဝေးကိုပင် တိရစ္ဆာန်ဘုံဟု ခေါ်ဝေါ်ခြင်း ဖြစ်သည်။
ပြိတ္တာတို့ကား တောင်ကြီးတောကြီး စသည်တို့၌ နေထိုင်ကြသည်။ ယင်း တို့ကို လူများ မမြင်နိုင်ကြချေ။ ယင်းတို့က ကိုယ်ထင်ပြမှသာ မြင်ကြရသည်။ ယင်းတို့သည် လူတို့လောက် ဘုန်းကံမကြီး၍ ခြောက်လှန် လည်း ကြောက်လန့် စရာ မလိုပေ။
ဤလူ့ဘုံ၏အထက် ယူဇနာလေးသောင်းနှစ်ထောင် ကွာဝေးသောအရပ် (ယုဂန္ဓိုရ်တောင်ထိပ်)၌ စာတုမဟာရာဇ်နတ်ဘုံရှိ၏။ နတ်ခြောက်ဘုံအနက် အောက်ဆုံး ဘုံ ဖြစ်သည်။ စတုမဟာရာဇ်နတ်ဘုံအထက် ယူဇနာလေးသောင်း နှစ်ထောင်ဝေး သောအရပ် (မြင်းမိုရ်တောင်ထိပ်)၌ တာဝတိံသာနတ်ဘုံ၊ ယင်းအထက် ယာမာ၊ ယင်းအထက် တုသိတာ၊ ယင်းအထက် နိမ္မာနရတိ၊ ယင်းအထက် ပရနိမ္မိတဝ သဝတ္တီနတ် ဘုံတို့သည် ယူဇနာလေးသောင်းနှစ်ထောင်စီ ခြားကွာလျက် အဆင့်ဆင့် တည်ရှိကြသည်။
ပရနိမ္မိတဝသဝတ္တီနတ်ဘုံ၏ အထက် ယူဇနာ ငါးသန်းငါးသိန်းရှစ်ထောင် ဝေးသောအရပ်၌ အောက်ဆုံး ဗြဟ္မာဘုံ သုံးဘုံသည် ဘေးတိုက်တန်းစီ တည်ရှိ၏။ ဗြဟ္မပါရိသဇ္ဇာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာဘုံတို့ ဖြစ်သည်။ ယင်းတို့ကို ပထမဈာန် သုံးဘုံဟု ခေါ်သည်။
စာမျက်နှာ-246
ပထမဈာန် သုံးပုံအထက် ယူဇနာ ငါးသန်း ငါးသိန်း ရှစ်ထောင် ဝေးသော အရပ်၌ ပရိတ္တဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာဟူသော ဒုတိယဈာန်သုံးဘုံ တပြေးညီ ဘေးတိုက် တည်ရှိကြသည်။
ယင်းအထက် ဖော်ပြပါအတိုင်း အကွာအဝေး တူညီသော အရပ်၌ ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာမည်သော တတိယဈာန်ဘုံတို့ တပြေးညီ ဘေး တိုက်တည်ရှိကြသည်။
ယင်းအထက် ဖော်ပြပါအတိုင်း အကွာအဝေး တူညီသောအရပ်၌ ဝေဟပ္ဖိုလ် ဘုံ၊ အသညတ်ဘုံနှင့် သုဒ္ဓါဝါသငါးဘုံတို့ တပြေးညီ တည်ရှိကြသည်။ ယင်း ခုနစ်ဘုံကို စတုတ္ထဈာန်ဘုံဟု ခေါ်၏။ ထိုတွင် အသညသတ်ဘုံရှိ ဗြဟ္မာများကား ရုပ်သာရှိ၍ သိစိတ် သိနာမ် မရှိပေ။
စတုတ္ထဈာန်ခုနစ်ဘုံ၏အထက် ယူဇနာ ငါးသန်းငါးသိန်းရှစ်ထောင်ဝေးသော အရပ်မှစ၍ အာကာသနဉ္စာယတနဘုံ၊ ဝိညာဏဉ္စာယတနဘုံ၊ အာကိဉ္စညာယတနဘုံ နှင့် နေဝသညာနာသညာယတနဘုံတို့သည် ယူဇနာငါးသန်းငါးသိန်းရှစ်ထောင်စီ အထက်အောက် ခြားကွာလျက် အဆင့်ဆင့် တည်ရှိကြသည်။ ယင်းလေးဘုံကို အရူပ (ရုပ်မရှိ၊ နာမ်သာရှိ) ဗြဟ္မာဘုံဟု ခေါ်ပါသည်။
ဖော်ပြပါ ရုပ်သက်သက် တစ်ဘုံ၊ နာမ်သက်သက် လေးဘုံမှတပါး ကျန်ဗြဟ္မာဘုံ ၁၅-ဘုံသည် ရုပ်နာမ်အစုံရှိ ဗြဟ္မာဘုံများဖြစ်ကြသည်။ ဖော်ပြခဲ့သည့် အထက်ဆုံး ဗြဟ္မာဘုံနှင့် လူ့ဘုံသည် ယူဇနာပေါင်း ၂၂,၂၈၄,၀၀၀ (နှစ်ကုဋေ,နှစ်သန်း,နှစ်သိန်း ရှစ်သောင်း,လေးထောင်) ကွာဝေး၏။
၃။ နတ်ပြည်ဗြဟ္မာ့ပြည်မှ မြေအမျိုးအစား
နတ်ပြည်ဗြဟ္မာ့ပြည်၌ မြေသည် လူ့ပြည်မှာကဲ့သို့ ဖုံမှုန် ပါသောမြေမျိုး မဟုတ်၊ ဖန်မြေ မှန်မြေ ဖြစ်၏။ ဖုံမှုန့်စသော အညစ်အကြေး ကင်းစင်၍ နတ်ဗြဟ္မာ တို့၏ ကိုယ်ကာယအဆင်းသည် ကြည်လင်၏၊ ရောင်ရှင်ဝင်းပ၏။
၄။ နတ်အစားအစာ
နတ်တို့သည် နတ်သုဓာခေါ် ဩဇာ အဆီအနှစ် အနည်းငယ်မျှကိုသာ စားသုံး ကြသည်။ ထိုနတ်သုဓာသည် လူတို့၏ အစာအာဟာရမျိုးကဲ့သို့ ကာဘွန်ပါသော အစာမျိုးမဟုတ်၊ ခန္ဓာကိုယ်၌ အားဖြစ်စေနိုင်သည့် အစွမ်းထက်သော အဆီအနှစ် တစ်မျိုးသာ ဖြစ်သည်။ ထို့ကြောင့် ခန္ဓာကိုယ်အတွက် အသုံးမဝင်သော ကာဘွန် များကို ပြန်လည်ထုတ်ပစ်ရန် မလိုတော့သဖြင့် နတ်များသည် လူများလို အပေါ့ အလေး စွန့်ရခြင်း မရှိပေ။
စာမျက်နှာ-247
၅။ ဗြဟ္မာအစားအစာ
ဗြဟ္မာတို့ကား ရုပ် ဝတ္ထု၊ အာဟာရ တစုံတရာကို စားသုံးခြင်းမရှိ၊ ပီတိခေါ် စိတ်၏ နှစ်သက်ငြိမ်းချမ်းမှုဖြင့်သာ တည်နေကြလေသည်။ စားသုံးသော အာဟာရ က နူးညံ့သောကြောင့် ဗြဟ္မာတို့၏ ကိုယ်ကာယသည် လွန်စွာ နူးညံ့ သိမ်မွေ့ ကြသည်။ဗြဟ္မာတို့ အစာမစားဘဲ ပီတိဖြင့်သာ နေသည်ဆိုသဖြင့် “ယုံရခက်ခက်”ဟု ထင်တတ်ကြ၏၊ တရားရှုမှတ်သော ယောဂီအချို့သည် တစ်ရက်တွင် ထမင်း လေးငါးလုတ်မျှသာ စားသော်လည်း ဆာလောင်မွတ်သိပ်မှု မရှိခြင်း၊ နှစ်ည သုံးည မအိပ် စက်ရသော်လည်း ကြည်ကြည်လင်လင် ရှိနေခြင်းတို့ကို ကြုံတွေ့ ရတတ်သည်။ ယင်းတို့ကို ထောက်ဆပြီး ဗြဟ္မာတို့၏ အဖြစ်ကို ယုံကြည်နိုင်ကြပေသည်။ အကယ်၍ ယုံကြည်ရန် အခက်အခဲရှိပါက မြတ်ဗုဒ္ဓ၏ ဝိပဿနာတရားကို သမာဓိထူး အာရုံ နိမိတ်ထူး ဉာဏ်အထူးပေါ်သည်အထိ အားထုတ်ကြည့်သင့်ကြပေသည်။ သို့မှသာ မြတ်ဗုဒ္ဓဝါဒဆိုင်ရာ အချို့ အချက်များကို လက်ခံယုံကြည်နိုင်ကြမည် ဖြစ်သည်။
နတ်ပြည်တွင် နတ်သား နတ်သမီး လိင်ကွဲပြားချက် ရှိ၏။ လူများကဲ့သို့ ချစ်ကြိုက်မှုပြုကြ၏။ ဗြဟ္မာ့ပြည်၌မူ ဗြဟ္မာထီး, ဗြဟ္မာမ မရှိချေ။ အားလုံး ယောက်ျား သဏ္ဌာန်များသာ ဖြစ်ကြသည်။ ကာမဂုဏ်စိတ်ဓာတ်လည်း လုံးဝ မရှိကြပေ။
၆။ နတ်သက်တမ်း
နတ်ပြည် ဗြဟ္မာပြည်ဟူသည် ကုသိုလ်ကောင်းမှု အကျိုးပေးရာ ဘုံဌာနတို့ ဖြစ်ကြသည်။ ထို့ကြောင့် နတ်ဗြဟ္မာတို့သည် လွန်စွာ အသက်ရှည်ကြ၏။
ပထဝီအနေအထားအရ ကြည့်လျှင် အောက်ဆုံးနတ်ပြည်၏ တစ်နေ့တစ်ည အချိန်ကာလသည် လူ အချိန်အားဖြင့် နှစ်ငါးဆယ်တိတိ ကြာမြင့်သည်။ အထက် နတ်ဘုံ အသီးသီးတို့၌ နေ့တာ, ညတာသည် နတ်အချိန်ကာလအားဖြင့် နှစ်ဆ တက်၍ ပိုရှည်သွား၏။ သက်တမ်းလည်း (လူ့အရေအတွက်အားဖြင့်) လေးဆ လေးဆ ပိုမို ရှည်ကြာသွားသည်။ အထက်မြင့်လေ နေ့တာ, ညတာ ပိုရှည်သွား လေသည်။
အာကာသယာဉ်များဖြင့် ကမ္ဘာကို လှည့်ပတ်ခဲ့သော အာကာသမောင် မယ်များ အဆိုအရ ကမ္ဘာပတ် လမ်းကြောင်း အပြင်၌ နေ့တာ, ညတာသည်
စာမျက်နှာ-248
ကမ္ဘာ့နေ့တာ ညတာထက် ပို၍ ရှည်ကြာသည်ဟူသောအချက်ကို သတိပြုသင့်သည်၊ အထူးသဖြင့် လပေါ်က တစ်နေ့သည် ကမ္ဘာက ၁၅-ရက်တိတိ ရှည်ကြာသည်၊ လ၏ တစ်ညသည်လည်း မြေကမ္ဘာက ၁၅-ရက်နှင့်ညီမျှသည်။ ထို့ကြောင့် လပေါ်တွင် တစ်နေ့တစ်ညသည် လူ့ကမ္ဘာ၌ တစ်လဖြစ်သည်ဟု သိပ္ပံပညာရှင်တို့က ဖော်ပြ ကြသည်။
အထက်ရောက်လေ အချိန်ကာလ ပိုမို ရှည်ကြာလေ ဟူသော သဘောကို မြတ်ဗုဒ္ဓအဘိဓမ္မာတွင် ကာလစောစွာကပင် ဖော်ပြခဲ့ပြီးဖြစ်သည်၊ မြတ်ဗုဒ္ဓ၏ အဘိဓမ္မာကျမ်းအရ နတ်ဘုံအသီးသီးရှိ နတ်တို့၏ သက်တမ်းသည် ဖော်ပြလတ္တံ့ပါ အတိုင်း ဖြစ်ပါသည်-
နတ်ဘုံ,နတ်တွက်ကိန်းအသက် (နှစ်),လူတွက်ကိန်းအသက် (နှစ်)
စာတုမဟာရာဇ်,၅၀၀,၉,၀၀၀,၀၀၀
တာဝတိံသာ,၁၀၀၀,၃၆,၀၀၀,၀၀၀
ယာမာ,၂၀၀၀,၁၄၄,၀၀၀,၀၀၀
တုသိတာ,၄၀၀၀,၅၇၆,၀၀၀,၀၀၀
နိမ္မာနရတိ,၈၀၀၀,၂၃၀၄,၀၀၀,၀၀၀
ပရနိမ္မိတဝသဝတ္တိ,၁၆၀၀၀,၉၂၁၆,၀၀၀,၀၀၀
၇။ ဗြဟ္မာသက်တမ်း
ရိုးရိုးကုသိုလ်ကောင်းမှု ပြုရုံမျှဖြင့် ဗြဟ္မာမဖြစ်နိုင်၊ ဈာန်ရမှသာ ဗြဟ္မာ ဖြစ်နိုင် သည်၊ ပထမဈာန်ကိုရလျှင် ပထမဈာန်ဘုံသို့ရောက်နိုင်၏။ ဒုတိယဈာန်စသည်ကို ရလျှင်လည်း ဒုတိယဈာန်ဘုံ စသည်တို့၌ ဗြဟ္မာဖြစ်နိုင်ကြသည်။
ဗြဟ္မာတို့၏သက်တမ်းမှာ ရှည်ကြာလှသောကြောင့် နှစ်ဖြင့် ရေတွက်၍ မရနိုင်၊ ကမ္ဘာဖြင့် ရေတွက်ရလေသည်။
ပထမဈာန် သုံးဘုံအနက် ဗြဟ္မပါရိသဇ္ဇာဗြဟ္မာတို့၏ အသက်သည် အသင်္ချေယျကပ်-၏ သုံးပုံ တစ်ပုံ၊ ဗြဟ္မပုရောဟိတာ ဗြဟ္မာတို့၏ အသက်သည် အသင်္ချေယျကပ် ထက်ဝက်၊
၁။ ကမ္ဘာ-ကပ္ပ(ကပ်) ဝေါဟာရအဓိပ္ပာယ်တူ၏။
၂။ လူတို့သက်တမ်းအရ ဆယ်နှစ်မှ အသင်္ချေယျတိုင်အောင် ထိုအသင်္ချေယျတမ်းမှ ဆယ်နှစ်သက်တမ်းတိုင်အောင် ရှည်ကြာသော ကာလအပိုင်းအခြားသည် အန္တရ ကပ်မည်၏၊ ထိုအန္တရကပ် ၆၄-ကပ်တို့ဖြင့် မှတ်အပ်သော ဖြစ်ပွားဆဲအတိုင်း တည်နေသည့် (ဝိဝဋဋ္ဌာယီ)ကပ်သည် အသင်္ချေယျကပ်မည်၏၊ နှစ်အားဖြင့် ရေတွက်၍ မရနိုင်။
စာမျက်နှာ-249
မဟာဗြဟ္မာတို့၏ အသက်သည် အသင်္ချေယျကပ် တစ်ကပ်ကြာအောင် အသက်ရှည်ကြသည်။
ဒုတိယဈာန်သုံးဘုံအနက် ပရိတ္တာဘာဗြဟ္မာတို့၏ အသက်သည် မဟာကပ် နှစ်ကပ်၊ အပ္ပမာဏာဘာဗြဟ္မာတို့၏ အသက်သည် မဟာကပ် လေးကပ်၊ အာဘဿရာဗြဟ္မာတို့၏ အသက်သည် မဟာကပ် ရှစ်ကပ် အသက်ရှည်၏။
တတိယဈာန်သုံးဘုံတွင် ပါဝင်သော ပရိတ္တသုဘာဗြဟ္မာတို့၏ အသက်သည် မဟာကပ် တစ်ဆယ့်ခြောက်ကပ်၊ အပ္ပမာဏသုဘာဗြဟ္မာတို့၏အသက်သည် မဟာကပ် သုံးဆယ့်နှစ်ကပ်၊ သုဘကိဏှာဗြဟ္မာတို့၏ အသက်သည် မဟာကပ် ခြောက်ဆယ့် လေးကပ် ရှည်ကြ၏။ စတုတ္ထဈာန်ဘုံတွင် ပါဝင်သော ဝေဟပ္ဖိုလ် ဗြဟ္မာနှင့် အသညသတ်ဗြဟ္မာတို့၏ အသက်သည် မဟာကပ် ငါးရာ ရှည်ကြာ၏။ သုဒ္ဓါဝါသဗြဟ္မာ့ဘုံ ငါးမျိုးအနက် အဝိဟာဗြဟ္မာတို့၏ အသက်သည် မဟာကပ် တစ်ထောင်၊ အတပ္ပါဗြဟ္မာတို့၏ အသက်သည် မဟာကပ် နှစ်ထောင်၊ သုဒဿာ ဗြဟ္မာတို့၏အသက်သည် မဟာကပ် လေးထောင်၊ သုဒဿီဗြဟ္မာတို့၏ အသက်သည် မဟာကပ် ရှစ်ထောင်၊ အကနိဋ္ဌာဗြဟ္မာတို့၏ အသက်သည် မဟာကပ် တစ်သောင်း ခြောက်ထောင် အသီးသီး ရှည်ကြာ၏။
အရူပဗြဟ္မာများအနက် အာကာသာနဉ္စယတနဗြဟ္မာတို့၏ အသက်သည် မဟာကပ် နှစ်သောင်း၊ ဝိညာဏာနဉ္စာယတနဗြဟ္မာတို့၏ အသက်သည် မဟာကပ် လေးသောင်း၊ အာကိဉ္စညာယတနဗြဟ္မာတို့၏အသက်သည် မဟာကပ် ခြောက်သောင်း၊ နေဝသညာနာသညာယတန ဗြဟ္မာတို့၏ အသက်သည် မဟာကပ် ရှစ်သောင်း လေးထောင် ရှည်ကြာကြပါသည်။
၈။ အမှန်အချို့နှင့်ဉာဏ်အသိ
သတ္တဝါတို့သည် သံသရာခရီးတစ်လျှောက် လားရောက်ကြရသော ဘုံဌာနတို့ကား ဖော်ပြပါအတိုင်း သုံးဆယ့်တစ်ဘုံရှိပေသည်။ ယင်းတို့ကို ပကတိမျက်စိဖြင့် ဖြစ်စေ၊ လက်ရှိမိုက်ကရိုစကုတ်စသည်ဖြင့်ဖြစ်စေ ကြည့်၍ မမြင်ရသောကြောင့် “မရှိ”ဟု မယူဆသင့်ပေ၊ မိုင်ပေါင်း မြောက်မြားစွာ ဝေးကွာသော အရပ်၌ တောင်ကြီး တစ်ထောင် အမှန်တကယ် ရှိနေသော်လည်း ပကတိမျက်စိသည် မြင်နိုင်စွမ်းမည် မဟုတ်ပေ။ ထို့အတူပင် သိပ္ပံကိရိယာများဖြင့် မတွေ့မြင်နိုင်သေးသော အရာများ မြောက်မြားစွာ ရှိသေးကြောင်း သိပ္ပံဆရာများက ဝန်ခံလျက် ရှိကြပေသည်။
၁။ အသင်္ချေယျကပ် ၄-ခု အပေါင်းသည် မဟာကပ်ဖြစ်သည်။
စာမျက်နှာ-250
မည်သို့ပင်ဖြစ်စေ ကံ၏အကျိုးပေးအရ အထူးတလည် ဖြစ်ပေါ်လာသော ထိုဘုံ၊ ထိုသက်တမ်း ထိုအဖြစ်ဆန်းတို့သည် အမှန်ပင်ရှိကြပါ၏၊ ယင်းတို့ကို ဒိဗ္ဗစက္ခု အဘိညာဉ်(နတ်မျက်စိအသိဉာဏ်) စသည်မျိုးဖြင့်သာ အမှန်အတိုင်း သိမြင်နိုင်မည် ဖြစ်ပါသည်။ ထိုအဘိညာဉ်မျိုးကို မရဘဲ သာမန်မျက်စိ၊ သာမန်ဉာဏ်၊ သာမန် သိပ္ပံကရိယာမျှဖြင့် အဘယ်မှာ ကြည့်မြင်သိရှိနိုင်ပါမည်နည်း။ ကံ၏ အကျိုးပေး ဖြစ်၍ မကြံစည်သင့်သည့်အရာ (ကမ္မဝိပါကော အစိန္တိယော)ပေတကား။
စာမျက်နှာ-251
အခန်း (၇)
ရွတ်ဖတ်ရန် သုတ်တော်များ
(က) ရတနာရွှေချိုင့် ပါဠိနှင့် မြန်မာပြန်
(ခ) ပရိတ်ကြီးပါဠိတော်နှင့်မြန်မာပြန်
(ဂ) အဘိဏှသုတ်ပါဠိတော်နှင့်မြန်မာပြန်
ဃ) မဟာသမယသုတ်ပါဠိတော်နှင့် မြန်မာပြန်
(က) ရတနာရွှေချိုင့်မြန်မာပြန်
၁။ အောင်ခြင်း၏အနီး(အပရာဇိတပလ္လင်)သို့ ရောက်တော်မူကုန်သော, လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့ထက်လည်း မြတ်တော်မူကုန်သော ဘုရားရှင်တို့သည် စစ်သည်နှင့်တကွ မာရ်နတ်သားကို အောင်မြင်တော်မူပြီး၍ သစ္စာလေးဖြာမြိုက် ရသာကို (တပည့်သား သာဝကတို့အား) သောက်စေတော်မူကုန်ပြီ။
၂။ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ခရီးလမ်းညွှန်သဖွယ်ဖြစ်တော်မူ ကုန်သော, ရသေ့၊ ရဟန်းအပေါင်းတို့ကို အစိုးရတော်မူကုန်သော တဏှင်္ကရာ အစရှိသော နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့သည် အကျွန်ုပ်၏ ဦးခေါင်းထက်၌ တည်တော်မူကုန်ပြီ (တည်တော်မူကြပါစေ)။
၃။ ဂုဏ်တော် ကျေးဇူးတော် အပေါင်းတို့၏ တည်ရာဖြစ်တော်မူသော အကျွန်ုပ်တို့၏ ကိုးကွယ်ရာ ဂေါတမမြတ်စွာဘုရားသည် အကျွန်ုပ်၏ ဦးခေါင်း ၌ သီတင်းသုံး တည်နေတော်မူပြီ(တည်နေတော်မူပါစေ)။ ကိုးပါးသောလောကုတ္တရာ တရားတော်သည် အကျွန်ုပ်၏ မျက်စိနှစ်ဖက်၌ တည်နေတော်မူပြီ(တည်နေပါစေ)။ ရှစ်ယောက်သော အရိယာသံဃာတော်သည် အကျွန်ုပ်၏ ရင်၌ တည်နေတော် မူပြီ (အတည်နေပါစေ)။
၄။ အရှင်အနုရုဒ္ဓါသည် အကျွန်ုပ်၏ နှလုံးသား၌ တည်တော်မူပြီ(တည်နေ တော်မူပါစေ)။ အရှင်သာရိပုတ္တရာသည် အကျွန်ုပ်၏ လက်ယာဘက်၌ တည်တော်မူပြီ (တည်တော်မူပါစေ)။ အရှင်ကောဏ္ဍညသည် အကျွန်ုပ်၏ နောက်အဖို့၌ တည်တော် မူပြီ (တည်တော်မူပါစေ)။ အရှင်မောဂ္ဂလ္လာန်သည် အကျွန်ုပ်၏ လက်ဝဲဘက်၌ တည်တော်မူပြီ (တည်တော်မူပါစေ)။
စာမျက်နှာ-252
၅။ ရှင်အာနန္ဒာနှင့် အရှင်ရာဟုလာတို့သည် အကျွန်ုပ်၏ လက်ယာနား၌ တည်တော်မူကုန်ပြီ (တည်တော်မူကြပါစေ)။ မဟာကဿပနှင့် မဟာနာမ် အရှင် နှစ်ပါးတို့သည် အကျွန်ုပ်၏ လက်ဝဲနား၌ တည်တော်မူကုန်ပြီ (တည်တော်မူကြပါစေ)။
၆။ နေမင်းကဲ့သို့အရောင်ကိုပြုတတ်သော, ဘုန်းကျက်သရေနှင့် ပြည့်စုံတော် မူသော, ရဟန်းမြတ်ဖြစ်တော်မူသော သေဘိတအရှင်သည် အကျွန်ုပ်၏ ဆံပင် အဆုံး ကျောက်ကုန်းအဖို့၌ တည်တော်မူပြီ (တည်တော်မူပါစေ)။
၇။ သီလက္ခန္ဓ စသည့်ကျေးဇူး ဂုဏ်အထူးကို ရွှင်မြူးဝမ်းသာ ရှာတော်မူလေ့ ရှိထသော, ဆန်းကြယ်သော တရားစကားကို ဆိုတော်မူတတ်သော, ကျေးဇူးတော် အပေါင်း၏ တည်ရာဖြစ်တော်မူသော ကုမာရကဿပမထေရ်သည် အကျွန်ုပ်၏ နှုတ်ခမ်း၌ တည်တော်မူပြီ (တည်တော်မူပါစေ)။
၈။ အရှင်ပုဏ္ဏ၊ အရှင်အင်္ဂုလိမာလ၊ အရှင်ဥပါလိ၊ အရှင်နန္ဒ၊ အရှင်သီဝလိ ဤမထေရ်ငါးပါးတို့သည် အကျွန်ုပ်၏ နဖူးပြင်၌ မှန်ကူကဲ့သို့ တည်တော်မူကုန်ပြီ (တည်တော်မူကြပါစေ)။
၉။ ထိုဆိုအပ်ပြီးသော မထေရ် ၁၅-ပါးမှ ကြွင်းကုန်သော ကိလေသာရန်ကို အောင်ကုန်ပြီး၍ သီလတန်ခိုးအားဖြင့် ထွန်းတောက်ပကုန်သော ဘုရားသားတော် မထေရ်ကျော်တို့သည် အကျွန်ုပ်၏ မြတ်သော အင်္ဂါတို့၌ တည်တော်မူကုန်ပြီ (တည်တော်မူကြပါစေ)။
၁၀။ ရတနသုတ် ပရိတ်တော်သည် အကျွန်ုပ်၏ရှေ့၌ တည်တော်မူပြီ။ မေတ္တသုတ် ပရိတ်တော်သည် အကျွန်ုပ်၏ လက်ယာဘက်၌ တည်တော်မူပြီ။ ဓဇဂ္ဂသုတ်ပရိတ်တော် သည် အကျွန်ုပ်၏နောက်၌ တည်တော်မူပြီ။ အင်္ဂုလိမာလသုတ်ပရိတ်တော်သည် အကျွန်ုပ်၏ လက်ဝဲဘက်၌ တည်တော်မူပြီ (တည်တော်မူကြပါစေ)။
၁၁။ ခန္ဓသုတ်၊ မောရသုတ်၊ အာဋာနာဋိယသုတ် ပရိတ် သုံးဆောင်သည် အကျွန်ုပ်၏ အထက်ကောင်းကင်၌ ထီးသဖွယ် တည်တော်မူပြီ။ ကြွင်းကုန်သော မင်္ဂလသုတ်၊ ဝဋသုတ်၊ ဗောဇ္ဈင်္ဂသုတ်၊ ပုဗ္ဗဏှသုတ်ပရိတ်လေးစောင်တို့သည် အကျွန်ုပ်၏ ပတ်လည်၌ တံတိုင်းသဖွယ် တည်နေတော်မူကြပြီ (တည်နေတော်မူ ကြပါစေ)။
၁၂-၁၃။ ငါးပါးမာရ်အောင် မြတ်ဘုန်းခေါင်တို့၏ အားတော်ဆယ်ပါးနှင့် ယှဉ်သော တရားတည်းဟူသော မြို့တံတိုင်းဖြင့် တန်ဆာဆင် ကာရံထားသော
စာမျက်နှာ-253
မြတ်စွာဘုရားတည်းဟူသော ရွှေချိုင့်၌ မငြိုမငြင်နေရသော အကျွန်ုပ်အား သည်းခြေ စသည်တို့ကြောင့် ဖြစ်ကုန်သော အပြင်ရန်၊ အတွင်းရန်တို့သည် မြတ်စွာ ဘုရား၏ ဂုဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တကြောင့် အကြွင်းအကျန်မရှိ ပျောက်ပျက်ခြင်းသို့ ရောက်ပါစေသတည်း။
၁၄။ မြတ်စွာဘုရားတည်းဟူသော ရွှေချိုင့် အလယ်၌ နေရသော အကျွန်ုပ်ကို မြေအပြင်၌ ကြီးမြတ်ကုန်သော ယောက်ျားမြတ် အားလုံးတို့က အခါခပ်သိမ်း စောင့်ရှောက်ကြပါစေကုန်သတည်း။
၁၅။ ဆိုခဲ့ပြီးသောနည်းဖြင့် ငါသည် ကောင်းသော အစောင့်အရှောက်ကို ပြုအပ်ပြီ။ မြတ်စွာဘုရား၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် ဘေးရန်အပေါင်း ကို ပယ်သတ်နိုင်ရပါလို၏။ သီလ၊ သမာဓိ စသော ဂုဏ်ကျေးဇူးအပေါင်းတို့၏ တည်ရာဖြစ်သော ပရမတ္တသံဃာတော်၏ တန်ခိုးကြောင့် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရပါလို၏။
ရတနာရွှေချိုင့်ပါဠိ
၁။ ဇယာသန္နာဂတာ ဗုဒ္ဓါ၊ ဇိတွာ မာရံ သဝါဟနံ။ စတုသစ္စမသရသံ၊ ယေ ပိဝိသု နရာသဘာ။
၂။ တဏှင်္ကရာဒယော ဗုဒ္ဓါ၊ အဋ္ဌဝီသတိ နာယကာ။ သဗ္ဗေ ပတိဋ္ဌိတာ မယှံ၊ မတ္ထကေ တေ မုနိဿရာ။
၃။ သီသေ ပတိဋ္ဌိတော မယှံ၊ ဗုဒ္ဓေါ ဓမ္မော ဒွိလောစနေ။ သံဃော ပတိဋ္ဌိတော မယှံ၊ ဥရေ သဗ္ဗဂုဏာကရော။
၄။ ဟဒယေ မေ အနုရုဒ္ဓေါ၊ သာရိပုတ္တော စ ဒက္ခိဏေ။ ကောဏ္ဍညော ပစ္ဆာဘာဂသ္မိံ၊ မောဂ္ဂလ္လာနော စ ဝါမကေ။
၅။ ဒက္ခိဏေ သဝနေ မယှံ၊ အာသုံ အာနန္ဒရာဟုလာ။ ကဿပေါ စ မဟာနာမော၊ ဥဘောသုံ ဝါမသောတကေ။
၆။ ကေသန္တေ ပိဋ္ဌိဘာဂသ္မိံ၊ သူရိယောဝ ပဘင်္ကရော။ နိသိန္နော သီရိသမ္ပန္နော၊ သောဘိတော မုနိပုင်္ဂဝေါ။
၇။ ကုမာရကဿပေါ နာမ၊ မဟေသီ စိတြဝါစကော။ သော မယှံ ဝဒနေ နိစ္စံ၊ ပတိဋ္ဌာသိ ဂုဏာကရော။
စာမျက်နှာ-254
၈။ ပုဏ္ဏော အင်္ဂုလိမာလော စ၊ ဥပါလိ နန္ဒ သီဝလိ။ ဣမေ ပဉ္စ မဟာထေရာ၊ နလာဋေ တိလကာ ဝိယ။
၉။ တေဟိ သေသာ မဟာထေရာ၊ ဇိတဝန္တော ဇိနောရသာ။ ဇလန္တာ သီလတေဇေန၊ အဂ္ဂမင်္ဂေသု သဏ္ဌိတာ။
၁၀။ ရတနံ ပုရတော အာသိ၊ ဒက္ခိဏေ မေတ္တသုတ္တကံ။ ဓဇဂ္ဂံ ပစ္ဆတော အာသိ၊ ဝါမေ အင်္ဂုလိမာလကံ။
၁၁။ ခန္ဓ မောရ ပရိတ္တဉ္စ၊ အာဋာနာဋိယသုတ္တကံ။ အာကာသေ ဆဒနံ အာသိ၊ သေသာ ပါကာရသဏ္ဌိတာ။
၁၂။ ဇိနာနံ ဗလသံယုတ္တေ၊ ဓမ္မာပါကာရလင်္ကတေ။ ဝသတော မေ အကိစ္ဆေန၊ သမ္မာသမ္ဗုဒ္ဓပဉ္စရေ။
၁၃။ ဝါတပိတ္တာဒိသဉ္ဇာတာ၊ ဗာဟိရဇ္ဈတ္တုပဒ္ဒဝါ။ အသေသာ ဝိနာသံ ယန္တု၊ အနန္တဂုဏတေဇသာ။
၁၄။ ဇိနပဉ္ဇရမဇ္ဈမှိ၊ ဝိဟရန္တံ မဟိတလေ။ သဒါ ပါလေန္တု မံ သဗွေ၊ တေ မဟာပုရိသာသဘာ။
၁၅။ ဣစ္စေဝ မေကန္တံ ကတော၊ သုရက္ခော ဇိနာနုဘာဝေ။ ဟတာရိသံဃော သဒ္ဓမ္မ၊ တေဇေန ဂုဏာကရဿ။
(ခ) ပရိတ်ကြီးပါဠိတော်နှင့် မြန်မာပြန်
ပရိတ်နိဒါန်း မြန်မာပြန်
၁။ လူတို့နေထိုင်လျက်ရှိသော ဤစကြဝဠာနှင့်အတူ တွဲဖက်တည်ရှိသော ပတ်ဝန်းကျင် စကြဝဠာတစ်သောင်းမှ သောင်းလောကဓာတ် နတ်မြတ်အပေါင်းတို့- ရဟန်းတို့၏ မင်းဖြစ်တော်မူသော မြတ်စွာဘုရား၏ နတ်ရွာနိဗ္ဗာန် ချမ်းသာမှန်ကို ပေးစွမ်းနိုင်သော သူတော်ကောင်းတရား (ပရိတ်တရား)ကို နားကြားအံ့သောငှာ ဤနေရာ ဤဒေသသို့ လာရောက်ကြပါကုန်လော့၊ လာရောက်၍ ရိုသေစွာ နာယူ ကြပါကုန်လော့။
၂။ အို- သောင်းလောကဓာတ် နတ်မြတ်အပေါင်းတို့- ယခုအခါသည်ကား မြတ်စွာဘုရား၏ တရားတော်ကို နားကြားရမည့် မင်္ဂလာ အခါတော် ဖြစ်လေသည်။
စာမျက်နှာ-255
၃။ ကျွန်ုပ်တို့သည် ပစ္စည်းလေးပါးအလှူကို ခံယူတော်မူထိုက်သော, လူသူ လေးပါး မသိမမြင်နိုင်သည့် ဆိတ်ကွယ်ရာနေရာ၌ ဖြစ်စေကာမူ မကောင်းမှု ဒုစရိုက်ကို ပြုလုပ်ခြင်း အလျှင်းမရှိသော, ကိလေသာတို့ကို အပြီးသတ်ဖယ်ရှင်းပြီး မိမိအလိုလို ကိုယ်တော်တိုင် သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်းသိမြင်တော်မူ ပြီးသော ဘုန်းတော်အနန္တ၏အရှင် ဘုရားသခင်အား ဦးညွှတ်ရှိခိုးကြပါကုန်၏။
၄။ ဤစကြဝဠာ၌လည်းကောင်း၊ ပြင်ပစကြဝဠာများ၌လည်းကောင်း နေထိုင် လျက်ရှိကြကုန်သော, ကိုယ်ဣန္ဒြေလည်း ငြိမ်သက်၊ စိတ်ဓာတ်လည်း ငြိမ်သက်လျက် ရှိကြကုန်သော, ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ပြီး လောကီကျေးဇူး လောကုတ္တရာ ကျေးဇူးတို့ကို ရရှိနိုင်ရန် အမြဲတမ်းလုံ့လစိုက်လျက် ရှိကြသော ဘုမ္မစိုးနတ်(မြေမှီနတ်)၊ အာကာသစိုးနတ်(ကောင်းကင်နေနတ်) အပေါင်းနှင့်တကွ မြတ်သော ရွှေစိုင်အတိပြီးသော မြင်းမိုရ်တောင်မင်း၌ မှီတင်းနေထိုင်ကြသော နတ်သူတော်ကောင်းအပေါင်းတို့သည် သောကကင်းဝေး နေထိုင်ရေးအတွက် ရောင့်ရဲလွယ်ခြင်း၏ အကြောင်းဖြစ်သော ဘုရားစကားတော်မြတ်ကို နာယူပန်ဆင်ရန် အလို့ငှာ တညီတညွတ်တည်း စုဝေး ရောက်လာကြပါကုန်လော့။
၅-၆။ စကြဝဠာဟူသမျှ၌ ဘီလူးများ၊ နတ်များနှင့် ဗြဟ္မာများ ရှိကြကုန်သည်ပင် ဖြစ်၏။ ကျွန်ုပ်တို့သည် စည်းစိမ်ချမ်းသာဟူသမျှကို ဖြစ်ပေါ်လာစေနိုင်သည့် ကောင်းမှု ကုသိုလ်ကို ပြုလုပ်ခဲ့ကြပြီး ဖြစ်ပါသည်။ အသင်ဘီလူး၊ နတ်၊ ဗြဟ္မာတို့သည် ကျွန်ုပ်တို့ပြုလုပ်သော ကုသိုလ်ကောင်းမှုကို ဝမ်းမြောက် ကြည်နူးကြပါ။ ကျွန်ုပ် တို့နှင့် တစိတ်တဝမ်းတည်းထားကာ မြတ်စွာဘုရား၏ အဆုံးအမသာသနာတော်၌ မွေ့လျော် နှစ်ခြိုက်ကြပါ။ စောင့်ရှောက်ထိုက်သူများအား စောင့်ရှောက် ကြည့်ရှု ရသည့် သင်တို့၏ လုပ်ငန်းတို့ကို မမေ့မလျော့ အထူး ဆောင်ရွက်တော်မူကြပါ။
၇။ မြတ်စွာဘုရား၏ အဆုံးအမ သာသနာတော်မြတ်ကြီးသည် လည်းကောင်း၊ လူတို့၏ ကမ္ဘာလောကကြီးသည် လည်းကောင်း ထာဝရ တိုးတက် ကြီးမြင့်ပါစေ၊ သာသနာတော်နှင့် လူ့လောကကို နတ်အပေါင်းတို့က အမြဲမပြတ် ကြည့်ရှု စောင့်ရှောက်ကြပါစေ။
စာမျက်နှာ-256
၈။ မည်သူမဆို သူ၏ အသိုင်းအဝိုင်းနှင့် အတူတကွ ချမ်းသာကြပါစေ၊ ဝမ်းမြောက် ရွှင်ပြုံး နှလုံးချမ်းမြေ့ကြပါစေ။
၉။ မင်းဘေး၊ ခိုးသူဘေး၊ လူဘေး၊ ဘီလူးဘေး၊ မီးဘေး၊ ရေဘေး၊ မြေဘုတ် ဘီလူးဘေး၊ သစ်ငုတ်ဘေး၊ ဆူးငြောင့်ဘေး၊ မကောင်းသောနက္ခတ်ဘေး၊ ဇနပုဒ် ရောဂါဘေး၊ မမှန်ကန်သောတရားဘေး၊ မှားသောအယူဝါဒဘေး၊ လူယုတ်မာ တို့၏ဘေး၊ ဤကဲ့သို့ ဘေးဆိုး, အန္တရာယ်ဆိုးတို့မှလည်းကောင်း၊ ဆင်ဆိုး၊ မြင်းဆိုး၊ သားကောင်ဆိုး၊ နွားဆိုး၊ ခွေးဆိုး၊ မြွေဆိုး၊ ကင်းဆိုး၊ မြွေစိမ်းဆိုး၊ သစ်ဆိုး (ကျားသစ်ဆိုး)၊ ဝံဆိုး၊ အောင်းဆိုး၊ ဝက်ဆိုး၊ ကျွဲဆိုး၊ ဘီလူးဆိုး၊ ရေစောင့်ဘီလူးဆိုး စသည်တို့ကြောင့် ဖြစ်တတ်သည့် ဘေးအမျိုးမျိုး၊ ရောဂါအမျိုးမျိုး၊ ဥပဒ်အမျိုးမျိုး တို့မှလည်းကောင်း (လူတို့ ကင်းဝေးအောင် မမြင်ရအောင် နတ်အပေါင်းတို့က) အစောင့်အရှောက် တာဝန်ယူကြပါကုန်။
ပရိတ်နိဒါန်းပါဠိတော်
၁။ သမန္တာ စက္ကဝါဠေသု၊ အတြာဂစ္ဆန္တု ဒေဝတာ။ သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။
၂။ ဓမ္မဿဝနကာလော အယံ ဘဒန္တာ။
၃။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
၄။ ယေ သန္တာ သန္တစိတ္တာ၊ တိသရဏသရဏာ၊ ဧတ္ထ လောကန္တရေ ဝါ။
ဘုမ္မာဘုမ္မာ စ ဒေဝါ၊ ဂုဏဂဏဂဟဏဗျာဝဋာ သဗ္ဗကာလံ။
ဧတေ အာယန္တု ဒေဝါ၊ ဝရကနကမယေ မေရုရာဇေ ဝသန္တော။
သန္တော သန္တောသဟေတုံ၊ မုနိဝရဝစနံ သောတုမဂ္ဂံ သမဂ္ဂါ။
၅။ သဗ္ဗေသု စက္ကဝါဠေသု၊ ယက္ခာ ဒေဝါ စ ဗြဟ္မနော။ ယံ အမှေဟိ ကတံ ပုညံ၊ သဗ္ဗသမ္ပတ္တိသာဓကံ။
၆။ သဗ္ဗေ တံ အနုမောဒိတွာ၊ သမဂ္ဂါ သာသနေ ရတာ။ ပမာဒရဟိတာ ဟောန္တု၊ အာရက္ခာသု ဝိသေသတော။
၇။ သာသနဿ စ လောကဿ၊ ဝုဒ္ဓိ ဘဝတု သဗ္ဗဒါ။ သာသနမ္ပိ စ လောကဉ္စ၊ ဒေဝါ ရက္ခန္တု သဗ္ဗဒါ။
စာမျက်နှာ-257
၈။ သဒ္ဓိံ ဟောန္တု သုခီ သဗ္ဗေ၊ ပရိဝါရေဟိ အတ္တနော။ အနီဃာ သုမနာ ဟောန္တု၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
၉။ ရာဇတော ဝါ စောရတော ဝါ မနုဿတော ဝါ အမနုဿတော ဝါ အဂ္ဂိတော ဝါ ဥဒကတော ဝါ ပိသာစတော ဝါ ခါဏုကတော ဝါ ကဏ္ဋကတော ဝါ နက္ခတ္တတော ဝါ ဇနပဒရောဂတော ဝါ အသဒ္ဓမ္မတော ဝါ အသန္ဒိဋ္ဌိတော ဝါ အသပ္ပုရိသတော ဝါ စဏ္ဍဟတ္ထိ အဿ မိဂ ဂေါဏ ကုက္ကုရ အဟိ ဝိစ္ဆိက မဏိသပ္ပ ဒီပိ အစ္ဆ တရစ္ဆ သူကရ မဟိံသ ယက္ခ ရက္ခသာဒီဟိ နာနာဘယတော ဝါ နာနာရောဂတော ဝါ နာနာဥပဒ္ဒဝတော ဝါ အာရက္ခံ ဂဏှန္တု။
၁-မင်္ဂလသုတ်
မင်္ဂလသုတ်ရွတ်ဖတ်ခြင်းအကျိုး
မင်္ဂလသုတ်ကို မပြတ်ရွတ်ဖတ်သရဇ္ဈာယ်၍ လိုက်နာကျင့်ကြံလျှင် မည်သည့် နေရာမှာ နေသည်ဖြစ်စေ ဘေးအန္တရာယ်ကင်းသည်။ ရန်သူတို့က မိမိအား မအောင်မြင်နိုင်။ မိမိ၏ ဘဝအဆင့်အတန်းသည်လည်း တစ်နေ့ထက်တစ်နေ့ တိုးတက် ချမ်းသာ လာမည် ဖြစ်ပေသည်။ အချုပ်အားဖြင့် ရန်ကင်းသည်၊ သူတပါး မကောင်း မကြံနိုင်၊ ဘဝအခြေအနေ ကြီးပွားတိုးတက်စေသည်။ မဂ်ဉာဏ်ဖိုလ်ဉာဏ်သည်ပင် မင်္ဂလာရှိသော မိမိ၏ စိတ်သန္တာန်မှာ ပေါ်လာနိုင်ပေသည်။
မင်္ဂလသုတ်မြန်မာပြန်
၁။ “မည်သည့်တရားသည် မင်္ဂလာတရားနည်း” ဟူ၍ လူနှင့် နတ်တို့သည် တစ်ဆယ့်နှစ်နှစ်တိုင်တိုင် တွေးခေါ်ကြသော်လည်း အဖြေမှန် မရခဲ့ကြပေ။ စီးပွား ချမ်းသာခြင်း၏ အကြောင်းမှန်ဖြစ်သော မင်္ဂလာတရားပေါင်း ၃၈-ပါး ရှိလိမ့်မည် ဟူ၍လည်း မည်သူမျှ မသိမမြင်နိုင်ခဲ့ကြပေ။
စာမျက်နှာ-258
၂။ လူတစ်ယောက်စီ တစ်ယောက်စီထက်လည်းကောင်း၊ သန်းပေါင်းများစွာသော လူသားအားလုံးတို့ထက်လည်းကောင်း၊ နတ်တစ်ပါးစီတစ်ပါးစီထက်လည်းကောင်း၊ နတ်အားလုံးထက်လည်းကောင်း သာလွန်မြင့်မြတ်တော်မူသော မြတ်စွာဘုရားသည် လောကအကျိုးကို ရှေ့ရှုလျက် မင်္ဂလာတရား ၃၈-ပါးကို ထုတ်ဖော်ဟောကြားတော် မူခဲ့၏။ မင်္ဂလာတရားသည် လူမှုဒုစရိုက်တရားကို ပယ်ဖျောက်တတ်၏။ ယခုအခါ သူတော်ကောင်း အပေါင်းတို့နှင့်အတူ ကျွန်ုပ်တို့သည် ထိုမင်္ဂလာတရားတော်မြတ်ကို ရွတ်ဖတ်ပူဇော်ကြပါကုန်စို့။
၃။ ပထမသံဂါယနာပွဲတော်ကြီး၏ သံဃဥက္ကဋ္ဌ ဖြစ်တော်မူသော အရှင်မဟာကဿပဘုရား- ဤမင်္ဂလသုတ်တော်ကို အကျွန်ုပ်အာနန္ဒာသည် နောင်တော်မြတ်စွာ ဘုရားထံမှ တိုက်ရိုက် ဤသို့ကြားနာလိုက်ရပါ၏၊ မှတ်သားလိုက်ရပါ၏၊ ဆောင်ထား လိုက်ရပါ၏။
အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေပါသည်။ ဇေတဝန်ကျောင်းသည် အနာထပိဏ်သူဌေးကြီး ဆောက်လုပ် လှူဒါန်းသော နှလုံးမွေ့လျော် ပျော်ဖွယ်ရာကောင်းသော ကျောင်းတော်ကြီး ဖြစ်ပါ သည်။ တညသ၌ ညဉ့်ဦးယံလွန်၍ သန်းခေါင်ယံအရောက်တွင် အမျိုးအမည် မထင်ရှား မသိသာသော နတ်သားတစ်ပါး ရောက်လာပါသည်။ သူသည် အလွန် နှစ်လိုဖွယ် ရုပ်အဆင်းရှိပါသည်။ ဇေတဝန်ကျောင်းတိုက် တစ်ခုလုံးကိုလည်း သူ၏ ကိုယ်မှ အရောင်အဝါဖြင့် ထွန်းလင်းစေပါသည်။
ယင်းသို့ ထွန်းလင်းစေပြီးနောက် မြတ်စွာဘုရားသခင်ရှိရာသို့ ချဉ်းကပ် လာပါသည်။ မြတ်စွာဘုရားကို အလွန်ရိုသေ လေးမြတ်စွာ ရှိခိုးပါသည်။ ရှိခိုးပြီး နောက် တင့်အပ်လျှောက်ပတ်သောနေရာ၌ မတ်တတ်ရပ်နေပါသည်။ ယင်းသို့ နေရာယူပြီးမှ ထိုနတ်သားသည် မြတ်စွာဘုရားကို ဤကဲ့သို့ ဂါထာဖြင့် နားတော်လျှောက်ပါသည်-
၄။ ဘုန်းတော်ကြီးမြတ်လှသော မြတ်စွာဘုရား- နတ်အပေါင်းတို့သည်လည်း ကောင်း၊ လူအပေါင်းတို့သည်လည်းကောင်း စင်ကြယ်စွာသော နိဗ္ဗာန်ချမ်းသာကို လိုချင်ကြသည်။ တောင့်တကြသည်ဖြစ်ပါ၍ မည်သည့်တရားသည် စီးပွားချမ်းသာခြင်း၏ အကြောင်းဖြစ်သော မင်္ဂလာတရားတော် ဖြစ်သလဲဟူ၍ တစ်ဆယ့်နှစ်နှစ်တိုင်တိုင် အချိန်ယူပြီး စဉ်းစားတွေးခေါ် ကြံဆခဲ့ကြပါသည်ဘုရား။ ယင်းသို့ ကြံစည်တွေးဆ ကြပါသော်လည်း မင်္ဂလာတရားမှန်ကို မည်သူမျှ တွေးကြံ၍ မသိနိုင်ကြပါဘုရား။ သို့အတွက်ကြောင့် မင်္ဂလာတရားဟူသည် မည်သည့်တရားဖြစ်ကြောင်း အရှင်ဘုရားက စတင်ထုတ်ဖော်၍ ဟောကြားတော်မူပါဘုရား။
စာမျက်နှာ-259
မြတ်စွာဘုရား၏ ဟောကြားချက်
၅။ အို ... နတ်သား-သူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်း၊ ပညာရှိသူကို မှီဝဲ ဆည်းကပ်ခြင်း၊ ပူဇော်ထိုက်သူကို ပူဇော်ခြင်း၊ ဤတရား သုံးပါးကို မြတ်သော မင်္ဂလာဟူ၍ သင် မှတ်သားလော့။
၆။ အို . . . နတ်သား-
တင့်အပ်လျှောက်ပတ်သော အရပ်ဒေသ၌ နေခြင်း၊ ရှေးဘဝက ပြုခဲ့ဖူးသော ကောင်းမှုရှိခြင်း၊ မိမိကိုယ်ကို ကောင်းစွာ ထိန်းသိမ်းဆောက်တည်ခြင်း၊ ဤတရား သုံးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင် မှတ်ဦးလော့။
၇။ အို... နတ်သား-
အကြားအမြင် ဗဟုသုတရှိခြင်း၊ စက်မှုလက်မှု စသော သိပ္ပံပညာတတ်မြောက် ခြင်း၊ ကိုယ်နှုတ်နှလုံးကို ယဉ်ကျေးအောင် ဆုံးမတတ်သည့် ဝိနည်းတရားကို ကောင်းစွာ သင်ယူခြင်း၊ ကောင်းသောစကားကို ပြောခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင် မှတ်ဦးလော့။
၈။ အို ... နတ်သား-
အမိအဘကို လုပ်ကျွေး မွေးမြူခြင်း၊ သားမယားကို ထောက်ပံ့ ပေးကမ်း ချီးမြှောက်ခြင်း၊ မည်သူ့ကိုမျှ မထိခိုက်သော အလုပ်မျိုးကို လုပ်ခြင်း၊ ဤတရား သုံးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင် မှတ်ဦးလော့။
၉။ အို... နတ်သား-
အလှူပေးခြင်း၊ မြတ်သောအကျင့်ကို ကျင့်ခြင်း၊ ဆွေမျိုးတို့အား ထောက်ပံ့ခြင်း၊ အကုသိုလ်ကင်းသော အလုပ်ကို လုပ်ခြင်း၊ ဤတရား လေးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင် မှတ်ဦးလော့။
၁၀။ အို. . . နတ်သား-
မကောင်းမှုဟူသမျှ ဝေးဝေးရှောင်နိုင်ခြင်း၊ မကောင်းမှုကို မလုပ်ဖြစ်အောင် မကျူးလွန်ဖြစ်အောင် အထူးရှောင်ကြဉ်နိုင်ခြင်း၊ သေရည်သေရက် မူးယစ်ဆေးဝါး တို့ကို မသောက်မစားဖြစ်အောင် ရှောင်ကြဉ်နိုင်ခြင်း၊ ကုသိုလ်ရမည့် ကောင်းမှု အလုပ်တို့ကို မပြတ်သတိရပြီး မမေ့မလျှော့ဆောင်ရွက်ခြင်း၊ ဤတရားလေးပါး ကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင် မှတ်ဦးလော့။
စာမျက်နှာ-260
၁၁။ အို. . . နတ်သား-
ရိုသေထိုက်သူကို ရိုသေခြင်း၊ မိမိကိုယ်ကို မောက်မာသမှု မပြုဘဲ နှိမ်ချခြင်း၊ ကိလေသာအာရုံ ကာမဂုဏ်တို့၌ ရောင်ရဲလွယ်ခြင်း၊ သူတပါးက မိမိအပေါ် ပြုဖူးသော ကျေးဇူးကို သိတတ်ခြင်း၊ အခါအခွင့်သင့်တိုင်း တရားနာခြင်း၊ ဤတရားငါးပါး ကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင် မှတ်ဦးလော့။
၁၂။ အို. . . နတ်သား-
သည်းခံတတ်ခြင်း၊ သူတော်ကောင်းတို့က ဆုံးမသည့်စကားကို နားယူလွယ်ခြင်း၊ သူတော်ကောင်း ရဟန်းပုဏ္ဏားတို့အား ဖူးမြော်ရခြင်း၊ အခါအခွင့်သင့်တိုင်း တရား ဆွေးနွေးမေးမြန်းခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင် မှတ်ဦးလော့။
၁၃။ အို. . . နတ်သား-
ခြိုးခြံစွာ ကျင့်ခြင်း၊ မြတ်သောအကျင့်ကို ကျင့်ခြင်း၊ အရိယာသစ္စာတရားကို သိမြင်ရခြင်း၊ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ခြင်း၊ ဤတရား လေးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင် မှတ်ဦးလော့။
၁၄။ အို... နတ်သား-
လောကဓံတရား ရှစ်ပါးတို့နှင့် တွေ့ကြုံရသော ရဟန္တာ အရှင်သူမြတ်၏ စိတ်သည် မတုန် မလှုပ်၊ မစိုးမရိမ်၊ ရမ္မက်ကင်း၏၊ ဘေးကင်း၏၊ ဤတရား လေးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင် မှတ်ဦးလော့။
၁၅။ အို. . . နတ်သား-
ဤကဲ့သို့သော ၃၈-ပါး မင်္ဂလာတရားကို လက်တွေ့ လိုက်နာ ကျင့်ကြံပြုလုပ် ထားသည့်အတွက်ကြောင့် မည်သည့်နေရာ၌ နေနေ မိမိအား ရန်သူတို့က မအောင်နိုင်၊ ကိစ္စခပ်သိမ်း၌ ပြီးငြိမ်းချမ်းသာခြင်းသို့ ရောက်ကုန်၏။ ထို ၃၈-ပါး သော တရားသည်သာလျှင် လူတကာ၊ နတ်တကာတို့အတွက် မြတ်သောမင်္ဂလာ ဖြစ်ကြောင်း သင် မှတ်သားလေလော့။
(၁) မင်္ဂလသုတ်ပါဠိတော်
၁။ ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိသု သဒေဝကာ။ သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတ္တိသဉ္စ မင်္ဂလံ။
၂။ ဒေသိတံ ဒေဝဒေဝေန၊ သဗ္ဗပါပဝိနာသနံ။ သဗ္ဗလောကဟိတတ္ထာယ၊ မင်္ဂလံ တံ ဘဏာမ ဟေ။
စာမျက်နှာ-261
၃။ ဧဝံ မေ သုတံ-
ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ အညတရာ ဒေဝတာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏာ ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ ယေန ဘဂဝါ၊ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဋ္ဌိတာ ခေါ သာ ဒေဝတာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ။
၄။ ဗဟူ ဒေဝါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ။ အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလမုတ္တမံ။
၅။ အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ။ ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။
၆။ ပတိရူပဒေသဝါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။ အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလမုတ္တမံ။
၇။ ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ဝိနယော စ သုသိက္ခိတော။ သုဘာသိတာ စ ယာ ဝါစာ၊ ဧတံ မင်္ဂလမုတ္တမံ။
၈။ မာတာပိတုဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။ အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလမုတ္တမံ။
၉။ ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။ အနဝဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလမုတ္တမံ။
၁၀။ အာရတီ ဝိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။ အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလမုတ္တမံ။
၁၁။ ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။ ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလမုတ္တမံ။
၁၂။ ခန္တီ စ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ။ ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလမုတ္တမံ။
စာမျက်နှာ-262
၁၃။ တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာန ဒဿနံ။ နိဗ္ဗာနသစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလမုတ္တမံ။
၁၄။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္မတိ။ အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလမုတ္တမံ။
၁၅။ ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။ သဗ္ဗတ္ထ သောတ္ထိ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလမုတ္တမံ။
မင်္ဂလသုတ္တံ နိဋ္ဌိတံ။
၂-ရတနသုတ်
ရတနသုတ်ရွတ်ဖတ်ခြင်းအကျိုး
ကပ်ကြီးသုံးပါးကို ကျော်နင်းစေနိုင်သည်။ စုန်း၊ တစ္ဆေ၊ ကဝေပယောဂ ဟူသမျှကို နိုင်နင်းသည်။ အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲဒုက္ခရောက်ရသောအခါ၊ အချုပ်ထောင် နှောင်အိမ်စသည်တို့၌ ကျရောက်သောအခါ အမြန်လွတ်မြောက်စေနိုင်သည်။ နတ်ကောင်းနတ်မြတ်တို့၏ စောင်မကြည့်ရှုခြင်းကို ခံရမည်ဖြစ်ပေသည်။
ရတနသုတ်မြန်မာပြန်
၁။ ဒီပင်္ကရာ ထွတ်ချာသေဌ်နင်း တရားမင်း၏ ခြေရင်းတော်၌ ဘုရားဆုကို တောင်းသည့်ကာလမှ အစပြု၍ မြတ်စွာဘုရား ဖြည့်ဆည်းပူးခဲ့သော ပါရမီ ၁၀-ပါး၊ ဥပပါရမီ ၁၀-ပါး၊ ပရမတ္ထပါရမီ ၁၀-ပါးအားဖြင့် အပြား ၃ဝ-သောပါရမီတို့ကို လည်းကောင်း၊ စွန့်ခြင်းကြီးငါးပါးတို့ကို လည်းကောင်း၊ လောက၏ အကျိုးစီးပွား အလို့ငှာ ကျင့်ခြင်း၊ ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားအလို့ငှာ ကျင့်ခြင်း၊ ဘုရားဖြစ်ခြင်းအကျိုးငှာ ကျင့်ခြင်းဟူသော စရိယသုံးပါးတို့ကိုလည်းကောင်း၊ နောက်ဆုံးဘဝ၌ အမိဝမ်းတွင်း ပဋိသန္ဓေ ယူတော်မူခြင်း၊ ဖွားမြင်ခြင်း၊ မြတ်သော တောထွက်ခြင်း၊ ပြင်းစွာသော လုံ့လဖြင့် ကမ္မဋ္ဌာန်းအကျင့်ကို ကျင့်ခြင်း၊ ဗောဓိပလ္လင်၌ မာရ်ငါးပါးကို အောင်မြင်တော် မူခြင်း၊ သဗ္ဗညုတဉာဏ်ကို ထိုးထွင်း သိမြင်ရရှိခြင်း၊ ဓမ္မစကြာ တရားတော်မြတ်ကို ဟောကြားခြင်းနှင့် ကိုးပါးသော လောကုတ္တရာတရား တို့ကိုလည်းကောင်း၊
စာမျက်နှာ-263
ဤသို့လျှင် မြတ်စွာဘုရား၏ ကျေးဇူးတော် ဂုဏ်တော်အားလုံးတို့ကိုလည်း စိတ်ဖြင့် ဆင်ခြင်၍ ဝေသာလီပြည်၏ မြို့တံတိုင်း သုံးထပ်တို့၏ အကြားတို့၌ ညဉ့်သုံးယာမ် ကာလပတ်လုံး ပရိတ်ရွတ်ဖတ် အရံအတားပြုခဲ့သော အရှင် အာနန္ဒာမထေရ်မြတ်ကဲ့သို့ (သတ္တဝါတို့အပေါ်) သနားကရုဏာစိတ်ထားလျက်- (ရတနသုတ်ပရိတ်တော်ကို ရွတ်ဖတ်ကြပါကုန်စို့။)
၂-၃။ ရတနသုတ်ပရိတ်တော်၏ အာဏာစက်ကို စကြဝဠာကုဋေတစ်သိန်း၌ ရှိကြကုန်သော နတ်အပေါင်းတို့က ခံယူကြကုန်၏၊ ဤပရိတ်တော်သည် ဝေသာလီပြည်၌ ကျရောက်သော အနာရောဂါဘေး၊ ဘီလူးဘေး၊ အစာငတ်မွတ် ခေါင်းပါးခြင်းဘေးဟူသော ဘေးအန္တရာယ်ကြီးသုံးမျိုးကို လျင်မြန်စွာ ကွယ်ပျောက် စေနိုင်ခဲ့၏။ ယခုအခါ၌ ဤရတနသုတ်ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်းရွတ်ဆို ကြပါကုန်စို့။
၄။ မြေ၌တည်ကုန်သော ဘုမ္မစိုး၊ ရုက္ခစိုး၊ စတုမဟာရာဇ်၊ တာဝတိံသာနတ် တို့သည်လည်းကောင်း၊ ကောင်းကင်၌ ဖြစ်ကုန်သော ယာမာ၊ တုသိတာ စသော နတ်တို့သည်လည်းကောင်း ဤပရိတ်ရွတ်ရာ နေရာအရပ်၌ အညီအညွတ် ရောက်ရှိလာကြကုန်ပြီ၊ နတ်ပရိသတ်အားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပါကုန်။ မြတ်စွာဘုရား ဟောတော်မူခဲ့သော ပရိတ်တရားတော်ကိုလည်း ရိုသေလေးမြတ်စွာ နာယူကြပါကုန်။
၅။ အို နတ်အပေါင်းတို့- ဤနေရာ၌ အညီအညွတ် စည်းဝေးရောက်ရှိနေ ကြသော အသင်နတ်အများ နားဆင်ကြပါကုန်၊ လူတို့သည် နေ့ညမဟူ ကြည်ဖြူ လေးမြတ်စွာ အသင်နတ်တို့အား ပူဇော်ပသမှု ပြုကြပါသည်။ သို့ဖြစ်၍ သင်တို့သည် လူတို့အား ချစ်ခင်ကြပါကုန်၊ မမေ့မလျော့ စောင့်ရှောက်ကြပါကုန်။
၆။ လူ့ပြည်၌ ဖြစ်စေ၊ နဂါးပြည် ဂဠုန်ပြည်၌ ဖြစ်စေ၊ နတ်ပြည်၌ ဖြစ်စေ အမြင့်အမြတ် သတ်မှတ်သုံးဆောင်ကြသော ဥစ္စာရတနာတို့သည် ရှိကြကုန်၏။ ထိုရတနာတို့အနက် ဘုရားတည်းဟူသော ရတနာနှင့်တူသော ရတနာဟူ၍ မရှိချေ။ မြတ်စွာဘုရားသည် အရဟံ စသော ဂုဏ်တော် ကျေးဇူးတော်တို့နှင့် ပြည့်စုံသော ရတနာမြတ် ဖြစ်ပါပေသည်။ ဤသို့ မှန်ကန်သော သစ္စာစကားကြောင့် သတ္တဝါ အများ ပွားစီးတိုးတက် ချမ်းသာကြပါစေသတည်း။
၇။ သာကီဝင်မင်းတို့၏ အထွတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် တည်ကြည်လှသော သမာဓိစိတ်ရှိသည့်အတွက်ကြောင့် ကိလေသာတို့၏ ကုန်ရာ
စာမျက်နှာ-264
ကင်း မသေရာဖြစ်သော အမြိုက်နိဗ္ဗာန်ကို သိရှိတော်မူလေသည်။ (လောက၌) ထိုနိဗ္ဗာန်ဓာတ်မြတ်နှင့် နှိုင်းတုစရာ ရတနာတစ်ခုမျှ မရှိပါချေ။ နိဗ္ဗာန်သည် ကိလေသာကုန်စင်ခြင်း စသည့်ဂုဏ်ကြောင့် ရတနာမြတ် ဖြစ်ပါပေ၏။ ဤသို့ မှန်ကန်သော သစ္စာစကားကြောင့် သူတော်တကာ သတ္တဝါများ ပွားစီးတိုးတက် ချမ်းသာကြပါစေသတည်း။
၈။ သောတာပတ္တိမဂ်ဖြင့် သိသော အပိုင်းအခြားကို မလွန်ဘဲ သိတတ်သော စင်လည်း စင်ကြယ်လှသော အရဟတ္တမဂ်နှင့် ယှဉ်သည့် သမာဓိကို မြတ်စွာဘုရား ချီးမွမ်း တော်မူ၏၊ မဂ်၏ အခြားမဲ့၌ အကျိုးပေးတတ်၏ ဟူ၍လည်း ဟောတော်မူ၏။ ထိုအရဟတ္တမဂ် သမာဓိနှင့် တူသော မည်သည့် သမာဓိမျိုးမျှ မရှိချေ။ ထိုသမာဓိသည် စင်စစ် မြတ်လှ၏။ ဤသို့ မှန်ကန်သော သစ္စာစကားကြောင့် သတ္တဝါအများ ပွားစီးတိုးတက် ချမ်းသာကြပါစေသတည်း။
၉။ အရိယာပုဂ္ဂိုလ်ရှစ်ယောက်တို့ကို ဘုရားအစရှိသော သူတော်ကောင်း အပေါင်းတို့က ချီးမွမ်းကြကုန်၏ တနည်းအားဖြင့် ပုဂ္ဂိုလ်တစ်ရာ့ရှစ်ယောက်တို့သည် မြတ်စွာ ဘုရား ချီးမွမ်းထိုက်သော ပုဂ္ဂိုလ်များ ဖြစ်ကြကုန်၏၊ ပုဂ္ဂိုလ်အားဖြင့် ရှစ်ယောက်(လေးစုံ) ဖြစ်ကြကုန်၏၊ မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်ကြ ကုန်သော ထိုပုဂ္ဂိုလ်ရှစ်ယောက် (တစ်ရာ့ရှစ်ယောက်)တို့သည် မြတ်သောအလှူကို ခံယူထိုက် ကြကုန်၏။ ထိုပုဂ္ဂိုလ်မြတ် ရှစ်ဦးတို့အား ပေးလှူသော အလှူဝတ္ထုတို့သည် အကျိုးများစွာ ရှိကြကုန်၏။ ဘုရားရှင် ချီးမွမ်းတော်မူသော ထိုအရိယာသံဃာ ရတနာသည်လည်း မြတ်လှပေ၏၊ ဤသို့ မှန်ကန်သော သစ္စာ စကားကြောင့် သတ္တဝါ တို့အား ပွားစီးတိုးတက် ချမ်းသာပါစေသတည်း။
၁၀။ ရဟန္တာအရှင်သူမြတ်တို့သည် ဂေါတမမြတ်စွာဘုရားရှင်၏ သာသနာတော်၌ ခိုင်မြဲပြင်းထန်သော စိတ်ဖြင့် ကောင်းစွာအားထုတ်ကြ၍ ဝဋ်ဒုက္ခမှ လွတ်မြောက် ကြရလေသည်။ နိဗ္ဗာန်ကို အာရုံပြုသော အားဖြင့် ဖြစ်၍ ကိလေသာတို့မှ ကင်းကုန်လျက် နိဗ္ဗာန်ချမ်းသာကို ခံစားကြရကုန်သည်။ အရဟတ္တဖိုလ် သို့ ရောက် ကြရကုန်သည်။ ရဟန္တာ အရိယာသံဃာတော်တည်းဟူသော ရတနာသည်လည်း မြတ်လှပေ၏။ ဤသို့ မှန်ကန်သော သစ္စာစကားကြောင့် သတ္တဝါတို့အား တိုးတက်ချမ်းသာပါစေသတည်း။
၁၁။ မြေ၌ မြှုပ်စိုက်ထားသော ကျောက်စာတိုင်သည် အရပ်လေးမျက်နှာမှ လေပြင်းမုန်တိုင်း တိုက်ခတ်မှုဒဏ်ကြောင့် တုန်လှုပ်ခြင်း မရှိချေ၊ ပရမတ္ထသစ္စာ လေးပါးကို သောတာပတ္တိမဂ်ဉာဏ်ဖြင့် သက်ဝင်၍ သိမြင်ပြီးသော သောတာပန်...
စာမျက်နှာ-265
ပုဂ္ဂိုလ်ကို ထိုကျောက်စာတိုင်နှင့် တူ၏ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူလေ၏။ ဤသို့လျှင် တုန်လှုပ်ခြင်းကင်းသော သောတာပန်အရိယာသံဃာတည်းဟူသော ရတနာသည်လည်း မြတ်လှပေ၏။ ဤသစ္စာစကားကြောင့် သတ္တဝါတို့အား စီးပွားချမ်းသာ ဖြစ်လာပါစေသတည်း။
၁၂။နက်နဲသော ပညာရှိသော မြတ်စွာဘုရားသည် ကောင်းစွာ ဟောကြား တော်မူထားသော အရိယာသစ္စာတို့ကို သိမြင်ပြီးဖြစ်သည့် သတ္တက္ခတ္တုပရမ သောတာပန်(ခုနစ်ဘဝကျန် သောတာပန်)တို့သည် တရားကို ပွားများ အားထုတ်ရန် လွန်စွာ မေ့လျော့နေပါငြားသော်လည်း ရှစ်ဘဝမြောက်အထိ မဖြစ်တော့ချေ။ (ခုနစ်ဘဝမှာပင် သတိပြန်ရ တရားအားထုတ် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံဝင်လေသည်)။ ဤသို့လျှင် ရှစ်ကြိမ်မြောက်ဘဝကို ယူခြင်းမရှိသော သတ္တက္ခတ္တုပရမ သောတာပန် တည်းဟူသော ရတနာသည်လည်း မြတ်လှပေ၏။ ဤသို့ မှန်သောသစ္စာ စကားကြောင့် သတ္တဝါတို့အား ကောင်းသော အစီးအပွား ဖြစ်ထွန်းပါစေသတည်း။
၁၃။ အတ္တဟူသော မိမိကိုယ်ရှိ၏ဟူ၍ ခံယူခြင်း၊ ရှစ်ပါးသော ဌာနတို့၌ ယုံမှားခြင်း၊ နွားလို၊ ခွေးလို ကျင့်ခြင်းဖြင့် သံသရာမှ လွတ်မြောက်နိုင်၏ဟု အထင်မှားခြင်း၊ ဤအမှားသုံးရပ်ကို သောတာပန်ပုဂ္ဂိုလ်သည် သောတာပန် ဖြစ်လျှင်ဖြစ်ချင်း ပယ်စွန့်ပြီး ဖြစ်လေ၏၊ မည်သည့် မှားသော အယူကို မဆို ပယ်စွန့်လေ၏။
၁၄။ ထိုသောတာပန် ပုဂ္ဂိုလ်မြတ်သည် အပါယ်လေးပါးမှ လွတ်လေ၏။ လွန်ကဲသော အကြောင်းခြောက်ရပ်တို့ကိုလည်း မပြုထိုက်တော့ပေ။ ဤသို့လျှင် ယူမှား၊ ယုံမှား တရားသုံးပါးကို ပယ်နိုင်သော သောတာပန်အရိယာ သံဃာ ရတနာသည်လည်း မြတ်လှပေ၏။ ဤသစ္စာစကားကြောင့် သတ္တဝါတို့အား ကောင်းကျိုးချမ်းသာ ဖြစ်လာပါစေသတည်း၊
၁၅။ သောတာပန်ပုဂ္ဂိုလ်သည် ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ စိတ်ထဲက ဖြစ်စေ မကောင်းမှု တစ်ခုခုကို အကယ်၍ ပြုမိငြားအံ့၊ သူသည် ထို မကောင်း မှုကို ဖုံးကွယ်ဖို့ရာ မကျိုးစားတော့ချေ။ သောတာပန်ဟူသည် နိဗ္ဗာန်ကို မဂ်ဉာဏ်ဖြင့် မြင်ပြီးသူဖြစ်၍ မကောင်းမှုကို သိုဝှက်ခြင်း မရှိတော့ကြောင်း ဟောကြားတော်မူခဲ့၏။ ဤသို့လျှင် ပြုမိသော မကောင်းမှုကို ဖုံးကွယ်ခြင်း မရှိသော သောတာပန် သံဃာတည်းဟူသော ရတနာသည်လည်း မြတ်လှပေ၏။ ဤမှန်သော သစ္စာစကားကြောင့် သတ္တဝါတို့အား ချမ်းသာသုခ ဖြစ်ပါစေသတည်း။
စာမျက်နှာ-266
၁၆။ နွေဥတု လေးလတွင် အဦးအစဖြစ်သော (တပေါင်းလပြည့်ကျော် တစ်ရက်မှ တန်ခူးလပြည့်ကျော်အထိ) နွေလအတွင်း၌ ပင်တိုင်း ပင်တိုင်း ပင်လုံးကျွတ် ပွင့်လျက်ရှိသော တောအုပ်သည် အသရေရှိလှဘိသကဲ့သို့ ထိုတောအုပ်နည်းတူ အသရေရှိလှသော၊ နိဗ္ဗာန်သို့ လည်းရောက်စေတတ်သော ပရိယတ္တိတရားတော်ကို မြတ်သော လောကုတ္တရာ အကျိုးစီးပွားအတွက် မြတ်စွာဘုရား ဟောကြားတော်မူခဲ့ လေပြီ၊ ယင်းသို့ ဟောကြားတော်မူသော ဒေသနာတော်ရှင် ဘုရားရတနာတော် သည်လည်း မွန်မြတ်လှပေ၏၊ ဤသို့ မှန်သော သစ္စာစကားကြောင့် သတ္တဝါ အပေါင်းအား ကောင်းသော စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။
၁၇။ မိမိကိုယ်တိုင်မြင့်မြတ်တော်မူ၍ မြတ်သောတရားကိုလည်း သိမြင်တော် မူသော၊ လောကုတ္တရာတရားမြတ်ကိုလည်း သတ္တဝါတို့အား ပေးတော်မူတတ်သော၊ မြတ်သော အကျိုးစီးပွားကိုလည်း ဆောင်ကြဉ်းတော်မူတတ်သော၊ မိမိထက် သာလွန်သူမရှိသော ဘုရားမြတ်စွာသည် မြတ်သောတရားကိုပင် ဟောကြားတော် မူလေသည်။ ဤသို့လျှင် သတ္တဝါတို့၏ ဣန္ဒြေ အနုအရင့်ကို သိရှိနားလည်လျက် တရားမြတ်ကို ဟောကြားတတ်သော “ဘုရား” တည်းဟူသော ရတနာသည်လည်း မြတ်လှပေသည်။ ဤသို့ မှန်သောသစ္စာစကားကြောင့် သတ္တဝါတိုင်း ကောင်းသော အကျိုးစီးပွား ဖြစ်ထွန်းပါစေသတည်း။
၁၈။ ရဟန္တာ အရှင်သူမြတ်တို့သည် တမလွန်ဘဝကို လှမ်း၍ တပ်မက်ခြင်း စိတ်မရှိကုန်၊ ရဟန္တာတို့အား ရှေးရှေးသော ဘဝများစွာက ပြုလုပ်အားထုတ်ခဲ့ဖူး သည့် ကံဟောင်း ကံကြွင်းဟူသမျှ ကုန်လေငြိ၊ ဘဝသစ်၌ ဖြစ်စရာ ကံလည်း မရှိချေ။ ကံတည်းဟူသော မျိုးစေ့ကုန်လေပြီ၊ ဘဝသစ်ဖြစ်လိုသည့် ဆန္ဒလည်း မရှိတော့ပေ၊ ပညာဉာဏ်လည်း ရင့်သန်ကြီးမားကြကုန်၏၊ ထို ရဟန္တာအရှင်သူမြတ် တို့သည် (သေသောအခါ) ဤဆီမီးသည် ငြိမ်းလေသကဲ့သို့ ငြိမ်းတော်မူကြကုန်၏၊ ဤသို့လျှင် ဘဝသစ် ဖြစ်ပြန်ခြင်း မရှိသော ရဟန္တာ သံဃာတော်မြတ် ရတနာ သည်လည်း မြတ်လှပေ၏၊ ဤမှန်သောသစ္စာစကားကြောင့် သတ္တဝါအပေါင်းအား ကောင်းသော အကျိုးစီးပွား ဖြစ်ထွန်းပါစေသတည်း။
၁၉။ မြေနှင့် စပ်၍ တည်ကုန်သော ဘုမ္မစိုး၊ ရုက္ခစိုး၊ စာတုမဟာရာဇ်၊ တာဝတိံသာနတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌ ဖြစ်ကုန်သော ယာမာ၊ တုသိတာစသော နတ်တို့သည်လည်းကောင်း ဤအရပ် ဤဒေသ၌ ညီညွတ် ပေါင်းဆုံမိကြကုန်၏၊ ကျွန်ုပ်တို့ နတ်အပေါင်းက ရှေးရှေးသောဘုရားရှင်များ နည်းတူ ပွင့်တော်မူလာသော၊ နတ်လူအပေါင်းတို့က ပူဇော်ထိုက်သော မြတ်စွာ
စာမျက်နှာ-267
ဘုရားကို ရှိခိုးကြပါကုန်၏၊ သတ္တဝါအပေါင်းအား ကောင်းသော အကျိုးစီးပွား ဖြစ်ပါစေသတည်း။
၂၀။ မြေနှင့်စပ်၍ တည်ကုန်သော ဘုမ္မစိုး၊ ရုက္ခစိုး၊ စာတုမဟာရာဇ်၊ တာ၀တိံသာနတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌ ဖြစ်ကုန်သော ယာမာ၊ တုသိတာစသော နတ်တို့သည်လည်းကောင်း ဤအရပ် ဤဒေသ၌ အညီအညွတ် စုဝေးမိကြကုန်၏၊ ကျွန်ုပ်တို့ နတ်အပေါင်းက ရှေးရှေးသော ဘုရားရှင်များ ဟောကြားသည့်နည်းတူ ဟောကြားခဲ့သော၊ လူအပေါင်း နတ်အပေါင်းတို့က နှစ်ထောင်းအားရစွာ ပူဇော်ထိုက်သော တရားတော်မြတ်ကို ရှိခိုးဦးညွတ်ကြပါကုန်၏၊ သတ္တဝါအပေါင်းလည်း ချမ်းသာသုခရှိကြပါစေသတည်း။
၂၁။ မြေနှင့်စပ်၍ တည်ကုန်သော ဘုမ္မစိုး၊ ရုက္ခစိုး၊ စာတုမဟာရာဇ်၊ တာဝတိံသာနတ်တို့သည်လည်းကောင်း၊ ကောင်ကင်၌ ဖြစ်ကုန်သော ယာမာ၊ တုသိတာစသော နတ်တို့သည်လည်းကောင်း ဤအရပ် ဤဒေသ၌ အညီအညွတ် စုဝေးမိကြကုန်၏၊ ကျွန်ုပ်တို့ နတ်အပေါင်းက ရှေးရှေးသော ဘုရားရှင်များ ခေတ်မှာကဲ့သို့ ကောင်းစွာပေါ်ပေါက်လာသော၊ နတ်လူတို့က ပူဇော်ထိုက်သော သံဃာတော်မြတ်ရတနာကိုလည်း ဦးညွှတ်ရှိခိုးကြပါကုန်၏။ သတ္တဝါတို့အား ကောင်းသော အကျိုးစီးပွား ဖြစ်ထွန်းပါစေသတည်း။
(၂) ရတနသုတ်ပါဠိတော်
၁။ ပဏိဓာနတော ပဋ္ဌာယ တထာဂတဿ ဒသ ပါရမိယော။ ဒသ ဥပပါရမိယော၊ ဒသ ပရမတ္တပါရမိယောတိ သမတ္တိသ ပါရမိယော၊ ပဉ္စ မဟာပရိစ္စာဂေ၊ လောကတ္ထစရိယံ ဉာတတ္ထပရိယံ ဗုဒ္ဓတ္ထစရိယန္တိ တိဿာ စရိယာယော၊ ပစ္ဆိမဘဝေ ဂဗ္ဘဝေါက္ကန္တ ဇာတိ၊ အဘိနိက္ခမနံ၊ ပဓာနစရိယံ၊ ဗောဓိပလ္လင်္ကေ မာရဝိဇယံ၊ သဗ္ဗညုတညာဏပ္ပဋိဝေဓံ၊ ဓမ္မစက္ကပ္ပဝတ္တနံ၊ နဝ လောကုတ္တရဓမ္မေတိ သဗ္ဗေပိ မေ ဗုဒ္ဓဂုဏေ အာဝဇ္ဇေတွာ ဝေသာလိယာ တီသု ပါကာရန္တရေသု တိယာမရတ္တိံ ပရိတ္တံ ကရောန္တော အာယသ္မာ အာနန္ဒတ္ထေရော ဝိယ ကာရုညစိတ္တံ ဥပဋ္ဌပေတွာ-
စာမျက်နှာ-268
၂။ ကောဋိသတသဟဿသု၊ စက္ကဝါဠေသု ဒေ၀တာ။ ယဿာဏံ ပဋိဂ္ဂဏှန္တိ၊ ယဉ္စ ဝေသာလိယာ ပုရေ။
၃။ ရောဂါမနုဿဒုဗ္ဘိက္ခ-သမ္ဘူတံ တိဝိဓံ ဘယံ။ ခိပ္ပ မန္တရဓာပေသိ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၄။ ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ဝါယာနိ ၀ အန္တလိက္ခေ။ သဗ္ဗေ ၀ ဘူတာ သုမနာ ဘဝန္တု။ အထောပိ သက္ကစ္စ သုဏန္တု ဘာသိတံ။
၅။ တသ္မာ ဟိ ဘူတာ နိသာမေထ သဗ္ဗေ၊ မေတ္တံ ကရောထ မာနုသိယာ ပဇာယ၊ ဒီဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိ၊ တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ။
၆။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏိတံ။ န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၇။ ခယံ ဝိရာဂံ အမတံ ပဏီတံ၊ ယဒဇ္ဈဂါ သကျမုနီ သမာဟိတော။ န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၈။ ယံ ဗုဒ္ဓသေဋ္ဌော ပရိဝဏ္ဏယီ သုစိ၊ သမာဓိ မာနန္တရိက ည မာဟု။ သမာဓိနာ တေန သမော န ဝိဇ္ဇတိ၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
စာမျက်နှာ-269
၉။ ယေ ပုဂ္ဂလာ အဋ္ဌသတံ ပသတ္ထာ၊ စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ။ တေ ဒက္ခိဏေယျာ သုဂတဿ သာဝကာ ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၀။ ယေ သုပ္ပယုတ္တာ မနသာ ဒဠေန၊ နိက္ကာမိနော ဂေါတမသာသနမှီ။ တေ ပတ္တိပတ္တာ အမတံ ဝိဂယှ၊ လဒ္ဓါ မုဓာ နိဗ္ဗူတိ ဘုဉ္စမာနာ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၁။ ယထိန္ဒခိလော ပထဝီဿိတော သိယာ၊ စတုဗ္ဘိ ဝါတေဟိ အသမ္ပကမ္ပိယော။ တထူပမံ သပ္ပုရိသံ ဝဒါမိ၊ ယော အရိယသစ္စာနိ အဝေစ္စ ပဿတိ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၂။ ယေ အရိယသစ္စာနိ ဝိဘာဝယန္တိ၊ ဂမ္ဘီရပညေန သုဒေသိတာနိ။ ကိဉ္စာပိ တေ ဟောန္တိ ဘုသံ ပမတ္တာ၊ န တေ ဘဝံ အဋ္ဌမ မာဒိယန္တိ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၃။ သဟာဝဿ ဒဿနသမ္ပဒါယ၊ တယဿု ဓမ္မာ ဇဟိတာ ဘဝန္တိ။ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆိတဉ္စ။ သီလဗ္ဗတံ ဝါပိ ယဒတ္ထိ ကိဉ္စိ။
စာမျက်နှာ-270
၁၄။ စတူဟပါယေဟိ စ ၀ိပ္ပမုတ္တော၊ ဆစ္စာဘိဌာနာနိ အဘဗ္ဗ ကာတုံ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၅။ ကိဉ္စာပိ သော ကမ္မ ကရောတိ ပါပကံ၊ ကာယေန ဝါစာ ဥဒ စေတသာ ဝါ။ အဘဗ္ဗ သော တဿ ပဋိစ္ဆဒါယ၊ အဘဗ္ဗတာ ဒိဋ္ဌပဒဿ ဝုတ္တာ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၆။ ဝနပ္ပဂုမ္ဗေ ယထာ ဖုဿိတဂ္ဂေ၊ ဂိမှာန မာသေ ပဌမသ္မိံ ဂိမှေ။ တထူပမံ ဓမ္မဝရံ အဒေသယိ၊ နိဗ္ဗာနဂါမိ ပရမံ ဟိတာယ။ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၇။ ဝရော ဝရညူ ဝရဒေါ ဝရာဟရော၊ အနုတ္တရော ဓမ္မဝရံ အဒေသယိ။ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၈။ ခီဏံ ပုရာဏံ နဝ နတ္ထိ သမ္ဘဝံ၊ ဝိရတ္ထစိတ္တာ ယတိကေ ဘ၀သ္မိံ။ တေ ခီဏဗီဇာ အဝိရူဠိဆန္ဒာ၊ နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၉။ ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ဝါ ယာနိ ၀ အန္တလိက္ခေ။ တထာဂတံ ဒေဝမနုဿပူဇိတံ၊ ဗုဒ္ဓံ နမဿာမ သုဝတ္ထိ ဟောတု။
စာမျက်နှာ-271
၂၀။ ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ဝါ ယာနိ ၀ အန္တလိက္ခေ။ တထာဂတံ ဒေဝမနုဿပူဇိတံ၊ ဓမ္မံ နမဿာမ သုဝတ္ထိ ဟောတု။
၂၁။ ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ဝါ ယာနိ ၀ အန္တလိက္ခေ။ တထာဂတံ ဒေဝမနုဿပူဇိတံ၊ သံဃံ နမဿာမ သုဝတ္ထိ ဟောတု။
ရတနသုတ္တံ နိဋ္ဌိတံ။
၃-မေတ္တသုတ်
မေတ္တသုတ် ရွတ်ဖတ်ခြင်းအကျိုး
ချမ်းချမ်းသာသာ အိပ်ရ နိုးရစေသည်၊ အိပ်မက်ဆိုးများ မမက်အောင် ကာကွယ်နိုင်သည်၊ မျက်နှာကြည်လင်၍ လူချစ် လူခင် များလိမ့်မည်၊ အိပ်ခါနီး ဆဲဆဲမှာ ရွတ်ပြီးအိပ်လျှင် ညအခါ ဘီလူးစီးခြင်း၊ ယောင်ယမ်း၍ ထပြေးခြင်း၊ အိပ်နေရင်း အသံနက်ကြီးဖြင့် အော်ခြင်း၊ အိပ်ယာနားရှိ တွေ့ကရာ ပစ္စည်းတို့ဖြင့် ယောင်ယမ်းပြီး ပစ်ပေါက်ခြင်း စသည်တို့ ကင်းသည်။ ထိုသို့ ဖြစ်တတ်သူများသည် အထူးတလည် မေတ္တသုတ်ကို ရွတ်သင့်ပေသည်။
မေတ္တသုတ် မြန်မာပြန်
၁။ မေတ္တသုတ်၏ အာနုဘော်ကြောင့် ဘီလူး၊ ဘုမ္မစိုးနတ်တို့သည် ကြောက်မက်ဖွယ်ကောင်းသော ရုပ်အဆင်းကို ဖန်ဆင်း၍ လူတို့အား မပြဝံ့ကြကုန်။ မေတ္တသုတ်တော်ကို ညဥ့်အခါ၌လည်းကောင်း၊ နေ့အခါ၌လည်းကောင်း မပျင်းမရိ ရွတ်ဖတ်လေ့ရှိသော သူသည်-
၂။ အိပ်သောအခါ ချမ်းသာစွာ အိပ်ရလေ၏၊ အိပ်ပျော်နေစဉ်၌လည်း အိပ်မက်ဆိုးကို မမြင်မမက်နိုင်၊ ဤသို့သော ကျေးဇူးဂုဏ်နှင့်ပြည့်စုံသည့် မေတ္တသုတ် ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်းရွတ်ဆိုကြပါကုန်စို့။
စာမျက်နှာ-272
၃။ အကျိုးစီးပွား၌ လိမ္မာသော သူသည် ငြိမ်သက်စွာသော နိဗ္ဗာန်သို ဉာဏ်ဖြင့် သက်ဝင်ခြင်းကို ပြုရာသည်။ ပြုနိုင်စွမ်းရှိသူသည်လည်း ဖြစ်ရာသည်။ ဖြောင့်မတ်ရာ၏ ကောင်းစွာ ဖြောင့်မတ်ရာ၏၊ ပညာရှိတို့ ဆိုလွယ်ဆုံးမလွယ် သူလည်း ဖြစ်ရာ၏၊ နူးညံ့သိမ်မွေ့ရာ၏၊ မာန်မာန မထားရာ။
၄။ ရောင့်ရဲလွယ်ရာ၏ သူတပါးတို့က ပြုစုလွယ်၊ မွေးမြူလွယ်သူမျိုး ဖြစ်ရာ၏၊ ကိစ္စနည်းစေရာ၏၊ အသက်မွေးမူ ပေါ့ပါးခြင်း ရှိရာ၏၊ မျက်စိစသော ဣန္ဒြေ တည်ငြိမ်မှုရှိရာ၏၊ ရင့်ကျက်သောပညာ ရှိရာ၏၊ အမူအရာ မကြမ်းတမ်းစေရာ၊ ဒါယကာများ၊ ဆွေမျိုးများ၌ သံယောဇဉ် ငြိတွယ်လွန်းခြင်း မဖြစ်စေရာ။
၅။ ပညာရှိတို့ ကဲ့ရဲ့ဖွယ်ဖြစ်သော မကောင်းမှု တစုံတခုကို အနည်းငယ်မျှပင် မပြုမကျင့်ရာ၊ သတ္တဝါခပ်သိမ်း ချမ်းသာကြပါစေ၊ ဘေးမရှိပါစေနှင့်၊ ကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
၆။ အသက်ရှူရှိုက်သော သတ္တဝါအားလုံး၊ ထိတ်လန့်လွယ်သော သတ္တဝါ အားလုံး၊ တည်ကြည်သော သတ္တဝါအားလုံး၊ ကိုယ်ခန္ဓာရှည်သော သတ္တဝါအားလုံး၊ ကြီးသော သတ္တဝါအားလုံး၊ မတိုမရှည် မကြီးမငယ် အလယ်အလတ်ဖြစ်သော သတ္တဝါ၊ ပုသော တိုသော သတ္တဝါ၊ ပိန်သော ကြုံသောသတ္တဝါ၊ ဆူသော ဖြိုးသော သတ္တဝါ။
၇။ မျက်စိဖြင့် မြင်နိုင်သော သတ္တဝါ၊ မျက်စိဖြင့် မမြင်နိုင်သော သတ္တဝါ၊ အဝေးမှာရှိသော သတ္တဝါ၊ မနီးမဝေးမှာရှိသော သတ္တဝါ၊ ဖြစ်ပြီးသော သတ္တဝါ၊ နောင်ဖြစ်လတ္တံ့သော သတ္တဝါ၊ ဆိုခဲ့ပါ သတ္တဝါအားလုံးသည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေကုန်သတည်း။
၈။ တစ်ယောက်နှင့် တစ်ယောက် အမျက်ဒေါသ မထွက်ရာ၊ အလုပ်ကိစ္စ တစ်ခုခုနှင့် စပ်လျဉ်း၍ တစ်ယောက်ယောက်ကို ချုပ်ချယ်သောစကား မပြောရာ၊ မုန်းတီးသော စိတ်ဖြင့် အမှတ်မထားရာ၊ အနည်းငယ်မျှ မထီမဲ့မြင် မထင်ကောင်း၊ အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် ဆင်းရဲဒုက္ခကို အလိုမရှိသင့်ပေ။
၉။ အမိသည် မိမိဝမ်း၌ လွယ်၍ မွေးရသော တစ်ဦးတည်းသော သားကို အသက်လောက် ချစ်မြတ်နိုး၍ အစဉ်မပြတ် စောင့်ရှောက်သည့်နည်းတူ သတ္တဝါ အားလုံးတို့ အပေါ်၌ အတိုင်းမသိ ကြီးမားသော မေတ္တာစိတ်ကို ပွားများရာ၏။
၁၀။ အထက် အောက် ဘေးဘီ အရပ်မျက်နှာအားလုံး အကျဉ်းအမြောင်း မရှိ၊ အတွင်းရန် အပြင်ရန် မရှိ၊ အတိုင်းမသိ မြတ်နိုးတတ်သော မေတ္တာစိတ်ကို ပွားများ စေရာ၏။
စာမျက်နှာ-273
၁၁။ အိပ်ငိုက်သောအခါမှတပါး မတ်တတ်ရပ်စဉ်ဖြစ်စေ၊ လမ်းလျှောက် သွားနေစဉ် ဖြစ်စေ၊ ထိုင်နေစဉ် ဖြစ်စေ၊ လဲလျောင်းနေစဉ် ဖြစ်စေ အမြဲမပြတ် သတိချပ်လျက် မေတ္တာပို့နေရာ၏၊ ယင်းသို့ မေတ္တာစိတ်နှင့် အမြဲမပြတ်နေခြင်း၊ ထိုင်ခြင်းကို “မြတ်သောနေခြင်း”ဟူ၍ ဤဂေါတမဘုရားသာသနာတော်၌ ဆိုကြ လေပြီ။
၁၂။ မှားသောအယူဝါဒကို လက်မခံဘဲ ကိုယ်ကျင့်သီလရှိစေရာ၏၊ မဂ်ဉာဏ် အမြင်နှင့် ပြည့်စုံစေရာ၏၊ ကိလေသာအာရုံ ကာမဂုဏ်တို့၌ တပ်နှစ်သက်ခြင်းကို ပယ်ဖျောက်ရာ၏၊ ဤသို့သော ပုဂ္ဂိုလ်သည် မိခင်ဝမ်း၌ တဖန် ပဋိသန္ဓေ နေရတော့မည် မဟုတ်ပေ၊ (ဝဋ်ဘဝချုပ်ငြိမ်း၍ နိဗ္ဗာန်ချမ်းသာသို့ ရောက်ပေလတ္တံ့ )။
(၃) မေတ္တသုတ်ပါဠိတော်
၁။ ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒေဿန္တိ ဘိသနံ။ ယဉ္စောဝါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။
၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။ ဧဝမာဒိဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၃။ ကရဏီယ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ သက္ကော ဥဇူ စ သုဟုဇူ ၊ သုဝစော စဿ မုဒု အနတိမာနိ။
၄။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။ သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ' နနုဂိဒ္ဓေါ။
၅။ န စ ခုဒ္ဒ မာစေရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ။ သုခိနော ဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာ ဝ နဝေသသာ။ ဒီဃာ ဝါ ယေ ဝ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။
၇။ ဒိဋ္ဌာ ဝါ ယေ ဝ အဒိဋ္ဌာ၊ ယေ ဝ ဒူရေ ဝသန္တိ အဝိဒူရေ။ ဘူတာ ဝ သမ္ဘဝေသိ ဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမေညထ ကတ္ထစိ န ကဉ္စိ။ ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခ မိစ္ဆေယျ။
၉။ မာတာ ယထာ နိယံပုတ္တ- မာယုသာ ဧကပုတ္တ မနုရက္ခေ။ ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။
စာမျက်နှာ-274
၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။
၁၁။ တိဋ္ဌံ စရံ နိသိန္နော ဝ၊ သယာနော ယာဝတာဿ ဝီတမိဒ္ဓေါ။ ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ မေတံ ဝိဟာရ မိဓ မာဟု။
၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။ ကာမေသု ဝိနေယျ ဂေဓံ၊ နဟိ ဇာတု ဂဗ္ဘသေယျံ ပုန ရေတီတိ။
မေတ္တသုတ္တံ နိဋ္ဌိတံ။
၄-ခန္ဓသုတ်
ခန္ဓသုတ်ရွတ်ဖတ်ရခြင်းအကျိုး
မြွေဘေးကင်းနိုင်သည်၊ အခြား အဆိပ်ရှိသော သတ္တဝါတို့ ဘေးမှလည်း လွတ်နိုင်သည်၊ မြွေကိုက် ကင်းကိုက် ခံရသော အခါမျိုး၌လည်း အကြိမ်ကြိမ် ရွတ်နိုင်သည်၊ ဘေးရန်ကို ကျော်လွန်နိုင်ပေသည်။
ခန္ဓသုတ်မြန်မာပြန်
၁-၂။ ဤခန္ဓသုတ်ပရိတ်တော်သည် နတ်ဆေး နတ်မန္တရားနှင့် တူ၏။ မြွေလေးမျိုးတို့၏ ပြင်းထန်သော အဆိပ်ကို ပျောက်ကင်းစေ၏၊ အာဏာခေတ်ဟု ခေါ်သော စကြဝဠာ ကုဋေတစ်သိန်းအတွင်း၌ သတ္တဝါအများရှိကြ၏၊ မြွေမှတပါး ကျန်သော သတ္တဝါတို့၏ ဘေးရန်ကိုလည်း တားမြစ်နိုင်စွမ်းပေ၏။ ထို ပရိတ်တော်ကို ယခုအခါ ကျွန်ုပ်တို့ စုပေါင်းရွတ်ဆိုကြပါကုန်စို့။
၃။ ဝိရူပက္ခနဂါးမင်းတို့နှင့် အတူတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ၊ ဧရာပထနဂါးမင်းတို့နှင့် အတူတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ၊ ဆဗျာပုတ္တနဂါးမင်းတို့နှင့် အတူတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ၊ ကဏှာဂေါတမ နဂါးမင်းတို့ နှင့် အတူတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။
၄။ အခြေမဲ့သော သတ္တဝါ၊ အခြေနှစ်ချောင်းရှိသော သတ္တဝါ၊ အခြေလေးချောင်း ရှိသော သတ္တဝါ၊ ခြေထောက်များစွာရှိသော သတ္တဝါ၊ ဤသတ္တဝါအားလုံးနှင့် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် အတူတကွ ဖြစ်ပါစေသတည်း။
စာမျက်နှာ-275
၅။ အခြေမဲ့သော သတ္တဝါဟူသမျှသည် ကျွန်ုပ်ကို မညှဉ်းဆဲစေသတည်း၊ အခြေနှစ်ချောင်းရှိသော သတ္တဝါ ဟူသမျှသည် ကျွန်ုပ်ကို မညှဉ်းဆဲစေသတည်း၊ ခြေလေးချောင်းရှိသော သတ္တဝါ ဟူသမျှသည် ကျွန်ုပ်ကို မညှဉ်းဆဲစေသတည်း၊ ခြေထောက်များစွာရှိသော သတ္တဝါ ဟူသမျှသည် ကျွန်ုပ်ကို မညှဉ်းဆဲစေသတည်း။
၆။ အာရုံငါးပါးကို ခုံမင်တတ်သော သတ္တဝါအားလုံးတို့သည်လည်းကောင်း၊ အသက်ရှူရှိုက်တတ်သော သတ္တဝါအားလုံးတို့သည်လည်းကောင်း၊ ကိုယ်ကာယ အထင်အရှားဖြစ်သော သတ္တဝါအားလုံးတို့သည်လည်းကောင်း သတ္တဝါတိုင်း သတ္တဝါတိုင်းသည် အကောင်းအမြတ်တို့ကိုသာ မြင်ကြပါစေ၊ အနည်းငယ်မျှပင် မကောင်းမှုသို့ မရောက်ကြပါစေနှင့်။
၇။ (ကိလေသာသည် နှိုင်းရှည်စရာ အကြောင်းပမာဏဖြစ်၏၊) မြတ်စွာ ဘုရားသည် ပမာဏပြုစရာ ကိလေသာမရှိ၊ တရားတော်သည်လည်း ပမာဏပြုစရာ ကိလေသာမရှိ၊ သံဃာတော်သည်လည်း ပမာဏပြုစရာ ကိလေသာမရှိ၊ ကင်း သန်း၊ မြွေ၊ ကင်းပုစွန်၊ ကင်းခြေများ၊ ပင့်ကူ(ပင့်ကူနက်)၊ တက်တူ(အိမ်မြှောင်)၊ ကြွက် စသော သတ္တဝါတို့သည် ပမာဏပြုစရာ ကိလေသာ ရှိကြကုန်၏။
ကျွန်ုပ်သည် အစောင့်အရှောက်ကို ပြုအပ်ပြီ၊ အရံအတားကို ပြုအပ်ပြီ။ သတ္တဝါတို့သည် ဖဲရှောင်ကြကုန်လော့၊ ကျွန်ုပ်သည် ဘုန်းတော်ကြီးသော မြတ်စွာ ဘုရားအား ရှိခိုးပါ၏။ ဝိပဿီစသော ဘုရားခုနှစ်ဆူတို့အားလည်း ဦးညွှတ်ရှိခိုးပါ၏။
(၄) ခန္ဓသုတ်ပါဠိတော်
၁။ သဗ္ဗာသီဝိသဇာတိနံ၊ ဒိဗ္ဗမန္တာဂဒံ ဝိယ။
ယံ နာသေတိ ဝိသံ ဃောရံ၊ သေသဉ္စာပိ ပရိဿယံ။
၂။ အာဏာက္ခေတ္တမှိ သဗ္ဗတ္ထ၊ သဗ္ဗဒါ သဗ္ဗပါဏိနံ။ သဗ္ဗသောပိ နိဝါရေတိ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၃။ ဝိရူပက္ခေဟိ မေ မေတ္တံ။ မေတ္တံ ဧရာပထေဟိ မေ။ ဆဗျာပုတ္တေဟိ မေ မေတ္တံ၊ မေတ္တံ ကဏှာဂေါတမကေဟိ စ။
၄။ အပါဒကေဟိ မေ မေတ္တံ၊ မေတ္တံ ဒွိပါဒကေဟိ မေ။
စတုပ္ပဒေဟိ မေ မေတ္တံ၊ မေတ္တံ ဗဟုပ္ပဒေဟိ မေ။
စာမျက်နှာ-276
၅။ မာ မံ အပါဒကော ဟိံသိ၊ မာ မံ ဟိံသိ ဒွိပါဒကော။ မာ မံ စတုပ္ပဒေါ ဟိံသိ၊ မာ မံ ဟိံသိ ဗဟုပ္ပဒေါ။
၆။ သဗ္ဗေ သတ္တာ သဗ္ဗေ ပါဏာ၊ သဗ္ဗေ ဘူတာ စ ကေ၀လာ။ သဗ္ဗေ ဘဒြာနိ ပဿန္တု၊ မာ ကိဉ္စိ ပါပ မာဂမာ။
၇။ အပ္ပမာဏော ဗုဒ္ဓေါ၊ အပ္ပမာဏော ဓမ္မော။ အပ္ပမာဏော သံဃော၊ ပမာဏဝန္တာနိ သရိသပါနိ။ အဟိ ဝိစ္ဆိကာ သတပဒီ၊ ဥဏ္ဏနာဘိ သရဗူ မူသိကာ။
၈။ မေ ကတာ မေ ရက္ခာ ကတံ မေ ပရိတ္တံ၊ ပဋိက္ကမန္တု ဘူတာနိ။ သောဟံ နမော ဘဂဝတော၊ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။
ခန္ဓသုတ္တံ နိဋ္ဌိတံ။
၅--မောရသုတ်
မောရသုတ်ရွတ်ဖတ်ရခြင်းအကျိုး
ပီယဆေးခတ်ခြင်း၊ ပုဏ္ဏကတိုက်ခြင်း စသည်ဖြင့် သူတပါးတို့က မကောင်း မကြံနိုင်အောင် ကာကွယ်နိုင်သည်။ အထူးသဖြင့် အပျိုရည် အပျို့သိက္ခာကို မြတ်နိုးသော မိန်းကလေးများအတွက် အကာအကွယ်ကောင်းဖြစ်သည်။ အန္တရာယ် ပြုရန် တစုံတယောက်က မိမိနောက်သို့ လိုက်နေသောအခါများတွင် ရွတ်နိုင်သည်။ သူတပါးက မိမိ၏ ရာထူးအခြေအနေ လျှောကျအောင် ကြံစည်နေလျှင်လည်း အကာအကွယ်ကောင်း တစ်ခုဖြစ်ပေသည်။ လုပ်ကြံသတ်ဖြတ်မှု မခံရအောင်လည်း စွမ်းပေသေးသည်။
မောရသုတ်မြန်မာပြန်
၁-၂။ သဗ္ဗညုတဉာဏ်တော်၏ အခြေခံအဆောက်အဦဖြစ်သော ပါရမီတို့ကို ဖြည့်ကျင့်တော်မူစဉ်အခါ ဥဒေါင်းမျိုး၌ ဖြစ်တော်မူခိုက် ဘုရားအလောင်း ဥဒေါင်းမင်းသည် ဤမောရပရိတ်ဖြင့် မိမိကိုယ်ကို ဘေးအန္တရာယ်ကင်းအောင် စီရင်ထားလေသည်။ မုဆိုးတို့သည် ဘုရားအလောင်း ဥဒေါင်းမင်းကို ဖမ်းယူရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြသော်လည်း ဖမ်း၍မရနိုင်ကြကုန်၊ ဤမောရပရိတ်ကို မြတ်သော မန္တရားဟူ၍ပင် မြတ်စွာဘုရားဟောကြားခဲ့၏။ ယခုအခါ ဤမောရ ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်းရွတ်ဆိုကြကုန်စို့။
စာမျက်နှာ-277
၃။ နေမင်းသည် လူတို့၏ မျက်စိသဖွယ်လည်းဖြစ်၏၊ ပြိုင်ဘက်ကင်းသော မင်းလည်းဖြစ်၏၊ ရွှေအဆင်းနှင့်တူသော အဆင်းလည်းရှိ၏၊ မြေပြင်တစ်ခုလုံးကို ထွန်းပသော အလင်းရောင်လည်းရှိ၏၊ ယခု ဤနေမင်းသည် တက်လတ်ပေ၏၊ ကျွန်ုပ်သည် ရွှေအဆင်းရှိသော မြေပြင်၌ ထွန်းလင်းတောက်ပသော ဤနေမင်းကို ရှိခိုးပါ၏၊ ရိုသေပါ၏၊ ယနေ့ တစ်နေ့လုံး အသင်နေမင်း၏ အစောင့်အရှောက်ကို ခံယူပြီး ကျွန်ုပ်နေပါအံ့။
၄။ မြတ်စွာဘုရားတို့မည်သည်မှာ မကောင်းမှုဟူသမျှကို အပပြုကုန်ပြီးဖြစ်၏၊ တရားအားလုံးကို သိမြင်တော်မူကြပြီးဖြစ်၏၊ ထိုဘုရားရှင်တို့အား ကျွန်ုပ်ရှိခိုးပါ၏၊ ထိုဘုရားရှင်တို့ကလည်း ကျွန်ုပ်ကို စောင့်ရှောက်ကြပါစေသတည်း၊ သစ္စာလေးပါးကို သိမြင်ပြီးသော ပုဂ္ဂိုလ်တို့အားလည်း ရှိခိုးပါ၏။ အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတ ဉာဏ်တော်အားလည်း ရှိခိုးပါ၏၊ ကိလေသာမှ ကင်းလွတ်ကုန်ပြီးသော ပုဂ္ဂိုလ်တို့ အားလည်း ရှိခိုးပါ၏၊ အရဟတ္တဖိုလ်တရားအားလည်း ရှိခိုးပါ၏၊ ဦးညွတ်ပါ၏။
ဤသို့လျှင် ဘုရားအလောင်း ဥဒေါင်းမင်းသည် ဤ ပရိတ်အရံအတားကို ပြုပြီးမှ အစာရှာထွက်လေ၏။
၅။ နေမင်းသည် လူတို့၏ မျက်စိနှင့်တူ၏၊ မြတ်သောမင်းလည်း ဖြစ်၏၊ ရွှေအဆင်းအရောင်လည်းရှိ၏၊ မြေပြင်၌လည်း ထွန်းလင်းတောက်ပ၏၊ ဤနေမင်း သည် ယခုဝင်လေ၏၊ ကျွန်ုပ်သည် ရွှေအဆင်းရှိသော မြေပြင်၌ တောက်ပသော အရောင်ရှိသော ရှင်နေမင်းကို ဦးညွတ်ရှိခိုးပါ၏၊ ယခု တစ်ညဉ့်ပတ်လုံး အရှင်နေမင်း၏ အစောင့်အရှောက်ခံယူ၍ ကျွန်ုပ် နေပါအံ့။
၆။ မကောင်းမှုဟူသမျှကို ဖယ်ရှားပြီး တရားအလုံးစုံကို သိတော်မူကုန်သော ဘုရားရှင်တို့အား ဦးညွတ်ရှိခိုးပါ၏၊ ထိုဘုရားရှင်တို့သည် ကျွန်ုပ်ကို စောင့်ရှောက် ပါစေသတည်း၊ သစ္စာလေးပါးကို သိမြင်ပြီးသော အရိယာပုဂ္ဂိုလ်များအားလည်းကောင်း၊ အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်တော်အားလည်းကောင်း၊ ကိလေသာအနှောင် အဖွဲ့မှ လွတ်မြောက်ပြီးသော ပုဂ္ဂိုလ်တို့အားလည်းကောင်း၊ အရဟတ္တဖိုလ်တရား အားလည်းကောင်း ကျွန်ုပ် ရှိခိုးပါ၏၊ ဦးညွှတ်ပါ၏။
ဤသို့လျှင် ဥဒေါင်းမင်းသည် ဤပရိတ် အရံအတားကို ပြု၍ ညဥ့်အခါ၌ နေလေ၏။
စာမျက်နှာ-278
(၅) မောရသုတ်ပါဠိတော်
၁။ ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ မောရယောနိယံ။ ယေန သံဝိဟိတာရက္ခံ၊ မဟာသတ္တံ ဝနေစရာ။
၂။ စိရဿံ ဝါယမန္တာပိ၊ နေ၀ သက္ခိံသု ဂဏှိတုံ။ “ဗြဟ္မမန္တ”န္တိ အက္ခာတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၃။ ဥဒေယတံ စက္ခုမာ ဧကရာဇာ၊ ဟရိဿဝဏ္ဏော ပထ၀ိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏ ပထ၀ိပ္ပဘာသံ၊ တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ဒိဝသံ။
၄။ ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော တေ စ မံ ပါလယန္တု။ နမတ္ထု၊ ဗုဒ္ဓါနံ နမတ္ထု၊ ဗောဓိယာ၊
နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊ မောရော စရတိ ဧသနာ။
၅။ အပေတယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿဝဏ္ဏော ပထ၀ိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏ ပထ၀ိပ္ပဘာသံ၊ တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ရတ္တိံ။
၆။ ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော တေ စ မံ ပါလယန္တု။ နမတ္ထု၊ ဗုဒ္ဓါနံ နမတ္ထု၊ ဗောဓိယာ၊ နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊ မောရော ဝါသ မကပ္ပယိ။
မောရသုတ္တံ နိဋ္ဌိတံ။
၆-ဝဋ္ဋသုတ်
ဝဋ္ဋသုတ်ရွတ်ဖတ်ရခြင်းအကျိုး
မီးဘေးလွတ်ကင်းစေနိုင်သည်၊ မိမိကိုယ်တိုင် မီးဘေးမသင့်ရအောင် မိမိရပ်ကွက် မီးဘေးကင်းအောင် သစ္စာပြုနိုင်သည်။
စာမျက်နှာ-279
ဝဋ္ဋသုတ်မြန်မာပြန်
၁။ သဗ္ဗညုတဉာဏ်တော်ကို ရရှိခြင်း၏ အခြေခံဖြစ်သော ပါရမီတို့ကို ဖြစ်ကျင့်သော ဘုရားအလောင်းသည် နုစဉ်ဘဝက ငုံးငှက်မျိုး၌ ဖြစ်ရလေ၏။ ဘုရားအလောင်းငုံးငယ်ကို ဤပရိတ်တော်၏ တန်ခိုးကြောင့် တောမီးကွင်းရလေ၏။
၂။ ဤပရိတ်တော်ကို ရှင်သာရိပုတ္တရာမဟာထေရ်မြတ်အား မြတ်စွာဘုရား ဟောကြားတော်မူခဲ့၏၊ ဤပရိတ်တော်သည် ကမ္ဘာတည်လိမ့်မည်။ တန်ခိုးလည်း လွန်စွာကြီး၏၊ ယခုအခါ ထိုငုံးမင်းပရိတ်ကို ကျွန်ုပ်တို့ စုပေါင်းရွတ်ဆိုကြပါစို့။
၃။ လောက၌ သီလ၏ ဂုဏ်ကျေးဇူးသည် ရှိပေ၏။ မှန်ကန်သော သစ္စာသည် ရှိပေ၏၊ ကိုယ်ရေး၊ နှုတ်ရေး၊ စိတ်ရေး လုံးဝစင်ကြယ်ခြင်းသည် ရှိပေ၏၊ သတ္တဝါတို့အား ကြင်နာသနားခြင်းသည် ရှိပေ၏၊ ဤသို့သော သစ္စာစကားဖြင့် အလွန်ကောင်းမြတ်သော သစ္စာပြုခြင်းကို ငါဘုရား နုစဉ်က ပြုခဲ့ဖူးလေပြီ။
၄။ သစ္စာတရား၏ စွမ်းပကားကို ဆင်ခြင်သုံးသပ်ပြီး ရှေးရှေးသော ဘုရား ရှင်တို့ကို အောက်မေ့သတိရပြီး သစ္စာ၏ အစွမ်းကို အမှီပြု၍ သစ္စာပြုခဲ့ဖူးလေပြီ။
၅။ အို-တောမီး-ငါ့မှာ အတောင်တို့ ရှိပေါသော်လည်း မပျံနိုင်သေးပါ၊ ငါ့မှာ ခြေတို့ ရှိပါသော်လည်း မသွားတတ်သေးပါ၊ ငါ၏ မိဘတို့သည်လည်း (ငါ့ကို ထား၍) ထွက်သွားကြလေပြီ၊ အို-တောမီး- ငါ့ကို ဖဲကြဉ်ပါလော့။
၆။ ချစ်သား သာရိပုတ္တရာ-ဤကဲ့သို့ ငါဘုရားလောင်းငုံးငယ်က သစ္စာပြု လိုက်သောအခါ သစ္စာပြုပြီးသည်နှင့်တပြိုင်နက် တောမီးသည် ရေသို့ ရောက်၍ ဖဲကြဉ်ရသကဲ့သို့ ငါ့ကို ဖဲကြဉ်လေ၏၊ အရှိန်အလျှံကြီးမားလှသော တောမီးသည် မင်းပယ် (၁၆)ပယ်ခန့် မျှ ကွင်းလေ၏၊ ချစ်သား သာရိပုတ္တရာ-ငါ၏ သစ္စာစကား နှင့် တူသော တရားမည်သည် မရှိချေ။ ဤပါရမီကား ငါဘုရား၏ သစ္စာပါရမီပင် ဖြစ်တော့သည်။
(၆) ဝဋ္ဋသုတ်ပါဠိတော်
၁။ ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ ဝဋ္ဋဇာတိယံ။ ယဿ တေဇေန ဒါဝဂ္ဂီ၊ မဟာသတ္တံ ဝိဝဇ္ဇယိ။
၂။ ထေရဿ သာရိပုတ္တဿ၊ လောကနာထေန ဘာသိတံ။ ကမ္မဋ္ဌာယီ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
စာမျက်နှာ-280
၃။ အတ္ထိ လောကေ သီလဂုဏော၊ သစ္စံ သောစေယျ နုဒ္ဒယာ။ တေန သစ္စေန ကာဟာမိ၊ သစ္စကိရိယ မုတ္တမံ။
၄။ အာဝဇ္ဇေတွာ ဓမ္မဗလံ၊ သရိတွာ ပုဗ္ဗကေ ဇိနေ။ သစ္စဗလ မဝဿာယ၊ သစ္စကိရိယ မကာသ ဟံ။
၅။ သန္တိ ပက္ခာ အပတနာ၊ သန္တိ ပါဒါ အဝဉ္စနာ။ မာတာ ပိတာ စ နိက္ခန္တာ၊ ဇာတဝေဒ ပဋိက္ကမ။
၆။ သဟ သစ္စေ ကတေ မယှံ၊ မဟာပဇ္ဇလိတော သိခီ။ ဝဇ္ဇေသိ သောဠသ ကရီသာနိ၊ ဥဒကံ ပတွာ ယထာ သိခီ။ သစ္စေန မေ သမော နတ္ထိ၊ ဧသာ မေ သစ္စပါရမီ။
ဝဋ္ဋသုတ္တံ နိဋ္ဌိတံ။
၇-ဓဇဂ္ဂသုတ်
ဓဇဂ္ဂသုတ်ရွတ်ဖတ်ရခြင်းအကျိုး
ဤသုတ်ကို ရွတ်ဖတ်ပွားများလျှင် ပိုမို၍ ဉာဏ်ကောင်းလာစေနိုင်သည်။ မည်သည့် နေရာသို့ ဖြစ်စေ နေ့နေ့ညည တစ်ယောက်တည်း သွားရဲ၊ လာရဲ၊ နေရဲစေသည်။ စိတ်တန်ခိုးလည်း ကြီးလာလိမ့်မည်၊ ပရိသတ်အလယ်မှာ ပြောရဲ၊ ဆိုရဲ ရှိလာနိုင်သည်။ မိမိ၏ ဘဝအခြေအနေ ခိုင်မြဲစေသည်၊ ရာထူးတည်မြဲရေး၊ စည်းစိမ်တည်မြဲရေးအတွက် အကျိုးပြုလိမ့်မည်ဖြစ်သည်။ (ဘုရား၊ တရား၊ သံဃာဂုဏ်တော်များကို သီးသန့် ပွားများနိုင်သည်။)
ဓဇဂ္ဂသုတ်မြန်မာပြန်
၁။ ဤဓဇဂ္ဂသုတ်ပရိတ်တော်ကို အောက်မေ့ဆင်ခြင်ကာမျှဖြင့် ကောင်းကင်၌ပင် တည်ခိုက်ကြုံသော်လည်း မြေပြင်မှာလို ခိုင်ခိုင်မြဲမြဲ တည်ခွင့်ရလေသည်။
၂။ ဤဓဇဂ္ဂသုတ် ပရိတ်တော်ကြောင့် ဘီလူးဘေး၊ ခိုးသူဘေး စသော ဘေး အန္တရာယ် အသွယ်သွယ်မှ လွတ်မြောက်ကြရသော လူတို့ကို ရေတွက်၍ မကုန်နိုင် ပါချေ။ ယခုအခါ ဤပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်းရွတ်ကြပါကုန်စို့။
၃။ သံဃဥက္ကဋ္ဌ သံဃနာယကဖြစ်တော်မူသော မဟာကဿပအရှင်ဘုရား- အကျွန်ုပ်အာနန္ဒာသည် ဤဓဇဂ္ဂသုတ် ပရိတ်တော်ကို မြတ်စွာဘုရားထံတော်မှ တိုက်ရိုက် ဤကဲ့သို့ ကြားနာမှတ်သားထားလိုက်ပါ၏။
စာမျက်နှာ-281
အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္တိပြည် အနာထပိဏ်သူဌေးကြီး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိသော ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေပါသည်။
၄။ ထိုသို့နေတော်မူစဉ်အခါ မြတ်စွာဘုရားက “ရဟန်းတို့”ဟူ၍ ရဟန်း အများကို ခေါ်တော်မူပါသည်။ ရဟန်းတို့လည်း မြတ်စွာဘုရား စကားတော်ကို ခံယူရန် အသင့်ဖြစ်ကြပါသည်။ ထိုအခါ မြတ်စွာဘုရားက ဤသို့ မိန့်ကြား ဟောမြွက် တော်မူပါသည်-
ချစ်သားတို့-ရှေးအခါက တာဝတိံသာနတ်နှင့် အသုရာနတ်စစ်သည်တို့ စစ်ခင်းခဲ့ ကြဖူး၏။ ထိုအခါ သိကြားမင်းသည် တာဝတိံသာနတ်စစ်သည်တို့ကို ခေါ်ယူပြီး ဤသို့ ပြောကြားခဲ့၏ “အမောင်နတ်သားတို့-သင်တို့သည် စစ်မြေပြင်မှာ ကြောက်ရွံ့ခြင်း တုန်လှုပ်ခြင်း၊ ကြက်သီးမွှေးညင်းထခြင်းများ ဖြစ်ခဲ့သည်ရှိသော် ငါသိကြားမင်း၏ တံခွန်ဖျားကို မော်၍ ကြည့်လိုက်ကြကုန်လော့။ ဤသို့ ကြည့်လိုက် ပါလျှင် သင်တို့ အကြောက်ပြေကြလိမ့်မည်။ မတုန်မလှုပ် ရဲရင့်လာကြလိမ့်မည်၊ ကြက်သီး မွေးညင်းထခြင်းများလည်း ပြေပျောက်သွားကြလိမ့်မည်”။
၅။ “အကယ်၍ ငါ၏ တံခွန်ဖျားကို မော်၍ မကြည့်ဖြစ်လျှင် ပဇာပတိနတ်မင်း၏ တံခွန်ဖျားကို မော်၍ ကြည့်ကြ၊ ဤသို့ ပဇာပတိနတ်မင်း၏ တံခွန်ဖျားကို ကြည့် ကြလျှင်လည်း ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီး မွေးညင်း ထခြင်းများ ပျောက်ကင်းသွားလိမ့်မည်”။
၆။ အကယ်၍ ပဇာပတိနတ်မင်း၏ တံခွန်ဖျားကို မကြည့်ဖြစ်ခဲ့သော် ဝရုဏ နတ်မင်း၏ တံခွန်ဖျားကို မော်၍ ကြည့်ကြ၊ ဝရုဏနတ်မင်း၏ တံခွန်ဖျားကို မော်၍ ကြည့်ဖြစ်ကြလျှင်လည်း ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီး မွေးညင်း ထခြင်းများ ပြေပျောက်သွားပေလိမ့်မည်”။
၇။ “အကယ်၍ ဝရုဏနတ်မင်း၏ တံခွန်ဖျားကို မကြည့်ဖြစ်ခဲ့သော် ဤသာန နတ်မင်း၏ တံခွန်ဖျားကို မော်၍ ကြည့်ကြ၊ ဤသာနနတ်မင်း၏ တံခွန်ဖျားကို မော်၍ ကြည့်ဖြစ်ကြလျှင်လည်း ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်း ထခြင်းများ ပြေပျောက်သွားပေလိမ့်မည်”။
ဤသို့လျှင် သိကြားမင်းက တာဝတိံသာနတ်တို့ကို အသိပေးလေ၏။
၈။ ချစ်သားရဟန်းတို့ - နတ်တို့အရှင် သိကြားမင်း၏ တံခွန်ဖျားကို မော်၍ ကြည့်သောနတ်များ သို့တည်းမဟုတ် ပဇာပတိနတ်မင်း၊ ဝရုဏနတ်မင်း
စာမျက်နှာ-282
ဤသာနနတ်မင်းတို့၏ တံခွန်ဖျားကို မော်၍ကြည့်သော နတ်များအား ကြောက် လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွှေးညင်း ထခြင်းများ ပျောက်သော်လည်း ပျောက်မည်။ မပျောက်ဘဲလည်း နေချင်နေလိမ့်မည်။
၉။ အကြောင်းမူကား နတ်တို့အရှင် သိကြားမင်းလည်း ရာဂကင်းသူမဟုတ်၊ ဒေါသကင်းသူ မဟုတ်၊ မောဟကင်းသူ မဟုတ်၊ သူကိုယ်နှိုက်က ကြောက်တတ်၏၊ တဆတ်ဆတ်တုန်တတ်၏၊ လန့်ဖျပ်တတ်၏၊ ထွက်ပြေးတတ်၏။
၁၀။ ချစ်သားရဟန်းတို့-ငါဘုရားသည်ကား မလွဲဧကန် ဤသို့ ဟောပေအံ့၊ ရဟန်းတို့ အနေဖြင့် တောထဲ၌ တပါးတည်းနေသောအခါ သစ်ပင်ရင်း၌ နေသော အခါ ဆိတ်ငြိမ်ရာအရပ်၌ နေသောအခါများ၌ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွှေးညင်းထခြင်း တစ်ခုခုဖြစ်လာခဲ့လျှင် ဘုရားဂုဏ်တော်ကို ဤသို့ အောက်မေ့ကြကုန်လော့-
၁၁။ မြတ်စွာဘုရားသည် ကိလေသာတို့မှ ကင်းဝေးတော်မူ၏။ ကိလေသာရန်သူ တို့ကို ပယ်သတ်ပြီးဖြစ်၏။ သံသရာစက်ဝန်း၏ အကန့်အထောက်များကို ဖျက်ဆီး ပြီးဖြစ်၏။ ပစ္စည်းလေးပါး ပူဇော်အထူးကို ခံယူတော်မူထိုက်၏။ ဆိတ်ကွယ်ရာ အရပ်၌ပင်လျှင် မကောင်းမှုဒုစရိုက်ကို ရှောင်တော်မူ၏။ သို့ဖြစ်၍ “အရဟံ”ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်။
မြတ်စွာဘုရားသည် ကောင်းမွန်လှစွာ သယမ္ဘူဉာဏ်မြတ်မဟာဖြင့် မိမိအလိုလို သစ္စာလေးပါး တရားမြတ်ကို ထိုးထွင်း၍ သိတော်မူ၏။ သို့ဖြစ်၍ “သမ္မာသမ္ဗုဒ္ဓ ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
မြတ်စွာဘုရားသည် ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတစ်ဆယ့်ငါးပါးတို့နှင့် လုံးဝဥဿုံ ပြည့်စုံတော်မူပေ၏။ သို့ဖြစ်၍ “ဝိဇ္ဇာစရဏသမ္ပန္နော”ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
မြတ်စွာဘုရားသည် နိဗ္ဗာန်သို့သာလျှင် ဖြောင့်ဖြောင့်မတ်မတ် ကောင်းစွာ သွားတော်မူ၏၊ စကားဆိုရန်ခွင်ခြောက်တန်တို့တွင် ဟုတ်မှန်ကျိုးကြောင်း စကားကောင်းကိုသာ ဆိုတော်မူတတ်၏။ သို့ဖြစ်၍“သုဂတော”ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
မြတ်စွာဘုရားသည် ကာမလောက၊ ရူပလောက၊ အရူပလောကဟူသော လောကသုံးပါး၊ တစ်နည်းအားဖြင့် သတ္တလောက၊ သင်္ခါရလောက၊ ဩကာသ
စာမျက်နှာ-283
လောကဟူသော လောကကြီးသုံးပါးတို့ကို မဖောက်မပြန် သယမ္ဘူဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်းထင်ပေါ် သိမြင်တော်မူ၏။ သို့ဖြစ်၍ “လောကဝိဒူ”ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
မြတ်စွာဘုရားသည် မိမိကိုယ်တိုင်လည်း အတုမရှိ၊ သူတပါးတို့အားလည်း အတုမရှိသော မိမိ၏တရားဖြင့် ဆုံးမတတ်၏၊ ဆုံးမထိုက်သော လူ၊ နတ်၊ ဘီလူး၊ တိရစ္ဆာန်ကြမ်းများကိုပင် ဝေပ်ငြိမ်သက်အောင် နိုင်နင်းစွာ ဆုံးမတော်မူနိုင်၏။ သို့ဖြစ်၍“အနုတ္တရော ပုရိသဒမ္မာသာရထိဟူသော ဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေ၏၊
မြတ်စွာဘုရားသည် လူအပေါင်း နတ်အပေါင်းတို့အား ကောင်းစွာ သွန်သင် ဆုံးမတတ်သော လူနတ်တို့၏ ဆရာကောင်းဖြစ်တော်မူ၏။ သို့ဖြစ်၍“သတ္ထာ ဒေဝမနုဿာနံ”ဟူသော ဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေ၏။
မြတ်စွာဘုရားသည် တရားအားလုံးကို ကိုယ်တိုင်လည်း ထိုးထွင်းသိမြင်တော်မူ၏။ သူတပါးတို့အားလည်း သစ္စာလေးပါး တရားကို သိမြင်အောင် ဟောပြောပြနိုင်၏။ သို့ဖြစ်၍ “ဗုဒ္ဓေါ”ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
မြတ်စွာဘုရားသည် အစိုးရခြင်း၊ တရားရှိခြင်း၊ အခြံအရံများခြင်း၊ ကျက်သရေ ရှိခြင်း၊ အလိုအတိုင်းဖြစ်ခြင်း၊ လုံ့လစွမ်းအား အပြည့်ရှိခြင်းဟူသော ဘုန်းတော် ခြောက်ပါးနှင့်လည်း ပြည့်စုံတော်မူပေ၏။ သို့ဖြစ်၍“ဘဂဝါ”ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
၁၂။ ဤကဲ့သို့ ငါဘုရား၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို ဆင်ခြင်အောက်မေ့ ကြလော့။ ဘုရားဂုဏ်ကို ဆင်ခြင်အောက်မေ့မိသည်ရှိသော် သင်တို့အား ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းဟူသမျှ ပျောက်ကင်းသွားပေလိမ့်မည်။
၁၃။ အကယ်၍ ဘုရားဂုဏ်တော်ကို မဆင်ခြင်၊ မအောက်မေ့မိသည်ရှိသော် မြတ်စွာဘုရား ဟောကြားထားသော တရားတော်၏ ဂုဏ်တော်ကို ဤသို့ အောက်မေ့ သတိရကြ။
၁၄။ တရားတော်သည် မြတ်စွာဘုရားက ကောင်းစွာ ဟောကြားထားသော တရားတော်ဖြစ်သောကြောင့်“သွာက္ခာတ”ဟူသော ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။
စာမျက်နှာ-284
တရားတော်သည် မျက်မှောက်၌ပင် ကောင်းကျိုးချမ်းသာကို ပေးတတ်သော ကြောင့် “သန္ဒိဋ္ဌိက”ဟူသော ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။
တရားတော်သည် အခါမလင့် အကျိုးပေးတတ်သောကြောင့်“အကာလိက” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။
တရားတော်သည် လာပါ၊ ရှုပါ၊ ကျင့်ကြံပါဟူ၍ မပါ ပါအောင် ခေါ်ဆောင် တိုက်တွန်း ပြညွှန်းခြင်းငှာ ထိုက်သောကြောင့်“ဧဟိ ပဿိက”ဟူသော ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။
တရားတော်သည် လူ့အား နတ်ရွာနိဗ္ဗာန်သို့ ပို့ဆောင် ပေးတတ်သော ကြောင့် “ဩပနေယျက”ဟူသော ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။
တရားတော်သည် ပညာရှိသူ ရှင်လူအပေါင်း သူတော်ကောင်းတို့ အနေဖြင့် အသီးသီး တစ်ဦးစီ တစ်ဦးစီ မိမိတို့၏ စိတ်၌ ကပ်၍ ဆောင်ထားထိုက်သော ကြောင့်“ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိဟူသော ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။
၁၅။ ဤသို့လျှင် တရားတော်၏ ဂုဏ်တော်ကို ဆင်ခြင်အောက်မေ့မိသော သူအား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းဟူသမျှ လုံးဝ ပျောက်ကင်း သွားပေလိမ့်မည်။
၁၆။ အကယ်၍ ဘုရားဂုဏ်တော်ကိုသော်လည်း ကောင်း၊ တရားဂုဏ်တော်ကိုသော် လည်းကောင်း မဆင်ခြင်၊ မအောက်မေ့ဖြစ်ပါက မြတ်စွာဘုရား၏ တပည့်သား သံဃာတော်၏ ဂုဏ်ကျေးဇူးကို အောက်မေ့ရာ၏၊
၁၇။ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် နိဗ္ဗာန်အကျိုးငှာ ကောင်းသော အကျင့်ကိုသာ ကျင့်တော်မူတတ်ပါပေ၏။ သို့ဖြစ်၍“သုပ္ပဋိပန္နော ဟူသော ဂုဏ်ရှိပေ၏။
သံဃာတော်သည် နိဗ္ဗာန်မဂ်ဖိုလ်ရရှိရေးအတွက် ဖြောင့်မတ်စွာ လမ်းမှန်သော အကျင့်ကိုသာ ကျင့်တော်မူပါပေ၏။ သို့ဖြစ်၍ “ဥဇုပ္ပဋိပန္နော” ဟူသော ဂုဏ်ရှိပေ၏။
သံဃာတော်သည် နိဗ္ဗာန်ရရှိရေးနှင့် သင့်လျော်လျောက်ပတ်သော အကျင့် ကိုသာ ကျင့်တော်မူပါပေ၏။ သို့ဖြစ်၍ “ဉာယပ္ပဋိပန္နော”ဟူသော ဂုဏ်ရှိပေ၏။
စာမျက်နှာ-285
သံဃာတော်သည် အရိုအသေပြုခြင်းကို ခံယူထိုက်အောင် အကျင့်သီလကို ကောင်းစွာ ဖြည့်ကျင့်တော်မူပါပေ၏။ သို့ဖြစ်၍ “သာမီစိပ္ပဋိပန္နော”ဟူသော ဂုဏ်ရှိပေ၏။
ထိုဘုရားတပည့် အရိယာသံဃာသည် (အချုပ်အားဖြင့်) အရေအတွက်လေးစုံ ပုဂ္ဂိုလ်ရှစ်ယောက်ရှိပေ၏။ ထိုသံဃာတော်သည် အဝေးမှ တကူးတက ဆောင်ယူ၍ ပူဇော်သမှု ပြုခြင်းကိုလည်း ခံယူထိုက်၏။ သို့ဖြစ်၍“အာဟုနေယျော”ဟူသော ဂုဏ်ရှိပေ၏။
ဧည့်သည်တို့အား ရည်စူး၍ အထူးပြုလုပ်ထားသော ပစ္စည်းဝတ္ထုတို့ကိုလည်း မိမိအားလှူလျှင် ကောင်းစွာ ခံယူထိုက်ပေ၏။ သို့ဖြစ်၍ “ပါဟုနေယျော”ဟူသော ဂုဏ်ရှိပေ၏။
လောက၌ အမြတ်ဆုံး အကောင်းဆုံးဖြစ်သော အလှူကိုလည်း ထိုက်ထိုက် တန်တန် ခံယူနိုင်ပေ၏။ သို့ဖြစ်၍ “ဒက္ခိဏေယျော”ဟူသော ဂုဏ်ရှိပေ၏။ လူနတ်တို့၏ ရှိခိုးခြင်းကိုလည်း ခံထိုက်၏။ သို့ဖြစ်၍“အဉ္ဇလိကရဏီယော”ဟူသော ဂုဏ်ရှိပေ၏။
လူတို့က ကောင်းမှုတည်းဟူသော မျိုးစေ့ကို စိုက်ပျိုးရာ ကြဲချရာ အတုမရှိ လယ်မြေကောင်းသဖွယ်လည်း ဖြစ်၏။ သို့ဖြစ်၍ “အနုတ္တရံ ပုညက္ခေတ္တံ လောကဿ”ဟူသော ဂုဏ်ရှိပေ၏။
၁၈။ ဤသို့လျှင် သံဃာတော်၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို ဆင်ခြင်အောက် မေ့ရာ၏။ သံဃာ့ဂုဏ်သို့ စိတ်ညွတ်၍ အာရုံပြုမိသော သင်တို့အား ကြောက်လန့် ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွှေးညင်းထခြင်းဟူသမျှ ကင်းပျောက်သွားလိမ့်မည်။
၁၉။ ထိုစကားမှန်ပေ၏။ အကြောင်းမူကား ဝိပဿီ စသော ရှေးရှေးသော ဘုရားရှင်များနည်းတူ ကောင်းစွာပွင့်ထွန်းလာသော ငါဘုရားသည် လူသူ လေးပါး ကင်းသည့် ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို မပြုမလုပ်။ ကောင်းစွာ ကိုယ်တိုင် သစ္စာတရားမြတ်ကို ထိုးထွင်း သိမြင်ပြီး ဖြစ်၏။ တဏှာရာဂ လုံးဝကင်း၏၊ အမျက်ဒေါသ လုံးဝကင်း၏၊ မသိမောဟ လုံးဝကင်း၏၊ ကြောက်လည်း မကြောက်တတ်၊ အကြောက်အလန့် မရှိ။ ကြောက်၍ တုန်လှုပ်သည်ဟူ၍ လုံးဝမရှိ၊ မထိတ်တတ်၊ မလန့်တတ်၊ ကြောက်လန့်၍ ထွက်ပြေးသည် ဟူ၍လည်း ဘယ်သောအခါမျှ မရှိ၊ ထို့ကြောင့် ဤသို့သော ဘုရား ၊ တရားဂုဏ်၊ သံဃာဂုဏ်ကို အာရုံညွတ်၍ ကြည်ညိုစိတ်ထား ပွားများသူမှာ ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွှေးညင်း ထခြင်းဟူသမျှ ကင်းပျောက်ရမြဲ ဖြစ်လေသည်။
စာမျက်နှာ-286
၂၀။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ ထို့နောက် ဆက်လက်၍ ဤသို့ တဖန် မိန့်ကြားတော်မူပြန်၏-
၂၁။ “ချစ်သားရဟန်းတို့-သင်တို့သည် တော၌ ဖြစ်စေ၊ သစ်ပင်ရင်း၌ ဖြစ်စေ၊ ဆိတ်ကွယ်ရာအရပ်၌ ဖြစ်စေ (နေခိုက်၌)ဘုရားဂုဏ်တော်ကို သတိရကြ၊ သတိရလျှင် သင်တို့ မကြောက်မရွံ့ နေနိုင်ကြလတ္တံ့။
၂၂။ လူနတ်တို့၏ အကြီးအမြတ်ဖြစ်တော်မူထသော မြတ်စွာဘုရား၏ ဂုဏ်တော်ကို အောက်မေ့ခြင်း မပြုဖြစ်ကြလျှင် သံသရာမှ ထွက်မြောက်ကြောင်း ကောင်းစွာ ဟောကြားထားသော တရားတော်၏ ဂုဏ်ကို သတိရကြ။
၂၃။ တရားတော်၏ဂုဏ်ကို အမှတ်မရကြလျှင် ကောင်းမှုမျိုးစေ့ စိုက်ပျိုးရာ အတုမရှိ လယ်မြေကောင်းနှင့်တူသော သံဃာတော်၏ ဂုဏ်တော်ကို ဆင်ခြင် ပွားများကြ။
၂၄။ ဤကဲ့သို့ မြတ်စွာဘုရား၏ ကျေးဇူးတော်ဂုဏ်တော်ကိုဖြစ်စေ၊ တရားတော် မြတ်၏ ကျေးဇူးတော် ဂုဏ်တော်ကိုဖြစ်စေ၊ သံဃာတော်၏ ကျေးဇူးတော် ဂုဏ်တော် ကိုဖြစ်စေ ဆင်ခြင်အောက်မေ့သည်ရှိသော် ကြောက်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွှေးညင်း ထခြင်းဟူသမျှ လုံးဝ မဖြစ်ပေါ်လတ္တံ့။
(၇) ဓဇဂ္ဂသုတ်ပါဠိတော်
၁။ ယဿာနုဿရဏေနာပိ၊ အန္တလိက္ခေပိ ပါဏိနော။ ပတိဋ္ဌ မဓိဂစ္ဆန္တိ၊ ဘူမိယံ ဝိယ သဗ္ဗထာ။
၂။ သဗ္ဗုပဒ္ဒဝဇာလမှာ၊ ယက္ခစောရာဒိသမ္ဘဝါ။ ဂဏနာ န စ မုတ္တာနံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၃။ ဧဝံ မေ သုတံ-
ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။
၄။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ “ဘိက္ခဝေါ”တိ။ “ဘဒန္တေ”တိ တေ ဘိက္ခူ ဘဂဝတော ပစ္စေဿာသုံ။ ဘဂဝါ ဧတ ဒဝေါစ- ဘူတပုဗ္ဗေ ဘိက္ခဝေ ဒေဝါသုရသင်္ဂါမော သမုပဗျူဠော အဟောသိ။ အထ ခေါ ဘိက္ခဝေ သက္ကော ဒေဝါနမိန္ဒော
စာမျက်နှာ-287
၅။ ဒေဝေ တာဝတိံသေ အာမန္တေသိ- သစေ မာရိသာ ဒေဝါနံ သင်္ဂါမဂတာနံ ဥပ္ပဇ္ဇေယျ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ မမေ၀ တသ္မိံ သမယေ ဓဇဂ္ဂံ ဥလ္လောကေယျာထ။ မမံ ဟိ ဝေါ ဓဇဂ္ဂံ ဥလ္လောကယတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။
နော စေ မေ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ပဇာပတိဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ။ ပဇာပတိဿ ဟိ ဝေါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။
၆။ နော စေ ပဇာပတိဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ဝရုဏဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ။ ဝရုဏဿ ဟိ ဝေါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။
၇။ နော စေ ဝရုဏဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ဤသာနဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ ဤသာနဿ ဟိ ဝေါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ သော ပဟီယိဿတီတိ။
၈။ တံ ခေါ ပန ဘိက္ခဝေ သက္ကဿ ဝါ ဒေဝါနမိန္ဒဿ ဓဇဂ္ဂံ ဥလ္လောကယတံ ပဇာပတိဿ ဝါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ ဝရုဏဿ ဝါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ ဤသာနဿ ဝါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ သော ပဟီယေထာပိ နောပိ ပဟီယေထ။
စာမျက်နှာ-288
၉။ တံ ကီဿ ဟေတု? သက္ကော ဟိ ဘိက္ခဝေ ဒေဝါနမိန္ဒော အဝီတရာဂေါ အဝီတဒေါသော အဝီတမောဟော ဘီရု ဆမ္ဘီ ဥတြာသီ ပလာယီတိ။
၁၀။ အဟဉ္စ ခေါ ဘိက္ခဝေ ဧဝံ ဝဒါမိ- သစေ တုမှာကံ ဘိက္ခဝေ အရညဂတာနံ ဝါ ရုက္ခမူလဂတာနံ ဝါ သုညာဂါရဂတာနံ ဝါ ဥပ္ပဇ္ဇေယျ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ မမေဝ တသ္မိံ သမယေ အနုဿရေယျာထ-
၁၁။ ဣတိပိ သော ဘဂဝါ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏသမ္ပန္နော၊ သုဂတော၊ လောကဝိဒူ၊ အနုတ္တရော ပုရိသဒမ္မသာရထိ၊ သတ္ထာ ဒေဝ မနုဿာနံ၊ ဗုဒ္ဓေါ၊ ဘဂဝါ”တိ။
၁၂။ မမံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။
၁၃။ နော စေ မံ အနုဿရေယျာထ၊ အထ ဓမ္ံ အနုဿရေယျာထ-
၁၄။ သွာက္ခာတော ဘဂဝတာ ဓမ္မော၊ သန္ဒိဋ္ဌိကော၊ အကာလိကော၊ ဧဟိပဿိကော၊ သြပနေယျကော၊ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီ”တိ။
၁၅။ ဓမ္မံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။
၁၆။ နော စေ ဓမ္မံ အနုဿရေယျာထ၊ အထ သံဃံ အနုဿရေယျာထ-
၁၇။ “သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ၊ ဧသ ဘဂဝတော သာဝကသံဃော-
စာမျက်နှာ-289
အာဟုနေယျော။ ပါဟုနေယျော၊ ဒက္ခိဏေယျော၊ အဉ္ဇလိကရဏီယော၊ အနုတ္တရံ ပုညက္ခေတ္တံ လောကဿာ”တိ။
၁၈။ သံဃံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။
၁၉။ တံ ကိဿ ဟေတု? တထာဂတော ဟိ ဘိက္ခဝေ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝီတရာဂေါ ဝီတဒေါသော ဝီတမောဟော အဘီရု အဆမ္ဘီ အနုတြာသီ အပလာယီတိ။
၂၀။ ဣဒ မဝေါစ ဘဂဝါ၊ ဣဒံ ဝတွာန သုဂတော။ အထာပရံ ဧတ ဒဝေါစ သတ္ထာ-
၂၁။ အရညေ ရုက္ခမူလေ ဝါ၊ သုညာဂါရေ ဝ ဘိက္ခဝေါ။ အနုဿရေထ သမ္ဗုဒ္ဓံ၊ ဘယံ တုမှာက နော သိယာ။
၂၂။ နော စ ဗုဒ္ဓံ သရေယျာထ၊ လောကဇေဋ္ဌံ နရာသဘံ။ အထ ဓမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ။
၂၃။ နော စေ ဓမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ။ အထ သံဃံ သရေယျာထ၊ ပုညက္ခေတ္တံ အနုတ္တရံ။
၂၄။ ဧဝံ ဗုဒ္ဓံ သရန္တာနံ၊ ဓမ္မံ သံဃဉ္စ ဘိက္ခဝေါ။ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော နဟေဿတိ။
ဓဇဂ္ဂသုတ္တံ နိဋ္ဌိတံ။
၈-အာဋာနာဋိယသုတ်
အာဋာနာဋိယသုတ်ရွတ်ဖတ်ခြင်းအကျိုး
ဤသုတ်ကို မြွက်ရွတ်ပေးလျှင် နတ်တို့က လိုလားသည်၊ နတ်လိုက လူလို၊ လူလိုက ဂြိုဟ်၊ ကံဇာတာ ထလာစေနိုင်သည်၊ စုန်းပယောဂ၊ တစ္ဆေ၊ မြေဘုတ် ပူးကပ်လျှင် ဤသုတ်ဖြင့် ထုတ်ပစ်နိုင်သည်။ ပယောဂ ခွာဆေးတစ်မျိုး ဖြစ်ပေသည်။ ဤသုတ်ကို ရွတ်ပေးလျှင် လူနာကို အပမမှီနိုင်ပေ။
စာမျက်နှာ-290
အာဋာနာဋိယသုတ်မြန်မာပြန်
၁။ သူတော်ကောင်းအပေါင်းက ကောင်းပါပေသည်ဟု လက်ခံချီးကျူးထားသော မြတ်စွာဘုရား၏ သာသနာတော်ကိုပင် မကြည်ညိုမသက်ဝင်နိုင်ကြသော လူကြမ်း ဘီလူးတို့သည် ရက်စက်တတ်ကြကုန်၏။ မည်သည့်အခါမဆို နိုင်ထက်စီးနင်း နှိပ်စက် ကလူ ပြုတတ်ကြကုန်၏။
၂။ ထို ဘီလူး လူကြမ်းတို့က ပရိသတ်ကို မညှဉ်းဆဲ မနှိပ်စက်နိုင်စေရန်နှင့် သူတို့ကပင် ကူညီစောင့်ရှောက်လာစေရန် ရည်ရွယ်ချက်ဖြင့် ကြီးမြတ်သော လုံ့လရှိတော်မူသော မြတ်စွာဘုရားက ဤအာဋာနာဋိယပရိတ်တော် အရံအတားကို ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပေသည်။ ယခုအခါ၌ ဤပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း၍ ရွတ်ဆိုကြပါကုန်စို့။
၃။ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော ဘုန်းကျက်သရေနှင့် ပြည့်စုံတော်မူသော ဝိပဿီမြတ်စွာဘုရားအား အကျွန်ုပ်၏ ဦးညွတ်ရှိခိုးခြင်း ဖြစ်ပါစေ။ သတ္တဝါအားလုံး အပေါ် ကြင်နာသနားမှုဖြင့် အစဉ်သနားစောင့်ရှောက်တော်မူသော သိခိမြတ်စွာ ဘုရားအားလည်း အကျွန်ုပ်၏ ဦးညွတ်ရှိခိုးမှု ဖြစ်ပါစေ။
၄။ မကောင်းမှုအညစ်အကြေးကို ဆေးကြောသန့်စင်ပြီးဖြစ်သော၊ ခြိုးခြံသော အကျင့်ကိုလည်း ကျင့်တော်မူသော ဝေဿဘူမြတ်စွာဘုရားအားလည်း အကျွန်ုပ် ရှိခိုးပါ၏။ မာရ်စစ်သည်အပေါင်းကို နှိမ်နင်းအောင်မြင်တော်မူသော ကကုသန်မြတ်စွာ ဘုရားအားလည်း အကျွန်ုပ်ရှိခိုးပါ၏။
၅။ မကောင်းမှုဟူသမျှ အပပြုပြီးသော ငါးပါးသော ဝသီဘော်နှင့် ပြည့်စုံတော် မူသော ကောဏာဂုံ မြတ်စွာဘုရားအားလည်း အကျွန်ုပ်ရှိခိုးပါ၏။ ခပ်သိမ်းသော ကိလေသာတို့မှ လွတ်ကင်းတော်မူပြီးသော ကဿပမြတ်စွာဘုရားအားလည်း အကျွန်ုပ်၏ ဦးညွှတ်ရှိခိုးခြင်း ဖြစ်ပါစေ။
၆။ ဂေါတမဘုရားရှင်သည် လူတို့၏ ဆင်းရဲဒုက္ခဟူသမျှကို ပယ်ဖျောက်နိုင်စွမ်း ရှိသော တရားတော်မြတ်ကို ဟောကြားတော်မူပေ၏။ ကိုယ်တော်မှလည်း အရောင် အဝါ ကွန့်မြူးဖြာယှက် ထွက်တော်မူ၏၊ ဘုန်းကျက်သရေနှင့်လည်း ပြည့်စုံတော်မူ ပေ၏။ သကျသာကီဝင်မင်းသားလည်း ဖြစ်တော်မူ၏။ ထို ဂေါတမမြတ်စွာဘုရား အား အကျွန်ုပ်၏ ဦးညွတ်ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း။
၇။ လောက၌ ငြိမ်းအေးကုန်ပြီးသော ဘုရားရှင်အဆူဆူတို့သည် ယထာဘူတ ကျကျ သိကုန်၏၊ ချောပစ်ကုန်းတိုက်သော စကားမျိုးကို မည်သည့်အခါမျှ ဆိုမိန့်တော် မမူ၊ ကြီးလည်းကြီးမြတ်ကုန်၏။ ကြောက်ရွံ့ခြင်းလည်း ကင်းကုန်၏။
စာမျက်နှာ-291
၈။ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူ၍ မြတ်လှစွာသော ရဲရင့်ခြင်းအတိရှိတော်မူသော နတ်လူတို့၏ အစီးအပွားကို ဆောင်တော်မူတတ်သော ဂေါတမနွယ်ဖွား ရှင်တော်မြတ်ဘုရားကို ရှိခိုးဦးညွတ် ကြပါကုန်၏။
၉။ ဝိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဟူသော ဘုရားခုနစ်ဆူတို့နှင့်တကွ အကုဋေမက များလှစွာသော ဘုရားရှင်အားလုံး တို့သည် ပစ္စေကဗုဒ္ဓါ ရဟန္တာများနှင့် တူတော်မမူကုန်၊ ဆိုခဲ့ပါ သဗ္ဗညုဘုရားရှင် ချင်းသာ တူတော်မူကြကုန်၏၊ ဘုရားရှင်အားလုံးပင် တန်ခိုးဣဒ္ဓိ လွန်စွာကြီးမား ကြကုန်၏။
၁၀။ ခပ်သိမ်းကုန်သော ဘုရားရှင်တို့သည် အားတော်ဆယ်ပါးနှင့် ပြည့်စုံတော် မူကြ၏၊ ရဲရင့်သော ဝေသာရဇ္ဇဉာဏ်နှင့် ပြည့်စုံတော်မူကြ၏၊ မြတ်သော ယောက်ျား ဥသဘဖြစ်တော်မူ၍ သဗ္ဗညုတဉာဏ်ကို ရရှိကြောင်း ဝန်ခံကြကုန်၏။
၁၁။ ဘုရားရှင်တို့မည်သည် ပရိသတ်ဗိုလ်ပုံအလယ်၌ လွန်စွာရဲရင့်တော်မူကြ၏၊ ကေသရာဇာခြင်္သေ့မင်းကဲ့သို့ ရဲရဲရင့်ရင့် စကားဆိုကြ၏၊ မည်သူတစ်ဦးတစ်ယောက်မျှ မလည်မပတ်စေနိုင်သော ဓမ္မစကြာတရားတော်ကိုလည်း လည်ပတ်စေကုန်၏ (ဟော ကြားကုန်၏)။
၁၂။ ဘုရားရှင်တို့သည် လူသုံးပါးတို့၏ ခရီးလမ်းညွှန်ဖြစ်ကြ၏။ ဘုရား၏ ကျေးဇူးတရား ဆယ့်ရှစ်ပါးနှင့် ပြည့်စုံကြကုန်၏၊ သုံးဆယ့်နှစ်ပါးသော ယောက်ျား မြတ်တို့၏ လက္ခဏာတော်ကြီးတို့နှင့်လည်း ပြည့်စုံတော်မူကြ၏၊ လက္ခဏာတော်ငယ် ရှစ်ဆယ်တို့နှင့်လည်း ပြည့်စုံတော်မူကြ၏။
၁၃။ ဘုရားရှင်ဟူသမျှ ကိုယ်တော်အလုံးမှ တလံမျှလောက် ရောင်ခြည်တော် အမြဲထွက်လျက်ရှိ၏၊ ရဟန်းဟူသမျှတို့ထက် ကြီးမြတ်၏၊ ခပ်သိမ်းသော တရားကိုလည်း သိ၏၊ ကိလေသာအာသဝေါလည်း ကင်း၏၊ မာရ် ငါးပါးကိုလည်း အောင်ပြီးဖြစ်၏။
၁၄။ ဘုရားရှင်တို့သည် များမြတ်သော ရောင်ခြည်တော်၊ ကြီးသောတန်ခိုး၊ ထွတ်မြတ်သောပညာ၊ စွမ်းသန်သောခွန်အား၊ အတိုင်းမသိသောကရုဏာ၊ စွဲမြဲသော လုံ့လတို့ကို ပိုင်တော်မူကြ၏၊ သတ္တဝါအများ၏ ကောင်းကျိုး ချမ်းသာကိုလည်း ဆောင်တော်မူတတ်ကြကုန်၏။
၁၅။ မြတ်စွာဘုရားရှင်တို့သည် သတ္တဝါအပေါင်းတို့၏ မှီခိုရာ ကျွန်းသဖွယ်ဖြစ်၏ ကိုးကွယ်ရာလည်း ဖြစ်၏၊ တည်ရာလည်း ဖြစ်၏၊ စောင့်ရှောက်ရာလည်း ဖြစ်၏၊ ဘေးအန္တရာယ်မှ ပုန်းကွယ်ရာလည်း ဖြစ်၏၊ လားရောက်ရာလည်း ဖြစ်၏၊ ဆွေမျိုး
စာမျက်နှာ-292
သဖွယ်လည်း ဖြစ်၏၊ အောက်မေ့ရာလည်း ဖြစ်၏၊ မြတ်စွာဘုရားရှင်တို့သည် မြတ်သောမှီရာလည်း မည်ပေ၏၊ သတ္တဝါတို့၏ အစီးအပွားကိုလည်း ရှာကြံလေ့ ရှိကြကုန်၏။
၁၆။ ထိုဘုရားရှင်တိုင်းသည် နတ်တို့၏ လဲလျောင်းရာ၊ လူတို့၏မှီခိုရာ ဖြစ်ကြ ကုန်၏၊ အကျွန်ုပ်သည် ယောက်ျားဟူသမျှတို့ထက် သာလွန်မြင့်မြတ်တော်မူသော ထိုဘုရားရှင်တို့၏ ခြေတော်တို့ကို ဦးနှိမ်ရိုကျိုး ရှိခိုးပါ၏။
၁၇။ အကျွန်ုပ်သည် အိပ်နေသောအခါ၌ ဖြစ်စေ၊ ထိုင်နေသောအခါ၌ဖြစ်စေ၊ ရပ်နေသောအခါ၌ ဖြစ်စေ၊ လမ်းသွားနေသောအခါ၌ ဖြစ်စေ၊ မည်သည့်အခါ၌ မဆို ထိုဘုရားရှင်တို့အား နှုတ်ဖြင့်လည်းကောင်း စိတ်ဖြင့်လည်းကောင်း အမြဲ မပြတ် ရှိခိုးပါ၏။
၁၈။ ကိလေသာအပူအပေါင်းကို ငြိမ်းအေးအောင် ပြုတော်မူတတ်ကြကုန် သော ဘုရားရှင်တို့သည် သင့်ကို ချမ်းသာအောင် မပြတ် စောင့်ရှောက်ပါစေသတည်း။ ဘုရားရှင်တို့၏ အစောင့်အရှောက်ကို ခံယူရသော သင်သည် ငြိမ်သက် ချမ်းမြေ့ ပါစေ၊ ဘေးအန္တရာယ်ခပ်သိမ်းမှ ကင်းလွတ်ပါစေ။
၁၉။ သင်သည် အနာမရှိ ပကတိကျန်းမာသူ၊ ပူပန်ခြင်းကင်းသူ၊ ရန်သူဟူသမျှကို လွန်မြောက်နိုင်သူ၊ ငြိမ်းအေးချမ်းမြေ့သူ ဖြစ်ပါစေသတည်း။
၂၀။ ထိုဘုရားရှင်တို့သည် သီလ၊ သစ္စာ၊ ခန္တီ၊ မေတ္တာတို့၏ စွမ်းပကားဖြင့် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်သနားစောင့်ရှောက်ကြပါစေ ကုန်သတည်း။
၂၁။ အရှေ့ မျက်နှာ အရပ်၌ တန်ခိုးကြီးသော ဂန္ဓဗ္ဗနတ်တို့ ရှိကြကုန်၏။ ထိုနတ်တို့သည် ကျွန်ုပ်တို့ကို ပကတိချမ်းသာအောင် အစဉ်တစိုက် စောင့်ရှောက်ကြပါစေကုန် သတည်း။
၂၂။ တောင်ဘက်အရပ်မျက်နှာ၌ တန်ခိုးကြီးသော ကုမ္ဘဏ်နတ်တို့ ရှိကြကုန်၏၊ ထိုနတ်တို့သည်လည်း ကျွန်ုပ်တို့ကို ပကတိချမ်းသာအောင် အစဉ်သဖြင့် စောင့်ရှောက်ကြပါစေကုန်သတည်း။
၂၃။ အနောက်အရပ်မျက်နှာ၌ တန်ခိုးကြီးသော နဂါးတို့ရှိကြကုန်၏၊ ထိုနဂါး တို့သည်လည်း ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်စောင့်ရှောက် ကြပါစေကုန်သတည်း။
စာမျက်နှာ-293
၂၄။ မြောက်ဘက်အရပ်မျက်နှာ၌ တန်ခိုးကြီးသော ဘီလူးတို့သည် ရှိကြကုန်၏၊ ထိုဘီလူးတို့သည်လည်း ကျွန်ုပ်တို့ကို အစဉ်သဖြင့် စောင့်ရှောက်ကြပါစေကုန်သတည်း။
၂၅။ အရှေ့အရပ်မျက်နှာ၌ ဂန္ဓဗ္ဗနတ်တို့ကို အစိုးရသော ဓတရဋ္ဌနတ်မင်း၊ တောင်အရပ်မျက်နှာ၌ ကုမ္ဘဏ်တို့ကို အစိုးရသော ဝိရူဠကနတ်မင်း၊ အနောက်အရပ် မျက်နှာ၌ နဂါးတို့ကို အစိုးရသော ဝိရူပက္ခနတ်မင်း၊ မြောက်အရပ်မျက်နှာ၌ ဘီလူးတို့ကို အစိုးရသော ကုဝေရနတ်မင်း။
၂၆။ ထိုနတ်မင်းကြီးလေးယောက်တို့သည် လူတို့ကို စောင့်ရှောက်တတ်ကြကုန် ၏၊ အခြွေအရံလည်း များကုန်၏၊ ထိုနတ်မင်းကြီးတို့သည် ကျွန်ုပ်တို့ကို အနာမရှိ ပကတိ ချမ်းသာအောင် အစဉ်မပြတ် စောင့်ရှောက်ကြပါစေကုန်သတည်း။
၂၇။ ကောင်းကင်၌ တည်သော နတ်များ၊ မြေ၌တည်သော နတ်များ၊ နဂါးများ သည် တန်ခိုးအလွန်ကြီးကြသည်။ ထိုတန်ခိုးကြီး နတ်၊ နဂါးတို့သည် ကျွန်ုပ်တို့ကို အနာမရှိ ပကတိ ချမ်းသာအောင် အစဉ်မပြတ် စောင့်ရှောက်ကြပါစေကုန်သတည်း။
၂၈။ တန်ခိုးကြီးသော နတ်တို့သည် ဤဘုရားသာသနာတော်၌ နေကြကုန်၏၊ ထိုသာသနာစောင့်နတ်တို့သည်လည်း ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်မပြတ် စောင့်ရှောက်ကြပါစေကုန်သတည်း။
၂၉။ ဘေးရန်ခပ်သိမ်း ကင်းစေကုန်သတည်း၊ စိုးရိမ်ကြောင့်ကြ ကင်းစေကုန် သတည်း၊ အနာရောဂါဟူသမျှ ပျောက်စေကုန်သတည်း၊ သင့်အား အန္တရာယ်တစုံ တရာ မဖြစ်စေသတည်း၊ ချမ်းချမ်းသာသာနှင့် အသက်ရှည်စွာ နေရပါစေ သတည်း။
၃၀။ ရတနာမြတ်သုံးပါးအား ရိုသေစွာ ရှိခိုးဆည်းကပ်လေ့ရှိသောသူ၊ သီလရှိသူ၊ သမာဓိရှိသူ၊ ပညာရှိသူတို့ကို အမြဲမပြတ် ရိုသေလေးစားတတ်သူသည် အသက်ရှည်၏၊ အဆင်းလှ၏၊ ချမ်းသာကြီးပွား၏၊ ခွန်အားဗလ တိုးတက်လေ၏၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း ဟူသော ဤကျေးဇူးတရား တို့သည် ထိုပုဂ္ဂိုလ်အဖို့ ထာဝစဉ် တိုးတက်လျက်သာ နေကြကုန်သတည်း။
စာမျက်နှာ-294
(ဂ) အာဋာနာဋိယသုတ် ပါဠိတော်
၁။ အပ္ပသန္နေဟိ နာထဿ၊ သာသနေ သာဓုသမ္မတေ။ အမနုဿေဟိ စဏ္ဍေဟိ၊ သဒါ ကိဗ္ဗိသကာရိဘိ။၂။ ပရိသာနံ စတဿန္နံ၊ အဟိံသာယ စ ဂုတ္တိယာ။ ယံ ဒေသေသိ မဟာဝီရော၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၃။ ဝိပဿိဿ စ နမတ္ထု၊ စက္ခုမန္တဿ သိရီမတော။ သိခိဿပိ စ နမတ္ထု၊ သဗ္ဗဘူတာနုကမ္ပိနော။
၄။ ဝေဿဘုဿ စ နမတ္ထု၊ နှာတကဿ တပဿိနော။ နမတ္ထု ကကုသန္ဓဿ၊ မာရသေနာပမဒ္ဒိနော။
၅။ ကောဏာဂမနဿ နမတ္ထု၊ ဗြာဟ္မဏဿ ဝုသီမတော။ ကဿပဿ စ နမတ္ထု၊ ဝိပ္ပမုတ္တဿ သဗ္ဗဓိ။
၆။ အင်္ဂီရသဿ နမတ္ထု၊ သကျပုတ္တဿ သိရီမတော။ ယော ဣမံ ဓမ္မံ ဒေသေသိ၊ သဗ္ဗဒုက္ခာပနူဒနံ။
၇။ ယေ စာပိ နိဗ္ဗုတာ လောကေ၊ ယထာဘူတံ ဝိပဿိသုံ။ တေ ဇနာ အပိသုဏာထ၊ မဟန္တာ ဝီတသာရဒါ။
၈။ ဟိတံ ဒေဝမနုဿာနံ၊ ယံ နမဿန္တိ ဂေါတမံ။ ဝိဇ္ဇာစရဏသမ္ပန္နံ၊ မဟန္တံ ဝီတသာရဒါ။
၉။ ဧတေ စညေ စ သမ္ဗုဒ္ဓါ၊ အနေကသတကောဋိယော။ သဗ္ဗေ ဗုဒ္ဓါ သမသမာ၊ သဗ္ဗေ ဗုဒ္ဓါ မဟိဒ္ဓိကာ။
၁၀။ သဗ္ဗေ ဒသဗလူပေတာ၊ ဝေသာရဇ္ဇေဟု’ ပါဂတာ။ သဗ္ဗေ တေ ပဋိဇာနန္တိ၊ အာသဘံ ဌာန မုတ္တမံ။
၁၁။ သီဟနာဒံ နဒန္တေ တေ၊ ပရိသာသု ဝိသာရဒါ။ ဗြဟ္မစက္ကံ ပဝတ္တေန္တိ၊ လောကေ အပ္ပဋိဝတ္တိယံ။
၁၂။ ဥပေတာ ဗုဒ္ဓဓမ္မေဟိ၊ အဋ္ဌာရသဟိ နာယကာ။ ဗာတ္တိံသလက္ခဏူပေတာ၊ သီတာနုဗျဉ္ဇနာဓရာ။
၁၃။ ဗျာမပ္ပဘာယ သုပ္ပဘာ၊ သဗ္ဗေ တေ မုနိကုဉ္ဇရာ။ ဗုဒ္ဓါ သဗ္ဗညုနော ဧတေ၊ သဗ္ဗေ ခီဏာသဝါ ဇိနာ။
စာမျက်နှာ-295
၁၄။ မဟာပဘာ မဟာတေဇာ၊ မဟာပညာ မဟဗ္ဗလာ။ မဟာကာရုဏိကာ ဓီရာ၊ သဗ္ဗေသာနံ သုခါဝဟာ။
၁၅။ ဒီပါ နာထာ ပတိဋ္ဌာ စ၊ တာဏာ စ ပါဏိနံ။ ဂတီ ဗန္ဓု မဟေဿာသာ၊ သရဏာ စ ဟိတေသိနော။
၁၆။ သဒေဝကဿ လောကဿ၊ သဗ္ဗေ ဧတေ ပရာယဏာ။ တေသာဟံ သိရသာ ပါဒေ၊ ဝန္ဒာမိ ပုရိသုတ္တေမ။
၁၇။ ဝစသာ မနသာ စေဝ၊ ဝန္ဒာမေ တေ တထာဂတေ။ သယနေ အာသနေ ဌာနေ၊ ဂမနေ စာပိ သဗ္ဗဒါ။
၁၈။ သဒါ သုခေန ရက္ခန္တု၊ ဗုဒ္ဓါ သန္တိကရာ တုဝံ။ တေဟိ တွံ ရက္ခိတော သန္တော၊ မုတ္တော သဗ္ဗဘယေဟိ စ။
၁၉။ သဗ္ဗရောဂါ ဝိနီမုတ္တော၊ သဗ္ဗသန္တာပဝဇ္ဇိတော။ သဗ္ဗဝေရ မတိက္ကန္တော၊ နိဗ္ဗုတော စ တုဝံ ဘဝ။
၂၀။ တေသံ သစ္စေန သီလေန၊ ခန္တီမေတ္တာဗလေန စ။ တေပိ အမှေ [နု]ရက္ခန္တု၊ အရောဂေန သုခေန စ။
၂၁။ ပုရတ္ထိမသ္မိံ ဒိသာဘာဂေ၊ သန္တိ ဘူတာ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
၂၂။ ဒက္ခိဏသ္မိံ ဒိသာဘာဂေ၊ သန္တိ ဒေဝါ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
၂၃။ ပစ္ဆိမသ္မိံ ဒိသာဘာဂေ၊ သန္တိ နာဂါ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
၂၄။ ဥတ္တရသ္မိံ ဒိသာဘာဂေ၊ သန္တိ ယက္ခာ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
၂၅။ ပုရတ္ထိမေန ဓတရဋ္ဌော၊ ဒက္ခိဏေန ဝိရူဠကော။ ပစ္ဆိမေန ဝိရူပက္ခော၊ ကုဝေရော ဥတ္တရံ ဒိသံ။
၂၆။ စတ္တာရော တေ မဟာရာဇာ၊ လောကပါလာ ယသဿိနော။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
၂၇။ အာကာသဋ္ဌာ စ ဘူမဋ္ဌာ၊ ဒေဝါ နာဂါ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
စာမျက်နှာ-296
၂၈။ ဣဒ္ဓိမန္တော ဝ ယေ ဒေဝါ၊ ဝသန္တာ ဣဓ သာသနေ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
၂၉။ သဗ္ဗီတိယော ဝိဝဇ္ဇန္တု၊ သောကော ရောဂေါ ဝိနဿတု။ မာ တေ ဘဝန္တန္တရာယာ၊ သုခီ ဒီဃာယုကော ဘဝ။
၃၀။ အဘိဝါဒနသီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။ စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။
အာဋာနာဋိယသုတ္တံ နိဋ္ဌိတံ။
၉--အင်္ဂုလိမာလသုတ်
အင်္ဂုလိမာလသုတ် ရွတ်ဖတ်ရခြင်းအကျိုး
မီးဖွားရခက်နေသော ကိုယ်ဝန်ဆောင် မိခင်လောင်းတို့အား သားဖွားရလွယ်ကူစေသည်။ ဤပရိတ်ရေကို တိုက်ပေးနိုင်သည်။ ဖွားခါနီးမှ ရွတ်သည်ထက် နေ့စေ့လစေ့ ဖွားခါနီးလာလျှင် မပြတ် ရွတ်ပေးသင့်သည်။ တိရစ္ဆာန်များ မွေးဖွားရလွယ်အောင်လည်း ဤပရိတ်ဖြင့်ပင် ကူညီနိုင်ပေသည်။
အင်္ဂုလိမာလသုတ် မြန်မာပြန်
၁။ ဤအင်္ဂုလိမာလ ပရိတ်တော်ကို ရွတ်ဖတ်သော မထေရ်မြတ်တို့၏ ထိုင်သည့် နေရာကို ဆေးကြောသည့် ရေသည်ပင်လျှင် ဘေးရန် ဟူသမျှကို ပျောက်ကင်းစေတတ်၏။
၂။ အင်္ဂုလိမာလပရိတ်တော်သည် ကိုယ်ဝန်သားကို ချမ်းသာလွယ်ကူစွာ ချက်ချင်း ဖွားစေနိုင်သော အစွမ်းရှိ၏၊ အင်္ဂုလိမာလအမည်ရှိသော မထေရ်အတွက် မြတ်စွာဘုရား ဟောကြားသော ပရိတ်တော်ဖြစ်၏။ အာယုကပ်ပတ်လုံးလည်း တည်၏၊ တန်ခိုးလည်း အလွန်ကြီး၏၊ ထိုပရိတ်ကို ယခုအခါ ကျွန်ုပ်တို့ စုပေါင်းရွတ်ဆိုကြပါစို့။
၃။ “အို-နှမ ငါသည် အရိယာဇာတ် ရဟန်းမြတ်ဖြစ်သောအခါမှ စ၍ သေစေလိုသော စေတနာဖြင့် သတ္တဝါတစ်ကောင်ကောင်ကို သတ်ဖူးသည်ဟု ငါမသိပေ” ထိုသို့မှန်သော သစ္စာစကားကြောင့် သင့်အား ချမ်းသာပါစေ၊ ကိုယ်ဝန်သားလည်း ချမ်းသာပါစေ။
စာမျက်နှာ-297
(၉) အင်္ဂုလိမာလသုတ် ပါဠိတော်
၁။ ပရိတ္တံ ယံ ဘဏန္တဿ၊ နိသိန္နဋ္ဌာနဓောဝနံ။ ဥဒကမ္ပိ ဝိနာသေတိ၊ သဗ္ဗမေဝ ပရိဿယံ။၂။ သောတ္ထိနာ ဂဗ္ဘဝုဋ္ဌာနံ၊ ယဉ္စ သာဓေတိ တင်္ခဏေ။ ထေရဿင်္ဂုလိမာလဿ၊ လောကနာထေန ဘာသိတံ။ ကပ္ပဋ္ဌာယိ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၃။ ယတော ဟံ ဘဂိနိ အရိယာယ ဇာတိယာ ဇာတော။ နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ။ တေန သစ္စေန သောတ္ထိ တေ ဟောတု သောတ္ထိ ဂဗ္ဘဿ။
အင်္ဂုလိမာလသုတ္တံ နိဋ္ဌိတံ။
၁၀-ဗောဇ္ဈင်သုတ်
ဗောဇ္ဈင်သုတ်ရွတ်ဖတ်ရခြင်းအကျိုး
လူမမာများကို ရောဂါသက်သာလာစေသည်။ ပျောက်ကင်းစေနိုင်သည်။ ဆေးရုံများတွင် အထူးရွတ်သင့်သည်။ ပင်ရင်း ဗောဇ္ဈင်သုတ် သုံးသုတ်ကို တွဲ၍ရွတ်လျှင် ပို၍ကောင်းသည်။
ဗောဇ္ဈင်သုတ် မြန်မာပြန်
၁။ ဗောဇ္ဈင်ခုနစ်ပါး မြတ်တရားသည် သံသရာ၌ ကျင်လည်နေကြရသော သူတို့၏ ဆင်းရဲဒုက္ခကို သက်သာပျောက်ကင်းစေနိုင်၏၊ ထကြွသောင်းကျန်းလာသော ကိလေသာတို့ကိုလည်း နိုင်ကွပ်ဆုံးမနိုင်၏၊ အရဟတ္တမဂ်၏ အင်္ဂါအစိတ်အပိုင်းလည်း ဖြစ်ပေ၏။
၂။ သတ္တဝါတို့သည် ဗောဇ္ဈင်ခုနစ်ပါး မြတ်တရားကို ဒိဋ္ဌသိမြင်ကြပါလျှင် ဘဝသုံးပါးမှ ကျွတ်လွတ်ကြကုန်၏၊ မြတ်ရာသို့လည်း ရောက်ကုန်၏၊ ပဋိသန္ဓေ နေရသည့် ဘေး၊ အိုရသည့် ဘေး၊ နာရသည့် ဘေး၊ သေရသည့် ဘေးတို့ ကင်းသော နိဗ္ဗာန်သို့လည်း ရောက်ကြရကုန်၏။
၃။ ဆိုခဲ့ပြီးသော ဂုဏ်ကျေးဇူးတို့နှင့်သာမက အခြားသောဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသည့်အပြင် ဆေးလည်းဖြစ် မန္တရားလည်းဖြစ်သော ဤဗောဇ္ဈင်သုတ် ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်းရွတ်ဆိုကြပါကုန်စို့။
စာမျက်နှာ-298
၄-၅။ ဗောဓိဉာဏ်၏ အင်္ဂါအစိတ်အပိုင်းဖြစ်ကုန်သော သတိ၊ ပညာ(ဓမ္မဝိစယ)၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ ဤတရား ခုနစ်ဖြာတို့ကို ဗောဇ္ဈင်တရားများ ဖြစ်ကြသည်ဟူ၍ တရားအားလုံးကို သိမြင်တော်မူသော မြတ်စွာဘုရားက ထုတ်ဖော်ဟောကြားပေ၏ ထိုဗောဇ္ဈင်ခုနစ်ပါးကို ပွားများအပ်ကုန်၏၊ ထပ်၍ ထပ်၍ ပွားများအပ်ကုန်၏။
၆။ ဤဗောဇ္ဈင်ခုနစ်ပါး တရားမြတ်စွာကို ပွားများသည်ရှိသော် တရားထူး တရားမြတ်တို့ကိုလည်း တိုးတက်သိစေနိုင်သည့် အကျိုးရှိ၏၊ ကိလေသာ ငြိမ်အေးခြင်းအကျိုးလည်းရှိ၏၊ အရဟတ္တမဂ်ကို ရရှိခြင်းအကျိုးလည်းရှိ၏။
ဤသို့ မှန်သော စကားကို ဆိုသဖြင့် သင့်အား အခါခပ်သိမ်း စီးပွား ချမ်းသာ ဖြစ်ပါစေသတည်း။
၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် မကျန်းမာသဖြင့် ဆင်းရဲဒုက္ခရောက်ရသော ရှင်မောဂ္ဂလာန်နှင့် ရှင်မဟာကဿပမထေရ် နှစ်ပါးအား ဗောဇ္ဈင်ခုနစ်ပါး တရား မြတ်စွာကို ဟောကြားတော်မူခဲ့၏။
၈။ ထိုမထေရ်နှစ်ပါးသည် ဗောဇ္ဈင်တရားတော်ကို လွန်စွာနှစ်သက်ကြသည့်အတွက် တရားနာဆဲ ခဏမှာပင် အနာရောဂါမှ သက်သာပျောက်ကင်းခဲ့ရလေသည်။ ဤသို့ မှန်သော စကားကို ဆိုသဖြင့် သင့်အား အခါခပ်သိမ်း စီးပွား ချမ်းသာ ဖြစ်ပါစေသတည်း။
၉။ အခါတစ်ပါး၌ မြတ်စွာဘုရားကိုယ်တိုင် အနာရောဂါ ဖိစီးနှိပ်စက်ခြင်းကို ခံတော်မူရ၏၊ ထိုအခါ စုန္ဒမထေရ်မြတ်ကို ရိုသေစွာ ဗောဇ္ဈင်တရား ဟောစေပြီး မြတ်စွာဘုရား နာကြားတော်မူသည်။
၁၀။ ဗောဇ္ဈင်တရားကို နှစ်လိုတော်မူ၍ ဟောသော ခဏမှာပင် အနာပျောက်ကင်းလေသည်။
ဤသို့ မှန်သော စကားကို ဆိုသဖြင့် သင့်အား စီးပွားချမ်းသာ အမြဲ ဖြစ်ထွန်းပါစေသတည်း။
၁၁။ မဟာကဿပထေရ်၊ မဟာမောဂ္ဂလာန်ထေရ်နှင့် ဘုရားရှင်တို့အား အနာရောဂါတို့ ကင်းပျောက်ကြကုန်၏၊ မဂ်ဖြင့် ပယ်အပ်သော ကိလေသာတို့ကဲ့သို့ အနာရောဂါတို့သည် နောက်ထပ် မဖြစ်နိုင်ကြတော့ပေ။
စာမျက်နှာ-299
ဤသို့ မှန်သောစကားကို ဆိုသဖြင့် သင့်အား ထာဝရချမ်းသာခြင်း ဖြစ်ပါစေသတည်း။
(၁၀) ဗောဇ္ဈင်္ဂသုတ်ပါဠိတော်
၁။ သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခဝိနာသနေ။ သတ္တ ဓမ္မေ စ ဗောဇ္ဈင်္ဂေ၊ မာရသေနာပမဒ္ဒနေ။
၂။ ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊ တိဘဝါ မုတ္တကုတ္တမာ။ အဇာတိ မဇရာဗျာဓိ၊ အမတံ နိဗ္ဘယံ ဂတာ။
၃။ ဧ၀မာဒိဂုဏူပေတံ၊ အနေကဂုဏသင်္ဂဟံ။ ဩသဓဉ္စ ဣမံ မန္တံ၊ ဗောဇ္ဈင်္ဂဉ္စ ဘဏာမ ဟေ။
၄။ ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊ ဓမ္မာနံ ဝိစယော တထာ။ ဝီရိယံ ပီတိ ပဿဒ္ဓိ၊ ဗောဇ္ဈင်္ဂါ စ တထာ' ပရေ။
၅။ သမာဓုပေက္ခာ ဗောဇ္ဈင်္ဂါ၊ သတ္တေ' တေ သဗ္ဗဒဿိနာ။ မုနိနာ သမ္မဒက္ခာတာ၊ ဘာဝိတာ ဗဟုလီကတာ။
၆။ သံဝတ္တန္တိ အဘိညာယ၊ နိဗ္ဗာနာယ စ ဗောဓိယာ။ ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
၇။ ဧကသ္မိံ သမယေ နာထော၊ မောဂ္ဂလ္လာနဉ္စ ကဿပံ။ ဂိလာနေ ဒုက္ခိတေ ဒိသွာ၊ ဗောဇ္ဈင်္ဂေ သတ္တ ဒေသယိ။
၈။ တေ စ တံ အဘိနန္ဒိတွာ၊ ရောဂါ မုစ္စိသု တင်္ခဏေ။ ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
၉။ ဧကဒါ ဓမ္မရာဇာပိ၊ ဂေလညေနာ' ဘိပီဠိတော။ စုန္ဒတ္ထေရေန တံယေဝ၊ ဘဏာပေတွာန သာဒရံ။
၁၀။ သမ္မောဒိတွာန အာဗာဓာ၊ တမှာ ဝုဋ္ဌာသိ ဋ္ဌာနသော။ ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
၁၁။ ပဟီနာ တေ စ အာဗာဓာ၊ တိဏ္ဏန္နမ္ပိ မဟေသိနံ။ မဂ္ဂဟတာ ကိလေသာဝ၊ ပတ္တာ' နုပ္ပတ္တိဓမ္မတံ။ ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
ဗောဇ္ဈင်္ဂသုတ္တံ နိဋ္ဌိတံ။
စာမျက်နှာ-300
၁၁-ပုဗ္ဗဏှသုတ်
ပုဗ္ဗဏှသုတ် ရွတ်ဖတ်ခြင်းအကျိုး
ဂြိုဟ်ဆိုး၊ နိမိတ်ဆိုး၊ အိပ်မက်ဆိုးတို့ကို ကင်းစေနိုင်သည်၊ ကံဇာတာနိမ့်နေခိုက် အထူးရွတ်ဆိုရန် သင့်သည်၊ လုပ်သမျှ အရာနှင့် အကြောင်းကြောင်း အထစ်ထစ် အငေါ့ငေါ့ဖြစ်နေလျှင် ဤသုတ်ကို အထူးရွတ်သင့်သည်။ အရေးကြီးသော ကိစ္စတစ်ခုခုကို အောင်မြင်အောင် ဆောင်ရွက်လိုသောအခါ မသွားမီ ဤသုတ်ကို သရဇ္ဈာယ်ပါ၊ မုချအောင်ပါလိမ့်မည်။
ပုဗ္ဗဏှသုတ် မြန်မာပြန်
၁။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ် ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုဟ်စီးဂြိုဟ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် မြတ်စွာဘုရား၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက်ပါစေသတည်း။
၂။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ်ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုဟ်စီးဂြိုဟ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် တရားတော်၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက်ပါစေသတည်း။
၃။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ် ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုဟ်စီးဂြိုဟ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် မြတ်စွာဘုရား၏ တပည့်သား သံဃာတော်၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက်ပါစေသတည်း။
၄။ ဒုက္ခရောက်နေကြသူအားလုံး ဒုက္ခကင်းကြပါစေ၊ ဘေးတွေ့နေကြသူ အားလုံး ထိုဘေးအန္တရာယ်မှ လွတ်ကင်းကြပါစေ။ စိုးရိမ်သောကဖြစ်နေကြသူအားလုံး စိုးရိမ်သောက ကင်းကြပါစေ။
၅။ အထက်တွင် ဖော်ပြခဲ့ပြီးသော စကားစဉ်ဖြင့် ကျွန်ုပ်တို့သည် ကောင်းမှုကို ဆည်းပူးခဲ့ကြပါသည်။ ဤသည်ကို နတ်အပေါင်းတို့က ဝမ်းမြောက် ဝမ်းသာ သာဓုခေါ်ကြပါကုန်။
စာမျက်နှာ-301
၆။ အရာရာပြည့်စုံမှု ချမ်းသာမှု ရှိလာအောင် ယုံယုံကြည်ကြည်ဖြင့် လှူဒါန်းကြပါ။ အကျင့်သီလ စောင့်ထိန်းကြပါ၊ ကမ္မဋ္ဌာန်းဘာဝနာ ပွားများကြပါ၊ ယခုအခါ၌ တရားနာ ရောက်နေကြသော နတ်အပေါင်းတို့ ပြန်သွားနိုင်ကြပါပြီ။
၇။ အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူကြကုန်သော မြတ်စွာဘုရား၊ ပစ္စေကဗုဒ္ဓါ ဘုရားငယ်၊ ရဟန္တာအရှင်သူမြတ်တို့၏ ဉာဏဗလစွမ်းရည် တန်ခိုးဖြင့် အရပ်ထက်ဝန်းကျင်မှ အစောင့်အရှောက်ကို ဖွဲ့ပါ၏။
၈။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် ဘုရားတည်းဟူသော ရတနာနှင့် မတူချေ၊ ထိုရတနာတို့ထက် ဘုရားရတနာ သည်သာလျှင် ပို၍ မြတ်၏၊ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာ ကြပါစေသတည်း။
၉။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် တရားတည်းဟူသော ရတနာနှင့် မတူချေ၊ ထိုရတနာတို့ထက် တရားရတနာ သည်သာလျှင် ပို၍ မြတ်၏၊ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာ ကြပါစေသတည်း။
၁၀။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် သံဃာတည်းဟူသော ရတနာနှင့် မတူချေ၊ ထိုရတနာတို့ထက် သံဃာရတနာ သည်သာလျှင် ပို၍ မြတ်၏၊ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာ ကြပါစေသတည်း။
၁၁။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက် ပါစေ။ အားလုံးသော မြတ်စွာဘုရားတို့၏ တန်ခိုးတေဇော် အာနုဘော်တော် ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။
၁၂။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက် ပါစေ၊ အားလုံးသော တရားတော်တို့၏ တန်ခိုးတေဇော် အာနုဘော်တော် ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။
၁၃။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက် ပါစေ၊ အားလုံးသော သံဃာတော်တို့၏ တန်ခိုးတေဇော် အာနုဘော်တော် ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။
စာမျက်နှာ-302
၁၄။ မဟာကာရုဏာရှင် မြတ်စွာဘုရားသည် ကမ္ဘာသူ ကမ္ဘာသားအပေါင်း၏ အကျိုးစီးပွားအလို့ငှာ ပါရမီတော်ကို ဖြည့်ကျင့်တော်မူခဲ့သဖြင့် မြတ်လှစွာသော အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်သို့ ရောက်တော်မူခဲ့လေပြီ၊ ထိုသို့ မှန်သော သစ္စာစကားကို ဆိုရသောကြောင့် သင့်အား စီးပွားချမ်းသာ တိုးတက်ဖြစ်ထွန်း ပါစေသတည်း။
၁၅။ သာကီဝင် မင်းအပေါင်းတို့၏ နှစ်သက် ဝမ်းမြောက်ခြင်းကို တိုးပွားစေသော မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ မာရ်ငါးပါးကို အောင်မြင်တော်မူသကဲ့သို့ ထို့အတူ သင့်အား အောင်မြင်ခြင်း ဖြစ်စေသတည်း၊ အောင်သင့် အောင်အပ်သော မင်္ဂလာဟူသမျှ သင့်အား အောင်မြင် ရရှိပါစေသတည်း။
၁၆။ သဗ္ဗညုဘုရားအဆူဆူတို့ ဗုဒ္ဓါဘိသေက မင်္ဂလာ ခံယူရာလည်းဖြစ်သော ကမ္ဘာမြေအပြင်၌ အထူးတင့်တယ်၍ မြေတကာတို့၏ အဦးအထိပ်လည်း ဖြစ်သော အပရာဇိတပလ္လင်တော်၌ မြတ်စွာဘုရားသည် လူသုံးပါးတို့ထက် မြတ်သော ဘုရားအဖြစ်သို့ ရောက်သဖြင့် ဝမ်းမြောက်တော်မူခဲ့လေပြီ။
၁၇။ ဤနည်းအတူ သင့်အားလည်း နက္ခတ်ကောင်းကြုံပါစေ၊ မင်္ဂလာကောင်း ရှိပါစေ၊ ချမ်းမြေ့စွာ နံနက်မိုးသောက် အလင်းရောက်ပါစေ၊ ကောင်းစွာ တိုးတက်ပါစေ၊ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်း ကောင်းကျိုးချမ်းသာ မင်္ဂလာနှင့် ပြည့်စုံပါစေ၊ အကျင့်မြတ်ကို မပြတ်ကျင့်ကြံနေသော သူတော်ကောင်း တို့အား ကောင်းစွာ ပူဇော်ခြင်း ဖြစ်ပါစေသတည်း။
၁၈။ မြတ်သော ကိုယ်အမှု၊ မြတ်သောနှုတ်အမှု၊ မြတ်သောစိတ်အမှု ရှိပါစေ။ ကောင်းမြတ်သော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့၌ သင်၏ စိတ်ကို ဆောက်တည်နိုင်ပါစေသတည်း။
၁၉။ လူခပ်သိမ်း၊ နတ်ခပ်သိမ်းတို့သည် မြတ်သော အမှုကိစ္စတို့ကို ဆောင်ရွက် ကြသည့်အတွက် မြတ်သော အကျိုးတရားတို့ကို ရကြကုန်၏၊ မြတ်သော အကျိုး တရားကို ရရှိသော သူတို့သည် ချမ်းချမ်းသာသာ ရှိကြကုန်၏၊ ထိုသူတို့သည် ဘုရားသာသနာ၌ ကြီးပွားတိုးတက်လာကြကုန်၏။ ထိုသူတို့သည် မိမိတို့ အဆွေ အမျိုးတို့နှင့်အတူ ကျန်းမာချမ်းသာကြပါစေကုန်သော်။
(၁၁) ပုဗ္ဗဏှသုတ်ပါဠိတော်
၁။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဗုဒ္ဓါနုဘာဝေန ဝိနာသ မေန္တု။
စာမျက်နှာ-303
၂။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဓမ္မာနုဘာဝေန ဝိနာသ မေန္တု။
၃။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ သံဃာနုဘာဝေန ဝိနာသ မေန္တု။
၄။ ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊ ဘယပ္ပတ္တာ စ နိဗ္ဘယာ။ သောကပ္ပတ္တာ စ နိဿောကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။
၅။ ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။ သဗ္ဗေ ဒေဝါနုမောဒန္တု၊ သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။
၆။ ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။ ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာ ဂတာ။
၇။ သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယံ ဗလံ။ အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။
၈။ ယံ ကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။ န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၉။ ယံ ကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။ န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၀။ ယံ ကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။ န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၁။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။ သဗ္ဗဗုဒ္ဓါနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။
စာမျက်နှာ-304
၁၂။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။ သဗ္ဗဓမ္မာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။
၁၃။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။ သဗ္ဗသံဃာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။
၁၄။ မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။ ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိမုတ္တမံ။ ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
၁၅။ ဇယန္တော ဗောဓိယာ မူလေ၊ သကျာနံ နန္ဒိဝဍ္ဎနော။ ဧဝမေဝ ဇယော ဟောတု၊ ဇယဿု ဇယမင်္ဂလေ။
၁၆။ အပရာဇိတပလ္လင်္ကေ၊ သီသေ ပုထုဝိပုက္ခလေ။ အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။
၁၇။ သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ။ သုခဏော သုမုဟုတ္တော စ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။
၁၈။ ပဒက္ခိဏံ ကာယကမ္မံ၊ ဝါစာကမ္မံ ပဒက္ခိဏံ။ ပဒက္ခိဏံ မနောကမ္မံ၊ ပဏိဓိ တေ ပဒက္ခိဏေ။
၁၉။ ပဒက္ခိဏာနိ ကတွာန၊ လဘန္တတ္ထ ပဒက္ခိဏေ။ တေ အတ္တလဒ္ဓါ သုခိတာ၊ ဝိရူဠာ ဗုဒ္ဓသာသနေ။ အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
ပုဗ္ဗဏှသုတ္တံ နိဋ္ဌိတံ။
(၈) အဘိဏှသုတ်ပါဠိတော်နှင့် မြန်မာပြန်
အဘိဏှသုတ် မြန်မာပြန်
ရဟန်းတို့-မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ လူဖြစ်စေ၊ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်သော အကြောင်းတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ--
“(ငါသည်) အိုခြင်းသဘောရှိ၏၊ အိုခြင်းသဘောကို မလွန်ဆန်နိုင်ချေ”ဟူ၍ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ လူဖြစ်စေ၊ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်၏။
စာမျက်နှာ-305
“နာခြင်းသဘောရှိ၏၊ နာခြင်းသဘောကို မလွန်ဆန်နိုင်ချေ”ဟူ၍ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ လူဖြစ်စေ၊ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။ “သေခြင်းသဘောရှိ၏။ သေခြင်းသဘောကို မလွန်ဆန်နိုင်ချေ”ဟူ၍ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ လူဖြစ်စေ၊ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။
“ငါ၏ ချစ်မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲ ကွဲရခြင်း၊ သေကွဲ ကွဲရခြင်းသည် ဖြစ်ချေမည်”ဟူ၍ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ လူဖြစ်စေ၊ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။
“(ငါသည်) ကံသာလျှင် မိမိဥစ္စာရှိ၏၊ ကံ၏ အမွေခံဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုးရှိ၏၊ ကံသာလျှင် ကိုးကွယ်မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်”ဟူ၍ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ လူဖြစ်စေ၊ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။
အဘိဏှသုတ်ပါဠိတော်
ပဉ္စမာနိ ဘိက္ခဝေ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ ဣတ္ထိယာ ဝါ ပုရိသေန ဝါ ဂဟဋ္ဌေန ဝါ ပဗ္ဗဇိတေန ဝါ။
ကတမာနိ ပဉ္စ-
(၁) ဇရာဓမ္မောမှိ၊ ဇရံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
(၂) ဗျာဓိဓမ္မောမှိ၊ ဗျာဓိံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
(၃) မရဏဓမ္မောမှိ၊ မရဏံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
(၄) သဗ္ဗေဟိ မေ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ဝိနာဘာဝေါမှီတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
(၅) ကမ္မဿကောမှိ ကမ္မဒါယာဒေါ ကမ္မယောနိ ကမ္မဗန္ဓု ကမ္မပ္ပဋိဿရဏော၊ ယံ ယံ ကမ္မံ ကရိဿာမိ ကလျာဏံ ဝါ ပါပကံ ဝါ၊ တဿ ဒါယာဒေါ ဘဝိဿာမီတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
ဣမာနိ ခေါ ဘိက္ခဝေ ပဉ္စ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ ဣတ္ထိယာ ဝါ ပုရိသေန ဝါ ဂဟဋ္ဌေန ဝါ ပဗ္ဗဇိတေန ဝါ။
စာမျက်နှာ-306
မဟာသမယသုတ်တော်မြန်မာပြန်
၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံ ရဟန္တာချည်းဖြစ်သော ရဟန်းသံဃာများစွာနှင့်အတူ သီတင်းသုံးနေတော်မူ၏။ စကြဝဠာတစ်ထောင်စီရှိသော လောကဓာတ်တိုက် ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့သည်လည်း မြတ်စွာဘုရားကိုလည်းကောင်း၊ ရဟန်းသံဃာကို လည်းကောင်း ဖူးမြော်ခြင်းငှာ အများအားဖြင့် စည်းဝေးလာရောက်ကုန်၏။
ထိုအခါ သုဒ္ဓါဝါသဘုံ၌ နေသော ဗြဟ္မာလေးဦးတို့အား ဤသို့သော အကြံသည် ဖြစ်၏-
“ဤမြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံ ရဟန္တာချည်းဖြစ်သော ရဟန်းသံဃာများစွာနှင့်အတူ သီတင်းသုံးနေတော်မူ၏။ စကြဝဠာတစ်ထောင်စီရှိသော လောကဓာတ်တိုက် ဆယ်ခုတို့မှ နတ်တို့သည်လည်း မြတ်စွာဘုရားကိုလည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း၊ ဖူးမြော်ခြင်းငှာ အများအားဖြင့် စည်းဝေးလာရောက်ကုန်၏။ ငါတို့သည်လည်း မြတ်စွာဘုရားထံသို့ ချည်းကပ်၍ မြတ်စွာဘုရား၏ အထံတော်၌ အသီးအသီး ဂါထာတစ်ပုဒ်စီ ရွတ်ဆိုရမူ ကောင်းလေစွ”ဟု (အကြံဖြစ်၏)။
ထိုအခါ ထိုဗြဟ္မာ(လေးဦး)တို့သည် ဥပမာအားဖြင့် ခွန်အားရှိသော ယောက်ျားသည် ကွေးသောလက်ကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်သောလက်ကို ကွေးသကဲ့သို့လည်းကောင်း ဤအတူ သုဒ္ဓါဝါသဗြဟ္မာဘုံမှ ကွယ်ခဲ့၍ မြတ်စွာဘုရား၏ ရှေ့တော်၌ ထင်ရှားပေါ်လာကုန်၏။ ထို့နောက် ထိုဗြဟ္မာတို့သည် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသောနေရာ၌ ရပ်ပြီးလျှင် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-
“(အသျှင်ဘုရား) မဟာဝုန်တော၌ နတ်ဗြဟ္မာအပေါင်းတို့သည် စုရုံးလာရောက်ကြသဖြင့် အစည်းအဝေးကြီးဖြစ်လျက် ရှိနေပါ၏၊ အကျွန်ုပ်တို့သည်လည်း (ကိလေသာရန်သူတို့) မအောင်နိုင်သော
စာမျက်နှာ-307
သံဃာတော်ကို ဖူးမြော်ခြင်းငှာ ဤတရားသဘင် အစည်းအဝေးသို့ လာရောက်ပါကုန်၏”- ဟူ၍ (ရွတ်ဆို၏)။
၂။ ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-
“(အသျှင်ဘုရား) ထို (အစည်းအဝေး)၌ ရဟန်းတို့သည် မိမိစိတ်ကို တည်ကြည်စေလျက် ဖြောင့်မတ်စွာ ပြုထားပါကုန်၏၊ ရထားထိန်းသည် (မြင်းဇက်) ကြိုးတို့ကို ကိုင်၍ ထိန်းသကဲ့သို့ ပညာရှိ (ရဟန်း)တို့သည် ဣန္ဒြေတို့ကို ထိန်းသိမ်းတော်မူကြပါကုန်၏”- ဟူ၍ (ရွတ်ဆို၏)။
၃။ ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-
“(အသျှင်ဘုရား) မြတ်စွာဘုရား ကောင်းစွာ ဆုံးမထားပြီးဖြစ်၍ တဏှာကင်းလျက် သန့်ရှင်းစင်ကြယ်သော ထိုရဟန္တာမြတ်တို့သည် (ရာဂ ဒေါသ မောဟတည်းဟူသော) ခလုတ်တံသင်းနှင့် တံခါးကျင်မင်းတုပ်ကို ဖြတ်ပြီးလျှင် (ရာဂ ဒေါသ မောဟတည်းဟူသော) တံခါးတိုင်ကို နုတ်၍ လှည့်လည် သွားလာ နေကြကုန်၏” ဟူ၍ (ရွတ်ဆို၏)။
၄။ ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-
“(အသျှင်ဘုရား) မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သူ အားလုံးတို့သည် အပါယ်ဘုံသို့ မရောက်ကြကုန်လတ္တံ့၊ လူ့ခန္ဓာကို စွန့်ပယ်၍ နတ်ပြည်၌ ဖြစ်ကြပါကုန်လတ္တံ့” ဟူ၍ (ရွတ်ဆို၏)။
နတ်အစည်းအဝေး
၅။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏- “ရဟန်းတို့-စကြဝဠာ တစ်ထောင်စီရှိသော လောကဓာတ်ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့သည် မြတ်စွာဘုရားကိုလည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ဖူးမြော်ခြင်းငှာ အများအားဖြင့် စည်းဝေးလာရောက်ကုန်၏။
စာမျက်နှာ-308
ရဟန်းတို့-အတိတ်ကာလ၌ ပွင့်တော်မူပြီးသော ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားတို့၏ လက်ထက်တော်၌လည်း ယခု ငါ၏ လက်ထက်တော်၌ ကဲ့သို့ ဤမျှအတိုင်းအရှည်ရှိသော နတ်ဗြဟ္မာတို့သည် စည်းဝေးခဲ့ကြကုန်ပြီ။
ရဟန်းတို့-အနာဂတ်ကာလ၌ ပွင့်တော်မူလတ္တံ့သော ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားတို့၏ လက်ထက်တော်၌လည်း ယခု ငါ၏ လက်ထက် တော်၌ကဲ့သို့ ဤမျှ အတိုင်းအရှည်ရှိသော နတ် ဗြဟ္မာတို့သည် စည်းဝေးကြကုန်လတ္တံ့။
ရဟန်းတို့-နတ် ဗြဟ္မာအပေါင်းတို့၏ အမည်တို့ကို ပြောကြားပေအံ့။ ရဟန်းတို့-နတ်ဗြဟ္မာအပေါင်းတို့၏ အမည်တို့ကို ကြော်ငြာပေအံ့။ ရဟန်းတို့-နတ် ဗြဟ္မာအပေါင်းတို့၏ အမည်တို့ကို ဟောကြားပေအံ့။ ထိုစကားကို နာကြလော့ ကောင်းစွာ နှလုံးသွင်းကြလော့၊ ဟောပေအံ့”ဟု (မိန့်တော်မူ၏)။
“ကောင်းပါပြီ အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံကုန်၏။
၆။ မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-
ရဟန်းတို့-ဂါထာဖွဲ့၍ ဟောကြားပေအံ့။ အကြင်ရဟန်းတို့သည် ဘုမ္မစိုးနတ်တို့ မှီဝဲနေထိုင်ရာဖြစ်သော ထိုထိုအရပ်ကို မှီ၍နေကုန်၏။ တောင်ခေါင်းကို မှီ၍ နေကုန်၏၊ ထိုရဟန်းတို့သည် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကုန်၏။ တည်ကြည်သော စိတ်ရှိကုန်၏။ ထိုများစွာသော ရဟန်းတို့သည် ကြက်သီးမွှေးညင်းမျှ ထခြင်းမရှိမူ၍ ခြင်္သေ့မင်းကဲ့သို့ တစ်ပါးတည်း ကိန်းအောင်းလေ့ရှိကုန်၏။ ဖြူစင်သော စိတ်ရှိ၍ နောက်ကျခြင်းကင်းလျက် သန့်ရှင်း ကြည်လင်ကုန်၏။
၇။ ထိုအခါ မြတ်စွာဘုရားသည် ကပိလဝတ်ပြည် မဟာဝုန်တော၌ တပည့် သာဝက ငါးရာကျော်တို့ သာသနာတော်ဝယ် မွေ့လျော်နေကြသည်ကို သိတော်မူ၍ “ရဟန်းတို့-နတ်ဗြဟ္မာအပေါင်းတို့သည် ရှေးရှုလာရောက်လျက် ရှိကုန်၏၊ ထို(နတ်ဗြဟ္မာအပေါင်း)တို့ကို (ဒိဗ္ဗစက္ခုဉာဏ်ဖြင့်) သိကုန်လော့”ဟု မိန့်တော်မူ၏။ ထိုရဟန်းတို့သည်လည်း မြတ်စွာဘုရား၏ အဆုံးအမကို ကြားနာရ၍ (သိခြင်းငှာ) အားထုတ်ကုန်၏။
၈။ ထိုရဟန်းတို့အား နတ်ဗြဟ္မာတို့ကို မြင်နိုင်စွမ်းသော ဒိဗ္ဗစက္ခုဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၏။ အချို့သော ရဟန်းတို့သည် နတ်ဗြဟ္မာ တစ်ရာကို မြင်ကုန်၏။ အချို့သော ရဟန်းတို့သည် နတ်ဗြဟ္မာ တစ်ထောင်ကို အချို့သော ရဟန်းတို့သည်
စာမျက်နှာ-309
ခုနစ်သောင်းကို အချို့သော ရဟန်းတို့သည် နတ်ဗြဟ္မာ တစ်သိန်းကို မြင်ကုန်၏။ အချို့သော ရဟန်းတို့သည် နတ် ဗြဟ္မာအနန္တကို မြင်ကုန်၏။ အရပ်မျက်နှာအားလုံးတို့သည် နတ်ဗြဟ္မာတို့ဖြင့် ပြည့်နှက်လျက်ရှိကုန်၏။
၉။ ထိုအခါ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ထို (ရဟန်းတို့၏ အသီးသီးမြင်ပုံ) အလုံးစုံကို ထူးသောဉာဏ်ဖြင့် သိ၍ ပိုင်းခြားမှတ်သား တော်မူပြီးလျှင် သာသနာတော်၌ မွေ့လျော်ကုန်သော တပည့်သာဝကတို့အား မိန့်တော်မူ၏-
ရဟန်းတို့-နတ်ဗြဟ္မာအပေါင်းတို့သည် ရှေးရှုလာရောက်လျက် ရှိကုန်၏။ ထို(နတ် ဗြဟ္မာ)တို့ကို (ဒိဗ္ဗစက္ခုဉာဏ်ဖြင့်) သိကုန်လော့၊ ယင်း နတ် ဗြဟ္မာတို့ကို သင်တို့အား ဂါထာဖြင့် အစဉ်အတိုင်း ငါ ပြောကြားပေအံ့။
၁၀။ (ရဟန်းတို့) မြေ၌ တည်ကုန်သော ကပိလဝတ်ပြည်ကို မှီ၍ နေကုန်သော တန်ခိုးအာနုဘော်ရှိကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ထိုခုနစ်ထောင်သော နတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။
၁၁။ ဟိမဝန္တာတောင်၌ နေကုန်သော အမျိုးမျိုးသော အသွေးအရောင်ရှိကုန်သော တန်ခိုးအာနုဘော်ရှိကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ခြောက်ထောင်သော နတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။
၁၂။ သာတာဂိရိတောင်၌ နေကုန်သော အမျိုးမျိုးသော အသွေးအရောင်ရှိကုန်သော တန်ခိုးအာနုဘော်ရှိကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော သုံးထောင်သော နတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။
၁၃။ အမျိုးမျိုးသော အသွေးအရောင်ရှိကုန်သော တန်ခိုးအာနုဘော်ရှိကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဤတစ်သောင်းခြောက်ထောင်သော နတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။
၁၄။ ဝေဿာမိတ္တတောင်၌ နေကုန်သော အမျိုးမျိုးသော အသွေးအရောင်ရှိကုန်သော တန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ငါးရာသော နတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။
စာမျက်နှာ-310
၁၅။ ရာဇဂြိုဟ်ပြည် ဝေပုလ္လတောင်၌ နေသော ကုမ္ဘီရနတ် (စစ်သူကြီး)ကို အသိန်းမကသော နတ်တို့သည် ခြံရံခစားကုန်၏။ ရာဇဂြိုဟ်ပြည်၌ နေသော ထို ကုမ္ဘီရနတ် (စစ်သူကြီး)သည်လည်း မဟာဝုန်တောရဟန်းတို့၏ အစည်းအဝေးသို့ လာရောက်၏။
၁၆။ အရှေ့အရပ်ကို အုပ်စိုးသော ဂန္ဓဗ္ဗနတ်တို့၏အရှင် ဓတရဋ္ဌ (နတ်မင်းကြီး) သည် များသော အခြံအရံရှိ၏။
ထို (နတ်မင်းကြီး)၏သားတော်တို့သည် များလှကုန်၏။ ခွန်အားကြီးကုန်သော တန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒ အမည်ရှိသော ထိုသားတော်တို့သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။
၁၇။ တောင်အရပ်ကို အုပ်စိုးသော ကုမ္ဘာဏ်တို့၏အရှင် ဝိရုဠက (နတ်မင်းကြီး) သည် များသော အခြံအရံရှိ၏။
ထိုနတ်မင်းကြီး၏ သားတော်တို့သည် များလှကုန်၏။ ခွန်အားကြီးကုန်သော တန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒ အမည်ရှိသော ထိုသားတော်တို့သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။
၁၈။ အနောက်အရပ်ကို အုပ်စိုးသော နဂါးတို့၏အရှင် ဝိရူပက္ခ (နတ်မင်းကြီး) သည် များသော အခြံအရံရှိ၏။
ထိုနတ်မင်းကြီး၏ သားတော်တို့သည် များလှကုန်၏။ ခွန်အားကြီးကုန်သော တန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒ အမည်ရှိသော ထိုသားတော်တို့သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။
၁၉။ မြောက်အရပ်ကို အုပ်စိုးသော နတ်ဘီလူးတို့၏အရှင် ကုဝေရ (နတ်မင်းကြီး) သည် များသော အခြံအရံရှိ၏။
ထိုနတ်မင်းကြီး၏ သားတော်တို့သည် များလှကုန်၏။ ခွန်အားကြီးကုန်သော တန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒ အမည်ရှိသော ထိုသားတော်တို့သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။
စာမျက်နှာ-311
၂၀။ အရှေ့အရပ်၌ ဓတရဋ္ဌ (နတ်မင်းကြီး)၊ တောင်အရပ်၌ ဝိရုဠက (နတ်မင်းကြီး)၊ အနောက်အရပ်၌ ဝိရူပက္ခ (နတ်မင်းကြီး)၊ မြောက်အရပ်၌ ကုဝေရ (နတ်မင်းကြီး)။
၂၁။ ထိုနတ်မင်းကြီး လေးယောက်တို့သည် ထက်ဝန်းကျင် အရပ်လေးမျက်နှာတို့၌ အလွန်တောက်ပကုန်လျက် ကပိလဝတ်ပြည် မဟာဝုန်တော၌ တည်ရှိကုန်၏။
၂၂။ ထို(နတ်မင်းကြီး)တို့၏ ကျွန်ယုံတော် ဖြစ်ကုန်သော ပရိယာယ်မာယာ များကုန်သော လှည့်စားတတ်ကုန်သော ကောက်ကျစ်စဉ်းလဲတတ်ကုန်သော မာယာနတ်၊ ကုဋေဏ္ဍုနတ်၊ ဝိဏ္ဍုနတ်၊ ဝိဋစ္စနတ်၊ ဝိဋဋနတ်နှင့် တကွ-
၂၃။ စန္ဒနနတ်၊ ကာမသေဋ္ဌနတ်၊ ကိန္နိဃဏ္ဍုနတ်၊ နိဃဏ္ဍုနတ်တို့သည် လာရောက်ကုန်၏။ ပနာဒနတ်၊ ဩပမညနတ်၊ ရထားထိန်း မာတလိနတ်၊ စိတ္တမည်သော ဂန္ဓဗ္ဗနတ်၊ သေနမည်သော ဂန္ဓဗ္ဗနတ်။ စိတ္တသေနမည်သော ဂန္ဓဗ္ဗနတ်၊ နဠရာဇနတ်၊ ဇနေသဘနတ် ပဉ္စသိခနတ်၊ တိမ္ဗရူနတ်၊ သူရိယဝစ္ဆသာနတ်သမီး။
ဤ(ဆိုခဲ့ပြီးသော ဂန္ဓဗ္ဗနတ်)တို့သည်လည်းကောင်း၊ တစ်ပါးသော နတ်တို့သည် လည်းကောင်း နတ်မင်းကြီးတို့နှင့်အတူ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။
၂၄။ ထိုမှတစ်ပါး နာဂသအိုင်၌ နေသော နဂါးတို့နှင့် ဝေသာလီ၌ နေသော နဂါးတို့သည် နဂါးပရိသတ်နှင့်အတူ လာရောက်ကုန်၏။ ကမ္ဗလမည်သော နဂါး၊ အဿတရမည်သော နဂါးနှင့် ပယာဂဆိပ်၌ နေသော နဂါးတို့သည် ဆွေမျိုးတို့နှင့် အတူ လာရောက်ကုန်၏။
အခြံအရံများကုန်သော ယမုနာမြစ်၌နေသော နဂါးတို့နှင့် ဓတရဋ္ဌအမျိုး၌ ဖြစ်သော နဂါးတို့သည် လာရောက်ကုန်၏။ ဧရာဝဏ် ဆင်ပြောင်ကြီးမည်သော ထိုနတ်သားသည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ လာရောက်လေ၏။
၂၅။ အကြင်ဂဠုန်တို့သည် (ဆိုခဲ့ပြီးသော) နဂါးမင်းတို့ကို အနိုင်အထက်ပြု၍ ဖမ်းယူနိုင်ကုန်၏။ နတ်ကဲ့သို့ အာနုဘော် ရှိကုန်၏။ (အမိဝမ်းနှင့် ဥခွံတွင်းမှ) နှစ်ကြိမ် မွေးဖွားရကုန်၏။ အတောင်ရှိကုန်၏။ စင်ကြယ်သော မျက်စိအမြင်ရှိကုန်၏။ စိတြသုပဏ္ဏအမည်ရှိကုန်၏။ ထိုဂဠုန်တို့သည် ကောင်းကင်ခရီးဖြင့် တောအုပ်အလယ်သို့ ရောက်လာကုန်၏။
စာမျက်နှာ-312
၂၆။ ထိုအခါ မြတ်စွာဘုရားသည် ဂဠုန်မှ ဘေးငြိမ်းအောင် ပြုတော်မူသဖြင့် နဂါးတို့အား ဘေးကင်းလေ၏။ နဂါးနှင့် ဂဠုန်တို့သည် သိမ်မွေ့သော စကားတို့ဖြင့် ခေါ်ဝေါ်ပြောဆိုလျက် မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်ကြကုန်၏။
၂၇။ ဝရဇိန်လက်နက်ရှိသော သိကြားမင်းကို စစ်ရှုံးသဖြင့် သမုဒ္ဒရာကို မှီ၍ နေကုန်သော အသုရာတို့သည် သိကြားမင်း၏ ညီနောင်တို့ပင် ဖြစ်ကုန်၏။ တန်ခိုးကြီးကုန်၏၊ အခြံအရံများကုန်၏။
ကာဠကဉ္စ အသုရာတို့သည် ကြီးမား၍ ကြောက်မက်ဖွယ်ကောင်းသော ကိုယ်ကို ဖန်ဆင်းလျက် လာကုန်၏။ ဒါနဝေဃသမည်သော (လေးသမား) အသုရာ၊ ဝေပစိတ္တိအသုရာ၊ သုစိတ္တိအသုရာ၊ ပဟာရာဒအသုရာတို့သည် မာရ်နတ်သားနှင့်တကွ လာရောက်ကုန်၏။
အားလုံးပင် ဝေရောစအမည်ရှိသော ဗလိအသုရာကြီး၏ သားတစ်ရာ တို့သည် ဗလိအသုရာစစ်တပ်ကို လက်နက်တပ်ဆင်ပြီးလျှင် ရာဟုအသုရိန်ကြီးထံ ချည်းကပ်၍ “သင့်အား ကောင်းခြင်းမင်္ဂလာ (ဖြစ်ပါစေသတည်း)၊ မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ သွားရန် အချိန်တန်ပါပြီ”ဟု ပြောဆိုကုန်၏။
၂၈။ ထိုအခါ၌ အာပေါနတ်၊ ပထဝီနတ်၊ တေဇောနတ်၊ ဝါယောနတ်၊ ဝရုဏနတ်၊ ဝါရဏနတ်၊ သောမနတ်တို့သည် ယသနတ်နှင့်တကွ လာရောက်ကုန်၏။ အခြံအရံ များကုန်သော မေတ္တာနတ်၊ ကရုဏာနတ်တို့သည်လည်း လာရောက်ကုန်၏။
တန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော အားလုံးပင် အမျိုးမျိုးသောအသွေးအရောင်ရှိကုန်သော ဆယ်မျိုးကွဲပြားကုန်သော ဤနတ်အစုအဝေးဆယ်ခုတို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။
၂၉။ ဝေဏ္ဍုနတ်၊ သာလိနတ်၊ အသမနတ်တို့နှင့်တကွ ယမနတ် နှစ်မျိုးတို့သည် လာရောက်ကုန်၏။ လ၏ အခြံအရံဖြစ်သော နတ်တို့သည် လနတ်မင်းကို ရှေ့ထား၍ လာရောက်ကုန်၏။
နေ၏ အခြံအရံဖြစ်သော နတ်တို့သည် နေနတ်မင်းကို ရှေ့ထား၍ လာကုန်၏။ ကြယ်တို့၏ အခြံအရံဖြစ်ကုန်သော နတ်တို့သည် ကြယ်နတ်မင်းတို့ကို ရှေ့ထား၍ လာရောက်ကုန်၏။ မန္ဒဂလာဟကနတ်တို့သည်လည်း လာရောက်ကုန်၏။
စာမျက်နှာ-313
နတ်တို့၏ အကြီးအမှူးဖြစ်သော ရှေး၌ အလှူပေးဖူးသည့် ဝါသဝမည်သော သိကြားမင်းသည်လည်း လာရောက်၏။
အားလုံးပင် အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော တန်ခိုး အာနုဘော်ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံ များကုန်သော ဆယ်မျိုးကွဲသော ဤနတ်အစုအရုံး ဆယ်ခုတို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကြကုန်၏။
၃၀။ ထိုမှတစ်ပါး မီးလျှံကဲ့သို့ တောက်ပသော သဟဘူ နတ်တို့သည် လည်းကောင်း၊ အောင်မဲညိုပွင့်နှင့်တူသော အဆင်းရှိကုန်သော အရိဋ္ဌ နတ်တို့သည် လည်းကောင်း၊ ရောဇနတ်တို့သည်လည်းကောင်း-
ဝရုဏ နတ်တို့သည်လည်းကောင်း၊ သဟဓမ္မ နတ်တို့သည်လည်းကောင်း၊ အစ္စုတ နတ်တို့သည်လည်းကောင်း၊ အနေဇက နတ်တို့သည်လည်းကောင်း၊ သူလေယျ နတ်တို့သည်လည်းကောင်း၊ ရုစိရ နတ်တို့သည်လည်းကောင်း လာရောက်ကုန်၏၊ ဝါသဝနေသီ အမည်ရှိသော နတ်တို့သည် လာရောက်ကုန်၏။
အားလုံးပင် အမျိုးမျိုးသော အသွေးအရောင်ရှိကုန်သော တန်ခိုးအာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဆယ်မျိုးကွဲသော ဤနတ်အစုအရုံး ဆယ်မျိုးတို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။
၃၁။ သမာန နတ်တို့သည် လည်းကောင်း၊ မဟာသမာနနတ်တို့သည် လည်းကောင်း၊ မာနုသ နတ်တို့သည်လည်းကောင်း၊ မာနုသုတ္တမ နတ်တို့သည် လည်းကောင်း၊ ခိဍ္ဍာပဒေါသိက နတ်တို့သည်လည်းကောင်း လာရောက်ကုန်၏။ မနောပဒေါသိက နတ်တို့သည်လည်း လာရောက်ကုန်၏။
ထိုမှတစ်ပါး မာရ်နတ်တို့သည်လည်းကောင်း၊ လောဟိတဝါသီ နတ်တို့သည် လည်းကောင်း လာရောက်ကုန်၏။ အခြံအရံများသော ပါရဂနတ်တို့သည် လည်းကောင်း၊ မဟာပါရဂနတ်တို့သည်လည်းကောင်း လာရောက်ကုန်၏။
အားလုံးပင် အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော တန်ခိုးအာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံ များကုန်သော ဆယ်မျိုးကွဲသော ဤနတ်အစုအရုံး ဆယ်ခုတို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကြကုန်၏။
စာမျက်နှာ-314
၃၂။ သုက္ကနတ်တို့သည်လည်းကောင်း၊ ကရမ္ဘနတ်တို့သည်လည်းကောင်း၊ အရုဏ နတ်တို့သည်လည်းကောင်း၊ ဝေယန နတ်တို့နှင့်တကွ လာရောက်ကုန်၏။ ဩဒါတဂယှ မည်သော ပါမောက္ခ နတ်တို့သည်လည်းကောင်း၊ ဝီစက္ခဏ နတ်တို့သည် လည်းကောင်း လာရောက်ကုန်၏။
သဒ္ဒါမတ္တနတ်တို့သည်လည်းကောင်း၊ ဟာရဂဇ နတ်တို့သည်လည်းကောင်း၊ အခြံအရံများကုန်သော မိဿက နတ်တို့သည်လည်းကောင်း လာရောက်ကုန်၏။ အရပ်မျက်နှာတို့၌ မိုးရွာစေလျက် သွားလာလေ့ရှိသော ပဇ္ဇုန္န နတ်သည်လည်း မိုးထစ်ချုန်းစေလျက် လာရောက်၏။
အားလုံးပင် အမျိုးမျိုးသော အသွေးအရောင်ရှိကုန်သော တန်ခိုးအာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဆယ်မျိုးကွဲသော ဤနတ်အစုအရုံး ဆယ်မျိုးတို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။
၃၃။ ခေမိယ နတ်တို့သည်လည်းကောင်း၊ တုသိတာ (ပြည်၌ နေသော) နတ်တို့သည်လည်းကောင်း၊ ယာမာ (ပြည်၌ နေသော) နတ်တို့သည်လည်းကောင်း၊ အခြံအရံ များကုန်သော ကဋ္ဌကနတ်တို့သည်လည်းကောင်း၊ လမ္ဗီတကနတ်တို့သည် လည်းကောင်း။ လာမသေဋ္ဌနတ်တို့သည် လည်းကောင်း၊ ဇောတိမည်သော နတ်တို့သည်လည်းကောင်း၊ အာသဝ နတ်တို့သည်လည်းကောင်း၊ နိမ္မာနရတိ နတ်တို့သည် လည်းကောင်း၊ ပရနိမ္မိတဝသဝတ္တီနတ်တို့သည်လည်းကောင်း လာရောက်ကြကုန်၏။
အားလုံးပင် အမျိုးမျိုးသော အသွေးအရောင်ရှိကုန်သော တန်ခိုးအာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဆယ်မျိုးကွဲသော ဤနတ်အစုအရုံး ဆယ်မျိုးတို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။
၃၄။ အားလုံးပင် အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော ထိုခြောက်ကျိပ်ကုန်သော နတ်အစုအရုံးတို့သည် အမည် အနွယ်အလိုက် လာရောက်ကုန်၏။ (အမျိုး၊ အမည်) တူသော တစ်ပါးသော နတ်တို့သည်လည်း လာရောက်ကုန်သေး၏။
ပဋိသန္ဓေနေခြင်း ကင်းပြီးသော (ရာဂ၊ ဒေါသ၊ မောဟတည်းဟူသော) ခလုတ်ကန်သင်းမရှိသော ဩဃလေးဖြာမှ ကူးမြောက်ပြီးသော အာသဝေါတရား-
စာမျက်နှာ-315
မရှိသော အရိယာသံဃာတော်ကို လည်းကောင်း၊ ညစ်ညူးခြင်း ကင်းသည့် လမင်းသဖွယ် တင့်တယ်တော်မူသော ဩဃလေးဖြာမှ ကူးမြောက်စေတော်မူသော မြတ်စွာဘုရားကို လည်းကောင်း ဖူးမြော်ကုန်အံ့ဟု (ကြွေးကြော်၍) လာကုန်၏။ ၃၅။ တန်ခိုးကြီးမားတော်မူသော မြတ်စွာဘုရား၏ သားတော်ဖြစ်ကုန်သော သုဗြဟ္မာမည်သော ဗြဟ္မာနှင့် ပရမတ္တမည်သော ဗြဟ္မာတို့သည် အတူ လာရောက် ကြကုန်၏။ သနမာရ ဗြဟ္မာနှင့် တိဿ ဗြဟ္မာတို့သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ လာရောက်ကုန်၏။
၃၆။လက်တစ်ချောင်းဖြင့် စကြဝဠာတစ်ထောင်၊ လက်ဆယ်ချောင်းဖြင့် စကြဝဠာတစ်သောင်း တိုင်အောင် အရောင်အဝါ ပြန့်နှံ့စေနိုင်သော ဗြဟ္မာတစ်ထောင် သည် အစည်းအဝေးသို့ လာရောက်၏။ ဗြဟ္မာ့ပြည်၌ ပဋိသန္ဓေအားဖြင့်ဖြစ်သော အာနုဘော်နှင့် ပြည့်စုံသော ကြီးသော ကိုယ်ရှိသော ကျက်သရေနှင့် ပြည့်စုံသော မဟာဗြဟ္မာသည် အခြား ဗြဟ္မာတစ်ထောင်ကို လွှမ်းမိုးအုပ်စိုးလျက် တည်၏။
ဗြဟ္မာတစ်ထောင်စီ အသီးသီး အစိုးရကုန်သော မဟာဗြဟ္မာ ဆယ်မျိုး တို့သည် ဤအစည်းအဝေးသို့ လာရောက်ကြကုန်၏။ ထိုမဟာဗြဟ္မာတို့အနက် ဟာရိတမည်သော မဟာဗြဟ္မာသည်လည်း (ဗြဟ္မာတစ်သိန်း)ခြံရံလျက် လာရောက်၏။ ၃၇။ရဟန်းတို့-မာရ်နတ်၏ မိုက်မဲပုံကို ရှုကုန်လော့၊ သိကြား၊ မဟာဗြဟ္မာတို့နှင့် တကွ ရှေးရှုလာကုန်သော ထိုနတ်ဗြဟ္မာ အားလုံးတို့ စီသို့ မာရ်နတ်၏ စစ်သည် တို့သည် ရှေးရှုချီတက်ကြကုန်ပြီ။
လာကြလော့၊ ဖမ်းကြလော့၊ နှောင်ဖွဲ့ကြလော့၊ ရာဂဖြင့် ချည်တုပ်ကြလော့၊ ထက်ဝန်းကျင်မှ ဝိုင်းဝန်းထားကြလော့၊ သင်တို့သည် တစ်ဦးတစ်ယောက်ကိုမျှ မလွတ်စေကြလင့်။
ဤသို့ ဆိုလျက် စစ်သည်များစွာရှိသော မာရ်နတ်မင်းသည် မြေပြင်ကို လက်ဖြင့် ပုတ်ခတ်၍ လျှပ်စစ်နှင့်တကွ မိုးကြီးထစ်ချုန်းသကဲ့သို့ ကြောက်မက်ဖွယ် အသံကိုပြုလျက် ထိုအစည်းအဝေးသို့ မာရ်နတ်စစ်သည်ကို စေလွှတ်၏၊ ထိုအခါ မာရ်နတ်မင်းသည် မိမိ အလိုအတိုင်း မဖြစ်သောကြောင့် ပြင်းစွာ အမျက်ထွက်လျက် ပြန်ရလေ၏။
စာမျက်နှာ-316
၃၈။ စက္ခုငါးပါးနှင့် ပြည့်စုံသော မြတ်စွာဘုရားသည် ထိုအလုံးစုံကို ထူးသော ဉာဏ်ဖြင့် သိ၍ ပိုင်းခြားမှတ်သားတော်မူပြီးလျှင် သာသနာတော်၌ မွေ့လျော်ကုန်သော တပည့်သာဝကတို့အား “ရဟန်းတို့-မာရ်နတ်စစ်သည်တို့သည် ရှေးရှုချီတက်လာကုန်၏။ ထိုမာရ်နတ်စစ်သည်တို့ကို သိကုန်လော့”ဟု မိန့်တော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ အမိန့်တော်ကို ကြား၍ (သိအောင်) အားထုတ်ကုန်၏။ (မာရ် စစ်သည်တို့ သည်) ထိုရဟန္တာတို့၏ မွေးညင်းမျှကိုလည်း မလှုပ်ရှားစေနိုင်သည်ဖြစ်၍ ထိုရဟန္တာတို့ထံမှ ဖဲခွာသွားလေကုန်ပြီ။ (ထိုအခါ မာရ်နတ်မင်းသည် ရဟန်းသံဃာကို အာရုံပြု၍ ဤဂါထာကို ရွတ်ဆို၏)။
၃၉။ စစ်ပွဲကို အောင်မြင်ပြီးကုန်သော, ကြောက်ရွံ့ခြင်း ကင်းပြီးကုန်သော, ကျော်စောခြင်း ရှိကုန်သော, လူအပေါင်း၌ ထင်ရှားကုန်သော ထိုသာဝက အားလုံး တို့သည် အရိယာတို့နှင့် အတူ ဝမ်းမြောက်ကုန်၏။
မဟာသမယသုတ်တော် ဥယျောဇဉ်
သတေဟိ ပဉ္စမတ္တေဟိ၊ ခီဏာသဝေဟိ ကေဝလံ။
ဘိက္ခူဟိ ဘူပဝံသေဟိ၊ သတ္ထာ ဇိနော ပရိဝုတော။
သက္ကေ ကပိလဝတ္ထုသ္မိံ၊ ဆာယာရမ္မံ မဟာဝနေ။
သမန္တတော သဟဿေဟိ၊ စက္ကဝါဠေဟိ ဒသဟိ။
အာဂမ္မ သန္နိသိန္နာနံ၊ ဒေဝါနံ ယ မဒေသယိ။
ယ အာယုဒီဃကရံ သဗ္ဗ-သမ္ပတ္တိသာဓကံ ဝရံ။
သုဒ္ဓါဝါသပ္ပဘူတီဟိ၊ ဒေဝေဟိ ပဋိနန္ဒိတံ။
သဗ္ဗရောဂဘယုဂ္ဃါတံ၊ သမယံ တံ ဘဏာမ ဟေ။
နိဒါန်း
၁။ ဧဝံ မေ သုတံ-ဧကံ သမယံ ဘဂဝါ သက္ကေသု ဝိဟရတိ ကပိလဝတ္ထုသ္မိံ မဟာဝနေ မဟတာ ဘိက္ခုသံဃေန သဒ္ဓိ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ သဗ္ဗေဟေ၀ အရဟန္တေဟိ၊ ဒသဟိ စ လောကဓာတူဟိ ဒေဝတာ ယေဘုယျေန သန္နိပတိတာ ဟောန္တိ ဘဂဝန္တံ ဒဿနာယ, ဘိက္ခုသံဃဉ္စ။ အထ ခေါ စတုန္နံ သုဒ္ဓါဝါသကာယိကာနံ ဒေဝတာနံ ဧတဒဟောသိ“အယံ ခေါ ဘဂဝါ သက္ကေသု ဝိဟရတိ ကပိလဝတ္ထုသ္မိံ မဟာဝနေ မဟတာ ဘိက္ခုသံဃေန သဒ္ဓိ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ သဗ္ဗေဟေဝ အရဟန္တေဟိ၊ ဒသဟိ စ လောကဓာတူဟိ ဒေဝတာ ယေဘုယျေန သန္နိပတိတာ
စာမျက်နှာ-317
ဟောန္တိ ဘဂဝန္တံ ဒဿနာယ, ဘိက္ခုသံဃဉ္စ၊ ယံနူန မယမ္ပိ ယေန ဘဂဝါ၊ တေနုပသင်္ကမေယျာမ၊ ဥပသင်္ကမိတွာ ဘဂဝတော သန္တိကေ ပစ္စေကံ ဂါထံ ဘာသေယျာမာ”တိ။
အထ ခေါ တာ ဒေဝတာ သေယျထာပိ နာမ ဗလဝါ ပုရိသော သမိဉ္ဇိတံ ဝါ ဗာဟံ ပသာရေယျ၊ ပသာရိတံ ဝါ ဗာဟံ သမိဉ္ဇေယျ၊ ဧဝမေဝ သုဒ္ဓါဝါသေသု ဒေဝေသု အန္တရဟိတာ ဘဂဝတော ပုရတော ပါတုရဟေသုံ။ အထ ခေါ တာ ဒေဝတာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌံသု။ ဧကမန္တံ ဋ္ဌိတာ ခေါ ဧကာ ဒေဝတာ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ-
“မဟာသမယော ပဝနသ္မိံ၊
ဒေဝကာယာ သမာဂတာ။
အာဂတမှ ဣမံ ဓမ္မသမယံ၊
ဒက္ခိတာယေ အပရာဇိတသံဃန္တိ။”
၂။ အထ ခေါ အပရာ ဒေဝတာ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ-
“တတြ ဘိက္ခဝေါ သမာဒဟံသု၊
စိတ္တမတ္တနော ဥဇုကံ အကံသု။
သာရထီဝ နေတ္တာနိ ဂဟေတွာ၊
ဣန္ဒြိယာနိ ရက္ခန္တိ ပဏ္ဍိတာ”တိ။
၃။ အထ ခေါ အပရာ ဒေဝတာ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ-
“ဆေတွာ ခီလံ ဆေတွာ ပလိဃံ၊
ဣန္ဒခီလံ ဦဟစ္စ မနေဇာ။
တေ စရန္တိ သုဒ္ဓါ ဝိမလာ၊
စက္ခုမတာ သုဒန္တာ သုသုနာဂါ”တိ။
၄။ အထ ခေါ အပရာ ဒေဝတာ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ-
“ယေ ကေစိ ဗုဒ္ဓံ သရဏံ ဂတာသေ၊
န တေ ဂမိဿန္တိ အပါယဘူမိ။
ပဟာယ မာနုသံ ဒေဟံ၊
ဒေဝကာယံ ပရိပူရေဿန္တိ”တိ။
စာမျက်နှာ-318
ဒေဝတာသန္နိပါတ
၅။ အထ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ“ယေဘုယျေန ဘိက္ခဝေ ဒသသု လောကဓာတူသု ဒေဝတာ သန္နိပတိတာ ဟောန္တိ တထာဂတံ ဒဿနာယ ဘိက္ခု သံဃဉ္စ။ ယေပိ တေ ဘိက္ခဝေ အဟေသုံ အတီတမဒ္ဓါနံ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ၊ တေသမ္ပိ ဘဂဝန္တာနံ ဧတံပရမာယေဝ ဒေဝတာ သန္နိပတိတာ အဟေသုံ၊ သေယျထာပိ မယှံ ဧတရဟိ။ ယေပိ တေ ဘိက္ခဝေ ဘဝိဿန္တိ အနာဂတမဒ္ဓါနံ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ၊ တေသမ္ပိ ဘဂဝန္တာနံ ဧတံပရမာ ယေဝ ဒေဝတာ သန္နိပတိတာ ဘဝိဿန္တိ၊ သေယျထာပိ မယှံ ဧတရဟိ။ အာစိက္ခိဿာမိ ဘိက္ခဝေ ဒေဝကာယာနံ နာမာနိ၊ ကိတ္တယိဿာမိ ဘိက္ခဝေ ဒေဝကာယာနံ နာမာနိ၊ ဒေသေဿာမိ ဘိက္ခဝေ ဒေဝကာယာနံ နာမာနိ၊ တံ သုဏာထ, သာဓုကံ မနသိကရောထ, ဘာသိဿာမီ”တိ။ “ဧဝံ ဘန္တေ”တိ ခေါ တေ ဘိက္ခူ ဘဂဝတော ပစ္စသောသုံ။
၆။ ဘဂဝါ ဧတဒဝေါစ-
သိလောကမနုကဿာမိ၊ ယတ္ထ ဘုမ္မာ တဒဿိတာ။
ယေ သိတာ ဂိရိဂဗ္ဘရံ၊ ပဟိတတ္တာ သမာဟိတာ။
ပုထူ သီဟာဝ သလ္လိနာ၊ လောမဟံသာဘိသမ္ဘူနော။
ဩဒါတမနသာ သုဒ္ဓါ၊ ဝိပ္ပသန္နမနာဝိလာ။
၇။ ဘိယျော ပဉ္စသတေ ဉတွာ၊ ဝနေ ကာပိလဝတ္ထဝေ။
တတော အာမန္တယီ သတ္ထာ၊ သာဝကေ သာသနေ ရတေ။
ဒေဝကာယာ အဘိက္ကန္တာ၊ တေ ဝိဇာနာထ ဘိက္ခဝေါ။
တေ စ အာတပ္ပမကရုံ၊ သုတွာ ဗုဒ္ဓဿ သာသနံ။
၈။ တေသံ ပါတုရဟု ဉာဏံ၊ အမနုဿာနဒဿနံ။
အပွေကေ သတမဒ္ဒက္ခုံ၊ သဟဿံ အထ သတ္တရိ။
သတံ ဧကေ သဟဿာနံ၊ အမနုဿာနမဒ္ဒသုံ။
အပွေကေနန္တမဒ္ဒက္ခုံ၊ ဒိသာ သဗ္ဗာ ဖုဋာ အဟုံ။
၉။ တဉ္စ သဗ္ဗံ အဘိညာယ၊ ဝဝတ္ထိတွာန စက္ခုမာ။
တတော အာမန္တယီ သတ္ထာ၊ သာဝကေ သာသနေ ရတေ။
ဒေဝကာယာ အဘိက္ကန္တာ၊ တေ ဝိဇာနာထ ဘိက္ခဝေါ။
ယေ ဝေါ’ဟံ ကိတ္တယိဿာမိ၊ ဂိရာဟိ အနုပုဗ္ဗသော။
စာမျက်နှာ-319
၁၀။ သတ္တသဟဿာ တေ ယက္ခာ၊ ဘုမ္မာ ကာပိလဝတ္ထဝါ။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။
၁၁။ ဆသဟဿာ ဟေမဝတာ၊ ယက္ခာ နာနတ္တဝဏ္ဏိနော၊
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။
၁၂။ သာတာဂိရာ တိသဟဿာ၊ ယက္ခာ နာနတ္တဝဏ္ဏိနော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။
၁၃။ ဣစ္စေတေ သောဠသသဟဿာ၊ ယက္ခာ နာနတ္တဝဏ္ဏိနော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။
၁၄။ ဝေဿာမိတ္တာ ပဉ္စသတာ၊ ယက္ခာ နာနတ္တဝဏ္ဏိနော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။
၁၅။ ကုမ္ဘီရော ရာဇဂဟိကော၊ ဝေပုလ္လဿ နိဝေသနံ။
ဘိယျော နံ သတသဟဿံ၊ ယက္ခာနံ ပယိရုပါသတိ။
ကုမ္ဘီရော ရာဇဂဟိကော၊ သောပါဂါ သမိတိံ ဝနံ။
၁၆။ ပုရိမဉ္စ ဒိသံ ရာဇာ၊ ဓတရဋ္ဌော ပသာသတိ။
ဂန္ဓဗ္ဗာနံ အဓိပတိ၊ မဟာရာဇာ ယသဿိ သော။
ပုတ္တာပိ တဿ ဗဟဝေါ၊ ဣန္ဒနာမာ မဟဗ္ဗလာ။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။
၁၇။ ဒက္ခိဏဉ္စ ဒိသံ ရာဇာ၊ ဝိရူဠှော တံ ပသာသတိ။
ကုမ္ဘဏ္ဍာနံ အဓိပတိ၊ မဟာရာဇာ ယသဿိ သော။
ပုတ္တာပိ တဿ ဗဟဝေါ၊ ဣန္ဒနာမာ မဟဗ္ဗလာ။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။
စာမျက်နှာ-320
၁၈။ ပစ္ဆိမဉ္စ ဒိသံ ရာဇာ၊ ဝိရူပက္ခော ပသာသတိ။
နာဂါနဉ္စ အဓိပတိ၊ မဟာရာဇာ ယသဿိ သော။
ပုတ္တာပိ တဿ ဗဟဝေါ၊ ဣန္ဒနာမာ မဟဗ္ဗလာ။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။
၁၉။ ဥတ္တရံ ဒိသံ ရာဇာ၊ ကုဝေရော တံ ပသာသတိ။
ယက္ခာနဉ္စ အဓိပတိ၊ မဟာရာဇာ ယသဿိ သော။
ပုတ္တာပိ တဿ ဗဟဝေါ၊ ဣန္ဒနာမာ မဟဗ္ဗလာ။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။
၂ဝ။ ပုရိမံ ဒိသံ ဓတရဋ္ဌော၊ ဒက္ခိဏေန ဝိရူဠှကော။
ပစ္ဆိမေန ဝိရူပက္ခော၊ ကုဝေရော ဥတ္တရံ ဒိသံ။
၂၁။ စတ္တာရော တေ မဟာရာဇာ၊ သမန္တာ စတုရော ဒိသာ။
ဒဒ္ဒလ္လမာနာ အဋ္ဌံသု၊ ဝနေ ကာပိလဝတ္ထဝေ။
၂၂။ တေသံ မာယာဝိနော ဒါသာ အာဂုံ ဝဉ္စနိကာ သဌာ။
မာယာ ကုဋေဏ္ဍု ဝိဋေဏ္ဍု၊ ဝိဋုစ္စ ဝိဋုဋာ သဟ။
၂၃။ စန္ဒနော ကာမသေဋ္ဌော စ၊ ကိန္နိဃဏ္ဍု နိဃဏ္ဍု စ။
ပနာဒေါ ဩပမညော စ၊ ဒေဝသူတော စ မာတလိ။
၂၄။ စိတ္တသေနော စ ဂန္ဓဗ္ဗော၊ နဠော ရာဇာ ဇနေသဘော။
အာဂုံ ပဉ္စသိခေါ စေဝ၊ တိမ္ဗရူ သူရိယဝစ္ဆသာ။
ဧတေ စညေ စ ရာဇာနော၊ ဂန္ဓဗ္ဗာ သဟ ရာဇဘိ။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။
(ဘူမဋ္ဌဒေဝတာကဏ္ဍ)
အထာဂုံ နာဂသာ နာဂါ၊ ဝေသာလာ သဟတစ္ဆကာ။
ကမ္ဗလဿတရာ အာဂုံ၊ ပါယာဂါ သဟ ဉာတိဘိ။
ယာမုနာ ဓတရဋ္ဌာ စ၊ အာဂုံ နာဂါ ယသဿိနော။
ဧရာဝဏော မဟာနာဂေါ၊ သောပါဂါ သမိတိံ ဝနံ။
စာမျက်နှာ-321
၂၅။ ယေ နာဂရာဇေ သဟသာ ဟရန္တိ၊
ဒိဗ္ဗာ ဒိဇာ ပက္ခိ ဝိသုဒ္ဓစက္ခု၊
ဝေဟာယသာ တေ ဝနမဇ္ဈပတ္တာ။
စိတြာ သုပဏ္ဏာ ဣတိ တေသ နာမံ။
၂၆။ အဘယံ တဒါ နာဂရာဇာနမာသိ၊
သုဝဏ္ဏတော ခေမမကာသိ ဗုဒ္ဓေါ။
သဏှာဟိ ဝါစာဟိ ဥပဝှယန္တာ၊
နာဂါ သုပဏ္ဏာ သရဏမကံသု ဗုဒ္ဓံ။
(နာဂကဏ္ဍ)
၂၇။ ဇိတာ ဝဇိရဟတ္ထေန၊ သမုဒ္ဒံ အသုရာ သိတာ။
ဘာတရော ဝါသဝဿေတေ၊ ဣဒ္ဓိမန္တော ယသဿိနော။
ကာဠကဉ္စာ မဟာဘိသ္မာ၊ အသုရာ ဒါနဝေဃသာ။
ဝေပစိတ္တိ သုစိတ္တိ စ၊ ပဟာရာဒေါ နမုစီ သဟ။
သတဉ္စ ဗလိပုတ္တာနံ၊ သဗ္ဗေ ဝေရောစနာမကာ။
သန္နယှိတွာ ဗလိသေနံ၊ ရာဟု ဘဒ္ဒမုပါဂမုံ၊
သမယော ဒါနိ ဘဒ္ဒန္တေ၊ ဘိက္ခူနံ သမိတိံ ဝနံ။
(အသုရဒေဝတာကဏ္ဍ)
၂၈။ အာပေါ စ ဒေဝါ ပထဝီ၊ တေဇော ဝါယော တဒါဂမုံ။
ဝရုဏာ ဝါရဏာ ဒေဝါ၊ သောမော စ ယသသာ သဟ။
မေတ္တာ ကရုဏာ ကာယိကာ၊ အာဂုံ ဒေဝါ ယသဿိနော။
ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္တဝဏ္ဏိနော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။
၂၉။ ဝေဏ္ဍုဒေဝါ သဟလိ စ၊ အသမာ စ ဒုဝေ ယမာ။
စန္ဒဿူပနိသာ ဒေဝါ၊ စန္ဒမာဂုံ ပုရက္ခတွာ။
သူရိယဿူပနိသာ ဒေဝါ၊ သူရိယမာဂုံ ပုရက္ခတွာ။
နက္ခတ္တာနိ ပုရက္ခတွာ၊ အာဂုံ မန္ဒဝလာဟကာ။
ဝသူနံ ဝါသဝေါ သေဋ္ဌော၊ သက္ကောပါဂါ ပုရိန္ဒဒေါ။
စာမျက်နှာ-322
ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္တဝဏ္ဏိနော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။
၃၀။ အထာဂုံ သဟဘူ ဒေဝါ၊ ဇလမဂ္ဂိသိခါရိဝ။
အရိဋ္ဌကာ စ ရောဇာ စ၊ ဥမာပုပ္ပနိဘာသိနော။
ဝရုဏာ သဟဓမ္မာ စ၊ အစ္စုတာ စ အနေဇကာ။
သူလေယျရုစိရာ အာဂုံ၊ အာဂုံ ဝါသဝနေသိနော။
ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္တဝဏ္ဏိနော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။
၃၁။ သမာနာ မဟာသမာနာ၊ မာနုသာ မာနုသုတ္တမာ။
ခိဍ္ဍာပဒေါသိကာ အာဂုံ၊ အာဂုံ မနောပဒေါသိကာ။
အထာဂုံ ဟရယော ဒေဝါ၊ ယေ စ လောဟိတဝါသိနော။
ပါရဂါ မဟာပါရဂါ၊ အာဂုံ ဒေဝါ ယသဿိနော။
ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္တဝဏ္ဏိနော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။
၃၂။ သုက္ကာ ကရမ္ဘာ အရုဏာ၊ အာဂုံ ဝေယနသာ သဟ။
ဩဒါတဂယှာ ပါမောက္ခာ၊ အာဂုံ ဒေဝါ ဝိစက္ခဏာ။
သဒါမတ္တာ ဟာရဂဇာ၊ မိဿကာ စ ယသဿိနော။
ထနယံ အာဂ ပဇ္ဇုန္နော၊ ယော ဒိသာ အဘိဝဿတိ။
ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္တဝဏ္ဏိနော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။
၃၃။ ခေမိယာ တုသိတာ ယာမာ၊ ကဋ္ဌကာ စ ယသဿိနော။
လမ္ဗီတကာ လာမသေဋ္ဌာ၊ ဇောတိနာမာ စ အာသဝါ။
နိမ္မာနရတိနော အာဂုံ၊ အထာဂုံ ပရနိမ္မိတာ။
ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္တဝဏ္ဏိနော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။
စာမျက်နှာ-323
၃၄။ သဋ္ဌေတေ ဒေဝနိကာယာ၊ သဗ္ဗေ နာနတ္တဝဏ္ဏိနော။
နာမနွယေန အာဂတ္ထုံ၊ ယေ စညေ သဒိသာ သဟ။
ပဝုတ္တဇာတိမခီလံ၊ ဩဃတိဏ္ဏမနာသဝံ။
ဒက္ခေမောဃတရံ နာဂံ၊ စန္ဒံဝ အသိတာတိဂံ။
(အာကာသဋ္ဌဒေဝတာကဏ္ဍ)
၃၅။ သုဗြဟ္မာ ပရမတ္တော စ၊ ပုတ္တာ ဣဒ္ဓိမတော သဟ။
သနင်္ကုမာရော တိဿော စ၊ သောပါဂါ သမိတိံ ဝနံ။
၃၆။ သဟဿံ ဗြဟ္မလောကာနံ၊ မဟာဗြဟ္မာဘိတိဋ္ဌတိ။
ဥပပန္နော ဇုတိမန္တော၊ ဘိသ္မာကာယော ယသဿိ သော။
ဒသေတ္ထ ဣဿရာ အာဂုံ၊ ပစ္စေကဝသဝတ္တိနော။
တေသဉ္စ မဇ္ဈတော အာဂ၊ ဟာရိတော ပရိဝါရိတော။
(ဗြဟ္မကဏ္ဍ)
၃၇။ တေ စ သဗ္ဗေ အဘိက္ကန္တေ၊ သဣန္ဒေ ဒေဝေ သဗြဟ္မကေ။
မာရသေနာ အဘိက္ကာမိ၊ ပဿ ကဏှဿ မန္ဒိယံ။
ဧထ ဂဏှထ ဗန္ဓထ၊ ရာဂေန ဗဒ္ဓမတ္ထု ဝေါ။
သမန္တာ ပရိဝါရေထ၊ မာ ဝေါ မုဉ္စိတ္ထ ကောစိ နံ။
ဣတိ တတ္ထ မဟာသေနော၊ ကဏှော သေနံ အပေသယိ။
ပါဏိနာ တလမာဟစ္စ၊ သရံ ကတွာန ဘေရဝံ။
ယထာ ပါဝုဿကော မေဃော၊ ထနယန္တော သဝိဇ္ဈုကော၊
တဒါ သော ပစ္စုဒါဝတ္တိ၊ သံကုဒ္ဓေါ အသယံဝသေ။
၃၈။ တဉ္စ သဗ္ဗံ အဘိညာယ၊ ဝဝတ္ထိတွာန စက္ခုမာ။
တတော အာမန္တယီ သတ္ထာ၊ သာဝကေ သာသနေ ရတေ။
မာရသေနာ အဘိက္ကန္တာ၊ တေ ဝိဇာနာထ ဘိက္ခဝေါ၊
တေ စ အာတပ္ပမကရုံ၊ သုတွာ ဗုဒ္ဓဿ သာသနံ။
ဝီတရာဂေဟိ ပက္ကာမုံ၊ နေသံ လောမာပိ ဣဉ္ဇယုံ။
၃၉။ သဗ္ဗေ ဝိဇိတသင်္ဂါမာ၊ ဘယာတီတာ ယသဿိနော။
မောဒန္တိ သဟ ဘူတေဟိ၊ သာဝကာ တေ ဇနေသုတာတိ။
မဟာသမယသုတ္တံ နိဋ္ဌိတံ။
သုတ်မဟာဝါ။ ၂၀၄။
စာမျက်နှာ-324
အခန်း ( ၈)
ပါဠိတော်မြန်မာပြန် ကောက်နုတ်ချက်များ
သက္ကပဥှသုတ် မြန်မာပြန် (ကောက်နုတ်ချက်)
ဂေါပကနတ်သားဝတ္ထု
အသျှင်ဘုရား-ဤကပိလဝတ်ပြည်၌ပင်လျှင် ဘုရား တရား သံဃာ၌ ကြည်ညို၍ ငါးပါးသီလကို စောင့်ထိန်းလေ့ရှိသည့် ဂေါပိကာမည်သော သာကီဝင်မင်းသမီးသည် ရှိပါ၏။ ထို(မင်းသမီး)သည် မိန်းမဖြစ်ကြောင်းကို စက်ဆုပ်လျက် ယောက်ျားဖြစ် ကြောင်းကို ဖြည့်ကျင့်၍ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော လားရာ တာဝတိံသာနတ်ပြည်ဝယ် အကျွန်ုပ်တို့၏ သားအဖြစ်သို့ ရောက်လာပါ၏။ ထိုတာဝတိံသာ နတ်ပြည်၌လည်း ထိုနတ်သားကို “ဂေါပကနတ်သား”ဟူ၍ ခေါ် ကြပါကုန်၏။
အသျှင်ဘုရား-အခြားရဟန်း သုံးပါးတို့သည်ကား မြတ်စွာဘုရားထံ၌ မြတ်သော အကျင့်ကို ကျင့်ပါလျက် ယုတ်နိမ့်သော ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်လာပါကုန်၏။ ထိုနတ်တို့သည် ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံစွာ ခံစားပျော်ရွှင်လျက် အကျွန်ုပ် အား ခစားဖျော်ဖြေရန် သုဓမ္မာနတ်သဘင်သို့ လာရောက်ကြပါကုန်၏။
အကျွန်ုပ်တို့အား ခစားဖျော်ဖြေရန် လာရောက်သော ထိုနတ်တို့ကို ဂေါပက နတ်သားသည် ဤသို့ သတိပေးပြောဆိုပါ၏-
“အသျှင်တို့-သင်တို့သည် အဘယ်သို့ ဉာဏ်ဦးလှည့်၍ ထိုမြတ်စွာဘုရား၏ တရားတော်ကို နာခဲ့ကြပါသနည်း။ အကျွန်ုပ်သည်ကား ဘုရား တရား သံဃာ၌ ကြည်ညို၍ ငါးပါးသီလမျှကို စောင့်ထိန်းလေ့ရှိသည့် မိန်းမပင်ဖြစ်သော်လည်း မိန်းမဖြစ်ကြောင်းကို စက်ဆုပ်လျက် ယောက်ျားဖြစ်ကြောင်းကို ဖြည့်ကျင့်သဖြင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ တာဝတိံသာ နတ်ပြည်ဝယ် နတ်တို့၏အရှင် သိကြားမင်း၏ သားအဖြစ်သို့ ရောက်လာပါ၏။ ဤတာဝတိံသာနတ်ပြည်၌လည်း အကျွန်ုပ်ကို “ဂေါပက နတ်သား၊ ဂေါပကနတ်သား” ဟူ၍ ခေါ်ကြပါကုန်၏။
စာမျက်နှာ-325
အသျှင်တို့-သင်တို့သည်ကား မြတ်စွာဘုရားအထံ၌ မြတ်သောအကျင့်ကို ကျင့်ခဲ့ပါလျက် ယုတ်နိမ့်သော ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်လာကုန်၏။ အသျှင်တို့-တရား ကျင့်ဖက်ပုဂ္ဂိုလ်တို့ ယုတ်နိမ့်သော ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်နေကြသည်တို့ကို မြင်ရကုန် သော အကျွန်ုပ်တို့သည် မမြင်သင့်သော သဘောကို မြင်ရလေကုန်စွတကား'ဟု သတိပေးပြောဆိုပါ၏။
အသျှင် ဘုရား-ဂေါပကနတ်သားသည် သတိပေး ပြောဆိုအပ်ကုန်သော ထိုနတ်သား သုံးယောက်တို့တွင် နတ်သားနှစ်ယောက်တို့သည် မျက်မှောက်ဘဝ၌ပင် ပဌမဈာန်သတိကိုရလျက် ဗြဟ္မပုရောဟိတာဘုံသို့ ရောက်ကုန်၏။ တစ်ယောက်သော နတ်သားသည်ကား ကာမဘုံ၌ပင် ပျော်၍ နေပါ၏။
အကျွန်ုပ်သည် စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ ဥပါသိကာမ ဖြစ်ခဲ့ပါ၏။ အကျွန်ုပ်၏ အမည်သည် ဂေါပိကာ ဖြစ်ပါ၏။ အကျွန်ုပ်သည် ဘုရား တရား၌ အလွန်ကြည်ညိုခဲ့ပါ၏။ သံဃာကိုလည်း ကြည်ညိုသောစိတ်ဖြင့် လုပ်ကျွေး ခဲ့ပါ၏။
ထိုမြတ်စွာဘုရား တရားတော်၏ ကောင်းမြတ်ခြင်းကြောင့်သာလျှင် အကျွန်ုပ်သည် တာဝတိံသာနတ်ပြည်ရောက်၍ သိကြားမင်း၏ တန်ခိုးအာနုဘော်ကြီးသော သား ဖြစ်ရပါ၏။ ဤတာဝတိံသာ နတ်ပြည်၌လည်း အကျွန်ုပ်ကို “ဂေါပက”ဟု ခေါ်ကြပါကုန်၏။
ထိုအခါ ဂန္ဓဗ္ဗနတ်မျိုး၌ ရောက်၍ နေကုန်သော ရှေးကမြင်ဖူးကုန်သော ရဟန်းဖြစ်ခဲ့ကုန်သော ဤနတ်တို့ကို မြင်ရပါ၏။ မှန်ပါ၏။ ဂေါတမမြတ်စွာဘုရား၏ တပည့်ရဟန်းဖြစ်ခဲ့ကုန်သော ထိုနတ်တို့ကို အကျွန်ုပ်တို့သည် ရှေးလူဖြစ်စဉ်က ခြေဆေးရေ၊ ခြေနယ်ဆီတို့ဖြင့် ချီးမြှောက်ပူဇော်၍ ဆွမ်းဖြင့်လည်းကောင်း၊ အဖျော် ဖြင့်လည်းကောင်း လုပ်ကျွေးပြုစုခဲ့ပါကုန်၏။ ဤအသျှင်တို့သည် အဘယ်ကို ဉာဏ်ဦးလှည့်၍ မြတ်စွာဘုရား၏ တရားတော်တို့ကို နာယူခဲ့ကြပါကုန်သနည်း။ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ထိုးထွင်းသိမြင်တော်မူ၍ ကောင်းစွာ ဟောကြားအပ်သော တရားတော်ကို ကိုယ်တိုင်သိခဲ့ရပါ၏။ အကျွန်ုပ်သည် အသျှင်တို့ကိုပင် ဆည်းကပ်ကိုးကွယ်လျက် အရိယာတို့ကောင်းစွာ ဟောအပ်သော တရားတို့ကို ကြားနာရသဖြင့် တာဝတိံသာနတ်ပြည်သို့ရောက်၍ သိကြားမင်း၏ တန်ခိုးအာနုဘော်ကြီးသော သား ဖြစ်ရပါ၏။
စာမျက်နှာ-326
အသျှင်တို့-သင်တို့သည်ကား မြတ်စွာဘုရားကို ဆည်းကပ်ရပါကုန်လျက် အမြတ်ဆုံးအကျင့်ကို ကျင့်ကြရပါကုန်လျက် ယုတ်နိမ့်သော ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ် ကြရကုန်၏။
အသျှင်တို့၏ ဘဝအကျိုးပေးသည် မသင့်လျော်လေစွတကား၊ တရားကျင့်ဖက် ပုဂ္ဂိုလ်တို့ ယုတ်နိမ့်သော ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်နေကြရသည်တို့ကို မြင်ရကုန်သော အကျွန်ုပ်တို့သည် မမြင်သင့်သော သဘောကို မြင်ရလေကုန်စွတကား။
အသျှင်တို့-သင်တို့သည် ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်နေသောကြောင့် တာဝတိံသာ နတ်တို့ကို ခစားဖျော်ဖြေရန် လာကြရကုန်၏။ လူ့ဘောင်၌ နေသော အကျွန်ုပ်၏ ဤထူးခြားသောအဖြစ်ကို ရှုကြပါလော့။
ထိုအကျွန်ုပ်သည် ရှေးဘဝ၌ မိန်းမဖြစ်လျက် ယခုအခါ၌ နတ်စည်းစိမ်တို့နှင့် ပြည့်စုံသော နတ်ယောက်ျား ဖြစ်လာရပါ၏။ ဤသို့ ဂေါတမမြတ်စွာဘုရား၏ တပည့် ဂေါပကနတ်သားသည် သတိပေးပြောဆိုအပ်ကုန်သော ထိုနတ်သား သုံးယောက်တို့သည် သံဝေဂရကြကုန်၍ ဂေါပကနတ်သားထံ အညီအညွတ်သွား ကြပြီးလျှင် “ငါတို့သည် တရားထူးကို ရခြင်းငှာ ယခုအားထုတ်ကုန်တော့အံ့၊ ပြင်းစွာအားထုတ်ကုန်တော့အံ့၊ သူတပါးတို့၏ အစေခံမဖြစ်ကုန်တော့အံ့”ဟု ဆိုကုန်၍ ထို(သုံးယောက်)တို့တွင် နှစ်ယောက်သော နတ်တို့သည် ဂေါတမမြတ်စွာဘုရား၏ အဆုံးအမကို အဖန်ဖန်အောက်မေ့လျက် အားထုတ်ခြင်းကို ဖြစ်စေကုန်၏။
ဤနတ်ပြည်၌ပင် စိတ်တို့ကို တပ်မက်ခြင်းကင်းစေ၍ ကာမဂုဏ်တို့၌ အပြစ်ကို မြင်ကုန်၏။ ဆင်ပြောင်ကြီးသည် မြဲစွာဖွဲ့ချည်ထားသော ကြိုးတို့ကို ဖြတ်သကဲ့သို့ ထိုနတ်နှစ်ယောက်တို့သည် လွန်မြောက်နိုင်ခဲသော မာရ်နတ်၏ နှောင်ကြိုး ဖြစ်ကုန်သော ကာမသံယောဇဉ်၊ ကာမအနှောင်အဖွဲ့တို့ကို ဖြတ်၍ တာဝတိံသာ နတ်တို့ကို သာလွန်၍ ဗြဟ္မာ့ဘုံ၌ ဖြစ်ကုန်၏။ ရာဂကင်းခြင်းကို ပြုကုန်လျက် အနာဂါမ်ဖြစ်ကုန်သော သူရဲကောင်း နတ်နှစ်ယောက်တို့သည် သိကြားမင်းနှင့်တကွ ပဇာပတိနတ်မင်းနှင့်တကွ သုဓမ္မာနတ်သဘင်သို့ ပါဝင်တက်ရောက်ကုန်သော အလုံးစုံသော နတ်တို့ကို သာလွန်၍ ဗြဟ္မာ့ဘုံ၌ ဖြစ်ကုန်၏။ နတ်တို့ကို စိုးမိုးသော သိကြားမင်းသည် ထိုနတ်တို့ကို မြင်၍ “ဤနတ်နှစ်ယောက်တို့သည် ယုတ်နိမ့်သော ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်လာကုန်သော်လည်း တာဝတိံသာနတ်တို့ကို လွန်၍ ဗြဟ္မာ့ဘုံ၌ ဖြစ်ကုန်၏”ဟု ဆိုလျက် နတ်အပေါင်း၏ အလယ်၌ သံဝေဂဖြစ်လေ၏၊ ထိုဂေါပက နတ်သားသည် သံဝေဂဖြစ်နေသော သိကြားမင်း၏ စကားကို ကြား၍ သိကြား မင်းကို ဤသို့ ပြောဆို၏-
စာမျက်နှာ-327
နတ်တို့၏အရှင် သိကြားမင်း-လူ့ပြည်၌ ဘုရားသည် ပွင့်တော်မူလျက်ရှိ၏။ ကာမဂုဏ်တို့ကို နှိမ်နင်းနိုင်သော သကျမုနိ“သာကီစင်မင်းသား ဘုရားသျှင်”ဟု ကျော်စော၏။ ထိုနတ်တို့သည် ပဋ္ဌမဈာန်သတိမှ ကင်းလွတ်လျက် ရှိကုန်သော ထိုမြတ်စွာဘုရား၏ သားတော်တို့ပင် ဖြစ်ပါကုန်၏။ အကျွန်ုပ်သတိပေးအပ်သည် ဖြစ်၍ ပဌမဈာန်သတိ ရကြပါကုန်ပြီ။
ထိုနတ်သားသုံးယောက်တို့တွင် နတ်သားတစ်ယောက်သည် ဤဂန္ဓဗ္ဗအမျိုး၌ ထာဝစဉ်နေသူ အာဝါသိက ဖြစ်နေပါ၏။ နှစ်ယောက်သော နတ်သားတို့သည်ကား ဂန္ဓဗ္ဗအမျိုး၌ ကပ်ရောက်၍ နေလာကုန်သော်လည်း အနာဂါမိမဂ်သို့ရောက်လျက် တည်ကြည်သော စိတ်ရှိကုန်၍ နတ်တို့ကိုပင်သော်လည်း ယုတ်ညံ့သည် ထင်ပါကုန်၏။
ဤသာသနာတော်၌ တရားတော်ကို ထင်ရှားစေကုန်သော ဂုဏ်နှင့် ပြည့်စုံသည့် ဤသို့သော တပည့်သာဝကတို့ ရှိပါကုန်၏၊ ထိုတပည့်သာဝကတို့တွင် တစုံတယောက် သော တပည့်သာဝကသည် ဘုရားစသည်၌ အဘယ်သို့ ယုံမှားတော့အံ့နည်း၊ မယုံမှားတော့သည်သာ ဖြစ်၏၊ ဩဃလေးပါးကို ကူးမြောက်ပြီးသော ဝိစိကိစ္ဆာကို ဖြတ်တောက်ပြီးသော မာရ်ငါးပါးကို အောင်တော်မူသော လူသုံးပါးတို့ထက် မြတ်တော်မူသော မြတ်စွာ ဘုရားကို အကျွန်ုပ်တို့သည် ရှိခိုးကြပါကုန်စို့ဟု ပြောဆို၏။
အသျှင်ဘုရား-ထိုနတ်သားသုံးယောက်တို့တွင် နတ်သားနှစ်ယောက်တို့သည် ဤနတ်ပြည်၌ အသျှင်ဘုရား၏ တရားကို သိကုန်သောကြောင့် ဗြဟ္မပုရောဟိတာ ကိုယ်ခန္ဓာကို ရ၍ အနာဂါမိမဂ်ဟူသော တရားထူးကို ရကြပါကုန်၏။
အသျှင်ဘုရား-အကျွန်ုပ်တို့သည် ဤတရားထူးကို ရခြင်းငှာ လာရောက်ကြပါ ကုန်၏။ အသျှင်ဘုရား-မြတ်စွာဘုရားသည် အခွင့်ပေးတော်မူပါသော် အကျွန်ုပ် တို့သည် ပြဿနာကို မေးလိုပါကုန်၏ဟု လျှောက်၏။
ထိုအခါ မြတ်စွာဘုရားအား ဤသို့သော အကြံသည် ဖြစ်၏။ “ဤသိကြား မင်းသည် ရှည်စွာသော နေညဉ့်ပတ်လုံး စင်ကြယ်သော အကျင့်ရှိခဲ့၏။ မည်သည့် ပြဿနာကို မေးသည်ဖြစ်စေ၊ အကြောင်းနှင့်စပ်သော ပြဿနာကိုသာ မေးလတ္တံ့ အကြောင်းနှင့်မစပ်သော ပြဿနာကို မမေးလတ္တံ့။ ထိုသိကြားမင်း မေး၍ ငါဖြေလတ်သော် ထိုအဖြေကို လျင်မြန်စွာပင် သိလတ္တံ့”ဟု အကြံဖြစ်၏။
စာမျက်နှာ-328
ထိုအခါ မြတ်စွာဘုရားသည် နတ်တို့၏အရှင် သိကြားမင်းကို ဂါထာဖြင့် မိန့် ကြားတော်မူ၏။
“သိကြားမင်း-သင်၏ စိတ်၌ မေးလိုသော ပြဿနာကို ငါ့အား မေးလော့၊ ထိုထိုပြဿနာအတွက် ဖြစ်ပေါ်နေသော သင်၏ ယုံမှားခြင်း ဝိစိကိစ္ဆာကို အဆုံး တိုင်ပျောက်ကင်းအောင် ငါ ဖြေရှင်းအံ့”ဟု မိန့်ကြားတော်မူ၏။
သိကြားမင်း ပြဿနာမေးခြင်း
မြတ်စွာဘုရား ခွင့်ပြုတော်မူလတ်သော် နတ်တို့၏အရှင် သိကြားမင်းသည် မြတ်စွာဘုရားအား ရှေးဦးစွာ ဤပြဿနာကို မေးလျှောက်၏။
“အသျှင်ဘုရား'ရန်ငြိုးကင်းကုန်လျက် ဒဏ်ကင်းကုန်လျက် ရန်သူကင်းကုန်လျက် စိတ်ဆင်းရဲခြင်း ကင်းကုန်လျက် အမျက်ထွက်ခြင်း ကင်းကုန်လျက် ငါတို့ နေကြ ပါရစေ'ဟု နတ်လူ အသုရာ နဂါး ဂန္ဓဗ္ဗတို့နှင့် အခြားများစွာသော ထိုသတ္တဝါ တို့အား တောင့်တခြင်းသည် ဖြစ်၏။ ယင်းသို့ တောင့်တခြင်းဖြစ်သော်လည်း ထိုသတ္တဝါတို့သည် ရန်ငြိုးရှိကုန်လျက် ဒဏ်ရှိကုန်လျက် ရန်သူရှိကုန်လျက် စိတ်ဆင်း ရဲခြင်း ရှိကုန်လျက် အမျက်ရှိကုန်လျက် နေကြရပါကုန်၏။ ဤသို့ နေရခြင်းသည် အဘယ် အနှောင်အဖွဲ့ကြောင့် ပါနည်း”ဟု နတ်တို့၏ အရှင် သိကြားမင်းသည် မြတ်စွာဘုရားအား ဤအခြင်းအရာဖြင့် ပြဿနာကို မေးလျှောက်၏။ ထိုသို့ သိကြားမင်း မေးလတ်သော် မြတ်စွာဘုရားသည် ပြဿနာကို ဖြေကြားတော်မူ၏။
“နတ်တို့၏အရှင် သိကြားမင်း-ရန်ငြိုးကင်းကုန်လျက်၊ ဒဏ်ကင်းကုန်လျက်၊ ရန်သူကင်းကုန်လျက်၊ စိတ်ဆင်းရဲခြင်း ကင်းကုန်လျက်၊ အမျက်ထွက်ခြင်း ကင်းကုန် လျက် နေကြရပါစေဟု နတ် လူ အသုရာ နဂါး ဂန္ဓဗ္ဗနှင့် အခြားများစွာသော ထိုသတ္တဝါတို့အား တောင့်တခြင်းသည် ဖြစ်၏။ ယင်းသို့ တောင့်တခြင်း ဖြစ်သော် လည်း ထိုသတ္တဝါတို့သည် ရန်ငြိုးရှိကုန်လျက်၊ ဒဏ်ရှိကုန်လျက်၊ ရန်သူရှိကုန်လျက်၊ စိတ်ဆင်းရဲခြင်း ရှိကုန်လျက်၊ အမျက်ရှိကုန်လျက် နေကြရကုန်၏။ ဤသို့နေရခြင်းသည် ဣဿာ၊ မစ္ဆရိယ (မနာလိုခြင်း၊ ဝန်တိုခြင်း)သံယောဇဉ်ကြောင့် ဖြစ်၏”ဟု ဖြေကြားတော်မူ၏။
နတ်တို့၏အရှင် သိကြားမင်း မေးအပ်သည်ဖြစ်၍ မြတ်စွာဘုရားသည် ဤ အခြင်းအရာအားဖြင့် ပြဿနာကို ဖြေကြားတော်မူလတ်သော် နတ်တို့၏အရှင် သိကြားမင်းသည် နှစ်လိုသည်ဖြစ်၍ မြတ်စွာဘုရား၏ တရားတော်ကို ဝမ်းမြောက်စွာ ခံယူ၏။
စာမျက်နှာ-329
“ဘုန်းတော်ကြီးသော မြတ်စွာဘုရား-ဟောတော်မူသည့်အတိုင်း မှန်လှပါ၏။ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား-ဟောတော်မူသည့် အတိုင်း မှန်လှပါ၏။ မြတ်စွာဘုရားဟောအပ်သော ပြဿနာကို ကြားနာရသော ကြောင့် ဤပြဿနာ၌ အကျွန်ုပ်သည် ယုံမှားခြင်းမှ လွတ်မြောက်ပါပြီ၊ သို့လော သို့လော တွေးတောခြင်း ကင်းပါပြီ'ဟု ဝမ်းမြောက်စွာ ခံယူ၏။
ဤသို့လျှင် နတ်တို့၏အရှင် သိကြားမင်းသည် မြတ်စွာဘုရား၏ တရားတော်ကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာခံယူပြီးလျှင် မြတ်စွာဘုရားအား နောက်ထပ် ပြဿနာကို မေးလျှောက်ပြန်၏-
“အသျှင်ဘုရား-ဣဿာမစ္ဆရိယသည်ကား အခြေခံဖြစ်ရာ အဘယ်အကြောင်း ရှိပါသနည်း၊ တိုးတက်ဖြစ်ပွားရာ အဘယ်အကြောင်းရှိပါသနည်း၊ ထင်ရှားဖြစ်ပေါ် ရာ အဘယ်အကြောင်း ရှိပါသနည်း။ အမွန်အစဖြစ်ရာ အဘယ်အကြောင်း ရှိပါသနည်း။ အဘယ်တရားရှိသော် ဣဿာမစ္ဆရိယ မဖြစ်ပါသနည်း၊ အဘယ်တရား မရှိသော် ဣဿာမစ္ဆရိယ မဖြစ်ပါသနည်း”ဟု မေးလျှောက်ပြန်၏။
နတ်တို့၏အရှင် သိကြားမင်း- ဣဿာ မစ္ဆရိယသည် ချစ်ခြင်း၊ မုန်းခြင်း ဟူသော အခြေခံဖြစ်ရာ အကြောင်းရှိ၏၊ ချစ်ခြင်း၊ မုန်းခြင်းဟူသော တိုးတက်ဖြစ်ပွား ရာ အကြောင်းရှိ၏။ ချစ်ခြင်း၊ မုန်းခြင်းဟူသော ထင်ရှားဖြစ်ပေါ်ရာ အကြောင်းရှိ၏၊ ချစ်ခြင်း၊ မုန်းခြင်း ဟူသော အမွန်အစဖြစ်ရာ အကြောင်းရှိ၏၊ ချစ်ခြင်း၊ မုန်းခြင်း ရှိသော် ဣဿာ မစ္ဆရိယ ဖြစ်၏၊ ချစ်ခြင်း၊ မုန်းခြင်း မရှိသော် ဣဿာ မစ္ဆရိယ မဖြစ်ဟု ဖြေကြားတော်မူ၏။
“အသျှင်ဘုရား- ချစ်ခြင်း၊ မုန်းခြင်းသည်ကား အခြေခံဖြစ်ရာ အဘယ် အကြောင်းရှိပါသနည်း။ တိုးတက်ဖြစ်ပွားရာ အဘယ်အကြောင်း ရှိပါသနည်း၊ ထင်ရှားဖြစ်ပေါ်ရာ အဘယ်အကြောင်း ရှိပါသနည်း။ အမွန်အစဖြစ်ရာ အဘယ် အကြောင်း ရှိပါသနည်း၊ အဘယ်တရားရှိသော် ချစ်ခြင်း၊ မုန်းခြင်း ဖြစ်ပါသနည်း။ အဘယ်တရားမရှိသော် ချစ်ခြင်း၊ မုန်းခြင်း မဖြစ်ပါသနည်း”ဟု မေးလျှောက်၏။
နတ်တို့၏အရှင် သိကြားမင်း-ချစ်ခြင်း၊ မုန်းခြင်းတို့သည် လိုချင်ခြင်း“ဆန္ဒ” ဟူသော အခြေခံဖြစ်ရာ အကြောင်းရှိ၏၊ လိုချင်ခြင်း “ဆန္ဒ”ဟူသော တိုးတက် ဖြစ်ပွားရာ အကြောင်းရှိ၏။ လိုချင်ခြင်း“ဆန္ဒ”ဟူသော ထင်ရှားဖြစ်ပေါ်ရာ အကြောင်းရှိ၏၊ လိုချင်ခြင်း“ဆန္ဒ”ဟူသော အမွန်အစဖြစ်ရာ အကြောင်းရှိ၏၊ လိုချင်ခြင်းရှိသော် ချစ်ခြင်း၊မုန်းခြင်းဖြစ်၏၊ လိုချင်ခြင်း မရှိသော် ချစ်ခြင်း၊ မုန်းခြင်း မဖြစ်ဟု ဖြေကြားတော်မူ၏။
စာမျက်နှာ-330
အသျှင်ဘုရား-လိုချင်ခြင်း “ဆန္ဒ”သည်ကား အခြေခံဖြစ်ရာ အဘယ်အကြောင်း ရှိပါသနည်း။ တိုးတက်ဖြစ်ပွားရာ အဘယ်အကြောင်း ရှိပါသနည်း၊ ထင်ရှားဖြစ်ပေါ် ရာ အဘယ်အကြောင်း ရှိပါသနည်း၊ အမွန်အစဖြစ်ရာ အဘယ်အကြောင်း ရှိပါသနည်း၊ အဘယ်တရားရှိသော် လိုချင်ခြင်း“ဆန္ဒ” ဖြစ်ပါသနည်း၊ အဘယ် တရားမရှိသော် လိုချင်ခြင်း“ဆန္ဒ”မဖြစ်ပါသနည်းဟု မေးလျှောက်၏။
နတ်တို့အရှင်သိကြားမင်း-လိုချင်ခြင်း“ဆန္ဒ”သည် ကြံစည်ခြင်း“ဝိတက်”ဟူသော အခြေခံဖြစ်ရာ အကြောင်းရှိ၏၊ ကြံစည်ခြင်း“ဝိတက်”ဟူသော တိုးတက်ဖြစ်ပွားရာ အကြောင်းရှိ၏၊ ကြံစည်ခြင်း “ဝိတက်”ဟူသော ထင်ရှားဖြစ်ပေါ်ရာ အကြောင်း ရှိ၏၊ ကြံစည်ခြင်း“ဝိတက်”ဟူသော အမွန်အစဖြစ်ရာ အကြောင်းရှိ၏၊ ကြံစည်ခြင်း “ဝိတက်”ရှိသော် လိုချင်ခြင်း“ဆန္ဒ”ဖြစ်၏၊ ကြံစည်ခြင်း“ဝိတက်” မရှိသော် လိုချင်ခြင်း “ဆန္ဒ” မဖြစ်ဟု ဖြေကြားတော်မူ၏။
အသျှင်ဘုရား- ကြံစည်ခြင်း “ဝိတက်”သည်ကား အခြေခံဖြစ်ရာ အဘယ် အကြောင်း ရှိပါသနည်း၊ တိုးတက်ဖြစ်ပွားရာ အဘယ်အကြောင်း ရှိပါသနည်း၊ ထင်ရှား ဖြစ်ပေါ်ရာ အဘယ်အကြောင်း ရှိပါသနည်း၊ အမွန် အစ ဖြစ်ရာ အဘယ်အကြောင်း ရှိပါသနည်း။ အဘယ်တရားရှိသော် ကြံစည်ခြင်း“ဝိတက်” ဖြစ်ပါသနည်း၊ အဘယ် တရားမရှိသော် ကြံစည်ခြင်း“ဝိတက်” မဖြစ်ပါသနည်းဟု မေးလျှောက်၏။
နတ်တို့၏အရှင်သိကြားမင်း-ကြံစည်ခြင်း“ဝိတက်”သည် သံသရာချဲ့ထွင်တတ် သည့်တရား “ပပဉ္စသညာ”အစုဟူသော အခြေခံဖြစ်ရာ အကြောင်းရှိ၏၊ သံသရာ ချဲ့ထွင်တတ်သည့် တရားအစုဟူသော တိုးတက်ဖြစ်ပွားရာ အကြောင်းရှိ၏၊ သံသရာ ချဲ့ထွင်တတ်သည့် တရားအစုဟူသော ထင်ရှားဖြစ်ပေါ်ရာ အကြောင်းရှိ၏၊ သံသရာ ချဲ့ထွင်တတ်သည့် တရားအစုဟူသော အမွန်အစဖြစ်ရာ အကြောင်းရှိ၏၊ သံသရာ ချဲ့ထွင်တတ်သည့် တရားအစုရှိသော် ကြံစည်ခြင်းဖြစ်၏၊သံသရာချဲ့ထွင်တတ်သည့် တရားအစုမရှိသော် ကြံစည်ခြင်း မဖြစ်ဟု ဖြေကြားတော်မူ၏။
ဒေသနာကမ္မဋ္ဌာန်း
နတ်တို့အရှင်သိကြားမင်း-ဝမ်းမြောက်ခြင်း“သောမနဿ”ကိုလည်း မှီဝဲအပ် သော ဝမ်းမြောက်ခြင်း၊ မမှီဝဲအပ်သော ဝမ်းမြောက်ခြင်းဟူ၍ နှစ်ပါး အပြားအားဖြင့် ငါဟော၏။
စာမျက်နှာ-331
နတ်တို့၏အရှင် သိကြားမင်း-နှလုံးမသာခြင်း“ဒေါမနဿ”ကိုလည်း မှီဝဲအပ် သော နှလုံးမသာခြင်း၊ မမှီဝဲအပ်သော နှလုံးမသာခြင်းဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။
နတ်တို့၏အရှင် သိကြားမင်း-လျစ်လျူရှုခြင်း“ဥပေက္ခာ”ကိုလည်း မှီဝဲအပ်သော လျစ်လျူရှုခြင်း၊ မမှီဝဲအပ်သော လျစ်လျူရှုခြင်းဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။
နတ်တို့၏အရှင် သိကြားမင်း-ဝမ်းမြောက်ခြင်း ‘သောမနဿ' ကိုလည်း မှီဝဲ အပ်သော ဝမ်းမြောက်ခြင်း၊ မမှီဝဲအပ်သော ဝမ်းမြောက်ခြင်းဟူ၍ နှစ်ပါးအပြား အားဖြင့် ငါဟော၏”ဟူသောဤစကားကို ဆိုခဲ့၏။ အဘယ်အကြောင်းကို စွဲ၍ ဤစကားကို ဆိုခဲ့သနည်းဟူမူ-ထိုနှစ်ပါးသော ဝမ်းမြောက်ခြင်းတို့တွင် “ဤဝမ်းမြောက် ခြင်းကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ တိုးပွား၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏”ဟု အကြင်ဝမ်းမြောက်ခြင်းကို သိငြားအံ့၊ ဤသို့ သဘောရှိသော ဝမ်းမြောက်ခြင်းကို မမှီဝဲအပ်။
ထိုနှစ်ပါးသော ဝမ်းမြောက်ခြင်းသောမနဿတို့တွင် “ဤဝမ်းမြောက်ခြင်းကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွား ကုန်၏”ဟု အကြင်ဝမ်းမြောက်ခြင်းကို သိငြားအံ့၊ ဤသို့ သဘောရှိသော ဝမ်းမြောက် ခြင်းကို မှီဝဲအပ်၏။
ထိုမှီဝဲအပ်သော ဝမ်းမြောက်ခြင်း‘သောမနဿ”၌ အကြင် ဝမ်းမြောက်ခြင်းသည် ကြံစည်ခြင်း “ဝိတက်”နှင့်လည်း တကွဖြစ်၏၊ သုံးသပ်ခြင်း “ဝိစာရ”နှင့်လည်း တကွ ဖြစ်၏၊ အကြင်ဝမ်းမြောက်ခြင်းသည် ကြံစည်ခြင်းလည်းမရှိ၊ သုံးသပ်ခြင်းလည်း မရှိ၊ ထိုနှစ်ပါးတို့တွင် ကြံစည်ခြင်းလည်းမရှိ၊ သုံးသပ်ခြင်းလည်းမရှိသော ဝမ်းမြောက် ခြင်းသည် သာလွန်၍ မြတ်၏။
နတ်တို့၏အရှင် သိကြားမင်း-“ဝမ်းမြောက်ခြင်း သောမနဿ'ကိုလည်း မှီဝဲအပ် သော ဝမ်းမြောက်ခြင်း၊ မမှီဝဲအပ်သော ဝမ်းမြောက်ခြင်းဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏”ဟူသော ဤစကားကို ထိုဆိုခဲ့ပြီးသော အကြောင်းကို စွဲ၍ ငါဆို၏။ ထိုနည်းတူစွာပင် နှလုံးမသာခြင်း“ဒေါမနဿ”နှင့်လျစ်လျူရှုခြင်း“ဥပေက္ခာ” တို့ကိုလည်း မှီဝဲအပ်ခြင်းနှင့် မမှီဝဲအပ်ခြင်း၏ အကြောင်းများကို ဆက်လက်ဟော ကြားတော်မူ၏။
နတ်တို့၏အရှင် သိကြားမင်း- ဤသို့ကျင့်သော ရဟန်းသည် သံသရာချဲ့ထွင် တတ်သည့် ‘ပပဉ္စသညာ’ အစု၏ ချုပ်ငြိမ်းခြင်းအား လျော်၍ ထိုချုပ်ရာ နိဗ္ဗာန် ရောက်ကြောင်း အကျင့်ကို ကျင့်သည်မည်၏ဟု ဟောကြားတော်မူ၏။
စာမျက်နှာ-332
နတ်တို့၏အရှင် သိကြားမင်း မေးအပ်သည်ဖြစ်၍ မြတ်စွာဘုရားသည် ဤ အခြင်းအရာဖြင့် ပြဿနာကို ဖြေကြားတော်မူလတ်သော် နတ်တို့၏ အရှင် သိကြားမင်းသည် နှစ်လိုသည်ဖြစ်၍ မြတ်စွာဘုရား၏ တရားတော်ကို ဝမ်းမြောက်စွာ ခံယူလေ၏-
“ဘုန်းတော်ကြီးသော မြတ်စွာဘုရား-ဟောကြားတော်မူသည့်အတိုင်း မှန်လှပါ၏။ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား- ဟောတော်မူသည့် အတိုင်း မှန်လှပါ၏၊ မြတ်စွာဘုရား ဟောအပ်သော ပြဿနာအဖြေကို ကြားနာရ သောကြောင့် ဤပြဿနာ၌ အကျွန်ုပ်သည် ယုံမှားခြင်းကို လွန်မြောက်ပါပြီ၊ သို့လော သို့လော တွေးတောခြင်း ကင်းပါပြီ”ဟု ဝမ်းမြောက်စွာ ခံယူလေ၏။
ပါတိမောက္ခသံဝရသီလ
ဤသို့လျှင် နတ်တို့၏အရှင်သိကြားမင်းသည် မြတ်စွာဘုရား၏ တရားတော်ကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူပြီးလျှင် မြတ်စွာဘုရားအား နောက်ထပ် ပြဿနာကို မေးလျှောက်ပြန်၏-
“မြတ်စွာဘုရား-အဘယ်သို့ကျင့်သော ရဟန်းသည် ပါတိမောက္ခသံဝရသီလကို ကျင့် သည်မည်ပါသနည်း”ဟု မေးလျှောက်ပြန်၏။
နတ်တို့၏အရှင် သိကြားမင်း-ကိုယ်အကျင့်“ကာယသမာစာရ”ကိုလည်း မှီဝဲ အပ်သော ကိုယ်အကျင့်၊ မမှီဝဲအပ်သော ကိုယ်အကျင့်ဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။
နတ်တို့၏အရှင် သိကြားမင်း-နှုတ်အကျင့်“ဝစီသမာစာရ”ကိုလည်း မှီဝဲအပ်သော နှုတ်အကျင့်၊ မမှီဝဲအပ်သော နှုတ်အကျင့်ဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။
နတ်တို့၏အရှင် သိကြားမင်း-ရှာမှီးခြင်း “ပရိယေသနာ”ကိုလည်း မှီဝဲအပ်သော ရှာမှီးခြင်း၊ မမှီဝဲအပ်သော ရှာမှီးခြင်းဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။
နတ်တို့၏အရှင် သိကြားမင်း-“ကိုယ်အကျင့်‘ကာယသမာစာရ'ကိုလည်း မှီဝဲ အပ်သော ကိုယ်အကျင့်၊ မမှီဝဲအပ်သောကိုယ်အကျင့်ဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏”ဟူသော ဤစကားကို ဆိုခဲ့၏ အဘယ်အကြောင်းကိုစွဲ၍ ဤစကားကို ဆိုခဲ့သနည်းဟူမူ-ထိုနှစ်ပါးသော ကိုယ်အကျင့်တို့တွင် “ဤကိုယ်အကျင့်ကို မှီဝဲသော
စာမျက်နှာ-333
ငါ့အား အကုသိုလ်တရားတို့ တိုးပွား၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏”ဟု အကြင်ကိုယ်ကျင့်ကို သိငြားအံ့၊ ဤသို့ သဘောရှိသော ကိုယ်အကျင့်ကို မမှီဝဲအပ်။
ထိုနှစ်ပါးသော ကိုယ်အကျင့်ကာယသမာစာရတို့တွင် “ဤကိုယ်အကျင့်ကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွားကုန်၏”ဟု အကြင်ကိုယ်ကျင့်ကို သိငြားအံ့။ ဤသို့သဘောရှိသော ကိုယ်အကျင့်ကို မှီဝဲအပ်၏။
ထိုနည်းတူစွာပင် နှုတ်အကျင့်“ဝစီသမာစာရ”နှင့် ရှာမှီးခြင်း“ပရိယေသနာ” တို့ကိုလည်း မှီဝဲအပ်ခြင်းနှင့် မမှီဝဲအပ်ခြင်း၏ အကြောင်းများကို ဆက်လက်ဟော ကြားတော်မူသည်။
နတ်တို့၏အရှင် သိကြားမင်း- ဤသို့ကျင့်သော ရဟန်းသည် ပါတိမောက္ခ သံဝရသီလကို ကျင့်သည် မည်၏ဟု ဖြေကြားတော်မူသည်။
နတ်တို့၏အရှင် သိကြားမင်း မေးအပ်သည်ဖြစ်၍ မြတ်စွာဘုရားသည် ဤအခြင်း အရာအားဖြင့် ပြဿနာကို ဖြေကြားတော်မူလတ်သော် သိကြားမင်းသည် နှစ်လို သည်ဖြစ်၍ မြတ်စွာဘုရား၏ တရားတော်ကို ဝမ်းမြောက်စွာ ခံယူ၏။
ဣန္ဒြိယသံဝရသီလ
ဤသို့လျှင် သိကြားမင်းသည် မြတ်စွာဘုရား၏ တရားတော်ကို ဝမ်းမြောက်စွာ ခံယူပြီးလျှင် နောက်ထပ် ပြဿနာကို မေးလျှောက်ပြန်၏-
“အသျှင်ဘုရား-အဘယ်သို့ကျင့်သော ရဟန်းသည် ဣန္ဒြိယသံဝရ `ဣန္ဒြေ စောင့်စည်းခြင်း' သီလကို ကျင့်သည် မည်ပါသနည်း”ဟု မေးလျှောက်ပြန်၏။
နတ်တို့၏အရှင် သိကြားမင်း-မျက်စိဖြင့် သိအပ်သော ရူပါရုံကိုလည်း မှီဝဲ အပ်သော ရူပါရုံ၊ မမှီဝဲအပ်သော ရူပါရုံဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။
နတ်တို့၏အရှင် သိကြားမင်း-နားဖြင့် သိအပ်သော သဒ္ဒါရုံကိုလည်း မှီဝဲ အပ်သော သဒ္ဒါရုံ၊ မမှီဝဲအပ်သော သဒ္ဒါရုံဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။
နတ်တို့၏အရှင် သိကြားမင်း- နှာခေါင်းဖြင့် သိအပ်သော ဂန္ဓာရုံကိုလည်း မှီဝဲအပ်သော ဂန္ဓာရုံ၊ မမှီဝဲအပ်သော ဂန္ဓာရုံဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။
စာမျက်နှာ-334
နတ်တို့၏အရှင် သိကြားမင်း- လျှာဖြင့် သိအပ်သော ရသာရုံကိုလည်း မှီဝဲ အပ်သော ရသာရုံ၊ မမှီဝဲအပ်သော ရသာရုံဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။
နတ်တို့၏အရှင် သိကြားမင်း- ကိုယ်ဖြင့် သိအပ်သော ဖောဋ္ဌဗ္ဗာရုံကိုလည်း မှီဝဲ အပ်သော ဖောဋ္ဌဗ္ဗာရုံ၊ မမှီဝဲအပ်သော ဖောဋ္ဌဗ္ဗာရုံဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။
နတ်တို့၏အရှင် သိကြားမင်း- စိတ်ဖြင့် သိအပ်သော ဓမ္မာရုံကိုလည်း မှီဝဲ အပ်သော ဓမ္မာရုံ၊ မမှီဝဲအပ်သော ဓမ္မာရုံဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။ ဤသို့ ဟောတော်မူလတ်သော် နတ်တို့၏ အရှင် သိကြားမင်းသည် မြတ်စွာ ဘုရားအား ဤစကားကို လျှောက်၏-
“အသျှင်ဘုရား- အကျဉ်းအားဖြင့် မြတ်စွာဘုရားဟောကြားတော်မူသော ဤတရားတော်၏ အနက်ကို အကျယ်အားဖြင့် အကျွန်ုပ် ဤသို့ သိပါ၏။
အသျှင်ဘုရား-မျက်စိဖြင့် သိအပ်သော အကြင်သို့ သဘောရှိသော ရူပါရုံကို မှီဝဲသောသူအား အကုသိုလ်တရားတို့ တိုးပွား၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန် ၏၊ မျက်စိဖြင့် သိအပ်သော ဤသို့ သဘောရှိသော ရူပါရုံကို မမှီဝဲအပ်။ မျက်စိဖြင့် သိအပ်သော အကြင်သို့သဘောရှိသော ရူပါရုံကို မှီဝဲသောသူအား အကုသိုလ်တရား တို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွားကုန်၏၊ မျက်စိဖြင့် သိအပ်သော ဤသို့ သဘောရှိသော ရူပါရုံကို မှီဝဲအပ်၏။
အသျှင်ဘုရား- နားဖြင့် သိအပ်သော အကြင်သို့သဘောရှိသော သဒ္ဒါရုံကို မှီဝဲသောသူအား၊ နှာခေါင်းဖြင့် သိအပ်သော အကြင်သို့သဘောရှိသော ဂန္ဓာရုံကို မှီဝဲသောသူအား၊ လျှာဖြင့်သိအပ်သော အကြင်သို့ သဘောရှိသော ရသာရုံကို မှီဝဲ သောသူအား၊ ကိုယ်ဖြင့် သိအပ်သော အကြင်သို့ သဘောရှိသော ဖောဋ္ဌဗ္ဗာရုံကို မှီဝဲသောသူအား၊ စိတ်ဖြင့် သိအပ်သော အကြင်သို့ သဘောရှိသောဓမ္မာရုံကို မှီဝဲ သောသူအား အကုသိုလ်တရားတို့ တိုးပွား၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏၊ စိတ်ဖြင့် သိအပ်သော ဤသို့ သဘောရှိသော ဓမ္မာရုံကို မမှီဝဲအပ်။
အသျှင်ဘုရား-စိတ်ဖြင့် သိအပ်သော အကြင်သို့ သဘောရှိသော ဓမ္မာရုံကို မှီဝဲ သောသူအား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွားကုန်၏၊ စိတ်ဖြင့် သိအပ်သော ဤသို့သဘောရှိသော ဓမ္မာရုံကို မှီဝဲအပ်၏။
စာမျက်နှာ-335
အသျှင်ဘုရား- အကျဉ်းအားဖြင့် မြတ်စွာဘုရား ဟောတော်မူသော ဤတရား တော်၏ အနက်ကို အကျယ်အားဖြင့် ဤသို့သိသော အကျွန်ုပ်သည် မြတ်စွာဘုရား ဟောအပ်သော ပြဿနာ၏ အဖြေကို ကြားနာရသောကြောင့် ဤပြဿနာ၌ ယုံမှားခြင်းကို လွန်မြောက်ပါပြီ၊ သို့လော သို့လော တွေးတောခြင်း ကင်းပါပြီ”ဟု လျှောက်၏။
ဝမ်းမြောက်မှုကို ရဖူးခြင်း
နတ်တို့၏အရှင် သိကြားမင်း- သင်သည် ဤယခုမှ ရှေးအခါက ဤသို့သဘော ရှိသော နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းမျိုး ရဖူးသည်ကို မှတ်မိပါ၏လောဟု မိန့်တော်မူ၏။
အသျှင်ဘုရား-အကျွန်ုပ်သည် ဤယခုမှ ရှေးအခါက ဤသို့သဘောရှိသော နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းမျိုး ရဖူးသည်ကို မှတ်မိပါ၏ဟု လျှောက်၏။
နတ်တို့၏အရှင် သိကြားမင်း-ဤယခုမှ ရှေးအခါက ဤသို့သဘောရှိသော နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းမျိုး ရဖူးသည်ကို သင် အဘယ်သို့ မှတ်မိပါသနည်းဟု မိန့်တော်မူ၏။
အသျှင်ဘုရား-ရှေး၌ ဖြစ်ဖူးသည်ကား နတ်နှင့်အသုရာတို့ စစ်ပွဲဖြစ်ခဲ့ပါ၏။ အသျှင်ဘုရား-ထိုစစ်ပွဲ၌ နတ်တို့နိုင်၍ အသုရာတို့ ရှုံးကြပါ၏။ အသျှင်ဘုရား- ထိုစစ်ကို နိုင်သောကြောင့် စစ်နိုင်သော ထိုအကျွန်ုပ်အား ဤသို့သော နှစ်သက် ဝမ်းမြောက်ခြင်း ဖြစ်ပါ၏။ “ယခုအခါ နတ်တို့၏ အစာအာဟာရ၊ အသုရာတို့၏ အစာအာဟာရဟူ၍ ရှိရာ ဤနှစ်မျိုးလုံးကို နတ်တို့ချည်းသာ သုံးဆောင်ကြရကုန် လတ္တံ့”ဟု နှစ်သက်ဝမ်းမြေက်ခြင်းဖြစ်ပါ၏။ အသျှင်ဘုရား-အကျွန်ုပ်အား ထိုနှစ် သက်ခြင်း ဝမ်းမြောက်ခြင်းမျိုးကို ရခြင်းသည် တုတ်၊ ဓား လက်နက် ကိုင်ဆောင် ရသော ချမ်းသာမျိုးဖြစ်ပါ၏။ ငြီးငွေ့ ရန်အလို့ငှာ တပ်မက်ခြင်းကင်းရန်အလို့ငှာ ဝဋ်ဆင်းရဲချုပ်ရန်အလို့ငှာ ရာဂစသည် ငြိမ်းရန်အလို့ငှာ ထူးသောဉာဏ်ဖြင့် သိရန် အလို့ငှာ သစ္စာလေးပါးကို သိရန်အလို့ငှာ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှာ မဖြစ်ပါ။
အသျှင်ဘုရား-မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ အကျွန်ုပ်၏ အကြင်နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းမျိုးကို ရခြင်းသည် ရှိပါ၏။ ထိုနှစ်သက်ခြင်း ဝမ်းမြောက်ခြင်းမျိုးကို ရခြင်းသည်သာ တုတ်၊ ဓား၊ လက်နက် မကိုင်ဆောင်ရသော ချမ်းသာခြင်းမျိုး ဖြစ်ပါ၏။ စင်စစ် ငြီးငွေ့ ရန်အလို့ငှာ တပ်မက်ခြင်းကင်းရန် အလို့ငှ ဝဋ်ဆင်းရဲချုပ်ရန်အလို့ငှာ ရာဂစသည် ငြိမ်းရန်အလို့ငှာ ထူးသောဉာဏ်ဖြင့် သိရန်
စာမျက်နှာ-336
အလို့ငှာ သစ္စာလေးပါးကို သိရန်အလို့ငှာ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှာ ဖြစ်ပါသည်ဟု လျှောက်၏။
အသျှင်ဘုရားသည်သာလျှင် အလုံးစုံသော တရားတို့ကို သိသော ဘုရားဖြစ်တော် မူပါ၏။ အသျှင်ဘုရားသည် အတူမရှိသော ဆရာ ဖြစ်တော်မူပါ၏။ နတ်နှင့်တကွ သော လောက၌ အသျှင်ဘုရားနှင့် တူသောပုဂ္ဂိုလ် မရှိပါဘုရားဟု လျှောက်ထား၏။
ဤသို့ နတ်တို့၏အရှင် သိကြားမင်း တောင်းပန်သော ပြဿနာတို့ကို မြတ်စွာ ဘုရား ဖြေကြားတော်မူသောကြောင့် ဤတရားဒေသနာတော်၏ အမည်သည် သက္ကပဉှာ ဟူ၍သာလျှင် တွင်သတည်း။
ဇင်္ဂမရွှေအိုး
နိဓိကဏ္ဍသုတ်မြန်မာပြန်
ယောက်ျားသည် အကျိုးစီးပွားနှင့်စပ်သော ကိစ္စဖြစ်လတ်သော် ငါ၏ အကျိုးငှာ ဖြစ်လိမ့်မည်ဟု နှလုံးပြု၍ ရေသို့ ရောက်လောက်အောင် နက်သော အရပ်၌ ရွှေအိုးကို မြှုပ်နှံထားရာ၏။
ရာဇဝတ်ပြစ်မှုဖြင့် စွပ်စွဲခံရသော ငါ့အား မင်းဘေးမှ လွတ်မြောက်ရန် ဖြစ်လိမ့် မည်ဟူ၍လည်းကောင်း၊ ခိုးသူတို့ နှိပ်စက်ခံရသော ငါ့အား ခိုးသူဘေးမှ လွတ်မြောက် ရန် ဖြစ်လိမ့်မည်ဟူ၍လည်းကောင်း၊ ကြွေးမြီတင်သော ငါ့အား ကြွေးမြီမှ လွတ်မြောက် ရန် ဖြစ်လိမ့်မည်ဟူ၍ လည်းကောင်း၊ ငတ်မွတ် ခေါင်းပါး သော အခါ၌ မျှတရန် ဖြစ်လိမ့်မည်ဟူ၍ လည်းကောင်း၊ မီး၊ ရေ စသော ဘေးရန်တို့ ဖြစ်ပေါ်လတ်သော် [?] ငါ့အား သုံးစွဲရန် ဖြစ်လိမ့်မည်ဟူ၍လည်းကောင်း နှလုံးသွင်း၍ ဤအကျိုးပြီးခြင်းငှာ လောက၌ ရွှေအိုးမည်သည်ကို မြှုပ်နှံထားရ၏။
ရေသို့ ရောက်လောက်အောင် နက်သော မြေ၌ ကောင်းစွာ မြှုပ်ထားအပ်သည် ဖြစ်သော်လည်း အလုံးစုံသော ဥစ္စာသည် အခါခပ်သိမ်းပင် ထိုယောက်ျားအား မပြည့်စုံ။
ရွှေအိုးသည် မြှုပ်ထားရာအရပ်မှမူလည်း ရွှေ့ရှားတတ်၏၊ ထိုဥစ္စာရှင်၏ အမှတ် သည်လည်း မေ့လျော့တတ်၏၊ နဂါးတို့သည်လည်း နေရာပြောင်းထားတတ်ကုန်၏ ဘီလူးတို့သည်လည်း ထိုရွှေအိုးကို ဆောင်ယူတတ်ကုန်၏။
၁။ မဟာဝဂ္ဂပါဠိတော် မြန်မာပြန်။
စာမျက်နှာ-၂၃၇။
စာမျက်နှာ-337
မချစ်အပ်ကုန်သော အမွေခံတို့သည်မူလည်း (ဥစ္စာရှင်) မမြင်စဉ် တူးဖော် ထုတ်ဆောင်တတ်ကုန်၏၊ ကုသိုလ်ကံကုန်သော အခါ၌မူလည်း ထိုဥစ္စာစုသည် ပျောက်ပျက်တတ်၏။
အနုဂါမိက ထာဝရရွှေအိုး
မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အကြင်တစုံတယောက်သောသူသည် အလှူ ပေးခြင်းဖြင့်လည်းကောင်း၊ သီလဆောက်တည်ခြင်းဖြင့်လည်းကောင်း၊ ကိုယ်နှုတ် နှလုံး စောင့်စည်းခြင်းဖြင့် လည်းကောင်း၊ ဣန္ဒြေတို့ကို ဆုံးမခြင်းဖြင့် လည်းကောင်း ကောင်းမှုတည်းဟူသော ရွှေအိုးကို ကောင်းစွာ မြှုပ်ထားအပ်၏။
ရွှေအိုးမြှုပ်ရန်ဌာန
စေတီ၌လည်းကောင်း၊ သံဃာ၌လည်းကောင်း၊ ပုဂ္ဂိုလ်၌လည်းကောင်း၊ ဧည့်သည် တို့၌လည်းကောင်း အမိ၌လည်းကောင်း၊ အဘ၌လည်းကောင်း၊ ထို့ပြင် အစ်ကိုကြီး အစ်မကြီး၌လည်းကောင်း ကောင်းမှုတည်းဟူသော ရွှေအိုးကို ကောင်းစွာ မြှုပ်ထားအပ်၏။
ကောင်းစွာ မြှုပ်ထားအပ်သော ဤရွှေအိုးသည် (ရန်သူတို့) မအောင်နိုင်သည် ဖြစ်၍ တမလွန်ဘဝသို့ အစဉ်လိုက်၏၊ စည်းစိမ်ဥစ္စာတို့ကို ပယ်စွန့်၍ တမလွန် ဘဝသို့ ပြောင်းသွားရသည်ရှိသော် ထိုကုသိုလ်ရွှေအိုးကို ယူ၍ သွားရ၏။
ကုသိုလ်ရွှေအိုးသည် သူတပါးတို့နှင့် မဆက်ဆံ၊ ခိုးသူတို့ မခိုးယူနိုင်၊ ပညာရှိ သည် ကုသိုလ်ကောင်းမှုတို့ကို ပြုရာ၏ ကုသိုလ်ရွှေအိုးသည် တမလွန်ဘဝသို အစဉ်လိုက်၏။
ဣစ္ဆာသယ လိုတိုင်းရသည့်ရွှေအိုး
ဤကုသိုလ်ရွှေအိုးသည် နတ်လူတို့၏ အလိုဟူသမျှကို ပေး၏၊ အကြင်အကြင် ချမ်းသာကို တောင့်တကုန်၏။ ထိုတောင့်တရာရာ ချမ်းသာအားလုံးကိုပင် ထိုကုသိုလ် ရွှေအိုးကြောင့် ရနိုင်၏
အရေအဆင်းကောင်းသည်အဖြစ်၊ အသံကောင်းသည်အဖြစ်၊ အသွင်သဏ္ဍာန် ကောင်းသည်အဖြစ်၊ ရုပ်အဆင်းလှပသည်အဖြစ်၊ အစိုးရသည်အဖြစ်၊ အခြွေအရံ များသည်အဖြစ်ဟူသော အကျိုးအားလုံးကို ထိုကုသိုလ်ရွှေအိုးကြောင့် ရနိုင်၏။
စာမျက်နှာ-338
ပဒေသရာဇ်မင်း အဖြစ်ကိုလည်းကောင်း၊ အစိုးရသော ဧကရာဇ်မင်းအဖြစ်ကို လည်းကောင်း၊ နှစ်သက်မြတ်နိုးအပ်သော စကြဝတေးမင်းချမ်းသာကိုလည်းကောင်း၊ နတ်ပြည်တို့၌ နတ်မင်းအဖြစ်ကိုလည်းကောင်း ဤအကျိုးအားလုံးကို ထိုကုသိုလ် ရွှေအိုးကြောင့် ရနိုင်၏။
လူ့ပြည်ရှိ စည်းစိမ် ဥစ္စာကိုလည်းကောင်း၊ နတ်ပြည်၌ မွေ့လျော်ဖွယ်ကို လည်းကောင်း၊ နိဗ္ဗာန်ချမ်းသာကိုလည်းကောင်း ဤအကျိုးအားလုံးကို ထိုကုသိုလ် ရွှေအိုးကြောင့် ရနိုင်၏။
မိတ်ဆွေကောင်းနှင့် ပြည့်စုံခြင်းကို အကြောင်းပြု၍ သင့်သောအကြောင်းအား ဖြင့် အားထုတ်သောသူအား အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ပညာတို့၌ လေ့လာခြင်း ရှိသောသူ၏ အဖြစ်တည်းဟူသော အကျိုးအားလုံးကို ထိုကုသိုလ် ရွှေအိုးကြောင့် ရနိုင်၏။
ပဋိသမ္ဘိဒါလေးပါး၊ ဝိမောက္ခရှစ်ပါး၊ သာဝကပါရမီဉာဏ်၊ ပစ္စေကဗောဓိဉာဏ်၊ သမ္မာသမ္ဗောဓိဉာဏ်တည်းဟူသော အကျိုးအားလုံးကို ထိုကုသိုလ် ရွှေအိုးကြောင့် ရနိုင်၏။
အကြင်ကုသိုလ်ပြည့်စုံခြင်းသည် ရှိ၏။ ထိုကုသိုလ်ပြည့်စုံခြင်းသည် ဤသို့ များသော အကျိုးရှိ၏ ထို့ကြောင့် တည်ကြည်သော ပညာရှိတို့သည် ပြုပြီးသော ကုသိုလ်ကောင်းမှု ရှိသည့်အဖြစ်ကို ချီးမွမ်းကြကုန်၏ဟု မိန့်တော်မူ၏ ။
ပရာဘဝသုတ်နိဒါန်း
ပရာဘဝသုတ်မြန်မာပြန်
အကျွန်ုပ်သည် ဤသို့ကြားနာခဲ့ရပါသည်။ အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သေဋ္ဌေး၏ အာရာမ်ဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်း သုံးနေတော်မူ၏။ ထိုအခါ နတ်သား တစ်ယောက်သည် ညဉ့်ဦးယံလွန်ပြီးသော သန်းခေါင်ယံအခါ၌ အလွန်နှစ်လိုဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်း လုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးကာ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား ဤဂါထာဖြင့် လျှောက်၏-
၁။ ခုဒ္ဒကပါဋ္ဌပါဠိတော် မြန်မာပြန်။
စာမျက်နှာ-၈
စာမျက်နှာ-339
ပျက်စီးဆုတ်ယုတ်ကြောင်းများ
“အသျှင်ဂေါတမ-ပျက်စီးဆုတ်ယုတ်နေသော ယောက်ျားအကြောင်းကို အကျွန်ုပ် တို့ မေးလျှောက်ပါကုန်၏၊ အသျှင်ဘုရားကို မေးလျှောက်ရန် လာကြပါကုန်၏၊ ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။
ကြီးပွားသူကိုလည်း သိရန် လွယ်ကူလှပေ၏၊ ပျက်စီးဆုတ်ယုတ်သူကိုလည်း သိရန် လွယ်ကူလှပေ၏၊ တရားကို လိုလားတောင့်တသူသည် ကြီးပွားရ၏၊ တရားကို မလိုလား မတောင့်တ မုန်းထားသူသည် ပျက်စီးရ၏။
ထိုအကြောင်းသည် ပထမဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို သိရပါကုန်၏။ မြတ်စွာဘုရား- ဒုတိယဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းကို ဟောတော်မူပါ၊ ဒုတိယဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။
ထိုသူသည် သူတော်မဟုတ် သူယုတ်မာတို့ကို ချစ်ခင်မြတ်နိုး၏၊ သူတော်ကောင်း တို့ကို ချစ်ခင်မြတ်နိုးမှု မပြု၊ သူယုတ်မာတို့၏ တရားကို နှစ်သက်မြတ်နိုး၏၊ ထို သုံးမျိုးသည် ပျက်စီးဆုတ်ယုတ်ကြောင်းပေတည်း။
ထိုအကြောင်း ဒုတိယဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ် တို့ သိရပါကုန်၏။ မြတ်စွာဘုရား- တတိယဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကို ဟောတော်မူပါ၊ တတိယဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်နည်း။
အကြင်သူသည် အိပ်စက်ငိုက်မျဉ်းလေ့ရှိ၏၊ အပေါင်းအဖော်၌ မွေ့လျော်လေ့ ရှိ၏၊ စကားပြောမှု၌ မွေ့လျော်လေ့ရှိ၏၊ နိုးကြားထကြွမှု မရှိ ပျင်းရိ၏၊ လျင်စွာ အမျက်ထွက်လေ့ရှိ၏။ ထိုသူ၏ ထိုအကြောင်းငါးမျိုးသည် ပျက်စီး ဆုတ်ယုတ် ကြောင်းပေတည်း။
ထိုအကြောင်းသည် တတိယဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ် တို့ သိရပါကုန်၏။ မြတ်စွာဘုရား-စတုတ္ထဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကို ဟောတော်မူပါ၊ စတုတ္ထဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းအား အဘယ်ပါနည်း။
အကြင်သူသည် အိုမင်း၍ ပစ္ဆိမအရွယ်သို့ ရောက်ပြီးသော အမိကိုလည်းကောင်း၊ အဘကိုလည်းကောင်း ကျွေးမွေးပြုစုနိုင်စွမ်းသူ ဖြစ်ပါလျက် မကျွေးမွေး မပြုစုလေ၊ ထိုသူ၏ မကျွေးမွေး မပြုစုခြင်းသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။
စာမျက်နှာ-340
ထိုအကြောင်းသည် စတုတ္ထဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ် တို့ သိရပါကုန်၏။ မြတ်စွာဘုရား-ပဉ္စမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။
အကြင်သူသည် ဗြာဟ္မဏကိုလည်းကောင်း၊ သမဏကိုလည်းကောင်း၊ ထိုမှတပါး သော ဖုန်းတောင်းယာစကာကိုလည်းကောင်း ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားပြီး ဖြစ်လျက် မုသား ပြောဆိုခြင်းဖြင့် လှည့်ပတ်၏၊ ထိုသူ၏ ထိုလှည့်ပတ်ခြင်းသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။
ထိုအကြောင်းသည် ပဉ္စမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏။ မြတ်စွာဘုရား- ဆဋ္ဌဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းကို ဟောတော်မူပါ၊ ဆဋ္ဌဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။
အကြင်သူသည် များသော စည်းစိမ်ရှိသူ၊ အသပြာရှိသူ၊ စားဖွယ်နှင့်ပြည်စုံသူ ဖြစ်ပါလျက် ကောင်းမြတ်သော ဘောဇဉ်တို့ကို တစ်ယောက်တည်း စားသုံး၏။ ထိုသူ၏ စားသုံးခြင်းသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။
ထိုအကြောင်းသည် ဆဋ္ဌဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို သိရပါကုန်၏။ မြတ်စွာဘုရား- သတ္တမဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းကို ဟောတော်မူပါ၊ သတ္တမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။
အကြင်သူသည် အမျိုး “ဇာတိ မာန် ခက်ထန်၏၊ ဥစ္စာ“ဓန”မာန် ခက်ထန်၏၊ အနွယ်“ဂေါတ္တ” မာန် ခက်ထန်၏။ မိမိဆွေမျိုးကိုလည်း မထီမဲ့မြင် ပြု၏၊ ထိုသူ၏ ထိုအကြောင်းလေးမျိုးသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။
ထိုအကြောင်းသည် သတ္တမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို သိရပါကုန်၏။ မြတ်စွာဘုရား- အဋ္ဌမဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းကို ဟောတော်မူပါ၊ အဋ္ဌမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။
အကြင်သူသည် မိန်းမကြူး။ သေသောက်ကြူး၊ လောင်းကစားကြူးသည်ဖြစ်၍ ရတိုင်းရတိုင်းသော ဥစ္စာကို ဖျက်ဆီး၏။ ထိုသူ၏ ထိုအကြောင်းသုံးမျိုးသည် ပျက်စီး ဆုတ်ယုတ်ကြောင်းတည်း။
စာမျက်နှာ-341
ထိုအကြောင်းသည် အဋ္ဌမဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏။ မြတ်စွာဘုရား- နဝမဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းကို ဟောတော်မူပါ၊ နဝမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။
အကြင်သူသည် မိမိမယားဖြင့် မရောင့်ရဲဘဲ ပြည့်တန်ဆာမတို့၌ ပြစ်မှား၏၊ သူတပါးမယားတို့၌ ပြစ်မှား၏။ ထိုသူ၏ ထိုအကြောင်းနှစ်မျိုးသည် ပျက်စီး ဆုတ်ယုတ်ကြောင်းတည်း။
ထိုအကြောင်းသည် နဝမဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏။ မြတ်စွာဘုရား- ဒသမဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းကို ဟောတော်မူပါ၊ ဒသမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။
အရွယ်လွန်ပြီးသော ယောက်ျားသည် တည်သီးသဖွယ် ငယ်သော သားမြတ် ရှိသော မိန်းမငယ်ကို သိမ်းမြန်းဆောင်ယူ အိမ်သူပြုလုပ်၏၊ ထိုမိန်းမငယ်အား ယောက်ျားတပါးအတွက် စိတ်မချရသောကြောင့် မအိပ်နိုင်၊ ထိုမအိပ်နိုင်ခြင်းသည် ပျက်စီးခြင်း၏ အကြောင်းတည်း။
ထိုအကြောင်းသည် ဒသမဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို သိရပါကုန်၏။ မြတ်စွာဘုရား- ဧကာဒသမဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းကို ဟောတော်မူပါ၊ ဧကာဒသမဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းကား အဘယ် ပါနည်း။
အကြင်သူသည် ငါးအမဲစသော အစားအစာတို့၌ မက်မောသောသဘောရှိသော ဥစ္စာကို စည်းကမ်းမဲ့ ဖရိုဖရဲပြုတတ်သော မိန်းမကိုသော်လည်းကောင်း၊ ထိုသို့သော သဘောရှိသော ယောက်ျားကိုသော်လည်းကောင်း အိမ်ထောင်ထိန်းအရာ၌ ထား၏၊ ထိုသူ၏ ထိုအကြောင်းသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။
ထိုအကြောင်းသည် ဧကာဒသမဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏။ မြတ်စွာဘုရား-ဒွါဒသမဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ ဒွါဒသမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။
အကြင်သူသည် ဥစ္စာပျက်စီးပြီး၍ စည်းစိမ်ဥစ္စာတို့၌ တပ်မက်မှုကြီးမား၏ မင်းမျိုး၌လည်း ဖြစ်၏၊ ထိုသူသည်ကား မင်းအဖြစ်ကို တောင့်တ၏၊ ထိုသူ၏ ထိုအကြောင်းသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။
စာမျက်နှာ-342
လောက၌ ဖြူစင်ကောင်းမြတ်၍ ဉာဏ်အမြင်နှင့်ပြည့်စုံသော ပညာရှိသည် ဤပျက်စီးဆုတ်ယုတ်ကြောင်းနှစ်ဆယ့်လေးပါးတို့ကို ကောင်းစွာ ကြည့်ရှုဆင်ခြင်၍ ရှောင်ရှားနိုင်သောကြောင့် ချမ်းမြေ့အေးမြသော နတ်ပြည်လောကသို့ ချည်းကပ် ရ၏” မိန့်တော်မူ၏။
ကလဟဝိဝါဒသုတ်မြန်မာပြန်
ခိုက်ရန်ဖြစ်မှုနှင့် ငြင်းခုံမှုတို့သည် အဘယ်ကြောင့် ဖြစ်ပေါ်လာကုန်သနည်း၊ ဝန်တိုမှုနှင့် တကွဖြစ်သော ငိုကြွေးမှု၊ စိုးရိမ်မှုတို့သည် လည်းကောင်း၊ ချောပစ် ကုန်းတိုက်မှုနှင့် တကွဖြစ်ကုန်သော ထောင်လွှားမှု၊ အလွန်ထောင်လွှားမှုတို့သည် လည်းကောင်း ထိုတရားတို့သည် အဘယ်ကြောင့် ဖြစ်ပေါ် လာကုန်သနည်း၊ တောင်းပန်ပါ၏၊ ထိုအကြောင်းကို ဟောတော်မူပါလော့။
ငြင်းခုံခိုက်ရန်ဖြစ်ခြင်းအကြောင်းရင်းများ
ခိုက်ရန်ဖြစ်မှု၊ ငြင်းခုံမှုတို့သည် ချစ်အပ်သော သတ္တဝါသင်္ခါရကြောင့် ဖြစ်ပေါ် လာကုန်၏။ ဝန်တိုမှုနှင့်တကွ ဖြစ်ကုန်သော ငိုကြွေးမှု၊ စိုးရိမ်မှုတို့သည်လည်း ကောင်း၊ ချောပစ်ကုန်းတိုက်မှုနှင့် တကွဖြစ်ကုန်သော ထောင်လွှားမှု၊ အလွန် ထောင်လွှားမှု တို့သည်လည်းကောင်း ချစ်အပ်သော သတ္တဝါသင်္ခါရကြောင့် ဖြစ်ပေါ်လာကုန်၏၊ ခိုက်ရန်ဖြစ်မှု၊ ငြင်းခံမှုတို့သည် ဝန်တိုမှုနှင့် စပ်ယှဉ်ကုန်၏၊ ငြင်းခံမှုတို့ ဖြစ်ကုန်သည် ရှိသော် ချောပစ်ကုန်းတိုက်မှုတို့ ဖြစ်တတ်ကုန်၏။
လောက၌ ချစ်အပ်သော ဝတ္ထုတို့သည် အဘယ်လျှင် အကြောင်းရှိပါကုန်သနည်း အကြင်သူသည်လည်း လိုချင်မှု “လောဘ”ရှိကုန်သည် ဖြစ်၍ လောက၌ သွားလာ နေထိုင်ကြကုန်၏၊ ထိုသူတို့၏ လိုချင်မှု “လောဘ”သည်လည်း အဘယ်လျှင် အကြောင်းရှိပါသနည်း၊ အကြင်တောင့်တမှု ပြည့်စုံမှုတို့သည် လူပုဂ္ဂိုလ်အား မှီခိုရန် ဖြစ်ကုန်၏၊ ထိုတောင့်တမှု ပြည့်စုံမှုတို့သည် အဘယ်လျှင် အကြောင်းရှိပါ ကုန်သနည်း။
လောက၌ ချစ်အပ်သော ဝတ္ထုတို့သည် ကာမစ္ဆန္ဒလျှင် အကြောင်းရှိကုန်၏။ အကြင်သူတို့သည် လိုချင်မှု “လောဘ”ရှိကုန်သည်ဖြစ်၍ လောက၌ သွားလာနေထိုင် ကြကုန်၏၊ ထိုသူတို့၏ ထိုလောဘသည်လည်း ကာမစ္ဆန္ဒလျှင် အကြောင်းရှိ၏၊ အကြင်တောင့်တမှု ပြည့်စုံမှုတို့သည် လူပုဂ္ဂိုလ်အား အားထားမှီခိုရန် ဖြစ်ကုန်၏၊ ထိုတောင့်တမှု ပြည့်စုံမှုတို့သည်လည်း ဤကာမစ္ဆန္ဒလျှင် အကြောင်းရှိကုန်၏။
၁။ ခုဒ္ဒကပါဌပါဠိတော် မြန်မာပြန်။
စာမျက်နှာ-၂၇၈
စာမျက်နှာ-343
လောက၌ ကာမစ္ဆန္ဒသည် အဘယ်လျှင် အကြောင်းရှိသနည်း၊ တဏှာဒိဋ္ဌိဖြင့် ဆုံးဖြတ်ခြင်းတို့သည်လည်း အဘယ်ကြောင့် ဖြစ်ကုန်သနည်း၊ အမျက်ထွက်မှု၊ မုသား စကားပြောဆိုမှု၊ သို့လောသို့လော တွေးတေားမှုဟူသော အကြင်တရားတို ကိုလည်း မြတ်စွာဘုရား ဟောအပ်ပါကုန်၏။ ထိုတရားတို့သည် အဘယ်ကြောင့် ဖြစ်ကုန်သနည်း။
လောက၌ အကြင်သဘောတရားကို သာယာဖွယ်သဘောတရား။ မသာယာဖွယ် သဘောတရားဟူ၍ ဆိုကုန်၏၊ ထိုသာယာဖွယ်၊ မသာယာဖွယ် သဘောတရားကို အမှီပြု၍ ကာမစ္ဆန္ဒဖြစ်၏၊ လောက၌ သတ္တဝါသည် ရုပ်တရားတို့၌ ပျက်ခြင်းကို လည်းကောင်း၊ ဖြစ်ခြင်းကို လည်းကောင်း မြင်၍ တဏှာ ဒိဋ္ဌိဖြင့် ဆုံးဖြတ်ခြင်းကို ပြု၏။
အမျက်ထွက်မှု၊ မုသားစကားပြောဆိုမှု၊ သို့လောသို့လော တွေးတောယုံမှားမှု ဟူသော ဤသဘောတရားတို့သည်လည်း သာယာဖွယ်၊ မသာယာဖွယ် တရား နှစ်ပါး ရှိသော်သာလျှင် ဖြစ်ကုန်၏။ မြတ်စွာဘုရားသည် သိတော်မူ၍ တရားတို့ကို ဟောတော်မူရကား သို့လောသို့လော တွေးတောယုံမှားရှိသူသည် ဉာဏ်အမြင်ကို ရစိမ့်သောငှာ သိက္ခာသုံးပါးတို့ကို ကျင့်ရာ၏။
သာယာမှုနှင့် မသာယာမှုတို့သည် အဘယ်လျှင် အကြောင်းရှိပါကုန်သနည်း။ အဘယ်တရား မရှိလတ်သော် ဤသာယာမှု၊ မသာယာမှု မဖြစ်ပါကုန်သနည်း။ အကြင်အကြောင်းကြောင့် ပျက်ခြင်း၊ ဖြစ်ခြင်းဟူသော အကြင်သဘောတရားသည် ဖြစ်၏။ ထိုအကြောင်းကြောင့် ဖြစ်သော ထိုသဘောတရားကို အကျွန်ုပ်အားဟော ကြားတော်မူပါလော့။
သာယာမှုနှင့် မသာယာမှုသည် တွေ့ထိမှု “ဖဿ”လျှင် အကြောင်းရှိ၏၊ တွေ့ ထိမှု“ဖဿ”မရှိလတ်သော် ဤတရားတို့ မဖြစ်ကုန်။ ပျက်ခြင်း၊ ဖြစ်ခြင်း ဟူသော အကြင်သဘောတရားသည် ရှိ၏။ ထိုသဘောတရားကို တွေ့ထိမှု လျှင် အကြောင်းရှိ၏ဟူ၍ သင့်အား ငါဟော၏။
လောက၌ တွေ့ထိမှု “ဖဿ”သည် အဘယ်လျှင် အကြောင်းရှိသနည်း။ သိမ်းဆည်းမှုတို့သည်လည်း အဘယ်ကြောင့် ဖြစ်ကုန်သနည်း။ အဘယ်တရား မရှိလတ်သော် ငါ့ဟာဟု စွဲလမ်းမှု မရှိပါသနည်း၊ အဘယ်တရားကို လွန်မြောက်သည် ရှိသော် တွေ့ထိမှု “ဖဿ”တို့သည် မတွေ့ထိနိုင်ပါကုန်သနည်း။
နာမ်ကိုလည်းကောင်း၊ ရုပ်ကိုလည်းကောင်း စွဲ၍ တွေ့ထိမှု“ဖဿ”သည် ဖြစ်၏၊ သိမ်းဆည်းမှုတို့သည် တဏှာဟုဆိုအပ်သောအလို “ဣစ္ဆာ”လျှင် အကြောင်းရှိကုန်၏။ တဏှာဟုဆိုအပ်သော အလို“ဣစ္ဆာ” မရှိလတ်သော် ငါ့ဟာဟု
စာမျက်နှာ-344
စွဲလမ်းမှု မရှိ၊ ရုပ်တရားကို လွန်မြောက်သည်ရှိသော် တွေ့ထိမှု“ဖဿ”တို့သည် မတွေ့ထိကုန်။
အဘယ်သို့ ကျင့်သောသူသည် ရုပ်ကို လွန်မြောက်နိုင်သနည်း၊ အဘယ်သို့သော အကြောင်းဖြင့် ချမ်းသာဆင်းရဲကို လွန်မြောက်နိုင်သနည်း၊ အကြင်အခြင်းအရာ အားဖြင့် လွန်မြောက်နိုင်၏၊ ထိုအခြင်းအရာကို အကျွန်ုပ်အား ဟောကြားတော် မူပါလော့၊ ထိုအကြောင်းကို သိကုန်အံ့ဟု အကျွန်ုပ်၏ စိတ်ဖြစ်ပါ၏။
ပကတိသညာရှိသူလည်း မဟုတ်သော, ဖောက်ပြန်သော သညာရှိသည့် ရူးသွပ် သူလည်း မဟုတ်သော, သညာမရှိသည့် အသညသတ်ဗြဟ္မာနှင့် နိရောဓသမာပတ် ဝင်စားသူလည်း မဟုတ်သော, ရူပသညာကို လွန်မြောက်ပြီးသည့် အရူပ ဈာန်သမာပတ်ကို ရသူလည်း မဟုတ်သော ဤသို့ သဘောရှိသည့် အာကာသာ နဉ္စာယတနဈာန်ကို ရရန်ကျင့်သူ ရူပစတုတ္ထဈာနလာဘီပုဂ္ဂိုလ်သည် ရုပ်ကို လွန်မြောက် နိုင်၏။ သံသရာချဲ့တတ်သော တဏှာ၊ မာန၊ ဒိဋ္ဌိတရားတို့သည် သညာလျှင် အကြောင်းရှိကုန်သည်သာတည်း။
အကြင်ပုစ္ဆာကို အကျွန်ုပ်တို့ မေးခဲ့ပါကုန်၏၊ အသျှင်သည် ထိုပုစ္ဆာကို အကျွန်ုပ် တို့အား ဖြေကြားတော်မူခဲ့ပြီ၊ အသျှင်ဘုရားအား အခြားသော ပုစ္ဆာကို မေးပါ ကုန်အံ့၊ တောင်းပန်ပါ၏၊ ထိုပုစ္ဆာကို ဖြေကြားတော်မူပါလော့၊ ဤလောက၌ ပညာ ရှိကုန်သော အချို့သောသူတို့သည် ဤမျှ အရူပသမာပတ်ဟူသော အတိုင်းအရှည် ဖြင့် သတ္တဝါ၏ မြတ်သော စင်ကြယ်မှုကို ဆိုပါကုန်သလော၊ ထိုသို့မဟုတ် ဤအရူပ သမာပတ်ထက် လွန်သော အခြားသော စင်ကြယ်မှုကိုလည်း ဆိုပါကုန်သေးသလော။
ဤလောက၌ ပညာရှိကုန်သော အချို့သော သူတို့သည် ဤမျှ အရူပသမာပတ် ဟူသော အတိုင်းအရှည်ဖြင့် သတ္တဝါ၏ မြတ်သော စင်ကြယ်မှုကို ဆိုကုန်၏၊ ထိုသူတို့တွင် အနုပါဒိသေသ၌ လိမ္မာကျွမ်းကျင်သည်ဟု ပြောဆိုကြသော အချို့ သူတို့သည် ဥစ္ဆေဒအယူကို ပြောဆိုကြကုန်၏။
ပညာရှိသော ထိုမြတ်စွာဘုရားသည် ထိုမိစ္ဆာအယူ ရှိသူတို့ကို သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိကို မှီကုန်၏ဟု သိ၍လည်းကောင်း၊ ထိုသူတို့၏ မှီရာ သဿတဒိဋ္ဋိ၊ ဥစ္ဆေဒဒိဋ္ဌိတို့ကို သိ၍ လည်းကောင်း၊တရားတို့ကို အနိစ္စ စသည်ဖြင့် သိ၍ လည်းကောင်း လွတ်မြောက်တော်မူပြီးသည်ဖြစ်၍ ငြင်းခုံခြင်းသို့ ရောက်တော်မမူ၊ ထိုပညာရှိသော မြတ်စွာဘုရားသည် အဖန်တလဲလဲဖြစ်ခြင်းသို့ ရောက်တော်မမူ
၁။ ခုဒ္ဒကပါဋ္ဌပါဠိတော် မြန်မာပြန်။
စာမျက်နှာ-၃၉၀။
စာမျက်နှာ-345
အပိုင်း (၃) ပရိယောသာနကလျာဏပိုင်း အခန်း (၁)
သုံးဆယ့်နှစ်ကောဋ္ဌာသ
သုံးဆယ့်နှစ်ကောဋ္ဌသပါဠိ
အတ္ထိ ဣမသ္မိံ ကာယေ ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော၊ မံသံ၊ နှာရု၊ အဋ္ဌိ၊ အဋ္ဌိမိဉ္စိ၊ ဝက္ကံ၊ ဟဒယံ၊ ယကနံ၊ ကိလောမကံ၊ ပိဟကံ၊ ပပ္ဖါသံ၊ အန္တံ၊ အန္တဂုဏံ၊ ဥဒရိယံ၊ ကရီသံ၊ မတ္ထလုင်္ဂ၊ ပိတ္တံ၊ သေနှံ၊ ပုဗ္ဗော၊ လောဟိတံ၊ သေဒေါ၊ မေဒေါ၊ အဿု၊ ဝသာ၊ ခေဠော၊ သိင်္ဃာဏိကာ၊ လသိကာ၊ မုတ္တန္တိ။
သုံးဆယ့်နှစ်ကောဋ္ဌသအနက်
ဣမသ္မိံ ကာယေ၊ ဤကိုယ်ကာယ တလံမျှ၌-
(၁) ကေသာ ။ ။ ဆံပင်
(၂) လောမာ ။ ။ အမွှေး
(၃) နခါ ။ ။ ခြေသည်း လက်သည်း
(၄) ဒန္တာ ။ ။ သွား
(၅) တစော ။ ။ အရေထူ အရေပါး
(၆) မံသံ ။ ။ အသား
(၇) နှာရု ။ ။ အကြော
(၈) အဋ္ဌိ ။ ။ အရိုး
(၉) အဋ္ဌိမိဉ္ဇ ။ ။ ရိုးတွင်းခြင်ဆီ
(၁၀) ဝက္ကံ ။ ။ အညှို့
(၁၁) ဟဒယံ ။ ။ နှလုံး
စာမျက်နှာ-346
(၁၂) ယကနံ ။ ။ အသည်း
(၁၃) ကိလောမကံ ။ ။ အမြှေး
(၁၄) ပိဟကံ ။ ။ အဖျဉ်း (သရက်ရွက်)
(၁၅) ပပ္ပါသံ ။ ။ အဆုတ်
(၁၆) အန္တ ။ ။ အူမ
(၁၇) အန္တဂုဏံ ။ ။ အူသိမ်
(၁၈) ဥဒရိယံ ။ ။ အစာသစ်
(၁၉) ကရီသံ ။ ။ အစာဟောင်း
(၂၀) မတ္ထလုင်္ဂ ။ ။ ဦးနှောက်
(၂၁) ပိတ္တံ ။ ။ သည်းခြေ
(၂၂) သေနှံ ။ ။ သလိပ်
(၂၃) ပုဗ္ဗော ။ ။ ပြည်
(၂၄) လောဟိတံ ။ ။ သွေး
(၂၅) သေဒေါ ။ ။ ချွေး
(၂၆) မေဒေါ ။ ။ အဆီခဲ
(၂၇) အဿု ။ ။ မျက်ရည်
(၂၈) ဝသာ ။ ။ ဆီကြည်
(၂၉) ခေဠော ။ ။ တံတွေး
(၃ဝ) သိင်္ဃာဏိကာ ။ ။ နှပ်
(၃၁) လသိကာ ။ ။ အစေး
(၃၂) မုတ္တန္တိ ။ ။ ကျင်ငယ်-
ဟူ၍ (သုံးဆယ့်နှစ်ပါးသော အဖို့အစုတို့သည်)။ အတ္ထိ သန္တိ၊ ရှိကုန်၏။
စာမျက်နှာ-347
၃၂-ကောဋ္ဌာသ မြန်မာပြန်
ဤကိုယ်ကာယ တလံမျှ၌-
(၁) ဆံပင်၊ အမွှေး၊ ခြေသည်း လက်သည်း၊ သွား၊ အရေ (တစပဉ္စက-အရေလျှင် ငါးခုမြောက်ရှိသောအဖို့အစု)
(၂) အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့ (ဝက္ကပဉ္စက-အညှို့လျှင် ငါးခုမြောက်ရှိသောအဖို့အစု)
(၃) နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုတ် (ပပ္ဖါသပဉ္စက-အဆုတ်လျှင် ငါးခုမြောက်ရှိသော အဖို့အစု)
(၄) အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက် (မတ္ထလုင်္ဂပဉ္စက-ဦးနှောက်လျှင် ငါးခုမြောက်ရှိသော အဖို့အစု)
(၅) သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ (မေဒဆက္က-အဆီခဲလျှင် ခြောက်ခုမြောက်ရှိသော အဖို့အစု)
(၆) မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ် (မုတ္တဆက္က-ကျင်ငယ်လျှင် ခြောက်ခုမြောက်ရှိသော အဖို့အစု)
ဟု ဆိုအပ်သော စက်ဆုပ်ရွံရှာဖွယ် ၃၂-ပါးသော အဖို့အစုတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်ဆက်နွယ်လျက် တည်ရှိနေကြကုန်၏။
၃၂-ကောဋ္ဌာသအဓိပ္ပာယ်
(၁) ဆံပင်
ဆံပင်တို့သည် ပကတိအဆင်းအားဖြင့် မည်းနက်ကုန်၏။ စိုသော ပုတီးနက်သီး အဆင်းရှိကုန်၏။
ပုံသဏ္ဌာန်အားဖြင့် ရှည်၍ လုံးကုန်၏။
အရပ်မျက်နှာအားဖြင့် အထက်အရပ်၌ ဖြစ်ကုန်၏။
တည်ရာအားဖြင့် နံပါးနှစ်ဖက်တို့၌ နားပန်းစွန်းတို့ဖြင့် ရှေ့ဘက်၌ နဖူးပြင် အဆုံးဖြင့် နောက်ဘက်၌ လည်ကုပ်ကျင်းဖြင့် ပိုင်းခြားလျက်ရှိသည့် ဦးခေါင်းခွံကို ရစ်ပတ်လျက်ရှိသော အရေသည် ဆံပင်တို့၏ တည်ရာဖြစ်၏။
စာမျက်နှာ-348
အပိုင်းအခြားအားဖြင့် တစ်ခုစီတစ်ခုစီသော ဆံပင်တို့ကို ဦးခေါင်းကို ရစ်ပတ် လျက်ရှိသော အရေ၌ စပါးလုံးအမြီးဖျားမျှဝင်၍ တည်သော (မြုပ်၍တည်သော) အောက်ဘက်၌ မိမိ၏ အမြစ်အပြင်ဖြင့်, အထက်ဘက်၌ ဟင်းလင်းပြင်ဖြင့်, ဖီလာ ပတ်ဝန်းကျင်၌ ဆံပင်အချင်းချင်းဖြင့် ပိုင်းခြားလျက် ရှိသည်။
သဘာဂပရိစ္ဆေဒ(မိမိအဖို့ဖြင့် ပိုင်းခြားခြင်း)အားဖြင့် နှစ်ခုသော ဆံပင်တို့သည် တပေါင်းတည်း မတည်ရှိကြပေ။
ဝိသဘာဂပရိစ္ဆေဒ (အခြားအဖို့ဖြင့် ပိုင်းခြားခြင်း)အားဖြင့် “ဆံပင်တို့သည် အမွေးမဟုတ်ကုန်၊ အမွေးတို့သည်လည်း ဆံပင်မဟုတ်ကြကုန်”ဟူသော နည်းဖြင့် ဆံပင်တို့မည်သည် ကျန် ၃၁-ပါးသော ကောဋ္ဌာသတို့နှင့် မရောနှောဘဲ ကွဲပြားကုန်လျက် အသီးအခြား တစ်ခုသော အဖို့အစု ဖြစ်ကုန်၏။
ဤဆံပင်တို့မည်သည်မှာ အဆင်း၊ သဏ္ဌာန်၊ အနံ့၊ မှီရာ၊ တည်ရာအားဖြင့် စက်ဆုပ်ဖွယ် ရှိကုန်၏ဟု ပိုင်းခြားမှတ်သားအပ်ပေသည်။
(၂) အမွှေး
(ကျန်ကောဋ္ဌာသများလည်း ဤနည်းတူပင် ဖြစ်သည်)
အမွှေးတို့သည် ပကတိအဆင်းအားဖြင့် မည်းကြောင်သော အဆင်းရှိကုန်၏။
သဏ္ဌာန်အားဖြင့် ထန်းမြစ်ကဲ့သို့ အောက်သို့ညွတ်သော အဖျားရှိကုန်၏။
အရပ်အားဖြင့် အထက်အောက် နှစ်ပါးသော အရပ်တို့၌ ဖြစ်ကုန်၏။
တည်ရာအားဖြင့် ဆံပင်တို့၏ တည်ရာအရပ်နှင့် လက်ဖဝါး၊ ခြေဖဝါးအပြင်တို့မှတပါး အများအားဖြင့် ကြွင်းသောကိုယ်ကို ရစ်ပတ်လျက်ရှိသော အရေ၌ ဖြစ်ကုန်၏။
အပိုင်းအခြားနှစ်မျိုးတွင် မိမိအဖို့ဖြင့် ပိုင်းခြားခြင်းအားဖြင့် ကိုယ်ကိုရစ်ပတ် လျက်ရှိသောအရေ၌ တစ်လိက္ခာခန့်မျှဝင်လျက်တည်သော အောက်ဘက်၌ မိမိ၏ အမြစ်ဖြင့်, အထက်ဘက်၌ ဟင်းလင်းပြင်အရပ်ဖြင့်, ဖီလာဝန်းကျင်၌ အချင်းချင်းဖြင့် ပိုင်းခြားလျက်ရှိသည်။ အမွှေး ၂-ပင်တို့သည် တပေါင်းတည်း မရှိကြကုန်။
စာမျက်နှာ-349
မှတ်ချက်။ ။ အခြားအဖို့အားဖြင့် ပိုင်းခြားခြင်းသည် ကောဋ္ဌာသအားလုံးပင် ဆံပင်နည်းတူ ဖြစ်ပါသည်။
(၃) လက်သည်း ခြေသည်း
လက်သည်း ခြေသည်းသည်-
အဆင်းအားဖြင့် ဖြူကုန်၏။
သဏ္ဌာန်အားဖြင့် ငါး၏ အကြေးသဏ္ဌာန် ရှိကုန်၏။
အရပ်အားဖြင့် ခြေသည်းတို့သည် အောက်အရပ်၌ လက်သည်းတို့သည် အထက် အရပ်၌ ဖြစ်ကုန်၏။
တည်ရာအားဖြင့် လက်ချောင်း ခြေချောင်းတို့၏ အဖျားအပေါ်ဘက်တို့၌ တည်ကုန်၏။
မိမိအဖို့ဖြင့် ပိုင်းခြားခြင်းအားဖြင့် အထက်အောက်နှစ်ပါးသော အရပ်တို့၌ လက်ချောင်း ခြေချောင်းတို့၏အစွန်းအသားတို့ဖြင့်, အတွင်းဘက်၌ လက်ချောင်း ခြေချောင်းတို့၏ အမိုးဘက်အသားဖြင့် အပြင်ဘက်နှင့် အဖျား၌ ဟင်းလင်းပြင် အရပ်ဖြင့်, ဖီလာပတ်ဝန်းကျင်၌ အချင်းချင်းဖြင့် ပိုင်းခြားလျက် ရှိသည်။
မိမိအဖို့ဖြင့် ပိုင်းခြားခြင်းအားဖြင့် လက်သည်း ခြေသည်းခွံ နှစ်ခုတို့သည် တပေါင်းတည်း မရှိကြပေ။
(၄) သွား
ယေဘုယျအားဖြင့် ၃၂-ချောင်းသော သွားတို့သည်
အဆင်းအားဖြင့် ဖြူကုန်၏။
သဏ္ဌာန်အားဖြင့် များသောသဏ္ဌာန် ရှိကုန်၏။
အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်ကုန်၏။
တည်ရာအားဖြင့် အထက်အောက် မေးရိုးနှစ်ခုတို့၌ တည်ကုန်၏။
မိမိအဖို့ဖြင့် ပိုင်းခြားခြင်းအားဖြင့် အောက်ဘက်အရင်းဘက်၌ မေးရိုး၌ တည်သော မိမိ၏ အမြစ်အပြင်ဖြင့် အထက်အဖျားဘက်၌ ဟင်းလင်းအရပ်ဖြင့် ဖီလာနံပါး၌ အချင်းချင်းဖြင့် ပိုင်းခြားလျက်ရှိသည်။ သွားနှစ်ချောင်းတို့သည် တပေါင်း တည်း မရှိကုန်။
စာမျက်နှာ-350
(၅) အရေ
အရေထူသည်ကား-(အတွင်းစုက ဆီးစေ့မျှရှိသော အရေပါးသည် အမဲ အညို အဝါ စသော အဆင်းရှိ၏။ ပါဠိစကား ဆပ္ပိ ဖြစ်၏။)
အဆင်းအားဖြင့် ဖြူသောအဆင်းရှိ၏။
သဏ္ဌာန်အားဖြင့် ကိုယ်၏သဏ္ဌာန်ရှိ၏။
အရပ်အားဖြင့် အထက်အောက် နှစ်ပါးသော အရပ်တို့၌ ဖြစ်၏။
တည်ရာအားဖြင့် တကိုယ်လုံးကို မြှေးယှက်ရစ်ပတ်လျက် တည်၏။
မိမိအဖို့ဖြင့် ပိုင်းခြားခြင်းအားဖြင့် အောက်ဘက်အတွင်းဘက်၌ တည်ရာအရပ် အပြင်ဖြင့်, အထက်ဘက်အပြင်ဘက်၌ ဟင်းလင်းအရပ်ဖြင့် ပိုင်းခြားလျက်ရှိသည်။
(၆) အသား
အသားတို့သည် အဆင်းအားဖြင့် ပေါက်ပန်းကဲ့သို့ နီ၏။
သဏ္ဌာန်အားဖြင့် အမျိုးမျိုးရှိ၏။
အရပ်အားဖြင့် အထက်အောက်နှစ်ပါးသော အရပ်တို့၌ ဖြစ်၏။
တည်ရာအားဖြင့် ၃၂၀-သော အရိုးတို့ကို လိမ်းကျံတွယ်ကပ်လျက်ရှိသည်။
မိမိအဖို့ဖြင့် ပိုင်းခြားခြင်းအားဖြင့် အောက်ဘက်အတွင်းဘက်၌ အချင်းချင်း ဆက်စပ်နေသော အရိုး၌ တည်ရာအပြင်ဖြင့်, အထက်ဘက်အပြင်ဘက်၌ အရေဖြင့်, ဖီလာပတ်ဝန်းကျင်၌ အချင်းချင်းဖြင့် ပိုင်းခြားလျက် ရှိသည်။
(၇) အကြော
၉၀၀-သော အကြောတို့သည်-
အဆင်းအားဖြင့် ဖြူကုန်၏။
သဏ္ဌာန်အားဖြင့် အမျိုးမျိုးသော သဏ္ဌာန် ရှိကုန်၏။
အရပ်အားဖြင့် အထက်အောက် အရပ်နှစ်ပါး၌ ဖြစ်ကုန်၏။
တည်ရာအားဖြင့် တကိုယ်လုံး၌ ဖွဲ့ယှက်လျက် တည်ကုန်၏။
စာမျက်နှာ-351
မိမိအဖို့ဖြင့် ပိုင်းခြားခြင်းအားဖြင့် အောက်ဘက်၌ ၃၀၀-သော အရိုးတို့၏ အထက်တွင် တည်ရာအရပ်အပြင်ဖြင့်, အထက်ဘက်၌ အသားနှင့် အရေတို့ကို ထိခိုက်၍ တည်ရာအရပ်တို့ဖြင့်, ဖီလာပတ်ဝန်းကျင်၌ အချင်းချင်းဖြင့် ပိုင်းခြား လျက်ရှိသည်။
(၈) အရိုး
သွားမှတပါးသော အရိုးတို့သည်-
အဆင်းအားဖြင့် ဖြူကုန်၏။
သဏ္ဌာန်အားဖြင့် အမျိုးမျိုးရှိကုန်၏။
အရပ်အားဖြင့် အထက်အောက် ၂-ပါးသော အရပ်တို့၌ ဖြစ်ကုန်၏။
တည်ရာအားဖြင့် (သာမန်အားဖြင့်) တကိုယ်လုံး၌ တည်ကုန်၏။
မိမိအဖိုဖြင့် ပိုင်းခြားခြင်းအားဖြင့် အတွင်းဘက်၌ ရိုးတွင်းခြင်ဆီဖြင့်, အပြင်ဘက်၌ အသားဖြင့်, အဖျားနှင့် အရင်းဘက်၌ အချင်းချင်းဖြင့် ပိုင်းခြားလျက် ရှိသည်။
(၉) ရိုးတွင်းခြင်ဆီ
ရိုးတွင်းခြင်ဆီသည်-
အဆင်းအားဖြင့် ဖြူ၏။
သဏ္ဌာန်အားဖြင့် ပြုတ်ထားသော ကြိမ်ညွှန့်နု, ရင့် သဏ္ဌာန်ရှိ၏။
အရပ်အားဖြင့် အထက်အောက် အရပ်(၂)ပါးတို့၌ ဖြစ်၏။
တည်ရာအားဖြင့် အရိုးတို့၏ အတွင်း၌ တည်၏။
မိမိအဖိုဖြင့် ပိုင်းခြားခြင်းအားဖြင့် အရိုးတို့၏ အတွင်းဘက် မျက်နှာပြင်ဖြင့် ပိုင်းခြားလျက် ရှိသည်။
(၁၀) ဝက္ကံ
အညှာတစ်ခုတည်း၌ ဖွဲ့တွယ်လျက်ရှိသော အသားစိုင် နှစ်ခုဖြစ်သော အညှို့သည်-
အဆင်းအားဖြင့် စဉ်းငယ်နီ၏။
စာမျက်နှာ-352
သဏ္ဌာန်အားဖြင့် ပူးထားသော ဂေါ်လီလုံးနှစ်လုံး သဏ္ဌာန်ရှိ၏။
အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏။
တည်ရာအားဖြင့် လည်မျိုမှ ထွက်သော တစ်ခုသော အညှာရင်းဖြင့် အတန်ငယ် ဆင်းသွားပြီးလျှင် နှစ်ဖြာကွဲသော အကြောကြီးဖြင့် ဖွဲ့တွယ်လျက် နှလုံးသားကို ခြံရံ၍ တည်၏။
မိမိအဖိုဖြင့် ပိုင်းခြားခြင်းအားဖြင့် အညှို့ကို အညှို့အဖို့ဖြင့် ပိုင်းခြားလျက် ရှိသည်။
(၁၁) နှလုံး
နှလုံးသည်-
အဆင်းအားဖြင့် နီ၏။
သဏ္ဌာန်အားဖြင့် ဇောက်ထိုးဆွဲထားသော ပဒုမ္မာကြာငုံသဏ္ဌာန်ရှိ၏။
အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏။
တည်ရာအားဖြင့် သားမြတ်နှစ်ခုတို့၏ကြား ကိုယ်တွင်း၌ တည်၏။
မိမိအဖို့ အပိုင်းအခြားအားဖြင့် နှလုံးအဖို့ဖြင့် ပိုင်းခြားလျက် ရှိ၏။
(၁၂) အသည်း
အသားလွှာအစုံဟု ဆိုအပ်သော အသည်းသည်-
အဆင်းအားဖြင့် နီ၏။
သဏ္ဌာန်အားဖြင့် ပင်လယ်ကသစ်ရွက်သဏ္ဌာန် ရှိ၏။
အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏။
တည်ရာအားဖြင့် နှစ်ခုသော သားမြတ်တို့၏ အတွင်း၌ လက်ယာနံပါးကို မှီ၍ တည်၏။
မိမိအဖို့ အပိုင်းအခြားအားဖြင့် အသည်းအဖို့ဖြင့် ပိုင်းခြားလျက် ရှိ၏။
စာမျက်နှာ-353
(၁၃) အမြှေး
နှစ်ပါးသော မြှေးယှက်တတ်သော အသားလွှာဟု ဆိုအပ်သော အမြှေးသည်-
အဆင်းအားဖြင့် ဖြူ၏။
သဏ္ဌာန်အားဖြင့် မိမိတည်ရာအရပ် သဏ္ဌာန်ရှိ၏။
အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏။
တည်ရာအားဖြင့် ဖုံးလွှမ်းတတ်သော အမြှေးသည် နှလုံးနှင့် အညို့ကို ဖုံးလွှမ်းလျက် တည်ရှိ၏။ မဖုံးလွှမ်းတတ်သော အမြှေးသည် တကိုယ်လုံး၌ အရေ၏ အောက်၌ရှိသော အသားကို မြှေးယှက်လျက် တည်၏။
မိမိအဖို့ အပိုင်းအခြားအားဖြင့် အောက်ဘက်၌ အသားဖြင့်, အထက်ဘက်၌ အရေဖြင့်, ဖီလာပတ်ဝန်းကျင်၌ အမြှေးအဖို့ဖြင့် ပိုင်းခြားလျက်ရှိ၏။
(၁၄) အဖျဉ်း
အစာသစ်အိမ်၏ အထက်စောင်း၌ တည်သော ဝမ်းလွှာ အသားတုံးဖြစ်သော သရက်ရွက်ခေါ် အဖျဉ်းသည်-
အဆင်းအားဖြင့် ညို၏။
သဏ္ဌာန်အားဖြင့် နွားငယ်၏ လျှာသဏ္ဌာန် ရှိ၏။
အရပ်အားဖြင့် အထက်အရပ်၌ တည်၏။
တည်ရာအားဖြင့် နှလုံး၏ လက်ဝဲဘက်၌ အစာသစ်အိမ်လွှာ၏ အထက်ဘက်ကို မှီ၍ တည်၏။
မိမိအဖို့ အပိုင်းအခြားအားဖြင့် အမြှေးအဖို့ဖြင့် ပိုင်းခြားလျက် ရှိ၏။
(၁၅) အဆုတ်
အသားပိုင်း နှစ်ခုသုံးခုရှိသော အဆုတ်သည်-
အဆင်းအားဖြင့် နီ၏။
သဏ္ဌာန်အားဖြင့် မညီမညွတ်ဖြတ်ထားသော ထူသော မုန့်ပိုင်းသဏ္ဌာန် ရှိ၏။
အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏။
တည်ရာအားဖြင့် ကိုယ်၏အတွင်း၌ သားမြတ်နှစ်ခုတို့၏ အကြား၌ နှလုံးနှင့်
စာမျက်နှာ-354
အသည်းကို ဖုံးအုပ်ထားကာ တွဲရရွဲ ဆွဲလျက် တည်၏။
မိမိအဖို့ အပိုင်းအခြားအားဖြင့် အဆုတ်အဖွဲ့ဖြင့် ပိုင်းခြားလျက်ရှိ၏။
(၁၆) အန္တံ
အူမခွေသည်-
အဆင်းအားဖြင့် ဖြူ၏။
သဏ္ဌာန်အားဖြင့် ခေါင်းဖြတ်မြွေသဏ္ဌာန် ရှိ၏။
အရပ်အားဖြင့် ၂-ပါးသော အရပ်တို့၌ ဖြစ်၏။
တည်ရာအားဖြင့် လည်မျိုအစ စအိုဝ အဆုံးရှိသော ကိုယ်အတွင်း၌ တည်၏။
မိမိအဖို့ အပိုင်းအခြားအားဖြင့် အူမအဖို့ဖြင့် ပိုင်းခြားလျက် ရှိ၏။
(၁၇) အူသိမ်
အူမခွေအရပ်တို့၌ ဖွဲ့တွယ်ထားသော အူသိမ်သည်-
အဆင်းအားဖြင့် ဖြူ၏။
သဏ္ဌာန်အားဖြင့် ကြာသိမ်မြစ် မှော်မြစ်သဏ္ဌာန်ရှိ၏။
အရပ်အားဖြင့် ၂-ပါးသော အရပ်တို့၌ ဖြစ်၏။
တည်ရာအားဖြင့် ၂၁-ခုသော အူမခွေတို့၏ အကြား၌ ချုပ်စပ်လျက် တည်၏။
မိမိအဖို့ အပိုင်းအခြားအားဖြင့် အူသိမ်အဖို့ဖြင့် ပိုင်းခြားလျက် ရှိ၏။
(၁၈) အစာသစ်
စား၊ သောက်၊ ခဲ၊ လျက်ထားသော အစာသစ်သည်-
အဆင်းအားဖြင့် စားမျိုထားသော အစာအဆင်းရှိ၏။
သဏ္ဌာန်အားဖြင့် အဝတ်ရေစစ်၌ လျော့လျော့ထုပ်ထားသော ဆန်များသဏ္ဌာန်ရှိ၏
အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏။
စာမျက်နှာ-355
တည်ရာအားဖြင့် အစာသစ်အိမ်ဟူသော ဝမ်း၌ တည်၏။
မိမိအဖို့ အပိုင်းအခြားအားဖြင့် အစာသစ်အိမ် အသားလွှာဖြင့်လည်းကောင်း၊ အစာသစ်အဖွဲ့ဖြင့်လည်းကောင်း ပိုင်းခြားလျက်ရှိသည်။
(၁၉) အစာဟောင်း
ကျင်ကြီးဟုဆိုအပ်သော အစာဟောင်းသည်-
အဆင်းအားဖြင့် စားမျိုးအပ်သော အစာ၏အဆင်းသာ ဖြစ်တတ်၏။
သဏ္ဌာန်အားဖြင့် တည်ရာအရပ်၌ သဏ္ဌာန်ရှိ၏။
အရပ်အားဖြင့် အောက်အရပ်၌ ဖြစ်၏။
တည်ရာအားဖြင့် အစာကျက်အိမ်(အစာဟောင်းအိမ်)၌ တည်၏။
မိမိအဖို့ အပိုင်းအခြားအားဖြင့် အစာဟောင်းအိမ်အလွှာဖြင့် လည်းကောင်း၊ ကျင်ကြီးအဖွဲ့ဖြင့်လည်းကောင်း ပိုင်းခြားလျက်ရှိ၏။
(၂၀) ဦးနှောက်
ဦးခေါင်းခွံအတွင်းရှိ ခြင်ဆီအစုဖြစ်သော ဦးနှောက်သည်-
အဆင်းအားဖြင့် ဖြူ၏။
သဏ္ဌာန်အားဖြင့် တည်ရာအရပ်သဏ္ဌာန်ရှိ၏။
အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏။
မိမိအဖို့ အပိုင်းအခြားအားဖြင့် ဦးနှောက်ခွံ၏ အတွင်းဘက်မျက်နှာပြင်တို့ဖြင့် လည်းကောင်း၊ ဦးနှောက်အဖို့ဖြင့်လည်းကောင်း ပိုင်းခြားလျက်ရှိ၏။
(၂၁) သည်းခြေ
သည်းခြေသည်- ဖွဲ့အပ်သော သည်းခြေ၊ မဖွဲ့အပ်သော သည်းခြေဟူ၍ နှစ်မျိုး ရှိ၏။ ဖွဲ့အပ်သောသည်းခြေသည် ပျစ်ချွဲသော သစ်မည်စည်သီး အဆင်းရှိ၏။ မဖွဲ့အပ်သော သည်းခြေသည် ညှိုးသော တောင်ကျည်းပန်း အဆင်းရှိ၏။
သဏ္ဌာန်အားဖြင့် တည်ရာအရပ်သဏ္ဌာန်ရှိ၏။
အရပ်အားဖြင့် ဖွဲ့အပ်သော သည်းခြေသည် အထက်အရပ်၌ ဖြစ်၏။ မဖွဲ့အပ် သောသည်းခြေသည် နှစ်ပါးသော အရပ်တို့၌ ဖြစ်၏။
တည်ရာအားဖြင့် ဆံပင် အမွှေး သွား ခြေသည်း လက်သည်းတို့၏ အသားမှ
စာမျက်နှာ-356
လွတ်နေသော အရပ်ကိုလည်းကောင်း၊ မာခြောက်နေသော အရေကိုလည်းကောင်း ချန်ထား၍ ကြွင်းသော တစ်ကိုယ်လုံး၌ ပျံနှံ့လျက်တည်၏။
မိမိအဖို့ အပိုင်းအခြားအားဖြင့် သည်းခြေအဖို့ဖြင့် ပိုင်းခြားလျက် ရှိ၏။
(၂၂) သလိပ်
ကိုယ်အတွင်း၌ တကွမ်းစား၊ တစလယ် ပမာဏရှိသော သလိပ်သည်-
အဆင်းအားဖြင့် ဝက်ချေးပနဲရွက်ရည် အဆင်းကဲ့သို့ ဖြူ၏။
သဏ္ဌာန်အားဖြင့် တည်ရာအရပ်သဏ္ဌာန် ရှိ၏။
အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏။
တည်ရာအားဖြင့် အစာသစ်အိမ်ဟူသော ဝမ်းလွှာအူခေါင်း၌ တည်၏။
မိမိအဖို့ အပိုင်းအခြားအားဖြင့် သလိပ်အဖွဲ့ဖြင့် ပိုင်းခြားလျက် ရှိ၏။
(၂၃) ပြည်
ပုပ်သော သွေးဖြစ်သော ပြည်သည်-
အဆင်းအားဖြင့် ဖျော့တော့သော သစ်ရွက်ရော်အဆင်း ရှိ၏။ သူသေကောင်၌ ပျစ်ချွဲသော ထမင်းရည်အပုပ်အသိုး အဆင်းရှိ၏။
သဏ္ဌာန်အားဖြင့် တည်ရာသဏ္ဌာန် ရှိ၏။
အရပ်အားဖြင့် နှစ်ပါးသော အရပ်တို့၌ ဖြစ်၏။
တည်ရာအားဖြင့် အမြဲတမ်း တည်ရာမရှိ။
မိမိအဖို့ အပိုင်းအခြားအားဖြင့် ပြည်၏အဖို့ဖြင့် ပိုင်းခြားလျက် ရှိ၏။
(၂၄) သွေး
သွေးသည် စုဝေးရပ်တည်နေသောသွေး၊ ရွေ့လျားသွားလာနေသော သွေးအား ဖြင့်နှစ်မျိုးရှိ၏။
အဆင်းအားဖြင့် စုဝေးရပ်တည်နေသော သွေးသည် ချက်ထားပြီးသော ပျစ်ချွဲ သော ချိပ်ရည်အဆင်းရှိ၏။ သွားလာနေသော သွေးသည် ကြည်သော ချိပ်ရည် အဆင်း ရှိ၏။
သဏ္ဌာန်အားဖြင့် တည်ရာအရပ်သဏ္ဌာန် ရှိ၏။
စာမျက်နှာ-357
အရပ်အားဖြင့် စုဝေးရပ်တည်နေသော သွေးသည် အထက်အရပ်၌ ဖြစ်၏။ ရွေ့လျားနေသော သွေးသည် ၂-ပါးသော အရပ်တို့၌ ဖြစ်၏။
တည်ရာအားဖြင့် ရွေ့လျားနေသော သွေးသည် ဆံပင် အမွှေး သွား လက်သည်း ခြေသည်းတို့၏ အသားမှ လွတ်နေသော အရပ်ကိုလည်းကောင်း၊ မာခြောက်နေသော အရေကိုလည်းကောင်း ချန်လှပ်၍ ကြွင်းသော အလုံးစုံသော ကိုယ်ကို သွေးကြောကွန်ရက်ကို အစဉ်လျှောက်သဖြင့် ပျံ့နှံ့လျက် တည်၏။
မိမိအဖို့ အပိုင်းအခြားအားဖြင့် သွေး၏ အဖို့ဖြင့် ပိုင်းခြားလျက်ရှိ၏။
(၂၅) ချွေး
အမွှေးတွင်း စသည်တို့မှ ယိုထွက်သော အာပေါဓာတ်ဟု ဆိုအပ်သော ချွေးသည်-
အဆင်းအားဖြင့် ကြည်လင်သော နှမ်းဆီအဆင်း ရှိ၏။
သဏ္ဌာန်အားဖြင့် တည်ရာအရပ်သဏ္ဌာန်ရှိ၏။
အရပ်အားဖြင့် နှစ်ပါးသော အရပ်တို့၌ ဖြစ်၏။
တည်ရာအားဖြင့် အမြဲတမ်း တည်ရာမရှိပေ။
မိမိအဖို့ အပိုင်းအခြားအားဖြင့် ချွေး၏အဖို့ဖြင့် ပိုင်းခြားလျက် ရှိ၏။
(၂၆) အဆီခဲ
ခဲနေသော အဆီကို အဆီခဲဟု ခေါ်သည်၊ ထိုအဆီခဲသည်-
အဆင်းအားဖြင့် ခြမ်းအပ်သော နနွင်းသားအဆင်းရှိ၏။
သဏ္ဌာန်အားဖြင့် ဝသောသူမှာ အရေနှင့် အသားတို့၏ အကြား၌ နနွင်းရောင် ဘွဲ့ဖြူပုဆိုးကြမ်းကို ထည့်ထားသကဲ့သို့ သဏ္ဌာန်ရှိ၏။ ပိန်သောသူမှာ သလုံးသား၊ ပေါင်သား၊ ကျောက်ဆူးရိုးကိုမှီသော ကျောက်ကုန်းသား၊ ဝမ်းပျဉ်းသား ဟူသော ဤအသားတို့ကို မှီ၍ နှစ်ထပ် သုံးထပ် ပြုလျက်ထားသော နနွင်းရောင် ဘွဲ့ဖြူ ပုဆိုးကြမ်းသဏ္ဌာန် ရှိ၏။
အရပ်အားဖြင့် နှစ်ပါးသော အရပ်တို့၌ ဖြစ်၏။
တည်ရာအားဖြင့် ဝသောသူအား တစ်ကိုယ်လုံးကို ပျံ့လျက်၊ ပိန်သောသူအား သလုံးသား စသည်တို့ကို မှီ၍ တည်၏။
စာမျက်နှာ-358
မိမိအဖို့ အပိုင်းအခြားအားဖြင့် အောက်ဘက်၌ အသားဖြင့် အထက်ဘက်၌ အရေဖြင့် ဖီလာပတ်ဝန်းကျင်၌ အဆီခဲအဖွဲ့ဖြင့် ပိုင်းခြားလျက် ရှိ၏။
(၂၇) မျက်ရည်
မျက်စိတို့မှ ယိုထွက်သော အာပေါဓာတ်ဟူသော မျက်ရည်သည်-
အဆင်းအားဖြင့် ကြည်သော နှမ်းဆီအဆင်းရှိ၏။
သဏ္ဌာန်အားဖြင့် တည်ရာအရပ်သဏ္ဌာန် ရှိ၏။
အရပ်အားဖြင့် အထက်အရပ်၌ တည်၏။
တည်ရာအားဖြင့် မျက်တွင်းတို့၌ တည်၏။
မိမိအဖို့ အပိုင်းအခြားအားဖြင့် မျက်ရည်၏ အဖို့ဖြင့် ပိုင်းခြားလျက်ရှိ၏။
(၂၈) ဆီကြည်
မခဲမူ၍ ကြေနေသော ဆီသည် ဆီကြည်ဖြစ်သည်။ ထိုဆီကြည်သည်-
အဆင်းအားဖြင့် အုန်းဆီအဆင်းရှိ၏။
သဏ္ဌာန်အားဖြင့် ရေချိုးသောအခါ၌ ကြည်သောရေ၏အထက်၌ လည်နေသော ဆီပေါက်၏ ပျံ့ဟန် သဏ္ဌာန် ရှိ၏။
အရပ်အားဖြင့် နှစ်ပါးသော အရပ်တို့၌ ဖြစ်၏။
တည်ရာအားဖြင့်မူ အများအားဖြင့် လက်ဖဝါးမျက်နှာပြင် လက်ဖမိုး၊ ခြေဖဝါး မျက်နှာပြင် ခြေဖမိုး၊ နှာခေါင်းဖု နဖူး ပခုံးစွန်း၌ တည်၏။
မိမိအဖို့ အပိုင်းအခြားအားဖြင့် ဆီကြည်အဖို့ဖြင့် ပိုင်းခြားလျက်ရှိ၏။
(၂၉) တံတွေး
ခံတွင်းအတွင်း၌ အမြှုပ်နှင့် ရောသော အာပေါဓာတ်ဟု ဆိုအပ်သော တံတွေးသည်-
အဆင်းအားဖြင့် ရေမြှုပ်ကဲ့သို့ ဖြူသောအဆင်းရှိ၏။
သဏ္ဌာန်အားဖြင့် တည်ရာအရပ်သဏ္ဌာန်ရှိ၏။
အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏။
တည်ရာအားဖြင့် နှစ်ဘက်သော ပါးစောင်တို့မှ သက်ဆင်း၍ လျှာ၌တည်၏။ လျှာဖျား၌ ကျဲ၏။ ပါး၏။ လျှာရင်း၌ ပျစ်ချွဲ၏။
စာမျက်နှာ-359
မိမိအဖို့ အပိုင်းအခြားအားဖြင့် တံတွေးအဖို့ဖြင့် ပိုင်းခြားလျက်ရှိ၏။
(၃၀) နှပ်
ဦးနှောက်မှ ယိုထွက်ကျသော မစင်ကြယ်သော အရာဖြစ်သော နှပ်သည်-
အဆင်းအားဖြင့် နုသောထန်းသီးဆံ အဆင်းရှိ၏။
သဏ္ဌာန်အားဖြင့် တည်ရာအရပ်သဏ္ဌာန်ရှိ၏။
အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏။
တည်ရာအားဖြင့် နှာခေါင်းဖုတို့ကို ပြည့်စေလျက် တည်၏။
မိမိအဖို့ အပိုင်းခြားအားဖြင့် နှပ်အဖို့ အပိုင်းအခြားအားဖြင့် ပိုင်းခြားလျက် ရှိ၏။
(၃၁) အစေး
ကိုယ်တွင်း အရိုးအဆက်တို့အကြား၌ ကျိချွဲသော အစေးပုပ်ဖြစ်သော အစေးသည်-
အဆင်းအားဖြင့် မဟာလှေကားပင်၏ အစေးနှင့်တူသော အဆင်းရှိ၏။
သဏ္ဌာန်အားဖြင့် တည်ရာအရပ်သဏ္ဌာန် ရှိ၏။
အရပ်အားဖြင့် နှစ်ပါးသော အရပ်တို့၌ ဖြစ်၏။
တည်ရာအားဖြင့် အရိုးအဆက်တို့၏ နယ်ဆီကိစ္စကို ပြီးစေလျက် ၁၈ဝ-သော အရိုးအဆက်တို့ကြား၌ တည်၏။
မိမိအဖို့ အပိုင်းအခြားအားဖြင့် အစေးအဖို့ဖြင့် ပိုင်းခြားလျက်ရှိ၏။
(၃၂) ကျင်ငယ်
ကျင်ငယ်သည် ဆီရည်ဖြစ်၏။
အဆင်းအားဖြင့် ပဲကြီးပြားရည် အဆင်းရှိ၏။
သဏ္ဌာန်အားဖြင့် မှောက်ထားသော ရေအိုးအတွင်း၌ ရှိသော ရေသဏ္ဌာန် ရှိ၏။
အရပ်အားဖြင့် အောက်အရပ်၌ ဖြစ်၏။
စာမျက်နှာ-360
တည်ရာအားဖြင့် ဆီးအိမ် စည်ဖောင်း၏ အတွင်း၌ တည်၏။
မိမိအဖို့ အပိုင်းအခြားအားဖြင့် ဆီးအိမ် စည်ဖောင်း၏ အတွင်းအရပ်ဖြင့် လည်းကောင်း၊ ကျင်ငယ်အဖို့ဖြင့် လည်းကောင်း ပိုင်းခြားလျက်ရှိ၏။
သို့ဖြစ်၍ သုံးဆယ့်နှစ်ကောဋ္ဌာသဆိုသည်မှာ စက်ဆုပ်ဖွယ်၊ ရွံရှာဖွယ်၊ မနှစ်မြို့ဖွယ်၏ အစွမ်းအားဖြင့် နှလုံးသွင်းရန် ဗုဒ္ဓမြတ်စွာ ဟောကြားထားသော ကမ္မဋ္ဌာန်းတရား ဖြစ်သည်။ ဤသုံးဆယ့်နှစ်ကောဋ္ဌာသသည် ကာယဂတာသတိကမ္မဋ္ဌာန်းပင် ဖြစ်ပါသည်။
လူသတ္တဝါတစ်ဦး၏ ကိုယ်ကာယကို ခွဲစိတ်လေ့လာကြည့်လျှင်-
ခြေဖဝါးမှစ၍ အထက်၊ ဆံဖျားမှစ၍ အောက်၊ အရေပါးမှစ၍ ဖီလာပတ်ဝန်းကျင်ဟူသော ဤမျှ အတိုင်းအရှည်ရှိသော တစ်လံမျှလောက်သော ကိုယ်ထဲ၌ နည်းပေါင်းစုံဖြင့် စူးစမ်းရှာဖွေသော်လည်း တစ်စုံတစ်ယောက်သော သူသည် တစ်စုံတစ်ခုသော ပုလဲကိုသော်လည်းကောင်း၊ ပတ္တမြားကိုသော်လည်းကောင်း၊ ကြောင်မျက်ရွဲကိုသော်လည်းကောင်း၊ အကျော်ကိုသော်လည်းကောင်း၊ ကုကိုပံကိုသော်လည်းကောင်း၊ ပရုပ်ကိုသော်လည်းကောင်း၊ အခိုးအထုံ အမှုန့် စသည်ကိုသော်လည်းကောင်း၊ နံ့သာဖြူနီစသော အမွှေးအကြိုင်ကိုသော်လည်းကောင်း ထိုကဲ့သို့ စင်ကြယ်သန့်ရှင်း မွှေးကြိုင်သော ပစ္စည်း ဝတ္ထုသဘောကို အဏုမြူမျှလောက်ပင် မတွေ့ မမြင်ရပေ။
ဤကိုယ်ကာယ တစ်လံမျှလောက်၏ အတွင်း၌ အမှန်တကယ် တွေ့ရှိရသည်မှာ ပုပ်ညှီနံစော်၍ ကျက်သရေမဲ့ မြင်ကွင်းဖြစ်သော အမျိုးမျိုးသော ဆံပင်အမွှေး စသည်အပြားရှိသော မစင်မကြယ် စက်ဆုပ်ဖွယ်ကိုသာလျှင် တွေ့မြင်ရ၏။
ထို့ကြောင့် သုံးဆယ့်နှစ်ကောဋ္ဌာသဆိုသည်မှာ စက်ဆုပ်ရွံရှာဖွယ် မနှစ်မြို့ဖွယ်တို့ဖြင့် ပြည့်နှက်နေသော ဆံပင်စသော သုံးဆယ့်နှစ်ပါးသော အစုအဝေးတို့ဖြင့် ပေါင်းစည်းထားသော ဤကိုယ်ကာယ တစ်လံမျှကို ခေါ်ဆိုခြင်းဖြစ်ပါသည်။
သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းစီးဖြန်းပုံ
သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းစီးဖြန်းရာ၌-
(၁) ဥဂ္ဂဟကောသလ္လ- သင်ယူမှု၌ ကျွမ်းကျင်ကြောင်း အစီအရင်၊
စာမျက်နှာ-361
(၂) မနသိကာရကောသလ္လ- နှလုံးသွင်းမှု၌ ကျွမ်းကျင်ကြောင်း အစီအရင်-
ဟူသော နည်း နှစ်နည်းဖြင့် စီရင်ရမည်ဖြစ်ပါသည်။
(၁) သင်ယူမှု၌ ကျွမ်းကျင်ကြောင်းအစီအရင်
(က) နှုတ်ဖြင့် ရွတ်ဆိုပုံ၊
(ခ) စိတ်ဖြင့် ရွတ်ဆိုပုံ၊
(ဂ) အဆင်းဖြင့် ပိုင်းခြားပုံ၊
(ဃ) ပုံသဏ္ဌာန်ဖြင့် ပိုင်းခြားပုံ၊
(င) အရပ်မျက်နှာအားဖြင့် ပိုင်းခြားပုံ၊
(စ) တည်ရာအားဖြင့် ပိုင်းခြားပုံ၊
(ဆ) အပိုင်းအခြားအားဖြင့် ပိုင်းခြားပုံ၊
(၁) သဘာဂပရိစ္ဆေဒ- မိမိအဖို့ဖြင့် ပိုင်းခြားခြင်း၊
(၂) ဝိသဘာဂပရိစ္ဆေဒ- အခြားအဖို့ဖြင့် ပိုင်းခြားခြင်း၊
(၂) နှလုံးသွင်းမှု၌ ကျွမ်းကျင်ကြောင်းအစီအရင်
(က) ဆံပင် အမွှေးစသောအစဉ်အားဖြင့်၊
(ခ) မမြန်လွန်းသော အားဖြင့်၊
(ဂ) မနှေးလွန်းသော အားဖြင့်၊
(ဃ) ပျံ့လွင့်ခြင်းကို မြစ်သောအားဖြင့်၊
(င) ဆံပင်အစရှိသော အမည်ပညတ်ကို ကျော်လွန်ခြင်းအားဖြင့်၊
(စ) အစဉ်အတိုင်း မသင်သည်ကို လွှတ်သောအားဖြင့်၊
(ဆ) အပ္ပနာအားဖြင့်၊
(ဇ၊ ဈ၊ ည) သုံးပါးသော သုတ္တန်အားဖြင့် -
နှလုံးသွင်း ဆင်ခြင်အပ်၏။
စာမျက်နှာ-362
(၁) သင်ယူမှု၌ ကျွမ်းကျင်ကြောင်း အစီအရင်ဖြင့် စီးဖြန်းပုံ
(က) နှုတ်ဖြင့် ရွတ်ဆိုပုံ
နှုတ်ဖြင့် ရွတ်ဆိုခြင်းကို ပြုရာ၌ တစပဉ္စက (အရေလျှင် ငါးခုမြောက်ရှိသော အပိုင်း) စသည်တို့ကို ပိုင်းခြား၍ အနုလုံ၊ ပဋိလုံ (အစဉ်လိုက်၊ အပြန်အလှန်) အားဖြင့် ရွတ်ဆိုခြင်းကို ပြုအပ်၏။
ပုံစံအားဖြင့် - “ဆံပင်၊ အမွှေး၊ လက်သည်း ခြေသည်း၊ သွား အရေ”ဟု အစဉ်လိုက် အနုလုံအားဖြင့် ရွတ်ဆိုပြီးလျှင် တဖန် “အရေ၊ သွား၊ လက်သည်း ခြေသည်း၊ အမွှေး၊ ဆံပင်” ဟု အစဉ်လိုက် ပဋိလုံအားဖြင့် ရွတ်ဆိုစီးဖြန်းရမည်။
ဝက္ကပဉ္စက- (အညှို့လျှင် ငါးခုမြောက်ရှိသော အပိုင်း) ၌ “အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့” ဟု အစဉ်လိုက် အနုလုံ အားဖြင့် ရွတ်ဆိုပြီး “အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား၊ အရေ၊ သွား၊ လက်သည်း ခြေသည်း၊ အမွှေး၊ ဆံပင်” ဟု အစဉ်လိုက် ပဋိလုံအားဖြင့် ရွတ်ဆို စီးဖြန်းရမည်။
ပပ္ဖါသပဉ္စက-(အဆုတ်လျှင် ငါးခုမြောက်ရှိသော အပိုင်း)၌ “နှလုံး အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုတ်” ဟု အစဉ်လိုက် အနုလုံ အားဖြင့် ရွတ်ဆိုပြီး “အဆုတ်၊ အဖျဉ်း၊ အမြှေး၊ အသည်း၊ နှလုံး၊ အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား၊ အရေ၊ သွား၊ လက်သည်း ခြေသည်း၊ အမွှေး၊ ဆံပင်”ဟု အစဉ်လိုက် ပဋိလုံ အားဖြင့် ရွတ်ဆိုပွားများ စီးဖြန်းရမည်။
မတ္ထလုင်္ဂပဉ္စက-(ဦးနှောက်လျှင် ငါးခုမြောက်ရှိသော အပိုင်း)၌ “အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်”ဟု အစဉ်လိုက် အနုလုံအားဖြင့် ရွတ်ဆိုပြီး “ဦးနှောက်၊ အစာသစ်၊ အစာဟောင်း၊ အူသိမ်၊ အူမ၊ အဆုတ်၊ အဖျဉ်း၊ အမြှေး၊ အသည်း၊ နှလုံး၊ အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား၊ အရေ၊ သွား၊ လက်သည်း ခြေသည်း၊ အမွှေး၊ ဆံပင်”ဟု အစဉ်လိုက် ပဋိလုံ အားဖြင့် ရွတ်ဆိုစီးဖြန်းရမည်။
မေဒဆက္က-(အဆီခဲလျှင် ခြောက်ခုမြောက်ရှိသော အပိုင်း)၌ “သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ”ဟု အစဉ်လိုက်
စာမျက်နှာ-363
အနုလုံအားဖြင့် ရွတ်ဆိုပြီး “အဆီခဲ၊ ချွေး၊ သွေး၊ ပြည်၊ သလိပ်၊ သည်းခြေ၊ ဦးနှောက်၊ အစာဟောင်း၊ အစာသစ် အူသိမ်၊ အူမ၊ အဆုတ်၊ အဖျဉ်း၊ အမြှေး၊ အသည်း၊ နှလုံး၊ အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား၊ အရေ၊ သွား၊ လက်သည်း ခြေသည်း၊ အမွှေး၊ ဆံပင်”ဟု အစဉ်လိုက် ပဋိလုံအားဖြင့် ရွတ်ဆိုစီးဖြန်းရမည်။
မုတ္တဆက္က-(ကျင်ငယ်လျှင် ခြောက်ခုမြောက်ရှိသော အပိုင်း)၌ “မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်”ဟု ပဋိလုံ အားဖြင့် စီးဖြန်းပြီး တဖန် အစဉ်လိုက် ပဋိလုံအားဖြင့် “ကျင်ငယ်၊ အစေး၊ နှပ်၊ တံတွေး၊ ဆီကြည်၊ မျက်ရည်၊ အဆီခဲ၊ သွေး၊ ချွေး၊ ပြည်၊ သလိပ်၊ သည်းခြေ၊ ဦးနှောက်၊ အစာဟောင်း၊ အစာသစ်၊ အူသိမ်၊ အူမ၊ အဆုတ်၊ အဖျဉ်း၊ အမြှေး၊ အသည်း၊ နှလုံး၊ အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား၊ အရေ၊ သွား၊ လက်သည်း ခြေသည်း၊ အမွှေး၊ ဆံပင်”ဟု ရွတ်ဆိုစီးဖြန်းရမည်။
ဤသို့ အကြိမ်များစွာ နှုတ်ဖြင့် ရွတ်ဆိုစီးဖြန်းရမည်။
(ခ) စိတ်ဖြင့် ရွတ်ဆိုပုံ
နှုတ်ဖြင့် ရွတ်ဆိုခြင်းကဲ့သို့ စိတ်ဖြင့် ရွတ်ဆိုခြင်း၊ နှလုံးသွင်းခြင်းကိုလည်း ပြုအပ်၏။
မှတ်ချက်။ ။ နှုတ်ဖြင့် ရွတ်ဆိုခြင်းကြောင့် ကမ္မဋ္ဌာန်းအစဉ်သည် ကျေပွန်၏။ စိတ်သည် ထိုမှ ဤမှ မပြေးသွားတော့ပေ၊ ဆံပင်စသော ကောဋ္ဌာသတို့သည် ထင်ရှားကုန်၏။ စိတ်ဖြင့် နှလုံးသွင်းခြင်းကြောင့် အသုဘလက္ခဏာကို ထိုးထွင်းသိခြင်း သဘောပေါက်ခြင်း ကျေးဇူးပြု၏။
(ဂ) အဆင်းဖြင့် ပိုင်းခြားပုံ
ဆံပင်စသည်တို့ကို အဆင်းအားဖြင့် ပိုင်းခြားအပ်၏။
စာမျက်နှာ-364
(ဃ) ပုံသဏ္ဌာန်အားဖြင့် ပိုင်းခြားပုံ
ဆံပင်စသည်တို့ကို ပုံသဏ္ဌာန်အားဖြင့် ပိုင်းခြားမှတ်သားအပ်၏။
(င) အရပ်မျက်နှာအားဖြင့် ပိုင်းခြားပုံ
ဤကိုယ်၌ ချက်မှ အထက်ပိုင်းသည် အထက်အရပ်မျက်နှာမည်၏။ အောက်ပိုင်းသည် အောက်အရပ်မျက်နှာမည်၏။ ဤသို့ အရပ်မျက်နှာကို ပိုင်းခြားမှတ်သားအပ်၏။
(စ) တည်ရာအားဖြင့် ပိုင်းခြားပုံ
ထိုထိုကောဋ္ဌာသ၏ တည်ရာကို ပိုင်းခြားမှတ်သားအပ်၏။
(ဆ) အပိုင်းအခြားအားဖြင့် ပိုင်းခြားပုံ
(၁) သဘာဂပရိစ္ဆေဒ(မိမိအဖို့ အားဖြင့် ပိုင်းခြားခြင်း)ဆိုသည်မှာ “ဤကောဋ္ဌာသကို အောက်၌လည်းကောင်း၊ အထက်၌လည်းကောင်း၊ ဖီလာပတ်ဝန်းကျင်၌ လည်းကောင်း ဤမည်သော အရပ်ဖြင့် ပိုင်းခြားလျက်ရှိသည်”ဟူ၍ ပိုင်းခြားခြင်းဖြစ်သည်။
(၂) ဝိသဘာဂပရိစ္ဆေဒ (အခြားအဖို့ဖြင့် ပိုင်းခြားခြင်း)ဆိုသည်မှာ “ဆံပင်တို့သည် အမွေး မဟုတ်ကုန်။ အမွေးတို့သည်လည်း ဆံပင် မဟုတ်ကုန်”ဟူ၍ ပိုင်းခြားခြင်းမျိုး ဖြစ်၏။
(၂) နှလုံးသွင်းမှု၌ ကျွမ်းကျင်ကြောင်း အစီအရင်
(က) ဆံပင်၊ အမွှေး စသော အစဉ်အားဖြင့် သုံးဆယ့်နှစ် ကောဋ္ဌာသကို စီးဖြန်းသောအခါ ဆံပင်၊ အမွှေး အစရှိသော အစဉ်အားဖြင့် နှလုံးသွင်းအပ်၏။ တစ်ခုကျော် နှစ်ခုကျော် စသည်အားဖြင့် နှလုံးမသွင်းအပ်ပေ။ ကျော်လွန်၍ နှလုံးသွင်းက ဘာဝနာ၏ ပြည့်စုံမှုကို မပြီးစီးနိုင်ပေ။
(ခ) မမြန်လွန်းသောအားဖြင့် နှလုံးသွင်းရမည်။
(ဂ) မနှေးလွန်းသောအားဖြင့် နှလုံးသွင်းရမည်။ မြန်လွန်း နှေးလွန်းက တရားထူးကို မဆောင်နိုင်ပေ။
စာမျက်နှာ-365
(ဃ)ပျံ့လွင့်ခြင်းကို မြစ်သောအားဖြင့်ဟူသည်ကား - ကမ္မဋ္ဌာန်းကို စွန့်လွှတ်၍ အပြင်အပဖြစ်သော အမျိုးမျိုးသောအာရုံ၌ စိတ်ပျံ့လွင့်ခြင်းကို တားမြစ်ခြင်း ဖြစ်၏။ ပြင်ပအာရုံ၌ ပျံ့လွင့်သော် ကမ္မဋ္ဌာန်းသည် ဆုတ်ယုတ်ပျောက်ပျက်၏။
(င) ပညတ်ကိုကျော်လွန်သောအားဖြင့် ဟူသည်ကား - ဆံပင်၊ အမွှေးစသော အမည် ပညတ်ကိုကျော်၍ စက်ဆုပ်ဖွယ်ဟု စိတ်ကိုထားအပ်၏။
(စ) အစဉ်အတိုင်း (မထင်သည်ကို) လွှတ်သောအားဖြင့် ဟူသည်ကား မထင် သော ကောဌာသကိုလွှတ်၍ နှလုံးသွင်းခြင်းပင် ဖြစ်သည်။
(ဆ) အပ္ပနာအားဖြင့် ဟူရာ၌ အပ္ပနာ၏ဖြစ်ရာ ကောဋ္ဌာသအားဖြင့် ဆံပင် စသည်တို့တွင် တစ်ခုခုသော ကောဋ္ဌာသ၌ အပ္ပနာဖြစ်သည်ဟု သိအပ်၏။ (ဇ၊ ဈ၊ ည) သုံးပါးကုန်သော သုတ္တန်တို့ဟူရာ၌ -
“ လွန်ကဲထူးမြတ်သော သမထ၊ ဝိပဿနာစိတ်ကို အားထုတ်သူသည် ရံဖန်ရံခါ သမာဓိနိမိတ်ကို ရံဖန်ရံခါ ပဂ္ဂဟ (ဝီရိယ၏ အကြောင်းအာရုံဟူသော) နိမိတ်ကို ရံဖန်ရံခါ ဥပေက္ခာ (ဥပေက္ခာ၏ အကြောင်းအာရုံ)ဟူသော နိမိတ်ကို နှလုံးသွင်း၏။ ထို့ကြောင့် ထိုဘာဝနာစိတ်သည် နူးညံ့လည်း နူးညံ့၏။ အမှု၌လည်း ခံပေ၏။ အညစ်အကြေးကင်းလျက် သန့်ရှင်းတောက်ပလည်း တောက်ပပေ၏။ ချို့ယွင်း ပျက်စီးခြင်းလည်း မရှိပေ၊ အာသဝေါတရားတို့ကုန်ရန်အတွက် ကောင်းစွာ တည် ကြည်ပေ၏။ (ဣဒ္ဓိဝိဓ စသော) ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုထိုက်သော အကြင်အကြင်တရားကို ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုရန်အတွက် စိတ်ကို ရှေးရှုညွှတ်စေလျှင် (ပုဗ္ဗဟေတု စသော) အကြောင်းရှိတိုင်း ရှိတိုင်း ထိုမျက်မှောက် ပြုထိုက် သော တရား၌ မျက်မြင်ကိုယ်တွေ့ ရှိသူ ဖြစ်ထိုက်ခြင်းသို့ ရောက်ပေ၏” ဟူသော ဤသုတ်ကို အဓိစိတ္တသုတ်ဟု သိအပ်၏။
“ စိတ်ကို နှိပ်သင့်သောအခါ နှိပ်၏။ မြှောက်ပင့်သင့်သောအခါ မြှောက်ပင့်၏ ရွှင် သင့်သောအခါ ရွှင်စေ၏။ လျစ်လျူရှုသင့်သောအခါ လျစ်လျူရှု၏။ မြတ်သော မဂ်ဖိုလ်၌ နှလုံးသွင်းကိုင်းညွှတ်၏။ နိဗ္ဗာန်၌ မွေ့လျော်၏။ ဤ(၆)ပါးသော တရား တို့နှင့်ပြည့်စုံလျှင် အမြတ်ဆုံးဖြစ်သော အေးချမ်းခြင်းနိဗ္ဗာန်ကို မျက်မှောက်ပြုရန် ဖြစ်ထိုက်ပေ၏”ဟူသော ဤသုတ်ကို အနုတ္တရသီတိဘာဝသုတ်ဟု သိအပ်၏။
စာမျက်နှာ-366
“ တွန့်ဆုတ်သော စိတ်ရှိသောအခါ၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွားစေခြင်းငှာ သင့်လျော်သောအခါ မဟုတ်ပေ”စသော ဗောဇ္ဈင်္ဂကောသလ္လသုတ်ကို သိအပ်၏။
ဥဂ္ဂဟ
အထက်တွင် ပြဆိုခဲ့သည့်အတိုင်း ဥဂ္ဂဟသမ္ပဒါ မနသိကာရကောသလ္လ ဟူသော ကောသလ္လနှစ်ပါးတို့ဖြင့် ကမ္မဋ္ဌာန်းကို ကောင်းစွာသင်ယူအပ်ပေသည်။ ထိုသို့ သင်ယူခြင်း ပရိကံကို ပြုပြီးနောက် ဆံပင်တို့၌ အသုဘထင်ကြောင်း နိမိတ်ကို ယူအပ်၏။
ဤဆိုခဲ့ပြီးသည့်အတိုင်း နိမိတ်ကိုယူပြီးလျှင် အလုံးစုံသော ကောဋ္ဌာသတို့ကို အဆင်း၊ သဏ္ဍာန်၊ အရပ်မျက်နှာ၊ တည်ရာ၊ အပိုင်းအခြားတို့၏ အစွမ်းအားဖြင့် ပိုင်းခြားဆုံးဖြတ်ပြီးလျှင် အဆင်း၊ သဏ္ဍာန်၊ အနံ့၊ မှီရာအကြောင်း၊ တည်ရာတို့၏ အစွမ်းအားဖြင့် စက်ဆုပ်ဖွယ်ရှိသည်၏အဖြစ်ကို ပိုင်းခြားမှတ်သားအပ်၏။
သုံးဆယ့်နှစ်ကောဋ္ဌာသကမ္မဋ္ဌာန်း စီးဖြန်းရခြင်းအကျိုး
၁။ တရားအားထုတ်ရာဌာန၊ ဘာဝနာတို့၌ မပျော်မွေ့ခြင်းနှင့် ကာမဂုဏ်၌ ပျော်မွေ့ခြင်းတို့ကို နှိမ်နင်းနိုင်ပေ၏။
၂။ ဘေးငယ်၊ ဘေးကြီးကို သည်းခံနိုင်ပေ၏။
၃။ အအေး၊ အပူ၊ အစာဆာခြင်း၊ ရေဆာခြင်း၊ မှက်၊ ခြင်၊ ယင်၊ လေ၊ နေပူ၊ မြွေ၊ ကင်း၊ သန်းတို့၏ ကိုက်ခဲထိပါးခြင်း အတွေ့တို့ကို သည်းခံနိုင်ပေ၏။
၄။ စကားဆိုးတို့ကို သည်းခံနိုင်ပေ၏။
၅။ ကိုယ်၏ ဆင်းရဲဝေဒနာတို့ကို သည်းခံနိုင်၏။
၆။ ဆံပင်စသည်တို့၏ အညို၊ အဝါ၊ အနီ၊ အဖြူ၊ဟူသော အဆင်းအထူးကို မှီ၍ ဈာန် ၄-ပါးတို့ကို ရနိုင်ပေ၏။
၇။ အဘိညာဉ်ကို ထိုးသွင်းသိနိုင်ပေ၏။ ရနိုင်ပေ၏။
ထိုသို့ မပျော်မွေ့မှုတို့ကို နှိမ်နင်းနိုင်ခြင်းမှစ၍ ဈာန် ၄-ပါးနှင့် အဘိညာဉ် တို့ကို ရသည်တိုင်အောင် များစွာသော အကျိုးရှိခြင်းကြောင့် အမြော်အမြင် ဉာဏ်ပညာနှင့် ပြည့်စုံသော ပညာရှိသည် ဤဆိုခဲ့သည့်အတိုင်း များစွာသော အကျိုးအာနိသင်နှင့် ပြည့်စုံသော ဤကာယဂတာသတိခေါ် သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို မမေ့မလျော့ဘဲ စင်စစ်မှန်စွာ အားထုတ်ရမည် ဖြစ်ပေသည်။
စာမျက်နှာ-367
အခန်း ( ၂) သာသနာ၏ အနှစ်သုံးပါး
သံသရာဝဋ်ဆင်းရဲအပေါင်းမှ ထွက်မြောက်ရန် ဟောကြားအပ်သော မြတ်ဗုဒ္ဓ ၏အဆုံးအမ ဒေသနာတော်ကို “သာသနာ”ဟု ခေါ်ပါသည်။ ထိုသာသနာ၏ အနှစ်သာရကား-သီလ၊ သမာဓိ၊ ပညာများပင် ဖြစ်၏။(က) သီလ
“သီလ”ဟူသည် ပါဠိဝေါဟာရ ဖြစ်၏၊ သို့ရာတွင် မြန်မာတို့ အသုံးအစွဲ များသဖြင့် အခြားမြန်မာဝေါဟာရကဲ့သို့ပင် နားလည်ရန် လွယ်ကူပြီး မြန်မာ ဝေါဟာရအသွင်ဆောင်နေပြီ ဖြစ်ပေသည်။
၁။ သီလ၏ အဓိပ္ပာယ်
ပင်ကိုသဘော အလေ့အထ၊ မြင့်မြတ်ကောင်းမွန်သော အကျင့်စသည်တို့သည် သီလသဒ္ဒါ၏ အနက်အဓိပ္ပာယ်များ ဖြစ်၏၊ ကိုယ်ဖြင့်ပြုမှု(ကာယကံ)၊နှုတ်ဖြင့်ပြုမှု (ဝစီကံ)တို့ကို ဖရိုဖရဲ မဖြစ်စေဘဲ ကောင်းစွာထားခြင်း၊ ကောင်းစွာဆောင်ခြင်းကို သီလဆောက်တည်သည်ဟု ခေါ်ဝေါ်ကြပါသည်။
၂။ သီလ၏ အမည်အမျိုးမျိုး
ထိုသီလကား-ငါးပါးသီလ၊ ရှစ်ပါးသီလ စသည်ဖြင့် အမည်အမျိုးမျိုးရှိပါသည် ယင်းတို့ကို ဤ“ဗုဒ္ဓဘာသာကောင်းတစ်ယောက်”ကျမ်းစာအုပ်၊ အပိုင်း(၁)၊ အခန်း (၁၀)၌လည်းကောင်း၊ အပိုင်း(၂)၊ အခန်း(၅)၌လည်းကောင်း အသီးသီး ဖော်ပြပြီး ဖြစ်၍ မဖော်ပြတော့ပါ၊ လိုအပ်ပါက ထိုအပိုင်း အခန်းတို့၌ ကြည့်ရှုနိုင်ကြ ပါသည်။
၃။ သီလ၏ဂုဏ်ကျေးဇူးများ
ထိုသီလသည် အထူးခြား အဆန်းကြယ်ဆုံး အဆင်တန်ဆာ ဖြစ်၏။ အသွေးပျံ့ဆုံး ရနံ့ထူးလည်း ဖြစ်ပါ၏။ ထို့ကြောင့်ပင် ကျမ်းဂန်တို့၌ သီလကို ပရိယာယ် အမျိုးမျိုးဖြင့် ဖော်ပြလတ္တံ့ပါအတိုင်း မြွက်ဆိုထားကြပါသည်။
စာမျက်နှာ-368
သီလံ ယောဂိဿ လင်္ကာရော၊ သီလံ ယောဂိဿ မဏ္ဍနံ။ သီလေဟိ လင်္ကတော ယောဂီ၊ မဏ္ဍနေ အဂ္ဂတံ ဂတော။
သီလသည် ယောဂီ(တရားကျင့်သူ)၏ရိုးရိုးအဆင်တန်ဆာ၊အထူးခြား ဆုံး အဆင်တန်ဆာ မည်၏။ သီလဖြင့် တန်ဆာဆင်သော ယောဂီသည် တန်ဆာဆင်နည်း အမျိုးမျိုးတွင် အထူးခြား အဆန်းကြယ်ဆုံး တန်ဆာ ဆင်နည်း ဖြစ်သည်။
စန္ဒနံ တဂရံ ဝါပိ၊ ဥပ္ပလံ အထ ဝဿိကီ။ ဧတေသံ ဂန္ဓဇာတာနံ၊ သီလဂန္ဓော အနုတ္တရော။
စန္ဒကူးပန်း၊ တောင်ဇလပ်ပန်း၊ ကြာပန်း၊ မိုးစွေ(မြတ်လေး)ပန်းတို့၏ မွှေးရနံ့ထက် သီလမွှေးရနံ့ကသာ အမွှေးပျံ့ဆုံး ဖြစ်သည်။
အပ္ပမတ္တော အယံ ဂန္ဓော၊ ယွာယံ တဂရ စန္ဒနံ။
ယော စ သီလဝတံ ဂန္ဓော၊ ဝါတိ ဒေဝေသု ဥတ္တမော။
တောင်ဇလပ်ပန်း၊ စန္ဒကူးပန်းတို့၏ မွှေးရနံ့သည် အနည်းငယ်မျှသာ ဖြစ်သည်။ သီလရှိသူ၏ ကျော်စောသင်းပျံ့ မွှေးရနံ့ကား နတ်ပြည်တို့၌ပင် အလွန်အကဲ ပျံ့နှံ့မွှေးကြိုင်လှပါသည်။
ဤသို့ စသည်ဖြင့် သီလ၏ ဂုဏ်ကျေးဇူးများကို တခမ်းတနား ဖော်ပြထား ကြခြင်း ဖြစ်ပါ၏။
၄၊ သီလ၏ အကျိုးတရားများ
သီလကို စောင့်ထိန်းက ကောင်းသော အကျိုးတရားများကို ခံစားကြရမည် ဖြစ်၏၊ ယင်းကောင်းကျိုးတို့ကား-
၁။ မမေ့လျော့ခြင်းကြောင့် များစွာသော စည်းစိမ်အစုကို ရရှိခြင်း၊ ၂။ ကောင်းသော ကျော်စောသတင်းပျံ့နှံ့ထွက်ခြင်း၊
၃။ ပရိသတ်အလယ်သို့ မကြောက်မရွံ့၊ မျက်နှာ မညှိုးမငယ် ချဉ်းကပ် ရခြင်း၊
၁။ သီ၊ ဋ-၅၅
၂။ သီ၊ ဋ္ဌ-၅၆
၃၊ သီ၊ ဋ္ဌ-၅၆
စာမျက်နှာ-369
၄။ မတွေမဝေသေရခြင်း၊
၅။ အချိန်တန်၍ သေပြီးနောက် နတ်ပြည်ရောက်ရခြင်း စသော အကျိုး တရားများပင် ဖြစ်သည်။
(သုတ်မဟာဝါ၊ မဟာပရိနိဗ္ဗာနသုတ်)
ထို့ပြင် သီလကို စောင့်ထိန်းသူသည် သာယာရွှင်လန်းခြင်းစသောအကျိုးဆက် များကို ရရှိနိုင်၏၊ ထိုသို့ သာယာရွှင်လန်းသူမှာ ဝမ်းမြောက်ခြင်း (နုသောပီတိ ပါမောဇ္ဇ) ဖြစ်၏။ ဝမ်းမြောက်ခြင်းဖြစ်သူမှာ နှစ်သက်ခြင်း (ရင့်သောပီတိ) ဖြစ်၏။ နှစ်သက်ခြင်းဖြစ်သူမှာ ကိုယ်စိတ်ငြိမ်းချမ်းခြင်း(ပဿဒ္ဓိ) ဖြစ်၏ ငြိမ်းချမ်းခြင်းဖြစ်သူမှာ ကိုယ်စိတ်ချမ်းသာခြင်း(သုခ)ဖြစ်၏။ ကိုယ်စိတ် ချမ်းသာသူမှာ တည်ကြည်ခြင်း (သမာဓိ) ဖြစ်၏။ တည်ကြည်ခြင်းဖြစ်သူမှာ ဟုတ်တိုင်းမှန်ရာသိ ခြင်း(ယထာဘူတဉာဏ်) ဖြစ်၏။ ထိုဉာဏ်ဖြစ်သူမှာ သံသရာဝဋ်ဒုက္ခတို့၌ ငြီးငွေ့ခြင်း(နိဗ္ဗိန္ဒ) တည်းဟူသော အားကောင်း သည့် ဝိပဿနာဉာဏ်(ဗလဝ ဝိပဿနာဉာဏ်)ဖြစ်၏။ ထိုဉာဏ်ဖြစ်သူမှာ တပ်နှစ်သက် ခြင်းကင်းသော မဂ်တရားဖြစ်၏။ မဂ်တရားဖြစ်သူမှာ ဝိမုတ္တိခေါ် အရဟတ္တဖိုလ် တရားဖြစ်၏။ ယင်းဖိုလ်တရားဖြစ်သူမှာ မဂ်ဖိုလ်နိဗ္ဗာန်ကို ဆင်ခြင်ခြင်း(ပစ္စဝေက္ခဏာ) ဉာဏ်ဖြစ်၏။ ယင်းဉာဏ်ဖြစ်သူမှာ အကြွင်းမရှိသော နိဗ္ဗာန်ချမ်းသာကိုပင်ခံယူရရှိ နိုင်၏(အံ၊ ၃-၅၀၅)။
သီလစောင့်ထိန်းခြင်းအတွက် ဖော်ပြပါအတိုင်း ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန် ကောင်းကျိုးသာမက နိဗ္ဗာန်အထိ ရောက်စေနိုင်သော ကောင်းကျိုးများကို ရရှိနိုင် ပါသည်။ ထို့ကြောင့်ပင် သီလကို “ကုသိုလ်အားလုံးတို့၏အစ” ဟု ဖော်ပြကြခြင်း ဖြစ်ပါ၏။
(ခ) သမာဓိ
သာသနာ၏ အနှစ်တရားတို့တွင် “သမာဓိ” သည်လည်း တစ်ခုအပါအဝင်ဖြစ် သည်။ “သမာဓိ” သည် မြန်မာတို့ အသုံးများသဖြင့် မြန်မာတို့နှင့်ရင်းနှီးကျွမ်းဝင် နေသော ပါဠိဝေါဟာရ ဖြစ်သည်။
၁။ သမာဓိ၏ အဓိပ္ပာယ်
သမာဓိဟူသည် တစ်အာရုံတည်းမှာသာ စိတ်ရှိခြင်း၊ တည်ကြည်ခြင်းဖြစ်၏။ စိတ်ကို အာရုံအမျိုးမျိုးသို့ မပျံ့လွင့် မပြေးသွားစေဘဲ တစ်အာရုံတည်းမှာသာ ကောင်းစွာထားနိုင်ခြင်း(သမာဓာန) သည် သမာဓိ၏ သဘောအဓိပ္ပာယ်ပင်ဖြစ်သည်။
စာမျက်နှာ-370
၂။ သမာဓိ၏ အမည်အမျိုးမျိုး
သမာဓိ၏ အမည်များ အမျိုးမျိုးရှိပါသည်။ သမာဓိရကာမျှ ဖြစ်သော ဟီန သမာဓိ( ယုတ်ညံ့သောတည်ငြိမ်မှု)၊ လွန်စွာ မပွားများရသေးသော မဇ္ဈိမသမာဓိ (အလယ်အလတ်တည်ငြိမ်မှု)၊ ကောင်းစွာနိုင်နင်းစွာ ပွားများပြီးသော ပဏီတသမာဓိ (မြင့်မြတ်သော တည်ငြိမ်မှု) စသည်ဖြင့် သမာဓိအမျိုးမျိုးကို ဝိသုဒ္ဓိမဂ် စသည်တို့၌ ဖော်ပြထားပါသည်။၃။ သမာဓိထူထောင်နည်း
သမာဓိအလုပ်သည် စိတ်ကူးယဉ်အလုပ်မဟုတ်၊နှုတ်ဖြင့် ပြောရုံသာပြောရသော အလုပ်လဲမဟုတ်၊ လက်တွေ့အလုပ်ဖြစ်သည်။ သမထ၊ ဝိပဿနာတစ်မျိုးမျိုးကို လက်တွေ့ကျင့်ကြံရှုပွားမှသာ သမာဓိကို ရရှိနိုင်ကြမည်ဖြစ်သည်။
အကယ်၍ သမထကျင့်စဉ်ဖြင့် သမာဓိကို ထူထောင်မည်ဆိုပါက ဆိတ်ငြိမ်သော နေရာကို ရွေးရပါမည်။ သမထကျင့်စဉ် လေးဆယ်တို့တွင် ပထဝီကသိုဏ်းဝန်း (စီမံပြုလုပ်ထားသော မြေဝန်းပုံစံ) ကို ရှုမှတ်ပြီး သမာဓိကို ထူထောင်မည်ဆိုလျှင် ထိုကသိုဏ်းဝန်းကို စူစိုက်ကြည့်ပြီး “မြေမြေ” (ပထဝီ ပထဝီ)ဟု စိတ်ထဲမှာ တရစပ် ရှုမှတ်နေရမည်။ ဤသည်မှာ စိတ်ကို ပထဝီကသိုဏ်းဝန်းဖြင့် ဟိုသည်ရွေ့မသွား အောင် ဖမ်းနေခြင်းဖြစ်သည်။ အစတွင် စိတ်သည် ဟိုသည်ရွေ့လျားပြေးသွားနေတတ် သော်လည်း သတိဝီရိယကြီးစွာဖြင့် ရက်လများစွာ အားထုတ်သောအခါ စိတ်သည် ပထဝီကသိုဏ်းဝန်းပေါ်မှာ တင်ထားသည့်ပစ္စည်းလို ဘယ်မှမရွေ့လျားဘဲ တည်ငြိမ် နေလိမ့်မည်၊ ထိုအခါ ပတ်ဝန်းကျင်ရှိအသံများကိုလည်း မကြား (ကြားသော်လည်း မကွဲပြား)၊ အခြားဘာကိုမျှသတိမထားမိဘဲ “မြေမြေ” မြေမြေ “ပထဝီ ပထဝီ” ရှုမှတ်သော စိတ်သည် ကသိုဏ်းဝန်းနှင့် စွဲမြဲငြိကပ်နေလိမ့် မည်။ ဤသို့ ဖြစ်တည် နေသော စိတ်ကို “သမာဓိ” (စိတ်တည်ကြည်ခြင်း)ဟု ခေါ်ခြင်းဖြစ်၏။
ထိုမျှသာမက ဝိပဿနာအာရုံ တစ်မျိုးမျိုးကို ရှုမှတ်၍ သမာဓိထူထောင်လို ကလည်း ထူထောင်နိုင်ပါ၏။ ယောဂီသည် ဝိပဿနာရှုမှတ်စဉ် ခါးအောင့်သဖြင့် အောင့်သည့်နေရာကို စိတ်စိုက်ပြီး “အောင့်တယ် အောင့်တယ်” ဟု မှတ်နေသည် ဆိုပါစို့ စိတ်သည် အခြား ယားယံခြင်း၊ အသံကြားခြင်း စသော အာရုံများသို့ မပျံ့လွင့်ဘဲ အောင့်သည့် အာရုံကိုသာ သိနေ၏။ အောင့်သော ဝေဒနာ စပေါ်သည် ကိုလည်း သိ၏။ ပေါ်ပြီးနောက် ချုပ်ပျောက်သွားသည်ကိုလည်း သိ၏၊ ဝေဒနာ တိုးခြင်း၊ လျော့ခြင်း၊ မတိုး မလျှော့ရှိနေခြင်းကိုလည်း သိ၏၊ အောင့် သော ဝေဒနာမှာသာ စိတ်တည်ငြိမ်နေခြင်းကို“သမာဓိ”ဟု ခေါ်ပါသည်။ ထိုအခြေအနေမျိုး
စာမျက်နှာ-371
ရောက်အောင် ကျင့်ကြံရှုမှတ်နိုင်ခြင်းကိုပင် သမာဓိထူထောင်နိုင်သည်ဟု ပြောဆို
ကြခြင်း ဖြစ်သည်။
၄။ သမာဓိစိတ်စွမ်းရည်
သမာဓိ၏စွမ်းရည်ကား ကြီးမားလှ၏၊ နိဗ္ဗာန်ကို ဆုတောင်းနေရုံနှင့် မပြီး၊ သမာဓိရသည်အထိ ကျင့်ကြရဦးမည်ဖြစ်သည်။ မြတ်ဗုဒ္ဓက ဤသို့ ဟောကြားခဲ့၏-
ရဟန်းတို့-သမာဓိကို ပွားများကြကုန်လော့။
သမာဓိကို ရသော ရဟန်းသည်-
ဤကား ဒုက္ခတည်း။
ဤကား ဒုက္ခဖြစ်ကြောင်းတည်း။
ဤကား ဒုက္ခချုပ်ရာ(နိဗ္ဗာန်)တည်း။
ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်တည်း-ဟု ဟုတ်တိုင်းမှန်စွာ သိ၏။
ထိုပြင်လည်း မြတ်ဗုဒ္ဓက-
(သံယုတ်ပါဠိ၊ သစ္စသံယုတ်၊ သမာဓိဝဂ်၊ သမာဓိသုတ်)
သမာဓိကို ကြိမ်ဖန်များစွာ ပွားများက မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရခြင်း၊ ဒိဗ္ဗစက္ခု(နတ်မျက်စိ)ဉာဏ်အမြင်ကို ရခြင်း၊ သတိ(အောက်မေ့ ခြင်း) သမ္ပဇဉ်(ဆင်ခြင်ဉာဏ်)ကို ရရှိခြင်း၊ ကိလေသာအာသဝေါတို့ ကုန်ခန်း နိုင်ခြင်းဟူသော အကျိုးတို့ကို ရရှိနိုင်ပါသည်။
(အင်္ဂုတ္ထိုရ်၊ စတုက္ကနိပါတ်၊ ရောဟိတဿဝဂ်၊ သမာဓိဘာဝနာသုတ်) ဤသို့စသည်ဖြင့် သမာဓိစွမ်းရည်၊ သမာဓိ၏ အကျိုးတရားများကို မြတ်ဗုဒ္ဓ ဟောကြားထားခြင်း ဖြစ်ပါ၏။
(ဂ) ပညာ
“ပညာ”သည် ပါဠိဝေါဟာရ ဖြစ်သည်။ သို့ရာတွင် မြန်မာတို့အသုံးများပြီး နားယဉ် ရင်းနှီးနေသဖြင့် “ပညာ”သည် ပါဠိဝေါဟာရဖြစ်သလိုပင် မြန်မာဝေါဟာရ အသွင်လည်း ဆောင်နေပြီဖြစ်သည်။
စာမျက်နှာ-372
၁။ ပညာ၏ အဓိပ္ပာယ်
အများအပြား ကျယ်ကျယ်ပြန့်ပြန့်သိခြင်းသည် ပညာ၏ အဓိပ္ပာယ်ဖြစ်သည်။ ကောင်းကောင်းဆိုးဆိုး မည်သည့်အရာကိုမဆို အမှန်အတိုင်း သိရှိခြင်းသည် ပညာ၏ အဓိပ္ပာယ်ပင် ဖြစ်သည်။ထိုပညာသည် အရောင်အလင်းနှင့်တူ၏ အရောင်အလင်းသည် အမှောင်ကို ပယ်ဖျောက်နိုင်သလို ပညာ(သိခြင်း)သည်လည်း မောဟ(မသိခြင်း)ကို ပယ်ဖျောက် နိုင်ပါသည်။ ထို့ကြောင့်ပင်“ပညာနှင့်တူသော အရောင်အလင်းမရှိ”(ပညာသမာ အာဘာ နတ္ထိ)ဟု မြတ်ဗုဒ္ဓ ဟောကြားတော်မူခြင်း ဖြစ်သည်။
၂။ ပညာ၏ အမည်အမျိုးမျိုး
ပညာနှင့် ပတ်သက်၍ အမည်အမျိုးမျိုး ရှိ၏။
၁။ စိန္တာမယပညာ-မိမိဉာဏ်ရည်ဖြင့် ကြံစည်သိခြင်း။
၂။ သုတမယပညာ-ပညာရှိစကား နာကြားသိမြင်ခြင်း။
၃။ ဘာဝနာမယပညာ-ဈာန်ဝင်စား ဖိုလ်ဝင်စားစဉ် ဖြစ်ပွားသိမြင်ခြင်း- ဟူ၍ (၃)ပါး ရှိ၏။
ထို့အပြင် အဘိဓမ္မာဝိဘင်းပါဠိတော်၊ ဉာဏဝိဘင်းစသည်တို့၌ ပညာအမျိုးမျိုး ရှိပေသေးသည်။ ဥပမာ-လှူဒါန်းခြင်းဆိုင်ရာ ကောင်းကျိုးများကို သိခြင်းသည် ဒါနမယပညာမည်၏။ သီလဆောက်တည်ခြင်းဆိုင်ရာ ကောင်းကျိုးတရားများကို သိခြင်းသည် သီလမယပညာမည်၏။ ဤသို့စသည်ဖြင့် ပညာအမျိုးအစားပေါင်း များပြားစွာ ရှိနေပေသေးသည်။ အလိုရှိသူတို့သည် ဖော်ပြပါကျမ်းဂန်တို့၌ ဆက်လက် လေ့လာ မှတ်သားနိုင်ကြပါသည်။
၃။ ပညာရှာနည်းများ
စိန္တာမယပညာ စသော သုံးမျိုးကို ဖော်ပြခဲ့ပေပြီ၊ ထိုတွင် သုတမယပညာသည် အခြေခံပညာဖြစ်၏၊ ဗုဒ္ဓဝင်ပါဠိတော်၌ “ပညာရှိများထံ မေးမြန်းကာ ပညာပါရမီ အထွတ်အထိပ် ရောက်စေ၍”(ပရိပုစ္ဆ ဗုဓံ ဇနံ၊ ပညာပါရမိတံ ဂန္တာ)ဟု မြတ်ဗုဒ္ဓ ဟောကြားထားတော်မူ၏။ ဤသည်မှာ သုတမယပညာ၏ အခြေခံကျမှုကို ဖော်ပြခြင်း ဖြစ်သည်၊ လောက၌ အခြေခံပညာမရှိသူသည် မည်သည့်ပညာမျိုးကိုမဆို မိမိအလို အလျောက်(စိန္တာမယပညာဖြင့်)သိနိုင်မည်မဟုတ်ချေ၊ မိမိမှာ အခြေခံပညာရှိလာရန်
စာမျက်နှာ-373
ပညာရှိများထံမှာ ရှေးဦးစွာနည်းခံ သင်ယူရပေဦးမည်၊ ဤသို့ဖြင့် အခြေခံ(သုတ မယ)ပညာ ရပြီးမှသာ ကြံသိ(စိန္တာမယ)ပညာကို ပိုင်ဆိုင်လာနိုင်မည် ဖြစ်သည်၊ ဤသို့စသည်ဖြင့် ဉာဏ်ပညာကို အခြေခံပါပါ ရှာဖွေတတ်လျှင် ပညာရှိစာရင်းတွင် အဘယ်မှာ မပါဝင်နိုင်ဘဲ ရှိပါမည်နည်း။
၄။ ပညာ၏ အကျိုးတရားများ
ပညာ၏ အကျိုးတရားများကို ဖော်ပြရလျှင် ကုန်နိုင်ဖွယ်ရှိမည် မဟုတ်ပေ။ မြတ်ဗုဒ္ဓ(သိတတ်သူ)ဟူသည်ပင် ပညာ၏ အမည်ကွဲတစ်မျိုး ဖြစ်သည်၊ သစ္စာလေးပါး ကို သိခြင်းမှာလည်း ပညာ၏ အမည်ကွဲတစ်မျိုး ဖြစ်သည်၊ သစ္စာလေးပါးကို သိခြင်းမှာလည်း ပညာ၏ အရာပင်ဖြစ်ပါ၏၊ သဗ္ဗညုတဉာဏ်(အရာအားလုံးကို သိခြင်း)ဟူသည်မှာလည်း ပညာ၏ အမည်တစ်မျိုးပင် ဖြစ်ပါသည်။
လောက၌ ပညာရှိမှသာလျှင် အမျိုးဘာသာ၊ သာသနာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသည်တို့ကို တွင်ကျယ်စွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်၊ မည်သည့်အရာကိုမဆို ကောင်းမွန်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းသည် ပညာ၏ အရာဖြစ်ပါ၏။ ထိုပညာသည် မကောင်းမှုမဟုတ်၊ ကောင်းမှုဖြစ်၏၊ တရားသဘော၌ ကုသိုလ်(ကောင်းမှု)၊ အကုသိုလ်(မကောင်းမှု)ဟု ဘက်နှစ်ဘက်ရှိရာတွင် “ပညာသည်” ကုသိုလ်(ကောင်းမှု)ဘက်၌ ပါဝင်၏။ ထို့ကြောင့်ပင် မြတ်ဗုဒ္ဓ၏ အဘိဓမ္မာသင်္ဂြိုဟ်ကျမ်း စေတသိက်ပိုင်း၌ “ပညာ”ကို သောဘဏ(အပြစ်မဲ့အကောင်းပြ) စေတသိက်အုပ်စု၌ ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။
၅။ လူသတ်မိန်းမ၏ အသိသည် ပညာလော
လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် သုလသာ အမည်ရှိ ပြည့်တန်ဆာမသည် သတ္တုက မည်သော ခိုးသူကို ဘုရင်၏ လူသတ်သမား များလက်မှ ကယ်တင်၍ လင်အဖြစ် ပေါင်းသင်းနေ၏၊ သတ္တုကသည် လူမိုက်တို့၏ ဉာဉ်ကို မဖျောက်နိုင်ဘဲ အကောက်ကြံ၍ သုလသာကို တစ်သိန်းတန် အဆင်တန်ဆာ များ ဝတ်ဆင်စေပြီး တောင်ထိပ်ပေါ်သို့ ခေါ်သွား၏၊ တောင်ထိပ်ရောက်လျှင် ဝတ်စားတန်ဆာများကို ချွတ်ယူပြီး သုလသာကို တောင်ထိပ်မှ တွန်းချသတ်ဖြတ်ရန် ပြုမူသည်၊ သုလသာသည်“ပရိယာယ်ပြုမှ တော်ချေမည်”ဟု-ကြံ၍ 'သေခါနီးမှာ မောင့်အား အရပ်လေးမျက်နှာမှ ရှိခိုးခွင့်ပြုပါ'ဟု တောင်းဆိုသည်၊ ရှိခိုးခွင့်ရလျှင်
စာမျက်နှာ-374
အရပ်မျက်နှာ အသီးသီးမှ ရှိခိုးအပြီး နောက်ဘက်အရပ်မျက်နှာမှ ရှိခိုးအလှည့်၌ ရှိခိုးဟန်ပြု၍ သတ္တုကကို တောင်ပေါ်မှ တွန်း- သတ်လိုက်သည်၊ တောင်ပေါ်မှ ကျ၍ သတ္တုက သေလေ၏။
ထိုစဉ် တောင်ပေါ်၌ ရုက္ခစိုးနတ် ဖြစ်နေသော ဘုရားအလောင်းက “ယောက်ျား များသာ ပညာရှိသည်မဟုတ်၊ မိန်းမများလည်း ပညာရှိ၏”(ဣတ္ထိပိ ပဏ္ဍိတာ ဟောတိ) စသည်ဖြင့် ချီးမွမ်းလေသည်။
ဤဝတ္ထု၌ သုလသာ၏ သူတပါးအသက်သတ်သော (ပါဏာတိပါတ) ဒုစရိုက် မှုမျိုးမှာ “ပညာ”(စေတသိက်) မယှဉ်နိုင်၍ “ပညာရှိ”ဟူ၍ ဘုရားအလောင်း ချီးမွမ်းခြင်းကို အမှားဟု မဆိုရပေ၊ သုလသာ၏ အသိကို “ပညာ”မဟုတ်ဟုလည်း မဆိုသင့်ပေ။“ပရိယာယ်ဆင်မှ ငါနိုင်မည်”ဟု သိခြင်းသည် အမှန်သိခြင်းဖြစ်၍ ပညာပင်ဖြစ်၏၊ ဒုစရိုက်အရာမှာ ပညာစစ် ဖြစ်နိုင်သလောဟု မယုံမှားသင့်ပေ။
သုလသာသည်“ပရိယာယ်ဆင်မှ ငါနိုင်မည်”ဟု သိသော အဆင့်မှာ အကုသိုလ် ဒုစရိုက် မဖြစ်သေး။ သတ္တုကကို တွန်းချသတ်လိုက်သော အဆင့်ရောက်မှသာ အကုသိုလ်ဒုစရိုက်ဖြစ်ခြင်း ဖြစ်သည်။ အလောင်းတော် နတ်သား၏ ချီးမွမ်းခြင်းကား မသတ်ခင်“အသိပညာ”ပိုင်းကို ချီးမွမ်းခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သုလသာ၏ အသိသည်လည်း “ပညာ”ပင် ဖြစ်သည်။
သုလသာသည် ပညာဖြင့် ဘဝလွတ်မြောက်ရေးကြံဆောင်သလို အရေးကြုံ က ပညာကို အားကိုးကြရမည် ဖြစ်သည်။
(ဃ) သာသနာ၏ အနှစ်တရားသုံးပါး
သီလ၊ သမာဓိ၊ ပညာတို့ကို အသီးသီး ဖော်ပြခဲ့ပြီး ပေပြီ။ ယင်းတရား သုံးပါးသည် သာသနာ၏ အနှစ်ဟူ၍လည်း ရှေ့၌ ဆိုခဲ့၏။ အဘယ့်ကြောင့်နည်း။
ယင်းတရားသုံးပါးသည် တစ်ပါးစီ၏ စွမ်းရည်ဖြင့်လည်းကောင်း၊ သုံးပါးလုံး ဆက်နွယ်ပေါင်းစပ်သော စွမ်းရည်ဖြင့်လည်းကောင်း မြတ်ဗုဒ္ဓ၏ သာသနာဆိုင်ရာ ကျင့်စဉ်များကို ကျေးဇူးကြီးမားစွာ ပြုသောကြောင့် ဖြစ်သည်။
သီလ၊ သမာဓိ၊ ပညာတို့၏ ဆက်နွယ်သော စွမ်းရည်ကို မြတ်ဗုဒ္ဓသည် ဖော်ပြလတ္တံ့ပါအတိုင်း ဟောကြားခဲ့၏-
စာမျက်နှာ-375
မြတ်ဗုဒ္ဓသည် နာဠန္ဒမြို့ ပါဝါရိက(သေဌေး)၏ သရက်ဥယျာဉ်၌ သီတင်းသုံး နေတော်မူစဉ် ဤတရားစကားကို ရဟန်းတို့အား အကြိမ်များစွာ ဟောကြားတော် မူခဲ့သည်-
သီလ၌ တည်၍ ဖြစ်စေအပ်သော သမာဓိသည် များသော အကျိုးအာနိသင် ရှိ၏၊ သမာဓိ၌ တည်၍ ဖြစ်စေအပ်သော ပညာသည် များသောအကျိုးအာနိသင် ရှိ၏၊ ပညာ၌တည်၍ ဖြစ်စေအပ်သော စိတ်သည်ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာ သဝ၊ အဝိဇ္ဇာသဝဟူသော အာသဝေါတရားတို့မှ ကောင်းစွာလွတ်မြောက်၏။
(သုတ်မဟာဝါ၊ မဟာပရိနိဗ္ဗာနသုတ်)
မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သည့်အတိုင်း အာသဝတို့မှ လွတ်မြောက်၍ နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်ရန်မှာ သီလ၊ သမာဓိ၊ ပညာတို့၏ စုပေါင်းစွမ်းအင်ကို အားကိုးကြရမည်ဖြစ်သည်။ ထိုတွင် သီလမရှိက ကောင်းသောသမာဓိ (သမ္မာသမာဓိ) ဖြစ်နိုင်မည်မဟုတ်၊ ကောင်းသောသမာဓိ မဖြစ်ပေါ်က ပညာလည်း ဖြစ်ပေါ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် မြတ်ဗုဒ္ဓက-
သီလပျက်စီးသော (ဒုဿီလ) ပုဂ္ဂိုလ်အား ကောင်းသော တည်ကြည်မှု (သမ္မာသမာဓိ) ပျက်စီးရန် အကြောင်းရှိ၏၊ ကောင်းသော တည်ကြည်မှု (သမ္မာသမာဓိ) ပျက်စီးလျှင် ဟုတ်တိုင်းမှန်ရာသိသောဉာဏ်(ပညာ) ပျက်စီး၏- ဟု ဟောတော်မူခြင်းဖြစ်သည်။
(အင်္ဂုတ္ထိုရ်၊ စတုတ္ထပဏ္ဏာသက၊ အာဃာတဝဂ်၊ သီလသုတ်)
သို့ဖြစ်၍ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် သီလကို လုံခြုံစေ၍ ဝိပဿနာကို ရှုပွားခြင်းဖြင့် သမာဓိကို ဖြစ်စေပြီး ဆင့်ပွား ဖြစ်ပေါ်လာသော ဉာဏ်ပညာဖြင့် ရုပ်ဓမ္မ နာမ်ဓမ္မတို့၏ ဟုတ်တိုင်းမှန်ရာကို သိမြင်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်အောင် ကြိုးစားကြရမည်ဖြစ်ပေသည်။ သို့မှသာ သာသနာ၏ အနှစ်ဖြစ်သော သီလ၊ သမာဓိ၊ ပညာကို နည်းမှန် လမ်းမှန် ကျင့်ကြံ သုံးစွဲရာ ရောက်ပေမည်။
စာမျက်နှာ-376
ပဋိစ္စသမုပ္ပါဒ်
အခန်း ( ၃) ပဋိစ္စသမုပ္ပါဒ်အကြောင်း
ပဋိစ္စသမုပ္ပါဒဟူသော ပါဠိစကားလုံးကို ပဋိစ္စသမုပ္ပါဒ်ဟု မြန်မာမှုပြုထားခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာဝင် ဖြူစင်သော အယူဝါဒရှိသည့် မြန်မာလူမျိုးတို့သည် “ပဋိစ္စသမုပ္ပါဒ်”ဟူသော အသံကို ကြားလျှင် နားယဉ်ပြီးသား ဖြစ်နေကြပေသည်။ အဓိပ္ပာယ်အတိအကျကိုမူ သိချင်မှ သိကြပေမည်။ သိထားသင့်သည်။ သိအောင် ကြိုးစားကြရမည်။
ပဋိစ္စသမုပ္ပါဒကို ပဋိစ္စ+သံ+ဥပ္ပါဒဟု ပုဒ်(၃)ပုဒ်ဖြစ်အောင် ခွဲကြည့်ပါက ပဋိစ္စ- စွဲမှီ၍ အကြောင်းပြု၍၊ သံ-ညီညီမျှမျှ အတူတကွ၊ ဥပ္ပါဒ-ဖြစ်ခြင်းဟု တစ်ပုဒ်ချင်း၏ စကားအဓိပ္ပာယ် ပေါ်ထွက်လာသည်။
ဆိုင်ရာအကြောင်းတို့ ပေါင်းဆုံညီညွတ်မှုကို စွဲမှီ၍ အကျိုးအဆင့်ဆင့်တို့ ညီညီမျှမျှ တပြိုင်တည်း အတူတကွဖြစ်သော နည်းလမ်းကို ပဋိစ္စသမုပ္ပါဒ်ဟု ခေါ်သည်။ ဘဝခန္ဓာရုပ်နာမ်တွေ အဆက်မပြတ် ဖြစ်ပေါ်နေမှုပင်။
အနုလောမပဋိစ္စသမုပ္ပါဒ် ဥဒ္ဒေသပါဠိတော်
အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊
သင်္ခါရပစ္စယာ ဝိညာဏံ၊
ဝိညာဏပစ္စယာ နာမရူပံ၊
နာမရူပပစ္စယာ သဠာယတနံ၊
သဠာယတနပစ္စယာ ဖဿော၊
ဖဿပစ္စယာ ဝေဒနာ၊
ဝေဒနာပစ္စယာ တဏှာ၊
တဏှာပစ္စယာ ဥပါဒါနံ၊
ဥပါဒါနပစ္စယာ ဘဝေါ၊
ဘဝပစ္စယာ ဇာတိ၊
ဇာတိပစ္စယာ ဇရာမရဏံ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘ၀န္တိ၊
ဧ၀ မေတဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
စာမျက်နှာ-377
အနက် (နိသျ)
အဝိဇ္ဇာပစ္စယာ၊ အဟုတ်အမှန်ကို မသိမမြင် မထင်မလင်းမှု ဟူသော အကြောင်းတရား ထင်ရှားရှိနေခြင်းကြောင့်၊ သင်္ခါရာ၊ ပစ္စုပ္ပန်အမှု သံသရာအမှုတို့ကို ပြုစုပျိုးထောင်ခြင်းဟူသော သင်္ခါရမှုတို့သည် သမ္ဘ၀န္တိ၊ ဖြစ်ပွားကုန်၏။သင်္ခါရပစ္စယာ၊ ပစ္စုပ္ပန်အမှု သံသရာအမှုတို့ကို ပြုစုပျိုးထောင်ခြင်းဟူသော သင်္ခါရတရား ထင်ရှားရှိနေခြင်းကြောင့်၊ ဝိညာဏံ၊ ဘဝသစ်၌ ဝိညာဏ်သစ် ဖြစ်ပေါ် မှုသည်၊ သမ္ဘဝတိ၊ ဖြစ်ပွား၏။
ဝိညာဏပစ္စယာ၊ ဝိညာဏ်သစ် ဖြစ်ပေါ်မှုကြောင့်၊ နာမရူပံ၊ နာမ်အစု ရုပ်အစု သည် သမ္ဘဝတိ၊ ဖြစ်ပွား၏။
နာမရူပပစ္စယာ၊ နာမ်အစု ရုပ်အစု ဖြစ်ပွားမှုကြောင့်၊ သဠာယတနံ၊ ဒွါရ ၆-မည် အကြည် ၆-ပါး သဠာယတနတရားစုသည်၊ သမ္ဘဝတိ၊ ဖြစ်ပွား၏။
သဠာယတနပစ္စယာ၊ ဒွါရ ၆-မည်, အကြည် ၆-ပါး ထင်ရှားရှိခြင်းကြောင့်၊ ဖဿော၊ အာရုံကို တွေ့မှုဟူသော ဖဿ ၆-ပါးသည်၊ သမ္ဘဝတိ၊ ဖြစ်ပွား၏။
ဖဿပစ္စယာ၊ ဖဿ ၆-ပါး ထင်ရှားရှိနေခြင်းကြောင့်၊ ဝေဒနာ၊ အာရုံကို ခံစားမှုဟူသော ဝေဒနာ ၆-ပါးသည်၊ သမ္ဘဝတိ၊ ဖြစ်ပွား၏။
ဝေဒနာပစ္စယာ၊ ဝေဒနာ ၆-ပါး ထင်ရှားရှိနေခြင်းကြောင့်၊ တဏှာ၊ ဝတ္ထုအာရုံ ကာမဂုဏ်ကို ခုံမင်တွယ်တာ သာယာကပ်ငြိသော တဏှာ ၆-ပါးသည်၊ သမ္ဘဝတိ၊ ဖြစ်ပွား၏။
တဏှာပစ္စယာ၊ တဏှာခြောက်ပါး ထင်ရှားရှိနေမှုကြောင့်၊ ဥပါဒါနံ၊ မလွှတ်နိုင် မခွာနိုင် ပိုင်ပိုင်စေးချွဲ အတွယ်မြဲသော ဥပါဒါန်တရားသည်၊ သမ္ဘဝတိ၊ ဖြစ်ပွား၏။
ဥပါဒါနပစ္စယာ၊ ဥပါဒါန်တရား ထင်ရှားရှိနေမှုကြောင့်၊ ဘဝေါ၊ လောက အစီးအပွား သံသရာအစီးအပွားဟူသော ကံတရား,ဝိပါတ်တရားစုသည်၊ သမ္ဘဝတိ၊ ဖြစ်ပွား၏။
ဘဝပစ္စယာ၊ ပစ္စုပ္ပန်စီးပွားမှု သံသရာစီးပွားမှု ထင်ရှားရှိနေခြင်းကြောင့်၊ ဇာတိ၊ အဖန်ဖန် ပဋိသန္ဓေနေမှု ထင်ရှားရှိနေခြင်းသည်၊ သမ္ဘဝတိ၊ ဖြစ်ပွား၏။
စာမျက်နှာ-378
ဇာတိပစ္စယာ၊ ပဋိသန္ဓေနေမှု ထင်ရှားရှိနေခြင်းကြောင့်၊ ဇရာမရဏံ၊ အဖန်ဖန် အိုမင်းရင့်ဆွေးမှု သေဆုံးမှုသည် လည်းကောင်း၊ သောကပရိဒေဝ ဒုက္ခဒေါမနဿု ပါယာသာ၊ စိုးရိမ်ပူဆွေးမှု ငိုကျွေးမြည်တမ်းမှု ပင်ပန်းဆင်းရဲမှု နှလုံးမသာယာမှု သက်ပြင်းရှိုက်ငင် ပူပန်မှုတို့သည်လည်းကောင်း၊ သမ္ဘ၀န္တိ၊ ဖြစ်ပွားကုန်၏။
ဧဝံ၊ ဤသို့။ ကေ၀လဿ၊ ချမ်းသာမဖက် ဆင်းရဲသက်သက်သာဖြစ်သော။ ဧတဿ ဒုက္ခက္ခန္ဓဿ၊ ဤဆင်းရဲခြင်း ဒုက္ခအစု၏။ သမုဒယော၊ ဖြစ်ပွားခြင်းသည်။ ဟောတိ၊ ဖြစ်၏။
ပဋိစ္စသမုပ္ပါဒ် အင်္ဂါတစ်ပါးစီ၏ အဓိပ္ပာယ်
၁။ အဝိဇ္ဇာ
မသိခြင်း၊ မောဟသည် အဝိဇ္ဇာဖြစ်၏။ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာဟူသော သစ္စာလေးပါး၊ ဘဝခန္ဓာ၏ ရှေ့အဖို့အစု၊ ဘဝခန္ဓာ၏ နောက် အဖို့အစု၊ ရှေ့အဖို့အစုနှင့် နောက်အဖို့အစု နှစ်ခုလုံး၊ အဆက်မပြတ် လည်ပတ်နေသည့် ဘဝခန္ဓာစက်ရဟတ် ပဋိစ္စသမုပ္ပါဒ်ဟူသော (၈)ဌာနတို့၌ မသိမမြင်ခြင်း မောဟသည် အဝိဇ္ဇာဖြစ်၏။
မျက်စိတွင် တိမ်သလာဖုံးလွှမ်းနေသူသည် မြင်သင့်မြင်ထိုက်သော အရာဌာနတို့ကို မမြင်ရဘိသကဲ့သို့ အဝိဇ္ဇာဖုံးလွှမ်းနေသောကြောင့် ဘုံသုံးပါး၌ ရှိရှိသမျှ ရုပ်နာမ် တွေသည် ဆင်းရဲခြင်း ဒုက္ခချည်းသာ ဖြစ်သည်ဟူသော အမှန်တရား ဒုက္ခသစ္စာကို မသိမမြင်ပေ။ တဏှာလောဘသည် ဆင်းရဲခြင်းအကြောင်း(သမုဒယသစ္စာ)ဖြစ်ကြောင်း တရားဟု အမှန်အတိုင်း မသိ မမြင်ပေ။ နိဗ္ဗာန်သည် ဆင်းရဲအားလုံး ချုပ်ဆုံး ကုန်ပျောက်ရာ အမှန်တရား(နိရောဓသစ္စာ)ဖြစ်သည်ဟု အမှန်အတိုင်း မသိမမြင်ပေ။ မဂ္ဂင်(၈)ပါး အကျင့်တရား လမ်းစဉ်သည် နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းအမှန်(မဂ္ဂသစ္စာ) ဖြစ်သည်ဟု အမှန်အတိုင်း မသိမမြင်ပေ။
၂။ သင်္ခါရ
အကျိုးဝိပါက်ဖြစ်သော ရုပ်နာမ်သင်္ခတ တရားစုကို ပြုစီမံတတ်သော လောကီ ကုသိုလ် အကုသိုလ်စေတနာသည် သင်္ခါရဖြစ်၏။ ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနေဉ္ဇာဘိသင်္ခါရဟု သုံးမျိုးပြား၏။
စာမျက်နှာ-379
၃။ ဝိညာဏ်
ပဋိသန္ဓေစိတ်၊ လောကီဝိပါက်စိတ်ကို ဝိညာဏ်ဟု ခေါ်၏။ရှေးရှေးဘဝက ပြုခဲ့သော ပုညာဘိသင်္ခါရကြောင့် ယခုဘဝ ကာမသုဂတိဘုံနှင့် ရူပဘုံတို့၌ ပဋိသန္ဓေဝိညာဉ် ဖြစ်ရ၏။ အာနေဉ္ဇာဘိသင်္ခါရကြောင့် အရူပဘုံ၌ ပဋိသန္ဓေဝိညာဉ် ဖြစ်ရ၏။ အပုညာဘိသင်္ခါရကြောင့် အပါယ်ဘုံ၌ ပဋိသန္ဓေဝိညာဉ် ဖြစ်ရ၏။ ထိုရှေးရှေးဘဝက သင်္ခါရတို့ကြောင့် ယခုဘဝဝယ် ပဝတ္တိအခါ၌လည်း စက္ခုဝိညာဉ်စသော ဝိပါက်ဝိညာဉ်များ ဖြစ်ကြရ၏။
၄။ နာမ်ရုပ်
ပဋိသန္ဓေဝိညာဉ် ဖြစ်ပေါ်လာသည့်အခါ ဝိညာဉ်နှင့် ယှဉ်ဖက်ဖြစ်သော နာမ် ခန္ဓာသုံးပါးနှင့် ကမ္မဇရုပ်ကလာပ်များ တပြိုင်နက် ဖြစ်ပေါ်လာသဖြင့် ဝိညာဉ် ကြောင့် နာမ်ရုပ်များဖြစ်ရသည်ဟု ဆို၏။
၅။ သဠာယတန
မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ခန္ဓာကိုယ်၊ စိတ်ဟူသော ခြောက်ခုသော တည်ရာဌာနကို သဠာယတန ခေါ်၏။ (သ+အာယတန၊ သ-ခြောက်ခု၊ အာယတန=တည်ရာဌာန)
လူ့ ခန္ဓာကိုယ်တွင် မျက်စိ၊ နား၊ နှာခေါင်းစသော တံခါးမကြီး ခြောက်ပေါက် ပွင့်နေသောအခါ ရူပါရုံ၊ သဒ္ဒါရုံစသော သူခိုးဓားပြများ ဝင်ခွင့်ရသည်။
၆။ ဖဿ
အတွေ့အထိကို ဖဿဟု ခေါ်သည်။ မျက်စိဖြင့် တွေ့ထိခြင်း၊ နားဖြင့် တွေ့ထိခြင်း၊ နှာခေါင်းဖြင့် တွေ့ထိခြင်း၊ လျှာဖြင့် တွေ့ထိခြင်း၊ ခန္ဓာကိုယ်ဖြင့် တွေ့ထိခြင်း၊ စိတ်ဓာတ်ဖြင့် တွေ့ထိခြင်း ဟူ၍ တွေ့ထိခြင်း ဖဿ(၆)မျိုးရှိ၏။ အာရုံအကောင်းစား တွေ့ထိခြင်း၊ အလတ်စား တွေ့ထိခြင်း၊ အညံ့စား တွေ့ထိခြင်း ဟူ၍ သုံးမျိုးပြား၏။
၇။ ဝေဒနာ
ခံစားခြင်းကို ဝေဒနာဟု ခေါ်၏။ အတွေ့အထိ ဖဿကြောင့် ခံစားခြင်းဝေဒနာ ဖြစ်ပေါ်လာရသည်ဟု ဆိုရာ၌ အတောင်သုံးဆယ်လောက်မြင့်မားသော ကွမ်းသီးပင်
စာမျက်နှာ-380
ထိပ်ဖျားတွင် လူတစ်ယောက် တန်းလန်းကြီးဖြစ်ပြီး ပြုတ်ကျတော့မည့်အနေအထားကို အောက်က မြင်ရသူသည် ကြောက်ရွံ့ပြီး ခြေဖဝါးတွေ ယားလာ၏။ မျက်စိဖြင့် မြင်ရပြီး အတွေ့ အထိ (စက္ခုသမ္ဖဿဇာ)ကြောင့် ခြေဖဝါးယားလာသည်အထိ ကြောက်ရွံ့မှု ခံစားရခြင်း ဝေဒနာဖြစ်လာပုံကို သတိပြုပါ။
၈။တဏှာ
တပ်မက်ခြင်း နှစ်သက်ခြင်း သာယာခြင်းကို တဏှာဟု ခေါ်၏။ အဆင်း၌ သာယာခြင်း ရူပတဏှာ၊ အသံ၌ သာယာခြင်း သဒ္ဒတဏှာ၊ အနံ့၌ သာယာခြင်း ဂန္ဓတဏှာ၊ အရသာ၌ သာယာခြင်း ရသတဏှာ၊ အတွေ့အထိ၌ သာယာသော ဖောဋ္ဌဗ္ဗ တဏှာ၊ တွေ့ကြုံခဲ့ပြီးဖြစ်သော စက္ခု၊ သောတ စသော ဓမ္မာရုံတို့၌ ပြန်လည်အောက်မေ့ သာယာသော ဓမ္မတဏှာဟု (၆)မျိုး ရှိ၏။
(ပဋိစ္စသမုပ္ပါဒနိဒ္ဒေသ အဘိဓမ္မဝိဘင်းပါဠိတော်)
လက်တွေ့ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံဟူသော အာရုံငါးပါးမှ တပါး ကြွင်းသမျှ အလုံးစုံသည် ဓမ္မာရုံဖြစ်၏။
ခံစားမှုဝေဒနာကြောင့် သာယာမှုတဏှာ ဖြစ်သည်ဟု ဆိုရာ၌ အာရုံ အကောင်း စားနှင့် အလတ်စားကို ခံစားရလျှင်ဖြင့် တပြုံးပြုံးနှင့် သာယာစုံမက်လှသော တဏှာကို ဖြစ်စေ၏။ အာရုံအညံ့စားကို ခံစားရသောအခါ တမဲ့မဲ့နှင့် ဒီတဏှာ သေတော့မှာပဲလို့ ထင်ရ၏။ သို့သော် အညံ့စားတွေ့ လေလေ အကောင်းစား စိတ်ကူးလေလေ ဖြစ်သောကြောင့် တဏှာ မသေပါ။ စိတ်ကူးယဉ်သော တဏှာ၊ လှမ်းပြီး တောင့်တသော တဏှာဖြစ်၏။ ဘုရားလေးဆူအကြား အစာမစားရသော ပြိတ္တာများသည် ဘယ်တော့မှ စားကြရပါမည်လဲဟု လှမ်းပြီး တောင့်တကြ၏။ မသေကြပေ။ တဏှာသည် အာရုံအကောင်းစားနှင့် အလတ်စားကို တွေ့သောအခါ သာယာ၏။ အာရုံအညံ့စားကို တွေ့သောအခါ အကောင်းစားကို လှမ်း၍ တောင့်တ၏။
၉။ ဥပါဒါန်
အနည်းငယ် တပ်မက်မှုသည် တဏှာဖြစ်၍ လွန်လွန်ကဲကဲ စွဲလမ်းတပ်မက် မှုသည် ဥပါဒါန်ဖြစ်၏။ ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် အားဖြင့် လေးပါး ပြား၏။
စာမျက်နှာ-381
၁၀။ ဘဝ
ကမ္မဘဝ ဥပပတ္တိဘဝဟု နှစ်မျိုးရှိ၏၊ လောကီကုသိုလ် အကုသိုလ်ကံဟူသော စေတနာ(၂၉)ပါးသည် ကမ္မဘဝဖြစ်၏။ အကြောင်းကံကြောင့်ဖြစ်ရသော လောကီ ဝိပါက်(၃၂)ပါးနှင့် ကမ္မဇရုပ်များသည် ဥပပတ္တိဘဝဖြစ်၏။ ဒုစရိုက်ဆယ်ပါးသည် အကုသိုလ် ကမ္မဘဝဖြစ်၏။ ကုသလကမ္မပထတရား ဆယ်ပါးသည် ကုသိုလ်ကမ္မဘဝ ဖြစ်၏။၁၁။ ဇာတိ
ထိုထိုဘုံဘဝ၌ ဖြစ်ရခြင်း၊ ပဋိသန္ဓေ တည်နေရခြင်းကို ဇာတိဟု ခေါ်၏။ အမိဝမ်းခေါင်း၌ အညစ်အကြေးအလူးလူးဖြင့် ကိန်းအောင်းပဋိသန္ဓေနေရသော ဇာတိဒုက္ခကို ဘုရားရဟန္တာများမှသာ အတိအကျ သိမြင်ကြ၏။
၁၂။ ဇရာ မရဏ
သတ္တဝါတိုင်းသည် ထိုထိုဘုံဘဝ၌ ပဋိသန္ဓေဇာတိရ၍ တိရစ္ဆာန်၊ လူ၊ နတ်၊ ဗြဟ္မာဟူသော ခန္ဓာကိုယ်တွေ ရရှိပါက အိုမင်းဆွေးမြေ့ ရင့်ရော်ခြင်း ဇရာ၊ သေရခြင်းမရဏ တွေ့ရမည်သာ ဖြစ်၏။
မသေမီ စိုးရိမ်ပူဆွေးခြင်း သောက၊ ငိုကြွေးခြင်း ပရိဒေဝ၊ ခန္ဓာကိုယ် ဆင်းရဲ ရခြင်း ဒုက္ခ၊ စိတ်ဆင်းရဲခြင်း ဒေါမနဿ၊ ပြင်းထန်စွာ ပူဆွေးရခြင်း ဥပါယာသ တို့ကိုလည်း တွေ့ကြုံရမည်သာ ဖြစ်ပေသည်။
အင်္ဂါ(၁၂) ပါး
သတ္တဝါတို့၏ ဘဝခန္ဓာ စက်ရဟတ် အဆက်မပြတ် လည်ပတ်နေပုံ ပဋိစ္စသမုပ္ပါဒ် သည် အစိတ်အပိုင်း အင်္ဂါအားဖြင့် ၁၂-ပါး ရှိ၏။
၁။ အဝိဇ္ဇာ (မသိခြင်းမောဟ)၊
၂။ သင်္ခါရ (ပြုပြင်ဖန်တီးနေရသော လောကီကုသိုလ် အကုသိုလ်စေတနာ)၊ ၃။ ဝိညာဏ် (လောကီဝိပါက် ၃၂-ခု)၊
၄။ နာမ်ရုပ် (လောကီဝိပါက် ၃၂-ခု၌ရှိသော စေတသိက်နှင့်ကမ္မဇရုပ်)၊ ၅။ သဠာယတန (စက္ခု၊ သောတ စသော အာယတန ၆-ပါး)၊ ၆။ ဖဿ (အာရုံနှင့် တွေ့ထိခြင်း)၊
စာမျက်နှာ-382
၇။ ဝေဒနာ (အာရုံ၏ အရသာကို ခံစားခြင်း)၊
၈။ တဏှာ (အာရုံ၌ နှစ်သက်တပ်မက်ခြင်း)၊
၉။ ဥပါဒါန်(စွဲလမ်းသောတဏှာနှင့် အယူသီး ဒိဋ္ဌိ)၊ ၁၀။ ဘဝ (ကမ္မဘဝနှင့် ဥပပတ္တိဘဝ)၊
၁၁။ ဇာတိ(ရှေးရှေးဘဝ၌ ပြုခဲ့သော ကံအကြောင်းကြောင့် နောက်နောက် ဘဝ၌ အသစ်ဖြစ်ရသော ဇာတိ)၊
၁၂။ ဇရာ၊ မရဏ (ဘဝအသစ် ဇာတ်လမ်းမှာ အစိုးရသော အိုမင်းခြင်းဇရာ နှင့် ဇာတ်သိမ်းခန်းတွင် အစိုးရသော သေကျေပျက်စီးခြင်းမရဏ)။
စိုးရိမ်ခြင်းသောက၊ ငိုကြွေးခြင်းပရိဒေဝ၊ ခန္ဓာကိုယ် ဆင်းရဲပင်ပန်းခြင်း ဒုက္ခ စိတ်ဆင်းရဲခြင်း ဒေါမနဿ၊ ပြင်းစွာ ပင်ပန်းဆင်းရဲခြင်း ဥပါယာသဟူသော ဒေါသတရားတို့ကို ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂)ပါးတွင် ထည့်သွင်းရေတွက်ခြင်းမပြုရ။ အကြောင်းမှာ ဇာတိကြောင့်လည်း သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ တို့ ဖြစ်ပေါ်၏။ ဇရာကြောင့်လည်း ဖြစ်ပေါ်၏။ မရဏကြောင့်လည်း ဖြစ်ပေါ်၏။ ဒုက္ခကြောင့်လည်း ဖြစ်ပေါ်၏။
ဇာတိသည် သောကစသည်တို့၏ ထင်ရှားပြဋ္ဌာန်းသော အကြောင်းလည်းမဟုတ်၊ သောကစသည်တို့သည် ဇာတိ၏ အကျိုးလည်း ဧကန်မဟုတ်၊ ဇရာ၏အကျိုးလည်း ဧကန်မဟုတ်၊ ဘယ်သူ့အကျိုးမှ ဧကန်မဟုတ်သောကြောင့် သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသတို့ကို ပဋိစ္စသမုပ္ပါဒအင်္ဂါ (၁၂)ပါးထဲတွင် ထည့်သွင်း ရေတွက်ခြင်းမပြုရ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသဖြစ်နေသူတို့မှာ အဝိဇ္ဇာမကင်းသေးကြောင်း သိစေလိုသောကြောင့်သာ သောက၊ ပရိဒေဝ စသည် တို့ကို ဆက်လက်ဟောကြားခြင်း ဖြစ်၏။
ဖော်ပြခဲ့ပြီးသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါ(၁၂)ပါးကို ကျေကျေညက်ညက် ကွက်ကွက် ကွင်းကွင်း သိမြင်ရေတွက်နိုင်အောင် လေ့လာကျက်မှတ်ထားမှသာ ပဋိစ္စသမုပ္ပါဒ်တွင် ကာလသုံးပါး၊ ဝဋ်သုံးပါး၊ ခြင်းရာနှစ်ဆယ်၊ အစပ်သုံးပါး၊ အလွှာလေးပါးတို့ကို ကွဲပြားအောင် မှတ်သားရေတွက်နိုင်မည် ဖြစ်၏။
စာမျက်နှာ-383
ကာလသုံးပါး
၁။ အဝိဇ္ဇာ၊ သင်္ခါရသည် အတိတ်ကာလ။၂။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ သည် ပစ္စုပ္ပန်ကာလ။
၃။ ဇာတိ၊ ဇရာမရဏသည် အနာဂတ် ကာလ။
ဝဋ်သုံးပါး
၁။ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်သည် ကိလေသဝဋ်မည်၏။
၂။ သင်္ခါရ၊ ကမ္မဘဝသည် ကမ္မဝဋ်မည်၏။
၃။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဥပပတ္တိဘဝ၊ ဇာတိ၊ ဇရာမရဏသည် ဝိပါကဝဋ်မည်၏။
ခြင်းရာနှစ်ဆယ်
၁။ အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ ဟူသော အတိတ်အကြောင်း ခြင်းရာ(၅)ပါး၊
၂။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဟူသော ပစ္စုပ္ပန်အကျိုး ခြင်းရာ(၅)ပါး၊
၃။ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရ ဟူသော ပစ္စုပ္ပန်အကြောင်း ခြင်းရာ(၅)ပါး၊
၄။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ (ဇာတိ၊ ဇရာမရဏ)ဟူသော အနာဂတ်အကျိုး ခြင်းရာ(၅)ပါး။
ထို့ကြောင့် အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝသည် အတိတ် အကြောင်း ငါးပါးဖြစ်၏။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာသည် ပစ္စုပ္ပန် အကျိုးငါးပါးဖြစ်၏။ ဤကား ပုဗ္ဗန္တဘဝစက်တည်း။
တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရသည် ပစ္စုပ္ပန်အကြောင်းငါးပါးဖြစ်၏ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာသည် အနာဂတ်အကျိုးငါးပါးဖြစ်၏၊ ဤကား အပရန္တဘဝစက်တည်း။
ဤသို့လျှင် အတိတ်အကြောင်းငါးပါး၊ ပစ္စုပ္ပန်အကျိုးငါးပါးနှင့် ပစ္စုပ္ပန် အကြောင်းငါးပါး၊ အနာဂတ်အကျိုးငါးပါးဟူ၍ ဘဝခန္ဓာစက်ရဟတ် ပဋိစ္စသမုပ္ပါဒ်တွင် အခြင်းအရာနှစ်ဆယ်ရှိ၏။
စာမျက်နှာ-384
အစပ်သုံးပါး
၁။ သင်္ခါရနှင့် ဝိညာဏ်အကြားသည် တစ်စပ်။ (ပထမအစပ်)၂။ ဝေဒနာနှင့်တဏှာအကြားသည် တစ်စပ်။ (ဒုတိယအစပ်)
၃။ ဘဝနှင့် ဇာတိအကြားသည် တစ်စပ်။ (တတိယအစပ်)
ပထမအစပ်သည် အတိတ်နှင့် ပစ္စုပ္ပန်စပ်ခြင်း၊ အကြောင်းနှင့် အကျိုးစပ်ခြင်း၊ အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုးစပ်ခြင်းဟု သုံးနည်းရ၏။
ဒုတိယအစပ်သည် ပစ္စုပ္ပန်နှင့် ပစ္စုပ္ပန်စပ်ခြင်း၊ အကျိုးနှင့် အကြောင်းစပ်ခြင်း၊ ပစ္စုပ္ပန်အကျိုးနှင့် ပစ္စုပ္ပန်အကြောင်းစပ်ခြင်းဟု သုံးနည်းရ၏။
တတိယအစပ်သည် ပစ္စုပ္ပန်နှင့် အနာဂတ်စပ်ခြင်း၊ အကြောင်းနှင့်အကျိုးစပ်ခြင်း၊ ပစ္စုပ္ပန်အကြောင်းနှင့် အနာဂတ်အကျိုးစပ်ခြင်းဟု သုံးနည်းရ၏။
အလွှာလေးပါး
၁။ အဝိဇ္ဇာ၊ သင်္ခါရသည် တစ်လွှာ
၂။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာသည် တစ်လွှာ ၃။ တဏှာ၊ ဥပါဒါန်၊ ဘဝသည် တစ်လွှာ၊
၄။ ဇာတိ၊ ဇရာ မရဏသည် တစ်လွှာ။
တနည်း
၁။ အတိတ်အကြောင်း ငါးပါးသည် တစ်လွှာ၊
၂။ ပစ္စုပ္ပန်အကျိုး ငါးပါးသည် တစ်လွှာ၊
၃။ ပစ္စုပ္ပန်အကြောင်း ငါးပါးသည် တစ်လွှာ၊
၄။ အနာဂတ်အကျိုး ငါးပါးသည် တစ်လွှာ။
မူလနှစ်ပါး
၁။ အဝိဇ္ဇာသည် ပုဗ္ဗန္တဘဝစက်၏ မူလဖြစ်၏။
၂။ တဏှာသည် အပရန္တဘဝစက်၏ မူလဖြစ်၏။
ဘဝခန္ဓာ၏ ရှေ့အဖို့အစုသည် ပုဗ္ဗန္တဖြစ်၏။ ဘဝခန္ဓာ၏ နောက်အဖို့အစုသည် အပရန္တဖြစ်၏။
စာမျက်နှာ-385
မသိခြင်း (မောဟ)ကြောင့် အကုသိုလ်လုပ်ငန်း သင်္ခါရဖြစ်ပေါ်လာသည်ဟု ဆိုခြင်းကို လက်ခံကြမည်ဖြစ်သော်လည်း မသိခြင်း (မောဟ)ကြောင့် ကုသိုလ် လုပ်ငန်း သင်္ခါရဖြစ်ပေါ်လာသည်ဟု ဆိုသောအခါ မျက်စိလည်တတ်ကြသည်။
စင်စစ်မှာ ဘုရား၊ ရဟန္တာ မဖြစ်သေးလျှင် ဆင်းရဲဟူသမျှ လုံးဝကင်းပြီးဖြစ်သော နိဗ္ဗာန်ကို အဓိကမထားဘဲ ကုသိုလ်လုပ်ငန်းသင်္ခါရတွေ ပြုလုပ်နေပါက လူ နတ် ဗြဟ္မာချမ်းသာများကိုသာ ရရှိမည်ဖြစ်သည်။ လူ နတ် ဗြဟ္မာ ချမ်းသာတို့သည် ဆင်းရဲ မကင်းကြသေးပါ။ ဆင်းရဲမကင်းသော လူ နတ် ဗြဟ္မာ ချမ်းသာတို့ကို ရရှိစေနိုင်သည့် ကုသိုလ်လုပ်ငန်း သင်္ခါရတွေ ဖြစ်ပေါ်နေခြင်းသည် မသိခြင်း (မောဟ) ကြောင့်သာ ဖြစ်သည်ဟု ဆိုလို၏။ ဘုရား ရဟန္တာ ဖြစ်သွားသောအခါ ကုသိုလ်နှင့် အကုသိုလ်တို့ကို လုံးဝပယ်ပြီးသား ဖြစ်သွား၏။ အကုသိုလ်မှုကို လုံးဝ မပြုတော့ပါ၊ ဘုရား ရဟန္တာတို့က တရားဟောခြင်း၊ လိမ္မာအောင် ဆုံးမခြင်းဟူသော လုပ်ငန်းများသည် ကုသိုလ်ကောင်းမှုတွေ မဟုတ်ပါလောဟု မေးစရာဖြစ်၏။ ဘုရား၊ ရဟန္တာတို့၏ ထိုကဲ့သို့သော လုပ်ငန်းများသည် ကုသိုလ်ကောင်းမှု မဖြစ်တော့ပါ။ သတ္တဝါတွေ ချမ်းသာရေးအတွက် ပြုကာမတ္တသာ ဖြစ်သည်ဟု မှတ်ပါ။
မသိခြင်း (မောဟ)ကြောင့် အကုသိုလ်လုပ်ငန်း သင်္ခါရ၊ ကုသိုလ်လုပ်ငန်း သင်္ခါရ တွေ ဖြစ်ပေါ်လာ၏။ ကုသိုလ်၊ အကုသိုလ် သင်္ခါရလုပ်ငန်းများကြောင့် ပဋိသန္ဓေ ဝိညာဏ်၊ စက္ခုဝိညာဏ်၊ သောတဝိညာဏ် စသည်တို့ ဖြစ်ပေါ်လာရ၏။
ဤသို့ စသည်ဖြင့် သတ္တဝါမှန်သမျှတို့၏ ခန္ဓာကိုယ်သန္တာန်၌ ကြောင်းကျိုးဆက်စပ် လျက် အဆက်မပြတ် ရုပ်နာမ်တွေ ဖြစ်ပေါ်နေခြင်းကို ပဋိစ္စသမုပ္ပါဒ် ဟုခေါ်၏။ သတ္တဝါအပေါင်းသည် မသိခြင်း အဝိဇ္ဇာနှင့် တပ်နှစ်သက်ခြင်း တဏှာဟူသော ဘဝစက်ရဟတ်၏ မူလဇာစ်မြစ် ခိုင်မြဲမှ စက်ဝိုင်းနှစ်ခုဖြင့် သံသရာဘဝအထပ်ထပ် မရပ်မတည် တလည်လည် လှည့်ပတ်သွားလာနေရခြင်းကို ပဋိစ္စသမုပ္ပါဒ်ဟု ဘုရားရှင် ဟောတော်မူ၏။
ဤသို့လျှင် ဘဝစက်ရဟတ်ကို သိ၊ သင်၊ ကြားနာထားသော သုတမယဉာဏ်၊ သိ၊ သင်၊ ကြားနာမှုအပေါ် မူတည်၍ ကြံစည် တွေးခေါ် မြော်မြင်မှ စိန္တာမယဉာဏ်၊ တရားအားထုတ်ကြိုးစား၍ ထိုးထွင်းသိသော ဘာဝနာမယဉာဏ် တို့ဖြင့် လျော်စွာ မသိသေးသမျှ ကာလပတ်လုံး သတ္တဝါအပေါင်းသည် သမုဒ္ဒရာ၌ ယုန်ငယ်ပမာ သံသရာ၌ ဆောက်တည်ရာမရဘဲ ရှည်ကြာဒုက္ခ တွေ့ကြုံနေရမည်သာ ဖြစ်၏။
စာမျက်နှာ-386
မသိခြင်း အဝိဇ္ဇာ (မောဟ)ကြောင့် ကုသိုလ်လုပ်ငန်း သင်္ခါရနှင့် အကုသိုလ် လုပ်ငန်း သင်္ခါရတွေဖြစ်သည်ဟု ဆိုရာ၌ သင်္ခါရသည် လောကီကုသိုလ် အကုသိုလ် စေတနာဖြစ်၏။
ပင်လယ်သမုဒြာ၌ သင်္ဘောပျက်၍ ရေနစ်မျောပါသူသည် ဆင်သေကောင်ပုပ်ကို တွေ့ သောအခါ ပုပ်စော်နံ၍ ရွံ့စရာဖြစ်သော်လည်း ကမ်းပါးသို့ ရောက်အောင် ရပ်တည်ပို့ဆောင်နိုင်သည် ဖြစ်သောကြောင့် တွယ်ကပ်မှီခိုလိုက်ပါသွားရပါဘိသကဲ့သို့ ကုသိုလ်ကောင်းမှု ပုညာဘိသင်္ခါရတွေဖြစ်အောင် ရွက်ဆောင် ကြိုးစားရမည်သာ ဖြစ်၏။ သံသရာဝဋ်မှ လွတ်မြောက်နိုင်သော ဝိဝဋဿိတ ကုသိုလ်ဖြစ်အောင် ရွက်ဆောင်ကြိုးစားသင့်၏။
ချမ်းသာသုခ လိုလားသောသူသည် ဘုရားဟော အဘိဓမ္မာဝိဘင်းပါဠိတော် လာ ပဋိစ္စသမုပ္ပါဒအကျဉ်းပါဠိမျှကို ရှေးဦးစွာ အလွတ်ရအောင် ကျက်ထားရမည်။ ပါဠိရသောအခါ အနက် နိဿယကိုပါ ရအောင် ဆက်၍ ကျက်ထားရမည်။
အရကျက်၍ အသက်ထက်ဆုံး အမြဲဆောင်ရွက်သူသည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ဓမ္မစေတီကျောင်းတော်နှင့် တူ၏။ လူနတ်တို့ ရှိခိုးပူဇော်ခြင်းကို ခံထိုက်သည်ဟု သိအပ်၏။
ဓာတုစေတီ၊ ဓမ္မစေတီ၊ ပရိဘောဂစေတီ၊ ဥဒ္ဒိဿစေတီ ဟူ၍ စေတီလေးမျိုး ရှိသည်တွင် ဓမ္မာနုဿတိ တည်ရှိသော သူ၏ ခန္ဓာကိုယ်သည် စေတီကျောင်းနှင့် အလားတူ၏။ လူနတ်တို့ ပူဇော်ထိုက်သည်ဟု ဝိသုဒ္ဓိမဂ်အဋ္ဌ ကထာမှာ လာရှိ၏။
ပဋိလောမပဋိစ္စသမုပ္ပါဒ်ပါဠိတော်
အဝိဇ္ဇာယ တွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော၊ သင်္ခါရနိရောဓာ ဝိညာဏနိရောဓော၊
ဝိညာဏနိရောဓာ နာမရူပနိရောဓော၊
နာမရူပနိရောဓာ အဠာယတနနိရောဓော၊
သဠာယတနနိရောဓာ ဖဿနိရောဓော၊
ဖဿနိရောဓာ ဝေဒနာနိရောဓော၊
ဝေဒနာနိရောဓာ တဏှာနိရောဓော၊
စာမျက်နှာ-387
တဏှာနိရောဓာ ဥပါဒါနနိရောဓော၊
ဥပါဒါနနိရောဓာ ဘဝနိရောဓော၊
ဘဝနိရောဓာ ဇာတိနိရောဓော၊
ဇာတိနိရောဓာ ဇရာ မရဏံ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ၊ ဧဝ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။
အနက်
အဝိဇ္ဇာယ တွေဝ၊ အဝိဇ္ဇာ၏သာလျှင်၊ အသေသဝိရာဂနိရောဓာ၊ ဝိရာဂမည်သော ဝိဇ္ဇာဉာဏ်ဖြင့် အကြွင်းအကျန်မရှိ ချုပ်ငြိမ်းခြင်းကြောင့်၊ သင်္ခါရနိရောဓော၊ အကုသိုလ် ကံ၊ ကုသိုလ်ကံဟု ဆိုအပ်သော သင်္ခါရတို့၏ ချုပ်ငြိမ်းခြင်းသည်။ ဟောတိ၊ ဖြစ်၏။
သင်္ခါရနိရောဓာ၊ အကုသိုလ်ကံ၊ ကုသိုလ်ကံဟု ဆိုအပ်သော သင်္ခါရတို့၏ ချုပ်ငြိမ်းခြင်းကြောင့်။ ဝိညာဏနိရောဓော၊ ဘဝသစ်ဝိညာဏ်၏ မပေါ်အလျှင်း ချုပ်ငြိမ်းခြင်းသည်။ ဟောတိ၊ ဖြစ်၏။
ဝိညာဏနိရောဓာ၊ ဝိညာဏ်၏ ချုပ်ငြိမ်းခြင်းကြောင့်။ နာမရူပနိရောဓော၊ နာမ်ရုပ်၏ ချုပ်ငြိမ်းခြင်းသည်။ ဟောတိ၊ ဖြစ်၏။
နာမရူပနိရောဓာ၊ နာမ်ရုပ်၏ ချုပ်ငြိမ်းခြင်းကြောင့်။ သဠာယတနနိရောဓော၊ သဠာယတန၏ ချုပ်ငြိမ်းခြင်းသည်။ ဟောတိ၊ ဖြစ်၏။
သဠာယတနိရောဓာ၊ သဠာယတန၏ ချုပ်ငြိမ်းခြင်းကြောင့်။ ဖဿနိရောဓော၊ ဖဿ ၆-ပါး၏ ချုပ်ငြိမ်းခြင်းသည်။ ဟောတိ၊ ဖြစ်၏။
ဖဿနိရောဓာ၊ ဖဿ ၆-ပါး၏ ချုပ်ငြိမ်းခြင်းကြောင့်။ တဏှာနိရောဓော၊ တဏှာ ၆-ပါး၏ ချုပ်ငြိမ်းခြင်းသည်။ ဟောတိ၊ ဖြစ်၏။
တဏှာနိရောဓာ၊ တဏှာ ၆-ပါး၏ ချုပ်ငြိမ်းခြင်းကြောင့်။ ဥပါဒါနနိရောဓော၊ ဥပါဒါန်လေးပါး၏ ချုပ်ငြိမ်းခြင်းသည်။ ဟောတိ၊ ဖြစ်၏။
ဥပါဒါနနိရောဓာ၊ ဥပါဒါန်လေးပါး၏ ချုပ်ငြိမ်းခြင်းကြောင့်။ ဘဝနိရောဓော၊ ကမ္မဝ၊ ဥပပတ္တိဘဝတို့၏ ချုပ်ငြိမ်းခြင်းသည်။ ဟောတိ၊ ဖြစ်၏။
ဘဝနိရောဓာ၊ ကမ္မဘဝ၊ ဥပပတ္တိဘဝတို့၏ ချုပ်ငြိမ်းခြင်းကြောင့်။ ဇာတိနိ ရောဓော၊ ဇာတိ၏ ချုပ်ငြိမ်းခြင်းသည်။ ဟောတိ၊ ဖြစ်၏။
စာမျက်နှာ-388
ဇာတိနိရောဓာ၊ ဇာတိ၏ ချုပ်ငြိမ်းခြင်းကြောင့်။ ဇရာမရဏံ၊ အိုခြင်း သေခြင်း သည်လည်းကောင်း၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ၊ စိုးရိမ်ခြင်း၊ ငိုကြွေးခြင်း၊ ဆင်းရဲခြင်း၊ နှလုံးမသာခြင်း၊ သက်ကြီးရှိုက်ငင် ပင်ပန်းခြင်းတို့သည် လည်းကောင်း။ နိရုဇ္ဈန္တိ၊ ချုပ်ငြိမ်းကုန်၏။ ဧဝံ၊ ဤသို့။ ကေဝလဿ၊ ခပ်သိမ်းဥဿုံ အလုံးစုံသော။ ဧတဿ ဒုက္ခက္ခန္ဓဿ၊ ထိုဆင်းရဲအစု၏။ နိရောဓော၊ ချုပ်ငြိမ်းခြင်း သည်။ ဟောတိ၊ ဖြစ်၏။
ပဋိလောမပဋိစ္စသမုပ္ပါဒ် ပါဠိတော်နှင့် အနက်ပြီး၏။
ပဋိလောမ ပဋိစ္စသမုပ္ပါဒ် အဓိပ္ပါယ်
အဝိဇ္ဇာကင်းပြတ်၍ ဝိဇ္ဇာအလင်းဓာတ်ဖြစ်ပုံ
ဤဒေသနာတော်၌ အဝိဇ္ဇာ အကြွင်းမဲ့ချုပ်ငြိမ်းမှုတစ်ခုသာ လိုရင်းတည်း။ သင်္ခါရ၏ ချုပ်ငြိမ်းမှု၊ ဝိညာဏ်၏ ချုပ်ငြိမ်းမှု၊ နာမ်ရုပ်ချုပ်ငြိမ်းမှု အစရှိသော ချုပ်ငြိမ်းမှုအစုသည် အဝိဇ္ဇာချုပ်ငြိမ်းမှုမှာ တလုံးတည်း တပါတည်း ပါလေ၏။ အနုလောမ ပဋိစ္စသမုပ္ပါဒ်ကား ဖြစ်ပေါ်မှုဖြစ်၍ တရားလည်း အသီးသီးရ၏။ ဖြစ်ပေါ်မှုလည်း အသီးသီးရ၏။ ဤပဋိလောမ ပဋိစ္စသမုပ္ပါဒ်၌ကား ဖြစ်ပေါ်မှုမဟုတ် ချုပ်ငြိမ်းမှု ရုပ်သိမ်းမှု ဖြစ်လေသောကြောင့် တရားလည်း အသီးသီးမပေါ်ပြီ ချုပ်မှုလည်း အသီးသီး မဟုတ်ပြီ။
ဥပမာကား။ ။ညောင်မျိုးစေ့ရှိ၍ ညောင်မျိုးစေ့မှ ညောင်ညှောက်ဖြစ်သည်။ ညောင်ညှောက်မှ ညောင်ပင်ဖြစ်သည်။ ညောင်ပင်မှ ညောင်ကိုင်း ဖြစ်သည်။ ညောင်ကိုင်းမှ ညောင်ခက်ဖြစ်သည်။ ညောင်ခက်မှ ညောင်သီးဖြစ် သည်။ ညောင်သီးမှ ညောင်စေ့ဖြစ်သည်။ ညောင်စေ့မှ ညောင်ညှောက်ဖြစ်သည် အစရှိသည် ဖြင့် မဆုံးနိုင်အောင် သွား၏။ ထိုသို့သွားရာ၌ ဖြစ်ပေါ်ပေါက်ပွားသွား မှုဖြစ်သော ကြောင့် အစေ့တခြား အညှောက်တခြား အပင်တခြား အကိုင်းတခြား စသည်ဖြင့် အသီးသီးရသည်။ ညောင်စေ့ကွယ်ဆုံး၍ ညောင်ညှောက်ကွယ်ဆုံးသည်၊ ညောင်ညှောက်ကွယ်ဆုံး၍ ညောင်ပင်ကွယ်ဆုံးသည် အစရှိသည်ဖြင့် ဖြစ်ရာ၌ ဤကဲ့သို့ အစဉ်အဆက်နှင့် ဆိုကား ဆိုရ၏။ ဆိုသော်လည်း အမှုမှန်မှာ မျိုးစေ့ကွယ်ဆုံးလျှင် အညှောက်ပင် ပေါက်ခွင့်မရှိတော့ပြီ၊ အပင် စသည်မှာ ဝေးစွတကား၊ မျိုးစေ့ကွယ် ဆုံးသည်ဟူသော စကားမှာလည်း အညှောက်မပေါက် မီ၊ မြေသို့မရောက်မီ မီးမှာ အကျွမ်းဖုတ်၍ ကွယ်ဆုံးသည်ကို ဆိုလိုသည်။
စာမျက်နှာ-389
ဤပဋိလောမဒေသနာ၌ အဝိဇ္ဇာချုပ်ငြိမ်းမှု ဆိုသည်ကား နိဗ္ဗာန်ပင်တည်း။ ထိုအဝိဇ္ဇာချုပ်ငြိမ်းစေနိုင်သော တရားကား ဝိဇ္ဇာတည်း။ ထိုဝိဇ္ဇာသည်
ဒုက္ခေ ဉာဏံ၊ ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ-
ဟူသော ပါဠိတော်နှင့်အညီ လေးပါးရှိ၏၊ ဒုက္ခသစ္စာကို ဖွင့်ပြသော ဝိဇ္ဇာတစ်ပါး သမုဒယသစ္စာကို ဖွင့်ပြသော ဝိဇ္ဇာတစ်ပါး၊ နိရောဓသစ္စာကို ဖွင့်ပြသော ဝိဇ္ဇာတစ်ပါး၊ မဂ္ဂသစ္စာကို ဖွင့်ပြသော ဝိဇ္ဇာတစ်ပါးဟူ၍ လေးပါးရှိပါသည်။
ညောင်ပင်ဥပမာ၌ ညောင်ပင်အစဉ်အဆက်ကို မျိုးပြတ်စေလိုသည်ရှိသော် ညောင်စေ့ကို ဖျက်ဆီးမှုအလုပ်တစ်ခုသာ ရှိ၏။ ညောင်စေ့ကို မီးမှာ အကျွမ်းဖုတ် ၍ပစ်ခဲ့လျှင် ထိုအစေ့မှ အဆက်ဆက်ဖြစ်ပွား၍ သွားလတ္တံသော အခြင်းအရာစုသည် အစေ့မပျက်ရာတွင် တချက်တည်း တလုံးတည်း တပြိုင်တည်း ပါကြလေကုန်၏။
ထို့အတူ အနုလောမ ပဋိစ္စသမုပ္ပါဒ်စက်ရဟတ်တည်းဟူသော သံသရာဝဋ်မှ ကျွတ်လွတ် ထွက်မြောက်လိုသော သူမှာလည်း အဝိဇ္ဇာဓာတ်ကို သတ်မှု အလုပ် တစ်ခုသာရှိ၏။ အဝိဇ္ဇာ ဓာတ်တစ်လုံးသေလျှင် အနမတဂ္ဂသံသရာ စက်ရဟတ် ပြတ်လေတော့သည်။
အဝိဇ္ဇာဓာတ်ကိုလည်း ဝိဇ္ဇာဓာတ်မှ သတ်နိုင်သည်၊ ဒါနမှုလည်း မသတ်နိုင်၊ သီလမှုလည်း မသတ်နိုင်၊ ဝိဇ္ဇာဘာဝနာမှတပါး အခြားသော ဘာဝနာမှုလည်း မသတ်နိုင်၊ ဝိဇ္ဇာဘာဝနာတစ်ခုသာ အဝိဇ္ဇာကို သတ်နိုင်သည်။ ဒါန၊ သီလ၊ တပါး တခြားသော ဘာဝနာမှုသည်ကား ထိုဝိဇ္ဇာဘာဝနာ၏ အခြေခံတို့သာတည်း။
အဝိဇ္ဇာလေးပါးတွင် ဒုက္ခသစ္စာ၌ ဖုံးလွှမ်းသော အဝိဇ္ဇာမှောင်တိုက် အမိုက် အမဲကို ဒုက္ခသစ္စာ၌ အလင်းဖွင့်ပြသော ဝိဇ္ဇာဆီမီးရောင်၊ ဝိဇ္ဇာနေရောင်မှ ပယ်ဖျက် နိုင်သည်။ နောက်သစ္စာသုံးပါး၌ ဖုံးလွှမ်းသော အဝိဇ္ဇာမှောင်ဓာတ်သုံးပါးနှင့် ဝိဇ္ဇာ အရောင် ဓာတ်သုံးပါးတို့၌လည်း ဤနည်းတူသိလေ။
ထိုလေးပါးသော အဝိဇ္ဇာမှောင်ဓာတ်၊ ဝိဇ္ဇာအရောင်ဓာတ်တို့တွင်လည်း ဒုက္ခသစ္စာ မှာ ဖုံးလွှမ်းသော အမှောင်ဓာတ်ကို သတ်မှုတစ်ခုသာ လိုရင်းတည်း။ ထိုအမှောင် ဓာတ်ကို သတ်လိုက်လျှင် ကြွင်းသောအမှောင်ဓာတ် သုံးပါးလည်း ပါလေတော့သည်။ ဒုက္ခသစ္စာမှာ ဖုံးလွှမ်းသော အမှောင်ဓာတ်ကို သတ်မှုဆိုသည်ကား ဒုက္ခသစ္စာတရား
စာမျက်နှာ-390
တို့၌ ဝိဇ္ဇာဉာဏ်ပေါ်အောင် (ဝါ) ဝိဇ္ဇာအမှောင်ဓာတ်မှ ဝိဇ္ဇာအရောင်ဓာတ်ဖြစ် လာအောင် အားထုတ်မှုပင်တည်း။
ဇရာ၊ မရဏမီးတို့မှ လွတ်လမ်းဖြစ်သော အလုပ်မှန်မည်သည်ကား ဝိဇ္ဇာ ဉာဏ်ကို တစ်နေ့တခြား တိုးပွားအောင် ထူထောင်၍ ဝိဇ္ဇာမှောင်ကို တစ်နေ့ တခြား ပါးရှားဆုတ်ယုတ် အကုန်ချုပ်အောင် အားထုတ်မှုသည်သာလျှင် လမ်းဖြောင့်အလုပ် မည်၏။ ထိုသို့သောအလုပ်ကို လုပ်သောသူသည် သုပ္ပဋိပန္န ၊ ဥဇုပ္ပဋိပန္န ၊ ဉာယပ္ပဋိပန္န၊ သာမီစိပ္ပဋိပန္န အရာရောက်၏။ ထိုအလုပ်၏ အခြေအနေကာ အားခွန်ဗလ မလျော့ရအောင် ခန္ဓာကိုယ်ကို မွေးမြူမှု၊ သီလစင်ကြယ်မှု၊ အပိုအမို ပလိဗောဓ ကင်းရှင်းမှုပေတည်း။ ထိုကဲ့သို့ ဥဇုပ္ပဋိပန္န အလုပ်လက်ရှိနှင့် အားထုတ် နေထိုင်သော သူတို့အား အဝိဇ္ဇာမှောင်သည် တစ်နေ့တခြား၊ တစ်လတခြား၊ တစ်နှစ်တခြား ရှားပါးဆုတ်ယုတ်၍ ယခုဘဝ၌သော်လည်းကောင်း၊ နောက်ဘဝ နတ်ဘုံသို့ ရောက်သော အခါ၌သော်လည်းကောင်း အဝိဇ္ဇာမှောင်ဓာတ်သည် ချုပ်ငြိမ်းလတ္တံ့ဟု မြတ်စွာဘုရား အင်္ဂုတ္တိုရ်ပါဠိတော်၌ ဟောကြားတော်မူပါသည်၊
အဝိဇ္ဇာမှောင်ကို တစ်နေ့တခြား၊ တစ်လတခြား၊ တစ်နှစ်တခြား ပါးရှားချုပ်ငြိမ်း အောင် အားထုတ်သောအလုပ်ကို ချန်လှပ်၍ ထိုအလုပ်မှတပါးသော ခပ်သိမ်းသော ကာယကံအလုပ်၊ ဝစီကံအလုပ်၊ မနောကံအလုပ်စုသည် ဇရာ၊ မရဏမီးတို့မှ လွတ်လမ်း၊ ကျွတ်လမ်း မဟုတ်ကုန်။ အဝိဇ္ဇာအစီးအပွား၊ ဇရာ၊ မရဏမီးတို့၏ အစီးအပွားအားကြီးသော အလုပ်တို့သာတည်း၊ အဝိဇ္ဇာအစီးအပွား အားကြီးသဖြင့် လည်း “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံအစရှိသော အနုလောမ ပဋိစ္စသမုပ္ပါဒ် ဒေသနာ တော်မြတ်အတိုင်း ဇရာမီး မရဏမီး ပွားစီးလမ်း ဖြစ်ချေ၏၊ ဒုက္ခလမ်းမှန် ဖြစ်ချေ၏။
အဝိဇ္ဇာ၏ ကျွတ်လမ်း၊ လွတ်လမ်းဖြစ်သော အလုပ်ကို မလုပ်နိုင် မလုပ်ဖြစ်အောင် တားမြစ် ဖွဲ့နှောင်၍နေသော တဏှာသည် ဒုက္ခလမ်းမှန် ဖြစ်၏။ ဤတဏှာကို ပယ်နိုင်လျှင် သုခလမ်းမှန် အလုပ်ကို ကောင်းကောင်းလုပ်နိုင်၏။ အဝိဇ္ဇာဟူသော သံသရာဝဋ်မြစ် ကျွတ်ခွင့်သို့ ဆိုက်၏။ ခပ်သိမ်းသောဒုက္ခမှ လွတ်၏။ ဤတဏှာကို မပယ်နိုင်လျှင် သုခလမ်းမှန်အလုပ်ကို မလုပ်နိုင်ကြပေ။ အဝိဇ္ဇာဟူသော သံသရာဝဋ်မြစ် စည်ကားရန် အခွင့်၌ တည်ကြ၏။ ခပ်သိမ်းသော ဒုက္ခ စွပ်လျက်နေကြ၏။
စာမျက်နှာ-391
ထို့ကြောင့် တဏှာသည်သာလျှင် ခပ်သိမ်းသော ဒုက္ခတို့သို့ ရောက်ကြောင်း တွေ့ကြောင်း ဒုက္ခလမ်းမှန်ကြီးပင်ဖြစ်၏ဟု သိအပ်၏။
“ဒန္ဓော ဘိက္ခဝေ သတုပ္ပါဒေါ” ဆိုသည်ကား အသိဉာဏ်လျင်မြန်ခွင့်နှင့် ထောက် စာသော် သတိဖြစ်မှုက နှေးရာသေး၏။ ရှေးလူဖြစ်စဉ် ရဟန်းဖြစ်စဉ်က လေ့ကျက် ခဲ့သော တရားစုကို အမှတ်ရသည်နှင့်တပြိုင်နက် အဝိဇ္ဇာကို သတ်နိုင်သော ဝိဇ္ဇာဓာတ် ပေါ်နိုင်၏ဟူလို။ ဤဒေသနာတော်ဖြင့် ယခုဘဝ၌ လူအဖြစ် ရဟန်းအဖြစ်ကိုရ၍ အဝိဇ္ဇာကိုသတ်ခြင်းငှာ အားထုတ်သောပုဂ္ဂိုလ်တို့သည် အကြောင်းမစုံလင်၍ ယခု ဘဝ၌ မသတ်နိုင်ကြကုန်သည်ရှိသော် နတ်ပြည်သို့ ရောက်ကြသောအခါ ဉာဏ် ပညာ ရဲရဲတောက်ကြကုန်သဖြင့် အလွယ်တကူ အလျင်အမြန် သတ်နိုင်ကြကုန်လတ္တံ့ဟု ပြတော်မူသည်။ အဝိဇ္ဇာအမှောင်ဓာတ် ချုပ်ငြိမ်းလျှင်လည်း “အဝိဇ္ဇာယ တွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော” အစရှိသော ဒေသနာတော်အတိုင်း သံသရာဝဋ်ဒုက္ခမှ ကျွတ်လမ်းလွတ်လမ်း ဖြောင့်တန်းလေတော့သည်။
စာမျက်နှာ-392
ဗောဓိပက္ခိယ
အခန်း (၄)
ဗောဓိပက္ခိယတရား (၃၇)ပါး
မဂ်ဉာဏ်၏ အသင်းအပင်းတွင် ပါဝင်သော တရားစု (ဝါ) မဂ်ဉာဏ်ဘက်၌ ပါဝင်၍ မဂ်ဉာဏ်၏ အကျိုးကို သယ်ပိုးဆောင်ရွက်တတ်သော တရားစုကို ဗောဓိ ပက္ခိယဟု ခေါ်ပါသည်။ (ဗောဓိ - မဂ်ဉဏ်၊ ပက္ခိယ - အဖို့အစု)
ဗောဓိပက္ခိယတရား (၃၇)ပါး
ဗောဓိပက္ခိယ တရားစုများကား-
(က) သတိပဋ္ဌာန် ၄-ပါး
(ခ) သမ္မပ္ပဓာန် ၄-ပါး
(ဂ) ဣဒ္ဓိပါဒ် ၄-ပါး
(ဃ) ဣန္ဒြေ ၅-ပါး
(င) ဗိုလ် ၅-ပါး
(စ) ဗောဇ္ဈင် ၇-ပါး
(ဆ) မဂ္ဂင် ၈-ပါး
စုစုပေါင်း ၃၇-ပါး ရှိပါသည်။
(က) သတိပဋ္ဌာန် ၄-ပါး
သတိပဋ္ဌာန်ဟူသည် လွန်စွာတည်သော သတိ၊ ခိုင်မြဲစွာ တည်သော သတိဟု အဓိပ္ပါယ်ရရှိပါသည်။ သက်ဆိုင်ရာ အာရုံထဲ၌ စွဲစွဲမြဲမြဲ သက်ဝင်တည်နေသော သတိစေတသိက်ကို ဆိုလိုပါသည်။
တရားကိုယ်အားဖြင့် သတိစေတသိက် (၁)ပါးတည်း ဖြစ်သော်လည်း အာရုံ ၄-မျိုး၊ ယူပုံအခြင်းအရာ ၄-မျိုး၊ ပယ်ခွါခြင်းကိစ္စ ၄-မျိုး ပြားခြင်းကြောင့် သတိပဋ္ဌာန် ၄-မျိုး ပြားရခြင်းဖြစ်ပါသည်။ ၎င်းတို့မှာ-
စာမျက်နှာ-393
၁။ ကာယာနုပဿနာသတိပဋ္ဌာန်၊
၂။ ဝေဒနာနုပဿနာသတိပဋ္ဌာန်၊
၃။ စိတ္တာနုပဿနာသတိပဋ္ဌာန်၊
၄။ ဓမ္မာနုပဿနာသတိပဋ္ဌာန် တို့ဖြစ်ပါသည်။
၁။ ကာယာနုပဿနာသတိပဋ္ဌာန်ဟူသည် ထွက်သက် ဝင်သက် အစရှိသော ရူပကာယ၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်။ တစ်နည်းအားဖြင့် ခန္ဓာကိုယ်၌ (ဝါ) ဆံပင် မွေးညင်းစသော ၃၂-ကောဋ္ဌာသ၌ အဖန်ဖန်ရှုခြင်းဖြစ်ပါသည်။ ဤသို့ အဖန်ဖန် ရှုသောအခါ အသုဘ (မတင့်တယ် ရွံရှာဖွယ်ဖြစ်သော) အခြင်းအရာ ထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် ခန္ဓာကိုယ်ကို တင့်တယ်သည်ဟု မှတ်ထင်သော သုဘဝိပလ္လာသကို ပယ်ရှားနိုင်ပါသည်။
(သုဘဝိပလ္လာသ=တင့်တယ်၏ဟု ဖောက်ပြန်စွာမြင်မှု)
၂။ ဝေဒနာနုပဿနာသတိပဋ္ဌာန်ဟူသည် ဝေဒနာတရားတို့၌ ခိုင်မြဲစွာ တည်သော သတိဖြစ်သည်။ တစ်နည်းအားဖြင့် ဝေဒနာတို့ကို ဒုက္ခအခြင်းအရာထင် လာအောင် အဖန်ဖန် ရှုဆင်ခြင်သော သတိဖြစ်သည်။ ဤသတိပဋ္ဌာန်ဖြင့် သုခဝေဒနာ ဒုက္ခဝေဒနာ ဥပေက္ခာဝေဒနာတို့ကို အဖန်ဖန် ရှုသောအခါ အဖြစ် အပျက်ဒဏ် အမြဲခံရပုံကို မြင်ရသဖြင့် ကြောက်မက်ဖွယ် ဘေးဒုက္ခဟူ၍ ထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် ရုပ် နာမ်တို့၌ သုခဟု မှတ်ထင်သော သုခဝိပလ္လာသကို ပယ်ရှားနိုင်ပါသည်။
(သုခ ဝိပလ္လာသ=ချမ်းသာ၏ဟု ဖောက်ပြန်စွာမြင်မှု)
၃။ စိတ္တာနုပဿနာသတိပဋ္ဌာန်ဟူသည် သရာဂစိတ် ဝီတရာဂစိတ် အစရှိသော စိတ်အပြား၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်။ တစ်နည်းအားဖြင့် စိတ်ကိုအာရုံပြု၍ ဤစိတ်ကား ရာဂစိတ်၊ ဤစိတ်ကား ရာဂကင်းသောစိတ် စသည်ဖြင့်ခွဲခြားလျက် အနိစ္စအခြင်းအရာ ထင်လာအောင် ... အဖန်ဖန်ရှုတတ်သော သတိဖြစ်သည်။ ဤသတိပဋ္ဌာန်ဖြင့် စိတ်တို့ကို ခွဲခြားဆင်ခြင်သောအခါ စိတ်အမျိုးမျိုး ပြောင်းလဲပုံကို သေချာစွာသိရသဖြင့် အနိစ္စအခြင်းအရာ လွန်စွာ ထင်လာသည်။ ဤသတိပဋ္ဌာန် ဖြင့် နိစ္စဝိပလ္လာသကို ပယ်ရှားနိုင်သည်။
(နိစ္စဝိပလ္လာသ=မြဲ၏ဟု ဖောက်ပြန်စွာမြင်မှု)
စာမျက်နှာ-394
၄။ ဓမ္မာနုပဿနာသတိပဋ္ဌာန်ဟူသည် နီဝရဏ စသော ဓမ္မတို့၏ ခိုင်မြဲစွာ တည်သော သတိဖြစ်သည်။ တနည်းအားဖြင့် ရူပက္ခန္ဓာကို ကာယာနုပဿနာဖြင့် ဝေဒနာက္ခန္ဓာကို ဝေဒနာနုပဿနာဖြင့်၊ ဝိညာဏက္ခန္ဓာကို စိတ္တာနုပဿနာဖြင့် ရှုပြီးဖြစ်သောကြောင့် ကြွင်းသော သညာက္ခန္ဓာနှင့် သင်္ခါရက္ခန္ဓာဟူသော ဓမ္မကို အဖန်ဖန်ရှူသော သတိဖြစ်သည်။ ယင်းဓမ္မတို့ကို အနတ္တအခြင်းအရာထင်လာအောင် အဖန်တလဲလဲ အာရုံပြု၍ ရှုသောအခါ အရာရာကိစ္စတို့၌ ပရမတ္ထဓမ္မများသာ ရွက်ဆောင်နေကြောင်း၊ ပရမတ္ထဓမ္မချည်းသာ ထင်ရှားရှိကြောင်းကို သိရ၍ စီမံနိုင်သော အတ္တ (အသက် လိပ်ပြာ ဝိညာဏ်)ကောင် မရှိဟူသော အနတ္တအခြင်းအရာ လွန်စွာ ထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် အတ္တဝိပလ္လာသကို ပယ်ရှားနိုင်ပါသည်။
(အတ္တဝိပလ္လာသ=အတ္တရှိ၏ဟု ဖောက်ပြန်စွာမြင်မှု)
(ခ) သမ္မပ္ပဓာန် ၄-ပါး
သမ္မပ္ပဓာန်ဟူသည် ကောင်းစွာ အလွန် ရွက်ဆောင်တတ်သော တရားဟု အဓိပ္ပါယ်ရရှိပါသည်။ အရေသာ ကြွင်းပါစေ၊ အကြောသာ ကြွင်းပါစေ၊ အရိုးသာ ကြွင်းပါစေ၊ အသားအသွေး အကုန် ခန်းခြောက်ပါစေဟူသော အင်္ဂါ ၄-ပါးနှင့် ပြည့်စုံသော ဝီရိယဟု ဆိုလိုပါသည်။ တစ်နည်းအားဖြင့် ကိစ္စ ၄-ပါးကို ပြီးစေနိုင် သောကြောင့် ချီးမွမ်းထိုက်သော ဝီရိယဟု အဓိပ္ပါယ် ရရှိပါသည်။
တရားကိုယ်အားဖြင့် ဝီရိယ ၁-ပါးတည်းဖြစ်သော်လည်း ကိစ္စအားဖြင့် ၄-မျိုး ဖြစ်သောကြောင့် သမ္မပ္ပဓာန် ၄-ပါး ပြားရပါသည်။ သမ္မပ္ပဓာန် ၄-ပါးကား ဖော်ပြလတ္တံ့ပါအတိုင်းဖြစ်သည် -
၁။ မိမိသန္တာန်၌ ဖြစ်ပြီး ဖြစ်ဆဲဖြစ်ကုန်သော အကုသိုလ်တရားတို့ကို ပယ်ခြင်းငှာ အားထုတ်ခြင်း၊ အကုသိုလ်တရားကို ပြုမိသည့်အတွက် နောင်တတဖန် ပူပန်ခြင်း ကုက္ကုစ္စဖြစ်နေလျှင် အကုသိုလ်များသာ တိုးပွားလာမည်၊ ပူပန်ခြင်းကြောင့် ပြုမိသော အကုသိုလ်လည်း ပျောက်မည်မဟုတ်၊ ဤသို့ ဆင်ခြင်ပြီး ထိုအကုသိုလ်တရားကို လုံးဝဂရုမပြုဘဲ ပယ်စွန့်ခြင်းငှာ အားထုတ်ခြင်းကို ဆိုလိုပါသည်။
၂။ မိမိသန္တာန်၌ နောင် ဖြစ်လတ္တံ့ ကုန်သော အကုသိုလ်တရားတို့ကို နောင် ဘဝအဆက်ဆက် တရံတဆစ်မျှ မိမိသန္တာန်၌မဖြစ်လာစေခြင်းငှာ အားထုတ်ခြင်း၊ မိမိသန္တာန်၌ မဖြစ်ဖူးသေးသော အကုသိုလ်တရားများ မဖြစ်ပွားလာစေခြင်းငှ ဒါနမှု သီလမှု အားထုတ်ခြင်း၊ ကမ္မဋ္ဌာန်းဘာဝနာစီးဖြန်းခြင်း၊ ဝတ်ကြီးဝတ်ငယ်
စာမျက်နှာ-395
ပြုခြင်း၊ ပရိယတ္တိကို သင်အံပို့ချ ရေးသားဖြန့်ဖြူးခြင်းများကို အားထုတ်ပြုလုပ် နေရမည်ဟု ဆိုလိုပါသည်။
၃။ မိမိသန္တာန်၌ မဖြစ်ဖူးသေးကုန်သော ကုသိုလ်တရားတို့ကို မိမိသန္တာန်၌ ဖြစ်စေခြင်းငှာ အားထုတ်ခြင်း၊ ဒါနမှု သီလမှု ဘာဝနာမှု စသည်ကို ပြုလုပ်ခြင်းငှာ အားထုတ်ခြင်းကို ဆိုလိုပါသည်။
၄။ မိမိသန္တာန်၌ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်ကုန်သော ကုသိုလ်တရားတို့ကို နိယာမ အဖြစ်သို့ ရောက်စေရန် လွန်စွာကြီးပွားစေခြင်းငှာ အားထုတ်ခြင်း၊ မိမိ ပြုပြီး ပြုဆဲ ဖြစ်ကုန်သော ဒါနမှု သီလမှု ဘာဝနာမှု စသည်တို့ကို တိုးတက်ကြီးထွားရန် အားထုတ်ခြင်းကို ဆိုလိုပါသည်။
(ဂ) ဣဒ္ဓိပါဒ် ၄-ပါး
ဣဒ္ဓိပါဒ်ဟူသည် ပြည့်စုံခြင်း ပြီးစီးခြင်း အမျိုးမျိုး၏ အခြေခံတရားဟု အဓိပ္ပါယ်ရရှိပါသည်။ ဣဒ္ဓိပါဒ်သည် ဖော်ပြလတ္တံ့ပါအတိုင်း ၄-ပါး ရှိပါသည် -
၁။ ဆန္ဒိဒ္ဓိပါဒ် = ဆန္ဒကြောင့် ပြီးပြည့်စုံမှု၊
၂။ ဝီရိယိဒ္ဓိပါဒ် = ဝီရိယကြောင့် ပြီးပြည့်စုံမှု၊
၃။ စိတ္တိဒ္ဓိပါဒ် = စိတ်ကြောင့် ပြီးပြည့်စုံမှု၊
၄။ ဝီမံသိဒ္ဓိပါဒ် = ပညာကြောင့် ပြီးပြည့်စုံမှု။
၁။ ဆန္ဒိဒ္ဓိပါဒ်ဟူသည် လိုချင်မှု ရချင်မှု ပေါက်ချင်မှု ရောက်ချင်မှုတို့၌ အလွန်အကြူး အထူးထက်သန်သော ဆန္ဒကြောင့် ပြီးစီးပြည့်စုံလာခြင်းကို ဆိုလိုသည်။ မရလျှင် မနေနိုင်၊ မရလျှင် သေရသည်ကပင် ကောင်းသေး၏ဟု မရဘဲ နေရ သည်ထက် သေခြင်းကို အမြတ်ထားနိုင်သော ဆန္ဒမျိုး ဖြစ်သည်။
၂။ ဝီရိယိဒ္ဓိပါဒ်ဟူသည် အရေသာ ကြွင်းပါစေ၊ အကြောသာ ကြွင်းပါစေ၊ အရိုးသာ ကြွင်းပါစေ၊ အသားအသွေး အကုန် ခန်းခြောက်ပါစေ ဟူသော အင်္ဂါ ၄-ပါး ရှိသည့် ဝီရိယကြောင့် ပြီးစီးခြင်း ပြည့်စုံခြင်းကို ဆိုလိုသည်။ ထိုကဲ့သို့သော ဝီရိယနှင့် ပြည့်စုံသောသူသည် ဝီရိယကို စိုက်ထုတ်နိုင်လျှင် ဧကန်ရမည် ရောက်မည် ပေါက်မည်ဟု အထင်ရှိနေသောကြောင့် နေ့နေ့ညည အဘယ်မျှပင် အပန်းခံရ သော်လည်း စိတ်မတွန့်၊ ရက်ပေါင်း လပေါင်း နှစ်ပေါင်း မည်မျှကြာအောင် အားထုတ်ရစေကာမူ စိတ်မတွန့်လေပြီ။
စာမျက်နှာ-396
၃။ စိတ္တိဒ္ဓိပါဒ်ဟူသည် သာသနာတော်ကို တွေ့ကြုံ၍ သာသနဓမ္မကို ကြားနာသည့် အခါမှ စ၍ အလွန်အကြူး ထက်သန်ခိုင်မာသော စိတ်စွမ်းအားကြောင့် ပြီးစီးခြင်း ပြည့်စုံခြင်းကို ဆိုလိုပါသည်။ လောက၌ အတင့်အတယ် အဖွယ်အရာ ချမ်းသာစီးပွားမှု၊ ဘုန်းတန်ခိုး လာဘ်လာဘ ကျမ်းဂန်ပရိယတ်မှုများ၌ နေရ သော်လည်း ထိုအမှုတို့၌ စိတ်မပါ စိတ်မရှိ၊ မိမိလိုလားမှု၌ ထိုထိုဤဤ ကြံစည်နေရမှသာ စိတ်ချမ်းသာခွင့်ကို ရရှိတော့သည်။
၄။ ဝီမံသိဒ္ဓိပါဒ်ဟူသည် အပါယိကဒုက္ခ ဝဋ်ဒုက္ခကြီးကျယ်ပုံကို ကောင်းစွာမြင် နိုင်သော ပညာ၊ ဣဒ္ဓိတို့၏ အကျိုးအာနိသင်ကို ကောင်းစွာ မြင်နိုင်သော ပညာ၊ ခက်ခဲနက်နဲသော တရားဓမ္မ သဘာဝတို့၌ ပြန့်ပြူးစွာ ကျက်စားနိုင်သော ပညာ ကြောင့် ပြီးစီးခြင်း ပြည့်စုံခြင်းကို ဆိုလိုသည်။ ထိုပညာနှင့် ပြည့်စုံသော သူသည် လောကီတရား ချမ်းသာစီးပွားမှုတို့၌ စိတ်အရသာကို ရှာကြံ၍ မရဘဲ နက်နဲသော ဖော်ပြပါ ပညာတို့၌သာ စိတ်အရသာကို တွေ့နိုင်တော့သည်။ နက်နဲသောတရား ဆိုလေလေ ပေါက်ရောက်အောင် လုပ်ကြံချင်လေ ဖြစ်တော့သည်။
(ဃ) ဣန္ဒြေ ၅-ပါး
ဣန္ဒြေဟူသည် စိတ်ကို အစိုးရနိုင်မှုဟု အဓိပ္ပာယ် ရရှိပါသည်။ မိမိနှင့် သက်ဆိုင်သော တရားများကို မိမိအလိုအတိုင်း ဖြစ်စေနိုင်သည်ဟု ဆိုလိုပါသည်။ ၎င်းတို့မှာ ဖော်ပြလတ္တံ့ ပါအတိုင်း ၅-ပါး ရှိသည်-
၁။ သဒ္ဓိန္ဒြေ = ယုံကြည်မှုဖြင့် စိတ်ကို အစိုးရခြင်း၊
၂။ ဝီရိယိန္ဒြေ = ဝီရိယဖြင့် စိတ်ကို အစိုးရခြင်း၊
၃။ သတိန္ဒြေ = သတိဖြင့် စိတ်ကို အစိုးရခြင်း၊
၄။ သမာဓိန္ဒြေ = သမာဓိဖြင့် စိတ်ကို အစိုးရခြင်း၊
၅။ ပညိန္ဒြေ = ပညာဖြင့် စိတ်ကို အစိုးရခြင်း။
၁။ သဒ္ဓိန္ဒြေ ဟူသည် ဒါနမှု သီလမှု အတုအပ ဘာဝနာမှုတို့၌ ဖြစ်သော ပကတိသဒ္ဓါမျိုး မဟုတ်ဘဲ ထွက်သက် ဝင်သက် ကမ္မဋ္ဌာန်းအလုပ် အစရှိသော ဘာဝနာ အလုပ်ဖြင့် အားခွန်ဗလ တေဇတန်ခိုး တိုးတက်ပွားစီး ဆင်ပြောင်ကြီးကဲ့သို့ ကြီးပွားလေအောင် ပျိုးထောင်ပြုပြင်၌ ထားအပ်သော ဘာဝနာ သဒ္ဓါမျိုးဖြင့် စိတ်ကို အစိုးရနိုင်ခြင်းမျိုးကို ဆိုလိုပါသည်။
စာမျက်နှာ-397
၂။ ဝီရိယိန္ဒြေဟူသည် ပကတိဝီရိယမျိုး မဟုတ်ဘဲ ဘာဝနာဝီရိယမျိုးဖြင့် စိတ်ကို အစိုးရနိုင်ခြင်းမျိုးကို ဆိုလိုပါသည်။
၃။ သတိန္ဒြေ၊
၄။ သမာဓိန္ဒြေ၊
၅။ ပညိန္ဒြေဟူသည်တို့မှာလည်း ပကတိသတိ၊ ပကတိသမာဓိ၊ ပကတိပညာ မျိုးမဟုတ်ဘဲ ဘာဝနာ-သတိ၊ သမာဓိ၊ ပညာတို့ဖြင့် စိတ်ကို အစိုးရနိုင်ခြင်းမျိုးကို ဆိုလိုပါသည်။
(င) ဗိုလ် ငါးပါး
ဗိုလ်ဟူသည် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ဖိစီးတတ်သောတရားဟု အဓိပ္ပာယ်ရရှိပါသည်။ ၎င်းတို့မှာ ဖော်ပြလတ္တံ့ ပါအတိုင်း ၅- ပါး ရှိပါသည်။ သက္ကာယဒိဋ္ဌိနိုင်ငံကြီးကို တိုက်ဖျက်မည့် ဗိုလ်ချုပ်ကြီး ၅-ဦး၊ အားကြီး ၅-ပါးပင် ဖြစ်ပါသည်။
၁။ သဒ္ဓါဗိုလ် = သဒ္ဓါဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း၊
၂။ ဝီရိယဗိုလ် = ဝီရိယဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း၊
၃။ သတိဗိုလ် = သတိဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း၊
၄။ သမာဓိဗိုလ် = သမာဓိဖြင့်ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း၊
၅။ ပညာဗိုလ် = ပညာဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း၊
ယင်းဗိုလ်များမှာလည်း ဣန္ဒြေ ၅-ပါးကဲ့သို့ပင် ပကတိဗိုလ်များမဟုတ်ဘဲ ဘာဝနာဗိုလ်များ ဖြစ်ပါသည်။
(စ) ဗောဇ္ဈင် ၇-ပါး
ဗောဇ္ဈင်ဟူသည် သစ္စာ ၄-ပါး မြတ်တရားကို သိမြင်တတ်သော မဂ်ဉာဏ်၏ အတောင်အလက် အစိတ်အပိုင်းဟု အဓိပ္ပါယ်ရရှိပါသည်။ ဗောဇ္ဈင် ၇-ပါးမှာ ဖော်ပြလတ္တံ့ပါ အတိုင်းဖြစ်ပါသည်-
၁။ သတိသမ္ဗောဇ္ဈင် = သတိပဋ္ဌာန်၊ သတိန္ဒြေ၊ သတိဗိုလ်၊ သမ္မာသတိ မဂ္ဂင်ခေါ်သော သတိစေတသိက်၊
စာမျက်နှာ-398
၂။ ဓမ္မဝိစယသမ္ဗောဇ္ဈင် = ဝီမံသိဒ္ဓိပါဒ်၊ ပညိန္ဒြေ၊ ပညာဗိုလ်၊ သမ္မာဒိဋ္ဌိ မဂ္ဂင်ခေါ်သော ပညာစေတသိက်(တစ်နည်း) ဒိဋ္ဌိဝိသုဒ္ဓိအစရှိသော ပညာဝိသုဒ္ဓိ ၅- ပါး၊ အနုပဿနာဉာဏ် ၃-ပါးနှင့် ဝိပဿနာဉာဏ် ၁၀-ပါးသည် ဓမ္မဝိစယ သမ္ဗောဇ္ဈင် မည်၏။
၃။ ဝီရိယသမ္ဗောဇ္ဈင် = သမ္မပ္ပဓာန် ၄-ပါး၊ ဝီရိယိဒ္ဓိပါဒ်၊ ဝီရိယိန္ဒြေ၊ ဝီရိယဗိုလ်၊ သမ္မာဝါယာမခေါ်သော ဝီရိယစေတသိက်၊
၄။ ပီတိသမ္ဗောဇ္ဈင် = ကာယဂတာသတိ (ထွက်သက်ဝင်သက်) စသည်ကို တည်ထောင်မိ၍ ထင်မှုမြင်မှု တိုးပွားလာသောအခါ ဝမ်းမြောက်ခြင်း နှစ်သက်ခြင်း ပီတိစေတသိက်၊
၅။ ပဿဒ္ဓိသမ္ဗောဇ္ဈင် = စိတ်မငြိမ်သက်မှု၊ စိတ်အကြံများမှုကြောင့် ဖြစ်သော ကိုယ်စိတ် ပူပန်ခြင်းများ၏ ငြိမ်းချမ်းခြင်း၊
၆။ သမာဓိသမ္ဗောဇ္ဈင် = သမာဓိန္ဒြေ၊ သမာဓိဗိုလ်၊ သမာဓိမဂ္ဂင် ဟူသော သမာဓိတရား၊
၇။ ဥပေက္ခာသမ္ဗောဇ္ဈင် = ကမ္မဋ္ဌာန်းအလုပ်တွင်း၌ အချိုးအစားမကျ နိုင်သေး၍ ကြောင့်ကြစိုက်ရသော ဗျာပါဒ အမှုများစွာရှိသည်၊ အချိုးအစားကျလာသော အခါ၌ ကြောင့်ကြစိုက်ရမှု ကင်းရှင်းလာခြင်း ဟူသော တတြမဇ္ဈတ္တတာ စေတသိက်။
စကြာရတနာ (၇)ပါးပြည့်စုံသော စကြာမင်းသည် အတုမရှိသော စည်းစိမ်ကို ခံစားရသကဲ့သို့ ဗောဇ္ဈင်(၇)ပါးပြည့်စုံသော ယောဂီသည်လည်း သာသနာတော် အစီးအပွားတွင် အတုမရှိသော သမဏစည်းစိမ်ကို ခံစားရ၏။
စာမျက်နှာ-399
(ဆ) မဂ္ဂင် ၈ ပါး
မဂ္ဂင်ဟူသည် ကိလေသာတို့ကို ပယ်သတ်ကြောင်း၊ နိဗ္ဗာန်သို့ရောက်ကြောင်း ဖြစ်သော တရားစုဟု အဓိပ္ပာယ်ရရှိပါသည်။ ၎င်းတို့မှာ ဖော်ပြလတ္တံ့ ပါအတိုင်း ၈-ပါး ရှိပါသည် -၁။ သမ္မာဒိဋ္ဌိ = မှန်သောအယူအမြင်၊
၂။ သမ္မာသင်္ကပ္ပ = မှန်သောအကြံ၊
၃။ သမ္မာဝါစာ = မှန်သောစကား၊
၄။ သမ္မာကမ္မန္တ = မှန်သောအမှုအလုပ်၊
၅။ သမ္မာအာဇီဝ = မှန်သောအသက်မွေးဝမ်းကျောင်း၊
၆။ သမ္မာဝါယာမ = မှန်သောအားထုတ်မှု၊
၇။ သမ္မာသတိ = မှန်သောအောက်မေ့မှု နှလုံးသွင်းမှု၊
၈။ သမ္မာသမာဓိ = မှန်သော တည်ကြည်မှု စူးစိုက်မှု၊
မဂ္ဂင်ရှစ်ပါးဖြစ်ပေါ်ပုံ
သက္ကာယဒိဋ္ဌိစသော မိစ္ဆာဒိဋ္ဌိ(အယူမှား) နိုင်ငံကြီးကိုဖျက်ဆီးပြီး သစ္စာလေးပါး အလင်းတရားကို မြင်နိုင်သော သမ္မာဒိဋ္ဌိ အယူရှိသူ၌ ဝဋ်ဒုက္ခမှ ထွက်မြောက် ကြောင်း အကြံအစည်မျိုး၊ သတ္တဝါတပါးကို မပျက်စီးစေလိုသော အကြံအစည်မျိုး၊ သတ္တဝါတပါးကို မပင်ပန်းစေလိုသော အကြံအစည်မျိုးဟူသော သမ္မာသင်္ကပ္ပ အကြံသာဖြစ်သည်။ ယင်းသမ္မာသင်္ကပ္ပ အကြံအစည်မျိုး ရှိသောသူသည် ဝစီဒုစရိုက်တို့မှ လွတ်ကင်းစင်ကြယ် ကြည်ညိုဖွယ်ရှိသော အပြောအဆို ဝစီကံဟူသော သမ္မာဝါစာတစ်မျိုးကိုသာ ပြောဆိုမည်ဖြစ်ပါသည်။ ဒုစရိုက်ကင်းသော သမ္မာဝါစာ ရှိသူသည် ထို့ထက်ရုန့်ရင်းသော ကာယဒုစရိုက်တို့မှ လွတ်ကင်းစင်ကြယ် ကြည်ညိုဖွယ် ရှိသော ကာယကံအမှု သမ္မာကမ္မန္တ အလုပ်မျိုးကိုသာ ပြုလုပ်မည် ဖြစ်ပါသည်။
အမြင်များ အကြံအစည်များ ကာယကံများ ဝစီကံများ စင်ကြယ်လျက်ရှိသော ပုဂ္ဂိုလ်သည် ယုတ်ညံ့သော အသက်မွေးမှုများကို ပြုလုပ်တော့မည်မဟုတ်သည့်အတွက် သမ္မာအာဇီဝဖြစ်လာပါသည်။ အမြင် အကြံ ကာယကံ ဝစီကံနှင့် အသက်မွေးမှု စင်ကြယ်သော် ဝီရိယသာ အမြဲတည်သောကြောင့် သမ္မာဝါယာမ ဖြစ်လာရပြန်ပါသည်။
စာမျက်နှာ-400
ထိုအခါ သီလ သမာဓိ ပညာအမှုတို့၌ စွဲမြဲသော သမ္မာသတိ မဂ္ဂင် နှင့် သမ္မာသမာဓိ မဂ္ဂင်တို့လည်း ဆက်ကာ ဆက်ကာ တည်ရှိလာရပါသည်။
မဂ္ဂင် ၈-ပါးကို သိက္ခာ ၃-ပါးဖြင့် ပိုင်းခြားပုံ
မဂ္ဂင် ၈-ပါးတွင် သမ္မာဝါစာ သမ္မာကမ္မန္တနှင့် သမ္မာအာဇီဝ ၃-ပါးသည် သီလတရားစုဖြစ်ပါသည်။ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ၃-ပါးသည် သမာဓိတရားစုဖြစ်ပါသည်။ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ ၂-ပါးသည် ပညာတရားစု ဖြစ်ပါသည်။
ဤ၌ သီလဟူသည် အာဇီဝဋ္ဌမကသီလကို ဆိုလိုပါသည်။ ယင်းသည်လည်း လူတို့၏ အာဇီဝဋ္ဌမကသီလ၊ ရဟန်းတို့၏ အာဇီဝဋ္ဌမကသီလဟူ၍ (၂)မျိုးရှိရာ မိစ္ဆာဇီဝနှင့်တကွ ကာယဒုစရိုက်၃-ပါး(ပါဏာတိပါတ-အဒိန္နာဒါန-ကာမေသုမိစ္ဆာ စာရ)နှင့် ဝစီဒုစရိုက် ၄-ပါး(မုသာဝါဒ-ပိသုဏဝါစာ-ဖရုသဝါစာ-သမ္ဖပ္ပလာပ)ဟူသော ဒုစရိုက်တရားများလုံခြုံလျှင် လူတို့အတွက် အာဇီဝဋ္ဌမက သီလလုံခြုံသည် မည်ပါသည်။ ရှစ်ပါးသီလ ကိုးပါးသီလ ဆယ်ပါးသီလများကား ထိုအာဇီဝဋ္ဌမက သီလ၌ အမွှမ်းတင်သီလ၊ အရောင်တင်သီလစုများသာ ဖြစ်ပါသည်။ သိက္ခာပုဒ် ပညတ်ချက် ၂၂၇-သွယ်လုံခြုံလျှင် ရဟန်းများအတွက် အာဇီဝဋ္ဌမကသီလ လုံခြုံသည် မည်ပါသည်။ ယင်းဆိုင်ရာသီလများကို လုံခြုံအောင် ထိန်းနေသူများသည် သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ မဂ္ဂင်ဖောင် စီးနေသူများပင် ဖြစ်ပါသည်။
သီလမဂ္ဂင်များပြည့်စုံပြီးနောက် ကာယဂတာသတိ (ထွက်သက်ဝင်သက်) ကို တည်ထောင်ပြီး သမထလမ်းသို့ မလိုက်ဘဲ ဝိပဿနာလမ်း သက်သက်ကို လိုက်လျှင် အားထုတ်လျှင် သုဒ္ဓဝိပဿနာယာနိကလမ်းကို လိုက်နေသူ ဖြစ်ပါသည်။ ကာယဂတာသတိ တည်ထောင်ပြီး ဈာန် သမာပတ် လမ်းစဉ်ကို လိုက်ပြီးမှ ဝိပဿနာလမ်းသို့ တင်၍ အားထုတ်ပြန်လျှင် သမထဝိပဿနာယာနိကလမ်းကို လိုက်သူများဖြစ်ပါသည်။ ယင်းလမ်းကြောင်း နှစ်ကြောင်းလုံးကို လိုက်နေသူသည် သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ မဂ္ဂင်ဖောင်ကြီးကို စီးနေသူများပင် ဖြစ်ပါသည်။ ယင်း သီလ၊ သမာဓိ မဂ္ဂင်နှင့် ပြည့်စုံလျှင် ထိုက်သည်အားလျော်စွာ ပညာကိစ္စလည်း ပြီးစေနိုင်သောကြောင့် သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပ မဂ္ဂင်ဖောင်ကြီးကိုလည်း စီးနေကြသူများပင် ဖြစ်ပါသည်။
စာမျက်နှာ-401
အခန်း (၅)
သစ္စာ(၄)ပါးတရား
သစ္စာ (၄)ပါး တရားကို ဗာရာဏသီပြည် မိဂဒါဝုန်တော၌ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့၏။ မြတ်စွာဗုဒ္ဓ ဟောကြားသမျှ ဒေသနာအားလုံးသည် သစ္စာ (၄)ပါးနှင့် လွတ်သော တရားမရှိပေ။
ဒုက္ခသစ္စာ
ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်တရား)ဆိုသည်မှာ ဘဝအသစ် ဖြစ်ရခြင်းကြောင့် ဆင်းရဲခြင်း၊ အိုရခြင်းဆင်းရဲ၊ နာရခြင်းဆင်းရဲ၊ သေရခြင်းဆင်းရဲတို့အပြင် စိုးရိမ် ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာပူပန်ခြင်းစသော ဆင်းရဲခြင်းအပေါင်းကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ ၎င်းအပြင် မချစ်မနှစ်သက်အပ်သော ပုဂ္ဂိုလ်အာရုံတို့နှင့် တွေ့ဆုံယှဉ်တွဲရခြင်းဆင်းရဲ၊ ချစ်ခင်နှစ်သက်အပ်သော ပုဂ္ဂိုလ် အာရုံတို့နှင့်ကွဲကွာရခြင်းဆင်းရဲ၊ လိုချင်လျက် မရခြင်းဆင်းရဲ၊ အကျဉ်းချုပ်အားဖြင့် ငါ၊ ငါ့ဟာ စသည်ဖြင့် စွဲလမ်းတတ်သော ဥပါဒါနက္ခန္ဓာ (ခန္ဓာငါးပါး)ကို ရရှိခြင်း ဆင်းရဲ စသောဆင်းရဲခြင်းမျိုး အားလုံးကို ဒုက္ခသစ္စာဟု ခေါ်ဆိုပါသည်။
လောကီနယ်ပယ် လူ တိရစ္ဆာန် စသည်တို့၏ ဘဝသက်တမ်း တလျှောက်တွင် သာယာပျော်ရွှင်မှုဟု ဆိုအပ်သော လောကီချမ်းသာခြင်းများနှင့် လောကီဈာန် ချမ်းသာတို့သည်ပင် ဒုက္ခ(ဆင်းရဲခြင်း)ဟူ၍ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့လေသည်။ ဒုက္ခသဘောကို ၃-မျိုး ခွဲခြား မှတ်သားနိုင်သည်၊
(၁) သာမန်ဆင်းရဲခြင်းသဘော ဒုက္ခဒုက္ခ၊
(၂) ဖောက်ပြန်ပျက်စီးမှုကြောင့် ဖြစ်ပေါ်ရသော ဝိပရိဏာမဒုက္ခ၊
(၃) ပြုပြင်စီရင်ခြင်းခံရသည့် သဘော သင်္ခါရဒုက္ခ။
လောကတွင် တွေ့ကြုံခံစားကြရသော ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ မချစ်မနှစ်သက်အပ်သော သတ္တဝါသင်္ခါရတို့နှင့် အတူတကွ ပေါင်းယှဉ်ရခြင်း ချစ်နှစ်သက်အပ်သော သတ္တဝါသင်္ခါရတို့နှင့် ကွေကွင်းခွဲခွါရခြင်း၊ မိမိလိုအင်ဆန္ဒ
စာမျက်နှာ-402
မပြည့်၀ခြင်း၊ စိုးရိမ်ပူဆွေးရခြင်း၊ ငိုကြွေးရခြင်း၊ စိတ်နှလုံး မသာယာခြင်း စသည့် ကိုယ်စိတ်နှစ်ဖြာ ငြိုငြင်ပင်ပန်းခြင်းတို့သည် သာမန်ဆင်းရဲခြင်း အနက်သဘော ရှိသော ဒုက္ခဒုက္ခတွင် အကျုံးဝင်လေသည်။
ပျော်ရွှင်သော စိတ်နှလုံး၊ ချမ်းသာသော ဘဝအခြေတို့သည် အစဉ်ထာဝရ တည်မြဲ ခိုင်ခံ့ကြသည်မဟုတ်ပေ၊ အနှေးနှင့်အမြန် တမျိုးတဖုံ ပြောင်းလဲတတ်သည် သာဖြစ်သည်၊ ဤကဲ့သို့ ပြောင်းလဲသောအခါ နာကျင်ခြင်း၊ ဆင်းရဲခြင်း၊ စိတ်မချမ်း မြေ့ခြင်းတို့ ဖြစ်ပေါ်ရ၏။ ဤသို့ဖောက်ပြန် ပြောင်းလဲခြင်းမှ ဖြစ်ပေါ်လာသော ဆင်းရဲဒုက္ခကို ဝိပရိဏာမဒုက္ခဟု ခေါ်သည်။
သင်္ခါရဒုက္ခကို နားလည်သဘောပေါက်ရန် သတ္တဝါ, ပုဂ္ဂိုလ်, ငါ ဟူသော သဘောတရားများ၏ အရင်းအမြစ်ကို နားလည်ရန် လိုအပ်ပေသည်။ သတ္တဝါ, ပုဂ္ဂိုလ်, ငါ ဆိုသည်မှာ အစဉ်အမြဲ ပြောင်းလဲဖြစ်ပျက်နေသော ရုပ်နာမ်တို့၏ အစုအဝေး ခန္ဓာငါးပါးပင် ဖြစ်သည်၊ ငါးပါးသော စွဲလမ်းတပ်မက်မှု အစုအဝေး (ပဉ္စပါဒါနက္ခန္ဓာ)သည် ဒုက္ခဆင်းရဲခြင်း ဖြစ်သည်။ ထို့ကြောင့် သတ္တဝါသည် ခန္ဓာငါးပါး၊ ခန္ဓာငါးပါးသည် ဒုက္ခဆင်းရဲဖြစ်သည်။
သတ္တဝါ လူ ငါ ဟူသော ခန္ဓာငါးပါးသည် မတည်မြဲ၊ အစဉ်ဖောက်ပြန် ပြောင်းလဲလျက်ရှိ၏။ မတည်မြဲသမျှသည် ဒုက္ခဆင်းရဲပင် ဖြစ်သည်။
ဤဒုက္ခသစ္စာကို ကောင်းစွာသဘောပေါက်ရန် နားလည်ရန် အလွန်အရေး ကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဟောကြားတော်မူသည့်အတိုင်း ဒုက္ခဆင်းရဲ ခြင်းကို မြင်သောသူသည် ဆင်းရဲဖြစ်ပေါ်ကြောင်းကိုလည်း မြင်၏။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)ကိုလည်း မြင်၏။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ သွားရာလမ်းကြောင်း ရောက် ကြောင်း အကျင့်ကိုလည်း မြင်၏။ ထိုသို့ မြင်နိုင်သောကြောင့် ဒုက္ခသစ္စာကို ကောင်းစွာ သဘောပေါက်နားလည်ရန် အလွန် အရေးကြီးပါသည်။
သမုဒယသစ္စာ
သမုဒယသစ္စာ- အရိယာတို့ သိမြင်အပ်သည့် ဆင်းရဲဖြစ်ကြောင်း အမှန်တရား ဆိုသည်မှာ ကာမဂုဏ်၌ တပ်မက်ခြင်း ကာမတဏှာ၊ ဘဝ၌ တပ်မက်ခြင်း ဘဝ တဏှာ၊ ဘဝပြတ်ခြင်း၌ တပ်မက်ခြင်း ဝိဘဝတဏှာ ဟူသော တဏှာသုံးပါးဖြစ်၏။ ထိုတဏှာသုံးပါးသည် တဖန် ဘဝသစ်ကို ဖြစ်စေတတ်၏။ နှစ်သက် တပ်မက်စွဲလမ်း
စာမျက်နှာ-403
ခြင်းနှင့်တကွ ဖြစ်၏။ ထိုထိုဘဝ ထိုထိုအာရုံ၌ ပျော်မွေ့လေ့ရှိ၏။ ထိုတပ်မက်မှု တဏှာ၊ ရမ္မက်၊ လောဘ၊ တောင့်တမှုသည် သတ္တဝါတို့၏ ဘဝခန္ဓာ အစဉ်အဆက် ဖြစ်ရေးကို ဖန်တီးပေးလေသည်။
ထိုတဏှာသည် ကာမဂုဏ်စည်းစိမ် ပစ္စည်းဥစ္စာ ရတနာနှင့် တန်ခိုးအာဏာ တို့ကို စွဲလမ်းတပ်မက်သော သဘောရှိသည်သာမက စိတ်ကူးစိတ်သမ်း အထင် အမြင်သဘော အယူအဆတွေးတောချက် ယုံကြည်ချက်တို့ကို စွဲလမ်းဆုပ်ကိုင်ထား ခြင်းလည်း တဏှာတွင် အပါအဝင် ဖြစ်လေသည်၊ ကမ္ဘာလောကတွင် အန်တု ဖက်ပြိုင်ဘေးဒုက္ခဆိုင်လေသမျှသည် ဤကိုယ်ကျိုးရှုတဏှာမှ ဖြစ်ပွားပေါ်ပေါက် လာခြင်းသာ ဖြစ်ပါသည်၊ ကမ္ဘာ့ပြဿနာအရပ်ရပ်နှင့် ဆင်းရဲဒုက္ခအပေါင်းတို့သည် အတ္တဟိတ ကိုယ်ကျိုးရှု လောဘရမ္မက်ကြောင့် ဖြစ်ပေါ်လာရလေသည်၊
ဘဝတည်ရှိစေလိုသော၊ ဘဝကို ဆက်လက်စေလိုသော၊ တစ်ဘ၀ပြီး တစ်ဘဝ ထပ်ခါထပ်ခါဖြစ်စေလိုသော အာသာဆန္ဒ စေတနာ ဇော ရမ္မက်တဏှာသည် ဤကမ္ဘာတွင် အင်အားအကြီးမားဆုံး ဖြစ်သည်။ ရူပကာယသည် အမှုကိစ္စ အားလုံး ဆောင်ရွက်မှုရပ်စဲ၍ သေဆုံးခြင်းသို့ရောက်ပြီဟု ဆိုရသောအခါတွင် ဤတဏှာ၏ စွမ်းအင်အဟုန်သည် ရပ်တန့်မှုမရှိဘဲ အခြားရုပ်သန္တာန်တစ်ခု၌ ဆက်လက်၍ ထင်ရှားပြပြန်လေသည်။ ဤသို့ဖြင့် ဘဝသစ်ကို တဖန် ဖြစ်ပေါ် လာစေပြန်ပါသည်။
ဘဝတည်ရှိရန်နှင့် ဘဝဖြစ်ပေါ်ရန် စွဲလမ်းသော တဏှာရှိနေသမျှ သံသရာ စက်ရဟတ်သည် ကျင်လည်မြဲ ကျင်လည်နေမည်သာ ဖြစ်သည်၊ ယင်း စက်ရဟတ်ကို ခုတ်မောင်းနေသည့် အင်အားတည်းဟူသော ဤ “တဏှာ”ကို “အမှန်တရားသစ္စာ (နိဗ္ဗာန်)”ကို မျက်မှောက်ပြုသော မဂ်ပညာဖြင့် ဖြတ်တောက်ပစ်နိုင်မှသာ ဤသံသရာ စက်ရဟတ်သည် အလည်ရပ်နိုင်တော့မည်ဖြစ်ပေသည်။
နိရောဓသစ္စာ
နိရောဓသစ္စာ-အရိယာတို့သည် သိအပ်သော ဆင်းရဲမှု ချုပ်ငြိမ်းခြင်းအမှန် တရားဆိုသည်မှာ တဏှာ၏ အကြွင်းမဲ့ ပျက်ပြယ်ချုပ်ငြိမ်းခြင်း၊ ထိုတဏှာကို စွန့်ခြင်း၊ ဝေးစွာစွန့်ခြင်း၊ ဆုပ်ကိုင်မထားဘဲ လွှတ်လိုက်ခြင်း၊ တွယ်တာမှု ကင်းခြင်းပင် ဖြစ်သည်။ ထိုတဏှာ၏ ချုပ်ခြင်းကို နိရောဓနိဗ္ဗာန်ဟု ခေါ်ဆိုပါသည်။
စာမျက်နှာ-404
နိရောဓနိဗ္ဗာန်ဆိုသည်မှာ တဏှာ၏ လုံးဝချုပ်ငြိမ်းခြင်း၊ စွန့်ပစ်ခြင်း၊ လက်လွှတ် ခြင်း၊ တဏှာကျွန်ဘဝမှ လွတ်မြောက်ခြင်း၊ တဏှာမှ ထွက်မြောက်ခြင်း၊ တဏှာမှ စွန့်ခွာ ခွဲထွက်ခြင်း၊ ပြုပြင်စီရင်အပ်သော အရာအားလုံးတို့ ငြိမ်းအေးစေခြင်း၊ ကိလေသာ အညစ်အကြေးဟူသမျှ စွန့်လွှတ်ခြင်း၊ တဏှာကို ငြိမ်းသတ်ခြင်းကို ခေါ်ပါသည်။
တဏှာ၏ ကုန်ရာ၊ အမျက်ဒေါသကုန်ရာ၊ တွေဝေမိုက်မဲခြင်း ကုန်ရာကို အကြောင်းတရားတို့ မပြုပြင် မစီရင်အပ်သောတရား (အသင်္ခတ) နိဗ္ဗာန်ဟု ခေါ်သည်။
ဥပါဒါနက္ခန္ဓာငါးပါးတို့၌ စွဲလမ်းတောင့်တ တပ်မက်မှုကို စွန့်ပယ်ခြင်း၊ ဖြိုဖျက် ခြင်း၊ ဒုက္ခ၏ ချုပ်ငြိမ်းခြင်း၊ ခန္ဓာအစဉ်နှင့် ဘဝချုပ်ငြိမ်းခြင်း (ဘဝနိရောဓ) သည် နိဗ္ဗာန်ဖြစ်သည်။
နိဗ္ဗာန်တွင် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဟူသော ဓာတ်ကြီး (၄)ပါး မရှိ၊ အလျား၊ အနံ၊ အနု၊ အကြမ်း၊ အကောင်း၊ အဆိုး၊ အမည်နာမ၊ ရုပ်သဏ္ဌာန် စသည့်သဘောတို့သည် လုံးဝပျက်ပြုန်းကုန်၏။ ဤကမ္ဘာလည်း မမည်၊ အခြား ကမ္ဘာလည်း မဟုတ်၊ လာခြင်း၊ သွားခြင်း၊ ရပ်တည်ခြင်း၊ သေဆုံးခြင်း၊ မွေးဖွားခြင်း မရှိ၊ အာရုံဝတ္ထုဟူ၍လည်း မတွေ့ရတော့ပေ။
အစဉ်အမြဲတည်ရှိ၍ မဖောက်မပြန် မပြောင်းလဲခြင်း သဘောရှိသော ပရမတ္ထ သစ္စာသည် နိဗ္ဗာန်မည်၏။ နိဗ္ဗာန်သည် သစ္စာတကာတို့၏ အထွတ်အထိပ် အန္တိမသစ္စာဖြစ်၍ နိဗ္ဗာန်၏ နောက်ကွယ်၌ သို့မဟုတ် နောက်ဆက်တွဲအဖြစ် မည်သည့်အရာမျှ မရှိနိုင်တော့ပေ။ နိဗ္ဗာန်သည် ဘဝကွယ်လွန်ပြီးမှသာ ရောက်ရှိ နိုင်မည်မဟုတ်ပေ။ ဤပစ္စုပ္ပန် (လက်ရှိအသက်တည်ဆဲ) ဘဝ၌ပင် မျက်မှောက် ပြုနိုင်ပေသည်။ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး သူသည် ကမ္ဘာတွင် စိတ်အချမ်း သာဆုံးပုဂ္ဂိုလ် ဖြစ်လေတော့သည်။
မဂ္ဂင်ခရီးလမ်းကြောင်းအတိုင်း စိတ်လက်ရှည်စွာ ပြင်းစွာသော ဝီရိယဖြင့် လျှောက်သွားပြီးနောက် ကိုယ်တိုင် စင်ကြယ်စေရန် ကျင့်ကြံ အားထုတ်၍ လိုအပ်သော သီလ သမာဓိ ပညာနှင့် ပြည့်စုံစေပါလျှင် မည်သူမဆို တနေ့တွင် ကိုယ်တွင်း၌ပင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပေသည်။
စာမျက်နှာ-405
မဂ္ဂသစ္စာ
မဂ္ဂသစ္စာ-အရိယာတို့သည် သိမြင်အပ်သော ဆင်းရဲချုပ်ငြိမ်းခြင်းသို့ ရောက် စေတတ်သည့် လမ်းမှန်ဆိုသည်မှာ မှန်စွာ မြင်ခြင်း၊ မှန်စွာ ကြံခြင်း၊ မှန်စွာ ပြောခြင်း၊ မှန်စွာပြုလုပ်ခြင်း၊ မှန်စွာ အသက်မွေးခြင်း၊ မှန်စွာ အားထုတ်ခြင်း၊ မှန်စွာ သတိရခြင်း၊ မှန်စွာ စူးစိုက်တည်ကြည်ခြင်းဟူသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့် အရိယမဂ်ပင်ဖြစ်သည်။ ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ညွှန်ပြသောလမ်းကို မဂ္ဂင်လမ်းဟု ခေါ်သည်၊ အစွန်းနှစ်ဖက်ကို ဖယ်ရှားသော လမ်းလည်း ဖြစ်သည်။ပထမအစွန်းမှာ ယုတ်ညံ့သော သာမန်လူတို့၏ အလေ့ဖြစ်သော အကျိုး ကျေးဇူးမရှိသော ကာမဂုဏ်အာရုံကို လိုက်စားမြူးထူးပျော်ပါးခြင်းအားဖြင့် ချမ်းသာမှုကို ရှာဖွေခြင်းဖြစ်သည်။
ဒုတိယအစွန်းမှာ ဆင်းရဲခြင်းကို ဖြစ်စေသော အရိယာသူတော်ကောင်းတို့နှင့် မထိုက်တန်သော မဂ်ဖိုလ်နိဗ္ဗာန်ရရန်အတွက် အကျိုးကျေးဇူးမရှိသော မိမိကိုယ်ကို နှိပ်စက်ညှဉ်းဆဲ၍ ကြိုးပမ်းအားထုတ်ရသော ကျင့်စဉ် အမျိုးမျိုးအားဖြင့် ချမ်းသာ မှုကို ရှာဖွေသောနည်းဖြစ်သည်။
ဤအစွန်းနှစ်ပါးသည် အချည်းနှီး၊ အကျိုးမရှိ၊ မဂ်ဖိုလ်ရရန် နည်းမှန် လမ်းမှန်၏ ဆန့်ကျင်ဘက်ဖြစ်ကြောင်း သိရှိတော်မူသော ဗုဒ္ဓမြတ်စွာသည် ထိုအစွန်း၂-ပါးမှ လွတ်သော နိဗ္ဗာန်သို့ ညွှန်ပြသော အလယ်လမ်းမှန်ကို ကိုယ်တော် တိုင် စမ်းသပ်တွေ့ရှိခဲ့ပေသည်။ ထိုလမ်းကား အင်္ဂါရှစ်ပါးရှိသော မဂ္ဂင်လမ်း ဖြစ်သည်။ ဗုဒ္ဓဒေသနာတော်အားလုံးသည် ဤမဂ္ဂင်ရှစ်ပါးတရားတွင် တနည်းနည်းဖြင့် အကျုံးဝင်လေသည်။ ထို့ကြောင့် ဤမဂ္ဂင်ရှစ်ပါးတရားကို ဒေသနာအားလုံး၏ အဆီအနှစ်ဟု ခေါ်ဆိုနိုင်ပေသည်။
ထိုမဂ္ဂင်ရှစ်ပါးတွင်-
၁။ သမ္မာဝါစာ (မှန်သောစကားကို ပြောဆိုမှု) ဆိုသည်မှာ မဟုတ်မမှန် ပြောဆိုခြင်းကို မရှောင်ကြဉ်ခြင်း၊ စိတ်ဝမ်းကွဲပြား မညီမညွတ်ဖြစ်စေ၍ မုန်းတီးခြင်း၊ ရန်ငြိုးဖွဲ့ခြင်းကို ဖြစ်စေသည့် အမနာပစကား၊ ကုန်းချောစကားတို့ကို ရှောင်ကြဉ်ခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော ရိုင်းစိုင်းသော ရင့်သီးသော အကျိုးယုတ် စေမည်ဖြစ်သော ဆဲရေးတိုင်းထွာခြင်း စသော စကားတို့မှ ရှောင်ကြဉ်ခြင်း၊
စာမျက်နှာ-406
အချည်းအနှီးဖြစ်သော သိမ်ဖျင်းသော အဓိပ္ပာယ်မဲ့ စကားပြောခြင်းနှင့် စကား ရောင်း၊ စကားဝယ် ပြုလုပ်ခြင်း အတင်းပြောခြင်းတို့မှ ရှောင်ကြဉ်ခြင်း ဖြစ်သည်။
၂။ သမ္မာကမ္မန္တ(မှန်သောပြုလုပ်မှု) ဆိုသည်မှာ လောကကျင့်ဝတ်ကို ထိန်းသိမ်း၍ သဘောထား မြင့်မြတ်စွာဖြင့် ငြိမ်းချမ်းစွာ နေထိုင်ဆောင်ရွက်နိုင်မှုပင် ဖြစ်သည်။ သတ်ဖြတ်ခြင်း၊ ခိုးယူခြင်း၊ မရိုးသားစွာ ပြုမူဆက်ဆံခြင်း၊ မတရားသော ကာမဂုဏ် ခံစားခြင်းတို့မှ ရှောင်ကြဉ်၍ အခြားသူများကိုလည်း ရှောင်ကြဉ်စေရန် ကူညီစောင်မ တိုက်တွန်းခြင်းပင် ဖြစ်သည်။
၃။ သမ္မာအာဇီဝ (မှန်သောအသက်မွေးမှု) ဆိုသည်မှာ လိမ်လည် ကောက် ကျစ်ခြင်း၊ တိရစ္ဆာန်များကို သတ်ဖြတ်ခြင်း၊ အဆိပ်၊ သေရည်၊ သေရက်၊ လက်နက် ခဲယမ်းမီးကျောက် စသည်တို့ကို ရောင်းဝယ်ဖောက်ကားခြင်း သူတပါးအား ဘေးအန္တရာယ် ဖြစ်စေမည့် လုပ်ငန်းဆောင်တာများဖြင့် အသက် မွေးဝမ်းကျောင်းမှုကို ရှောင်ကြဉ်ခြင်းပင် ဖြစ်သည်။
(ဤဖော်ပြပါ သုံးပါးသည် သီလဖြစ်သည်၊ ထိုသီလသည် အထက်တန်း လောကုတ္တရာ လုပ်ငန်းများအတွက် မရှိမဖြစ်သော အခြေခံတရား ဖြစ်သည်။ သီလအခြေခံမပါဘဲ မည်သည့် လောကုတ္တရာ အဆင့်အတန်းကိုမျှ တက်လှမ်း ပေါက်ရောက်နိုင်မည်မဟုတ်ချေ။)
၄။ သမ္မာဝါယာမ (မှန်သောအားထုတ်ခြင်း) ဆိုသည်မှာ -
(က) ဆိုးသွမ်းညစ်ညမ်း၍ မွန်မြတ်ခြင်းမရှိသော ကာယကံမှု ဝစီကံမှု မနောကံမှုများ မဖြစ်ပေါ်စေရန်၊
(ခ) ဖြစ်ပြီးသော ထိုအမှုဆိုးများကို ဖယ်ရှားပစ်ရန်၊
(ဂ) မဖြစ်သေးသော သန့်စင်မွန်မြတ်သည့် ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုများဖြစ်ပေါ်လာစေရန်၊
(ဃ) ဖြစ်ပြီးသော ထိုစိတ်ကောင်းများ၊ အပြုအမူများ ပိုမိုတိုးတက် ပွားများစေရန် ပြင်းပြသောဆန္ဒဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါသည်။
စာမျက်နှာ-407
၅။ သမ္မာသတိ (မှန်သောအောက်မေ့မှတ်သားမှု) ဆိုသည်မှာ ကိုယ်တွင်း၌ ဖြစ်ပျက် လှုပ်ရှားနေခြင်းများ (ကာယ)၊ တွေ့ထိခံစားရမှုများ (ဝေဒနာ)၊ စိတ်တွင် ဖြစ်ပျက် လှုပ်ရှားနေခြင်းများ (စိတ္တ)နှင့် စိတ်ကူးကြံစည်မှု၊ တွေးတောယူဆမှု များနှင့် အကြောင်းခြင်းရာများ (ဓမ္မ)ကို အပတ်တကုတ် လုံ့လပြု၍ စေ့ငုစွာ မလွတ်စေဘဲ စောင့်ကြပ်ကြည့်ရှု သတိပြုနေခြင်းပင်ဖြစ်ပါသည်။ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မတို့ကို ရှုမှတ်ခြင်းသတိသည် သမ္မာသတိပေတည်း။
၆။ သမ္မာသမာဓိ (မှန်သောတည်ငြိမ်မှု) ဆိုသည်မှာ - ပထမဈာန်အဆင့်တွင် ဝတ္ထုကာမ၊ ကိလေသာကာမတို့မှ ကင်းဆိတ်သည့်အတွက် ကာမဂုဏ်၌ အလိုရှိခြင်း၊ မကောင်းကြံခြင်း၊ စိတ်ရောကိုယ်ပါ ထိုင်းမှိုင်းညှိုးနွမ်းခြင်း၊ စိတ်မငြိမ်မသက် ပျံ့လွင့်ခြင်း၊ ယုံမှားတွေးတောခြင်း စသော နီဝရဏတရားတို့ကို ပယ်ဖျောက်ပြီး ဖြစ်ရကား အနည်းငယ်သော ကြံစည်မှု စဉ်းစားမှုများနှင့်သာ နှစ်သိမ့်ချမ်းသာခြင်း (ပီတိသုခ) တို့ကို ခံစားရသည်။
ဒုတိယဈာန်အဆင့်တွင် ကြံစည်မှု၊ စဉ်းစားမှု စသည့် ဉာဏ်လှုပ်ရှားမှု အားလုံး တို့ကို ဖိနှိပ်လျက် စိတ်ကို စိတ်တွင်သာ စူးစိုက်ထားခြင်းအားဖြင့် ကြည်လင်တည် ငြိမ်စေလျက် ပီတိနှင့်သုခတို့ကို ဆက်လက်ခံစားရသည်။
တတိယဈာန်အဆင့်သို့ ရောက်သောအခါ ထင်ရှားစွာခံစားရသော နှစ်သိမ့်မှု ပီတိကိုပင် စွန့်ပစ်လျက် စိတ်၏ချမ်းသာမှု တစ်ခုတည်းကို ခံစားကာ အညီအမျှ ရှုလျက် သိလျက်သာ နေတော့သည်။
စတုတ္ထဈာန်အဆင့်တွင်မူ ခံစားမှုအားလုံးကို စွန့်လွှတ်လိုက်ပြီး ချမ်းသာ ဆင်းရဲ၊ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း ကင်းစွာ အညီအမျှ (ဥပေက္ခာ) ရှုလျက် သတိရှိစွာ နေတတ်သည်။
(ဤမှန်သော အားထုတ်မှု၊ မှန်သော အောက်မေ့မှတ်သားမှု၊ မှန်သောတည်ငြိမ်မှု ၃-ပါးသည် စိတ်ကိုဆုံးမသွန်သင်သည့် သိက္ခာရပ်များဖြစ်သည်၊ သမာဓိတွင် အကျုံးဝင်ပါသည်။
၇။ သမ္မာသင်္ကပ္ပ (မှန်သောကြံစည်မှု) ဆိုသည်မှာ - ကိုယ်ကျိုးကို စွန့်လွှတ် လိုခြင်း၊ သတ္တဝါအားလုံးအပေါ်တွင် မေတ္တာစိတ်ထားခြင်း၊ ကြမ်းကြုတ် ရက်စက်သောစိတ် မရှိခြင်း စသည်တို့ဖြစ်သည်။
စာမျက်နှာ-408
၈။ သမ္မာဒိဋ္ဌိ (မှန်သောအမြင်) ဆိုသည်မှာ - အကြောင်းအရာများကို မဖောက်မပြန် မှန်ကန်စွာ သိမြင်နားလည်ခြင်းဖြစ်သည်၊ အရိယသစ္စာ ၄-ပါးကို မဖောက်မပြန် မှန်ကန်စွာ သိမြင်ခြင်းပင်ဖြစ်သည်၊ ဤသို့ ပရမတ္ထတရားကို ထိုးထွင်းသိမြင်ခြင်းသည် ဉာဏ်ပညာအရာတွင် အထွတ်အထိပ်သို့ ရောက်ခြင်း ဖြစ်သည်။
(ဤမှန်သော ကြံစည်မှုနှင့် မှန်သော အမြင်တို့သည် ဉာဏ်ပညာအရာတွင် အကျုံးဝင်လေသည်။)
အထက်ဖော်ပြပါ မဂ္ဂင်လမ်းသည် လူပုဂ္ဂိုလ်တစ်ဦးစီ အသီးသီး ကိုယ်တိုင် ကိုယ်ကျ လိုက်နာလေ့လာ ထူထောင် ကျင့်သုံးရမည့် နေထိုင်မှု လမ်းစဉ်ပင်ဖြစ်ပေ သည်။ သီလ၊ သမာဓိ၊ ပညာ အင်္ဂါသုံးရပ်ကို ပြည့်စုံအောင် ထူထောင်ခြင်းဖြင့် အဆုံးစွန် အေးငြိမ်းခြင်း၊ ချမ်းသာခြင်း၊ လွတ်လပ်ခြင်း ဖြစ်သော နိဗ္ဗာန်သို့ ရောက်စေနိုင်သည့် လမ်းသာ ဖြစ်ပေသည်။
စာမျက်နှာ-409
အခန်း (၆) သမထနှင့်ဝိပဿနာ
သမထဟူသည် အဘယ်နည်း
ကာမစ္ဆန္ဒစသော နီဝရဏတရားတို့ကို ငြိမ်းစေတတ်သောကြောင့် သမာဓိ တရားသည် သမထမည်၏။
စိတ်ကိုပြုပြင်ခြင်းဖြင့် ဣန္ဒြေပြောင်းနိုင်သည်
သမာဓိအလုပ်သည် စိတ်လုပ်ငန်းသက်သက်ဖြစ်၍ သမထခေါ် သမာဓိစိတ် ဖြစ်ပေါ်လာသောအခါ ဣန္ဒြေငါးပါးတို့ တဖြည်းဖြည်း သိမ်းဆည်း၍ ကိုယ်,နှုတ် အမူအရာတို့ပင် ပြောင်းလဲလာတတ်သည်။ စိတ်သည် မိမိယူလိုသော အာရုံတစ်ခု ကိုသာ စွဲမြဲစွာ ယူထားသည်ဖြစ်၍ မိမိယူထားသော အာရုံမှ တပါးသော အာရုံ တို့ကို အလိုမရှိတော့သဖြင့် မလိုက်တော့ပေ၊ အလေးမမူ ဂရုစိုက်၊ မိမိယူထားသော အာရုံတစ်ခုကိုသာ အလေးမူ ဂရုစိုက်သည်။ ထိုအခါ အနည်းအများဆိုသလို သမာဓိ ရှိ, မရှိ ဣန္ဒြေတို့ကို ကြည့်ရှုခြင်းဖြင့် သိနိုင်ပေသည်။
ဥပမာ - လောက၌ လူအများတို့ သိနေကြသော စပါးသီးနှံကို ကြည့်ပါ။ စပါးပင်၌ အသီးအနှံ ထွက်လာသောအခါ ရှေးဦးစွာ နို့ရည်ခေါ်သော အနှစ်ရှိစ ပြုလာသည်။ ထိုအခါ စပါးသီးနှံသည် အနည်းငယ် ကိုင်းညွှတ်လာသည်။ နို့ရည် ခေါ်သော အနှစ်သည် တဖြည်းဖြည်း ပြည့်လာခဲ့သော် ရှေးကထက်ပင် တဆင့်တဆင့် ပို၍ ကိုင်းညွတ်လာတော့သည်။ ထို့အတူ သမာဓိအနည်းငယ်ရှိသော သူသည်လည်း ဣန္ဒြေတို့ကို အနည်းငယ်သိမ်းဆည်းလာတတ်သည်၊ တဆင့်ထက် တဆင့် ရင့်ရင့်လာသောအခါ ရှေးကထက်ပင် ပို၍ သိမ်းဆည်းတတ်ကြောင်းကို သိအပ်သည်။
ပြခဲ့ပြီးသော ဥပမာ၌ စပါးသီးနှံတို့သည် အနှံတိုင်း ကိုင်းညွှတ်ခြင်း မရှိပေ။ အချို့သောစပါးနှံများကား ထောင်လျက်ပင်ရှိကြသည်။ ကိုင်းညွှတ်သော စပါးသီးနှံ တို့ကား အနှစ်အဆံ ပြည့်ကြသည်။ အနှစ်အဆံ ပြည့်လေလေ ကိုင်းညွှတ် လေလေဖြစ်သည်။ အနှစ်အဆံမပြည့်၍ အဖျင်းရှိသော စပါးနှံများကား အနည်း ငယ်သာကိုင်းညွှတ်သည်။ ဖလံဖြူ ခေါ်သော စပါးသီးနှံပိုးများကျလျှင် လုံးလုံးကို
စာမျက်နှာ-410
ကိုင်းညွှတ်ခြင်း မရှိ ထောင်လျက်ပင်။ ထို့ကြောင့် “အနှစ်ရှိ, မရှိ မြင်ရုံနှင့် သိနိုင်သည်”ဟု ဆိုစမှတ် ပြုကြသည်။ ထို့အတူ “သမာဓိ ရှိ, မရှိ မြင်ရုံနှင့် သိနိုင်သည်”ဟု ဆိုအပ်ပြန်သည်။
သမာဓိ ရှိ, မရှိ သမဏနတ်သားကိုကြည့်
အခါတပါး၌ မြတ်စွာဘုရားသက်တော်ထင်ရှားရှိတော်မူစဉ်တုန်းက ရဟန်း တပါးသည် တရားအားထုတ်နေသည်တွင် သမာဓိစိတ်ဖြစ်ပေါ်နေ၏။ ထိုသမာဓိ စိတ် ဖြစ်ပေါ်နေစဉ်မှာပင် မဂ်ဖိုလ်မရမီ သေလွန်သွားရှာသည်။ ထိုရဟန်းသည် တာဝတိံသာနတ်ပြည်၌ သမဏနတ်သားဟု ထင်ရှားစွာ ဖြစ်ရလေသည်။ ထိုအခါ ရတနာတို့ဖြင့် တင့်တယ်သော ရွှေဗိမာန်ကြီး၌ အသင့်ရှိနေကြသော နတ်သမီးများက ဝိုင်းရံလျက်ရှိကြသည်။ ထိုနတ်သားကား လူ့ပြည်တုန်းကကဲ့သို့ ဣန္ဒြေကြီးစွာဖြင့် ဦးခေါင်းကို အောက်သို့ စိုက်ကာ မျက်လွှာချလျက် ငြိမ်သက်စွာ နေလေသည်။ ထိုနတ်သား၏အနီးတွင် ရှိနေကြသော နတ်သမီးများသည် နတ်သား၏ ဣန္ဒြေကို ကြည့်၍ အလိုမကျဖြစ်နေကြသည်။ ထိုတွင် ပါးနပ်သော နတ်သမီးတစ်ယောက်က ကိုယ်လုံးပေါ် မှန်ပြင်ကြီးတစ်ခုကိုယူ၍ နတ်သား၏ရှေ့တည့်တည့် မြင်လောက်သော နေရာ၌ ချထားလေသည်။ ထိုသို့ ချထားသောအခါ သမဏနတ်သားသည် မိမိအရိပ်ကို မြင်လိုက်ရသဖြင့် ရဟန်းမဟုတ်တော့ဘဲ နတ်သားဖြစ်နေမှန်း သိတော့သည်။
ထိုအခါ နတ်သမီးများနှင့် ရွှေဗိမာန်ကြီးကိုပါ မိမိနှင့်တပါတည်း မြတ်စွာဘုရား ထံမှောက် အရောက်ပြ၍ အကြောင်းစုံကို လျှောက်ထားတော့သည်။ မြတ်စွာဘုရား က- ပရိသတ်တို့အား တရားဟောနေတုန်းဖြစ်သဖြင့် ထိုအကြောင်းကို ပရိသတ် တို့အား သိစေ၍ တရားတော်၏ ဂုဏ်ကျေးဇူးနှင့် သစ္စာလေးပါး တရားတို့ကို ဟောကြားတော်မူသည်။ ထိုသို့ ဟောကြားတော်မူစဉ် သမဏနတ်သားသည် သောတာပန် တည်ရလေသည်။ ထိုသမဏနတ်သားကဲ့သို့ သမာဓိစိတ်ကို ဖြစ်စေ၍ ဣန္ဒြေကို သိမ်းဆည်းနိုင်ကြရန် နည်းယူကြစေလိုပါသည်။
ဝိပဿနာဟူသည်အဘယ်နည်း
ဘုံသုံးပါး၌ ဖြစ်ပေါ်နေသော ရုပ်, နာမ် ခန္ဓာ အဖြာဖြာကို အနိစ္စ, ဒုက္ခ, အနတ္တဟု လက္ခဏာယာဉ်သုံးပါးသို့ တင်၍ ရှုဆင်ခြင်တတ်သောကြောင့် ဝိပဿနာ မည်၏။ မိမိကိုယ်ခန္ဓာရှိ ရုပ်တရား၊ နာမ်တရားတို့ကို လက္ခဏာရေးသုံးပါးဖြင့် ဝိပဿနာရှုရသည်။
စာမျက်နှာ-411
မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဝိပဿနာဘာဝနာကို ချီးမွမ်းတော်မူခြင်း
ကုသိုလ်ကောင်းမှု ဟူသမျှတို့တွင် ဝိပဿနာ ဘာဝနာ ကုသိုလ်သည် အကောင်း ဆုံးဖြစ်၏။ ဗုဒ္ဓရှင်တော်မြတ်သည် ကုသိုလ်ကောင်းမှုလုပ်သူ ပုဂ္ဂိုလ်အပေါင်းတို့တွင် ဝိပဿနာဘာဝနာကို ပွားများသော ပုဂ္ဂိုလ်အားသာလျှင် ချီးမွမ်းတော်မူဆုံး ဖြစ်၏။ဝိပဿနာ ဘာဝနာသည်ကား အဂ္ဂသာဝက, မဟာသာဝကများနှင့်တကွ ဗုဒ္ဓမြတ်စွာ ကိုတော်တိုင် သဘောတူ ချီးမွမ်းတော်မူခဲ့ကြဖူးသည်။ ဝိပဿနာ ဘာဝနာကို သဘောတူ ချီးမွမ်းတော်မူခဲ့ကြပုံကို မူလပဏ္ဏာသ ပါဠိတော် မဟာယမကဝဂ် မဟာဂေါသိင်္ဂသုတ်၌လာသည်ကို အတိုချုပ် သဘောအားဖြင့် ဖော်ပြပေအံ့။
အခါတပါး၌ ရှင်သာရိပုတ္တရာ အရှင်မြတ်က အရှင်အာနန္ဒာအား မေးတော်မူ သည်မှာ ဤအင်ကြင်းတောကြီးသည် အပွင့်တို့ဖြင့် တစ်တောလုံး ကြည့်ရှု တင့်တယ် မွေ့လျော်ဖွယ်ရာ ဖြစ်လျက်ရှိ၏။ ထိုမျှ လှပတင့်တယ် ပင်လုံးကျွတ် ပွင့်ကုန်သော အင်ကြင်းတောကြီးကို ပို၍ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံရန် အဘယ်ကဲ့သို့ပြုရသော် ကောင်းမည်ထင်သနည်းဟု မေးတော်မူ၏။
(၁) ထိုအခါ အရှင်အာနန္ဒာက- “အရှင်ဘုရား - အစ၏ ကောင်းခြင်း၊ အလယ်၏ ကောင်းခြင်း၊ အဆုံး၏ကောင်းခြင်းနှင့် ပြည့်စုံသော တရားတော်တို့ကို ဟောပြောနာကြားပြီးကာ ဝိပဿနာ ဘာဝနာကို အားထုတ်ကြပါက ဤလှပ တင့်တယ် ပျော်မွေ့ဖွယ်ဖြစ်သော အင်ကြင်းတောကြီးသည် ပို၍ပင် ကျက်သရေ မင်္ဂလာကို ဆောင်ဖွယ်ဖြစ်ပါသည်ဘုရား” ဟု လျှောက်ထား၏။
(၂) ထို့နောက် အရှင်ရေဝတကို မေးတော်မူသောအခါ အရှင်ရေဝတက “သမထကို အားထုတ်ကာ ဈာန်ဝင်စားပြီးလျှင် ဝိပဿနာ ဘာဝနာကို ကြိုးစား အားထုတ် နေကြပါလျှင် ဤလှပတင့်တယ် မွေ့လျော်ဖွယ်ဖြစ်သော အင်ကြင်းတောကြီးသည် ပို၍ တင့်တယ် မင်္ဂလာရှိဖွယ် ဖြစ်ပါသည် ဘုရား” ဟု လျှောက်ထား၏။
(၃) ထို့နောက် အရှင်အနုရုဒ္ဓါ မထေရ်မြတ်ကို မေးတော်မူသော အခါ အရှင်အနုရုဒ္ဓါ မထေရ်မြတ်က “ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် သတ္တဝါအနန္တ၏ ဆင်းရဲဒုက္ခကို ခွဲခြမ်း စိတ်ဖြာ ကြည့်ရှု၍ သံဝေဂဖြစ်ကာ ဝိပဿနာ
စာမျက်နှာ-412
ဘာဝနာကို ပွားများရသော် ဤအင်ကြင်းတောကြီးသည် ပိုမို သာယာကာ ကျက်သရေကို ဆောင်မည် ဖြစ်ပါသည်ဘုရား”ဟု လျှောက်ထား၏။
(၄) ထို့နောက် အရှင်မဟာကဿပကို မေးတော်မူသောအခါ “ဓူတင်ကို ဆောင်လျက် ဝိပဿနာ ဘာဝနာတရား အားထုတ် ကြရပါလျှင် ဤပင်လုံးကျွတ် ပွင့်နေသော အင်ကြင်းတောကြီးသည် ပို၍ ကျက်သရေ မင်္ဂလာရှိဖွယ်ရာပါဘုရား” ဟု လျှောက်ထား၏။
(၅) ထိုမှတဖန် ရှင်မောဂ္ဂလာန် အလှည့်တွင် အရှင်မောဂ္ဂလာန် ကိုယ်တော် မြတ်ကြီးက လျှောက်ထားသည်မှာ “ဤအင်ကြင်းတောကြီး၌ အဘိဓမ္မာ တရားကို ဆွေးနွေး မေးမြန်း ဖြေဆိုကြပြီးကာ ဝိပဿနာ ဘာဝနာကို ကြိုးစား အားထုတ်ကြပါမူကား ပို၍ တင့်တယ် မွေ့လျော်ဖွယ် ဖြစ်ပါသည် ဘုရား” ဟု လျှောက်ထား၏။
(၆) ထို့နောက် အရှင်သာရိပုတ္တရာ မထေရ်အား မေးလျှောက်ကြသည်မှာ တပည့်တော်တို့ကား မိမိတို့ဆန္ဒကို ဖြေဆိုခဲ့ပြီးလေပြီ၊ အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ ဆန္ဒက အဘယ်ပါနည်း” ဟု မေးကြကုန်၏။ ထိုသောအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်က ဖြေဆိုတော်မူသည်မှာ “စိတ်၏ အလိုသို့ မလိုက်ဘဲ သီလ သမာဓိ၌ တည်ရှိနေလျက် ဝိပဿနာ ဘာဝနာကို အားထုတ်ရသော် ဤပင်လုံးကျွတ် လှပ သာယာစွာ ပွင့်နေသော အင်ကြင်းတောကြီးသည် သာ၍ပင် တင့်တယ် မွေ့လျော်ဖွယ် ဖြစ်ရာ၏”ဟု ဖြေဆိုတော်မူ၏။
ဤ၌သိရန်မှာ -
(၁) အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးသည် ပညာအရာ၌ ဧတဒဂ်ရ လက်ယာရံ ဖြစ်တော်မူ၏။
(၂) အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးသည် တန်ခိုးကြီးသော အရာ၌ ဧတဒဂ်ရ လက်ဝဲရံဖြစ်တော်မူ၏။
(၃) အရှင်မဟာကဿပ မထေရ်မြတ်ကြီးသည် ဓူတင်ကို ကျင့်ဆောင်ဟောပြော တော်မူရာ၌ ဧတဒဂ်ရ လက်ယာရံဖြစ်တော်မူ၏။
(၄) အရှင်အနုရုဒ္ဓါ မထေရ်မှာ ဒိဗ္ဗစက္ခု အဘိညာဉ်အရာ၌ ဧတဒဂ်ရ လက်ယာရံ ဖြစ်တော်မူ၏။
စာမျက်နှာ-413
(၅) အရှင်ရေဝတ မထေရ်မှာ အရညကင် ဓုတင်ဆောင်သော အရာ၌ ဧတဒဂ်ရ လက်ယာရံ ဖြစ်တော်မူ၏။
(၆) အရှင် အာနန္ဒာ မထေရ်မှာကား ဗဟုသုတ၊ သတိမန္တ၊ ဂတိမန္တ၊ ဓိတိမန္တ၊ ဥပဋ္ဌာက ဤငါးဌာန၌ ဧတဒဂ်ရတော်မူ၍ လက်ယာရံ ဖြစ်တော်မူ၏။
ထိုသောအခါ ဤမျှနှင့်မတင်းတိမ်သေးဘဲ ဘုရားရှင်ထံသို့ သွားရောက်ကာ မိမိတို့ အသီးသီး မည်ကဲ့သို့ပြုကြလျှင် ဤအလွန်တင့်တယ် မွေ့လျော်ဖွယ်ဖြစ်သော အင်ကြင်းတောကြီးသည် ပိုမို၍ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံမည် ဖြစ်ကြောင်း ထင်မြင်ချက်များကို တင်လျှောက်ကြ၍ “ရှင်တော်မြတ်ဘုရားကကော အဘယ်သို့ အမိန့်တော်မြတ် မှတ်တော်မူမည်ကို သိလိုလှပါသည် ဘုရား” ဟု မြတ်စွာဘုရားရှင်အား မေးလျှောက်ကြကုန်၏။
မြတ်စွာဘုရားရှင်က မိန့်တော်မူသည်မှာ- “သင်ချစ်သားတို့ .... သင်တို့ ထင်တိုင်းလည်း ကောင်းလှပေ၏။ ငါဘုရား၏ အလိုကား အကြင်ရဟန်းသည် ဆွမ်းစားပြီးသောအခါ တစ်နေရာရာတွင် တင်ပျဉ်ဖွဲ့ခွေ နေပြီးနောက် ငါသည် တရားကို အားထုတ်အံ့၊ အာသဝေါတရား မကုန်လျှင် ဤနေရာမှ မထပြီ” ဟူ၍ ဝိပဿနာဘာဝနာကို အားထုတ်ကာ နေကြခြင်းသည် ဤပင်လုံးကျွတ် ပွင့်လျက်ရှိ သော အင်ကြင်းတောကြီးကို ပို၍ လှပတင့်တယ် မွေ့လျော်ဖွယ် ကျက်သရေမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံစေမည်” ဟု အောက်ပါအတိုင်း ဘုရားရှင် မိန့်တော်မူ၏ -
န တာဝါဟံ ဣမံ ပလ္လင်္ကံ ဘိန္ဒိဿာမိ၊ ယာဝ မေ နာနုပါဒါယ အာသဝေဟိ စိတ္တံ ဝိမုစ္ဆိဿတီတိ။
(မူလပဏ္ဏာသပါဠိတော်၊ မဟာဂေါသိင်္ဂသုတ်၊ နှာ-၂၈၁)
“မေ၊ ငါ၏။ စိတ္တံ၊ စိတ်သည်။ ယာဝ၊ အကြင်မျှလောက် ကာလပတ်လုံး။ အနုပါဒါယ၊ ခန္ဓာငါးပါးတွင် တစ်ပါးသော ခန္ဓာကိုမျှ တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် (ငါ၏ခန္ဓာ ငါ၊ ငါ၏ကိုယ်ဟူ၍) မစွဲယူဘဲ။ အာသဝေဟိ၊ အာသဝေါတရား လေးပါးတို့မှ။ န ဝိမုစ္ဆိဿတိ၊ မလွတ်မြောက်သေး။ တာဝ၊ ထို မလွတ်မြောက်သေးသမျှ ကာလပတ်လုံး။ အဟံ၊ ငါသည်။ ဣမံ ပလ္လင်္ကံ၊ ဤဖွဲ့ခွေ နေသော ထက်ဝယ်တင်ပျဉ်ကို။ န ဘိန္ဒိဿာမိ၊ မဖျက်တော့အံ့၊ ဣတိ၊ ဤသို့။ စိတ္တံ၊ စိတ်ကို။ နိက္ခိပိတွာ၊ ချ၍။ နိသီဒတိ၊ နေ၏” ဟု ဘုရားရှင် မိန့်တော်မူ၏။
စာမျက်နှာ-414
ဤသို့လျှင် အဂ္ဂသာဝက မဟာသာဝကများနှင့်တကွ မြတ်စွာဘုရား ကိုယ်တော် တိုင် ဝိပဿနာ ဘာဝနာတရား ပွားများအားထုတ်ခြင်းသည် “အကောင်းဆုံး၊ အမွန်မြတ်ဆုံး၊ သာယာမွေ့လျော်ဖွယ် အရှိဆုံး၊ ကျက်သရေ မင်္ဂလာ အဖြာဖြာ အတိုးတက်ဆုံး” ဟူ၍ တစ်နေရာတည်းတွင် တစ်သဘောတည်း ချီးမွမ်းမိန့်တော် မူခဲ့ကြလေပြီ။
အတ္တဒတ္တမထေရ်
အတ္တဒတ္တမထေရ်ကား “ဘုရားရှင်သည် ယနေ့မှသည် လေးလမြောက်သော် ပရိနိဗ္ဗာန်ပြုတော်မူလတ္တံ့၊ ထို့ကြောင့် ဘုရားရှင် ပရိနိဗ္ဗာန်မပြုမီ ငါသည် ရဟန်း ကိစ္စကို ပြီးစေအံ့” ဟူသောစိတ်ဖြင့် မည်သည့်ပုဂ္ဂိုလ်နှင့်မျှလည်း ရောယှက်ခြင်း မပြုဘဲ ဝိပဿနာ ဘာဝနာတရားကို အားထုတ်ကြိုးစားလျက်နေ၏။ ဘုရားရှင် တော်မြတ်ထံသို့ပင် သွားရောက်ခြင်းကို မပြုဟူ၏။
ထိုအခါ အခြားသော ရဟန်းတော်များက ဘုရားရှင်အား ထိုသို့သော အခြင်း အရာကို လျှောက်ထားကြကုန်၏။ ထိုအခါ ဘုရားရှင်က “ငါ၏ချစ်သား အတ္တဒတ္ထ သည် ငါဘုရား ပရိနိဗ္ဗာန်ပြုတော်မမူမီ ရဟန်းကိစ္စကို ပြီးအောင် ဆောင်ရွက်နေ ခြင်းဖြစ်ရကား၊ ငါဘုရားသည် သင်တို့ထက် အတ္တဒတ္ထအား ချီးကျူး၏” ဟု မိန့်တော် မူ၏။ (ဓမ္မပဒ၊ အတ္တဝဂ်)။
အနာထပိဏ် သေဋ္ဌေးကြီး ငိုရရှာခြင်း
အနာထပိဏ် သေဋ္ဌေးကြီးသည် သေခါနီး၌ ဘုရားရှင်၏တရားတော်ကို နာလို၍ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ဤသို့ ဟောတော်မူ၏ -
သေဋ္ဌေးကြီး. . . မိမိကိုယ်၌ရှိသော စက္ခုပသာဒ၊ သောတပသာဒ၊ ဃာန ပသာဒ၊ ဇိဝှါပသာဒ၊ ကာယပသာဒ၊ မနောဒွါရတို့ကို တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့် စွဲလမ်းကာ (ငါ့ဥစ္စာ၊ ငါ၊ ငါ့ကိုယ်) ဟူ၍ မဖြစ်စေအပ်။
ထို့အတူ စက္ခုဝိညာဏ်စိတ်၊ သောတဝိညာဏ်စိတ်၊ ဃာနဝိညာဏ်စိတ် စသည်တို့ကိုလည်း တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် (ငါ့ဥစ္စာ၊ ငါ၊ ငါ့ကိုယ်) ဟု မဖြစ်စေရန် ဝိပဿနာ ဘာဝနာကို ကျင့်အပ်ကြောင်း ဟောတော်မူ၏။
ထိုသို့ ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး တရားဟောတော်မူရာတွင် အနာထပိဏ် သေဋ္ဌေးကြီးသည် မျက်ရည်တွေတွေ ယိုစီးကာ ငိုကြွေးလျက်ရှိ၏။
စာမျက်နှာ-415
ထိုအခါ အနီး၌ရှိသော အာနန္ဒာအရှင်မြတ်က “ဒကာကြီး... သေရမည့်ဘေးကို ထိုမျှကြောက်ရွံ့တုန်လှုပ်သလော” ဟုမေးတော်မူ၏။ အနာထပိဏ်သေဋ္ဌေးကြီးက လျှောက်ထားသည်မှာ “တပည့်တော် သေရမည့်ဘေးကို ကြောက်ရွံ့၍ မျက်ရည် ယိုစီး ငိုကြွေးခြင်းကို ပြုသည်မဟုတ်ပါဘုရား။ ငိုကြွေးရခြင်း အကြောင်းရင်းမှာ ထိုမျှကောင်းမွန်လှသော ဝိပဿနာ ဘာဝနာတရားကို သေခါမနီးမီ ရှေးအဖို့က တခါဖူးမျှ မကြားစဖူးပါဘုရား။ ယခု သေရခါနီးကျမှ တရားအားထုတ်ချိန် မရတော့ပါ။ ထိုတရားအားထုတ်ခွင့်မရသောအခါကျမှ ဤတရားကို ကြားနာရခြင်းကြောင့် အချိန်မရှိမှုကို ဝမ်းနည်းမိ၍ မျက်ရည် ယိုစီး ငိုကြွေးရခြင်း ဖြစ်ပါသည်ဘုရား ဟု လျှောက်ထားဖူးခဲ့လေပြီ။ (ဥပရိပဏ္ဏာသပါဠိတော်၊ သဠာယတနဝဂ်၊ အနာထပိဏ္ဍိကောဝါဒသုတ်၊ နှာ-၃ဝ၁)
ပဋာစာရီ
အခါတစ်ပါး၌ ပဋာစာရီအမည်ရှိသော အမျိုးသမီးသည် အမိ အဘ မောင် လင်ယောက်ျားနှင့် ရင်သွေးဖြစ်သော သားနှစ်ယောက်တို့သည် မရှေးမနှောင်း သေကျေပျက်စီးသွားခြင်းကြောင့် အရူးမကြီးအဖြစ်သို့ ရောက်ရှိပြီးလျှင် ဗုဒ္ဓမြတ်စွာ ဘုရားသခင်နှင့် တွေ့သောအခါ မြတ်ဗုဒ္ဓသည် တရားရေအေး အမြိုက်ဆေးဖြင့် တိုက်ကျွေးတော်မူသည်ရှိသော် စိုးရိမ်ပူဆွေး ငိုကြွေးရခြင်းဒုက္ခမှ သက်သာရာ ရရှိလာလေ၏။
ထိုမှတဖန် မြတ်ဗုဒ္ဓသခင်သည် ပဋာစာရီအမျိုးသမီးအား အောက်ပါ ပါဠိ တော်ဖြင့် ဟောပြောမိန့်ကြားတော်မူ၏ -
ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။
(ဓမ္မပဒ၊ ပဋာစာရာထေရီဝတ္ထု၊ နှာ-၃ဝ)
ယော စ၊ အကြင်သူသည်လည်း။ ဥဒယဗ္ဗယံ၊ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ဖြစ်ပုံပျက်ပုံကို။ အပဿံ-အပဿန္တော၊ မရှုမမြင်ဘဲ။ ဝဿသတံ၊ အနှစ်တစ်ရာ ကာလပတ်လုံး၊ ဇီဝေ၊ အသက်ရှည်၏။ တဿ၊ ထိုသူ၏။ ဇီဝိတာ၊ အနှစ်တစ်ရာ အသက်ရှည်မှုထက်၊ ဥဒယဗ္ဗယံ၊ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ဖြစ်ပုံပျက်ပုံကို။ ပဿတော၊ ရှုမြင်သောပုဂ္ဂိုလ်၏။ ဧကာဟံ၊ တစ်ရက်မျှ၊ ဇီဝိတံ၊ အသက်ရှည်ရ ခြင်းသည်၊ သေယျော။ မြတ်၏။
စာမျက်နှာ-416
ဤ၌လည်း ရယ်ကာမောကာ ပျော်ရွှင်စွာဖြင့် အနှစ်တစ်ရာ အသက်ရှည်ပြီး နေရခြင်းထက် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူ၍ လက္ခဏာယဉ် သုံးပါးတင်ကာ ဝိပဿနာ ဘာဝနာတရားကို တစ်ရက်မျှ ပွားများ အားထုတ်သူကို မြတ်စွာဘုရားသခင် ချီးမွမ်းတော်မူခြင်းဖြစ်လေသည်။
ထိုသို့ ချီးမွမ်းတော်မူသော ဗုဒ္ဓမြတ်စွာဘုရားသခင်၏ ဒေသနာတော်မြတ်ကို သာဓကပြု၍ ဝိပဿနာတရားအလုပ်ကို မနားမနေ ကြိုးစားအားထုတ်ကုန်ရာ၏။
သမထအမျိုးမျိုး (ကမ္မဋ္ဌာန်း ၄၀)
ကမ္မဋ္ဌာန်းဟူသည် သမထဘာဝနာကံ, ဝိပဿနာ ဘာဝနာကံ နှစ်ပါးတို့၏ဖြစ်ရာ ဖြစ်ကြောင်း ဖြစ်သောကြောင့် ကသိုဏ်း ပညတ် စသော တေဘုမ္မာက သင်္ခါရ တရားတို့ကို ခေါ်ဆိုပါသည်။
သမထ (စိတ်တည်ငြိမ်မှု)ကို ပေါက်မြောက်အောင်မြင်ရန် အလို့ငှာ ကမ္မဋ္ဌာန်း (စိတ်အာရုံစူးစိုက်ရာ ဌာနများ) လေးဆယ်အနက် တစ်ပါးပါးကို စူးစိုက်အားထုတ် ရပေသည်။ ထိုကမ္မဋ္ဌာန်းလေးဆယ်ကို ပါဠိ-မြန်မာတွဲဖက်၍ ရှင်းလင်း ဖော်ပြသွား ပါမည် -
(၁) ကသိုဏ်း (၁၀)ပါး
၁။ ပထဝီကသိဏ- ပထဝီ (မြေ) ကသိုဏ်း
၂။ အာပေါကသိဏ- အာပေါ (ရေ) ကသိုဏ်း
၃။ တေဇောကသိဏ- တေဇော (မီး) ကသိုဏ်း
၄။ ဝါယောကသိဏ- ဝါယော (လေ) ကသိုဏ်း
၅။ နီလကသိဏ- နီလ (အညိုရောင်) ကသိုဏ်း
၆။ ပီတကသိဏ- ပီတ (အဝါရောင်) ကသိုဏ်း
၇။ လောဟိတကသိဏ- လောဟိတ (အနီရောင်) ကသိုဏ်း
၈။ ဩဒါတကသိဏ- ဩဒါတ (အဖြူရောင်) ကသိုဏ်း
၉။ အာကာသကသိဏ- အာကာသ (ကောင်းကင်) ကသိုဏ်း
၁၀။ အာလောကကသိဏ- အာလောက (အလင်းရောင်) ကသိုဏ်း တို့ဖြစ်ပါသည်။
စာမျက်နှာ-417
(၂) အသုဘ (၁၀)ပါး
၁။ ဥဒ္ဓုမာတက - ဖူးဖူးရောင်သော လူသေကောင်၂။ ဝိနီလက - အညို၊ အနီ စသည် ရောယှက်လျက် အရောင် အဆင်းပျက်နေသော လူသေကောင်
၃။ ဝိပုဗ္ဗက - ပုပ်ရိပြီး သွေးပြည်တို့ဖြင့် ကွဲအက်ယိုကျနေသော လူသေကောင်
၄။ ဝိစ္ဆိဒ္ဒက - အရေပြားများ အပိုင်းပိုင်း ကွဲအက်နေသော လူသေကောင်
၅။ ဝိက္ခာယိတက - ခွေး, ကျီး, လင်းတ စသည်တို့ ထိုးဆွ ကိုက်ခဲ၍ မွမွကြနေသော လူသေကောင်
၆။ ဝိက္ခိတ္တက - ခြေတခြား, လက်တခြား, ခေါင်း, ကိုယ် စသည်တို့ကို ကစဉ့်ကလျား ပစ်လွှင့်ထားသော လူသေကောင်
၇။ ဟတဝိက္ခိတ္တက - ဓားဖြင့် အပိုင်းပိုင်း ခုတ်ဖြတ်အပ်သော လူသေကောင်
၈။ လောဟိတက - ထိုမှ ဤမှ သွေးယိုထွက်၍ အနှံ့အပြား သွေးလိမ်းကျံ နေသော လူသေကောင်
၉။ ပုဠုဝက - ပိုးလောက်များ ကျိကျိတက်ပြည့်နေသော လူသေကောင်
၁၀။ အဋ္ဌိက - အရိုးစုသာ ကြွင်းကျန်သော လူသေကောင်တို့ ဖြစ်ပါသည်။
(၃) အနုဿတိ (၁၀)ပါး
၁။ ဗုဒ္ဓနုဿတိ - အရဟံ အစရှိသော မြတ်စွာဘုရား၏ ဂုဏ်တော် ကိုးပါးကို အဖန်တလဲလဲအောက်မေ့ခြင်း။
၂။ ဓမ္မနုဿတိ - သွက္ခာတတာ အစရှိသော တရားတော်၏ဂုဏ်တော် ခြောက်ပါးကို အဖန်တလဲလဲ အောက်မေ့ခြင်း
၃။ သံဃာနုဿတိ - သုပဋိပန္နာ အစရှိသော သံဃာတော်၏ ဂုဏ်တော် ကိုးပါးကို အဖန်တလဲလဲ အောက်မေ့ခြင်း။
စာမျက်နှာ-418
၄။ သီလာနုဿတိ - မိမိ၏ သီလဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း
၅။ စာဂါနုဿတိ - မိမိပြုခဲ့ဖူးသည့် ဒါန အစုစုကို အဖန်တလဲလဲ အောက်မေ့ခြင်း
၆။ ဒေ၀တာနုဿတိ - သဒ္ဓါအစရှိသော ဂုဏ်နှင့်ပြည့်စုံသဖြင့် နတ်ဖြစ် လေကုန်သည်။ ငါလည်း သဒ္ဓါအစရှိသော ဂုဏ်တို့နှင့် ပြည့်စုံ၏ဟု နတ်တို့ကို သက်သေထား၍ အဖန်တလဲလဲ အောက်မေ့ခြင်း
၇။ ဥပသမာနုဿတိ - နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးကို အဖန်တလဲလဲအောက်မေ့ခြင်း
၈။ မရဏာနုဿတိ - သေခြင်းကို အဖန်တလဲလဲအောက်မေ့ခြင်း
၉။ ကာယဂတာသတိ - ဆံပင်, အမွှေး, လက်သည်း၊ ခြေသည်း စသည့် (၃၂)ပါး သော ကောဋ္ဌာသကို အောက်မေ့ခြင်း
၁၀။ အာနာပါနဿတိ - နှာခေါင်းမှ ထွက်သက်, ဝင်သက်ကို အောက်မေ့ခြင်း တို့ဖြစ်သည်။
(၄) ဗြဟ္မဝိဟာရ (ဗြဟ္မစိုရ်) ၄ ပါး
၁။ မေတ္တာ - ချစ်ခြင်းဖြင့် သတ္တဝါပညတ်အပေါ် ပွားများစူးစိုက်ခြင်း
၂။ ကရုဏာ - သနားကြင်နာစိတ်ဖြင့် သတ္တဝါတို့အပေါ် ပွားများစူးစိုက်ခြင်း
၃။ မုဒိတာ - သူတပါးတို့ ကြီးပွားချမ်းသာခြင်း၌ ဝမ်းမြောက်သော စိတ်ဖြင့် သူတပါးတို့အပေါ် (ဝါ) သတ္တဝါတို့အပေါ် ပွားများစူးစိုက်ခြင်း
၄။ ဥပေက္ခာ - မုန်းခြင်း, ချစ်ခြင်း မထားသောစိတ်ဖြင့် သတ္တဝါတို့အပေါ် ပွားများစူးစိုက်ခြင်း-တို့ဖြစ်ပါသည်။
(၅) သညာတစ်ပါး
၁။ အာဟာရေ ပဋိကူလသညာ - စားသောက်သော အာဟာရတို့အပေါ် စက်ဆုပ်ဖွယ်အနေ ထင်မြင်အောင် စူးစိုက်ရှုပွားခြင်း ဖြစ်၏။
(၆) စတုဓာတုဝဝတ္ထာန်တစ်ပါး
၁။ စတုဓာတုဝဝတ္ထာန - မိမိခန္ဓာကိုယ်ကို ရေ, မြေ, လေ, မီး ဟူသော မဟာဘုတ်ကြီးလေးပါးအနေ ထင်မြင်အောင် စူးစိုက် ရှုပွားခြင်း ဖြစ်၏။
စာမျက်နှာ-419
(၇) အရူပ္ပ (အပ္ပမညာ) လေးပါး
၁။ အာကာသာနဉ္စာယတန - အစအဆုံးမရှိ အနန္တကောင်းကင်ပညတ်ကို စူးစိုက်ခြင်း၂။ ဝိညာဏဉ္စာယတန - အစအဆုံးမရှိ အနန္တပထမာရုပ္ပဝိညာဏ်ကို စူးစိုက်ခြင်း
၃။ အာကိဉ္စညာယတန - ဘာမျှမရှိခြင်းသဘော နတ္ထိဘောပညတ်ကို စူးစိုက်ခြင်း
၄။ နေဝသညာနာသညာယတန - သညာရှိသည်လည်းမဟုတ်၊ မရှိသည်လည်း မဟုတ်သော တတိယာရုပ္ပဝိညာဏ်ကို စူးစိုက်ခြင်းတို့ ဖြစ်ပါသည်။
သမထနှင့် ဝိပဿနာ ၂-ပါးသာလျှင် အားကိုးဖွယ်
သမထကိုသော်လည်းကောင်း၊ ဝိပဿနာကိုသော်လည်းကောင်း ပွားများ အားထုတ်ခြင်းမရှိဘဲ နေပါက နီဝရဏတရားတို့၏ ဖုံးအုပ်ကာကွယ်သော အနှောင့်အယှက်တို့မှ မလွတ်ကင်းနိုင်၊ စိတ်ကိုမထိန်းသိမ်းဘဲ လွှတ်ထားပါက စိတ်သည် ကာမစ္ဆန္ဒ စသော နီဝရဏတရားဘက်၌သာ မွေ့လျော်ကျက်စားလေ့ ရှိ၏။ ထို့ကြောင့် ဓမ္မပဒပါဠိတော်၊ ပါပဝဂ်၌-
“ပါပသ္မိံ ရမတိ မနော (စိတ်သည် မကောင်းမှု၌ မွေ့လျော်၏)” ဟူ၍ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့လေသည်။
ဤသို့ စိတ်ကို လွှတ်၍မထားဘဲ သမထနည်းဖြင့် ဖြစ်စေ၊ ဝိပဿနာနည်းဖြင့် ဖြစ်စေ ထိန်းသိမ်းထားရပေမည်။ သေခါနီး၌ စိတ်ကို ပြောင်းနိုင်ရန် သေခါနီးကျမှ ကျင့်၍ မရ၊ အချိန်လည်း မရှိတော့၊ ရောဂါဝေဒနာ အပြင်းဖိစီး၍ သေခါနီးတွင် အကုသိုလ်စိတ် ပေါ်လာပါက အခြားကုသိုလ်စိတ်သို့ ပြောင်းနိုင်ရန် ယခုကျန်းမာစဉ် အခါက သမထလုပ်ငန်းနှင့် ဝိပဿနာလုပ်ငန်းတို့ကို ကျင့်ထားပါမှ ထိုသေခါနီး အချိန်တွင် မိမိစိတ်ကို မိမိနိုင်၍ အကုသိုလ်စိတ်မှ ကုသိုလ်စိတ်သို့ ပြောင်းနိုင် လေသည်။ သမထလုပ်ငန်းနှင့် ဝိပဿနာလုပ်ငန်းတို့ကို အာသေဝန ပစ္စည်း ရအောင် ကြိမ်ဖန်များစွာ ထုံထားသူ၊ လေ့ကျင့်ထားသူသည် ယခုချက်ချင်းပင်လျှင် မိမိစိတ်ကို လိုရာအာရုံသို့ ပြောင်းရွှေ့ယူနိုင်လေသည်။
စာမျက်နှာ-420
ထိုကဲ့သို့ မိမိစိတ်ကို နိုင်နင်းနေသူဖြစ်ထားမှ သေခါနီးတွင် အကုသိုလ်စိတ်မှ ကုသိုလ်စိတ်သို့ လွယ်ကူစွာ ရွှေ့ပြောင်းထားနိုင်ပေမည်။ ထို့ကြောင့် သေခါနီး အချိန်တွင် အလွန်အရေးကြီးရကား လားရာဂတိ ကောင်းစိမ့်သောငှာ သမထ လုပ်ငန်းနှင့် ဝိပဿနာလုပ်ငန်းများကို ယခုက စ၍ လေ့ကျင့်ထားရပေမည်။
သမထလုပ်ငန်းဖြစ်စေ, ဝိပဿနာလုပ်ငန်းဖြစ်စေ လေ့ကျင့်နိုင်နင်းထားသူသည် သေခါနီး၌သာ အသုံးဝင်သည်မဟုတ်၊ ယခုလောလောဆယ်၌လည်း အကုသိုလ် စိတ် ဖြစ်ပေါ်နေစဉ် သတိရလျှင် ချက်ချင်း ကုသိုလ်စိတ်ဘက်သို့ ပြောင်းနိုင်သဖြင့် မသေမီအတွင်းမှာလည်း များစွာအကျိုးရှိလေသည်။
အထက်ပါ အကြောင်းခြင်းရာတို့ကို ထောက်ဆ၍ လူတို့သည် သေခါနီး အချိန်တွင် စိတ်ထား မထားတတ်နိုင်ရကား သေသည်၏ အခြားမဲ့၌ သစ်ပင်မှ သစ်ရွက်ငယ်သည် လေတိုက်သောအခါ လေတွင် ပါရှိသွားပြီးလျှင် ကျချင်သည့်နေရာ၌ ကျရဘိသကဲ့သို့ မဖြစ်စေရန် မိမိလားရာဂတိကို ကောင်းစွာ အလိုရှိသောသူသည် သမထလုပ်ငန်းနှင့် ဝိပဿနာလုပ်ငန်းမှတပါး အခြားကိုးကွယ်ရာ မရှိတော့ချေ။
စာမျက်နှာ-421
အခန်း (၇)
ကမ္မဋ္ဌာန်းအားမထုတ်ခင် လိုအပ်ချက်များ
ပလိဗောဓ
ပလိဗောဓ ဆိုသည်မှာ ကမ္မဋ္ဌာန်း ဝိပဿနာကို အားထုတ်ဆဲအခါ ဖြစ်ပေါ် လာတတ်သော ပူပန်စရာ စိုးရိမ်စရာ ကြောင့်ကြစရာ (အနှောင်အဖွဲ့) မျိုးကို ဆို၏။ ထိုပူပန် စိုးရိမ် ကြောင့်ကြစရာဖြစ်သော ပလိဗောဓကို ကမ္မဋ္ဌာန်းဝိပဿနာ အားထုတ်ရာ၌ ဝင်ရောက်နှောင့်ယှက်ခြင်း မရှိစေခြင်းငှာ ရှေးဦးစွာ ပယ်ရှင်း၍ ကင်းပြတ်အောင် ပြုလုပ်ထားရမည်ဟု ဆိုလိုသည်။
ပလိဗောဓကြီး ၁ဝ ပါး
ဤပူပန် စိုးရိမ်ကြောင့်ကြစရာဖြစ်သော ပလိဗောဓကြီးသည် ဆယ်ပါးအပြားရှိ၏။ ထိုဆယ်ပါးတို့မှာ အောက်ပါတို့ဖြစ်၏ -
၁။ အာဝါသပလိဗောဓ - ကျောင်းနေရာ အရိပ်အာဝါသ အတွက် ဆောင်ရွက်ရန်မပြီးစီးသဖြင့် ကြွင်းကျန်နေ၍ ပူပန်စိုးရိမ်ကြောင့်ကြနေရခြင်း၊
၂။ ကုလပလိဗောဓ - အလုပ်အကျွေး, အစေအပါး, ဒါယကာ ဒါယိကာမအတွက် စိတ်လက်မချ၊ သောက မကင်း၍ ကြောင့်ကြနေရခြင်း၊
၃။ လာဘပလိဗောဓ - ရရှိပြီးသော ပစ္စည်းဥစ္စာ၊ ရလတ္တံ့သော ပစ္စည်း ဥစ္စာတို့ အတွက် ငဲ့ကွက်၍ ကြောင့်ကြ နေရခြင်း
၄။ ဂဏပလိဗောဓ - နှစ်သက်ချစ်ခင် မေတ္တာဝင်၍ အကျွမ်းဝင်သော မိတ်သင်္ဂဟဖြစ်သဖြင့် အတူတကွ စားသောက် နေထိုင် လုပ်ကိုင် သွားလာဖူးသော သီတင်း သုံးဖော် စသော အပေါင်းအသင်း (ဂိုဏ်း) များ အတွက် ငဲ့ကွက်ကြောင့်ကြနေရခြင်း၊
စာမျက်နှာ-422
၅။ ကမ္မပလိဗောဓ - ထိုထိုဝေယျာဝစ္စ အမှုငယ်, အမှုသစ် လုပ်စရာ ကိုင်စရာ အတွက်ဝိတက်ရှုပ်ထွေး စိတ် မအေး သဖြင့် တရေးရေး ကြံစည် တွေးဆ၍ ကြောင့်ကြနေရခြင်း၊
၆။ အဒ္ဓါနပလိဗောဓ - အဝေးအနီး ကိစ္စကြီးငယ် အသွယ်သွယ် ကြောင့် မဖြောင့်စိတ်ထား လမ်းခရီးများ သွား လာရန် မကင်းရှင်းသဖြင့် ကြောင့်ကြနေရခြင်း၊
၇။ ဉာတိပလိဗောဓ - ဆရာ တပည့် မိဘ ဘိုးဘွား ညီရင်းအစ်ကို မောင်နှမသားချင်းစသော ဆွေမျိုးများအတွက် စိတ်လက် မအေးဘဲ တွေးတော ကြံဆ၍ ကြောင့်ကြနေရခြင်း၊
၈။ အာဗာဓပလိဗောဓ - အနာရောဂါ ဝေဒနာတစ်ခုခု စွဲကပ်နေမှု ကြောင့် နေထိုင်စားသောက် မကောင်းခြင်း စသည်များအတွက် စိတ်လက်ညှိုးနွမ်း မချမ်းမသာဖြစ်၍ ကြောင့်ကြနေရခြင်း၊
၉။ ဂန္ထပလိဗောဓ - စာပေကျမ်းဂန်ကို သင်အံပို့ချခြင်း၊ ရေးသား ပြုစုခြင်း၊ ဟောပြောသင်ကြားနေရခြင်း၊ ဘုရား ပုထိုးရှိခိုးခြင်း ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ စာပေး စာယူပြုလုပ်ခြင်း စသည်များအတွက် ငဲ့ကွက် ကြောင့်ကြနေရခြင်း၊
၁၀။ ဣဒ္ဓိပလိဗောဓ - ပုထုဇဉ် ပုဂ္ဂိုလ်တို့၌ ရရှိထားသော ဈာန် အဘိညာဉ်တို့ဖြင့် မိုးပျံမြေလျှိုး အမျိုးမျိုး ဖန်ဆင်းခြင်းစသော တန်ခိုးဣဒ္ဓိပါဒ်အတွက် ငဲ့ကွက် ကြောင့်ကြနေရခြင်း။
ထိုပလိဗောဓ ၁၀-ပါး၏ အဓိပ္ပာယ်ကို အသေးစိတ် သိနိုင်ရန်အလို့ငှာ ထပ်ဆင့်၍ ရှင်းလင်းပါဦးမည် -
(၁) အာဝါသပလိဗောဓ
ကျောင်းသည်ပင်လျှင် အာဝါသပလိဗောဓမည်၏ဟူသော စကားရပ်၌ တိုက်ခန်း တစ်ခုကိုဖြစ်စေ၊ ပရိဝုဏ်တစ်ခုကိုဖြစ်စေ၊ အလုံးစုံသော သံဃာ့အာရာမ်ကိုဖြစ်စေ ကျောင်းဟု ဆိုအပ်ပေသည်။ ထိုကျောင်းသည် အလုံးစုံသော ယောဂီအားပင်
စာမျက်နှာ-423
ပလိဗောဓဖြစ်သည် မဟုတ်ပေ။ ဤကျောင်းတွင် ကျောင်းပြင်ခြင်း စသော အမှု ကိစ္စတို့၌ ကြောင့်ကြစိုက်သောသူ၊ သပိတ်, သင်္ကန်းစသော များစွာသော ပစ္စည်း တို့ကို သိုမှီးသိမ်းဆည်းထားသောသူ၊ အရိပ်အာဝါသ ရေတို့နှင့် ပြည့်စုံခြင်း, ဆွမ်းရလွယ်ခြင်း ဤသို့ အစရှိသော အကြောင်းကြောင့်ငဲ့ကွက်နေရခြင်းရှိသည် ဖြစ်၍ တွယ်တာသောစိတ် ရှိသူတို့အားသာလျှင် ပလိဗောဓဖြစ်၏။ ဤမှအခြား တပါးသောသူအား ပလိဗောဓ မဖြစ်ပေ။
အနုရာဓ မြို့သားနှစ်ဦးအကြောင်း
အနုရာဓမြို့သား နှစ်ဦးသည် ထူပါရုံကျောင်း၌ ရဟန်းပြုကြကုန်၏။ ထိုရဟန်း နှစ်ပါးတို့တွင် တစ်ပါးသည် ဒွေမာတိကာကို နှုတ်တက်ရအောင်ပြု၍ ရဟန်း ၅-ဝါ ရသောအခါ ပဝါရဏာပြုပြီးလျှင် ပါစိနခဏ္ဍရာဇိ၁ မည်သောအရပ်သို့ ကြွသွား လေ၏။ တစ်ပါးကမူ ထိုထူပါရုံကျောင်း၌ပင် သီတင်းသုံးနေ၏။ ပါစိနခဏ္ဍရာဇိ အရပ်သို့ ကြွသွားသောရဟန်းသည် ထိုအရပ်၌ ကြာမြင့်စွာနေပြီးနောက် ဆယ်ဝါ ပြည့်မြောက် ထေရ်အဖြစ်သို့ ရောက်သောအခါ “ဤအရပ်သည် တစ်ကိုယ်တည်း ကိန်းအောင်းဖို့ရာ သင့်လျော်၏။ ယခု ထူပါရုံကျောင်း၌ ကျန်ရစ်ခဲ့သော မိတ်ဆွေ ရဟန်းအားလည်း ထိုပါစိနခဏ္ဍရာဇိ အရပ်အကြောင်းကို ပြောကြားအံ့” ဟု ကြံစည် ၏။ ထိုသို့ ကြံစည်ပြီးနောက် ထိုအရပ်မှထွက်ခဲ့ရာ ထူပါရုံကျောင်းသို့ ဝင်လေ၏။ ဝင်လာစဉ်ပင်လျှင် မိတ်ဆွေရဟန်းသည် ခရီးဦးကြိုဆို၍ သပိတ်သင်္ကန်းကို ယူကာ ဝတ်ပြု၏။ ပါစိနခဏ္ဍရာဇိအရပ်နေ မထေရ်သည် ကျောင်းသို့ဝင်ပြီးနောက် “ငါ၏အဆွေ ရဟန်းသည် ထောပတ်ကိုဖြစ်စေ, တင်လဲကိုဖြစ်စေ, အဖျော်ကိုဖြစ်စေ ငါ၏ အထံသို့ အပို့လွှတ်လိမ့်မည်၊ ပို့နိုင်စရာအကြောင်းလည်းရှိပေသည်၊ အဘယ်ကြောင့်ဆိုသော် ဤအဆွေရဟန်းသည် ဤမြို့၌ အနေကြာပေပြီ” ဟု ကြံတွေးမျှော်လင့်နေသော်လည်း မျှော်လင့်သည့်အတိုင်း တစ်ခုမှ ပေါ်မလာပေ။
တဖန် နံနက်အခါ၌ “အလုပ်အကျွေး ဒါယကာတို့ ယူလာသော ယာဂုခဲဖွယ် ကို ယခုအပို့လွှတ်ပေလိမ့်မည်” ဟု ကြံတွေးမျှော်လင့်ပြန်၏။ ထိုမျှော်လင့်ထားသော ယာဂု ခဲဖွယ်သည်လည်း ပေါ်မလာပေ။ ထို့နောက် “ပို့သူ ဒါယကာများ မရှိ ကြပေ၊ ရွာထဲသို့ ဆွမ်းခံဝင်သောအခါ လှူကြလိမ့်မည်” ဟု ကြံတွေးလျက် နံနက် စောစော၌ပင် ထိုထူပါရုံနေ ရဟန်းနှင့်အတူ ရွာတွင်းသို့ ဆွမ်းခံကြွလေ၏။ ထိုရဟန်းနှစ်ပါးတို့သည် ဆွမ်းခံသည်ရှိသော် တစ်ခွက်မျှသော ယာဂုကို ရ၍
၁။ ပါစိန=အရှေ့အရပ်-အရှေ့ဘက်+ခဏ္ဍ=အပြတ်+ရာဇိ-အရေးအကြောင်း အတန်း၊ ပါစိနခဏ္ဍရာဇိ=အရှေ့ဘက်တောင်တန်းအပြတ်၊ ဝါ-တောင်တန်းပြတ်။
စာမျက်နှာ-424
ဆွမ်းစားဇရပ်၌ ထိုင်ပြီးလျှင် ဘုဉ်းပေးသုံးဆောင်ကြ၏၊ ဆွမ်းဘုဉ်းပေးပြီးနောက် ပါစိနခဏ္ဍရာဇိအရပ်နေ ရဟန်းက “အရှင်ဘုရား - အခါခပ်သိမ်း ဤသို့ပင် မျှတနေပါသလော” ဟု ထူပါရုံနေရဟန်းကို မေးမြန်းလေသည်။ ထူပါရုံနေရဟန်းက “ဟုတ်ပေ၏ ငါ့ရှင်” ဟုပြန်ဖြေ၏၊ ထို့နောက် ပါစိနခဏ္ဍရာဇိအရပ်နေ ရဟန်းက “အရှင်ဘုရား-ပါစိနခဏ္ဍရာဇိအရပ်သည် နေချင်စရာ ကောင်းပါ၏၊ ချမ်းသာပါ၏ ထိုအရပ်သို့ သွားကြကုန်အံ့” ဟု ထူပါရုံနေ ရဟန်းအား လျှောက်ထား၏။
ထိုအခါ ထူပါရုံနေရဟန်းသည် မြို့၏တောင်ဘက်တံခါးမှ ထွက်၍ အိုးထိန်း သည်ရွာလမ်းသို့ ကြွလေ၏။ ပါစိနခဏ္ဍရာဇိအရပ်နေ ရဟန်းက “အရှင်ဘုရား- ဤလမ်းသို့ အဘယ်ကြောင့် ကြွပါသနည်း”ဟု ထူပါရုံနေရဟန်းအား မေး၏။ ထူပါရုံနေရဟန်းက “ငါ့ရှင်-သင်သည် ပါစိနခဏ္ဍရာဇိ အရပ်၏ ပျော်မွေ့ဖွယ်ရာ အကြောင်းကို ပြောဆိုသည် မဟုတ်ပါလော” ဟု ဖြေကြား၏၊ ပါစိနခဏ္ဍရာဇိအရပ် နေရဟန်းက “အရှင်ဘုရား-အရှင်ဘုရားတို့အား ဤမျှလောက် ကာလပတ်လုံး ကျောင်း၌ တစုံတခုသော အပိုပရိက္ခရာ မရှိပါသလော” ဟုမေး၏။ ထူပါရုံနေ ရဟန်းက “မရှိပါငါ့ရှင်၊ ညောင်စောင်းနှင့် အင်းပျဉ်သည် သံဃိကသာဖြစ်၏၊ အခြားပစ္စည်းလည်း တစုံတရာမျှ မရှိပါ” ဟုလျှောက်၏။ ပါစိနခဏ္ဍရာဇိ အရပ်နေ ရဟန်းက “အရှင်ဘုရား- တပည့်တော်မှာမူ တောင်ဝှေး, ဆီကျည်တောက် ဖိနပ်အိတ်တို့သည် ထိုထူပါရုံကျောင်း၌ပင် ကျန်ရှိသေး၏” ဟု လျှောက်ထား၏၊ ထူပါရုံနေရဟန်းက အံ့အားသင့်လျက် “ငါ့ရှင်-သင်သည် တစ်နေ့တာမျှနေ၍ ဤမျှများပြားသော ပရိက္ခရာတို့ကို ထားခဲ့ပေသကိုး” ဟုပြောကြား၏။ ပါစိနခဏ္ဍရာဇိ အရပ်နေ ရဟန်းက “မှန်ပါသည် ဘုရား” ဟု ဝန်ခံပြောဆိုလေ၏။ ထို ပါစိနခဏ္ဍ ရာဇိအရပ်နေ ရဟန်းသည် ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ ထူပါရုံနေ ရဟန်းကို ရှိခိုး၏။ ထူပါရုံကျောင်းနေရဟန်းသည် သပိတ်, သင်္ကန်းကိုယူပြီးလျှင် တစ်ပါးတည်း ပါစိနခဏ္ဍရာဇိ အရပ်သို့ ကြွသွားလေ၏။ ဤကဲ့သို့ ထူပါရုံကျောင်းနေ ရဟန်းအား ကျောင်းသည် ပလိဗောဓ မဖြစ်ပေ။
(၂) ကုလပလိဗောဓ
ဆွေမျိုးဒါယကာကိုဖြစ်စေ, အလုပ်အကျွေးဒါယကာကိုဖြစ်စေ “ကုလ” (ဒါယကာ) ဟု ဆိုအပ်ပေ၏။ မှန်ပေ၏။ “ဒါယကာတို့ ချမ်းသာသည်ရှိသော် မိမိလည်း ချမ်းသာ၏” အစရှိသောနည်းဖြင့် ဒါယကာတို့နှင့် ချစ်ကျွမ်းဝင်ပြီးရောယှက်လျက် နေသော အချို့ရဟန်းအား အလုပ်အကျွေး ဒါယကာသော်လည်း ပလိဗောဓဖြစ်၏ ထိုသို့သော ရဟန်းသည် အလုပ်အကျွေး ဒါယကာတို့နှင့် ကင်း၍ အနီးအပါးရှိ
စာမျက်နှာ-425
ကျောင်းသို့သော်လည်း တရားနာရန်ပင် မသွားနိုင်ပေ၊ အချို့သော ရဟန်းအားမူ အမိအဘတို့သော်လည်း ပလိဗောဓ မဖြစ်ကြပေ။
ကောရဏ္ဍကကျောင်းနေ မထေရ်၏တူ ပဉ္စင်းငယ်အကြောင်း
ကောရဏ္ဍကကျောင်း၌ သီတင်းသုံးသောမထေရ်၏တူ ပဉ္စင်းငယ်သည် ပါဠိ သင်ရန်အလို့ငှာ ရောဟဏဇနပုဒ်သို့ ကြွသွားလေ၏။ ကောရဏ္ဍကကျောင်းနေ မထေရ်၏ နှမ ဥပါသိကာမသည်လည်း သားဖြစ်သူ ပဉ္စင်းငယ်၏ အကြောင်းကို အမြဲတစေ မေးလျှောက်၏။ တစ်နေ့သ၌ ကောရဏ္ဍကကျောင်းနေ မထေရ်သည် ပဉ္စင်းငယ်ကို ခေါ်မည်ဟု ကြံစည်၍ ရောဟဏဇနပုဒ်သို့ ကြွတော်မူ၏။ ပဉ္စင်းငယ် သည်လည်း “ငါသည် ဤအရပ်၌ နေခဲ့သည်မှာ ကြာညောင်းခဲ့လေပြီ၊ ယခုအခါ ဥပဇ္ဈာယ်ဆရာကို ကန်တော့၍ မိခင်၏ အကြောင်းကို သိပြီးလျှင် ပြန်လာအံ့” ဟု ကြံစည်၍ ရောဟဏဇနပုဒ်မှ ထွက်ခွာခဲ့၏။ ထိုတူဝရီး နှစ်ပါးလုံးသည် ဂင်္ဂါမြစ်ကမ်း၌ တွေ့ဆုံမိကြလေ၏။ ပဉ္စင်းငယ်သည် တစ်ခုသော သစ်ပင်ရင်း၌ မထေရ်အား ဝတ်ပြု၏။ “အဘယ်အရပ်သို့ သွားမည်နည်း” ဟု မထေရ်က မေးသော် မိမိ လာခဲ့ခြင်းအကြောင်းကို လျှောက်ထားလေ၏။ မထေရ်က “သင်သည် မိမိရပ်ရွာသို့ ပြန်လာခြင်းကား ကောင်းပါပေသည်၊ သင်၏မယ်တော်လည်း သင့်အကြောင်းကို ငါ့အား ခဏခဏ မေးလေ့ရှိ၏။ ငါသည်လည်း သင့်ကို ခေါ်ရန် လာခဲ့သည်၊ သင်သွားပေတော့၊ ငါကား ဤအရပ်၌ပင် ဝါကပ်တော့အံ့” ဟု မိန့်ကြား၍ ပဉ္စင်းငယ်ကို လွှတ်လိုက်လေ၏။ ပဉ္စင်းငယ်သည် ဝါကပ်သောနေ့၌ပင်လျှင် ထိုကောရဏ္ဍကကျောင်းသို့ ရောက်လေ၏။ ထိုကျောင်းသည်လည်း ပဉ္စင်းငယ်၏ ဖခင် လှူဒါန်းထားသော ကျောင်းဖြစ်သည်။ ပဉ္စင်းငယ်သည် ထိုကျောင်း၌ပင် ဝါကပ်ရတော့၏။
ထိုအခါ ပဉ္စင်းငယ်၏ ဖခင်သည် နောက်တစ်နေ့၌ ကျောင်းသို့လာ၍ “အရှင် ဘုရား-တပည့်တော်တို့၏ကျောင်း၌ ဝါကပ်သော ရဟန်းအား ဝတ်ရှိပါသည်” ဟု လျှောက်ထား၏။ ပဉ္စင်းငယ်က “အဘယ်ဝတ်နည်း ဒါယကာ” ဟု မေးလတ်သော် “ဝါတွင်းသုံးလပတ်လုံး တပည့်တော်တို့၏ အိမ်၌သာလျှင် ဆွမ်းခံ၍ ပဝါရဏာပြုပြီး နောက် ပြန်ကြွသောအခါ၌ တပည့်တော်တို့အား ပြောကြားရပါမည်” ဟု လျှောက်ထား၏၊ ပဉ္စင်းငယ်သည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံလိုက်၏။
ပဉ္စင်းငယ်၏ ဖခင်သည် အိမ်သို့ ပြန်သွား၍ “ငါတို့၏ကျောင်း၌ အာဂန္တု အရှင်မြတ်တစ်ပါး ကြွရောက်နေပေပြီ၊ ရိုရိုသေသေ လုပ်ကျွေးပြုစုရမည်” ဟု သူ၏ ဇနီးအား ပြောလေ၏။ ဇနီးသည်ကလည်း “ကောင်းပါပြီ” ဟု ဝန်ခံ၍ မွန်မြတ်သော
စာမျက်နှာ-426
ခဲဖွယ်ဘောဇဉ်တို့ကို စီမံလေ၏။ ပဉ္စင်းငယ်သည်လည်း ဆွမ်းစားချိန်၌ ဆွေမျိုး (မိဘ) အိမ်သို့ ကြွ၏။ သို့ရာတွင် ပဉ္စင်းငယ်ကို တစုံတယောက်မျှ မမှတ်မိ ကြချေ။ ပဉ္စင်းငယ်သည် ဝါတွင်း သုံးလပတ်လုံး မိခင်ဖခင်တို့၏ အိမ်၌ပင် ဆွမ်းဘုဉ်းပေး၍ဝါကျွတ်လတ်သော် “ဦးပဉ္စင်းသွားတော့မည်” ဟု ပန်ကြားလေ၏။
ထိုအခါ၌ ပဉ္စင်းငယ်အား ဆွေမျိုး (မိဘ)တို့က “အရှင်ဘုရား- နက်ဖြန်မှ ကြွပါဘုရား”ဟု လျှောက်ထားကြပြီးလျှင် နောက်တစ်နေ့ အိမ်မှာပင် ဆွမ်းကပ် လျက် ဆီကျည်တောက်ကို ဆီအပြည့် ထည့်ပေးပြီးလျှင် တင်လဲတစ်ခဲနှင့် ကိုးတောင် ရှိသော အဝတ်စကို လှူ၍ “အရှင်ဘုရား - ကြွနိုင်ပါပြီဘုရား” ဟု လျှောက်ထား ကြလေ၏။ ပဉ္စင်းငယ်သည် အနုမောဒနာတရား ဟောကြားပြီးလျှင် ရောဟဏ ဇနပုဒ်သို့ ပြန်ကြွသွားလေ၏။
ပဉ္စင်းငယ်၏ ဦးရီးတော် ဥပဇ္ဈာယ်ဆရာသည်လည်း ပဝါရဏာပြုပြီး၍ ကောရဏ္ဍကျောင်းသို့ ပြန်လာခဲ့သော် ရှေးကတွေ့ ဆုံခဲ့သော ဂင်္ဂါမြစ်ကမ်း၌ပင် ထိုပဉ္စင်းငယ်ကို တွေ့ပြန်၏။ ပဉ္စင်းငယ်က မထေရ်အား တစ်ခုသော သစ်ပင် ရင်း၌ဝတ်ပြု၏။ ထိုအခါ ပဉ္စင်းငယ်ကို “ငါ့ရှင် - သင်သည် မယ်တော်ကို တွေ့ခဲ့ပြီ လော”ဟု မထေရ်က မေးလေ၏။ ပဉ္စင်းငယ်သည် “တွေ့ ခဲ့ပါသည် အရှင်ဘုရား” ဟု အကြောင်းစုံကို လျှောက်ထားလေ၏။ အမိအဘအိမ်မှ လှူဒါန်းလိုက်သော ဆီဖြင့် မထေရ်၏ ခြေတို့ကို ပွတ်လိမ်း၍ တင်လဲခဲဖြင့် အဖျော်ပြုလုပ်ကာ ကပ်ပြီးလျှင် အဝတ်စကိုလည်း မထေရ်အားပင် လှူလိုက်၏။ ထို့နောက် မထေရ်ကို ရှိခိုး၍ “အရှင်ဘုရား - တပည့်တော်အား ရောဟဏဇနပုဒ်သည်သာလျှင် သင့်လျော် လျောက်ပတ်ပါသည်ဘုရား” ဟု လျှောက်ထား၍ ကြွသွားလေ၏။
မထေရ်သည်လည်း နောက်တစ်နေ့ ကောရဏ္ဍကရွာသို့ ရောက်လေ၏။ ပဉ္စင်းငယ်၏ မိခင်သည်လည်း “ငါ၏အစ်ကို မထေရ်သည် ငါ့သားကိုခေါ်၍ ယခုလာလိမ့်မည်” ဟု အမြဲမပြတ် လမ်းကို မျှော်ကြည့်လျက် နေ၏။ ထိုပဉ္စင်းငယ်၏ မိခင်သည် တစ်ပါးတည်းသာလျှင် ကြွလာသောမထေရ်ကို မြင်လတ်သော် “ငါ၏ သားဟာ သေပြီနဲ့တူတယ်၊ မထေရ်တစ်ပါးတည်းသာ ကြွတော်မူလာတယ်” ဟု စဉ်းစားမိသဖြင့် မထေရ်၏ ခြေရင်း၌ ငိုကြွေး၏။ မထေရ်သည် “ပဉ္စင်းငယ်သည် အလို နည်းပါးခြင်းကြောင့် မိမိကို မသိစေဘဲ သွားဟန်တူပေသည်” ဟု နှမဖြစ်သော ပဉ္စင်းငယ်၏ မိခင်ကို နှစ်သိမ့်စေ၍ အဖြစ်သနစ် အလုံးစုံကို ပြောကြားပြီးလျှင် သပိတ်အိတ်ထဲမှ ထိုပဉ္စင်းငယ် လှူလိုက်သော အဝတ်စကို ထုတ်၍ ပြလေ၏။
စာမျက်နှာ-427
မွေးမိခင်၏ အိမ်၌ ဝါတွင်းသုံးလပတ်လုံး ဆွမ်းဘုဉ်းပေး၍ နေပါသော်လည်း “ဦးပဉ္စင်းက ဒါယိကာမကြီး၏သား၊ ဒါယိကာမကြီးက ဦးပဉ္စင်း၏ မယ်တော်” ဟု ဤမျှကိုသော်မှ မပြောဘဲ နေနိုင်တော်မူပါသည်၊ အံ့ဩဖွယ် ယောက်ျားပါတကား ဟု မထေရ်အား လျှောက်ထား၏။ ဤပဉ္စင်းငယ်ကား အမိအဘတို့သော်မှလည်း ပလိဗောဓ မဖြစ်ပေ၊ အခြားသော အလုပ်အကျွေးဖြစ်သော ဒါယကာ၊ ဒါယိကာမ တို့မူကား အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။
(၃) လာဘပလိဗောဓ
ပစ္စည်းလေးပါးတို့ကို လာဘ်ဟု ဆိုအပ်ပေသည်၊ ထိုပစ္စည်းလေးပါးတို့သည် အဘယ်သို့လျှင် ပလိဗောဓဖြစ်သနည်းဟူမူ - ဘုန်းတန်ခိုးကြီးမားသော ရဟန်းအား ရောက်လေရာရာ အရပ်၌ လူတို့သည် များစွာသော ပစ္စည်းတို့ကို လှူဒါန်း ကြ၏။ ထိုရဟန်းသည် လူတို့အား အနုမောဒနာတရား ဟောရသည်ဖြစ်၍ ရဟန်း တရားကို အားထုတ်ခြင်းငှာ အခွင့်မရတော့ပေ။
တဖန် မိုးမလင်းမီ နံနက်စောစော၌ပင် ပစ္စည်းများခြင်းကို လိုလားသော ပိဏ္ဍပါတ်ဓုတင်ဆောင်ရဟန်းတို့သည် ကြွလာကြသောအခါ “အရှင်ဘုရား- ဤမည် သော ဥပါသကာ, ဥပါသိကာမ, အမတ်, အမတ်၏ သမီးသည် အရှင်ဘုရား တို့ကို ဖူးမြင်လိုပါသည်” ဟု လျှောက်ကြ၏။ ထိုဘုန်းကြီးသော ရဟန်းသည် “င့ါရှင် သပိတ် သင်္ကန်းကို ယူခဲ့လော့” ဟု အလုပ်အကျွေး တပည့်ရဟန်းကို စေခိုင်း၍ သွားခြင်းငှာ စီမံရ၏။ ဤနည်းဖြင့် ဒါယကာတို့ကို ချီးမြှင့်ခြင်း၌ အမြဲကြောင့်ကြ စိုက်ရ၏။ ဤကဲ့သို့သော ရဟန်းအားသာလျှင် ပစ္စည်းလေးပါးတို့သည် ပလိဗောဓ ဖြစ်ကြပေသည်။ ထိုဘုန်းကြီးသော ရဟန်းသည် ဒါယကာ၊ ဒါယိကာမအပေါင်းကို စွန့်ခွာ၍ မိမိကို သိသူတို့မရှိကြရာအရပ်၌ တစ်ပါးတည်း ကျင့်သင့်ပေသည်။ ဤသို့ ကျင့်သည်ရှိသော် ပလိဗောဓ ပြတ်လေတော့၏။
(၄) ဂဏပလိဗောဓ
သုတ္တန်ဆောင်ဂိုဏ်းကိုဖြစ်စေ၊ အဘိဓမ္မာဆောင်ဂိုဏ်းကိုဖြစ်စေ ဂိုဏ်းဟု ဆိုအပ် ပေသည်။ ထိုဂိုဏ်းအား ပါဠိကိုဖြစ်စေ အဋ္ဌကထာကိုဖြစ်စေ ပို့ချပေးရသည်ဖြစ်၍ ရဟန်းတရား အားထုတ်ခြင်း၏ အခွင့်မရသော ရဟန်းအားသာလျှင် ဂိုဏ်းသည် ပလိဗောဓဖြစ်ပေသည်။ ဂိုဏ်းပလိဗောဓ ရှိသော ထိုရဟန်းသည် ပလိဗောဓကို ဤသို့ဖြတ်အပ်၏။ အကယ်၍ ထိုသင်ယူသူ ရဟန်းတို့သည် များစွာသင်ယူအပ်ပြီး သည်ဖြစ်၍ အကြွင်းအကျန် နည်းသည်ဖြစ်အံ့၊ ထိုအကြွင်းအကျန်ကို အပြီးသတ်၍
စာမျက်နှာ-428
တောသို့ဝင်အပ်၏။ အကယ်၍ အနည်းငယ်သာ သင်ယူရသေးသည်ဖြစ်၍ အကြွင်းအကျန်များသေးသည်ဖြစ်အံ့၊ တစ်ယူဇနာထက် အလွန်မသွားဘဲ တစ်ယူဇနာ အပိုင်းအခြားအတွင်း၌ ဂိုဏ်းအား စာပေပို့ချတတ်သော အခြားရဟန်းသို့ ချဉ်းကပ်၍ “အရှင်သည် ဤရဟန်းတို့ကို ပါဠိသင်ပေးခြင်း စသည်တို့ဖြင့် ချီးမြှောက်တော်မူပါ” ဟု ပြောဆို လျှောက်ထားအပ်၏။ ဤသို့ လွှဲအပ်ရမည့် ပုဂ္ဂိုလ်ကို မရသော ရဟန်းသည် “ငါ့ရှင်တို့- ငါ့မှာ ကိစ္စတစ်ခုရှိနေ၏။ သင်တို့သည် ချမ်းသာရာ အရပ်များသို့ သွားကြပါကုန်” ဟုဆို၍ ဂိုဏ်းကို စွန့်ပြီးလျှင် မိမိ၏ရဟန်းကိစ္စကို ပြုသင့်ပေသည်။
(၅) ကမ္မပလိဗောဓ
အမှုသစ်ကို အမှုကိစ္စဟု ဆိုအပ်ပေသည်။ ထိုအမှုကိစ္စကို ပြုသော ရဟန်းသည် လက်သမား စသည်တို့၏ လုပ်ခရသည် မရသည်ကို သိအပ်၏။ ပြုပြီးသော အမှု၊ မပြုရသေးသောအမှု၌ သိအောင် ကြောင့်ကြစိုက်ရ၏။ ထို့ကြောင့် အခါခပ်သိမ်း ပလိဗောဓ ဖြစ်ပေသည်။ ထိုအမှုကိစ္စဟူသော ပလိဗောဓကိုလည်း ဤဆိုလတ္တံ့သောနည်းဖြင့် ဖြတ်အပ်၏။ အကယ်၍ ဤအမှုကိစ္စသည် အနည်းငယ် ကြွင်းကျန်သည် ဖြစ်အံ့၊ ထိုအနည်းငယ် ကြွင်းကျန်နေသော အမှုကိစ္စကို ပြီးဆုံး စေအပ်၏။ အကယ်၍ အကြွင်းအကျန်များသော် ထိုအမှုကိစ္စသည် သံဃာ့ အမှုကိစ္စဖြစ်မူ သံဃာအားဖြစ်စေ၊ သံဃာ့ဝန်ဆောင် ရဟန်းတို့အားဖြစ်စေ လွှဲအပ် သင့်၏။ ထိုသို့ လွှဲအပ်ရမည့်သူကို မရရှိသော ရဟန်းသည် သံဃာအား စွန့်ခွာ၍ သွားသင့်ပေသည်။
(၆) အဒ္ဓါနုပလိဗောဓ
ခရီးသွားခြင်းကို “အဒ္ဓါန” (ခရီး)ဟု ဆိုအပ်ပေသည်။ အကြင်ရဟန်းအား တစုံတခုသောအရပ်၌ ရှင်ပြုပေးရမည့် ရှင်လောင်းသော်လည်း ရှိငြားအံ့၊ ရသင့်ရထိုက်သော တစုံတခုသော ပစ္စည်းသော်လည်း ရှိငြားအံ့၊ ရှင်ပြုပေးရမည့် ရှင်လောင်းကို ရှင်မပြုရခြင်း၊ ရသင့်ရထိုက်သော ပစ္စည်းကို မရရှိခြင်းတို့ကြောင့် သည်းမခံနိုင်ပါမူ တောသို့ဝင်၍ ရဟန်းတရားကို အားထုတ်နေသော်လည်း ခရီးသွားလို စိတ်ကို ဖျောက်နိုင်ခဲ၏။ ထို့ကြောင့် ခရီးသွား၍ အမှုကိစ္စအားလုံးကို ပြီးဆုံးစေပြီးမှသာလျှင် ရဟန်းတရား၌ ကြောင့်ကြစိုက်ခြင်း၊ အားထုတ်ခြင်းကို ပြုသင့်ပေသည်။
စာမျက်နှာ-429
(၇) ဉာတိပလိဗောဓ
ဆွေမျိုးဟူသည်ကား ကျောင်း၌ ဆရာ၊ ဥပဇ္ဈာယ်ဆရာ၊ အတူနေတပည့်၊ အနီးနေတပည့်၊ ဥပဇ္ဈာယ်တူသီတင်းသုံးဘော်၊ ဆရာတူသီတင်းသုံးဘော် တို့သည် (ဆွေမျိုး)မည်၏။ အိမ်၌ အမိ၊ အဘ၊ အစ်ကို၊ နှမ အစရှိသော သူတို့သည် (ဆွေမျိုး)မည်၏။ ထိုဆရာ စသည်တို့သည် မမာမကျန်းကုန်လတ်သော် ဤယောဂီ ရဟန်းအား ပလိဗောဓ ဖြစ်ကုန်၏။ ထို့ကြောင့် ဆရာ စသော ပုဂ္ဂိုလ်တို့ကို လုပ်ကျွေးပြုစု၍ ပကတိအတိုင်း ကျန်းမာအောင် ပြုခြင်းဖြင့် ထိုပလိဗောဓကို ဖြတ်အပ်၏။
ထိုဆရာစသည်တို့တွင် ရှေးဦးစွာ ဥပဇ္ဈာယ်သည် မမာမကျန်းဖြစ်၍ နာတာ ရှည်ရောဂါဖြစ်ကာ အိပ်ရာမှ မထနိုင်သည့်တိုင်အောင် ဖြစ်ငြားအံ့၊ တစ်သက်လုံး သော်လည်း လုပ်ကျွေးပြုစုအပ်၏။ ရှင်ပြုပေးသော သရဏဂုံဆရာ၊ ရဟန်းပြုပေး သော ကမ္မဝါစာဆရာ၊ အတူနေတပည့် မိမိက ကမ္မဝါဖတ်၍ ရဟန်းပြုပေးထားသော အနီးနေတပည့်၊ သရဏဂုံပေး၍ ရှင်ပြုပေးထားသော အနီးနေတပည့်၊ ဥပဇ္ဈာယ်တူ သီတင်းသုံးဘော်တို့ကိုလည်း ထို့အတူပင် လုပ်ကျွေးပြုစုအပ်၏။ နိဿရည်းဆရာ၊ ကျမ်းဂန်သင်ကြားပေးသောဆရာ၊ နိဿရည်းယူတပည့်၊ ကျမ်းဂန်သင်ယူသည့် တပည့်၊ ဆရာတူ သီတင်းသုံးဘော်တို့ကိုမူကား နိဿရည်း (သို့မဟုတ်) ကျမ်းဂန် သင်ကြားမှု မပြတ်သေးသမျှ ကာလပတ်လုံး လုပ်ကျွေးပြုစုအပ်၏။ စွမ်းနိုင်ပါမူ ထို့ထက်အလွန်လည်း လုပ်ကျွေးပြုစုအပ်သည်သာတည်း။ အမိအဘတို့၌လည်း ဥပဇ္ဈာယ်၌ကဲ့သို့ ကျင့်အပ်၏။
(၈) အာဗာဓပလိဗောဓ
အနာရောဂါဟူသည်ကား - တစုံတခုသော အနာရောဂါတည်း။ ထိုအနာ ရောဂါသည် နာကျင်ခံခက် နှိပ်စက်လတ်သော် ရဟန်းအား ပလိဗောဓ ဖြစ်၏။ ထို့ကြောင့် ထိုပလိဗောဓကို ဆေးကုခြင်းဖြင့် ဖြတ်ရမည်။ အကယ်၍ ရက်အနည်း ငယ် ဆေးကုသော်လည်း မပျောက်အံ့၊ “ငါသည် ခန္ဓာကိုယ်တည်းဟူသော သင်၏ ကျွန် မဟုတ်၊ အခစားလည်း မဟုတ်၊ သင့်ကိုသာလျှင် လုပ်ကျွေးလျက် မထင်သော သံသရာ၌ ဆင်းရဲသို့ ရောက်ခဲ့ရလေပြီ” ဟု ခန္ဓာကိုယ်ကို ကဲ့ရဲ့၍ ရဟန်းတရားကိုသာလျှင် အားထုတ်သင့်ပေသည်။
၁။ သဒ္ဓိဝိဟာရိကခေါ် အတူနေတပည့်ဟူသည်မှာ - ဥပဇ္ဈာယ်ယူထားသော တပည့်ဖြစ်သည်။
၂။ အန္တေဝါသိကခေါ် အနီးနေတပည့်ဟူသည်မှာ-ဥပဇ္ဈာယ်မှတပါးသော ဆရာတို့၏ တပည့် ဖြစ်သည်။
စာမျက်နှာ-430
(၉) ဂန္ထပလိဗောဓ
ကျမ်းဂန်ဟူသည်ကား ပိဋကတည်းဟူသော ပရိယတ်ကို ဆောင်ရွက်ခြင်းတည်း။ ထိုကျမ်းဂန်သည် ရွတ်အံသရဇ္ဈာယ်ခြင်း စသည်ဖြင့် အမြဲကြောင့်ကြစိုက်နေရသော ရဟန်းအား ပလိဗောဓ ဖြစ်၏။ အမြဲကြောင့်ကြစိုက်မနေရသော ရဟန်းအားမူ ပလိဗောဓ မဖြစ်ပေ။
မဇ္ဈိမနိကာယ်ဆောင် ဒေဝမထေရ်နှင့် မလယဝါသီ ဒေဝမထေရ်
မဇ္ဈိမနိကာယ်ဆောင် ဒေဝမထေရ်သည် မလယဝါသီ (မလယအရပ်၌ နေသော) ဒေဝမထေရ်၏ အထံသို့ သွား၍ ကမ္မဋ္ဌာန်း တောင်းလေ၏။ မလယဝါသီ ဒေဝ မထေရ်သည် မဇ္ဈိမနိကာယ်ဆောင် ဒေဝမထေရ်အား “ငါ့ရှင်.... ပရိယတ်၌ ဘယ်အခြေအနေသို့ ရောက်ရှိပါသနည်း” ဟုမေးလေသည်။ မဇ္ဈိမနိကာယ်ဆောင် ဒေဝမထေရ်က “မဇ္ဈိမနိကာယ်ကို နှုတ်တက်ဆောင်ပါသည်ဘုရား” ဟုလျှောက်ထား၏။
ထိုအခါ မလယဝါသီ ဒေဝမထေရ်က “ငါ့ရှင်. . . . ဤမဇ္ဈိမနိကာယ်သည် ဆောင်ရန်ခက်ခဲ၏။ မူလပဏ္ဏာသကို ရွတ်အံသရဇ္ဈာယ်သူအား မဇ္ဈိမပဏ္ဏာသသည် နှုတ်သို့ ရောက်လာတတ်၏။ ထိုမဇ္ဈိမပဏ္ဏာသကို ရွတ်အံသရဇ္ဈာယ်သူအား ဥပရိပဏ္ဏာသသည် နှုတ်သို့ ရောက်လာတတ်၏။ သင့်အား အဘယ်မှာလျှင် ကမ္မဋ္ဌာန်းနှလုံးသွင်းမှု ဖြစ်နိုင်လိမ့်မည်နည်း” ဟု လျှောက်ထား၏။
တဖန် မဇ္ဈိမနိကာယ်ဆောင် ဒေဝမထေရ်က “အရှင်ဘုရားတို့အထံ၌ ကမ္မဋ္ဌာန်းကို ရပြီးသည်ရှိသော် ပရိယတ်ကို နောက်တဖန် ပြန်၍ မကြည့်တော့ပါ ဘုရား” ဟု လျှောက်ထား၍ ကမ္မဋ္ဌာန်းကို ယူပြီးလျှင် ၁၉-နှစ်ပတ်လုံး ရွတ်အံသရဇ္ဈာယ်ခြင်းကို မပြုဘဲ အနှစ် (၂၀)ရောက်သောအခါ အရဟတ္တဖိုလ်သို့ ရောက်လေ၏။
ထိုအခါ သရဇ္ဈာယ်ခြင်းငှာ လာကြကုန်သော ရဟန်းတို့အား “ငါ့ရှင်တို့ ငါသည် ပရိယတ်ကို မကြည့်သည်မှာ အနှစ်နှစ်ဆယ် ရှိပေပြီ၊ သို့သော်လည်း ငါသည် ဤမဇ္ဈိမနိကာယ်၌ လေ့ကျင့်ကျေပွန်ပြီးဖြစ်၏၊ အားထုတ်ကြပါကုန်” ဟု မဇ္ဈိမနိကာယ်ဆောင် ဒေဝမထေရ်က ပြောကြားလေသည်။
(၁၀) ဣဒ္ဓိပလိဗောဓ
တန်ခိုးဟူသည်ကား ပုထုဇဉ်တို့၌ဖြစ်သော တန်ခိုးတည်း၊ မှန်ပေ၏၊ ထိုပုထုဇဉ် တန်ခိုးသည် ပက်လက်အိပ်တတ်ကာမျှ သူငယ်ကဲ့သို့လည်းကောင်း၊ [?] ကဲ့ သို့လည်းကောင်း မပျက်အောင် ဆောင်ထားရန် ခက်ခဲ၏၊ အနည်းငယ်မျှ
စာမျက်နှာ-431
သော အနှောင့်အယှက်ဖြင့်ပင် ပျက်စီးတတ်၏။ ထိုတန်ခိုးသည် ဝိပဿနာ၏ ပလိဗောဓသာ ဖြစ်၏။ သမာဓိ၏ ပလိဗောဓကား မဖြစ်ပေ။ အဘယ်ကြောင့် ဆိုသော် သမာဓိသို့ ရောက်ပြီးမှသာ ထိုတန်ခိုးကို ရောက်နိုင်ခြင်းကြောင့်တည်း။
ထို့ကြောင့် ဝိပဿနာကို အလိုရှိသော သူသည် တန်ခိုးဟူသော ပလိဗောဓ ကိုလည်း ဖြတ်အပ်၏။ သမာဓိကို အလိုရှိသောသူကား ကြွင်းသောပလိဗောဓကြီး ၉-ပါးတို့ကိုသာ ဖြတ်အပ်ပေ၏။
ဆောင်ပုဒ်။ ။ အာ, ကု, လာဘ၊ ဂိုဏ်း, ကိစ္စ၊ ပထ, ဉာ, အနာ။
ကျမ်းဂန်, တန်ခိုး၊ ဤဆယ်မျိုး၊ ဖြတ်ရိုး ဝိပသ်မှာ။
ပလိဗောဓငယ် (၅)ပါး
(အရှင်ဇာဂရ- ဝိပဿနာကြေးမုံကျမ်း)
“ခုဒ္ဒကပလိဗောဓပစ္ဆေဒံ ကတွာ” စသည်ဖြင့် ဝိသုဒ္ဓိမဂ်၌ ကြောင့်ကြဖွယ် ဟူသော ပလိဗောဓငယ် ၅-ပါးလာ၏ -
၁။ ရှည်သောဆံပင်၊ မုတ်ဆိတ်၊ လက်သည်း၊ ခြေသည်း တို့ကို ပယ်အပ်၏။
၂။ ဆွေးမြေ့ စုတ်ပြတ်သော သင်္ကန်း၊ အဝတ် စသည်များကို ခိုင်မြဲအောင် ဖာထေးစပ်ချုပ်ခြင်းကို ပြုအပ်၏၊
၃။ ဟောင်းနွမ်း ညစ်ပေသော သင်္ကန်း၊ အဝတ် စသည်များကို ဖွပ်လျှော် ထပ်ဆိုး လိပ်နယ်ခြင်းကို ပြုအပ်၏။
၄။ အညစ်အကြေးတင်သော သပိတ်များရှိလျှင် စင်ကြယ်အောင် မီးဖုတ်ခြင်း စသည်ကို ပြုလုပ်အပ်၏။
၅။ အိပ်ရာ၊ ခုတင်၊ အင်းပျဉ်၊ ညောင်စောင်း စသည်ကို ပြုပြင်အပ်၏ - ဟူ၍ ၅-ပါးရှိပါသည်။
လူများမှာလည်း ခေါင်းဆေးလျှော်ခြင်း စသော အထက်၌ ဆိုခဲ့သည့် စပ်ဆိုင်ရာ ကြောင့်ကြဖွယ် အမှုငယ်များကို ပြုပြင်၍ ထားအပ်၏။
ဤပလိဗောဓငယ်မှာ ကမ္မဋ္ဌာန်းအာရုံကို နှလုံးသွင်း၍ ဝိပဿနာသဘောကို မရိပ်မိသေးမီ ၅-ရက်၊ ၇-ရက်၊ ၁၀-ရက်စသည်ဖြင့် နေ့ရက် နုစဉ်အခါမှာ ကြောင့်ကြခြင်း မရှိစေရန်သာ ရှေးဦးစွာ ပြုလုပ်ထားရသည်။ ဝိပဿနာသဘောကို ရိပ်မိသောအခါ မခဲယဉ်းပေ။ စူးစိုက်အားထုတ်ကြည့်လျှင် ထင်ရှား သိသာပေ လိမ့်မည်။
စာမျက်နှာ-432
စရိုက်
စရိုက်ဆိုသည်မှာ ပင်ကိုရိုးရာ သူတကာဖြစ်နေကျထက် လွန်လွန်ကဲကဲ ဖြစ်တတ် သည်ကို ခေါ်သည်။
စရိုက်သည် ၆-ပါး အပြားရှိ၏၊ ထို ၆-ပါးကား -
စရိုက် ၆-ပါး
(၁) ရာဂစရိုက် - ဝတ္ထုကာမ၊ ကိလေသာကာမတို့၌ လွန်ကဲစွာ ကပ်ငြိ တတ်သောအကျင့်၊
(၂) ဒေါသစရိုက် - အာဃာတ၊ ဣဿာ၊ မစ္ဆရိယ စသည်တို့၌ လွန်ကဲသည့် အကျင့်၊
(၃) မောဟစရိုက် - ထိုင်းမှိုင်းတွေဝေခြင်း လွန်ကဲသည့်အကျင့်၊
(၄) သဒ္ဓါစရိုက် - ယုံကြည်လွယ်လေ့ရှိသောအကျင့်၊
(၅) ဝိတက်စရိုက် - စိတ်ကူးယဉ်တတ်သောအကျင့်၊
(၆) ပညာစရိုက် - အရာရာ၌ အကြောင်းအကျိုး အကောင်းအဆိုးတို့ကို ဆင်ခြင်တတ်သောအကျင့် ဟူ၍ စရိုက်အပြား ၆-ပါးရှိပါသည်။
မိမိစရိုက်ကို ဆန်းစစ်ရန် လိုအပ်ခြင်း
ထိုစရိုက်သည် လူတို့၌ တစ်ပါးဖြစ်စေ၊ နှစ်ပါးဖြစ်စေ၊ သုံးပါးဖြစ်စေ တွဲလျက် ရှိတတ်သည်။ ဤသူသည် အဘယ်စရိုက်ရှိသည်ဟု အကဲခတ်နိုင်မှုမှာ အသွားအလာ အနေအထိုင်၊ အပြောအဆို ဣရိယာပုထ်ကိုလည်းကောင်း၊ လုပ်မှုကိုင်မှုကိစ္စ၊ စားသောက်မှုဘောဇဉ်၊ ကြည့်ခြင်း ဒဿန စသည်တို့ကို ကြည့်ရှုအကဲခတ်ခြင်းဖြင့် လည်းကောင်း သိနိုင်သည်။
ထိုစရိုက် ၆-ပါးတို့တွင် ရာဂနှင့်သဒ္ဓါ၊ ဒေါသနှင့်ပညာ၊ မောဟနှင့်ဝိတက် စရိုက်တို့သည် သဘောအားဖြင့် တူသလိုလို ရှိတတ်သည်။
ရာဂနှင့် သဒ္ဓါစရိုက်ရှိသောသူသည် ပကတိ သွားမြဲ သွားသည်ရှိသော် ယဉ်ယဉ် ကျေးကျေး တင့်တင့်တယ်တယ် ရှိသည်။ ဖြည်းဖြည်းသာ ခြေကို ချသည်၊ ညီညီ ကြွသည်။ လုပ်မှုကိုင်မှုတို့၌ ယဉ်ကျေးသေသပ်သည်။ အချိုအဆိမ့် စားသောက်ဖွယ် တို့နှင့် အမွှေးအကြိုင်တို့ကို ကြိုက်နှစ်သက်တတ်သည်။
စာမျက်နှာ-433
ထူးသည်ကား -
ရာဂစရိုက်ရှိသောသူသည် ကာမဂုဏ်အာရုံများကို စွဲမက်တတ်သည်၊ ပရိယာယ် မာယာ အလိမ်အကောက်များသည်၊ မာနကြီးသည်၊ လိုချင်လောဘများသည်။ သဒ္ဓါစရိုက်ရှိသောသူသည် စွန့်ကြဲပေးကမ်းလှူဒါန်းလေ့ရှိသည်။ ဘုရားကို ပူဇော်ခြင်း၊ တရားတော်ကို နာယူခြင်း၊ သံဃာတော်များကို ဝပ်တွားဆည်းကပ်ခြင်း အလေးအမြတ်ပြုခြင်းတို့ကို ပြုလုပ်လေ့ရှိသည်၊ ဤသို့ထူးပါသည်။
ဒေါသနှင့် ပညာစရိုက်ရှိသောသူသည် အသွားအလာ၊ အနေအထိုင်၊ အပြော အဆို ကြမ်းကြမ်းတမ်းတမ်း ကတိုက်ကရိုက်ရှိသည်၊ လုပ်မှု, ကိုင်မှုတို့၌ ယဉ်ကျေး သေသပ်ခြင်းမရှိလှ၊ အချဉ်၊ အငန်၊ အစပ်၊ အခါး၊ စူးရှသော အစာ အာဟာရကို ကြိုက်နှစ်သက်တတ်သည်။ မကောင်းသော အဆင်း၊ အသံစသည်နှင့် တွေ့ကြုံ သောအခါ သည်းခံချုပ်တည်းခြင်းမရှိဘဲ ဆဲဆိုငေါက်ငမ်း ကြမ်းတမ်း စိတ်တို လွယ်သည်။
ထူးသည်ကား
ဒေါသစရိုက်ရှိသောသူသည် ရန်ငြိုးဖွဲ့မှု၊ ငြူစူမှု၊ သူတပါးဂုဏ်ကို ဖျက်ဆီးလိုမှု၊ ဂုဏ်တုဂုဏ်ပြိုင်ပြုလိုမှု၊ အဆုံးအမခက်ခဲမှုတို့ ဖြစ်လေ့ရှိသည်။
ပညာစရိုက်ရှိသောသူသည် စားသောက်ဖွယ်တို့၌ နှိုင်းနှိုင်းချိန်ချိန် စားသောက် လေ့ရှိသည်။ သံသရာနောင်ရေးကို သတိပညာဖြင့် ကောင်းစွာမြော်မြင်လေ့ရှိရကား ဂတိကောင်း၍ ထက်ထက်မြက်မြက်ရှိအောင် ပါရမီကုသိုလ်များကို လုံ့လသန်သန်ဖြင့် မှန်မှန်ကြိုးစားလေ့ရှိသည်၊ ဤသို့ထူးပါသည်။
မောဟနှင့် ဝိတက်စရိုက် ရှိသောသူသည် ယမ်းဖယ်ယမ်းဖယ် သွားလေ့ရှိသည်။ ကြောက်ရွံ့လျက် ခြေကို ချသည်၊ ကြွသည်၊ မေ့မေ့လျော့လျော့ရှိသည်၊ လုပ်ငန်း ကိစ္စ ရှုပ်ရှုပ်ထွေးထွေး ပွေပွေလိမ်လိမ်ရှိသည်၊ စားသောက်မှု၌လည်း အဘယ်အစာကို ကြိုက်နှစ်သက်တတ်သည်ဟူ၍မရှိ၊ မိမိအစွမ်းဖြင့် မည်မည်ရရ ပြောလောက် ဆိုလောက် အောင် ပြီးမြောက်သည်ဟူ၍ မရှိတတ်၊ အကြောင်းအကျိုး အကောင်းအဆိုးကို နှိုင်းချိန်ခွဲခြား၍ မသိတတ်၊ အရပ်ရပ်ကိစ္စမှာ သူတကာ၏ နောက်လိုက်သာ ဖြစ်ရ သည်။ သူများချီးမွမ်းသည်ကို နောက်က လိုက်၍ ချီးမွမ်းတတ်သည်၊ သူများကဲ့ရဲ့ သည်ကိုလည်း နောက်ကလိုက်၍ ကဲ့ရဲ့တတ်သည်၊ သတိပညာကင်းလျက် ထိုင်းမှိုင်း ခြင်း, ပျံ့လွင့်ခြင်းတို့နှင့်သာ အချိန်ကို ကုန်လွန်စေသည်။ ထိုစရိုက်နှစ်ပါးသည် ထူးမခြားနားဖြစ်၍ ထိုထိုအမှုကိစ္စ၌ စကားတွေပေါလျက် ကိစ္စမချောဘဲ မျော၍
စာမျက်နှာ-434
သာနေတတ်သည်၊ လူပေါ်ကျော့၊ လူလေ၊ လူလွင့်တို့နှင့် ပျော်မွေ့ကာ အကြံ များလျက် အလကားလူပိုတွေသာ ဖြစ်တတ်သည်။
စရိုက်အလိုက် နှလုံးသွေးဖြစ်တတ်ပုံ
ရာဂစရိုက်ရှိသောသူသည် နှလုံးသွေးနီသည်။ ဒေါသစရိုက်ရှိသောသူသည် နှလုံး သွေးညိုသည်။ မောဟစရိုက် ရှိသောသူသည်အမဲသားဆေးသော ရေလောက်သာ နှလုံးသွေးရောင်ဖျော့သည်။ သဒ္ဓါစရိုက်ရှိသောသူသည် နှလုံးသွေးဝါသည်။ ပညာ စရိုက်ရှိသောသူသည် ပတ္တမြားကြောင်မျက်ရွဲကဲ့သို့ နှလုံးသွေးပြိုးပြက်ရှိသည် ဖြူသည်။ ဝိတက်စရိုက်ရှိသောသူသည် ပဲပြုတ်ရေ အဆင်းကဲ့သို့ နှလုံးသွေးရောင် ရှိသည်။
ထိုစရိုက်တို့ဖြစ်ရခြင်းမှာ ရှေးကံအကြောင်း မကင်းပေ၊ ရှေးဘဝက ကုသိုလ် ကောင်းမှုပြုလုပ်သောအခါ လောဘခြံရံ၍ ပြုလုပ်ခဲ့လျှင် လောဘစရိုက် ရှိတတ် သည်၊ ဒေါသခြံရံ၍ ပြုလုပ်ခဲ့လျှင် ဒေါသစရိုက်ရှိတတ်သည်။ မောဟခြံရံ၍ ပြုလုပ်ခဲ့လျှင် မောဟစရိုက်ရှိတတ်သည်။ သဒ္ဓါတရားခြံရံ၍ ပြုလုပ်ခဲ့လျှင် သဒ္ဓါစရိုက် ရှိတတ်သည်။ သတိ, ပညာခြံရံ၍ ပြုလုပ်ခဲ့လျှင် ပညာစရိုက်ရှိတတ်သည်။ မကောင်း သော အကြံအစည် ထွေထွေလာလာဖြင့် ခြံရံ၍ ပြုလုပ်ခဲ့လျှင် ဝိတက်စရိုက် ရှိတတ်သည်။
ထို့ကြောင့် နောင်အနာဂတ်ဘဝတို့၌ စရိုက်ဆိုးများ မဖြစ်ရအောင် ကုသိုလ် ကောင်းမှုလုပ်သောအခါမှာ သတိ,ပညာတို့ဖြင့် ခြံရံ၍ ပြုလုပ်ကြရမည်။ သို့မှသာ နောင်ဖြစ်လတ္တံ့သော ဘဝတို့၌ စရိုက်ကောင်းများ ဖြစ်နိုင်၍ ကောင်းမှုကုသိုလ် တိုးပွားပေမည်။
စရိုက် ၆-ပါးနှင့် သင့်လျော်သော ကမ္မဋ္ဌာန်း
၁။ ရာဂစရိုက်ရှိသောသူသည် အသုဘ ၁၀-ပါး၊ ကာယဂတာသတိ ဤ ၁၁-ပါး သော ကမ္မဋ္ဌာန်းတို့နှင့် သင့်လျော်ပေသည်။
၂။ ဒေါသစရိုက်ရှိသောသူသည် မေတ္တာ, ကရုဏာ, မုဒိတာ, ဥပက္ခာဟူသော အပ္ပမညာ (ဗြဟ္မစိုရ်) ၄-ပါး၊ နီလ, ပီတ, လောဟိတ, ဩဒါတ ဟုဆိုအပ်သော ဝဏ္ဏကသိုဏ်း ၄-ပါး၊ ဤ ၈-ပါးသော ကမ္မဋ္ဌာန်းတို့နှင့် သင့်လျော်သည်။
၃။ မောဟနှင့် ဝိတက်စရိုက် ရှိသောသူသည် ထွက်လေဝင်လေကို နှာသီးဖျား၌ ရှုမှတ်သော အာနာပါနဿတိကမ္မဋ္ဌာန်းနှင့် သင့်လျော်သည်။
စာမျက်နှာ-435
၄။ သဒ္ဓါစရိုက်ရှိသောသူသည် ဗုဒ္ဓါနုဿတိ, ဓမ္မာနုဿတိ, သံဃာနုဿတိ, သီလာနုဿတိ, စာဂါနုဿတိ, ဒေဝတာနုဿတိ၊ ဤ ၆-ပါးသော ကမ္မဋ္ဌာန်းတို့နှင့် သင့်လျော်သည်။
၅။ ပညာစရိုက်ရှိသောသူသည် မရဏာနုဿတိ, ဥပသမာနုဿတိ, (နိဗ္ဗာန်ကို အာရုံပြုခြင်း) စတုဓာတုဝဝတ္ထာန် (ဓာတ်ကြီးလေးပါးရှုမှတ်ခြင်း), အာဟာရေ ပဋိကူလသညာ၊ ဤ ၄-ပါး သော ကမ္မဋ္ဌာန်း တို့နှင့် သင့်လျော်သည်။
ထိုသို့ဆိုခဲ့ပြီးသော ၃၀-သော ကမ္မဋ္ဌာန်းတို့မှ ကြွင်းကုန်သော ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ အာကာသ၊ အာလောက ဟုဆိုအပ်သော ကသိုဏ်း ၆-ပါး၊ အရုပ္ပ ၄-ပါး၊ ဤ ၁၀-ပါးသော ကမ္မဋ္ဌာန်းတို့သည် အလုံးစုံသော စရိုက် ၆-ပါးလုံးနှင့် သင့်လျော်သည်။
ကသိုဏ်းတို့တွင် အလုံးစုံငယ်သော ကသိုဏ်းဝန်းသည် ဝိတက်စရိုက်ရှိသူအား သင့်လျော်သည်။ ကြီးသော ကသိုဏ်းဝန်းသည် မောဟစရိုက် ရှိသူအား သင့်လျော်သည်။
ရာဂကိုပယ်ခြင်းငှာ အသုဘကမ္မဋ္ဌာန်းကို ပွားအပ်သည်။ ဒေါသကိုပယ်ခြင်းငှာ မေတ္တာကို ပွားအပ်သည်။ ဝိတက်ကို ပယ်ခြင်းငှာ အာနာပါနဿတိကို ပွားအပ်သည်။ မာနကို ပယ်ခြင်းငှာ အနိစ္စသညာကို ပွားအပ်သည်။
ကမ္မဋ္ဌာန်း အားထုတ်လိုသူတို့သည် ပြဆိုခဲ့သော ကမ္မဋ္ဌာန်း ၄၀-တို့တွင် မိမိ တို့၏ စရိုက်နှင့် သင့်၊ မသင့် နှိုင်းချိန်၍ သင့်လျော်မည်ထင်သော ကမ္မဋ္ဌာန်း တစ်ခုခုကို ပွားများအားထုတ်သင့်လေသည်။
စာမျက်နှာ-436
အခန်း (၈)
သမထကမ္မဋ္ဌာန်းအားထုတ်နည်း
ပထဝီကသိုဏ်းဖြင့် ဈာန်ရအောင် ပြုလုပ်နည်းအညွှန်း
(က) ပရိကံပိုင်း
သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားသည် ဈာန်ရအောင် လုပ်နည်းနှင့် မဂ်ဖိုလ်ရအောင် လုပ်နည်းဟူသော နည်းမှန်ကြီး နှစ်မျိုးကို ကမ္ဘာလူသားတို့၏ အကျိုးစီးပွား အတွက် ထားရစ်ခဲ့သည်။ ယင်းနည်း နှစ်နည်းအနက် ဈာန်ရအောင် လုပ်နည်းကို ဖော်ပြပါမည် -
(၁) အခြေခံပြင်ဆင်ချက်
ဈာန်ယာဉ်စီးနိုင်အောင် လေ့ကျင့်လိုသူသည် ပထမဦးဆုံး ကျန်းမာရေး ပြည့်စုံအောင် ကြိုးစားရမည်။ ရောဂါတစ်မျိုးမျိုးရှိနေလျှင်လည်း ထိုရောဂါ ပျောက်ကင်းအောင် ကုသပစ်ရသည်။ မည်သည့်ရောဂါမျှ မရှိ၊ ပကတိကျန်းမာသူ ဖြစ်မှသာလျှင် ဈာန်သူရဲကောင်း အလောင်းအလျာ ဖြစ်ထိုက်သည်။ ထို့နောက် အိမ်ထောင်ရေး၊ သားသမီးရေး၊ မိဘရေးတို့ကို ယာယီဖြစ်စေ ပယ်ပစ်လိုက် ရသည်။ လူပျိုဖြစ်က ပို၍ ကောင်းသည်။ သို့သော် အာကာသမောင်တွေလည်း လေ့ကျင့်ခန်း ယူနေသည့် ကာလအတွင်း အိမ်ပြန်အိပ်ခွင့် မရကြပေ၊ ထို့အတူ အားကစားသမားများလည်း ပြိုင်ပွဲနီး၍ အပူတပြင်း လေ့ကျင့်နေချိန်၌ မယားနှင့်အတူ အိပ်ခွင့် မရကြပေ၊ ဤကိစ္စသည် လူ၏ခန္ဓာထဲရှိ ခွန်အားကို ဆုတ်ယုတ်စေတတ် သဖြင့် အရေးကြီးသောကိစ္စကို ဆောင်ရွက်ခါနီးတိုင်း ရှောင်ကြဉ်ကြရခြင်း ဖြစ်သည်။ ဆောင်ရွက်ရမည့်အလုပ်၏ အတိုင်းအတာအလိုက် ဤကိစ္စကို ကန့်သတ် ရှောင်ကြဉ်ရသည်၊ ပို၍အရေးကြီးသော အလုပ်ဖြစ်လေ ပို၍ရှောင်ရလေ ဖြစ်သည်။ ထို့ကြောင့် အားကစားသမားများထက် အာကာသမောင်တို့က ပို၍ ရှောင်ကြ ရသည်။ အာကာသမောင်တို့ထက် ဈာန်သင်တန်းသားက ပို၍ ရှောင်ကြဉ်ရမည် ဖြစ်သည်။ ဤကိစ္စရှောင်ဖို့ကလည်း ခက်ခဲလှသည် မဟုတ်ပါပေ။ မယားနှင့် ခွဲအိပ်ရမှာကို တွန့်နေလျှင်လည်း ပါရာဇိကလေးပါး အမြဲထိန်းထားသော ငယ်ဖြူ ရဟန်းတော်များ ရှိနေသော ဤနိုင်ငံတွင် ရှက်ဖွယ်လိလိ ဖြစ်ရာသည်။
စာမျက်နှာ-437
ထို့ပြင် မိမိ မိသားစု၏ စားဝတ်နေရေး ကြောင့်ကြမဲ့မှု အခြေအနေကို ဖန်တီးပေးခဲ့ရမည်။ ပြည့်ပြည့်စုံစုံ ရှိစေရမည်။ သို့မဟုတ်က သူတို့ဘဝကို သူတို့ စွမ်းရည်နှင့် ရုန်းကန်နိုင်ကြသည်ဟု သဘောထားရမည်။ နောက်ဆုံး ဘာပဲဖြစ်ဖြစ် သူတို့အတွက် ငါ ပူမနေနိုင်ပါဘူးဟု သံယောဇဉ်ကြိုးကို တိခနဲ ဖြတ်လိုက်ရမည်။ ဤသို့ သံယောဇဉ်ကို ဖြတ်ရန်လည်း ခဲယဉ်းလှသည်မဟုတ်၊ ဈာန်လုပ်ငန်းခွင်ထဲ ရောက်သွားသောအခါ တဖြည်းဖြည်း သံယောဇဉ်ကွာကျ သွားတတ်ပါသည်။
နောက်တစ်ချက်က ပညာရေးဖြစ်၏၊ ပညာတပိုင်းတစနှင့် [?] ဈာန် သူရဲကောင်း အလောင်းအလျာ မဖြစ်ထိုက်၊ ကျောင်းတက်နေစဉ်မျိုး၊ ပညာ ရှာချိန်မျိုး၌ ရှေ့တွင် မည်သည့်စာမေးပွဲ အောင်ချင်သေးတယ်၊ မည်သည့်ဘွဲ့ လေးလိုချင်သေးတယ် စသည်ဖြင့် မျှော်လင့်ချက်ရှိနေတတ်သည်။ ငါ ဒီမှာ လာပြီး ကျင့်ကြံနေတုန်း ငါ့သူငယ်ချင်း ဘယ်သူ ဘယ်ဝါဖြင့် ... ဘာဘွဲ့ကြီးတွေရလို့ ဘာရာထူးကြီးနှင့် ဖြစ်နေမှာပဲ စသည်ဖြင့် စိတ်ရောက်တတ်သည်။ ထို့ကြောင့် ပညာသင်ချင်လျက် တန်းလန်းနှင့် ဈာန်သင်တန်း မတက်သင့်၊ သို့မဟုတ် ပညာရေး ကြောင့်ကြမှု အားလုံးကိုဖယ်ပစ်ပြီး စိတ်ပြတ်ပြတ်ထားနိုင်လျှင် ဤသင်တန်းနှင့် သင့်လျော်သည်။
ဤသို့ဆိုသဖြင့် တစ်သက်လုံး ပညာညွန့်တုံးရမည်ဟု အပေါ်ယံမထင်ပါနှင့်၊ ဈာန်သင်တန်းတက်ပြီးမှ ပြန်သင်ချင်လည်း ရပါသည်။ ထိုအခါကျလျှင် ယခု တစ်လ သင်ရမှာကို တစ်ရက်တည်းနှင့် တတ်ပေလိမ့်မည်။ အကြောင်းကား သူ၏စိတ်ဓာတ် သူ၏ပညာသည် အရည်အသွေး ပိုရှိလာပြီး သမာဓိအား ကောင်းလာသဖြင့် မှတ်ဉာဏ် အလွန်ထက်မြက်နေမည် ဖြစ်သောကြောင့်တည်း။
ရစရာ အလားအလာ မျှော်လင့်ချက်ရှိကလည်း သင်တန်းမဝင်မီ ရှင်းပစ် ရမည်။ ကြွေးမြီရစရာရှိလျှင် စိတ်ပူနေတတ်သည်။ မိဘထံမှ ခပ်မြက်မြက် အမွေ ရဖို့ မျှော်လင့်ချက် ရှိနေပြန်လျှင် ငါမရှိတုန်း မိဘဆုံးလျှင် မီးခံသေတ္တာသော့ မည်သူ့ဆီ ရောက်သွားမှဖြင့် အခက်ပဲဟု ကြောင့်ကြတတ်သည်။ ယုတ်စွအဆုံး ဈာန်သင်တန်း မတက်ခင် ထီမထိုးအပ်ပေ၊ ထီပေါက်လျှင် ဘာလုပ်လိုက်မည် စသည်ဖြင့် စိတ်ကူးတွေ ဝင်လာတတ်သည်။ ငါမရှိတုန်းများ ထီပေါက်နေမှဖြင့် ငါ့ထီလက်မှတ် ထားတဲ့နေရာကိုလည်း အိမ်သားတွေ သိမှာမဟုတ်ဘူး၊ အစိုးရ ဘဏ္ဍာတော်ဖြစ်ရချည့်ရဲ့ဟု တွေးပူမိတတ်သည်။ အကောင်းဆုံးက ဘာရစရာ ဘာမျှော်လင့်ချက်မှ မထားဘဲ ကိုယ်လွတ်စိတ်လွတ် ပေါ့ပေါ့ပါးပါး ရှိနေရန် လိုပေသည်။
စာမျက်နှာ-438
ကိုယ်ပိုင် ပစ္စည်းဥစ္စာ စိန်ရွှေငွေများ ရှိလျှင်လည်း လုံးဝ စိတ်ချရမည့်သူနှင့် လွှဲထားရမည်။ ဤပစ္စည်းများအတွက် ကြောင့်ကြစိုက်မှု ထိန်းသိမ်းမှု လုံးဝ မရှိရပေ။ အဝတ်အစား ချုပ်လုပ်ခြင်း၊ တဲဆောက်ခြင်း၊ အိမ်ဆောက်ခြင်း၊ ဆိုင် ဆောက်ခြင်း၊ စက်ရုံတည်ခြင်းမှ စ၍ လုပ်ချင်သောအလုပ်, လုပ်စရာရှိသော အလုပ်များရှိနေကလည်း သင်တန်းမတက်မီ ပြီးစီးအောင် လုပ်ခဲ့ရမည်။ သို့မဟုတ် ဤအလုပ်တွေ မလုပ်တော့ဘူးဟု စိတ်ကို ပိုင်းဖြတ်ထားရမည်။ ကိုယ်ရေးကိုယ်တာ ကိစ္စအတွက်ဖြစ်စေ၊ ဗဟုသုတအလို့ငှာဖြစ်စေ၊ ယုတ်စွအဆုံး အပျော်ဖြစ်စေ ခရီးထွက်စရာ ရှိလျှင်လည်း နောက်မှ သွားမည်ဟု သဘောမထားအပ်၊ မသွား တော့ဘူး၊ သွားစရာ မလိုဘူးဟု စိတ်ပိုင်းဖြတ် ပစ်ရမည်၊ သို့မဟုတ်က သင်တန်းခွင်ဝင်နေစဉ် ရောက်လိုသည့် နေရာတွေအကြောင်း စိတ်ထဲမှာ လာလာ ပေါ်ပြီး လုပ်ငန်းအနှောင့်အယှက် ဖြစ်တတ်သည်။
သင်တန်းတက်နေစဉ် ကာလအတွင်း သင်တန်းပြဆရာမှ အခြား မည်သူ တစ်ဦးတစ်ယောက်မျှ အပေါင်းအသင်း မလုပ်ရပေ၊ မည်သူနှင့်မျှ အတွေ့မခံ ရပေ၊ ထို့ပြင် စာဖတ်ခြင်းကို အထူးရှောင်ရမည်။ ကမ္မဋ္ဌာန်းထိုင်ရင်း စာဖတ် ခြင်းသည် လူနှင့်ပတ်ဝန်းကျင် ဘဝဆီသို့ စိတ်ရောက်သွားစေနိုင်သည်။ လုပ်ငန်း ခွင်မှ စိတ်အပြင်ထွက်သွား၍ ဖြစ်၏။ နေ့စဉ် ဒိုင်ယာရီရေးခြင်း အပါအဝင် စာရေးခြင်း၊ မှတ်သားခြင်း၊ တေးထားခြင်း မည်သည်ကိုမျှ မလုပ်ရပေ။
အချုပ်အားဖြင့် ဈာန်သင်တန်းတက်နေစဉ် ကာလအတွင်း ပတ်ဝန်းကျင်နှင့် စိတ်ရောလူပါ အဆက်အသွယ် ဖြတ်ထားရမည်။ သို့မှသာ လုပ်မည့်လုပ်ငန်းခွင်၌ စိတ်ဝင်စားနိုင်မည် (ဝါ) သမာဓိရနိုင်မည် ဖြစ်ပါသည်။ ဤသို့ ပြုသည်ကို “ပလိ ဗောဓဖြတ်သည်” ဟု စာသုံးကျကျ ခေါ်ကြလေသည်။
(၂) နေရာယူခြင်း
ပြင်ဆင်မှု ပြုလုပ်ပြီးနောက် နေရာရွေးရမည်။ ဖြစ်စေချင်သည့် ကိစ္စတစ်ခု အောင်မြင်ရေးအတွက် နေရာယူ မှန်ကန်မှုသည် လွန်စွာ အရေးကြီးလှပါသည်။ စာပေနှင့် မွေ့လျော်ပြီး ရေဒီယိုသီချင်းဖြင့် ဇိမ်ခံချင်သူသည် သိမ်ကြီးဈေး အလယ် ခေါင်၌ နေရာယူလျှင် မသင့်တော်ပါ။ သူ့ရည်ရွယ်ချက် ထမြောက်အောင်မြင်မည် မဟုတ်ပါ။ ထိုနည်းအတူ ရုပ်ရှင်, ဘောပွဲ အသည်းစွဲကြိုက်တတ်သူများလည်း လက်ရှိအခြေအနေအရ အသွားအလာခက်ခဲလှသော မြို့စွန်မှာ သွားနေမိလျှင် အတော် ဂွကျနေပေလိမ့်မည်။ ကိုယ့်အလုပ် ကိုယ့်ဝါသနာနှင့် လိုက်အောင် နေရာယူ မှန်မှ အဆင်ပြေပါသည်။
စာမျက်နှာ-439
ဈာန်အလုပ်သည် “သမာဓိ”အလုပ်၊ သမထအလုပ် ဖြစ်သည်၊ စိတ်ကို ရှေ့တန်းတင်၍ စေစားခြင်း ဖြစ်သည်။ စိတ်တည်ကြည်မှုရရေး၌ (ဝါ)သမာဓိ ထူထောင်ရေး၌ အကြီးမားဆုံး အဖျက်အဆီးမှာ အသံဗလံများ ဖြစ်သည်။ သမာဓိ စာပို့ရထားကြီးကို အသံဗလံ မိုင်းဗုံးများက ရစရာမရှိအောင် ဖျက်ဆီးပစ်တတ် ကြသည်။ ရှေ့သို့ဆက်၍ မသွားနိုင်အောင် ဟန့်တားတတ်ကြသည်။
အသံဆိုက မည်သည့်အသံပဲဖြစ်ဖြစ် ဈာန်လုပ်ငန်းကို အနှောင့် အယှက် ပေးပေသည်။ သာယာသောအသံ၊ ဆိုးဝါးသောအသံ၊ မျိုးစုံဆူညံသော အသံ၊ လူသံ၊ ငှက်သံ၊ ရထားသံ၊ ကားသံ ဘာသံမှ သမာဓိကို အကျိုးမပြုပေ။ အကြောင်းမှာ အသံတစ်ခုကို ကြားရသည်ဆိုလျှင် ကြားရသူ့စိတ်သည် ထိုအသံ လာရာ အရပ်၊ ထိုအသံပြုရာ လူ၊ တိရစ္ဆာန်၊ ယာဉ် စသည်ဆီသို့ ရောက်သွားတတ်မြဲ ဖြစ်သည်။ သမာဓိအလုပ်ကို စိတ်ဖြင့် လုပ်နေရသည်ဖြစ်ရာ အသံလာရာဆီသို့ စိတ်ကလေးက ထွက်ထွက်သွားနေပါလျှင် အလုပ်ခွင်တွင် ဖင်မမြဲသော လူလို ဖြစ်ပြီး အလုပ်မတွင်ကျယ်နိုင်တော့ပါ။ လက်သမားအလုပ်၊ စက်ကိရိယာ အလုပ်၊ လယ်ယာအလုပ် စသည်က အလုပ်မတွင်ကျယ်လျှင် ... ကြာရုံပဲရှိမည်။ ဆက်လုပ်၍ ဖြစ်နိုင်သေးသည်။ သမာဓိအလုပ်မှာမူ စိတ်ကလေးက အပြင်ထွက်ပြီး လမ်းသလားလွန်းပါက လုပ်ငန်းပျက်ကျသွားတတ်ပါသည်။ ပျင်းရိမှု၊ ငိုက်မျဉ်းမှု၊ တွန့်ဆုတ်မှုတွေ ဒလဟော ဝင်ရောက် လွှမ်းမိုးပြီး လုပ်ငန်းကို ဖျက်ဆီးပစ်တတ်ပါသည်။
သို့ဖြစ်သောကြောင့် ဈာန်သင်တန်းအတွက် အကောင်းဆုံး အသင့်တော်ဆုံး နေရာမှာ ဘာသံမျှ မကြားရသော ဆိတ်ငြိမ်နေရာမျိုး ဖြစ်ပါသည်။ မြတ်ဗုဒ္ဓက သမာဓိ ထူထောင်ချင်သူသည် “အရညဂတော၊ တောသို့ သွား။ ရုက္ခမူလဂတော၊ သစ်ပင်ရင်းမှာထိုင်၊ သို့မဟုတ် သုညာဂါရဂတော၊ ဆိတ်ငြိမ်တဲ့ တစ်နေရာရာကို ရွေး” ဟု အလွယ်ဆုံး ညွှန်ကြားခဲ့ပါသည်။
(၃) လုပ်ငန်းပြင်ဆင်ခြင်း
ဆိတ်ငြိမ်ရာဒေသတွင် တဲငယ်ဖြစ်စေ၊ ပို၍ကောင်းသော ခေတ်မီအဆောက် အအုံကိုဖြစ်စေ ဆောက်လုပ်ရပါမည်။ အကယ်၍ အဆောက်အအုံကို မဆောက် နိုင်သေးလျှင် ... မိုးနည်းသော ဒေသဖြစ်ပါက နံရံတစ်ခုကို ထောင်ရပါမည်။ ဤလောက်မျှ မလုပ်နိုင်သေးပါကလည်း သစ်ပင်ပါးပျဉ်း ကြီးကြီးတစ်ခုကို ရှာ၍ နံရံအဖြစ် အသုံးပြုရပါမည်။
စာမျက်နှာ-440
ထိုနံရံပေါ်တွင် လူတထိုင်စာ..အမြင့်လောက်၌ နေရာတစ်ခု သတ်မှတ်ပါ။ ထိုနေရာသည် လူထိုင်၍ ကြည့်လျှင် မော့လည်းမမော့ရ ငုံ့လည်း မရဘဲ မျက်စိနှင့် မျဉ်းဖြောင့်တတန်းတည်းကျသော နေရာမျိုးဖြစ်ရမည်။ အကယ်၍ လူက ထိုင်ခုံပေါ်မှာ ထိုင်မည်ဆိုလျှင် မိမိမျက်စိနှင့် မျဉ်းဖြောင့်ကျကျ နံရံပေါ်မှာ နေရာသတ်မှတ်ပါ။ ထိုင်ခုံပေါ်မှ ခြေတွဲလဲချထိုင်လျှင် ဖြစ်နိုင်စရာ ရှိသည်။ သို့သော် ယခု ကုလားထိုင်များလို နောက်မှီလက်တင် မပါသင့်၊ ပက်လက် ကုလားထိုင်နှင့် ဆိုဖာကိုမူ လုံးဝမသုံးသင့်၊ အိပ်ပျော်သွားတတ်သည်။
ကြမ်းပြင်ညီပေါ်မှာဆိုလျှင် တင်ပျဉ်ခွေထိုင်၊ ထိုင်ခုံပေါ်မှာဆိုလျှင် ခြေတွဲလဲချထိုင်နိုင်သည်။ မည်သို့ ထိုင်ထိုင် မိမိမျက်စိနှင့် မျဉ်းဖြောင့်ကျကျ နံရံ ပေါ်မှာ နေရာတစ်ခု သတ်မှတ်ရမည် ဖြစ်ပါသည်။ မတ်တပ်ထလျှင်သော် လည်းကောင်း၊ အိပ်၍ လဲလျောင်းလျက်သော်လည်းကောင်း သင်တန်းဝင်ရန် မဖြစ်နိုင်ပါ။
ကသိုဏ်းဝန်းတင်ခြင်း
ကသိုဏ်းဝန်းကို ရွှံ့မြေစေးဖြင့် ပြုလုပ်ရသည်။ နံရံမှာ ကပ်ထားလျှင် ကွာမကျလာအောင် စေးကပ်လျှင် လုံလောက်သည်။ အတုံးအခဲ ကျောက်ပြုတ် ကျောက်ခဲများ မပါစေရပါ။ ထိုရွှံ့စေးကို အချင်းတစ်ပေခန့်ရှိ အဝိုင်းတစ်ခု ပြုလုပ်ရသည်။ ကြည့်မည့် မျက်နှာပြင်ဘက်တွင် မညီမညွတ် မရှိစေရပါ။ ချောနေစေရပါမည်။
ထိုမြေကသိုဏ်းဝန်းကို နံရံပေါ်ရှိ မိမိသတ်မှတ်ထားသော နေရာ၌ တင်ထား ရပါမည်၊ ယင်းသို့ တင်ထားရာ၌ ခိုင်မြဲစေလိုသဖြင့် ချိတ်ခြင်း၊ ဆွဲခြင်း၊ ထောက်ခြင်း မလုပ်ရပါ။ သဘောက ကြည့်လိုက်သောအခါမှာ ဘေးဆီက ဘာအဆက်အသွယ်မှ မရှိဘဲ ကသိုဏ်းဝန်းသန့်သန့် မြင်နိုင်စေရန် ဖြစ်ပါသည်။ လူများလျှင် တစ်ယောက် တစ်ခန်းကျ၊ တစ်ယောက် ကသိုဏ်းဝန်း တစ်ခုကျစီ ထားရပါမည်။
(၄) အထိုင်ကျင့်ခြင်း
အားလုံးပြင်ဆင်ပြီးသောအခါ မိမိနေရာ၏ အလင်းရောင်အလိုက် ကသိုဏ်းဝန်း နှင့် ၃-ပေမှ ၆-ပေကွာ နေရာလောက်တွင် ကျကျနန ထိုင်ရပါမည်။ ကြမ်းပြင် ပေါ်မှာဖြစ်က ခြေနှစ်ခုကို ကြက်ခြေခတ်ယှက်၍ တင်ပျဉ်ခွေ ထိုင်ပါ၊ ခါးနှင့် ဦးခေါင်းကို အတတ်နိုင်ဆုံး ၉၀ ဒီဂရီကျအောင် မတ်မတ်ထားပါ၊ ခါးနှင့် ဦးခေါင်း
စာမျက်နှာ-441
ကို မတ်မတ်ထားရခြင်းအကျိုးမှာ ကြာရှည် ထိုင်နိုင်စေပါသည်။ ကျောရိုးဆက်များ ကြားရှိ ရိုးတွင်းခြင်ဆီတို့ စနစ်တကျ လည်ပတ်နိုင်သဖြင့် ကုန်းကုန်းကွေးကွေး ထိုင်သည်ထက် ပိုပြီး ကြာရှည်ထိုင်နိုင်စေပါသည်။ ထိုင်ခုံနှင့် ထိုင်လျှင်လည်း ခါးနှင့်ဦးခေါင်း မတ်မတ်ထားရပါမည်။ လက်ကိုမူ ပက်လက်လှန်၍ နှစ်ခုထပ်ကာ ပေါင်ရင်း၌ ချထားနိုင်ပါသည်။ သို့မဟုတ် လက်မှောက်ခုံချ၍ ပေါင်နှစ်ခုပေါ်မှာ တင်ထားနိုင်ပါသည်။ အမျိုးသမီးသင်တန်းသူဖြစ်က ပုဆစ်တုပ်၍ မိန်းမထိုင် ထိုင်နိုင်ပါသည်။ သို့သော် ခါးနှင့်ခေါင်းကို မတ်မတ်ထားရပါမည်။
ဤသို့ထိုင်ရာ၌ အစတွင် ဝန်လေးစရာ ရှိပါသည်။ ခါးကို မတ်မတ်ထောင် ထားရသည်မှာ ဝန်တစ်ခုကို ချီထားရသလို စိတ်တွင် ခံစားရတတ်ပါသည်။ အပြင်မှာ သက်သာသလို စိတ်လိုလိုက်၍ ထားချင်ထား၊ ထောင်ချင်ထောင်၊ ကုန်းချင် ကုန်း၊ ကော့ချင်ကော့၊ ထိုင်ချင်သလို ထိုင်နေရာမှ အခုအလုပ်ခွင် စည်းကမ်းနှင့် ထိုင်ရသောအခါ စိတ်ကျဉ်းကျပ် လာပါလိမ့်မည်။ ဤသည်မှာ အပြောင်းအလဲ တစ်ခုကြုံတိုင်း တွေ့ ရတတ်သည့် ဓမ္မတာပါ၊ နောက်တဖြည်းဖြည်း ရိုးလာပါလိမ့်မည်။
စနစ်တကျ ထိုင်ပုံထိုင်နည်း ဟန်ကျလာသောအခါ ကသိုဏ်းဝန်းကို စမ်းကြည့် ရပါမည်။ အမြင်မရှင်းလျှင် ရှေ့တိုး ထိုင်တန် ထိုင်၍ ကပ်လွန်းသလို ထင်ပြီး စိတ်ထဲမှာ ခပ်ပိတ်ပိတ် ဖြစ်နေသည်ထင်ပါက နောက်သို့ အနည်းငယ် ဆုတ်တိုင် စမ်းကြည့်ရပါမည်။ အလောတော်ကျပြီဆိုလျှင် ထိုနေရာကို ယူရပါမည်။
(ခ) ဆက်လက်အားထုတ်ခြင်း
(၁) စိတ်နှိုးခြင်း
ဈာန်လေ့ကျင့်ခန်းကို မစမီ မိမိစိတ်ကို နှိုးပေးသင့်ပါတယ်။ “ယခု ငါစမ်းသပ် လုပ်ကိုင်မည့် နည်းသည် ဘုရား ရဟန္တာနှင့်တကွ ထက်မြက်သူတွေ ကိုယ်တိုင် လုပ်သွားတဲ့ နည်းပဲဖြစ်တယ် သူတို့ကိုယ်တိုင် ရရှိအောင်မြင်သွားလို့လဲ ယခုလို လုပ်နည်း ကိုင်နည်းတွေကို ထားခဲ့နိုင်ခြင်း ဖြစ်တယ်၊ ယခုလည်း အိန္ဒိယ၊ တိဗက်လို ဒေသတွေမှာ သမထယောဂီတွေ လက်တွေ့အောင်မြင် နေကြဆဲ ဖြစ်တယ်၊ ငါလည်း ကြိုးစားလျှင် သူတို့လိုပဲ ဈာန်ရရမယ်၊ ကြိုးစားဖို့သာလိုတယ်၊ ဆန္ဒ ရှိလျှင် လုံလဝီရိယ ရှိလျှင်၊ စိတ်ရှိလျှင်၊ ပညာရှိလျှင် ဘယ်ဟာမဆို အောင်မြင်နိုင်တယ်” ဤသို့ စသည်ဖြင့် စိတ်ဓာတ်အားကို နှိုးပေးသင့်ပါတယ်။
စာမျက်နှာ-442
အကယ်၍ ဈာန်ယာဉ် စီမံကိန်းရေးဆွဲ၍ စနစ်တကျ စုပေါင်းကြိုးစားသော အခါမျိုး၌မူ နည်းစနစ်အပေါ် ယုံကြည်ချက် ခိုင်မြဲအောင် ကြိုးစားချင်စိတ် ပေါက်အောင် ၃-၄ ပတ်လောက် သင်တန်းပေးသင့်သည်။ ထိုသင်တန်းမှရသော နှိုးစိတ်ကို လုပ်ငန်းခွင်မစမီ အသုံးပြုရမည်။
အထူးအရေးကြီးသော အချက်မှာ ယင်းသို့ စိတ်ဓာတ်ခိုင်မြဲရေး သင်တန်း ပေးရာတွင် ဈာန်လုပ်ငန်းခွင်ဝင်လျှင် တွေ့တတ် ကြုံတတ် ခံစားရတတ်သော အချက်တို့ကို အနည်းငယ်မျှ စကားဦးသန်း၍ မပြောရပေ။ ဤအချက် လွန်စွာ အရေးကြီးသည်၊ မပြောအပ်တာကို ပြောမိလျှင် လုပ်ငန်းခွင်၌ သွားပြီး အနှောင့် အယှက်ဖြစ်တတ်သည်။ စိတ်ကူးတွေ၊ စိုးရိမ်စိတ်တွေ၊ ကြောက်စိတ်တွေ ဝင်လာ တတ်သည်။ ကြပ်ကြပ်ဆင်ခြင်ပါ။
စီမံကိန်းနှင့် အကောင်အထည်ဖော်သောအခါ သင်တန်းဆရာများ ထားရပါမည်။ ဆရာက စစ်ဆေးခြင်းမျိုးမဟုတ်ဘဲ သင်တန်းသားက သူ့အတွေ့ထူး အမြင်ထူးကို ပြောပြသည့်အခါ နားထောင်ရမည်။ ဆရာက စာနှင့် ပေနှင့် ညှိ၍ ရှေ့သို့ မည်သို့တိုး၍ ကြိုးစားရှုမြင်ရန် အကြံဉာဏ်ပေးရပါမည်။ သင်တန်းသား တစ်ဦးမှာ အပြင်းအထန် စွပ်လုပ်နေလျှင် သိမ်မွေ့စွာ အကဲခတ်၍ သူ့အမြင်အတွေ့ကို ပြောပြရန် တောင်းပန်သင့်က တောင်းပန်ရမည်။ သူလုပ်နေပုံ ဘုရားနည်းနှင့် ကိုက်ညီနေက သာဓုခေါ်၍ အားပေးရမည်။ တိမ်းယိမ်းနေသည်ထင်က တည့်မတ် ပေးရမည်။ တစ်ဦးတည်း ကြိုးစားသူဖြစ်လျှင်လည်း ဤသို့သော ဆရာကောင်းကို ချဉ်းကပ်သင့်သည်။
(၂) နိမိတ်ကို စောင့်ရှောက်ခြင်း
မိမိ ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း ကသိုဏ်းဝန်းရှေ့မှာ ထိုင်ပါ၊ ကိုယ်ကို နေသားတကျ နေရာယူပြီးနောက် မျက်စိကို မှန်တမ်းထား၍ ကသိုဏ်းဝန်းကို စိုက်ကြည့်နေပါ။ ကြည့်ခါစတွင် မျက်တောင် ခဏခဏ ခတ်ချင်လာတတ်သည်။ ခတ်ပါ။ နောက်တဖြည်းဖြည်း မျက်တောင်ခတ်ကြိမ် နည်းလာပါလိမ့်မည်။
ကသိုဏ်းဝန်းကို စူးစိုက်ကြည့်ရင်း စိတ်ထဲက မြေ-မြေ (ပထဝီ-ပထဝီ) ဟု တရစပ် မှတ်ပေးနေရမည်။ ပါးစပ်က ထုတ်ဆိုရန်မလိုပါ။ သဘောက ကိုယ့် စိတ်ကို ကသိုဏ်းဝန်းမှာပဲ ရှိနေအောင် သိနေအောင် မပြတ်လုပ်ပေးနေရခြင်းမျိုး ဖြစ်ပါသည်။ စိတ်ကို ကသိုဏ်းဝန်းနှင့် ဖမ်းနေခြင်းဖြစ်ပါသည်။
စာမျက်နှာ-443
ဤအခါတွင် စိတ်သည် နွားဆိုးကြီးလို ကသိုဏ်းဝန်းချည်တိုင်မှ ရုန်း၍ ရုန်း၍ ထွက်ပြေးပါလိမ့်မည်။ ကသိုဏ်းဝန်းကြီးကို ရှေ့မှာထားပြီး စိတ်က ... ဟိုဟိုဒီဒီ ပေါက်ကရ လျှောက်သွားပါလိမ့်မည်။ ဤသို့ စိတ်ထွက်ပြေးသောအခါ သတိ အလွတ်မခံဘဲ ချက်ချင်းကသိုဏ်းဝန်းဆီသို့ စိတ်ကို ပြန်ပို့ပေးရမည်။ “မြေ မြေ” လို့ သိနေအောင် စိတ်ကို ကသိုဏ်းဝန်းပေါ် ပြန်တင်ပေးရမည်။ စိတ်က ထွက်ပြေးလိုက် သတိနှင့် ဝီရိယက ပြန်ဖမ်းပြီး ကသိုဏ်းဝန်းပေါ် တင်ပေးလိုက်နှင့် ဖြစ်နေ လိမ့်မည်။
ဤသို့ စိတ်နှင့် သတိ ဝီရိယတို့ နပန်းလုံးနေကြစဉ် ငိုက်မျဉ်း ထိုင်းမှိုင်းမှု ဖြစ်လာတတ်သည်။ ဟုတ်မှ ဟုတ်ပါ့မလား၊ ဟန်မှ ဟန်ပါ့မလားဟု သံသယ တွေလည်း ဝင်လာတတ်သည်။ တွန့်ဆုတ်မှု၊ လုပ်ငန်းခွင် စွန့်လွှတ်ပြေးချင်မှု၊ တစ်ခုခုကို အလိုမကျ၍ စိတ်ဆိုးမှု၊ ကိုယ်စိတ် ဂနာမငြိမ်လွန်း၍ ဒေါသထွက်မှု မျိုးလည်း ဝင်လာတတ်သည်။ တောင်ကြံ, မြောက်ကြံ, တောင်တွေး, မြောက်တွေး, ကြံတတ်, တွေးတတ်မိ၏။ ဤအတွင်း စိတ်ကူးထဲမှာ အချောအလှ အနိပ်တွေမြင်ပြီး လိုချင်တပ်မက်လွန်းသည့် စိတ်တွေလည်း ပေါ်လာတတ်သည်။ ဤသည်တို့မှာ လုပ်ငန်း၏ ရန်သူတို့ပါတည်း။
ဤရန်သူတော်များ ခြေရှုပ်လာမှုကို အောင်မြင်ဖို့ရန် ကိုယ့်စိတ်ကို ကသိုဏ်း ဝန်းပေါ်မှာ မပြတ်တင်ပေးဖို့ပင် ဖြစ်သည်။ စိတ်ကလေးသည် ကသိုဏ်းဝန်းပေါ် မှာသာနေလျှင် မည်သည့်ရန်သူကမျှ မဖျက်ဆီးနိုင်၊ ကသိုဏ်းဝန်းပေါ်က ဆင်းပြေးသည်နှင့် တစ်ပြိုင်နက် ရန်သူနှင့် တိုးတော့သည်ပင်။
သို့သော် ဇွဲသန်သန်နှင့် ဆက်ကာဆက်ကာ ကြိုးစားပေးလျှင် တစ်ခါနှင့်တစ်ခါ တစ်ရက်နှင့် တစ်ရက်၊ တစ်လနှင့်တစ်လ မတူဘဲ စိတ်ကလေးသည် ကသိုဏ်း ဝန်းပေါ်မှာ ပျော်ပျော်လာပါလိမ့်မည်။ စိတ်ကလေးသည် ကသိုဏ်းခြုံ၍ လုံလာသည် နှင့်အမျှ ရန်သူတော်များလည်း လက်လျှော့လက်လျှော့၍ ဆုတ်ခွါသွားကြလိမ့်မည်။
မိမိစိတ်ကလေးကို ကသိုဏ်းဝန်းပေါ်မှာ ခပ်ကြာကြာတင်ထား၍ ရလာပြီ ဆိုလျှင် မိမိဖြစ်စေချင်တာ ဖြစ်လာ၍လည်းကောင်း၊ မနိုင်ဖူးသည့်စိတ်ကို နိုင်စပြုလာ၍ လည်းကောင်း သဘောကျလာပါလိမ့်မည်။ လန်းဆန်းပေါ့ပါးလာပါ လိမ့်မည်။ စိတ်ကလေးသည် တစ်နေရာတည်းမှာ ဝင်လာသည့်အတွက် စိတ်ငြိမ်မှု (ဝါ) စိတ် ချမ်းသာမှု ဖြစ်လာပါလိမ့်မည်။ စိတ်ငြိမ်လျှင် ကိုယ်လည်း ချမ်းသာလာမြဲ ဓမ္မတာပါ။
စာမျက်နှာ-444
ဤအဆင့်မှ တိုးတက်ကြိုးစားသွားလျှင် စိတ်ကလေးသည် ကသိုဏ်းဝန်းပေါ် တင်ထားလိုက်သည်နှင့် တပြိုင်နက် ဘယ်မှ မထွက် မသွားတော့ဘဲ ကသိုဏ်းကိုပဲ သိနေပါတော့သည်။ သမာဓိ တည်နေသည်ဟု ခေါ်ပါသည်။ စိတ်သည် ယခင်က ပရမ်းပတာဘဝနှင့် မတူတော့ဘဲ အင်အားသတ္တိ ရှိလာပါသည်။ ထိုအခါတွင် ကသိုဏ်းဝန်းကို ရိုးရိုးမြင်နေကျထက် ပိုပြီး ပြတ်ပြတ်သားသား ထင်ထင်ရှားရှား မြင်လာပါတော့သည်။
ဤအဆင့်မှ ဇွဲသန်သန်ဖြင့် ဆက်လက် ကြိုးစားသွားပြန်သောအခါ စိတ်တန်ခိုး ပို၍ ရှိလာသဖြင့် နံရံပေါ်က ကသိုဏ်းဝန်းကို မျက်စိဖြင့် မကြည့် တော့ဘဲ မျက်စိမှိတ်ထားလိုက်လျှင်လည်း မျက်စိဖြင့် ကြည့်သလိုပင် ကသိုဏ်း ဝန်းကို မြင်လာရသည်။ ကသိုဏ်းဝန်းမရှိသော အခြားဘက်သို့ ကြည့်သော် လည်းကောင်း၊ တော တောင် ကောင်းကင်ကိုကြည့်သော်လည်းကောင်း၊ ဘယ်ကိုပဲ ကြည့်ကြည့် မျက်စိထဲမှာ ကသိုဏ်းဝန်းကိုပဲ မြင်နေရတော့သည်။ နံရံမှာ ကပ်ထားသည့် ကသိုဏ်းဝန်းပုံအတိုင်း ချွတ်စွပ်ထပ်တူ မြင်နေရတော့၏။
ဤအဆင့် ရောက်လာသောအခါ နံရံပေါ်က မြေကသိုဏ်းဝန်း မလိုတော့ပြီး သူ့ကိုကြည့်ရန် မလိုတော့ပြီ၊ မျက်စိထဲမှာ မြင်နေသည့် ကသိုဏ်းဝန်း အတုကိုပဲ ဆက်၍ ရှုရန်လိုတော့၏။ ဤကသိုဏ်းဝန်းအတုကို ဆက်၍ဆက်၍ ရှုမြင်ပေးသော အခါ ကသိုဏ်းဝန်းသည် နဂိုနှင့်မတူတော့ဘဲ တဖြည်းဖြည်းချင်း ပို၍ ပို၍ နူးညံ့လာလိမ့်မည်၊ လှပလာလိမ့်မည်၊ မှုန်ချောလာလိမ့်မည်၊ ကြည်လင်လာလိမ့်မည်။
မိမိ ကိုယ်တွင်းမှာလည်း အင်မတန် စက်ကောင်းတဲ့ နာရီအသေးဆုံးကလေး၏ စက်လှုပ်နေသလို အသက်ရှုတာရော၊ နှလုံးခုန်တာရော လွန်စွာ ညင်သာနေ လိမ့်မည်။ ဝမ်းဗိုက်အဖောင်းအပွ အလှုပ်အရှား ရှိုက်ချက် သိမ်မွေ့ လာ၏။ စိတ်က ကသိုဏ်းဝန်းအာရုံမှာသာ ရောက်နေခြင်းကြောင့် ထမင်းဆာခြင်း၊ ရေငတ်ခြင်း တို့လည်း နဂိုကထက် သိသိသာသာ နည်းလာလိမ့်မည်။ ဤအခြေအနေသည် ပထမဈာန်ပန်းဆွတ်ခါနီး အခြေအနေမျိုးတည်း။
ဤမျှလောက် ခရီးပေါက်လာလျှင် အချို့ သင်တန်းဝင် ပုဂ္ဂိုလ်များမှာ ဝင်းဝင်း လက်လက် အရောင်အဝါတွေ မြင်လာတတ်သည်။ မိမိ နားရွက်အနီးကပ်ပြီး တစုံတယောက်က တစ်ခုခုပြောလိုက်သလိုလည်း ကြားရတတ်သည်။ အထိတ် တလန့် ဖြစ်စရာ အသံဗလံမျိုးကိုလည်း မမျှော်လင့်ဘဲ ကြားရတတ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သင်တန်းဝင်ပုဂ္ဂိုလ်အနေဖြင့် ဂရုစိုက်စရာမဟုတ်ပေ။ မိမိစိတ်
စာမျက်နှာ-445
ကိုသာ ကသိုဏ်းဝန်းအာရုံ၌ ထပ်ကြပ်မကွာ ကပ်ပေးထားရမည် ဖြစ်သည်။ စိတ်နှင့် ကသိုဏ်းအာရုံ ဂဟေမြဲနေဖို့သာ အရေးကြီးဆုံးဖြစ်သည်။ ဤသို့ အထူးအဆန်းတွေနောက် စိတ်ပါသွားလျှင် ကသိုဏ်းဝန်းတုအာရုံ ပျောက်သွား လိမ့်မည်။
ထိုသို့ ကသိုဏ်းဝန်းတု အာရုံပျောက်သွားလျှင် နံရံပေါ်ရှိ မူလမြေကသိုဏ်း ဝန်းကို ပြန်ရှူရပြန်သည်။ တစ်ကပြန်ပြီး စရပြန်သည်။ သို့သော် အစိမ်းလောက် မခက်တော့ပေ။ စာရပြီးမှ မေ့သွား၍ ပြန်ကျက်သည့် ကျောင်းသားလို ရလွယ်ပါသည်။ သို့ရာတွင် ရလိုက်မေ့လိုက် ခဏခဏ ဖြစ်ပါများလျှင် မကောင်းပေ။ ရှေ့လည်း ခရီးမပေါက် စိတ်လည်း လေလာတတ်သည်။ ထို့ကြောင့် မော်တော် ကားကို ဂီယာထိုးပြီး တချီတည်းတက်သကဲ့သို့ တရှိန်တည်း သမာဓိမပျက် ဆက်နိုင်အောင် ကြိုးစားအပ်သည်။
(၃) ဈာန်ရခြင်း
ကသိုဏ်းဝန်းတု အာရုံနုကလေးကို အချိန်မရွေး မြင်နေရသော အဆင့်တွင် ဇွဲလုံ့လသန်သန်ဖြင့် ထပ်မနား စူးစိုက်ကြည့်မြင်ဖန်များလျှင် ထူးဆန်းသော စိတ်တမျိုး မိမိသန္တာန်မှာ ပေါ်လာလေသည်။ ဤစိတ်သည် မိမိမွေးကတည်းက တစ်ခါမျှ မဖြစ်ဖူးသေးသော စိတ်ဖြစ်သည်။ ယခုမှ မိမိကိုယ်ထဲမှာ အသစ် ဖြစ်ပေါ်လာသော စိတ်ဖြစ်သည်။
ဤစိတ်သည် အရည်အချင်း ငါးမျိုးပါလာသည်။ ယင်းတို့ကား
၁။ စိတ်နှင့် အာုံ ဆွဲစပ်ပေးတတ်သော သဘော (ဝိတက်)
၂။ အာရုံပေါ်မှာ စိတ်ကလေး ကြာကြာနေအောင် ဖန်တီးတတ်သော သဘော (ဝိစာရ)
၃။ နှစ်သက်မှုသဘော (ပီတိ)
၄။ ချမ်းသာအေးမြမှုသဘော (သုခ) နှင့်
၅။ အာရုံ၌ စိုက်၍ တည်ကြည်နေသောသဘော (ဧကဂ္ဂတာ) တို့ ဖြစ်ကြသည်။
စိတ်၏ အဆိပ်အတောက်
ဤစိတ်မှာ လောဘ၊ ဒေါသ၊ မောဟ စသော စိတ်၏ အဆိပ်အတောက်များကင်းနေသည်။ ထို့ကြောင့် ဤစိတ်သည် ဈာန်မရသော လူသာမန်တို့၏ စိတ်ထက် သတ္တိထက်မြက်သည်။ စွမ်းအားပိုသည်။
စာမျက်နှာ-446
ဤစိတ်သည် ကသိုဏ်းဝန်းတု အာရုံနုကလေးကို ယခင်စိတ်များထက် ပိုပြီး စူးစူးစိုက်စိုက် ကြည့်မြင်နိုင်သည်။ အာရုံပေါ်မှာ ပို၍ ခိုင်မြဲစွာ စူးစိုက်ထားနိုင် သောကြောင့် စိတ်ထိုင်းမှိုင်းမှု၊ သို့လော သို့သော သံသယဖြစ်မှု၊ ဆုတ်နစ်မှု၊ ပျံ့လွင့်မှု၊ လိုချင်တပ်မက်မှုများ လုံးဝ မသိနိုင် မကပ်နိုင်တော့ချေ။ ဤစိတ် ကလေး ပလ္လင်ခံလာကတည်းက ဆိုခဲ့ပါ [?]တော်တွေ လုံးဝ လက်နက်ချလိုက် ကြရတော့သည်။
ဤစိတ်ကလေးကို ပထမဈာန်စိတ်ဟု ခေါ်သည်။ ဈာန်သင်တန်းသား ကိုယ်နှိုက်က ဤစိတ်ကလေးကို သိသည်။ ဤစိတ်ကလေး၏ အရည်အသွေးကို နားလည်လျက် ရှိသည်။ စာပေဗဟုသုတ အခံရှိသူ သင်တန်းသားမှာမူ ပထမ ဈာန်ကို ရပြီဟု သိသည်။ ထိုသို့ အာရုံမရှိက စိတ်သစ်နှင့် ယင်း၏အရည်အသွေး ကိုသာသိသည်။ ဘာစိတ်ပဲဟု နာမည်မခေါ်တတ်ပေ။
အချို့သောသူများသည် ဤပထမဈာန်စိတ်ကလေး ရပြီးနောက် ရှေ့သို့ ဆက်လက်၍ မကြိုးစား၊ နည်းကိုလည်းမသိ၊ ကြိုးစားပြန်လည်း တချို့မရ၊ ထို့ကြောင့် ဤဈာန်လေးကိုသာ မပျောက်ပျက်ရအောင် ထိန်းသိမ်းပြီးနေရင်း အသက်တမ်းစေ့သောအခါ သေကြရသည်။ ပထမဈာန်ရ ပုဂ္ဂိုလ်အဖြစ်နှင့် သေသည့်အတွက် ပထမဈာန်ဘုံမှာ ဗြဟ္မာဖြစ်ကြရသည်။
သို့သော် အဘိညာဉ် လိုချင်သူအနေဖြင့် ဤတွင် ရပ်၍ မရ၊ ရှေ့သို့သာ တိုး၍ ကြိုးစားရမည်ဖြစ်သည်။ ရှေ့အဆင့်တက်ပုံကား ဤသို့တည်း -
မိမိရထားပြီးသော ပထမဈာန်ကို ဆင်ခြင်သုံးသပ်ရသည်။ ဤစိတ်မှာ ဝိတက်ပါသည်၊ ဝိစာရပါသည်၊ ပီတိပါသည်၊ သုခပါသည်၊ ဧကဂ္ဂတာခေါ် သမာဓိပါသည်။ ဤအင်္ဂါအရည်အသွေးများကို လေ့လာရသည်။ ထိုပထမဈာန် စိတ်ကလေးကို ဖော်ကြည့်လိုက် အင်္ဂါတွေကို ဆင်ခြင်လိုက် ထပ်တလဲလဲ လုပ်ရ သည်။ အင်္ဂါမျိုးကို ဆင်ခြင်တုန်းမှာ ပထမဈာန်စိတ်ကလေး ချုပ်နေလိမ့်မည်၊ ဝေဖန်တတ်သည့် စိတ်နှင့် သူ၏ အင်္ဂါအရည်အချင်းတွေကို ဆစ်ပိုင်း သုံးသပ်ခြင်း ဖြစ်၏။
ထိုဈာန်စိတ်ကလေးကို ဖော်ကြည့်ပြီး သူ့အတိုင်း ထားကြည့်ရသည်။ ဘယ်လောက် ကြာကြာ မိမိထားနိုင်မလဲဟု စမ်းသပ်ခြင်းဖြစ်သည်။ သဘောက ကသိုဏ်းကို အာရုံပြု၍ ဥပါဒ်ထီဘင်ဖြင့် ဖြစ်ချုပ်နေကြသောကြောင့် စိတ်တစ်ခု တည်း အကြာကြီး ဖြစ်နေသည်မဟုတ်၊ ကားပလပ်မှ မီးတဖျပ်ဖျပ် ပွင့်နေသည့်
စာမျက်နှာ-447
သဘောမျိုးပင်၊ ဤစိတ်မျိုး ထပ်တလဲလဲ ဖြစ်နေစေခြင်းသာတည်း။ ဤသို့ တသွင်သွင်ဖြစ်နေသည့် စိတ်ကလေးကို ရပ်ချင်လျှင်လည်း အချိန်မရွေး ရပ်နိုင် အောင် (ဝါ) စိတ်အပြောင်းအလဲ မြန်မြန်လုပ်နိုင်အောင် လေ့ကျင့်ရပြန်သည်။ ထို့နောက် -
“ဒီစိတ်မှာ ပါဝင်နေတဲ့ မြင်မြင်ကရာ အာရုံကို ကြံစည်တတ်သည့်သဘော (ဝိတက်)သည် ရုန့်ရင်းသေးတယ်၊ သူ့ကြောင့် ငါရထားသော ဈာန်စိတ်မှာ လာပြီး ဂယက်ရိုက်တယ်၊ သူမရှိလျှင် စိတ်ပိုပြီး တည်ငြိမ်မယ်”
ဤသို့ သုံးသပ်ဆင်ခြင်ရမည်။ ဤသို့ သုံးသပ်ဆင်ခြင်ပါများလျှင် ဝိတက် သဘောကို လက်လွှတ်ချင်လာသည်။ တောင်ကြံ မြောက်ကြံ ဘရံတောက်တီး အချည်းနှီးကို သိမ်းဆည်းလိုလာပေသည်။
ထိုအခါ ဈာန်သင်တန်းသားသည် ကသိုဏ်းဝန်းကို ရှုသည့်အခါတွင် ကြောင့်ကြစိုက်ပြီး စိတ်ကို အာရုံပေါ်သို့ တင်ပေးမှု မပြုတော့ပေ၊ စိတ်ကို အာရုံ ပေါ်သို့ ကြိုးစားမတင်ဘဲ စိတ်ကလေးက အာရုံကို သိနေရုံမျှသာ ထားလိုက် သည်၊
ဤသို့ ဝိတက်ကိုလွှတ်၍ စိတ်နှင့်ကသိုဏ်းတု အာရုံနုကလေး တေ့ဆိုင်နေပါ များလျှင် နောက်ထပ် စိတ်သစ်တစ်မျိုး ပေါ်လာပြန်သည်။ ဤစိတ်တွင်မူ ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ ဟူသော အင်္ဂါ (၄)ရပ်သာ ပါရှိလာသည်။ ဝိတက် သဘာဝ မပါတော့ချေ။ ဤစိတ်၌ သုံးသပ်မှုသဘော၊ နှစ်သက်မှုသဘော၊ ချမ်းအေးမှု သဘော၊ စူးစိုက်တည်ငြိမ်မှု သဘောရှိသည်။ ဝိတက်မပါသော စိတ်ကို ဒုတိယဈာန်စိတ်ဟု ခေါ်သည်။
ပထမဈာန်မှ ဒုတိယဈာန်သို့ တက်သောနည်းအတိုင်း ထိုဒုတိယဈာန်စိတ်ကို ဖော်ကြည့်၊ ထားကြည့်၊ လွှတ်ကြည့်၊ ဈာန်အင်္ဂါဆင်ခြင်ကြည့်၍ အလေ့အကျင့် ရသောအခါ “ဤစိတ်မှာ ပါသော ဝိစာရသဘောသည် ရုန့်ရင်းသေးတယ်၊ ဝိတက်နှင့် သဘာဝချင်းနီး၍ စိတ်မချရ” ဟု ဆင်ခြင်လျက် ဝိစာရကိစ္စကို လွှတ်ချင် လာပေသည်။
ကြိုးစားဖန် များသောအခါ ဝိစာရအပေါ် တွယ်တာမဲ့လျက် ဝိစာရမပါဘဲ နောက်ထပ် စိတ်သစ်တစ်မျိုး ပေါ်လာပြန်သည်။ ဝိတက်, ဝိစာရ မပါသောစိတ်ကို တတိယဈာန်စိတ်ဟု ခေါ်သည်။
စာမျက်နှာ-448
ဤတတိယဈာန်စိတ်ကိုလည်း ဖော်ကြည့်လိုက်၊ ကြာရှည်ထားကြည့်လိုက် အင်္ဂါ အရည်အသွေး ဆင်ခြင်သုံးသပ်ကြည့်လိုက် စသည်ဖြင့် ယခင်နည်းအတိုင်း ပြုလုပ်ရသည်။ ဤအကြိမ်တွင် စိတ်၏နှစ်သက်မှု (ပီတိ) ကို ဝေဖန်ပြီး ပယ်ချရန် ဆုံးဖြတ်ရသည်။ ပီတိ၏ ဇိမ်ရှိမှုသဘောသည် ရုပ်ကိုယ်ကာယနှင့် ဆက်သွယ် နေသေး၍ ရုန့်ရင်းသေးသည်ဟု ပီတိကိုပယ်၍ ကသိုဏ်းဝန်းတု အာရုံနုကလေးကို ထပ်၍ ထပ်၍ ရှုသောအခါ သုခနှင့် ဧကဂ္ဂတာ အင်္ဂါနှစ်ရပ်သာပါသော စတုတ္ထ ဈာန်စိတ်သစ်တစ်မျိုး ပေါ်လာပြန်ပေသည်။
ဤစတုတ္ထဈာန်စိတ်ကိုလည်း ယခင်အတိုင်း သုံးသပ်ဝင်စား တည်ထား ထမြောက်စေပြီးနောက် “သုခ” အပေါ် အပြစ် ရှုလျက် ဆက်လက် ကြိုးစားရ ပြန်သည်။ ထိုအခါ ဥပေက္ခာနှင့် ဧကဂ္ဂတာအားဖြင့် အင်္ဂါနှစ်ရပ်သာ ရှိသော ပဉ္စမဈာန်စိတ်သစ် ပေါ်လာလေသည်။ ဤစိတ်သည် ကသိုဏ်းဝန်းတု အာရုံနု ကလေးအပေါ် စိုက်၍စွဲ၍ သိကာမျှမတ္တကလေးသာ ရှိတော့သည်။ အလွန့် အလွန် တည်ငြိမ်လျက် ရှိလေပြီ၊ အလွန့်အလွန် သိမ်မွေ့၍ နေချေပြီ။
ဈာန်သင်တန်းသားများအနက် ဉာဏ်စွမ်းဉာဏ်စ ပို၍ထက်မြက်သူဖြစ်လျှင် ဝိတက်, ဝိစာရကို ယခုလို တစ်ခုစီ ပယ်မနေဘဲ နှစ်ခုလုံးတစ်ခါတည်း ပယ်ပစ် နိုင်သည်။ ထိုသူမျိုးအတွက် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဟူ၍ ဈာန် လေးဆင့်သာ ဖြစ်သည်။ လှေကားကို ငါးလှမ်းနှင့် တက်သည်နှင့် လေးလှမ်းနှင့် တက်သည့်သဘောဖြစ်သည်။ နောက်ဆုံးအဆင့်တွင် အတူတူပင်ဖြစ်သည်။ ထို့ကြောင့် ဉာဏ်နုံသူ၏ ပဉ္စမဈာန်နှင့် ဉာဏ်ထက်သူ၏ စတုတ္ထဈာန်မှာ အရည်အသွေးခြင်း အတူတူသာတည်း။
ကသိုဏ်း ၁၀-ပါးတို့တွင် အစဆုံးဖြစ်သော ပထဝီကသိုဏ်းဖြင့် ဈာန်ရအောင် အားထုတ်နည်းကို အထက်တွင် ဖော်ပြခဲ့ပါပြီ။ ကသိုဏ်း ၁၀-ပါးတို့တွင် မည်သည့် ကသိုဏ်းဖြင့်မဆို အထက်ပါ ပထဝီကသိုဏ်းကျင့်စဉ်အတိုင်း လက်တွေ့ ကျင့်သုံး၍ ဈာန်ကို အရယူနိုင်ကြပါသည်။ မိမိစိတ်က ချစ်ခင်နှစ်သက်သော တွယ်လွယ်သော အာရုံစွဲမြဲလွယ်မည်ထင်သော ကသိုဏ်းတစ်ခုခုကို မိမိစိတ်ကြိုက် ရွေး၍ အားထုတ်နိုင်ပါ၏။
သို့ရာတွင် အခြေခံမရှိသေးသော ရိုးရိုးပုဂ္ဂိုလ်တို့အတွက် လွယ်သော ကသိုဏ်း၊ ခက်သော ကသိုဏ်း ဟူ၍ ခွဲခြားမှု ရှိကြောင်းကိုမူ လက်တွေ့ သမားတို့က မှတ်တမ်းတင်ထားခဲ့ကြပါသည်။ ထိုသူတို့၏ မှတ်တမ်းအရ ပထဝီကသိုဏ်း၊ ဝါယောကသိုဏ်း၊ အာလောကကသိုဏ်း၊ (မြေကသိုဏ်း၊ လေကသိုဏ်း၊
စာမျက်နှာ-449
အလင်းကသိုဏ်း) တို့သည် ခက်ခဲသည်။ နိမိတ်ရခဲသည်။ အာပေါကသိုဏ်း၊ တေဇောကသိုဏ်း၊ အာကာသ ကသိုဏ်း (ရေကသိုဏ်း၊ မီးကသိုဏ်း၊ ကောင်းကင် ကသိုဏ်း) တို့မှာမူ အတန်ငယ် လွယ်ကူသည်ဟု သိရပါသည်။
ပို၍ လွယ်သည်မှာ နီလကသိုဏ်း (အညိုကသိုဏ်း)၊ ပီတကသိုဏ်း (ရွှေဝါ ကသိုဏ်း)၊ လောဟိတကသိုဏ်း (အနီကသိုဏ်း)၊ ဩဒါတကသိုဏ်း (အဖြူကသိုဏ်း) ဟူသော ဝဏ္ဏကသိုဏ်း (အရောင်ရှိကသိုဏ်း) လေးပါးတို့ဖြစ်ပါသည်။
ထိုဝဏ္ဏကသိုဏ်း လေးမျိုးထဲတွင်လည်း ဩဒါတကသိုဏ်း (အဖြူကသိုဏ်း)သည် အလွယ်ဆုံးဖြစ်ကြောင်း မှတ်တမ်းတင်ထားကြပါသည်။ လွယ်ကူပုံမှာ ကသိုဏ်းဝန်းလုပ်ရ လွယ်သည်။ ကြည့်ရှုရလွယ်သည်၊ နိမိတ်ရလွယ်သည်။ ထို့ပြင် ဩဒါတကသိုဏ်းသည် ငိုက်မျဉ်းထိုင်းမှိုင်းမှု ထိနမိဒ္ဓကို လျင်မြန်စွာ ကင်းစေသည်။ ယောဂီ၏ စိတ်ဉာဏ်ကို လွန်စွာကြည်လင်စေသည်။ ကသိုဏ်းဝန်းတု အာရုံနု (ပဋိဘာဂနိမိတ်)ကို မရခင် အားထုတ်ဆဲ လမ်းခရီးမှာလည်း အထည်ဝတ္ထု အဆင်းဟူသမျှကို အလိုရှိတိုင်း မြင်စေတတ်သည်။ တန်ခိုးအာနုဘော်ကြီးသည်။ ဘုရားရှင်ကိုယ်တိုင်ကလည်း ဩဒါတကသိုဏ်းကို ကသိုဏ်းတကာတို့ထက် အသာဆုံး အကောင်းဆုံးဟု ဟောကြားပါသည်။
သို့ဖြစ်သောကြောင့် သမထကမ္မဋ္ဌာန်းကို စတင်အားထုတ်လိုသူသည် အဖြူ ဩဒါတကသိုဏ်းကို ရှေးဦးစွာ ကြည့်ရှုအားထုတ်သင့်ကြောင်း ရှေးဆရာမြတ်တို့က တိုက်တွန်းညွှန်ကြားထားကြလေသည်။
အဖြူ ဩဒါတကသိုဏ်းဝန်းကို ပြုလုပ်ပုံမှာ အဖြူရောင်စက္ကူတစ်ချပ်ကို ယူ၍ စလောင်းဖုံးလောက်လည်း မငယ်၊ ဆန်ကောအရွယ်ထက်လည်း မကြီး (အချင်း ၁-ပေခန့်) အဝန်းအဝိုင်း ပြုလုပ်ပြီး ပထဝီကသိုဏ်းနည်းတူ နံရံမှာ ကပ်ထားရန် ဖြစ်ပါသည်။
ထို့နောက် ထိုင်ပုံနှင့် ရှုမှတ်ပွားများပုံမှာ ရှေ့ကသိုဏ်း၌ ဖော်ပြခဲ့သည့် နည်းအတိုင်းပင် ဆက်လက်အားထုတ်ရန်ဖြစ်ပါသည်။ ဤတွင် မြန်မာလို “အဖြူ၊ အဖြူ ” ဟူ၍လည်းကောင်း၊ ပါဠိလို “ဩဒါတော၊ ဩဒါတော” ဟူ၍လည်းကောင်း စိတ်ထဲက ပွားများရန် ဖြစ်ပါသည်။ အသံထွက်မဆိုရပါ။ အရေး ကြီးသည်က စိတ်မှတ်ပင်ဖြစ်ပါသည်။ ကသိုဏ်းဝန်းပေါ်မှာ မိမိစိတ်ကလေး ရစ်ဝဲတည်တံ့လာဖို့ ကြိုးစားရမှာဖြစ်ပါသည်။
ဘုရားပေးသော နည်းမှန်၊ လမ်းမှန်၊ ကျင့်စဉ်မှန် ဖြစ်၍ ဟုတ်တိ ပတ်တိ အားထုတ်လျှင် ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် (ပဉ္စမဈာန်) အထိ ဆက်ကာဆက်ကာ ရရှိသွားမည်ဖြစ်ပါသည်။
စာမျက်နှာ-450
ဤစတုတ္ထဈာန်စိတ် (ဉာဏ်နုံ့သူအတွက်ပဉ္စမဈာန်စိတ်) ပေါ်လာသောအခါ ဈာန်ရှင်လူသား အခြေအနေမှာ အကြီးအကျယ်ပြောင်းလဲသွားလေပြီ၊ မျှဉ်းမျှဉ်း ကလေးရှုနေသော အသက်သည် တခါတည်း ယတိပြတ် ရပ်သွားလေသည်။ စတုတ္ထဈာန် ဝင်စားနေသောအခါ အသက်ရှု လုံးဝရပ်နေသောကြောင့် လူသည် အရုပ်တစ်ခုလို အလွန့်အလွန် တည်ငြိမ်လေသည်။
အဘိညာဉ်ခရီးကား မဆုံးသေး၊ စတုတ္ထဈာန်စိတ် (ပဉ္စမဈာန်စိတ်)ကို ရရှိ ပြီးနောက် ရှေ့သို့တက်ရန် ကြိုးစားရဦးမည်ဖြစ်သည်။ ဤဈာန်စိတ်ကလေးကို ဖော်ကြည့် ထားကြည့် လွှတ်ကြည့် အင်္ဂါအရည်အချင်း သုံးသပ်ကြည့် အမျိုးမျိုး လေ့လာပြီးနောက် ဈာန်အင်္ဂါမှာ ဥပေက္ခာနှင့် ဧကဂ္ဂတာနှစ်မျိုးသာ ကျန်ရှိတော့ သဖြင့် ထပ်ဖြုတ်ချရန် မဖြစ်နိုင်တော့၍ အာရုံဘက် လှည့်ရပြန်၏။
“ဤယခု ငါရထားတဲ့ စတုတ္ထဈာန်စိတ်သည် ကသိုဏ်းဝန်းတု အာရုံနုကလေးကို စွဲမှီဖြစ်ပေါ်သဖြင့် ရုပ်နှင့်မကင်းသေး ရုန့်ရင်းသေး၏။ ဤရုပ်နယ်က အာရုံကို ဖယ်ချပစ်ရလျှင် ပို၍ ကောင်းပေလိမ့်မည်” ဤသို့ ယူဆ၍ ကသိုဏ်းဝန်းတု အာရုံနုကလေး ပျောက်သွားသဖြင့် ကျန်နေခဲ့သည့် ဟင်းလင်းလဟာကိုသာ စူးစိုက်ပြီး “အဆုံးမရှိသော ကောင်းကင်လဟာ” ဟု အထပ်ထပ် ရှုမှတ်ရလေသည်။ ဤသို့ ရှုမှတ်ဆင်ခြင်ဖန် ပွားများဖန် များသောအခါ “အာကာသနဉ္စယတန ဈာန်စိတ်”ခေါ် စိတ်သစ်တစ်မျိုး ပေါ်လာပြန်သည်။ ဤဈာန်ကို အသားကျအောင် ဆက်၍ လေ့လာရပြန်သည်။
နောက်တစ်ဆင့်ဆက်ရန်မှာ “ဤအာကာဈာန်စိတ်သည် ရုပ်အာရုံပြုသော အောက်နားက စတုတ္ထဈာန်နှင့် နီးနေ၏”ဟု နှလုံးသွင်းကာ ကောင်းကင်ပညတ် အာရုံကို လွှတ်လိုက်ပြီး အာကာဈာန်စိတ်ကလေးကိုပင် ပြန်၍ အာရုံပြုလျက် အားထုတ် ရပြန်သည်။ အားထုတ်ပွားများဖန် များသောအခါ ဝိညာဏဉ္စယတန စိတ်ခေါ် စိတ်သစ်တစ်မျိုး ပေါ်လာပြန်သည်။
ဝိညာဈာန်စိတ် တော်တော်အသားကျလာသောအခါ ရှေ့သို့ တက်ရဦးမည်။ “ဤဝိညာဉ်စိတ်သည် အာကာဈာန်စိတ်သို့ အလွယ်တကူ ပြန်ကျသွားနိုင်သည်၊ သိပ်လည်း မငြိမ်လှသေး” ဟု နှလုံးသွင်းလျက် အာကာဈာန်စိတ်ကိုပင် အာရုံ မပြုတော့ဘဲ လွှတ်ပစ်လိုက်သည်။ ဤသို့ လွှတ်ပစ်လိုက်ပြီးခါမှ ထို အာကာဈာန် စိတ်ကလေး လုံးဝ ချုပ်ဆုံး ပျောက်ကွယ်သွား၍ဘာမျှ မကျန်ခဲ့ခြင်းကိုပင် “ဘာမျှ မရှိ (နတ္ထိ ကိဉ္စိ)”ဟု အဖန်ဖန်ရှုရလေသည်။ လူတစ်ယောက်
စာမျက်နှာ-451
ထိုင်နေသော နေရာမှ ထသွားပြီးနောက် ကျန်နေခဲ့သောနေရာကို “ဘာမျှမရှိဘူး၊ သူမရှိတော့ဘူး” ဟု မှန်းကြည့်ရခြင်းမျိုးဖြစ်သည်။ ဤသို့ ရှုဖန်များသော အခါ အာကိဉ္စညာယတနဈာန်စိတ်ခေါ် စိတ်သစ်တစ်မျိုး ဖြစ်လာပြန်သည်။ ဤအာကိန် စိတ်သည် တုန်လှုပ်မှု လုံးဝကင်းလေပြီ၊ အတိုင်းမသိ ငြိမ်သက် လေပြီ။
နောက်ဆုံးတွင် ဤအာကိန်စိတ်ကား “ငြိမ်သက်ပေစွ၊ မွန်မြတ်ပေစွ” ဟု အထပ်ထပ် ပွားများသောအခါ နေဝသညာ နာသညာယတနဈာန်စိတ်ခေါ် စိတ်သစ်တစ်မျိုး ပေါ်လာလေသည်။ ဤစိတ်ကား စိတ်လောကထဲမှာ ထိပ်ပိတ် တည်း၊ ခေါင်ချုပ်တည်း၊ စိတ်ဟူ၍သာ ဆိုရသည်။ စိတ်မှ ဟုတ်ပါ လေတော့ရဲ့လား၊ ရှိသည်ဟုသာ ဆိုရသည်။ ရှိမှ ရှိပါတော့ရဲ့လား၊ ဤသို့ ထင်ရလောက်အောင် အလွန့်အလွန် သိမ်မွေ့ နူးညံ့နေလေပြီ။
ဤအာကာ၊ ဝိညာ၊ အာကိန်၊ နေဝ ဈာန်စိတ်လေးမျိုးတွင်လည်း ဥပေက္ခာနှင့် ဧကဂ္ဂတာ ဟူသော ဈာန်အင်္ဂါ ၂-ပါးစီပင် ရှိသည်။ သို့သော် တဆင့်ထက်တဆင့် ပို၍ နူးညံ့သိမ်မွေ့လာသည်။ အရည်အသွေး ပိုရှိလာလေသည်။
စိတ်သစ်တစ်ခု ပေါ်ခါနီးတွင် လက်ရှိစိတ်ပေါ် တွယ်တာမှု (နိကန္တိတဏှာ) ကွာကျသွားမြဲ ဖြစ်သည်။ မူလလက်ရှိစိတ်ပေါ် အတွယ် အတာ ကင်းမဲ့စွာဖြင့် ဆက်လက်အားထုတ်တော့မှ နောက်စိတ်သစ် ပေါ်လာရခြင်း ဖြစ်သည်။
မြတ်ဗုဒ္ဓဟောပြနည်းပေးခဲ့သဖြင့် ယခုလို ဈာန်အင်္ဂါနှင့် ဈာန်အာရုံများကို စီကာစဉ်ကာ “တက်လမ်း” ကို ဖြူးဖြူးဖြောင့်ဖြောင့် သိရခြင်းဖြစ်သည်။ အချို့ ရှေးက ယောဂီများမှာမူ ပထမဈာန်စိတ်ရပြီး နောက်တစ်ဆင့်တက်ဖို့ ဘာလုပ်ရမှန်း တော်တော်နှင့်မသိဘဲ စမ်းတဝါးဝါး ဖြစ်နေကြရသည်။ ထိုနည်းတူ စတုတ္ထဈာန် ရပြီးနောက်လည်း အာကာဈာန်သို့ ဘယ်လိုကူးရမည်ကို သိနိုင် ခဲသည်။ ဘုရားအလောင်း၏ ဆရာ နာမည်ကျော် အာဠာရ ရသေ့ကြီးသည်ပင် အာကိန်ဈာန် ရထားပြီး ရှေ့ဘယ်လို တက်ရမှန်းမသိ၍ သေသည်အထိ ရှေ့နေ ဝဈာန်သို့ တက်၍ မသွားရပေ။ မိမိရရှိထားသော ဈာန်လက်ရှိနှင့် သေရလျှင် သက်ဆိုင်ရာ ဗြဟ္မာ့ဘုံ၌ ဗြဟ္မာဖြစ်ကြရသည်။ ဈာန်ရမှ ဗြဟ္မာဖြစ်သည်။ ဈာန်မရလျှင် မည်သည့်ကုသိုလ်ပြုပြု ဗြဟ္မာမဖြစ်နိုင်ချေ၊
ပြန်၍ ပေါင်းရုံးကြည့်လျှင် ဈာန်ယာဉ်သင်တန်းသား၌ အောက်ပါအတိုင်း သမာပတ်ရှစ်ပါး(ကိုးပါး)ကို ရရှိနေပြီးဖြစ်ကြောင်း သိရပေမည် .
စာမျက်နှာ-452
သမာပတ်ကိုးပါး (ရှစ်ပါး)
စိတ်,အင်္ဂါအရည်အချင်း,အာရုံ၁။ ပထမဈာန်စိတ်,(ဝိတက်၊ဝိစာရ၊ပီတိ၊သုခ၊ဧကဂ္ဂတာ),ကသိုဏ်းဝန်းတု
၂။ ဒုတိယဈာန်စိတ်,(ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ),အာရုံနု
၃။ တတိယဈာန်စိတ်,(ပီတိ၊ သုခ၊ ဧကဂ္ဂတာ),။
၄။ စတုတ္ထဈာန်စိတ်,(သုခ၊ ဧကဂ္ဂတာ),။
၅။ ပဉ္စမဈာန်စိတ်,(ဥပေက္ခာ၊ ဧကဂ္ဂတာ),။
၆။ အာကာဈာန်စိတ်,။,ကသိုဏ်းကွာသည့် လဟာပညတ်
၇။ ဝိညာဈာန်စိတ်,။,အာကာဈာန်စိတ်
၈။ အာကိန်ဈာန်စိတ်,။,အာကာစိတ်ကင်းမဲ့မှု မရှိပညတ်
၉။ နေဝဈာန်စိတ်,။,အာကိန်ဈာန်စိတ်
မှတ်ချက်။
ယခုပြထားသော သမာပတ် ၉-ပါးအစီအစဉ်မှာ ဉာဏ်နုံ့သူ၏တက်ရောက်စဉ် ဖြစ်သည်။ ဉာဏ်ထက်မြက်သူမှာ ဝိတက် နှင့် ဝိစာရကို တပေါင်းတည်း တကြိမ်တည်း ပယ်ပစ်လိုက်နိုင်သည်။ ထို့ကြောင့် သူ့အနေဖြင့် ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထ ဟူ၍ လေးဆင့်သာ ဖြစ်သည်။ ဉာဏ်ထက်သူ၏ ဒုတိယဈာန်သည် ဉာဏ်နုံ့သူ၏ တတိယဈာန်နှင့်တူသည်၊ ဉာဏ်ထက်သူ၏ စတုတ္ထ ဈာန်သည် ဉာဏ်နုံ့သူ၏ ပဉ္စမဈာန်နှင့် အင်္ဂါချင်းတူသည်။ ဉာဏ်ထက်သူအဖို့ သမာပတ် ရှစ်ပါးဟုသာ ရေတွက်ရသည်။
ပထမမှ စတုတ္ထ (ပဉ္စမ) အထိ ဈာန်လေးမျိုးက ဈာန်၏အာရုံကို အသေထားပြီး ဈာန်အင်္ဂါအရည်အချင်း လျှော့လျှော့ပြီး တက်ယူသည်။ ယင်းတို့ကို “ရူပဈာန်” ဟု ခေါ်၏။ အာကာမှ နေဝဈာန်စိတ်အထိ လေးမျိုးက ဈာန်အင်္ဂါကို အသေထားပြီး အာရုံများကို ပြောင်း၍ ပြောင်း၍ တက်သွားသည်။ ယင်းတို့ လေးမျိုးကို “အရူပဈာန်” ဟုခေါ်သည်။
စာမျက်နှာ-453
ဖော်ပြပါ စိတ်၊ အင်္ဂါ၊ အာရုံဇယားကို ကြည့်၍ ပထမဈာန်အာရုံပြုသည့် ကသိုဏ်းဝန်းနှင့် နောက်ဆုံး နေဝဈာန်က အာရုံပြုသော အာကိန်ဈာန်စိတ် တို့၏ သိမ်မွေ့ပုံချင်း အပြတ်အသတ် ကွာခြားကြောင်း သိအပ်သည်။ ကသိုဏ်း အာရုံက ရုပ်အာရုံ ကြမ်းသည်၊ မြင်လွယ် ထင်လွယ်သည်။ အာကိန်ဈာန်စိတ် ဆိုသည်မှာ နာမ်အာရုံ၊ သိမ်မွေ့လွန်းသည်၊ သိရန် မြင်ရန် ထင်ရန် အလွန် ခက်ခဲသည်။
စိတ်ဘက်ပြန်ကြည့်လျှင် အာရုံကြမ်းသော ပထမဈာန်စိတ်က အာရုံနုသော နေဝဈာန်စိတ်လောက် စွမ်းအား မကြီးချေ။ မတည်ငြိမ်ချေ။ မသိမ်မွေ့ချေ။ အာရုံ သိမ်မွေ့လေလေ နုလေလေ စိတ်စွမ်းအား ထက်မြက်လေလေ အားကောင်း လေလေ ဖြစ်သည်။
အာရုံနှင့် စိတ်ဆက်သွယ်ပုံ စဉ်းစားကြည့်လျှင် သိနိုင်ပါသည်။ ဥပမာ ကျွန်ုပ်တို့ ဘောပွဲ ကြည့်စဉ်အခါ ဂယက်ထနေသော စိတ်မျိုးနှင့် ယိုးဒယားသီချင်းကို အေးဆေးစွာ နားထောင်နေသောအခါ တည်ငြိမ်စွာ ဖြစ်နေသည့် စိတ်မျိုး ဤနှစ်ရပ်ကိုပင် နှိုင်းယှဉ်ကြည့်ပါ။ စိတ်သည်အာရုံအလိုက် အထက်, အနု အကြမ်း, အနု ဖြစ်တတ်သော သဘောရှိပါသည်။
ဈာန်ယာဉ်သူရဲကောင်းအလျာသည် ယခုအထိ သမာပတ်ရှစ်ပါး၊ (ဉာဏ်နုံ့ သူအနေဖြင့် ၉-ပါး)ကို ရနေပြီဖြစ်ပါသည်။ သို့သော် သမာပတ် ရှစ်ပါးကို ရရုံမျှဖြင့် မြေလျှိုး မိုးပျံ တန်ခိုး မဖန်နိုင်သေးပါ။ ဤသမာပတ် ရှစ်ပါးကို အခြေပြု၍ အဘိညာဉ်ရသောအခါမှ စိတ်သွားတိုင်း ကိုယ်ပါ၍ လိုရာ အောင်မြင်ပါလိမ့်မည်။
အဘိညာဉ်အဆင့်သို့
မူလကအခြေခံခဲ့သော ပထဝီကသိုဏ်းကို အာရုံပြု၍ မိမိရရှိပြီးသော ဈာန်စိတ် များကို ပြန်လည် ဖော်ကြည့်ရပါမည်။ ပြန်လည် ဝင်စားရပါမည်။ ပထမတွင် အစဉ်အတိုင်း ပထမဈာန်စိတ်မှ စ၍ ဖော်ပြရပါသည်။ ဈာန်စိတ် ပေါ်လာလျှင် ထားကြည့်၊ လွှတ်ကြည့်၊ ဈာန်အင်္ဂါ ဆင်ခြင်ကြည့် စသည်ကို လုပ်ရပါသည်။ တဆင့်ပြီး တဆင့်တက်၊ ဤနည်းဖြင့် နေဝဈာန်အထိ တက်ရပါ သည်။ အစပိုင်းတွင် ဝင်စားမှု နှေးနေပါလိမ့်မည်။ ဝင်စားပါ များလာလျှင် မပင် မပန်းဘဲ ပထမဈာန်မှ အဆုံးဈာန်အထိ အလျင်အမြန် ဖော်ထုတ်ဝင်စားလာနိုင် ပါလိမ့်မည်။
စာမျက်နှာ-454
ဤသို့ အစအဆုံး အနုလောမနည်းဖြင့် နိုင်လာသောအခါ အဆုံးနေဝဈာန်မှ ပြောင်းပြန် ပထမဈာန်သို့ ပြန်ဆင်း ဝင်စားကြည့်ရသည်။ “နမော တဿ” ကို ပြောင်းပြန် ဆိုကြည့်သလိုပင်။ ဤသို့ ဆုံးမှစ ပဋိလောမ နိုင်နင်း လာပြန်သော အခါ အနုလောမ တကျော့၊ ပဋိလောမ တကျော့၊ အတက်-အဆင်း အပြန်ပြန် ဝင်စားရသည်။ ယင်း ပဋိလောမနည်း နိုင်နင်းလာပြန်သောအခါ တစ်ခုကျော်၊ နှစ်ခုကျော်လည်းကောင်း၊ အလယ်က ဖောက်၍လည်းကောင်း ဝင်စားကြည့်ရပြန် သည်။ “ဝင်စား”ဆိုသည်မှာ ဈာန်စိတ်ကို ဖော်ထား - လွှတ် - ဆင်ခြင် စသည်ကို လုပ်နေခြင်း ဖြစ်ပါသည်။
ဤသို့ ပထဝီကသိုဏ်းအာရုံဖြင့် သမာပတ်ရှစ်ပါးကို နိုင်နင်းပြီးသောအခါ အာပေါ ကသိုဏ်း စသည်ကို ပြောင်း၍ အထက်ပါ နည်းအတိုင်း ဝင်စား လေ့ကျင့် ရပါသည်။ ကသိုဏ်း ၁၀-ပါးစုံလျှင် အစကသိုဏ်းမှ အဆုံးကသိုဏ်း အတက် အဆင်း အထွင်း အဖောက် ဝင်စားရပါသည်။ ကသိုဏ်းကို အားလုံး နိုင်ပြီးသော အခါ သမာပတ်ရှစ်ပါးနှင့် ကသိုဏ်း ၁၀-ပါး ရောပြီး ကျင့်ရပြန်ပါသည်။ ဥပမာ ပထမဈာန်က ပထဝီကသိုဏ်းကို အာရုံပြုလျှင် ဒုတိယဈာန်က အာပေါကသိုဏ်းကို အာရုံပြုသည် စသည်မျိုးဖြစ်၏။
ဤသို့ ဇွဲရှိရှိ လေ့ကျင့်ဝင်စားဖန်များသောအခါ ဈာန်သူရဲ၏ စိတ်သည် အတိုင်း မသိ သိမ်မွေ့လာသည်။ အတိုင်းမသိ စူးရှထက်မြက်လာသည်။ စိတ်၌ ယှဉ်သော သမာဓိ အားအစွမ်းလည်း အတိုင်း မသိ ကြီးမားလာသည်။ စိတ်၌ ယှဉ်သော ပညာမှာ ဘာမဆို သိသည့်အစွမ်း ရှိလာပြီး အဘိညာဉ်အဆင့် ရောက်လာသည်၊ ထိုအခါ ဈာန်သူရဲသည် အဘိညာဉ်ရပြီး ဖြစ်ပါသည်။
မှတ်ချက်။
ပါရမီဓာတ်ခံ ကြီးမြင့်၍ ဉာဏ်အလွန် ထက်မြက်သူဆိုလျှင် ယခုလို ကသိုဏ်း ၁၀-ပါးကို အနုလောမနည်း စသည်ဖြင့် အထပ်ထပ် လေ့လာဝင်စားရန် မလိုပေ၊ ပဉ္စမဈာန် (စတုတ္ထဈာန်)ရ ကတည်းက အဘိညာဉ်ကိုပါ ရလာတတ်ပေသည်။
ဤနေရာတွင် ရူပဗေဒဘက်သို့ လှည့်ကြည့်သင့်ပါသည်။ ရိုးရိုးမျက်စိဖြင့် မြင်ရန် မဆိုထားဘိ၊ မိုက်ကရိုစကုပ် အကောင်းဆုံးဖြင့်သော်မှ မမြင် မတွေ့ ရလောက် အောင် သေးငယ် သိမ်မွေ့လှသော အနုမြူသည် မည်မျှ စွမ်းရည် သတ္တိ ကြီးမား ထက်မြက်လေသနည်း။ အနုမြူကို ထပ်ခွဲ၍ တွေ့ ရှိအပ်သော အီလက်ထရွန်၊ ပရိုတွန်၊ နျူထရွန်ဓာတ်တို့သည် မည်မျှ ဆန်းကြယ်လေသနည်း။ မည်မျှ အသုံးဝင်
စာမျက်နှာ-455
လေသနည်း။ ပဋိပက္ခနှင့် တွေ့သောအခါ မည်မျှလောက် သတ္တိပြကြသနည်း။ ဤသို့လျှင် အတိုင်းမသိ သိမ်မွေ့သော ရုပ်အနှစ်ဓာတ်၏ အကြောင်းကို ဆင်ခြင်အပ်၏။
စိတ်ပိုင်းတွင်လည်း ဤသဘောမျိုးပင် ဖြစ်သည်။ လမ်းပေါ်က လူတို့၏ ရိုးရိုးစိတ်ဓာတ်မှာ ကိလေသာ အညစ်အကြေးမကင်း၍ ရိုးရိုးစွမ်းရည်မျှသာ ရှိသည်။ ဈာန်သူရဲ၏ အတိုင်းမသိ သိမ်မွေ့ သန့်ရှင်းသော ကိလေသာ ကင်းကွာသော စိတ်မှာ အတိုင်းမသိ ထူးခြားထက်မြက်သော စွမ်းရည်ရှိလေသည်။ ဤသည်မှာ သဘာဝကျသော အချက်ပင်ဖြစ်သည်။
သို့ဖြစ်သောကြောင့် အဘိညာဉ်ကို ရထားသူသည် သူ့စိတ်က ဖြစ်စေချင်သမျှ အကုန်ဖြစ်လာပေတော့သည်။ အာကာသရှိ မည်သည့်ဂြိုလ်၊ မည်သည့် ဗိမာန်သို့ မဆို ပျံတက်ရောက်ရှိနိုင်၏။ မြေလွှာခွဲဝင်၍ မြေသို့ လျှိုးချင်သလို လျှိုးနိုင်၏။ သမုဒ္ဒရာရေပြင်ပေါ်မှာ လမ်းလျှောက်နိုင်သည်။ သမုဒ္ဒရာအောက် ငုပ်၍ နေနိုင် သည်။ လူသတ်လက်နက်အားလုံးကို ကြံ့ကြံ့ခံနိုင်သည်။ မီးမကူးအောင် လုပ်နိုင် သည်၊ အဆိပ် မသင့်အောင် တားနိုင်သည်။ ဖြစ်စေချင်သော သက်ရှိ သတ္တဝါ အမျိုးမျိုး ဝတ္ထုပစ္စည်းတစ်ခုခုကို ဖန်ဆင်းဖြစ်ပေါ်လာစေနိုင်သည်။ သူ့ကိုယ်ကို ဖျောက်နိုင်သည်။ တပါးသူ၏ စိတ်အကြံအစည်ကို သိနိုင်သည်။ မည်မျှလောက် ဝေးသော အရပ်က ပြောသောစကားကို ဖြစ်စေ၊ အလုံခန်းမှာ ဝင်ပြောသော စကားကိုဖြစ်စေ ကြားလိုလျှင် ကြားအောင် တတ်နိုင်သည်။ ဘာသာမျိုးစုံ၊ မျိုးစုံကို နားလည်နိုင်သည်။ မှောင်ချနိုင်သည်။ အလင်းရောင် ဖန်တီးနိုင်သည်။ ရှေးရှေးက ဖြစ်ပျက်ခဲ့ဖူးသမျှကိုလည်း ပြန်ပြောင်း သိရှိနိုင်သည်။ ရှေ့မှာ ဘာဖြစ် လိမ့်မည်ဟုလည်း ကြိုတင်ပြောပြနိုင်သည်။
စကားချပ်
အချုပ်အားဖြင့် သတ်ဖြတ် ညှဉ်းဆဲခြင်း စသော မကောင်းဆိုးဝါးအလုပ်များမှ တပါး အပြစ်ကင်းသော အရာဟူသမျှကို အကုန်လုပ်နိုင်ပေသည်။ အဘိညာဉ် လူသားသည် လူယုတ်မာ မဟုတ်သည့်အတွက် လုပ်ချင်ရာရာ အကုန်လုပ်နိုင် သော်လည်း အဖျက်လုပ်ငန်းများကို မလုပ်ပေ။ အကယ်၍ မကောင်းမှုကို လုပ်ခဲ့ မိသော် ချက်ချင်း ဈာန်အဘိညာဉ် ကွယ်ပျောက်၍ ရိုးရိုးလူသားဘဝ ပြန်ရောက် သွားလေသည်။
ဤအခန်းကို အဆုံးမသတ်မီ စကားချပ်၍ မှာချင်ပါသေးသည်။ သမထကမ္မဋ္ဌာန်း ကို အားထုတ်၍ ဈာန်အဘိညာဉ် တစုံတရာ မရစေကာမူ အချည်းအနှီး အလဟဿ မဖြစ်ပါ။ ဤအကြောင်းကို အင်္ဂုတ္တိုရ်ပါဠိတော် အစ္ဆရာသင်္ဃာတကသိဏသုတ်၌ အောက်ပါအတိုင်း မြတ်စွာဘုရား ဟောကြားခဲ့ပါသည်။
စာမျက်နှာ-456
“ချစ်သားရဟန်းတို့ - အဖြူဩဒါတကသိုဏ်းကို လက်ဖျစ်တတွက် အချိန်ကလေး လောက်ပင်ဖြစ်စေ ကြည့်ရှုပွားများသော ရဟန်းကို ဈာန်တရားနှင့် မကင်း ဆိတ်ဘဲနေသော ရဟန်းဟူ၍လည်းကောင်း၊ ငါဘုရား၏ သာသနာတော်ကို ထမ်းရွက်သော ရဟန်းဟူ၍လည်းကောင်း၊ ငါဘုရား၏ ဩဝါဒကို လိုက်နာသူ ဟူ၍လည်းကောင်း၊ ပြည်သူတို့က ပေးလှူသောဆွမ်းကို အချည်းအနှီး မဖြစ် စေဘဲ အကျိုးကြီးစေသူ ဟူ၍လည်းကောင်း ဆိုအပ်ပေ၏။ အကယ်၍ လက်ဖျစ်တတွက်မျှမက အကြိမ်များစွာ ပွားများ အားထုတ်ပါမူကား အဘယ်သို့ ဆိုဖွယ်ရာ ရှိပါတော့အံ့နည်း”
အခြားအခြားသော ကသိုဏ်းတို့ကိုလည်း ဤနည်းအတိုင်း ဘုရားရှင်က ချီးကျူး ဟောကြားတော်မူထားပါသည်။
လူဝတ်ကြောင်တို့အနေဖြင့် သမထကသိုဏ်းရှုပါလျှင် ဈာန်မရစေကာမူ အကျိုး မယုတ်ကြောင်း အထက်ပါ ဒေသနာတော်ကို ထောက်ထား သိရှိနိုင်ပါသည်။ ဈာန် အဘိညာဉ်ကို ရပါမူကား အဘယ်သို့ ဆိုဖွယ်ရာ ရှိပါတော့အံ့နည်းဟု ပြောရပေမည်။
ထီမထိုးသူသည် မည်သည့်အခါမျှ ထီမပေါက်ပေ၊ ထီထိုးလျှင်မူ ကံကောင်း ထောက်မပါက ပေါက်ပေလိမ့်မည်။ ဤဥပမာကဲ့သို့ပင် သမထကသိုဏ်း ဘာဝနာ ကို အားမထုတ်သူအဖို့ ဈာန်မရသည်မှာ သေချာသည်။ အားထုတ်ပါမူကား ပါရမီအခြေခံရှိပါက ဈာန်အဘိညာဉ်ကို ရနိုင်ပေသည်။ ဈာန်အဘိညာဉ်ကို ရဖို့ ရန်ကား သိပ်ခက်သည်မဟုတ်ပေ။ ခက်သည်က အားထုတ်ဖြစ်ဖို့သာ ခက်ပေ သည်။ မိမိကံကို မိမိရော အခြားသူပါ ကြိုတင်မသိနိုင်သကဲ့သို့ မိမိ၏ ပါရမီ အခြေခံကိုလည်း မိမိရော အခြားသူတို့ပါ ကြိုတင် ခန့်မှန်းနိုင်ခြင်း မရှိပေ။ သို့ဖြစ်သောကြောင့် အဆင်သင့်လျှင် အားထုတ်ကြည့်ပါက မမှားနိုင်ပေ။
ထို့ပြင် အချို့က သမထလမ်း ဈာန်လမ်းကိုအထင်သေးတတ်ကြသည်။ ဝိပဿနာ ကိုမှ အထင်ကြီးကြသည်။ တနည်းအားဖြင့် သမထလမ်းက လမ်းရှည်ဟု ယူဆ ကြသည်။ သို့ရာတွင် သမထနည်းဖြင့် ရသော ဈာန်သမာဓိကို လက်ကိုင်ပြု၍ ဝိပဿနာပွားများ အားထုတ်လျှင် ယခု ဈာန်မရှိသော လူစိမ်းများထက် အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး ၃-ပါးကို ပို၍ သိမြင်လွယ်ပေသည်။
ဘုရားရှင် အဆူဆူတို့သည် အာနာပါနသမထကမ္မဋ္ဌာန်းဖြင့် ဈာန်လေးပါးကို ရအောင် အလျင် အားထုတ်ပြီးမှ မဂ်လမ်း ဖိုလ်လမ်းကို အရောက်ကူးသန်းမြဲ ဖြစ်လေသည်။ သာမန် သမာဓိအား၊ ဉာဏ်အားဖြင့် ရုပ်နာမ်ဓမ္မ သဘာဝ
စာမျက်နှာ-457
လက္ခဏာကို မြင်ဖို့အရေးဝေးလှသေး၏။ ထို့ကြောင့် အနည်းဆုံး ဥပစာရ သမာဓိ (ဈာန်အနီးကပ် သမာဓိ) မျိုးကို ရအောင် အားထုတ်ပြီးမှ ဝိပဿနာကို ရှုကြရလေသည်။
ဤသို့ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ပါလျှင် တစ်ဘက်က သမထကသိုဏ်း ဈာန်အပိုင်းကို အမြင် အထင် မသေးအပ်။ တခါ ဈာန်သမားတို့ကလည်း သာသနာပ ဈာန်ရှင်တို့ကဲ့သို့ ဈာန်အဘိညာဉ်တွင် လမ်းဆုံးမနေဘဲ ဝိပဿနာခရီးလမ်းဆုံးအထိ လိုက်ကြရန် မမေ့သင့်ဟူသော အချက်မှန်ကို ကောင်းစွာ သိမြင်ကြရမည် ဖြစ်ပါ ပေသတည်း။
အကျဉ်းချုပ်
ဤအခန်း၌ မြတ်ဗုဒ္ဓနည်းဖြင့် ဈာန်အဘိညာဉ် ရအောင် လက်တွေ့ အားထုတ်နည်းအတိုင်း ဖော်ပြပါသည်။ မကျင့်ခင် ကြိုတင် ပြင်ဆင်ရမည့် အချက်များ၊ အလုပ်ခွင်၌ နေရာယူပုံ၊ စိတ်ဓာတ်တည် ဆောက်ပုံများနှင့်လုပ်ငန်း၏ အနှောင့်အယှက် ဖြစ်လာလျှင် ကျော်လွှားနည်းများ အသေးစိတ် ဖော်ပြပါသည်။ ထို့ပြင် တဈာန်မှ တဈာန် တက်ရောက်ပုံ ဈာန် ကစားပုံနှင့် အဘိညာဉ်ရ၍ မည်သို့သော စွမ်းရည်များ ရှိလာပုံတို့ကို လွယ်လွယ် ရှင်းရှင်း တင်ပြထားပါသည်။
စာမျက်နှာ-458
အခန်း (၉) - မဟာသတိပဋ္ဌာနသုတ်တော်မြန်မာပြန်
ရဟန်းတို့ - ဤခရီးလမ်းသည် သတ္တဝါတို့၏ စိတ်စင်ကြယ်ရန်, စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွတ်မြောက်ရန်, ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ ချုပ်ငြိမ်းရန်, အရိယမဂ်ကိုရရန်, နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်း ဖြစ်ပေ၏။ ယင်းသည့် ခရီးလမ်းကား ဤသတိပဋ္ဌာန် လေးပါးတို့ပင်တည်း။ အဘယ် လေးပါးတို့နည်းဟူမူ -
၁။ ရဟန်းတို့ - ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာအားထုတ်သော လုံ့လ ရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍ သတိ ရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာ ဒေါမနဿ ကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
၂။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
၃။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
၄။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
အကျဉ်းချုပ်ပြီး၏။
၁။ အောက်မေ့ခြင်း
၂။ ဥပါဒါနက္ခန္ဓာလောကကိုဆိုသည်။
၃။ လိုချင်တပ်မက်ခြင်း
၄။ နှလုံးမသာခြင်း
စာမျက်နှာ-459
(က) ကာယာနုပဿနာသတိပဋ္ဌာန်
(၁) ထွက်သက်ဝင်သက်ကို ရှူဆင်ခြင်ခြင်းအပိုင်း
ရဟန်းတို့-အဘယ်သို့လျှင် ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့- ဤသာသနာတော်၌ ရဟန်းသည် တောသို့ သွားရောက်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့ သွားရောက်၍ ဖြစ်စေ၊ ဆိတ်ငြိမ်ရာသို့ သွားရောက်၍ဖြစ်စေ တင်ပျဉ်ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာထား၍ သတိကို (ကမ္မဋ္ဌာန်းသို့) ရှေ့ရှုဖြစ်စေလျက် ထိုင်၏။ ထိုရဟန်း သည် သတိရှိလျက်သာလျှင် ထွက်သက်လေကို ရှိုက်၏။ သတိရှိလျက်သာလျှင် ဝင်သက်လေကို ရှူ၏။ ရှည်ရှည်ရှိုက်လျှင်လည်း “ရှည်ရှည်ရှိုက်သည်” ဟုသိ၏။ ရှည်ရှည်ရှူလျှင်လည်း “ရှည်ရှည်ရှူသည်” ဟု သိ၏။ တိုတိုရှိုက်လျှင်လည်း “တိုတို ရှိုက်သည်” ဟုသိ၏။ တိုတိုရှူလျှင်လည်း “တိုတိုရှူသည်” ဟုသိ၏။ (ထွက်သက် လေ၏) “အစ အလယ် အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှားသိလျက် ရှိုက်မည်” ဟု ကျင့်၏။ (ဝင်သက်လေ၏) “အစ အလယ် အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှားသိလျက် ရှူမည်” ဟု ကျင့်၏။ “ရုန့်ရင်းသော ထွက်သက်ကို ငြိမ်းစေလျက် ရှိုက်မည်” ဟုကျင့်၏။ “ရုန့်ရင်းသော ဝင်သက်ကို ငြိမ်းစေလျက် ရှူမည်” ဟု ကျင့်၏။
ရဟန်းတို့- ဥပမာသော်ကား ကျွမ်းကျင်သော ပွတ်သမားသည်လည်းကောင်း၊ ပွတ်သမား၏ တပည့်သည်လည်းကောင်း (ပွတ်ကြိုးကို) ရှည်ရှည်ဆွဲငင်လျှင်လည်း “ရှည်ရှည်ဆွဲသည်” ဟုသိ၏။ (ပွတ်ကြိုးကို) တိုတိုဆွဲလျှင်လည်း “တိုတိုဆွဲသည်” ဟု သိ၏။ ရဟန်းတို့ - ဤအတူပင် ရဟန်းသည် ရှည်ရှည်ရှိုက်လျှင်လည်း “ရှည်ရှည် ရှိုက်သည်” ဟုသိ၏။ ရှည်ရှည်ရှူလျှင်လည်း “ရှည်ရှည်ရှူသည်” ဟု သိ၏။ တိုတိုရှိုက်လျှင်လည်း “တိုတိုရှိုက်သည်” ဟုသိ၏။ တိုတိုရှူလျှင်လည်း “တိုတိုရှူသည်”ဟု သိ၏။ (ထွက်သက်လေ၏) “အစ အလယ် အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှားသိလျက် ရှိုက်မည်” ဟုကျင့်၏။ (ဝင်သက်လေ၏) “အစ အလယ်အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှားသိလျက် ရှူမည်” ဟု ကျင့်၏။ “ရုန့်ရင်းသော ထွက်သက်ကို ငြိမ်းစေလျက် ရှိုက်မည်” ဟု ကျင့်၏။ “ရုန့်ရင်းသော ဝင်သက်ကို ငြိမ်းစေလျက် ရှူမည်” ဟု ကျင့်၏။
၁။ ဝမ်းဗိုက်ကိုရှိုက်၍ လွှတ်ရသည်ကို ရည်၍ ထွက်လေ လွှတ်သည်ကို ရှိုက်သည်ဟု ဝေါဟာရပြုသည်။
စာမျက်နှာ-460
ဤသို့ (မိမိ၏) ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ ရှိသည်ဖြစ်၍ နေ၏။ သူတပါး၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို ကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ မိမိသူတပါး၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရုပ်အပေါင်း၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ မူလည်းနေ၏။ ရုပ်အပေါင်း၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ ရုပ်အပေါင်း၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်းပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ ထို့ပြင် “ရုပ်အပေါင်းသည်သာလျှင် ရှိသည်” ဟု ထိုရဟန်း အား သတိသည် ရှေ့ရှုထင်၏။ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ် တိုးပွားခြင်းသာ ဖြစ်၏။ အဆင့်ဆင့် သတိတဖန် တိုးပွားခြင်းငှာသာ ဖြစ်၏။ (ထိုရဟန်းသည် တဏှာ, ဒိဋ္ဌိတို့ဖြင့်) မမီ မတွယ် မူ၍လည်း နေ၏။ လောက၌ တစုံတရာကိုမျှလည်း (ငါ, ငါ၏ဥစ္စာဟု) စွဲလည်း မစွဲလမ်း။ ရဟန်းတို့ - ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ထွက်သက် ဝင်သက်ကို ရှုဆင်ခြင်ခြင်းအပိုင်း ပြီး၏။
(၂) ဣရိယာပုထ်ကို ဆင်ခြင်ခြင်းအပိုင်း
ရဟန်းတို့ - တဖန် ထို့ပြင်လည်း ရဟန်းသည် သွားလျှင်လည်း “သွားသည်” ဟုသိ၏။ ရပ်လျှင်လည်း “ရပ်သည်” ဟု သိ၏။ ထိုင်လျှင်လည်း “ထိုင်သည်” ဟု သိ၏။ လျောင်းလျှင်လည်း “လျောင်းသည်” ဟုသိ၏။ ထိုရဟန်း၏ ရုပ်အပေါင်းသည် အကြင်အကြင် အမူအရာအားဖြင့် တည်နေ၏။ ထိုရုပ်အပေါင်းကို ထိုထို အမူအရာအားဖြင့် သိ၏။
ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိ သည်ဖြစ်၍ နေ၏။ သူတပါး၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ မိမိသူတပါး၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်း ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရုပ်အပေါင်း၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ ရုပ်အပေါင်း၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ မူလည်း နေ၏။ ရုပ်အပေါင်း၌ ဖြစ်ကြောင်းပျက်ကြောင်းတရားနှင့် ဖြစ်ခြင်းပျက်ခြင်း
စာမျက်နှာ-461
သဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ ထို့ပြင် “ရုပ်အပေါင်းသည် သာလျှင် ရှိ၏” ဟု ထိုရဟန်းအား သတိသည် ရှေးရှု ထင်၏။ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ် တိုးပွားခြင်းငှာသာ ဖြစ်၏။ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီ မတွယ်မူ၍လည်း နေ၏။ လောက၌ တစုံတရာကိုမျှလည်း (ငါ, ငါ၏ဥစ္စာ) ဟု စွဲလည်း မစွဲလမ်း။ ရဟန်းတို့-ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ဣရိယာပုထ်ကို ဆင်ခြင်ခြင်းအပိုင်း ပြီး၏။
(၃) သတိသမ္ပဇဉ်ဖြင့် ဆင်ခြင်ခြင်းအပိုင်း
ရဟန်းတို့- တဖန် ထို့ပြင်လည်း ရဟန်းသည် ရှေ့သို့တိုးရာ, နောက်သို့ဆုတ်ရာ၌ သိလျက်ပြုလေ့ရှိ၏။ တူရူကြည့်ရာ, တစောင်းကြည့်ရာ၌ သိလျက်ပြုလေ့ရှိ၏။ ကွေးရာ, ဆန့်ရာ၌ သိလျက်ပြုလေ့ရှိ၏။ ဒုကုဋ်၊ သပိတ်၊ သင်္ကန်းကို ဆောင်ရာ၌ သိလျက် ပြုလေ့ရှိ၏။ စားရာ, သောက်ရာ, ခဲရာ, လျက်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ကျင်ကြီး ကျင်ငယ်စွန့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ သွားရာ၊ ရပ်ရာ၊ ထိုင်ရာ၊ အိပ်ရာ၊ နိုးရာ၊ ပြောရာ၊ ဆိတ်ဆိတ်နေရာ၌ သိလျက် ပြုလေ့ရှိ၏။ .
ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း ။ ပ။ ရဟန်းတို့ - ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
သတိသမ္ပဇဉ်ဖြင့် ဆင်ခြင်ခြင်းအပိုင်း ပြီး၏။
(၄) စက်ဆုပ်ဖွယ်ဟု နှလုံးသွင်းခြင်းအပိုင်း
ရဟန်းတို့ - တဖန် ထို့ပြင်လည်း ရဟန်းသည် ခြေဖဝါးမှ အထက်၊ ဆံပင်ဖျားမှ အောက်၊ ထက်ဝန်းကျင် အရေပါးအဆုံးရှိသော မစင်ကြယ်သည့် အရာအမျိုးမျိုး တို့ဖြင့် ပြည့်လျက်ရှိသော ဤရုပ်အပေါင်းကိုပင် စူးစိုက်ဆင်ခြင်၏။ “ဤရုပ်အပေါင်း၌ ဆံပင်၊ အမွေး၊ ခြေသည်း လက်သည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ ရိုးတွင်ခြင်ဆီ၊ အညှို့၊ နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း (ကျောက်ကပ်)၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်၊ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ် သည် ရှိ၏” ဟု စူးစိုက်ဆင်ခြင်၏။
စာမျက်နှာ-462
ရဟန်းတို့.. ဥပမာသော်ကား နှစ်ဖက်မျက်နှာဝရှိသော အိတ်သည် စပါး အမျိုးမျိုးတို့ဖြင့် ပြည့်လျက် ရှိရာ၏။ အဘယ်စပါးတို့နည်းဟူမူ - သလေးစပါး၊ ကောက်ကြီးစပါး၊ ပဲနောက်၊ ပဲကြီး၊ နှမ်း၊ ဆန်တို့တည်း။ မျက်စိအမြင်ရှိသော ယောက်ျားသည် ထိုအိတ်ကို ဖြေ၍ “ဤသည်တို့ကား သလေးစပါးတို့တည်း၊ ဤသည်တို့ကား ကောက်ကြီးစပါးတို့တည်း၊ ဤသည်တို့ကား ပဲနောက်တို့တည်း ဤသည်တို့ကား ပဲကြီးတို့တည်း၊ ဤသည်တို့ကား နှမ်းတို့တည်း၊ ဤသည်တို့ကား ဆန်တို့တည်း” ဟု စူးစိုက်ဆင်ခြင်ရာသကဲ့သို့ ရဟန်းတို့ - ဤအတူပင် ရဟန်းသည် ခြေဖဝါးမှ အထက်၊ ဆံပင်ဖျားမှ အောက် ထက်ဝန်းကျင် အရေပါးအဆုံးရှိသော မစင်ကြယ်သည့်အရာ အမျိုးမျိုးတို့ဖြင့် ပြည့်လျက်ရှိသော ဤရုပ်အပေါင်းကိုပင် စူးစိုက် ဆင်ခြင်၏။ “ဤရုပ်အပေါင်း၌ ဆံပင်၊ အမွေး၊ ခြေသည်း လက်သည်း၊ သွား၊ အရေ။ ပ။ ကျင်ငယ်သည်ရှိ၏” ဟု (စူးစိုက်ဆင်ခြင်၏)။
ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း ။ ပ။ ရဟန်းတို့ - ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
စက်ဆုပ်ဖွယ်ဟု နှလုံးသွင်းဆင်ခြင်ခြင်းအပိုင်း ပြီး၏။
(၅) ဓာတ်အားဖြင့် နှလုံးသွင်းခြင်းအပိုင်း
ရဟန်းတို့ - တဖန် ထို့ပြင်လည်း “ဤရုပ်အပေါင်း၌ မြေဓာတ်၊ ရေဓာတ်၊ မီးဓာတ်၊ လေဓာတ်သည်ရှိ၏” ဟု ဤရုပ်အပေါင်းကို တည်မြဲတိုင်း၊ ထားမြဲတိုင်းပင် ဓာတ်အားဖြင့် စူးစိုက်ဆင်ခြင်၏။
ရဟန်းတို့- ဥပမာသော်ကား ကျွမ်းကျင်သော နွားသတ်သမားသည်လည်း ကောင်း၊ နွားသတ်သမား၏ တပည့်သည်လည်းကောင်း နွားကိုသတ်၍ လမ်းလေးခွ ဆုံရာ၌ အစုအပုံအားဖြင့် ခွဲခြားလျက် ထိုင်နေရာသကဲ့သို့ ရဟန်းတို့ - ဤအတူပင် ရဟန်းသည် “ဤရုပ်အပေါင်း၌ မြေဓာတ်၊ ရေဓာတ်၊ မီးဓာတ်၊ လေဓာတ်သည် ရှိ၏”ဟု ဤရုပ်အပေါင်းကို တည်မြဲတိုင်း၊ ထားမြဲတိုင်းပင် ဓာတ်အားဖြင့် စူးစိုက် ဆင်ခြင်၏။
ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း ။ပ။ ရဟန်းတို့- ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ဓာတ်အားဖြင့် နှလုံးသွင်းခြင်းအပိုင်း ပြီး၏။
စာမျက်နှာ-463
(၆) သူသေကောင်ကိုးမျိုးကို ဆင်ခြင်ခြင်းအပိုင်း
ရဟန်းတို့ - တဖန် ထို့ပြင်လည်း ရဟန်းသည် သေ၍ တစ်ရက်ရှိသော သူသေ ကောင်၊ သေ၍ နှစ်ရက်ရှိသော သူသေကောင်၊ သေ၍ သုံးရက်ရှိသော သူသေ ကောင်၊ ဖူးရောင်နေသော သူသေကောင်၊ ရုပ်ဆင်းပျက်လျက် ညိုမည်းနေသော သူသေကောင်၊ ပြည်ကဲ့သို့ စက်ဆုပ်ဖွယ် အပုပ်ရည်ယိုစီးသော သင်္ချိုင်း၌ စွန့်ပစ် ထားသော သူသေကောင်ကို မြင်ရာသကဲ့သို့ ထိုရဟန်းသည် ဤကိုယ်ကိုသာလျှင် “ဤငါ၏ ရုပ်အပေါင်းသည်လည်း ဤသို့သော သဘောရှိ၏။ ဤသို့သော သဘော ဖြစ်လိမ့်မည်သာတည်း။ ဤသို့သောသဘောကို မလွန်ဆန်နိုင်” ဟု နှိုင်းစာ၍ ရှု၏။
ဤသို့ (မိမိ၏) ရုပ်အပေါင်း၌မူလည်း ။ပ။ရဟန်းတို့ - ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍နေ၏။
ရဟန်းတို့ - တဖန် ထို့ပြင်လည်း ရဟန်းသည် ကျီးတို့ ခဲစားအပ်သည်မူလည်း ဖြစ်သော၊ စွန်ရဲတို့ ခဲစားအပ်သည်မူလည်းဖြစ်သော၊ လင်းတတို့ ခဲစားအပ်သည် မူလည်းဖြစ်သော၊ ဗုံမတီးငှက်တို့ ခဲစားအပ်သည်မူလည်းဖြစ်သော၊ ခွေးတို့ ခဲစား အပ်သည်မူလည်းဖြစ်သော၊ ကျားတို့ ခဲစားအပ်သည်မူလည်းဖြစ်သော၊ သစ်တို့ ခဲစားအပ်သည်မူလည်းဖြစ်သော၊ မြေခွေးတို့ ခဲစားအပ်သည်မူလည်းဖြစ်သော၊ ပိုးအမျိုးမျိုးတို့ ခဲစားအပ်သည်မူလည်းဖြစ်သော သင်္ချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို မြင်ရာသကဲ့သို့ ထိုရဟန်းသည် ဤကိုယ်ကိုသာလျှင် “ဤငါ၏ ရုပ်အပေါင်းသည်လည်း ဤသို့သဘောရှိ၏။ ဤသို့သော သဘော ဖြစ်လိမ့်မည် သာတည်း။ ဤသို့သော သဘောကို မလွန်ဆန်နိုင်” ဟု နှိုင်းစာ၍ ရှု၏။
ဤသို့ (မိမိ၏) ရုပ်အပေါင်း၌မူလည်း ။ပ။ ရဟန်းတို့-ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ရဟန်းတို့ - တဖန် ထို့ပြင်လည်း ရဟန်းသည် အသား အသွေးရှိသေးသော၊ အကြောတို့ဖြင့် ဖွဲ့ထားသော အရိုးဆက်လျက် ရှိသေးသော သင်္ချိုင်း၌ စွန့်ပစ် အပ်သော သူသေကောင်ကို မြင်ရာသကဲ့သို့ ။ပ။ အသားကင်း၍ သွေးတို့ဖြင့် ပေကျံလျက် အကြောတို့ဖြင့် ဖွဲ့လျက်ရှိသော၊ အရိုးဆက်လျက်ရှိသေးသော သင်္ချိုင်း၌ စွန့်ပစ်အပ်သော သူသေကောင်ကို၊ ။ပ။ အသား အသွေးကင်းလျက် အကြောတို့ဖြင့် ဖွဲ့ထားသော၊ အရိုးစုဖြစ်သော သင်္ချိုင်း၌ စွန့်ပစ်အပ်သော သူသေကောင်ကို ။ပ။ တစ်နေရာ၌ လက်ရိုး၊ တစ်နေရာ၌ ခြေရိုး၊ တစ်နေရာ၌
စာမျက်နှာ-464
ခြေဖမျက်ရိုး၊ တစ်နေရာ၌ မြင်းခေါင်းရိုး၊ တစ်နေရာ၌ ပေါင်ရိုး၊ တစ်နေရာ၌ ခါးရိုး၊ တစ်နေရာ၌ နံရိုး၊ တစ်နေရာ၌ ကျောက်ကုန်းရိုး၊ တစ်နေရာ၌ ပခုံးရိုး၊ တစ်နေရာ၌ လည်ပင်းရိုး၊ တစ်နေရာ၌ မေးရိုး၊ တစ်နေရာ၌ သွားရိုး၊ တစ်နေရာ၌ ဦးခေါင်းခွံ အားဖြင့် ဖွဲ့ခြင်း ကင်းကုန်လျက် ထိုထိုအရပ်တို့၌ ကျဲပြန့်နေကုန်သော သင်္ချိုင်း၌ စွန့်ပစ်အပ်သော အရိုးစု သူသေကောင်တို့ကို မြင်ရာသကဲ့သို့ ထိုရဟန်းသည် ဤကိုယ်ကိုသာလျှင် “ဤငါ၏ ရုပ်အပေါင်းသည် လည်း ဤသို့သော သဘောရှိ၏။ ဤသို့သော သဘော ဖြစ်လိမ့်မည်သာတည်း။ ဤသို့သော သဘောကို မလွန်ဆန်နိုင်” ဟု နှိုင်းစာ၍ ရှု၏။
ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း ။ပ။ နေ၏။
ရဟန်းတို့ - တဖန် ထို့ပြင်လည်း ရဟန်းသည် ခရုသင်းအဆင်းနှင့် အတူ ဖြူဖွေးနေကုန်သော သချိုင်း၌ စွန့်ပစ်အပ်ကုန်သော အရိုးစု သူသေကောင် တို့ကို မြင်ရာသကဲ့သို့ ။ ပ ။ နှစ်လွန်လျက် စုပုံနေသော သင်္ချိုင်း၌ စွန့်ပစ် ထားအပ်သော အရိုးစု သူသေကောင်တို့ကို မြင်ရာသကဲ့သို့ ။ ပ ။ ဆွေးမြည့်လျက် အမှုန့်ဖြစ်ကုန်သော သင်္ချိုင်း၌ စွန့်ပစ်ထားကုန်သော အရိုးစု သူသေကောင် တို့ကို မြင်ရာသကဲ့သို့ ထိုရဟန်းသည် ဤကိုယ်ကိုသာလျှင် “ဤငါ၏ ရုပ်အပေါင်း သည်လည်း ဤသို့သဘောရှိ၏။ ဤသို့သော သဘောဖြစ်လိမ့်မည်သာတည်း။ ဤသို့သော သဘောကို မလွန်ဆန်နိုင်” ဟု နှိုင်းစာ၍ ရှု၏။
ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ ရှိသည်ဖြစ်၍ နေ၏။ သူတပါး၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ မိမိ သူတပါး၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရုပ်အပေါင်း၌ ဖြစ်ကြောင်း တရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ မူလည်းနေ၏။ ရုပ်အပေါင်း၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ ရုပ်အပေါင်း၌ ဖြစ်ကြောင်း ပျက်ကြောင်း တရားနှင့် ဖြစ်ခြင်း ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ ထို့ပြင် “ရုပ်အပေါင်းသည်သာလျှင် ရှိ၏” ဟု ထိုရဟန်းအား သတိသည် ရှေးရှု ထင်၏။ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ်
စာမျက်နှာ-465
တိုးပွားခြင်းငှာသာ ဖြစ်၏။ အဆင့်ဆင့် သတိတဖန် တိုးပွားခြင်းငှာသာ ဖြစ်၏။ (ထိုရဟန်းသည် တဏှာ ဒိဋ္ဌိတို့ဖြင့်) မမှီ မတွယ်မူ၍လည်း နေ၏။ လောက၌ တစုံတရာကိုမျှလည်း (ငါ, ငါ၏ဥစ္စာ)ဟု စွဲလည်းမစွဲလမ်း။ ရဟန်းတို့ - ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။
သူသေကောင်ကိုးမျိုးကို ဆင်ခြင်ခြင်းအပိုင်း ပြီး၏။ ရုပ်အပေါင်းကို ဆင်ခြင်ခြင်း တစ်ဆယ့်လေးပါး ပြီး၏။
(ခ) ဝေဒနာနုပဿနာသတိပဋ္ဌာန် ဝေဒနာကို ဆင်ခြင်ခြင်း ကိုးပါး
ရဟန်းတို့ - အဘယ်သို့လျှင် ရဟန်းသည် ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့ - ဤသာသနာတော်၌ ရဟန်းသည် သုခဝေဒနာကို ခံစားလျှင်လည်း “သုခဝေဒနာကို ခံစားသည်” ဟု သိ၏။ ဒုက္ခဝေဒနာကို ခံစားလျှင်လည်း “ဒုက္ခဝေဒနာကို ခံစားသည်” ဟု သိ၏။ အဒုက္ခမသုခဝေဒနာကို ခံစားလျှင်လည်း “အဒုက္ခမသုခဝေဒနာကို ခံစားသည်”ဟု သိ၏။
ကာမဂုဏ်နှင့် စပ်သော ချမ်းသာသော ဝေဒနာကို ခံစားလျှင်လည်း “ကာမဂုဏ်နှင့်စပ်သော ချမ်းသာသော ဝေဒနာကို ခံစားသည်” ဟုသိ၏။ ကာမဂုဏ် နှင့် မစပ်သော ချမ်းသာသော ဝေဒနာကို ခံစားလျှင်လည်း “ကာမဂုဏ်နှင့် မစပ်သော ချမ်းသာသော ဝေဒနာကို ခံစားသည်” ဟု သိ၏။ ကာမဂုဏ်နှင့်စပ်သော ဆင်းရဲသော ဝေဒနာကို ခံစားလျှင်လည်း “ကာမဂုဏ်နှင့်စပ်သော ဆင်းရဲသော ဝေဒနာကို ခံစားသည်” ဟုသိ၏။ ကာမဂုဏ်နှင့် မစပ်သော ဆင်းရဲသော ဝေဒနာကို ခံစားလျှင်လည်း “ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲသော ဝေဒနာကိုခံစားသည်” ဟု သိ၏။ ကာမဂုဏ်နှင့် စပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကို ခံစားလျှင်လည်း “ကာမဂုဏ်နှင့်စပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကို ခံစားသည်” ဟု သိ၏။ ကာမဂုဏ်နှင့် မစပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကို ခံစားလျှင်လည်း “ကာမဂုဏ်နှင့် မစပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကို ခံစားသည်” ဟုသိ၏။
စာမျက်နှာ-466
ဤသို့ မိမိ၏ ဝေဒနာတို့၌မူလည်း ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ သူတပါး၏ ဝေဒနာတို့၌မူလည်း ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ ရှိသည်ဖြစ်၍ နေ၏။ မိမိ သူတပါး၏ ဝေဒနာတို့၌မူလည်း ဝေဒနာတို့ကို အကြိမ် ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ဝေဒနာတို့၌ ဖြစ်ကြောင်း တရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ ဝေဒနာတို့၌ ပျက်ကြောင်း တရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ ဝေဒနာတို့၌ ဖြစ်ကြောင်း ပျက်ကြောင်း တရားနှင့် ဖြစ်ခြင်း ပျက်ခြင်း သဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ ထို့ပြင် “ဝေဒနာသည် သာလျှင် ရှိ၏”ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏။ ထိုသတိသည် အဆင့်ဆင့် အသိဉာဏ်တိုးပွားခြင်းငှာသာ ဖြစ်၏။ အဆင့်ဆင့် သတိတဖန် တိုးပွားခြင်းငှာသာ ဖြစ်၏။ (ထိုရဟန်းသည်တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏။ လောက၌ တစုံတရာကိုမျှလည်း “ငါ, ငါ၏ဥစ္စာ” ဟုလည်း စွဲလည်း မစွဲလမ်း။ ရဟန်းတို့- ဤသို့လည်း ရဟန်းသည် ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ဝေဒနာတို့ကို ဆင်ခြင်ခြင်းကိုးပါး ပြီး၏။
(ဂ) စိတ္တာနုပဿနာသတိပဋ္ဌာန် စိတ်ကို ဆင်ခြင်ခြင်း တစ်ဆယ့်ခြောက်ပါး
ရဟန်းတို့ - အဘယ်သို့လျှင် ရဟန်းသည် စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ ရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့ - ဤသာသနာတော်၌ ရဟန်းသည် ရာဂနှင့်တကွသော စိတ်ကိုလည်း “ရာဂနှင့်တကွသောစိတ်” ဟုသိ၏။ ရာဂကင်း သော စိတ်ကိုလည်း “ရာဂကင်းသောစိတ်” ဟုသိ၏။ ဒေါသနှင့်တကွသော စိတ်ကို လည်း “ဒေါသနှင့်တကွသော စိတ်” ဟုသိ၏။ ဒေါသကင်းသောစိတ်ကိုလည်း “ဒေါသ ကင်းသောစိတ်” ဟုသိ၏။ မောဟနှင့်တကွသော စိတ်ကိုလည်း “မောဟနှင့်တကွ သောစိတ်” ဟု သိ၏။ မောဟကင်းသောစိတ်ကိုလည်း “မောဟကင်းသောစိတ်” ဟု သိ၏။ သံခိတ္တစိတ်ကိုလည်း “သံခိတ္တစိတ်” ဟုသိ၏။ ဝိက္ခိတ္တစိတ်ကိုလည်း “ဝိက္ခိတ္တ စိတ်” ဟုသိ၏။ မဟဂ္ဂုတ်စိတ်ကိုလည်း “မဟဂ္ဂုတ်စိတ်” ဟုသိ၏။ အမဟဂ္ဂုတ် စိတ်ကိုလည်း “အမဟဂ္ဂုတ်စိတ်” ဟုသိ၏။ သဥတ္တရစိတ်ကိုလည်း “သဥတ္တရစိတ်” ဟုသိ၏။ အနုတ္တရစိတ်ကိုလည်း “အနုတ္တရစိတ်” ဟုသိ၏။ သမာဟိတ စိတ်ကိုလည်း “သမာဟိတစိတ်” ဟုသိ၏။ အသမာဟိတစိတ်ကိုလည်း “အသမာဟိတစိတ်” ဟုသိ ၏။ ဝိမုတ္တစိတ်ကိုလည်း “ဝိမုတ္တစိတ်” ဟု သိ၏။ အဝိမုတ္တစိတ် ကိုလည်း “အဝိမုတ္တ စိတ်” ဟု သိ၏။
စာမျက်နှာ-467
ဤသို့ မိမိ၏ စိတ်၌မူလည်း စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ သူတပါး၏ စိတ်၌မူလည်း စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ မိမိသူတပါး၏ စိတ်၌မူလည်း စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ စိတ်၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ စိတ်၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ စိတ်၌ ဖြစ်ကြောင်းပျက်ကြောင်း တရားနှင့်ဖြစ်ခြင်း ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ ထို့ပြင် ““စိတ်သည်သာလျှင် ရှိ၏”ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏။ ထိုသတိသည် အဆင့်ဆင့် အသိဉာဏ်တိုးပွားခြင်းငှာသာ ဖြစ်၏။ အဆင့်ဆင့် သတိတဖန် တိုးပွားခြင်းငှာသာ ဖြစ်၏။ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီ မတွယ်မူ၍လည်း နေ၏။ လောက၌ တစုံတရာကိုမျှလည်း “ငါ, ငါ၏ဥစ္စာ”ဟု စွဲလည်း မစွဲလမ်း။ ရဟန်းတို့ - ဤသို့လည်း ရဟန်းသည် စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍နေ၏။
စိတ်ကိုဆင်ခြင်ခြင်း တစ်ဆယ့်ခြောက်ပါး ပြီး၏။
(ဃ) ဓမ္မာနုပဿနာသတိပဋ္ဌာန် သဘောတရားကို ဆင်ခြင်ခြင်း ငါးပါး
၁။ နီဝရဏတရားငါးပါးကို ဆင်ခြင်ခြင်းအပိုင်း
ရဟန်းတို့ - အဘယ်သို့လျှင် ရဟန်းသည် သဘောတရားတို့၌ သဘောတရား တို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့ - ဤသာသနာ တော်၌ ရဟန်းသည် နီဝရဏ ငါးပါး သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ရဟန်းတို့ - အဘယ်သို့လျှင် ရဟန်းသည် နီဝရဏငါးပါး သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့ - ဤသာသနာတော်၌ ရဟန်းသည် အတွင်းသန္တာန်၌ ကာမစ္ဆန္ဒ ရှိလျှင်လည်း “ငါ၏ အတွင်းသန္တာန်၌ ကာမစ္ဆန္ဒ ရှိသည်”ဟု သိ၏။ အတွင်းသန္တာန်၌ ကာမစ္ဆန္ဒ မရှိလျှင်လည်း “ငါ၏ အတွင်းသန္တာန်၌ ကာမစ္ဆန္ဒမရှိ”ဟု သိ၏။
၁။ အပိတ်အပင်တရား
၂။ ကာမဂုဏ်အလို
စာမျက်နှာ-468
မဖြစ်သေးသော ကာမစ္ဆန္ဒ၏ ဖြစ်ကြောင်းကိုလည်း သိ၏။
ဖြစ်ပြီးသော ကာမစ္ဆန္ဒ၏ ပယ်ကြောင်းကိုလည်း သိ၏။ ပယ်ပြီးသော ကာမစ္ဆန္ဒ၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။
မိမိသန္တာန်၌ ဗျာပါဒ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဗျာပါဒရှိသည်” ဟု သိ၏၊ မိမိသန္တာန်၌ ဗျာပါဒမရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဗျာပါဒ မရှိ” ဟု သိ၏။ မဖြစ်သေးသော ဗျာပါဒ၏ ဖြစ်ကြောင်းကိုလည်း သိ၏။ ဖြစ်ပြီးသော ဗျာပါဒ၏ ပယ်ကြောင်းကိုလည်း သိ၏။ ပယ်ပြီးသော ဗျာပါဒ၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။
မိမိသန္တာန်၌ ထိနမိဒ္ဓ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ထိနမိဒ္ဓရှိသည်” ဟု သိ၏။ မိမိသန္တာန်၌ ထိနမိဒ္ဓ မရှိလျှင်လည်း “ငါ၏ သန္တာန်၌ ထိနမိဒ္ဓ မရှိ” ဟု သိ၏။ မဖြစ်သေးသော ထိနမိဒ္ဓ၏ ဖြစ်ကြောင်းကိုလည်း သိ၏။ ဖြစ်ပြီးသော ထိနမိဒ္ဓ၏ ပယ်ကြောင်းကိုလည်း သိ၏။ ပယ်ပြီးသော ထိနမိဒ္ဓ၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။
မိမိသန္တာန်၌ ဥဒ္ဓစ္စ ကုက္ကုစ္စ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဥဒ္ဓစ္စ ကုက္ကုစ္စ ရှိသည်” ဟု သိ၏။ မိမိသန္တာန်၌ ဥဒ္ဓစ္စ ကုက္ကုစ္စ မရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဥဒ္ဓစ္စ ကုက္ကုစ္စ မရှိ” ဟု သိ၏။ မဖြစ်သေးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၏ ဖြစ်ကြောင်းကိုလည်း သိ၏။ ဖြစ်ပြီးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၏ ပယ်ကြောင်းကိုလည်း သိ၏။ ပယ်ပြီးသော ဥဒ္ဓစ္စကုက္ကုစ္စ၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။
မိမိသန္တာန်၌ ဝိစိကိစ္ဆာ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဝိစိကိစ္ဆာရှိ၏” ဟု သိ၏။ မိမိသန္တာန်၌ ဝိစိကိစ္ဆာ မရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဝိစိကိစ္ဆာ မရှိ” ဟု သိ၏။ မဖြစ်သေးသော ဝိစိကိစ္ဆာ၏ ဖြစ်ကြောင်းကိုလည်း သိ၏။ ဖြစ်ပြီးသော ဝိစိကိစ္ဆာ၏ ပယ်ကြောင်းကိုလည်း သိ၏။ ပယ်ပြီးသော ဝိစိကိစ္ဆာ၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။
၁။ သူတပါးပျက်စီးစေလိုခြင်းသဘော။
၃။ ပျံ့လွင့်ခြင်း
၂။ လေးလံထိုင်းမှိုင်းခြင်း
၄။ နှလုံးမသာယာခြင်း ၅။ မဝေခွဲနိုင်ခြင်း
စာမျက်နှာ-469
ဤသို့ မိမိ၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ သူတပါး၏ သဘောတရားတို့၌မူလည်း သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ မိမိသူတပါး၏ သဘော တရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ သဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ ရှိသည်ဖြစ်၍မူလည်း နေ၏။ သဘောတရားတို့၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်း သဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ သဘောတရားတို့၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်းပျက်ခြင်း သဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ ထို့ပြင် “သဘောတရားတို့သည်သာလျှင် ရှိကုန်၏”ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏။ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ်တိုးပွားခြင်းငှာသာ ဖြစ်၏။ အဆင့်ဆင့် သတိတဖန် တိုးပွားခြင်းငှာသာ ဖြစ်၏။ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏။ လောက၌ တစုံတရာကိုမျှလည်း (ငါ, ငါ၏ ဥစ္စာဟု) စွဲလည်း မစွဲလမ်း။ ရဟန်းတို့ - ဤသို့လည်း - ရဟန်းသည် နီဝရဏ ငါးပါး သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
နီဝရဏငါးပါးကို ဆင်ခြင်ခြင်းအပိုင်း ပြီး၏။
၂။ ခန္ဓာငါးပါးကို ဆင်ခြင်ခြင်းအပိုင်း
ရဟန်းတို့ - တဖန် ထို့ပြင်လည်း ရဟန်းသည် ဥပါဒါနက္ခန္ဓာ ငါးပါး သဘော တရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရဟန်းတို့- အဘယ်သို့လျှင် ရဟန်းသည် ဥပါဒါနက္ခန္ဓာငါးပါး သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့ - ဤသာသနာ တော်၌ ရဟန်းသည် ဤကား ရုပ်တည်း။ ဤကား ရုပ်၏ ဖြစ်ကြောင်းတည်း။ ဤကား ရုပ်၏ ချုပ်ရာတည်း၊ ဤကား ဝေဒနာတည်း၊ ဤကား ဝေဒနာ၏ ဖြစ်ကြောင်းတည်း၊ ဤကား ဝေဒနာ ၏ချုပ်ရာတည်း၊ ဤကား သညာတည်း၊ ဤကား သညာ၏ ဖြစ်ကြောင်းတည်း၊ ဤကား သညာ၏ချုပ်ရာတည်း၊ ဤသည် တို့ကား သင်္ခါရတို့တည်း၊ ဤကား သင်္ခါရတို့၏ ဖြစ်ကြောင်းတည်း၊ ဤကား သင်္ခါရတို့၏ချုပ်ရာတည်း၊ ဤကား ဝိညာဏ်တည်း၊ ဤကား ဝိညာဏ်၏ဖြစ် ကြောင်းတည်း၊ ဤကား ဝိညာဏ်၏ ချုပ်ရာတည်းဟု ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
၁။ မှတ်သိခြင်း။
၂။ ပြုပြင်စီရင်မှု အားထုတ်မှု
၃။ အထူးသိမှု။
စာမျက်နှာ-470
ဤသို့ မိမိ၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ သူတပါး၏ သဘောတရားတို့၌မူလည်း သဘောတရား တို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍နေ၏။ မိမိသူတပါး၏ သဘောတရားတို့၌မူ လည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍နေ၏။ သဘောတရား တို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ မူလည်း နေ၏။ သဘောတရားတို့၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်းနေ၏။ သဘောတရားတို့၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်းပျက်ခြင်း သဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍မူလည်းနေ၏။ ထို့ပြင် “သဘောတရားတို့သည်သာလျှင်ရှိကုန်၏” ဟု ထိုရဟန်း အား သတိသည် ရှေးရှုထင်၏။ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ်တိုးပွားခြင်း ငှာသာ ဖြစ်၏။ အဆင့်ဆင့် သတိတဖန် တိုးပွားခြင်းငှာသာ ဖြစ်၏။ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏။ လောက၌ တစုံတရာကိုမျှလည်း (ငါ၊ ငါ၏ဥစ္စာ) ဟု စွဲလည်း မစွဲလမ်း။ ရဟန်းတို့-ဤသို့လည်း ရဟန်းသည် ခန္ဓာငါးပါး သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ခန္ဓာငါးပါးကို ဆင်ခြင်ခြင်းအပိုင်း ပြီး၏။
၃။ အာယတန တစ်ဆယ့်နှစ်ပါးကို ဆင်ခြင်ခြင်းအပိုင်း
ရဟန်းတို့ - တဖန် ထို့ပြင်လည်း ရဟန်းသည် ခြောက်ပါးသော အတွင်းအပ အာယတန သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ - အဘယ်သို့လျှင် ရဟန်းသည် ခြောက်ပါးသော အတွင်းအပ အာယတန သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိ သည်ဖြစ်၍ နေသနည်း။
ရဟန်းတို့ - ဤသာသနာတော်၌ ရဟန်းသည် မျက်စိကိုလည်း သိ၏။ အဆင်း တို့ကိုလည်း သိ၏။ ထိုနှစ်ပါးစုံကို စွဲ၍ သံယောဇဉ်ဖြစ်ခြင်းကိုလည်း သိ၏။ မဖြစ် သေးသော သံယောဇဉ်၏ ဖြစ်ကြောင်းကိုလည်း သိ၏။ ဖြစ်ပြီးသော သံယောဇဉ်၏ ပယ်ကြောင်းကိုလည်း သိ၏။ ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ပေါ် ကြောင်းကိုလည်း သိ၏။
၁။ ဖြစ်ရာအကြောင်း
စာမျက်နှာ-471
နားကိုလည်း သိ၏။ အသံတို့ကိုလည်း သိ၏။ ထိုနှစ်ပါးစုံကို စွဲ၍ သံယောဇဉ် ဖြစ်ခြင်းကိုလည်း သိ၏။ မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်းကိုလည်း သိ၏။ ဖြစ်ပြီးသော သံယောဇဉ်၏ ပယ်ကြောင်းကိုလည်း သိ၏။ ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။
နှာခေါင်းကိုလည်း သိ၏။ အနံ့တို့ကိုလည်း သိ၏။ ထိုနှစ်ပါးစုံကို စွဲ၍ သံယောဇဉ် ဖြစ်ခြင်းကိုလည်း သိ၏။ မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်း ကိုလည်း သိ၏။ ဖြစ်ပြီးသော သံယောဇဉ်၏ ပယ်ကြောင်းကိုလည်း သိ၏။ ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။
လျှာကိုလည်း သိ၏။ အရသာတို့ကိုလည်း သိ၏။ ထိုနှစ်ပါးစုံကိုစွဲ၍ သံယောဇဉ် ဖြစ်ခြင်းကိုလည်း သိ၏။ မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်းကိုလည်း သိ၏။ ဖြစ်ပြီးသော သံယောဇဉ်၏ ပယ်ကြောင်းကိုလည်း သိ၏။ ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။
ကိုယ်ကိုလည်း သိ၏။ အတွေ့ အထိတို့ကိုလည်း သိ၏။ ထိုနှစ်ပါးစုံကို စွဲ၍ သံယောဇဉ်ဖြစ်ခြင်းကိုလည်း သိ၏။ မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်း ကိုလည်း သိ၏။ ဖြစ်ပြီးသော သံယောဇဉ်၏ ပယ်ကြောင်းကိုလည်း သိ၏။ ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။
ဤသို့ မိမိ၏သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ သူတပါး၏ သဘောတရားတို့၌မူလည်း သဘောတရား တို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ မိမိ သူတပါး၏ သဘောတရား တို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ သဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ သဘောတရားတို့၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ သဘောတရား တို့၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်း ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ ထို့ပြင် “သဘောတရားတို့သည် သာလျှင် ရှိကုန်၏” ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏။ (ထိုသတိသည်)
စာမျက်နှာ-472
အဆင့်ဆင့် အသိဉာဏ် တိုးပွားခြင်းငှာသာ ဖြစ်၏။ အဆင့်ဆင့် သတိတဖန် တိုးပွားခြင်းငှာသာ ဖြစ်၏ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီ မတွယ်မူ၍လည်း နေ၏။ လောက၌ တစုံတရာကိုမျှလည်း (ငါ, ငါ၏ဥစ္စာဟူ၍) စွဲလည်း မစွဲလမ်း၊ ရဟန်းတို့ - ဤသို့လည်း ရဟန်းသည် ခြောက်ပါးသော အတွင်းအပ အာယတန သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။
အာယတနတစ်ဆယ့်နှစ်ပါးကို ဆင်ခြင်ခြင်းအပိုင်း ပြီး၏။
၄။ ဗောဇ္ဈင်ခုနှစ်ပါးကို ဆင်ခြင်ခြင်းအပိုင်း
ရဟန်းတို့ - တဖန် ထို့ပြင်လည်း ရဟန်းသည် ဗောဇ္ဈင် ခုနစ်ပါး သဘော တရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရဟန်း တို့ - အဘယ်သို့လျှင် ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါး သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။
ရဟန်းတို့ - ဤသာသနာတော်၌ ရဟန်းသည် မိမိသန္တာန်၌ သတိသမ္ဗောဇ္ဈင် ရှိလျှင်လည်း “ငါ၏ သန္တာန်၌ သတိသမ္ဗောဇ္ဈင်ရှိသည်” ဟုသိ၏။ မိမိသန္တာန်၌ သတိသမ္ဗောဇ္ဈင် မရှိလျှင်လည်း “ငါ၏ သန္တာန်၌ သတိသမ္ဗောဇ္ဈင် မရှိ” ဟု သိ၏။ မဖြစ်သေးသော သတိသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏။ ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်ကို ပွားစေခြင်းငှာ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။
မိမိသန္တာန်၌ ဓမ္မဝိစယသမ္ဗောဇ္ဈင် ရှိလျှင်လည်း “ငါ၏သန္တာန်၌ ဓမ္မဝိစယ သမ္ဗောဇ္ဈင် ရှိသည်” ဟု သိ၏။ မိမိသန္တာန်၌ ဓမ္မဝိစယသမ္ဗောဇ္ဈင် မရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်မရှိ” ဟု သိ၏။ မဖြစ်သေးသော ဓမ္မဝိစယ သမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏။ ဖြစ်ပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွားစေခြင်းငှာ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။
မိမိသန္တာန်၌ ဝီရိယသမ္ဗောဇ္ဈင် ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဝီရိယ သမ္ဗောဇ္ဈင်ရှိသည်” ဟု သိ၏။ မိမိသန္တာန်၌ ဝီရိယသမ္ဗောဇ္ဈင် မရှိလျှင်လည်း
၁။သစ္စာတို့ကို သိကြောင်း။
၂။ မဂ်ဉာဏ်၏အကြောင်းဖြစ်သော အောက်မေ့ခြင်း။
၃။ မဂ်ဉာဏ်၏အကြောင်းဖြစ်သော တရားသဘောကို စူးစမ်းဆင်ခြင်ခြင်း။
၄။ မဂ်ဉာဏ်၏ အကြောင်းဖြစ်သော အားထုတ်ခြင်း။
စာမျက်နှာ-473
“ငါ၏ သန္တာန်၌ ဝီရိယသမ္ဗောဇ္ဈင် မရှိ” ဟု သိ၏။ မဖြစ်သေးသော ဝီရိယ သမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏။ ဖြစ်ပြီးသော ဝီရိယသမ္ဗောဇ္ဈင်ကို ပွားစေခြင်းငှာ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။
မိမိသန္တာန်၌ ပီတိသမ္ဗောဇ္ဈင် ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ပီတိသမ္ဗောဇ္ဈင် ရှိသည်” ဟုသိ၏၊ မိမိသန္တာန်၌ ပီတိသမ္ဗောဇ္ဈင် မရှိလျှင်လည်း “ငါ၏ သန္တာန်၌ ပီတိသမ္ဗောဇ္ဈင် မရှိ” ဟု သိ၏။ မဖြစ်သေးသော ပီတိသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏။ ဖြစ်ပြီးသော ပီတိသမ္ဗောဇ္ဈင်ကို ပွားစေခြင်းငှာ ပြည့်စုံခြင်း၏အကြောင်း ကိုလည်းသိ၏။
မိမိသန္တာန်၌ ပဿဒ္ဓိသမ္ဗောဇ္ဈင် ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ပဿဒ္ဓိသမ္ဗောဇ္ဈင် ရှိသည်” ဟု သိ၏။ မိမိသန္တာန်၌ ပဿဒ္ဓိသမ္ဗောဇ္ဈင် မရှိလျှင်လည်း “ငါ၏သန္တာန်၌ ပဿဒ္ဓိသမ္ဗောဇ္ဈင် မရှိ” ဟု သိ၏။ မဖြစ်သေးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏။ ဖြစ်ပြီးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွားစေခြင်းငှာ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။
မိမိသန္တာန်၌ သမာဓိသမ္ဗောဇ္ဈင် ရှိလျှင်လည်း “ငါ၏သန္တာန်၌ သမာဓိသမ္ဗောဇ္ဈင် ရှိသည်” ဟုသိ၏။ မိမိသန္တာန်၌ သမာဓိသမ္ဗောဇ္ဈင် မရှိလျှင်လည်း “ငါ၏ သန္တာန်၌ သမာဓိသမ္ဗောဇ္ဈင် မရှိ” ဟု သိ၏။ မဖြစ်သေးသော သမာဓိသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏။ ဖြစ်ပြီးသော သမာဓိသမ္ဗောဇ္ဈင်ကို ပွားစေခြင်းငှာ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။
မိမိသန္တာန်၌ ဥပေက္ခာသမ္ဗောဇ္ဈင် ရှိလျှင်လည်း “ငါ၏သန္တာန်၌ ဥပေက္ခာ သမ္ဗောဇ္ဈင် ရှိသည်” ဟုသိ၏၊ မိမိသန္တာန်၌ ဥပေက္ခာသမ္ဗောဇ္ဈင် မရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဥပေက္ခာသမ္ဗောဇ္ဈင်မရှိ” ဟု သိ၏။ မဖြစ်သေးသော ဥပေက္ခာ သမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏။ ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွားစေခြင်းငှာ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။
ဤသို့ မိမိ၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ် ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သူတပါး၏ သဘောတရားတို့၌ မူလည်း
၁။ မဂ်ဉာဏ်၏အကြောင်းဖြစ်သော နှစ်သက်ခြင်း။
၂။ မဂ်ဉာဏ်၏အကြောင်းဖြစ်သော ကိုယ်စိတ်၏ချမ်းသာခြင်း။
၃။ မဂ်ဉာဏ်၏အကြောင်းဖြစ်သော တည်ကြည်ခြင်း။
၄။ မဂ်ဉာဏ်၏ အကြောင်းဖြစ်သော အညီအမျှရှုခြင်း။
စာမျက်နှာ-474
သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ မိမိ သူတပါး၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ သဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ် ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ သဘောတရားတို့၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ မူလည်း နေ၏။ သဘောတရားတို့၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်းပျက်ခြင်း သဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ ထိုပြင် “သဘောတရားတို့သည် သာလျှင် ရှိကုန်၏” ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏။ (ထိုသတိ သည်)အဆင့်ဆင့် အသိဉာဏ်တိုးပွားခြင်းငှာသာ ဖြစ်၏၊ အဆင့်ဆင့် သတိတဖန် တိုးပွားခြင်းငှာသာ ဖြစ်၏။ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီ မတွယ်မူ၍ လည်း နေ၏၊ လောက၌ တစုံတရာကိုမျှလည်း (ငါ၊ ငါ၏ဥစ္စာဟု) စွဲလည်း မစွဲလမ်း။ ရဟန်းတို့- ဤသို့လည်း ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါး သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ဗောဇ္ဈင်ခုနစ်ပါးကို ဆင်ခြင်ခြင်းအပိုင်း ပြီး၏။
၅။ သစ္စာလေးပါးကို ဆင်ခြင်ခြင်းအပိုင်း
ရဟန်းတို့ - တဖန်ထို့ပြင်လည်း ရဟန်းသည် အရိယသစ္စာလေးပါး သဘော တရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရဟန်းတို့- အဘယ်သို့လျှင် ရဟန်းသည် အရိယသစ္စာလေးပါး သဘောတရား တို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။
ရဟန်းတို့ - ဤသာသနာတော်၌ ရဟန်းသည် “ဤကား ဒုက္ခတည်း” ဟု ဟုတ်မှန်သည့်အတိုင်း သိ၏။ “ဤကား ဒုက္ခဖြစ်ကြောင်းတည်း” ဟု ဟုတ်မှန်သည့် အတိုင်း သိ၏။ “ဤကား ဒုက္ခချုပ်ရာတည်း” ဟု ဟုတ်မှန်သည့်အတိုင်း သိ၏၊ “ဤကား ဒုက္ခနိရောဓဂါမိနီပဋိပဒါ တည်း” ဟု ဟုတ်မှန်သည့်အတိုင်း သိ၏။
၁။ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့်
စာမျက်နှာ-475
ဒုက္ခအရိယသစ္စာ
ရဟန်းတို့ - ဒုက္ခသစ္စာဟူသည် အဘယ်နည်း။ ဇာတိ သည်လည်း ဒုက္ခတည်း။ ဇရာ သည်လည်း ဒုက္ခတည်း၊ မရဏ သည်လည်း ဒုက္ခတည်း၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ တို့သည်လည်း ဒုက္ခတို့တည်း၊ မချစ်ခင် မနှစ်သက်ဖွယ်တို့နှင့် တွေ့ဆုံ ပေါင်းသင်းရခြင်းသည်လည်း ဒုက္ခတည်း၊ ချစ်ခင် နှစ်လိုဖွယ်တို့နှင့် ကွဲကွာကွေကွင်းရခြင်းသည်လည်း ဒုက္ခတည်း၊ အလိုရှိသည်ကို မရခြင်းသည်လည်း ဒုက္ခတည်း၊ အကျဉ်းချုပ်အားဖြင့် ဥပါဒါနက္ခန္ဓာ ငါးပါး တို့သည် ဒုက္ခတို့တည်း။
ရဟန်းတို့ - ဇာတိသည် အဘယ်နည်း။ ထိုထို သတ္တဝါတို့၏ ထိုထိုသတ္တဝါအစု အပေါင်း၌ ရှေးဦးစွာဖြစ်ခြင်း၊ ပြည့်စုံစွာဖြစ်ခြင်း၊ (အမိဝမ်းတွင်း ဥခွံတွင်းသို့) သက်ဝင်ခြင်း၊ ကိုယ်ထင်ရှားဖြစ်ခြင်း၊ ခန္ဓာကိုယ်၏ ထင်ရှားဖြစ်ခြင်း၊ အာယတန တို့ကို ရခြင်းတည်း။ ရဟန်းတို့ - ဤတရားသဘောကို ဇာတိဟူ၍ ခေါ်ဆိုအပ်၏။
ရဟန်းတို့ - ဇရာသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါ အပေါင်း၌ အိုခြင်း၊ အိုသော အခြင်းအရာ၊ သွားကျိုးခြင်း၊ ဆံဖြူခြင်း၊ အရေ တွန့်ရှုံ့ခြင်း၊ ရုပ်အသက် ဆုတ်ယုတ်ခြင်း၊ (မျက်စိ စသော) ဣန္ဒြေတို့၏ ရင့်ခြင်းတည်း။ ရဟန်းတို့ - ဤတရားသဘောကို ဇရာဟူ၍ ခေါ်ဆိုအပ်၏။
ရဟန်းတို့ - မရဏသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါ အပေါင်းမှ ရွေ့လျောခြင်း၊ ရွေ့လျောသော အခြင်းအရာ၊ ပျက်စီးခြင်း၊ ကွယ်ပျောက်ခြင်း၊ သက်ပြတ်ခြင်း၊ သေဆုံးခြင်း၊ ကွယ်လွန်ခြင်း၊ ခန္ဓာတို့၏ ပျက်စီးခြင်း၊ ကိုယ်ကိုပစ်ချခြင်း၊ ဇီဝိတိန္ဒြေ၏ ပြတ်စဲခြင်းတည်း။ ရဟန်းတို့ ဤတရားသဘောကို မရဏဟူ၍ ခေါ်ဆိုအပ်၏။
ရဟန်းတို့ - သောကသည် အဘယ်နည်း။ ရဟန်းတို့ - တမျိုးမျိုးသော ပျက်စီးခြင်းနှင့် မလွတ်ကင်းသော၊ တမျိုးမျိုးသော ဆင်းရဲကြောင်းနှင့် တွေ့သော သတ္တဝါ၏ စိုးရိမ်ခြင်း၊ စိုးရိမ်သော အခြင်းအရာ၊ စိုးရိမ်သည်၏ အဖြစ်၊ အတွင်း၌ စိုးရိမ်ခြင်း၊ အတွင်း၌ ပြင်းစွာစိုးရိမ်ခြင်းတည်း။ ရဟန်းတို့ - ဤတရားသဘောကို သောကဟူ၍ ခေါ်ဆိုအပ်၏။
၁။ ပဋိသန္ဓေတည်နေရခြင်း
၂။ သေခြင်း။
၅။ ငိုကြွေးခြင်း။
၇။ စိတ်ဆင်းရဲခြင်း။
၂။ အိုခြင်း
၄။ စိုးရိမ်ပူပန်ခြင်း
၆။ ကိုယ်ဆင်းရဲခြင်း
၈။ ပြင်းစွာပူပန်ခြင်း
စာမျက်နှာ-476
ရဟန်းတို့ - ပရိဒေဝသည် အဘယ်နည်း။ ရဟန်းတို့- တမျိုးမျိုးသော ပျက်စီးခြင်းနှင့် မလွတ်ကင်းသော တမျိုးမျိုးသော ဆင်းရဲကြောင်းနှင့် တွေ့သော သတ္တဝါ၏ ငိုကြွေးခြင်း၊ ပြင်းစွာ ငိုကြွေးခြင်း၊ ငိုကြွေးသော အခြင်းအရာ၊ ပြင်းစွာ ငိုကြွေးသော အခြင်းအရာ၊ ငိုကြွေးသည်၏ အဖြစ်၊ ပြင်းစွာ ငိုကြွေးသည်၏ အဖြစ်တည်း။ ရဟန်းတို့- ဤတရားသဘောကို ပရိဒေဝ ဟူ၍ ခေါ်ဆိုအပ်၏။
ရဟန်းတို့ - ဒုက္ခသည် အဘယ်နည်း။ ရဟန်းတို့ - ကိုယ်၌ ဖြစ်သော ဆင်းရဲ၊ ကိုယ်၌ဖြစ်သော မသာယာခြင်း၊ ကိုယ်အတွေ့ကြောင့် ဖြစ်သော ဆင်းရဲ၊ မသာယာသောခံစားခြင်းတည်း။ ရဟန်းတို့ - ဤတရားသဘောကို ဒုက္ခဟူ၍ ခေါ်ဆိုအပ်၏။
ရဟန်းတို့ - ဒေါမနဿသည် အဘယ်နည်း။ ရဟန်းတို့ စိတ်၌ဖြစ်သော ဆင်းရဲ၊ စိတ်၌ဖြစ်သော မသာယာခြင်း၊ စိတ်အတွေ့ကြောင့် ဖြစ်သော ဆင်းရဲ၊ မသာယာသောခံစားခြင်းတည်း။ ရဟန်းတို့ - ဤတရားသဘောကို ဒေါမနဿ ဟူ၍ ခေါ်ဆိုအပ်၏။
ရဟန်းတို့ - ဥပါယာသသည် အဘယ်နည်း။ ရဟန်းတို့ - တမျိုးမျိုးသော ပျက်စီးခြင်းနှင့် မလွတ်ကင်းသော တမျိုးမျိုးသော ဆင်းရဲခြင်း၏ အကြောင်းနှင့် တွေ့ကြုံသော သတ္တဝါ၏ ပင်ပန်းခြင်း၊ ပြင်းစွာ ပင်ပန်းခြင်း၊ ပင်ပန်းသည်၏ အဖြစ်၊ ပြင်းစွာ ပင်ပန်းသည်၏ အဖြစ်တည်း။ ရဟန်းတို့ - ဤတရားသဘောကို ဥပါယာသဟူ၍ ခေါ်ဆိုအပ်၏။
ရဟန်းတို့- မချစ် မနှစ်လိုဖွယ်တို့နှင့် တွေ့ဆုံ ပေါင်းသင်းရခြင်း ဆင်းရဲသည် အဘယ်နည်း။ ဤလောက၌ မလိုလား မနှစ်သက် မမြတ်နိုးအပ်ကုန်သော အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ သဘောတရားတို့သော်လည်းကောင်း၊ အကျိုးမဲ့ခြင်း၊ အစီးအပွားမဲ့ခြင်း၊ မချမ်းသာခြင်း၊ ဘေးမငြိမ်းခြင်းကို လိုလား ကုန်သော သူတို့သော်လည်းကောင်း၊ ထိုသူအား ရှိကုန်၏၊ ထို (အာရုံ၊ သတ္တဝါ) တို့နှင့်တကွ တွေ့ရခြင်း၊ ဆုံရခြင်း၊ ပေါင်းဖော်ရခြင်း၊ ရောနှောရခြင်းတည်း။ ရဟန်းတို့ - ဤတရားသဘောကို မချစ် မနှစ်လိုဖွယ် တို့နှင့် တွေ့ဆုံ ပေါင်းသင်း ရခြင်း ဆင်းရဲဟူ၍ ခေါ်ဆိုအပ်၏။
စာမျက်နှာ-477
ရဟန်းတို့ - ချစ်နှစ်လိုဖွယ်တို့နှင့် ကွဲကွာကွေကွင်းရခြင်း ဆင်းရဲသည် အဘယ်နည်း။ ဤလောက၌ လိုလားနှစ်သက် မြတ်နိုးအပ်ကုန်သော အဆင်း, အသံ, အနံ့, အရသာ, အတွေ့ သဘောတရားတို့သော်လည်းကောင်း၊ အကျိုး စီးပွား ချမ်းသာခြင်း၊ ဘေးကင်းခြင်းကို လိုလားကုန်သော အမိ၊ အဘ၊ ညီ၊ အစ်ကို၊ နှမ၊ အစ်မ၊ မိတ်ဆွေ အပေါင်းအဖော် ဆွေမျိုးသားချင်းတို့သော် လည်းကောင်း ထိုသူအား ရှိကုန်၏။ ထို (အာရုံ၊ သတ္တဝါ) တို့နှင့် မတွေ့ရခြင်း၊ မဆုံရခြင်း၊ မပေါင်းဖော်ရခြင်း၊ မရောနှောရခြင်းတည်း။ ရဟန်းတို့ - ဤတရား သဘောကို ချစ်ခင်သောသူတို့နှင့် ကွဲကွာ ကွေကွင်းရခြင်း ဆင်းရဲဟူ၍ ခေါ်ဆိုအပ်၏။
ရဟန်းတို့ - အလိုရှိသည်ကို မရခြင်း ဆင်းရဲသည် အဘယ်နည်း၊ ရဟန်းတို့ - ဇာတိသဘောရှိကုန်သော သတ္တဝါတို့အား “ငါတို့သည် ဇာတိသဘော မရှိကြ ကုန်မူ ကောင်းလေစွ၊ ဇာတိသည် ငါတို့ထံသို့ မလာမူကား ကောင်းလေစွ” ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏။ ယင်းသို့ တောင့်တသော်လည်း ဤ (ဇာတိ မလာခြင်း)ကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏။ ရဟန်းတို့ - ဇရာသဘောရှိကုန်သော သတ္တဝါတို့အား “ငါတို့သည် ဇရာသဘော မရှိကြကုန်မူ ကောင်းလေစွ၊ ဇရာသည် ငါတို့ထံ မလာမူကား ကောင်းလေစွ” ဟု ဤသို့သော တောင့်တ ခြင်းသည် ဖြစ်ပေါ်၏။ ယင်းသို့ တောင့်တသော်လည်း ဤ (ဇရာ မလာခြင်း) ကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိသည်ကို မရခြင်း ဆင်းရဲ မည်၏။ ရဟန်းတို့ - ဗျာဓိ သဘောရှိကုန်သော သတ္တဝါတို့အား “ငါတို့သည် ဗျာဓိသဘောမရှိကြကုန်မူ ကောင်းလေစွ၊ ဗျာဓိသည် ငါတို့ထံ မလာမူကား ကောင်းလေစွ” ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏။ ယင်းသို့ တောင့်တသော်လည်း ဤ (ဗျာဓိ မလာခြင်း) ကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏။ ရဟန်းတို့- မရဏသဘော ရှိကုန်သော သတ္တဝါတို့အား “ငါတို့သည် မရဏသဘော မရှိကြကုန်မူ ကောင်းလေစွ၊ မရဏသည် ငါတို့ထံမလာမူကားကောင်းလေစွ” ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏။ ယင်းသို့ တောင့်တသော်လည်း ဤ (မရဏ မလာခြင်း) ကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏ ရဟန်းတို့ - သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ သဘောရှိကုန်သော သတ္တဝါတို့အား “ငါတို့သည် ငါတို့သည် သောက ပရိဒေဝ ဒုက္ခ
၁။ နာခြင်း
စာမျက်နှာ-478
ဒေါမနဿ ဥပါယာသ သဘော မရှိကြကုန်မူ ကောင်းလေစွ၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ သဘောတို့သည် ငါတို့ထံ မလာကြကုန်မူ ကောင်းလေစွ” ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏။ ယင်းသို့ တောင့်တသော်လည်း ဤ (သောကစသည်တို့ မလာခြင်း) ကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏၊
ရဟန်းတို့ - အကျဉ်းချုပ်အားဖြင့် ငါးပါးသော ဥပါဒါနက္ခန္ဓာ ဆင်းရဲတို့ ဟူသည် အဘယ်နည်း။ ငါးပါးသော ဥပါဒါနက္ခန္ဓာ တို့ဟူသည် ရုပ်ဥပါဒါနက္ခန္ဓာ၊ ဝေဒနာဥပါဒါနက္ခန္ဓာ၊ သညာဥပါဒါနက္ခန္ဓာ၊ သင်္ခါရဥပါဒါနက္ခန္ဓာ၊ ဝိညာဏ် ဥပါဒါနက္ခန္ဓာ တို့ပေတည်း။ ရဟန်းတို့ - ဤ (ဥပါဒါနက္ခန္ဓာ ငါးပါး) တို့ကို အကျဉ်းချုပ်အားဖြင့် ငါးပါးသော ဥပါဒါနက္ခန္ဓာ ဆင်းရဲတို့ဟူ၍ ဆိုအပ်ကုန်၏။ ရဟန်းတို့ - ဤတရားသဘောကို ဒုက္ခအရိယသစ္စာဟူ၍ ဆိုအပ်၏။
ဒုက္ခသမုဒယအရိယသစ္စာ
ရဟန်းတို့ - ဒုက္ခသမုဒယအရိယသစ္စာသည် အဘယ်နည်း။ တဖန် ဘဝသစ်ကို ဖြစ်စေတတ်သော နှစ်သက်တပ်မက်ခြင်းနှင့် တကွဖြစ်သော ထိုထိုဘဝအာရုံ၌ အလွန်နှစ်သက်ခြင်းရှိသော တဏှာတည်း။ ထိုတဏှာသည် အဘယ်နည်း၊ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ တို့တည်း။
ရဟန်းတို့ - ထိုတဏှာဖြစ်သည်ရှိသော် အဘယ်၌ ဖြစ်သနည်း။ တည်သည် ရှိသော် အဘယ်၌ တည်သနည်း။ လောက၌ (ချစ်ခင်ဖွယ် သာယာဖွယ် သဘော သည် ရှိ၏)၊ ထို (တဏှာ) သည် ဖြစ်သည်ရှိသော် ဤ (ချစ်ခင်ဖွယ် သာယာဖွယ် အာရုံ)၌ဖြစ်၏။ တည်သည်ရှိသော် ဤ (ချစ်ခင်ဖွယ် သာယာဖွယ် အာရုံ) ၌ တည်၏။
လောက၌ ချစ်ခင်ဖွယ် သာယာဖွယ် သဘောသည် အဘယ်နည်း။ လောက၌ မျက်စိသည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည် ရှိသော် ဤမျက်စိ၌ ဖြစ်၏။ တည်သည်ရှိသော် ဤမျက်စိ၌ တည်၏။ လောက၌ နားသည် ။ပ။ လောက၌ နှာခေါင်းသည် ။ပ။ လောက၌ လျှာသည် ။ပ။ လောက၌ ကိုယ်သည် ။ပ။ လောက၌ စိတ်သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏။ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤစိတ်၌ ဖြစ်၏။ တည်သည် ရှိသော် ဤစိတ်၌ တည်၏။
၁။ ဥပါဒါန်၏ အာရုံတရားစု ၄။ ရူပအရူပဘုံ၌ တပ်မက်ခြင်း
၂။ တပ်မက်ခြင်း ၃။ ကာမဘုံ၌တပ်မက်ခြင်း ၅။ ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တပ်မက်ခြင်း
စာမျက်နှာ-479
လောက၌ ရူပါရုံ တို့သည် ။ပ။ လောက၌ သဒ္ဒါရုံ တို့သည် ။ပ။ လောက၌ ဂန္ဓာရုံ တို့သည် ။ပ။ လောက၌ ရသာရုံ တို့သည် ။ပ။ လောက၌ ဖောဋ္ဌဗ္ဗာရုံ တို့သည် ။ပ။ လောက၌ တရားသဘောတို့သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘော ဖြစ်၏။ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤတရားတို့၌ ဖြစ်၏။ တည်သည်ရှိသော် ဤတရားတို့၌ တည်၏။
လောက၌ စက္ခုဝိညာဏ်သည် ။ပ။ လောက၌ သောတဝိညာဏ် သည် ။ပ။ လောက၌ ဃာနဝိညာဏ် သည် ။ပ။ လောက၌ ဇိဝှါဝိညာဏ် သည် ။ပ။ လောက၌ ကာယဝိညာဏ်သည် ။ပ။ လောက၌ မနောဝိညာဏ် သည် ချစ်ခင်ဖွယ်၊ သာယာဖွယ် သဘောဖြစ်၏။ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤမနောဝိညာဏ်၌ ဖြစ်၏၊ တည်သည်ရှိသော် ဤမနောဝိညာဏ်၌ တည်၏။
လောက၌ စက္ခုသမ္ဖဿ သည် ။ပ။ လောက၌ သောတသမ္ဖဿ သည် ။ပ။ လောက၌ ဃာနသမ္ဖဿ သည် ။ပ။ လောက၌ ဇိဝှါသမ္ဖဿ သည် ။ပ။ လောက၌ ကာယသမ္ဖဿသည် ။ပ။ လောက၌ မနောသမ္ဖဿ သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘော ဖြစ်၏။ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤမနောသမ္ဖဿ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤမနောသမ္ဖဿ၌ တည်၏။
လောက၌ စက္ခုသမ္ဖဿဇာဝေဒနာ သည် ။ပ။ လောက၌ သောတသမ္ဖဿဇာ ဝေဒနာ သည် ။ပ။ လောက၌ ဃာနသမ္ဖဿဇာဝေဒနာ သည် ။ပ။ လောက၌ ဇိဝှါ သမ္ဖဿဇာဝေဒနာ သည် ။ပ။ လောက၌ ကာယသမ္ဖဿဇာဝေဒနာ သည် ။ပ။ လောက၌ မနောသမ္ဖဿဇာဝေဒနာသည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏။ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤမနော သမ္ဖဿဇာဝေဒနာ၌ ဖြစ်၏။ တည်သည်ရှိသော် ဤမနော သမ္ဖဿဇာဝေဒနာ၌ တည်၏။
၁။ အဆင်း
၄။ အရသာ
၆။ မျက်စိ၌မှီသောစိတ်
၉။ လျှာ၌မှီသောစိတ်
၁၂။ မျက်စိအတွေ့
၂။ အသံ
၅။ အတွေ့အထိ
၇။ နား၌မှီသောစိတ်
၈။ ကိုယ်ဤမှီသောစိတ်
၁၃။ နားအတွေ့
၁၅။ လျှာအတွေ့
၁၆။ ကိုယ်အတွေ့
၁၈။ မျက်စိအတွေ့ကြောင့်ဖြစ်သောခံစားခြင်း၊ ၁၉။ နားအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း၊ ၂ဝ။ နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း၊ ၂၁။ လျှာအတွေ့ကြောင့် ဖြစ်သော ခံစားခြင်း၊ ၂၂။ ကိုယ်အတွေ့ကြောင့် ဖြစ်သော ခံစားခြင်း၊ ၂၃။ မနောအတွေ့ကြောင့် ဖြစ်သော မစားခြင်း
၃။ အနံ့
နှာခေါင်း၌မှီသောစိတ်
၁၁။ မနော၌မှီသောစိတ် ၁၄။ နှာခေါင်းအတွေ့
၁၇။ မနောအတွေ့
စာမျက်နှာ-480
လောက၌ ရူပသညာသည် ။ပ။ လောက၌ သဒ္ဒသညာ သည် ။ပ။ လောက၌ ဂန္ဓသညာ သည် ။ပ။ လောက၌ ရသသညာသည် ။ပ။ လောက၌ ဖောဋ္ဌဗ္ဗသညာ သည် ။ပ။ လောက၌ ဓမ္မသညာသည် ချစ်ခင်ဖွယ် သာယာဖွယ် သဘော ဖြစ်၏။ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤဓမ္မသညာ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤဓမ္မသညာ၌ တည်၏။
လောက၌ ရူပသစ္စေတနာသည် ။ပ။ လောက၌ သဒ္ဒသစ္စေတနာ သည် ။ပ။ လောက၌ ဂန္ဓသစ္စေတနာ သည် ။ပ။ လောက၌ ရသသစ္စေတနာ သည် ။ပ။ လောက၌ ဖောဋ္ဌဗ္ဗသစ္စေတနာ သည် ။ပ။ လောက၌ ဓမ္မသစ္စေတနာ သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘော ဖြစ်၏။ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤဓမ္မ သစ္စေတနာ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤဓမ္မသစ္စေတနာ၌ တည်၏။
လောက၌ ရူပတဏှာ သည် ။ပ။ လောက၌ သဒ္ဒတဏှာသည် ။ပ။ လောက၌ ဂန္ဓတဏှာသည် ။ပ။ လောက၌ ရသတဏှာသည် ။ပ။ လောက၌ ဖောဋ္ဌဗ္ဗတဏှာ သည် ။ပ။ လောက၌ ဓမ္မတဏှာ သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘော ဖြစ်၏။ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤဓမ္မတဏှာ၌ ဖြစ်၏။ တည်သည်ရှိသော် ဤဓမ္မတဏှာ၌ တည်၏။
လောက၌ ရူပဝိတက် သည် ။ပ။ လောက၌ သဒ္ဒဝိတက်သည် ။ပ။ လောက၌ ဂန္ဓဝိတက်သည် ။ပ။ လောက၌ ရသဝိတက်သည် ။ပ။ လောက၌ ဖောဋ္ဌဗ္ဗဝိတက် သည် ။ပ။ လောက၌ ဓမ္မဝိတက်သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘော ဖြစ်၏။ ထိုတပ်မက်ခြင်း “တဏှာ”သည် ဖြစ်သည်ရှိသော် ဤဓမ္မဝိတက်၌ ဖြစ်၏။ တည်သည်ရှိသော် ဤဓမ္မဝိတက်၌ တည်၏။
၁။ ရူပါရုံ၌ မှတ်သားခြင်း။ ၃။ ဂန္ဓာရုံ၌ မှတ်သားခြင်း။ ၅။ ဖောဋ္ဌဗ္ဗာရုံ၌ မှတ်သားခြင်း။ ၇။ ရူပါရုံ၌စေ့ဆော်ခြင်း။ ၉။ ဂန္ဓာရုံ၌စေ့ဆော်ခြင်း။ ၁၁။ ဖောဋ္ဌဗ္ဗရုံ၌စေ့ဆော်ခြင်း။ ၁၃။ ရူပါရုံ၌ တပ်မက်ခြင်း။
၂။ သဒ္ဒါရုံ၌ မှတ်သားခြင်း။
၄။ ရသာရုံ၌ မှတ်သားခြင်း။ ၆။ ဓမ္မာရုံ၌ မှတ်သားခြင်း။
၈။ သဒ္ဒါရုံ၌စေ့ဆော်ခြင်း။
၁၀။ ရသာရုံ၌စေ့ဆော်ခြင်း။ ၁၂။ ဓမ္မာရုံ၌စေ့ဆော်ခြင်း။ ၁၄။ ရူပါရုံ၌ ကြံစည်ခြင်း။
စာမျက်နှာ-481
လောက၌ ရူပဝိစာရသည် ။ပ။ လောက၌ သဒ္ဒဝိစာရသည် ။ပ။ လောက၌ ဂန္ဓဝိစာရသည် ။ပ။ လောက၌ ရသဝိစာရသည် ။ပ။ လောက၌ ဖောဋ္ဌဗ္ဗဝိစာရသည် ။ပ။ လောက၌ ဓမ္မဝိစာရသည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏။ ထို“တဏှာ”သည် ဖြစ်သည်ရှိသော် ဤဓမ္မဝိစာရ၌ ဖြစ်၏။ တည်သည်ရှိသော် ဤဓမ္မဝိစာရ၌ တည်၏။
ရဟန်းတို့ - ဤတရားသဘောကို အရိယာတို့ သိအပ်သော ဒုက္ခသမုဒယ အရိယသစ္စာ- ဟူ၍ ဆိုအပ်၏။
ဒုက္ခနိရောဓအရိယသစ္စာ
ရဟန်းတို့-ဒုက္ခနိရောဓ အရိယသစ္စာသည် အဘယ်နည်း။ ထိုတဏှာ၏သာလျှင် အကြွင်းမရှိ ကင်းချုပ်ရာ၊ တဏှာကို စွန့်ရာ၊ တဏှာကို ဝေးစွာစွန့်ရာ၊ တဏှာမှ လွတ်မြောက်ရာ၊ တဏှာဖြင့် မကပ်ငြိရာ (နိဗ္ဗာန်)တည်း။
ရဟန်းတို့ - ထိုတဏှာကို ပယ်အပ်သည်ရှိသော် အဘယ်၌ ပယ်အပ်သနည်း။ ချုပ်သည်ရှိသော် အဘယ်၌ ချုပ်သနည်း။ လောက၌ ချစ်ခင်ဖွယ် သာယာဖွယ် သဘောသည် (ရှိ၏) ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤချစ်ခင်ဖွယ် သာယာဖွယ် သဘော၌ ပယ်အပ်၏။ ချုပ်သည်ရှိသော် ဤချစ်ခင်ဖွယ် သာယာဖွယ် သဘော၌ ချုပ်၏။
လောက၌ ချစ်ခင်ဖွယ် သာယာဖွယ် သဘောသည် အဘယ်နည်း။ လောက၌ မျက်စိသည် ချစ်ခင်ဖွယ်သဘော သာယာဖွယ်သဘောဖြစ်၏။ ထိုတဏှာကို ပယ်အပ်သည် ရှိသော် ဤမျက်စိ၌ ပယ်အပ်၏။ ချုပ်သည်ရှိသော် ဤမျက်စိ၌ ချုပ်၏၊ လောက၌ နားသည် ။ပ။ လောက၌ နှာခေါင်းသည် ။ပ။ လောက၌ လျှာသည် ။ပ။ လောက၌ကိုယ်သည် ။ပ။ လောက၌ စိတ်သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏။ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤစိတ်၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤစိတ်၌ ချုပ်၏။
လောက၌ ရူပါရုံတို့သည်၊ လောက၌ သဒ္ဒါရုံတို့သည်၊ လောက၌ ဂန္ဓာရုံ တို့သည်၊ လောက၌ ရသာရုံတို့သည်၊ လောက၌ ဖောဋ္ဌဗ္ဗရုံတို့သည်၊ လောက၌ ဓမ္မာရုံတို့သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏။ ထိုတဏှာကို ပယ်အပ် သည်ရှိသော် ဤတရားတို့၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤတရားတို့၌ ချုပ်၏။
၁။ ရူပါရုံ၌ သုံးသပ်ဆင်ခြင်ခြင်း။ ၂။ ဆင်းရဲဖြစ်ကြောင်း အရိယာတို့သိခပ်သော အမှန်တရား။
စာမျက်နှာ-482
လောက၌ စက္ခုဝိညာဏ်သည်၊ လောက၌ သောတဝိညာဏ်သည်၊ လောက၌ ဃာနဝိညာဏ်သည်၊ လောက၌ ဇိဝှာဝိညာဏ်သည်၊ လောက၌ ကာယဝိညာဏ်သည်၊ လောက၌ မနောဝိညာဏ်သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏။ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤမနောဝိညာဏ်၌ ပယ်အပ်၏။ ချုပ်သည်ရှိသော် ဤမနောဝိညာဏ်၌ ချုပ်၏။
လောက၌ စက္ခုသမ္ဖဿသည်၊ လောက၌ သောတသမ္ဖဿသည်၊ လောက၌ ဃာနသမ္ဖဿသည်၊ လောက၌ ဇိဝှါသမ္ဖဿသည်၊ လောက၌ ကာယသမ္ဖဿသည်၊ လောက၌ မနောသမ္ဖဿသည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏။ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤမနောသမ္ဖဿ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤမနောသမ္ဖဿ၌ ချုပ်၏။
လောက၌ စက္ခုသမ္ဖဿဇာဝေဒနာသည်၊ လောက၌ သောတသမ္ဖဿဇာ ဝေဒနာသည်၊ လောက၌ ဃာနသမ္ဖဿဇာဝေဒနာသည်၊ လောက၌ ဇိဝှါသမ္ဖဿဇာ ဝေဒနာသည်၊ လောက၌ ကာယသမ္ဖဿဇာဝေဒနာသည်၊ လောက၌ မနော သမ္ဖဿဇာဝေဒနာသည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏။ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤမနောသမ္ဖဿဇာဝေဒနာ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤမနောသမ္ဖဿဇာဝေဒနာ၌ ချုပ်၏။
လောက၌ ရူပသညာသည်၊ လောက၌ သဒ္ဒသညာသည်၊ လောက၌ ဂန္ဓသညာ သည်၊ လောက၌ ရသသညာသည်၊ လောက၌ ဗောဋ္ဌဗ္ဗသညာသည်၊ လောက၌ ဓမ္မသညာသည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏။ ထိုတဏှာကို ပယ်အပ် သည်ရှိသော် ဤဓမ္မသညာ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မသညာ၌ ချုပ်၏။
လောက၌ ရူပသစ္စေတနာသည်၊ လောက၌ သဒ္ဒသစ္စေတနာသည်၊ လောက၌ ဂန္ဓသစ္စေတနာသည်၊ လောက၌ ရသသစ္စေတနာသည်၊ လောက၌ ဖောဋ္ဌဗ္ဗ သစ္စေတနာသည်၊ လောက၌ ဓမ္မသစ္စေတနာသည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏။ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မသစ္စေတနာ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မသစ္စေတနာ၌ ချုပ်၏။
လောက၌ ရူပတဏှာသည်၊ လောက၌ သဒ္ဒတဏှာသည်၊ လောက၌ ဂန္ဓတဏှာ သည်၊ လောက၌ ရသတဏှာသည်၊ လောက၌ ဖောဋ္ဌဗ္ဗတဏှာသည်၊ လောက၌ ဓမ္မတဏှာသည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏။ ထိုတဏှာကို ပယ်အပ် သည်ရှိသော် ဤဓမ္မတဏှာ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မတဏှာ၌ ချုပ်၏။
စာမျက်နှာ-483
လောက၌ ရူပဝိတက်သည်၊ လောက၌ သဒ္ဒဝိတက်သည်၊ လောက၌ ဂန္ဓဝိတက် သည်၊ လောက၌ ရသဝိတက်သည်၊ လောက၌ ဖောဋ္ဌဗ္ဗဝိတက်သည်၊ လောက၌ ဓမ္မဝိတက်သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏။ ထိုတဏှာကို ပယ်အပ် သည်ရှိသော် ဤဓမ္မဝိတက်၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မဝိတက်၌ ချုပ်၏။
လောက၌ ရူပဝိစာရသည်၊ လောက၌ သဒ္ဒဝိစာရသည်၊ လောက၌ ဂန္ဓဝိစာရ သည်၊ လောက၌ ရသဝိစာရသည်၊ လောက၌ ဖောဋ္ဌဗ္ဗဝိစာရသည်၊ လောက၌ ဓမ္မဝိစာရသည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏။ ထိုတဏှာကို ပယ်အပ် သည်ရှိသော် ဤဓမ္မဝိစာရ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မဝိစာရ၌ ချုပ်၏။
ရဟန်းတို့- ဤတရားသဘောကို ဒုက္ခနိရောဓအရိယသစ္စာ ဟူ၍ ဆိုအပ်၏။
ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာ
ရဟန်းတို့ - ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာ-သည် အဘယ်နည်း။ မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ်အကျင့်လမ်းတည်း။ ဤမဂ်အကျင့်လမ်း တို့သည် အဘယ်တို့နည်း။ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ သမ္မာအာဇီဝ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ တို့ပေတည်း။
ရဟန်းတို့ သမ္မာဒိဋ္ဌိသည် အဘယ်နည်း -
ဒုက္ခ၌ သိမြင်ခြင်း၊ ဒုက္ခ၏ ဖြစ်ကြောင်း၌ သိမြင်ခြင်း၊ ဒုက္ခ၏ ချုပ်ရာ (နိဗ္ဗာန်)၌ သိမြင်ခြင်း၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်၌ သိမြင်ခြင်းတည်း။ ရဟန်းတို့- ဤ(သိမြင်ခြင်း)ကို မှန်စွာသိမြင်ခြင်း “သမ္မာဒိဋ္ဌိ” ဟူ၍ ဆိုအပ်၏။
၁။ ဒုက္ခ၏ချုပ်ရာအရိယာတို့ သိအပ်သော အမှန်တရား
၂။ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့်ဟူသော အရိယာတို့သိအပ်သော အမှန်တရား
၃။ မှန်စွာသိမြင်ခြင်း
၄။ မှန်စွာကြံခြင်း
၇။ မှန်စွာအသက်မွေးခြင်း
၈။ မှန်စွာအားထုတ်ခြင်း
၅။ မှန်စွာပြောဆိုခြင်း
၉။ မှန်စွာအောက်မေ့ခြင်း
၆။ မှန်စွာပြုလုပ်ခြင်း
၁၀။ မှန်စွာတည်ကြည်ခြင်း
စာမျက်နှာ-484
ရဟန်းတို့ - သမ္မာသင်္ကပ္ပသည် အဘယ်နည်း -
(ကာမအာရုံ)မှ လွတ်ကင်းသော ကြံစည်ခြင်း၊ ဖျက်ဆီးခြင်းမှ လွတ်ကင်း သောကြံစည်ခြင်း၊ ညှဉ်းဆဲခြင်းမှ လွတ်ကင်းသော ကြံစည်ခြင်းတည်း။ ရဟန်းတို့ - ဤကြံခြင်းကို မှန်စွာကြံခြင်း “သမ္မာသင်္ကပ္ပ” ဟူ၍ ဆိုအပ်၏။
ရဟန်းတို့ - သမ္မာဝါစာသည် အဘယ်နည်း -
မဟုတ်မမှန်ပြောခြင်းမှ ကြဉ်ရှောင်ခြင်း၊ ကုန်းစကားမှ ကြဉ်ရှောင်ခြင်း၊ ရုန့်ကြမ်းသော စကားမှ ကြဉ်ရှောင်ခြင်း၊ ပြိန်ဖျင်းသော စကားမှ ကြဉ်ရှောင် ခြင်းတည်း။ ရဟန်းတို့ - ဤကြဉ်ရှောင်ခြင်းကို မှန်စွာပြောဆိုခြင်း “သမ္မာဝါစာ” ဟူ၍ ဆိုအပ်၏။
ရဟန်းတို့ - သမ္မာကမ္မန္တသည် အဘယ်နည်း -
အသက်ကို သတ်ခြင်းမှ ကြဉ်ရှောင်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ကြဉ်ရှောင်ခြင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ကြဉ်ရှောင်ခြင်းတည်း။ ရဟန်းတို့ ဤကြဉ်ရှောင်ခြင်းကို မှန်စွာပြုလုပ်ခြင်း “သမ္မာကမ္မန္တ” ဟူ၍ ဆိုအပ်၏။
ရဟန်းတို့ - သမ္မာအာဇီဝသည် အဘယ်နည်း -
ရဟန်းတို့ - ဤသာသနာတော်၌ အရိယာဖြစ်သော တပည့်သည် မှားယွင်းစွာ အသက်မွေးခြင်းကို ပယ်စွန့်၍ မှန်စွာ အသက်မွေးခြင်းဖြင့် အသက်မွေး၏။ ရဟန်းတို့.. ဤအသက်မွေးခြင်းကို မှန်စွာအသက်မွေးခြင်း “ သမ္မာအာဇီဝ” ဟူ၍ ဆိုအပ်၏။
ရဟန်းတို့ - သမ္မာဝါယာမသည် အဘယ်နည်း -
ရဟန်းတို့- ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော ယုတ်မာသော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန် ဆန္ဒကိုဖြစ်စေ၏။ အားထုတ်၏။ လုံ့လ ပြု၏။ စိတ်ကို ချီးမြှောက်၏။ ဆောက်တည်၏။ ဖြစ်ပြီးသော ယုတ်မာသော အကုသိုလ်တရားတို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏။ အားထုတ်၏။ လုံ့လပြု၏။ စိတ်ကိုချီးမြှောက်၏။ ဆောက်တည်၏။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေရန် ဆန္ဒကို ဖြစ်စေ၏။ အားထုတ်၏။ လုံ့လပြု၏။ စိတ်ကို ချီးမြှောက်၏ ဆောက်တည်၏၊ ဖြစ်ပြီးသောကုသိုလ်တရားတို့ကို တည်မြဲစေရန် မပျောက်ပျက်စေရန်
စာမျက်နှာ-485
တိုးတက်ဖြစ်ပွားစေရန် ပြန့်ပြောစေရန် ပွားများမှု ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏။ အားထုတ်၏။ လုံ့လပြု၏။ စိတ်ကိုချီးမြှောက်၏။ ဆောက်တည်၏၊ ရဟန်းတို့ - ဤအားထုတ်ခြင်းကို မှန်စွာအားထုတ်ခြင်း. “သမ္မာဝါယမ” ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ - သမ္မာသတိသည် အဘယ်နည်း
ရဟန်းတို့ - ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာအားထုတ်သောလုံ့လ ရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်၍ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်၍ ... စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်၍ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရဟန်းတို့ - ဤအောက်မေ့ခြင်· သတိကို မှန်စွာအောက်မေ့ခြင်း “သမ္မာသတိ” ဟူ၍ ဆိုအပ်၏။
ရဟန်းတို့ - သမ္မာသမာဓိသည် အဘယ်နည်း။
ရဟန်းတို့ - ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်း၍သာလျှင် ဖြစ်သော အကုသိုလ်တရားတို့မှ ကင်း၍သာလျှင်ဖြစ်သော ဝိတက်နှင့် တကွ ဖြစ်သော ဝိစာရနှင့် တကွဖြစ်သော နီဝရဏကင်းခြင်းကြောင့် ဖြစ်သည့် ပီတိသုခရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။
ဝိတက်ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော သမာဓိကို ပွားစေတတ်သော ဝိတက်လည်းမရှိသော ဝိစာရလည်း မရှိသော သမာဓိကြောင့်ဖြစ်သည့် ပီတိသုခရှိသော ဒုတိယဈာန်သို့ ရောက်၍နေ၏။
ပီတိ၏လည်း ကင်းခြင်းကြောင့် အမျှရှူလျက် သတိရှိလျက် ဆင်ခြင်လျက် နေ၏။ သုခကိုလည်း ကိုယ်ဖြင့် ခံစား၏။ အကြင် (တတိယဈာန်) ကြောင့် ထိုသူကို “အမျှရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်) တို့သည် ချီးမွမ်းပြောဆိုကုန်၏။ ထိုတတိယဈာန်သို့ ရောက်၍ နေ၏။
စာမျက်နှာ-486
ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင် ဝမ်းသာ ခြင်း၊ နှလုံးမသာခြင်းတို့၏ ချုပ်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာ ကင်းသော (ဥပေက္ခာ) ကြောင့် တိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍နေ၏။ ရဟန်းတို့ - ဤသမာဓိကို မှန်စွာတည်ကြည်ခြင်း “သမ္မာသမာဓိ” ဟူ၍ ဆိုအပ်၏။ ရဟန်းတို့- ဤတရားသဘောကို ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာဟူ၍ ဆိုအပ်၏။
ဤသို့ မိမိ၏သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ သူတပါး၏ သဘောတရားတို့၌မူလည်း သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ မိမိသူတပါး၏ သဘော တရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသူဖြစ်၍ နေ၏။ သဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ် ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်းနေ၏။ သဘောတရားတို့၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်းနေ၏။ သဘောတရား တို့၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်း ပျက်ခြင်း သဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်းနေ၏။ ထို့ပြင် “သဘောတရားတို့သည် သာလျှင် ရှိကုန်၏” ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏။ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ်တိုးပွားခြင်းငှာသာ ဖြစ်၏။ အဆင့်ဆင့် သတိတဖန် တိုးပွားခြင်းငှာသာ ဖြစ်၏။ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ လောက၌ တစုံတရာကိုမျှလည်း (ငါ, ငါ၏ဥစ္စာဟု) စွဲလည်း မစွဲလမ်း။ ရဟန်းတို့ - ဤသို့လည်း ရဟန်းသည် အရိယာ သစ္စာလေးပါး သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
သစ္စာအပိုင်းပြီး၏။ သဘောတရားကို ဆင်ခြင်ခြင်း ပြီး၏။
သတိပဋ္ဌာန်ပွားများရကျိုး
ရဟန်းတို့- မည်သည့်ပုဂ္ဂိုလ်မဆို ဤသတိပဋ္ဌာန် လေးပါးတို့ကို ခုနစ်နှစ်တို့ ပတ်လုံး ဤဟောပြသောနည်းဖြင့် ပွားငြားအံ့၊ ထိုပွားသော ပုဂ္ဂိုလ်အား ... မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန် အကြွင်းရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဖိုလ်နှစ်ပါးတို့တွင် တပါးပါးသော ဖိုလ်ကို (အမှန် ရပေမည်)ဟု အလိုရှိအပ်၏။
စာမျက်နှာ-487
ရဟန်းတို့- ခုနစ်နှစ်ကို ထားဘိဦး။ ရဟန်းတို့- မည်သည့် ပုဂ္ဂိုလ်မဆို ဤသတိပဋ္ဌာန်လေးပါးတို့ကို ခြောက်နှစ်တို့ပတ်လုံး . ဤဟောပြသောနည်းဖြင့် ပွားငြားအံ့ ။ပ။ ငါးနှစ်တို့ပတ်လုံး ။ပ။ လေးနှစ်တို့ပတ်လုံး ။ပ။ သုံးနှစ်တို့ပတ်လုံး ။ပ။ နှစ်နှစ်တို့ပတ်လုံး ။ပ။ တစ်နှစ်တို့ပတ်လုံး။ပ။
ရဟန်းတို့- တစ်နှစ်ကို ထားဘိဦး။ ရဟန်းတို့ - မည်သည့်ပုဂ္ဂိုလ်မဆို ဤသတိ ပဋ္ဌာန်လေးပါးတို့ကို ခုနစ်လတို့ပတ်လုံး .. ဤဟောပြသောနည်းဖြင့် ပွားငြားအံ့ ထိုပွားသောပုဂ္ဂိုလ်အား မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန် အကြွင်းရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤဖိုလ်နှစ်ပါးတို့တွင် တစ်ပါးပါးသော ဖိုလ်ကို (အမှန်ရပေမည်)ဟု အလိုရှိအပ်၏။
ရဟန်းတို့- ခုနစ်လကို ထားဘိဦး။ ရဟန်းတို့- မည်သည့် ပုဂ္ဂိုလ်မဆို ဤသတိပဋ္ဌာန်လေးပါးတို့ကို ခြောက်လတို့ပတ်လုံး ဤဟောပြသော နည်းဖြင့် ပွားငြားအံ့ ။ပ။ ငါးလတို့ပတ်လုံး။ လေးလတို့ပတ်လုံး။ သုံးလတို့ပတ်လုံး။ နှစ်လတို့ပတ်လုံး။ တစ်လတို့ပတ်လုံး ။ လခွဲတို့ပတ်လုံး။ပ။
ရဟန်းတို့- လခွဲကို ထားဘိဦး။ ရဟန်းတို့ - မည်သည့်ပုဂ္ဂိုလ်မဆို ဤသတိ ပဋ္ဌာန် လေးပါးတို့ကို ခုနစ်ရက်ပတ်လုံး ဤဟောပြသောနည်းဖြင့် ပွားငြားအံ့ ထိုပွားသော ပုဂ္ဂိုလ်အား မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန် အကြွင်းရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤဖိုလ်နှစ်ပါးတို့တွင် တစ်ပါးပါးသော ဖိုလ်ကို (အမှန်ရပေမည်)ဟု အလိုရှိအပ်၏။
“ရဟန်းတို့ ဤခရီးလမ်းသည် သတ္တဝါတို့၏ စိတ်စင်ကြယ်ရန် စိုးရိမ်ပူပန် ခြင်း၊ ငိုကြွေးခြင်းတို့ကို လွတ်မြောက်ရန် ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းတို့ ချုပ်ငြိမ်းရန် အရိယာမဂ်ကိုရရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်း တည်းသော ခရီးလမ်းဖြစ်၏။ ယင်းသည့်ခရီးလမ်းအား ဤသတိပဋ္ဌာန် လေးပါး တို့ပင်တည်း” ဟု ဤသို့ အကြင်သတိပဋ္ဌာန်တရား ကြေညာချက်ကို ငါဆိုခဲ့၏။ ဤကြေငြာချက်ကို ဤ(အကျိုးနှစ်ပါးတို့တွင် တစ်ပါးပါး အမှန်ရရှိနိုင်ခြင်း)ကို ရည်ရွယ်၍ ဆို၏ဟု မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရားဟောတော်မူသော တရားတော်ကို နှစ်လို ကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။
မဟာသတိပဋ္ဌာနသုတ် မြန်မာပြန်ပြီး၏။
စာမျက်နှာ-488
အခန်း (၁၀)
အကျဉ်းဆုံးမှတ်ရန် ဝိပဿနာဂါထာတော်များ
အနိစ္စလက္ခဏာ
| ပါဠိတော် | မြန်မာပြန် |
| :--- | :--- |
| သဗ္ဗေ သင်္ခါရာ အနိစ္စာ”တိ၊ ယဒါ ပညာယ ပဿတိ။ အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။ | အကြင်အခါ “(ရုပ်နာမ်ဓမ္မ) သင်္ခါရအားလုံးတို့သည် အမြဲမရှိကုန်” ဟု ဝိပဿနာ ပညာဖြင့် ရှုမြင်နိုင်၏။ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရတို့၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည် ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်၏ အကြောင်းဖြစ်၏။ |
အဓိပ္ပာယ်
ရုပ်နာမ်ဓမ္မသင်္ခါရအားလုံးကို အနိစ္စ (မမြဲ)ဟု သိမြင်အောင် ... ဝိပဿနာ ရှုရမည်။ ထိုသို့ရှုလျှင် ရုပ်နာမ်ဓမ္မသင်္ခါရတို့၌ မတပ်မက်တော့ဘဲ ငြီးငွေ့စက်ဆုပ် လာလိမ့်မည်။ ဤသို့ ငြီးငွေ့စက်ဆုပ်ပါက ကိလေသာ ကင်းစင်၍ နိဗ္ဗာန်ကို သိမြင်နိုင်သည်။
ဒုက္ခလက္ခဏာ
| ပါဠိတော် | မြန်မာပြန် |
| :--- | :--- |
| “သဗ္ဗေ သင်္ခါရာ ဒုက္ခာ”တိ၊ ယဒါ ပညာယ ပဿတိ။ အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။ | အကြင်အခါ “(ရုပ်နာမ်ဓမ္မ) သင်္ခါရအားလုံးတို့သည် ဆင်းရဲကုန်၏” ဟု ဝိပဿနာပညာဖြင့် ရှုမြင်နိုင်၏။ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရတို့၌ ငြီးငွေ့၏၊ ဤငြီးငွေ့ခြင်းသည် ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်၏ အကြောင်းဖြစ်၏။ |
၁-၂။ ဓမ္မပဒ၊ မဂ္ဂဝဂ် ၅၃။
စာမျက်နှာ-489
အဓိပ္ပာယ်
ရုပ်နာမ်ဓမ္မ သင်္ခါရအားလုံးကို ဒုက္ခ (ဆင်းရဲ)ဟု သိမြင်အောင် ဝိပဿန ရှုရမည်။ ထိုသို့ရှုလျှင် ရုပ်နာမ်ဓမ္မသင်္ခါရတို့၌ မတပ်မက်တော့ဘဲငြီးငွေ့စက်ဆုပ် လာလိမ့်မည်။ ဤသို့ ငြီးငွေ့စက်ဆုပ်ပါက ကိလေသာကင်းစင်၍ နိဗ္ဗာန်ကို သိမြင်နိုင်သည်။အနတ္တလက္ခဏာ
| ပါဠိတော် | မြန်မာပြန် |
| :--- | :--- |
| “သဗ္ဗေ ဓမ္မာ အနတ္တာ”တိ၊ ယဒါ ပညာယ ပဿတိ။ အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ ။ | အကြင်အခါ “သဘာဝတရားအားလုံးသည် အတ္တမဟုတ်ကုန်”ဟု ဝိပဿနာ ပညာဖြင့် ရှုမြင်နိုင်၏၊ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရတို့၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်း သည် ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်၏ အကြောင်းဖြစ်၏။ |
အဓိပ္ပာယ်
ရုပ်နာမ်ဓမ္မသင်္ခါရအားလုံးကို အနတ္တ (အတ္တမဟုတ်)ဟု သိမြင်အောင် ဝိပဿနာ ရှုရမည်။ ထိုသို့ရှုလျှင် ရုပ်နာမ်ဓမ္မသင်္ခါရတို့၌ မတပ်မက်တော့ဘဲငြီးငွေ့ စက်ဆုပ်လာလိမ့်မည်။ ဤသို့ ငြီးငွေ့စက်ဆုပ်ပါက ကိလေသာကင်းစင်၍ နိဗ္ဗာန်ကို သိမြင်နိုင်သည်။
ဖြစ်ချုပ်တရား
| ပါဠိတော် | မြန်မာပြန် |
| :--- | :--- |
| ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗ တံ နိရောဓဓမ္မံ-။ | ဖြစ်ခြင်းသဘောရှိသော တရားအားလုံးသည် ချုပ်ခြင်းသဘောရှိ၏။ |
အဓိပ္ပာယ်
အရာအားလုံးသည် ဖြစ်ခြင်းသဘောရှိသလို ချုပ်ခြင်းသဘောလည်း ရှိ၏။ ဖြစ်ပေါ်သည့်တရားမှန်သမျှ ချုပ်ပျောက်ရမည်ဖြစ်သည်ဟု ဆိုလိုပါသည်။
၁။ ဓမ္မပဒ၊ မဂ္ဂဝဂ် ၅၃။
၂။ ဓမ္စက္ကပဝတ္တနသုတ်။
စာမျက်နှာ-490
အခန်း (၁၁)
တရားအားထုတ်ရန် နည်းလမ်းများ
အားထုတ်ရန်တရားများ
အားထုတ်ရန်တရားများကား သမထတရားနှင့် ဝိပဿနာတရားများပင် ဖြစ်ပါသည်။ ယင်းသမထ ဝိပဿနာ ၂-ပါးကိုပင် မိမိသန္တာန်၌ ဖြစ်ပေါ်အောင် တစ်ကြိမ်အားထုတ်ပြီးနောက် အထပ်ထပ် တိုးပွားအောင် အားထုတ်ထိုက် သောကြောင့် ဘာဝနာဟု ခေါ်ပါသည်။ . ဘာဝနာ အားထုတ်မှု၏ တည်ရာ အာရုံဖြစ်သောကြောင့် ကမ္မဋ္ဌာန်းဟူ၍လည်း ခေါ်ပါသည်။
တရားအားထုတ်မည့်သူ၌ ရှိရမည့် အင်္ဂါ ၅-ပါး
၁။ သဒ္ဓါယုံကြည်မှုရှိရမည်။
၂။ တရားအားထုတ်နိုင်စွမ်းသည့် ကျန်းမာရေးပြည့်စုံရမည်။
၃။ ဖြောင့်မတ် မှန်ကန်သော စိတ်ထားရှိရမည်။
၄။ အကုသိုလ် ဒုစရိုက်များကို ပယ်ရှားပြီး ကုသိုလ် သုစရိုက် တရားကို တိုးပွားအောင် .. အားထုတ်သော ဝီရိယရှိရမည်။
၅။ ရုပ်နာမ်နှစ်ပါးကို ပိုင်းခြား သိမြင်နိုင်စွမ်းသော ပညာနှင့် ပြည့်စုံရမည်။
တရားအားထုတ်မည့်သူ၌ ရှိရမည့် အပရိဟာနိယတရား ၇-ပါး
၁။ ဘုရား၌ ရိုသေမှုရှိရမည်။
၂။ တရားတော်၌ ရိုသေမှုရှိရမည်။
၃။ သံဃာတော်၊ ဆရာသမားနှင့် ထေရ်ကြီးများ၌ ရိုသေမှုရှိရမည်။
၄။ ကိုယ်ကျင့်သီလ၌ ရိုသေမှုရှိရမည်။
၅။ တည်ကြည်ခြင်း၌ ရိုသေမှုရှိရမည်။
၆။ မိမိအားထုတ်သော ကမ္မဋ္ဌာန်းတရားအတွက် လမ်းညွှန်မှုပေးနိုင်သော ကလျာဏမိတ်ကောင်းရှိရမည်။
၇။ ယင်းကလျာဏမိတ်ကောင်း၏ နည်းပေးလမ်းပြ ဆိုဆုံးမမှုကို မပယ်ရှားဘဲ လိုက်နာမှတ်သားနိုင်သူဖြစ်ရမည်။
စာမျက်နှာ-491
ကမ္မဋ္ဌာနုပစာရတရား ၁၅--ပါး
ကမ္မဋ္ဌာန်း အခြေခံတရား (ကမ္မဋ္ဌာန်းအလုပ်နှင့် အနီးကပ်ဆုံး တရား) ၁၅-ပါး ကိုလည်း သိအောင်လေ့လာပြီး အသားကျနေသည်အထိ အားထုတ်ပြီး ဖြစ်ရပါမည်။ ယင်းတို့ကား ဖော်ပြလတ္တံ့ပါအတိုင်း .. ဖြစ်ပါသည်-(၁) ကမ္မဋ္ဌာန်းအလုပ် အားထုတ်နိုင်စွမ်းရှိခြင်း၊ (၂) ကိုယ်နှုတ်ဖြောင့်မတ် ရိုးသားခြင်း၊ (၃) တည်ကြည်သောစိတ်ရှိခြင်း၊ (၄) ပညာရှိစကားကို နာယူလွယ်ခြင်း၊ (၅) နူးညံ့သိမ်မွေ့စွာ နေထိုင်လေ့ရှိခြင်း၊ (၆) အလွန် မာန မကြီးခြင်း၊ (၇) ရောင့်ရဲလွယ်ခြင်း၊ (၈) အဆာမကျယ် မွေးမြူလွယ်ခြင်း၊ (၉) ဗာဟိရကိစ္စမများဘဲ နည်းပါးသော ကိစ္စရှိခြင်း၊ (၁ဝ) အနေအစား ပေါ့ပါးသော အသက်မွေးမှုမရှိခြင်း၊ (၁၁) ငြိမ်သက်သော ဣန္ဒြေရှိခြင်း၊ (၁၂) အရာရာကို သေချာထောက်ချင့် ရင့်သောပညာရှိခြင်း၊ (၁၃) ကြမ်းတမ်းသော ကိုယ်နှုတ်စိတ် မရှိခြင်း၊ (၁၄) အမျိုးတို့၌ သံယောဇဉ်ကင်းခြင်း၊ (၁၅) ဒုစရိုက်မှုများကို ရှောင်ရှားခြင်း။
ဈာန်မဂ်ဖိုလ်ကို အန္တရာယ်ပြုသော ကံကြီး၅-ပါး
တရားအားထုတ်သော်လည်း ဈာန်မဂ်ဖိုလ်ကို မရရှိစေနိုင်သော ကံကြီး ၅-ပါးရှိပါသည်။ ယင်းကံကြီး ၅-ပါးကို ကျူးလွန်ထားသူများသည် မည်မျှပင် တရားအားထုတ်ကြစေကာမူ ဈာန် မဂ် ဖိုလ်ကို ရရှိနိုင်ကြမည် မဟုတ်ပါ။ ယင်းကံကြီး ၅-ပါးကား ဖော်ပြလတ္တံ့ပါအတိုင်း ဖြစ်ပါသည်-
၁။ ကမ္မန္တရာယ်။ ။ အမိသတ်သူ၊ အဘသတ်သူ၊ ရဟန္တာသတ်သူ၊ ဘုရားရှင်အား သွေးစိမ်းတည်စေသူ၊ သံဃာသင်းခွဲသူ ဟူသော ပဉ္စာနန္တရိယ ကံထိုက်သူများနှင့် ဘိက္ခုနီမ ဖျက်ဆီးသူ။
စာမျက်နှာ-492
၂။ ကိလေသန္တရာယ် ။ ။ ကောင်းမှု၊ မကောင်းမှုပြုသော်လည်း ပြုသည် မမည်ဟု ယူသော အကိရိယဒိဋ္ဌိ၊ ကောင်းမှ မကောင်းမှု ကံအကြောင်း မရှိဟု ယူသော အဟေတုကဒိဋ္ဌိ၊ ကောင်းမှု မကောင်းမှုကံ အကျိုးမရှိဟု ယူသော နတ္ထိကဒိဋ္ဌိဟူသော သေလျှင် မုချမလွဲ အပါယ်ငရဲကျမည့် နိယတမိစ္ဆာဒိဋ္ဌိ အယူရှိသူ။
၃။ ဝိပါကန္တရာယ် ။ ။ ပဋိသန္ဓေစိတ်အရ အဟိတ်ဖြစ်သော တိရစ္ဆာန်၊ သုဂတိ အဟိတ်ဖြစ်သော နပုံး၊ ပဏ္ဍုက်၊ ဥဘတောဗျည်းနှင့် ဒွိဟိတ် (သာမာန်ပုထုဇဉ်) ပုဂ္ဂိုလ်များ။
၄။ အရိယူပဝါဒန္တရာယ် ။ ။ အရိယာ(အောက်ထစ်ဆုံး လူသောတာပန်) အားသိလျက် သို့မဟုတ် မသိဘဲ စွပ်စွဲ ဆဲရေး ကဲ့ရဲ့ ပြစ်မှားသူ၊ (တောင်းပန်က ကျေနိုင်ပါသည်။)
၅။ အာဏာဝီတိက္ကမန္တရာယ်။ ။ ဝိနည်းသိက္ခာပုဒ်ကို ကျူးလွန်သော ရဟန်း၊ (ပါရာဇိက၊ သံဃာဒိသိသ်၊ ထုလ္လစဉ်း၊ ပါစိတ်၊ ပါဋိဒေသနီ၊ ဒုဗ္ဘာသီ ဟူသော အာပတ် (၇)ပုံ အနက် အယုတ်ဆုံး ဒုဗ္ဘာသီအာပတ်ရှိလျှင်ပင် ဈာန်မဂ်ဖိုလ်ကို မရနိုင်ပါ။ ပါရာဇိကအာပတ် ကုစားမရ၊ ကျန်အာပတ်များ ကုစားရပါသည်။
ကလျာဏမိတ်ဆွေစစ်များ
အထက်ဖော်ပြပါ အချက်များ ပြည့်စုံခြင်း, ကင်းရှင်းခြင်း ရှိ၍ တရား အားထုတ်လိုပါလျှင် အခန်း(၇)၌ ဖော်ပြထားသော ပလိဗောဓကြီး (၁၀)ပါးနှင့် ပလိဗောဓငယ်များကို ရှေးဦးစွာ ပယ်ရမည်။ ၄င်းနောက် ဖော်ပြလတ္တံ့ ပါ ဂုဏ်အင်္ဂါ ၇-ပါးနှင့် ပြည့်စုံသော ကလျာဏမိတ်ဆွေစစ်များထံ ချဉ်းကပ်ရပါမည်-
စာမျက်နှာ-493
ကလျာဏမိတ်ဆွေဂုဏ်
၁။ သီလစင်ကြယ်၍ ချစ်ခင်ဖွယ်ရှိသောဂုဏ်၊၂။ သီလသမာဓိဂုဏ်တို့ကြောင့် အလေးအမြတ်ပြုအပ်သောဂုဏ်၊
၃။ မေတ္တာရေမခန်း ပွားစေအပ်သောဂုဏ်၊
၄။ သူတပါးကို ကောင်းအောင် ဆုံးမတတ်သောဂုဏ်၊
၅။ သူတပါးအဆိုကို ခံနိုင်သော ဂုဏ်၊
၆။ နက်နဲသော တရားစကားကို ပြောကြားတတ်သောဂုဏ်၊
၇။ မလျောက်ပတ်သောအရာ၌ မတိုက်တွန်းအပ်သောဂုဏ်။
တရားအားမထုတ်မီ ကြိုတင်ပြုဖွယ်ကိစ္စများ
ကလျာဏ မိတ်ဆွေစစ်များထံ ချဉ်းကပ်ပြီးနောက် မိမိ ပွားများလိုသော ကမ္မဋ္ဌာန်းဘာဝနာကို မပွားများမီ ဖော်ပြလတ္တံ့ပါ အချက် (၈)ရပ်ကို ကြိုတင် ပြုလုပ် ဆောင်ရွက်ရမည်-
၁။ သင့်တင့်လျောက်ပတ်သည့်နေရာကို ရွေးချယ်ခြင်း၊
၂။ သင့်တင့်လျောက်ပတ်သည့် အချိန်ကို ရွေးချယ်ခြင်း၊
၃။ ရတနာသုံးပါး ဆရာသမား မိဘတို့အား ရှိခိုးကန်တော့ခြင်း၊
၄။ သရဏဂုံသုံးပါးနှင့်တကွ စွမ်းနိုင်သည့်သီလ ဆောက်တည်ခြင်း၊
၅။ မေတ္တာပို့အမျှဝေခြင်း၊
၆။ ကမ္မဋ္ဌာန်းဆရာထံမှ မိမိပွားများလိုသော ကမ္မဋ္ဌာန်းကို တောင်းခြင်း၊
၇။ အပြစ်ကြီးငယ်ကိုခွင့်လွှတ်ရန် တောင်းပန်ခြင်း၊
၈။ သင့်တင့်လျောက်ပတ်သည့် ထိုင်နည်းကို ရွေးချယ်ခြင်း။
တရားအားထုတ်ရန် တော ၃-တော
သင့်တင့် လျောက်ပတ်သော နေရာဟူသည် ပဋိသမ္ဘိဒါမဂ် ပါဠိတော်၊ ဥပရိပဏ္ဏာသ ပါဠိတော်တို့၌ ဖော်ပြထားသော အရပ် ၃-မျိုးဖြစ်ပါသည်။ ၎င်းတို့မှာ ဖော်ပြလတ္တံ့ပါအတိုင်း ဖြစ်ပါသည် -
စာမျက်နှာ-494
၁။ အရညဂတော = တောအရပ် (မြို့တံခါးအပြင်ဘက် အရပ်အားလုံး)
၂။ ရုက္ခမူလဂတော = သစ်ပင်ရင်းအရပ်၊
၃။ သုညာဂါရဂတော = ဆိတ်ငြိမ်ရာအရပ်။
(၎င်းအပြင် လုံ၍ မှောင်သောအရပ်သည်လည်း သင့်တင့်လျောက်ပတ်သော အရပ်ဖြစ်ပါသည်၊ ညအခါသည် သင့်တင့်လျောက်ပတ်သောအချိန် ဖြစ်ပါသည်။)
သင့်တင့်လျောက်ပတ်သော နေရာကျောင်း
အထက်ဖော်ပြပါ တော ၃-တောသည် သင့်တင့်လျောက်ပတ်သော နေရာ ဖြစ်သော်လည်း သာမညသာ ဖြစ်ပါသည်။ အထူးအားဖြင့် ယင်း တော ၃- တော တွင် ဖော်ပြလတ္တံ့ ပါ အင်္ဂါ ၅-ချက်နှင့် ပြည့်စုံသော နေရာကျောင်းသည်သာ သင့်တင့်လျောက်ပတ်သော နေရာကျောင်း ဖြစ်ပါသည် -
၁။ အသွားအလာ လွယ်ကူ၍ မြို့ရွာနှင့် မနီးလွန်း မဝေးလွန်းဖြစ်ခြင်း၊
၂။ နေ့အခါ လူသူမပြွမ်း၊ ညအခါ လူသူသံဆိတ်ပြီး အုတ်အုတ်ကျက်ကျက် ကြွေးကြော် အော်ဟစ်သံ မရှိခြင်း၊
၃။ မှက်, ခြင်, နေပူ, မြွေ, ကင်းသန်းတို့ဘေးမှ ကင်းဝေးခြင်း၊
၄။ မငြိုမငြင် မပင်ပန်းဘဲ ဆွမ်း, သင်္ကန်း, ကျောင်း, ဆေးတို့ကို ရလွယ်ခြင်း
၅။ စာပေ အကြားအမြင်ရှိသော သူများရှိပြီး မေးသောအရာ, သံသယဖြစ်ဖွယ် အရာတို့ကို ရှင်းပြနိုင်သူရှိခြင်း။
မသင့်တင့် မလျောက်ပတ်သော နေရာကျောင်း
ထိုတော (၃)တောတွင် ဖော်ပြလတ္တံ့ပါ အရပ် (၁၈)ရပ်သည် မသင့်တင့် မလျောက် ပတ်သော နေရာကျောင်းများဖြစ်ပါသည် -
၁။ အလွန်ကြီးကျယ်သော နေရာကျောင်း၊
၂။ အသစ်ဖြစ်သော နေရာကျောင်း၊
၃။ ဟောင်းနွမ်း ဆွေးမြည့်သော နေရာကျောင်း၊
၄။ လမ်းခရီးကို မှီသော (ဝါ) လမ်းနှင့်နီးသော နေရာကျောင်း၊
စာမျက်နှာ-495
၅။ အများသုံး ရေကန်ရှိသော နေရာကျောင်း။
၆။ ဟင်းရွက်တောနီးသော နေရာကျောင်း။
၇။ ပန်းဥယျာဉ်နီးသော နေရာကျောင်း။
၈။ သစ်သီးခြံနီးသော နေရာကျောင်း။
၉။ လူတို့ တောင့်တချီးမွမ်းအပ်သော နေရာကျောင်း။
၁၀။ မြို့ရွာကို မှီသော နေရာကျောင်း။
၁၁။ ထင်းတော သစ်တောကို မှီသော နေရာကျောင်း။
၁၂။ လူသွားလမ်းရှိသော နေရာကျောင်း။
၁၃။ သဘောမတူ ရန်သူရှိသော နေရာကျောင်း။
၁၄။ ဆိပ်ကမ်းကို မှီသော နေရာကျောင်း။
၁၅။ ပစ္စန္တရာစ်ကို မှီသော နေရာကျောင်း။
၁၆။ တိုင်းပြည်အပိုင်းအခြား (ဝါ) နယ်စပ်ကို မှီသော နေရာကျောင်း။
၁၇။ မလျောက်ပတ် မတင့်တယ်သော နေရာကျောင်း။
၁၈။ မိတ်ကောင်းဆွေစစ်ကို မရနိုင်သော နေရာကျောင်း။
ဝတ်ဆင်သင့်သော အဝတ်အစားများ
၁။ ဖြူစင်သော အဝတ်အစားများ (ပရိဗိုဇ်များ ဝတ်ဆင်လေ့ရှိသော အဝတ်အစားဖြစ်သည်။)
၂။ သစ်ခေါက်ဆိုးအဝတ်အစား (သံသရာမှ ထွက်မြောက်လိုသော သူတော်ကောင်းတို့ ဝတ်ဆင်လေ့ရှိသော အဝတ်အစား ဖြစ်သည်)။ မိမိအိမ်၌ တရားအားထုတ်ရာတွင် မည်သည့် အဝတ်အစားမဟူ ဝတ်ဆင်နိုင်သည်။ ဖြူစင်သန့်ရှင်းရန် လိုအပ်ပါသည်။
သမထကမ္မဋ္ဌာန်း
သမထကမ္မဋ္ဌာန်း (၄၀) ရှိသဖြင့် ကမ္မဋ္ဌာန်း (၄၀)စီးဖြန်းပုံ အခြေခံကို အဆင့်လိုက်ခြုံ၍ ပြသွားမည်ဖြစ်ပြီး အများက လက်စွဲပြုလုပ်အားထုတ်နေကြသော ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းနှင့် အာနာပါနကမ္မဋ္ဌာန်း အားထုတ်ပုံများကိုမူ အမြွက်မျှ သီးခြားဖော်ပြသွားပါမည်။
စာမျက်နှာ-496
သမထကမ္မဋ္ဌာန်းစီးဖြန်းပုံအခြေခံ
ကာမဂုဏ်အပြစ်ကို မြင်၍ မဂ်ဖိုလ်နိဗ္ဗာန်ကို တောင့်တသော ယောဂီသည် အထက်၌ ဖော်ပြခဲ့ပြီးသော အချက်များကို ပြည့်စုံစေလျက် သီလကိုစင်ကြယ်စေပြီး ပလိဗောဓများကို ဖြတ်တောက်၍ ကလျာဏမိတ်ဆွေများထံ ချဉ်းကပ်ပြီးနောက် မိမိစရိုက်နှင့်လျော်သော ကမ္မဋ္ဌာန်းကိုယူရမည်။ ၎င်းနောက် ကမ္မဋ္ဌာန်းဆရာ သီတင်းသုံးရာဌာနသည် မိမိနှင့် သင့်လျော်လျောက်ပတ်ပါက ထိုအရပ်၌ပင် နေ၍ မသင့်လျော် မလျောက်ပတ်ပါက... သင့်လျော်လျောက်ပတ်သည့်နေရာသို့ ပြောင်းရွှေ့နေထိုင်ပြီး ဆံရိတ်ခြင်း, အဝတ်သင်္ကန်း လျှော်ဖွပ်ခြင်း စသော အသေးအဖွဲကိစ္စများကို ပြီးစီးအောင် ဆောင်ရွက်ထားရမည်။ပထမအဆင့် (ပရိကမ္မဘာဝနာ၊ ပရိကမ္မနိမိတ်)
ထို့နောက် မိမိယူသော ကမ္မဋ္ဌာန်းသည် ကသိုဏ်း၊ အသုဘများ ဖြစ်လျှင် ၎င်းကသိုဏ်းဝန်းရှေ့၌ ထိုင်၍ “ပထဝီ ပထဝီ” စသည်ဖြင့် စူးစိုက်ကြည့်ကာ စီးဖြန်းရမည်။ စိတ်ဖြင့်သာ မှန်းဆရသော ဗုဒ္ဓါနုဿတိ စသည်ကဲ့သို့သော ကမ္မဋ္ဌာန်းများဖြစ်မူ ယင်းကမ္မဋ္ဌာန်းအာရုံကို ယူ၍ စိတ်မှန်းဖြင့် စီးဖြန်းရမည်။ ဤကား ပရိကမ္မဘာဝနာ၊ ပရိကမ္မနိမိတ်အဆင့်ဖြစ်သည်။
ဒုတိယအဆင့် (ပရိကမ္မဘာဝနာ၊ ဥဂ္ဂဟနိမိတ်)
ကသိုဏ်း အသုဘကမ္မဋ္ဌာန်း စီးဖြန်းသူသည် မိမိယူသော ကမ္မဋ္ဌာန်းအာရုံကို မျက်စိဖွင့်၍ ရံခါ မျက်စိမှိတ်ပြီး စိတ်မှန်းဖြင့် ဆင်ခြင်၍ ထင်ပေါ်အောင် စီးဖြန်းရမည်။ ဤသို့ မှိတ်တုံဖွင့်တုံ အဖုံဖုံ စီးဖြန်းလေရာ မှိတ်၍ ဆင်ခြင်သည့်အခါ၌လည်း မျက်စိဖွင့်၍ ကြည့်သကဲ့သို့ ထင်ပေါ်လာပါသည်။ စိတ်မှန်းဖြင့် အာရုံယူ စီးဖြန်းရသော် အနုဿတိ စသော ကမ္မဋ္ဌာန်းများဖြစ်မူ စီးဖြန်းဖန် များလာသောအခါ ... စိတ်ထဲ၌ ဇဝေဇဝါ ဖြစ်နေရာမှ စိတ်ထဲ၌ ကောင်းစွာ ထင်ရှားလာပါတော့သည်။ ဤအခါ၌ သမာဓိသည်လည်း အလွန်တည်ကြည်နေပြီး ဖြစ်သည်။ ဤသို့စိတ်ဖြင့် ကောင်းစွာ ထင်ရှားစွာ ယူနိုင်သော အာရုံကိုပင် ဥဂ္ဂဟနိမိတ်ခေါ်ပြီး စီးဖြန်းနေသည့် ဘာဝနာမှာမူ ပရိကမ္မဘာဝနာပင် ဖြစ်ပါသည်။ ဤကား ပရိကမ္မဘာဝနာ၊ ဥဂ္ဂဟနိမိတ်အဆင့် ဖြစ်သည်။
တတိယအဆင့်(ဥပစာရဘာဝနာ၊ ပဋိဘာဂနိမိတ်)
ဥဂ္ဂဟနိမိတ် ဖြစ်လာသောအခါ ကသိုဏ်း, အသုဘအာရုံကို ယူသော ယောဂီဖြစ်မူ ၎င်းအနားမှ ခွါရှဲ၍နေမြဲနေရာသို့ ပြန်လာပြီး (ကသိုဏ်းအသုဘ မဟုတ်မူ
စာမျက်နှာ-497
ခွါရှဲရန် မလို) ပဋိဘာဂနိမိတ်ဖြစ်ရန် ယင်းဥဂ္ဂဟနိမိတ်အာရုံကိုပင် အဖန်ဖန် အထပ်ထပ် စီးဖြန်းရမည်။ တစုံတခုသော အကြောင်းကြောင့် ဥဂ္ဂဟနိမိတ် ပျောက်သွားလျှင် ယခင် .. အားထုတ်နည်းအတိုင်း အစမှ ပြန်၍ အားထုတ်ရမည်။ ဤသို့ ဥဂ္ဂဟနိမိတ်ကို ပရိကမ္မဘာဝနာဖြင့် ... အဖန်ဖန် အထပ်ထပ် စီးဖြန်းသော် ဣန္ဒြေ ၅-ပါး လွန်စွာတိုးတက် သန့်ရှင်းလာကာ ကုသိုလ်စိတ်ကို နှောင့်ယှက်တတ်သော နီဝရဏတရားတို့သည် တွဲဖက် ကိလေသာတို့နှင့် တကွ ကင်းကွာလာပြီး ယောဂီ၏ စိတ်အစဉ်၌ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဟူသော ဈာန်အင်္ဂါ ၅-ပါးလည်း အထင်အရှား ပေါ်လာပါတော့သည်။ ကာမာဝစရစိတ်ဟူသော ဘာဝနာအစဉ်သည်လည်း ရူပဈာန်ကဲ့သို့ အာရုံ၌ လွန်စွာ တည်ကြည်လာရကား ရူပဈာန်အနီး (ဥပစာ)သို့ ရောက်ရှိလာတော့သည်။ ပရိကမ္မဘာဝနာအဆင့်ကို လွန်၍ ဥပစာရဘာဝနာအဆင့်သို့ ရောက်လာသည်ဟု ဆိုလိုပါသည်။ ယင်း ဥပစာရဘာဝနာကိုပင် ဥပစာရဈာန်ဟူ၍လည်း ခေါ်ပါသည်။ ထိုကဲ့သို့ ဘာဝနာစိတ် တည်ကြည်သဖြင့် စီးဖြန်းအပ်သော အာရုံသည်လည်း ဥဂ္ဂဟနိမိတ်ကို လွန်မြောက်၍ ပဋိဘာဂနိမိတ် အဖြစ်သို့ ရောက်ရှိလာပါတော့သည်။
ဥဂ္ဂဟနိမိတ်အဆင့်၌ ကသိုဏ်းဝန်းပြုလုပ်စဉ်က ထင်နေသော လက်ချောင်းရာများ, အညို အရွှေ အဆင်း စသော အပြစ်များရှိရာ ယင်းတို့ကို မြင်နေရသေးသည်။ ပဋိဘာဂနိမိတ်အဆင့်သို့ ရောက်သောအခါ ယင်းအပြစ်များ မရှိပြီ။ ပွတ်တိုက်ထားသော ခရုသင်း၊ အိတ်မှ ထုတ်ခါစဖြစ်သော ကြေးမုံပြင်၊ တိမ်တိုက်မှ ထွက်လာသော လဗိမာန်၊ မိုးတိမ်ညိုစခန်း၌ ပျံသန်းနေသော ဗျိုင်းဖြူကလေးကဲ့သို့ ဥဂ္ဂဟနိမိတ်ကို ဖောက်ခွဲ၍ ထွက်လာသည့်ပမာ ဥဂ္ဂဟနိမိတ်ထက် အဆ အရာ အထောင် မက အလွန် တင့်တယ်သည်ဟု ဆိုပါသည်။ အရောင် အဆင်းလည်းမရှိ၊ ပုံသဏ္ဍာန်လည်း မရှိ၊ သမာဓိအားကောင်းသော ဘာဝနာအစွမ်းကြောင့် ယောဂီစိတ်၌ ထင်လာသော ဝတ္ထုဓမ္မ ကင်းသော ပညတ်တစ်မျိုးသာ ဖြစ်ပါသည်။
စတုတ္ထအဆင့် (အပ္ပနာဘာဝနာနှင့် ပထမဈာန်)
၎င်းနောက် ပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဆက်လက်အားထုတ်လျှင် ဉာဏ်ကြီးရှင်များအဖို့ မကြာခင် အပ္ပနာဘာဝနာသို့ ရောက်၍ ရူပပထမဈာန် ပေါ်လာတော့သည်။ ဉာဏ်မထက်မြက်သူများအဖို့ ရပြီး ပဋိဘာဂနိမိတ်ကို ပျောက်ပျက်မသွားစေရန် အထူးစောင့်ရှောက်လျက် အဆက်မပြတ် အားထုတ်ရမည်။ ထိုသို့ စောင့်ရှောက်မှု မရှိလျှင် ပဋိဘာဂနိမိတ် ပျောက်၍ ဥပစာရ ဘာဝနာအတန်းမှ လျှောကျသဖြင့် အစမှ ပြန်ကောက်ရမည်။
စာမျက်နှာ-498
ရူပပထမဈာန် အင်္ဂါ ၅-ပါး
၁။ ဝိတက် = မိမိနှင့်အတူတကွဖြစ်သော တရားတို့ကို အာရုံသို့ ရောက်အောင်ပို့ပေးခြင်း၊၂။ ဝိစာရ = ဝိတက်ပို့ပေးသည့်အတွက် အာရုံသို့ရောက်နေသော စိတ်အစဉ်ကို မကင်းကွာရလေအောင် အဖန်ဖန် ဆင်ခြင်နေခြင်း၊
၃။ ပီတိ = ဝိစာရ က အဖန်ဖန် သုံးသပ်ဆင်ခြင်သည့်အတွက် အာရုံကို နှစ်သက်နေခြင်း၊
၄။ သုခ = အာရုံ၏အရသာကို ချမ်းသာ၏ဟု ခံစားနေခြင်း၊
၅။ ဧကဂ္ဂတာ = ရှေးဈာန်အင်္ဂါ ၄-ပါးက ပြုလုပ်ပေးသည့်အတွက် အရသာပေါ်ထွက်နေသော အာရုံ၌ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းသဘော။
ဒုတိယဈာန် စသည်
၎င်းနောက် စနစ်တကျ ဆက်လက်အားထုတ်၍ ဝသီဘော် ၅-ပါးဖြင့် ပထမဈာန်ကို အဖန်ဖန် အထပ်ထပ် လေ့လာလျှင်၊ ဝင်စားလျှင် ဒုတိယဈာန် စသည်ကို ရရှိပြီး နောက်ဆုံး အဘိညာဉ်စခန်းအထိ ပေါက်ရောက်နိုင်ပါသည်။
ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း
ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းဟူသည် သက်တော်ထင်ရှား မြတ်စွာဘုရားကို အာရုံပြု၍ ဂုဏ်တော်ကို အောက်မေ့ပွားများရသော ကမ္မဋ္ဌာန်းဖြစ်ပါသည်။
ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းပွားများသူ၌ ရှိရမည့် အင်္ဂါ ၅-ပါး
၁။ ယုံကြည်မှု သဒ္ဓါ ရှိရမည်။
၂။ ကျန်းမာသန်စွမ်းမှု ရှိရမည်။
၃။ ဖြောင့်မတ်မှန်ကန်မှု ရှိရမည်။
၄။ လုံ့လဝီရိယ ရှိရမည်။
၅။ ရုပ်နာမ်တရား အဖြစ်အပျက်များကို သိစွမ်းနိုင်သော ပညာရှိရမည်။
စာမျက်နှာ-499
ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ကျင့်ကြံနည်း အင်္ဂါ ၇-ပါး
၁။ ဆိတ် = ဆိတ်ငြိမ်နေရာ ဖြစ်ရမည်။၂။ တင် = တင်ပျဉ်ခွေ ထိုင်ရမည်၊ မိန်းမဖြစ်က မိန်းမထိုင် ထိုင်ရမည်။
၃။ ဖြောင့် = ကိုယ်ကို ဖြောင့်မတ်စွာ ထားရမည်။
၄။ ငါး = ဒွါရငါးပါး ပိတ်ထားရမည်။
၅။ ရှေ့ = မိမိရှေ့ မနီးမဝေး၌ ဗောဓိပင်နှင့် မြတ်စွာဘုရား ထင်ရှားရှိပုံကို နှလုံးသွင်းရမည်။
၆။ စွဲ = သက်တော်ထင်ရှား မြတ်စွာဘုရားကို စွဲစွဲ မြဲမြဲ နှလုံးသွင်းရမည်။
၇။ ဖွား = သက်တော်ထင်ရှား မြတ်စွာဘုရားကို ကြည့်၍ အရဟံ အရဟံ စသည်ဖြင့် ဂုဏ်တော်ကို ပွားရမည်။ (စစ်ကိုင်းတောင်ရိုး မဟာဂန္ဓာရုံဆရာတော်နည်း)
ဂုဏ်တော်ပုတီးစိပ် အင်္ဂါ ၅-ပါး
ဂုဏ်တော်ကို ပုတီးစိပ်ပွားများရာတွင် ဖော်ပြလတ္တံ့ပါ အင်္ဂါ ၅-ပါးနှင့် ညီညွတ်ရပါမည် -
၁။ စိတ်တည်ကြည်ရမည်၊
၂။ ပုတီး၌ စိတ်မရောက်စေရ၊
၃။ မြတ်စွာဘုရားကို ထင်မြင်အောင် အာရုံပြုရမည်။
၄။ ဂုဏ်တော်ကို ပွားခိုက် လိုသောဆုကို တောင်းရမည်။
၅။ ထိုမြတ်စွာဘုရားအား အချိန်တိုတိုအားဖြင့် ရှိခိုးရမည်၊
(မဟာဂန္ဓာရုံဆရာဟော်နည်းဖြစ်သည်)
အဓိဋ္ဌာန်ပုတီးစိပ် လုပ်ငန်းခွင် ကျင့်ဝတ်များ
အချို့သူများသည် အဓိဋ္ဌာန် ပုတီးစိပ်လေ့ရှိကြပါသည်။ ဤသို့ အဓိဋ္ဌာန် ပုတီးစိပ်ရာတွင် လိုအပ်သော လုပ်ငန်းခွင် ကျင့်ဝတ်များမှာ ဖော်ပြလတ္တံ့ပါအတိုင်း ဖြစ်ပါသည် -
စာမျက်နှာ-500
၁။ ဆာလောင်မွတ်သိပ်မှု မရှိစေရ။
၂။ သန့်ရှင်းသန့်ပြန့်ရမည်။
၃။ အချိန်ရွေးချယ်မှုရှိရမည် (နံနက်အရုဏ်တက်ချိန်)
၄။ နေရာယူ မှန်ရမည်၊
၅။ သရဏဂုံသီလ ဆောက်တည်ရမည်၊
၆။ အနန္တငါးပါးကို ကန်တော့ရမည်၊
၇။ မေတ္တာပို့ရမည်၊
၈။ ဘုရားပင့်ရမည်၊
၉။ မိမိခန္ဓာကိုယ်ကို လှူဒါန်းရမည်၊
၁၀။ ပုတီးစိပ်ကမ္မဋ္ဌာန်း တောင်းရမည်၊
၁၁။ အဓိဋ္ဌာန်ပြုရမည်၊
၁၂။ စနစ်တကျ ထိုင်ရမည်၊
၁၃။ ပုတီးကိုင်နည်း စနစ်မှန်ရမည်၊
၁၄။ ဂုဏ်တော်နှင့် တရားဓမ္မများ၊
၁၅။ ဆောင်ရမည့်အချက်များ (ဂုဏ်တော်စိပ်လျှင် အနက်အဓိပ္ပာယ်ကို စူးစိုက် စိတ်ဝင်စားရမည်၊ ရုပ်ပုံကို ပယ်၍ ဂုဏ်တော်ဆိုက်ရန် ဖြစ်ပါသည်။)
၁၆။ ရှောင်ရမည့်အချက်များ (လိုချင်စိတ် မျှော်ကိုးစိတ် မထားရ၊ ဝိတက် မပွားရ။)
၁၇။ ပြန်လည်ဆင်ခြင်ရမည်၊
၁၈။ အမျှအတန်း ပေးဝေရမည်။
အာနာပါနကမ္မဋ္ဌာန်း
ကမ္မဋ္ဌာန်း (၄၀)အနက် အာနာပါနကမ္မဋ္ဌာန်းသည် အားထုတ်ရန် အလွယ်ဆုံး ဖြစ်၍ ယခုကာလ ဗုဒ္ဓဘာသာဝင်များသည် ယင်း အာနာပါနကမ္မဋ္ဌာန်းကို နည်းအမျိုးမျိုးဖြင့် အားထုတ်လျက်ရှိကြပါသည်။ သို့ဖြစ်သောကြောင့် ယင်း အာနာပါနကမ္မဋ္ဌာန်း အားထုတ်ပုံကို အမြွက်မျှ ဖော်ပြသွားပါမည်။
စာမျက်နှာ-501
အာနာပါနကမ္မဋ္ဌာန်း အားထုတ်ရန် ထိုင်နည်း
ယောက်ျားဖြစ်လျှင် မဟာသတိပဋ္ဌာန် ပါဠိတော်၌ ဖော်ပြထားသော မဟာပလ္လင်ခွေ ထိုင်နည်းအတိုင်း ထိုင်ရမည်။ မဟာပလ္လင်ခွေ ထိုင်ပုံမှာ - ဘယ်ခြေအောက် ညာခြေအပေါ် ထားသော ထိုင်နည်းဖြစ်သည်။ ကြာမြင့်စွာ ထိုင်နိုင်ရန် ခြေသလုံးချင်း မထပ်ဘဲ အလိုက်သင့် ထိုင်နိုင်ပါသည်။ ဤသို့ ထိုင်ပြီးနောက် ကိုယ်ကို ဖြောင့်မတ်စွာ ထားရမည်။ တင်ပျဉ်ခွေထက်တွင် ဘယ်လက်အောက် ညာလက်အပေါ် တင်ကာ လက်မချင်း ထိထားရမည်၊ မျက်လွှာ ချထားရမည်။ မိန်းမဖြစ်လျှင် မိထွေးတော်ဂေါတမီ စသည်တို့ထိုင်သော အနုပလ္လင်ခွေထိုင်နည်းဖြင့် ထိုင်ရမည်။ အနုပလ္လင်ခွေ ထိုင်ပုံမှာ ယခုကာလ အမျိုးသမီးများ ကျုံ့ကျုံ့ ပုဆစ်တုပ်ထိုင်ပုံကို ဆိုလိုပါသည်။ကမ္မဋ္ဌာန်းစတင်ပွားများပုံ
ယောဂီသည် ဖော်ပြပါအတိုင်း စနစ်တကျ ထိုင်ပြီးနောက် နှာသီးဖျား နှာသီးဝ၌ တိုးထိဝင်ထွက်သွားသော ဝင်လေထွက်လေကို ပကတိ မိမိ ရှူရှိုက်နေကျအတိုင်း ရှူရှိုက်၍ နှာသီးဖျား နှာသီးဝတွင် ဝင်လေထွက်လေ တိုးထိ ဝင်ထွက်သွားသော နေရာ၌ စိတ်ကို ထားပါ။ မောပန်းအောင် မရှူရှိုက်ရ။ အထူးသဖြင့် ရှူရှိုက်နေသော ဝင်လေထွက်လေနောက်သို့ စိတ်မရောက်စေဘဲ နှာသီးဖျား နှာသီးဝ၌ ဝင်လေထွက်လေ ထိတိုင်းထိတိုင်း သိ၍သိ၍ နေအောင် သတိထားပါ။ အချို့ယောဂီများကား နှုတ်ခမ်း၌ ဝင်လေထွက်လေ ထိခိုက်မှုကို သတိပြု မှတ်ရှုကြပါသည်။
ဤသို့ ရှုမှတ်စဉ် အခြားအာရုံကို စိတ်ရောက်သွားသောအခါ နှာသီးဖျား နှာသီးဝ၌ စိတ်ကိုပြန်ထားပါ။ ပျင်းရိ ထိုင်းမှိုင်း၍.. အိပ်ချင်လာသော အခါ ပြင်၍ ရှူရှိုက်ပါ။ မအိပ်ဘဲ တစ်နေ့လုံး တစ်ညလုံး လွန်စွာ အားမထုတ်ပါနဲ့။ အလွန်လိုချင်သော စိတ်လည်း မထားနဲ့၊ ယုံကြည်မှုသဒ္ဓါ၊ ဆင်ခြင်မှု ပညာ၊ အားထုတ်မှု ဝီရိယ၊ တည်ကြည်မှု သမာဓိ တို့ကို ညီမျှအောင် ညှိ၍ အားထုတ်ရမည်။ အားထုတ်ဖန်များလျှင် မုဆိုးစိုင်သင်ဆိုသကဲ့သို့ အလုပ်က သင်ပြ၍ သမာဓိ တည်ကြည်လာပါလိမ့်မည်။ သမာဓိတည်ကြည်လာလျှင် စက္ကန့်ပိုင်း မိနစ်ပိုင်းမျှ ကြာအောင် နိမိတ်များ ထင်လာပါလိမ့်မည်။ ထိုအခါ စိတ်ကို ဝင်လေ ထွက်လေ ထိသိမှု၌သာ ပြန်ထားပေးရမည်။ ဤသို့ ဆက်လက် အားထုတ်သောအခါ သမာဓိလည်း ပို၍ ပို၍ အားကောင်းလာပြီး နိမိတ် အမျိုးမျိုးလည်း ထင်မြင်လာတတ်ပါသည်။
စာမျက်နှာ-502
ထင်မြင်လာတတ်သော နိမိတ်များ
လဲဝါဂွမ်းကဲ့သို့၊ ဗိုင်းဝါရက်သကဲ့သို့၊ လေအလျဉ်ကဲ့သို့၊ အခိုးအငွေ့ ကဲ့သို့၊ မီးခိုးဖြူများကဲ့သို့၊ မီးခိုးဖြူများနှင့်ရောလျက် တလက်လက်နှင့် မီးကျည် မီးပန်းကဲ့သို့၊ အလင်းရောင်များကဲ့သို့၊ ပုလဲလုံးများ ဝင်လေ ထွက်လေနှင့် ရော၍ နှာသီးဖျား၌ ဝင်လိုက် ထွက်လိုက်နေသကဲ့သို့ ရှူရှိုက်နေသော ဝင်လေ ထွက်လေ၌ ထင်မြင်လာတတ်ပါသည်။ဝိသုဒ္ဓိမဂ်အဋ္ဌကထာ အဆိုအရ သောကြာကြယ်ကဲ့သို့၊ ပတ္တမြားလုံးကဲ့သို့၊ ပုလဲများကဲ့သို့၊ ဝါးရိုးကဲ့သို့၊ သစ်သားနှစ်အချွန်ကဲ့သို့၊ ရှည်သော ဖွတ်မြီးကြိုးများကို ဆွဲထားသကဲ့သို့၊ ပန်းဆိုင်းကဲ့သို့၊ ပန်းခိုင်ကဲ့သို့၊ မီးခိုးညွန့်ကဲ့သို့၊ ပင့်ကူအိမ်ကြီးကဲ့သို့၊ မိုးတိမ်တိုက်ကဲ့သို့၊ ပဒုမ္မာကြာပွင့်ကြီးကဲ့သို့၊ ရထားဘီးကဲ့သို့၊ နေဝန်းကဲ့သို့ ထင်မြင်လာတတ်ပါသည်။
ယောဂီသည် ယင်းသို့ထင်မြင်လာသော နိမိတ်များကို မျက်စိဖြင့် မြင်ရသကဲ့သို့ စိတ်ဖြင့် တွေးမြင်လာသောအခါ လွန်စွာ စိတ်အား ထက်သန်၍ တိုးတက် အားထုတ်လိုသောဆန္ဒ ဖြစ်ပေါ်လာတတ်ပါသည်။ ယင်းဆန္ဒအတိုင်း လွန်စွာ တိုးတက် အားထုတ်လိုသောအခါ ယောဂီ၏ မျက်နှာရှေ့၌ ဝင်းခနဲ လက်ခနဲ ဝါလိုက် စိမ်းလိုက် ပြာလိုက်ဖြင့် ဖြစ်ပေါ်နေသော ညို့မှိုင်းမှိုင်း အဝန်းအဝိုင်းကို မျက်စိဖြင့် မြင်ရသကဲ့သို့ စိတ်ဖြင့် တွေ့မြင်လာတတ်သည်။ ဤကဲ့သို့ ဖြစ်ပေါ်လာသော နိမိတ်မျိုးကို ဥဂ္ဂဟနိမိတ်ဟု ခေါ်ပါသည်။
ထိုဥဂ္ဂဟနိမိတ်များ ဖြစ်ပေါ်လာသောအခါ ဝင်လေ ထွက်လေကို မရှူရှိုက်တော့ဘဲ ယင်း ဥဂ္ဂဟနိမိတ်ကိုပင် ကြည့်ရှု အာရုံပြု နေရမည်။ ဥဂ္ဂဟနိမိတ် ပျောက်သွားပါက ဝင်လေထွက်လေကို ပြန်၍ ရှုမှတ်ရမည်။ ယင်း ဥဂ္ဂဟနိမိတ်ကို အဖန်ဖန် အထပ်ထပ် ကြည့်ရှုအာရုံပြုဖန်များသောအခါ ထိုဥဂ္ဂဟနိမိတ်ထက် လွန်စွာ သန့်ရှင်း စင်ကြယ်သော ပတ္တမြားရောင် ပုလဲရောင်ကဲ့သို့သော အဆင်း သဏ္ဌာန်ရှိသည့် အာရုံနိမိတ်များ ထင်မြင်လာသည်။ ထိုသို့ ထင်မြင်လာသော အာရုံနိမိတ်ကို ပဋိဘာဂနိမိတ်ဟု ခေါ်သည်။
ထိုပဋိဘာဂနိမိတ် ဖြစ်ပေါ်လာသည့်အချိန်မှ စ၍ ယောဂီ၏ စိတ်သန္တာန်၌ ရှေးအခါက စိတ်တည်ငြိမ်မှု မရအောင် နှောင့်ယှက်တားဆီး ပိတ်ပင်တတ်သော နီဝရဏ (အနှောင့်အယှက်) တရားများ ကင်းစင်၍ ဥပစာရသမာဓိဘာဝနာ ဖြစ်လျက် နေပါတော့သည်။ နီဝရဏတရား .ကွာမှု၊ ဥပစာရသမာဓိဘာဝနာ ဖြစ်ပေါ်မှု၊ ပဋိဘာဂနိမိတ်ထင်မှု ၃-ပါးသည် တပြိုင်နက် တစ်ချက်တည်း ဖြစ်ပါသည်။
စာမျက်နှာ-503
ဤဥပစာရဘာဝနာအဆင့်မှ ဝိပဿနာကူးလိုလျှင် ကူးနိုင်သည်။ (ဤသမာဓိကို အခြေခံ၍ ဝိပဿနာသို့ ဆက်လိုလျှင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးပါးရှိရသည်။) ဈာန်လမ်းသို့ ဆက်လိုလျှင် အာနာပါနကို ဆက်လက်၍ အထပ်ထပ်ပွားများသည်ရှိသော် စိတ်၌ ထင်မြင်လျက်ရှိသော အာရုံနိမိတ်များ ကင်းကွာပြီး စိတ်အစဉ်လည်း စင်ကြယ်ကြည်လင်၍ လာပါတော့သည်။ ထိုအခါ ယောဂီ၏ စိတ်အစဉ်သည် . ငြိမ်သက် အေးကြည်၍ နှစ်သက်မှုပီတိလည်း ဖြစ်ပေါ်လာပါတော့သည်။ နှစ်သက်မှုပီတိ ဖြစ်ပေါ်လျှင် စိတ်ချမ်းသာမှုလည်း ဖြစ်ပေါ်လာပါတော့သည်။ . စိတ်ချမ်းသာမှု ဖြစ်လျှင် မတုန်မလှုပ် ငြိမ်သက် တည်ကြည်သော ကျောက်စာတိုင်ကဲ့သို့ ခိုင်မြဲသော စိတ်တည်ငြိမ်ခြင်း ဧကဂ္ဂတာ လည်းဖြစ်ပေါ်လာပါတော့သည်။ ထိုအခါ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါ ၅-ပါးနှင့် ပြည့်စုံသော ပထမဈာန် အပ္ပနာသမာဓိ ဖြစ်လာပါတော့သည်။
ဤအပ္ပနာသမာဓိ ဖြစ်သည့်အခါမှ ... ဝိပဿနာကူးလျှင် အကျိုးအရှိဆုံး ဖြစ်ပါသည်။ ပထမဈာန်ကို ဝသီဘော် ငါးပါးဖြင့် ဆက်လက် ဆင်ခြင်ဝင်စားမှု အထပ်ထပ်ပြုလျှင် ... ဒုတိယဈာန်မှ အဘိညာဉ် စခန်းအထိ ပေါက်ရောက်နိုင်ပါသည်။
ပါဠိတော်နည်းအရ အားထုတ်ပုံ
ဝင်လေ ထွက်လေတို့၏ ထိမှုခိုက်မှု ထင်ရှားရာ၌ စိတ်ကို စွဲမြဲစွာ ထား၍ ရှုမှတ်သိရှိနေရမည်။ ဤသို့ ရှုမှတ်နေရာ၌ ထွက်သက်ဝင်သက်သည် ရှည်လျှင် ရှည်သည်ဟု သိရမည်။ တိုလျှင် တိုသည်ဟု သိရမည်။ ထွက်လေဝင်လေ ပြင်းမှု၊ ပျော့မှုကိုလည်း ရှည်မှု၊ တိုမှုဟု ခေါ်ပါသည်။
အချုပ်အားဖြင့် အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်သော ယောဂီသည် အာရုံ အမျိုးမျိုးကို ယောက်ယက်ခတ်အောင် ပြေးသွားနေသော မိမိ၏စိတ်ရိုင်းကို ဝင်လေ ထွက်လေ ဟူသော ကမ္မဋ္ဌာန်းအာရုံ၌သာ စွဲမြဲစွာသတိဖြင့် ဖွဲ့ချည်ထားရမည်။ ထိုအခါ စိတ်သည် ထွက်သက်ဝင်သက် ထိခိုက်မှု အာရုံတစ်ခု၌သာ စွဲမြဲတည်ရှိလာမည် ဖြစ်ပါသည်။ ဥပမာအားဖြင့် မယဉ်ပါးသော နွားငယ်မိုက်ကို ဆုံးမလိုသော ယောက်ျားသည် ခိုင်ခံ့သော ချည်တိုင်ကို စိုက်ထူ၍ ထိုတိုင်၌ မပြတ်နိုင်သော ကြိုးဖြင့် ချည်နှောင်ထားသောအခါ ... ထိုနွားငယ်သည် ရုန်း၍ အခြားသို့ ထွက်မသွားနိုင်ဘဲ ချည်တိုင်ရင်း၌သာ အိပ်ရသကဲ့သို့ ဖြစ်ပါသည်။
စာမျက်နှာ-504
ဝင်လေထွက်လေ အရှည်အတို သိမှု၌ စွဲမြဲပိုင်နိုင်လာသောအခါ ဝင်လေ ထွက်လေတို့၏ ထိမှုခိုက်မှုနေရာဌာန၌ စိတ်ကို စွဲမြဲစွာထား၍ ဝင်လေထွက်လေ အရှည်အတိုသိမှုနှင့်တကွ ဝင်လေထွက်လေတို့၏ အစ အလယ် အဆုံး သုံးပါးစလုံးကို ထင်ရှားစွာသိအောင် အားထုတ်ရမည်။ ဝင်လေအစကား နှာသီးဖျား၊ အလယ်ကား ရင်ချိုင့် သို့မဟုတ် နှလုံး၊ အဆုံးကား ချက်တိုင်တည်း။ ထွက်လေအစကား ချက်တိုင်၊ အလယ်ကား ရင်ချိုင့်၊ (သို့မဟုတ်) သိုမဟုတ် နှလုံး၊ အဆုံးကား နှာသီးဖျားတည်း။ အချို့ယောဂီများ အစသာ ထင်သည်။ အချို့ အလယ်သာ ထင်သည်။ အချို့ အဆုံးသာ ထင်သည်။ ဤယောဂီ (၃)ဦး ပင်ပန်းသည်။ အချို့ ယောဂီကား အစ၊ အလယ် အဆုံး သုံးမျိုးစလုံး ထင်ရှားသဖြင့် မပင်မပန်း ရှိသည်။
အဋ္ဌကထာနည်းအရ ဆိုလျှင် ထွက်လေဝင်လေကို အားထုတ်ရာ၌ ရေတွက်နည်းအရ ထွက်လေဝင်လေ တစ်မှ ငါးအထိ တစ်ဝါရ၊ နှစ်ဝါရ ထွက်လေဝင်လေ တစ်မှ ခြောက်အထိ . တစ်ဝါရ၊ ထွက်လေဝင်လေ တစ်မှ ခုနစ်အထိ တစ်ဝါရ၊ ထွက်လေဝင်လေ တစ်မှ ရှစ်အထိ တစ်ဝါရ၊ ထွက်လေဝင်လေ တစ်မှ ကိုးအထိ တစ်ဝါရ၊ ထွက်လေဝင်လေတစ်မှ တစ်ဆယ်အထိ တစ်ဝါရအားဖြင့် ခြောက်ဝါရ တင်ပြီး ရှုရန်ဖွင့်ပြပါသည်။
ထိုသို့ ဝင်လေထွက်လေတို့၏ အစ အလယ် အဆုံး သုံးမျိုးစလုံးကို ထင်ထင်ရှားရှား သိမြင်သောအခါ ဝင်လေထွက်လေတို့ကို အာရုံပြု၍ ငြိမ်းချုပ်စေအံ့ဟု နှလုံးသွင်း၍ ဝင်လေထွက်လေတို့ကို ဖြည်းညင်းစွာ ရှူရှိုက်၍ အားထုတ်ရမည်။ အာနာပါနကမ္မဋ္ဌာန်းကို မသိမ်းဆည်းရမီ အခါ၌ ကရဇကာယသည် ရုန့်ရင်း ကြမ်းတမ်း၍ စိတ်သည်လည်း အလွန်ပင် ကြမ်းတမ်းလျက်ရှိသည်။ ကိုယ်စိတ်နှစ်ပါးမငြိမ်မသက် ရုန့်ရင်းကြမ်းတမ်းလျှင် ထွက်သက် ဝင်သက်လည်း ကြမ်းတမ်းသည်၊ အားကြီးသည်၊ များသည်။ ကိုယ်စိတ်နှစ်ပါး ငြိမ်သက် အေးဆေးလျှင် ထွက်သက်ဝင်သက်လည်း တဖြည်းဖြည်း သိမ်မွေ့သွားတော့သည်။ တဖြည်းဖြည်း ငြိမ်းချမ်းသွားတော့သည်။
ကိုယ်စိတ်နှစ်ပါး ပူပန်ခြင်းများလျှင် ထွက်သက်ဝင်သက် ကြမ်းသည်၊ ကိုယ်စိတ်နှစ်ပါး ပူပန်ခြင်းနည်းလျှင် ထွက်သက်ဝင်သက် သိမ်မွေ့သည်၊ ငြိမ်းချမ်းသည်၊ ချုပ်သည်။ ထိုအခါ ယောဂီသည် မိမိ၏ ဝင်လေထွက်လေ ရှိမှရှိပါ၏လောဟု ယုံမှားဖြစ်လာရသည်။ ဝင်လေထွက်လေတို့ တိုးထိသွားရာ နှာသီးဖျား၊ နှာသီးဝ၌ သတိကို မြဲမြံစွာ စိုက်ထားပြီး မှတ်သားသည့်အခါမှ ... ဝင်လေထွက်လေတို့ကို တွေ့ရှိလာရပါသည်။ ဆက်လက်ပွားများ အားထုတ်သောအခါ သမာဓိရင့်သန်လာပြီး ပဋိဘာဂနိမိတ်များလည်း ထင်ရှားပေါ်လာကာ နီဝရဏတရားများ ကင်းကွာပြီး ပထမဈာန်ကို ရရှိလာပါတော့သည်။
စာမျက်နှာ-505
အခန်း (၁၂)
ဣရိယာပုထ် ၄-ပါးဖြင့် တရားအားထုတ်ပုံ
အာနာပါနအကျိုးဆက်
တစ်ပါးသောတရားကို ပွားများလျှင် လေးပါးသော တရားနှင့် ပြည့်စုံမည်။ လေးပါးသောတရားကို ပွားများလျှင် ခုနစ်ပါးသော တရားနှင့် ပြည့်စုံမည်။ ခုနစ်ပါးသောတရားကို ပွားများလျှင် နှစ်ပါးသော တရားနှင့် ပြည့်စုံမည်ဟု မြတ်စွာဘုရား ဟောတော်မူခဲ့ပါသည်။ (မ-၃၊ ၁၂၄)
တစ်ပါးသောတရားဟူသည် အာနာပါနတည်း။
လေးပါးသောတရားဟူသည် သတိပဋ္ဌာန်တရား လေးပါးတည်း။ ခုနစ်ပါးသောတရားဟူသည် ဗောဇ္ဈင်တရားတည်း။
နှစ်ပါးသောတရားဟူသည် ဝိဇ္ဇာနှင့် ဝိမုတ္တိတည်း။
ထို့ကြောင့် အာနာပါန ကမ္မဋ္ဌာန်းတရား အားထုတ်သူများသည် အကျိုးဆက် အဖြစ်ဖြင့် သတိပဋ္ဌာန်တရား (၄)ပါးနှင့် ပြည့်စုံလာပြီး ယင်းသတိပဋ္ဌာန် တရား (၄)ပါးကို အဆက်မပြတ် ကျင့်ကြံပွားများလျှင် ဗောဇ္ဈင် (၇)ပါးနှင့် ပြည့်စုံပြီး ဝိဇ္ဇာဉာဏ်အလင်းပေါက်၍ ဝိမုတ္တိခေါ် လွတ်မြောက်မှုနယ်ပယ် နိဗ္ဗာန် စခန်းသို့ ပေါက်ရောက်နိုင်မည် ဖြစ်ပါသည်။
သတိပဋ္ဌာန်တရား (၄)ပါး ဖြစ်ပေါ်ပုံ
အာနာပါနကမ္မဋ္ဌာန်းကို ပွားများရာ၌ နှာသီးဖျား၊ နှာသီးဝ၌ ဝင်လေ ... ထွက်လေ ထိခိုက်မှုကို သိနေလျှင် ကာယာနုပဿနာသတိပဋ္ဌာန်နှင့် ပြည့်စုံလျက် ရှိနေပါသည်။ ထိုအခါ သတိပညာနှင့် ပြည့်စုံနေခိုက်ဖြစ်၍ အဘိဇ္ဈာ ဗျာပါဒ ခေါ်သော လောဘ, ဒေါသ ကိလေသာတို့ကို ပယ်သတ်ရန် အခါကောင်း ဖြစ်ပါသည်။
ဤသို့ ဝင်သက်ထွက်သက်ကို သိသိနေခိုက်၌ ယားယံမှု၊ နာကျင်မှု၊ ညောင်းညာမှု၊ တောင့်တင်းမှု စသော ဝေဒနာအမျိုးမျိုး ဖြစ်ပေါ်နေသည်ကို မခံနိုင် လောက်အောင် သိသိနေမည် ဖြစ်ပါသည်။ ထိုအခါ ဝေဒနာနုပဿနာ သတိပဋ္ဌာန်နှင့် ပြည့်စုံလျက် ရှိနေမည်ဖြစ်ပါသည်။ ဝေဒနာဖြစ်တိုင်း ဖြစ်တိုင်းကို
စာမျက်နှာ-506
လိုက်မှတ်၍ သိနေသော ယောဂီသည် သတိပညာနှင့် ပြည့်စုံနေခိုက်ဖြစ်၍ အဘိဇ္ဈာ ဗျာပါဒခေါ်သော လောဘ ဒေါသ ကိလေသာတို့ကို ပယ်ဖျောက်နိုင်သော အခါကောင်းနှင့် ကြုံကြိုက်လျက် ရှိနေပါသည်။
တဖန် ထွက်သက်ဝင်သက်ကို သိသိနေခိုက်တွင် ကောင်းသောစိတ်များ မကောင်းသောစိတ်များ အမျိုးမျိုး ပေါ်နေမည်ဖြစ်ပါသည်။ ပေါ်တိုင်း ပေါ်တိုင်းကို လိုက်မှတ်၍ သိသိနေခြင်းကို စိတ္တာနုပဿနာနှင့် ပြည့်စုံသည်ဟု ဆိုပါသည်။ ထိုအခါ သတိပညာနှင့် ပြည့်စုံခိုက်ဖြစ်၍ အဘိဇ္ဈာ, ဗျာပါဒ ခေါ်သော လောဘ, ဒေါသ ကိလေသာကို ပယ်ဖျောက်နိုင်သော အခါကောင်းဖြစ်ပါသည်။
တဖန် ထွက်သက်ဝင်သက်ကိုပင် အနိစ္စအချက်နှင့် သိသိနေခြင်း သတိပညာနှင့် ပြည့်စုံမှုကြောင့် လောဘ, ဒေါသ ကိလေသာတို့ကို ပယ်ဖျောက်နိုင်သော အခါကောင်းဖြစ်ခြင်းတို့ကြောင့် ထိုယောဂီသည် ဓမ္မာနုပဿနာ သတိပဋ္ဌာန်နှင့် ပြည့်စုံလျက် ရှိနေပါတော့သည်။ (သံ-၃၊ ၂၈၂)
ဗောဇ္ဈင် ၇-ပါး ဖြစ်ပေါ်ပုံ
ထွက်သက်ဝင်သက်ကို မူတည်၍ သတိပဋ္ဌာန် ၄-ပါး ပွားများ ပြည့်စုံအောင် အားထုတ်ရာ၌ ပါဝင်သော ခန္ဓာကိုယ် ဖြစ်ပေါ်ချုပ်ပျောက်နေမှုများကို အမှတ်တမဲ့ မနေဘဲ အစဉ်မပြတ် တရစပ် ရှုမှတ်စောင့်ကြည့်နိုင်သော သတိရှိနေမှု သည်ပင် သတိသမ္ဗောဇ္ဈင်နှင့် ပြည့်စုံနေသည်ဟု ဆိုပါသည်။
ယင်းသို့ သတိနှင့် ပြည့်စုံလျက် မိမိသန္တာန်၌ ဖြစ်ပေါ်ချုပ်ပျောက်နေသည့် အဟုတ်ရှိ အမှန်ရှိနေသော သဘောတရားတို့ကို အဟုတ်သဘော အမှန်သဘော အတိုင်း သိအောင် ရွေးချယ်စိစစ် စူးစမ်းခြင်းသဘောကိုပင် ဓမ္မဝိစယသမ္ဗောဇ္ဈင်နှင့် ပြည့်စုံနေသည်ဟု ဆိုပါသည်။ ဝိပဿနာဉာဏ်အမြင် ပညာစေတသိက်ကို ဓမ္မဝိစယသမ္ဗောဇ္ဈင်ဟု ခေါ်ပါသည်။
ယင်းသို့ ရွေးချယ်စိစစ် စူးစမ်းလျက် အဆက်မပြတ် တရစပ်ဖြစ်အောင် မတွန့်ဆုတ်ဘဲ ကျင့်ဆောင်အားထုတ် ပြုလုပ်ခြင်းကိုပင် ဝီရိယသမ္ဗောဇ္ဈင်နှင့် ပြည့်စုံ သည်ဟု ဆိုပါသည်။
အဟောင်းအသစ် အလျော့အတင်း အကပ်အခွာ မရှိ ပိပိရိရိ အညီအမျှ အားထုတ်၍ ဖြစ်ပေါ်လာသည့် ပီတိ (နှစ်သိမ့်အားရခြင်း)ကိုပင် ပီတိသမ္ဗောဇ္ဈင်နှင့် ပြည့်စုံသည်ဟု ဆိုပါသည်၊ “နှစ်သိမ့်အားရ” ဆိုသော်လည်း မည်သည့်အတွယ်
စာမျက်နှာ-507
(က) ကသစ်ဝိုင်ဆရာတော်၏ ဝိပဿနာရှုနည်း
(ခ) ဝေဘူဆရာတော်၏ ဝိပဿနာရှုနည်း
(ဂ) အနာဂါမ်ဆရာသက်ကြီး၏ ဝိပဿနာရှုနည်း
(ဃ) ညောင်လွန်တောရဆရာတော်၏ ဝိပဿနာရှုနည်း
(င) ရွှေဥဒေါင်းတောင်ဆရာတော်၏ ဝိပဿနာရှုနည်း
အခန်း (၁၆)
ကြည်ညိုဖွယ်ရာ အရိယာများ
(က) လူဝတ်ကြောင် ယောက်ျားအရိယာများ
(ခ) လူဝတ်ကြောင် မိန်းမအရိယာများ
(ဂ) ရဟန်းယောက်ျားအရိယာများ
(ဃ) အမျိုးသမီးထေရီများ
နောက်ဆက်တွဲ
ဝေါဟာရ ရှင်းလင်းချက်
မှတ်သားဖွယ် အက္ခရာစဉ်
စာမျက်နှာ-508
မှတ်သောအခါ၌ မှတ်စဉ်ကို မရိပ်မိ၍ မှတ်ပုံအချိုးအစား မကျသေးမီအခါ မေ့နေသည်က များတတ်ပါသည်။ ဤသို့ မေ့နေလျှင် မေ့သည်ဟု မှတ်ပါ။ မှတ်ပုံ မှတ်စဉ်ကို ရိပ်မိသောအခါ မေ့မှုနည်းပါး၍ မှတ်မိသည်က များလာပါလိမ့်မည်။ အမှတ်စိပ်လာလျှင် အသိဉာဏ်လည်း စိပ်၍ လာမည်။ အမှတ်ကျဲလျှင် အသိဉာဏ်လည်း ကျဲနေမည် ဖြစ်ပါသည်။
ဖြစ်ပေါ်လာသော အမူအရာသည် တန့်ရပ်နားနေခြင်းမရှိ၍ အမှတ်ကလည်း ဆိုင်းရပ်မနေဘဲ ဖြစ်ပေါ်လာတိုင်းသော အမူအရာကို မလစ်လပ်ရအောင် အမြဲ မှတ်နေရမည်။ အမှတ်များနိုင်လျှင် သာ၍ ကောင်းသည်။ ၂-မျိုး ၃-မျိုး စသော အမူအရာကို တစ်ခါတည်း ရောမမှတ်ရ။ ထင်ရှားရာကိုသာ တစ်ခုစီ တစ်ခုစီ အစဉ်အတိုင်း မှတ်ရမည်။ တစ်ခုစီသာ မှတ်သော်လည်း အမှတ် စိပ်လာသော အခါ အမူအရာ ၂-ခု ၃-ခုကိုလည်း တစ်ခါတည်း သိလာတတ်ပါသည်။
အဋ္ဌကထာ၌ သွားသည် အိပ်သည် စသည်များကို “သွားတယ် .. အိပ်တယ်” စသည်ဖြင့် သိခြင်းမျိုးကို “ခွေးသိ ဝက်သိ” ဟု ဆိုပါသည်။ ခွေးဝက်တို့၏ သိခြင်း သည် မှတ်၍ သိသည်မဟုတ်၊ ကမ္မဋ္ဌာန်းအားထုတ်သူမှာ မှတ်၍ သိလာရသည်။ သိခြင်း အမည်တူသော်လည်း သိပုံသဘောများမှာ လွန်စွာ ကွဲပြားခြားနား ပါပါသည်။
၎င်းအပြင် ဣရိယာပထပဗ္ဗကို နှလုံးသွင်းသော အရာတွင် ပါဠိတော်၌ သွားလျှင် “သွားတယ်” ဟု သိလာ၍ အဋ္ဌကထာ၌မူ သွားသောအခါ “စိတ္တဇဝါယောဓာတ်ကြောင့် ခန္ဓာကိုယ်အရိုးစုကြီး လှုပ်ရှားသွားသည်” ဟု ဖွင့်ပြပါသည်။ ထို ၂-မျိုး တို့တွင် သုဒ္ဓဝိပဿနာ ယောဂီသည် ပါဠိတော်နည်း အတိုင်းသာ အားထုတ်အပ် ပါပါသည်။ အဋ္ဌကထာဆရာသည် ဓာတ်ကမ္မဋ္ဌာန်း အရာကိုသာ ဖွင့်ပြတော်မူပါသည်။
ဆောင်ပုဒ်
ဖြစ်အောင်လည်း မပြုနှင့် ပျက်အောင်လည်း မပြုနှင့်
ဖြစ်အောင်ပြုက လောဘ
ပျက်အောင်ပြုက ဒေါသ
ဖြစ်တိုင်းပျက်တိုင်းကို မသိက မောဟ။
စာမျက်နှာ-509
အဓိပ္ပာယ်ကား
မှတ်သိသောအခါ အမူအရာဖြစ်ပေါ်လာအောင် ပြုခြင်း၊ မိမိစိတ်က ဘယ်လို ဖြစ်အောင် ကြံစည်ခြင်းများ မရှိစေနှင့်၊ ဤသို့ ဖြစ်ပေါ်လာအောင် လုံ့လ ပယောဂပြုခြင်း, ကြံစည်ခြင်းများသည် လောဘဖြစ်သည်။ ဖြစ်ထွန်းပေါ်ပေါက် လာသော အမူအရာကို မိမိစိတ်ဖြင့် ကြံဖန်၍ ပျက်စီးအောင်လည်း မပြုပါနှင့်၊ ဖြစ်ပေါ်လာသော အမူအရာများကို ပျက်စီးအောင် ကြံစည်ပြုလုပ်ခြင်းသည် ဒေါသ ဖြစ်သည်။ အမူအရာ စသည်တို့ ဖြစ်ပျက်နေသည်ကို မသိလျှင် မောဟဖြစ်သည်။ လုံ့လ ပယောဂ မပြုလုပ် မကြံစည်ဘဲ အလိုအလျောက် ပေါ်ပေါက်လာသော အမူအရာကိုသာ မှတ်နေရမည်။ ဤသို့ မှတ်လျှင် အဖြစ်အပျက် သဘောများကို ထင်ထင်ရှားရှား သိလာလိမ့်မည်။
ဝိပဿနာဟူသည်
ဝိပဿနာအလုပ်ဟူသည် ရုပ်နာမ်အမူအရာတို့၏ အဖြစ်အပျက်ကို သိအောင် အားထုတ်ရသည်ဟု ဆိုသော်လည်း ကြံစည်၍ ဖြစ်သည်ကို သိခြင်း၊ ကြံစည်၍ ပျက်သည်ကို သိခြင်း၊ ဤသို့ သိခြင်းမျိုးကို ဝိပဿနာဟု မဆိုရ။ အကြောင်း အားလျော်စွာ မကြံစည်ဘဲ ဖြစ်ပေါ်လာသည်ကို သိခြင်း၊ ပျက်သွားသည်ကို သိခြင်း၊ ဤသို့ သိခြင်းမျိုးကိုသာ ဝိပဿနာဟု ဆိုပါသည်။
ဥပမာ - လယ်ကတွတ်ပေါက်၌ ငါးကို စောင့်သော ဗျိုင်းသည် ငါးပေါ်လာအောင် မကြံစည်၊ ပေါ်လာသည်ကို ပျောက်သွားအောင်လည်း လုံ့လ မပြုဘဲ ပေါ်လာသော ငါးကိုသာ မိအောင် ဖမ်းသည်။ ထို့အတူ ဖြစ်ပေါ်လာသော ရုပ်နာမ်အမူအရာအတိုင်း သွားခြင်း ရပ်ခြင်း စသည်ကို “သွားတယ် ရပ်တယ်” စသည်ဖြင့် မှတ်ရမည်။ ဤသို့မှတ်လျှင် မှတ်သောအမူအရာ ရုပ်နာမ်မျှကိုသာ သိ၍ လောဘ ဒေါသ မောဟတို့ မဝင်နိုင်ဘဲ အဖြစ်အပျက်ကိုသာ သိသော ဝိပဿနာပညာဖြစ်လျက် ရှိသည်။
လက်တွေ့ ဣရိယာပုတ် ၄-ပါးဖြင့် တရားအားထုတ်ပုံ
အာနာပါနကမ္မဋ္ဌာန်း စီးဖြန်းပုံအခန်း၌ ဖော်ပြခဲ့သည့်အတိုင်း နှာသီးဖျား နှာသီးဝ၌ ထွက်သက်ဝင်သက် ထိခိုက်မှုကို ထင်ထင်ရှားရှား သိရှိအောင် ရှုပွား၍ ဥပစာရဘာဝနာအဆင့်၊ သို့မဟုတ် အပ္ပနာဘာဝနာ အဆင့်သို့ ရောက်သော
စာမျက်နှာ-510
အခါ သတိပဋ္ဌာန်တရားဖြင့် ဝိပဿနာကမ္မဋ္ဌာန်းဘက်သို့ ဦးလှည့်ပြီး ကူးပြောင်း ရမည်။ အချို့လည်း အာနာပါနကို သမာဓိရရုံသာ ရှုမှတ်ပြီး ကူးကြပါသည်။
ထွက်သက်ဝင်သက် အာနာပါနကမ္မဋ္ဌာန်းတရားကို ရှုပွားနေစဉ် စိတ်ကူးလျှင် စိတ်ကူးသည်ဟုမှတ်၊ စဉ်းစားလျှင် စဉ်းစားသည်ဟုမှတ်၊ ဆင်ခြင်လျှင် ဆင်ခြင်သည်ဟုမှတ်၊ စိတ်သွားလျှင် သွားသည်ဟုမှတ်၊ တနေရာသို့ စိတ်ရောက်လျှင် ရောက်သည်ဟုမှတ်၊ စိတ်ကူးထဲ၌ တစုံတရာကို မြင်လျှင် မြင်သည်ဟုမှတ်၊ ထိုအမြင် ပျောက်သွားလျှင် ပျောက်သည်ဟုမှတ်၊ စိတ်ကူးထဲ၌ တစုံတယောက်နှင့် စကားပြောနေလျှင် ပြောသည်ဟု မှတ်၊ ဤသို့ မှတ်ပြီးနောက် ထွက်သက် ဝင်သက်ကိုပင် ပြန်လည် ရှုမှတ်နေရမည်။
ဤသို့ မှတ်နေစဉ် တံတွေးမျိုချင်လျှင် မျိုချင်သည်ဟုမှတ်၊ မျိုလျှင် မျိုသည်ဟု မှတ်၊ ထွေးချင်လျှင် ထွေးချင်သည်ဟု မှတ်၊ ထွေးလျှင် ထွေးသည်ဟု မှတ်ပြီးလျှင် ထွက်သက် ဝင်သက်ကိုပင် မှတ်နေကျအတိုင်း ပြန်မှတ်ပါ။ ဤသို့ မှတ်နေစဉ် ခေါင်းငုံ့လိုလျှင် ငုံ့ချင်သည်ဟု မှတ်၊ ငုံ့ဆဲ၌ ရွေ့တိုင်း ရွေ့တိုင်း ငုံ့သည် ငုံ့သည်ဟုမှတ်။ မမြန်စေရ၊ ဖြည်းဖြည်းငုံ့ပါ။ ခေါင်းမော့ချင်လျှင် မော့ချင်သည်ဟုမှတ်၊ မော့ဆဲ၌ ရွေ့တိုင်း ရွေ့တိုင်း မော့သည် မော့သည်ဟုမှတ် ဖြည်းဖြည်းမော့ပါ။ ပြီးလျှင် ထွက်သက်ဝင်သက်ကိုပင် ပြန်မှတ်ပါ။
ဤသို့ မှတ်နေစဉ် တနေရာ၌ ညောင်းမှု လွန်ကဲထင်ရှားလာလျှင် ထိုညောင်းမှုကိုသာ စူးစိုက်၍ ညောင်းသည် ညောင်းသည်ဟု မနှေးမမြန် မှန်မှန်ပိုင်း၍ မပြတ်မှတ်ပါ။ ထိုညောင်းမှုသည် တဖြည်းဖြည်း သေးသိမ်ကာ ကွယ်ပျောက်၍လည်း သွားတတ်သည်။ မခံသာအောင် လွန်ကဲ၍လည်း လာတတ်သည်။ မခံသာ၍ ပြုပြင်လိုလျှင် ထိုစိတ်ကို ပြင်ချင်သည်ဟု မှတ်၍ ပြင်ချင်သော ကိုယ်အမူအရာကိုလည်း ခေါ်နေကျအတိုင်းပင် ဆက်၍ မှတ်ပါ။
ဥပမာ- ခြေလက်တို့ကို ကြွချင်လျှင် ကြွချင်သည်ဟု မှတ်၊ ကြွလျှင် ရွေ့တိုင်း ရွေ့တိုင်း ကြွသည် ကြွသည်ဟုမှတ်၊ မမြန်စေရ၊ ဖြည်းဖြည်းပြင်ပါ။ တနေရာ၌ ထိလျှင် ထိသည်ဟု မှတ်။ ဤသို့ ပြုပြင်ပြီးသောအခါ၌ ဖြစ်စေ၊ မှတ်နေရင်း အလိုလို အညောင်းပျောက်သွားသော အခါ၌ဖြစ်စေ ထွက်သက်ဝင်သက်ကိုပင် မှတ်နေကျအတိုင်း မပြတ် ပြန်မှတ်ပါ။ တနေရာမှ ပူမှု ထင်ရှားလာလျှင်လည်း ထိုပူမှုကိုသာ စူးစိုက်၍ ပူသည် ပူသည်ဟု မနှေးမမြန် မှန်မှန်ပိုင်း၍ မပြတ် မှတ်ပါ၊ မှတ်နေရင်း ပူမှုပျောက်သွားလျှင် ထွက်သက်ဝင်သက်ကို ပြန်မှတ်ပါ။ ပူမှုလွန်ကဲလာ၍ ပြုပြင်လိုလျှင် ပြင်ချင်သည်ဟု မှတ်ပြီး ပြင်ချင်သော ကိုယ်
စာမျက်နှာ-511
အမူအရာများကိုလည်း ကြွချင်သည်, ကြွသည် ကြွသည် စသည်ဖြင့် ရှေ့နည်းအတိုင်း မလစ်လပ်အောင် မှတ်၍ တဖြည်းဖြည်းပြင်ပါ။ ပြီးဆုံးလျှင် ထွက်သက်ဝင်သက်ကိုပင် မပြတ်ဆက်မှတ်ပါ။
တနေရာ၌ ယားမှုပေါ်ပေါက်လာလျှင် ထိုယားမှုကိုသာ စူးစိုက်၍ ယားသည် ယားသည်ဟု မနှေးမမြန် မှန်မှန် ပိုင်း၍ ပိုင်း၍ မပြတ်မှတ်၊ မှတ်နေရင်း အယားပျောက်သွားလျှင် ထွက်သက် ဝင်သက်ကိုပင် ပြန်မှတ်၊ မခံသာ၍ အယားဖျောက်လိုလျှင် ဖျောက်ချင်သည်ဟု, ကုတ်ချင်သည်ဟုမှတ်၊ လက်ကို ကြွလိုလျှင် ကြွချင်သည်, ကြွလျှင် ကြွသည်ဟုမှတ်၊ ဖြည်းဖြည်းကြွပါ။ ယားသည့်နေရာနှင့် ထိလျှင် ထိသည်ဟု မှတ်၊ ကုတ်တိုင်းကုတ်သည်ဟု မှတ်၊ ရပ်လိုလျှင် ရပ်ချင်သည်ဟု မှတ်၊ လက်ကို ပြန်ချလိုလျှင် ချချင်သည်ဟု မှတ်၊ ချသောအခါ ချသည်ဟု မှတ်၊ အောက်၌ ထိလျှင် ထိသည်ဟုမှတ်၊ ပြီးလျှင် ထွက်သက်ဝင်သက်ကိုပင် ပြန်မှတ်ပါ။
ကိုယ်ထဲ၌ နာကျင်မှုစသော မခံသာသောဝေဒနာ တစုံတရာပေါ်လာလျှင် ထိုမခံသာမှုကိုသာ စူးစိုက်၍ နာသည် နာသည်ဟု, ကျင်သည် ကျင်သည်ဟု, ကိုက်သည် ကိုက်သည်ဟု, အောင့်သည် အောင့်သည်ဟု, မောသည် မောသည်ဟု မူးသည် မူးသည်ဟု စသည်ဖြင့် ခေါ်နေကျအတိုင်း မနှေးမမြန် မှန်မှန် ပိုင်း၍ ပိုင်း၍ မှတ်ပါ၊ ထိုဝေဒနာသည် မှတ်နေရင်း ပျောက်၍လည်း သွားတတ်သည်။ တိုး၍လည်း လာတတ်သည်။ မလျှော့ဘဲ အတင်းမှတ်နေလျှင် ပျောက်တတ်သည်သာ များပါသည်။ သို့ရာတွင် မမှတ်နိုင်လောက်အောင် မခံသာမှု လွန်ကဲလာလျှင်ကား ထိုဝေဒနာကို ဆက်၍ နှလုံးမသွင်းပါနှင့်၊ မှတ်နေကျ ထွက်သက် ဝင်သက်ကိုသာ အထူးဂရုပြု၍ မပြတ်မှတ်ပါ။
အချို့သူများမှာ သမာဓိအရှိန်တက်လျက် အမှတ်ကောင်းနေခိုက် အလွန်မခံသာသော ဝေဒနာ ပေါ်လာတတ်သည်။ ရင်ပတ်၌ လေလုံးကြီးဆောင့်တက် လာသကဲ့သို့ ထင်ရတတ်သည်။ အသားထဲ၌ ဓားချွန်ဖြင့် ထိုးလိုက်သကဲ့သို့ နာတတ်သည်။ တစ်ကိုယ်လုံး ပူလောင်နေသကဲ့သို့လည်း ထင်ရတတ်သည်။ အပ်ဖျားဖြင့် ထိုးသကဲ့သို့ မျိုးတိုးမျက်တက်လည်း ဖြစ်နေတတ်သည်။ ပိုးကောင်ကလေးများ အနှံ့ တက်နေသကဲ့သို့ ရိုးရိုးရွရွလည်း ဖြစ်နေတတ်သည်။ အလွန်ယားခြင်း၊ ကိုက်ခြင်း၊ ချမ်းအေးခြင်းများလည်း ဖြစ်တတ်သည်။
စာမျက်နှာ-512
ထိုသို့ ဖြစ်လာသည်ကို ကြောက်သောကြောင့် မမှတ်ဘဲ နေလိုက်လျှင် ချက်ချင်းပင် ထိုဝေဒနာ ပျောက်သွားတတ်သည်။ တဖန် မှတ်၍ အရှိန်ကောင်း လာပြန်လျှင် ထိုဝေဒနာ ပေါ်မြဲ ပေါ်လာပြန်သည်။ ဤသို့သော ဝေဒနာမျိုးကို တွေ့လျှင် မကြောက်ပါနှင့်၊ ရောဂါလည်း မဟုတ်၊ ကြီးကျယ်သော ဝေဒနာလည်း မဟုတ်ပါ။ ကိုယ်ထဲ၌ ရှေးကပင် ဖြစ်လျက်ရှိနေသော သာမန်ဝေဒနာမျှသာ ဖြစ်ပါသည်။ မမှတ်ဘဲ နေစဉ်၌ ယင်းဝေဒနာများထက် ထင်ရှားသော အာရုံများ ရှိနေသည့်အတွက် ယင်းဝေဒနာများ မထင်ပေါ်ဘဲ မြုပ်ကွယ်နေခြင်းဖြစ်ပါသည်။
အမှတ်ကောင်းစဉ်၌ မြုပ်ကွယ်နေသော ထိုဝေဒနာများသည် သမာဓိ တည်ကြည်မှုကြောင့် တရားသဘောအတိုင်း ထင်ရှား ပေါ်လာပါသည်။ ထိုပေါ်လာသော ဝေဒနာကိုသာ စူးစိုက်၍ လွန်မြောက်အောင် မှတ်ပါ။ မှတ်သည့်အတွက် တစုံတရာ ဘာမျှ နစ်နာခြင်း မဖြစ်နိုင်ပါ။ မမှတ်ဘဲ ရပ်နား ရပ်နားနေလျှင်ကား နောင်အခါ၌လည်း မှတ်တိုင်း မှတ်တိုင်း ထိုမျှလောက် သမာဓိကောင်းလာလျှင် ထိုဝေဒနာမျိုးနှင့် တွေ့၍တွေ့၍သာ နေတတ်ပါသည်။ မလျော့သော လုံ့လဖြင့် အတင်းမှတ်နေလျှင်ကား မကြာမီအတွင်း၌ ယူပစ်လိုက် သကဲ့သို့ ထိုဝေဒနာ ပျောက်ကင်းသွားမည်ဖြစ်ပါသည်။ ထိုအခါမှ စ၍ ထိုဝေဒနာမျိုး တဖန် မဖြစ်ပေါ်တော့ဘဲ ငြိမ်းသွားတတ်ပါသည်။
ကိုယ်ကို ယိမ်းချင်လျှင် ယိမ်းချင်သည်ဟုမှတ်၊ ယိမ်းဆဲ၌ ယိမ်းသည်, ယိမ်းသည် ဟုမှတ်။ အချို့ မှတ်နေကြအတိုင်း မှတ်နေစဉ် အလိုလို ယိမ်းနေတတ်သည်။ မကြောက်ပါနှင့်၊ ယိမ်းအောင်လည်း စိတ်ကို အားမပေးနှင့်၊ မှတ်လျှင် ပျောက် သွားမည်ဟု ယုံကြည်စိတ်ချပြီး ထိုယိမ်းမှုကို အထူးစူးစိုက်၍ ယိမ်းသည် ယိမ်းသည်ဟု မနှေးမမြန် မှန်မှန် ပိုင်း၍မှတ်၊ အလွန် ယိမ်းလာလျှင်ကား တိုင် နံရံ စသည်တို့ကို မှီ၍ဖြစ်စေ၊ အိပ်၍ဖြစ်စေ မှတ်ပါ၊ မကြာမီ ထိုယိမ်းမှု အလျှင်းပျောက်သွားမည်။ တုန်မှုဖြစ်လာလျှင်လည်း နည်းတူမှတ်ပါ။
အမှတ်ကောင်းနေစဉ် ဖျဉ်းကနဲ ဖျဉ်းကနဲ ကြက်သီးထတတ်သည်။ မကြောက်ပါနှင့်၊ တရားသဘောအတိုင်း ပီတိဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ တစုံတရာအသံကို ကြားရသောကြောင့်လည်း ဖျတ်ခနဲ လန့်တတ်သည်။ မကြောက်ပါနှင့်၊ သမာဓိအရှိန် ကောင်းလာသည့်အတွက် ဖဿဒဏ်ပြင်းပြပုံကို ထင်ရှား သိလာခြင်းသာ ဖြစ်ပါသည်။ လက်ခြေ ကိုယ်အင်္ဂါတို့ကို ပြုပြင်လိုတိုင်း ပြင်လိုသည့် စိတ်ကိုမှတ်၊ ပြင်သည့် ကိုယ်အမူအရာ ဟူသမျှကိုလည်း ခေါ်နေကျအတိုင်း ပိုင်း၍ပိုင်း၍ မှတ်ပါ၊ မမြန်စေနှင့်၊ ဖြည်းဖြည်းပြင်ပါ။
စာမျက်နှာ-513
ရေသောက်ချင်လျှင် သောက်ချင်သည်ဟုမှတ်၊ ထ-ရန် ကြံလျှင် ထ-ချင်သည်ဟုမှတ်၊ ထ-ရန် ပြုပြင်သော ခြေလက်ကိုယ်အမူအရာများကို ခေါ်နေကျအတိုင်းမှတ်၊ တရွေ့ချင်း ပေါ့ပါးပြီး ကြွတက်လာသော ကိုယ်ကို စူးစိုက်၍ ထသည် ထသည်ဟု မှတ်လျက် ဖြည်းဖြည်းထပါ။ စန့်စန့် ရပ်မိသော အခါ၌ ရပ်သည် ရပ်သည်ဟု မှတ်၊ လှမ်းကြည့်လျှင် ကြည့်သည်, မြင်သည်ဟု မှတ်၊ သွားလိုလျှင် သွားချင်သည်ဟု မှတ်၊ သွားဆဲ၌ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း လှမ်းသည် လှမ်းသည်ဟု ဖြစ်စေ၊ ညာလှမ်းသည် ဘယ်လှမ်းသည်ဟု ဖြစ်စေ မှတ်၊ ခြေကြွသည်မှ စ၍ ချသည့်တိုင်အောင် ခြေလှမ်းရာတွင် သိလျက်ရှိပါစေ ဖြည်းဖြည်းသွားသည့်အခါ, စင်္ကြံသွားသည့်အခါများ၌ ခြေတစ်လှမ်း တစ်လှမ်းတွင် ကြွသည်, လှမ်းသည်ဟု ဖြစ်စေ၊ ကြွသည်, ချသည်ဟု ဖြစ်စေ၊ လှမ်းသည် ချသည်ဟုဖြစ်စေ နှစ်ချက်စီ နှစ်ချက်စီ မှတ်ပါ၊ ထိုနှစ်ချက်မှတ်ကို ပိုင်နိုင်သောအခါ တစ်လှမ်း တစ်လှမ်း၌ ကြွသည်, လှမ်းသည်, ချသည်ဟု သုံးချက်စီ မှတ်ပါ။
ရေအိုးစသည်တို့ကိုကြည့်လျှင် ကြည့်သည်, မြင်သည်ဟုမှတ်၊ ရပ်လျှင် ရပ်သည် ဟုမှတ်၊ ရေခွက်ဆီသို့ လက်လှမ်းလျှင် လှမ်းသည်ဟုမှတ်၊ ခွက်နှင့်ထိလျှင် ထိသည်ဟု မှတ်၊ ကိုင်လျှင် ကိုင်သည်ဟု မှတ်၊ ရေခပ်လျှင် ခပ်သည်ဟု မှတ်၊ ရေခွက်ယူလာဆဲ၌ ယူသည်, ယူသည်ဟုမှတ်၊ နှုတ်ခမ်း၌ ထိလျှင် ထိသည်ဟုမှတ်၊ အေးလျှင် အေးသည်ဟု မှတ်၊ သောက်ဆဲ၌ သောက်သည်, မျိုသည်ဟု မှတ်၊ လည်ချောင်းထဲ ဝင်ဆဲ၌ လည်ချောင်းထဲ ဝမ်းထဲ၌ အေးအေး သွားသည်ကို အေးသည်, အေးသည်ဟုမှတ်၊ ရေခွက်ကို ပြန်ထားဆဲ၌ ထားသည်, ထားသည် ဟုမှတ်၊ လက်ကို အောက်သို့ ချလျှင် ချသည်, ချသည်ဟုမှတ် ကိုယ်၌ ထိလျှင် ထိသည်ဟု မှတ်၊ ပြန်၍ လှည့်လိုလျှင် လှည့်ချင်သည်ဟု မှတ်၊ လှည့်လျှင် လှည့်သည်ဟုမှတ်၊ သွားပြန်လျှင် မှတ်မြဲပင်မှတ်၍ သွားပါ။ ရပ်လိုလျှင် ရပ်ချင်သည်, ရပ်သည်ဟုမှတ်၊ အတန်ကြာကြာ ရပ်နေလျှင် ထွက်သက် ဝင်သက်ကို ပြန်မှတ်ပါ၊ ထိုင်ရန် ကြံလျှင် ထိုင်ချင်သည်ဟုမှတ်၊ ထိုင်မည့်နေရာသို့ သွားလျှင် မှတ်မြဲပင်မှတ်ပါ။ ရောက်လျှင် ရောက်သည်ဟုမှတ်၊ လှည့်လျှင် လှည့်သည်ဟုမှတ်၊ ထိုင်မည်ဟုကြံလျှင် ထိုင်ချင်သည်ဟုမှတ်၊ ထိုင်ဆဲ၌ တရွေ့ရွေ့ချင်း လေးလေးပြီး ကျသွားသောကိုယ် စူးစိုက်၍ ထိုင်သည်, ထိုင်သည်ဟုမှတ်၊ ဖြည်းဖြည်းထိုင် ထိုင်ခါစ၌ ခြေလက်ပြုပြင်မှုများရှိမည်။ ၎င်းတို့ကို ခေါ်နေကျအတိုင်းမှတ်၊ အထူး မှတ်ရန် မရှိလျှင် ထွက်သက် ဝင်သက်ကို မှတ်နေကျအတိုင်း မပြတ်မှတ်ပါ။
စာမျက်နှာ-514
လှဲအိပ်လိုလျှင် လှဲချင်သည်ဟု ဖြစ်စေ၊ အိပ်ချင်သည်ဟု ဖြစ်စေ မှတ်၊ လှဲရန် ပြုပြင်သော လက် ခြေ ကိုယ် အမူအရာတို့ကို ကြွသည်, ဆန့်သည်, ထောက်သည် စသည်ဖြင့် မှတ်၊ လှဲအိပ်လိုက်သော အခါ တရွေ့ရွေ့ လဲကျသွားသော ကိုယ်ကို စူးစိုက်၍ လှဲသည် လှဲသည်ဟု ဖြစ်စေ၊ အိပ်သည် အိပ်သည်ဟု ဖြစ်စေ မှတ်၊ ခေါင်းအုံး, အိပ်ရာတို့၌ ထိမှုကို ထိသည် ထိသည်ဟုမှတ်၊ လှဲခါစ၌ လက်ခြေ ကိုယ် ရွေ့လျားပြုပြင်မှုများကိုလည်း မှတ်လျက် တဖြည်းဖြည်း ပြုပြင်ပါ။ မှတ်ရန် အထူးမရှိသောအခါ ထွက်သက်ဝင်သက်ကို မပြတ်မှတ်ပါ။
ဤသို့ မှတ်နေစဉ် ညောင်းမှု ပူမှု နာကျင်မှု ယားမှု စသော ဝေဒနာ အထူးများဖြစ်ပေါ်လာလျှင် ထိုဝေဒနာကို စူးစိုက်၍ ထိုင်စဉ်ကနည်းအတိုင်းပင် မှတ်ပါ။ တံတွေးမျိုမှု ထွေးမှု စိတ်ကြံစည်မှု စဉ်းစားမှုတို့ကိုလည်း နည်းတူပင် မှတ်ပါ။ ဘယ်ညာအစောင်း ပြောင်းလိုသောအခါ, လက်ခြေကွေးဆန့်လိုသော အခါ စသည်တို့၌လည်း ဖြစ်ပေါ်သော ထိုထိုစိတ်အကြံကို မှတ်၍ ပြုပြင်မှုများ ကိုလည်း မလစ်လပ်အောင် မှတ်ပါ။ အထူးမရှိသော အခါများ၌ ထွက်သက် ဝင်သက်ကို မပြတ်မှတ်ပါ။
အိပ်ချင်လာလျှင် အိပ်ချင်သည်, အိပ်ချင်သည်ဟု မှတ်၊ မှေးလာလျှင် မှေးသည်, မှေးသည်ဟု မှတ်၊ ဘာဝနာရင့်လာသောအခါ ဤသို့ မှတ်လိုက်လျှင် အိပ်ချင်မှု ကင်းလျက် တစ်ဖန် ကြည်လင်လာတတ်သည်။ ထိုအခါ ကြည်သည် ကြည်သည်ဟု မှတ်ပြီးလျှင် ထွက်သက်ဝင်သက်ကို မှတ်နေကျအတိုင်း မှတ်ပါ။ အိပ်ချင်စိတ် မပြေသော်လည်း အမှတ်ကိုလွှတ်၍ မအိပ်ရ၊ မအိပ်ဘဲ တစ်မှတ်ထဲ မှတ်နေမည်ဟု ရည်ရွယ်လျက် ထွက်သက်ဝင်သက်ကို မှတ်နေကျအတိုင်း မပြတ် မှတ်နေရမည်။ ကိုယ်ပင်ပန်းလာလျှင် ဤသို့ မှတ်နေဆဲမှာပင် တဖြည်းဖြည်း မှေးလျက် အိပ်ပျော်သွားလိမ့်မည်။
အိပ်ပျော်သည်ဟူသည်မှာ ဘဝင်စိတ်သက်သက်မျှ ကြာမြင့်စွာ ဖြစ်နေခြင်းပင်တည်း၊ ဘဝင်စိတ် ဟူသည်မှာလည်း ဘဝ၌ အစစွာ ဖြစ်ပေါ်ခဲ့သောစိတ်၊ နောက်ဆုံး သေသော စုတိစိတ်တို့နှင့် အလားတူသော စိတ်တည်း၊ ထို့ကြောင့် အလွန် သိမ်မွေ့သည်၊ မည်သည်ကို အာရုံပြုနေသည်ဟူ၍ပင် မသိနိုင်၊ နိုးနေစဉ်မှာလည်း မြင်မှုနှင့် စိတ်ကူးမှု၊ ကြားမှုနှင့် စိတ်ကူးမှု စသည်တို့၏ အကြား အကြား၌ ထိုဘဝင်စိတ် ဖြစ်ပေါ်သေးသည်။ သို့သော်လည်း ကြာမြင့်စွာ မဖြစ်ရသောကြောင့် ယင်းဘဝင်စိတ် ဖြစ်သည်ကို ထင်ရှားမသိရ။ အိပ်ပျော်ဆဲ၌ကား ကြာမြင့်စွာ ဖြစ်ရသောကြောင့် ထင်ရှားသိရသည်။ သို့သော်လည်း မည်သည်ကို အာရုံပြုနေသည်၊ မည်သို့ဖြစ်နေသည်ဟူ၍ကား မသိရ။ ထို့ကြောင့် အိပ်ပျော်ခိုက်၌ မမှတ်ရပြီ မှတ်ရန်လည်း မစွမ်းနိုင်ပြီ။
စာမျက်နှာ-515
နိုးသောအခါ၌ကား ၎င်းနိုးသော စိတ်ကို နိုးသည်ဟုမှတ်၊ အားထုတ်ခါစ၌ နိုးစိတ်ကို မှတ်သိနိုင်ခဲသည်။ နိုးစစိတ်ကို မမှတ်နိုင်သေးလျှင် သတိရသောအခါမှ စ၍ ပေါ်ရာပေါ်ရာကို မပြတ်မှတ်ပါ။ စဉ်းစားနေလျှင် စဉ်းစားသည်ဟု မှတ်ပါ၊ ၎င်းနောက် ထွက်သက်ဝင်သက်ကို ဆက်၍ မှတ်ပါ။ ကြားလျက် နိုးလာလျှင် ကြားသည်ဟု မှတ်ပြီးနောက် ထွက်သက်ဝင်သက်ကို ဆက်မှတ်၊ စောင်းခြင်း, လှဲခြင်း, ကွေးခြင်း, ဆန့်ခြင်း, ပြုပြင်ခြင်းများကိုလည်း ခေါ်နေကျအတိုင်း မှတ်လျက် ဖြည်းဖြည်းပြုပြင်ပါ၊ ဘယ်အချိန်ရှိပြီလဲဟု စဉ်းစားလျှင် စဉ်းစားသည် ဟုမှတ်၊ ထ-လိုလျှင် ထ-ချင်သည်ဟုမှတ်၊ ထ-ဆဲ၌ ကြွတက်လာသည့် ကိုယ်အမူ အရာကို စူးစိုက်၍ ထသည် ထသည်ဟုမှတ်၊ ထိုင်မိလျှင် ထိုင်သည် ထိုင်သည်ဟု မှတ်၊ ၎င်းနောက် ထွက်သက်ဝင်သက်ကို မပြတ်မှတ်ပါ။
မျက်နှာသစ်သောအခါ, ရေချိုးသောအခါများ၌ ကြည့်ခြင်း, မြင်ခြင်း, လက်လှမ်းခြင်း, ခပ်ခြင်း, ယူခြင်း, လောင်းခြင်း, အေးခြင်း, ပွတ်တိုက်ခြင်း စသည်တို့ကို မလစ်လပ်ရအောင် အစဉ်အတိုင်း မှတ်ပါ။ အဝတ်ကိုပြင်၍ ဝတ်မှု, အိပ်ရာပြင်မှု, တံခါးကိုဖွင့်မှု, ပိတ်မှု, တစုံတစ်ခုကို ကိုင်မှု, ယူမှု စသည်တို့ကို မလစ်လပ်ရအောင် မှတ်ပါ။ ထမင်းစားသောအခါ ကြည့်လျှင် ကြည့်သည်, မြင်သည်ဟုမှတ်၊ ထမင်းလုတ်ပြင်ဆဲ၌ လက်ပြုပြင်မှုများကို ပြင်သည် ပြင်သည်ဟု မှတ်၊ ထမင်းလုတ်ကို ယူလာလျှင် ယူသည် ယူသည်ဟုမှတ်၊ ခေါင်းငုံ့လျှင် ငုံ့သည်ဟုမှတ်၊ ပါးစပ်ထိလျှင် ထိသည်ဟု မှတ်၊ ပါးစပ်ဖွင့်လျှင်, ပိတ်လျှင်, ဖွင့်သည်, ပိတ်သည်ဟု မှတ်၊ လက်ချလျှင် ချသည်ဟုမှတ်၊ ဝါးလျှင် ဝါးသည်ဟု မှတ်၊ မျိုလျှင် မျိုသည်ဟုမှတ်၊ အရသာကို သိလျှင် သိသည်ဟု မှတ်၊ အစာ လည်ချောင်းထဲ အူထဲအထိ ဆင်းသွားသည်ကို ထိသည်, ထိသည်ဟု မှတ်၊ ဤနည်းဖြင့် ထမင်းလုတ်တိုင်း ဟင်းရေသောက်တိုင်း စေ့စေ့စပ်စပ်မှတ်။
အားထုတ်ခါစ၌ အစဉ်ကျအောင် မမှတ်နိုင်ဘဲ လစ်လပ်သောအရာ များစွာ ရှိမည်။ ပြုပြင်လိုသော စိတ်များကိုလည်း မမှတ်နိုင်ဘဲ မသိနိုင်ဘဲ ရှိတတ်သည်။ စိတ် မပျက်လင့်၊ စေ့စေ့ စပ်စပ် မှတ်မည်ဟု သဘောထား၍ ရိုရို သေသေ စူးစိုက်မှတ်နေလျှင် မှတ်နိုင်မှု သိနိုင်မှု များလာပါလိမ့်မည်။ ဉာဏ်ရင့်သန် လာသောအခါ အစဉ်တကျ ဖြစ်လာပါလိမ့်မည်။
ဤသို့ မှတ်၍ သတိ, သမာဓိ, ဉာဏ်ထက်သန်အားပြည့်လျှင် အာရုံနှင့်မှတ်မှု အတွဲလိုက် ကပ်နေသကဲ့သို့ အံကျလျက် ရှိနေသည်ကို တွေ့ရမည်။ အထူး ကောင်းသော မှတ်ချက်များ၌ ထိုင်တာက တခြား၊ မှတ်တာက တခြား၊ သွား တာက တခြား၊ မှတ်တာက တခြား ဤသို့ စသည်ဖြင့် ရုပ်နာမ်တို့ကို ကွဲပြားစွာ
စာမျက်နှာ-516
သိလာမည် ဖြစ်ပါသည်။ ရုပ်နာမ်နှစ်ပါး တခြားစီကွဲပြားလျက် ထင်ရှားသော အခါ၌ သုတရှိသူမဟုတ်လျှင် ထိုင်မှု, မှတ်မှု၊ ရပ်မှု, မှတ်မှု စသည်ဖြင့် နှစ်ခုသာ ရှိသည်။ ယင်းနှစ်ခုပြင် ဘာမှမရှိ၊ လူဆိုသည်မှာ ယင်းနှစ်ခုသာ ဖြစ်သည်။ မိန်းမ ယောက်ျားဆိုသည်မှာ ယင်းနှစ်ခုသာဖြစ်သည်။ ယင်းနှစ်ခုအပြင် ပုဂ္ဂိုလ် သတ္တဝါ အသီးအခြားမရှိဟု ထင်မြင်လာတတ်ပါသည်။
သုတရှိသူများအဖို့ အာရုံရုပ်၊ မှီရာရုပ်နှင့် မှတ်မှုနာမ်တို့ကိုသာ မှတ်တိုင်း မှတ်တိုင်း တွေ့မြင်ရသောကြောင့် ရုပ်နာမ် ၂-ပါးမျှသာရှိသည်။ ယင်းနှစ်ပါးမှ တပါး ငါ, သူတပါး, ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါကောင်ဟူ၍ အသီး အခြားမရှိ၊ မှတ်ခိုက်၌လည်း ရုပ်နာမ် ၂-ပါး၊ မမှတ်ဘဲ နေခိုက်၌လည်း ရုပ်နာမ် ၂-ပါးသာရှိသည်။ ဖြစ်ဆဲမှီရာရုပ်နှင့် ကြံမှုစသော နာမ် ၂-မျိုးသာ ရှိသည်ဟု ထင်မြင်လာ ဆင်ခြင်လာတတ်ပါသည်။ ထိုအခါ၌လည်း ဆင်ခြင်သည် ဆင်ခြင် သည်ဟု မှတ်ပါ။ ဤသို့ ဆက်လက် အားထုတ်သွားလျှင် ဉာဏ်စဉ်စခန်း ကုန်ဆုံး၍ မဂ်ဖိုလ်နိဗ္ဗာန်စခန်းသို့ ဆိုက်ရောက်နိုင်ပါသည်။
စာမျက်နှာ-517
အခန်း (၁၃)
ဘုရားရှင်အဆူဆူ အားထုတ်သော အာနာပါနကမ္မဋ္ဌာန်း
ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြကုန်ပြီးသော ဘုရားရှင်အဆူဆူနှင့် ပစ္စေက ဗုဒ္ဓါ ဘုရားငယ် အဆူဆူတို့သည် အာနာပါနကမ္မဋ္ဌာန်းကိုသာ အားထုတ်တော် မူကြပြီး ဘုရားအဖြစ်, ဘုရားငယ်အဖြစ် ရောက်ရှိတော်မူခဲ့ကြပါသည်။ တပည့် သာဝက ရဟန္တာအရှင်မြတ် အများစုမှာလည်း ဤအာနာပါနကမ္မဋ္ဌာန်းကိုပင် အားထုတ်တော်မူခဲ့ကြပါသည်။ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ကြပြီး နောက်၌ လည်း ဤအာနာပါနကမ္မဋ္ဌာန်းကိုပင် နှလုံးသွင်းတော်မူကြပြီး အသက်ထက်ဆုံး ဈာန်သမာပတ် ဝင်စားတော်မူချိန်၌ ရှုပွားတော်မူခဲ့ကြပါသည်။ အလားတူပင် ဂေါတမမြတ်စွာဘုရားရှင်သည်လည်း အာနာပါန ကမ္မဋ္ဌာန်းကို အားထုတ်၍ သဗ္ဗညု ဘုရားအဖြစ်သို့ ရောက်ရှိတော်မူလာပါသည်။
အာနာပါနကမ္မဋ္ဌာန်းဖြင့် ဘုရားဖြစ်တော်မူခြင်း
အလောင်းတော် သိဒ္ဓတ္ထမင်းသား တစ်လသားအရွယ်၌ ဖခင် သုဒ္ဓေါဓနဘုရင် လယ်ထွန်မင်္ဂလာဆင်းခိုက် ပညောင်ပင်ရင်း၌ ထက်ဝယ်ဖွဲ့ခွေ၍ ဈာန်ဝင်စား ရာတွင် ဤအာနာပါနကမ္မဋ္ဌာန်းဖြင့်ပင် ဈာန်ဝင်စားတော်မူခဲ့ခြင်း ဖြစ်ပါသည်။ (၂၉)နှစ်အရွယ် တောထွက်ပြီးနောက် ဒုက္ကရစရိယာအကျင့်ကို (၆)နှစ် တိုင်တိုင် ပင်ပန်းကြီးစွာ ကျင့်ကြံကြိုးကုတ် အားထုတ်ခဲ့သော်လည်း တရားထူး မရနိုင် သဖြင့် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့်နေ့ ညနေခင်းမှ စ၍ ဗောဓိပင်ရင်းရှိ အပရာဇိတပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်တော်မူပြီး အာနာပါနကမ္မဋ္ဌာန်းကို စတုတ္ထဈာန် ရောက်သည်အထိ အားထုတ်တော်မူခဲ့ ပါသည်။
စတုတ္ထဈာန်သမာဓိကြောင့် အလောင်းတော်၏ စိတ်အစဉ်သည် ဖော်ပြပါ အချက် (၈)ချက်နှင့် ပြည့်စုံလျက် ရှိနေပါသည် -
(၁) စိတ်တော်သည် အလွန်တည်ကြည်၍ အနှောင့်အယှက် နီဝရဏ တရားများ ကင်းကွာသဖြင့် ထက်ဝန်းကျင်မှ စင်ကြယ်ရခြင်း၊
(၂) စိတ်ကို ချောက်ချားစေတတ်သော ဝိတက် စသော ရုန့်ရင်းသော ဈာန်အင်္ဂါတရားတို့ကို ပယ်ဖျောက်ပြီးဖြစ်သဖြင့် ပြိုးပြိုးပြက်ပြက် အရောင် ထွက်မတတ် ထက်ဝန်းကျင် အလွန်စင်ကြယ်ခြင်း
စာမျက်နှာ-518
(၃) ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသဝိတက် ဟူသော ကြံစည်မှုများ ကင်းကွာနေသဖြင့် လောဘ၊ ဒေါသ၊ မောဟ ဟူသော စိတ်အညစ် အကြေးတို့မှ ကင်းဝေးလျက်ရှိခြင်း၊
(၄) စိတ်၏ အညစ်အကြေးဖြစ်သော လောဘ၊ ဒေါသ၊ မောဟတို့ ကင်းဝေးသဖြင့် စိတ်ကို ညစ်နွမ်းစေတတ်၊ ညစ်ညူးစေတတ်သော အထူးထူးသော ကိလေသာတို့မှ ကင်းစင်လျက်ရှိခြင်း၊
(၅) ဝသီဘော် ၅-ပါးတို့ဖြင့်စိတ်ကို လေ့လာနိုင်နင်းပြီး ဖြစ်သဖြင့် စိတ် တော်သည် ကောင်းစွာ ကြိတ်နယ်ပြီးသော သားရေပမာ အလွန် နူးညံ့သိမ်မွေ့လျက်ရှိခြင်း၊
(၆) စိတ်တော်သည် အလွန်နူးညံ့သိမ်မွေ့ နေသဖြင့် ရွှေပန်းထိမ်သည်သည် ရွှေကို မိမိအလိုရှိရာ ပြုလုပ်နိုင်သကဲ့သို့ အလိုတော်ရှိရာ တရားနှင့် ဆိုင်သော အမှုကိစ္စတို့ကို ပြုလုပ်ရန် ကောင်းစွာ လွယ်ကူလျက် ရှိခြင်း၊
(၇) စိတ်တော်သည် အလွန် နူးညံ့ခြင်း၊ မိမိညွှတ်လိုသည့် အာရုံကို ညွှတ်နိုင်ခြင်းတို့ကြောင့် အလွန်တည်ငြိမ်လျက်ရှိခြင်း၊
(၈) စိတ်တော်သည် ပွားများခြင်း ဘာဝနာမှု ပြည့်စုံလုံလောက်နေသဖြင့် မိမိပွားများအပ်သော အာရုံပေါ်မှ မပြောင်း မရွှေ့ မတုန် မလှုပ် ကြံ့ကြံ့ခိုင်ကြည် တည်ငြိမ်လျက်ရှိခြင်း။
စိတ်တော်သည် အထက်ဖော်ပြပါ အချက် (၈)ချက်နှင့် ညီညွတ်နေသဖြင့် တစုံတခုကို သိရန် ဦးတည်ပေးလိုက်လျှင်၊ ညွှတ်လိုက်လျှင် အရန်သင့် လိုက်ပါလာမည့် အခြေအနေ ရှိနေပါသည်။ ထိုအခြေအနေရှိနေစဉ် ညဉ့်ဦးပိုင်းသို့ ရောက်သောအခါ ဘဝဆက်ကာ သံသရာတွင် မိမိဖြစ်ခဲ့ဖူး၊ နေခဲ့ဖူးသည့် ဘဝများကိုသိလို၍ အင်အားအလွန်ကြီးမားသော စိတ်တော်ကို နောက်ကြောင်းသို့ ပြန်၍ လှည့်ပေးလိုက်သည်။ ထိုအခါ အတိတ်ဘဝများကို သတိရလာသည်၊ သိမြင်လာသည်၊ ဤသည်ကိုပင် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ရသည်ဟု ဆိုပါသည်။
ညဥ့်သန်းခေါင်အချိန်တွင် ကမ္ဘာလောကဓာတ်တစ်ခုလုံးကို ကြည့်ရှုတော် မူလို၍ စွမ်းအင်ထက်မြက်နေသော စိတ်တော်ကို တစ်လောကလုံးကိုသိရန် ညွှတ်ပေး လိုက်သည်၊ အာရုံပြုလိုက်သည်။ ထိုအခါ အဆီးအတားမရှိ၊ တစ်လောကလုံး
စာမျက်နှာ-519
သက်ရှိ သက်မဲ့ အခြေအနေ အထွေထွေကို သိမြင်တော်မူပြန်သည်။ ဤသည်ကိုပင် ဒိဗ္ဗစက္ခုဉာဏ် ရတော်မူသည်ဟု ဆိုပါသည်။
လင်းအားကြီးပိုင်းသို့ ရောက်သောအခါတွင် ပြင်ပလောကကို ကြည့်မနေ တော့ဘဲ မိမိကိုယ်တွင်း၌ စိတ်တော်ကို ပြန်ထားလိုက်သည်။ ဉာဏ်တော်ကို စိတ်တော်နှင့်တွဲပို့ပြီး ကိုယ်တွင်း ရုပ်နာမ်ဓမ္မ သဘာဝများကို ဝေဖန် ဆင်ခြင်သုံးသပ်တော်မူသည်၊ ထိုအခါ ကိုယ်အတွင်း၌ အခိုင်အမြဲ ဘာတစ်ခုမျှ ရှာမရ၍ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာ အမှတ်အသားများကို အဖန်ဖန် အထပ်ထပ် ရှုဆင်ခြင်တော်မူ၍ (အနုပဿနာပြု၍) ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဟူသော သစ္စာလေးရပ်ကို သိမြင်တော်မူလာပါသည်။ သစ္စာလေးရပ်ကို သိမြင်သည်နှင့် တပြိုင်နက်တည်းမှာပင် အလောင်းတော် သန္တာန်၌ သံသရာတလျှောက်လုံး အမြစ်တွယ်လာခဲ့သော တဏှာ (လောဘ)၊ မှားမိခဲ့သောအမြင် (မိစ္ဆာဒိဌိ) နှင့် အဆိုပါ သစ္စာလေးရပ်ကို မသိမမြင်ခဲ့မှု (အဝိဇ္ဇာ) တို့သည် အကြွင်းမရှိဘဲ ကင်းစင်ချုပ်ပျောက် လာပါတော့သည်၊ ဤသည် ကိုပင် အာသဝက္ခယဉာဏ်ရသည်ဟု ဆိုပါသည်။
ဖော်ပြပါ ပု-ဒိ-အာ ခေါ်သော ဝိဇ္ဇာဉာဏ် ၃-ပါးပေါ်ပြီးနောက် အရဟတ္တ ဖိုလ်ဉာဏ်နှင့် ပစ္စဝေက္ခဏာဉာဏ်တော်များလည်း ဆက်တိုက်ပင် ပေါ်လာပါသည်၊ ပစ္စဝေက္ခဏာဉာဏ်ပေါ်ပြီးနောက် ကိလေသာအားလုံးလည်း ကင်းနေပြီးဖြစ်၍ အရှင်မြတ်၏ စိတ်တော် ဉာဏ်တော် အားအစွမ်းမှာ အတူမရှိ ထက်မြက်နေဆဲ ဖြစ်သည်၊ စိတ်အား, ဉာဏ်အားဖြင့် ဆက်လက် သုံးသပ် ဆင်ခြင်တော်မူရာ နေအရုဏ်တက်ချိန်၌ သင်္ခါရ၊ ဝိကာရ၊ လက္ခဏ၊ နိဗ္ဗာန်၊ ပညတ်ဟူသော ဉေယျဓံတရား ငါးပါးကို ထိုးထွင်း သိမြင်သည့် သဗ္ဗညုတဉာဏ်တော်ကြီးလည်း ပေါ်လာပြီး လောကသုံးပါးတွင် အတူမရှိသော ဘုရားစင်စစ် ဧကန် ဖြစ်လာရပါ တော့သည်။
မြတ်စွာဘုရား အလေးထား ဟောကြားတော်မူသော အာနာပါန
မြတ်စွာဘုရားသည် အာနာပါန ကမ္မဋ္ဌာန်းဖြင့် သဗ္ဗညုဘုရား အဖြစ်သို့ ရောက်ရှိတော်မူခဲ့သည့်အားလျော်စွာ ဤအာနာပါနကမ္မဋ္ဌာန်းကို အခြားသော သမထကမ္မဋ္ဌာန်းတို့ထက် မြတ်သော လွန်သော ဂုဏ်ပုဒ်တို့ဖြင့် များစွာချီးမွမ်း၍ ဟောကြားတော်မူပါသည်။ အဋ္ဌကထာဆရာမြတ်တို့ကလည်း မဟာပုရိသဘူမိဟု ဖွင့်ဆိုတော်မူကြပါသည်။ လူသာမာန်တို့နှင့် ထိုက်တန်သော ကမ္မဋ္ဌာန်းမဟုတ်၊
စာမျက်နှာ-520
လူပညာရှိကြီးတို့နှင့်သာ ထိုက်တန်သော ကမ္မဋ္ဌာန်းဖြစ်သည်ဟု ဆိုပါသည်။ အာနာပါနကမ္မဋ္ဌာန်းနှင့် စပ်လျဉ်း၍ မြတ်စွာဘုရား ဟောကြားတော်မူသော ပါဠိတော်များမှာ ဖော်ပြလတ္တံ့ပါအတိုင်း ဖြစ်သည် -
၁။ မဟာသတိပဋ္ဌာနသုတ် (ဒီ-၂၊ ၂၃၁)
၂။ မဟာသတိပဋ္ဌာနသုတ် (မ-၁၊ ၇၀)
၃။ တတိယပါရာဇိကပါဠိ (ဝိ-၁၊ ၈၉)
၄။ အာနာပါနဿတိသုတ် (မ-၃၊ ၁၂၂)
၅။ မဟာရာဟုလောဝါဒသုတ် (မ-၂၊ ၈၈)
၆။ ကာယဂတာသတိသုတ် (မ-၃။ ၁၃၀)
မဟာသတိပဋ္ဌာနသုတ်
အမှတ် (၁)၊ အမှတ် (၂) မဟာသတိပဋ္ဌာနသုတ် နှစ်သုတ်စလုံးကို ကုရုတိုင်း ကမ္မာသဒမ္မနိဂုံး၌ ရဟန်းများအား ဟောကြားတော်မူခြင်း ဖြစ်ပါသည်။ နိကာယ်အလိုက် (၂)နေရာ ကွဲပြားခြင်း ဖြစ်ပါသည်။ နှစ်သုတ်စလုံး ပါဠိ အဓိပ္ပာယ် ထပ်တူထပ်မျှပင် ဖြစ်ပါသည်။
ဝိနည်းလာ အာနာပါန
မြတ်စွာဘုရားသည် ဝေသာလီ မဟာဝုန်တော ကူဋာဂါရကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းများအား အသုဘကမ္မဋ္ဌာန်းကို ချီးမွမ်း၍ ဟောကြားတော်မူပြီး (၁၅)ရက်မျှ တစ်ပါးတည်း သီတင်းသုံးတော်မူပါသည်။ ထိုအခါ ရဟန်းများသည် အသုဘဘာဝနာကို ပွားများကြပြီး မိမိတို့၏ ခန္ဓာကိုယ်ကို ရွံရှာလာကြသဖြင့် မိမိတို့ ကိုယ်ကို မိမိတို့ ကိုယ်တိုင်ပင် သတ်ကြသည်၊ အချင်းချင်းလည်း သတ်ကြသည်၊ သူတပါးကိုလည်း တောင်းပန် ပေးကမ်း၍ အသတ်ခိုင်းကြသည်၊ ထို့ကြောင့် ရဟန်းတော် အနည်းငယ်သာ ကျန်ရှိပါသည်၊ ၁၅-ရက်ကုန်လွန်၍ မြတ်စွာဘုရားသည် တစ်ပါးတည်း စံနေတော်မူရာမှ ထတော် မူသောအခါ ရဟန်းတော်များ နည်းပါးရခြင်း အကြောင်းကို မေးတော်မူသော အခါ ရှင်အာနန္ဒာက အကြောင်းစုံကို လျှောက်ထားပြီး အသုဘကမ္မဋ္ဌာန်းမှတပါး အခြား ရဟန္တာဖြစ်နိုင်သော တရားကို ဟောတော်မူပါဟု တောင်းပန်သောကြောင့် အာနာပါနကမ္မဋ္ဌာန်းကို ဟောတော်မူပါသည်။
စာမျက်နှာ-521
အာနာပါနဿတိသုတ်
မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးတော် မူစဉ် တန်ဆောင်မုန်းလပြည့်နေ့ သာယာသော ညချမ်းအခါ၌ မြတ်စွာဘုရားကို ခြံရံလျက်နေသော တိတ်ဆိတ် ငြိမ်သက်ပြီး အဖျင်းမရှိ အနှစ်အတိပြီးသော ရဟန်းပရိသတ်ကြီးအား ဟောကြားတော်မူသော သုတ် ဖြစ်ပါသည်။ ထိုရဟန်း ပရိသတ်တွင် ရှင်သာရိပုတြာ၊ ရှင်မဟာမောဂ္ဂလ္လာန်၊ ရှင်မဟာကဿပ စသော ထင်ရှားကျော်ကြားသည့် မထေရ်ကြီးများ၊ သတိပဋ္ဌာန် သမ္မပ္ပဓာန် စသော ဗောဓိပက္ခိယတရားများ ပွားများပြီး ပွားများဆဲ မထေရ်ကြီးများ၊ အပ္ပမညာ ၄-ပါး စသော သမထဘာဝနာနှင့် အနိစ္စ စသော ဝိပဿနာဘာဝနာတရားများ ပွားများပြီး ပွားများဆဲ မထေရ်ကြီးများ ပါဝင်ပါသည်။
ထိုပရိသတ်ထဲတွင် အာနာပါနကမ္မဋ္ဌာန်း စီးဖြန်း ပွားများပြီး ပွားများဆဲ ပုဂ္ဂိုလ်က များသောကြောင့် မြတ်စွာဘုရားက “ရဟန်းတို့ - ဤရဟန်းအပေါင်း၌ ထွက်လေဝင်လေကို အောက်မေ့မှု အာနာပါနဿတိ ပွားများအားထုတ်ခြင်းကို လုံ့လပြုကုန်သည်ဖြစ်၍ နေကုန်သော ရဟန်းတို့သည် ရှိကုန်၏။ ရဟန်းတို့ - အာနာပါနဿတိကို လေ့လာပွားများအားထုတ်သည်ရှိသော် များသော အကျိုး ရှိ၏၊ သတိပဋ္ဌာန် ၄-ပါး၊ ဗောဇ္ဈင် ၇-ပါးနှင့် အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ပြည့်စုံစေနိုင်၏” စသည်ဖြင့် အာနာပါနဿတိ ဘာဝနာကို အထူးချီးမွမ်း၍ အာနာပါနဿတိသုတ်ကို ဟောတော်မူခြင်းဖြစ်ပါသည်။
ကာယဂတာသတိသုတ်
မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူ စဉ် ရဟန်းတော်များက ကာယဂတာသတိကမ္မဋ္ဌာန်း အကျိုးကြီးကြောင်း ပြောဆိုကြ သည့် စကားနှင့်စပ်လျဉ်း၍ ဟောတော်မူခြင်းဖြစ်ပါသည်။
အာနာပါနဿတိ
အာနာပါနဟူသည် အဿာသပဿ ဆိုသည်နှင့် အတူတူပင်ဖြစ်ပါသည်။ ထွက်သက်ဝင်သက်ဟု အဓိပ္ပါယ် ရရှိပါသည်။ အမိဝမ်းတွင်း၌ ပဋိသန္ဓေနေရသော ဂဗ္ဘသေယျက သတ္တဝါတို့သည် အမိဝမ်း၌နေစဉ် အသက်မရှူရှိုက်ရသဖြင့် ဖွားမြင် သည်နှင့်တပြိုင်နက် ဝမ်းတွင်းမှ လေတို့သည် အပြင်ဘက်သို့ ရှေးဦးစွာ ထွက်ကြ သည်၊ ထို့နောက် အပြင်မှ လေကိုရှူသဖြင့် ဝမ်းတွင်းသို့ လေဝင်ရသည်။ ထို့ကြောင့် ထွက်သက် (ရှိုက်လေ)က ပထမဖြစ်၍ ဝင်သက်(ရှူလေ)က နောက်မှ ဖြစ်ရသဖြင့် “ထွက်သက် ဝင်သက်”ဟု ထွက်သက်ကို ရှေ့ထား၍ ဆိုကြခြင်းဖြစ်သည်။
စာမျက်နှာ-522
မိမိ၏ ထွက်သက်ဝင်သက်ကို အာရုံပြုသောအားဖြင့် ဖြစ်သော သတိသည် အာနာပါနဿတိ မည်ပါသည်၊ ပါဠိတော်နည်းအရ ရှိုက်လေ (ထွက်သက်) ကို ပထမအာရုံပြုပြီးနောက်မှ ရှူလေ (ဝင်သက်) ကို အာရုံပြုရမည်ဟု ဆိုပါသည်။ သုတ္တန်အဋ္ဌကထာနည်းအရ ကမ္မဋ္ဌာန်းအားထုတ်မှုကို အစွဲပြု၍ ပဝတ္တိအခါ၌ ဖြစ်ပုံအစဉ်အတိုင်း ဝင်သက်ကို “အဿာသအာန”ဟု ဆို၍ ပထမဦးစွာ ဝင်သက် (ရှူလေ)ကို အာရုံပြုပြီးနောက်မှ ထွက်သက်ကို “ပဿာသအပါန”ဟု ဆို၍ ထွက်သက် (ရှိုက်လေ)ကို အာရုံပြုရမည်ဟု ဆိုပါသည်။
အာနာပါနကမ္မဋ္ဌာန်း ပွားများရခြင်းအကျိုး
အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းပွားများသော ပုဂ္ဂိုလ်တို့သည် ကျမ်းဂန်တို့၌ ဖော်ပြထားသော အကျိုးတရားများကို ရရှိကြမည် ဖြစ်သည့်အပြင် လောကီ အကျိုးတရားများကိုလည်း ဒိဋ္ဌဓမ္မ ခံစား ရရှိနိုင်ပါသည်၊ အာနာပါနကမ္မဋ္ဌာန်း ပွားများသူတို့ ရရှိနိုင်သော အကျိုးတရားများမှာ ဝိသုဒ္ဓိမဂ်၌ ဖော်ပြလတ္တံ့ပါ အတိုင်း ဖော်ပြထားပါသည် -
၁။ စိတ်ငြိမ်သက် အေးငြိမ်းခြင်း၊
၂။ မရောင့်ရဲနိုင်လောက်အောင် မြင့်မြတ်ခြင်း၊
၃။ ပရိကမ္မဘာဝနာ၊ ဥပစာရဘာဝနာဖြင့် အာနာပါနကို ပွားများခြင်းဖြင့် စိတ်ငြိမ်သက်မှုရှိခြင်း၊
၄။ သမာပတ် ဝင်စားတိုင်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာမှုကို ဖြစ်စေခြင်း၊
၅။ စိတ်တည်ငြိမ်မှုကို နှောင့်ယှက်တတ်သော နီဝရဏတရားများကို ပယ်ခွာနိုင်ခြင်း၊
၆။ စိတ်ငြိမ်သက်မှု သမာဓိ၏ အန္တရာယ်ကို ပြုတတ်သော မိစ္ဆာဝိတက်ကို ပယ်ဖျက်စွမ်းနိုင်ခြင်း၊
၇။ မဂ် ဖိုလ် နိဗ္ဗာန်သို့ ရောက်ရန် အကြောင်းရင်း မူလအခြေခံ ပါဒက ဖြစ်ခြင်း၊
၈။ စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် ၁၆-ချက်သော စိတ်နှင့် အတူဖြစ်၍ အတူချုပ်ငြိမ်းခြင်းကို သိမြင်ခြင်း။
စာမျက်နှာ-523
အာနာပါနကမ္မဋ္ဌာန်း ပွားများခြင်း၏ အကျိုးတရားအဖြစ် ဥပရိပဏ္ဏာသ ပါဠိတော် အာနာပါနသုတ်၌ ဖော်ပြလတ္တံ့ပါအတိုင်း ပြထားပါသည် -
၁။ ကာယဂတာသတိ အစရှိသော သတိပဋ္ဌာန် ဘာဝနာကိစ္စကို ပြီးစီး နိုင်ခြင်း၊
၂။ အပ္ပနာဈာန် ၄-ပါး ဟူသော သမထဘာဝနာကိစ္စကို ပြီးစီးနိုင်ခြင်း၊
၃။ ဝိပဿနာဘာဝနာကိစ္စကို ပြီးစီးနိုင်ခြင်း၊
၄။ ဝိဇ္ဇာ ဝိမုတ္တိ (မဂ်ကိစ္စ)ဟု ဆိုအပ်သော မဂ္ဂဘာဝနာကိစ္စကို ပြီးစီး နိုင်ခြင်း၊
၅။ ဖလသစ္ဆိကိရိယာ (ဖိုလ်ကို မျက်မှောက်ပြုခြင်း) ကိစ္စကို ပြီးစီးနိုင်ခြင်း။
မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ၌ ဖော်ပြထားသော အကျိုးတရား ၅-ပါးမှာ ဖော်ပြ လတ္တံ့ပါအတိုင်း ဖြစ်ပါသည် -
၁။ ယခုခေတ် ယခုဘဝ၌ပင် ရဟန္တာအဖြစ်သို့ ရောက်နိုင်ခြင်း၊
၂။ အားထုတ်၍ အသက်ရှင်စဉ် ရဟန္တာအဖြစ်သို့ မရောက်ခဲ့ပါလျှင် သေခါနီးကာလ၌ သမသီသီ ရဟန္တာအဖြစ်သို့ ရောက်နိုင်ခြင်း၊
၃။ အကယ်၍ သေခါနီးကာလ၌ ရဟန္တာအဖြစ်သို့ မရောက်ခဲ့ပါလျှင် နတ်ပြည်သို့ ရောက်၍ အရိယနတ်များ၏ တရားကို ကြားနာရပြီး ရဟန္တာအဖြစ်သို့ ရောက်နိုင်ခြင်း၊
၄။ အကယ်၍ နတ်ပြည်လောက၌ ရဟန္တာ မဖြစ်ခဲ့ပါလျှင် အရိမေတ္တေယျ ဘုရားမပွင့်မီ ပစ္စေကဗုဒ္ဓါအဖြစ်သို့ ရောက်နိုင်ခြင်း၊
၅။ အကယ်၍ ပစ္စေကဗုဒ္ဓါအဖြစ်သို့ မရောက်ခဲ့ပါလျှင် နောင်ပွင့်တော် မူလတ္တံ့သော အရိမေတ္တေယျဘုရား စသည်တို့၏ အထံတော်မှောက်၌ ဗာဟိယဒါရုစိရိယ မထေရ်ကဲ့သို့ ခိပ္ပါဘိညရဟန္တာအဖြစ်သို့ ရောက် နိုင်ခြင်း။
အာနာပါနကမ္မဋ္ဌာန်း စီးဖြန်းပွားများခြင်းဖြင့် အထက်ဖော်ပြပါ ကျမ်းဂန်လာ အကျိုးတရားများ ရရှိနိုင်သည့်အပြင် လောကီအကျိုးတရားများကိုလည်း လက်ငင်း ဒိဋ္ဌ ရရှိနိုင်ကြမည်ဖြစ်ပါသည် -
စာမျက်နှာ-524
၁။ စိတ်တည်ငြိမ်၍ ချမ်းသာခြင်း
စိတ်တည်ငြိမ်မှု၏ ဆန့်ကျင်ဘက်ဖြစ်သော စိတ်ပျံ့လွင့်မှုသည် သောက ပရိဒေဝ စသော မီး (၁၁)တန် တောက်လောင်ရန် အခြေခံပင် ဖြစ်ပါသည်။ စိတ် မတည်မငြိမ်ဖြစ်၍ စိတ်သွားတိုင်း ကိုယ်မပါ၊ လိုရာဆန္ဒ မပြည့်ဝသော အခါများ၌လည်း “ယံ ပိတ္တံ န လဘတိ တမ္ပိ ဒုက္ခ” ဟု ဟောတော်မူသည်နှင့် အညီ စိတ်ဆင်းရဲမှု ဖြစ်လာရမည်သာ ဖြစ်ပါသည်။ စိတ်ဆင်းရဲမှု ဖြစ်ပါက စိတ်ကြောင့်ဖြစ်ရသော ရုပ်များလည်း “စိတ်ထောင်းတော့ ကိုယ်ကြေ” ဆိုသည့် အတိုင်း ကိုယ်ဆင်းရဲမှုလည်း ဖြစ်ပေါ်လာတော့သည်။ အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းပွားများသောအခါ စိတ်တည်ငြိမ်မှု ဖြစ်လာရသဖြင့် ကိုယ်စိတ်ချမ်းသာမှု ကိုလည်း အလိုလိုပင် ခံစားလာရမည် ဖြစ်ပါသည်။
၂။ အတွေးအမြင်မှန်ခြင်း
စူးစိုက်မှုဖြင့် စွမ်းအင်ကြီးမားလာသော စိတ်သည် ပကတိမျက်စိဖြင့် မမြင်နိုင်သော သူတပါး၏ ကိုယ်အမူအရာများ၊ ပကတိနားဖြင့် မကြားနိုင်သော သူတပါး၏ နှုတ်အမူအရာများကို သိစွမ်းစေနိုင်ပါသည်။ သူတပါး၏ အတွင်း စိတ်ဓာတ်နှင့် အတိတ် အနာဂတ် ဘဝဖြစ်ရပ်များကိုလည်း သိစွမ်းနိုင်ပါသည်။ ခေတ်သစ် စိတ္တဗေဒပညာရပ်အရ ထင်ပေါ်ကျော်ကြားလျက်ရှိသော အိပ်မွေ့ချ ပညာရပ်များဖြင့် လျှို့ဝှက်ဆန်းကြယ်သော အဖြစ်အပျက်များကို သိစွမ်းနိုင်မှု၊ စိတ်ညှို့ပညာရပ်ဖြင့် သူတပါးစိတ်ကို မိမိအလိုသို့ လိုက်ပါအောင် စွမ်းဆောင် နိုင်မှုများသည် စွမ်းအင်ကြီးမားသော စိတ်စွမ်းပကားကြောင့်ပင် ဖြစ်ပါသည်၊ အများသိနေကြသော အတိတ်ဟောဆရာများသည်လည်း မိမိတို့၏ စွမ်းအား ကြီးမားသော စိတ်စွမ်းပကားကို အသုံးချ၍ အတိတ် ဟောပြောနိုင်ကြခြင်း ဖြစ်ပါသည်။ စွမ်းအားကြီးမားသော စိတ်ကား စူးစိုက်မှုဖြင့် တည်ကြည် ငြိမ်သက်လာသော သမာဓိစိတ်ပင် ဖြစ်ပါသည်။ သမာဓိစိတ်ဖြစ်ရန် ဤအာနာပါန ကမ္မဋ္ဌာန်းက စွမ်းဆောင်နိုင်ပါသည်။ ထို့ကြောင့် အာနာပါနကမ္မဋ္ဌာန်း စီးဖြန်း ပွားများခြင်းဖြင့် ငြိမ်သက် တည်ကြည်သော သမာဓိစိတ်ကို ထူထောင်နိုင်သဖြင့် အတွေးအမြင် မှန်ကန်မှု အကျိုးတရားကို ရရှိခံစားနိုင်ခြင်းဖြစ်ပါသည်။
စာမျက်နှာ-525
၃။ အကြံကောင်းများပေါ်ခြင်း
အာနာပါနကမ္မဋ္ဌာန်း စီးဖြန်း၍ သမာဓိစိတ်စွမ်းပကားကြောင့် ... အတွေး အမြင်မှန်လျှင် အကြံကောင်းလည်း ပေါ်နိုင်မည်ဖြစ်ပါသည်၊ ထို့ကြောင့် အာနာပါနကမ္မဋ္ဌာန်း စီးဖြန်းသူသည် ... .ကြံကောင်းများပေါ်ခြင်း အကျိုးတရားကို ရရှိခံစားနိုင်ခြင်းဖြစ်ပါသည်။၄။ ကျန်းမာရေးရရှိခြင်း
ယနေ့ ခေတ်သစ် ဆေးသိပ္ပံကဝိများက အနာရောဂါဖြစ်ခြင်း၏ ပျမ်းမျှ (၇၀) ရာနှုန်းခန့်မှာ စိတ်ကြောင့် ဖြစ်နေရသည်ဟု ..ဆိုကြပါသည်။..အာနာပါန ကမ္မဋ္ဌာန်း စီးဖြန်း၍ သမာဓိထူထောင်နိုင်သောအခါ စိတ်၏ အညစ်အကြေးများ ဖြစ်သော နီဝရဏတရား ကိလေသာ အပူစိတ်များ ကင်းကွာလာရပါသည် ဤကဲ့သို့ စိတ်သည် အညစ်အကြေးများ အပူဓာတ်များ ကင်းကွာ၍ ကြည်လင် လာသောအခါ စိတ်ကြောင့်ဖြစ်သော ရုပ်များလည်း ကြည်လင်လာရသဖြင့် အနာရောဂါကင်း၍ ထိုက်သင့်သော ကျန်းမာရေးကို ရရှိနိုင်ခြင်း ဖြစ်ပါသည်။
တစ်နည်းအားဖြင့် လူတို့၏ ခန္ဓာကိုယ်ရုပ်များသည် ရေ မြေ လေ မီး ဟူသော ဓာတ်ကြီးလေးပါး ညီမျှမှ ကျန်းမာသန်စွမ်းနိုင်ပါသည်၊ တစ်ပါးပါး ချို့ယွင်းပါက ကျန်းမာရေးလည်း ညံ့ဖျင်းလာရပါသည်။ လူသည် မိမိခန္ဓာကိုယ် ရုပ်များ ကျန်းမာသန်စွမ်းရေးအတွက် အစာစားခြင်းဖြင့် မြေဓာတ်ကို ဖြည့်ဆည်းပေးလျက် ရှိသည်၊ ရေသောက်ခြင်းဖြင့် ရေဓာတ်ကို ဖြည့်ဆည်း ပေးလျက်ရှိသည်၊ အပူအအေးကို စားမျိုခြင်းဖြင့် သီတတေဇော ဥဏှတေဇော ခေါ်သော မီးဓာတ်ကို ဖြည့်ဆည်းပေးလျက်ရှိသည်၊ သို့ရာတွင် လေမာတ်ကို ဖြည့်ဆည်းပေးနိုင်မှု မရှိကြ၍ လေဓာတ်ချို့ယွင်းနေကြပါသည်၊ လေဓာတ်ကို ဖြည့်ဆည်းပေးနိုင်သော အကောင်းဆုံး လုပ်ငန်းမှာ အာနာပါနကမ္မဋ္ဌာန်း စီးဖြန်း ခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် အာနာပါနကမ္မဋ္ဌာန်းကို နေ့စဉ် စီးဖြန်းပွားများ နေသူများသည် ကျန်း ရေးကို ရရှိကြခြင်း ဖြစ်ပါသည်။
အာနာပါနသမာဓိကို အခြေခံ၍ ဝိပဿနာကူးနိုင်ခြင်း
အာနာပါနတရား တစ်ပါးကို ပွားများလျှင် သတိပဋ္ဌာန်တရား လေးပါးနှင့် ပြည့်စုံ၏။ သတိပဋ္ဌာန်တရား လေးပါးကို ပွားများလျှင် ဗောဇ္ဈင်တရာ ခုနစ်ပါးနှင့် ပြည့်စုံ၏။ ဗောဇ္ဈင်တရား ခုနစ်ပါး ပွားများလျှင် ဝိဇ္ဇာ, ဝိမုတ္တိ
စာမျက်နှာ-526
ဟူသော တရားနှစ်ပါးနှင့် ပြည့်စုံ၏ဟု ဟောတော်မူသောကြောင့် အာနာပါန ကမ္မဋ္ဌာန်း စီးဖြန်း ပွားများသူသည် ယင်း အာနာပါနသမာဓိကို အခြေခံပြီး အလိုလို ပြည့်စုံလာသော သတိပဋ္ဌာန်တရား လေးပါးကို ဆက်လက် ပွားများ သောအားဖြင့် ဝိပဿနာဘက်သို့ ကူးနိုင်ပါသည်။
ဝိပဿနာဟူသည်
အနိစ္စ စသော အထူးထူးသော အခြင်းအရာအားဖြင့် .. သင်္ခါရတရားတို့ကို ပညာဉာဏ်ဖြင့် ရှုသောသဘောကို ဝိပဿနာဟု ဆိုလိုပါသည်။
အနုပဿနာဟူသည်
တေဘူမက သင်္ခါရတရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူသော လက္ခဏာယာဉ် သုံးပါး ပေါ်လာအောင် အဖန်ဖန်အထပ်ထပ် ရှုခြင်းသဘောကို အနုပဿနာဟု ဆိုလိုပါသည်။
ဝိပဿနာပွားများပုံ
မိမိကိုယ်တွင်း အဇ္ဈတ္တနှင့်တကွ တေဘူမက သင်္ခါရတရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာယာဉ်တင်၍ အနုပဿနာပြု၍ ဝိပဿနာရှုလိုသော ယောဂီသည် ဝိသုဒ္ဓိ (၇)ပါး၊ ဉာဏ်စဉ် (၁၀)ပါးနှင့်တကွ အခြားသိသင့်သော အချက်များကို ရှေးဦးစွာ သိထားရမည် ဖြစ်ပါသည်၊ ယင်းတို့ကို အဆင့်အလိုက် ဖော်ပြသွား မည် ဖြစ်ပါသည်။
ပထမအဆင့် သီလဝိသုဒ္ဓိစခန်း
ယောဂီသည် သမထစခန်း အာနာပါနကမ္မဋ္ဌာန်း မစီးဖြန်းမီကပင် သီလကို ဆောက်တည်ခံယူထားပြီးဖြစ်၍ သီလဝိသုဒ္ဓိစခန်း လွန်မြောက်ပြီး ဖြစ်ပါသည်။
ဒုတိယအဆင့် စိတ္တဝိသုဒ္ဓိစခန်း
ယောဂီသည် သမထယာနိကလမ်းလိုက်သူဖြစ်လျှင် ဥပစာရဈာန်၊ သို့မဟုတ် အပ္ပနာဈာန် အဆင့်အထိ သမာဓိကို ထူထောင်တားပြီးဖြစ်၍ ဝိပဿနာ ယာနိကလမ်း လိုက်သူဖြစ်လျှင် အာနာပါနကမ္မဋ္ဌာန်းဖြင့် သမာဓိကို အသင့် အတင့် ထူထောင်ထားပြီးဖြစ်၍ စိတ္တဝိသုဒ္ဓိစခန်းပေါက်မြောက်ပြီး ဖြစ်ပါသည်။
စာမျက်နှာ-527
တတိယအဆင့် ဒိဋ္ဌိဝိသုဒ္ဓိစခန်း
ငါ သူတပါး ယောက်ျား မိန်းမ အတ္တ အသက် လိပ်ပြာ ဝိညာဉ်ကောင် သတ္တဝါပုဂ္ဂိုလ်ကောင်ဟု ယူသော မှတ်ထင်သော အတ္တဒိဌိကင်းလျှင် ဒိဋ္ဌိဝိသုဒ္ဓိ စခန်း ပေါက်မြောက်ပြီး ဖြစ်ပါသည်။ လျောင်း ထိုင် ရပ် သွား ဣရိယာပုထ် ၄-ပါး၌ သတိပဋ္ဌာန်တရား ရှုပွားနေသော ယောဂီသည် အမှတ်ဉာဏ် ရင့်သန် လာသောအချိန်၌ မိမိခန္ဓာကိုယ်တွင် ရုပ်နာမ်အပြင် ငါ သူတပါး ယောက်ျား မိန်းမ အတ္တကောင် အသက်ကောင် ဝိညာဉ်ကောင် မရှိကြောင်း အလိုအလျောက် သိမြင်လာမည်ဖြစ်ပါသည်။ ထိုအခါ ဒိဋ္ဌိဝိသုဒ္ဓိစခန်း ပေါက်မြောက်ပြီး ဖြစ်သည်ဟု ဆိုပါသည်။စတုတ္ထအဆင့် ကင်္ခါဝိတရဏဝိသုဒ္ဓိစခန်း
ယုံမှားမှု ၁၆-ပါး လွန်မြောက်၍ အဟေတုကဒိဋ္ဌိ ဝိသမဟေတုကဒိဋ္ဌိ ကင်းလျှင် ကင်္ခါဝိတရဏဝိသုဒ္ဓိစခန်း ပေါက်မြောက်ပြီးဖြစ်နိုင်သည်၊ ယောဂီသည် ဒိဋ္ဌိဝိသုဒ္ဓိစခန်း ပေါက်မြောက်လျှင် ဤကင်္ခါဝိတရဏဝိသုဒ္ဓိစခန်းလည်း အလို အလျောက် ပေါက်မြောက်လာနိုင်ပြီး ဖြစ်ပါသည်။
ယုံမားမကစ်ါ (၁၆)ပါး
(၁) အတိတ်ဘဝက ငါဖြစ်ခဲ့တာ ဟုတ်သလား၊ (၂) မဖြစ်ခဲ့ဘူးလား (၃) ဘယ်အမျိုးဇာတ် ဖြစ်ခဲ့သလဲ၊ (၄) အဘယ်ပုံသဏ္ဌာန်လဲ၊ (၅) တတိယ ဘဝက ဘယ်လို၊ ဒုတိယ ဘဝက ဘယ်ပုံလဲ။
(အတိတ် ၅-မျိုး)
နည်းတူ အနာဂတ်အတွက် ၅-မျိုး၊ ပေါင်း (၁၀)မျိုးနှင့် ပစ္စုပ္ပန်အတွက် - (၁) ပစ္စုပ္ပန်ခန္ဓာကိုယ်အတွက် သို့လောသို့လော ဖြစ်ခြင်း၊ (၂) ငါ ဟုတ်ရဲ့လား၊ (၃) င၊ မဟုတ်ဘူးလား၊ (၄) ဘယ်လို အမျိုးဇတ်လဲ၊ (၅) ငါ၏ အတ္တဘော ဘယ်ပုံသဏ္ဌာန်လဲ၊ (၆) ဤအတ္တခေါ်သော ဝိညာဉ်ကောင်သည် ဘယ်ဘဝက လာ၍ ဘယ်ဘဝသို့ သွားဦးမည်လဲ၊ ဤ (၆)မျိုးကို ပေါင်းလျှင် ယုံမှားမှု ကင်္ခါ (၁၆)ပါး ဖြစ်ပါသည်။
အဟေတုကဒိဋ္ဌိဟူသည်
ရုပ်တရား နာမ်တရားများသည် အကြောင်းမရှိဘဲ ဘာသိဘာသာ ပေါ်လာ သည်ဟု ယူသော အယူမျိုးဖြစ်သည်။ အကြောင်.ကြောင့်သာ ရုပ်တစ်မျိုးနှင့် တစ်မျိုး မတူသည်၏ အဖြစ်နှင့် နာမ်ား၌ စက္ခုဝိညာဏ်စိတ် တစ်ခု
စာမျက်နှာ-528
တည်းပင် အခါခပ်သိမ်း မဖြစ်၊ အရာရာ၌ မဖြစ်ဘဲ ရူပါရုံ မျက်စိ အရောင် အလင်း နှလုံးသွင်းမှု ဤအကြောင်း ၄-ချက်ပြည့်စုံမှ ဖြစ်လာရသည်၏ အဖြစ်များကို ဆင်ခြင်ပါ။
ဝိသမတုကဒိဋ္ဌိဟူသည်
ဗြဟ္မာ ဗိဿနိုး ထာဝရဘုရားများက ဖန်ဆင်း၍ ရုပ်နာမ်ခန္ဓာ ဖြစ်ပေါ် လာရသည်ဟု ယူသော အယူမျိုး ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များမှာ ဤသို့ အယူ ရှိကြသူများ မဟုတ်၍ ဤဒိဋ္ဌိမျိုး မဖြစ်နိုင်ပါ။
စူဠသောတာပန်
ကိလေသာတရား ၁၀-ပါးအနက် ဒိဋ္ဌိ, ဝိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်သတ် နိုင်လျှင် သောတာပန်ဖြစ်ပြီး ဖြစ်ပါသည်။ ဤကင်္ခါဝိတရဏဝိသုဒ္ဓိစခန်း ပေါက်သော ယောဂီသည် ယင်း ဒိဋ္ဌိ, ဝိစိကိစ္ဆာကို အကြွင်းမဲ့ မပယ်သတ်နိုင်သေးသော်လည်း အတန်ကြာအောင် ပယ်နိုင်ပြီးဖြစ်၍ သောတာပန်နှင့် ... အလားတူသောကြောင့် စူဠသောတာပန်ဖြစ်တော့သည်။ ဒုတိယဘဝအတွက် သုဂတိမြဲပြီး ဖြစ်ပါသည်။
ပဉ္စမအဆင့် သမ္မသန, ဥဒယဗ္ဗယဉာဏ်နှင့် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိစခန်း
မိမိခန္ဓာကိုယ်တွင်း၌ ပေါ်တိုင်း ပေါ်တိုင်း, လှုပ်ရှားတိုင်း လှုပ်ရှားတိုင်း သတိပဋ္ဌာန် တရားအရ ရှုမှတ်ရှုမှတ်နေခြင်းကို ဝိပဿနာဉာဏ်စဉ် ၁၀-ပါးတွင် အဦးဆုံးဖြစ်သော သမ္မသနဉာဏ်စဉ် ပေါ်နေသည်ဟု ဆိုပါသည်။
သမ္မသနဉာဏ် ရင့်သန်ပြီးနောက် တိုးတက်အားထုတ်သည့်အခါ မိမိသန္တာန်၌ ထင်မြင်ထားပြီးဖြစ်သော ရုပ်တရား နာမ်တရားတို့သည် မဖြစ်ခင်က အဆင်သင့် ဖြစ်ရန် စုဆောင်းသိမ်းဆည်းထားခြင်းလည်း မရှိ၊ ချုပ်သည့်အခါ အရပ်တပါးသို့ သွား၍ စုပုံနေသည်လည်း မဟုတ်၊ အကြောင်းကြောင့် ရုတ်တရက်ဖြစ်ပြီးနောက် မကြာခင် ချုပ်ပျောက်ကုန်၏။ ထို့ကြောင့် ဖြစ်နေသော ရုပ်နာမ်၌ အဟောင်း မရှိ၊ အသစ်ချည်းသာ ဖြစ်လေသည်၊ ဤသို့ စသည်ဖြင့် ရုပ်နာမ်တို့၏ အဖြစ် အပျက်ကို သိရသော ဥဒယဗ္ဗယဉာဏ် ပေါ်လာတော့သည်။
စာမျက်နှာ-529
ဤသို့ ရုပ်နာမ်များဖြစ်သော အကြောင်းအရာအားဖြင့် ဖြစ်စေ၊ ဥပါဒ်,ပြီ ဘင် ဟူသော စကားအားဖြင့် ဖြစ်စေ ရှုဆင်ခြင်၍ ရုပ်နာမ်တို့၏ ဖြစ်ခြင်း ပျက်ခြင်းကို ရှင်းလင်းစွာ သိမြင်လာသောအခါ စိတ်လည်း အလွန်ကြည်လင် လာရကား ယောဂီ၌ ဝိပဿနုပတ္တိလေသခေါ် ဝိပဿနာညစ်ညူးကြောင်း တရား (၁၀)ပါး ဖြစ်ပေါ်လာတတ်ပါသည်။
ဝိပဿနာ ညစ်ညူးကြောင်းတရား ၁၀-ပါး
၁။ ဩဘာသ = ကိုယ်ရောင်ကိုယ်ဝါ အရောင်အလင်းများ၊
၂။ ပီတိ = နှစ်သက်မှုများ (အာရုံကို နှစ်သက်မှုများ)၊
၃။ ပဿဒ္ဓိ = ကိုယ်စိတ်နှစ်ပါး ငြိမ်းအေးမှုများ၊
၄။ အဓိမောက္ခ = ကမ္မဋ္ဌာန်းအာရုံ၌ သက်ဝင်ဆုံးဖြတ်တတ်သော သဒ္ဓါတရားများ၊
၅။ ပဂ္ဂဟ = ဝိပဿနာစိတ်ကို နောက်မဆုတ်အောင် အားပေး ချီးမြှောက် ထောက်ပံ့တတ်သော ဝီရိယ၊
၆။ သုခ = ချမ်းသာခြင်းကို ခံစားမှု၊
၇။ ဉာဏ = အမြင်သန်သော ဝိပဿနာဉာဏ်
၈။ ဥပဋ္ဌာန = ကမ္မဋ္ဌာန်းအာရုံ၌ လွန်စွာတည်တံ့သောသတိ၊
၉။ ဥပေက္ခာ = အဖြစ်အပျက် အလွန်ထင်ရှားချိန်ဖြစ်၍ ယင်းအဖြစ် အပျက်ကို ရှူရန် ဗျာပါရ မများတော့ဘဲ အသင့်အား ဖြင့်သာ ရှုသော ဥပက္ခော၊
၁၀။ နိကန္တိ = ဩဘာသ စသည်တို့ဖြင့် အလွန် တင့်တယ်စွာ တန်ဆာဆင်ထားသော ဝိပဿနာကို နှစ်သက်မှု။
အထက်ဖော်ပြပါ တရား ၁၀-ပါးကား ကောင်းမြတ်သော တရားများဖြစ် သော်လည်း ယင်းဩဘာသ စသည်တို့သည် ငါ့မှာ ဖြစ်သည်ဟု စွဲလမ်းသော ဒိဌိ၊ ယင်းတို့ကို အလွန်နှစ်သက်ဖွယ်ကောင်းသည်ဟု..စိတ်ကြီးဝင်သော မာန၊ ငါ၏ ဩဘာသ စသည်ဖြင့် စွဲလမ်းတတ်သော တဏှာ၊ ဤတရား ၃-ပါးတို့၏ ဟည်ရာ အာရုံများဖြစ်သောကြောင့် ဝိပဿနာညစ်ညူးကြောင်း တရားဟု ဆို ခြင်းဖြစ်သည်။ ယင်း တဏှာ, မာန, ဒိဋ္ဌိတရား ၃-ပါးသာလျှင် ဝိပဿနာ ညစ်ညူးကြောင်းတရားအစစ် ဖြစ်ပါသည်။
စာမျက်နှာ-530
ဤသို့ ဩဘာသ စသည်တို့ ဖြစ်သောအခါ ကမ္မဋ္ဌာန်းအာရုံ၌ မကျွမ်းကျင် သော ယောဂီသည် ရှေးက မဖြစ်ဖူးသော ထိုဩဘာသ စသည်ကို မဂ်စိတ် ဖိုလ်စိတ်ထင်၍ နှစ်သက်မှုဖြစ်ကာ ကမ္မဋ္ဌာန်းလက်လျှော့လိုက်လျှင် လမ်းလွဲရ ပါတော့သည်၊ ကျွမ်းကျင်သော ယောဂီများကား ထိုဩဘာသ စသည် များသည် ဝိပဿနာညစ်ညူးကြောင်းတည်း၊ ၎င်းတို့ကို နှစ်သက်နေမှုသည် လမ်း(မဂ္ဂ)မဟုတ်၊ အမဂ္ဂတည်း။ ၎င်းတို့ကို ဂရုမစိုက်ဘဲ အားထုတ်မြဲ ဝိပဿနာ သာလျှင် မဂ်ဖိုလ်ရကြောင်း လမ်းကောင်း မဂ္ဂတည်းဟု လမ်းမှန်, မမှန်ကို သိသောဉာဏ် ထင်ထင်ရှားရှား ပေါ်လာပါတော့သည်၊ ထိုအခါ မဂ္ဂါမဂ္ဂဉာဏ ဒဿနဝိသုဒ္ဓိစခန်း ပေါက်မြောက်ပြီး ဖြစ်ပါသည်။
အထူးမှာ ဖော်ပြပါ ဝိပဿနာညစ်ညူးကြောင်း တရား ၁၀-ပါးသည် အမှန် တကယ် လုံ့လရှိရှိ အားထုတ်နေသူများ၌သာ ဖြစ်ပေါ်လေ့ ဖြစ်ပေးထ ရှိပါသည်။ အများအားဖြင့် သမထ ဝိပဿနာ (၂)ပါးစလုံး ဖြစ်နေသူတို့၌ ဖြစ်လေ့ဖြစ်ထရှိပါသည်၊ အရိယာဖြစ်ပြီးသူ၊ လွဲမှားစွာ ပွားများနေသူ၊ တရား အားထုတ်မှုကို ရပ်နားထားသူနှင့် ပျင်းပျင်းရိရိ အားထုတ်နေသူများ၌ ဖြစ်ပေါ် လေ့မရှိပါ။
ဆဋ္ဌမအဆင့် ဘင်္ဂ စသောဉာဏ်နှင့် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိစခန်း
ရှေး ဝိသုဒ္ဓိစခန်း၌ ဥဒယဗ္ဗယဉာဏ် ပေါ်ခဲ့သော်လည်း .. ဝိပဿနာညစ်ညူး ကြောင်းတရားများ နှောင့်ယှက်မှုကြောင့် အနိစ္စ ဒုက္ခ အနတ္တ ဟူသော လက္ခဏာများ ကောင်းစွာ မထင်သေး၊ ၎င်းတရားတို့မှ လွတ်မြောက်သောအခါ လက္ခဏာ ယာဉ် (၃)ပါး အလွန်ထင်ရှားလာစေရန် ယင်း ဥဒယဗ္ဗယဉာဏ်ကိုပင် အဖန်ဖန် အထပ်ထပ် ဆင်ခြင် သုံးသပ် ရှုမှတ်နေရမည်၊ ဥဒယဗ္ဗယဉာဏ်ဖြင့် ရုပ်နာမ် တို့၏ဖြစ်ခြင်း ပျက်ခြင်း (၂)မျိုးစလုံးကို ထင်ရှားအောင် ရှု၍ အလွန် ထင်ရှားလာသည့်အခါ အဖြစ်အပျက်တို့က အလွန် လျင်မြန်ရကား အဖြစ်ကို အာရုံ မပြုမိတော့ဘဲ အပျက်ချည်းကိုသာ မြင်နေရသော ဘင်္ဂဉာဏ် ပေါ်လာ တော့သည်။
ဘင်္ဂဉာဏ် ပေါ်ပြီးနောက် မကြာခင် ရုပ်နာမ်တို့အပေါ် အပြစ်မြင်ပြီး ကြောက်စရာအဖြစ် ထင်မြင်သော ... ဘယဉာဏ်လည်း ပေါ်လာပါတော့သည်၊ ဘယဉာဏ် ပေါ်ပြီးနောက် ရုပ်နာမ်တို့အပေါ် ငြီးငွေ့သော နိဗ္ဗိဒါဉာဏ်လည်း ပေါ်ပြီးနောက် ထိုရုပ်နာမ်တို့မှ လွတ်မြောက်လိုသော မုစ္စိတုကမျတာဉာဏ်လည်း ဆက်တိုက် ပေါ်လာပါတော့သည်၊ ၎င်းနောက် ယင်းရုပ်နာမ် သင်္ခါရတို့ကိုပင် အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာယာဉ်တင်၍ ထပ်မံ ရှုပွားလျှင် မကြာမတင်ပင် ပဋိသင်္ခါဉာဏ်လည်း ဆင့်ကာ ပေါ်လာပါတော့သည်။
စာမျက်နှာ-531
ပဋိသင်္ခါဉာဏ်ပေါ်ရေးအတွက် ရုပ်နာမ်သင်္ခါရတို့ကို အခြင်းအရာ (၄၀)ဖြင့် လက္ခဏာယာဉ်တင်၍ ရှုပွားရန် ဝိသုဒ္ဓိမဂ်၌ ညွှန်ပြထားပါသည်။ အနိစ္စ လက္ခဏာအတွက် အခြင်းအရာ ၁၀-ပါး၊ ဒုက္ခလက္ခဏာအတွက် အခြင်းအရာ ၂၅- ပါး၊ အနတ္တလက္ခဏာအတွက် အခြင်းအရာ ၅-ပါး၊ စုစုပေါင်း (၄၀)ဖြစ်ပါသည်။ ယင်း (၄၀)ကို တော (၄ဝ)ဟူ၍လည်း ခေါ်ပါသည်၊ ယင်းတို့မှာ ဖော်ပြလတ္တံ့ပါအတိုင်း ဖြစ်ပါသည် -
အနိစ္စအခြင်းအရာ ၁၀-ပါး
၁။ အမြဲမရှိခြင်း၊
၂။ အလွန်ပျက်ခြင်း၊
၃။ တုန်လှုပ်ခြင်း၊
၄။ ပျက်လွယ်ခြင်း၊
၅။ မခိုင်ခံ့ခြင်း၊
၆။ ဖောက်ပြန်မှု သဘောရှိခြင်း၊
၇။ အနှစ်မရှိခြင်း၊
၈။ ကြီးပွားစည်ပင်မှုကင်းခြင်း၊
၉။ ပေါင်းစု၍ ပြုအပ်ခြင်း၊
၁၀။ သေခြင်းသဘောရှိခြင်း။
ဒုက္ခအခြင်းအရာ ၂၅-ပါး
၁။ ဆင်းရဲ၏ တည်ရာဝတ္ထုဖြစ်ခြင်း၊
၂။ စွဲကပ်ရောဂါနှင့် တူခြင်း၊
၃။ အိုင်းအမာနှင့် တူခြင်း၊
၄။ စူးဝင်သောငြောင့်နှင့် တူခြင်း၊
၅။ မကောင်းမှုနှင့် တူခြင်း၊
၆။ ဖျားနာမှုနှင့် တူခြင်း၊
၇။ ဘေးရန်နှင့် တူခြင်း၊
၈။ ဥပဒေဝေါနှင့် တူခြင်း၊
စာမျက်နှာ-532
၉။ ဘေးနှင့် တူခြင်း၊
၁၀။ ကပ်ငြိသော အနှောင့်အယှက်နှင့် တူခြင်း၊
၁၁။ မစောင့်ရှောက်တတ်ခြင်း၊
၁၂။ ပုန်းအောင်းရာ မဟုတ်ခြင်း၊
၁၃။ ကိုးကွယ်ရာ မဟုတ်ခြင်း၊
၁၄။ အပြစ်အာဒီနဝဖြစ်ခြင်း၊
၁၅။ မကောင်းမှု၏ အမြစ်အရင်းဖြစ်ခြင်း၊
၁၆။ လူသတ်ယောက်ျားနှင့် တူခြင်း၊
၁၇။ အာသဝေါ၏ အာရုံဖြစ်ခြင်း၊
၁၈။ လူသတ်သမား မာရ်တို့၏ သတ်စရာ အစာဖြစ်ခြင်း၊
၁၉။ ဖြစ်ခြင်းသဘောရှိခြင်း
၂ဝ။ အိုခြင်း သဘောရှိခြင်း၊
၂၁။ နာခြင်း သဘောရှိခြင်း၊
၂၂။ စိုးရိမ်ဖွယ်သဘောဖြစ်ခြင်း၊
၂၃။ ငိုကြွေးဖွယ်သဘောဖြစ်ခြင်း။
၂၄။ ပြင်းစွာ ပူပန်ဖွယ်သဘောဖြစ်ခြင်း၊
၂၅။ ကိလေသာတို့၏ စွဲမှီရာ အာရုံသဘောဖြစ်ခြင်း၊
အနုတ္တအခြင်းအရာ ၅-ပါး
(၁) ပြင်ပသူစိမ်းနှင့်တူခြင်း၊
(၂) ဓုဝ, သုဘ စသည်အဖြစ်မှ ဆိတ်ခြင်း၊
(၃) အချည်းအနှီးဖြစ်ခြင်း၊
(၄) တိတ္ထိတို့ ကြံဆအပ်သော အတ္တမှ ဆိတ်သုဉ်းခြင်း၊
(၅) တိတ္ထိ တို့ကြံဆအပ်သော အတ္တမဟုတ်ခြင်း၊
စာမျက်နှာ-533
မုစ္စိတုကမျတာဉာဏ်ဖြင့် ရုပ်နာမ်သင်္ခါရတို့မှ လွတ်မြောက်လိုရုံသာ ရှိသေး သည်၊ တကယ် မလွတ်သေးချေ။ ဤပဋိသင်္ခါဉာဏ်ဖြင့် ရုပ်နာမ်သင်္ခါရတို့ကို တကယ် စွန့်လွှတ်ရတော့မည်၊ သို့ရာတွင် မလွှတ်ခင် စွန့်လွှတ်ခါနီး၌ ရုတ်တရက် မလွှတ်လိုက်သေးဘဲ ကြပ်ကြပ်နွံနာအောင် (နိစ္စ သုခ အတ္တ ဟု နောင်အခါ မစွဲလမ်းနိုင်အောင်) တဖန် ထပ်၍ အနိစ္စ ဒုက္ခ အနတ္တဟု ရှရပြန်ခြင်းဖြစ်သည်။
ပဋိသင်္ခါဉာဏ်ဖြင့် ရုပ်နာမ် သင်္ခါရတို့ကို စွန့်လွှတ်ပြီးနောက် ယင်းရုပ်နာမ် သင်္ခါရတို့ကို ဘယ, အာဒီနဝ (ဘေး, အပြစ်) စသည်ဖြင့် မရှုတော့ဘဲ လျစ်လျူ ရှုနိုင်သော သင်္ခါရုပေက္ခာဉာဏ် ပေါ်လာတော့သည်။
ဤဉာဏ်ဖြင့် လျစ်လျူရှုသည်ဟု ဆိုသော်လည်း အလုံးစုံ အာရုံမပြုဘဲ နေ၍ မဖြစ်၊ ဝိပဿနာဉာဏ်ဟူသမျှ ရုပ်နာမ်သင်္ခါရတို့ကိုပင် အာရုံပြုရသည်၊ သို့သော် အာရုံပြုရသည့်အခါ .... သာယာနှစ်သက်ခြင်းလည်းမရှိ၊ ကြောက်မက်ဖွယ် ဟူ၍လည်း ဂရုမစိုက်ဘဲ လျစ်လျူရှုကာ အနိစ္စ ဒုက္ခ အနတ္တဟု ဆင်ခြင်နေခြင်းသာ ဖြစ်ပါသည်။
သင်္ခါရုပက္ခောဉာဏ်ဖြင့် ရုပ်နာမ်သင်္ခါရတို့၌ လျစ်လျူရှုကာ အနိစ္စ ဒုက္ခ အနတ္တဟု ရှုဖန်များလတ်သော် ရုပ်နာမ်သင်္ခါရတို့၌ အာရုံမပြုတော့ဘဲ သင်္ခါရ တို့မှ တွန့်ဆုတ်လျက် သင်္ခါရလွတ်ကင်းရာ နိဗ္ဗာန်ကိုသာ စိတ်ညွှတ်နေတော့သည်၊ သို့သော် နိဗ္ဗာန်ကို တိုက်ရိုက်မမြင်သေးသဖြင့် နိဗ္ဗာန်ကို ရှာဖွေရင်းပင် သင်္ခါရ တို့ကို အာရုံပြုနေရသေးသည်။ နိဗ္ဗာန်ကို မြင်လောက်သော အကြိမ်၌သာ ပရိကံ, ဥပစာ, အနုလုံဟု အနုလောမဉာဏ် ပေါ်လာပြီးနောက် ဂေါတြဘူဖြင့် အာရုံပြုလျက် မဂ်ဖိုလ်ရောက်အောင် တိုးတက်လာပါတော့သည်။
ဤအနုလောမဉာဏ်မှ တဆင့်တက်လျှင် မဂ်ဖိုလ်ရပါတော့မည်၊ သို့အတွက် အထက်မဂ်ခဏ၌ ရလတ္တံ့သော ဗောဓိပက္ခိယ တရားအားလည်းကောင်း၊ ဥဒယဗ္ဗယ စသော အောက်ဉာဏ် ၈-ပါးအားလည်းကောင်း လျော်သောကြောင့် ဤဉာဏ်ကို အနုလောမဉာဏ်ဟု ဆိုခြင်းဖြစ်သည်။ လျော်ပုံကား - အနုလောမ ဉာဏ်သည် ရှေးဥဒယဗ္ဗယ စသော ဉာဏ်များ၏ ဆိုင်ရာကိစ္စကို ခွင့်ပြုကျေနပ် သကဲ့သို့ ... အနိစ္စ, ဒုက္ခ, အနတ္တဟု ထပ်၍ ရှုတုန်းပင် ဖြစ်သည်၊ ထို့ကြောင့် ရှေးဉာဏ်၈-ပါးနှင့် မဆန့်ကျင်၊ အလျော်ပင်ဖြစ်သည်။ ပင်ကိုရည်ရွယ်ရင်းက မဂ်ခဏ၌ ဗောဓိပက္ခိယတရားတို့ကို ရအောင် ရည်ရွယ်ခဲ့သည်။ ရည်ရွယ်သည့် အတိုင်း ထိုတရားတို့ကို ရတော့မည်ဖြစ်သည်၊ ထို့ကြောင့် ဗောဓိပက္ခိယတရား အားလည်း အလျော်ပင်ဖြစ်သည်။
စာမျက်နှာ-534
သတ္တမအဆင့် ဉာဏဒဿနဝိသုဒ္ဓိစခန်း
ဤအဆင့်ကား ဝိပဿနာစခန်း၏ နောက်ဆုံးအဆင့်ဖြစ်သည်၊ ဤအဆင့်သို့ ရောက်သောယောဂီသည် မဂ်ဖိုလ်ကိုမျက်မှောက်ပြုရပြီဖြစ်သည်။ ဝုဋ္ဌာနဂါမိနီ ဝိပဿနာအဆင့် ဟူ၍လည်း ခေါ်ပါသည်၊ မဂ်တရားကို ဝုဋ္ဌာနခေါ်သည်၊ မဂ်တရားကား ရုပ်နာမ်သင်္ခါရတို့ကို အာရုံမပြုပါ၊ နိဗ္ဗာန်ကိုသာ အာရုံပြုပါသည်။ ရုပ်နာမ်သင်္ခါရတည်းဟူသော အာရုံနိမိတ်မှ လွတ်သည်။ ထို့ကြောင့် မဂ်ကို ဝုဋ္ဌာန ခေါ်ခြင်း ဖြစ်သည်။ဝုဋ္ဌာနဂါမိနီဝိပဿနာဟူသည် မဂ်သို့ ရောက်ကြောင်း ဖြစ်သော (မဂ်နှင့် နီးကပ်နေသော) ဝိပဿနာဉာဏ်ကို ဆိုလိုပါသည်။ မဂ်သို့ ရောက်ကြောင်း ဖြစ်သော ဉာဏ်ဟူသည် သင်္ခါရုပက္ခောဉာဏ်၏ နောက်ဆုံးပိုင်းနှင့် အနုလောမ ဉာဏ်ပင်ဖြစ်ပါသည်။ သင်္ခါရုပက္ခောဉာဏ်ကို ဝီထိအားဖြင့် သုံးပိုင်း ပိုင်းလျှင် နောက်ပိုင်းဖြစ်သော မနောဒွာရာဝဇ္ဇန်းနောက် ဇော (၇)ကြိမ်ဟူသော သင်္ခါရုပက္ခော ဉာဏ်ဖြစ်ပြီးလျှင် ဘဝင် အနည်းငယ်ခြား၍ ဘဝင်္ဂစလန, ဘဝင်္ဂုပေစ္ဆ ဒ, မနောဒွါရာဝဇ္ဇာန်းတို့နောင် ပရိကံ, ဥပစာ, အနုလုံဟု အနုလောမဉာဏ် ဖြစ်သည်၊ ထို့နောက် ဂေါတြဘူကို ဆက်သော် မဂ်ဖိုလ်ရတော့သည်။
ဂေါတြဘူစိတ်ဟူသည်
ပုထုဇဉ်အနွယ်ကို လွှမ်းမိုးသောစိတ်ဖြစ်သည်။ ဂေါတြဘူစိတ် ဖြစ်သော အခါ အရိယာအနွယ်သို့ မရောက်သေးသော်လည်း ရောက်တော့မည် ဖြစ်သဖြင့် သမီပူပစာအားဖြင့် ရောက်သည်ဟု ဆိုရတော့သည်။ ဤဂေါတြဘူစိတ်သည် နိဗ္ဗာန်ကိုအာရုံပြုနိုင်ပြီ။
မဂ်စိတ်ပေါ်လာပုံ
ဂေါတြဘူစိတ်ချုပ်ပြီးနောက် ကိစ္စလေးချက်ကို တပြိုင်နက် ပြီးစေတတ်သော မဂ်စိတ် ပေါ်လာတော့သည်။ ဆီမီးတိုင်သည် မီးစာကို လောင်ခြင်း၊ အမှောင် ပယ်ခြင်း၊ အလင်းဆောင်ခြင်း၊ ဆီကုန်ခြင်းဟူသော ကိစ္စလေးချက်ကို တပြိုင်နက် ပြီးစေသကဲ့သို့ မဂ်တရားသည်လည်း ဒုက္ခသစ္စာကို “ဤမျှသာရှိ၏၊ ဤလောကီ စိတ် စေတသိက် ရုပ်မှတပါး အခြား မရှိ” ဟု ပိုင်းခြား၍ သိခြင်းဟူသော ပရိညာကိစ္စ၊ သမုဒယသစ္စာ တဏှာလောဘကို ပယ်စွန့်ခြင်းဟူသော ပဟာနကိစ္စ၊ နိရောဓသစ္စာ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း ဟူသော သစ္ဆိကိရိယာကိစ္စ၊ မဂ္ဂသစ္စာ(မဂ္ဂင်ရှစ်ပါး)ကို မိမိသန္တာန်၌ ဖြစ်ပေါ်လာစေခြင်းဟူသော ဘာဝနာကိစ္စ ဟူသော ကိစ္စလေးချက်ကို တပြိုင်နက် ပြီးစေနိုင်သည်။
စာမျက်နှာ-535
ပစ္စဝေက္ခဏာ (၅) ဝီထိဖြစ်ပုံ
ဤသို့ မဂ်ရပြီးနောက် ဖိုလ်ဇော (၂)ကြိမ် (၃)ကြိမ် နောင် ဘဝင်ကျ၍ ဘဝင်အစဉ် ပြတ်သောအခါ -(၁) ငါသည် ဤမဂ်ဖြင့် နိဗ္ဗာန်ကို ရပြီဟု မဂ်ကိုဆင်ခြင်သော ဝီထိ၊
(၂) မဂ်အကျိုးကို ခံစားရလေပြီဟု ဖိုလ်ကို ဆင်ခြင်သော ဝီထိ၊
(၃) ဤနိဗ္ဗာန်ကို မျက်မှောက်ပြုရပြီဟု နိဗ္ဗာန်ကို ဆင်ခြင်သော ဝီထိ၊
(၄) ဤမျှသော ကိလေသာတို့ကို ပယ်ပြီးပြီဟု ပဟိန ကိလေသာတို့ကို ဆင်ခြင်သော ဝီထိ၊
(၅) ဤမျှသော ကိလေသာတို့ကို မပယ်ရသေး၊ ကျန်သေးသည်ဟု သေသ ကိလေသာတို့ကို ဆင်ခြင်သော ဝီထိ။
ဤ ပစ္စဝေက္ခဏာ (၅)ဝီထိတို့ ဖြစ်ကြသည်။ ထို (၅) ဝီထိတွင် မဂ်ရပြီး ပုဂ္ဂိုလ်အား အမှတ် (၁-၂-၃) ဝီထိတို့ကား ဧကန် ဧက ဖြစ်ကြရသည်၊ အမှတ် (၄-၅) ဝီထိတို့ကား အချို့သောသူများ ဖြစ်၍ အချို့သောသူများ မဖြစ် ကြပါ။ ဤသို့အားဖြင့် သောတာပတ္တိမဂ် (၅) ဝီထိ၊ သကဒါဂါမိမဂ် (၅) ဝီထိ အနာဂါမိမဂ် (၅) ဝီထိ၊ အရဟတ္တမဂ် အမှတ် (၅) ကြဉ် (၄) ဝီထိ၊ စုစုပေါင်း ပစ္စဝေက္ခဏာဝီထိ (၁၉)ဝီထိ ရနိုင်ပါသည်။
ပယ်သောကိလေသာ၊ ကျန်သောကိလေသာ
၁။ သောတာပန်ပုဂ္ဂိုလ်သည် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ ဟူသော ကိလေသာ ဆယ်မျိုးတွင် ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်သတ်ပြီး ဖြစ်ပါသည်၊ ကျန် (၈)မျိုးကို မပယ်နိုင်သေးပါ။
၂။ သကဒါဂါမ်ပုဂ္ဂိုလ်သည် ဒိဋ္ဌိ, ဝိစိကိစ္ဆာ (၂)မျိုးကို အကြွင်းမဲ့ ပယ်သတ် ပြီးဖြစ်သည့်အပြင် ကာမရာဂ (လောဘတစ်စိတ်)၊ ဒေါသနှင့် ဒိဋ္ဌိဂတ ဝိပ္ပယုတ်, ပဋိဃသမ္ပယုတ် စိတ်၌ ယှဉ်သော မောဟကိလေသာများကို ခေါင်းပါးအောင် ပြုထားပြီးဖြစ်သည်၊ လုံးဝ အမြစ်ပြတ် မပယ်နိုင် သေးပါ။
စာမျက်နှာ-536
သတ္တမအဆင့် ဉာဏဒဿနဝိသုဒ္ဓိစခန်း
ဤအဆင့်ကား ဝိပဿနာစခန်း၏ နောက်ဆုံးအဆင့်ဖြစ်သည်၊ ဤအဆင့်သို့ ရောက်သောယောဂီသည် မဂ်ဖိုလ်ကိုမျက်မှောက်ပြုရပြီဖြစ်သည်။ ဝုဋ္ဌာနဂါမိနီ ဝိပဿနာအဆင့် ဟူ၍လည်း ခေါ်ပါသည်၊ မဂ်တရားကို ဝုဋ္ဌာနခေါ်သည်၊ မဂ်တရားကား ရုပ်နာမ်သင်္ခါရတို့ကို အာရုံမပြုပါ၊ နိဗ္ဗာန်ကိုသာ အာရုံပြုပါသည်။ ရုပ်နာမ်သင်္ခါရတည်းဟူသော အာရုံနိမိတ်မှ လွတ်သည်။ ထို့ကြောင့် မဂ်ကို ဝုဋ္ဌာန ခေါ်ခြင်း ဖြစ်သည်။ဝုဋ္ဌာနဂါမိနီဝိပဿနာဟူသည် မဂ်သို့ ရောက်ကြောင်း ဖြစ်သော (မဂ်နှင့် နီးကပ်နေသော) ဝိပဿနာဉာဏ်ကို ဆိုလိုပါသည်။ မဂ်သို့ ရောက်ကြောင်း ဖြစ်သော ဉာဏ်ဟူသည် သင်္ခါရုပက္ခောဉာဏ်၏ နောက်ဆုံးပိုင်းနှင့် အနုလောမ ဉာဏ်ပင်ဖြစ်ပါသည်။ သင်္ခါရုပက္ခောဉာဏ်ကို ဝီထိအားဖြင့် သုံးပိုင်း ပိုင်းလျှင် နောက်ပိုင်းဖြစ်သော မနောဒွာရာဝဇ္ဇန်းနောက် ဇော (၇)ကြိမ်ဟူသော သင်္ခါရုပက္ခော ဉာဏ်ဖြစ်ပြီးလျှင် ဘဝင် အနည်းငယ်ခြား၍ ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, မနောဒွါရာဝဇ္ဇာန်းတို့နောင် ပရိကံ, ဥပစာ, အနုလုံဟု အနုလောမဉာဏ် ဖြစ်သည်၊ ထို့နောက် ဂေါတြဘူကို ဆက်သော် မဂ်ဖိုလ်ရတော့သည်။
ဂေါတြဘူစိတ်ဟူသည်
ပုထုဇဉ်အနွယ်ကို လွှမ်းမိုးသောစိတ်ဖြစ်သည်။ ဂေါတြဘူစိတ် ဖြစ်သော အခါ အရိယာအနွယ်သို့ မရောက်သေးသော်လည်း ရောက်တော့မည် ဖြစ်သဖြင့် သမီပူပစာအားဖြင့် ရောက်သည်ဟု ဆိုရတော့သည်။ ဤဂေါတြဘူစိတ်သည် နိဗ္ဗာန်ကိုအာရုံပြုနိုင်ပြီ။
မဂ်စိတ်ပေါ်လာပုံ
ဂေါတြဘူစိတ်ချုပ်ပြီးနောက် ကိစ္စလေးချက်ကို တပြိုင်နက် ပြီးစေတတ်သော မဂ်စိတ် ပေါ်လာတော့သည်။ ဆီမီးတိုင်သည် မီးစာကို လောင်ခြင်း၊ အမှောင် ပယ်ခြင်း၊ အလင်းဆောင်ခြင်း၊ ဆီကုန်ခြင်းဟူသော ကိစ္စလေးချက်ကို တပြိုင်နက် ပြီးစေသကဲ့သို့ မဂ်တရားသည်လည်း ဒုက္ခသစ္စာကို “ဤမျှသာရှိ၏၊ ဤလောကီ စိတ် စေတသိက် ရုပ်မှတပါး အခြား မရှိ” ဟု ပိုင်းခြား၍ သိခြင်းဟူသော ပရိညာကိစ္စ၊ သမုဒယသစ္စာ တဏှာလောဘကို ပယ်စွန့်ခြင်းဟူသော ပဟာနကိစ္စ၊ နိရောဓသစ္စာ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း ဟူသော သစ္ဆိကိရိယာကိစ္စ၊ မဂ္ဂသစ္စာ(မဂ္ဂင်ရှစ်ပါး)ကို မိမိသန္တာန်၌ ဖြစ်ပေါ်လာစေခြင်းဟူသော ဘာဝနာကိစ္စ ဟူသော ကိစ္စလေးချက်ကို တပြိုင်နက် ပြီးစေနိုင်သည်။
စာမျက်နှာ-537
ပစ္စဝေက္ခဏာ (၅) ဝီထိဖြစ်ပုံ
ဤသို့ မဂ်ရပြီးနောက် ဖိုလ်ဇော (၂)ကြိမ် (၃)ကြိမ် နောင် ဘဝင်ကျ၍ ဘဝင်အစဉ် ပြတ်သောအခါ -(၁) ငါသည် ဤမဂ်ဖြင့် နိဗ္ဗာန်ကို ရပြီဟု မဂ်ကိုဆင်ခြင်သော ဝီထိ၊
(၂) မဂ်အကျိုးကို ခံစားရလေပြီဟု ဖိုလ်ကို ဆင်ခြင်သော ဝီထိ၊
(၃) ဤနိဗ္ဗာန်ကို မျက်မှောက်ပြုရပြီဟု နိဗ္ဗာန်ကို ဆင်ခြင်သော ဝီထိ၊
(၄) ဤမျှသော ကိလေသာတို့ကို ပယ်ပြီးပြီဟု ပဟိန ကိလေသာတို့ကို ဆင်ခြင်သော ဝီထိ၊
(၅) ဤမျှသော ကိလေသာတို့ကို မပယ်ရသေး၊ ကျန်သေးသည်ဟု သေသ ကိလေသာတို့ကို ဆင်ခြင်သော ဝီထိ။
ဤ ပစ္စဝေက္ခဏာ (၅)ဝီထိတို့ ဖြစ်ကြသည်။ ထို (၅) ဝီထိတွင် မဂ်ရပြီး ပုဂ္ဂိုလ်အား အမှတ် (၁-၂-၃) ဝီထိတို့ကား ဧကန် ဧက ဖြစ်ကြရသည်၊ အမှတ် (၄-၅) ဝီထိတို့ကား အချို့သောသူများ ဖြစ်၍ အချို့သောသူများ မဖြစ် ကြပါ။ ဤသို့အားဖြင့် သောတာပတ္တိမဂ် (၅) ဝီထိ၊ သကဒါဂါမိမဂ် (၅) ဝီထိ၊ အနာဂါမိမဂ် (၅) ဝီထိ၊ အရဟတ္တမဂ် အမှတ် (၅) ကြဉ် (၄) ဝီထိ၊ စုစုပေါင်း ပစ္စဝေက္ခဏာဝီထိ (၁၉)ဝီထိ ရနိုင်ပါသည်။
ပယ်သောကိလေသာ၊ ကျန်သောကိလေသာ
၁။ သောတာပန်ပုဂ္ဂိုလ်သည် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ ဟူသော ကိလေသာ ဆယ်မျိုးတွင် ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်သတ်ပြီး ဖြစ်ပါသည်၊ ကျန် (၈)မျိုးကို မပယ်နိုင်သေးပါ။
၂။ သကဒါဂါမ်ပုဂ္ဂိုလ်သည် ဒိဋ္ဌိ, ဝိစိကိစ္ဆာ (၂)မျိုးကို အကြွင်းမဲ့ ပယ်သတ် ပြီးဖြစ်သည့်အပြင် ကာမရာဂ (လောဘတစ်စိတ်)၊ ဒေါသနှင့် ဒိဋ္ဌိဂတ ဝိပ္ပယုတ်, ပဋိဃသမ္ပယုတ် စိတ်၌ ယှဉ်သော မောဟကိလေသာများကို ခေါင်းပါးအောင် ပြုထားပြီးဖြစ်သည်၊ လုံးဝ အမြစ်ပြတ် မပယ်နိုင် သေးပါ။
စာမျက်နှာ-538
၃။ အနာဂါမ်ပုဂ္ဂိုလ်သည် သကဒါဂါမ်ဘဝက ခေါင်းပါးအောင် ပြုထားပြီးသော ကာမရာဂ (လောဘတစ်စိတ်)နှင့် ဒေါသ (ဗျာပါဒ) တို့ကို အကြွင်းမဲ့ ပယ်သတ်လိုက်ပြီးဖြစ်သည်။ ကာမရာဂကို ပယ်သတ်ပြီးဖြစ်၍ ကာမဘုံ၌ တဖန် ပဋိသန္ဓေနေရန် မရှိပြီ၊ ထို့ကြောင့် ဤလူ့ဘုံ၌ ရဟန္တာဖြစ်လျှင် ဖြစ်၊ မဖြစ်က ရူပဘုံ, အရူပဘုံ၌ ပဋိသန္ဓေနေ၍ ထိုမှတစ်ဆင့် နိဗ္ဗာန် ရနိုင်သည်။
၄။ ရဟန္တာပုဂ္ဂိုလ်ကား ကိလေသာ (၁၀)ပါးစလုံးကို အကြွင်းမဲ့ ပယ်သတ်ပြီး ဖြစ်ပါသည်။
စာမျက်နှာ-539
ဝိပဿနာဉာဏ်
အခန်း (၁၄) ဝိပဿနာဉာဏ် (၁၀)ပါး
ကမ္မဋ္ဌာန်းအလုပ် အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် ရှေးဦးစွာ သမထ ဘာဝနာကို ပွားများအားထုတ်ရသည်။ သမထဘာဝနာဟူသည်မှာ အဖန်ဖန် အထပ်ထပ် မိမိသန္တာန်၌ ဖြစ်ပေါ်အောင်ရှုမှတ်ပွားများအပ်သော နီဝရဏ တရားတို့ကို ငြိမ်းအေးစေတတ်သည့် ကသိုဏ်း (၁၀)ပါး စသည်တို့ပင် ဖြစ်ပါသည်။ တရားကိုယ်မှာ သမာဓိတရားဖြစ်၍ မိမိစိတ်ကို သမာဓိနှင့် အမြဲယှဉ်စေလျက် တစ်ခုတည်းသော အာရုံ၌ သက်ဝင်ပြီး တည်ငြိမ်ရင့်ကျက်လာအောင် ပြုစု ပျိုးထောင်ပေးခြင်း - ဖြစ်သည်။ သမာဓိသိက္ခာကို ပြည့်စုံအောင် ထူထောင်ပြီး သောအခါမှ ဝိပဿနာဘာဝနာကို ပွားများအားထုတ်ရပါမည်။ ဝိပဿနာ အရမှာ ပညာဖြစ်၍ ပညာသိက္ခာကို ပြည့်စုံအောင် ဖြည့်ကျင့်ဆည်းပူးခြင်း ဖြစ်သည်။ တေဘူမက ရုပ်နာမ်တရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ အသုဘဟု အဖန်ဖန် အထပ်ထပ် ရှုမှတ် ပွားများခြင်းသည် “ဝိပဿနာဘာဝနာ” မည်သည်။ တေဘူမက ရုပ်နာမ်တရားတို့ကို လူပဲ နတ်ပဲ ဗြဟ္မာပဲ ယောက်ျားပဲ မိန်းမပဲ စသည်ဖြင့် သိမြင်မှတ်ထင်မှု၊ နိစ္စ သုခ အတ္တ သုဘဟု သိမြင် မှတ်ထင်မှု အမှတ်မှား အသိမှား အယူမှားတွေကို ပယ်စွန့်ပြီး နာမ်ပဲ, ရုပ်ပဲ, အနိစ္စ ဒုက္ခ အနတ္တ အသုဘပဲဟု စွဲစွဲမြဲမြဲ ရှုတတ် မြင်တတ် သိတတ်သော ပညာသည် “ဝိပဿနာဉာဏ်” မည်သည်။ (လက္ခဏ)
ဝိပဿနာဉာဏ်စဉ် (၁၀)ပါး
ထိုဝိပဿနာဉာဏ်သည် တစ်မျိုး တစ်စားတည်း မဟုတ်၊ ယောဂီပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်လာသော ဖြစ်စဉ်အားဖြင့် (၁၀)မျိုးရှိသည်။ ယင်းတို့မှာ အောက်ပါတို့ဖြစ်၏-
(၁) သမ္မသနဉာဏ် = အဓိကအားဖြင့် မိမိ၏ ခန္ဓာငါးပါး ရုပ်နာမ် သင်္ခါရ တရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာယာဉ် သုံးပါးသို့တင်၍ သုံးသပ်ဆင်ခြင်တတ်သောဉာဏ်၊
စာမျက်နှာ-540
(၂) ဥဒယဗ္ဗယဉာဏ် = ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၏ ဆိုင်ရာ အကြောင်းကြောင့် ရုတ်ခနဲ ဖြစ်ပေါ်လာပုံနှင့် မကြာခင်မှာပင် ချုပ်ပျောက် ပျက်စီးသွားကြပုံကို ရှုဆင်ခြင်သောဉာဏ်၊ အဖြစ်အပျက်ကို ရှုသော ဉာဏ်တည်း။
(၃) ဘင်္ဂဉာဏ် = ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၏ အဖြစ်မဖက် အပျက်ကိုချည်းသာ ရှုမြင်သောဉာဏ်၊
(၄) ဘယဉာဏ် = ရုပ်နာမ်သင်္ခါရတရားတို့၏ အပျက်ကိုချည်း တွေ့မြင် နေရသဖြင့် ရုပ်နာမ်သင်္ခါရတရားတို့ကို ကြောက်ဖွယ် လိလိ ဘေးကြီးအတိဟု ထင်မြင်သောဉာဏ်၊
(၅) အာဒီနဝဉာဏ် = ကြောက်ဖွယ်လိလိ ဘေးအတိ ရှုမြင်ရသဖြင့် ရုပ်နာမ်သင်္ခါရတရားတို့၌ အပြစ်ဟု ထင်မြင်သော ဉာဏ်၊
(၆) နိဗ္ဗိဒါဉာဏ် = အပြစ်ဟု ထင်မြင်နေရသော ရုပ်နာမ်သင်္ခါရတရားတို့ အပေါ်၌ မတွယ်တာ မပျော်ရွှင်နိုင်တော့ဘဲ ငြီးငွေ့ သောဉာဏ်၊
(၇) မုစ္စိတုကမျတာဉာဏ်= သင်္ခါရ တရားတို့အပေါ်၌ ငြီးငွေ့လာ၍ ထိုခန္ဓာ ငါးပါး သင်္ခါရတရားတို့မှ လွတ်မြောက်လိုသော ဉာဏ်၊
(၈) ပဋိသင်္ခါဉာဏ် - ထွက်မြောက်ရန် အကြောင်း၏ ပြည့်စုံခြင်းငှါ ခန္ဓာ ငါးပါး ရုပ်နာမ်သင်္ခါရ တရားတို့၌ အနိစ္စ ဒုက္ခ အနတ္တဟု ထပ်မံ၍ ရှုမှတ်ဆင်ခြင်သောဉာဏ်၊
(၉) သင်္ခါရုပေက္ခာဉာဏ် = ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၌ ကြောက်ခြင်း နှစ်သက်ခြင်းကို မဖြစ်စေဘဲ လျစ်လျူရှုနိုင်သော ဉာဏ်၊
(၁ဝ) အနုလောမဉာဏ် = အောက်အောက်သော ဝိပဿနာဉာဏ်များနှင့် အထက် မဂ်ခဏ၌ ရလတ္တံ့သော ဗောဓိပက္ခိယတရား အားလျော်သော ဉာဏ်တို့ဖြစ်သည်။ (ဘေဒ)
စာမျက်နှာ-541
ဝိပဿနာဉာဏ်ကိစ္စ
ဝိပဿနာဉာဏ် (၁၀)ပါးသည် တစ်ပါးနှင့် တစ်ပါး ရှုမှတ်ပုံချင်း မတူပါ၊ တသီးတခြားစီ ရှုမှတ်ဆင်ခြင်ကြသည်၊ ရှုမှတ်ပုံကိစ္စ အသီးသီးရှိသည်။ ဝိပဿနာ သီးခြားကိစ္စများမှာ-ဉာဏ် (၁၀)ပါး၏ ရှုမှတ်ပုံ
(၁) သမ္မသနဉာဏ်ကိစ္စ = ကလာပသမ္မသနနည်း, အဒ္ဓါသမ္မသနနည်း, သန္တတိ သမ္မသနနည်း, ခဏသမ္မသနနည်းအားဖြင့် ခန္ဓာ ငါးပါး ရုပ်နာမ်သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တဟု ရှုမှတ်ခြင်း၊
(၂) ဥဒယဗ္ဗယဉာဏ်ကိစ္စ = ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၏ ဆိုင်ရာ အကြောင်းကြောင့် ရုတ်ခနဲ ဖြစ်ပေါ် လာပုံ ဥပါဒ်နှင့် မကြာခင်မှာပင် ချုပ်ပျက်သွားပုံ ဘင်ကို ရှုမှတ်ခြင်း၊
(၃) ဘင်္ဂဉာဏ်ကိစ္စ = ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၏ အဖြစ်, အပျက်တို့က အလွန် လျင်မြန်ရကား အဖြစ် ဥပါဒ်ကို မရှုမှတ်တော့ဘဲ အပျက် ဘင်ကိုချည်းသာ ရှုမှတ်ခြင်း၊
(၄) ဘယဉာဏ်ကိစ္စ = ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရ တရားတို့၏ အပျက် ကိုချည်း တွေ့မြင်နေရ၍ ခန္ဓာငါးပါး ရုပ်နာမ်တရား တို့ကို ကြောက်မက်ဖွယ်ဘေးကြီးအဖြစ် ရှုမှတ်ခြင်း၊
(၅) အာဒီနဝဉာဏ်ကိစ္စ = ကြောက်မက်ဖွယ် ဘေးကြီးအဖြစ် ထင်မြင်လာ သော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌ အပြစ်ဟု ရှုမှတ်ခြင်း၊
(၆) နိဗ္ဗဒါဉာဏ်ကိစ္စ = အပြစ်မြင်ထားသော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ အပေါ်၌ မတွယ်တာမပျော်ပိုက်တော့ဘဲ ငြီးငွေ့ခြင်း၊
(၇) မုစ္စိတုကမျတာဉာဏ်ကိစ္စ= ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌ ငြီးငွေ့လာ၍ ထိုခန္ဓာ ငါးပါး ရုပ်နာမ် သင်္ခါရတရားတို့မှ လွတ်မြောက်လိုခြင်း၊
စာမျက်နှာ-542
(၈) ပဋိသင်္ခါဉာဏ်ကိစ္စ = တေဘူမက ခန္ဓာ ငါးပါး ရုပ်နာမ်သင်္ခါရတရားတို့မှ လွတ်မြောက်ခြင်း၏ အကြောင်းနှင့် ပြည့်စုံစေရန် အပြစ်မြင်ထားသည့် သင်္ခါရတရားတို့ကိုပင် အနိစ္စ ဒုက္ခ အနတ္တဟု ထပ်မံရှုမှတ်ခြင်း၊
(၉) သင်္ခါရုပေက္ခာဉာဏ်ကိစ္စ=အပြစ်မြင်၍ စွန့်လွှတ်လိုက်ပြီးသော ခန္ဓာငါးပါး ရုပ်နာမ် သင်္ခါရတရားတို့၌ ကြောက်ခြင်း, နှစ်သက် ခြင်း, အပြစ်မြင်ခြင်း စသည်ဖြင့် မရှုမှတ်တော့ဘဲ လျစ်လျူရှုကာ အနိစ္စ ဒုက္ခ အနတ္တ ဟုသာ ရှုမှတ်ခြင်း၊
(၁ဝ) အနုလောမဉာဏ်ကိစ္စ=အောက်အောက် ဝိပဿနာဉာဏ်များနှင့် အထက် မဂ်ခဏ၌ ရလတ္တံ့သော ဗောဓိပက္ခိယ တရားအား လျော်အောင် ခန္ဓာငါးပါး ရုပ်နာမ် သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တဟုပင် ရှုမှတ်ခြင်းတို့ဖြစ်သည်။ (ရသ)
ဝိပဿနာဉာဏ်ဘေးရန်
ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၏ ဖြစ်ပုံပျက်ပုံကို ဥဒယဗ္ဗယဉာဏ်ဖြင့် အဖန်ဖန် ရှုမှတ်နေသော ယောဂီပုဂ္ဂိုလ်၏ စိတ်အစဉ်သည် အလွန်သန့်ရှင်း ကြည်လင်ရကား ဩဘာသ စသော တရားများ ဖြစ်ပေါ်လာတတ်သည်။ ယင်းတရား(၁၀)မျိုးတို့မှာ-
(၁) ဩဘာသ = ယောဂီပုဂ္ဂိုလ်၏ ဉာဏ်နုံ့မှု ထက်မြက်မှုအလိုက် ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ်လာတတ်၏။
(၂) ပီတိ = ခုဒ္ဒကာ ခဏိကာ ဩက္ကန္တိကာ ဥဗ္ဗေဂါ ဖရဏာ ဟူသော ပီတိငါးမျိုးလည်း ထိုက်သင့်သလို ဖြစ်ပေါ်လျက် အလွန် နှစ်သက်နေတတ်၏။
ခုဒ္ဒကာပီတိ =ကြက်သီး မွေးညင်း ထရုံမျှ သေးငယ်စွာ ဖြစ်သော ပီတိ၊
ခဏိကာပီတိ = လျှပ်စစ်ပြက်သလို ခဏ ခဏဖြစ်၍ ခဏ ခဏပျက်သော ပီတိ၊
ဩက္ကန္တိကာပီတိ= ဒီရေ လှိုင်းလုံးကြီး လွှမ်းဖုံး လာသကဲ့သို့ တစ်ကိုယ်လုံး လွှမ်းဖုံးသက်ရောက်သော ပီတိ၊
စာမျက်နှာ-543
ဥဗ္ဗေဂါပီတိ = မိမိအဟုန်ဖြင့် ကိုယ်ကို အထက်သို့ မြှောက်တင် နိုင်သော ပီတိ၊
ဖရဏာပီတိ =တစ်ကိုယ်လုံးမှာ ကြာရှည်စွာ ပျံ့နှံ့ ယိုစီးနေသော ပီတိ၊
(၃) ပဿဒ္ဓိ = ကိုယ်စိတ်နှစ်မျိုးလုံးပင် အေးမြငြိမ်းချမ်းသဖြင့် ကာယ ပဿဒ္ဓိ စိတ္တပဿဒ္ဓိ နှစ်မျိုးလည်း ဖြစ်ပေါ်လာ၏။
(၄) အဓိမောက္ခ = ကမ္မဋ္ဌာန်းအာရုံ၌ စူးစူးစိုက်စိုက် သက်ဝင် ဆုံးဖြတ် ယုံကြည်တတ်သော သဒ္ဓါလည်း ဖြစ်ပေါ်လာ၏။
(၅) ပဂ္ဂဟ = ဝိပဿနာစိတ်ကို နောက်မတွန့်ဆုတ်ရအောင် အားပေး ချီးမြှောက် ထောက်ပံ့တတ်သော ဝီရိယလည်း ဖြစ်ပေါ် လာ၏။
(၆) သုခ = ဆီထိသော ဝါဂွမ်းပမာ ယောဂီပုဂ္ဂိုလ်၏ တစ်ကိုယ်လုံး၌ မွန်မြတ်သော စိတ္တဇရုပ်တွေကို ပျံ့နှံ့ ထုံမွှမ်းစေတတ်သော သုခဝေဒနာလည်း ဖြစ်ပေါ်လာ၏။
(၇) ဉာဏ = ဝရဇိန်လက်နက် မိုးကြိုးစက်ကဲ့သို့ သွက်လက် လျင်မြန် အမြင်သန်သော ဝိပဿနာဉာဏ်လည်း ဖြစ်ပေါ်လာ၏။
(၈) ဥပဋ္ဌာန = မြင်းမိုရ်တောင်ပမာ ကမ္မဋ္ဌာန်းအာရုံ၌ လွန်စွာတည်တံ့ ခိုင်မြဲသော သတိလည်း ဖြစ်ပေါ်လာ၏။
(၉) ဥပေက္ခာ = သင်္ခါရတရားတို့၏ အဖြစ်အပျက်ကို ဗျာပါရ မများရ တော့ဘဲ အလွယ်တကူ အသင့်အားဖြင့် ရှုနိုင်သည့် တတြမဇ္ဈတ္တုပေက္ခာ ခေါ်သော ဝိပဿနုပေက္ခာ၊ ထို ဖြစ်မှုပျက်မှုကို ဆင်ခြင်လိုသည့်အခါ၌ အလွန်လျင်မြန်စွာ ဆင်ခြင်နိုင်သည့် စေတနာဟူသော အာဝဇ္ဇနုပေက္ခာ တို့လည်း ဖြစ်ပေါ်လာ၏။
(၁၀) နိကန္တိ = ဩဘာသ စသည်တို့ဖြင့် တန်ဆာဆင်ထားသကဲ့သို့ ဖြစ်သော ဝိပဿနာကို သာယာနှစ်သက်တတ်သော တဏှာသည် နိကန္တိမည်၏။ ထိုနိကန္တိလည်း ဖြစ်ပေါ် လာတတ်ပေသည်။
စာမျက်နှာ-544
ရှေးယခင်က မိမိစိတ်အစဉ်မှာ တစ်ကြိမ် တစ်ခါမျှ မဖြစ်ဖူးဘဲ ယခုမှ ထူးကဲစွာ ဖြစ်ပေါ်လာကြသည့် သြဘာသ စသည်တို့ကို “ငါ့မှာ ဖြစ်၏” ဟု စွဲလမ်းသော ဒိဋ္ဌိ၊ “အလွန်နှစ်သက်ဖွယ် ကောင်းပေသည်”ဟု မှတ်ထင်တတ်သော မာန၊ “ငါ၏ သြဘာသ” စသည်ဖြင့် တွယ်တာ စွဲလမ်းတတ်သော တဏှာ၊ ဤတရားသုံးမျိုးတို့၏ တည်ရာမှီရာ အာရုံဖြစ်၍ ဝိပဿနာကို ညစ်နွမ်းစေတတ် သောကြောင့် ဝိပဿနာ ညစ်ညူးကြောင်းတရား (ဝိပဿနုပတ္တိလေသ) ဟု ခေါ်သည်။
ကိုယ်ရောင်ကိုယ်ဝါ ထွက်လာသောအခါ “ငါ့မှာ ရှေးက ဤကိုယ်ရောင်ကိုယ်ဝါ များ မဖြစ်ဖူးချေ။ ဤကိုယ်ရောင်ကိုယ်ဝါကို ဖြာထွက်စေနိုင်သော စိတ်သည် မဂ်စိတ်, ဖိုလ်စိတ်ပင် ဖြစ်ရမည်၊ ငါမဂ်ရပြီ, ဖိုလ်ရပြီ”ဟု မှတ်ထင်ပြီးလျှင် အားထုတ်မြဲ ကမ္မဋ္ဌာန်းကို စွန့်လွှတ်၍ ကိုယ်ရောင်ကိုယ်ဝါကိုသာ သာယာနှစ်သက်နေတော့သဖြင့် ဝိပဿနာ လမ်းလွဲရရှာတော့သည်။ ဤသို့သော အဖြစ်မျိုးဖြင့် သြဘာသ စသည် တို့သည် ဝိပဿနာလမ်းကြောင်းမှ သွေဖည်တိမ်းစောင်းသွားနိုင်သောကြောင့် ဝိပဿနာ၏ ဘေးရန်တို့လည်း မည်ပါသေးသည်။
မူရင်းဝိပဿနုပတ္တိလေသ (၁ဝ)ပါးကို တဏှာ မာန ဒိဋ္ဌိ ၃-ပါးဖြင့် မြှောက်ပွား လိုက်လျှင် ဥပက္ကိလေသ (၁၀)ပါး အပြား (၃၀)ဖြစ်သည်။ (မလ)
ဝိပဿနာဉာဏ်အကျိုး
သီလဝိသုဒ္ဓိ အစရှိသည့် ဝိသုဒ္ဓိ (၆)ပါးနှင့် ပြည့်စုံခြင်းကို အခြေခံထား၍ တေဘူမက ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့ကို လက္ခဏာယာဉ်သုံးပါးသို့တင်ပြီး ဝိပဿနာဉာဏ်စဉ် (၁ဝ)ပါးဖြင့် ရှုမှတ်ပွားများလိုက်ပါက မိမိတို့၏ ပါရမီကုသိုလ် အလျောက် သစ္စာလေးပါး အမှန်တရားကို သိတတ်, တိုက်ရိုက်မြင်တတ်၍ ကိလေသာ အညစ်အကြေးမှ ကင်းဝေးစင်ကြယ်သည့် “ဉာဏဒဿနဝိသုဒ္ဓိ“ခေါ်သော မဂ်စခန်း သို့ရောက်ပြီး ကျွတ်တမ်းဝင်ကာ အမတနိဗ္ဗာန်ချမ်းသာကို ရရှိ ခံစားရပါ လိမ့်မည်။ (ဖလ)
စာမျက်နှာ-545
အခန်း (၁၅) ယခုခေတ်ကမ္မဋ္ဌာန်းနည်းအမျိုးမျိုး
၁။ လယ်တီဆရာတော်၂။ မင်းကွန်းဆရာတော်
၃။ မိုးညှင်းဆရာတော်
၄။ စွန်းလွန်းဆရာတော်
၅။ ဟံသာဝတီဆရာတော်
၆။ မဟာစည်ဆရာတော်
၇။ တောင်ပုလုဆရာတော်
၈။ မိုးကုတ်ဆရာတော်
၉။ နိဗ္ဗိန္ဒတောရဆရာတော်
၁ဝ။ ကသစ်ဝိုင်ဆရာတော်
၁၁။ ဝေဘူဆရာတော်
၁၂။ အနာဂါမ်ဆရာသက်ကြီး
၁၃။ ညောင်လွန့်တောရဆရာတော်
၁၄။ ရွှေဥဒေါင်းတောင်ဆရာတော်
လယ်တီဆရာတော်၏ ဝိပဿနာ၅နည်း
ကမ္မဋ္ဌာန်းရှုမှတ်လိုသော ယောဂီသည် ကမ္မဋ္ဌာန်းဆရာထံ နည်းခံ၍ တောအရပ်မှာ ဖြစ်စေ၊ သစ်ပင်ရင်းမှာ ဖြစ်စေ၊ တိတ်ဆိတ်သော နေရာမှာ ဖြစ်စေ ထက်ဝယ်ဖွဲ့ခွေ ကိုယ်နေဖြောင့်ဖြောင့် ထိုင်ရမည်၊ မည်သည့် ကြောင့်ကြမှုမျှ မရှိစေဘဲ ဝင်သက်ထွက်သက်ကို သတိဖြင့် မပြတ် ရှုမှတ်နေရမည်။ ဤ၌ ထိုင်လျက် ဆိုသော်လည်း ထိုင်ခြင်း၊ သွားခြင်း၊ ရပ်ခြင်း၊ လျောင်းအိပ်ခြင်း လေးမျိုးတို့တွင် တစ်မျိုးမျိုးဖြင့် အားထုတ်နိုင်သည်။
စာမျက်နှာ-546
ထို့ပြင် “ဆိတ်ငြိမ်ရာအရပ်”ဟု သမထ အလုပ်ကို ရည်စူး၍ ဆိုခြင်းဖြစ်သည်။ ဝိပဿနာအလုပ်ကား ဆိတ်ငြိမ်သော နေရာမှသာ ပေါက်ရောက်ပြီးမြောက် နိုင်သည်မဟုတ်ပါ။ ပါရမီဉာဏ်သာ အဓိကဖြစ်သည်။ လူထဲသူထဲ တရားနာရင်း အိမ်မှာ ထမင်းချက်ရင်း တရားပေါက်ရောက် ရရှိသွားသော ပုဂ္ဂိုလ်များကို ကျမ်းဂန်တို့တွင် တွေ့မြင်ရသည်။
ပထမ
ရှုမှတ်ကာစတွင် ထွက်သက်ဝင်သက် အရှည်အတိုကို နှလုံးမသွင်း သေးဘဲ နှာသီးဖျား၌ဖြစ်စေ၊ အထက်နှုတ်ခမ်းဖျား၌ဖြစ်စေ စိတ်ကို ခိုင်မြဲစွာ ထား၍ ဝင်လေထွက်လေတို့၏ ထိမှု ခိုက်မှုကို အာရုံစိုက်ရမည်။ “ဝင်လာပြီ” “ထွက်သွားပြီ”ဟု နှုတ်က ဆိုစရာမလို။ ဝင်တိုင်းထွက်တိုင်း သတိမလွတ်စေဘဲ သိအောင် အားထုတ်ရမည်။ တစ်နာရီ နှစ်နာရီ စသည်ဖြင့် တတ်စွမ်းသမျှ မနားဘဲ အားထုတ်ရမည်။ ညောင်းလည်း မပြင်၊ ယားလည်းမကုတ်ဘဲ ဝင်သမျှ ထွက်သမျှ တစ်ခုမှ မလွတ်စေရပါ။ ဝင်တိုင်းထွက်တိုင်း သိအောင် ရှုမှတ်နေ ရမည်။ (အချို့ကား စိတ်ကို ရင်မှာထား၍ ရှုမှတ်ကြသေး၏။)
ဒုတိယအချက်
တဆင့်တက် ရှုမှတ်ရန်မှာ နှာသီးဖျား နှုတ်ခမ်းဖျား၌ ဝင်လေ ထွက်လေကို မလွတ်တမ်း ပိုင်အောင်မှတ်နိုင်လျှင် ဝင်သက်ထွက်သက် ရှည်လျှင် ရှည်မှန်းသိအောင် သတိထားပြီး “ရှည်တယ်”ဟု မှတ်ရမည်။ တိုလျှင် တိုမှန်းသိအောင် သတိထားပြီး “တိုတယ်”ဟု မှတ်ရမည်။ ရှည်မှုတိုမှုကို တစ်ခုမှ မလွတ်အောင် ရှုမှတ်နေရမည်။ ထွက်သက်ဝင်သက် နှေးလျှင် ရှည်သည်၊ မြန်လျှင် တိုသည်ဟု ဆိုလိုသည်။ အချို့ပုဂ္ဂိုလ်များကို ပင်ကိုအတိုင်း တစ်မိနစ် အကြိမ် (၃၈)လောက်၊ အချို့ (၄၀)လောက် ရှူသည်။ အရှည်အတို မညီကြ။
တတိယအချက်
ထို့ထက်တက်၍ ရှုမှတ်ရန်မှာ အရှည်အတိုကို ပိုင်ပိုင်မှတ်နိုင် ပြီးနောက် ဝင်သက်ဆိုလျှင် နှာသီးဖျား နှုတ်ခမ်းဖျားမှ ချက်သို့ ကျအောင် နှာသီးဖျား နှုတ်ခမ်းဖျား အစ၊ လည်ချောင်း အလယ်၊ ချက်အဆုံး သုံးပါး လုံးကို စိတ်ထဲမှာ ထင်ထင်ရှားရှား မြင်လာအောင် ရှုမှတ် ရမည်။ သမာဓိ ရလာလျှင် မှတ်၍ရသည်။
စတုတ္ထအချက်
ကား ထိုသို့စ-လယ်-ဆုံး သုံးပါးလုံးကို ပိုင်ပိုင်မှတ်နိုင်ပြီးနောက် ထွက်သက်ဝင်သက်များသည် တဖြည်းဖြည်း သိမ်မွေ့ လာကြလိမ့်မည်။ အချို့မှာ လူက သိမ်မွေ့အောင် အားထုတ်ရမည်။ အချို့မှာ လူက မလုပ်ရဘဲ သူ့အလိုလို သိမ်မွေ့လာပြီး ထွက်သက် ဝင်သက် ပျောက်သွားပြီ ထင်ရလောက်အောင် ဖြစ်လာတတ်သည်။ ထိုသို့ ထင်လာသောအခါ စိတ်အလွန်ပေါ့ပါးသွားပြီး ခန္ဓာ ကိုယ်ကြီး လေထဲ လွင့်ပျံသလို ထင်ရသည်။ ဤကား ပါဠိတော်နည်းတည်း။
စာမျက်နှာ-547
အဋ္ဌကထာနည်း
အဋ္ဌကထာအလို ... ပထမဂဏန်းကား ရေတွက်နည်းဟု နှစ်မျိုးရှိသည်။ ထိုတွင် နှာသီးဖျားမှာဖြစ်စေ၊ နှုတ်ဖျားမှာ ဖြစ်စေ စိတ်ထား၍ ထွက်သက်ဝင်သက်ကို “ထွက်တယ်၊ ဝင်တယ်”ဟု မှတ်သော အခါ အစတွင် စိတ်မငြိမ်သေး၍ ဝင်တိုင်း ထွက်တိုင်း မိအောင်မမှတ်နိုင်ဘဲ ရှိတတ်သည်။ မထင်ရှားသော ထွက်သက် ဝင်သက်ကို မရေတွက်ဘဲ ထင်ရှား သော ထွက်သက် ဝင်သက်ကိုသာ ရေတွက်ရမည်။
အနှေးရေတွက်နည်း
ရေတွက်ပုံမှာ တစ် နှစ် သုံး လေး ငါးဟု ငါးအထိ အဆုံးထား၍ တစ်မျိုး၊ တစ်မှခြောက်ထိ တစ်မျိုး၊ တစ်မှ ခုနစ်ထိ တစ်မျိုး၊ တစ်မှ ရှစ်ထိ တစ်မျိုး၊ တစ်မှ ကိုးထိ တစ်မျိုး၊ တစ်မှ တစ်ဆယ်ထိ တစ်မျိုးဟူ၍ ခြောက်မျိုးဖြင့် ရေတွက်ရမည်။ ထိုသို့ ခြောက်မျိုး ထိအောင် ရေတွက်ပြီးလျှင် ပထမတစ်မျိုးကို ပြန်ရှုပါ။ ထိုသို့ ခဏ ခဏ ခဏ ခဏ ရှုမှတ်၍ နေသားကျလာသည့်အခါ စိတ်ကို နှာခေါင်းဝစိုက်ထား၍ ထွက်သက်ဝင်သက် နှစ်မျိုးတွင် ထင်ရှားရာကို တစ်ဟု ရေတွက်ရသည်။ နှစ်ခုလုံး ထင်ရှားလျှင် အစဉ်အတိုင်း နှစ် သုံး လေး ငါးဟု ရေတွက်ရသည်။ မထင်ရှားလျှင် ရပ်တန့်၍ ထင်ရှားသော အချက်ပေါ်မှ နှစ် စသည် တက်၍ ငါးကျလျှင် တစ်က ပြန်စ ရ၏။ ထိုနည်းတူ တစ်ဆယ်မျိုးတိုင်အောင် ထင်ရှားသော ထွက်သက်ဝင်သက် ကိုသာ ကောက်၍ ရေတွက်သောကြောင့် နှေးသော ရေတွက်နည်းဟု ဆိုရသည်။
အမြန်ရေတွက်နည်း
ကား ဆိုခဲ့သည့်အတိုင်း ရှုမှတ်ဖန်များလတ်သော် ထင်ထင် ရှားရှား ရေတွက်ရသော အချက်များ ... များလာလိမ့်မည်။ တစ် နှစ် စသော မှတ်ချက်တို့ အပြတ်အလပ်မရှိ မှတ်နိုင်လာလိမ့်မည်။ ထွက်သက်ဝင်သက် အစဉ်နှင့် တစ်နှစ်စသော ဂဏာန်းအစဉ် မခုန်ကျော်၊ ထပ်ခနဲ ချပ်ခနဲ မိမိရရ ဖြစ်လာလိမ့်မည်။
ဂဏန်းအစဉ်များကို နှုတ်က ရွက်စရာ မလို၊ စိတ်ကသာ ရေရွတ်ရမည်။ အာရုံ မြန်မြန်ထင်သလောက် သတိက တိခနဲ ချပ်ခနဲ မှတ်ဖို့သာ အရေးကြီးသည်။ ဤကား မြန်မြန်ရေတွက်နည်းတည်း။
စာမျက်နှာ-548
ထို့နောက် မရေတွက်သော်လည်း ရေတွက်သကဲ့သို့ နှာဝ၌ ထွက်သက် ဝင်သက် ထိတိုင်း အသိနှင့်သတိ မြဲနေရမည်။ ထိုအခါ ဂဏန်းနည်းဖြင့် ရေတွက်ရှုမှတ်ရန် မလိုတော့ချေ။
ဒုတိယအချက် အနုဗန္ဓနာ (သတိဖြင့် အမြဲတမ်း စွဲမြဲထားမှု)
နည်းမှာ နှာဝ၌ စိတ်ကို အမြဲစိုက်ထားပြီး ဝင်လေထွက်လေကို တစ်ကြိမ်မျှ မလွတ်စေဘဲ အစဉ်တွယ်ကပ်နေအောင် ရှုမှတ်သောနည်း ဖြစ်သည်။ ရေတွက်မှုမရှိဘဲ ထိမှု၊ သိမှု အစဉ်မှန်အောင် “ဝင်နေတယ်၊ ထွက်နေတယ်” ဟု ပဋိဘာဂနိမိတ် ပေါ်သည်အထိ ရှူမှတ်နေရမည်ဟု ဆိုလိုသည်။ ဖော်ပြပါ ဂဏန်းနည်း၊ အနုဗန္ဓနာနည်း နှစ်မျိုးလုံး ထိရာဌာနကို မလွတ်စေရပါ။
ထိုသို့ ပဋိဘာဂနိမိတ် ထင်ပြီးနောက် ထိုနိမိတ်ကို မကွယ်ပျောက်စေဘဲ ထင်ထင်ရှားရှား ပွင့်လင်းသွားအောင် အာရုံ၌ စိတ်ကို ဖိဖိစီးစီးထား၍ စူးစိုက် မှတ်ရမည်။ ထိုနည်းကို ထပနာ (စိတ်ကို ဖိကပ်ထားမှု) နည်းဟု ခေါ်သည်။
ဤကား သမထစခန်း ဖြစ်သည်။ သမာဓိရအောင် အားထုတ်နည်း ဖြစ်သည်။ ဤသို့ အားထုတ်၍ သမာဓိ အားကောင်းလာသောအခါ သမာဓိစခန်းမှ ဝိပဿနာလမ်းသို့ တက်ရမည်။ ထွက်သက် ဝင်သက်တို့၏ ခဏမစဲ တဖွဲဖွဲ ဖြစ်ပျက်မှုနှင့် ရုပ်နာမ်တရားတို့ကို အနိစ္စ (မမြဲ)၊ ဒုက္ခ (ဆင်းရဲ၏)၊ အနတ္တ (အနှစ်အသားမရှိ)ဟု ရှုမှတ်ရမည်။
ဤ၌ ရုပ်သည် နာမ်ထက် ဉာဏ်၌ ထင်လွယ်သောကြောင့် ရုပ်ကို စ၍ ရှုမှ ပေါက်ရောက်လွယ်သည်။ ထွက်သက်ဝင်သက်သည် သမာဓိရလွယ်ခြင်း၊ ထင်မြင် လွယ်ခြင်းတို့ကြောင့် ရိပ်သာများ၌ ထွက်သက်ဝင်သက်ကို အားထုတ်ကြခြင်း ဖြစ်သည်။ ထွက်သက်ဝင်သက်ကို ရှုမှတ်၍ အညောင်းအညာ ဝေဒနာ ပေါ်လာ သောအခါ ထိုဝေဒနာကို ရှုမှတ်ရမည်။ ထိုသို့ ရှုမှတ်လျှင် ဝေဒနာနုပဿနာ¹ ဖြစ်သည်။ ထိုသို့ ရှုမှတ်ရင်း ကြံစည်တွေးတောလျှင် ထိုစိတ်ကို မှတ်ရမည်။ ထိုသို့ မှတ်လျှင် စိတ္တာနုပဿနာ² ဖြစ်သည်။ ကာမဂုဏ်အာရုံကို ကြံစည်လျှင် ထိုအကြံကို လိုက်မှတ်ရမည်။ ထိုသို့ ရှုမှတ်က ဓမ္မာနုပဿနာ³ ဖြစ်သည်။
၁။ ဝေဒနာကို အဖန်ဖန် ရှုမှတ်ခြင်း။
၂။ စိတ်ကို အဖန်ဖန် ရှုမှတ်ခြင်း။
၃။ လောဘ စသော သဘောတရားကို အဖန်ဖန် ရှုမှတ်ခြင်း။
စာမျက်နှာ-549
ဆိုခဲ့သည့်အတိုင်း ထွက်သက်ဝင်သက် ဟူသော အာနာပါနကို ထူထောင်၍ အားထုတ်နေခြင်းသည် ယောဂီပုဂ္ဂိုလ်၏ ပါရမီအလျောက် တစ်ရက်၊ နှစ်ရက် တစ်လ၊ နှစ်လ၊ တစ်နှစ်၊ နှစ်နှစ်နှင့် မဂ်ဖိုလ်ရောက်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင် ကြပါသည်။
ထိုသို့ နိဗ္ဗာန်ကို ယခုဘဝ မျက်မှောက် မပြုနိုင်စေကာမူ-
(၁) ရတနာသုံးပါးကို ယခင်ကထက် ကြည်ညိုတတ်ခြင်း၊
(၂) သေရမည့် ဘေးကို တရားအားမထုတ်ခင်ကလောက် မကြောက်ခြင်း၊
(၃) မတရားလိုချင်မှု (ဝိသမလောဘ)၊ မတရားတပ်မက်မှု (အဓမ္မရာဂ) မဖြစ်တော့ခြင်း၊
(၄) ရသမျှနှင့် ရောင့်ရဲနိုင်ခြင်း၊
(၅) ကုသိုလ်၌ မွေ့ပျော်ခြင်း-
စသော အကျိုးတရားများကို တရားအားထုတ်သူတိုင်း ခံစားကြရမည် ဖြစ်သည်။
မင်းကွန်းဆရာတော်၏ ဝိပဿနာရှုနည်း
“ထိုင်တယ်၊ အိပ်တယ်၊ သွားတယ်၊ စားတယ်”ဟု ရှုမှတ်ရသောနည်းသည် ကာယာနုပဿနာ (ရုပ်အပေါင်းကို အဖန်ဖန်ရှုမှတ်မှု) ဖြစ်သည်။ သွားသည့်အခါ “ကြွတယ်၊ လှမ်းတယ်၊ ချတယ်”ဟု မှတ်ရသည်။ သွားလာစဉ်မှာ အာရုံတစ်ခုခုကို မြင်လျှင် “မြင်တယ် မြင်တယ်”၊ ကြားလျှင် “ကြားတယ် ကြားတယ်”၊ နံလျှင် “နံတယ် နံတယ်”ဟု မှတ်ရသည်။
ထမင်းစားလျှင် “စားတယ် စားတယ်”ဟု မှတ်ရသည်။ မှတ်ကျင့်ရလာ သည့်အခါ ထို့ထက် အမှတ်စိပ်ပြီး မှတ်ရမည်။ စားရန် ဇွန်းကို ကိုင်လျှင် “ကိုင်တယ် ကိုင်တယ်”၊ ဟင်းကိုခပ်လျှင် “ခပ်တယ် ခပ်တယ်”၊ ယူလာလျှင် “ယူတယ် ယူတယ်” စသည်ဖြင့် အမူအရာတိုင်းကို မှတ်ရမည်။ အားထုတ်စမှ ဆယ်ရက်လောက်အထိ ဟိုသည် အာရုံများပြီး ထင်သလောက် မရှုမှတ်နိုင်၊ သမာဓိ မရနိုင် ဖြစ်တတ်သည်။
စာမျက်နှာ-550
ကောင်း၊ မကောင်း မည်သည့် အာရုံကို မြင်မြင် “မြင်တယ် မြင်တယ်” ဟု မှတ်ရမည်။ မှတ်ဖန်များလျှင် မြင်သော အာရုံများသည် “မြင် သိ ပျက်” “မြင် သိ ပျက်”နှင့် ပြောင်းလဲဖြစ်ပျက်သွားတတ်သည်။ ထိုအခါ မြင်သည့် အဆင်းက ရုပ်၊ သိတာက နာမ်ဟု ရုပ်နှင့်နာမ်ကို ခွဲခြားသိမြင်လာတတ်သည်။ ရှူမှတ်သည့်အခါ တစ်ခုခုကို သိအောင် မိအောင် ရှုမှတ်ရသည်။ ထိုသို့ မရှု မှတ်လျှင် တိုက်ဆိုင်ထိတွေ့မှု (ဖဿ) ကြောင့် ခံစားမှု (ဝေဒနာ) ဖြစ်ပြီး ခံစားမှု (ဝေဒနာ) ကြောင့် နှစ်သက်မှု (တဏှာ)၊ စွဲလမ်းမှု (ဥပါဒါန်) စသည့် အကုသိုလ်တရားများ ဖြစ်ပွားလာတတ်သည်။
ထို့ကြောင့် တစ်ခုနှင့် တစ်ခု၊ တစ်သဘောနှင့် တစ်သဘော ပြောင်းလဲ၍ ဖြစ်ပျက်နေပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုမှတ်ရမည်။ တရားသဘောအတိုင်း ပြောင်းလဲ ဖြစ်ပျက်ပုံကို တွေ့လျှင် တဏှာမဖြစ်၊ တဏှာချုပ်လျှင် နောက် ဘဝပေါင်းအသင်္ချေ ဆက်ဖြစ်နေဦးမည့် ဥပါဒါန်ကံများလည်း ချုပ်ကြတော့သည်သာ ထိုအခါ ကောင်းသည့်အာရုံတွေ့လည်း တဏှာမဖြစ်၊ မကောင်းသည့် အာရုံတွေ့လည်း ဒေါသမဖြစ်၊ ကောင်း၊ မကောင်း အာရုံတွေ့လည်း မောဟ မဖြစ်တော့ချေ။
ထိုမျှသာမက မြင်တာကို “မြင်တယ် မြင်တယ်”ဟု ရှုမှတ်ရာတွင် တစ်မှတ် တစ်မှတ်၌ မဂ္ဂင် (နိဗ္ဗာန်ဝင်ရာလမ်း) ရှစ်ပါး ဖြစ်နိုင်သည်။ ရုပ်နာမ်တို့၏ဖြစ်ပျက် ပုံကို အမှန်သိမြင်ခြင်းသည် သမ္မာဒိဋ္ဌိ (မှန်စွာမြင်မှု) မဂ္ဂင်၊ ဖြစ်ပျက်အပေါ် စိတ်ကို တင်ထားလိုက်ခြင်းသည် သမ္မာသင်္ကပ္ပ (မှန်စွာကြံမှု) မဂ္ဂင် ဖြစ်သည်။ ဤနှစ်ပါးသည် ပညာမဂ္ဂင်တည်း။
ရှုမှတ်သော အာရုံမှာ စိတ်တည်ကြည်သွားခြင်းသည် သမ္မာသမာဓိ (မှန်စွာ တည်ကြည်မှု) မဂ္ဂင်၊ စိတ်မလွင့်သွားရအောင် ဆွဲဆောင်ထားခြင်းသည် သမ္မာဝါယာမ (မှန်စွာ အားထုတ်မှု) မဂ္ဂင်၊ ရှုမှတ်၍ ရခြင်း၊ သိနေခြင်းသည် သမ္မာသတိ (မှန်စွာ သိမှတ်မှု) မဂ္ဂင် ဖြစ်သည်။ ဤမဂ္ဂင် သုံးပါးသည် သမာဓိ မဂ္ဂင် ဖြစ်သည်။
ထိုသို့ မှတ်နေသည့်အခိုက် မကောင်းသော ဝစီကံဒုစရိုက်ကို မကျူးလွန် ခြင်းသည် သမ္မာဝါစာ (မှန်စွာ ပြောဆိုခြင်း) မဂ္ဂင် ဖြစ်သည်။ မကောင်းသော ကာယကံဒုစရိုက်ကို မကျူးလွန်ခြင်းသည် သမ္မာကမ္မန္တ (မှန်စွာ ပြုမှု) မဂ္ဂင်ဖြစ်သည်။ တရားရှုမှတ်နေစဉ် အသက်မွေးမှုဆိုင်ရာ ကာယကံ၊ ဝစီကံဒုစရိုက်များကို မကျူးလွန်ခြင်းသည် သမ္မာအာဇီဝ (မှန်စွာ အသက်မွေးမှု) မဂ္ဂင် ဖြစ်သည်။ ဤသုံးပါးကို သီလမဂ္ဂင်ဟု ခေါ်သည်။ ထို့ကြောင့် ရှုမှတ်သည့် အမှတ်တိုင်း အမှတ်တိုင်းမှာပင် မဂ္ဂင်ရှစ်ပါး ပါဝင်သည်ဟု ဆိုရခြင်းဖြစ်သည်။
စာမျက်နှာ-551
ထိုသို့ ရှုမှတ်စဉ် မြင်သည့်အဆင်းက ရုပ်၊ မြင်တာက ရုပ်၊ သိတာက နာမ်ဟု အမြင်ကွဲပြားသိခြင်းသည် နာမရူပပရိစ္ဆေဒ (နာမ်နှင့် ရုပ်ကို ခွဲခြားသိမြင်မှု) ဉာဏ်ဖြစ်သည်။ မျက်စိအကြည်၊ အဆင်းရုပ်၊ အလင်းရောင်၊ နှလုံးသွင်း တို့ကြောင့် မြင်သိစိတ် (စက္ခုဝိညာဉ်စိတ်) ဖြစ်ရသည်ဟု အကြောင်းအကျိုးကို သိမြင်ခြင်း၊ ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပေါ်ပြီးနောက် ပျက်ပျက်သွား၍ အနိစ္စ၊ မပျက်စီးအောင် အောင့်အည်းမရဘဲ ပျက်ပျက်သွား၍ ဒုက္ခ၊ ထိုသို့ ပျက်ပျက် နေ၍ ကိုယ်အလိုမကျသဖြင့် အနတ္တဟူ၍ သိမြင်ခြင်းသည် သမ္မသနဉာဏ်၊ ဤသို့ စသည်ဖြင့် ဉာဏ်စဉ်များ အဆင့်ဆင့်တက်ပြီး မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြစ်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါသည်။
အထူးအားဖြင့် မည်သည့်ဝိပဿနာဆရာတော်၏ နည်းပင်ဖြစ်စေ သမာဓိ ရအောင် ပထမအားထုတ်ရသည်၊ သတိခိုင်လျှင် သမာဓိပိုင်သည်၊ သမာဓိ ပိုင်လျှင် ဝိပဿနာနိုင်ပါသည်။ ဝိပဿနာနိုင်လျှင် ဝိဇ္ဇာခေါ် အလင်းဓာတ် ပေါ်လာမည် ဖြစ်ပါသည်။
မိုးညှင်းဆရာတော်၏ ဝိပဿနာရှုနည်းအကျဉ်း
မိမိတို့ ရှူနေကျ ထွက်သက် ဝင်သက်ကား အနိစ္စ (မမြဲ)၊ စင်္ကြံသွားမှုလည်း အနိစ္စ (မမြဲ) စသည်ဖြင့် အမူအရာ မှန်သမျှနှင့် ရုပ်နာမ်အားလုံးကို ဖြစ်ပျက် ရှုမှတ်နေရမည်။ ဉာဏ်ဖြင့် ကြည့်၍ ဥဒယဗ္ဗယ (ဖြစ် ပျက်) ဉာဏ်ထင်အောင် ရှုရမည်။ ထို့နောက် ထိုထိုရုပ်နာမ်တို့၏ အပျက်ကို ဉာဏ်ဖြင့် ကြည့်၍ “ပျက် ပျက် ပျက်” ဟု ဖြစ်စေ၊ “ပျောက် ပျောက် ပျောက်” ဟု ဖြစ်စေ၊ “မရှိ မရှိ မရှိ”ဟု ဖြစ်စေ၊ “အနိစ္စ အနိစ္စ (မမြဲ မမြဲ)”ဟု ဖြစ်စေ ဘင်္ဂ (အပျက်) ဉာဏ်၊ ဘယ (ဘေးမြင်) ဉာဏ်၊ အာဒီနဝ (အပြစ်မြင်) ဉာဏ်၊ နိဗ္ဗိန္ဒ (ငြီးငွေ့) ဉာဏ်၊ မုစ္စိတုကမျတာ (လွတ်မြောက်လိုမှု) ဉာဏ် စသည်တို့ ထင်မြင်လာအောင် နေ့ရောညပါ မပြတ် ရှုမှတ်ရမည်။
ရုပ်နာမ် အကြောင်းအဆက်ဆက်ကြောင့် ရုပ်နာမ် အကျိုးအဆက်ဆက်တို့ ဖြစ်ပျက်နေသည်ကို ရှုမှတ်၍ သိမြင်ပါက နည်းလေးပါးတို့ကို သိမြင်နိုင်ပါသည်။
သိပ္ပံကား
အစ မထင် သံသရာက စ၍ အဆုံးမရှိသည့် ကာလကျအောင် သတ္တဝါတစ်ဦးစီတို့ ဆက်စပ်၍ ဖြစ်ပျက်နေသည်ကို ထင်မြင်ခြင်း (ဧကတ္တ) နည်း။
စာမျက်နှာ-552
တဖန် အကြောင်းအကျိုးတို့ဆက်စပ်နေကြသော်လည်း အကြောင်းတခြား၊ အကျိုးတခြားဟု ထင်မြင်ခြင်း (နာနတ္တ) နည်း။
ထိုအကြောင်း အဆက်ဆက်တို့ကြောင့် အကျိုးအဆက်ဆက်တို့ ဖြစ်ကြ ရာတွင် အကြောင်းအဆက်ဆက်က အကျိုးအဆက်ဆက်ကို ဖြစ်စေရဦးမည်ဟု ကြောင့်ကြ ဗျာပါရ မရှိသည်ကို ထင်မြင်ခြင်း (အဗျာပါရ) နည်း။
ထိုသို့ ကြောင့်ကြဗျာပါရ မရှိကြသော်လည်း အကျိုးဖြစ်စေသောအခါ အကြောင်းအားလျော်စွာ အကျိုးဖြစ်ပေါ်လာသည်ကို ထင်မြင်ခြင်း (ဧဝံဓမ္မတာ) နည်း။
ဤကား “ပျက် ပျောက် မရှိ အနိစ္စ” စသည်ဖြင့် ရှုသူတို့အား ပဋိစ္စသမုပ္ပါဒ် နည်းလေးပါး ထင်လာပုံတည်း။
ထို့ပြင် အစမထင် သံသရာက အဆုံးမရှိ သံသရာကျအောင် ကြောင်းကျိုး တရားတို့ တစပ်တည်း ဆက်လက်ဖြစ်ပေါ်နေသည်ကို ဝိပဿနာဉာဏ်မှာ ထင်မြင် လာလျှင် “သတ္တဝါများ သေပြီးပြတ်သည်ဟု အထင်မှားသော ဥစ္ဆေဒဒိဋ္ဌိ” ကို ကိုယ်တိုင် သိလာရ၏။ တဖန် ထိုသို့ ကြောင်းကျိုး ဖြစ်ပျက်နေပုံကို ထင်မြင်လျှင် “သတ္တဝါတို့ တစ်ဘဝပြီးတစ်ဘဝ ကူးဆက်၍ လိုက်ပါ ဖြစ်ပျက်နေသည်ဟု အထင် မှားသော သဿတဒိဋ္ဌိ” ကို လည်းကောင်း၊ “သတ္တဝါတို့ကို တစုံတယောက်က ဖန်ဆင်းသည်ဟု အထင်မှားသော ဣဿရ နိမ္မာနဒိဋ္ဌိ” ကို လည်းကောင်း၊ “ဖြစ်ဖြစ်သမျှ ချမ်းသာဆင်းရဲတို့သည် ရှေးကံဟူသော အကြောင်းတစ်ခုတည်း ကြောင့်သာ ဖြစ်လာရ၏ဟု အထင်မှားသော ပုဗ္ဗေကတဟေတုဒိဋ္ဌိ” ကို လည်းကောင်း၊ အခြား အယူမှားများကိုလည်းကောင်း ကိုယ်ပိုင်ဉာဏ်ဖြင့် သိမြင်နိုင်ကြပေသည်။
ထို့ပြင် ဤဘဝ ရုပ်နာမ်တို့သည် နောက်ဘဝသို့ မလိုက်နိုင်ကြဘဲ ဤဘဝ တွင်သာ ချုပ်ပျောက်ပျက်စီးသောကြောင့် “အနိစ္စ အနိစ္စ” ဟု လည်းကောင်း၊ ချုပ်ပျောက် သေဆဲ ဆင်းရဲသောကြောင့် “ဒုက္ခ ဒုက္ခ” ဟု လည်းကောင်း၊ ထိုသို့ ချုပ်ပျောက်သေသဖြင့် အလိုမကျ အစိုးမရသောကြောင့် “အနတ္တ အနတ္တ”ဟု လည်းကောင်း ထင်မြင်အောင် ရှုမှတ်ရမည်။
အရွယ်၊ အချိန်၊ ရှေ့တိုး၊ နောက်ဆုတ် စသော အမူအရာ စသည်တို့၌လည်း ပထမအရွယ်က ရုပ်နာမ်သည် ဒုတိယအရွယ်သို့ မလိုက်ပါပုံ၊ ရှေ့အချိန်ရှိ ရုပ်နာမ်သည် နောက်အချိန်သို့ မလိုက်ပါပုံ၊ ရှေ့အမူအရာရှိ ရုပ်နာမ်သည် နောက်အမူအရာသို့ မလိုက်ပါပုံ စသည်တို့ကို အနိစ္စ ဒုက္ခ အနတ္တဟု ရှုမှတ်ရမည်။
စာမျက်နှာ-553
အာဟာရဇ (အစားအစာကြောင့် ဖြစ်သော)
ရုပ်ကို ရှုပုံကား အစာမစားရ သဖြင့် အာဟာရဇရုပ်တို့ လျော့ပါးပုံ၊ ဆာလောင်နုံးခွေပြီး အဆင်းပျက်ပုံ၊ အစာစားရသဖြင့် ရွှင်လန်းချမ်းသာ ဝဖြိုးလာပုံ၊ ဆာရုပ်၊ နွမ်းရုပ်တို့ ပျက်ပျက် သွားပုံတို့ကို အနိစ္စ စသည်ဖြင့် ရှုမှတ်ရမည်။
ဥတုဇ (အအေးအပူကြောင့် ဖြစ်သော)
ရုပ်ကို ရှုပုံကား သတ္တဝါတို့၏ အပူအဆက်ဆက်က အအေး အဆက်ဆက်ကို ပျက်စေပုံနှင့် အအေး အဆက် ဆက်က အပူအဆက်ဆက်ကို ပျက်စေပုံတို့ကို အနိစ္စ စသည်ဖြင့် ရှုမှတ်ရမည်။
ကမ္မဇ (ကံကြောင့်ဖြစ်သော)
ရုပ်တို့ကို ရှုပုံကား မျက်စိစသည်၌ ဖြစ်သော ကမ္မဇရုပ်တို့သည် နားစသည်သို့ မလိုက်ပါမူ၍ မျက်စိစသည်၌ပင် ချုပ်ပျောက်ပုံကို အနိစ္စစသည်ဖြင့် ရှုမှတ်ရမည်။
စိတ္တဇ (စိတ်ကြောင့် ဖြစ်သော)
ရုပ်တို့ကို ရှုပုံကား ဝမ်းမြောက်ခြင်းစသည် ကြောင့်ဖြစ်သော ရုပ်သည် နှလုံးမသာယာခြင်း စသည်ကြောင့် ဖြစ်သော ရုပ်သို့ မရောက်ဘဲ မိမိတို့ ဖြစ်ရာ၌ပင် ချုပ်ပျောက်ပုံကို အနိစ္စ စသည်ဖြင့် ရှုမှတ်ရမည်။
ဓမ္မတာအတိုင်း ဖြစ်သော ရုပ်တို့ကို ရှုပုံ
ကား သက်မဲ့ရုပ်တို့ ပြောင်းလဲ ဖြစ်ပျက်ကြရာ၌ တစ်ခုမှ တစ်ခုသို့ မလိုက်ပါပုံကို အနိစ္စ စသည်ဖြင့် ရှုမှတ်ရမည်။
၁။ ကလာပရုပ်အစုအပုံ နာမ်အစုအပုံတို့ကို ရှုပုံကား- ဖဿ (တွေ့ထိခြင်း)၊ ဝေဒနာ (ခံစားခြင်း)၊ သညာ (မှတ်သားခြင်း)၊ စေတနာ (စေ့ဆော်တိုက်တွန်းခြင်း)၊ ဝိညာဏ် (သိခြင်း) ဟူသော ငါးမျိုးတို့သည်လည်း ရှုမှတ်ရင်းပင် ပျက်ပျက် လိုက်နေပုံကို အနိစ္စ စသည်ဖြင့် အဖန်ဖန် ရှုမှတ်ရမည်။
၂။ ယမက (အစုံ) ရှုနည်းကား- အရှုခံရုပ်နှင့် ရှုမှတ်သည့် နာမ် (စိတ်) တို့သည် နှစ်မျိုးလုံးပင် တပြိုင်တည်း ပျက်ပျက်နေပုံကို အနိစ္စ စသည်ဖြင့် ရှုမှတ်ရပါမည်။
၃။ ခဏိက (တခဏမျှ) ရှုနည်းကား- ရုပ်ကို ရှုမှတ်သည့် နာမ်အဆင့်ဆင့် တို့သည် ရှုမှတ်ရင်း ခဏမှာပင် ပျက်နေပုံကို အနိစ္စ စသည်ဖြင့် ရှုမှတ်ရမည်။
၄။ ပဋိပါဋိ (အစဉ်) ရှုနည်းကား - ရုပ်နာမ် အဆင့်ဆင့်တို့၏ ရှုရင်းမှာပင် အစဉ်အတိုင်း ပျက်ပျက်လိုက်နေပုံကို ပျက်ပျက်နေပါတကား၊ အနိစ္စပါတကား စသည်ဖြင့် ရှုမှတ်ရမည်။
စာမျက်နှာ-554
အထက်ပါ နည်းလေးမျိုးတို့ဖြင့် အရှုခံရုပ်နာမ်တို့ကို ရှုမှတ်သည့် နာမ် တို့ကသာ ရှုမှတ်ရှုမှတ်နေသောကြောင့် ဒိဋ္ဌိ (အမြင်မှားခြင်း)၊ မာန (ထောင်လွှာခြင်း)၊ တဏှာ (တပ်မက်ခြင်း) တို့ကို ကင်းရှင်းအောင် ခွာနိုင်ကြသည်။
၅။ ဒိဋ္ဌိကို ခွါပုံကား- ငါ ဝိပဿနာရှု၏ဟု ထင်မှု ဒိဋ္ဌိဖြစ်၍ မဂ်ဖိုလ် တက်လမ်းကို တားနိုင်၏။ သင်္ခါရ (ပြုစီမံမှု) တရားတို့က သင်္ခါရ တရားတို့ကို ရှုသည်ဟု ထင်မှသာ ဒိဋ္ဌိကွာ၏။
၆။ မာနကို ခွါပုံကား- ဝိပဿနာကို ငါ ကောင်းစွာ ရှုနိုင်၏ စသည်ဖြင့် ထင်မူ တက်ကြွသော မာနဖြစ်၍ တရားတက်လမ်းကို တားနိုင်၏။ သင်္ခါရတရား တို့က သင်္ခါရတရားတို့ကို ရှု၏ဟု ထင်မှသာ မာနကွာနိုင်၏။
၇။ တဏှာကို ခွါပုံကား- စိတ်ကို နိုင်နင်းစွာ ရှုနိုင်ခြင်းကြောင့် ငါ ဝိပဿနာ ချည်း ရှုမှတ်ချင်နေ၏ဟု ဝိပဿနာကို သာယာမှု တဏှာဖြစ်က တက်လမ်းကို တားနိုင်၏။ သင်္ခါရတရားစုက သင်္ခါရတရားစုကို ရှု၏-ဟု ထင်မှသာ တဏှာ ကွာနိုင်၏။
ဖော်ပြပါ ဝိပဿနာကို စွဲ၍ ဖြစ်သော တဏှာ မာန ဒိဋ္ဌိတို့ကပင် တရား တိုးတက်မှုကို တားမြစ်နိုင်သေးလျှင် ဆွမ်း သင်္ကန်း စသည်တို့ကို စွဲ၍ ဖြစ်သော တဏှာ မာန ဒိဋ္ဌိတို့က ပို၍ တားမြစ်နိုင်ကြောင်း ပြောဖွယ်ရာ မလိုပြီ။ သို့ဖြစ်၍ ဤဘဝတွင် မဂ်ဖိုလ်ကို ရရှိလိုသူတို့သည် နောက်နောက် ဘဝဆိုင်ရာ တောင့်တခြင်းတဏှာလောဘတို့ကို ဖြတ်ကြရပေမည်။ သို့မှသာ ဤဘဝတွင် နေကြပါမူ မဂ်ဖိုလ်ကို မရနိုင်ကြောင်း သတိပြုကြရပါမည်။
စွန်းလွန်းဆရာတော်၏ ဝိပဿနာရှုနည်း
ယောဂီသည် တရားအားမထုတ်ခင် ကြိုတင်ပြုရမည့်အချက်များ ရှိသည်။ “တရားအားထုတ်နေစဉ် အတွင်း၌ မြတ်စွာဘုရားအား တပည့်တော်၏ ကိုယ်ခန္ဓာကို နိဗ္ဗာန်ရည်မှန်း၍ လှူဒါန်းပါ၏။ သုံးဆယ့် တစ်ဘုံသားတို့ ချမ်းသာကြပါစေ၊ ဤကောင်းမှုကို သတ္တဝါအပေါင်း တို့အား အမျှပေးဝေပါ၏။ အမျှ အမျှ အမျှ။ သူတော်ကောင်းတို့ ပို့သသော မေတ္တာ၊ ပေးဝေသော ကုိုလ်အဖို့ကိုလည်း အကျွန်ုပ် ခံယူပါ၏။ သာဓု-သာဓု-သာဓု”ဟု ရှေးဦးစွာ ပြုကျင့်ရမည်။ “ဘယ်အချိန်အထိ အားထုတ်မည်”ဟု ကိုယ့်အလိုနှင့် အဓိဋ္ဌာန်ပြီး အချိန်မပိုင်းနှင့်၊ စွမ်းအားရှိသမျှ အားထုတ်ရမည်။
စာမျက်နှာ-555
မျက်စိမှိတ်၊ ပါးစပ်ပိတ်၍ ဝင်သက် စရမည်။ နှာသီးဝကို လေတိုးတော့ သိလိမ့်မည်။ အသိ မပျောက်အောင် သတိထားပြီး နာရီဝက် တစ်နာရီခန့် ခပ်တင်းတင်း ခပ်ပြင်းပြင်းရှုပေးရမည်။ မောလည်း မနား၊ ညောင်းလည်း မပြင်၊ ယားလည်း မကုတ်ဘဲ သည်းခံနေလျက် အသက်ကို ခပ်ပြင်းပြင်း ရှူမှ စိတ်ငြိမ်လွယ်သည်။
ယင်းနောက် ခန္ဓာကိုယ်ထဲမှာ ပူအေး ညောင်းညာ ထုံကျဉ် ကိုက်ခဲ စသည့် ဝေဒနာတစ်မျိုးမျိုး ဖြစ်ပေါ် ထင်ရှားလာသည့်အခါ အရှုကို ရပ်ပြီး ထိုဝေဒနာများ ဖြစ်ပေါ်မှုကို ပေါ်ကာမတ္တ ပစ္စုပ္ပန် (လက်ငင်း) ကျကျ သတိပြု နေရမည်။
“ထိမှု၊ သိမှု၊ ဤနှစ်ခု၊ သတိကြပ်ကြပ်ပြု” ဆိုသည့်အတိုင်း ထိမှု သိမှုကို သတိထားနေရမည်။ ထိုသို့ သတိထားပြီး မိမိခန္ဓာကိုယ်ကို သုံးသပ်နေခြင်းကို သမ္မသန (သုံးသပ်) ဉာဏ်ဟု ခေါ်သည်။
ဆက်လက် သတိပြုနေလျှင် ဥဒယဗ္ဗယ (ဖြစ်ပျက်သိ) ဉာဏ်အစ အနုလောမ (မဂ်၏ ရှေ့နားရှိ ဇော) ဉာဏ်အဆုံး ဉာဏ်အားလုံးသည် သူ့သဘောနှင့် သူ ဆက်လက် ပေါ်လာလိမ့်မည်။ ပေါ်လာတော့ မြင်၊ မြင်တော့ ကိုယ်တိုင် သိလိမ့်မည်။
စိတ်
သတိထား၍ ဝေဒနာကို သည်းခံနေရမည်။ မျက်စိ နား နှာ လျှာ ကိုယ် ဟူသော တံခါးပေါက်က ဝင်လာသမျှ အာရုံကို သတိပြုနေရမည်။ မျက်စိနှင့် အဆင်း ထိသိ၊ နားနှင့်အသံ ထိသိ၊ နှာခေါင်းနှင်အနံ့ ထိသိ၊ လျှာနှင့်အရသာ ထိသိ၊ ကိုယ်နှင့်အတွေ့ ထိသိ၊ စိတ်နှင့်သဘော ထိသိ၊ ဤသို့ သိအောင် သတိထားရမည်။ ထို့ပြင် စားလျှင် သတိ၊ သွားလျှင် သတိ၊ ထိုင်လျှင် သတိ၊ အိပ်လျှင် သတိ၊ တူရူကြည့် တစောင်းကြည့် သတိ၊ ရှေ့တိုး သတိ၊ နောက်ဆုတ် သတိ၊ ကွေး သတိ၊ ဆန့် သတိ၊ ကျင်ကြီး ကျင်ငယ်စွန့် သတိ၊ အိပ်ပျော် နေချိန်မှတပါး ဘယ်အမူအရာကိုပဲဖြစ်ဖြစ် သတိအမြဲပြုနေရမည်။
ဥပမာ - ထမင်းစားရာ၌ ထမင်းရှိရာကို လက်သွားတော့ သိလိမ့်မည်။ သိအောင် သတိထားရမည်။ ထမင်းနှင့်လက် ထိလျှင်လည်း သိအောင်ပြုရမည်။ ထမင်းကို ပါးစပ်ရှိရာ ယူလာလျှင်လည်း သိ၊ ခွံ့လည်း သိ၊ ဝါးလည်း သိ၊ မျိုလည်း သိ၊ အားလုံးကိုသိအောင် ပြုရမည်။ သွားလျှင် ခြေနှင့်မြေကြီး ထိလျှင် သိ၊ ဖျာ၊ ကော်ဇောနှင့် ထိလျှင်လည်း သိ၊ ရပ်လျှင်လည်း သိ၊ ထိုင်လျှင်လည်း သိ၊
စာမျက်နှာ-556
အိပ်လျှင်လည်း သိ၊ အိပ်ရာက နိုးလျှင်လည်း သိ၊ အမူအရာတိုင်းကို သိအောင် သတိပြု ရှုမှတ်နေရမည်။ ထိမှုနှင့် သိမှု ပြိုင်ပြိုင်ကျအောင် ထိကာမျှ၊ သိကာမျှကို သတိပြု ရှုမှတ်နေရမည်။ “တရားရှာ ကိုယ်မှာတွေ့” ဆိုသည့်အတိုင်း ကိုယ်မှာ တွေ့သမျှ တရားချည်း ဖြစ်သည်။
ထိုသို့ ထိမှု သိမှု ပြိုင်ပြိုင်ကျနေသည့်အချိန်မှာ သတ္တဝါဟူသော အမှတ် သညာ၊ နှာခေါင်းဟူသော အမှတ်သညာ စသည်တို့ ကင်းကွာနေလိမ့်မည်။ ထိုအခါ “နှာခေါင်းဟာ ငါ့ကိုယ်” ဟု စွဲယူသည့် သက္ကာယ (ကာယစွဲ ကိုယ်စွဲ) မဖြစ်တော့ချေ။ အမှားစွဲ (ဒိဋ္ဌိ) မဖြစ်နိုင်တော့ချေ။ ဤကား နှာခေါင်း၌ သက္ကာယဒိဋ္ဌိကွာခြင်းဖြစ်သည်။ နှာခေါင်းမှာ သက္ကာယကွာလျှင် ကျန်ကိုယ်အင်္ဂါ အစိတ်အပိုင်းများနှင့်တကွ တစ်ကိုယ်လုံးမှာ သက္ကာယကွာမည် ဖြစ်သည်။ ထိုသို့ သက္ကာယကွာပြီး ထိမှု၊ သိမှုကို သတိပြု ရှုနေလျှင် တစ်ကိုယ်လုံးမှာ မာန ကွာတော့သည်။ ထိုသို့ မာနကွာစိတ်နှင့် ထိမှု၊ သိမှုကို သတိပြု ရှုနေလျှင် “နှာခေါင်းဟာ ငါ့ဟာ၊ ငါ့ဥစ္စာ” ဟု စွဲယူသည့် တဏှာ မဖြစ်နိုင်တော့ပေ။ နှာခေါင်းမှာ တဏှာကွာလျှင် တစ်ကိုယ်လုံးမှာလည်း တဏှာ ကွာတော့သည်သာ။
ထိုတဏှာ မာန ဒိဋ္ဌိ သုံးပါးကို သံသရာချဲ့ (ပပဉ္စ) တရားဟု ခေါ်သည်။ ဆိုခဲ့ သည့်အတိုင်း မပြတ်သိအောင် ရှုနေမှတ်နေသဖြင့် ထိုသံသရာချဲ့ထွင်တတ်သော တရားတို့ကို တဒင်္ဂ (တခဏ) သေအောင် သတ်နိုင်ခြင်း ဖြစ်သည်။
ထို့ပြင် ထိမှု၊ သိမှုကို သတိပြုနေလျှင် အဝိဇ္ဇာ (မသိမှု) ကို တဒင်္ဂပယ်ပြီး ဖြစ်သည်။ ထိုအခိုက်မှာ ကြမ်းတမ်းသော ဒေါသမဖြစ်သဖြင့် ပဋိဃာနုသယ (ဒေါသ) ကိုလည်း တဒင်္ဂပယ်ပြီးဖြစ်သည်။ ထိုအချိန်မှာ ဘုရား တရား သံဃာ အတိတ် အနာဂတ် ရှေ့အစွန်း နောက်အစွန်း ပဋိစ္စသမုပ္ပါဒ် (ကြောင်းကျိုးဖြစ်) တရားတို့၌လည်း ဝိစိကိစ္ဆာ (ယုံမှားခြင်း) မဖြစ်၊ ဝိစိကိစ္ဆာကို တဒင်္ဂပယ်ပြီးဖြစ်သည်။
ဤသို့ဖြင့် ဝိပဿနာဉာဏ်များ အဆင့်ဆင့်ဖြစ်ပေါ်ပြီး နိဗ္ဗာန်ကို အနုမာန သိဒ္ဓိ (မှန်းဆသိ) ဉာဏ်ဖြင့် အာရုံပြုနိုင်၊ သိနိုင်မည်ဖြစ်သည်။
ဆိုခဲ့သည့်အတိုင်း ပြင်းပြင်းထန်ထန် ရှုမှုကို ရပ်တန့်ပြီး “ခန္ဓာကိုယ်စိုက် ဝေဒနာလိုက်” ဟူသည်နှင့်အညီ ဖြစ်ပေါ်သမျှ ဝေဒနာများကို ရှုနေကျ ပုံမှန် ရှု၍ ထိမှု၊ သိမှု ပြိုင်ပြိုင်ကျအောင် ရှုမှတ်နေရမည်။ ဤသို့ ဝေဒနာကို ရှုနေ သည်ကိုပင် ဝေဒနာလိုက်သည်ဟု ခေါ်ခြင်းဖြစ်သည်။ ထိုတွင် ကောင်းတာကို
စာမျက်နှာ-557
ခံစားခြင်းသည် သုခဝေဒနာ၊ မကောင်းတာကို ခံစားခြင်းသည် ဒုက္ခဝေဒနာ၊ မသိမသာ အလယ်အလတ် ခံစားခြင်းသည် ဥပေက္ခာဝေဒနာဖြစ်သည်။ ဤသို့ ပေါ်သမျှ ဝေဒနာကို ဝေဒနာမျှသာဟု သတိပြု မှတ်ရမည်။ ထိုသို့ ဝေဒနာမျှ သာ ရပ်နေအောင် မှတ်နိုင်လျှင် တဏှာ (လောဘ) ချုပ်လေတော့သည်။ တဏှာချုပ်လျှင် ဥပါဒါန် (စွဲလန်းမှု) လည်း ချုပ်လေ၏။ ဥပါဒါန်ချုပ်လျှင် ဘဝစသော တရားတို့ အဆက်ဆက် ချုပ်လေတော့သည်။
ဤကား ပဋိစ္စသမုပ္ပါဒ် သံသရာစက်ကို ပစ္စုပ္ပန်အစပ် ဝေဒနာနှင့် တဏှာ ကြားကနေ ဖြတ်ခြင်း ဖြစ်သည်။ ထိုသို့ ပစ္စုပ္ပန်ဝေဒနာ အကျိုးတရားပြတ်လျှင် သုခ၊ ဒုက္ခ၊ ဥပေက္ခာဝေဒနာ ဖြစ်ထိုက်သည့် (လောဘ ဒေါသ အဝိဇ္ဇာဟူသော) အကြောင်းတရားလည်း သေလေတော့သည်။ ထိုအကြောင်းသေလျှင် အနာဂတ် အကျိုးတရားလည်း သေရလေသည်။
ထို့ကြောင့် သွားလာ စားသောက် နေထိုင် ရပ် အိပ်ခြင်း စသည်ဖြင့် အမှု ကိစ္စ ပြုသမျှတိုင်းမှာ ထိမှု သိမှု သတိ ကြပ်ကြပ် ပြုကြရမည်။ ဤသို့ သတိပြု ရှူနေကြပါလျှင် မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်ကြမည် ဖြစ်ပေသည်။
ဟံသာဝတီဆရာတော်၏ ဝိပဿနာရှုနည်း
ယောဂီသည် မျက်စိမှိတ်လျက် မိမိ၏ နှာသီးဖျား၌ အာရုံစိုက်ပြီး ထွက်လေကို ထွက်မှန်း သိရမည်။ ဝင်လေကို ဝင်မှန်း သိရမည်။ လက်မချိုး၊ ပုတီးမစိပ်၊ မရေတွက်၊ မစဉ်းစား၊ မကြံစည်၊ မတွေးတောဘဲ ဝီရိယကြီးစွာဖြင့် သတိ မလစ်စေဘဲ ဣရိယာပုထ် (လျောင်း ထိုင် ရပ် သွား) လေးပါးလုံး အမြဲ အားထုတ်ရမည်။
စိတ်သည် မျက်စိ နား နှာ လျှာ ကိုယ် စိတ်ဟူသော ခြောက်ဌာနမှာ မြင်ခြင်း၊ ကြားခြင်း စသည်ဖြင့် အမြဲထွက်နေတတ်သည်။ ထို့ကြောင့် ကျန်ငါးဌာနကို ပိတ်ပြီး စိတ်ဟူသော မနောဒွါရမှ စောင့်၍ စိတ်ကိုဖမ်းမှ သမာဓိရနိုင်သည်။ အပေါက် ခြောက်ပေါက်ရှိ တောင်ပို့တွင်းက ဖွတ်ကို ဖမ်းချင်လျှင် ငါးပေါက်ကို ပိတ်ပြီး ကျန်တစ်ပေါက်မှ စောင့်ဖမ်းသည့် သဘောပင် ဖြစ်သည်။
ယောဂီသည် ရှေးဦးစွာ သီလတစ်မျိုးမျိုးကို ဆောက်တည်၍ သမထကို သုံးရက် အားထုတ်ရမည်။ သုံးရက် အားထုတ်လျှင် သမာဓိကို အမှန်ပင် ရနိုင်သည်။ သမာဓိ သုံးရက် ထူထောင်ပြီးလျှင် ဝိပဿနာသို့ ကူးပြောင်းသင့်သည်။ ဝိပဿနာသို့ ကူးပြောင်းသည့်အခါ ဖော်ပြလတ္တံ့ပါအတိုင်း ကမ္မဋ္ဌာန်းတောင်းရ၏ -
စာမျက်နှာ-558
တုမှာကံ ဘန္တေ မမ ဇီဝိတံ ပရိစ္စဇာမိ။
(၃-ခေါက်ဆို)
အရှင်ဘုရား အရှင်ဘုရားတို့အား အကျွန်ုပ်၏အသက်ကို စွန့်လှူပါ၏။
ဘန္တေ သံသာရဝဋဒုက္ခတော မောစနတ္ထာယ ဝိဇ္ဇတ္ထာယ စ ကမ္မဋ္ဌာနံ ယာစာမိ။
အရှင်ဘုရား . . . သံသရာ ဝဋ်ဆင်းရဲအပေါင်းမှ ထွက်မြောက်ခြင်းအကျိုးငှာ လည်းကောင်း၊ အတိတ်က ပါလာခဲ့သော ဝိဇ္ဇာမျိုးစေ့ရှိသော် လည်းကောင်း၊ ကယ်၍ ဝိဇ္ဇာမျိုးစေ့ မရှိခဲ့သော် ယခုအားထုတ်သော ကမ္မဋ္ဌန်းသည် ဝိဇ္ဇာမျိုးစေ့ အဖြစ်ဖြင့် မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းအကျိုးငှာ လည်းကောင်း ကမ္မဋ္ဌာန်းကို တောင်းပါ၏။
ဤသို့ မြတ်စွာဘုရား (ဆင်းတုတော်) ထံ၌ ကမ္မဋ္ဌာန်းတောင်းပြီးနောက် ပြစ်မှားမိသော အပြစ်များရှိခဲ့သော် ကျေပျောက်စေရန် ဖော်ပြလတ္တံ့ပါ အတိုင်း ကန်တော့ရမည် -
ဩကာသ ဩကာသ ဩကာသ၊ ကာယကံ ဝစီကံ မနောကံတည်း ဟူသော သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း၊ နိဗ္ဗာန်ကို မျက်မှောက် ပြုပါရခြင်းအကျိုးငှာ ဘုရား တရား သံဃာ ဆရာမိဘ ဂုဏဝုဒ္ဓိ (ဂုဏ်ကြီးသူ)၊ ဝယဝုဒ္ဓိ (အရွယ်ကြီးသူ) အစရှိသော ပုဂ္ဂိုလ်တို့အား ရှိခိုးပါ၏။ ကန်တော့ပါ၏။ အတိတ်သံသရာမှစ၍ ယခုကျအောင် ပြစ်မှားဖူးသော ကာယကံ ဝစီကံ မနောကံအပြစ်များကို သည်းခံရန် တောင်းပန်ပါ၏။ ကန်တော့ပါ၏။ မိမိအပေါ် ပြစ်မှားမိဖူးသော ကာယကံ ဝစီကံ မနောကံ အပြစ်များကို သည်းခံပါ၏။
ဤသို့ ကန်တော့ပြီးသောအခါ ဘယ်ဒူးပေါ် ဘယ်လက်တင်၊ ညာဒူးပေါ် ညာလက် တင်လျက် ဦးခေါင်းကစ ခြေဖျားအထိ ရုပ်သာချည်းဟု အာရုံ ပြုပါ။ ယင်းနောက် ဦးခေါင်းရှိ ငယ်ထိပ်နေရာကို ဒင်္ဂါးကွက် ပမာဏမျှ ကွက်ပြီး ရှုပါ။ စိတ်မလွင့်စေဘဲ သမာဓိကို ခိုင်မြဲစွာထားပြီး ရှုရမည်။ ထိုသို့ ရှုစဉ် ခန္ဓာကိုယ်မှာ နာကျင်တင်းကျပ်ဖြစ်စေ၊ အုံတုံတုံကြီးဖြစ်စေ၊ ခေါင်းကြီး ကိုယ်ကြီး ထူအမ်းနေဟန်ဖြစ်စေ တွေ့ရတတ်သည်။ ထိုသို့ တွေ့ခြင်းသည် ပထဝီ (မြေဓာတ်ခေါ် ဖွဲ့စည်းဓာတ် အလေးဓာတ်) ကို တွေ့ခြင်းဖြစ်သည်။ ပူပူဖြစ်စေ၊ အေးအေးဖြစ်စေ၊ နွေးနွေးရှိန်ရှိန်သဘောကိုဖြစ်စေ တွေ့တတ်သည်။ ဤသည်မှာ တေဇော
စာမျက်နှာ-559
(ပူမှု အေးမှု) ဓာတ်ကို တွေ့ခြင်းဖြစ်သည်။ တလှုပ်လှုပ် တရွရွ တဒိတ်ဒိတ် ပြောင်းလဲ ဖြစ်ပျက်သော သဘောကိုလည်း တွေ့တတ်သည်။ ဤကား ဝါယော (လေ) ဓာတ်သဘောကို တွေ့ခြင်းဖြစ်သည်။ ဘာကိုပဲတွေ့တွေ့ ရုပ်တရားသာဟု မှတ်ပြီး အာရုံပြုနေလျှင် တစ်ခေါင်းလုံး တစ်ကိုယ်လုံး ရုပ်ဓာတ်တွေ ခဏမစဲ တဖွဲဖွဲ ဖြစ်ပျက်ဖောက်ပြန် ပျက်စီးနေပုံကို တွေ့လိမ့်မည်။ သမာဓိကောင်းလျှင် ကောင်းသလို များများတွေ့တတ်သည်။ ယောဂီသည် ငါဘာဖြစ်ပါလိမ့်ဟု အထင်မှားတတ်သည်။
သူ့သဘော သူဆောင်နေသော ရုပ်သဘောတွေဟု နှလုံးသွင်း၍ စွဲမြဲစွာ အားထုတ်ရမည်။ ဤနေရာ၌ အမှန်ကို ပြသနိုင်သော ဆရာကောင်းလိုသည်။ ဤ၌ ပထမဆင်ခြင်တာက သမ္မသနဉာဏ်ဖြစ်သည်။ ဖြစ်မှန်းပျက်မှန်း သိတာက ဥဒယဗ္ဗယဉာဏ် ဖြစ်သည်။ ဥဒယဗ္ဗယဉာဏ်ကိုတွေ့လျှင် မမြဲသည့် အနိစ္စတရား၊ ဆင်းရဲသည့် ဒုက္ခတရား၊ အစိုးမရသည့် အနတ္တတရားကို အမှန်သိပြီဖြစ်သည်။ ရုပ်နာမ်တို့၏သဘောကို အမှန်မတွေ့မသိဘဲ ရုပ်နာမ်တွေ ဖြစ်ပျက်နေတာပဲဟု ရော်ရမ်းမှန်းဆခြင်းသည် ဝိပဿနာဉာဏ်မဟုတ်ပါ။ ရုပ်နာမ်တို့၏ သဘောမှန်ကို ဝိဇ္ဇာဉာဏ် ဝိပဿနာဉာဏ်ဖြင့်သာ သိနိုင်သည်။
ဆိုခဲ့သည့်အတိုင်း ရုပ်နာမ်တို့၏ အနိစ္စကိုမြင်လျှင် ရုပ်နာမ်တို့၏ပျက်ပုံကို မြင်သော ဘင်္ဂဉာဏ်၊ ထိုသို့ ပျက်ပျက်နေသဖြင့် ဘေးဆိုးဟု မြင်သော ဘယဉာဏ်၊ ထိုသို့ ဘေးဆိုးအဖြစ် မြင်သည့်အလျောက် အကောင်းမထင် အပြစ် မြင်သော အာဒိနဝဉာဏ်၊ ထိုသို့ အပြစ်မြင်သဖြင့် မပျော်ရွှင် မနှစ်သက်ဘဲ ငြီးငွေ့သော နိဗ္ဗိဒါဉာဏ် စသည်တို့ ဆက်လက်ဖြစ်ပေါ်လိမ့်မည်။ ဤသို့ဖြင့် အနိစ္စဉာဏ် အမြင်ကို မြင်သိရာမှ ဒုက္ခဉာဏ်အမြင်၊ အနတ္တဉာဏ်အမြင်တို့ကိုပါ မြင်သိပြီး မျက်မှောက် ဘဝမှာပင် နိဗ္ဗာန်သို့ ရောက်နိုင်ကြပေသည်။
မဟာစည်ဆရာတော်၏ ဝိပဿနာရှုနည်း
ရဟန်းများ ပါတိမောက်သီလနှင့် ပြည့်စုံပြီး လူပုဂ္ဂိုလ်များသည် အနည်းဆုံး ငါးပါးသီလ ပြည့်စုံရမည်။ ယင်းနောက် တင်ပျဉ်ခွေထိုင်၊ အမျိုးသမီးများလည်း တင်ပျဉ်ခွေထိုင်နိုင်သည်။ မိန်းမထိုင် ကျုံ့ကျုံ့ ထိုင်လိုက ထိုင်နိုင်သည်။ ခါးကို မတ်မတ်ထား၍ ဘယ်လက်ဝါးဖြန့် အောက်ကထားပြီး ညာလက်ဝါးကို ဖြန့်၍ အပေါ်က ထားရမည်။ လက်မထိပ်နှစ်ခုကို ထိရုံမျှ ထိထားရမည်။ ရှေ့တည့်တည့်မှာလည်း လက်နှစ်ဘက်ကို ယှဉ်ချထားနိုင်သည်။ ဘယ်ဒူးပေါ် ဘယ်လက် ညာဒူးပေါ် ညာလက် တင်၍လည်း ထိုင်နိုင်သည်။
စာမျက်နှာ-560
ဝမ်းဗိုက်မှာ စိတ်ကို ထားရမည်။ အသက်ရှူသွင်းလိုက်လျှင် ဖောင်းတက် လာတာကိုတွေ့၍ အသက်ရှူထုတ်လိုက်သည့်အခါ ပိန်ကျသွားတာကို တွေ့လိမ့် မည်။ ဖောင်းတက်လာတာကို “ဖောင်းတယ်”၊ ပိန်ကျသွားတာကို “ပိန်တယ်” ဟု မှတ်ရမည်။ စိတ်ဖြင့် စိုက်ကြည့်ရုံနှင့် မထင်ရှားသေးလျှင် ဗိုက်ကို လက်နှင့် ဖိထားရမည်။ အသက်ရှူတာကို မပြင်ဘဲ နှေးအောင် မြန်အောင် တမင် အားမထုတ်ဘဲ ပကတိရှုမြဲအတိုင်း မှန်မှန်ရှူရမည်။ ထိုသို့ ရှူနေရင်း ဖောင်းတက်လာတာကို “ဖောင်းတယ်”၊ ပိန်ကျသွားတာကို “ပိန်တယ်” ဟု ဖောင်းတိုင်း ပိန်တိုင်း မပြတ်မှတ်နေရမည်။
“ဖောင်းတယ်၊ ပိန်တယ်” ဟု စိတ်ဖြင့်သာ ဆိုရမည်၊ (ဝါ) စိတ်ဖြင့်သာ မှတ်ရမည်၊ ပါးစပ်ဖြင့် မဆိုရ။ ဝိပဿနာဟူသည် အဆိုတွေ အမည်တွေက လိုရင်းမဟုတ်။ သိဖို့သာလိုရင်းဖြစ်သည်။ ထို့ကြောင့် စိတ်ဖြင့်ဆိုရုံနှင့် မပြီးသေးဘဲ “ဖောင်းတယ်” ဟု မှတ်သည့်အခါ ဖောင်းစ ကနေပြီး ဖောင်းဆုံးတိုင်အောင် ဖောင်းတက်လာပုံကို မျက်စိဖြင့် မြင်သလို သေသေချာချာ သိသွားစေရမည်။ “ပိန်တယ်” ဟု မှတ်သည့်အခါ ပိန်ကျသွားတာကို ပိန်စမှ ပိန်ဆုံးတိုင်အောင် မျက်စိဖြင့် မြင်သလို ထင်ထင်ရှားရှား သိသွားစေရမည်။ “ဖောင်းတယ်” မှတ်လျှင် ဖောင်းတာနှင့် အသိ ကပ်သွားစေရမည်။ ရှုမှတ်စရာ အာရုံနှင့် ရှုမှတ် လိုက်သည့် စိတ်သည် အံကျ ကိုက်ကိုက်သွားအောင် ဂရုစိုက်ပြီး မှတ်ရမည်။ “ပိန်တယ်” ဟုမှတ်သည့်အခါ ပိန်တာနှင့် ရှုမှတ်တာ အံကျကိုက်သွားစေရမည်။ အခြားအထူးမှတ်စရာ မရှိလျှင် “ဖောင်းတယ်၊ ပိန်တယ်” ဟုချည်း မှတ်နေ ရမည်။
ထိုသို့ မှတ်နေစဉ် သမာဓိအား မကောင်းသေးခင် စိတ်က အပြင်ထွက်ထွက် သွားလိမ့်မည်။ ထိုစိတ်ကို “သွားတယ်၊ သွားတယ်” သို့မဟုတ် “လွင့်တယ်၊ လွင့် တယ်” ဟု လိုက်မှတ်ရမည်။ ဤသို့ တစ်ချက်နှစ်ချက် မှတ်လိုက်လျှင် စိတ်သည် မလွင့်ဘဲ ရပ်သွားလိမ့်မည်။ ထိုအခါ “ဖောင်းတယ်၊ ပိန်တယ်” ဟု ပြန်မှတ်နေရ မည်။ စိတ်ထဲမှာ လူတစ်ယောက်ယောက်နှင့် တွေ့လျှင် “တွေ့ တယ်၊ တွေ့တယ်” ဟု မှတ်ပြီးလျှင် “ဖောင်းတယ်၊ ပိန်တယ်” ပြန်မှတ်။ လူတစ်ယောက်ယောက်နှင့် တွေ့လို့ စကားပြောနေမှ သတိရလျှင် ထိုစိတ်ကို “ပြောတယ်၊ ပြောတယ်” ဟု မှတ်၊ ဤသို့ဖြင့် စိတ်ကူးလျှင် “စိတ်ကူးတယ်”၊ စဉ်းစားလျှင် “စဉ်းစားတယ်”၊ ကြံလျှင် “ကြံတယ်”၊ သိလျှင် “သိတယ်”၊ နှလုံးသွင်းလျှင် “နှလုံးသွင်းတယ်”၊ ပျင်းလျှင် “ပျင်းတယ်”၊ ပျော်လျှင် “ပျော်တယ်”၊ ဝမ်းသာလျှင် “ဝမ်းသာ တယ်”၊ စိတ်ပျက်လျှင် “စိတ်ပျက်တယ်” ဤသို့ မှတ်ရမည်။ တစ်ချက်နှစ်ချက် မှတ်လိုက်ပြီးနောက် စိတ်ကို မှတ်စရာ မရှိလျှင် “ဖောင်းတယ် ပိန်တယ်” ပြန်မှတ် ရမည်။
စာမျက်နှာ-561
ထိုသို့ မှတ်နေရင်း တံတွေးမျိုချင်လျှင် “မျိုချင်တယ်” ဟုမှတ်၊ တံတွေး စုတာကို “စုတယ်”၊ မျိုတော့ “မျိုတယ်” ဟုမှတ်၊ တံတွေးထွေးချင်လျှင် “ထွေးချင်တယ်”၊ ခေါင်းငုံ့တော့ “ငုံ့တယ်”၊ ကြည့်သေးလျှင် “ကြည့်တယ်”၊ မြင်လျှင် “မြင်တယ်”၊ ထွေးတော့ “ထွေးတယ်” ဟု မှတ်ပြီးလျှင် “ဖောင်းတယ်၊ ပိန်တယ်” ပြန်မှတ်ရမည်။
ထိုင်တာကြာလျှင် ညောင်းတာ ပူတာများ ဖြစ်လာလိမ့်မည်။ ညောင်းလျှင် ညောင်းတာကို သေသေချာချာ သိအောင် စိတ်စိုက်ပြီး “ညောင်းတယ်၊ ညောင်းတယ်” မှတ်၊ ပူလျှင် “ပူတယ်”၊ နာလျှင် “နာတယ်”၊ ကျဉ်လျှင် “ကျဉ် တယ်” ဟု ဒုက္ခဝေဒနာဖြစ်သမျှ အမည်အတိုင်း မှတ်ရ၏။ ထိုသို့ ညောင်းတာ ပူတာ စသည့် ဝေဒနာများ ဖြစ်ပေါ်လာလျှင် “ညောင်းတယ်၊ ညောင်းတယ်” စသည်ဖြင့် သည်းခံမှတ်နေရမည်။ သည်းခံမမှတ်ဘဲ ခဏခဏ နေရာပြင်ပြင် နေလျှင် သမာဓိမဖြစ်နိုင်၊ သမာဓိမဖြစ်လျှင် ဉာဏ်မဖြစ်နိုင်၊ ဉာဏ်မဖြစ်လျှင် မဂ်ဖိုလ်နိဗ္ဗာန် မရောက်နိုင်။ ထို့ကြောင့် ညောင်းတာ ပူတာစသည့် ဝေဒနာ များကို အတတ်နိုင်ဆုံး သည်းခံမှတ်နေရမည်။ ထိုသို့ မှတ်နေလျှင် တော်ရုံတန်ရုံ ဝေဒနာများ ပျောက်သွားကြလိမ့်မည်။ သမာဓိဉာဏ် အားကောင်းသည့်အခါ အင်မတန်ကြီးကျယ်သည့် ဝေဒနာများပင် ပျောက်သွားတာကို တွေ့ကြရပါ လိမ့်မည်။ အတော်ကြာအောင် မှတ်နေပါလျက် မပျောက်နိုင်ဘဲ မနေသာ တော့၍ နေရာပြင်ချင်စိတ် ခဏခဏပေါ်နေလျှင် နေရာပြင်နိုင်သည်။ သို့ရာတွင် အမှတ်နှင့် နေရာပြင်ရမည်။ ပြင်ချင်တော့ “ပြင်ချင်တယ်”၊ လက်ကြွတော့ “ကြွတယ်”၊ ရွှေ့တော့ “ရွှေ့တယ်” စသည်ဖြင့် ဖြည်းဖြည်းပြင်ရင်း ဖြစ်ပေါ် သမျှ အမူအရာအားလုံးကိုမှတ်ရမည်၊ နေရာပြင်ပြီးလျှင် “ဖောင်းတယ်၊ ပိန်တယ်” ပြန်မှတ်ရမည်။
ထိုသို့ မှတ်နေရင်း တစ်နေရာရာက ယားလာလျှင် ယားသည့်နေရာကို စိတ်စိုက်ပြီး “ယားတယ်၊ ယားတယ်” ဟုမှတ်၊ အကြိမ်ကြိမ် မှတ်ပါလျက် မပျောက်လို့ အယားဖျောက်ချင်လျှင် “ဖျောက်ချင်တယ်၊ ဖျောက်ချင်တယ်” ဟု မှတ်၊ အယားဖျောက်ရန် လက်ကြွလာလျှင် “ကြွတယ်၊ ကြွတယ်”၊ ရွှေ့လျှင် “ရွှေ့တယ်”၊ ယားသည့်နေရာကို ထိတော့ “ထိတယ်”၊ အယားဖျောက်တော့ “ဖျောက်တယ်၊ ဖျောက်တယ်” ၊ လက်ပြန်ရွှေ့တော့ “ရွှေ့တယ်”၊ တစ်နေရာရာကို ထိတော့ “ထိတယ်” မှတ်ရမည်။ ပြီးလျှင် “ဖောင်းတယ်၊ ပိန်တယ်” ပြန်မှတ် နေရမည်။
စာမျက်နှာ-562
ဤသို့ ဂရုစိုက်မှတ်နေစဉ် ကိုယ်ထဲက အခံခက်သည့် ဝေဒနာများ အလိုလို ပေါ်လာလိမ့်မည်။ တရား မရှုမှတ်သော ပုဂ္ဂိုလ်များကား နည်းနည်းလေး ညောင်းလာ ပူလာလျှင် အမှတ်အသိ မရှိဘဲ ရွှေ့လိုက် ပြင်လိုက်ကြ၏။ ထို့ကြောင့် ဆင်းရဲတာတွေ ထင်ထင်ရှားရှား မဖြစ်လိုက်ကြရပေ။ ဤကား ဆင်းရဲဒုက္ခများကို ဣရိယာပုထ် (နေပုံအမူအရာ) များက ဖုံးကွယ်ထားခြင်း ဖြစ်သည်။ ပြောင်းလဲနေထိုင်ပုံ အမျိုးမျိုးက ဖုံးကွယ်ဖုံးကွယ်သွား၍ လူများ၏ ကိုယ်တွင်းမှာ ဆင်းရဲဒုက္ခများ ရှိနေမှန်း မသိကြခြင်း ဖြစ်သည်။ တစ်နေ့လုံး တစ်ညလုံး နေထိုင်ကောင်းနေသည်ဟု ထင်နေကြခြင်း ဖြစ်သည်။ ယောဂီ များကား ကိုယ်ထဲက တရားများကို အရှိအတိုင်း မြင်အောင် မှတ်နေသဖြင့် ဒုက္ခများကို ထင်ရှားစွာ တွေ့မြင်လာခြင်း ဖြစ်သည်။
ထိုင်ရာက ထ မည်ကြံလျှင်လည်း “ထချင်တယ်၊ ထချင်တယ်” မှတ်၊ လက်ခြေ ရွေ့ပြင်တော့ “ကြွတယ်၊ ရွှေ့တယ်၊ ဆန့်တယ်၊ ထိတယ်၊ ထောက်တယ်” စသည်ဖြင့် အစဉ်အတိုင်း မှတ်လျက် ဖြည်းဖြည်းလေးထပြီး အမူအရာတိုင်းကို သိအောင် မှတ်ရမည်။ မြန်မြန်ပြုမူလျှင် လေ့ကျင့်စ သတိဉာဏ်ကလေးဖြင့် မှီအောင် မှတ်နိုင်တော့မည် မဟုတ်ပေ။
ထပြီး၍ ရပ်မိသည့်အခါ “ရပ်တယ်၊ ရပ်တယ်” ဟု မှတ်၊ ဟိုသည် ကြည့်မိပြန်လျှင် “ကြည့်တယ်၊ မြင်တယ်၊ ကြည့်တယ်၊ မြင်တယ်” ဟုမှတ်။
သွားသည့်အခါ ခြေလှမ်းကို မှတ်ရဦးမည်။ ညာဘက်ခြေက လှမ်းလျှင် “ညာလှမ်းတယ်”၊ ဘယ်ဘက်ခြေက လှမ်းလျှင် “ဘယ်လှမ်းတယ်” ဟူ၍ ခြေကြွ သည်က စပြီး ခြေချသည်အထိ ရွေ့ရွေ့သွားသည့် အမူအရာကို အစဉ်အတိုင်း သိအောင် မှတ်ရမည်။ “ညာလှမ်းတယ်၊ ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်၊ ဘယ် လှမ်းတယ်” ဟူ၍ တစ်လှမ်း တစ်လှမ်း တစ်ခါတစ်ခါ မှတ်ရမည်။ ဤကား မြန်မြန်သွားသည့်အခါ ခပ်ဝေးဝေးသွားရသည့်အခါ မှတ်ပုံတည်း။
ဖြည်းဖြည်းသွားသည့်အခါ၊ စင်္ကြံလျှောက်သည့်အခါ ခြေတစ်လှမ်းတွင် သုံးပိုင်း ရှိသည်။ ခြေကြွတာက တစ်ပိုင်း၊ လှမ်းတာက တစ်ပိုင်း၊ ခြေချလိုက်တာက တစ်ပိုင်း ဖြစ်သည်။ ထိုတွင် ကြွတာနှင့် ချတာ နှစ်ပိုင်းကို စပြီး မှတ်ရမည်။ ခြေကြွတော့ “ကြွတယ်” ဟု ကြွတက်လာပုံကို သေသေချာချာသိအောင် မှတ်ရမည်။ နင်းချ လိုက်တော့ “ချတယ်” ဟု တရွေ့ရွေ့ ခြေကျသွားပုံကို သိအောင် မှတ်ရမည်။ “ကြွတယ်၊ ချတယ်၊ ကြွတယ်၊ ချတယ်” ဟူ၍ ခြေတစ်လှမ်း တစ်လှမ်းကို တစ်ချက် နှစ်ချက် မှတ်ရမည်။
စာမျက်နှာ-563
နှစ်ရက်လောက် မှတ်ပြီးက လွယ်ကူပြီး ကျင့်သားရလာလိမ့်မည်။ ထိုအခါ သုံးချက်မှတ်ရမည်။ “ကြွတယ်၊ လှမ်းတယ်၊ ချတယ်”၊ “ကြွတယ်၊ လှမ်းတယ်၊ ချတယ်” ဟု သုံးချက်သုံးချက် မှတ်သွားရမည်။ ကြွတက်လာသည့် အမူအရာ၊ တရွေ့ရွေ့ လှမ်းနေသည့် အမူအရာ၊ တဖြည်းဖြည်း ပိကျသွားသည့် အမူအရာ များကို သိအောင် ရှုမှတ်ရမည်။
ထိုသို့ သွားနေစဉ် ထိုင်ချင်လာလျှင် “ထိုင်ချင်တယ်၊ ထိုင်ချင်တယ်” ဟုမှတ်၊ လှမ်းကြည့်မိလျှင် “ကြည့်တယ်၊ မြင်တယ်” မှတ်၊ ထိုင်မည့်နေရာသို့ သွားလျှင် “ကြွတယ်၊ ချတယ်”၊ “ကြွတယ်၊ ချတယ်” မှတ်၍ သွားရမည်။ ထိုင်မည့်နေရာ ရောက်၍ ရပ်လျှင် “ရပ်တယ်၊ ရပ်တယ်” ဟုမှတ်၊ လှည့်လျှင် “လှည့်တယ်၊ လှည့်တယ်” မှတ်၊ ထိုင်ချင်စိတ်ပေါ်လာလျှင် “ထိုင်ချင်တယ်၊ ထိုင်ချင်တယ်” ဟုမှတ်၊ ထိုင်ချ လိုက်တော့ ကိုယ်ကြီး လေးလေးပြီး ကျသွားတာကို စူးစိုက်လျက် “ထိုင်တယ်၊ ထိုင်တယ်၊ ထိုင်တယ်” ဟု မှတ်၊ ထိုင်မိ၍ လက်ခြေတွေကို ပြင်လျှင်လည်း ရွှေ့လျှင် “ရွှေ့တယ်”၊ ကွေးလျှင် “ကွေးတယ်”၊ ဆန့်လျှင် “ဆန့်တယ်” ဟူ၍ အမူအရာတိုင်းကို တစ်ခုမကျန် မှတ်ရမည်။ ဘာမျှ အပြုအပြင်မရှိဘဲ ငြိမ်နေပြီ ဆိုလျှင် “ဖောင်းတယ်၊ ပိန်တယ်၊ ဖောင်းတယ်၊ ပိန်တယ်” ဟု မှတ်နေရမည်။
လှဲအိပ်ချင်လျှင်လည်း “အိပ်ချင်တယ်၊ အိပ်ချင်တယ်” ဟု မှတ်၊ လှဲအိပ်ကာနီး လက်ခြေပြင်တာများကိုလည်း အကုန်လုံး မှတ်ရမည်။ လက်ကြွတော့ “ကြွတယ်” ရွှေ့လျှင် “ရွေ့တယ်”၊ ထောက်လျှင် “ထောက်တယ်”၊ ကိုယ်ကြီးက ယိမ်းလာလျှင် “ယိမ်းတယ်၊ ယိမ်းတယ်”၊ ခြေဆန့်လျှင် “ဆန့်တယ်၊ ဆန့်တယ်”၊ လှဲအိပ်လိုက် သည့်အခါကျတော့ “အိပ်တယ်၊ အိပ်တယ်” ဟုမှတ်ပြီး ဖြည်းဖြည်းခြင်း လှဲအိပ် သွားရမည်။ ဟိုဘက်သည်ဘက် စောင်းလျှင်လည်း “စောင်းတယ်၊ စောင်းတယ်” ဟု မှတ်ရမည်။ ဘာမျှ အပြုအပြင်မရှိ ငြိမ်နေပြီဆိုလျှင် “ဖောင်းတယ်၊ ပိန်တယ်” ဟု မှတ်နေရမည်။ ဤသို့ မှတ်နေတုန်း စိတ်ကလွင့်သွားလျှင် ထိုင်တုန်း က မှတ်သလို လွင့်လျှင် “လွင့်တယ်”၊ ရောက်လျှင် “ရောက်တယ်”၊ ကြံလျှင် “ကြံတယ်” စသည်ဖြင့် မှတ်ရမည်။ စိတ်သည် တစ်ချက်နှစ်ချက် မှတ်လိုက်လျှင် ပျောက်သွားတတ်၏။ ထိုအခါ “ဖောင်းတယ်၊ ပိန်တယ်” ပြန်မှတ်နေရမည်။ အမှတ်ကို လွှတ်ပြီး မအိပ်ရပေ။ မှတ်ရင်းမှတ်ရင်း အိပ်ပျော်သွားစေရမည်။ အမှတ်က နိုင်လျှင် အိပ်မပျော်ဘဲ နေတတ်သည်။ အိပ်ချင်တာ နိုင်လျှင်လည်း အိပ်ပျော် သွားတတ်သည်။ အိပ်ချင်လျှင် “အိပ်ချင်တယ်၊ အိပ်ချင်တယ်” မျက်စိမှေးလာလျှင် “မှေးတယ်၊ မှေးတယ်”၊ လေးလာလျှင် “လေးတယ်၊ လေးတယ်” ဟုမှတ်၊ အားထုတ်စမှာ လှဲအိပ်တာ မများစေရပေ။ ထိုင်မှ၊ စင်္ကြံမှတ်တာက များရမည်။
စာမျက်နှာ-564
ယောဂီသည် အိပ်ပျော်သွားလျှင် ဘာကိုမျှ အမှတ်မရတော့ပေ။ ယောဂီ နားနေချိန် ဖြစ်သည်။ တကယ်တမ်း တရားအားထုတ်လျှင် သုံးနာရီ လေးနာရီထက် ပိုပြီး အိပ်မနေသင့်ပေ။ လေးနာရီအိပ်လျှင် ကောင်းကောင်း လုံလောက် ပါသည်။
အိပ်ပျော်ရာက နိုးလာလျှင် နိုးကတည်းက “နိုးတယ်၊ နိုးတယ်” ဟု မှတ် ပြီးလျှင် “ဖောင်းတယ်၊ ပိန်တယ်” ဆက်မှတ်ရမည်။ အသံကြားလျှင် “ကြားတယ်၊ ကြားတယ်” မှတ်၊ ပြီးတော့ “ဖောင်းတယ်၊ ပိန်တယ်” မှတ်၊ ဟိုဘက်သည်ဘက် စောင်းတာ ပြင်တာတွေကိုလည်း ပြုပြင်ချင်သည့် စိတ်ကူးကလေးကစပြီး “ပြင်ချင်တယ်၊ ပြင်တယ်၊ စောင်းချင်တယ်၊ စောင်းတယ်၊ လှည့်ချင်တယ်၊ လှည့်တယ်၊ ကွေးချင်တယ်၊ ကွေးတယ်” စသည်ဖြင့် မှတ်ရမည်။ ဘယ်အချိန် ရှိလိမ့်မလဲဟု စဉ်းစားလျှင်လည်း “စဉ်းစားတယ်” ဟု မှတ်ရမည်။
အိပ်ရာက ထဖို့ကြံလျှင် “ထချင်တယ်၊ ထချင်တယ်” ဟုမှတ်၊ လက်ခြေပြင်တာ၊ ခေါင်းထောင်ပြီး ထလာတာများကိုလည်း “ပြင်တယ်၊ ပြင်တယ်” “ထတယ်၊ ထတယ်”၊ ထိုင်တော့ “ထိုင်တယ်”၊ လက်ခြေပြင်တာများကိုလည်း “ပြင်တယ်၊ ပြင်တယ်” ဟုမှတ်၊ ငြိမ်ငြိမ်လေး ထိုင်နေပြီဆိုလျှင် “ဖောင်းတယ်၊ ပိန်တယ်” ပြန်မှတ်။
မျက်နှာသစ်၊ ရေချိုးစဉ်မှာလည်း မှတ်နိုင်သမျှ မှတ်ရမည်။ အဝတ်အစား ဝတ်တာ၊ အိပ်ရာနေရာပြင်တာ၊ တံခါးပိတ်တာ၊ ဖွင့်တာများကိုလည်း အားလုံး မှတ်ရမည်။
ထမင်းစားသည့်အခါ ထမင်းပွဲ ကြည့်တာကစပြီး “ကြည့်တယ်၊ မြင်တယ်” မှတ်။ ထမင်းပွဲဆီ လက်လှမ်းလျှင် “လှမ်းတယ်၊ လှမ်းတယ်”၊ ထမင်းနှင့် လက် ထိတော့ “ထိတယ်”၊ ထမင်းစုလျှင် “စုတယ်”၊ ထမင်းလုတ်ပြင်တော့ “ပြင်တယ်”၊ ထမင်းလုတ်ကို ဆုပ်ကိုင်တော့ “ကိုင်တယ်၊ ကိုင်တယ်”၊ ထမင်းလုတ်ကိုမြှောက်ပြီး ယူလာတော့ “ယူတယ်၊ ယူတယ်”၊ ခေါင်းငုံ့တော့ “ငုံ့တယ်”၊ ခွံ့ တော့ “ခွံ့တယ်”၊ လက်ပြန်ချတော့ “ချတယ်”၊ ပန်းကန်ပြားနှင့်ထိတော့ “ထိတယ်”၊ ခေါင်းပြန် ထောင်တော့ “ထောင်တယ်”၊ ဝါးတဲ့အခါ အချက်တိုင်းကို “ဝါးတယ်၊ ဝါးတယ်”၊ အရသာကို သိတော့ “သိတယ်၊ သိတယ်”၊ ကောင်းလျှင် “ကောင်းတယ်၊ ကောင်းတယ်”၊ မျိုချလိုက်တော့ “မျိုတယ်၊ မျိုတယ်” ဟုမှတ်။ ဤကား ထမင်း တစ်လုတ်စားတုန်း မှတ်ပုံတည်း။ နောက်ထမင်းလုတ်များကိုလည်း ထိုနည်းအတိုင်း မှတ်ရမည်။ ဟင်းရည် သောက်လျှင်လည်း ကြည့်တာ မြင်တာ လက်လှမ်းတာ ဇွန်းကိုင်တာ ကော်တာ ခပ်တာ ယူလာတာ သောက်တာ မျိုချတာ အကုန်လုံး သူ့အမည်အတိုင်း မှတ်ရမည်။
စာမျက်နှာ-565
မှတ်ခါစတွင် မမှတ်လိုက်တာ မေ့သွားတာတွေ များစွာ ရှိလိမ့်မည်။ ကျင့်သား ရလာသည့်အခါမှ အကုန်လုံး စေ့စပ်အောင် မှတ်နိုင်မည် ဖြစ်သည်။
ရှေးက ဘုရားရဟန္တာများ နိဗ္ဗာန်သွားခြင်းသည် ဤဝိပဿနာလမ်းကချည်း သွားခြင်း ဖြစ်သည်။ ဝိပဿနာ မပါဘဲ နိဗ္ဗာန်ကို မသွားနိုင်ကြ။ တရားနာနေရင်း မဂ်ဖိုလ်နိဗ္နန် ရရောက်သည်ဆိုရာ၌ နည်းနည်းတော့ ရှုမှတ်သွားသေးသည်။ ထို့ကြောင့် ဝိပဿနာဟူသည် ဘုရား ရဟန္တာ အရိယာများ၏ နိဗ္ဗာန်သွား လမ်းမကြီး ဖြစ်သည်။ သို့ဖြစ်၍ အပြည့်အစုံ အားထုတ်ပြီး နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် လျှင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက် ပြုနိုင်ကြပါစေ ကုန်သတည်း။
တောင်ပုလုဆရာတော်၏ ဝိပဿနာရှုနည်း
ယောဂီသည် ထိုင်တာကို “ထိုင်တယ်”ဟု သိလျှင် ဝိဇ္ဇာ (အသိပညာ) ဖြစ်၏။ မသိလျှင် အဝိဇ္ဇာ(မသိမှုမောဟ) ဖြစ်၏။ ရပ်တာ သွားတာ အိပ်တာ စသည် တို့ကို သိလျှင် ဝိဇ္ဇာဖြစ်၏။ မသိလျှင် အဝိဇ္ဇာ ဖြစ်၏။
စားတာကို “စားတယ်”၊ သောက်တာကို “သောက်တယ်” စသည် ရှုမှတ်ပြီး သိလျှင် ဝိဇ္ဇာဖြစ်၏။ မသိလျှင် အဝိဇ္ဇာ ဖြစ်၏။ ထို့အတူ ကျင်ကြီးကျင်ငယ်စွန့်တာကို “စွန့်တယ် စွန့်တယ်”ဟု မှတ်ပြီး သိလျှင် ဝိဇ္ဇာ၊ မသိလျှင် အဝိဇ္ဇာဖြစ်သည်။ လိုနည်းအတူ ပြုပြုသမျှ အမူအရာအားလုံးကို သိအောင် မှတ်ရမည်။ ဤ၌ “အဝိဇ္ဇာ၊ မသိတာ၊ မောဟ” စကားလုံးတို့၏ အဓိပ္ပာယ်သည် အတူတူ ဖြစ်သည်။ “ဝိဇ္ဇာ၊ သိတာ၊ အမောဟ” ဟူသော စကားလုံးတို့၏ အဓိပ္ပာယ်လည်း အတူတူပင် ဖြစ်သည်။
အဝိဇ္ဇာဖြစ်လျှင် သင်္ခါရ(အကျိုးဆက်ကို ဆက်လက် ဖြစ်စေတတ်သော ကုသိုလ် အကုသိုလ်ကံ စသည်တို့ ဆက်ဖြစ်သဖြင့် သံသရာ ရှည်မည်။ ဝိဇ္ဇာဖြစ်လျှင်ကား အဝိဇ္ဇာချုပ်၏။ အဝိဇ္ဇာချုပ်လျှင် သင်္ခါရ စသော တရားတို့ ချုပ်ပြတ်ကာ သံသရာ ရပ်သည်။
ထို့ကြောင့် ဝိဇ္ဇာဖြစ်အောင် မြင်တာ ကြားတာ နံတာ စားတာ အာရုံများကို တွေ့ကြုံတိုင်း တွေ့ကြုံတိုင်း မြင်ကာမျှစသည် သိအောင် ရှုမှတ် ရမည်။ အခြား အခြားသော စကားပြောတာ၊ ဆိတ်ဆိတ်နေတာ၊ ရှူတာ၊ ရိုက်တာ၊ ပိန်တာ၊ ဖောင်းတာ၊ ဒေါသဖြစ်တာ၊ နှမြောတာ စသည်ဖြင့် ကိုယ်
စာမျက်နှာ-566
အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာ ဖြစ်ဖြစ်သမျှကို သိအောင် အမြဲမပြတ် ရှုမှတ်နေရမည်။ ထိုသို့ ရှုမှတ်နိုင်မှသာ သံသရာပြတ်ကြောင်း ဝိဇ္ဇာဖြစ်၍ မရှု မှတ်နိုင်က သံသရာလည်ကြောင်း အဝိဇ္ဇာချည်း ဖြစ်နေလိမ့်မည်။
နာမ်ရုပ်ကို အမှန်ထင်မြင်လျှင် ပုထုဇဉ် ဖြစ်သော်လည်း ရဟန္တာလို ချမ်းသာစွာ နေနိုင်သည်။ သို့သော် ပုထုဇဉ်ဖြစ်၍ တဒင်္ဂ (တခဏမျှ)သာ နေနိုင်ခြင်း ဖြစ်သည်။ ထိုသို့ နာမ်ရုပ်ကို အမှန်မြင်လျှင် မိစ္ဆာဒိဋ္ဌိ (၆၂)ပါးလည်း မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် နာမ်ရုပ်ကို အမှန်အတိုင်း ပိုင်းခြားသိသော ပုဂ္ဂိုလ်သည် သက္ကာယဒိဋ္ဌိ(ငါအစွဲအမြင်)ကို ပယ်စွန့်နိုင်၍ ဉာဏ်အမြင်စင်ကြယ်ခြင်း ဖြစ်သည်။
ထို့ကြောင့် မြင် ကြား နံ စား ထိ သိ အာရုံများနှင့်တကွ ဈေးရောင်း ဈေးဝယ် လယ်လုပ် ယာလုပ် စသော မည်သည့် ကိစ္စကို ပြုပြု ပြုသမျှကို သတိမလစ်စေဘဲ စွဲစွဲမြဲမြဲ ရှုမှတ်သင့်ကြပါသည်။
မိုးကုတ်ဆရာတော်၏ ဝိပဿနာရှုနည်း
တရားအားမထုတ်ခင် ကြိုတင်ပြုလုပ်ရမည့် အမှုကိစ္စ (၅)မျိုးရှိသည်-
၁။ တရားအားထုတ်စဉ်အတွင်း မိမိကိုယ်ကို ဘုရားအား လှူပါ၏ဟု လှူထားရမည်။
၂။ ဆရာမိဘတို့ကို ကံသုံးပါးဖြင့် ပြစ်မှားမိခဲ့ပါက ထိုအပြစ်တို့ ပျောက် စေခြင်းငှာ ဝန်ချတောင်းပန် ကန်တော့ပါ၏ဟု ဆို၍ ကန်တော့ရမည်။
၃။ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ မြို့စောင့်နတ်၊ သာသနာစောင့် နတ်နှင့်တကွ သတ္တဝါအပေါင်းတို့ ကျန်းမာ ချမ်းသာကြပါစေဟု မေတ္တာပို့ရမည်။
၄။ ရှေးဘဝ ယခုဘ၀ ပြုသမျှ ကုသိုလ်ဒါနတို့သည် ငါအလိုရှိသော မဂ် ဖိုလ် နိဗ္ဗာန် ရောက်စေခြင်းငှာ လျင်မြန်စွာ ကျေးဇူးပြုပါစေ သတည်းဟု ဆိုရမည်။
၅။ ငါသည် ဘဝများစွာက သေခဲ့လှပြီ၊ ယခုဘဝ မသေခင်မှာ တရား အားထုတ်မှပဲဟု သေခြင်းတရားကို ပွားများရမည်။
စာမျက်နှာ-567
သမာဓိ ရရုံလောက်သာ သမထကို အားထုတ်ပြီး သမာဓိရလျှင် ဝိပဿနာ ပြောင်း၍ အားထုတ်ရမည်။ ဝိပဿနာပြောင်းခြင်းဟူသည် သမထ (သမာဓိ) လမ်းမှ ဝိပဿနာ (ပညာ)လမ်းသို့ စိတ်လွှတ်ပြီး ရုပ်နာမ်တို့၏ ဖြစ်ပျက်မှု လက္ခဏာကို ဆင်ခြင်နေခြင်း ဖြစ်သည်။
တရားအားထုတ်ရန် တင်ပလ္လင်ခွေထိုင်ရမည်။ ခါးကို ရှေ့မငိုက်၊ နောက်မငိုက်၊ ဘေးမစောင်းစေဘဲ ဖြောင့်ဖြောင့်မတ်မတ် ထားရမည်။ ကိုယ်ကို တောင့်မ ထားဘဲ ခပ်လျော့လျော့ ထိုင်ရမည်။ ခြေထောက်ချင်း ဖိညှပ်မထားဘဲ ကြာကြာ ထိုင်နိုင်သော နည်းဖြင့် ထိုင်ရမည်။ ယောဂီသည် နှစ်သက်ရာ ဣရိယာပုထ် (အိပ် ထိုင် ရပ် သွား)ဖြင့် ထိုင်နိုင်သည်။ သို့သော် ထိုင်ခြင်း ဣရိယာပုထ်က သမာဓိကို ရလွယ်စေသည်။
ယင်းနောက် ဝင်သက်ထွက်သက်ကို မှန်မှန် ရှူရှိုက်ရမည်။ ပြင်းပြင်းထန်ထန် မြန်မြန် ရှူရှိုက်လျှင် မိမိကိုယ်ကို ညှဉ်းဆဲရာ ကျလိမ့်မည်။ သို့ဖြစ်၍ မှန်မှန်နှင့် လေကို ဝအောင် ရှူရမည်။ နှာသီးဖျား၊ အထက်နှုတ်ခမ်း၊ ရင်ညွန့် ကြိုက်ရာ နေရာမှာ စိတ်ကို ထားရမည်။ သတိမလစ်စေဘဲ ဝင်လေထွက်လေ ထိတာကို သိသိ နေစေရမည်။ အခြား ဘယ်အာရုံကိုမျှ စိတ်မရောက်စေရပါ။ ဝင်လေ ထွက်လေ ရှူသည့်အခါ နှာခေါင်းဖြင့် ရှူရမည်၊ ပါးစပ်က ရှူရမည်၊ နှာခေါင်းက ရှူသည့်အခါ ဘယ်ဘက်က ရှူတယ်၊ ညာဘက်က ရှူတယ်ဆိုတာတွေကို လိုက်နေရန် မလို။ သမာဓိရဖို့သာ လိုသည်။ ဝင်လေကို ရှူသည့်အခါ နှာသီးဖျားအစ၊ ရင်ညွန့်အလယ်၊ ချက်အဆုံး ဝင်လေရောက်တာကို သိရမည်။ လေကို ထုတ်လိုက် သည့်အခါလည်း ချက်အစ၊ ရင်ညွန့်အလယ်၊ နှာသီးဖျားအဆုံး ထွက်လေကို သိရမည်။ ထိုသို့ အသိကိုလိုက်ပြီး အားထုတ်လျှင် သမာဓိရနိုင်သည်။ (၁၅)မိနစ်ခန့်မျှနှင့်ပင် သမာဓိကို ထူထောင်နိုင်သည်။
ထိုသို့ ရှူရှိုက်နေရာတွင် ရှူရှိုက်တာက ရုပ်၊ ရှူရှိုက်နေမှုကို သိတာက နာမ်ဟု သိခြင်းသည် နာမရူပပရိစ္ဆေဒ (နာမ်ရုပ်ကို ခွဲခြားသိမှု) ဉာဏ်ဖြစ်သည်။ ဝိသုဒ္ဓိလို ပြောရလျှင် ဒိဋ္ဌိဝိသုဒ္ဓိ (အမြင်စင်ကြယ်ခြင်း) ဖြစ်သည်။ အာရုံနှင့် သိမှတ်စိတ်ကို တည့်နေအောင် ရှုမှတ်ရမည်။ စဉ်းစား တွေးကြံမှု မပြုရ၊ အခြားအာရုံ ဝင်မလာအောင် ထိန်းရမည်။
ဤသို့ဖြင့် သမာဓိ အားကောင်းလာသည့်အခါ ဝိပဿနာကို ပြောင်းပြီး မှတ်ရမည်၊ ဝိပဿနာဟူသည် နာမ်ရုပ်လက္ခဏာ ဖြစ်ပေါ်မှုကို ဆင်ခြင်ခြင်း ဖြစ်သည်။ ဤခန္ဓာသည် ပဋိသန္ဓေက စပြီး သေသည့်တိုင်အောင် မပြတ်မစဲ ထပ်တလဲလဲ ဖြစ်ပျက်နေသည်။ တရားထိုင်တာ ကြာလာလျှင် ရုပ်ဖောက်ပြန်ပြီး
စာမျက်နှာ-568
ဝေဒနာပေါ်လာတတ်သည်။ ညောင်းလာလျှင် ညောင်းတာ၊ ညောင်းမှန်း သိတာ နှစ်မျိုးကို ဖြစ်ပြီး ပျက်သွားတာပဲဟု သိရမည်။ ထိုသို့ သိသည့်အခါ ညောင်းသည့် ရုပ်နှင့် ညောင်းမှန်းသိသည့်စိတ် မရှိတော့ဘဲ ချုပ်ပျောက်သွား ကုန်ပြီဟု နောက်ဉာဏ်က သိရမည်။ ညောင်းတာကို ပြုပြင်မပေးသမျှ ပြောင်းရွှေ့ ပြုပြင်ချင်စိတ် ပေါ်လာလိမ့်မည်။
ထိုအခါ ဆန့်ချင် ကွေးချင် ပြောင်းချင် ရွှေ့ချင်စိတ် ဖြစ်တာကိုသိမှတ်ပါ။ ထိုသို့ သိပြီး ထိုဆန့်ချင် ကွေးချင်သော ရုပ်နာမ်များ မရှိတော့တာကို ထပ်ပြီး သိမှတ်ပါ။ ဤသို့ သိနေတုန်း အသံတစ်ခု ကြားလိုက်လျှင် ကြားပြန်ပြီဟု သိမှတ်ပါ။ တစ်ခုတစ်ခု ပေါ်လာတိုင်း ပေါ်လာတိုင်း သိပြီး ဖြစ်ပြီး ပျက်သွား ပျောက်သွားပါကလားဟု သိရမည်။
ဤသို့ အသိတရားတွေ ကျဲနေရာကနေ စိပ်သည်ထက် စိပ်လာတာကို ဉာဏ်ဖြင့် မှတ်ပါ၊ တဖြည်းဖြည်း ရုပ်နာမ်တွေ တစ်ခုပြီးတစ်ခု ဖြစ်ပြီး ပျက်သွား တာကို သတိဖြင့် စိုက်ကြည့်က တွေ့လိမ့်မည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ-ဟု ပါဠိလို ရွတ်မနေဘဲ ဖြစ်ပြီး ပျက်သွားပါကလားဟု တစ်ခုတည်းကိုသာ သတိဖြင့် စိုက်ပြီး ကြည့်နေလျှင် ဆင်းရဲသည့်သဘော၊ အစိုးမရသည့်သဘောကို ပိုပြီး ထင်မြင်လာလိမ့်မည်။ ဤသို့ မိမိခန္ဓာကိုယ်မှာ ပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပျက် တွေကို ရှုကြည့်ဖန် များလာလျှင် မိမိခန္ဓာကိုယ်ကို ရွံမုန်းလာစိတ်၊ စွန့်လွှတ် ချင်စိတ် ဖြစ်လာလိမ့်မည်။ ဖြစ်ပျက်ဒုက္ခနှင့် မကင်းနိုင်ဘဲ အို နာ ဒုက္ခများနှင့် တွေ့ကြုံရဦးမည်ဟု ကြောက်ရွံ့ပြီး မိမိခန္ဓာကိုယ်ကို ရွံမုန်းလာ လိမ့်မည်။ ဖြစ်ပျက်ကို ရှုဖန်များလာလျှင် လောဘ ဒေါသ မောဟများ တဖြည်းဖြည်း ခေါင်းပါးပြီး နောက်ဆုံး လွင့်ပျောက် ခန်းခြောက်သွားသည် အထိ ဖြစ်ပျက်ဆုံးအောင် ပွားများ အားထုတ်ရမည်။
ဖြစ်ပျက် ရှုဖန်များလာလျှင် ရုပ်နာမ်ကို ခွဲခြားသိသည့် နာမရူပပရိစ္ဆေဒဉာဏ်၊ ဤရုပ်နာမ်သည် အကြောင်းတရားကြောင့် ဖြစ်ပေါ်လာသော အကျိုးတရား ဖြစ်ပြီး အကြောင်းလည်း ဖြစ်ပျက်၊ အကျိုးလည်း ဖြစ်ပျက်ဟု ဆင်ခြင်ကာ အကြောင်းကို သိမ်းဆည်းသိမြင်နိုင်သော ပစ္စယပရိဂ္ဂဟဉာဏ်၊ ရုပ်နာမ်တို့၏ ဖြစ်ပျက်ပုံကို မမြဲ ဆင်းရဲ အစိုးမရဟု ဆင်ခြင်သုံးသပ်သော သမ္မသနဉာဏ်၊ ဖြစ်ဆဲ ရုပ်နာမ်တို့၏ ခဏမစဲ တသဲသဲ ဖြစ်ပျက်နေမှုကို ရှုမြင်သော ဥဒယဗ္ဗယဉာဏ်၊ ထိုသို့ ရှုဖန်များလာသည့်အခါ အပျက်ကိုသာ သိမြင်သော ဘင်္ဂဉာဏ်၊ ရုပ်နာမ်တို့၏ ပျက်မှု ချုပ်မှုကိုသာ မြင်နေသဖြင့် ကြောက်ဖွယ် ဘေးကြီးဟု ထင်မြင်သော ဘယဉာဏ်၊ ချုပ်ပျက်မှု စသော အပြစ်တွေကိုသာ မြင်သော အာဒီနဝဉာဏ်၊ ရုပ်နာမ်ခန္ဓာကိုယ်ကို ငြီးငွေ့သော နိဗ္ဗိဒါဉာဏ်၊ ထိုရုပ်နာမ်သင်္ခါရတို့မှ လွတ်မြောက်လိုသော မုစ္စိတုကမျတာဉာဏ်၊ ရုပ်နာမ်တို့၏
စာမျက်နှာ-569
မမြဲ ဆင်းရဲ အစိုးမရမှုကို အလွန်ထင်မြင်သော ပဋိသင်္ခါဉာဏ်၊ ရုပ်နာမ်သင်္ခါရ တို့ကို မချစ် မမုန်း လျစ်လျူရှုသော သင်္ခါရုပေက္ခာဉာဏ်၊ ရှေ့ဉာဏ် နောက်ဉာဏ် တို့ကို မမြဲ ဆင်းရဲ အစိုးမရသော သဘောဖြင့် အစမှ အဆုံး၊ အဆုံးမှ အစ ရှေ့ပြန် နောက်ပြန် ရှုပွားသည့်အခါ နှစ်ဉာဏ်လုံး သင့်လျော်သော အနုလောမ ဉာဏ်များ ဖြစ်ပေါ်လာလိမ့်မည်။
ဤသို့ စသည်ဖြင့် ဉာဏ်စဉ်အဆင့်ဆင့် တက်ပြီး မဂ်ဉာဏ်ဖိုလ်ဉာဏ်ရကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပေလိမ့်မည်။
ပြည်မြို့ ခေမာသီဝံတောရဆရာတော်၏ ဝိပဿနာရှုနည်း
ထိုင်ပုံထိုင်နည်း
ယောက်ျား တင်ပျဉ်ခွေ၊ မိန်းမများ ကျုံ့ကျုံ့ထိုင်ရမည်။ ကိုယ်ကို ဖြောင့်ဖြောင့် ထားရမည်။ တစ်နာရီ ထိုင်မည်ဆိုလျှင် တစ်နာရီ မစဲတမ်း မထဘဲ ထိုင်ရမည်။ တစ်နာရီ စေ့သောအခါ လျောင်းလျက် တစ်နာရီ၊ စင်္ကြံသွားလျက် တစ်နာရီ၊ ရပ်လျက် တစ်နာရီ လှည့်၍ ရှုမှတ်ရမည်၊ ထိုသို့ ပြောင်းလဲ ရှုမှတ်မှသာ ရေရှည် ရှုမှတ်နိုင်သည်။ ထိုင်၍ ရှုမှတ်သော ယောဂီသည် ညာဘက် လက်ချောင်းများကို ဘယ်ဘက် လက်ချောင်းများဖြင့် ဆုပ်ကိုင်ရမည်။ (ဝါ) ဘယ်လက်ဖဝါးပေါ်မှာ ညာ လက်ဖဝါး တင်ရမည်။
မှတ်ပုံ
ထွက်သက်ဝင်သက်ကို သုံးသပ် ရှုမှတ်နေရမည်။ ညောင်းညာကိုက်ခဲစသော ဝေဒနာပေါ်လာလျှင် ကြိတ်မှိတ်သည်းခံပါ။ ထွက်သက် ဝင်သက်ကို အာရုံစိုက် ရှုမှတ်လျှင် ထွေထွေလာလာ ဝေဒနာများ ပျောက်သွားလိမ့်မည်။
ပထမစတုက္က (ပထမလေးချက်)
ကမ္မဋ္ဌာန်း ကြိုးစားအားထုတ်နေစဉ် ဈာန် မဂ် အရိပ်အရောင် မထင်လည်း အားမလျော့ဘဲ အားထုတ်မြဲ အားထုတ်ရမည်။ နှစ်နာရီ သုံးနာရီကြာအောင် ဆက်တိုက် ထိုင်နိုင်, အားထုတ်နိုင်လျှင် သမာဓိ ကောင်းကောင်းဖြစ်ပြီ။ ကောင်းသည့် အာရုံပေါ်လည်း မနှစ်သက်ရ၊ မည်သည့်အာရုံမျှ မပေါ်၍လည်း မစိုးရိမ်ရ၊ အာရုံနိမိတ် ပေါ်ချင်ပေါ်၊ မပေါ်ချင်နေ၊ မိမိအလုပ်ကိုသာ မိမိ ကြိုးစား ပြုလုပ်နေရမည်။ နှစ်နာရီ သုံးနာရီကြာအောင် ထွက်သက် ဝင်သက်ကို မှတ်နေနိုင်လျှင် အကောင်းဆုံး သမာဓိကို ရခြင်းဖြစ်ပြီး ပထမစတုက္က၏ ပထမစခန်းကို အောင်မြင်ခြင်းလည်း မည်ပါသည်။
စာမျက်နှာ-570
ဒုတိယစခန်းကို ဆက်လက် အားထုတ်လိုသော ယောဂီသည် အသက်ရှူ၊ အနှေးအမြန် နှစ်ချက်ကို သိအောင် အားထုတ်ရမည်။ နှေးနှေး အသက်ရှူ ခြင်းကို အရှည်၊ မြန်မြန် အသက်ရှူခြင်းကို အတိုဟု ခေါ်၏။ တစ်ထိုင်တည်း၌ ထွက်သက် ဝင်သက် နှေးသည့်အလှည့်ရှိသလို မြန်သည့်အလှည့်လည်း ရှိသည်။ နှေးလျှင် “နှေးတယ်”၊ မြန်လျှင် “မြန်တယ်”ဟု တစ်နာရီ နှစ်နာရီ မှတ်နေ နိုင်အောင် အားထုတ်ရမည်။ ထိုသို့ နေနိုင်လျှင် ပထမစတုက္က၏ ဒုတိယစခန်းကို အောင်မြင်ခြင်း ဖြစ်သည်။
တတိယစခန်းကို ဆက်လက် အားထုတ်လိုလျှင် ထွက်သက် ဝင်သက်၏ စ,လယ်,ဆုံး သုံးချက်လုံးကို သိအောင် အားထုတ်ရမည်။
ချက်တိုင်က စ၍ ထွက်လေလာသည်ကို သိခြင်းသည် အစ၊ နှလုံးသားကို လေတိုးသွားတာကို သိခြင်းသည် အလယ်၊ နှာသီးဖျားကို လေတိုးသွားတာကို သိခြင်းသည် အဆုံးဖြစ်သည်။ “ထွက်သက် အစကား ချက်၊ ဝင်သက်အစကား နှာသီးဖျား” ဖြစ်၏။ နှလုံးသားကို လေတိုးသွားသောအခါ နှုတ်ခမ်းဖျားနှင့် လေကို မှုတ်ထုတ်လိုက်သလို နှလုံးသားကို ထိသွားလိမ့်မည်။ ဉာဏ်နှင့် သိအောင် ကြည့် ထင်ရှားလျှင် သိလိမ့်မည်။ စ,လယ်,ဆုံး ထင်ရှားလျက် တစ်နာရီ နှစ်နာရီ နေနိုင်လျှင် ပထမစတုက္က၏ တတိယစခန်း အောင်မြင်ခြင်း ဖြစ်သည်။
ဆက်လက် အားထုတ်နေစဉ်တွင် ထွက်သက် ဝင်သက်ကို သိမ်မွေ့ပြီး ရှာမတွေ့ ဘဲ ဖြစ်တတ်သည်။ မတွေ့လည်း မရှာနှင့်၊ သိမ်မွေ့သည့် အနေနှင့် တစ်နာရီ နှစ်နာရီ နေနိုင်လျှင် ပထမစတုက္က၏ စတုတ္ထစခန်းကို အောင်မြင်ခြင်း ဖြစ်သည်။
ဝိပဿနာလမ်း
ပထမစတုက္က (ပထမလေးချက်)ကို အောင်မြင်ပြီးနောက် ဒုတိယစတုက္က (ဒုတိယလေးချက်)ကို ဆက်လက်အားထုတ်လိုလျှင် အားထုတ်၊ ဆက်လက် အားမထုတ်ဘဲ (သမထမှ) ဝိပဿနာဘက် ကူးလိုလျှင် ထွက်သက် ဝင်သက်လေကို အနိစ္စ အနိစ္စ (မမြဲ မမြဲ)ဟု ရှုဆင်ခြင်ရမည်။ ထိုသို့ ရှုဆင်ခြင်နေခိုက် ထွက်လေ ဝင်လေနှင့် ရုပ်စုရုပ်မှုန်များ တဖွားဖွား ပေါ်လာတတ်သည်။ အချို့ တစ်ကိုယ်လုံးကို ရှာမတွေ့တော့ဘဲ ရုပ်စု ရုပ်မှုန်များကိုသာ တွေ့တတ်ကြသည်။ ရုပ်တရား ပေါ်လျှင် နာမ်တရားကို ဆက်ရှု၊ ရုပ်တရား နာမ်တရား နှစ်ပါး ထင်ရှားလျှင် ထိုရုပ်နာမ်နှစ်ပါးကို လက္ခဏာတင်၍ (အနိစ္စ-မမြဲ၊ ဒုက္ခ-ဆင်းရဲ၊ အနတ္တ-အစိုးမရ၊ ကိုယ်မဟုတ်ဟု ဆင်ခြင်၍) သုံးသပ်၊ ဤသို့ ဝိပဿနာလမ်းစဉ်အတိုင်း ရှုမှတ်သွားက လမ်းစဉ်ဆုံးလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ်လမ်းကို ဆက်၍လိုက်က နိဗ္ဗာန်ကို တွေ့လိမ့်မည်။ နောက်မဆုတ်ဘဲ ဆက်လက်လိုက်ရမည်။
စာမျက်နှာ-571
ဒုတိယစတုက္က (ဒုတိယလေးချက်)
ဈာန်ခန်းကို လိုက်လိုလျှင် ဒုတိယလေးချက်ကို ဆက်လက်အားထုတ်ရမည်။ ပထမ “ပီတိ (နှစ်သက်ခြင်း)ကို ထင်ရှားအောင် အားထုတ်မည်”ဟု ထွက်သက် ဝင်သက်ကို လွှတ်ရမည်။ ပီတိငါးမျိုး အသီးသီး ထင်ရှားလာလျှင် ဒုတိယစတုက္က၏ ပထမစခန်း အောင်မြင်ခြင်း ဖြစ်သည်။ယင်းနောက် “သုခ (ချမ်းသာခြင်း)ထင်ရှားအောင် အားထုတ်မည်” ဟူသော စိတ်ထားဖြင့် ထွက်သက်ဝင်သက်ကို လွှတ်ရမည်။ သုခထင်ရှားလျှင် ဒုတိယ စတုက္က၏ ဒုတိယစခန်းကို အောင်မြင်ခြင်း ဖြစ်သည်။
ယင်းနောက် “သညာ(မှတ်သားခြင်း)၊ ဝေဒနာ (ခံစားခြင်း)တို့ကို ထင်ရှား အောင် အားထုတ်မည်” ဟူသော စိတ်ထားဖြင့် ထွက်သက်ဝင်သက်ကို လွှတ်ရမည်။ သညာ၊ ဝေဒနာထင်ရှားလျှင် ဒုတိယစတုက္က၏ တတိယစခန်းကို အောင်မြင်ခြင်း ဖြစ်သည်။
ယင်းနောက် “သညာ၊ ဝေဒနာ ချုပ်သွားအောင် အားထုတ်မည်” ဟူသော စိတ်ထားဖြင့် ထွက်သက်ဝင်သက်ကို လွှတ်ရမည်။ သညာ, ဝေဒနာချုပ်ငြိမ်းသွားပြီး မေးမရ၊ ခေါ်မထူး ဖြစ်တတ်၏။ ဆရာကောင်းလိုသည်။ ထိုစခန်းသို့ ဆရာမရောက် ဖူးက တောင်ရမ်း မြောက်ရမ်းလုပ်၍ တရားပျောက်တတ်သည်။ ဤသို့ သညာ ဝေဒနာ ချုပ်ငြိမ်းလျှင် ဒုတိယစတုက္က၏ စတုတ္ထစခန်းကို အောင်မြင်ခြင်း ဖြစ်သည်။
ဤစတုတ္ထစခန်းမှ နေ၍ ဝိပဿနာစခန်းတက်လိုလျှင် တက်၊ မတက်လိုလျှင် တတိယစတုက္ကကို ဆက်လက်အားထုတ်ရမည်။
တတိယစတုက္က (တတိယလေးချက်)
ယောဂီသည် “ငါ၏ အဇ္ဈတ္တ (ကိုယ်တွင်း)ရှိ စိတ်ကို ထင်ရှား သိသာအောင် အားထုတ်မည်” ဟူသော စိတ်ထားဖြင့် ထွက်သက်ဝင်သက်ကို လွှတ်ရမည်။ မကြာမီ သုခ(ချမ်းသာခြင်း)၊ သညာ(မှတ်သားခြင်း)၊ ဝေဒနာ (ခံစားခြင်း)တို့ ထင်ရှားလာလိမ့်မည်။ ယင်းသို့ ထင်ရှားခြင်းသည် စိတ်ထင်ရှားခြင်း ဖြစ်၏။ တတိယ စတုက္က၏ ပထမစခန်းကို အောင်မြင်ခြင်း ဖြစ်သည်။
ယင်းနောက် “ငါ၏ ကိုယ်တွင်းရှိ စိတ်ကို ရွှင်လန်းအောင် အားထုတ်မည်” ဟူသော စိတ်ထားဖြင့် ထွက်သက် ဝင်သက်ကို လွှတ်ရမည်။ မကြာမီ စိတ်ရွှင်လန်း လာပြီး ဣန္ဒြေမဆယ်နိုင်အောင် ဖြစ်တတ်သည်။ ဤကား တတိယစတုက္က၏ ဒုတိယ စခန်းကို အောင်မြင်ခြင်း ဖြစ်၏။
စာမျက်နှာ-572
ယင်းနောက် ကိုယ်တွင်းရှိ စိတ်ကို သိသိသာသာ ထင်ထင်လင်းလင်း ဖြစ်လာ အောင် အားထုတ်မည်ဟူသော စိတ်ဖြင့် ထွက်သက်ဝင်သက်ကို လွှတ်ရမည်။ စိတ်ကြည်လင်လာလိမ့်မည်။ တရား၏ ချမ်းသာကို ပြောမပြနိုင်လောက်အောင် ခံစားရတတ်၏။ စိတ်သည် ကိုယ်ထဲမှာ ထားလျှင် အပြင်မထွက်၊ ခန္ဓာကိုယ်သည် ကျောက်တိုင် ကျောက်ခဲလို မတုန်မလှုပ် တည်ရှိနေတတ်သည်။ ထိုသို့ ဖြစ်လျှင် တတိယစတုက္က၏ တတိယစခန်းကို အောင်မြင်ခြင်း ဖြစ်သည်။
ယင်းနောက် “ငါသည် စိတ်နှင့် အကုသိုလ် ကင်းအောင် ထွက်သက် ဝင်သက်ကို လွှတ်မည်” ဟု ကြံ၍ ထွက်သက်ဝင်သက်ကို လွှတ်ရမည်။ ထိုအခါ ဆန့်ကျင်ဘက် တရားများ ကင်းလွတ်သွားမည်။ စိတ်ကြည်လင်အေးမြ သန့်ရှင်း သွားလိမ့်မည်။ ထိုသို့ ဖြစ်ခြင်းသည် တတိယစတုက္က၏ စတုတ္ထစခန်းကို အောင်မြင်ခြင်း ဖြစ်၏။
စတုတ္ထစတုက္က (စတုတ္ထလေးချက်)
ယင်းနောက် ခန္ဓာငါးပါးတွင် တစ်ပါးပါးကို အာရုံပြု၍ မမြဲခြင်းကို သတိထားပြီး ထွက်သက် ဝင်သက်ကို လွှတ်ရမည်။ ထိုသို့ လွှတ်လျှင် မကြာခင် ခန္ဓာငါးပါး၏ မမြဲပုံ ပေါ်လာလိမ့်မည်။ ထိုသို့ ပေါ်လာခြင်းသည် စတုတ္ထစတုက္က၏ ပထမစခန်းကို အောင်မြင်ခြင်း ဖြစ်သည်။
ယင်းနောက် “ခန္ဓာငါးပါး၌ နှစ်သက်သာယာစိတ် မရှိအောင် ပြုမည်”ဟု ကြံ၍ ထွက်သက်ဝင်သက်ကို လွှတ်ရမည်။ ထိုအခါ နှစ်သက်သာယာစိတ် ကင်းသော ဉာဏ် ပေါ်လိမ့်မည်။ ဤကား စတုတ္ထ စတုက္က၏ ဒုတိယစခန်းကို အောင်မြင်ခြင်း ဖြစ်သည်။
ယင်းနောက် “ခန္ဓာငါးပါးကို ချုပ်ငြိမ်းအောင် အားထုတ်မည်” ဟု ကြံ၍ ထွက်သက် ဝင်သက်ကို လွှတ်ရမည်။ ထိုအခါ ခန္ဓာငါးပါး ချုပ်ငြိမ်း၍ အအေးကြီး အေးသည့်ဉာဏ် ပေါ်လာလိမ့်မည်။ ဤကား စတုတ္ထစတုက္က၏ တတိယစခန်းကို အောင်မြင်ခြင်း ဖြစ်သည်။
ယင်းနောက် “ခန္ဓာငါးပါးနှင့် ကိလေသာတို့ကို ပယ်စွန့်မည်” ဟု ကြံ၍ ထွက်သက် ဝင်သက်ကို လွှတ်ရမည်။ ထိုအခါ မကြာမီ ခန္ဓာငါးပါးနှင့် ကိလေသာများကို ပယ်စွန့်နိုင်သော ဉာဏ် ပေါ် လာလိမ့်မည်။ ယောဂီ၏ စိတ်သည် နိဗ္ဗာန်သို့ ပြေးဝင်သော စိတ်ဖြစ်နေလျှင် စတုတ္ထ စတုက္က၏ စတုတ္ထစခန်းကို အောင်မြင်ခြင်း ဖြစ်သည်။
စီးဖြန်းပုံ (၁၆)ပါးပြီး၏။
စာမျက်နှာ-573
ကသစ်ဝိုင် ဆရာတော်၏ ဝိပဿနာရှုနည်း
မျက်လုံးမှိတ်၍ စိတ်ကို ရင်မှာ ထားရမည်။ ယင်းနောက် ပေါ်တာကို မှတ်ရမည်။ ပေါ်တာ ငါးမျိုး ရှိသည်။ ပူတာ, အေးတာ, လှုပ်တာ, ဆင်းရဲတာ, ချမ်းသာတာတို့ ဖြစ်သည်။ ပေါ်တာက ရုပ်၊ ပေါ်တာကို သိတာက နာမ်၊ ရုပ်ထဲမှာ နာမ်မရှိ၊ နာမ်ထဲမှာ ရုပ်မရှိ၊ ပေါ်တိုင်းသိ၊ ပေါ်တိုင်းသိ၊ ဤသို့ ပေါ်တာနှင့်သိတာ ဆုံဆုံ သွားအောင် ရင်ကနေ စိတ်ဖြင့် မှတ်ရမည်။ပေါ်တာ ငါးမျိုးတို့တွင် ပူတာနှင့် အေးတာ၊ ချမ်းသာတာနှင့် ဆင်းရဲတာ မတည့်၍ တစ်ခု ပေါ်လျှင် တစ်ခု မပေါ်နိုင်ပေ။ တစ်ပြိုင်နက် ပေါ်နိုင်သော တရားကား ပူလှုပ်ဆင်းရဲ၊ ပူလှုပ်ချမ်းသာ၊ အေးလှုပ်ဆင်းရဲ၊ အေးလှုပ်ချမ်းသာ၊ ဤသုံးမျိုးသာ ဖြစ်သည်။
ပူတာ ပေါ်သည့်အခါ နည်းနည်းပူ၊ များများပူ၊ တိုးတိုးပြီးပူ၊ လျှော့လျှော့ ပြီးပူ၊ မတိုးမလျှော့ တန့်နေသည့် အပူ၊ ဤသို့ အပူအမျိုးမျိုးရှိရာတွင် မည်သို့ ပူပူ၊ ပူလာလျှင် လှုပ်နေတာ ပါတတ်သည်။ မခံသာလျှင် ဆင်းရဲမှု၊ ခံသာလျှင် ချမ်းသာမှု ပါတတ်သည်။
မည်သို့ပင် အေးအေး၊ အေးတာ ပေါ်သည့်အခါ လှုပ်တာပါ ပေါ်တတ် သည်။ မခံသာလျှင် ဆင်းရဲမှု၊ ခံသာလျှင် ချမ်းသာမှုလည်း ပါတတ်သည်။
ထိုသို့ သုံးမျိုးတွဲ ပေါ်တတ်သော်လည်း ပူတာ ထင်ရှားလျှင် ပူတာ၏ ဖြစ်ပျက်ရှု၊ လှုပ်တာ ထင်ရှားလျှင် လှုပ်တာ၏ ဖြစ်ပျက်ရှု၊ ဆင်းရဲတာ ထင်ရှားလျှင် ဆင်းရဲတာ၏ ဖြစ်ပျက်ရှု၊ ချမ်းသာတာ ထင်ရှားလျှင် ချမ်းသာတာ၏ ဖြစ်ပျက် ရှုရမည်။ မထင်ရှားတာကို ထင်ရှားအောင်ကား လိုက်မလုပ်ရ။ ပေါ်လာမှသာ ပစ္စုပ္ပန် ပေါ်တုန်းပေါ်ခိုက်ကို ရှုမှတ်ရမည်။
တရားထိုင်လျှင် ဖြစ်ပျက် မြင်ရန် ကြာကြာ ထိုင်ရမည်။ ခဏခဏ ခဏခဏ မြင် မပြောင်းဘဲ ကြာကြာထိုင်ရမည်။ နာရီဝက် တစ်နာရီ ထိုင်မည်ဟု အဓိဋ္ဌာန်ပြီး အဓိဋ္ဌာန်မဖျက် မပြင်မပြောင်းဘဲ မှတ်ရမည်။ ကြာကြာမှတ်လျှင် ခန္ဓာမှာ ပြောင်းလဲ ဖြစ်ပျက်နေပုံကို ဧကန်မြင်ရမည်။
စိတ်ကို ရင်မှာထားပြီး ပေါ်တာငါးမျိုးကို မှတ်နေစဉ် နည်းနည်း ကြာသွား လျှင် ခန္ဓာကိုယ် အောက်ပိုင်းမှာ ပူလာတတ်သည်။ အပူတွေ့လျှင် အရှိန် ကလေးလည်း ပါတတ်သည်။ အခိုးအငွေ့လည်း ထတတ်သည်။ အရှိန်အခိုးက အောက်ပိုင်းမှ စပေါ်ပြီး အထက်ကို တဖြည်းဖြည်း တက်တတ်သည်။ အပူရှိန်
စာမျက်နှာ-574
အပူခိုး မီးဓာတ်က ဖုတ်၊ လေဓာတ်က မှုတ်ပြီး တလှုပ်လှုပ် တရွရွ တစစ်စစ် တဖျစ်ဖျစ်နှင့် ပြောင်းလဲဖြစ်ပျက်ပုံ အမျိုးမျိုးတို့ ခန္ဓာကိုယ်မှာ ပေါ်တတ်သည်။ ထိုသို့ ပေါ်လျှင် ယောဂီသည် အားသန်ရာကို နိုင်အောင် မှတ်ရမည်။ အပူ သန်လျှင် ပူသိပျက်၊ အအေးသန်လျှင် အေးသိပျက်၊ အရှိန်သန်လျှင် ရှိန်းသိပျက်၊ စစ်စစ်သန်လျှင် စစ်သိပျက်၊ ရွရွအားသန်လျှင် ရွသိပျက် ဟူ၍ ခန္ဓာမှာ ပေါ်တာနှင့် သိပျက်ကို ကပ်လိုက်ရသည်။ ထိုသို့ ကပ်ကပ်သွားလျှင် ပေါ်တာနှင့် သိပျက်တို့ တင်ရှားလာတတ်သည်။ ဤကား နာရီဝက် တစ်နာရီ ထိုင်မည်ဟု အဓိဋ္ဌာန်ပါရမီ ကူးလိုက်သည့် အကျိုးပင် ဖြစ်သည်။
ကျဉ်တာ ပေါ်လျှင် ကျဉ်သိပျက်ဟု သိပျက်ကပ်၊ ထုံတာပေါ်လျှင် ထုံသိပျက်ဟု သိပျက်ကပ်၊ ကိုက်တာ နာတာ ပေါ်လျှင်လည်း သိပျက်ကပ်ပေး၊ အေးတာ၊ စိမ့်တာ၊ စိတ်ချမ်းသာတာ ဘာပဲပေါ်ပေါ် ပေါ်တာမှန်သမျှကို သိပျက်ကပ်ပေး၊ ထိုသို့ သိပျက်ကပ်ပြီး မှတ်လျှင် တရားကို မြင်နိုင်သည်။
ဆိုခဲ့သည့်အတိုင်း ဘာမျှ မမြင်လျှင် အသက်ရှူသည့်အခါ လှုပ်တာကို မှတ်၊ အသက်တစ်ခါ ရှူလျှင် ဗိုက်ဖောင်းသည်။ ရှိုက်လိုက်လျှင် ဗိုက်ပိန်သည်။ ပေါင်ရင်းကို စိတ်ကပ်ထား၊ ရှိုက်လိုက်၍ လေထွက်စဉ် ပေါင်ရင်းက ရှိန်းခနဲ ရှိန်းခနဲ ပေါ်တတ်သည်။ ပေါင်ရင်းက ရှိန်းကနဲ ရှိန်းကနဲ တိုးတိုးလာလျှင် ပေါင်ရင်း ပေါင်လယ် ဒူး ခြေသလုံး ခြေမျက်စိ ခြေဖဝါးထိအောင် တစ်ချက်ရှိုက်လိုက်တိုင်း ရှိန်းခနဲ ရှိန်းကနဲ အပူထုတ်သလို နေတတ်သည်။ ထိုသို့ ဖြစ်လျှင် အောက်ပိုင်းသည် ရွရွ ဖြစ်စေ၊ ရှိန်းရှိန်း ဖြစ်စေ၊ ဖျဉ်းဖျဉ်း စစ်စစ် ဖြစ်စေ၊ ဟုန်းခနဲ ဖျဉ်းခနဲ ကြက်သီးထသလို ဖြစ်စေ မျိုးစုံပေါ်နေတတ်သည်။ ဤကား အသက်ရှူလေနှင့် ပတ်သက်၍ သိမှတ်ရာမှာ ဖြစ်ပေါ်ပုံ ဖြစ်သည်။
အိပ်လျက်, စင်္ကြံလျှောက်လျက်လည်း မှတ်ရမည်။ ဘယ်လှမ်းလျှင် ဘယ်ခြေသို့ စိတ်ဖြန့်၊ ကြွတုန်း ပေါ်တာမှတ်၊ မြှောက်တုန်း ပေါ်တာမှတ်၊ အောက်ချလိုက်တုန်း ပေါ်တာမှတ်၊ ညာလှမ်းလျှင် ညာခြေသို့ စိတ်ဖြန့်၊ ကြွတုန်း ပေါ်တာမှတ်၊ မြှောက်ထားတုန်း ပေါ်တာမှတ်၊ အောက်ချလိုက်တုန်း ပေါ်တာ မှတ်။
လမ်းတိုလျှင် ဆယ်ခေါက်လောက် မှန်းလျှောက်၊ လမ်းရှည်လျှင် ငါးခေါက် လောက် မှန်းလျှောက်၊ ပေါ်တာကို မြင်မြင်, မမြင်မြင် လျှောက်ရမည်။ လျှောက်ပြီးလျှင် နှစ်မိနစ်လောက် ရပ်လိုက်ရမည်။ ယင်းနောက် ဆက်လျှောက်၊ ငါးခေါက်, ဆယ်ခေါက်ပြီးပြန်လျှင် နှစ်မိနစ်ရပ်၊ ထိုသို့ လျှောက်ရာက
စာမျက်နှာ-575
မလျှောက်နိုင်တော့ဘူးဆိုလျှင် အိပ်ရာထဲသွား စောင်ဖြစ်စေ၊ သင်္ကန်းဖြစ်စေ ခြုံ၊ ပက်လက်အိပ်၊ မျက်လုံးမှိတ်ပြီး အထက်ကနေ အောက်ခြေဖဝါးထိ စိတ်စိုက်၊ ခွေးသေကောင်ပုပ် လင်းတဆွဲသလို တရွရွ တဖွဖွ တဖျစ်ဖျစ် တလှစ်လှစ် တစစ်စစ်နှင့် အိုက်စပ်ဝေဒနာကို ညနေပိုင်းမှာ ကြုံရတတ်သည်။ နေ့လယ်ပိုင်း ဆိုလျှင် ချွေးများပင် ထွက်လာတတ်သည်။ နွေရာသီဆို သာပြီး ချွေးတစိုစို ဖြစ်လာတတ်သည်။
ထို့ပြင် လက်ကို ကွေးသည့် ဆန့်သည့်အခါ ပေါ်တာမှတ်ပြီး ကွေးရ ဆန့်ရမည်။ ခြေထောက်နှင့် ကိုယ်ခန္ဓာတို့ကိုလည်း ပေါ်တာမှတ်ပြီး ကွေးရ ဆန့်ရမည်။ သတိမလွတ်စေရ၊ သတိလွတ်လျှင် သူ့နေရာသူ ပြန်ထား၊ အမှတ်ဖြင့် ပြန်ကွေး ပြန်ဆန့်ရမည်။ ဘာကို ကိုင်ကိုင် ပေါ်တာမှတ်ပြီး ဖြည်းဖြည်း ကိုင်ရမည်။
ရေချိုးသည့်အခါ ပူတာပျောက်ပြီး အေးတာ ရောက်တာတွေ၊ ရေချိုးပြီးလျှင် အအေးဓာတ်ပျောက် အနွေးဓာတ် ပြန်ရောက်တာတွေ မှတ်ရမည်။
စားသည့်အခါ, လက်ဖက်ရည် သောက်သည့်အခါ လက်ကိုင်လျှင် လက်ကို စိတ်ဖြန့်၊ ခွံလျှင် စား၊ ဝါးလျှင် ပါးစပ်ထဲ စိတ်ဖြန့်မှတ်ရမည်။ ပါးစပ်အမူအရာ ဖြစ်ပုံ၊ ဟပုံများကို မှတ်ရမည်။ ပါးစပ်ကို လေနှင့်ဟခြင်း ဖြစ်၏။ ဟပါများတော့ မီးပါ လာသည်။ မီးနှင့်လေ ပေါင်းလိုက်တော့ စားတုန်းမှာ ရှိန်းခနဲ ရွခနဲ ဖျဉ်းခနဲ စစ်ခနဲ စသည်ဖြင့် ပေါ်လာသည်။ ထိုသို့ ပေါ်လာလျှင် ရွရွနှင့်စား၊ ဖျဉ်းဖျဉ်းနှင့် စား၊ စစ်စစ်နှင့်စား၊ လှပ်လှပ်နှင့်စား၊ အပူနှင့်စား၊ အပူဆိုလည်း ဖြစ်ပြီးပျက်၊ အအေးဆိုလည်း ဖြစ်ပြီးပျက်၊ လှုပ်ရွဆိုလည်း ဖြစ်ပြီးပျက်၊ ဖြစ်ပျက်နှင့်စားရမည်။ အမြင်လည်း သန်မည်ဆိုလျှင် စားတုန်း မဂ်ဉာဏ် ဖိုလ်ဉာဏ် ဖြင့် နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်သည်။ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ ဖြစ်နိုင်သည်။
ဘာပဲလုပ်လုပ် အမှတ်မပျက်စေဖို့ လို၏။ အမှတ်လွတ်လျှင် အသိ ကျဲမည်။ ဘာပဲပေါ်ပေါ် ပေါ်တာနှင့် သိနေရမည်။ ပေါ်တာအစ, သိတာအလယ် ပျက်တာ နောက်ဆုံး ဖြစ်၏။ နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် မြင်ချင်လျှင် ခန္ဓာထဲမှာ ဖြစ်ပျက်ကို နာနာမှတ်ကြရမည်။
မငိုက် မသမ်း မဝေ မပျင်းဘဲ တစ်မိနစ်မှာ မှတ်စိတ် (၆ဝ)ရပြီး အမှတ် စိပ်စိပ်နှင့် မြန်လာမည်ဆိုလျှင် မှတ်စိတ်ဆုံးက နိဗ္ဗာန်ကို မြင်ရတော့မည် ဖြစ်သည်။
စာမျက်နှာ-576
ဝေဘူဆရာတော်၏ ဝိပဿနာရှုနည်း
နှာဖျား နှာဝမှာ ထွက်လေ ဝင်လေသည် အမြဲတိုက်ဝင် တိုက်ထွက်နေသည်။ နှာဖျား နှာဝမှာ ကာယပသာဒခေါ် ရုပ်အကြည်ဓာတ်က အထိခံနေသည်။ ဝင်လေထွက်လေက ထိလာခြင်း ဖြစ်သည်။ ထိုအထိခံနှင့် ထိတာသည် ရုပ်ချည်း ဖြစ်ပြီး ထိတာကို သိတာက နာမ်ဖြစ်သည်။ ကိုယ့်နှာဝကို ဉာဏ်ဖြင့် စောင့် ကြည့်ရမည်။ ထိဝင်ထွက်တာကို သိနေစေရမည်။ သိအောင် မှတ်ရမည်။ ထိုသို့ ထိတာကို သိလျှင် လောဘ ဒေါသ မောဟ ဖြစ်ခွင့် မရသဖြင့် ငြိမ်းနေ သည်။ဝိပဿနာဟူသည် ပစ္စုပ္ပန်(ဖြစ်ဆဲ)ကိုသာ ရှုမှတ်ရသည်။ နှာဝကို ဝင်လေ ထွက်လေ မထိခင် မှတ်၍လည်း မဖြစ်၊ သိ၍လည်း မဖြစ်၊ ထိပြီးနောက်မှ မှတ်၍ သိ၍ မဖြစ်။ ဝင်လေထွက်လေ ထိဆဲကိုသာ “ထိတယ်”ဟု သိနေအောင် မှတ်ရသည်။ ထိတာကို သိနေလျှင် ရုပ်နှင့်နာမ်သာ ရှိကြောင်း၊ ငါ သူတပါး ယောက်ျား မိန်းမ မရှိကြောင်း သူတပါးကို မေးနေဖွယ်မလို၊ မိမိဘာသာ သိလာလိမ့်မည်။
ထိတာကို သိနေလျှင် ဉာဏ်အမြင် စင်ကြယ်ပြီး သမ္မာဒိဋ္ဌိ (အမြင်မှန်) ဖြစ်နိုင်သည်။ ထိုသို့ ထိတာကို သိနေလျှင် ရုပ်နှင့် နာမ် ကွဲပြားမှုကိုပါ ဉာဏ်ဖြင့် သိလာတတ်သည်။ ထိုသို့ ထိသော ဉာဏ်ကို နာမရူပပရိစ္ဆေဒ (ရုပ်နှင့်နာမ်ကို ခွဲခြားသိမှု)ဉာဏ်ဟု ခေါ်သည်။
နှာဖျား နှာဝမှာ ထိလိုက် ပျောက်လိုက် တရိပ်ရိပ် ဖြစ်ပျက်နေပုံကို ရှုမှတ် သိမြင်နေရမည်။ ထိုသို့ သိမြင်နေတာ ကြာလာလျှင် ဝိပဿနာ သမာဓိ တစထက် တစ တိုးတက်ပြီး နှာဖျား နှာဝမှာသာမက တစ်ကိုယ်လုံးမှာ တရိပ်ရိပ် တရွရွ ဖြစ်ပျက်နေတာကို တွေ့ ရပေလိမ့်မည်။ ထိုအခါ အနိစ္စ (မမြဲမှု) ဒုက္ခ (ဆင်းရဲမှု)နှင့် အနတ္တ (မိမိမစိုးပိုင်မှု)သဘောတို့ကို သိမြင်လာလိမ့်မည်။ ပါးစပ်က မဆိုရပေ။ ဝိပဿနာအလုပ်ဟူသည် ထိမှုကို ကြည့်ရှု သိမှတ်နေရုံသာ ဖြစ်သည်။ ထိုသို့ ရှုမှတ်နေလျှင် တစ်နေ့ထက်တစ်နေ့ တိုးတိုးပြီး အလိုလို သိလာမည်ဖြစ်သည်။ ဤသို့ဖြင့် တရိပ်ရိပ် ဖြစ်ပေါ်သော ထိမှု သိမှုတို့ကို ရှုမှတ်နေရင်းပင် မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ ဆိုက်ရောက်လာမည် ဖြစ်သည်။
မဂ်ဉာဏ် ဖိုလ်ဉာဏ် ရပြီးနောက် ဖလသမာပတ်ကို ဝင်စားချင်လျှင် မိမိ လာခဲ့သည့် ဝိပဿနာလမ်းကို ပြန်ကြည့်ရသည်။ ဖလသမာပတ်ဟူသည် ကိုယ်ပိုင် အိမ်နှင့် တူပေသည်။
စာမျက်နှာ-577
သို့ဖြစ်၍ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရရှိရန် ထိမှုသိမှုကို လုံ့လဝီရိယဖြင့် ကြည့်ရှု မှတ်သားနေကြရမည်။
အနာဂါမ်ဆရာသက်ကြီး၏ ဝိပဿနာရှုနည်း
ရှေးဦးစွာ ဘုရား တရား သံဃာ ဆရာ မိဘနှင့် ပြစ်မှားမိသူများကို ကန်တော့ရမည်။ ယင်းနောက် သီလတစ်မျိုးမျိုးကို ဆောက်တည်ပြီး သတ္တဝါ များကို မေတ္တာပို့ရမည်။ မေတ္တာပို့ပြီးလျှင် ဆင်းတုတော် မြတ်စွာဘုရားထံမှာ ကမ္မဋ္ဌာန်းကို ပေးသနားရန် တောင်းပန်ပြီး ကြာကြာထိုင်နိုင်သည့် နည်းဖြင့် ထိုင်ရမည်။
ယောဂီသည် သမာဓိ ထူထောင်ရန် သမထကို ရှေးဦးစွာ ကျင့်ရမည်။ ထွက်သက်ဝင် သက်ကို ပကတိအတိုင်း ရှူ၍ နှာသီးဖျားမှာ ထားရမည်။ နှာသီးဖျားကို ထွက်လေ ဝင်လေ တိုးတိုင်း သိသိနေအောင် သတိထား ရှုမှတ်ရမည်။ ငါ အပါယ်တံခါး ပိတ်လိမ့်မည် ဟူသော ယုံကြည်ချက်ဖြင့် ထက်ထက် သန်သန် ရှုမှတ်နေရမည်။ ညောင်းအားကြီးလျှင် နေရာ ပြင်နိုင်သည်။
ရှူမှတ်ဖန်များလျှင် နိမိတ်တစ်ခုခု မြင်လာတတ်၏။ နှာသီးဖျားကို တိုးသော ထွက်လေ ဝင်လေကို သိအောင် ရှုမှတ်ဖန်များသောအခါ ထွက်လေ ၀င်လေသည် လေမြောင်းကြီးပမာ ဖြစ်ပေါ်ဟန် ထင်မြင်လာတတ်သည်။ ထွက်လေသည် နှာသီးဝအပြင်သို့ တစ်ထွာ တစ်တောင် ရှည်ထွက်သွားပုံ၊ ဝင်လေသည် ချက်ထိ အောင် ရောက်သွားပုံတို့ကို ထင်မြင်တတ်သည်။ နှာသီးဝမှာ ထွက်လေဝင်လေ သည် မီးခိုးဖြူလို တစ်ခါ တစ်ခါ အဖြူခိုးနှင့် ရောလျက် ရွှေမှုန့်, ငွေမှုန့်လို တစ်ခါတစ်ခါ ပုလဲလုံးလေးလို အချို့ ယောဂီများ ထင်မြင်တတ်ကြသည်။ သမာဓိ ရင့်လာလျှင် ပုလဲလုံးလေးများ အရောင်တောက်လာပြီး ထိုအရောင်ဖြင့် ဝမ်းထဲရှိ အရာများကိုပင် မြင်တတ်သည်။ အခြား အာရုံနိမိတ်များကိုလည်း မြင်တတ်သည်။ ထိုနိမိတ်တစ်ခုခု ပျောက်သွားလျှင် နှာသီးဝက ထွက်လေ ဝင်လေပြန်မှတ်ရမည်။ ထိုထင်လာသော နိမိတ်များကိုမူ နှစ်သက်ကျေနပ် မနေရပေ။ နိမိတ်ကို နှစ်သက် ကျေနပ်ပြီး မိမိကိုယ်ကို အထင်ကြီးနေလျှင် ကမ္မဋ္ဌာန်းအလုပ်ကို အနှောင့်အယှက် ဖြစ်တတ်သည်။
ထိုသို့ တွေ့သော နိမိတ်အမျိုးမျိုးကို ဥဂ္ဂဟနိမိတ် (ကြွတက်လာသော အာရုံ)ဟု ခေါ်သည်။ ထိုနိမိတ်များမှ ထင်ရှားသော ဂုံညင်းခန့် ဥသျှစ်သီးခန့် နိမိတ် တစ်လုံးလုံးကို နှာသီးဖျားနှင့် တစ်တောင်ခန့် နေရာမှာ မြင်အောင် မျက်စိမှိတ်လျက်
စာမျက်နှာ-578
အာနာပါနကို ရှူ၊ ထိုနိမိတ်လုံးသည် အစတွင် မိမိထားလိုသော နေရာမှာ ရောက်လာသလိုလို ပျောက်သွားသလိုလို ထင်တတ်သည်။ ကြာသောအခါ မပျောက်တော့ဘဲ မျက်စိဖွင့်ကြည့်လျှင်ပင် မြင်နေတတ်၏။ သို့ရာတွင် မျက်စိ မှိတ်၍ စိတ်ဖြင့် မြင်အောင် ကြည့်ရသည်။ ကြည့်ဖန်များလျှင် သမာဓိခိုင်မြဲပြီး နိမိတ်လုံးသည် နေလအရောင်ထက်ပင် လင်းထိန် အေးမြလာတတ်သည်။ ထိုနိမိတ်သည် မိမိရှေ့မှာ တည့်ငြိမ်နေလိမ့်မည်။ ထိုနိမိတ်ကို ပဋိဘာဂနိမိတ် (သမထရှုရာတွင် နောက်ဆုံးထင်သော အာရုံ)ဟု ခေါ်သည်။
ထိုပဋိဘာဂနိမိတ်ကို ကြည့်ရှုနေလျှင် ကြာလေ ထင်ရှားလေ၊ ငြိမ်သက် အေးချမ်းလေ ဖြစ်ပြီး ပီတိ (နှစ်သက်မှု) ဖြစ်လာလိမ့်မည်။ ပီတိဖြစ်လျှင် သုခ (ချမ်းသာမှု)ဖြစ်၏။ ထိုသို့ သုခဖြစ်လျှင် ဧကဂ္ဂတာ (ခိုင်မြဲတည်တံ့မှု) ဖြစ်သည်။ ထိုအခါ ထိုပဋိဘာဂအာရုံနိမိတ်ကို မြင်သည်မှတပါး အခြားဘာကိုမျှ မမြင် တော့ပေ၊ သို့ဖြစ်၍ ဈာန်အင်္ဂါ ငါးပါး (ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ) ပြည့်စုံပြီး ပထမဈာန်ဇောကျလေသည်။ ထိုပဋိဘာဂနိမိတ်ကို ကြည့်မြင်နေသော ယောဂီမှာ သဘောတရားငါးမျိုး ပါဝင်သော ပထမဈာန်စိတ် ဖြစ်လာသည်။ ပထမဈာန်ကို ရလာသည်ဟု ဆိုလိုသည်။
အာနာပါန သမထမျှသာမဟုတ် အခြား မည်သည့် သမထကိုမဆို သမာဓိ ရအောင် ရှေးဦးစွာ ကျင့်ရပါမည်။
ဝိပဿနာတက်၍ ရှူမှတ်နည်း
ဆိုခဲ့သည့် ဥဂ္ဂဟနိမိတ်မျိုးကို ခပ်ကြာကြာမြင်ရလျှင် သမာဓိ အတော် အားကောင်းပြီး ဖြစ်သည်။ ဝိပဿနာကို ပြောင်း၍ ရှုမှတ်မည် ဖြစ်သဖြင့် အာနာပါန ရှုခါနီးက ပြုသလို ကန်တော့ခြင်း၊ သီလဆောက်တည်ခြင်းတို့ကို ပြုရမည်။ ဝိပဿနာတရားကို ငါရမည်ဟု ထက်သန်စွာ ယုံကြည်စိတ် မွေးရမည်၊ ထို့နောက် မိမိထိုင်တတ်သလို ထိုင်ပြီး (၁၀)မိနစ်ခန့် နှာသီးဖျား၌ ထွက်လေ ဝင်လေထိခြင်း ဖြစ်ပေါ်ခြင်း ပျောက်သွားခြင်းသဘောတို့ကို အနိစ္စ (အမြဲမရှိ)ဟု ရှုမှတ်ရမည်။
(၁၀)မိနစ် (၁၅)မိနစ်ခန့် ရှိသောအခါ မိမိ၏ ငယ်ထိပ်ကို အာရုံပြု၍ ငယ်ထိပ်မှာ စိတ်ထားရမည်။ ငါးမူးစေ့ ကျပ်စေ့ခန့်ရှိ ငယ်ထိပ်နေရာတွင် အေးခနဲ ပူခနဲ နွေးခနဲ တွေ့ရတတ်သည်။ စိတ်ကို မလွင့်စေရ၊ ငယ်ထိပ်နေရာမှ အာရုံသည် လှုပ်လာ ကြီးကျယ်ပွားလာတတ်သည်။ တရွရွ တဖွဖွ တဖွဲဖွဲ တသဲသဲ ဖြစ်လာ တတ်သည်။ အာရုံအတွေ့ကို မျက်စိဖြင့် တွေ့မြင်ရခြင်း မဟုတ်၊ ဉာဏ်ဖြင့် တွေ့မြင်နေရခြင်း ဖြစ်သည်။
စာမျက်နှာ-579
ဤသို့ဖြင့် ရုပ်နာမ်တို့၏ ဖြစ်ပျက်ခြင်းကို ရှုမှတ်ရာမှ နာမရူပပရိစ္ဆေဒ (ရုပ်နာမ်ကို ခွဲခြားမြင်မှု)ဉာဏ် စသော စသော ဉာဏ်စဉ်များ အဆင့်ဆင့် ဖြစ်ပေါ်ပြီး တရားထူးကို ရရှိနိုင်ကြပါသည်။
ညောင်လွန့်တောရဆရာတော်၏ ဝိပဿနာရှုနည်း
တရားအားထုတ်မည့် ပုဂ္ဂိုလ်သည် ရဟန်းဖြစ်က ရဟန်းသီလ၊ လူဝတ် ကြောင်များဖြစ်က အနည်းဆုံး ငါးပါးသီလ လုံခြုံရမည်။ ကိစ္စကြီးငယ် ကြောင့်ကြဖွယ် မရှိစေရ။ ယင်းနောက် မြတ်စွာဘုရား ဆင်းတုတော်ရှေ့၌ ဖြစ်စေ၊ ဆင်းတုတော်မရှိလျှင် ဆင်းတုတော်ကို စိတ်မှန်း၍ ဖြစ်စေ၊ ကမ္မဋ္ဌာန်းပေးမည့် ကမ္မဋ္ဌာန်းဆရာ၏ ရှေ့၌ဖြစ်စေ ရိုသေစွာ ရှိခိုး၍ ကမ္မဋ္ဌာန်းတောင်းရမည်။ ယင်းနောက် မိမိ၏ ခန္ဓာကိုယ်ကို မြတ်စွာဘုရားအား ဖြစ်စေ၊ ကမ္မဋ္ဌာန်းဆရာအား ဖြစ်စေ အပ်နှံလှူဒါန်းရမည်။ ထို့နောက် ရတနာသုံးပါး ဆရာသမားတို့အား ကန်တော့ပြီး ဆိတ်ငြိမ်ရာနေရာမှာ ရှုမှတ်ရမည်။
ရှေးဦးစွာ တင်ပျဉ်ခွေထိုင်ပါ၊ ခြေမနာ တင်ပါးမနာအောင် အောက်က အဝတ် ခင်းထိုင်ပါ၊ ကြာကြာထိုင်နိုင်အောင် ခြေသလုံးချင်း ဖိကပ်မထားရ၊ ခါးကို ကုန်း၍လည်း မထား၊ အားစိုက်၍လည်း ဆန့်မထားဘဲ မှန်မှန်ဖြောင့်ဖြောင့် အလိုက်သင့် ထိုင်ရမည်။ အမျိုးသမီးများ ကျုံ့ကျုံ့ပုဆစ်တုပ် ထိုင်ရမည်။ လက်နှစ်ဘက်ကို ဖြန့်၍ လက်ဝါးအဖျားချင်း ကပ်၍ ထားရမည်။ မျက်စိကို မှိတ်၍ တဘက်၊ ပဝါ၊ သင်္ကန်း စသည်ဖြင့် မျက်နှာကို ဖုံးအုပ်ထားရမည်။ ယင်းနောက် နှာသီးဝ၌ တိုးထိသော ထွက်လေ ဝင်လေကို သတိဖြင့် မှတ်ရမည်။ ထွက်လျှင် “ထွက်တယ်”၊ ဝင်လျှင် “ဝင်တယ်”ဟု အခြားသို့ စိတ်မသွားစေဘဲ ကြိုးစားမှတ်ရမည်။ ဤကား ပထမဆင့် ဖြစ်၏။
ဤသို့ အားထုတ်၍ ထွက်လေဝင်လေ နှစ်ပါးကို ထင်ရှားအောင် မှတ်နိုင် သော်လည်း နိမိတ်များ မထင်လာသေးလျှင် ရှေ့သို့ တိုး၍ အားထုတ်ရမည်။ ထွက်လေဝင်လေတို့ကို ရှည်လျှင် ရှည်သည့်အတိုင်း၊ တိုလျှင် တိုသည့်အတိုင်း အစကအဆုံးတိုင် သတိပြု၍ “ထွက်သက်သိသိ” ဟု လည်းကောင်း၊ “ဝင်သက်သိသိ”ဟု လည်းကောင်း၊ “သိ” တစ်ခါနှင့် ထွက်လေဝင်လေဆုံးလျှင် “သိ” ဟူ၍ လည်းကောင်း၊ “သိ” နှစ်ခါနှင့် ထွက်လေ ဝင်လေဆုံးလျှင် “သိ သိ” ဟူ၍ လည်းကောင်း၊ “သိ” သုံးခါနှင့် ထွက်လေ ဝင်လေဆုံးလျှင် “သိ သိ သိ”ဟူ၍ လည်းကောင်း၊ ဤသို့ စသည်ဖြင့် ထွက်လေ ၀င်လေ ဆုံးသည့်တိုင်အောင် “သိ” ကို မပြတ်လိုက်၍ မှတ်ရမည်။ ဤကား ဒုတိယဆင့် ဖြစ်၏။
စာမျက်နှာ-580
ဤသို့ အားထုတ်လျှင် ထွက်လေဝင်လေများ အလွန်ထင်ရှားလာလိမ့်မည်။ ထိုသို့ ထင်ရှားသော်လည်း နိမိတ်များ မထင်လာသေးလျှင် ထို့ထက်အလွန် သတိကို တိုးတက်အောင် ထား၍ ထွက်သက်လေ၏ အစ အလယ် အဆုံး သုံးပါးလုံးကို လည်းကောင်း၊ ဝင်သက်လေ၏ အစ အလယ် အဆုံး သုံးပါးလုံးကို လည်းကောင်း ထင်ရှားအောင် ရှုမှတ်ရမည်။ ထွက်လေ၏ အစကား ချက်၊ အလယ်ကား ရင်ချိုင့်၊ အဆုံးကား နှာသီးဝ ဖြစ်၏။ ဝင်လေ၏ အစကား နှာသီးဝ၊ အလယ်ကား ရင်ချိုင့်၊ အဆုံးကား ချက်ဖြစ်၏။ ယောဂီသည် ထွက်လေ ဝင်လေတို့၏ တိုးထိရာ နှာသီးဝ၌ စိတ်ကို စိုက်ထားလျှင် ထွက်လေ၏ အစ အလယ် အဆုံး သုံးပါးလုံးကို လည်းကောင်း၊ ဝင်လေ၏ အစ အလယ် အဆုံး သုံးပါးလုံးကို လည်းကောင်း ထင်ရှားစွာ သိမြင်နိုင်ပါသည်။
ဤ၌ ထွက်လေ ဝင်လေတို့၏ စ လယ် ဆုံးကို သိရန် ဝမ်းတွင်းသို့ စိတ်ကို လွှတ်ရမည်မဟုတ်၊ အပြင်သို့ စိတ်ကို ပို့ရမည်လည်း မဟုတ်၊ နှာသီးဝ၌သာ စိတ်ကို စူးစိုက်၍ “သိ သိ သိ”ဟု ရှုမှတ်ရမည်ဖြစ်ကြောင်း သတိပြုပါ။
မှတ်နည်းသုံးဆင့်ကို ပြသော်လည်း ပထမအဆင့်မှာပင် ယေဘုယျအားဖြင့် နိမိတ်များ ထင်တတ်ပါသည်။ ထိုသို့ ထင်လျှင် ဒုတိယ၊ တတိယ အဆင့်များကို ဆက်လက် အားထုတ်ဖွယ် မလိုပါ။ နိမိတ်မထင်မှသာ ဆက်လက် အားထုတ်ရမည် ဖြစ်သည်။
ဤအာနာပါနဿတိကမ္မဋ္ဌာန်းကို အားထုတ်နေစဉ် နာရီဝက်ခန့် အချိန် စသည်ရှိလျှင် အချို့ယောဂီမှာ ခန္ဓာကိုယ် တစ်နေရာ၌ မခံသာအောင် နာကျင် ကိုက်ခဲ တတ်ပါသည်။ ထိုအခါ ထွက်လေ ဝင်လေ ရှုမှတ်မှုကို ရပ်နား၍ ဝေဒနာ အပြင်းထန်ဆုံး နေရာကို စိတ်စိုက်ထားရမည်။ ထိုဝေဒနာတို့ ရှေးက မရှိ၊ ယခုမှ ဖြစ်ပေါ်လာသဖြင့် မမြဲပုံကို အာရုံပြု၍ “အနိစ္စ အနိစ္စ အနိစ္စ” (မမြဲ မမြဲ မမြဲ) ဟူ၍ လည်းကောင်း၊ နာကျင်သည်ကို အာရုံပြု၍ “ဒုက္ခ ဒုက္ခ ဒုက္ခ” (ဆင်းရဲ၏ ဆင်းရဲ၏ ဆင်းရဲ၏) ဟူ၍ လည်းကောင်း၊ မနာကျင်ချင်ဘဲလျက် နာကျင်ရသော ကြောင့် အစိုးမရပုံကို အာရုံပြု၍ “အနတ္တ အနတ္တ အနတ္တ” (အစိုးမရ အစိုးမရ အစိုးမရ) ဟူ၍ လည်းကောင်း ရှုမှတ်ရမည်။ ထိုသုံးမျိုးတွင် အနိစ္စကို ဖြစ်စေ၊ ဒုက္ခကို ဖြစ်စေ၊ အနတ္တကို ဖြစ်စေ တစ်ခုခုကိုလည်း ရှုမှတ်နိုင်သည်။ ယင်းတစ်ခုခုကို အာရုံပြု၍ “သိ သိ သိ”ဟုလည်း ရှုမှတ်နိုင်သည်။
ဤသို့ ရှုမှတ်လျှင် ဝေဒနာများ ပျောက်ကင်း သွားတတ်ပါသည်။ ထိုအခါ ဝေဒနာရှုမှတ်ခြင်းကို ရပ်နား၍ ဝင်လေ ထွက်လေကိုပင် ပြန်လည် ရှုမှတ်ရမည်။
စာမျက်နှာ-581
အချို့ယောဂီများသည် ဝင်လေ ထွက်လေ ရှုမှတ်ရင်း ဝင်လေ ထွက်လေ တဖြည်းဖြည်း သိမ်မွေ့ပြီး ရှာ၍ မတွေ့အောင် ပျောက်သွားတတ်၏။ ထိုအခါ ဝင်လေထွက်လေ ပြန်ပေါ် ထင်ရှားအောင် ပင်ပန်းကြီးစွာ မရှူရှိုက်ပါနှင့်၊ စိတ်ကို နှာသီးဝမှာ ထားမြဲ ထားပြီး ဝင်လေထွက်လေ ပြန်ပေါ်လာလိမ့်မည်ဟူသော အမှတ်ဖြင့် ရှုမှတ်နေလျှင် ဝင်လေထွက်လေ ပြန်လည်ဖြစ်ပေါ် ထင်ရှားလာ လိမ့်မည်။
အချို့ယောဂီများသည် ဝေဒနာဖြစ်ပေါ်စဉ် ဝေဒနာကို ကြောက်ပြီး ကမ္မဋ္ဌာန်း အကျင့်ကို ဖျက်ပစ်တတ်ကြသည်။ ကမ္မဋ္ဌာန်းအလုပ်ကို မလုပ်ဝံ့ဘဲ ကြောက်နေ တတ်ကြသည်။ ထက်သန်သော သဒ္ဓါတရားဖြင့် သည်းခံရှုမှတ်လျှင် ဝေဒနာသည် မုချပျောက်ကင်းမည် ဖြစ်ပါသည်။ ခန္ဓာကိုယ်ကို ငြိမ်ငြိမ်မထားဘဲ လှုပ်ယိမ်းသော ယောဂီသည် ဒုက္ခဝေဒနာ တာရှည်တတ်သည်။ အချို့ယောဂီသည် ဒုက္ခဝေဒနာ မချုပ်ပျောက်ဘဲလည်း ဝိပဿနာဉာဏ်များ ဆက်လက် ဖြစ်ပေါ် ထင်ရှားလာတတ် ပါသေးသည်။
အချို့ယောဂီများကား ဖြစ်ပေါ်သော ဝေဒနာများ ချုပ်ပျောက်ပြီးနောက် မီးခိုးရောင်၊ တိမ်တိုက်ရောင်၊ သက်တံရောင်၊ နေရောင်၊ လရောင်၊ ကြယ်ရောင်၊ အဖြူရောင်၊ အဝါရောင် စသော အာရုံများကို မြင်တတ်ကြ၏။ အချို့လည်း အိမ်ပျက်၊ ကျောင်းပျက်၊ သစ်ပင်လဲ စသောအပျက်များကို ထင်မြင်တတ်ပြီး အချို့မှာ မိမိခန္ဓာကိုယ်ကို ပကတိအတိုင်း ဖြစ်စေ၊ အပုပ်ကောင် အသေကောင် စသည်ဖြစ်စေ အမျိုးမျိုး ထင်မြင်တတ်ကြသည်။
မည်သို့ထင်ထင် ဝေဒနာကို ဖြစ်စေ၊ အခြားအာရုံ နိမိတ်ကို ဖြစ်စေ အထင်ရှားဆုံး အာရုံကို စိတ်စိုက်ပြီး အနိစ္စ အနိစ္စ အနိစ္စ (မမြဲ မမြဲ မမြဲ)ဟု အထပ်ထပ် ရှုမှတ်နေရမည်။ ထိုသို့ ရှုမှတ်ဖန်များလာသောအခါ စိုက်၍ ရှုမှတ်သော နေရာ၌ ဖြစ်ပျက်သဘောကို အထင်အရှားမြင်ပြီး မိမိခန္ဓာကိုယ် တစ်ခုလုံးနှင့်တကွ ကိုယ်တွင်းကိုယ်ပ အာရုံအလုံးစုံကို ဖြစ်ပျက်သဘောချည်းမြင်သော ဥဒယဗ္ဗယ ဉာဏ် ဖြစ်ပေါ်တတ်၏။ ထိုဉာဏ်မှ ဆက်၍ အထက် အထက် ဉာဏ်များပါ ဖြစ်ပေါ်ပြီး မဂ်ဖိုလ်ကိုပင် ရနိုင်ပါသည်။
ရွှေဥဒေါင်းတောင် ဆရာတော်၏ ဝိပဿနာရှုနည်း
တရားရှုမှတ်တော့မည်ဆိုလျှင် ရှေးဦးစွာ မိမိကိုယ်ကို ဘုရား တရား သံဃာ ကမ္မဋ္ဌာန်း ဆရာအား အပ်နှံလှူဒါန်းရမည်။ ခန္ဓာကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ထိုင်ရမည်။
စာမျက်နှာ-582
ယောဂီသည် နှာသီးဖျားမှာ စိတ်ကို ထား၍ ရှူရ ရှိုက်ရမည်။ ရှုတိုင်း ရှိုက်တိုင်း နှာသီးဖျား၌ ထိသော လေကို သိရမည်။ လှေနှစ်စင်းကို ယှဉ်လှော်သလို ရှုမှတ် ရမည်။ လှေနှစ်စင်း ဟူသည် “ထိလှေ”နှင့် “သိလှေ” ဖြစ်သည်။ “ထိလှေ”က မကျော်ရသလို “သိလှေ”ကလည်း မကျော်ရပေ။ တန်းတူ ညီတူ ယှဉ်ပြိုင် နေစေ ရမည်။ နှာသီးဝ၌ ထွက်လေ ၀င်လေ ထိသည်နှင့် တပြိုင်နက် သိအောင် မှတ်ရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ထိုသို့ သိအောင် ရှုမှတ်နေလျှင် ပုဂ္ဂိုလ် သတ္တဝါ ယောက်ျား မိန်းမ မရှိ၊ ရုပ်နှင့် နာမ်သာရှိကြောင်း သိမြင်လာပေမည်။ ထိုအခါ နှစ်သက်မှု သာယာမှု စွဲလမ်းမှု မရှိတော့ဘဲ မဂ်ဆိုက်ပြီး လောဘ ဒေါသ မောဟများ ကင်းစင် နိုင်ကြမည် ဖြစ်ပေသည်။
မှတ်ချက်။
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်၏ အနောက်တောင်ဘက်၊ ရွှေဥဒေါင်းတောင် တောရ၌ သီတင်း သုံးနေတော်မူသော ရွှေဥဒေါင်းတောင် ဆရာတော်ဘုရားကြီး သည် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ညောင်လွန် တောရကျောင်း ဆရာတော် ဦးမေဓာဝီထံတွင် တရားရှုမှတ် နည်းကို တပည့်ခံ သင်ယူခဲ့ပေသည်။ သို့ဖြစ်၍ ရွှေဥဒေါင်း တောင် ဆရာတော်၏ ရှုမှတ်နည်းသည် ညောင်လွန့်ဆရာတော် ၏ ရှုမှတ်နည်းနှင့် တူညီကြောင်း မှတ်ယူနိုင်ပါသည်။
ကမ္မဋ္ဌာန်းနည်း အမျိုးမျိုး ပြီး၏။
စာမျက်နှာ-583
အခန်း (၁၆)
ကြည်ညိုဖွယ်ရာ အရိယာများ
အရိယာဟူသည် ကိလေသာတို့မှ ကင်းဝေး၏။ အကျိုးစီးပွားမဲ့ကို မဖြစ်စေဘဲ အကျိုးစီးပွားကိုသာ ဖြစ်စေတတ်၏။ သတ္တလောကကို နှိပ်စက်တတ်သော ကိလေသာ ရန်သူတို့ကို ပယ်သတ်တတ်၏။ မဂ် ဖိုလ်တရား ကိန်း၏။ ဖြူစင် သန့်ရှင်း၏၊ အကျင့်ကောင်း၏၊ ထိုအရိယာပုဂ္ဂိုလ်သည်-
(၁) အာစာရအရိယာ
(၂) ဒဿနအရိယာ
(၃) လိင်္ဂအရိယာ
(၄) ပဋိဝေဓအရိယာ ဟူ၍ (၄)မျိုး ရှိ၏။
ထိုတွင် အရိယာတို့၏ အကျင့်တရား၌ တည်သော သူသည် (လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ) အာစာရအရိယာ မည်၏။ ရုပ်အဆင်းအားဖြင့်လည်းကောင်း၊ ဣရိယာပုထ်အားဖြင့် လည်းကောင်း ကြည်ညိုစဖွယ် ရှုမြင်ရသော ပုဂ္ဂိုလ်သည် ဒဿနအရိယာ မည်၏။ အဝတ်အရုံ အသွင်အပြင်အားဖြင့် ရဟန်းနှင့်တူသော ပုဂ္ဂိုလ်သည် သီလမရှိသူပင် ဖြစ်စေကာမူ လိင်္ဂအရိယာ မည်၏။ ဘုရား ပစ္စေက ဗုဒ္ဓါနှင့် မဂ် ဖိုလ်တရားကို ရသော မြတ်စွာဘုရား၏ တပည့်သာဝကသည် ပဋိဝေဓ အရိယာ မည်၏၊ ဤသို့သော သဘောတရားတို့နှင့် ကုံလုံပြည့်စုံသောကြောင့် အရိယာသည် ကြည်ညိုဖွယ်ရာ ဖြစ်ပါသည်။
(က) လူဝတ်ကြောင် ယောက်ျား အရိယာများ
၁။ တပုဿ, ဘလ္လိကညီနောင်
တပုဿ ဘလ္လိက ညီနောင်တို့သည် “အသိတဉ္ဇန” မြို့မှ လှည်းကုန်သည် သူကြွယ်သားများ ဖြစ်ကြ၏၊ နောင်တော်ကား တပုဿ အမည်ရှိပြီး ညီတော်မှာ ဘလ္လိက အမည်ရှိ၏၊ ညီနောင်နှစ်ဦးတို့သည် ဗုဒ္ဓမြတ်စွာ အဋ္ဌမသတ္တာဟတွင် ရာဇာယတနလင်လွန်းပင်ရင်း၌ သီတင်းသုံး စံနေတော်မူစဉ် ဖူးတွေ့ခွင့် ကြုံခဲ့၏၊ ဘုရားရှင်အား မုန့်ကြွက်ကျစ်နှင့် ပျားဆုပ်မုန့်များ လှူဒါန်း၏၊ သောက်တော်ရေ
စာမျက်နှာ-584
တရားတော် နာကြားရပြီး ဒွေဝါစိက သရဏဂုံတည်ကြ၏၊ မြတ်ဗုဒ္ဓထံမှ ဆံတော်ရှစ်ဆူ ရရှိခဲ့ပါသည်။ ထိုဆံတော်မြတ်ကို ဌာပနာ၍ အသိတဉ္ဇန မြို့တံခါးဝ၌ စေတီတော်တည်၏၊ ဥပုသ်နေ့တိုင်း စေတီတော်မှ ရောင်ခြည် တော်များ ကွန့်မြူးလေသည်။
မြတ်ဗုဒ္ဓသည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစဉ် ညီနောင်နှစ်ဦး တို့အား “ပထမသရဏဂမန=ရှေးဦးစွာ သရဏဂုံ ခံယူသောအရာ၌ အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူပါသည်။
မြတ်ဗုဒ္ဓသည် ရာဇဂြိုဟ်ပြည်၌ သီတင်းသုံးစဉ် ညီနောင်နှစ်ဦးတို့ ကုန်ရောင်းရောက်ကြ၏။ မြတ်ဗုဒ္ဓထံသို့ ဆည်းကပ်၍ တရားတော်ကို နာယူရာ နောင်တော်တပုဿမှာ သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန်အရိယာဖြစ် လေသည်။ ညီတော် ဘလ္လိကကား ရဟန်းပြုပြီးမှ အဘိညာဉ် ၆-ပါးနှင့် ပြည့်စုံသော ရဟန္တာအရှင်မြတ် ဖြစ်တော်မူ၏၊ ဤသို့ ညီနောင်နှစ်ဦးတို့၏ ထူးခြားသော ကြည်ညိုဖွယ် ဂုဏ်ရည်များကို တွေ့ရပါသည်။
၂။ အနာထပိဏ်သေဋ္ဌေး
အနာထပိဏ်သေဋ္ဌေး၏ ငယ်နာမည်မှာ သုဒတ္တဖြစ်၏၊ သူ၏ ဖခင်မှာ သာဝတ္တိပြည်မှ သုမနသေဋ္ဌေးကြီး ဖြစ်၏၊ ကိုးကွယ်ရာမဲ့ သူတို့အား ထမင်း ပေးကမ်းစွန့်ကြဲခြင်း၌ မွေ့လျော်သူဖြစ်၍ “အနာထပိဏ်သေဋ္ဌေး”ဟု ထင်ရှား လေသည်။ အနာထပိဏ်သေဋ္ဌေး၏ ထူးခြားသော ကြည်ညိုဖွယ် ဂုဏ်ရည်များမှာ အောက်ပါအတိုင်း ဖြစ်၏-
အနာထပိဏ်သေဋ္ဌေးသည် ၅၄-ကုဋေတန်သော ဇေတဝန်ကျောင်းတော် ကြီးကို မြတ်ဗုဒ္ဓအားဆောက်လုပ်လှူဒါန်း၏၊ ကျောင်းရေစက်ချပွဲကို သုံးလ တိုင်တိုင် တစ်ဆယ့်ရှစ်ကုဋေ အကုန်အကျခံကာ ကျင်းပပြုလုပ်ခဲ့၏။ ရာဇဂြိုဟ် ပြည်၌ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူကြောင်း ကြားသိရ၍ သွားရောက်ကာ ဗုဒ္ဓထံ ချဉ်းကပ်၍ တရားကြားနာရသောအခါ သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန် အရိယာ ဖြစ်၏။
၁။ ဘုရား၊ တရား၊ ရတနာနှစ်ပါးကိုသာ ဆည်းကပ်ခြင်း (သံဃာမပေါ်သေး)
စာမျက်နှာ-585
အနာထပိဏ်သေဋ္ဌေး၏ နေ့စဉ် လှူဒါန်းသည့် အလှူဝတ်များမှာ- မဲကျရာ ရဟန်းတို့အား လှူဒါန်းသည့် စာရေးတံဆွမ်း ငါးရာ၊ လဆန်း၊ လဆုတ်ပက္ခတို့၌အထူးဝတ်ထား၍ လှူဒါန်းသည့် ပက္ခိကဆွမ်းငါးရာ မဲကျရာ ရဟန်းတို့အား လှူဒါန်းသည့် စာရေးတံ ယာဂုဆွမ်း ငါးရာ၊ လဆန်းလဆုတ်ပက္ခတို့၌ အထူးဝတ်ထား၍ လှူဒါန်းသည့် ပက္ခိကယာဂုငါးရာ၊ ပုဂ္ဂလိက နိစ္စဘတ်ဆွမ်း ငါးရာ၊ ရောက်သစ်စ လမ်းမကျွမ်းသည့် အာဂန္တုရဟန်းအား လှူဒါန်းသည့် ဆွမ်း ငါးရာ၊ ခရီးသွားရဟန်းအား လှူဒါန်းသော ဂမိကဆွမ်း ငါးရာ၊ မမာမကျန်းသော ရဟန်းတို့အား လှူဒါန်းသည့် ဂိလာနဆွမ်း ငါးရာ၊ သူနာပြုရဟန်းတို့အား လှူဒါန်းသည့် ဂိလာနုပဋ္ဌာကဆွမ်း ငါးရာ၊ နေရာထိုင်ခင်း ငါးရာ တို့ဖြစ်ပါသည်။
မြတ်ဗုဒ္ဓသည် ဇေတဝန်ကျောင်းတော်၌ အနာထပိဏ်သေဋ္ဌေး (သုဒတ္တ)ကို ရဟန်းတို့. . . . လှူဒါန်းပေးကမ်း စွန့်ကြဲခြင်း၌ မွေ့လျော်ကြသည့် ငါ ဘုရား၏ တပည့်သာဝက ဥပါသကာတို့တွင် အနာထပိဏ္ဍိကအမည်ရသော သုဒတ္တသူကြွယ် သည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူပါသည်။
အနာထပိဏ်သေဋ္ဌေးသည် အနာထပိဏ္ဍိကောဝါဒသုတ္တန်ကို အလွန် နှစ်သက်၏၊ အရှင်သာရိပုတ္တရာနှင့် အရှင်အာနန္ဒာတို့၏ အဆုံးအမဩဝါဒကို နာခံပြီးနောက် မကြာမီ ကွယ်လွန်၍ တုသိတာနတ်ပြည်၌ နတ်သားဖြစ်လေ၏။
၃။ စိတ္တသူကြွယ်
စိတ္တသူကြွယ်သည် မစ္ဆိကာသဏ္ဍမြို့တွင် မွေးဖွား၏၊ သေဋ္ဌေးသားဖြစ်၏၊ စိတ္တသူကြွယ်၏ ထူးခြားသော ကြည်ညိုဖွယ် ဂုဏ်ရည်များမှာ အောက်ပါ အတိုင်း ဖြစ်၏-
စိတ္တသူကြွယ်ကို မွေးဖွားစဉ်က တစ်မြို့လုံး၌ အံ့ဩဘနန်း အဆန်းတကြယ် အဆင်းငါးမျိုးရှိသော ပန်းမိုး ပုဆစ်ဒူး နှစ်လုမျှ ရွာသွန်း၏၊ ပဉ္စဝဂ္ဂီငါးဦးတွင် ဘဒ္ဒိယ [?] ဦးအပါအဝင်ဖြစ်သော အရှင်မဟာနာမ်မထေရ်ကို အမ္ဗာဋက (ဂွေးပင်တော) အာရာမ်ဥယျာဉ်၌ ကျောင်းဆောက်လှူဒါန်း၍ ပစ္စည်းလေးပါး ဒါယကာပြု၏၊
စာမျက်နှာ-586
မထေရ်မြတ်သည် စိတ္တသူကြွယ်၏ ဉာဏ်ပညာ အလယ်အလတ် ရှိသည်ကို သိ၍ အာယတန ၁၂-ပါးကို အကျယ်ဟော၏၊ ထို့ပြင် စိတ္တသူကြွယ်သည် ရှေးရှေး ဘဝအများစွာက သင်္ခါရတရားတို့ကို လက္ခဏာဉာဏ်ဖြင့် ကြိတ်ချေခဲ့ဖူးသူ ဖြစ်သောကြောင့် ဝိပဿနာတရား အားထုတ်၍မကြာမီ အနာဂါမိဖိုလ် အဆင့်သို့ မြောက်လေ၏။
မြတ်ဗုဒ္ဓထံ ဖူးမြော်သွားစဉ် မိမိနှင့်အတူ လိုက်ပါလာသော ရဟန်း ရှင် လူ သုံးထောင်တို့အတွက် အစားအသောက်စသည်တို့ကို မပင်ပန်းစေရန် တာဝန်ယူ၍ ခေါ်ခဲ့၏။ ယူဇနာသုံးဆယ်ခရီးဝယ် တစ်ယူဇနာ တစ်ယူဇနာ၌ နတ်တို့၏ စောက်ရှောက်ကူညီမှုဖြင့် အစားအသောက် အနေအထိုင်တို့ ပြည့်စုံသည်ချည်းဖြစ်၏။ မြတ်ဗုဒ္ဓကျောင်းတော်သို့ ရောက်သောအခါတွင်လည်း ဘုရားအမှူးရှိသော ရဟန်း သံဃာတို့အားလည်း အလှူကြီးပေးလှူလေသည်။ လူအပေါင်းတို့သည် စိတ္တသူကြွယ်ကို အထူးအဆန်းသဖွယ် ကြည့်ရှုကြလေ၏။ စိတ္တသူကြွယ်က မြတ်ဗုဒ္ဓကို လျှောက်သည်မှာ တပည့်တော်တို့ ခရီးထွက်လာသည်မှာ တစ်လကြာခဲ့ပါသည်။ ဤဇေတဝန်ကျောင်းမှာလည်း တစ်လကြာခဲ့ပါပြီဘုရား၊ တပည့်တော် ယူဆောင်လာခဲ့သော ပစ္စည်းပစ္စယများ လှူဒါန်းရန် အခွင့်မရခဲ့ပါ၊ နတ်လူတို့၏ လက်ဆောင်တို့ဖြင့်သာ ပေးလှူခဲ့ရပါသည်၊ တပည့်တော်၏ လှည်းအစီး ငါးရာတိုက် ပစ္စည်းတို့ကို သံဃာအား လှူဒါန်းပါ၏၊ သိုမှီးရာ နေရာကို ညွှန်ကြားစေတော်မူပါဘုရားဟု လျှောက်ထား၍ လှူ၏။
မြတ်ဗုဒ္ဓက အရှင်အာနန္ဒာကို-
ချစ်သား အာနန္ဒာ- ဤစိတ္တသူကြွယ်ကား လောကီ လောကုတ် သဒ္ဓါတရား နှစ်ပါးတို့ဖြင့် မပျက်မစီး ယုံကြည်သူဖြစ်သည့်အပြင် ရတနာသုံးပါးကိုလည်း လောကီလောကုတ် သဒ္ဓါတရားဖြင့် အလွန့်အလွန် ကြည်ညိုသူ ဖြစ်သည်။ ဤသို့သော သဘောရှိသူအဖို့ ရောက်လေရာ ဌာနတိုင်းမှာပင် လာဘ်ပူဇော် သက္ကာရကား ဖြစ်ပွားမြဲဓမ္မတာ ဖြစ်ချေသည်ဟု ဟောတော်မူ၏။
မြတ်ဗုဒ္ဓသည် တရားဟော ကောင်းကြသည့် ငါဘုရား၏တပည့်သာဝက ဥပါသကာတို့တွင် စိတ္တသူကြွယ်သည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြောက်တော်မူပါသည်။ စိတ္တသူကြွယ်သည် အနာဂါမ် အရိယာဖြစ်ပြီး ဒါနာဘိရတ- အလှူအတန်း၌မွေ့လျော်သူ၊ ဓမ္မာဘိရတ-တရားတော်၌ မွေ့လျော်သူ ပုဂ္ဂိုလ်ဖြစ်ပါသည်။
စာမျက်နှာ-587
၄။ ဟတ္ထကာဠဝက သီတင်းသည်
ဟတ္ထကာဠဝကသည် အာဠဝီတိုင်း အာဠဝီပြည် အာဠဝကမင်း၏ သားဖြစ်သည်၊ ဟတ္ထကာဠဝက၏ ထူးခြားသော ကြည်ညိုဖွယ် ဂုဏ်ရည်များမှာ အောက်ပါအတိုင်း ဖြစ်၏-
ဟတ္ထကာဠဝကသည် ပိဋကသုံးပုံကို ကျွမ်းကျင်စွာ တတ်မြောက်၏။ အနာဂါမ် ပုဂ္ဂိုလ်ဖြစ်၏။ ဥပါသကာသီတင်းသည် ငါးရာ အခြံအရံရှိ၏။ မြတ်ဗုဒ္ဓကပင် သူ၏ အလွန်ယဉ်ကျေးသိမ်မွေ့လှစွာသော ပရိသတ်ကို မြင်တော်မူ၍ သင်၏ ပရိသတ်ကို အဘယ်သို့ ချီးမြှင့်သနည်းဟု မေးတော်မူ၏။
ဟတ္ထကာဠဝက က မြတ်စွာဘုရား. . . . တပည့်တော်သည်-
(၁) စွန့်ကြဲပေးကမ်းမှ နှစ်သက်အားရမည့်သူအား ဒါနဖြင့် ချီးမြှင့်ပါသည်၊
(၂) ချစ်စဖွယ် စကားပြောမှ အားရ နှစ်သက်မည့် သူအား ပိယဝါစာဖြင့် ချီးမြှင့်ပါသည်။
(၃) ဖြစ်ပေါ်လာသော ကိစ္စကြီးငယ်ကို ပြီးစီးအောင် ဆောင်ရွက်ပေးမှ အားရ နှစ်သက်မည့်သူအား ဖြစ်ပေါ်လာသော ကိစ္စကြီးငယ်ကို ပြီးစီးအောင် ဆောင်ရွက်ပေးခြင်း အတ္ထစရိယာဖြင့် ချီးမြှင့်ပါသည်။
(၄) ကိုယ်တူထားမှ အားရ နှစ်သက်မည့် သူအား ကိုယ်တူထားခြင်း သမာနတ္တတာဖြင့် ချီးမြှင့်ပါသည်ဟု လျှောက်ထားလေသည်။
မြတ်ဗုဒ္ဓသည် ဟတ္ထကာဠဝက သီတင်းသည်ကို သင်္ဂဟဝတ္ထု (၄) ပါးဖြင့် မိမိ၏ပရိသတ်ကို ချီးမြှောက်ကြသည့် ငါဘုရား၏ တပည့်သာဝက ဥပါသကာ တို့တွင် ဟတ္ထကာဠဝကသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူပါသည်။
၅။ မဟာနာမ သာကီဝင်မင်းသား
မဟာနာမသည် ကပိလဝတ်ပြည်သား သာကီဝင် မင်းမျိုးမှ ပေါက်ဖွားသူ ဖြစ်၏။ အရှင်အနုရုဒ္ဓါ၏ နောင်တော်တည်း၊ မဟာနာမ သာကီဝင်မင်းသား၏ ထူးခြားသော ကြည်ညိုဖွယ် ဂုဏ်ရည်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
မြတ်ဗုဒ္ဓနှင့် ရဟန်းသံဃာအပေါင်းတို့ ဝေရဉ္ဇာမြို့တွင် ဆွမ်းပန်းကိစ္စ အလွန် ဆင်းရဲပင်ပန်းသည်ဟု ကြားသိရ၍ လွန်စွာ စိတ်နှလုံး မချမ်းမြေ့ပေ၊ ယခုအခါ ကပိလဝတ်ပြည်သို့ ကြွလာပြီဖြစ်၍ မဟာနာမသည် မြတ်ဗုဒ္ဓအား လျှောက်
စာမျက်နှာ-588
ထားပြီး ဘုရားအမှူးရှိသော ရဟန်း သံဃာတော် အပေါင်းတို့အား အလွန် မွန်မြတ်လှစွာသော ဘောဇဉ်ငါးပါး၊ စတုမဓုဆေးတို့ဖြင့် နေ့စဉ် ရက်ဆက် လုပ်ကျွေးပြုစုကာ ရဟန်းသံဃာတော်တို့၏ ကိုယ်၌ ဩဇာ အဆီ အစေးကို ထည့်သွင်းပေးလေသည်၊ ထိုသို့ ပြုစုလုပ်ကျွေးသည်မှာ လေးလ လေးလ သုံးကြိမ် ပြည့်မြောက်ခဲ့လေပြီ၊ နောက်ထပ် တဖန် ထပ်မံ လျှောက်ကြားသော် လည်း မြတ်ဗုဒ္ဓသည် ခွင့်ပြုတော်မမူပါ။ ထိုအချိန်အခါမှ စ၍ မဟာနာမ သာကီဝင်မင်းသားသည် မိမိထံသို့ ကြွရောက်လာသော ရဟန်းသံဃာတော် တို့အား အလွန် မွန်မြတ်သော ဘောဇဉ်ငါးပါးနှင့် စတုမဓုဆေးတို့ဖြင့် ပြုစု လုပ်ကျွေးသူဟု ဇမ္ဗူဒိပ်တစ်ကျွန်းလုံးတွင် ကျော်စောထင်ရှားလေသည်။
ထို့ကြောင့် မြတ်စွာဘုရားသည် မွန်မြတ်သော ဘောဇဉ်အရသာ ပစ္စည်းတို့ကို လှူဒါန်းကြသည့် ငါဘုရား၏ တပည့်သာဝက ဥပါသကာတို့တွင် မဟာနာမသာကီဝင် မင်းသားသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှောက်တော်မူပါသည်။
မဟာနာမသည် မြတ်ဗုဒ္ဓကို ပထမအကြိမ် ဖူးမြော်ရစဉ်ကပင် သောတာပတ္တိ ဖိုလ်၌ တည်၍ သောတာပန် အရိယာ ဖြစ်ပါသည်။
၆။ ဥဂ္ဂသေဋ္ဌေး
ဥဂ္ဂသေဋ္ဌေးသည် ဝေသာလီပြည် သေဋ္ဌေးမျိုး၌ ဖြစ်၏၊ သေဋ္ဌေး၏ ကိုယ်ခန္ဓာ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ဂုဏ်ကျေးဇူးတို့သည် ကျော်ကြား ထင်ရှား၏ ဥဂ္ဂသေဋ္ဌေး၏ ထူးခြားသော ကြည်ညိုဖွယ် ဂုဏ်ရည်များမှာ အောက်ပါအတိုင်း ဖြစ်၏-
ဥဂ္ဂသေဋ္ဌေးသည် မြတ်ဗုဒ္ဓကို မိမိနေအိမ်သို့ ကြွတော်မူရာ၏ဟု စိတ်အကြံ ဖြစ်သည့်အတိုင်း ဗုဒ္ဓကြွတော်မူ၏။ ဗုဒ္ဓနှင့် ရဟန်းသံဃာတော်တို့ကို အထူးထူး များမြတ်သော အရသာတို့ဖြင့် ပြုစုလုပ်ကျွေး၏။ ထို့နောက် မြတ်ဗုဒ္ဓအား “မနာပဒါယီ လဘတေ မနာပံ-နှစ်ခြိုက်ဖွယ် ဝတ္ထုကို ပေးလှူသူသည် နှစ်ခြိုက်ဖွယ် အကျိုးကို ရ၏”ဟု ဗုဒ္ဓ၏ စကားတော်ကို နာယူခဲ့ပါ၏၊ မြတ်စွာ ဘုရားအား အကျွန်ုပ်၏ အင်ကြင်းပွင့် အဆင်းရှိသော ခဲဖွယ်ကို အလှူခံတော် မူစေချင်၏ဟု လျှောက်၏။ ထို့အတူ အကျွန်ုပ်၏ ဆီးသီးဖြင့် စီမံထားအပ်သော ကန်စွန်းရွက် ဆီပြန်ကြော်၊ သလေးဆွမ်း၊ ကာသိတိုင်းဖြစ် အဝတ်၊ ပလ္လင်၊ မွေးရှည်ကော်ဇောကြီး၊ ပန်းပြောက်ခြယ် သားမွေးအခင်း၊ ဝံပိုင်ရေအခင်း၊ ဆေး
စာမျက်နှာ-589
နီသော မျက်နှာကြက်နှင့် အုံးနီနှစ်ဘက်ရှိသည့် နေရာ၊ အဖိုးတစ်သိန်းထိုက်သော စန္ဒကူးနှစ် ထိုင်ခုံတို့ကို အလှူခံတော်မူစေချင်၏ဟု လျှောက်၏။ မြတ်စွာဘုရား သည် ကရုဏာ ရှေးရှု အလှူခံတော်မူ၏၊ ထိုအချိန်မှစ၍ မိမိပိုင် နှစ်ခြိုက်ဖွယ်ရာ အလှူဝတ်များကို မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာအား မပြတ် လှူဒါန်း လေ၏။
မြတ်ဗုဒ္ဓသည် နှစ်သက်ဖွယ်သော ဝတ္ထုကို လှူလေ့ရှိကြသည့် ငါ ဘုရား၏ တပည့်သာဝက ဥပါသကာတို့တွင် ဥဂ္ဂသေဌေးသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးကို ချီးမြှောက်တော်မူပါသည်။
ဥဂ္ဂသေဋ္ဌေးသည် မြတ်စွာဘုရားကို ပထမအကြိမ် ဖူးတွေ့ရသောအခါကပင် သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန်အရိယာဖြစ်ပြီး နောက်အဖို့ဝယ် အောက်မဂ် ၃-ပါး၊ အောက်ဖိုလ် ၃-ပါးတို့ကို မျက်မှောက် ပြုရလေသည်။ ထို့နောက် ကွယ်လွန်သောအခါတွင် သုဒ္ဓါဝါသဗြဟ္မာ့ဘုံ၌ ဗြဟ္မာဖြစ်လေ၏။
ဥဂ္ဂသေဋ္ဌေး၏ အံ့ဖွယ်ရှစ်ပါး
(၁) မြတ်စွာဘုရားကို ဖူးတွေ့ရသည်နှင့် တပြိုင်နက်ပင် ဘုရားရှင်၏ အပေါ်၌ အကြွင်းမဲ့ ယုံကြည် ကြည်ညိုခြင်း၊
(၂) မြတ်စွာဘုရားကို ပထမအကြိမ် ဖူးတွေ့ တရားနာရ၍ အနာဂါမ် အရိယာအဖြစ်ရရှိကာ လောကုတ္တရာ သရဏဂုံနှင့်တကွ ဗြဟ္မစရိယ ပဉ္စမကသီလကို ခံယူဆောက်တည်ကျင့်သုံးခြင်း၊
(၃) မယားကြီးကို ယောက်ျားတစ်ပါးအား ပေးစား စွန့်လှူ လိုက်ရ သော်လည်း စိတ်တမျိုး ပြောင်းလွဲဖောက်ပြန်မှု မရှိခြင်း၊
(၄) မိမိ၏ စည်းစိမ်ဥစ္စာ ရှိသမျှသည် သီလဝန္တပုဂ္ဂိုလ်မြတ်တို့နှင့် မခွဲခြားဘဲ ဆက်ဆံကုန်၏၊ သက်ဆိုင်ကုန်၏ ဟူ၍ စိတ်ထားရှိခြင်း၊
(၅) ရဟန်းသူမြတ်တို့ကို ရိုသေစွာ ဆည်းကပ်ပြုစုခြင်း၊
(၆) ရဟန်းသူမြတ်က တရားဟောလျှင် ရိုသေစွာ နာယူခြင်း၊ ရဟန်း သူမြတ်က တရားမဟောလျှင် မိမိက တရားဟောခြင်း၊
(၇) ငါ့ထံသို့ နတ်တို့ ချဉ်းကပ်ကုန်၏၊ ငါသည် နတ်တို့နှင့် အတူတကွ စကားပြောရ၏ဟု စိတ်မတက်ကြွခြင်း၊
(၈) အနာဂါမ် အရိယာဖြစ်ခြင်း။
စာမျက်နှာ-590
၇။ ဥဂ္ဂသေဋ္ဌေး
ဥဂ္ဂတသေဋ္ဌေးသည် ဝဇ္ဇီတိုင်း ဟတ္ထိဂါမအရပ် (ဆင်ရွာ)သား ဖြစ်၏။ ဥဂ္ဂတသေဋ္ဌေး၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ အောက်ပါ အတိုင်း ဖြစ်၏-
ဗုဒ္ဓမြတ်စွာသည် နာဂဝနဥယျာဉ်၌ သီတင်းသုံးနေစဉ် ဥဂ္ဂတသည် ခုနစ်ရက် တိုင်တိုင် သေရည်မူးယစ်လျက် ကချေသည်တို့ဖြင့် ခြံရံကာ ဥယျာဉ်သို့ သွား၍ မြူးထူး ပျော်ပါးကြသော် ဥယျာဉ်တစ်နေရာတွင် မြတ်ဗုဒ္ဓကို ဖူးတွေ့ရ၏။ ထိုအခါ အလွန်ရှက်ကြောက်သွား၏။ မြတ်ဗုဒ္ဓကို အနီးကပ် ဖူးရသောအခါ အရက်မူးပြေ သွား၏၊ မြတ်ဗုဒ္ဓက တရားဟောတော်မူရာ ဓမ္မဒေသနာအဆုံး၌ ဥဂ္ဂတသေဋ္ဌေးသည် အနာဂါမ် အရိယာ ဖြစ်လေသည်။
ဥဂ္ဂတသေဋ္ဌေးသည် ထိုအချိန်မှစ၍ ရဟန်း သံဃာတော်တို့အား အလှူ ဒါနကိုသာ ပေးလှူ၍ နေ၏၊ နတ်တို့သည် လာရောက်၍ ဘယ်လိုပင် သဒ္ဓါပျက်အောင် ပြောကြားသော်လည်း အလှူခံပုဂ္ဂိုလ်နှင့် ပတ်သက်၍ သဒ္ဓါတရား ပျက်စီးခြင်းမရှိဘဲ တူမျှသော သဒ္ဓါစိတ်ဖြင့် လှူဒါန်း၏၊ သီလဝန္တပုဂ္ဂိုလ်တို့၏ ဂုဏ်ကျေးဇူးကိုသာလျှင် ချီးမွမ်း၏။
မြတ်ဗုဒ္ဓသည် သံဃာအား စိတ်တူမျှစွာ ထား၍ ပြုစု လုပ်ကျွေးကြသော ငါဘုရား၏ တပည့် သာဝက ဥပါသကာတို့တွင် ဥဂ္ဂတသေဋ္ဌေးသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူလေသည်။
ဥဂ္ဂတသေဋ္ဌေး၏ အံ့ဖွယ်ရှစ်ပါး
(၁) မြတ်စွာဘုရားကို ဖူးတွေ့ရသည်နှင့် တပြိုင်နက်ပင် ဘုရားရှင်၏ အပေါ်၌ အကြွင်းမဲ့ ယုံကြည် ကြည်ညို၍ သေယစ်မူးမှု ချုပ်ငြိမ်းခြင်း၊
(၂) မြတ်စွာဘုရားရှင်ကို ပထမအကြိမ် ဖူးတွေ့ပြီး တရားနာရ၍ အနာဂါမ် အရိယာအဖြစ် ရရှိကာ လောကုတ္တရာ သရဏဂုံနှင့် တကွ ဗြဟ္မစရိယပဉ္စမကသီလကို ခံယူ ဆောက်တည် ကျင့်သုံးခြင်း၊
(၃) မယားကို ယောက်ျားတပါးအား ပေးစား စွန့်လှူ လိုက်ရ သော်လည်း စိတ်တစ်မျိုး ပြောင်းလွဲ ဖောက်ပြန်မှု မရှိခြင်း၊
စာမျက်နှာ-591
(၄) မိမိ၏ စည်းစိမ်ဥစ္စာ ရှိသမျှတို့သည် သီလဝန္တပုဂ္ဂိုလ်မြတ်တို့နှင့် မခွဲခြားဘဲ ဆက်ဆံကုန်၏၊ သက်ဆိုင်ကုန်၏ဟူ၍ စိတ်ထားခြင်း၊
(၅) ရဟန်းသူမြတ်တို့ကို ရိုသေစွာ ဆည်းကပ်ပြုစုခြင်း၊ ရဟန်းသူမြတ်က တရားဟောလျှင် ရိုသေစွာ နာယူခြင်း၊ ရဟန်းသူမြတ်က တရား မဟောလျှင် မိမိက တရားဟောခြင်း၊
(၆) သီလဝန္တပုဂ္ဂိုလ် ဒုဿီလပုဂ္ဂိုလ် နှစ်မျိုးလုံး၌ပင် ညီမျှသော စိတ်ရှိလျက် ပေးလှူပြုစုခြင်း၊
(၇) ငါ့ထံသို့ နတ်တို့ချဉ်းကပ်ကုန်၏၊ ငါသည် နတ်တို့နှင့် အတူတကွ စကားပြောရ၏ဟု စိတ်မတက်ကြွခြင်း၊
(၈) နောက်ထပ်တဖန် ဤကာမဘုံသို့ ပြန်လာရောက်ကြောင်း သံယောဇဉ် အာရုံမရှိခြင်း။
၈။ သူရမ္ဗဋ္ဌသေဋ္ဌေး
သုရမ္ဗဋ္ဌသေဋ္ဌေးသည် သာဝတ္ထိပြည် သေဋ္ဌေးမျိုး၌ ဖြစ်၏။ သူရမ္ဗဋ္ဌသေဋ္ဌေး၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ အောက်ပါအတိုင်းဖြစ်၏။
မြတ်ဗုဒ္ဓသည် သူရမ္ဗဋ္ဌသေဋ္ဌေးအား စရိုက်နှင့် လျော်သော စကားကို ဟောကြားတော်မူသော အဆုံး၌ သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန် အရိယာဖြစ်၏။ မာရ်နတ်က ဗုဒ္ဓအယောင်ဆောင် အကဲစမ်းသော်လည်း သူရတ္ထဋ္ဌသေဋ္ဌေးသည် ဗုဒ္ဓအပေါ်၌ မတုန်မလှုပ်သော သဒ္ဓါတရား ရှိ၏။ ထိုအကြောင်းကို မြတ်ဗုဒ္ဓအား ကြားလျှောက်၏။ ထို့ကြောင့် မြတ်ဗုဒ္ဓက သာသနာ၌ သက်ဝင်၍ မတုန်မလှုပ် ကြည်ညိုကြကုန်သော ငါဘုရား၏ တပည့်သာဝက ဥပါသကာတို့တွင် သူရမ္ဗဋ္ဌသေဋ္ဌေးသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့် တော်မူပါသည်။
၉။ ဇီဝကဆေးဆရာ
ဆရာဇီဝကသည် ရာဇဂြိုလ်ပြည်၌ သာလဝတီပြည့်တန်ဆာမ၏ သားဖြစ်၏။ အဘယမင်း၏ မွေးစားသားတည်း။ ဆရာဇီဝက၏ ထူးခြားသော ကြည်ညိုဖွယ် ဂုဏ်ရည်များမှာ အောက်ပါအတိုင်း ဖြစ်၏။
ဆရာဇီဝကသည် ဆေးပညာတွင် တစ်ဖက်ကမ်းခပ် တတ်မြောက်၏။ ဗိမ္ဗိသာရမင်းကြီး၏ သမားတော်ကြီး ဖြစ်၏။ မြတ်ဗုဒ္ဓ၏ ကိုယ်တော်၌ သိမ်မွေ့ သော ဝမ်းလားဆေးကို ပေး၍ မြတ်ဗုဒ္ဓအား မိမိပိုင် သရက်ဥယျာဉ်
စာမျက်နှာ-592
ကျောင်းတိုက်၌ သီတင်းသုံး နေတော်မူစေ၏။ ဆရာဇီဝကသည် ဆေးကုသ ပေးသည့်အပြင် “မြတ်စွာဘုရား - ဤ သိဝိတိုင်းဖြစ် ပုဆိုးအစုံကို အရှင်ဘုရား တို့သာလျှင် သုံးဆောင်တော်မူကြပါကုန်ဘုရား”ဟု လျှောက်ထား၍ အရံ ဖြစ်သော ပုဆိုးအဝတ်အထည် တစ်ထောင်ကို ရဟန်းသံဃားအား လှူဒါန်းလေ၏။ မြတ်ဗုဒ္ဓသည် ပုဂ္ဂိုလ်ကို ကြည်ညိုသည့် ငါဘုရား၏ တပည့်သာဝက ဥပါသကာတို့တွင် အဘယမင်း၏ သား ဇီဝကဆေးဆရာသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ် ဘွဲ့ထူးကို ချီးမြှင့်တော်မူပါသည်။
၁၀။ နကုလပိတုသေဌေး
နကုလပိတုသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့တွင် သေဋ္ဌေးမျိုး၌ ဖြစ်၏။ သားကလေး နကုလအမည်ကို စွဲ၍ နကုလပိတု, နကုလမာတုဟု အမည်အသီးသီး ရှိကြ၏။ နကုလပိတု၏ ထူးခြားသော ကြည်ညိုဖွယ် ဂုဏ်ရည်များမှာ အောက်ပါ အတိုင်း ဖြစ်၏-
နကုလပိတုသေဋ္ဌေးသည် ဗုဒ္ဓမြတ်စွာ၏ ဘဝပေါင်းငါးရာ ဖခမည်းတော်၊ ဘဝပေါင်းငါးရာ ဘထွေး (အဖေ၏ညီ)၊ ဘဝပေါင်းငါးရာ ဘကြီး (အဖေ၏အစ်ကို)၊ ဘဝပေါင်းငါးရာ ဦးကြီး (အမေ့အစ်ကို) ဖြစ်ခဲ့လေသည်။ ဘေသကဠာ တောအုပ်၌ သီတင်းသုံးသော မြတ်ဗုဒ္ဓထံသို့ ဖူးမြော်ရောက်ရှိသော် ဘဝသံသရာ ရှည်စွာသော ကာလပတ်လုံး အချစ်မေတ္တာဓာတ် ကိန်းဝပ်ခဲ့သောကြောင့် မြတ်ဗုဒ္ဓ ကို မြင်တွေ့ရလျှင် သားဟူသော အမှတ်ကို ပြု၍ အကျွမ်းတဝင် တရင်းတနှီး ပြောဆို လေသည်။ မြတ်ဗုဒ္ဓသည် နကုလသေဋ္ဌေးကြီးတို့၏ အာသယဓာတ်ကို သိ၍ တရားဟောတော်မူသည်ရှိသော် ဇနီးမောင်နှံ နှစ်ဦးလုံးပင် သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန်အရိယာ ဖြစ်ကြလေကုန်၏။
မြတ်ဗုဒ္ဓသည် နကုလပိတုသေဋ္ဌေးဇနီးမောင်နှံအား ပစ္စုပ္ပန် တမလွန် နှစ်တန်သော ဘဝ၌ အချင်းချင်း ရှုမြင်လိုကုန်သော် - ၁။ တူမျှသော သဒ္ဓါတရား ရှိကြကုန်ရာ၏၊ ၂။ တူမျှသော သီလ ရှိကြကုန်ရာ၏၊ ၃။ တူမျှသော စွန့်ကြဲမှု ရှိကြကုန်ရာ၏၊ ၄။ တူမျှသော အသိဉာဏ် ရှိကြကုန်ရာ၏ ယင်းသို့ သဒ္ဓါ, သီလ, စာဂ, ပညာ တူမျှစွာ ရှိကြလျှင် ယခုဘဝ နောင်တမလွန် ဘဝ၌ အချင်းချင်း ရှုမြင်ကြရကုန်၏ ဟု သံသာရေကမ်းတိုင်တရားကို မိန့်တော်မူ၏။
စာမျက်နှာ-593
နကုလပိတုသေဋ္ဌေး ဇနီးမောင်နှံတို့သည် မြတ်ဗုဒ္ဓအား သားအရင်းပမာ အလွန် အကျွမ်းတဝင် ရင်းနှီးအားထား ခင်မင်သော စိတ်ရှိကြသောကြောင့် မိမိတို့စိတ်၌ ရှိသမျှကို မရှက် မကြောက် အလုံးစုံ ဖွင့်လျှောက်ထား၏။ ထို့ကြောင့် မြတ်ဗုဒ္ဓက ငါဘုရားနှင့် အကျွမ်းတဝင် ခင်မင်ရင်းနှီးသော စကားကို ပြောကြားသည့် ငါဘုရား၏ တပည့်သာဝက ဥပါသကာတို့တွင် နကုလပိတု သေဋ္ဌေးသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့်တော် မူပါသည်။
အမိတဘောဂသေဌေးကြီးများ
၁။ ဇောတိကသေဌေး
ဇောတိကသည် ရာဇဂြိုလ် သေဋ္ဌေးမျိုး၌ ဖြစ်၏။ ဇောတိက၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤသို့ ဖြစ်၏-
ဇောတိကကို မွေးသောနေ့ နာမည်မှည့်သောနေ့၌ လက်နက်အားလုံး အလျှံတပြောင်ပြောင် တောက်လောင်၏။ လူအားလုံးတို့၏ ကိုယ်ဝယ် ဝတ်ဆင် ထားသည့် အဆင်တန်ဆာတို့သည် အလျှံလွှတ်ကြသည့်ပမာ အရောင်အဝါ လွှတ်ကြကုန်၏၊ ရာဇဂြိုလ်တစ်ပြည်လုံးသည် တခဲနက် အရောင်တောက် ပြောင်လျက် ရှိလေ၏။ ဇောတိကသေဋ္ဌေးနေအိမ်ကို သိကြားမင်း ဖန်ဆင်း ပေး၏။ ၁၆-မင်းပယ်ကျယ်ပြီး ညီညွတ်သော မြေအရပ်ဖြစ်၏၊ ရတနာ (၇)ပါးဖြင့် ပြီးသော ဘုံခုနစ်ဆင့် ရှိ ပြာသာဒ်ကြီးပေါ်လာ၏၊ ပြာသာဒ်ကို ဝန်းရံ၍ ရတနာခုနစ်ပါးနှင့် ပြီးသော တံတိုင်းကြီး ခုနစ်ထပ် ပေါ်လာ၏၊ တံတိုင်း (၇)ထပ်တို့၏ အပိုင်းအခြား အကြား အကြား ၌ ပဒေသာပင်တို့ ပေါ်လာ၏ ဘုံ (၇)ဆင့်ရှိသည့် ပြာသာဒ်ကြီး၏ ထောင့် လေးထောင့် တို့ ထန်းပင်ပျို ပင်စည်လုံးခန့် ရွှေကြံပင် လေးပင် ပေါက်၏၊ အရွက်တို့မှာ မြရတနာဖြင့် ပြီးကုန်၏၊ ပင်စည်မှာ ရွှေဖြင့် ပြီး၏၊ တံခါးမုခ်တို့၌ နတ်ဘီလူး ခုနစ်ဦးတို့ စောင့်ရှောက်ကြ၏။
ဗိမ္ဗိသာရမင်းကြီးသည် ဇောတိကထံသို့ လာ၍ သေဋ္ဌေးထီးနှင့် အဆောင် အယောင်ကို ချီးမြှင့်၏၊ ဇောတိက သေဋ္ဌေးကတော် “သတ္တုလာယီ” သည် မြောက်ကျွန်းသူဖြစ်၏၊ နတ်တို့ကပင် ပို့ဆောင်ပေးရ၏။ မြောက်ကျွန်းသူကား ဆန်တစ်စလယ်နှင့် မီးကျောက်သုံးလုံးတို့ကိုသာ ယူခဲ့၏၊ တစ်သက် စား၍ မကုန်တော့ပေ။
စာမျက်နှာ-594
ဇောတိကသည် ဗိမ္ဗိသာရမင်းကြီးနှင့် သားတော် အဇာတသတ်အား ဘုံနန်းပြာသာဒ်ထက်၌ မြောက်ကျွန်းဖြစ် သလေးဆန်နှင့် ပွဲတော် တည်စေ၏၊ စစ်သည် ဗိုလ်ပါတို့ကိုလည်း ကျွေးမွေး၏၊ ဇောတိကသေဋ္ဌေး၏ ကျွန်မများ ကိုပင် ဘုရင်ကိုယ်တိုင် သေဋ္ဌေးကတော်ဟု ထင်မှားခဲ့၏၊ သတုလကာယီသည် ဘုရင်အား ယပ်ခတ်စဉ် ဘုရင်၏ ဦးရစ်ခေါင်းပေါင်းမှ အနံ့ကြောင့် မျက်ရည် ကျ၏။ ရတနာရောင်တို့ဖြင့် နေခဲ့ရသောကြောင့် ဖြစ်၏၊ ဘုရင်ကြီးအားလည်း ရတနာအရောင်တို့ဖြင့် နေနိုင်ရန် သခွားငဆစ်သီးခန့်ရှိ ကျောက်မျက်ရတနာကို ဆက်သလိုက်၏။
ဝိသမလောဘ၊ ပြွမ်းပြွမ်းထ၍၊ အန္ဓကြော့ကြမ်း၊ လူသော့သွမ်းတို့၊ ညှိုးနွမ်းဒုက္ခ၊ ရောက်သမျှပင်၊ ဓမ္မကိန်းပျော်၊ သူ, သူတော်ကား၊ စိတ်သော် ရွှင်မွေ့၊ ကိုယ်ချမ်းမြေ့၏ (ဓမ္မပဒေသ)။
အဇာတသတ်မင်းအား ဇောတိကသေဋ္ဌေးကြီးက ပြောသည်မှာ အကျွန်ုပ် သဘောမတူလျှင် အကျွန်ုပ်၏ ဥစ္စာကို မြိတ်ဆာချည်မျှင် တစ်ပင်ကိုမျှ သိမ်းပိုက် ယူငင်ခြင်းမှာ မစွမ်းနိုင်ပါ၊ မာန်မာနတက်သော မင်းကြီးအား လက်နှစ်ဖက်ကို ဆန့်တန်း၍ လက်စွပ် အကွင်း (၂၀)ကိုချွတ်ခိုင်း၏၊ အားကောင်းမောင်းသန်သော မင်းကြီးသည် ဘယ်ပြန်ညာပြန်ချွတ်သော်လည်း မစွမ်းနိုင်ချေ၊ ယူတော့ဟု ပေးမှ လက်စွပ် အကွင်း (၂ဝ)တို့ ကျွတ်ကျ၏၊ ဤသို့ အဇာတသတ်မင်း၏ မတရား အပြုအမူကြောင့် ဇောတိကသေဌေးကြီး သံဝေဂရ၏။
ဗုဒ္ဓမြတ်စွာထံ၌ ရဟန်းပြု၏၊ မကြာမီ ရဟန်းတရားများ အားထုတ်သဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခါ ရဟန္တာဖြစ်လေ၏၊ ရဟန်းတို့၏ ပြစ်တင် စကားနှင့် ပတ်သက်၍ မြတ်စွာဘုရားက “ရဟန်းတို့ - ငါ့သားတော် ဇောတိက ရဟန္တာ၏ စိတ် အစဉ် ခန္ဓာအစဉ်ဝယ် ထိုဘုံနန်းပြာသာဒ်စည်းစိမ်နှင့် သေဋ္ဌေး ကတော်အပေါ်၌ တပ်မက်မှု တဏှာလောဘ မရှိဧကန် အမှန်ဖြစ်၏”ဟု မိန့်တော် မူပြီးလျှင် တရားဒေသနာကို ဟောကြားတော်မူ၏၊ ဒေသနာအဆုံးတွင် များစွာသောလူတို့သည် သောတာပတ္တိဖိုလ်၌ တည်စေ၍ သောတာပန်အရိယာ ဖြစ်စေလေသည်။
၂။ မေဏ္ဍကသေဋ္ဌေး
မေဏ္ဍကသည် ဘဒ္ဒိယမြို့ သေဋ္ဌေးမျိုး၌ ဖြစ်သည်၊ ဇနီးသည်မှာ စန္ဒပဒုမာ အမည်ရှိ၏။ သူ၏သားမှာ ဝိသာခါ၏ဖခင် ဓနဉ္စယသေဋ္ဌေးဖြစ်၏၊ မေဏ္ဍက၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤသို့ ဖြစ်၏-
စာမျက်နှာ-595
သေဋ္ဌေးကြီး၏ ရှေးကောင်းမှုကံကြောင့် ရွှေဆိတ်ရုပ်များ ကျောက်ကုန်းချင်း ထိခတ် ဆက်စပ်လျက် အိမ်၏ အနောက်ဘက် မြေတွင် ပေါက်လျက် ရှိ၏၊ ရွှေဆိတ်ရုပ် တစ်ရုပ်၏ ခံတွင်းမှ ဇမ္ဗူဒိပ်ကျွန်း၌ နေသူ အားလုံးတို့အတွက် ထောပတ်၊ ဆီ၊ ပျား၊ တင်လဲ၊ အဝတ်အထည်၊ ရွှေ ငွေတို့ ထွက်လာကုန်၏၊ ကျွန်းသူကျွန်းသားတို့သည်၊ မေဏ္ဍကသေဋ္ဌေးကြီးထံ လာ၍ ယူကြရ၏။
မေဏ္ဍကသေဋ္ဌေးသည် ဘဒ္ဒိယမြို့တွင် ဘုန်းကြီးသောသူ ငါးဦးတို့၏ အကြီး အမှူးဖြစ်၏၊ သူသည် မိမိရှိ စပါးကျီ ၁၂၅ဝ တို့ကို ရှင်းလင်း သုတ်သင်ပြီး ကောင်းကင်သို့ မော့ကြည့်စဉ် သလေးနီစပါးမိုးကြီး ရွာချ၍ စပါးကျီ ၁၂၅ဝ တို့မှာ ပြည့်ကုန်၏။
ရှေးဘဝမှ တော်စပ်ခဲ့ဖူးသော ဇနီး၊ သား၊ ချွေးမ၊ ကျွန်တို့သည်လည်း ယခုဘဝတွင် ဇနီး သား ချွေးမ ကျွန် ပြန်ဖြစ်ကုန်၏။
ဗုဒ္ဓမြတ်စွာသည် မေဏ္ဍကသေဋ္ဌေးကြီးအား သူ၏စရိုက်နှင့် သင့်လျော်သော တရားတော်ကို ဟောကြား၏။ ဒေသနာတော်အဆုံးတွင် သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန်အရိယာ ဖြစ်လေ၏။ သေဋ္ဌေးကြီးသည် ၁၅ ရက် ပတ်လုံး ကြီးစွာသော အလှူဒါနကို ပြု၏။
တိတ္ထိတို့နှင့် ပတ်သက်၍ ဗုဒ္ဓကို လျှောက်သောအခါ မြတ်ဗုဒ္ဓက “ဒါယကာ သေဋ္ဌေး - ဤသတ္တဝါတို့မည်သည် ကြီးစွာသော မိမိအပြစ်ကိုကား မမြင်ကြကုန်၊ သူတပါးတို့၏ အပြစ်ကိုကား မရှိသည်ကိုပင် အရှိပြုကာ ထိုထိုအရပ်တို့၌ ဖွဲ့ဖျင်း ကဲ့သို့ လေလွှင့်ပြောကြားတတ်ကုန်၏” ဟု ဟောတော်မူကာ ဒေသနာအဆုံးတွင် များစွာသော လူအပေါင်းတို့ကို သောတာပတ္တိဖိုလ်၌ တည်စေ၍ သောတာပန် အရိယာ ဖြစ်စေလေသည်။
၃။ ဇဋိလသေဋ္ဌေး
ဇဋိလသည် ဗာရာဏသီပြည်၌ မွေးဖွား၏၊ အမိမှာ အလွန်အဆင်းလှသော အမျိုးသမီးတစ်ဦး ဖြစ်၏။ ဖခင်မှာ ဝိဇ္ဇာဓိုရ်တစ်ဦး ဖြစ်လေသည်။ ဇဋိလ၏ ထူးခြားသော ကြည်ညိုဖွယ် ဂုဏ်ရည်များမှာ အောက်ပါအတိုင်း ဖြစ်၏-
ဇဋိလသည် ကုန်သည်တစ်ဦး၏ အိမ်တွင် သားအဖြစ်နေစဉ် (၁၂) နှစ် ရောင်းမကုန်သော ကုန်ပစ္စည်းများကို တစ်နေ့တည်းနှင့် ရောင်းကုန်၏။ သူကြွယ်ကြီး ကပင် “အဖိုးမဖြတ်နိုင်အောင် ထိုက်တန်သည့် ယောက်ျား၊ ချမ်းချမ်း သာသာ”
စာမျက်နှာ-596
အသက်ရှင်နိုင်မည့်သူ” ဟု သိ၍ သမီးကညာနှင့် လက်ဆက်ကာ အိမ်တစ်ဆောင် မီးတပြောင်ထား၏၊ အိမ်တက်မင်္ဂလာ ပြုလုပ်သောအခါ အိမ်၏ နောက်ပိုင်း၌ ရွှေတောင်ကြီး ပေါက်လေ၏၊ သေဋ္ဌေးထီးဖြူ၊ ရလေ၏၊ သားသုံးယောက်၏ ဘုန်းကံကို စမ်းပြီးသောအခါ သေဋ္ဌေးကြီးက -
“ဤရွှေတောင်ကြီးသည် ငါနှင့် ငါ့သားငယ် ဘုန်းကံကြောင့် ပေါ်ပေါက် လာခြင်းဖြစ်သည်၊ သားကြီးတို့သည် ညီငယ်နှင့် တစိတ်တပေါင်းတည်း ဖြစ်ကြ ကာ စားသုံးကြလော့” ဟု မှာကြား၍ မြတ်ဗုဒ္ဓထံ၌ ရဟန်းပြု၏၊ ရဟန်းပြုပြီးနောက် ရဟန်းတရားကို ပွားများအားထုတ် ကြိုးကုတ်သဖြင့် နှစ်ရက်သုံးရက်အတွင်းမှာပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်၍ ရဟန္တာ ဖြစ်လေ၏၊ သားသုံးယောက်တို့သည် မြတ်ဗုဒ္ဓအမှူးရှိသော ရဟန်းသံဃာတော်များအား လဝက်ပတ်လုံး ဆွမ်းအလှူဒါနကို ပေးလှူကြကုန်၏။
အရှင်ဇဋိလနှင့် ပတ်သက်၍ ရဟန်းတို့ ပြစ်တင်စကားဆိုရာ၌ မြတ်ဗုဒ္ဓက “ရဟန်းတို့ - ငါ့သားတော် ဇဋိလရဟန်း၏ သန္တာန်မှာ ထိုရွှေတောင်နှင့် သားတို့၌ တပ်မက်ခြင်း၊ မြတ်နိုးခြင်း အလျှင်းပင် မရှိတော့ချေ” ဟု မိန့်တော်မူပြီးလျှင် တရားဟောတော်မူ၏၊ ဒေသနာအဆုံးတွင် များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ဆိုက်ရောက်လေသည်။
၄။ ကာဠဝဠိယသေဋ္ဌေး
ကာဠ၀ဠိယသည် ရာဇဂြိုဟ်ပြည်၌ ဆင်းရဲသားတစ်ယောက် ဖြစ်သည်။ တစ်နေ့တွင် ကာဠ၀ဠိယ၏ ဇနီးသည် စားသုံးရန် ဟင်းရွက်နှင့်ရောသော ယာဂုချဉ်ကို ပြုတ်၍ ထား၏။ ထိုနေ့၌ အရှင်မဟာကဿပမထေရ်သည် နိရောဓ သမာပတ်မှ ထတော်မူ၍ “ငါသည် အဘယ်သူအား ချီးမြှောက်မှု ပြုရပါမည်နည်း” ဟု ကြည့်ရှုလေလျှင် ကာဠဝဠိယဆင်းရဲသားကို ဥာဏ်၌ မြင်၍ သူ၏ အိမ်တံခါးဝသို့ ကြွရောက် ဆွမ်းရပ်တော်မူ၏။
ကာဠ၀ဠိယ၏ ဇနီးသည် မထေရ်၏လက်မှ သပိတ်ကို တောင်းယူ၍ ကျိုပြီး အသင့်ရှိသော ယာဂုချဉ်အားလုံးကို သပိတ်၌ လောင်းထည့်၍ မထေရ်အား ဆက်ကပ် လှူဒါန်းလေ၏။ အရှင်မဟာကဿပသည် ကျောင်းတော်သို့ သွား၍ ထိုယာဂုကို မြတ်စွာဘုရားအား ဆက်ကပ်လေ၏၊ ဗုဒ္ဓမြတ်စွာသည် မျှတတော်မူရုံသာ ခံတော် မူ၏၊ ကျန်သော ယာဂုကို ရဟန်းငါးရာတို့အား လောက်ငစေ၏၊ ကာဠ၀ဠိယ ဆင်းရဲသားသည် ဆွမ်းကြွင်းဆွမ်းကျန် တောင်းခံရန် ထိုနေရာသို့ ရောက်လာ၍ ယာဂုအနည်းငယ်ကို ရရှိလေသည်။
စာမျက်နှာ-597
အရှင်မဟာကဿပ မထေရ်မြတ်သည် မြတ်ဗုဒ္ဓအား ယာဂုဒါယကာ ရရှိမည့် အကျိုးကို မေးလျှောက်လေ၏။ ဗုဒ္ဓမြတ်စွာသည် “ဤနေ့မှစ၍ ခုနစ်ရက် မြောက်၌ ကာဠ၀ဠိယသည် သေဋ္ဌေးဖြစ်လိမ့်မည်” ဟု မိန့်ကြားတော်မူလေ၏။ ကာဠ၀ဠိယသည် ဗုဒ္ဓမြတ်စွာ၏ မိန့်မြွက်တော်မူသည်ကို နားနှင့် ဆတ်ဆတ် ကြား၍ အိမ်သို့ ပြန်လာပြီးလျှင် ဇနီးသည်အား ထိုအကြောင်းကို ပြန်ကြားပြောဆို လေ၏။
ဗိမ္ဗိသာရမင်းသည် မြို့ကို လှည့်လည်သည်ရှိသော် အရှင်လတ်လတ် ကားစင် တင်ရာ တံကျင်၌ ရာဇဝတ်သားတစ်ယောက်ကို မြင်တော်မူလေ၏။ ရာဇဝတ်သား သည် မင်းကြီးကိုမြင်လျှင် “အရှင်မင်းကြီး - ပွဲတော်ထမင်းကို ပို့သစေချင်ပါသည်” ဟု အရဲစွန့်ကာ အော်ဟစ် ပြောဆိုလေ၏။ မင်းကြီးသည် ကောင်းပြီဟု ဝန်ခံခဲ့ရာ ညချမ်းပွဲတော်စာ ဆက်သောအခါ၌ ရာဇဝတ်သား တောင်းခံသော စကားကို အမှတ်ရ၍ “ဤပွဲတော်စာ ထမင်းကို မြို့အပြင် ကားစင် တံကျင်သို့ ရောက်အောင် ပို့ဆောင်နိုင်မည့်သူကို စုံစမ်းကြလော့” ဟု မိန့်လေ၏။
ရာဇဂြိုဟ်၏ ပတ်ဝန်းကျင် မြို့ဥပစာအရပ်သည် အလွန်ကြမ်းကြုတ်သည့် ဘီလူးများ လှည့်လည်ကျက်စားရာ အရပ်ဖြစ်၍ ညအချိန်၌ အလွယ်တကူ မြို့ပြင်သို့ မထွက်ဝံ့သောကြောင့် ဆိုင်ရာဝန်တို့သည် “မြို့ပြင်ကားစင် တံကျင်သို့ ထမင်း သွားရောက် ပို့ဝံ့သောသူသည် ဤအသပြာ တစ်ထောင်ကို ယူစေ” ဟု မြို့တွင်း၌ လှည့်လည်ကြေညာစေလေသည်။ ပထမ, ဒုတိယ အကြိမ်များ၌ အသပြာ တစ်ထောင်ထုပ်ကို ယူမည့်သူ မပေါ်ဘဲ တတိယအကြိမ် လှည့်လည်စေသောအခါမှ ကာဠ၀ဠိယ၏ ဇနီးသည် ထိုအသပြာ တစ်ထောင်ထုပ်ကို မင်းချင်းတို့ လက်မှ ယူလိုက်လေ၏။ မင်းချင်းတို့သည် သူမကို မင်းကြီးအား ပြသကြလေကုန်၏။ သူမသည် ယောက်ျားအသွင်ကို ယူပြီးလျှင် ကိုယ်၌ လက်နက် ငါးပါး ဖွဲ့ချည်လျက် ထမင်းပွဲတော်ကို ယူဆောင်ကာ ရဲရဲရင့်ရင့် မြို့မှ ထွက်ခဲ့လေ၏။ မြို့ပြင်သို့ ရောက်လျှင် ဒီဃတာလနတ်ဘီလူးသည် ထန်းပင်အနီးမှသွားသော သူမကို မြင်လေလျှင် “ရပ်လော့၊ သင်သည် ငါ့အစာ ဖြစ်လေပြီ” ဟု ခြိမ်းခြောက်စကား ပြောကြားလေ၏။
သူမ။ ငါသည် သင့်အစာမဟုတ်၊ ငါကား မင်းကြီး၏တမန်တော် ဖြစ်သည်။
ဘီလူး။ ယခု အဘယ်သို့ သွားမည်နည်း။
သူမ။ အရှင်လတ်လတ်ကားစင်တင်သော တံကျင်၌ နေသော ရာဇဝတ်သား ထံသို့ ငါသွားမလို့။
စာမျက်နှာ-598
ဘီလူး။ ငါ၏ သတင်းစကားတစ်ခုကို ဆောင်သွားခြင်းငှာ စွမ်းနိုင်ပါ မည်လော။
သူမ။ စွမ်းနိုင်ပေ၏။
ဘီလူး။ ထိုသို့ဖြစ်လျှင် “သုမနနတ်မင်းကြီး၏ သမီး ဒီဃတာလဘီလူး၏ဇနီး ကာဋီနတ်သမီးသည် သားကို မွေးဖွားလေပြီ” ဟု လမ်းတစ်လျှောက် ဟစ်အော် ပြောကြားပါလေ၊ ဤ ထန်းပင်ခြေ၌ ရွှေအိုးခုနစ်လုံးတို့ ရှိကြပါကုန်၏၊ ထိုရွှေအိုးများကို သတင်းကြွေးကြော်ခအဖြစ် သင်ယူပါလေ။ သူမသည် ဘီလူးပြောသည့်အတိုင်း ဟစ်အော် ကြွေးကြော်သွားသည် ရှိသော် သုမနနတ်မင်းကြီးသည် နတ်ဘီလူးတို့ အစည်းအဝေး၌ ထိုအသံကို ကြားရ၍ လူသားတစ်ယောက်ဖြစ်လျက် ငါတို့အတွက် အလွန်နှစ်သက်ဖွယ်သော သတင်းကို ယူဆောင်လာ၏ဟု ဆိုကာ ဝမ်းသာလှသဖြင့် ထိုသူကို ခေါ်ပြီး “ဤသစ်ပင်၏ ဘေးပတ်ပတ်လည် အရိပ်ပျံ့နှံ့ရာအရပ်၌ ရွှေအိုးများ ရှိကြသည်၊ ထိုရွှေအိုးများကို သင့်အား ငါပေး၏” ဟု ပြောဆိုလေ၏။
ထို့နောက် သူမသည် ကားစင်ရှိရာသို့ သွား၍ ရာဇဝတ်သားကို ထမင်းခွံ့၍ ကျွေးလေ၏။ ရာဇဝတ်သားသည် ထမင်းစားပြီးနောက် ခံတွင်းကို သူမ၏လက်ဖြင့် သုတ်ပေးသောအခါ မိန်းမအတွေ့မှန်းသိ၍ သူမ၏ဆံထုံးကို တအားကိုက်၍ ထားလေ၏။ သတ္တိကောင်းသော သူမသည် သန်လျက်ဖြင့် ဆံထုံးကို ဖြတ်ခဲ့ပြီး မင်းကြီးထံသို့ ပြန်လာလေ၏။
ထိုအခါ မင်းကြီးက - “မယ်မင်း- ထမင်းကို ကျွေးခဲ့ပြီးကြောင်းကို အဘယ်သို့ သော အခြင်းအရာ အမှတ်အသားဖြင့် ငါသိရမည်နည်း” ဟု မေးတော်မူလျှင် သူမသည် “ကျွန်တော်မျိုးမ၏ ဆံထုံးအမှတ်အသားဖြင့် သိတော်မူနိုင်ပါသည်” ဟု လျှောက်တင်ကာ မင်းကြီးအား မိမိ တွေ့ကြုံခဲ့ရသမျှသော ဖြစ်ရပ်အားလုံးကို ပြန်ကြားလျှောက်ထား၍ ထိုရွှေအိုးများကို ဆောင်ယူစေလေ၏။ မင်းကြီးသည် ရွှေအိုးများကို ယူဆောင်စေပြီးလျှင် မှူးမတ်တို့အား “အခြားသူ တစ်ဦး တစ်ယောက်မှာ ဤမျှများပြားသော ဥစ္စာရှိသလား” ဟုမေးတော်မူ၍ မရှိပါဟု ပြန်ကြားလျှောက်ထားလေလျှင် မင်းကြီးသည် သူမ၏ အိမ်ရှင် ကာဠ၀ဠိယကို ရာဇဂြိုဟ်ပြည်၌ အဆောင်အယောင်များပါပေးအပ်ကာ “ဓနသေဋ္ဌိ” ဘွဲ့တံဆိပ် တပ်သည့် သေဋ္ဌေးကြီးရာထူး၌ ခန့်အပ် မြှောက်စားထားလေသတည်း။
စာမျက်နှာ-599
(ခ) လူဝတ်ကြောင် မိန်းမ အရိယာများ
၁။ သုဇာတာသေဋ္ဌေးကတော်
သုဇာတာသည် ဥရုဝေလတောအုပ်အနီး သေနနိဂုံးသူ သေနိယသေဋ္ဌေးကြီး၏ သမီးဖြစ်သည်။ သူ၏ သားမှာ ယသ သတို့သားဖြစ်၏။ သူ၏ ခင်ပွန်းမှာ ဗာရာဏသီသေဋ္ဌေး ဖြစ်လေသည်။ သုဇာတာသေဋ္ဌေးကတော်၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤသို့ဖြစ်၏ -
သုဇာတာသေဋ္ဌေးကတော်သည် ဗုဒ္ဓအလောင်းတော်အား ညောင်စောင့်နတ် ထင်မှတ်၍ ရွှေခွက်နှင့်တကွ နို့ဃနာဆွမ်းကို ဆက်ကပ်၏။ “အကျွန်ုပ်၏ စိတ်နှလုံး အလိုဆန္ဒ ပြည့်ဝသကဲ့သို့ အရှင်တို့၏ အလိုဆန္ဒလည်း ပြည့်ဝပါစေသတည်း” ဟု ဆုတောင်း၏၊ ဆုတောင်းပြည့်၍ သား ယသကို ရ၏။
နောင်အခါတွင် သုဇာတာ၏ ခင်ပွန်းသေဋ္ဌေးကြီးက ပင့်ဖိတ်၍ ဗုဒ္ဓမြတ်စွာသည် အရှင်ယသကို နောက်ပါ ရဟန်းပြု၍ သုဇာတာသေဋ္ဌေးကတော်အိမ်သို့ ဆွမ်းဘုဉ်း ပေးကြွ၏။ မြတ်ဗုဒ္ဓ၏ ဟောကြားတော်မူအပ်သော ဓမ္မဒေသနာ ဆုံးသောအခါ သေဋ္ဌေးကတော် သုဇာတာသည် သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန် အရိယာ ဖြစ်လေသည်။
ဗုဒ္ဓမြတ်စွာသည် ရှေးဦးစွာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သော သရဏဂုံသို့ ရောက်ကြသည့် ငါဘုရား၏ တပည့်မ သာဝိကာ ဥပါသိကာတို့တွင် သေနိယသေဋ္ဌေး၏ သမီး သုဇာတာသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ် ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူလေသည်။
၂။ ဝိသာခါကျောင်းအမကြီး
ဝိသာခါသည် အင်္ဂတိုင်း၊ ဘဒ္ဒိယမြို့ သူ မေဏ္ဍကသေဋ္ဌေးကြီး၏သား ဓနဉ္စယ သေဋ္ဌေးနှင့် သုမနဒေဝီသေဋ္ဌေးကတော်ကြီး၏သမီး ဖြစ်လေသည်။ ဝိသာခါ၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤသို့ ဖြစ်၏-
ဝိသာခါသည် အဘိုးဖြစ်သူ မေဏ္ဍကသေဋ္ဌေးကြီး၏ လမ်းညွှန်မှုဖြင့် ခုနစ်နှစ် သမီးအရွယ်တွင် ရံရွေဖော်များ ခြံရံလျက် မြတ်ဗုဒ္ဓအား ခရီးဦးကြိုဆိုမှု ပြုလေ၏။ မြတ်စွာဘုရားသည် ဝိသာခါသေဋ္ဌေးသမီးအား သူမ၏ စရိုက်နှင့် လိုက်လျော ညီညွတ်သော တရားကို ဟောကြားတော်မူသော အဆုံး၌ သောတာ ပတ္တိဖိုလ်၌ တည်၍ ခုနစ်နှစ်အရွယ်ကပင် သောတာပန် အရိယာဖြစ်လေ၏။
စာမျက်နှာ-600
အရွယ်ရောက်၍ မင်္ဂလာပြုသောအခါ ဝိသာခါ၏ မင်္ဂလာပွဲသို့ ကောသလ မင်းကြီးကိုယ်တိုင် လိုက်ပါချီးမြှင့်၏။ ယောက္ခမအိမ်သို့ လိုက်သွားမည့် ချစ်သမီး ဝိသာခါအား ဓနဉ္စယသေဋ္ဌေးကြီးက အတွင်းမီး အပြင်မီး စသည့် ဩဝါဒ (၁ဝ)ချက်ဖြင့် သင်ကြားဆုံးမလေ၏။ သမီးဝိသာခါကို ကိုးကုဋေတန်သော မဟာလတာတန်ဆာဖြင့် တန်ဆာဆင်လေ၏။ နံ့သာမှုန့်ဖိုး လှည်း ၁၅၄ စီးတိုက် ဥစ္စာကို ပေး၏။ ကျွန်မ ၅၀၀၊ အာဇာနည်မြင်း ကသော ရထား ၅၀၀၊ အသုံး အဆောင်မျိုးစုံ တစ်မျိုးလျှင် တစ်ရာစီ တစ်ရာစီ ပေး၏။
သမီးဝိသာခါသည် “ရဟန်းသံဃာနှင့် ကင်းကွာ၍ နေထိုင်ရန် မဖြစ်နိုင်ပါ။ ရဟန်းသံဃာတို့ကို ပြုစုလုပ်ကျွေးလိုပါ၏” ဟု မိဂါရသေဋ္ဌေးကို အရေးဆိုခဲ့၏။ အခွင့်ရသောအခါ ဘုရားအမှူးရှိသော ရဟန်းသံဃာတော်တို့အား ဆွမ်းဖြင့် လုပ်ကျွေး၏။ မိဂါရသေဋ္ဌေး ယောက္ခမကြီးအား မြတ်ဗုဒ္ဓ၏ တရားတော်ကို နာကြားစေ၏။ ထိုအခါ မိဂါရသေဋ္ဌေး ဇနီးမောင်နှံမှာ သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန် အရိယာ ဖြစ်လေသည်။ မိဂါရသေဋ္ဌေးကြီးသည် ဝိသာခါကို အမိအရာ၌ တည်စေ၏။
ဝိသာခါ၏ ထူးခြားချက်မှာ အသက် ၁၂ဝ ရှည်သူ ဖြစ်၏။ ဆံဖြူတစ်ပင်မျှ မပေါက်ချေ။ အမြဲတစေ (၁၆)နှစ် အရွယ် ပျိုမျစ်နုနယ်လျက် နေ၏။ သားသမီး မြေး မြစ်တို့နှင့် အတူသွားသည်ကို မြင်လျှင် အဘယ်သူသည် ဝိသာခါလဲဟု မေးရ လောက်အောင်ပင် ပျိုမျစ်နုနယ်၏။ လျောင်း၊ ထိုင်၊ ရပ်၊ သွား လေးပါးသော ဣရိယာပုတ်တို့တွင် အဘယ်ဣရိယာပုတ်ဖြင့်တော့ မတင့်တယ်ဘူးဟု ပြောဆိုဖွယ် မရှိအောင် တင့်တယ်၏။ ဆင်ပြောင်တစ်ကောင်ကို လက်ချောင်းကလေးနှစ်ခုဖြင့် နှာမောင်း၌ ညှပ်ကိုင်ကာ အသာအယာ တွန်းလှဲနိုင်သည့် ဆင်ပြောင်ငါးစီးအား ရှိ၏။
ဝိသာခါသည် မိမိကိုယ်တိုင်သာလျှင် မဟာလတာတန်ဆာ၏ တန်ဖိုး ကိုးကုဋေ နှင့်တစ်သိန်းကို ပေး၍ သာဝတ္ထိမြို့တံခါးအနီး၌ ပုဗ္ဗာရုံကျောင်းနေရာ မြေကိုပင် ကိုးကုဋေသော အသပြာတို့ဖြင့် ဝယ်ယူ၏။ အခြား ကိုးကုဋေသော ဥစ္စာတို့ဖြင့် ပုဗ္ဗာရုံ ကျောင်းတိုက်ကြီးကို တည်ဆောက်၏။ ကိုးလကြာသောအခါ ရှင်မောဂ္ဂလန်မထေရ်ကြီး၏ ကြီးကြပ်မှုဖြင့် ကျောင်းတော်ကြီး ပြီးစီးလေ၏။ ကျောင်းရေစက်ချပွဲကို လေးလကြာ ကျင်းပပါသည်။
ဝိသာခါ ကျောင်းအမကြီးသည် ထိုနေ့မှစ၍ ဘုရားအမှူးရှိသော ရဟန်းသံဃာ တော်တို့အား ပုဗ္ဗာရုံကျောင်းတိုက်မှာပင် အလှူဒါနကြီး ပေးလှူ၏၊ အငယ်ဆုံး
စာမျက်နှာ-601
သံဃာရသော သင်္ကန်းလျာအဝတ်တို့သည် အဖိုးတစ်ထောင် ထိုက်တန်ကုန်၏။ ရဟန်းတို့အား သပိတ်အပြည့် ထည့်၍ စတုမဓုဆေးကို လှူဒါန်းလေ၏။ ကျောင်းလွှတ်ပူဇော်ပွဲ၌ ကိုးကုဋေသော အသပြာတို့ ကုန်လေ၏။
ဝိသာခါကျောင်းအမကြီးသည် ကျောင်းရေစက်ချပွဲတွင် “ငါတောင့်တခဲ့ သမျှ ဆုတောင်းခဲ့သမျှ ဥဿုံ အလုံးစုံ အထွတ်အထိပ်သို့ အပြီးအဆုံးသို့ ရောက်လေပြီ” ဟု ဝမ်းမြောက်ဝမ်းသာ ကျောင်းတော်ကြီးကို လှည့်လည်လျက် ငါးဂါထာတို့ဖြင့် အလွန်သာယာ ချိုမြိန်သော အသံဖြင့် ဥဒါန်းကျူးရင့်လေ၏။
ကျောင်းအမကြီးသည် နေ့စဉ် နံနက်အခါတွင် ရဟန်းသံဃာတော်တို့အား ဆိုင်ရာဆိုင်ရာသော ဆွမ်းများလှူဒါန်းပြီး နေမွန်းလွဲသောအခါ ကျောင်းတော်သို့ သွား၍ ဆီဦး, ထောပတ်, ပျား, ဆီ, တင်လဲ တို့ကို လည်းကောင်း၊ အဖျော် ဆီတင်လဲ ရှစ်မျိုးတို့ကို လည်းကောင်း၊ ရဟန်းတို့ လိုအပ်သော ဆေးပစ္စည်းများကို လည်းကောင်း ဆက်ကပ်လေ၏။ ဤကား ဝိသာခါ၏ နိဗဒ္ဓဝတ် ဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာသည် စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း၌ နှစ်ခြိုက်မွေ့လျော် ကြသည့် ငါဘုရား၏ တပည့်မ သာဝိကာ ဥပါသိကာမတို့တွင် မိဂါရ၏ မယ်တော် ဝိသာခါ သေဋ္ဌေးမသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော် မူလေသည်။
၃-၄၊ ခုဇ္ဇုတ္တရာနှင့် သာမာဝတီ
ခုဇ္ဇုတ္တရာသည် ဃောသကသေဋ္ဌေး၏ အထိန်းတော်ကြီးသမီး ဖြစ်၏။ ကိုယ်ခန္ဓာ ကုန်းကုန်းကလေးရှိ၍ ခုဇ္ဇုတ္တရာသူငယ်မဟု အမည်တွင်၏။
သာမာဝတီသည် ဘဒ္ဒိယမြို့၊ ဘဒ္ဒဝတိယသေဋ္ဌေးကြီး၏ သမီး ဖြစ်၏။ ခုဇ္ဇုတ္တရာနှင့် သာမာဝတီတို့၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤသို့ဖြစ်၏-
သာမာဝတီကို ဃောသကသေဋ္ဌေးကြီးက သမီးအဖြစ် မွေးစား၏၊ တဖန် ဥဒေနမင်းကြီးကလည်း မိဖုရားမြှောက်ခဲ့၏။
တနေ့သ၌ မြတ်စွာဘုရားသည် ရဟန်းအပေါင်း ခြံရံလျက် ပန်းသည်ကြီး အိမ်တွင် ထိုင်နေတော်မူ၏။ သာမာဝတီမိဖုရား၏ အလုပ်အကျွေးဖြစ်သော ခုဇ္ဇုတ္တရာသည် ထိုအိမ်သို့ ပန်းလာဝယ်၏။ ဘုရားအမှူးရှိသော သံဃာတော် များအား ဆွမ်းကပ်ရာတွင် ဝေယျာဝစ္စကုသိုလ် ကူညီပြုလုပ်ပေး၏။
စာမျက်နှာ-602
ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူသော တရားအလုံးစုံကို နှုတ်ငုံရအောင် သင်ယူ၏။ အနုမောဒနာ တရားအဆုံး၌ သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန် အရိယာ ဖြစ်လေသည်။
တဖန် ခုဇ္ဇုတ္တရာသည် သာမာဝတီမိဖုရားထံ ပြန်လာပြီး သာမာဝတီ အမှူးရှိ သော မောင်းမငါးရာတို့အား တရားဟောလေ၏။ တရားဒေသနာ ဆုံးသောအခါ သာမာဝတီမိဖုရားကို အကြီးအမှူးပြု၍ အလုံးစုံသော မောင်းမငါးရာ တို့သည် သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန် အရိယာများ ဖြစ်ကုန်၏။
ခုဇ္ဇုတ္တရာသည် ထိုနေ့မှစ၍ နေ့စဉ် မြတ်ဗုဒ္ဓထံမှ တရားဓမ္မကို နာယူပြီးလျှင် သာမာဝတီအမှူးရှိသော မောင်းမငါးရာတို့အား ရွှေနန်းတော်မှာပင် ပြန်၍ ဟောကြားလေ၏။
သာမာဝတီအမှူးရှိသော မောင်းမငါးရာတို့သည် မာဂဏ္ဍီမိဖုရား၏ ရန်တိုက် မှုကို သုံးကြိမ်မြောက် ခံရသော်လည်း -
“သူတစ်ဖက်သား၊ မျက်မာန်ပွားသော်၊ တရားမကွာ၊ ထိန်းစောင့် ကာဖြင့်၊ မေတ္တာနှလုံး၊ ကိုယ်က သုံးလျှင်၊ အရှုံး ဘယ်မှာ ရှိချိမ့်နည်း”
(ဓမ္မပဒေသ) ဆိုသည်နှင့်အညီ မေတ္တာနှလုံး ကျင့်သုံးခြင်းဖြင့် အနိုင်ရခဲ့လေသည်။ သို့သော် ရှေးအကုသိုလ်ကံကြောင့် နောက်ဆုံးအကြိမ်တွင် မီးလောင်တိုက်သွင်း၍ သတ်ခြင်း ခံရရှာ၏။
မြတ်ဗုဒ္ဓသည် အကြားအမြင် ဗဟုသုတများကြသည့် ငါဘုရား၏ တပည့်မ သာဝိကာ ဥပါသိကာမတို့တွင် ခုဇ္ဇုတ္တရာဥပါသိကာမသည် အသာဆုံးအမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့်တော်မူပါသည်။
သာမာဝတီမိဖုရားကိုမူကား မေတ္တာဈာန်ဖြင့် နေလေ့ရှိကြသည့် ငါဘုရား၏ တပည့်မ သာဝိကာ ဥပါသိကာမတို့တွင် သာမာဝတီသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့်တော်မူပါသည်။
၅။ ဥတ္တရာနန္ဒမာတာ ဥပါသိကာ
ဥတ္တရာနန္ဒမာတာသည် ရာဇဂြိုဟ်ပြည်သူ ပုဏ္ဏသီဟ အလုပ်သမားနှင့် ဇနီး ဥတ္တရာတို့၏ သမီးဖြစ်လေ၏၊ သူ့တွင် နန္ဒအမည်ရှိသော သားတစ်ယောက် ထွန်းကား၏။ ဥတ္တရာနန္ဒမာတာ၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤသို့ဖြစ်၏-
စာမျက်နှာ-603
ဥတ္တရာနန္ဒမာတာ ဥပါသိကာမ၏ ဖခင် ပုဏ္ဏဆင်းရဲသားသည် နိရောဓ သမာပတ်မှ ထ၍ မိမိလယ်တောသို့ ကြွရောက်လာသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို မျက်နှာသစ်တော်ရေနှင့် ဒန်ပူ ဆက်ကပ်လှူရသော အကျိုးနှင့် ဇနီးဖြစ်သူ ဥတ္တရာ၏ ဆွမ်းလှူရသော အကျိုးကြောင့် မိမိထွန် အပ်သော ထွန်စိုင်မြေတုံးတို့သည် ရွှေတုံးရွှေခဲများ ဖြစ်လာပြီး ဗိမ္ဗိသာရမင်းသို့ ဆက်သရာမှ မင်းကြီးက “မဟာဓနသေဋ္ဌိ” ဟူသော ဘွဲ့ထူးဖြင့် သေဋ္ဌေးကြီး ရာထူးကို ကြီးကျယ်ခမ်းနားစွာ ချီးမြှောက်လေ၏။ ထို့နောက် ခုနစ်ရက်တို့ပတ်လုံး မြတ်စွာဘုရား အမှူးရှိသော ရဟန်း သံဃာတော်များအား ကြီးစွာသော အလှူကြီးကို ပေးလှူ၏။ ဗုဒ္ဓမြတ်စွာ၏ အနုမောဒနာတရားကို ကြားနာရ သောကြောင့် ပုဏ္ဏသေဋ္ဌေးကြီး၊ သေဋ္ဌေးကတော်ကြီး ဥတ္တရာ၊ သမီး ဥတ္တရာ နန္ဒမာတာ မိသားစု သုံးဦးတို့သည် သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန် အရိယာ ဖြစ်ကြလေသည်။
ဥတ္တရာ၏ ကြီးစွာသော သဒ္ဓါဆန္ဒမှာ မိမိခင်ပွန်းလင်အား ဖျော်ဖြေရန် အသပြာ တစ်သောင်း ငါးထောင် ပေး၍ သီရိမာပြည့်တန်ဆာမကို ငှားကာ ၁၅ ရက် အိမ်တွင် နေကြစေ၏။ မိမိမှာမူ ဗုဒ္ဓအတွက် ကိုယ်တိုင် ဦးစီးကာ ဆွမ်း ခဲဖွယ် ဘောဇဉ်များကို ဆက်ကပ်၍ ဥပုသ်သီတင်း စောင့်သုံးနေလေသည်။ သီရိမာသည် သေဋ္ဌေးအိမ်မှာ သေဋ္ဌေးကို ဖျော်ဖြေနေရ၍ မိမိကိုယ်ကိုပင် သေဋ္ဌေး ကတော်ထင်ကာ -
“ဝတ္ထုကာမ၊ သဘာဝကား ကာလရှည်ကြာ၊ သုံးမိပါက၊ ပမာဒစု၊ လွှမ်းမိုးမှုကြောင့်၊ သူ့ဟာကိုပင်၊ ကိုယ့်ဟာ ထင်၏” (ဓမ္မပဒေသ) ဆိုသည့်အတိုင်း ဖြစ်ပြီး ဥတ္တရာ၏ ဦးခေါင်းပေါ်သို့ အိုးကင်းထဲမှ ကျိုက်ကျိုက် ဆူသော ဆီကို ခပ်ပြီး လောင်းချလိုက်လေ၏။ သို့သော် ဥတ္တရာသည် မေတ္တာဈာန်ဖြန့်ကြက်ထားသောကြောင့် ဆီပူသည် ပဒုမ္မာကြာရွက်ပေါ်၌ လောင်းချအပ်သည့် ရေကဲ့သို့ လျှော၍သာ ကျလေ၏။ သီရိမာသည် မိမိအမှားကို တောင်းပန်၏။ ဥတ္တရာက မြတ်ဗုဒ္ဓသည်းခံမှ သည်းခံမည်ဟု ပြော၏။ သီရိမာသည် မြတ်ဗုဒ္ဓထံ သည်းခံစေပြီးမှ ဥတ္တရာကိုလည်း သည်းခံစေ၏။ ထို့နောက် ဗုဒ္ဓရှင်တော်ဘုရား၏ တရားဓမ္မကို ကြားနာရသောကြောင့် သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန်အရိယာ ဖြစ်လေသည်။
ဗုဒ္ဓမြတ်စွာသည် ဈာန်ဝင်စားခြင်းရှိကြသည့် ငါဘုရား၏ တပည့်သာဝိကာ ဥပါသိကာမတို့တွင် နန္ဒသူငယ်၏ အမိဖြစ်သူ ဥတ္တရာဥပါသိကာမသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့်တော်မူပါသည်။
စာမျက်နှာ-604
၆။ သုပ္ပဝါသာ (ကောလိယ) သာကီဝင်မင်းသမီး
သုပ္ပဝါသာသည် ကောလိယပြည်သူ သာကီဝင် မင်းသမီး ဖြစ်၏။ သီဝလိ သတို့သား၏ မိခင်ဖြစ်၏၊ သုပ္ပဝါသာ၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည် များမှာ ဤသို့ဖြစ်၏ -သုပ္ပဝါသာသည် မိမိ၏ ခင်ပွန်းအိမ်သို့ လိုက်နေစဉ် မြတ်ဗုဒ္ဓကို ပထမဦးဆုံး အကြိမ် ဖူးတွေ့ခွင့်ရ၏။ ဘုရားရှင်၏ တရားတော်ကို ကြားနာရသဖြင့် သောတာ ပတ္တိဖိုလ်၌ တည်၍ သောတာပန်အရိယာ ဖြစ်လေသည်။
သုပ္ပဝါသာ၏ ဘုန်းကံကြောင့် မင်းသမီး၏လက်ဖြင့် ထိစေပြီး စိုက်အပ်သော စပါးတို့တွင် မျိုးစေ့တစ်စေ့မှ အပင်အညှောက်ပေါင်းရာထောင်ပေါက်၍ မင်းပယ်တစ်ပယ်ကျယ်သော လယ်မြေတစ်ကွက်မှပင် လှည်းအစီးပေါင်း ငါးဆယ် ခြောက်ဆယ်တိုက် စပါးထွက်၏။ စပါးများကို ကျီတိုက်တွင် ဖြည့်သွင်းသော အခါတွင်လည်း မင်းသမီး၏ လက်ဖြင့် ထိစေ၏။ မင်းသမီး၏ ဘုန်းကံကြောင့် ကောက်စပါး ထုတ်ယူသည်ရှိသော် ယူတိုင်းယူတိုင်း နေရာသည် တဖန်ထပ်၍ ပြည့်မြဲဖြစ်၏။ ထို့ပြင် ထမင်းအိုးမှခူးကာ ခူးကာပေးသော်လည်း ထမင်းသည် မကုန်နိုင်ချေ။
သုပ္ပဝါသာသည် ခုနစ်နှစ် ခုနစ်ရက် ကိုယ်ဝန်ကို ဆောင်ထားစဉ် ခံစား ရသော ဒုက္ခကို မြတ်ဗုဒ္ဓ၏ဂုဏ်တော်၊ သံဃာတော်၏ သုပ္ပဋိပန္နဂုဏ်တော်၊ နိဗ္ဗာန်၏ သန္တိသုခဂုဏ်တော်တို့ကို နှလုံးသွင်း အာရုံပြု၍ အောင့်အည်း သည်းခံလေသည်။ သားတော်သီဝလိကို မွေးဖွားပြီးနောက် မြတ်စွာဘုရား အမှူးရှိသော သံဃာတော် များကို ဆွမ်းကပ်လှူ၏။
မြတ်ဗုဒ္ဓသည် မွန်မြတ်သော ဝတ္ထုကို ပေးလှူသည့် ငါဘုရား၏ တပည့်မ သာဝိကာ ဥပါသိကာမတို့တွင် ကောလိယသာကီဝင် မင်းသမီး သုပ္ပဝါသာသည် အသာဆုံး အမြတ်ဆုံး ဟု ဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့်တော်မူပါသည်။
၇။ သုပ္ပိယာ ဥပါသိကာ
သုပ္ပိယာ ဥပါသိကာမသည် ဗာရာဏသီပြည်သူ သေဋ္ဌေးသမီး ဖြစ်လေသည်။ သုပ္ပိယာ၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤသို့ ဖြစ်၏-
သုပ္ပိယာသေဋ္ဌေးကတော်သည် မြတ်စွာဘုရားရှင်ကို ပထမအကြိမ် ဖူးမြင် ရသော အခါ၌ပင်လျှင် တရားတော်ကို ကြားနာရ၍ သောတာပတ္တိဖိုလ်၌ တည်ကာ သောတာပန်အရိယာ ဖြစ်လေ၏။ တနေ့သ၌ သုပ္ပိယာ ဥပါသိကာမသည်
စာမျက်နှာ-605
မိဂဒါဝုန်ကျောင်းတိုက်တွင် ကျောင်းစဉ် လှည့်လည်လတ်သော ဝမ်းလျှော၍ အားနည်းကာ မမာမကျန်းဖြစ်နေသော ရဟန်းတစ်ပါးကို ဖူးတွေ့ရ၏။ ထိုဂိလာနရဟန်း အလိုရှိအပ်သော သားမျိုးဟင်းရည်ကို ပြုလုပ်ရန် ကျွန်မအား ပံ့သကူအသားကို ရှာခိုင်း၏။ မရသည့်အတွက် မိမိပေါင်သားကို ဖြတ်၍ သားမျိုးဟင်းရည်ပြုလုပ်ကာ ဂိလာနဟန်းအားကပ်စေ၏။ သုပ္ပိယာ ဥပါသိကာမ၏ အံ့ဩဖွယ် ဒါနစေတနာကို တွေ့ရပါသည်။
ဗုဒ္ဓမြတ်စွာသည် ထိုအကြောင်းကို သိ၍ နောက်ပါရဟန်းသံဃာတော်တို့နှင့် သုပ္ပိယာ ဥပါသိကာမ အပါးတို့ ကြွလေ၏။ သုပ္ပိယာ ဥပါသိကာမသည် ဗုဒ္ဓကို ဖူးမြင်ရလျှင်ပင် ပေါင်သားလှီးရာ အနာသည် ပကတိအတိုင်း ဖြစ်သွားလေ၏။
မြတ်ဗုဒ္ဓသည် သူနာကို လုပ်ကျွေးပြုစုကုန်သော ငါဘုရား၏ တပည့်မ သာဝိကာ ဥပါသိကာမတို့တွင် သုပ္ပိယာဥပါသိကာမသည် အသာဆုံးအမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့်တော်မူပါသည်။
၈။ ကာတိယာနီဥပါသိကာ
ကာတိယာနီသည် ကုရရယရမြို့သူ သေဋ္ဌေးသမီးဖြစ်၏။ သူ၏ သူငယ်ချင်းမှာ သောဏကုဋိကဏ္ဏမထေရ်၏ မယ်တော် ကာဠိ သေဌေးကတော် ဖြစ်လေသည်။ ကာတိယာနီ ဥပါသိကာမ၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤသို့ ဖြစ်၏-
သူငယ်ချင်းမ၏ သားဖြစ်သော သောဏကုဋိကဏ္ဍ မထေရ်သည် မယ်တော်၏ တောင်းပန်မှုကြောင့် ညတရားပွဲကို ကုရုရယရမြို့တွင် ကျင်းပလေ၏။ မထေရ်သည် မြတ်စွာဘုရားအား လျှောက်ထားခဲ့သည့် နည်းအတိုင်း တရားတော်ကို ဟောကြားလေသည်။
ထိုအခါ ကာတိယာနီသေဌေးမသည် ကာဠိနှင့်အတူ ပရိတ်သတ်အစွန်းမှ တရားကို ရိုသေစွာ နာယူ၏။ ကျွန်မက အိမ်တွင် သူခိုး ခိုးယူနေကြောင်း လာရောက်ပြောကြားသည်ကို “အမိ- အသံမပြုလင့်၊ တရားတော်၏ အန္တရာယ်ကို မပြုပါလင့်” ဟု ပြောဆိုလိုက်၏။ တရားတော်၏ အဆုံးတွင် သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန်အရိယာ ဖြစ်လေသည်။
ခိုးသူမှူးကြီးသည် ကျွန်မနှင့် ကာတိယာနီတို့ ပြောဆိုသော စကားကို ကြားသိရ၍ ပစ္စည်းများကို ပြန်ထားကာ ဝန်ချတောင်းပန်ပြီး သောဏကုဋိကဏ္ဍအရှင်မြတ်ထံတွင် ကာတိယာနီကို ရဟန်းဒါယိကာမအဖြစ် ခံယူစေကာ
စာမျက်နှာ-606
ခိုးသူမှူးကြီးနှင့် တကွ ခိုးသားငါးရာတို့သည် ရဟန်းပြုကြကုန်၏။ ရဟန်းတရားများကို ပွားများ ကြိုးကုတ် အားထုတ်သဖြင့် ငါးရာလုံးပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကာ ရဟန္တာဖြစ်ကြကုန်၏။
ဗုဒ္ဓမြတ်စွာသည် သာသနာတော်၌မတုန်မလှုပ် သက်ဝင် ယုံကြည်ကြသည့် ငါဘုရား၏ တပည့်မသာဝိကာ ဥပါသိကာမတို့တွင် ကာတိယာနီ ဥပါသိကာမသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့်တော်မူလေသည်။
၉။ ကုရရမြို့နေ ကာဠိဥပါသိကာ
ကာဠိဥပါသိကာမသည် ရာဇဂြိုလ်ပြည်သူ သေဋ္ဌေးသမီး ဖြစ်၏။ ကာဠိဥပါသိကာမ၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤသို့ ဖြစ်၏-
မဟာသက္ကရာဇ် ၁၀၃ ခု၊ ဝါဆိုလပြည့် ဓမ္မစကြာတရား ဟောတော်မူသောနေ့ သန်းခေါင်ယံ ညဉ့်အခါ၌ မိဘတို့၏ အိမ်ပြာသာဒ်ထက်သို့ တက်၍ ကိုယ်ဝန်၏ ပင်ပန်းမှုကို ဖျောက်လိုသဖြင့် လေညင်းခံကာ ရပ်တန့်နေ၏။ မိမိနေရာ ဘုံနန်းပြာသာဒ်အထက် ကောင်းကင်၌ ရပ်တည်ကြလျက် ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို မေးမြန်းပြောဆိုနေကြသည့် သာတာဂိရိနတ်မင်း, ဟေမဝတ နတ်မင်း တို့၏ တရားစကား ကို ကြားနာရ၍ “မြတ်စွာဘုရားတို့သည် ဤသို့ အံ့ဖွယ်အထူး ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံတော်မူပါပေစွတကား” ဟု နှစ်သက်မှု ပီတိကို ပွားများစေလျက် နီဝရဏ ပယ်ခွာကာ ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းလျှင်ပင် သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန်အရိယာ ဖြစ်လေသည်။
ဗုဒ္ဓဘုရားရှင်ကို မဖူးမတွေ့ရဘဲ ကာဠိအမျိုးသမီးသည် သောတာပန်အရိယာ သာဝိကာထဲတွင် အကြီးဆုံး အစ်မကြီးသဖွယ် ဖြစ်လေသည်။
(၈) ရဟန်းယောက်ျား အရိယာများ
၁။ အရှင်ကောဏ္ဍည
အရှင်ကောဏ္ဍညသည် ကပိလဝတ်ပြည်၏အနီး “ဒေါဏဝတ္ထုပုဏ္ဏားရွာသား ဗြဟ္မဏမျိုးဖြစ်၏။ အရှင်ကောဏ္ဍညမထေရ်မြတ်၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤသို့ဖြစ်၏-
ကောဏ္ဍညသည် ဗေဒင်သုံးပုံတတ်ကျွမ်း၍ မဟာပုရိသ လက္ခဏာတော်ကျမ်း၌ တစ်ဖက်ကမ်းရောက် တတ်မြောက်၏။ ဘုရားအလောင်းတော်၏ မဟာပုရိသ လက္ခဏာတော်ကြီး အလုံးစုံတို့နှင့် ပြည့်စုံတော်မူပုံကို သေချာစွာ ကြည့်ရှု၍ “ဤ အလောင်းမင်းသားမှာ ဧကန်ပင် ဘုရားစစ်စစ် ဖြစ်လိမ့်မည်” ဟု တစ်ချောင်းသော လက်ညှိုးကို မြှောက်ချီ၍ ရဲရဲတောက် ဟောဆိုလေ၏။
စာမျက်နှာ-607
ဘုရားလောင်း တောထွက် ရဟန်းပြုပြီ ဟူသော သတင်းကို ကြားသိရလေလျှင် ထိုယောက်ျားမြတ်နောက် အတူလိုက်၍ ရဟန်းပြုကြစို့ဟု ပြောကာ ကောဏ္ဍညပုဏ္ဏားသည် အခြားသော ပုဏ္ဏားတို့၏ သားလေးယောက်နှင့်အတူ ရဟန်းပြုလေ၏။ ဥရုဝေလတော၌ ပဉ္စဝဂ္ဂီငါးဦးတို့သည် မြတ်ဗုဒ္ဓလောင်းလျာအား ဘုရားဖြစ်တော့မည်ဟု မျှော်လင့်ချက်ကြီးဖြင့် ခြောက်နှစ်တာ ကာလပတ်လုံး အနီးထံပါး၌ အလုပ်အကျွေး ပြုနေကြကုန်၏။
မြတ်ဗုဒ္ဓလောင်းလျာသည် ဘုရားဖြစ်တော်မူပြီးနောက် မိဂဒါဝုန်တောသို့ ကြွတော်မူကာ ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာတရားကို ဟောကြားတော်မူ၏။ အရှင်ကောဏ္ဍညနှင့် မဟာဗြဟ္မာပေါင်း တစ်ဆယ့်ရှစ်ကုဋေတို့ သောတာပတ္တိ ဖိုလ်၌ တည်၍ သောတာပန်အရိယာ ဖြစ်ကုန်၏။
ဗုဒ္ဓမြတ်စွာသည် “အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညော - အို-- ကောဏ္ဍညသည် သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိမြင်လေပြီတကား၊ အို---- ကောဏ္ဍညသည် သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိမြင်လေပြီတကား”ဟု ဥဒါန်းကျူးရင့်၍ အညာသိကောဏ္ဍညဟု အမည်တွင်စေလေသည်။
အရှင်ကောဏ္ဍညသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝါဆိုလပြည့်နေ့တွင် သောတာပန် အရိယာဖြစ်ပြီး ဝါဆိုလပြည့်ကျော် (၅)ရက်နေ့တွင် အနတ္တလက္ခဏသုတ္တန် ဒေသနာအဆုံး၌ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်၍ ရဟန္တာ ဖြစ်တော်မူလေသည်။
ဗုဒ္ဓမြတ်စွာသည် ဇေတဝန် ကျောင်းတော်ဝယ် “ရဟန်းတို့- ညဉ့်အပိုင်း အခြားကို သိကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် အညာသိ ကောဏ္ဍညသည် အသာဆုံး အမြတ်ဆုံး” ဟု ဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့်တော်မူပါသည်။
ရတ္တညူသည် ရဟန်းပြုချိန်မှ စ၍ ရှည်မြင့်စွာသော ညဉ့်အပိုင်းအခြားကို သိသောသူ ဖြစ်သည် (ရဟန်းသိက္ခာ ဝါဒအကြီးဆုံး ပုဂ္ဂိုလ် ဟူလို)။ အစောဆုံး သစ္စာလေးပါးတရားကို သိသူဟုလည်း ဆိုသေး၏။
အရှင်ကောဏ္ဍညသည် အဂ္ဂသာဝကနှစ်ပါးအား ချမ်းသာစွာ နေနိုင်ရန်နှင့် မိမိ၏တူ အရှင်ပုဏ္ဏကို ဘုရား၏ အန္တေဝါသိက - အနီးနေတပည့် ဖြစ်စေပြီးလျှင် မိမိမှာ ဖလသမာပတ်ဖြင့် ချမ်းသာစွာ နေမှုကိုသာ အလေးဂရုပြု၍ မြတ်ဗုဒ္ဓကို
စာမျက်နှာ-608
ခွင့်ပန်ကာ ဆဒ္ဒန်အိုင်အနီး မဏ္ဍာကိနီရေကန် ဆိပ်ကမ်းသို့ ကြွတော်မူလေ၏။ ဆင်အပေါင်းတို့၏ လုပ်ကျွေးမှုကို ခံယူကာ ဖလသမာပတ်ဖြင့် နေတော်မူ၏။
မထေရ်မြတ်သည် ရံခါ ရံခါ နတ်သားတို့ ဗိမာန်သို့ ကြွ၍ နို့ဃနာဆွမ်းကို ခံယူလေ၏။ (၁၂)နှစ်ကြာသည့် တိုင်အောင် မဏ္ဍာကိနီ ရေကန်အနီး၌ သီတင်းသုံး နေတော်မူ၏။ ပရိနိဗ္ဗာန် ပြုချိန်နီးမှ မြတ်ဗုဒ္ဓထံ ကြွရောက် ခွင့်ပန်၍ တန်ခိုးပြာဋိဟာ အမျိုးမျိုးကို ပြသကာ မဏ္ဍာကိနီရေကန်အနီးသို့ ပြန်ကာ ပရိနိဗ္ဗာန်ပြုတော်မူ၏။
တေဇောဓာတ်လောင်ပြီးသောအခါ ရေစစ်နှင့်အပြည့်ရှိ မုလေးပန်းငုံအဆင်းရှိသည့် ဖြူဖွေးသော အရှင်မြတ်၏ ဓာတ်တော်များကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတိုက် မုခ်အနီး မြေကြီး၌ လက်တော် ဆန့်တန်းစဉ်ခဏမှာပင် ငွေရေပွက်သဏ္ဍာန် စေတီတော် ပေါ်ထွက်လာပြီး ဗုဒ္ဓမြတ်စွာကိုယ်တော်၏ လက်တော်ဖြင့် ထိုစေတီတော်၌ အရှင်ကောဏ္ဍည၏ ဓာတ်တော်များကို ဌာပနာတော်မူလေသည်။
၂-၃။ အဂ္ဂသာဝကမထေရ်နှစ်ပါး
အရှင်သာရိပုတ္တရာသည် ရာဇဂြိုလ်ပြည်၏အနီး ဥပတိဿမည်သော ရွာ၌ ရူပသာရီအမည်ရှိသော ပုဏ္ဏေးမ၏ သားဖြစ်၏။ ဥပတိဿ အမည်တွင်လေ၏။
အရှင်မဟာမောဂ္ဂလာန်သည် ရာဇဂြိုလ်ပြည်၏အနီး ကောလိတရွာ၌ မောဂ္ဂလိ ပုဏ္ဏေးမ၏ သားဖြစ်၍ ကောလိတ အမည်တွင်၏။ ဥပတိဿနှင့် ကောလိတ တို့သည် ချစ်ခင်ရင်းနှီးကြသည့် သူငယ်ချင်းများ ဖြစ်ကြ၏။ အဂ္ဂသာဝကနှစ်ပါး တို့၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤသို့ ဖြစ်၏-
တနေ့တွင် သူငယ်ချင်းနှစ်ဦးတို့သည် တောင်ထိပ်ပွဲသဘင်ကို သွားရောက် ကြည့်ရှု၏။ သူငယ်ချင်း နှစ်ဦးလုံးပင် “ဤပွဲသဘင်၌ ရှုချင်စဖွယ် အဘယ်မှာ ရှိအံ့နည်း၊ ဤယခု ပွဲကသောသူ ပွဲကြည့်သောသူ အားလုံးတို့သည်ပင် အနှစ်တစ်ရာသို့ မရောက်မီ ချုပ်ဆုံး ကွယ်ပျောက်ကြလိမ့်မည် ဧကန်သာတည်း။ ငါတို့သည် သံသရာမှ လွတ်မြောက်ရေးတစ်ခုခုကို ရအောင်ရှာမှ သင့်လျော်တော့မည်”။
သံသရာမှ လွတ်မြောက်ရေးအတွက် ဆရာရှာပြီး ရဟန်းပြုမှ သင့်မည်ဟု နှီးနှောပြောဆို တိုင်ပင်လေ၏။ သိဉ္စည်းဆရာကြီး နှင့် တွေ့ကာ အခြံအရံ ငါးရာနှင့်အတူ ရဟန်းပြုကြ၏။ နှစ်ရက် သုံးရက်နှင့်ပင် ဆရာကြီး၏ အယူဝါဒအားလုံးကို တတ်မြောက်၏။
စာမျက်နှာ-609
ထို့ကြောင့် ဆရာကြီးအထံ၌ ငါတို့ရှာသော သံသရာမှ လွတ်မြောက်ရေးတရားကို အဘယ်နည်းနှင့်မျှ ရနိုင်မည်မဟုတ်၊ သို့သော် ဇမ္ဗူဒိပ်ကျွန်းကြီးမှာတော့ ဆရာ တစ်ဆူဆူ ရှိပေလိမ့်မည်ဟု တိုင်ပင်ကြ၏။ ထိုအခါမှစ၍ ပညာရှိ ရဟန်း ပုဏ္ဏားတို့ ရှိရာသို့ ချဉ်းကပ်၍ သံသရာမှ လွတ်ရာတရားကိုရှာရာ ဇမ္ဗူဒိပ် တစ်ကျွန်းလုံးတွင် ဆရာတင်လောက်သော ပုဂ္ဂိုလ်မတွေ့သဖြင့် မိမိပရိဗိုဇ် အာရာမ်သို့ ပြန်၍ “ငါတို့နှစ်ဦးတွင် အမြိုက်တရားကို ရှေးဦးစွာ ရရှိသိမြင်သူသည် ကျန်တစ်ဦးအား ပြန်ပြောကြစတမ်း” ဟု ကတိကဝတ်ထားပြီး တစ်ဦးစီ သွားကြကုန်၏။
ဥပတိဿသည် အရှင်အဿဇိရဟန္တာနှင့် ရာဇဂြိုဟ်တွင် တွေ့ပြီး “ယေ ဓမ္မာ ဟေတုပ္ပဘဝါ” စသော ဂါထာကို ကြားနာရ၍ သောတာပတ္တိဖိုလ်၌ တည်၏။ သောတာပန်အရိယာ ဖြစ်လေသည်။ ကောလိတပရိဗိုဇ်သည်လည်း ဥပတိဿ ထံမှ ထိုဂါထာကို တစ်ဆင့်ကြားနာရ၍ သောတာပန်အရိယာ ဖြစ်ပြန်လေ၏။
ထို့နောက် သူငယ်ချင်းနှစ်ဦးတို့သည် ဗုဒ္ဓမြတ်စွာအထံတော်၌ တပည့်ပရိဗိုဇ် ပရိသတ်နှင့်တကွ ဧဟိဘိက္ခု ရဟန်းဖြစ်ကြလေသည်။ အဂ္ဂသာဝကပါရမီဉာဏ်သည် အလွန် ကြီးကျယ် မြင့်မြတ်သောကြောင့် အရှင်မဟာမောဂ္ဂလာန်မှာ ရဟန်းဖြစ် ပြီးသည်မှ ခုနစ်ရက်မြောက်သော နေ့၌ ရဟန္တာဖြစ်တော်မူ၏။ အရှင် သာရိပုတ္တရာမှာ ရဟန်းပြုပြီးနောက် ၁၅-ရက်ကြာမှ တပို့တွဲလပြည့်နေ့၌ ရဟန္တာ ဖြစ်တော်မူ၏။
ဗုဒ္ဓမြတ်စွာသည် ဇေတဝန်ကျောင်းတော်၌ “ရဟန်းတို့- ဉာဏ်ပညာကြီးကြ သည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် သာရိပုတ္တရာသည် အသာဆုံး အမြတ်ဆုံး” ဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူလေသည်။ ရှင်မောဂ္ဂလာန် အားလည်း တန်ခိုးကြီးသောအရာ၌ ဧတဒဂ်ထား၏။ ထို့ပြင် ပါရမီတော်အလိုက် ရှင်သာရိပုတ္တရာအား မြတ်စွာဘုရား၏ လက်ယာတော်ရံ၊ ရှင်မဟာမောဂ္ဂလာန်အား လက်ဝဲတော်ရံ ထားတော်မူ၏။
ဤမထေရ်မြတ်နှစ်ပါးတို့သည် (၄၄)ဝါ ကာလပတ်လုံး သတ္တလောက အကျိုးငှာ ကျင့်တော်မူကြ၏။ ထိုမထေရ်မြတ်တို့ ဟောကြားတော်မူအပ်သော တရားတော်တို့မှာ ပိဋကတ်တော်၌ များလှ၏။ အထူးအားဖြင့် ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်, မဟာနိဒ္ဒေသပါဠိတော်, စူဠနိဒ္ဒေသပါဠိတော်တို့မှာ အရှင်သာရိပုတ္တရာ ဟောအပ်သော ဓမ္မရတနာတို့ပါတည်း။ ထေရဂါထာတို့သည် အရှင်နှစ်ပါး၏ တရားဟင်းလေးအိုးကြီးတို့ပါပေတည်း။
စာမျက်နှာ-610
ဗုဒ္ဓမြတ်စွာသည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တရားစစ်သူကြီး အရှင်သာရိပုတ္တရာသည် ဗုဒ္ဓအား အာရုံပြု၍ မိမိနေသည့် အရပ်၌ အရဟတ္တဖလသမာပတ် ဝင်စား၏။ ထိုမှ ထသောအခါ ငါ၏ အာယုသင်္ခါရတို့သည် (၇)ရက်သာလျှင် ဖြစ်လိမ့်မည်ကို သိ၍ ပရိနိဗ္ဗာန်ဝင်စံရန် အရပ်ဒေသကို စဉ်းစားပြန်၏။
မယ်တော်ရူပသာရီပုဏ္ဏေးမ၏ ဥပနိဿယကို ဆင်ခြင်တော်မူပြီး “ငါ၏မယ်တော်သည် ငါ၏ တရားဒေသနာတော်ဖြင့် သစ္စာလေးပါး တရားကို သိမြင် ကျွတ်တမ်းဝင်လိမ့်မည်။ ငါသည် မယ်တော်ကို ကြောင့်ကြစိုက်မှု မပြုခဲ့ဘဲ လျစ်လျူမရှုသင့်။ မထေရ်မြတ်၌ သဒ္ဓါကြည်ညို ကြသော အမျိုးအိမ် (၈)သောင်း အရေအတွက် ရှိကုန်၏။ ထိုဒကာအချို့တို့က အရှင်မြတ်သည် မိစ္ဆာဒိဋ္ဌိမယ်တော်၏ အယူဝါဒမျှကိုပင် မပယ်ဖျောက်နိုင်ဟု ပြစ်တင်ကြလိမ့်မည်။ ထို့ကြောင့် မယ်တော်၏ အယူမှားကို ချေချွတ်ပယ်ဖျောက်လျက် ဖွားရာတိုက်ခန်း၌ပင် ပရိနိဗ္ဗာန်စံပေအံ့ဟု ဆုံးဖြတ်၏။
အရှင်သာရိပုတ္တရာသည် မိမိအာဝါသကို နောက်ဆုံးကြည့်တော်မူ၍ ဗုဒ္ဓ၏ ထံတော်သွားပြီး ပရိနိဗ္ဗာန်စံရန် အာယုသင်္ခါရကို လွှတ်အပ်ပြီးပြီဟု လျှောက်ထား၏။ မြတ်စွာဘုရား - မဂဒတိုင်း နာလကရွာ တပည့်တော်၏ မွေးရာတိုက်ခန်း၌ တပည့်တော် ပရိနိဗ္ဗာန်စံပါမည်ဟု လျှောက်သော် “ချစ်သား သာရိပုတ္တရာ- ယခုအခါ သင်သည်ပင် မိမိပရိနိဗ္ဗာန်စံရာ ကာလကို သိပေ၏။ မိမိ၏ နောင်တော် ညီတော်တို့အတွက် တရားဟောဦးလော့” ဟု ခိုင်းလေ၏။
အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ကောင်းကင်သို့ ထန်း (၇) ဆင့် ပမာဏတိုင်အောင် တက်ချီ သက်ချီပြု၍ တန်ခိုးပြာဋိဟာပြကာ တရားဟော၏။ မြတ်စွာဘုရား တပည့်တော်သည် အရှင်ဘုရား၏ ဤခြေတော်အစုံတို့ကို ဖူးမြော်နိုင်ရန် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာအောင် ပါရမီဖြည့်အပ်ခဲ့ပါပြီ။ တပည့်တော်၏ နှလုံးသည် ယခုအခါ အထွတ်အထိပ်ရောက် အောင်မြင်ခဲ့ပါပြီ စသည်ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော့မည့် အကြောင်း လျှောက်ကြားလေ၏။
မြတ်ဗုဒ္ဓကလည်း အရှင်သာရိပုတ္တရာအား ယခုအခါ မိမိ သွားသင့်ရာ ကာလကို သိဖို့ရန်မှာ သင်ချစ်သား၏ အလိုအတိုင်း ဖြစ်ပေ၏ဟု မိန့်ကြားတော်မူ၏။ ထိုအခါ မဟာပထဝီမြေကြီးသည် ရေအဆုံးတိုင်အောင် ပြင်းစွာ တုန်လှုပ်လေ၏။ ကောင်းကင်၌လည်း သည်းထန်စွာ မိုးကြိုးထစ်ချုန်းလေ၏။ ပေါက္ခရဝဿမိုး ဖြိုးဖြိုးရွာသွန်းလေ၏။
စာမျက်နှာ-611
အရှင်သာရိပုတ္တရာသည် ငိုကြွေးမည်တမ်းကြသော ဒါယကာ ဒါယိကာမ အပေါင်းတို့အား ရုပ်နာမ်ဓမ္မ သင်္ခါရတို့မည်သည် ဤသို့ ဖြစ်လေ့ရှိကုန်၏။ ဖြစ်ပြီးလျှင် စုတိပြတ်ကြွေ သေခြင်းလျှင် အဆုံးရှိကုန်၏ဟု အပ္ပမာဒတရား လက်ကိုင်ထားကြဖို့ ဩဝါဒပေး ဆုံးမတော်မူ၏။
ဇာတိရွာသို့ ကြွသွားရာတွင် ရွာတံခါး၌ တူတော်မောင် ဥပရေဝတနှင့် တွေ့၍ တူတော်မောင်အား မယ်တော်ကြီးထံ သွားစေ၍ နောက်ပါသံဃာ တို့အတွက် နေရာထိုင်ခင်းနှင့်တကွ မိမိမွေးဖွားရာ တိုက်ခန်းကို သန့်ရှင်းစွာ သုတ်သင်ပြင်ဆင်ထားဖို့ မှာကြားလွှတ်လိုက်၏။
မထေရ်မြတ်ကြီးသည် မိမိဖွားရာ တိုက်ခန်းသို့ ရောက်ပြီး ကိုယ်ခန္ဓာမှာ ပြင်းထန်ကြမ်းတမ်းသော အနာရောဂါ ဖြစ်ပွားလေ၏။ မယ်တော်ကြီးမှာ သားတော်ကြီး၏ ဖြစ်အင်ကို မနှစ်သက်နိုင်ရှာဘဲ တိုက်ခန်းတံခါးဝကို မှီ၍ ရပ်တည်နေလေ၏။
စတုမဟာရာဇ် နတ်မင်းကြီး ၄-ဦး၊ ထို့နောက် သိကြားမင်း၊ တဖန် မဟာဗြဟ္မာကြီး အသီးသီးတို့သည် အစဉ်အတိုင်း လာရောက်ကြပြီး အရှင်သာရိပုတ္တရာ အရှင်မြတ်အား သူနာပြုရန် လာရောက်ကြကြောင်း လျှောက်ထား ကြလေ၏။ အရှင်မြတ်ကလည်း သူနာပြုရဟန်း ရှိပြီးဖြစ်၍ ပြန်လွှတ်လေ၏။
မယ်တော်ကြီးသည် သားတော်ကြီးထံ ရောက်လာပြီး “ချစ်သား - သင် ချစ်သားထံ ရှေးဦးစွာ ရောက်လာသူကား အဘယ်သူနည်း” ဟု မေးလျှောက်၏။ “ဒါယိကာမကြီး- ပထမ ရောက်လာသူကား စတုမဟာရာဇ် နတ်မင်းကြီးတို့ ဖြစ်သည်” ဟု မိန့်တော်မူလျှင် မယ်တော်ကြီးက “ချစ်သား သင်ချစ်သားက စတုမဟာရာဇ် နတ်မင်းကြီးတို့ထက် သာလွန် မြင့်မြတ်သလော” ဟု မေး၏။
မထေရ်မြတ်က “ဒါယိကာမကြီး- စတုမဟာရာဇ်နတ်မင်းကြီးတို့မှာ သားတော်တို့၏ အာရာမ်စောင့်များနှင့် တူကြပါသည်။ သားတော်တို့၏ ဆရာ မြတ်စွာဘုရား ပဋိသန္ဓေတည်နေသော အချိန်မှ စ၍ သန်လျက်စွဲကိုင်ကြကာ စောင့်ရှောက်မှု ပြုခဲ့ကြပါသည်” ဟု မိန့်တော်မူလျှင် မယ်တော်ကြီးက “နတ်မင်းကြီးပြန်သွားသော အခါ လာရောက်သူကား အဘယ်သူနည်း” ဟု မေးပြန်၏။
မထေရ်မြတ်က “သိကြားနတ်မင်း ဖြစ်သည်” ဟု မိန့်လေလျှင် မယ်တော်ကြီးသည် “သင်ချစ်သားက သိကြားနတ်မင်းထက်လည်း သာလွန် မြင့်မြတ်သလော” ဟု မေးလေ၏။
စာမျက်နှာ-612
မထေရ်မြတ်က “သိကြားနတ်မင်းမှာ သပိတ် ပရိက္ခရာ ဘဏ္ဍာကိုင် သာမဏေ ငယ်ကလေးနှင့် တူပါသည်။ သားတော်တို့၏ ဆရာ မြတ်စွာဘုရား တရား ဟောကြားတော်မူပြီး၍ တာဝတိံသာ နတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်း ကြွလာတော်မူသော အခါ သပိတ်သင်္ကန်းကို ယူဆောင်၍ သိကြား နတ်မင်း သက်ဆင်း လိုက်ခဲ့ပါသည်” ဟု မိန့်တော်မူလျှင် မယ်တော်ကြီးက “သိကြားနတ်မင်း ပြန်သွားပြီးနောက် ရောက်လာသူကား အဘယ်သူနည်း” ဟု မေးပြန်လေ၏။
မထေရ်မြတ်က “ဒါယိကာမကြီး- ထိုနောက်ဆုံး ရောက်လာသူမှာ ဒါယိကာမကြီး၏ ဘုရားလည်းဖြစ်၊ ဆရာလည်းဖြစ်သည့် မဟာဗြဟ္မာကြီးဆိုသူဖြစ်သည်” ဟု မိန့်လေလျှင် “သင်ချစ်သားက ငါ၏ ဘုရားဖြစ်သူ မဟာဗြဟ္မာကြီးထက်လည်း သာလွန်မြင့်မြတ်သလော” ဟု မေးလေ၏။
မထေရ်မြတ်က “ဟုတ်ပေတယ် ဒါယိကာမကြီး၊ ဤမဟာဗြဟ္မာကြီးတို့ မည်သည် ငါတို့ဆရာ မြတ်စွာဘုရား ဖွားမြင်တော်မူသော နေ့၌ တစ်ယောက်မက မဟာဗြဟ္မာကြီး လေးယောက်တို့လုံးကပင် အလောင်းတော် ယောက်ျားမြတ်ကို ရွှေဇာကွန်ရက်ဖြင့် ခံလင့်လာကြကုန်ပြီ” ဟု မိန့်ကြားလေ၏။
ထိုအခါ မယ်တော်ကြီး၏ သန္တာန်မှာ “ယခုငါမြင်ရသော အာနုဘော်မှာ ငါ့သားတော်၏ အာနုဘော်သာ ဖြစ်၏။ ငါ့သား၏ ဆရာ မြတ်စွာဘုရား၏ အာနုဘော်တော်ကား ဘယ်လိုများ ဖြစ်လိမ့်မည်နည်း။ မမှန်းမဆနိုင်အောင် ရှိလေတော့၏တကား” ဟု ဆင်ခြင်လျှင်ပင် မယ်တော်ကြီး၏ တစ်ကိုယ်လုံး၌ ပီတိငါးမျိုးတို့ ပျံ့နှံလေတော့၏။ မထေရ်ကြီးက ငါ့မယ်တော်ကြီးအား တရားဟောရန် သင့်လျော်သော အခါဟု သိ၍ “ဒါယိကာမကြီး- ဘာကို စဉ်းစားနေသလဲ” ဟု မေးတော်မူလေ၏။
မယ်တော်ကြီးက “ချစ်သား- ဤယခု ငါမြင်ရသော အာနုဘော်မှာ ငါ့သား တော်၏ အာနုဘော်သာ ဖြစ်သေး၏။ ငါ့သား၏ ဆရာ မြတ်စွာဘုရား၏ အာနုဘော်ကား ဘယ်လိုများဖြစ်လိမ့်မည်နည်း၊ မမှန်းမဆနိုင်အောင် ရှိတော့၏ တကား” ဟု ဤအကြောင်းအရာကို မယ်တော်ကြီး ကြံစည်ဆင်ခြင်၍ နေပါသည်ဟု လျှောက်ထားလေလျှင် “ဒါယိကာမကြီး - ငါတို့ဆရာ မြတ်စွာဘုရား ဖွားတော်မူသောအခါ, တောထွက်တော်မူသောအခါ, ဘုရားဖြစ်တော်မူသော အခါ ဓမ္မစကြာတရားဦး ဟောတော်မူသော အခါများ၌ စကြာဝဠာပေါင်း တိုက်တစ်သောင်း တုန်လှုပ်ခဲ့လေပြီ။ သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိဉာဏဒဿန ကျေးဇူးဂုဏ်တော်အားဖြင့် ငါတို့ဆရာ မြတ်စွာ ဘုရားနှင့် တူသောသူ မည်သည် လောက၌ တစ်စုံတစ်ယောက်မျှ မရှိချေ။ ငါတို့
စာမျက်နှာ-613
ဆရာ မြတ်စွာဘုရားသည် ဤအကြောင်း ဤအကြောင်းများကြောင့် အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဖြစ်တော်မူ၏ စသဖြင့် မြတ်ဗုဒ္ဓဂုဏ်တော်နှင့်စပ်သော တရားတော်ကို ဟောကြားတော်မူ၏။ ဒေသနာအဆုံးတွင် မယ်တော်ကြီးသည် သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန်အရိယာ ဖြစ်လေသည်။
မယ်တော်ကြီးအား မွေးကျေးဇူးကို ဆပ်အပ်လေပြီးနောက် ရဟန်းအပေါင်းကို “ငါ့ရှင်တို့- (၄၄)ဝါပတ်လုံး ငါနှင့် အတူ လှည့်လည် သွားလာ နေထိုင်ကြရသော ငါ့ရှင်တို့ အဖို့ရာ ငါ့အပေါ်၌ မနှစ်သက်ဖွယ် ကာယကံမှု ဝစီကံမှုများရှိခဲ့လျှင် သည်းခံကြပါကုန်လော့” ဟု တောင်းပန်ပြောကြား၏။ ရဟန်းအပေါင်းကလည်း သည်းခံခွင့်လွှတ်ပြီး “အရှင်ဘုရားတို့ကသာ တပည့်တော်တို့အား သည်းခံတော်မူကြပါ” ဟု တောင်းပန်ကန်တော့၏။
ထို့နောက် မထေရ်မြတ်သည် သမာပတ် (၉)ပါးကို ဝင်စားတော်မူ၏။ ထိုစတုတ္ထဈာန်မှ ထ၍ မဟာပထဝီမြေကြီးကို ပဲ့တင်ထပ်စေလျက် အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ခန္ဓပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်းတော် မူလေ၏။
မယ်တော်ကြီးသည် သားတော်ကြီး၏ ခန္ဓာချုပ်ငြိမ်းမှုကို သိ၍ ငိုကြွေးပြီးလျှင် ရွှေတုံးရွှေစိုင်တို့ဖြင့် ရွှေပြာသာဒ် ငါးရာ၊ ရွှေမဏ္ဍပ် ငါးရာတို့ကို တည်ဆောက်စေ၏။ သိကြားမင်းကလည်း ဝိသကြုံနတ်သားအား ရွှေပြာသာဒ် ငါးရာနှင့် ရွှေမုခ်ဦး၊ တဲနန်းမဏ္ဍပ် ငါးရာတို့ကို ဖန်ဆင်းစေ၏။ ဤသို့လျှင် နှစ်ထောင်သော ပြာသာဒ်, မဏ္ဍပ်တို့ဖြင့် သာဓုကီဠနသဘင် ဆင်ယင်ကျင်းပ ကြကုန်၏။ အမြင့် (၉၉)တောင်ရှိ နံ့သာထင်းပုံပေါ်တွင် မထေရ်မြတ်၏ ဥတုဇရုပ်ကလာပ်ကို တင်၍ ဈာပနအမှု ပြုကြကုန်၏။
ညီတော် အရှင်စုန္ဒမထေရ်သည် ဓာတ်တော်မြတ်ကို ရေစစ်နှင့်ထည့်ပြီး ငါ၏ နောင်တော်ကြီး ပရိနိဗ္ဗာန် စံတော်မူကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားအံ့ဟု ကြံ၍ ဓာတ်တော်ထည့်ထားသော ရေစစ်နှင့် မထေရ်မြတ်၏ သင်္ကန်းစသော ပရိက္ခရာတို့ကို ယူ၍ သာဝတ္ထိပြည်သို့ ခရီးဆက်ခဲ့၏။
အရှင်စုန္ဒသည် မိမိဥပဇ္ဈာယ်ဆရာ အရှင်အာနန္ဒာကို ချဉ်းကပ်၍ အရှင် အာနန္ဒာနှင့်အတူ မြတ်ဗုဒ္ဓထံသို့ ရောက်လေ၏။ အရှင်အာနန္ဒာက မြတ်စွာ ဘုရားကို “အရှင်ဘုရား အရှင်သာရိပုတ္တရာသည် ပရိနိဗ္ဗာန် စံတော်မူပါပြီ။ ဤသည်ကား အရှင်သာရိပုတ္တရာ၏ သပိတ်သင်္ကန်းပါတည်း။ ဤသည်ကား ဓာတ်တော်ထည့်ထားသော ရေစစ်ပါတည်း” ဟု လျှောက်ထားပြီးလျှင် ဓာတ်တော် ထည့်ထားသောရေစစ်ကို မြတ်စွာဘုရားရှင်လက်သို့ ဆက်ကပ်လေ၏။ ဗုဒ္ဓမြတ်စွာသည် ဓာတ်တော်များကို ခံယူတော်မူပြီးလျှင် ရဟန်းတော်တို့အား
စာမျက်နှာ-614
မထေရ်မြတ်နှင့်ပတ်သက်၍ “ချစ်သား ရဟန်းတို့ ယခုအခါ အရှင်သာရိပုတ္တရာ၏ ခရုသင်း ပွတ်သစ်အတူ ဖြူစင်သော ဓာတ်တော်များ ထင်ရှားကျန်ခဲ့ပြီ။ ရဟန်းတို့- သာရိပုတ္တရာသည် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့၏။ တရားဓမ္မကိုလည်း ငါ့နောက်လိုက်ကာ လည်စေ-ဖြစ်စေ-ဟောမြွက်နိုင်သော ပုဂ္ဂိုလ်ဖြစ်၏။ ငါဘုရားမှ ထောက်သော် နှစ်ခုမြောက်သောနေရာကို ကောင်းစွာ ရရှိထားသူဖြစ်၏။ သာဝကသန္နိပါတကို လှလှကြီး ပြည့်စေသူဖြစ်၏။ ငါဘုရားက လွဲ၍ ဇာတိခေတ် စကြာဝဠာတိုက် တစ်သောင်း၌ ပညာအားဖြင့် အတူမရှိသူ ဖြစ်၏။
ထိုသာရိပုတ္တရာသည် ကြီးသော, ကျယ်ပြန့်သော, ရွှင်သော, လျင်သော, ထက်သော, ကိလေသာကို ဖောက်ထွင်းနိုင်သော ပညာရှိသူဖြစ်၏။ အလိုနည်းသူ, ရောင့်ရဲလွယ်သူ, နီဝရဏတရားတို့မှ ဆိတ်သူ, လူတို့နှင့် ရောနှောခြင်းမှ ကင်းသူ, ထက်သန်သော- လုံ့လရှိသူ, အပြစ်ပြ၍ ဆုံးမတတ်သူ, မကောင်းမှုနှင့် မကောင်းမှု ပြုသောသူတို့ကို မျက်နှာမငဲ့ ကဲ့ရဲ့တတ်သူ ဖြစ်၏။
သာရိပုတ္တရာသည် -
(က) ဘဝငါးရာတို့ ပတ်လုံး ကြီးစွာသောစည်းစိမ်တို့ကို ပယ်စွန့်၍ ရဟန်းပြုခဲ့သူ ဖြစ်၏။
(ခ) ငါဘုရားသာသနာ၌ မဟာပထဝီမြေကြီးတမျှ သည်းခံသောပုဂ္ဂိုလ် ဖြစ်၏။
(ဂ) ဦးချိုကျိုးသော နွားလားပမာ မာန်မာန နည်းလှစွာ၏။ ဒွန်းစဏ္ဍား သားနှင့်အတူ နှိမ့်ချသောစိတ်ရှိသူလည်း ဖြစ်ပေ၏။
ဤသို့ မြတ်စွာဘုရားသည် ဂါထာငါးရာတို့ဖြင့် အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ ဂုဏ်ကျေးဇူးကို ချီးကျူးဟောကြားတော်မူ၏။
မြတ်စွာဘုရားသည် မထေရ်မြတ်၏ ဂုဏ်ကျေးဇူးကို ဟောကြားတော်မူသောအခါ အရှင်အာနန္ဒာမှာ တဖျပ်ဖျပ် တုန်လှုပ်လျက် ဆောက်တည်ရာ မရ ဖြစ်ပေါ်၏။ ဗုဒ္ဓမြတ်စွာသည် အရှင်အာနန္ဒာအား သက်သာတော်မူစေ၍ အရှင်သာရိပုတ္တရာ၏ အမျိုးဓာတ်တော်များကို သာဝတ္ထိပြည်တွင် စေတီတည်ထားတော်မူလေ၏။
ရှင်မောဂ္ဂလာန်
ဗုဒ္ဓမြတ်စွာသည် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အရှင်မောဂ္ဂလာန်သည် ဣသိဂိလိတောင်ယံ ကာဠသိလာ မည်သော ကျောက်ဖျာ၌ သီတင်းသုံး နေထိုင်တော်မူ၏။
စာမျက်နှာ-615
အရှင်မောဂ္ဂလာန်သည် တန်ခိုးအရာ၌ အထွတ်အထိပ်ရောက်တော်မူသော မထေရ်မြတ်ဖြစ်၍ နတ်ပြည်နှင့် ငရဲပြည်သို့ ဒေသစာရီ ကြွချီတော်မူစဉ် နတ်ပြည်၌ ဗုဒ္ဓမြတ်စွာ၏ တပည့်သာဝကတို့ ကြီးစွာသော စည်းစိမ်ခံစားရပုံ၊ ဥဿဒငရဲ၌ တိတ္ထိတို့၏တပည့်များ ကြီးစွာသော ဆင်းရဲဒုက္ခခံစားရပုံများကို ကိုယ်တော်တိုင်မြင်တော်မူခဲ့ကာ လူ့ပြည်သို့ ရောက်ရှိသောအခါ ထိုအကြောင်းကို လူအပေါင်းအား ဟောကြားတော်မူ၏။
ထိုအခါ လူတို့သည် သာသနာတော်၌ ကြည်ညိုကြ၍ တိတ္ထိတို့အား ရှောင်ကြဉ်ကြလေကုန်၏။ မြတ်စွာဘုရားနှင့် တပည့် သာဝကတို့မှာ ကြီးစွာသော ပူဇော်သက္ကာရဖြစ်၍ တိတ္ထိတို့အဖို့ တနေ့တခြား ပူဇော်သက္ကာရမှ လျော့ပါးဆုတ်ယုတ်လာတော့၏။ ထို့ကြောင့် တိတ္ထိတို့သည် အရှင်မြတ်အား ရန်ငြိုးဖွဲ့ကာ သတ်စေကုန်အံ့ဟု တိုင်ပင်ညီညွတ်၍ သမဏဂုတ္တက ဓားပြဗိုလ်အား အသပြာတစ်ထောင်ပေး၍ ငှားကြလေကုန်၏။
သမဏဂုတ္တက ဓားပြဗိုလ်သည် လူဆိုးဓားပြ အခြံအရံနှင့်တကွ ကာဠသိလာ ကျောက်ဖျာရှိရာအရပ်သို့ မထေရ်မြတ်ကို သတ်ရန် သွားလေ၏။ မထေရ် မြတ်သည် တန်ခိုးဖြင့် ကောင်းကင်ပျံတက်၍ တိမ်းရှောင်နေလေ၏။ ဤကဲ့သို့ ခြောက်ရက်တိုင်တိုင် တိမ်းရှောင်ခဲ့လေသည်။
ခုနစ်ရက်မြောက်သော နေ့၌ကား မထေရ်မြတ်အား ရှေးက ပြုမှားခဲ့သော အပရာပရိယ အကုသိုလ်ကံသည် အကျိုးပေးခွင့် ရရှိလေသည်။
မထေရ်မြတ်သည် နုစဉ်ဘဝက မယား၏ ကုန်းချောစကားကို ယုံ၍ မျက်မမြင် မိဘနှစ်ပါးကို သတ်ဖို့ရန် လှည်းဖြင့် တင်ဆောင်၍ တောသို့ ခေါ်ခဲ့ပြီး လူဆိုး ဓားပြဟန်ပြုလျက် ရိုက်နှက်လေ၏။ မိဘနှစ်ပါးသည် တကယ့်လူဆိုး ဓားပြတွေ ရိုက်နှက်သည် ထင်မှတ်၍ သားကိုပင် လွတ်ရာသို့ ပြေးဖို့ ငိုကြွေးလျက် ပြောလေ၏။
သားဖြစ်သူသည် “ဪ -- ငါ့မိ ငါ့ဘတို့ကား ငါက ရိုက်နှက် ပုတ်ခတ်ပါလျက်လည်း ငါ့အတွက်သာ စိုးရိမ် ငိုကြွေးကြရှာ၏။ ငါကား မသင့်လျော်သောအမှုကို ပြုအပ်ခဲ့ပြီ” ဟု နောင်တ ပူပန်မှုဖြစ်ရကား လူဆိုး ဓားပြများ ပြေးသွားကြပြီဟု ဆိုလျက် မိခင် ဖခင်တို့ကို သက်သာရာ ရစေကာ အိမ်သို့ ပြန်၍ ခေါ်ဆောင်ခဲ့၏။
အရှင်မောဂ္ဂလာန်မထေရ်မြတ်သည် မိမိပြုခဲ့သော အကုသိုလ်ကြောင့် ခုနစ်ကြိမ်မြောက်၌ တန်ခိုးဖြင့် ဖဲသွားမှု မပြုနိုင်တော့ချေ။
သမဏဂုတ္တကနှင့်အဖွဲ့သည် မထေရ်မြတ်၏ အရိုးတို့ကို ဆန်ကျိုး ဆန်ကွဲမျှ ဖြစ်အောင် ထုနှက်ကြ၍ “သေပြီ” ဟု မှတ်ထင်ကာ ချုံပုတ်တစ်ခုပေါ်၌ ပစ်ချခဲ့၍ ဖဲသွားကြလေ၏။ မထေရ်မြတ် သတိရလာသောအခါ မိမိကိုယ်ကို တန်ခိုးဖြင့်
စာမျက်နှာ-616
ပြန်လည်ဆောက်တည်ပြီး မြတ်စွာဘုရားအား ခွင့်ပန်ပြီးမှ ပရိနိဗ္ဗာန်ပြုရန် ကောင်းကင်ခရီးဖြင့် မြတ်ဗုဒ္ဓထံသို့ သွားရောက်ပြီးလျှင် ပရိနိဗ္ဗာန်ပြုရန် ခွင့်ပန် လျှောက်ထား၏။
မြတ်စွာဘုရားက “ထိုသို့ဖြစ်လျှင် တရားဟောပြီးမှ သွားလော့၊ ယခုအခါ သင်ချစ်သားကဲ့သို့ တပည့်သာဝက နောက်တစ်ကြိမ် တွေ့မြင်နိုင်ခွင့် မရှိတော့ပြီ”ဟု မိန့်တော်မူ၏။ မထေရ်မြတ်သည် ကောင်းကင်ယံသို့ တက်ကာ တန်ခိုးပြာဋိဟာ အမျိုးမျိုးပြသပြီး တရားဓမ္မကိုလည်း ဟောကာ ကာဠသိလာ ကျောက်ဖျာရှိရာ တောအုပ်သို့ ကြွတော်မူ၍ ပရိနိဗ္ဗာန် ဝင်စံတော်မူ၏။
နတ်ပြည် (၆)ထပ်လုံး အုတ်အုတ်ကျက်ကျက်ဖြစ်၍ နတ်ဗြဟ္မာတို့သည် နံ့သာပန်း အထုံအခိုး စန္ဒကူးအမှုန့်တို့ကို လည်းကောင်း၊ အထူးထူးသော နံ့သာ ထင်းတို့ကိုလည်းကောင်း ယူဆောင်၍ စုပုံလိုက်သောအခါ စန္ဒကူး နတ်ထင်းပုံ တို့သည် (၉၉)တောင် အမြင့်ရှိလေသည်။
ဗုဒ္ဓမြတ်စွာသည် ကိုယ်တော်တိုင် ကြွချီ၍ မထေရ်မြတ်၏ ဥတုဇရုပ်ကလာပ်အနီး၌ ရပ်၍ စီမံကာ သင်္ဂြိုဟ်မှုကို ပြုစေတော်မူ၏။ သာဓုကီဠနသဘင်ဝယ် တစ်ယူဇနာမျှသော အရပ်၌ ပန်းမိုးများ ရွာချ၏။ နတ်၊ လူ၊ ဘီလူး၊ ရုက္ခနတ်၊ ဂန္ဓဗ္ဗနတ်များ၊ နဂါးများ၊ ဂဠုန်များ၊ ကိန္နရာများ၊ ထီးများ၊ ရွှေစာမရီ သားမြီးယပ်များ၊ တံခွန်လုံးများ၊ တံခွန်ပြားများ အကြား အကြား၌ တည်ရှိကြလျက် ဆင်ယင်ကျင်းပကြကုန်၏။
မြတ်စွာဘုရားသည် မထေရ်မြတ်၏ ဓာတ်တော်တို့ကို ယူဆောင်တော်မူ၍ ဝေဠုဝန်ကျောင်းတိုက်၏ တံခါးမုခ်အနီး၌ ဓာတုစေတီ တည်ထားတော်မူ၏။ အရှင်မောဂ္ဂလာန်၏ သာဓုကီဠနသဘင် ဈာပနကိစ္စတွင် ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင် ကြီးစွာသော မြတ်နိုးတနာမှု ပြုလေသည်။
၄။ အရှင်မဟာကဿပမထေရ်
မဂဓတိုင်း မဟာတိတ္ထပုဏ္ဏားရွာ ကပိလပုဏ္ဏား သေဋ္ဌေးကြီးနှင့် သေဋ္ဌေး ကတော်တို့မှ ပိပ္ပလိကို မွေးဖွား၏။ ပိပ္ပလိ၏ ဇနီးကြင်ရာမှာ ဘဒ္ဒါကာပိလာနီ အမည်ရှိ၏။ အရှင်မဟာကဿပမထေရ်၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤသို့ ဖြစ်၏-
ပိပ္ပလိကို မိဘနှစ်ပါးတို့သည် အရွယ်ရောက်ပြီးဖြစ်၍ အိမ်ထောင်ပြုရန် နားချကြ၏။ အမြဲ မပြတ် နားချ ပြောဖန်များသော အခါ ပိပ္ပလိသည် ရွှေစင်ရုပ်တု တစ်ခုကို သွန်းထုစေပြီး အဝတ်တန်ဆာရတနာများ ဆင်မြန်း၍
စာမျက်နှာ-617
မိခင်ကြီးအား ပေးလေ၏။ “အို မိခင်-အကျွန်ုပ်သည် ဤရွှေစင်ရုပ်တုကဲ့သို့သော မိန်းမလှကို ရပါလျှင် အိမ်၌ နေမည်၊ မရလျှင် အိမ်ရာတည်ထောင် လူ့ဘောင်၌ နေလိမ့်မည် မဟုတ်ပါ”ဟု ပြော၏။
မိခင်ကြီးသည် ပညာရှိပုဏ္ဏား ရှစ်ယောက်တို့အား ရွှေစင်ရုပ်ကို ပေး၍ မိန်းမမြတ် ချွေးမ အရှာခိုင်းရာ မဒ္ဒတိုင်း သာဂလမြို့တွင် တွေ့လေ၏။ ကောသိယဂေါတ္တပုဏ္ဏားသေဋ္ဌေးကြီး၏ သမီး ဘဒ္ဒါကာပိလာနီ ဖြစ်၏။
ပုဏ္ဏား တို့သည် ရွှေစင်ရုပ်ကို ပေးအပ်ကာ ပိပ္ပလိ၏ မိခင်နှင့် ဖခင် ကပိလသေဋ္ဌေးထံ သတင်းပြန်ကြားကြကုန်၏။ ပိပ္ပလိနှင့် ဘဒ္ဒါကာပိလာနီတို့သည် မိမိတို့၏ ဆန္ဒ သဝဏ်လွှာများကို ပို့ဆက်ကြ၏။ သဝဏ်လွှာတွင် အခြား တစ်ယောက်ကို ရှာယူဖို့၊ ရဟန်းပြုပြီး တောထွက်မည့်သူ ဖြစ်၍ နောင်မှ နှလုံးမသာမယာ မဖြစ် စေချင် စသည်ဖြင့် အသီးသီး ရေးကြသော်လည်း စာပို့လုလင် ကျေးကျွန် တို့သည် လမ်းတွင် စွန့်ပစ်ပြီး နှစ်သက်သဘောတူညီဝမ်းမြောက်သည့် အဓိပ္ပါယ် ပါရှိသော သဝဏ်လွှာရေးသား၍ သတို့သား သတို့သမီးတို့ထံ ပို့ကြလေ၏။
မိဘနှစ်ပါးနှင့် ကြားလူတို့၏ ဆောင်ရွက်မှုကြောင့် ထိမ်းမြားခြင်းသို့ ရောက်ကုန်၏။ သို့သော် သတို့သားသတို့သမီးတို့သည် မောင်နှမအရင်းကဲ့သို့ နေထိုင်ပြုမူကြ၏။ ပန်းကုံး နှစ်ကုံးကို အလယ်က ထား၍ ရာဂစိတ်ဖြစ်သူဘက်မှ ပန်းကုံးသည် ညှိုးစတမ်းဟု ကတိထားကာ အိပ်ကြ၏။ ပန်းကုံးတို့သည် မညှိုးနွမ်းကြချေ။
သေဋ္ဌေးသားသည် မိဘနှစ်ပါးကွယ်လွန်သောအခါ စီးပွားရေးကို လုပ်ကိုင် ကြပ်မတ်စီမံလေ၏။ ပိပ္ပလိ၏ စည်းစိမ်ကား များပြားလှ၏။ တစ်နေ့တစ်နေ့လျှင် ကိုယ်ကို ပွတ်တိုက်၍ စွန့်ပစ်အပ်သော ရွှေမှုန့်သည်ပင် ခြောက်ပြည်သားခန့်ရှိ၏။ ယန္တရား တပ်ဆင်ထားသော တစ်ဖက်ဆည်ကန်များ၊ ၁၂ ယူဇနာကျယ်ဝန်းသော မြေယာများ၊ ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်များ အများအပြားရှိ၏။
တနေ့တွင် ပိပ္ပလိသည် လယ်ယာထွန်ယက်ရာသို့ သွားကြည့်စဉ် ကျီး ငှက် တို့က ထွန်ယက်ရာ မြေမှ တီကောင် စသော ပိုးမွှားများကို စားသောက် ဖျက်ဆီးကြသည်ကို မြင်၍ မေးမြန်းရာ ကျေးကျွန်များက “အရှင်သေဋ္ဌေးမင်း တို့အတွက် လယ်ထွန်ကြခြင်း ဖြစ်၍ ထိုမကောင်းမှု အကုသိုလ်ကံသည် အရှင်သေဋ္ဌေးမင်းတို့၏ အကုသိုလ်ကံဖြစ်ပါ၏”ဟု ဖြေကြားလျှင် ငါ့အဖို့ရာ ရွှေ ငွေ ဥစ္စာ မြေယာတို့သည် အဘယ်အကျိုးရှိပါအံ့နည်း၊ အကျိုးမရှိသည်သာ၊ ငါ၏ အလုံးစုံသော ဥစ္စာကို သေဋ္ဌေးကတော်အား အပ်နှင်း၍ တောထွက် ရဟန်းပြုတော့အံ့ဟု စဉ်းစားမိ၏။
စာမျက်နှာ-618
ဘဒ္ဒါကာပိလာနီလည်း နှမ်းများနေလှမ်းစဉ် ကျီးငှက်တို့သည် နှမ်းပိုး များကို စားကြကုန်၏။ “အမိတို့-ထိုသို့ ကျီးငှက်တို့ နှမ်းပိုးတို့ကို စားသောက် ကြသော မကောင်းမှုသည် အဘယ်သူ၏ မကောင်းမှု အကုသိုလ် ဖြစ်သနည်း” ဟု မေးရာ “အရှင်မတို့အတွက် လုပ်ဆောင်ရခြင်း ဖြစ်သောကြောင့် ထိုမကောင်းမှု အကုသိုလ်ကံသည် အရှင်မတို့၏ မကောင်းမှု အကုသိုလ်ကံ”ဟု ဖြေကြားလေလျှင် “အကယ်၍များ ဖြစ်ခဲ့သော် ငါသည် ဧကန်ပင် ဘဝပေါင်း အထောင်ဖြင့်လည်း သံသရာဝဋ်ဒုက္ခမှ ထွက်နိုင်တော့မည် မဟုတ်ချေ” ဟု စဉ်းစားပြီး အရှင့်သားအား အလုံးစုံသော စည်းစိမ်ကို အပ်၍ တောထွက် ရဟန်းပြုမည်ဟု ဆင်ခြင်မိ၏။ ဤကဲ့သို့ ပါရမီရှင်နှစ်ဦးတို့သည် အပြန်အလှန် ပြောဆိုတိုင်ပင်ကြပြီး ရဟန်းအသွင် ဝတ်ဆင်ကြလျက် တောထွက်ကြလေ၏။
ပိပ္ပလိ မထေရ်မြတ်သည် ရှေ့မှ ကြွ၏။ ဘဒ္ဒါကာပိလာနီသည် နောက်မှ လိုက်၏။ တစ်ဦးတစ်ယောက်သောသူက ဤသို့ နေထိုင်ခြင်းသည် ရဟန်းတို့နှင့် မသင့်လျော်ဟု အကြံမှားမည်ဆိုက မှားနိုင်ချေ၏။ စိတ်ပြစ်မှားချေက အပါယ်သို့ ရောက်နိုင်လေရာ၏။ ထို့ကြောင့် ငါသည် ဘဒ္ဒါကာပိလာနီကို စွန့်ခွာ၍ သွားအံ့ဟု ကြံစည်၍ လမ်းနှစ်မွှာ၏ အလယ်တွင်ရပ်၍ ဘဒ္ဒါကာပိလာနီအား လက်ဝဲလမ်းမှ ဖဲသွားစေ၏။ ပိပ္ပလိမထေရ်သည် လက်ယာလမ်းဖြင့် ဖဲခဲ့၏။
ထိုအခါတွင် မဟာပထဝီမြေကြီးသည် ပဲ့တင်သံမည်ဟီးလျက် တုန်လှုပ်၏။ မိုးကြိုး ထစ်ချုန်း၏။ စကြဝဠာတောင် မြင်းမိုရ်တောင်တို့သည် အထက်သို့ မြင့်၍ မြင့်၍ တက်လေ၏။
ဗုဒ္ဓမြတ်စွာသည် ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူစဉ် မြေကြီးတုန်လှုပ်ခြင်းအကြောင်းကို ဆင်ခြင်ကြည့်သော် ပိပ္ပလိတို့၏ ဂုဏ် ကျေးဇူးကြောင့် တုန်လှုပ်သည်ကို သိတော်မူ၍ ချီးမြှောက်တော်မူရန် ကိုယ်တော် တစ်ပါးတည်းသာ ရာဇဂြိုလ်နှင့် နာလန္ဒမြို့၏အကြား ဗဟုပုတ္တပညောင်ပင်ရင်းသို့ ကြွတော်မူ၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူ၏။
အရှင်မဟာကဿပ၏ သဒ္ဓါ တရား တိုးပွားစေရန် လက္ခဏာတော် ကြီးငယ်တို့ဖြင့် ပကတိဘုရား အသရေ တော်တို့ကို မဖုံးမကွယ်ဘဲ အတောင်ရှစ်ဆယ်အရပ်တိုင်အောင် ထွန်းပြောင် တောက်ပသည့် ဘုရားရောင်ခြည်တော်တို့ကို လွှတ်တော်မူကာ ထိုင်နေတော် မူ၏။ မြတ်စွာဘုရား၏ ရောင်ခြည်တော်ကြောင့် ဗဟုပုတ္တပညောင်ပင်ကြီးသည် ရွှေရောင်အဆင်း ဝါဝင်းထိန်ဝေ၍သာ နေလေတော့သည်။
စာမျက်နှာ-619
အရှင်မဟာကဿပသည် မြတ်စွာဘုရားကို မြင်ရာအရပ်မှ စ၍ မိမိကိုယ်ကို ညွတ်လျက် အဝေး, မနီးမဝေး, အနီးအရပ်တို့မှ ဗုဒ္ဓမြတ်စွာအား ရိုသေစွာ ရှိခိုးပြီးလျှင် “သတ္တာ မေ ဘန္တေ ဘဂဝါ၊ သာဝကောဟမသ္မိံ= မြတ်စွာဘုရား - ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားသည် အကျွန်ုပ်၏ဆရာ ဖြစ်တော်မူပါပေ၏။ အကျွန်ုပ်သည် တပည့်သာဝက ဖြစ်ပါ၏”ဟု သုံးကြိမ်တိုင် နှုတ်မြွက်၍ တပည့်အဖြစ်ကို ခံယူလေ၏။
ဤကဲ့သို့ အရှင်မဟာကဿပ၏ ရိုသေမှုတို့သည် မြတ်ဗုဒ္ဓသာလျှင် အရိုအသေခံနိုင်ပေ၏။ မွေးညင်းတစ်ပင်မျှပင် မတုန်လှုပ်ချေ။ အကယ်၍ မဟာပထဝီမြေကြီးကို အရိုအသေပြုအံ့၊ ဆောင်ထားနိုင်ခြင်းငှာ မစွမ်းနိုင်ရာပေ။ မြတ်စွာဘုရားသည် အရှင်မဟာကဿပအား အမွေပေးတော့အံ့ဟု မိန့်တော်မူပြီး--
(၁) ကဿပ-သင်သည် သီတင်းသုံးဖော်ပုဂ္ဂိုလ်တို့၌ ငါ့အား ထက်စွာ ဟိရီသြတ္တပ္ပတရားကို ရှေးရှုထင်သည် ဖြစ်လတ္တံ့ဟု ကျင့်ရမည်။
(၂) ကဿပ-ဤသာသနာတော်၌ သင်သည် ကုသိုလ်နှင့်စပ်သော တရား အားလုံးကို နာအံ့၊ အရိုအသေပြုကာ နှလုံးသွင်း၍ စိတ်ဖြင့် ကောင်းစွာဆောင်၍ နားစိုက်လျက် တရားကို နာအံ့ဟု ကျင့်ရမည်။
(၃) ကဿပ-သင်သည် သုခနှင့်တကွဖြစ်သော ကာယဂတာသတိသည် ငါ့အား မစွန့် လတ္တံ့ဟု ဤသို့ ကျင့်ရမည်ဟု အဆုံးအမ သြဝါဒကို ပေးတော်မူလေ၏။
ဤအဆုံးအမ သြဝါဒသည် အရှင်မဟာကဿပအတွက် ရှင်ပြုခြင်း၊ ရဟန်း ခံခြင်း ဖြစ်၏။ ဤသာသနာတော်၌ အရှင်မဟာကဿပမထေရ် တစ်ပါးသာ ရတော်မူ၏။ ဤရဟန်းခံခြင်းမျိုးကို သြဝါဒပဋိဂ္ဂဟဏူပသမ္ပဒါဟု ခေါ်၏။
အရှင်မဟာကဿပသည် ဗုဒ္ဓမြတ်စွာကဲ့သို့ သုံးဆယ့်နှစ်ပါးသော မဟာ ပုရိသလက္ခဏာတော်တို့နှင့် ပြည့်စုံ၏။ လမ်းခရီးတွင် ဗုဒ္ဓမြတ်စွာထိုင်တော်မူရန် အလွန်နူးညံ့သော ဒုကုဋ်သင်္ကန်းကို လေးခေါက်ပြုကာ “မြတ်စွာဘုရား ဤနေရာ၌ ထိုင်တော်မူပါ၊ ထိုသို့ မြတ်စွာဘုရား ထိုင်တော်မူခြင်းသည် အကျွန်ုပ် အဖို့ ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားချမ်းသာအလို့ငှာ ဖြစ်လေရာပါ၏” ဟု လျှောက်ထားလေ၏။
ဗုဒ္ဓမြတ်စွာသည် “ချစ်သား ကဿပ- သင်ချစ်သား၏ ဒုကုဋ်သင်္ကန်းကြီးသည် နူးညံ့လှစွာတကားဟု ချီးမွမ်းသည်ကို သိ၍ သင်္ကန်းချင်း
စာမျက်နှာ-620
လဲတော်မူ၏။ ဗုဒ္ဓမြတ်စွာ၏ သင်္ကန်းကို ဂုဏ်ကျေးဇူးနည်းပါးသော ပုဂ္ဂိုလ်သည် ဝတ်ရုံခြင်းငှာ မစွမ်းနိုင်၊ ပဋိပတ်အကျင့်နှင့် ပြည့်စုံသူ ဇာတိပံ့သကူဆောင် ပုဂ္ဂိုလ်များသာ ခံထိုက်ပေ၏။ ဤသို့ သင်္ကန်းချင်း လဲတော်မူခြင်းကြောင့် မဟာပထဝီမြေကြီးသည် ပြင်းစွာ တုန်လှုပ်လေ၏။
အရှင်မဟာကဿပသည် ဗုဒ္ဓမြတ်စွာထံမှ ဓုတင်အကျင့် ဆယ့်သုံးပါးတို့ကို ကောင်းစွာ ခံယူဆောက်တည်ပြီးလျှင် ရဟန်းတရား ပွားများအားထုတ်လေရာ ခုနှစ်ရက်မျှသာ ပုထုဇဉ်အဖြစ် တည်နေ၍ ရှစ်ရက်မြောက် အရုဏ်တက်သော အခါ၌ ပဋိသမ္ဘိဒါ ၄-ပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူ၏။
ရဟန်းတို့-ကောင်းမြတ်သော ဓုတင်ပဋိပတ်အကျင့်မြတ်ကို ကိုယ်တိုင်လည်း ကျင့်သုံး၍ သူတစ်ပါးကိုလည်း ဟောကြားပြသ ဆိုဆုံးမကြသော ငါဘုရား၏ တပည့်သား ရဟန်းတို့တွင် မဟာကဿပမထေရ်သည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူ၏။
၅။ အရှင်ပိဏ္ဍောလဘာရဒွါဇ
အရှင်ပိဏ္ဍောလသည် ရာဇဂြိုဟ်ပြည်သား ပုဏ္ဏားမျိုးဖြစ်၏။ ဘာရဒွါဇဟု အမည်တွင်၏။ ဘာရဒွါဇသည် ဗေဒင်သုံးပုံကို သင်ကြား တတ်မြောက်၍ ပုဏ္ဏား ငါးရာတို့အား လှည့်လည်ပို့ချလျက် ဆရာတစ်ဆူလုပ်ကာ နေလေ၏။ ရောက်လေရာ၌ အစာထမင်းကိုသာ တောင့်တမျှော်ခေါ်ကာ လှည့်လည် နေထိုင်တတ်သောကြောင့် ပိဏ္ဍောလဘာရဒွါဇဟု ထင်ရှား၏။ ဘာရဒွါဇ၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤသို့ ဖြစ်၏-
တနေ့သ၌ မြတ်စွာဘုရား ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူ၍ တရားဟော ကြားရာ ပိဏ္ဍောလဘာရဒွါဇပုဏ္ဏားသည် တရားနာယူ၍ သဒ္ဓါတရားဖြစ်ကာ ရှင်ရဟန်းပြုလေ၏။ မထေရ်သည် အလွန်ကြီးသော အိုးကင်းသပိတ်ကြီးကို ဆောင်လျက် ယာဂုကိုလည်း အပြည့်သောက်၏။ မုန့်တို့ကိုလည်း အပြည့် စားသုံးလေ၏။ ဆွမ်းကိုလည်း အပြည့်ဘုဉ်းပေးလေ၏။ ထို့ကြောင့် ရဟန်းတို့က အစားကြီးကြောင်းကို မြတ်ဗုဒ္ဓအား ကြားလျှောက်ကြကုန်၏။
မထေရ်မြတ်သည် သပိတ်ကို ခုတင်အောက် ထားရာ အသွင်း အထုတ် ပြုဖန် များလာသောအခါ အနားရေးများ ပြတ်ပြီး တစ်ခွက်ချက်ခန့်သာ ဆန့်သော သပိတ် ဖြစ်လာတော့သည်။ ထိုအခါ မြတ်စွာဘုရားသည် သပိတ် အိတ်ကို ခွင့်ပြုလေသည်။
စာမျက်နှာ-621
အရှင်ပိဏ္ဍောလဘာရဒွါဇ မထေရ်သည် ဣန္ဒြိယဘာဝနာတရား ပွားများ ကြိုးကုတ် အားထုတ်တော်မူ၍ အရဟတ္တဖိုလ်သို့ ရောက်ရှိကာ ရဟန္တာဖြစ်တော် မူ၏။ မထေရ်မြတ်သည် ရဟန္တာဖြစ်သောအခါ သော့ကို ယူဆောင်၍ ကျောင်းတိုက်တစ်တိုက်မှ တစ်တိုက်သို့ သွား၍ “မဂ်တရား ဖိုလ်တရားတို့၌ သံသယရှိသော ရဟန်းတို့သည် အကျွန်ုပ်ကို မေးစေချင်ပါ၏”ဟု မရွံ့မကြောက် ခြင်္သေ့ဟောက်သကဲ့သို့ ရဲရဲတင်းတင်း ပြောကြား လှည့်လည်လေ၏။
အရှင်မြတ်သည် တနေ့သ၌ ရာဇဂြိုလ်သေဋ္ဌေး၏ အတောင် ၆၀ မြင့်သော ကောင်းကင်၌ ချိတ်ဆွဲထားသော စန္ဒကူးသပိတ်ကို ယူဆောင်၍ မြတ်ဗုဒ္ဓ၏လက်၌ ထားလေ၏။ ဗုဒ္ဓမြတ်စွာသည် သိလျက် အဘယ်မှ ရသနည်းဟု မေးမြန်း၏။ မထေရ်မြတ်က ပြန်ကြားလျှောက်ထားသောအခါ “သင် ချစ်သားကား ဈာန် မဂ် ဖိုလ်တရားကို ပြသဘိ၏။ မပြုသင့်သည်ကို ပြုဘိ၏”ဟု ကဲ့ရဲ့ရှုတ်ချ ပြီးနောက် ချီးမွမ်းသင့်သောအရာ၌-
ရဟန်းတို့-ဣန္ဒြေသုံးပါးကို ပွားများခြင်း၊ ကြိမ်ဖန်များစွာ လေ့လာခြင်း ကြောင့် ဘာရဒွါဇသည် “ငါ့မှာ ပဋိသန္ဓေနေရမှု ကုန်ပြီး အကျင့်မြတ်ကို ကျင့်သုံး ပြီးပြီ၊ ပြုဖွယ်ကိစ္စများကို ပြုပြီးပြီဟု ငါသိ၏” ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏။ သဒ္ဓိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေကို ပွားများခြင်း ကြိမ်ဖန်များစွာ လေ့လာ ခြင်းကြောင့် အထက်ပါအတိုင်း အရဟတ္တဖိုလ်ကို ပြောကြား၏။
ဤဣန္ဒြေသုံးပါးတို့သည် ကုန်ခြင်းလျှင် အဆုံးရှိကုန်၏။ ပဋိသန္ဓေနေမှု၊ အိုမှု၊ သေမှု ကုန်ပြီဟု ကောင်းစွာသိသော ဘာရဒွါဇသည် အထက်ပါအတိုင်း အရဟတ္တဖိုလ်ကို ပြောကြား၏ဟု ချီးမွမ်းတော်မူပါသည်။
မထေရ်မြတ်သည် ကောသမ္ဗီပြည့်ရှင် ဘုရင် ဥဒေနမင်းကို သရဏဂုံတည်သူ ဥပါသကာတစ်ယောက်ဖြစ်အောင် တရားဟောတော်မူခဲ့၏။
ဗုဒ္ဓမြတ်စွာသည် မရွံ့မကြောက် ခြင်္သေ့ဟောက်သကဲ့သို့ ရဲရဲတောက်စကား ပြောကြားသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ပိဏ္ဍောလဘာရဒွါဇ ရဟန်းသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမွမ်းတော်မူပါသည်။
၆။ အရှင်အာနန္ဒာ
အရှင်အာနန္ဒာသည် ကပိလဝတ်နေပြည်တော်တွင် အမိတောဒနသာကီဝင် မင်း၏ သားဖြစ်လေသည်။ ဆွေမျိုးအားလုံးတို့ကို နှစ်သက်အောင် ပြုတတ် သောကြောင့် အာနန္ဒာအမည်တွင်လေ၏။ အရှင်အာနန္ဒာ၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤသို့ ဖြစ်၏-
စာမျက်နှာ-622
အာနန္ဒာသည် မြတ်စွာဘုရား ကပိလဝတ်မှ ပြန်ကြွသွားသောအခါ ဘုရား၏ အခြံအရံဖြစ်ရန်အတွက် ဘဒ္ဒိယမင်းသား စသည်တို့နှင့်အတူ တောထွက်ခဲ့၍ အနုပိယမြို့၏အနီး အနုပိယမည်သော သရက်ဥယျာဉ်ဝယ် ဗုဒ္ဓမြတ်စွာဘုရားရှင် အထံတော်၌ ရှင်ရဟန်းပြုလေသည်။ အရှင်အာနန္ဒာသည် “ပုဏ္ဏမန္တာဏိပုတ္တ အရှင်၏ ပပဉ္စတရားကြေးမုံ ဥပမာတရားကို ကြားနာရသောကြောင့် ငါသည် သစ္စာ ၄-ပါးတရားကို သိရ၏၊ သောတာပန်အရိယာဖြစ်၏”ဟု မိန့်ဆို၏။
ရှင်အာနန္ဒာကား ဗုဒ္ဓမြတ်စွာအား ပြုစုလုပ်ကျွေးခွင့်ရရန် မတောင်း၊ ဆိတ်ဆိတ် သာနေလသည်။ မြတ်ဗုဒ္ဓက “အာနန္ဒာသည် သူတပါး တိုက်တွန်းမှ ပြုစုမည့်သူ မဟုတ်၊ မိမိအလိုလို အသိဖြင့်ပင် ငါဘုရားကို ပြုစု လုပ်ကျွေးလိမ့်မည်”ဟု မိန့်တော်မူမှ ပယ်လေးတန်, ခံလေးပါးဆုကို တောင်းခံတော်မူ၏။
ပယ်လေးတန်ဟူသည်မှာ-
(၁) “မြတ်စွာဘုရား- ရှင်တော်ဘုရားသည် တပည့်တော်အား အကယ်၍ ကိုယ်တော်မြတ် ရအပ်သည့် ကောင်းမြတ်သော သင်္ကန်းကို မပေးစွန့်ဘူးဆိုလျှင်၊
(၂) ကောင်းမြတ်သော ဆွမ်းကို မပေးစွန့်ဘူး ဆိုလျှင်၊
(၃) ကိုယ်တော်မြတ်နှင့်အတူ ဂန္ဓကုဋီတစ်တိုယ်တည်း၌ အတူအကွ နေထိုင်ခွင့်မပေးဘူးဆိုလျှင်၊
(၄) ကိုယ်တော်မြတ်အား ဒါယကာ ဒါယိကာမ တို့က ပင့်ဖိတ်ရာသို့ တပည့်တော်ကို ခေါ်ဆောင်၍ ကြွတော်မမူဘူးဆိုလျှင် ဤလျှောက်ဆိုရာပါ ဆုလေးပါးကို သနား ချီးမြှောက်တော်မူပါလျှင် တပည့် တော်သည် ရှင်တော်ဘုရားကို ပြုစု လုပ်ကျွေးပါရစေဘုရား”ဟု လျှောက်ထား လေသည်။
မြတ်စွာဘုရားက အဘယ်အပြစ်ကို မြင်၍ လျှောက်ထားသနည်းဟု မေးတော် မူသော် မြတ်စွာဘုရား-ဤဝတ္ထုလေးပါးတို့ကို အကယ်၍ ရယူခဲ့လျှင် “အရှင် အာနန္ဒာသည် ဆွမ်းကောင်းကိုလည်း ဘုန်းပေးရ၏၊ သင်္ကန်းကောင်းကိုလည်း ဝတ်ရုံရ၏၊ မြတ်စွာဘုရားနှင့်လည်း အတူအကွနေရ၏။ ပင့်ဖိတ်ရာသို့လည်း အတူ လိုက်ပါရ၏။ ဤသို့လာဘ်ကြီးလေးပါးကို ရသည်ဖြစ်၍ ပြုစုလုပ်ကျွေးသည်မှာ ဝန်လေးဖွယ် မရှိသည်သာတည်း”ဟု ရှုတ်ချပြောကြားသူများ ပေါ်ပေါက်လာမည့် အဖြစ်ကို မြင်၍ တောင်းခံခြင်းဖြစ်သည်ဟု လျှောက်ထားတော်မူ၏။
ခံလေးပါးဟူသည်မှာ-
(၁) “မြတ်စွာဘုရား- ရှင်တော်ဘုရားသည် အကယ်၍ တပည့်တော်ပင့်လျှောက်အပ်သည့် ဖိတ်ကြားရာ အရပ်သို့ လိုက်ပါကြွရောက် ချီးမြှောက်တော်မူမည်ဆိုလျှင်၊
(၂) အကယ်၍ တပည့်တော်သည် တိုင်းတပါး တိုက်နယ်တပါးမှ ဘုရားဖူးရောက်လာသော ပရိသတ်ကို လာရောက်သော
စာမျက်နှာ-623
ခဏမှာပင် ဘုရားရှင်ကို ဖူးမြင်စေနိုင်ခွင့် ပေးမည်ဆိုလျှင်၊
(၃) တပည့်တော်၏ သန္တာန်ဝယ် တရားနှင့်စပ်၍ ယုံမှားသံသယဖြစ်သော ခဏမှာပင် ရှင်တော်ဘုရား ထံသို့ ကပ်ရောက်မေးလျှောက်နိုင်ခွင့်ကို ရမည်ဆိုလျှင်၊
(၄) ထိုမှ တပါး မြတ်စွာဘုရားသည် တပည့်တော်၏ မျက်ကွယ်ဝယ် ဟောကြားတော်မူအပ်သော တရားတော်ကို တဖန် ပြန်ရောက်လာလျှင် တပည့်တော်အား သနားသဖြင့် ဟောကြားတော်မူမည်ဆိုလျှင်- ဤလျှောက်ဆိုရာပါ ဆုလေးပါးကို သနား ချီးမြှောက်တော်မူပါလျှင် တပည့်တော်သည် ရှင်တော်ဘုရားကို ပြုစုလုပ်ကျွေး ပါရစေဘုရား”ဟု လျှောက်ထားလေသည်။
အဘယ်ကြောင့် အရှင်အာနန္ဒာသည် ပြုစုလုပ်ကျွေးဘိသနည်း၊ မြတ်စွာ ဘုရားသည် ထိုအရှင်အာနန္ဒာအား ဤမျှလောက်သော ချီးမြှင့်မှုကိုပင် ပြုတော်မမူချေဟု ကဲ့ရဲ့သူများ ထင်ရှားပေါ်ပေါက်ပါလိမ့်မည်။ ထို့ကြောင့် လျှောက်ထားပါ ကဲ့ရဲ့မှုများ မပေါ်စေရန် ရှေးဆုသုံးပါးကို လိုလားတောင့်တ ပါသည်။
ထို့ပြင်လည်း ရှင်တော်ဘုရား၏ မျက်ကွယ်၌ တပည့်တော်ကို “ငါ့ရှင် အာနန္ဒာ-ဤဂါထာ၊ သုတ္တန်၊ ဇာတ်ကို မြတ်စွာဘုရားသည် အဘယ် အရပ်၌ ဟောကြားတော်မူပါသနည်း”ဟု မေးမြန်းကြပါလိမ့်မည်။ တပည့်တော်သည် အကယ်၍ ထိုအမေးကို အပြည့်အစုံ မဖြေနိုင်ပါလျှင် “ငါ့ရှင်-သင်သည် ဤမျှလောက်ပင်မသိချေ။ အဘယ်ကြောင့် သင်သည် အရိပ်ပမာ မြတ်စွာဘုရား ကို မစွန့်ဘဲ ကာလရှည်ကြာစွာ လိုက်ပါပြုစုနေဘိသနည်း”ဟု အပြစ်တင်စကား ပြောကြားသူများ ပေါ်ပေါက်လာပါလိမ့်မည်။ ထို့ကြောင့် တပည့်တော်၏ မျက်ကွယ်၌ ဟောကြားအပ်သည့် တရားကိုလည်း တဖန်ပြန်၍ ဟောကြား တော်မူခြင်း စတုတ္ထဆုကို လိုလားတောင့်တပါသည်။
မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်မြတ် တောင်းခံအပ်သည့် ပယ်လေးတန်+ခံလေးပါး ဤဆုရှစ်ပါးတို့ကို ပေးတော်မူလေ၏။ ဤသို့လျှင် အရှင်အာနန္ဒာသည် ပယ်လေးတန်+ခံလေးပါး ဤဆုရှစ်ပါး တို့ကို ယူ၍ အမြဲအလုပ်အကျွေး ဖြစ်တော်မူ၏။ ထိုရာထူးအတွက် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပါရမီ ဖြည့်ဆည်းပူးခဲ့ရ၏။
မထေရ်မြတ်သည် ထိုနေ့မှ စ၍ ဗုဒ္ဓမြတ်စွာအား ရေပူရေချမ်း ကမ်းခြင်း၊ ခြေဆုပ်လက်နယ် ပြုခြင်း၊ ရေချိုးတော်မူသောအခါ ကြေးတွန်းပေးခြင်း၊ ဂန္ဓကုဋီကို တံမြတ်လှည်းခြင်း၊ အစရှိသော ကိစ္စကြီးငယ်တို့ကို ပြုစုလုပ်ကျွေးလျက် အနီးအပါး၌ နေလေ့ရှိ၏။ ညချမ်းအချိန်ရောက်သောအခါ၌ ဆီမီးတိုင် ကိုင်စွဲကာ ဂန္ဓကုဋီ ပရိဝှဏ်ကို ကိုးပတ် လှည့်တော်မူလေသည်။
စာမျက်နှာ-624
ဗုဒ္ဓမြတ်စွာသည် ဇေတဝန်ကျောင်းတော်၌ ကိန်းအောင်းမွေ့လျော်စဉ် “ရဟန်းတို့- အကြားအမြင်များခြင်းရှိကြသော၊ ငါဘုရား၏ တရားစကားကို ကြာမြင့်စွာ ဆောင်နိုင်သည့် သတိရှိကြသော၊ ငါဘုရားဟောအပ်သည့်အတိုင်း ပုဒ်တို့ကို သိစွမ်းနိုင်သည့် အသိပညာရှိကြသော၊ ငါဘုရား၏ တရားစကားတော်ကို သင်ခြင်း၊ ဆောင်ခြင်း၊ သရဇ္ဈာယ်ခြင်းနှင့် ပြုစုလုပ်ကျွေးခြင်း လုံ့လဝီရိယရှိကြသော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် အရှင်အာနန္ဒာသည် အသာဆုံး အမြတ်ဆုံး”ဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူပါသည်။
၇။ အရှင်အနုရုဒ္ဓါမထေရ်
အနုရုဒ္ဓါမထေရ်သည် ကပိလဝတ်ပြည်၌ သုက္ကောဒနမင်း၏ သားဖြစ်သည်။ သူ၏ နောင်တော်မှာ မဟာနာမဖြစ်ပါသည်။ မြတ်ဗုဒ္ဓသည် ကပိလဝတ်နေပြည် အနုပိယတော၌ သီတင်းသုံးတော်မူစဉ် အနုရုဒ္ဓါသည် ဘဒ္ဒိယ၊ အာနန္ဒာစသော အပေါင်းအဖော်များနှင့်အတူ ဗုဒ္ဓမြတ်စွာထံတော်တွင် ရဟန်းပြုကြလေသည်။
ထိုရဟန်းခုနစ်ပါးတို့တွင် အရှင်အနုရုဒ္ဓါသည် ဒိဗ္ဗစက္ခုအဘိညာဉ်ကို ရတော် မူလေသည်။ ထိုဉာဏ်သည် စကြဝဠာတိုက်ပေါင်း တစ်ထောင်ကို ရှုမြင်ခြင်းငှာ စွမ်းနိုင်လေသည်။
တနေ့တွင် အရှင်အနုရုဒ္ဓါသည် ရှင်သာရိပုတ္တရာမထေရ်မြတ်ထံသို့ ချဉ်းကပ် ပြီးလျှင် မထေရ်မြတ်အား “တပည့်တော်သည် လူတို့၏ မျက်စိအမြင်ကို လွန်သော နတ်မျက်စိနှင့် တူသော မျက်စိ (ဒိဗ္ဗစက္ခုအဘိညာဉ်) ဖြင့် တစ်ထောင်သော လောကဓာတ်ကို မြင်နိုင်ပါ၏။ လုံ့လကို မတွန့် မဆုတ် အားထုတ်ပါ၏။ မမေ့ မလျော့သော သတိလည်း ထင်ပါ၏။ ပင်ပန်းမှု မရှိ၊ ပူပန်မှု ငြိမ်း၏။ တခုတည်းသော အာရုံ၌ စိတ်သည် ကောင်းစွာတည်ကြည်၏။ သို့ဖြစ်သော်လည်း အာသဝေါတရား မကင်းသေးပါ”ဟူ၍ လျှောက်ထား၏။
ထိုအခါ မထေရ်မြတ်က “ငါ့ရှင်အနုရုဒ္ဓါ- သင်သည် ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် တစ်ထောင်သော လောကဓာတ်ကို မြင်နိုင်သည်ဟု အကြံဖြစ်ခြင်းသည် သင့်သန္တာန်ဝယ် မာနဖြစ်၍ နေ၏၊ တဖန် “ငါသည် လုံ့လကို မတွန့်မဆုတ် အားထုတ်ပါ၏။ မမေ့မလျော့သော သတိလည်းထင်ပါ၏။ ပင်ပန်းမှုမရှိ၊ ပူပန်မှုငြိမ်း သော ကိုယ်လည်း ရှိ၏၊ တစ်ခုတည်းသော အာရုံ၌ စိတ်သည် ကောင်းစွာတည် ကြည်၏”ဟု ဤသို့ အကြံဖြစ်ခြင်းသည် သင့်သန္တာန်ဝယ် စိတ်ပျံ့လွင့်မှု (ဥဒ္ဓစ္စ) ဖြစ်၍ နေ၏။
ထို့နောက် “သို့ဖြစ်သော်လည်း တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ မကင်းသေးပါ” ဟု ဤသို့ အကြံဖြစ်ခြင်းသည်
စာမျက်နှာ-625
သင့်သန္တာန်ဝယ် တွေးတောမှု သံသယ (ကုက္ကုစ္စ) ဖြစ်၍ နေ၏။ ငါ့ရှင် အနုရုဒ္ဓါ-သင့်အား တိုက်တွန်းစကား ပြောကြားလိုသည်မှာ သင့်သန္တာန်၌ ဖြစ်ပွားနေသော ဤမာန, ဥဒ္ဓစ္စ, ကုက္ကုစ္စ တရားသုံးပါးတို့ကို ပယ်စွန့်ကာ နှလုံးမသွင်းမူ၍ အမြိုက် (နိဗ္ဗာန်) ဓာတ်သို့ မိမိစိတ်ကို ပို့စေချင်ပါသည်” ဟု ကမ္မဋ္ဌာန်းတရား ဟောကြားတော်မူလေ၏။
အရှင်အနုရုဒ္ဓါသည် မထေရ်မြတ်၏ ကမ္မဋ္ဌာန်းတရားကို ခံယူပြီးနောက် စေတိယတိုင်း အရှေ့ဝါးတောအရပ်သို့ ကြွရောက် သီတင်းသုံးတော်မူပြီး ရဟန်းတရားကို မအိပ်မနေ စင်္ကြံကြွ၍ အားထုတ်တော်မူ၏။ ထိုအခါ အရှင်မြတ်သန္တာန်ဝယ် ယောက်ျားမြတ်တို့၏ အကြံကြီးများ ထင်ရှားဖြစ်ပေါ် လာလေသည်။
(၁) ဤလောကုတ္တရာတရား ကိုးပါးသည် အလိုနည်းသော ပုဂ္ဂိုလ်၏သန္တာန် မှာသာ ပြည့်စုံနိုင်၏။ အလိုကြီးသော ပုဂ္ဂိုလ်၏သန္တာန်မှာ မပြည့်စုံနိုင်။
(၂) ဤလောကုတ္တရာတရား ကိုးပါးသည် ရောင့်ရဲလွယ်သော ပုဂ္ဂိုလ်၏ သန္တာန်မှာသာ ပြည့်စုံနိုင်၏။ မရောင့်ရဲသော ပုဂ္ဂိုလ်၏ သန္တာန်မှာ မပြည့်စုံနိုင်။
(၃) ဤလောကုတ္တရာတရား ကိုးပါးသည် ဆိတ်ငြိမ်မှုရှိသော ပုဂ္ဂိုလ်၏ သန္တာန်မှာသာ ပြည့်စုံနိုင်၏။ အပေါင်းအဖော်၌ မွေ့လျော်သော ပုဂ္ဂိုလ်၏သန္တာန်မှာ မပြည့်စုံနိုင်။
(၄) ဤလောကုတ္တရာတရား ကိုးပါးသည် ထက်သန်သော လုံ့လရှိသော ပုဂ္ဂိုလ်၏ သန္တာန်မှာသာ ပြည့်စုံနိုင်၏။ ပျင်းရိသော ပုဂ္ဂိုလ်၏ သန္တာန်မှာ မပြည့်စုံနိုင်။
(၅) ဤလောကုတ္တရာတရား ကိုးပါးသည် ထင်လင်းသော သတိရှိသော ပုဂ္ဂိုလ်၏ သန္တာန်မှာသာ ပြည့်စုံနိုင်၏။ သတိလွတ်ကင်းသော ပုဂ္ဂိုလ်၏သန္တာန်မှာ မပြည့်စုံနိုင်။
(၆) ဤလောကုတ္တရာတရား ကိုးပါးသည် တည်ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်၏သန္တာန်မှာသာ ပြည့်စုံနိုင်၏။ မတည်ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်၏ သန္တာန်မှာ မပြည့်စုံနိုင်။
(၇) ဤလောကုတ္တရာတရား ကိုးပါးသည် ပညာရှိသော ပုဂ္ဂိုလ်၏သန္တာန် မှာသာ ပြည့်စုံနိုင်၏။ ပညာမဲ့သော ပုဂ္ဂိုလ်၏သန္တာန်မှာ မပြည့်စုံနိုင်။
စာမျက်နှာ-626
အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် အထက်ပါ မဟာပုရိသဝိတက်ကြီး ခုနစ်ပါး တို့ကို ကြံစည်စဉ်းစားပြီးနောက် ရှစ်ခုမြောက်သော မဟာပုရိသဝိတက်ကြီးကို ဆက်လက်၍ ကြံစည်ဆင်ခြင်ရန် ပင်ပန်းလျက် ရှိလေ၏။
မှန်၏။ တပည့်သာဝက တို့အဖို့ရာ အလိုနည်းခြင်း အပိစ္ဆတာတရား, ရောင့်ရဲလွယ်ခြင်း သန္တုဋ္ဌိတရား, ကင်းဆိတ်ခြင်း ပဝိဝေကတရား, အားထုတ်ခြင်း ဝီရိယာရမ္ဘတရား, သတိထင်လင်းခြင်း ဥပဋ္ဌိတသတိတာတရား, တည်ကြည်ခြင်း သမာဓိတရား, ပိုင်းခြား၍ သိခြင်း ပညာတရား၊ ဤတရားများကို စဉ်းစားဆင်ခြင်ပြီးသောအခါ ထို့ထက် အထက်သို့ တက်၍ တရားတမျိုးဆင်ခြင်ရန် ဝန်လေးမြဲ ပင်ပန်းမြဲ ဓမ္မတာဖြစ်ပါသည်၊ ပညာတွင်သာ တရားဆုံး၍ နေမြဲ ဓမ္မတာ ဖြစ်ပါသည်။ ထို့ကြောင့် မထေရ်မြတ်မှာ ပင်ပန်းလျက် ရှိလေသည်။
ထိုအခါ မြတ်စွာဘုရားရှင်သည် ဘေသကဠာတောအုပ်၌ သီတင်းသုံးနေ တော်မူရင်းကပင် မထေရ်မြတ်သည် ရှစ်ခုမြောက် မဟာပုရိသဝိတက်ကြီး၌ ပင်ပန်းလျက် နေ၏ဟု သိတော်မူ၍ မထေရ်မြတ်၏ အလိုအကြံကို ဖြည့်စွက် ပေးရန် ကြံစည်လျက် တန်ခိုးတော်ဖြင့် တခဏတွင်းမှာပင် အရှေ့ ဝါးတောရှိ အရှင်အနုရုဒ္ဓါ၏ မျက်မှောက်သို့ ကြွရောက်တော်မူ၍-
“အနုရုဒ္ဓါ . . . ကောင်းလေစွ. . . . ကောင်းလေစွ၊ သင်သည် ယောက်ျားမြတ်တို့၏ အကြံကို ကောင်းစွာသာလျှင် ကြံပေ၏။ အနုရုဒ္ဓါ. . . . ထိုသို့ဖြစ်လျှင် သင်သည် “ဤလောကုတ္တရာတရားကိုးပါးသည် သံသရာကို ချဲ့ထွင်တတ်သည့် (တဏှာ, မာန, ဒိဋ္ဌိတည်းဟူသော) ပပဉ္စတရားမှ လွတ်ကင်းရာနိဗ္ဗာန်၌ မွေ့လျော်နှစ်ခြိုက်ပျော်ပိုက်သော ပုဂ္ဂိုလ်၏ သန္တာန်မှာသာ ပြည့်စုံနိုင်၏။ ပပဉ္စတရား၌သာ မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်သော ပုဂ္ဂိုလ်၏ သန္တာန်မှာ မပြည့်စုံနိုင်”ဟု လိုနေသည့် ရှစ်ခုမြောက် မဟာပုရိသဝိတက်ကြီးကို ဆက်လက်၍ ဆင်ခြင်လော့ဟု ဖြည့်စွက်ပေးတော်မူလေသည်။
ဆက်လက်၍ ဗုဒ္ဓမြတ်စွာသည် မထေရ်မြတ်အား ဤမဟာပုရိသဝိတက် ရှစ်မျိုးကို ကြံစည်နေလျှင် လောကီပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်တို့ကို အလွယ်တကူ ရယူဝင်စားနိုင်၏။ ထိုသို့ ဝင်စားနေလျှင်-
(၁) စီဝရသန္တောသ = သင်္ကန်း၌ ရောင့်ရဲလွယ်ခြင်း၊
(၂) ပိဏ္ဍပါတသန္တောသ = ဆွမ်း၌ ရောင့်ရဲလွယ်ခြင်း၊
စာမျက်နှာ-627
(၃) သေနာသနသန္တောသ = ကျောင်းအိပ်ရာနေရာတို့၌ ရောင့်ရဲလွယ်ခြင်း၊
(၄) ဘာဝနာရာမတာ = ဘာဝနာအလုပ်၌ မွေ့လျော်ပျော်ပိုက်ခြင်း- တည်းဟူသော အရိယဝံသပဋိပဒါလေးပါးကို အလွယ်နှင့် ရမည်ဟု ဟောကြားတော်မူလေ၏။
ထို့နောက် ဗုဒ္ဓမြတ်စွာသည် မထေရ်မြတ်၏ အာဝါသသပ္ပါယကို ဆင်ခြင် တော်မူ၍ မထေရ်မြတ်အား ဤဝါးတောအရပ်၌ပင် ဝါကပ်နေရန် မိန့်တော် မူပြီး ပြန်ကြွတော်မူလေ၏။
မထေရ်မြတ်သည် ထိုဝါးတော၌ ရဟန်းတရားကို ကြိုးစားအားထုတ်လေရာ မကြာမြင့်မီပင် ပုဗ္ဗေနိဝါသဉာဏ်, ဒိဗ္ဗစက္ခုဉာဏ်, အာသဝက္ခယဉာဏ် တည်းဟူ သော ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံ၍ အာသဝေါကုန်ခန်းကာ ရဟန္တာမထေရ်မြတ် ဖြစ်တော်မူလေသည်။
ဗုဒ္ဓမြတ်စွာသည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် “ရဟန်းတို့ . ဒိဗ္ဗစက္ခု အဘိညာဏ်ရှိသော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် အရှင်အနုရုဒ္ဓါသည် အသာဆုံး အမြတ်ဆုံး”ဟု ဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့်တော်မူလေသည်။
၈။ အရှင်မဟာကစ္စည်းမထေရ်
အရှင်မဟာကစ္စည်းမထေရ် လောင်းလျာသည် ဥဇ္ဇေနီမြို့သား ပုရောဟိတ် ပုဏ္ဏား၏သား ဖြစ်လေသည်။ ရွှေရောင်အဆင်းဝါဝင်းသော ကိုယ်ရှိသောကြောင့် “ကဉ္စန” ဟု မိဘဆွေမျိုးတို့က မှည့်ခေါ်ကြလေ၏။ အရွယ်ရောက်သော် ဗေဒင်သုံးပုံကို တတ်မြောက်၍ ပုရောဟိတ်ရာထူးကို ရရှိလေသည်။ ထိုပုဏ္ဏားသည် အနွယ်၏ အစွမ်းအားဖြင့် “ကစ္စာန”ဟု အမည်တွင်လေသည်။
ဗုဒ္ဓမြတ်စွာ ပွင့်ထွန်းတော်မူသောအခါ ဥဇ္ဇေနီပြည့်ရှင် စဏ္ဍပဇ္ဇောတ မင်းသည် ကစ္စာနပုရောဟိတ်အား ခေါ်စေ၍ ဗုဒ္ဓမြတ်စွာဘုရားအား ပင့်ရန် အမိန့်ချမှတ်လေ၏။ ထိုအခါ ကစ္စာနပုရောဟိတ်သည် ရဟန်းပြုခွင့် ရပါမူ သွားရောက်ပင့်ပါမည်ဟု လျှောက်လေလျှင် စဏ္ဍပဇ္ဇောတမင်းသည် “အမောင် နှစ်သက်ရာကို ပြုပြီးလျှင် မြတ်စွာဘုရားကိုသာ ပင့်ဆောင်ခဲ့ပါလော့”ဟု ခွင့်ပြု မိန့်ကြားလေ၏။
စာမျက်နှာ-628
ထိုအခါ ကစ္စာနပုရောဟိတ်သည် အဖော်ခုနစ်ယောက်ကို ခေါ်၍ မြတ်ဗုဒ္ဓ ထံတော်သို့ သွားရောက်လေသည်။ ဗုဒ္ဓမြတ်စွာသည် ကစ္စာနပုရောဟိတ်အား တရားဟောတော်မူ၏။ တရားဒေသနာ ဆုံးသောအခါ ကစ္စာနပုရောဟိတ်သည် အဖော်ခုနစ်ယောက်နှင့်အတူ ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်လေ၏။
ထိုအခါ မြတ်စွာဘုရားရှင်သည် “ဧထ ဘိက္ခဝေါ-ရဟန်းတို့-လာကြ ကုန်လော့”ဟု ခေါ်တော်မူကာ လက်ယာလက်တော်ကို ဆန့်တန်းတော်မူလိုက် လေ၏။ ထိုခဏမှာပင် ဆံမုတ်ဆိတ်တို့ ကွယ်ပျောက်၍ ဣဒ္ဓိမယသပိတ်သင်္ကန်း တို့သည် ကိုယ်သို့ရောက်လာပြီး ဝါတော်ခြောက်ဆယ်ရှိသော မထေရ်ကြီးများ ကဲ့သို့ ရဟန်းအဖြစ်သို့ ရောက်ရှိကြလေသည်။
အရှင်မဟာကစ္စည်းမထေရ်သည် ရဟန္တာဖြစ်ပြီးသော်လည်း ကြောင့်ကြမဲ့ နေတော်မမူဘဲ မြတ်စွာဘုရားရှင် ဥဇ္ဇေနီပြည်သို့ ကြွရောက်တော်မူရန် လမ်း ခရီး၏ ဂုဏ်ကျေးဇူးကို ဖော်ညွှန်းသော ဂါထာများကို လျှောက်ထားလေ၏။ ထိုအခါ ဗုဒ္ဓမြတ်စွာသည် မထေရ်မြတ်၏ ဥဇ္ဇေနီသို့ လိုက်ပါရန် ပင့်ဖိတ်သည်ကို သိတော်မူ၍ အရှင်မဟာကစ္စည်းမထေရ်မြတ်ကို “ချစ်သား-သင်သာလျှင် ဥဇ္ဇေနီပြည်သို့ သွားလေလော့၊ သင်ချစ်သား သွားလျှင်လည်း စဏ္ဍပဇ္ဇောတ မင်းသည် ကြည်ညိုပေလိမ့်မည်”ဟု မိန့်တော်မူ၏။
အရှင်မဟာကစ္စည်းမထေရ်မြတ်သည် မိမိနှင့်အတူ လိုက်ပါခဲ့ရသော ရဟန်း ခုနစ်ပါးတို့နှင့် ဥဇ္ဇေနီပြည်သို့ ကြွတော်မူလေ၏။ လမ်းခရီးတွင် အရှင်မဟာ ကစ္စည်းမထေရ်မြတ်တို့ ဆွမ်းခံဝင်ကြလေ၏။ ဆံပင်ကောင်း၍ ဥစ္စာစီးပွား ပျက်သော တချိန်က သေဋ္ဌေးသမီးသည် ရဟန်းခုနစ်ပါး ခြံရံလျက် ရွှေရောင် အဆင်းရှိသည့် ဗြဟ္မာနွယ်ဖွား ရဟန်းတစ်ပါး ဆွမ်းမပါဘဲ ဆေးမြဲတိုင်းသော သပိတ်ဖြင့်သာလျှင် ဆွမ်းခံကြွလာသော မထေရ်မြတ်တို့ကို ပင့်ဖိတ်ပြီး အိမ် တွင်း၌ ထိုင်စေလေ၏။
ထို့နောက် မိမိအား တချိန်က ဆံပင်ရောင်းရန် ပြောဖူးသော သေဋ္ဌေးသမီးတစ်ဦးထံ မိမိ၏ဆံပင်ကို ဖြတ်၍ အထိန်းတော် ကြီးအား အရောင်းခိုင်းလေ၏။ အသပြာရှစ်ကျပ် ရခဲ့လေသည်။ စီးပွားပျက် သေဋ္ဌေးသမီးသည် မထေရ်မြတ်ရှစ်ပါးတို့အား တစ်ပါးလျှင် အသပြာ တစ်ကျပ်တန်ဆွမ်း ဆက်ကပ် လှူဒါန်းလေ၏။
အရှင်မဟာကစ္စည်း မထေရ် မြတ်သည် ဆင်ခြင်ကြည့်ရှုတော်မူလတ်သော် သေဋ္ဌေးသမီး၏ အားကြီးသော ကောင်းမှုကို မြင်တော်မူ၍ “သေဋ္ဌေးသမီးသည် ယခုအခါ အဘယ်မှာနည်း”ဟု မေးတော်မူ၏။ အထိန်းတော်ကြီးက “အိမ်ခန်းထဲမှာပါ အရှင်ဘုရား” ဟု လျှောက်ထားလေလျှင်-
စာမျက်နှာ-629
“ထိုဆွမ်းဒါယိကာမ သေဋ္ဌေးသမီးကို ခေါ်လိုက် ကြလော့”ဟု မိန့်တော်မူလေ၏။ ဆွမ်းဒါယိကာမ သေဋ္ဌေးသမီး ရောက်လာကာ မထေရ်မြတ်ကို ရှိခိုးလိုက်သည်နှင့် တပြိုင်နက် ဆွမ်းဒါယိကာမ သေဋ္ဌေးသမီး၏ ဆံပင်များသည် မူလပကတိအတိုင်း ပြန်၍ ဖြစ်လာကြသည်။ ထို့နောက် မထေရ်တို့သည်လည်း ကောင်းကင်ခရီးဖြင့် စဏ္ဍပဇ္ဇောတမင်း၏ ကဉ္စနဝနမည်သော ဥယျာဉ်၌ ဆင်းသက်တော်မူကြလေကုန်၏။
ဥယျာဉ်မှူးသည် အရှင်မဟာကစ္စည်း မထေရ်ကို မြင်ရလျှင် မင်းကြီးထံသို့ သွားရောက်၍ “အရှင်မင်းကြီး-ကစ္စာနပုရောဟိတ်သည် ယခုအခါ ရဟန်းပြု၍ ဥယျာဉ်တော်သို့ ကြွရောက်လာပါပြီ”ဟု လျှောက်ထားလေ၏။ စဏ္ဍပဇ္ဇောတ မင်းသည် ဥယျာဉ်တော်သို့ ကြွရောက်၍ အရှင်မဟာကစ္စည်း မထေရ်ကို ဤသို့ ကြားလျှောက်၏ “အရှင်ဘုရား- မြတ်စွာဘုရား အဘယ်မှာနည်း” ဟု လျှောက်လေ၏။
ထိုအခါ မထေရ်မြတ်က “မြတ်သောမင်းကြီး-ဗုဒ္ဓမြတ်စွာသည် ကိုယ်တော်တိုင် ကြွတော်မမူသေးဘဲ ငါ့ကို လွှတ်လိုက်၏”ဟု မိန့်လေလျှင် စဏ္ဍပဇ္ဇောတမင်းသည် “အရှင်ဘုရားတို့ ယနေ့ဆွမ်းကို ဘယ်အရပ်၌ ရပါကုန် သနည်း” ဟု မေးလေလျှင် မထေရ်မြတ်သည် ဆွမ်းဒါယိကာမ သေဋ္ဌေးသမီး၏ ခဲယဉ်းစွာပြုအပ်သော ကောင်းမှုကုသိုလ်အကြောင်းကို အလုံးစုံ မိန့်တော် မူ၏။
စဏ္ဍပဇ္ဇောတမင်းကြီးသည် အရှင်မဟာကစ္စည်း မထေရ်မြတ်အား နက်ဖြန် အတွက် ဆွမ်းအလှူ ပင့်ဖိတ်ပြီးလျှင် ရွှေနန်းတော်သို့ ပြန်ကြွကာ ဆွမ်း ဒါယိကာမ သေဋ္ဌေးသမီးကို မင်းအာဏာဖြင့် ခေါ်ယူ၍ မိဖုရားကြီးအရာ၌ မြှောက်စားလေ၏။ ဤ ဆွမ်းဒါယိကာမ သေဋ္ဌေးသမီး၏ ပထမဇောကုသိုလ် စေတနာသည် မျက်မှောက် ဘဝ၌ပင် ချမ်းသာသုခကို ခံစားရလေသည်။
ထိုအချိန်မှစ၍ စဏ္ဍပဇ္ဇောတမင်းကြီးသည် မထေရ်မြတ်အား လာဘ်ပူဇော် သက္ကာရ ကြီးစွာ ပြု၏။ လူအပေါင်းတို့သည်လည်း မထေရ်မြတ်၏ ဆုံးမ ဩဝါဒကြောင့် မထေရ်မြတ်ထံတွင်ပင် ရဟန်းပြုကြလေ၏။ မထေရ်မြတ်သည် ဥဇ္ဇေနီပြည်သူပြည်သားများကို သာသနာတော်၌ သက်ဝင်ယုံကြည်စေ၏။
ဗုဒ္ဓမြတ်စွာသည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် “ရဟန်းတို့. . . . . အကျဉ်းဟောကြားထားသော တရားတော်၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် ဝေဖန် ခွဲခြား စိတ်ဖြာ ဟောကြားတတ်သော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် မဟာကစ္စာနရဟန်းသည် အသာဆုံး အမြတ်ဆုံး ဟု ဧတဒဂ်ဘွဲ့ထူးကို ချီးမြှောက်တော်မူလေသည်။
စာမျက်နှာ-630
၉။ အရှင်သီဝလိမထေရ်
အရှင်သီဝလိသည် ကောလိယသာကီဝင်မင်းမျိုးဝယ် သုပ္ပဝါသာ သာကီဝင် မင်းသမီး၏ ဝမ်း၌ ပဋိသန္ဓေတည်လေ၏။ ထိုပဋိသန္ဓေတည်သော အချိန်မှ စ၍ မင်းသမီးထံသို့ လက်ဆောင်ပဏ္ဏာတို့သည် ညဥ့် နံနက် ဆက်ကာ ဆက်ကာ ရာပေါင်းများစွာ ရောက်လာကြကုန်၏။
တစ်နေ့သောအခါတွင် သုပ္ပဝါသာမင်းသမီး၏ ဘုန်းကံအစွမ်းကို သိရှိရန် ဆွေတော်မျိုးတော်တို့သည် မင်းသမီး၏ လက်ဖြင့် မျိုးစေ့ဟောင်းများကို ထိစေကြကုန်၏၊ ထိုမျိုးစေ့များကို ကြဲချသောအခါ မျိုးစေ့ တစ်စေ့ တစ်စေ့မှ အညှောက်ပေါင်း အရာအယောင်ပေါက်၍ ထွက်လာလေ၏။ မင်းပယ်တစ်ပယ် ကျယ်သော လယ်မြေတစ်ကွက်မှ လှည်းအစီးပေါင်း ငါးဆယ် ခြောက်ဆယ်တိုက် ကောက်စပါးများ ထွက်ရှိကြကုန်၏။
စပါးကျီအတွင်း စပါးများ ဖြည့်သွင်းသောအခါ၌လည်း ဆွေတော်မျိုးတော် များက မင်းသမီး၏လက်ဖြင့် ကျီတံခါးကိုထိစေကြကုန်၏။ မင်းသမီး၏ ဘုန်းကံ ကြောင့် ကောက်စပါးများကို ထုတ်ယူသော်လည်း ယူသောနေရာတိုင်းသည် တစ်ဖန်ပြန်၍ ပြည့်လေ၏။ ထို့ပြင် ပြည့်သောထမင်းအိုးမှ ထမင်းကို ခူးကာ ရောက်လာသမျှသော လူအပေါင်းအား ပေးလှူကြသည်ရှိသော်လည်း မကုန် နိုင်ချေ။
ရှင်သီဝလိသည် အမိဝမ်း၌ ခုနစ်နှစ်တိုင်အောင် ပဋိသန္ဓေနေရ၏။ ရင့်ကျက်လာသောအခါ မင်းသမီးသည် ကိုယ်ဝန်ကြောင့် မိန်းမောတွေဝေ ရခြင်း ဆင်းရဲကို ခုနစ်ရက်ကြာ ခံစားရ၏။ ထိုအခါ မင်းသမီးသည်-
(၁) ဗုဒ္ဓမြတ်စွာ၏ ဂုဏ်တော်နှင့်စပ်သော ကောင်းသောအကြံ၊
(၂) သံဃာတော်၏ ဂုဏ်တော်နှင့်စပ်သော ကောင်းသောအကြံ
(၃) နိဗ္ဗာန်၏ သန္တိသုခ ဂုဏ်နှင့် စပ်သော ကောင်းသောအကြံ- တို့ကို အောက်မေ့၍ ကိုယ်ဝန်၏ ဆင်းရဲဒုက္ခကို အောင့်အည်း သည်းခံလေသည်။
ထို့နောက် မင်းသမီးသည် မိမိ၏ ခင်ပွန်းကိုခေါ်၍ “အို.... အရှင့်သား ကြွပါ၊ အကျွန်ုပ်၏ ဖြစ်ရပ်ကို မြတ်ဗုဒ္ဓအား လျှောက်ထား၍ ဘုရားရှင်အား ပင့်ဖိတ်တော် မူခဲ့ပါ၊ ဗုဒ္ဓမြတ်စွာ၏ မိန့်ကြားတော်မူလိုက်သည်များကိုလည်း မှတ်သား၍ အကျွန်ုပ်အား ပြောကြားတော် ပါ”ဟု ပြောဆို လွှတ်လိုက်လေ၏။ ကောလိယ မင်းသားသည် သုပ္ပဝါသာမင်းသမီး၏ အကြောင်းအရာ သတင်းစကားကို ဗုဒ္ဓ မြတ်စွာအား လျှောက်ထားလျှင် ဘုရားရှင်သည် “ကောလိယ-မင်းသမီး သုပ္ပဝါသာသည် ရောဂါ ပကတိချမ်းသာစေသတည်း၊ ရောဂါကင်းသော သားကို ဖွားစေသတည်း” မိန့်တော်မူလေသည်။
စာမျက်နှာ-631
ထိုသို့ မိန့်တော်မူသည့်အတိုင်း သားကို ဖွားမြင်လေ၏။ ကောလိယသည် မင်းသမီးအား ဘုရားရှင်၏ မိန့်ကြားတော်မူလိုက်သော သတင်းစကားကို ပြန်ပြောလေ၏။ မင်းသမီးသည် “အရှင့်သား ပင့်ဖိတ်အပ်သော အသက်ရှင် ဆွမ်းသည် မင်္ဂလာဆွမ်းဖြစ်လိမ့်မည်၊ တဖန်ပြန်၍ ခုနစ်ရက်ပတ်လုံး ဆွမ်းဘုဉ်း ပေးတော်မူရန် မြတ်စွာဘုရားကို ပင့်လျှောက်ချေပါဦး”ဟု ပြောဆို၏။ ကောလိယသည် မင်းသမီး၏ ဆန္ဒကို ပြည့်စေ၍ ခုနစ်ရက်ပတ်လုံး မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာတော်များအား အကြီးအကျယ် လှူဒါန်းကြလေကုန်၏။
သီဝလိဟူသော အမည်သည် ဆွေမျိုးမိဘတို့၏ စိတ်နှလုံးပူပန်မှုကို ငြိမ်းအေး စေသောကြောင့် မှည့်ခေါ်သောအမည် ဖြစ်ပေသည်။ သီဝလိသည် အမိဝမ်း၌ ခုနစ်နှစ်ကြာအောင် ကိန်းအောင်းနေရသဖြင့် ဖွားမြောက်လာသော အခါ ခုနစ်နှစ်သားအရွယ်တို့ ပြုနိုင်သောအရာတို့ကို ပြုစွမ်းနိုင်သူ ဖြစ်ပါသည်၊ ခုနစ်ရက်ပတ်လုံး အလှူဒါနပွဲကြီး၌ ရဟန်းသံဃာတော်များအား ရေစစ်ဖြင့် ရေကို စစ်၍ ဆက်ကပ်လှူဒါန်းလေ၏။
တရားစစ်သူကြီး အရှင်သာရိပုတ္တရာသည် ခုနစ်ရက်မြောက်သောနေ့၌ သီဝလသူငယ်အား “သီဝလိ သင်သည် ဤသို့သဘောရှိသော ဒုက္ခအစုကို ခံစား ရခဲ့၍ ရှင်ရဟန်းပြုရန် မသင့်မလျော်ဘူးလော”ဟု မေးတော်မူ၏။ သီဝလိသည် မိဘထံမှ ခွင့်ရလျှင် ရဟန်းပြုလိုပါသည်ဟု လျှောက်လေ၏။ သုပ္ပဝါသာသည် သားနှင့် မထေရ်မြတ်ပြောဆိုနေသည်ကို မြင်၍ မထေရ်မြတ်ထံ ချဉ်းကပ်ကာ မေးလျှောက်လေ၏။
ထိုအခါ မထေရ်မြတ်က “အမိဝမ်းထဲ၌ ခံစားခဲ့ရသော ဒုက္ခကို ပြောပြ၍ အသင်မိဘနှစ်ပါးတို့က ခွင့်ပြုလျှင် ရှင်ရဟန်းပြုပေးမည်”ဟု မိန့်ကြားလျှင် သုပ္ပဝါသာ မင်းသမီးသည် ခွင့်ပြုကြောင်း စကားကို လျှောက်ထားလေ၏။ ထိုအခါ မထေရ်မြတ်သည် သီဝလိကို ကျောင်းတော်သို့ ခေါ်ဆောင်၍ တစပဉ္စကကမ္မဋ္ဌာန်းကို ပေးပြီးလျှင် ရှင်ပြုပေး၏။ “သီဝလိ-သင့်အား အခြားဩဝါဒ ပေးရန်မလို၊ ခုနစ်နှစ်ပတ်လုံး မိမိ ခံစားခဲ့ရသော ဆင်းရဲဒုက္ခဒဏ်ကိုသာ ဆင်ခြင်ပါ”ဟု မိန့်တော်မူလေ၏။ သီဝလိသည် ပြုနိုင်သမျှသော တရားနှလုံးသွင်းခြင်း အမှုကို ဆင်ခြင်ပွားများ၏။
ရှင်သီဝလိသည် ပထမဆံဖျားကို ရိတ်ချလိုက်သောခဏမှာပင် သောတာပတ္တိ ဖိုလ်၌ တည်လေ၏။ ဒုတိယဆံဝန်းကို ရိတ်ချလိုက်သောအခါ သကဒါဂါမိဖိုလ်၌ တည်၏။ တတိယဆံဝန်းကို ရိတ်ချလိုက်သောအခါ အနာဂါမိဖိုလ်၌ တည်၏။ အားလုံးသော ဆံဝန်းကို ရိတ်ချလိုက်သည်နှင့် တပြိုင်နက် အရဟတ္တဖိုလ်၌ တည်လေ၏။
စာမျက်နှာ-632
ရှင်သီဝလိသည် ရှင်ရဟန်းပြုသောနေ့မှစ၍ ပစ္စည်းလေးပါးတို့ အလိုရှိတိုင်း ပေါများလေ၏။ ထိုသို့ လာဘ်ပေါများလာသောကြောင့် မိမိ၏ဘုန်းကို စုံစမ်းရန် မြတ်ဗုဒ္ဓ၏ ခွင့်ပြုချက်ဖြင့် ရဟန်းငါးရာတို့ကို အဖော်အဖြစ်ခေါ်၍ ဟိမဝန္တာ တောသို့ ရှေးရှုကြွသွားတော်မူ၏။ ထိုအခါ ခရီးစခန်း၌ ရှေးဦးစွာ ပညောင်ပင် ကြီးကို တွေ့လေ၏၊ ညောင်ပင်စောင့်နတ်မင်းသည် မထေရ်မြတ်အား ခုနစ်ရက် ကြာအောင် အလှူဒါနပြုလေသည်။
ဤနည်းဖြင့်
(၁) ရှေးဦးစွာ ပညောင်ပင်ကြီး
(၂) နှစ်ကြိမ်မြောက်၌ ပဏ္ဍဝတောင်
(၃) သုံးကြိမ်မြောက်၌ အစိရဝတီမြစ်
(၄) လေးကြိမ်မြောက်၌ ဝရသာဂရမည်သော သမုဒ္ဒရာ
(၅) ငါးကြိမ်မြောက်၌ ဟိမဝန္တာတောင်
(၆) ခြောက်ကြိမ်မြောက်၌ ဆဒ္ဒန်အိုင်
(၇) ခုနစ်ကြိမ်မြောက်၌ ဂန္ဓမာဒနတောင်
(၈) ရှစ်ကြိမ်မြောက်၌ အရှင်ရေဝတနေရာသို့-
ကြွရောက်တော်မူလေသည်။ နေရာအားလုံးတို့၌ ခုနစ်ရက်စီ မထေရ်မြတ်အား နတ်တို့က ကြီးစွာ လှူဒါန်းကြလေသည်။
အထူးသဖြင့် ဂန္ဓမာဒနတောင်သို့ ကြွသော ခုနစ်ရက်တွင် နွားနို့ ဆွမ်း တစ်ရက်၊ ထောပတ်တစ်ရက်၊ အလှည့်အလည် နတ်တို့ ပေးလှူ၏။ ထိုသို့ ပေးလှူနိုင်ခြင်းမှာ-ကဿပ ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါ၌ စာရေးတံ နို့ဆွမ်းလှူဒါန်းခဲ့သော ဒါနကောင်းမှုအကျိုးကြောင့် ဖြစ်ပါသည်ဟု နာဂဒတ္တ နတ်မင်းက ရဟန်းသံဃာတော်များအား လျှောက်ထားလေသည်။
ဗုဒ္ဓမြတ်စွာသည် အရှင်ခဒိရဝနိယရေဝတမထေရ်ထံ ကြွတော်မူရာဝယ် လမ်းခရီး၌ နတ်များက အရှင်သီဝလိမထေရ်မြတ်အား ဦးတည်၍ နေ့ရက် မပြတ် အလှူဒါန ဆက်ကပ်ကြသည်ကို အကြောင်းပြု၍ “ရဟန်းတို့-လာဘ် လာဘပေါများကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် သီဝလိ ရဟန်းသည် အသာဆုံး အမြတ်ဆုံး” ဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှောက်တော် မူပါသည်။
စာမျက်နှာ-633
(ဃ) အမျိုးသမီးထေရီများ
၁။ မဟာပဇာပတိ ဂေါတမီထေရီ
မဟာပဇာပတိ ဂေါတမီသည် ဒေဝဒဟပြည် မဟာသုပ္ပဗုဒ္ဓ သာကီဝင် မင်းကြီး၏ သမီးတော်အငယ် ဖြစ်လေသည်။ ဂေါတမီဟု အမည်တွင်၏။ မဟာ မာယာမင်းသမီး၏ ညီမတော်တည်း။ ဤမင်းသမီးနှစ်ပါး၏ ဝမ်း၌ သန္ဓေယူသော သားတို့သည် စကြဝတေးမင်း ဖြစ်လိမ့်မည်ဟု ပုဏ္ဏားတို့က နိမိတ်ဖတ်ကြကုန်၏။ သုဒ္ဓေါဒနမင်းကြီးသည် မဟာမာယာနှင့် ဂေါတမီ ညီအမနှစ်ယောက်လုံးကို ထိမ်းမြားမင်္ဂလာပြု၍ ကပိလဝတ်နန်းတော်သို့ ဆောင်ယူခဲ့၏။ မဟာမာယာကို အဂ္ဂဒေဝီ မဟေသီ မိဖုရားခေါင်ကြီးအရာ၌ ထား၏။
အကျွန်ုပ်တို့၏ ဗုဒ္ဓလောင်းလျာသည် မိဖုရားခေါင်ကြီးဝမ်း၌ ပဋိသန္ဓေ နေတော်မူ၏။ မဟာမာယာမိဖုရားကြီးသည် ဘုရားအလောင်းတော်ကို ဖွားမြင် တော်မူသည်။ မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်နေ့မှ နောက် ခုနှစ်ရက် မြောက်သောနေ့ (ကဆုန်လပြည့်ကျော် ခုနှစ်ရက်နေ့)၌ နတ်ရွာစံ၍ တုသိတာ နတ်ပြည်ဝယ် သန္တုသိတ နတ်သားဖြစ်လေသည်။
သုဒ္ဓေါဒနမင်းကြီးသည် ညီမတော် ဂေါတမီကို အဂ္ဂဒေဝီမဟေသီမိဖုရားကြီး အရာ မြှောက်စားလေ၏။ ဘုရားအလောင်းတော်ကို ဖွားမြင်၍ ခုနှစ်ရက်မြောက် သောနေ့တွင် ပဇာပတိဂေါတမီ မိဖုရားမှ နန္ဒမင်းသားကို ဖွားမြင်လေသည်။ ပဇာပတိဂေါတမီသည် မိမိ၏သားရင်း နန္ဒမင်းသားကို အထိန်းတော်များအား ပေးအပ်ပြီး မိမိကိုယ်တိုင်ကမူ ဘုရားအလောင်း၏ အထိန်းအယ ကိစ္စအဝဝကို ကိုယ်တိုင် ပြုလုပ်ကာ ဘုရားအလောင်းတော်အား နို့ချိုအေးကို တိုက်ကျွေး မွေးမြူခဲ့လေသည်။
သားတော်ဘုရားအလောင်း ဘုရားဖြစ်ပြီး ကပိလဝတ်နေပြည်တော်သို့ ရောက်တော်မူသောအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် ဆွမ်းခံလမ်း အကြားမှာပင် တရားစကား ကြားနာရ၍ သောတာပန် အရိယာ ဖြစ်လေသည်။ ခုနစ်ရက်မြောက်သော နေ့တွင် နန္ဒမင်းသား ရဟန်းပြု၏။ ခုနစ်ရက်မြောက်သောနေ့တွင် ရာဟုလာ ရှင်ပြုလေသည်။ မြတ်စွာဘုရား မဟာဝုန်တော၌ သီတင်းသုံးနေစဉ် သုဒ္ဓေါဒနမင်းကြီးသည် ကပိလဝတ်ပြည် ရွှေနန်းတော်အတွင်း၌ အရဟတ္တဖိုလ်သို့ ရောက်၍ ပရိနိဗ္ဗာန်ဝင်စံလေသည်။ ထိုအခါ မဟာပဇာပတိဂေါတမီသည် ရဟန်းပြုရန် စိတ်အားသန်လေ၏။
စာမျက်နှာ-634
မိထွေးတော်ဂေါတမီသည် သာကီဝင်မင်းသမီး ငါးရာနှင့် ရဟန်းပြုခွင့်ရရန် ပထမအကြိမ် ဗုဒ္ဓမြတ်စွာကို တောင်းပန်သော်လည်း အခွင့်မရသောကြောင့် ဤအကြိမ်တွင် ခေါင်းရိတ်, ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ဆင်လျက် သာကီဝင် မင်းသမီး ငါးရာနှင့်အတူ ဝေသာလီပြည်သို့ သွားရောက်၍ အရှင်အာနန္ဒာကို အကူအညီတောင်းကာ ဗုဒ္ဓမြတ်စွာကို တောင်းပန်စေပြီးနောက် ဂရုဓံရှစ်ပါး တရားတို့ဖြင့် ရှင်, ရဟန်းအဖြစ်ကို ရယူလေသည်။
မိထွေးတော် ဂေါတမီထေရီမသည် ရဟန်းမိန်းမဖြစ်ပြီးနောက် “သံခိတ္တ” သုတ် ဒေသနာကို ကြားနာရသဖြင့် အရဟတ္တဖိုလ်သို့ ရောက်ရှိလေသည်။ သာကီဝင် မင်းသမီး ရဟန်းမငါးရာတို့သည်ကား နောက်အခါ၌ “နန္ဒကောဝါဒ” သုတ္တန်ကို ကြားနာရသဖြင့် မိမိတို့ အလိုဆန္ဒအတိုင်း အချို့ သောတာပန်, အချို့ သကဒါဂါမ်, အချို့ အနာဂါမ်, အချို့ ရဟန္တာ ဖြစ်ကြလေကုန်၏။
ဗုဒ္ဓမြတ်စွာသည် ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံး နေတော်မူစဉ်- ရဟန်းတို့- ညဉ့်အပိုင်းအခြားကို သိကြသည့် ငါဘုရား၏ တပည့်မ သာဝိကာ ဘိက္ခုနီမတို့တွင် မဟာပဇာပတိဂေါတမီထေရီသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူပါသည်။
သက်တော် ၁၂ဝ ရှိပြီ ဖြစ်သော မိထွေးတော်ဂေါတမီ ထေရီမကြီးသည် နံနက်အခါ ဝေသာလီပြည်တွင်း၌ ဆွမ်းခံလှည့်လည်ကာ ဆွမ်းဘုန်းပေးပြီးနောက် မိမိနေ့သန့်ရာ နေရာ၌ ဖလသမာပတ်ဝင်စားပြီးလျှင် ထိုသမာပတ်မှထ၍ မိမိ၏ အာယုသင်္ခါရကို ဆင်ခြင်ကြည့်ရှူလတ်သော် ကုန်နေပြီကို သိ၍ “ဗုဒ္ဓမြတ်စွာအား ပရိနိဗ္ဗာန်စံဖို့ရန် ခွင့်ပြုသိစေပြီး အဂ္ဂသာဝက နှစ်ပါးစသော မထေရ်မြတ်များ၊ သီတင်းသုံးဖော် အရိယာသံဃာတော်တို့ကို ပန်ကြားပြီး မိမိဘိက္ခုနီမကျောင်းသို့ ပြန်လာ၍ ပရိနိဗ္ဗာန်စံရမူ ကောင်းလေစွ” ဟု ကြံစည်မိ၏။
ထို့အတူ သာကီဝင်မင်းသမီး ဘိက္ခုနီမငါးရာတို့လည်း ကြံစည်ဆင်ခြင်မိကြ၏။ ထိုအခါ မြေငလျင် ပြင်းစွာ တုန်လှုပ်၏။ အခါမဟုတ် မိုးထစ်ချုန်း၏။
မိထွေးတော်ဂေါတမီထေရီမကြီးက- “ငါသည် အိုခြင်း ကင်းရာ, သေခြင်းကင်းရာ, မနှစ်သက်အပ်သည့် သတ္တဝါ သင်္ခါရတို့နှင့် တွေ့ဆုံရခြင်း ဆင်းရဲကင်းရာ, နှစ်သက်အပ်သည့် သတ္တဝါသင်္ခါရ တို့နှင့် ကွေကွင်းရခြင်း ဆင်းရဲကင်းရာ အသင်္ခတဓာတ် နိဗ္ဗာန်ရွှေပြည်မြတ်သို့ သွားရောက်တော့အံ့” ဟု ရွတ်ဆိုလိုက်လျှင် နတ်လူတို့သည် ငိုကြွေးကြလေသည်။
စာမျက်နှာ-635
မြို့လယ်လမ်းမကြီးအတိုင်း ဘိက္ခုနီမများထွက်လာရာ ဥပါသိကာမတို့သည် ငိုကြွေးကြလေသည်။ ထေရီမကြီးသည် သောကပျောက်ရေး တရားကို ဟောတော်မူခဲ့ရသေး၏။ ဗုဒ္ဓမြတ်စွာထံတော်သို့ ရောက်သောအခါ “အဟံ သုဂတ တေ မာတာ၊ တွံ စ ဝီရ ပိတာ မမ” စသော ၁၆ ဂါထာတို့ဖြင့် ပရိနိဗ္ဗာန် စံလိုကြောင်း ခွင့်တောင်းကန်တော့ပြီးနောက် ဗုဒ္ဓမြတ်စွာက ခွင့်ပြုတော်မူ၏။
ထို့နောက် ရဟန်းသံဃာတော်များ, အရှင်ရာဟုလာ, အရှင်အာနန္ဒာ, အရှင်နန္ဒ တို့ကိုလည်း ရိုသေစွာရှိခိုး၍ ခန္ဓာ၏ အပြစ် ဖော်ပြကာ ပရိနိဗ္ဗာန် ဝင်စံ လိုကြောင်း ခွင့်တောင်းပြန်လေသည်။ အခြားအရှင်တို့မှာ ရဟန္တာဖြစ်ကြ၍ ဓမ္မသံဝေဂ ဖြစ်ကြသော်လည်း အရှင်အာနန္ဒာမှာ သေက္ခအရိယာဖြစ်၍ သည်းစွာငိုကြွေးလေသည်။
ထို့နောက် ဗုဒ္ဓရှင်တော်ဘုရားက မိထွေးတော် ဂေါတမီအား တန်ခိုး ပြဋိဟာကို ပြခိုင်းလေ၏။ ထေရီမကြီးသည် တစ်ပါးတည်းက အများဖြစ်ခြင်း, အများကြီးမှ တစ်ပါးတည်းဖြစ်ခြင်း,ပေါ်ခြင်း, ပျောက်ကွယ်ခြင်း,နံရံတဖက် တောင်တဖက်သို့ မငြိမကပ်သွားခြင်း စသော တန်ခိုးကို ပြသည့်အပြင် မြင်းမိုရ် တောင်ကို ထီးရိုး မဟာပထဝီမြေကြီးကို ထီးရွက်ပြု၍ အထက်အောက် ပြန်လှန် ကာ ကောင်းကင်၌ ထီးသဖွယ် ဆောင်၍ စင်္ကြံလျှောက်ကာ ပြသလေသည်။ နေခြောက်စင်း .. ထွက်သောအခါကဲ့သို့ ဩကာသလောကတစ်ခုလုံး အခိုးတွေ ဖုံးနေပုံကိုလည်း ဖန်ဆင်းပြသလေသည်။
တန်ခိုးပြပြီးနောက် ကောင်းကင်မှ ဆင်းသက်၍ မြတ်စွာဘုရားကို ရှိခိုးကာ “သားတော်ဘုရား-တပည့်တော်မ မိထွေးတော်ကြီးသည် အသက် ၁၂ဝ ရှိပါပြီ အိုမင်းလှပါပြီ သားတော်ဘုရား၊ ပရိနိဗ္ဗာန်ဝင်စံပါရစေတော့” ဟု လျှောက်ထားလေသည်။ ထို့အတူ ငါးရာသော ဘိက္ခုနီမတို့သည်လည်း ကောင်းကင်သို့ တက်၍ တန်ခိုးအမျိုးမျိုးကို ပြသ ပြီးနောက် ဗုဒ္ဓမြတ်စွာအား ပရိနိဗ္ဗာန် ဝင်စံခွင့် တောင်းကြလေသည်။
ဗုဒ္ဓ ဘုရားရှင်၏ ခွင့်ပြုချက်ရသောအခါ မိထွေးတော် ဂေါတမီ အမှူးရှိသော ဘိက္ခုနီမငါးရာတို့သည် မိမိတို့ ကျောင်းအသီးသီး၌ ထက်ဝက်ဖွဲ့ခွေ ထိုင် နေတော်မူလျက်ရှိစဉ် ဘိက္ခုနီမတို့ကို ဆည်းကပ်သော ဥပါသိကာမတို့က ရင်ဘတ်ကို တီးခတ်၊ ဗုန်းဗုန်းပစ်လှဲ ငိုကြွေးကြကုန်၏။
မိထွေးတော်ကြီးက “သမီးတို့-ငိုကြွေးခြင်းဖြင့် အကျိုးမရှိ၊ သင်္ခါရတရားတို့သည် အမြဲမရှိ၊ ကွေ့ကွင်း ရခြင်း အဆုံးရှိ၏။ ဖောက်ပြန်တတ်၏” ဟု ဟောပြောဆုံးမ၍ အိမ်သို့ ပြန်စေ ကုန်ပြီးလျှင် လောကီဈာန်သမာပတ် ရှစ်ပါးတို့ကို အနုလုံ ပဋိလုံ ဝင်စား၍ စတုတ္ထဈာန်မှ ထပြီးသော် အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် အငြိမ်းကြီး ငြိမ်းလေ၏။
စာမျက်နှာ-636
ဘိက္ခုနီမငါးရာတို့သည်လည်း ထို့အတူ နိဗ္ဗာန်ယူသိမ်း ငြိမ်းကြလေကုန်၏။ ထိုသို့ ဘိက္ခုနီငါးရာ တပြိုင်နက် ပရိနိဗ္ဗာန်စံယူသောအခါ ပြင်းစွာ မြေတုန်လှုပ် ခြင်း၊ ကောင်းကင်မှ ဥက္ကာကျခြင်း၊ နတ်မိုး နတ်စည် ချုန်းမြည်ခြင်း၊ နတ်တို့ ငိုယိုမြည်တမ်းလျက် ထိတ်လန့် သံဝေဂရ၍ “အနိစ္စာ ဝတ သင်္ခါရာ၊ ယထာယံ ဝိလယံ ဂတာ” ဟု သံဝေဂစကား မြွတ်ဆိုခြင်း စသည့် အံ့ဩဖွယ်တို့သည် ဖြစ်ကုန်၏။
မြတ်စွာဘုရားသည် ရဟန်းသံဃာများနှင့်တကွ ကိုယ်တော်တိုင် ကြွတော် မူပြီးလျှင် (၁) ရှေ့ဆုံးမှ လူ နတ် နဂါး အသူရာ ဗြဟ္မာများ (၂) ထို့နောက် ဝိသကြုံ ဖန်ဆင်းအပ်သည့် ရွှေသားအလောင်းစင်ပြာသာဒ် ငါးရာထက်သို့ ညောင်စောင်းနှင့်တကွ တင်စေ၍ ဘိက္ခုနီမငါးရာတို့၏ အလောင်းစင်ပြာသာဒ် တို့ကို နတ်တို့က ထမ်းလျက်လည်းကောင်း (၃) ထို့နောက်မှ မိထွေးတော် ဂေါတမီ၏ အလောင်းစင်ပြာသာဒ်ကို လောကပါလနတ်မင်းကြီး လေးယောက် တို့က ထမ်းလျက်လည်းကောင်း (၄) ထို့နောက်မှ သံဃာတော်များနှင့် မြတ်စွာ ဘုရားရှင် လိုက်ပါတော်မူ၍ လည်းကောင်း ဤအစီအစဉ်အတိုင်း လမ်းမ တစ်လျှောက် ကောင်းကင်အပြည့် ဗိတာန်မျက်နှာကြက်မိုးကာ အမျိုးမျိုးသော ပန်းနံ့သာ သာယာချိုအေးသော တူရိယာတို့ဖြင့် ပူဇော်ချီးမြောက်ကြ၍ သုသာန်သို့ ပို့ကြလေ၏။
နေသည် ... မွန်းတည့်ချိန်ဖြစ်သော်လည်း လကဲ့သို့ အေးမြ၍ နေ၏။ မိထွေးတော်၏ နိဗ္ဗာန်စံမြန်းခန်းလောက် မြတ်ဗုဒ္ဓ၏ နိဗ္ဗာန်စံမြန်းခန်းသည်ပင် အံ့ဩဖွယ် မများလှချေ။ မိထွေးတော် ဂေါတမီ နိဗ္ဗာန်လားရာ၌ကား မြတ်စွာ ဘုရားရော အရှင်သာရိပုတ္တရာပါ ကြပ်မတ်စီရင်ကြကုန်၏။
မြတ်စွာဘုရားသည် မိထွေးတော်၏ အရိုးဓာတ်တို့ကို ကိုင်ပြတော်မူလျက် လူ နတ် ဗြဟ္မာ ပရိသတ်တို့အား အနှစ်သာရပြည့်ဝပြီး ခိုင်မြဲစွာ တည်တံ့သော သစ်ပင်ကြီး၏ ပင်စည်သည် အလွန်ပွားများ ကြီးကျယ်၏။ ထိုပြန်ပွားကြီးကျယ် သော ပင်စည်သည် ပင်ကိုသဘော မမြဲလေသောကြောင့် ယိမ်းယိုင်ပျက်ပြား လဲပြိုသကဲ့သို့ သစ်ပင်ကြီးပမာ ဘိက္ခုနီသံဃာ၏ ပင်စည်ကြီးနှင့် တူသော မိထွေးတော်ဂေါတမီသည် နိဗ္ဗာန်ယူသိမ်း ငြိမ်းလေပြီတကားဟု တရားပြ ဆုံးမတော်မူ၏။
၂။ ခေမာထေရီ
ခေမာသည် သာဂလမြို့ မဒ္ဒရာဇ်မင်း၏ သမီးတော် ဖြစ်သည်။ ပြည်သူ တို့ကို ... ဘေးကင်းစေလျက် ... မွေးဖွားလာသူ ဖြစ်သောကြောင့် “ခေမာ” ဟု အမည်တွင်လေသည်။
စာမျက်နှာ-637
ခေမာသည် ဗိမ္ဗိသာရမင်းကြီး၏ အလွန် ချစ်မြတ်နိုးသည့် မိဖုရားကြီး ဖြစ်၍ အလွန်ချော အလွန်လှသည့်အတွက် သူ့အဆင်း၌ အလွန် မာန်ယစ်သူ ဖြစ်လေသည်။
ဗုဒ္ဓမြတ်စွာသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ခေမာမိဖုရားသည် မြတ်ဗုဒ္ဓက ရုပ်၌ အပြစ်ကို ပြ၍ တရားဟောတော်မူသတဲ့ဟု တဆင့်စကား ကြားသိရ၍ ငါသွားလျှင်လည်း ဗုဒ္ဓမြတ်စွာသည် အဆင်းရုပ်၌ အပြစ်ကိုပင် ပြတော်မူလေရာ၏ဟု ကြံစည်မိကာ မြတ်ဗုဒ္ဓထံသို့ အဖူး အမြော် ... မသွားရောက်ချေ။
ဗိမ္ဗိသာရမင်းကြီးသည် ဗုဒ္ဓမြတ်စွာ၏ တပည့်အရိယာတစ်ယောက် ဖြစ်လျက် သူ၏ မိဖုရားမှာ ဗုဒ္ဓထံတော်သို့ အဖူးအမြော် မသွားရောက်ခြင်းကို မနှစ်သက်နိုင် ရကား စာဆိုကဝိတို့အား ဝေဠုဝန်ကျောင်းတိုက်ကြီး၏ သာယာပုံအကြောင်း တို့ကို ဖွဲ့နွဲ့သီကုံးစေလျက် ... ခေမာမိဖုရား ကြားလောက်ရာအရပ်၌ သီဆိုကြ ရမည်ဟု အမိန့်ပေးလေ၏။
ထိုသီချင်းသံကို ခေမာမိဖုရားကြားရလျှင် ရှေးက ဝေဠုဝန်ကျောင်းတော်၌ မင်းတရားနှင့် ... မွေ့လျော်ပျော်ပါးဖူးသော်လည်း မသွားရဖူးသကဲ့သို့ အဆန်း တကြယ် ... အံ့ဩဖွယ်ကြီး ထင်၍ကြည့်ရှုချင်သော အာသာဆန္ဒ ပြင်းပြလျက် ဗိမ္ဗိသာရမင်းကြီးအား ခွင့်ပန်ပြီး ဗုဒ္ဓမြတ်စွာနှင့် မတွေ့ရအောင် ကြံ၍ မြတ်ဗုဒ္ဓ ဆွမ်းခံဝင်ချိန်တွင် ကြီးစွာသော အခမ်းအနားဖြင့် ဝေဠုဝန် ဥယျာဉ်တော်သို့ ဝင်ပြီး ပျားပိတုန်း တသောသော, ဥဩတွန်ကျူး, ဒေါင်းမြူး ကခုန်, လူစုံ မရောပြွမ်း, ဆိတ်ချမ်း လူသံ, စင်္ကြံ မဏ္ဍပ်, ကျောင်း ဇရပ်တို့ဖြင့် ယောဂီ သူမြတ်တို့ မွေ့လျော်ရာ ဝေဠုဝန်ဥယျာဉ်တော်ကို ရှုမျှော်လှည့်လည်လေ၏။
ထိုသို့ လှည့်လည်စဉ် သစ်ပင်ရင်း၌ ရဟန်းတရားအားထုတ်နေသည့် ရဟန်းပျို တစ်ပါးကို မြင်၍ ဤအရွယ်မှာ မွေ့လျော်ဖွယ်အာရုံ ကာမဂုဏ်ကို ခံစားပြီး အသက်ကြီးမှ ရဟန်းတရား အားထုတ်သင့်၏ဟု... အမှားကြံဆင်ခြင်း၍ မြတ်ဗုဒ္ဓ မရှိဟူသော အမှတ်ဖြင့် ဂန္ဓကုဋီကျောင်းသို့ လှည့်ပတ်ချဉ်းကပ်လေသော် ခေမာ မိဖုရားလာလိမ့်မည်ကို သိ၍ ဆွမ်းခံမကြွဘဲ ဂန္ဓကုဋီကျောင်းတော်၌ ခေမာ မိဖုရားထက် အဆဆ သာလွန်လှပ တင့်တယ်သော မိန်းမငယ် ဣဒ္ဓိရုပ်ကို ဖန်ဆင်းတော်မူလျက် ယပ်ခတ်စေ၍ နေတော်မူသော မြတ်စွာဘုရားရှင်ကို ပတ်ပင်း ဖူးမြင်ရလေ၏။
စာမျက်နှာ-638
ခေမာမိဖုရားသည် မိမိအဆင်း၌ တပ်မက်ခြင်းကို ပယ်စွန့်၍ ထိုဣဒ္ဓိရုပ် သူငယ်မအဆင်း၌ ပြင်းစွာတပ်မှိန်း တစိန်းစိန်း ကြည့်ရှုဆဲ၌ပင် ဗုဒ္ဓမြတ်စွာ၏ ဖန်ဆင်းမှုကြောင့် ထိုသူငယ်မမှာ ရွတ်တအိုမင်း အဆင်းဖောက်ပြန် ဆံဖြူ သွားကျိုး ညှင်းဆိုး မှဲ့စွဲလျက် တွဲရရွဲကျသော သားမြတ်, တွန့်ကပ်ပိန် ခြောက်သော အရေအသား, ကိုးရိုး ကားရား ခြေလက်အင်္ဂါ, ကြီးစွာသော . အဆစ်အပိုင်း, အကြော ပြိုင်းပြိုင်းနှင့် ကုပ်ကိုင်းသော ကိုယ်ရှိလျက် ပင့်သက်ရှူရှိုက် တုန်တုန်ခိုက်ခိုက် မျက်ဖြူဆိုက်၍ ဖိုက်ခနဲ လဲသေသည်ကို မြင်ရလေလျှင် ခေမာ မိဖုရား၏ စိတ်သန္တာန်၌ ဓာတ်လေးပါးဆောင် ဤရုပ်ကောင်သည် ပင်ကို သူ့သဘောဝယ် မစင်ကြယ်ပါတကား၊ စက်ဆုပ်ဖွယ်ရာပါတကား၊ ယင်းသို့ စက်ဆုပ်ဖွယ် ရုပ်ကောင်၌ ပညာအန္ဓ အမိုက်မတို့သည် မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်၍ နေကုန်၏တကားဟု သံဝေဂဉာဏ် ဖြစ်လာလေ၏။
ထိုအခါ ဗုဒ္ဓမြတ်စွာက
(က) ချစ်သမီး ခေမာ-ကျင်နာခံခက် နှိပ်စက်တတ်သော, မစင်မကြယ် ပုပ်ဟောင် ညှီလှောင်သော အနံ့ရှိသော, အထက် အောက် တစက်စက် ယိုထွက်သော လူမိုက်တို့သည် လွန်စွာ စုံမက် နှစ်သက် မြတ်နိုးအပ်သော ခန္ဓာကိုယ်ကို စေ့စေ့ ကြည့်ရှုလော့။
(ခ) မတင့်တယ် စက်ဆုပ်ဖွယ်ဟု စိတ်ဝယ်ထင်ခြင်းမှာ တစ်ခုတည်းသော အာရုံရှိသော ကောင်းစွာ တည်ကြည်သော ဘာဝနာစိတ်ကို ပွားစေလော့၊ ကာယကောဋ္ဌာသ၌ ဖြစ်သော အောက်မေ့ခြင်း သတိသည် သင့်အား ဖြစ်စေလော့၊ ငြီးငွေ့ခြင်းများသည် ဖြစ်စေလော့။
(ဂ) ချစ်သမီးခေမာ-ဤငါ့ထံကပ်ခို မိန်းမ၏ကိုယ်သည် အိုမင်းရွတ်တွ ပျက်စီးရသကဲ့သို့ ထို့အတူ သင်၏ကိုယ်သည် အိုမင်းရွတ်တွ ပျက်စီးရလတ္တံ့၊ သင်၏ကိုယ်သည် မသေခင် တင့်တယ်လှပသည်ဟု ထင်ရသကဲ့သို့ ထို့အတူ ငါ့ထံကပ်ခို ဤမိန်းမ၏ ကိုယ်သည် မသေခင် တင့်တယ်လှပသည်ဟု ထင်ရ၏။ အတွင်း, အပလည်းဖြစ်သော ကိုယ်၌ တပ်မက်သော ဆန္ဒရာဂကို ပယ်စွန် ဖြတ် ကောက်လော့။
(ဃ) ပေါင်း၍တည်ဟန် သဏ္ဌာန်အကောင်အထည်မရှိဟု ခွဲထုစပ်ဖန် အဖြစ် အပျက်ကို ရှုသော ဝိပဿနာဉာဏ်ကိုလည်း ပွားစေလော့၊ ထောင်လွှားသော မာနကို စွန့်ပယ်လော့၊ ထိုသို့စွန့်ပယ်ခြင်းကြောင့် ၁၁-ပါးသောမီး ငြိမ်းကုန်သည် ဖြစ်၍ နိဗ္ဗာန်ထုတ်ချောက် ရောက်ရလတ္တံ့ ။
စာမျက်နှာ-639
(င) ပင့်ကူကောင်သည် မိမိပြုအပ်သော ကွန်ရက်အသွင် ပင့်ကူချည်မျှင်သို့ အစဉ်လျှောက်၍ နေသကဲ့သို့ အကြင်သတ္တဝါတို့သည် ရာဂဖြင့် တပ်မက်မော ကုန်၏။ ထိုသတ္တဝါတို့သည် မိမိပြုအပ်သော ကိလေသာအလျဉ် ခန္ဓာအစဉ်သို့ အစဉ်လိုက်၍ နေရကုန်၏။ ပညာရှိတို့သည် ကာမဂုဏ်ချမ်းသာကို ငဲ့ကွက် ... တွယ်တာခြင်း မရှိကုန်ဘဲ ... ပယ်စွန့်ကုန်၍ ထိုကိလေသာအလျဉ် ခန္ဓာအစဉ် ကိုလည်း တစမကျန် တွန်းလှန် ဖြတ်တောက်ကုန်၍ နိဗ္ဗာန်ထုတ်ချောက် သွားရောက် ကြကုန်၏။
ဤတရားဒေသနာတော်ကို ကြားနာရ၍ ခေမာမိဖုရား ... စိတ်ကြည်သာ ရွှင်လန်းနေသည်ကို သိမြင်တော်မူကာ ဗုဒ္ဓမြတ်စွာသည် မဟာနိဒါနသုတ်ကို ဟောတော်မူ၏။ ထိုသုတ်ကို ကြားနာရသော ခေမာမိဖုရားသည် ရှေးက မိမိ လေ့ကျက်ခဲ့ဖူးသည်ကို အမှတ်ရကာ ထိုနေရာ၌ပင် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်လေ၏။
ထိုအခါ ခေမာမိဖုရားသည် ရှေးက ရုပ်မာနဖြင့် အထင်မှား အမြင်မှားခဲ့သည့် အပြစ်ကို တောင်းပန်ကန်တော့လျက် မြတ်ဗုဒ္ဓ၏ ခြေတော်ရင်း၌ ဝပ်စင်းကာ လျှောက်ဆိုသည်မှာ-
(၁) အလုံးစုံသော တရားကို သိမြင်တော်မူသော မြတ်စွာဘုရား. . . . အရှင် ဘုရားအား ရှိခိုးပါ၏ဘုရား၊ မဟာကရုဏာ၏ တည်ရာဖြစ်တော်မူသော မြတ်စွာ ဘုရား.... သံသရာဝဲဂယက်မှ ကူးမြောက်တော်မူပြီးသော မြတ်စွာဘုရား. . . . ဘယ်အခါမှမံသေ အမြိုက်မွေကို ပေးဝေတော်မူသော မြတ်စွာဘုရား. . . . အရှင် ဘုရားအား ရှိခိုးပါ၏ဘုရား။
(၂) မိစ္ဆာညစ်ထေး ချုံပျစ်စေးသို့ ပြေးဝင်သော, ကာမဗဂုဏ်ကို ခင်စုံတပ်မက် နှစ်သက်လိုက်စား၍ မျက်စိလည်လမ်းမှားသော အကျွန်ုပ်သည် လှပတင့်တယ် ရှုချင်စဖွယ် မိန်းမငယ်အဆင်းကို ဖန်ဆင်းတုံရှောင်း နည်းကောင်းဥပါယ်တံမျဉ်ဖြင့် ရှင်ပင်ဘုရားသည် လိမ္မာယဉ်ကျေးအောင် နည်းပေးဆုံးမအပ်သည်ဖြစ်၍ ကိုယ်နှုတ်နှလုံးကို ယဉ်ကျေးအောင် ဘုံမခြင်း၌ နှစ်ခြိုက်ရွှင်ပျော် မွေ့လျော်ရပါပြီ ဘုရား။
(၃) အရှင်ဘုရားကဲ့သို့ သဘောရှိကုန်သော သီလ သမာဓိ အစရှိကုန်သော ဂုဏ်တို့ဖြင့် ကြီးမြတ်တော်မူသော ဘုရားရှင်တို့ကို မဖူးမြင်ရသဖြင့် ကွေကွင်း ရခြင်းကြောင့် သတ္တဝါတို့သည် သံသရာတည်းဟူသော မြစ်ပင်လယ်၌ ကြီးစွာသော ဆင်းရဲကို ခံစားကြရကုန်၏။
စာမျက်နှာ-640
(၄) တပည့်တော်မသည် လူသုံးပါးတို့၏ ကိုးကွယ်ရာဖြစ်သော, ကိလေသာ ရန်သူ ကင်းဝေးတော်မူသော, ကိလေသာတို့၏ ကုန်ရာနိဗ္ဗာန်သို့ ရောက်တော် မူသော အရှင်ဘုရားကို ဝေဠုဝန်ဥယျာဉ်၌ နေတော်မူပါလျက် လာရောက် ဦးမတင် မဖူးမြင်သောအပြစ်ကို လျှောက်ကြားတောင်းပန်ပါ၏ဘုရား။
(၅) သတ္တဝါအများတို့၏ အကျိုးစီးပွားကို ဆောင်တော်မူသော, မြတ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ... ပေးတော်မူတတ်သော အရှင်ဘုရားကို “အစီးပွားမဲ့အောင် ကဲ့ရဲ့ ရှုတ်ချတတ်သည်” ဟူ၍ ယုံမှား တွေးတောလျက် အရောင်အဆင်း၌ လွန်မင်းစွာ မွေ့လျော် ပျော်ပိုက်သည်ဖြစ်၍ မဆည်းကပ် မလာရောက်မိပါ၊ ထိုအပြစ်ကို ... လျှောက်ကြားတောင်းပန်ပါ၏ဘုရား။
ဤသို့ တောင်းပန် လျှောက်ထားလေသော် ... ဗုဒ္ဓမြတ်စွာသည် .. အမြိုက် ရေချမ်းဖြင့် သွန်းဖျန်းတော် မူလိုက်သကဲ့သို့ ခေမာမိဖုရားကို သည်းခံစကား မိန့်ကြားတော်မူလေ၏။ ခေမာမိဖုရားသည် ဗုဒ္ဓမြတ်စွာအား ရှိခိုးပြီး၍ ရွှေနန်းတော်သို့ ပြန်လာကာ ဗိမ္ဗိသာရမင်းကြီးကို ရဟန်းမ ပြုရန် ခွင့်ပန်စကား လျှောက်ကြားလေ၏။ ဗိမ္ဗိသာရမင်းကြီးသည် ခွင့်လွှတ်ကြောင်း ဆုပေးစကားကို မိန့်တော်မူပြီးလျှင် ခေမာမိဖုရားကို ရွှေထမ်းစင်ထက်တင်၍ ကြီးကျယ် ခမ်းနားစွာ ဘိက္ခုနီမကျောင်းတိုက်သို့ ဆောင်၍ ရှင်ရဟန်းမ ပြု စေလေ၏။
ခေမာထေရီသည် ဥပုသ်ပြုရာ၌ ဝတ်ပြုရင်း ဆီမီးတောက်ထွန်းခြင်း, ဆီမီး ငြိမ်းသေခြင်းများကို မြင်၍ ထိတ်လန့်သံဝေဉာဏ်ကို ရသဖြင့် ရုပ်နာမ်သင်္ခါရတို့၏ အဖြစ်အပျက်ကို ဆက်၍ တဖန် သုံးသပ်ဆင်ခြင်ပြန်လျှင် ပဋိသမ္ဘိဒါလေးပါး၊ အဘိညာဉ် ခြောက်ပါးတို့ဖြင့် တန်ဆာဆင်အပ်သော အရဟတ္တဖိုလ်သို့ ရောက်ရှိကာ ရဟန္တာထေရီမ ဖြစ်လေ၏။
ခေမာထေရီသည် ပရိယတ် ပဋိပတ် နှစ်ရပ် စွယ်စုံ လေ့လာသူ ဖြစ်သဖြင့် ဝိသုဒ္ဓိခုနစ်ပါး၌ အထူးကျွမ်းကျင်လိမ္မာသည့်အပြင် ကထာဝတ္ထုဆယ်ပါးတို့၌လည်း ရဲရင့်သူ ဖြစ်လျက် အဘိဓမ္မာနည်း၌လည်း ကျွမ်းကျင်သူ ပညာထူးချွန်သူ ဖြစ်လေသည်။ ကောသလမင်းကြီးအားလည်း သိမ်မွေ့သောတရား ခေမသုတ္တန်ကို ဟောကြားလေသည်။
ဗုဒ္ဓမြတ်စွာသည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် “ရဟန်းတို့ - ပညာဉာဏ်ကြီးသည့် ငါဘုရား၏ သာဝိကာတပည့်မ ဘိက္ခုနီမ တို့တွင် ခေမာထေရီဘိက္ခုနီမသည် အသာဆုံး အမြတ်ဆုံး” ဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှောက်တော်မူလေသည်။
စာမျက်နှာ-641
၃။ ဥပ္ပလဝဏ္ဏာထေရီ
ဥပ္ပလဝဏ္ဏာသည် သာဝတ္ထိပြည် သေဋ္ဌေးမျိုး၌ ဖြစ်၏။ သေဋ္ဌေးသမီး၏ ကိုယ်ရေအဆင်းကား ကြာညိုပန်းနှင့် တူသောကြောင့် ဥပ္ပလဝဏ္ဏာဟု မှည့်ခေါ် ကြ၏။ ဥပ္ပလဝဏ် အရွယ်သို့ ရောက်သောအခါ ဇမ္ဗူဒိပ်ကျွန်းအလုံး၌ ရှိသော မင်းသေဋ္ဌေး ... အားလုံးကပင် စာသဝဏ်နှင့် တမန်စေလွှတ်၍ တောင်းခံကြ လေသည်၊ မတောင်းခံသော မင်းသေဌေးဟူ၍ မရှိချေ။
ထိုအခါ ဖခင်သေဋ္ဌေးကြီးသည် “ငါကား သမီးကို လိုချင်သူအားလုံးတို့၏ စိတ်ကို ကျေနပ်မှု ရယူခြင်းငှာ မည်သည့်နည်း ဖြင့်မျှစွမ်းနိုင်လိမ့်မည်မဟုတ်၊ ဥပါယ်တံမျဉ်ကို ငါပြုပေအံ့” ဟု ကြံစည်၍ သမီးကို ခေါ်ပြီး “ချစ်သမီး-ရဟန်းမ ပြုနိုင်ပါမည်လော” ဟု မေးမြန်းလေ၏။ ဥပ္ပလဝဏ် သေဋ္ဌေးသမီး ကိုယ်တိုင်ကပင် သံသရာ နောက်ဆုံးဘဝ၌ ဖြစ်သူ ပစ္ဆိမဘဝိက သမီးဖြစ်လေသောကြောင့် ဖခင်ကြီး၏ မေးမြန်း ပြောဆို လိုက်သော စကားသည် ဦးခေါင်းထက်ဝယ်လောင်းချလိုက်သည့် အကြိမ်တစ်ရာ ချက်လေပြီးသော ဆီမွှေးကဲ့သို့ ရှိလေ၏။ ဖခင်ကြီးကို “ ရဟန်းမ ပြုပါမည်” ဟု ဝမ်းမြောက်ဝမ်းသာ ဖြေကြားပြောလိုက်လေ၏။
သေဋ္ဌေးကြီးသည် သမီးဥပ္ပလဝဏ္ဏာအား ကြီးစွာသော ချီးမြှောက်သက္ကာရမ္မ ပြုလုပ်၏။ ဘိက္ခုနီမကျောင်းသို့ ခေါ်ဆောင်ပြီးလျှင် ရှင်ရဟန်းမ, ပြုလုပ်စေ၏။ ဥပ္ပလဝဏ္ဏာ ဘိက္ခုနီမ ရဟန်းပြု၍ မကြာမြင့်မီ ဥပုသ်အိမ်သိမ်အပြင် ဝတ်ပြုရန် အလှည့် ကျရောက်လေ၏။
ဥပ္ပလဝဏ္ဏာ ဘိက္ခုနီမသည် ဆီမီး ညိုထွန်း၍ ဥပုသ်အိမ် သိမ်အပြင်ကို တံမြတ်လှည်းပြီးလျှင် ဆီမီးတောက် အညွှန့်၌ ကမ္မဋ္ဌာန်းအာရုံနိမိတ်ကို ရယူလျက် ရပ်တည်လျက်ပင် အကြိမ်ကြိမ် အဖန်ဖန် ဆီမီးညွန့်ကို ကြည့်ရှု၍ တေဇောကသိုဏ်းကို ပွားများအားထုတ်လေရာ တေဇောကသိုဏ်းကို ရ၍ ထိုတေဇောကသိုဏ်း ဈာန်သမာဓိကို အခြေပြုကာ ဝိပဿနာတရား ပွားများ အားထုတ်လေလျှင် မကြာမီမှာပင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ရဟန္တာထေရီမ ဖြစ်လေ၏။ ရှေးဆုတောင်းအတိုင်း တန်ခိုးစီမံ ဖန်ဆင်းခြင်း၌ ဝသီဘော်ငါးတန် လေ့လာနိုင်နင်းပြီးသူ ဖြစ်လေသည်။
ဥပ္ပလ၀ဏ္ဏာ ရဟန္တာထေရီမသည် မြတ်စွာဘုရားရှင် ခုနစ်ဝါမြောက် ရောက်လတ်သောအခါဝယ် ယမိုက်ပြာဋိဟာ ပြတော်မူရာမှာ မြတ်စွာဘုရား- တပည့်တော်မ တန်ခိုးပြာဋိဟာကို ပြုပါရစေဘုရား စသည်ဖြင့် မရွံ့မကြောက် ခြင်္သေ့ဟောက်သကဲ့သို့ ရဲရဲတောက်စကား လျှောက်ထားခဲ့လေသည်။
စာမျက်နှာ-642
ဗုဒ္ဓမြတ်စွာသည် ဇေတဝန်ကျောင်းတော်၌ နေစဉ် “ရဟန်းတို့-တန်ခိုးနှင့် ပြည့်စုံကြသည့် ငါဘုရား၏ တပည့်မ သာဝိကာ ဘိက္ခုနီမတို့တွင် ဥပ္ပလဝဏ္ဏ ဘိက္ခုနီမသည် အသာဆုံး အမြတ်ဆုံး”ဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်ခဲ့လေသည်။
၄။ ပဋာစာရာထေရိ
ပဋာစာရီသည် သာဝတ္ထိပြည်သူ သေဋ္ဌေးသမီး ဖြစ်လေ၏။ သေဋ္ဌေးသမီး အရွယ်ရောက်လတ်သော် မိမိအိမ်၌ နေသူ အလုပ်သမား တစ်ယောက်နှင့် မေတ္တာသက်ဝင် ချစ်ခင်နေ၏။ မိဘတို့က အမျိုးဇာတ်တူသူ သေဋ္ဌေးသား တစ်ယောက်နှင့် ထိမ်းမြားမှ ပြုအံ့ဆဲဆဲတွင် မေတ္တာသက်ဝင် ချစ်ခင်ခဲ့ရင်း ဖြစ်သော အိမ်ကျွန် အလုပ်သမားအား “ငါ့ကို ခေါ်ဆောင်၍ ပြေးလော့”ဟု အသိပေးစကား ပြောကြားလေ၏။ ထိုအိမ်ကျွန် အလုပ်သမားသည် လျောက် ပတ်သော ဥစ္စာနှစ်ကို ယူဆောင်ကာ သေဋ္ဌေးသမီးကို ခိုး၍ သာဝတ္ထိပြည်မှ လေးယူဇနာတိုင်တိုင် ဖဲခွာထွက်ပြေးခဲ့ပြီး ရွာငယ် တစ်ရွာတွင် နေလေ၏။
ပဋာစာရီ၏ ဝမ်းကြာတိုက်၌ ကိုယ်ဝန်အရင့်အမာ ဖြစ်လတ်သော် လင်ဖြစ် သူကို “ဤအရပ်သည် ကျွန်မတို့အတွက် ကိုးကွယ်ရာမဲ့သော အရပ်ဖြစ်လေသည်။ ထို့ကြောင့် မိဘအိမ်သို့ ပြန်ကြပါစို့” ဟု ပြောဆိုတိုင်ပင်၏။ လင်ယောက်ျား ဖြစ်သူမှာ မပြန်ဝံ့၍ အချိန်ကုန်စေသော် ပဋာစာရီသည် လင်မရှိစဉ် မိဘအိမ်သို့ ပြန်လေ၏။
လင်ဖြစ်သူ အိမ်သို့ ပြန်ရောက်၍ ချစ်ဇနီးကို မတွေ့ရလျှင် အိမ်နီးချင်းတို့ကို မေး၍ မိဘအိမ်သို့ ပြန်သွားကြောင်း သိရသောအခါ “အော်...ငါ့ကို အမှီပြု၍ သေဋ္ဌေးသမီးသည် ကိုးကွယ်ရာမဲ့ ဖြစ်ရရှာချေ၏”ဟု သနားကရုဏာဖြစ်လျက် အပြေးလိုက်သော် လမ်းခရီးအကြား၌ မီလေ၏။ ပဋာစာရီ သည် လမ်းခရီးအကြားမှာပင် သားဖွားမြင်လေသည်။ ယခုအခါ သားဖွားခြင်း ကိစ္စ ပြီးပြီဖြစ်၍ မိဘထံသို့ မသွားတော့ဘဲ အိမ်သို့ပြန်ရန် သဘောတူ တိုင်ပင်ပြီး ထိုနေရင်း တောရွာငယ်သို့ ပြန်ကြလေကုန်၏။
တဖန် ပဋာစာရီ၏ ဝမ်းကြာတိုက်၌ ဒုတိယအကြိမ် ကိုယ်ဝန်တည်ပြန်၏။ ပဋာစာရီက မိဘရပ်ထံ ပြန်ဖို့ လင်ယောက်ျားကို ပြောကြားသော်လည်း ခင်ပွန်းဖြစ်သူက အချိန်ဆွဲနေသဖြင့် သေဋ္ဌေးသမီးသည် တစ်ယောက်တည်း မိဘအိမ်သို့ ခရီးထွက်ခဲ့၏။ ရှေးနည်းအတူပင် လင်ယောက်ျား လိုက်လာကာ လမ်းခရီးအကြား၌ မီလေ၏။
ပဋာစာရီသည် လမ်းခရီးအကြား၌ သားဖွားခြင်း ဖြစ်ပြီးလျှင်ပင် အရပ် လေးမျက်နှာတို့၌ မိုးကြီး သည်းစွာ ရွာသွန်းလေသည်။ ပဋာစာရီသည် လင်ယောက်ျားကို မိုးခိုဖို့ နေရာပြုလုပ်ရန် ပြောဆိုလေ၏။
စာမျက်နှာ-643
လင်ယောက်ျားသည် ထင်းချောင်းတုတ်တံတို့ဖြင့် တဲကုပ်ကလေး ဖြစ်ကတတ်ဆန်း ဆောက်လုပ်ပြီး အမိုးအတွက် ညဉ့်အချိန် ဖြစ်သဖြင့် တောင်ပို့ ရှိ မရှိ မသိရှာဘဲ တစ်ခုသော တောင်ပို့အခြေ၌ မြက်ကို ... နုတ်လေ၏။ မြွေဟောက်သည် . ထိုယောက်ျား၏ ခြေ၌ ပေါက်လိုက်လေ၏။ ထိုယောက်ျားသည် ထိုနေရာ၌ပင် လဲကျသေဆုံး သွားလေ၏။
ပဋာစာရီသည် ယောက်ျားလာတော့မည်ဟု မျှော်လင့်ရင်း ညဉ့်သုံးယံကို ကုန်စေလျက် ဤယောက်ျားသည် ငါ့ကို စွန့်ပစ်သွားပြီဟု ကြံစည်အောက်မေ့ကာ အလင်းရောင် ဖြစ်ပေါ်လာသောအခါ၌ ခြေရာခံလိုက်သွားလျက် ကြည့်ရှုလတ်သော် လဲကျသေဆုံးနေသော လင်ယောက်ျားကို တွေ့ရ၍ သည်းစွာ ငိုကြွေးလျက် သားငယ်ကိုချီ သားကြီးကို လက်ဆွဲ၍ ခရီးဆက်လေသော် ခရီး အကြားဝယ် ချောင်းငယ်တစ်ခုကို တွေ့၍ သားနှစ်ယောက်နှင့် တပြိုင်နက်တည်း ကူးခြင်းငှာ တတ်နိုင်မည် မဟုတ်ဟု ဆင်ခြင်မိ၍ သားကြီးကို ထားခဲ့ကာ သားငယ်ကို ... ဟိုမှာဘက်ကမ်းသို့ ပို့ဆောင်ပြီး အနှီးအဝတ်ဖြင့် သိပ်ထားပြီးမှ တဖန် ပြန်၍ သားကြီးကို ခေါ်အံ့ဟု ကြံစည်လျက် ချောင်းအတွင်းသိုပ ဆင်းသက်လေ၏။
ပဋာစာရီ ချောင်းအလယ်သို့ ရောက်သောအခါ သိန်းစွန်ရဲတစ်ကောင်သည် သားတစ်ရာဟူသော အမှတ်ဖြင့် သားငယ်ကို ထိုးသုတ်ရန် ပျံသန်းလာလေသည်။ ပဋာစာရီသည် ... ခရီးဝေးနေသဖြင့် လက်ကို ဆန့်တန်းကာ သိန်းစွန်ရဲကို ပြေးစေရန် အသံပြုလေ၏။ မိခင်သေဋ္ဌေးသမီး၏ လက်ဆန့်တန်းသော အမူ အရာကို မြင်ရ၍ သားအကြီးသည် “ငါ့ကိုမိခင်ခေါ်၏” ဟူသော အမှတ်ဖြင့် ချောင်းအတွင်းသို့ ပြေးဆင်းလာလတ်သော် ရေအဟုန်ဖြင့် လဲကာ မျောပါ သေဆုံးရှာလေသည်။ သိန်းစွန်ရဲသည်လည်း မိခင် ပဋာစာရီ မရောက်မီပင် သားငယ်ကို သုတ်ချီယူဆောင်၍ သွားလေတော့သည်။
ပဋာစာရီ၏ ဒုက္ခသည် သားကြီးရေမြုပ်၊ သားငယ်စွန်ချီ၊ လင်ပိုးထိ၍ လမ်းခရီးတွင် သေမဲ့လေပြီဟု ငိုကြွေးလျက် သာဝတ္ထိပြည်ဘက်သို့ သွားလေ၏။ ပဋာစာရီသည် ဤသို့ ငိုကြွေးလျက် မိဘအိမ်အနီးသို့ ရောက်ပါသော်လည်း သောကအဟုန် အားကြီးသဖြင့် မိဘအိမ်ကို မမှတ်မိနိုင်ရှာဘဲ အနီးရှိသူများကို မေးလေသော် အနီးရှိလူများက ထိုသေဋ္ဌေးမိသားစုနေအိမ်သည် ယမန်ညက လေပြင်းတိုက်ခတ်သောကြောင့် ပြိုကျခဲ့လေပြီ။
ထိုတိုက်ပြိုကြီးထဲမှာ သေဋ္ဌေး မိသားစု အားလုံးလည်း အသက်ပျောက်ကြ ရှာလေပြီ၊ ထိုသေဋ္ဌေးမိသား ကြီးငယ်တို့ကို ထင်းပုံ တစ်ပုံတည်းဖြင့်ပင် မီးသဂြိုဟ် လိုက်ကြလေသည်။
စာမျက်နှာ-644
မီးခိုးညွန့်တက်ရာဆီသို့ ရှင်မ ကြည့်ရှုပါလော့ဟု ပြောကြားလေလျှင် ပဋာစာရီ သည် “အို----အရှင်တို့ ဘယ်လို ပြောလိုက်ကြတာလဲ” ဟု တစ်ခွန်းတည်းသာ ပြောနိုင်ရှာပြီး . အဝတ်ကိုပင် မဝတ်နိုင်တော့ဘဲ မီးသင်္ဂြိုဟ်ရာ အရပ်သို့ သွားရောက်၍ အမျိုးကောင်းသမီး စောင့်စည်းရန်ဝတ် ယွင်းချွတ်မှုကြောင့် သားငယ်ကို စွန်ချီ၊ သားကြီးရေနစ်၊ လင်ပိုးထိကာ သေခဲ့လေပြီ၊ မွေးမိသခင် မွေးဘသခင် ကျေးဇူးရှင်တို့နှင့် တစ်အူတုံဆင်း မောင်အရင်းတို့ တိုက်ပြို၍ အသက်ကုန် တစ်ခုတည်းသော ထင်းပုံ၌ သင်္ဂြိုဟ်အပ်ကုန်ပြီဟု ငိုကြွေးရှာလေ၏။ ပဋာစာရီသည် သတိယွင်းချွတ် ရူးသွပ်ရှာ၍ အဝတ်မဝတ်ဘဲ ကျက်စားသွားလာ နေသောကြောင့် ပဋာစာရီဟု ခေါ်ဆိုကြ၏။
မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ များစွာသော ပရိသတ် အလယ် ထိုင်တော်မူလျက် တရားဟောတော်မူနေစဉ် မရပ်မတည် လှည့်လည် သွားလာနေသော ပဋာစာရီကို မြင်၍ သူမ၏ အသိဉာဏ် ရင့်ကျက်ချိန်ကို သိမြင်တော်မူသောကြောင့် ထိုပဋာစာရီကို ကျောင်းတိုက်တော်သို့ ရှေးရှုလာ ရောက်အောင် ... အဓိဋ္ဌာန်ပြုတော်မူ၏။
တရားနာပရိသတ်တို့သည် အရူးမကို လာရောက်ခွင့် မပြုကြလင့်ဟု ပြောဆိုလေသော် ဗုဒ္ဓမြတ်စွာသည် ပဋာစာရီကို မတားကြလင့်ဟု မိန့်တော်မူ၍ အနီးသို့ ရောက်သောအခါ “ချစ်သမီး- သတိရလော့” ဟု မဟာကရုဏာဖြင့် မိန့်တော်မူ၏။
ပဋာစာရီသည် သတိရ၍ ထမီအဝတ်မပါသည်ကို အမှတ်ရကာ အရှက် ကြီးစွာဖြစ်လျက် အတတ်နိုင်ဆုံး ဖုံးပြီးသော် ဒူးထောက်ခါးညွတ်ကာ ထိုင်နေ ရှာလေ၏။ ထိုအချိန်တွင် လူတစ်ယောက်သည် အပေါ်ရုံအဝတ်ကို ပစ်ပေး၍ ထိုအဝတ်ကို ဝတ်ကာ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး တည်ခြင်းငါးပါးဖြင့် ရှိခိုးလျက် မိမိသောကဖြစ်ရခြင်း အကြောင်းရင်းကို လျှောက်ထားလေ၏။
မြတ်စွာဗုဒ္ဓက “ချစ်သမီး ပဋာစာရီ-ထွေရာလေးပါး သင်ချစ်သမီး အကြံ များမနေလင့်၊ သင်ချစ်သမီး၏ မှီခိုကိုးစား အားထားရာ ဖြစ်နိုင်သောသူ၏ အထံသို့ သင်ချစ်သမီး ရောက်ခဲ့လေပြီ၊ သင်ချစ်သမီးသည် ယခုအခါ သား, လင်, မိဘ, မောင်တို့ သေဆုံးရခြင်းဟူသော အကြောင်းကြောင့် မျက်ရည်ပေါက် ကြီးငယ်ကို ဖြစ်စေရဘိသကဲ့သို့ပင် အနမတဂ္ဂ အစမထင် သံသရာတခွင်၌ သား, လင်, မိဘ, မောင်တို့ သေဆုံးရခြင်းဟူသော အကြောင်းကြောင့် ကျခဲ့ရသော မျက်ရည်ပေါက်များကား မဟာသမုဒ္ဒရာ လေးစင်း အတွင်းမှာ ရှိသော ရေပေါက်တို့ထက် များလှတုံသေး၏”ဟု တရားဓမ္မ ညွှန်းဖော် ပြလျက် ချစ်သမီး ပဋာစာရီ- ကာယစိတ္တ ဒုက္ခနှစ်ဖုံဖြင့် တွေ့ကြုံနှိပ်စက်အပ်သော ဒေါသကိလေသာ
စာမျက်နှာ-645
မခွါရသေးသူ လူတစ်ယောက်၏ စိုးရိမ်ပူဆွေး ငိုကြွေးရခြင်းကြောင့် ဖြစ်ပေါ်၍ လာသော ဂဏန်းမချနိုင်သော မျက်ရည်ပေါက်များသည် သမုဒ္ဒရာလေးစင်း အတွင်းမှာရှိသော ရေထက် များပြားလှ၏။ ချစ်သမီး ပဋာစာရီ- အဘယ်ကြောင့် သတိယွင်းပေါ့ မေ့လျော့နေလေသနည်း၊ အသိတရား လက်ကိုင်ထား၍ သင်ကား မမေ့မလျော့လေလင့်” ဟူ၍ သောကငြိမ်းတရားကို ဟောကြားတော်မူ၏။
ဗုဒ္ဓမြတ်စွာသည် ပဋာစာရီ၏ သောကတရား ပါး၍ နေသည်ကို သိမြင် တော်မူ၍ ပညာရှိသောသူသည် မိမိ၏သီလကို သုတ်သင်စင်ကြယ်စေ၍ နိဗ္ဗာန် ရောက်ကြောင်း အကျင့်ကောင်း လမ်းစဉ်ကိုသာ ကောင်းစွာ ပြီးစေရမည်ဟု ဖော်ပြတော်မူလျက် တရားဟောတော်မူ၏။ ဒေသနာဆုံးသော အခါ ပဋာစာရီ သေဋ္ဌေးသမီးသည် မဟာပထဝီမြေမှုန့်ပမာဏ များလှစွာသော ကိလေသာတို့ကို သောတပတ္တိမဂ်ပညာဖြင့် အပြီးတိုင် လောင်ကျွမ်းစေလျက် သောတာပန်အရိယာ ဖြစ်လေ၏။
ဗုဒ္ဓမြတ်စွာသည် ပဋာစာရီကို ဘိက္ခုနီမတို့ထံသို့ ခေါ်၍ ရှင်ရဟန်းမ ပြုပေးစေတော်မူ၏။ ပဋာစာရီ ဘိက္ခုနီမ ဖြစ်ပြီးနောက် ဝိပဿနာ အလုပ်ကို အားထုတ်ကျင့်ကြံစဉ် တနေ့သ၌ ရေအိုးဖြင့် ရေကိုခပ်၍ ခြေကိုဆေးရန် ရေလောင်းလေလျှင် အနည်းငယ်သော အရပ်တိုင်အောင် ရေရောက်၍ ပြတ် လေ၏။ ဒုတိယအကြိမ် တတိယအကြိမ် လောင်းပြန်သောအခါတွင်လည်း အနည်းငယ်ဝေးသော အရပ်တိုင်အောင် ရေရောက်၍ ပြတ်လေ၏။
ပဋာစာရီသည် ထိုရေသုံးမျိုး ရောက်ရာ အရပ်သုံးမျိုးကို အာရုံပြု၍ အရွယ်သုံးပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားပြီးလျှင် ပထမအရွယ်၌လည်း စုတိပြတ်ကြွေ သေလွန်နိုင်ကြ ကုန်၏။ မဇ္ဈိမအရွယ်၌လည်း စုတိပြတ်ကြွေ သေလွန်နိုင်ကြကုန်၏။ ပစ္ဆိမအရွယ် ၌လည်း စုတိပြတ်ကြွေ ဧကန်ပင် သေလွန်နိုင်ကြကုန်၏ဟု ပညာသက်ဝင် ဆင်ခြင်စဉ်းစား၍ နေလေ၏။
ထို့နောက် အနိစ္စ လက္ခဏာကိုလည်းကောင်း၊ ထိုအနိစ္စလက္ခဏာကို အစဉ်လျှောက်သဖြင့် ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာ နှစ်ပါးတို့ကိုလည်းကောင်း စူးစမ်းဆင်ခြင်လျက် ဝိပဿနာအလုပ် ပွားများ အားထုတ်နေစဉ် မိမိနေရာ ကျောင်းတိုက်ခန်းသို့ ဝင်လေလျှင် အမိုက်မှောင်ကို ပယ်ဖျောက်ရန် ဆီမီးခွက်ကို စွဲကိုင်ကာ အခန်းတွင်းသို့ ဝင်ရောက်၍ ဆီမီး ခွက်ကို နေရာတကျထားပြီးလျှင် ညောင်စောင်းငယ်၌ ထိုင်လျက်ပင်လျှင် ဆီမီးခွက်ကို ငြိမ်းစေရန် အပ်သံချွန်ဖြင့် ဆီမီးစာကို ဆီသို့ ရှေးရှု ဆွဲငင် လိုက်လေသည်။
စာမျက်နှာ-646
ထိုအချိန်၌ မြတ်စွာဘုရားရှင်သည် ဂန္ဓကုဋီကျောင်းတော်၌ ထိုင်နေတော် မူရင်းကပင် ကိုယ်တော်ရောင်ကို ဖြန့်လွှတ်၍ ထေရီမ မျက်မှောက်၌ ရပ်တည်ကာ ဟောသကဲ့သို့-
“ချစ်သမီး ပဋာစာရီ- သင်ချစ်သမီး စဉ်းစားဆင်ခြင်သော ဤအကြောင်း အရာသည် စဉ်းစားဆင်ခြင်သည့်အတိုင်း မှန်ပေ၏။ ခပ်သိမ်းသော သတ္တဝါ တို့သည်ပင် စုတိပြတ်ကြွေ သေလွန်ခြင်းသဘော ရှိကြကုန်၏။ သို့ဖြစ်ရကား ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်း၊ ပျက်ခြင်းကို ဉာဏ်ပညာဖြင့် မသိမြင်သောသူ၏ အနှစ်တစ်ရာ အသက်ရှင်နေရခြင်းထက် ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်း၊ ပျက်ခြင်းကို ဉာဏ်ပညာဖြင့် သိမြင်သောသူ၏ တစ်ရက်မျှသော်လည်းကောင်း၊ တစ်ခဏ မျှသော်လည်းကောင်း အသက်ရှင် နေရခြင်းသည် ချီးမွမ်းအပ် အထူးသဖြင့် မြတ်လှပေ၏။
ဤ တရားဒေသနာ ဆုံးသောအခါ ပဋာစာရီထေရီသည် ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေ၏။ ပဋာစာရီသည် ရဟန္တာ ဖြစ်ပြီးနောက် ဗုဒ္ဓအထံတော်၌ ဝိနည်းပိဋကတ်ကို သင်ကြားတင်မြောက်ပြီး ဝိနည်းနှင့်ပတ်သက်လျှင် ဟုတ်မှန်သည့်အတိုင်း ဖြေဆိုလေ့ရှိသည်။
ဗုဒ္ဓမြတ်စွာက “ဝိနည်းကို ဆောင်ကုန်သော ငါဘုရား၏ တပည့်မ သာဝိကာ ဘိက္ခုနီမတို့တွင် ပဋာစာရီ ဘိက္ခုနီမသည် အသာဆုံး အမြတ်ဆုံး”ဟု ဧတဒဂ် ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူပါသည်။
၅။ ဓမ္မဒိန္နာထေရီ
ဓမ္မဒိန္နာထေရီသည် ရာဇဂြိုဟ်ပြည်သူ သေဋ္ဌေးသမီးဖြစ်၍ ဝိသာခသေဋ္ဌေးနှင့် လက်ဆက်ပြီး သေဋ္ဌေးအိမ်သို့ လိုက်ရကာ ဓမ္မဒိန္နာ သေဋ္ဌေးကတော်ဟူ၍ ထင်ရှားလေသည်။ ဝိသာခသေဋ္ဌေးသည် ဗုဒ္ဓမြတ်စွာ ပထမဆုံးအကြိမ် ရာဇဂြိုဟ်သို့ ရောက်တော်မူ၍ တစ်သိန်းနှစ်သောင်းသော ပရိသတ်နှင့် အတူ လာရောက်သော ဗိမ္ဗိသာရ မင်းတရားအား တရား ဟောတော်မူသဖြင့် သောတာပတ္တိဖိုလ်သို့ ရောက်ကြသော တစ်သိန်း နှစ်သောင်းသော ပုဂ္ဂိုလ်တို့ အနက် တစ်ယောက်အပါအဝင် ဖြစ်လေသည်။ ဗိမ္ဗိသာရမင်းကြီးနှင့် အလွန် ရင်းနှီးသော မိတ်ဆွေသေဋ္ဌေးဖြစ်သည်။
စာမျက်နှာ-647
တဖန် ဝိသာခသည် တစ်နေ့သ၌ တရားနာရပြန်သော် သကဒါဂါမိဖိုလ်သို့ ဆိုက်ရောက်လေသည်။ နောက်တစ်ကြိမ် တရားနာရပြန်သော် အနာဂါမိဖိုလ်၌ တည်လေသည်။ ဝိသာခသေဋ္ဌေးသည် အနာဂါမ် အရိယာ ဖြစ်ပြီးနောက် အိမ်သို့ပြန်လာရာတွင် ခါတိုင်းကဲ့သို့ မဟုတ်ဘဲ အလွန်ငြိမ်သက်သော ဣန္ဒြေ အလွန်ငြိမ်းအေးသော စိတ်ရှိလျက် ပြန်လာလေသည်။
ဓမ္မဒိန္နာသေဋ္ဌေးကတော်သည် လေသာပြူတင်းဖွင့်၍ လမ်းမသို့ မျှော်ကြည့် လတ်သော် ဣန္ဒြေကြီးစွာဖြင့် လာနေသော ငါ၏အရှင် ဝိသာခသေဋ္ဌေးသည် အဘယ်အကြောင်းထူးရှိပါလိမ့်ဟု အောက်မေ့ကာ အိမ်လှေကားရင်း၌ ရပ်လျက် မိမိလက်ကို ဆန့်တန်း ပေးလိုက်သော်လည်း ခါတိုင်းလို မဟုတ်ဘဲ ဝိသာခ သေဋ္ဌေးသည် မိမိလက်ကို ကွေး၍ပင် ထားလိုက်လေ၏။ သေဋ္ဌေးကတော်သည် နံနက်စာ စားသောအခါ သိရမည်ဟု အောက်မေ့ကာ စိတ်ကို ဖြေလေ၏။
ထိုနေ့၌ ဝိသာခသည် သေဋ္ဌေးကတော်ကို မခေါ်ဘဲ ကမ္မဋ္ဌာန်းအားထုတ်သော ရဟန်းတစ်ပါးကဲ့သို့ ဣန္ဒြေကြီးစွာဖြင့် တစ်ယောက်တည်းသာ စားလေ၏။ သေဋ္ဌေးကတော်လည်း ညနေချမ်းအခါ၌ သိရလိမ့်မည်ဟု အောက်မေ့ကာ စိတ်ကို ဖြေသိမ့်လေ၏။
ဝိသာခါ သေဋ္ဌေးသည် ညချမ်းကာလ ရောက်လတ်သော် ကျက်သရေ တိုက်ခန်းသို့ မဝင်ဘဲ အခြားအခန်းတစ်ခုကို ရှင်းလင်းကာ ခုတင်ညောင်စောင်း တစ်ခုကို ခင်းစေ၍ တစ်ယောက်တည်းသာ အိပ်စက်လေ၏။ သေဌေးကတော် ဓမ္မဒိန္နာမှာ မျိုးမျိုးတွေးတောကာ လွန်စွာ စိတ်နှလုံး မချမ်းသာဘဲ တစ်ရက် နှစ်ရက်နေပြီးသောအခါ၌ ဝိသာခသေဋ္ဌေးအား ပြုစုယုယရန် သွားရောက်၍ ရှိခိုးလျက် ရပ်တည်နေလေ၏။
ထိုအခါ ဝိသာခ-က “ဓမ္မဒိန္နာ-အခါမဟုတ်ဘဲ ဘာကြောင့်လာသလဲ” ဟု မေး၏။ သေဋ္ဌေးကတော်က အရှင့်သားသည် ယခုအခါ ရှေးကလို မဟုတ်တော့ပါ၊ ဘယ်လိုလဲ၊ အရှင့်သား၏ အဖို့ရာ ကျွန်တော်မမှ အပြင်ပ၌ တောင့်တချစ်ခင်မှုပင် ရှိလေသလောဟု မေး၏။ သေဋ္ဌေးကြီးက မရှိပါဟု ဖြေ၏။
သေဋ္ဌေးကတော်က သို့မဟုတ်လျှင် အခြား တစုံတယောက် စိတ်ဝမ်းကွဲအောင် ပြုလုပ်သူ ရှိသလောဟု မေး၏။ သေဋ္ဌေးက ဤသို့ စိတ်ဝမ်းကွဲ အောင် ပြုလုပ်သူ မရှိပါ။ သေဋ္ဌေးကတော်က ထိုသို့ဖြစ်လျှင် တစုံတရာ ကျွန်တော်မ၏ အပြစ်ပင် ရှိပါသလော။ သေဋ္ဌေးက သင်၏အပြစ်မရှိပါ။ သေဋ္ဌေး ကတော်က ထိုသို့ဖြစ်လျှင် အဘယ်ကြောင့် အရှင့်သားတို့သည် ကျွန်တော်မနှင့် ပင်ကိုပကတိ ဇနီးမောင်နှံသဘောဖြင့် နှုတ်ခွန်းဆက်စကား တုံ့ပြန်စကားမျှကိုပင် မပြောကြားကြပါသနည်း။
စာမျက်နှာ-648
ဝိသာခသေဋ္ဌေးသည် ငါသိသော လောကုတ္တရာတရားမည်သည် လျှို့ဝှက် ထားသင့်သော တရားဖြစ်၏။ သို့သော် အကယ်၍ မဖြေလျှင် သေဋ္ဌေးကတော် သေဖွယ်ရှိသည်ကို ဆင်ခြင်စဉ်းစားမိ၍ -
ဓမ္မဒိန္နာ- ငါသည် မြတ်စွာဘုရား၏တရားတော်ဒေသနာကို ကြားနာရသောကြောင့် လောကုတ္တရာ တရားကို ရရှိ သိမြင်ခဲ့လေပြီ။ ထို့ကြောင့် လောကီ အပြု အမူများသည် လားလားမျှ မသင့်တော့ချေ။ အကယ်၍ သင်အလိုရှိပါမူ ကုဋေရှစ်ဆယ်သော ဥစ္စာများ ဤအိမ်မှာ ရှိပေသည်။ သင်သည် စိုးပိုင်သူ ဖြစ်ကာ ငါ၏ အမိအရာ၌ ဖြစ်စေ၊ အစ်မအရာ၌ ဖြစ်စေ တည်နေပါလော့။ သင်ပေးအပ်သည့် ထမင်းအစာမျှဖြင့်ပင် ငါသည် မျှတ၍ နေပါမည်။ ဤသို့ မပြုလုပ်လိုလျှင်လည်း ဤစည်းစိမ်ဥစ္စာတို့ကို ယူဆောင်ကာ သင့်မိဘအိမ်သို့ ပြန်သွားပါလေ၊ အကယ်၍ အပြင်အပ၌ တောင့်တမှု မရှိဘူးဆိုလျှင် ငါသည် သင့်ကို နှမငယ်အရာ၌ သော်လည်းကောင်း၊ သမီးအရာ၌ သော်လည်းကောင်း ထား၍ ကျွေးမွေး စောင့်ရှောက်ပါမည်ဟု ပြောကြားလေ၏။
သေဌေးကတော်သည် ထိုစကားကို ကြားသိရလျှင် ဝိသာခါသေဋ္ဌေးကို အရှင့်သား- အသို့နည်း၊ ဤလောကုတ္တရာတရားကို ယောက်ျားများသာ ရထိုက် ပါသလော၊ မာတုဂါမမိန်းမများလည်း ရနိုင်ပါသလောဟု မေးမြန်းလေ၏။
ထိုအခါ ဝိသာခသေဋ္ဌေးက ဘယ့်နှယ်ပြောပါလိမ့် ဓမ္မဒိန္နာ၊ ဓမ္မာနုဓမ္မ ပဋိပတ်ကို ကျင့်ကြံကြိုးကုတ် အားထုတ်ကြသော သူတိုင်းပင် ဤလောကုတ္တရာ တရားဓမ္မကို ရယူနိုင်ကြကုန်၏။ မဂ်ဖိုလ်၏ ဥပနိဿယည်း ရှေးကုသိုလ် ပစ္စည်းရှိသူတိုင်းပင် ဤလောကုတ္တရာတရားကို ရယူနိုင်ကြ၏ဟု ဖြေကြား ပြောဆိုလေလျှင် ဓမ္မဒိန္နာ သေဌေးကတော်သည် “အရှင့်သား- ထိုသို့ ဖြစ်လျှင် ကျွန်မအား ရှင်ရဟန်းမ ပြုလုပ်ရန် ခွင့်ပြုတော်မူကြကုန်လော့” ဟု ခွင့်ပန် စကား ပြောကြားလေ၏။
ထိုခဏမှာပင် ဗိမ္ဗိသာရ မင်းကြီးထံသို့ သွား၍ ရှိခိုးကာ ရပ်တည်လေလျှင် မင်းကြီးက “သေဋ္ဌေး- အခါမဟုတ် ဘာကြောင့် လာရောက် သလဲ”ဟု မေးလျှင် “မြတ်သော မင်းကြီး -ဓမ္မဒိန္နာသေဋ္ဌေးကတော် ရှင်ရဟန်းမ ပြုတော့မည်” ဟု လျှောက်ထားလေ၏။ “အဘယ်ဝတ္တုကို အလိုရှိသနည်း”ဟု မင်းကြီး မေးလျှင် သဌေးကြီးက “ရွှေထမ်းစင်ကို ရလိုပါ၏။ မြို့တော်ကိုလည်း သုတ်သင်စေခြင်းငှာ အလိုရှိပါ၏”ဟု လျှောက်လေ၏။ မင်းကြီးသည် သေဋ္ဌေး အလိုအတိုင်း ပြုလုပ်ပေး၏။
စာမျက်နှာ-649
ဝိသာခသေဋ္ဌေးသည် သေဋ္ဌေးကတော်ကို နံ့သာရေဖြင့် ရေချိုးစေ၍ အဆင်တန်ဆာစုံဖြင့် တန်ဆာဆင်စေပြီးလျှင် ရွှေထမ်းစင်ထက်၌ ထိုင်နေစေလျက် ဆွေမျိုးအပေါင်းကို ဝန်းရံစေပြီးနောက် မြို့တော်ကို များစွာသော နံ့သာ ပန်းမာလ်တို့ဖြင့် ပူဇော်မှုပြုကာ ဘိက္ခုနီမများ နေထိုင်ရာ ကျောင်းတိုက်သို့ သွားရောက်၍ “အရှင်မကြီးတို့ဘုရား- အကျွန်ုပ်၏ ဓမ္မဒိန္နာ သေဋ္ဌေးကတော်ကို ရှင်ရဟန်းမ ပြုပေးတော်မူကြပါ” ဟု လျှောက်ထား ပြောဆိုလေ၏။
ဘိက္ခုနီမတို့က အပြစ်ရှိလျှင် သည်းခံဖို့ ပြောဆိုသောအခါ ဝိသာခသေဋ္ဌေး သည် “အရှင်မကြီးတို့ဘုရား- ဓမ္မဒိန္နာသေဋ္ဌေးကတော်မှာ တစိုးတစိ အပြစ် မရှိပါ။ ဓမ္မဒိန္နာသည် သဒ္ဓါကြည်ညိုသဖြင့် ရှင်ရဟန်းမ ပြုလိုသူ ဖြစ်ပါသည်” ဟု လျှောက်ထားလေ၏။ ထိုအခါ ဝိနည်းကျွမ်းကျင်သော ထေရီတစ်ပါးသည် တစပဉ္စကကမ္မဋ္ဌာန်းကို ဟောကြားပြီးနောက် ဆံတို့ကို ပယ်ရိတ်၍ ရှင်ရဟန်းမ ပြုပေးလေ၏။ ဝိသာခသည် ဓမ္မဒိန္နာထေရီမကို “အရှင်မ - သာသနာတော်၌ မွေ့လျော်စွာ နေတော်မူပါ၊ မြတ်စွာဘုရားသည် တရားတော်ကို စ, လယ်, ဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ဟောကြားအပ်ပါပြီ” ဟု လျှောက်ထား၍ ရှိခိုးပြီးလျှင် အိမ်သို့ ပြန်လေ၏။
ဓမ္မဒိန္နာ ထေရီမ၏ အဖို့ရာ လာဘ်ပူဇာသက္ကာရ များလှသောကြောင့် ရဟန်းတရားကို အားထုတ်ခွင့်ကို မရနိုင်ဘဲ ရှိလေသည်။ “ဝိသာခသေဋ္ဌေးသည် အိမ်အလယ်၌ တည်နေစဉ်ပင် သံသရာဝဋ်ဒုက္ခဆုံးအောင် ပြုသေး၏။ ငါကား ရဟန်းမ ဖြစ်ချေပြီ၊ ထို့ကြောင့် သံသရာဝဋ်ဒုက္ခဆုံးအောင် ကျင့်ဆောင် ကြိုးစား အားထုတ်မှ သင့်တော့မည်ဟု” ဆင်ခြင်မိကာ ထေရီမကြီးတို့ထံ သွား၍ ရွာငယ်တောကျောင်းသို့ သွားလိုပါသည်ဟု လျှောက်ထားရာ ထေရီမ ကြီးတို့သည် ဓမ္မဒိန္နာထေရီမ၏ တောကျောင်းနေလိုသောစိတ်ကို မတားနိုင် ရကား ဓမ္မဒိန္နာကို တောကျောင်းတစ်ခုသို့ ခေါ်ဆောင်သွားကြလေကုန်၏။
ဓမ္မဒိန္နာထေရီသည် ဘဝများစွာက သင်္ခါရတရားတို့ကို ဉာဏ်ပညာဖြင့် ကြိတ်ချေခဲ့ဖူးသူ ဖြစ်သောကြောင့် မကြာမြင့်မီပင်လျှင် ရဟန်းတရား ပွားများ ကြိုးကုတ် အားထုတ်သဖြင့် ပဋိသမ္ဘိဒါဉာဏ်လေးပါးတို့နှင့် တကွ အရဟတ္တ ဖိုလ်သို့ ဆိုက်ရောက်လေ၏။ ဓမ္မဒိန္နာသည် ရဟန္တာဖြစ်သောအခါ ဆွေမျိုး တို့ကို ချီးမြှောက်လို၍ ရာဇဂြိုဟ်ပြည်သို့ တဖန်ပြန်၍ လာလေသည်။
ဝိသာခသေဋ္ဌေးသည် “ထေရီမ ပြန်လာပြီ” ဟူသော သတင်းစကားကို ကြားသိရ၍ အခြေအနေကို သိရှိရန် ညနေချမ်းအခါ၌ ဓမ္မဒိန္နာထေရီမထံသို့ သွားရောက်ရှိခိုးကာ ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ကပ်ကာဆောင်၍ ပြဿနာကို
စာမျက်နှာ-650
မေးလျှောက်ပေအံ့၊ အမေးကို ဖြေဆိုခြင်းဖြင့် ထိုဓမ္မဒိန္နာ၏ သာသနာ၌ မွေ့လျော်ခြင်း, မမွေ့လျော်ခြင်းကို ငါသိအောင် စုံစမ်းပေအံ့ဟု ကြံစည်ဆင်ခြင် ပြီးလျှင် ခန္ဓာငါးပါး အစရှိသော အစွမ်းအားဖြင့် ပြဿနာတို့ကို မေးမြန်း လေသည်။
ဓမ္မဒိန္နာထေရီသည် သန်လျက်ဖြင့် ကြားရိုးကို ဖြတ်သကဲ့သို့ မေးတိုင်း မေးတိုင်းသော ပြဿနာစုကို မဆုတ်မဆိုင်း မြင်းလျင် စိုင်းသကဲ့သို့ ဟုတ်တိုင်း မှန်ရာ ဖြေဆိုလေသည်။ ဝိသာခသေဌေးသည် ဓမ္မဒိန္နာထေရီမ၏ ဉာဏ်ထက်မြတ် ခြင်းကို သိရှိ၍ မိမိ ရအပ် သိအပ်ပြီးသော အရာဝယ် အစဉ်အတိုင်း အောက်မဂ် သုံးပါးတို့၌ မေးသင့်သမျှ ခြင်းရာဥဿုံ ကုန်အောင် စုံအောင် မေးပြီးလျှင် နာယူသင်ကြား မှတ်သားသောအားဖြင့် အရဟတ္တမဂ်၌လည်း ပြဿနာကို မေးမြန်းပြန်လေသည်။
ဓမ္မဒိန္နာ ထေရီမသည်လည်း ဝိသာခါသေဋ္ဌေး၏ အဖို့ရာ အနာဂါမ် တိုင်အောင်သာ မေးဖို့ရန် အရာဖြစ်သည်ကို သိ၍ ယခုအခါ ဝိသာခသေဋ္ဌေးသည် မိမိ၏ မေးသင့်သော အရာနယ်ပယ်ကို လွန်၍ ပြေးသွား လေပြီဟု သိရှိကာ ဝိသာခါကို တန့်ရပ်စေ၏။
“ဒါယကာ ဝိသာခ- သင်သည် ပြဿနာ လွန်၍ သွားပြီ၊ သင်သည် ပြဿနာတို့၏ အဆုံးအပိုင်းအခြားကို ယူရန် မစွမ်းနိုင်၊ မှန်ပါသည်၊ ဒါယကာ ဝိသာခါ- သုံးပါးသိက္ခာ သာသနာတည်းဟူသော မြတ်သော အကျင့်သည် နိဗ္ဗာန်သို့ သက်ဝင်၏။ နိဗ္ဗာန်လျှင် လားရာရှိ၏။ နိဗ္ဗာန်လျှင် အဆုံးရှိ၏။ ဒါယကာဝိသာခ-အလိုရှိခဲ့မူ သင်သည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ထိုအနက် အဓိပ္ပါယ် အကြောင်းအရာကို မေးလျှောက်လော့၊ သင့်အား မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း ထိုအနက်အဓိပ္ပါယ် အကြောင်းအရာကို မှတ်လော့”ဟု ပြောဆိုလိုက်လေသည်။
ထိုအခါ ဝိသာခသေဋ္ဌေးသည် မြတ်စွာဘုရားရှင်ထံသို့ သွားရောက်၍ မိမိက မေးပုံ၊ ဓမ္မဒိန္နထေရီမက ဖြေပုံ အလုံးစုံကို မြတ်စွာဘုရားအား လျှောက် ထားလေ၏။ မြတ်စွာဘုရားရှင်သည် ဝိသာခသေဋ္ဌေး လျှောက်ထားသည့် စကားကို ကြားသိတော်မူရလေလျှင် “ငါသမီးတော် ဓမ္မဒိန္နာ ထေရီမ၏ သန္တာန်မှာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ခန္ဓာတရားတို့၌ တပ်မက်မှု တဏှာ လောဘ မရှိတော့ချေ” ဟု မိန့်တော်မူ၏။
ထို့နောက်မှ မြတ်စွာဘုရားရှင်သည် ဓမ္မဒိန္နာထေရီအား သာဓုကောင်းချီး ပေးတော်မူပြီးလျှင် ဝိသာခသေဋ္ဌေးကို “ဒါယကာ ဝိသာခ-ဓမ္မဒိန္နာရဟန်းမသည် ပညာရှိ၏။ ဒါယကာဝိသာခါ-ဓမ္မဒိန္နာ ရဟန်းမသည် များမြတ်သော ပညာရှိ၏”
စာမျက်နှာ-651
ဒါယကာဝိသာခ- ငါဘုရားကို အကယ်၍ ထိုအနက်သဘောကို သင်မေးမြန်းလျှင် ငါဘုရားသည်လည်း ထိုအနက် သဘောကို ဓမ္မဒိန္နာရဟန်းမ ဖြေကြားသကဲ့သို့ ဖြေကြားရာ၏။ ထိုပြဿနာ၏ အနက်သည် ဤအနက်ပင်တည်း။ ဤသို့ ဓမ္မဒိန္နာရဟန်းမ ဖြေကြားသည့်အတိုင်း သင်မှတ်ယူလော့” ဟု မိန့်တော်မူ၏။
ဗုဒ္ဓမြတ်စွာသည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဓမ္မဒိန္နာထေရီမအား “ရဟန်းတို့- တရားဟောကောင်းကြ၊ တရားဟောခြင်း၌ လိမ္မာကြသည့် ငါဘုရား၏ တပည့်မ သာဝိကာ ဘိက္ခုနီမတို့တွင် ဓမ္မဒိန္နာ ဘိက္ခုနီမသည် အသာဆုံး အမြတ်ဆုံး”ဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူလေ၏။
၆။ နန္ဒာထေရီ (ဇနပဒကလျာဏီ)
နန္ဒာထေရီသည် နန္ဒမင်းသား၏ ကြင်ရာလောင်း နန္ဒာမင်းသမီး ဖြစ်၍ လာလေသည်။ အဘိရူပနန္ဒာမင်းသမီးဟုလည်း ခေါ်ဆိုကြ၏။ နောင်တွင် အလွန် တင့်တယ်သော ရုပ်အဆင်းရှိသူဖြစ်ခြင်းကြောင့် ဇနပဒကလျာဏီအမည်တွင် လေသည်။ မိထွေးတော် ပဇာပတိဂေါတမီ၏ သမီးအရင်း ဇနပဒကလျာဏီသည် ဗုဒ္ဓမြတ်စွာက ကပိလဝတ်သို့ ကြွ၍ နန္ဒမင်းသား, ရာဟုလာ, မယ်တော်မိထွေးတော် ဂေါတမီတို့ ရဟန်းပြု ရဟန်းမ ပြုကြသော အချိန်မှ စ၍ မယ်တော်ကြီးထံ သွားရောက်၍ ရဟန်းမ ပြုလေ၏။
ဇနပဒကလျာဏီသည် ရဟန်းပြုပြီးသော နေ့မှစ၍ မြတ်ဗုဒ္ဓက ရုပ်အဆင်းကို ကဲ့ရဲ့တော်မူ၏ဟု အောက်မေ့ကာ ဗုဒ္ဓမြတ်စွာထံ မဆည်းကပ်ရဲချေ။ အဆုံးအမ ဩဝါဒခံယူရန် အလှည့်ရောက်သော်လည်း ကိုယ်တိုင်မသွားဘဲ အခြားဘိက္ခုနီမ ကိုသာ ကိုယ်စားလွှတ်၍ အဆုံးအမ ဩဝါဒကို ယူဆောင်စေ၏။
ဗုဒ္ဓမြတ်စွာသည် နန္ဒာထေရီမ၏ ရုပ်ရည်၌ မာန်ယစ်၍နေကြောင်း သိတော် မူ၍ “ဘိက္ခုနီမများသည် မိမိအတွက် ဩဝါဒကို မိမိ ကိုယ်တိုင်သာ လာရောက်၍ ခံယူကြရမည်၊ ဘိက္ခုနီမများသည် အခြားဘိက္ခုနီမကို ကိုယ်စား မလွှတ်ရ” ဟု ထပ်ဆင့်၍ အမိန့် ထုတ်ပြန်တော်မူလေ၏။ ထိုအခါ ရူပနန္ဒာထေရီမသည် ရှောင်တိမ်းဖို့ မဖြစ်နိုင်တော့ဘဲ အလိုမရှိဘဲ အဆုံးအမခံရန် ဗုဒ္ဓမြတ်စွာထံသို့ သွားရတော့၏။
ဗုဒ္ဓမြတ်စွာသည် ရူပနန္ဒာထေရီ၏ စရိုက်နှင့် လိုက်လျောညီညွတ်အောင် ကြိုတင်၍ တန်ခိုးတော်ဖြင့် မိန်းမလှ နိမ္မိတရုပ်တစ်ခုကို ဖန်ဆင်းလျက် ကိုယ်တော် မြတ်ကို ယပ်ခတ်ပေးနေသည့်ဟန် ဖန်ဆင်း၍ ထားတော်မူလေသည်။ ရူပနန္ဒာ ထေရီသည် ထိုနိမ္မိတ မိန်းမလှရုပ်ကိုမြင်ရလေလျှင် “အော်. . . . ငါသည် အကြောင်း”
စာမျက်နှာ-652
မဟုတ်ဘဲလျက် မေ့လျော့ကာ မြတ်စွာဘုရားရှင် ထံတော်သို့ မလာမိချေတကား၊ ဤသို့ တင့်တယ်လှသည့် မိန်းမများသည်လည်း မြတ်စွာဘုရားအနီး၌ အကျွမ်းတဝင် ဝတ်ပြုကာ လှည့်လည် နေထိုင်ကြကုန်၏။ ငါ၏ အဆင်းကား ဤမိန်းမလှ တို့၏ အဆင်းနှင့် နှိုင်းဆလျှင် တစ်ဆယ့်ခြောက်စိတ် ဆယ့်ခြောက်ပြန်စိတ် (၂၅၆-စိတ်)သော်လည်း တစ်စိတ်လောက်မျှ မမီပါတကား၊ ငါသည် မသိ ဆိုးဝါးသည့်အတွက် ဤမျှလောက်ကြာအောင် ဗုဒ္ဓမြတ်စွာထံတော်သို့ မလာ ရောက်မိချေတကား” ဟု အောက်မေ့၍ ထိုနိမ္မိတ မိန်းမလှအာရုံနိမိတ်ကို ယူကာ စူးစူးစိုက်စိုက် ကြည့်ရှုလျက် ရပ်တည်နေလေ၏။
ဗုဒ္ဓမြတ်စွာသည် ရူပနန္ဒာထေရီအား ရှေးကောင်းမှုကုသိုလ်နှင့် ပြည့်စုံသော ကြောင့် “အဒြီနံ နဂရံ ကတံ” အစရှိသော ဂါထာကို ဟောတော်မူ၍ “စရံ ဝါ ယဒိ ဝါ တိဋ္ဌံ၊ နိသိန္နော ဥဒ ဝါ သယံ” အစရှိသော သုတ္တနိပါတ် ပါဠိတော်လာ ဝိဇယ သုတ္တန်ကို ဟောကြားတော်မူလေ၏။ ရူပနန္ဒာထေရီသည် ဝိဇယသုတ္တန် ဒေသနာကို အဖန်ဖန် နှလုံးသွင်း၍ သုညတ ကမ္မဋ္ဌာန်းကို စီးဖြန်းကြိုးကုတ် အားထုတ်လတ်ရကား (၂)ရက် (၃)ရက် အတွင်း၌ပင် အရဟတ္တဖိုလ်သို့ ဆိုက်လေ၏။
ဗုဒ္ဓမြတ်စွာသည် ဇေတဝန်ကျောင်းတော်၌ နန္ဒထေရီအား “ရဟန်းတို့ ဈာန်ဝင်စားလေ့ရှိကြသော ငါဘုရား၏ တပည့်မ သာဝိကာ ဘိက္ခုနီမတို့တွင် နန္ဒာထေရီ ဘိက္ခုနီမသည် အသာဆုံး အမြတ်ဆုံး” ဟု ဧတဒဂ် ဘွဲ့ထူးဖြင့် ချီးမြှောက်တော်မူလေ၏။
၇။ ကုဏ္ဍလကေသာထေရီ
ကုဏ္ဍလကေသာသည် ရာဇဂြိုဟ်ပြည်သူ ဘဒ္ဒါသေဋ္ဌေးသမီး ဖြစ်၏။ ရာဇဂြိုဟ် ပြည်၌ သတ္တုကလူဆိုး ထကြွသောင်းကျန်း၍ ဘုရင်က မြို့ဝန်ကို မင်းအာဏာ ထားပြီး ဖမ်းခိုင်းသောကြောင့် သတ္တုက လူဆိုးကို ခိုးထုပ်ခိုးထည်နှင့် မိလေ၏။ မင်းကြီးသည် သတ္တုက လူဆိုးကို ရွှေမြို့တော် တောင်တံခါးမှ ထုတ်၍ သတ်ကြ ကုန်ဟု အမိန့်ထုတ်တော်မူ၏။ မြို့ဝန်သည် သတ္တုက လူဆိုးကို လမ်းလေးခွ ဆုံတိုင်း ကြိမ်ဒဏ်အချက်တစ်ထောင် ရိုက်နှက်လျက် လက်ပြန်ကြိုးတုပ်ကာ တောင်တံခါးသို့ ခေါ်ဆောင်၍ သွားလေ၏။
ထိုအချိန်၌ ဘဒ္ဒါသေဋ္ဌေးသမီးသည် လူအများ၏ အုတ်အုတ် ကျက်ကျက် အသံကြောင့် လေသာပြူတင်းကို ဖွင့်၍ ကြည့်လေလျှင် ရိုက်နှက်ခေါ်ဆောင်
စာမျက်နှာ-653
အပ်သော သတ္တုက လူဆိုးကို မြင်သဖြင့် လက်နှစ်ဖက်ဖြင့် မိမိရင်ကို မ၍ သွားရောက်ကာ ကျက်သရေရှိသော အိပ်ရာ၌ မျက်နှာအောက်ချင် (မှောက် လျက်) လျောင်း၍ နေလေ၏။
ဘဒ္ဒါသေဋ္ဌေးသမီးကား ထိုသေဋ္ဌေးကြီး သေဋ္ဌေးကတော်ကြီးတို့၏ ချစ်၍ မငြီး တစ်ဦးတည်းသော သမီးဖြစ်လေသည်။ ထို့ကြောင့် ဘဒ္ဒါသေဋ္ဌေးသမီး၏ ဆွေမျိုးများသည် သမီးကလေး အနည်းငယ်မျှ မျက်နှာပျက်သည်ကို သည်းမခံ နိုင်အောင် ရှိကြလေသည်။
ထိုအခါ မိခင် သေဌေးကတော်ကြီးသည် ဘဒ္ဒါသေဋ္ဌေးသမီး အိပ်ရာ၌ ဝမ်းအလျားမှောက်၍ နေသည်ကို မြင်ရ၍ “သမီး- ဘယ်အမှုကို ပြုလုပ်ပေးရ မလဲ” ဟု မေးလေ၏။ ဘဒ္ဒါသေဋ္ဌေးသမီးက “သတ်ဖို့ ခေါ်ဆောင်သွားသော ခိုးသားကို ရပါမှ သမီးအသက်ရှင်ရပါလိမ့်မယ်၊ မရပါမူ သမီးအဖို့ရာ သေရန်သာ ရှိပါတော့တယ်” ဟု တိုက်ရိုက် ပြောဆို၏။
မိဘများနှင့် ဆွေမျိုးများသည် နားချကြသော်လည်း မရသည့်အဆုံး၌ “သေခြင်းထက်တော့ အသက်ရှင်၍ မြင်နေရခြင်းက မြတ်ပါသေး၏” ဟု မှတ်ချက်ချကုန်၏။ ထို့နောက် ဖခင်ကြီးသည် မြို့ဝန်အား အသပြာတစ်ထောင် လာဘ်ထိုး၍ သတ္တုကကို ကယ်ယူကာ သမီး၏ စိတ်အလို ပြည့်စေဖို့ မိဘတို့၏ ကြီးမားလှစွာသော အနန္တမေတ္တာဖြင့် သမီး၏ ပြာသာဒ်ထက်သို့ ပို့စေ၏။ ဘဒ္ဒါသေဋ္ဌေးသမီးသည်လည်း ပြုစုလုပ်ကျွေးလေ၏။
သတ္တုက လူဆိုးသည် သေဋ္ဌေးသမီး၏ အဆင်တန်ဆာ ဘဏ္ဍာအားလုံးကို ရယူမည်ဟု ယုတ်မာစွာ ကြံစည်၍ ဘဒ္ဒါသေဋ္ဌေးသမီးကို “ဘဒ္ဒါ- သင်ကတော့ ငါ့ကို အမှီပြု၍ သတ္တုကသည် အသက်ရအပ်လေပြီ ဟု အောက်မေ့ပေလိမ့်မည်။ စင်စစ်ကား ငါသည် အဖမ်းခံရလျှင် ခံရချင်းပင် စောရပပါတ တောင်စောင့်နတ်မင်း ကြီးအား 'အကယ်၍ အကျွန်ုပ်သည် အသက်ရှင်မှုကို ရပါမူ အရှင် နတ်မင်းအား ဗလိပူဇော်ပွဲကို ပေးဆက်ပါမည်' ဟု တောင်းပန်ခဲ့လေသည်။ ငါသည် စောရပပါတ တောင်စောင့်နတ်မင်းကို အမှီပြု၍ အသက်ရှင်မှုကို ရအပ်ခဲ့ပါပြီ၊ သင်ဘဒ္ဒါသည် လျင်မြန်စွာ ဗလိပူဇော်ပွဲကို စီရင်ပြင်ဆင်ပါလော့” ဟု ပြောလေ၏။
ဘဒ္ဒါ သေဋ္ဌေးသမီးသည် “သတ္တုက၏ အလိုဆန္ဒကို ဖြည့်မည်” ဟူသော ရည်ရွယ်ချက်ဖြင့် ဗလိပူဇော်ပွဲကို ပြင်ဆင်စေ၍ အဆင်တန်ဆာစုံဝတ်ဆင်ကာ သတ္တုကနှင့်အတူ စောရပပါတတောင်သို့ အရောက်သွားပြီးသော် ရိုးသား စိတ်ဖြင့်ပင် “တောင်စောင့်နတ်မင်းအား ဗလိ ပူဇော်မှု ပြုပေတော့အံ့” ဟု အဖော်များနှင့် တောင်ပေါ်တက်ရန် အားထုတ်လေ၏။
စာမျက်နှာ-654
သတ္တုကသည် တောင်ပေါ်တက်စဉ် သေဋ္ဌေးသမီးအား ချစ်ဖွယ်သော စကား မပြောကြားဘဲ ရုန့်ရင်းကြမ်းတမ်းသော စကားကိုသာ ပြောဆိုလေ၏။ ဘဒ္ဒါသေဋ္ဌေးသမီးသည် ပါးနပ်သူဖြစ်၍ သတ္တုက၏ ကောက်ကျစ်သော အကြံကို သိရှိလေသည်။ တောင်ပေါ်သို့ ရောက်သောအခါ သတ္တုက က “ဘဒ္ဒါ . . . သင်၏ အပေါ်ရုံ အဝတ်ကို ချွတ်၍ သင့်ကိုယ်မှာ ဆင်လာသည့် အဆင်တန်ဆာ အားလုံးကို ဤတဘက်၌ ထုပ်လိုက်” ဟု မိုက်ရိုင်းစွာ ပြောဆို၏။
ဘဒ္ဒါသေဋ္ဌေး သမီးက “အို့.. အရှင် ဘာအပြစ်ရှိလို့လဲ” ဟု သာယာစွာ မေးသော်လည်း သတ္တုကသည် “အမိုက်မ ငါသည် ဗလိနတ်ပူဇော်ရန် ရောက်လာသည်ဟု မှတ်ထင်သလော၊ ငါကား ဗလိနတ်အား ပူဇော်ဖို့ မဆိုထားနှင့် ဤတောင်စောင့် နတ်၏ အသည်းကိုပင် ထုတ်စားဝံ့သူ ဖြစ်တယ်၊ စင်စစ် ငါကား သင်၏ အဆင် တန်ဆာများကို လုယူလို၍ တောင်ထိပ်သို့ ခေါ်လာခြင်း ဖြစ်တယ်” ဟု ရိုင်းပြစွာ ပြောလေ၏။
အလွန်လိမ္မာ ပါးနပ်သော သေဌေးသမီးသည် “အရှင်. . . . အဆင်တန်ဆာ များသည် အရှင်၏ ဥစ္စာပင် ဖြစ်တယ်၊ ကျွန်တော်မသည်လည်း အရှင်၏ ဥစ္စာပင် ဖြစ်တယ်” ဟု ပြောဆိုသောအခါ သတ္တုက လူဆိုးသည် “ဤစကားမျိုးကို ငါနားမလည်၊ သင့်ဥစ္စာကား တပါး၊ ငါ့ဥစ္စာကား တခြားသာလျှင် ဖြစ်၏” ဟု ပြတ်တောင်းစွာ ပြောလေ၏။ ထိုအခါ ဘဒ္ဒါသေဋ္ဌေးသမီးသည် “သူ၏ နှလုံး အလိုဆန္ဒကို ပြည့်စေဖို့ တန်ဆာဆင်မြဲတိုင်းဖြင့် ကျွန်မအား အရှင့်ကို ရှေ့မှ လည်းကောင်း, နောက်မှလည်းကောင်း လည်ဖက်၍ ယုယကြင်နာဖို့ အခွင့် ပေးရန်” အထူးတောင်းပန်လေ၏။
ဘဒ္ဒါသေဋ္ဌေးသမီးသည် သတ္တုက လက်ခံသည်ကို သိရလျှင် အချိန်မဆွဲဘဲ လူဆိုး၏ရှေ့မှ လည်ဖက်၍ ယုယကြင်နာမှု ပြုပြီးလျှင် နောက်မှ လည်ဖက်၍ ယုယကြင်နာဟန်ဖြင့် သတ္တုက လူဆိုးကို တောင်ကြား၌ တအား တွန်းချ လိုက်လေ၏။
ဘဒ္ဒါသေဋ္ဌေးသမီး၏ ဥပါယကောသလ္လဉာဏ်ကို တောင်စောင့်နတ်မင်းက “အလုံးစုံသော အရာဌာနတို့၌ ယောက်ျားသာလျှင် ပညာရှိသည် မဟုတ်၊ မိန်းမသည်လည်း ထိုထိုကိစ္စ အဝဝတို့၌ မြော်မြင်ဆင်ခြင်နိုင်သူ, အကျိုးရ ကြောင်း နည်းလမ်းကောင်းကို ဆင်ခြင်နိုင်သူ ဖြစ်ဘိမှု ပညာရှိ ဖြစ်နိုင်တယ်” ဟု ချီးကျူးလေ၏။
စာမျက်နှာ-655
ဘဒ္ဒါသေဋ္ဌေးသမီးသည် အိမ်သို့ ပြန်၍ မဖြစ်တော့သဖြင့် ဦးတည်ရာ သွားလေလျှင် တက္ကတွန်းအာရာမ်တခုကို ရောက်၍ တက္ကတွန်းဆရာတို့၏ သာသနာဝယ် အမြတ်စားနည်းဖြင့် ရဟန်းမ ပြုလေ၏။ ထန်းစေ့မှုတ်ဖြင့် ဆံပင်တို့ကို နာကျင်စွာနုတ်၍ ဆံပင်များ နောက်တဖန် ပေါက်လာပြန်သော အခါ နားတောင်းပမာ ဝိုင်းလျက် ဝိုင်းလျက် အစုလိုက် ပေါက်လာကြ၏။ ထိုအချိန်မှစ၍ ကုဏ္ဍလကေသာ (နားတောင်းပမာ အစုလိုက်ဝိုင်းသော ဆံပင်ရှိသူ)ဟု အမည်တွင်လေ၏။
ကုဏ္ဍလကေသာ တက္ကတွန်းမသည် တက္ကတွန်းတို့ထံ၌ အလုံးစုံသော အတတ် ပညာကို သင်ယူပြီးနောက် ပါရမီ ရှိသူဖြစ်ရကား တက္ကတွန်းတို့ အယူဝါဒသည် တရားထူး မဟုတ်ဟု ဆင်ခြင်သိမြင်ကာ ထိုထို ရွာ နိဂုံး မင်းနေပြည်တော်တို့သို့ လှည့်လည်လျက် ပညာရှိတို့ထံ ချဉ်းကပ်၍ တတ်သိအပ်သော အတတ်ပညာ အားလုံးကို သင်ယူလေသည်။ ထိုအခါ ကုဏ္ဍလကေသာအား ဝါဒအပြိုင်အဆိုင် ပေးစွမ်းနိုင်သူ မရှိသလောက် ဖြစ်နေလေ၏။
ကုဏ္ဍလကေသာသည် ဝါဒရှင်တစ်ယောက်ဖြစ်ကာ ရောက်လေရာ ရွာ နိဂုံး တို့၏ တံခါးဝ၌ သဲပုံပြုကာ သပြေခက်ကို စိုက်ထူပြီး “ဝါဒယှဉ်ပြိုင် ပြစ်တင် ပြောဆိုနိုင်သူသည် နင်းချေ.. ဖျက်စေသတည်း” ဟု အသိပေး၍ ထားလေ၏။ ခုနစ်ရက်တိုင်တိုင် ယှဉ်ပြိုင်သူ မရှိသောအခါ သပြေခက်ကို ယူဆောင်ကာ ဖဲသွားလေ၏။
ကုဏ္ဍလကေသာသည် အစဉ်အတိုင်း ရွာ နိဂုံး မင်းနေပြည်သို့ လှည့်လည် လေရာ သာဝတ္ထိပြည်သို့ ရောက်၍ မြို့သို့ ဝင်လတ်သော် သဲပုံ၌ သပြေခက်ကို စိုက်၍ အနီးရှိ သူငယ်တို့အား အသိပေးကာ မြို့တွင်းသို့ ဝင်လေ၏။ တရား စစ်သူကြီးဖြစ်သော အရှင်သာရိပုတ္တရာသည် တပါးတည်း မြို့တွင်းသို့ ဆွမ်းခံဝင် လေသော် သဲပုံ၌ စိုက်ထားသည့် သပြေခက်ကို မြင်တော်မူ၍ အနီးရှိ ကလေး များကို မေးလေ၏။ ကလေးတို့သည် ကုဏ္ဍလကေသာ ပြောဆိုသမျှသော အကြောင်းအရာကို လျှောက်ထားကုန်၏။ ထိုအခါ အရှင်သာရိပုတ္တရာက ကလေးတို့ကို သပြေခက်ကို ဆွဲယူကာ နင်းချေဖျက်ဆီးခိုင်းလေ၏။
ကုဏ္ဍလကေသာသည် မြို့တွင်းမှ ပြန်ထွက်လာသောအခါ နင်းချေဖျက်ဆီး ထားသော သပြေခက်ကို တွေ့မြင်ရ၍ အဘယ်သူ၏ အပြုအမူနည်းဟု အနီးရှိ ကလေးတို့ကို မေးလေ၏။ ကလေးတို့က တရားစစ်သူကြီး အရှင်သာရိပုတ္တရာ နင်းချေဖျက်ဆီးခိုင်း၍ နင်းချေကြောင်း ပြောလေ၏။ ထိုအခါ ကုဏ္ဍလကေသာ သည် “မိမိ၏ စွမ်းအင်ကို မသိမြင်သောသူသည် ဤသပြေခက်ကို နင်းချေစေခြင်းငှာ
စာမျက်နှာ-656
စွမ်းနိုင်လိမ့်မည် မဟုတ်၊ အမှန်ပင် ဤမထေရ်သည် ကြီးမြတ်သူ ဖြစ်လိမ့်မည်။ ငါသည် တစ်ယောက်တည်း အဖော်နည်းပါးသူ ဖြစ်လျှင် တင့်တယ်လိမ့်မည် မဟုတ်ချေ။ မြို့တွင်းသို့ ဝင်ရောက်ကာ ပရိသတ်အား တရားစစ်သူကြီး အရှင်သာရိပုတ္တရာနှင့် ဝါဒပြိုင်ကြမည် ဖြစ်ကြောင်း အသိပေးမှ သင့်တော်တော့မည်” ဟု ကြံစည်ကာ နီးစပ်ရာ အချင်းချင်း ပြောကြားသဖြင့် သာဝတ္ထိပြည်သူပြည်သား အားလုံးတို့ပင် သိရှိကြလေကုန်၏။
အရှင်သာရိပုတ္တရာမထေရ်မြတ်ထံ ကုဏ္ဍလကေသာသည် လူအပေါင်းခြံရံလျက် သွားရောက်ပြီး -
ကုဏ္ဍလကေသာ - အရှင်ဘုရားတို့သည် တပည့်တော်မ၏ သပြေခက်ကို နင်းချေစေအပ်သလော။
အရှင်သာရိပုတ္တရာ - အေး. . . ငါ နင်းချေစေအပ်သည်။
ကုဏ္ဍလကေသာ - ထိုသို့ဖြစ်လျှင် အရှင်ဘုရားတို့နှင့် တပည့်တော်မ တို့၏ ဝါဒပြိုင်ဆိုင်မှု ဖြစ်စေတော့မလား။
အရှင်သာရိပုတ္တရာ - ဖြစ်ပါစေ တက္ကတွန်းမလေး။
ကုဏ္ဍလကေသာသည် မထေရ်မြတ်၏ ခွင့်ပြုချက်အရ မိမိသိသမျှ ဝါဒ အားလုံးကို မေးလေ၏။ မထေရ်မြတ်သည် အားလုံးကို ဖြေတော်မူလေ၏။
အရှင်သာရိပုတ္တရာ - တက္ကတွန်းမလေး သင်သည် ငါ့ကို များစွာသော ပုစ္ဆာကို မေးအပ်ပြီ (ငါလည်း ဖြေအပ်ပြီ) ငါတို့ကလည်း သင့်ကို ပြဿနာတစ်ခုကို မေးကြကုန်အံ့။ ဧကံ နာမ ကံ၊ တက္ကတွန်းမလေး - ပရိညာသုံးပါးဖြင့် ပိုင်းခြား၍ သိရမည့် တရားတစ်မျိုးဟူသည် အဘယ်တရားနည်း။
ကုဏ္ဍလကေသာ - တပည့်တော်မ မသိပါ အရှင်ဘုရား။
အရှင်သာရိပုတ္တရာ - တက္ကတွန်းမလေး. . . . သင်သည် ငါတို့ သာသနာဝယ် သာမဏေငယ်ကလေးများ လေ့လာရသည့် ဤမျှကို မသိလျှင် အခြား အဘယ်တရားကို သင် သိနိုင်လိမ့် မည်နည်း။
စာမျက်နှာ-657
ဤသို့ မထေရ်မြတ်က မိန့်ဆိုလျှင် ပါရမီအရှင် ကုဏ္ဍလကေသာသည် မထေရ်၏ ခြေရင်း၌ ဝပ်စင်း၍ တပည့်တော်မသည် အရှင်ဘုရားတို့ကို ကိုးကွယ်ရာဟူ၍ သိမှတ်ဆည်းကပ်ပါ၏ဟု လျှောက်လေ၏။ မထေရ်မြတ်က နတ်နှင့်တကွသော သတ္တလောကကြီး တစ်ခုလုံး၌ အမြတ်ဆုံး ပုဂ္ဂိုလ် ဖြစ်တော်မူသော မြတ်စွာ ဘုရားသည် ဇေတဝန်ကျောင်း ဂန္ဓကုဋီတိုက်တော်၌ သီတင်းသုံးလျက် ရှိတော် မူ၏။ သင်သည် ထိုမြတ်စွာဘုရားကို ကိုးကွယ်ရာဟု သိမှတ်ဆည်းကပ်လောဟု မိန့်တော်မူ၏။
ကုဏ္ဍလကေသာသည် ဗုဒ္ဓမြတ်စွာထံသို့ သွားရောက် ဆည်းကပ်၍ တည်ခြင်းငါးပါးဖြင့် ရှိခိုးပြီး နေလေ၏။ ဗုဒ္ဓမြတ်စွာသည် ကုဏ္ဍလကေသာ၏ ဉာဏ်ရင့်ကျက်ချိန်ကို သိမြင်တော်မူ၍ -
ဂါထာတစ်ထောင် ဖြစ်လင့်ကစား အကျိုးမရှိသော မိုးဖွဲ့ တောင်ဖွဲ့ ဖြစ်ဘိမူ မချီးမွမ်းအပ် မမြတ်ချေ။ “အပ္ပမာဒေါ အမတံ ပဒံ” . အစရှိသော ဂါထာပိုဒ်ကို ကြားနာရသည်ရှိသော် ကိလေသာအပူ ငြိမ်းလေ၏။ ထိုစာပိုဒ် တစ်ပိုဒ်ကသာလျှင် မြတ်၏ ဟု ချီးမွမ်းအပ်၏။
ကုဏ္ဍလကေသာသည် ဟောတော်မူအပ်သော တရားဂါထာ ဆုံးသောအခါ ရပ်တည်ရင်းပင် ပဋိသမ္ဘိဒါဉာဏ် လေးပါးနှင့် တကွ အရဟတ္တဖိုလ်သို့ ရောက်ရှိ၍ ဗုဒ္ဓမြတ်စွာအား ရဟန်းမ ပြုပေးပါရန် လျှောက်ထား တောင်းပန်လေ၏။ ဗုဒ္ဓမြတ်စွာ၏ ခွင့်ပြုချက်အရ ကုဏ္ဍလကေသာသည် ဘိက္ခုနီမကျောင်းတိုက်သို့ သွားရောက်၍ ရဟန်းမ ပြုလေ၏။
ဗုဒ္ဓမြတ်စွာသည် ဇေတဝန်ကျောင်းတော်၌ “ရဟန်းတို့- လျင်မြန်စွာ ရအပ်သည့် မဂ်ဉာဏ်ဖိုလ်ဉာဏ်ရှိကြသည့် ငါဘုရား၏ တပည့်မသာဝိကာ ဘိက္ခုနီမတို့တွင် ဘဒ္ဒါမည်သော ကုဏ္ဍလကေသာသည် အသာဆုံး အမြတ်ဆုံး” ဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှောက်တော်မူပါသည်။
စာမျက်နှာ-658
ဝေါဟာရရှင်းလင်းချက်
အကုသိုလ်ကံ = မျက်မှောက်ဘဝ, တမလွန်ဘဝ၌ အပြစ်ရှိသည့်အပြင် ဆင်းရဲကြောင်း အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သော အကုသိုလ် စေတနာ။
အကျိုးဝိပါက် = ကုသိုလ်ကံ, အကုသိုလ်ကံတို့၏ အကျိုးရင်း, အကျိုးဆက် ဖြစ်သော ဝိပါက်ဝိညာဉ်။
အတ္တဝါဒုပါဒါန် = အတ္တဝါဒ + ဥပါဒါန်၊ အတ္တရှိ၏ဟု ပြောဆို စွဲလမ်းခြင်း။
အနန္တတန်ခိုး = အနန္တ + တန်ခိုး၊ အကန့်အသတ် အပိုင်းအခြားမရှိ များပြား ကြီးကျယ်လှသည့် တန်ခိုးတော်။
အနမတဂ္ဂသံသရာ = အန + မတဂ္ဂ + သံသရာ၊ အစပိုင်းကို မသိနိုင်သော သံသရာ။ အစပိုင်း မထင်ရှားသော သံသရာ။
အနာဂါမ် = အနာဂါမ်ပုဂ္ဂိုလ်၊ ဤလူ့ပြည်သို့ ပဋိသန္ဓေနေရန် တဖန်မလာ တော့သည့် အနာဂါမိဖလဋ္ဌာန် အရိယာ ပုဂ္ဂိုလ်။
အနုပါဒိသေသနိဗ္ဗာန = အနုပါဒိသေသ + နိဗ္ဗာန၊ ကိလေသာတို့မှ ကြွင်းကျန် ရစ်သည့် ဝိပါက်ကမ္မဇရုပ်များပင် အကြွင်းအကျန် မရှိသော နိဗ္ဗာန်။
အနုလုံ = ရှေးရှေးဖြစ်သော ပရိကံနှင့် နောက်နောက်ဖြစ်သော အပ္ပနာတို့အား လျော်စွာဖြစ်သော စိတ်။
အနုဿတိ = အ + သတိ၊ အနုဿတိကမ္မဋ္ဌာန်း၊ အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်ခြင်း။
အပရာပရိယအကုသိုလ်ကံ = အပရာပရိယ + အကုသိုလ်ကံ၊ တတိယဘဝမှစ၍ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် ဘဝအဆက်ဆက်၌ အကျိုးပေးသော အကုသိုလ်ကံ။
စာမျက်နှာ-659
အပုညာဘိသင်္ခါရ = အပုည + အဘိသင်္ခါရ၊ အကျိုးဝိပါက်ဖြစ်သော ရုပ် နာမ် သင်္ခတတရားစုကို ပြုစီမံတတ်သော အကုသိုလ် စေတနာ။
အပ္ပနာဈာန် = အပ္ပနာ + ဈာန်၊ ရူပ အရူပဈာန်၊ လောကုတ္တရာဈာန်၊ အာရုံသို့ သမ္ပယုတ်တရားတို့ကို ရှေးရှုတင်ပေးတတ်သော ဈာန်တရား။
အပ္ပမာဒတရား = အပ္ပမာဒ + တရား၊ ကုသိုလ်ကောင်းမှုကိစ္စများ၌ မမေ့ မလျော့ကြောင်းဖြစ်သော သတိတရား။
အဘိဇ္ဈာ = သူတစ်ပါးစည်းစိမ်ကို မတရား ရယူလိုမှု။
အရညကင်ဓုတင် = အရညကင်+ဓုတင်၊ လူသူ ဝေးရာအရပ်၌ တောရ ဆောက် တည်သော ဓုတင်အကျင့်။
အရဟတ္တမဂ် = ရဟန္တာဖြစ်ကြောင်းဖြစ်သော စတုတ္ထမဂ်။
အရဟတ္တဖိုလ် = ရဟန္တာဖြစ်ကြောင်းဖြစ်သော ဖိုလ်။
အရိယသစ္စာ = အရိယ + သစ္စာ၊ မချွတ်မယွင်း မှန်ကန်သော သစ္စာ တရား။ ဘုရား အစရှိသော အရိယာပုဂ္ဂိုလ်တို့၏ အမှန် တရား။
အရူပဘုံ = အရူပ+ဘုံ၊ ရုပ်မရှိ နာမ်ဝိညာဉ်တစ်မျိုးတည်းသာ ရှိသော အရူပ ဗြဟ္မာတို့၏ နေထိုင်ရာဖြစ်သော ဘုံ။
အဝိဇ္ဇာ = အဝိဇ္ဇာတရား၊ အမှန်တရားသဘောကို ဖုံးလွှမ်းတတ်သော မောဟတရား။
အဝိဇ္ဇာသဝ = အဝိဇ္ဇာ+အာသဝ၊ အဝိဇ္ဇာဟူသော အာသဝေါတရား။
အဝီတိက္ကမတရား = အဝီတိက္ကမ+တရား၊ မလွန်ကျူးအပ်သော ဒုစရိုက်တရား။
အာကာသာနဉ္စာယတနဈာန် = အဆုံး အပိုင်း အခြား မရှိသော ကောင်းကင် ပညတ်ဟူသော တည်ရာအာရုံရှိသော ဈာန်။
အာကိဉ္စညာယတနဈာန် = အာကာသာနဉ္စာယတနဝိညာဉ်၏ ကင်းကွာချုပ် ပျောက်ခြင်းဟူသော နတ္ထိသောပညတ်လျှင် တည်ရာ အာရုံရှိသော ဈာန်။
စာမျက်နှာ-660
အာဂန္တုရဟန်း = အာဂန္တု +ရဟန်း၊ အရပ်တပါးမှ ကြွရောက်လာသော ဧည့်သည် ရဟန်း။
အာဒိကလျာဏ = အာဒိ+ကလျာဏ၊ အစ အပိုင်း အခန်း, ဘဝအစ ပထမ အရွယ်၏ ကောင်းခြင်း။
အာနေဉ္ဇာဘိသင်္ခါရ = အာနေဉ္ဇ+အဘိသင်္ခါရ၊ မတုန်မလှုပ် ငြိမ်သက်သော အရူပ ဝိပါက်ဝိညာဉ်ကို ပြုပြင်စီရင်တတ်သော အရူပ ကုသိုလ် စေတနာ။
အာယုသင်္ခါရ = အာယု+သင်္ခါရ၊ အသက်(ဇီဝိတိန္ဒြေ)ကို ပြုပြင်စီရင် တတ်သော ဖလသမာပတ်။
အာဝါသ = နေရာဌာနဖြစ်သော အိမ်, ကျောင်း, ပရိဝုဏ် စသည်။
[ ဣ၊ ဥ၊ ဧ၊ ဩ ]
ဣဒ္ဓိမယသပိတ်သင်္ကန်း = ဣဒ္ဓိမယ+သပိတ်သင်္ကန်း၊ တန်ခိုးတော်ကြောင့် ဖြစ်ပေါ် လာသော သပိတ်သင်္ကန်း။
ဣဿရိယဘုန်းတော် = ဣဿရိယ+ဘုန်းတော်၊ မိမိ၏ စိတ်တော်ကို အစိုးရ နိုင်နင်းခြင်းဟူသော ဘုန်းတော်။
ဥစ္ဆေဒဒိဋ္ဌိ = ဥစ္ဆေဒ+ဒိဋ္ဌိ၊ ဥစ္ဆေဒအယူဝါဒ၊ အတ္တနှင့် လောကသည် သေပြီး နောက် ထပ်၍ မဖြစ် အဆက်ပြတ်၏ဟူသော အယူမှား။
ဥဒယဗ္ဗယဉာဏ် = ဥဒယ+ဗယ+ဉာဏ်၊ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ အဖြစ်နှင့် အပျက်ကို ရှုမှတ်သော ဝိပဿနာဉာဏ်။
ဥဒ္ဒိဿစေတီ = ဥဒ္ဒိဿ+စေတီ၊ သက်တော်ထင်ရှား သဗ္ဗညု မြတ်စွာ ဘုရားကို ရည်မှတ်၍ သွန်းထုပြုလုပ်ထားသည့် ရုပ်ပွား ဆင်းတုတော်စေတီ။
ဥပစာ = အပ္ပနာ၏ အနီး၌ ဖြစ်သောစိတ်။
ဥပစာရဈာန်စိတ် = အပ္ပနာဈာန်၏ ရှေ့အဖို့၌ ဖြစ်သော ဉာဏသမ္ပယုတ် ကာမာဝစရဇောစိတ်။
စာမျက်နှာ-661
ဥပဇ္ဈာယ်ဆရာ = ရဟန်းဘောင်သို့ ရောက်အောင် ပို့ဆောင်ပေးသော ဆရာ။
ဥပဋ္ဌာက = အလုပ်အကျွေးပြုသူ၊ ပြုစုလုပ်ကျွေးသောသူ။
ဥပပါရမီ = မိမိ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းကို မငဲ့ကွက်ဘဲ ဖြည့်ကျင့် ဆည်းပူး အပ်သော မွန်မြတ်သည့် ပါရမီ။
ဥပါဒ်, ဌီ, ဘင် = ရုပ်နာမ်တရားတို့၏ စတင်ဖြစ်ပေါ်ဆဲ ခဏသည် ဥပါဒ်၊ တည်ဆဲ ခဏသည် ဌီ၊ ချုပ်ပျက်သွားဆဲ ခဏသည် ဘင်မည်၏။
ဥပါယကောသလ္လဉာဏ် = အကြောင်းဥပါယ် နည်းပရိယာယ်၌ ထူးချွန်ကျွမ်းကျင် သော ပညာ။
ဧတဒဂ် = ဧတဒဂ်ဘွဲ့ထူး၊ “အမြတ်ဆုံး, အသာဆုံး, အကောင်းဆုံး” ဟု ဘုရားရှင်ကိုယ်တော်တိုင် အသိအမှတ်ပြုအပ်သော ဘွဲ့ထူး။
ဩဃလေးပါး = ဩဃ+လေးပါး၊ မိမိကိန်းရာ သတ္တဝါကို ဝဋ်ဒုက္ခ၌ နစ်မြုပ်အောင် လွှမ်းဖိ သတ်ဖြတ်တတ်သောတရား။ ယင်းတရားကား ကာမောဃ, ဘဝေါဃ, ဒိဋ္ဌောဃ, အဝိဇ္ဇောဃအားဖြင့် လေးပါးတည်း။
[ က ]
ကမ္မဇရုပ်ကလာပ် = ကမ္မဇ+ရုပ်ကလာပ်၊ ကမ္မဇ = ကံကြောင့်ဖြစ်သော၊ ရုပ်ကလာပ်=ရုပ်အပေါင်း၊ ကံကြောင့် ဖြစ်ပေါ်လာသည့် ရုပ်အပေါင်း။
ကသိုဏ်း = ကသိဏ (ပါဠိ)၊ ယောဂီပုဂ္ဂိုလ်သည် အလုံးစုံ အကုန် အစင် တပြိုင်နက် ထင်မြင်အောင် ရှုမှတ်ဆင်ခြင်အပ် သော မြေစသည့် အာရုံ (၁ဝ)မျိုး။
ကာမစ္ဆန္ဒ = ကာမ+ဆန္ဒ၊ ဝတ္ထုအာရုံ ကာမဂုဏ်၌ အလိုရှိခြင်း၊ တပ်မက်ခြင်း။
ကာမဘုန်းတော် = မိမိ လိုလားတောင့်တအပ်သည့် အကျိုးစီးပွားများ မိမိ အလိုဆန္ဒအတိုင်း ပြည့်စုံပြီးစီးစေနိုင်သော ဘုန်းတော်။
စာမျက်နှာ-662
ကာမသုဂတိဘုံ = ကာမ+သု+ဂတိ (ဘုံ)၊ ကာမတဏှာနှင့် တကွဖြစ်သော ကောင်းသော လားရာ ရောက်ရာဘုံ၊ လူ့ပြည်နှင့် နတ်ပြည် ခြောက်ထပ်ကို “ကာမသုဂတိဘုံ” ဟု ခေါ်သည်။
ကာမာသဝ = ကာမ+အာသဝ၊ ဝတ္ထုအာရုံ ကာမဂုဏ်၌ တပ်မက်တွယ် တာသော တဏှာတည်းဟူသော အာသဝေါတရား။
ကာမုပါဒါန် = ကာမ+ဥပါဒါန်၊ ဝတ္ထု အာရုံ ကာမဂုဏ်တို့၌ စွဲစွဲလမ်းလမ်း တပ်မက်တွယ်တာသော တဏှာတည်းဟူသော ဥပါဒါန် တရား။
ကာယဂတာသတိ = ကာယ+ ဂတာ+ သတိ၊ ဆံပင် အစရှိသော ၃၂-ကောဋ္ဌာ သရူပကာယကို အာရုံပြု၍ ဖြစ်သောသတိ။
ကာယပသာဒ = ကာယ+ပသာဒ၊ ကာယဟု ဆိုအပ်သော ပသာဒ၊ ကိုယ်အကြည်ဓာတ်။
ကုသိုလ်ကံ = မျက်မှောက်ဘဝ, တမလွန်ဘဝ၌ လုံးဝအပြစ်မရှိသည့် အပြင် ချမ်းသာသော အကျိုးကို ပေးစွမ်းနိုင်သော ကုသိုလ်စေတနာ။
[ ဂ၊ ဃ ]
ဂတိမန္တ = ဂတိ+မန္တ၊ ဂတိ=ဉာဏ်ပညာ+မန္တ=ရှိခြင်း၊ ဉာဏ်ပညာရှိ သောသူ။
ဂန္ဓကုဋိ = ဂန္ဓ+ကုဋိ၊ နံ့သာဖြင့် ထုံမွှမ်းအပ်သော ကျောင်း၊ ဘုရားကျောင်းတော်။
ဂဗ္ဘသေယျကသတ္တဝါ = ဂဗ္ဘ+သေယျ+က+သတ္တဝါ၊ အမိဝမ်း၌ ကိန်းအောင်း သော သတ္တဝါ။
ဂရုဓံ = ဂရု+ဓံ (ဓမ္မ)၊ အလေးပြုအပ်သောတရား၊ ရိုသေ လေးစားစွာ ဝန်ခံအပ်, လိုက်နာပြုကျင့်အပ်သောတရား။ ဂရုဓံတရားကို မြတ်စွာဘုရားသည် ဘိက္ခုနီမတို့အား ဟောကြားတော်မူသည်။ ယင်းတရား (၈)ပါး ရှိသည်။
စာမျက်နှာ-663
ဂေါတြဘူ = ဂေါတြ+ဘူ၊ ကာမအနွယ်, ပုထုဇဉ်အနွယ်ကို ဖျက်ဆီး တတ်သော စိတ်၊ မဟဂ္ဂုတ်အနွယ်, လောကုတ္တရာအနွယ် ကို ဖြစ်စေတတ်သော စိတ်။
ဃာနပသာဒ = ဃာန+ပသာဒ၊ ဃာနဟု ဆိုအပ်သော ပသာဒ၊ နှာခေါင်း အကြည်ဓာတ်။
[ စ၊ ဇ ]
စက္ခုငါးပါး = စက္ခု+ငါးပါး၊ စက္ခု=မျက်စိ+ငါးပါး၊ မျက်စိငါးပါး။ ယင်းတို့ကား-မံသစက္ခု, ဒိဗ္ဗစက္ခု, ပညာစက္ခု, သမန္တစက္ခု, ဗုဒ္ဓစက္ခုတို့ ဖြစ်သည်။
စက္ခုပသာဒ = စက္ခုပသာဒ၊ စက္ခုဟု ဆိုအပ်သော ပသာဒ၊ မျက်စိအကြည်ဓာတ်။
စက္ခုဝိညာဉ် = စက္ခု+ဝိညာဉ် (ဝိညာဏ)၊ မျက်စိအကြည်ဓာတ်ကို မှီ၍ သိတတ် သောတရား၊ မြင်သိစိတ်။
စရဏတရား = စရဏ+တရား၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်တရား။ ယင်းစရဏတရားသည် သီလစောင့်ထိန်းခြင်း၊ ဣန္ဒြေကို စောင့် ရှောက်ခြင်း၊ အစာအာဟာရ၌ အတိုင်းအရှည်ကို သိခြင်း၊ နိုးကြားခြင်း၌ အဖန်ဖန်အားထုတ်ခြင်း၊ သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, ဗာဟုဿစ္စ, ဝီရိယ, သတိ, ပညာဟူသော သူတော်ကောင်းတရား (၇)ပါး၊ ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် ဟူသော ရူပါဝစရဈာန် (၄)ပါးအားဖြင့် (၁၅)ပါးရှိသည်။
စွန့်ခြင်းကြီးငါးပါး = စွန့်ခြင်းကြီး+ငါးပါး၊ လူသာမန်တို့ အလွန်ပြုနိုင်ခဲစွာ သောကြောင့် လွန်ကဲမြင့်မြတ်ကြီးကျယ်သော စွန့်လှူခြင်း။ ယင်း စွန့်ခြင်းကြီးသည် (၁)မင်းစည်းစိမ်ဥစ္စာကို စွန့်လှူခြင်း ဓနပရိစ္စာဂ၊ (၂)သားသမီးကို စွန့်လှူခြင်း ပုတ္တပရိစ္စာဂ၊ (၃)မယားကို စွန့်လှူခြင်း ဘရိယပရိစ္စာဂ၊ (၄) ကိုယ်အင်္ဂါ အစိတ်အပိုင်းကို ပေးလှူခြင်း အင်္ဂပရိစ္စာဂ၊ (၅) ကိုယ့်အသက်ကို ပေးလှူခြင်း ဇီဝိတပရိစ္စာဂအား ဖြင့် ငါးပါးရှိသည်။
ဇိဝှါပသာဒ = ဇိဝှါ+ပသာဒ၊ ဇိဝှါဟု ဆိုအပ်သော ပသာဒ၊ လျှာ အကြည်ဓာတ်။
စာမျက်နှာ-664
[ တ၊ ဒ၊ ဓ၊ န ]
တက္ကတွန်းအာရာမ် = တက္ကတွန်း+အာရာမ်၊ တိတ္ထိတို့ နေထိုင်သော ကျောင်း အာရာမ်။
တဏှာ = ဆာလောင် မွတ်သိပ်တတ်သော တရား၊ မရောင့်ရဲ မတင်း တိမ်နိုင်သော တရား၊ တရားကိုယ်မှာ လောဘဖြစ်သည်။
တေဘုမ္မကသင်္ခါရတရား = တေဘုမ္မ+က+သင်္ခါရတရား၊ ကာမ, ရူပ, အရူပ ဟူသော ဘုံ (၃)ပါး၌ ဖြစ်သော ခန္ဓာငါးပါး သင်္ခါရ တရား။
ဒိဋ္ဌာသဝ = ဒိဋ္ဌိ+အာသဝ၊ ဒိဋ္ဌိဟူသော အာသဝေါတရား။
ဒိဋ္ဌိ = ဖောက်ပြန် မှားယွင်းသော အယူ၊ တရားကိုယ်မှာ ဒိဋ္ဌိ စေတသိက် ဖြစ်သည်။
ဒိဋ္ဌိဂတဝိပ္ပယုတ် = ဒိဋ္ဌိဂတ+ဝိပ္ပယုတ်၊ မိစ္ဆာဒိဋ္ဌိနှင့် မယှဉ်သည့် စိတ်။
ဒိဋ္ဌိဝိစိကိစ္ဆာ = ဒိဋ္ဌိ+ဝိစိကိစ္ဆာ၊ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာ၊ အယူဖောက်ပြန် မှားယွင်းခြင်း ဒိဋ္ဌိနှင့် ဘုရား စသည်တို့၌ ယုံမှား သံသယဖြစ်ခြင်း ဝိစိကိစ္ဆာ။
ဒိဋ္ဌုပါဒါန် = ဒိဋ္ဌိ+ဥပါဒါန်၊ မိစ္ဆာဒိဋ္ဌိဟူသော ဥပါဒါန်တရား။
ဒိဗ္ဗစက္ခုဉာဏ်တော် = ဒိဗ္ဗစက္ခု+ဉာဏ်တော်၊ နတ်မျက်စိကဲ့သို့ ဖုံးလွှမ်း ကွယ် ဝှက် နေသော အရာဝတ္ထု၊ ဝေးသော အရာဝတ္ထုများကို မြင်နိုင်သော ဉာဏ်တော်။
ဓမ္မစေတီ = မြတ်ဗုဒ္ဓဟောကြားထားခဲ့သည့် ပိဋကတ်သုံးသွယ် နိကာယ် ငါးရပ် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဟူသော ဓမ္မစေတီတော်။
ဓမ္မဘုန်းတော် = ဓမ္မ+ဘုန်းတော်၊ လောကုတ္တရာတရားနှင့် ပြည့်စုံတော် မူခြင်းဟူသော ဘုန်းတော်။
ဓမ္မာနုဿတိ = ဓမ္မ+အနုဿတိ၊ တရားဂုဏ်တော်ကို အဖန်ဖန် အထပ် ထပ် အောက်မေ့ခြင်း သတိ။
ဓာတုစေတီ = ဓာတု+စေတီ၊ ဘုရားရှင်၏ ဓာတ်တော် မွေတော်၊ ထိုဓာတ်တော် မွေတော်များကို ဌာပနာပြီး တည်ထား သော စေတီတော်။
စာမျက်နှာ-665
ဓိတိမန္တ = ဓိတိ + မန္တ၊ ဓိတိ = လုံ့လဝီရိယ + မန္တ = ရှိခြင်း၊ လုံ့လရှိသောသူ။
ဓုတင် = ကိလေသာတရားဆိုးများကို ခါထုတ်ပစ်တတ်သော အကျင့်။
နတ္ထိကဒိဋ္ဌိ = နတ္ထိက + ဒိဋ္ဌိ၊ ကုသိုလ်ကံ, အကုသိုလ်ကံတို့၏ အကျိုးဝိပါက် မရှိဟု လက်ခံယုံကြည်သော မိစ္ဆာအယူ။
နီဝရဏတရား = နီဝရဏ + တရား။ ကုသိုလ်တရား ဈာန်မဂ်များကို တားဆီးပိတ်ပင်တတ်သောတရား။ ယင်းတရားသည် ကာမစ္ဆန္ဒ စသောအားဖြင့် ခြောက်ပါးရှိသည်။
နေဝသညာနာသညာယတနဈာန် = နေဝ + သညာ + န + အသညာ + အာယတနဈာန်၊ ရုန့်ရင်းကြမ်းတမ်းသော သညာကား မရှိ၊ သိမ်မွေ့သော သညာရှိသည့် စတုတ္ထအရူပဈာန်။
နာမ်ခန္ဓာ = နာမ် + ခန္ဓာ၊ ခန္ဓာငါးပါးရှိရာတွင် နာမ်တရားဖြစ်သော ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာတို့ကို နာမ်ခန္ဓာဟု ခေါ်သည်။
နာမ်ဓမ္မ = နာမ် + ဓမ္မ၊ နာမ်တရား၊ စိတ် ၈၉ ပါး၊ စေတသိတ် ၅၂ ပါး၊ နိဗ္ဗာန်ဟူသော နာမ်တရား။
ပ
ပစ္စေကဗုဒ္ဓါ = ပစ္စေက + ဗုဒ္ဓ၊ အသီးအခြား ကိုယ်တိုင်သာ သစ္စာ ၄-ပါးကို သိမြင်သောဘုရား၊ သီးခြားဘုရား၊ ဘုရားငယ်။
ပစ္စေကဗောဓိဉာဏ် = ပစ္စေကဗောဓိ + ဉာဏ်၊ အသီးအခြား သိတတ်သောဉာဏ်၊ ပစ္စေကဗုဒ္ဓါတို့ ရအပ်သော ဉာဏ်။
ပစ္ဆိမအရွယ် = ပစ္ဆိမ + အရွယ်၊ လူ့ဘဝသက်တမ်းကို ၃-ပိုင်း ပိုင်းခြားရာ၌ နောက်ဆုံးပိုင်းဖြစ်သော အရွယ်။
ပစ္ဆိမဘဝိက = ပစ္ဆိမ + ဘဝိက၊ နောက်ဆုံးဘဝ၌ ဖြစ်သောသူ၊ ယခုရရှိဆဲ ဘဝမှ စုတေလျှင် ဘဝအသစ်၌ ပဋိသန္ဓေ မနေတော့ဘဲ ပရိနိဗ္ဗာန် ဝင်စံမည့်သူ။
ပညတ် = အပြားအားဖြင့် သိမှတ်စေအပ်သော နွားဒြပ်အစရှိသည့် အတ္ထပညတ်၊ အပြားအားဖြင့် သိမှတ်စေတတ်သော နွားအစရှိသည့် နာမပညတ်။
စာမျက်နှာ-666
ပညာအန္ဓ = ပညာ + အန္ဓ၊ ပညာတည်းဟူသော မျက်စိကန်းသူ၊ ပညာမျက်ကန်း။
ပညိန္ဒြေ = ပညာ + ဣန္ဒြေ၊ ပညာတည်းဟူသော ဣန္ဒြေတရား။
ပဋိဃသမ္ပယုတ်စိတ် = ပဋိဃ + သမ္ပယုတ်စိတ်၊ ဒေါသနှင့်ယှဉ်သောစိတ်။
ပဋိလောမ = ပဋိလုံ၊ နောက်စကားရပ်က ပြန်စသောအားဖြင့်၊ ရှေ့စကားရပ်နှင့် ဆန့်ကျင်ဘက်အားဖြင့် ဟောကြားအပ်သော ဒေသနာစကားစဉ်။
ပဋိသန္ဓေစိတ် = ပဋိသန္ဓေ + စိတ်၊ ရှေ့ဘဝ ဘဝဟောင်းနှင့် နောက်ဘဝ ဘဝသစ်ကို ပေါင်းကူးဆက်သွယ်ပေးသော စိတ်။
ပဋိသန္ဓေဝိညာဉ် = ပဋိသန္ဓေ + ဝိညာဉ်၊ ဘဝအဟောင်းနှင့် ဘဝသစ်ကို ပေါင်းကူး ဆက်သွယ်ပေးသော ဝိပါက်ဝိညာဉ်။
ပဋိသမ္ဘိဒါလေးပါး = ပဋိသမ္ဘိဒါ + လေးပါး၊ ဉာဏ်တော်လေးပါး၊ အတ္ထပဋိသမ္ဘိဒါဉာဏ်တော်၊ ဓမ္မပဋိသမ္ဘိဒါဉာဏ်တော်၊ နိရုတ္တိပဋိသမ္ဘိဒါဉာဏ်တော်၊ ပဋိဘာနပဋိသမ္ဘိဒါဉာဏ်တော်။
ပယတ္ထဘုန်းတော် = လူ နတ် ဗြဟ္မာ သတ္တဝါအများ လေးစားလောက်သော လုံ့လဝီရိယနှင့် ပြည့်စုံတော်မူခြင်းဟူသော ဘုန်းတော်။
ပရမတ္ထပါရမီ = ပရမတ္ထ + ပါရမီ၊ မိမိ၏ ကိုယ်အသက်ကို မငဲ့ကွက်ဘဲ ဖြည့်ကျင့် ဆည်းပူးအပ်သော အလွန်မွန်မြတ်လှသည့် ပါရမီ။
ပရမတ္ထသံဃာတော် = ပရမတ္ထ + သံဃာတော်၊ မြင့်မြတ်သော အရိယာသံဃာ၊ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်လေးယောက် ဖလဋ္ဌာန်ပုဂ္ဂိုလ်လေးယောက် ဟူသော မြင့်မြတ်သည့် အရိယာသံဃာ။
ပရိကံ = အပ္ပနာဖြစ်ပေါ်လာအောင် ပြုစီမံတတ်သော စိတ်။
ပရိဘောဂစေတီ = ပရိဘောဂ + စေတီ၊ မြတ်စွာဘုရား၏ အသုံးအဆောင် ပစ္စည်းများကို ဌာပနာပြီး တည်ထားသောစေတီ၊ မြတ်စွာဘုရား၏ အသုံးအဆောင် ပစ္စည်းဖြစ်သော မဟာဗောဓိပင်အစရှိသည့် စေတီ။
ပရိယောသာနကလျာဏ = ပရိယောသာန + ကလျာဏ၊ အဆုံးအပိုင်းအခန်း၊ အဆုံးပိုင်းဘဝ၏ ကောင်းခြင်း။
စာမျက်နှာ-667
ပဝတ္တိအခါ = ပဝတ္တိ + အခါ၊ ဘဝတစ်သက်တာ၌ အစပိုင်း ပဋိသန္ဓေအခါ အဆုံးပိုင်း စုတိအခါကို ချန်လှပ်၍ အစပိုင်း၊ အဆုံးပိုင်းတို့၏ အလယ်ဖြစ်သောအခါ။
ပဝါရဏ = ပဝါရဏာပြုခြင်း၊ “မိမိအပေါ်မှာ မြင်အပ်၊ ကြားအပ်၊ ယုံမှားအပ်သော အပြစ်တစ်စုံတစ်ရာရှိပါက ပြောကြားကြပါ၊ ကုစားပါမည်” ဟု ဖိတ်ကြားခြင်း။
ပိဏ္ဍပါတ်ဓုတင် = ပိဏ္ဍပါတ် + ဓုတင်၊ သလုံး မြင်းခေါင်း ခြေနှစ်ချောင်းဖြင့် လှည့်လည်ဆွမ်းခံ၍ ရသော ဆွမ်းကိုသာ ဘုဉ်းပေး သုံးဆောင်ခြင်းဟူသော ဓုတင်အကျင့်။
ပုညာဘိသင်္ခါရ = ပုည + အဘိသင်္ခါရ၊ အကျိုးဝိပါက်ဖြစ်သော ရုပ်နာမ် သင်္ခတ တရားစုကို ပြုစီမံတတ်သော ကာမကုသိုလ်၊ ရူပကုသိုလ်စေတနာ။
ပုဏ္ဏကတိုက်ခြင်း = လောကီအောက်လမ်း အင်းအတတ်ဖြင့် ပုဏ္ဏကဘီလူးကို နှောင့်ယှက် နှိပ်စက် ဖျက်ဆီးခိုင်းခြင်း။
ပုဗ္ဗေကတဟေတုဒိဋ္ဌိ = ပုဗ္ဗေကတ + ဟေတု + ဒိဋ္ဌိ၊ ပစ္စုပ္ပန်ဘဝ ဉာဏ်ဝီရိယ မပါ၊ ရှေးအကြောင်း ကံကြောင့်သာ ချမ်းသာခြင်း၊ ဆင်းရဲခြင်း ဖြစ်ရသည်ဟု ကံတစ်မျိုးတည်းကိုသာ စွဲယူထားသော အယူမှား။
ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော် = ပုဗ္ဗေနိဝါသ + အနုဿတိဉာဏ်တော်၊ ရှေးဘဝ ပေါင်းများစွာ၌ နေအပ်ခဲ့ဖူးသည့် ဘဝဖြစ်စဉ်ကို ပြန်လည် အောက်မေ့သိမြင်တော်မူသော ဉာဏ်တော်။
ပေါက္ခရဝဿ = ပေါက္ခရ + ဝဿ၊ ပေါက္ခရ = ကြာ + ဝဿ = မိုး၊ ပေါက္ခရဝဿမိုး၊ ကြာဖက်မိုး၊ မြတ်စွာဘုရား တန်ခိုးတော်အရ ကြာရွက်ခန့် ပမာဏရှိသော တိမ်တိုက်မှ အမွန်အစပြုပြီး ရွာသွန်းချလိုက်သော မိုးရေစိုစွတ်လိုသူအပေါ်သာ မိုးပေါက်ကျ၍ မစိုစွတ်လိုသူအပေါ် မိုးရေတပေါက်မျှ မကျရောက်သည့် မိုးကြီး။
စာမျက်နှာ-668
ဖ၊ ဗ၊ ဘ၊ မ
ဖလသမာပတ် = ဖလ + သမာပတ်၊ ဖလ = ဖိုလ် + သမာပတ် = ကောင်းစွာ ရောက်ခြင်း၊ ဖိုလ်သို့ ကောင်းစွာရောက်နေခြင်း၊ ဖိုလ်ဝင်စားခြင်း။
ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း = ဗုဒ္ဓ + အနုဿတိ + ကမ္မဋ္ဌာန်း၊ ဘုရားဂုဏ်တော်ကို အဖန်ဖန် အထပ်ထပ် ရှုမှတ်ပွားများနေသည့် ကမ္မဋ္ဌာန်း။
ဗောဓိပက္ခိယတရား = ဗောဓိ + ပက္ခိယတရား၊ ဗောဓိ = ဗောဓိဉာဏ် + ပက္ခိယတရား။ (မှတ်ချက်။ ။ အဓိပ္ပာယ်ဖော်ပြချက်သည် အောက်ပါ ဘဝါသဝ နှင့် ရောထွေးနေသည်ကို တွေ့ရသော်လည်း မူရင်းအတိုင်း ထားရှိပါသည်)။
ဗျာပါဒ = စီးပွားချမ်းသာကို ဖျက်ဆီးတတ်သော ဒေါသတရား၊ သူတစ်ပါး အကျိုးမဲ့ကို တွေးတောကြံစည်နေခြင်းဟူသော ဒေါသတရား။
ဗြဟ္မပုရောဟိတာ = ဗြဟ္မ + ပုရောဟိတာ၊ ပုရောဟိတ်ဗြဟ္မာ၊ ဗြဟ္မာတို့၏ ပုရောဟိတ်အရာ၌ တည်သောဗြဟ္မာ။
ဘဝါသဝ = ဘဝ + အာသဝ၊ ဘဝ = ရူပဘဝ၊ အရူပဘဝ + အာသဝ = အာသဝေါတရား၊ ရူပဗြဟ္မာ၊ အရူပဗြဟ္မာဟူသော ဥပပတ္တိဘဝ၊ ရူပဈာန် အရူပဈာန်ဟူသော ကမ္မဘဝ၌ တပ်မက် တွယ်တာသော တဏှာတည်းဟူသော အာသဝေါတရား။
မဇ္ဈိမအရွယ် = မဇ္ဈိမ + အရွယ်၊ မဇ္ဈိမ = အလယ်ပိုင်းဖြစ်သော + အရွယ် = လူ့ဘဝသက်တမ်းကို ၃ ပိုင်း ပိုင်းခြားရာ၌ အလယ်ပိုင်းဖြစ်သောအရွယ်။
မဇ္ဈေကလျာဏ = မဇ္ဈေ + ကလျာဏ၊ အလယ်ပိုင်းအခန်း၊ အလယ်ပိုင်းဘဝ၏ ကောင်းခြင်း။
မနောဒွါရ = မနော + ဒွါရ၊ မနော = ဘဝင်စိတ် + ဒွါရ = ဝီထိစိတ်ဖြစ်ကြောင်း၊ ဝီထိစိတ်တို့၏ ဖြစ်ပေါ်လာရခြင်း၏ အကြောင်းဖြစ်သော ဘဝင်စိတ် ၁၉ ပါးသည် “မနောဒွါရ” မည်သည်။
မာန = ငါတကားဟု ထောင်လွှားတက်ကြွတတ်သော သဘောတရား၊ မာန၊ မာန်။
မာန်သုံးပါး = မာန် + သုံးပါး၊ မာန် = ထောင်လွှား တက်ကြွ မောက်မာခြင်း + သုံးပါး၊ သေယျမာန်၊ သဒိသမာန်၊ ဟီနမာန်ဟူသော မာန်သုံးပါး။
စာမျက်နှာ-669
မာရ်ငါးပါး = မာရ်(မာရ) = သတ်ဖြတ် တားဆီးခြင်း + ငါးပါး = ကုသိုလ်တရား မဖြစ်ပွားရအောင် သတ်ဖြတ် တားဆီးပိတ်ပင်တတ်သော မာရ်ငါးမျိုး၊ ဒေဝပုတ္တမာရ် ကိလေသမာရ် အဘိသင်္ခါရမာရ် ခန္ဓမာရ် မစ္စုမာရ် ငါးပါး။
မိစ္ဆာဇီဝ = မိစ္ဆာ + အာဇီဝ၊ မိစ္ဆာ = မှားယွင်းယုတ်မာသော လုပ်ငန်းဖြင့် + အာဇီဝ = အသက်မွေးဝမ်းကျောင်းပြုခြင်း၊ မှားယွင်းယုတ်မာသော ဒုစရိုက်မှုလုပ်ငန်းဖြင့် အသက်မွေးမြူခြင်း။
မိစ္ဆာဒိဋ္ဌိ = မိစ္ဆာ + ဒိဋ္ဌိ၊ မိစ္ဆာ = ချွတ်ယွင်းဖောက်ပြန် မမှန်ကန်သော + ဒိဋ္ဌိ = အသိအမြင်၊ ချွတ်ယွင်း ဖောက်ပြန် မမှန်ကန်သော အယူဝါဒ။
ယ၊ ရ၊ လ၊ ဝ
ယမိုက်ပြာဋိဟာ = ယမိုက် + ပြာဋိဟာ၊ ယမိုက် = အစုံအစုံ + ပြာဋိဟာ = တန်ခိုး၊ ရေအစုံ၊ မီးအစုံဟု ဆိုအပ်သော အစုံလိုက် အစုံလိုက် ဖြစ်ပေါ်လာသည့် တန်ခိုးတော်။
ယသဘုန်းတော် = ယသ + ဘုန်းတော်၊ အခြံအရံ အကျော်အစောနှင့် ပြည့်စုံတော်မူခြင်း ဟူသော ဘုန်းတော်။
ရာဂစိတ် = တပ်မက်တွယ်တာတတ်သော တဏှာရာဂနှင့် စပ်ယှဉ်သောစိတ်။
ရူပဘုံ = ရူပဗြဟ္မာတို့ နေထိုင်ရာဖြစ်သောဘုံ။
ရုပ်ဓမ္မ = ရုပ် + ဓမ္မ၊ ရုပ်တရား၊ အချမ်းအပူ အစရှိသည့် ဆန့်ကျင်ဘက်အကြောင်းများကြောင့် ဖောက်ပြန်ပြောင်းလဲတတ်သောတရား။
ရုပ်နာမ်ဓမ္မသင်္ခါရလောက = ရုပ်နာမ် ဓမ္မ + သင်္ခါရလောက၊ ရုပ်နာမ်တရားဟူသော သင်္ခါရလောက။
လက္ခဏာရေးသုံးပါး = အနိစ္စ, ဒုက္ခ, အနတ္တဟူသော ရှုမှတ်ပုံလက္ခဏာသုံးပါး။
လောကီဝိပါက်စိတ် = လောကီ + ဝိပါက်စိတ်၊ လောကီကုသိုလ် အကုသိုလ်၏ အကျိုးဖြစ်သော ဝိပါက်စိတ် ၃၂ ပါး။
ဝိစာရ = ဝိစာရစေတသိက်၊ အာရုံကို သုံးသပ်တတ်သော ဝိစာရစေတသိက်။
ဝိစိကိစ္ဆာ = ဝိစိကိစ္ဆာစေတသိက်၊ ဘုရား တရား စသည်များ၌ ယုံမှား သံသယဖြစ်ခြင်းသဘောရှိသော ဝိစိကိစ္ဆာ အကုသိုလ်စေတသိက်။
ဝိဇ္ဇာ = ထူးကဲစွာသိတတ်သောဉာဏ်။ ယင်းဝိဇ္ဇာဉာဏ်သည် ၃-ပါး၊ ၈-ပါး ရှိသည်၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်...
စာမျက်နှာ-670
.အာသဝက္ခယဉာဏ် ၃-မျိုးကို “ဝိဇ္ဇာ ၃-ပါး” ဟုခေါ်သည်။ ဝိပဿနာဉာဏ်၊ မနောမယိဒ္ဓိဉာဏ်၊ ဣဒ္ဓိဝိဓဉာဏ်၊ ဒိဗ္ဗသောတဉာဏ်၊ စေတောပရိယဉာဏ်၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ် ၈-မျိုးကို “ဝိဇ္ဇာ ၈-ပါး” ဟု ခေါ်သည်။
ဝိညာဏဉ္စာယတနဈာန် = “အနန္တ ဝိညာဏံ” ဟု ကမ္မဋ္ဌာန်းစီးဖြန်း၍ ရလာသော ဒုတိယအာရုပ္ပဈာန်။
ဝိပဿနာ = ဝိ + ပဿနာ၊ ရုပ်နာမ်တရားတို့ကို အနိစ္စ, ဒုက္ခ, အနတ္တအားဖြင့် အဖန်ဖန် အထပ်ထပ် ရှုမှတ်ခြင်း။
ဝိပဿနာဘာဝနာကံ = ရုပ်နာမ်တရားတို့ကို အနိစ္စ, ဒုက္ခ, အနတ္တအားဖြင့် အဖန်ဖန် အထပ်ထပ် ရှုမှတ်ပွားများအားထုတ်အပ်သော အမှု။
ဝိပါက်ဝိညာဉ် = ဝိပါက် + ဝိညာဉ်၊ လောကီကုသိုလ်, အကုသိုလ် စေတနာ သင်္ခါရကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားဖြစ်သည့် ပဋိသန္ဓေဝိညာဉ်၊ ပဝတ္တိဝိပါက်ဝိညာဉ်။
ဝိမောက္ခရှစ်ပါး = ဝိမောက္ခ + ရှစ်ပါး၊ ဝိမောက္ခ-လွတ်မြောက်သော တရား + ရှစ်ပါး။ ဆန့်ကျင်ဘက် နီဝရဏတရားတို့မှ လွတ်မြောက်တတ်သောတရား၊ ယင်းတရားကား “ရူပီ ရူပါနိ ပဿတိ” အစရှိသော အားဖြင့် ရှစ်မျိုးရှိသည်။ (အံ၊ ၃။၁၂၆)။
ဝီတရာဂစိတ် = ဝီတရာဂ + စိတ်၊ ရာဂကင်းသောစိတ်၊ ရာဂမရှိသောစိတ်။
သ
သကဒါဂါမ် = သကဒါဂါမိဖလဋ္ဌာန်အရိယာပုဂ္ဂိုလ်၊ ဤလူ့ပြည်သို့ တစ်ကြိမ်သာ လာရောက်ပြီး ပဋိသန္ဓေနေ၍ လူပြန်ဖြစ်ခြင်းသဘောရှိသော အရိယာပုဂ္ဂိုလ်။
သင်္ခတတရား = ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းတရားတို့က ပြုပြင်စီရင်အပ်သောတရား။
သတိ = သတိ + ဣန္ဒြေ၊ သတိဟူသော ဣန္ဒြေတရား။
သတိမန္တ = သတိ + မန္တ၊ သတိ = အောက်မေ့ အမှတ်ရကြောင်း သတိတရား + မန္တ = ရှိခြင်း၊ သတိတရားရှိသောသူ၊ သတိနှင့် ပြည့်စုံသူ။
စာမျက်နှာ-671
သတ္တဝါအနန္တ = သတ္တဝါ + အနန္တ = အဆုံးအပိုင်းအခြား အရေအတွက် မရှိခြင်း၊ အဆုံးအပိုင်းအခြား မရှိ မရေမတွက်နိုင်အောင် များပြားလှသည့် သတ္တဝါအပေါင်း။
သဗ္ဗညုတဉာဏ် = သဗ္ဗ + ညုတဉာဏ်၊ သိစရာမှန်သမျှ မကျန်ရအောင် ဉေယျဓံတရား ငါးပါးကို ပိုင်းခြားသိမြင်သော ဉာဏ်တော်။
သမထ = ဆန့်ကျင်ဘက် နီဝရဏတရားတို့ကို ငြိမ်းအေးစေတတ်သော သမာဓိတရား။
သမထဘာဝနာကံ = အဖန်ဖန် အထပ်ထပ် ပွားများ အားထုတ်အပ်သော သမထကမ္မဋ္ဌာန်းအလုပ်။
သမထဝိပဿနာ = သမထ + ဝိပဿနာ၊ သမထဘာဝနာနှင့် ဝိပဿနာဘာဝနာ။
သမထဝိပဿနာယာနိကလမ်း = သမထယာဉ်, ဝိပဿနာယာဉ် နှစ်မျိုးလုံးနှင့် စပ်ယှဉ်သောလမ်း။
သမာဓိန္ဒြေ = သမာဓိ + ဣန္ဒြေ၊ သမာဓိဟူသော ဣန္ဒြေတရား။
သမ္မာသမ္ဗောဓိဉာဏ် = သမ္မာ + သံ + ဗောဓိဉာဏ်၊ မဖောက်မပြန် ကိုယ်တိုင် သိတတ်သော၊ ကောင်းမွန်စွာ ထိုးထွင်း သိတတ်သော ဉာဏ်တော်။
သယမ္ဘူဉာဏ် = သူတစ်ပါးညွှန်ပြမှုမရှိဘဲ မိမိအလိုလိုဖြစ်သော ဉာဏ်တော်။
သရာဂစိတ် = သရာဂ + စိတ်၊ တဏှာရာဂနှင့် တကွဖြစ်သောစိတ်၊ တဏှာရာဂ မကင်းသေးသောစိတ်။
သဿတဒိဋ္ဌိ = သဿတ + ဒိဋ္ဌိ၊ တိတ္ထိတို့ ကြံဆအပ်သော အတ္တသည် မြဲ၏ဟု အယူမှားသော ဒိဋ္ဌိ။
သာဓုကီဠနသဘင် = သာဓု + ကီဠန + သဘင်၊ သံဝေဂကဗျာ လင်္ကာများ ရွတ်ဆိုကာ ကောင်းစွာမြူးထူးပျော်ပါးသော ပွဲသဘင်။
သာဝကပါရမီဉာဏ် = အဂ္ဂသာဝက, မဟာသာဝက, ပကတိသာဝကဟူသော အရိယာသာဝကတို့ ဖြည့်ကျင့် ဆည်းပူးအပ်သော ဉာဏ်။
သာဝကသန္နိပါတ = သာဝက + သန္နိပါတ၊ မြတ်စွာဘုရား တပည့်သား ရဟန်းတို့၏ အစည်းအဝေးပွဲ။
စာမျက်နှာ-672
သိရီဘုန်းတော် = သိရီ + ဘုန်းတော်၊ လက္ခဏာတော်ကြီးငယ် အသွယ်သွယ်နှင့် ပြည့်စုံသဖြင့် လှပတင့်တယ်တော်မူခြင်း ဟူသော ဘုန်းတော်။
သီလဗ္ဗတုပါဒါန် = သီလဗ္ဗတ + ဥပါဒါန်၊ နွား ခွေး စသည်တို့၏ အလေ့အကျင့် ကို ကျင့်ခြင်းဖြင့် ကိလေသာမှ စင်ကြယ်ကာ သံသရာမှ လွတ်မြောက်၏ဟု စွဲစွဲလမ်းလမ်း ယူထားသော မိစ္ဆာဒိဋ္ဌိ။
သီလမဂ္ဂင် = သီလ, သမာဓိ, ပညာအားဖြင့် သုံးပါးရှိရာတွင် သီလ၌ ထည့်သွင်းအပ်သော မဂ္ဂင်၊ သမ္မာဝါစာ, သမ္မာကမ္မန္တော, သမ္မာအာဇီဝေါဟူသော သီလမဂ္ဂင်သုံးပါး။
သီလဝန္တပုဂ္ဂိုလ် = သီလ + ဝန္တ + ပုဂ္ဂိုလ်၊ သီလ = သီလ + ဝန္တ = ရှိခြင်း၊ သီလရှိသော၊ သီလနှင့်ပြည့်စုံသော ပုဂ္ဂိုလ်။
သုခဧကဂ္ဂတာ = သုခ + ဧကဂ္ဂတာ၊ သုခဝေဒနာနှင့် ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါ။
သုဒ္ဓဝိပဿနာယာနိကလမ်း = သုဒ္ဓ + ဝိပဿနာယာနိကလမ်း၊ သမထနှင့် မရောမယှက် သီးခြား သက်သက်ဖြစ်သော ဝိပဿနာယာဉ်နှင့်သာ စပ်ယှဉ်သော လမ်း။
သေက္ခအရိယာပုဂ္ဂိုလ် = သေက္ခ + အရိယာပုဂ္ဂိုလ်၊ ကျင့်ဆဲဖြစ်သော အရိယာပုဂ္ဂိုလ်။
သောတပသာဒ = သောတ + ပသာဒ၊ သောတဟု ဆိုအပ်သော ပသာဒ၊ နားအကြည်ဓာတ်။
သောတဝိညာဉ် = နားအကြည်ဓာတ်ကိုမှီ၍ သိတတ်သောတရား၊ ကြားသိစိတ်။
သောတာပတ္တိဖိုလ် = သောတာပတ္တိမဂ်၏ အကျိုးဖြစ်သော ဖိုလ်စိတ်။
သောတာပန် = သောတာပန်ပုဂ္ဂိုလ်၊ သောတပတ္တိမဂ်ကို ရသောပုဂ္ဂိုလ်။
သံဃာ့အာရာမ် = သံဃာ့ + အာရာမ်၊ သံဃာတော်များ သီတင်းသုံး နေထိုင်ရာဖြစ်သော ကျောင်းအာရာမ်။
သံဝရငါးပါး = သံဝရ + ငါးပါး၊ မိမိသန္တာန်မှာ ကာယဒုစရိုက်စသော အကုသိုလ်တရားဆိုးများ မဖြစ်ပွားရအောင် ပိတ်ဆို့ တားမြစ်တတ်သောတရား။ ယင်းတရားသည်- ပါတိမောက္ခသံဝရ, သတိသံဝရ, ဉာဏသံဝရ, ခန္တီသံဝရ, ဝီရိယသံဝရအားဖြင့် ငါးပါးရှိသည်။
စာမျက်နှာ-673
မှတ်သားဖွယ်အက္ခရာစဉ်
အက္ခရာစဉ်,စာမျက်နှာ,အက္ခရာစဉ်,စာမျက်နှာ[ အ ],,[ အ ],
အကပ်မြောက်အင်္ဂါ ၅-မျိုး,၁၅၂,အညှို့,၃၅၅
အကျဉ်းဆုံးမှတ်ရန်,၁၀၇,အဋ္ဌာနမေတံ ဗုဒ္ဓမန္တန်,၄၃၂
ဝိပဿနာဂါထာ,၄၁၈,အက္ခရာစဉ်,၂၀၂
အကြော,၉၃,အဒ္ဓါနပလိဗောဓ,၅၂၈
အတွေးအမြင်မှန်ခြင်း,၈၂,အကြောင်းလေးပါး,၄၄၄
အတ္တဒတ္ထမထေရ်,၆၃၈,အကြံကောင်းများပေါ်ခြင်း,၄၉၂
အတ္ထက္ခာယီမိတ်ဆွေ,၉၄,အခါမဲ့ (ညအခါ၌) သွားလာခြင်း အပြစ် ၆-ပါး,၃၅၄
အထိုင်ကျင့်ခြင်း,၅၂၉,အခြားယုံကြည်ရမည့် အချက်များ,၈၄
အဒိန္နာဒါန အပြစ်ပြဝတ္ထု,၂၆,အခြေခံပြင်ဆင်ချက်,၄၄၀
အဓိဋ္ဌာန်ပုတီးစိပ်ကျင့်ဝတ်များ,၅၀၃,အင်္ဂါ ၁၂-ပါး,၃၈၅
အနတ္တလက္ခဏာ,၄၉၃,အင်္ဂုလိမာလသုတ်ရွတ်ဖတ်ခြင်းအကျိုး,၂၉၉
အနတ္တအခြင်းအရာ ၅-ပါး,၅၃၆,အစာသစ်,၃၅၈
အနန္တော အနန္တ ၅-ပါး,၆,အစာဟောင်း,၃၅၉
အန္တရာယ်ကင်းရွတ်ရန်ဂါထာ,၁၀၆,အစေး,၃၆၃
အနာဂါမ်ဆရာသက်ကြီး ဝိပဿနာရှုနည်း,၂၇၉,အစည်ကားဆုံး သာဓုကီဠနသဘင်,၄၁၈
အနာထပိဏ်သေဋ္ဌေး,၅၈၆,အစပ်သုံးပါး,၅၈၇
အနာထပိဏ်သေဋ္ဌေးကြီး ငိုရရှာခြင်း,၁၀၆,အဆီခဲ,၃၆၁
အနာထပိဏ်သေဋ္ဌေး၏ အလှူဝတ္ထုများ,၅၈၆,အနာရောဂါကင်းရှင်းခြင်း,၁၉၄
အဆင်းဖြင့် ပိုင်းခြားပုံ,၃၆၇,အနာရောဂါများခြင်း,၁၉၃
အဆင်းလှခြင်း,၁၉၄,အနိစ္စအခြင်းအရာ ၁၀-ပါး,၅၃၅
အဆုတ်,၃၅၇,အနိစ္စလက္ခဏာ,၄၉၂
အညဒတ္ထုဟရမိတ်ဆွေတု,၉၀,အနုကမ္ပကမိတ်ဆွေ,၉၄
စာမျက်နှာ-674
အက္ခရာစဉ်,စာမျက်နှာ,အက္ခရာစဉ်,စာမျက်နှာ
[ အ ],,[ အ ],
အနုဂါမိက ရွှေအိုး,၃၄၀,မျက်နှာအားဖြင့် ပိုင်းခြားပုံ,၃၆၈
အနုတ္တရော ပုရိသဒမ္မသာရထိ ဂုဏ်တော်,၁၅၈၊ ၁၆၉,အရေ,၃၅၄
အနုပဿနာဟူသည်,၅၃၀,အရိုး,၃၅၅
အနုပ္ပိယဘာဏီမိတ်ဆွေတု,၉၁,အရုပ်ဆိုးရခြင်း,၁၉၄
အနုဗန္ဓနာနည်း,၅၅၀,အရှင်အနုရုဒ္ဓါ,၆၂၆
အနုရာဓမြို့သား နှစ်ဦးအကြောင်း,၄၂၁,အရှင်အာနန္ဒာ,၆၂၃
အနုဿတိ ၁၀-ပါး,၄၂၇,အရှင်ကောဏ္ဍည,၆၀၈
အပရာပရိယဝေဒနီယကံ,၁၈၉,အရှင်ပိဏ္ဍောလဘာရဒွါဇ,၆၂၂
အပါယသဟာယ မိတ်ဆွေတု,၉၁,အရှင်မဟာကစ္စည်း,၆၂၀
အပိုင်းအခြားအားဖြင့် ပိုင်းခြားပုံ,၃၆၈,အရှင်မဟာကဿပ,၆၁၄
အဖျဉ်း,၃၅၇,အရှင်မောဂ္ဂလာန်,၆၁၆
အဗျာပါရနည်း,၅၅၄,အရှင်သီဝလိ,၆၃၂
အဘိဇ္ဈာအပြစ်ပြဝတ္ထု,၂၁၁,အရှင်သာရိပုတ္တရာ,၆၁၂
အဘိညာဉ်အဆင့်သို့,၄၅၇,အမှုနှင့်ဝတ္တရားငါးပါး,၁၀၂
အဘိဏှသုတ်,၃၀၇,အလှည့်ကျတာဝန်ယူသော ကံလေးမျိုး,၁၉၂
အမိတဘောဂသေဋ္ဌေးကြီးများ,၅၉၅,အလွှာလေးပါး,၃၈၈
အမျိုးမြတ်ခြင်း,၁၉၅,အဝိဇ္ဇာ,၃၈၂
အမျိုးယုတ်ခြင်း,၁၉၅,အဝိဇ္ဇာကင်းပြတ်၍ ဝိဇ္ဇာအလင်းဓာတ်ဖြစ်ပုံ,၃၉၂
အမွေး,၃၅၂,အသေင်္ချေယျကပ်,၂၅၁
အမြှေး,၃၅၇,အသုဘ ၁၀-ပါး,၄၂၁
အယူဝါဒပျက်စီးခြင်း,၁၈,အသား,၃၅၄
အရဟံဂုဏ်တော်,၁၅၈၊ ၁၆၈,အသက်တိုရခြင်း,၁၉၃
အရိယဝံသပဋိပဒါ ၄-ပါး,၆၂၈,အသက်ရှည်ရခြင်း,၁၉၃
အရိယာ ၄-ပါး,၅၈၅,အသည်း,၃၅၆
အရပ်ခြောက်ပါး,၁၀၄,အဟေတုကဒိဋ္ဌိဟူသည်,၁၈၉
အရပ်ခြောက်ပါးကို လုံခြုံစေခြင်း,၉၅,အဟောသိကံ,၅၈၅
အာစရိယဂုဏောအနန္တော,၆,အာစာရအရိယာ,၅၃၁
စာမျက်နှာ-675
အက္ခရာစဉ်,စာမျက်နှာ,အက္ခရာစဉ်,စာမျက်နှာ
[ အ ],,[ ဣ ],
အာစိဏ္ဏကံ,၁၉၂,ဣဒ္ဓိပါဒ် ၄-ပါး,၃၉၉
အာဇီဝဋ္ဌမကသီလ,၅၇-၈,ဣန္ဒြေ ၅-ပါး,၄၀၁
အာဋာနာဋိယသုတ် ရွတ်ဖတ်ရကျိုး,၂၉၂,ဣန္ဒြိယသံဝရသီလ,၃၃၆
အာနာပါန အကျိုးဆက်,၅၀၉,ဣရိယာပုတ်ကို ဆင်ခြင်ခြင်းအပိုင်း,၄၆၄
အာနာပါန ကမ္မဋ္ဌာန်း,၅၀၄,ဣရိယာပုတ်လေးပါးဖြင့် တရားအားထုတ်ပုံ,၅၁၃
အာနာပါန ကမ္မဋ္ဌာန်း အားထုတ်နည်း,၅၀၅,ဣဿရနိမ္မာနဒိဋ္ဌိ,၁၈၉
အာနာပါနကမ္မဋ္ဌာန်းပွားများရခြင်း အကျိုး,၅၂၆,,
အာနာပါနကမ္မဋ္ဌာန်းကိုဖြင့် ဘုရားဖြစ်တော်မူခြင်း,၅၂၁,[ ဥ ],
အာနာပါနကမ္မဋ္ဌာန်းကို အခြေခံ၍ ဝိပဿနာကူးနိုင်ခြင်း,၅၂၉,ဥဂ္ဂသေဋ္ဌေးနှင့် အံ့ဖွယ် ၈-ပါး (၁),၅၉၀
အာနာပါနဿတိ,၅၂၅,ဥဂ္ဂတသေဋ္ဌေးနှင့် အံ့ဖွယ် ၈-ပါး (၂),၅၉၁
အာနာပါနဿတိသုတ်,၅၀၁,ဥစ္ဆေဒဒိဋ္ဌိ,၁၉၀
အာဗာဓပလိဗောဓ,၄၃၃,ဥတ္တရာနန္ဒမာတာ,၆၀၅
အာယတန ၁၂ ပါးကို ဆင်ခြင်ခြင်းအပိုင်း,၄၇၄,ဥပကာရမိတ်ဆွေ,၉၂
အာရုပ္ပ(အပ္ပမညာ)လေးပါး,၄၂၃,ဥပစ္ဆေဒကံ,၁၉၂
အာဝါသပလိဗောဓ,၄၂၆,ဥပပဇ္ဇဝေဒနီယကံ,၁၈၉
အာသန္နကံ,၁၉၂,ဥပတ္ထမ္ဘကကံ,၁၉၁
အားတော်ဆယ်ပါး,၁၆၂,ဥပပီဠကကံ,၁၉၁
အားထုတ်ရန် တရားများ,၄၉၄,ဥပါဒါန်,၃၈၄
အူမ အူသိမ်,၃၅၈,ဥပါယကောသလ္လ ဉာဏ်ကြီးရှင်မ,၆၄၃
,,ဥပါသကာ,၄၁-၄
[ ဣ ],,ဥပါသကာအရည်အချင်း ၅-ပါး,၄၁
ဣစ္ဆာသယ လိုတိုင်းရသည့် ရွှေအိုး,၃၄၀,ဥပါသကာဂုဏ် ၁၀-ပါး,၄၂
ဣဒ္ဓိပလိဗောဓ,၄၃၄,ဥပါသကာတို့ရှောင်ရန် ၅-ပါး,၄၁
,,ဥပါသကာပျက်စီးခြင်း ၅-မျိုး,၄၁
,,ဥပေါသထနတ်သမီး,၂၃၈
,,ဥပ္ပလဝဏ္ဏာထေရီ,၆၃၅
,,ဦးနှောက်,၃၆၃
,,ဥယျောဇဉ်,၄၂၈
စာမျက်နှာ-676
အက္ခရာစဉ်,စာမျက်နှာ,အက္ခရာစဉ်,စာမျက်နှာ
[ ဧ-ဩ ],,[ က ],
ဧကတ္တနည်း,၅၅၃,ကာမေသုမိစ္ဆာစာရဝိရတီ အကျိုးပြဝတ္ထု,၂၀၄
ဧဝံဓမ္မတာနည်း,၅၅၄,ကာယဂတာသတိသုတ်,၅၂၅
ဩကာသကန်တော့ချိုး,၅၃,ကာယကမ္မ,၁၈၄
,,ကာယဒုစရိုက် ၃ ပါး,၄၅၊ ၁၉၇
[ က ],,ကာယသုစရိုက် ၃ ပါး,၁၉၉
ကံအကြောင်း,၁၈၁,ကာယာနုပဿနာ သတိပဋ္ဌာန်,၃၉၇၊ ၄၆၃
ကံအမျိုးမျိုး (ကမ္မဘေဒ),၁၈၈,ကာလဒါန ၅ မျိုး,၂၂၄
ကံ၏အကျိုး (ကမ္မဖလ),၁၈၆,ကာလသုံးပါး,၃၈၇
ကံ၏ ဆန်းကြယ်ခြင်း,၁၈၃,ကာဠဝဂ္ဂိယသေဋ္ဌေး,၅၉၈
ကံကိစ္စလေးမျိုး,၁၉၁,ကာတိယာနီဥပါသိကာ,၆၀၈
ကံကို ယုံသလား,၁၈၁,ကိသာဂေါတမီ,၆၄၂
ကံနှင့်လက်တွေ့ဘဝ,၁၅၅,ကုဏ္ဍလကေသာထေရီ,၆၄၁
ကံမတူ၍ လူချင်းခြားနား,၂၄၇,ကုလပလိဗောဓ,၄၂၈
ကံဟူသည် အဘယ်နည်း,၁၈၁,ကိုးကွယ်မှု၏ အဓိပ္ပါယ်,၁
ကဋကတ္တာကံ,၁၉၂,ကိုးကွယ်မှု သုံးပါး,၁
ကပ္ပိယံ ကရောဟိ,၂၄၂,ကိုးကွယ်မှား အပြစ်,၁
ကမ္ဘာမြေတည်ပုံ,၂၅၈,ကိုးကွယ်ရာ ရတနာသုံးပါး,၁
ကမ္မဋ္ဌာန်း,၄၂၀,ကိုးကွယ်မှန်အကျိုး,၃
ကမ္မဋ္ဌာန်းအားမထုတ်ခင် လိုအပ်ချက်များ,၄၉၄,ကိုးပါးသီလ,၅၆၊ ၇၇
ကမ္မဋ္ဌာန်းစတင်ပွားများပုံ,၄၄၄,ကလဟဝိဝါဒသုတ်,၃၄၅
ကမ္မဋ္ဌာနုပစာရတရား ၁၅-ပါး,၄၉၅,ကောင်းကင်နတ်,၂၅၈
ကမ္မပလိဗောဓ,၄၃၂,ကလာပရှုနည်း,၅၅၅
ကလျာဏမိတ်ဆွေ,၄၉၆,ကျက်သရေမင်္ဂလာဂါထာ,၁၃၇
ကလျာဏမိတ်ဆွေဂုဏ်ရည်,၄၉၇,ကျင်ငယ်,၃၆၃
ကသိုဏ်း ၁၀ ပါး,၄၂၀,ကျန်းမာရေးရရှိခြင်း,၅၂၉
ကသိုဏ်းဝန်းတင်ခြင်း,၄၄၄,ကျွန်ဝတ္တရား ၅-ပါး,၁၀၂
ကာတိယာနီဥပါသိကာ,၆၀၇,ကျော်စောသတင်း ပျံ့သင်းကြောင်းတရား,၁၀၄
ကာမေသုမိစ္ဆာစာရ အပြစ်ပြဝတ္ထု,၂၀၃,,
စာမျက်နှာ-677
အက္ခရာစဉ်,စာမျက်နှာ,အက္ခရာစဉ်,စာမျက်နှာ
[ ခ-ဂ-င ],,[ စ ],
ခံလေးပါးဆု,၆၂၄,စတုတ္ထအဆင့်,၅၀၁၊ ၅၃၁
ခဏိကရုနည်း,၅၅၅,စတုတ္ထစတုက္က,၅၇၄
ခန္ဓသုတ်ရွတ်ရခြင်းအကျိုး,၂၇၇,စတုဓာတုဝဝတ္ထာန်,၄၂၂
ခန္ဓာငါးပါးကို ဆင်ခြင်ခြင်း အပိုင်း,၄၇၃,စရိယသုံးပါး,၂၆၅
ခုဇ္ဇုတ္တရာ,၆၀၃,စရိုက်,၄၃၆
ခေမာထေရီ,၆၃၈,စရိုက် ၆-ပါး,၄၃၆
ခင်ပွန်းယုတ်အပြစ် ၆-ပါး,၈၆,စရိုက်အလိုက် နှလုံးသွေး ဖြစ်တတ်ပုံ,၄၃၈
ချမ်းသာခြင်း,၁၉၅,စရိုက် ၆-ပါးနှင့် သင့်လျော်သောကမ္မဋ္ဌာန်း,၄၃၈
ချီးမွမ်းဖွယ် အသက်ရှင်ခြင်း,၆၄၈,စားသောက်ဖွယ်များ ကပ်လှူနည်း,၁၅၁
ချွေး,၃၆၁,စိတ္တသူကြွယ်,၅၈၇
ခြင်းရာ နှစ်ဆယ်,၃၈၇,စိတ္တာနုပဿနာ သတိပဋ္ဌာန်,၃၉၇၊ ၄၇၀
ခွဲဝေသုံးစွဲ မိတ်ဆွေမြဲ,၉၅,စိတ္တိဒ္ဓိပါဒ်,၄၀၀
ဂဝ်မာလဇာတ်,၂၃၉,စိတ်ကိုဆင်ခြင်ခြင်း ၁၆-ပါး,၄၇၀
ဂဏန(ဂဏန်း)နည်း,၅၄၉,စိတ်ကို ပြုပြင်ခြင်းဖြင့် ဣန္ဒြေပြောင်းနိုင်သည်,၄၁၃
ဂဏပလိဗောဓ,၄၃၁,စိတ်ကောင်းရှိသောမိတ်ဆွေ,၉၂
ဂန္ထပလိဗောဓ,၄၃၄,စိတ်တည်ငြိမ်၍ ချမ်းသာခြင်း,၅၂၈
ဂရုကံ,၁၉၂,စိတ်ထားမှန်ကန်ခြင်း,၉
ဂိဟီဝိနယ(လူ့ဝိနည်း),၇၉,စိတ်နှိုးခြင်း,၄၄၅
ဂုဏ်တော်ပုတီးစိပ် အင်္ဂါ ၅-ပါး,၅၀၃,စိတ်ဖြင့်ရွတ်ဆိုပုံ,၃၆၇
ဂုဏ်တော်နှင့် မိဖုရားစောလုံ,၁၅၉,စိန္တာမဏိဂါထာစွမ်းရည်,၁၄၃
ဂေါတြဘူစိတ်ဟူသည်,၅၃၈,စူဠသောတာပန်,၅၃၂
ဂေါပကနတ်သားဝတ္ထု,၃၂၇,စေတနာ ၃-ပါး,၂၂၃
ငရဲ,၂၁၆,စက်ဆုပ်ဖွယ်ရာ နှလုံးသွင်းခြင်း အပိုင်း,၄၆၅
ငရဲပုံ,၂၁၈,စည်းစိမ်ပျက်ကြောင်း ၆-ပါး,၅၃
ငါးပါးသီလ,၅၅၊ ၇၅,,
ငြင်းခုံခိုက်ရန်ဖြစ်ခြင်း အကြောင်းရင်းများ,၃၄၅,,
စာမျက်နှာ-678
အက္ခရာစဉ်,စာမျက်နှာ,အက္ခရာစဉ်,စာမျက်နှာ
[ စ ],,[ ည ],
စွန်းလွန်းဆရာတော် ဝိပဿနာရှုနည်း,၅၅၆,ညစ်ညူးသောကံလေးပါး,၈၁
,,ညောင်လွန့်တောရ ဝိပဿနာ ရှုနည်း,၅၈၁
[ ဆ ],,,
ဆံပင်,၃၅၁,[ တ ],
ဆံပင်ဖြတ်၍ ဆွမ်းကပ်သူ,၆၃၀,တံတွေး,၃၆၂
ဆဋ္ဌအဆင့်,၅၃၄,တဏှာ,၃၈၄
ဆန္ဒိဒ္ဓိပါဒ်,၃၉၉,တဏှာခွာပုံ,၅၅၆
ဆရာဝတ်ငါးပါး,၉၉,တတိယအဆင့်,၅၀၀၊ ၅၃၁
ဆီကြည်,၃၆၂,တတိယစတုက္က,၅၇၃
ဆီမီးလှူရကျိုး ၂ မျိုး,၆၈,“တပုဿ, ဘလ္လိက”,၅၈၅
ဆီမီးကပ်နှင့် ဆုတောင်း,၅၉,တပည့်နှင့်ဆရာဆက်ဆံရေး,၉၈
ဆုတောင်းအမျှဝေ,၆၄,တပည့်ဝတ္တရားငါးပါး,၉၈
ဆက်လက်အားထုတ်ခြင်း,၄၄၅,တရားအားမထုတ်မီ ကြိုတင်ပြုဖွယ်များ,၄၉၄
ဆင်းရဲခြင်း,၁၉၅,တရားအားထုတ်မည့်သူ၏ အင်္ဂါ ၅-ပါး,၄၉၄
ဆွမ်းတော်ကပ်နှင့် ဆုတောင်း,၅၇,တရားအားထုတ်မည့်သူ၏ အပရိဟာနိယတရား ၇-ပါး,၄၉၄
ဆွမ်းအကျိုး ၅-မျိုး,၆၆,တရားအားထုတ်ရကျိုး,၅၅၁
,,တရားအားထုတ်ရန် တော(၃)တော,၄၉၇
[ ဇ ],,တရားအားထုတ်ရန် နည်းလမ်းများ,၄၉၄
ဇင်္ဂမရွှေအိုး,၃၃၉,တရားကျေးဇူး,၃၂
ဇဋိလသေဋ္ဌေး,၅၉၇,တရားက ပြန်စောင့်သူ,၂၃၈
ဇနကကံ,၁၉၁,တရားဂုဏ်တော်,၂၅-၆၊ ၇၂-၃
ဇရာမရဏ,၃၈၅,တိလဒေဝီနတ်သမီး,၆၀၇
ဇာတိ,၃၈၅,တိသရဏဂမနီယထေရ်,၃၂
ဇီဝကဆေးဆရာ,၅၉၃,တည်ရာအားဖြင့် ပိုင်းခြားပုံ,၃၆၈
ဇောတိကသေဋ္ဌေး,၅၉၅,တန်ခိုးအာဏာကြီးမားခြင်း,၁၉၄
ဇောတိရသနတ်သမီး,၂၃၈,,
,,[ ဈ၊ ည ],
,,ဈာန်ရခြင်း,၄၄၉
,,ဈာနမဂ်ဖိုလ်ကို အန္တရာယ် ပြုသောကံကြီး ၅-ပါး,၄၉၅
,,ဉာတိပလိဗောဓ,၄၃၃
,,ဉာဏ်တော်ဆယ်ပါး,၁၆၄
,,“ဉာဏ်ယှဉ်, မယှဉ်”,၁၂
စာမျက်နှာ-679
အက္ခရာစဉ်,စာမျက်နှာ,အက္ခရာစဉ်,စာမျက်နှာ
[ တ၊ ထ၊ ဒ ],,[ ဒ၊ ဓ ],
တန်ခိုးအာဏာနည်းပါးခြင်း,၁၉၄,ဒုတိယစတုက္က,၅၇၃
တောင်ပုလုဆရာတော်၏ ဝိပဿနာရှုနည်း,၅၆၇,ဒုတိယဈာန်စသည်,၅၀၂
,,ဒေဝတာသန္နိပါတ,၃၂၁
[ ထ ],,ဓဇဂ္ဂသုတ်ရွတ်ဖတ်ခြင်းအကျိုး,၂၈၃
ထာပနာနည်း,၁၅၁,ဓမ္မဂုဏော အနန္တော,၇
ထိခြင်းငါးမျိုး,၅၅၀,ဓမ္မဒိန္နာထေရီ,၆၄၈
ထင်မြင်လာတတ်သော နိမိတ်များ,၄၄၆,ဓမ္မရတနာ,၅
ထွက်သက်ဝင်သက်ကို ဆင်ခြင်ခြင်းအပိုင်း,၄၆၃,ဓမ္မာနုပဿနာသတိပဋ္ဌာန်,၃၉၈၊ ၄၇၁
,,ဓာတ်အားဖြင့် နှလုံးသွင်းခြင်း အပိုင်း,၄၆၆
[ ဒ ],,ဓာဏရပရိတ်,၁၂၉
ဒကာနှင့်ဆရာ ဆက်ဆံရေး,၁၀၂,,
ဒဿနအရိယာ,၅၈၅,[ န ],
ဒါနအမျိုးမျိုး,၂၂၂,နကုလပိတုသေဋ္ဌေး,၅၉၄
ဒါန၏ အင်္ဂါ ၄-ပါး,၂၂၂,နန္ဒာထေရီ,၆၅၃
ဒါနဆိုင်ရာဝတ္ထုများ,၂၃၆,နမော တေ ဂါထာ,၁၀၉
ဒါယကာဝတ္တရား ၅-ပါး,၁၀၃,နာညတြဂါထာ,၁၀၈
ဒါဋ္ဌဓမ္မဝေဒနီယကံ (ဒိဋ္ဌဓမ္မ),၁၈၈,နာနတ္တနည်း,၅၅၄
ဒိဋ္ဌဓမ္မဝေဒနီယကံ အင်္ဂါ ၄-ပါး,၁၉၀,နာမ်ရုပ်,၃၈၃
ဒိဋ္ဌိခွာပုံ,၅၅၆,နိဓိကဏ္ဍသုတ်မြန်မာပြန်,၃၃၉
ဒိဗ္ဗစက္ခု,၂၅၃,နိဗ္ဗိန္ဒတောရ ဆရာတော်၏ ဝိပဿနာရှုနည်း,၅၇၁
ဒုက္ခအခြင်းအရာ ၂၅-ပါး,၅၃၅,နိဗ္ဗာန်သွား လမ်းမကြီး,၅၆၇
ဒုက္ခအရိယသစ္စာ,၄၀၅၊ ၄၇၉,နိမိတ်ကို စောင့်ရှောက်ခြင်း,၄၄၆
ဒုက္ခနိရောဓအရိယသစ္စာ,၄၈၅,နိရောဓသစ္စာ,၄၀၇
ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာ,၄၈၇,နီဝရဏတရား ငါးပါးကို ဆင်ခြင်ခြင်းအပိုင်း,၄၇၁
ဒုက္ခလက္ခဏာ,၄၉၂,နတ်အစားစား,၂၄၉
ဒုက္ခသမုဒယအရိယသစ္စာ,၄၈၂,နတ်အစည်းအဝေး,၃၁၀
ဒုစရိုက် ၁၀-ပါး,၄၅,“နတ်, ဗြဟ္မာပြည်မှ မြေအမျိုးအစား”,၂၄၉
“ဒုစရိုက် (၁၀)ပါး, အပြား (၄၀)”,၁၉၇-၈,,
ဒုစရိုက်အပြစ်ပြဝတ္ထုများ,၂၀၀,,
ဒုတိယအဆင့်,၅၀၀၊ ၅၃၀,,
စာမျက်နှာ-680
အက္ခရာစဉ်,စာမျက်နှာ,အက္ခရာစဉ်,စာမျက်နှာ
[ န ],,[ ပ ],
နတ်သက်တမ်း,၂၅၀,ပလိဗောဓကြီး ၁၀-ပါး,၄၂၅
နေရာယူခြင်း,၄၄၂,ပလိဗောဓငယ် ၅-ပါး,၄၃၅
နှလုံး,၃၅၆,ပါဏာတိပါတ အပြစ်ပြဝတ္ထု,၂၀၀
နှလုံးသွင်းမှု၌ ကျွမ်းကျင်ကြောင်းအစီအရင်,၃၆,ပါဏာတိပါတဝိရတီ အကျိုးပြဝတ္ထု,၂၀၁
နှပ်,၃၆၃,ပါတိမောက္ခသံဝရသီလ,၃၃၅
နှုတ်ဖြင့် ရွတ်ဆိုပုံ,၃၆၆,ပါဠိတော်နည်းအရ အားထုတ်ပုံ,၅၀၇
,,ပိသုဏဝါစာအပြစ်ပြဝတ္ထု,၂၀၇
[ ပ ],,ပိသုဏဝါစာဝိရတီ အကျိုးပြဝတ္ထု,၂၀၇
ပစ္စဝေက္ခဏာ ၅-ဝီထိ,၅၃၉,ပုတီး,၁၆၇
ပဉ္စမအဆင့်,၅၃၂,ပုတီးစိပ်ခြင်း၏အကျိုး,၁၇၇
ပညာ,၃၇၅,ပုတီးစိပ်ပုံ,၁၇၆
ပညာ၏အကျိုး,၃၇၇,ပုတီးစိပ်စဉ် ကျင့်ဝတ် ၅-ပါး,၁၇၇
ပညာ၏အဓိပ္ပါယ်,၃၇၆,ပုတီးစိပ်နည်းများ,၁၇၀
ပညာ၏အမည်,၃၇၆,ပုတီးစိပ်ပြီး ကျင့်ဝတ် ၂-ပါး,၁၇၇
ပညာကြီးခြင်း,၁၉၆,ပုတီးစိပ်သူအင်္ဂါ(၃)ရပ်,၁၇၈
ပညာနည်းခြင်း,၁၉၆,ပုတီးစွမ်းရည် (၇)ချက်,၁၇၉
ပညာရှာနည်း,၃၇၆,ပုတီးမစိပ်မီကျင့်ဝတ် ၁၀-ပါး,၁၇၆
ပဋာစာရာထေရီ,၆၄၄,ပုဗ္ဗဏသုတ်ရွတ်ဖတ်ရကျိုး,၃၀၃
ပဋိစ္စသမုပ္ပါဒ်,၃၈၀-၃၉၂,ပုဗ္ဗေကတဟေတုဒိဋ္ဌိ,၅၅၄
ပဋိပါဋိရှုနည်း,၅၅၅,ပုံသဏ္ဌာန်အားဖြင့် ပိုင်းခြားပုံ,၃၆၇
ပဋိဝေဓအရိယာ,၅၈၅,ပန်းတော်ကပ်နှင့် ဆုတောင်း,၅၈
ပဋ္ဌာန်း,၁၁၀,ပန်းလှူရကျိုး ၃-မျိုး,၆၈
ပဋ္ဌာန်းရွတ်ရကျိုး,၁၁၀,ပယ်လေးတန်ဆု,၆၂၄
ပထမအဆင့်,၅၀၀၊ ၅၃၀,ပယ်သောကိလေသာ,၅၃၉
ပထမစတုက္က,၅၇၁,ပေါင်းသင်းဆက်ဆံရေး,၈၇
ပထဝီကသိုဏ်းဖြင့် ဈာန်ရအောင်ပြုလုပ်နည်း,၄၄၀,ပရာဘဝသုတ် မြန်မာပြန်,၉၅
ပရိကံပိုင်း,၄၄၀,ပျားကောင်ပမာ စီးပွားရှာ,၃၄၁
ပလိဗောဓ,၄၂၅,ပျက်စီးဆုတ်ယုတ်ကြောင်းများ,၃၄၂
,,ပျင်းရိခြင်းအပြစ်(၆)ပါး,၅၄
,,ပြည်,၃၆၀
စာမျက်နှာ-681
အက္ခရာစဉ်,စာမျက်နှာ,အက္ခရာစဉ်,စာမျက်နှာ
[ ပ၊ ဖ ],,[ ဗ ],
ပွဲလမ်းသဘင်ကြည့်ခြင်း အပြစ် (၆)ပါး,၈၅,ဗုဒ္ဓရုပ်ပွားဆင်းထုတော်ကို ကိုးကွယ်ခြင်းအကျိုး(၉)မျိုး,၂၂
,,ဗောဓိပက္ခိယ,၃၉၆
[ ဖ ],,ဗောဓိပက္ခိယတရား(၃၇)ပါး,၃၉၆
ဖရုသဝါစာအပြစ်ပြဝတ္ထု,၂၀၈,,
ဖရုသဝါစာဝိရတီ အကျိုးပြဝတ္ထု,၂၀၈,[ ဗ၊ ဘ ],
ဖဿ,၃၈၃,ဗိုလ်ငါးပါး,၄၀၁
ဖားနတ်သား,၃၉,ဗောဇ္ဈင်(၇)ပါး,၄၀၁
“ဖြစ်, ချုပ်တရား”,၄၉၃,ဗောဇ္ဈင်(၇)ပါးကို ဆင်ခြင်ခြင်းအပိုင်း,၄၇၆
ဖွတ်ဖမ်းပမာ တရားရှာ,၅၅၉,ဗောဇ္ဈင်(၇)ပါးဖြစ်ပေါ်ပုံ,၅၁၀
,,ဗောဇ္ဈင်သုတ်ရွတ်ဖတ်ခြင်း အကျိုး,၃၀၀
[ ဗ ],,ဗျာပါဒအပြစ်ပြဝတ္ထု,၂၁၃
ဗုဒ္ဓဂုဏော အနန္တော,၆,ဗြဟ္မဝိဟာရ(ဗြဟ္မစိုရ်)၄-ပါး,၄၂၂
ဗုဒ္ဓဂုဏ်တော်,၁၅၉၊ ၁၆၉,ဗြဟ္မာအစားစား,၂၅၀
ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း,၅၀၂,ဗြဟ္မာသက်တမ်း,၂၅၁
ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ကျင့်ကြံနည်းအင်္ဂါ(၇)ပါး,၅၀၃,ဘဂဝါဂုဏ်တော်,၁၅၉၊ ၁၆၉
ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ပွားများသူအင်္ဂါ(၅)ပါး,၅၀၂,ဘဝ,၃၈၅
ဗုဒ္ဓဘာသာတစ်ဦး၏ တစ်နေ့တာကာလ,၆၈,ဘဝနာသဘော,၂၄၁
ဗုဒ္ဓဘာသာတစ်ဦး၏ တစ်နေ့တာလုပ်ငန်း,၅၂,ဘီလူးအဆွဲခံရသောသူငယ်,၁၃
ဗုဒ္ဓဘာသာတစ်ယောက် ယုံကြည်ရမည့်အချက်များ,၂၄,ဘီလူးမက ပေးသောဂါထာ,၁၄၃
ဗုဒ္ဓဘာသာတစ်ယောက် ရှောင်ရမည့်အချက်များ,၄၅,ဘုရားအာရုံပြုနည်း,၁၅၇
ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူခြင်း,၉,ဘုရားကျေးဇူး,၂၄
ဗုဒ္ဓဘာသာဝင်အဖြစ်မှ ပျက်စီးပုံ,၁၈,ဘုရားဂုဏ်တော်,၂၄-၅၊ ၇၀၊ ၁၀၆
ဗုဒ္ဓဘာသာဝင်တိုင်း ယုံကြည်ရမည့်အချက်(၆)ခု,၁၆,ဘုရားဂုဏ်တော်ပွားများရကျိုး (၁၃)မျိုး,၃၁-၂၊ ၁၇၉
ဗုဒ္ဓရတနာ,၅,ဘုရားဂုဏ်တော်အာရုံပြုနည်း,၁၅၇
,,ဘုရားရှိခိုးပုံ,၅၄
,,ဘုရားရှိခိုးခြင်းအကျိုး,၆၅
,,ဘုရားရှင်အဆူဆူအားထုတ်သော အာနာပါနကမ္မဋ္ဌာန်း,၅၂၁
စာမျက်နှာ-682
အက္ခရာစဉ်,စာမျက်နှာ,အက္ခရာစဉ်,စာမျက်နှာ
[ မ ],,[ မ ],
မကိုးကွယ်ရာနှင့်ကိုးကွယ်ရာ,၂,မာတာပိတုဂုဏော အနန္တော,၇
မဂ်စိတ်ပေါ်လာပုံ,၅၃၈,မာနခွာပုံ,၅၅၆
မဂ္ဂသစ္စာ,၄၀၉,မိစ္ဆာဒိဋ္ဌိ ၄-မျိုး,၁၈-၉
မဂ္ဂင် ၈-ပါး,၄၀၃,မိစ္ဆာဒိဋ္ဌိ အပြစ်ပြဝတ္ထု,၂၁၄
မဂ္ဂင် ၈-ပါး ဖြစ်ပေါ်လာပုံ,၄၀၃,မိဘဝတ္တရား ၅-ပါး,၉၉
မဂ္ဂင် ၈-ပါးကို သိက္ခာ ၃-ပါးဖြင့် ပိုင်းခြားပုံ,၄၀၄,မိမိစရိုက်ကို ဆန်းစစ်ရန်,၄၃၆
မင်္ဂလာသုတ်ရွတ်ရကျိုး,၂၆၀,မိတ်ဆွေစစ်,၈၇
မနောကမ္မ,၁၈၄,မိတ်ဆွေစစ်ကို ချဉ်းကပ်,၉၄
မနောဒုစရိုက် ၃-ပါး,၄၆၊ ၁၉၈,မိတ်ဆွေတု,၈၇၊ ၈၉
မနောသုစရိုက် ၃-ပါး,၁၉၉,မိတ်ဆွေတုကို ရှောင်,၉၂
မယားဝတ္တရား ၅-ပါး,၁၀၀,မိတ်ဆွေဝတ္တရား ၅-ပါး,၁၀၁
မရဏာသန္နဇော,၂၁၉,မုသာ အပြစ်ပြဝတ္ထု,၂၀၅
မရောင်းကောင်းသော ကုန်စည်မျိုး ၅-ပါး,၄၉,မုသာဝါဒဝိရတီ အကျိုးပြဝတ္ထု,၂၀၆
မတင့်တယ်မလျောက်ပတ်သော နေရာကျောင်း,၄၉၈,မူလနှစ်ပါး,၃၈၈
မဟာကပ်,၂၅၂,မေတ္တာဖြင့် နိုးထခြင်း,၆၁
မဟာကပ္ပိနသစ္စာ သုံးဂါထာ,၁၄၅,မေတ္တကသေဋ္ဌေး,၅၉၆
မဟာကပ္ပိနမင်းကြီးရွတ်ဆိုသော ဂါထာအကျိုး,၁၄၅,မေတ္တာအကျိုး ၁၁-မျိုး,၆၆
မဟာစည်ဆရာတော်၏ ဝိပဿနာရှုနည်း,၅၆၁,မေတ္တာပို့ခြင်း,၅၂
မဟာနာမသာကီဝင်မင်းသား,၅၈၉,မေတ္တာနှလုံး,၆၀၄
မဟာပဇာပတိဂေါတမီ,၆၃၅,မေတ္တာဘာဝနာ (၁၁)မျိုး,၆၃
မဟာပုရိသဝိတက်ကြီး ၇-ပါး,၆၂၇,မေတ္တာသုတ်ရွတ်ဖတ်ခြင်း အကျိုး,၂၇၄
မဟာသတိပဋ္ဌာနသုတ် မြန်မာပြန်,၄၆၂,မောရသုတ်ရွတ်ဖတ်ခြင်း အကျိုး,၂၇၉
မဟာသမယသုတ်,၃၁၉,မင်းကွန်းဆရာတော်၏ ဝိပဿနာရှုနည်း,၅၅၁
မဟာသမယသုတ် မြန်မာပြန်,၃၀၉,မိုးကုတ်ဆရာတော်၏ ဝိပဿနာရှုနည်း,၅၆၈
,,မိုးညှင်းဆရာတော်၏ ဝိပဿနာရှုနည်း,၅၅၃
စာမျက်နှာ-683
အက္ခရာစဉ်,စာမျက်နှာ,အက္ခရာစဉ်,စာမျက်နှာ
[ မ ],,[ ရ ],
မျက်နှာတော်၏ ငြိမ်းအေးမှု,၂၀,ရုပ်ပွားဆင်းထု ပူဇော်ရသည့် အကျိုး,၂၂
မျက်ရည်,၃၆၂,,
မြတ်စွာဘုရားအလေး ထားသည့် အာနာပါန,၅၂၃,[ ရှ ],
မြတ်ဗုဒ္ဓ၏ အားတော်,၁၆၃,ရှင်သီဝလိဂါထာ,၁၃၈
မြတ်ဗုဒ္ဓချီးမွမ်းသည့် ဝိပဿနာဘာဝနာ,၄၁၅,ရှင်သီဝလိဂါထာစွမ်းရည်,၁၃၉
မြတ်သောဥပါသကာ ၃-မျိုး,၄၂,ရှစ်ပါးသီလ,၅၅၊ ၇၆
မြေမှီနတ်,၂၅၈,ရှိခိုးဦးချနည်း,၁၅၀
,,,
[ ယ၊ ရ ],,[ ရ ],
ယမကရှုနည်း,၅၅၅,ရွှေအိုးမြှုပ်ရန်ဌာန,၃၄၀
ယုံမှားမှုကင်္ခါ ၁၆-ပါး,၅၃၁,ရွှေဥဒေါင်းတောင်ဆရာတော်၏ ဝိပဿနာရှုနည်း,၅၈၃
ယုတ်ညံ့သော ဥပါသကာ ၃-မျိုး,၄၃,ရွှေထမ်းစင်ဖြင့် ဘိက္ခုနီဘောင်ဝင်သူ,၆၄၂၊ ၆၅၀
လာဇာဒေဝီ,၄၀,ရဲသော် မသေ,၁၉၉
ရတနာရွှေချိုင့်စည်းချနည်း,၂၅၄,,
ရတနာသုံးပါး,၂၉,[ လ ],
ရတနာသုံးပါးအကျိုးကျေးဇူး,၂၉,လာဘပလိဗောဓ,၄၃၀
ရတနာသုံးပါးအား ရှိခိုးခြင်း,၅၂,လိင်္ဂအရိယာ,၅၈၅
ရတနာသုံးပါးကို ယုံကြည်ခြင်း,၂၄,လောကဝိဒူဂုဏ်တော်,၁၅၈၊ ၁၆၉
ရတနသုတ်ရွတ်ရကျိုး,၂၆၅,လောကီသရဏဂုံ ၄-မျိုး,၁၆
ရတ္တညူဘိက္ခုနီမကြီး,၆၃၆,လောသကတိဿ,၃၉
ရတ္တညူဟူသည်,၆၁၉,လောင်းကစားခြင်းအပြစ် ၆-ပါး,၈၆
ရဟန်းဝတ္တရား ၆-ပါး,၁၀၃,လူနှင့်ကိုးကွယ်မှု,၉
ရဟန်းသံဃာနှင့် စကားပြောနည်း,၅၁,လူပျင်းဘဝ ၁၀-မျိုး,၈၈
ရိုးတွင်းခြင်ဆီ,၃၅၅,လူဘဝဖျက်အကျင့်စရိုက်များ,၈၇
ရေချမ်းကပ်နှင့် ဆုတောင်း,၅၈,လူသတ်မိန်းမ၏အသိသည် ပညာလော ?,၃၇၉
ရေချမ်းလှူရခြင်းအကျိုး ၁၀-မျိုး,၆၇,လင်နှင့်မယားဆက်ဆံရေး,၁၀၀
ရုပ်ပွားဆင်းထု ပူဇော်နည်း,၂၁,လင့်ဝတ္တရား ၅-ပါး,၁၀၀
,,လင်းနို့သား ငါးရာ,၃၉
,,လက်တွေ့ဣရိယာပုထ် ၄-ပါးဖြင့် တရားအားထုတ်ပုံ,၅၁၃
စာမျက်နှာ-684
အက္ခရာစဉ်,စာမျက်နှာ,အက္ခရာစဉ်,စာမျက်နှာ
[ လ ],,[ ဝ ],
လက်နက်ကိုးပါးအောင် ဘုရားရှိခိုး,၅၉,ဝိသမဟေတုကဒိဋ္ဌိ,၁၈၉
လက်သည်းခြေသည်း,၃၅၃,ဝိသာခါကျောင်းအမကြီး,၆၀၁
လယ်တီဆရာတော်၏ ဝိပဿနာရှုနည်း,၅၄၇,ဝီမံသိဒ္ဓိပါဒ်,၄၀၀
လုပ်ငန်းပြင်ဆင်ခြင်း,၄၄၃,ဝီရိယစွမ်းအား,၈၉
လှေနှစ်စင်း ယှဉ်လှော်,၅၈၄,ဝီရိယိဒ္ဓိပါဒ်,၃၉၉
,,ဝေဒနာ,၃၈၃
[ ဝ ],,ဝေဒနာကမ္မဋ္ဌာန်း,၃၃၃
ဝစီကမ္မ,၁၈၄,ဝေဒနာကို ဆင်ခြင်ခြင်း ၉-ပါး,၄၆၉
ဝစီဒုစရိုက်,၄၆၊ ၁၉၇,ဝေဒနာနုပဿနာ သတိပဋ္ဌာန်,၃၉၇၊ ၄၆၉
ဝစီပရမမိတ်ဆွေတု,၉၀,ဝေဘူဆရာတော်၏ ဝိပဿနာရှုနည်း,၅၇၈
ဝစီသုစရိုက်,၁၉၉,“ဝဋ်အမြဲ, ငရဲအပ”,၂၁၅
ဝဋသုတ်ရွတ်ဖတ်ခြင်းအကျိုး,၂၈၁,ဝဋ်မြဲပုံ,၂၁၆
ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်,၁၅၈၊ ၁၆၇,ဝဋ် ၃-ပါး,၃၈၇
ဝိဇ္ဇာ ၃-ပါး,၆၂၉,ဝဋ်ဟူသည်,၂၁၅
ဝိညာဏ်,၃၈၃,ဝတ်ဆင်သင့်သော အဝတ်အစား,၄၉၉
ဝိနည်းလာ အာနာပါန,၅၂၄,ဝတ်ပန်းပုဆိုး,၂၃၆
ဝိပဿနာဉာဏ်,၅၄၁,,
ဝိပဿနာဉာဏ်အကျိုး,၅၄၆,[ သ ],
ဝိပဿနာဉာဏ်ကိစ္စ,၅၄၃,သံဃဂုဏော အနန္တော,၇
ဝိပဿနာဉာဏ်စဉ် (၁၀)ပါး,၅၄၁,သံဃာရတနာ,၅
ဝိပဿနာဉာဏ်ဘေးရန်,၅၄၄,သံဃာ့ကျေးဇူး,၃၄
ဝိပဿနာညစ်ညူးကြောင်း တရား (၁၀)ပါး,၅၃၃,သံဃာ့ဂုဏ်တော်,၂၆၊ ၇၄၊ ၁၀၇
ဝိပဿနာပွားများပုံ,၅၃၂,သံဃိကဒါန ၇-မျိုး,၂၂၄
ဝိပဿနာဘာဝနာ,၄၁၄၊ ၅၁၃၊ ၅၃၀,သက္ကပဥှသုတ်မြန်မာပြန်,၃၂၇
ဝိပဿနာဟူသည်,၅၃၀,သင်္ခါရ,၃၈၂
“ဝိပဿနုပတ္တိလေသ (၁၀)ပါး, အပြား (၃၀)”,၅၄၆,သံသရာ,၂၄၃
ဝိပဿနာတက်၍ ရှုမှတ်နည်း,၅၈၀,သံသာရေကမ်းတိုင်တရား,၅၉၄
,,သင်္ဂဟတရားလေးပါး,၁၀၄
စာမျက်နှာ-685
အက္ခရာစဉ်,စာမျက်နှာ,အက္ခရာစဉ်,စာမျက်နှာ
[ သ ],,[ သ ],
သင်္ဂဟတရားမဲ့က အကျိုးမရ,၁၀၅,သမာဓိ၏စွမ်းရည်,၃၇၅
သင်္ဂဟဝတ္ထု ၄-ပါး,၅၈၉,သမာဓိထူထောင်နည်း,၃၇၄
သစ္စာ ၄-ပါး,၄၀၅,“သမာဓိရှိ, မရှိ”,၄၁၄
သစ္စာ ၄-ပါးကို ဆင်ခြင်ခြင်းအပိုင်း,၄၇၈,သမာနသုခဒုက္ခ မိတ်ဆွေ,၉၃
သညာတစ်ပါး,၄၂၂,သမာပတ်ကိုးပါး (ရှစ်ပါး),၄၅၆
သတိပဋ္ဌာန် ၄-ပါး,၃၉၆၊ ၄၆၂,သမုဒယသစ္စာ,၄၀၆
သတိပဋ္ဌာန် ၄-ပါး ဖြစ်ပေါ်ပုံ,၅၀၉,သမ္ဖပ္ပလာပ အပြစ်ပြဝတ္ထု,၂၁၀
သတိပဋ္ဌာန်တရားကို ဣရိယာပုထ်ဖြင့် ရှုမှတ်ပုံ,၅၁၁,သမ္ဖပ္ပလာပဝိရတီအကျိုးပြဝတ္ထု,၂၁၁
သတိသမ္ပဇဉ်ဖြင့် ဆင်ခြင်ခြင်းအပိုင်း,၄၆၅,သမ္ဗုဒ္ဓေဂါထာ,၁၂၅
သတ္တက္ခတ္တုပရမသောတာပန်,၂၆၈,သမ္မပ္ပဓာန် ၄-ပါး,၃၉၈
သတ္တမအဆင့်,၅၃၈,သမ္မာဒိဋ္ဌိအမြင်မှန် ၁၀-ချက်,၂၇
သတ္ထာဒေဝမနုဿာနံ ဂုဏ်တော်,၁၅၉၊ ၁၆၉,သမ္မာသမ္ဗုဒ္ဓဂုဏ်တော်,၁၅၈၊ ၁၆၈
သဒ္ဓိန္ဒြေ,၄၀၀,သရဏဂုံ,၉၊ ၁၀
သဗ္ဗမင်္ဂလာဂါထာ,၁၃၈,သရဏဂုံခံယူပုံ,၁၀၊ ၅၄
သဘောတရားကို ဆင်ခြင်ခြင်းငါးပါး,၄၇၁,သရဏဂုံတည်ခြင်းအကျိုး,၁၁
သမထအမျိုးမျိုး,၄၂၀,သရဏဂုံပျက်စီးခြင်း,၁၆
သမထကမ္မဋ္ဌာန်းစီးဖြန်းပုံ,၃၇၁၊ ၃၇၈,သလိပ်,၃၆၀
သမထကမ္မဋ္ဌာန်းအားထုတ်နည်း,၄၄၀,သဿတဒိဋ္ဌိ,၅၅၄
သမထနှင့်ဝိပဿနာ,၄၁၃,သဠာယတန,၃၈၃
သမထနှင့်ဝိပဿနာ ၂-ပါးသာလျှင် အားကိုးဖွယ်,၄၂၃,သာမာဝတီ,၆၀၃
သမထဘာဝနာ,၂၄၁,သာသနာ၏အနှစ်သုံးပါး,၅၀၀
သမထဟူသည်,၄၁၃,သိကြားမင်းပြဿနာမေးခြင်း,၃၃၁
သမာဓိ,၃၇၃,သိင်္ဂါလသုတ်ဖြစ်ပေါ်လာပုံ,၇၉
သမာဓိ၏အဓိပ္ပာယ်,၃၇၃,သီလ,၃၇၁
သမာဓိ၏အမည်,၃၇၄,သီလအမျိုးမျိုး,၂၃၀
,,သီလ၏အကျိုး,၃၇၂
,,သီလ၏အဓိပ္ပါယ်,၃၇၁
,,သီလ၏အမည်,၃၇၁
,,သီလ၏ဂုဏ်ကျေးဇူး,၃၇၁
,,သီလဆောက်တည်ခြင်းအကျိုး,၆၅
,,သီလဝတ္ထုများ,၂၃၉
စာမျက်နှာ-686
အက္ခရာစဉ်,စာမျက်နှာ,အက္ခရာစဉ်,စာမျက်နှာ
[ သ ],,[ သ၊ ဟ ],
သုဂတဂုဏ်တော်,၁၅၈၊ ၁၆၈,သေရည်သေရက်သောက်ခြင်း အပြစ် ၆-ပါး,၈၄
သုစရိုက် ၁၀-ပါး အပြား ၄၀,၁၉၉၊ ၂၀၀,သက်ကြီးအိုမ စဏ္ဍာလီ,၃၆
သုဇာတာသေဋ္ဌေးကတော်,၆၀၁,သင်ယူမှု၌ ကျွမ်းကျင်ကြောင်း,၃၆၅
သုပ္ပဝါသာမင်းသမီး,၆၀၆,သင့်တင့်လျောက်ပတ်သော နေရာကျောင်း,၄၉၈
သုပ္ပိယာဥပါသိကာ,၆၀၆,သည်းခြေ,၃၅၉
သူဋ္ဌေးကြီးဦးကပ်စေး,၃၉,သုံးဆယ့်တစ်ဘုံတည်ပုံ,၂၄၇
သူရဗ္ဗဋ္ဌသေဋ္ဌေး,၅၉၃,သုံးဆယ့်တစ်ဘုံသရုပ်,၂၄၆
သူရင်းငှား,၂၃၇,သုံးဆယ့်နှစ်ကောဋ္ဌာသ,၃၄၉
သူသေကောင် ကိုးမျိုးကို ဆင်ခြင်ခြင်းအပိုင်း,၄၆၇,သုံးဆယ့်နှစ်ကောဋ္ဌာသ အဓိပ္ပာယ်,၃၅၁
သူ့ဟာကိုပင် ကိုယ့်ဟာထင်,၆၀၅,သုံးဆယ့်နှစ်ကောဋ္ဌာသ မြန်မာပြန်,၃၅၁
သောဏဒိန္နာနတ်သမီး,၂၄၀,သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းစီးဖြန်းပုံ,၃၆၄
သွား,၃၅၃,သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းစီးဖြန်းရကျိုး,၃၇၀
သွေး,၃၆၀,သွာက္ခာတဂုဏ် ၇-ပါး,၃၂၃
သခင်နှင့်ကျွန်ဆက်ဆံရေး,၁၀၁,,
သားသမီးနှင့်မိဘဆက်ဆံရေး,၉၆,[ ဟ ],
သားသမီးဝတ္တရား ၅-ပါး,၉၇,ဟံသာဝတီဆရာတော်၏ ဝိပဿနာရှုနည်း,၅၅၉
,,ဟတ္ထကအာဠဝကသီတင်းသည်,၅၈၉
စာမျက်နှာ-687
သာသနာထွန်းကားပြန့်ပွားရေးသို့
ဗုဒ္ဓမြတ်စွာဘုရားသခင်သည် အေးသည်၊ ပူသည်၊ ပင်ပန်းသည်၊ နွမ်းနယ်သည်၊ မမာမကျန်းဖြစ်သည်မဟူ (၄၅) ဝါ ပတ်လုံး မဟာလုံ့လဝီရိယတော်မြတ်ဖြင့် သာသနာပြုတော်မူ၏။သာသနာပြုခြင်းကုသိုလ်ထက် မြတ်သောအမှုကားမရှိပြီ။
သာသနာပြုခြင်းဖြင့် လူ့ပြည်နတ်ရွာ အလုံးစုံသော ချမ်းသာကိုရ၏။
အဆုံးစွန်သောဘဝ၌ အမတရွှေပြည်နန်း နိဗ္ဗာန်ချမ်းသာကိုလည်းရ၏။
ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ ဗုဒ္ဓဘာသာဝင်ဦးရေ ပွားများတိုးတက်ရေးအတွက် ဆောင်ရွက်ကြပါကုန်လော့။
Comments
Post a Comment